..............................

Saturday, February 28, 2009

လူထုတော်လှန်ရေး- အင်္ဂါခြောက်ရပ်၊ စစ်မျက်နှာငါးသွယ် (အပိုင်း-၂)

(၂) တော်လှန်ရေးအခြေအနေ
လူထုတော်လှန်ရေး၏ ဒုတိယမြောက် အင်္ဂါရပ်မှာ တော်လှန်ရေး အခြေအနေဖြစ်သည်။ တော်လှန်ရေး အခြေအနေတရပ်သည် အလိုအလျောက် ပေါ်ပေါက် လာခြင်းကား မဟုတ်။ ပေါ်ပေါက် လာစေနိုင်သည့် အခြေခံ အကြောင်းတရားများ ရှိပေသည်။

ပထမဆုံးအကြောင်းတရားမှာ နိုင်ငံရေးအရဖြစ်စေ၊ ဘာသာရေး အရဖြစ်စေ အခွင့် အရေးများ ဆုံးရှုံးခြင်းနှင့် လူထု၏ မျှော်မှန်းချက်များ မြင့်မား လာခြင်းဖြစ်သည်။ အကယ်၍ လူထုသည် ၄င်းတို့၏ ဘ၀အခြေအနေ တိုးတက်မြင့်မားနိုင်မှု အခွင့်အရေးများကို နိုင်ငံရေးစနစ်မှ ကန့်သတ် ထိန်းချုပ်ထားသည်ကို တွေ့မြင်လာပါက၊ စနစ်နှင့် ပတ်သက်၍ တစုံတရာ ပြုပြင် ပြောင်းလဲမှု လိုအပ်သည်ကို သိမြင်လာပါက တော်လှန်ရေး ဖြစ်စေနိုင်သည့် အခြေအနေတရပ် ပေါ်ပေါက် နေပြီဟု သတ်မှတ် နိုင်ပေသည်။ သို့ဖြစ်ရာ မိမိတို့၏ ရပိုင်ခွင့် များသည် နိုင်ငံရေး စနစ် မှားယွင်းမှုကြောင့် ဆုံးရှုံး နေရကြောင်းကို လူထုမှ သိမြင် လာစေရန် မီးမောင်း ထိုးပြရန် လိုအပ် လှလေသည်။

ဒုတိယအကြောင်းတရားမှာကား လူ့အဖွဲ့အစည်း အတွင်းမှ ပဋ္ဋိပက္ခ များဖြစ်သည်။ အဆိုပါ ပဋ္ဋိပက္ခများသည် တော်လှန်ရေး အဖွဲ့အစည်းများ တိုးချဲ့ဖွဲ့စည်း လာနိုင်စေရန် အခွင့်အလမ်း များစွာကို ဖြစ်ပေါ် စေနိုင်သည်။ ဥပမာ- အုပ်ချုပ်သူများသည် လူ့ အဖွဲ့အစည်း အတွင်းတွင် လူမျိုးရေး အရဖြစ်စေ၊ ဘာသာရေး အရဖြစ်စေ ဖိနှိပ် ချုပ်ချယ် နေမှုများ ပြုလုပ်နေပါက ဖိနှိပ်ခံရသူများ ဘက်မှ ရပ်တည်၍၊ အုပ်ချုပ်သူများအား တော်လှန်နိုင်မည့် အင်အားစုများ တိုးချဲ့ဖွဲ့စည်း နိုင်ပေသည်။

တတိယအကြောင်းတရားမှာကား အစိုးရအုပ်ချုပ်ရေး စနစ် ထိရောက်မှု အားနည်းခြင်း၊ လာဘ်ပေး လာဘ်ယူမှုများ များပြားခြင်းနှင့် နိုင်ငံတော်၏ စီးပွားရေးနှင့် လူသား အရင်း အမြစ်များအား လွဲမှားစွာ အသုံးပြုနေခြင်းတို့ ဖြစ်သည်။ လာဘ်ပေး လာဘ်ယူမှုများ၊ အရင်းအမြစ်များအား လွဲမှားစွာ အသုံးပြုမှုများသည် ရိုးသားမှု၊ အများအကျိုး ဆောင်ရွက်မှု အပေါ်တွင် အခြေခံသော လူ့ဂုဏ်သိက္ခာနှင့် လူ့စွမ်းအားများကို ပျက်ယွင်းစေနိုင်သဖြင့် အာဏာရှင် အစိုးရများသည် လူထု၏ အကျင့်စာရိတ္တနှင့် စွမ်းအားများကို လာဘ်ပေး လာဘ်ယူမှု အားပေးခြင်း၊ အမှန်တရား ဘက်တွင် ရပ်တည်ပါက ပြစ်ဒဏ်ပေးခြင်း စသည်တို့ဖြင့် လူ့အဖွဲ့အစည်းကို ဖျက်ဆီးကာ အာဏာမြဲရန် ကြံဆောင်လေ့ ရှိကြသည်။ ထိုအချက်ကို လူထုမှ သိမြင် နားလည်လာစေရန် မီးမောင်းထိုး၍၊ လူ့အဖွဲ့အစည်းကို ကာကွယ်ရန် စည်းရုံး လှုံ့ဆော်ရမည်။

စတုတ္ထ အကြောင်းတရားမှာကား နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မပြုလုပ်နိုင်ခြင်း ဖြစ်သည်။ အဆိုပါ အခြေအနေ တရပ် ဖြစ်ပွားလာပါက တော်လှန်ရေး စည်းရုံး လှုံ့ဆော်သူများမှ တော်လှန်ရေး တရပ် စတင်လာစေရန် ဦးဆောင် ဖန်တီးပေးရမည် ဖြစ်သည်။ ယင်းအတွက် တတိယ အင်္ဂါရပ်ဖြစ်သော မှန်ကန်သော ဦးဆောင်မှုနှင့် ဦးဆောင် အဖွဲ့အစည်း ရှိရန် လိုအပ်လှသည်။ ထိုသို့မရှိပဲ အုပ်ချုပ်သူ အစိုးရမှ နိုင်ငံရေးပြုပြင် ပြောင်းလဲမှု အနည်းငယ် ပြုလုပ်ပြီး၊ political control ပြန်လည် ရရှိရန် လုပ်ဆောင် သွားပါက တော်လှန်ရေး နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပွား စေနိုင်သည်။

ခင်မမမျိုး

(ဆက်လက်ဖော်ပြပါမည်)

Ref: ခင်မမမျိုး (၂၁၊ ၉၊ ၂၀၀၈)

Read More...

လူထုတော်လှန်ရေး - အဂ်ါခြောက်ရပ်၊ စစ်မျက်နှာငါးသွယ် (အပိုင်း-၁)

ကမ္ဘာ့သမိုင်းအဆက်ဆက်တွင် ပုံသဏ္ဍာန်အမျိုးမျိုးသော လူထုတော်လှန်ရေး များဖြင့် စနစ်ဆိုးများ ပြောင်းလဲခဲ့ကြသည်။ အာဏာရှင်အစိုးရများ ပြုတ်ကျခဲ့ကြသည်။ အဆိုပါ လူထုတော်လှန်ရေးများကို လေ့လာ၍ နိုင်ငံရေး သိပ္ပံပညာရှင် မိုက်ကယ် အီလွက်ဘိတ်မင်က နှစ်ဆယ်ရာစု နှောင်းပိုင်းကာလ စစ်မဟာဗျူဟာ လေ့လာရေး ပညာရပ်တွင် အရေးကြီးဆုံး စစ်ပွဲ ပုံသဏ္ဍာန်တခု ဖြစ်သော လူထု တော်လှန်ရေးပုံစံ ကို ဖော်ထုတ်ခဲ့သည်။

စစ်မဟာဗျူဟာ ပညာရှင် လော့ရင့်၏ Seven Pillars of Wisdom နှင့် ၀င်းဂိတ်၏ military philosophies များသည် ဖိနှိပ်မှု များကြောင့် ပေါ်ပေါက်လာသော တော်လှန်ရေး ယဉ်ကျေးမှု ရှိနေသည့် နိုင်ငံများအတွက် ဆီလျော်မှု မရှိသည်ကို တွေ့ရှိရာမှ အင်္ဂါခြောက်ရပ်နှင့် စစ်မျက်နှာ ငါးသွယ်ပေါ်တွင် အခြေတည်ထားသော လူထု တော်လှန်ရေးပုံစံ ပေါ်ပေါက် လာရခြင်းဖြစ်သည်။

အင်္ဂါခြောက်ရပ်
မည်သည့် တော်လှန်ရေးတွင်မဆို တော်လှန်ရေးနှင့် လျော်ညီသော အဂါင်္ရပ်များ ပြည့်စုံရမည် ဖြစ်သည်။ လေ့လာ ဆန်းစစ်ချက်များ အရ လူထုတော်လှန်ရေး ပုံစံ အဂါင်္ခြောက်ရပ်နှင့် ညီသော တော်လှန်ရေးများ (ဥပမာ- အင်ဒိုချိုင်းနား၊ အယ်ဂျီးရီးယား၊ ကျူးဘား) တွင် လူထုမှ အောင်ပွဲ ခံနိုင်ခဲ့ပြီး၊ အဂါင်္ခြောက်ရပ် ပြည့်စုံအောင် မဖန်တီးနိုင်ခဲ့သော တော်လှန်ရေးများ (ဂရိ၊ မလေး၊ အင်ဒိုနီးရှား) တွင်မူ အောင်ပွဲရရန် နှောင့်နှေးခဲ့ရသည်။

အဆိုပါ လူထုတော်လှန်ရေး အင်္ဂါခြောက်ရပ်မှာကား
(၁) တော်လှန်ရေးအလားအလာ
(၂) တော်လှန်ရေးအခြေအနေ
(၃) တော်လှန်ရေး ဦးဆောင်မှုနှင့် ဦးဆောင်အဖွဲ့အစည်း
(၄) လူထုပံ့ပိုးမှု
(၅) အားသာချက်ရှိသော ပထ၀ီဝင် နိုင်ငံရေးအခြေအနေများ
(၆) စစ်မျက်နှာအားလုံးတွင် စနစ်ကျသော ပူးပေါင်းဆောင်ရွက်မှု စသည်တို့ဖြစ်ကြသည်။

(၁) တော်လှန်ရေးအလားအလာ
တိုင်းပြည်တပြည်တွင် အုပ်ချုပ်သူအစိုးရမှ ပြည်သူလူထုအား မတရားဖိနှိပ် ချုပ်ခြယ်မှုများ ပြုလုပ်သော အခါ၊ တိုင်းသူပြည်သားများတွင် မိမိတို့၏ နိုင်ငံရေးနှင့် စီးပွားရေးရာ အမြင်များကို လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့် မရှိသောအခါ၊ တိုင်းပြည် အုပ်ချုပ်မှု မူဝါဒများသည် လူ့ဘောင်တွင် ဖြစ်ပေါ်နေသော ပြောင်းလဲမှုများဖြင့် မကိုက်ညီသော အခါနှင့် အုပ်ချုပ်မှု စနစ်နှင့် အုပ်ချုပ်သူများတွင် ပြည်တွင်း အခြေအနေ ယိုယွင်း ပျက်စီးမှုများကို ပြုပြင်နိုင်သော စွမ်းရည်များ မရှိသောအခါ တော်လှန်ရေး အလားအလာ တရပ်သည် ပေါ်ပေါက် လာရစမြဲသာ ဖြစ်သည်။

လူ့ဘောင်တရပ်တွင် ထိုသို့သော တော်လှန်ရေး အလားအလာ အမြစ်တွယ်နေပြီ ဆိုပါက ဒုတိယ အင်္ဂါရပ်ဖြစ်သော တော်လှန်ရေး အခြေအနေတခု ပေါ်ပေါက် လာရန် လိုအပ်သည်။ အထွေထွေ သပိတ်များ၊ အာဏာ ဖီဆန်မှုများသည် အဆိုပါ တော်လှန်ရေး အခြေအနေတခု ပေါ်ပေါက်လာစေရန် မြှင့်တင်ပေးသော နည်းလမ်းများ ဖြစ်ကြသည်။

(ဆက်လက်ဖော်ပြပါမည်)

Ref: ခင်မမမျိုး (၃၀၊ ၈၊ ၂၀၀၈)

Read More...

အခွံသာကျန်တဲ့ သေနတ်စုတ်

နိုင်ငံတိုင်း၊ နိုင်ငံတိုင်းတွင် စစ်ရေးအင်အား၊ စီးပွားရေး အင်အား တည်ဆောက်မှုသည် အရေးကြီးပါသည်။ ထို အင်အားနှစ်ရပ်သည် အပြန်အလှန် ဆက်စပ်နေပြီး၊ အင်အား နှစ်ရပ်လုံး တပြိုင်နက် ကြီးထွားလာစေရန်မှာ အလွန်ပင် ခက်ခဲသကဲ့သို့ မည်သည့် အင်အားကို စတင် တည်ဆောက်ရမည် ဆိုသည်မှာလဲ နိုင်ငံအုပ်ချုပ်သူ အစိုးရတရပ်အတွက် အလွန်ပင် ခက်ခဲနက်နဲစေသည့် ဆုံးဖြန်ချက် တရပ်ဖြစ်ပါသည်။

အချို့ သော နိုင်ငံများကတော့ စီးပွားရေး အင်အားကို စတင် တည်ဆောက်ပြီး၊ စီးပွားရေး တောင့်တင်း လာသော အခါတွင်မှ စစ်ရေး အင်အား တိုးချဲ့မှုကို ပြုလုပ်ကြပြီး၊ အချို့ နိုင်ငံများ ကတော့ စစ်ရေးအင်အားကို စတင် တည်ဆောက်ကြသည်။ အမေရိကန်၊ တရုတ် စသော အင်အားကြီး နိုင်ငံများသည် ပထမ အမျိုးအစားတွင် ပါဝင်ပြီး၊ ဆိုဗီယက်ယူနီယံ၊ မြောက်ကိုးရီးယား စသည့် နိုင်ငံများမှာ ဒုတိယ အမျိုးအစားတွင် ပါဝင်ကြလေသည်။ မည်သူတွေ အောင်မြင်၍ မည်သူတွေ ဆုံးရှုံးခဲ့ကြသနည်း။ သမိုင်းက အဖြေပေးခဲ့သည်။ ဆက်လက်၍လဲ အဖြေတွေ ပေးနေပေလိမ့်ဦးမည်။

စစ်ရေးအင်အားဆိုသည်မှာ အခြားနိုင်ငံများအပေါ်တွင် စစ်ရေးနည်းနှင့် ပြဿနာများကို ဖြေရှင်းနိုင်ရန် စွမ်းရည်ရှိသော (၀ါ) စစ်အင်အားဖြင့် ခြိမ်းချောက် ထားနိုင်သော အင်အား တရပ်ဖြစ်ပြီး၊ လက်နက်အင်အား၊ လူအင်အား၊ လေ့ကျင့်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ သက်လုံကောင်းမှု စသည်တို့နှင့် တိုင်းတာနိုင်သည်။ စီးပွားရေး အင်အားဆိုသည်ကား စီးပွားရေးနည်းဖြင့် အခြား နိုင်ငံများအား လွှမ်းမိုးထားနိုင်သည့် စွမ်းရည်ရှိသော အင်အား တရပ်ဖြစ်ပြီး၊ ရေမြေ အနေအထား၊ သဘာဝ သယံဇာတ၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေးစနစ်၊ ကျန်းမာရေး စနစ် စသည်တို့ဖြင့် တိုင်းတာနိုင်သည်။ စစ်ရေးအင်အား တိုးချဲ့မှု အတွက် အဓိကကျသော အခရာမှာ စစ်လက်နက်ပစ္စည်း ထိုလက်နက် ပစ္စည်းများကို နိုင်ငံတာဈေးကွက်တွင် ခိုင်မာတောင့်တင်းသော ငွေကြေးဖြင့် ၀ယ်ယူရပါသည်။ စီးပွားရေးအင်အား တောင့်တင်းပြီးသော နိုင်ငံများ အတွက် သိပ်အရေး မကြီးလှသော်လည်း ဖွံ့ဖြိုးဆဲ တိုင်းပြည်များ အတွက်ကား စစ်အင်အား တိုးချဲ့ခြင်းကို စတင်သည်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးသွားစေတော့သည်၊ “ငွေတကျပ်နှင့် ငါးကြင်းခေါင်း ကိုင်၍ မရ“ ဟူသော အဆိုပင် ရှိသည်မဟုတ်လား။ စီးပွားရေး မတောင့်တင်းပဲ စိန်၊ ရွှေ ၀ယ်ဝတ်လျှင် အကြွေးများပြီး၊ မိသားစု တစုလုံး ရေသောက် ဗိုက်မှောက်ရကိန်း နှင့် ကြုံတတ်ပါသည်။ ထိုနည်းနှယ်နှယ်ပင်။ စစ်အေးကာလ အင်အားကြီး နိုင်ငံနှစ်ခုဖြစ်သော အမေရိကန်နှင့် ဆိုဗီယက် ယူနီယံတို့အား လေ့လာကြည့်ကြပါစို့။

၁၉၇၀ နှစ်လယ်ပိုင်းကာလအထိ အမေရိကန်နိုင်ငံ၏ စစ်ရေး တည်ဆောက်မှုမှာ စီးပွားရေး အခြေအနေ တိုးတက်မှု မရှိသေးသဖြင့် အောင်မြင်မှု သိပ်မရှိခဲ့ပေ။ ၁၉၈၀နှစ်ပိုင်း ကာလများတွင်ကား တိုးတက်လာသော စီးပွားရေး အင်အားနှင့်အတူ စစ်ရေး အင်အားများမှာလဲ ပိုမိုတိုးတက်လာခဲ့သည်။

သမ္မတရေဂင်၏ အုပ်ချုပ်မှုကာလ (၁၉၈၁-၁၉၈၉) ကာလများတွင် အမေရိကန်၏ စစ်အသုံး စရိတ်များ တိုးမြင့်ခဲ့ပြီး Strategic Defense Initiative ပရောဂျက်ကို အကောင်အထည် ဖော်နိုင်ခဲ့သဖြင့် မော်စကိုကို အောင်ပွဲခံကာ စစ်အေးတိုက်ပွဲ အဆုံးသတ်ခဲ့ရသည်။ ထိုပရောဂျက်ကို စစ်အင်အား၊ စီးပွားရေး အင်အား နှစ်ဖက်ညှပ်၍ အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်တို့ အဆိုပါပရောဂျက် စတင်စဉ်၍ ဆိုဗီယက်တို့ကလဲ အားကျမခံ တုံ့ပြန်ခဲ့ပုံမှာ ဆိုဗီယက် စစ်တပ်သည် သိပံပညာရှင်များ အပါအ၀င် ပညာတတ် လူတန်းစားများ ပါသော စစ်အင်အားကို ၁၀သန်းအထိ တိုးချဲ့ ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံ၏ ဂျီဒီပီ (၂၅) ရာနှုန်းမှာ စစ်အင်အား အတွက်ဖြစ်ပြီး၊ တနိုင်ငံလုံးမှ စက်ရုံ၊ အလုပ်ရုံများ၏ တ၀က်ခန့်မှာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်မှုကိုသာ ဇောင်းပေးခဲ့သည်။ စီးပွားရေး အင်အား တိုးချဲ့မှုသည် ဒုတိယ နေရာသို့ ရောက်ရှိသွားသည်။

ရလာဘ်ကား ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားခြင်းပင် ဖြစ်သည်။ ယနေ့ကမ္ဘာ၏ စစ်ပွဲများသည် စစ်အင်အား တခုတည်းနှင့် မပြည့်စုံနိုင်တော့ပါ။ စစ်အင်အားဖြင့် တိုက်သည့် စစ်ပွဲများလဲ ရှားပါး လာခဲ့လေပြီ။ စီးပွားရေး အင်အားဖြင့် တိုက်သည့် စစ်ပွဲများခေတ်သို့ ဦးတည် လာခဲ့လေပြီ။ နိုင်ငံအနှံ့ ထိုစစ်ပွဲများအတွက်သာ ပြင်ဆင် ကြိုးပမ်းနေကြသည်။

အဆိုပါကာလမျိုးတွင် ကျွနုပ်တို့ မြန်မာပြည်၏ အုပ်ချုပ်သူ အစိုးရ အဖွဲ့ဝင်များ ဘာလုပ် နေကြသည် ထင်ပါသနည်း။ အနှစ်နှစ်ဆယ် ကာလအတွင်း စစ်သည်အင်အား တသိန်းကျော်မှ လေးသိန်းကျော် ဖြစ်လာပါသည်။ တပ်ရင်းတပ်မများ၊ တိုင်းစစ်ဌာနချုပ်များ တိုးချဲ့ ဖွဲ့စည်းလာသည်။ စစ်သင်တန်း ကျောင်းများ အဆမတန် များပြားလာသည်။ ရေတပ်၊လေတပ် လက်နက် အင်အားများ တိုးချဲ့ထားသည်။ ထောင်ပေါင်း များစွာသော စစ်အရာရှိများအား ရုရှား၊ အင်ဒိုနီးရှား၊ အစ္စရေး စသော တိုင်းပြည်များသို့ ပို့၍ နူကလီးယား သင်တန်း၊ စစ်ဦးစီး သင်တန်းများ၊ လက်နက်ရေးရာ ကျွမ်းကျင် သင်တန်းများ တက်ခိုင်းထားသည်။

ရာပေါင်းများစွာသော အေးဂျင့်များကို ပြည်ပ နိုင်ငံများသို့ လွှတ်၍ ထောက်လှမ်းရေး တာဝန်များ သာမက တရားမ၀င် ငွေလွှဲပြောင်းမှုများ၊ လက်နက် ၀ယ်ယူမှုများ၊ ပြည်တွင်းသို့ လျှို့ ဝှက် တင်သွင်းမှုများ ပြုလုပ်ရန် စေခိုင်းထားသည်။ စစ်အသုံးစရိတ် အသုံးများသော နိုင်ငံများ စာရင်းတွင်လဲ ရှေ့ပိုင်းစာရင်းမှ ပါဝင်နေပြီ။
မြန်မာပြည်၏ စစ်အင်အားကတော့ ထိုသို့ရှိပါသည်။

သို့ပေမယ့် အခြားတဘက်က စီးပွားရေးအင်အားကို ကြည့်လိုက်လျှင်ကား
တိုင်းပြည် တခုလုံး၏ စီးပွားရေးသည် ချွတ်ခြုံကျနေသည်မှာ စားစရာ မရှိ၍ ငတ်သေသည့် လူထုပင် ရှိနေပြီ။ ငွေကြေး ဖောင်းပွနှုန်းများက အဆမတန် တက်လာသည်။ ပညာရေး ဆိုသည်မှာ နိုင်ငံတကာကပင် အသိအမှတ်ပြု လက်ခံခြင်း မရှိတော့။ ကျန်းမာရေးဘက် ကြည့်လိုက်လျှင်လဲ ဆေးရုံတွင် ဆေးမရှိ၍ လူနာဘေး ငုတ်တုတ်ထိုင်ကာ သေမည့်အချိန် စောင့်ပေး နေရသော ဆရာဝန်များပင် ပေါ်ပေါက်လာခဲ့ပြီ။ အာဏာမြဲလျှင် ပြီးရောဆိုကာ ငြိမ်းအဖွဲ့များအား ပါမစ်များ စည်းမရှိ၊ ကမ်းမရှိ ထုတ်ပးထားမှု၊ ခေတ်ပျက်သဌေး များအား ရောင်းလို့ရတာ အကုန်ရောင်း ပေါ်လစီချကာ အာဏာရှင် မိသားစုများအတွက် ငွေရှာခိုင်းမှု စသည်တို့ကြောင့် သဘာဝ သယံဇာတများလဲ ကုန်သလောက် ရှိနေပြီ။

အိုင်တီနည်းပညာတိုးတက်မှု ရှိနေပေမယ့် နည်းပညာများကို စစ်အာဏာရှင် ယန္တရား လည်ပတ်ရေး အတွက်သာ ပိုမိုဇောင်းပေး အငုံးချထားသဖြင့် တိုင်းပြည် တိုးတက်ရေးကို အထောက်အကူ မပြုပဲဖြစ်နေသည်။ မည်သည့် စီးပွားရေး အင်အား ပြသော နှုန်းထားများ အကောင်း ကျန်ပါသေးသနည်း။ စီးပွားရေး အင်အားမှာ အပေါင်းမဟုတ်ပဲ အနုတ် လက္ခဏာသာ ထွက်နေရတော့သည်။
စီးပွားရေးအင်အား မတောင့်တင်းပဲ စစ်ရေးအင်အားချည်း သက်သက်သာ ဆက်လက် တည်ဆောက် နေလျှင်တော့ “အခွံသာကျန်တဲ့ သေနတ်စုတ်“ ကဲ့သို့သာ ဖြစ်လာမည်မှတပါး အခြား မရှိပါကြောင်း။

Ref: ခင်မမမျိုး

Read More...

