..............................

Friday, September 30, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တတိယအကြိမ်တွေ့ဆုံမှု သတင်းတို


ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ အရပ်သား အစိုးရသစ် လက်ထက်တွင် တတိယ အကြိမ်မြောက် တွေ့ဆုံမှု အဖြစ် ယနေ့ မွန်းလွဲပိုင်း ၁ နာရီမှ ၂ နာရီ ၁၇ မိနစ်အထိ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ပြီး လွတ်ငြိမ်း ချမ်းသာခွင့်၊ ထာဝရ ငြိမ်းချမ်းရေး အပါအဝင် အရေးကိစ္စ လေးခု ဆွေးနွေးခဲ့ကြသည်။

Ref: The Voice

Read More...

သူတို့ရနေတဲ့ ဒီမိုကရေစီ

လွှတ်တော် အမတ်တွေ ဒီမိုကရေစီ ရရှိနေပြီဖြစ်ပြီး ရင်းနှီးမတည်ထားရတဲ့ ကျပ်ငွေ ငါးသိန်း နဲ့ ထိုက်တောင်အောင်၊ လွှတ်တော်နဲ့ အံဝင်ခွင်ကျ ဖြစ် အောင် လွှတ်တော်ထဲကအမတ်မင်းအတော်များများ အတော့်ကိုတက်တက်ကြွကြွနဲ့ လုပ်ကိုင်နေကြတာကို လွှတ်တော်ရေးရာတွေကို မလှမ်းမကမ်းမှ စောင့်ကြည့်အကဲခတ်နေသူတယောက်က ပြောပါတယ်။

အဆိုပါ အကဲခတ်က ဆက်လက်ပြီး ... အတိုက်အခံပါတီဖြစ်တဲ့ NDF လွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုး ဆိုရင် စက်သုံးဆီ မှောင်ခို ရောင်းဝယ်မှုနှင့် ပတ်သက်သည့် မေးခွန်း ကို စွမ်းအင်ဝန်ကြီးအား လွှတ်တော်ထဲမှာ စိတ်ပါလက်ပါ မေးမြန်းခဲ့ဖူးကြောင်း၊ ဆည်မြောင်း ၀န်ကြီးဌေးဦး ရဲ့ စီးပွားရေးပိတ်ဆို့မှု ကန့်ကွက်ရေးအဆိုကို လွှတ်တော်ထဲမှာ စိတ်ပါလက်ပါ ထောက်ခံခဲ့ဖူးကြောင်းတွေကိုပြောပြပါတယ်။

မသိလို့ပဲဖြစ်ဖြစ် သိသိချည်းပဲဖြစ်ဖြစ် မေးခွန်းတွေကို လွှတ်တော်မှာ လွပ်လွပ်လပ်လပ် မေးလို့ရနေပြီဖြစ်ကြောင်းနဲ့ အဆိုပြုချက်တွေကို လွပ်လွပ် လပ်လပ် ထောက်ခံခွင့် ရနေပြီဖြစ်ကြောင်း၊ လွှတ်တော်အမတ်တွေ ဒီမိုကရေစီရနေပြီဖြစ်ကြောင်း၊ သူကတော့ ဗယာကြော်အရောင်းမပျက်ကြောင်း သို့သော် အတိုက်အခံအမတ်မင်းအနေနဲ့ ဘာဖြစ်လို့ အစိုးရရဲ့ အဆိုတွေကို လိုက်ပြီးထောက်ခံနေရတာ သူ့အနေနဲ့ နားမလည်ပါကြောင်း၊ လွှတ်တော် ထဲတွင် အတိုက်အခံပါတီများအပြင် အထောက်အခံပါတီများပါ ရှိနေနိုင်ကြောင်း၊ သူသည်နိုင်ငံရေးသမားမဟုတ်ရပါကြောင်း၊ သတင်းစာနေ့တိုင်း ဖတ်ပါကြောင်း၊ ဖတ်ပြီးသတင်းစာစက္ကူများ ဗယာကြော်တွေ ထုပ်လို့ရပါကြောင်း၊ အလေးအပေါ့သွားရာတွင်လည်း အဆိုပါသတင်းစာစက္ကူများ အလွန်အသုံးဝင်ပါကြောင်း၊ လွှတ်တော်အနီးအနားတွင် ဗယာကြော်ရောင်းရင်း လွှတ်တော်ကိုတစေ့တစောင်း လေ့လာနေတာသာဖြစ်ကြောင်း လူတွေ့မေးမြန်းရာတွင် အဆိုပါ ပုဂ္ဂိုလ်က အိန္ဒိယကုလားများပြောလေ့ရှိသည့် လေယူလေသိမ်းဖြင့် ရိုက်စားဂျာနယ်ကို ကျိန်တွယ် ပြောကြား သွားပါ တယ်။ (အာဒေး .... အားကို .... ကာလားနော်.. ကာလား ကျိန်ပြောရဲဒယ်... ကာလား ဗယာ့ကြော်ရောင်းတယ် ... ကာလားနော် ကာလား လွှတ်ဒေါ် ကို ကာလား လေ့လာတယ်...........အာကိုနော် ....ရိုက်စားတယ် ...........ကာလားနော် ရိုက်မစားဘူး ... ကာလား ဗယာကြော်ပဲ လုံးစားတယ်....)

လွှတ်တော်အမတ်တွေ ဘယ်လိုဒီမိုကရေစီမျိုးရနေပြီလဲဆိုတဲ့မေးခွန်းကိုတော့ အအေးပုလင်းတွေ ရေသန့်တွေ ဖော့ဘူးထဲ ထည့်ရောင်းနေသည့် ခေတ်သစ်ရေခဲရည်သည် ကိုရေချမ်းက အခုလိုပြောပါတယ်။ “အမတ်တွေက ဆွေးနွေးချင်တာ တင်ပြချင်တာရှိရင် လွှတ်တော်ကို ကြိုတင် တင်ပြရတယ်အကို၊ ကြိုပြီးတင်ပြမှ ပြောခွင့် ဆွေးနွေးခွင့်ရှိတယ်၊ အဲဒါ ကျနော့်ရေခဲရေဆိုင်ဘေးမှာ ဘေထုပ်ရောင်းတဲ့လူက ဘယ်လိုပြောလဲဆိုတော့ သူတို့ရနေတဲ့ဒီမိုကရေစီက ကြိုတင်ဒီမိုကရေစီ လေကွာတဲ့။

အစိုးရလုပ်နေတဲ့အပြောင်းအလဲ

အစိုးရသစ်ဟာ အပြောင်းအလဲတွေ လုပ်ဖို့ဆန္ဒရှိနေကြောင်း လုပ်လည်းလုပ်နေကြောင်း ပြပါတယ်။ ဘယ်လိုပြသလဲဆိုတော့ ... ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်နဲ့ တဖန်ပြန်ပေးတွေ့တာက အစ၊ ၊ သတင်းစာထဲက မဟုတ်တမ်းတရားကြွေးကြော်သံတွေ ဖြုတ်ပေး လိုက် တာက အလယ် နဲ့ အခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် - သိန်းစိန် တွေ့ဆုံခဲ့တာ အဆုံး တိုးတက်မှုတွေအဖြစ် ဖော်ဆောင်နေတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲလို့ သာကေတနေ ချဲထိုင်ကိုင်သူတယောက်ကို မေးကြည့်ရာ... အဆိုပါ ချဲရော၊ နှစ်လုံးထီပါ လက်လီလက်ကား ရောင်းနေသူက .... “သူတို့လုပ်နေတာ ပြဇာတ်တပုဒ် ကနေသလိုပဲ ခင်ဗျ၊ မပြီးခင် ဗမာမမြင်စေနဲ့လို့တော့ ကျနော်ပြောချင်ပါတယ်၊ ငွေရောင်ပိတ်ကား ပေါ်မှာ ဆက်လက်ရှူစားဖို့ပဲ ပြောချင်တယ်ဗျာ .. ဒီလောက်ပါပဲ.... အခု စကားပြော နေရတာကိုက ကျနော် နေ့တွက်လျော့တယ်.. ပြောရင်းဆိုရင်း .. ဟိုမှာ နှစ်လုံးထီထိုးမယ့်ဖောက်သည်လာနေပြီ ... သွားတော့မယ် ...။” ဟုပြောပြီးဖုန်းချသွားပါတယ်။

ပြဇာတ်ကြိုက်သူ


အစိုးရအပြောင်းအလဲတွေကို စိတ်ရှည်လက်ရှည်ထိုင်စောင့်ရင်း ပလာတာ ရိုက်နေသည့် လက်ဖက်ရည် ဆိုင်မှ မုန့်ဖုတ်ဆရာ ကိုအညာသား က .... “ကျနော့် အမြင်ပြောရရင်တော့ ကျနော်က ဇာတ်တွေ အငြိမ့်တွေ ကြိုက်တယ်ဗျ၊ ရွာမှာတုန်းကဆို လာသမျှဇာတ် မလွတ်စေရဘူး ..ညလုံးပေါက်ရှေ့ ဆုံးကနေ ထိုင်ကြည့်တာ... မိုးလင်းလို့ ဇာတ်ပွဲပြီးသွားပြီဆို ကျနော့်မှာ အားမလိုအားမရ ဖြစ်ကျန်ခဲ့တာ၊ ဆက်ကြည့်ချင်သေးတယ်... ကျနော်က ဇာတ်ဆို နေ့ရောညရော မနားတမ်းထိုင်ကြည့်ချင်တာ ..... အခု အစိုးရ ကနေတဲ့ ဇာတ်က ကျနော့်စိတ်ကြိုက်ပဲ.... ရသေ့ရှစ်သောင်းဇာတ် ဆိုတော တော်တော်နဲ့ မပြီးနိုင်ဘူး” ဟု ပြောပါတယ်။

နွားနို့သည်

NLD ပါတီမှတ်တင်မှာလားဆိုသည့်မေးခွန်းကိုတော့ ရန်ကုန်မှာနွားနို့ရောင်းသည့် နွားနို့သည်က အခုလို ပြောပါတယ်။ ... “ကျနော် နွားနို့ရောင်း တယ်နော်. ... ကျနော် ရေမရောဘူး. ... ကျနော် ရေရောတယ်နော် ကျနော် နွားနို့မရောဘူး .. ကျနော်တမျိုးတမျိုးပဲရောတယ်... နှစ်မျိုးမရောဘူး .. အခု ကျနော် ရေထဲကို နွားနို့ရောတယ်နော် ... ကျနော် နွားနို့ထဲရေမရောဘူး ... တခြားနို့သည်တွေနော် .. နွားနို့ထဲရေရောတယ်.... အဲဒီလိုပဲနော .. အကျဉ်းသားတွေမလွှတ် ပါတီမှတ်ပုံမတင်ဘူး၊ ပါတီမှတ်ပုံမတင်ဘူးနော် အကျဉ်းသားတွေမလွှတ်ဘူး .. တမျိုးတမျိုးပဲလုပ်မယ်နော် ... နှစ်မျိုး မလုပ်နိုင်ဘူး” ဟု သူ့အမြင်ကို ရဲရဲရင့်ရင့် ဖြေကြားသွားပါတယ်။


သတင်းထောက် မောင်ပေါက်ကျိုင်း - ရိုက်စားဂျာနယ်

Read More...

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာဆရာကြီးများ၊ တက်ကြွလှုပ်ရှားသူများ၊ ပြည်သူများအားလုံးက လှိုက်လှဲစွာ ကြိုဆို

Thursday, 29 September 2011

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက်ကို သတင်းစာ ဆရာကြီးများ၊ တက်ကြွစွာ လှုပ်ရှားသူများ၊ ပြည်သူများ အားလုံးက လှိုက်လှဲစွာ ကြိုဆိုကြကြောင်း သတင်း ရရှိပါသည်။

ယနေ့ (စက်တင်ဘာလ ၃၀ ရက်နေ့) ရက်စွဲဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း နိုင်ငံတော်သမ္မ၏ သ၀ဏ်လွှာ သတင်းကို သိရှိရပြီးနောက် ယခုကဲ့သို့ ၀မ်းမြောက်စကား ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူထုစိန်ဝင်း

အခုအချိန်အထိ ကြားရသမျှ သတင်းတွေထဲမှာတော့ ဒီသတင်းဟာ မင်္ဂလာအရှိဆုံး ဖြစ်တယ်။ ဒါကြောင့်မို့ ၀မ်းသာအားရ လှိုက်လှိုက် လှဲလှဲ ကြိုဆိုပါတယ်။ ဒီလုပ်ရပ်ဟာ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒအပေါ် တန်ဖိုးထား လေးစား၊ ပြည်သူကို မဆန့်ကျင်တဲ့ သဘောကိုလည်း ဆောင်တဲ့အတွက် အစိုးရရဲ့ အပေါ်မှာ ပြည်သူလူထုရဲ့ သဘောထား အမြင်တွေ အများကြီး ပြောင်းလဲ သွားနိုင်ပါတယ်။ နှစ် ၅၀ အစိုးရနဲ့ ပြည်သူအကြား အတားအဆီး ဖြစ်နေတဲ့ နံရံတွေကို ဖြိုလှဲချနိုင် လိမ့်မယ်လို့ ယူဆပါတယ်။ ဒီ ဧရာဝတီ ကိစ္စကို အခုလို မြန်မြန်ဆန်ဆန် အစိုးရက ဆုံးဖြတ်ချက် ချခဲ့တာဟာ ပြည်သူ တစ်ရပ်လုံး မကြုံဖူးတဲ့ စည်းလုံး ညီညွတ်မှု ပြသနိုင်လိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒီကိစ္စမှာ ပြည်သူတွေဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ရဲ့ စည်းရုံးမှုမပါဘဲ သူတို့ကိုယ်ပိုင် အသိဆန္ဒနဲ့ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို ဖော်ထုတ် ခဲ့ကြတာဟာ အားလုံးသော ပြည်သူ တစ်ရပ်လုံး အတွက် တူညီသော အမျိုးသား အကျိုး စီးပွားဖြစ်တယ်လို့ သိနားလည်တဲ့အတွက် အခုလို စည်းရုံးမိကြတာ ဖြစ်တယ်။ ဒီလိုစည်းရုံးမှုမျိုးကို ဆက်လက်ကိုင်တွယ် ထိန်းသိမ်းသွားမယ်ဆိုရင် ဘယ်လို အတားအဆီးမျိုးကိုမဆို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အခုချိန်မှာ ပြည်သူတစ်ရပ်လုံးက ကမ္ဘာမကြေ မြန်မာပြေ တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ စတဲ့ နိုင်ငံတော် သီချင်းကို တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက် ကြွေးကြော်သီဆိုပြီး ဧရာဝတီမြစ်ကြီးနဲ့ တစ်ကွ အမိနိုင်ငံတော်ကြီးကို ကိုလိုနီလက်ဟောင်း လက်သစ် မှန်သမျှရဲ့ အန္တရာယ်က တွန်းလှန်ကြပါလို့ နှိုးဆော် လိုက်ချင်ပါတယ်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် CPT ကုမ္ပဏီနှင့် Asia World ကုမ္ပဏီ တို့ကို တရားဝင် မေတ္တာရပ်ခံ ကန့်ကွက်ခဲ့သည့် Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်

လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ သမ္မကြီး ဦးသိန်းစိန် အစိုးရအနေနဲ့ ပြည်သူလူထု ဆန္ဒကို လိုက်လျှော ပေးခဲ့ခြင်းဟာ အစိုးရ တစ်ရပ်အနေနဲ့ နှစ်ပေါင်း ၅၀ ကာလအတွင်း အရဲရင့်ဆုံး ခြေလှမ်းဖြစ်ပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒဆိုတာ ပြည်သူတွေရဲ့ စိတ်ခံစားမှုထက် ပိုမြင့်ပါတယ်။ မိမိတို့ရဲ့ ဆန္ဒအမှန်ကို ရဲရင့်တည်ကြည်စွာ ဖော်ထုတ် ခဲ့ကြသူတွေ အားလုံးနဲ့ ဒီဆုံးဖြတ်ချက်ကို ရဲရင့်စွာ ဆုံးဖြတ်ခဲ့ကြသူ အားလုံးကိုလည်း EMG အနေနဲ့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ နှစ်ပေါင်း ၆၀ ကျော် သွေးကွဲနေခဲ့ရတဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးအတွက် ကောင်းမွန်တဲ့ ပထမဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်။ သမ္မတကြီးရဲ့ ဦဆောင်းမှုနဲ့ ကျွန်တော်တို့အားလုံး မြစ်ဆုံမှာ ပြန်ဆုံတွေ့ကြနိုင်ဖို့ မျှော်လင့်ပါတယ်။

ဦးအုန်း(ဒုဥက္ကဌ ၊ FREDA)

ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆောင်ရွက်နေတဲ့သူတစ်ဦး အနေနဲ့ ၂၀၁၁ခုနှစ်ရဲ့ အကောင်းဆုံး သတင်းတစ်ခုလို့ သုံးသပ် ပါတယ်။ မြစ်ဆုံဆိုတာ ကချင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုတစ်ခုပါ၊အဓိကအားဖြင့် ကချင်ပြည်နယ်က ဒေသခံတွေက သူ တို့ရဲ့ ယဉ်ကျေးမှုတွေကို ဖျက်ဆီးတာကို မကျေနပ်နိုင်သလို မျိုးချစ်စိတ်ရှိတဲ့ ပြည်သူတွေအားလုံးကလည်း ဒီကိစ္စကို လက်ခံချင်ကြမှာ မဟုတ်ပါဘူး။ ဒါပြည်သူအားလုံးရဲ့ ဆန္ဒပါ။ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့လည်း ရာဇ၀င်မှာ အမဲစက် မထင်အောင် ချင့်ချင့်ချိန်ချိန် လုပ်ကြဖို့ တတ်နိုင်သလောက် မေတ္တာရပ်ခံမှုတွေ ပြုလုပ်နေကြရတာ ဖြစ်ပါတယ်။ ဒီဆန္ဒကို သမ္မတကြီးက လိုက်လျော ပေးတဲ့အတွက် လေးစားပါတယ်။ အရမ်းကိုကျေနပ်ပါတယ်။ ဆက်ပြီး အကြံပြုချင်တာ တစ်ခုက ကချင် ပြည်နယ်တစ်ခုလုံးက biodiversity အလွန်ပေါ်တဲ့နေရာ ဖြစ်ပါတယ်။ သစ်ခွမျိုးစိတ်ပေါင်း ၈၀၀ကျော် ရှိတယ်။ဆင်၊ကျား၊ကျားသစ်၊သက်ဝံ ကအစရှိတဲ့ နေရာတွေရှိတယ်။အင် မတန်တန်ဖိုးရှိတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာမျိုးကို ecotourism အဖြစ် ပြုလုပ်ပြီး ပိုက်ဆံရှာလို့ရပါတယ်'' ဟု FREDA မှ ဒုတိယဥက္ကဌ ဦးအုန်းက ပြောကြားခဲ့သည်။

ဦးစိုးညွန့်(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံငှက် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)

"မြစ်ဆုံစီမံကိန်းရပ်တာ ၀မ်းသာစရာအကောင်းဆုံး သတင်းပါပဲ။ ဒီစီမံကိန်းရပ်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်။ ပူးပေါင်းမှု အားကြောင့်သာ ဒီလိုရလဒ်ရလာတာပါ။ မြစ်ဆုံကို ချစ်တဲ့သူ၊ ဧရာ ၀တီကိုချစ်တဲ့သူ၊ မြန်မာနိုင်ငံကို ချစ်တဲ့သူအားလုံးက မဖြစ်သင့်တဲ့ စီမံကိန်းကို ၀ိုင်းဝန်းကာကွယ်ခဲ့ကြတယ်။ ဒီလိုအောင်မြင်မှု ရလာတာကတော့ အားလုံးအတွက် ၀မ်းသာစရာပေါ့။ ကြိုဆိုပါတယ်"

ဆရာအော်ပီကျယ်

“၀မ်းသာပါတယ် သမ္မတတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုကို လုပ်လိုက်တယ်လို့ ယူဆပါတယ်။ ဒီအစိုးရ လက်ထက်မှာ ရပ်ဆိုင်းလိုက်တဲ့ အတွက် ဒီအစိုးရ လက်ထက် တစ်ခုစာတော့ သေချာ သွားတာပေါ့။ အဓိကကတော့ Eleven အပါအ၀င် ဧရာဝတီကို အားလုံး ပြည်သူ တစ်ရပ်လုံး ၀ိုင်းလုပ်တဲ့ အောင်မြင်မှုပဲလို့ ယူဆပါတယ်။”

ဒေါက်တာတူးဂျာ(မြစ်ကြီးနားမြို့)

မြစ်ဆုံစီမံကိန်းကို ရပ်လိုက်တဲ့ သတင်းက အရမ်းကို ၀မ်းသာကြိုဆိုပါတယ်။ ဒါဟာ  သမ္မတကြီးရဲ့ သဘောထားကြီးမှု၊ အမြော်မြင် ကြီးမှုကို မြင်ရပါတယ်။ နောက်ပြီး ပြည်သူတွေရဲ့အသံကို အလေးထားတယ် ဆိုတာကိုလည်း ပြလိုက်တဲ့ သဘောပါ။ ပြည်သူတွေရဲ့ အသံကို အလေးထား၊ နားထောင်ပေးတဲ့ အတွက် ဒီမိုကရေစီ နိုင်ငံကို ဦးတည်နေပြီလို့လည်း မြင်ပါတယ်။ ဒါကိုကြိုဆိုပါတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီး

ဒီမနက်ကြားရတဲ့ သတင်းကတော့ တကယ့် မင်္ဂလာသတင်းပါပဲ။ ပြည်သူတွေရဲ့ တကယ့်ဆန္ဒ သဘောထားကို နားထောင်ပြီး ဆုံးဖြတ်လိုက်တဲ့ ကိစ္စပဲလေ။ ဒီကိစ္စက လွှတ်တော်မှာ မဲခွဲပြီး ဆုံးဖြတ်မယ် ဆိုရင်တောင် လွှတ်တော်အတွင်းမှာ ရှိနေတာက အစိုးရ တစ်ရပ်ရဲ့လူတွေပဲလေ။ အဲဒီထဲက လူတွေအနေနဲ့ ကိုယ့်ဆန္ဒကြောင့်ပဲဖြစ်စေ၊ အဂတိမကင်းတဲ့ ကိစ္စ တစ်ခုခုကြောင့်ပဲ ဖြစ်စေ ထောက်ခံတယ် ဆိုတာမျိုး ဖြစ်လာ နိုင်သေးတယ်။ အဲဒီလို ဖြစ်လာခဲ့ရင်လည်း ပြည်သူရဲ့ တကယ့် အသံ စစ်စစ်ကတော့ မြစ်ဆုံ စီမံကိန်းက မဖြစ်သင့်ဘူးဆိုတာ ဖော်ညွှန်း နေမှာပါပဲ။ မြန်မာနိုင်ငံသား အားလုံးအတွက် အရေးပါတဲ့ ဧရာဝတီရယ်၊ ကချင်လူမျိုးတွေအတွက် အထွတ်အမြတ်ထားရာ မြစ်ဆုံလို ဒေသမှာ လုပ်မယ့်ကိစ္စက လုံးဝမဖြစ်သင့်တာလေ။ အဲဒါကို ပြည်သူ့ဆန္ဒတစ်ခု တည်းကြည့်ပြီး ရပ်ဖို့ ဆုံးဖြတ် လိုက်တာဟာ အင်မတန် ၀မ်းသာစရာ ကောင်းတဲ့၊ ကြည်နူးစရာကောင်းတဲ့ သတင်းလို့ ခံစားမိပါတယ်။ ကြားရတာ အင်မတန် မင်္ဂလာရှိတဲ့ သတင်းပါပဲ။

ဒေါက်တာ ဖုန်းဝင်း

“အစိုးရအဖွဲ့က ဒီလိုဆုံးဖြတ်လိုက်တာ ကောင်းပါတယ်။ ကျွန်တော်ကတော့ အချက် သုံးချက်နဲ့ ပြောချင်တယ်။ ပထမတစ်ချက်ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိုချင့်ချိန်ပြီး လုပ်နိုင်မယ် ဆိုရင် နိုင်ငံဟာ ရေရှည်တည်တံ့ပြီး sustainable development ဖြစ်တဲ့ နိုင်ငံဖြစ်လာမှာပဲ။ ဒီလို မူဝါဒမျိုးချ မှတ်ရင် အစိုးရအတွက်၊ ပြည်သူအတွက်၊ တိုင်းရင်းသားတွေအတွက် ကောင်းတယ်။ ဒုတိယတစ်ချက်ကတော့ ဒီလိုရပ်ထားတာဟာ အရင်က လုပ်ချင်တဲ့သူနဲ့ မလုပ်ချင်တဲ့ သူတွေကြားက ပဋိပက္ခတွေကို ပြီးသွားစေတယ်။ နည်းသွားစေတယ်။ နောက်ဆုံး အချက်ကတော့ မြစ်ဆုံစီမံကိန်းဟာ မလုပ်သင့်တဲ့ ကိစ္စမို့လို့ ပြန်စဉ်းစားပါလို့ အားလုံးက ကန့်ကွက်ခဲ့ ကြတယ်။ နိုင်ငံသား တာဝန်ကျေပွန်အောင် ရပ်တည်ခဲ့ကြတယ်။ ရလာ တဲ့ရလဒ်ကလည်း ကောင်းတယ်။ ကျွန်တော့် အမြင်ကတော့ တခြား ကိစ္စတွေမှာလည်း ဒီလိုသာ ဆက်လုပ်သွားနိုင်မယ် ဆိုရင် တစ်နေ့မှာ သွားချင်တဲ့ ရည်ရွယ်ချက်ဆီ ရောက်မယ်ဆိုတာပါပဲ”

