..............................

Friday, August 7, 2009

သျှမ်း - ကချင်နယ်စပ် စစ်အစိုးရတပ် အင်အားတိုးမြင့် KIA ကို တိုက်ဘွယ်ရှိ

ကြာသပတေးနေ့၊ 06 သြဂုတ်လ 2009

နအဖ စစ်အစိုးရတပ်များလှုပ်ရှားသွားလာမှု အခြေအနေကို စောင့်ကြည့် လေ့လာနေသည့် ထိုင်းနယ်စပ် အခြေစိုက် တော်လှန်ရေး အဖွဲ့အစည်းအချို့က သျှမ်း - ကချင် နယ်စပ် တလျှောက် စစ်အစိုးရ အင်အား တိုးမြှင့်မှုသည် KIA ကို ဦးစွာ ထိုးစစ်ဆင် တိုက်ခိုက်နိုင်ဘွယ် ရှိကြောင်း ယခု လဆန်းပိုင်း၌ သုံးသပ် ပြောဆို နေကြသည် ဟု ဆိုသည်။

“သျှမ်းပြည်မြောက်ပိုင်းအခြေစိုက် စစ်အစိုးရတပ်တွေ မိုးမိတ်ဘက် ဖြတ်ပြီး ကချင် နယ်ခြားဘက် အင်အားတွေ ပို့လွှတ် ဖြည့်တင်းနေတယ်၊ အခုလ (၂) ရက်နေ့ လားရှိုးမှာ ရမခ တိုင်းမှူး အောင်သန်းထွဋ် အစည်း အဝေး ခေါ်တယ်၊ အဲဒီ နောက်ပိုင်း ၀ နဲ့ အပစ်ရပ် SSA မြောက်ပိုင်း ထိန်းချုပ်နယ်မြေ အကြား ကူးလူး ဆက်ဆံမှု ခက်ခဲအောင် ထိုးဖေါက် အင်အားဖြည့် နေရာယူ လာသလို တပ်တွေ တော်တော်များများ မြောက်ဘက်ကို တက်သွား ကြတယ်”- ဟု လားရှိုး ကုန်သည် တဦးက ဆိုသည်။

ကချင်လွတ်လပ်ရေး တပ်မတော် KIA နယ်ခြား ဘက်တွင်လည်း ရှိရင်းစွဲ စစ်အစိုးရ အခြေချ တပ်များအပြင် အခြားဒေသ မှ စစ်ကူ အင်အားများလည်း မထင်မရှား ၀င်ရောက် ဖြည့်တင်းနေကြောင်း၊ KIO/KIA ဌာနချုပ် လိုင်ဇာ နှင့် မလှမ်း မကမ်းတွင် လက်နက်ကြီး ၁၅၅ အမ်အမ် ဟောင်ဝစ်ဇာ (Howitzer) တောင်ပစ် အမြောက်အချို့လည်း ချထားကြောင်း ပြောဆိုနေကြသည်။

“ကချင်လက်နက်ကိုင် တပ်ဖွဲ့ထိန်းချုပ်ဒေသက ၀ ၊ ကိုးကန့်၊ မိုင်းလား တို့နဲ့ နယ်မြေချင်း မထိစပ်ဘူး၊ သီးခြား ဖြစ်နေတဲ့ အတွက် စစ်အစိုးရက ၀ တပ်မတော် UWSA မတိုက်ခင် ကချင် KIA အဖွဲ့ကို ဖြတ်လေးဖြတ်နဲ့ အရင် ရှင်းပစ်ဖို့ အလား အလာ များတယ်။ ဘာလို့လဲ ဆိုတော့ ၀ ပြီးရင် ကချင်တပ်က အင်အား အတောင့်ဆုံး”- ဟု အပစ်ရပ် အဖွဲ့များအား စောင့်ကြည့် လေ့လာသည့် ပြည်တွင်း သျှမ်းအသိုင်းအ၀ိုင်းက ဆိုသည်။

ဝ ပြည်သွေးစည်းရေးတပ်မတော်ထိန်းချုပ် နယ်မြေ၏ မြောက်ဘက်တွင် - ကိုးကန့်၊ တောင်ဘက်တွင် မိုင်းလား၊ အရှေ့ ဘက်တွင် တရုတ်နိုင်ငံ အနောက်ဘက်တွင် သံလွင်မြစ်နှင့် အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်ဖွဲ့များ ၀န်းရံ အကာအကွယ် ပြုနေသလို ဖြစ်ခြင်းကြောင့် ဗမာစစ်တပ်က ၀ တပ်မတော်ကို တိုက်ခိုက်မည် ဆိုပါက သျှမ်းပြည်တပ်တော် SSA-N တပ်ဖွဲ့နှင့် ဦးစွာ တိုက်ခိုက်ရမည် ဖြစ်သည်ဟုလည်း ဆို၏။

