..............................

Saturday, September 6, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထူးကြေညာချက် အမှတ် ၁၆ / ၀၉ / ၀၈


Read More...

Wednesday, September 3, 2008

ဆိုင်ဘာအတိုက်အခံတယောက်၏ အရှုံး

ဂါမဏိ
တနေ့တာ ဆူညံလှုပ်ရှားခဲ့ပြီးနောက် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကိုင်ရိုမြို့ရဲ့ အင်တာနက် ကဖီးဆိုင်တဆိုင် ထဲမှာတော့ နာရီက သန်းခေါင်ကျော်ပြီး ၁ နာရီ ၄၉ မိနစ်ကို ညွှန်ပြနေပါတယ်။ အသက် ၂၇ နှစ် အရွယ် အာမက်ဒ်မာဟာ ဟာကွန်ပျုတာ တလုံးရှေ့မှာ အလုပ်လုပ်နေပါတယ်။ သူဝတ်ထားတဲ့ ရှပ်အင်္ကျီဟာ ဒီက နေ့ပါဆိုရင် ၃ ရက်ရှိပြီဖြစ်ပါတယ်။ သူ့ဘ၀ရဲ့ အခြေခံ အသုံးအဆောင်တွေက ကွန်ပျူတာ ကီးဘုဒ်ဘေးမှာ ပျံ့ကျဲ တည်ရှိနေပါတယ်။ အဲဒါတွေကတော့ ကားသော့၊ စီးကရက်နဲ့ ဆဲလ်ဖုံး တလုံးတို့ ဖြစ်ပါတယ်။

မာဟာ ဟာ နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားရင်း စာရိုက်နေပါတယ်။ သူ စိတ်ကူးယဉ်ခဲ့တဲ့ အင်တာနက် ဖေ့စ်ဘွတ်က် အကျိုးဆောင် ၀က်ဘ်ဆိုက်က တဆင့် လူထုအုံကြွမှုတခု စည်းရုံး လှုံ့ဆော်ခဲ့တာဟာ အခုတော့ ကီးဘုဒ်ပေါ် လူးလာလှုပ်ရှားနေတဲ့ သူ့ လက်ချောင်းတွေကြားထဲက ချော်ထွက် သွားနေပါပြီ။ အီဂျစ်နိုင်ငံမှာ နိုင်ငံရေး လှုပ်ရှားတက်ကြွမှုရဲ့ အန္တရာယ် အကျိုးဆက်တွေအပေါ် စိုးရိမ် ပူပန်မှုတွေကို ကွန်ပျုတာမြင်ကွင်း မှာ တင်လာကြပါတယ်။ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ တယောက်က ရိုက်လာပါတယ်။ အစိုးရက ငါတို့အထဲ ကို စိမ့်ဝင်ထိုး ဖောက်ထားပြီလို့ နောက်တယောက်က ရေးလာတယ်။ အခုလုပ်နေတာက မိုက်မဲဉာဏ်နည်း ရာ ရောက်တယ်လို့ တတိယ တယောက်က စာရိုက်ပါတယ်။

မတ်လကုန်ပိုင်းလောက်ကစပြီး မာဟာနဲ့ တခြားအိဂျစ်လူငယ် လေး - ငါးယောက် ဖန်တီး လွှင့်တင်ထိန်း ချုပ်ခဲ့တဲ့ ဖေ့စ်ဘွတ်က် Facebook စာမျက်နှာမှာ အိဂျစ်ပြည်သူ ၇၄၀၀၀ စာရင်းသွင်း မှတ်ပုံတင်ခဲ့ပါတယ်။ အများစုဟာ နိုင်ငံရေး လှုပ်ရှားတက်ကြွ ရေးနယ်ပယ်မှာ လူသစ်တွေဖြစ်ပါတယ်။ အီဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီ အလားအလာကို စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ သက်ကြီးပိုင်း အီဂျစ်လူမျိုး တချို့ကတောင် အမေရိကန် ကောလိပ် ကျောင်းသားတွေ စတီထွင်ခဲ့တဲ့ လူမှုရေး ပေါင်းသင်း သဟာယဖွဲ့မှု ၀က်ဘ်ဆိုက်ဟာ သမတ ဟော့စ်နီ မူဘာရတ်ရဲ့ ၂၇ နှစ်တာ အုပ်စိုးမှုကို ဆန့်ကျင်ဖို့ အီလက်ထရွန်နစ် နည်းပညာနဲ့ စုစည်းတဲ့ အစပြု မှတ် ဖြစ်နိုင်လေမလားလို့ မျှော်လင့် ခဲ့ကြပါတယ်။

