..............................

Saturday, February 6, 2010

နောက်အစိုးရကို နအဖက ဘာအမွေတွေပေးခဲ့မလဲ

ဖိုးသံချောင်း
ဖေဖော်ဝါရီလ ၅ ရက် ၂၀၁၀

စစ်အစိုးရများလည်း သင်္ခါရတရားကို မလွန်ဆန်နိုင်ကြပါဘူး။ ဒင်းတို့တတွေ အာဏာ လက်လွှတ်ရတဲ့ အဖြစ်ကို မရောက်မီမှာဘဲ အပြောင်း အလဲတွေကို ဒင်းတို့ ဖြတ်သန်း ရတတ်ပါတယ်။ ပြည်သူလူထုရဲ့ တွန်းလှန်မှု၊ ဖိအား၊ နိုင်ငံတကာဖိအား စတာတွေကြောင့် ဒင်းတို့အနေနဲ့ လက်ရှိ တည်ရှိနေတဲ့ ပုံစံနဲ့ ဆက်မသွားနိုင်တော့တဲ့ အခါမှာ ဒင်းတို့ဟာ အသွင်ပြောင်းရတာ၊ အမွေ လွှဲရတာတွေ လုပ်ရပါတယ်။ နအဖရဲ့ လာမယ့် ရွေးကောက်ပွဲဟာလည်း အဲဒီလိုပဲ သူတို့အနေနဲ့ ၈၈ ခုနှစ် အာဏာ သိမ်းတုန်းက ပုံစံအတိုင်း၊ နဝတ အစိုးရလွှဲထားခဲ့တဲ့ ပုံစံအတိုင်း ဆက်သွားနေလို့ မဖြစ်လို့ အရေခွံ လဲတာတမျိုး ဖြစ်တယ်ဆိုရင် မမှားပါဘူး။

အခုအခါမှာ နအဖရဲ့ ရွေးကောက်ပွဲ ဘယ်မှာမှန်း အတိအကျ ဘယ်သူမှ မသိရသေးပေမယ့် နအဖဟာ ကောင်းတဲ့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေကို စစ်တပ်ပိုင် ပြုလုပ်ပြီး နောက်အစိုးရ အတွက် အညံ့အဖျင်းတွေကို ချန်ထားတာ၊ နိုင်ငံပိုင် လုပ်ငန်းတွေကို သူတို့ ဆွေမျိုး အသိုင်းအဝိုင်းတွေနဲ့ နီးစပ်သူတွေပိုင်တဲ့ ကုမ္ပဏီတွေကို ရောင်းချပေးတာ စတဲ့ “လက်လွှဲခြင်း” များ စလုပ်နေတာကို တွေ့နေကြရပါပြီ။ နောက်ပြီး ဝန်ကြီးဌာနတွေ အတွင်း၊ တပ်တွေ အတွင်းမှာလည်း လူအပြောင်းအလဲ၊ အရွှေ့ အပြောင်းတွေ အများအပြား တွေ့နေရပါတယ်။ ပြောရရင် ဒီနေ့အထိ ရွေးကောက်ပွဲ လုပ်မယ့်ရက်နဲ့ ရွေးကောက်ပွဲကို မကြေညာ နိုင်သေးတာရဲ့ အဓိက အကြောင်းရင်း တခုက သူတို့အမွေကို ဆက်ခံမယ့်သူတွေ ရွေးချယ်နေရ၊ လက်လွှဲစရာတွေ ပြင်ဆင်နေရလို့ ဖြစ်ပါတယ်။

မဆလစစ်အစိုးရဟာ လူထုအုံကြွမှုကြီးကြောင့် ပလ္လင်ပေါ်က ဆင်းရတဲ့ အခါမှာ နဝတစစ်အစိုးရကို အာဏာအမွေနဲ့ ကုလသမဂ္ဂ သတ်မှတ်ပေးတဲ့ အဆင်းရဲဆုံး နိုင်ငံဆိုတဲ့ ဂုဏ်ထူးကို ချန်ပေးခဲ့ပါတယ်။ နောက်တခုကတော့ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပေးရေး ဆိုတဲ့ သူတို့ မလုပ်နိုင်ခဲ့တဲ့ တာဝန်ကိုလည်း ဗိုလ်စောမောင်တို့ကို လွှဲပေးခဲ့ပါတယ်။ ဒီအခါတုန်းက ဗိုလ်နေဝင်းဟာ (ဗိုလ်စိန်လွင်၊ ဒေါက်တာ မောင်မောင်ကို စာရင်းထဲ မထည့်တော့ပါ) နောက်လူတွေကို မင်းတို့ အဲဒီ ကြေးစားတပ်ကြီးနဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ကို အရင်းပြုပြီး တော်သလိုသာ လုပ်စားကြပေတော့ ဆိုတဲ့ သဘောမျိုးနဲ့ ထွက်တော်မူ နန်းကခွာတယ် လုပ်သွားတာ ဖြစ်ပါတယ်။ ဗိုလ်စောမောင်တို့ အနေနဲ့ကတော့ ဆိုးမွေ-ကောင်းမွေ၊ အကုန်လုံးကို လက်ခံရတာပါပဲ။ အရိုးများသလေး ချေးခါးသလေး လုပ်မနေနိုင်ပါဘူး။

အခုလည်း နအဖစစ်အစိုးရဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကနေ တက်လာမယ့် အစိုးရကို ဘာတွေ လွှဲပေးမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ပထမဆုံးနဲ့ အဓိက အကျဆုံး လွှဲပေးမယ့် အရာကတော့ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။ ဒီဥပဒေဆိုးဟာ ဒီအစိုးရအတွက် တမင် ဖန်တီးထားတာပဲ မဟုတ်ပါလား။ ဒီလို လွှဲပေးပြီးတယ်ဆိုရင် ဒါဟာ ဗမာပြည် သမိုင်းမှာ စစ်အာဏာရှင် စနစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ တခုနဲ့အညီ ထိန်းသိမ်းတဲ့ ဒုတိယမြောက် အစိုးရ ဖြစ်လာ ပါလိမ့်မယ်။ (မဆလ အစိုးရကပထမပါ)။ အဲဒီနိုင်ငံတော်ကို ကျားကန်ဖို့ အတွက် အင်အားမတန်တဆ ကြီးမားတဲ့ စစ်တပ်ကြီးနဲ့ ပုလိပ်တပ်ဖွဲ့လို တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပြင် ကြံ့ဖွံ့နဲ့ စွမ်းအားရှင်လို (၂၁) ရာစုနှစ် ပြူစောထီး အဖွဲ့များကိုလည်း ချန်ပေးထားခဲ့ ပါလိမ့်မယ်။ ဒါမှလည်း အဲဒီအစိုးရဟာ လိုအပ်ရင် ဒိုင်းဝန်ထက်ကဲနိုင်မှာ မဟုတ်ပါလား။

နောက် ချန်ပေးထားခဲ့မှာ သေချာတာကတော့ ပြည်တွင်းနိုင်ငံရေးဘက်မှာဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာ၊ အပစ်ရပ် အဖွဲ့တွေရဲ့ ပြဿနာ စတဲ့ အာဏာရှင် ဗိုလ်ချုပ်တွေအဖို့ ဗြဟ္မာမင်းဦးခေါင်း ဖြစ်နေတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ စစ်တပ်အတွင်း မကျေနပ်မှုလို၊ အမှုထမ်းများအကြား မကျေနပ်မှု၊ မင်းစေကနေ ဝန်ကြီးအထိ အကျင့်ပျက် လာဘ်စား၊ ခြစားတဲ့ ကိစ္စ မျိုးတွေကတော့ နောက်လူတွေလည်း တကယ်တမ်း မဖြေရှင်းနိုင်ဘူး ဆိုတာ သိနေလို့ ဘာမှ အထူး မှာမနေမယ့် သဘောရှိပါတယ်။

နောက်တမျိုးက နိုင်ငံတကာက တမေးတည်းမေးနေတဲ့ နျူကလီးယားလက်နက် စီမံကိန်းလို ဟာမျိုးတွေနဲ့ ပတ်သက်လို့ ဖြေရှင်းဖို့ တာဝန်ကိုလည်း နအဖဟာ နောက်လူတွေကို ချန်ထားပေးခဲ့မှာ သေချာပါတယ်။ နိုင်ငံတကာ ရေးရာမှာတော့ ဝါရှင်တန်ကို အခုအတိုင်း လှိမ့်မြဲတိုင်း ဆက်လှိမ့်တဲ့ တာဝန်နဲ့ အာဆီယံအပါ အိမ်နီးနားချင်း နိုင်ငံတွေနဲ့ “မချစ်သော်လည်း အောင့်ကာနမ်း” နှစ်ပါးသွား ဇာတ်လမ်းကို ဆက်ကဖို့ တာဝန်ကို လွှဲသွားမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ လူ့အခွင့်အရေး ပြဿနာလို၊ ကလေးစစ်သား ပြဿနာလို နိုင်ငံတကာက အပြစ်တင်နေတာတွေ အတွက်တော့ ဆက်ခံသူတွေဟာ သူတို့လိုပဲ အရေထူဖို့ လေ့ကျင့် ပေးထားပြီးမို့ ဘာမှ အထူးတာဝန် လွှဲပေးနေစရာ မလိုဘူးဖြစ်မှာပါ။ နာဂစ်ဒုက္ခသည်တွေ ကိစ္စလို ဟာတွေကိုတော့ ဘာမှလက်လွှဲစရာ မရှိပါဘူး။ အကြောင်းက သူတို့ကိုယ်တိုင် ဘာမှမလုပ်လို့ ဖြစ်ပါတယ်။

စီးပွားရေး၊ ဘဏ္ဍာရေး နယ်ပယ်ဘက်မှာဆိုရင်တော့ နအဖဟာ မပြီးပြတ်သေးတဲ့ ဆင်ဖြူတော် စီမံကိန်းတွေ၊ ဘတ်ဂျက်လိုငွေ ပြဿနာတွေ၊ ငွေဖောင်းပွမှုပြဿနာ၊ လယ်ယာမြေပြဿနာတွေ စတဲ့ အနိဋ္ဌာရုံ အချင်းအရာတွေ တပြုံ တခေါင်းကြီးနဲ့ ငွေရိုက်စက် တလုံး ထားပေးခဲ့မှာ ဖြစ်ပါတယ်။ ရေနံ၊ ဓာတ်ငွေ့၊ သစ်၊ သတ္တု၊ ရေ၊ မြေကြီး စတဲ့ မြေပေါ်မြေအောက်နဲ့ ရေပေါ်ရေအောက် သဘာဝသယံဇာတ အရင်းအမြစ်တွေ ကတော့ သူတို့ သယ်မကုန်လို့ ကျန်တာလောက်ပဲ နောက်လူတွေ အတွက် ထားခဲ့မှာပါ။ ဒါ့အပြင် ပြည်သူလူထုမျိုးဆက် အဆက်ဆက် ပိုင်ဆိုင်တဲ့ ဒီသယံဇာတတွေကို သူတို့တတွေ ဆက်ထုတ်ယူခွင့်၊ အသုံးပြုခွင့်တွေ ဆက်ရနေအောင်လည်း တာဝန် ယူခိုင်းပါလိမ့်မယ်။

နို့ပေမယ့် သူတို့ ဒီနေ့စံစား ခံစားရတဲ့ သုံးမကုန်၊ ဖြုန်းမကုန်ဓနတွေကို အမွေပေးခဲ့လိမ့်မယ် လို့တော့ လုံးဝ စိတ်ကူးမယဉ် လိုက်ပါနဲ့။ မုန့်ဆိုရင်သာ တဖဲ့စီ ဝေစားကောင်း စားမှာပါ။ ဒီနတ်စည်းစိမ်တွေ ကိုတော့ ဝေမျှ မခံစားခဲ့တဲ့အပြင် သူတို့ရဲ့မြေးများ၊ မြစ်များကို သူတို့ ရှိတုန်းကလိုပဲ ဦးစားပေး၊ အခွင့်ထူးခံစေဖို့ တာဝန်ကိုသာ ချန်ထားခဲ့ပါလိမ့်မယ်။

နအဖက ဒီလိုအမွေလွှဲတာတွေထဲမှာ စိုးရိမ်စရာအင်မတန်ကောင်းတဲ့ အချက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါ အိမ်ချုပ် ကျခံနေရသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လက်လွှဲပေးခဲ့မလား ဆိုတာပါပဲ။ တနည်းပြောရရင် နိုင်ငံရေး အကျဉ်းသားတွေ အပြည့်ရှိနေတဲ့ ထောင်တွေ၊ စနစ်တွေကိုပါ မူလပကတိအတိုင်း နောက်အစိုးရလက်ထဲ လွှဲမယ့် ပြဿနာဖြစ်ပါတယ်။ ဗိုလ်နေဝင်းကနေ ဗိုလ်စောမောင်ကို လွှဲတုန်းကတော့ ဒီပြဿနာ မရှိပါဘူး။ အရေးတော်ပုံကြီးက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နဝတကနေ နအဖကို လွှဲတဲ့ အခါမှာကျတော့ ပိုက်ဆံစုဘူး လွှဲပေးသလို ထောင်တွေ၊ အချုပ်တွေကို လွှဲပေးသွားတယ်ဆိုတာ ပြည်တွင်းပြည်ပ ဘယ်သူကမှ မမေ့ပါဘူး။ အခုလည်း ဒီလိုမလုပ်ဘူးလို့ ထင်စရာ အကြောင်းတချက်မှ မတွေ့ရသေးပါဘူး။

မှန်ပါတယ်။ အထက်မှာ ရေးခဲ့တာတွေဟာ နအဖအနေနဲ့ ရွေးကောက်ပွဲ လုပ်ခဲ့သော်၊ အဲဒီရွေးကောက်ပွဲဟာ သူတို့ အလိုအတိုင်း ချောချောမွေ့မွေ့ ဖြစ်ပေါ်ခဲ့သော် ဆိုတဲ့ “ခဲ့သော်” အပေါ်မှာ အခြေခံစဉ်းစားပြီး ရေးထားတာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ “ခဲ့သော်” စဉ်းစားနည်းဟာ နိုင်ငံရေး လှုပ်ရှားလုပ်ကိုင်စရာ “စပေ့စ်” ဖြစ်ပေါ်လာမယ်၊ အနာဂတ် ဒီမိုကရေစီ ထွန်းကားမှုအတွက် လမ်းခင်းရာ ကျလိမ့်မယ်ဆိုတဲ့ စဉ်းစားနည်းတွေနဲ့ ကွာပါတယ်။ မသေချာလှသေးဘူးလို့ ဆိုနိုင်ပါတယ်။

သေသေချာချာ ပြောနိုင်တာကတော့ အပြောင်းအလဲဆိုတိုင်း ကောင်းတာ မဟုတ်ဘူး ဆိုတာပါပဲ။

Ref: ခေတ်ပြိုင်

Read More...

နယ်ခြားစောင့်တပ် မပြောင်းဟု KIO ထပ်မံပြော

မျိုးကြီး
ဖေဖေါ်ဝါရီလ ၀၅ ရက် ၂၀၁၀ ခုနှစ်

ရွှေလီ (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းဘဲ ငြင်းဆန်နေသည့် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO က တိုင်းရင်းသား တန်းတူရေးကို ဆက်လက် တောင်းဆိုသွားမည်ဟု ယနေ့ကျရောက်သော ၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့တွင် ပြောဆိုလိုက်သည်။

ကချင်ပြည်နယ် လိုင်ဇာမြို့၌ ယနေ့နံနက် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော KIO ဥက္ကဋ္ဌ ဦးဇောင်းခရား၏ မိန့်ခွန်းတွင် ကိုလိုနီချယ်ချဲ့ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူစဉ်က ချုပ်ဆိုခဲ့သည့် ပင်လုံ စာချုပ်ပါအတိုင်း တိုင်းရင်းသား တန်းတူအခွင့်အရေးကို လိုလားကြောင်း ဖော်ပြပါရှိခြင်း ဖြစ်သည်။

“လက်နက်ကိုင် လူသတ်ချင်လို့၊ ပိုက်ဆံရှာချင်လို့ ဖွဲ့စည်းထားတဲ့ အဖွဲ့မဟုတ်ဘူး၊ ကချင်ပြည် လူထုတွေရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေ လိုချင်လို့ နဂိုကတည်းက ပင်လုံစာချုပ်မှာ သဘောတူထားပြီးမှ မပေးလို့ ကနေ့အထိ တော်လှန်ရေး လုပ်နေတဲ့အကြောင်း၊ စစ်အစိုးရက နယ်ခြားစောင့်တပ် ပြောလာရင်လည်း ပင်လုံစာချုပ်အတိုင်းပဲ တောင်းဆိုမယ် ဆိုတဲ့အကြောင်း ပြောတယ်'' ဟု အခမ်းအနား တက်ရောက်ခဲ့သည့် လိုင်ဇာမြို့ရှိ KIO အုပ်ချုပ်ရေး အရာရှိ တဦးက မဇ္ဈိမကို ပြောပြသည်။

ဤသည်မှာ စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲ ဖွဲ့စည်းရန် ပြောဆိုထားရာ ပြီးခဲ့သည့် လကုန်ပိုင်းအထိ မြန်မာစစ်တပ်နှင့် KIO အကြား ထိုကိစ္စကို ၁၁ ကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း မပြေမလည် ဖြစ်နေချိန်တွင် KIO ဥက္ကဋ္ဌ မိန့်ခွန်းက နယ်ခြားစောင့်တပ် အဆိုပြုချက်ကို လက်မခံနိုင်ကြောင်း ထပ်မံ ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

လိုင်ဇာတွင် ယနေ့ ကျင်းပသည့် ကချင် တော်လှန်ရေးနေ့ အခမ်းအနားကို အကျဉ်းချုံး ကျင်းပကာ ဧည့်ပရိသတ် ၅၀၀ ခန့် တက်ရောက်ခဲ့သည်။

KIO အရာရှိက “အစီအစဉ်တွေကတော့ KIO သစ်တောနဲ့ စိုက်ပျိုးရေး ဝန်ကြီး ဗိုလ်မှူးကြီး နော်ဆန်က ဥက္ကဋ္ဌ ရဲ့ မိန့်ခွန်းကို ဖတ်ပြတယ်။ ပြည်ထဲရေးဒုဝန်ကြီး ဆလံကမ္ဘာ ဒွဲလီစက ပြန်ရှင်းပြတယ်။ နောက်ပြီး စစ်မှုထမ်းသက် ၁ဝ နှစ်ကနေ နှစ် ၄ဝ ရှိတဲ့ စာရင်းတွေ ဖတ်ပြတယ်။ ဒီလောက်ပဲ ကချင်လိုပဲ ပြောတယ်” ဟု ပြောသည်။

KIO ဗဟိုကော်မတီဝင် အများစုမှာ အခမ်းအနား မတက်ရောက်ကြောင်းနှင့် နေ့ခင်းတွင် အားကစားပြိုင်ပွဲများ၊ ညပိုင်းတွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့ ပွဲတော်ကို ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်ရှိ KIA တပ်မဟာ ၁ နယ်မြေတွင်လည်း ယခုလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ တခမ်းတနား ကျင်းပ နေကြောင်းနှင့် လိုင်ဇာတွင် ကျင်းပသည့် ယနေ့ အခမ်းအနားသို့ စစ်အစိုးရ ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။

KIO သည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အဆိုကို ငြင်းဆန်နေသည့် အဖွဲ့များအနက် ကချင်ပြည်နယ်တွင် တဖွဲ့တည်း ကျန်ရှိနေသော လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ကချင်ပြည်နယ်တွင် အပစ်ရပ် ကချင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ တည်ရှိရာ ဦးစခုံတိန်ယိင်း ဦးဆောင်သော ကချင် ဒီမိုကရေစီသစ် တပ်မတော် NDA-K သည် စစ်အစိုးရက တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် သဘောတူခဲ့ပြီး၊ ဝိုင်းမော်မြို့နယ် လဝါးယန်ကျေးရွာရှိ ဦးလဆန်အောင်ဝါ ဦးဆောင်သော KIO မှ ခွဲထွက် အဖွဲ့သည် ပြည်သူ့စစ်အဖြစ် မြန်မာစစ်တပ် အလိုကျ အသွင်ပြောင်းခဲ့သည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေး အဆိုပြုချက်တွင် တပ်ရင်းတရင်းစီတွင် တပ်သားဦးရေ ၃၂၆ ဦး ရှိမည်ဖြစ်ပြီး မြန်မာ့တပ်မတော်မှ စစ်သား ၃ဝ ဦး ပါဝင်မည်။

ထို့ပြင် တပ်ဖွဲ့ဝင်များ၏ လစာကို ဗဟိုအစိုးရက ထုတ်ပေးမည်ဖြစ်ပြီး အုပ်ချုပ်မှုအရလည်း မြန်မာ့တပ်မတော် လက်အောက်၌ပင် ထားရှိမည်ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Friday, February 5, 2010

တပ်နှင့် ပြည်သူ ဘဝတူ (၂)

သူငယ်ချင်းရေ
ကိုယ်ရဲ့ပထမစာကို ဖတ်ပီးလောက်ပီးလို့ ယုံကြည်ပါတယ်။ သူငယ်ချင်းဆီကို စာတိုက်ကလည်း မပို့ချင်ဘူးလေ။ တပ်ရင်းက ဖွင့်ဖောက်ဖတ်ပီးမှ သူငယ်ချင်းတို့ဆီ ရောက်တယ်ဆိုတာ ကိုယ်တိုင်လည်း စစ်သားတဦး ဖြစ်ခဲ့ဘူးသူမို့ သိနေတယ်။ ဒါကြောင့် လူကြုံကောင်းနဲ့ ပို့ပေးတာ၊ တို့နိုင်ငံရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုဟာ ပြည်သူထဲက ပြည်သူ ဖြစ်တဲ့ ဒို့တပ်မတော်သားတွေပါ ချိုးဖောက်ခံနေ ရတာပါ။ ဘယ်အချက်တွေ ချိုးဖောက် ခံနေရတယ် ဆိုတာကို ပိုပီးရှင်းအောင် ကိုယ်ထပ်ပြောမယ် သူငယ်ချင်း။ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေး ကျေညာစာတမ်း အပိုဒ် (၃) နဲ့ (၁၂) ပဲ သူငယ်ချင်း။

