..............................

Saturday, January 24, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေး အဖွဲ့များ ကံကြမ္မာ-၂

ဗိုလ်ထက်မင်း / ၂၃ ဇန်န၀ါရီ ၂၀၀၉

နအဖရဲ့  One Army group အရ အပစ်ရပ်အဖွဲ့ကို မြန်မာ တပ်မတော်မှာ လက်ခံမယ် ဆိုရင်လည်း သူတို့အား အဆင့်တူပေးဖို့ အခက်အခဲတွေ ရှိနေပါသေးတယ်။

သူတို့ရဲ့  ဗိုလ်ကြီးတဦးကို မြန်မာ့တပ်မတော်မှာ တပ်ခွဲမှူး ရာထူး ဗိုလ်ကြီးအဆင့် ပေးမယ်ဆိုရင် စစ်နည်းဗျူဟာ သင်ခန်းစာများ စနစ်တကျ မသင်ခဲ့ရလို့ မကျွမ်းကျင်မှု အပြင် ပညာရေး အဆင့်အတန်း၊ ဘာသာစကား ကလည်း စကားပြောပြီး မြန်မာစစ်သားများရဲ့ ကြည်ညို လေးစားမှုကို ရရန် တော်တော် ခက်ခက်ခဲခဲ တည်ဆောက်ရဖို့ ရှိပါတယ်။

အချို့အပစ်ရပ်အဖွဲ့တွေဆိုရင် ပါတီတရပ်အသွင်ကူးပြောင်းပြီး သူတို့ရဲ့ လူမျိုးစု ဆိုင်ရာ ပါတီ မရှိခဲ့တာကြောင့် ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေကြပါတယ်။ လွှတ်တော်မှာ တရားဝင် ပြောရေးဆိုခွင့် အခွင့် အရေး လက်လွှတ် သွားကြမှာ စိုးရိမ်ဟန် ရှိပါတယ်။

ဒါပေမယ့် ကချင်ပြည်နယ်မှာပင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) က လုပ်မယ့် ပါတီတရပ်ကို စခုန်တိန်ယိန်း ဦးစီးတဲ့ ဒီမိုကရေစီသစ် တပ်မတော်- ကချင် NDA (K) နဲ့ KIA ခွဲထွက် ဗိုလ်မှူးကြီး လဆန်အောင်ဝါတို့ အဖွဲ့တွေ ပူးပေါင်းပါဝင်မှု ရှိ မရှိ မသေချာသေးကြောင်း သိရပါတယ်။

နအဖက လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေကို လက်နက် ဖြုတ်သိမ်းဖို့ ကြိုးစားတဲ့နေရာမှာ အပစ်ရပ် အဖွဲ့တွေက ပါတီတရပ်အဖြစ် ၀င်မယ်ဆိုရင် အခြေခံဥပဒေအရ လက်နက်ကိုင် မိခင်တပ်က အပြီးအပိုင် ထွက်ရမှာ ဖြစ်လို့ သူ့အလိုလို လက်နက် ဖြုတ်ခိုင်းပြီးသား ဖြစ်သွားမှာကိုလည်း အပစ်ရပ် အဖွဲ့တွေက စိုးရိမ် နေကြပါတယ်။ ဒါကြောင့် အချို့အပစ်ရပ် အဖွဲ့တွေက လက်နက် ဖြုတ်ခိုင်းတာ မခံချင်တာကြောင့် ရွေးကောက်ပွဲ မ၀င်ဘူးလို့ ပြောနေသံလည်း ကြားနေရပါတယ်။

တချို့ အားနည်းတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေကို ရှမ်းပြည်နယ်မှာ နအဖက အင်အားသုံး ခြိမ်းခြောက် လက်နက်ဖြုတ်ဖို့ သွေးထိုး စမ်းကြည့်တဲ့ အခါမှာ အင်အားကြီး အပစ်ရပ် အဖွဲ့တွေရဲ့  ဝေဖန်သံ ပွက်လော ရိုက်သွားလို့ နအဖလည်း အရှိန် တန့်သွားပါသေးတယ်။

နအဖနဲ့ ငြိမ်းချမ်းရေး ရယူထားခဲ့တဲ့ ထဲဘူးဖဲ ဦးစီး ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ (KNPP) နဲ့ စိုင်းရီ ဦးစီး ရှမ်းပြည် အမျိုးသား တပ်မတော် (SSNA) (တပ်မဟာ ၁၁၊ ၁၉) အဖွဲ့၊ ခွန်သူရိန် ဦးစီး (ပင်မအဖွဲ့တချို့  မပါ) ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ) အဖွဲ့တို့ဟာလည်း နအဖနဲ့ ပဋိပက္ခဖြစ်ပြီး တောထဲ ပြန်ဝင်သွားကြပါတယ်။

ဒါကြောင့် အဖွဲ့ဝင်အားလုံးပါတဲ့ KNPP နဲ့ SSNA နှစ်ဖွဲ့ နုတ်လိုက်ပါက လက်ကျန်အဖွဲ့ စုစုပေါင်း (၃၄) ဖွဲ့ရှိရာ အပစ်ရပ် လက်နက်ကိုင် အဖွဲ့နှင့် လက်နက်ကိုင် စွန့်လွှတ် ထားသော အဖွဲ့များ အပါအ၀င် အုပ်စု အမျိုးအစား အနေနဲ့ အင်အားကြီးအဖွဲ့ (၁၅) ဖွဲ့နဲ့ အင်အားငယ်သော အဖွဲ့ငယ် (၁၉) ဖွဲ့ပါဝင်ပါတယ်။ အဲဒီ အဖွဲ့တွေရဲ့  ခေါင်းဆောင်များ၊ အဖွဲ့ အမည်တွေနဲ့ ငြိမ်းချမ်းရေး စတင် ၀င်ရောက်ခဲ့စဉ်က အင်အား (လက်နက်စာရင်း အမှန် မရှိနိုင်၍ မဖော်ပြတော့ပါ) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။



မှတ်ချက်။ ။ ဂျော်နီထူး ဦးစီး ကရင် God's Army (၁၀ ဦး)၊ ဒေးမူး KNPP၊ စောဘေးဘေ KNPP နဲ့ တိတ်စိုး/ သန်းစိုးအောင် ရခိုင် အမျိုးသား ညီညွတ်ရေးပါတီ (NUPA) တို့ဟာ အင်အားနည်းပြီး တဦးချင်း ၀င်၍ အဖွဲ့ အနေနဲ့ မဖော်ပြတော့ပါ။

အင်အား (၁) ထောင် အထက်ရှိလို့ အနက်လိုင်း တင်ထားတဲ့ အင်အားကြီးအဖွဲ့ (၁၅) ဖွဲ့ထဲမှ မော်ထိုင်းတပ်မတော် (MTA) အဖွဲ့အား လက်နက်အချို့ ပြန်လည်ထုတ်ပေးပြီး ဒေသ ပြည်သူ့စစ် အဖွဲ့ အနေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ (၉) ဖွဲ့ ဖြန့်ခွဲထားပါတယ်။

ဒါ့အပြင် နအဖက လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသော သီးခြား အဖွဲ့သစ် အဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပြည်သူ့စစ်အဖွဲ့ (၉) ဖွဲ့ ရှိပါသေးတယ်။ အဲဒီ ပြည်သူ့စစ်အဖွဲ့ အမည်များမှာ မုံးကိုး၊ ဖောင်းဆိုင်း၊ သိန္နီ၊ တာမိုးညဲ၊ ကွတ်ခိုင်၊ မုံးပေါ်၊ မူဆယ်၊ နမ့်ခမ်း၊ မိုင်းငေါ့ တို့ ဖြစ်ပါတယ်။

အဲဒီလို အဖွဲ့ပေါင်းများစွာကို ကိုင်တွယ်နိုင်ဖို့ နအဖက ငြိမ်းချမ်းရေး ရယူခဲ့စဉ်မှာ သဘောတူညီချက် (၁၄) ချက် ထားရှိပေမယ့် အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေက နအဖရဲ့ မရိုးသားမှုကို သိရှိလာတာရယ်၊ အချင်းချင်း မယုံသင်္ကာ သံသယစိတ် ရှိတာရယ်ကြောင့် စည်းကမ်းချက်တွေအား မထိန်းဘဲ ဖောက်ဖျက်မှုတွေ ရှိကြပါတယ်။

အဲဒီ (၁၄) ချက်အနက် ဖောက်ဖျက်ခဲ့တဲ့ အချက်အများစုကို ရှင်းပြရရင်

-အစိုးရ ဆန့်ကျင်တဲ့ အဖွဲ့အစည်းများနှင့် လုံးဝ မဆက်သွယ်ရန် ဆိုတာကို လျှို့ဝှက်စွာ ဆက်သွယ်နေကြခြင်း၊

-လက်ရှိ တပ်အင်အားအပြင် ထပ်မံတိုးချဲ့ ခြင်း၊ လူသစ် မစုရန် ဆိုတာကို မလိုက်နာဘဲ KIA နဲ့ ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့ အင်အားများ တိုးချဲ့ နေကြခြင်း၊

-သင်တန်းဖွင့်လှစ်၍ စစ်ရေးလေ့ကျင့်မှုများ မပြုလုပ်ရန် ဆိုတာကို နားမထောင်ဘဲ UWSA၊ KIA၊ မွန်ပြည်သစ် ပါတီ (NMSP) အပစ်ရပ် အဖွဲ့များ စစ်ရေးပြ သင်တန်းဆင်းပွဲများ အကြိမ်ကြိမ် ပြုလုပ်ကြခြင်း၊

-လူ လက်နက် ခဲယမ်း ဖွဲ့စည်းပုံစာရင်း အသေးစိတ်ပေးရန် ဆိုတာကို နှိပ်ကွပ်မှာ စိုးလို့ အင်အားကို လျော့ပြီး မမှန်မကန် ပေးထားခြင်း၊

-ဆက်ကြေးကောက်ခြင်း၊ ဘိန်းခွန်ကောက်ခြင်း၊ ဘိန်းလုပ်ငန်းကို လုပ်ကိုင်ခြင်း၊ လူထုကို အနိုင်ကျင့်ခြင်း စတာတွေ လုံးဝမပြုရ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

ဒါပေမယ့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အပါအ၀င် ရှမ်းပြည်နယ်ရှိ အပစ်ရပ် တိုင်းရင်းသားအဖွဲ့ အများစုက အလေးအနက် လိုက်နာခြင်း မပြုဘဲ လုပ်ကိုင် ဆောင်ရွက် နေကြခြင်း၊ သတ်မှတ် နယ်မြေတွင် သွားလာ၍ ရသော်လည်း အခြားနေရာများ သွားလာလိုပါက တပ်စခန်းများသို့ သတင်းပို့၍ လက်နက်မဲ့ သွားလာရန် ဆိုတာကို နားမထောင်ဘဲ မန္တလေး မြို့ တော်အထိ ပစ္စတိုကဲ့သို့ လက်နက်တိုများ ယူဆောင်သွားရာ စားသောက်ဆိုင်များတွင် ပြဿနာ တက်ရာမှ တိုင်းမှူးနှင့် ထိပ်တိုက် တွေ့ခြင်း၊ နိုင်ငံရေး ပါတီများနှင့် ကင်းရှင်းစွာ နေထိုင်ရန် ဆိုတာကို တရားမ၀င်ရော၊ တရားဝင်ပါ ဆက်သွယ်ကြခြင်း၊ အစိုးရရဲ့  အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး အပိုင်းများမှာ ၀င်ရောက် စွက်ဖက်ခြင်း မပြုရန် ဆိုတာကို အပစ်ရပ် အဖွဲ့များက မြို့များ ပေါ်တွင် သူတို့ရဲ့  တပ်ဖွဲ့ဝင်တွေ ပြဿနာ ဖြစ်ပွားတာနဲ့ ရဲနဲ့ တရားသူကြီးအား ခြိမ်းခြောက်ခြင်းနဲ့ စစ်ထောက်လှမ်းရေး အကာအကွယ်သုံးပြီး ဆွဲထုတ်ခြင်း စတဲ့ ဖောက်ဖျက် ကျူးလွန် နေကြတာတွေ အားလုံးကို နအဖက အတွင်းကြိတ်ပြီး ဖြေရှင်း နေရတာတွေ အများကြီး ရှိပါတယ်။

အရေးကြီးဆုံး အချက်ဖြစ်တဲ့ အချက် နံပါတ် (၂) အရ အပစ်ရပ် အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ် စွန့်လွှတ်ရန် ဆိုတဲ့ အချက်ကို စစ်အာဏာရှင်တွေ မလုပ်နိုင်သေးတာ တွေ့ရပါတယ်။

စရဖ မှ ဗိုလ်ရဲမြင့်ဟာ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းနေပြီး နည်းလမ်း ရှာဖွေ နေကြပါတယ်။ ဗိုလ်ရဲမြင့်ဟာ ရှမ်းအရှေ့  မိုင်းလားဒေသ အထူးဒေသ (၄) အပစ်အခတ် ရပ်စဲရေး အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းကို တွေ့ဆုံကာ လာမယ့် ရွေးကောက်ပွဲမှာ ခေါင်းဆောင်များ အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် တိုက်တွန်း ခဲ့ပါတယ်။

အချို့သော တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များ အနေနဲ့ စစ်အစိုးရ ချဉ်းကပ်လာတဲ့ “အပစ်အခတ် ရပ်စဲရေး ပုံစံအသစ်” အား လက်ခံလိုတဲ့ သဘောရှိဟန် တူပါတယ်။ သူတို့က လိုချင်တဲ့ နိုင်ငံရေး အခွင့်အရေး တချို့ကိုလည်း ရမယ်။ မိမိတို့ရဲ့ လက်နက်ကိုင် တပ်ကိုလည်း ဖျက်သိမ်းဖို့ မလိုတဲ့ အတွက် စစ်အစိုးရ ကမ်းလှမ်းလာတဲ့ ထိုအပစ်အခတ် ရပ်စဲရေး ပုံစံသစ်အား သဘောကျကောင်း ကျနိုင်ပါတယ်။

လက်ခံမယ်ဆိုရင် စစ်အစိုးရ အထိုက်အလျောက် ခွဲပေးတဲ့ နိုင်ငံရေးနှင့် စီးပွားရေး အခွင့်အရေး တချို့ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့  လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်အစိုးရက ပြုပြင်ပြောင်းလဲ ဖွဲ့စည်း မှာကိုတော့ လက်ခံရမှာ ဖြစ်ပါတယ်။

အဲဒါကတော့ အပစ်ရပ် အဖွဲ့တွေရဲ့ တပ်တွေကို ပြည်နယ်စောင့် အထူးရဲများအဖြစ် အသွင်ပြောင်း ထားရှိဖို့နဲ့ တိုင်းမှူးရဲ့  ကွပ်ကဲမှု အောက်ထဲသို့ ထည့်သွင်း စေရေး နည်းလမ်း ဖြစ်ပါတယ်။

စစ်တပ်ရဲ့  ကွပ်ကဲမှုအောက် အခြေခံယူနစ်ဖြစ်တဲ့ တပ်ရင်းတွေထဲ တိုက်ရိုက် ထည့်ပြန်ရင်လည်း အထက်မှာ တင်ပြခဲ့သလို အခက်အခဲများ ရှိလာနိုင်တာမို့ နည်းလမ်းအသစ် ရွေးချယ်နေဟန် တူပါတယ်။

ဒါပေမယ့် ပြည်နယ်စောင့် ရဲတပ်ဖွဲ့အနေနဲ့ သူတို့ကို ဖွဲ့စည်းခွင့် ပေးရင်တောင် ရဲတပ်ဖွဲ့ရဲ့  ဖွဲ့စည်းပုံ သတ်မှတ်ချက်အရ ဆက်ထားခွင့် မရနိုင်တဲ့ လေယာဉ်ပစ် ဒုံးပျံများ၊ စွမ်းအားမြှင့် ပေါက်ကွဲမှု ပြင်းထန်တဲ့ လက်နက်ကြီးများ၊ ဗုံးများ၊ မိုင်းဗုံးများ လုံခြုံရေးနဲ့ ဆက်သွယ်ရေး စက်များကို မြန်မာစစ်တပ်က ပြန်သိမ်းလို့ ရ၊ မရ ဆိုတဲ့ ပြဿနာများလည်း ရှိနေပါတယ်။

တဖန် အပစ်ရပ် အဖွဲ့ခေါင်းဆောင်တွေက တိုင်းမှူးရဲ့  အမိန့်အတိုင်း နာခံမှု အပိုင်းမှာ နာခံမှု မရှိနိုင်ဘဲ တိုင်းမှူးရဲ့ လုပ်ပိုင်ခွင့် အာဏာနဲ့ ဆုံးဖြတ်ပေးနိုင်မှု နိမ့်ပါးလာနိုင်တာမို့ အာခံနိုင်ကြောင်း “၀” တပ်ဖွဲ့တွေရဲ့ ဖြစ်စဉ်ကလည်း သက်သေပြနေပါတယ်။

ဒါ့အပြင် အချို့  တိုင်းလက်အောက်ခံ တိုင်းမှူးရဲ့  ကွပ်ကဲမှုအောက် တပ်အင်အားမှာ အပစ်ရပ်အဖွဲ့ရဲ့  အင်အားနဲ့ နှိုင်းယှဉ်ပါက အင်အား ချည့်နဲ့နေတာလည်း ထည့်သွင်း စဉ်းစားစရာ ဖြစ်နေပါတယ်။

