..............................

Friday, October 31, 2008

နိုင်ငံရေးရှေ့နေ ၂ ဦးကို ထောင်ဒဏ် ၆ လ ချမှတ်

ကြာသပတေးနေ့၊ အောက်တိုဘာလ 30 2008 21:29 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များအတွက် လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေနှစ်ဦးကို တရားစီရင်ရေးကို အနှောက်အယှက် ပြုသည်ဆိုကာ မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၆ လ အပြစ်ပေးလိုက်သည်။

အင်းစိန်ထောင်တွင်းမှနေ၍ တရားရင်ဆိုင်နေရသော ကြည်မြင့်တိုင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုရန်နိုင်ထွန်းအပါအ၀င် ၃ ဦးအတွက် ခုခံချေပပေးနေသော ရှေ့နေ ကိုညီညီထွေးနှင့် ကိုစော ကျော်ကျော်မင်းတို့ကို ထောင်ဒဏ်ချလိုက်ခြင်း ဖြစ်သည်။ သို့သော် ကိုစောကျော်ကျော်မင်းသည် ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

အမှုစစ်နေစဉ် တရားခံများက ကျောခိုင်းထိုင်နေသည်ကို ရှေ့နေများကတဆင့် ပြောခိုင်းရာ တရားခွင်တွင် အမှုသည်များ စိတ်တိုင်းကျနေနိုင်သည်ဟု ပြန်ပြောသည့်အတွက် ပြစ်ဒဏ် ချမှတ် လိုက်ခြင်း ဖြစ်သည်ဟု အတိုက်အခံ နိုင်ငံရေး သတင်းရပ်ကွက်က ပြောသည်။

"ကိုညီညီထွေး တယောက်တည်း လာတာပါ။ ကိုစောကျော်ကျော်မင်း မလာဘူး။ မနက် ၁၁ နာရီလောက်မှာ မြောက်ပိုင်းခရိုင် တရားသူကြီးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်" ဟု တရား ရုံးချိန်းတွင် ရှိနေသူ ရှေ့နေ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

ပုဒ်မ ၂၂၈ နှင့် တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်းနှင့် ၃၀ ရက်နေ့တွင် တရားရုံးသို့ လာရောက်၍ တရားရင်ဆိုင်ရန် မြောက်ပိုင်းခရိုင် တရားသူကြီးမှ သမ္မာန်စာကို ကိုစောကျော်ကျော်မင်းထံ အောက်တိုဘာ ၂၈ ရက်နေ့တွင် ပေးပို့ခဲ့သည်။


အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူများ ရင်ဆိုင်နေရသော အစိုးရက ဆွဲဆိုထားသည့် အမှုများ အတွက် လိုက်ပါဆောင်ရွက်နေသူ ကျန်ရှေ့နေအချို့လည်း ဖိအားပေး ခြိမ်းခြောက်မှုများ ရင်ဆိုင် လာကြရသည်။

စမ်းချောင်းမြို့နယ် တရားရုံး၌ နိုင်ငံရေးအမှုတခု လိုက်ပါ ဆောင်ရွက်နေစဉ် အတွင်း တရား သူကြီးက သတိထားနေရန်နှင့် ထောင်ဒဏ် ချခံရနိုင်သည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

"ကျနော့်ကိုလည်း စမ်းချောင်းမြို့နယ် တရားသူကြီးက မင်းလည်း အမှုစီစဉ်တဲ့အခါ သတိထား၊ တရားစီစဉ်ရာမှာ နှောင့်ယှက်မှုနဲ့ ထောင်ချမယ်လို့ မနေ့က ခြိမ်းခြောက်တယ်" ဟု သူက ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP မှ အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင်က "လိုရာကို ဆွဲသုံးပြီးတော့ အမှုတွေ ဆင်ပြီးတော့ ထောင်ချနေတဲ့ ကိစ္စတွေပဲဖြစ်တယ်။ အဲဒီလိုပဲ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့သူတွေ ဖမ်းဆီးခံရတဲ့ အမှုတွေကို လိုက်ပေးနေတဲ့ သူတွေကိုလည်း သူတို့တွေက ရန်သူသဖွယ် ဆက်ဆံနေတဲ့ အခြေအနေက ကြာပါပြီ။ ရှေ့နေတွေကိုလည်း အာဃာတထားခဲ့တာ ကြာပါပြီ။ အခုတော့ ကျန်တဲ့ ရှေ့နေတွေက မလိုက်ရဲလောက်အောင် ခြောက်လှန့်တဲ့ သဘောမျိုး ဖြစ်ပါတယ်" ဟု ပြောသည်။

Ref: မဇ္ဈိမ

Read More...

Thursday, October 30, 2008

ဘန်ကီမွန်းရဲ့ နောက်ထပ် မြန်မာပြည်ခရီးစဉ် အကျိုးရှိနိုင်မလား

အောက်တိုဘာ ၂၉၊ ၂၀၀၈

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အနေဖြင့် မြန်မာနိုင်ငံသို့ နောက်တကြိမ် သွားရမည့် အရေးအတွက် စိုးရိမ်ပူပန်မှု ရှိနေမည်မှာ သေချာလှသည်။

သူသွားလျှင်လည်း မြန်မာစစ်ဗိုလ်ချုပ်များထံ သွားရောက်လည်ပတ် တွေ့ဆုံရုံသာ ဖြစ်နေ ပေလိမ့်မည်။ သူ၏ ယခင် အထူးသံ ကိုယ်စားလှယ် လက်ထောက်များကဲ့သို့ လက်ဗလာ ပြန်လာရမည်ကိုလည်း မလိုလားလှ။ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု မည်သို့မျှ မဆောင်ကျဉ်း နိုင်ခဲ့ဘဲ အချည်းနှီး ပြန်ခဲ့ရသည့် ယခင် သံကိုယ်စားလှယ်များ၏ ဥပမာများကို သူ မြင်ထားခဲ့ဖူးပြီ။

ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ နောက်တခေါက် သွားမည်ဟု ရည်ရွယ်ထားသည့် ခရီးစဉ်အတွက် သံသယနှင့် တုံ့ဆိုင်းနေသည်ကို ဘန်ကီမွန်းက ယခုအပတ်တွင် ကုလသမဂ္ဂအဖွဲ့ ဌာနချုပ် ရုံးစိုက်ရာ နယူးယောက်မြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတခု၌ ထုတ်ဖော် ပြောကြား ခဲ့သည်။