ဒါပေမဲ့ ဖေ့စ်ဘွတ်က် လှုပ်ရှားတက်ကြွသူတွေရဲ့ အတွေ့အကြုံက ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတရပ်ကို ဆန့်ကျင် အတိုက် အခံပြုရာမှာ နည်းပညာပိုင်းရဲ့ အကန့်အသတ်တွေကို ပြသခဲ့ပါတယ်။ မာဟာ ဟာ ပြီးခဲ့တဲ့နှစ်လ အတွင်း နိုင်ငံရေး လှုပ်ရှားတက်ကြွမှုကြောင့် အဖမ်းခံရတဲ့ အိဂျစ်နိုင်ငံသား ၅၀၀ ထဲမှာဘဲ လမ်းဆုံးသွားပြီး ကိုင်ရိုမြို့က ရဲစခန်းတခုထဲမှာ ကိုယ်တုံးလုံးချွတ် ထုတ်မှာဆွဲ အရိုက်ခံတဲ့ အခြေဆိုက်ဖို့သာ များပါတယ်။

စီစဉ်ထားတဲ့သပိတ်တိုက်ပွဲရက်ဖြစ်တဲ့ မေ ၄ ရက် တနင်္ဂနွေနေ့ အရုဏ် မတက်မီမှာတော့ မာဟာရဲ့ ဖေ့စ် ဘွတ်က် လှုပ်ရှားမှုဟာ အချည်းနှီး ဖြစ်သွားတဲ့အကြောင်း တစတစ ပေါ်လွင်လာပါတယ်။ မာဟာနဲ့ တခြား စည်းရုံးရေး သမားတွေက မိမိတို့ နောက်လိုက်တွေရဲ့ စိတ်ဓာတ်တွေ ပြန်တက်လာအောင် ကြိုးစားကြပါ တယ်။ တခုခုတော့ လုပ်မှဖြစ်မယ်လို့ မာဟာက အင်တာနက်ပေါ်မှာ ပြောပါတယ်။ မနက် ၇ နာရီမှာတော့ မာဟာ ဟာ ကုလားထိုင် နောက်မှီပေါ်လှဲပြီး အဲဒီညအတွက် ပထမဆုံးအဖြစ် မျက်စိမှတ် တရေးအိပ်ခဲ့ပါ တယ်။ နောက်တနာရီအကြာ ပြန်နိုးလာတော့ ကွန်ပျူတာမြင်ကွင်းမှာ သူ့စာမျက်နှာ ပိတ်ခံရပြီ ဖြစ်ကြောင်း စာတန်းကို တွေ့ရပါတယ်။ သူဟာ အီးမေးတွေ စာတွေ အများကြီး ပို့ခဲ့တာကြောင့် ဖေ့စ်ဘွတ်က်က သူ့ကို စပမ် (ကြော်ငြာ အမှိုက်စာ) စာပို့သမားလို့ သံသယဖြစ်ပြီး ပိတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

အစ္စရာအက်ဘ်ဒဲလ်ဖာတာဟာ အသက် ၂၇ နှစ်အရွယ် လူသားရင်းမြစ် စီမံခန့်ခွဲရေး ကျွမ်းကျင်သူဖြစ်ပြီး နိုင်ငံရေး အတွေ့အကြုံ ဘာမှမရှိပါဘူး။ “ဖေ့စ်ဘွတ်က် မိန်းကလေး” လို့ လူသိများတဲ့ သူမဟာ မာဟာနဲ့တွဲပြီး အင်တာနက်ပေါ်က စည်းရုံး လှုပ်ရှားမှုကို စတင်ခဲ့သူ ဖြစ်ပါတယ်။ အိဂျစ်နိုင်ငံရဲ့ စားသောက် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ကန့်ကွက် ဆန္ဒပြတဲ့ ဧပြီ ၆ ရက်ဆန္ဒပြပွဲမှာ ပါဝင်ဆင်နွှဲကြဖို့ ပြည်သူအားလုံးကို အတိအလင်း ဖိတ်ခေါ် ခဲ့ပါတယ်။ အဲဒီတိုက်ပွဲဟာ ချည်မျှင် အလုပ်သမားတွေရဲ့ လုပ်ခလစာတိုးရေး၊ ကုန်ဈေးနှုန်း ကျ ဆင်းရေး အလုပ်ရပ် သပိတ်မှောက်ပွဲနဲ့ တိုက်ဆိုင် မိသွားတဲ့အခါ အိဂျစ်နိုင်ငံမှာ နှစ်ပေါင်းများစွာ အတွင်း အထူးခြား အကြီးကျယ်ဆုံး နိုင်ငံရေး ဆန္ဒပြပွဲ ဖြစ်ပေါ်သွားပါတယ်။