အပိုဒ် (၃)မှာ - လူတိုင်းတွင် အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြံခွင့်ရှိသည်။
အပိုဒ်(၁၂)မှာ - မည်သူ့ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ မိသားစုနှင့် သက်ဆိုင်သော ကိစ္စများ၊ နေအိမ်နှင့် စာပေးစာယူ ကိစ္စများတို့ကိုမှ ဥပဒေအရ မဟုတ်သော ၀င်ရောက် စွက်ဖက် မခံစေရ။ ထိုဏ္ဍအပြင် ထိုသူ့ ဂုဏ်သိက္ခာကို ပုတ်ခတ်ပိုင်ခွင့်မရှိ။ လူတိုင်းတွင် ထိုသို့စွက်ဖက်ခြင်းမှ သော်လည်းကောင်း၊ ပုတ်ခတ်ခံရ ခြင်းကို သော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။...လို့ ဖော်ပြထားတယ်လေ။

အခုလို မိမိတို့ရဲ့စာကိုဖောက်ဖတ်ခံရခြင်းဟာ သူငယ်ချင်းတို့ရဲ့လွတ်လပ်ခွင့်နဲ့လုံခြုံမှုကို ထိပါးတာပါပဲ။ ဥပဒေရ မဟုတ်ဘဲ မိမိရဲ့ လူ့အခွင့်ရေး(မွေးရာပါ အခွင့်ရေး)ကို ဝင်ရောက် စွက်ဖက်တာပါပဲ။

သူငယ်ချင်း
ဒီလိုချိုးဖောက်မှုနဲ့တပ်တွင်းအရေးယူခံရတဲ့ အရာရှိငယ်တွေက ရဲဘော်တွေအထိ ဖြစ်စဉ်တွေကို နင်လည် သိပီးသာပါ။ အဲဒီ ကျေညာစာတမ်းရဲ့နောက်ဆုံးအပိုဒ် ၃၀ မှာ-

ဤစာတမ်းပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ဖျက်လိုဖျက်ဆီးဖြစ်စေမည့် လုပ်ငန်း လုပ်ရပ်များအား မည်သည့်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့် လူပုဂ္ဂိုလ်ကမှ ကိုယ်တိုင် လုပ်ဆောင်ခွင့် ပါဝင်လုပ်ဆောင်ခွင့် မရှိကြောင်း ဤကြေညာစာတမ်းက အတိအလင်း ကြေညာသည်။ ... လို့ဖော်ပြထားသေးတယ်။

ဒါပေမဲ့ မင်းတို့ငါတို့ရဲဘော်တွေနဲ့တည်ဆောက်ထားတဲ့ တပ်မတော်ကို ခုတုံးလုပ်ပီး ကိုယ်ကျိုးစီး ပွားရှာနေတဲ့ စစ်ခေါင်းဆောင်တွေ ကတော့ မလိုက်နာဘူးဆိုတာ မင်းတို့ ငါတို့နဲ့ နိုင်ငံသိ ကမ္ဘာသိပါပဲ။ ပြည်သူတွေလည်း အဲဒီအချက်တွေ ချိုးဖောက် ခံနေရတာပါပဲ။ ဒါကြောင့် တပ်နဲ့ ပြည်သူ ဘဝတူတွေပဲ ဆိုတာ ရှင်းပါတယ်ကွာ။ အဲဒီကိစ္စကို နောက်မှ ဆက်ပြောတော့မယ်။ နင့်ကို အဓိကပြောချင်တာ ရှိတယ်။

ပြောချင်တာက အခုလ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ဒို့တပ်မတော်ရဲ့ဖခင်၊ လွတ်လပ်ရေးဖခင်၊ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်းရဲ့ အသက် ၉၅ နှစ်ပြည့်တဲ့ နေ့ပဲ။ ဒို့လူမျိုးတွေရဲ့ ထူးခြားတယ်လို့ ယူဆတဲ့ မွေးနေ့ မွေးရက် ဆုံတဲ့နှစ်နဲ့ မွေးနေ့ပဲ သူငယ်ချင်း။ လက်ရှိ စစ်ခေါင်းဆောင်တွေ ကတော့ မသိကျိုးချင်ပြုမှာပါ။

အလွန်စိတ်ပျက်ဝမ်းနည်းမခံချင်စရာ ကောင်းပါတယ်။ တကယ်ဆို သူလို ကမ္ဘာက လေးစားခံရတဲ့ နိုင်ငံ့ဖခင် တစ်ယောက်ရဲ့ မွေးနေ့ကို ခမ်းခမ်းနားနားနဲ့ နိုင်ငံနဲ့အဝှမ်း ကျင်းပ ပေးသင့်တာပေါ့။ တပ်မတော်ထဲမှာဆို ပိုလို့တောင် လုပ်ပေး ရဦးမှာနော်။ သူတည်ထောင်ခဲ့လို့ ပေါ်ထွန်းလာတဲ့ တပ်မတော်ကြောင့် ဗိုလ်ချုပ်မှူကြီး ဖြစ်နေရပါ လားဆိုတာကို မင်းတို့ တပ်ချုပ်ကြီး သတိရဖို့ ကောင်းတယ်။ ဒီအဖေကြောင့် သားဖြစ်လာပီး အမွေ ဆက်ခံ နေရပါလားဆိုတာ မမေ့သင့်ဘူးကွာ။ တို့တွေလည်း ဒါကြောင့် ရဲဘော်ရယ်လို့ ဖြစ်လာတာပေါ့။ တို့အားလုံးသူကို သတိရပီး သူဖြစ်စေချင်တဲ့ တပ်မတော်ကို ဖြစ်အောင် ဆက်လက် သယ်ပိုးဖို့ တာဝန်ရှိတယ်ဆိုတာ မင်းလဲသိပါတယ်။

ငါမင်းနဲ့အတူတပ်ထဲမှာရှိစဉ်တုံးက မင်းပြောပြခဲ့တဲ့ ဗိုလ်ချုပ်စကားလေးကို မှတ်မိနေတယ် သူငယ် ချင်း။ မင်း မ.ဆ.လ ပါတီက ထုတ်တဲ့ ဗိုလ်ချုပ် မိန့်ခွန်း များစာအုပ်ကို ဖတ်ပီး ပြောခဲ့တာလေ။ တပ်နဲ့ ပတ်သက်ပီး ပြောခဲ့တာပေါ့။

“စစ်တပ်ဟာတိုင်းပြည်အုပ်ချုပ်ရေးမှာ ဝင်မစွက်ဖက်ရဘူး။ စွက်ဖက်ရင် အာဏာရှင် စစ်တပ် ဖြစ်သွားမယ်။ စစ်တပ်ဟာ တိုင်းပြည် အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးမှာ ဝင်မပါရဘူး၊ ဝင်ပါရင် ဖက်စစ်အာဏာရှင် စစ်တပ် ဖြစ်သွားမယ်။ ဒီလိုစိတ်မျိုး ရှိနေသူတွေ အခုထဲက ပြင်ကြပါ” လို့ပြောခဲ့တာနော်။

သူငယ်ချင်းရေ
ဗိုလ်ချုပ်တို့ထိုင်းနိုင်ငံမှာတပ်မတော်စတင်ဖွဲ့ခဲ့တဲ့ ၁၉၄၂ ခုကဆို အခု တို့တပ်မတော် သက်တမ်းက ၆၈ နှစ်တောင် ရှိပီးနော်။ ဗိုလ်နေဝင်း အာဏာသိမ်းခဲ့တဲ့ ၆၂ ခုက ၈၈ ထိက အာဏာရှင် စစ်တပ်ပေါ့၊ ၈၈ ကနေ ဒီဖက်ထိကတော့ ဖက်ဆစ် အာဏာရှင်စစ်တပ် ဖြစ်နေပီနော် သူငယ်ချင်း။ တို့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တာနဲ့ စိစစ် ကြည့်လိုက်တာပါ။

တပ်မတော် သက်တမ်းရဲ့ သုံးပုံ နှစ်ပုံ ကျော်ဖြစ်တဲ့ ၄၈ နှစ်ဟာ အာဏာရှင်၊ ဖက်ဆစ် အာဏာရှင် စစ်တပ်အဖြစ် ဖြတ်သန်း ခဲ့တာပဲနော်။ သူငယ်ချင်းရေ.. သားသ္မီးဝတ် ငါးပါးမှာပါတဲ့ စောင့်လေမျိုးနွယ် ဆိုတဲ့ စကားအတိုင်း တို့ဖခင် ဖြစ်စေလိုတဲ့ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ မင်းတို့လို အမှုထမ်းဆဲ တပ်မတော်သားတွေမှာရော ငါတို့လို တပ်မတော်သား ဟောင်းတွေမှာပါ တာဝန် ရှိတယ်နော်။

သူငယ်ချင်းရေ
ဒီတော့မင်းတို့ကလည်းတပ်တွင်းမှာ မွေးနေ့မွေးရက်ဆုံနေတဲ့ တပ်မတော် ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၅ နှစ်မြောက် မွေးနေ့ကို ကိုယ့်အစီစဉ်နဲ့ကိုယ် ကျင်းပစေချင်တယ်။ ငါတို့လဲ ပြင်ပကနေ ကျင်းပရင်းနဲ့ ဖအေကို ခြေစုံကန်နေတဲ့ သားမိုက် ဗိုလ်ချုပ်မှူးကြီးတို့ လူတသိုက်ကို ဆုံးမသတိပေးရ အောင်လား။

ငါတို့ မိသန်းအေးက ပြောမှာပဲ၊ သူ့အကြောင်းလေးတောင် မေးဖော်မရဖူးလို့။ ပြောလိုက်ပါကွာ၊ အစဉ် မင်းကို သတိရခြင်းနဲ့ အတူ သူ့ကိုလည်း သတိရနေကြောင်း။ သူရဲ့ ပဲပြုပ်နဲ့ မျှစ်ကြော်ကို အမြဲ သတိရနေပါတယ်လို့။ အခုရော မင်းတို့ ပဲပြုပ်နဲ့ မျှစ်ကြော်တောင် စားနိုင်သေးရဲ့လား သူငယ်ချင်း၊။

မင်းတို့တပ်မိသားစုအပေါင်းကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာပြီး ဘေးဘယာ ကင်းဝေးလို့ စစ်မှန်တဲ့ ပြည်သူ့ တပ်မတော်ကို တည်ဆောက်နိုင်သူများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

မင်းတို့ကိုခင်တဲ့
မင်းတို့ကခင်တဲ့
နှောင်းလူ

Read More...

တပ်နှင့် ပြည်သူ ဘဝတူ (၁)

သူငယ်ချင်းရေ

တို့တွေခွဲခွာခဲ့ဝေးကွားခဲ့ကြတာ အခုဆို အနှစ်ဆယ်ကျော်ပီနော်။ သူငယ်ချင်းနဲ့ ကိုယ်က ဖောင်ကြီးအမှတ် ( ၁ ) လေ့ကျင့်ရေးမှာ စတွေ့ကြတာလေ။ သင်တန်းပီးလို့ တာဝန်ကျတဲ့ တပ်ကျပြန်တော့လဲ အတူပဲဆိုတော့ တအူတုံဆင်း ညီအရင်းလို ဖြစ်ခဲ့ကြရတယ်။ ဒါပေမဲ့ တို့ရဲဘော်တွေရဲ့ ဘဝဟာပြည်သူတွေရဲ့ ဘဝ တွေလိုပါပဲ၊ ငတ်တလဲ ပြတ်တလဲနဲ့ နေရတာ။ ဒီကြားထဲ ရှေ့တန်းက ပြန်ရောက်ပြန်တော့ လစာကို အထက်အရာရှိတွေ သုံးထားတာနဲ့ ကြုံရသေးပေါ့။ တို့ရဲဘော်တွေနဲ့ စစ်တပ်ကို ခါးပိုက်ထဲ ထည့်ထားတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ ကတော့ တိုင်းပြည်ရဲ့ ကယ်တင်ရှင် အဖြစ် ဟစ်ကြွေးပီး၊ ချမ်းသာနေတယ်။ တိုင်းပြည်နဲ့ လူထုက ဆင်းရဲနေရတယ်။ ကမ္ဘာ့ အဆင်းရဲဆုံး ဖြစ်ခဲ့ရတာ သူငယ်ချင်းလဲ သိပါတယ်။

ဒါတွေ- မခံနိုင်တော့တဲ့အဆုံး ကျောင်းသားတွေနဲ့ အတူ ပြည်သူ တစ်ရပ်လုံးက အာဏာရှင်စနစ် ကျဆုံးပါစေ၊ တစ်ပါတီစနစ် ဖျက်သိမ်းပါ။ ပါတီစုံ ဒီမိုကရေစီနဲ့ ကြားဖြတ် အစိုးရကို တောင်းဆို ခဲ့ကြတော့တာပေါ့။ ဒီတုံးက သူငယ်ချင်းနဲ့ကိုယ် လက်ခုပ်တီး ထောက်ခံခဲ့တာ မှတ်မိနေသေးတယ် သူငယ်ချင်း။

နောက်ပြည်သူဘဝနဲ့ထပ်တူနေတဲ့ လေတပ်၊ ရေတပ်၊ ကပစ အစရှိတဲ့ ရဲဘော်တွေ ပြည်သူတွေနဲ့ ပူးပေါင်းပီး ချီတက် တောင်းဆိုခဲ့ကြတယ်။ တပ်မ ( ၂၂ ) က ဗိုလ်ကြီး စိုင်းဝင်းကျော် ဆိုသူလည်း ဒီမိုကရေစီဘက် ပူးပေါင်းသွားတယ်။ ခလရ (၁၆ ) မှော်ဘီတပ်ရင်းက တပ်စိတ် တစ်စိတ်ပါ ပူးပေါင်းသွားတယ်။ သူငယ်ချင်းနဲ့ ကိုယ်လည်း ပြည်သူနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ဒါပေမဲ့ အဲဒီတုန်းက သူငယ်ချင်းက ရက်သားသာ ရှိသေးတဲ့ သားနဲ့ ဇနီးကြောင့် ကျန်နေခဲ့ရတယ်။ ကိုယ်ကတော့ လိုက်ပါ သွားခဲ့တယ်လေ။ အဲဒီတုံးက ပြည်သူနဲ့တွေ့ရင် ရေလို ဆက်ဆံရမယ် ဆိုတဲ့ ကျင့်ဝတ် အတိုင်း နေခဲ့တဲ့ အချို့တပ်ရင်းက တပ်ခွဲတွေ၊ တပ်ရင်းတွေ၊ တပ်ရင်းမှူးတွေ အရေးယူ ခံခဲ့ရတာ သူငယ်ချင်း အသိပါ။

သူငယ်ချင်းရေ-နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်းထက်ကဲ ဆိုသလို အခုသူငယ်ချင်းတို့ တပ်ချုပ်ကြီး လက်ထက်မှာ တိုင်းပြည်နဲ့ ပြည်သူဟာ ငရဲရှစ်ထပ် အောက်ဆုံးကို ရောက်နေရသလိုပါပဲ။ သူငယ်ချင်းတို့လို ဆရာကြီးတွေနဲ့ ဗိုလ်မှူးကြီး အဆင့်ထိဟာလဲ ပြည်သူနဲ့ ဘဝတူ ခံစား နေကြရတာပါပဲ။ သူငယ်ချင်းဆို စစ်သက် ၂၈နှစ်လောက် ရှိနေတာတောင် ထွက်ခွင့်လဲမရ။အငြိမ်းစားလဲ မရနဲ့ တပေပေနဲ့ ခံနေရတယ်လို့ ကြားပါတယ်။

ဒါကြောင့် ရဲဘော်တွေ မခံနိုင်သလို သူတို့ အထက်အရာရှိတွေလည်း မခံနိုင်တော့လို့ အခုဆို တပ်တွင်း တောင်းဆိုမှုတွေ၊ ထွက်ခွင့်တွေ တင်နေကြတယ်လို့ တပ်သတင်းတွေ အတော့်ကို ကျယ်ကျယ်ပြန်ပြန့် ထွက်လာ နေတယ်နော်။ သူငယ်ချင်းကပိုသိမှာပါလေ။

အဲဒီသတင်းထက်ပိုပီး စိတ်ဝင်စားဖို့ကောင်းတဲ့ တပ်သတင်းတခု ထွက်လာတယ် သူငယ်ချင်း။ လားရှိုးမြို့မှာ၂၄.၁.၁၀နေ့ ညနဲ့ ၂၅.၁.၁၀ မနက်ပိုင်းမှာ ဖြစ်ခဲ့တာပါ။ တပ်မိသားစုများရဲ့ ပန်ကြားလွှာကို လက်ရေးနဲ့ရေးပီး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ပတ်ဝန်းကျင်၊ တိုင်းလမ်းတလျောက်၊ တပ်မိသားစုတွေ နေထိုင်ရာ ဘူတာဈေး၊ ဗျူဟာလမ်းနဲ့ အခြားနေရာ အတော်များမှာ ကပ်သွားတယ်။ အဲဒီမှာ----

တပ်နဲ့ပြည်သူ၊ ဘဝတူ၊ အတူလက်တွဲ၊ ဒို့အောင်ပွဲ စားဝတ်နေမှု ဖူလုံရေး၊ ချက်ချင်းဖြေရှင်းပေး
တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး၊ လက်တွေ့ဦးစားပေး---- လို့ ရေးထား တောင်းဆိုထားတယ် သူငယ်ချင်း။

သူငယ်ချင်းရေ-တပ်မိသားစုရဲ့ပန်ကြားလွှာဟာ လက်တွေ့ ကိုယ်တို့နိုင်ငံရဲ့ ပကတိ အခြေနေကို ထင်ဟပ် ပြတာပါပဲ။ သူငယ်ချင်းလဲ အခုလို ပြည်သူက တပ်ကို ရွံ့ကြောက်မုန်းတီး နေတာကို အရင်လို ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီခိုင် တပ်အဖြစ် ပြောင်းလဲနိုင်ဖို့၊ ဘဝတူ တပ်နဲ့ပြည်သူ၊ အတူလက်တွဲပီး အောင်ပွဲဆီကို သွားဘို့၊ စိတ်တူ၊ ယုံကြည်ချက် တူသူတွေနဲ့ လက်တွဲ ဆောင်ရွက်ဖို့ လုပ်နေပီလို့ ကိုယ်ယုံကြည်တယ် သူငယ်ချင်း။

မိသန်းအေးကိုလဲငါက သတိရတယ်လို့ ပြောလိုက်ပါ။ သူငယ်ချင်းတို့ တမိသားစုလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာ ချမ်းသာလို့ ဘေးဘယာ အပေါင်းက ကင်းဝေးကာ ဘဝတူ ပြည်သူတွေရဲ့ အကျိုးကို အောင်မြင်စွာ သယ်ပိုး နိုင်ပါစေလို့ မေတ္တာပို့သ လိုက်ပါတယ်။

သတိရခင်မင်လျက်
နှောင်းလူ

Read More...