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေသူတစ်ဦး
မြန်မာနိုင်ငံက ပြည်ထောင်စု တိုင်းရင်းသားတွေ အတွက် မင်္ဂလာ သတင်းပါ။ မြစ်ဆုံကို ရပ်ပေးတဲ့ အတွက် အတိုင်းမသိ ၀မ်းသာတယ်။ ဒေသခံတွေ နောင်လာ နောက်သားတွေ အတွက် ရတက်မအေးဘူး ဖြစ်နေရတာတွေ မဖြစ်တော့ဘူးပေါ့။ မြစ်ကြီး မကောတော့ဘူးပေါ့။ ဒါဟာ ဧရာဝတီကို အသက် ဆက်ပေးလိုက်ရုံတင် မဟုတ်ပါဘူး။ တိုင်းရင်းသား အားလုံးကိုပါ အသက် ဆက်ပေးလိုက်တာပါ။
 

ကိုသီဟ၊ စီးပွားရေးလုပ်ငန်းရှင်၊ အသက် ၃၀ နှစ်၊ မြစ်ကြီးနားမြို့

မြစ်ဆုံစီမံကိန်း ရပ်တယ်ဆိုတဲ့သတင်းကို ကြားရတော့ ပြောမပြတတ်အောင်ပဲ ၀မ်းသာပါတယ်။ မြစ်ကြီးနားမြို့က ဒေသခံအားလုံးအတွက် သာမကပဲ ကချင်ပြည်နယ် တစ်ပြည်နယ်လုံးက တိုင်းရင်းသား တွေအားလုံးအတွက်ပါ ၀မ်းသာတာပါ။ မြစ်ဆုံစီမံကိန်း လုပ်နေတဲ့ကာလက စိုးရိမ်ပူပန်မှုတွေလည်း အခုတော့ ပျောက်သွားရတာပေါ့။ သတင်းကောင်းပါပဲ။ နောက်ဘယ်တာ့မှ ထပ်မဆောက်ပါစေနဲ့လို့လည်း ဆုတောင်းပါတယ်။

ဒေါ်ငွေကြိုင်(အသက် ၆၀ နှစ်၊ ရှမ်း စုတောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့)

“ရပ်လိုက်ပြီလား။ တကယ်ရပ် လိုက်ပြီလား။ ၀မ်းသာလိုက်တာကွယ်။ မြစ်ဆုံကို လုပ်နေတုန်းက စိတ်ပူတာ မပြောပါနဲ့တော့။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်မြို့လုံးပဲ။ တစ်ပြည်လုံးပဲ။ ဒါက သဘာဝပျက်စီးမှာလေ။ အားလုံး ဒုက္ခရောက်မှာ။ အခုလိုကြားရတာ ၀မ်းသာလိုက်တာ။”

ကိုမရစ်နော်ဆန်း(မြစ်ကြီးနားမြို့)

“ကျွန်တော့်အမြင် ပြောရရင်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာလည်း ပါဝင်ဆောင်ရွက်နေတော့ သဘာဝအတွက်လည်း အလွန်အရေးကြီးတာ နားလည်ထားတယ်။ ကိုယ်က သစ်ပင်တစ်ပင်တောင် မနည်း စိုက်နေရတဲ့အချိန်မှာ သူ့ဘာသာသူ သဘာဝအရ ဖြစ်ထားတဲ့ ရှုခင်းလှပတဲ့ နေရာတစ်ခုကို ဘာလို့ဖျက်ဆီးမလဲ။ ဒီဆည်ကြီးဆောက်လိုက်လို့ ရလာမယ့် အကျိုးထက် ဆုံးရှုံးရ မှာက ပိုနေပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကချင်တိုင်းရင်းသားတွေ အတွက်လည်း ယဉ်ကျေးမှု အမွေတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို ရပ်လိုက်တာ လုံးဝ ထောက်ခံတယ်။ ကြိုဆိုတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တားကြပြုကြတဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်။”

ဦးပေါဟိန်း(နာယက၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း)

“အင်မတန်ဝမ်းသာပါတယ်။ ဆည်တည်ဆောက်မှုကြောင့် နှစ်ရှည်လများ ခံစားရမယ့် အများပြည်သူနဲ့ ပြည်သူလူထုအားလုံးရဲ့ စိုးရိမ်စိတ်ကို အလေးထားပေးတဲ့အတွက် ၀မ်းသာတယ်။ ဒီမိုကရေစီ ရဲ့ အနှစ်သာရဖြစ်တဲ့ အများဆန္ဒဆိုတာကို ရှေ့တန်းတင်ထားတဲ့အတွက်လည်း ဒီမြစ်ဆုံကိစ္စဟာ နိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ပထမဆုံး မှတ်ကျောက်တင်ရမယ့် ကိစ္စလို့တောင် မြင်မိတယ်။ မြစ်ဆုံဆည် ကိစ္စနဲ့ပတ်သက်ပြီးတော့ အချက်အလက်ခိုင်ခိုင်လုံလုံနဲ့ ထောက်ပြသွားကြတဲ့ ပညာရှင်တွေကိုလည်း လေးစားပါတယ်။ အထူးသဖြင့် EMG နဲ့ ဒေါက်တာသန်းထွဋ်အောင်ကို လည်း ကျေးဇူးတင်ပါတယ်။ အချုပ်အနေနဲ့တော့ ဒီမိုကရေစီအရသာ ကို စပြီး ခံစားလိုက်ရတာပါပဲ။”

ဦးကျော်သူ(အတွင်းရေးမှူး၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်)
“ကြားရတာ အရမ်းဝမ်းသာဖို့ ကောင်းပါတယ်။ တိုင်းရင်းသားတွေ ဒေသခံတွေလည်း အရမ်းကို ပျော်ရွှင် သွားကြမှာပါ။ ပြည်သူ တစ်ရပ်လုံးလည်း သူတို့ရဲ့ဆန္ဒ၊ စိုးရိမ်စိတ်တွေကို အလေးထားပေးတာ တွေ့ရလို့ ၀မ်းသာကြမှာပါ။ ပြည်သူက ရွေးကောက်လို့ ပြည်သူဆန္ဒကို ပြန်အလေးထားတယ်ဆိုတဲ့ အချက်ကတော့ တော်တော်ကို အားတက်စရာပါပဲ။ မြစ်ဆုံဆည်ကိစ္စအတွက် မလုပ်သင့်ဘူး၊ ပြန်လည် စဉ်းစားပေးပါဆိုပြီး ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ပြောခဲ့လုပ်ခဲ့ကြတဲ့ EMG နဲ့အခြားမီဒီယာ အချို့နဲ့ ပညာရှင်တွေ အားလုံးကို လေးစားမိပါတယ်။ အစိုးရသစ်အနေနဲ့လည်း ပြည်သူအတွက် ပြည်သူ့ဆန္ဒ ကို အလေးထားကြောင်း မြစ်ဆုံကိစ္စက မှတ်ကျောက်တစ်ခုအဖြစ် ထင်ကျန်တော့မှာပါ။ အရမ်းဝမ်းသာပါတယ်။”

ဦးရဲမင်းအောင်(အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များ အသင်း)

“မင်္ဂလာရှိတဲ့ သတင်းပါပဲ။ ဒီလိုဖြစ်လာအောင် တိုက်တွန်းပေးတဲ့ EMG အပါအ၀င် လေ့လာ ပြောကြားခဲ့တဲ့ ပညာရှင်တွေ အားလုံးကိုလဲ လေးစားပါတယ်။ အထူးသဖြင့် အစိုးရရဲ့ အများပြည်သူ စိတ်ချမ်းသာမှု၊ ကျေနပ်မှုအပေါ် အလေးအနက်ထား လုပ်ဆောင်ပေးတဲ့ အချက်ကိုလည်း အားရ ကျေနပ်မိပါတယ်။ ဆက်ပြီးတော့လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား တွေကိုသာ လွှတ် ပေးခဲ့မယ် ဆိုရင် အများပြည်သူ အားလုံး ထပ်ပြီး ပျော်ရွှင်ရဦးမှာပါ။ ဒီမိုကရေစီ လမ်းစဉ်ဖြစ်တဲ့ အများပြည်သူ ဆန္ဒကို ဦးထိပ်ထား လုပ်ဆောင်ပေးတယ်။ အိမ်နီးချင်းနိုင်ငံနဲ့လည်း ရေရှည် ဆက်ဆံနိုင်အောင် သိမ်မွေ့စွာ ဖြေရှင်းသွားဦးမယ် ဆိုတာကိုလည်း ထည့်ပြောသွားတဲ့ အတွက် အစိုးရနဲ့ ပြည်သူကြားမှာ သားရွှေအိုးထမ်းတဲ့ ကိန်းပါပဲ။ မြစ်ဆုံဆည်ဆောက်မှ သားရွှေအိုးထမ်းတဲ့ကိန်း မဟုတ်ပဲ အခုမှ တကယ့် ရွှေအိုး ထမ်းတဲ့ကိန်းပါပဲ။”

ဦးအောင်လှထွန်း (Reuters)

ကျွန်တော့်အတွက် ဒီအစိုးရ လက်ထက်မှာ ဒီထက်ဝမ်းသာစရာ ကောင်းတဲ့သတင်း မကြားဖူး သေးဘူး။ ဒါဟာ ၀မ်းသာစရာ အကောင်းဆုံးပါ။ ဒုတိယက ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး တွေ့တဲ့ သတင်းပဲ။

Ref: EMG News

Read More...

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့

Thursday, 29 September 2011

မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရ လက်ထက်တွင် ရပ်ဆိုင်း ထားမည် ဆိုသည့် အချက် ပါဝင်ကြောင်း၊ နိုင်ငံတော် သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည် တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့် အပေါ် မိမိတို့ အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့် အာဏာအရ တာဝန်ယူ လုပ်ဆောင်ကြခြင်း ဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရ လက်ထက်တွင် ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ပေးပို့ထားခြင်း ဖြစ်သည်။

“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ ဖြစ်သည်နှင့် အညီ ပြည်သူများ၏ ဆန္ဒကို အလေးထား ရပါသည်။ ပြည်သူများ၏ စိုးရိမ် ပူပန်မှုများကို အလေးထား၍ ဖြေရှင်း ဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရ လက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်း ထားမည် ဖြစ်ပါသည်။ နိုင်ငံတော် အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ် မရှိနိုင်သည့် အခြားသော ရေအား လျှပ်စစ် စီမံကိန်းများ ကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေး အကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။

Ref: EMG News

Read More...

ဂျပန်အမျိုးသမီး ကျောက်ပန်းတောင်းအနီး အသတ်ခံရ

ဦးဝင်းမင်း
ကြာသပတေး, 29 စက်တင်ဘာ 2011

ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာများတဲ့ ပုဂံ၊ ညောင်ဦး ဒေသနားမှာ ဂျပန် အမျိုးသမီး ကမ္ဘာလှည့် ခရီးသည်တယောက် စက်တင်ဘာလ ၂၈ ရက်နေ့တုန်းက အသတ် ခံလိုက်ရပါတယ်။ ပုဂံကို လာလည်တဲ့ အသက် ၃၁ နှစ်အရွယ် ဂျပန် အမျိုးသမီးကို ဆိုင်ကယ် အငှားမောင်းသမား တယောက်က အဓမ္မကျင့်ပြီး သတ်ပစ်ခဲ့ပုံ ရတယ်လို့ ဒေသခံ လုံခြုံရေး အရာရှိ တယောက်က ပြောပြပါတယ်။ အဲဒီ မသင်္ကာသူကို အနီးအနားမှာ ရှိတဲ့ ကျေးရွာသားတွေက ၀ိုင်းဖမ်းပြီး ရဲလက် အပ်ခဲ့ကြတယ်လို့ သတင်းတွေ မှာလည်း ဖော်ပြ ထားပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတုန်းက ဖြစ်ပျက်ခဲ့တဲ့ ဒီအမှုမျိုးက ဖြစ်ခဲ လှတာမို့ မြန်မာနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို ထိခိုက် သွားနိုင်တယ်လို့ စိုးရိမ် ပူပန်စရာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက တင်ပြ ပေးထားပါတယ်။

ကမ္ဘာလှည့် ခရီးသည်တွေ အသွားများတဲ့ ပုဂံဘုရားဒေသမှာ အခုလို နိုင်ငံခြား ခရီးသွားတဦး သတ်ဖြတ် ခံရတာမျိုး အရင်က မဖြစ်ခဲ့ဖူးဘူးလို့ ဒေသခံ အရာရှိတွေနဲ့ Tourist Guide ဧည့်လမ်းညွှန် တွေက ဆိုကြပါတယ်။ သူ့လုံခြုံရေး အတွက် အမည် မဖော်လိုတဲ့ ဒေသခံ အရာရှိတဦးက ညောင်ဦးနဲ့ ကျောက်ပန်းတောင်းကြား ညောင်နီကျင်း ကျေးရွာလမ်းခွဲမှာ လူသူ ပြတ်လပ်ချိန် ဂျပန် အမျိုးသမီး ချိဟာရု ချီအီးရာမတ်ဆုကို အသက် ၃၉ နှစ်အရွယ် မင်းသိုက်က သတ်ခဲ့တာလို့ ဆိုပါတယ်။

“လမ်းကတော့ ညောင်ဦး လာပြီးတော့မှ ပုပ္ပားကို မနေ့က ထွက်သွားပြီ။ ပုပ္ပားကနေ ကျောက်ပန်းတောင်း ရောက်တယ်။ ကျောက်ပန်းတောင်း ရောက်တော့ ဆိုင်ကယ်ငှားပြီးတော့ ဆိုင်ကယ် ကယ်ရီသမားနဲ့ သွားတယ် ပြောတယ်ဗျ။ အဲဒီအခါမှာ အခင်းဖြစ်တယ်ပေါ့။ အဓမ္မပြုကျင့်တယ် ဆိုတဲ့ လက္ခဏာတွေကိုတော့ ကြားမိတယ်။ အရင်တုန်းကတော့ မရှိဖူးပါဘူး။ ဒါ ထူးထူးခြားခြား တကယ့်ကို ဖြစ်ရပ်ပါ။ နောက်တချက်က ပုဂံ၊ ညောင်ဦးလို နိုင်ငံခြားသားနဲ့ ထိတွေ့နေတဲ့ နေရာမျိုးမှာ ဆိုရင်တော့ ဒါ ဖြစ်ခဲပါတယ်။”

အဲဒီတော့ လုံခြုံရေး အားနည်းသွားတာကြောင့် အခုလို ဖြစ်သွားရပါသလားလို့ မေးရာမှာတော့ ဒေသခံ လုံခြုံရေး အရာရှိကပဲ…

“လုံခြုံရေး အားနည်းတာတော့လည်း မဟုတ်ဘူးဗျ။ ဒီဘက်မှာကျတော့လည်း နည်းနည်း လူပြတ်တာလည်း ပါမှာပေါ့။ ကျောက်ပန်းတောင်းနဲ့ ညောင်ဦးကြားက တော်တော်လေး ဝေးတယ်လေ။ ဒါက အဝေးမှာ မို့လို့လည်း ဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။”

အခုလို နိုင်ငံခြား ခရီးသည် အသွားအလာများတဲ့ မြန်မာ့ ယဉ်ကျေးမှုဆိုင်ရာ ဒေသဘက်မှာ ဖြစ်တာဆိုတော့ ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်ပါသလဲလို့ မေးရာမှာတော့ ဒီဒေသကို အခုလက်ရှိ ရောက်နေတဲ့ ခရီးသွား လမ်းညွှန်တဦးဖြစ်တဲ့ ကိုစိုးဦးက…

“ဒီဟာကတော့ မကောင်းတဲ့ သက်ရောက်မှုပဲ လာမှာ။ အခုမှ Tourism က ကောင်းမလားလို့ အောက်မေ့တာ ရှိသေးတယ်၊ ဒီလိုမျိုး မကောင်းတဲ့ လက္ခဏာကြီးက ပေါ်လာတော့ ကျနော်တို့ ဒီ Tourism က မျက်နှာပျက်ရသလို ပြန်ဖြစ်တာပေါ့။ ကျန်တဲ့လူကလည်း နည်းနည်း ကြောက်သွားမှာပေါ့။”

Tourist Guide ကိုစိုးဦးကပဲ မြန်မာ့ ရှေးဘုရားဟောင်းတွေနဲ့ ထင်ရှားတဲ့ ဒေသမျိုးမှာ ဖြစ်တာမို့ မြန်မာနိုင်ငံ အတွက်လည်း နိုင်ငံတကာမှာ အကြီးအကျယ် သိက္ခာကျစရာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီဟာက ကျနော်တို့အတွက် လုံးဝကို သိက္ခာမရှိတာဗျ။ အမှန်တကယ် ကျနော်တို့က စောင့်ရှောက်ရမှာ အမျိုးသမီးကို။ ပြောပြောနေတဲ့ ဗုဒ္ဓဘာသာ တိုင်းပြည်ဆိုတာ ယဉ်ကျေးတယ်၊ သိမ်မွေ့တယ် ဆိုတာ၊ ကျနော်တို့က မိန်းကလေးတွေကို စောင့်ရှောက်ရမှာ။ သူက ဒီလိုမျိုး လုပ်လိုက်တော့ ကျနော်တို့အတွက် တော်တော်ကို သိက္ခာကျစရာ ဖြစ်ပါတယ်။”

နောက်ထပ် အခုလို မဖြစ်ရအောင် ဘယ်လို သတိထား ရှောင်ကြဉ်မှုတွေလုပ်ဖို့ အကြံ ပေးနိုင်ပါသလဲလို့ မေးရာမှာတော့ ကိုစိုးဦးကပဲ…

“အဲဒီဟာတော့ နှစ်ပိုင်းရှိမယ်ဗျ။ တပိုင်းကလည်း ဧည့်သည်တွေ ကိုယ်တိုင်က ညနေစောင်း အချိန်မတော်ကြီးမှာ ယောက်ျားလေး တယောက်တည်းနဲ့ မိန်းကလေး တယောက်တည်း ဒီလိုသွားတာမျိုး ဆင်ခြင်ဖို့ လိုတာပေါ့။ ဗမာတွေ ဘက်ကလည်း အဲဒါမျိုး မလုပ်ဖို့ စောင့်ထိန်းဖို့တော့ လိုတယ်ဗျ။”

ဒီ ဂျပန်အမျိုးသမီး ချိဟာရု ချီအီးရာမတ်ဆုကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ကိုမင်းသိုက်ကို အခု လောလောဆယ် မှာတော့ ကျောက်ပန်းတောင်း ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေး နေတယ်လို့ ဒေသခံ အရာရှိတွေက ဆိုပါတယ်။

Ref: VOA News

Read More...

လက်နက်မှောင်ခိုမဟုတ် ဟု ဦးတေဇပြောပြီ

ရန်ပိုင်
Thursday, 29 September 2011

လက်နက်မှောင်ခို ရောင်းဝယ်မှုကြောင့် ချမ်းသာလာခြင်း မဟုတ်ကြောင်း မြန်မာပြည်၏ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက အမေရိကန်နိုင်ငံ နယူးယောက် အခြေစိုက် FORBES ASIA မဂ္ဂဇင်းနှင့် တွေဆုံ မေးမြန်းခန်းတွင် ပြောဆို လိုက်သည်။

လက်ရှိ စင်ကာပူနိုင်ငံတွင် နေထိုင်နေသည့် ဦးတေဇက Forbes မဂ္ဂဇင်း သတင်းထောက် Simon Montlake ကို ကြယ်ငါးပွင့် အဆင့်ရှိ မရီနာဘေးလ် ဟိုတယ်တွင် လက်ခံတွေဆုံကာ အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံခန်းတွင် ဦးတေဇက အနောက်နိုင်ငံ အစိုးရများ ပြောဆိုနေသကဲ့သို့ လက်နက်ကုန်သည် တဦး မဟုတ်ကြောင်း၊ လူအများက ၎င်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက်အဖြစ် ပြောဆိုနေမှုသည်လည်း ကောလာဟလများသာ ဖြစ်၍ မမှန်ကန်ကြောင်း ငြင်းဆိုသွားသည်။

“လက်နက်ကုန်သည်မဟုတ်ဘူး။ ဟယ်လီကော့ပတာ တမျိုးပဲ စစ်တပ်ကို ရောင်းတာ။ ကျည်ဆန်တွေ သေနတ်တွေ ဘယ်တော့မှ အရောင်း အ၀ယ်မလုပ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သားမက်လည်း မဟုတ်ခဲ့ဘူး” ဟု ဦးတေဇက အဆိုပါ တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

ယခင်စစ်အစိုးရနှင့် နီးစပ်သည်ဟု လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇကို ၁၉၆၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက် ရှမ်းကြီးမြင့်ဆွေဟု လူသိများသည့် ဒု ဗိုလ်မှူးကြီးမြင့်ဆွေ၏ ဒုတိယ သားဖြစ်သည်။

ဒဿမတန်း အောင်မြင်ပြီးနောက် စစ်တက္ကသိုလ်သို့ တက်ရောက် ခဲ့သော်လည်း တတိယနှစ်တွင် ပြည်ခရိုင် ကြို့ပင်ကောက်မြို့ ထူး ဆန်စက်ပိုင်ရှင် ဒေါ်ထူး၏ သမီး ဒေါ်သီတာမြင့်နှင့် လက်ထပ်ခဲ့သည့် အတွက် စစ်တက္ကသိုလ်မှ ထွက်ခဲ့ရသည်။

ဦးတေဇသည် ကျောင်းမှ ထွက်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် ပြန်လည်နေထိုင်ကာ စီးပွားရေး လုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ၎င်းလည်းပါဝင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

“၈၈ ဆိုတာ ကျနော်တို့ မျိုးဆက်လေ။ အဲဒီတုန်းက လမ်းပေါ်ထွက် ဆန္ဒပြခဲ့တာပေါ့” ဟု သူက ဆိုသည်။

၁၉၈၉ ခုနှစ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် အချ မခံရမီက သွားရောက်ခဲ့သည့် နယ်ခရီးစဉ် များတွင် ၎င်းပိုင် မော်တော်ကားကို ပေးအပ် အသုံးပြု စေခဲ့ကြောင်းလည်း ဦးတေဇက ပြောသည်။

၁၉၉၄ - ၉၅ ခုနှစ်ခန့်တွင် ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်၌ ထူးကုမ္ပဏီကို တည်ထောင်ကာ ထိုင်း- မြန်မာ နယ်စပ် မြိတ်- ထားဝယ် ဒေသ၌ သစ်ကွက်များကို လေလံဆွဲ၍ သစ်ထုတ်လုပ်ရေး လုပ်ငန်း စတင် လုပ်ဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်တွင်မူ သစ်ထုတ်လုပ်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သဘာဝ ပတ်ဝန်းကျင် ပျက်ဆီးမှု များပြား လာသည့်အတွက် ထိန်းသိမ်းရန် လိုအပ်လာခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုအခါ ဦးတေဇသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်များတွင် ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင်သာ အနေများသည့် ဦးတေဇသည် ထူး ကုမ္ပဏီကို တဦးတည်းပိုင်အဖြစ်မှ ကုမ္ပဏီ အရာရှိကြီး များကိုပါ ရှယ်ယာ ပိုင်ဆိုင်စေသည့် ကော်ပိုရေးရှင်း သဘော ဖွဲ့စည်းကာ လုပ်ငန်းများကို စိတ်ချရသည့် ၀န်ထမ်းများဖြင့် လွှဲအပ်ထားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး နောက်ပိုင်းကာလ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ဦးတေဇ တဦးတည်းကို လုပ်ပိုင်ခွင့်များ ချထားပေးခြင်း မရှိတော့ဘဲ၊ တခြားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်၊ မက်စ်မြန်မာ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဒေါက်တာကိုကိုကြီး၊ ဒဂုံအုပ်စုမှ ဦးဝင်းအောင် စသည့် လုပ်ငန်းရှင်များ ကိုပါ လုပ်ငန်းများ ခွဲဝေ လုပ်ကိုင်ခွင့်ပြုထားသည်။

“ကျနော်တို့က စီးပွားရေးမှာ တရားသဖြင့် ပြိုင်ဆိုင်ရတာကို သဘောကျတယ်။ အဲဒီလိုမျိုးပဲ ပြိုင်ချင်တယ်” ဟု ဦးတေဇက သတင်းထောက်ကို ဆက်လက် ပြောဆိုသည်။

Forbes မဂ္ဂဇင်း သတင်းထောက်က ထူးကုမ္ပဏီ၏ တနှစ်ဝင်ငွေ၊ အကျိုးအမြတ်၊ ရှယ်ယာအများဆုံး ပိုင်ဆိုင်သည့် ဥက္ကဋ္ဌ တဦး၏ တနှစ်ဝင်ငွေ စသည့် အသေးစိတ် မေးမြန်းချက်များ ကိုမူ ဦးတေဇက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ထိုကြောင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းကြီး အများစုသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးနှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာခြင်း မရှိသကဲ့သို့ လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့ မည်မျှ ချမ်းသာ ကြွယ်သည်ကိုလည်း ထုတ်ဖော် ပြောဆိုလေ့ မရှိကြောင်း အဆိုပါ မဂ္ဂဇင်းတွင် ကောက်ချက်ချ ရေးသားထားသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက ရန်ကုန်မြို့၌ အီတလီသတင်းထောက် တဦးနှင့် တွေဆုံမေးမြန်းခန်း တွင်မူ ၎င်း ပိုင်ဆိုင်သည့် ထူး ကုမ္ပဏီသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ၀င်ငွေရှိသည်ဟု ပြောဆိုခဲ့ဖူးသည်။