NDA-K ဒီမိုကရေစီသစ် တပ်မတော် - ကချင် မှာမူ UWSA ၀ တပ်ဖွဲ့၊ MNDAA ကိုးကန့်၊ NDAA-ESS မိုင်းလား တပ်ဖွဲ့တို့နှင့် PDF စစ်ရေး မဟာမိတ် ဖွဲ့ထားသော်လည်း နယ်မြေ ထိစပ်မှု မရှိခြင်း၊ ကချင် အမျိုးသားချင်း ဖြစ်သည့် KIO/ KIA နှင့်လည်း ပဋိပက္ခ ရှိခြင်းတို့ကြောင့်၊ စစ်အစိုးရ အင်အားသုံး တိုက်ခိုက်လာလျှင် ကချင်အဖွဲ့ ပထမဆုံး ရင်ဆိုင်နိုင်ဘွယ် ရှိကြောင်း - ပြောဆို နေကြသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Thursday, August 6, 2009

နယ်ခြားစောင့်တပ်ဖွဲ့ မလုပ်ဟု မွန်ပြည်သစ်ပါတီ ပြော

ခွန်အောင်မြတ်။
သြဂုတ်လ ၅ ရက်၊ ၂၀၀၉ ခုနှစ်။

နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရန် လက်မခံနိုင်ဟု မွန်ပြည်သစ် ပါတီက ယနေ့ မြန်မာ စစ်အစိုးရအား တရားဝင် တုန့်ပြန် လိုက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အာဏာရလာမည့် အစိုးရသစ်နှင့်သာ ဆွေးနွေးမည်ဟု မွန်ပြည်သစ် ပါတီ ပြုလုပ်သည့် အရေးပေါ် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ တဦးက ပြော သည်။

“မွန်ပြည်သစ်ပါတီကတော့ ဒီမွန်ပြည်သူလူထုတွေရဲ့ သဘောတူညီချက် အပေါ်မှာ ဆန္ဒအပေါ် မှာ သူတို့ ဆက်ပြီးတော့ အမျိုးသားရေး အတွက် လှုပ်ရှားသွားမယ်။ အဲဒီဆန္ဒ သဘောထား ကတော့ သူတို့ မှာတော့ ရှိပါတယ်။ လက်နက်ချဖို့ ကိစ္စရော ပြီးတော့ နယ်ခြားစောင့် တပ်ဖွဲ့ ပြောင်းဖို့ ကိစ္စရော လုံးဝ လက်မခံနိုင် ပါဘူး။ ဖြစ်လာမယ့် အဆိုးဆုံး အခြေအနေကိုပဲ ရင်ဆိုင်သွားမယ်။ အဆိုးဆုံး အခြေအနေ ကတော့ ဒီအစိုးရက နေပြီးတော့ နိုင်ငံရေး စစ်ရေးအရ ဖိအားပေး လာနိုင်မယ့် အခြေအနေကို ပြောတာပါ။”

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် တိုက်တွန်း ချက်ကိုလည်း ငြင်းပယ် ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မွန်ပြည်သစ်ပါတီ အသိမှတ်ပြု လက်မခံခဲ့ပေ။

မြန်မာစစ်အစိုးရ ကမ်းလှမ်းချက်ကို မွန်ပြည်သူလူထုနှင့် ရဟန်းသံဃာတော် များ၏ သဘောထား ဆန္ဒနှင့် အညီ ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီစစ်အစိုးရတင်ပြထားတဲ့ အချက်အလက်တွေအပေါ်မှာ ပြည်သူလူထုတွေ အနေနဲ့ ရဟန်း သံဃာတော်တွေ နဲ့ပေါ့နော် လုံးဝ လက်မခံနိုင်ဘူး ဆိုတဲ့ အဖြေတခုကို ကျနော်တို့ ရလာခဲ့တယ်။ ပြီးတော့ ကျနော်တို့ရဲ့ သဘောကတော့ ငြိမ်းချမ်းရေးလည်း မပျက်စေချင်ဘူး။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းဖို့ ဆိုပြီးတော့ သူတို့ အကြံပေးထားတယ်။ တိုက်တွန်းချက်တွေ သဘောတူညီချက် လေးတွေပေါ့နော်။ သူတို့ သဘော ဆန္ဒလေးတွေ တင်ပြ လာတယ်။ အဲဒီ အဲဒီတင်ပြလာတဲ့ အပေါ် မှာပဲ မွန်ပြည်သစ်ပါတီက ဆုံးဖြတ်ချက်ချ လိုက်တာ။”

