..............................

Saturday, November 29, 2008

ကူဝိတ်နှင့် မြောက်ကိုရီးယားတွင် မြန်မာသံရုံးဖွင့်ရန် ကြိုးပမ်း

၂၈ နိုဝင်ဘာ ၂၀၀၈


ကူဝိတ်နှင့် မြောက်ကိုရီးယားနိုင်ငံများတွင် မြန်မာသံရုံးများဖွင့်နိုင်ရန် မြန်မာစစ်အစိုးရ ကြိုးပမ်းနေပြီး အဆိုပါ ကိစ္စများ ဆောင်ရွက်နိုင်ရန် မကြာခင် မြန်မာစစ်အစိုးရ အဆင့်မြင့် အရာရှိတဦးကို အဆိုပါနိုင်ငံများသို့ စေလွှတ်ဖွယ်ရှိသည်ဟု သံတမန်သတင်းရပ်ကွက်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကူဝိတ်နိုင်ငံမှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာပြီး မကြာခင် ကူဝိတ်နိုင်ငံတွင် မြန်မာသံရုံးဖွင့်ရန် စစ်အစိုးရဘက်က စီစဉ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီစဉ်အတွင်း မြန်မာနိုင်ငံ ဘဏ္ဍာရေးကဏ္ဍ၊ ဆက်သွယ်ရေး ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍများတွင် ကူဝိတ်နိုင်ငံမှ ရေရှည် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လိုကြောင်း ကူဝိတ်ဘဏ္ဍာရေးဝန်ကြီးက ထုတ်ဖော်ပြောခဲ့သည်။

မြောက်ကိုရီးယားနှင့် မြန်မာစစ်အစိုးရဆက်ဆံရေးမှာ အထူးလျှို့ဝှက်ပြီး ၂၀၀၇ ခုနှစ်မှစပြီး သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာစစ်တပ်မှ ဒု-တပ်ကြပ် (၃) ဦး ကေအန်ယူထံ လက်နက်ချ

မြန်မာစစ်တပ်မှ ဒု-တပ်ကြပ် (၃) ဦး လက်နက်များနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) တပ်စခန်းသို့ မကြာခင်က လာရောက်ပူးပေါင်းခဲ့ကြသည်။

အဆိုပါ စစ်သည် (၃) ဦးသည် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်စခန်းတခုသို့ ယမန်နေ့က ရောက်ရှိ လာခဲ့သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ (၆) လက်အောက်ခံ၊ ရှေ့တန်းစခန်း တပ်ရင်း (၁၆) သို့ ယခုလ (၁၁) ရက်နေ့က ရောက်ရှိလာကြသူများ ဖြစ်သည်။

လာရောက်ပူးပေါင်းကြသည့် စစ်သည်များမှာ ကေအန်အယ်လ်အေ တပ်မဟာ (၆) အခြေစိုက်ရာ ဘုရားသုံးဆူဒေသအတွင်းရှိ မြန်မာစစ်တပ် ခလရ (၂၀)၊ အနန်းကွင်းဗျူဟာ လုံခြုံရေးတပ်ဖွဲ့မှ ဒု-တပ်ကြပ် အောင်ကိုဦး (ကိုယ်ပိုင်အမှတ် တ/ ၂၆၈၆၄၀)၊ ဒု-တပ်ကြပ် စိန်ကြာထွန်း (ကိုယ်ပိုင်အမှတ် တ/ ၈၆၆၇၆၁) ဒု-တပ်ကြပ်မောင်ဋ္ဌေး (ကိုယ်ပိုင်အမှတ် တ/၂၆၈၀၃၆) တို့ ဖြစ်ကြသည်။

ယမန်နေ့က တပ်မဟာ (၆) လက်အောက်ခံ တပ်စခန်းတခုသို့ ရောက်ရှိလာသည့် အဆိုပါ စစ်သည် (၃) ဦးက မြန်မာစစ်တပ်အတွင်း ကြီးနိုင် ငယ်ညှဉ်း ဖိနှိပ်မှုမျိုးစုံနှင့် အထက်ကပေးသည့် အမိန့်အတိုင်း လူထုဆန့်ကျင်ရေးလုပ်ငန်းများ နေ့စဉ်လုပ်နေကြရသည်ကို ဆက်လက် မလုပ်ကိုင်လိုတော့သဖြင့် ယခုကဲ့သို့ တပ်ကိုစွန့်ခွာခဲ့ရခြင်းဖြစ်ကြောင်း၊ အလားတူ တပ်ကိုစွန့်ခွာလိုသည့် စစ်သည်များလည်း အများအပြားရှိ သည်ဟု ၎င်းတို့ လာရောက်ရခြင်းအကြောင်းကို ရှင်းပြခဲ့ကြသည်။

၎င်းတို့နှင့်အတူ M-79 (၁) လက်၊ MA-11 (၃) လက်၊ D6M စကားပြောစက် (၁) လုံး ပါရှိပြီး ၎င်းတို့အား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ တပ်မဟာ (၆) မှ လက်ခံကူညီစောင့်ရှောက်ထားသည်။

လာရောက်ပူးပေါင်းကြသည့် မြန်မာစစ်သည်များနှင့် ပတ်သက်၍ တပ်မဟာ (၆) တပ်မဟာစစ်ရုံးမှ ဒု-ဗိုလ်မှူးကြီးတဦးက “ကျနော်တို့ ကတော့ သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုတယ်။ တော်လှန်ရေး ဆက်လုပ် ချင်ရင်လည်း ခွင့်ပြုတယ်။ သာမန်အရပ်သားလို နေထိုင်သွားမယ် ဆိုရင်လည်း ကူညီပေးတယ်။ ဒီထက်တဆင့် တတိယနိုင်ငံတို့ ဘာတို့ သွားမယ်ဆိုလို့ရှိရင်လည်း သူတို့ဆန္ဒအတိုင်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိပါတယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Friday, November 28, 2008

မွမ်ဘိုင်းကိုတိုက်ခိုက်သူ အကြမ်းဖက်သမားတွေကို အိန္ဒိယတပ်ဖွဲ့ နှိမ်နင်း

27 November 2008

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအချက်အချာဖြစ်တဲ့ မွမ်ဘိုင်းမြို့မှာ သေနတ်သမားတွေ သိမ်းပိုက်ထားတဲ့ ဇိမ်ခံဟိုတယ် နှစ်ခုအတွင်း ၀င်ရောက်ရှင်းလင်းဖို့ အိန္ဒိယ ကွန်မန်ဒိုတွေ၊ အိန္ဒိယ စစ်သားတွေဟာ အတော် ရောက်ရှိလာကြပါပြီ။ နောက်ဆုံးအခြေအနေ အဖြစ်အပျက်တွေကို ကိုသားညွန့်ဦးက တင်ပြပေးထား ပါတယ်။

မနေ့ညပိုင်းတုန်းက အကြမ်းဖက်သမားတွေရဲ့ စီစဉ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၁ ဦး အနည်းဆုံး သေဆုံးခဲ့ပြီး ၂၈၇ ဦးကျော် ဒဏ်ရာရထားတယ်လို့ နယူးဒေလီမြို့ကနေ ဗွီအိုအေသတင်းထောက် အန်ဂျနာ ပတ်စ်ရစ်ချာ(Anjana Pasricha) က သတင်းပေးပို့ခဲ့ပါတယ်။ မွမ်ဘိုင်းမြို့က ဈေးအကြီးဆုံး ဇိမ်ခံဟိုတယ် နှစ်ခုဖြစ်တဲ့ တာ့ခ်ျ မဟာ (Taj Mahal) ဟိုတယ်နဲ့ အိုဘရိုင်း (Oberoi) ဟိုတယ်တွေမှာ အကြမ်းဖက် သမားတွေက ဓားစာခံလုပ် သိမ်းယူထားတာကိုကယ်တင်ဖို့ အခု ကြာသပတေးနေ့ အစောပိုင်းကပဲ နယူးဒေလီကနေ မွမ်ဘိုင်းက အယောက် ၂၀၀ ပါတဲ့ ကွန်မန်ဒိုအဖွဲ့တခု ချက်ချင်းရောက်လာပါတယ်။ စစ်သားတွေဟာ အဲဒီဟိုတယ်တွေကို ၀ိုင်းရံထားပါတယ်။

ကွန်မန်ဒိုတွေ ဟိုတယ်တွေထဲ ၀င်ရာက်ချိန်မှာပဲ အပြင်မှာတော့ ပစ်ခတ်သံတွေ တချက်တချက် ကြားနေရ ပါတယ်။ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ဒီဟိုတယ်နှစ်ခုဟာလည်း ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ဟိုတယ် အတွင်းပိုင်းထဲမှာ နိုင်ငံခြားသားတွေရော အိန္ဒိယ နိုင်ငံသားတွေပါ ပိတ်မိနေခဲ့ပါတယ်။ အထဲမှာပိတ်မိနေသူတွေ အရေအတွက် ဘယ်လောက်ရှိ သလဲဆိုတာတော့ အတိအကျ မသိရပါဘူး။ ဒီဟိုတယ်နှစ်ခုစလုံးဟာ စီးပွားရေးသမားတွေ၊ နိုင်ငံခြားခရီး သွားလာ သူတွေ အများဆုံး တည်ခိုလေ့ရှိတဲ့ နေရာတွေပါ။

အခု သေနတ်သမားတွေက ဓားစာခံလုပ်ထားတဲ့အထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်တယ်လို့ ယူဆရ ပါတယ်။ ညကတော့ တာ့ခ်ျမဟာ ဟိုတယ်မှာ အကြမ်းဖက်သမားတွေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် တာကြောင့် အဆောက်အဦး အစိတ်အပိုင်းအချို့ မီးသင့်ခဲ့ပါတယ်။ အဲဒီကနေ လူအတော်များများကို တညပေါက်လုံး မီးသတ်သမားတွေက ကယ်ထုတ်ခဲ့ကြပါတယ်။
တာ့ခ်ျဟိုတယ်ထဲမှာ လူတွေပိတ်မိနေတဲ့ အထဲက တချို့ကတော့ ပြင်ပသတင်းထောက် တွေနဲ့ ဖုန်းလိုင်း တွေက တဆင့် အဆက်အသွယ် လုပ်နိုင်ခဲ့ပါတယ်။

"ပြီးခဲ့တဲ့ ၁၅ မိနစ်လောက်အထိ ကျနော့်အခန်းနား လှေကားမှာ ပစ်ကြခတ်ကြပါတယ်။ မောင်းပြန်သေနတ် တွေနဲ့ပါ။ ဟိုတယ်အုပ်ချုပ်ရေးပိုင်းက အတော်လေးကို ကျနော့်အတွက် လုပ်ပေးခဲ့ပါတယ်။ ကျနော်တို့ကို မီးတွေပိတ်ထားဖို့ ပြောတယ်။ လိုက်ကာတွေချထားဖို့ မှာတယ်။ အထဲမှာပဲနေပြီးတော့ တံခါးခေါက်လာရင် ပြန်မဖြေဖို့၊ မဖွင်ပေးဖို့ မှာပါတယ်။"
အိန္ဒိယနိုင်ငံရဲ့ အငယ်တန်း ပြည်ထဲရေးဝန်ကြီး ရှရီပရာကေ့ရှ် ဂျေဆွယ်လ်(Sri Prakash Jaiswal) ကတော့ အခုအကြမ်းဖက်မှုဟာ အတော်လေးကို အစီအစဉ်တကျ လုပ်ခဲ့တာဖြစ်ပြီး ဒါဟာ အိန္ဒိယနိုင်ငံမှာ အဆိုးဆုံး ထဲက တခုဖြစ်တယ်လို့ ပြောပါတယ်။
"အခု အကြမ်းဖက်တိုက်ခိုက်မှုဟာ စစ်ပွဲတခုသဘော အစိုးရအနေနဲ့ မြင်ထားပြီး ဒါကိုစစ်ပွဲတပွဲ ရင်ဆိုင် တိုက်ခိုက်သလိုမျိုး ကိုင်တွယ်ဖြေရှင်းသွားမယ်" လို့ သူက ဟင်ဒီစကားနဲ့ ပြောသွားတာပါ။

မွမ်ဘိုင်းမြို့တွင်းမှာတော့ လူတွေ အိမ်အပြင်မထွက်ကြဖို့ ရဲက တိုက်တွန်းထားတာမို့ မွမ်ဘိုင်းမြို့ တမြို့လုံး ကတော့ လုံးဝ ငြိမ်သက်ခြောက်ကပ်နေပါတယ်။ စတော့ခ်ဈေးကွက်ကိုလည်း ပိတ်ထားရပါတယ်။ အာဏာပိုင်တွေအဖို့တော့ အိန္ဒိယနိုင်ငံသမိုင်းမှာ အဆိုးဆုံးတခုလို့ ပြောရမယ့် ဒီအကြမ်းဖက်မှုနဲ့ လုံးပမ်းနေရပါတယ်။ အခုသေဆုံး သွားတဲ့အထဲမှာတော့ မွမ်ဘိုင်းမြို့ရဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ရဲအကြီးအကဲ တဦးနဲ့ အနည်းဆုံး ရဲတပ်သား ၁၁ ဦး ပါဝင်ပါတယ်။

မွမ်ဘိုင်းမြို့အစွန်ပိုင်းမှာ ဗုဒ္ဓသာသနာပြု ဦးဂိုအင်ဂါကျောင်းတိုက် ရှိလေတော့ မွမ်ဘိုင်းမြို့ဟာ မြန်မာ နိုင်ငံသားတွေ အ၀င်အထွက်ရှိတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။ အဲဒီရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အခြေအနေကတော့ အခုအချိန်အထိ အားလုံး အေးအေးချမ်းချမ်း ပါပဲလို့ ဦးဂိုအင်ကာကျောင်းတိုက်က မစ္စတာဗားမားက ပြောပြပါတယ်။

"ကျနော့် ဓမ္မဂီရိမှာ ရောက်လာတဲ့ အင်္ဂလန်က ယောဂီတွေက ကျန်းကျန်းမာမာပါပဲ။ ပြီးတော့ ဗမာပြည်က ဘုန်းကြီးတပါးလည်း ရောက်တယ်။ သူတို့လည်း ကျန်းကျန်းမာမာပဲ။ အခု ဘုံဘေမှာရောက်နေတယ်။ အပြင်မှာတော့ အခြေအနေ ကောင်းနေတုန်းပဲ။ တကယ်တော့ အဲဒီရပ်ကွက်ကို သွားခွင့်မရှိဘူး၊ ထွက်ခွင့်မရှိဘူး။"

အသွားအလာတွေရော ဘယ်လိုနေပါလဲခင်ဗျ။

"သွားလာနေပါပြီ။ ရထားတွေလည်း ထွက်နေတယ်။ အခု ဗမာပြည်ကရောက်နေတဲ့ ဧည့်သည်တွေက မိုးရီးပနီကနေ မူဂျယားပြည်နယ်ကိုသွားမယ်။ သူတို့ကိုပို့ဖို့အတွက် ကျနော် ဒီဘူတာရုံကို ရောက်နေတယ်။ ဒါ ဘုံဘေဘူတာရုံတခုပါ။"

ဦးဗားမား ဘူတာရုံမှာရောက်တော့ရော ဒီအခြေအနေနဲ့ပတ်သက်လို့ လူတွေက ဘာများ ပြောကြပါလဲ။

"ဘာမှမပြောပါဘူး။ ကျနော် ဘယ်သူနဲ့မှလည်း စကားမပြောရသေးပါဘူး။ ပုလိပ်တွေက နေရာတကာမှာ ရှိနေပါတယ်။"

နောက်ဆုံးအခြေအနေ ဘာများကြားပါသလဲ။ သေနတ်သမားတွေက ဘယ်နေရာမှာ အဓိက နေရာယူ ထားပါလဲ။

"အဓိကကတော့ သူတို့က အိုဘရိုင်းဟိုတယ်ရယ်၊ တာ့ခ်ျဟိုတယ်ရယ်။ အဲဒီနေရာတွေမှာ ပုလိပ်တွေ အများကြီးပဲ။ အဲတော့ ၀င်ခွင့်ထွက်ခွင့် မရှိတော့ဘူး။"

အခု အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် ရာနဲ့ချီတဲ့ ထိခိုက်ဒဏ်ရာရသူတွေဟာ ဆေးရုံတွေ မှာတော့ ပြည့်နှက်နေပါတယ်။ ဒီအထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်ပါတယ်။ အခုတိုက်ခိုက်မှုကိုတော့ ဒီကန် မူဂျာဟစ်ဒင် (Deccan Mujahideen) အဖွဲ့က သူတို့လုပ်တာလို့ ကြေညာထားပါတယ်။ ဒီအဖွဲ့ကိုတော့ လူသိနည်းပါတယ်။ မျက်မြင်အချို့ အပြောအရတော့ သူတို့ဟာ အမေရိကန်နဲ့ ဗြိတိန် နိုင်ငံသားတွေကို ပစ်မှတ်ထား ရှာဖွေနေတယ်လို့ ဆိုပါတယ်။

အခုနောက်ဆုံးသိရတဲ့ အခြေအနေအရ သေနတ်သမားတွေ သိမ်းထားတဲ့ ဟိုတယ်နှစ်ခု ထဲက တာ့ခ်ျဟိုတယ်က ဓားစာခံတွေ ပြန်လွတ်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဟိုတယ်အတွင်းမှာတော့ အကြမ်းဖက်သမားတွေ ရှိနေတုန်းလို့ သိရပါတယ်။ ဟိုတယ် အပြင်ဘက်မှာတော့ ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေ တချက်တချက် ကြားနေရတယ်လို့ သိရပါတယ်။

Ref: VOA News

Read More...