Thursday, February 4, 2010

အပြန်အလှန် ထောက်ခံကြ၊ အပြန်အလှန် ပေါင်းစပ်လှုပ်ရှားကြ

တပ်မတော်သားဟောင်းတဦး
၎/ ဖေဖော်ဝါရီ ၂၀၁၀

ပြည်တွင်း ပြည်ပ၊ ပါတီတွင်း ပါတီပ အကြောင်းအချက်များအရ ၁၉၈၉ ခုနှစ်မှာ န၀တစစ်အုပ်စုရဲ့ ဗကပ ဖြိုခွဲရေး လုပ်ကြံမှု အောင်မြင် သွားခဲ့တယ်။ အဲဒီအချိန်ကစပြီး ဗမာပြည် လက်နက်ကိုင် တော်လှန်ရေး ဒီရေဟာ နိမ့်ဆင်း သွားခဲ့တယ်။ အဲဒီအခြေအနေမှာ မိုးဦးကျ မှိုတွေ၊ မျှစ်တွေ အလျှိုအလျှို ပေါက်လာသလို အပစ်ရပ် အဖွဲ့တွေ ပေါ်လာကြတယ်။

န၀တစစ်အုပ်စုဟာ အပစ်ရပ်အဖွဲ့တွေကို သက်ဆိုင်ရာ နယ်မြေဒေသအလိုက် လက်နက် ကိုင်ဆောင်ခွင့်၊ စီးပွားရေး လုပ်ကိုင်ခွင့်တွေ ပေးခဲ့တယ်။ တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချခွင့်ကိုတောင် ပေးခဲ့တယ်။ ရည်ရွယ်ချက်က အပစ်ရပ် အဖွဲ့တွေကို အမျိုးသား တန်းတူရေး နိုင်ငံရေး အင်အားစုများ အဖြစ်မှ စီးပွားရေး အင်အားစုများ အဖြစ် ပြောင်းလဲ ဖျက်ဆီးပစ်ဖို့ ဖြစ်တယ်။ သူတို့ အလိုကျ မဖြစ်ရင် တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချတဲ့ အဖွဲ့အစည်းများ အဖြစ် တရားခံရှာဖို့ ဖြစ်တယ်။ ဒီနည်းနဲ့ အပစ်ရပ် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး လက္ခဏာ လုံးပါး ပါးစေပြီး၊ အဲဒီ အဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင် တပ်တွေကို အပိုင်စီးဖို့ ဒါမှမဟုတ် ဖျက်သိမ်းပစ်ဖို့ ဖြစ်တယ်။ တပြည်လုံးဆိုင်ရာ အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုကြီးနဲ့ ကင်းကွာ သွားစေဖို့ ဖြစ်တယ်။

၁၉၈၉ ကာလနဲ့ အဲဒီမတိုင်မီကာလများက န၀တ စစ်အုပ်စုရဲ့ အဓိက ဦးတည်ရန်သူဟာ ဗကပ ဖြစ်တယ်။ တပြည်လုံး လက္ခဏာနဲ့ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေတဲ့ အဓိက နိုင်ငံရေး အင်အားစု ဗကပ ပြိုကွဲသွားပြီလို့ ယူဆပြီးတဲ့နောက် နအဖရဲ့ အဓိက ဦးတည်ရန်သူဟာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲမှာ အပြတ် အောင်ပွဲရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဖြစ်လာတယ်။ အန်အယ်လ်ဒီကို ဦးတည် ချေမှုန်းနိုင်ဖို့ အန်အယ်လ်ဒီက သပိတ်မှောက်ထားတဲ့ ညောင်နှစ်ပင် ညီလာခံကို ‘အပစ်ရပ်အဖွဲ့’ တွေ တက်လာအောင် နအဖ က အကွက်ဆင်ခဲ့တယ်။ အပစ်ရပ်အဖွဲ့တွေ အန်အယ်လ်ဒီ အပါအ၀င် ဒီမိုကရေစီ အင်အားစု မှန်သမျှအကြား အပြန်အလှန် ဆက်စပ်ခွင့် မရအောင်လည်း နအဖက နည်းမျိုးစုံနဲ့ ချုပ်ချယ် ကန့်သတ်ခဲ့တယ်။ ဒါဟာ ဒီမိုကရေစီရေးနဲ့ အမျိုးသား တန်းတူရေးလှုပ်ရှားမှုကို မပေါင်းစည်း မိအောင် ရည်ရွယ်တာပဲ ဖြစ်တယ်။

အပစ်အခတ်စရပ်စဉ်က အပစ်ရပ်အဖွဲ့တွေရဲ့ အမျိုးသား တန်းတူရေးဆိုင်ရာ နိုင်ငံရေး တောင်းဆိုချက်တွေကို နအဖက ထမင်းရည်ပူလာ လျှာလွှဲ လုပ်ခဲ့တယ်။ သူတို့ (နအဖ) ဟာ တပ်မတော် အစိုးရ ဖြစ်တဲ့အတွက် နောင်တက်လာမယ့် အရပ်သား အစိုးရနဲ့ကျမှ ဆွေးနွေးပါဆိုပြီး ပယ်ချခဲ့တယ်။ အန်အယ်လ်ဒီကို ဦးတည် တိုက်ခိုက်ဖို့ လိုအပ်လာမှ အပစ်ရပ် အဖွဲ့တွေကို ညောင်နှစ်ပင် ညီလာခံထဲ ဆွဲသွင်း လာတာဖြစ်တယ်။ အပစ်ရပ် အဖွဲ့တွေဟာ သူတို့ရဲ့အမျိုးသား တန်းတူရေးဆိုင်ရာ နိုင်ငံရေး တောင်းဆိုချက်တွေကို တင်ပြ တောင်းဆိုခဲ့ပေမယ့် ဘာတခုမှ အသိအမှတ်ပြု မခံခဲ့ကြရဘူး။

၁၉၉၈ တုန်းက န၀တရဲ့ လက်တွေ့နိုင်ငံရေးစီမံချက်ဟာ ဗကပ ဖြိုခွဲရေး၊ ဒီမိုကရေစီ အင်အားစုများ၊ တောခို ၈၈ မျိုးဆက် ကျောင်းသားများနဲ့ ဗကပ အကြား အဆက်ဖြတ်ရေး၊ ၁၉၆၆ ခုနှစ်က တရုတ်-ဗမာအရေးအခင်း ဖန်တီး မိခဲ့လို့ မျက်နှာ ပျက်ခဲ့ရတဲ့ တရုတ်အစိုးရနဲ့ ပြန်လည် ရင်ကြားစေ့ရေးဖြစ်တယ်။

လက်ရှိ နအဖရဲ့ လက်တွေ့နိုင်ငံရေးစီမံချက်က ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းရေး၊ ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီကို အပြတ်ချေမှုန်းရေး၊ နိုင်ငံတကာရောက် ၈၈ မျိုးဆက် ကျောင်းသားများနဲ့ ဒီမိုကရေစီ အင်အားစုများအား အညံ့ခံ ပြည်တော် ပြန်လာစေရေး၊ ၎င်းတို့ အကျိုးစီးပွား အတွက် အမေရိကန်နဲ့ ပြန်လည် ရင်ကြားစေ့ရေး ဖြစ်တယ်။

ဖော်ပြပါ လက်တွေ့နိုင်ငံရေးစီမံချက်ရဲ့ အရေးကြီး အစိတ်အပိုင်း အဖြစ် နအဖဟာ အပစ်ရပ် အဖွဲ့တွေရဲ့ လက်နက်ကိုင်တပ် တွေကို နယ်ခြားစောင့် တပ်နဲ့ ပြည်သူ့စစ် အသွင်ပြောင်းဖို့ နည်းမျိုးစုံနဲ့ ဖိအား ပေးနေတယ်။ အဖွဲ့အစည်းတွေကိုတော့ အဆိပ်မရှိတဲ့ မြွေဖြစ်အောင်လုပ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သနပ်ခါးလိမ်း ပန်းပန်ပေးရေးမှာ အသုံးချနိုင်ဖို့ ကြံစည်နေတယ်။

လက်တွေ့မှာ အပစ်ရပ်အဖွဲ့အများစုဟာ နယ်ခြားစောင့်တပ် လုပ်ရေး၊ ပြည့်သူ့စစ် လုပ်ရေးကို ငြင်းဆန် နေကြတယ်။ နယ်ခြားစောင့်တပ် လုပ်ရေး လက်ခံတဲ့ အဖွဲ့အစည်းတွေရဲ့ တပ်မှူး၊ တပ်သားတွေဟာလည်း စုဖွဲ့မှု ကာလ အတွင်းမှာပဲ ထွက်ပြေး နေကြတယ်။ ဒီဖြစ်ရပ်တွေက တဆင့် သိနိုင်တာက ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရာမှာ အန်အယ်လ်ဒီနဲ့ အပစ်ရပ် အဖွဲ့တွေဟာ ရပ်တည်ချက် တူနေကြပြီ ဆိုတာပဲဖြစ်တယ်။ လက်ရှိအခြေအနေ၊ အချက်အလက်တွေကို ကြည့်ရင် အန်အယ်လ်ဒီ အပါအ၀င် ဒီမိုကရေစီ အင်အားစုများနဲ့ အပစ်ရပ်အဖွဲ့တွေဟာ ကံတူ အကျိုးပေးဆိုတာ ထင်ရှားနေပြီ ဖြစ်တယ်။

တလျှောက်လုံး နအဖစစ်အုပ်စုရဲ့ အပိုင်စီး အသုံးချခံနေရတဲ့ တပ်မတော်တွင်းမှာလည်း အထက်အောက် ခံစားခွင့် အကျိုးစီးပွား ကွာဟာချက် ကြီးမားတာကြောင့် တပ်တွင်း မကျေနပ်မှုတွေ တနေ့တခြား ကြီးထွား လာနေပြီဖြစ်တယ်။ အမိန့်နာခံမှု ကောင်းတယ်ဆိုတဲ့ တိုက်ခိုက်ရေး တပ်မတွေ အတွင်းမှာတောင် ဆန္ဒပြမှုတွေ ပေါ်တဲ့ အတွက် ဖမ်းတာ ဆီးတာတွေ လုပ်ပြီး ကြိုးစား ထိန်းသိမ်း နေရတယ်။ တပ်ပြေးတွေ တနေ့တခြား ပိုများလာပြီး ဖွဲ့စည်းပုံ ပြည့်ရေး အတွက် ပြည်တွင်းပြည်ပက ဆန့်ကျင် နေတဲ့ကြားက ကလေး စစ်သား စုဆောင်းရေးကို မျက်နှာပြောင်တိုက် လုပ်နေရတယ်။ လတ်တလောမှာ လစာ (၁) သိန်းအောက် ၀န်ထမ်းတွေကို လစာ (၂) သောင်း ထပ်တိုးပေးမယ် ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ ဒီသတင်းသာ အတည်ဖြစ်ရင် တပ်တွင်းမငြိမ်သက်မှုကို အကြောင်းပြုပြီး ပေါ်လာတဲ့ စီမံချက်လို့ ယူဆနိုင်တယ်။ ဒါပေမယ့် ဒီလိုဆောင်ရွက်မှုမျိုးဟာ ဆေးမြီးတိုသာဖြစ်ပြီး တပ်ကို တကယ်တမ်း တည်ငြိမ်အောင် ထိန်းနိုင်တဲ့ နည်းလမ်း မဟုတ်ဘူး။

တပ်ကို တကယ်တမ်းတည်ငြိမ်အောင် ထိန်းနိုင်ဖို့ဆိုရင် တပ်ပြုပြင်ပြောင်းလဲရေးကို အခြေခံကစပြီး လုပ်ရမယ်။ ဆိုလိုတာက တပ်မတော်ကို အသုံးချပြီး စီးပွားရေးမှန်သမျှ စစ်အုပ်စုက လက်ဝါးကြီးအုပ် ခြယ်လှယ် နေတာတွေကို ရပ်ဆိုင်းပစ်ရမယ်။ တပ်တွင်း အထက်အောက် ရပိုင်ခွင့်ကွာဟမှု ကြီးမား နေတာကို တရားမျှတမှု ရှိအောင် ပြုပြင်ပစ်ရမယ်။ လွတ်လပ်တဲ့ တပ်တွင်း ဒါဘာ ဆွေးနွေးပွဲများကို ပုံမှန်ပြုလုပ်ပြီး အောက်ခြေ အကြပ် တပ်သားများရဲ့ တရားမျှတတဲ့ တင်ပြချက်များကို ဖြေရှင်းပေးရမယ်။ ဒါတွေကို အမှန်တကယ် ဆောင်ရွက်နိုင်ဖို့ ဆိုရင် စစ်အုပ်စုရဲ့ အမိန့်ပေး ဌာနအောက်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တပ်မတော်ဟာ ပြည်သူတွေ လွတ်လပ်စွာ ရွေးကောက် တင်မြှောက်ခွင့်အရ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီ အစိုးရအပေါ် သစ္စာခံမှ၊ စစ်အစိုးရ၊ စစ်အာဏာရှင် စနစ်၊ စစ်ဗျူရိုကရက် ယန္တရားကို ဖျက်သိမ်းပစ်မှသာ ဖြစ်နိုင်မယ်။

အထက်ပါအချက်က တဆင့်သိနိုင်တာက တပ်မတော်တွင်း အောက်ခြေတပ်မှူး အကြပ် တပ်သားများရဲ့ ဘ၀ တိုးတက် ကောင်းမွန်ရေးဟာ လစာတိုးပေးတာ၊ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွက်လာမယ့် စစ်အုပ်စုရဲ့အရပ်ဝတ် ရုပ်သေး အစိုးရတရပ် တည်ရှိရေး … စတာတွေ မဟုတ်ဘူး ဆိုတာပဲဖြစ်တယ်။

အချုပ်အားဖြင့်ဆိုရင် ဒီမိုကရေစီအင်အားစုတွေ၊ အပစ်ရပ်အဖွဲ့တွေ၊ တပ်မတော်တွင်း အောက်ခြေ တပ်မှူး၊ တပ်သားတွေဟာ စစ်အာဏာရှင် စနစ်ရဲ့ ဖိနှိပ်မှုကို ခံနေကြရတဲ့ ဘ၀တူတွေဖြစ်တယ်။ ဒါကြောင့် ဒီအင်အားစု သုံးခုဟာ အပြန်အလှန် ထောက်ခံ၊ အပြန်အလှန် ပေါင်းစပ်လှုပ်ရှားမှသာ မိမိတို့အသီးသီးရဲ့ ရည်မှန်းချက်တွေ အထမြောက်နိုင်မှာ ဖြစ်တယ်။ ပြည်သူ တရပ်လုံးရဲ့ အားပေး ထောက်ခံ ပါဝင်မှုကို ရရှိနိုင်မှာ ဖြစ်တယ်။ အကြောင်းကတော့ ဒီအင်အားစု သုံးခုရဲ့ အရေးဟာ လူမျိုးစုံ ပြည်သူ တရပ်လုံးရဲ့ အရေးတော်ပုံနဲ့ ပေါင်းစည်း နေလို့ဖြစ်တယ်။ ပေါင်းစပ်မှု မရှိဘဲ တကွဲတပြား လှုပ်ရှားရင် ရောက်ချင်တာက နိဗ္ဗာန်၊ ရောက်ရတာက ငရဲဖြစ်လိမ့်မယ်။

ဘယ်လိုအပြန်အလှန်ပေါင်းစပ်ကြမလဲ။ ဥပမာတခု အနေနဲ့ ထုတ်ပြရရင် အပစ်ရပ် အဖွဲ့တွေကို နအဖက အကြမ်းဖက် စစ်ဆင်လာခဲ့ရင် ဒီမိုကရေစီ အင်အားစု မှန်သမျှက လူထုကြီးကို စည်းရုံးပြီး ပြည်တွင်းစစ် ဆန့်ကျင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေး လူထု လှုပ်ရှားမှုကြီးနဲ့ နအဖ လုပ်ရပ်ကို ဆန့်ကျင်ဖို့ဖြစ်တယ်။ ဒီမိုကရေစီ အင်အားစုများရဲ့ လူထု လှုပ်ရှားမှုများကို နအဖက အကြမ်းဖက် ဖြိုခွဲလာခဲ့ရင် အပစ်ရပ် အဖွဲ့များအနေနဲ့ လူထု ဆန္ဒပြ ဖော်ထုတ်မှုကို ထောက်ခံရေး၊ ဒီမိုကရေစီ ရရှိရေး၊ စစ်အစိုးရရဲ့ အကြမ်းဖက်ဖိနှိပ်မှုကို ဆန့်ကျင် ကန့်ကွက်ရေး စတဲ့ လှုပ်ရှားမှုများနဲ့ နအဖကို ဆန့်ကျင်ဖို့ ဖြစ်တယ်။

တပ်မတော်တွင်းရှိ အောက်ခြေတပ်မှူး၊ အကြပ်တပ်သားများ၊ မျိုးချစ်ပြည်ချစ် အင်အားစုများ ကလည်း အထက်ဖော်ပြပါ အရေးအခင်းမျိုး ရင်ဆိုင်လာရတဲ့ အခါ ဒီမိုကရေစီ အင်အားစုများ၊ အပစ်ရပ် အဖွဲ့များ၊ ပြည်သူများရဲ့ တောင်းဆို လှုပ်ရှားမှုများ ဘက်က ရပ်တည်ရေး၊ ပြည်တွင်းစစ် ဆန့်ကျင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းရေး၊ လူထုအား အကြမ်းဖက် ပစ်ခတ်ရန် ပေးတဲ့ အမိန့်မှန်သမျှ မနာခံရေး စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ထောက်ခံ ပါဝင်ဖို့ ဖြစ်တယ်။

တချိန်တည်းမှာ တပ်မတော်သားများရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အပစ်ရပ် အဖွဲ့များ၊ ဒီမိုကရေစီ အင်အားစုများ အပါအ၀င် လူမျိုးစုံ ပြည်သူ တရပ်လုံးက အုံကြွ ထောက်ခံရေး၊ တပ်မတော်သားများကို နည်းမျိုးစုံဖြင့် ကူညီရေး၊ ကာကွယ် စောင့်ရှောက်ရေး ဖြစ်တယ်။ ဒီနည်းနဲ့သာ ဒီမိုကရေစီ အင်အားစုများ၊ အပစ်ရပ် အင်အားစုများ၊ တပ်မတော်တွင်းရှိ အောက်ခြေတပ်မှူး၊ အကြပ်တပ်သား မျိုးချစ် ပြည်ချစ် အင်အားစုများရဲ့ အရေးတော်ပုံ (၀ါ) လူမျိုးစုံ ပြည်သူ တရပ်လုံးရဲ့ အရေးတော်ပုံဟာ အောင်ပွဲ ရနိုင်မှာ ဖြစ်တယ်လို့ ယူဆပါတယ်။ ။

Ref: ခေတ်ပြိုင်

Read More...

ကေအိုင်အိုတော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲတော် စတင်ကျင်းပ

ပေါက်ပေါက်
၃ ဖေဖော်ဝါရီ ၂ဝ၁ဝ

ဖေဖော်ဝါရီ (၅) ရက်တွင် ကျရောက်မည့် (၄၉) နှစ်မြောက် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ တော်လှန်ရေးနေ့ အထိမ်းအမှတ် ပွဲတော်အဖြစ် ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် အတွင်းရှိ ကေအိုင်အို တပ်မဟာ (၁) ၌ ယနေ့ စတင်ကျင်းပသည်။

ဧရာဝတီမြစ်ဆုံ အထက်ပိုင်း၊ မေခနှင့်မလိမြစ် အကြား ကေအိုင်အို တပ်မဟာ (၁) ဌာနချုပ်ရှိရာ အင်ဂျန်းယန်မြို့နယ်၊ အင်ဂွန်းလ ကျေးရွာတွင် မနောပွဲဖြင့် ယနေ့နံနက်ပိုင်းက စတင်ခဲ့ပြီး တော်လှန်ရေးနေ့တွင် စစ်ရေးပြ ချီတက် အခမ်းအနားနှင့် လူထု စည်းဝေးပွဲများ ကျင်းပရန် ရှိသည်ဟု ကေအိုင်အို ဆက်ဆံရေးရုံးနှင့် နီးစပ်သူ မြစ်ကြီးနားမြို့ခံက ပြောသည်။

၎င်းက “ဒီမြစ်ကြီးနားကလည်း သွားကြတယ်။ နီးစပ် နီးစပ်ရာတွေပေါ့။ ယဉ်ကျေးမှုအဖွဲ့တွေကိုလည်း ဖိတ်ထားတယ်။ မီးရထား သံလမ်းရိုး တလျှောက်ကလည်း တက်ကြမယ်။ မြစ်ကြီးနားကနေ မိုင် (၃ဝ) ကျော်လောက် ဝေးတယ်။ မော်တော်ကားလမ်း ပေါက်တယ်။ မြစ်ကြီးနားကနေ အထက် (၁ဝ) မိုင်ကျော်ရင် ကတ္တရာလမ်း မရှိဘူး။ လမ်းတော့ သိပ်မကောင်းဘူး” ဟု ပြောသည်။

ယမန်နှစ်က (၄၈) နှစ်မြောက် ကေအိုင်အို တော်လှန်ရေးနေ့ အခမ်းအနားကို ကေအိုင်အို ထိန်းချုပ်ရာ တရုတ် - မြန်မာ နယ်စပ်ရှိ လိုင်ဇာမြို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ၊ ရဟန်း သံဃာတော်များ၊ ကချင်ပြည်နယ် အတွင်းမှ ဒေသခံ တိုင်းရင်းသားများ အပါအဝင် တရုတ်ပြည်ဘက်မှ ကချင် တိုင်းရင်းသားများ စုစုပေါင်း လူအင်အား (၁ဝ,ဝဝဝ) ဝန်းကျင်အထိ တက်ရောက်ခဲ့သည်။

ယခုနှစ်တွင် ကေအိုင်အိုဌာနချုပ်ရှိရာ တရုတ်နယ်စပ်နှင့်ဝေးပြီး လမ်းပန်းဆက်သွယ်ရေး သိပ်မကောင်းသည့် ပြည်တွင်းတွင် တော်လှန်ရေးပွဲ လုပ်နေသဖြင့် အခြား အပစ်ခတ်ရပ် အဖွဲ့များနှင့် တရုတ်ပြည်ဘက်မှ ကချင် တိုင်းရင်းသား ဧည့်သည်များ တက်ရောက်ရန် အခက်ခဲ ရှိနိုင်သည်ဟု လိုင်ဇာ ဒေသခံ တဦးက ပြောသည်။

၎င်းက “ကားတော့ စီစဉ်ပေးတယ်။ ဒါပေမယ့် နယ်စပ်ဖြတ်ကျော်သွားရမယ့် တရုတ်ဘက်က လူတွေတော့ ခက်သွားမယ်။ လိုင်ဇာနဲ့ အခြား တပ်ရင်းတွေမှာတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် တော်လှန်ရေးပွဲတော့ လုပ်မှာပေါ့။ မနှစ်ကလို ဒီမှာတော့ မလုပ်တော့ဘူး။ ငြိမ်းချမ်းရေးယူတဲ့ ဖေဖော်ဝါရီ (၂၄) ရက် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲလည်း လုပ်ဖို့ရှိတယ်။ အဲဒါက မြစ်ကြီးနား မြို့နယ်ထဲလောက် ကျမယ်၊ ကေအိုင်အေ တပ်ရင်း (၁၁) ဘက်မှာ မနောပွဲ လုပ်ဖို့ ရှိသေးတယ်” ဟု ပြောသည်။

၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီ (၅) ရက်နေ့တွင် ဇော်တူး၊ ဇော်ဆိုင်း စသည့် ကချင်ကျောင်းသား လူငယ်များက ဦးဆောင်ကာ ကချင် တိုင်းရင်းသားတို့၏ တန်းတူ အခွင့်အရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အတွက် အစိုးရအား လက်နက်ကိုင် တော်လှန်သည်ကို အစွဲပြု၍ ဖေဖော်ဝါရီ (၅) ရက်နေ့ကို ကေအိုင်အို တော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်ပွဲများ ကျင်းပခြင်း ဖြစ်သည်။