ကိုင်ရိုမြို့တော်ကနေ နှစ်နာရီ ခရီးမှာရှိတဲ့ အဲလ်မာဟာလာ အဲလ်ကူ ဘရာမြို့မှာ လုံခြုံရေး တပ်ဖွဲ့တွေက ဆန္ဒ ပြ အရပ်သားတွေကို နှိမ်နင်းတဲ့အခါ အနည်းဆုံး နှစ်ယောက်သေပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်။ ဆန္ဒပြသမားတွေက မူဘာရတ် ရုပ်ပုံ ပိုစတာကြော်ငြာ ဘုတ်ကြီးတခုကို တွန်းလှဲ ပစ်တာကိုတွေ့ရတဲ့ အီဂျစ် ပြည်သူ အများအပြားဟာ အံ့သြတကြီး ကြက်သီး မွှေးညှင်းထမိပြီး ဒါဟာ အီဂျစ်နိုင်ငံရဲ့ အလှည့်အပြောင်း ဆုံချက် တခုကို ရောက်သွားပြီလားလို့ ထင်မိကြတဲ့ အထိ ဖြစ်သွားခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ငံတလွှားမှာ အက်ဘ်ဒဲလ် ဖာတာ အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေကို ရာနဲ့ချီပြီး ဖမ်းဆီးခဲ့ပါတယ်။ သူမ ထောင်က ထွက်လာတဲ့ အခါမှာတော့ နိုင်ငံရေးကို စွန့်လွှတ်ကြောင်း ကြေညာခဲ့ပါ တယ်။ အဲဒီအခါ မာဟာကပဲ မူဘာရတ်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ချိန်ရွယ်တဲ့ မေ ၄ ရက်ဆန္ဒပြပွဲကို ဦးစီး စီစဉ်ခဲ့ ပါတယ်။ “ဖေ့စ်ဘွတ်က်အုပ်စုဝင် ၉၅ ရာခိုင်နှုန်းဟာ အရင်က ဘယ်နိုင်ငံရေး ပါတီမှာမှ မပါခဲ့ ဖူးဘူး၊ ကျနော်တို့ဟာ နိုင်ငံရေး အုပ်စုမဟုတ်ဘူး” လို့ မာဟာက မေ (၄) ရက်ဆန္ဒပြပွဲ မတိုင်မီ နှစ်ရက် အလိုက ပြောပြခဲ့တယ်။ “ကျနော်တို့ရဲ့ အဓိက လုပ်ငန်းတာဝန်က ပြည်သူလူထုတွေ မိမိတို့ အခွင့်အရေးကို သိမြင် နားလည်လာပြီး ကိုယ့်ကို တုပ်နှောင်ထားတဲ့ လက်ထိပ်တွေ သံခြေကျင်းတွေကို ဘယ်လို ရိုက်ချိုး ရမလဲ ဆိုတာ သိလာအောင် လုပ်ဖို့ဖြစ်တယ်” လို့ဆက်ပြောပါတယ်။