Thursday, November 27, 2008

ထိုင်းနေ မြန်မာများ လုံခြုံရေး သတိပြု

27 နိုဝင်ဘာ 2008

ချင်းမိုင်။ ။ ထိုင်းနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ထိုင်းနိုင်ငံနေ မြန်မာများ၏ လုံခြုံရေးအတွက်လည်း သတိပိုမို ထားရှိသင့်ကြောင်းနှင့် ဆောင်ရန် ရှောင်ရန်များကို လေ့လာသူများက အကြံပြုထားသည်။

ဖြစ်ပေါ်နေသည့် အခြေအနေများသည် ထိုင်းနိုင်ငံရောက် မြန်မာများနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း အစိုးရ ဆန့်ကျင်သူများနှင့် ထောက်ခံသူများ အကြား ဖြစ်ပွားနေသော ပဋိပက္ခများ တိုးမြင့်လာနေခြင်းကြောင့် လုံခြုံရေးများ တင်းကြပ်နေသောကြောင့် ဖြစ်သည်။

"လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာနိုင်တာက အခုက နိုင်ငံရေးအခြေနေက သိပ်ရှုပ်နေတော့ တိုင်းပြည်ကလဲ မင်းမဲ့ပုံစံ နီးနီးဖြစ်သွားတယ်။ အရင်တုန်းက အစိုးရက ကောင်းကောင်း အုပ်ချုပ်နိုင်တုန်းကတောင် ကိုယ့်ကို ပြဿနာရှာတာတွေ ရှိနေတာဆိုတော့ သွားလာတာတွေ စည်းစည်းရုံးရုံးနဲ့ သွားလာကြပေါ့" ဟု ထိုင်းအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ အနည်းဆုံး မြန်မာ ၂ သန်းခန့်ရှိပြီး လေးပုံတပုံခန့်သာလျှင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ထားပြီး ဖြစ်သည်။

တရားမ၀င် မြန်မာလုပ်သားများကို ဖမ်းဆီးမှုများ ပိုလာဖွယ်ရှိသည်ဟု ဦးခွန်စိုင်းက ပြောသည်။

"အခုက မြန်မာတွေ အနေနဲ့က ကိုယ့်မှာ ပြဿနာ ရှိရှိ မရှိရှိ သူတို့ဖက်က ကိုယ့်ကို အချိန်ပေးနိုင်တဲ့ အခြေနေ မရှိတော့ဘူး။ အဲဒီတော့ ဒေသခံမှာ ရှိတဲ့ လူမိုက်တို့ ဘာတို့က ကိုယ့်ကို ပြဿာနာ ရှာလာနိုင်တယ်။ သိပ်ပြီးတော့ တယောက်ထဲ နှစ်ယောက်ထဲ မသွားနဲ့ပေါ့နော်။ သူများတွေနဲ့လည်း အဆင်ပြေအောင် ဆက်ဆံပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ထို့အတူ ထိုင်းနိုင်ငံရှိ မြန်မာ အများစု အနေဖြင့် အ၀ါရောင်နှင့် အနီရောင် အင်္ကျီများကို ၀တ်ဆင်ရာတွင် သတိထားသင့်သည့် အခြေအနေများ ဖြစ်နေသည်။

ထိုင်းအစိုးရကို ဆန့်ကျင်သူ ပီအေဒီ များက အ၀ါရောင်ကို ၀တ်ဆင်ကြပြီး အစိုးရ ထောက်ခံသူ ပီပီပီ အဖွဲ့များက အနီရောင်ကို ၀တ်ဆင်ကြသောကြောင့် အဖွဲ့နှစ်ဖွဲ့၏ ပဋိပက္ခကြားတွင် အထင်လွဲမှားမှုများ၏ သားကောင်များ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

"ထိုင်းနိုင်ငံထဲမှာ နေတဲ့ ဗမာတို့၊ သျှမ်းတို့၊ ကရင်တို့ က အ၀ါရောင်ကို တော်တော်ဝတ်ကြတာ ရှိတယ်။ အဲဒီတော့ တချို့တတွေက သြော် ဒီဥစ္စာကတော့ဖြင့် ပီအေဒီ အဖွဲ့ဆိုပြီး အထင်မှားတာတွေ ဖြစ်လာနိုင်တယ်ပေါ့။ အင်္ကျီနီလည်း ဒီလိုပဲပေါ့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုပြီးတော့ ၀တ်ကြတာကိုး။ အဲဒီမှာ အနီရောင်ဝတ်တဲ့ ပီပီပီ ကို ထောက်ခံတယ်ဆိုပြီး ဖြစ်သွားနိုင်တာပေါ့" ဟု ဦးခွန်စိုင်းက ဆက်ပြောသည်။

ထို့အတူ မြန်မာများ အနေဖြင့်လည်း ဖြစ်ပွားနေသော ပဋိပက္ခများအကြား ၀င်ရောက် မပါသင့်ကြောင်းကို ဦးခွန်စိုင်းက "တချို့ကျတော့ အလုပ်ထိခိုက်တယ်ဆိုပြီးတော့ စိတ်ဆိုးပြီးတော့ အင်္ကျီဝါတွေဖက်ပါတာ အင်္ကျီနီဖက်တွေ ပါတာတွေ ရှိတာပေါ့နော်။ ကျနော့်အမြင်ကတော့ ဒါတွေ မလုပ်သင့်ဘူး။ ကျနော်တို့က ကျနော်တို့ တိုင်းပြည်မတည်ငြိမ်လို့ သူများ တိုင်းပြည်မှာ လာနေနေရတာ။ သူများ တိုင်းပြည်ပိုပြီး မငြိမ်းချမ်းအောင် လုပ်ပေးသလို ဖြစ်မယ်လေ။ ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ရင် သူတို့ ၂ ဖက်လုံး ကောင်းရာကောင်းကြောင်း ဖြစ်ဖို့ပဲ လုပ်ဖို့ ကောင်းတာပေါ့နော်" ဟု ပြောပြသည်။

ထို့အတူ ထိုင်းဝန်ကြီးချုပ် အပါအ၀င် ထိုင်းအစိုးရ အဖွဲ့အနေဖြင့် လုံခြုံရေးအရ ဘန်ကောက်မှ ချင်းမိုင်သို့ ရောက်ရှိလာပြီးနောက် ချင်းမိုင်မြို့တွင် လုံခြုံရေးများ ပိုမို ချထားလာခြင်းများကြောင့် ချင်းမိုင်မြို့နေ မြန်မာများအတွက် တိုက်ရိုက် သက်ဆိုင်သည် မဟုတ်သော်လည်း အခက်အခဲများ ပိုမို ရှိလာမည် ဖြစ်သည်။

ချင်းမိုင်မြို့နေ မြန်မာသတင်းထောက် တဦးဖြစ်သည့် ကိုအောင်နိုင်က "ချက်ပွိုင့်တွေ ပိုများလာမယ်၊ စစ်တာဆေးတာတွေ များလာမယ် ဆိုရင် တရားမ၀င် နေထိုင်နေတဲ့ မြန်မာတွေ အတွက် အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။ တိုက်ရိုက်ကြီးကတော့ ဗမာတွေကို ဦးတည်ပြီးတော့ အန္တရာယ်ဖြစ်စေမှာတော့ မဟုတ်ဖူးပေါ့" ဟု ပြောသည်။

Ref: မဇ္ဈိမ

Read More...

မွန်ဘိုင်းကို အကြမ်းဖက်သမားများ တိုက်ခိုက်ခြင်း

နိုဝင်ဘာ ၂၆ရက် ၂၀၀၈၊ ည ၇နာရီ ၁၅မိနစ်


အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွန်ဘိုင်း (ဘုံဘေ) မြို့က နေရာ ၉ ခု သို့မဟုတ် ၁၀ ခုကို နိုဝင်ဘာ ၂၆ ရက်နေ့ညက အကြမ်းဖက် သမားများ ၀င်ရောက် တိုက်ခိုက်ခဲ့ရာ အခု သတင်းရေးသားနေတဲ့ အချိန် အထိအနည်းဆုံး လူ ၇၈ ဦး သေဆုံးကာ ၁၈၅ ဦး ဒဏ်ရာ ရကြောင်း သိရပါတယ်။ တိုက်ခိုက်မှုများဟာ ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်က စတင်တာ ဖြစ်ပါတယ်။ ရဲများကတော့ အခုအချိန်အထိ ၂၆ ဦး သေဆုံးကြောင်း ပြောဆိုထားပါတယ်။

အကြမ်းဖက်သမားတွေဟာ မွန်ဘိုင်းမြို့ တောင်ဘက် စီးပွားရေး အချက်အခြာဒေသက ကြယ်ငါးပွင့် ဟော်တယ်များ ဖြစ်ကြတဲ့ တာ့ခ်ျမဟာ နဲ့ Oberoi (အိုဘာရိုင်) တို့ကို သိမ်းပိုက်ထားပြီး အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနဲ့ တိုက်ပွဲ ဖြစ်နေဆဲလို့ သိရပါတယ်။

ဒါ့အပြင် စီအဲန်အဲန်နဲ့ ဆက်နွယ်သတင်းဌာန တခုဖြစ်တဲ့ စီအဲန်အဲန် - အိုင်ဘီအဲန် သတင်းဌာနက ကာမာ (Cama) ဆေးရုံကိုလည်း အကြမ်းဖက် သမားတွေ သိမ်းပိုက်ထားကာ လူနာတွေကို ဓါးစာခံအဖြစ် ဖမ်းထားကြောင်း သိရပါတယ်။ အကြမ်းဖက်သမားများဟာ ရဲကားတစီးကိုလည်း သိမ်းပိုက်ပြီး လူအုပ်ထဲကို သေနတ်နဲ့ ပစ်ထည့်ခဲ့ပါတယ်။

အခု တိုက်ခိုက်မှုဟာ အိန္ဒိယ မူဂျာဟေဒင်အုပ်စုရဲ့ လက်ချက်ဖြစ်ကြောင်း၊ အိုဆာမာဘင်လာဒင်ရဲ့ အဲယ်လ်ကိုင်းဒါး အဖွဲ့နဲ့ ဆက်နွယ်မှုရှိကြောင်း၊ သူတို့တွေဟာ အီရတ်နဲ့ အာဖကန်နစ္စတန်တွေမှာ ဖွင့်လှစ်ခဲ့တဲ့ အကြမ်းဖက်သင်တန်းဆင်းတွေ ဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။

မောင်းပြန်သေနတ်တွေ လက်ပစ်ဗုံးတွေ ကိုင်ထားတဲ့ အကြမ်းဖက်သမားများဟာ သူတို့ တိုက်ခိုက်ရာ နေရာတွေကို တခုပြီးတခု ၀င်ရောက် သိမ်းပိုက်ခဲ့ပြီး ဖောက်ခွဲမှုတွေ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အကြမ်းဖက် သမားများဟာ မွန်ဘိုင်း ဘူတာရုံ၊ တာ့ခ်ျမဟာနဲ့ အိုဘာရိုင်ဟော်တယ်၊ ကာမာ (Cama)၊ အဲလ်ဘလက်စ် (Albless) နဲ့ ဂျီအိုင် (GI) ဆေးရုံ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို ၀င်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ ည တညလုံး အကြမ်းဖက်သမားတွေနဲ့ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး သတင်းရေးချိန်အထိ မွန်ဘိုင်းမြို့မှာ သေနတ်သံတွေ ကြားနေရဆဲဖြစ်ကြောင်း၊ အကြမ်းဖက်မှုတွေ နောက်ထပ် ထပ်မံ ဖြစ်ပွားတဲ့သတင်းတော့ မကြားရကြောင်း စီအဲန်အဲန်ရုပ်သံသတင်းမှာ ကြေငြာနေ ပါတယ်။

ဓါးစာခံတွေအထဲက ဗြိတိန်နဲ့ အမေရိကန်နိုင်ငံသားတွေကို အကြမ်းဖက်သမားတွေ ရှာဖွေနေကြောင်း သတင်းရရှိပါတယ်။ အမေရိကန် အကြမ်းဖက်မှု နှိမ်နင်းရေး အရာရှိတွေနဲ့ အိန္ဒိယတာဝန်ရှိသူတွေ တိုက်ရိုက်ဆက်သွယ် လုပ်ကိုင်နေကြောင်း၊ အမေရိကန် ဒါမှမဟုတ် ဗြိတိသျှ နိုင်ငံသားတဦးဦး ဒဏ်ရာရ၊ သေဆုံးတဲ့သတင်း မကြားရသေးကြောင်း၊ အကြမ်းဖက်သမား ၉ ဦး တိုက်ပွဲမှာ သေဆုံးသွားကြောင်း သိရပါတယ်။ ဘယ်သူတွေ ဓါးစာခံ ဖြစ်နေကြောင်း ဘယ်သူမှ မသိကြသေးပါဘူး။ တိုက်ခိုက်မှု ဖြစ်နေချိန်ဟာ

ဥရောပသမဂ္ဂနဲ့ အိန္ဒိယနိုင်ငံတို့ ဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်နေချိန်ဖြစ်ပြီး ကိုယ်စားလှယ်အချို့ မွန်ဘိုင်းကို ရောက်ရှိနေချိန် ဖြစ်ပါတယ်။
အကြမ်းဖက်သမားများဟာ ဘူတာရုံထဲကို ပြေးဝင်ခဲ့ပြီး လူအုပ်ထဲကို ဗုံး ပစ်ခွဲခဲ့ကြောင်း သိရသလို တာ့ခ်ျမဟာ ဟော်တယ်မှာလည်း အလားတူ ဖြစ်ပွားခဲ့ကြောင်း၊ အခင်းဖြစ်ပွားမှု အစောပိုင်းကာလမှာ ပေါက်ကွဲမှုများ ဆက်တိုက်လိုလို ကြားခဲ့ရကြောင်း သိရှိရပါတယ်။ အခု ပစ်မှတ်ထား တိုက်ခိုက်တဲ့ နေရာကတော့ နိုင်ငံခြားသားတွေနဲ့ စီးပွားရေးသမားတွေ အများဆုံး နေထိုင် သွားလာတဲ့နေရာ ဖြစ်ပါတယ်။

Ref: Burmatoday News

Read More...