ကေအိုင်အိုသည် ၁၉၉၄ ခုနှစ်တွင် နအဖနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး ယမန်နှစ်၊ ဧပြီမှစ၍ အခြားသော အပစ်ရပ်အဖွဲ့များ နည်းတူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖ၏ ကမ်းလှမ်းပြောဆိုမှု ခံနေရပြီး ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ်အရ တန်းတူညီမျှရေးကို နအဖဘက်က လက်ခံလျှင် လက်နက်ကိုင် တော်လှန်ရေး စွန့်သွားမည်ဟု ကေအိုင်အို ဘက်က ပြောဆို ထားခဲ့သည်။

ယခုနှစ် တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲအား ဖေဖော်ဝါရီ (၃) ရက်နေ့မှ (၆) ရက်နေ့အထိ ကျင်းပသွားရန် ရှိသည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာ(၉)ဦး သေဆုံးမှုတွင် ပါဝင်ပတ်သက်သူများအား ထိုင်းရဲက ဖမ်းဝရမ်း ထုတ်လိုက်ပြီ

ဖေဖော်ဝါရီလ ၃ရက်။ စောခါးစူးညား (ကေအိုင်စီ)

ပြီးခဲ့သည့် ရက်သတ္တပတ်က မြန်မာ(၉)ဦး ပစ်သတ်ခံရသည့် အမှုတွင် ပါဝင်ပတ်သက်သူ ထိုင်း ရဲအရာခံဗိုလ်တဦး၊ ထိုင်းနိုင်ငံသား (၄) ဦးနှင့် မြန်မာနိုင်ငံသား တရုတ်လူမျိုး တဦးတို့အား ဖမ်းဝရမ်း ထုတ်လိုက်ပြီဟု ထိုင်းအမှတ်(၆) ရဲတိုင်းမှူး ဆူရစီ ဆွန်ထောင်းဆာရထွန်က ယနေ့ ပြောကြားလိုက်သည်။

လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း ပြစ်မှုထင်ရှားသည့်အတွက်ကြောင့် အဆိုပါ လူများကို ယခုလို ဖမ်းဝရမ်း ထုတ်လိုက်ရခြင်း ဖြစ်ကြောင်း ယနေ့ မဲဆောက်မြို့၊ ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆူရစီဆွန်ထောင်းဆာရ ထွန်က ဒေသခံ သတင်းထောက်များအား ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အခု ပြစ်သတ်မှုမှာ ပါဝင်သူတွေကို ကျနော်တို့ ဖမ်းဝရမ်းထုတ်လိုက်တယ်။ ဒီနေ့ ဖမ်းမယ့်အချိန်မှာ ထွက်ပြေးတိမ်း ရှောင်သွားတယ်။ မြန်မာပြည်ဘက်ကို ထွက်ပြေးမယ်လို့ ကျနော်တို့ ယူဆရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ဖမ်းဆီးဖို့ ဆက်လက် ကြိုးပမ်း သွားမှာဖြစ်ပြီး ဥပဒေအတိုင်း အရေး ယူသွားမှာဖြစ်ပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် သူက ပြောဆိုသွားသည်။

ဖမ်းဝရမ်းထုတ်လိုက်သည့် သူများထဲမှ ဦးဆောင်သူ ထိုင်း ရဲအရာခံဗိုလ်ဖြစ်သူ စုမ်ချိုင်းပင်ကဲ့ယောက်သည် မြန်မာများကို ပစ်သတ်ခဲ့ပြီး ရက်ပိုင်းအတွင်း ၎င်းတာဝန်ကျရာ မဲဆောက်မြို့၊ တောင်ဘက်ခြမ်း ၈၄ကီလိုမီတာ အကွာဝေး အမှတ်(၄၈) ဂိတ်တွင် မိမိကိုယ်ကို ကြိုးဆွဲကျ အဆုံးစီရင်ခဲ့ပြီး ကျန်ရှိသည့် (၅)ဦးကို ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်သည်ဟု သိရသည်။

စုမ်ချိုင်းပင်ကဲ့ယောက် သေဆုံးပြီးနောက် အမှတ် (၆)ရဲတိုင်းမှ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် စေလွတ်ထားသည့် ရဲတပ်ကြပ် တဦးလည်း ယမန်နေ့ညတွင် အမည်မသိ သေနတ်သမား အဖွဲ့တဖွဲ့က လာရောက် ပစ်ခတ်ကာ အဆိုပါ ရဲတပ် ကြပ်ကြီး သေဆုံးသွားသည်ဟု သိရသည်။

အဆိုပါ ပစ်သတ်ခံရသည့် ရဲတပ်ကြပ်ကြီးသည် ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်စဉ် အားလုံး သိရှိထားခဲ့ရာ အထက်သို့ အစီရင် ခံခဲ့သည့် အတွက် နှုတ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ယူဆရကြောင်း မဲဆောက် အခြေစိုက် ထိုင်းသတင်းထာက်များက မေးမြန်းခဲ့ရာတွင် တိုင်းမှူးက ပြန်လည် ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၇ ရက် မှ ၃၁ ရက်နေ့အတွင်း အဆိုပါ မြန်မာနိုင်ငံသား(၁၂)ဦးသည် မြန်မာ ကယ်ရီတဦး၏ အကူအညီဖြင့် မဲဆောက်မှ ဘန်ကောက်သို့ တောလမ်း ခရီးအတိုင်းအသွား (၄၈)ဂိတ်တွင် ရောက်ရှိစဉ် ၎င်းတို့ကို ဖမ်းဆီးပြီး ဆွေမျိုးသားချင်းများကို တဦးလျှင် ဘတ်ငွေ (၁)သောင်းဖြင့် လာရောက် ရွေးခိုင်းခဲ့ရာတွင် လာရောက်ခြင်း မရှိသဖြင့် အဆိုပါ ရဲအရာခံဗိုလ် စုမ်ချိုင်းပင်ကဲ့ယောက် ဦးဆောင်၍ ထိုင်းဒေသခံ ရွာသား ၄ ဦးနှင့် မြန်မာနိုင်ငံသား တရုတ်လူမျိုး တဦးတို့နှင့် ပူးပေါင်းကာ ၄င်းမြန်မာ ၉ ဦးအား သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

သေနတ်သမားများက အဆိုပါ မြန်မာနိုင်ငံသား(၁၂) ဦးကို ပစ်သတ်ခဲ့ရာတွင် (၇) ဦးသေဆုံး၊ (၂) ဦး ပျောက်ဆုံးကာ (၃) ဦး လွတ်မြောက် သွားခဲ့သည်ဟု ထိုင်းရဲများက ဆိုသည်။

ပစ်သတ်ခံရသူများ၏ ဦးခေါင်းမှ သေနတ်ဒဏ်ရာတွင် ဒဿမ (၃၈နှင့်၂၂) ကျည်အမျိုးအစားများ တွေ့ရှိရပြီး လက်ရှိ အချိန်တွင် (၉) ဦးထဲမှ (၇) ဦး၏ အလောင်းကို မဲဆောက် ဆေးရုံနှင့် ဖို့ဖတ်မြို့နယ် ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိကာ အဆိုပါ သေဆုံးသူများ၏ အလောင်းများကို သင်္ဂြိုဟ်ရန် ဆွေမျိုး သားချင်းများက မဲဆောက်မြို့တွင် စောင့်ဆိုင်းလျှက် ရှိကြောင်း သိရသည်။

ပစ်သတ်ခံရပြီး သေဆုံးသွားသူ(၉) ဦးမှာ စောမူးချဲ့ချဲ့(၂၈) နှစ်၊ စောကျော်ဦး(၂၇) နှစ်၊ နော်ကြို့အေး (၃၂) နှစ်၊ စောဒီဒို့ (၂၈) နှစ်၊ စောအကို (၂၇) နှစ်၊ နော်အေးချို (၃၂) နှစ်၊ စောထူးအောင် (၃၅) နှစ်၊ နော်ခရိုး (၃၃) နှစ်နှင့် နော်တင်ချိုအေး (၂၈) နှစ်တို့ ဖြစ်သည်ဟု သိရသည်။

မိမိစားဝတ်နေရေး ပြေလည်ရေးအတွက် ဘန်ကောက်သို့ အလုပ်တက်လုပ်ရန် သွားသည့် အဆိုပါ မြန်မာနိုင်ငံသား ၁၂ ဦးသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင် ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည် မသိ ရွာသား (၃) ဦးတို့ ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ အလုပ်လာ ရောက်လုပ်ကိုင်ရာတွင် အလားတူ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လွန်ခဲ့သည့်(၄) နှစ်က မဲဆောက်မြို့တွင် မြန်မာအလုပ် သမား(၈) ဦး ကိုလည်းကောင်း၊ မဲ့လမတ် မြို့နယ် အတွင်း လွန်ခဲ့သည့် (၇) နှစ်က မြန်မာ (၁၇) ဦးကို လည်းကောင်း အုပ်စုလိုက် အသတ်ခံရမှုများ ရှိခဲ့ကြောင်း သိရသည်။

Ref: KIC News

Read More...

နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်မခံနိုင်ဘူး

Wednesday, 03 February 2010

နိုင်ထောမွန်သည် မွန်ပြည်နယ် အခြေစိုက် နိုင်ငံရေးအဖွဲ့ ဖြစ်သည့် မွန်ပြည်သစ် ပါတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် စတင် တည်ထောင်သည့် မွန်ပြည်သစ် ပါတီသည် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ကျင့်သုံးခဲ့ပြီး မြန်မာ့ တပ်မတော်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ရာမှ လွန်ခဲ့သည့် ၁၅ နှစ်က အပစ်အခတ် ရပ်စဲရန် သဘော တူညီခဲ့ကြသည်။

မွန်ပြည်သစ်ပါတီသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲသည့် အမျိုးသားညီလာခံတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြေခံဥပဒေ ရေးဆွဲမှု အစီအစဉ်နှင့် ပတ်သက်ပြီး စစ်အစိုးရနှင့် သဘောထားခြင်း မတိုက်ဆိုင်သဖြင့် ညီလာခံသို့ လေ့လာသူ တချို့ကိုသာ စေလွှတ်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကဲ့သို့ပင် မွန်ပြည်သစ်ပါတီသည် သူ၏ စစ်ရေးအဖွဲ့ကို နယ်ခြားစောင့် တပ်များအဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ညွှန်ကြားချက်နှင့် ရင်ဆိုင်ရသည်။

ဇန်နဝါရီ ၃၀ ရက်နေ့၊ မွန်အမျိုးသား နေ့တွင် ဥက္ကဋ္ဌ နိုင်ထောမွန်က ဧရာဝတီနှင့် ထိုင်း-မြန်မာ နယ်ခြားတွင် တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေး အခြေအနေ၊ မွန်ပြည်သစ် ပါတီ၏ သဘောထား အမြင်တို့ကို ပြောပြခဲ့သည်။

မေး။ ။ မွန်ပြည်သစ်ပါတီ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုထင်လဲ။

ဖြေ။ ။ကျနော်တို့ သဘောထား ပေးထားပြီးသားပဲ။ ဖွဲ့စည်းအုပ်ချုပ်ပုံ (အခြေခံဥပဒေ) ကို ပြင်ဖို့၊ ပြင်ပြီးမှ ကျနော်တို့ စဉ်းစားရမှာပေါ့၊ ဒီအတိုင်းဆိုရင် ကျနော်တို့ လက်မခံဘူး ပြောထားပြီးသားပဲ။

မေး။ ။ နအဖ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ဒါလည်း ကျနော်တို့ အကြောင်းပြန်ပြီးပြီလေ။ ကျနော်တို့ လက်မခံနိုင်ဘူး၊ ကျနော်တို့ လူထုတွေကလည်း ဒါကိုလက်ခံဖို့ သဘော မတူကြဘူး၊ ဒါကို အကြောင်း ပြန်ထားပြီးသားပဲ။ ဒါပေမယ့် ဆွေးနွေးချင်ရင်တော့ ကျနော်တို့ ဆွေးနွေး နိုင်ပါတယ်လို့ အဲဒီလိုပဲ ပြောထား ပြီးသားပဲ။

မေး။ ။ မြန်မာစစ်အစိုးရဘက်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဖိအားပေးမှုတွေ ရှိသလဲ။

ဖြေ။ ။ သူတို့ဘက်က မပြောသေးဘူး လောလောဆယ်။ ဒီအတိုင်းပဲ နေနေတယ်။

မေး။ ။ မြန်မာပြည် မြောက်ပိုင်းမှာလိုမျိုး စစ်အစိုးရက ဖိအားတွေ ပေးလာမယ်၊ စစ်ပြင်ဆင်မှုတွေ ရှိလာမယ်လို့ ထင်သလား။

ဖြေ။ ။ ဒီဘက်အခြေအနေကတော့ အဲဒီလို ထွေထွေ ထူးထူး မဖြစ်လာသေးဘူးလို့ မြင်တယ်။ ပြဿနာကလည်း တခြားကိစ္စတွေ ရှိသေးတယ် ထင်တယ်။ ဒီဘက် အခြေအနေ ကြည့်တာ ထူးခြားမှု သိပ်မရှိဘူး။

မေး။ ။ နအဖ စစ်အစိုးရက ရွေးကောက်ပွဲ တကယ်လုပ်မယ်လို့ ထင်သလား။

ဖြေ။ ။ လုပ်မယ်ထင်တယ်၊ ဒါ သူ့ထွက်ပေါက် ဖြစ်နေတော့ သူ လုပ်မယ် ထင်တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ မရှိဘဲနဲ့ ဒီအတိုင်းသွားရင် ကြာရင် မလွယ်ဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံ တမျိုးမျိုးနဲ့ သူ သွားမှ ပိုပြီးတော့ အဆင်ပြေမယ့် သဘောရှိတယ်ဆိုတော့ သူ့ ထွက်ပေါက်ပေါ့။ သူလုပ်မယ် ထင်တယ်လေ။ ဘယ်လိုဖြစ်လာမလဲတော့ မပြောနိုင်သေးဘူး။

မေး။ ။ တကယ်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ချင်ရင် ဘယ်နေရာကို ပြင်ချင်တာလဲ။ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာမှ မရှိဘူးလို့ ကျနော်တို့ သိထားတယ်။

ဖြေ။ ။ ကျနော်တို့ အဓိက ပြင်ချင်တာက ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတဲ့ဟာတွေပေါ့။ အထူးသဖြင့် တပ်က ၂၅ ရာခိုင်နှုန်း ယူထားတာရယ်၊ နောက် - အချက်အချာ ကျတဲ့ နေရာတွေမှာ စစ်ဘက်ကပဲ အများအားဖြင့် ယူထားတာပေါ့၊ ဒါကလည်း တပိုင်းပေါ့။ နောက်တပိုင်းက ဒီမိုကရေစီ အခွင့်အရေးလည်း စံနှုန်းလည်း မမီဘူးပေါ့၊ ဒါတွေ ပြင်ရမယ်။ နောက် တိုင်းရင်းသား အခွင့်အရေးလည်း ခုနက ပြောသလိုပေါ့၊ ဒီမိုကရေစီ အခြေခံ မရှိတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုပေမယ့်လည်း တကယ်တမ်းကျတော့ အဲဒီ အခွင့်အရေး သိပ်မရှိဘူး။ ကျနော်တို့ (အမျိုးသားညီလာခံမှာ တိုင်းရင်းသားအဖွဲ့) ၁၃ ဖွဲ့ တင်ထားတာလည်း (စစ်အစိုးရက) မစဉ်းစားဘူး မဟုတ်လား။ အဲဒီအကြောင်းရင်းခံတွေကြောင့် ကျနော်တို့ လက်မခံနိုင်ဘူး။ ပြင်ရင်လည်း အဲဒီအချက်တွေ ပြင်ရမှာပေါ့။

မေး။ ။ မြောက်ပိုင်းမှာ ရှိတဲ့ ရှမ်း၊ ၀၊ ကိုးကန့် တိုင်းရင်းသား တွေနဲ့ ပတ်သက်ပြီး ဘာပြောချင်သလဲ။

ဖြေ။ ။ ဘ၀တူတွေပဲ မဟုတ်လား၊ တိုင်းရင်းသားတွေရဲ့ အရေးက ကိုယ်ပိုင်ပြဌာန်းခွင့်၊ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စုထဲမှာ တိုင်းရင်းသားတွေ အချင်းချင်း နေဖို့ပဲ လို့ ကျနော်တို့ မြင်တယ်။ အဲဒီရည်မှန်းချက် ရောက်ဖို့က တိုင်းရင်းသားတွေ အားလုံး စုစုစည်းစည်း ရှိကြဖို့ လိုမယ်။ အတူတကွ အမြင်တခုတည်း တိုင်းရင်းသားအရေးအတွက် ပူးတွဲပြီးတော့ ဆက်စပ်မှု ရှိရှိ၊ ညီညွတ်မှု ရှိရှိနဲ့ ကြိုးစားသွားရင်တော့ ရည်မှန်းထားသလို ဖြစ်နိုင်မယ်။

မေး။ ။ မွန်ပြည်နယ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်တပ်ကနေ တိုးပြီးလုပ်နေတာ ဘာတွေ ရှိသလဲ။

ဖြေ။ ။ မွန်ပြည်နယ်ထဲမှာ အပစ်အခတ်ရပ်ထားတာ ၁၅ နှစ်လောက် ရှိပြီ။ တပ်က မွန်ပြည်နယ်ထဲမှာ တချို့ တိုးလာတာ ရှိတာပေါ့။ သိပ်ပြီး ထွေထွေ ထူးထူး မရှိဘူး ထင်တယ်၊ တိုးချဲ့ထားပြီးသား၊ ၁၀ နှစ် ကျော်ပြီ မဟုတ်လား။

မေး။ ။ စစ်အစိုးရတပ်တွေ မွန်ပြည်နယ်ထဲမှာ ဘယ်လောက်တောင် တိုးလာသလဲ။

ဖြေ။ ။ သိပ်မတိုးဘူး။ နေရာတွေ ပိုပြီးတော့ ယူလာတယ်။ တပ်မ ၁၉ ရေး (မြို့) ဧရိယာ ခွင်မှာပေါ့၊ တပ်တွေ ရှိထားပြီးသားပဲ။ ကျနော်တို့ ဧရိယာထဲမှာ လှုပ်ရှားလာတဲ့ အပိုင်းတော့ မရှိဘူး။ တပ်တွေ ချထားရုံလောက်ပဲ ရှိတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကတော့ ရှိမှာပေါ့၊ စစ်အုပ်ချုပ်ရေး ယန္တရားက ရှိနေတယ် ဆိုတော့ ရှိမှာပဲ၊ အသေးစိတ် ပြောရင်တော့ ပြောလို့ မကုန်ဘူး။ စစ်အုပ်ချုပ်ရေး ရှိနေသမျှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဓမ္မတာပဲ၊ သူ ရှိမှာပဲ။

မေး။ ။ မွန်ပြည်သစ်ပါတီရဲ့ လက်အောက်ခံတပ်တွေက ပြန်တိုက်ဖို့ အစီအစဉ်ရော ရှိသလား။

ဖြေ။ ။ ဒါကတော့ နိုင်ငံရေး အခြေအနေပေါ် တည်မှာပေါ့။ သူက တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ် ဆိုရင် ကျနော်တို့လည်း ဒါကို လိုလားတယ်ပေါ့၊ မဟုတ်လား။ ကျနော်တို့က ကြိုးစားနေတာ ဒါပဲ။ သူက အင်အားသုံးပြီး ဖြေရှင်းမယ် ဆိုရင် ဖြစ်နိုင်တဲ့နည်းနဲ့ ခုခံ ကာကွယ်ရမှာပေါ့။

မေး။ ။ အခု ပြောခဲ့တဲ့ မွန်အမျိုးသားနေ့ မိန့်ခွန်းထဲမှာ အမေရိကန် အစိုးရရဲ့ ပေါ်လစီ လို့ ထည့်ပြောသွားတာ ကြားလိုက်ရပါတယ်။ စစ်အစိုးရကို အမေရိကန်က ပိတ်ဆို့မှုတွေ့နဲ့ အရေးယူထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထား ရှိသလဲ။

ဖြေ။ ။ ဒါက အမေရိကန် ပေါ်လစီ၊ သူ့ အစိုးရရဲ့ ရပ်တည်ချက်ပဲ။ တွေ့ဆုံဆွေးနွေးရေးကို ဆက်ပြီး အထောက်အကူ ပြုရင် ကြိုဆိုမယ်။ အထောက်အကူ မပြုဘူး ဆိုရင်တော့ ကျနော်တို့ အမြင်က တမျိုးပေါ့။ သူ့ပေါ်လစီကို ကျနော်တို့ အားလုံး လေ့လာလို့ မပြီးသေး၊ မပြည့်စုံဘူး ဆိုတော့ ပြည့်ပြည့်စုံစုံ ပြောလို့ မဖြစ်နိုင်သေးဘူး။ ကျနော့်အမြင်က သူက တကယ်လို့ တွေ့ဆုံ ဆွေးနွေးရေးဘက်ကို ဦးတည်ပြီးတော့ ဖိအားပေးရင်တော့ ကျနော်တို့ ကြိုဆိုတဲ့သဘော ရှိမှာပေါ့။

မေး။ ။ ကုလသမဂ္ဂကလည်း မြန်မာပြည်မှာ ကြားဝင် စေ့စပ်ဖို့ အစီအစဉ်တွေ လုပ်ခဲ့တယ်။ အောင်မြင်မှု မရှိဘူး။ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ အမြဲတမ်း လာတယ်၊ မစ္စတာ ရာဇာလီ လာတယ်၊ မစ္စတာ ဂန်ဘာရီ လာတယ်၊ အောင်မြင်မှု ဘာမှ မရှိဘူး၊ ဒါကို ဘယ်လိုထင်သလဲ။

ဖြေ။ ။ ပြည်တွင်းရေးလည်း ဖြစ်နေတော့ ဒါကတော့ ကုလသမဂ္ဂကလည်း ပြည်တွင်းရေးကို အားလုံး ၀င်စွက်လို့မှ မရဘဲ။ ဒါကြောင့် ကြိုးစားလည်း အကောင်အထည် မပေါ်ဘူးပေါ့။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုထင်လဲ၊ NLD အပေါ် ဘယ်လို ထင်သလဲ။

ဖြေ။ ။ ဒါက ဒီမိုကရေစီ အောင်ပွဲရထားတဲ့ပါတီပဲ။ ဒါ ကျနော်တို့လည်း ကြိုဆိုတာပေါ့။ သူ့ခေါင်းဆောင်မှုကိုလည်း ပြည်သူ လက်ခံထားပြီးသားပဲ။

မေး။ ။ သူတို့ကို ယုံသလား။

ဖြေ။ ။ ဗမာအဖွဲ့အစည်းအနေနဲ့ ကျနော်တို့ ယုံတာပေါ့၊ ဒါပေမယ့် တိုင်းရင်းသားအရေးနဲ့ ပတ်သက်ရင်တော့ တမျိုးပေါ့။

မေး။ ။ မယုံဘူးပေါ့။

ဖြေ။ ။ ဒါက သူ့လုပ်ရပ်ကို သိရမှာပေါ့။ ဗမာတိုင်းရင်းသားနဲ့ ပတ်သက်ရင် သူ ဗမာလူ့အဖွဲ့အစည်းအတွက် တကယ့် ခေါင်းဆောင်တယောက်ပေါ့။ အသိအမှတ် ပြုမယ်ပေါ့။ ဒါပေမယ့် တိုင်းရင်းသားတွေ အားလုံးနဲ့ ပတ်သက်ရင်တော့ ကျနော် မပြောနိုင်ဘူး၊ သူ့လုပ်ရပ်၊ တကယ့်လုပ်ဆောင်ချက်ပေါ်မှာ မူတည်တာပေါ့။ တိုင်းရင်းသား လက်ခံရင်တော့ သူ ခေါင်းဆောင်မှု ရမှာပေါ့။

မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုရော ယုံသလား။

ဖြေ။ ။ ဒါကလည်း သူ့တိုင်းပြည်အတွက် သူလုပ်တာပေါ့။ တိုင်းရင်းသားအရေး ဒီမိုကရေစီအရေး လုပ်ရင်တော့ ပြည်သူက ကြိုဆိုမှာပေါ့၊ သူမလုပ်ရင်တော့ ကျနော်တို့လည်း လက်မခံနိုင်ဘူး။ ။

Ref: ဧရာဝတီ်

Read More...