Friday, February 27, 2009

သံလျင်မှာ ရွေးကောက်ပွဲအတွက် ခြေလှမ်း

သန်းထိုက်ဦး
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 27 2009

ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံရေးပါတီတခုအဖြစ် ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်း သံလျင်မြို့တွင် လိုက်လံ စည်းရုံးသူများ ပေါ်ထွက်လာသည်။

ယခုလ ၂၅ ရက်နေ့က အဖွဲ့ဦးဆောင်သူ ၁၀ ဦးခန့်က ပါတီသင်္ကေတ ကဒ်ပြားများကို မြို့ထဲတွင် လိုက်လံ ဝေငှကာ စည်းရုံးရေး ဆင်းနေခြင်း ဖြစ်သည်။

“ချမ်းမြေ့ လက်ဖက်ရည်ဆိုင် အပေါ်ထပ်မှာ သူတို့တွေ တွေ့တယ်။ တွေ့ပြီးတော့မှ သူတို့ဟာ (မြန်မာ) လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီ ဆိုပြီးတော့ အဲဒီ အနီရောင်ကဒ် ပေါ်မှာ အဖြူရောင် ကြယ်တလုံး ရိုက်ထားတယ်။ ပါတီဝင် ကဒ်ပြား ပုံစံလိုမျိုး ထုတ်ပေးတယ်” ဟု သံလျင်ဒေသခံ ကိုသုခအောင်က မဇ္ဈိမကို ပြောသည်။

ပါတီ အမည်ကိုမူ ကဒ်ပြားပေါ်တွင် ရေးထိုးထားခြင်း မရှိသော်လည်း နှုတ်မှ ထုတ်ဖော် ပြောကြား ခဲ့ကြခြင်း ဖြစ်သည်ဟု သူက ထပ်ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလက တည်ထောင်ခဲ့ပြီး စစ်အစိုးရ၏ ဖျက်သိမ်းခြင်း ခံရသော လူ့ဘောင်သစ် ဒီမို ကရက်တစ် ပါတီ အမည်နှင့် ဆင်တူရိုးမှား ဖြစ်နေသည့် မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်သွားမည်ဟု စည်းရုံးသူတို့က ပြောဆိုခဲ့ကြသည်ဟု ဒေသခံများက ထုတ်ပြောကြသည်။

သို့သော်လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ မထွက်သေးသဖြင့် တရားဝင် ပါတီထောင်ရေးမှာ မဖြစ်နိုင်သေးဟု ရန်ကုန် နိုင်ငံရေး လှုပ်ရှားသူများက ပြောသည်။

အဖွဲ့ကို ဦးဆောင်နေသူဟုဆိုသော ဦးဇင်အောင်သည် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင် ဖြစ်ခဲ့ဖူးပြီး ၈၈ မျိုးဆက်သစ် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) အဖွဲ့တွင်လည်း ယခင်က ပါဝင်ခဲ့ဖူးသည်။

Ref: မဇ္ဈိမ

Read More...

ယခုနှစ်အတွက် ပထမ 'လေးလပတ်အစည်းအဝေး' ကျင်းပရန် စစ်အစိုးရ ပြင်ဆင်နေ

မုံပီး
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ 26 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရသည် ၂ဝဝ၉ ခုနှစ်အတွက် ပထမဆုံး လေးလပတ် အစည်းအဝေးကို မတ်လ ဒုတိယ အပတ်အတွင်း ကျင်းပရန် ပြင်ဆင်နေသည်။

ဤအစည်းအဝေးတွင် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အစီအစဉ် များအပါအဝင် ကိစ္စရပ် အမြောက်အမြားကို ဆွေးနွေးဖွယ် ရှိသည်ဟု စစ်ဘက် သတင်းရပ်ကွက်များက ပြောသည်။

ဤအစည်းအဝေးပြီးလျှင် ဗိုလ်ချုပ်ကြီးများသည် ၂ဝ၁ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ဥပဒေကို ကြေညာဖွယ် ရှိသည်ဟုလည်း အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

ဤလေးလပတ် အစည်းအဝေးများသည် စစ်တိုင်းမှုးများ၊ တပ်မဟာမှုး များနှင့် ဝန်ကြီးဌာန များမှ ညွှန်ကြားရေးမှုး ချုပ်များပါ စုံညီစွာ တက်ရောက်သော အစည်းအဝေး ဖြစ်သည်။ ဤအစည်းအဝေး များကို နေပြည်တော်တွင် ကျင်းပလေ့ရှိပြီး တိုင်းပြည် တဝှမ်းမှ အရာရှိကြီး တက်ရောက်လေ့ ရှိသည်။

သို့သော် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာ သုံးသပ်သူ ဦးအောင်ကျော်ဇော ကမူ ဤအစည်းအဝေး၌ ဆွေးနွေးအပြီးတွင် ဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲဥပဒေကို ကြေညာရန် ရာခိုင်းနှုန်း များသော်လည်း စစ်တပ်ထဲမှ အစိတ်အပိုင်း တချို့၊ အထူးသဖြင့် အသက်ကြီးပိုင်းက ရွေးကောက်ပွဲဥပဒေ ကြေညာခြင်းကို နောက်ထပ် ရွှေ့ဆိုင်းထားသင့်သည်ဟု ယူဆနေကြသည်။

“အောင်သောင်းနဲ့ ကျော်ဆန်းလိုလူတွေက ရွေးကောက်ပွဲ ဥပဒေကို အခု ကြေညာ သင့်တယ်လို့ ထင်တယ်။ သူတို့က သူ တို့ဘက်က လုံလုံ လောက်လောက် ပြင်ဆင်မှု ရှိထားပြီလို့ သေချာပေါက် တွက်နေတာ” ဟု စစ်အစိုးရ၏ စက်မှု (၁) ဝန်ကြီးနှင့် ပြန်ကြားရေး ဝန်ကြီးတို့ကို ရည်ညွှန်းကာ သူက ပြောကြားသွားခဲ့သည်။

သို့သော် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က စစ်တပ်မှ ရှုံးနိမ့်ခဲ့ရသည်ကို ကြုံထားရဖူးသည့် စစ်တပ်ထိပ်တန်း ခေါင်းဆောင် နှစ်ဦးဖြစ်သော ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကမူ အတိုက်အခံများကို ပြင်ဆင်ချိန် အကန့်အသတ်နှင့်သာ ပေးနိုင်ရန်အတွက် ဥပဒေ ကြေညာခြင်းကို ရွှေ့ဆိုင်းထားသင့်သည်ဟု ယူဆကြသည်။

“ဒီကိစ္စက အခု လေးလပတ် အစည်းအဝေးမှာ သူတို့ ဆွေးနွေးနိုင်တဲ့ အကြောင်းအရာပဲ” ဟု သူက ဆက်ပြောသည်။

စစ်တပ်သည် ဤ လေးလပတ်အစည်းအဝေး ၃ ခုကို နှစ်စဉ် ဇန်နဝါရီ၊ မေနှင့် စက်တင်ဘာ လများတွင် ကျင်းပလေ့ရှိသည်။ သို့သော် ၂ဝဝ၈ ခုနှစ်အတွင်း စစ်တပ်က မေလတွင် ကျင်းပရမည့် အစည်းအဝေးကို ၂ ကြိမ် ဖျက်သိမ်းခဲ့သည်။ အလားတူပင် နောက်ဆုံး ကျင်းပရမည့် လေးလပတ် အစည်းအဝေးကိုလည်း နိုဝင်ဘာလတွင် ပြောင်းလဲ ကျင်းပခဲ့သည်။

“ကျနော့် သဘောပြောရရင် ဒီလေးလပတ် အစည်းအဝေးတွေက အနှစ်သာရ မရှိတော့ပါဘူး။ ထိပ်တန်း စစ်တပ် ခေါင်းဆောင် အနည်းငယ် လောက်ကပဲ သူတို့ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ၊ စီမံကိန်းတွေကို လက်အောက် အရာရှိတွေကို ချပြတဲ့ အစည်းအဝေး ဖြစ်နေတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

သူ့အဆိုအရ ထိပ်တန်းစစ်ခေါင်းဆောင် ၅ ဦးဖြစ်သော ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ၊ ဒုဗိုလ်ချုပ်မှုးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဝန်ကြီးချုပ် သိန်းစိန်နှင့် အတွင်းရေးမှုး (၁) သီဟသူရ တင်အောင်မြင့်ဦးတို့သည် အစည်းအဝေး မတိုင်ခင် ကြိုတင် တွေ့ဆုံ ဆွေးနွေးကြပြီး လေးလပတ် အစည်းအဝေး မတိုင်ခင်ပင် အဓိကကျသော ဆုံးဖြတ်ချက်များကို ကြိုတင် ချမှတ်ထားကာ အစည်းအဝေးသို့ တက်ရောက်လာသည့် လက်အောက် အရာရှိများကို သူတို့၏ ရှေ့ အစီအစဉ်များ ရှင်းလင်းပြခြင်းသာ လုပ်သည်ဟု ဆိုသည်။

“အကြံပေးတာ၊ ဆွေးနွေးတာ ဒီအစည်းအဝေးမှာ နဲနဲပါးပါးတော့ လုပ်တယ်။ ဒါပေမဲ့ အဓိက ဆုံးဖြတ်ချက်တွေက ခုန ၅ ယောက်က အစည်းအဝေး မတိုင်ခင်ကတည်းက ကြိုချထားပြီးပြီ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

တပ်တွင်းနေရာ အရွှေ့အပြောင်း အများစုသည် ဤလေးလပတ် အစည်းအဝေးများ အတွင်း ဖြစ်ပွားလေ့ရှိပြီး၊ ထို လေးလပတ် အစည်း အဝေးများထဲမှ နောက်ဆုံးဖြစ်သော စက်တင်ဘာလတွင် ကျင်းပသော အစည်းအဝေးသည် အရေး အပါဆုံးဖြစ်ကာ၊ စစ်တပ်အတွင်း အဓိက ကျသော နေရာ အပြောင်း အရွှေ့များကို အမြဲ ကြေညာလေ့ရှိသည်ဟု စစ်ရေး အကဲခတ် အများစုက ပြောကြသည်။

Ref: မဇ္ဈိမ

Read More...

ရွှေတြိဂံမှာ မူးယစ်ဂိုဏ်းနဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်

ကိုဝိုင်း
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 27 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ရွှေတြိဂံဒေသ အတွင်းရှိ မြန်မာနိုင်ငံ ရှမ်းပြည်နယ် မိုင်းဖုန်း ဒေသအတွင်း မြန်မာစစ်တပ်နှင့် ဒေသအတွင်း လှုပ်ရှားနေသော မူးယစ်ဂိုဏ်း တခုအကြား ယခုလ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။


ခြေမြန်တပ်ရင်း ၅၂၆၊ ၃၅၉ တပ်ဖွဲ့ဝင်များနှင့် ကွယ်လွန်သွားပြီဖြစ်သော ဘိန်းရာဇာ ခွန်ဆာ၏ အမ်တီအေ တပ်မှ လက်ကျန် စိုင်းနော်ခမ်း တပ်ဖွဲ့ဝင်များ အကြား ဖြစ်ပွားခဲ့သည်။

“နအဖ ဘက်က ခမရ ၅၂၆ နဲ့ ၃၅၉။ တိုက်ပွဲက မိုင်းဖုန်းတိုက်နယ်ထဲမှာ ဖြစ်တာ။ သူ့ (စိုင်းနော်ခမ်း) ကို အခုထိ မမိသေးဘူး။ သူနဲ့အတူ အင်အား ၃၀-၄၀ လောက်နဲ့ ပါသွားတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်တောင်ပိုင်း တပ်မတော် (SSA-S) ပြောခွင့်ရသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင် ကလည်း အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး “အဲဒီဘက်မှာ တိုက်ပွဲဖြစ်တာက အမ်တီအေ အကြွင်းအကျန် စိုင်းနော်ခမ်းတို့ တပ်ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်တယ်လို့ပဲ ကြားသိရပါတယ်။ အဲဒီ သတင်းကို ဒီလ ၂၂ ရက်လောက်တုန်းက ကြားသိရတာပါ။ ဖြစ်တဲ့နေရာက ရွှေတြိဂံဂွင်ထဲက မိုင်းဖုန်းရဲ့ အပေါ်ပိုင်း ဝမ်းပုံရွာဘေးနားမှာလို့ ပြောပါတယ်” ဟု သူက ပြောသည်။

တိုက်ပွဲကြောင့် မဲခေါင်မြစ်အတွင်း ဖြတ်မောင်းနေသည့် တရုတ်သင်္ဘော တစီးကို လက်နက်ကြီး ထိမှန်ခဲ့သည်ဟု ဒေသတွင်း စောင့်ကြည့် လေ့လာနေသူများက ပြောသည်။ တရုတ် သင်္ဘောသားတဦး သေဆုံး၍ သုံးဦး ဒဏ်ရာ ရသွားသည်ဆိုသော သတင်းများ ပေါ်ထွက်နေသည်။

စိုင်းနော်ခမ်းသည် ယခင်က တာချီလိတ်မြို့ပေါ်တွင် နေခဲ့စဉ်ကတည်းက မူးယစ်ဆေးလုပ်ငန်း လုပ်ကိုင်နေသူ ဖြစ်ပြီး ဒေသခံ အာဏာပိုင်များနှင့် နီးစပ် ခဲ့သော်လည်း နောက်ပိုင်း၌ မူးယစ်ဆေး အမြောက်အမြားနှင့် လက်နက်များ ဖမ်းမိသွားရာမှ ထွက်ပြေး ခဲ့ရသူဖြစ်သည်ဟု ဦးစိန်ကြည်က ပြောသည်။

ယခုအခါ မြန်မာ၊ ထိုင်းနှင့် လာအိုတို့ ထိစပ်ရာ ရွှေတြိဂံဒေသ မြန်မာဘက် မိုင်းဖုန်း တိုက်နယ်အတွင်း၌ မူးယစ်ဆေးနှင့် ကုန်သည်များထံမှ ဆက်ကြေး ကောက်လျက်ရှိပြီး သူ၏ လက်နက်ကိုင်များကို ဒေသခံ ရွာသားအများစုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ မြောက်ဘက် ဝနှင့် မိုင်းလားဒေသများဘက်မှ ထိုင်းနှင့် လာအိုနိုင်ငံများသို့ တင်သွင်းမည့် မူးယစ် ဆေးဝါးများအား မဲခေါင်မြစ် တလျှောက် တရုတ်သင်္ဘောများနှင့် ခိုးသယ်လာလေ့ရှိပြီး၊ စိုင်းနော်ခမ်းတို့ အဖွဲ့က ကြိုတင် သတင်းရရှိလျှင် တားဆီး၍ အခွန် ကောက်လေ့ရှိကြောင်း အခွန်မရပါက ပစ်ခတ်လေ့ရှိကြောင်း ဦးစိန်ကြည်က ပြောသည်။

ရွှေတြိဂံနယ်မြေအတွင်း၌ ထိုင်း၊ လာအို၊ တရုတ်နှင့် မြန်မာက ၄ နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းနှိမ်နင်းရေး စီမံကိန်းများ လုပ်ဆောင်နေသည်။

စိုင်းနော်ခမ်းသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မဲခေါင်မြစ်အတွင်း ကင်းလှည့်နေသော တရုတ် စစ်သင်္ဘောကို ပစ်ခတ်ခဲ့ဖူးပြီး၊ တရုတ်အရာရှိ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သျှမ်းသံတော်ဆင့် သတင်းတွင် ဖော်ပြထားသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု စစ်အစိုးရကို တရုတ် ကူညီနေသည့် အတွက် အဓိက မအောင်မြင်

NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း အချက် (၅) ချက် ရှိကြောင်း သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် မြန်မာ-အမေရိကန် ဆက်ဆံရေး အစီရင်ခံစာ တစောင်တွင် ဖော်ပြ သုံးသပ်ထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန် ကွန်ဂရက်ဆိုင်ရာ သုတေသနဌာန စာတမ်း တခုအသွင်ဖြင့် ၂၀၀၈ ခု ဇွန်လတွင် ကွန်ဂရက်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစီရင်ခံစာပါ အချက်များကြောင့် အိုဘားမား အစိုးရက မြန်မာ နိုင်ငံအပေါ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှု ပေါ်လစီကို ပြန်သုံးသပ်ဖို့ ဆုံးဖြတ်ခြင်း ဟုတ်မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရပေ။

ပထမအချက်အနေနှင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု အတိုင်းအတာ မတူသည့်အပေါ် မြန်မာစစ်အစိုးရ အမြတ်ထုတ်သွား နိုင်ခဲ့သည်ဟု ထောက်ပြထားသည်။

“မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ရာတွင် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုမှာ အကျယ်ပြန့်ဆုံး ပေါ်လစီဖြစ်သည်။ အီးယူ၊ ဂျပန်နှင့် သြစတြေးလျ နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုမှာ အကန့်အသတ်နှင့် သာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု စသည်တို့ လုံးဝ ဖြတ်တောက်ခြင်းမျိုး မဟုတ်ပေ။

မြန်မာနိုင်ငံအပေါ် အီးယူက ဒဏ်ခတ်ပိတ်ဆို့ရာတွင် စစ် ခေါင်းဆောင်များအား ဗီဇာပိတ်ပင်ခြင်း၊ လက်နက် ရောင်းချခွင့် ပိတ်ပင်ခြင်း၊ အီးယူနိုင်ငံများရှိ စစ်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုကို ထိန်းချုပ်ခြင်း၊ အထည်ချုပ် လုပ်ငန်းများ အခွန် ကင်းလွတ်ခွင့် ပိတ်ပင်ခြင်း စသည်တို့ ဖြစ်ပြီး မြန်မာကုန်စည်များ အီးယူနိုင်ငံများသို့ တင်သွင်းခွင့် သို့မဟုတ် မြန်မာနိုင်ငံတွင် အီးယူ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှု တို့ကိုမူ ပိတ်ပင်ခြင်း မရှိပေ။” ဟု အစီရင်ခံစာ၌ ဖော်ပြထားပြီး အင်္ဂလန်၊ ဂျပန်တို့ မြန်မာနိုင်ငံနှင့် မည်သို့ ဆက်ဆံနေသည်ကို ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများဖြင့် အသေးစိတ် ရှင်းလင်းထားသည်။

မြန်မာစစ်အစိုးရသည် မြန်မာထွက်ကုန်များကို အာရှနိုင်ငံများ သာမက အခြားနိုင်ငံ များသို့ပါ တင်ပို့ ရောင်းချ နေနိုင်ခြင်းသည်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စီးပွားရေး ဒဏ်ခတ်မှု မအောင်မြင်ရခြင်း ဒုတိယအချက်ဟု အစီရင်ခံစာမှာ ရေးထားသည်။

အစီရင်ခံစာ၌ “၂၀၀၄ နှင့် ၂၀၀၅ ခုတွင် သဘာဝဓာတ်ငွေ့ ရောင်းချရာမှ မြန်မာစစ်အစိုးရ ၀င်ငွေမှာ ဒေါ်လာသန်း (၁,၀၀၀) ရှိသည်ဟု မှန်းထားသည်” ဟု ရေးထားပြီး မည်သည့်ကုမ္ပဏီများ ရေနံနှင့် သဘောဝဓာတ်ငွေ့ ရှာဖွေရေးတွင် လုပ်ကိုင်နေကြောင်း အသေးစိတ် ရှင်းထားသည်။

ထို့ပြင် မူးယစ်ဆေး မှောင်ခိုရောင်းချမှုမှ ရသည့် မြန်မာနိုင်ငံ၏ ၀င်ငွေမှာ တနှစ်ကို ဒေါ်လာသန်း (၁,၀၀၀) မှ ဒေါ်လာသန်း (၂,၀၀၀) ကြားရှိသည်ဟု ထောက်ပြသည်။ အထူးသဖြင့် မြန်မာ စစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ ခေါင်းဆောင်းများကြား နားလည်မှု ယူထားရာတွင် ဘိန်းကိုသာ အထွက်လျော့အောင် လုပ်ပေးလျင် ၀တွေ မက်တာ အဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်မှုကို ကြိုက်သလောက် တိုးချဲ့ ထုတ်လုပ်ခွင့်ပေးထားသည်ဟုပါ အစီရင်ခံစာမှာ ဖော်ပြထားသည်။

တတိယ အချက်အနေနှင့် ဒဏ်ခတ်မှုနှင့် သံတမန်ရေး ဖိအားကို လျော့ပါးစေသည့် အာဆီယံ နိုင်ငံများ၏ အပြုသဘော ဆောင်သည့် ဆက်ဆံရေး သည်လည်း မြန်မာ စစ်အစိုးရအပေါ် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု မအောင်မြင် ရခြင်း ဖြစ်သည်ဟု အကျယ်တ၀င့် ရှင်းထားသည်။

စတုတ္တ အချက်လည်းဖြစ် ဒဏ်ခတ်မှု မအောင်မြင်ခြင်း၏ အဓိက အချက်လည်း ဖြစ်သည့် အချက်မှာ မြန်မာနိုင်ငံအပေါ် တရုတ်က စီးပွားရေးနှင့် စစ်ရေး ကူညီနေခြင်းဖြစ်သည်ဟု ကောက်ချက် ဆွဲထားပြီး အထောက် အထားများနှင့်တကွ အကျယ်တ၀င့် ရှင်းပြထားသည်။

ပဉ္စမအချက်ဟု ပြောနိုင်စရာရှိသည့်အချက်မှာ စီးပွားရေးလုပ်ငန်းများ ချုပ်ကိုင် ထားသည့် ထိပ်ပိုင်း စစ်ဘက် အရာရှိများနှင့် ၄င်းတို့ မိသားစုများ အတွက် ၀င်ငွေရအောင် စစ်အစိုးရက လုပ်ပေး နေနိုင်သည့် အချက်ဟု ထောက်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

ဗိုလ်ချုပ်ကြီးသိန်းစိန် အာဆီယံစည်းဝေး တက်မည် မြန်မာ ရိုဟင်ဂျာ ပြဿနာ ရှောင်နေဟု စွပ်စွဲခံရ

NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉

ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပနေသည့် (၁၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ရန်အတွက် နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ယနေ့ နေပြည်တော်မှ ထွက်ခွာလာခဲ့သော်လည်း ရိုဟင်ဂျာ ပြဿနာကို မြန်မာစစ်အစိုးရ ဖြေရှင်းရမည်ဟု မလေးရှားက တောင်းဆိုထားမှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

နအဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ထိုင်းနိုင်ငံ လာရောက်ခြင်းသည် ထိုင်းဝန်ကြီးချုပ် အာဘီဆစ် ၀ိဇ္ဇာဇီဝ အာဏာရပြီး ပထမဆုံးအကြိမ် လာရောက်သည့် မြန်မာစစ်အစိုးရအဖွဲ့ဝင် ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည်။

ရိုဟင်ဂျာ ပြဿနာသည် ဒေသတွင်း ပြဿနာဖြစ်လာသည့် အလျောက် မြန်မာစစ်အစိုးရဘက်က တစုံတရာ ဖြေရှင်းစေလိုကြောင်း ယမန်နေ့ည အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ညစာစားပွဲတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီ ဒေါက်တာ ရေစ့်ယာတင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ပင်လယ်မျော ရိုဟင်ဂျာများ ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာစစ်အစိုးရဘက်က ပြဿနာကို ရှောင်ရှားနေပုံရသည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရအား ပြောဆိုရာတွင် အင်ဒိုနီးရှား နှင့် မလေးရှား ပူးပေါင်းသင့်သည်ဟုပါ ဒေါက်တာရေစ့်က ဆက်လက် ပြောဆိုသည်။

“မြန်မာစစ်အစိုးရ နားလည်ထားရမှာက ဒီပြဿနာဟာ မြန်မာ ပြဿနာဖြစ်သလို ကျနော်တို့ တတွေရဲ့ ပြဿနာလည်း ဖြစ်တယ်။ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ထွက်ခွာဖို့ အားပေး ခံရတယ်ဆိုတာ ကျနော်တို့ နားလည်ပေမယ့် တကယ့်အဖြစ်အပျက်ကို ကျနော်တို့ မသိပါဘူး။ ဒါကြောင့် ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ စစ်အစိုးရဘက်က ပွင့်ပွင့်လင်းလင်း ပြောဆို စေချင်ပါတယ်” ဟု ဒေါက်တာရေစ့်က ပြောသည်။

မြန်မာစစ်အစိုးရဘက်မူ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားဟု မယူဆသော်လည်း ပင်လယ်မျော ရိုဟင်ဂျာများအနက် မြန်မာနိုင်ငံမှာ မွေးဖွားသူများဖြစ်ကြောင်း၊ အထောက်အထားပြနိုင်သူများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဖို့ သဘောတူကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာာဆစ်က အာဆီယံ အစည်းဝေး၌ သတင်းထောက်များကို ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဝန်ကြီးဦးအောင်သောင်းအား ရိုဟင်စစ်ဆင်ရေး တာဝန်ပေး

NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉

ရိုဟင်ဂျာ ဒုက္ခသည်များ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရအပေါ် အာဆီယံနိုင်ငံ အချို့က ဖိအားပေး ပြောနေချိန်တွင် ပြန်လည်ချေပနိုင်ရန် အခြေခံ အချက်အလက်များ ရှာဖို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းအား ရခိုင်ပြည်နယ်သို့ စစ်ဆင်ရေးပုံစံဖြင့် လျှို့ဝှက် တာဝန်ပေးထားသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းမှ စပြီး ၀န်ကြီးအောင်သောင်းနှင့် အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ပြည်နယ်တခုလုံးရှိ ရိုဟင်ဂျာ ရွာများကို အသေးစိတ် စုံစမ်းနေပြီး ရိုဟင်ဂျာများ နောင် မပြန့်ပွားအောင် မည်သို့ လုပ်ကိုင်သင့်သည် စသည့်အချက်များ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက်တင်ပြရမှာ ဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

မကြာခင်ရက်ပိုင်းအတွင်း ၀န်ကြီး ဦးအောင်သောင်း ရခိုင်ပြည်နယ်သို့ ရိုဟင်ဂျာ ကိစ္စအတွက် ထပ်မံသွားရောက်ဦးမှာ ဖြစ်သည်ဟု ၄င်း၏ လက်ထောက်အရာရှိ တဦးက ပြောသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် အထောက်အထားများ အပြီးသတ် စုဆောင်းပြီးချိန်တွင် နိုင်ငံတော်လုံခြုံရေး အစည်းဝေးသို့ ဦးအောင်သောင်းက ပြန်လည်တင်ပြမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။

Ref: ခေတ်ပြိုင်

Read More...