အကယ်၍ မြန်မာစစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများ အကြား တွေ့ဆုံ ဆွေးနွေးပွဲများ စတင်နိုင်၍ အဆင်ပြေမည် ဆိုမှသာ သူသွားလိုသည်၊ ထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်မည်ဟု မျှော်လင့်နိုင်မှသာ မြန်မာပြည်သို့ သွားလိုသည်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။

ဤသည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနှင့် နိုင်ငံရေးအရ လိုက်လျောမှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ကုလအတွင်းရေး မှူးချုပ် ဘန်ကီမွန်းက သူ၏ ခရီးစဉ်မတိုင်မီ အချက်ပေး လိုက်ခြင်း ဖြစ်သည်။

“ကျနော့်စိတ်ရင်းကတော့ မြန်မာပြည်ကို တခေါက် ပြန်သွားချင်ပါသေးတယ်။ ဒါပေမယ့် သိသာ ထင်ရှားတဲ့ ရလဒ်ကောင်းတွေ မရှိဘဲနဲ့၊ ဘယ်လို မျှော်လင့်ချက်မျိုးမှ မထားနိုင်ဘဲနဲ့တော့ နောက်တခေါက် ထပ်မသွားချင်တော့ဘူး” ဟု ဘန်ကီမွန်းက ပြောခဲ့သည်။

မြန်မာစစ်ဗိုလ်ချုပ်များ အနေနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကုလသမဂ္ဂ၏ ပုံမှန် တောင်းဆိုမှုများကို မည်သည့် အခါကမှ အလေးပေး စဉ်းစားခြင်း မရှိခဲ့ရာ ဘန်ကီမွန်းအနေနှင့် သံသယ ဖြစ်မည်ဆိုလည်း ဖြစ်လောက်သည်။ နေပြည်တော်ရှိ မြန်မာ စစ်ဗိုလ်ချုပ်များက အပေးအယူ ပြုပါမည်ဟု ရှင်းလင်းသေချာစွာ မီးစိမ်းပြမှသာ သူ မြန်မာပြည်သို့ သွားရန် ဖြစ်နိုင်ပေလိမ့်မည်။ သူ့ အပြန်ခရီးတွင် “သိသာထင်ရှားသည့် ရလဒ်ကောင်းများ” ပါလာ စေရမည်ဟု အာမခံနိုင်မှသာ သူ သွားချင်ပေလိမ့်မည်။

မြန်မာနိုင်ငံအတွက် ဆိုလျှင် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးသည်သာ အကောင်းဆုံး အဖြေ ဖြစ်သကဲ့သို့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးသည်လည်း တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်း ၂ တဖက်တချက်ရှိ အင်အားစုများ အကြား ယုံကြည်မှု တည်ဆောက်ရေးအတွက် အရေးပါသည့် အချက် ဖြစ်နေပြန်သည်။

လွန်ခဲ့သည့်လက လွတ်ငြိမ်းချမ်းသာခွင့်နှင့် စစ်အစိုးရ လွှတ်ပေးခဲ့သည့် အကျဉ်းသား ၉၀၀၂ ဦးတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကိုသာ ထည့်၍ လွှတ်ပေးခဲ့သည်။ သို့သော်လည်း တချိန်တည်းမှာပင် နိုင်ငံရေးအကျဉ်းသား အရေအတွက် နှစ်ဆနီးပါး တိုး၍လာနေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ (အေအေပီပီဘီ) က ထောက်ပြသည်။

“နိုင်ငံရေးအကျဉ်းသား ဦးရေ နှစ်ဆတိုးလာသည်ကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရက လုံခြုံရေး ကောင်စီ အပါအ၀င်၊ ကုလ သမဂ္ဂကို တိုက်ရိုက်အာခံနေသည်မှာ ထင်ရှားသည်” ဟု အေအေပီပီဘီ နှင့် ၀ါရှင်တန် ဒီစီ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများအဖွဲ့ (US Campaign for Burma) ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ် အနေနှင့် ထင်ရှားသည့် နိုင်ငံရေး ပြေလည်မှုများ ဖြစ်ပေါ်စေပါမည် ဟူသည့် အာမခံချက် မရရှိဘဲ သွားခဲ့လျှင် ဤခရီးစဉ်ကြောင့် ကုလသမဂ္ဂ ထပ်မံ သိက္ခာ ကျရပေတော့မည်။ လက်ရှိ ကုလအထူးသံ မစ္စတာ အီဗရာဟင် ဂမ်ဘာရီ အပါအ၀င် ကုလသမဂ္ဂ သံကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ ရောက်ခဲ့ကြဖူးသော်လည်း မြန်မာ စစ်ဗိုလ်ချုပ် များ၏ အကျိုးစီးပွားအတွက် အသုံးချခံလိုက်ရသည့် အနေအထားနှင့်သာ အဆုံးသတ်ခဲ့ ကြရသည်။

ကုလသမဂ္ဂက တောင်းဆိုထားသည့် အပြောင်းအလဲများ အတွက် အာမခံချက်ရှိမှ လာရောက် မည်ဟု အချက်ပြခဲ့ခြင်းမှာ ကုလအတွင်းရေးမှူးချုပ် အနေနှင့် ပို၍တဆင့်တင်း ရပ်တည် ပြလိုက်ခြင်း ဖြစ်သည်။ အကယ်၍ သူ၏ ခရီးစဉ်မတိုင်မီ စစ်အစိုးရက လိုက်လျောမည့် အရိပ်အယောင်များ မပြသ လာပါက၊ ဘန်ကီမွန်းအတွက် နောက်တကြိမ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တက်ရန် အချက်ကောင်း ရသွားစေမည် ဖြစ်သည်။ ကုလသမဂ္ဂက တောင်းဆိုထားသည့် အပြောင်းအလဲများ အတွက် ဆက်လက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို လုံခြုံရေး ကောင်စီတွင် ရှာဖွေနိုင်ရန် အခွင့်အရေး ရလာစေမည် ဖြစ်သည်။

ဤသို့ ဘန်ကီမွန်းက သံတမန်ရေး နည်းပရိယာယ်ကို ကျင့်သုံး လိုက်ခြင်းကြောင့် မြန်မာစစ်ဗိုလ်ချုပ်များ ပိုမို အကြပ်ရိုက် သွားနိုင်သည်။ သူ၏ ခရီးစဉ်မတိုင်မီ မြန်မာစစ်အစိုးရကို ဖိအား ဆင့်လိုက်ခြင်းမှာ မှန်ကန်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း ထောက်ခံ ပြောဆိုခဲ့သေးသည်။