အစိုးရက သူတို့လုပ်ဆောင်ချက်တွေကို စောင့်ကြည့်နေတယ်လို့ တွက်ဆမိတဲ့အတွက် ခေါင်းဆောင်တွေ က ခရမ်းသီး၊ သခွားသီး စတဲ့ နိုင်ငံရေး ပုံမပေါက်တဲ့ နာမည်တွေနဲ့ ဖေ့စ်ဘွတ်က်အုပ်စု ခွဲလေးတွေ ထပ် ဖန်တီး ခဲ့ပါတယ်။ သူတို့ဟာ အင်တာနက်ပေါ်မှာ အယူအဆတွေ ဖလှယ်ကြ၊ မဟာဗျူဟာတွေ ဆွဲကြပါတယ်။ မွတ်စလင် နိုင်ငံရဲ့ အလုပ်ပိတ်ရက် မဟုတ်တဲ့ တနင်္ဂနွေနေ့ မေ (၄) ရက်မှာ အိမ်ပြင်မထွက်ဘဲ ကိုယ့်အိမ်ထဲ မှာပဲ နေကြဖို့ ပြည်သူလူထုကို ပန်ကြားဆော်သြခဲ့ပါတယ်။ သတ္တိအရှိဆုံး လူတွေကတော့ သတ်မှတ်ထားတဲ့ နေရာတွေမှာ စုဝေးပြီး ဆန္ဒပြကြဖို့ ဖြစ်ပါတယ်။ စုဝေးဖို့ နေရာတွေကို ဖုံးမက်ဆေ့ဂ်ျတွေနဲ့ အကြောင်းကြားဖို့ စီစဉ်ထားပါတယ်။ သတ္တိ သိပ်မရှိသူတွေကိုတော့ အနက်ရောင် တီရှပ်တွေဝတ်ကြဖို့ သို့မဟုတ် အီဂျစ်နိုင်ငံတော် အလံတွေ မိမိတို့ အိမ်တံခါးပေါက်တွေ အိမ်ခေါင်မိုးတွေမှာ ထောင်ဖို့ ဆော်သြထားပါတယ်။ အကြမ်း ဖက်ရေး လှုံ့ဆော်မှုတွေ အားလုံးကို ဆန္ဒပြပွဲ စည်းရုံး စီစဉ်သူတွေက ပယ်ဖျက်ပစ်ခဲ့ပါတယ်။

မာဟာ့အပြောအရ အတက်ကြွဆုံး အခိုင်မာဆုံး လူအများအပြားဟာ မိန်းကလေးတွေနဲ့ အမျိုးသမီးငယ် တွေ ဖြစ်တယ်လို့ ဆိုပါ တယ်။ ကိုင်ရိုကောလိပ် ဒုတိယနှစ်ကျောင်းသူ အစဏရား မူစတာဖာဟာ အသက် ၁၈ နှစ်ရှိပြီး တခါမှ ဆန္ဒမပြခဲ့ဘူး၊ လှုပ်ရှားမှုတခုခုမှာ မပါခဲ့ဖူး၊ မဲမပေးခဲ့ ဖူးပါဘူး။ သူမဟာ ဖေ့စ်ဘွတ်က် အုပ်စုထဲ စကတည်းက ပါခဲ့ပါတယ်။ သူမကို ဧပြီ ၆ ရက်မှာ ရဲက ခဏ ထိန်းသိမ်းခဲ့ပါတယ်။ အဲသလို အဖမ်း ခံရလို့ သူမ စိတ်ဓာတ်က ပိုခိုင်မာသွားပါတယ်။ “ကျမလုပ်နေတာ ကျမရဲ့ ဥပဒေနဲ့ ညီတဲ့ အခွင့်အရေး ဖြစ်တယ်ဆိုတာ ကျမ သဘောပေါက်သွားတယ်” လို့ မူစတာဖာက ပြောတယ်။

လှုပ်ရှားသူတွေဟာ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေထဲက တချို့ကို သဘောပေါက်ကြ ပါတယ်။ စိန်ခေါ်မှုတခုကတော့ အီဂျစ်ပြည်သူ သန်း ၈၀ မှာ လေးပုံ တပုံကျော်ဟာ စာမတတ်ဘဲ လူဦးရေ ရဲ့ ၈ ရာခိုင်နှုန်းဘဲ အင်တာနက် သုံးနိုင်တယ်ဆို ဖြစ်ပါတယ်။ ဒါကြောင့် ဆန္ဒပြပွဲ အကြောင်း သတင်းပျံ့နှံ့ အောင် ဖေ့စ်ဘွတ်က် အုပ်စုဝင်တွေက နံရံတွေမှာ မှုတ်ဆေးတွေနဲ့ ကြွေးကြော်သံတွေ လှုံ့ဆော်စာတွေ ရေးဖို့၊ နဖူးစည်း စာတမ်းတွေ အလံတွေ တံခွန်တွေ လွှင့်ထူဖို့ အားပေးခဲ့ပါတယ်။ ငွေစက္ကူတွေ၊ အထူး သဖြင့် ဆင်းရဲသား ပြည်သူတွေ အသုံးများတဲ့ တန်ဖိုးနိမ့် ငွေစက္ကူတွေပေါ်မှာ ကြွေးကြော်သံတွေ ရေးတာမျိုး လည်း လုပ်ကြပါတယ်။