အချုပ်ဆိုရရင် နအဖရဲ့  လက်နက်ကိုင် အပြီးစွန့်လွှတ်နိုင်ရေး “မူ” ကို အပစ်ရပ် အဖွဲ့တွေက တင်းမာစွာ တုံ့ပြန်ကြမယ့် သဘောရှိပါတယ်။

ဒါကြောင့် အပစ်ရပ်အဖွဲ့တွေဟာ စစ်အာဏာရှင်တွေ အတွက် စိန်ခေါ်မှု တရပ် ဖြစ်နေပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီး တက်လာမယ့် ရုပ်သေး အရပ်သားအစိုးရသစ် အတွက် လည်း ခေါင်းခဲစရာ ပြဿနာ တရပ်အဖြစ် ရှိနိုင်ပါတယ်။

“အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုပြီး မြန်မာ့လွတ်လပ်ရေး အတွက် တနိုင်ငံလုံး တိုက်ပွဲ ၀င်ခဲ့ကြပါတယ်။ “နအဖရဲ့  အခက် ပြည်သူတွေရဲ့  အချက်” ဆိုတာကို သတိထားပြီး မပြီးဆုံးသေးတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု တရားမျှတမှုတို့ အတွက် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက် တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

Friday, January 23, 2009

နိုင်ငံရေးအကျဉ်းသူတဦး ကိုယ်ဝန်ပျက်ကျ

Thursday, 22 January 2009
အေးလဲ့

မန္တလေး ထောင်တွင် ကိုယ်ဝန် ပျက်ကျသွားသော နိုင်ငံရေး အကျဉ်းသူ တဦး၏ အသက် အန္တရာယ် စိုးရိမ်ရသည်ဟု ၎င်း၏ ခင်ပွန်းဖြစ်သူက ပြောလိုက်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကိုထွန်းထွန်းက ၎င်း၏ ဇနီးဖြစ်သူသည် နှလုံးရောဂါလည်း ခံစားနေရပြီး၊ ထောင်တွင်းဆေးရုံသို့ ရောက်ရှိနေသည် ဟု ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေသူ အသက် ၂၄နှစ်ရှိ ကိုထွန်းထွန်းက “သူဟာ ဘာအပြစ်မှ မရှိတဲ့ အမျိုးသမီး တဦးဖြစ်ပါတယ်။ ကျနော်တို့ ရင်သွေးကို ပေးဆပ်လိုက်ရတယ်ဗျ၊ စိတ် ထိခိုက်ရပါတယ်၊ ကျနော်တို့ဆီမှာ ဆုံးရှုံး စရာဆိုလို့ နောက်ထပ် ဘာမှ မရှိတော့ဘူး၊ ကျနော့်ကိုယ် ကျနော် ဖြေမဆည်နိုင် ဖြစ်နေတယ်၊ ကျနော့်ဇနီး၊ ကျနော့် ကလေးကိုလည်း ပေးလိုက်ရတယ်။ ကျနော် ကိုယ်တိုင်လည်း ပြေးနေရတယ်” ဟုပြောသည်။

၎င်းတို့ အိမ်ထောင်သက်တမ်း ၁နှစ်ခွဲသာ ရှိသေးပြီး ရင်သွေးယူရန် ဆန္ဒပြင်းပြ ခဲ့ကြကြောင်းလည်း ကိုထွန်းထွန်းက ပြောသည်။

မကေသီအောင် သည် အသက် ၂၃နှစ် သာ ရှိသေးကြောင်း၊ မည်သည့် နိုင်ငံရေး လှုပ်ရှားမှုတွင်မှ ပါဝင်ခြင်း မရှိကြောင်း ကိုထွန်းထွန်းက ပြောပြသည်။

“ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက ကျနော့်ကို လာဖမ်းတယ်ဗျာ။ ကျနော့်ကို မတွေ့တာနဲ ကျနော့်အမျိုးသမီး မကေသီအောင်ကို ဖမ်းသွားတယ်” ဟု ကိုထွန်းထွန်းက ဧရာဝတီသို့ ပြောပြသည်။

အာဏာပိုင်တို့က မကေသီအောင်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၇ရက်နေ့တွင် မန္တလေးထောင် အတွင်း၌ပင် တရားစီရင်ပြီး ထောင်ဒဏ် ၂၆နှစ် ချမှတ်ခဲ့သည်။

စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပမ်းမှု၊ ကိုယ်ဝန်ဆောင် နေစဉ် စိတ်ဖိစီးမှု၊ ထောင်အတွင်း အစာ အာဟာရ ကောင်းစွာ မရသည့်အပြင် ကိုယ်ဝန်ဆောင် အားတိုးဆေး မသုံးစွဲရခြင်း တို့ကြောင့် ကိုယ်ဝန်လွယ်ပြီး ၆ လအကြာ ဒီဇင်ဘာ ၂၉ရက်နေ့တွင် ပျက်ကျခဲ့ကြောင်း သိရသည်။

မကေသီအောင်နှင့် အမှုတွဲ စုစုပေါင်း ၁၀ဦးခန့် ရှိပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ ၎င်းတို့ထဲမှ လူငယ်တဦးဖြစ်သူ ကိုဗိုလ်မင်းယုကိုသည် ထောင်ဒဏ် နှစ် ၁၀၀ကျော် ချမှတ်ခံရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက မကေသီအောင်သည် မတရား အသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၁၇(၂)၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁) စသည့် ပုဒ်မများဖြင့် တရားစွဲခံရပြီး စုစုပေါင်း ထောင်ဒဏ် ၂၆နှစ် ချမှတ်ခံရခြင်း ဖြစ်သည်ဟု ယနေ့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မကေသီအောင်အပေါ် စွဲဆိုခဲ့သည့် ဥပဒေ ပုဒ်မများကို အသေးစိတ် ပြန်လည် စစ်ဆေး သုံးသပ်ထားသော အဆိုပါ ကြေညာချက်တွင် စစ်ကြောရေး တာဝန်ရှိသူများ၊ အကျဉ်းထောင်တွင် တာဝန်ရှိသူများအား စုံစမ်း ဆေးရန် စစ်အစိုးရကို တောင်းဆိုထားသည်။

ထို့အပြင်သန္ဓေသား ပျက်ကျခြင်း အတွက် လူသေမှု၊ ကိုယ်ဝန်ဆောင် မိခင် သဘောမတူဘဲ ကိုယ်ဝန် ပျက်စေမှု တို့ဖြင့် အကျဉ်းထောင်မှ တာဝန်ရှိသူများကို တရားစွဲဆိုရန်လည်း တောင်းဆိုထားသည်။

Ref: ဧရာဝတီ

Read More...

မန္တလေးတိုင်း အန်အယ်ဒီ အတွင်းရေးမှူး ထောင်က ပြန်လွတ်လာ

ဖနိဒါ
ကြာသပတေးနေ့၊ ဇန်နဝါရီလ 22, 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကံထွန်းသည် အိုးဘိုထောင်မှ နေအိမ်သို့ ယခုလဆန်းပိုင်းတွင် ပြန်ရောက်လာကြောင်း နီးစပ်သူအသိုင်းအ၀ိုင်းက ပြောဆိုသည်။

မန္တလေးမြို့ အိုးဘိုထောင်တွင် ထောင်ဒဏ် ၁၂ နှစ် ကျခံနေရသူ ၆၇ နှစ်အရွယ် ဦးကံထွန်းသည် ထောင်တွင်း၌ ညာဘက် ကိုယ်ခန္ဒာ တခြမ်း လေဖြတ်သွားသဖြင့် ဆေးရုံတက်ခဲ့ရာမှ နေအိမ်သို့ ပြန်ရောက်လာခြင်းဖြစ်သည်။

"ပထမ ဒီဇင်ဘာလထဲမှာ ဆေးရုံတက်ခွင့်ပေးဖို့ ဆေးကုသခွင့် အသနားခံစာတင်တော့ ဆေးကုသခွင့် ပေးတယ်။ ၁၀ ရက်လောက် ဆေးရုံတက်ပြီးတော့ ထောင်ထဲ ပြန်ခေါ်သွားတယ်။ ထောင်ထဲ ၃၊ ၄ ရက်နေပြီး အိမ်ကို ပြန်ပို့တယ်" ဟု ဦးကံထွန်း၏ ရှေ့နေ ဦးမြင့်သွင်က မဇ္ဈိမကို ပြောသည်။

" အိမ်ရောက်တယ်ဆိုတာကတော့ လုံးဝကျိန်းသေတယ်" ဟု သူက ဆက်ပြောသည်။

မည်သည့်အတွက်ကြောင့် ယခုလို ပြန်လွှတ်ပေးသည်ကို အတိအကျ မသိရှိရသေးသော်လည်း ကျန်းမာရေးအရ လွှတ်ပေးခြင်း ဖြစ်နိုင်သည်ဟု ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

သူက "ညာဘက် ကိုယ်ခန္ဓာတခြမ်း သေသွားတော့ စကားပြောလို့ မရ၊ နေတာထိုင်တာ အပေါ့အလေးတွေက မိသားစုရှိမှ ရတော့မယ့် အခြေအနေ ရောက်သွားပါပြီ။ တယောက်ထဲနေလို့ မရတော့လို့ လွှတ်လိုက်တာ ဖြစ်မှာပါ" ဟု ပြောသည်။

မန္တလေးတိုင်း အန်အယ်ဒီအဖွဲ့ဝင် လူကြီးများဖြစ်သည့် ဦးကံထွန်း အပါအ၀င် တိုင်းစည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြ (ထောင်ဒဏ် ၁၂ နှစ်)၊ မန္တလေးတိုင်း (မတ္တရာအမတ်) ဒု-ဥက္ကဋ္ဌ ဦးသန်းလွင် (၈ နှစ်)၊ ကိုတင်ကိုကို (မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်) (၂ နှစ်)၊ ကိုမင်းသူ (မိုးကုတ်) (၁၃ နှစ်) နှင့် ကိုဝင်းရွှေ (ကျောက်ပန်းတောင်း) (၁၁ နှစ်) တို့ကို ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

သူတို့ကို ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ရွှေဝါရောင်လှုပ်ရှားမှု ဖြစ်နေချိန်တွင် ဖမ်းဆီးခဲ့ပြီး၊ မန္တလေး အိုးဘိုထောင်တွင်းရှိ အောင်မြေသာစံမြို့နယ် တရားရုံးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့က ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

အစိုးရကို အကြည်ညိုပျက်စေရန် ပြောဆိုမှု၊ ဘာသာ သာသနာအား အကြည်ညိုပျက်စေရန် လုပ်ဆောင်မှု၊ လူစုလူဝေးတွင် ပါဝင်ကာ ရုန်းရင်းဆန်ခတ် ဖြစ်စေမှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဂွာတာနာမို အကျဉ်းစခန်း တနှစ်အတွင်းပိတ်ဖို့ အိုဘားမား အမိန့်ပေး

23 January 2009

အကြမ်းဖက်သမားကို ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ ဂွာတာနာမို ပင်လယ်အော်က အမေရိကန်ရေတပ်ရဲ့ အကျဉ်းထောင်ကို ပိတ်ပစ်ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အမိန့်ပေး လိုက်ပါတယ်။ ဒီလိုပိတ်ပစ်ဖို့ အမိန့်ပေးလိုက်တာက အရင် သမ္မတဟောင်း ဂျော့ခ်ျ ဒဘလျူ ဘုရှ် (George W.Bush) ကျင့်သုံးခဲ့တဲ့ မူဝါဒတွေကို ပြောင်းလဲလိုက်တဲ့ အဓိက အပြောင်းအလဲ ဖြစ်ပါတယ်။ အကြမ်းဖက်သမားလို့ သံသယရှိတဲ့သူတွေကို ရုံးတင်စစ်ဆေးနေတာတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ဖမ်းဆီးထားတဲ့ သူတွေကို စစ်ဆေးတဲ့အခါ အဆင့်မြင့် စစ်ဆေးနည်းလို့ နာမည်ပေးထားတဲ့ နည်းနာတွေကို မသုံးဘို့လည်း သမ္မတ အိုဘားမားက ပိတ်ပင် လိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် မိုက်ကယ် ဘိုးမန်း (Michael Bowman) အိမ်ဖြူတော်က ပေးပို့တဲ့ သတင်းပေးပို့ချက်ကို ဦးသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အကြမ်းဖက်သမားတွေအပေါ် ဖမ်းဆီးစစ်ဆေးမှု နည်းလမ်းတွေကို သမ္မတသစ် အိုဘားမား ဖောင်တိန်ကို သုံးခါမြှောက် လက်မှတ်ရေးပြီး မြေလှန် ပြောင်းလဲလိုက်ပါတယ်။ ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်ဖို့ သူက အမိန့်ပေးလိုက်တာပါ။ ဒီလို ပိတ်ပစ်လိုက်ပေမယ့်လည်း အကြမ်းဖက်သမားတွေကို ဆန့်ကျင်တိုက်ဖျက်တဲ့ ထိုးစစ်ဆင်မှုတွေကတော့ ဆက်ပြီး ဆောင်ရွက် သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ ဒီလို အကြမ်းဖက်တိုက်ခိုက်မှုကို အောင်မြင်အောင် ဆက်ပြီးတိုက်ဖို့ ရည်ရွယ်ပါတယ်။ ကျနော်တို့ တာဝန်ယူတဲ့ ကာလတွေမှာ ဒီတိုက်ပွဲက အောင်မြင်မှာပါ။”

တနှစ်အတွင်းမှာ ဂွာတာနာမို အကျဉ်းစခန်းကို ပိတ်ပစ်ဖို့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ ဘရက်ခ် အိုဘားမားက အမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန် လိုက်တာပါ။ ဒါ့အပြင် ဂွာတာနာမို အကျဉ်းစခန်း ပိတ်ပြီးတဲ့အချိန် အကြမ်းဖက်သမားအဖြစ် သံသယရှိတဲ့သူ၊ လက်ရှိ ထိန်းသိမ်းထား ခံနေရတဲ့ အကျဉ်းသား ၂၄၅ ယောက်ကို ဘယ်လို ဆက်ပြီး ကိုင်တွယ်သင့်တယ် ဆိုတာကို အကြံပြု ညွှန်ပြမယ့် အထူးအဖွဲ့ ကိုလည်း ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။

သမ္မတဟောင်းဘုရှ် လက်ထက်က တည်ထောင်ခဲ့တဲ့ စစ်ခုံရုံး ရုံးတင်စစ်ဆေးမှုတွေကို ပြန်ပြီးသုံးသပ်ဖို့ ဂွာတာနာမို အကျဉ်းထောင် အတွင်း ရုံးတင်စစ်ဆေးမှု တွေကိုလည်း ရက် ၁၂၀ ရပ်ဆိုင်းဖို့ အမေရိကန် အစိုးရသစ်က ညွှန်ကြားထားပါတယ်။

အမေရိကန် အစိုးရဌာန အားလုံးအနေနဲ့ အကြမ်းဖက်သမားလို့ သံသယရှိတဲ့သူတွေကို စစ်ဆေးတဲ့အခါ ဘယ်လို ကိုင်တွယ်ရမယ်ဆိုတဲ့ အမေရိကန် စစ်မြေပြင်သုံး လမ်းညွှန်ကို သမ္မတ အိုဘားမားက ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။ အကြမ်းဖက်သမားတွေကို ရေမွန်းအောင် လုပ်ပြီး စစ်ဆေးတဲ့နည်း၊ ရေနစ်အောင် လုပ်တဲ့နည်းလမ်း စတဲ့ အဆင့်မြင့် စစ်ဆေးနည်းခေါ် နည်းနာတွေကို မသုံးဘို့လည်း သူက တားမြစ်လိုက်ပါတယ်။ ဒီနည်းလမ်းတွေကို ဗဟိုထောက်လှမ်းရေး အေဂျင်စီက တခါတရံ ချွင်းချက်နဲ့ ကျင့်သုံးနေတယ်လို့ ယုံကြည်ရပါတယ်။

အခု ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို ဂျနီဗာ သဘောတူညီချက်နဲ့ အတူ စစ်ဆေးမယ်လို့ အမေရိကန် အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒီစည်းကမ်းချက်အသစ်ကို ချွင်းချက်မရှိ လက်ခံရမယ် ဆိုပြီးတော့လည်း စီအိုင်အေ ညွှန်ကြားရေးမှူးက သူ့ဝန်ထမ်း အားလုံးကို အမိန့်ထုတ်ထားပါတယ်။

အခုအချိန်အထိတော့ အကျဉ်းစခန်းကို ပိတ်ပြီးတဲ့အခါ ဖမ်းထားတဲ့ ကျန်နေသေးတဲ့ သူတွေကို ဘာဆက်လုပ်မယ် ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။ အိမ်ဖြူတော် အရာရှိတွေကတော့ ဘယ်အကြမ်းဖက်သမား တွေကိုမှ နှိပ်စက်ညှဉ်းပန်းနိုင်တဲ့ တတိယနိုင်ငံတွေကို ပို့မှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။

အိုဘားမားကတော့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးနဲ့ လက်ခံယုံကြည်တဲ့ အတွေးအခေါ်အကြား မှားယွင်းတဲ့ ရွေးချယ်မှုတွေကို အမေရိကန်အစိုးရက ဆက်လုပ်မှာ မဟုတ်ဘူးလို့ ပြောဆိုသွားပါတယ်။