အိုင်အယ်အိုနှင့် စစ်အစိုးရ နားလည်မှု စာချွန် သက်တမ်း တနှစ်တိုး

NEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အမှုဆောင် ညွှန်ကြားရေးမှုး Mr.Kari Tapiola နှင့် နအဖ အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်တို့ ဖေဖော်ဝါရီ (၂၅) ရက်တွင် တွေ့ဆုံခဲ့ကြပြီး (၂၆) ရက်တွင် နောက်ထပ်တနှစ်တာ အဓမ္မခိုင်းစေမှု တိုင်ကြားချက်များ ဆောင်ရွက်ရန် နောက်ဆက်တွဲ နားလည်မှု ရယူခဲ့ကြသည်ဟု နေ့စဉ်ထုတ်သတင်းစာများက ဖော်ပြခဲ့သည်။

အဆိုပါ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာသည် တိုင်ကြားသူများ၊ အဓမ္မစေခိုင်းခံရသူများ ၊ တိုင်ကြားချက်တင်ပြခြင်းနှင့် ဆက်နွယ်နေသော အခြားပုဂ္ဂိုလ်များကို နှောင့်ယှက်ခြင်း တရားစွဲဆိုခြင်း သို့မဟုတ် တနည်းနည်းဖြင့် လက်စားချေခြင်း၊ လက်တုံ့ပြန် အရေးယူခြင်းများမှ အကာအကွယ်ရရှိနိုင်ရန် အာမခံချက်ပေးထားကြောင်း ရန်ကုန် (ILO) ရုံးခွဲ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဓမ္မခိုင်းစေမှု ပပျောက်ရေးနှင့် စပ်လျဉ်းသည့် တိုင်ကြားပုံနည်းစနစ်ကို ထည့်သွင်း ဖော်ပြထားရာ ပမာဏတိုင်ကြားမှုကို ရပ်ကွက်၊ မြို့နယ် သို့မဟုတ် ခရိုင်အဆင့် ဒေသဆိုင်ရာ အာဏာပိုင်များမှ တဆင့်ပြုလုပ်နိုင်ပြီး အခြေအနေမပေးပါက အိုင်အယ်လ်အို ဆက်သွယ် ညှိနှိုင်းရေး အရာရှိနှင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။

အိုင်အယ်လ်အို ဆက်သွယ်ညှိနှိုင်းရေးအရာရှိအား ဖုန်း၊ ဖက်စ်၊ အီးမေလ်၊ စာတိုက်တို့မှ ဆက်သွယ်နိုင်သကဲ့သို့ လူကိုယ်တိုင် ဆက်သွယ်တိုင်ကြားမှုလည်း ပြုလုပ်နိုင်သည်။

အဓမ္မစေခိုင်းမှုများနှင့် စပ်လျဉ်းကာ အဓမ္မစေခိုင်းခံရသူများ (သို့) ဆွေမျိုးသားချင်းများအပြင် အခြားသက်ဆိုင်ရာ ပုဂ္ဂိုလ်များမှလည်း တိုင်ကြားနိုင်သည်။

အဓမ္မခိုင်းစေမှုတွင် တပ်သားအဖြစ် အဓမ္မစုဆောင်းခြင်းသည်လည်း အကျုံးဝင်သည်။ ရန်ကုန် (ILO) ရုံးခွဲ၏ ဆောင်ရွက်ပေးချက်ကြောင့် ကလေးစစ်သား (၂) ဦး ပြန်လည်လွတ်မြောက်လာမှုကို ခေတ်ပြိုင်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဖော်ပြခဲ့ပြီး ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

စစ်ခေါင်းဆောင်တွေကို ဘန်ကီမွန်းက အကျပ် ကိုင်ခိုင်းလို့ မရဟု ဂမ်ဘာရီပြော

NEJ /၂၆ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာ့အရေး ဆောင်ရွက်ရာမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာစစ်ခေါင်းများအား လုပ်သင့်သည်များကို အတင်းအကျပ်ခိုင်း၍မရဘဲ တိုက်တွန်းသည့်နည်း၊ ဆွဲဆောင်သည့်နည်းမျိုးဖြင့်သာ လုပ်ကိုင်နိုင်ကြောင်း မစ္စတာ ဂမ်ဘာရီက ထုတ်ဖော်ပြောဆိုသည်။

မြန်မာ့အရေး ကူညီဆောင်ရွက်ပေးရသည့် ကိစ္စသည် အပတ်တကုတ် အားထုတ်ရသည့် အလုပ်ဖြစ်ကြောင်း အချို့အသိုင်းအ၀ိုင်းများက နားလည်ပုံမရ ဖြစ်နေသည်ဟု ကုလသမဂ္ဂ သတင်းဌာနနှင့် တွေ့ဆုံရာတွင် ဂမ်ဘာရီက ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံသို့ (၇) ကြိမ်တိုင် သွားရောက်ခဲ့သော်လည်း တကြိမ်သွားတိုင်း မျှော်လင့်ချက်တွေ များနေကြောင်း သတိထားမိသည်ဟုပါ ဂမ်ဘာရီက ပြောသည်။

“အဲသလို မျှော်လင့်ချက်တွေများနေတာ ကိုင်တွယ်ဖို့ဆိုရင် ခုလိုဆောင်ရွက်နေတာဟာ ဖြစ်စဉ်သာဖြစ်ပြီး အဖြစ်အပျက် မဟုတ်ဘူးဆိုတာ မြင်တတ်ဖို့ပါပဲ။ ဒီလိုကိစ္စမျိုးကို နည်းနည်းပါးပါး ခရီးသွားလိုက်တာနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ ဖြေးဖြေးချင်း တိုးတက်မှုကို တည်ဆောက်ယူရမှာပါ” ဟု ဆက်ရှင်းပြသည်။

Ref: ခေတ်ပြိုင်

Read More...

ဧရာဝတီကို တရားစွဲမည်ဟုဆိုသည့် ဦးကျော်မြင့် နှင့် ဗွီအိုအေ အင်တာဗျူး

VOA
ဖေဖော်ဝါရီ ၂၆၊ ၂၀၀၉

VOA - ဦးကျော်မြင့်အနေနဲ့ မြန်မာနိုင်ငံမှာ တချိန်တုန်းကပေါ့နော် ကျုံယွမ်ကုမ္ပဏီနဲ့ လုပ်ငန်း လုပ်ခဲ့စဉ် တုန်းက ငွေကြေးနဲ့ စီးပွားရေး ပြဿနာတွေ အတွက် စစ်အစိုးရက နေပြီးတော့ ထောင်ဒဏ် အပြစ်ပေး ခံခဲ့ရဖူးတယ်လို့ စွပ်စွဲထားတာတွေ ရှိပါတယ်။ အဲဒါနဲ့ ပါတ်သတ်ပြီး နည်းနည်းလေး ရှင်းပြပါ။ အဲဒီအချိန်က ဘာကြောင့်မို့ ဦးကျော်မြင့် အနေနဲ့ ထောင်ဒဏ် အပြစ်ပေး ခံခဲ့ရတာလဲခင်ဗျ။

UKM - ကျနော် ၉၇ ခုနှစ်တုန်းက စစ်အစိုးရနဲ့ ပြဿနာဖြစ်တာ ငွေကြေး စီးပွားရေးပြဿနာ မဟုတ်ဘူး။ အဓိက နိုင်ငံရေးပါ။ နိုင်ငံရေးဆိုတာ ၅(ည)ပေါ့။ ကျနော်တို့ ငွေရေး ကြေးရေး စီးပွားရေး ထောင်ဒဏ်ချတာ မရှိပါဘူး။ သူတို့ ချထားတာ ၅(ည)၊ နိုင်ငံတော် ဆန့်ကျင်မှုပေါ့။ အဲဒါနဲ့ ထောင်ဒဏ်ချတာပါခင်ဗျ။

VOA - အဲဒီ ၅(ည)က ဘာ့ကြောင့်ချတာလဲ။

UKM - ကျနော် စာဖြန့်တာပေါ့နော်။ အဲဒီအချိန်မှာ စစ်အစိုးရရဲ့ အားနည်းချက်ပေါ့။ ဟို ပြည်သူ အစိုးရတခု လိုပါတယ် လို့။ စာဖြန့်တယ်။ ပြီးတော့ တချို့ ပါဝါတွေလည်း ဒေါ်အောင်ဆန်းစုကြည် တို့ကို လွဲပေးဖို့ လိုပါတယ်။ အဲဒါမျိုး စာဖြန့်တာပါခင်ဗျ။

VOA - အင်တာနက်မှာဖြန့်တဲ့ ဦးအောင်ခင်ဆိုတဲ့လူတယောက် ရေးထားတဲ့ စာမှာလည်း ဖတ်လိုက်ရပါတယ်။ ဦးကျော်မြင့်အနေနဲ့ အဲဒီအချိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်ရိုက် စကားပြောပြီးတော့ မြန်မာစစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာခွဲဝေပေးဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း တိုက်တွန်းခဲ့တယ်လို့ ရေးထားတာ တွေ့လိုက်ရတယ်။ အဲဒါ ဟုတ်ပါသလား။

UKM - ဟုတ်ပါတယ်ခင်ဗျ။ ကျနော် စာလည်း တင်ထားပါတယ် သူ့ဆီမှာ။

VOA - ကိုယ်တိုင်ရော စကားပြောခဲ့သလား။
UKM - ကိုယ်တိုင်တော့ အဲဒါမျိုးတွေကတော့ ကိုယ်တိုင် မပြောပါဘူး။ စာရေးတင်တာပါ။

VOA - စာတင်တော့ မြန်မာစစ်အစိုးရရဲ့ တုန့်ပြန်ချက်က ဘာပါလဲခင်ဗျ။
UKM - ကျနော့်ဆီကို ဘာမှ မပြန်လာဘူး။ ပြီးတော့မှ ကျနော် အဖမ်းခံရတာပါခင်ဗျ။

VOA - အဲဒီတော့ ဘယ်နှစ်နှစ် ထောင်ချခံရလဲခင်ဗျ။ ပြီးတော့ ဘယ်လို လွတ်မြောက်လာပါသလဲ။
UKM - စုစုပေါင်း ၉ နှစ် ချတာပါခင်ဗျ။

VOA - ဟုတ်ကဲ့၊ ဦးကျော်မြင့်အကြောင်း ရေးသားချက်တွေထဲမှာ ဦးကျော်မြင့်က ထောင်ကနေ ထွက်ပြေး လာတယ်လို့ ဆိုပါတယ်ခင်ဗျ။ အဲဒါ ဘယ်နှစ်ခုနှစ်လောက်ကလဲ။
UKM - ဟုတ်ပါတယ်။ ကျနော် နေမကောင်းတော့ မန္တလေးဆေးရုံ ရောက်တဲ့အခါမှာ ဘုန်းကြီး ကနေပြီးတော့ ကျနော့်ကို ကယ်လိုက်ပါတယ်။ အဲဒီဘုန်းကြီး နာမည်တော့ ပြောလို့ မကောင်းပါဘူး။ အဲဒါတော့ ကျနော့်ကို ခွင့်လွတ်ပါ။ ကျနော် ပြောပိုင်ခွင့် မရှိပါဘူး။

VOA - အဲဒီတော့ ဒီ မြန်မာပြည်အကျဉ်းထောင်ကနေ ထွက်ပြေးလာပြီးတော့ ဒီ နိုင်ငံခြားကို ထွက်ပြေးတာပေါ့။
UKM - ဟုတ်ကဲ့။ ကျနော်အဲဒီမှာ နေပြီးတော့ ဘုန်းကြီးက ကျနော့်ကို ယိုးဒယား နယ်စပ်ပေါ့၊ မြဝတီ မဲဆောက် တိုက်ရိုက် သွားတယ်။

VOA - မြန်မာပြည်ကနေ ထွက်ပြေးလာပြီးနောက်ပိုင်းမှာ ဦးကျော်မြင့်အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ဘယ်လိုလုပ် ရောက်လာလဲခင်ဗျ။ အထူးသဖြင့် ကျနော် မေးရတဲ့ အကြောင်းရင်းက ဦးကျော်မြင့်က တချိန်က ဆိုရင် မြန်မာပြည်မှာ ဝတပ်ဖွဲ့တွေနဲ့ အတူတူ တိုက်ခိုက်တဲ့ လုပ်ငန်းတွေ လုပ်ခဲ့ဖူးတယ်။ အဲဒါအပြင် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာပြည်မှာ စီးပွားရေးတွေ လုပ်ခဲ့တယ်။ ဦးကျော်မြင့် ပတ်သက်ခဲ့ဖူးတဲ့ ဝတပ်ဖွဲ့ ဆိုတာတွေကလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ် ဆိုပြီး စွပ်စွဲထားတဲ့ အဖွဲ့တွေ ဖြစ်နေတယ်လေ။ ဒီလိုဖြစ်နေတဲ့ ကြားထဲက ဦးကျော်မြင့် အနေနဲ့ အမေရိကန် ပြည်ထောင်စုကို ဘယ်လိုဝင်လာသလဲခင်ဗျ။

UKM - ကျနော် ရန်ကုန်မှာ စီးပွားရေး လုပ်တာလည်း ဝနဲ့ လုံးဝ မပတ်သက်ပါဘူး။ အဲဒါ ကျနော် အပြင်မှာ ကျနော့်ကို ဒါရိုက် အင်တာဗျူးတဲ့သူ တယောက်မှ မရှိပါဘူး။ အဲဒါ သူတို့ထင်တဲ့အတိုင်း သူတို့ ရေးတာပါ။ အဲဒါကြောင့်ကို ကျနော် ပြန်လာ။ နိုင်ငံခြားထွက်လာတဲ့အခါမှာလည်း ဟို ဘန်ကောက်ရောက်မှလည်း အမေရိကန်သံရုံးနဲ့ ကျနော် တွေ့ပါတယ်။ အဲဒီမှာ တွေ့တဲ့အခါမှာလည်း NCGUB က ဦးစိုးပိုင်နဲ့ ဦးသိန်းဦးလည်း ပါပါတယ်၊ အဲဒီ အမေရိကန် ဌာနမှာ။ ကျနော် ဝ နဲ့ စီးပွားရေးပိုင်းလည်း လုံးဝ မပတ်သက်ပါဘူးဆိုတာ အမေရိကန်အစိုးရက ရှင်းရှင်း သိပါတယ် အမေရိကန် အစိုးရက။ အဲဒါကြောင့်ကို ကျနော် အမေရိကန်လာတာ သူတို့ ကျနော့်ကို ဗီဇာပေးပြီးတော့ လာတာ။ အဲဒါပဲ။

VOA - ဦးကျော်မြင့်က ဗမာပြည်ကနေ အကျဉ်းထောင်ကနေ ထွက်ပြေး လွတ်မြောက်လာတော့ ဗမာ ပတ်စ်ပို့လည်း မပါတော့ အမေရိကန်ကနေ ဒီကို လာခွင့်ပေးတယ် ဆိုတာဟာ နိုင်ငံရေးခိုလှုံခွင့်နဲ့ လာခွင့်ပေးတယ် ဆိုတဲ့ သဘောပေါ့။

UKM - ဟုတ်ကဲ့။ ကျနော် အဲဒီမှာ ဟို - အေးပေါ့ - အဲဒါပေါ့၊ ရဖျူဂျီပေါ့။

VOA - ဘန်ကောက်မှာရှိတဲ့ အမေရိကန်သံရုံးကို သွားတွေ့တုန်းက ဒီ NCGUB လို့ ခေါ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် အစိုးရအဖွဲ့ရဲ့ ဦးစိုးပိုင်နဲ့ ဦးသိန်းဦး ပါတယ်လို့ စောစောက ဦးကျော်မြင့် ပြောလိုက်ပါတယ်။ သူတို့က ဘာကြောင့် ပါတာလဲ။

UKM - ဟုတ်ပါတယ်။ ဟို အဲဒီအချိန်မှာ ဦးစိုးပိုင်က စကားပြန် လုပ်ပါတယ်။ ဦးသိန်းဦးလည်း ပါတာပေါ့။ ဒါပေမယ့် စကားပြန်လုပ်တာတော့ ဦးစိုးပိုင်ပါ။

VOA - ဦးသိန်းဦးတို့၊ ဦးစိုးပိုင်တို့နဲ့ ဦးကျော်မြင့် ဘယ်လိုဆက်စပ်ခဲ့လဲ အဲဒီအချိန်က။

UKM - အဓိကကတော့ မြန်မာပြည်နိုင်ငံရေးကိစ္စ ဆွေးနွေးဖို့ပါ။ အဲဒါကို လူတယောက်က ကြားမှာ နေပြီးတော့ ကျနော့်ကို ကွန်တက် လုပ်ပေးတာပါ။ အဲဒါပါပဲ။

VOA - ကျနော်အခုမေးနေတဲ့အကြောင်းက ဘန်ကောက်မှာ ရှိတဲ့ အမေရိကန်သံရုံးနဲ့ သွားတွေ့တဲ့ အချိန်မှာ NCGUB အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့က ဦးသိန်းဦးက ပါပြီးတော့ လိုက်ပါလာပြီး ဆောင်ရွက်ပေးတယ် ဆိုတော့ ဘယ်လိုအကြောင်းချင်းရာမျိုးနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရက ဝင်ပြီးတော့ ပါပြီး ဆောင်ရွက်ပေးရတာလဲ။

UKM - အဓိကကတော့ သူတို့လည်း အဲဒီအချိန်မှာ ကျနော်နဲ့ ဟိုဟာပေါ့ - ပူးပေါင်းပြီးတော့ ပုဂ္ဂိုလ်အနေနဲ့ပေါ့ ဟုတ်လား၊ - ဒီမိုကရေစီ လုပ်ငန်းကို လုပ်စေချင်လို့ တွဲပြီးတော့ လုပ်စေချင်တဲ့ သဘောမျိုးပေါ့။

VOA - အဲဒီတော့ ဦးကျော်မြင့် အမေရိကန်ပြည်ထောင်စုကို လာဖို့အရေးကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရက ထောက်ခံပေးတယ် ဆိုတဲ့သဘောလား။

UKM - အဲဒီအတွက်တော့ သူတို့မပြောပါဘူး။ သူတို့က သူတို့လိုက်သွားတာက ဦးစိုးပိုင် လိုက်သွားတာ ကျနော် ပြောချင်နေတော့ စကားပြန် လုပ်ပေးတာပါ။ ထောက်ခံတယ်တို့ အမေရိကန်လာဖို့အတွက်တို့ အဲဒါတော့ သူတို့ လုပ်ပေးတာ မရှိပါဘူး။

VOA - ဦးသိန်းဦးကရော ဒါဆိုရင်။

UKM - ဦးသိန်းဦးလည်း သူလုပ်တာ ပုဂ္ဂိုလ်အနေနဲ့ပေါ့။ သူ - - သြစတေးလျသွားဖို့ဖြစ်ဖြစ်၊ - တခြား တော်တော် ကူညီပါတယ်။ - အဲဒါပေါ့။

VOA - ဘာကြောင့်မို့ ဦးကျော်မြင့်ကို သူက ကူညီရတာလဲ။

UKM - သူက ကူညီတာက၊ ကျနော်လည်း ပြည်တွင်းမှာလည်း တိုင်းရင်းသား ခေါင်းဆောင်တယောက် အနေနဲ့ နောက်ပြီးတော့လည်း ကျနော်တို့ ပြည်တွင်းမှာ နိုင်ငံရေး တော်လှန်ရေး လုပ်လာတဲ့ ပုဂ္ဂိုလ်တယောက်။ အဲဒီအနေနဲ့ အကူအညီပေးတာပါ။

VOA - စောစောကပြောတော့ ဦးကျော်မြင့် အနေနဲ့ ဝတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှု မရှိဘူး ဆိုပေမယ့် ဦးကျော်မြင့်နဲ့ ဦးပေါက်ယူချန်းတို့က အဆက်အသွယ် မရှိဘူးလားခင်ဗျ။ ကျနော်တို့ သိထားတာကတော့ ဦးကျော်မြင့်ဟာ ဒီ ဝ အမှတ် ၂ အထူးဒေသ အပစ်အခတ် ငြိမ်းချမ်းရေး အဖွဲ့ရဲ့ ကိုယ်စားလှယ်၊ ဒုတိယ ဘဏ္ဍာရေးမှူးလို့ ပြောပါတယ်။ အဲဒါ မဟုတ်ဘူးလားခင်ဗျ။

UKM - အဲဒီကိစ္စ ဒီလိုဖြစ်တယ်၊ ကျနော် အမှန် ငြိမ်းချမ်းရေး ပထမဦးဆုံး ယူတာ စပြီးတော့ ဗကပနဲ့ ခွဲထွက်တာက ကျနော် ဝဒေသ မဟုတ်ဘူး။ ကျနော်က မုန်းကိုး ဒေသပါ။ မုံးကိုး ဆိုတာ အခု ကြူကုတ် ပန်ဆိုင်း အဲဒီနေရာပါ။ ဒါ - အမှန် - ကျနော် အဲဒီနေရာက ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ အဲဒီမှာ ပြီးတော့မှ ခင်ဗျားသိတဲ့အတိုင်း ငြိမ်းချမ်းရေးယူတဲ့ တပ်ဖွဲ့တွေဟာ မုံးကိုးရော ကိုးကန့်ရော ဝရော ဦးစိုင်းလင်ရော၊ ဦးစခုန်တိန်ယိမ်းရော အကုန်လုံး အဲဒီ ငြိမ်းချမ်းရေးယူတာ ကေအိုင်အေ လက်အောက်မှာ သူ့နေရာနဲ့သူ။ ဒါပေမယ့် အဲဒီပေါ်မှာ တပ်ပေါင်းစုတခု လုပ်ပါတယ်။ အဲဒီ တပ်ပေါင်းစုအောက်မှာ ဝလည်း ပါလာတာပေါ့။ ပါလာတဲ့အခါမှာ ကျနော်လည်း သူတို့ဆီကို ကျနော် တပ်ပေါင်းစုအနေနဲ့ နေပြီးတော့ သူတို့လည်း တပ်ပေါင်းစုကို ကူညီတုန်းကပေါ့။ အဲဒီ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို စီမံ ခန့်ခွဲတတ်တဲ့သူတယောက်ကို သူတို့ ဗဟိုမှာ ဝဒေသကို အဲဒီအချိန် ဗကပထဲမှာ စ ခွဲထွက်လာတဲ့ အခါမှာ ဘိန်းဖြူလည်း ပိတ်ထားတယ် ဝင်လို့မရဘူး စီးပွားရေးလည်း ခက်တယ်။ အဲဒီအချိန်မှာ ကျနော် ဖွံ့ဖြိုးတိုးတက်မှုကို တရုတ်ပြည်ကို ဟို တခါးဖွင့်ဖို့ကို သူတို့က အကူအညီ လိုချင်လို့ ကျနော်က သူတို့ဆီမှာ အဲဒီအဖွဲ့ကို ဟို သူတို့ ဗဟိုမှာ ကျနော့်ကို တာဝန်၊ တာဝန်ဆိုတာ တကယ် သူတို့ထဲမှာ ဝင်တာ မဟုတ်ဘူး။ သူတို့ကို ကူညီပေးတာပါ။ အဲဒါကြောင့် လူတွေက နည်းနည်း ကွန်ပလိန်း ရှိတာပေါ့။ ဝ၊ ဝ၊ ဝ ။ အမှန်က ကျနော် ဝ မဟုတ်ဘူး။