မြန်မာစစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့ သို့မဟုတ် ပြည်သူ့စစ် အသွင်ပြောင်းရန် ဖိအားပေး လာပြီးနောက် မွန်ပြည်သစ် ပါတီက ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို ရေးချောင်းဖျားရှိ ဌာနချုပ်တွင် ဇူလိုင်လ ၂၇ ရက် နေ့မှ သြဂုတ်လ ၁ ရက်နေ့ အထိ ကျင်းပ ခဲ့သည်။

မြန်မာစစ်အစိုးရထံ မွန်ပြည်သစ်ပါတီ၏ ဆုံးဖြတ်ချက် သဘောထားကို ယနေ့ ကျရောက်သည့် (၆၂) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်းရေးနေ့တွင် တရားဝင် ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

မွန်အမျိုးသားအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက် မရှိဘဲ ပါတီနှင့် တပ်ခွဲထားခြင်း၊ ဖျက်သိမ်းခြင်းကို လက်ခံမည် မဟုတ်ကြောင်း အပစ်ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းပြီး တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေး ပြဿနာကို ဖြေရှင်းသွားရန် လက်ရှိအစိုးရ၊ အနာဂတ် အစိုးရသစ်နှင့် ရပ်တည် တောင်းဆိုသွားမည်ဟု ယနေ့ထုတ် ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။

နယ်ခြားစောင့်တပ်ဖွဲ့၏ တပ်တတပ်တွင် အရာရှိအဆင့် ၁၈ ဦး အပါအ၀င် အင်အား ၃၂၆ ဦး သတ်မှတ်ထားပြီး၊ အုပ်ချုပ်ရေး၊ တပ်ရေး၊ တပ်ထောက်စသည့် အရေးပါသည့် ရာထူး နေရာ များကို စစ်အစိုးရတပ်မှ အရာရှိ ၃၀ ခန့် ပါဝင်မည် ဖြစ်သည်။

မြန်မာစစ် အစိုးရက ၀ပြည်သွေးစည်းညီညွှတ်ရေး ပါတီ၊ ကချင်လွတ်လပ်ရေး အဖွဲ့၊ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) စသည် အဖွဲ့တို့ကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ဆွေးနွေး ခဲ့သော်လည်း ငြင်းပယ်ခြင်း ခံခဲ့ရသည်။

Ref: သတင်းနှင့်မီဒီယာကွန်ယက်


Read More...

Tuesday, August 4, 2009

ကျောက်မီးသွေးသယ်မည့် ဖြတ်လမ်းကိစ္စ SSA အခွင့် ရယူရန်လို

တနင်္လာနေ့၊ 03 သြဂုတ်လ 2009

သျှမ်းပြည်အရှေ့ပိုင်း မုံးကုတ်ဒေသထွက် ကျောက်မီးသွေး တူးရန် နှစ် ၄၀ ကန်ထရိုက် ရထားသည့် ထိုင်းနိုင်ငံ ဆရပူရီ ကုမ္ပဏီ အား ထိုင်းနိုင်ငံသို့ ကျောက်မီးသွေး သယ်မည့် ဖြတ်လမ်း အသစ် ဖေါက်လုပ်လျှင် သျှမ်းပြည် တပ်မတော်ထံ ခွင့်ရယူ ရမည်ဟု SSA ခေါင်းဆောင် ဗိုလ်မှူးကြီး ယွက်စစ်ပြောက ပြောသည်။

“ကျောက်မီးသွေးသယ်ယူဖို့ ထိုင်းနိုင်ငံအတွင်းမှာ ဖေါက်လုပ်မယ့် လမ်းပိုင်းက ကျနော်ဘာမှ မပြောလိုဘူး။ သျှမ်းပြည် အတွင်းပိုင်းမှာ ဖေါက်လုပ်မယ့် ကိစ္စကတော့ ကျနော်တို့ ထိန်းချုပ် နယ်မြေကို ဖြတ်ကျော် ဖေါက်လုပ်မယ် ဆိုတော့ ကျနော် တို့နဲ့ တိုင်ပင် ဆွေးနွေးမှု၊ သဘောတူညီမှု မရှိဘဲနဲ့ ဖေါက်လုပ်သွားခွင့် မရှိဘူး”- ဟု ဗိုလ်မှူးကြီး ယွက်စစ်က သျှမ်းသံတော်ဆင့်သို့ ယခုလ ၁ ရက်နေ့က ပြောပြ၏။

