..............................

Friday, December 18, 2009

ဒီနေ့ တတိယအုပ်စု၊ တတိယလိုင်းဆိုတာ ဘယ်လို ဟာတွေလဲ

ရဲဘော်ဖိုးသံချောင်း
၁၈ ဒီဇင်ဘာ ၂၀၀၉

အခုနောက်ပိုင်း ဗမာပြည် နိုင်ငံရေးမှာ “တတိယအုပ်စု၊” တတိယလိုင်း” ဆိုတဲ့ ဝေါဟာရကို အတော်ပြောဆို သုံးနှုန်း နေကြတာ တွေ့ရ၊ ကြားရပါတယ်။ အထူးသဖြင့် နအဖ စစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုတာနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ပြင်ဆင်တာတွေ လုပ်လာကြတဲ့ နောက်ပိုင်းမှာ ဖြစ်ပါတယ်။

ဒီတော့ သဘာဝကျစွာပဲ ဒီနေ့ အဲဒီလို ကိုယ့်ကိုယ်ကိုယ် “တတိယအုပ်စု”၊ တတိယလိုင်း” လို့ ကြွေးကြော် နေသူတွေကို ပြန် စောကြော မိပါတယ်။ ဘယ်လိုလူတွေက၊ ဘာရည်ရွယ်ချက်နဲ့ ဘာ့ကြောင့် ပြောနေတာလဲ။

ဒီနေရာမှာ ဖြတ်ပြောသင့်တယ်ထင်တာ တခုက နိုင်ငံရေးမှာ “တတိယအုပ်စု၊” တတိယလိုင်း” ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် သတ်မှတ် ကြေညာကြတာမျိုး အင်မတန် ရှားပါတယ်။ အဓိကကတော့ တိကျတဲ့ နိုင်ငံတခု၊ ဒါမှမဟုတ် နိုင်ငံရေး ခွင်ကြီးတခုရဲ့ အခြေအနေကို လိုက်ပြီး သုံးသပ်သူတွေ၊ မီဒီယာတွေက သတ်မှတ်တာ ပြောဆိုတာ များပါတယ်။ ဒါပေမယ့် ဒီနေ့ဗမာပြည်က နအဖ စစ်ဒီမိုကရေစီ ခေတ်မှာ ကျတော့ ဒီလူတွေ၊ ဒီအဖွဲ့တွေဟာ သူများထက် ထူးပြီး ကိုယ့်ကိုယ်ကိုယ် “တတိယအုပ်စု”၊ တတိယလိုင်း” လို့ မိတ်ဆက်ပြီး ကားလိပ်ရှေ့ ထွက်လာကြတာ တွေ့နေရပါတယ်။

ပထမဆုံးအားဖြင့် အဲဒီလိုပြောနေသူတွေထဲမှာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မယ့်သူ ဆိုတာနဲ့ မဝင်မယ့်သူ ဆိုတာရယ်လို့ ခွဲရင် ရမယ် ထင်ပါတယ်။ ရွေးကောက်ပွဲကို မဝင်ဘူးလို့ ပြောပြီး ဒီအယူအဆကို တွင်တွင် ဖြန့်နေသူ၊ သူတို့နဲ့ မတူသူတွေကို ရန်တွေ့နေ သူတွေကတော့ သဘောတရားရေး ဆရာကြီးတွေ ဖြစ်ပါတယ်။ သူတို့မှာ အာဏာ-အခွင့်အရေး ရည်မှန်းချက် မရှိဘူး၊ စေတနာ သန့်သန့်နဲ့ ဒီအယူအဆတွေကို ဖြန့်နေတာလို့ ဆိုနေကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တချိန်ကတော့ သူတို့ဟာ တခြား အဖွဲ့အစည်းတွေမှာ တခြားအယူအဆတွေ အတွက်လည်း သဘောတရား ဆရာကြီးတွေ လုပ်ဖို့ ကြိုးစား ခဲ့ကြသူတွေ ဖြစ်တယ်ဆိုတာ သတိမပြုမိဘဲ မနေနိုင်ပါဘူး။ သူတို့ဟာ နိုင်ငံတကာ စာမျက်နှာတွေ ပေါ်ကနေ ရှာတွေ့လို့ ရသမျှ၊ အသုံးတည့်မယ် ထင်သမျှကို ဆွဲယူပြီး ဗမာပြည် နိုင်ငံရေးနဲ့ အတင်း ဆွဲစပ်ပေးတာပါ။ သူတို့ဟာ သူများတွေကိုတော့ စာအုပ်ကြီး သမားတွေ၊ တရားသေ သမားတွေလို့ ပုတ်ခတ် တိုက်ခိုက်ပြီး သူတို့ ကိုယ်တိုင်ကတော့ စာအုပ်ကြီး- စာအုပ်ကလေး၊ ဆောင်းပါးတို၊ ဆောင်းပါးရှည်၊ လက်လှမ်း မီသမျှထဲကနေ နအဖဗိုလ်ချုပ်တွေ မနောခွေ့မယ် ထင်သမျှကို ဆွဲယူ ကိုးကား နေကြတာ ဖြစ်ပါတယ်။ နအဖ စစ်အုပ်စု ဖြစ်စေချင်တဲ့ လာမယ့် ရွေးကောက်ပွဲကို ဝင်ဖို့ သဏ္ဌာန်မျိုးစုံ၊ အသုံးအနှုန်း မျိုးစုံနဲ့ နှပ်ကြောင်းပေးရေးပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် “တတိယအုပ်စု”၊ တတိယလိုင်း” ဆိုသူတွေအထဲမှာတော့ လူပေါင်းစုံ တွေ့ရပါတယ်။ စစ်အုပ်စု ထိပ်သီး တွေနဲ့ပေါင်း၊ ကျိကျိတက် ချမ်းသာနေတဲ့ ပညာရှင် ဆိုသူတွေပါသလို လက်ကိုင်ဖုန်းလေးရ၊ ဓာတ်ဆီဆိုင် ပါမစ်လေး ရတာနဲ့ စစ် အစိုးရ ပြောစေချင်သမျှ ပြောနေတဲ့ လူတွေလည်း ပါပါတယ်။ ဒါပေမယ့် အများဆုံးကတော့ ဗမာပြည် နိုင်ငံရေးလောက ဝေါဟာရအရ ‘အပျက်’ လို့ ဆိုရမယ့်လူတွေ ဖြစ်ပါတယ်။ ဗကပပျက်၊ မဆလပျက်၊ အလံနီပျက်၊ ပမညတပျက်၊ နောက်ဆုံး ဒီချုပ်အပျက်တောင် ပါပါတယ်။ အားနာနာနဲ့ ထောက်ပြရရင် ဒီအထဲမှာ ဗြောင်တမျိုး၊ တိတ်တိတ်တဖုံ သဏ္ဌာန်မျိုးစုံနဲ့ လက်နက် ချထားသူတွေလည်း တကယ်ပဲ မနည်းပါဘူး။ ပတ်မကြီး ဖောက်ခွဲဖူးသူတွေ များပါတယ်။

ဒီနေရာမှာ ဒီပုဂ္ဂိုလ်၊ ဒီအဖွဲ့အစည်းတွေဟာ “တတိယအုပ်စု”၊ “တတိယလိုင်း” တကယ်ဟုတ် မဟုတ် ဆိုတာကိုလည်း ပြောရမယ် ထင်ပါတယ်။ ဗမာပြည်ရဲ့ လွတ်လပ်ရေး ဒီဘက် ရွေးကောက်ပွဲ သမိုင်းမှာ ‘တသီးပုဂ္ဂလ’ ဆိုတဲ့ အသုံးအနှုန်းကို လူတိုင်း၊ နားယဉ်၊ မျက်စိ ယဉ်နေတယ်လို့ ပြောနိုင်ပါတယ်။ နောက်ပြီး စစ်အေးခေတ်တုန်းက ‘ဘက်မလိုက် နိုင်ငံများ လှုပ်ရှားမှု’ ကိုလည်း သိကြပါတယ်။ အဲဒါတွေနဲ့ ယှဉ်ကြည့်လိုက်ရင် အခုပြောနေတဲ့ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေဟာ အမည်ခံ သက်သက် ဆိုတာကို တွေ့ရ ပါလိမ့်မယ်။

တတိယအုပ်စု၊ တတိယလိုင်းဆိုတာဟာ သမိုင်းအခြေအနေ လိုက်လို့ ပြောင်းလဲ နေတာဖြစ်ပါတယ်။ ဖဆပလ မကွဲခင် ၁၉၅၂ ရွေးကောက်ပွဲနဲ့ ၁၉၅၆ ရွေးကောက်ပွဲ အပြီးမှာ ဖဆပလနဲ့ ပမညတဟာ အဓိက ထိပ်ချင်း ဆိုင်နေသူတွေ ဖြစ်ပါတယ်။ ကျန်တဲ့ တသီးပုဂ္ဂလ ဆိုတာတွေက ဒီနှစ်ဖွဲ့နဲ့ ဘယ်လိုမှ မပတ်သက်သူတဲ့ တတိယ အင်အားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဖဆပလလည်း ကွဲပြီးတဲ့ အခါမှာတော့ သန့်ရှင်းနဲ့ တည်မြဲတို့ဟာ အဓိက ဆိုင်နေသူတွေ ဖြစ်ပြီး ပမညတဟာ တတိယ အုပ်စု ဖြစ်သွားပါတယ်။ ပမညတဟာ အဲဒီနှစ်ဖက်နဲ့ အခြေခံ အယူအဆမှာ လုံးဝ မတူပါဘူး။

အခုတော့ ဒီလူတွေက သူတို့ကိုယ်သူတို့ နအဖနဲ့လည်းမတူ၊ ဒီချုပ်နဲ့လည်း မတူဘူး ဆိုတာနဲ့ပဲ “တတိယအုပ်စု” လို့ ခေါ်ရတော့မလို ဖြစ်နေပါတယ်။ တကယ်ကျတော့ တစညလို ဟာကို မေးကြည့်ရင်လည်း သူတို့ဟာ နအဖနဲ့ရော၊ ဒီချုပ်နဲ့ရော မတူဘူး၊ တခြားစီလို့ပဲ ပြောမှာပါ။ ဒါကြောင့် “နအဖနဲ့လည်း မတူ၊ ဒီချုပ်နဲ့လည်း မတူ” ဆိုတာကို စံလို့ ပြောလို့ မဖြစ်ပါဘူး။ ဒီတော့ တဆက်တည်း မေးသင့်တာက ဒီ “တတိယအုပ်စု” ၊ “တတိယလိုင်း” သမားတွေဟာ သူတို့ကိုယ်သူတို့ နအဖနဲ့ မတူပါဘူးလို့ ဘယ်နေရာမှာ၊ ဘယ်လို မတူတာလဲလို့ တိတိကျကျ ပြောဖူးသလဲ ဆိုတာပါပဲ။ ပြည်သူလူထုက ကြားနေရတဲ့ သူတို့ပါးစပ်က စကားတွေကတော့ နအဖကို ထောက်ခံနေတာချည့်ပါပဲ။ နအဖနဲ့ မတူတာရယ်လို့ စကားဦးလေး သန်းပြတာတောင် မကြားဖူးပါဘူး။

တခါ အယူအဆသဘောအရပြောရရင်လည်း ဒီနေ့ဗမာပြည် နိုင်ငံရေးမှာ အဓိက ကွဲနေတာက နအဖရဲ့ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲတို့ အပေါ် သဘောထားတဲ့ ကိစ္စမှာ ဖြစ်ပါတယ်။ ဒီအဓိက ပြဿနာကြီးမှာ သူတို့ဟာ နအဖနဲ့ တသားတည်း ဖြစ်ရုံမက ပိုတောင် ကဲနေကြပါတယ်။ နအဖရဲ့ ဖွဲ့စည်းပုံကို နောင်မှာ ပြင်သွား ကြတာပေါ့ ဆိုတာမျိုးတောင် မပြောဝံ့တဲ့ လူတွေဖြစ်ပါတယ်။ တချိန်က ဗမာပြည် နိုင်ငံရေး ဇာတ်ခုံပေါ်က တသီးပုဂ္ဂလ ဆိုတာဟာ တကယ့် တသီးပုဂ္ဂလတွေ ဖြစ်တာမို့လို့ ဖဆပလလို အာဏာရ အဖွဲ့ဟာ သူတို့ချင်း ကွဲပြဲတာအပါ နိုင်ငံရေး ပြဿနာကြီးတွေ၊ အကျဉ်းအကျပ်တွေနဲ့ ကြုံတွေ့လာရတိုင်း ဒီတသီး ပုဂ္ဂလတွေကို စည်းရုံးခဲ့၊ ကိုယ့်ကို ထောက်ခံအောင် လုံးပန်း ခဲ့ရပါတယ်။ အဲဒါနဲ့ ပြောင်းပြန် အခုဒီ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေကတော့ တကယ်လို့ နအဖ အစိုးရမှာသာ အကျဉ်းအကျပ်နဲ့ ကြုံရရင် အရင်ဆုံး ထိုးကျွေးတာ ခံရဖို့ ရှိပါတယ်။ တကယ်ကဒီ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေဟာ နအဖ မိုးလေဝသ၊ တနည်းအားဖြင့် ဗိုလ်သန်းရွှေရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ပြီး ရပ်တည် လှုပ်ရှားနေကြရတာ ဖြစ်ပါတယ်။ နအဖ ဒါရိုက်လုပ်သမျှ လိုက်လုပ်ရသူတွေ ဖြစ်ပါတယ်။ နအဖက ပေါ်စေဆိုလို့ ပေါ်ပေါက် လာတာဖြစ်ပြီး တချိန်မှာ နအဖက ပျောက်စေ ဆိုရင်လည်း ရုတ်ခြည်း ပျောက်ကွယ်သွားမှာသာ ဖြစ်ပါတယ်။

နအဖရဲ့ တရားဝင်မီဒီယာတွေမှာ အခုထက်ထိ ဒီအဖွဲ့တွေ၊ ဒီလူတွေနဲ့ ဒီအယူအဆ၊ ဒီ အပြောအဆိုတွေ အကြောင်း ဘာမှ မပြောတာကို သတိထားမိကြမယ် ထင်ပါတယ်။ ဒါဟာ သမိုင်းမှာ မကြာမကြာ ကြုံတွေ့ရလေ့ ရှိတဲ့ ကပ်ဖားရပ်ဖားတွေကို သခင်က သိပ်ဂရုမစိုက်တဲ့ ဖြစ်ရပ်တွေအတိုင်း တသဝေမတိမ်း တွေ့ရတာသာ ဖြစ်ပါတယ်။ မဆလ လက်ထက်မှာ သခင်စိုးဟာ ထောင်ထဲကနေရော၊ ထောင်ပြင်က နေပါ စစ်အုပ်စု အုပ်စိုးမှုကိုရော၊ မဆလသ ဘောတရားကိုပါ ထောက်ခံတဲ့ စာတမ်းတွေကို သဘောတရား လုပ်ပြီး ဗိုလ်နေဝင်းဆီကို ရေးပို့ပါတယ်။ နောက်ဆုံးတော့ အဲဒီစာတွေဟာ ထောက်လှမ်းရေး အတွက် အသုံးချစရာသာ ဖြစ်ခဲ့ပြီး ဗိုလ်နေဝင်းက မျက်စောင်းတောင် ထိုးမကြည့်ခဲ့ဘူး ဆိုတာကို သတိထားကြသင့် ပါတယ်။

ဒါနဲ့များ သူတို့ကိုယ်သူတို့ ဘာဖြစ်လို့ “တတိယအုပ်စု”၊ “တတိယလိုင်း” လို့ မသူတော် (၇) ပါးလို ကိုယ့်အကြောင်းကိုယ် ဖော်နေကြတာလဲလို့ မေးလာရင် အဖြေက သိပ်ရှင်းပါတယ်။ တချက် နအဖက အဲဒီလို ပြောစေချင်မှန်း သိလို့ဖြစ်ပါတယ်။ သူတို့အဖို့ နအဖ ဗိုလ်ချုပ်တွေ ကျေနပ်အောင် လုပ်ရေးဟာ အဓိက ဆိုတာကို မမေ့သင့်ပါဘူး။ နောက်တချက်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ မဲရချင်လို့ ဖြစ်ပါတယ်။ ဒီချုပ်နဲ့ တသားတည်းဆိုရင် နအဖက အမှုန့်ကြိတ်ပစ်မှာ၊ နအဖနဲ့ တသားတည်းဆိုရင် မဲမရမှာ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဗုံမဟုတ်၊ ပတ်မဟုတ် ဖြစ်ပါကြောင်း ပြောနေတာ ဖြစ်ပါတယ်။ သူတို့ခမျာ ရွေးကောက်ပွဲက တဆင့် သူတို့ အကျိုးရှိမယ်လို့ တကယ်ကို ယုံကြည်နေရှာ ကြတာပါ။

ဒါပေမယ့် လူသားချင်းစာနာတတ်သူများကတော့ သူတို့တတွေ ဒီလိုလုပ်နေလို့ သူတို့ရဲ့ဇာတ်သိမ်း မကောင်းနိုင်ဘူး၊ သူတို့ကို နအဖ ဗိုလ်ချုပ်တွေက ဒီတပွဲ၊ ဒီတကွေ့ အတွက်သာ အသုံးချတာ ဖြစ်တယ်ဆိုတာကို သတိပေး ကြရပါမယ်။

Ref: ခေတ်ပြိုင်


Read More...

SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်တွေ နယ်ခြားစောင့်တပ်ထဲ မ၀င်လို

17 December 2009

နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ သဘောတူထားတဲ့ အပစ်ရပ်အဖွဲ့တွေ အတွက် သူတို့ရဲ့ တပ်သား အင်အား၊ လက်နက်အင်အား စာရင်းတွေကို ပေးအပ်ဖို့ မြန်မာစစ်တပ်ရဲ့ ဖိအားပေးတာကို ခံနေရတဲ့ အချိန်မှာပဲ တချို့ တပ်ဖွဲ့တွေမှာ နယ်ခြားစောင့် တပ်ထဲကို ၀င်ဖို့ စာရင်းလာပေးတဲ့ သူတွေဟာ လေးငါး ရာခိုင်နှုန်း လောက်ပဲ ရှိနေပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့ကို ဖွဲ့နိုင်ဖို့ အချင်းချင်းကြားမှာ အကြိတ်အနယ် ဆွေးနွေး နေရတာနဲ့ ပတ်သက်ပြီး တရုတ်၊ မြန်မာ နယ်စပ်ဒေသအရေး စောင့်ကြည့် လေ့လာနေတဲ့ သူတွေကို ဘန်ကောက်ရောက် ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်းပြီး တင်ပြ ပေးထားပါတယ်။

မြန်မာစစ်တပ်နဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တပ်ဖွဲ့တွေထဲက နယ်ခြားစောင့်တပ် အဖြစ်နဲ့ ပြောင်းလဲ ဖွဲ့စည်းဖို့ သဘော တူထားတဲ့ SSA မြောက်ပိုင်း ရှမ်းပြည် တပ်မတော်မှာ တပ်သားအင်အား လေးငါးထောင်လောက် ရှိနေပေမဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် အဖြစ် ပါဝင်ဖို့ စာရင်းကောက်တဲ့ အခါမှာတော့ ၂၀၀ လောက်ပဲ ရှိနေတယ်လို့ တရုတ်၊ မြန်မာ နယ်စပ်ဒေသ အရေး စောင့်ကြည့် လေ့လာနေတဲ့ ရှမ်းသတင်းစဉ်က အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောပါတယ်။

“SSA ဆိုရင် နယ်ခြားစောင့်တပ်လုပ်ဖို့ မူအရ သဘောတူညီတယ်၊ အခု သူတို့လူတွေကို သဘောပေါက်အောင် စည်းရုံးဆဲပဲ ဖြစ်တယ်လို့ အရင်တုန်းက တင်ပြခဲ့တယ်။ နအဖကလည်း ခင်ဗျားတို့ မူအရ သဘောတူတယ် ဆိုရင် ဘာမှ ဆွေးနွေးစရာ မလိုတော့ဘူး၊ ခင်ဗျားတို့ ၃ တပ်ရင်းလောက် ရနိုင်အောင် လူစုပါ၊ သဘောပေါက်တဲ့ လူတွေကို အကုန်လုံး စုလိုက်ပါလို့ ပြောတဲ့ အခါကြတော့ သူတို့လည်း သဘောတူတဲ့ လူစာရင်း ကောက်တဲ့ အခါကြတော့ လူ ၂၀၀ လောက်ပဲ ရတယ်။

“အဲလို လူ ၂၀၀ လောက်ပဲရတော့ နအဖကို ပြီးခဲ့တဲ့ နိုဝင်ဘာလက တင်ပြတဲ့အခါ နအဖက ပြောတယ်တဲ့၊ ခင်ဗျားတို့ လူက လေးငါးထောင်လောက် ရှိပြီးတော့မှ လူ ၂၀၀ လောက်ပဲ စာရင်း တင်ပြနိုင်တယ် ဆိုတာ မဟုတ်သေးဘူး၊ ခင်ဗျားတို့ ထပ်လုပ်ပါဆိုပြီး ပြောတဲ့အတွက် သူတို့လည်း အခု ဒီဇင်ဘာ လဆန်းမှာ အစည်းအဝေး လုပ်ပြီးတော့ လူ ၁,၀၀၀ ကို ဘယ်လိုလုပ် ရအောင် လုပ်မလဲ၊ ကျန်တဲ့ လူ ၃,၀၀၀ ကျော်က ဘယ်လိုလုပ်မလဲ၊ အဲဒါတွေ သူတို့ ဆွေးနွေးနေကြတယ်၊ အခုထိ။”

မြန်မာစစ်တပ်က အလိုရှိတဲ့ တပ်သားအရေအတွက် ပေးနိုင်၊ မပေးနိုင်၊ တကယ်လို့ ၉၀၀ ကျော်က နယ်ခြားစောင့် တပ်ထဲ ၀င်သွားရင် ကျန်တပ်သားတွေရဲ့ အရေး၊ သူတို့ရဲ့ ရပ်တည်ချက်၊ ဒါတွေကို ဆက်ပြီး ဆွေးနွေးနေကြဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မိုင်းလားမှာ အခြေစိုက်တဲ့ NDAA ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မှာတော့ သူတို့ တောင်းဆိုချက်တွေကို လိုက်လျောမှု ရှိမရှိ သေသေချာချာ မသိရသေးချိန်မှာ သူတို့ရဲ့ တပ်သားဦးရေနဲ့ လက်နက် အရေအတွက် စာရင်း အတိအကျကို ပေးဖို့ မြန်မာ စစ်တပ်ဘက်က ဖိအား ပေးနေတာမို့ ဒီစာရင်းကို ပေးသင့် မပေးသင့် စဉ်းစား ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။

အခုလို တရုတ်၊ မြန်မာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေ အရေး မပြေမလည် ဖြစ်နေချိန်မှာ တရုတ်နိုင်ငံရဲ့ ဒု-သမ္မတ မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတာမို့ ဒီ နယ်စပ် ပြဿနာထဲမှာ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးဖို့ ရှိမရှိ မေးကြည့်တဲ့ အခါမှာတော့ …