VOA - အဲဒီတော့ ၁၉၉၃ ခုနှစ်မှာ ဦးကျော်မြင့်က ရန်ကုန်မြို့ကို ရောက်လာတယ်။ အဲဒီမှာ ဦးကျော်မြင့်ကိုယ်တိုင် ကျုံယွမ် ကုမ္ပဏီကို ထူထောင်တယ်။
UKM - ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ပါတယ်။

VOA - အဲဒီတော့ ကုမ္ပဏီ ထူထောင်တော့ ဦးကျော်မြင့် အနေနဲ့ ဘယ်လို အရင်းအနှီးတွေနဲ့ မ တည်ခဲ့လဲခင်ဗျ။

UKM - ကျနော် အရင်တုန်းက နယ်စပ်မှာ နယ်စပ်ကုန်သွယ်ရေးဆိုတာ ရှိတယ်။ တရုတ်ပြည်ထဲက ကုန်တွေ ဗမာပြည် သွင်းတာ။ ဗမာပြည်က ကုန်က အဲဒီ - မူဆယ် ကြူကုတ် ပန်ဆိုင်း တရုတ်ပြည် ဝမ်တိန် အဲဒီ - BORDER TRADEလုပ်တော့ အဲဒီမှာလည်း ကျနော် BORDER TRADE လုပ်တယ်။ နောက်ပြီးတော့ ကျနော် ကျောက်စိမ်း လုပ်တယ်။ သတ္ထုတွေလည်း တူးတယ် အဲဒီ ဒေသမှာ။ နောက် - သစ်လုပ်ငန်းတွေလည်း ကျနော်တို့ ဒေသတွေမှာ တချို့ သစ်- ။ အရင်တုန်းက ကျနော်တို့ ရခဲ့တဲ့ ငွေဟာ ရန်ကုန်ရောက်လာတော့မှ အဲဒီငွေဟာ ကျနော် ကျုံယွမ်ကုမ္ပဏီကို ထူထောင်တာ။ အဲဒါပါ။

VOA - အဲဒီ ငွေအရင်းအနှီးတွေက ဒီဘက်က အများစုရဲ့ အပြောအရ ဆိုရင် ကျောက်စိမ်းမှောင်ခိုလုပ်ငန်း၊ ဒါ့အပြင်ကို မူးယစ်ဆေးဝါးလုပ်ငန်းတွေက ရတဲ့ ငွေမည်းတွေ ဖြစ်ပြီးတော့၊ ဒီငွေမည်းတွေကို ငွေဖြူဖြစ်အောင် ခဝါချတဲ့ ဟန်ပြလုပ်ငန်းတခုအဖြစ် ပြောကြားထားတာ တချို့ ရှိပါတယ်။ money laundering business ပေါ့နော်။ အဲဒါနဲ့ ပတ်သက်လို့ရော ဦးကျော်မြင့် အနေနဲ့ ဘယ်လို ငြင်းချက်ထုတ်နိုင်လဲခင်ဗျ။ ဒီလောက် များပြားတဲ့ အရင်းအနှီး ငွေတွေက ချက်ချင်းကြီး မြို့ပေါ်ကို ဘယ်လိုလုပ် ရောက်လာနိုင်သလဲ။

UKM - အဲဒီဟာတော့ မဟုတ်ဘူးဗျ။ ကျနော်တို့ ဒေသတွေမှာ အရောင်းအဝယ်လုပ်တဲ့ BORDER TRADEလည်း ကျနော်တို့က အခွန် ပေးပါတယ်။ ခင်ဗျား အဲဒီပစ္စည်း ဝင်လာကတည်းက ကာစတန်ရှိတယ်၊ ရဲရှိတယ်၊ လဝက ရှိတယ်။ အဲဒါ အခွန်ပေးပြီးသား ပိုက်ဆံကို ငွေမည်း ပြောလို့ မရပါဘူး။ အဲဒါလည်း ကျနော် အထောက်အထားတွေ ရှိပါတယ်။ နောက်တခုလည်း ကျနော်တို့ အဲဒီဒေသ ကျနော်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လို့ ခေါ်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာ စီးပွားရေးလုပ်ရင် ကျနော်တို့ အဲဒီဒေသမှာ အခွန်ပေးပါတယ်။ ဒေသအစိုးရကနေ တရားဝင် ခွင့်ပြုမှုတွေ ဖြစ်ပါတယ်။ အဲဒါလည်း ငွေမည်း ပြောလို့ မရပါဘူး။ နောက်ပြီးတော့ သတ္ထုတို့ သစ်လုပ်ငန်းတို့၊ တရုတ်ပြည် ဘိလပ်မြေတို့ သံချောင်းတွေ သွင်းတာ အဲဒါ ပုံမှန် BUSINESS ပဲ။ ဒါ အမေရိကန် ကနေဒါလည်း ဒါမျိုး BUSINESS တွေ လုပ်လို့ ရတာပဲ အခွန်ပေးရင်။ အဲဒါ မကောင်းတဲ့လုပ်ငန်း ပြောလို့ မရပါဘူး ဒါတွေကို။
နောက်တခုကလည်း အဲဒီဒေသမှာ ဘိန်းက လူတိုင်း ကိုင်လို့ မရဘူး။ ဟို သူ့လမ်း သူ့နည်းနဲ့ သူတို့ ခွင့်ပြုတဲ့လူမှ အဲဒီ ဘိန်းလုပ်ငန်း လုပ်လို့ ရတယ်။ ခင်ဗျား ခွင့်ပြုချက် မရဘဲကိုင်ရင် အဲဒီဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး ဥပမာ ကိုးကန့်တို့ ဝတို့ သူတို့ ဒေသ အုပ်ချုပ်ရေးပေါ့ အဲဒါလည်း ထောင်ဒဏ်ချတယ်။ ဘိန်း လူတိုင်း သွားကိုင်လို့ မရဘူး။ ကျနော်က တသက်လုံး အဲဒီလမ်း မသွားဘူ။ ကျနော်က ခုနက ပြောသလို ကျောက်စိမ်းတို့ သစ်လုပ်ငန်းတို့ BORDER TRADE ။ အပြင်ကလူ ထင်ထားတယ် အဲဒီ ဘိန်းလုပ်ငန်းရတယ်၊ မရဘူး လုံးဝ မရဘူး။ အဲဒီဒေသရဲ့ အခြေအနေ အသိဆုံးပါ၊ ဒါ အမေရိကန် အဲဒီ DEA တို့ သူတို့ အေးဂျင့်တွေ အသိဆုံးပဲ အဲဒါက။

VOA - အဲဒီတော့ ဦးကျော်မြင့်ကို အဲဒီ DEA တို့ အဖွဲ့အစည်းတွေက ကူညီခဲ့တာ ရှိသလား။

UKM - ရှိပါတယ်ခင်ဗျ၊ ရန်ကုန်မှာ။

VOA - အဲဒီတော့ ကူညီခဲ့ပေးပြီးတော့ သူတို့က အမေရိကန်ကို ရောက်အောင် ထောက်ခံပေးတယ်။

UKM - ဟုတ်ပါတယ်ခင်ဗျ။

VOA - ဦးကျော်မြင့်အနေနဲ့ အမေရိကန်ကို ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကို လာရောက်ဆက်သွယ်ပြိးတော့ သံအမတ်ကြီးဦးလင်းမြိုင်နဲ့ တွေ့ခဲ့ဖူးတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲဒီအချိန်က ဦးကျော်မြင့် အနေနဲ့ တရုတ်စီးပွားရေးအဖွဲ့တခုကို ခေါ်ဆောင်လာပြီးတော့ တရုတ်ပြည်နဲ့ ဆက်ဆံရေးအတွက် လာပြီးတော့ ဆောင်ရွက်ပေးတာလို့ ကြားရပါတယ်။ အဲဒီအကြောင်း နည်းနည်းလေး ပြောပြပါ။

UKM - အဲဒီအချိန်မှာ ကျနော် အမေရိကန် နယူးဂျာစီ နယူးယောက်ဘက်မှာ နေပြီးတော့ ဝါရှင်တန်ဒီစီ မြန်မာသံရုံးမှာ သွားတွေ့တဲ့အခါမှာ ဦးလင်းမြိုင် ရှိတယ်။ ဦးလင်းမြိုင်နဲ့ တွေ့တဲ့အခါမှာ တရုတ်လည်း ပါပါတယ်။ တရုတ်ဆိုတာ အမေရိကန်တရုတ်တွေပေါ့။ သူတို့ကလည်း ဗမာပြည်စီးပွားရေးကို စိတ်ဝင်စားလို့ ကျနော် ခေါ်သွားတယ်။ ဒါပေမယ့် စီးပွားရေးကိစ္စ ပြောပြီးပေမယ့် ဒါပေမယ့် ကျနော် တကယ် အဲဒီမှာ ပတ်သက်သွားတာက ဦးလင်းမြိုင်တို့ ဘယ်သူတို့က ကျနော့်ကို ပြန်ပြီးတော့ ခေါ်စေချင်တယ်ပေါ့ ဗမာပြည်ကို။

VOA - ဦးကျော်မြင့်က ဆက်သွယ်တာလား မြန်မာသံရုံးက နေပြီးတော့ ဦးကျော်မြင့်ကို စတင် ဆက်သွယ်တာလား။

UKM - တရုတ်ကို စီးပွားရေးကိစ္စ ကျနော် မြန်မာသံရုံးကို သူတို့ကို ပို့တယ်။ ဒါပေမယ့် နောက်ပိုင်းတော့ မြန်မာပြည်ကိစ္စတော့ နိုင်ငံရေးကိစ္စတော့ သူတို့ ကျနော့်ကို ဆက်သွယ်ပါတယ်။

VOA - ဦးကျော်မြင့်အနေနဲ့ မြန်မာသံရုံးကို ဆက်သွယ်ရတဲ့ အကြောင်းရင်းက မြန်မာနိုင်ငံမှာ လွတ်ငြိမ်းချမ်းသာခွင့် ပြန်လိုချင်လို့လား။

UKM - မဟုတ်ပါဘူး။ ကျနော် ဆက်သွယ်တာ အစက တရုတ်က သူတို့က ဟို ဗမာပြည်စီးပွားရေး နယ်စပ်စီးပွားရေးကို လုပ်ချင်လို့ ကျနော် လည်း သူတို့ကို နည်းနည်းလုပ်ပေးလိုက်ရင် ပြီးပြီ၊ နောက်ပိုင်း ကျနော်လည်း ဗမာပြည် ဖြစ်နိုင်တဲ့အကြောင်းကို ဗမာပြည် နိုင်ငံရေးကိစ္စ၊ တိုင်းပြည် တိုးတက်စေချင်လို့ လွတ်ငြိမ်းချမ်းသာခွင့် လိုချင်လို့ မဟုတ်ပါဘူး။ ကျနော့်တိုင်းပြည်မှာ တိုးတက်စေချင်လို့ပေါ့။ အဲဒါမျိုးတွေကလည်း သူတို့ကို နည်းနည်း ပြောစေချင်တယ်။

VOA - ဦးကျော်မြင့်အနေနဲ့ အခု ကနေဒါကို ပြောင်းရွှေ့သွားပြီးနောက်ပိုင်းမှာ UDP လို့ ခေါ်တဲ့ United Democratic Party ကို ထူထောင်ပြီးတော့ မြန်မာနိုင်ငံမှာ ပြန်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုတယ်လေ။ အဲဒီတော့ ဦးကျော်မြင့် အနေနဲ့ မြန်မာနိုင်ငံကနေပြီးတော့ အကျဉ်းထောင်ကနေ ထွက်ပြေးလာရတဲ့ လူတယောက်ကို မြန်မာနိုင်ငံ စစ်အစိုးရ အနေနဲ့ ပြန်ပြီးတော့ လိုလိုလားလား လက်ခံနိုင်ပါ့မလားခင်ဗျ။ အထူးသဖြင့် ဦးကျော်မြင့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ သူတို့မှာ ရည်ရွယ်ချက်များ ရှိသလား။

UKM - လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့က သူတို့အပိုင်း။ ကျနော်က ဒါကို အဓိက ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ဒါ ကောင်းတဲ့ကိစ္စ။ ဒါကြောင့်ကို နယဖမှာ ဒီဟာ ကျနော် ထောက်ခံပါတယ်။ ကျနော် ထောက်ခံတယ်ဆိုတာ ကောင်းတဲ့ဥစ္စာမှာ ထောက်ခံတယ်။ ဥပမာဆိုရင် နယဖကနေပြီးတော့ - နိုင်ငံရေးအကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ဒါ ကောင်းတဲ့ကိစ္စပဲ။ ကျနော်တို့ ထောက်ခံရမယ်လေ။ ဒါကြောင့်မို့ နယကကို အကုန်လုံး မထောက်ခံဘူးဆိုတာ အဲဒီလို ပြောလို့ မရဘူး။ ကောင်းတဲ့ကိစ္စဆိုရင် တိုင်းပြည်အကျိုးရှိတဲ့ ကိစ္စဆိုရင် ကျနော်တို့ ထောက်ခံမယ်လေ။ အခု သူတို့လုပ်တာ ဥပမာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်၊ ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ် တအားကောင်းတဲ့ကိစ္စ။ ဒါကြောင့် ကျနော် ထောက်ခံတယ်။ တကယ်လို့ သူတို့ ကျနော့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင် မပေးနိုင် ဒါတော့ သူတို့ ဆုံးဖြတ်မှာ။ ကျနော်လည်း ပြောလို့ မရဘူးခင်ဗျ အဲဒါတော့။

VOA - လောလောဆယ် ဦးကျော်မြင့်ရဲ့ UDP ပါတီမှာ မြန်မာပြည်တွင်းကနေ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ဦးသုဝေတို့ ဦးရဲထွန်းတို့လို ပုဂ္ဂိုလ်မျိုးတွေနဲ့ အရင်က ရင်းနှီးမှုတွေ ရှိခဲ့လားခင်ဗျ။

UKM - ကျနော် အရင်က နာမည် ကြားဖူးပါတယ်။ လူချင်း မတွေ့ဖူးပါဘူး။ ဦးရဲထွန်းလည်း သူက တကယ် ပညာရှင်၊ ပြီးတော့မှ လူလည်း နိုင်ငံရေး အရည်အချင်း တော်တော်ရှိတဲ့သူ၊ ဟို ဦးသုဝေ အပါပေါ့။ သူတို့လည်း နိုင်ငံရေးတခု ဆိုတာလည်း သူတို့ သေချာ စဉ်းစားပြီးတော့ ဆုံးဖြတ်ချက်ချတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ ကျနော်တို့လည်း ဗမာပြည် နိုင်ငံရေး တော်လှန်ရေးဆိုတာ နှစ်ပေါင်းများစွာ တောက်လျှောက် လုပ်လာတဲ့ပုဂ္ဂိုလ်။ ဒီအပေါ်မှာလည်း ကျနော်တို့ အရည်အချင်း တူပါတယ်။ အဲဒီလို အရည်အချင်း တူတဲ့အခါ ကျနော်တို့ ဦးရဲထွန်းတို့၊ ဦးသုဝေတို့၊ ကျနော်တို့က ယုံကြည်မှု အပြည့်အဝ ရှိပါတယ် ကျနော်တို့ သုံးယောက်က။

VOA - UDP ပါတီကို အဓိက ငွေကြေးထောက်ပံ့တာကတော့ ဦးကျော်မြင့်ရဲ့ ငွေကြေးသက်သက်ပေါ့နော် အခု လောလောဆယ်က။

UKM - ငွေကြေးထောက်ပံ့တာကတော့ ကျနော်လည်း ပါပါတယ်။ ဒါပေမယ့် တော်တော်များများဗျာ၊ ကျနော်တယောက်တည်းဆိုရင် ထောက်ပံ့လို့လည်း မရပါဘူး။ အဓိက ကျနော် ပတ်သက်တဲ့ ပုဂ္ဂိုလ်များပေါ့။ ဥပမာ တရုတ်တွေရော၊ တချို့ အမေရိကန် စီးပွားရေးရှင်တွေရော၊ ကနေဒါမှာရှိတဲ့ စီးပွားရေး တချို့ ASSOCIATION တွေရော ပံ့ပိုးပါတယ်ခင်ဗျ။ ကနေဒါ ဒီမှာရှိတဲ့ သူတို့က ကျနော့် ပုဂ္ဂိုလ်ရေး ခင်တော့ ပံ့ပိုးတာပါ။ သူတို့က အစိုးရကနေ လာတာ မဟုတ်ပါဘူး။

VOA - လောလောဆယ် မြန်မာပြည်ထဲမှာ ရှိနေတဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေပေါ့နော်၊ ကချင်အဖွဲ့တို့ ဝအဖွဲ့တို့ နဲ့ရော UDP ပါတီ အနေနဲ့ ဘယ်လို ဆက်သွယ်နေလဲ။

UKM - ကျနော်တို့ UDP ပါတီ အနေနဲ့တော့ ဒီလို ဒါရိုက်ပြောတာ မရှိပါဘူး၊ ဟို ဒါပေမယ့် ပုဂ္ဂိုလ်အနေနဲ့တော့ ကျနော် သူတို့နဲ့ ရောက်ပါတယ်။ UDP နာမည်နဲ့ ရောက်တာပါ။ တရားဝင်တော့ သူတို့လည်း ဒီလို ကမ်းလှမ်းတာတော့ မရှိပါဘူး။ ပုဂ္ဂိုလ်အနေနဲ့ပဲ ကျနော် ရှိပါတယ်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ တောင်ပိုင်း ဗဟို၊ တောင်ပိုင်း KNU အဖွဲ့တော့ ကျနော် သိပ်မတွေ့ဘူး။ အရင်တုန်းက ဗိုလ်ချုပ်မြ ကျနော် ဘန်ကောက်ရောက်တုန်းက ဗမာပြည်ထွက်လာတုန်းက အဲဒါ - တခါ မဲဆောက်မှာ အစည်းအဝေးလုပ်တာ အဲဒါလည်း NCGUB ဦးသိန်းဦး ပါပါတယ်။ အဲဒီအဖွဲ့တော့ မဟုတ်ဘူး။ အဓိက အဖွဲ့တော့ ဒီ မြောက်ပိုင်းပါ။ ဒီ မြောက်ပိုင်းအဖွဲ့တော့ ကျနော်တို့ ပုဂ္ဂိုလ်အနေနဲ့ အမြဲတမ်း ဆက်ဆံပါတယ်ခင်ဗျ။

VOA - ဦးကျော်မြင့်တို့ရဲ့ UDP ကိုယ်စားလှယ်တယောက်က ရန်ကုန်ကို သွားနေပြီးတော့ ရန်ကုန်မှာ နေပြည်တော်က မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ပေါ့နော်၊ အရာရှိ တချို့နဲ့ ညှိနှိုင်းပြီးတော့ UDP ပါတီကို မြန်မာပြည်မှာ တရားဝင် ထူထောင်ခွင့်ရအောင် ညှိနှိုင်းနေတယ်လို့လည်း ကြားရပါတယ်။ အဲဒါ ဟုတ်သလားခင်ဗျ။ အဲဒါဆိုရင် UDP ပါတီကို မြန်မာပြည်မှာ လက်ခံလိမ့်မယ်လို့ မျှော်လင့်ထားလား။

UKM - အခုတော့ တရားဝင် အမေရိကန်မှာရှိတဲ့ သံရုံးမှာ လာပါတယ်။ ၂ဝ၁ဝ ခုနှစ်မှာ UDP ကို ဝင်ဖို့အတွက် သူတို့က ရွေးကောက်ပွဲကော်မရှင် စည်းမျဉ်းစည်းကမ်းအရကို သူတို့က သဘောတူပါတယ်။ အဲဒီ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်အရပေါ့ - - UDP ၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲ ဝင်ဖို့ သဘောတူတဲ့ တရားဝင်စာ ကျနော်တို့ဆီ ရောက်လာပါတယ်။ ဟုတ်ပါတယ်ခင်ဗျ။

VOA - အဲဒါက ဘယ်ကနေ ပို့ပေးတာလဲခင်ဗျ။
UKM - ဝါရှင်တန်ဒီစီ မြန်မာသံရုံးပါ။ နေပြည်တော်က သူတို့ကို ညွှန်ကြားတာ။

VOA - အဲဒီတော့ ဦးကျော်မြင့်ကိုယ်တိုင်ရော မြန်မာနိုင်ငံကို ဘယ်တော့ ပြန်မလဲခင်ဗျ။
UKM - ကျနော် လောလောဆယ်တော့ ပြည်ပမှာ ကျနော် လုပ်ငန်းတွေ ရှိနေတော့ - လောလောဆယ်တော့ ပြည်ပမှာ တာဝန်ယူထားပါတယ်။ လောလောဆယ် ကျနော် မပြန်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ဥက္ကဋ္ဌ ဦးသုဝေတို့၊ ဒုဥက္ကဋ္ဌ ဦးရဲထွန်းတို့ အထွေထွေအတွင်းရေးမှူး တို့ သူတို့ သုံးယောက် အဲဒီမှာ။ ကျနော်တော့ လောလောဆယ်တော့ UDPရဲ့ နိုင်ငံခြားတာဝန်ခံ ဆိုပြီး ကျနော့်ကို ပေးထားပါတယ်။

VOA - အခု လက်ရှိအားဖြင့်ဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ Vancouver Sun သတင်းစာမှာ ရေးထားတဲ့ သတင်းတပုဒ်အရ ဦးကျော်မြင့် ထူထောင်ထားတဲ့ Future Canada China Environment ကုမ္ပဏီပေါ့နော်၊ ဒီ ကုမ္ပဏီက ငွေရေးကြေးရေးအရ စတော့ရှယ်ယာဈေးကွက်မှာ မသမာမှုတချို့ တွေ့ရတယ် ဆိုပြီးတော့ US Securities and Stock Exchange Commission ကနေ လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်၊ စုံစမ်းမှုတွေ လုပ်နေတယ်လို့ ရေးသားထားပါတယ်ခင်ဗျ။ ဦးကျော်မြင့်တို့ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ခံနေရတယ် ဆိုတာ တကယ်ပဲလားခင်ဗျ။

UKM - အဲဒီ Future Canada China Environment ကုမ္ပဏီဟာ British Columbia ဟို Canada မှာ ကျနော် Register လုပ်ထားတဲ့ ကုမ္ပဏီတခု ဖြစ်တယ်။ အဲဒီ ကုမ္ပဏီရဲ့ နာမည်က အမေရိကန် ဟို Stock နာမည်နဲ့ တူလို့ အဲဒါ သူ CONFUSE ဖြစ်ပြီးတော့ ဒီ ကုမ္ပဏီနဲ့ ဟို ကုမ္ပဏီဟာ ဘာမှ မပတ်သက်ဘူး၊ နာမည်တူလို့၊ တရုတ်နာမည် ဆိုတာ မူရင်းက တရုတ်နာမည်။ အဲဒါ တရုတ်နာမည်ကို အင်္ဂလိပ်လို ပြန်တဲ့အခါ Future Canada China အဲဒါတော့ ကုမ္ပဏီနာမည်တူလို့ သူ မှားရေးတာ။ ကျနော် ကုမ္ပဏီဟာ ဒီ PUBLIC ကုမ္ပဏီ မဟုတ်ဘူး။ ဒီ Vancouver ကုမ္ပဏီ။ ထင်ထားတာ AMERICAN STOCK ရှိတဲ့ FCCE ခေါ်တာပေါ့ အတိုကောက်။ အဲဒီ FCCE ကုမ္ပဏီတခုတည်းလို့ သူထင်တာ။ သူရေးတာ။ အဲဒါ သူရေးမှားထားတဲ့၊ အဲဒါ Vancouver Sun ရဲ့ သတင်းထောက် ကျနော်လည်း တွေ့ပြီးပြီ။ အဲဒါ သူပြောတာ တချို့ သူ အထင်လွဲပြီးတော့ သူ American ကုမ္ပဏီနဲ့ Vancouver ကုမ္ပဏီကို မှားရေးတာ။

VOA - အဲဒီတော့ နာမည်တူနေတဲ့ ကုမ္ပဏီ နှစ်ခုကို ဦးကျော်မြင့်နဲ့ လုံးဝ မပတ်သက်တဲ့ ကုမ္ပဏီတခုနဲ့ မှားယွင်းပြီး ရေးတယ်လို့ Vancouver Sun သတင်းထောက် ဒေးဗစ်ဗိန်းက တရားဝင် ဦးကျော်မြင့်ကို တောင်းပန်ထားပြီးပြီလားခင်ဗျ။

UKM - သူ ပြန်ရေးမယ်၊ - ပြန်ပြီးတော့ ပြင်မယ်၊ အဲဒါ - ဒီကိစ္စမှာ (ဦးကျော်မြင့်က ဆွေးနွေးပါတယ်။) သူ ပြန်ပြီးတော့ သူ write ခိုင်းမယ်လေ။ အဲဒီ ဘိန်းတို့ ဘာတို့ ညာတို့ အဲဒါတော့ သူကပြောတာ အဲဒါ Irrawaddy က သူ ကော်ပီကူးလာပြီးတော့ ထည့်တာ။