Wednesday, February 3, 2010

ကြွေးကြော်သံ

ဖိုးသံချောင်း
Saturday, January 30, 2010

ကို ….................

“ကြွေးကြော်သံ” နဲ့ ပတ်သက်ပြီး ခင်ဗျားပြောတာ မှန်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျနော် စဉ်းစားမိတာ ပြောပါ့မယ်။ နည်းနည်းရှည်ရှည် ရေးပါရစေ။

၁၉၄၅ မှာ ရဲဘော်ကြီးသိန်းဖေ (မြင့်) အိန္ဒိယက ပြန်ရောက်လာ ပါတယ်။ အဲဒီကာလ ၁၉၄၅/၄၆ က လူထုက နိုင်ငံရေးအရ သိပ်တက် ကြွနေတာပါ။ အစည်းအဝေးတွေ ဆန္ဒပြပွဲတွေမှာ ကြွေးကြော်သံတွေ အများကြီး ကြွေးကြော် ကြပါတယ်။ အခုခေတ်လို “တို့အရေး” လို့ ယေဘုယျ ကြွေးကြော်တာ သက်သက် မဟုတ်ပါဘူး။ “စစ်အုပ်ချုပ်ရေး ရုတ်သိမ်းပစ်” “အင်္ဂလိပ်စစ်တပ် ထွက်သွား” “စက္ကူဖြူ စီမံကိန်း အလိုမရှိ” စသဖြင့် လက်တွေ့ နိုင်ငံရေးလုပ်ငန်းကို ထင်ဟပ်တဲ့ ကြွေးကြော်သံတွေ ကြွေးကြော် ကြပါတယ်။ ဒီတော့ ရဲဘော်ကြီး သိန်းဖေ(မြင့်) က လူထုဆန္ဒပြပွဲ ချီတက်ပွဲတွေမှာ ကြွေးကြော်ကြတဲ့ “ကြွေးကြော်သံ” နဲ့ ပါတီရဲ့ “သေနင်္ဂဗျူဟာ ကြွေးကြော်သံ” (strategic slogan) ကွဲပြားစေဖို့အတွက် slogan ကို “ဆောင်ပုဒ်” လို့ ဘာသာပြန်ဖို့ အဆိုပြုဖူးတယ်လို့ ဆိုပါတယ်။ သူပြောတာ မဆိုးပါဘူး၊ စဉ်းစားစရာ ကောင်းပါတယ်။ ဒါပေမဲ့ slogan ကို “ကြွေးကြော်သံ” လို့ အများနားလည် အထိုင်ကျနေပြီဖြစ် လို့ “ဗကပ” က မပြင် ဖြစ်တော့ပါဘူး။

• “ကြွေးကြော်သံ” မှာ လုပ်ငန်းစဉ်တခုလုံးကို ချုပ်ပြီးပြောတဲ့ သေနင်္ဂဗျူဟာ (strategic) “ကြွေးကြော်သံ” ရှိရပါမယ်။ “စစ်အာဏာ ရှင်စနစ်ကို တိုက်ဖျက်ပြီး ပြည်သူ့ဒီမိုကရေစီ စနစ်ထူထောင်ကြ” ဆိုတဲ့ ကြွေးကြော်သံဟာ “သေနင်္ဂဗျူဟာ ကြွေးကြော်သံ” ပါ။ ဘာကို တိုက်ဖျက်မယ်၊ ဘာကို ထူထောင်မယ်ဆိုတာ ပါနေပါတယ်။ ကာလ အတော်ကြာကြာ လုပ်ရမယ့် အလုပ်ပါ။

• “လက်တွေ့နိုင်ငံရေးကြွေးကြော်သံ” ကျတော့ ကာလကလေးတခုအတွက်ပဲ ကြွေးကြော်ပါတယ်။ ဥပမာအားဖြင့် “စစ်အုပ်ချုပ်ရေး ရုတ်သိမ်းပေး” “စက္ကူဖြူစီမံကိန်း အလိုမရှိ” လိုဟာမျိုးကစပြီး ကုန်ဈေးနှုန်း ကျဆင်းရေး၊ ဆန်အလုံအလောက် ရရှိရေး၊ လာဘ်စားတဲ့ အရာရှိ အရေးယူရေးတို့လို လက်တွေ့ နိုင်ငံရေးကိစ္စတွေကို ကြွေးကြော်တာ ဖြစ်ပါတယ်။ ဒါကို နည်းပရိယာယ် (tactical) ကြွေးကြော်သံလို့ သတ်မှတ်ရမှာပါ။ “အောက်တိုဘာ ကျောင်းတလပိတ်ရေး” တို့ “သမဂ္ဂ ထူထောင်ခွင့်ရရေး” တို့လိုဟာလည်း “နည်းပရိ ယာယ် ကြွေးကြော်သံ” တွေပါပဲ။

(၁) နောက်ပြီး “ကြွေးကြော်သံ” မှာ မကြောက်တရားသွင်းပေးတဲ့ ကြွေးကြော်သံတွေ၊ အားတင်းတဲ့ ကြွေးကြော်သံတွေလည်း ရှိရပါ တယ်။ လက်နက်ကိုင်တိုက်ပွဲ လမ်းကြောင်းကို ရွေးရတော့မယ့် အခြေအနေကိုရောက်တော့ ယေဘုယျကြွေးကြော်သံ “သခင်မျိုးဟေ့ တို့ဗမာ” ဆိုတာလောက်နဲ့ မရတော့ပါဘူး။ “မီးဒုတ် မီးဒုတ် ရှို့ရှို့” “သူပုန်သူပုန် ထထ” “ဖိရင်ကြွမယ် ထိရင်ချမယ်” “လာမယ့်ဘေး ပြေးတွေ့” စတာတွေ ကြွေးကြော်ခဲ့ရပါတယ်။

- ဒီနေရာမှာ ဖြတ်ပြောချင်တာတခုက အကြမ်းမဖက်ရေးဟာ ကြွေးကြော်သံ မဟုတ်ပါဘူး။ တိုက်ပွဲနည်းနာသာ ဖြစ်ပါတယ်။

- တိုက်ပွဲဝင် ကြွေးကြော်သံ တင်ရင် စည်းရုံးရေးကလည်း တိုက်ပွဲဝင်ဖို့ စည်းရုံးရေးပဲ ဖြစ်ရပါမယ်။ တက္ကသိုလ် ကျောင်းသား သမဂ္ဂက (၁၃ဝဝ ပြည့်မှာ) အတွင်းဝန်ရုံး ဝိုင်းတုန်းက ပုံမှန်စည်းရုံးရေး သဏ္ဌာန်ပါပဲ။ နောက်တော၊့ ဗိုလ်အောင်ကျော် ကျဆုံးပြီးတော့ ဥက္ကဋ္ဌ ကိုလှရွှေကို “ကျောင်းသားအာဏာရှင်” အဖြစ် တင်ပါတယ်။ သူက သူ့နာမည်နဲ့ပဲ ညွှန်ကြားချက်တွေ ထုတ်ပါတယ်။ ဒါက အင်္ဂလိပ်ရဲ့ ကိုလိုနီ ဒီမိုကရေစီ ကာလကမို့ လုပ်နိုင်တာပါ။ ဖက်ဆစ်အောက်မှာ လုပ်မရပါဘူး။ မြေပေါ် ဥပဒေတွင်း အနေနဲ့ လုပ်မရပါဘူး။ မြေအောက် ယူဂျီအနေနဲ့ပဲ လုပ်နိုင်ပါတယ်။ ဂျပန့်လက်အောက်မှာ လူထုဆန္ဒပြပွဲ မရှိခဲ့ပါဘူး။ ဒီမိုကရေစီ အငွေ့ အသက်ကလေးရှိရင် စည်းရုံး ရေးပုံသဏ္ဌာန်တမျိုး ဖက်ဆစ်အောက်မှာဆိုရင် တမျိုး ဖြစ်မှရပါမယ်။

(၂) ဝါဒဖြန့်တဲ့ကြွေးကြော်သံ၊ လှုံ့ဆော်တဲ့ကြွေးကြော်သံ၊ လက်တွေ့လုပ်ဖို့ ညွှန်ကြားတဲ့ ကြွေးကြော်သံ ဆိုတာကလည်း ရှိပါသေးတယ်။ ကြွေးကြော်သံ ဆိုတာကလည်း ရှိပါသေးတယ်။ ကြွေးကြော်သံ ကတော့ တခုတည်းပါ။

“ဘုရင့်နိုင်ငံ စနစ်ကိုဖျက်သိမ်း သမ္မတနိုင်ငံစနစ်ထူထောင်” ဆိုတဲ့ ကြွေးကြော်သံ တခုတည်းပဲ ပြင်သစ်၊ ရုရှားနဲ့ တရုတ်တော်လှန်ရေး (အစောပိုင်း) တွေမှာ တင်ခဲ့ပါတယ်။

လူထုမနိုးကြားသေးခင်မှာ ဒီကြွေးကြော်သံရဲ့တန်ဖိုးက ဝါဒဖြန့်ချိတဲ့တန်ဖိုးပဲ ရှိပါတယ်။ လူထုက တစုံတရာ နိုးကြားနေပေမယ့် မထကြွဝံ့သေးရင် အဲဒီကြွေးကြော်သံမှာ လှုံ့ဆော်ရေးတန်ဖိုး ပါလာပြီ။ လူထုက လက်တွေ့ ထကြွနေပြီဆိုရင် ချက်ချင်း အကောင်အထည်ဖော်ဖို့ ညွှန်ကြားတာအထိ တန်ဖိုး တက်သွားပါတယ်။

ဗမာပြည်တော်လှန်ရေးလက်တွေ့နဲ့ ထင်ဟပ်ပြီးပြောမယ်ဆိုရင် “ဒီမိုကရေစီရေး တို့အရေး” ကြွေးကြော်သံဟာ အစောကြီး ကတည်းက ပေါ်နေတာပါ။ ၁၉၅၈ စစ်အုပ်စု အာဏာ မသိမ်းခင်ကတည်းက ၁၉၄၈ ကတည်းက ပေါ်နေတာပါ။

ဓနရှင်ဒီမိုကရေစီစည်းဝိုင်းက ကျဉ်းလာလေလေ ဒီကြွေးကြော်သံကို ကြွေးကြော်သူ များလာလေ ဖြစ်ပါတယ်။ ပြည်သူ့ရဲဘော်က စပြီး နောက်ဆုံး ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း အထိ ကြွေးကြော်လာတယ်။ ဒါက ၁၉၈၈ မတိုင်မီ အထိကို ပြောတာပါ။

၁၉၈၈ မှာကျတော့ စစ်အုပ်စုဝင်ဟောင်းတွေပါ ဒီမိုကရေစီရေး တို့အရေး ဖြစ်လာပါတယ်။

ကြွေးကြော်သံတူပေမယ့် အလုပ်မတူကြပါဘူး။ ဘာကြောင့်လဲ။ - အတွေးအခေါ် မတူလို့ပါ။ အမြင်မတူလို့ပါ။ ရပ်တည်မှုမှာတောင် ၂ ခွ ဖြစ်နေသူ ရှိတယ်။

- ဖြစ်ပေါ်ပြောင်းလဲမှုတွေက သိပ်မြန်တယ်။ အမီမလိုက်နိုင် ဖြစ်ကြတယ်။ ဒါက ကိုယ့်ဘက်မှာသာ ဖြစ်နေတာ မဟုတ်ပါဘူး။ ဗိုလ်နေဝင်း ဘက်မှာလည်း ဖြစ်နေတာပါ။ ဒါပေမဲ့ ကိုယ့်ဘက်က အာဏာမဲ့တယ်။ တကွဲတပြားစီ ကျဲပြန့်နေတယ်။ သူတို့ဘက်က အာဏာရှိတယ်။ တစုံတရာ စုစည်း မိထားတယ်။ သူတို့က လူထုကို အခြေခံတာ မဟုတ်ဘူး။ ဗျူရိုကရေစီ ယန္တရားကို အခြေခံတာ ဖြစ်တယ်။

- နောက်ဆုံးတော့ “ဓားပါတဲ့ကုလားက စားသွား” တာပါ။ ဒီသင်ခန်းစာကို မမေ့ကြဖို့ လိုပါတယ်။

ရဲဘော်သဖွယ် …

ဖိုးသံချောင်း
Ref: နေ့သစ်

Read More...

ဦးအောင်ဆန်းဦးတို့ ဇနီးမောင်နှံ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ခံရ

ဝီရ
၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

ဗိုလ်ချုပ်အောင်ဆန်း၏ အကြီးဆုံးသား အမေရိကန်နိုင်ငံနေ ဦးအောင်ဆန်းဦးနှင့် ဇနီး ဒေါ်လဲ့လဲ့နွယ်သိန်းတို့ နှစ်ဦးအား နအဖ စစ်အစိုးရနှင့် နောက်လိုက်များ နည်းတူ သပိတ်မှောက် ကံဆောင်၍ ဗုဒ္ဓဘာသာဝင် အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှု၊ ပိုင်ဆိုင်မှုတို့နှင့် ပတ်သက်သည့် တားမြစ် ကန့်ကွက်ခြင်း၊ တရားစွဲဆို နှောင့်ယှက်ခြင်း တို့ကို ပယ်ဖျက်ပေးရန် အကြောင်းကြား ထားသည်ကို သတ်မှတ်ရက် တိုင်အောင် အကြောင်းပြန်ကြားခြင်း မရှိသည့် အတွက် ဦးအောင်ဆန်းဦးတို့အား ယခုကဲ့သို့ ပတ္တနိက္ကုဇ္ဇနကံ ဆောင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“တိုင်းပြည်ကောင်းကျိုးအတွက် ညီမဖြစ်သူက နေအိမ်အကျယ်ချုပ် ဘဝကနေ အားထုတ် ကြိုးပမ်းနေတာကို နအဖ အလိုကျ စီမံ ဆောင်ရွက်နေပြီး ကိုယ်စိတ်နှလုံး ဆင်းရဲအောင် အမျိုးမျိုး လုပ်ဆောင်နေတာကို ဦးဇင်းတို့က သတိပေးပြီး ဖြစ်တယ်။ သတ်မှတ်ရက် အထိ တစုံတရာ ပြန်ကြားတာ မရှိလို့ ပတ္တနိက္ကုဇ္ဇနကံ ဆောင်တဲ့ စာရင်းမှာ တည့်လိုက်တာ ဖြစ်တယ်။ ဦးအောင်ဆန်းဦးတို့ ဆီက အလှူခံတာ၊ တရားဟောတာ စတဲ့ သာသနာနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးတွေ မလုပ်ကြဖို့ သံဃာ့ တပ်ပေါင်းစုက နေပြီးတော့ တောင်းဆိုလိုက်တာ ဖြစ်တယ်” ဟု သံဃာ့တပ်ပေါင်းစု အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် အရှင်ဣဿရိယက မိန့်ကြားသည်။

ကာယကံရှင် ဦးအောင်ဆန်းဦးအနေဖြင့် ဘာသာသာသနာ၏ အကျိုးအတွက် သော်လည်းကောင်း၊ တိုင်းသူ ပြည်သားများ အကျပ်အတည်း မျိုးစုံမှ လွတ်မြောက်ရေး အတွက် သော်လည်းကောင်း ရှေးရှု၍ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားသည့် ဥပဒေများ၊ တားမြစ် ကန့်ကွက်မှုများအား ပယ်ဖျက်ပေးမည် ဆိုပါက ဘာသာရေးအရ သပိတ်မှောက် ကံဆောင်ထားမှုများ အားလုံးကို ရုပ်သိမ်းပေးမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုကို ဦးအောင်ဆန်းဦးက တားဝရမ်း ထုတ်ကာ ဇန်နဝါရီ (၂၁) ရက်တွင် တရားဝင် ကန့်ကွက်ခဲ့၍ ပြင်ဆင်မှု ရပ်ဆိုင်း ထားခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးအောင်ဆန်းဦး၏ လုပ်ရပ်သည် ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးကျေးဇူးနှင့် မျက်နှာကို မထောက်ထားသည် သာမက ပြည်သူလူထု၏ ဒုက္ခမျိုးစုံကို မျက်ကွယ်ပြုကာ ပြည်သူတို့ဘက်မှ မရပ်တည်ဘဲ စစ်အာဏာရှင် ဗိုလ်ချုပ်များအား အလုပ်အကျွေး ပြုနေခြင်း၊ အသုံးချခံနေခြင်းတို့ အတွက် စိတ်ပျက်မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား အနှောင့်အယှက် ပေးနေခြင်းမှ ရပ်တန့်ပေးရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးက ဦးအောင်ဆန်းဦးထံသို့ ဇန်နဝါရီ (၂၄) ရက်နေ့က အိတ်ဖွင့်ပေးစာ တစောင်ဖြင့် အကြောင်းကြားခဲ့ပြီး ဇန်နဝါရီ (၃၁) ရက်နေ့တွင် နောက်ဆုံးထား၍ ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာအလုပ်သမားများအသတ်ခံရမှု အာဏာပိုင်များပါဝင်

ရဲရင့်
၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

မြန်မာအလုပ်သမားများ အုပ်စုလိုက် အသတ်ခံရမှုတွင် အာဏာပိုင် အဖွဲ့ဝင်များ ပါရှိသဖြင့် မကြာမီရက်အတွင်း ၎င်းတို့ကို ဖမ်းဆီးမည်ဟု ထိုင်းအမှတ် (၆) ရဲတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီး ဆူရစီဆွန်ထောင်းဆာရထွန်က မဲဆောက်မြို့တွင် ယနေ့ပြောကြားသည်။

ယခင်သတင်းပတ်အတွင်း တောလမ်းခရီးဖြင့် မဲဆောက်မှ ဘန်ကောက်သို့ သွားသည့် မြန်မာနိုင်ငံသား (၁၂) ဦးထဲမှ (၉) ဦးကို မြန်မာများနှင့် ထိုင်းအာဏာပိုင် အဖွဲ့အစည်းမှ လူအချို့က ဖမ်းဆီးပြီး ငွေတောင်းခံရာမှ ငွေမရသည့် အဆုံးတွင် သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု တိုင်းမှူးက ပြောသည်။

ယနေ့ညနေ (၄) နာရီခွဲက မဲဆောက်ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရဲတိုင်းမှူးက “တောထဲမှာ ဒီလူတွေကို ဖမ်းပြီး အာဏာပိုင် အဖွဲ့က လူတချို့နဲ့ မြန်မာတချို့ပေါင်းပြီး အသတ်ခံရသူတွေရဲ့ ဆွေမျိုးတွေရှိရာ မြန်မာပြည်ကို တယ်လီဖုန်းနဲ့ ပိုက်ဆံ လှမ်းတောင်းတဲ့ အချက်အလက်တွေ စစ်ဆေး တွေ့ရှိခဲ့တယ်။ ပြစ်မှု ကျူးလွန်သူကို ဒီရက်ပိုင်း အတွင်းမှာပဲ ဖမ်းဆီးနိုင်မှာ ဖြစ်တယ်” ဟု ဒေသခံ သတင်းထောက်များကို ပြောသည်။