သို့သော် မေးစရာရှိနေသည်မှာ ဘန်ကီမွန်းနှင့် လုံခြုံရေးကောင်စီတို့ မည်မျှပိုမို စွမ်းဆောင်နိုင် မည်နည်း ဟူသည့်မေးခွန်း ပင်ဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ကလည်း လုံခြုံရေး ကောင် စီက မြန်မာနိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ဖူး သေးသည်။

အကယ်၍ ပိုပြင်းထန်သည့် တောင်းဆိုချက်များ ပြုမည်ဆိုပါလျှင် မြန်မာစစ်အစိုးရကို နောက်ခံ ရပ်တည်ပေး နေကြသည့် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့နိုင်ငံများဖြစ်ကြသော တရုတ်နှင့် ရုရှားတို့၏ အတည်ပြုချက် လိုအပ်ပေလိမ့်မည်။ ၎င်းနိုင်ငံနှစ်ခုက ဤတောင်းဆိုချက်မျိုးကို ပြန်၍ ဆွဲချမည်မှာ သေချာလှ၏။

လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခု အတွင်း မြန်မာနိုင်ငံကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ၇ ဦး အထိ လာရောက် ခဲ့သော်လည်း မြန်မာနိုင်ငံရေးအတွက် ထူးခြားသည့် အပြောင်းလဲ တစုံတရာ မဖြစ်ပေါ်ခဲ့ပေ။ ထို့ကြောင့် မြန်မာနိုင်ငံကို သံတမန်များ၏ သင်္ချိုင်းဟု ခေါ်ရလိမ့်မည် ထင်သည်။

လာမည့် ရက်သတ္တပတ် အနည်းငယ်တွင် ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ နောက်ထပ် မြန်မာပြည် ခရီးစဉ်ကို မြင်တွေ့ကောင်း မြင်တွေ့ရပေလိမ့်မည်။ ထိုအခါတွင် အရှေ့က သွားခဲ့ဖူးသော သံတမန်များကဲ့သို့ ရလဒ် ကောင်းများ မဆောင်ကျဉ်းခဲ့နိုင် ဟူ၍ ဘန်ကီမွန်းအပေါ် ကမ္ဘာက မြင်သွားသည့် အဖြစ်မျိုး အဖြစ်မခံသင့်ပါ။

ကျော်စွာမိုး

Ref: ဧရာဝတီ

Read More...

Tuesday, October 28, 2008

နေပြည်တော်လွှတ်တော်ရုံးအဖွဲ့ ၂၀၀၉ မှာ စတင်ရုံးထိုင်မည်

၂၇ အောက်တိုဘာ ၂၀၀၈

၂၀၁၀ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာမည့် ရုပ်သေးအရပ်သား အစိုးရသစ်အတွက် ရည်ရွယ် ဆောက်လုပ်နေသည့် နေပြည်တော် လွှတ်တော် အဆောက်အဦးတွင် ၂၀၀၉ ခု စက်တင် ဘာလမှ စတင်၍ ရုံးဝန်ထမ်းများ စတင် ရုံးထိုင်တော့မည်ဟု ၀န်ကြီးချုပ်ရုံး သတင်းရပ်ကွက်က ပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ချောချောမောမော ကျင်းပခွင့်ရမည် မရမည် မသေချာသေး သော်လည်း ၂၀၀၉ ခု စက်တင်ဘာလမှ စတင်ပြီး နေပြည်တော် လွှတ်တော်မှာ ရုံးအဖွဲ့ စတင် ရုံးတက်ဖို့ စစ်အစိုးရ ခေါင်းဆောင်ပိုင်းက စီစဉ်ခဲ့ခြင်း ဖြစ်သည်။ နေပြည်တော် လွှတ်တော်ရုံးအဖွဲ့ တွင် တာဝန်ပေးနိုင်ရေး အတွက် စစ်တပ်မှ ဗိုလ်ကြီးအဆင့်နှင့် အရာခံဗိုလ်များကို စတင်ရွေးချယ် နေပြီဟုပါ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

တည်ဆောက်နေဆဲ လွှတ်တော် အဆောက်အဦကြီးမှာလည်း ၅၀ ရာနှုန်းကျော်ပြီးစီးနေပြီ ဖြစ်သည့်အတွက် ရုပ်လုံးပေါ်နေသော်လည်း အပေါ်ပိုင်းတွင် သံမဏိဂဟေလုပ်ငန်းများ လုပ်ကိုင်နေဆဲဖြစ်သည်ဟု နေပြည်တော်ဆောက်လုပ်ရေးတာဝန်ခံတဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ရုပ်သေးအရပ်သားအစိုးရသစ် ဖွဲ့လျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမ္မတရာထူး ယူမည်

၂၇ အောက်တိုဘာ ၂၀၀၈
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် ရုပ်သေး အရပ်သား အစိုးရသစ်တွင် သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တာဝန်ယူမည်ဖြစ်ပြီး ၀န်ကြီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကို ခန့်ထားမည်ဟု နေပြည်တော် နအဖ အတွင်းရေးမှူး ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ဒုတိယ သမ္မတအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကို လျာထားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီးရွှေမန်းကို ဗိုလ်ချုပ်မှူးကြီး ရာထူးတိုးပေးပြီး ကိုင်ခိုင်းမည် ဟုလည်း အဆိုပါ သတင်းရပ်ကွက်က ပြောသည်။ ရုပ်သေးအရပ်သား အစိုးရသစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမ္မတဖြစ်မည်ဆိုသည့် သတင်းမှာ ယခုရက်ပိုင်းအတွင်း နေပြည်တော် တွင် ပျံ့နှံ့နေသည်။

၂၀၁၀ ပြည့်နှစ် မည်သည့်လတွင် ရွေးကောက်ပွဲ ကျင်းပမည်ကို စစ်အစိုးရ မကြေညာသေး သော်လည်း နေပြည်တော်၌ ဆောက်လက်စ သမ္မတအိမ်တော်နှင့် ဒုသမ္မတ အိမ်တော်နှစ်လုံးမှာ ခေါင်းမိုး အနီရောင်များဖြင့် ပြီးသလောက်ဖြစ်နေပြီဟု နေပြည်တော် အင်ဂျင်နီယာတဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရင်းတဦးဖြစ်သူ အသက် (၇၂) နှစ်ရှိ ၀န်ကြီး ဦးအောင်သောင်းကမူ မန္တလေးတိုင်းကို အခြေခံပြီး တိုင်းဒေသကြီး လွှတ်တော်အဆင့် ၀န်ကြီးချုပ်အဖြစ် လွှတ်တော် သက်တမ်း နှစ်ကြိမ် (၈) နှစ်တိတိ ဆက်ပြီး အရွေးခံမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မန္တလေးတိုင်း ကြံ့ဖွံ့များနှင့်တွေ့ဆုံရာတွင် ၀န်ကြီး ဦးအောင်သောင်းက ပြောခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Monday, October 27, 2008