“တရုတ်၊ ဗမာ ဆက်ဆံရေးမှာ ရှိနိုင်တဲ့ ပြဿနာတွေ အားလုံးနဲ့ ပတ်သက်ပြီး သူတို့ ဘယ်နည်းနဲ့မဆို ခြုံပြီး ဆွေးနွေး သွားမှာပဲလို့ ကျနော်ထင်တယ်။ သို့သော်လည်း အပစ်အခတ် ရပ်စဲရေးအဖွဲ့တွေ အကြောင်းချည်းပဲ အဓိကထားပြီး ဆွေးနွေး သွားမယ်လို့တော့ မထင်ဘူးပေါ့။ ဒီအပစ်အခတ် ရပ်စဲရေး အဖွဲ့တွေနဲ့ ပတ်သက်ပြီး အဓိက ထားပြီးတော့ ဆွေးနွေး သွားနိုင်တာကတော့ ပြီးခဲ့တဲ့ အပတ်တုန်းက ချန်ဒူး စစ်ဒေသမှူး ဒု-ဗိုလ်ချုပ်ကြီး အားဟူရှင်း လာတုန်းက ဆွေးနွေးသွားပုံ ရတယ်လို့ အများက မြင်ကြပါတယ်။

“သူလာတုန်းကဆို အရှေ့မြောက်ပိုင်း တိုင်းမှူး အောင်သန်းထွဋ်နဲ့လည်း တွေ့တယ်။ တြိဂံ ကျိုင်းတုံ တိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုးနဲ့လည်း တွေ့တယ်။ ပြီးတော့ ရှမ်းပြည်နဲ့ ကယားပြည်နယ် တို့ကို အုပ်ချုပ်ထားတဲ့ ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့တယ်။ ဆိုတာ့ ဒီဥစ္စာ တော်တော်ကြီးကို ထူးခြားတာပေါ့။ ဘယ်နည်းနဲ့မဆို နယ်စပ်လုံခြုံရေး အကြောင်း ပြောမှာပဲ။ နယ်စပ် လုံခြုံရေး ဆိုလည်း အဓိကကတော့ အခုလောလောဆယ် ပြဿနာ ဖြစ်နေတဲ့ဟာတွေ ပြောမှာပဲဆိုတာ အများက ခန့်မှန်းကြတာပေါ့။”

ဦးခွန်ဆိုင်း ပြောပြသွားတာ ဖြစ်ပါတယ်။

အခုလို မြန်မာစစ်အစိုးရဘက်က နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ကြိုးစားနေတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ အတွက်တော့ အကျိုး မရှိနိုင်ဘူးလို့ တရုတ်၊ မြန်မာ နယ်စပ်ဒေသက မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“လူမျိုးစု ပြည်သူတွေအတွက် အကျိုးမရှိဘူး၊ လူမျိုးစု ပြည်သူတွေ ကိုင်ထားတဲ့ လက်နက်တွေကို အကုန် သိမ်းတာကိုး။ မြန်မာ အစိုးရ အတွက်တော့ အကျိုးရှိတာပေါ့။ ဒါက သေချာတယ်။ တရုတ်ပြည် အတွက်တော့ လတ်တလော ဖွဲ့စည်းပုံ မတည်မငြိမ် ဖြစ်နေတဲ့ ကာလ၊ မြန်မာ အစိုးရရဲ့ ဒီလို အခြေအနေမျိုးမှာ Border Guard နဲ့ပတ်သက်ပြီး တရုတ်ပြည်အတွက် လောလောဆယ် အကျိုး မရှိဘူးလို့ ကျနော်တော့ မြင်တယ်။ အကျိုး ရှိတဲ့ ကိစ္စက စီးပွားရေးရော၊ နိုင်ငံရေးရော ပတ်သက်တယ်။

“နိုင်ငံရေးအရဆိုရင် အခုလက်ရှိ ရှိနေသေးတဲ့ အဖွဲ့အစည်း အတော်များများက နိုင်ငံရေး အရ တရုတ်ပြည် အနေနဲ့ တော်တော်များများ အပေါ်စီးက ဆက်ဆံနိုင်တဲ့ အနေအထားမျိုးလည်း ရှိတယ်။ ၀ ဒေသ ဆိုပါတော့၊ တရုတ်ပြည်က ၀ ခေါင်းဆောင်တွေပဲ။ တရုတ်ပြည်က ၀ တွေ၊ သူ ပြောနိုင် ဆိုနိုင်တဲ့ အခြေအနေ အများကြီးရှိတယ်။ တကယ်တော့ အဲဒီ ဒေသကြီးက မြန်မာအစိုးရ ဒေသကြီး ဖြစ်သွားပြီ ဆိုရင် တော်တော်များများ အခြေအနေ အချက်အလက် ဘယ်လို သွားပြောမလဲ။ မြန်မာ အစိုးရကို တိုက်ရိုက်ပြောမှ ရတော့မှာ ဖြစ်တယ်။ မြန်မာ အစိုးရကလည်း သူပြောတိုင်း လုပ်တာ မဟုတ်ဘူး၊ သူလုပ်ချင်ရာ လုပ်တဲ့ အစိုးရဖြစ်တယ်။

“စီးပွားရေးအရတော့ မြန်မာအစိုးရနဲ့ နယ်စပ်ကပ်နေတဲ့ နေရာ တော်တော်များများက စီးပွားရေး ပျက်တာပေါ့။ ကျနော်တို့ တွေ့ခဲ့တာပဲ၊ မောက်ငူတို့၊ ကြူကုတ် ပန်ဆိုင်းတို့၊ ကန်ပိုက်တီးတို့ ပန်ဝါတို့၊ ဒီနေရာတွေက သူ့သာသူ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ ရှိနေတဲ့ ကာလမှာ သူ့ဘာသာသူ အဆင်ပြေနေတာ၊ Legal ရော Illegal ရောပေါ့ဗျာ။ တကယ်တမ်း မြန်မာ အစိုးရလည်း တက်ကိုင်ရော ဘာမှ သိပ်လုပ် မရဘူး ဖြစ်နေတယ်။ စီးပွားရေး အရ၊ နိုင်ငံရေး အရ လတ်တလော အခြေအနေမှာ Border Guard လုပ်တာ တရုတ်ပြည်အတွက် အကျိုး မရှိပါဘူး။”

ဦးအောင်ကျော်ဇော ပြောပြသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

Thursday, December 17, 2009

မူးယစ်သမင် မူးယစ်မိုးနဲ့ ကုလမုဆိုး

ဂါမဏိ
၁၆ ဒီဇင်ဘာ ၂၀၀၉

“အမေရိကန်၊ ရုရှား၊ တရုတ်တို့ဆီမှာ အဏုမြူလက်နက် ရှိတယ်။ ငါတို့မှာလည်း ဘိန်းဖြူ လက်နက်ရှိတယ်”

ဒီစကားကတော့ ၁၉၈၀ ခုနှစ်များနဲ့ ၁၉၉၀ ခုနှစ်များတုန်းက (ယာမ စိတ်ကြွဆေး ခေတ်မစားခင်) မဆလ - နဝတ - နအဖ စစ်ဗိုလ်ချုပ်တွေ ခိုးကြောင် ခိုးဝှက်နဲ့ ဂုဏ်ယူဝင့်ကြွား ဟစ်ကြွေးခဲ့တဲ့ စကား ဖြစ်ပါတယ်။ ဒီစကားအတိုင်း ထိုင်း-အာဆီယံ-အမေရိကန် တို့ကို တိုက်ဖို့ ဘိန်းဖြူ ထုတ်လုပ် တင်ပို့ရေးကို ဗမာစစ်အာဏာရှင် တွေက နောက်ကွယ်က အခိုင်အမာ အားပေးခဲ့ပါတယ်။ ၁၉၉၀-၉၁ တုန်းကလည်း ဗိုလ်ချုပ်မောင်အေးဟာ အမေရိကန်ကို မူးယစ်ဆေး လက်နက်နဲ့ တိုက်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်ကို အသစ်တဖန် ပြန်ချပေးခဲ့ပါတယ်။

ဒီရည်ရွယ်ချက်နဲ့ပဲ ခွန်ဆာကို မွေးခဲ့တာဖြစ်ပါတယ် (ကွန်မြူနစ်နဲ့ တိုင်းရင်းသား သူပုန်တွေကို စစ်တပ်ကိုယ်စား တိုက်ပေးဖို့ ရည်ရွယ်ချက်လည်း ပါခဲ့တယ်)။ လက်ရှိ နအဖ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်မောင်အေး အပါအဝင် ရပခတိုင်းမှူးတွေကို ခွန်ဆာက နှစ်စဉ်ကြေး ပုံမှန် သွင်းခဲ့ရပြီး စာအဆက်အသွယ် အမြဲ ရှိခဲ့ပါတယ်။ စီးပွားရေး ကိစ္စတွေ၊ တိုင်းရင်းသား သူပုန်သတင်း၊ ဗကပ သတင်းတွေ၊ စစ်ဆင်ရေး သတင်းတွေ ဖလှယ်ခဲ့ပါတယ်။ ဟိုတုန်းက ငွေတန်ဖိုးနဲ့ တနှစ်ကို အနည်းဆုံး ကျပ်သိန်း (၃,၀၀၀) လောက် သွင်းပေး ခဲ့ပါတယ်။ ကတော်တွေအတွက် ယိုးဒယားပစ္စည်း လက်ဆောင်တွေ ကတော့ ပြောစရာကို မလိုတော့ပါ။ ဒါ့အပြင် ခွန်ဆာဟာ ၈၈ ခုနှစ် နဝတ အာဏာသိမ်းစ ဘဏ္ဍာရေး အကျပ်ဆိုက် နေချိန်၊ နိုင်ငံတကာကလည်း ငွေကြေး အထောက်အကူ ဖြတ်တောက် ထားချိန်မှာလည်း ကျပ်ငွေရော ဒေါ်လာငွေပါ ထောက်ပံ့ ချေးငှားပေးတာတွေ လုပ်ခဲ့လို့ နဝတ အသက်ရှူပေါက် ရသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ခွန်ဆာဟာ မူးယစ်ဂိုဏ်း ပီပီသသ မနေတော့ဘဲ ရှမ်းပြည် လွတ်လပ်ရေးတွေ၊ အမျိုးသားရေးတွေ ဝင်ယောင်လာလို့ တကြောင်း၊ နဝတအဖို့ အရှေ့မြောက် အပစ်ရပ်အဖွဲ့ကြီး တွေနဲ့ စီးပွားရေး လုပ်ရတာ ပိုတွက်ခြေ ကိုက်လာတဲ့ အတွက် တကြောင်း၊ နဝတဟာ ခွန်ဆာရဲ့ အမ်တီအေ တပ်တွေကို အလေးအနက် စစ်ဆင်ရေးလုပ် အပြုတ်ဖြုတ် ခဲ့ရပါတယ်။

ဒီလိုနဲ့ စစ်ဗိုလ်ချုပ်တွေဟာ မူးယစ်ဆေး ကုမ္ပဏီသစ်တွေကို ထူထောင် လည်ပတ်လာခဲ့ပါတယ်။ အပစ်ရပ် အဖွဲ့တွေကို မူးယစ်ဆေး လုပ်ငန်းထဲ နစ်အောင် တခြားစီးပွားရေး လုပ်ငန်းတွေ ပိတ်ဆို့၊ ဖိအားတွေ မက်လုံး ဆွယ်လုံးတွေ ပေးခဲ့ပါတယ်။ နံပါတ် (၃)၊ နံပါတ် (၄)၊ ယာမ စိတ်ကြွဆေး တွေကို ပြည်ပဈေးကွက် အတွက်ပဲ ထုတ်လုပ်ဖို့၊ ပြည်တွင်း ဈေးကွက်မှာ မဖြန့်ဖို့အတွက် မူးယစ်ဆေး ထုတ်လုပ်သူတွေ၊ မူးယစ်ဆေး ကုန်သည်တွေကို နဝတ ထောက်လှမ်းရေးတွေ၊ တိုင်းမှူးတွေ၊ တိုင်းစစ်ဌာနချုပ် ဂျီ-ဝမ်း၊ ဂျီ-တူး (စစ်ဦးစီးအရာရှိ ပထမဆင့်နဲ့ ဒုတိယဆင့်) တွေက ကိုယ်တိုင်ကိုယ်ကျ ခေါ်ပြောခဲ့ပါတယ်။ ဆက်ကြေး မှန်မှန်ပေးဖို့နဲ့ ရှယ်ယာပါရဖို့လည်း ညှိတာကတော့ ထည့်ပြောစရာ လိုမယ် မထင်ပါ။

ဒါပေမယ့် စစ်အုပ်စုဟာ ဘယ်သူတေတေ ငတေမာပြီးရော သမားတွေဖြစ်တဲ့ အတွက် အဲဒီ ‘အိတ်စ်ပို့ပေါ်လစီ’ ကိုလည်း သူတို့ အထဲကပဲ ပြန်ဖောက်ဖျက် ခဲ့ပါတယ်။ နအဖ ထောက်လှမ်းရေးတွေ၊ ဗျူဟာ-တပ်မ - တိုင်းစစ်ဌာနချုပ် အဆင့် အရာရှိတွေ ဦးစီးပြီး စစ်တပ် လက်ဝေခံ မူးယစ်ဆေး ကုန်သည်တွေ လက်လီ လက်ကား သမားတွေကို ရှမ်းပြည်၊ ကယားပြည်၊ ကချင်ပြည်၊ မန္တလေး၊ ရန်ကုန်တို့မှာ ဈေးကွက်တွေ ဖွင့်ခိုင်း ခဲ့ကြပါတယ်။

ဘိန်းဖိုတွေ၊ ယာမ စက်ရုံတွေဟာ နယ်မြေခံ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ ထောက်လှမ်းရေး တို့ကို ပုံမှန်ဆက်ကြေး ပေးရရုံတင် မက တိုင်းမှူး အထိပါ ပေးရပါတယ်။ တချို့ကလည်း တိုင်းမှူးကို ခွဲမပေးချင်လို့ ဗျူဟာမှူး၊ ရင်းမှူးလောက်နဲ့ပဲ လျှို့ဝှက်လုပ်တာတွေ ရှိပါတယ်။ ဒီထက်နိမ့်တဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေကတော့ မူးယစ်ဆေးချိန် မူးယစ်ဆေး၊ ဆိုင်ကယ်ချိန် ဆိုင်ကယ်၊ ဝစ်သောက်ကားချိန် ဝစ်သောက်ကား၊ ကျောက်စိမ်းချိန် ကျောက်စိမ်း စတဲ့ ကယ်ရီ လုပ်ငန်းတွေနဲ့ပဲ ရပ်တည် နေကြပါတော့တယ်။ ကုန်ကုန်ပြောရရင် ဘီယာ၊ အချိုမှုန့်တောင် ကယ်ရီ လုပ်ပေးပါသေးတယ်။

ရဲဘက်စခန်းမှာ သေစာရင်းပြလိုက်တဲ့ အကျဉ်းသား လောပန်းတွေကိုလည်း စစ်ဗိုလ်တွေ ကပဲ အိမ်အရောက် ကယ်ရီလုပ် ပို့ဆောင် ပေးပါသေးတယ်။ စစ်တပ်ကို အသိမပေးဘဲ လုပ်နေတဲ့ မူးယစ်ဆေး ကုန်သည်တွေ၊ စက်ရုံတွေကတော့ ဖမ်းဆီးခံ၊ သိမ်းဆည်း ခံကြရပါတယ်။ နယ်မြေခံ ထောက်လှမ်းရေး တပ်ကြပ် (၂) ရစ်လောက်ကို လိုင်းကြေးပေးတဲ့ ရပ်ကွက်တွင်း လက်လီ သမားတောင် အဖမ်း မခံရပါဘူး။ ဒါပေမယ့် အထက်က စီမံချက် လာရင်တော့ ဒီ လက်လီ သမားတွေကို နယ်မြေခံ ထောက်လှမ်းရေးက မကယ် နိုင်တော့ပါဘူး။ ဆင်ကြီးတွေ လွှတ်ပေးပြီး ခြင်ကလေးတွေ အဖမ်းပြတာ စစ်အာဏာရှင် ခေတ်ရဲ့ လုပ်ရိုး လုပ်စဉ်ပါပဲ။ ဒါတွေဟာ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ထောက်လှမ်းရေး ယန္တရားကြီး ရှိတုန်းကရော၊ ဗိုလ်ချုပ်ခင်ညွန့် ပြုတ်ပြီး နောက်မှာရော အပြောင်းအလဲ မရှိ တသမတ်တည်း ဖြစ်ပေါ် ထွန်းကားနေတာ ဖြစ်ပါတယ်။

တဘက်ကကြည့်တဲ့အခါ ငြိမ်းချမ်းရေး အဖွဲ့ကြီးတွေဟာ လူအ, တွေ မဟုတ်ပါဘူး။ လက်နက်ကိုင် တိုက်နေတဲ့ ခေတ်ကတည်းက တရုတ် ဘာသာနဲ့လွှင့်တဲ့ ဘီဘီစီ၊ ဗွီအိုအေကို နားထောင်ခဲ့သူတွေ ဖြစ်ပါတယ်။ (ဗကပကို ပုန်ကန် အာဏာသိမ်း တုန်းက သွေးထွက်သံယို မရှိအောင် အထူး ဂရုစိုက်ခဲ့သူတွေ ဖြစ်ပါတယ်။) ဒီကနေ့ ကမ္ဘာ့ ရေစီးကြောင်းကို နားလည် သဘောပေါက်သူတွေ ဖြစ်ပါတယ်။ ကမ္ဘာမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ခေတ်စားလာတာ၊ မူးယစ်ဆေး ပြဿနာကို လူသားအားလုံးက ရှုတ်ချ ဝိုင်းပယ်လာတာ စတဲ့ ပင်မ ရေစီးကြောင်းတွေကို ကိုယ့်ဒေသ၊ ကိုယ့်အဖွဲ့အစည်း အနေအထားနဲ့ ကိုက်ညီ သဟဇာတ ဖြစ်အောင် လုပ်ဖို့ လိုအပ်ချက်ကို ကောင်းကောင်း သဘောပေါက် လာသူတွေ ဖြစ်ပါတယ်။

ငြိမ်းအဖွဲ့ကြီးတွေဟာ ရာစုနှစ်နဲ့ချီ အမြစ်တွယ်လာတဲ့ မူးယစ်ဆေး ပြဿနာကို ဖြေရှင်းဖို့ တတ်နိုင်သမျှ တခြား ကောင်းရောင်း ကောင်းဝယ်ရော၊ မူးယစ်ဆေး မဟုတ်တဲ့ တခြား မကောင်းရောင်း မကောင်းဝယ် တွေပါ အမျိုးမျိုးဖြန့်ခွဲ diversify လုပ်ပြီး အဖွဲ့အစည်း ရပ်တည်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ တဦးချင်း စီးပွားရေးတွေ အတွက် လုံးပန်းနေတာ မြန်မာပြည် တပြည်လုံး မျက်မြင်ဖြစ်ပါတယ်။

ဒါကြောင့် မူးယစ်ဆေးပပျောက်ရေးတွေကို နှစ်ကာလ သတ်မှတ်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက် ခဲ့ကြသလို ဘိန်းတပင်တွေ့ရင် ခေါင်းဖြတ် သွားပါလို့တောင် ရဲရဲကြီး အာမ ခံခဲ့ကြပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ အန်ဂျီအိုတွေကို ငြိမ်းဒေသ အတွင်း အချိန်မရွေး တံခါးမရှိ ဓားမရှိ ဝင်ထွက် စစ်ဆေးခွင့် ပြုခဲ့ပါတယ်။ ဒါမျိုး အကန့်အသတ်မရှိ စစ်ဆေးခွင့်ကို နအဖအုပ်ချုပ်တဲ့ ဒေသတွေမှာ မရပါဘူး။

ဒါပေမယ့် UNODC လို့ခေါ်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ရုံးကတော့ မြန်မာပြည်ရဲ့ မူးယစ်ဆေး ပြဿနာမှာ နအဖ စစ်အုပ်စုရဲ့ အခန်းကဏ္ဍကို ရေငုံ နှုတ်ပိတ်နေပြီး ငြိမ်းအဖွဲ့တွေကို အပြစ် ပုံချနေပါတယ်။ နိုဝင်ဘာ (၂၆) ရက်နေ့မှာ ကုလမူးယစ်နဲ့ ရာဇဝတ်ရုံးရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာ ကိုယ်စားလှယ် ဆိုသူ ဂယ်ရီလူးဝစ္စက မြန်မာပြည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ အနာဂတ် မရေရာတဲ့ အတွက် မူးယစ်ဆေးဝါးတွေ အကြီးအကျယ် ထုတ်လုပ် ရောင်းချပြီး ငွေစုနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီနေ့မှာ သူတို့ ထုတ်ပြန်လိုက်တဲ့ ၂၀၀၉ ခု အရှေ့အာရှနဲ့ အရှေ့တောင် အာရှဆိုင်ရာ စိတ်ကြွဆေး အလားအလာနဲ့ ပုံစံများ အစီရင်ခံစာမှာ စိတ်ကြွဆေးတွေကို အဓိကအားဖြင့် ကိုးကန့်နဲ့ ဝ အပစ်ရပ် နယ်မြေတွေမှာ ထုတ်လုပ်နေတယ်လို့ ဆိုထားပါတယ်။ ဇွန်လက ထုတ်ပြန်တဲ့ ၂၀၀၉ ခု ကမ္ဘာ့မူးယစ်ဆေး အစီရင်ခံစာမှာလည်း ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (ဝ ငြိမ်းအဖွဲ့)၊ ကိုးကန့် ငြိမ်းအဖွဲ့နဲ့ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) တို့ဟာ ယာမ စိတ်ကြွဆေး ထုတ်လုပ်ရေးကို အဓိက ဆောင်ရွက် နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒါပေမယ့် နအဖစစ်အစိုးရက တိုက်ရိုက်နဲ့ အကြွင်းမဲ့ ချုပ်ကိုင်ထားတဲ့ အပြီးအပိုင် လက်နက်ချ တဖြစ်လည်း ပြည်သူ့စစ် အဖွဲ့တွေ ကိုတော့ တခွန်းမှ ပြောမထားပါဘူး။ တကယ်တော့ ဒီအဖွဲ့တွေဟာ လုံးဝ ရာနှုန်းပြည့် နအဖ ချုပ်ကိုင်မှုအောက်မှာ နံပါတ် (၃)၊ နံပတ် (၄)၊ ယာမတွေကို လွတ်လွတ်လပ်လပ် ထုတ်လုပ် နေကြတာ ရှမ်းပြည်က ဒေသခံတွေ အားလုံးအသိ ဖြစ်ပါတယ်။ ဥပမာပြရရင် ခွန်ဆာ အဖွဲ့က အကြွင်းမဲ့ လက်နက် ချခဲ့ပြီးနောက် နအဖက အထူး ဖွံ့ဖြိုးရေး ဒေသတွေ သတ်မှတ်ပေးပြီး ပြည်သူ့စစ် သို့မဟုတ် သကဆဖ (သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့) အဖြစ် ခန့်အပ်ပေးထားတဲ့ ဟိုမိန်း အခြေစိုက် မဟာဂျာ ဦးစီးအဖွဲ့၊ နားရိုင်း အခြေစိုက် လီချန် ဦးစီးအဖွဲ့၊ မတ်ကျန်း (နမ့်စန်) အခြေစိုက် လင်းဆိုင် ဦးစီးအဖွဲ့တွေဟာ ရပခကို တနှစ် သိန်း (၄,၀၀၀) စီ ဆက်ကြေးသွင်းပြီး ဘိန်းဝါ၊ ဘိန်းဖြူ၊ ယာမ ကြိုက်သလို ထုတ်နေကြပါတယ်။ (မဟာဂျာကိုယ်တိုင်က ဘိန်းမည်းစွဲနေ ရှူနေပါတယ်။) ဒီအဖွဲ့တွေဟာ ဘိန်းခြံတွေ ပေါင်းရှင်းဖို့၊ ဘိန်းစေးခြစ်ဖို့ အတွက် ခြံအလုပ်သမား တွေကို တလ ကျပ် (၅) သောင်း ပေးမယ်လို့ လော်စပီကာနဲ့ တောင်ကြီးမြို့ထဲ လှည့်အော်ငှားတဲ့ အထိ ဗြောင်ကျကျ လုပ်နေတာ ဖြစ်ပါတယ်။