သံလွင်အရှေ့ခြမ်း မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ မုံးကုတ် (ခေါ်) မိုင်းခုတ်ထွက် ကျောက်မီး သွေးများ တူးယူခွင့် တင်ဒါကို စစ်အစိုးရက ထိုင်းနိုင်ငံ ဆရဘူရီ ကျောက်မီးသွေး ကုမ္ပဏီ (Saraburi Coal Mining) အား နှစ် ၄၀ စာချုပ်ဖြင့် ၂၀၀၈ နှောင်းပိုင်းက ပေးပြီးနောက် ကျောက်မီးသွေး များအား ထိုင်းသို့ သယ်ဆောင်ရာတွင် မိုင်းဆတ်၊ မုံးကုတ်၊ မိုင်းလုံ၊ တာချီလိတ် - မယ်ဆိုင် လမ်းကို အသုံးမပြုလိုဘဲ ဖြတ်လမ်းဖြင့် တောင်ဘက်စူးစူး မုံးကုတ် - မိုင်းတွမ်း - ယောင်ခါ - မယ်ကျုတ် မှတဆင့် ထိုင်းနယ် စပ်ကို ဖြတ်၍ မုံ့ကောဝ်လန် - ဟင်တက် မှ ချင်းရိုင်းသို့ တိုက်ရိုက် သယ်ဆောင် လိုသည်ဟု ဆို၏။

“ကျောက်မီးသွေးသယ်ဖို့ကိစ္စက ကျနော်အပါအ၀င် အများပြည်သူက သဘောမတူဘူး၊ ဒါပေမယ့် ဆရပူရီ ကုမ္ပဏီက လမ်းဖေါက်ရေး အတွက် လူထု ဆန္ဒ ကောက်ယူတဲ့ စစ်တမ်းကို ပြီးခဲ့တဲ့လက ကွင်းဆင်း လုပ်ခဲ့တယ်။ စစ်တမ်းအရ ကန့်ကွက်တဲ့ သူများတယ်။ ဒါတောင်သူတို့ ဆက်လက် အကောင်အထည် ဖေါ်မယ်ဆိုရင်တော့ ကျနော်တို့ ဘက်က စုရုံး ဆန္ဒ ပြဖို့ဘဲ ရှိတော့တယ်” - ဟု အမည် မဖေါ်လိုသည့် ဟင်တက်မှ ကျေးရွာသူကြီး တဦးကဆိုသည်။

ဖြတ်လမ်းမှတဆင့်သယ်ဆောင်လျှင် (၁) သဘာဝ သစ်တော ပြုန်းတီးမှု အန္တရာယ်၊ (၂) လူကုန်ကူးမှု ပြဿနာ၊ (၃) မူးယစ် မှောင် ခိုပြဿနာ၊ (၄) သျှမ်းပြည် တပ်မတော် တောင်ပိုင်း လှုပ်ရှားနယ် ဖြစ်သောကြောင့် နယ်စပ် လုံခြုံရေး ဆိုင်ရာ ပြဿနာများ ကြုံတွေ့ လာနိုင်ဘွယ် ရှိကြောင်း - ၎င်းက ပြောပြသည်။

မုံးကုတ် ကျောက်မီးသွေးတွင်းမှတဆင့် ကျောက်မီးသွေး ဆိုင်ရာ အသုံးဝင်သတ္တုများ အားလုံး တရက်လျှင် အနည်းဆုံး တန်ချိန် ၅၀၀၀ ထိုင်းသို့ တင်ဆောင် နိုင်မည်ဟု အဆိုပါ ကုမ္ပဏီမှ ကျွမ်းကျင် ပညာရှင်များက ခန့်မှန်းထားကြသည်။ အလားတူပင် သျှမ်းပြည် အလယ်ပိုင်း ကျေးသီးမြို့နယ်တွင် လွန်ခဲ့သည့် ၆ - ၇ နှစ်က ကျောက်မီးသွေး တွေ့ရှိ ထားသောကြောင့် တူးဖေါ်ရန် နအဖ စစ်အစိုးက ဒေသခံများ၏ လယ်/ယာ/ခြံ မြေ အများအပြား သိမ်းယူထားကြောင်း သျှမ်းပြည်တောင်ပိုင်း သတင်း ရပ်ကွက်က ဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