MAI မြန်မာလေကြောင်းလိုင်း ဘန်ကောက်မဆင်းနိုင် ကြိုတင်လက်မှတ် ၀ယ်ထားသူများအား ငွေပြန် မအမ်း

၂၆ နိုဝင်ဘာ ၂၀၀၈

ထိုင်းအစိုးရ နုတ်ထွက်ပေးရန် ဖိအားပေးသည့်အနေဖြင့် ထိုင်းပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစုက ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်အား ပိတ်ဆို့ထားသဖြင့် မြန်မာ MAI လေကြောင်းပိုင် လေယာဉ် အနေဖြင့် ရန်ကုန်မှ ဘန်ကောက်သို့ လာရောက်နိုင်ခြင်း မရှိကြောင်း မြန်မာ့လေကြောင်း၏ ဘန်ကောက်ရုံးခွဲမှ တာဝန်ရှိသူတဦးက ခေတ်ပြိုင်သို့ ပြောသည်။

MAI ဘန်ကောက်ရုံးခွဲမှ တာဝန်ရှိသူတဦးက “လေဆိပ်က ပိတ်တော့ လေယာဉ်ပျံက လာလို့မရတာ။ လေဆိပ်ပြန်ဖွင့်မှပဲ ကျမတို့ လေယာဉ်ပျံကလာမယ်။ ရန်ကုန်ကနေလာတဲ့ လေယာဉ်ပျံပေါ့နော်။ ဒီကနေ့ကတော့ မရှိဘူး။ ထိုင်းမှာ ပေးလည်းမဆင်းဘူး။ တက်လည်း မတက်ဘူးပေါ့နော်” ဟု ပြောသည်။

ကြိုတင်လက်မှတ် ၀ယ်ထားသူများကိုလည်း ငွေပြန်အမ်းမည်မဟုတ်ဘဲ လေဆိပ်ပြန်ဖွင့်ချိန်အထိ စောင့်ဆိုင်းရမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

၎င်းက “ငွေပြန်အမ်းဖို့ မရှိပါဘူး။ လေယာဉ်ပျံရှိတဲ့ရက်ပဲ စောင့်ရမှာပေါ့နော်။ လေဆိပ်ဖွင့်တဲ့ရက်ပဲ စောင့်ရမှာပေါ့။ အမတို့ လေယာဉ်ပျံက cancel ဖြစ်တာမှ မဟုတ်တာ။ လေဆိပ်လည်း ဖွင့်နေတယ်၊ လေယာဉ်ပျံက cancel ဖြစ်မှပဲ အမတို့က တာဝန်ယူ တာပေါ့နော်။ အစားထိုးပေးတာပေါ့။ ခုဟာက လေဆိပ်ပိတ်တာကိုး” ဟု ပြောသည်။

ထို့အပြင် သုဝဏ္ဏဘူမိလေဆိပ်အား မနက်ဖြန်တွင်လည်း ဖွင့်ဦးမည်မဟုတ်ကြောင်း၊ ဘန်ကောက်မှ ရန်ကုန်ပြန်ရန် လက်မှတ် ၀ယ်ထားသူ (၂၀) ဦးခန့်ရှိပြီး ၎င်းတို့အနေဖြင့် ဘန်ကောက်-မြန်မာ လေကြောင်းရုံးသို့ ဆက်သွယ်ကြရန်လိုကြောင်း သိရသည်။
မြန်မာလေကြောင်း လက်မှတ်ခများမှာ ခရီးစဉ်တကြောင်းအတွက် ဘတ်ငွေ (၆,၂၆၀) ဖြစ်ပြီး၊ အသွားအပြန် ခရီးစဉ်အတွက် (၉,၂၂၀) ဘတ်ဖြစ်ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ် လေယာဉ်အ၀င်အထွက် ရပ်ဆိုင်း ၀န်ကြီးချုပ်နုတ်ထွက်သည်ထိ လေဆိပ်ကို ဆန္ဒပြသူများ စီးထားမည်

၂၆ နိုဝင်ဘာ ၂၀၀၈

ထိုင်းအစိုးရ နုတ်ထွက်ပေးရန် ဆန္ဒပြတောင်းဆိုနေသည့် ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (ပီအေဒီ) အဖွဲ့ဝင်များ ဘန်ကောက်ရှိ သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်ကို ယမန်နေ့ညမှစ၍ သိမ်းပိုက်ထားပြီး ၀န်ကြီးချုပ် ဆွန်ချိုင်း ရာထူးမှထွက်ပေးသည်ထိ သိမ်းပိုက်ထားမည်ဟု ပီအေဒီပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ပီအေဒီအဖွဲ့၏ ထုတ်ပြန်ချက်၌ ဆန့်ကျင်ဆန္ဒပြမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး ၀န်ထမ်းများက အစိုးရ၏ အမိန့်အား မနာခံဘဲ သုဝဏ္ဏဘူမိလေဆိပ် လုံးဝ ရပ်ဆိုင်သွားသည်အထိ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ လက်ရှိဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်စ၀တ်အစိုးရ အနေဖြင့် ခြွင်းချက်မရှိ ချက်ချင်း နုတ်ထွက် ပေးရမည် ဖြစ်ကြောင်း ဖော်ပြသည်။

ပီရူးနိုင်ငံတွင် ရောက်ရှိနေသော ၀န်ကြီးချုပ်ကလည်း ၎င်းစီးနင်းလာမည့် လေယာဉ်သည် သုဝဏ္ဍဘူမိ လေဆိပ်တွင် ဆင်းသက် မည်မဟုတ်ကြောင်း ပြောသော်လည်း မည်သည့်နေရာတွင် ဆင်းသက်မည်ကို အတိအကျ မပြောပေ။ ထို့အပြင် ၎င်းအနေဖြင့် ပီအေဒီအဖွဲ့၏ ဖိအားကြောင့် နုတ်ထွက်သွားမည် မဟုတ်ဘဲ ၎င်းအား ပြည်သူများကသာလျှင် ဖြုတ်ချနိုင်ခွင့် ရှိကြောင်း၊ ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ၌ အစိုးရပြုတ်ကျစေရန် ကြိုးစားသူများကို ပုန်ကန်သူ အဖျက်သမားများအဖြစ် သတ်မှတ်ထားကြောင်းလည်း ပြောသည်။
ထိုင်းအစိုးရက ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အနုဖွန်း ဖောင်ချင်ဒါအား သုဝဏ္ဏဘူမိ လေဆိပ်၌ ပိတ်ဆို့ ဆန္ဒပြနေသူများကို ဖယ်ရှားပေးရန် ဖိအားပေးလျက်ရှိသည်။ ပီအေဒီ တာဝန်ရှိသူများကလည်း ဗိုလ်ချုပ်ကြီး အနုဖွန်းကို ကြားဝင်ဆောင်ရွက်ပေးစေ လိုသည်။

ဗိုလ်ချုပ်ကြီးကမူ စစ်တပ်အနေဖြင့် အာဏာသိမ်းမည် မဟုတ်ကြောင်း ထပ်မံကတိပြု ပြောဆိုမှုမှလွဲ၍ အစိုးရနှင့် ပီအေဒီ နှစ်ဖက် အကြား ၀င်ရောက်စွက်ဖက်မှု ပြုမပြုကို တရားဝင် ရှင်းလင်းစွာ ပြောကြားခြင်း မရှိသေးပေ။

ပီအေဒီ ထောက်ခံသူများ၏ လေဆိပ်ကို ပိတ်ဆို့ဆန္ဒပြမှုကြောင့် ထောင်နှင့်ချီရှိသော နိုင်ငံတကာ ခရီးသည်များ သွားလာရေး အခက်အခဲများ ဖြစ်ခဲ့ရသည်။ သုဝဏ္ဏဘူမိလေဆိပ် ပိတ်နေသည့် ကာလအတွင်း ဆင်းသက်ရန်ရှိသည့် ထိုင်းနိုင်ငံတကာလေ ကြောင်းလိုင်းပိုင် လေယာဉ် (၁၆) စီးကို ဘန်ကောက် ဒွန်မောင်းနှင့် ဥတာပါအို လေဆိပ်များသို့ ပြောင်းရွှေ့ဆင်းသက်ရန် စီစဉ်ခဲ့ ရသည်။

ယခုအခါ မျက်နှာဖုံးများတပ်ထားသော ပီအေဒီ အဖွဲ့ဝင် (၃၀) ခန့်သည် သုဝဏ္ဏဘူမိလေဆိပ် လေကြောင်း အချက်ပြမျှော်စင်ကို သိမ်းပိုက်ထားပြီး ၀န်ကြီးချုပ်ဆွန်ချိုင်း၏ လေယာဉ်ဆင်းသက်မှု ရှိမရှိ စောင့်ကြည့် နေကြသည်။ ထိုအတောအတွင်း မည်သည့် လေယာဉ်ကိုမျှ အတက်အဆင်းပြုလုပ်ခွင့် မပြုကြောင်း တာဝန်ရှိသူများက ပြောသည်။ သုဝဏ္ဏဘူမိလေဆိပ်အား ပီအေဒီ ထောက်ခံသူများက ယမန်နေ့၌ စတင် သိမ်းပိုက်စဉ်မှစ၍ ယနေ့အထိ ဘတ်ငွေ သန်း (၅၀) နစ်နာဆုံးရှုံးမှု ရှိကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံသို့ ခရီးသွားခြင်း ရှောင်ကြဉ်ကြရန် အိမ်နီးချင်း နိုင်ငံများ အပါအ၀င် ဥရောပနိုင်ငံများကပါ မိမိနိုင်ငံသားများအား သတိပေးထားသည်။

ထိုင်းအစိုးရဆန့်ကျင်သည့် ဆန္ဒပြအဖွဲ့ဝင်များနှင့် ထိုင်းအစိုးရထောက်ခံသူများ ယမန်နေ့ ညနေပိုင်းက ပစ်ခတ်မှု များဖြစ်ပွားခဲ့သည့်ပြင် လက်နက်များ စုဆောင်းနေသည့် သတင်းများလည်း ဘန်ကောက်တွင် ပျံ့နှံ့လျက်ရှိသည်။ ထိုင်းလူမျိုးများသည် ဗေဒင် အဟောအပြော ယုံကြည်သူများ ဖြစ်သည့်အလျောက် ဒီဇင်ဘာ (၅) ရက်နောက်ပိုင်း ထိုင်းနိုင်ငံ၌ အာဏာသိမ်းမှု သို့မဟုတ် သွေးထွက်သံယို စသည့် ကြီးမားသည့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်မည်ဟု ဟောကိန်းများ ထွက်နေကြောင်း ထိုင်းမန်နေဂျာတဦးက ခေတ်ပြိုင်သို့ ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လုံခြုံရေး တိုးမြှင့်

26 2008

နယူးဒေလီ။ ။ လူငယ်များက နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နေအိမ် အကျယ်ချုပ် ကျခံ နေရသော ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ဂါရ၀ပြုခွင့် ပေးပါရန် တောင်းဆိုခဲ့ပြီးနောက် အာဏာပိုင်များက လုံခြုံရေး ပိုမိုတိုးမြှင့်ကာ တုံ့ပြန်လိုက်သည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၏ နေအိမ်ပတ်ဝန်းကျင်နှင့် ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့များ သိသိသာသာ များပြားလာနေသည်ဟု အတိုက်အခံ ပါတီဝင်များက ပြောကြားကြသည်။

"ကျနော်တို့က ဥပဒေ ဘောင်အတွင်းကနေပြီးတော့ ငြိမ်းချမ်းစွာ အခုလို ဂါရ၀တရားနဲ့ တောင်းဆိုတာပါ။ မနေ့က ၂၅ ရက်နေ့အထိ ကျနော်တို့ လူငယ်တွေ ခွင့်ပြုအမိန့်ကို စောင့်နေဆဲပါ။ ဒါပေမဲ့ ခွင့်ပြုချက် မပေးဘဲ ရုံးနဲ့ အနီးတ၀ိုက်မှာ လုံခြုံရေးတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေနဲ့ စွမ်းအားရှင်တွေ အပြည့်ရောက်နေတယ်" ဟု ဒဂုံမြို့နယ် အဖွဲ့ချုပ်လူငယ်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာ လမ်းတလျှောက်နှင့် ရွှေဂုံတိုင်လမ်း၊ အဖွဲ့ချုပ်ရုံးရှေ့ရှိ ကျောက်ဆည်ဓမ္မာရုံတို့တွင် ရဲများအပြင် အစိုးရ ခါးပိုက်ဆောင်တပ်များပါ တွေ့ကြရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် အများစုပါဝင်သော လူငယ် ၅၀ ခန့်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း အသက် ၆၃ နှစ်အရွယ် အတိုက်အခံခေါင်းဆောင်ကို ဂါရ၀ပြုခွင့်ရရေး ခွင့်ပြုပါရန် မေတ္တာရပ်ခံထားသည်မှာ သီတင်းပတ် တပတ်ကြာမြင့်ပြီ ဖြစ်သော်လည်း အာဏာပိုင်များဘက်က ထုံးစံအတိုင်း မသိကျိုးကျွန်ပြုထားသည်။

လူထုခေါင်းဆောင်အား ဂါရ၀ပြုရန် လိုက်ပါလိုသူများ အဖွဲ့ချုပ်လူငယ် ခေါင်းဆောင်များဖြစ်သည့် မထက်ထက်အိုးဝေ (ရွှေပြည်သာမြို့နယ်)၊ ကိုဝင်းမြင့်မောင် (ခရမ်းမြို့)၊ ကိုအောင်မျိုးလွင် (ရွှေပြည်သာမြို့နယ်) တို့ထံ ဆက်သွယ်နိုင်ကြောင်း ကြေညာထားသည်ဟု ပါတီဝင်များနှင့် နီးစပ်သူ ရန်ကုန်မြို့ခံ ကိုပေါက်က မဇ္ဈိမကို ပြောပြသည်။

"သွားမယ်ဆိုရင် သူတို့နောက်မှာ လိုက်ပါမယ့် လူ ၄၀ နီးပါး ရှိတယ်။ သူတို့အနေနဲ့ ဥပဒေဘောင်အတွင်းက လုပ်သွားမှာဖြစ်တယ်" ဟု ကိုပေါက်က ပြောသည်။

ဒီပဲယင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်အစိုးရက နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခြင်းမပြုဘဲ နေအိမ်အကျယ်ချုပ် ချုပ်နှောင်ထားခဲ့သည်မှာ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ၅ နှစ်ပြည့်မြောက်ခဲ့သော်လည်း လွှတ်မပေးဘဲ ဆက်လက် ချုပ်နှောင်ထားခဲ့သည်။ မနက်ဖြန် နိုဝင်ဘာလ ၂၇ နေ့တွင် ထပ်တိုးချုပ်နှောင်ထားမှု ၆ လ တင်းတင်း ပြည့်မြောက်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကုန်လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ၁၃ နှစ်ကျော်ကာလကို ရန်ကုန်မြို့ရှိ သူမနေအိမ်တွင် အကျယ်ချုပ်ဖြင့် နေထိုင်ဖြတ်သန်းခဲ့ရသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, November 26, 2008

နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၂၇ ဦး နယ်ဝေးထောင်များသို့ ပြောင်းခံရ

25 November 2008

အဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၇ ဦးကို ဝေးလံတဲ့ ထောင်တွေဆီ ဒီနေ့ ဆက်ပြောင်းခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က ချိတ်ပိတ်ခံထားရတဲ့ မဂ္ဂင် ကျောင်းတိုက် ဆရာတော်လည်း ပါဝင်ပါတယ်။ မနေ့တုန်းကလည်း Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက အဖွဲ့ဝင် ၂ ဦးကို ထောင်ဒဏ် ၈ နှစ်ဆီ ချမှတ် လိုက်ပါသေးတယ်။ ဒီကိစ္စတွေကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ထိုင်းနိုင်ငံအခြေစိုက် အေအေပီပီ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းကနေ့စဉ် အသိပေး တိုက်တွန်းနေပါတယ်။
ဒီနေ့လည်း ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၂၇ ယောက်ကို မိသားစုတွေနဲ့ ဝေးလံတဲ့ ထောင်တွေဆီ ပြောင်းရွှေ့လိုက်တဲ့အကြောင်း အန်န်အယ်လ်ဒီပါတီ လူငယ်အဖွဲ့ဝင် တဦးက ရှင်းပြပါတယ်။