“မြန်မာလူမျိုးတွေ ထိုင်းကို ဘယ်လိုပုံစံနဲ့ပဲ ၀င်လာဝင်လာ အခုလို လုပ်တာမျိုး၊ ဥပဒေမဲ့ သတ်ဖြတ်မှုကိုတော့ ဥပဒေအရ ဘယ်လိုမှ ခွင့်မပြုဘူး” ဟုလည်း ၎င်းက ဆက်ပြောသည်။

ဝါရင့်ထိုင်းသတင်းထောက်တဦးကလည်း “ဒီအမှုနဲ့ ပတ်သက်ပြီး မဲဆောက်ကို ရဲတိုင်းမှူး ဆင်းလာတယ်။ ရဲလုပ်ငန်းစဉ် အရ စစ်ဆေးမှုတွေ ပြီးသလောက် ဖြစ်သွားပြီး ပြစ်မှု ကျူးလွန်သူတွေကိုလည်း ရဲက သိနေတဲ့ သဘော ဖြစ်နေပြီ ဆိုတော့ မနက်ဖြန် လောက်ဆိုရင် ပြစ်မှု ကျူးလွန်သူကို ဖမ်းတော့မယ် ဆိုတဲ့ သဘောမျိုး ပြောသွားတာဖြစ်တယ်” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြား အမည်မသိ ရွာမှ (၃) ဦး အပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏ အစီအစဉ်အရ ယခင်လ (၂၇) ရက်က တောလမ်း ခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယခင်လ (၃၁) ရက်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် ဘန်ကောက်သို့ အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ် အကြား တောလမ်း ခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်း ဖြစ်သည်။

သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများ ရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါကျည်များမှာ လက်နက်ကိုင် အဖွဲ့အစည်းများတွင် သုံးသည့် ကျည်များဖြစ်သည်ဟု သိရသည်။

အဆိုပါ မြန်မာ (၁၂) ဦးထဲမှ သေဆုံးသူများ၏ အလောင်း (၇) လောင်းကို မဲဆောက် ဆေးရုံနှင့် ဖို့ဖတ်မြို့နယ် ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိပြီး အဆိုပါအလောင်းများကို သင်္ဂြိုဟ်ရန် ဆွေမျိုးသားချင်းများက မဲဆောက်တွင် စောင့်ဆိုင်းလျက်ရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ထိုင်းရဲမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူ မြန်မာများ အစုလိုက် သတ်ဖြတ် ခံရမှုများ မဲဆောက်နှင့် အနီးဝန်းကျင်ရှိ မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ဖူးသည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, February 2, 2010

ရုရှ ကိုလူလည်နဲ့ မြန်မာ့လေယာဉ်အရောင်းအ၀ယ်

ဝေလင်း
၁ ဖေဖော်ဝါရီ ၂၀၁၀

ပြီးခဲ့တဲ့ (၃) လလောက်က မြန်မာ့သဘာဝဓာတ်ငွေ့ ရောင်းချရတဲ့ငွေ အမေရိကန်ဒေါ်လာ (၄) ဘီလီယံ ကျော်လောက် စာရင်း ပျောက်တဲ့ ကိစ္စ မီဒီယာ သတင်းတွေထဲ ပျံ့လွင့်ခဲ့ပါတယ်။ ရလိုက်တဲ့ ဒေါ်လာတွေကို လက်ရှိ ပေါက်ဈေးနဲ့ (တဒေါ်လာ ၆ ကျပ်နှုန်းနဲ့) ဖြတ်ပြီး ကျန်တာတွေ နအဖ ဗိုလ်ချုပ်များ အိတ်ကပ်ထဲ ရောက်ကုန်ပြီလို့ တချို့က ပြောကြပါတယ်။

တဘက်ကလည်း နယ်စပ်ဈေးကွက်တွေထဲမှာ အရင်နိမ့်ကျနေတဲ့ မြန်မာငွေဟာ အခုနှစ်ကုန်ပိုင်း အတွင်း သိသာလောက်အောင် ပြန်မြင့် တက်လာပြီး မြန်မာကျပ်ငွေ ရှားပါးမှုဖြစ်နေတာကို အချို့က ရှိနေတဲ့ ဒေါ်လာတွေ တခြားစီးဆင်းကုန်တာကြောင့်လို့ ပြောပါတယ်။

လေ့လာသူတချို့ကလည်း ခရီးသွားလုပ်ငန်းကနေ ဒေါ်လာ (၁၆၅) သန်းလောက် ပြန်ဝင်လာတာလို့ တွက်ဆနေပါတယ်။ ဓာတ်ငွေ့က ရတဲ့ ဒေါ်လာတွေ ဘယ်ကိုများ စီးထွက်ကုန်သလဲလို့ တွေးနေတုန်း အခု မြန်မာ နအဖ စစ်အစိုးရက ရုရှဆီကနေ စစ်လေယာဉ် ဒေါ်လာသန်း (၆၄၁) ဖိုး မှာယူကြောင်း တွေ့ရပါတယ်။ သြော်… ဒါကြောင့်ကိုး။

အမေရိကန်ဒေါ်လာ သန်း (၂၀) စီတန်တဲ့ MIG 29 အမျိုးစား တိုက်လေယာဉ် အစီးပေါင်း (၂၀) နဲ့ တစီးကို ဒေါ်လာ (၈) သန်းကျော်တန် ရဟတ်ယာဉ် (၈ စီးကနေ ၁၀ စီးအထိ) နအဖ မှာယူထားတာ လာမယ့် ၂၀၁၀ ခုနှစ်အတွင်း ရောက်ရှိ ပါလိမ့်မယ်။ ယခင် ၂၀၀၁ ခုနှစ် တုန်းကလည်း ထိုင်းနယ်စပ် စစ်ရေး ပြဿနာပြီးပြီးချင်း MIG 29 တိုက်လေယာဉ် (၁၂) စီး နအဖတို့ ၀ယ်ယူခဲ့ပါတယ်။ အခု ရောက်လာမယ့် ရုရှ လေယာဉ်တွေကို တရုတ်လုပ် J-10 နဲ့ F C-1 အမျိုးအစား တရုတ် စစ်လေယာဉ်တွေ နေရာမှာ အစားထိုး သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါကလည်း အရင်ဆောင်းပါးမှာ ပြောထားခဲ့သလို တရုတ်တို့ဆီက ပေါချောင်ကောင်းတွေနဲ့ အလုပ် မဖြစ်တာ နအဖတို့ သဘောပေါက် လာကြတာ ဖြစ်ပါလိမ့်မယ်။ ရုရှမော်ဒယ်တွေကို ပုံတူကူး ပေါချောင်ကောင်း တရုတ် လေယာဉ်ထက်စာရင် မူရင်း ရုရှ လေယာဉ် စစ်စစ်တွေ ဘက်ကို နအဖတို့ တခါပြန်ပြီး ဦးလှည့်လာခြင်းပါ။ ရုရှလုပ် MIG 29 လေယာဉ် ၀ယ်ယူ လိုက်တာကြောင့် နဂိုတရုတ်လုပ် J-10 /FC-1 လေယာဉ်တွေဝယ်မယ့် အစီအစဉ်လည်း ပျက်သွား ပါတော့တယ်။

ဒါပေမယ့် အခုရုရှဆီကနေ လေယာဉ် အစီး (၂၀) နဲ့ ရဟတ်ယာဉ်တချို့ ၀ယ်ယူတာဟာ သမားရိုးကျတော့ မဟုတ်ပါဘူး။ ဒီနှစ် အောက်တိုဘာလ အတွင်း ရုရှနိုင်ငံပိုင် လေကြောင်း ကော်ပိုရေးရှင်းက MIG လေယာဉ်ကုမ္ပဏီ အစုရှယ်ရာ (၁၀၀) ရာခိုင်နှုန်းကို အပြတ် ၀ယ်ယူခဲ့ပါတယ်။ အလားတူ အီလူးရှင်း (Ilyushin)၊ တူပိုလက် (Tupolev)၊ ဆူခွိုင်း (Sukhoi)၊ အန်တိုနော့ (Antonov)၊ မီကိုယန် (Mikoyan) လေယာဉ်ကုမ္ပဏီ အစု ရှယ်ယာများကိုပါ ရုရှနိုင်ငံပိုင် လေကြောင်း ကော်ပိုရေးရှင်းက ၀ယ်ယူခဲ့ပါတယ်။

MIG ကုမ္ပဏီဟာ ၂၀၀၈ ခုနှစ်မှာ ဒေါ်လာ (၁၁) ဘီလီယံဖိုးရှုံးခဲ့ပြီး အကြွေး (၄၄) ဘီလီယံ ရူဘယ် (အမေရိကန်ဒေါ်လာ ၂၅ သန်း) တင်နေပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာ အယ်ဂျီးရီးယား နိုင်ငံကလည်း MIG 29 လေယာဉ် (၃၄) စီး ဒေါ်လာ (၁၁) သန်းဖိုး ကန်ထရိုက် စာချုပ် ပျက်ခဲ့ပြီး လေယာဉ် (၁၅) စီး ပြန်ပို့ခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်အင်ဂျင် ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ လက်နက် တင်သွင်းသူတွေကို ပေးဖို့ MIG ကုမ္ပဏီဟာ ဒေါ်လာ သန်း (၈၀) လောက် အကြွေး တင်နေပါသေးတယ်။

ဒါကြောင့် ရုရှလေကြောင်းကော်ပိုရေးရှင်းက မြန်မာအစိုးရကို ၂၀၀၉ နိုဝင်ဘာလအတွင်း ခရီးသည်တင် လေယာဉ် (၂) စီး အလကား ပေးခဲ့ပြီးနောက် အခု ဒီဇင်ဘာလထဲ MIG 29 လေယာဉ် (၂၀) နဲ့ ရဟတ်ယာဉ်တွေ အရောင်းအ၀ယ် ဖြစ်သွားတာကတော့ ရိုးရိုးရှင်းရှင်း ရောင်းဝယ်ခြင်းမျိုး မဟုတ်နိုင်ပါဘူး။ MIG 29 တိုက်လေယာဉ်တွေ မြန်မာကို ရောင်းချပေးတာဟာ ၂၀၀၈ ခုနှစ် အယ်ဂျီးရီးယားကို (၃၄) စင်း ရောင်းချ ပေးပြီးတဲ့နောက် ဒုတိယမြောက် အများဆုံးရောင်းချခြင်း ဖြစ်ပါတယ်။

ရုရှ MIG 29 တိုက်လေယာဉ်တွေကို အရည်အချင်း ထပ်မမြှင့်တင်နိုင်ခဲ့တာ ၁၉၉၀ လွန် ရုရှ ကွန်မြူနစ်စနစ် ပျက်ပြီး ကတည်းကပါ။ အခု MIG 29 လေယာဉ်တွေ အားလုံးဟာ ဆိုဗီယက်ခေတ်လုပ် ၁၉၈၃ ခုနှစ် မော်ဒယ်တွေသာ အများစု ဖြစ်ကြပါတယ်။ များမကြာမီကမှ ရုရှတို့ နောက်ထပ်ထုတ်လုပ်တဲ့ (Sukhoi) SU-27၊ MIG 31 လေယာဉ်တွေနဲ့အတူ MIG 29 ကို ပြပွဲ ထုတ်ပြသပြီးနောက် မကြာခင် နအဖတို့ကို အခုလို ရောင်းချပေးခဲ့တာပါ။ ၂၀၀၈ ခုနှစ်က ၀ယ်ယူတဲ့ အစီးရေ (၃၄) စီးမှာ MIG 29 လေယာဉ် (၁၅) စင်းကို အယ်ဂျီးရီးယားတို့ ပြန်ပို့ခဲ့တာကလည်း သူတို့ မျှော်မှန်းထားသလို အရည်အချင်း မမီတာကြောင့်လို့ သိရပါတယ်။

ခေတ်မမီတော့တဲ့ MIG 29 လေယာဉ်တွေဟာ သိပ်မကြာသေးခင် ၂၀၀၈ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့တုန်းက အရှေ့ ဆိုက်ဗေးရီးယားမှာ ဒုတိယ အကြိမ်မြောက် ပျက်ကျခဲ့ကြောင်း သိရပါတယ်။ အခု လေယာဉ်ကိစ္စလို နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စမှာလည်း မြန်မာတို့ အပေါ် ရုရှတွေ မရိုးသားခဲ့ပါဘူး။ ၂၀၀၅ ခုနှစ် မေ (၁၅) ရက်နေ့မှာ ရုရှ အဏုမြူ စွမ်းအင်အေဂျင်စီ (Rosatom) နဲ့ မြန်မာတို့ (၁၀) မီဂါဝပ် နျူကလီးယား စက်ရုံတည်ဆောက်ဖို့ နှစ်ဘက်သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။ နျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စကို ၂၀၀၂ ခုနှစ်ကတည်းက စတင်ကမ်းလှမ်း ခဲ့ပေမယ့် ၂၀၀၅ ခုနှစ် သဘောတူ စာချုပ် ချုပ်ပြီးတဲ့နောက်ပိုင်း မြန်မာတို့ ဘက်က ကျသင့်ငွေတွေ အပြည့်အ၀ မပေးချေနိုင်လို့ (ငွေသားမဟုတ်ဘဲ ပစ္စည်းတွေနဲ့ ပေးချေလို့) ရုရှားဘက်က နောက်ဆုတ် သွားခဲ့ကြောင်း သိရပါတယ်။

အခုလည်း ပျက်တော့မယ့် MIG ကုမ္ပဏီက လေယာဉ်တွေ မြန်မာဘက် ထိုးရောင်းတာဟာ အယ်ဂျီးရီးယား မ၀ယ်တဲ့ လက်ကျန်တွေနဲ့ မတိုးဖို့ ‘ဖွဟဲ့ လွဲပါစေ’ လို့ ဆုတောင်းရတော့မှာပါ။ အမြတ်မရှိရင် ရုရှတို့က ဘာမှမလုပ်ပါဘူး။ ကန်ထရိုက် စာချုပ်ကို ငွေနဲ့ မပေးချေဘဲ ကုန်ပစ္စည်းနဲ့ ပေးချေတဲ့ စနစ်မျိုးကိုလည်း ရုရှတွေ လက်မခံတတ်ပါဘူး။ အခုတော့ MIG လို လေယာဉ် ကုမ္ပဏီ ကလည်း ဒေ၀ါလီခံပြီး ဗိုက်နာနေချိန်၊ ရုရှ အစိုးရကိုယ်တိုင်က သူ့နိုင်ငံ ကုမ္ပဏီကြီးတွေကို ၀င်ထိန်းညှိပြီး ကယ်တင်နေရချိန်မှာ တဘက်က နအဖတို့လက်ထဲ သဘာဝ ဓာတ်ငွေ့ရောင်းရတဲ့ ဒေါ်လာငွေတွေ ရွှင်နေချိန်မို့ လေယာဉ် အရောင်းအ၀ယ်ကိစ္စ တည့်သွားခဲ့ဟန် ရှိပါတယ်။

ရုရှဘက်က ၀ယ်ခဲ့တဲ့ Mil Mi 17 ရဟတ်ယာဉ်တစီး အရည်ချင်းမမီ စက်ချွတ်ယွင်းပြီး ပျက်ကျလို့ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီး တင်ဦးနဲ့ အရှေ့တောင်တိုင်း တိုင်းမှူး သီဟသူရ စစ်မောင်၊ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ဗိုလ်ချုပ်လွန်းမောင်၊ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သိန်းညွန့် တို့အပါအ၀င် စစ်သည်(၂၉) ဦး သံလွင်မြစ်ထဲ ပျက်ကျပြီး (၁၄) ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တခု ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာ ဖြစ်ပွား ခဲ့ပါသေးတယ်။ ခေတ်မမီတော့တဲ့ လေယာဉ်တွေ ၀ယ်ယူတဲ့အတွက် အကျိုးခံစားရတာ လေချုပ်ကြီး မြတ်ဟိန်းနဲ့ (ကကနက်ချုပ်) ဗိုလ်ချုပ်ကြီးတင်အေး အပါအ၀င် နအဖဗိုလ်ချုပ်တွေသာ ဖြစ်ပါလိမ့်မယ်။ ဒါတွေကို မောင်းနှင်ကြမယ့် လေသူရဲတွေ အကျိုးရှိမရှိ ဆိုတာကိုတော့ MIG 29 တိုက်လေယာဉ်တွေ စစ်ဆင်ရေး ကောင်းကင်ပေါ် ရောက်မှ သိကြရမှာပါပဲ။ ။

Ref: ခေတ်ပြိုင်

Read More...

၁၉၄၈ ခုနှစ်တုန်းကလို ပြန်ဖြစ်နိုင်သလား

January 23, 2010

ဗိုလ်သန်းရွှေက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ့် အကြောင်း ထပ်ပြောပြန်တယ်။ သူတို့ ရွေးကောက်ပွဲ မလုပ်လို့ မဖြစ်တော့ဘူး။ ဒီအတိုင်း ဆက်သွားနေရင် ပြည်တွင်း ပြည်ပမှာ ပိုချဉ်ပတ်ဖြစ်လာမယ်။ နိုင်ငံတကာ ဗိုလ်ပုံအလယ်မှာ သူတို့ ပုံရိပ်ကို နည်းနည်းလေးပဲ ဖြစ်ဖြစ် ပိုကောင်းလာစေ မလားလို့။ နောက်ပြီး ဒီရွေးကောက်ပွဲကို အကြောင်းပြုပြီး ပြည်တွင်း ပြည်ပက ဗမာပြည်သားတွေ ထဲမှာ သူတို့ကို ထောက်ခံတဲ့သူတွေ ဖော်ထုတ်နိုင်မယ်။ တနည်း အရပ်ဝတ် အလိုတော်ရိတွေ ထပ်မွေးနိုင်မယ်။ နိုင်ငံရေးသမား ကြီးငယ်၊ ဟောင်းသစ်၊ ပညာတတ်၊ လူမျိုးစု၊ အလွှာ အသီးသီးထဲမှာ သူတို့ အလိုတော်ရိ၊ ဒါမှမဟုတ် မဆန့်ကျင်ရဲသူတွေ ထွက်လာမှာ သေချာတယ်။ အနည်းဆုံး သူတို့ ထောက်လှမ်းရေး အတွက် ဘီလူးစည်း လူစည်း ကွဲသွားတာပေါ့။

အနှစ်နှစ်ဆယ်ကျော် ယူနီဖောင်းဝတ်နဲ့ အာဏာယူထားခဲ့တဲ့နောက် အရပ်ဝတ်တွေကို ကက်ဘိနက်ထဲမှာ ထည့်မလို့ လုပ်တဲ့ နအဖရဲ့ ဒီခြေလှမ်းမှာ အခု သူတို့အတွက် အကြီးမားဆုံး အတားအဆီးကြီး တခုကို ကြုံတွေ့နေရတယ်။ အဲဒါကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပဲ။ ဒီတပွဲဟာ ရွှေဂုံတိုင် ကြေညာစာတမ်းနဲ့ နအဖရဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ ဥပဒေတို့ ကျားနဲ့ ဆင် လယ်ပြင်မှာ တွေ့တဲ့ ပွဲလို့ဆိုရင် မမှားဘူး။ ဒီပွဲကောင်းကို ကမ္ဘာကရော ဗမာပြည်ကပါ မျက်စိ ဒေါက်ထောက် ကြည့်နေကြတယ်။ နောက်ပြီး အခြေအနေက ဘယ်သူ့ ဘယ်သူမှ လျှော့ပေးလို့ မရဘူး။

ဒီလိုအခြေအနေနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ရေးခွင့် (နည်းနည်းပါးပါး) ရထားတဲ့ “ကလောင်ရှင်”တွေက ကိုယ့်အမြင်တွေ ကိုယ်ရေးကြ၊ “ဆရာလုပ်ကြ”တာတွေ တွေ့နေရတယ်။ အမျိုးမျိုးပဲ။ လူအမျိုးမျိုး၊ စာအမျိုးမျိုး ဆိုပါတော့။ စစ်နဲ့ တော်လှန်ရေးကို မှီဖူးသူတွေက ပုံစံတမျိုးနဲ့ ရေးတယ်။ တခါ ဖဆပလခေတ် မှီလိုက်သူတွေကလည်း သူတို့ပုံစံနဲ့ သူတို့ရေးကြသလို မဆလခေတ်ကို မှီလိုက် သူတွေကတမျိုး၊ နဝတ-နအဖခေတ်ကို မှီသူတွေက တမျိုး၊ ကိုယ်သန်ရာ သန်ရာ ရှုဒေါင့်ကနေ ရေးကြတယ်။ သူတို့ ဘယ်လိုပဲရေးရေး၊ အားလုံးမှာ တူညီနေတဲ့ အကြောင်းအရာ တခုကတော့ ဒီ ၂ဝ၁ဝ မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နအဖတို့ ထိပ်တိုက် တွေ့ကြမလား၊ ဘာဖြစ်မလဲ ဆိုတာပဲ။ ထောက်လှမ်းရေးရဲ့ မော်ကွန်းတိုက်ထဲက အချက်အလက်တွေ၊ အမှတ်အသားတွေ ကိုတောင် ဗန်းတင် လာတာလည်း တွေ့ရတယ်။