“၀”ကို ဖိအားပေးရန် ပြည်သူ့စစ်များဖြင့် တပ်အင်အား တိုးချဲ့

ကိုထွေး
Monday, 03 August 2009 18:59

“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ်ထားသော ဒေသတွင် မြန်မာ စစ်အစိုးရက စစ်တပ် အင်အား တိုးချဲ့ ချထားလျက် ရှိရာ အသုံးပြုရန်အတွက် အပစ်ရပ် ပြည်သူ့စစ် အဖွဲ့များကို ဆင့်ခေါ်လျက် ရှိကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်က “အခု ရက်ပိုင်းအတွင်း ထူးခြားတာက စစ်အစိုးရ အနေနဲ့ (ရှမ်းပြည်) မြောက်ပိုင်းက ဒေသခံ ပြည်သူ့စစ်တွေကို အသုံးချဖို့ ဆင့်ခေါ်နေတယ်။ ရပခ (အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) ကလည်း မေလက ခေါ်ပြောပြီးပြီ၊ ပြည်သူ့စစ်တွေက လက်မခံလို့ မရဘူး” ဟု ဧရာဝတီ သို့ ပြောသည်။

ယခင်က ဘိန်းဘုရင် ဦးခွန်ဆာ လက်အောက်ခံ တပ်ဖွဲ့များ ဖြစ်သော လားရှိုးခရိုင် တန့်ယန်းမြို့နယ် နှင့် မိုင်းရင်းမြို့နယ် အတွင်းရှိ ဗိုမွန်း နှင့် လောဝ်းမှား ဦးဆောင်သော ပြည်သူ့စစ် တပ်ဖွဲ့များကို ဆင့်ခေါ်၍ ရှမ်းပြည် မြောက်ပိုင်း သံလွင်မြစ် တလျှောက် အင်အား တိုးချဲ့ နေသည်ဟု ၎င်းက ဆက်ပြောသည်။

လက်နက်ကိုင် အင်အား ၂၀၀၀၀ ၀န်းကျင် ရှိသော UWSA တပ်များနှင့် စစ် အစိုးရအကြား ဆက်ဆံရေး ပိုမို တင်းမာ လာသည်ဟု သိရသည်။

“နအဖ လေသံက ငြိမ်သွားသလို ရှိပေမယ့် လုပ်ရပ်ကတော့ ပိုပြီးတော့ တင်းမာလာတယ်၊ စစ်ရေး ပြင်ဆင်မှုကတော့ အရင်ကထက် ပိုရှိလာတယ်၊ နအဖ တပ်တွေ အင်အား ဖြည့်ဖို့ ရောက်လာတာ မရှိပေမယ့် တပ်လှန့် လာတာတို့ ပြင်ဆင်တာတို့ လုပ်လာတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအဖွဲ့များသည် လက်နက် အပြည့်အစုံဖြင့် အင်အား ၄၀၀၊ ၅၀၀ ခန့် ရှိပြီး ယင်းတပ်ဖွဲ ၂ဖွဲ့ကို စစ်အစိုးရက ခေါ်ယူ ဖြည့်တင်းထားကြောင်း သိရသည်။

ပလောင်ပြည်နယ် အမျိုးသား လွတ်မြောက်ရေး တပ်ဦး အတွင်းရေးမှူး မိုင်အိုက်ဖုန်းက “ အပစ်ရပ် ပြည်သူ့စစ် အဖွဲ့တွေကို စစ်အစိုးရက သူတို့ အမိန့်ကို နားထောင်ဖို့ ပြောတယ်” ဟု ပြောသည်။

ယခု ရက်ပိုင်း အတွင်းတွင်လည်း “၀” ဌာနချုပ် နှင့် ကိုးကန့် တပ်ဖွဲ့ များရှိရာသို့ မြန်မာစစ်အစိုးရ တိုင်း၃ တိုင်း မှ တာဝန်ရှိသူများ မကြာခဏ သွားရောက်၍ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်ကျော်ဇောက “ဒီရက်ပိုင်းအတွင်း တြိဂံ၊ ရပခ၊ မပခ တိုင်း ၃ တိုင်း က လူကြီးတွေက ၀နဲ့ ကိုးကန့် မပြတ်သွားနေကြတယ်၊ ၃၀ ရက်နေ့က ရပခ တိုင်းမှူးက ၀ ဌာနချုပ်ကို သွားတယ်၊ အဲဒီလိုပဲ တြိဂံတိုင်းက တိုင်းမှူးနဲ့ ဒုတိုင်းမှူး တွေကလည်း မကြာခဏ သွားနေကြတယ် ” ဟု ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ကူးပြောင်းရေး အတွက် ပြန်လည် စဉ်းစားပေးရန် မြန်မာ အစိုးရ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့်က UWSA ကို ဇွန်လတွင် ထပ်မံ ပြောကြားခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ အနေဖြင့် စစ်အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် နေထိုင်ရန် ငြင်းဆန် ခဲ့ကြသကဲ့သို့ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့် ရရှိရန် ကြိုးပမ်းလျှက် ရှိကြောင်း သိရသည်။