"ဒီနေ့ ၂၇ ဦးပြောင်းတယ်။ ကျနော်တို့ အန်န်အယ်လ်ဒီကရော၊ သံဃာတော်တွေလည်း ပါတယ်၊ အခြားဆိုက်ကလည်း ပါတယ်။ အီစမိုင်က ဘားအံကိုပြောင်းတယ်၊ အန်န်အယ်လ်ဒီက ကိုတင်ဝင်းနဲ့ ကိုအောင်မြင့် မြစ်ကြီးနား၊ ဦးဣိန္ဒကခေါ် အောင်သန်းမြင့် သူက မဂ္ဂင်ဆရာတော် လားရှိုး၊ ဦးအိန္ဒရိယ (ခ) ဂျောင်းဂျောင်းခေါ် ကိုအေးမောင်ကြီးက သီပေါ၊ ဦးပဏ္ဍ၀ံသခေါ် ဦးဖေကျော် စစ်တွေ၊ ကိုသိုက်မင်း အန်န်အယ်လ်ဒီက သီပေါ၊ ကိုအောင်သန်း သံတွဲ၊ ခင်မောင်လတ် ကျောက်ဖြူ၊ ညီညီမင်း အန်န်အယ်လ်ဒီက သံတွဲ၊ ဦးဖိုးကြွယ် မြစ်ကြီးနား၊ အောင်သိန်းလွင် ဗန်းမော်၊ အန်န်အယ်လ်ဒီလူငယ် နေဇာမျိုးဝင်း ရမည်းသင်း၊ ထွန်းဝေထွန်း လားရှိုး၊ ကိုအုန်းကျော် အန်န်အယ်လ်ဒီ ဒေါပုံ လားရှိုး၊ အောင်ကျော်ဦး အန်န်အယ်လ်ဒီလူငယ်

လားရှိုး၊ ကိုကျင်လှိုင် အန်န်အယ်လ်ဒီ ပခုက္ကူ၊ ကိုသန့်ဇော် အန်န်အယ်လ်ဒီလူငယ် ဟင်္သာတ၊ ကိုဇော်မင်း အန်န်အယ်လ်ဒီ သံတွဲ၊ ဇော်ဇော်အောင် အန်န်အယ်လ်ဒီ သာယာဝတီ၊ ခင်မိုးအေး သရက်၊ အောင်ကျော်မိုး အန်န်အယ်လ်ဒီ မြင်းခြံ၊ ဒေါ်ခင်အေး ကုန်ဈေးနှုန်း ကျဆင်းရေးက မြောင်းမြ၊ ၈၈ မျိုးဆက်လူငယ်ထဲက စည်သူမောင်ရဲ့အဖေ ကိုပီတာ လွိုင်ကော်၊ လှိုင်မင်း သီပေါ၊ မင်းမင်းစိုး မြင်းခြံ၊ မပဲ သာယာဝတီ၊ အဲဒီလူတွေ အားလုံးကို ဒီနေ့ပို့တယ်။"

မနေ့တုန်းကလည်း Generation Wave လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ်များ အစည်းအရုံးက ပုဂ္ဂိုလ် ၂ ဦးကို ထောင်ဒဏ် ၈ နှစ်စီ ချမှတ်လိုက်တဲ့အကြောင်း သူကပဲ ဆက်ပြီး ရှင်းပြပါတယ်။

"မနေ့တုန်းက အမိန့်ချလိုက်တာ Generation Wave က စောမောင်ရယ်၊ ကျော်ဦးရယ်ကို ၈ နှစ်စီ ချလိုက်တယ်။ ကြည့်မြင်တိုင်တရားရုံးကနေ ချတယ်။ သူတို့ကို ၅/၆ နဲ့ ချတယ်။"

အေအေပီပီဘီလို့ခေါ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း မြန်မာနိုင်ငံက အခုလို မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေပေါ်မှာ လူ့ အခွင့်အရေး ချိုးဖောက်နေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေက အရေးယူ ဆောင်ရွက်နိုင်ဖို့ သူတို့တွေ နေ့စဉ်နဲ့အမျှ အသိပေးနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အေအေပီပီအဖွဲ့က ကိုလေးလွင်က အခုလိုရှင်းပြပါတယ်။

"ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ စာရင်းဇယားတွေ ပြုစုပေးတယ်။ ဘယ်သူတွေကို ဘယ်ထောင်ပို့လိုက်တယ်၊ ဘယ်သူတွေက ထောင်ဘယ်လောက် ကျတယ်၊ အဲဒါတွေကို ကျနော်တို့က နေ့စဉ်နဲ့အမျှ ပြုစုပြီးထားတဲ့ စာရင်းဇယားတွေကို နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ဥပမာ ဟောင်ကောင်မှာရှိနေတဲ့ အဖွဲ့ အစည်း AHRC၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ပြီးရင် လူ့အခွင့်အရေးကောင်စီ ဒါတွေကို အချက်အလက်တွေ စုဆောင်းပြီး ပေးပို့တယ်။

"သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကနေ ဒါတွေကို အရေးယူ ဆောင်ရွက်နိုင်အောင် တဖက်မှာ သူတို့ကလည်း လုပ်ဆောင်နေကြတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ယူအန်ကနေပြီး ဒီကိစ္စတွေအပေါ်မှာ အရေးယူဆောင်ရွက်ဖို့၊ ဒါတွေဟာ မသင့်တော်တဲ့အကြောင်း ပူးတွဲကြေညာချက် တစောင် ထွက်လာတာရှိပါတယ်။"
မြန်မာစစ်အစိုးရဘက်က အခုလိုမျိုး ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဝေးလံတဲ့ ထောင်တွေကို ပို့ပစ်တဲ့အတွက် မိသားစုတွေအနေနဲ့ သွားရောက်တွေ့ဆုံဖို့ အခက်အခဲတွေ ကြုံနေရတဲ့အပြင် ဘယ်သူတွေက ဘယ်ထောင်မှာရောက်နေတယ် ဆိုတာကို အတိအကျ စုံစမ်းလို့ မရတဲ့ အတွက်လည်း သူတို့ရဲ့ မိသားစုဝင်တွေက စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြပါတယ်။

Ref: VOA News

Read More...

တရုတ်စီးပွားရေး ကျဆင်း ကမ္ဘာ့ဘဏ် ခန့်မှန်း

25 November 2008

ရှေ့နှစ် တရုတ်ပြည်ရဲ့ စီးပွားရေးတိုးတက်မှုဟာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်လိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဟောကိန်းထုတ်လိုက်ပါတယ်။

၂၀၀၇ ခုနှစ် စီးပွားရေးတိုးတက်မှု ခန့်မှန်းခြေကို ကမ္ဘာ့ဘဏ်က ဒီနေ့ ထုတ်ပြန်လိုက်တဲ့ နေရာမှာ ကမ္ဘာ့ငွေကြေး အကျပ် အတည်းကြောင့် တရုတ်စီးပွားရေး တိုးတက်မှု ၇.၅% အထိ နိမ့်သွား လိမ့်မယ်လို့ ဆိုထားပြီး ဒီနှစ်တိုးတက်မှုကတော့ ၉.၄% အထိရှိနေပါတယ်။

ဒေါ်လာ ထရီလီယံပေါင်းများစွာ သုံးစွဲပြီး စီးပွားရေးနိုးထမှု အစီအစဉ်တရပ်ကိုလည်း တရုတ်ပြည်က ကြေညာထားပြီး ဖြစ်ပါတယ်။
တနင်္လာနေ့မှာ ဗြိတိန်နိုင်ငံက ငွေကြေးအကျပ်အတည်း တွန်းလှန်ရေး စီးပွားရေးနိုးထမှု အစီအစဉ်တရပ်ကို ထုတ်ပြန်ကြေညာလိုက်ပြီး အမေရိကန်နိုင်ငံကတော့ ယိုယွင်းနေတဲ့ မိမိတို့ရဲ့ ငွေကြေးစနစ် ပြန်လည်ပြင်ဆင်ရေး ရှေ့ဆက်တိုးပြီး လုပ်ဆောင်သွား စရာတွေ အများကြီး ရှိနေသေးတယ်လို့ ဆိုထားပါတယ်။

ဗြိတိန်နိုင်ငံမှာ လူတွေ သုံးစွဲလာနိုင်ရေးအတွက် ဒေါ်လာ ဘီလီယံ ၃၀ အစီအစဉ်တရပ်ကို ဘဏ္ဍာရေးဝန်ကြီးက ကြေညာလိုက်ပြီး ရှေ့နှစ်စီးပွားရေး ၁.၂၅% လောက်အထိ လျော့သွားနိုင်ကြောင်းလည်း ခန့်မှန်းပြောဆိုသွားပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနနဲ့ ဗဟိုဘဏ်တို့က အမေရိကန် စားသုံးသူများအတွက် ငွေချေးမှုအစီအစဉ်တရပ် ဒီနေ့ ထုတ်ပြန် ကြေညာဖွယ်ရှိပြီး အမေရိကန် Wall Street စတော့ခ်ဈေးကွက်ရဲ့ ဂယက်ကြောင့် ဒီနေ့ အာရှမှာလည်း စတော့ခ်ဈေးများ တက်သွား ပါတယ်။

Ref: VOA News

Read More...

Tuesday, November 25, 2008

နိုင်ငံရေးပါတီထောင်ဖို့စဉ်းစားမည်ဟု ၀ အကြီးအကဲပြော

တနင်္လာနေ့၊ 24 နိုဝင်ဘာလ 2008

ယခင် တောင်ပိုင်း အပစ်ရပ်ဝ တပ်ဖွဲ့အကြီးအကဲ ဦးပေါက်ယူရီး မြောက်ပိုင်းပန်ဆန်းမှ တောင်ပိုင်း ၀တပ်ဖွဲ့ ဟွေ့အော့်၊ မိုင်းကဋ္ဌတ်တပ်စခန်းသို့ဆင်းလာစဉ် စစ်တပ်အစည်းအဝေးတွင်၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီ ထောင်ဖို့စဉ်းစားမည့်အကြောင်း၊ လက်နက်တော့လုံးဝ ချမည်မဟုတ်ကြောင်း ပြောသွားသည်ဟု နယ်စပ်သတင်း ရပ်ကွက်က ဆိုပါသည်။


(ယခင်) တောင်ပိုင်း အပစ်ရပ်ဝ တပ်ဖွဲ့အကြီးအကဲ ဦးပေါက်ယူရီး

UWSA အပစ်ရပ်ဝတပ်ဖွဲ့ ဥက္ကဌ ပေါက်ယူချန်၏ အစ်ကို- ဦးပေါက်ယူရီးအား တောင်ပိုင်းမှအရာရှိများ၊ အကြီး အကဲများက ၁၅ ရက်နေ့ကတည်းက ဟွေ့အော့်သို့လာ ရောက်စောင့်ဆိုင်းóကဆိုနေခဲ့ကြသည်။ ၁၇ ရက်နေ့တွင် စစ်တပ်အစည်းအဝေးလုပ်ခဲ့ကြပြီး ၁၈ ရက်နေ့မှ မိုင်းကဋ္ဌတ်သို့ ဆက်သွားကာ ဒေသခံလူထုနှင့် ထပ်မံတွေ့ဆုံ ဆွေး နွေးခဲ့သည်ဟုဆို၏။ ၁၉ ရက်နေ့ မိုင်းဆတ်္မမ့နယ် ၀မ့်ဟုန့် ဌာနချုပ်သို့ပြန်သွား၏။

“ ၁၇ ရက်နေ့ စစ်တပ်အစည်းအဝေးမှာ ပေါက်ယူရီးက ‘၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့အတွက် နိုင်ငံရေးပါတီထောင် ဖို့စဉ်းစားမယ်။ လက်နက်တော့ လုံးဝမချဘူး’ လို့ပြောတယ်။ ဆိုတော့ မိုင်းလားအဖွဲ့လေသံနဲ့ သွားတူနေတယ်။ နအဖအာဏာပိုင်တွေနဲ့ ငြိမ်းအဖွဲ့တွေ ဘယ်လို လဋို့ဝှက် အချိတ်အဆက် နားလည်မှုတွေရှိမလဲ ကျနော်တို့ မသိရ ဘူးလေ။ အပစ်ရပှ်ဗ မြောက်ပိုင်းလဲ ဒီပုံစံအတိုင်းဘဲသွားမယ်ထင်ရတယ်” ဟု ထိုင်းနယ်စပ်တနေရာမှ သဋမ်း အမျိုးသားရေးလှုပ်ရှားသူတစ်ဦးကပြောသည်။

၁၆ ရက်နေ့က သဋမ်းပြည်တောင်ပိုင်း ဟွေ့ အော့် ၀တပ်စခန်းတွင်လည်းကောင်း၊ ၁၈ ရက်နေ့ မိုင်းကဋ္ဌတ်သို့ လည်းကောင်းသို့ရောက်ရှိပြီး လာရောက်óကဆိုကြသော ဒေသခံလူထုအားတွေ့ဆုံစဉ်-

“စစ်သားနဲ့အရပ်သား အလုပ်ကိုခွဲဝေလုပ်သွားဖို့၊ စစ်သားတွေ စစ်မှုထမ်းဖို့ရှိတဲ့အတွက်၊ အရပ်သားတွေ စိုက်ပျိုး ရေးလုပ်ငန်းလုပ်သွားဖို့ စတာတွေပေါ့။ နောက်တစ်ခု သူမှာသွားတာက အိမ်ထောင်သည်တွေ တစ်မိသားစုမှာ သားယောက်ျားလေး ၁၀ ယောက်မွေးရင် တိုက်တစ်လုံး၊ ကားတစ်စီးဆုချမယ်။ အဖွဲ့အစည်းကနေ မိသားစုစား ၀တ်နေရေးအတွက် တစ်သက်လုံးတာဝန်ယူပေးမယ်- လို့တိုက်တွန်းပြောသွားတယ်”ဟု ပြောကြားကြောင်း ဆွေးနွေးပွဲတက်ရသူ တစ်ဦးက ပြောပြသည်။

သားယောက်ျားလေးမွေးခိုင်းခြင်းမှာ အဖွဲ့အစည်း လုပ်ငန်းတာဝန်များကို ကူညီထမ်းဆောင်စေလိုခြင်းဖြစ်သည်ဟု ဆို၏။

ယခင်က သဋမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံ မိုင်းဆတ်္မမ့နယ် ထိုင်းနယ်စပ်တလေဋာက် တပ်ရင်းတပ်မဟာ အများ စုအပေါ် ပေါက်ယူရီးက တာဝန်ယူထိန်းချုပ်ခဲ့သော်လည်း ယခုနောက်ပိုင်း ဝေ့ရှော်ကန်းက အစားထိုးဦးစီးကွပ်ကဲ ထိန်းချုပ်နေသည်ဟု သတင်းများကဆိုသည်။ သို့သော်ဝေ့ရှော်ကန်း ကိုယ်နှိုက်မှာလည်း ပေါက်ယူရီးကဲ့သို့ ပန်ဆန်း ၌သာအနေများသဖြင့် ညီဖြစ်သူဝေ့ရှော်ယင်က နေ့စဉ်လုပ်ငန်းများကို တာဝန်ယူထားသည်ဟု ကြားသိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မြန်မာ့ နိုင်ငံရေးဟာသများ (၂)

တာဝန်ကိုယ်စီ
နေပြည်တော် အစည်းအဝေး ခန်းမ တနေရာ ....
အကြီးအကဲ။ ။ မင်းတို့ နိုင်ငံတော် ကာကွယ်ရေးအစီအမံတွေ ငါ့ကိုတင်ပြစမ်း။
ဝန်ကြီး ။ ။ ဟုတ်ကဲ့ ... ပြည်သူတွေဆူပူရင် သူ့ လူနဲ့ သူပြန်ထိန်းသိမ်းဖို့ 
စွမ်းအားရှင်အဖွဲ့ကို ဖွဲ့စည်းပေးထားပါတယ်။ ဘုန်းကြီးကျောင်းတွေကိုတော့
ကြံ့ခိုင်ရေးအဖွဲ့ကို တာဝန်ပေးပြီး စောင့်ကြည့်ခိုင်းထားပါတယ်။
အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကိုလည်း တုတ်တွေ၊ ဒိုင်းတွေ အပြည့်အဝ တပ်ဆင်
ပေးထားပြီး၊ အခါအားလျော်စွာ နှစ်ဖက်ခွဲလေ့ကျင့်ပေးထားပါတယ်။
ပါတီတွေ၊ ကျောင်းသားအဖွဲ့ တွေကိုလည်း တန်ပြန် အဖွဲ့ တွေ ဖွဲ့ စည်းပြီး
ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေပါတယ်။ မီဒီယာ တူ မီဒီယာ
တိုက်ပွဲကိုလည်း အရှိန်မပျက် ဆက်လက် ဆင်နွှဲနေပါတယ် ခင်ဗျာ။
အကြီးအကဲ။ ။ အေး .... ဒါဆို ဘယ်ဆိုးလို့ လဲ။ ကောင်းတယ် ဆက်ထိန်းထား။
သြော် ဒါနဲ့  ငါ့စစ်ဗိုလ်လေးတွေကိုရော ဘာတာဝန်ပေးထားသလဲ။
ဝန်ကြီး ။ ။ သူတို့  အွန်လိုင်း တက်နေကြပါတယ် ခင်ဗျား။
အကြီးအကဲ။ ။ ဟေ ........
( တင်ပြသူ- Clinton )