ဒီအထဲမှာ ၁၉၄၈ ခုနှစ်တုန်းကလို တကြော့ပြန်ဖြစ်မလား ဆိုတဲ့အထိ ပြောနေကြတာဟာ စိတ်ဝင်စားစရာပဲ။ သူတို့ဒီလို ၁၉၄၈ ခုနှစ်ကို နောက်ကြောင်း ပြန်ပြောတယ် ဆိုတော့ ဓမ္မတာပဲ။ အဲဒီတုန်းက အာဏာရ ဖဆပလ- ဆိုရှယ်လစ်နဲ့ ဗကပတို့ ပါလာတော့တယ်။ တဆက်ထဲမှာ ဘာကြောင့် ပြည်တွင်းစစ် ဖြစ်တယ်ဆိုတာလဲ သုံးသပ်ရတော့တယ်။ ဒီတော့ အဲဒီအကြောင်းတွေကို ဖော်ထုတ်သူ တဦးဖြစ်တဲ့ နအဖဆီက ရှေ့နေပါဝါရထားတဲ့ မောင်စူးစမ်းက ၁၉၄၈ ခုနှစ် ပြည်တွင်းစစ်ဟာ လွတ်လပ်ရေး အတုလား၊ အစစ်လား ငြင်းရင်း ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့တာလို အခုလည်း ဒီမိုကရေစီ အစစ်လား၊ အတုလားငြင်းရင်း ပြည်တွင်းစစ်မီးကြီး ပြန်တောက် လာဦးမလားလို့ ပြဿနာ ဖော်နေတယ်။ ဒါ သူရေးနေကျ၊ လုပ်နေကျအတိုင်း ရေးတာ၊ လုပ်တာပဲ။ သိမှီသူ မများတော့တဲ့ ကိစ္စကို ရှုပ်ရှုပ်ထွေးထွေး ဖြစ်အောင် လုပ်၊ ပြီးတော့ သူလိုရာ ဆွဲသွားတာဟာ သူ့လုပ်ထုံး လုပ်နည်းလို့တောင် ပြောနိုင်တယ်။

အရင်တုန်းက ပြည်တွင်းစစ်ဖြစ်တာဟာ လွတ်လပ်ရေးစစ်မစစ် ငြင်းကြလို့၊ ငြင်းရာကနေ ထဖြစ်တာ မဟုတ်ဘူး။ ဖဆပလ ကွန်မြူနစ် ညီညွတ်ရေး “စေ့စပ်ဆွေးနွေးပွဲ” အတွက် အပြန်အလှန် ညှိနှိုင်း နေတာကို ဖဆပလ - ဆိုရှယ်လစ်တွေက တဖက်သတ် ဖျက်သိမ်း၊ အလစ် အငိုက်ယူပြီး တပြည်လုံးမှာ ကွန်မြူနစ်တွေ ဖမ်းပွဲကြီးလုပ်လို့ ပြည်တွင်းစစ် ဖြစ်တာပဲ။ ဒီမိုကရေစီသာ တကယ်တမ်းရှိရင် လွတ်လပ်ရေး စစ်မစစ် ဆိုတာကို အတောမသတ် မပြီးမချင်း ငြင်းနေလို့ရတယ်။ မှားနေတဲ့ဘက်က ပြင်ဖို့ပဲရှိတယ်။ ဘယ်သူမှ ဒါလောက်နဲ့ ထပြီး စစ်တိုက်မှာမဟုတ်ဘူး။

လက်တွေ့ ကိုယ်ထိလက်ရောက် နှိပ်ကွပ်တာမရှိပဲနဲ့တော့ ဗကပက ပြန်မတိုက်ဘူး။ ရှစ်လေး လုံးနောက်ပိုင်း တောခိုတဲ့လူတွေ သောင်းဂဏန်း၊ သိန်းဂဏန်း ရှိတယ်။ သူတို့ဟာ နဝတစစ်အစိုးရ ဗိုလ်စောမောင်တို့နဲ့ အယူအဆ ငြင်းကြရာကနေ တောခိုလာတာလား။ စစ်အာဏာရှင်က လမ်းမပေါ်မရှောင် ပစ်သတ်၊ ရပ်တကာ လမ်းတကာ ဖွေလှန်ဖမ်းဆီးနေလို့သာ တောခိုကုန်ကြတာ မဟုတ်ဘူးလား။ စစ်အစိုးရနဲ့ လူလို စကားပြောခွင့်၊ ကွဲလွဲခွင့်ရနေလို့ကတော့ ဘယ်သူမှ ဒီဒုက္ခကို မရှာတာ သေချာတယ်။

အခုလည်း ဒီမိုကရေစီစစ်မစစ် ငြင်းရာကနေ ပြည်တွင်းစစ်မီး ထတောက်မယ်လို့ ပြောတာဟာ အတိုက်အခံတွေ၊ အထူးသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် အပြစ် ကြိုတင် ပုံချနေတာ ဖြစ်တယ်။ ဆွဲချပုလိပ်လို နအဖကြောင့် ဖြစ်လာမယ့် ကိစ္စဆိုးတွေ အတွက် တရားခံ ရှာပေးနေတာ ဆိုရင်လည်း မမှားပါဘူး။

တကယ်က ဒီနေ့အခြေအနေမှာ ရွေးကောက်ပွဲတခု မလုပ်မီ အာဏာရစစ်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ အကြား ဆွေးနွေးတာကို အရင် လုပ်ရမှာဖြစ်တယ်။ တကယ်တမ်းသာ နအဖက ဒီလို တွေ့ဆုံဆွေးနွေးပွဲကို လေးလေးနက်နက် စတင် လိုက်တယ်ဆိုရင် အသံကြားလိုက်တာနဲ့ပဲ ပြည်သူတွေဟာ ရွှင်လန်း အားတက်သွားမှာ သေချာတယ်။ တိမ်မည်းတွေကြားက နေအပိုင်း အစလေးကို မြင်လိုက်ရသလို ဖြစ်မှာ။ ဒါပေမဲ့ အခုတော့ နအဖဟာ ဗိုလ်အောင်ကြည်နဲ့ တွေ့ခိုင်းတယ် ဆိုတာလုပ်ပြီး “သို့လော-သို့လော”တွေပဲ တမျိုးပြီးတမျိုး ဖန်တီးနေတယ်။

ဒါနဲ့တဆက်ထဲ နအဖဗိုလ်ချုပ်တွေ ပက်ပက်စက်စက် လုပ်နေတဲ့ ကိစ္စတခုကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ကို ကွဲအောင် လုပ်နေတာပဲ။ အမျိုးသားဒီမိုကရေစီ အဖွဲချုပ် ထိပ်ပိုင်း ခေါင်းဆောင်တွေ အချင်းချင်း စကားမပြောနိုင် ဖြစ်နေပြီဆိုတဲ့ မဟုတ်တန်း တရားတွေကို ပြည်ပမီဒီယာထဲ ပါအောင် လုပ်တာတွေတောင် ရှိတယ်။ အောက်ခြေတွေထဲမှာ သပ်လျှိုတယ်၊ ခြေထိုးတယ်။ အယူအဆတွေ အမျိုးမျိုး ပေါ်ပေါက်နေချိန်မှာ စီအီးစီ စုံညီ တွေ့ခွင့်မပေးပဲ ထားတယ်။ ဒီနေ့လို ပြည်တွင်းပြည်ပ အခြေအနေမှာ ပါတီတခုရဲ့ ခေါင်းဆောင်မှုဆိုတာ အချင်းချင်း မပြတ် တွေ့ဆုံညှိနှိုင်းနေဖို့ လိုတယ်။ မတွေ့ရတာကြာရင် ကိစ္စသေးတွေဟာ အစိုင်အခဲတွေ ဖြစ်လာတတ်တယ် ဆိုတာ လူတိုင်းအသိပဲ။ နအဖဟာ ဒီလိုလုပ်ရပ်ကို ကောလာဟာလ ယန္တရားကြီးနဲ့ ပေါင်းစပ် ပေးထားတယ်။ သူတို့လုပ်ရပ်တွေကို ထောက်ကြည့်ခြင်း အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲချုပ်ကို ရေနှောက်ငါးဖမ်း လုပ်လာနိုင်တဲ့ အန္တရာယ် ရှိနေတယ်ဆိုတာ တွေ့ရတယ်။

တကယ်က နအဖအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်နဲ့ တွေ့ဆုံစကားပြောတာ မလုပ်ပဲ ရွေးကောက်ပွဲကို အတင်းလုပ်၊ သူတို့ စိတ်ကြိုက် အစိုးရတခု ဖွဲ့၊ နောက်ပြီး အဲဒီအတွက် အတားအဆီးလို့ ထင်တာမှန်သမျှကို ဖြေရှင်း၊ ဖယ်ရှား စတာတွေ လုပ်လာရင် ၁၉၄၈ ခုနှစ်တုန်းက အခြေအနေမျိုးကို ရောက်သွားနိုင်စရာ အလားအလာတွေ အများကြီး ရှိပါတယ်။ ဒီနေ့ ဗမာနိုင်ငံမှာ အပူတပြင်း ဖြေရှင်းဖို့ လိုနေတာက အမျိုးသားပြန်လည် သင့်မြတ်ရေး ပြဿနာဖြစ်တယ်။ နအဖ စစ်အာဏာရှင် စနစ်ကို ထိန်းသိမ်း ဆက်ခံမယ့်လူ ဖော်ထုတ်ရေး မဟုတ်ဘူး။ အမျိုးသား စည်းလုံးညီညွတ်ရေး မရှိဘဲ စစ်အာဏာရှင်တွေ မျိုးဆက် အလွှဲအပြောင်း လုပ်ရင် မကောင်းတဲ့ အကျိုးဆက်ပဲ ပေါ်ထွက်လာမှာပဲ။

x x x x x

ရဲဘော်ဖိုးသံချောင်း


Ref: DPNS

Read More...

မဲဆောက်အနီး တောထဲတွင် မြန်မာ (၇) ဦးသေဆုံးမှု မြို့နယ်ရဲတပ်ဖွဲ့ဝင်များ အစီရင်ခံစာ တင်ရ

ရဲရင့်
၁ ဖေဖော်ဝါရီ ၂ဝ၁ဝ

ထိုင်းနယ်စပ် မဲဆောက်အနီး ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် သေနတ်ဒဏ်ရာဖြင့် မြန်မာ (၇) ဦး သေဆုံးမှုတွင် ဒေသခံ ရဲတပ်ဖွဲ့ဝင်များ ပါဝင် ပတ်သက်မှု ရှိမရှိ သိရှိနိုင်ရန် မြို့နယ် ရဲတပ်ဖွဲ့ဝင်အားလုံး ယနေ့ နောက်ဆုံးထား၍ အစီရင်ခံစာ တင်ကြရမည်ဟု တာ့ခရိုင် ရဲမင်းကြီး ရဲဗိုလ်မှူးကြီး ပန်ညာဆူအင်က အမိန့်ပေးထားသည်။

ခရိုင်ရဲမင်းကြီး၏အမိန့်တွင် အခင်းဖြစ်ပွားသည့်ကာလ ယခင်လ (၂၃) ရက်မှ (၂၈) ရက်အတွင်း ဖို့ဖတ်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင် အားလုံး မည်သည့် နေရာတွင် ရှိကြောင်း၊ တယ်လီဖုန်းဖြင့် မည်သူ့ကို အဆက်အသွယ် လုပ်ကြောင်း၊ မိမိကိုင်ဆောင်သည့် သေနတ် သတ်မှတ်ရက် အတွင်း ပစ်ခတ်မှု ရှိမရှိ စသည်တို့ကို လာရောက် အစီရင်ခံရမည်ဟု ပါရှိသည်။

အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် တောလမ်း ခရီးအတိုင်း ဘန်ကောက်သို့ အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ် အကြား တောလမ်း ခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်း ဖြစ်သည်။

သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါ ကျည်များမှာ လက်နက်ကိုင် အဖွဲ့အစည်းများတွင် အသုံးများသည့် ကျည်များဖြစ်သည်ဟု သိရသည်။

ယခင်လ (၂၇) ရက်၌ ဖို့ဖတ်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့သည့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် မြန်မာရုပ်အလောင်း (၄) လောင်းနှင့် ယမန်နေ့က ထပ်မံတွေ့ရှိသည့် မြန်မာ (၃) လောင်းအပါအ၀င် သေဆုံးသူ (၇) ဦးမှာ လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင် ရွာသားများဖြစ်ကြသည်။

သေဆုံးသွားသူတဦးဖြစ်သည့် နန်းပိုင်မူး၏ ခင်ပွန်းဖြစ်သူ ကိုကြည်အောင်က “ကျနော်က ဘန်ကောက်မှာ အလုပ်လုပ်တယ်။ ကျနော့်မိန်းမက ရွာမှာ ကလေးငယ်နှစ်ယောက်ကို ချန်ထားပြီး အလုပ်လုပ်ဖို့လိုက်လာတာ။ သေတဲ့အထဲမှာ ကျနော့်ညီ ထူးအောင်နဲ့ သူ့မိန်းမလည်း ပါတယ်။ ဒီလူတွေ အတော် ရက်စက်တယ်။ အခု သူတို့အလောင်းတွေ မီးသဂြုင်္ိဟ်ဖို့ ကျနော်တို့ စောင့်နေတယ်၊ ရဲက ဘာမှ မပြောသေးဘူး” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြား အမည်မသိ ရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏ အစီအစဉ်အရ ယခင်လ (၂၇) ရက်တွင် တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယမန်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြန်မာ (၁၂) ဦးတွင် (၂) ဦးပျောက်ဆုံးနေပြီး (၃) ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ သဖြင့် ၎င်းတို့ကို ထိုင်းရဲက ထိန်းသိမ်း ထားသည်။

ပျောက်ဆုံးနေသူ (၂) ဦးမှာ သေဆုံးသွားပြီးဟု ယူဆရပြီး ၎င်းတို့ကို တောနင်းရှာဖွေလျက် ရှိသည်ဟု ထိုင်းရဲ အရာရှိက ပြောသည်။

မဲဆောက်မှ ၀ါရင့်ထိုင်းသတင်းထောက်တဦးက “ဒီအမှုဖြစ်စဉ်ကိုကြည့်ရတာ ၀န်ထမ်းအချို့ ပါဝင်ပတ်သက်မှု ရှိမယ်လို့ ထင်တယ်။ ဘာလို့ဆိုတော့ ခရိုင်ရဲမင်းကြီးကတောင် အမိန့် ထုတ်ရတယ်ဆိုတော့ အမှုနောက်ဆက်တွဲကို စောင့်ကြည့်ရမယ်” ဟု ပြောသည်။

ဖို့ဖတ်မြို့နယ်ရဲစခန်းမှ ရဲဒုဗိုလ်မှူးကြီးစုံစာမလိဖုံးက “ဒီအမှုဟာ လူမှောင်ခိုသမားတွေက ငွေယူပြီးတော့ ဘန်ကောက် မပို့ဘဲ တောထဲမှာ သူတို့ကို သတ်လိုက်တာလို့ ယူဆရတယ်” ဟု ပြောသည်။

တောလမ်းခရီးတွင် ၎င်းတို့ကို ဦးဆောင်လမ်းပြသည့် မြန်မာလူကယ်ရီမှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ၎င်းအား ထိုင်းရဲမှ လိုက်လံ ရှာဖွေလျက်ရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ှ ထိုင်းရဲမှစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူ မြန်မာများ အစုလိုက် သတ်ဖြတ် ခံရမှုများ မဲဆောက်နှင့် အနီးဝန်းကျင်ရှိ မြို့နယ်များတွင် ဖြစ်ပွားခဲ့ဖူးသည်။

လွန်ခဲ့သည့်(၄)နှစ်က မဲဆောက်တွင် မြန်မာအလုပ်သမား(၈) ဦး အုပ်စုလိုက် အသတ်ခံရမှုနှင့် မဲလမတ်မြို့နယ် အတွင်း လွန်ခဲ့သည့် (၇) နှစ်က မြန်မာ(၁၇) ဦး အုပ်စုလိုက် အသတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

မွန်ပြည်သစ်က ဘာကြောင့် နယ်ခြားစောင့်တပ် ငြင်းလဲ

ကျော်ခ
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၁ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ယခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဇန်နဝါရီလ ၃ဝ ရက်နေ့သည် ၆၃ နှစ်မြောက် မွန်အမျိုးသားနေ့ ဖြစ်သည်။

သို့သော် မွန်တိုင်းရင်းသားများသည် ၎င်းတို့၏ စာပေ၊ ဘာသာစကားနှင့် ယာဉ်ကျေးမှုများကို လွတ်လပ် စွာ ထိန်းသိမ်း မြှင့်တင်နိုင်ခွင့် မရရှိကြောင်း မွန်ပြည်သစ်ပါတီ-NMSP မှ နိုင်ငံခြားရေးဌာန တာဝနှ်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

မွန်အမျိုးသားများအပါအဝင် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် တခန်းတကဏ္ဍမှ ကြိုးစားနေသည့် မွန်ပြည်သစ် ပါတီသည် စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်ရပ်သည်။ သို့သော် စစ်အစိုးရနှင့် နိုင်ငံရေးအရ လွတ်လပ်စွာ ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။ စစ်အစိုးရကမူ နယ်ခြား စောင့်တပ် BGF အသွင်ပြောင်းရန်သာ တိုက်တွန်းနေသည်။ မွန်ပြည်သစ် ပါတီကလည်း ယင်းကို ငြင်းဆို ထားသည်။

မွန်တိုင်းရင်းသားများနှင့် မွန်ပြည်သစ်ပါတီ၏ လက်ရှိ ခံစားချက်နှင့် နိုင်ငံရေးအရ ရပ်တည်မှုများကို သိရှိ နိုင်ရန် မဇ္ဈိမ သတင်းထောက် ကျော်ခက မွန်ပြည်သစ်ပါတီ နိုင်ငံခြားရေးဌာန ဒုတာဝန်ခံ နိုင်ခြေးမွန်ကို မေးမြန်းထားသည်။
--------------------------------------------------------------------------------------------------------------
လက်ရှိအခြေအနေမှာ မွန် စာပေ၊ ဘာသာစကားကို ထိန်းသိမ်း ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် နေတာတွေကို ရှင်းပြပေးပါ။ ခက်အခဲ အတားအဆီးတွေရော ရှိပါသလားခင်ဗျာ။

မွန်အမျိုးသားစာပေနဲ့ပတ်သက်ပြီး မွန်ပညာရေးကျောင်းတွေတော့ရှိတယ်။ အဲဒါတွေ နဲ့ပတ်သက်ပြီး တချို့ရွာတွေမှာတော့ ဖိနှိပ်ထားတာတွေ၊ အနှောက်အယှက်ပေးတာမျိုးတွေရှိတယ်။ မွန်စာသင်တဲ့ မွန် ကျောင်းဆရာ/ဆရာမတွေကို အနှောင့်အယှက်ပေးတာရှိတယ်။ သူတို့အနေနဲ့ ဘာရည်ရွယ်ချက်နဲ့လုပ် တာလဲဆိုတာတော့ ကျနော်တို့လည်း နားမလည်ဘူးပေါ့။

မွန်ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့ရော လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ရရဲ့လား။ ထိန်းသိမ်း စောင့်ရှောက်ခွင့်တွေ ရှိလား။

ယဉ်ကျေးမှုပိုင်းမှာ ဆိုရင်လည်း ကျနော်တို့ကတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်တာပေါ့။ ထိန်းသိမ်း စောင့်ရှောက် သင်ကြားတဲ့နေရာမှာတော့ လွတ်လပ်တယ်လို့တော့ ပြောလို့မရဘူးဗျာ။ တခါတလေကြ တော့လဲ ကျနော်တို့ ပြည်နယ်ထဲက တချို့ရွာတွေမှာ လမ်းဆိုင်းဘုတ်ကအစ မွန်လိုထည့်ထားရင် မြန်မာ လိုပြန်ပြီးတော့ ထည့်ခိုင်းတာမျိုးတွေ ရှိတယ်။ သာဓကအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် မွန်အမျိုးသားတွေရဲ့ အထိန်းအမှတ် နေရာမျိုးတို့၊ မွန်ရှေးဟောင်းပြတိုက်တို့ ဘာတို့ဆိုရင်လည်း ပြောင်းပစ်လိုက်တာမျိုး ပေါ့နော်။ မွန်စာကိုလည်း လုံးဝမရှိတော့အောင် သူတို့လုပ်တာမျိုးတွေ ရှိတယ်။

အဲဒီအတားအဆီးတွေ ပပျောက်အောင် နိုင်ငံရေးအရ၊ ယဉ်ကျေးမှုအရ။ စီးပွားရေးအရ ဘယ်လို အခြေအနေမျိုးတွေ ရှိနေဖို့ လိုအပ်တယ်လို့ ယူဆလည်း။

ဒါကတော့ ကျနော်တို့ တနိုင်ငံလုံးမှာရှိတဲ့ မည်သည့် အမျိုးသားမဆို ပေါင်းစည်းပြီးတော့ အားလုံး ညီညီ ညွတ်ညွတ်နဲ့ပေါ့နော် အမျိုးသား သဘောတူညီချက် တခုအနေနဲ့ နိုင်ငံတော်တခုကို တည်ထောင်လာခဲ့ရင် တော့၊ သူမနာ ကိုယ်မနာပေါ့လေ။ အဲလို အခြေအနေမျိုးဆိုရင်တော့ ပိုပြီးတော့ကောင်းမှာပေါ့နော်။

မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ် BGF ကို လက်မခံဘူးလို့ သိရတယ်။ ဘာကြောင့် လက်မခံ နိုင်တာလည်းဆိုတာ အကျဉ်းချုံး ရှင်းပြပေးပါ။

အဲဒီ ဘော်ဒါဂတ် (BGF) ကိစ္စကို ကျနော်တို့ ပါတီအနေနဲ့ လက်မခံဘူးဆိုတဲ့မူ ချထားတာပေါ့နော်။ သဘောမတူဘူးလို့ လူကြီးတွေကလည်း ပြောတယ်ပေါ့။ ဘာကြောင့်လည်း ဆိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ (ဖက်ဒရယ်မူ) ပေါ့နော်။ ပြည်ထောင်စု စစ်စစ်ဖြစ်ဖို့မူတွေနဲ့ အရမ်းကြီး ကွာခြားနေတာ တွေ အများကြီး ရှိတာပေါ့။ အုပ်ချုပ်မှုပိုင်းမှာ တပ်မတော်ကလည်း အော်တို (Auto) ၂၅ ရာခိုင်နှုန်း ယူထားတယ်။ ဘယ်နိုင်ငံမှာမှ မတွေ့ဘူးသေးဘူး။