အပစ်အခတ် ရပ်ထားသော အဖွဲ့များသည် မြန်မာ့ တပ်မတော်၏ ထိန်းချုပ်မှု အောက်တွင် ရှိရမည်ဟု စစ်အစိုးရ ရေးဆွဲထားသော အခြေခံဥပဒေတွင် ပြဌာန်းထားသည်။

စစ်အစိုးရက မြန်မာပြည် တောင်ပိုင်းရှိ အပစ်ရပ်အဖွဲ့တခုကိုလည်း အသွင် ပြောင်းရေး အတွက် ဆက်လက် တိုက်တွန်းလျှက်ရှိသည်။

ဇွန်လ ၇ ရက် နေ့က မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်များသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်နိုင်ဝင်း နှင့် မော်လမြိုင်မြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲများတွင် တိုင်းမှူးက မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့် တပ်ပုံစံ (သို့မဟုတ်) ပြည်သူ့စစ် ပုံစံဖြင့် ပြောင်းလဲ ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့သည်။

ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပခဲ့သော မွန်ပြည်သစ် ပါတီ အစည်းအဝေးတွင် ခေါင်းဆောင်များက နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင် ကူးပြောင်းရန် အတွက် လက်မခံနိုင်ကြောင်း ဆုံးဖြတ် ခဲ့ကြပြီး ယခု သြဂုတ်လ ၅ ရက် မွန်တော်လှန်ရေး နေ့တွင် အဆိုပါ ဆုံးဖြတ်ချက်ကို တရားဝင် ကြေညာမည်ဟု ယင်းအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဟံသာဘန်ခိုင်က ဧရာဝတီကို ပြောသည်။

တခြား တိုင်းရင်းသားအဖွဲ့ တခုဖြစ်သော ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ကလည်း နယ်ခြားစောင့် တပ်ဖွဲ့ ပုံစံမျိုး မဟုတ်ဘဲ ကချင်ဒေသ ကာကွယ်ရေး တပ်ဖွဲ့ (Kachin Regional Guard Force- KRGF) အနေဖြင့်သာ ပြောင်းလဲ ဖွဲ့စည်းလိုကြောင်း မြန်မာ စစ်အစိုးရထံ တင်ပြခဲ့သည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည့် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

Ref: ဧရာဝတီ

Read More...

ဒေါ်စု ဥပဒေအမြင် သဘောထား NLD ကြေညာချက် ထုတ်ပြန်

03 August 2009

ဒေါ်အောင်ဆန်းစုကြည် အခု ရင်ဆိုင်နေရတဲ့ အမှုကိစ္စနဲ့ ပတ်သက်လို့ ဥပဒေ အမြင် သဘောထား စာတမ်း တစောင် NLD အဖွဲ့က ဒီနေ့ ထုတ်ပြန် လိုက်ပါတယ်။ ဒီနေ့ ထုတ်ပြန်တဲ့ ကြေညာချက်အပြင် နောက်ဆုံး ဖြစ်ထွန်းမှုတွေနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့မှာ ရှိတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းတဲ့အခါ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို စပြောပါတယ်။

“ကျနော်တို့ ကြေညာချက်တခု ထုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒီအမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဥပဒေ အမြင် သဘောထားကို စာတမ်းတစောင် ရေးတယ်။ အဲဒီစာတမ်းကို ကျနော်တို့ရဲ့ အရေးအသား လျှောက်လဲ ချက်ထဲမှာ ထည့်သုံးတယ်။ အဲဒီ ထည့်သုံးတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ စာတမ်းကို ဒီနေ့ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အများပြည်သူ သိအောင်ဆိုပြီး ထပ်ပြီး ကြေညာချက် ထုတ်တယ်။”