VOA - ဒီကိစ္စကို သေချာအောင် ထပ်မေးရမယ် ဆိုရင် ဦးကျော်မြင့် ထူထောင်ထားတဲ့ ဒီ ကုမ္ပဏီဟာ အမေရိကန် Securities and Exchange Commission ရဲ့ စုံစမ်း စစ်ဆေးမှုကို လုံးဝ မခံရဘူးပေါ့။ UKM - လုံးဝ မခံရဘူးခင်ဗျ။ ဘာမှ မရှိဘူး။ အခုထက်ထိ ဘာမှ မရှိဘူး။

VOA - အဲဒီတော့ ကနေဒါမှာ ဦးကျော်မြင့် ထူထောင်ထားတဲ့ တချို့ လုပ်ငန်းတချို့မှာ တရားစွဲဆိုမှုတချို့ ခံနေရတယ် ဆိုတဲ့ သတင်းတွေလည်း ရှိတယ်။ အဲဒါ ဘာကိစ္စတွေအတွက် တရားစွဲခံထားရတာလဲ။
UKM - လုပ်ငန်း ထူထောင်ထားတဲ့ ကိစ္စကို တရားစွဲတာ ကုမ္ပဏီ တရားစွဲတာ မရှိပါဘူးခင်ဗျ။ တခုမှ မရှိဘူးခင်ဗျ။

VOA - နောက်ဆုံး UDP ပါတီက ထုတ်ပြန်ထားတဲ့ ကြေညာချက်တခုမှာ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ ဧရာဝတီသတင်း မဂ္ဂဇင်းကို တရားစွဲမယ်လို့ ကြေညာထားပါတယ်။ အဲဒါ ဘယ် အကြောင်းအချက်တွေနဲ့ တရားစွဲမှာလဲ။ အဲဒါက ဘာကြောင့်မို့လို့ တရားစွဲမှာလဲ ဆိုတာ နည်းနည်းလေး ရှင်းပြပါ။

UKM - အဲဒါတော့ ဟုတ်ပါတယ်။ သူက ကျနော့်ကို PERSONAL ဟို ဘိန်းလုပ်တယ်လို့ ရေးတယ်လေ။ ကျနော် ဘိန်းသမားပေါ့ သူက ရေးတယ်၊ နံပတ်တစ်။ နံပတ်နှစ်က ကျနော် MONEY LAUNDARY တဲ့။ MONEY LAUNDARY ဆိုရင် ဘိန်းလုပ်တဲ့ ပိုက်ဆံရော သို့မဟုတ် တခြား တရားမဝင်တဲ့ အဲဒါ ပိုက်ဆံကနေ MONEY LAUNDARY။ ကျနော်တို့ အဲဒါ ရှိကို မရှိတဲ့ဥစ္စာ သူ စွပ်စွဲတယ်။ အဲဒါ သူ ရေးတာပေါ့။ အဲဒါကြောင့် အထောက်အထား ပြပါ။ ကျနော့်ကို ခင်ဗျား DIRECT အင်တာဗျူး လုပ်ဖူးသေးလား။ နို့မဟုတ်လို့ဆိုရင် ကျနော် ဘယ်မှာ LAUNDARY လုပ်သလဲ။ အဲဒီ နှစ်ခုကို ယူပြီးတော့ ကျနော်က ယိုးဒယား တရားရုံးမှာ ကျနော် တရားစွဲမယ်။ အခုလည်း ရှေ့နေတွေ အကုန်လုံး၊ ကျနော်တို့ ပထမတော့ အဲဒီ မစ္စတာ အောင်ဇော်ဆီ ပေါ့၊ ခင်ဗျား ဖြစ်နိုင်တဲ့ ဥစ္စာကိုရေး။ မမှန်တဲ့နေရာကို ခင်ဗျား ပြင်ပေးရမယ်။ ဟို ကျနော် သူ့ဆီမှာ နှစ်ကြိမ်လောက် စာပေးပါတယ်။ သူက နောက်ပြီးတော့ မစ္စတာ အောင်ဇော်ကို ကျနော့်ကို ဘာလုပ်လိုက်သလဲလို့၊ ဘာမှ မလုပ်နိုင်ဘူးတဲ့ အဲဒီစကား ကျနော့်ဆီ ထွက်လာတယ်။ ထွက်လာတော့ ကောင်းပြီ အဲဒါဆိုရင် ကျနော် တရားစွဲမယ်။ အဲဒါ အခု ယိုးဒယားရှေ့နေတွေ အခု စာရွက်တွေ ပြင်နေပါတယ်။ ကျနော် ထင်တယ် ဒီလ ကုန်ခါနီး ဆိုရင် တရားရုံးအထိ ရောက်ပြီလို့ ကျနော် ထင်ပါတယ်။ အခုတော့ စာရွက်စာတမ်းတွေ ပြင်ဆင်နေပါတယ်ခင်ဗျ။

Ref: မိုးမခ

Read More...

အာဆီယံ ထိပ်သီးဆွေးနွေးပွဲ စတင်

27 February 2009

ထိုင်းနိုင်ငံ ဟွာဟင်း အပန်းဖြေစခန်းမှာဒီနေ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲ ဖွင့်လှစ်တဲ့ အခါ စီးပွားရေးနဲ့ ငွေကြေးကိစ္စ ရပ်များကို ထိပ်ဆုံးထား ဆွေးနွေးကြမယ်လို့ ခန့်မှန်းနေကြပါတယ်။

အာဆီယံအသင်းဝင် ၁၀ နိုင်ငံကခေါင်းဆောင်များ စည်းဝေးပွဲ တက်ရောက်ကြဖို့ ကြာသပတေး နေ့ကတည်းက စတင် ရောက်ရှိနေကြပါပြီ။

ကမ္ဘာ့ခြိမ်းခြောက်မှုများကို ဘယ်လိုတုံ့ပြန်ကြမလဲ ဆိုတဲ့ ကိစ္စနဲ့ ၂၀၁၅ ခုနှစ်မှာ ဒေသ ကုန်သွယ်ရေး အုပ်စု ထူထောင်ရေးကိုလည်း ဆွေးနွေးကြဖွယ် ရှိပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းများကလည်း ထိုင်းနိုင်ငံကို စုဝေး ရောက်ရှိလာကြပြီး လူ့အခွင့်အရေး ကိစ္စရပ်များ၊ အထူးသဖြင့် မြန်မာနိုင်ငံက လှေစီး ထွက်ပြေးလာကြတဲ့ ဒေသတွင်း ဒုက္ခသည်စခန်းများမှာ၊ ပင်လယ်ထဲမှာ အတိဒုက္ခ ရောက်နေကြတဲ့ ရိုဟင်ဂျာများ ကိစ္စ အာရုံစိုက်ကြဖို့လည်း ဖိအားပေး တောင်းဆိုနေကြပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရေး ဖိအားပေးကြဖို့ အရှေ့တောင် အာရှ နိုင်ငံများက ပါလီမန် အမတ်များ အဖွဲ့ကလည်း အာဆီယံ ခေါင်းဆောင်များကို တိုက်တွန်းနေကြပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေက အာဆီယံအသင်းရဲ့ ဂုဏ်သိက္ခာကို ထိပါးစေနေပြီ၊ အဲဒါကြောင့် အာဆီယံ ခေါင်းဆောင်များ အနေနဲ့ သူတို့ရဲ့ သြဇာကိုသုံးပြီး လုပ်ဆောင်ပေးကြပါလို့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာဆယ် (Scott Marciel) ကလည်း သတိပေးထားပါတယ်။

Ref: VOA News

Read More...

မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦး ကျပ်သုံးသိန်းခွဲ ရှိဟု ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေပြော

NEJ /၂၆ ဖေဖော်ဝါရီ ၂၀၀၉

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ပြုလုပ်သည့် စက်မှု ကုန်ထုတ်လုပ်သူများ အသင်း (၁၅) ကြိမ်မြောက် နှစ်ပတ်လည် အစည်းဝေးပွဲမှာ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေက ၂ဝဝ၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတဦး တနှစ်ဝင်ငွေ (၃၄၉,ဝဝဝ) ကျပ် ရှိပြီး ရန်ကုန်သားတဦး တနှစ်ဝင်ငွေ (၆၃၅,၆၆၈) ကျပ် ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါ အစည်းဝေးပွဲသို့ တက်ရောက်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးက

“လွန်ခဲ့တဲ့ (၃) နှစ် ခုလို အစည်းအဝေးမျိုးမှာပဲ ဗိုလ်ချုပ်မြင့်ဆွေက ၂ဝဝ၅ အတွက် မြန်မာနိုင်ငံသား တယောက် တနှစ် ဝင်ငွေ ကျပ် (၁၆၇,ဝဝဝ) ရှိတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ဖူးတယ်။ ခု (၃) နှစ်အတွင်း ဂျီဒီပီ၊ ဂျီအင်န်ပီ (၂) ဆ လောက်တိုးလာတယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး။ သဘာဝ ဓာတ်ငွေ့ ရောင်းလို့ရတဲ့ဆီက ဝင်ငွေတွေ တိုးလာတယ် ဆိုဦး လူတဦးဝင်ငွေ (၃) နှစ်အတွင်း (၂) ဆကျော် တိုးလာတာတော့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ၂ဝဝ၆ ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသားတဦး တနှစ်ဝင်ငွေ ကျပ် (၁၆၇,ဝဝဝ) ရှိကြောင်း ကြေငြာခဲ့ဖူးသည်။ အဆိုပါ ဝင်ငွေသည် တိုးတက်မြင့်မားလာသည့် ဝင်ငွေဖြစ်ကြောင်းလည်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ဝေဖန်ဆန်းစစ်သူများက အဆိုပါအချိန်က ဒေါ်လာပေါက်ဈေးကို အခြေပြုပြီး မြန်မာနိုင်ငံသားတဦး တစ်နေ့ဝင်ငွေ (၁) ဒေါ်လာအောက်သာ ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် ဆင်းရဲသည့် တိုင်းပြည်ဖြစ်ကြောင်း ဝန်ခံသလို ဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။ ၄င်းဝေဖန်ချက်များနှင့် ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက ဒေါ်လာဈေးနှုန်းကို ပြင်ပပေါက်ဈေးနဲ့ မတွက်ချက်သင့်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ဖူးသည်။

ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အရ လူတဦး၏ တနေ့ဝင်ငွေသည် အမေရိကန်ဒေါ်လာ (၁) ဒေါ်လာထက် နည်းနေခြင်းကို အခြေခံ ဆင်းရဲမှုအဆင့် (Poverty line သို့မဟုတ် Poverty threshold) ဟု သတ်မှတ်ထားသည်။ နိုင်ငံတခုရှိ လူနေမှု စရိတ်နှင့် ကာမိအောင် နေနိုင်ရမည့် လူတဦး၏၀င်ငွေနှင့် ဆင်းရဲမှုအခြေအနေ အချိုးကိုတော့ ဆင်းရဲမှုစံအချိုး (Poverty ratio) ဟု သုံးနှုန်းသည်။ ထိုအချိုးများလေ ဆင်းရဲမှု ပိုလေဖြစ်သည်။

မြန်မာနိုင်ငံက တကြိမ်သာထုတ်ပြန်ဖူးသည့် ဆင်းရဲမှုစံအချိုးမှာ မှန်ကန်မှု မရှိဟု စီးပွားရေး ပညာရှင်တဦးက ထောက်ပြရာတွင်-

“၂၀၀၁ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ UNSD ကုလသမဂ္ဂ စာရင်းအင်းအဖွဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို တင်ပြခဲ့တဲ့ မြန်မာနိုင်ငံ ဗဟိုစာရင်းရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးညွန့်ရှိန်နဲ့ ဗဟိုစာရင်းရုံးအရာရှိ ဒေါ်လှလှမြင့်တို့ရဲ့ စာတန်းကိုကြည့်ရင် ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဆင်းရဲမှုစံအချိုးက (၂၂.၄) ရှိပြီး မြို့ပြ ဆင်းရဲမှု စံအချိုးမှာ (၂၃.၉) ရှိတယ်လို့ ပြောထားတယ်။ သဘောကတော့ အဲဒီိအချိန်က မြို့ပြက ကျေးလက်ထက်ပိုပြီး ဆင်းရဲနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ဆင်းရဲမှု စံအချိုးက (၂၂.၉) ရှိတယ်ဆိုပြီး အဲဒီ စာတန်းမှာ ဖော်ပြထားတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရ ဗဟိုစာရင်းရုံးက ဖော်ပြတဲ့ ဆင်းရဲမှု စံအချိုးဟာ အလားတူ တဦးချင်း ၀င်ငွေရှိတဲ့ နိုင်ငံတွေက အချိုးနဲ့ ယှဉ်ကြည့်ရင် သိပ်ကို နည်းနေတဲ့အတွက် ဗဟိုစာရင်းရုံးက တင်ပြခဲ့တဲ့ ဆင်းရဲမှုစံအချိုး (၂၂.၉) ဆိုတဲ့ ကိန်းဂဏန်းဟာ မှားယွင်းနေတာ ဖြစ်နိုင်တယ်ဆိုပြီး အေဒီဘီ အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ ၂၀၀၂ ခု အစီရင်ခံစာမှာ ထောက်ပြထားတယ်။ စစ်အစိုးရ လိမ်ချင်တိုင်း လိမ်လိုမရဘူးဆိုတာ ပြနေတာပဲမှုတ်လား” ဟု ရှင်းပြသည်။

စီအိုင်အေ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ အချက်အလက် မှတ်တမ်းများ အရ မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဆင်းရဲမှု စံအချိုးမှာ (၃၂.၇) ထိရှိသည်။ သဘောမှာ အခြေခံ ဆင်းရဲမှု နှုန်းထက် (၃၃) ရာနှုန်းနီးပါး မြန်မာပြည်သူတွေ ပိုဆင်းရဲနေသည် ဆိုသည့် သဘောဖြစ်သည်။ ၂၀၀၉ နှစ်ဆန်းပိုင်း ထုတ်ပြန်သည့် FAO ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့၏ အစီရင်ခံစာအရ ဆိုလျင် မြန်မာနိုင်ငံ၌ အခြေခံ ဆင်းရဲမှုနှုန်းထက် ပိုပြီး ဆင်းရဲနေသူပေါင်း (၅) သန်းရှိသည်ဟု ထောက်ပြထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင် စာရေးဆရာ တဦးကတော့ ယခင်က အမ်ဘီအေ ကျောင်းသားများ၏ ဟောပြောပွဲတခုမှာ ဗိုလ်မှူးချုပ် ဇော်ထွန်း ပြောခဲ့သည့်စကား ရှိကြောင်း၊ (၄) လပတ် အစည်းအဝေး တခုမှာ စစ်တိုင်းမှူးများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သက်ဆိုင်ရာ စစ်တိုင်းအလိုက် ဂျီဒီပီ တိုးတက်အောင် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကြောင်း၊ အစည်းအဝေးအပြီး စစ်တိုင်းမှူးတွေ ပြန်သွားပြီး မကြာခင် တိုင်းမှူး တစ်ချို့က သူတို့တိုင်းမှာ ဂျီဒီပီ (၃) ဆခန့် တက်လာသည်ဟု အကြောင်းကြားခဲ့ခြင်းမျိုး ရှိဖူးကြောင်း ထုတ်ဖော်ပြောဆိုသည်။

ဗိုလ်မှူးချုပ် ဇော်ထွန်း ဆိုလိုသည်မှာ စာရင်းဇယားများကို အထက်လူကြီး အကြိုက် ထင်သလို လုပ်နေကြခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်း အဆိုပါ ဟောပြောချက်စာတမ်း ပြန့်နှံ့သွားခဲ့ပြီး ဗိုလ်မှူးချုပ် ဇော်ထွန်းလည်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ယခုလည်း ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေက ၂ဝဝ၆ ခု ဇန်နဝါရီလက ပြောခဲ့သည့် ကိန်းဂဏန်းများ အဝေဖန်ခံရသဖြင့် ယခုလို နိုင်ငံသားများ၏ ဝင်ငွေကို (၂) ဆ၊ ရန်ကုန်သားများ၏ ဝင်ငွေ (၂.၇) ဆ တိုးလာတာဟု ပြောတာမျိုး ဖြစ်နိုင်ကြောင်း၊ ၄င်းတို့ပြောသည့် ကိန်းဂဏန်းများ ယုံကြည် စိတ်ချရမှု မရှိကြောင်း ဝေဖန်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေကတော့ လာမည့် ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာရေးနှစ်မှာ မြန်မာ တနိုင်ငံလုံးရှိ လူတဦး တနှစ်ဝင်ငွေ ကျပ် (၆) သိန်း ရရှိဖို့၊ တနည်းအားဖြင့် လက်ရှိဝင်ငွေ၏ နှစ်ဆနီးပါး ရရှိဖို့ အကောင်အထည် ဖော်ရန် ဗိုလ်ချုပ်မှူကြီး သန်းရွှေက လမ်းညွှန် ထားကြောင်း၊ အဆိုပါ လမ်းညွှန်ချက်အတိုင်း ပြည့်မှီမည်ဟု သူယုံကြည် ကြောင်းလည်း ယင်းအစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည် တပေါင်းလပြည့် လွတ်မည် (မြန်မာ့နိုင်ငံရေး ဟောစာတန်း)

(မြန်မာ့နိုင်ငံရေး ဟောစာတန်း)
ပညာကျော် /၂၆ ဖေဖော်ဝါရီ ၂၀၀၉

လူတဦးတယောက်၏ ကံအနိမ့်အမြင့်သည် ကုသိုလ်၊ အကုသိုလ်နှင့်ဆိုင်သလို ထိုကုသိုလ်နှင့် အကုသိုလ်ကိုလည်း ဇာတာ (ကံ) က ပြုလုပ်ပေးတတ်ပါသည်။ လောက သဘောအရလည်း မြဲသောတရား သဘောတို့သည်ကား မရှိကြကုန်ရာသာ ဖြစ်သည်။

မြန်မာစစ်အာဏာရှင်တို့ကလည်း ထာဝရကိုသာ ယုံကြည်ကာ အာဏာတည်မြဲရေးအတွက် ကြိုးစားနေကြရာ တပေါင်းလပြည့်နေ့မှာ အကျဉ်းသား လွတ်မည်ဟု ကျွန်ုပ်ပြောတော့ ကျွန်ုပ်ကို ရူးများနေပြီလားဟု လူတွေက ပြောကြသည်။

ပြောမည်ဆိုလည်း ပြောကြမည်သာ။ ဗေဒင်ကို ပညာရှင်ဘွဲ့ တတ်ခြင်းမခံရသော ကျွန်ုပ်လို လူက ကမြောက်ကချောက် လျှောက်တွက်နေတော့ မယုံတာလည်း အကြောင်းတော့ မဟုတ်ပါ။ သို့သော်လည်း လွတ်မယ့်လွတ်တော့ အကျဉ်းသားတွေက ကြိုလွတ်လာတယ်။ အကျဉ်းသားလွတ်တော့လည်း ဝမ်းသာရတာပေါ့။ ဝမ်းသာသာနဲ့ ဟိုတွက်ဒီတွက် လျှောက်ချက်တွက်တာ ဒီတခါ ဒေါ်စု လွတ်ကိန်းကိုပါ တွေ့နေပြန်သည်။

ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်သည် ထူးခြားသော နှစ်တခုဟုဆိုရပါမည်။ အထူးသဖြင့် အုပ်ချုပ်သူအစိုးရကို ဒုက္ခပေးသော နှစ်လည်းဖြစ်သည်။

၁၃၇၀ ကိုတည် ခုနှစ် (၇) ဖြင့်စားလျှင်၊ (၅) ကြွင်းသည်။ မဟာဘုတ်ထူလျှင် တနင်္ဂနွေမရဏတွင် ကျနေသဖြင့် လူကြီး မင်းအစိုးရတို့ အပြောင်းအလဲရှိသည်။ မင်းအစိုးရကျဆုံးမည်။ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ သောကြာသားသည် ပုတိတွင်ရောက်နေခြင်းကြောင့် အောက်လူတို့၏ အတိုက်အခိုက် ခံရမည်။ မြန်မာ၏ ကံကြမ္မာသက်ရောက်မှာလည်း စနေသက်ရောက် ဖြစ်နေခြင်းကြောင့် ကိုးကွယ်ရာမရ ဖြစ်ရမည်။

၁၃၇၀ ကို အကြေပေါင်းလျှင် (၂) ရသဖြင့် မဟာဘုတ်အလို သန်းရွှေအား အောက်လက်ငယ်သားများက တော်လှန်ပြီး အာဏာသိမ်းရန်လည်း ရှိနေပြန်သည်။

မြန်မာ၏ ဂြိုဟ်မှာလည်း တနင်္လာဂြိုဟ်၊ တနင်္လာသက်ရောက် ဖြစ်နေ၍ မိန်းမဂြိုလ် ဖြစ်သဖြင့် တနင်္လာ၊ သောကြာ၊ စနေ၊ ဗုဒ္ဓဟူးသား တို့၏ အာဏာလု အာဏာသိမ်းယူခြင်းကို ခံရတတ်သည်။

သန်းရွှေ၏ နန်းစံသက်မှာလည်း (၁၇) ဖြစ်နေပြန်၍ ဂြိုလ်မိန်းမ ဖြစ်သလို ရာဟုကြီးစိုးကာ မိန်းမကို ဦးစားပေးကိုးကွယ်မှ အသက်ချမ်းသာရမည့် ကိန်းဆိုက်နေသည်။

ထိုအချက်ကိုသိသော သန်းရွှေတို့ကလည်း နန်းသက်ကိုဆက် အကျဉ်းလွှတ်ဆိုပြီး စနေနေ့၊ တနင်္လာ အချိန် ညနေ လေးနာရီမှ စတင်ပြီး အကျဉ်းသား (၆,၃၁၃) ဦးကို လွှတ်ပေးခြင်းဖြစ်သည်။

(၂၆.၁.၂၀၀၉) တပို့တွဲလဆန်း (၁) ရက် တနင်္လာနေ့တွင် နေကြတ်ခြင်းကို ကြည့်ပြန်လျင်လည်း ထိုနေ့မှာ ပြဿဒါးဖြစ်ခြင်း၊ နေကြတ်ချိန် ညနေ (၄) နာရီ ဖြစ်သဖြင့် နေ့အလိုအခါကို ကြည့်သော် ဗုဒ္ဓဟူး အခါဖြစ်ပြီး ညနေဆိုသောကြောင့် ရာဟုသာဖြစ်ခြင်း၊ နေကြတ်ခြင်းတို့ကို ဖော်ပြသော အိန္ဒိယ ဗြိုဟဇ်သံကဟိတကျမ်း အလိုနှင့် မြန်မာ့သရ တွက်ရိုးကျမ်းအလိုအရ အုပ်ချုပ်သော မင်းတို့ နာအံ့။ စစ်သူကြီးများ ကျဆုံးအံ့။ စစ်သားများ ပုန်ကန်အံ့ ဟု ဆိုထားသဖြင့် စစ်အစိုးရအဖို့ တပူပေါ်နှစ်ပူဆင့်ကာ ပိုပြီး အရေးတကြီး စဉ်းစားရကိန်း ဆိုက်လာနေတော့သည်။

(၁) မြန်မာ့ မူလဇာတာနှင့် ခုနှစ်ဇာတာကို နှိုင်းယှဉ်သော် ဇာတာနှစ်ခုစလုံးတွင် မင်းဇာတာမှာ အပျက်တွင်ရှိနေပြီး ပြည်သူတို့၏ သြဇာ လွှမ်းမိုးနေခြင်းတို့ကြောင့် ၂၀၀၉ ခုနှစ် အတွင်းတွင် ပြည်သူအများ ဆူပူအုံကြွမည်။ အစိုးရကို ဆန့်ကျင့်မည့် ကိန်းအရတခု။

(၂) မြန်မာသက္ကရာဇ် ၁၃၇၁ ခု နှစ်ဆန်းတစ်ရက်သည် သောကြာဖြစ်ပြီး သင်္ကြန်ကျချိန်မှာ အင်္ဂါနေ့ နံနက် (၃) နာရီ (၁၅) မိနစ် (၃၆) စက္ကန့် ဖြစ်ပြီး တက်ချိန်မှာ ကြာသပတေးနေ့ နံနက် (၇) နာရီ (၂၀) မိနစ် (၁၇) စက္ကန့် ဖြစ်နေပြန်ရာ ကျချိန်မှာ စနေအခါ ဖြစ်နေခြင်း၊ တက်ချိန်မှာလည်း ကြာသပတေးအခါတွင် တက်နေခြင်းကြောင့် နှစ်ဆန်းတစ်ရက်နေ့မှ သောကြာဆိုသည်မှာ ရက်အလိုသာဖြစ်၍ သင်္ကြန် တက်ပြီးချိန်မှ နောက်အချိန် သည်နှစ်ဆန်းအချိန် (ရက်) ဖြစ်သဖြင့် (ကြာသပတေးနှင့် စနေ) မှာ ပြဿဒါးဖြစ်ကာ ဇာတာခွင်အလို တိုင်းကားပြည်ရွာပျက်စီးခြင်း၊ ရေဘေးကြုံရခြင်း။

(၃) ကောဇာ ၁၃၇၁ ခု၏ ဇာတာအရ သောကြာသား၊ စနေသား၊ တနင်္လာသား မင်းတို့ ကျဆုံးကိန်းတွင် ရှိနေပြန်ပြီး၊ ပြည်သူတို့ ထကြွကာ လက်အောက်ငယ်သားတို့၏ တော်လှန်မှုကိုခံရမည်။ တိုင်းတစ်ပါး၏ အတိုက်အခံကြောင့် ကျဆုံးရမည့် ကိန်းဆိုက်နေခြင်း။

ဖော်ပြပါ ဇာတာသဘောကို နှိုင်းယှဉ်ပြီး ထိုကိန်းတို့မှ လွတ်မြောက်နိုင်ရေးကို ကြည့်လျှင် “အင်္ဂါကယ်မှ ပြည်ငြိမ်မည်။ တနင်္လာလွတ်မှ ရန်ငြိမ်းမည်" ဟူသော အယူကိုမသုံးလျင် အကုန်ကျဆုံးရမည်ဖြစ်၍-

-အင်္ဂါအလို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်။
-တနင်္လာအလို ခွန်ထွန်းဦးကို လွှတ်ရန်ရှိသည်။

အင်္ဂါအလို နေ့နမ်ကိုတွက်သော် ဇာဂနာ၊ စုစုနွေး တို့လည်း ပါနိုင်ပြီး၊ တနင်္လာအလို ကိုကိုကြီး တို့ကိုပါ စဉ်းစားရမည်။ ခွန်ထွန်းဦးကို လွှတ်ခြင်းမှာ တိုင်းတစ်ပါးရန်ကို ကာကွယ်ရန် လူမျိုးခြားကို လွှတ်ပြီး ဓာတ်တူနမ်တူ ပြုခြင်းဖြစ်သည်။

ဘယ်လတွင် လွှတ်မည်ဆိုလျင် "တပေါင်းလပြည့် အင်္ဂါနေ့တွင် လွှတ်မည်”။

အကယ်၍ တပေါင်းလပြည့် မလွှတ်သော် ၁၃၇၁ ခုဆန်းပြီး ခြောက်လ (သီတင်းကျွတ်လထိ) အတွင်း လွှတ်ရမည်။

(အကျယ်ရေးလျင် ရှည်မည်စိုးသဖြင့် သဘောတရားကို အကျဉ်းချုံး ဖော်ပြခြင်းဖြစ်သည်။ )
ပညာကျော်
(သတ္တဝါမှန်သမျှ ချမ်းသာရာ ရနိုင်ကြပါစေ။)

Ref: ခေတ်ပြိုင်

Read More...