ခွန်ဆာအဖွဲ့ဝင်ဟောင်းလည်းမဟုတ်၊ ပြည်သူ့စစ်လည်း မဟုတ်တဲ့ ပုဂ္ဂလိက လောပန်းတွေ ဦးစီး လုပ်နေတဲ့ ဖိုတွေ၊ စက်ရုံတွေလည်း ရပခ သို့မဟုတ် သက်ဆိုင်ရာ ဗျူဟာ၊ တပ်ရင်းတွေကို နှစ်စဉ်ကြေး သွင်းပြီး လုပ်နေတာ ကွန်ဟိန်းနယ် ကာလိ၊ ပင်လောင်းနယ် ထီဘွာ၊ ဖယ်ခုံနယ် လအိလတိန်၊ ဆီဆိုင်နယ် မဲနယ်တောင် လွယ်မောတောင် စတဲ့ နေရာတွေမှာ ရှိနေပါတယ်။ ဒါတွေဟာ ကိုးကန့်၊ ဝတို့နဲ့ ဘာမှမဆိုင်ဘဲ နအဖ နယ်မြေသက်သက် ဖြစ်ပါတယ်။ ရလလဖ ပအိုဝ်း ငြိမ်းချမ်းရေး အဖွဲ့ရဲ့ ဝါရင့်ခေါင်းဆောင် တာကလယ်ကို ဖြုတ်ချ အာဏာသိမ်းခဲ့တဲ့ ချစ်မောင်ဟာ အာဏာရပြီးတဲ့ အခါ ရပခတိုင်းမှူး၊ ဆီဆိုင်က စကခ-၇ ဗျူဟာမှူး၊ ဘန်းယဉ်က ခမရ (၄၂၅) နဲ့ (၄၂၆) ရင်းမှူးတို့ကို ဆက်ကြေး စုစုပေါင်း တနှစ် သိန်း (၁,၀၀၀) သွင်းပြီး လွယ်မောခွင်၊ ဟိုနမ်းခွင်နဲ့ ဘန်းမတ်ခွင်တွေမှာ ဘိန်းဖိုတွေ တည်ခဲ့တာ ဖြစ်ပါတယ်။ ဆက်ကြေး ပေးရုံတင်မက အစုရှယ်ယာတွေပါ လက်ခံ ပေးခဲ့ရပါတယ်။ (မြို့ပေါ်က အနှိပ်ခန်းတွေ၊ ကာရာအိုကေ ခန်းတွေမှာ ထောက်လှမ်းရေးနဲ့ စစ်တပ်က ရှယ်ယာ ဝင်သလိုမျိုးပါပဲ။) အချင်းချင်း အဝေမတည့်ရာက ၂၀၀၇ ဇူလိုင်-သြဂုတ်လ ထဲမှာ အပြီးအပိုင် လက်နက် ချသွားခဲ့ပေမယ့် ‘အလုပ်’ ကိုတော့ ကာလတခုအထိ ဆက်လုပ်ခွင့် ရခဲ့ပါသေးတယ်။

ရှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်းမှာလည်း ခွန်ဆာလက်နက်ချ တဖြစ်လည်း တရားဝင် ပြည်သူ့စစ်တွေ ဖြစ်တဲ့ မုန်းထော် - မုန်းထ အခြေစိုက် ဆံမွန်း ဦးစီးအဖွဲ့၊ နမ့်ပုန် (တာချီလိတ်) အခြေစိုက် ရီရှင်း ဦးစီးအဖွဲ့၊ ဟောင်လွတ် (တာချီလိတ်) အခြေစိုက် နော်ခမ်း ဦးစီးအဖွဲ့တွေဟာ ကျိုင်းတုံက နအဖတိုင်းမှူးကို သိန်းထောင်နဲ့ချီ ဆက်ကြေးသွင်းပြီး မူးယစ်ဆေး လုပ်ငန်း မျိုးစုံ လုပ်နေတာ ဖြစ်ပါတယ်။ နော်ခမ်း အဖွဲ့ဆိုရင် သောင်းကျန်းလွန်းလို့ နောက်ဆုံးမှာ တရုတ်အစိုးရ ဖိအားပေးမှုနဲ့ ၂၀၀၉ ဖေဖော်ဝါရီလမှာ နအဖက ဟန်ဆောင် ပန်ဆောင် နှိမ်နင်း ပြခဲ့ရပါသေးတယ်။ တြိဂံတိုင်းထဲမှာ ခွန်ဆာလူဟောင်း တခါမှ မဖြစ်ခဲ့ဖူးတဲ့ မိုင်းတုံ၊ မိုင်းဆတ်နဲ့ တာချီလိတ် နယ်တွေက လားဟူ ပြည်သူ့စစ်တွေလည်း ပုဂ္ဂလိက လောပန်းတွေနဲ့ တွဲပြီး ဘိန်းချက်စက်ရုံ၊ ယာမ စက်ရုံတွေကို တိုင်းမှူး၊ ဗျူဟာမှူးတွေဆီ ဆက်ကြေးပေး တည်ထောင် ထားပါတယ်။

ရမခနယ်မြေ ရှမ်းပြည်မြောက်ပိုင်းမှာတော့ တိုင်းမှူးကို ရပခ၊ တသခ မှာလို ဆက်ကြေးပေး မူးယစ်ဆေး ထုတ်လုပ် ကူးသန်း ရောင်းဝယ်နေတဲ့ ခွန်ဆာလူဟောင်း တရားဝင် ပြည်သူ့စစ် ဗိုလ်မွန်ဦးစီး မန်ပန် (တန့်ယန်း) အခြေစိုက်အဖွဲ့၊ လောမားဦးစီး မုန်းဟင်-မုန်းဟ (မိုင်းရယ်) အခြေစိုက် အဖွဲ့တွေဟာ နာမည်ကြီးတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တသက်လုံး နအဖ ပြည်သူ့စစ်ပဲ လုပ်ခဲ့တဲ့ နမ့်ခမ်း နယ်မြေက (ခိုလုံလီရှော) ပန်ဆေး ကျော်မြင့် အဖွဲ့၊ ကွတ်ခိုင်နယ်က တီခွန်မြတ် အဖွဲ့၊ မုံးကိုးနယ်က နော်ခမ်းအဖွဲ့၊ ဖောင်းဆိုင်နယ်က တီခွန်တွေ အဖွဲ့၊ အုန်းစွမ် (မိုင်းငေါ့) က ကျော်အုံးအဖွဲ့၊ မုန်းဝီးက မြင့်လွင်အဖွဲ့၊ ရှောက်ဟော်က လှမြင့်အဖွဲ့၊ ကွမ်းလုံက ဟော်ရှောက်ချမ်း အဖွဲ့တွေဟာ ကိုးကန့်၊ ဝတို့လို နာမည်မထွက်ဘဲ မူးယစ်ဆေးလုပ်ငန်းကို နအဖ တိုင်းမှူး အဆက်ဆက် ခွင့်ပြုချက်နဲ့ ဆက်ကြေးပေးပြီး တရားဝင် သဘောမျိုးလုပ်နေတာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။ ကုလသမဂ္ဂက ဒါတွေကို မသိပေမယ့် နယ်မြေခံ လူထုတွေအားလုံးက သိနေကြပါတယ်။

ဒီကနေ့ ရှမ်းပြည်မှာ ဘိန်းအဓိက စိုက်တဲ့ ဒေသတွေက ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဟိုပုံး (မဲနယ်တောင်)၊ ဆီဆိုင် (လွယ်မောတောင်)၊ မိုင်းကိုင် (ဆင်တောင်) နယ်တို့ ဖြစ်နေပါတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အပင်ကြီးထွားဆေးတွေ ထည့်ပြီး “ခေတ်မီသိပ္ပံနည်းကျ” “အထူးအထွက်တိုး” နှစ်သီးစား၊ သုံးသီးစား “သီးထပ်” စိုက်နေကြတာ ဖြစ်ပါတယ်။ ဒီနယ်မြေတွေဟာ နအဖသြဇာခံ (၂၀၁၀ ဒု-သမ္မတလောင်း) ရှမ်းပြည်နယ် ကြံ့ဖွံ့ခေါင်းဆောင် အောင်ခမ်းထီ ဦးစီး ပီအန်အို (အထူးဒေသ ၆) အဖွဲ့နဲ့ လက်နက်ချ ရှမ်းခွဲထွက် တပ်မဟာ ၇၅၈ (ကွယ်လွန်သူ မိန်းစိန်ရဲ့အဖွဲ့) ချုပ်ကိုင်ရာ နယ်မြေတွေ ဖြစ်ပါတယ်။ ၂၀၀၉ မတ် - ဧပြီတုန်းက ပီအန်အို ဌာနချုပ် ကျောက်တလုံးကို ပင်လောင်းနယ်က ဘိန်းစိမ်း (၁၇၆) ပိဿာ သယ်ယူလာတုန်း ညောင်ရွှေမြို့နယ် (ဘီလူးချောင်းကူး) မှော်ဘီ တံတားမှာ ဖမ်းမိခဲ့ရာမှာ (၇၃) ပိဿာ စာရင်းပျောက်သွား ခဲ့ပါသေးတယ်။ ဒီသတင်းကိုလည်း နအဖက ဖုံးဖိ ထားပါတယ်။

တချိန်က ငြိမ်းချမ်းရေး အထူးဒေသ (၇) လို့ သတ်မှတ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း ပလောင်ဒေသ နမ့်ဆန်၊ မန်တုံ နယ်မြေမှာ PSLP ပလောင် ငြိမ်းအဖွဲ့ဟာ ၂၀၀၅ ခု ဧပြီလမှာ လုံးဝလက်နက်ချ ဖျက်သိမ်း သွားခဲ့ပါတယ်။ ဒါပေမယ့် ပလောင်ဒေသမှာ ဘိန်းစားတွေ၊ ယာမ သမားတွေကတော့ အထူးတိုးများ လာခဲ့ပါတယ်။ နောက်ဆုံး အဲဒီဒေသမှာ စခန်းထိုင် နယ်မြေထိန်းနေတဲ့ နအဖ တပ်သားတွေ အကြပ်တွေ၊ ဗိုလ်တွေ၊ ရဲတွေပါ ဘိန်းရှူ ဘိန်းစွဲ ယာမစွဲ၊ အရောင်းအဝယ်တွေ လုပ်နေလို့ လူထုတွင်း မူးယစ်ဆေးစွဲ ပြဿနာ ဖြန့်ဖြူးမှု ပြဿနာကို တိုင်တန်းစရာ နေရာ ကိုင်တွယ် တားဆီးနိုင် စရာ အာဏာပိုင် မရှိတော့ပါ။

၂၀၀၉ သြဂုတ်လက ရပခ ဂျီဝမ်း (စစ်ဦးစီးအရာရှိ-ပထမတန်း) ဒု-ဗိုလ်မှူးကြီး မောင်မောင်မြင့်ရဲ့ဇနီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ဆိုတာဟာ တကယ်တော့ မူးယစ်ဆေး အရောင်းအဝယ် ကိစ္စ ဇာတ်လမ်းရှုပ်ပြီး အသတ်ခံရတာ ဖြစ်ပါတယ်။ ဒီအမှုမှာ ရပခတိုင်းမှူး၊ ဂျီဝမ်းနဲ့ စရဖမှူး ဗိုလ်မှူးကြီးဝင်းဗိုတို့ ပါဝင် ပတ်သက်နေပြီး ရန်ကုန်မှာ ဘိန်းဖြူကီလို (၅၀၀) ဖမ်းမိမှုနဲ့ သက်ဆိုင် နေပါတယ်။ ဒါ့အပြင် ဇူလိုင်လတုန်းက တာချီလိတ်မှာ ဘိန်းဖြူကီလို (၁,၀၀၀) နဲ့ ယာမ ဆေးလုံး (၂) သန်းခွဲ ဖမ်းမိတာ၊ လားရှိုးမှာ ဘိန်းဖြူကီလို (၅၀၀) ဖမ်းမိတာတွေဟာ နအဖ တပ်မှူးကြီးတွေနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ အတွင်းသတင်း တခုအရ ကမ္ဘောဇဘဏ် အမြတ်နည်းလာလို့ အစု ရှယ်ယာရှင်တွေဖြစ်တဲ့ ဆရာကျောင်းနဲ့ ဗိုလ်ချုပ်မောင်အေး တို့က မူးယစ်ဆေး လုပ်ငန်းမှာ တိုက်ရိုက် ဝင်လုပ် လာတယ်လို့လည်း ကြားရပါတယ်။ နအဖ တပ်မှူးကြီးတွေ ကိုယ်လွတ်ရုန်း နိုင်အောင် ဖမ်းမိတဲ့ မူးယစ်ဆေးတွေကို ဖုံကြားရှင် ကိုးကန့် အဖွဲ့အပေါ် တရားခံ လွှဲပြတဲ့ အနေနဲ့ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာရုံလွဲအောင်) သြဂုတ်လကုန်ပိုင်းက စစ်တိုက်တာ လို့လည်း တောင်ကြီးမှာ သတင်း ထွက်နေပါတယ်။

ဒီကနေ့ကာလမှာ နအဖဟာ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံဘဲ တိုင်းရင်းသား အခွင့်အရေး တောင်းဆိုနေတဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေကို စွဲချက်အမျိုးမျိုးနဲ့ လက်ညှိုးထိုး အကြောင်းရှာပြီး ချေမှုန်းဖို့ ပြင်နေပါတယ်။ အဲသလို အခြေအနေမှာ ကုလ မူးယစ်ဆေးရုံး UNODC ဆိုတဲ့ အဖွဲ့က နအဖ အလိုကျ တိုင်းရင်းသား ငြိမ်းချမ်းရေး အဖွဲ့တွေကို လက်ညှိုးထိုး တရားခံ ရှာပေးတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး။ ခေတ်ဟောင်း အမေရိကန် ရုပ်ရှင်က လူရွှင်တော် ဂျယ်ရီလူးဝစ္စနဲ့ နာမည်ဆင်တူနေတဲ့ ကုလသမဂ္ဂ ဂယ်ရီလူးဝစ္စလည်း ဂန်ဖလားလို ‘ကျောက်ယူပြန်’ ဖြစ်နေပြီလား။

တဘက်မှာ ငြိမ်းအဖွဲ့ကြီးတွေဟာ သူတို့အမျိုးသားတွေကို ကိုယ်စားပြုထားတာ ဘယ်သူ ငြင်းချင်ပါသလဲ။ နအဖက မြန်မာနိုင်ငံကို ကိုယ်စား ပြုထားတဲ့ အခြေခံထက် ဒီအဖွဲ့ကြီးတွေက သူတို့ အမျိုးသားတွေ အပေါ် ကိုယ်စားပြုတဲ့ အခြေခံက ပိုနက်ရှိုင်း ပိုခိုင်မာပါတယ်။ အမျိုးသားရေး အခြေခံပေါ် အဓိက ရပ်တည်နေတာ ဖြစ်လို့ ဗမာပြည်ရဲ့ တိုင်းရင်းသား ပြဿနာနဲ့ ခွဲလို့မရပါဘူး။ အမျိုးသားရေး အခန်းကဏ္ဍကို အသိအမှတ်မပြုဘဲ မူးယစ် အခန်းကဏ္ဍကိုသာ ဦးတည် ကြည့်မြင်နေ သရွေ့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု ပြဿနာမှာ ဘယ်တော့မှ အဖြေတွေ့မှာ မဟုတ်သလို သွေးချောင်းစီး ပြည်တွင်းစစ် သံသရာကနေ ဘယ်တော့မှ လွတ်မြောက်မှာလည်း မဟုတ်ပါဘူး။

တကယ်တော့ ဗမာပြည်မှာ နအဖခေါင်က မလုံလို့ မူးယစ်မိုး ယိုနေတာ ဖြစ်ပြီး မူးယစ် သမင်ဟာ နအဖ မင်းကြီးတာကပဲ ထွက်နေတာ ဖြစ်ပါတယ်။ ဒါကိုမသိဘဲ ကုလသမဂ္ဂ မုဆိုးကြီးက မူးယစ်သမင်ကို ဖမ်းဖို့ ကြိုးစား နေရင်တော့ ရေထဲ အရုပ် ရေးသလိုပဲ ဖြစ်နေ ပါလိမ့်မယ်။

Read More...

အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲအပေါ် ဦးဝင်းတင်ရဲ့ အမြင်

ဘီဘီစီ အင်တာဗျူး၊
ဒီဇင်ဘာ ၁၇၊ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်ကတော့ အန်အယ်ဒီခေါင်းဆောင်ပိုင်းကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းမယ်လို့ ပြောလိုက်ပါပြီ။ ခေါင်းဆောင် လူကြီးတွေကလည်း သဘောတူတယ်လို့ သိရပါပြီ။ ဒီကနေ့ကာလ အခြေအနေနဲ့ ကိုက်ညီတဲ့ ပါတီ ခေါင်းဆောင်မှုကို ဘယ်လိုပုံစံမျိုး ဖွဲ့စည်း သင့်ပါသလဲ။ အန်အယ်ဒီပါတီ လက်ရှိ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်ကို ဘီဘီစီက ဆက်သွယ်ပြီး ဒေါ်အောင်ဆန်းစုကြည် စတင် ပြောဆိုလာပြီ ဖြစ်တဲ့ ပါတီခေါင်းဆောင်မှု ပြောင်းလဲမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထား ရပါလဲလို့ မေးကြည့်တော့ …

ဦးဝင်းတင်။ ။ ဒီဟာက ဖြစ်လာရမယ့် ကိစ္စပဲလို့ ကျနော် ယူဆပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ပုဂ္ဂိုလ်ကြီးများလည်း ပါတီမှာ ထမ်းဆောင် လာခဲ့တာ နှစ်ပေါင်းကို ဆယ်စုနှစ်ကို ကျော်သွားပြီနော်၊ အသက်တွေလည်း ကြီးလှပြီ၊ ကျန်းမာရေး တွေကလည်း ချို့တဲ့လာပြီ ဆိုတဲ့ အခါကျတော့ ဘာပဲပြောပြော သူတို့က အနားယူရမယ့် အချိန်လည်း ရောက်လာတယ်။ အဲဒီအခါကျတော့ စီအီးစီက တိုးချဲ့တယ်ပဲ ခေါ်ခေါ်၊ အားဖြည့်တယ်ပဲ ခေါ်ခေါ်၊ လုပ်ရတော့မယ့် ကိစ္စပဲဗျ။

ဘီဘီစီ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့လေ့လာစုံစမ်းမိသလောက် အန်အယ်ဒီ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်း တွေက ပါတီ ခေါင်းဆောင်မှု အပိုင်းကို စနစ်တကျ ရွေးကောက် တင်မြှောက်တဲ့ ပုံစံနဲ့ သွားချင်တယ် ဆိုတဲ့ သဘောမျိုးတွေ တွေ့ရပါတယ်။ အဲဒါရော တကယ် လက်တွေ့မှာ ဖြစ်လာ နိုင်ပါ့မလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်တွေက အဲလိုမျိုး ဖြစ်ဖို့ကို သဘောတူမယ်လို့ ထင်ပါသလား ခင်ဗျ။

ဦးဝင်းတင်။ ။ ဟာ ထင်တာပေါ့ခင်ဗျာ။ ထင်တာပေါ့၊ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ အဖွဲ့အစည်းက နာမည်ကိုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဗျ၊ ဒီမိုကရေစီ အဖွဲ့အစည်း။ ကျနော်တို့က အာဏာရှင် အဖွဲ့အစည်း မဟုတ်ဘူး။ အဲဒါကြောင့် ဒီမိုကရေစီ ကျင့်ထုံးတွေ၊ ဒီမိုကရေစီ လုပ်ရပ်တွေ၊ ဒီမိုကရေစီ မျှော်မှန်းချက်တွေ ရည်မှန်းချက်တွေ၊ ဒီမိုကရေစီ လုပ်ဟန်တွေကို ကျနော်တို့ မူအားဖြင့်တော့ အားလုံး လက်ခံမှာပဲဗျ။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့ စသည် ဒီခေါင်းဆောင်တွေ ရှိနေတဲ့ (အကျဉ်းကျနေတဲ့ ခေါင်းဆောင်တွေ ပေါ့ဗျာ) ဒီခေါင်းဆောင်တွေ ထဲမှာလည်း (ခေါင်းထဲမှာလည်း၊ ရင်ထဲမှာလည်း) ဒီမိုကရေစီရေး အတွက် လုပ်လာခဲ့သူတွေ။ ဒီလူတွေဟာ မနေ့ တနေ့ကမှ တက်လာတဲ့ လူတွေ၊ ကြားဖြတ်ပြီးတော့မှ ဝင်လာတဲ့ လုပ်တဲ့လူတွေ မဟုတ်ဘူး။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ထဲကနေ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်။ ဆိုတော့ အဖွဲ့ချုပ် ကိုယ်တိုင်ကလည်း ဒီမိုကရေစီ အရေးတော်ပုံကြီး ကနေ ပေါက်ဖွားလာတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲဒီအခါကျတော့ ကျနော်တို့က ဒီမိုကရေစီ နည်းဟန်တွေနဲ့ ပတ်သက်ပြီးတော့ တွန့်ဆုတ်ခြင်း ဘာဆိုဘာမှ မရှိဘူးလို့ ပြောနိုင်တယ်။

အဲ … တခုပဲရှိတယ်။ လူငယ်တွေ အင်အားသစ်တွေက နေပြီးတော့ မျှော်မှန်းနေတဲ့ ဒီမိုကရေစီ နည်းကျ တင်မြှောက်ခြင်း၊ ဒီမိုကရေစီ နည်းကျ ရွေးချယ်ခြင်း ဆိုတာတွေက တခါတလေ ကျတော့ အခု ဗမာပြည်မှာ အနေအထားက ဘယ်လို ဖြစ်နေလဲဆိုတော့ ကျနော်တို့ ကသာ ဒီမိုကရေစီ စိတ်ထားနေတာ၊ ဒီမိုကရေစီ ရှေးရှုနေတာ။ တိုင်းပြည်ရဲ့အနေအထားက ဒီမိုကရေစီနဲ့က ကျနော်ထင်တယ် တယူဇနာ မဟုတ်တောင်မှ အတော် ကွာကွာလှမ်းလှမ်းကို ရှိနေတယ်လို့ ကျနော်တို့ ပြောရမလို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့မှာ ဘာလွတ်လပ်ခွင့်မှ မရှိဘူးဗျာ။

ဘာပဲပြောပြော ကျနော်တို့က အားနဲ့မာန်နဲ့၊ ခွန်အားနဲ့ စိတ်ဓာတ်နဲ့ တွန်းတွန်းတိုက်တိုက်ကလေး လုပ်မယ်ပေါ့ဗျာ။ ထားရာနေ စေရာသွား ဆိုတဲ့ စိတ်မဟုတ်ဘဲနဲ့ လုပ်ကြမယ် ဆိုရင်တော့ ကျနော်ထင်တယ် အခု ခင်ဗျားပြောခဲ့တဲ့ ခေါင်းဆောင်သစ် ဖော်ထုတ်ရေးတို့၊ အင်အားသစ် ဖော်ထုတ်ရေးတို့၊ လုပ်ငန်းသစ်များ ဖော်ထုတ်ရေးတို့ ဆိုတာတွေဟာ တနည်းမဟုတ် တနည်း အနှေးနဲ့ အမြန် ပေါ်လာမှာပဲလို့ ကျနော်ကတော့ အဲဒီလို ယုံကြည်ပါတယ်ဗျာ။

ဒီဇင်ဘာလ ၁၆ ရက် ၂၀၀၉ ခုနှစ်၊ ဘီဘီစီ(မြန်မာပိုင်း) ညပိုင်းအစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။


Ref: မိုးမခ

Read More...