“ကျနော်မြင်တာက အကြမ်းဖက်တာမျိုးကို မစဉ်းစားဘဲ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်တဲ့၊ ကျနော်တို့ရဲ့ အင်အားနဲ့ ကျင့်ဝတ်ကို မြင့်မြင့်မားမား လက်ခံဖြေရှင်းနိုင်တဲ့ အတွေးအခေါ်ကို အတိအကျ ဆိုလိုတာပါ။ ကမ္ဘာတ၀န်းက အကြမ်းဖက် အဖွဲ့အစည်းတွေကို ကျနော်တို့ မြင်နေတဲ့ပုံစံမျိုး မဟုတ်တဲ့ နည်းလမ်းတွေကို သုံးမယ့် အတွေးအခေါ်ပါ။”

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီကို ကြီးကြပ်ဖို့ အမေရိကန်ရေတပ် ဗိုလ်မှူးချုပ် ဒန်းနစ္စ ဘလဲ (Dennis Blair) ကို ရွေးချယ် တာဝန်ပေးလိုက်တယ်လို့ အိုဘားမားက ပြောပါတယ်။ ဗိုလ်ချုပ်ဒန်းနစ္စ ဘလဲက ဂွာတာနာမို အကျဉ်းစခန်းဟာ အကြမ်းဖက်သမားတွေ လူသစ်စုဆောင်းဖို့ အော်ဟစ်သံတွေ ကြားနေရတဲ့ နေရာလို့လည်း သူက ထုတ်ဖော်ပြောဆိုပါတယ်။

ဒါပေမယ့်လည်း ဒီလို အကျဉ်းစခန်းပိတ်ပစ်မှာနဲ့ ပတ်သက်လို့ ရီပတ်ဗလစ်ကန် ပါတီဝင်တွေကတော့ လက်မခံပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း လွတ်မြောက်ခဲ့သူတွေ အယ်လ်ခိုက်ဒါး အကြမ်းဖက်အဖွဲ့နဲ့ ပြန်ပေါင်းခဲ့တာတွေကို ပြန်ပြီး ကိုးကားထောက်ပြပါတယ်။

ဂွာတာနာမို အကျဉ်းစခန်းနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ရှုတ်ချနေခဲ့တာ ကြာပါပြီ။ ဒီပင်လယ်အော်မှာ အမေရိကန် ရေတပ်က ရာစုနှစ်တခုကျော် ရေတပ် အခြေစိုက်စခန်းကို ဖွင့်လှစ်ထားတာပါ။ ကျူးဘားတော်လှန်ရေး မတိုင်ခင်ကတည်းက ကျုးဘားနိုင်ငံက မြေကို ငှားရမ်းပြီး ဖွင့်လှစ်ထားတာပါ။ အခု သမ္မတအိုဘားမားရဲ့ အမိန့်အရတော့ အကျဉ်းစခန်းကိုသာ ပိတ်ပစ်မှာဖြစ်ပြီး ရေတပ်အခြေစိုက် စခန်းကတော့ ရှိနေဦးမှာပါ။

Ref: VOA News

Read More...

ဦးသန့် ရာပြည့် ရန်ကုန်မှာကျင်းပ

22 January 2009

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်ကို ဒီကနေ့ ညနေပိုင်း ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ဦးသန့်ရဲ့သမီးဖြစ်သူ၊ U Thant Institute ရဲ့ ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်က စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ နိုင်ငံခြား သံတမန်တွေနဲ့ အစိုးရ တာဝန်ရှိသူတွေ အခမ်းအနားကို တက်ရောက်မယ့် အကြောင်း ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် သတင်းပြန်ကြားရေး အရာရှိက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

အခမ်းအနားမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပေးပို့တဲ့ သ၀ဏ်လွှာကို ကုလသမဂ္ဂ လူသားချင်း စာနာမှုရေးရာ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဘီရှော ပါရာဂျူလီ (Bishaw Parajuli) က ဖတ်ကြားပါတယ်။

ဦးသန့်ဟာ တတိယမြောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ်အထိ ၁၀ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့တဲ့ အာရှတိုက်က ပထမဆုံး အတွင်းရေးမှူးချုပ် ဖြစ်ပါတယ်။ သူ့သက်တမ်းအတွင်း ကျူးဘား ဒုံးကျည်အရေး ကိစ္စနဲ့ ကွန်ဂို ပြည်တွင်းစစ်ပွဲတွေကို ပြေလည်အောင် ကြိုးစား ဖြေရှင်းခဲ့တဲ့ အတွက် အဓိက ချီးကျူးခံရပါတယ်။

၁၉၇၄ ခုနှစ် သူကွယ်လွန်ချိန်မှာ သူ့ရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကို မြန်မာနိုင်ငံ ပြန်သယ်လာပြီး နိုင်ငံတော် အခမ်းအနားနဲ့ ဂုဏ်ပြု သဂြုင်္ိဟ်ဖို့ အဲဒီအချိန်က မြန်မာအာဏာရှင် ခေါင်းဆောင် ဦးနေ၀င်းက ငြင်းဆန်ခဲ့တဲ့အတွက် တက္ကသိုလ်ကျောင်းသားတွေက သပိတ်မှောက် ဆန္ဒပြကြပြီး ဦးသန့်ရုပ်အလောင်းကို လုယူခဲ့ကြတဲ့အတွက် ထင်ရှားတဲ့ ဦးသန့်အရေးခင်း ဖြစ်ခဲ့ရပါတယ်။

ဒီကနေ့အစောပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဦးသန့်ကိုဂုဏ်ပြုတဲ့ အခမ်းအနားတခု ကျင်းပပြုလုပ်ခဲ့ပါတယ်။

Ref: VOA News

Read More...

ဒုတိယံမ္ပိ ကျမ်းကျိန်ရသည့် သမ္မတကြီးအိုဘားမား အဖြစ်

NEJ / ၂၂ ဇန်န၀ါရီ ၂၀၀၉

အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲနေ့က အိုဘားမားနှင့် ကျမ်းတိုင်ပေးသည့် ဥသျှောင် တရားသူကြီးတို့ကြား စိတ်လှုပ်ရှားပြီး စကား ကျန်သွားသည်ကို တကမ္ဘာလုံးက သိသွားပြီးနောက် အမေရိကန် သမ္မတများ သက်တမ်းမှာ ရှားရှားပါးပါး ဒုတိယအကြိမ် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ထပ်လုပ်ရသည်။

အိုဘားမား၏ ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ၀ါရှင်တန်ဒီစီမြို့ သမ္မတအိမ်ဖြူတော်မှာ တိုးတိုးတိတ်တိတ် ထပ်လုပ်ရခြင်း ဖြစ်သည်။ သမ္မတ အိမ်ဖြူတော်ကမူ “ဘာမှစိတ်မပူပါနဲ့ (ပထမအကြိမ်) သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုတဲ့ နေ့ခင်းကတည်းက အိုဘားမားဟာ သမ္မတကြီးဖြစ်နေပါပြီ” ဟု ပြောသည်။

ထိုအတောအတွင်း အမေရိကန်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ စာသားများ အဆုံးပိုင်းတွင် “ကျွန်ုပ်အား ဘုရားသခင် စောင့်ရှောက်တော်မူပါ” ဆိုသည့်စာသားကို ဖြုတ်ပေးရန် အမေရိကန် ဘုရားမဲ့ ဂိုဏ်းသားများနှင့် ဘာသာရေး မဟုတ်သည့် အဖွဲ့များက တရားစွဲထားသည်။

Ref: ခေတ်ပြိုင်

Read More...

ဟီလာရီ၏ Smart Power နိုင်ငံခြားရေးပေါ်လစီနှင့် မြန်မာစစ်အစိုးရ

သတင်းထောက် ဟန်တင်အောင်/ ၂၂ ဇန်န၀ါရီ ၂၀၀၉

မစ္စဟီလာရီကလင်တန်အား အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမေရိကန် အထက်လွှတ်တော်က အတည်ပြု လိုက်ပြီ ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးရာထူးသည် အိုဘားမားအစိုးရ၏ အရေးပါသည့် ရာထူးဖြစ်သည်။ ထို့ကြောင့် မစ္စ ဟီလာရီ ကလင်တန်အား နိုင်ငံခြားရေးဝန်ကြီး ခန့်ခြင်းသည် ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ကလင်တန် လုပ်ကိုင်နေသည့် ဖောင်ဒေးရှင်းအတွက် အလှူငွေ ထည့်နေသည့် နိုင်ငံခြားအစိုးရများကို ဆက်ဆံရာတွင် အကျိုးစီးပွား ပဋိပက္ခဖြစ်နိုင်သည်ဟု လွှတ်တော်၌ အငြင်းပွားပြီးနောက် ယခုကဲ့သို့ အတည်ပြု ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အိုဘားမားအစိုးရ၏ နိုင်ငံခြားရေးပေါ်လစီကို သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးမည့် Smart Power ပေါ်လစီ သုံးခြင်းဖြင့် အမေရိကန်၏ ဦးဆောင်မှုကို ပြန်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စဟီလာရီ ကလင်တန်က သန္နိဋ္ဌာန် ချထားသည်။

၂၀၀၃ ခုနှစ် အီရတ်ကို အမေရိကန်သိမ်းပိုက်ပြီးနောက်ပိုင်းမှာ သံတမန်နည်း၊ စစ်ရေးနည်း (၂) မျိုးလုံး အလျဉ်းသင့်သလို သုံးသည့် Smart Power ဆိုသည့် စကားကို နိုင်ငံတကာ ဆက်ဆံရေးမှာ ထွင်သုံးလာကြ သည်။ အစိုးရတရပ်က ယဉ်ကျေးမှုနည်း၊ အတွေးအခေါ် နည်းများဖြင့် သွယ်ဝိုက်ပြီး သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကို Soft Power ဟု သုံးပြီး စစ်ရေးနည်း စီးပွားရေး နည်းတို့ဖြင့် သြဇာသက်ရောက်ရန် ကြိုးပမ်းမှုများကိုမူ Hard Power ဟု သုံးလေ့ရှိသည်။

ဟားဗတ်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာ Joseph Nye ကမူ smart power ဆိုသည်မှာ soft power နှင့် hard power (၂) မျိုးပေါင်းစပ်ထားသည့် အောင်မြင်ရေးနည်းဗျူဟာ အရည်အသွေးဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

သမ္မတဟောင်း ဘွတ်ရှ်၏ ၂၀၀၅ ခုနှစ် ဒုတိယသက်တမ်း ဘိသိက်ခံပွဲတွင် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ် ညှဉ်းပန်းအုပ်ချုပ်မှု ဆိုသည့် စကားကို (၅) ကြိမ်သုံးခဲ့သည်။

ထိုအချိန်က ဟီလာရီကဲ့သို့ နိုင်ငံခြားရေးဝန်ကြီး ရာထူး လျာထားခံရသူ မစ္စကွန်ဒါလီဇာရိုက်စ်ကလည်း မြန်မာ၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ်၊ ကျူးဘားနှင့် အီရန် (၆) နိုင်ငံကို ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်အုပ်ချုပ်မှု စိုးမိုးရာဒေသများ (Outposts of Tyranny) ဟု သုံးနှုန်းခဲ့သည်။

သဘောမှာ အဆိုပါ (၆) နိုင်ငံသည် အမေရိကန်အစိုးရ စောင့်ကြည့်ရမည့် နိုင်ငံများဖြစ်ပြီး ထို (၆) နိုင်ငံမှ ပြည်သူများ လွတ်မြောက်ရေးအတွက် အမေရိကန်အစိုးရမှာ တာဝန်ရှိသည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ကြောင်း လန်ဒန် Independent သတင်းစာ ဆောင်းပါးရှင် Rupert Cornwell က ထောက်ပြခဲ့သည်။

ထိုအချိန်က မစ္စကွန်ဒါလီဇာရိုက်စ် ပြောသည့်စကားကို အမေရိကန်နိုင်ငံခြားရေးပေါ်လစီသစ်အဖြစ် ကမ္ဘာကလည်း မှတ်ယူခဲ့ကြသည်။

အစောပိုင်းကမူ အီရန်၊ အီရတ်နှင့် မြောက်ကိုရီးယား (၃) နိုင်ငံကို မိစ္ဆာအုပ်စုဝင်နိုင်ငံများ (Axis of Evil) ဆိုပြီး အမေရိကန်သမ္မတ ဘွတ်ရှ်က ကင်ပွန်းတပ်ခဲ့သည်။ သို့သော် အီရတ်ကို အမေရိကန်က ၀င်တိုက်ပြီးနောက်ပိုင်း မိစ္ဆာအုပ်စုဝင်နိုင်ငံများစာရင်းမှ အီရတ်ကို ပယ်ဖျက်ခဲ့သည်။

အိုဘားမား၏ သမ္မတ နန်းတက်ပွဲမိန့်ခွန်းမှာမူ သမ္မတဟောင်း ဘွတ်ရှ် ဒုတိယ နန်းတက်ပွဲ မိန့်ခွန်းကဲ့သို့ အာဏာရှင်နိုင်ငံများအပေါ် တိတိကျကျ ကြိမ်းဝါးမှုမရှိသည့်အတွက် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာစစ်အစိုးရနှင့် ဆက်ဆံရာတွင် ထိထိရောက်ရောက် ရှိပါ့မလားဆိုသည်မှာ စောင့်ကြည့်ရမည် ဖြစ်သည်။

သမ္မတ ဘွတ်ရှ်လက်ထက်က မြန်မာ့အရေး လုံခြုံရေးကောင်စီရောက်အောင် ကြိုးပမ်းခဲ့သည့် Soft power နည်း မအောင်မြင်ခဲ့မှု၊ အီရတ်နှင့် အာဖဂန်အရေးကို hard power နည်းသုံးပြီး မအောင်မြင်ခဲ့မှုတို့ကြောင့် ဟီလာရီကလင်တန်၏ smart power နိုင်ငံခြားရေးပေါ်လစီသည် မြန်မာ့အရေးအတွက် အနာနှင့် ဆေးတည့်ပါ့မလားဆိုသည်မှာလည်း မသေချာပေ။

သေချာသည့်အချက်မှာ လက်ရှိမြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုဥပဒေကို တချိန်က အိုဘားမား၏ဒီမိုကရက်ပါတီ အာဏာရစဉ် သမ္မတကလင်တန် ပြဋ္ဌာန်းခဲ့သည့်အတွက် အိုဘားမားအနေဖြင့် အဆိုပါဥပဒေကို ဆက်ပြီး သက်တမ်းတိုးသည့်ကိစ္စ ထောက်ခံသည့်အဆင့်လောက်တော့ လုပ်လိမ့်မည်ဟုသာ မျှော်လင့်နိုင်သည်။

Ref: ခေတ်ပြိုင်

Read More...

အဆိပ်သင့်နို့မှုန့်ကိစ္စ တာဝန်ရှိသူတွေကို သေဒဏ်ပေး

22 January 2009


တရုတ်နိုင်ငံမှုာ အန္တရာယ်ဖြစ်စေတဲ့ နို့မှုန့်တွေကို ထုတ်လုပ်ရောင်းချခဲ့မှုနဲ့ လူနှစ်ဦးကို သေဒဏ်၊ တခြားသုံးဦးကို တသက်တကျွန်း ပြစ်ဒဏ်တွေ ဒီကနေ့ တရုတ်တရားရုံးတခုက ချမှတ်လိုက်ပါတယ်။ အဲဒီ နို့မှုန့်တွေကို စားသုံးမိလို့ ကလေးငယ်ခြောက်ဦး သေဆုံးခဲ့ ရပါတယ်။

ပြီးခဲ့တဲ့နှစ်က ကလေးပေါင်း ၃၀၀,၀၀၀ နာဖျားမကျန်းဖြစ်ခဲ့ရတဲ့ အန္တရာယ်ရှိတဲ့ နို့မှုန့် ကိစ္စနဲ့ ဆက်စပ်ပြီး ပြစ်ဒဏ်ပေးတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

မြောက်ပိုင်း ဟီဘိုင်ပြည်နယ် တရားရုံးတခုက သေဒဏ်ပေးခဲ့သူ နှစ်ဦးဟာ မယ်လမင်း ဓာတုပစ္စည်းတွေကို ထုတ်လုပ်တာ၊ နို့မှုန့်ထဲ ရောထည့်ခဲ့တာတွေ အတွက် အပြစ်ရှိတယ်ဆိုပြီး သေဒဏ်ပေး ခံခဲ့ရတာပါ။

မယ်လမင်းဓာတုပစ္စည်းဟာ နို့မှုန့်ထဲမှာ ပရိုတိန်း အသားဓာတ် အများကြီးပါတယ်လို့ ထင်ရစေပါတယ်။

အဓိကနို့မှုန့်ထုတ်ကုမ္ပဏီတခုရဲ့ မန်နေဂျာဟောင်းနဲ့ မယ်လမင်းပါတဲ့ နို့မှုန့်ရောင်းတဲ့ သူတွေကို တရားရုံးက တသက်တကျွန်း ပြစ်ဒဏ် ချမှတ် ခဲ့ပါတယ်။

Ref: VOA News

Read More...