ဘဘကြီးကျေးဇူး
ခလရ (-) ၏ တပ်သားသစ် သင်တန်းဆင်းပွဲတွင်ဖြစ်သည်။ အခမ်းအနား
အစီအစဉ်တွင် ဆုရရှိသော သင်တန်းသားများမှ ကြွရောက်လာသော ဧည့်သည်
တော်များကို ကျေးဇူတင်စကား ပြန်လည်ပြောကြားရန် အစီအစဉ်လည်း ထည့်သွင်း
ထား၏။ သင်တန်းမဆင်းမီကတည်းက သင်တန်းမှုးက ဆုရရှိသော ရဲဘော်များကို
၎င်းတို့ ကျေးဇူးတင်စကား ပြောကြားရာတွင် အဘကြီး (ဗိုလ်ချုပ်မှုးကြီး) ၏
ဂုဏ်ကျေးဇူးကြောင့် ၄င်းတို့ ယခုကဲ့သို့ ထူးချွန်ထက်မြက်သူများ ဖြစ်လာရကြောင်း
မဖြစ်မနေ ထည့်သွင်းပြောကြားရန် အမိန့်ချထား၏။
သင်တန်းဆင်းသောနေ့။
ပထမ ... အကောင်းဆုံးစံပြဆုရရှိသော သင်တန်းသား အောင်မြင့်က
“ကျနော် ယခုလို စံပြဆုရရှိခြင်းဟာ အဘကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်ဖြစ်ပါတယ်။
ကျနော် ဘာဘဲလုပ်လုပ် အဘကြီးကို အမြဲနှလုံးသွင်းပြီး လုပ်တဲ့အတွက် အခုလို
စံပြဆု ရရှိခြင်းဖြစ်ပါတယ်။”
လက်ခုပ်သံများ တဖြောင်းဖြောင်း ...
နောက်တစ်ယောက်၊ စာပေထူးချွန်ဆုရသင်တန်းသား သန်းနိုင်
“ကျနော် အခုလို စာပေထူးချွန်ဆု ရရှိခြင်းဟာ အဘကြီးရဲ့ ဂုဏ်ကျေးဇူးကြောင့်
ဖြစ်ပါတယ်။ ကျနော် စာပေ သင်ခန်းစာတွေ လေ့လာမှတ်သား သင်ယူတဲ့နေရာမှာ
အဘကြီးကို အမြဲနှလုံးသွင်းတဲ့အတွက် အခုလို စာပေထူးချွန်ဆုရရှိခြင်း ဖြစ်ပါ
တယ်။”
လက်ခုပ်သံများ ရှေ့ကအတိုင်း ...
နောက်ဆုံးတစ်ယောက်၊ လက်ဖြောင့်အကောင်းဆုံးဆုရ သင်တန်းသား မောင်တူး
“ကျနော် အခုလို လက်ဖြောင့်အကောင်းဆုံးဆု ရရှိခြင်းဟာ အဘကြီးရဲ့ ဂုဏ်ကျေးဇူး
ကြောင့်ဖြစ်ပါတယ်။ အဲ့ဒီနေ့က ကျနော်ပစ်မယ့် ပစ်မှတ်စက်ဝိုင်းရဲ့ အလည်တည့်တည့်
မှာ အဘကြီးရဲ့ပုံ ပေါ်လာလို့ပါဘဲ။”
လက်ခုပ်သံများ စောစောကထက် ပိုပြီး ဆူညံသွားသည်။
မကြာမီ မောင်တူး တပ်ရင်းမှ ပျောက်သွားလေသည်။
( တင်ပြသူ- Zuku )

ဘာနဲ့ တုန်း
နေပြည်တော် တွင်ဖြစ်သည်။
နိုင်ငံတော် အကြီးအကဲသည် ဦးပေါ်ဦး၏လျှောက်ထုံးများကိုဖတ်ပြီး လွန်စွာ
သဘောကျလျက် ဦးပေါ်ဦးကဲ့သို့ အမတ်မင်းများ သူ့အနားတွင်ရှိလျှင် ကောင်းမည်
ဟု မိန့် ကြားလေ၏။
ထို့ ကြောင့် အနီးနားရှိ အရာရှိများကလည်း ဦးပေါ်ဦးစာအုပ်ကို အလုအယက်
ဖတ်ကြရင်း မင်းလိုလိုက် မင်းကြိုက်ဆောင်ဖို့  တွေးတောနေကြလေသည်။
တနေ့ သော် - ဆောက်လုပ်ပြီးကာစ တံတားကြီးတစင်းအား သွားရောက်စစ်ဆေး
ရာ ....တံတားကြီးမှာ လှုပ်နေသည်ကို တွေ့ရသဖြင့် အရာရှိလေးတစ်ဦးမှ ''တံတား
ကြီးကလည်းဗျာ ...'' ဟု တီးတိုးရေရွတ်လိုက်မိ၏။ ထိုအခါ အကြီးအကဲမှ '' ဟဲ့
တံတားကြီးက ဘာဖြစ်တုန်း'' ဟု ပြန်မေးလေရာ .....
အရာရှိလေးမှ '' ဘုန်းတော်ကြောင့် နတ်ပြည်သို့ တိုးလျိုးပေါက် ဆက်သွယ်ပေး
နေသလိုပါပဲ ခင်ဗျား '' ဟု ခေတ်သစ် ဦးပေါ်ဦး လုပ်ကြည့်လိုက်ရာ အကြီးအကဲမှ
လွန်စွာ သဘောကျသည်ဖြစ်သောကြောင့် ဆုတော်၊ ပါမစ်တော်များ ပေးသနား
လေ၏။ အရာရှိလည်း များစွာဂုဏ်တက်လေသည်။
တဖန် - ဖွင့်လှစ်ပြီးကာစ ဆိုင်ဘာစီးတီး သို့ ဝင်ရောက် စစ်ဆေးနေစဉ် ...
တိုက်ဆိုင်လှစွာမီးပျက်သွားသည် ဖြစ်သောကြောင့် .... ''တယ် - မီးက
ဘောက်မဲ့ကြောင့် ပျက်ရသတုန်း''
ဟု မေးမြန်းလေရာ ...လိမ်မာပါးနပ်သော အရာရှိမှ '' မှန်ပါ၊ နိုင်ငံတော်
အကြီးအကဲ၏ ကိုယ်ရောင်အရှိန်အဝါကို လျပ်စစ်မီးနတ်သားမှ မယှဉ်နိုင်သော
ကြောင့် ဝေးရာသို့ ဖယ်ခွာပြေးသဖြင့် မီးပျက်ရပါသည် ခင်ဗျား'' ဟု ဖြေကြား
လိုက်ရာ သဘောကျလှသဖြင့် ဆုတော် ပါမစ်တော်များ ထပ်မံ ချီးမြှင့်ပြန်
လေသည်။
ထိုသို့  လှည့်လည်စစ်ဆေးပြီးအပြန် အစည်းအဝေးခန်းမဆောင်တွင် စည်းဝေး
နေကြစဉ် –
သမီးတော်လေးအား မမြင်မိသည်ကို သတိထားမိသောကြောင့် အကြီးအကဲမှ ...
'' ဟဲ့ ငါ့သမီးတော်လေး မတွေ့ မိပါလား '' ဟုမေးလေသည်။
ထိုအခါ ... ပါးနပ်ပြီး စကားကြွယ်သော အရာရှိမှ '' မှန်ပါ၊ ရှောင်လွှဲမရနိုင်သော
သဘာဝတရား၏ ကျီစားမှုကြောင့် ကိုယ်လက်မအီမသာဖြစ်လျက် အနားယူနေ
ကြောင်းပါ '' ဟု ပြန်ဖြေလေ၏။
ဤတွင် နိုင်ငံတော် အကြီးအကဲသည်လည်း မိမိကိုယ်ကို ဘိုးတော်နီးနီး ထင်မှတ်
နေပြီဖြစ်သောကြောင့် အစည်းအဝေးကို ရုပ်သိမ်း လူစုခွဲလေသည်။
နောက်တနေ့ မနက်တွင်မှ - အစည်းအဝေး လူစုံချိန်၌် မိမိအရာရှိလေးကို ထပ်မံ
စမ်းသပ်လိုသည်ဖြစ်သောကြောင့် '' ဟဲ့- ဘာနဲ့ တုန်း '' ဟု မေးလေ၏ ။ ( ဘာ
ရောဂါနဲ့ တုန်းဟုမေးရမည် ဖြစ်သော်လည်း အကြီးအကဲမှာ ဘိုးတော်၏ ဒိုင်ယာ
လော့ဂ်များမှ မသွေဖီလိုသောကြောင့် မူရင်းအတိုင်းမေးလေသည်။)
လိမ်မာပါးနပ်ပြီး သတိဝီရိယဖြင့် ပြည့်စုံသော အရာရှိလေးမှ မဆိုင်းမတွပင် ...
''ဗိုက်နဲ့ပါခင်ဗျား'' ဟု ပြန်ဖြေသည်တွင် ...အကြီးအကဲ ခမျာလည်း မတ်တပ်မှ
စန့် စန့် လဲ၍ လေငန်းစွဲလေတော့သည်။
( တင်ပြသူ- )

“ဟယ် ... ဒါတော့ ...”
တနေ့သ၌ “ဘိုးတော် မင်းမတရားကြီး”သည် မိမိ၏ နေပြည်တော်သစ်ကြီး မည်မျှ
စည်ကားသာယာနေသနည်း ဆိုသည်ကို သိလိုသောကြောင့် အမတ်ကြီး ဦးပေါ်ရူး
အား ခေါ်၍ မေးမြန်းတော်မူ၏။
ဘိုးတော်။ ။ “ဟဲ့၊ ပေါ်ရူး၊ ငါကိုယ်တော်မြတ် နေပြည်တော်သစ်ကြီးရဲ့ လက်ရှိ
အခြေအနေကို သိလိုတော်မူတယ်။ မောင်မင်း သိသလောက် လျှောက်တင်စမ်း။”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ဘုန်းတော်ကြောင့် အရှင့်နေပြည်တော်ကြီးဟာ
နတ်ပြည်နဲ့မှားလောက်အောင် စည်ကား သာယာဝပြော နေပြီဖြစ်ကြောင်းပါ။”
ဘိုးတော်။ ။ “အိမ်း၊ ငါကိုယ်တော် အားရတော်မူလှသကွယ်၊ အကျယ်သဝင့်
ရှင်းလင်း လျှောက်တင်ဦးလော့ အမတ်ကြီး။”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ရုံးတော်များ အားလုံးကို ရန်ကုန်မှ ရွှေ့လာပြီးကြောင်း
ပါ။ ရန်ကုန်ပိဋကတ်တိုက်ကြီးမှ စာအုပ်အားလုံးကို သယ်ယူပြီး နေပြည်တော်
ပိဋကတ်တိုက်သစ်ကြီးအဖြစ် တည်ထောင်ပြီးကြောင်းပါ။ ရန်ကုန်တိရစ္ဆာန်ရုံမှ
တိရစ္ဆာန်များကိုလည်း နေပြည်တော်တိရစ္ဆာန်ဥယျာဉ်သို့ ပြောင်းရွှေ့ထားရာ အတော်
စုံစုံလင်လင် ရှိနေပါပြီ ... ဖျာ့။”
ဘိုးတော်။ ။ “မီးများကော မှန်ရဲ့လားကွဲ့။”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ရန်ကုန်မြို့ရဲ့ လျှပ်စစ်မီးခွဲတမ်းများကို လျှော့ပြီး
နေပြည်တော်ကို လျှပ်စစ်မီး ထိန်ထိန်ညီးစေရန် စီစဉ်ထားကြောင်းပါ”
ဘိုးတော်။ ။ “ကိုးကွယ်ဖို့ အတွက်ကော ...”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ရန်ကုန်က ရွှေတိဂုံဘုရားကြီးကိုလည်း ဒီကို ရွှေ့လာဖို့
ကြံရွယ် ထားပါတယ်... ဖျာ့”
ဘိုးတော်။ ။ “ကောင်းသကွယ်၊ နောက်ပြီး ငါ့လူတွေဖို့ ပျော်စရာ ပါးစရာတွေ
စီစဉ်ပေးဖို့လည်း မကျန်စေနဲ့ဦးကွဲ့။”
ဦးပေါ်ရူး။ ။ “မှန်လှပါ၊ ရန်ကုန်မှာရှိတဲ့ အနှိပ်ခန်းများကိုလည်း ဇိမ်မယ်များပါ
မကျန်ခဲ့လေအောင် ပြောင်းလာခဲ့ခိုင်းပြီးပါပြီ ...ဖျာ့။”
ဘိုးတော်။ ။ “ဟယ် ... ဒါတော့ အသစ်လေးတွေ ရှာခိုင်းလကွယ် ...”
( တင်ပြသူ- mgpo )

တကယ်လို့များ
ဇန္န၀ါရီလ ၇ ရက်၊ ၂၀၀၈ ခုနှစ်။
မြန်မာနိုင်ငံမှစစ်ဗိုလ်ချုပ်ကြီးများ အငတ်ပြဿနာဖြေရှင်းရေးအတွက် အရေးပေါ်အစည်းအဝေးထိုင်နေကြသည်။
ဗိုလ်ချုပ်မှူးကြီးက “ အခုမျက်မှောက်ခေတ်မှာ စစ်နိုင်တဲ့နိုင်ငံတွေက စစ်ရှုံးတဲ့နိုင်ငံတွေကို အလုပ် အကျွှေးပြုရတယ် ပြီးတော့အဲဒီနိုင်ငံက ပြည်သူတွေကိုလည်းကျွှေးမွေးရတယ်” လို့ပြောရာ

ဒုတိယဗိုလ်ချုပ်မှူးကြီးက ထ၍ “ဒါဆို အမေရိကန် နဲ့ အင်္ဂလန် ကို ကျနော်တို့ စစ်ကြေငြာရအောင်
သူတို့တွေ ကျနော်တို့ကိုအနိုင်ယူပါစေ”ဟု ပြောရာတွင်

တိုင်းမှူးတစ်ယောက်မှထပြီး “မဖြစ်ဘူးထင်တယ်။ ကျနော်တို့နိုင်ရင် ဘယ့်နှယ့်လုပ်မလဲ”။

ဒီလိုနဲ့ အဖြေမထွက်ပဲ အစည်းအဝေး ရုတ်သိမ်းလိုက်ပါတယ်။

Read More...