စီးပွားရေးဒဏ်ခတ်မှုဥပဒေ ရုတ်သိမ်းအောင် အန်အယ်လ်ဒီ လုပ်ရန်မလို

မင်းနိုင်သူ /၂၆ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားမှုများသည် အန်အယ်လ်ဒီပါတီက ပြုလုပ်ထားခြင်း မဟုတ်သည့်အတွက် ပါတီဘက်မှ ရုတ်သိမ်းပေးရမည့် ကိစ္စရပ်များ မဟုတ်ကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က ခေတ်ပြိုင်သို့ ပြောသည်။

လွန်ခဲ့သော ရက်ပိုင်းများအတွင်း အန်အယ်လ်ဒီပါတီမှ ထုတ်ပြန်ခဲ့သော ကြေငြာချက်အမှတ် (၂/၀၂/၀၉) ၌ စီးပွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်းသော ဖော်ပြချက်ပါ စာသားကြောင့် အဓိပ္ပါယ် ရောထွေးမှုများ ဖြစ်ပေါ်လာရသဖြင့် ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယင်းကဲ့သို့ ပြောဆိုခဲ့ ခြင်းဖြစ်သည်။

“အဲဒါကို တချို့မီဒီယာတွေရော၊ နိုင်ငံရေးအင်အားစုတွေရော အဓိပ္ပါယ်ကောက် လွဲမှာစိုးလို့ ပြန်လည် ပြင်ဆင်ချက် ထုတ်ထား ပြီးပါပြီ။ အန်အယ်လ်ဒီ ပါတီအနေနဲ့က စီးပွားရေး ပိတ်ဆို့မှုတွေကို ထောက်ခံတာလည်း မရှိဘူး။ ကန့်ကွက် တာလည်း မရှိဘူး။ ဒါတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေက သူ့သဘောနဲ့သူ ဆောင်ရွက် ခဲ့ကြတာပါ။ အဲဒီတော့ ရုတ်သိမ်းပါ ဆိုတဲ့ဟာ ကျနော်တို့ လုပ်ထားတာ မဟုတ်တဲ့ အတွက် ရုတ်သိမ်းလို့ မရဘူး။ ဒီဥစ္စာက တိုင်းပြည်နဲ့ လူထုအတွက် အကျိုး မရှိဘူးလို့ ယူဆလို့ရှိရင် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ပါ့မယ်လို့ ဒီလိုအကြံပြုတာပါ” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

အန်အယ်ဒီက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေကို ပြဌာန်းသည့် အဖွဲ့အစည်း မဟုတ်သော်လည်း တချိန်က မြန်မာ စစ်အစိုးရအပေါ် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ အရေးယူဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တောင်းဆိုခဲ့သည့် သာဓက ရှိသည်။

၁၉၉၆ ခု ဇူလိုင်လတွင် အီးယူ ပါလီမန် အမတ်များအား ပြသရန်အတွက် မြန်မာနိုင်ငံမှ ခိုးထုတ်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဗီဒီယို တိတ်ခွေထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့ဖို့ တောင်းဆိုသည့်အကြောင်း ၁၉၉၆ ခု ဇူလိုင် (၁၈) ရက်နေ့စွဲပါ ဘရပ်ဆဲမှ လာသည့် ရိုက်တာ သတင်းမှာ ဖော်ပြ ထားသည်။ မြန်မာနိုင်ငံကို စီးပွားရေး ဒဏ်ခတ်သည့် အတွက် အခွင့်ထူးခံ လူတန်းစားကိုသာ ထိခိုက်မှာဖြစ်ပြီး လူထုကို မထိခိုက်နိုင်ကြောင်း အဆိုပါ ဗီဒီယို တိတ်ခွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။

၁၉၉၇ ခု ဖေဖော်ဝါရီလမှာလည်း မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ အတွက် ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မေတ္တာ ရပ်ခံခဲ့သည့် အကြောင်း ၁၉၉၇ ခု ဖေဖော်ဝါရီ (၃) ရက်နေ့စွဲပါ ရန်ကုန်မှာလာသည့် အေပီ သတင်း၌ ဖော်ပြထား သည်။ အဆိုပါ သတင်းများကို ပြည်ပ မြန်မာဘာသာ ရေဒီယို များမှလည်း ထုတ်လွှင့်ခဲ့သည်။

မြန်မာနိုင်ငံအပေါ် အမေရိကန် စီးပွားရေး ဒဏ်ခတ်မှုသည် စစ်အစိုးရအား နိုင်ငံရေး ပြောင်းလဲရန် သြဇာ မညောင်းခဲ့သည့် အတွက် အဆိုပါ ဒဏ်ခတ်မှု ပေါ်လစီကို ပြန်လည်သုံးသပ်ဖို့ ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က ပြောခဲ့သော်လည်း စီးပွားရေး ဒဏ်ခတ်မှု ဥပဒေကို ရုတ်သိမ်းမည်ဟု တိတိကျကျ ပြောခဲ့ခြင်းမရှိပေ။ သို့သော် မြန်မာ စစ်အစိုးရအပေါ် စီးပွားရေး ဒဏ်ခတ်မှု ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားသည်နှင့် အမေရိကန် ကွန်ဂရက်မှာ အတိုက်အခံ အင်အားနှင့် ကြုံရနိုင်သည်ဟု ၀ါရှင်တန်ပိုစ့် သတင်းစာကြီးက ထောက်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, February 26, 2009

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွင်း ပုန်ကန်မှုဖြစ်

25 February 2009

ဘင်္ဂလားဒေရှ့်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ထဲက မကျေမနပ် ဖြစ်နေကြတဲ့ စစ်သားတချို့က စတင်လိုက်တဲ့ လက်နက်ကိုင် ပဋိပက္ခဟာ ဒါကာမြို့တော်မှာ ဖြစ်ပွါးနေတာပါ။ ပြင်းထန်တဲ့ သေနတ်သံတွေ မော်တာ အမြှောက်သံတွေကြောင့် လူစည်ကားတဲ့ လမ်းမတွေပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တယ်လို့ နယူးဒေလီမြို့တော် တောင်အာရှ ရုံးခွဲကနေ အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ဗွီအိုအေ သတင်းထောက် ဆလီ ဟားမန်း က ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့သလို ပစ်ခတ်တဲ့ စစ်သားတွေ ဘယ်နှစ်ယောက်ထိ ထိခိုက်သေကြေခဲ့သလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ အခြေအနေ အသေးစိတ်ကို ဦးကျော်ဇံသာက တင်ပြပေးပါတယ်။

ဒါဟာ ၀န်ကြီးချုပ်သစ် ရှိတ် ဟာဆီနာ အစိုးရရဲ့ ၂လတာ သက်တမ်းအတွင်းမှာ ပထမဦးဆုံး တွေ့ရတဲ့ အကျပ်အတည်း ဖြစ်ပါတယ်။ နယ်ခြား တပ်ဖွဲ့တွေရဲ့ ပုန်ကန်မှုကို ကူညီဖို့ ဘင်္ဂလားဒေရှ့် စစ်တပ်ကို တာဝန်ချထားပြီးပြီလို့ အရာရှိတွေက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ အာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ ကိစ္စမဟုတ်ဘူး ဆိုတာကိုလည်း အရာရှိတွေက အခိုင်အမာ ပြောနေကြပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံ ဒါကာမြို့တော်က ပုဂ္ဂလိက ရုပ်မြင်သံကြား တွေကိုတော့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့် တပ်ဖွဲ့ဌာနမှာ မီးတောက်လောင် နေတာတွေ၊ မီးခိုးထွက် နေတာတွေကို ပြသနေကြပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်က ဆက်ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် လူနေစိတ်တဲ့ ဒါကာ မြို့တော်မှာ ထိပ်ထိပ်ပြာပြာ ဖြစ်ခဲ့ရပြီး ပြင်းထန်တဲ့ သေနတ်သံတွေ၊ မော်တာသံတွေ ကြားနေခဲ့ရပါတယ်။ နယ်ခြားစောင့် ၀န်ထမ်းတပ်ဖွဲ့ ဌာနချုပ်နားက ဈေးဆိုင်တန်းတွေမှာ ပုန်ကန်သူ စစ်သားတချို့ကို ဖမ်းဆီးမိခဲ့တယ်လို့ မီဒီယာတွေက ဆိုကြပါတယ်။

အိန္ဒိယနိုင်ငံ ကာကွယ်ရေး တက္ကသိုလ်က ဘင်္ဂလားဒေရှ့်ရေးရာ သုံးသပ်သူ စရီတာ ဒါတား က ဒီပုန်ကန်မှု စစ်တပ်က နှိမ်နင်းတယ် ဆိုတာဟာ အံ့သြစရာ မဟုတ်ဘူးလို့ အခုလို သုံးသပ်ပါတယ်။

"ဒီလို တရား ဥပဒေ စိုးမိုးရေးနဲ့ ဆိုင်တဲ့ ဘယ်ပြည်တွင်း ပြဿနာမှာ မဆို ရွေးကောက်ခံထားရတဲ့ အစိုးရကတော့ စစ်တပ်ကိုပဲ ၀င်ထိန်းဖို့ ကြိုးစားကြမှာပါ။ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍ က ဒီလိုနေရာမျိုးမှာ သိပ်မရှိသလောက်ပါပဲ။"

ဘင်္ဂလားဒေရှ့် ရိုက်ဖယ် ဒါမှ မဟုတ် ဘီတီအာ လို့ခေါ်တဲ့ တပ်ဖွဲ့ဟာ နယ်ခြားစောင့် စစ်တပ်တွေ ဖြစ်ကြပြီး ၁၈ရာစု ဗြိတိသျှ ကိုလိုနီလက်ထပ် ကတည်းက စတင်ရှိခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ တပ်ဖွဲ့အင်အား ၆၅၀၀၀ ကျော် ရှိတဲ့ တပ်ဖွဲ့ပါ။ ဘင်္ဂလားဒေရှ့်ဟာ ၁၉၇၁ခုနှစ်မှာ ပါကစ္စတန်ဆီက လွတ်လပ်ရေး ရခဲ့ပြီး ဒီလို တပ်တွင်း မတည် မငြိမ်ဖြစ်မှုက မကြာခဏ ဖြစ်လေ့ရှိပါတယ်။ တချို့သော သုံးသပ်သူတွေကတော့ အခုဖြစ်ရတာဟာ ဒီနယ်ခြားစောင့် တပ်ဖွဲ့ကို တကယ့် စစ်တပ်က အရာရှိတွေ လာရောက် အုပ်ချုပ်တာနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်နေရာက အခြေခံတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စရီတာ ဒါတား ကတော့ အခု ပုန်ကန်မှုဟာ ခါတိုင်းထက် ထူးခြားတယ်လို့ သုံးသပ်ပါတယ်။

ဘင်္ဂလားဒေရှ့်မှာ အာဏာသိမ်းတာတွေ၊ တန်ပြန် အာဏာသိမ်းတာတွေ ရှိခဲ့တယ်။ တပ်တွင်း ကွဲလွဲမှုတွေ ရှိခဲ့ဖူးပေမဲ့ အခုလို နယ်ခြားစောင့် တပ်ဖွဲ့တွေ ကြားမှာတော့ တခါမှ မရှိဘူးလို့ ဆိုပါတယ်။

အခု ပုန်ကန်မှုဟာ ဘီတီအာဌာနချုပ်ကို ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ သွားရောက် လည်ပတ်ခဲ့ပြီး ၁ရက်အကြာမှာ ဖြစ်ပွား ခဲ့တာပါ။ ၀န်ကြီးချုပ်က နယ်ခြားစောင့် တပ်တွေ ပိုပြီး စည်းကမ်း ရှိကြဖို့၊ နယ်ခြားကို ပိုပြီး ဂရုတစိုက် စောင့်ရှောက်ဖို့ မိန့်ကြားခဲ့ပါတယ်။ အဲဒီနောက် ၁ရက် အကြာမှာတော့ ၀န်ကြီးချုပ်က တပ်ဖွဲ့တွေ ပုန်ကန်လာတဲ့အတွက် လက်နက်ချကြဖို့ မေတ္တာရပ်ခံ နေရပြီး သူတို့ရဲ့ မကျေနပ်ချက်တွေကို နားထောင်ပါမယ်လို့ ကတိပြု နေရပြီ ဖြစ်ပါတယ်။ မစ္စ ဟာဆီနာဟာ ဒီဇင်ဘာလအတွင်းက ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ စစ်တပ်က ကျောထောက် နောက်ခံပေးထားတဲ့ ကြားဖြတ်အစိုးရကို ဆက်ခံပြီးတော့ အုပ်ချုပ်တာဖြစ်ပါတယ်။

Ref: VOA News

Read More...

၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင် အဖွဲ့ ဆုံးဖြတ်

ဇော်ကြီး။
ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရန် လူထု အုံကြွမှု တရပ်ကို ဖော်ဆောင်ရမည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ က ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီမျက်နှာစုံညီ အစည်းဝေးကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၁၈) ရက်နေ့ထိ ထိုင်း၊ မြန်မာနယ်စပ် တနေရာတွင် ကျင်းပခဲ့ပြီးနောက် ယခုလို ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် မြန်မာအစိုးရ ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် လှုံ့ဆော် သွားမည်ဟု ပြန်လည် အရွေးချယ် ခံခဲ့ရသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“တကယ်လို့ မဲရုံကိုသွားတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့က အလိုအလျောက် နအဖရဲ့ ဥပဒေ ကိုရော၊ ရွေးကောက်ပွဲကိုရော ၃၀ ရာခိုင်နုန်း လောက်က အလိုလို ထောက်ခံနေပြီး သားပဲဖြစ်နေတယ်။ အဲလိုဖြစ်တဲ့ အချိန်ကျတော့ အဲဒီဟာမျိုးတော့ ကျနော်တို့က မဖြစ်စေ ချင်ဘူး၊ ပြတ်ပြတ်သားသားနဲ့ပဲ ဥပဒေကိုရော ရွေးကောက်ပွဲကိုရော ကျနော်တို့ ဆန့်ကျင်မယ်။ အဲတော့ ကန့်ကွက်မဲ သွားပေးမဲ့အစား ဒါကျနော်တို့ ပြည်သူလူထုမှာ လူထုအုံကြွမှု တရပ်ကို ပြည်တွင်းမှာပေါ့နော် ပေါ်ပေါက်အောင်လုပ်မယ် အဲဒီအစား လုပ်ရင်ပိုကောင်းတယ် လို့ ကျနော်တော့ အဲလိုပဲ မြင်ပါတယ်။”

ယခု ကျင်းပပြီးစီးခဲ့သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီ မျက်နှာ စုံညီ အစည်းဝေးတွင် ယခင်က သဘောတူထားသည့်အတိုင်း ပအိုဝ်းလူငယ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များပါ ပူးပေါင်းလာခဲ့ကြသည်၊၊

ပြည်တွင်း၊ ပြည်ပရှိ ပအိုဝ်းအမျိုးသားများ စည်းလုံးညီညွတ်မှု ရရှိနိုင်ရေးအတွက် နည်းလမ်း အမျိုးမျိုး အသုံးပြုပြီး ရည်မှန်းချက် သို့ရောက်အောင် အကောင်ထည်ဖော် ဆောင်ရွက်ရမည်ဟုလည်း ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“ကျနော်တို့ အထဲထဲမှာက နှစ်ပိုင်းရှိတယ်ခင်ဗျ၊ နှစ်ပိုင်းရှိတယ်ဆိုတာ ပထမ တပိုင်းကတော့ ဘယ်လို အခြေအနေ အောက်မှာပဲဖြစ်ဖြစ် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို သူတို့ဝင်မယ် ဆိုတဲ့အပိုင်းပါပဲ၊ နောက်ထပ် တပိုင်းကျတော့ မလွဲမရှောင်သာလို့ ပြောရရင်တော့ အဲဒီမှာ လွန်ဆန်လို့မရလို့ ဘယ်လိုမှ လုပ်လို့မရလို့ အဲလိုမျိုး မှိန်းပြီးတော့ လိုက်နေတဲ့ အနေအထား တစ်ခုလည်းရှိတယ်။ အဲလိုမျိုး ဖြစ်တဲ့အချိန်ကျတော့ ကျနော်တို့ကတော့ ရရင်ရသလို ကျနော်တို့ အဲဒီနည်းလမ်းသုံးပြီးတော့မှ ကျနော်တို့ အတူ တကွ လက်တွဲလုပ်သွားမယ်ဆိုတဲ့ သဘောပါပဲခင်ဗျ။”

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့သည် မြန်မာစစ်အစိုးရက လက်နက်ချရန် ဖိအားပေးသည့် အတွက် ၂၀၀၇ ခုနှစ် ဇွန်လတွင် အပစ်ရပ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)မှ ခွဲထွက်ခဲ့ပြီး ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ကို ဖွဲ့စည်း၍ စစ်အစိုးရကို ဆက်လက် တော်လှန်နေသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

Ref: သတင်းနှင့်မီဒီယာကွန်ယက်

Read More...

အာဆီယံစည်းဝေးတွင် မြန်မာ့အရေးများ ဆွေးနွေးမည်

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 25 2009

ချင်းမိုင်(မဇ္ဈိမ)။ ။ အာဆီယံ ခေါ် အရှေ့တောင်အာရှ နိုင်ငံများအသင်း၏ ၁၄ ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံ တောင်ပိုင်း၌ ယခုလကုန်ပိုင်းတွင် ကျင်းပသည့်အခါ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ အပါအ၀င် မြန်မာရေးရာ ကိစ္စရပ်များ ထည့်သွင်း ဆွေးနွေးမည်ဟု သိရသည်။

အစည်းအဝေးကို ယခုလ ၂၇ ရက်မှ မတ်လ ၁ နေ့အထိ ဘန်ကောက်မြို့မှ ကီလိုမီတာ ၁၅ဝ ခန့် ကွာဝေးသော ဟွေဟင် Hua Hin ကမ်းခြေ၌ ကျင်းပသည့်အခါ မျက်မှောက် မြန်မာ့နိုင်ငံရေး၊ နိုင်ငံရေး အကျဉ်းသားများ အရေးနှင့် လှေစီးဒုက္ခသည် ရိုဟင်ဂျာ အရေးများ ပါဝင်ထည့်သွင်း ဆွေးနွေးနိုင်ကြောင်း သိရသည်။

“နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့အပေါ် ဆွေးနွေးမှုတွေ၊ ရိုဟင်ဂျာကိစ္စ၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိုတော့ အဓိက ပါဝင် ဆွေးနွေးနိုင်မယ်" ဟု ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာနိုင်ငံအတွက် အခြားဖွံ့ဖြိုးရေး နည်းလမ်းများ ရှာဖွေရေး စီမံကိန်းအဖွဲ့မှ မခင်ဥမ္မာက မဇ္ဈိမကို ပြောသည်။

“နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုရင် အာဆီယံက charter ကလည်း အသက်ဝင်နေတဲ့ အချိန်ဆိုတော့ ဆက်ပြီး ဆွေးနွေးမယ်လို့ ထင်တယ်လေ။ အဲဒီ charter အရဆိုရင် မြန်မာပြည် ကိစ္စတွေကို စားပွဲပေါ်တင်ပြီး ဆွေးနွေးရမယ့် အဆင့်ရောက်နေပြီ။ ဒေသတွင်းမှာ လူ့အခွင့်အရေး ကော်မရှင်ဖွဲ့ဖို့ လုပ်နေတဲ့ အချိန်လည်း ဖြစ်တယ်။ အရင်ကထက်စာရင် နအဖက အတွင်းရေးကိစ္စကို ဘယ်လောက်ထိ ပြောမယ်ဆိုတာ မသိသေးဘူး။ သေချာပေါက်က ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက်တော့ ပါမှာပဲ” ဟု သူက ဆက်ပြောသည်။

မြန်မာ့အရေးနှင့် ရိုဟင်ဂျာများအရေး အဓိကထား ဆွေးနွေးမည်ဟု ယမန်နေ့ထုတ် ထိုင်းသတင်းစာ ဘန်ကောက်ပို့စ်တွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာဆီယံဆိုင်ရာဌာန ညွှန်ချုပ် Vitavas Srivihok ကလည်း ပြောဆိုထားသည်။

သူက “မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ လှေစီး ရိုဟင်ဂျာအရေးဟာ ဒေသတွင်းနိုင်ငံ အတော်များများနဲ့ ပတ်သက်နေလို့ အဓိက တခုအနေနဲ့ ဆွေးနွေးမယ်။ ဒါ့အပြင် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ကနေ အာဆီယံ နိုင်ငံ အတော်များများမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အဲဒါတွေ အဓိကထားပြီး ဆွေးနွေးမယ်” ဟု ယခုလ ၂၃ ရက်နေ့က သတင်းဌာနများကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လအတွင်း ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးမိခဲ့သည့် မြန်မာနိုင်ငံသား ရိုဟင်ဂျာ ဦးရေ ၄ဝဝ ခန့်အား ကမ်းစပ်တွင် ထိုင်းစစ်တပ်က ဝမ်းလျားမှောက်ခိုင်းကာ လက်များကို ခေါင်းပေါ်တင်ထားစေပြီး သေနတ်ဖြင့် ချိန်၍ နိုင်ငံတကာ ရေပိုင်နက်အတွင်း အင်ဂျင်မပါသော စက်လှေဖြင့် မောင်းထုတ်သဖြင့် သေဆုံးသူ အနည်းဆုံး ၄ ဦး ရှိပြီး၊ ၃ဝဝ ခန့် ပျောက်ဆုံးကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုခဲ့ကြသည်။

ထို့နောက် အင်ဒိုနီးရှားနိုင်ငံ ဆဘန်ကျွန်းတွင် လှေစီးပြေး ရိုဟင်ဂျာ ၄ဝဝ ကျော်ကို ကယ်ဆယ်ခဲ့ရပြီး အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းတွင်လည်း ရာနှင့်ချီ၍ ကယ်ခဲ့ရသည်ဟု သိရသည်။

ရိုဟင်ဂျာများကို ထိုင်းရေတပ်က လူမဆန်စွာ ပြုမူသည့် ကိစ္စနှင့် ပတ်သက်၍ စုံစမ်းဖော်ထုတ်သွားမည်ဟု ထိုင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝက လူ့အခွင့်အရေး အဖွဲ့များအား ပြောဆိုခဲ့သည်။

ရိုဟင်ဂျာများက မိမိတို့သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ လာသည်ဟု ပြောဆိုရာ၊ မြန်မာစစ်အစိုးရကမူ မြန်မာပြည်တွင် ရိုဟင်ဂျာလူမျိုး ဟူ၍ မရှိကြောင်း ယတိပြတ် ငြင်းပယ်မှုများ ဖြစ်ပွားခဲ့သည်။

ထိုင်းအစိုးရ အရာရှိတဦးက ယခုလ ၂၇ ရက်နေ့မှ လာမည့် မတ်လ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံ အစည်းအဝေးတွင် ရိုဟင်ဂျာ ကိစ္စကို တင်ပြသွားမည်ဟု ယခင် မဇ္ဈိမသတင်းတရပ်တွင် ဖော်ပြခဲ့သည်။

"အာဆီယံ အစည်းအဝေးမှာ ရိုဟင်ဂျာကိစ္စ တင်ပြဆွေးနွေးသွားဖို့ ကျနော်တို့ သင့်တော်လျောက်ပတ်တဲ့ နည်းလမ်း ရှာနေတယ်" ဟု သူက ပြောခဲ့သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ၏ ဖိတ်ကြားချက်အရ မြန်မာဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်သည် အာဆီယံထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဟု ယမန်နေ့ထုတ် စစ်အစိုးရ အာဘော် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် မတည်မငြိမ် ဖြစ်ခဲ့သော ပြည်တွင်းနိုင်ငံရေးကြောင့် အာဆီယံ အစည်းအဝေး ကျင်းပရန် နေရာပြောင်းလဲ စီစဉ်ခဲ့သည်မှာ ယခုနှင့်ဆိုလျှင် ၄ နေရာမြောက်ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက အစည်းအဝေးကို ဘန်ကောက်မြို့၌ ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပြုတ်ကျသွားသော ယခင် ၀န်ကြီးချုပ်ဟောင်း ထပ်ဆင် ရှင်နာဝပ်ကို ထောက်ခံသော ပြည်သူ့စွမ်းအားပါတီ People Power Party ကို ဆန့်ကျင်သည့် PAD များက ဆန္ဒပြမှုကြောင့် နိုင်ငံမြောက်ပိုင်း ချင်းမိုင်သို့ ပြောင်းရွှေ့ကျင်းပရန် စီစဉ်ခဲ့သည်။

အာဆီယံ နှစ်ပတ်လည် အစည်းအဝေးတွင် အာဏာရှင် ဆန့်ကျင်သည့် ညီညွတ်သော ဒီမိုကရေစီ အင်အားစုများ United Front of Democracy against Dictatorship - UDD က အာဆီယံ အစည်းအဝေးကို အဟန့်အတား ဖြစ်စေမည်ကို စိုးရိမ်၍ ပြောင်းရွှေ့ရကြောင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ Abhisit Vejjajiva က သတင်းထောက်များကို ပြီးခဲ့သည့်လ ၇ ရက်နေ့က ပြောကြားခဲ့သည်။

အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံက စတင် တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာ၊ ဘရူနိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ပါဝင်လာခဲ့သည်။

Ref: မဇ္ဈိမ

Read More...