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မျက်နှာဖုံးကို ခွာချခြင်း

မုံပီး | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၆ ရက် ၂၀၀၉

နယူးဒေလီ (မဇ္ဈိမ)။ ။ ဆယ်စုနှစ် နှစ်ခုနီးပါးမျှ မြန်မာနိုင်ငံကို ဆက်တိုက် ပြိုင်ဘက်မရှိ အုပ်စိုးခဲ့သော မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြန်မာနိုင်ငံ စီးပွားရေးကို ယိုယွင်း ပြိုလဲစေခဲ့သူ၊ မြန်မာ့ လူ့အဖွဲ့အစည်း တခုလုံးကို ပျက်စီးစေခဲ့သူ၊ ဓာတ်သတ္တု သယံဇာတများကို ပျက်စီး ဆုံးရှုံးစေခဲ့သူ၊ ပြစ်မှု ကျူးလွန်သူများကို မှဲ့တပေါက် မစွန်းစေသည့် ယဉ်ကျေးမှုကို ထူထောင်ခဲ့သူ စသည့် များစွာသော ဂုဏ်ပုဒ်များဖြင့် သမိုင်း အမှိုက်ပုံထဲသို့ ရောက်သွားတော့မည်မှာ သေချာ သလောက်ပင် ရှိနေသည်။

နောက်ဆက်တွဲ အကျိုးဆက် အမြောက်အမြားကို မြန်မာပြည်သူတို့ ခံစားခဲ့ရသော်လည်း ထိုသို့ ဖြစ်အောင် ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်လိုလူလဲ ဆိုသည်ကို အများစုက မသိကြပါ။ သို့သော် မြန်မာလူမျိုးတိုင်း ကတော့ ဘုရင်ရူး ရူးနေသူ၊ အတိတ်က နာမည်ကြီး စစ်သူကြီး ဘုရင်များ၏ ရုပ်တုများကို သူ့တောတွင်း မြို့တော်သစ် နေပြည်တော်တွင် တည်ဆောက်ထားပြီး ထိုရုပ်တုများ နံဘေးတွင် သူ့ပုံတူ ရုပ်တုတခုကိုပါ တည်ထားသူ အဖြစ်တော့ သိကြသည်။ နေပြည်တော်သည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ရှိသည်။

ဗိုလ်ချုပ်မှူးကြီး၏ စရိုက်ကို တလွှာချင်း ခွာချပြသူကတော့ လန်ဒန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ တခုဖြစ်သည့် Christian Solidarity Worldwide ၏ အရှေ့အာရှ အဖွဲ့ခေါင်းဆောင် ဖြစ်သည့် ဘင်နီဒစ်ရော်ဂျာ (Benedict Rogers) ဖြစ်သည်။ ရော်ဂျာသည် မြန်မာ့အရေး ကိစ္စများကို ကြာမြင့်စွာ ကတည်းက ပါဝင် လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ဆောင်းပါးများစွာ ရေးသားခဲ့သူလည်း ဖြစ်သည်။ ယခု ဦးသန်းရွှေ၏ အထ္ထုပ္ပတ္တိကို `သန်းရွှေ မြန်မာ့အာဏာရှင်ကို မျက်နှာဖုံးခွာပြခြင်း´ ဟူသော အမည်ဖြင့် စာအုပ်တအုပ် ရေးသားခဲ့သည်။

နယူးဒေလီမြို့တွင် ခေတ္တရပ်နားစဉ်အတွင်း မဇ္ဈိမ လက်ထောက်အယ်ဒီတာ မုံပီးက ရော်ဂျာနှင့် တွေ့ဆုံခွင့် ရခဲ့ပြီး ၂ဝ၁ဝ ဖေဖေါ်ဝါရီလအတွင်း ထုတ်ဝေ ဖြန့်ချိမည့် ထိုစာအုပ် အကြောင်း တစေ့တစောင်း မေးမြန်းခွင့် ရခဲ့သည်။

မေး။ ဒီစာအုပ်ကဘာအကြောင်းတွေရေးထားတယ်ဆိုတာ ကျနော်တို့ကို ပြောပြနိုင်မလား ခင်ဗျာ။

ဖြေ။ ဒီစာအုပ်က အခြေခံအားဖြင့်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အထ္ထုပ္ပတ္တိ ပါဘဲ။ ဒါပေမဲ့ သူ့ခွင့်ပြုချက်နဲ့ မေးမြန်း ရေးသား ခဲ့ရတာတော့ မဟုတ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သူ့မိသားစု၊ စစ်အစိုးရတို့က ပူးပေါင်း ဆောင်ရွက်မှု မရှိတာကြောင့် ခွင့်ပြုချက် မပါဘဲ ရေးသားခဲ့တဲ့ အထ္ထုပ္ပတ္တိ အမျိုးအစား တခုပါပဲ။ ဒါပေမဲ့ ဦးသန်းရွှေအကြောင်း ရေးထားတာပါပဲ။ သူဘယ်လို ထိပ်တန်း အာဏာ အရှိဆုံးနေရာကို ရောက်လာတယ်၊ စစ်အစိုးရနဲ့ စစ်တပ်ရဲ့ သဘောသဘာဝ စတာတွေကို ရေးထားတာပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အုပ်ချုပ်မှု အောက်မှာ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာလည်း ပါမှာပါ။ ဒါ ဦးသန်းရွှေရဲ့ ပထမဆုံး အထ္ထုပ္ပတ္တိ ဖြစ်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

မေး။ ဘာကြောင့် ဦးသန်းရွှေအကြောင်းကို ရေးဖို့ ရွေးချယ်ဖြစ်ခဲ့တာလဲ ခင်ဗျာ။

ဖြေ။ ကမ္ဘာပေါ်မှာ တခြားအာဏာရှင်တွေဖြစ်ကြတဲ့ ဆက်ဒမ်ဟူစိန်လို၊ ကင်ဂျုံအီးလ်လို၊ ရော ဘတ်မူဂါဘီလို စသဖြင့် အာဏာရှင် အမြောက်အမြား အကြောင်း အခုလိုဘဲ အထ္ထုပ္ပတ္တိနဲ့ ပတ်သက်လို့ မေးခွန်း ထုတ်စရာတွေ ပေါ်ခဲ့တယ်။ ဗိုလ်သန်းရွှေကလည်း ကမ္ဘာ့ အဆိုးဆုံး အာဏာရှင်တွေထဲက တယောက်ပါပဲ။ ဒါပေမဲ့ ကမ္ဘာကြီးက သူ့အကြောင်း သိပ်မသိ ဖြစ်နေပါတယ်။ ကျနော်တို့လို မြန်မာ့အရေး လုပ်နေသူတွေ တောင်မှ သူ့အကြောင်း သိပ်မသိပါဘူး။ မြန်မာပြည်မှာ ဘာတွေဖြစ်နေလဲ။ မြန်မာပြည်က စစ်အစိုးရဆိုတာ ဘယ်လိုဟာမျိုးလဲ ဆိုတာတွေကို ရှုဒေါင့်သစ်က နေပြီး မြန်မာပြည် အခြေအနေတွေ ပြောပြနိုင်ရင် ကောင်းမှာပဲလို့ ကျနော် ခံစားရပါတယ်။ တကယ်တော့ ဒီစိတ်ကူးကို US Campaign for Burma က ကျနော့်မိတ်ဆွေ ဂျယ်ရမီဝုဒ်ရမ် (Jeremy Woodrum) ဆီက ရတာပါ။ သူအကြံပေးခဲ့တာပါ။ ဒါ သိပ်ကို စိတ်ဝင်စားစရာကောင်းတဲ့ စိတ်ကူးပါပဲ။

မေး။ ဗိုလ်သန်းရွှေ ဘယ်လိုမျိုး ထိပ်ဆုံးကိုရောက်ပြီး အာဏာရလာတာဟာ တကယ် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဆိုရှယ်လစ် ခေတ်တုန်းကရော၊ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးစ အစောပိုင်း ကာလတွေမှာရော သူ့အကြောင်း ကျနော်တို့ အနည်းအကျဉ်းလောက်ပဲ သိကြပါတယ်။ သူ ဘယ်လို ဒီအဆင့်ကို ရောက်လာတယ် ဆိုတာ ကျနော်တို့ကို ပြောပြ ပေးနိုင်မလားခင်ဗျာ။

ဖြေ။ ဟုတ်ပါတယ်။ ဗိုလ်သန်းရွှေ ဒီလိုနေရာကို ဘယ်သူမှ သတိ မပြုမိလိုက်ဘဲ တိတ်တဆိတ် ရောက်လာတာဟာ တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာပါ။ ဒါပေမဲ့ ဒါကိုယ်တိုင်က မြန်မာပြည်က စစ်တပ်ရဲ့ စနစ် လည်ပတ်နေပုံ သဘော သဘာဝပဲ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေ ထိပ်ဆုံးနေရာကို ရောက်လာတာ သူ့အထက် လူကြီးတွေက သူတို့အတွက် အန္တရာယ် မရှိဘူးထင်လို့ ရောက်လာတာလို့ ကျနော် ထင်ပါတယ်။ သူ့ကို ကိုယ်ပိုင် စိတ်ကူးစိတ်သန်း မရှိတဲ့ အကြံတုံးဥာဏ်တုံး၊ ပျင်းရိ လေးတွဲ့သူ တဦးလို့ပဲ မြင်ကြပါတယ်။ သူ့ရည်မှန်းချက်ကို သိပ်ကို ပေါ်ပေါ်လွင်လွင် ထုတ်ဖော် ပြသတာမျိုး မလုပ်ခဲ့ပါဘူး။ ဒါကြောင့် သူတို့အတွက် အန္တရာယ် မရှိဘူးလို့ သူ့အထက် အရာရှိတွေက တွက်ခဲ့ကြတာပါ။ အရာရှိတွေထဲမှာ ကိုယ်ပိုင် စိတ်ကူး အကြံဥာဏ်ရှိသူ၊ ထိုးထွင်း လုပ်တတ်သူ၊ တီထွင် ဖန်တီးမှုရှိရှိ လုပ်တတ် သူတွေဆိုရင် အထက် အရာရှိကြီးတွေက အန္တရာယ်ကောင်လို့ မြင်လာပြီး နောက်ပိုင်းမှာ ရာထူးက ဖြုတ်ရှင်းပစ်တာမျိုး ကြုံရ တတ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေရဲ့ ခပ်မဆိတ် နေနိုင်မှု၊ ထိုးထွင်းပြီး လုပ်တတ်တာ မရှိတာတွေဟာ သူ့အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်တွေလို့ ကျနော် ထင်ပါတယ်။ သူဟာ ရည်မှန်းချက်ကြီးသူ မဟုတ်ဘူးလို့ ကျနော် မထင်ပါဘူး။ ဒါပေမဲ့ သူက သူ့ရည်မှန်းချက် ဘာဆိုတာကို ထုတ်မပြောဘူး ခပ်မဆိတ် နေခဲ့တာ။ သူ့ စစ်မှုထမ်းသက် တလျှောက်လုံး ဘာအစည်းအဝေးပဲ တက်တက် ဘာမှမပြောဘဲ တုံဏှိဘာဝေ နေခဲ့သူဆိုတာ အားလုံး ပြောကြတာပဲ။ ပေးတဲ့အမိန့် နာခံပြီး လိုက်လုပ် တတ်တာပဲ။ ဒါ မြန်မာပြည်က စစ်တပ်စနစ်ရဲ့ သဘော သဘာဝပါ။ သူတို့က ပေးတဲ့အမိန့် နာခံပြီး လိုက်လုပ်တဲ့လူမျိုးပဲ လိုချင်တာ။

မေး။ ဒါဆို ဗိုလ်သန်းရွှေက သူ့ရည်မှန်းချက် အထမြောက်အောင် အသေအချာ ပြင်ဆင်ခဲ့တဲ့ သဘောပေါ့။ အရင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ ဘယ်လောက်ရင်းနှီး နီးစပ်ခဲ့တယ် ဆိုတာကိုရော ကျနော်တို့ကို ပြောပြပါလားဗျာ။

ဖြေ။ ဟုတ်ကဲ့၊ ကျနော်ထင်ပါတယ် တကယ့်ကို နီးစပ်ခဲ့တာပါ။ အာဏာကို လွှဲယူရမယ့်သူ အဖြစ် ဗိုလ်နေဝင်းကိုယ်တိုင် သတ်မှတ် ပေးခဲ့တယ်လို့ကို ကျနော် ထင်ပါတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေး အရတော့ (စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း) ဗိုလ်ခင်ညွန့်လောက်တော့ မနီးစပ်ဘူးပေါ့။ ပုဂ္ဂိုလ်ရေး အဆက်အဆံအရ ပြောရရင်တော့ နီးစပ်တဲ့ ဆက်ဆံရေး ရှိခဲ့တယ်လို့ ကျနော် မထင်ပါဘူး။ ဒါပေမဲ့ အာဏာကို လွှဲယူရမယ့် သူကို ဗိုလ်နေဝင်း ရွေးခဲ့ရာမှာတော့ သူဟာ တကယ့်ကို နီးစပ်တဲ့ လူဆိုတာ သေချာပေါက်ပါပဲ။

မေး။ သူ့ဇနီး ဒေါ်ကြိုင်ကြိုင်ကရော ဗိုလ်သန်းရွှေအပေါ်မှာ ဘယ်လောက်အထိ လွှမ်းမိုး ထားနိုင်ပါသလဲ ခင်ဗျာ။

ဖြေ။ တစုံတရာတော့ သြဇာလွှမ်းမိုးမှုရှိမယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ သူသာ အာဏာ အရှိဆုံး၊ အားလုံးကို ချုပ်ကိုင် ထားတယ် ဆိုတာမျိုးတော့ ကျနော် မထင်ပါဘူး။ ဗိုလ်သန်းရွှေ ကိုယ်တိုင်ကလည်း ထိပ်ဆုံးနေရာမှာ ရောက်ပြီး အာဏာ အရှိဆုံးဟာ သူပဲဆိုတာ သိပါတယ်။ သူ့မှာ သူ့ကိုယ်ပိုင်စိတ်ကူး၊ ဘာလုပ်မယ် ဆိုတဲ့ အစီအစဉ်တွေ ရှိပါတယ်။ ဒါပေမဲ့ ဒေါ်ကြိုင်ကြိုင်ရဲ့ သြဇာ အာဏာ စူးရှတဲ့ နေရာတနေရာ ကတော့ ဗေဒင်ယတြာ ကိစ္စတွေပါ။ ဗိုလ်သန်းရွှေထက် သာပါတယ်။ ဒီကိစ္စတွေအပေါ် စွဲလမ်း ယုံကြည်တာ။ ဒီကိစ္စတွေမှာ ဗိုလ်သန်းရွှေအပေါ် လွှမ်းမိုးနိုင်တာပါ။ ဒေါ်ကြိုင်ကြိုင်ဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်လည်း မကြိုက်ဘူးလို့ ထင်တယ်။ ဒါကြောင့် ဒီကိစ္စမှာလည်း သူမက ဗိုလ်သန်းရွှေအပေါ် လွှမ်းမိုးနိုင်တာ ဖြစ်နိုင်ပါတယ်။

မေး။ ဒါကြောင့် ဗိုလ်သန်းရွှေက ဒေါ်စုကို မုန်းတာ၊ နာမည်တောင် မကြားချင်တာတွေ ဖြစ်လာတာလား။

ဖြေ။ ဟုတ်ပါတယ်။ ဒါက အကြောင်းတခုဖြစ်မှာပါ။ ဒီစာအုပ်အတွက် ကျနော် တွေ့ဆုံ မေးမြန်းခဲ့တဲ့သူ တော်တော်များများ ပြောတာက ဒေါ်အောင်ဆန်းစုကြည်က အဘက်ဘက်မှာ ပြည့်စုံသူ၊ ဒေါ်ကြိုင်ကြိုင်နဲ့ တခြား ဗိုလ်ချုပ်ကတော် တွေက ဒါမျိုး ပြည့်စုံသူတွေ မဟုတ်ဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ဒေါ်စုက တကယ့် ပညာတတ်၊ နိုင်ငံတကာလည်း အနှံ့ ရောက်ဖူးတဲ့သူ၊ သိပ်ခေတ်မီတယ်၊ သိပ်လှတယ်၊ ဒေါ်ကြိုင်ကြိုင်ကို ကြည့်လိုက်တော့ လှလဲမလှ၊ ပညာကလည်း မတတ်။

မေး။ ခင်ဗျားရဲ့ အချက်အလက် အကိုးအကားပြုတဲ့ ရင်းမြစ်တွေကိုရော ပြောပြ နိုင်မလားခင်ဗျာ။ ဗိုလ်သန်းရွှေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် အရင်းခံ အထောက်အထားတွေကို ဘယ်က ရတယ်ဆိုတာ ပြောပြ နိုင်မလား။

ဖြေ။ ဟုတ်ကဲ့။ ကျနော့် အရင်းခံ အထောက်အထား နှစ်ခုမှာ ပထမတခုက နှစ်ပေါင်းများစွာ အတွင်း မြန်မာ စစ်တပ်က ထွက်ပြေး ကူးပြောင်းလာခဲ့ သူတွေပါ။ ဒီလူတွေဟာ ဗိုလ်သန်းရွှေကို သူ့ဘဝတလျှောက် အဆင့်အသီးသီးမှာ တွေ့ဆုံ သိကျွမ်းခဲ့ကြ သူတွေပါ။ ပြည်ပရောက်နေတဲ့ ဒီလူတွေထဲက တချို့ကို ကျနော် တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၅ဝ စုနှစ်များ တဝိုက်က စစ်သင်တန်း အတူတူ တက်ခဲ့သူတွေပါ။ နောက်တယောက် ကျနော် မေးခဲ့တာက သူ အနောက်တောင်တိုင်း တိုင်းမှူး ဘဝနဲ့ ရှိစဉ် သူ့ဆရာဝန် အဖြစ် အမှုထမ်းခဲ့သူပါ။ နောက် မေးခဲ့သူတွေကတော့ သူဗိုလ်ချုပ်မှူးကြီး ဖြစ်ပြီးကတည်းက သိခဲ့သူ၊ သူ့ကို မကြာသေးခင် အထိ တွေ့ခဲ့ သူတွေပါ။ ဒီလို ကူးပြောင်းတွေ အပြင် နိုင်ငံတကာ သံတမန် တော်တော် များများကိုလည်း ကျနော် တွေ့ဆုံ မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဗြိတိသျှ၊ အမေရိကန်၊ သြစတြေးလျား၊ ဂျပန်၊ ထိုင်းနိုင်ငံတို့က သံတမန်တွေပါ။ ဗြိတိသျှ သံအမတ်ဟောင်း မာ့က်ကန်းနင်း (Mark Canning)၊ သြစတြေးလျား သံအမတ်ဟောင်း၊ ထိုင်းသံအမတ်ဟောင်း တို့ကိုလည်း ကျနော် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဗြိတိသျှနဲ့ အမေရိကန်လို အနောက်တိုင်း အမြင်များသာ မကဘဲ ဂျပန်နဲ့ ထိုင်းလို အရှေ့တိုင်း အမြင်များကို ကြားခဲ့ရတာလည်း ကျနော့်အတွက် ကောင်းပါတယ်။ ကုလသမဂ္ဂ သံတမန်ဟောင်းတွေ ဖြစ်တဲ့ ကုလ အထူး ကိုယ်စားလှယ်ဟောင်း ရာဇာလီ အစ္စမေးလ် (Razali Ismail)၊ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ယိုဇိုယိုကိုတာ (Yozo Yokota)၊ ပါမောက္ခ ပင်ဟဲရိုး (Pinheiro) တို့ကိုလည်း ကျနော် တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဒါတွေအားလုံးဟာ ကျနော့်အတွက် အရင်းခံ အထောက်အထားတွေ ဖြစ်ပါတယ်။ သူတို့ဟာ ဗိုလ်သန်းရွှေကို အချိန်ကာလ အမျိုးမျိုးမှာ တွေ့ဆုံခွင့် ရခဲ့သူတွေ ဖြစ်ကြပါတယ်။ တဆင့်ခံ အထောက်အထားတွေ ဖြစ်တဲ့ စာရွက်စာတမ်း မှတ်တမ်းမှတ်ရာ အထောက်အထား အများအပြားကိုလည်း ကျနော် ရယူခဲ့ပါတယ်။

မေး။ ကျနော် အကြမ်းဖျင်း နားလည်ထားတာက ဗိုလ်သန်းရွှေဟာ သံတမန်ကောင်း တဦး မဟုတ်ဘူး ဆိုတာပါပဲ။ ဒါပေမဲ့ မကြာသေးခင်က ရှားရှားပါးပါး သူ သီရိလင်္ကာကို အလည်အပတ် သွားရောက်ခဲ့ပါတယ်။ သူ နိုင်ငံခြား သံတမန်တွေနဲ့ ဆက်ဆံရာမှာ ဘယ်လောက် ကျွမ်းကျင် လိမ္မာပါးနပ်တယ်လို့ ခင်ဗျား သိထားပါသလဲ။