မြန်မာစစ်သား (၆) ဦး ကေအန်ယူထံ လက်နက်ချ

၂၄ နိုဝင်ဘာ ၂၀၀၈

မြန်မာစစ်တပ်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ တပ်တွင်းဖိနှိပ်မှုများ အပါအဝင် လူထုကို နည်းအမျိုးမျိုးဖြင့် မတရား ဖိနှိပ်ညှဉ်းပမ်း အနိုင်ကျင့်မှုများကို နေ့စဉ်ကျူးလွန်နေသည့် မြန်မာစစ်တပ်အတွင်း ဆက်လက် နေထိုင်လိုစိတ် မရှိတော့သဖြင့် တော်လှန်ရေး အဖွဲ့အစည်းများနှင့် လာရောက် ပူးပေါင်းရခြင်းဖြစ်ကြောင်း လက်နက်ချမြန်မာစစ်သား (၆) ဦးထဲမှ စစ်သား မောင်ဖိုးဇော်က ခေတ်ပြိုင်သို့ ပြောကြားသည်။

ပြီးခဲ့သည့် သောကြာနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်စခန်းတခုသို့ ရောက်ရှိလာကြသည့် မြန်မာစစ်တပ်မှ စစ်သည် (၆) ဦးအနက် မြန်မာစစ်တပ်မှ ဆက်သွယ်ရေး စစ်သည်တဦးဖြစ်သူ မောင်ဖိုးဇော်က ၎င်း၏တပ်တွင်းအတွေ့အကြုံများအား ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

လက်နက်ချ မြန်မာစစ်သည် (၆) ဦးမှာ-

မောင်ဖိုးဇော် (၁၈နှစ်) ကိုယ်ပိုင်အမှတ် (တ/၃၆၉၃၄၁)၊ ခမရ(၅၂၂)၊ စခက(၁၆)။
မော်ကျော်ရဲဋ္ဌေး (၁၉နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၅၂၉၇)၊ ခလရ (၁၉)။
မောင်ဝင်းထွန်း (၂၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈)၊ ခလရ (၄၃၉)။
မောင်ကျော်နိုင်စိုး (၂၃နှစ်)၊ ကိုယ်ပိုင် အမှတ် (တ/၃၇၅၂၁၀)၊ ခလရ (၁၉)။
ရဲထွဋ်ဝင်း (၂၅နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၆၈၁၂)၊ ခလရ (၁၉)။
ကိုလမင်းထွန်း (၃၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၇)၊ ခလရ (၄၃၉) တို့ဖြစ်သည်။

အဆိုပါ မြန်မာစစ်သည် (၆) ဦးသည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ကေအန်ယူ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) သို့ လာရောက် ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။

မောင်ဖိုးဇော်က “တပ်ထဲမှာ လူသတ်၊ မုဒိမ်းကျင့်၊ လူထုကို နှိပ်စက်တဲ့အလုပ်တွေ နေ့စဉ်မြင်တွေ့ရတော့ ဆက်မလုပ်ချင်တော့တာနဲ့ ဒီဘက်ကို လာရောက် ပူးပေါင်းတာဖြစ်တယ်။ ဒီနှစ် ၂၀၀၈ (၉) လပိုင်းက ဆိုလို့ရှိရင် ဖာပွန်ခရိုင်၊ ထီးမူးခီးဂွင်မှာ တောင်ယာထဲက ရွာသားတွေကို လိုက်ဖမ်းတာ မမိဘဲ (၁၂) သားအရွယ် ယောက်ျားလေး တယောက်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်။ အဲ့ဒါ မိမိချင်းပဲ သူပုန် ဆိုပြီးတော့ ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ ၂၀၀၇ ခု မိုးတွင်းမှာပဲ တောင်ငူခရိုင်၊ တိပ်ပုရွာထဲမှာ ရွာထဲဝင်ပြီး လူတွေ လိုက်ဖမ်းတော့ လူကြီးတွေထွက်ပြေးပြီး နို့စို့အရွယ် ကလေး (၂) ဦး ပုခက်ထဲ ကျန်ခဲ့တယ်။ အဲ့ဒါကို ခမရ (၅၂၂) က ဗိုလ်ကြီး နေဝင်းမြင့်က သတ်ဖို့အမိန့်ပေးတော့ တပ်ကြပ်ကြီး ကျော်မိုးနဲ့ ဗိုလ်လွှမ်းမိုးအောင်တို့က ကလေးကို ကုတ်ကဆွဲပြီး ဆန်ဖွတ်တဲ့ မောင်းထဲ ထည့်ပြီး ထောင်းသတ်တာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “၂၀၀၇ ခုနှစ် စပါးရိတ်ချိန်မှာလည်း ဖာပွန်ခရိုင်၊ မူသဲဂွင်မှာ တောင်ယာတဲမှာ ရှိနေတဲ့ အသက် (၁၈) နှစ်အရွယ် ကရင်မလေး တယောက်ကို ခလရ (၆၈) စစ်ကြောင်းမှူး ဗိုလ်ကြီးသိန်းဖေ၊ ဗိုလ်ကြီး ဗညားဦး၊ ဗိုလ်ကြီးလေးသိန်းမောင် အပါအဝင် စစ်သား (၂၀) လောက် ကနေ ဝိုင်းပြီး မုဒိမ်းကျင့်ကြတယ်။ အဲ့ဒီမိန်းကလေး မေ့မြောသွားတဲ့ အချိန်မှာ ဗိုလ်ကြီးသိန်းဖေရဲ့ အမိန့်နဲ့ လူရော၊ တဲရော တခါတည်း မီးရှို့လိုက်တယ်။ ဒါ ကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပါ။ အထမ်းသမားတွေကိုလည်း လမ်းမြန်မြန်လျှောက်ဖို့ မိုင်းရှာတဲ့ ဆူးတွေနဲ့ အနောက်ကနေ တင်ပါးတို့၊ ကျောပြင်တို့ကို ထိုးတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတွေကျတော့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲခေါ်တာတွေ ရှိတယ်။ အဲဒါမှမနိုင်ရင် တခါတည်း သေနတ်နဲ့ ပစ်သတ်လိုက်တာတွေ မကြာခဏပဲ။ နောက်ပြီး ရွာပုန်းရွာရှောင်၊ ရွာ(၈) ရွာကိုလည်း မီးရှို့လိုက်တာတွေအပြင် အခြားလုပ်ရပ်တွေလည်း အများကြီးရှိတယ်။ စိတ်ဆင်းရဲစရာတွေချည်းပဲ နေ့စဉ်ကြုံတွေ့ နေရတယ်။ ဒါကြောင့် ဒီဘက်ကို ထွက်လာရတာပါ” ဟု ဆက်လက်ပြောကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ကျနော်တို့ဆီမှာ လာရောက် ပူးပေါင်းကြတဲ့ မြန်မာစစ်တပ်ကဖြစ်စေ၊ ဒီကေဘီအေကဖြစ်စေ၊ သူတို့ကို ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပါတယ်။ သူတို့ဆန္ဒကိုသာ ဦးစားပေးပါတယ်။ တော်လှန်ရေး ဆက်လုပ် ချင်တဲ့သူတွေကို တော်လှန်ရေးမှာ ထားသလို၊ အပြင်မှာပဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်ပြီး နေထိုင်ချင်တဲ့ သူတွေကိုလည်း လိုအပ်တဲ့အကူအညီတွေကို စီစဉ်ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ (၃) လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်နှင့် လာရောက်ပူးပေါင်း သည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်သည်များ (၃၀) ခန့် လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင် အမျိုးသား အစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ပြောသည်။

ယခု လာရောက်ပူးပေါင်းကြသည့် စစ်သည် (၆) ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) ညောင်လေးပင် ခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ရှိ ဆက်စပ်ဒေသများတွင် လှုပ်ရှားနေ သည့် တပ်ဖွဲ့များမှဖြစ်ပြီး ၎င်းတို့ကို ကေအန်ယူ နှင့် မဟာမိတ် များမှ လိုအပ်သည့် အကူအညီများပေးကာ လက်ခံစောင့်ရှောက်ထားသည်။

Ref: ခေတ်ပြိုင်

Read More...

Monday, November 24, 2008

ဟာသအလုပ်ခံနေရသည့် ဗိုလ်ချုပ်ကြီးများ

Monday, 24 November 2008
ရဲနည်

လက်ရှိ မြန်မာ နိုင်ငံသည် ရန်သူ သိမ်းပိုက် ခံနေရသည့် တိုင်းပြည် တခုကဲ့သို့ ဖြစ်နေသည့် အပြင် စစ်အစိုးရကို ဆန့်ကျင်သော သံဃာတော်များနှင့် လှုပ်ရှား တက်ကြွသူ များကိုလည်း နေ့စဉ်ညတိုင်း ပြင်းပြင်းထန်ထန် ဖိနှိပ်ဖြိုခွဲနေဆဲ ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် သွေးမြေကျရမှုနှင့် ၎င်းနောက်ပိုင်း ယခုနှစ်မေလက အဖျက်အဆီး ကြီးမားလှသော ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်ခံရမှုအပေါ်တွင် စစ်အစိုးရ၏ အကြင်နာတရားမဲ့ တုံ့ပြန် ဆောင်ရွက် မှုများကြောင့် ကမ္ဘာတဝန်း ဒေါသူပုန်ထခဲ့သည်။

အထူးသဖြင့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ်တွင် ပို၍ ဒေါသဖြစ်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ လူအများ၏ အမြင်တွင် သွေးအေးအေးဖြင့် ရက်စက်သည့် ခေါင်းမာသော ဗိုလ်ချုပ်ကြီးများကို ရယ်သွမ်းသွေးစရာ၊ ဒေါသထွက်စရာ ရုပ်ပြောင်များအဖြစ် ဆက်လက်သဘောထားခဲ့ကြပြန်သည်။

ဗိုလ်ချုပ်ကြီးများ၏ ကျောက်သားကဲ့သို့ တင်းမာနေသော မျက်နှာပေးနှင့် ပုံမှန်မြင်နေကျ ရုပ်ပုံများကို လူအများက ကာတွန်းများ ပြန်ဆွဲကြသလို ဓာတ်ပုံများကို ပြန်လည်ပြုပြင်၍ ပြောင်ချော်ချော် ပြုမူခဲ့ကြသည်။ ဤပုံများကို အင်တာနက်ပေါ်တွင် တင်ထားကြပြီး စစ်အစိုးရ ဆန့်ကျင်သူများက အင်တာနက်ပေါ်မှ ပြန်လည်ဆွဲချကာ နီးစပ်ရာသို့ ဖြန့်ဝေခဲ့ကြသည်။

လူကြိုက်အများဆုံးသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ပုံမှာ နိဗ္ဗာန်ယာဉ်ပေါ်တွင် ကွာတားဘောင်းဘီတို ဝတ်ကာ ရပ်နေရင်း သူ၏ စစ်တပ်ကို စစ်ဆေးနေသော ပုံဖြစ်သည်။

ပုံတူကူးထပ်ထားသော နောက်ထပ်ပုံတပုံတွင် ဗိုလ်ချုပ်မှူးကြီးကို အယ်လ်ကေဒါ အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင် နှင့် ထပ်တူပြုထားပြန်သည်။ နောက်ထပ်တပုံမှာ မြန်မာနိုင်ငံတွင် လူသိများသည့် ရမ်ဘို (၄) ရုပ်ရှင်ကြော်ငြာ ပိုစတာနဘေး၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရမ်အရက်ပုလင်းကြီးတလုံးကို ပိုက်ထားသော ပုံဖြစ်သည်။ ဤပုံတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို “ရမ်ဗိုလ်” ဟု အမည်ပေးထားသည်။ “ရမ်” အရက်ကိုသောက်၍ ဘိုကျ ရမ်းကားနေသူဟု ဆိုလိုခြင်းပင် ဖြစ်သည်။

နောက်တခုမှာ အငြိမ့်ပိုစတာတခုသဖွယ် ပြုထားခြင်းဖြစ်ပြီး “ချီးလေးချီး” နှင့် “ခွေးရောင်စုံအငြိမ့်” အမည်ပါ ပိုစတာ ဖြစ်သည်။ နိုင်ငံကျော် အငြိမ့်အဖွဲ့တခုဖြစ်သော သီးလေးသီးနှင့် ဆေးရောင်စုံအဖွဲ့ကို ရည်ညွှန်း၍ ယင်းစကားစုနှင့် မြန်မာပြည်ကို အုပ်စိုးနေသော ဗိုလ်ချုပ်ကြီးလေးဦးကို ပေါင်းစပ် ကြည့်လိုက်သော် ရွံစရာ ပစ္စည်းလေးခုနှင့် ခွေးရောင်စုံတအုပ် ဖြစ်သွားသည့်ဟန် သရုပ်ဖော်ထားခြင်း ဖြစ်သည်။

စစ်အစိုးရကို သရော်သည့်ပုံစံ တခုတွင် ရန်ကုန်မြို့၏ လမ်းများပေါ် ခြေဦးတည့်ရာ သွားနေသော ခွေးလေခွေးလွင့် များ၏ လည်ပင်းတွင် ဗိုလ်ချုပ်မှူးကြီး၏ ပုံများချိတ်ဆွဲကာ လွှတ်ပေးလိုက်ခြင်းသည်လည်း တခုအပါအ၀င် ဖြစ်သည်။

အင်တာနက်ပေါ်တွင် ၎င်းပုံများကို အလျင်အမြန် တွေ့နေကြရခြင်းမှာ မောင်တီထွင် (Mr. Creator) ဟု အမည်ခံထားသည့် ပြည်ပရောက် မြန်မာအနုပညာရှင်တဦး၏ ဖန်တီးမှု လက်ရာကြောင့် ဖြစ်သည်။ ဆွဲချခံရသော သူ၏ ဓာတ်ပုံများနှင့် ကာတွန်းများသည် ဆိုက်ဘာအတိုက်အခံများ အကြား အထူးပင် ရေပန်းစားလှသည်။

အင်တာနက် နည်းပညာသည် မောင်တီထွင်ကဲ့သို့သော အနုပညာရှင်များအတွက် မြန်မာစစ်အစိုးရ ခေါင်းဆောင်များ ကို ပစ်မှတ်ထား ပျက်ရယ်ပြုတိုက်ခိုက်ရန် ထိရောက်သည့် လက်နက်တခုအဖြစ် စွမ်းဆောင်ပေးနေသည်။

ဟားဗတ် တက္ကသိုလ်၊ အင်တာနက်နှင့် လူမှု အဖွဲ့အစည်းဆိုင်ရာ ဘာ့မင်ဌာန (Berkman Center for Internet & Society at Harvard University) အတွက် မရီဒူလ်ချောင်ဒရီ ရေးသားသည့် လေ့လာရေးစာတမ်း တခုဖြစ်သော “မြန်မာ့ရွှေဝါရောင် တော်လှန်ရေးအတွင်း အင်တာနက်၏ အခန်းကဏ္ဍ” တွင် သူက “တယ်လီဖုန်းနဲ့ ဖက်စ်က စရိတ်စကများတယ်။ တခါတလေမှာ မြို့ပေါင်းများစွာ ဒါမှမဟုတ် တိုင်းပြည်အနှံ့ ပြုလုပ်ကြရတဲ့ နိုင်ငံတကာ လှုပ်ရှားမှုတွေအတွက် စီစဉ်ဆောင်ရွက်မယ် ဆိုရင်လည်း ဒီနည်းပညာ အဟောင်းတွေက အံဝင်ခွင်ကျ မဖြစ်လှဘူး” ဟု ရေးသားထားသည်။

လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်သူများနှင့် စည်းရုံးရေးသမားများ ရေးဆွဲရသည့် မဟာဗျူဟာ၊ လိုအပ်သော ဆုံးဖြတ် ချက်များချရသည့် လှုပ်ရှားမှု အရှိန်အဟုန် နှစ်ခုအကြား အကွာအဝေးသည် အင်တာနက်ပေါ်တွင် အကြီးအကျယ် မှီတည်နေသည်ဟုလည်း သူကဆိုခဲ့သည်။

ချောင်ဒရီ၏ အဆို မှန်ကန်သည်။ သတင်းနည်းပညာသစ် ပေါ်ထွန်းလာမှုနှင့်အတူ မြန်မာလူမျိုးများသည် အင်တာနက် ကို လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ရှိသော နည်းလမ်းတခုအဖြစ် ထူးထူးခြားခြား မြင်လာကြသည်။

သံဃာတော်များ ဦးဆောင်ခဲ့သော ၂၀၀၇ ခုနှစ် စက်တင်ဘာလမှစ၍ မြန်မာလူမျိုးများ၏ တွေးခေါ်ပုံ၊ ဆက်သွယ်ပုံ နှင့် အထီးကျန်သော၊ စစ်တပ်အုပ်ချုပ်သော တိုင်းပြည်အတွင်း ပျော်ရွှင်မှု ဖန်တီးရာတွင်ပါ အင်တာနက်က များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။

မြန်မာလူမျိုးများသည် ယခုအခါ ဂျီတော့ခ် ပေါ်တွင် ပုံမှန်စကားပြောကြခြင်း၊ လူမှုကွန်ရက် ၀က်ဘ်ဆိုက်များဖြစ်သော Facebook, Hi5 နှင့် Friendster များပေါ်တွင် မိတ်ဖွဲ့ကြခြင်း၊ ပြည်ပရောက် မြန်မာ ၀က်ဘ်ဆိုက်များသို့ ၀င်ရောက် ဖတ်ရှုကြခြင်း ပြုနေကြပြီး စစ်အစိုးရက ပိတ်ပင်ထားသော ၀က်ဘ်ဆိုက်များကို ပရောက်ဆီ ဆာဗာများသုံး၍ မည်ကဲ့သို့ ကျော်ဖြတ်ဝင်ရသည်ဆိုသည့် သတင်းအချက်များကိုပင် ဖလှယ်တတ်ကြပြီ ဖြစ်သည်။