ဝ ပြည်သွေးစည်းရေးကို ပါတီအဖြစ်ပြောင်းရေး စစ်အစိုးရ စည်းရုံးပြန်

သန်းထိုက်ဦး
သောကြာနေ့၊ ဇန်နဝါရီလ 23 2009 18:54 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရန်နှင့် တပ်ကို ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကြိုးစားသည့်အနေဖြင့် ရွှေတြိဂံတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းသည် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ခေါင်းဆောင်များနှင့် ဆွေးနွေးမှုပြုနေသည်ဟု စောင့်ကြည့်လေ့လာသူများက တညီတညွတ်တည်း ပြောလိုက်ကြသည်။

စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသော အင်အားတောင့်တင်းလှသည့် ၀ အဖွဲ့က လက်နက်စွန့်ရန် ငြင်းဆန်နေ၍ ခေါင်းကိုက်နေရသည့် နအဖခေါင်းဆောင်များ အနေဖြင့် တလအတွင်း ဒုတိယအကြိမ်မြောက် စည်းရုံးနေခြင်းဖြစ်သည်။

"ပါတီထောင်ခိုင်းပါတယ်။ နိုင်ငံရေးပါတီပေါ့နော်။ နောက်ပြီးတော့ လက်နက်ကိုင်တပ်တွေကိုလည်း ပြည်သူ့စစ် အထူး တိုက်ခိုက်ရေးတပ်ဖွဲ့ဆိုပြီးတော့ ကာကွယ်ရေးတပ်မတော်ရဲ့ လက်အောက်မှာဝင်ပြီး နေထိုင်ဖို့ သွားစည်းရုံးပါတယ်လို့ ကျနော်တို့ သတင်းရရှိပါတယ်" ဟု ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) - SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက မဇ္ဈိမကို ပြောသည်။

သို့သော် UWSA မှ မည်သည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံခွင့်ရသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပါ။

အမည်မဖော်လိုသူ ပြည်သူ့စစ်ခေါင်းဆောင်တဦးက " ၀'တပ်ဖွဲ့ကို လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဖို့ အစိုးရထံ လက်နက်ချဖို့ပေါ့နော်။ အေးဆေးနေဖို့၊ နောက် ၀'တပ်ဖွဲ့ကလည်း လက်နက်မချဘူး ငြင်းနေတော့၊ သူတို့ကြားမှာ သိပ်မပြေလည်ဘူးလေ။ အဲဒါကြောင့် သွားပြီးတော့ ဆွေးနွေးတဲ့အပိုင်းလည်း ပါတယ်လို့ အဲဒီလို သိရတယ်" ဟု ပြောသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၆-၂၇ ရက်နေ့များတွင် ရှမ်းပြည်နယ် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကျော်ဖြိုးက ၀'တပ်မဟာ ၄၁၇ နှင့် ၀' တောင်ပိုင်းဒေသ အုပ်ချုပ်ရေးအတွင်း ပါဝင်သည့် မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်များကို အခြေခံသည့် အမှတ် ၁၇၁ ၀' စစ်ဒေသအတွင်းမှ စစ်ရေးနှင့် အုပ်ချုပ်ရေး အရာရှိများကို ကျိုင်းတုံသို့ ခေါ်ယူတွေ့ဆုံခဲ့သေးသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ၀' တပ်ဖွဲ့များ အသွင်ပြောင်းလဲရေး အပါအ၀င် အခြေခံ ဥပဒေသစ်နှင့်အညီ အပြောင်းအလဲများလုပ်ရန် ပြောခဲ့ပြီးနောက်၊ တလမပြည့်သေးခင် ဒုတိယမြောက် လာတွေ့ခြင်းပင်ဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု - NDD မှ စစ်ရေးလေ့လာသူ ဦးဌေးအောင်က ''၀'တပ်ဖွဲ့ဟာ နအဖနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့မှာ အင်အားကြီးမားတဲ့ အဖွဲ့တဖွဲ့ ဖြစ်တဲ့အတွက် တစုံတရာ အပေးအယူ လုပ်နေတယ်လို့ ကျနော် ထင်တယ်'' ဟု ပြောသည်။

"၀'က အပစ်ခတ်ရပ်စဲရေးအဖွဲ့ ၁၇ ဖွဲ့အနက် အင်အား အတောင့်တင်းဆုံးနဲ့ တရုတ်နယ်ကို ကျောပေးထားတဲ့ အဖွဲ့အစည်းလည်း ဖြစ်တယ်ဆိုတော့ ၀'အဖွဲ့နဲ့ သူတို့ ထိပ်တိုက်ရင်ဆိုင်ဖြစ်တာနဲ့ တပြိုင်နက်ထဲ တခြားအဖွဲ့တွေကိုလည်း ထိန်းနိုင်ဖို့ ခဲယှဉ်းသွားမယ်။ သူတို့အနေနဲ့ ထိပ်တိုက် ရင်ဆိုင်မယ့် အဆင့်မျိုး ကြီးကြီးမားမားဖြစ်ချင်လို့ မရဘူး။ ဒါကြောင့်မို့လို့ တတ်နိုင်သလောက် သူတို့ သွားညှိနှိုင်းပြီး စည်းရုံးနေတယ်၊ အပေးအယူ လုပ်နေတယ်လို့ပဲ ကျနော် ထင်ပါတယ်" ဟု ပြောသည်။

Ref: မဇ္ဈိမ

Read More...

ပဲဝယ်ယူရေးဆိုင်ရာ ကုမ္ပဏီများဖွဲ့ခိုင်း

မင်းနိုင်သူ/ ၂၂ ဇန်န၀ါရီ ၂၀၀၉

စီးပွားကူးသန်းဝန်ကြီးဌာနက ပဲနှမ်းကုန်စည်ဒိုင်များမှ အလုပ်အမှုဆောင်များအား ပဲဝယ်ယူရေးဆိုင်ရာ ကုမ္ပဏီများ ဖွဲ့စည်းခိုင်းနေကြောင်း ကုန်သည်ပွဲစားများက ပြောသည်။

စီးပွားကူးသန်းဦးဆောင်မှုဖြင့် UMFCCI ရုံးချုပ်၌ ပဲနှမ်းကုန်စည်ဒိုင်များမှ အမှုဆောင်အဖွဲ့ဝင်များအား ယခုလ (၈) ရက်တွင် ခေါ်ယူကာ ယင်းကိစ္စ အကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ဘယ်နေ့ဘယ်ရက်မှာ အပြီးသတ်ဖွဲ့ပါလို့တော့ မပြောဘူး။ အမြန်ဆုံးဆောင်ရွက်ပါလို့တော့ ညွှန်ကြားထား တယ်။ အများပိုင်တော့ မဟုတ်တော့ဘူး။ အများနဲ့မဆိုင်တဲ့ ကုမ္ပဏီပဲဖွဲ့တော့မှာ။ လူကြီးတွေက အများပိုင်ကို မသွားနဲ့ဦးဆိုပြီး ပြောင်းညွှန်ကြားလာပြန်တယ်။ ဒီက စိတ်ဝင်စားတဲ့ ကုန်သည်ပွဲစားနဲ့ ရန်ကုန်ကုမ္ပဏီတွေ ပူးပေါင်းပြီးဖွဲ့ရမှာ။ ဒီကလူတွေက ၀ယ်ယူပေါ့။ ရန်ကုန်ကုမ္ပဏီက တင်ပို့ရေး တာဝန်ယူလုပ်ပေါ့။ အဲလိုတော့ ပြောထားတယ်။ အသေးစိတ်ညွှန်ကြားမှုတွေတော့ မရှိသေးဘူး” ဟု မန္တလေး ကုန်စည်ဒိုင် အမှုဆောင်တဦးက ပြောသည်။

ဘုရင့်နောင်ပဲဈေးကွက်အတွင်း နိုဝင်ဘာလ၌ ပဲဈေးကွက်ပျက်ကာ ကုန်သည်များ ထွက်ပြေး တိမ်းရှောင် ခဲ့ကြသည်။ ယင်းဖြစ်ရပ်ကြောင့် ပြည်တွင်း ပဲဈေးကွက်၌ ကမောက်ကမ ဖြစ်ပွားခဲ့ပြီး ယခုအခါ အစိုးရက ပဲဈေးကွက်ကို ထိန်းချုပ် လိုက်ပြီဖြစ်သည်။

လာမည့်ကာလအတွင်း အိန္ဒိယ-မြန်မာ ပဲရောင်းဝယ်မှုကို အစိုးရချင်း တိုက်ရိုက် ချိတ်ဆက် ရောင်းဝယ်သွားတော့ မည်ဖြစ်သည်။ အိန္ဒိယအဖွဲ့ နေပြည်တော်သို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာ (၂၃) ရက်တွင် ရောက်ရှိလာပြီး ပဲတန်ချိန် (၁) သန်း ၀ယ်ယူမည် ဆိုသော်လည်း အပြီးသတ် ညှိနှိုင်းမှု မရခဲ့ပေ။

အများပိုင်ကုမ္ပဏီဖွဲ့ရမည်ဟူသော သတင်းများ ပေါ်ထွက်ခဲ့သော်လည်း အစိုးရက မူဝါဒပြောင်းသွားပြန်ကာ အစုရှယ်ယာဝင် (၅၀) ဦးထက် မပိုရသော ကုမ္ပဏီများအသွင် ဖွဲ့စည်းခိုင်းခဲ့ခြင်းဖြစ်သည်။

“(၅၀) ထက်ပိုရင် မြန်မာနိုင်ငံရဲ့ ကုမ္ပဏီစုဖွဲ့မှုဆိုင်ရာ ဥပဒေအရ အများပိုင်ကုမ္ပဏီအဖြစ် သတ်မှတ်တော့ အခုတော့ (၅၀) ထက်မပိုစေနဲ့လို့ ပြောထားတယ်။ ဒီမှာကတော့ သိပ်စိတ်မ၀င်စားကြပါဘူး။ စောစောပိုင်းက အများပိုင် ကုမ္ပဏီဖွဲ့ဖို့ဆိုပြီး အမှုဆောင်အဖွဲ့က ဝေတဲ့အဆိုပြုလွာမှာ ပါဝင်လိုတဲ့ ပွဲစားက (၂၀၀) လောက်ပဲ ရှိတယ်။ ကုန်စည်ဒိုင်အသင်းသား (၇၀၀) ရှိတဲ့အထဲက (၂၀၀) လောက်ပဲဆိုတော့ ထောက်ခံမှုတ၀က်တောင် မရဘူးဆိုရမှာပေါ့” ဟု မုံရွာပွဲစားက ပြောသည်။

စီးပွားကူးသန်းဒု-၀န်ကြီးနှင့် ပုဂ္ဂလိကကုမ္ပဏီတဖွဲ့ အညာဒေသရှိ ကုန်စည်ဒိုင်များသို့ လှည့်လည်ကာ ကုမ္ပဏီဖွဲ့ရေးဆွေးနွေးသွားခဲ့ကြရာ မုံရွာကုန်စည်ဒိုင်သို့ ယခုလ (၁၈) ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

“ဒီကိစ္စက မလွယ်ပါဘူး။ အစိုးရက ကုမ္ပဏီဖွဲ့၊ ရန်ကုန် ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်ဆိုတော့ ရန်ကုန်ကုမ္ပဏီတွေက ဘယ်လောက်ရုံ ရမှာမို့တုန်း။ ပြီးတော့ သူတို့က ကုမ္ပဏီပါ သူတို့နဲ့ တပါတည်းခေါ်လာပြီး ပွဲစားလုပ် တယ်ဆိုတော့ သူတို့နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေပဲဖြစ်မှာပေါ့။ သူတို့ကုမ္ပဏီဆိုရင်တော့ ဒီက..နယ်က လူတွေ သူတို့လုပ်သမျှ ခံပေရော့ဖြစ်မှာပဲ။ ရေနံမှော် တွေကိုပဲကြည့် ဘယ်တုန်းကများ ဒေသခံက ကောင်းကောင်း လုပ်စားရလို့တုန်း။ သူတို့နဲ့ ပတ်သက်တဲ့ ကုမ္ပဏီကပဲ ခေါင်းပုံဖြတ် အမြတ်ကြီးထုတ်၊ လုပ်ချင်သလို လုပ်သွားတာ။ အခုလည်း ဒီလိုဖြစ်မယ့် သဘောတွေ တွေ့နေရတယ်” ဟု မုံရွာပဲကုန်သည်က သုံးသပ်ပြောဆိုသည်။

Ref: ခေတ်ပြိုင်

Read More...

ပါရမီတက္ကစီ ဗိုလ်မှူးချုပ်တွေသာ ရောင်းမည်

NEJ/ ၂၂ ဇန်န၀ါရီ ၂၀၀၉

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်အောက်ရှိ ပါရမီကုမ္ပဏီအတွက် တက္ကစီကားအသစ် အစီး (၉၀) ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရောက်လာရာ ရောင်းချပေးမည့် သူများမှာ အငြိမ်းစား စစ်အရာရှိများသာ ဖြစ်သည့်အတွက် အမှန်တကယ် သုံးလိုသူများ မကျေမနပ် ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

အဆိုပါ တက္ကစီကား အစီး (၉၀) ကို အငြိမ်းစား ဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးချုပ်များသာ ရောင်းချပေးမည် ဆိုသည့်အတွက် တက္ကစီဝယ်လိုသူများ မကျေနပ်ခြင်းဖြစ်သည်ဟု မြန်မာ့စီးပွားရေး ဦးပိုင် အရာရှိတဦးက ပြောသည်။

သို့သော် ပါရမီတက္ကစီများမှလွဲ၍ ရန်ကုန်မှ အရပ်သား တက္ကစီသမားများမှာမူ လုပ်ကိုင်ရ အဆင်မပြေကြောင်း တက္ကစီ ပိုင်ရှင်တဦးက ပြောသည်။

“တက္ကစီပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ကားတွေပဲဖြစ်ဖြစ်၊ ဘတ်စ်ကားတွေပဲဖြစ်ဖြစ် ယာဉ်နှစ်ထပ်ရပ်လို့် ပထမအကြိမ် ပုလိပ်ဖမ်းပြီးလို့ရှိရင် ကျပ် (၂၁,၅၀၀)၊ ဒုတိယအကြိမ် (၅၁,၅၀၀)၊ တတိယအကြိမ်မိလို့ရှိရင် ယာဉ်ကို (၁) လသိမ်းတယ်။ အဲဒီတော့ တက္ကစီနဲ့ ဘယ်လို ထမင်းစားလို့ရတော့မလဲ။ ဗိုလ်ချုပ်လမ်းတို့ ဘာတို့ဟာ လူတင်ဖို့ဟာ အခုညဘက်ပဲဆွဲနေတယ်။ မမြင်မကမ်းနဲ့” ဟု ပြောသည်။

လောလောဆယ် ရန်ကုန် တက္ကစီများကို ငွေ (၂) သိန်း အကုန်ခံပြီး မီတာများ တပ်ထားသော်လည်း ခရီးသည်များမှာ မီတာဖြင့်စီးပါက ဈေးပိုပေးရသည်ဟု ယူဆသည့်အတွက် ပုတ်ပြတ်ဈေးဖြင့်သာ ပေးကြသည်။

တက္ကစီပိုင်ရှင်များအနေဖြင့် တနှစ်ကို ၀င်ငွေခွန်နှင့် ပြေးဆွဲခွန်အဖြစ် အမြတ်တော်ကြေး ကျပ် (၃) သိန်း အစိုးရကို ပေးနေရသည်ဟုလည်း စုံစမ်းသိရသည်။

ရန်ကုန်တွင် တက္ကစီစီးရေ (၁၅,၈၉၅) စီးရှိပြီး စီအန်ဂျီပြောင်းပြီးယာဉ်မှာ (၁၂,၂၃၉) စီးရှိကာ မီတာတပ်ဆင်ပြီးယာဉ်မှာ (၉,၈၀၂) စီးရှိကြောင်း၊ စီအန်ဂျီပြောင်းထားသော်လည်း မီတာမတပ်ရသေးသော ယာဉ်မှာ (၂,၄၃၇) စီးရှိပြီး ဓာတ်ဆီ၊ ဒီဇယ် City Taxi ယာဉ် (၁,၂၁၉) စီး၊ စုစုပေါင်း မီတာမတပ်ရသေးသော City Taxi မှာ (၃,၆၅၆) စီး ရှိနေသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, January 22, 2009

အရှင်ဂမ္ဘီရကို ထောင်ပြောင်းပြီ

Wednesday, 21 January 2009
ကိုစိုး

စစ်အစိုးရက ထောင်ဒဏ် ၆၈ နှစ် ချမှတ်ထားသော သံဃာ့ တပ်ပေါင်းစု အဖွဲ့ ဦးဆောင် သံဃာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရကို ပြီးခဲ့သည့် စနေနေ့က မန္တလေးမြို့ အိုးဘိုထောင်မှ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ပြောင်းရွှေ့ လိုက်ကြောင်း မိသားစုဝင်တဦးက ပြောသည်။

အရှင်ဂမ္ဘီရအား ထောင်ပြောင်းလိုက်သည်ကို မိသားစုသို့ အကြောင်းကြားခြင်း မရှိကြောင်းနှင့် ယနေ့ ထောင်ဝင်စာ သွားရောက် တွေ့သည့် အချိန်တွင်မှ သိရှိရခြင်းဖြစ်သည်ဟု အရှင်ဂမ္ဘီရ၏ ညီမ တော်စပ်သူ မခင်သူဌေးက ပြောပြသည်။