ဖြေ။ ဟုတ်ပါတယ်။ ဒါ ရှားရှားပါးပါး နိုင်ငံခြားခရီးစဉ် ဖြစ်သလို အံ့အားသင့်စရာ ကောင်းတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ အရင်တုန်းက သူသွားခဲ့ဖူးတာမှာ အများစုက တရုတ်၊ အိန္ဒိယ၊ စင်္ကာပူနဲ့ တခြား အရှေ့တောင် အာရှ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သီရိလင်္ကာကို သွားတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ကျနော် သံသယရှိနေတာ သူ သီရိလင်္ကာကို သွားတာ တမီလ်ကျား သူပုန် (LTTE) တွေကို အစိုးရက ဘယ်လို နှိမ်နင်းခဲ့တယ် ဆိုတာ လေ့လာရအောင်၊ သင်ခန်းစာ ယူစရာ ရှိယူရအောင် သွားတယ်လို့ပဲ ထင်ပါတယ်။ ယေဘူယျ နိုင်ငံခြား ဆက်ဆံရေးနဲ့ ပတ်သက်ရင်တော့ ဗိုလ်သန်းရွှေကို အထင်မသေးမိဘို့ အရေးကြီးတယ်လို့ ကျနော်ထင် ပါတယ်။ ခင်ဗျားသိတဲ့အတိုင်း ကျနော်တို့ လူတွေ အများအပြားက ဗိုလ်သန်းရွှေကို တုံးသူ၊ ပညာမတတ်သူ၊ ပျင်းရိငြီးငွေ့စရာ ကောင်းသူအဖြစ်ပဲ ထင်နေကြပါတယ်။ တစုံတရာ အတိုင်းအတာ အထိတော့ သူဟာ တုံးသူ၊ စိတ်ဝင်စားစရာ မကောင်းသူဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျနော် တွေ့ခဲ့တဲ့ သံတမန်တွေ ပြောတာက သူဟာ ကျနော်တို့ သိထားတာထက် ဖော်ရွေ ပျူငှာနိုင်သူ ဆိုတာပါပဲ။ သံတမန်တွေနဲ့ တွေ့တဲ့အခါ သူ ဖော်ရွေချင်ရင် ဖော်ရွေ ပြနိုင်တဲ့သူပါ။ သူ့ အင်္ဂလိပ်စကား ကျွမ်းကျင်မှု အဆင့်အတန်း ကလည်း ကျနော်တို့ သိထားတာထက် အများကြီး ပိုကောင်းပါတယ်။ သူ တကယ့်ကို အတော်များများ နားလည်ပါတယ်။ အင်္ဂလိပ်လိုလည်း ပြောနိုင်ပါတယ်။ ကျနော်တို့ ထင်ထားတာထက် ပါးနပ်လိမ္မာသူ၊ ပညာတတ်သူ ဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။ သူဟာ တက္ကသိုလ် မရောက်ခဲ့သူ၊ ပုံမှန် ပညာရေးကို ရခဲ့သူ မဟုတ်ပေမယ့် အတော် တတ်ပါတယ်။

မေး။ ဗိုလ်သန်းရွှေရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ပြောရင် အမြင့်ဆုံး ဘယ်အဆင့်အထိ ရောက်ခဲ့ပါသလဲ။

ဖြေ။ အထက်တန်းအဆင့် ပညာရေးတော့ ပြီးခဲ့တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ တက္ကသိုလ်တော့ သူ မတက်ခဲ့ပါဘူး။ အထက်တန်းပြီးတော့ ဗိုလ်နေဝင်းလို စာတိုက်မှာ ဝင်လုပ်ပါတယ်။ စာတိုက်မှာ စာရေးအဖြစ် ခဏလောက် အမှုထမ်းပြီးတော့ စစ်ထဲ ဝင်ပါတယ်။ စစ်သင်တန်း တက်ခဲ့ပါတယ်။

မေး။ ကျနော်တို့ ယေဘုယျ သိထားသလောက် တပ်ထဲမှာ သူက စိတ်ဓာတ် စစ်ဆင်ရေး ပါရဂူတဲ့။ စစ်အစိုးရ တရပ်နဲ့ အုပ်ချုပ်နေရာမှာ ဒီစိတ်ဓာတ် စစ်ဆင်ရေး နည်းဗျူဟာတွေကို သူ အသုံးပြုနေတယ်လို့ ခင်ဗျား ထင်ပါသလား။

ဖြေ။ ကျနော်တော့ သူသုံးတယ်လို့ ထင်တယ်။ အထင်ရှားဆုံး ဥပမာကတော့ သွေးခွဲ အုပ်ချုပ်ရေး မဟာဗျူဟာ မှာပါ။ တနိုင်ငံလုံးမှာ နည်းပေါင်းစုံနဲ့ သူ အောင်မြင်စွာ အသုံးပြုခဲ့တာပါ။ ဥပမာ ၁၉၉၅ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး (KNU) ကနေ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) ဆိုပြီး ကွဲထွက်အောင် လုပ်ခဲ့ပါတယ်။ မကြာသေးခင်ကလည်း ကေအန်ယူကနေ အဖွဲ့ငယ်လေးတွေ ထပ်ကွဲအောင် လုပ်ခဲ့ပါသေးတယ်။ မြန်မာပြည် တခြား နေရာတွေမှာလည်း ဒီလိုပဲ လုပ်ခဲ့ပါတယ်။ ဒါကြောင့် ဝါဒဖြန့်ချိရေးနဲ့ သွေးခွဲ အုပ်ချုပ်ရေးတို့နဲ့ ပတ်သက်လာရင် သူဟာ တကယ့်ကို စိတ်ဓာတ် စစ်ဆင်ရေး စစ်ပွဲကို ဆင်နွှဲနေတာလို့ ကျနော် ထင်ပါတယ်။

မေး။ ဗိုလ်သန်းရွှေက ဝန်ကြီးချုပ်ဟောင်းနဲ့ ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဗိုလ်ခင်ညွန့်ကို ဘာကြောင့် ရာထူးက ဖယ်ရှား ရှင်းပစ်ခဲ့တယ်လို့ ခင်ဗျား ထင်ပါသလဲ။ ဗိုလ်ခင်ညွန့်နဲ့ ယှဉ်ရင် ဗိုလ်သန်းရွှေက ဘယ်လောက် အာဏာ ရှိပါသလဲ။

ဖြေ။ ကျနော် ထင်တယ်၊ အတိတ်တုန်းက ကျနော်တို့မှာ ဗိုလ်ခင်ညွန့် အခန်းကဏ္ဍကို ပိုတွက်ပြီး ဗိုလ်သန်းရွှေ အခန်းကဏ္ဍကိုတော့ လျှော့တွက် ခဲ့ကြတယ်လို့ ထင်ပါတယ်။ တကယ်တော့ ဗိုလ်သန်းရွှေဟာ သူနံပါတ်တစ် ဖြစ်လာ ကတည်းက အမြဲတမ်း နံပါတ်တစ်ပါပဲ။ အရင်တုံးကလည်း နံပါတ်တစ်၊ အခုလည်း နံပါတ်တစ်လို့ ကျနော် ထင်ပါတယ်။ ဗိုလ်ခင်ညွန့်ရဲ့ သြဇာအာဏာက အကန့်အသတ် ရှိတယ်လို့ ကျနော် ထင်ပါတယ်။ တခါတရံတော့ ဗိုလ်ခင်ညွန့်မှာ ပိုပြီး လုပ်ချင် ကိုင်ချင်တဲ့ အားမလိုအားမရ မှုလေးတွေတော့ ရှိတယ်လို့ ထင်ပါတယ်။ ဗိုလ်သန်းရွှေက သူ့ကို အတိုင်းအတာ တခုအထိ လွှတ်ပေးထားပြီး အဲဒီအဆင့်ကို သူ ကျော်လာပြီး လွန်လွန်းလာတဲ့ အခါ သိပ်များလာတဲ့ အခါ ဗိုလ်သန်းရွှေက ကဲ … ဒီလောက်ဆို တော်လောက်ပြီလို့ ပြောပြီး သူ့ကို ရှင်းပစ်လိုက်လို့ ဗိုလ်ခင်ညွန့် အရာကျသွား ရတယ်လို့ ထင်ပါတယ်။

မေး။ ဗိုလ်သန်းရွှေရဲ့ အိမ်တော်လုံခြုံရေးက ဘယ်လောက်ထိ တင်းကျပ် ပါသလဲခင်ဗျာ။

ဖြေ။ သူ့လုံခြုံရေးက အရမ်းကို တင်းကျပ်တယ်လို့ ကျနော် ထင်ပါတယ်။ အထူးသဖြင့် အခုလို နေပြည်တော်ကို ပြောင်းသွားပြီးမှပေါ့။ နေပြည်တော်က သူ့ကိုယ်ပိုင် ကတုတ်ကျင်း ထဲမှာပဲ ရှိနေတယ်လို့ ထင်ပါတယ်။ သူ့ခန္ဓာကိုယ် လုံခြုံရေးသာမက သူ့အပေါ် သစ္စာခံသူ၊ သူက ရာထူး တိုးပေးခဲ့လို့ ကျေးဇူးကြွေး ရှိနေသူ စသဖြင့် သစ္စာတော်ခံတွေ ဝန်းရံထားတဲ့ နိုင်ငံရေး လုံခြုံရေး စည်းလည်း ရှိပါတယ်။

မေး။ ဗိုလ်ချုပ်တွေထဲက ဗိုလ်သန်းရွှေဆီ ဘယ်သူတွေ ဝင်ထွက်ခွင့် ရှိပါသလဲ။

ဖြေ။ နံပါတ်နှစ်ဖြစ်တဲ့ ဗိုလ်မောင်အေးကတော့ အဝင်အထွက် ရှိမှာပါ။ မကြာခဏ တွေ့ဆုံတာမျိုး မဟုတ်ရင်တောင် ပုံမှန် အဆက်အသွယ် ကတော့ ရှိမှာပါ။ သေချာတာကတော့ သူကိုယ်တိုင် ရွေးချယ်ထားတဲ့ လက်သပ်မွေး တပည့်လေးတွေ ဖြစ်တဲ့ ဗိုလ်ရွှေမန်းနဲ့ ဗိုလ်မြင့်ဆွေတို့ ကတော့ ပုံမှန် ဝင်ထွက် နေကြမှာပါ။

မေး။ မကြာသေးခင်က ဗိုလ်မြင့်ဆွေက ဗိုလ်သန်းရွှေနဲ့ သိပ်နီးစပ်တဲ့ ဆက်ဆံရေး ရှိတယ်၊ သူ့ကို ဆက်ခံဖို့ အတွက် သူသဘောအကျဆုံး လူလို့ မှန်းဆ ပြောဆိုနေတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ အရင်တုန်းကလည်း ဗိုလ်သန်းရွှေ အမွေကို ဆက်ခံမယ့်သူဟာ ဗိုလ်မြင့်ဆွေလို့ ပြောနေကြတာမျိုး ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘာများ ပြောချင်ပါသလဲ ခင်ဗျာ။ ဒီနေရာမှာ ပျောက်ကွယ်နေသူ တဦးကတော့ ဗိုလ်မောင်အေးပါ။ သူကရော ဘယ်လိုလဲ၊ သူ့အနေအထားက ဘယ်လို ရှိပါသလဲ။

ဖြေ။ ဗိုလ်မောင်အေးနဲ့ ပတ်သက်ပြီး ပြောရရင် နအဖ (SPDC) ရဲ့ ဝါစဉ် ဇယားအရ ဗိုလ်သန်းရွှေ မနက်ဖြန် သေမယ်ဆိုရင် ဗိုလ်မောင်အေးပဲ နံပါတ်တစ် ဖြစ်လာမှာပါ။ ဒါပေမဲ့ သူ့အမွေကို ဆက်ခံမဲ့သူကို ဗိုလ်သန်းရွှေ ကြိုပြင် ထားနိုင်ခဲ့မယ် ဆိုရင်တော့ ဗိုလ်မောင်အေးကို သူ မလိုချင်ဘူး ဆိုတာတော့ သိပ်ရှင်းတယ်။ ဒါကြောင့် သူနဲ့ မောင်အေး အတူတကွ အငြိမ်းစား ယူကြမှာပါ။ သူလိုချင်တာ ဗိုလ်ရွှေမန်းနဲ့ ဗိုလ်မြင့်ဆွေ တယောက်ယောက် ဖြစ်မှာပါ။ ရွှေမန်းဖြစ်မလား၊ မြင့်ဆွေ ဖြစ်မလား ဆိုတာတော့ ကျနော် မရှင်းသေးပါဘူး။ မကြာသေးခင် ရက်တွေ အထိတော့ လူတိုင်းက ရွှေမန်းလို့ ပြောနေကြတယ်။ စာအုပ်ထဲ ဖတ်ကြည့် လိုက်တော့လည်း အတော်တော်များများက ရွှေမန်းလို့ပဲ ပြောနေကြတယ်။ တချို့ ပြောတော့လည်း ဗိုလ်မြင့်ဆွေက အလားအလာ ရှိတဲ့ ပြိုင်ဘက်တဲ့။ ဒါပေမဲ့ လူတွေက အခုထိ ရွှေမန်းလို့ ပြောနေကြတုန်းပဲ။ မကြာသေးခင်က ခန့်မှန်း ပြောဆိုချက်တွေ ကြည့်ရတာတော့ မြင့်ဆွေလို့ ယူဆရပါတယ်။ ဒါပေမဲ့ အခုပြောဖို့ သိပ်စောလွန်း နေတယ်လို့ ကျနော် ထင်ပါတယ်။ စစ်အစိုးရနဲ့ ပတ်သက်လာရင် နောက် ပြဿနာ တခုက ကောလာဟလ ပြန့်တတ်တာပါ။ ဒါ သူ့သဘာဝပါ။ ဒါပေမဲ့ တခါတရံတော့ ကျနော်ထင်တယ်၊ စစ်အစိုးရ ကိုယ်တိုင်က ရှုပ်ထွေးကုန်အောင် တမင်တကာ ကောလာဟလ ဖြန့်တာလို့ ထင်ပါတယ်။ ဒီတော့ မြင့်ဆွေနဲ့ ပတ်သက်တဲ့ ကောလာဟလ အပေါ်မှာလည်း တကယ် ဖြစ်လာတဲ့ အထိ ကျနော် ဘာမှ မှတ်ချက် မပေးနိုင်ပါဘူး။

မေး။ သန်းရွှေနဲ့ မောင်အေးအကြားမှာ ကွဲအက်နေပြီဆိုတဲ့ ကောလာဟလ ဟာလည်း ဒီလိုပဲ တမင် ဖြန့်တယ်လို့ ခင်ဗျား ထင်သလား။ ဒါမှမဟုတ် ဒါဟာ သူတို့နှစ်ယောက်ကြား တကယ်ကို ကွဲနေပြီလို့ ခင်ဗျား ထင်သလား။

ဖြေ။ ဒါ ပြောဖို့ ခက်ပါတယ်။ သူတို့နှစ်ယောက်ကြား အမြင်သဘောထားတွေ မတူကြဘူး ဆိုတာတော့ ယုံကြည် လောက်တယ်လို့ ကျနော် ထင်ပါတယ်။ ကျနော် ဒီစာအုပ်အတွက် သုတေသန လုပ်နေစဉ်မှာ တော်တော်များများ ပြောကြတာက တချို့ ကိစ္စတွေမှာ ဗိုလ်သန်းရွှေ ဆုံးဖြတ်တာကို ဗိုလ်မောင်အေးက သဘော မကျဘူးတဲ့။ ရွှေဝါရောင် တော်လှန်ရေးကို ရက်ရက်စက်စက် နှိမ်နင်းတာမျိုးပေါ့။ လူတွေပြောတဲ့ထဲ စိတ်ဝင်စားစရာ ကောင်းတာက ဗိုလ်သန်းရွှေဟာ ဆုံးဖြတ်ချက် ချရာမှာ ဖြည်းဖြည်းပဲ လုပ်တတ်တယ်တဲ့။ ရွှေဝါရောင် တော်လှန်ရေး တုန်းကလည်း ဒီလိုပါပဲ။ ဒီတော့ ကျနော် ထင်တာက ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေး အကြားမှာ ကွဲလွဲချက် တွေတော့ ရှိတယ်။ ဒါပေမဲ့ မောင်အေးက သန်းရွှေကို ဘယ်တော့မှ ထိပ်တိုက်တွေ့ စိန်ခေါ်မှာတော့ မဟုတ်ဘူး။ ဖြစ်လာမယ့် အကျိုးဆက်တွေကို သူသိထားလို့ပဲ။ နံပါတ်နှစ် အနေနဲ့လည်း သူ့အခြေအနေက သက်သောင့် သက်သာပါပဲ။ ဒီတော့ သူတို့ချင်း သဘော မတူတာတွေ ရှိပေမယ့် အတူတူ မခွဲမခွာ နေကြမှာပဲ။

မေး။ ဗိုလ်သန်းရွှေက ၂ဝ၁ဝ ရွေးကောက်ပွဲ အပါအဝင် သူ့အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံကို သူ့ဆုတ်လမ်း တစိတ်တပိုင်း အနေနဲ့ တပ်က အနားယူပြီး သူလုပ်ထားခဲ့ သမျှတွေကို သူနဲ့အတူ ဖျောက်ပစ်လိုက်ဖို့ ရည်ရွယ် လုပ်ထားတယ်လို့ ထင်ပါသလား။

ဖြေ။ ဟုတ်ကဲ့၊ ဒါ အဓိက အကြောင်းရင်းနှစ်ခု ရှိတယ်လို့ ကျနော် ထင်ပါတယ်။ ပထမတခုက သူနဲ့ နီးစပ်တဲ့ သူ့မိသားစု၊ သူ့လက်သပ် မွေးထားတာတွေ၊ သူနဲ့ စားဖော်စားဖက် တွေနဲ့ သူကိုယ်တိုင် အတွက် အကာအကွယ် ရချင်တာပဲ။ သူသေသွားရင်တောင် သူ့မိသားစုနဲ့ သူ့လူတွေ အတွက် သူက အကာအကွယ် သိပ်ရချင်နေတာ။ ဒုတိယ တချက်က ရှေးတုန်းက မြန်မာ ဘုရင်တွေလို သူက စံပြအဖြစ် ပြောစရာလေးတွေ အတိုင်းအတာ တခုအထိ ချန်ထားခဲ့ချင်တာ။ နေပြည်တော်မှာလည်း ရှေးဟောင်း ဘုရင်ရုပ်တုကြီး ၃ ခု တည်ထားတယ်။ ရာဇဝင်မှာ ဒီလိုဘုရင်တွေက နေပြည်တော်သစ် တည်တာ စသဖြင့် သူတို့လုပ်ရပ် အမွေအနှစ်တွေ ထားခဲ့လေ့ ရှိတယ်။ ဒါကြောင့် ရွေးကောက်ပွဲတို့၊ နေပြည်တော် မြို့တော်သစ်ကြီး တည်တာတို့ဟာ ရှေးတုန်းက ဘုရင်တွေလို သူ့လုပ်ရပ်ရယ်လို့ ပြစရာ အမွေအနှစ်တွေ ချန်ထား ရစ်ခဲ့ဖို့ လုပ်တာလို့ ထင်ပါတယ်။

မေး။ ဒီရုပ်တုကြီးတွေအကြောင်း ပြောရတာ သူက သူ့ကိုယ်သူ ဒီရှေးဘုရင်တွေ ထဲက တယောက်ယောက်လို့ ထင်နေ သလားလို့ ယူဆရပါတယ်။ သူ့အနေနဲ့ ဒီလို အယူအဆတွေ အပေါ် တကယ့်ကို စွဲလမ်း နေတယ်လို့ ခင်ဗျားရော ထင်ပါသလား။

ဖြေ။ ဟုတ်ကဲ့ ကျနော် ဒီလိုပဲ ထင်ပါတယ်။ ကျနော် နေပြည်တော်ကို တရက် သွားလည် ခဲ့ပါတယ်။ ခင်ဗျား နေပြည်တော်ကို ရောက်ရင် တွေ့ပါလိမ့်မယ်။ ရွှေတိဂုံပုံတူ စေတီတဆူ တည်ထားတာကို။ အပြင်ရော အတွင်းပါ ရွှေချထားတာပါ။ ညဆိုလည်း မီးတွေ လင်းထိန်အောင် ထွန်းထားပါတယ်။ ငွေကုန်ကြေးကျ များစွာ အကုန်ခံပြီး တည်ထားတာပါ။ နေပြည်တော်ကို လှည့်ပတ် ကြည့်ပြီးရင် ရှင်းသွားပါပြီ။ နေပြည်တော် ဆိုပြီး မြို့တော်သစ် တည်တာဟာ ဗိုလ်သန်းရွှေက မြန်မာ ဘုရင်တွေ ခေတ်ကလို လိုက်လုပ် နေတာပါပဲ။

မေး။ ဗိုလ်သန်းရွှေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ နည်းနည်းလောက် ပြောပြ နိုင်မလားခင်ဗျာ။

ဖြေ။ ဒီနှစ်တွေထဲ ကြိုကြားကြိုကြား ပေါ်လာတဲ့ သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ကတော့ သူ အသက် သိပ်ကြီးနေပြီ၊ သေတော့မယ် ဆိုတဲ့ သတင်းတွေပါဘဲ။ ဒါပေမဲ့ ရုတ်တရက် ပြန်ပေါ်လာပြန်ပြီး သူ့ကို ကြည့်လိုက်ရင် ကျန်းမာနေတာပဲ၊ သန်သန်မာမာပဲ။ ကျနော်တို့ သိထားတာ သူ့မှာ ဆီးချိုရောဂါ ရှိတယ်။ ပရော့စတိတ် ကင်ဆာလည်း ရှိတယ်လို့ ယုံကြည်ရတယ်။ စင်္ကာပူကိုတောင် ဆေးသွားကုရသေးတယ်လို့ ဆိုတယ်။ ဒါပေမဲ့ လူထုမြင်ကွင်းကို ပြန်ပေါ်လာတဲ့ အခါ ကြည့်လိုက်ရင် ကျန်းမာနေတာပဲ။ ချည့်နဲ့နေတဲ့ ပုံမရှိဘူး။ ကိုယ်အလေးချိန် များနေပုံရပေမယ့် ကျန်းကျန်း မာမာပါပဲ။ တကယ်တမ်း ဘာဖြစ်နေတယ် ဆိုတာ သိဖို့ ခက်ပေမယ့် ကျန်းမာရေး ဆိုးနေတာတော့ မဟုတ်ပါဘူး။