မကြာသေးမီက Wall Street ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင်လည်း အရှေ့တောင်အာရှရှိ အချမ်းသာဆုံး ပုဂ္ဂိုလ် ၃၀ ဦး၌ ဦးတေဇသည် အဆင့် ၁၂ တွင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် ပြီးခဲ့သည့် မေလအတွင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းဖြန့်ဖြူးခွင့်နှင့် ပတ်သက်၍ ဦးတေဇ တဦးတည်းသာ တင်သွင်းခွင့် ပေးထားသည်ကို အစိုးရက ရုတ်သိမ်းခဲ့သည့် နောက်ပိုင်း ဦးတေဇ၏ ဥစ္စာဓန ကြွယ်ဝ ချမ်းသာမှုသည် တဖြည်းဖြည်း ကျဆင်း လာကြောင်း၊ ထိုအတွက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်များကို ရောင်းချနေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။

လက်ရှိ ဦးတေဇပိုင် ထူးကုမ္ပဏီ၌ ၀န်ထမ်းပေါင်း ၄ သောင်းဖြင့် လည်ပတ်နေပြီး ဦးတေဇသည် ၀န်ထမ်းများ၏ အကျိုး ခံစားခွင့်ကို အပြည့်အ၀ ပေးထားကြောင်း၊ ပထမဆုံး မြန်မာ အမျိုးသမီး လေယာဉ်မောင်း တဦးအပါအ၀င် ရာနှင့်ချီသည့် ၀န်ထမ်းကောင်း များကို နိုင်ငံခြား ပညာတော်သင် အပါအ၀င် ခရီးစဉ်များကိုလည်း စီစဉ်ပေးသည့် အတွက် ၀န်ထမ်းများ အကြား နာမည်ကောင်း ရရှိ နေကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ဇာဂနာ ထောင်ထဲမှာပင်ရှိနေသေး

ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁

ရန်ကုန် (မဇ္ဈိမ) ။ ။ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နယူးယောက်မြို့တွင် ကျင်းပ နေသည့် ၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မကြာခင် အကျဉ်းသားများ လွတ်ပေးရန် ရှိသည်ဟု ပြောကြားခဲ့ပြီးနောက် နိုင်ငံရေး အကျဉ်းသားများလည်း လွတ်လာဖွယ် ရှိသည်ဟု နိုင်ငံရေး ပါတီများကလည်း မျှော်လင့် နေကြသည်။

လူပြောများနေသော ကောလဟတခုကတော့ ကိုသူရ ခေါ် ဇာဂနာ သည်လည်း လွတ်လာပြီဆိုခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်ပြီးနောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရင်း ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ မြစ်ကြီးနားထောင် ကြိုးတိုက်တွင် ရှိနေသော ဇာဂနာအား သူ၏ ခယ်မ မငြိမ်း ခေါ် မစန္ဒာနှင့် မဇ္ဈိမ သတင်းထောက်က မေးမြန်း ခဲ့သည်ကို တင်ပြ လိုက်ပါသည်။
----------------------------------------------------------------------------------------------------------------------

ကိုဇာဂနာသာလွတ်မယ် ဆိုရင် မိသားစု အနေနဲ့ ဘယ်လို ဝမ်းသာခံစားမှုမျိုး ရမလဲ အမ။

“အမတို့ အနေနဲ့ မိသားစု အနေနဲ့တော့ လွတ်တယ်ဆိုရင် ပျော်ရမှာပါ ဒါပေမယ့် အခုသတင်းက ပျံ့နေတာ နေ့တိုင်းလည်း ဖုန်းတွေ ဖြေနေ ရတာပေါ့နော်။ မြစ်ကြီးထောင်ကို မေးပြီးပြီ ကိုသူရက ထောင်မှာပဲ ရှိနေပါတယ်တဲ့။ အမ ကတော့ ကိုသူရကို ၂၀၀၈ က ဖမ်းကတည်းကပဲ ၂၀၀၉ ကစပြီးတော့ စက်တင်ဘာကို ရောက်တိုင်း လွတ်လာပြီဆိုတဲ့ သတင်း ထွက်နေတာ အခုဆိုရင် ၃ နှစ် ရှိနေပြီ ဆိုတော့ ဒီစက်တင်ဘာမှ ထွက်တဲ့ သတင်းအပေါ်တော့ ဘာမှ မဖြစ်တော့ဘူး။ ဒါပေမယ့် ကိုသူရကို လွတ်စေချင်တယ်။ မျှော်လည်း မျှော်လင့်ပါတယ်”

မိသားစုဝင် တယောက်အနေနဲ့ ကိုဇာဂနာ လွတ်လာပြီးနောက် ပိုင်းမှာ နိုင်ငံရေး ဆက်လုပ်စေချင်လား။ ဒါမှမဟုတ် အမတ် အရွေးခံ စေချင်လား။

“ကိုသူရက နိုင်ငံရေးကို ဆက်လုပ်မယ်လို့ အမတို့ကို ပြောဖူးတယ်။ အဲဒီတော့သူက နိုင်ငံရေးကို ဆက်လုပ်မယ် လို့ပဲ ယူဆ ရတာပေါ့။”

ပါတီတခုခုကိုကော ဝင်စေချင်တာမျိုး ရှိလား။

“ကိုသူရက အရင်ကပဲ ပါတီ နိုင်ငံရေးကို မကြိုက်ဘူး။ အဲဒီအတွက် ပါတီတခုခုမှာ သူဝင်မှာ မဟုတ်ဘူး။ အခု အဖမ်း ခံရတာကိုကလည်း လူမှုရေး လုပ်ရင်း အဖမ်းခံရတာလေ သူက လူမှုရေးကို တောက်လျှောက် လုပ်မယ့် သဘောရှိပါတယ်။”

တကယ်လို့ နောက်ထပ် ထောင်ကျတဲ့အဖြစ်မျိုးရှိခဲ့မယ် ဆိုရင် မိသားစုအနေနဲ့ ရင်ဆိုင် နိုင်ပါ့မလား။


“နောက်ထပ် ထောင်ကျတာမျိုး ကိုတော့ မလိုချင်တော့ဘူးပေါ့။ ဒါပေမယ့် တကယ်တမ်း ရင်ဆိုင်ရပြီ ဆိုရင်လည်း အမတို့ မိသားစု အနေနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း ရှိပါတယ်။ မဖြစ်တော့ မဖြစ်စေချင်တော့ဘူးပေါ့။”

အခုထောင်ကျနေလို့ ဘာတွေထိခိုက်နစ်နာမှုတွေ ဘာတွေဖြစ်ခဲ့လဲ။

“ထိခိုက်နစ်နာမှု ဆိုတော့ ဒါက ကိုယ်တယောက်တည်း မဟုတ်ဘူး။ အကျဉ်းကျခံရတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတိုင်း သောကတွေ ဒုက္ခတွေရှိမှာပဲ ဒါကို နစ်နာတယ်လို့လည်း ပြောလို့မရဘူးပေါ့။ နစ်နာတယ်လို့ မသုံးရက်ဘူး နိုင်ငံရေး အကျဉ်းသား မိသားစုတိုင်း အတွက်ပါ”

ကိုသူရ လွတ်လာတယ်ဆိုရင် သူ့မိသားစုတွေ ရှိတဲ့ ပြည်ပနိုင်ငံကို သွားလို့ရနိုင်မယ့် အနေအထား ရှိလား။

“အရင်က အစိုးရ လက်ထက်ကတော့ နိုင်ငံကူးလက်မှတ် မရခဲ့ဘူး။ တကယ်လို့သာ လွတ်လာ ရင်တော့လည်း ကိုသူရမှာ ဇနီး၊ သား၊ သမီးတွေက ပြည်ပမှာ ဆိုတော့ အလည် သွားရင်လည်း သွားနိုင်အောင် နိုင်ငံကူး လက်မှတ် လုပ်ကြည့်ရမှာပေါ့။ ရမယ်၊ မရဘူးတော့ မသိဘူးပေါ့နော်။”

အခု မြစ်ကြီးနားထောင်က ကိုဇာဂနာရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။

“အရင်က အင်းစိန်အကျဉ်းထောင်မှာဆိုရင် မိသားစုနဲ့တွေ့ရင် ဆန်ခါ(ဇကာ) အပေါက်လောက်ပဲရှိတဲ့ သံဇကာ အပေါက်လေး တွေကနေ လက်ထိပ်လေးတွေ ထိရတာမျိုးရှိခဲ့တာရယ်။ ကိုသူရကို မိသားစုနဲ့ပေးတွေ့ဖို့ ခေါ်လာရင် အိတ်နက်ကြီးကို ခေါင်းမှာ စွပ်ပြီးတော့ ခေါ်လာတာတွေကို အမ ရဲ့ အမ ဖြစ်တဲ့ ကိုသူရဇနီးက ပြောခဲ့ဖူးတယ်။ အခုတော့ မြစ်ကြီးနားထောင်မှာ ကိုသူရနေရတာ ကြိုးတိုက်လို့ ခေါ်တဲ့နေရာမှာ ကြိုးပေးပြီး သတ်မယ့် သူတွေကို ထားတဲ့နေရာမှာ ထားတယ်လို့ သိရပါတယ်။ နေကောင်းပါတယ်။ ခုနကပဲ မြစ်ကြီးနားထောင်နဲ့ အဆက် အသွယ်ရတယ်။ ထောင်ထဲမှာပဲ ကိုသူရ ရှိနေပါတယ်တဲ့။ အရင်က အစားအစာတွေ ပို့တာနဲ့ စာရင်တော့ အဆင်ပြေတယ်ပဲ ပြောရမှာပါ။ အရင်က အစားအစာ။ ပစ္စည်းတွေကို လအလိုက်နဲ့ ကန့်သက်ပြီးတော့ ပို့ရတာမျိုး ရှိခဲ့တယ်လေ။ အခုတော့ များများပို့လို့ ရတာပေါ့နော် ဥပမာ တလကို ကော်ဖီမစ် အထုပ် ၃ဝ ပဲ ပို့ ရတာ မျိုး ရှိခဲ့တာ ကနေ အခု ကျတော့ အများကြီးပေါ့ အမတို့ကတော့ အရင်ထက် ပို ပို့ပေးတယ်ပေါ့။ အဲဒါမျိုးလေးတွေတော့ ရှိတယ်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်တွေ့ကြမည်

ကိုထွေး
Thursday, 29 September 2011

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမား ရေးရရာနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့ နေ့လယ်ပိုင်းတွင် တွေ့ဆုံကြမည် ဖြစ်သည်။

ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာ၌ တတိယအကြိမ် တွေ့ဆုံဆွေးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။

ဆွေးနွေးမည့် အကြောင်းအရာကို မသိရသေးသော်လည်း ယခင်က ဆွေးနွေးသည့် ကိစ္စရပ်များကို ဆက်လက် ဆွေးနွေး နိုင်ကြောင်း သူက ခန့်မှန်းပြောဆိုသည်။

သို့သော်လည်း လေ့လာသူများက နိုင်ငံရေး အကျဉ်းသားကိစ္စ၊ ပါတီ မှတ်ပုံ တင်ရေး ကိစ္စများ ဆွေးနွေးနိုင်ကြောင်း သုံးသပ်ကြသည်။

ယမန်နှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဦးအောင်ကြည်နှင့် ၂ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပူးတွဲ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

၎င်းတို့ ဆွေးနွေးပွဲရလဒ် တိုးတက်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးသည်။

တချိန်တည်းတွင် ယခု သီတင်းပတ်အတွင်း ကျင်းပသည့် ကုလသမဂ္ဂ ညီလာခံတွင် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်ကလည်း အကျဉ်းသားများကို မကြာမီ လွှတ်ပေးရန် ရှိသည်ဟု ပြောကြားခဲ့သည်။

ယင်းအတွက် နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များက လွတ်မြောက်ရန် မျှော်လင့်လျက်ရှိပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ လူရွှင်တော် ကိုဇာဂနာတို့အား လွှတ်ပေးလိုက်ပြီ ဆိုသော ကောလာဟလများ ပျံ့နှံနေသည်။

“မနေ့ကတည်းက အဲဒီသတင်းတွေက ပျံ့နေတာ။ အဲဒါနဲ့ မြစ်ကြီးနား အကျဉ်းထောင်ကို ဖုန်းဆက်တော့ ဟိုမှာ ရှိနေတုန်းပဲလို့ ပြောတယ်” ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မထွေးထွေးက ဧရာဝတီသို့ ပြောသည်။

Ref: ဧရာဝတီ

Read More...

ပါတီမှတ်ပုံတင်ရေး ထည့်သွင်း စဉ်းစားကြောင်း NLD ပြော

ထွန်းထွန်း
ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၉ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အစိုးရအနေဖြင့် အပြောင်းအလဲများ ပြုလုပ်လာမည် ဆိုပါက ပါတီ တရားဝင် ရပ်တည်ရေး အတွက် မှတ်ပုံတင်သွားရန် ထည့်သွင်း စဉ်းစား ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“အစိုးရရဲ့ အပြောင်းအလဲကို စောင့်နေပါတယ်။ မှတ်ပုံတင်ရေး၊ မတင်ရေးက ကြိုတင် ဆုံးဖြတ်ချက် မရှိပါဘူး။ ကျနော်တို့ အခြေအနေ တခု ပေါ်လာရင်တော့ ဆုံးဖြတ်ဖို့ အကြောင်းရှိပါတယ်။ ဘယ်လို အခြေအနေ ဆိုတာ လောလောဆယ် ကျနော် မပြောနိုင်သေးပါဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

နိုဝင်ဘာ ရွေးကောက်ပွဲအပြီး လွှတ်တော်ရှိလာချိန်မှစ၍ ပါတီ ပြန်လည် မှတ်ပုံတင်ရေးနှင့် ပတ်သက်၍ ပါတီ ခေါင်းဆောင်များ အကြား ဆွေးနွေး တိုင်ပင်မှုများ ရှိနေပြီး မည်သည့် ကိစ္စများ ပါဝင်သည်ကိုမူ ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

လက်ရှိ အစိုးရအနေဖြင့် ပြောင်းလဲမှုများ ပြုလုပ်နေပြီကို လက်ခံထားကြောင်းနှင့် အရေးကြီးသည့် ပြုပြင် ပြောင်းလဲမှု များကိုမူ ဆောင်ရွက်ခြင်း မရှိသေးဟု NLD က ရှုမြင်ထားသည်။

“ဒါ ထူးခြားမှုပါပဲ။ ဘာထူးခြားလဲဆိုတာ ကျနော်တို့ မပြောနိုင်သေးပါဘူးဗျာ။ ပြောနိုင်တဲ့အချိန် ပြောပေးပါမယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

NLD မှာ ၁၉၉ဝ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၂ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိခဲ့သော်လည်း အာဏာသိမ်း စစ်အစိုးရမှ လွှတ်တော် ခေါ်ယူခြင်း မရှိသည့် အပြင် ပါတီဝင်များအား ဖိနှိပ်ချုပ်ခြယ်မှုများ၊ ဖမ်းဆီးမှုများ ပြုလုပ် ခဲ့သည်။

စစ်ဗိုလ်ချုပ်များ စိတ်ကြိုက်ရေးဆွဲခဲ့သည်ဟု ဆိုကြသည့် ၂ဝဝ၈ အခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေ များကို မျှတမှု မရှိဟုဆိုကာ NLD ပါတီက ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ရန် ပါတီ မှတ်ပုံတင်ခြင်း မပြုလုပ်ခဲ့ဘဲ တရားဝင် ပါတီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သို့သော် NLD မှာ ပြန်လည်လျှောက်ထားခြင်းမရှိသည့်အတွက် တရားဝင်မှု ပျက်ပြယ်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၁၄ ရက် နေ့တွင် ကြေညာခဲ့သည်။

ယင်းသို့ ကြေညာအပြီး ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ တရားဝင် ရပ်တည်ခွင့် ရှိကြောင်း အယူခံ တင်သွင်းမှုများ ကိုယ်တိုင် လက်မှတ်ရေးထိုးကာ တရားရုံးမှ အဆင့်ဆင့် လျှောက်ထား ခဲ့သော်လည်း ပယ်ချ ခံခဲ့ရသည်။

“နိုင်ငံရေးဟာ သူ့အချိန်အခါ၊ အခြေအနေနဲ့ လက်တွေ့ကျကျ သုံးသပ်ဖို့ လိုပါတယ်။ ကျနော်တို့ မဆုံးဖြတ်ရ သေးပါဘူး။ ကျနော်တို့ လက်တွေ့ကျကျ သုံးသပ်ပြီး ဆုံးဖြတ် သွားမှာပါ” ဟု ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဆိုသည်။

ယခုကဲ့သို့ စဉ်းစားမှုနှင့်ပတ်သက်၍ ပါတီထောက်ခံသူများအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ် လာနိုင်သော် လည်း ပြည်သူ့ အကျိုးအား လက်တွေ့ကျကျ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ပါတီ မှတ်ပုံတင် ဖြစ်ပါက အခြားသော ပါတီများနှင့်လည်း ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်သည်။

မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချနိုင်မည်ကိုမူ မပြောဆိုနိုင်သေးသော်လည်း “ကျနော်တို့က ဆုံးဖြတ်ချက် ချပြီးရင် ချက်ချင်း လုပ်မှာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။

တိုက်ဆိုင်စွာပင် စက်တင်ဘာလ ၃ဝ ရက်နေ့ (သောကြာနေ့) တွင်လည်း ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှာ အစိုးရ ကိုယ်စားလှယ် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

အစိုးရသစ်တက်လာပြီး တတိယကြိမ်မြောက်တွေ့ဆုံမှုကို ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် နေ့လယ် ၁ နာရီ၌ ပြုလုပ်မည် ဖြစ်ကာ မည်သည့်ကိစ္စများ ဆွေးနွေး သွားမည်ကိုမူ မသိရသေးပေ။

“အရင်တွေ့ဆုံပွဲတွေရဲ့အဆက်ပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ အမျိုးသားရင်ကြားစေ့ရေး အတွက် ခြေလှမ်း လှမ်းနိုင် မယ်လို့ မျှော်လင့် ထားပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောဆိုသည်။

သြဂုတ်လ ၁၂ ရက်နေ့ နောက်ဆုံးတွေ့ဆုံခဲ့ရာတွင်မူ “တိုင်းပြည်တည်ငြိမ်ရေးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရေး”၊ “ဒီမိုကရေစီ ထွန်းကားရေးနှင့် စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အပြုသဘော ပူးပေါင်းရေး”များ ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် “အပြန်အလှန်ကူညီသော ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်” နှင့် “တွေ့ဆုံမှုများ ဆက်လက် ပြုလုပ်သွားရန်” ကိစ္စများကိုပါ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံမှုအပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေငြာချက်၌ ပါရှိသည်။

ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ် ၂ဝဝ၇ အောက်တိုဘာတွင်းက ခန့်အပ်ခဲ့ခြင်းဖြစ်ကာ ယနေ့ အချိန် အထိ ၁၁ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ဆန္ဒပြခွင့်ဥပဒေကြမ်း လွှတ်တော်သို့တင်သွင်း

ခင်ဦးသာ
Thursday, 29 September 2011

စုဝေး၊ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ အခွင့်အရေးများ၊ ကန့်သတ်ချက်များ ပါဝင်သည့် ဥပဒေကြမ်း အဆို တရပ်ကို ပြည်ထဲရေး ၀န်ကြီးက တနင်္လာနေ့တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်း လိုက်ကြောင်း အလဲဗင်း မီဒီယာ အင်တာနက် စာမျက်နှာတွင် ရေးထားသည်။

“ငြိမ်းချမ်းစွာ စုဝေးခြင်း၊ တန်းစီ လှည့်လည်ခြင်းတို့ကို သုံးစွဲသူတွေကြောင့် အများ ပြည်သူကို အနှောင့် အယှက် ဖြစ်စေခြင်း၊ ဘေးအန္တရာယ် ဖြစ်စေခြင်း၊ ထိခိုက် နစ်နာစေခြင်းတို့ကို ကာကွယ်ဖို့ ရည်ရွယ်ပြီးတော့ အသစ် ရေးဆွဲရခြင်း ဖြစ်ပါတယ်”ဟု ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုက လွှတ်တော်၌ ရှင်းပြခဲ့သည်ဟု ဆိုသည်။

ကိုယ်စားလှယ်တချို့၏ ပြောပြချက်အရ ဥပဒေကြမ်းတွင် စုဝေး၊ စီတန်း လှည့်လည်မည် ဆိုပါက အာဏာပိုင်များထံ ၇ ရက် ကြိုတင် အကြောင်းကြားခြင်း၊ နေရာ သတ်မှတ်ခြင်း စသည့် အကြောင်းအရာများ ပါရှိကြောင်း သိရသည်။

၂၀၀၈ အခြေခံ ဥပဒေ၊ နိုင်ငံသားများ၏ ရပိုင်ခွင့် အခန်းကဏ္ဍ၌ လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်၊ ဆန္ဒ ဖော်ထုတ်ခွင့် တို့ကို ပြဋ္ဌာန်းထားပြီး ဖြစ်၍ ဘောင်ကျဉ်းသော သီးခြား ဥပဒေတရပ် ပြဋ္ဌာန်းရန် မလိုအပ်ဟု လွှတ်တော် ကိုယ်စားလှယ် တချို့က ပြောကြသည်။

“ဆန္ဒပြခွင့်ပေးတယ် ဆိုတော့ ကောင်းတဲ့သဘော ဆောင်ပါတယ်၊ ဒါပေမယ့် ကန့်သတ်မှုတွေက ဆန္ဒ မပြနိုင်အောင် ဥပဒေအရ တားမြစ်သလို ဖြစ်နေတယ်၊ ဥပဒေ အရပဲ တရားဝင် နှိပ်ကွပ်မှုတွေ ဖြစ်လာနိုင်တယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။

ဒီမိုကရေစီ ကျင့်စဉ် ကျင့်သုံးရန်အတွက် ဥပဒေတရပ် ပြဋ္ဌာန်းခြင်းက ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်း၊ ဆန္ဒ ထုတ်ဖော်မှုကို နှိပ်ကွပ်ရေး အတွက် ပြဋ္ဌာန်းမည့် သီးခြားဥပဒေ မဟုတ်ရန် အရေးကြီးကြောင်း ရန်ကုန်မြို့မှ ရှေ့နေဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

“အာဏာပိုင်ဆိုတာက ငြိမ်ဝပ် ပိပြားမယ့် အရာကိုပဲ စဉ်းစားလေ့ရှိတယ်။ ဒီမိုကရေကရေစီ နည်းလမ်းတကျ ဆန္ဒ ဖော်ထုတ် ခွင့်ပြုဖို့ ရည်ရွယ်ပြီး ဥပဒေတရပ် ပြဋ္ဌာန်းတယ် ဆိုရင်တော့ ကောင်းပါတယ်” ဟု ဦးအောင်သိန်းက ဆိုသည်။

ယခင်က ခွင့်မပြုခဲ့သည့် ငြိမ်းချမ်းစွာ စုဝေး၊ စီတန်း လှည့်လည်ခြင်းအား မည်ကဲ့သို့သော စည်းမျဉ်း၊ စည်းကမ်းများဖြင့် ခွင့်ပြုမည် ဆိုသည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ဧရာဝတီကို ပြောသည်။

“လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ဆန္ဒပြမယ့်သူတွေအတွက် ဘယ်လောက်ထိ လုပ်ခွင့်ပေးမလဲ၊ မျှမျှတတ လုပ်ဆောင်ခွင့် ရရင်တော့ အကောင်းဆုံးပါ” ဟု ဒေါက်တာသန်းငြိမ်းက ဆိုသည်။

နိုင်ငံသားတို့၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ၂၀၀၈ အခြေခံဥပဒေ၊ အခန်း(၈) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး၊ ပြည်သူတို့၏ အကျိုးငှာ ပြဋ္ဌာန်းသည့် ဥပဒေများအား မဆန့်ကျင်လျှင် မိမိတို့၏ ဆန္ဒများကို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် ရှိကြောင်း ရေးသား ထားသည်။

အခြေခံ ဥပဒေတွင် နိုင်ငံသားများ၏ ရပိုင်ခွင့်များနှင့်ပတ်သက်၍ ရေးသားချက်များက ကျယ်ပြန့်ကြောင်း၊ ထိုအချက်များအား အခြေခံ၍ သီးခြား ဥပဒေ ပြဋ္ဌာန်းရန် ပြင်ဆင်ခြင်း ဖြစ်၍ ကန့်သတ်မှု တချို့ နှင့် အကာအ ကွယ်ပေးမှုတချို့လည်း ပါဝင်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နှင့် ဥပဒေကြမ်း ရေးရာ ကော်မတီဝင် ဦးဘရှိန်က ဆိုသည်။

“သီးခြားဥပဒေ ပြဋ္ဌာန်းလိုက်ရင် အာဏာပိုင်တွေအတွက် ကိုင်တွယ်ရ လွယ်ကူသွားမယ်၊ ပြည်သူတွေ အနေနဲ့ မိမိတို့ ဆန္ဒတွေ ထုတ်ဖော်တဲ့ အခါမှာ အခြေခံ ဥပဒေထဲက အတိုင်း အခွင့်အရေး အပြည့်အ၀ ရစေချင်တယ်” ဟု ၎င်းက ဧရာဝတီကို ပြောသည်။

တနင်္လာနေ့က ရွှေဝါရောင် ၄ နှစ်ပြည့်နေ့ ရန်ကုန်မြို့ ဆုတောင်းပွဲကို ဦးဆောင်ခဲ့သူ တဦးဖြစ်သည့် နော်အုံးလှက ၎င်းတို့၏ လှုပ်ရှားမှုကို ၂၀၀၈ အခြေခံဥပဒေပါ အတိုင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သောကြောင့် အာဏာပိုင်တို့ထံ အကြောင်းကြားခဲ့ခြင်း မရှိဟု ပြောသည်။

ဒုဗိုလ်ချုပ်ကြီးကိုကို တင်သွင်းခဲ့သည့် အဆိုအား သောကြာနေ့ လွှတ်တော်အစည်းအဝေး၌ အသေးစိတ် ဆွေးနွေး ကြမည်ဟု သိရသည်။

Ref: ဧရာဝတီ

Read More...