“အမေနဲ့ မောင်လေးက ဒီနေ့ ၆နာရီလောက်ကတည်းက အိမ်ကထွက်တယ်တဲ့၊ ထောင်ရောက်တော့ ဦးပဉ္ဖင်းကို ခန္တီးထောင်ကို ပို့လိုက်ပြီတဲ့၊ စနေနေ့ကတည်း က ပို့လိုက်တယ်တဲ့၊ အကြောင်းမကြားဘူး၊ ကျန်းမာရေးအခြေ အနေ စိတ်ပူတယ်ဆိုတော့ ကျန်းမာရေး အခြေအနေ ကောင်းကောင်းမွန်မွန် နေမှာပါတဲ့၊ ဆေးစစ်ပြီးမှ သေချာမှ ပို့တာ ဖြစ်မှာပါလို့ ထောင်မှူးက ပြောတယ်”ဟု မခင်သူဌေးက ဧရာဝတီသို့ ပြောသည်။

မိသားစုနှင့် ပေးမတွေ့ချင်သောကြောင့် ယခုကဲ့သို့ အရှင်ဂမ္ဘီရကို ထောင်ပြောင်းလိုက်ကြောင်း ပြောဆိုခြင်း ဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

ယခင်ရက်များက အရှင်ဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြသည်ဟူသော သတင်းများ ထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ အသေအချာ မသိရ သေးသော်လည်း ဇန်န၀ါရီ ၁၃ ရက်က စတင်ပြီး အရှင်ဂမ္ဘီရ အစာမစား၊ ရေမသောက်၊ ရေမချိုးဟူသော သတင်းများ ကြားသိရကြောင်း၊ ဆက်လက်၍ စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း မခင်သူဌေးက ပြောသည်။

အဆိုပါ အရှင်ဂမ္ဘီရ သက်တော်(၂၉) နှစ်သည် လွန်ခဲ့သည့် ၂၀၀၇ ခု ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သော ကြောင့် စစ်အစိုးရက ဖမ်းဆီး၍ ပုဒ်မ ၅၀၅(က)၊ ၅၀၅ (ခ) ၊ လ၀က ပုဒ်မ ၁၃/၁ ၊ ပုဒ်မ ၁၇/၁ ၊ အီလက်ထရွန်နစ် ပုဒ်မ ၃၀၃(က)၊ အသင်းအဖွဲ့ပုဒ်မ ၆/၈၈ စသည်တို့ဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

အရှင်ဂမ္ဘီရကို ၂၀၀၇ ခု နိုဝင်ဘာ ၄ ရက် နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ စစ်အာဏာပိုင်များက ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရက ဖမ်းဆီးထားသည့် တခြားသော ရွှေဝါရောင်တော်လှန်ရေးနှင့် ပတ်သက်သည့် သံဃာတော် ဦးခေမာစာရ သက်တော် (၂၈)နှစ်ကိုလည်း ယမန်နေ့က ထောင်ဒဏ် ၁၄ နှစ် ချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သည့် နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တဦးကပြောသည်။

“သူ့ကို မရန်းကုန်းမြို့နယ်တရားရုံးက တရားသူကြီး ဒေါ်ခင်သန့်စင်က အမှု ၂ မှုနဲ့ ထောင် ၁၄ နှစ် ချလိုက်တယ်၊ သူက စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ပါတဲ့ သံဃာတပါးပဲ”ဟု ၎င်းက ပြောပြသည်။

ယင်း ဦးခေမာစာရအား ပုဒ်မ ၃၈၀ ဘုရားခိုးမှု၊ ပုဒ်မ ၄၆၈ တရားမ၀င် စာရွက်စာတန်း အမှုများဖြင့် တမှုလျှင် ထောင်ဒဏ် ၇ နှစ်ဖြင့် ၂ မှု ပေါင်း ထောင်ဒဏ် ၁၄ ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“အရင် ရုံးစထုတ်စဉ်က ၂၉၅(က) ဆိုတဲ့ ပုဒ်မ တခုပါတယ်၊ ပုဒ်မ ၃ ခု ၊ အဲဒါကို ၂၉၅(က) ဖြုတ်လိုက်တယ်၊ အဲဒါက သာသနာညိုးနွမ်းတဲ့ ပုဒ်မ၊ နိုင်ငံရေးနဲ့နွယ်တယ်၊ ၂၉၅(က) ကို ဖြုတ်လိုက်ခြင်းအားဖြင့် နိုင်ငံရေး မနွယ် တော့တဲ့ အတွက် နောက်ပိုင်း ရဲဘက်တောင်ထုတ်နိုင် တယ်လို့ ယူဆရတယ်”ဟု ထောင်ဝန်ထမ်းတဦးက ပြောဆိုသည်။

ဦးခေမာစာရသည် ပဲခူးတိုင်း သနပ္ပင်မြို့နယ် ကလိုင်ရွာ ဇာတိဖြစ်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကန်သာ ကျောင်း မှ ပညာတတ်၊ ဓမ္မာစရိယ ဘွဲ့ရဖြစ်သည်။ ၎င်းသည် ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင် လှုပ်ရှားခဲ့သည့် အတွက် တိမ်းရှောင်နေရကာ ၂၀၀၇ ခု ဒီဇင်ဘာ လကုန်ပိုင်းတွင် ရန်ကုန်မြို့ မရန်းကုန်း မြို့နယ် အတွင်း၌ စစ်အာဏာပိုင်များ၏ ဖမ်းဆီးမှု ခံခဲ့ရခြင်းဖြစ်သည်။

Ref: ဧရာဝတီ

Read More...

ရန်ကုန် UNODC ရုံးကို ကုလမှ စာရင်းစစ် မူးယစ်နှင့် အိပ်ခ်ျအိုင်ဗွီ စီမံကိန်းများ ကျေနပ်မှုမရှိ

NEJ/ ၂၁ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန်မြို့ရှိ UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုရုံးခွဲကို ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က ၀င်ရောက်စစ်ဆေးရာ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါ စမ်းသပ်ဒေသ ရွေးချယ်ရာ၌ တစ်ခါသုံး ဆေးထိုးအပ်သုံး မြို့နယ်များ ကျန်နေခြင်း၊ အန်ဂျီအိုများအား ပေးသည့် စီမံကိန်းငွေကို စောင့်ကြည့် စစ်ဆေးမှု မရှိခြင်း စသည့် ချို့ယွင်းချက်များ တွေ့ရကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တရပ်၌ ဖော်ပြထားသည်။

ခေတ်ပြိုင်က ဖတ်ရှုခွင့်ရသည့် အဆိုပါ ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့ အစီရင်ခံစာကို ၂၀၀၈ ခု သြဂုတ် (၂၉) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ကုလစာရင်းစစ် ညွှန်ကြားရေးမှူး Dagfinn Knusten က လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် Mr Antonio Maria Costa ထံ တင်ပြသည့် အစီရင်ခံစာဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၀၀ ပြည့်နှစ် အချက်အလက်များအရ ဆေးထိုးအပ်သုံး ဆေးသမားများ၌ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါစွဲနေသူ အရေအတွက်မှာ မန္တလေး (၈၈) ရာနှုန်း၊ လားရှိုး (၈၈) ရာနှုန်း၊ မြစ်ကြီးနား (၇၇) ရာနှုန်းနှင့် ရန်ကုန်တွင် (၃၉) ရာနှုန်းရှိသည်။ သို့သော် ရန်ကုန် UNODC ရုံးက လားရှိုး တခုတည်းကွက်ပြီး စမ်းသပ်မြို့နယ် လုပ်ကိုင်ခဲ့ပြီး အခြား အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါ သံသယရှိသည့် မြို့နယ်များကို စမ်းသပ် စီမံကိန်းထဲ မပါဝင်သည့် အချက်ကို ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က ထောက်ပြထားသည်။

UNAIDS ခေါ် ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အဖွဲ့၏ ၂၀၀၆ ခု ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ ရောဂါပိုး စွဲကပ်နေသူပေါင်း (၃၆၀,၀၀၀) ခန့်ရှိပြီး ၂၀၀၅ ခုနှစ်ကုန်တွင် မြန်မာတနိုင်ငံလုံး အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါရှိနေသည့် အရွယ်ရောက်သူပေါင်း (၁.၃) ရာနှုန်းရှိသည်။

မြန်မာနိုင်ငံတွင်း စမ်းသပ်မြို့နယ် (၁၆) မြို့နယ်တွင် မူးယစ်ဆေးစွဲသူပေါင်း (၉) သန်း နီးပါးရှိပြီး ဆေးထိုးအပ်သုံး ဆေးစွဲသူဦးရေမှာ အဆိုပါ လူဦးရေစုစုပေါင်း၏ (၁) ရာနှုန်းနီးပါးရှိသည်။ ထို့ကြောင့် ရန်ကုန် UNODC ရုံးအနေဖြင့် ၎င်း၏ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် စီမံကိန်းများကို ပြန်လည်သုံးသပ်ပြီး လားရှိုးနှင့် မူဆယ်သာမက ဆေးထိုးအပ်သုံး ဆေးစွဲသူများရှိသည့် အခြားဒေသများပါ စီမံကိန်းထဲ အကျုံးဝင်အောင် လုပ်သင့်သည်ဟု ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က အကြံပြုထားသည်။

ရန်ကုန် UNODC ရုံးသည် ၎င်း၏ စီမံကိန်းများအား ကူညီနေသည့် အစိုးရမဟုတ်သည့် အန်ဂျီအိုများအား ထုတ်ပေးငွေမှာ ၂၀၀၇ ခု UNODC အတွက် ချပေးငွေ စုစုပေါင်း၏ (၆၀) ရာနှုန်းနီးပါးရှိသည်ဟု ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် အဆိုပါ အန်ဂျီအိုများက ငွေကို မည်သို့သုံးစွဲကြောင်း ရန်ကုန် UNODC စီမံကိန်း ၀န်ထမ်းများက ကြီးကြပ် စိစစ်မှု မရှိဟု ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန် UNODC စီမံကိန်းများကို ကူညီနေသည့် အန်ဂျီအို (၃) ခုဖြစ်သည့် CARE, Marie Stopes နှင့် Myanmar Business Coalition ရုံးများသို့ ကုလ စာရင်းစစ်အဖွဲ့က သွားရောက် စစ်ဆေးရာ CARE အဖွဲ့ဆိုလျှင် UNODC ချပေးငွေ စုစုပေါင်း၏ (၆၃) ရာနှုန်းကို လစာနှင့် အထွေထွေ အုပ်ချုပ်မှုစရိတ်အဖြစ် ပြထားသည်ကို တွေ့ရကြောင်း ကုလစာရင်းစစ်အဖွဲ့က ထောက်ပြသည်။

Ref: ခေတ်ပြိုင်

Read More...

သမ္မတသစ် အိုဘားမားရဲ့  ပထမနေ့

22 January 2009

ဘရက်ခ် အိုဘားမား အမေရိကန် သမ္မတအဖြစ် ပထမဆုံး ရုံးထိုင်တဲ့ နေ့မှာပဲ အမေရိကန်နိုင်ငံ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ပြဿနာထဲက တချို့ ဖြစ်တဲ့ ငွေကြေးဈေးကွက် အကျပ်အတည်းနဲ့ အီရက်နဲ့ အာဖဂန် စစ်ပွဲများကိစ္စကို စတင် ကိုင်တွယ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ သမ္မတ အိုးဘားမားဟာ သူ့ရဲ့ စီးပွားရေး အကြံပေး ပုဂ္ဂိုလ်များ၊ ကာကွယ်ရေး ၀န်ကြီး ရောဘတ် ဂိတ်စ်နဲ့ စစ်ဖက်ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးပါတယ်။

ဂွာတာနာမို ပင်လယ်အော်ရှိ အကျဉ်းစခန်း ၂နှစ်အတွင်း ပိတ်ရေး အချိန် သတ်မှတ်တဲ့ သမ္မတရဲ့ အမိန့်ကိုလည်း မစ္စတာ အိုးဘားမား ထုတ်ပြန်လိုက်ပါတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားက အလုပ်အကိုင်တွေ သန်းနဲ့ ချီကာ ဖန်တီးနိုင်ရေး ရည်စူးတဲ့ ဒေါ်လာ ဘီလီယံ ၈၀၀ စီးပွားရေး နိုးထရေး စီမံချက်ကို တွန်းအားပေးလိုက်ပါတယ်။ တပ်ဖွဲ့များ အီရက်နိုင်ငံက ၁၆လအတွင်း ရုတ်သိမ်းမယ်လို့ သမ္မတက ကတိ က၀တ်ပြုလိုက်ပါတယ်။ အာဖဂန်နစ္စတန်မှာ အမေရိကန် တပ်ဖွဲ့အင်အား ၂ဆ တိုးပြီးချထားရေး အစီအစဉ် ကိုလည်း သမ္မတ အိုဘားမားက ထောက်ခံ လိုက်ပါတယ်။

Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ပိုင်ခွင့် မေလကုန် (၆) နှစ်ပြည့်ပြီဟု ရှေ့နေ ဦးကြည်ဝင်းပြော

မင်းနိုင်သူ/ ၂၁ ဇန်န၀ါရီ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချုပ်ပိုင်ခွင့်မှာ ၂၀၀၉ ခုနှစ် မေလ (၂၉) ရက်တွင် (၆) နှစ်သက်တမ်း ကုန်ဆုံးပြီ ဖြစ်ကြောင်းနှင့် အယူခံအမှုမှာ အမှုအဖြစ် လက်ခံထားသည့် အဆင့်တွင်သာ ရှိနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “အခုဆိုရင် အကျယ်ချုပ်က လွတ်ဖို့ လေးလ သာသာလောက်ပဲ လိုတော့တယ်လေ။ ဒေါ်စုကို သူတို့ တားဆီးထားတဲ့ အမိန့်က (၂၉) ရက် မေ ဗျ။ ဆိုတော့ မေလ (၂၉) ရက်ဆိုရင် ကုန်ဆုံးပြီ။ အဲဒီမှာ (၆) နှစ်ပြည့်ပြီ။ ဒါ…သူတို့ တွက်ကိန်းနဲ့ သူတို့ ချုပ်ပိုင်ခွင့် ရှိတယ်ဆိုပြီး သူတို့ဘာသာထားတာ။ ကျနော်တို့ တွက်ကိန်းကတော့ (၅) နှစ်ပဲ။ အဲတော့ ကောင်းပြီ… ဒါက အငြင်းပွားစရာ ဖြစ်လာပြီဆိုတော့ လျှောက်လဲပေါ့ဗျ။ အဲဒီ လျှောက်လဲမှုကို ဘယ်သူက ဆုံးဖြတ်မှာလဲဆိုတော့ တရားရုံးချုပ်လို ဟာမျိုးလည်း မရှိဘူးဗျ။ ဆိုတော့ (၆) နှစ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်ကပဲ ပြန်ပြီးတော့ ဆုံးဖြတ်ရမယ့်သဘော ဖြစ်နေတယ်” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းအပြီးတွင် နအဖအစိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (ခ) ဖြင့် ထိန်းသိမ်း အရေးယူခဲ့သည်။ ထိုဥပဒေသည် ၁၉၇၅ ခုနှစ် ဥပဒေ သတ်မှတ်ချက်အရ (၁) နှစ်အထိ တားဆီးမှုပြုလုပ်နိုင်ကာ ဆက်လက် တားဆီးလိုပါက ၀န်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တကြိမ်လျှင် ရက် (၁၈၀) ထက်မပိုစေဘဲ စုစုပေါင်း (၃) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

၎င်းနောက် ၁၉၉၁ ခုနှစ် န၀တလက်ထက်တွင် တကြိမ်လျှင် (၁) နှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ပြင်ဆင်ခဲ့သည်။ ထိုဥပဒေအရ နအဖက ဗဟိုအဖွဲ့၏ တားဆီးခွင့် (၁) နှစ်၊ ၀န်ကြီးအဖွဲ့၏ ခွင့်ပြုခွင့် (၅) နှစ် စုစုပေါင်း (၆) နှစ် ချမှတ်ခွင့်ရှိကြောင်း ကိုင်စွဲထားကာ အန်အယ်လ်ဒီက ဥပဒေတွင် စုစုပေါင်း (၅) နှစ်ဟု ပြဋ္ဌာန်းထားချက်ကို ထောက်ပြသည်။

“အခုလို အငြင်းပွားစရာတွေဖြစ်လာပြီဆိုတော့ အယူခံ လျှောက်လဲရတာပေါ့။ လျှောက်လဲတယ် ဆိုတာကိုက အမှန်တရားကို သိချင်လို့။ ကျနော်တို့ကလည်း တင်ပြမယ်။ တဖက်ကလည်း ကျနော်ထင်တယ်။ ဗဟိုအဖွဲ့အတွက် များသောအားဖြင့်တော့ ရှေ့နေချုပ်ရုံးက လုပ်ပေးတာ။ အဲတော့ ကျနော်တို့ နှစ်ဦး ပြိုင်ပြောတာကို အစိုးရအဖွဲ့က ဆုံးဖြတ်ပေါ့။ အခုဟာကတော့ အချိန်ဆွဲနေလို့ပဲ လေးလကျန်တော့တယ်” ဟု ဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဇန်န၀ါရီ (၁၂) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေအဖွဲ့ တွေ့ခွင့်ရခဲ့သည် ဟူသော သတင်းများ ပေါ်ထွက်ခဲ့ရာ မဟုတ်ပါကြောင်း ဦးကြည်ဝင်းက ငြင်းဆိုသည်။ သို့ရာတွင် တွေ့ဆုံနိုင်ရန် ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာ တစောင် ပေးပို့ထားကြောင်း သိရသည်။