မေ ၂ ရက်မှာ လုံခြုံရေးတပ်ဖွဲ့တွေက မာဟာ၊ မူစတာဖာနဲ့ ဖေ့စ်ဘွတ်က်အုပ်စုဝင် နောက်တယောက်ကို ကိုင်ရိုမြို့လယ်မှာ ပထမတော့ နောက်ယောင်ခံ လိုက်ခဲ့ပြီး နောက်ပိုင်းမှာ အတင်း လိုက်ဖမ်းခဲ့ပါတယ်။ မာဟာက ဆိုင်တဆိုင်ထဲဝင် ကိုယ်ရောင်ဖျောက်ပြီး လွတ်သွားပါတယ်။ မူစတာဖာကတော့ ကိုင်ရိုမြေ အောက် ရထားဘူတာရုံထဲ ၀င်ပြေးပြီး အမျိုးသမီး သီးသန့်တွဲပေါ် တက်ပြေးတဲ့အခါ နောက်ကလိုက်လာတဲ့ လုံခြုံရေး တပ်ဖွဲ့ ၀င်တွေကို တခြားရထားစီး အမျိုးသမီးတွေက ပိတ်ဆို့ကာဆီးပေးလို့ လွတ်သွားပါတယ်။ မာဟာဟာမိမိရဲ့ သုံးလသမီးနဲ့ ဇနီးကို နှုတ်ဆက်ပြီး မြေအောက် ပုန်းလျှိုး ရပါတော့တယ်။

ဝါရင့်နိုင်ငံရေးသမားတွေကတော့ ပြည်သူလူထုတွေကို အိမ်ပြင် မထွက်ဘဲနေဖို့ ဖေ့စ်ဘွတ်က် အဖွဲ့က ဆော် သြတာကို ပျက်ရယ်ပြု ကြပါတယ်။ ဒါဟာ မလှုပ်မယှက် မတက်မကြွ လူမျိုးတမျိုးက ပိုပြီး မလှုပ်မယှက် မ တက်မကြွတဲ့ နည်းနဲ့ ဆန္ဒပြတာဖြစ်တယ် လို့ဝေဖန်ပါတယ်။

မေ ၄ ရက်နီးလာတာနဲ့အမျှ အစိုးရဘက်ကလည်း လှုပ်ရှားလာပါတယ်။ မဟာလာ ချည်မျှင်စက်ရုံ အလုပ် သမားတွေကို ဘောနပ်စ် ဆုကြေးတွေပေးတာ၊ အစိုးရ၀န်ထမ်းတွေကို လစာ ၃၀ ရာခိုင်နှုန်းတိုးပေးတာ တွေလုပ်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်မှုအပေါ် မကျေနပ်မှုတွေကို တစုံတရာ လျော့ပါးစေခဲ့ပါတယ်။ ဒါ့အပြင် အစိုးရက ဆဲလ်ဖုံးကုမ္ပဏီတွေကို မက်ဆေ့ဂ်ျပို့တာတွေအားလုံး ပိတ်ပင်ဖို့၊ နာမည် မှတ်ပုံမတင်တဲ့ ဖုံးပိုင်ရှင် တွေအတွက် အသံပို့ ဆက်သွယ်မှုအားလုံးကို ပိတ်ပင်ဖို့ အမိန့်ထုတ်ပါတယ်။ မူဘာရတ်ရုပ်ပုံ ကြော်ငြာဘုတ် ကြီးကို ဖြိုလှဲချနေတဲ့ ဓာတ်ပုံတွေ ဖြန့်ချီ ထုတ်လွှင့်တဲ့ ရုပ်သံလွှင့်သမား တဦးကိုလည်း တရားစွဲခဲ့ပါတယ်။