Thursday, September 29, 2011

မစ္စစ္စပီနှင့် ဧရာဝတီ

ကံထွန်းသစ်
Tue, Sep 27th, 2011


လူအပြည့်နှင့် နှစ်ထပ်သင်္ဘောကြီးသည် ရေလွှာကို တွန်းကာ ရွေ့ရွေ့သွားနေသည်၊ အောက်ထပ်တွင် လူတွေ ပြည့်နေသကဲ့သို့ အပေါ်ထပ် မှာလည်း ထိုင်ခုံမလပ်၊ မတ်တတ်ရပ်သူ အချို့၊ လှေကားမှာ ထိုင်သူ အ၀က်၊ ကိုယ်ကတော့ အချို့နှင့်အတူ သင်္ဘောဦး လက်ရန်းကို ကိုင်၍ ရပ်ရင်း လိုက်ပါလာခဲ့သည်။ ဓာတ်ပုံ ရိုက်သူက ရိုက်၊ ကမ်းနှစ်ဖက်ကို ငေးသူကငေးနှင့် အားလုံးကတော့ မစ္စစ္စပီ မြစ်၏ အလှကို ခံစားရန် ခရီးသွား သူတွေချည်းသာ။

ငယ်စဉ်က စာပေထဲမှာရင်းနှီးခဲ့သော ကမ္ဘာကျော်မြစ်၊ အခုတော့ သူ့ကျောပေါ် ကိုယ်တိုင် ရောက်ရှိ နေပါပေါ့လား။ အများနည်းတူ ကမ်းနှစ် ဖက်ကိုမျှော်မိတော့ ယာဖက်တွင် စိန်ပေါလ်မြို့၏ တိုက်တာ အဆောက်အအုံများ၊ အစီအရီ ခမ်းနား တင့်တယ်စွာဖြင့် မြစ်ကိုမိုးလျက်၊ ၀ဲဘက် တွင်မူ သဘာဝ ပေါက်ပင်တို့ဖြင့် စိမ်းညို့နေသော တောအုပ်။

အမေရိကန်တွေ မြတ်နိုးဂုဏ်ယူကြသည့်မြစ်၊ ပြည်နယ်တော်တော်များများကို ဖြတ်သန်းစီးဆင်း သွားသော မြစ်မကြီး၊ သူဖြတ်သန်းရာ မင်နီးဆိုးတား ပြည်နယ်သို့ ရောက်ခိုက်၊ ကိုဝင်းဗိုလ်+မသန်းသန်းအေး မိသားစုတို့က လိုက်ပါ ပို့ဆောင်ကြသည့် ဒေသန္တရခရီး၊ ကိုယ် တို့နှယ်ပင်၊ အနယ်နယ် အရပ်ရပ်မှ ဧည်သည် တွေကလည်း မနည်း။ ခုလို Summer ရာသီတိုင်း စည်းကားမြဲတဲ့၊ မစ္စစ္စပီ၏ အလှကို ခံစားရန် အေးအေးလူလူ သင်္ဘောစီးလျက် မြစ်ကြောင်း စုန်ဆန်မြဲ၊ အသွားအပြန် တစ်နာရီ လေးဆယ်ခန့် ခရီးကို တစ်ဦးလျှင် ဒေါ်လာ နှစ်ဆယ်သည် သူတို့အတွက် ၀န်မဟုတ်။ ထိုနှုန်းထားနှင့် လူဦးရေ ခေါက်ရေတို့ကို မြှောက်ပွား ကြည့်နေမိသည်။ ပြီး သဘာဝကို ထိန်းလည်းထိန်းသိမ်း၊ ခိုင်းလည်း ခိုင်းစားတတ်တဲ့ လူတွေပါကလားဟု အံ့သြလိုက်မိသည်။

ပြေးတလှည့် နှေးတလှည့်နှင့် ခရီးမှာ ရင်ခုန်ဖွယ်ကောင်းသည်က အမှန်။ သင်္ဘော အရှိန်ကြောင့် ရေပန်းတွေက ဖွာကနဲ ဖြန်းကနဲ တက်လာ တတ်သည်။ ထိုအခါ “အိုး….မိုင်ဂေါ့” အသံတွေ ညံသွား တတ်ပြန်သည်။ ရေတို့ စွတ်စိုသွားသည့်တိုင် အရယ်အမော မပျက်၊ စကားပြော မပျက်ကြ။ တစ်ခါတစ်ရံ တံတားမြင့်မြင့်ကြီး အောက်မှ ဖြတ်သန်း သွားပြန်သည်။ တစ်ခါတစ်ရံ ခရီးစဉ် အဆုံးက ပြန်လှည့်လာသော သင်္ဘောနှင့် ဆုံသည်။ တစ်ခါတစ်ရံတော့ အပျော်စီးစ ပီဘုတ်လေးတွေ လက်ပြ နှုတ်ဆက်ရင်း ကျော်တတ်သွားတာ တွေ့ရသည်။ တစ်ခါ တစ်ရံ ကမ်းနားပေါ်က လူအချို့ လက်ပြနေတာ တွေ့ရသည်။ ထိုအခါ …

ဒါ မြင်းမူးဆိပ်ကမ်းက လူတွေလား၊ ဆီမီးခုံ ဆိပ်ကမ်းက လူတွေလား၊ သာထွန်းရွာဆိုတဲ့ ကိုယ့်ကျေးလက်က နွားကျောင်းသား လေးတွေလား၊ အို… မဟုတ်ဘူး ….မဟုတ်ဘူး။ သူတို့မှာ ဈေးဗန်းလေးတွေ မတွေ့ရဘူး၊ အကြော်စုံရမယ်၊ ပဲပေါက်စီ ရမယ်၊ အုံးသကြား ပေါက်စီ ရမယ် ဆိုတဲ့ အသံလေးတွေ မကြားရဘူး။ နွားအုပ်တွေ မတွေ့ရဘူး။ နောက်ပြီး ကုန်းမို့ အထက်က စေတီဖွေးဖွေးတွေ မတွေ့ရဘူး။ အော်… ဒါမစ္စစ္စပီပဲ။ ကိုယ့်ဧရာဝတီမှ မဟုတ်တာ။ သူက ကမ္ဘာကျော် မြစ်တစ်စင်းပေပဲ။ ကမ္ဘာကျော်ခြင်း အကြောင်းတွေကို ကိုယ်စေ့ငုရင်း ရေပြင်ကို ငုံ့ကြည့်လိုက်သည့် အခါမှာတော့ ညိုညစ်ညစ်ရေလွှာပြင်၊ စီးနေသလား တန့်နေသလား မသဲကွဲ။

“ကြည့်ပါဦးဆရာ ငြိမ့်ငြိမ့်လေးစီးနေလိုက်တာ၊ ၀န်းကျင်ကလည်း ဘယ်လောက် သာယာလဲ။ ဟိုး …. ကမ်းပေါ်နဲ့ ကမ်းစပ်က ပေါက်ရောက် နေတဲ့ သစ်ပင်ကိုင်းပင် တွေရဲ့အရိပ်ကလည်း ရေပြင်မှာ ဟတ်လို့ ပနံရနေလိုက်တာ” မော်တော်ငယ်လေး တစ်စင်းပေါ် ကိုယ်ရောက်နေပြန်သည်၊ ကိုယ့်ခရီးဖော်တွေကတော့ စာပေ ဝေဖန်ရေးပညာရှင် ဆရာဦးအောင်သင်းနှင့် ကသာမြို့ က စာပေ လုပ်သားအဖွဲ့၊ ၂၀၀၀ခုလွန် နှစ်တွေဆီက စာပေဟောပြောပွဲ ခရီး၊ ကသာကို ဗဟိုပြုပြီး မိုးတား၊ ကျောက်ထုံးကြီး၊ ထီးချိုင့်၊ ကမ်းနီ၊ အင်းရွာ စသည့်ဒေသတွေမှာ နေ့ပွဲညပွဲဆက်ကာ ကိုယ်တို့နှစ်ဦး ဟောပြောခဲ့ကြသည်၊ ဧရာဝတီမြစ်ရိုးတစ်လျှောက် ခရီးစုန်ဆန်။

“ဟိုး … မြစ်ဖျားကနေ မြို့စဉ်တစ်လျှောက် နိုင်ငံခြားသားဧည့်သည်တွေကို လိုက်လံပြသလိုက်ရင် ဘယ်လောက် သဘောကျ လိုက်မလဲနော် ”

“ကျပြီးလား ဦးဇင်းရာ။ သူတို့တစ်တွေ သဘာဝအလှတွေနဲ့ ရိုးရာယဉ်းမှုအလှတွေကို သိပ်တန်ဖိုး ထားကြတာ။ ခုတော့ ဒါတွေ ရှိမှန်းတောင် မသိပဲ ထိုင်းကနေလှည့်ပြန်နေကြရတာ”၀န်ဆောင်မူနှင့် ဧည့်ဝတ်ကျေပြွန်စွာ ဖိတ်ခေါ်လျက်၊ ပြသလိုက်ရလျှင် တစ်ယောက်ကို ဒေါ်လာတစ်ရာထားဦး၊ အယောက်တစ် ထောင် ဆိုလျှင်၊ ကိုယ်စိတ်ကူးနှင့် ဒေါ်လာတွေ သယ့်ယူနေမိသည်။

“အဲဒါကန်တော့ပါရဲ့။ ဒီက အကျဉ်းအကျယ်နေရာလွဲနေတဲ့လူတွေက ကိုယ့်ရှိတဲ့သဘာဝအလှကို တန်ဖိုးထားရ ကောင်းမှန်း မသိကြဘူး။ ကွန်ကရိ အဆောက်အဦးတွေမှ ခေတ်မှီတယ်ထင်ပြီး ကမျောကသော လိုက်ဆောက်နေလိုက်ကြတာ။ လှပြီးသား အဆောက် အဦးဟောင်း တွေလည်း ဖျက်လိုဖျက် ထုံးသုတ်လိုသုတ်နဲ့ ထင်ရာမြင်ရာလုပ်နေကြတော့ “Visit Myanmar Year” နှစ်မှာတောင် ဧည့်မလာဘူး။ ဒီအထဲ …” ဟုတ်သည်၊ ဧည့်ဆိုတာ အိမ်သာမှ လာပေမည်။ အိမ်က သာစေဦးတော့ ကိုက်တတ်သည့် ခွေးတွေမွေးထား ပြန်လျှင်လည်း အင်း …။

“ဆရာကံ ဘယ့်နှယ်လဲ”

ရုတ်တရက် နံဘေးမှပေါ်လာသောမေးခွန်းကြောင့် ကိုယ်စဉ်းငယ်ကြောင်နေသည်။ ဘာကိုမေးတာပါလိမ့်ဟု ပြန်ကြည့် နေမိသည်။ ကင်မရာ ဖြင့် ဓာတ်ပုံတွေရိုက်နေရာမှ မေးလာသူက ဓမ္မ ဘေရီဆရာတော်။

“မစ္စစ္စပီ မြစ်နဒီဝယ်” ဆိုတာ မှတ်မိသေးလား။ ငယ်ငယ်ကတည်းက နာမည်ကိုရင်းနှီးခဲ့တဲ့ မြစ်လေ။ ဘယ့်နှယ်လဲ လှရဲ့လား”

“အင်း …”

ကိုယ် အင်းရှည်ကြီး ဆွဲလိုက်မိသည်။အလှတရားနှင့် တန်ဖိုး၊ အလှတရားနှင့် ခံစားသူ၊ နှိုင်းယှဉ် စဉ်းစားရင်း အတွေးအာရုံကို ဆန့်မိတော့၊ ပွင့်တံတကားကား ဆံမြိုတ် တဖွားဖွားနှင့် ပြောင်းဖူးခင်းတွေ အလယ် ကိုယ်ရောက် သွားပြန်သည်။ ကြက်သွန်၊ နံနံ၊ ငရုတ် စသည့် သီး ထပ် သီးညှပ်တွေနှင့်ဝေဆာနေသော နူန်းမြေစိုက်ခင်းများ၊ မြေပဲ၊ ပဲကြီးခင်း၊ စားတော်ပဲ စသည့် ပဲခင်းတွေကလည်း တမျှော်တခေါ် အစိမ်းရောင် ကမ္ဗလာဖြန့်ခင်းထားသည်သို့။ အမေနှင့် မကြာခဏ လိုက်ပါတတ်ခဲ့သည်၊ စိုက်ခင်းတွေ ဖူးပွင့်ဝင်စ နွေဦးရာသီမှာဆို “ပုန်းမကြည်” တင်ပွဲ ကျင်းပကြတော့သည်။ မြေဆီကြွယ်အောင်၊ သီးထွက် ကောင်းအောင်၊ မိုးမထောင့်အောင်၊ ပိုးမနှောင့်အောင်၊ တိုးစောင့်ပါမည့်အကြောင်း၊ ပုန်းမကြည်နတ် တင်ကြ ပကြ ဆုတောင်း ကြသည့်ပွဲလေ။ ကိုယ်တို့ ညီကိုမောင်နှမတွေ ကတော့ မုန့်ဖြူ မုန့်နီလေးတွေနှင့် ပုန်းမကြည်ရုပ် လေးတွေကို တပျော်တပါး လိုက်လံ ကောက်ကြသည်။ ဟိုယာခင်းဝင် ဒီယာခင်းထွက် အနှံ့ပင်။ ဒီမစ္စစ္စပီမြစ်ရိုးမှာရော အဲဒီအလှတွေ ရှိနိုင်ပါ့မလား။ အင်း … ကိုယ့်ဧရာဝတီ တရိုးမှာကော ရှိမှရှိသေးရဲ့လား။

တကယ်လို့ တစ်ချိန်ချိန်မှာကိုယ်ပြန်ရောက်ခဲ့လျှင် ရင်ခုန်ခံစားချင်ပါသေးသည်။ ကိုယ့်အမေ မျက်ကွယ်ပြုသွားသည့်တိုင် အမတွေ နှမတွေ နှင့် စိုက်ခင်းတွေအလယ်မှာ …

“ဒီမြေတွေက မြေနုကျွန်းပေါ်လို့၊ သားရဲ့အဖိုးအဖွားတွေ ဓားမဦးချလုပ်ခဲ့ကြတာကွယ့်”

အမေပြောပြသည့် ကျွန်းဦးပုံပြင်တွေကို ပြန်ကြားယောင်ချင်သေးသည်။ ဧရာဝတီက ရေတက်လိုက်၊ နုန်းမြေတွေ ချန်ထားလိုက်၊ စိုက်ကြ ပျိုးကြလိုက်နှင့် ရိုးသားမှုသံသရာလည်ရင်း ပျော်ရွှင်အေးချမ်းစွာ နေထိုင်သွားကြသော ဆွေဟောင်း မျိုးဟောင်းများ၏ ဧရာဝတီကမ်းမှ ငြိမ်းချမ်းသည့် ပုံရိပ်တွေ။ ဧရာကလည်း သူ့အလုပ်သူလုပ်၊ သူတို့ကလည်း ကိုယ့်အလုပ် ကိုယ်လုပ်နှင့် ငြိမ်းချမ်း လိုက်သည့်ဖြစ်ခြင်း။ တစ်နှစ်တစ်လေတွေမှာတော့ ဧရာဗွေဖောက်၍ ရေကြီးတိုးကာ စိုက်ခင်းတွေ ပျက်ကိန်းနှင့် ကြုံရသည်။ မဖြုံ၊ ပြန်လည် ကြိုးကြမြဲ။

“တစ်နှစ်ဟာ ဆေးရွက်ကြီးခင်းတွေကလည်း ကောင်းလိုက်တာ ညို့လို့။ ပဲခင်းတွေကလည်း သီးလိုက်တာ ခဲလို့။ အဲဒါ မထင်မှတ်ပဲ မြစ် ရေကြီးလိုက်တာ အကုန်ကိုပျက်ကရော။ ဒါပေမဲ့ အဲဒီတုန်းက အင်္ဂလိပ်မင်းက တစ်ဧကကို တစ်ကျပ်ခွဲလျှော်တယ်လေ”

တစ်ကျပ်ခွဲဆို၍ ရယ်မောလိုက်မိစဉ် …

“မရယ်နဲ့ သားရဲ့၊ အဲဒီတုန်းက ရွှေတစ်ကျပ်သားမှ လေးငါးဆယ်ကျပ်တဲ့” ၊ လွန်ခဲ့သော နှစ်များစွာဆီက အမိမြန်မာသည် ကိုယ့်ကို ပြုံးရယ်၍ ပြန်ကြည့်နေသည်ဟု ခံစားလိုက်ရသည်။

ကိုယ်တို့ အရွယ်ရောက်သည့်အခါမှတော့ ရေဘယ်လိုလွှမ်းလွှမ်း၊ သူ့ဟာသူလွှမ်းတာ တို့နှင့်မဆိုင်။ စိုက်ခင်းတွေ ဘယ်လောက် ပျက်ပျက်၊ သူ့ဟာသူပျက်တာ တို့နှင့်မပတ်သက်ဆိုသည့် ခေတ်ကြီးကိုရောက်ခဲ့ပြီ။ သို့သော် ထွက်သမျှသီးနှံနှင့် ကျန်သမျှ ကောက်ပဲတို့ကိုတော့ သူတို့ထံ မဖြစ်မနေအပ်ရန် ပတ်သက်ကြရပြန်သည်။ တလင်းသိမ်းတိုင်း စကောနှင့် ကောက်ဆွသာ ကျန်ခဲ့သော ဘ၀တွေကို ဧရာဝတီ အသိဆုံး ဖြစ်ပေမည်။ ထိုကာလဆိုးကြီးကို ရုန်းကြွပယ်ရှားခဲ့သည့် အရေးအခင်းကြီးကိုလည်း ဧရာဝတီ သက်သေပင်။

“အစ္စရေးဝန်ကြီးချုပ် ဘင်ဂူရီယံလာတုန်းက ဒီမြစ်ကြီးကိုသိပ်အားကျတာ။ ဒီမြစ်ကြီးသာ သူတို့ပြည်မှာ ရှိရင်ဆိုပြီး … တောင်းတောင်း တတ ပြောသွားခဲ့တာ”

ဆရာဦးအောင်သင်းက ကိုယ့်ကိုလှမ်းပြောသံ ကြားလိုက်ပြန်သည်။ ဟုတ်ပေမည်။ ကျောက်တောင် သဲပြင်နှင့် ညွှန့်ဘွက်အိုင်တွေ သာတည်ရှိသော သူတို့တိုင်းပြည်အတွက် ဧရာဝတီကိုသွားရည်ကျရှာလိမ့်မည်။ သူတို့၏အသိဉာဏ် နည်းပညာတွေနှင့် ဧရာဝတီ ကိုပေါင်းစပ်လိုက်လျှင် “ပန်းလည်း လှ၊ ပျားလည်း ၀” စေသည့်စီးမံကိန်းကြီးတွေ ပေါ်ပေါက်လာပေမည်။ သူတို့တိုင်း ပြည်လေးသည်လည်း…။

အို … တို့မြန်မာတွေလည်း မညံ့ပါဘူး။ တစ်ချိန် ပညာတတ်မျိုးဆက်တွေများလာတဲ့ခေတ်မှာ …။ ကိုယ့်အတွေးသည် သည်မှာတင်တန့်ခဲ့ပေါ့။ လူငယ်တွေ၏ ပညာရေးအခန်းကဏ္ဍကိုတွေးရင်း ကိုယ့်ရင်သည် လေးပင်သွားတော့သည်။ အပင်ကို ရေမသွန်း အညွှန့်ကိုသာ ဆိတ်သူ၊ စိုက်ခင်းကို မပျိုး မျိုးဥတွေကို ပြုတ်စားသူ၊ ဒီပုံတွေနဲ့ မိုးကြီးချုပ်ခဲ့ပါပေါ့လား။ ဘုရား ဘုရား …။ ခုတော့ ကိုယ်မျှော်တဲ့အချိန်ကိုရောက်မှ ရောက်ပါဦးမလား။ “ဆင်သတ် အရပ်ဝေ” သူတို့လက်သို့ အမိဧရာဝတီ ကျရောက်နေပါပေါ့လား။ ဘိုးဘေးတို့ပိုင်ခဲ့သော၊ အဖိုးအဘွားတို့ ပိုင်ခဲ့သော၊ အမိအဖတို့ ပိုင်ခဲ့သော၊ ကိုယ်တို့ပိုင်နေသော၊ သားမြေးတို့ ပိုင်ကြဦးမည်ဖြစ်သော ဧရာဝတီ၊ ထိုဧရာဝတီသည် တစ်ဦး တစ်ယောက်ပိုင်မဟုတ်၊ တစ်ဖွဲ့တစ်စည်း ပိုင်မဟုတ်။

ဟိုး… ပဝေဏီကပင် ရေနေ ကုန်းနေသတ္တ၀ါတို့၏ မှီခိုရာအဖြစ် လှပစွာစီးဆင်းခဲ့သော ဧရာဝတီ၊ သူ့ရင်ခွင်ထဲမှာ အလှတရားတို့ ပြည့်နှက်နေခဲ့သည်။ ဧရာဝတီလင်းပိုင်ခေါ် ရှားပါးသည့် ရေချိုလင်းပိုင်များသည် မင်းကွန်းတ၀ိုက်တွင် သုံးဆယ့်ခြောက်ကောင်ခန့်သာ တွေ့ရတော့ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်ကို ကြားယောင်လာမိပြန်သည်။ ခုလို ရေခြားမြေခြားအမေရိကန်တစ်ဦးက တကူးတက တန်းဖိုးထားပြပေမယ့် သူတို့တတွေကတော့ ရေနေသတ္တ၀ါတွေကိုမဆိုထားနှင့် မြစ်မကြီးတစ်စင်းလုံးကိုပင် တန်းဖိုးထားရကောင်းမှန်း မသိကြတော့ပြီ၊ “ကိုယ့်ကျိုးနည်းပါး သူ့ကျိုးများမည့်” အရေးတွင် ဧရာဝတီကိုစတေးကြတော့မည်တဲ့။ ဧရာဝတီသာ ဆုံးပါးသွားခဲ့လျှင်…။

“ကိုင်း … ဆင်းကြမယ်”

အော် …. သင်္ဘောတောင် ဆိပ်ကမ်းပြန်ကပ်နေပါပေါ့လား၊ ကိုယ့်အာရုံဟာ ဧရာနဲ့မစ္စစ္စပီ ပူးတုံခွာတုံရှိနေခဲ့ပါလား။ Sorry ပဲ မစ္စစ္စပီ၊ ကိုယ် မင်းအလှကို တန်းဖိုးမထားလို့မဟုတ်ပါဘူး။ ကိုယ်တို့ဧရာဝတီကို တန်းဖိုးထားနေမိလို့ပါ။ တီးတိုးဆိုရင်း အများနည်းတူ သင်္ဘောပေါ်က ဆင်းခဲ့သည်။ကမ်းပေါ်ကနေ ကိုယ်လည်ပြန်ကြည့်မိတော့ မစ္စစ္စပီနှင့် ပြုံးရယ်စွာဆင်းလာကြသော သူ့၏ချစ်သူများ။ ကိုယ်ထင်လိုက်မိသည် ထိုအပြုံးရှင် တို့သည် တစ်စုံတစ်ယောက်က မစ္စစ္စပီ၏အသရေကို ညှိုးအောင်ပြုခဲ့လျှင် ဆန်ကျင်ကြလိမ့်မည်၊ ကာကွယ်ကြလိမ့်မည်ဆိုတာ ထိုအပြုံး တွေက ပြနေသည်ဟု။

ကားပေါ်ရောက်သည့်တိုင် အတွေးက မရပ်ချင်။ ကားစထွက်သည့်နှင့် စိတ်အာရုံသည် ဧရာကမ်းက ဆွေမျိုးတွေထံ ပျံ့လွင့် သွားပြန်သည်၊ ဧရာဝတီ နာမကျန်းဖြစ်နေတာကို သိမှ သိကြပါလေစ၊။ အို… သိကြမှာပါလေ။ ရုတ်ချည်း ငယ်ငယ်က သင်ခဲ့ရသော ဝေဿန္တရာ ဇာတ်တော်ကို အမှတ်ရလိုက်သည်။ လောင်းဝေသန်၊ ဘုရားဆုပန်၊ သားတွေ သမီးတွေ ဇနီးတွေကို လှူဒါန်းခဲ့သူ၊ ထိုအတွက် ဘာမျှပြဿနာ မကြုံရ သော်ငြား အများဆိုင် ဆင်ဖြူတော်ကို ပေးလှူလိုက်သော အခါတွင်မူ ပြည်သူတို့ အုံကြွ ဟစ်ကြွေး ဆန္ဒပြသည့် အရေးကြောင့် ထွက်တော်မူ နန်းကခွာ၍ ၀င်္ဂဘာတောင်သို့ မြန်းခဲ့ရ ပါရောလား။

ဒါတင်မက ၀ိဓူရသုခမိန်ကို ဘုရင်ကြွေအန်ရှုံးလို့ ပုဏ္ဏကထံအပ်လိုက်ရတော့လည်း ပြည်သူ စုဝေးဟစ်ကျွေး ဆန္ဒ ပြခဲ့ ကြတာပါပဲ ကလား။

ဒီဇာတ်တော်တွေ ဒီရင်ငွေ့တွေနှင့် ကြီးပြင်းခဲ့ကြသည့် ကိုယ်တို့ တတွေဟာလည်း ဧရာဝတီရဲ့ သားမြေးတွေပဲလေ …၊ တစ်နေ့…။


ကံထွန်းသစ်
စက်တင်ဘာ ၂၆၊ ၂၀၁၁

Ref: ဧရာဝတီမိတ်ဆွေများ

Read More...