သုံးသိန်းတသောင်း

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ ၀န်ကြီးဦးသောင်း တယောက်ထဲမှ တာဝန်ယူခဲ့သည်မှာ ဆယ်စုနှစ်ကျော် ကြာညောင်းခဲ့ပါပြီ..။ န-အ-ဖ စစ်အစိုးရ သမိုင်းမှာ ၀န်ကြီးဌာန တခုထဲမှာ အရှည်ကြာဆုံး တာဝန်ယူခဲ့တဲ့ သက်တော်ရှည် အမတ်ကြီးလို့ ဆိုနိုင်လောက်ပါပေတယ်.။


တပ်ချူပ်ကြီး-သန်းရွေနဲ့ တမြို့ထဲ ကျောက်ဆည်သားချင်း ဖြစ်သလို၊ ဒုချူပ်-မောင်အေး နှင့်လည်း D.S.A အပတ်စဉ် ( ၁ ) မှာ Same Batch တွေလည်း ဖြစ်ပါတယ်.. ဦးသောင်းဟာ D.S.A 1st Batch ရဲ့ BC (Best Cadet) ကိုလည်း ရခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၀၇-Sep: ရွေဝါရောင် တော်လှန်ရေး ဘုန်းကြီးအရေးအခင်းမှာ စစ်အစိုးရ၏ အကြမ်းဖက်မှုတွင် အထက်မြန်မာပြည်မှာ စက်မှု(၁)၀န်ကြီး အောင်သောင်း၊ အောက်မှာဦးသောင်းဟုလည်းကောင်း၊ စစ်အစိုးရ၏ အကြံပေး ပရောဟိတ်တဦးအဖြစ် ထင်ရှားခဲ့သူလည်း ဖြစ်သည်။ စစ်အစိုးရ အဖွဲ့ထဲမှာတောင် ဦးသောင်းပြီးလျှင် အားလုံးပြီးတယ်..အဲသလောက်ထိ ဦးသောင်းကပိုင်တယ်.. ဦးသောင်းမျက်စောင်းထိုး ခံရမှာ ဗိုလ်ချုပ်ကြီးတွေတောင် ကြောက်ရဆိုဘဲ.. တပ်ချုပ်ကြီး အိမ်နောက်ဖေးပေါက်က ၀င်ပြီး ဒေါ်ကြိုင်ကြိုင်ကို သွားသွား ညှောင့်တယ်တဲ့... အတို့အထောင်ကောင်းတဲ့ ၀န်ကြီးတယောက်ပါ..။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတွင်. သုံးသိန်းတသောင်းဟု ပြောစမှတ်တခုရှိသည်.. ကွန်ပျုတာ ကျောင်းသားများ ကပင် အစသိကြသည်.. ဆိုလိုသည်မှာ.. သုံးသိန်းဆိုသည်မှာ ဒေါက်တာ ဒေါ်နီလာသိန်း..(ပါမောက္ခချုပ်.ရန်ကုန် ကွန်ပျုတာ တက္ကသိုလ်- Ph;D, S'pure)၊ ဒေါက်တာဒေါ်သန္တသိန်း..( ကထိက- ရန်ကုန်ကွန်ပျုတာ တက္ကသိုလ်- Korea ၌ Post Ph:D တက်နေဆဲ) နောက်တယောက်က ဒေါက်တာ ဒေါ်ရတနာသိန်း (ကဓိက- ရန်ကုန်ကွန်ပျုတာ တက္ကသိုလ်-Local Ph:D) စသည့် ညီအမသုံးဖော်နှင့်... တသောင်းကတော့ ၀န်ကြီးဦးသောင်း…။

ဒေါက်တာ ဒေါ်နီလာသိန်း..၏ လက်မှတ်ဖြင့် မန္တလေး ကွန်ပျူတာ တက္ကသိုလ် B.C.Sc (Hons:) ဘွဲ့လက်မှတ်တွင် Bachelor နှင့် Bechelor ဟုစာလုံးပေါင်းအမှား ဖြင့်ထုတ်ပေးသည်..။ အလွန်ရုပ်ပျက် ဆင်းပျက်နိုင်သော အမှားအယွင်း ဖြစ်သည်..။ ၄င်းကိစ္စဖြင့် တာဝန်ရှိသူ အချို့ကို ၀န်ကြီးက Action ယူသည်။ ဒေါ်နီလာသိန်း မပါ…။ စီမံထူးချွန်(တတိယ) အဆင့်ပင် ဦးသောင်း၏ ထောက်ခံမှုဖြင့် ရလိုက်သေးသည်..။ ညီအမ သုံးယောက်လုံး ဦးသောင်း၏ မြှောက်စားချီးမြင့်ခြင်းကို အလွန်ခံရသည်..။ နယ် ကျောင်းများသို့ ဦးသောင်း ရောက်လျှင်ပင် ဒေါ်နီလာသိန်း မည်ကဲ့သို့ တော်ကြောင်း၊ တတ်ကြောင်း ပြောရသည်မှာ ဦးသောင်းအတွက် မမောနိုင် မပန်းနိုင်ရှာ..။ မိသားစုချင်းလည်း အလွန်နီးကပ်စွာ ဆက်ဆံမှုရှိသည်။ မည်ကဲ့သို့ အလျော်အစား ရှိသည်မသိ..။