၎င်းတို့၏ ဘလော့များနှင့် အီးမေးကွန်ရက်များတွင် သတင်းအချက်အလက် ဖလှယ်ခြင်း၊ နိုင်ငံရေးအရ အရေးကြီး သော ကိစ္စရပ်များနှင့် တခြားသော ပြည်တွင်းကိစ္စရပ်များကို ဆွေးနွေးငြင်းခုံကြခြင်း၊ အုပ်စိုးသူ ဗိုလ်ချုပ်ကြီးများ ဒေါ သူပုန်ထစေသော ကာတွန်းများ၊ ဂိမ်းများ ပြလုပ်ကြခြင်း စသည့်လုပ်ငန်းများကိုလည်း တက်တက်ကြွကြွ လုပ်ကိုင်လာ ကြသည်။

အင်တာနက်ပေါ်တွင် ကစားရသော အကြီးအကျယ်အောင်မြင်နေသော ဂိမ်းတခုမှာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ အခြေစိုက် စစ်အစိုးဆန့်ကျင်သော အုပ်စုတစုက တင်ထားသည့် “ငြိမ်းချမ်းရေးအတွက် အတွင်းခံဘောင်းဘီ လှုပ်ရှားမှု” ဆိုသည့် ရယ်စရာ ကစားနည်းတခု ဖြစ်သည်။ ကစားသူများသည် အမျိုးသမီး အတွင်းခံဘောင်းဘီပုံ ဒုံးကျည်များ ဖြင့် ဗိုလ်ချုပ်မှူးကြီး၏ ပုံကို ပစ်နိုင်သည်။ တည့်တည့်မှန်ပါက အမှတ်ရသည်။ နိုင်ငံရေးဂိမ်းများ ထုတ်လုပ်သော ၀က်ဘ်ဆိုက်တခုဖြစ်သည့် READYAIMVOTE.com က ဖန်တီးထားခြင်း ဖြစ်သည်။

မြန်မာကာတွန်းပညာရှင်များကလည်း အလားတူ ကစားနည်းတခုကို မကြာသေးမီက ထုတ်လွှင့်ခဲ့သေးသည်။ ထိုကစားနည်းတွင် ကစားသူများက ပုံပါသော လေထဲတွင် ပျံဝဲနေသည့် ခွေးဘီလူးသန်းရွှေအား လောက်လေးခွဖြင့် ပစ်ချနိုင်သည့် ကစားနည်း ဖြစ်သည်။

နာဂစ်ဆိုင်ကလုန်းကဲ့သို့သော သဘာဝဘေး ကပ်ဆိုးကြီးသည်ပင်လျှင် မြန်မာလူမျိုးများ၏ ဒုက္ခအတွင်း ရယ်မောနိုင် စွမ်းကို မဖျောက်ပစ်နိုင်ခဲ့ပေ။

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခံခဲ့ရသော ဒေသများအတွင်း ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်သည့် သြဂုတ်လအတွင်းက ရန်ကုန်မြို့၏ အထင်ကရ နေရာတခုဖြစ်သော လောကနတ် ခန်းမတွင် သဘာဝ ဘေးဆိုးကို ဟာသ သရုပ်ဖေါ်ထားသည့် ကာတွန်းပုံ ၄၀၀ အား “မုန်တိုင်းမှ နိုးထလာခြင်း” ဟူသည့် ခေါင်းစဉ်ဖြင့် ခင်းကျင်းပြသခဲ့ကြသည်။

ထိုပြပွဲအတွက်ရေးဆွဲပေးကြသော ကာတွန်းဆရာ ၇၀ သည် စာပေစိစစ်ရေးနှင့်ပတ်သက်၍ ပြဿနာ တက်နိုင် သည်ကို သိသော်လည်း ရေးဆွဲဖော်ပြခဲ့ကြသည်။ သူတို့ကို ငြိုငြင်မည့်အရေး အမှုမထားဘဲ ဆန့်ကျင်၍ လူထု ဒုက္ခ ရောက်ချိန်တွင် တစုံတရာ အမောပြေ ရယ်မောနိုင်စေရန် ဦးစားပေး ဆောင်ရွက်ခဲ့ကြသည်။

ပြပွဲကို စီစဉ်ထားသည့်အတိုင်း ဆက်လက်ပြသခဲ့ခြင်းအားဖြင့် ထိုကာတွန်းဆရာများသည် မြန်မာ့ရိုးရာ သရော်လှောင် ပြောင်ခြင်းအစဉ်အလာ သရုပ်မှန်ကို ဖော်ထုတ်ပြသခဲ့ကြသည်။

ပျက်ရယ်ပြုခြင်းတခုတည်းဖြင့် ရက်စက်သော စစ်အစိုးရကို ဖြုတ်မချနိုင်ဟု မြန်မာပြည်သူများက ကောင်းစွာသိကြပါ သည်။ သို့သော်လည်း နိုင်ငံရေး ဟာသများသည် တော်လှန်ခြင်း၏ အသိမ်မွေ့ဆုံးသော ပုံစံတခုဖြစ်ပါသည်။ အာဏာရှင်များ၏ သူတို့ကိုယ် သူတို့တန်ဖိုးထားမှုကို ယင်းဟာသများက ဖျက်ဆီးနိုင်ကြသကဲ့သို့ အာဏာရှင် စနစ်အောက် အသက်ရှင်နေထိုင်ရန်အတွက် ပုံစံတခု ဖြစ်ကြောင်းလည်း ၎င်းတို့ နားလည်ကြသည်။

တခါက အမေရိကန် စာရေးဆရာနှင့် ဟာသပညာရှင် မက်တွိန်း ရေးသားခဲ့သလို “လူသားများတွင် လုံးဝ ထိရောက် သော လက်နက်တခုသာလျှင် ရှိသည်။ ဤသည်မှာ ရယ်မောခြင်းပင် ဖြစ်တော့သည်” ဟု ဆိုရပေလိမ့်မည်။

ရဲနည်ရေးသားသည့် The Joke's on the Generals ကို ဆီလျော်အောင်ပြန်ဆို ဖော်ပြပါသည်။

Ref: ဧရာဝတီ

Read More...

အေပက်ခေါင်းဆောင်တွေ ဘဏ္ဍာရေးအကျပ်အတည်း ကျော်လွှားနိုင်မယ်လို့ ယုံကြည်

24 November 2008

ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းကို ၁၈လတာ ကာလအတွင်း ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ပစိဖိတ်ဒေသနိုင်ငံ ခေါင်းဆောင်တွေက ပြောကြား လိုက်ကြပါတယ်။ APEC ခေါ် အာရှပစိဖိတ် ၂၁နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲကို ပီရူးနိုင်ငံ လီမားမြို့တော်မှာ ကျင်းပပြီးလို့ တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်ရာမှာ ဘဏ္ဍာရေး ကဏ္ဍ တည်ငြိမ်စေဖို့အတွက် ပြတ်ပြတ်သားသား ပူးပေါင်း ဆောင်ရွက်ကြမယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတကာ ကုန်သွယ်မှု အတားအဆီးတွေကို တနှစ်တာ ရှောင်ကျဉ်ကြမယ်လို့လည်း တာဝန်ယူခဲ့ကြပြီး ဂျူလိုင်လက ရပ်ဆိုင်းသွားခဲ့တဲ့ ကမ္ဘာ့ ကုန်သွယ်မှု ဆွေးနွေးပွဲကို ပြန်လှည် အသက်သွင်းနိုင်အောင် အားထုတ်မယ်လို့လည်း ကတိပြုကြပါတယ်။

ဝါရှင်တန်မြို့တော်မှာ G20 လို့ခေါ်တဲ့ နိုင်ငံကြီး ၂၀ ထိပ်သီးဆွေးနွေးပွဲရဲ့ လေသံအတိုင်းပဲ ကမ္ဘာ့ ဘဏ္ဍာရေး အဆောက်အဦတွေကို အသစ် ပြန်ပြင်ဖို့ တောင်းဆိုကြပါတယ်။ APEC ဒေသဟာ ကမ္ဘာ့ ကုန်သွယ်ရေး ပမာဏရဲ့ တ၀က်လောက်ကို လုပ်ကိုင်နေတဲ့ ဒေသဖြစ်ပါတယ်။ ဒီ APEC ထိပ်သီး ဆွေးနွေးပွဲဟာ အမေရိကန် သမ္မတ ဂျော့ဘုရှ်အဖို့ သမ္မတ တယောက်အနေနဲ့ နိုင်ငံတကာ တက်ရောက်တဲ့ နောက်ဆုံး အစည်းအဝေးပွဲပဲ ဖြစ်ပါလိမ့်မယ်။

Ref: VOA News

Read More...

မျိုးဆက်သစ် အရင်းအမြစ်များ မဆုံးရှုံးစေချင်

မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းလာနေသည်နှင့်အမျှ တိုးတက်လာသည့်လူဦးရေနှင့် တနှစ်ထက်တနှစ် များပြားလာသော တက္ကသိုလ်ဘွဲ့ရများအတွက် အလုပ်နေရာချထား ပေးနိုင်သည့် ပြည်တွင်း လုပ်အားဈေးကွက်က မယှဉ်နိုင်ဖြစ်လာရသည်။

ဤအနေအထားတွင် နှစ်စဉ်ထောင်နှင့်ချီသော ပညာတတ်ဘွဲ့ရများက သူတို့၏ ကိုယ်ပိုင် အနာဂတ်ကို ပျိုးထောင်နိုင်ရန် နိုင်ငံမှ ထွက်ခွာနေကြတော့သည်။

ဘွဲ့ရပညာတတ် လုပ်သားအများအပြား နိုင်ငံရပ်ခြားသို့ ထွက်ခွာနေကြသည့်ပြဿနာက မြန်မာနိုင်ငံအတွက်သာ ထူးခြား ဖြစ်ပေါ်နေခြင်း မဟုတ်ပါ။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအတော်များများတွင် “ဦးနှောက်ယိုစီးမှု” ပြဿနာ ကြုံ တွေ့ နေကြရသည်။


မကြာခင်က စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေကြသော အထက်တန်းကျောင်းသား ဘ၀က သူငယ်ချင်းများနှင့် စကားစမြည် ပြန်ပြောမိသည်။ သူတို့အနေနှင့် အလုပ်ရနိုင်ကြ သေးသော်လည်း တခြားသော မြန်မာနိုင်ငံ၏ လူငယ် ပညာတတ် များအနေ နှင့်မူ သူတို့ကျွမ်းကျင်သည့် ပညာနှင့် အလုပ်ရရန် ခက်ခဲလာသည်ကို ကျနော် သတိပြုလာမိသည်။

ပြည်တွင်းတွင် အုပ်ချုပ်နေသည့် စစ်အစိုးရက ထိုသူများကို တန်ဖိုးမထားတတ်ကြသလို၊ ပြည်ပတွင် လှုပ်ရှားနေကြသည့် အတိုက်အခံအုပ်စုများ ကလည်း ထိုသူများ၏ တန်ဖိုးကို အလေးမထားကြပါ။

ပြည်တွင်းနှင့် ပြည်ပရောက်နေသူ ကျနော့်မိတ်ဆွေအများအပြားတွင် သူတို့ငယ်ရွယ်စဉ်က အိပ်မက်ခဲ့သည့် အရာများ ပျောက်ကွယ် ဆုံးရှုံးနေခဲ့ကြပြီကို တွေ့ရသည်။ အကြောင်းမှာ နိုင်ငံ၏ ဆုတ်ယုတ် ကျဆင်း လာနေသော ပညာရေးစနစ် ကြောင့်ပင် ဖြစ်သည်။ ကျနော်မှတ်မိနေသည်မှာ ထိုသူအများစုက လူ ၄၊ ၅ ထောင်တွင် ထိပ်ပိုင်းစာတော်သည့် ကျောင်းသား ၄၀ - ၄၅ ဦးထဲ၌ ရှိနေခဲ့ကြသူများဖြစ်ပြီး သူတို့အနေနှင့် အဆင့်မြင့် အသက်မွေး ပညာများဖြစ်သည့် ဆေးတက္ကသိုလ် သို့မဟုတ် အင်ဂျင်နီယာ ကျောင်းများ တက်ရောက် အောင်မြင်နိုင်ကြ သူများလည်း ဖြစ်ကြသည်။

သို့သော်လည်း အထက်တန်းကျောင်းပြီးချိန် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း သူတို့၏ စိတ်အားထက်သန်မှုများကို နှောင့်ယှက် ဟန့်တားမည့် ပြဿနာ အများအပြား ကြုံခဲ့ကြရသည်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ကျောင်းများ ပိတ်လိုက် ဖွင့်လိုက် အကြိမ်ကြိမ်ဖြစ်နေသည်က ပြဿနာတခုဖြစ်သည်။ တဖန် အစိုးရက တက္ကသိုလ်များကို ဝေးလံခေါင်သီသော နေရာများသို့ ပို့ခဲ့ခြင်းကလည်း ဘူးလေးရာဖရုံဆင့်စေခဲ့သည်။

အသစ်ပေါ်လာသည့် ခေတ်သစ် သတင်းနည်းပညာများ ကလည်း သူတို့၏ မူလအိပ်မက်များဖြစ်သော ဆရာဝန်ဖြစ်ရန်၊ အင်ဂျင်နီယာဖြစ်ရန် ဆိုသည့် ငယ်ဘ၀စိတ်ကူးများနှင့် လမ်းခွဲစေ ခဲ့ပြန်သည်။ တချို့က ဘွဲ့ရကြသည်၊ တချို့က အိမ်ထောင် ကျပြီး မြန်မာပြည်တွင် အခြေကျနေပြီ၊ တချို့ကတော့ ပြည်ပသို့ထွက်၍ တခြားသော ရွှေ့ပြောင်း အလုပ်သမား ထုနှင့် ပူးပေါင်း၍ ၀မ်းကျောင်းခဲ့ကြသည်။

၎င်းတို့အနက်မှ တချို့မှာ အထက်တန်းကျောင်းပြီးသည်နှင့် ပြည်ပကိုထွက်ကာ နိုင်ငံရပ်ခြားတက္ကသိုလ်များတွင် ကျောင်း တက်ခွင့် ရခဲ့ကြသည်။ သို့သော်လည်း ဤသူများကိုယ်နှိုက်ကပင် သူတို့လေ့လာထားသည့် ဘာသာရပ်က တလွဲ၊ သူတို့ အသက်မွေးဝမ်းကျောင်း ပြုနေရသည့် ပညာရပ်ကတလွဲ ဖြစ်နေပြန်သည်။ သို့ မဟုတ် ပါကလည်း သူတို့ ယခင် မျှော်မှန်း ထားကြသော အိပ်မက်များနှင့် လားလားမျှမဆိုင် ဖြစ်နေပြန်သည်။

စင်ကာပူနိုင်ငံတွင် ရောက်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ အများစုမှာ တက္ကသိုလ်ဘွဲ့ရများဖြစ်ပြီး ကျွမ်းကျင် အဆင့် ရှိသည့် လုပ်သားများလည်း ဖြစ်သည်။ ထိုသူများမှာ စီးပွားရေးလုပ်ငန်းများနှင့် စက်မှု လုပ်ငန်းများက လိုချင်၍ လိုက်ရှာနေကြရသည့် အင်ဂျင်နီယာများ၊ ကွန်ပျူတာ ကျွမ်းကျင်သူများ၊ အုပ်ချုပ်ရေး အရာရှိများလည်း ဖြစ်ကြသည်။

သို့သော်လည်း ကျနော် စကားပြောခဲ့ရသည့် ၇ ဦးစလုံးထံမှ မကျေမနပ် ညည်းညူသံများကို ကြားခဲ့ရသည်။ သူတို့ကို စင်ကာပူ အလုပ်ရှင်များက ခေါင်းပုံ ဖြတ်ပုံ၊ တရားဝင်ပေးရမည့် အနိမ့်ဆုံးလုပ်ခ လစာများ မရရှိပုံ၊ လုပ်ခ အနည်းအကျဉ်း သာ ပေး၍ အချိန်ပို အလုပ်ဆင်းရန် အတင်းအကျပ် ခိုင်းစေပုံများကို ကြားခဲ့ရသည်။ ထိုမျှမက သူတို့တွင် ဘဏ္ဍာရေးအရ၊ လူမှုရေးအရ ဖိစီးစရာ အကြောင်းများ ကြုံနေရကြောင်းနှင့် ရံဖန်ရံခါ လုပ်ငန်းခွင်အတွင်း လူမျိုးရေးအရ ခွဲခြားခံရပုံကို လည်း ကြားခဲ့ရသည်။