မေ ၄ ရက်မနက် အိပ်ရာကနိုးလာတော့ ကိုင်ရိုမြို့ သားတွေဟာ အဓိက လူစည်ကားရာ နေရာတွေမှာ ကြော် ငြာ ဘုတ်အသစ်ကြီး တွေ့မြင်ရပါတယ်။ “လူငယ်တွေ အီဂျစ်ပြည်ကို ချစ်ကြသည်။” “တွေးခေါ်တတ်သော ပြည်သူများက ဖန်တီးကြသည်၊ မဖျက်ဆီးကြ။” လို့ ရေးထားပါတယ်။

မေ ၄ ရက် နေ့လည် ၂ နာရီမှာ ကိုင်ရိုမြို့လယ်လမ်းတွေပေါ်မှာ ထုံးစံအတိုင်း ကားတွေ ပြည့်ညပ်နေပါ တယ်။ လူထု ဆန္ဒပြပွဲဖြစ် မယ့်လက္ခဏာတော့ လုံးဝမတွေ့ရပါဘူး။ မာဟာကမြို့ထဲ ကားတစီးနဲ့ လှည့်ကြည့် နေရင်း ဇနီးဆီက ဖုံးခေါ်တာကို ပြန်ဖြေရပါတယ်။ ဇနီးသည်က သူ့ရဲ့လှုပ်ရှားမှုတွေအပေါ် အင်မတန့်ကို စိုး ရိမ် ပူပန်နေပါတယ်။ သူမဟာ ကလေးငယ်ကိုခေါ်ပြီး မိဘတွေအိမ် ပြန်သွားနေခဲ့တယ်လို့ မာဟာကို ပြောပြတယ်။

အဓိကဆန္ဒပြဖို့ ရည်ရွယ်ထားတဲ့ ကိုင်ရိုမြို့ထဲက နေရာမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက အသင့်နေရာယူ ထားပါတယ်။ အဲဒီမှာ အနက်ရောင် တီရှပ်တွေ ၀တ်ထားတဲ့ လူငယ်လေး - ငါးယောက်က လက်ကမ်းစာ ရွက်တွေ ဝေကြပါတယ်။ အမျိုးသမီးတချို့က ရဲတွေ လုံထိန်း တွေဝိုင်းထားတဲ့ကြားထဲက ကြွေးကြော်သံ တွေအော်ကြတယ်။ လူငယ်အမျိုးသားနှစ်ယောက်က အဲဒီ အမျိုးသမီးတွေဆီ သွားပေါင်းဖို့ လုပ်တဲ့အခါ ရဲ တွေက တွန်းထုတ် ပစ်လိုက်ပါတယ်။ မြို့တော်တွင်း တခြား နေရာတွေမှာလည်း တချို့ကတော့ ဆန္ဒပြဖို့လှုံ့ ဆော်ထားတဲ့ အတိုင်း လိုက်လုပ်ကြပါတယ်။

ဆင်းရဲသားတွေက လူလတ်တန်းစားတွေထက်ပိုပြီး ဆန္ဒပြပွဲရဲ့အဓိပ္ပာယ်ကို နားလည်ကြတယ်လို့ အင်ဘာ ဘာ ဆင်းရဲသားရပ်ကွက်က အသက် ၂၂ နှစ်အရွယ် ဟစ်ဘာအီမမ်က ပြောပါတယ်။ “အင်တာနက် တက်တဲ့လူတွေက တကယ့်ဒုက္ခကို မခံစားရဘူးရှင့်။ ဆန်ရဖို့ တန်းစီတိုးရတာတွေကို သူတို့မသိဘူး” လို့ သူမကပြောတယ်။ သူမဟာ တနင်္ဂနွေနေ့ခင်းကျမှ အိမ်ပြင် ထွက်လာတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်က်အ ကြောင်း သူမကြားဖူးတယ်။ ဒါပေမဲ့ သူမနေတဲ့ ရပ်ကွက်က လူအများကတော့ ဖေ့စ်ဘွတ်က်ဆိုတာကို တခါ မှ မကြားဖူးပါဘူး။