မြန်မာ့ဒီမိုကရေစီရေး အခြားနိုင်ငံတွေနဲ့ ကနေဒါ ပူးပေါင်းဖိအားပေးမည်

သားညွန့်ဦး
ဗုဒ္ဓဟူး, 28 စက်တင်ဘာ 2011


မြန်မာ့ဒီမိုကရေစီရေးအတွက် ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှု ချမှတ်ထားသလို၊ အခြား နိုင်ငံတွေနဲ့လည်း မြန်မာ့အရေး အတွက် နီးနီးကပ်ကပ် ဆောင်ရွက် နေတယ်လို့ ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးက အထွေထွေ ညီလာခံမှာ တနေ့က ပြောပါတယ်။

CFOB ကနေဒါအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ကတော့ ကနေဒါ အစိုးရပိုင်း အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့် နေပြီး၊ လက်ဆုပ်လက်ကိုင် အပြောင်းအလဲတွေ မတွေ့ရမချင်းတော့ နှစ်ဖက် အဆင့်မြင့် ဆက်ဆံရေး ထားမယ့်ပုံ မရှိသေးဘူးလို့ ပြောပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

မြန်မာအစိုးရသစ်အပေါ်မှာ အနောက်နိုင်ငံအတော်များများက သတိတကြီးနဲ့ ပျော့ပျော့ ပြောင်းပြောင်း ချည်းကပ် လာကြပေမယ့်လို့ ကနေဒါ နိုင်ငံကတော့ သိသိသာသာ မူဝါဒ ပြောင်းတာ မတွေ့ရသေးပါဘူး။ အီးယူ ဥရောပသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုတွေ ဖက်က အဆင့်မြင့် ခေါင်းဆောင်တွေ စေလွှတ်ပြီး မြန်မာအစိုးရနဲ့ ဆက်ဆံမှုတွေ ရှိလာပေမယ့်၊ ကနေဒါ နိုင်ငံကတော့ အခြေအနေကို အဝေးက စောင့်ကြည့်နေဆဲလို့ပဲ ဆိုရမှာပါ။

တနေ့ကတော့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က အထွေထွေညီလာခံမှာ မိန်ခွန်းပြောတော့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အထူးအလေးပေး ပြောပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ထည့်သွင်း ပြောသွားပါတယ်။

“မြန်မာ့ ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးအခြေအနေ တိုးတက်လာစေဖို့ အတွက် စိတ်တူကိုယ်တူ နိုင်ငံတွေနဲ့ အနီးကပ် ပူးတွဲ ဆောင်ရွက် နေပါတယ်။ တချိန်တည်းမှာလဲ မြန်မာ စစ်အစိုးရကို ကနေဒါအနေနဲ့ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။”

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ပြောသွားတာပါ။ မြန်မာနိုင်ငံတွင်း ဘာသာရေးအရ ဖိနှိပ်မှုတွေ ခွဲခြား ဆက်ဆံမှုတွေ ရှိနေတယ် လို့လည်း ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးက ပြောသွား ပါသေးတယ်။

အပြင်းထန်ဆုံး အရေးယူမှုမျိုးလို့ဆိုတဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုတို့ အီးယူတို့က မြန်မာအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေထက် ထူးခြားတဲ့ အချက်တွေရှိလို့ ဖြစ်တယ်လို့ CFOB ကနေဒါ အခြေစိုက် မြန်မာ့ မိတ်ဆွေများ အဖွဲ့က ပြောခွင့်ရသူ ကိုတင်မောင်ထူးက ပြောပါတယ်။

“သက္ကရာဇ် ၂၀၀၈ ကနေစပြီးတော့ မြန်မာအလံလွှင့်ထားတဲ့ ဘယ်သင်္ဘောကိုမှ ခွင့်မပေးဘူး ဆိုတဲ့ အချက်က US နဲ့ ကနေဒါ အကြား ကနေဒါဖက်က ပိုပြင်းထန်တဲ့ အရေးယူမှု အပိုင်းတွေကို တွေ့ရတာပါ။ ငွေအပြောင်းအလဲ အပြောင်း အရွှေ့ လုပ်တဲ့ နေရာမှာလည်းပဲ ကနေဒါကနေ ပိတ်ပင်တာတွေ ရှိပါတယ်။ ဥပမာ ကနေဒီယန် ပြည်သူ တယောက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အဖွဲ့အစည်း တခုခုကပဲ ဖြစ်ဖြစ် ကုမ္ပဏီတခုပဲဖြစ်ဖြစ် မြန်မာပြည်ကို အပြောင်းအရွှေ့ လုပ်မယ်ဆိုရင် ဒေါ်လာ တထောင်ထက် ပိုမယ်ဆိုရင် နိုင်ငံခြားရေး ၀န်ကြီးရဲ့ အထူးခွင့်ပြုချက်ကို ယူရမယ့် အနေအထားရှိပါတယ်။”

မြန်မာနဲ့ပတ်သက်လို့ အမေရိကန်ကိုယ်တိုင်က တိုက်ရိုက်ထိစပ်ဆက်ဆံရေး မူဝါဒကို ထည့်ပြီး ကျင့်သုံးလာတယ်၊ အာဆီယံ ဆိုရင်တော့ ပြောဖွယ် မရှိတော့ဘူးပေါ့၊ ကနေဒါကရော မြန်မာနဲ့ ထိစပ် ဆက်ဆံရေးမူဝါဒ စဉ်းစားချက် ရှိပါသလား။

“အခု နိုင်ငံခြားရေးဝန်ကြီး John Baird တတ်လာတဲ့အချိန်ကစပြီး သူပြောတဲ့စကားရှိပါတယ်။ ကနေဒါ အနေနဲ့လည်း ထိစပ် ဆက်ဆံရေးမူဝါဒ လုပ်မယ်၊ တွေ့ဆုံဆွေးနွေးမှု ပြောဆိုမှုတွေ လုပ်မယ်။ ဒါပေမယ့် ဒီပြောဆိုမှုဟာ လူ့အခွင့်အရေး ကိစ္စ အပေါ်မှာသာလျှင် အခြေခံမယ် ဆိုတာကို သူ ရှင်းရှင်းလင်းလင်း ပြောခဲ့တာရှိပါတယ်။”

နိုင်ငံတကာနဲ့ဆက်ဆံရေး မြန်မာအစိုးရဖက်က ဖွင့်လာတာရှိပါတယ်။ အာဆီယံတို့ အာရှတို့နဲ့ ဆက်ဆံတယ်၊ အမေရိကန်တို့ ဥရောပတို့နဲ့လည်း ဆက်ဆံရေး လုပ်လာတာရှိပါတယ်။ ကနေဒါဖက်ကရော မြန်မာ ထိပ်ပိုင်းနဲ့ ဆက်ဆံရေး ဘယ်လိုရှိပါသလဲ။

“တခုရှိတာကတော့ သူတို့လည်း မကျွံချင်ဘူး။ တကယ်အပြောင်းအလဲတွေ မရှိပဲ ဆက်ဆံရေးတွေ လုပ်ခဲ့မယ်၊ ၀န်ကြီး အဆင့်တွေ စေလွှတ်ခဲ့မယ် ဆိုရင် တဖက်မှာ မှားယွင်းတဲ့အဓိပ္ပါယ်တွေ ဖြစ်သွားမှာကိုလည်း သူက စိုးရိမ်တဲ့ လက္ခဏာရှိပါတယ်။”

ကနေဒါနဲ့ မြန်မာအစိုးရအကြား အဆင့်မြင့်ဆက်ဆံရေးမရှိဘူးဆိုပေမယ့် မကြာခင်လပိုင်းတွေအတွင်းကတော့ သံတမန် ဆက်ဆံရေး အနည်းငယ် တိုးလာတယ်လို့ ပြောရမှာပါ။ ကနေဒါဖက်က မြန်မာအစိုးရရဲ့ သံအမတ်ကြီး ခန့်အပ်မှုကို လက်ခံ ခဲ့သလိုပဲ၊ ဘန်ကောက်က ကနေဒါ သံအမတ်ကြီးကလည်း မြန်မာနိုင်ငံ သွားပြီး အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။

Ref: VOA News

Read More...

စစ်မှန်တဲ့ အပြောင်းအလဲ မတွေ့ရသေးလို့ ကင်တားနားပြော

2011-09-28

သမ္မတဦးသိန်းစိန်ရဲ့ အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာဖို့ ကတိပေးလိုက်တာကို ကြိုဆိုပေမယ့် မြန်မာ နိုင်ငံမှာ အခုချိန်ထိ စစ်မှန်တဲ့ အပြောင်းအလဲတွေ မတွေ့ရ သေးဘူးလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် ကင်တားနားက ပြောကြား လိုက်ပါတယ်။

" မြန်မာနိုင်ငံမှာ အမှန်တကယ် ပြုပြင်ပြောင်းလဲတဲ့ အခြေခံ အဆင့်မျိုးဆိုတာ ကျနော်တို့ မတွေ့ရ သေးပါဘူး။

ရှေ့လာမယ့် အောက်တိုဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကျနော် တင်သွင်းမှာပါ။ အဲဒီအချိန်ဟာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အတွက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ကောင်းမွန် လာဖို့ ထိရောက်တဲ့ အရေးယူမှု လုပ်ပေးရမယ့် အခွင့်အရေး တရပ်ပါပဲ" လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စမှာလည်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ထပ်ပြီးပေးဖို့ သမ္မတက စဉ်းစားနေတယ် ဆိုပေမယ့် လက်တွေ့မှာ အကောင်အထည်ဖေါ် ဆောင်ရွက်တာ မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။

ရှေ့လမှာ တင်သွင်းမယ့် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာဟာ ကုလသမဂ္ဂရဲ့ မြန်မာ့ အရေး ဆုံးဖြတ်ချက် တွေမှာ အသုံးဝင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒ့ါအပြင် ပြုပြင် ပြောင်းလဲရေး လက်တွေ့လုပ်ဖို့ မြန်မာ အာဏာပိုင်တွေ အတွက်လည်း အစီရင်ခံစာဟာ အထောက်အကူ ပြုနိုင်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ကင်တားနားက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက သူ့ကို ၂၀၀၈ ခုနှစ်မှာ တာဝန် ပေးအပ်ခဲ့ပြီး နောက်ပိုင်းမှာ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို လေးကြိမ် သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

Ref: RFA News

Read More...

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် တည်ဆောက်ရေး အိန္ဒိယ စဉ်းစားနေ

2011-09-28

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ အကောင်အထည် ဖေါ်မယ့် ထမန်သီ ရေအား လျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံပိုင် NHPC ကုမ္ပဏီကြီးက ရှေ့လထဲမှာ သူတို့ အစိုးရထံ အသေးစိတ် အစီရင်ခံစာ တစောင် တင်သွင်းမှာ ဖြစ်ကြောင်း NHPC ရဲ့ ညွှန်ကြားရေးမှူး Mr. Bhargava က ပြောကြားလိုက်ပါတယ်။

အိန္ဒိယအစိုးရက မြန်မာနိုင်ငံ အပေါ် တရုတ်အစိုးရရဲ့ သြဇာ လွှမ်းမိုးမှုကို ထိမ်းချုပ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ချင်းတွင်း မြစ်ဝှမ်း ဒေသမှာ ထမန်သီ နဲ့ ရွှေစာရေး ရေအား လျှပ်စစ် စီမံကိန်းတွေကို အိန္ဒိယသုံး ရူပီးငွေ သန်းပေါင်း ၂ သိန်းကျော် အကုန်ခံပြီး တည်ဆောက် ပေးဖို့ ကမ်းလှမ်းထားပြီး ဖြစ်ပါတယ်။

ဒီစီိမံကိန်းတွေနဲ့ ပတ်သက်ပြီး လေ့လာရေး အစီရင်ခံစာ ပြုစုဖို့ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနက သန်းပေါင်း ၄၀၀ အကုန်အကျ ခံခဲ့ပြီး၊ လေ့လာ တွေ့ရှိချက်တွေကို အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာန နဲ့ မြန်မာနိုင်ငံ စွမ်းအင် ၀န်ကြီး ဌာနတို့ကို တင်ပြသွားမှာ ဖြစ်တယ်လို့ Mr. Bhargava က ပြောပါတယ်။

စီမံကိန်းတွေ အကောင်အထည်ဖေါ်သင့် မသင့် ဆိုတာနဲ့ ပတ်သက်လို့တော့ အိန္ဒိယ အစိုးရက ဆုံးဖြတ်ချက် ချရမှာ ဖြစ်ကြောင်း၊ ထမန်သီ ရေအား လျှပ်စစ် စီမံကိန်းကနေ လျှပ်စစ်ဓါတ်အား မီဂါဝတ် ၁၂၀၀ ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး အိန္ဒိယ နိုင်ငံက လျှပ်စစ်ဓါတ်အား အများစု ရရှိမှာ ဖြစ်ကြောင်းလည်း NHPC ကုမ္ပဏီ ညွှန်ကြားရေးမှူး Mr. Bhargava က ပြောကြားသွားပါတယ်။

Ref: RFA News

Read More...

အကျဉ်းသားတွေ ထပ်လွှတ်ပေးဦးမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပြောကြား

2011-09-27

သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ အနေနဲ့ နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တရပ် မကြာခင်မှာ ထုတ်ပြန်ဖို့ ရှိတယ်လို့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ (၆၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြား သွားပါတယ်။

အဲဒီ လွှတ်ဖို့ ရှိတယ်ဆိုတဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါ-မပါ ဆိုတာတော့ ထည့်ပြော မသွားပါဘူး။

ဦးသိန်းစိန် အာဏာရလာပြီးတဲ့ နောက်ပိုင်း ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်အတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်း လောက်ကို လွှတ်ပေး နိုင်ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါရှိတဲ့ ပြဌာန်းချက် တွေနဲ့အညီ သမ္မတ အနေနဲ့ နောက်ထပ် လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကို မကြာခင် ကာလအတွင်း သင့်တော်တဲ့ အချိန်မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်လို့ ဦးဝဏ္ဏမောင်လွင်က ပြောသွားပါတယ်။

ဒါ့အပြင် သူက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း သဘောတူညီချက်တွေ ရရှိခဲ့တယ်၊ မကြာသေးခင် ကဘဲ လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်း နိုင်ခဲ့တယ်လို့လည်း ပြောသွားပါတယ်။

အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ထားတာတွေနဲ့ ပတ်သက်လို့တော့ ဦးဝဏ္ဏမောင်လွင်က မြန်မာ အစိုးရ အနေနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ဘ၀ တိုးတက် ကောင်းမွန်လာဖို့ ဆောင်ရွက် နေချိန်မှာ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှု တွေဟာ အနှောင့်အယှက် အဟန့်အတား ဖြစ်စေတယ်လို့ အထွေထွေ ညီလာခံမှာ ပြောဆို သွားပါတယ်။

Ref: RFA News

Read More...

ပါတီမှတ်ပုံတင်ရေး NLD စောင့်ဆိုင်း

ဦးအောင်လွင်ဦး
ဗုဒ္ဓဟူး, 28 စက်တင်ဘာ 2011

မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အားလုံးပါဝင်ခွင့် ရစေဖို့ နိုင်ငံတကာ အသိုင်း အ၀န်းက လိုလားနေတဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ အဓိက နိုင်ငံရေး အင်အားစုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အနေနဲ့ တရားဝင် မှတ်ပုံ တင်နိုင်ရေးကို မျှော်လင့်နေပါတယ်။ အစိုးရသစ် တက်လာချိန်ကစလို့ အပြောင်းအလဲတွေ လုပ်သွားမယ်လို့ ကတိပေးထားတဲ့ အတိုင်း အစိုးရသစ် အကောင်အထည်ဖော်တဲ့ နေရာမှာ တချိန်က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD လို ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး အင်အားစုတွေကို ဘေးဖယ်မထားဖို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း လိုလားနေကြတာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ် တရပ်အဖြစ် ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲမှာ မှတ်ပုံတင် ပါဝင်တာတွေ မလုပ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဆုံးဖြတ်ထားပေမဲ့ တိုင်းပြည်မှာ ပြန်လည် သင့်မြတ်ရေး အတွက် နိုင်ငံရေးပါတီ တခုအဖြစ် တရားဝင် အသိအမှတ်ပြု လက်ခံဖို့ လိုမယ်လို့ နိုင်ငံတကာ အသိုင်းအ၀န်းက မြင်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်ကြီး မာ့ခ် ဂရန့်တ် (Mark Grant) က ဆိုရင်လည်း နိုင်ငံရေးပါတီ တခုအဖြစ် အစိုးရက အသိအမှတ် ပြုမထားတဲ့ NLD ပါတီကို မှတ်ပုံတင်ခွင့် ပေးတာလို အစိုးရဘက်က ဆောင်ရွက်တာတွေ မြင်ချင်တဲ့အကြောင်း ကုလသမဂ္ဂ ရုံးချုပ်မှာ အင်္ဂါနေ့နှောင်းပိုင်း ပြုလုပ်တဲ့ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

NLD ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကလည်း ဒီလိုအခြေအနေတွေ ပေါ်ပေါက်လာဖို့ ပါတီ အနေနဲ့ မျှော်လင့် နေတဲ့ အကြောင်း ပြောပါတယ်။

“NLD ပါတီ မှတ်ပုံတင်နိုင်မယ့် အခြေအနေတရပ် ဖြစ်ဖို့ လိုနေတယ်လို့ ကျနော်တို့ တွက်ထား ပါတယ်။ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ အချက်တွေကိုတော့ ကျနော်တို့ မသိပါဘူး။ ဒါကြောင့် အဲဒီဆွေးနွေးပွဲရဲ့ သူတို့ မျှော်မှန်း ထားတာတွေ ဖြစ်ပေါ်လာဖို့ စောင့်မျှော်နေတာ အခု နည်းနည်း နောက်ကျလာပြီဆိုတဲ့ သဘောတော့ တွေ့တယ်။ ဒါကြောင့် တကယ်လို့ NLD ပါတီ အနေနဲ့ကတော့ မှတ်ပုံတင်နိုင်မယ့် အခြေအနေတခု ပေါ်ပေါက် လာရင်တော့ ကျနော်တို့ ဒီဟာကို စဉ်းစား ဆုံးဖြတ်မှာပါ။ ကြိုတင် ဆုံးဖြတ် ထားတာတော့ မရှိပါဘူး။”

ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုတော့ ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့တယ်ဆိုပြီး NLD ပါတီက ပြောဆို ခဲ့သလို မှတ်ပုံမတင်ဘဲ နေခဲ့တဲ့အတွက် တရားဝင် နိုင်ငံရေး ပါတီတခု မဟုတ်ဘူးဆိုပြီး အာဏာပိုင် တွေက သဘောထား နေကြတာပါ။ ဒါပေမဲ့လည်း အစိုးရသစ် တက်လာပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် ပြီးခဲ့တဲ့လထဲ သမ္မတ ဦးသိန်းစိန်နဲ့ NLD ပါတီရဲ့ အဓိက ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာလို ဖြစ်ထွန်းမှုတွေ ရှိလာတဲ့ အတွက် အခြေအနေတွေ ပြောင်းလဲ လာလေမလား မျှော်လင့်ချက်တွေလည်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် မိန့်ခွန်း ပြောရာမှာလည်း မြန်မာ နိုင်ငံဟာ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ သန္နိဋ္ဌာန် ချထားသလို ရှေ့လျှောက် ဆက်လုပ်သွားမှာလည်း ဖြစ်တယ်လို့ ထည့်သွင်း ပြောဆိုသွားတာပါ။ ဒီအတွက်လည်း မကြာခင်မှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ သြစတြေးလျ အမျိုးသား တက္ကသိုလ်က ဆေးဘက်ဆိုင်ရာ မနုဿဗေဒ ပညာရပ်အတွက် မြန်မာနိုင်ငံမှာ လေ့လာခဲ့ဖူးသူ ပါမောက္ခ မိုနစ်ခ် စကစ်ဒ်မိုး (Monique Skidmore) တို့လို အကဲခတ်တွေက မြင်ပါတယ်။

“မြန်မာအစိုးရက သိပ်စကားပြောလေ့ရှိတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂမှာလည်း ဒီလိုပြောတတ်တာ မဟုတ်ပါဘူး။ ဒီလို မှတ်ချက်ပေး ပြောဆို တာတွေဟာ ထူးခြားပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း အပြောင်း အလဲတွေ ဖြစ်နိုင်တယ် ဆိုတာကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား လူအများအပြားလို သူလည်း ယုံကြည်တဲ့ အကြောင်း မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့နဲ့ တွေ့ဆုံအပြီးမှာပဲ ကြေညာချက် တစောင် ထုတ်ပြန် ပြောဆိုခဲ့တာပါ။ ဒီလို တိုးတက်မှုတွေ ထွက်ပေါ်နိုင်တဲ့ အလားအလာတွေ ရှိနေပေမဲ့လည်း တချိန်တည်းမှာ အစိုးရအနေနဲ့ အားလုံး ပါဝင်ခွင့်ရှိပြီး နောက်ပြန်ဆုတ်လို့ မရတဲ့ အသွင် ကူးပြောင်းမှုတွေကို ဆောင်ကြဉ်းပေးမယ့် ပြုပြင် ပြောင်းလဲမှုတွေလည်း လုပ်ရလိမ့်မယ်လို့ အတွင်းရေးမှူး ချုပ်ရဲ့ ကြေညာချက်က တိုက်တွန်း ထားတာပါ။

ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကတော့ NLD ပါတီ အနေနဲ့လည်း အတွင်းရေးမှူး ချုပ်နဲ့ တသဘောတည်း ရှိတဲ့ အကြောင်း ပြောပါတယ်။

“မစ္စတာ ဘန်ကီမွန်း ပြောတဲ့ဟာကို ကျနော်တို့လည်း သဘောတူပါတယ်။ အခုဟာက ပြည်သူ့ လွှတ်တော်နဲ့ အစိုးရ သစ်တွေ ဖြစ်ပြီးတဲ့ အခါမှာ သမ္မတရဲ့ အဖွင့်မိန့်ခွန်းရော၊ ပြီးတော့ ပြောကြားချက်တွေအရ ဆိုရင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်မယ်။ အခု လုပ်တော့ လုပ်နေတယ်၊ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု မဖြစ်လာသေးဘူး။ ဒါကြောင့် မစ္စတာ ဘန်ကီမွန်းက အမြန်ဆုံးလုပ်ဖို့ တိုက်တွန်းတာကို ကျနော်တို့လည်း ကြိုဆိုပါတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေများ အဖွဲ့နဲ့ ဆွေးနွေးအပြီး မြန်မာနိုင်ငံက အခြေအနေတွေ အပေါ် သံတမန်တွေရဲ့ အားမရတဲ့ သဘောထားတွေလည်း ထွက်ပေါ်ခဲ့တာပါ။ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြားရေး ၀န်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ထွန်းမှုတွေ ရှိနေတာကို လက်ခံကြပေမဲ့ ဆွေးနွေးပွဲအတွင်းမှာ ပါဝင်ကြတဲ့ အဖွဲ့ဝင် နိုင်ငံတွေကြား ဒီထက်ပိုပြီး တိုးတက်မှုတွေကို မြင်တွေ့ချင်တဲ့ မျှော်လင့်ချက်တွေ ရှိနေတဲ့အကြောင်း သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မြန်မာ ဝေါဟာရသုံးစွဲခြင်းကို ကန့်သတ်ရန် လွှတ်တော်တွင်းကြိုးစား

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ တပ်မတော်သား လွှတ်တော်အမတ်တဦးက မြန်မာဟူသည့် ဝေါဟာရကို အကန့် အသတ်ဖြင့် သုံးစွဲရန် ဥပဒေ ပြုနိုင်ရေး အဆိုကို ဗုဒ္ဓဟူးနေ့ အောက်လွှတ်တော်တွင် တင်သွင်းခဲ့ရာ မဲအရေအတွက် ၁ဝဝ ကျော် အကွာဖြင့် ရှုံးနိမ့်ခဲ့သည်ဟု လွှတ်တော် အမတ်များက ပြောသည်။

ဗိုလ်မှူးကြီး ဌေးနိုင်မှ 'မြန်မာ ကာရာအိုကေ၊ မြန်မာ အနှိပ်ခန်း၊ မြန်မာ ပျော်တော်ဆက်' စသည့် နေရာများတွင် မြန်မာ ဟူသည့် အသုံးနှုန်း သုံးစွဲ လာကြမည်မှာ မသင့်တော်ဟူသည့် အကြောင်းပြချက်ဖြင့် မြန်မာ ဟူသည့် စကားရပ်ကို အကန့်အသတ်ဖြင့် သုံးစွဲရန် အဆို တင်သွင်းခဲ့ခြင်း ဖြစ်သည်ဟု လွှတ်တော်အမတ်များက မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးကြီး ဌေးနိုင် (ကြည်း ၁၆၄ဝ၂) ၏ အဆိုတွင် "မြန်မာဆိုသည့် စကားရပ်ကို မြန်မာ တမျိုးသားလုံး၏ အမျိုးဂုဏ် ဇာတိဂုဏ်၊ မြင့်မားစေရန် အလို့ငှာ ရည်ရွယ်ဖေါ်ညွှန်းသည့် ရေးသား ထုတ်ဝေခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံနှင့် တိုင်းရင်းသားများ အားလုံးနှင့် သက်ဆိုင်သော မြင့်မြတ်သည့်နေရာ အသုံးအနှုန်း များတွင်သာ သုံးစွဲခွင့်ပြုရေးနှင့် အမှတ်တံဆိပ် အပါအဝင် အခြား မသင့်လျော်သော နေရာ အသုံးအနှုန်းများတွင် သုံးစွဲခွင့် မပြုစေရေး ဥပဒေ တရပ် ပြဋ္ဌာန်းရန်" ဟူ၍ ပါရှိသည်။