အဲဒီစာတမ်းထဲမှာ အဓိက ဘာတွေများ ပါပါသလဲ။

“အဓိကက တရားဥပဒေ စိုးမိုးမှု ရှိဖို့နဲ့ တရားဥပဒေ ဆိုတာ၊ တရား မျှတမှု ဆိုတာ လုပ်နေတယ် ဆိုတာနဲ့ မပြီးပါဘူး၊ အများရဲ့ အမြင်မှာလည်း တရားမျှတမှု ရှိတယ်လို့ အဲဒီလိုမြင်မှ တရားစီရင်ရေး မျှတမှု ရှိမယ်၊ နောက် သူ့ရဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး ဒီအမှု အကြောင်းကို သိဖို့ဆိုရင် သူ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ချုပ်နှောင် ခံခဲ့ရတဲ့ဟာ တရားမျှတမှု ရှိမရှိ၊ ဥပဒေနဲ့ ညီမညီ လေ့လာ စုံစမ်းပြီးမှ အမှန်ကို သိနိုင်မယ်လို့ အဲဒီလို ရေးထားပါတယ်။”

တဆက်တည်း မေးချင်တာက ဒီတပတ်ထုတ်တဲ့ The Voice ဂျာနယ်ထဲမှာ ဇူလိုင်လ ၃၁ ရက်နေ့မှာ ဆရာပြောတဲ့ စကားတခုကို ကိုးကားပြီး သတင်း ဖော်ပြထားတာပါ။ အရင်တုန်းက အခုလိုမျိုး ဖော်ပြတာတွေ ရှိခဲ့ပါသလား။

“ကျနော်တော့ တခါမှ မတွေ့ဖူးပါဘူး။”

ဒါဆိုရင် အခု ဒီလိုမျိုး ဆရာ့ကို တိုက်ရိုက် ကိုးကားပြီး သတင်းရေးသား ဖော်ပြတဲ့ အပေါ်မှာ ဘယ်လို သဘောရပါသလဲ။

“ကျနော်ကတော့ သတင်းရေးသား ဖော်ပြတာ ကျေနပ်တယ်။ အမြဲတမ်းလည်း ဖော်ပြ စေချင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေကွက်အမှု ကိစ္စကရော ဘယ်အခြေအနေ ရှိနေပါပြီလဲ။

“အဲဒါကတော့ ရောင်းသူဆိုတဲ့ အဲဒီကြော်ငြာမှာ ပါတဲ့ ဦးခင်မောင်အေးက ရောင်းပိုင်ခွင့် ရှိသူ မဟုတ်ဘူး၊ ငွေပေးထားရင် မိမိငွေ ဆုံးရှုံး နိုင်တယ်၊ ဒါ ရောင်းပိုင်ခွင့် မရှိဘူး၊ ဒီပစ္စည်းဟာ ဒေါ်အောင်ဆန်းစုကြည် လက်ဝယ်မှာပဲ ရှိတယ် ဆိုတာကို ကျနော်တို့ အမည်မသိ ၀ယ်သူရဲ့ ရှေ့နေတွေကို အကြောင်းပြန်ထား ပါတယ်။”

ဆရာတို့ အကြောင်းပြန်ပြီး နောက်ပိုင်း ဘာမှ မထူးသေးဘူးလား ခင်ဗျ။

“ဟုတ်ကဲ့၊ အခုထိတော့ ဘာမှ မသိရသေးပါဘူး။”

အခုဆိုရင် သြဂုတ်လ ၁၁ ရက်နေ့မှာ စီရင်ချက် ချမယ်ဆိုပြီး နောက်ထပ် ရုံးချိန်း ပေးထားပါတယ်။ ဆရာ အခုချိန်ထိ ဘယ်လို မျှော်လင့်နေပါလဲ။

“ကျနော်ကတော့ ဥပဒေရှုထောင့်ကပဲ မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရပါလိမ့်မယ်။”

Ref: VOA News


Read More...

Monday, August 3, 2009

ပြည်သူ့စစ် အသွင်ပြောင်းရန် SSA-N ခေါင်းဆောင် ထပ်မံ ခေါင်းခါ

စနေနေ့၊ 01 သြဂုတ်လ 2009

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် အပစ်ရပ် သျှမ်းပြည် တပ်မတော် SSA မြောက်ပိုင်း တပ်ဖွဲ့ ဥက္ကဌအား လားရှိုး အခြေစိုက် အရှေ့မြောက်တိုင်း (ရမခ) တိုင်းမှူးက လားရှိုး စစ်တိုင်းရုံးသို့ ထပ်မံခေါ်ယူ တွေ့ဆုံ တိုက်တွန်း ဖိအားပေးခဲ့ကြောင်း မြောက်ပိုင်း သျှမ်းပြည် သတင်းရပ်ကွက်က ဆိုသည်။