ဤသို့ ကွန်ပျူတာသိပ္ပံ၊ အင်ဂျင်နီယာလုပ်ငန်း၊ ဟိုတယ် စီမံခန့်ခွဲမှု၊ စာရင်းကိုင် စသည့် ကျယ်ပြန့်သော လုပ်ငန်းများကို မြန်မာပြည်တွင်သာ လုပ်ကိုင်ခွင့်ရခဲ့ပါက ဤသူများအဖို့ မြန်မာနိုင်ငံစီးပွားရေးအတွက် များစွာ အကျိုးပြု နိုင်ကြမည် ဖြစ် သည်။ ထိုသူတို့မှာ ခေါင်းဆောင်များ၊ ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသူများ၊ အဆင့်မြင့် ထိပ်သီး ပညာရှင်များ၊ နည်းပညာ ရှင်များ၊ တက္ကသိုလ် ပါမောက္ခများ ဖြစ်လာနိုင်သည်။ သူတို့၏ လုပ်အားကို ဈေးချိုချိုနှင့် ခေါင်းပုံဖြတ်ခံနေရသည့် တိုင်းတပါး တွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အလုပ်သွားလုပ်နေရန်ပင် မလိုအပ်ပါ။

ဤသို့ လူငယ်များ၏ လုပ်အားကို လျှော့ပေါ့တွက်၍ တန်ဖိုးမထားသည်မှာ မြန်မာစစ်အစိုးရမျှသာ မဟုတ်ပါ။ ဒီမိုကရေစီ ရေး လှုပ်ရှားနေကြသည့် အဖွဲ့များကလည်း ထိုသူများကို ပြုစုပျိုးထောင်ရန် ပျက်ကွက်ခဲ့ကြပါသည်။ သူတို့အဖွဲ့ အတွင်း တိုးတက် စေရန်နှင့် နိုင်ငံရှေ့ရေးအတွက် တိုးတက်ဖွံ့ဖြိုးစေရန် ဤလူငယ်များကို အခွင့်ပေး အသုံးချ ပျိုးထောင်ပေးဖို့ ပျက်ကွက်ခဲ့ကြ သည်။

မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားနေကြသည့် အင်အားစုများက လူငယ်များကို သိမ်းသွင်းစုဆောင်းရန် တွန့်ဆုတ်နေ ကြသည်။ ထိုလူငယ်များ ပညာသင်ဆုများရဖို့ ၀ိုင်းဝန်းကြိုးပမ်း ကူညီပေးရန်နှင့် လူငယ်များ၏ ကျွမ်းကျင်မှုများ ထက်မြက် လာစေရန် ပျိုးထောင်ရေးကို ဒီမိုကရေစီ အင်အားစု အများစုက စိတ်မ၀င်စားကြပါ။ တချို့သောအဖွဲ့များတွင် ပညာသင်ဆု အခွင့်အလမ်းများ ရရှိကြသည်။ သို့သော်လည်း ဒီမိုကရေစီအရေး အားကျိုးမာန်တက် ဆောင်ရွက်ပေးမည်ဟု အားခဲထားကြ သည့် လူငယ်များအတွက် တကယ့်ကို အနည်းအကျဉ်းမျှသာ ဖန်တီးပေးနိုင်ပြန်သည်။

၂၀၀၀ ပြည့်နှစ် ဆန်းပိုင်းတွင် နောက်ထပ် ပညာဆက်သင်ရန် အခွင့်အလမ်းများ ပွင့်လမ်းလာခဲ့ရာ ဤအခွင့်အလမ်းများကို ဦးဆောင် အဖွဲ့အစည်းကြီးများ၏ အသက်အရွယ်ကြီးနေပြီဖြစ်သည့် ခေါင်းဆောင်ပိုင်းက အလျင်အမြန် မောင်ပိုင်စီး လိုက်ကြပြန်သည်။

ဤအဖွဲ့အစည်းများသည် လေ့လာရန် အခွင့်အလမ်းသစ်များ ဖန်တီးပေးရန် ပျက်ကွက်ခဲ့ရုံမျှမက၊ နိုင်ငံရေး အတိုက်အခံ များနှင့် ဆက်နွယ်မှု ရှိနေသည့် အာရှတိုက်နိုင်ငံများနှင့် အနောက်နိုင်ငံ တက္ကသိုလ်များမှ ပညာသင်ကြားလာသော ရာနှင့်ချီသည့် ကျောင်းသားများ၏ ကျွမ်းကျင်မှုများကိုလည်း အသုံးမချခဲ့ကြပါ။ အသုံးချခဲ့လျှင်လည်း အနည်းအကျဉ်းမျှသာ ရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ တိုက်ရိုက် ထွက်ခွာလာသူများကို အသုံးချရန် ဆိုသည်မှာ ပို၍ ဝေးလှသည်။

ဤအချိန်တွင် မြန်မာစစ်အစိုးရက နည်းပညာရှင်များနှင့် အုပ်ချုပ်ရေးဝန်ထမ်းများကို စုဆောင်းသိမ်းသွင်းနေပြီး စစ်အစိုးရ ယန္တရား အင်အားတောင့်တင်းရေးအတွက် အသုံးချနေသည်။ ထိုလူငယ်များကို ရုရှား၊ စင်ကာပူနှင့် တခြားနိုင်ငံများရှိ ကောလိပ်နှင့် တက္ကသိုလ်များသို့ ပို့ကာ ပညာသင်စေလွှတ်ခဲ့ကြသည်။

သို့သော်လည်း ပြည်ပရောက်နေသည့်အင်အားစု များက သူတို့ဘာသာ ငွေရှာကျောင်းတက်နေကြသူများ၊ အနည်းအကျဉ်း မျှသော ပညာသင်ဆုကြေးနှင့် ကြိုးစား၍ တက္ကသိုလ်ပညာ ဆက်လက်သင်ကြား နေကြသူများ စသဖြင့် သူတို့ဘာသာ ကြိုးစား၍ ခရီးစထားပြီးသား သူများကို အခွင့်အလမ်းများ ကမ်းလှမ်းပံ့ပိုးပေးရန် ပျက်ကွက်ခဲ့ကြသည်။

တက္ကသိုလ်ဘွဲ့ရသူများကို တချို့သော ပြည်ပရှိ အဖွဲ့အစည်းများက လက်ထောက်အကူ များအဖြစ် သိမ်းသွင်းခဲ့ကြသည် မရှိမဟုတ်။ အနည်းအကျဉ်း ရှိပါသည်။ သို့သော်လည်း ထိုသူများမှာ အထွေထွေ ရုံးလုပ်ငန်းမျှနှင့်သာ အဆုံးသတ် ကြရပြီး သူတို့ကိုယ်သူတို့ ထက်အောင်သွေးထားကြသည့် အရည်အသွေးများ၊ ဗဟုသုတများကိုလည်း အသုံးမပြုနိုင်ဖြစ်ခဲ့ ကြရသည်။ ဤအဖွဲ့အစည်းများ၏ အသက်အရွယ် အိုမင်းကြီးရင့်နေပြီဖြစ်သည့် ခေါင်းဆောင်များကို ကူညီပံ့ပိုးပေး ခြင်းသည်သာ ကောင်းစွာ ပညာသင်ကြားလာသည့် လူငယ်များအတွက် အမြင့်ဆုံးရနိုင်သည့် ရာထူးတာဝန် ဖြစ်ပုံရပါသည်။

ထိုအချိန်တွင် ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် တခြားသော ဖွံ့ဖြိုးသည့်နိုင်ငံများက လက်မနှေးကြပါ။ ထက်မြက် သည့် ပညာတတ်လူငယ်များနှင့် သူတို့၏ ကျွမ်းကျင်မှုများကို အခွင့်ကောင်းယူ၍ အလျင်အမြန် ကောက်ယူမြှောက်စားခဲ့ ကြပါသည်။ ကမ္ဘာပေါ်တွင် မြင့်ပြီးသား သူတို့၏ အဆင့်အတန်းနေရာကို ဆက်လက်ထိန်းသိမ်း အသာစီးယူနိုင်ရေးအတွက် ဆောင်ရွက် ခဲ့ကြပါသည်။ ဥပမာအားဖြင့် - ကနေဒါ လူဝင်မှုစနစ်ကို အမှတ်ပေးစနစ်သဖွယ် လုပ်ထားပြီး ထောင်ပေါင်းများ စွာသော ပညာတတ်များ၊ ကျွမ်းကျင်ပညာရှင်များကို နှစ်စဉ်ခေါ်ယူ၍ အမြဲတမ်းနေထိုင်ခွင့်ပေးခြင်း၊ နိုင်ငံသားအဖြစ် သတ် မှတ်ပေးခြင်း ပြုနေကြပါသည်။

ထိုနိုင်ငံများမှ ဘွဲ့ရလာကြသူ မြန်မာလူမျိုးများကို မူဝါဒရေးရာ အကြံပေးများ၊ သုတေသနမှူးများ၊ အငယ်တန်းအရာရှိများ အဖြစ် အိမ်ရှင်အစိုးရနှင့် အစိုးရက ထောက်ပံ့ထားသည့် အဖွဲ့အစည်း ဌာနများတွင် သိမ်းသွင်းစုဆောင်း နေရာချ ထားပေး နေကြပြီ ဖြစ်သည်။ တချို့မှာ ပုဂ္ဂလိကလုပ်ငန်းများအတွင်း ကျွမ်းကျင်သူများအဖြစ် ၀င်ရောက်လုပ်ကိုင် နေကြသူများလည်း ရှိနေသည်။

ငယ်ရွယ်၍ ထက်မြက်သော မြန်မာလူငယ်များကို နေရာပေး သိမ်းသွင်းခန့်ထား၍ အရှုံး မရှိကြောင်းကို ထိုနိုင်ငံများက သိကြသည်။ ရရှိနိုင်သမျှသော လူသားအရင်းအမြစ်ကို တန်ဖိုးထား၊ အသုံးချခြင်းပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ အတွက် အတော်ဆုံးနှင့် အထက်မြက်ဆုံး လူငယ်များကို ထိန်းသိမ်းမွေးမြူထားလိုလျှင် အစိုးရနှင့် အတိုက်အခံ အင်အားစု နှစ်ဘက်စလုံးက ပိုမို အရေးတယူ ဆောင်ရွက်သင့်နေပြီ ဖြစ်သည်။ လတ်ဆတ်သည့် အတွေးအမြင်သစ်များကို လက်ကမ်းကြိုဆိုကြရန် လိုအပ်နေပြီ ဖြစ်ပါသည်။

စိုင်းစိုးဝင်းလတ်

စိုင်းစိုးဝင်းလတ်ရေးသားသည့် Burma’s Wasted Intellectual Potential ကို ဆီလျော်အောင်ပြန်ဆို ဖော်ပြပါသည်။
စိုင်းစိုးဝင်းလတ်သည် ကနေဒါနိုင်ငံ၊ ဘာနာဘီရှိ ဆိုင်မွန် ဖရေဇာတက္ကသိုလ်တွင် (Simon Fraser University) တွင် ပထ၀ီ အဓိကဖြင့် ဘွဲ့လွန်လေ့လာနေသူ Ph.D. ကျောင်းသားတဦး ဖြစ်ပါသည်။

Ref: ဧရာဝတီ

Read More...

FoxyProxy ကိုသုံးပြီး ကျော်ကြည့်ရအောင်

ကျွန်တော်တို့ အင်တာနက်ကြည့်လို့ပိတ်ထားတာတွေကို Freedom သုံးပြီးကျော်ကြည့်ကြတယ်။ ဒါပေမယ့် ကျော်ဖို့မလိုတဲ့ ဆိုဒ်တွေကိုဆိုရင် proxy မသုံးဘဲ ဒီတိုင်းကြည့်တာက ပိုမြန်တယ်။ Browser နှစ်ခုခွဲပြီးကြည့်ရင်လည်း အဆင်မပြေဘူး။ အလုပ်ရှုပ်ပါတယ်။ ဒီတော့ …

Firefox မှာ FoxyProxy ဆိုတဲ့ add-on ရှိတယ်။
ကိုယ်ကဘယ်ဆိုဒ်တွေကို ဘယ် Proxy နဲ့ ကျော်ကြည့်မလဲဆိုတာ ကြိုရွေးထားလို့ရတယ်။
နောက်ပြီး ဘာပေါ်လာရင် Proxy ကိုသုံးမယ်ဆိုပြီး ချိန်ထားလို့လဲရတယ်။
ကျွန်တော်က freedom နဲ့ setting ချိန်တာကိုပဲ ပြောပါမယ်။
FoxyProxy Addon သွင်းပြီးရင် Browser ရဲ့ ညာဖက်၊ အောက်ထောင့်မှာ မြေခွေးခေါင်းပုံ ပေါ်လာပါလိမ့်မယ်။
Ctrl + F2 ကိုနှိပ်လိုက်ရင် setting box ကျလာပါလိမ့်မယ်။
Proxies ဆိုတဲ့ tab အောက်မှာ Default ကိုရွေးထားပြီး Edit Selection နှိပ်လိုက်ပါ။
Proxy Detail ကို Click လုပ်လိုက်ပြီး FireFox ရဲ့ Tools > Option > Advance > Network > Settings အောက်ကအတိုင်း ချိန်လိုက်ပါ။


ပြီးရင် Ok.
နောက် Add new proxy ဆိုတာကိုနှိပ်လိုက်ပါ။
အသစ်ပေါ်လာတဲ့ Box မှာ General > Proxy Name ကို Freedom ဆိုပြီးရိုက်ထားလိုက်
Proxy Detail ကို Click လုပ်လိုက်ပြီး Host Name: 127.0.0.1 Port: 8080 ဆိုတာဖြည့်လိုက်ပါ။
အောက်မှာပုံပြထားပါတယ်။


(Port Number က freedom မှာဘယ်လိုချိန်ထားလဲဆိုတာမူတည်ပါတယ်။ Default ကတော့ 8080 ပါ။)
ပြီးရင် ကြိုတင်ပြီးရွေးထားချင်ရင် Patterns > Add New Pattern ကိုနှိပ်ပြီး Pattern Name ရယ် Url Pattern ကိုဖြည့်ထားလိုက်ပါ။White List ကိုရွေးပါ။ ပြီးရင် Ok ပေါ့။
ဥပမာ - Pattern Name: Gmail
Url Pattern : *mail.google.com/*
မရွေးထားချင်ရင် OK လုပ်လိုက်ပါ။ Box တစ်ခုပေါ်လာမယ် Ok ထပ်နှိပ်ပါ။
ကျွန်တော်တို့ မြင်နေကြစာသားလေး
Access Denied
The access to requested URL has been denied
ဆိုတာလေးပေါ်လာတာနဲ့ Proxy ကိုအဲဒီ tab အတွက်သုံးဖို့ ချိန်ရအောင်

၁။ FroxyProxy Option အောက်က AutoAdd tab ကိုနှိပ်လိုက်ပါ။
၂။ Enable ကိုအမှန်ခြစ်ပါ။
၃။ Reload Page ကိုအမှန်ခြစ်ထားပါ။ notify me ကိုအမှန်ခြစ်လိုရင်ခြစ်ပါ။ မခြစ်ထားလဲရပါတယ်။
၎။ Prompt for editing ကိုတော့ ဖြုတ်ထားပါ။
၅။ အောက် Drop Down List Box ထဲမှာ ကိုယ်သုံးချင်တဲ့ Proxy ကိုရွေးလိုက်ပါ။
၆။ Pattern to identify block website ဘေးက Define ကို Click လုပ်ပါ။
၇။ ဘန်းထားရင်ပေါ်လာတဲစာသားထဲက တစ်ကြောင်းလောက်ကိုကူးပြီး ရှေ့နောက် * (ခရေပွင့်) ခံလိုက်ပါ။
ဥပမာ- BaganNet ဆိုရင် *The access to requested URL has been denied*
၈။ အောက် Wild Card ကို ရွေးထားပေးပါ။ ပြီးရင် Ok။ ဆက်တင်ချိန်တာပြီးပါပြီ။
မျက်လုံးလဲညောင်းရောပေါ။ အညောင်းပြေ ပိတ်ထားတဲ့ ဆိုဒ်တွေဖွင့်ကြည့်လိုက်နော်။ ကျော်ဖို့အတွက် freedom ဖွင့်ဖို့လဲမမေ့နဲ့အုံး။

Ref: Leojack

Read More...

အပေါ်သို့