အဆိုကို လွှတ်တော်အမတ် ခုနှစ် ဦးမှ ဆွေးနွေးရာ နှစ်ဦးမှ ကန့်ကွက်ပြီး ငါးဦးက ထောက်ခံခဲ့သည်။ ယင်းအဆိုကို နှစ်ပိုင်း ခွဲသင့်ကြောင်း လွှတ်တော် အမတ်များမှ တင်ပြကြခြင်းကြောင့် လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းမှ "မြန်မာဟူသည့် အသုံးအနှုန်းကို မြင့်မြတ်သည့် နေရာများတွင်သာ သုံးရန် အဆို"နှင့် "မသင့်တော်သော နေရာများတွင် သုံးစွဲခွင့် မပြုရေးအဆို" ဟူ၍ အဆိုနှစ်ခု အဖြစ် သတ်မှတ်ခဲ့သည်။

"မြန်မာဟူသည့် ဝေါဟာရကို အခြားမသင့်လျော်သော နေရာများတွင် သုံးစွဲခွင့် မပြုစေရေး" ကို လွှတ်တော်မှ မဲခွဲ ဆုံးဖြတ်ရာ ကန့်ကွက်မဲ ၂၅ဝ၊ ထောက်ခံမဲ ၁၃၃ နှင့် ကြားနေမဲ ၁၃ မဲဖြင့်ရှုံးနိမ့်ကာ လွှတ်တော်မှ ဆွေးနွေးရန် မသင့်သည့် အဆိုအဖြစ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နောက်တခုဖြစ်သော "မြန်မာဟူသည့် အသုံးအနှုန်းကို မြင့်မြတ်သည့် နေရာများတွင်သာ သုံးရန်" အဆိုကို လွှတ်တော်မှ ဆက်လက် ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။ မြင့်မြတ်သည့် နေရာ ဆိုသည်မှာ မည်သည့် နေရာကို သတ်မှတ်သည်ကို လွှတ်တော်တွင် ထပ်မံ ဆွေးနွေးကြဦးမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

မြစ်ဆုံအရေး NDF ပြောပြီ

ခင်ဦးသာ
Wednesday, 28 September 2011

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ စဉ်းစားဆုံးဖြတ်ရာတွင် လွှတ်တော်တွင် သာမက ပြည်သူ တရပ်လုံး ပါဝင်နိုင်သည့် ဆန္ဒခံယူသော နည်းလမ်းဖြင့် ဆောင်ရွက်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF ပါတီ) က အစိုးရကို အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။

စက်တင်ဘာလ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုစီမံကိန်းသည် တမျိုးသားလုံးနှင့် သက်ဆိုင် သဖြင့် လွှတ်တော်၏ အဆုံးအဖြတ်နှင့် လုံလောက်မည် မဟုတ်ဟု NDF ၏ ကြေညာချက်က ဆိုသည်။

“မြစ်ဆုံစီမံကိန်းကိစ္စကို ပြည်သူ တရပ်လုံးရဲ့ ဆန္ဒ တိုက်ရိုက် ခံယူသောနည်းနဲ့ ဆန္ဒခံယူပွဲ ပြုလုပ်သင့်တယ်၊ အဲဒီလို မလုပ်နိုင်သေးဘူး ဆိုရင် စီမံကိန်းကို အကန့်အသတ်မရှိ ရပ်ဆိုင်း ထားသင့်တယ်” ဟု NDF ပါတီ၏ ခေါင်းဆောင်တဦး ဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီ သတင်းဌာနကို ပြောသည်။

စီမံကိန်းအားရပ်တန့်ရန် ပညာရှင်များ၊ ပြည်သူများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း အသီးသီး၏ ကန့်ကွက်မှု ကျယ်ပြန့် လာပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ် ခံယူရန် ဆုံးဖြတ်ခဲ့သော ကိစ္စအပေါ် NDF ပါတီက အလွန်အမင်း စိုးရိမ်နေသည်ဟု ဦးခင်မောင်ဆွေက ပြောသည်။

“ပြည်သူ့ဆန္ဒမပါဘဲ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးတော့ ဆက်လုပ်ပါဆိုရင် တားဆီး မရတော့ပါဘူး၊ ဒါကြောင့် ပြည်သူ့တွေရဲ့ဆန္ဒကို တိုက်ရိုက် ခံယူဖို့ NDF ကကြေညာချက်ထုတ် တောင်းဆိုရတာပါ” ဟု ဦးခင်မောင်ဆွေက ရှင်းပြသည်။

အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ် အများစုက လွှတ်တော်တွင် လွှမ်းမိုး နေသည့်အပြင် ထိုပါတီခေါင်းဆောင် အများစုသည်လည်း အစိုးရအဖွဲ့ဝင်များ ဖြစ်နေခြင်းကြောင့် မဲခွဲ ဆုံးဖြတ် လိုက်ပါက ပြည်သူ့ဆန္ဒ မပါသော အနေအထားမျိုး ဖြစ်နိုင်သဖြင့် ဒီမိုကရေစီ နည်းကျကျ ပြည်သူ့ ဆန္ဒခံယူရန် လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်။

NDF သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခွဲထွက်သွားသူများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့သည့် ပါတီကြီးဖြစ်သည်။

တခြားသော နိုင်ငံရေးအင်အားစုများ၏ မြစ်ဆုံဆည်အရေး ဝေဖန်မှုများ ထွက်ပေါ်ပြီး ကာလ အတန်ကြာတွင် NDF ၏ ကြေညာချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။

NDF ကြေညာချက်တွင် မြစ်ဆုံအရေးသည် တမျိုးသားလုံးနှင့်သက်ဆိုင်ပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက်လည်း အရေးကြီး၍ တဖွဲ့တသင်း၏ လွှမ်းမိုးမှုဖြင့် ဆုံးဖြတ်သင့်အရာ မဟုတ်ဟု ရေးသားထားသည်။

ကချင်ပြည်နယ်ရှိ မေခနှင့် မလိခမြစ် ပေါင်းဆုံရာ နေရာ၌ တည်ဆောက်နေသော ဧရာဝတီ မြစ်ဆုံ စီမံကိန်းမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀ အထိ ထုတ်လုပ်နိုင်မည် ဖြစ်ပြီး အများစုကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ်သည်။

စီမံကိန်းအား ရပ်တန့်ပေးရန် ကျယ်လောင်စွာ တောင်းဆိုကန့်ကွက်နေကြသည့်တိုင် စီမံကိန်းကို ဦးဆောင် စီမံနေသည့် အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီး ဦးဇော်မင်းက စီမံကိန်း ဆက်လက် လုပ်ဆောင် သွားမည်ဟုလည်း ဆိုခဲ့သေးသည်။

အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကလည်း မြစ်ဆုံ စီမံကိန်းအား နိုင်ငံတော် အကျိုးအတွက် ဆက်လက် ဆောင်ရွက် သွားမည်ဟု လွှတ်တော် ကိုယ်စားလှယ် တချို့၏ မေးခွန်းများကို တုန့်ပြန် ဖြေဆိုခဲ့သည်။

ယင်းကဲ့သို့ ပြည်သူနှင့် အစိုးရခေါင်းဆောင်များ သဘောထားကွဲလွဲနေမှုတို့ကြောင့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ အမှတ်(၁) နှင့် အမှတ် (၂) စက်မှု ၀န်ကြီး ဖြစ်သူ ဦးစိုးသိန်းက ထိုကိစ္စကြောင့် စည်းလုံး ညီညွတ်မှုအား ချည့်နဲ့ မသွားစေသင့်ကြောင်း ယခုလ ၁၇ ရက်နေ့က ပြုလုပ်သည့် မြစ်ဆုံနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောဆိုသွားခဲ့သည်။

လက်ရှိအစိုးရသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော အစိုးရဖြစ်၍ ပြည်သူတို့၏ သဘောထား ဆန္ဒကို အလေးထား နားထောင်မည် ဟုလည်း ဦးစိုးသိန်းက ပြောဆိုခဲ့သည်။

Ref: ဧရာဝတီ

Read More...

မြစ်ဆုံစီမံကိန်းကို စာရေးဆရာကြီး ဒဂုန်တာရာလည်း ကန့်ကွက်

ရန်ပိုင်
Wednesday, 28 September 2011

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ ကဗျာဆရာ စာရေးဆရာကြီး ဒဂုန်တာရာက ပြီးခဲ့သည့် တနင်္လာနေ့က ပန်ကြားလွှာ တစောင် ထုတ်ပြန်၍ ကန့်ကွက် လိုက်သည်။

ပန်ကြားလွှာ၌ ဧရာဝတီမြစ်ကြီးသည် လူများ၏ ပယောဂကြောင့် အမျိုးမျိုး ပျက်စီးနေကြောင်း၊ ယခုလည်း အစိုးရက မြစ်ဆုံတွင် ဧရာမ ရေအားလျှပ်စစ် စီမံကိန်းကြီး တည်ဆောက် နေခြင်းကြောင့် မြန်မာတို့၏ ဘ၀နှင့် သဘာဝကို ပျက်စီးစေပြီး အာရှဒေသ ငြိမ်းချမ်းရေး ကိုပါ ထိခိုက်စေနိုင်၍ လေးနက်စွာ ကန့်ကွက်လိုက်ကြောင်း ရေးသားထားသည်။

“လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ဆက်လုပ်မှာပဲလို့ တရားလက်လွတ် ပြောတာကို ကြားလို့ ဒီပန်ကြားလွှာကို ရေးလိုက်တာ” ဟု ဆရာကြီး ဒဂုန်တာရာက ဧရာဝတီ မဂ္ဂဇင်းကို ပြောသည်။

ဧရာဝတီမြစ်သည် မြန်မာပြည်သူများ အားလုံးအတွက် သဘာဝတရားက ပေးအပ်ထားခြင်း ဖြစ်သောကြောင့် ပြည်သူ အားလုံးက ပိုင်ဆိုင်ကြောင်း၊ ပြည်သူ့ဆန္ဒကို လွန်ဆန်၍ ဆည်တည်ဆောက်ခြင်းကို မလုပ်သင့်ကြောင်း သူက ဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းက ကျရောက်သည့် ဆရာကြီး၏ ၉၃ နှစ်မြောက်မွေးနေ့ တွင်လည်း “ထလော့ မြစ်မင်းဧရာ” ဆိုသည့် ကဗျာတပုဒ်ကို ရေးသားပြီး မြစ်ဆုံစီမံကိန်းကို ကန့်ကွက် ခဲ့သေးသည်။ အဆိုပါ ကန့်ကွက်စာတွင် “ဧရာတီမြစ်ဆုံ၌ ကျည်ဆန်တွေ မစီးဆင်းပါစေနှင့် ရေတွေသာ စီးဆင်းပါစေ” ဟု မွေးနေ့ဆုတောင်း ပြုခဲ့သည်။

ဆရာကြီး ဒဂုန်တာရာသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ကျိုက်လတ်ဇာတိဖြစ်ပြီး အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် သခင်ဗဟိန်း၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း စသည့် တိုင်းပြည် ခေါင်းဆောင်များနှင့် ၁၉၃၈ ခုနှစ် တ၀ိုက် ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂတွင် လွတ်လပ်ရေး အတွက် ပါဝင်ခဲ့ လှုပ်ရှားခဲ့သူဖြစ်သည်။ မြန်မာ စာပေလောက၌ သြဇာတိက္ကမ ကြီးမားသူ သက်ရှည် ကဗျာဆရာကြီး တဦးဖြစ်သည်။

မကြာသေးမီက စာရေးဆရာများ၊ ဓာတ်ပုံဆရာများ၊ ကာတွန်းဆရာ၊ အနုပညာရှင်များ ပူးပေါင်းပြီး “ဧရာဝတီကို ကယ်တင်ပါ” အမည်ဖြင့် ပြပွဲတခု ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သေးသည်။

ကချင်ပြည်နယ် မြောက်ပိုင်း ရေခဲတောင်တန်းများမှ မြစ်ဖျားခံလာသည့် မေခနှင့် မေလိခ မြစ်နှစ်သွယ်သည် မြစ်ကြီးနားမြို့ တန်ဖဲ ရွာ အနီးတွင် ပေါင်းဆုံ၍ ဧရာဝတီမြစ် အဖြစ် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီ တိုင်းတို့ကို ဖြတ်သန်းစီးဆင်းကာ ကပ္ပလီပင်လယ် အတွင်း စီးဝင်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရလက်ထက်၌ တရုတ်နိုင်ငံပိုင် (CPI) ကုမ္ပဏီနှင့် ပူးပေါင်းပြီး မေခ၊ မေလိခ ဆုံရာ မြစ်ဆုံ ဒေသတွင် ဆည်တည်ဆောက်ကာ ရေအားလျှပ်စစ် ထုတ်ယူ၍ တရုတ်နိုင်ငံသို့ ရောင်းချရန် စတင်ခဲ့သည်။

ယခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အဆိုပါ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အတွက် နိုင်ငံရေး ပါတီများ၊ အနုပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများ၊ ပညာရှင်များနှင့် ပြည်သူများက အတိအလင်း ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုများကို ပြုလုပ်လျှက်ရှိသည်။

Ref: ဧရာဝတီ

Read More...

KIO နယ်မြေတွင်း အစိုးရတပ်များ တိုးမြှင့်ချ၊ တိုက်ပွဲဆက်ဖြစ်

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၈ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ)။ ။ ရှမ်းပြည်နယ်အတွင်းရှိ ရဲဘက်စခန်းတခုကို KIO ကချင် လွတ်မြောက်ရေး အဖွဲ့မှ ဖွင့်ပေး လိုက်ပြီးနောက် KIO တပ်မဟာ ၄ ထိန်းချုပ် နယ်မြေသို့ အစိုးရမှ တပ်အင်အား ၂,၀၀၀ ခန့် တိုးမြှင့် ချထားလိုက်ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေသည်ဟု တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

ယခုလ ၂၁ ရက်နေ့က ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်းမှ ရွှေပြည်သစ် ရဲဘက် အကျဉ်းစခန်း တခုကို KIO တပ်ဖွဲ့များ ဖွင့်ပေး လိုက်သည့်နောက် အစိုးရ တပ်အင်အား ၂,၀၀၀ ကျော်သည် ရှမ်းပြည်နယ် ကုတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ်၊ ပန်တုံမြို့နယ် အတွင်း ရောက်ရှိလာကာ တိုက်ပွဲများ ယခုထိ ဖြစ်ပွားနေဆဲ ဖြစ်သည်။

“သူတို့ဘက်က လူအင်အား၊ လက်နက်ကြီးတွေ တိုးလာတဲ့ အခါကျတော့ စစ်ပွဲက ရပ်သွားမယ်လို့ မမျှော်လင့် တော့ဘူး။ စစ်ပွဲကတော့ ဆက်ဖြစ်မဲ့ အခြေအနေပါ”ဟု ဗိုလ်မှူးကြီး ဇော်ရော်က ဆိုသည်။

ရှမ်းပြည်နယ် သိန္နီမြို့ အခြေစိုက် အစိုးရတပ်မှ စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာန-စကခ ၁၆ လက်အောက်ခံ တပ်ရင်း အများစုနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း အင်အားများ တိုးချဲ့ တိုက်ခိုက်လာသဖြင့် KIO ၏ တပ်မဟာ ၄ ဗဟို ဌာနချုပ်တွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများ ရှောင်တိမ်း နေရသည်။ တပ်ရင်း ၂ နှင့် တပ်ရင်း ၉ တို့မှာလည်း နေရာ ပြောင်းကာ ပြောက်ကျား စနစ်ဖြင့် ခုခံနေရသည်ဟု ဗိုလ်မှူးကြီး ဇော်ရော်က ဆိုသည်။

တိုက်ပွဲများအတွင်း KIO ဘက်မှ ဗိုလ်အဆင့် တဦး အပါအဝင် တပ်သား ငါး ဦး ကျဆုံးခဲ့ပြီး အစိုးရတပ် ဘက်မှ ယနေ့ထိ ဆိုလျှင်၂၀၀ ခန့် ကျဆုံးမှု ရှိနေပြီဟု သိရသည်။ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

ဆက်စပ်သတင်းတရပ်မှာ မူဆယ်မြို့နယ် မန်ဂျေကျေးရွာ အနီး ရွာသစ်ကုန်းရွာမှ အသက် ၂၀ နှစ်ဝန်းကျင် အရွယ် မရိစ်ကော့ အမည်ရှိ ကချင်အမျိုးသမီး တဦးကို အစိုးရ တပ်ဖွဲ့များက တပ်စခန်းအတွင်း ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့် ခဲ့သည်ဟု ကချင်အမျိုးသမီး အစည်းရုံး KWAT အဖွဲ့ဝင် ဒေါ်မိုင်းဂျာက ပြောသည်။

“သူကို ကျောင်းဆရာမ တဦးက အာမခံပြီးတော့ ခေါ်ထားတယ်။ ညညအိပ်ရင် လန့်လန့်နိုးပြီး ငိုတာတို့ ဖြစ်တယ်လို့ ပြောတယ်၊ ရှမ်းပြည်မှာလည်း ပလောင် အမျိုးသမီးတွေကိုလည်း အဓမ္မပြုကျင့် ခံရတယ်ဆိုတာ ကြားနေရတယ်။ ဖြစ်တယ်ဆိုလို့ ဘယ်ကို ရောက်သွားတယ် ဆိုတာ လိုက်စုံစမ်းနေတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိ မူဆယ်မြို့နယ်အတွင်းမှ ပန်ဆိုင်းကျေးရွာအနီး စစ်ပြေးဒုက္ခသည် ၂၀၀ ခန့်က ယင်းတို့၏ ဆွေးမျိုးများ နေအိမ်တွင် နေထိုင် နေသော်လည်း သက်ဆိုင်ရာ ရဲများက ဧည့်စားရင်း စစ်ဆေးခြင်းနှင့် ခြိမ်းခြောက်မှုများ ရှိနေသည်ဟု တရုတ်မြန်မာ နယ်စပ်မှ စစ်ပြေး ဒုက္ခသည်များကို ကူညီနေသူလည်း ဖြစ်သူ ဒေါ်မိုင်းဂျာက ဆက်ပြောသည်။

ကချင်ပြည်နယ် အစိုးရ ကိုယ်စားလှယ်များနှင့် KIO တို့သည် အပစ်အခတ် ရပ်ဆိုင်းရေး အတွက် ပဏာမ တွေ့ဆုံ ခဲ့သော်လည်း အပစ်ခတ် ရပ်စဲရေး သဘောတူညီမှု မရခဲ့ဘဲ ယနေ့ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။

တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်ဆိုင်းရန် အမျိုးသမီး အဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ဗုဒ္ဓဟူးနေ့တွင် ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်း လိုက်သည်။

Ref: မဇ္ဈိမ

Read More...

ရှမ်းပြည် ဌာနချုပ်မှ KIA ဆုတ်ခွာ

သန်းထိုက်ဦး
Wednesday, 28 September 2011

အစိုးရတပ်များ၏ ထိုးစစ်ကြောင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်ရှိ ၎င်း၏ အမှတ် ၄ တပ်မဟာ ဌာနချုပ် နှင့် စခန်း တချို့မှ ယခု ရက်ပိုင်းအတွင်း ဆုတ်ပေး လိုက်ရကြောင်း သိရသည်။

အစိုးရတပ်၏ ၁၂၀၊ ၁၀၅ မမ အမြောက်များနှင့် ၅ ရက်ကြာ ပစ်ခတ်သည့် ဒဏ်ကို မခံနိုင်သောကြောင့် ဆုတ်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော်လည်း ထိုနေရာသည် စစ်ရေးအရ ဗျူဟာ မကျကြောင်း၊ အစိုးရတပ်က ယင်းနေရာကို သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။

“အစိုးရတပ်က တဖြည်းဖြည်းနဲ့ ချဉ်းကပ် လာနေတယ်၊ တပ်ရင်းပေါင်း ၂၀ ကျော်သွားပြီး အားလုံး ပေါင်းလိုက်ရင် အင်အား ၂၀၀၀ နီးပါးလောက် ရှိမယ်၊ ကျနော်တို့က ပြောက်ကျား စနစ်နဲ့ ပြန်လည် ခုခံ တိုက်ခိုက်နေတယ်” ဟု ဗိုလ်မှူးကြီး ဇော်ရောက ဆိုသည်။

အစိုးရတပ်များကို ခုခံတိုက်ခိုက်နေသည့် တပ်ရင်းများမှာ KIA တပ်ရင်း ၁၇ နှင့် ၂၉ တပ်ဖွဲ့ဝင်များ ဖြစ်သည်။ KIA ဘက်မှ ရှမ်း ပြည် တပ်မတော် (SSA) မြောက်ပိုင်း တပ်ဖွဲ့ဝင် တချို့ကူညီ တိုက်ခိုက်နေသည်ဟု သိရသည်။

“ကျနော်တို့ ဖယ်ပေးလိုက်ရတဲ့ နေရာဝန်းကျင်နဲ့ တခြားနေရာတွေပါ တန်ပြန် ပြောက်ကျား စနစ်နဲ့ ပြန်တိုက်နေတယ်” ဟု ဗိုလ်မှူး ဇော်ရောက ဆက်ပြောသည်။

ယခုရက်ပိုင်း မူဆယ် ၁၀၅ မိုင် ကားလမ်းမ၏ အနောက်ဘက်ရှိ KIA တပ်ရင်း ၈ လှုပ်ရှားနေသော ဒေသ၊ KIA တပ်ရင်း ၂ ဒေသ များတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲတွင် နှစ်ဖက် အကျအဆုံး စာရင်းများကိုမူ မသိရှိရသေးပေ။ တိုက်ပွဲ များကြောင့် ဒေသခံ ကချင်၊ ရှမ်း၊ ပလောင် တိုင်းရင်းသားများက တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်။ စစ်ပြေး ဒုက္ခသည် အများစုမှာ ကွတ်ခိုင်မြို့နယ် အတွင်းရှိ ကျေးရွာများမှဖြစ်သည်။

ထိုဒေသမှ တိုက်ပွဲများ ရက်အတန်ကြာလာပြီ ဖြစ်သော်လည်း မြန်မာအစိုးရက သတင်းထုတ် ခြင်း မရှိသေးပေ။

စစ်အစိုးရသည် မိုးမောက်မြို့နယ်အတွင်း တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံရေး အရ စိတ်မချဟု အကြောင်းပြ၍ ထွက်ခွာရန် ပြောဆို ခဲ့ကြပြီးနောက် နှစ်ဖက်တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် စတင်ခဲ့သည့် အစိုးရတပ်နှင့် KIA အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး ရသူပေါင်း ၂၀၀၀၀ ကျော်ရှိပြီး တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ်ရာ ဒေသများ၊ မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့တို့ရှိ ဘာသာရေး အဆောက် အအုံများ၊ ဆွေမျိုးများ ထံတွင် ဒုက္ခသည်များ ခိုလှုံနေကြဆဲ ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

Wednesday, September 28, 2011

ပြည်သူက ဒဏ်ခတ်လိမ့်မယ်

လူထုစိန်ဝင်း
Sunday, 25 September 2011

လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဒီမိုကရေစီ ဆိုတဲ့စကား ရေပန်း စားလာခဲ့တယ်။ စကားဝိုင်း တွေမှာလည်း ဒီမိုကရေစီ၊ စာအုပ်တွေ၊ စာစောင်တွေ ထဲမှာလည်း ဒီမိုကရေစီ ဖြစ်နေ ကြတော့တယ်။

နှစ်ကိုယ်ကြားပဲပြောရ

ဒီမိုကရေစီဆိုတဲ့စကားကို နှစ် ပေါင်း ၅၀ လုံးလုံး ဘယ်သူမှကျယ်ကျယ် မပြောရဲကြဘူး။ တိုးတိုး တိတ်တိတ် နှစ်ကိုယ်ကြားပဲ ပြောကြရတယ်။ အစိုးရ ကိုယ်တိုင်က ရွေးကောက်ပွဲတွေ လုပ်ပေးတော့မယ်၊ ဒီမိုကရေစီ အစိုးရမျိုးကို အာဏာ လွှဲပြောင်းပေးမယ်လို့ ကြေညာလိုက်တဲ့ အချိန်ကစပြီး ဒီမိုကရေစီ ဆိုတဲ့ စကားကို သွေးတိုးစမ်း ပြောလာကြတယ်။ အခုတော့ လူတိုင်း ကျယ်ကျယ် ပြောဝံ့နေကြပြီ။ စာနယ်ဇင်းတွေ ထဲလည်း ရဲရဲကြီးရေး သားဝံ့နေကြပြီ။ ဒါဝမ်းသာစရာ အခြေအနေ ဖြစ်တယ်။ လမ်းလျှောက်တဲ့ အခါ ခြေလှမ်း တစ်လှမ်းပြီး တစ်လှမ်း လှမ်းကြရသလို၊ ဒီမိုကရေစီ ခရီးကိုလည်း တစ်လှမ်းပြီး တစ်လှမ်း ရှေ့တိုး လှမ်းကြရမှာဖြစ်တယ်။

တစ်ဒီတည်းဒီလာကြ

အစိုးရကိုယ်တိုင်က ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ချီတက်မယ်ပြောချိန်ကစပြီး ရှေးက ဒီမိုကရေစီကို နှာခေါင်း ရှုံ့ခဲ့ကြ သူတွေလည်း လေသံပြောင်းပြီး တစ်ဒီတည်း ဒီလာခဲ့ကြတယ်။ ဒီမိုကရေစီ ဖတ်စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ် ရေးထုတ် လာကြတယ်။ ဒါလည်း ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ ဒီနှစ် ၅၀ အတွင်းမွေးဖွား လာခဲ့ကြသူတွေဟာ လွတ်လွတ်လပ်လပ် ရောင်းဝယ် ဖောက်ကား စားသောက်ချင်တယ်၊ လွတ်လွတ် လပ်လပ် ပြောချင်ဆိုချင် ရေးချင် ဖတ်ချင်တယ် ဆိုတာ လောက်ကလွဲပြီး ဒီမိုကရေစီ အကြောင်း ဂဃနဏ မသိကြဘူး။