ဝန်ကြီးဦးသောင်း မြှောက်စားချီးမြင့်မှု အလွန်ကောင်းသည်.။ M.I.Sc/ M.A.Sc 1st Beach, 2nd Beach များကိုလည်း ဦးသောင်း မြှောက်စားခဲ့သည်..။ Ph: D ဆင်းလာပြီဆိုလျင် နယ် ကွန်ပျူတာတက္ကသိုလ်များတွင် ကျောင်းအုပ်ပေးသည်.. Ph;D 1st Beach တွေ ဆင်းလာတော့ 1st Beach Ph:D များကို မြှောက်စားသည်…2nd Beach ဆင်းလာတော့ 1st Beach တွေ မြောင်းထဲရောက်သည်..။ မတည်မြဲသော သခ္ခင်္ါရသဘောကို ဦးသောင်းအောက်တွင် ပို၍ တရားရစေသည်။ M.I.Sc / M.A.Sc 1st Beach, 2nd Beach များကိုလည်း ဦးသောင်းမြှောက်စားခဲ့သည်..ယခုတော့ ၄င်းတို့ ဘေးဖယ်ခံ မြောင်းထဲမှာ.. သူကြိုက်ရင် ကြိုက်သလို သူ သဘောကြ တုံးကတော့ တမျိုး.. ဦးသောင်းက စိတ်အပြောင်းအလဲ မြန်သည်.. အာဏာရှင် သန်းရွေ၏ လူယုံတပည့် ပီသစွာ..သ-ပ-န တွင် အာဏာရှင် ဆန်သည်.. မည်သည့်ကိစ္စမဆို သူ့စိတ် တခုတည်းဖြင့် အဆင်ခြင်မဲ့ ဆုံးဖြတ်သည်.. ဌာနဆိုင်ရာ DE Report က မတင်ရသေး ဦးသောင်းက Action ယူပြီးပြီ.. စိတ်ထင်ရာစိုင်းသည့် လုပ်ရပ်ဖြစ်သည်…။

မြန်မာစကားတွင် ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ဆိုသော စကားကို လူတိုင်း ကြားဘူးကြပေလိမ့်မည်.. အဘမည်မျှ အလုပ်လုပ်ရသည် ငါဘယ်လို Admin ကောင်းသည်..အဘရှိလို့မင်းတို့ မြောင်းထဲမရောက်တာ.. နင်တို့ကိုအဘက မြောင်းထဲကနေ ဒီ နေရာ ရောက်အောင် တင်ထားရတာ.. ကျောင်းတိုင်းရောက်တိုင်း-သ-ပ-န ၀န်ထမ်းများ နှင့် တွေ့တိုင်း--ဦးသောင်းပြောနေကျ…၊ သူတော်တာ လူတိုင်း သိစေချင်သည်.. သူ မကြိုက်သူများကို နံမည်တတ်ပြီး.. လူပုံအလယ် မကောင်းပြောသည်.. လူကြီးလူကောင်း အင်္ဂါရပ်နှင့် ကိုက်ညီမှု ၀န်ကြီး တယောက်၏ ဂုဏ်သိက္ခာ ဦးသောင်းတွင်လုံးဝမရှိ..၊ တပ်ချုပ်ကြီးသန်းရွေ၏ နောက်ခံဖြင့် ကြီးကျယ်နေသူသာ ဖြစ်သည်.. အစိုးရအဖွဲ့ဝင် လူကြီးများ.. ထိပ်ပိုင်းလူကြီးများ ဦးသောင်း ဘာမှမဟုတ် ဘာမှမတတ်ဆိုတာ အားလုံးအသိ ခုတော့ မကြာတော့ပါဘူး.. သူ့ သမိုင်းနှင့်သူ သွားတော့မှာပါ.. သူရဲ့အချစ်တော် ညီမ ၃- ယောက်တော့ အတော်ခံစားရမှာပါ.. အခြား သ-ပ-န ၀န်ထမ်းတွေ အတွက်တော့ ၀မ်းမြောက်စရာပါ.. နောက်ဆုံးကြားသိရတဲ့ သတင်းကတော့ နေပြည်တော်မှာ သန်းရွေ က ၀န်ကြီးအဖွဲ့ အစည်းအဝေး ခေါ်ပြီး.. ၀န်ကြီးတွေကို ထွက်ခိုင်းပြီး အခုကထဲက ပါတီနိုင်ငံ ရေးလုပ်ခိုင်းတယ်.. ကြံဖွတ်ကို ပါတီ တခုအဖြစ် မကြာခင်ပြောင်းမယ်.. ဦးသောင်းလည်း ပါသွားပြီ..သ-ပ-န နဲ့ ငသောင်းကတော့ ရေစက်ကုန်တော့မှာပါ..ပြီးတော့ စစ်အစိုးရလည်း အိုးစားကွဲတော့မှာပါ.. ကံ ကံ၏ အကျိုးတဲ့ သူတို့မိုက်ပြစ်နဲ့ သူတို့ လူမိုက်တို့ လားရာလမ်း မြန်းရတော့မှာပါ…။

Read More...

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့လမ်းပိုင်း ကန့်သတ်ချိန်အတွင်းပြန်ဖြတ်ခွင့်ပေး

၂၇ အောက်တိုဘာ ၂၀၀၈

ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်းထိပ် ပိတ်ထားသည့် အတားအဆီးအချို့ကို ဖယ်ရှားလိုက် သော်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့ လမ်းပိုင်းကိုမူ ယခင်အတိုင်း ကန့်သတ်ချိန်ဖြင့် ပိတ်ထားဆဲ ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောသည်။ ဖယ်ရှားလိုက်သည့် အတားအဆီးများမှ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းကာလ ကထဲက တက္ကသိုလ် ရိပ်သာလမ်း ထိပ်မှာ မကြာခဏ ချထားခဲ့သည့် အတား အဆီးများ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့လမ်းပိုင်းကိုမူ မနက် ၆ နာရီ မတိုင်မီနှင့် ညနေ ၆ နာရီ နောက်ပိုင်း ပုံမှန်ပိတ်ထားဆဲ ဖြစ်သည်ဟု စုံစမ်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချသည့် အချိန်မှစ၍ အိမ်ရှေ့ လမ်းအပိုင်းကို မနက် ၆ နာရီမှ ညနေ ၆ နာရီကြားသာ ဖွင့်ပေးထားလေ့ ရှိပြီး ရန်ကုန်မြို့တွင်း လုံခြုံရေး တင်းကျပ်သည့် အချိန်မျိုးတွင် တက္ကသိုလ်ရိပ်သာ လမ်းထိပ်ကို မကြာခဏ ပိတ်လေ့ရှိသည်ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းထောက်များက ပြောသည်။

တက္ကသိုလ်ရိပ်သာလမ်းထိပ် ပိတ်ထားသည့် အတားအဆီးများကို ဖယ်ရှားလိုက်သော်လည်း စစ်အစိုးရ ဘက်မှ ဒေါ်အောင်ဆန်း စုကြည်နှင့် ဆွေးနွေးမည့်အရိပ်အယောင် မတွေ့ရကြောင်း၊ စက်တင်ဘာ အရေးအခင်း နှစ်ပတ်လည်မတိုင်မှီက ၀န်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ ဆွေးနွေးတော့မယောင် မြန်မာတိုင်းဂျာနယ်က သတင်းရေးခဲ့သော်လည်း ဆွေးနွေးပွဲ မဖြစ်ခဲ့ဟု ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Sunday, October 26, 2008