မေး။ ဗိုလ်သန်းရွှေက ဗေဒင်လက္ခဏာပေါ် ဘယ်လောက်ထိ အစွဲအလမ်း ကြီးပါသလဲ။

ဖြေ။ နက္ခတ်ဗေဒင်အပေါ် သူယုံကြည်တာက ဆုံးဖြတ်ချက်ချတဲ့ အချိန်တွေ မှာတောင် အတော်သြဇာ သက်ရောက်တာ သေချာတယ်လို့ ကျနော် ထင်ပါတယ်။ နေပြည်တော် ပြောင်းဖို့ သူ ကြေငြာတာတောင် အချိန်ကို သေချာ ဂရုတစိုက် ရွေးချယ်ထားတာ။ ဒီလိုပါပဲ။ မကြာသေးခင် နှစ်တွေက အတိုက်အခံ လှုပ်ရှားသူတွေ အပေါ် ချမှတ်ခဲ့တဲ့ ထောင်ဒဏ်တွေကလည်း နက္ခတ် ဗေဒင်အရ အသေအချာ တွက်ချက်ပြီး ချခဲ့တာပါ။ တကယ်ဆုံးဖြတ်ချက် ချရာမှာ ဒီနက္ခတ် ဗေဒင်ကလည်း အကြောင်း အချက်တခု ဖြစ်မှာပေါ့၊ တခြား အကြောင်းအချက် တွေထဲက တခု ဖြစ်မှာပေါ့။ ဥပမာ နေပြည်တော် ပြောင်းတာမျိုးပေါ့။ ဗေဒင်ဆရာတွေ အကြံပေးတာလည်း ပါမယ်။ နောက်ပြီး တခြား အကြောင်းအချက် တွေလည်း ရှိမယ်လို့ ကျနော် ထင်ပါတယ်။ သမိုင်းအမွေ ချန်ထား ခဲ့ချင်တာရယ်၊ နိုင်ငံလုံးကျွတ် အုံကြွမှုကြီးတွေ ပေါ်လာရင် သူတို့ကိုယ် သူတို့ ကာကွယ် ထားချင်တာရယ်၊ နိုင်ငံ အလယ်ခေါင်မှာ ကတုတ်ကျင်းမြို့တော်ကြီး တည်ထားချင်တာရယ် စသဖြင့်ပေါ့။ ဒါကြောင့် ခုနပြောတဲ့ မဟာဗျူဟာ အချက်အလက်တွေက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ဗေဒင်အပြင် နောက်ထပ် အကြောင်းအချက်တွေ ပါပဲ။

မေး။ ခင်ဗျား ရထားတဲ့ သတင်းအချက်အလက်တွေ အရ ဗိုလ်သန်းရွှေဟာ နိုင်ငံခြား တိုင်းပြည်တွေက ဝင်ရောက် ကျူးကျော် တိုက်ခိုက်လာမယ့် အန္တရာယ်ကို တွေးပြီး ကြောက်နေတဲ့ ရောဂါ ရှိတယ်လို့ ထင်ပါသလား။

ဖြေ။ ကျနော်တော့ ရှိတယ်လို့ ထင်တယ်။ အထူးသဖြင့် အီရတ်စစ်ပွဲ အပြီးမှာ။ ကျနော့် စာအုပ်ထဲမှာ ကိုးကားထားတဲ့ သူ့မိန့်ခွန်းတွေကို ခင်ဗျား ဖတ်ကြည့်ရင် တွေ့လိမ့်မယ်။ သူက ပြည်ထောင်စု ကြံ့ခိုင်ရေး အဖွဲ့ (USDA) ရယ်၊ စစ်တပ်ရယ်၊ သူ့စစ်သားတွေရယ်ကို အမိန့်ပေးထားတာ အထူးသဖြင့် အမေရိကန် ကျူးကျော်မှု အတွက် အသင့် ပြင်ထားဖို့ပဲ။ ဒါကြောင့် သူ့မှာ ဒီလို ကြောက်နေတာမျိုး ရှိတယ်လို့ ကျနော် ထင်တယ်။ ခင်ဗျား သိတဲ့အတိုင်း ဒါမျိုးက ဖြစ်လာစရာ မရှိပါဘူး။ ဒါပေမဲ့ သူ့မှာ ဒါကို ကြောက်နေတာတော့ ရှိတယ်။

မေး။ ကျနော်တို့က ဗိုလ်သန်းရွှေကို အာဏာရှင်၊ ကျန်းမာရေး မကောင်းသူ၊ နိုင်ငံခြားကြောက် ရောဂါရှိသူ၊ ဗေဒင်နက္ခတ်ကို ယုံကြည်စွဲလမ်း လွန်းသူ အဖြစ် သိထားကြပါတယ်။ ဒါကိုပဲ မြန်မာပြည်က ဗိုလ်ချုပ်တွေ စစ်သားတွေက ဘာကြောင့် သူ့ကို ဒါလောက်ကြောက်ပြီး သူ့အုပ်ချုပ်မှုကို လက်ခံ နေကြတာလဲလို့ ခင်ဗျား ထင်ပါသလဲ။

ဖြေ။ ဟုတ်ကဲ့ ဒီလိုမေးခွန်းမျိုးတွေကိုပဲ ကျနော့် ဒီစာအုပ်အတွက် သုတေသန လုပ်နေစဉ် တလျှောက်လုံးမှာ လူအတော်များများကို မေးခဲ့ပါတယ်။ ဒီလောက်တောင် လူတွေကြား စန်းမရှိတဲ့လူ၊ လူထုကို တက်ကြွလာအောင် လုပ်နိုင်စွမ်းတဲ့ ကိုယ်ပိုင် အရည်အချင်း မရှိတဲ့သူကို လူတွေ ဘာကြောင့် ဒီလောက် နာခံနေကြသလဲ ဆိုတာ ကျနော်လည်း နားမလည်နိုင်လို့ပါ။ ဘာကြောင့် သူ ဒီလောက် အောင်မြင် နေရတာလဲ။ လူတွေ ဘာကြောင့် သူ့အကြောင်းပဲ ညူးညူ ပြောဆိုနေကြတာလဲ ဆိုတာလည်း ကျနော် နားမလည်ပါဘူး။ လူတွေက စစ်အစိုးရကိုသာ မဟုတ်ဘူး၊ သူ့အကြောင်းလည်း အတော် ညည်းကြတာ။ ဘယ်သူကမှ စစ်အစိုးရ ဆိုတာထဲကနေ မစဉ်းစားကြဘူး။ ကျနော့် ကောက်ချက် ကတော့ ဒီပြဿနာက စနစ်နဲ့ ဆိုင်တာ။ မြန်မာ စစ်တပ်ရဲ့ အစဉ်အလာက `မင်း … သူ့ကို မုန်းနေရင်တောင် ကိုယ့်အထက် အရာရှိကို မဆန့်ကျင်နဲ့၊ ဒါမျိုးမလုပ်နဲ့´ ဆိုတာပဲ။ ဗိုလ်သန်းရွှေ အောင်မြင်တာ စစ်အစိုးရ တွင်းမှာ ရာထူးတွေ ပေးပြီး သြဇာ ထူထောင်ထားတဲ့ ယဉ်ကျေးမှု အစဉ်အလာ တရပ်ကို လုပ်ထား နိုင်တာပဲ။ သူ ချီးမြှောက်ခဲ့တဲ့ သူတွေ အများကြီး၊ သူ ရာထူး တိုးပေးခဲ့တဲ့ သူတွေ အများကြီး။ ဒါကြောင့် လူတော်တော် များများက ဒီကျေးဇူး ကြွေးတွေကြောင့် သစ္စာ ခံနေကြတာ။ ရာထူးလေး ပြုတ်သွားမှာ ကြောက်လို့လည်း သစ္စာခံနေရတာ။ ဒါကြောင့်ပဲ စစ်အစိုးရ တွင်းမှာ သူ့ကို ဖယ်ရှား မပစ်ရဲတဲ့ အကြောက်တရား ဆိုတဲ့ ယဉ်ကျေးမှု ထွန်းကားနေတာ။

မေး။ ဗိုလ်သန်းရွှေဟာ မြန်မာနိုင်ငံကို နှစ်ပေါင်း ၄ဝ ကျော် အုပ်စိုးခဲ့တဲ့ စစ်တပ် အဆောက်အအုံရဲ့ အစိတ်အပိုင်း တရပ်လို့ ခင်ဗျား ပြောမလား။ ဒါမှမဟုတ် ဒီအတိုင်းကို လုပ်မယ်လို့ စိတ်ပိုင်း ဖြတ်ထားတဲ့ တသီးပုဂ္ဂလ အာဏာရှင်လား။

ဖြေ။ ကျနော်ထင်တာ သူက နှစ်ခုလုံးပါပဲ။ သူဟာ စနစ်ရဲ့ အထွက်ပစ္စည်း တရပ်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ပြဿနာက ဦးသန်းရွှေထက် အများကြီး ကြီးမားပါတယ်။ ဦးသန်းရွှေ ပြဿာနာ တခုထဲ ဖြေရှင်းနိုင်ရုံနဲ့ မြန်မာပြည် ပြဿနာ ပြေလည်သွားမှာ မဟုတ်ပါဘူး။ ကျနော် ထင်တယ်။ သူဟာ စစ်အစိုးရ တွင်းမှာ ခေါင်းမာဂိုဏ်းသား တဦးပဲ။ ဘာပဲ လုပ်ရလုပ်ရ အာဏာကို ဖက်တွယ်ထားမယ် ဆိုတဲ့ သူပဲ။ ဆွေးနွေး ညှိနှိုင်းတာ မလုပ်လိုသူ၊ အပေးအယူ အလျှော့အတင်း မလုပ်လိုသူလည်း ဖြစ်တယ်။ သူဟာ ဒီစနစ်ကြီးကို ထိန်းချုပ် ထားနိုင်စွမ်းရှိတဲ့ တသီးပုဂ္ဂလ ပုဂ္ဂိုလ် တဦးလည်း ဖြစ်တယ်။ စနစ်ရဲ့ အထွက် ပစ္စည်းလည်း ဖြစ်ပါတယ်။

Ref: မဇ္ဈိမ

Read More...

Wednesday, December 16, 2009

နိုင်အောင်နိုင်အဖွဲ့တွင် ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင် ဝင်ရောက် ပူးပေါင်းလိုက်ပြီ

ဒီဇင်ဘာ ၁၅၊၂၀၀၉။

ကောင်းဝါ(ဒီဇင်ဘာ-၁၅)။ ။ မကြာခင်လပိုင်း အတွင်း စစ်အစိုးရထံ လက်နက်ချခဲ့ပြီး ထိန်းသိမ်း ထားခံသည်ဟု သတင်း ထွက်ပေါ်နေသော ရာမညတပ်ဖွဲ့ ခေါင်းဆောင် နိုင်ရှောင်သည် နိုင်အောင်နိုင် ဦးဆောင်သော မွန်အမျိုးသား ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ကောင်စီပါတီ MNPCP အဖွဲ့သို့ ဝင်ရောက် ပူးပေါင်းလိုက်ပြီ ဖြစ်ကြောင်း ၄င်း၏ ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ကောင်းဝါ သတင်းဌာနသို့ ယနေ့တွင် ဆက်သွယ် ပြောကြားလာသည်။

သို့ရာတွင် အဆိုပါပြောခွင့်ရ ပုဂ္ဂိုလ်၏ အမည်ကို ကောင်းဝါ သတင်းမှ ဖေါ်ပြခွင့် မရခဲ့ပေ။

လွန်ခဲ့သည့်သီတင်းပတ်တွင် မော်လမြိုင်မြို့၌ (၃) ရက်ကြာ နှစ်ဖက်ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပြီး နိုင်ရှောင် MNPCP ဒုဥက္ကဌ ဖြစ်လာသည်။ ၄င်းနှင့်အတူ တပည့်(၈) ဦး ပါဝင် လာသည်ဟုလည်း MNPCP ဥက္ကဌ နိုင်အောင်နိုင်၏ ပြောခွင့်ရ ပုဂ္ဂိုလ်က အကျယ်တဝင့် ရှင်းပြခဲ့ ပါသည်။

ထို့နောက် အသက်(၇၀) နီးပါရှိပြီဖြစ်သော နိုင်ရှောင် (မွန်ပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးဟောင်း) သည် ရေးမြို့နယ် ဒေသ တစ်ဝိုက်တွင် တပ်ဖွဲ့ဝင်သစ် အင်အား ထပ်မံ စုဆောင်းနိုင်ရန် ၄င်း၏ အစောင့်အကြပ်များနှင့် အတူ ရေးမြို့ နေအိမ် တစ်အိမ်၌ စစ်အစိုးရမှ နေထိုင်ခွင့် ပြုထားသည်ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက် ပြောကြားပါသည်။

အလားတူ အသက် (၇၃)နှစ်ခန့် ရှိပြီဖြစ်သော နိုင်အောင်နိုင် (မွန်ပြည်သစ်ပါတီမှ ဗိုလ်ချုပ်ဟောင်း) မှာလည်း ယခုရက်ပိုင်း အတွင်း မြဝတီ နယ်စပ်မြို့သို့ ရောက်ရှိလာပြီး ၄င်းအဖွဲ့၏ စီးပွားရေးရုံး တာဝန်ခံသစ် တစ်ဦး ဖြစ်လာသူ နိုင်ရှား ဆိုသူအား နယ်စပ်တွင် လာရောက် ခန့်အပ် တာဝန်ပေးခြင်း ဖြစ်သည်ဟု သိရသည်။

မျက်မြင်သက်သေများ အဆိုအရ MNPCP အဖွဲ့တွင် လူအင်အား (၂၀) ထက် မပိုဟု ခန့်မှန်း နေကြသည်။ အားလုံး လိုလိုမှာ အကြောင်း အမျိုးမျိုးကြောင့် မွန်ပြည်သစ်ပါတီမှ ပါတီဝင် ရဲဘော်ဟောင်းများသာ ဖြစ်နေကြသည်။

၎င်း၏ပြောခွင့်ရပုဂ္ဂိုလ်က ၄င်းတို့ပါတီ အနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အင်အား မရှိ၍ မပါဝင် နိုင်သော်လည်း တပ်ရင်း(၃)ရင်း ဖွဲ့စည်း၍ နယ်ခြားစောင့် တပ်ဖွဲ့အသွင် ကူးပြောင်းမည့် အစီအစဉ် ရှိသည်ဟု ဆိုပါသည်။

တပ်ရင်း(၃)ရင်းဖွဲ့စည်းရန် လက်နက်နှင့်လူသူအင်အား ရနိုင်မနိုင်၊ ဖြစ်နိုင်ချေ ရှိမရှိကို မေးမြန်း ကြည့်ရာတွင် ၄င်း ပြောရေးဆိုခွင့် ရှိသူက ပြောဆိုရန်ငြင်းပယ် ခဲ့ပါသည်။

စစ်အစိုးရ၏နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းလဲရေးကို လက်မခံသလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မပါဝင်နိုင်ကြောင်း မွန်အမျိုးသားတို့တွင် အင်အား အကြီးမားဆုံး ဖြစ်သည့် မွန်ပြည်သစ် ပါတီက အတိအလင်း ကြေညာထားပြီး ဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ကွဲပြားနေသော အခြားမွန်လက်နက်ကိုင် အဖွဲ့အစည်းများ အပေါ် ယခုလက်ရှိ မွန်ပြည်သစ်ပါတီ NMSP နှင့် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် MNLA လှုပ်ရှားရာ ဒေသများအတွင်း မိသားစုများနှင့် ပုဂ္ဂိုလ်ရေးအရ သွားလာ နေထိုင်မှုတို့ကို တားမြစ်ထားခြင်း မရှိပေ။

သို့ရာတွင် မွန်ပြည်သစ်ပါတီလှုပ်ရှားသည့် ဧရိယာဒေသများ အတွင်း မည်သည့် မွန်အဖွဲ့အစည်း မဆို လက်နက် ကိုင်ဆောင်၍ ဝင်ရောက် သွားလာမှုကို လုံးဝ ခွင့်မပြုကြောင်း မွန်ပြည်သစ် ပါတီ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးနှင့် ကောင်းဝါ သတင်းဌာန တွေ့ဆုံ မေးမြန်းချက် တစ်ရပ်တွင် ပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရနှင့် လက်နက်ချ၊ ပူးပေါင်းလျှက် ရှိသည့် မွန်လက်နက်ကိုင် အဖွဲ့များမှာ တနင်္သာရီတိုင်းတွင် နိုင်ချမ်းတိမ်း ဦးစီးသော မြိုတ်ခရိုင် ချောင်ချိဒေသအဖွဲ့၊ နိုင်စိုက်ချမ်း (ခေါ်) နိုင်ဇံအဖွဲ့၊ နိုင်အောင်နိုင် ဦးစီးသော MNPCP တို့ရှိကြသည်။

အခြားတစ်ဖက်တွင်လည်း လက်ရှိစစ်အစိုးရကို တိုက်ခိုက်နေသော အဖွဲ့များမှာ နိုင်ပန်းညွန့် ဦးစီးသည့် ဟံသာဝတီ ပြန်လည် တည်ထောင်ရေး ပါတီ၊ နိုင်ချန်းတိန်း အုပ်စု၊ နိုင်ဗင်းအုပ်စု၊ မကြာမီက အသစ်ဖွဲ့စည်း ခဲ့သည့် မွန်အမျိုးသား ကာကွယ်ရေး တပ်မတော် MNDA တို့လည်းရှိနေကြသည်။

အဆိုပါတပ်ဖွဲ့အားလုံးမှာ စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း အခြေအနေ အရပ်ကြောင့် မွန်ပြည်သစ် ပါတီမှ ထပ်မံ ပဲ့ထွက်လာသော အဖွဲ့ငယ်များ ဖြစ်သည်။


Ref: ကောင်းဝါ

Read More...

Tuesday, December 15, 2009

နအဖ တိုင်းပြည် (သို့မဟုတ်) ဗိုလ်ချုပ်များမှသည် ဗိုလ်ရှုပ်များဆီသို့

December 14, 2009

ဒီဇင်ဘာလ ၁၁ ရက် ဟာ ၊ ဒီအက်စ်အေ (DSA) ခေါ် မေမြို့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပါတ်စဉ် ၅၂ ကျောင်းဆင်းပွဲနေ့ ဖြစ်ပါတယ်။ နောက် ၁၈ ရက်နေ့ကျရင် စစ်အင်ဂျင်နီယာ ဗိုလ်လောင်းတွေရဲ့ ကျောင်းဆင်းပွဲက ဆက်လာဦးမှာပါ။ နောက်ထပ် ဒီဇင်ဘာ ၂၄ မှာ ဆေးဖက်ဆိုင်ရာ စစ်တက္ကသိုလ် ဗိုလ်လောင်းတွေလည်း ဆက်ပြီး ကျောင်းဆင်း လာကြဦးမှာပါ။ အားလုံး လူ ၇ဝဝဝ ကျော်လောက် ဗိုလ်ကလေးတွေ ဖြစ်လာကြဦးမှာပါ။ နိုင်ငံတော် အကြီးအကဲကြီးတွေ ခမျာ စစ်တက္ကသိုလ် ကျောင်းဆင်းပွဲတွေပဲ လိုက်တက် မိန့်ခွန်းချွေနေ ကြရလို့ ဒီဇင်ဘာလထဲ လုံး ၀ အားကြမယ်ဖြင့် မထင်ပါဘူး။

ဒီဇင်ဘာဟာ စစ်တပ်ကိုသွေးသစ်လောင်းပေးမယ့် ဗိုလ်လောင်းတွေ ကျောင်းဆင်းတဲ့ လလို့ ဆိုလည်း မမှားပါဘူး။ (DSA) က ကျောင်းဆင်း ဗိုလ်လောင်း ဦးရေဟာ ဒီနှစ်ထဲမှာ စံချိန် တင်လောက်အောင်ကို လူတွေက များလှပါတယ်။ ဗိုလ်လောင်း ၃၇ဝဝ ကျော် ကျောင်းဆင်းပါမယ်။ ကျောင်းဆင်းပွဲမှာ လူဘယ်လောက် များလိုက်သလဲ ဆိုရင်၊ အရင် အသုတ်တွေတုံးက ၊ ဗိုလ်လောင်း ၁ ယောက်ကို မိဘ ၂ ဦး နဲ့ ဧည့်သည် ၂ ဦး ပွဲတက်ခွင့် ရှိပါတယ်။ နောက်တော့ မိဘ ၂ ပါးပဲ တက်ရပါတယ်၊ ဒီနောက် နေရာ မဆန့်လို့ မိဘ ၁ ဦးကိုပဲ ကျောင်းဆင်းပွဲ တက်ခွင့် ပေးနိုင်ပါတော့တယ်။

ဒီနှစ်မှာ ကျောင်းဆင်းမယ့် ကျောင်းသားအတွက်တောင် ထိုင်စရာနေရာ မကျန်တော့လို့၊ ဘယ်မိဘကိုမှ ဘွဲ့ယူခမ်းမထဲ ပေးမဝင်တော့ပါဘူး၊ အပြင်ကပဲ အားပေး ကြရမယ်လို့ သိရပါတယ်။ ဒါကလည်း ဒီနှစ် (DSA)ရဲ့ စတိုင် တမျိုးပါပဲ။ ဒီအက်စ်အေ ဖွင့်ခါစကဆို ကျောင်းသား ၁ဝဝ တောင် မပြည့်ခဲ့ပါဘူး၊ နှစ်အလိုက် ဗိုလ်လောင်း ကျောင်းသားတွေကို တိုးပြီး ခေါ်လိုက်တာ၊ အခုနှစ် ဆင်းတဲ့ ဦးရေဟာ စံချိန် တင်လောက် ပါသတဲ့။ အရင်တုံးက ဆယ်တန်း အောင်ပြီး တက်ရတဲ့ ဒီအက်စ်အေ (DSA) နဲ့ ဘွဲ့ရပြီးမှ သင်တန်း တက်ရတဲ့ အိုတီအက်စ် (OTS) ဆိုပြီး ဗိုလ်သင်တန်း ၂ မျိုး ရှိခဲ့ပါတယ် ။ အပြင်က ဘွဲ့ရတွေကို ဗိုလ်သင်တန်း ခေါ်တဲ့ အိုတီအက်စ် (OTS ) ဟာ အခု မရှိတော့ပါဘူး။ အဲဒီ သင်တန်းဆင်း အချင်းချင်းက သိပ်မတည့်ကြပါဘူး၊ ဒီအက်စ်အေက အိုတီအက်စ်ကို အထင် မကြီးသလို၊ အိုတီအက်စ် ကလည်း ဒီအက်စ်အေ ကို ကြည့်မရပါဘူး။