UDP ဦးကျော်မြင့်က ဧရာဝတီကို တရားစွဲမည်

25 February 2009 - ဇာနည်ဝင်း

ကနေဒါ အခြေစိုက် မြန်မာ့ နိုင်ငံရေး ပါတီတခု၏ ခေါင်းဆောင် ဖြစ်သူက ဧရာဝတီမဂ္ဂဇင်းနှင့် အယ်ဒီတာ ဦးအောင်ဇော်ကို တရားစွဲတော့မည်ဟု VOA အသံလွှင့်ဌာနသို့ ယနေ့ ပြောကြား လိုက်သည်။

ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP)၏ ခေါင်းဆောင် ဦးကျော်မြင့် (ခေါ်) မိုက်ကယ်ဟွာဟူက ယနေ့နံနက်ပိုင်းက ထုတ်လွှင့်သည့် VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျနော် ဘိန်းသမားပေါ့ သူက ရေးတယ်၊ နံပတ်တစ်။ နံပတ်နှစ်က ကျနော် မန်းနီးလောင်ဒရင်း (ငွေကြေးခ၀ါချမှု)တဲ့။ … သူ စွပ်စွဲတယ်။ … အဲဒီ နှစ်ခုကို ယူပြီးတော့ ကျနော်က ယိုးဒယား တရားရုံးမှာ ကျနော် တရားစွဲမယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

“အခု ယိုးဒယား ရှေ့နေတွေ အခု စာရွက်တွေ ပြင်နေပါတယ်။ ကျနော် ထင်တယ် ဒီလ ကုန်ခါနီး ဆိုရင် တရားရုံး အထိ ရောက်ပြီလို့ ကျနော် ထင်ပါတယ်။ အခုတော့ စာရွက် စာတမ်းတွေ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆက်လက် ပြောလိုက်သည်။

ဦးကျော်မြင့်သည် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခု ဖြစ်သည့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေး ဌာနတွင် တာဝန်ယူခဲ့ဖူးသည်ဟု သိရသည်။

ဦးကျော်မြင့်ကမူ “တာဝန်ဆိုတာ တကယ် သူတို့ထဲမှာ ဝင်တာ မဟုတ်ဘူး။ သူတို့ကို ကူညီပေးတာပါ” ဟု ဆိုသည်။

UWSA သည် မူးယစ်ဆေး ထုတ်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သည်ဟု နာမည်ကြီးသော လက်နက်ကိုင် အဖွဲ့ကြီး ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ဒေသတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်သွားပြီ ဖြစ်ကြောင်း မကြာသေးမီ နှစ်များအတွင်းက နိုင်ငံတကာသို့ ကြေညာခဲ့သည်။

ဦးကျော်မြင့်နှင့် ပတ်သက်ပြီး ဧရာဝတီတွင် ရေးသားထားချက်များမှာ Asiaweek မဂ္ဂဇင်း၊ Jane's Intelligence Review တို့တွင် ဖော်ပြထားချက်များကို ကိုးကားထားခြင်း ဖြစ်သည်။

မြန်မာစစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA ၏ ဘဏ္ဍာရေးဌာန ဒုတိယ ဌာနမှူးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေး ဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။

ဆက်လက်ပြီး ထိုစာစောင်က “UWSA ခေါင်းဆောင်များနှင့် စစ်အစိုးရ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ တွေ့ဆုံပြီး နောက်တွင် ၀န်ကြီးတဦးဖြစ်သူ ဗိုလ်မှူးချုပ် ဒေးဗစ် အေဘယ်သည် အခြား ရာထူးတာဝန် တခုသို့ ရွှေ့ပြောင်းခံခဲ့ရသည်” ဟု ဆိုသည်။

ထိုအချိန်တွင် ဦးကျော်မြင့်သည် အမေရိကန် ပြည်ထောင်စု အစိုးရ၏ စောင့်ကြည့်ခြင်းကို ခံနေရသည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ၁၉၉၈ ခုနှစ်ထုတ် နိုင်ငံတကာ မဟာဗျူဟာ မူးယစ် ဆေးဝါး ထိန်းချုပ်မှု အစီရင်ခံစာတွင် စစ်အစိုးရက ဦးကျော်မြင့်၏ မြန်မာ ကျုံယွမ် ကုမ္ပဏီကို ဖျက်သိမ်းခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း စစ်အစိုးရက အဆိုပါ အရေးယူမှုကို မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး အစီအစဉ်အရ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခြင်း မရှိခဲ့ပါ။

“ယခင် UWSA တပ်ဖွဲ့၏ အကြီးတန်းအရာရှိဖြစ်ခဲ့သူ ကုမ္ပဏီ၏ ဥက္ကဋ္ဌသည် နောက်ပိုင်းတွင် ထောင်ဒဏ် ၉ နှစ် ချမှတ်ခြင်း ခံရကြောင်း သိရှိရသည်”ဟု အစီရင်ခံစာက ဆိုသည်။

VOA အသံလွှင့်ဌာနနှင့် ဆက်သွယ် မေးမြန်းခန်းတွင်လည်း ဦးကျော်မြင့်က ၎င်းသည် ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရသည်ဟု ပြောကြားခဲ့သည်။

မြန်မာပြည် နိုင်ငံရေးနှင့် ပတ်သက်သည့် အကြံပြုစာ တစောင်ကို စစ်အစိုးရသို့ ပေးပို့ခဲ့သဖြင့် ထောင်ကျခဲ့ခြင်း ဖြစ်သည်ဟု ဦးကျော်မြင့်က ဆိုသည်။

ဦးကျော်မြင့်က ၎င်းသည် အကျဉ်းကျခံရစဉ် မန္တလေး ဆေးရုံမှ ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် ထိုင်းနိုင်ငံမှတဆင့် မြောက်အမေရိကသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

Asiaweek မဂ္ဂဇင်းက မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲ ခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့ကြောင်း ဧရာဝတီက ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကောက်နုတ်ဖော်ပြခဲ့သည်။

ဦးကျော်မြင့်ကမူ မြန်မာကျုံယွမ်ကို ကျောက်စိမ်းလုပ်ငန်း၊ သစ်လုပ်ငန်း၊ သတ္ထု တူးဖော်ရေး လုပ်ငန်းတို့မှ ရသည့် ငွေများဖြင့် တည်ထောင်ခဲ့သည်ဟု VOA ဆက်သွယ်မေးမြန်းခန်းတွင် ယနေ့ ပြောကြားလိုက်သည်။

၎င်းအနေဖြင့် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်မှု လုံးဝ မရှိကြောင်းကိုလည်း အကြိမ်ကြိမ် ငြင်းဆိုသွားသည်။

မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။ ၎င်းသည် ပါတီ၏ “နိုင်ငံခြားတာဝန်ခံ”ဖြစ်ကြောင်း၊ မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့သည် ပါတီခေါင်းဆောင်များ ဖြစ်ကြောင်း သိရသည်။

၎င်း၏ အဆိုအရ UDP အား လာမည့်နှစ်တွင် ရွေးကောက်ပွဲဝင်ရန် စစ်အစိုးရက ဝါရှင်တန်မြို့ မြန်မာသံရုံးမှ တဆင့် ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

“၂ဝ၁ဝ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ဖို့ သဘောတူတဲ့ တရားဝင်စာ ကျနော်တို့ဆီ ရောက်လာပါတယ်” ဟု ဦးကျော်မြင့်က ဆိုသည်။

Ref: ဧရာဝတီ

Read More...

ရွှေတြိဂံနယ်စပ်ဒေသ စစ်ရေးပြင်ဆင်မှုများရှိနေ

25 February 2009
ကိုစိုး

မြန်မာနှင့် လာအို စစ်ရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် မကြာသေးခင်က နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး ကြကြောင်း သိရသည်။

နအဖ စစ်အစိုးရ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် လာအိုသမ္မတ Choummaly Sayasone တို့သည် လာအို နိုင်ငံ မြို့တော် ဗီယန်ကျင်းမြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး အခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်သည်ဟု ဆင်ဟွာသတင်းက ယမန်နေ့တွင် ဖော်ပြထားသည်။

လာအို သတင်းအေဂျင်စီကလည်း ဗိုလ်ချုပ်ကြီးသူရရွှေမန်းကို သမ္မတ Choummaly Sayasone က ၎င်း၏ ရုံးခန်းတွင် လက်ခံ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရင်နှီးချစ်ကြည်မှု ဆက်ဆံရေး အစဉ်အလာ ပိုမိုခိုင်မာရေးနှင့် အထူးသဖြင့် စစ်တပ်များအကြား ပူးပေါင်း ဆောင်ရွက်ရေးများကို ပြီးခဲ့သည့် တနလာင်္နေ့က ဆွေးနွေးသည်ဟု ရေးသားထားသည်။

ယင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ၂ ရက်ကြာ လာအိုနိုင်ငံ ခရီးစဉ်သည် လာအို ဒု ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး Duangchay Phichit ၏ ဖိတ်ကြားချက်အရ လာရောက်ခြင်း ဖြစ်သည်ဟု ဆင်ဟွာက ဆိုသည်။

ယခုနှစ်အစောပိုင်းတွင်လည်း လာအိုကာကွယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် လာအိုပြည့်သူ့ တပ်မတော်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း တက်ရောက် ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အခမ်းအနားအပြီးတွင် လူမှု စီးပွား ကိစ္စများ အပါအ၀င် အမျိုးသား လုံခြုံရေးဆိုင်ရာနှင့် နှစ်နိုင်ငံစစ်ရေး ဆိုင်ရာ မြှင်တင်မှုများ ပြုလုပ်ရန်တို့ကို ဆွေးနွေးကြသည်ဟု ဆင်ဟွာက ရေးသားထားသည်။

ဆက်လက်ပြီး လာအို-မြန်မာ နယ်စပ်ဒေသနေပြည်သူများ လူနေမှုအဆင့် မြင့်မားရေး၊ နယ်စပ် ကုန်သွယ်ရေး လွယ်ကူ ချောမော စေရေးများနှင့် ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်တို့ကို ဆွေးနွေးကြကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော်၍ တရားမ၀င် မူးယစ်မှောင်ခို ကုန်ကူးမှုများ၊ တရားမ၀င် ကုန်စည်ကူးသန်းမှုများ၊ တရားမ၀င် လူကုန်ကူးမှုများနှင့် ပတ်သက်သည့် အခြေအနေအဖြစ်အပျက် သတင်းများကို ပုံမှန်ဆွေးနွေး ဖလှယ်ပြီး ပူးပေါင်း ဆောင်ရွက်ရန်တို့လည်း ပါဝင် ဆွေးနွေးကြသည်ဟု ဆင်ဟွာကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်ကလည်း မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မြန်မာ-လာအို နယ်စပ်ကော်မတီ ပထမအကြိမ် အစည်းအဝေးကို ကျင်းပကြောင်း၊ ယင်းအစည်းအဝေးသို့ နှစ်နိုင်ငံ တာဝန်ရှိသူ များ တက်ရောက်၍ နယ်စပ်ဒေသ တလျှောက် လုံခြုံရေး၊ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် ပြည်သူများအကြား အပြန်အလှန် လည်ပတ်မှု တိုးမြှင့်ရေး စသည့် ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးကြကြောင်း ဖေဖော်ဝါရီ ၁၀ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။

ယခုကဲ့သို့ စစ်အစိုးရက လာအိုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် စီစဉ်နေခြင်းသည် မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ် ဒေသတလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲကာလ အတွက် လက်နက်ဖြုတ်သိမ်းလို၍ ဖြစ်နိုင်ကြောင်း ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်(NDD)မှ သုတေ သန အရာရှိ စစ်ရေးလေ့လာသူ ဦးဌေးအောင်က သုံးသပ်သည်။

“တရုတ်နဲ့ ထိုင်းအပါအ၀င် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ် တကြောလုံးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း အသီးသီး ရှိနေကြပါတယ်၊ တချို့လည်း အပစ်အခတ် ရပ်စဲထားသလို တချို့ကလည်း အခုအချိန်အထိ လက်နက်ကိုင် တိုက်နေတဲ့ အဖွဲ့တွေလည်း ပါတာပေါ့၊ ဒီအဖွဲ့တွေကို စစ်အစိုးရအနေနဲ့ ၂၀၁၀ ကာလမှာ လက်နက် ဖြုတ်သိမ်းဖို့ ဖြစ်လာမယ် ဆိုရင်တော့ ကျောထောက်နောက်ခံ ပြုထားတဲ့ နိုင်ငံတွေ အနေအထားက အရေးပါ လာတာပေါ့၊ တရုတ် နိုင်ငံအရေးပါလာမယ်၊ ထိုင်းတို့ လာအိုတို့လည်း သူ့ အနေအထားနဲ့သူ အရေးပါလာမှာပေါ့၊ စစ်အစိုးရအနေနဲ့ ဒီကိစ္စတွေအတွက် ကြိုပြီးတော့ အခုလို သွားလုပ်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”ဟု ဦးဌေးအောင်က ဆိုသည်။

အဆိုပါ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေး အဖွဲ့များ ဖြစ်သော ဦးစိုင်းလင်း (လင်မိန်ဇင်း) ဦးဆောင်သည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(NDAA) မိုင်းလား အထူးဒေသ(၄) အဖွဲ့နှင့် ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)အဖွဲ့များ၏ လှုပ်ရှားမှုများကို တင်းကျပ် ထိန်းချုပ်ရန် စစ်အစိုးရက လာအိုနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ပြုလိုသည်ဟု ယူဆရကြောင်း တိုင်းရင်းသားအရေး လေ့လာသူများက လည်း ပြောဆိုကြသည်။

ဝ အရေးစောင့်ကြည့်လေ့လာသူ မိုင်းအိုက်ဖုန်းက ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံ နယ်စပ် ရွှေတြိဂံဒေသတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လှုပ်ရှားမှုများကို စစ်အစိုးရ စစ်တပ်များက တင်းကျပ်ရန် စီစဉ်နေသည် ဟု ပြောသည်။

“၀ အဖွဲ့ကို အရမ်းတင်းကျပ်လို့ ရမယ်မထင်ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့မှာလည်း သူတို့ရဲ့ အပိုင်နယ် မြေ ရှိနေတယ်” ဟု မိုင်းအိုက်ဖုန်းက ဆိုသည်။

တာချီလိတ်မြို့မှ UWSA အဖွဲ့နှင့် နီးစပ်သူ တဦးကလည်း မြန်မာစစ်တပ်များနှင့် တိုက်ပွဲဖြစ်ပွားပါက အဆင်သင့် ဖြစ်စေရန် UWSA က အရပ်သားများကို စစ်သင်တန်း ပေးနေကြောင်း ပြောသည်။

“UWSA က အရပ်သား ၀ တိုင်းရင်းသားတွေကို အခုနွေရာသီအတွက် စားရေရိက္ခာ စုဆောင်းထားဖို့ နှိုးဆော် ထားတယ်၊ အရပ်သား ၀ တချို့လည်း သူတို့သားသမီးတွေကို တခြားနေရာတွေဆီ ပို့ထားတယ်၊ ပြီးတော့ စစ် သင်တန်း တက်နေကြတာလည်း ရှိတယ်”ဟု ၎င်း က ပြောပြသည်။

လွန်ခဲ့သည့် အပတ်အတွင်းကလည်း မိုင်းလားအခြေစိုက် စစ်အစိုးရ စစ်တပ်အား ပေးနေရသည့် အခွန် ၃၀ ရာခိုင် နှုန်းကို ပေးရန် ငြင်းဆိုသည့် အတွက် NDAA အဖွဲ့နှင့် စစ်အစိုးရအကြား တင်းမာမှု ဖြစ်နေကြောင်း၊ အဆိုပါနယ်မြေ အတွင်း အစိုးရ စစ်တပ်များ တိုးချထားကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်ကလည်း ပြောဆိုသည်။

Ref: ဧရာဝတီ

Read More...

Wednesday, February 25, 2009

UDP ခေါင်းဆောင် မူးယစ်လုပ်ငန်း ပတ်သက်ခဲ့ဟု VOA သတင်းကဆို

24 February 2009

နိုင်ငံရေးပါတီ ခေါင်းဆောင် တဦးသည် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ် နေကြောင်း ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာနသို့ ပြောလိုက်သည်။

အဆိုပါ ခေါင်းဆောင်မှာ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ဒုဥက္ကဋ္ဌ ဦးကျော်မြင့် ဖြစ်ကြောင်း၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယ ဌာနမှူးအဖြစ် ဦးကျော်မြင့် တာဝန်ယူခဲ့စဉ်က ထိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။

ထိုအချိန်က မြန်မာကျုံယွမ် ကုမ္ပဏီကို တည်ထောင်ပြီး၊ UWSA အဖွဲ့က စီးပွားရေးဘဏ် ၄ ခုကို ကျောထောက် နောက်ခံ ပြုပေးခဲ့သည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

Asiaweek မဂ္ဂဇင်းကလည်း မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံနေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့သည်။

မြန်မာစစ်အစိုးရက အဆိုပါ ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA၏ ဘဏ္ဍာရေးဌာန ဒုဝန်ကြီးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေးဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ ဦးကျော်မြင့်သည် ယခုအခါ ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရှိစဉ်က ဦးကျော်မြင့်သည် ဥပဒေ စည်းမျဉ်းများ ချိုးဖောက်မှု နှင့် ငွေကြေး မသမာမှုများကြောင့် ထောင်ဒဏ် ၁ဝ နှစ်ခန့် ချမှတ်ခံခဲ့ရသည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

“တကယ်တော့ ဦးကျော်မြင့်က ထောင်ပြေးပါ၊ - - - ရဲဘက်စခန်းကနေ ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ဦးအောင်လင်းထွဋ်က ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် ကနေဒါနိုင်ငံတွင် မကြာသေးမီကမှ အာရုံစိုက်ခြင်း ခံခဲ့ရသူဖြစ်သည်။ ပြီးခဲ့သည့် လကုန်ပိုင်းတွင် Future Canada China Environment Inc. ကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုး ဒေါ်လာ ၁ ဘီလျံမက တက်သွားသည့်အတွက် အမေရိကန် ပြည်ထောင်စုက အဆိုပါ ကုမ္ပဏီကို တားမြစ် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

ဦးကျော်မြင့် ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ပြီး ရှယ်ယာတန်ဖိုးများ ခုန်တက်သွားခဲ့ခြင်း ဖြစ်ကြောင်း ကနေဒါနိုင်ငံထုတ် Vancouver Sun သတင်းစာက ဆိုသည်။

“Future Canada China Environment Inc. ၏ လုပ်ငန်းများကို ယာယီ ပိတ်သိမ်းလိုက်ကြောင်း၊ အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးများမှာ ဝ.၉၂ ဒေါ်လာ မှ ၂၈.၅ဝ ဒေါ်လာအထိ ခုန်တက်သွားသောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း” စသဖြင့် အမေရိကန် ပြည်ထောင်စု၏ ငွေကြေး လဲလှယ်မှု ကြီးကြပ်ရေး ကော်မရှင်၏ ဇန်နဝါရီလ ၂၈ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မရှင်က အဆိုပါ ကုမ္ပဏီ၏ နောက်ခံ အချက်အလက်များ၊ ထုတ်ပြန်မည့် သတင်းများနှင့် ပတ်သက်ပြီး ဂရုပြုကြရန် စတော့ရှယ်ယာ ပွဲစားများ၊ ရှယ်ယာပိုင်ရှင်များ၊ ရှယ်ယာဝယ်ယူမည့် သူများကို သတိပေးထားသည်။

“အဆိုပါ ကုမ္ပဏီတွင် ပိုင်ဆိုင်မှု အနည်းငယ်သာ ရှိပြီး လုပ်ငန်း လည်ပတ်မှုလည်း မရှိပါ” ဟု ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် Vancouver Sun သတင်းစာက ဆိုသည်။

ဦးကျော်မြင့်သည် ကနေဒါ အခြေစိုက် ကုမ္ပဏီ NAH Development Group Inc., ကို ပိုင်ဆိုင်သူဖြစ်သည်။

ဧရာဝတီမဂ္ဂဇင်းက ရေးသားထားချက်များနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က ၎င်းအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေမည်းခဝါချမှု လုပ်ငန်းများနှင့် ဆက်နွယ်မှု မရှိပါဟု ငြင်းဆိုထားသည်။

“ကျွန်ုပ် ဦးကျော်မြင့်သည် ဘဝတလျှောက်လုံး တရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်း၊ ငွေကြေး ခဝါချမှု လုပ်ငန်းများနှင့် မည်သည့် အခါကမျှ ပတ်သက် ဆက်နွယ်မှု မရှိခဲ့ပါ” ဟု ၎င်း၏ အင်တာနက် စာမျက်နှာရှိ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။

“မြောက်အမေရိကတိုက် နှင့် အာရှတိုက်ရှိ ကျွန်ုပ်၏ လုပ်ငန်းများ အားလုံးမှာ တရားဝင် လုပ်ငန်းများဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။

မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။

မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့ကို ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များအဖြစ် တာဝန်ပေးလိုက်ကြောင်း ပြီးခဲ့သည့် လကုန်ပိုင်းက ထုတ်ပြန် ကြေညာခဲ့သည်။

ဦးကျော်မြင့်သည် ပြည်ပမှနေ၍ ငွေကြေး ထောက်ပံ့ပေးခဲ့ခြင်းဖြင့် ထင်ရှားသည့် နိုင်ငံရေးသမားများကို ပါတီတွင် တာဝန်ယူရန် စည်းရုံးနေကြောင်း ပြည်ပရောက် အတိုက်အခံများက ပြောဆိုနေကြသည်။

ပါတီ အဖွဲ့ဝင်စာရင်းတွင် ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း၏ အမည်ကို တွေ့ရသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေါ်ချိုချိုကျော်ငြိမ်းကမူ UDP ပါတီနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ကျောင်းသားခေါင်းဆောင်ဟောင်း ဦးထွန်းအောင်ကျော်ကလည်း ပါတီတွင် ၎င်း ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

“သူ့ရဲ့ အကျိုးစီးပွားတွေ မြန်မာပြည်ထဲမှာ ရှိနေပါဦးမယ်၊ ဒါ့အပြင် သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်ခဲ့တဲ့သူတွေ၊ တချို့လည်း လူကြီးတွေ ဖြစ်နေကြပါပြီ။ သူ့ကို မြန်မာအစိုးရကများ လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးလေမလား ဆိုပြီး ပြန်ပြီးတော့ ချည်းကပ်တယ်လို့ ထင်ပါတယ်” ဟု ဦးအောင်လင်းထွဋ်က ဗီအိုအေ နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် တရုတ်လူမျိုးဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။ သို့သော်လည်း ဦးကျော်မြင့်က ၎င်းသည် မြန်မာပြည်မှ ကချင် တိုင်းရင်းသားဖြစ်သည်ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ

Read More...