တွေ့ဆုံ ဆွေးနွေးရေးကို သွားကြစေလိုသူ (ဦးခင်မောင်ဆွေနှင့် အင်တာဗျူး)

အင်တာဗျူး
ဖနိဒါ
ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 19:16 - မြန်မာစံတော်ချိန်

၂ဝ၁ဝ ရွေးကောက်ပွဲများအတွက် ဆိုကာ လွတ်ပေးလိုက်သော နိုင်ငံရေးအကျဉ်းသား ၆ ယောက်တွင် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဆွေလည်း ပါဝင်သည်။ လောင်စာဆီ ထုတ်လုပ်ရေး နည်းပညာ တိုးတက်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အသက် ၆၅ နှစ်ရှိပြီဖြစ်သည့် ဦးခင်မောင်ဆွေသည် ထောင်တွင်း ၁၄ နှစ်ကျော် နေခဲ့ရသည်။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အစိုးရအလုပ်မှ ထုတ်ပယ်ခံရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် သတင်းပြန်ကြားရေးတွင် တာဝန်ယူခဲ့သူ ဖြစ်သည်။ မဇ္ဈိမသတင်းထောက် ဖနိဒါက ဆက်သွယ် မေးမြန်းထားသည်။

အန်ကယ် အခု နေကောင်းရဲ့လား၊ ထောင်ထဲမှာနေတုန်း ကျန်းမာရေး အခြေအနေ ဘယ်လိုနေခဲ့လဲ။

လောလောဆယ်တော့ ကျန်းမာပါတယ်၊ နှလုံးသွေးကြောကျဉ်း ရောဂါနဲ့ မန္တလေး ဆေးရုံမှာ တက်တာ နှစ်နှစ်လောက် ကြာပြီ၊ လားရှိုး ပြောင်းတော့လည်း နှလုံးအောင့်တာနဲ့ အထူးကုဆရာဝန်တွေနဲ့ အီးစီဂျီ ရိုက်ပြီးတော့ ကုပါတယ်၊ ခုနောက်ဆုံး ၆၅နှစ်ကျော် နာမကျန်းသူတွေကို လွတ်တဲ့ထဲ ပါလာတာပါ။ ခုလည်း ရံဖန်ရံခါ အောင့်တယ်။ ခုအိမ်ရောက်တော့ မအောင့်တော့ဘူးပေါ့။

ဒီ၂ဝဝဝခု နောက်ပိုင်းမှာ သူတို့ ထောင်ထဲမှာ ရှိနေတဲ့လူတွေကို ကုပါတယ်၊ ကျနော်တို့တွေ မကပါဘူး။ တခြားအကျဉ်းသားတွေကိုလည်း ကုပါတယ်။ အားလုံးလိုလို မန္တလေးက အထူးကု ဆရာဝန်တွေနဲ့ ကုပေးပါတယ်။

ထောင်ထဲကနေ အပြင်ထွက်လာတာနဲ့ ဘယ်လို ခံစားမိလဲ။

အော် ၁ဝစုနှစ် တစုစာ ခွဲနေရတော့ မိန်းမကလည်း ကျောက်ကပ်ရောဂါ ခံစားနေရတော့ အန်ကယ်ပြန်လာတာ သူလည်း အားရှိတာကို မြင်ရတော့ အန်ကယ်ပြန်လာတာ မှန်သွားတယ်ဆိုပြီးတော့ ကျေနပ်မိပါတယ်၊ ဝမ်းသာပါတယ်။

အန်ကယ်နဲ့အတူ လွတ်လာတဲ့ လူတွေ ဘယ်လောက်ရှိတယ်လို့ သိခဲ့ရပါသလဲ။

သိပ်မများဘူး၊ လုပ်ဖော်ကိုင်ဘက်တွေက လေးငါး ခြောက်ယောက်လောက်ပဲ ရှိတယ်လို့ သိရတယ်။

အခုထောင်ကနေ လွတ်မြောက်လာတဲ့အခါ ဘာတွေ ပြောင်းလဲသွားတယ်လို့ ခံစားမိလဲ။ နိုင်ငံရေးရော ပြောင်းလဲမှု ဘယ်လို မြင်လဲ။

အပြောင်းအလဲတွေကတော့ အများကြီး ပြောင်းလဲသွားပါတယ်။ အဆောက်အအုံသစ်တွေ၊ လမ်းအသစ်တွေပေါ့လေ။ ဒါပေမဲ့ လူတွေရဲ့ အယူအဆတွေ ဘယ်လိုပြောင်းလဲ သွားလဲတော့ အန်ကယ် မသိသေးဘူး။ ခုမှ ရောက်လာတယ် ဆိုတော့။

နိုင်ငံရေး အခြေအနေကတော့ တိုင်းပြည်ကောင်းစား စေချင်တဲ့ အကောင်းဘက်ကို ရွေ့သွားအောင် သက်ဆိုင်သူ အားလုံး ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင်တော့ အကောင်းဘက်ကို မုချ ရွေ့သွားမှာပါ။ အန်ကယ်တို့က တနိုင်ငံထဲမှာ ဖြစ်နေတဲ့ တမျိုးသားလုံး ကိစ္စကိုး၊ ပြိုင်ဘက် နိုင်ငံတွေ ဖြစ်နေတာ မဟုတ်တဲ့အတွက် ကိုယ့်အချင်းချင်း ညီညွတ်ဖို့ကို ဦးစားပေး ဆောင်ရွက်ကြမယ်ဆိုရင် မကြာခင်မှာ နိုင်ငံရေး ပြဿနာတွေ ပြေလည်သွားနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သမီးတို့လည်းသိမှာပါ။ ပြည်သူတွေ အချင်ချင်းကြားထဲမှာ၊ တိုင်းရင်းသားတွေ ကြားထဲမှာ၊ အချင်းချင်း ညီညွတ်ရေး မရှိဘဲနဲ့ ဘယ်အစိုးရဘဲ ဖြစ်ဖြစ် တက်တက်။ ဘယ်အစိုးရပဲ ထူထောင် ထူထောင်၊ အောင်မြင်ဖို့ဟာ သိပ်မလွယ်လှဘူးဆိုတော့။ အမျိုးသားခေါင်းဆောင်ကြီး ပြောသွားတာ ရှိပါတယ်။ အဲဒီအတိုင်း လျှောက်လှမ်းသွားမယ် ဆိုရင်တော့ ဒီနိုင်ငံရေး ဝေဒနာ ပေါ့လေ။ ၁၉၄၈ခုနှစ် လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ နိုင်ငံရေး ဝေဒနာတွေကို အန်ကယ်တို့ ဖြစ်လာတယ်။ ခုဆိုရင် ၈၈ ခုနှစ်ပါ လိုက်တယ်ဆိုရင် နိုင်ငံရေး အနာဟာ သွေးမတိတ်တော့ ပါဘူး။