“ကျနော်တို့ ဇန်န၀ါရီ (၂၀) ရက်နေ့ကမှ ဒေါ်စုနဲ့တွေ့ခွင့်ရဖို့ ၀န်ကြီးချုပ်ဆီ မေတ္တာရပ်ခံစာ ပေးပို့ထားပါတယ်။ သတင်းတပ်ဖွဲ့ကို တင်ပြတော့ သူတို့မှာ ခွင့်ပြုနိုင်ခြင်း မရှိပါဘူးဆိုတော့ ၀န်ကြီးချုပ်ဆီကိုပဲ တင်လိုက်တယ်။ တွေ့ခွင့်ပြုဖို့ တင်ထားတဲ့ ရက်ကိုတော့ ထုတ်မပြောတော့ဘူးဗျ” ဟု ဦးကြည်ဝင်းက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဦးသန့် ရာပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်း ထုတ်မည်

22 January 2009

ဒီနေ့ ဇန်န၀ါရီလ ၂၂ရက်နေ့ဟာ မြန်မာအမျိုးသားတွေကို ကမ္ဘာကသိလာအောင် စွမ်းဆောင်နိုင်ငံတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့်ရဲ့ အနှစ်တရာပြည့် မွေးနေ့ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ အတွင်းရေးမှူးချုပ် အဖြစ်နဲ့ ၁၉၆၁ခုနှစ်ကနေ ၁၉၇၁ခုနှစ်အထိ သက်တမ်း ၂ ကြိမ် ဆက်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့် နှစ်တရာပြည့် အထိမ်းအမှတ်နဲ့ ကုလသမဂ္ဂ က ဦးသန့်ပုံ တံဆိပ်ခေါင်းတွေကို ထုတ်ဝေပြီး ဖေဖေါ်ဝါရီလ ၆ရက်နေ့မှာ စပြီးထုတ်ဝေမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါတယ်။

၁၉၀၉ခုနှစ် ဇန်န၀ါရီလ ၂၂ရက်နေ့က အောက်မြန်မာပြည် ပန်းတနော်မြို့ကလေးမှာ မြန်မာ့ ဂုဏ်ဆောင် တဦး ဖြစ်လာမယ့် အဖ ဦးဘိုးနှစ်၊ အမိ ဒေါ်နန်းသောင် တို့က မွေးဖွားခဲ့ပါတယ်။ သား ၄ဦးအနက် အကြီးဆုံး သားဖြစ်တဲ့ ဦးသန့်ဟာ ငယ်စဉ်ကတည်းက စာပေကို လိုက်စားတဲ့ ပုဂ္ဂိုလ်တဦးပါ။ စကားနည်းပြီး၊ ဖြောင့်မတ်တည်ကြည်တဲ့ ဦးသန့်ဟာ ပညာရေးမှာ ထူးချွန်ပြီး အသက် ၂၅နှစ် အရွယ်မှာပဲ ပန်းတနော် ကျောင်းအုပ်တာဝန်ကို ယူခဲ့ပါတယ်။ ၁၉၄၈ခုနှစ်မှာတော့ အသံလွှတ်ဌာန ညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ခံရပြီး ၁၉၅၃ ခုနှစ်မှာ မြန်မာနိုင်ငံ သတင်းနဲ့ ပြန်ကြားရေးဌာန အတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်း ဦးနုအတွက် မိန့်ခွန်းတွေ ရေးပေးခဲ့ရပြီး ဦးနုရဲ့ အယုံကြည်ရဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်။ ၁၉၅၅ခုနှစ်မှာ မြန်မာနိုင်ငံ စီးပွားရေးနဲ့ လူမှုရေးဌာန အကြီးအကဲ ဖြစ်လာပြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အနေနဲ့ ၁၉၅၇ခုနှစ်ကနေ ၁၉၆၁ခုနှစ်အထိ တာဝန်ယူခဲ့သူပါ။ တချိန်တည်းမှာပဲ ယာယီ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရပါတယ်။ ၁၉၆၁ခုနှစ်ကနေ ၁၉၇၁ခုနှစ်အထိ ၁၀နှစ်တိတိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ယူခဲ့သူဖြစ်ပြီး သူ့ကို ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သူလို့ ကမ္ဘာကနေ အသိအမှတ် ပြုခဲ့ကြပါတယ်။ အခု ကုလသမဂ္ဂကနေ ဦးသန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်တရာပြည့် တံဆိပ်ခေါင်းတွေ ထုတ်ဝေတော့မယ်လို့ သိရတာကြောင့် ကုလသမဂ္ဂ စာတိုက် စီမံခန့်ခွဲရေးဌာနက ဒေါ်မေဦးကို မေးကြည့်ပါတယ်။

ယူအင် ဌာနချုပ် ၃ခုရှိတဲ့ နယူးယောက်၊ ဂျနီဗာ၊ ဗီယာနာမှာ နယူးယောက်ကတော့ ယူဆက် တန်ဖိုးနဲ့ထုတ်တယ်။ ၉၄ ဆန့်(94 cent) နိုင်ငံတကာ သုံးလို့ရအောင် ထုတ်တယ်။ Swiss Bank က ၁.၃၀၊ ယူရို တန်ဖိုးက ၁.၁၅။ အမေရိကန် နိုင်ငံမှာ ထုတ်မယ့် တံဆိပ်ခေါင်း ပုံက ဦးသန့် ကိုယ်တပိုင်းပုံ၊ ဘေးနားက ခရမ်းရောင်၊ အလယ်မှာ သူ့ပုံက ရွှေရောင်၊ ပြီးတော့ ဂျနီဘာက Swiss Bankနဲ့ ထုတ်တာက အဲဒီ တ၀က် ဓာတ်ပုံပဲ၊ ဘေးက အနီရောင်နဲ့၊ ပြီးတော့ ဂျာမန်ကျတော့ အစိမ်းရောင်။ ယူအင်မှာ ဦးသန့် ဓာတ်ပုံ အကြီးကြီး ရှိတယ်လေ။ အဲဒီပုံကို အသေးလုပ်ထားတာ။ ပုံလေးတွေက ဆင်တူရိုးမှာပါပဲ။ သိပ်တော့ မကွာပါဘူး။ ၃မျိုးပေါ့။ ပြီးတော့ တံဆိပ်ခေါင်း စာရွက်လွှာ တခုမှာ ဓာတ်ပုံပေါင်း ၂၀ ပါတယ်။

ဒီဟာက ပထမဆုံး အကြိမ်ထုတ်တာ။ ဦးသန့် နှစ် ၁၀၀ပြည့် အထိမ်းအမှတ်နဲ့ ထုတ်တာပဲ။

တည်ကြည်ဖြောင့်မတ်တဲ့ မြန်မာ အမျိုးသား ဦးသန့်ဟာ ကမ္ဘာ့ ခေါင်းဆောင် အများအပြားရဲ့ ပုဂ္ဂိုလ်ရေးအရ ကြည်ညိုလေးစားမှုကို ခံရတဲ့အပြင်၊ ဂုဏ်ပြုမှုအမျိုးမျိုး ကိုပါ ခံရပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာ ပညာရည် ပြည့်ဝပြီး၊ ထူးခြားတဲ့ သူဖြစ်ရုံမကဘဲ၊ ဇ၀နဥာဏ်ရှိတဲ့သူလို့လည်း မြန်မာစာပေပညာရှင် ဦးဝင်းဖေက အခုလို ပြောပါတယ်။

ဦးသန့်နဲ့ ပတ်သက်လို့ ကျွန်တော်ကြားဖူးတာရှိတယ်။ ဦးသန့်ကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ခန့်တော့မယ်လို့ ပြင်သစ်က သဘောမတူဘူး ဆိုတဲ့ဟာလေ။ သူတို့ရဲ့ မှတ်ချက်က ဒီလောက် လူပုပုလေး တယောက်ကို ဘယ့်နှယ့်ကြောင့် ခန့်ရမှာလည်း ဆိုတာပေါ့။ ဦးသန့်မှာ abrupt answer ရှိတယ်။ သူဟာ နပိုလီယံထက်တော့ ရှည်ပါတယ်လို့ ဖြေလိုက်တယ်။ ဇ၀န ဥာဏ်နဲ့ ပြန်လည် တုန့်ပြန်မှု လေးပေါ့လေ။ အဖြေလေးက သိပ်ကောင်းတယ်။ အဲဒါလေးတော့ ကျွန်တော် မှတ်မိတယ်။ ဦးသန့်က အတော့်ကို ထူးခြားတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး တယောက်ဖြစ်တယ်။ ဦးသန့်ကို ဒတ် ဟမ်းမား ရှိုး လေယာဉ်ပျံ ပျက်ကျပြီး ရုတ်တရက် ဆုံးတော့ ဦးသန့်ကို ရုတ်တရက် ခန့်ရတော့မယ်ဆိုတဲ့ အချိန်မှာ တကယ်တမ်း အသွင်အပြင် ကောင်းလှလို့တော့ မဟုတ်ဘူး။ ဦးသန့် တတ်တာကတော့ မှန်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ကြားဝင်နိုင်ငံများ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ထူထောင်တဲ့ အခြေခံ ငါးနိုင်ငံ သိက္ခာက တော်တော်ကြီးတယ်ဗျ။ အဲဒီသိက္ခာနဲ့ ပတ်သက်ပြီး ဦးသန့်ကို ခန့်တာ။ ခန့်တဲ့ အချိန်က အလွန်အရေးကြီးတဲ့ စစ်အေးခေတ် အချိန်ကြီးမှာ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ပြလိုက်တဲ့ အချိန်မှာ နောက်တခါ သူဟာ ပြန်ပြီး အရွေးခံရတယ်။ အရွေးခံရတဲ့အပြင် ဒုတိယ သက်တမ်းမှာ ပြန်ပြီး အရွေးခံရတယ်။ အဲဒီလောက် ထူးခြားတဲ့ လူတယောက်ကို နယူးယောက် ဟက်ဆင် မြစ်ထဲမှာ ဦးသန့်အတွက် ကျွန်းကို ရှိတယ်၊ ဂုဏ်ပြုထားတာ။

ဦးသန့်ဟာ ၁၉၇၄ခုနှစ် နိုဝင်ဘာလ ၂၅ရက် အသက် ၆၅နှစ်မှာ ကွယ်လွန်ခဲ့ပြီး သူ့ဆန္ဒအရ သူ့ရုပ်ကလာပ်ကို မြန်မာနိုင်ငံကို ပြန်ပြီး ပို့ပေးခဲ့ရပါတယ်။

Ref: VOA News

Read More...

လှေစီးပြေးဒုက္ခသည် ကုလသမဂ္ဂနဲ့တွေ့ခွင့် မရ

22 January 2009

မြန်မာနိုင်ငံက ထွက်ပြေးလာကြသူတွေကို ထိုင်းစစ်တပ်က ပင်လယ်အတွင်း မောင်းထုတ်လိုက်လို့ ရာဂဏန်းနဲ့ချီကာ သေဆုံး ကုန်ကြတယ်လို့ စွပ်စွဲထားတဲ့အတွက် မြန်မာ ဒုက္ခသည်များနဲ့ ကုလသမဂ္ဂ ပါရဂူများနဲ့ တွေ့ခွင့်တောင်းတာကို ထိုင်းအစိုးရက လက်မခံ ပယ်ချလိုက်ပါတယ်။ အဲဒီကိစ္စကို စုံစမ်းချင်ရင် နိုင်ငံတကာ အဖွဲ့အစည်းများအနေနဲ့ ထိုင်းအစိုးရ တာဝန်ခံများကိုသာ တွေ့ကြရမှာလို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀က်ချာချီဝက်က ပြောပါတယ်။

မြန်မာဒုက္ခသည် ၁၀၀၀ လောက်ကို အသက်ရှင်လောက်တဲ့ ပစ္စည်းနဲ့ အခြေအနေမရှိဘဲ ထိုင်းစစ်တပ်က ပင်လယ်တွင်း မောင်းထုတ် လိုက်တယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်လာပြီးနောက် အင်္ဂါနေ့မှာ UNHCR ကုလသမဂ္ဂနဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထိုင်းနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ လှေစီးဒုက္ခသည် ၁၂၆ ယောက် နိုင်ငံတကာရဲ့ အကာအကွယ် အစောင့်အရှောက်များ လိုအပ်သလား ဆိုတာ မေးမြန်းဖို့ တွေ့ခွင့်ပြုဖို့ မေတ္တာရပ်ခံခဲ့တာပါ။ ဒီစွပ်စွဲချက် မဟုတ်မမှန်ဘူးလို့ ထိုင်းစစ်တပ်က ငြင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ် အဘီဆစ်က အဲဒီလို လုပ်သလားဆိုတာကို မိမိအစိုးရက စုံစမ်းသွားမယ်လို့ ကတိပြုရင်း တရားမ၀င် လူတွေ လိမ့်ဝင်လာတာကို မိမိနိုင်ငံအနေနဲ့ ကာကွယ်ခွင့် ရှိကြောင်းလည်း ခုခံ ပြောဆိုသွားပါတယ်။

Ref: VOA News

Read More...

စစ်တွေမြို့ လုံခြုံရေးထူထပ်စွာချထား

မင်းနိုင်သူ/ ၂၁ ဇန်န၀ါရီ ၂၀၀၉

စစ်တွေမြို့တွင် လုံခြုံရေးထူထပ်စွာချထားပြီး ညနေ (၆) နာရီနောက်ပိုင်း ပြင်ပမှကားများအား မြို့တွင်းသို့ ၀င်ခွင့်မပြုဘဲ နောက်နေ့ နံနက်မှသာ ၀င်ခွင့်ပြုကြောင်း ဒေသခံများက ပြောသည်။

“လုံခြုံရေးတွေချထားတာက ဗိုလ်ချုပ်ကြီးမောင်အေး မလာခင်ကတည်းကပဲ။ အခုထိလည်း ချထားတုန်းပဲ။ လုံထိန်းတွေ၊ တပ်တွေ အများကြီးပဲ” ဟု ဒေသခံတဦးက ပြောသည်။

စစ်တွေမြို့ကို ၀င်ရောက်ရာ နေရာများတွင် မှတ်ပုံတင်စစ်ဆေးခြင်း၊ မသင်္ကာသူများကို စစ်မေးခြင်းများ ပြုလုပ်နေပြီး သံဃာနှင့် ကျောင်းသားအရွယ် လူငယ်များအား ပိုမို စစ်ဆေးနေကြောင်း သိရသည်။

“ဘုန်းကြီးတို့ကိုလည်း မေးတာပေါ့လေ။ ဘယ်ကကြွလာတာလဲ။ ဘယ်ကျောင်းတိုက်ကလည်း၊ ဘယ်နှစ်ရက် ကြာမှာလဲ စသဖြင့်ပေါ့လေ။ စစ်တွေလေဆိပ်မှာ ဒါမျိုးမေးတာ ဒီတခါပဲ ကြုံဖူးသေးတယ်။ တခြားလူတွေလည်း လေဆိပ်မှာတောင် ဒီလို စစ်မေးမှုတွေ လုပ်လာတော့ အရမ်း အံ့အားသင့်နေကြတာပေါ့” ဟု စစ်တွေမြို့သို့ ကြွမြန်းခဲ့သော သံဃာတော် တပါးက မိန့်သည်။

စစ်တွေမြို့ အထင်ကရ နေရာများဖြစ်သည့် ဦးရဲကျော်သူကျောင်း၊ ပြည်လုံးချမ်းသာဘုရား၊ လောကနန္ဒာဘုရား၊ စစ်တွေပွိုင့်၊ ဦးဥတ္တမပန်းခြံ၊ ၀င်္ကဘာ ကွင်းများတွင်လည်း လုံခြုံရေး ယူထားခြင်းကြောင့် ဒေသခံများ သွားလာရာတွင် လွတ်လပ်မှု မရှိဟု ခံစားနေကြရကြောင်း ၎င်းတို့က ဆိုသည်။

စစ်တွေမြို့သည် ၂၀၀၇ စက်တင်ဘာအရေးအခင်းအတွင်း နိုင်ငံရေးလှုပ်ရှားမှုများ မပြတ် ရှိခဲ့သောကြောင့် နအဖ အစိုးရ၏ တင်းကျပ်စွာ ကိုင်တွယ်မှု ခံနေရသော မြို့ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, January 21, 2009

ဘရက်ခ် အိုဘားမား ၄၄ ဦးမြောက် အမေရိကန်သမ္မတသစ် ဖြစ်လာ

21 January 2009

အမေရိကန်တွေအနေနဲ့ မိမိနဲ့အတူ နိုင်ငံတာဝန်၊ ကမ္ဘာ့တာဝန်ယူရင်း ခေတ်သစ်ထဲကို ၀င်ကြပါစို့လို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန် နိုင်ငံ စီးပွားရေး အကျပ်အတည်း၊ အခက်အခဲများနဲ့ ကြာမြင့်နေတဲ့ စစ်ပွဲ နှစ်ပွဲ ဆင်နွှဲနေရတဲ့ အချိန် အဲဒါတွေကျော်လွှားနိုင်ရေး အမေရိကန်တွေ အတူတကွ လုပ်ဆောင်ကြပါလို့လည်း သမ္မတဖြစ်လာသူ ဘရက်ခ် အိုဘားမားက ပြောဆိုသွားပါတယ်။

ဝါရှင်တန်မြို့တော် အမျိုးသားရင်ပြင်မှာ လူတသန်းကျော် တက်ရောက်တဲ့ ပရိသတ်ကြီးကို အမေရိကန် နိုင်ငံရဲ့ ၄၄ ဦးမြောက် သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုရင်း ဘရက်ခ် အိုဘားမားက အဲဒီလို ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ သူက အမေရိကန်နိုင်ငံရဲ့ ပထမဆုံး အာဖရိကနွယ်ဖွား သမ္မတ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ လောဘရမ္မက်နဲ့ စုပေါင်းလွဲချော်မှုများကြောင့် အကျပ်အတည်းဖြစ်ရတယ်၊ အိမ်ဖြူတော်ကိုရော ကွန်ဂရက်စ် လွှတ်တော်ကိုပါ ဒီမိုကရက်တို့ လွှမ်းမိုးထားတဲ့အချိန် နိုင်ငံရေး အငြင်းပွားမှုတွေ ဘေးဖယ်ထားကာ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု တိုးတက်ဖို့၊ အလုပ်အကိုင်သစ်များ ဖန်တီးဖို့ လျှင်မြန်ရဲဝံ့စွာ လုပ်ဆောင်ကြရ လိမ့်မယ်လို့လည်း သမ္မတ ဘရက်ခ် အိုဘားမားက ပြောဆိုသွားပါတယ်။

နိုင်ငံခြားဝါဒများနဲ့ ပတ်သက်လို့ အီရတ်နိုင်ငံကနေ တာဝန်ရှိစွာထွက်ခွာပြီး အာဖဂန်နစ္စတန် နိုင်ငံမှာ ငြိမ်းချမ်းရေး ရစေရမယ်၊ အမေရိကန်ရဲ့ စိတ်ဓာတ်ဟာ ကြံ့ကြံ့ခိုင်မာ အင်အားကြီးလို့ မဖြိုခွင်းနိုင်ဘူး၊ အဲဒါကြောင့် အကြမ်းဖက် သမားများကို အနိုင်ယူရမယ် လို့လည်း ကတိပြု ပြောဆိုသွားပါတယ်။

Ref: VOA News

Read More...

နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဆင်းတွေ အရပ်ဘက်မှာ ညွှန်ချုပ်အဆင့်သာပေးမည်

NEJ/ ၂၀ ဇန်န၀ါရီ ၂၀၀၉

ရန်ကုန် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းသားအရေအတွက် များနေသည့်အတွက် သင်တန်းဆင်း စစ်အရာရှိများကို ယခင်က တပ်မမှူး၊ တိုင်းမှူးရာထူးများ တိုက်ရိုက်ပေးရာမှ ယခုအခါ အရပ်ဘက်ဌာနများတွင် ညွှန်ချုပ်အဆင့်မျိုးသာ ပေးတော့မည်ဟု သင်တန်းသားတဦးက ပြောသည်။

“ခုတော့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်းသားက (၁၃၂) ဦးတောင် ရှိနေတဲ့အတွက် မင်းတို့အကုန်လုံးတော့ တိုင်းမှူး၊ တပ်မမှူး အကုန်မဖြစ်တော့ဘူး၊ ဒါပေမယ့် မင်းတို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ဆင်းတွေကိုပဲ နောင်မှာ ညွှန်ချုပ်တို့ ဦးဆောင်ညွှန်ကြားရေးမှူးတို့ ပေးမယ်၊ တခြားသူတွေ မပေးဘူး” ဟု သင်တန်းဆရာက ပြောသည့်အတွက် စစ်ဘက်ရာထူးကြီးကြီးမှန်းထားသည့် သင်တန်းသားများ စိတ်ပျက်ကုန်သည်ဟု သင်တန်းသားတဦးက ပြောသည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းကို ယခင်က တပတ်လျှင် ဗိုလ်မှူးကြီးအဆင့် (၃၀) မှ (၅၀) ကြားသာ လက်ခံလေ့ရှိသော်လည်း ယခုအခါ (၁၀၀) ကျော်သည်ထိ သင်တန်းသား များပြားလာသည့်အတွက် တပ်မမှူး၊ တိုင်းမှူးရာထူးများ မပေးနိုင်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး သူရွှေမန်း (ကြည်း ၁၁၅၃၄) ဆိုလျှင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်ပြီး အဆိုပါသင်တန်းတက်စဉ်က တမခ (၆၆) မှ ဗိုလ်မှူးကြီးရာထူးနှင့် တက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ မြန်မာစစ်ခေါင်းဆောင် အတော်များများမှာ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်သည်။ နအဖ အတွင်းရေးမှူး (၁) ဒု-ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည်လည်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း အမှတ်စဉ် (၁) ဆင်းဖြစ်သည်။

စီးပွားကူးသန်းဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းသည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၄) ဆင်းဖြစ်သည်။ နအဖ အမိန့်စာအချို့ကို နအဖ အတွင်းရေးမှူးအဖြစ် လက်မှတ်ထိုးထုတ်နေသည့် နေပြည်တော် ညွှန်ချုပ် ဗိုလ်မှူးကြီး သန့်ရှင်းသည်လည်း နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် သင်တန်း အမှတ်စဉ် (၆) ဆင်းဖြစ်သည်။

မြန်မာစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း အရပ်ဘက်ဌာနဆိုင်ရာများတွင် ရောက်ရှိနေသည့် စစ်အရာရှိများကို လျှော့ချတော့မည်ဖြစ်ရာ မကြာခင် အရပ်ဘက် စစ်အရာရှိများ၏ စွမ်းဆောင်ရည်ကို ပြန်သုံးသပ်တော့မည်ဟု နေပြည်တော် ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့်အရာရှိတဦးက ပြောသည်။

အရပ်ဘက်ရှိ စစ်အရာရှိများ၏ စွမ်းဆောင်ရည်ကို ပြန်သုံးသပ်ပြီးနောက် ထူးချွန်သူများကိုသာ ထားပြီး ကျန်စစ်အရာရှိများကို ပင်စင်ပေးမည်ဟုလည်း စုံစမ်းသိရသည်။



Ref: ခေတ်ပြိုင်

Read More...

လူ့အခွင့်အရေး၏ တခြားတဖက်မျက်နှာ

ဂါမဏိ
Monday, January 19, 2009

၂ဝဝ၈ ခု ဒီဇင်ဘာ ၁ဝ ရက်မှာ လူ့အခွင့်အရေးကြေညာစာတမ်း နှစ် ၆ဝ ပြည့် အခမ်းအနားတွေ တကမ္ဘာလုံးမှာ ကျင်းပခဲ့ပါတယ်။ လူ့သမိုင်းမှာ ပထမဆုံးအဖြစ် လူ့အခွင့်အရေးတွေကို အပြည့်အစုံ စနစ်တကျ ဖော်ထုတ်လိုက်နိုင်တာ ကုလသမဂ္ဂရဲ့ ဧရာမအောင်မြင်မှုကြီး တခု ဖြစ်ပါတယ်။ ဒီလို ဖော်ထုတ် လိုက်နိုင်တဲ့ ၁၉၄၈ ခုကစပြီး ကမ္ဘာ့ပြည်သူတွေ အဖို့ အာဏာရှင်စနစ်တွေ၊ ဖိနှိပ် ချုပ်ချယ်မှုတွေကို ရင်ဆိုင် ရာမှာ အရေးပါ အစွမ်းထက်တဲ့ လက်နက်တခု ရလာခဲ့ပါတယ်။

အာဏာရှင်စနစ် အမျိုးမျိုးအောက် ပြားပြားမှောက်နေရတဲ့ ကမ္ဘာ့ပြည်သူတွေဟာ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ လူ့အခွင့်အရေး အချက် ၃ဝ ကို အသုံးချပြီး အခွင့်အရေး တောင်းဆိုဖို့ အင်မတန် အသုံးတည့် အကျိုးရှိခဲ့ ပါတယ်။ ၇၅ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြင့်အေးနဲ့ တကွ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားတွေ၊ လှုပ်ရှား တက်ကြွသူတွေရဲ့ တပင်တပန်း အနစ်နာခံ စည်းရုံး ပညာပေး မှုတွေကြောင့် မြန်မာနိုင်ငံမှာလည်း ၁၉၆၂ ခု၊ ၁၉၇၄ ခုတွေထက်စာရင် ဒီလို လူ့အခွင့်အရေးတွေကို နားလည် သိမြင်မှုတွေဟာ အတိုင်း အတာ တခုထိ မြင့်တက်လာခဲ့ပါတယ်။ ပြည်သူလူထုတွေ အနေနဲ့ လူ့အခွင့်အရေးတွေ နားလည်လာ၊ တောင်းရကောင်းမှန်း သိလာလို့ နအဖ စစ်အာဏာရှင်တွေ မခံ မရပ်နိုင်ဖြစ်ပြီး ကိုမြင့်အေးတို့ကို မဆီမဆိုင် ဗုံးခွဲမှုပုဒ်မတပ် အမှုဆင်ထောင်ချရတဲ့ အဆင့်ထိ ဖြစ်လာပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးဆိုတာ ဒင်္ဂါးပြားတပြားရဲ့ ဘက်တဘက်သာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ လူ့ အခွင့်အရေးအကြောင်း ပြောရုံနဲ့ မလုံလောက်သေးပါဘူး။ လူ့အခွင့်အရေးကို သိဖို့ မလွဲမသွေ လိုအပ်တဲ့ အပြင် လူ့တာဝန်ဝတ္တရားကိုပါသိမှ အပြောင်းအလဲ ဖြစ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ လူ့တာဝန်ဟာ ခွဲလို့မရပါဘူး။ ဒီတော့ လူ့တာဝန် ဝတ္တရားတွေက ဘာတွေလဲ။ ဘာသာရေး နယ်ပယ်မှာ လူ့တာဝန် ဝတ္တရားတွေကို သက်ဆိုင်ရာ ဘာသာတွေအလိုက် ဖော်ထုတ်ထားတာတွေ ရှိပါတယ်။ ဥပမာ—ဗုဒ္ဓဘာသာမှာ ငါးပါးသီလ၊ ဗြဟ္မစိုရ် တရားလေးပါး၊ ခရစ်ယာန်ဘာသာမှာ ပညတ်တော် ဆယ်ပါးတို့ဟာ လူ့တာဝန်တွေကို လောကုတ္တရာ နည်းအရ သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ လောကီရေး အတွက်လည်း မင်္ဂလာတရား ၃၈ ပါး၊ မင်းကျင့်တရား ၁ဝ ပါးဆိုတာ ရှိပါသေးတယ်။

ခေတ်သစ်နိုင်ငံရေးနယ်ပယ်မှာတော့ လူ့တာဝန်ဝတ္တရားဆိုတာ မတရားတဲ့ လုပ်ရပ်တွေ၊ ဖောက်ပြန် ဆိုးယုတ်တဲ့ အုပ်စိုးသူတွေ၊ မှားယွင်းတဲ့ စနစ်တွေ၊ မတရားတဲ့ အမိန့်အာဏာနဲ့ ဥပဒေတွေကို ဖီဆန် တိုက်ဖျက် ချေမှုန်းဖို့ဖြစ်ပါတယ်။ တခုပြောစရာရှိတာက နိုင်ငံရေးအရောင် အသွေးမတူရင် မတူသလို မတရားမှု၊ ဖောက်ပြန်ဆိုးယုတ်မှု၊ မှားယွင်းမှုကို သတ်မှတ်ပြဋ္ဌာန်းချက် ကွဲလွဲနိုင်တာ ရှိပါတယ်။ ဒါပေမဲ့ လူသား တိုင်းရဲ့ မွေးရာပါ ဆင်ခြင်ဉာဏ်နဲ့ မတရားမှု၊ ယုတ်မာမှု အနိမ့်ဆုံး စံတွေကို သတ်မှတ်လို့ ရပါတယ်၊ မခဲယဉ်းပါဘူး။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း စကားချီး ပိုင်းမှာတော့ လူ့အခွင့်အရေး တွေကို ထိန်းသိမ်း ကာကွယ်မပေးရင် တရား လက်လွတ် နှိပ်စက်ကလူပြု အုပ်စိုးမှုနဲ့ ဖိနှိပ် ညာဉ်းပန်းမှု တို့ကို နောက်ဆုံး မလွှဲမရှောင်သာ လက်နက်စွဲကိုင် တော်လှန် ပုန်ကန်ရမယ်ဆိုတဲ့ လူ့တာဝန် ဝတ္တရားကို ယေဘုယျကျကျ ထောက်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင် တို့ကလည်း “မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုပြီး လူ့တာဝန်ကို မီးမောင်း ထိုးပြဖူးပါတယ်။
ကုလသမဂ္ဂဟာ လူ့အခွင့်အရေးတွေကိုဘဲ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အဖြစ် စာနဲ့ပေနဲ့ ဖော်ထုတ်ခဲ့ပြီး လူ့တာဝန် ဝတ္တရားတွေကိုတော့ အပြည်ပြည်ဆိုင်ရာ လူ့တာဝန် ဝတ္တရား ကြေညာစာတမ်း အဖြစ် တိတိကျကျ အသေးစိတ် ဖော်ထုတ်မပေးခဲ့ပါဘူး။ ပညာရှင် တချို့ပြောတာက အဲဒီ ၁၉၄၈ ခု ကာလတုံးက ကွန်မြူနစ် နိုင်ငံတွေကို ထိုးနှက် အပုပ်ချဖို့ဘဲ ရည်ရွယ်ခဲ့တာဖြစ်လို့ လူ့အခွင့်အရေး သက်သက်ကိုဘဲ ဖော်ထုတ် သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ လူ့တာဝန် ဝတ္တရားတွေကိုပါ ဖော်ထုတ် လိုက်ရင် ကွန်မြူနစ် နိုင်ငံတွေတင် မကဘဲ ဒီမိုကရေစီ နိုင်ငံအစိုးရများ မဟုတ်တာ လုပ်တာတွေ၊ အထူးသဖြင့် အဲဒီကာလက နယ်ချဲ့ ကိုလိုနီစနစ် ကျင့်သုံးနေတာ တွေကိုပါ သက်ဆိုင်ရာ ပြည်သူလူထု တွေက ပြည်သူ့စွမ်းအားနည်းနဲ့ တိုက်ပွဲဝင် တွန်းလှန်ပစ်တာတွေ ဖြစ်လာမှာစိုးလို့ မဖော်ထုတ်ခဲ့တာလို့ ဆိုကြ ပါတယ်။

လူ့အခွင့်အရေးတဖက်တည်းကိုပြောရင် ရသင့်ရထိုက်တာကို ပြောတာဘဲ ဖြစ်နေပြီး ရဖို့နည်းလမ်း မပါ ဖြစ်နေပါတယ်။ အောက်ကနေ လက် ဖြန့် တောင်းတာ၊ ငိုပြတာ အဓိက ဖြစ်နေပါတယ်။ သူများပေးသနားမှ ရမယ့်သဘော ရောက်နေပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေ အတွက် လူ့အခွင့်အရေးတွေကို ကုလသမဂ္ဂက လုပ်ပေးမှ ရမလိုလို၊ ဂမ်ဘာရီ လုပ်ပေးမှ ရမလိုလို၊ ဒါမှမဟုတ်လည်း ဒေါ်အောင်ဆန်း စုကြည် လုပ်ပေးမှဘဲ ရမလိုလို တွေးမြင်ကုန်ကြပါတယ်။ တကယ်တော့ လူတိုင်းမှာ လူ့အခွင့်အရေးတွေ ခံစား ရရှိနိုင်ခွင့် ရှိသလို၊ ဒီလူ့ အခွင့်အရေးတွေ ပိတ်ပင် ချိုးဖောက်နေသူ ဘယ်သူကိုမဆို ဖယ်ရှား ရှင်းလင်းပစ်ဖို့ လူ့တာဝန်လည်း လူတိုင်းလူတိုင်းမှာ သေချာပေါက် ရှိနေပါတယ်။