အဲဒီ့ ပြုပြင်ပြောင်းလဲသင့်တာတွေ မပြောင်းလဲပဲနဲ့ ဒီအတိုင်း သွားမယ် လုပ်ထားတယ်။ နောက်ပြီးတော့ ကျနော်တို့ အတွက် ရှေ့အလားအလာပေါ့နော်။ အနာဂါတ် ရပ်တည်မှုဆိုတာက အခြားတိုင်းရင်းသား တွေနည်းတူ ကျနော်တို့ မွန်တိုင်းရင်းသား တရပ်လုံး လိုအပ်နေတာပါ။ အဲဒါကြောင့် ကျနော်တို့လိုချင်တဲ့ ဆွေးနွေးရေးတို့ဘာတို့ မရှိဘူးဆိုရင်တော့ ကျနော်တို့အတွက်တော့ လက်မခံဘူးပေါ့နော်။ အဲဒါကတော့ ကျနော်တို့ပြည်သူတွေကလည်း တောင်းဆိုထားတာပါပဲ။ အဲဒါကြောင့် ၂ဝဝ၉ နှစ်ကုန်ပိုင်းလောက်မှာ ဘောဒါဂါတ်ကိစ္စ ငြင်းပါယ်လိုက်တာပါ။

အဲဒီလို ငြင်းပယ်လိုက်တဲ့အတွက် စစ်ပွဲတွေ ဖြစ်မလာနိုင်ဘူးလား။ နအဖ ဘက်က ဘယ်လို ပုံစံမျိုးနဲ့ ဖိအား ပေးလာတာမျိုးတွေ ရှိလဲ။

လောလောဆယ်တော့ မဖြစ်သေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့က ငြိမ်းချမ်းရေးနဲ့ အပစ် အခတ်ရပ်ဆဲရေးကို ဆက်လက် ထိန်းထားဖို့တော့ ရည်ရွယ်ထားပါတယ်။ သူတို့ဘက်ကလည်း စစ်ရေး အရတော့ ဖိအားပေးတာတို့ ဘာတို့မရှိသေးပါဘူး။ နဂိုနေမြဲအတိုင်းပဲ ရှိပါသေးတယ်။

အကယ်၍ နအဖ စစ်တပ်က အင်အားသုံး အကျပ်ကိုင်လာရင်ရော ပြန်ခုခံဖို့ အဆင်သင့် ဖြစ်နေလား။ ဘာတွေ ပြင်ဆင်ထားတာရှိလဲ။

ဒါကိုတော့ ကျနော်တို့ အနေအထားအရ ပြောလို့မဖြစ်ပါဘူး။

နအဖကို မွန်ပြည်သစ်ပါတီရဲ့ လူအင်အားစာရင်းပေးရတယ်လို့ သိရတယ်။ အဲဒီလိုပေးရတာဟာ မွန်ပြည်သစ် ပါတီရဲ့ သီးခြားဖြစ်တည် လွတ်လပ်မှုကို ထိခိုက်တယ်လို့ မယူဆဘူးလား။

ဒါကတော့ နှစ်တိုင်းပေးနေကြပါ။ အပစ်ခတ်ရပ်စဲရေး စလုပ်တုန်းကလည်း ကျနော်တို့က အဲဒီစာရင်း ဇယားတွေပေးတယ်။ အများအားဖြင့်တော့ ၁ နှစ်တခါတော့ တောင်းတယ်။ ကျနော်တို့ကလဲ ပေးတယ်။ ဘာမှတော့ ထူးထူးထွေထွေ မရှိပါဘူး။

မွန်ပြည်သစ်ပါတီက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ ဘဝတူ မဟာမိတ်တွေနဲ့ လက်တွဲ သွားမယ်လို့ ဖော်ပြ ထားလေ့ရှိတယ်။ အပစ် မရပ်သေးတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်ရင် နအဖ က ညိုငြင်ပြီး အပစ်ရပ်ထားတာ ပျက်သွားမှာ ထည့်စဉ်းစား ထားပါသလား။

အဲဒါလည်း ခက်ခက်ခဲခဲပဲဗျာ။ အဲဒီလိုစဉ်းစားမိတာတို့ မစဉ်းစားမိတာတို့ကျတော့ အထက်က လူကြီးပိုင်း က ပိုပြီးတော့ သိကြပါလိမ့်မယ်။ ကျနော်တို့က အောက်ချေပိုင်းကျတော့ နားမလည်နိုင်သေးဘူးပေါ့နော်။

နအဖ စစ်အစိုးရက အတည်ပြုထားတဲ့၂ဝဝ၈ ဖွဲ့စည်းပုံက တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက် တွေကို အာမခံနိုင်မယ်လို့ ထင်လား။

ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကျနော်တို့ တိုင်းရင်းသားအခွင့်အရေးတွေကြတော့ အာမခံနိုင် တယ်လို့တော့ မယူဆပါဘူး။ အကျဉ်းချုံးပြောရရင်တော့ အဲဒီအခြေခံဥပဒေကျတော့ ကျနော်တို့ ဖက်ဒရယ် (Federal) မူနဲ့ လုံးဝကွာခြားနေတာတွေ အများကြီးပါနေတယ်လေ။ အဲဒါကြောင့်ကျနော်တို့က လက်မခံခြင်း ဖြစ်ပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမြင်လဲ။

ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိစ္စတွေကိုတော့ ကျနော်တို့အထက်က လူကြီးတွေက ဘာမှ မဆုံးဖြတ်သေးဘူး။ မပြောသေးဘူးခင်ဗျ။ အဲဒါကြောင့် အဲဒီကိစ္စ ပြောလို့မရသေးပါဘူးခင်ဗျ။

Ref: မဇ္ဈိမ

Read More...

Monday, February 1, 2010

အပစ်ရပ် မွန်ပြည်သစ် နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံ

31 January 2010

အပစ်အခတ် ရပ်စဲထားတဲ့ မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရ တိုက်တွန်းထားတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်မခံဘူးလို့ ဆိုပါတယ်။ တချိန်တည်းမှာပဲ စစ်အစိုးရ အနေနဲ့ ရွေးကောက်ပွဲ အတွက် ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ စည်းမျဉ်း ဥပဒေထဲက တချို့ အချက်အလက်တွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားမှာ ပြောဆို လိုက်ပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြ ပေးထားပါတယ်။

နယ်ခြားစောင့် တပ်ဖွဲ့အသွင်ကို လက်မခံတဲ့ အပစ်ရပ် အဖွဲ့တွေဟာ တူညီတဲ့ ရပ်တည်ချက်တွေ ရှိနေကြတယ်လို့ မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က ဗွီအိုအေကို အခုလို ရှင်းပြခဲ့ပါတယ်။

“ကျနော်တို့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေကြားမှာ တူညီတဲ့ ဒီနယ်ခြားတပ် ဒါမှမဟုတ် ပြည်သူ့စစ် ဖွဲ့ဖို့ ပြောလာတဲ့ အပေါ်မှာ ကျနော်တို့ အမြင်ပေါ့လေ၊ တူညီတဲ့ မူတွေကို ချုပ်ပြီး ပြောရင်တော့ နံပါတ် ၁၊ စစ်မှန်တဲ့ ပြည်ထောင်စု တခုတည်းမှာ လူထုက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရရဲ့ အောက်မှာ တပ်မတော် တခုတည်း ရှိရမယ်ဆိုတာ ကျနော်တို့ မူအားဖြင့် လက်ခံတယ်။

“နံပါတ် ၂၊ အဲဒီ ရှိနေတဲ့ သူတို့ လူမျိုးစု တိုင်းရင်းသားတွေရဲ့ တပ်အသီးသီးကလည်း မိမိတို့ရဲ့ ဆိုင်ရာ ပြည်နယ် ဒါမှမဟုတ် ဒေသအစိုးရရဲ့ ကွပ်ကဲမှုအောက်မှာ ရှိရမယ်။ အဲဒီအခြေခံမူ ၂ ခုကို ကျနော်တို့ ချုပ်ပြီးပြောရင် တူညီကြတယ်လို့ မြင်တယ်။ အဲဒီအမြင်ကိုလည်း ကျနော်တို့ပါတီ အနေနဲ့ ဒါ မူအနေနဲ့တော့ လက်ခံတယ်။ ဒါပေမဲ့ လက်တွေ့ ပြေလည်အောင်တော့ အချင်းချင်း အားလုံး ညှိနှိုင်းဖို့ လိုမှာပေါ့။”

မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရ တိုက်တွန်းထားတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်မခံဘူးလို့ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က အခုလို ဆိုပါတယ်။

“တဘက်ကလည်း နယ်ခြားစောင့်တပ် ဆိုပြီးတော့ ကျနော်တို့ တိုင်းရင်းသား တပ်တွေကိုလည်း အသွင်ပြောင်းဖို့ အဲဒီလို လုပ်နေတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ပါတီ အမြင်ကလည်း ထင်ထင်ရှားရှား ပြန်ကြားပြီးတော့ ပြောထားပြီးသား ဖြစ်တယ်။ လောလောဆယ် နယ်ခြားစောင့်တပ် ဖွဲ့ဖို့လည်း လူထုတွေရဲ့ အမြင်အရ လက်မခံနိုင်သေးဘူး။ အဲဒီ အခြေအနေမျိုး ဖြစ်နေတော့ တဘက်က စစ်အစိုးရက ကျနော်တို့ရဲ့ ရပ်တည်ချက် အပေါ်ပေါ့၊ လက်မခံနိုင်တဲ့ ရပ်တည်ချက် အပေါ်မှာ သူတို့လည်း သဘော မတိုက်ဆိုင်တော့ အဲဒီအပေါ်မှာ သူတို့က ဘယ်လို လှုပ်ရှားလာမလဲ ဆိုတာ ကျနော်တို့က တဘက်က သတိထား စောင့်ကြည့် နေရတာပေါ့။”

လက်ရှိအခြေအနေမှာ မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရအကြား ဆက်ဆံရေး အပိုင်းတွေမှာ အေးစက်မှု ရှိလာသလို မွန်ပြည်သစ် ပါတီ အနေနဲ့ ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း ဥပဒေထဲက တချို့ အချက်အလက်တွေကို မပြင်ရင် လက်မခံနိုင်ဘူးလို့ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က အခုလို ပြောပါတယ်။

“ကျနော်တို့က အပစ်အခတ် ရပ်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးပြီးတော့ အဖြေရှာချင်တယ်။ ဒီကနေ့ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေကလည်း ဒီမိုကရေစီ အရေးရော၊ တိုင်းရင်းသား အရေးရော ပြေလည်အောင် အကောင်းဆုံး နည်းက တွေ့ဆုံ ဆွေးနွေးပြီးတော့ အချင်းချင်း ညှိနှိုင်းပြီး အဖြေရှာရေးပဲလို့ ကျနော်တို့ မြင်တယ်။ ဒီနေ့ ဒီအချိန်ထိလည်း အချိန်က ရှိနေသေးတယ်လို့ မြင်တယ်။ အဲဒီအမြင်နဲ့ပဲ ကျနော်တို့ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ပေါ်ရေး အတွက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။

“တချိန်တည်းမှာ စစ်အစိုးရကလည်း ရွေးကောက်ပွဲအတွက် ၂၀ဝ၈ ဖွဲ့စည်းပုံကို အခြေခံပြီးတော့ ကြိုးပမ်း နေတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံကိုလည်း သင့်လျော်တဲ့ အချက်တွေကို မပြင်ရင် ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါပေမဲ့ ကျနော်တို့ အမြင်က ဘယ်လိုဖြစ်ဖြစ်ပေါ့၊ အခြေအနေက အဲဒီလို ရှိနေသည့်တိုင် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ရင်တော့ ကျနော်တို့နိုင်ငံရဲ့ ပြဿနာရော၊ ကျနော်တို့ တိုင်းရင်းသား ပြဿနာရော ပြေလည်မှာဖြစ်လို့ အဲဒီဖြစ်ရေးအတွက် အပေါ် ဆက်ပြီးတော့ ကြိုးစားပြီး တိုက်ပွဲဝင် တင်ပြနေဆဲ ဖြစ်ပါတယ်။”

မွန်ပြည်သစ်ပါတီကနေ ဦးဆောင်ပြီးတော့ ၆၃ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ထိုင်း၊ မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်း ကျေးရွာမှာ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်မှာ ကျင်းပ ခဲ့ပါတယ်။ မွန်အမျိုးသား တပ်မတော်ရဲ့ စစ်ရေးပြ အခမ်းအနားတွေနဲ့ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဲဒီ အခမ်းအနားကို ပြည်တွင်းပြည်ပက မွန်ပြည်သူတွေ အများအပြား တက်ရောက် ခဲ့သလို ဘုရားသုံးဆူမြို့က ဒေသခံ အာဏာပိုင်တွေလည်း တက်ရောက်ခဲ့ ပါတယ်။

မွန်အမျိုးသားနေ့ဟာ သံမလကုမ္မာနဲ့ ဝိမလကုမ္မာ မင်းသားနှစ်ပါး ဟံသာဝတီ မွန်နေပြည်တော်ကို တည်ထောင် ခဲ့တဲ့ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

Sunday, January 31, 2010

ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည်

ခိုင်စု
စနေနေ့၊ ဇန်နဝါရီလ ၃၀ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ရွှေဂုံတိုင် ကြေညာစာတမ်းကို လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က ဝိုင်းရံသွားမည်ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး ပါဝင်သည့် NLD ၏ ရွှေဂုံတိုင် ကြေညာစာတမ်းကို CRPP အနေဖြင့် အခိုင်အမာ ထောက်ခံ ဝန်းရံမည်ဟု ပြောဆိုခြင်း ဖြစ်သည်။

''NLD က ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းပါ အချက်အလက်တွေကို သဘောကျတယ်၊ လက်ခံတယ်၊ အခိုင်အမာ ထောက်ခံ သွားမှာပါ၊ ဝိုင်းရံသွားမှာပါ'' ဟု ဦးအေးသာအောင်က ပြောသည်။

လာမည့်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ထုတ်ပြန်မည့် NLD ကြေညာချက်တွင် ထည့်သွင်း လိုသည့် အချက်များကို အကြံပြု ဖြည့်စွက်ရေး အတွက် ယမန်နေ့ နေ့လည်ပိုင်းတွင် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ CRPP အစည်းအဝေး ကျင်းပရာ CRPP အဖွဲ့ဝင်များက ထိုကဲ့သို့ သဘောတူ ထောက်ခံခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးသို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ပူးကျင့်ရှင်းထန် (ဇိုမီးအမျိုးသားကွန်ဂရက်)၊ ဦးထောင်ကိုထန်း (စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့)၊ နိုင်ထွန်းသိန်း (မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးအေးသာအောင် (ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်)၊ ဦးစိုးဝင်း (အမျိုးသား ဒီမိုကရေစီပါတီ) အပါအဝင် ၁၁ ဦး တက်ရောက်ခဲ့သည်။

ရွှေဂုံတိုင်စာတမ်းတွင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံး လွှတ်ပေးရေး၊ ၂ဝဝ၈ အခြေခံဥပဒေ သုံးသပ်ပြင်ဆင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပရေး၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ် ပြုရေးတို့သည် လတ်တလော ဖြေရှင်းရမည့် ပြဿနာများ ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဤစာတမ်းကို ၂၀၀၉ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်/တိုင်း စည်းရုံးရေး အဖွဲ့များနှင့် အလုပ် အမှုဆောင် ကိုယ်စားလှယ်များ၊ အမျိုးသမီး လုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်သည့် စုံညီ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ CRPP အစည်းအဝေး၌ NLD ခေါင်းဆောင် ဦးဝင်းတင်က ရွှေဂုံတိုင် ကြေညာစာတမ်းကို ဦးဆောင်၍ ရှင်းလင်း တင်ပြခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ လွှတ်တော်ခေါ်ယူရေး အချက်များသည် NLD ၏ မူလသဘောထား ဖြစ်ကြောင်းနှင့် ၂၀၀၈ အခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးမှာလည်း ထိုဥပဒေသည် အာဏာရှင်စနစ်ကို အကောင်အထည် ဖော်ခြင်း ဖြစ်သဖြင့် ထိုစနစ်ကို NLD က မူလကတည်း ကပင် လက်မခံခဲ့သောကြောင့် ပြင်ဆင်ရန် လိုအပ်ကြောင်း ဦးဝင်းတင်က အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်းက စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများ မထုတ်ပြန်သေးသလို၊ ရွှေဂုံတိုင် စာတမ်းကို စစ်အစိုးရ တုံ့ပြန်သည့်အပေါ် မူတည်ပြီး ထိုရွေးကောက်ပွဲနှင့် ပတ်သက်၍ ဆုံးဖြတ်သွားမည်ဟု တင်ပြခဲ့သည်။

ဦးအေးသာအောင်ကလည်း ပြည်ထောင်စုနေ့တွင် ထုတ်ပြန်မည့် NLD ကြေညာချက်တွင် ပြည်ထောင်စု စိတ်ဓာတ် (ပင်လုံစိတ်ဓာတ်) ကို ထည့်သွင်း ဖော်ပြရန် အကြံပြုခဲ့သည်။

''လွတ်လပ်ရေးကို အင်္ဂလိပ်က ပေးတော့မယ့်အခါ ပြည်မနဲ့ တောင်တန်း ပေါင်းစည်းရေး၊ မပေါင်းစည်းရေး ဆွေးနွေးရာက ဒီစိတ်ဓာတ် ပေါ်လာတယ်။ ပေါင်းပြီးယူရင် လွတ်လပ်ရေး အမြန်ဆုံး ရမယ်ဆိုတဲ့ သဘောထားနဲ့ ပေါင်းခဲ့တာပါ။ ဗမာ ကိုယ်စားပြုတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ဗမာပြည် လွတ်လပ်ရေးရရင် တောင်တန်း ဒေသပါ ရစေချင်တယ်။ ခွဲပြီးလုပ်ရင် မတိုးတက်နိုင်ဘူး၊ ပေါင်းလုပ်ရင် တောင်တန်း ဒေသတွေပါ တိုးတက်မယ်၊ ဗမာတွေ အင်္ဂလိပ်ကျွန် မဖြစ်ချင်သလို ရှမ်း၊ ကချင်၊ ချင်းတွေကိုလည်း မဖြစ်စေချင်ဘူး။ ထို့အတူ ဗမာကလည်း ရှမ်းတွေကို ကျွန်ပြုမှာ မဟုတ်ဘူးဆိုတာ ပြောခဲ့တယ်။ ဒီစိတ်ဓာတ်တွေက ပင်လုံစိတ်ဓာတ်ပဲ'' ဟု ဦးအေးသာအောင်က ပြောသည်။

ကိုလိုနီနယ်ချဲ့ထံမှ လွတ်လပ်ရေး အရယူရန် ရှမ်း၊ ကချင်၊ ချင်း ကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ရှမ်းပြည်နယ် ပင်လုံ ကျေးရွာ၌ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ရာမှ ပြည်ထောင်စုနေ့ စတင် ပေါ်ပေါက်ခဲ့သည်။

''တိုင်းရင်းသားတွေနဲ့ ဗိုလ်ချုပ် သဘောတူညီချက်၊ ပင်လုံစိတ်ဓာတ်တွေ အများက မေ့နေတယ်။ ဖော်ထုတ်ရုံတင် မလုံလောက်ဘဲ ပင်လုံ သဘောတူညီချက် အရ ပြည်ထောင်စုဖွဲ့ရင် တိုင်းရင်းသား လက်နက်ကိုင် အရေးလည်း ချုပ်ငြိမ်းပြီး၊ နိုင်ငံ ငြိမ်းချမ်းမယ်။ တိုင်းရင်းသား စည်လုံး ညီညွတ်ရေးအပြင် အမျိုးသား စည်းလုံးညီညွတ်ရေးကိုပါ ရမယ်။ ခိုင်မာပြီး ဖွဲ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်ကို ထူထောင်နိုင်မယ်'' ဟု ဦးအေးသာအောင်က ပြောသည်။

လတ်တလော ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပေါ် နအဖ စစ်အစိုးရ၏ သဘောထား တင်းမာမှုများ၊ စစ်ရေး ပြင်ဆင်မှုများကြောင့် တိုင်းပြည်အရေး စိုးရိမ်ရကြောင်းနှင့် ပင်လုံစာချုပ်အရ ပြည်ထောင်စုနိုင်ငံ တည်ဆောက်လျှင် တိုင်းရင်းသား လက်နက်ကိုင် ကိစ္စ ချုပ်ငြိမ်းမည်ဖြစ်ကြောင်း ယမန်နေ့ အစည်းအဝေးတွင် CRPP ခေါင်းဆောင်များက မှတ်ချက်ပေးခဲ့ကြသည်။

၁၉၉ဝ ရွေးကောက်ပွဲရလဒ်နှင့်အညီ ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် လွှတ်တော် မပေါ်ပေါက်မီစပ်ကြား လွှတ်တော်ကဲ့သို့ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ CRPP ကို ၁၉၉၈ စက်တင်ဘာလ ၁၆ ရက်နေ့တွင် NLD နှင့် ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး စသည့် တိုင်းရင်းသား ပါတီများမှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၂၅၁ ဦးက လက်မှတ်ရေးထိုးကာ လုပ်ပိုင်ခွင့် အပ်နှင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် စစ်အစိုးရကမူ တရားမဝင် အသင်းအဖွဲ့အဖြစ် ပြောဆိုလေ့ရှိသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့