“ပြီးခဲ့တဲ့ ၂၇ ရက်နေ့ကပေါ့၊ လားရှိုးတိုင်းမှူး ဆင့်ခေါ်လို့ ဥက္ကဌကြီး စ၀်လွယ်မောဝ် စစ်တိုင်းရုံး ရွှေလီရိပ်သာ အထိ သွားတွေ့ရတယ်၊ ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ်ပြောင်းဖို့ ထပ်ပြောတယ် ဆိုဘဲ”- ဟု လားရှိုး စစ်တိုင်းရှုံး အရာရှိများ နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

ထိုတွေ့ဆုံပွဲ၌ လားရှိုးစစ်တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က အပစ်ရပ် SSA မြောက်ပိုင်း ဥက္ကဌအား ပြည့်သူ့စစ် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် အဆင်သင့် ဖြစ်မဖြစ် မေးမြန်းခဲ့ကြောင်း၊ စ၀်လွယ်မောဝ်ကလည်း သျှမ်းပြည် တပ်မတော် အပစ်ရပ် တပ်ဖွဲ့ အနေဖြင့် ဂျွန် ၂၃ ရက်နေ့က ဗိုလ်ချုပ်ရဲမြင့်ထံ အခြေအနေမှန် အားလုံး တင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ အောက်ခြေ အဆင့် လူငယ် အရာရှိများ/ တပ်မှူးများက အစိုးရ၏ စေတနာအပေါ် နားလည်ရန် အချိန်ယူ ရှင်းပြနေရကြောင်း၊ အလယ် အလတ် စစ်ရေး ခေါင်းဆောင် အများစု လက်မခံနိုင် သေးသဖြင့် ဘာမျှ မတတ်နိုင်ကြောင်း၊ ရွေးကောက်ပွဲပြီး၍ ဒီမိုကရေစီ အစိုးရသစ်ပေါ် ပေါက်လာမှသာလျှင် အသွင်ပြောင်းရေး ကိစ္စ ပြန်လည် ဆွေးနွေး စေလိုကြောင်း၊ စိတ်ရှည်သီးခံရန် မေတ္တာရပ်ခံ လိုကြောင်း ပြောကြားခဲ့သည်ဟု ဆို၏။

“စ၀်လွယ်မောဝ်ကအဲဒီလို လှည့်ပတ်ငြင်းတော့ တိုင်းမှူးကြီးက ဘာမှ ဆက်မဆွေးနွေး တော့ဘူး၊ အခြား အပစ်ရပ်အဖွဲ့ တော်တော် များများကလဲ လက်ခံဘူး ကျနော်တို့လဲ လက်မခံနိုင် သေးဘူးလို့ အဓိပ္ပါယ်ပေါက်တဲ့ အချက် အလက်တွေလဲ ပြောတယ်”- ဟု အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

(စစ်အစိုးရ၏ နိုင်ငံတော်ပုန်ကန်မှုအပြင် အခြားအမှုပေါင်း များစွာ စွပ်စွဲမှုဖြင့် ခန္တီးထောင်၌ ထောင်ဒဏ် ၁၀၆ နှစ် ပြစ်ဒဏ် ကျခံရသူ) SSA ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲန် နှင့် န၀တ အစိုးရတို့ ၁၉၈၉ စက်တင်ဘာ ၂၄ ရက်က - ၁။ နှစ်ဦးနှစ် ဘက် အပစ်အခတ် ရပ်စဲထားရန်၊ ၂။ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နှစ်ဖက် ပူးပေါင်း လုပ်ဆောင်ရန်၊ ၃။ နိုင်ငံရေး ကိစ္စများကို နောင် တက်လာမည့် ဒီမိုကရေစီ အစိုးရသစ်နှင့်သာ ပြောဆို ဆွေးနွေးရန် စသည့် သဘောတူညီချက် များဖြင့် အပစ်ရပ်ခဲ့ကြောင်း - ဆိုပါသည်။

ဤအချက်အလက်များကို အပစ်ရပ် သျှမ်းပြည် တပ်မတော် တပ်မှူးများ၊ အရာရှိများ ခိုင်ခိုင်မြဲမြဲ စွဲကိုင် ကျင့်သုံးသောကြောင့် ပြည်သူ့စစ် အသွင် ကူးပြောင်းရေးကို လက်ခံလာအောင် စည်းရုံးနိုင်ရန် များစွာ အခက်အခဲ ရှိကြောင်းလည်း ၂၃/၆/၀၉ စရဖ အရာရှိချုပ် ဗိုလ်ရဲမြင့်ထံ ပေးစာ၌ အတိအလင်း ဖေါ်ပြခဲ့သည်ဟု ဆို၏။

Ref: သျှမ်းသံတော်ဆင့်

Read More...

အပေါ်သို့