..............................

Tuesday, September 13, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် ကိုယ်စားလှယ်တို့ ဖွံ့ဖြိုးမှု အကူအညီ ပေးရေး ဆွေးနွေး

ရန်ပိုင်
Monday, 12 September 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချယ်တို့ မြန်မာ့ ပညာရေးနှင့် လူမှုရေး ကဏ္ဍများတွင် ကူညီပေးရေး ဆွေးနွေးကြသည်။

ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် မိနစ် ၄၀ ခန့်ကြာ တွေ့ဆုံ ဆွေးနွေးကြခြင်း ဖြစ်ပြီး ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်း မရှိပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က “ဒု ဥက္ကဋ္ဌ ဦးတင်ဦးက လူငယ် ကွန်ရက်တွေက တဆင့် အခမဲ့ ပညာသင်ကြားမှု၊ ဥပဒေပိုင်း ဆိုင်ရာ အကာအကွယ် ပေးနေတာတွေကို ဆွေးနွေးတယ်” ဟု ပြောသည်။

ဆွေးနွေးပွဲအပြီး သတင်းထောက်များက မစ္စတာ ဒဲရက်မစ်ချယ်နှင့် တွေ့ဆုံဆွေးနွေးမှုသည် ယခင် အထက်လွှတ်တော် အမတ် မစ္စတာ ဂျွန်မက်ကိန်းနှင့် တွေ့ဆုံခဲ့ရသည့် အခြေအနေများနှင့် တူညီခြင်း ရှိမရှိ မေးမြန်ရာ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ အခြေအနေများ ပြောင်းလဲ တိုးတက်လာသည့် အတွက် ဆွေးနွေးပွဲမှာ ကောင်းမွန်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များကိုမူ ဆွေးနွေးခြင်း မရှိကြောင်း ပြန်လည်ဖြေဆိုသည်ဟု သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေခြင်းသည် ပြည်သူကို မနစ်နာ စေလို၍ ရွေးချယ်ထားသည့် အကောင်းဆုံး နည်းလမ်းဖြစ်ပြီး ပူးတွဲဆောင်ရွက်မှု မရှိဘဲနှင့် အမျိုးသား ရင်ကြားစေ့ရေး ဖြစ်မလာနိုင်ကြောင်း သတင်းထောက်များကို ပြောသည်။

မစ္စတာ ဒဲရက် မစ်ချယ်ကလည်း မြန်မာပြည်အခြေအနေကို အနီးကပ် လေ့လာစောင့်ကြည့် နေကြောင်း၊ ယခု ဖြစ်ပေါ်နေသည့် အလားအလာ ကောင်းများမှ တဆင့် ကောင်းမွန်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။

မစ္စတာ ဒဲရက် မစ်ချယ်သည် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) နှင့်လည်း တနာရီကြာ တွေ့ဆုံ ဆွေးနွေးကြောင်း သိရသည်။

CRPP အတွင်းရေးမှူး ဦးအေးသာအောင်က မြန်မာနိုင်ငံ၌ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသား နယ်မြေများတွင် တိုက်ပွဲများ ယခုတိုင် ဖြစ်ပွားနေကြောင်း၊ တိုင်းရင်းသားများ အနေဖြင့် တန်းတူရေး၊ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေး၊ စစ်မှန်သော ပြည်ထောင်စု ဖွဲ့စည်းခွင့် ရရှိရေး ဖြစ်ကြောင်း၊ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တိုင်းရင်းသား များနှင့် ပတ်သက်၍ ပြုပြင်စရာ အများအပြား ရှိနေကြောင်း ဆွေးနွေးသည်ဟု သိရှိရသည်။

ဇိုမီးအမျိုးသားကွန်ဂရက် ခေါင်းဆောင်တဦးဖြစ်သည့် ဦးပူကျင့်ရှင်းထန်ကလည်း ယခုလက်ရှိ အခြေအနေသည် နိုင်ငံရေး အရ ထူးခြားသော တိုးတက် ပြောင်းလဲမှု မတွေ့ရ သေးကြောင်း၊ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ချွင်းချက်မရှိ လွတ်မြောက်လာလျှင် ထူးခြားသော တိုးတက်မှုဟု ယူဆနိုင်ကြောင်း ဆွေးနွေးသည်ဟု ဦးအုန်းကြိုင်က ဆိုသည်။

ယနေ့တွင် မစ္စတာ ဒဲရက် မစ်ချယ်သည် သမ္မတ နိုင်ငံရေး အကြံပေးအဖွဲ့နှင့်လည်း ၁၅ မိနစ်ခန့် တွေ့ဆုံပြီး အကြံပေး အဖွဲ့၏ လုပ်ငန်း ရပ်များကို မေးမြန်းကြောင်း အကြံပေး အဖွဲ့ဝင် တဦးဖြစ်သည့် ဦးကိုကိုလှိုင်က ပြောသည်။


မစ္စတာ ဒဲရက် မစ်ချယ်သည် ၎င်း၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း စက်တင်ဘာလ ၉ ရက်နေ့က ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ၀န်ကြီးဋ္ဌာနနှင့် မြန်မာ့ စက်မှုဖွံဖြိုးရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး၊ အလုပ်သမားရေးရာ ၀န်ကြီးဋ္ဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးသည်။

ထို့နောက် စက်တင်ဘာ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းရှိ NLD လူငယ်အဖွဲ့က စောင့်ရှောက် ထားသော HIV/ AIDS ဂေဟာသို့ မနက်ပိုင်းတွင် သွားရောက်လည်ပတ်ခဲ့ပြီး လူနာများနှင့် ရောဂါ ကူးစက် ခံနေရသော ကလေးငယ်များကို အားပေးစကား ပြောဆိုသည်။ ထို့အပြင် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ နာရေး ကူညီမှုအသင်းသို့ သွားရောက်ကာ ဥက္ကဋ္ဌ ဦးကျော်သူ တို့နှင့်လည်း တွေ့ဆုံခဲ့ပြီး နာရေးကူညီမှု အသင်း၏ လုပ်ဆောင်ချက်များကို အသေးစိတ် လေ့လာခဲ့သည်ဟု သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့