စစ်တပ်က SSNA တပ်ဖွဲ့ဝင်ဟောင်း နေအိမ်များကို ၀င်ရောက်ရှာဖွေ

24 ဖေဖော်ဝါရီလ 2009 - စိုင်းအောင်

၂၀၀၅ခုနှစ်က ဗမာစစ်တပ်မှ ဖိအားပေးမှုကြောင့် လက်နက်ချခဲ့ရသည့် SSNA (ခေါ်) သျှမ်းပြည် အမျိုးသား တပ်မတော်မှ တပ်ဖွဲ့ဝင်ဟောင်းများ၏ နေအိမ်များကို ဗမာစစ်တပ်မှ ၀င်ရောက်ရှာဖွေ နေကြောင်း သိရသည်။

သျှမ်းပြည်(မြောက်ပိုင်း) အတွင်းရှိ SSNA တပ်ဖွဲ့ဝင်ဟောင်းများ၏ နေအိမ်များအား ဇန်န၀ါရီ လဆန်းပိုင်းမှ စတင်ကာ ရှာဖွေ ဖမ်းဆီးမှုများ ရှိခဲ့ပြီး ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့မှာတော့ နမ့်ခမ်းမြို့နယ်အတွင်းရှိ နောင်ကောင်း ၊ မန့်ဟောင်း ၊ မန့်နှောင် ကျေးရွာများမှ ရှမ်းလက်နက်ကိုင် အဖွဲ့ဝင်ဟောင်းများ၏ နေအိမ်များကို ၀င်ရောက် ရှာဖွေခဲ့ကြောင်း ဒေသခံ များက သျှမ်းသံတော်ဆင့် ကိုပြောသည်။

မနေ့က ၀င်ရောက်ရှာဖွေသည့် အဖွဲ့ထဲတွင် ဗမာစစ်တပ် ၊ ရဲတပ်ဖွဲ့ ၊ ကွန်မန်ဒို ၊ ပြည်သူ့စစ်တို့ ပါဝင်ပြီး ပူးပေါင်းအင်အား (၃၀)ကျော်ခန့် ပါဝင်ကြောင်း သိရသည်။

ထိုသို့ဝင်ရောက်ရှာဖွေရာတွင် သျှမ်းလက်နက်ကိုင်အဖွဲမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို ရှာဖွေ တွေ့ရှိခြင်း မရှိသဖြင့် နေအိမ်ရှိ မိန်းမများကို စစ်ဆေး မေးမြန်းပြီး ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း ဒေသခံက အခုလိုပြောပြသည်။

“မန့်ဟောင်းကိုအရင်ဝင်တယ် ပြီးမှ နောင်ကောင်း ရယ် မန့်နောင်ရွာရယ် သူတို့ရှာချင်တဲ့ အိမ်ကို ၀င်ရှာသွားတာပေါ့ လူကို မတွေ့တော့ အိမ်မှာရှိတဲ့ သူတွေကို ဘယ်သွားလည်း အဆက်အသွယ်ရှိလား မေးတယ် ရှိတဲ့သူတွေကို ဖမ်းတာတော့ မလုပ်ဘူး အဓိက ဖုန်းတွေကိုမေးတယ် အရင် တာလုံဘက်မှာ ရှာတုန်းကတော့ ဖုန်းတွေ သိမ်းသွားတယ် ” လို့ သူကပြောသည ။

“မန့်ဟောင်းမှာတော့ စိုင်းငယ်အိမ် နောင်ကောင်းက စိုင်းဖွယ်အိမ် မန့်နှောင်က စိုင်းလှကျော်လား စိုင်းကျော်လှလား မသဲကွဲသေးဘူး တခြား ပစ္စည်းတွေ ရှာတာတော့ မလုပ်ဘူး လူကိုပဲ အတိအကျနဲ့ လာမေးတယ် အရပ်အမောင်းက ဘယ်လောက် အသက်က ဘယ်လောက် အသားအရောင်က ဘယ်လို အဲလို အတိအကျနဲ့ မေးပြီး ရှာတာ ” လို့ သူက ဆက်ပြောသည်။

ယခုလ (၁၀)ရက်နေ့ညပိုင်းက နမ့်ဖတ်ကာအနီးတွင် ဖြစ်ပွားခဲ့သည့် ကုန်ကားကြီးများအား ဓါးပြတိုက်မှု အပြီးတွင် အဖမ်းအဆီးများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်အတွင်းရှိ သျှမ်းလက်နက်ကိုင် ဟောင်းများနေထိုင်ရာ တာလုံ၊ ခိုမုန်း၊ နမ့်အွန်၊ မော်တောင်း၊ နားရှီမူ၊ ဟိုလီ စသည့် ကျေးရွာများတွင်လည်း ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ကျေးရွာများကို ၀င်ရောက်ရှာဖွေဖမ်းဆီးရာတွင် အမျိုးသားများကို မတွေ့ရှိရသဖြင့် နေအိမ်တွင် ကျန်နေသည့် အမျိုးသမီးနှင့် ကလေးများကိုပါ ဗမာစစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ယခုအခါ ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှင့်ကလေးအများစုကို ပြန်လည် လွတ်ပေးခဲ့သော်လည်း ဟိုလီကျေးရွာ ဥက္ကဌ ၏ မိန်းမနှင့် လားရိုးမှ အလည်အပတ် ရောက်လာသည့် ၁၃ နှစ်အရွယ် ကလေးကို ယခုအချိန်အထိ ပြန်လည် လွတ်ပေးခြင်း မရှိသေးပဲ မည်သည့်နေရာတွင် ဖမ်းဆီး ချုပ်နှောင်ထား သည်ကိုလည်း မသိရှိရသေးပဲ ဖြစ်နေသည်။

၎င်းဒေသခံ သျှမ်းရွာ ကချင်ရွာများတွင်ရှိသည့် ပြည်သူ အများစုသည် လက်နက်ကိုင် သူပုန်များနှင့် ဆွေမျိုးတော်စပ်သူ အများစု ဖြစ်ကြသဖြင့် ဗမာစစ်တပ်က ဖမ်းမည်ဆိုလျှင် ဒေသခံများမှာ ဓါးစာခံသဖွယ် ဖြစ်နေကြောင်း ဒေသခံများက ယူဆနေကြသည်။

ဗိုလ်မှူးကြီး စိုင်းရီ ခေါင်းဆောင်သည့် သျှမ်းပြည်အမျိုးသား တပ်မတော်(ခေါ်) SSNA သည် ၂၀၀၅ ခုနှစ်အတွင်းက ဗမာစစ်တပ်၏ ဖိအားပေးမှုကြောင့် လက်အောက်ခံ တပ်မဟာတချို့ လက်နက်ချသွားခဲ့ရပြီး ဗိုလ်မှူးကြီးစိုင်းရီနှင့် တပ်သားအများစုသည် ဗိုလ်မှူးကြီး ရွက်ဆစ် ခေါင်းဆောင်သည့် သျှမ်းပြည် တပ်မတော်(တောင်ပိုင်း)နှင့် ပူးပေါင်းကာ ဗမာစစ်တပ်အား လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေဆဲဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသားများ အတွက် ဘောင်ခတ်ထားဆဲ

24 ဖေဖော်ဝါရီလ 2009 - စိုင်းအောင်

နာမည်ဆိုးနှင့်ကျော်ကြားလှသော မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် အလုပ်ကြမ်း ရဲဘက်စခန်းများမှ နိုင်ငံရေး အကျဉ်းသား အကျဉ်းသူ(၆၃၁၃) ဦးကို ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ဗမာစစ်အာဏာပိုင်များက ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

ထိုသို့ထုတ်ပြန်ပြီးနောက်တစ်ရက် ညနေပိုင်းမှစတင်၍ ထောင်နှင့် အလုပ်ကြမ်း စခန်း အသီးသီးမှ အကျဉ်းသား/ သူ တစ်ယောက်ချင်းစီ၏ ကိုယ်ရေးဆိုင်ရာနှင့် ပြစ်မှုဆိုင်ရာ အသေးစိတ် အချက်အလက်များကို တိကျစွာစီစစ်၍ လွတ်မြောက် ခွင့် ပေးလျက်ရှိသော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသော နိုင်ငံရေးအကျဉ်းသား/သူ ၂ ဒါဇင်ခန့်သာ ပြင်ပလောကသို့ ပြန်လည် လွတ်မြောက်ခွင့် ရရှိခဲ့သည်။

ဗမာစစ်အာဏာပိုင်များက သာမန်ရာဇ၀တ်ပြစ်မှုများဖြင့် ထောင်ဒဏ် ကျခံနေရသူ အမြောက်အများကို သက်ညှာစွာ စဉ်းစားဆုံးဖြတ်နိုင် သော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများကိုတော့ အကန့်အသတ် ဘောင်အတွင်း ကသာ ဆုံးဖြတ်နေသဖြင့် စကာတင် ရွေးချယ်ခံရသော နိုင်ငံရေးအကျဉ်းသား လက်တစ်ဆုပ်ခန့်သာ မလွတ်ချင် လွတ်ချင်နှင့် လွတ်မြောက် လာနိုင်ခဲ့ခြင်းဖြစ်သည်။

ဗမာစစ်အာဏာပိုင်များက ၄င်းတို့နှင့် သဘောထား မတိုက်ဆိုင်သူများကို နိုင်ငံရေးအရ ဆန့်ကျင်ဘက် အုပ်စုဟု ခွဲခြား သတ်မှတ်ထားရှိကာ တိုင်းရင်းသား အခွင့်အရေး ဆောင်ရွက်နေသူများ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ဆောင်ရွက် နေသူပေါင်း (၂၀၀၀)ကျော်ကို မည်ကာ မတ်တတ် တရားရုံးများဖြင့် ဥပဒေပုဒ်မ အမျိုးမျိုးတပ် စွဲချက်တင် ဖမ်းဆီးကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားခြင်းလည်း ဖြစ်သည်။

၎င်းတို့စိတ်ထားများတွင် လူဟူသော အသိလေး တချက်မျှလောက် ၀င်ရောက်မည် ဆိုလျင်ပင် တရားမျှတမှုနှင့် အဓမ္မ အကောင်းနှင့် အဆိုးကို မှန်ကန်စွာ ခွဲခြားနိုင်မည်ဖြစ်ပြီး ကိုးကွယ်ရာ ဘာသာတရားရှုထောင့် အရပင်လျင် အချုပ်အနှောင်တွင်း ကျရောက်နေသည့် အပြစ်မဲ့သူများအား ကုန်စင်အောင် လွတ်မြောက်ခွင့် ပြုလိုက်ခြင်းသည် နတ်လူသာဓု ခေါ်မည်ပင်ဖြစ်လေသည်။

ယခုသော်ထို သို့မဟုတ် အချုပ်အနှောင်ခံနေရသည့် မိသားစုများ ဒုက္ခ မရောက်ရောက်အောင် စိတ်ဆင်းရဲ ဒုက္ခအပေါင်း ကျရောက်စေရန် တမင် ရည်ရွယ်ချက်ထား၍ နယ်ဝေးထောင်များသို့ ပို့ဆောင်ခြင်းဖြစ်ပြီး လိုင်စင်ရ လူသတ်နေခြင်းသာ ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ သာမန်လွတ်ငြိမ်းချမ်းသာခွင့် ရသည့် အကျဉ်းသား စာရင်းတွင် မပါဝင်စေရန်နှင့် လွတ်ငြိမ်းချမ်း သာခွင့်ထဲ ပါဝင်နေ လျှင် ပြည်ထဲရေး ၀န်ကြီးနှင့် ထောင်ညွှန်ချုပ်တို့ထံ ပြန်လည် တင်ပြကြရပြီး ၄င်းတို့က အတည်ပြုချက် ရမှသာ အဆိုပါ နိုင်ငံရေး အကျဉ်းသားများ ကိုလွတ်မြောက်ခွင့် ပြုနေခြင်းဖြစ်သည်။

ထိုသို့ဆိုလျင် လွတ်မြောက်ခွင့်စာရင်းတွင်ပါဝင်ပြီး အထက်က အတည်ပြုချက် မရသဖြင့် ကံဆိုးသွားရ ရှာသည့် အကျဉ်းသားဦးရေ မည်မျှ ရှိနေမည်နည်း ထိုအမေးကို သူတို့သာလျင် အဖြေပေးနိုင်ပါလိမ့်မည်။

မြန်မာနိုင်ငံတွင် ဗမာစစ်တပ်အုပ်ချုပ်လေ ကတည်းက ထောင်နှင့်ကင်းသည့် မိသားစုဟူ၍ မရှိတော့ဟုပင် ပြောစမှတ် ပြုလာရသည် နိုင်ငံရေး လုပ်သူက နိုင်ငံရေးကြောင့် ထောင်ကျပြီး နိုင်ငံရေးကြောက်သည့် စီးပွားရေးသမား ကုန်သည် ပွဲစား ၀န်ထမ်းမှအစ ရဟန်းသံဃာ အဆုံး တော်တော်များများကလည်း ထောင်နန်းစံနေရသည်အခြားတစ်ဘက် တွင်တော့ စစ်အာဏာပိုင်နှင့် နီးစပ်သူက လူသတ်မှု၊ ဘိန်းမှု၊ အကြမ်းဖက်မှု၊ ကုန်ကုန်ပြောရလျှင် ဘာပဲလုပ်လုပ် ယနေ့တိုင် လွတ်ငြိမ်းချမ်းသာခွင့် ရနေကြဆဲဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့်ကို မျော်လင့်ချက်ကြီးစွာထား၍ မိသားစုဝင်များက ထောင်ဗူးဝများတွင် အစာရည်စာများ ယူဆောင်၍ မိမိတို့ အိမ်သားများ ပြန်လည် လွတ်မြောက်လာလေ မလားဟု မောပန်းကြီးစွာ ရင်တမမနှင့် စောင့်မျှော် ရှာနေကြသည်။ သို့သော် နေသာကုန်သွားသည် မျှော်သူက ပေါ်မလာတော့၍ စိတ်မကောင်းကြီးစွာ ပြန်ခေါက်ခဲ့ရသည့် မိသားစုများက ထုနှင့်ဒေး ရှိနေသည်။

ယခု တိုင်းပြည်အုပ်ချုပ်နေသူတွေက အစိုးရမဟုတ်ဘူး အဆိုးရဖြစ်ကြောင်း ပါတဲ့ ထောင်ထဲက လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလို့ ပြန်လည် လွတ်မြောက် လာသူ အများစုကတော့ တပ်မတော် အက်ဥပဒေအရ အရပ်ဘက်အကျဉ်းထောင် များတွင် ဖမ်းဆီး ချုပ်နှောင် ခံထားရသည့် စစ်ပြေးများ စစ်စည်းကမ်း ဖေါက်ဖျက်သည့် စစ်မှုထမ်းများနှင့် နိုင်ငံတော်ပစ္စည်း အလွဲသုံးစား လုပ်မှုဖြင့် ထောင်ကျခံနေရသည့် ၀န်ထမ်းများ ပါဝင်ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀ိုင်းက ပြောပြကြသည်။

နိုင်ငံရေးအကျဉ်းသားများကဲ့သို့ ဗမာစစ်အုပ်စု၏ အဓိကပစ်မှတ် အဖြစ် ထားခံရသူတွေကတော့ တချိန်က တန်ခိုးသြဇာ ကြီးမားခဲ့သည့် ဗိုလ်ချုပ်ခင်ညွှန့် ခေါင်းဆောင် စစ်ထောက်လှမ်းရေး အုပ်စုဝင်များ ဖြစ်ကြောင်းလည်း ထောင်အာဏာပိုင် အသိုင်းအ၀ိုင်းက သိရသည်။

အလှူအတန်းပေးခြင်း၌တွင်ပင် သဒ္ဒါစိတ်စေသနာ မပါဝင်ပဲ ကြွားဝါလိုသည့်ဆန္ဒဖြင့် ပေးကမ်းပါက ကုသိုလ်အရာ မမြောက်ပဲ အပြစ်ဖြစ်တတ် သည်ကို ဆင်ခြင်ကြည့်လျှင် အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်ဆိုသည့် နာမည်ကောင်း ရရုံသက်သက်ဖြင့် နတ်လှူသာ ဓုခေါ်ခံရမည် မဟုတ်ပဲ စစ်မှန်သော စေသနာ သဒ္ဒါတရားဖြင့် မတရား ထောင်ချခံထားရသည့် နိုင်ငံရေး အကျဉ်းသားအကျဉ်းသူ အားလုံးကို ချွင်းခြက်မရှိ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်မှသာ အများသူငါ လက်ခုတ်သြဘာ ပေးကြမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အစိုးရဆန့်ကျင်ဆန္ဒပြသူများ ထိုင်းဝန်ကြီးချုပ်ရုံးကို ၀န်းရံ

24 February 2009

ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝပ် ကိုထောက်ခံသူ ထောင်ပေါင်း များစွာဟာ ဒီကနေ့မှာ အစိုးရအဖွဲ့ရဲ့ အဓိကရုံးကို ၀ိုင်း လိုက်ပြီး လွှတ်တော် ဖျက်သိမ်းဖို့၊ ရွေးကောက်ပွဲအသစ်တွေ ကျင်းပဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ရဲတွေနဲ့စစ်သားတွေ စောင့်ကြပ်နေကြတဲ့ ၀န်ကြီးချုပ် အဘီဆစ် ၀ိုက်ချာချီဝ (Abhisit Vejjajiva) ရဲ့ ရုံးရှိရာ အစိုးရ အိမ်တော်ဝင်းထဲကို သံဆူးကြိုး အတား အဆီးတွေကို ချိုးဖောက် ၀င်ရောက် ခဲ့ကြပါတယ်။

ဆန္ဒပြသူ ၂၀,၀၀၀ လောက်ကို စောင့်ကြည့်ဖို့ လုံခြုံရေး တပ်ဖွဲ့အင်အား ၃,၀၀၀ ထက်မနည်း ချထားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆန္ဒပြပွဲကို အာဏာရှင် ဆန့်ကျင်ရေး ညီညွတ်သော ဒီမိုကရေစီတပ်ဦး လို့ ဆိုရမယ့် ယူဒီဒီ (UDD) အဖွဲ့က စီစဉ်ခဲ့တာ ဖြစ်ပြီး သုံးရက်ကြာ ဆန္ဒပြပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း မစ္စတာတက်ဆင်ကို ထောက်ခံတဲ့ ယူဒီဒီ အဖွဲ့ဝင်တွေဟာ အနီရောင် အင်္ကျီတွေကို ၀တ်ဆင်ကြတဲ့ အတွက် အင်္ကျီနီ အဖွဲ့လို့ လူတွေက ခေါ်ကြပါတယ်။ မစ္စတာတက်ဆင်ဟာ ၂၀၀၆ ခုနှစ် စက်တင်ဘာလက ရာထူးကနေ ဖြုတ်ချခံခဲ့ရတာ ဖြစ်ပြီး အဲဒီအချိန်ကတည်းက ထိုင်းနိုင်ငံရေး မှာ ပဋိပက္ခတွေနဲ့ ဖုံးလွှမ်း နေခဲ့ပါတယ်။

Ref: VOA News

Read More...

မြန်မာနိုင်ငံ၏ မူးယစ်ဆေးရောင်းရ၀င်ငွေ တနှစ် ကန်ဒေါ်လာ သန်း ၃၀၀၀ ထိရှိ

NEJ /၂၄ ဖေဖော်ဝါရီ ၂၀၀၉

မူးယစ်ဆေး၊ ဘိန်းဖြူနှင့် မက်တာအဖက်တမင်း ရောင်းရသည့် မြန်မာနိုင်ငံ၏ နှစ်စဉ်ဝင်ငွေမှာ အမေရိကန် ဒေါ်လာ သန်း (၁,၀၀၀) မှ သန်း (၂,၀၀၀) ကြားရှိကြောင်း အမေရိကန် သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းခဲ့သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန် ကွန်ဂရက် နိုင်ငံခြားရေးရာ၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ဌာနခွဲမှ ၂၀၀၈ ခု ဇွန်လတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း (၁,၀၀၀) မှ သန်း (၂,၀၀၀) ကြား ၀င်ငွေသည် မြန်မာနိုင်ငံ မူးယစ်ဆေး ရောင်းရငွေမှ နှစ်စဉ်ရငွေ ဒေါ်လာသန်း (၉၀၀) ကျော်ထိ ရှိနိုင်သည်ဟု ရန်ကုန် အမေရိကန်သံရုံးမှ ၁၉၉၀ ခုနှစ်များ အလယ်ပိုင်း မှန်းထားချက်ထက် ပိုများနေသည်ဟုပါ အစီရင်ခံစာ၌ သုံးသပ်ထားသည်။

၂၀၀၂ ခုနှစ်တွင် မက်တာအဖက်တမင်း စိတ်ကြွဆေး ရောင်းချမှုမှရသည့် ၀ လူမျိုးများ၏ ၀င်ငွေမှာ အမေရိကန် ဒေါ်လာ သန်း (၃၀၀) ခန့်ရှိမည်ဟု မှန်းထားပြီး အဆိုပါနှစ်တွင် ဘိန်းဖြူမှောင်ခို ရောင်းချမှုမှ ရငွေမှာ ကန်ဒေါ်လာ သန်း (၂၅၀) မှ သန်း (၃၀၀) ထိရှိနိုင်သည်ဟု မှန်းထားသည်။

၂၀၀၁ ခုနှစ်တွင် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ ခေါင်းဆောင်များကြား သဘောတူညီချက်တွင် မူးယစ်ဆေး ရောင်းချမှု၏ အမြတ် (၅၀) ရာနှုန်းကို မြန်မာစစ်တပ်အား ပေးရမည်ဆိုသည့် သဘောတူညီချက် ပါဝင်သည်ဟု ထောက်ပြထားသည်။

မူးယစ်ဆေး မှောင်ခိုရောင်းချသူ အများစုမှာ ထိုင်းမြန်မာနယ်စပ်နှင့် ထိုင်းတရုတ်နယ်စပ်မှ ၀၊ ရှမ်းစသည့် တိုင်းရင်းသား အုပ်စုများနှင့် ဆက်စပ်နေသည်။ သို့သော် မြန်မာစစ်အစိုးရ၏ အဆင့်များစွာမှ အရာရှိများသည်လည်း အဆိုပါ မူးယစ်ဆေး ရောင်းရငွေ ရှယ်ယာများ နည်းအမျိုးမျိုးဖြင့် ရနေကြသည်။ စစ်တိုင်းမှူးများ ဆိုလျင် မူးယစ်ဆေး ရောင်းသူများထံမှ အစိုးရ အခွန်များများ ကောက်ခံကြသလို မူးယစ်ဆေး မှောင်ခိုမှုကို စစ်တပ်မှ အကာအကွယ်ပေးမှု၊ စစ်တပ်က သယ်ပေးမှု စသည်တို့အတွက် အခကြေးငွေ ကောက်ယူကြသည်ဟု ဖော်ပြထားသည်။

သို့သော် မြန်မာစစ်အစိုးရ ထိပ်ပိုင်းအရာရှိများ မူးယစ်ဆေးရောင်းဝယ်မှု၌ တိုက်ရိုက်ပါဝင် ပတ်သက်ကြောင်း ခိုင်လုံသည့် သက်သေ မရှိဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန နိုင်ငံတကာ မူးယစ်ဆေး အစီရင်ခံစာ၌ ဖော်ပြထားသည်။ မြန်မာစစ်တပ်သည် အထူးသဖြင့် မူးယစ်ဆေး ထုတ်လုပ်သူ မူးယစ်ဆေး မှောင်ခိုရောင်းချသူ ၀ တိုင်းရင်းသားများ အပါအ၀င် ၀ လူမျိုးများနှင့် အနီးကပ် ဆက်ဆံမှုရှိသည်။

Ref: ခေတ်ပြိုင်

Read More...

အပေါ်သို့