အဲဒီသွေးမတိတ်တဲ့ နိုင်ငံရေး အနာကို ခုနက ပြောသလိုပဲ။ သူလား၊ ငါလား၊ နိုင်ငံရေး မာနတွေ ထောင်မနေဘဲနဲ့ အချင်းချင်း မျက်နှာချင်းဆိုင်ပြီးတော့ ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေ မရှိဘဲနဲ့ တိုင်းပြည်အတွက် ကောင်းမယ်ဆိုရင် ဝိုင်းဝန်းပြီးတော့ သဘောတူညီမှု တခုကို ရအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် မရနိုင်စရာ မရှိဘူးလို့ ယုံကြည်ထားပါတယ်။

ထောင်ပေါင်း ဘယ်နှစ်ခု ပြောင်းခဲ့ရလဲ။ ဘာဖြစ်လို့ ပြောင်းတာလဲ။

စစထောင်ချတဲ့အခါ အင်းစိန်တွဲဘက်မှာ နေရခဲ့ရပါတယ်။ နောက်တခါ အင်းစိန် ထောင်မကြီးမှာ ၆လလောက် ထပ်နေရပါတယ်။ နောက် အင်းစိန်အထူးတိုက်မှာ ၃နှစ်လောက် နေခဲ့ရပါတယ်။ နောက် မြင်းခြံမှာ ၈နှစ်လောက် နေခဲ့ရပါတယ်။ မန္တလေးမှာ ၂နှစ်ကျော်ကျပါတယ်။ ခုနောက်ဆုံး လားရှိုးမှာ ၇လပဲ ကျခဲ့ပါတယ်။

ခုလို အန်ကယ်တို့ ပြန်လွတ်လာပြီဆိုတော့ အန်ကယ် မျော်မှန်းချက်လေး သိပါရစေ။ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မယ်လို့ စိတ်ကူးရှိလဲ။

အန်ကယ် ရှေ့ကို ရည်မှန်းထားတာပေါ့လေ။ နိုင်ငံရေးတခုပေါ့။ မြန်မာပြည်သူတွေရဲ့ နိုင်ငံရေး ဒီမိုကရေစီ လူ့ဘောင်ကို ရောက်ဖို့ဆိုရင် နိုင်ငံရေး ခရီးရှည်တခုကို လျှောက်ရဦးမယ် ဆိုတဲ့ အယူအမြင် တခုတော့ အန်ကယ် ခေါင်းထဲမှာ ဝင်လာပါတယ်။

ထောင်ထဲမှာ စာဖတ်ခွင့်ရလား။ အစားအသောက်အပြင် ဆေးဝါးကုသမှုရော ရခဲ့လား။

၂ဝဝဝခုနှစ် နောက်ပိုင်းမှာ တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား မသိဘူး၊ အိုင်စီအာစီရောက်လာပြီး နောက်ပိုင်းမှာတော့ စာဆောင်တွေ၊ သတင်းစာတွေ ဖတ်ခွင့်ပေးပါတယ်။ ကိုယ့်စာအုပ်ကိုယ် ဖတ်ရင်လည်း ရပါတယ်။ ဘာသာရေး စာအုပ်တွေက ၉၅ ခု ကတည်းက သက်ဆိုင်ရာက ပေးဖတ်လို့ အထူးဆောင်ကနေ ဖတ်လို့ ရပါပြီ။ ဒါပေမဲ့ ကျန်တဲ့ ဂျာနယ်တွေကတော့ ၂ဝဝဝ ခုနှစ်လောက်ကနေ ဖတ်ရပါတယ်။

ထောင်ထဲမှာ ရှိနေတုန်း အပြင်က အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာတွေ ကြားခဲ့ရလဲ။

ထောင်ထဲမှာက ကောလဟလကတော့ အမြဲတမ်းရှိနေတာပဲ။ မှန်တဲ့အခါ မှန်၊ မှားတဲ့အခါလဲ မှားမယ်လေ။ ဒါပေမဲ့ နောက်တခုကတော့ သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းစာတွေမှာ၊ ဂျာနယ်တွေမှာ နောက်အဲဒီအချိန်မှာ ထောင်ကျလာတဲ့ လူတွေဆီက သတင်းတွေကြားတဲ့အခါ ကိုယ့်ဖာသာကိုယ် ပြန်ပြီး စစ်ဆေးရတယ်။ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာက မှားတယ်ဆိုတာတော့ ဘယ်ဟာကဖြင့် သတင်းစာမှာ ပါတာများတယ်၊ နည်းတယ်၊ ဟုတ်တယ် မဟုတ်ဘူးဆိုတာကို ကိုယ့်ကိုယ်ကိုယ်သာ ပြန်အဖြေပေးရပါတယ်။

ထောင်ထဲမှာ နေ့စဉ် အခက်အခဲဆုံး ထူးခြားတဲ့ အခြေအနေကို ပြောပြပါ။

နိုင်ငံရေး ယုံကြည်ချက်ကြောင့်သာ အန်ကယ်တို့က ထောင်ချမယ် သိရဲ့သားနဲ့ ဇွတ်တိုးပြီး လုပ်ခဲ့ကြတဲ့ သူတွေ မို့လို့ စပြီးတော့ နိုင်ငံရေး ခရီးလျှောက်ကတည်းကနေ ခက်ခဲပြီးသား ဖြစ်ပါတယ်။ ထောင်ထဲ ရောက်တဲ့အခါကြတော့ ပတ်ဝန်းကျင် အသစ်တွေနဲ့ တွေ့ရတဲ့အခါမှာ စိတ်ကျဉ်းကြပ်မှုက အရင်ဆုံး ခံစားရပါတယ်။ ဒါကို မြန်မာ ဗုဒ္ဓသာဘာတွေ အားကိုးစရာကတော့ တရားထိုင်တာပေါ့လေ။ ဒါနဲ့ စိတ်ကို လျော့ပြီးမှ နေသာ၊ ထိုင်သာ ရှိအောင် လုပ်ယူရပါတယ်။ ကျန်တာကတော့ ထောင်အလိုက် နေရာအလိုက် အုပ်ချုပ်သူတွေရဲ့ ကွဲပြားရင်၊ ကွဲပြားသလို ကျဉ်းကြပ်နေရတဲ့အခါ ရှိသလို၊ သက်သာတဲ့နေရာလည်း ရှိတာပေါ့လေ။