ထို့နည်းတူ ဂိုဏ်းဂဏ အုပ်စုတွေဖွဲ့ပြီး တပ်မတော်ထဲမှာ ဒီကျောင်းဆင်း ၂ ဖွဲ့ ပဋိပက္ခကလည်း ဒီကနေ့တိုင် ဆက် ကြီးထွားနေဆဲပါ။ လက်ရှိ တပ်မတော်ထဲက တပ်ရင်းတခုမှာ ရဲဘော် တရာ အရာရှိ ၃၀ နှုန်း ဖွဲ့စည်းပုံကနေ နောင်မှာ ဗိုလ် ၁ဝဝ ကို ရဲဘော် က ၁ ယောက်နှုန်း ကိန်း၊ မလွဲမသွေ မကြာခင် ဆိုက်လာပါတော့မယ်။ စစ်သားအင်အား ကသာ မရှိတာ၊ ဗိုလ်တွေကတော့ ဖွဲ့စည်းပုံ အပြည့် ပါဘဲ။ ရှိတဲ့စစ်သား ၁ ယောက်ခမျာ နေ့စဉ် တတိုက်ထဲ တိုက်နေရ တာတော့၊ ကြာတော့ ထွက်ပြေး ကုန်ကြတာ များပါတယ်။ နေ့စဉ် တိုက်ရတယ် ဆိုတာက စစ်တိုက်ရလို့ မဟုတ်ပါဘူး။ ဟိုဗိုလ်က ဖိနပ်တိုက်ခိုင်း၊ ဒီဗိုလ်က တံဆိပ် တိုက်ခိုင်း၊ ဗိုလ်ကတော် က မီးပူတိုက်ခိုင်း၊ အိုး တိုက်ခိုင်း၊ ကြမ်းတိုက်ခိုင်းနဲ့ ရှိတဲ့ ရဲဘော်ခမျာ လက်ကို မလည်ရ ရှာပါဘူး။

နောက်နှစ်တွေကိုတော့ ဒီနှစ်လို ဗိုလ်လောင်းတွေ၊ သိပ်မခေါ်တော့ ဘူးလို့ ကြားပါတယ်။ ကျောင်းမှာ ထားစရာ နေရာ သိပ်မကျန် တာရယ် ၊ ခန့်စရာ, ရာထူးလည်း သိပ်မကျန်တော့တာ ရယ်ကြောင့် ဖြစ်မယ်ထင်ပါတယ်၊ မဆလ အစိုးရ ခေတ်က စလို့ တပ်မတော် ထဲက ဖြုတ်ထုတ်လိုက်တဲ့ ဗိုလ်ပြုတ်တွေ အရပ်ဖက်ပို့၊ နေရာပြောင်း အပြစ်ပေးပြီး တပ်တွင်း ရာထူးတိုး တန်းစီဇယား ထိန်းညှိ ယူနေရာက နောင်၂၀၁၀ ပြီးရင် ဒီထက် တဆင့်တိုးလို့ ဗိုလ်ချုပ်အဆင့် က ဖြုတ်၊ ထုတ်၊ ပြုတ် တွေကိုပါ လွှတ်တော်ထဲ ထိုးပုံဖို့ လက်ရှိ နအဖ အစိုးရ စဉ်းစားနေပါတယ်။ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ဖက်စုံမှာ စစ်ဗိုလ်တွေ ကျွမ်းကျင် ထားဖို့ လိုတယ်တဲ့။ ဗိုလ်လောင်း အသစ်လေးတွေ ဒီအမြင်လေးမျိုး ကြိုတင် စိုက်ထူထားကြဖို့ ဗိုလ်ချုပ်မှူးကြီးက သင်တန်းဆင်းပွဲမှာ, မှာကြား သွားပါတယ်။ သဘောကတော့ မင်းတို့ ကောင်းကောင်းလုပ်။ နောင်တနေ့ စစ်ဗိုလ် ဘ၀က လျှောသွားရင် စီးပွားရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ဘ၀ထဲ ရောက်သွား နိုင်တယ်လို့ ဗိုလ်လောင်းတွေကို အခုထဲက လက်ချာရိုက် ၀မ်နိမ် (warning) ပေးနေတာပါ။

၂ဝ၁ဝ နောက်ပိုင်း တက်လာမယ့် အစိုးရ ဟာ တပ်ထဲက ဒီ အရှုပ်ထုပ်တွေ ဆက်ဖြေရှင်း သွားရပါတော့မယ်။ အခုအခါမှာ တိုင်းပြည်ကို စစ်တပ်ဖက်က ဗိုလ်ချုပ်တွေ တိုက်ရိုက် အုပ်ချုပ်လို့ ဗိုလ်ချုပ် အစိုးရလို့ လူတွေ ပြောနေကြပါတယ်။ နောင်ဆိုရင် ၂၀၁၀ နောက်ပိုင်း လွှတ်တော်ထဲမှာ တပ်ကရှုပ်လို့ ပို့လိုက်တဲ့ ဗိုလ်ချုပ်ပြုတ်တွေဝင်ပြီး ကြီးစိုး မင်းမူတော့မှာမို့ ဗိုလ်ရှုပ် အစိုးရအဖြစ် နံမည် ပြောင်းခေါ်ဖို့ပဲ ကျန်ပါတော့တယ်။

Ref: ၀ိမုတ္တိဝိုင်းတော်သားတဦး (နေပြည်တော်)

Read More...

Monday, December 14, 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာ ကျင့်ဝတ် ကတိဟာ လူမျိုးစုံ ပြည်သူလူထု တရပ်လုံးပဲ ဖြစ်တယ်

မင်းဆွေ (ပေါက်)
ဒီဇင်ဘာ ၁၄ ရက် ၂၀၀၉ ခုနှစ်

၁၉၈၈ခုနှစ် ဩဂုတ်လမှာ မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ပါဝင်သော ပြည်သူလူထု ကြီးတရပ်လုံးဟာ မကြုံစဘူး ထူးကဲလှစွာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စုစည်းညီညွတ်စွာဖြင့် အုံကြွခဲ့ကြပြီး မဆလ တပါတီအာဏာရှင် စနစ်ကို ဖြိုချဖျက်သိမ်း၍ ဒီမိုကရေစီရရှိရေး တောင်းဆိုတိုက်ပွဲဝင်မှုကြီးတရပ်ကို ပေါ်ပေါက်စေခဲ့ပါတယ်။ အသက်သွေးချွေးပေါင်း မြောက်မြားစွာ သွန်းလောင်းရင်းနှီးပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ မြန်မာနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာဖို့ ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကနေ စပြီးတော့ ပြည်သူလူထုကြီးတရပ်လုံးရဲ့ ကျယ်ပြန့် ကြီးမားလှတဲ့ ဆန္ဒမွန်တွေကို အကောင်အထည် ဖော်ပေးဖို့၊ သမိုင်းရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် ၁၉၈၈ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့မှာ ယခုလက်ရှိ တပ်ဦးအလံကိုင် ပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဟာ ပေါ်ထွန်း ဖြစ်တည်လာရတာ ဖြစ်ပါတယ်။ ဒီတပ်ဦး အလံကိုင် ပါတီကြီးကို မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်ရေး ဗိသုကာကြီးလည်းဖြစ် တပ် မတော်ရဲ့ ဖခင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ ဆယ်စုနှစ် (၂)စု ကျော်ခဲ့ပါပြီ။ ဒီအနှစ် (၂၀)ကျော်အတွင်းမှာ (၁၅)နှစ်ကျော် အိမ်ချုပ်နဲ့ ထိန်းသိမ်း ချုပ်နှောင်ထားခြင်း ခံနေခဲ့ ရတာပါ။

အခုချိန်ထိလည်းပဲ နအဖစစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်အဖြစ် ဆက်လက် ချုပ်နှောင် ဖမ်းဆီး ထားဆဲ ဖြစ်ပါတယ်။ လွတ်ရက်စေ့ပြီ ဖြစ်ပေမဲ့လို့ တရားဥပဒေကို အလွဲသုံးစားပြုကာ အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီး ချုပ်နှောင်ထားတာ ဖြစ်ပါတယ်။ အင်းစိန် ထောင်တွင်း တရားရုံးမှာ စစ်ဆေး ကြားနာပြီးတဲ့နောက် တရားသူကြီးက (၃)နှစ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ အဲဒီ အချိန်တိုလေး အတွင်းမှာ ပဲ အထူးအမိန့်စာ စာရွက်တရွက် ရောက်လာပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီက ကမန်းကတန်း ပို့လွှတ်လာတာဖြစ်ပြီး ပြစ်ဒဏ်ကို (၁)နှစ်ခွဲ အဖြစ် လျှော့ချ ပြောင်းလဲလိုက်ပါတယ်။

သူ့ရဲ့အဆိုအရတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တာက တကြောင်း၊ လူသားချင်းစာနာ ထောက်ထားတဲ့ အနေနဲ့ တကြောင်း ပြစ်ဒဏ်ကို ပြောင်းလဲ လျှော့ပေါ့လိုက်တာလို့ ပြောပါတယ်။ နောက်ပြီး ကောင်းမွန်စွာ နေထိုင်သွားရင် ပြစ်ဒဏ်ကနေ အပြီးလွှတ်ပေးဦး မယ်လို့ ဆိုပြန်ပါတယ်။ တရားဥပဒေ ချိုးဖောက်လို့သာ အပြစ်ပေး အရေးယူရတာ ဖြစ်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်အရသာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကပဲ အမှန်တကယ် ပြစ်မှုကျူးလွန်ထားတဲ့ သူလိုမျိုး ပြောကြားနေတာ ဖြစ်ပါတယ်။ မူလအဖြစ်မှန် အကြောင်းရင်းကိုတော့ တတိုင်းတပြည်လုံးက ကောင်းကောင်း သိထားကြပါတယ်။ ဒီလိုမျိုး ပြောဆိုပြုမူမှုတွေဟာ ပြည်သူလူထုကြီးအဖို့ မထူးဆန်းတော့တဲ့ကိစ္စ လုပ်နေ ကျဖြစ်လို့ ရိုးအီနေပါပြီ။ ကွယ်ရာမှာတော့ ဗိုလ်ချုပ်မှူးကြီးကို ကောင်းကောင်းမေတ္တာပို့နေမှာပါ။ အာဏာရူး မိစ္ဆာဒိဌိကြီးလို့။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ပါစေ တရားဥပဒေအရ တရားသူကြီးရဲ့ စီရင်ချက် အမိန့်ချမှတ်မှုကို စစ်အာဏာ စက်နဲ့ ၀င်ရောက်စွက်ဖက် ချယ်လှယ်လိုက်တာဟာ တရားရေးမဏ္ဍိုင် ဘယ်လောက် တိမ်းစောင်းနေပြီဆိုတာကို အထင်အရှား ဘွားဘွားကြီး ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် သူတို့ စစ်အုပ်စု ပြောပြောနေတဲ့ တရားဥပဒေ စိုးမိုးရေး မရှိဘူးဆိုတာကို လက်တွေ့ ပြလိုက်တာလည်း ဖြစ်ပါတယ်။ တရားဥပဒေရဲ့ အပေါ်မှာ စစ်အုပ်စုရှိတယ် ဆိုတဲ့အချက်ဟာ ဘယ်လိုမှ ငြင်းလို့ ဖုံးကွယ်လို့ မရဘူး ဖြစ်သွားပါတယ်။

ဒီလိုဆိုရင် ဗိုလ်ချုပ်ကြီးရွှေမန်းပြောကြားခဲ့တဲ့ “ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေစေရဘူး” ဆိုတဲ့စကားနဲ့ ပြောင်းပြန် စောက်ထိုး ဖြစ်နေ တော့မှာပေါ့။ သူတို့ကိုယ်တိုင် ထုတ်ပြန် ကြေညာထားတာပဲ မဟုတ်ပါလား။ ဒီလိုမျိုး အဖြစ်အပျက် တခြားကိစ္စတွေ အများကြီး ရှိပါသေးတယ်။ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ်၊ လုပ်နိုင်တယ်။ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူး ဆိုတဲ့ အချိုးနဲ့ မြန်မာ ပြည်သူလူထုကြီးကို စော်ကားမော်ကား လုပ်နေတယ်ဆိုတာ ရှင်းနေတော့တာပါပဲ။ ဒီလိုမျိုး ပြည်သူ တရပ်လုံးအပေါ် တရားလက်မဲ့ တဆွေတမျိုးလုံး ဆက်လက် စော်ကားမိုက်ရိုင်း ပြုမူကျင့်ကြံ နိုင်ဖို့ရာ တပ်ချုပ်ကြီးက ဒီ ၂၀၁၀ ဆိုတဲ့ ဟာကြီးကို အဖြစ်နိုင်ဆုံး အမြန်အပြီးသတ် ကျင်းပ ချင်နေတာပါ။ နိုင်ငံတကာ အသိုင်းအ၀န်းကိုတော့ ပြီးရောပေါ့။

ဒီလိုပြစ်ဒဏ်ကို (၁၈)လအဖြစ် လျှော့ချပေးလိုက်တာကို တချို့သော ကမ္ဘာ့နိုင်ငံတွေ ဒေသတွင်း နိုင်ငံတွေ အတွက်တော့ အပြုသဘော ဆောင်တဲ့ လုပ်ရပ်မျိုး အကောင်းမြင်တဲ့ သဘောမျိုး ဖြစ်သွားနိုင်တယ် ဆိုတာကိုလည်း ဗိုလ်ချုပ်မှူးကြီးက ကောင်းကောင်း သိထား နားလည် ထားတယ်လို့ ကျနော့် အနေနဲ့ ယူဆပါတယ်။ အချိန်ဆွဲလို့ ရသွားနိုင်တာပေါ့။ စောင့်ကြည့် ကြသေးတာပေါ့။ အချိန် စောပါသေးတယ်။ အရင်စလို လုပ်လို့ မဖြစ်ဘူး စသဖြင့်ပေါ့။

ဒီလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားတာဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ မပါဝင်စေလိုလို့လည်း သုံးသပ် ယူဆနိုင်ပါတယ်။ အကြောင်းကတော့ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးစီးမဲ့ အချိန်ပိုင်းလောက်ဆို ပြစ်ဒဏ် ချမှတ်ထားတဲ့ ကာလလည်း ကုန်ဆုံးပြီ မို့လို့ ဖြစ်ပါတယ်။ နောက်တခုက ရွေးကောက်ပွဲ ကျင်းပရေး ဥပဒေလည်း အခုချိန်ထိ တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးလို့ ဖြစ်ပါတယ်။ ဒီ ဥပဒေနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုး ပြောဆို သံတွေတော့ ကြားနေရပါတယ်။ အတည်ပြုဖို့ ခက်ခဲပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် စစ်ကောင်စီအနေနဲ့ကတော့ သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း မဖြစ်မနေ ဆက်လုပ် သွားမယ်လို့ မကြာသေးခင်ကမှ ပြုလုပ်သွားတဲ့ စစ်မှု ထမ်းဟောင်း ညီလာခံ အပိတ်မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အခိုင်အမာ ထပ်မံ ပြောကြားသွားပါတယ်။ သူတို့ဘက်ကတော့ စီစဉ်ရေးဆွဲထား တဲ့အတိုင်း စီမံချက်ရှိရှိ မက်ခီယာဗယ်လီရဲ့ ရှေးနည်းဟောင်းအတိုင်း သွားလိမ့်မှာသာ ဖြစ်ပါတယ်။

အဲ ဒီနေရာမှာ အလေးအနက် စဉ်းစားဖို့လို အပ်လာပါတယ်။ ကျနော်တို့ ဘက်ကကော ဒီပွဲအတွက် ဘာတွေပြင်ဆင် ထားပါသလဲ။ ပြင်ဆင်ဖို့ စီမံချက်ကော ရေးဆွဲ ထားနိုင်ပါပြီလား။ လူထု အနေအထားကကော ဘယ်အခြေအနေမှာ ရှိနေပါသလဲ။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတဲ့ အထိ ဒီအတိုင်း ငုတ်တုတ်ကြီး ထိုင်စောင့် နေဦးမှာလား။ ဒီအတိုင်း မလှုပ်မရှက်နဲ့ လွှတ်ပေးနိုးကို ကျိတ်မျှော်နေမှာလား။

ဒေါ်အောင်ဆန်းစုကြည် မလွတ်သေးရင်ပဲ တခြားခေါင်းဆောင်တွေ၊ အဆင့်ဆင့်သော ရဲဘော်တွေအနေနဲ့ ဘာမှလုပ်ဆောင်ဖို့ မကြိုးစားတော့ဘဲ ပြုသမျှ နုရတော့မဲ့ အခြေအနေမို့ လည်စင်းပေးဖို့ပဲ ပြင်ထားကြဖို့ ညွှန်ကြားချက်များ ရှိထားလေရော့သလား။ ဦးဆောင်နိုင်မှု အရည်အချင်း မရှိကြ တော့ဘူးလား။ ဦးမဆောင်နိုင်ဘူးလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိရင်လည်း ဦးဆောင်ဝံ့တဲ့၊ ခေါင်းဆောင်ရဲတဲ့ သူတွေကို တာဝန်အရ အဆင့်လိုက် လုပ်ဆောင်ခွင့်ကို သတ်မှတ်ပြီး လူထုနဲ့ တသားတည်းကျတဲ့ သူတွေကို ရှေ့က တက်ဦးဆောင်ခိုင်းပြီး ကိုယ်က နောက်ကနေ အကြံပေးနောက်လိုက် လုပ်ရင်ကော မရဘူးလား။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က “အားလုံးအတွက် အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုး ဆုံးကိုလည်း ပြင်ဆင်ထားကြဖို့” ဆိုတဲ့ သတင်းစကားပါးထားတယ် မဟုတ်ပါလား။

အထူးသဖြင့်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် အဓိက ဖြေဆိုရမယ့် အဖြေရှင်အဖြစ် အချိန် ကျရောက်လာနေပါပြီ။ ခေါင်းခါရှောင်လွှဲ သွားလို့ မရနိုင်တော့တဲ့ အခြေအနေပါ။ တပ်ဦး အလံကိုင် ပါတီကြီးဆိုတော့ အရံသင့် ပြင်ပြင်ဆင်ဆင် လုပ်ထားပြီးဖြစ်မယ်လို့ ယုံကြည် ယူဆထားပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စမှန်သမျှကို အဆင်သင့် ပြင်ဆင် ဆောင်ရွက် ထားပြီးသားပါ၊ အချိန်ကျလာရင် ပြတ်ပြတ်သားသား လုပ်ဆောင် သွားမှာပါလို့ ဒီချုပ် ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း လေလှိုင်း မေးမြန်းချက်မှာ ပြောဆို ထားဘူးပါတယ်။

ဒီလိုသာဆိုရင်တော့ အထူးကျေးဇူးတင်ရမှာပါ။ ဘာကြောင့်ဆို အန်န်အယ်လ်ဒီဟာ မြန်မာပြည် တ၀ှမ်းလုံးမှာ ရှိတဲ့ လူမျိုးစုံ ပြည်သူလူထု တရပ်လုံးက ၁၉၉၀ခုနှစ် မေလ ရွေးကောက်ပွဲကနေ ရွေးချယ် တင်မြှောက်ခဲ့တဲ့ အနိုင်ရ ပါတီဖြစ်နေလို့ပါပဲ။ မဲပေးနိုင်ခွင့်ရှိသူ ဦးရေ သန်း(၂၀)မှာ (၁၅)သန်းက အတည်ပြုရွေးကောက် တင်မြှောက် ထားတာပါ။ တပ်မတော်သားများပါ မဲဆန္ဒပြု မဲထည့် ရွေးကောက်ထားတဲ့ ပါတီ ဖြစ်နေလို့ပါ။ တပ်မတော်သား များကိုလည်း ကိုယ်စားပြုပါတယ်။ (၈၂) ရာခိုင်နှုန်းနဲ့ကို ပြတ်ပြတ်သားသား အနိုင် ရရှိထားတာ ဖြစ်ပါတယ်။

တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒကို ကိုယ်စားပြုထင်ဟပ် ဖော်ပြထားချက်လို့ ပြောနိုင်ပါတယ်။ ပြည်သူလူထု ရဲ့ဆန္ဒ သဘောထားကို လိုက်နာ ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။ ပြည်သူလူထု တရပ်လုံးရဲ့ ဘ၀ လွတ်မြောက်ရေး အတွက် ရှေ့ကနေ မားမား မတ်မတ် ရပ်တည်ပေးရမဲ့ တာဝန်ဝတ္တရားကလည်း ကျန်ရှိနေပါတယ်။ လတ်တလော နိုင်ငံရေး အနေအထားကလည်း ဒီအတိုင်းပဲ တောင်းဆိုနေ တယ်လို့ ယုံကြည် ယူဆမိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောဆိုခဲ့တဲ့စကား ဖြစ်ပါတယ်၊ အဲဒါက ဘာလဲဆိုလို့ရှိရင် “တိုင်းပြည်နဲ့ လူမျိုး အတွက် ကျမတို့ ပါတီကို ဖျက်သိမ်းဖို့ လိုအပ်လာမယ် ဆိုလို့ရှိရင် ဖျက်သိမ်းပစ်ဖို့ အဆင်သင့်ပါပဲ” ဆိုတာ ဖြစ်ပါတယ်။

လူထုတရပ်လုံးရှေ့ကနေသာ မားမားမတ်မတ် ရပ်တည်ဦးဆောင်သွားမယ်ဆိုရင် မဲဆန္ဒရှင် ပြည်သူ တရပ်လုံးက အူလှိုက် သည်းလှိုက် ၀မ်းပမ်းတသာ ၀ိုင်းဝန်းကြိုဆို ထောက်ခံကြမှာ မလွဲဧကန်ပါပဲ။ အားကိုး ယုံကြည်မှုတွေ၊ လေးစား တန်ဘိုးထားမှုတွေနဲ့ အတူ လုပ်လက်စ အလုပ်တွေကို ဖုတ်ဖက်ခါ ပစ်ချထားခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နောက်ကနေ စည်းကမ်းတကျ ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာနဲ့ မလွဲမသွေ လိုက်ပါလိမ့်မယ်ဆိုတာ အခိုင်အမာ ကျနော်ပြောရဲပါတယ်။ အလေးအနက်ကို ယုံကြည်မိပါတယ်။ သမိုင်းကို ရေးသားခဲ့ သူတွေဟာ တကယ်တော့ အံ့မခန်း စွမ်းအားပိုင်ရှင် ပြည်သူလူထုကြီးသာ ဖြစ်ပါတယ်။ ဘယ်ခေတ်စနစ် ရာဇ၀င်မှာမဆို သမိုင်းဖန်တီးရှင်ဟာ ပြည်သူ လူထုတွေသာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ရှေးခေတ်စာဆိုတော် လက်ဝဲသုန္ဒရ အမတ်ကြီးက .... “စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊ စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ပြည်သူ့စွမ်းအား မကိုးစားလျှင်၊ ဓါးသွားလည်းကြွေ လှံလည်းခွေအံ့” လို့ ပြည်သူ့စွမ်းပကား ပြည်သူ့အင်အား အကြောင်းကို စပ်ဆိုဖွဲ့သီခဲ့တာ မဟုတ်ပါလား။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကသာ ဒီကနေ့ရဲ့ လူထု လိုလားတောင်းဆိုချက်ကို ပကတိ အခြေအနေနဲ့ ကိုက်ညီမယ့် ယုတ္တိကျတဲ့ လက်တွေ့ လုပ်ငန်းစဉ်နဲ့ အတူ ရဲဝံ့စွန့်စား အနစ်နာခံ အသက်ပေး ဆက်ဖို့ကို ပိုင်းဖြတ်ချက် အပြည့်နဲ့ ဆုံးဖြတ်ချက်ချ ဦးဆောင် ချီတက်သွားဖို့ကိုသာ အဓိကဇောင်းပေး လုပ်ဆောင်သွားပြီး အချိန်အခါရောက်ရင် နှောင့်နှေး မတွန့်ဆုတ်ဘဲ ရဲသွေးနီကြောင်းကို သမိုင်းမှတ်တိုင် အဖြစ် စိုက်ထူမော်ကွန်း ထိုးပြမှသာ တဖက်သတ်ရေးဆွဲ အဓမ္မ အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထု အာဏာဖီဆန်ရေး လူထုတိုက်ပွဲနဲ့ ဖယ်ရှားဖျက် သိမ်းပစ်ရင်း တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်းကို ခေါ်ဆောင်သွား ရ/နိုင် မှာ ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

မင်းဆွေ (ပေါက်)
၂၀၀၉ခုနှစ် ဒီဇင်ဘာလ (၅)ရက်။

Read More...