ဖီလာဆန့်ကျင်ဖြစ်

တတ်သိနားလည်သူတွေက ဒီမိုကရေစီအကြောင်း ဟောပြောတာ၊ စာတွေရေးပြတာဟာ ၀မ်းသာအားရ ကြိုဆိုရမယ့် ကိစ္စ ဖြစ်တယ်။ ဒါပေမယ်လို့ အချိန် ကြာလာတဲ့ အခါမှာ ဟောပြောသူတွေနဲ့ ဒီမိုကရေစီ ဖတ်စာရေးသူ အတော် များများဟာ သူတို့ ပါးစပ်က အပ်ကြောင်း ထပ်အောင် ပြောနေကြတဲ့ ''ပြည်သူလူထုကို ဦး ထိပ်ထားတယ်''ဆိုတဲ့ စကားနဲ့ ဖီလာ ဆန့်ကျင်ဖြစ်တဲ့ စကားတွေ ပြောလာကြတာကို မြင်တွေ့ ကြားသိ နေရတယ်။ သူတို့ရေးတဲ့ ဒီမိုကရေစီ ဖတ်စာတွေမှာလည်း အလားတူ ဖတ်ရှုရတယ်။

''ဒီမိုကရေစီလိုချင်ရင် လူတိုင်းနိုင်ငံ ကြီးသားပီသပြီး ဒီမိုကရေစီအသိရှိဖို့ လိုတယ်''
''ဒီမိုကရေစီလိုချင်ရင် လူတိုင်း ပါဝင်လုပ်ဆောင်ကြဖို့ လိုတယ်''
''လူတွေအတွက် သူတို့နဲ့ထိုက် တန်တဲ့အစိုးရကို သူတို့ ရရှိကြမှာ ဖြစ်တယ်''

ဓားမြှောင်နဲ့ ထိုးသလို

ဒီသြ၀ါဒကထာတွေနဲ့ ဒီရေးသားချက်တွေဟာ ပြည်သူလူထုအများစုကြီးကို စော်ကားလိုက်တာ ဖြစ်တယ်။ ပြည်သူတွေ အသုံး မကျလို့ နှစ်ပေါင်း ၅၀ လုံးလုံး တစ်ပါတီ တစ်ဖွဲ့ အာဏာရှင် စနစ်အောက်မှာ ပိပြား နေခဲ့ကြတာ ဖြစ်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ။ မြန်မာ လူမျိုးတွေ ပညာရေချိန် နိမ့်ကျသေးလို့ ဒီမိုကရေစီစစ်စစ်နဲ့ မထိုက်တန်သေးဘူး။ "guided democracy" လောက်နဲ့ပဲ သွားရမယ်လို့ ပြောရဲ သူတွေတောင်ရှိတယ်။ ဒီလိုအသံတွေ ကြားရတဲ့ အခါတိုင်း ရင်ထဲမှာ ဓားမြှောင်နဲ့ ထိုးသလို စူးကနဲ စူးကနဲ နာကျင်ရတယ်။

ဦးစီးဦးကိုင်ကောင်း မရှိလို့ မြန်မာ့ ဦးစွန်း မြေခခဲ့ရတဲ့ ပါတော်မူစ အချိန်ကစပြီး မြန်မာ နိုင်ငံသားတွေဟာ တာဝန် ကျေခဲ့ ကြတယ်။ ရရာတုတ်ဓား လက်နက် စွဲကိုင်ပြီး နယ် ချဲ့လာသူတွေကို တွန်းလှန် တိုက်ခိုက် ခဲ့ကြတယ်။ မြန်မာပြည် အလယ်ပိုင်း က အောင်ဆန်းတို့ အဖိုး မင်းကြီးရွှေလရောင်က စပြီး ရှမ်း၊ ချင်း၊ ကချင် တိုင်းရင်းသား တွေဟာ အသက်ပေါင်း များစွာ စတေး ခဲ့ကြတယ်။ ဦးစီး ဦးကိုင်ကောင်း မရှိလို့သာ အားမတန် မာန်လျော့ ခဲ့ကြရတယ်။ အဲဒီအချိန်အခါက နန်းတွင်းမှာ အရေးပါခဲ့တဲ့ ကင်းဝန်မင်းကြီး အမှူးပြုတဲ့ ၀န်ကြီးတွေ ၀န်ကလေးတွေက အင်္ဂလိပ်ရဲ့ လစာရိက္ခာတော် ထောက်ပံ့ကြေးကို လက်ခံပြီး တောင်ပေါ် မြေပြန့်က ခုခံ တွန်းလှန်သူတွေကို ရွှေပြည်အေး တရားတွေ လိုက်လံဟောပြောပြီး လက်နက်စွန့်ဖို့ နားချခဲ့ကြတယ်။

ရဲရဲကြီးလိုက်ခဲ့ကြ

အားမတန်လို့ မာန်လျော့ခဲ့ကြပေမယ့် လည်စင်းခံနေကြတာတော့ မဟုတ်ဘူး။ အခါအခွင့် သင့်တိုင်းပုံစံ အမျိုးမျိုးနဲ့ နိုင်ငံရေး တိုက်ပွဲတွေ ဆက်လက် ဆင်နွှဲနေကြတယ်။ ၀ိုင် အမ်ဘီအေခေတ်၊ ဂျီစီဘီအေခေတ် တွေမှာလည်း ပြည်သူတွေက အဲဒီအဖွဲ့ကြီး တွေရဲ့ ဦးဆောင်မှုနောက်က ရဲရဲကြီး လိုက်ခဲ့ကြတယ်။ ရှေ့က ဦးဆောင်သူတွေ ညီညီညွတ်ညွတ် မရှိကြဘဲ ငါးထောင်စား ဖြစ်ဖို့လောက်သာ လုံးပန်း နေခဲ့ကြတာကြောင့် ရေစုန် မျောသွားခဲ့ကြရတယ်။ အဲဒီ နောက်ပေါ်လာတဲ့ 'တို့ဗမာအ စည်းအရုံး' ခေတ်မှာလည်း ပြည်သူတွေက တစ်ခဲနက် ထောက်ခံ အားပေးခဲ့ကြတယ်။ ဆရာစံရဲ့ တောင်သူလယ်သမား ပုန်ကန်မှုကြီးနဲ့ ရေနံမြေ အလုပ်သမား သပိတ်တိုက်ပွဲကြီး တို့ဟာ ပြည်သူတွေဘက်က ဘယ်လောက် တာဝန်ကျေသလဲ ဆိုတာ ပြလိုက်တဲ့ သက်သေပဲ ဖြစ်တယ်။ အသက်အိုးအိမ် စည်းစိမ်တွေ အများကြီး ဆုံးရှုံးခဲ့ရတဲ့ ပြည်တွင်း စစ်ကြီး ဖြစ်ခဲ့ရတယ်။ အဲဒီကာလတွေ တစ်လျောက်လုံးမှာ ပြည်သူတွေဘက်က တာဝန် ကျေခဲ့ကြတာ ချည်းပဲ။ ရှေ့က ခေါင်းဆောင် လုပ်သူတွေ တပ်လှန့် နှိုးဆော်သံပေး လိုက်တာနဲ့ ပြည်သူတွေ တစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန် ထွက်လာကြချည်း ဖြစ်တယ်။

ခေါင်းဆောင်တွေခေါင်းရှောင်ကာ

လွတ်လပ်ရေးရပြီး နောက်ပိုင်း နှစ်တွေကို ပြန်ကြည့်၊ ပြည်သူတွေ ဘက်ကတာဝန် ကျေခဲ့ကြတာ ချည်းပဲ။ ဦးဆောင် ဦးရွက် ပြုခဲ့ကြသူတွေသာ တာဝန် မကျေခဲ့တာ။ 'ဒီမိုကရေစီ လိုချင်ရင် လူတိုင်း ပါဝင် လုပ်ဆောင်ဖို့ လိုတယ်'' ဆိုတဲ့စကားက ခေါင်းဆောင်တွေ ခေါင်းရှောင်ဖို့ ပြောတဲ့ စကားဖြစ်တယ်။ ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီး တွေ၊ ဒီမိုကရေစီ မိခင် နိုင်ငံကြီးတွေ ဆိုတဲ့ နိုင်ငံတွေမှာလည်း ပြည်သူလူထုက သူတို့ ကိုယ်စားဆောင်ရွက်ဖို့ ကိုယ်စားလှယ်တွေကို မဲပေး ရွေးချယ်ပြီး လွှတ်တော်ထဲမှာ ဆောင်ရွက်စေတဲ့ 'ကိုယ်စားပြု ဒီမိုကရေစီ' (repre- sentative democracy)စနစ်ကို ကျင့်သုံးနေကြတာ ဖြစ်တယ်။ ရှေးခေါမ ခေတ်ကလို ပြည်သူတွေ အားလုံးပါဝင် ဆုံးဖြတ်တဲ့ 'တိုက်ရိုက် ဒီမိုကရေစီ' (direct democracy) မဟုတ်ပါဘူး။

ရွေးကောက်ပွဲတွေကြည့်ပါ

ဘယ်နိုင်ငံက ဘယ်ပြည်သူတွေမှ နေ့စဉ် တိုင်းရေးပြည်ရာကိစ္စတွေမှာ အချိန်ပြည့် ပါဝင်လုပ်ဆောင်ခြင်း မပြုနိုင်ပါဘူး။ အဲဒီလို ကိုယ်တိုင် အချိန်ပြည့် မလုပ်နိုင်တဲ့အတွက် ကိုယ်စား ဆောင်ရွက်မယ့် သူတွေကို မဲပေး ရွေးချယ်ခဲ့ကြတာ ဖြစ်တယ်။ နိုင်ငံရေး သမားတို့၊ နိုင်ငံရေး ပါတီတို့ ဆိုတာ အဲဒါကြောင့် လိုအပ် လာခဲ့ရတာဖြစ်တယ်။ ''လိုချင်ရင် ကိုယ်တိုင် လုပ်ယူ''ဆိုရင် နိုင်ငံရေး သမားနဲ့ နိုင်ငံရေး ပါတီတွေရှိဖို့ ဘယ်လိုအပ်တော့မှာလဲ။ မြန်မာတွေ ဘယ်လောက်နိုင်ငံ ကြီးသားပီသပြီး နိုင်ငံရေး တာဝန် ကျေသလဲဆိုတာ သိချင်ရင် ရွေးကောက်ပွဲ ကျင်းပ ချိန်တွေကို ပြန်ကြည့်လိုက်ပါ။

မဲပေးသူရာနှုန်း

အထက်မှာပြောခဲ့တဲ့ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေမှာဖြစ်ဖြစ်၊ ဒီမိုကရေစီ မိခင်နိုင်ငံကြီးတွေမှာ ဖြစ်ဖြစ် ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အခါမှာ မဲဆန္ဒပေးသူ အရေအတွက် ၉၀ ရာ ခိုင်နှုန်းရှိတယ်။ ၈၀ ရာခိုင်နှုန်း ရှိတယ် ဆိုတာမျိုး တစ်ကြိမ် တစ်ခါမှ မကြုံဖူး၊ မကြားဖူးပါဘူး။ သူတို့ဆီမှာ အလွန်ဆုံးရှိလှမှ ၆၀ ရာခိုင်နှုန်းကျော် ၇၀ ရာခိုင်နှုန်း လောက်ပါပဲ။ မြန်မာပြည်မှာ ကျင်းပခဲ့သမျှ ရွေးကောက်ပွဲတွေမှာ ဆိုရင် ဖဆပလခေတ် ရွေးကောက်ပွဲ တွေတောင် ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်။ အဲဒီနောက်ခေတ် ရွေးကောက်ပွဲ အားလုံးမှာတော့ လာရောက် မဲပေးသူ ရာခိုင်နှုန်း ၈၀ ကျော် ၉၀ ကျော် ရှိခဲ့တာ ချည်းပါပဲ။

ခါတော်မီဂုရုကြီးတွေ

ဒီအချက်တွေက မြန်မာပြည်သူတွေဟာ ဘယ်လောက် တာဝန်ကျေတယ်၊ ဘယ်လောက် နိုင်ငံရေး အသိ ရှိတယ် ဆိုတာကို ပြဆိုတဲ့ ညွှန်းကိန်းတွေပဲ မဟုတ်ဘူးလား။ ဟောကြ၊ ပြောကြ သူတွေနဲ့ ဒီမိုကရေစီ ဖတ်စာအုပ်ရေး ကြသူတွေ အားလုံး ပြည်သူလူထုကို အထင်သေး အမြင်သေးတဲ့ စကားမျိုးတွေ မပြောစေချင်ဘူး။ တကယ် တတ်သိ နားလည်သူတွေက ပြောရင် တော်သေးတယ်။ ဆိုရှယ်လစ် ခေတ်တုန်းက အာဏာပါဝါရှိတဲ့ ဆိုရှယ်လစ်ကြီးတွေကို မျက်နှာ ချိုသွေး တည့်အောင်ပေါင်းပြီး ခေတ်ပျက် ဆိုရှယ်လစ် သူဌေး လုပ်ခဲ့သူတွေက အစိုးရက ဒီမိုကရေစီလည်း ပြောလိုက်ရော ချက်ချင်း ဆိုရှယ်လစ် မျက်နှာဖုံးချွတ်လိုက်ပြီး ခါတော်မီ ဒီမိုကရေစီ ဂုရုကြီးတွေ အနေနဲ့ ဟောကြ၊ ပြောကြ ဒီမိုကရေစီ ဖတ်စာ အုပ်ကြီးတွေ ရေးကြ လုပ်လာကြတယ်။ အဲဒီလူတွေက မြန်မာတွေ ဉာဏ်ရည် နိမ့်ကျသေးတယ်။ ဒီမိုကရေစီ အသိ မရှိသေးဘူး။ လူတိုင်းလူတိုင်း ဒီမိုကရေစီ အသိစိတ်ဓာတ် မြင့်မားနေမှ ဒီမိုကရေစီနဲ့ ထိုက်တန်တယ် လို့ပြောတာတွေ ကြားရတာကတော့ တော်တော် နားကြားပြင်း ကပ်လှတယ်။

မြောင်းထဲရောက်သွားမယ်

နိုင်ငံတော်သမ္မတအပါအ၀င် ထိပ်တန်းခေါင်းဆောင်တွေအားလုံး လိုလိုက သူတို့ အားလုံးဟာ ပြည်သူ လူထုက ဆန္ဒမဲပေး ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်တာကြောင့် ပြည်သူ့ ဆန္ဒကို အမြဲတမ်း လေးစား လိုက်နာရမယ်လို့ အကြိမ်ကြိမ် ပြောနေကြတယ်။ ဒါဟာပြည်သူကို ဦးထိပ်ထားရမယ် ဆိုတဲ့ သဘောဖြစ်တယ်။ ပြည်သူ့အတွက် လုပ်ဆောင်သူတွေကို ပြည်သူက အမြဲ ထောက်ခံ အားပေးမှာ ဖြစ်တယ်။ ပြည်သူ့ ဆန္ဒသဘောထားကို ဂရုမစိုက်ရုံမက ပြည်သူကို နှိမ့်ချ စော်ကားတဲ့ အပြုအမူမျိုး၊ လုပ်ရပ်မျိုး လုပ်ဆောင် လာရင်တော့ ပြည်သူက ဒဏ်ခတ်တာခံရပြီး မြောင်းထဲရောက် သွားမှာ သေချာတယ်လို့ သတိပေး လိုက်ချင်ပါတယ်။

Ref: EMG News

Read More...

ကလဲ့စား ချေလိုစိတ်နှင့် အနစ်နာခံ လုပ်ဆောင်ရန် မသင့်ဟု ဒေါ်စုပြော

ကိုဝိုင်း
အင်္ဂါနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကလဲ့စားချေလိုစိတ်ဖြင့် အနစ်နာခံ လုပ်ဆောင်နေသည့် စိတ်ဓာတ် မျိုးဖြင့် ပြည်သူ့ အကျိုးကို မဆောင်ရွက်ဘဲ ယုံကြည်ချက် အတွက် ပေးဆပ် လိုစိတ်ဖြင့် ဆောင်ရွက်ကြရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

“အနစ်နာခံရတယ်ဆိုတဲ့ စိတ်ကပေါ်လာလို့ရှိရင် တခါတလေ ဒီစိတ်နဲ့ ဒွန်တွဲပြီးတော့ ကလဲ့စားချေချင်တဲ့ စိတ်တွေ၊ မကျေနပ်တဲ့ စိတ်တွေက တခါတည်းပေါ်လာပါတယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ထဲမှာ ကိုယ့်ရဲ့ ကိုယ့်ယုံကြည်ချက် အရ လုပ်နေတာပဲ ဖြစ်တယ်။ ကိုယ်လုပ်နေတဲ့ အလုပ်အတွက် ကိုယ့်ကိုကိုယ် ပေးဆပ်ရမယ်။ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ အင်အားတွေကို ကိုယ်ယုံကြည်တဲ့ အရေးအတွက် သုံးကြပါလို့ ကျမက ဆော်သြချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်ခြင်း ၂၃ နှစ်ပြည့် အခမ်းအနားတွင် ပြော သွားခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း အန်အယ်ဒီ ဗဟိုဌာနချုပ်တွင် ကျင်းပသည့် အဆိုပါ အခမ်းအနား အဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟို ကော်မတီဝင် ဦးဝင်တင် တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အောက်တွင် ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် မှာကြား ပြောဆိုသွားသည်။

မနက် ၁၁ နာရီမှစတင်ပြီး ၁ နာရီကြာသည့် အခမ်းအနားသို့ ကျောင်းသား ခေါင်းဆောင်များ၊ NLD ပါတီဝင်များနှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP နှင့် တိုင်းရင်းသားပါတီ ခေါင်းဆောင်များ တက်ရောက်ကြသည်။

အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင် ဦးလွန်းတင်၊ ဦးညွန့်ဝေ တို့မှာ ကျန်းမာရေး မကောင်းသဖြင့် မတက် ရောက်နိုင်ကြောင်း သိရသည်။

“ကျမတို့ အနေနဲ့ တကယ် အဓိကကျတဲ့ အရေးကြီးတဲ့ ခြေလှမ်းတွေ ကျမတို့ လှမ်းပြီဆိုရင် ကျမတို့ အဖွဲ့ချုပ် ဝင်တွေနဲ့ ပြည်သူ လူထုကို မရှင်းပြဘဲနဲ့ ဘယ်တော့မှ မလုပ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ထဲ့သွင်းပြောကြား သွားသည်။

ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက အန်အယ်ဒီအဖွဲ့ဝင်များအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး အတွက် ကြိုးပမ်း နေမှုနှင့် စည်းလုံး ညီညွတ်မှုကို လျော့ပါး ထိခိုက်စေမည့် အပြောအဆို အပြုအမှုများ မပြုလုပ်ကြရန်လည်း သတိပေး စကား ဆိုသည်။

ဦးဝင်းတင်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်၌ ညီညွတ်ရေး စိတ်ဓာတ်ဖြင့် ရပ်တည် သွားကြရန် ပြောဆိုလိုက်ပြီး နိုင်ငံရေး အပြောင်းအလဲများနှင့် ပတ်သက်၍ “ဘယ်လောက်ပြောင်းသလဲ၊ ဘယ်လိုပြောင်း သလဲ၊ ဘာကြောင့် ပြောင်းသလဲ၊ ဘာအတွက် ပြောင်းသလဲဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ကိုကိုယ်လည်းဖြေရမယ် ကိုယ့်ပတ်ဝန်းကျင် ကိုလည်း ဖြေရမယ်၊ ကိုယ့်အဖွဲ့ဝင် တွေကိုလည်း ဖြေရမယ်” ဟု ဆိုသည်။

ပါတီ၏ ကြေညာချက်တွင်မူ “ကျွန်ုပ်တို့ အပေးအယူ သဘောမျိုးဖြင့် လျော့ပေါ့ တောင်းဆိုခြင်းသည် ကျွန်ုပ်တို့ စိတ်ဓာတ် ညံ့ဖျင်း၍ မဟုတ်၊ ယခုအခါ၌ ကျွန်ုပ်တို့နိုင်ငံနှင့် ကျွန်ုပ်တို့ လူမျိုးအကျိုးကို မြန်မြန်ထက်ထက် သယ်ပိုးချင်သော ဆန္ဒအတွက်ဖြစ် ပေသည်” ဟု အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆ ခု ဇန်နာဝါရီ ၂ဝ ရက် တွင် ရွှေတိဂုံ အလယ်ပစ္စယံ လူထု အစည်းအဝေး၌ မိန့်ကြားခဲ့သော လမ်းညွန်ချက်ကို ထည့်သွင်း ဖော်ပြထားသည်။

အန်အယ်ဒီ စမ်းချောင်းမြို့နယ်လူငယ်များက အန်အယ်ဒီ ၂၃ နှစ်ပြည့် အထိမ်းအမှတ် တေးသီချင်း များဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့သည်။

Ref: မဇ္ဈိမ

Read More...

"နိုင်ငံရေး အကျဉ်းသား ရှိတယ်ဆိုတာ ဝန်ခံစမ်းပါ"

သဲသဲ
အင်္ဂါနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၁

နယူးဒေလီ(မဇ္ဈိမ)။ ။ အာဆီယံ ပါလီမန် အမတ်များ ညီလာခံ (APIA)တွင် မြန်မာနိုင်ငံကို အထူးလေ့လာ သည့် နိုင်ငံ အဖြစ်မှ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံအဖြစ် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပသည့် ၃၂ ကြိမ် မြောက် ညီလာခံက သဘောတူ လက်ခံခဲ့သည်။

တပတ်ကြာ ကျင်းပခဲ့ပြီး စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြီးဆုံးသွားခဲ့သည့် AIPA ညီလာခံတွင် မြန်မာ အမတ် ၁၄ ဦး တက်ရောက်ခဲ့ရာ ကြံ့ခိုင်ရေး ပါတီအမတ် ထက်ဝက်ကျော် ပါဝင်ခဲ့သည်။

ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အသင်းအဖွဲ့များ ဖွဲ့စည်းရေး၊ အမျိုးသမီး ရေးရာ၊ ဒေသတွင်း မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားမှု၊ ရွှေ့ပြောင်း အလုပ်သမားများ အရေးတို့ကို မြန်မာက ပါဝင် ဆွေးနွေးခဲ့သည်။

AIPA ညီလာခံနှင့် ပတ်သတ်၍ အသေးစိတ် သိရှိရန် ကိုယ်တိုင် တက်ရောက်ခဲ့သူ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီ RNDP မှ စစ်တွေ အထက် လွှတ်တော်အမတ် ဒေါက်တာ အေးမောင်ကို မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့ရာ ၂ဝ၁၄တွင် အာဆီယံ ဥက္ကဋ္ဌရာထူး မျှော်မှန်းထားပါက မြန်မာ အစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသား ရှိသည်ကို ဝန်ခံသင့်သည်ဟု ဆိုခဲ့သည်။

ဦးအေးမောင်၏ မြန်မာအပေါ် အာဆီယံသဘောထား၊ အာဆီယံ၏ ဥက္ကဋ္ဌ ရာထူးနှင့် မြန်မာ သင့်တော် မတော်၊ ထိုရာထူး အတွက် လုပ်ဆောင်သင့်သည်များကို မဇ္ဈိမသတင်းထောက် သဲသဲ မေးမြန်း ထားခြင်း ဖြစ်သည်။

AIPA မှာ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာလေး အကျဉ်းချုံး ပြောပြ ပေးပါဦး။

“AIPA မှာက ဆွေးနွေးတာ လေးခုရှိတယ်.၊ ကျနော်က အဖွဲ့အစည်းနဲ့ ပတ်သတ်တဲ့ ကော်မတီမှာ တက်ခဲ့တယ်။ မြန်မာပြည် အကြောင်းကို မမေးဘူး ဒါပေမယ့် တခုရှိတယ်။ ဖွင့်ပွဲမှာပဲ စတိတ်မန့်တွေ AIPA ကဖတ်သလို လေ့လာသူ နိုင်ငံတွေက ဖတ်ပါတယ်။ ကျနော်တို့ကို ကြိုဆိုတဲ့ နိုင်ငံက များပါတယ်။ ကနေဒါက ပြောတာက နည်းနည်း ပြင်းပြင်းထန်ထန် သုံးတာပေါ့။ သူက နိုင်ငံရေး အကျဉ်းသားတွေကို သုံးတယ်။ Senction (စီးပွားရေး ပိတ်ဆို့မှု) လည်း ပါတယ်ပေါ့၊ ဆောင်ရန်လေးတွေ နှစ်ဘက်ကို မျှပြောတာတော့ ကနေဒါ နိုင်ငံပေါ့။ လူ့အခွင့်အရေး ကိစ္စတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ ကိစ္စတွေကို သူတို့ဘက်က အမြင်ကို စတိတ်မန့် ထဲမှာ တင်ပြသွား တာပေါ့။ သူ့အမြင်ကို တင်ပြတာကို ဒါကောင်းတယ် မကောင်းဘူး ပြောရခက်ပါတယ်။ ကျနော့်အနေနဲ့တော့ လက်ခံ ပါတယ်။ ဘာလို့ဆိုတော့ နိုင်ငံရေး အကျဉ်းသား ဆိုတာကလည်း ကာလံဒေသံ အခြေအနေအရ ပြန်သုံးသပ်ရမှာ
ကိုး။”

တခြားနိုင်ငံတွေကကော ဘာတွေများ ပြောသွားသေးလဲရှင့်။

“ပါလီမန်တွေရဲ့ ကဏ္ဍနဲ့ပတ်သတ်ပြီး ပြည်သူရဲ့ အသံ ပြည့်ပြည့်ဝဝ ရရှိဖို့တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့၊ နှိပ်ကွပ်တာတွေ ဘာတွေလဲ ပါတာပေါ့။ သူတို့ဘက်က အမြင်တွေကို ကျနော် မှတ်မိသလောက်ပါ။”