ညနေစောင်းခါနီးတော့ ဖေ့စ်ဘွတ်က်ဝက်ဘ်ဆိုက် ဆန္ဒပြရေး စာမျက်နှာမှာ မှတ်ပုံတင်ထားသူ ၇၄၀၀၀ မှာ အမျိုးသား ၃ ယောက်၊ အမျိုးသမီး ၁၂ ယောက်၊ စုစုပေါင်း ၁၅ ယောက်ဘဲ လူစုဝေးပြီး ဆန္ဒပြဖို့ စိတ်အား ထက်သန်တာ ကျန်ပါတော့တယ်။ အဲဒီထဲမှာ မာဟာ မပါ ပါဘူး။ မူစတာဖာကို ရဲတွေက ပင်မ ဆန္ဒပြ နယ်မြေက မောင်းထုတ်ခံလိုက်ရပြီးနောက် မာဟာဆီ ဖုံးဆက်ပါတယ်။
“ငါ ဘာလုပ်ရမလဲ။”
“အိမ်ဘဲပြန်လိုက်ပါ” လို့
မာဟာကပြောလိုက်တယ်။ ညနေစောင်းတဲ့အခါမှာတော့ မူစတာဖာ ငိုနေပါပြီ။ နာကျည်းခါးသီးစွာနဲ့ သူမ နာမည်ကို ဖေ့စ်ဘွတ်အုပ်စုထဲက ပယ်ဖျက်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ နာရီအနည်းငယ် ကြာပြီးနောက်မှာ အုပ်စုထဲ ပြန်ဝင်ဖို့ မှတ်ပုံတင်ပြန်ပါတယ်။ နောက်တနေ့ဖြစ်တဲ့ မေ ၅ ရက်မှာတော့ အီဂျစ်အစိုးရက လောင်စာဆီ ဈေးနှုန်းတွေကို ၄၀ ရာခိုင်နှုန်းမက တိုးမြှင့်လိုက်ခြင်းဖြင့် အီဂျစ်ပြည်သူတွေကို အငိုက်မိ သွားစေ ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ မာဟာက သူ့မိသားစု မနေတော့တဲ့ အိမ်ကို ရက်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပြန်အ သွားမှာ ရဲတွေဖမ်းတာကို ခံလိုက်ရပါတယ်။ ဒီနောက် ရဲတွေနဲ့ လုံထိန်းတွေက ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီ ကနေ ကြာသပတေးနေ့ မနက် ၃ နာရီအထိ သူ့ကိုရိုက်နှက်ပါတယ်၊ ကိုယ်တုံးလုံးချွတ်၊ ကြိုးချည်ပြီး ကြမ်းပြင်ပေါ် ဒရွတ်တိုက် ဆွဲပါတယ်၊ ယောက်ျားချင်း မုဒိမ်းကျင့်မယ်လို့လည်း ခြိမ်းချောက်ခဲ့ပါတယ်။ သူ တို့က ဖေ့စ်ဘွတ်က် အုပ်စုထဲဝင်တဲ့ ပါ့စ်ဝါဒ်တွေ တောင်းတယ်။ အုပ်စုဝင်အဖြစ် မှတ်ပုံတင်ထားသူတွေရဲ့ နာမည်ရင်းတွေ တောင်းတယ်။ တကယ်တော့ ဖေ့စ်ဘွတ်က် အုပ်စုတွေမှာ ပါ့စ်ဝါဒ်မလိုပါဘူး။

မာဟာ ပြန်လွတ်လာတဲ့အခါ ပွန်းပဲ့ရာတွေ အသျှိုးရာတွေ ပါလာတဲ့အပြင် နားတဖက်လည်းလေးသွားပါ တယ်။

“ဒီတခါတော့ မင်းနားရွက်ကို ဆွဲရုံဘဲဆွဲလိုက်တာကွ။ နောက်တခါကျရင်တော့ တကယ်ချမှာ” လို့ လုံထိန်း အရာရှိတယောက်က မာဟာကို ပြောလိုက်ပါသတဲ့။

ဂါမဏိ
ရည်ညွှန်း။ ။ ၀ါရှင်တန်ပို့စ် သတင်းစာ၊ မေ ၁၈ ရက် ၂၀၀၈


Ref: နေ့သစ်

Read More...

အပေါ်သို့