ဂျိုးဇက်စတစ်ဂ်လဇ်ကို ဆရာတင်မလို့တဲ့လား

ရဲဘော်ဖိုးသံချောင်း
၁၁ ဒီဇင်ဘာ ၂၀၀၉

အမေရိကန်က နိုဘယ်လ်ဆုရ ဘောဂဗေဒပညာရှင် မစ္စတာဂျိုးဇက် စတစ်ဂ်လဇ် ဗမာပြည်ကို ရောက်လာ တော့မယ်။

ယက်တောဒီပလိုမေစီ အရှိန်ရနေပါကလားလို့ တွေးစရာပါပဲ။

နအဖစစ်ဗိုလ်ချုပ်တွေကတော့ ဆီနေတာဂျင်ဝက်ဘ်လို အမေရိကန် အမတ်ကိုသာ မက ဒေါက်တာ စတစ်ဂ်လဇ်လို အမေရိကန် ပညာရှင်ကိုလည်း ကြပ်ပြေးကို ရောက်လာအောင် သူတို့ လုပ်နိုင်စွမ်း ရှိတယ်လို့ ဝင့်ဝါနေမှာ မြင်ယောင်မိ နေပါတယ်။ မကြာခင်မှာ မစ္စစ် ကလင်တန်၊ သမ္မတ အိုဘားမားတို့ကိုပါ ကြပ်ပြေးကို ရောက်လာစေမယ်လို့များ ကြုံးဝါးနေသလားလည်း မသိပါဘူး။

ဒီမှာမေးစရာဖြစ်လာတာက ဗေဒင်ဆရာကလွဲရင် ဘယ်သူ ဆရာလုပ်တာကိုမှ လက်ခံလေ့ မရှိတဲ့ နအဖ စစ်ဗိုလ်ချုပ်တွေဟာ ဘာ ရည်ရွယ်ချက်တွေနဲ့ အမေရိကန်နိုင်ငံက စီးပွားရေး ပါရဂူ တယောက်ကို အခုလို ပင့်ခေါ် အကြံဉာဏ် တောင်းနေတာလဲ။ နအဖ စစ်အစိုးရဟာ ဗမာပြည် စီးပွားရေးကို နားလည် သဘောပေါက်တဲ့ ဗမာနိုင်ငံသား စီးပွားရေးပညာရှင် ရှာမတွေ့နိုင်လို့လား။ ဒါမှမဟုတ် မရှာချင်လို့လား။

နအဖရဲ့ ဒီခြေလှမ်းရဲ့ နောက်ကွယ်မှာ စီးပွားရေး ရည်ရွယ်ချက်ထက် နိုင်ငံရေး ရည်ရွယ်ချက်က ပိုတယ်လို့ ထင်ပါတယ်။

သေချာနေတာတချက်ကတော့ စစ်အစိုးရဟာ ယက်တော ကိစ္စက စခဲ့တဲ့ ဝါရှင်တန်နဲ့ ဆက်ဆံရေးကို စိုသောလက် မခြောက် စေရအောင် ဆက်သွယ်မှုတွေ တမျိုးပြီးတမျိုး၊ ဖန်တီး ဖော်ထုတ်နေတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်တွေက အမေရိကန်ကို သွားလိုက်၊ အမေရိကန်က လူတွေက ကြပ်ပြေးကို လာလိုက်၊ ရွှေလမ်းငွေလမ်း ပေါက်နေတယ်လို့ ပြောလို့ရအောင်၊ ကမ္ဘာက ထင်မြင်လာအောင် လုပ်နေကြတာ ဖြစ်ပါတယ်။ အမေရိကန်က အလံစိမ်း ပြလိုက်ရင် ဥရောပဆိုတာ ခြေထောက်နဲ့ သာမက ခေါင်းနဲ့တောင် လာနိုင်တယ် ဆိုတာလည်း သူတို့ တွက်မိပါတယ်။ အာဆီယံလိုဟာကတော့ စကားထဲတောင် ထည့်ပြောစရာ မလိုတော့ပါဘူး။ နောက်ပြီး သူတို့အနေနဲ့ တခြား အိမ်နီးနားချင်း တွေကို လက်မထောင်ပြပြီး ဈေးဆစ်လို့လည်း ပိုကောင်းမယ်ဆိုတာ သေချာနေပါတယ်။

နောက်တချက်က သူတို့နအဖစစ်အစိုးရဟာ အိမ်ဖြူတော်ရဲ့ အကြံဉာဏ်တွေကို လိုလားပါကြောင်း၊ သြဝါဒ ခံလိုပါကြောင်း၊ ဗိုလ်နေဝင်း လက်ထက်တုန်းက မဆလလမ်းစဉ်ကို လုံးဝ စွန့်လွှတ်ပြီး ဖြစ်ပါကြောင်း ဝါရှင်တန်က ပုဂ္ဂိုလ်တွေကို သိစေချင်တာဖြစ် ပါတယ်။ အမေရိကန် အနေနဲ့ နောင်မှာ ဗမာပြည်နဲ့ ကုန်သွယ်ရး၊ စီးပွားရေးအတူ လုပ်နိုင်ရေးအတွက် ကိုယ်တိုင်လာပြီး ပန္နက်ချ နိုင်ပါတယ်လို့ ဆိုချင် နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့လည်းပဲ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ချင်ပါတယ်၊ လိုလားပါတယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။ နိုင်ငံတကာ အဝန်းအဝိုင်းထဲကို လူလူ သူသူ ပြန်ရောက်လိုတဲ့ သဘောပါပဲ။

ဒါ့အပြင် အလွန်အရေးကြီးတဲ့ နောက်အချက်တချက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ သူတို့ရဲ့ ဒီနိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ တွေဟာ သူတို့ရဲ့ ၂ဝဝ၈ အခြေခံဥပဒေ ချမှတ်မှု၊ ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပမှု၊ နောက် “အစိုးရသစ်” တရပ် ဖွဲ့စည်းမှု စတာတွေနဲ့ ဆက်စပ်နေတယ် လို့လည်း ဝါရှင်တန်ကို သိစေချင်လို့ ဖြစ်ပါတယ်။

တချက်ခုတ် အများကြီးပြတ်မယ့်အကြံအစည်ပါ။

ပြန်စဉ်းစားလိုက်ရင် လွတ်လပ်ရေးဒီဘက် ဗမာပြည်သမိုင်းမှာ ဒီလိုစီမံကိန်းတွေ မရှိခဲ့တာ မဟုတ်ပါဘူး။ ဖဆပလရဲ့ ပြည်တော်သာ စီမံကိန်း၊ မြေ-ကျေး-ရှင်း အစီအမံ စတာတွေကို ဗမာပြည်သားတွေ မမေ့သေးပါဘူး။ လူတကိုယ် တိုက်တလုံး၊ ကားတစီး၊ လခရှစ်ရာ ရမယ် ဆိုတဲ့ ဦးနုရဲ့ ကေတီအေခေါ် ပြည်တော်သာ စီမံကိန်းဟာ နောက်ဆုံးကျတော့ အာဏာရသူ အဆင့်ဆင့် ခြစား ပစ်လိုက်တာနဲ့ ပျက်ဆီး ပျောက်ကွယ် သွားခဲ့ရပါတယ်။ အခု တကယ်လို့များ စတစ်ဂ်လဇ်ရဲ့ အကြံပေးချက်နဲ့ စီးပွားရေး စီမံကိန်းတခုကို ဗမာပြည်မှာ အကောင်အထည် ဖော်ကြပြီ ဆိုရင် နအဖရဲ့ အဆင့်ဆင့် အာဏာရသူတွေဟာ အဲဒီလို ခြမစားပါဘူးလို့ ဘယ်သူကများ အာမခံရဲပါသလဲ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့တောင် သူတို့လူတွေ ခြမစားဘူး၊ လာဘ်မစားဘူးလို့ အာမ မခံဝံ့ဘူး ထင်ပါတယ်။

ဒေါက်တာစတစ်ဂ်လဇ်လာတာဟာ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ လာတာ ဖြစ်ပါတယ်။ တကယ်တော့ ဗမာပြည်က ကျေးလက်ပြည်သူတွေ ဆင်းရဲ မွဲတေနေတာဟာ နအဖက အမတော်ကြေး လုံလောက်အောင် မပေးလို့၊ ဘာလို့ဆိုတဲ့ သာမန် ပြဿနာတွေကြောင့် မဟုတ်ဘူးဆိုတာ လူတိုင်းသိပါတယ်။ အမေရိကန် အစိုးရလည်းသိ၊ နိုင်ငံတကာ စီးပွားရေး ပညာရှင်တွေလည်းသိ၊ နအဖ အစိုးရကိုယ်တိုင်လည်း သိပါတယ်။ ဗမာပြည်ရဲ့ ကျေးလက်စီးပွားရေး ပြဿနာဟာ ဒီတိုင်းပြည်မှာ ဖြစ်ပေါ် တည်ရှိနေတဲ့ အခြေခံ ပြဿနာနဲ့ တိုက်ရိုက် ဆက်စပ်နေတာ ဖြစ်ပါတယ်။ အဲဒါက စစ်အုပ်နဲ့ သူ့အပေါင်းပါတွေက နိုင်ငံ့ စီးပွားရေး အားလုံးကို လက်ဝါးကြီး အုပ်ချင်တာ၊ ကျေးလက် စီးပွားရေးကို မြို့ပြမှာ အဓိက အခြေခံထားတဲ့ သူတို့ရဲ့ စီးပွားရေးတွေကို အလုပ်အကျွေး ပြုတဲ့ အနေအထားမှာပဲ ကန့်သတ် ထားလိုတာ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။ လယ်သမားတွေကို သူတို့အတွက် အစားအစာနဲ့ ကုန်ကြမ်း ထုတ်ပေးသူတွေ အဖြစ်ကနေ တိုးတက် မလာစေချင်တာဟာ နအဖ ဗိုလ်ချုပ်တွေရဲ့ တကယ့် ရင်တွင်းက ဆန္ဒပါ။ အခုဆိုရင် ကျေးလက် စီးပွားရေးက မြို့ပြစီးပွားရေးကို အလုပ်အကျွေး ပြုရတာတင်မက မြို့ပြ စီးပွားရေး အတွက် နေရာတွေ ဖယ်ပေး နေရတာတွေတောင် ဖြစ်နေပါတယ်။ နအဖနဲ့ သူတို့ ဆွေသားရင်းချာတွေ၊ သူတို့နဲ့ ဆက်နေတဲ့ ပြည်ပက လုပ်ငန်းရှင်တွေကြောင့် လယ်သမားတွေဆီက မြေတွေသိမ်း၊ ဈေးကွက်တွေ မှောက်လှန် နေတာတွေဟာ ကိုလိုနီခေတ်က ချစ်တီးထက် ဆိုးပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ မှန်တာပြောရရင် နအဖဗိုလ်ချုပ်တွေ မစ္စတာစတစ်ဂ်လဇ်ရဲ့ အကြံပေး ချက်တွေကို လက်ခံတာ၊ လက်မခံ တာဟာ ဒီမိုကရေစီ အရေးတော်ပုံနဲ့ ဘာမှ မဆိုင်ပါဘူး။ အဲဒါတွေကို လက်ခံလိုက်လို့လည်း တိုင်းပြည် တိုးတက်လာမှာ မဟုတ်သလို နအဖ စစ်အုပ်စုရဲ့ တကယ့် လက္ခဏာလည်း ပြောင်းလဲ မသွားပါဘူး။ ဒါပေမယ့် နအဖ ဗိုလ်ချုပ်တွေ အမေရိကန်နဲ့ ဆက်ဆံရေး ပုံမှန် ဖြစ်သွားတယ်ဆိုရင် အတိုက်အခံ အင်အားစုတွေ ဘယ်လို ဆက်လုပ်ကြမယ် ဆိုတာကတော့ အလေးထား စဉ်းစားသင့်တဲ့ ကိစ္စလို့ ထင်ပါတယ်။ အကြောင်းက အဲဒီလိုသာ ဖြစ်သွားရင် ဒါဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း၊ ဗမာပြည်နဲ့ ပတ်သက်လို့ ဖြစ်ပေါ်ခဲ့တဲ့ အကြီးမားဆုံး နိုင်ငံတကာ ဆက်ဆံမှု အပြောင်းအလဲကြီး ဖြစ်လာမှာမို့ပါ။

အဲဒီအခါမှာ အတိုက်အခံတွေနဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို တိုင်တည်တာချည်း လုပ်နေလို့ မရတော့တာ သေချာ ပါတယ်။ (ဒီလို တိုင်တည်ခဲ့တာတွေဟာ မှားတယ်၊ မလိုအပ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါ)။ ဒီမိုကရေစီ အရေးတော်ပုံ အောင်မြင်ရေး အတွက် တခြား လက်တွေ့ကျတဲ့၊ ပိုမိုထိရောက်တဲ့ သေနင်္ဂဗျူဟာနဲ့ နည်းပရိယာယ်တွေ ရှာဖွေ ချမှတ်ရတော့မယ်လို့ ထင်ပါတယ်။ အဲဒီအချိန်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲလွန် နိုင်ငံရေး အခြေအနေနဲ့လည်း တထပ်တည်း ကျနေမယ်ဆိုတာ သတိပြုသင့်ပါတယ်။ အခြေအနေတွေဟာ ပိုရှုပ်ထွေး လာနိုင်ပါတယ်။ ဒါပေမယ့် ရှုပ်ထွေးမှုတွေ ကနေ ပိုမိုကောင်းမွန်တဲ့ အဆင့်သစ် တရပ်ကို ပြောင်းလဲ သွားတတ်တယ် ဆိုတာကိုလည်း စိတ်နှလုံး သွင်းထားရပါမယ်။

Ref: ခေတ်ပြိုင်

Read More...

နအဖ စိတ်ဓါတ်စစ်ဆင်ရေးဌာနက ဝ တပ်ဖွဲ့ နယ်မြေတောင်းဆိုမှုကို တန်ပြန်

သောကြာနေ့၊ 11 ဒီဇင်ဘာလ 2009

သျှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စိတ်ဓါတ် စစ်ဆင်ရေး ဌာနက ယခုရက် ပိုင်းအတွင်း ကျင်းပ ပြီးစီးခဲ့သည့် တိုင်းလေးလပတ် အစည်းအဝေးတွင် ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီက နယ်မြေ တောင်းဆိုထားခြင်းကို တန်ပြန်သည့် အနေဖြင့် စစ်တပ်အတွင်း ဝါဒ ဖြန့်နေကြောင်း သိရသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် မြို့နယ် ၆ ခုကို သတ်မှတ်ထားပြီး ဝ တပ် ဖွဲ့က နယ်မြေများ ထပ်မံ တောင်းဆိုမှု ပြုလုပ်ခြင်း အပေါ် စစ်တပ် အောက်ခြေပိုင်း အထိချပြခြင်း ဖြစ်ကြောင်း ရမခ စစ်တပ် အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဗမာစစ်တပ်က ဗကပ ထံမှ တိုက်ခိုက်သိမ်းယူထားခဲ့သော မက်မန်းမြို့နယ်ကို အထူး အခွင့်အရေး ပေးသည့် အနေဖြင့် ဝ နယ်မြေ အဖြစ် ထည့်သွင်း ပေးထားသည့် ကြားက ၄င်းတို့နှင့် မသက်ဆိုင်သော နယ်မြေများ တောင်းဆိုခြင်းသည် လူပါးဝခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

“သူတို့ကို (ဝ) ၆ မြို့နယ်တောင် ပေးထားတယ်ပေါ့ ၁၉၈ဝ ခုနှစ်က (ဗမာတပ်) တိုက်ယူထားတဲ့ မက်မန်းမြို့ကိုလည်း ပြန်ပေးတယ် ဒီလို ပေးထားရဲ့သားနဲ့ အထွန့်တက်တယ် ပေါ့ဗျာ ဝ တွေက သက်သက် လူပါးဝတာ ” လို့ ပြော ဆိုကြောင်း သူက ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က တန့်ယန်းမြို့တွင် နအဖစရဖချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် ဝတပ်ဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံစဉ်က မိုင်းပေါက် မိုင်းဖျင် မြို့နယ်နှင့် ထိုင်းနယ်စပ်ရှိ ဝ တပ်ဖွဲ့ တောင်ပိုင်း နယ်မြေများကို ဝ တပ်ဖွဲ့က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် တောင်းဆိုမှုနောက်ပိုင်း နှစ်ဘက်တင်းမာမှုများ ဖြစ်ပေါ်လာကာ ဗမာစစ်တပ်မှ ယခုလိုစတင် လုပ်ဆောင်လာခြင်း ဖြစ်ရာ ယခုကိစ္စကို စစ်တပ်အတွင်းတွင် သာမက အများပြည်သူ သွားလာရာ ဈေးများအတွင်း စာကပ်ခြင်း ကိုပါ ကျယ်ပြန့်စွာ လုပ်ဆောင် နေကြောင်း သိရသည်။

“နှစ်ဘက်ဈေးပေါ့ နယ်စပ်တွေမှာ မိုင်းယန်းမြို့ထဲမှာတို့ မုံးဖျင် ဈေးတွေမှာ မသိမသာ လာကပ်သွားတာတို့ ဝ တွေ က လူပါး ဝတယ်ပေါ့ သူတို့လည်းလူမျိုးကြီးစိတ် ရှိတယ် ဆိုတာတို့ ဝ ဒေသမှာ လားဟူတွေကို နိပ်စက်တယ် ဆိုတာတို့ စာတွေ တရားမဝင် လိုက်ကပ်တယ် ” လို့ သူက ဆိုသည်။

၁၉၇၁ ခုနှစ်အတွင်းက ဗကပက မိုင်းပေါက် မိုင်းဖျင် ဒေသများကို ဗမာစစ်တပ် ထံမှ တိုက်ခိုက် သိမ်းယူထားခြင်း ဖြစ်ရာ ထိုစဉ်က ထိုဒေသများတွင် လားဟူလူမျိုး အများစု နေထိုင်သော်လည်း ဝ အုပ်ချုပ်မှုအောက် နှစ် ၄ဝ ကြာ လာသောအခါ ဝ လူမျိုးက ရာခိုင်နှုန်း ၆ဝ ကျော် ဖြစ်လာကြောင်း သိရသည်။

အဆိုပါ ဒေသများကို စစ်ရေးနှင့်နိုင်ငံရေး အရ တောင်းဆိုခြင်း ဖြစ်ကြောင်း ဝ တပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ယခုလို ပြောပြသည်။

“မုံးပေါက်နှင့် မုံးဖျင် ဒီနှစ်ခု ပြသနာက ဘာလဲဆိုလို့ရှိရင် မုံးဖျင်ကို ပေးလိုက်ရင် ဝ နဲ့ မိုင်းလား အဖွဲ့ ဆက်စပ်မှု ပြတ်သွားမယ် နောက်တစ်ခုက မုံးပေါက်မြို့နယ်ကျတော့ မြေအနေအထား အရ ပန်ဆန်း(ဝ ဗဟို) ကို စီးမိုးထားတယ် ဒါက စစ်ရေးအရ အချက်အခြာ ကျတဲ့ အကြောင်း တစ်ကြောင်းဖြစ်တယ် ”

“နိုင်ငံရေးအရပြောရရင် မုံးပေါက်နဲ့ မုံးဖျင်က ၁၉၇၁ မှာ လွပ်လပ်ခဲ့တယ် ဒေသအရပြောရင် ဝ ဒေသ မဟုတ်ဘူး ဝ အနည်းစုဖြစ်တယ် အများစုက လားဟူဖြစ်တယ် အခုချိန်မှာတော့ လူဦးရေ အရဆိုရင် ဝ က အများစု ဖြစ်သွားပြီ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဆိုရင် မုံးဖျင်က မုံးယန်းထဲကို ပါသွားတယ် မုံးပေါက်က မုံးခတ်မြို့နယ်ထဲ ပါသွားမယ် အားလုံးက ကျိုင်းတုံ ခရိုင်ထဲမှာပဲ ဝ က နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ အောက်မှာ လူထုက သူတို့လူထု ဖြစ်သွားပြီ ဝ မိသားစုတွေ ဖြစ်သွားပြီ ”လို့ သူက ပြောသည်။

ထိုင်းနယ်စပ်ရှိ ဝ တောင်ပိုင်းတပ်ဖွဲ့ နယ်မြေကို ဝ တပ်ဖွဲ့မှ တောင်းဆို ရခြင်းမှာ ဗမာ စစ်တပ်ထံ လက်နက် ချသွားသည့် ခွန်ဆာ တပ်များနှင့် တိုက်ခိုက်ရာတွင် ဝ တပ်သား ထောင်ချီ အသက်ပေးရခြင်းနှင့် ရွေ့ပြောင်းသွားသော ဝ တပ်များ၏ စီးပွားရေး အရ ရင်းနှီး မြုတ်နှံမှုများ နယ်မြေ တည်ဆောက်ထားမှုများသည် အကြောင်းအရင်း တစ်ခု ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလဆန်းပိုင်းက ဝ ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များကို အောက်ခြေ တပ်များသို့ ချပြရာ တွင် ဗမာစစ်တပ်၏ တိုင်းရင်းသားများ အပေါ် သွေးခွဲမှုများကို သတိထားရန်နှင့် စည်းလုံး ညီညွတ်ကြရန်လည်း ပါဝင် ကြောင်း ၀ အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

လက်နက်ကိုင်အင်အားတောင့်တင်းသော ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီကို နအဖ ၂ဝဝ၈ ဖွဲ့စည်းပုံက အထူး အခွင့်အရေး ပေးခဲ့သော်လည်း ကချင်ပြည်နယ်တွင် သမိုင်းကြောင်း နယ်မြေနှင့် လူမျိုး အခိုင်အမာရှိသော သျှမ်း လူမျိုးများ၏ ကိုယ်ပိုင် အုပ်ချုပ်ရေး ရရေး ညီလာခံအတွင်း တောင်းဆိုမှုမှာ လျစ်လျှူရှုခြင်း ခံခဲ့ရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အပေါ်သို့