တခြားနိုင်ငံက ပါလီမန်အမတ်တွေဆီက ဘာတွေလေ့လာခဲ့လဲ။

“AIPA မှာလုပ်တဲ့အခါ ထဲထဲဝင်ဝင် တဦးချင်းသီးသန့် အမြင်တွေကိုတော့ ဆွေးနွေးခွင့် မရကြဘူး။”

၂ဝ၁၄ မှာ မြန်မာကို အာဆီယံ ရာထူးလွှဲပေးဖို့ ကိစ္စတွေကိုရော ပြောဆို ဆွေးနွေးခဲ့သေးလားရှင့်။

“ကျနော်တော့ သီးသန့်လို့ထင်တယ်။ ဘာမှမတော့မမေးကြဘူးဗျ။ ဘာမှ ဆွေးနွေး မခံခဲ့ရဘူး။”

AIPA မှာ တင်းပြည့် အဖွဲ့ဝင် ဖြစ်သွားပြီလို့ သိရပါတယ်။ ဒီတော့ လာမယ့် ၂ဝ၁၄ အာဆီယံ မှာ ဥက္ကဋ္ဌ ဖြစ်ရေး အပေါ် အကျိုးသက်ရောက်မှု တစုံတရာရှိမယ်လို့ ယူဆသလား။

“ကျနော်တော့မထင်ဘူး။ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောကြမယ်လေ။ အစက အာဆီယံမှာ မြန်မာက သူ့နိုင်ငံ အခြေ အနေကြောင့် မယူရဲဘူး။ အခုယူရဲပြီလေ ယူရဲတဲ့ အခါ ပေးရဲရမှာပေါ့။ အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ အခါ ဥပမာ- အာဆီယံ နိုင်ငံရဲ့ လူ့အခွင့်အရေးတို့၊ ဘာတို့ စံကလေးတွေကို နိုင်ငံတကာ သတင်းထောက်တွေ လာတော့မယ်လေ။ ကျနော်တို့ လွှတ်တော်ကိုလည်း ကြည့်ကြ တော့မယ်လေ။ အစိုးရချင်းကိုလည်း လာကြည့်ကြ အသုံးသပ် ခံကြတော့မယ်။ အပြင်က ကြားတဲ့ အသံထက် တကယ်တမ်း ဟုတ်ရဲ့လား ဆိုတာ လာရင်တွေ့ကြမယ်။ ကျနော် ထင်ပါတယ်။ နိုင်ငံအတွက် အမြတ်ပဲ ရှိတယ်။ မလုပ်တတ်ရင် ဒီအစိုးရ ရှုံးမှာပဲလေ။”

AIPA ကလည်း အာဆီယံ အဆက်အစပ် အဖွဲ့အစည်းတခုဆိုတော့ အဲဒီမှာ တင်းပြည့် အဖွဲ့ဝင် ဖြစ်ပြီး နောက်မှာ ဒါက အာဆီယံ ဥက္ကဋ္ဌ ရာထူး ရယူဖို့အတွက် အားမပြုနိုင်ဘူးလား။

“ဘယ်လိုမှတော့ အားမဖြစ်နိုင်ဘူး။ အာဆီယံဆိုတာ ဒီမိုကရေစီကျတဲ့ နိုင်ငံတွေချည်းပဲလေ သူ့နိုင်ငံနဲ့ သူလာ ကြတာကိုး။ ဒါက အာဆီယံရဲ့ member တခုဆိုတာ သေချာထားပြီ။ ဒီအတိုင်းဆို အာဆီယံ ကလည်း ပေးမှာပဲ။ ဒီရာထူး ဆိုတာက ကိုယ်နဲ့ ထိုက်တန်မှ ယူသင့်တာပေါ့ ။ ကိုယ့်မှာ ဘယ်လောက်ထိ ဖွင့်ပေးနိုင်တဲ့ အင်အား ရှိသလဲ။ အဲဒါတွေက စကားပြောမှာပါ။”

မြန်မာကို ဥက္ကဋ္ဌ ရာထူးကော ပေးသင့်တယ်လို့ ထင်လား၊ ကနေဒါကလည်း နိုင်ငံရေး အကျဉ်းသား ကိစ္စ ထပ်ပြော သွားတယ် ဆိုတော့လေ။

“ကျနော့်သဘောကတော့ ပေးသင့်တယ်။ ပြီးရင် လာကြည့်သင့်တယ်။ တခြားနိုင်ငံတွေကလည်း သူများသွားချင်တဲ့ လမ်းကြောင်းကို ဒီအစိုးရက ဘယ်လောက် လျှောက်သလဲ ဆိုတာကို ဘေးကနေ ကြည့်နေသင့်တယ်။ မြန်မြန်လေး သွားစေချင်တဲ့ လမ်းကြောင်းကို ရောက်သွားအောင် ပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားနဲ့ ပတ်သတ်ပြီး ပြောချင်တာက နိုင်ငံရေး အကျဉ်းသား ရှိတယ်လို့ လက်ခံတယ်။ ကျနော်တို့ ပါတီရဲ့ သဘောထားကို ပြောတာပါ။ နိုင်ငံရေး အကျဉ်းသား ရှိတယ် ဝန်ခံပါ။ ကိုယ့်ဘက်က တိုင်းပြည် ဖွံ့ဖြိုးဖို့ အတွက်။”

နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ အစိုးရလည်း ငြင်းပါတယ်၊ ဆိုတော့ ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။


“နိုင်ငံရေး အကျဉ်းသား ရှိတာ ဝန်ခံရမယ်။ တိုင်းပြည်ဟာ နောက်ကြောင်း ပြန်မသွားသင့်တော့ဘူး။ ဘာပြုပြင်ဖို့ လိုသလဲ၊ အစိုးရအဖွဲ့ဟာ ဘာလုပ်ဖို့ လိုသလဲ၊ ပါလီမန်ဟာ ဘာလုပ်ဖို့ လိုသလဲ ကျနော်တို့သိရမယ်။ sanctions ရုတ်ပါ လို့ အော်နေရုံနဲ့ မပြီးဘူး။ အစိုးရဟာ သူပြုပြင်သင့်တဲ့ဟာ ပြုပြင်ရမယ်။ ကိုယ့်ဘက်က ဘာပြုပြင်ဘို့ လိုမလဲ ဆိုတာကို သိရမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဘို့လိုမယ် ဝန်ခံဘို့ လိုမယ် ဒါကျနော်တို့ အမြင်ပဲ။ လူသား အခွင့်အရေးတွေ ဆုံးရှုံးတာရှိရင် လူ့အခွင့်အရေး ရအောင် လုပ်ပေးရမယ် ပါလီမန်ကရော အစိုးရကရောပေါ့”

အာဆီယံ ဥက္ကဋ္ဌရာထူးကိုယူဖို့ မြန်မာနိုင်ငံကနေ ထိုက်တန်တဲ့ လုပ်ဆောင်သင့်တဲ့ အချက်တခုက ဘာဖြစ်မလဲ။

“၂ဝ၁၄ အတွက် အာဆီယံ ဥက္ကဋ္ဌ ဖြစ်ဖို့ရည်မှန်းရင် အာဆီယံက အကြိုက် ကမ္ဘာက အကြိုက် လုပ်ပေးရမယ့် တာဝန်ဟာ ရာထူးကို ယူမယ့် ပုဂ္ဂိုလ်မှာ တာဝန် ရှိသွားပြီ။ နိုင်ငံရေး အကျဉ်းသား ရှိတယ်ဆိုတာ ဝန်ခံစမ်းပါ။ အဲဒါကျနော်တို့ရဲ့ ဆန္ဒပါ။”

အခု အန်ကယ်တို့ သွားလေ့လာခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံအခြေအနေကို နည်းနည်း ယှဉ်ပြ ပေးပါလား။

“ကမ္ဘောဒီးယားဆိုရင် ရှေ့ကိုရောက်သွားပြီ။ ကျနော်တို့မှာ resources (အရင်းအမြစ်) တွေ အများကြီး ရှိတာ၊ လူဦးရေ ငါးဆလောက် သူတို့ထက် များတယ်။ သူတို့က civil war (ပြည်တွင်းစစ်) အကြီးကြီး ဖြစ်တာ လူ နှစ်သန်းကျော် သေခဲ့တဲ့ နိုင်ငံတောင်မှ အမျိုးသား ရင်ကြားစေ့ရေးကို လုပ်နိုင်ရင် ကျုပ်တို့ ဘာကြောင့် မလုပ်နိုင် ရမှာလဲ။ တိုင်းရင်းသားတွေ ဒီလောက်ရှိတာ နှစ်ပေါင်း ၆ဝ ကျော်ပြီး တိုင်းပြည်ဟာ ဒီအတိုင်းပဲ ဖြစ်နေတာ။”

Ref: မဇ္ဈိမ

Read More...

ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ကုလမှာ တောင်းဆို

ဦးသားညွန့်ဦး
အင်္ဂါ, 27 စက်တင်ဘာ 2011

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ မြန်ဆန် တိုးတက်လာဖို့ အတွက် အနောက်နိုင်ငံ တွေရဲ့ မြန်မာနိုင်ငံ အပေါ် စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးဖို့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးက မနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တောင်းဆို လိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံတွင်း ပြုပြင် ပြောင်းလဲရေးတွေ လုပ်တဲ့နေရာမှာ အပြောက များနေပြီး လက်တွေ့ ညီမညီကိုတော့ စောင့်ကြည့်ဖို့ လိုတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့က မြန်မာ အစိုးရကို ဝေဖန် သွားပါတယ်။ အပြည့် အစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်သား အစိုးရတရပ် အနေနဲ့ ဒါဟာ နှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောခဲ့တာမို့ အပြောင်းအလဲ ကိစ္စတွေကို အတော်လေး အလေးပေးပြောတာ တွေ့ရပါတယ်။

မြန်မာအစိုးရ အနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကို အာမခံဖို့ လိုအပ်သလို ဥပဒေ ထုတ်ပြန် တာတွေ၊ ဥပဒေ ပြင်ဆင်ချက်တွေ လုပ်သွားမှာ ဖြစ်သလို တရားရေး စနစ် ခိုင်မာ အားကောင်း လာအောင်နဲ့ နိုင်ငံသားတိုင်း ညီတူညီမျှ အခွင့် အရေးတွေ ရရှိစေဖို့ အာမခံပါတယ်လို့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က မနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောဆို သွားပါတယ်။ ဒါပေမဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ မြန်ဆန် လာစေဖို့အတွက် အရေးယူ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ လိုမယ်လို့ ပြောပါတယ်။

“ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည် ကောင်းမွန်လာစေဖို့ အစိုးရက ကြိုးပမ်းတဲ့ နေရာမှာ နိုင်ငံတကာရဲ့ စီးပွားရေး အရေးယူ ပိတ်ဆို့မှုတွေ အနှောင့်အတား ဖြစ်နေတာက ၀မ်းနည်းစရာပါ။ ဒါကြောင့် မြန်မာနိုင်ငံ အပေါ်မှာ တဖက်သတ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်နေတဲ့ နိုင်ငံတွေကို တိုက်တွန်း ချင်ပါတယ်။ ဒီအကန့်အသတ်တွေကို ဖယ်ရှားပေးပါ။ ဒါဟာ ကျနော်တို့နိုင်ငံရဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေ ပြည့်မီအောင် လုပ်နိုင်ဖို့လည်း အထောက်အကူ ဖြစ်စေပါတယ်။” ဆိုပြီး မြန်မာ နိုင်ငံခြားရေး ၀န်ကြီးက ပြောသွား ခဲ့တာပါ။

အစိုးရသစ်အနေနဲ့ မြန်မာလူထုရဲ့ လူမှုစီးပွား ဘ၀အခြေအနေ တိုးတက် ကောင်းမွန်လာဖို့ စီးပွားရေး၊ လူမှုရေးနဲ့ မူဝါဒ ဆိုင်ရာ ပြောင်းလဲမှု အတော်များများကို ဆက်တိုက် လုပ်ဆောင်နေပြီး ဒီအထဲ ဆင်းရဲမွဲတေမှု လျှော့ချရေး ကြိုးပမ်းချက်လည်း ပါဝင်တယ်လို့ ပြောပါတယ်။

နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ ပြောခွင့်ရသူ အီလိန်း ပီယာစန် (Elaine Pearson) ကတော့ အပြောနဲ့ လက်တွေ့ ညီမညီကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ပြည်သူတွေ အနေနဲ့ စိတ်ချလက်ချ ယုံယုံကြည်ကြည်နဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု တွေကို တင်ပြ တိုင်ကြားနိုင်ဖို့ ဆိုရင်တော့ မြန်မာ အစိုးရ အနေနဲ့ လူ့အခွင့်အရေး ကော်မရှင်တရပ် ဖွဲ့စည်းတာထက် ပိုပြီး လုပ်ဆောင် စရာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ အစိုးရကို ဝေဖန် ပြောကြားလို့ ဖမ်းဆီး အကျဉ်းချ ခံရသူတွေ ရှိနေဆဲပါ။ ပြုပြင်ပြောင်းလဲမယ် ဆိုတဲ့ ကတိက၀တ် စကားတွေထက်၊ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု ရှိတယ် ဆိုတာကို ပြဖို့ လက်တွေ့ ဆောင်ရွက်ရမယ့် ကိစ္စတွေ ဆောင်ရွက်သွားဖို့ လိုပါတယ်။”

လက်တွေ့အားဖြင့် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာလာဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုသလို လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ ကိစ္စ လုံခြုံရေး တာဝန် ရှိသူတွေကို ဖော်ထုတ် အရေး ယူပေးဖို့ လိုမယ်လို့ HRW က ထောက်ပြပါတယ်။

နိုင်ငံခြားရေး ၀န်ကြီးကတော့ နိုင်ငံတော် သမ္မတကြီး အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှာ သူလုပ်ပိုင်ခွင့် ရှိတဲ့ အတိုင်း လာမယ့် သင့်လျော်တဲ့ တချိန်ချိန်မှာ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့် ထပ်မံ ထုတ်ပြန်ဖို့ ရှိတယ်လို့ အထွေထွေ ညီလာခံကို ပြောသွားပါတယ်။ ဒါပေမဲ့ ဘယ်တော့ဖြစ်မယ် ဆိုတာ မပါသလို နိုင်ငံရေး အကျဉ်းသားဆိုတဲ့ ကိစ္စကိုလည်း တိတိကျကျ ရည်ညွှန်း ပြောဆိုမှု မရှိပါဘူး။ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် တွေကို ဆွေးနွေးဖို့ အစိုးရ အနေနဲ့ ဖိတ်ခေါ် ခဲ့တယ်လို့လည်း နိုင်ငံခြားရေး ၀န်ကြီးက ပြောသွားပါတယ်။

HRW ပြောခွင့်ရသူ အီလိန်း ပီယာစန်ကတော့ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ နေရာမှာ ပြုပြင် ပြောင်းလဲမှုတွေ တကယ် ဖြစ်စေမယ့် အခြေခံ အားဖြင့် လွတ်လပ်တဲ့ အခင်းအကျင်း အခြေအနေရှိဖို့ ပိုအရေးကြီးတယ်လို့ ထောက်ပြပါတယ်။

“မြန်မာ နိုင်ငံခြားရေးဝန်ကြီးဟာ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အရေး ကိစ္စတွေကိုလည်း ပြောသွား ပါသေးတယ်။ ဆင်းရဲ မွဲတေမှု လျှော့ချရေး ကော်မရှင် ဖွဲ့တယ် ဆိုတာတွေ ဘာတွေက သိပ်လွယ်ကူတဲ့ ကိစ္စတွေပါ။ ဒါပေမဲ့ မြန်မာလူထုရဲ့ စီးပွားရေးနဲ့ လူမှုရေး ဆိုင်ရာ ပြဿနာတွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်းပေးမလဲ ဆိုတာ ကြည့်ရမှာပါ။ အခုဟာက ပြောတာတွေက များနေပါတယ်။ လက်တွေ့ လုပ်တဲ့အခါမှာ ဒီအပြောနဲ့ ကိုက်ညီသလားဆိုတာ စောင့်ကြည့်ရမှာပါ။”

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ အခုလက်ရှိ ဆောင်ရွက်မှုတွေမှာ ထင်သာမြင်သာ ရလဒ်တွေ ရှိထား ပါတယ်လို့ အထွေထွ ညီလာခံမှာ အခိုင်အမာ ပြောသွားပါတယ်။ ဒီလုပ်ငန်းစဉ်တွေဟာ နောက်ပြန် လှည့်လို့ မရတဲ့ ခြေလှမ်းတွေ ဖြစ်ပါ တယ်လို့လည်း အာမခံပါတယ်။

“မြန်မာအစိုးရ အခု ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေဟာ ထင်သာမြင်သာ ရလဒ် ရှိပါတယ်။ နောက်ကြောင်း ပြန်လှည့်လို့ မရပါဘူး။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ အရှိန်အဟုန် ကောင်းကောင်း တက်တက်ကြွကြွ ဆောင်ရွက် နေပါတယ်။ စိန်ခေါ် အကဲစမ်းချက်တွေ ရှိပေမဲ့လို့ ဒီမိုကရေစီ ဖြစ်ထွန်းရေးကို ဆက်ပြီး လုပ်သွားဖို့ ခိုင်ခိုင်မာမာ ပိုင်းဖြတ် ထားပါတယ်။”

အခု အမေရိကန် စံတော်ချိန် ညနေပိုင်းမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အစည်း အဝေးကို ဆက်ပြီး ကျင်းပ နေပါတယ်။ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး အပါအ၀င် မြန်မာ့အိမ်နီးချင်း နိုင်ငံက နိုင်ငံခြားရေး ၀န်ကြီးတွေလည်း တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါအပြီးမှာတော့ ဒီအဖွဲ့အနေနဲ့ ထုတ်ပြန်ချက်တရပ် ထွက်လာဖို့ ရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုံးက ပြောထားပါတယ်။

Ref: VOA News

Read More...

လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်မှ ဒီမိုကရေစီနည်းကျ

ဒေါ်ခင်မျိုးသက်
အင်္ဂါ, 27 စက်တင်ဘာ 2011

၆၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာ နိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်နေပြီ၊ မြန်မာ အစိုးရသစ် အနေနဲ့ မေလထဲမှာ အကျဉ်းသား ၂၀,၀၀၀ ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပြီ ဖြစ်သလို မကြာခင် သင့်လျော်တဲ့ အချိန်အတွင်း မှာလည်း နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေး ဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့နေရာမှာ ရိုးရိုး အကျဉ်းသားတွေထက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမှုက ဒီမိုကရေစီရေး ပြောင်းလဲမှု အတွက် အရေးအကြီးဆုံး ဖြစ်တယ်လို့ ပြောဆို လိုက်ပါတယ်။ အပြည့်အစုံကို စုံစမ်း မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ မြန်မာနိုင်ငံက အပြောင်းအလဲတွေ လုပ်ဆောင်နေတဲ့ ခြေလှမ်း အဖြစ်နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မေလ အကျဉ်းသား ၂၀,၀၀၀ ကျော် လွတ်ငြိမ်း ချမ်းသာခွင့် ပေးတာကို မြန်မာ အာဏာပိုင်တွေက ထောက်ပြ ပြောဆိုလေ့ ရှိပါတယ်။ အင်္ဂါနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာလည်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီးက ဒါကို မြန်မာ အစိုးရသစ် အဖွဲ့ရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲတဲ့ ခြေလှမ်း အဖြစ်နဲ့ ရည်ညွှန်း ပြောဆိုခဲ့ပေမဲ့ မစ္စတာ ကင်တားနားကတော့ ဒါဟာ တကယ့် အပြောင်းအလဲ ခြေလှမ်းအဖြစ် မခေါ်နိုင်ဘူးလို့ ဆိုပါတယ်။

“ရိုးရိုးအကျဉ်းသားတွေအတွက် သက်သက် ရည်ရွယ် ထုတ်ပြန်တဲ့ ဒီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးတာမျိုးဟာ တကယ့် ပြောင်းလဲ တာလို့ မခေါ်နိုင်ပါဘူး။ ဒီမိုကရေစီရေး ပြောင်းလဲမှု လုပ်ငန်းစဉ် အတွက် အရေး အကြီးဆုံးက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာမျိုးပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ထောင်နဲ့ချီ ရှိနေပေမဲ့ ဒီ လွတ်ငြိမ်း ချမ်းသာခွင့်ကြောင့် လွတ်လာတဲ့ သူက ၄၀ လောက်ပဲ ရှိပါတယ်။ နိုင်ငံတကာ ကလည်း ဒါကိုပဲ လွှတ်ပေးဖို့ တောင်းဆို နေတာမို့ မြန်မာအစိုးရ အနေနဲ့ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုပါတယ်။”

ဒီလိုလွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်တိုင် တောင်းဆိုဖို့ လိုတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မေလ လွတ်ငြိမ်း ချမ်းသာခွင့်ဟာလည်း အရေးပါတယ်လို့ သူယုံကြည်ကြောင်းလည်း ပြောပါတယ်။ ကိုယ်တိုင် မြန်မာနိုင်ငံ အကျဉ်းထောင်တချို့ကို သွားရောက်ခဲ့တာမို့ ဒီအကျဉ်းထောင်တွေရဲ့ အနေ အထားတွေ အရ ဘယ်သူ့ကိုမှ ချုပ်နှောင် မထားသင့်တဲ့ အကျဉ်းထောင်တွေမို့ ဘယ်လွတ်ငြိမ်း ချမ်းသာခွင့်မျိုးကို မဆို အရေးကြီးတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရသစ်အဖွဲ့ အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေသလို မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ပုံမှန် သုံးသပ်တဲ့ ဇွန်လ UPR လုပ်ငန်းစဉ်ပါ အကြံပေးချက် တွေထဲက ထက်ဝက် ကျော်ကို သဘောတူ လက်ခံကြောင်းလည်း ဦးဝဏ္ဏမောင်လွင်က ပြောကြား ခဲ့ပါတယ်။ ဒီပြောကြားချက်နဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်စရာ ရှိနေတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“မြန်မာအစိုးရ အနေနဲ့ UPR လုပ်ငန်းစဉ်ကို ပူးပေါင်း ဆောင်ရွက်နေတယ် ဆိုတာနဲ့ အကြံပေးချက် ထက်ဝက်ကျော် ကို လက်ခံတယ် ဆိုတာတွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ တကယ် မေးခွန်း ထုတ်စရာ ရှိနေတာက ဘယ်လို အကောင်ထည်ဖော် ဆောင်ရွက်မယ် ဆိုတာပါ။ အကြံပေးချက် တွေကို လက်ခံတယ် ဆိုတာက ဘယ်လိုပုံစံနဲ့ လက်ခံမှာလဲ၊ လူ့အခွင့်အရေး ကောင်စီက ပြောတဲ့ ပုံစံအတိုင်း လုပ်မှာလား၊ တခြား ကိုယ့်စိတ်ကြိုက်ပုံစံ တမျိုးမျိုးနဲ့ ဆက်ပြီး အကောင်အထည် ဖော်မှာလား ဆိုတာက မေးစရာ ဖြစ်လာပါတယ်။”

ဒါ့ကြောင့် UPR လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ သတ်မှတ်ချက် ပုံစံအတိုင်း လုပ်ဆောင် ဖို့လည်း လိုလားတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေ ကာကွယ် စောင့်ရှောက်ဖို့ တိုးတက်မှုတွေ ရှိလာစေဖို့ ချမှတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စက်တင်ဘာလ ၅ ရက်နေ့မှာ လူ့အခွင့်အရေး ကော်မရှင် တရပ်ကို ဖွဲ့စည်း ပေးခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပေမဲ့ ဒီကော်မရှင်ကို သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း တရပ်အဖြစ် မစ္စတာ ကင်တားနားက မမြင်ပါဘူး။

“အစိုးရဟာ မြန်မာနိုင်ငံက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ပုံစံသစ် တမျိုးနဲ့ ဖြေရှင်းဖို့ ကြိုးစား လာပုံ ရပါတယ်။ ဒါပေမဲ့လည်း သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှာ တကယ့် သီးခြား လွတ်လပ်တဲ့ ပုံစံမျိုး မတွေ့ရပါဘူး။ လူ့အခွင့်အရေး ကော်မရှင် တရပ်ကို ဖွဲ့စည်းတော့မယ် ဆိုရင် လွှတ်တော်ကနေ ရွေးချယ် ဖွဲ့စည်းရမှာ ဖြစ်ပေမဲ့ အခု ဒါမျိုး မတွေ့ရပါဘူး။ ဒါ့အပြင် ကော်မရှင် အဖွဲ့ဝင်တွေ ရွေးချယ်ခန့်ထားတဲ့ ပုံစံကလည်း လက်ခံနိုင်စရာ မရှိပါဘူး။

“ဒါ့ကြောင့် ဒီ လူ့အခွင့်အရေး ကော်မရှင်ကို ကျနော်တို့ အနီးကပ် စောင့်ကြည့်ဖို့ လိုပါတယ်။ ကျနော့်အနေနဲ့ ပြောရရင် အခု ဖွဲ့ထားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကနေ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ပြောင်းလဲလာအောင် လုပ်နိုင် လိမ့်မယ်လို့ မယုံကြည်ပါဘူး။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိစေဖို့ အစိုးရသစ် အဖွဲ့က ကြိုးပမ်းမယ်လို့ ပြောဆိုနေမှုတွေ အတွက်တော့ မစ္စတာ ကင်တားနားက ကြိုဆို လိုက်ပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည် ဖော်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ သြဂုတ်လ ထဲမှာ မြန်မာနိုင်ငံကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားဟာ အောက်တိုဘာလ ၁၉ ရက်နေ့မှာ သူ့ရဲ့ တွေ့ရှိချက်တွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်သွင်းမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အပေါ်သို့