ဒါပေမဲ့ မြင်းခြံထောင်မှာက အကြပ်တည်းဆုံး ကာလကို ဖြတ်သန်းခဲ့ရပါတယ်။ ရိုက်နက်ခြင်း ခံရတယ်။ အခန်းပြောင်းရတယ်။ ညနေဆိုရင် တံခါး မပိတ်ခင် ဆပ်ပြာခွက်ကအစ စစ်ဆေးတယ်။ လူချင်း စကားမပြောရဘူး၊ အစားအသောက်တွေလည်း တောင်းလို့ လိုချင်သလို စားလို့မရဘူး၊ ထောင်ဝင်စာထဲက အချို့ အစားအသောက်တွေကို စတိုးခန်းထဲမှာ ထဲ့ထည့်ထားပြီးတော့ လိုရင် တောင်းလို့ မရဘူး၊ နောက် တောင်းတော့ လျော့တာတွေ ရှိတယ်။ အဲဒီတော့ အဲဒီမှာ ကိုင်တဲ့လူအပေါ် မူတည်သွားတာပေါ့လေ။ သူတို့ ပေါ်လစီက ဟုတ်ချင်မှ ဟုတ်မှာပေါ့လေ။

အန်အယ်ဒီပါတီမှာက ဘယ်နှစ်နှစ် ပါဝင်လုပ်ဆောင်ခဲ့လဲ။

အန်ကယ်က အန်အယ်ဒီ စထောင်ကတည်းက ပါဝင်ခဲ့ပါတယ်။ ၈၈ ခုနှစ် စက်တင်ဘာ ၂၂ ကတည်းကပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ပေးတဲ့အတွက် စဖမ်းခံရတာက ၉ဝခုနှစ် အောက်တိုဘာမှာ ဖမ်းခံရတာပါ။ ၉ဝ ခုနှစ်ကတည်းက အန်အယ်ဒီ အဖွဲကနေ ထောင်ထဲနေ ထုတ်ပယ် ဆိုတဲ့ သတင်းစာထဲမှာ ဖတ်ရပါတယ်။ အဲဒီအချိန်ကနေ ခုချိန်ထိ အဖွဲ့ချုပ်ကို မရောက်တော့ဘူး၊ ၉၄ ခုမှာ ပြန်ဖမ်းခံရတော့ ခုချိန်ထိ အဆက်အသွယ်မရှိပါဘူး။

အန်ကယ်က တက်ကြွလှုပ်ရှားသူတွေကို ဘာပြောချင်လဲ။

ပြောချင်တာကတော့ နိုင်ငံရေး အဖြေတခု ရောက်ရှိအောင်ဆိုရင် မလွဲ မသွေ လိုအပ်တာကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးပဲ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရောက်အောင် မလုပ်နိုင်သေးသရွေ့ကတော့ နိုင်ငံရေး ပြဿနာတွေ ကြားထဲမှာ အဆိုးကျော့တဲ့ သံသရာ လည်နေမှာပဲ ဖြစ်တယ်။ သမီးတို့လည်း သိမှာပါ၊ ၄၇ ခုနှစ် အခြေခံ ဥပဒေ ရေးတုန်းကလည်းပဲ လွတ်လပ်ရေးနဲ့အတူ၊ ပြည်တွင်း စစ်မီးပါလာခဲ့တယ်။ ၇၄ ခုနှစ် အခြေခံ ဥပဒေ ရေးတုန်းကလည်းပဲ၊ အန်ကယ်တို့ တောထဲမှာ လက်နက်ကိုင်အဖွဲ့တွေ ထဲမှာ။ အဲဒီ အခြေခံ ဥပဒေဟာ ဒီလိုဘဲ သက်တမ်းမကုန်ခင်မှာ ပျက်သုန်းသွားခဲ့ရပါတယ်။

ခုလည်းပဲ အခြေခံ ဥပဒေအသစ်တခုကို ရေးပြီးသွားပြီ။ အမျိုးသား ညီညွတ်ရေးကို မရနိုင်ခဲ့ဘူးလို့ အန်ကယ် ယူဆတယ်။ အမျိုးသား ညီညွတ်ရေး တခုကိုသာ အရအမိ ရယူနိုင်ခဲ့တယ်ဆိုရင် မြန်မာနိုင်ငံကို နိုင်ငံရေး အနေအထားသစ်တခုသို့ မုချ ခေါ်ဆောင်သွားနိုင်လိမ့်မယ်လို့ အန်ကယ် ယုံကြည်ပါတယ်။

အဓိကတော့ အမျိုးသား ရင့်ကြားစေရေး ရပ်မနေဘဲနဲ့ တမျိုးသားလုံး ပြန်လည် သွေးစည်း ညီညွတ်ရေးကို ရောက်သွားအောင် အားပြိုင် နိုင်ငံရေး လုပ်မနေဘဲနဲ့ ညီညွတ်တဲ့ အနေအထား ရောက်အောင် နှစ်ဘက် သုံးဘက် ပါဝင်ပြီး အားလုံးက နိုင်ငံရေး မာနတွေ လျော့ချပြီးတော့ လုပ်မယ်ဆိုရင် ပြည်သူလူထုက စိတ်ချမ်းသာတဲ့ ရောက်သွားပြီးတော့ မြန်မာနိုင်ငံဟု မုချ နှောင်ကြိုး မရှိ တိုးတက်လာမယ်လို့ ပြောချင်ပါတယ်။

မပြော မဖြစ်တဲ့ စကား ဘာများ ကျန်ပါသေးလဲရှင်။

မပြော မဖြစ်စကားတော့ အထူး မရှိတော့ပါဘူး၊ အခုလို တွေ့ဆုံ ဆွေးနွေးခွင့် ရဖြစ်အောင် ဒီမိုကရေစီ ဝိုင်းတော် သားများက ဆောက်ရွက်ပေးတာကို အားလုံးကို ကျေးဇူးတင်တဲ့အကြောင်း တဆင့် စကားပြန်ကြားပေးဖို့ပါ။ အန်ကယ် သိသူရော၊ မသိသူရော အားလုံးကို ဒီကနေ နှုတ်ဆက်လိုက်တယ်လို့ ပြောပေးပါ။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့