အနိမ့်ဆုံးဥပမာပြရရင် ကိုယ့်မျက်စိရှေ့မှာ အမျိုးသမီးတယောက်ကို လူဆိုးတယောက်က မုဒိမ်းကျင့်နေတာ တွေ့ရင် “ဟေ့လူ၊ ခင်ဗျား လူ့အခွင့်အရေးကို မဖောက်ဖျက်ပါနဲ့” လို့ဘဲ ဝိုင်းအော်နေမှာလား။ တရားဟော ဖြောင်းဖြ နားချနေမလား။ “ခင်ဗျား အမျိုးသမီးအခွင့်အရေး ဖောက်ဖျက်တာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်” လို့ဘဲ ထိုင်ကြေညာနေမှာလား။ (ဒီထက်ပိုဆိုးတာကတော့ “ခင်ဗျား အခုလို လုပ်တဲ့အခါမှာ ကွန်ဒွမ်သုံးသင့်တယ်”လို့ ပြောတာပါဘဲ။) အဲဒါတွေထက်စာရင် ရဲစခန်းကို ဖုံးဆက်တိုင်တာ တစုံတရာတော့ အဓိပ္ပာယ် ရှိပါသေးတယ်။ ဒါပေမဲ့ ရဲတွေရောက်လာတဲ့ အချိန်မှာတော့ မုဒိမ်းကောင်ဟာ ရည်မှန်းချက် ပြီးမြောက်သွားလို့ အေးအေးဆေးဆေး စီးကရက် ထိုင်သောက်နေတာဘဲ တွေ့ရမှာဖြစ်ပြီး မိန်းကလေး ခမြာမှာတော့ အပျိုရည် ပျက်ပြီးသွားတာ သို့မဟုတ် ကိုယ်ဝန်ရသွားတာ သို့မဟုတ် အနိမ့်ဆုံးအားဖြင့် ခန္ဓာကိုယ်ဒဏ်ရာ စိတ်ဒဏ်ရာ ရသွားတာဘဲ အဖတ်တင်သွားတော့မှာ ဖြစ်ပါတယ်။ မုဒိမ်းကောင်ကို အရေးယူနိုင်ဖို့ အတွက်လည်း လုံချည်တွေ ထမိန်တွေ ဓာတ်ခွဲခန်း ပို့ရပါအုံးမယ်။ (ရွေးကောက်ပွဲ ရှုံးသွားတဲ့ အမေရိကန် ရီပတ်ဘလစ်ကန် ပါတီ ဒုသမတလောင်း မဆာရာပါလင်းဟာ မုဒိမ်းကျင့် ခံရတဲ့ မိန်းကလေးတွေရဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်ရုံမက မုဒိမ်းမှုအတွက် ဓာတ်ခွဲ စစ်ဆေးခကို မုဒိမ်းကျင့်ခံရတဲ့ အမျိုးသမီးက ကျခံရမယ်လို့တောင် ပေါ်လစီ ချခဲ့ဖူးသေးတယ်။)

ဒါကြောင့် ဒီလိုနေရာမှာ လူ့အခွင့်အရေးကို အသိအမှတ်ပြုဖို့ ဟောပြောဆော်သြမနေဘဲ တွေ့မြင် သိရှိသူတွေက လူ့တာဝန်ဝတ္တရားနဲ့အညီ မုဒိမ်းသမားကို ဝိုင်းသမရမှာဖြစ်ပါတယ်။ အနည်းဆုံး ၄-၅ ချက်လောက် ဝိုင်းဗြင်းပြီးမှ ရဲစခန်း ပို့သင့်ပါတယ်။ ဒါမှသာ လူ့တာဝန် ကျေမှာဖြစ်ပါတယ်။

လူ့အခွင့်အရေးကိုဘဲ တဖက်စောင်းနင်းအမွှန်းတင်နေတဲ့ အနောက်နိုင်ငံတချို့မှာ လမ်းကြားထဲ ပန်းခြံထဲ မုဒိမ်းကျင့်နေ၊ အကျင့်ခံရတဲ့ မိန်းကလေးက ရုန်းကန်အော်ဟစ်နေတာကို ဖြတ်သွားဖြတ်လာတွေက ကိုယ်နဲ့ မဆိုင်သလိုဘဲ မျက်နှာလွှဲ သွားကြတဲ့အကြောင်း အဲဒီနိုင်ငံတွေ ရောက်သွားသူတွေဆီက ပြန်ကြားရပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ လူ့တာဝန် မျှမျှတတ အားပေးတဲ့ တခြားအနောက်နိုင်ငံ တွေမှာတော့ ခုနလိုသတင်းမျိုး သိတ်မကြားရပါဘူး။

၁၉၆၄ ခု မတ်လတုံးက အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကစ်တီဂျီနိုဗိစ် ဆိုတဲ့ (၂၉) နှစ်အရွယ် အမျိုးသမီး တယောက်ကို မုဒိမ်းကျင့် လူသတ်သွားတာ အိမ်နီးနားချင်း (၃၈) ယောက်က တွေ့မြင် (သို့မဟုတ်) အော်ဟစ်အကူအညီ တောင်းသံ ကြားခဲ့ပေမဲ့ ရဲတောင် ဖုံးဆက်မတိုင်ဘဲ ကိုယ်နဲ့ မဆိုင်သလို နေခဲ့လို့ နယူးယောက်တိုင်းမ် သတင်းစာကြီးမှာ ဟိုးလေးတကျော် သတင်းပါလာခဲ့ပါတယ်။ ၁၉၈၃ မတ်လက မက်ဆာချူးဆက်ပြည်နယ် ဘက်ဒ်ဖို့ဒ်မြို့မှာလည်း (၂၁)နှစ်အရွယ် မိန်းကလေးတယောက်ကို အရက်ဆိုင် ဘိလိယက်ခုံပေါ် အမျိုးသား(၆)ယောက် မုဒိမ်းကျင့်နေတာ ဆိုင်မှာ အရက်သောက်နေသူ (၁၅)ယောက်လောက်က ဝိုင်းကြည့်နေခဲ့ပုံကို နောက်ပိုင်းမှာ ရုပ်ရှင်အဖြစ်တောင် ပြန်ရိုက်ခဲ့ရပါတယ်။ ၂ဝဝ၇ သြဂုတ်လမှာလည်း မင်နီဆိုးတားပြည်နယ် စိန့်ပေါလ်မြို့မှာ (၂၆)နှစ်အရွယ် အမျိုးသမီး တဦးကို လှေခါးဟောခန်းထဲ ရိုက်နှက်ထိုးကြိတ်ပြီး မုဒိမ်းကျင့်နေတာကို အိမ်နီးနားချင်း (၁ဝ)ယောက်လောက်က ထွက်ကြည့် စူးစမ်း ခဲ့ပေမဲ့ ဘယ်သူကမှ မတားဆီးခဲ့ဘဲ တနာရီကျော်ကြာမှသာ တစုံတယောက်က ရဲကို ခေါ်ခဲ့ပါတယ်။

၁၉၈ဝ ခုတုံးက အိန္ဒိယနိုင်ငံမှာ ယောက်ျား (၂၂)ယောက်ကနေ (၃)ပတ်ကြာအောင် အုပ်စုလိုက် မုဒိမ်းကျင့်ခံခဲ့ရ၊ ရွာထဲ ကိုယ်တုံးလုံးချွတ် လမ်းလျှောက် ပြရပြီးနောက် ဖူလန်ဒေဝီ ဟာ ငွေများတရားနိုင် ဘက်လိုက် တရားဥပဒေရဲ့ အကူအညီကို ဘယ်လိုမှ မရနိုင်တာသိလာလို့ ဓားပြဗိုလ်လုပ်ပြီး သူမကို မုဒိမ်းကျင့်တဲ့ ယောက်ျား (၂၂)ယောက်စလုံးကို တယောက်ပြီးတယောက် လိုက်သတ် ပစ်နိုင်ခဲ့ပါတယ်။ ၁၉၆၈-၆၉ ခုနှစ်တွေလောက်ကလည်း ရှမ်းပြည် ပင်းတယ- ရွာငံ- ရပ်စောက်- မိုးလုံးဟိန်း ဒေသမှာ အုပ်စုလိုက် မုဒိမ်းကျင့်ခံရတဲ့ ပအိုဝ်းအမျိုးသမီး တယောက်က ဓားပြဗိုလ်လုပ်ပြီး သူ့ကို မုဒိမ်းကျင့်ခဲ့တဲ့ ယောက်ျားတွေနဲ့ ဘက်လိုက်တဲ့ ရွာသူကြီးတွေ၊ ရဲတွေကို ပြန်လိုက်သတ်ခဲ့တဲ့ အဖြစ် ရှိခဲ့ဖူးပါတယ်။

လူ့တာဝန်ကိုထည့်မပြောဘဲ လူ့အခွင့်အရေးကိုသာ စောင်းပေးနေသရွေ့ အာဏာရှင်တွေ၊ ကိုယ်ကျိုးရှာ သမားတွေကို ဖယ်ရှားရေးဟာ သူ့တာဝန်လိုလို ကိုယ့်တာဝန်လိုလို၊ ပြည်တွင်းက အဲန်အယ်လ်ဒီ စီအာပီပီ တာဝန်လိုလို ပြည်ပက စင်ပြိုင်အစိုးရ တာဝန်လိုလို၊ ကုလသမဂ္ဂတို့ နိုင်ငံတကာ တရားရုံးတို့ တာဝန်လိုလို၊ တရုတ်တာဝန်လိုလို အမေရိကန် တာဝန်လိုလိုနဲ့ ဇာတ်မျောကြီး ဖြစ်နေမှာပါဘဲ။

ဂါမဏိ

Read More...

Tuesday, January 20, 2009

သက်တမ်းရှည်ပဋိပက္ခ

Jan 18, 2009

ဒီဆောင်းပါးကတော့ မိုးမခမှာ ဖေါ်ပြထားခဲ့ပြီးသားပါ။ ဆောင်းပါးက ရှည်တော့ အပိုင်းလိုက်ခွဲပြီး ဖော်ပြခဲ့တာပါ။ ခုတော့ အားလုံးကို တစုတစည်းတည်း တထိုင်တည်း ဖတ်နိုင်အောင်လို့ ပြန်တင်ပေးလိုက်တာပါ။ အချက်အလက် တစုံတရာ ချွတ်ချော် တိမ်းပါးမှုများ ရှိခဲ့ရင်ဖြင့် စာရေးသူ ကျနော့် အပြစ်သာ ဖြစ်ပါကြောင်း ကြိုတင် ၀န်ခံအပ်ပါတယ်။

နိဒါန်း
ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၊ အာရပ်-အစ္စရေး ပဋိပက္ခဟာ ရာစုနှစ်ပေါင်းများစွာ တောက်လောင်နေခဲ့တဲ့ မီးပုံ တခုပါပဲ။ ယခု လက်ရှိ ခေတ်ကာလမှာလည်း ဒီမီးပုံကြီးဟာ ငြိမ်းမလိုလိုနဲ့ ပြန်လည် ကြီးထွားလာတာကို စိတ် မချမ်းမြေ့စရာ မြင်တွေ့ ကြားသိနေရပါတယ်။ ကိုယ်နဲ့ အဝေးကြီးလို့ ပြောလို့ ရပေမယ့် အနည်းဆုံး အဆင့် ကတော့ တီဗွီ မျက်နှာပြင်ပေါ်မှာ တောက်လောင်နေတဲ့ မီးတွေကို တွေ့မြင်ရတိုင်း ကိုယ့်ကိုလည်း အပူတွေ လာဟပ်တာပါပဲ။ ကမ္ဘာ့ အဝေးဆုံး ထောင့်ကြားမှာ နေခဲ့ရင်တောင် တီဗွီ ဖွင့်ကြည့်မိရင် အပူတွေ ဟပ်တယ်။ တကယ်တော့လည်း မီးပုံကြီးတခုဟာ အလိုအလျောက် မကြီးထွား လာပါဘူး။ မီးပွားလေးတွေကနေ စလာရတာ ပါပဲ။ ဒီတော့လည်း ဒီမီးပုံကြီးကို မငြိမ်းသတ်နိုင်သေးခင်မှာ ငြိမ်းသတ်ဖို့ နည်းလမ်းရှာတဲ့ အနေနဲ့ မီးပွားလေးကနေ မီးတောက်ကြီး၊ မီးတောက်ကြီးကနေ မီးပုံကြီးအထိ အဆင့်ဆင့် ရောက်သွားအောင် အစ ပြုခဲ့တဲ့ နဂိုမူလ မီးပွားလေးတွေကို ပြန်ကြည့်မိပါတယ်။

ဒီအခါမှာ အလွန်ရှုပ်ထွေးလှတဲ့ တကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတွေကို သတိပြုမိပါတယ်။ အရှေ့နဲ့ အနောက်၊ ကွန်မြူနစ်နဲ့ အရင်းရှင်၊ ခရစ်ယာန်နဲ့ မွတ်ဆလင်၊ စီးပွားရေးနဲ့ နိုင်ငံရေး၊ အာဃာတနဲ့ အမုန်း တရား၊ နိုင်ငံ တွေရဲ့ ကိုယ်ကျိုးစီးပွား အားလုံးဟာ ခွဲခြားလို့ မရနိုင်အောင် စုပြုံရောပြွမ်းနေတာကို တွေ့မြင်မိတဲ့အခါမှာ ဒီ ဆောင်းပါးကို ရေးမိပါတယ်။ ဘာလို့ဆို အမိဗမာပြည်ရဲ့ အရေးကိစ္စတိုင်းကလည်း ဒီလိုပဲ ရောပြွမ်း ရှုပ်ထွေး နေတာကို သတိပြုမိလို့ပါပဲ။ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောလို့မရတဲ့ တကမ္ဘာလုံးရဲ့ ပတ်သက် ဆက်စပ်နေတဲ့ အခင်း အကျင်းတွေဟာ သတိမပြုလို့ မရနိုင်အောင် ဖြစ်နေတာကြောင့်ပါပဲ။
အာဆီယံနိုင်ငံတွေ၊ အီးယူနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံကြီးတွေ ပါဝင် ပတ်သက်နေတဲ့၊ ပြီးရင် အထက်မှာ ပြောခဲ့သလို အရှေ့နဲ့ အနောက်၊ ကွန်မြူနစ်နဲ့ အရင်းရှင်၊ စီးပွားရေးနဲ့ နိုင်ငံရေး၊ အာဃာတနဲ့ အမုန်းတရား၊ နိုင်ငံတွေရဲ့ ကိုယ်ကျိုး စီးပွား ဒါတွေအားလုံး စုရုံးရှုပ်ထွေးနေတဲ့ ကျနော်တို့ နိုင်ငံ အတွက် အာရပ်-အစ္စရေး ပဋိပက္ခဟာ လေ့လာ စရာ (Case Study) တခု ဖြစ်ခဲ့မယ်ဆိုရင် ဒီဆောင်းပါးအတွက် အားထုတ်ရကျိုး နပ်ပါပြီ။

ပြဿနာ စတော့မယ်
အာရပ်-အစ္စရေးပဋိပက္ခ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကို ကြည့်မယ်ဆိုရင် ဆွဲယူ ထုတ်နှုတ်စရာတွေက များပြား လွန်းလှပါတယ်။ သို့သော်လည်း လက်ရှိ အနီးကပ်ဆုံး ကျနော်တို့ ရှင်သန်နေကြတဲ့ ကာလကိုပဲ အာရုံ ပြုမယ် ဆိုရင် ဒုတိယ ကမ္ဘာစစ်အပြီး ကာလတွေကနေပဲ အစပြုကြရမှာပါ။

သို့သော်လည်း အခြေခံကျတဲ့ အချက်အလက် တချို့ကိုလည်း ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ဒီတော့ ပထမ ကမ္ဘာစစ် အပြီးမှာ ပေါ်ပေါက်လာခဲ့တဲ့ ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီး (League of Nations) က အတည် ပြုခဲ့ပြီး စစ်နိုင်ခဲ့တဲ့ မဟာမိတ် နိုင်ငံတွေနဲ့ သူတို့ရဲ့ ပတ်သက်စပ်ဆိုင်ရာ နိုင်ငံတွေက အဆိုပြုခဲ့တဲ့ British Mandate of Palestine ဆိုတဲ့ ပါလက်စတိုင်း ဒေသ အဆိုပြုချက်ကနေ စတင်ရမှာပါပဲ။

ပါလက်စတိုင်းဒေသ အဆိုပြုချက်ဟာ ၁၉၂၂ ခုနှစ်မှာ ပေါ်ပေါက်လာပါခဲ့တယ်။ ဒီအဆိုပြုချက်ရဲ့ ရည်ရွယ်ချက် ထဲမှာလည်း ဂျူး လူမျိုးများ အတွက် နေထိုင်စရာ အိမ်ယာနိုင်ငံတခု ဖြစ်လာရေး ဆိုတာလည်း ပါဝင် ပါတယ်။ ဒီ အဆို ပြုချက်မှာ ပါတဲ့ ပထ၀ီဆိုင်ရာ နယ်နိမိတ် သတ်မှတ်မှုတွေကလည်း သမိုင်းတွင်အောင်ကို အငြင်းပွားမှုတွေ ဖြစ်ခဲ့ တာပါပဲ။

ဒီလိုနဲ့ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၇ နိုဝင်ဘာ ၂၉ မှာ United Nations Partition Plan for Palestine (United Nations General Assembly Resolution 181) ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည် ပြုလိုက်ပါတယ်။

ပြဿနာ စပြီ
ဒီဆုံးဖြတ်ချက်အရ British Mandate of Palestine ကို ၁၉၄၈ သြဂုတ် ၁ ရက်နေ့မှာ တရားဝင် ရပ်စဲ ရမှာ ဖြစ်ပြီး ဂျူးနဲ့ အာရပ်ဒေသ ၂ ခုအဖြစ် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အာရပ်နိုင်ငံတွေက လက်မခံဘဲ ပယ်ချခဲ့ကြပါတယ်။

ဒီကြားထဲမှာမှ မေလ ၁၄ ရက်မှာ အစ္စရေးက လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။ သူ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အာရပ် နိုင်ငံတွေက ဒီ ကြေညာချက်ကို လက်မခံတဲ့အခါ စစ်ပွဲတခု စတင် ဖြစ်ပွားခဲ့ပါတော့တယ်။

ပထမ အာရပ်-အစ္စရေးစစ်ပွဲ (၁၉၄၈)
ဒီစစ်ပွဲဟာ အာရပ်ပြည်နဲ့ ဂျူးပြည် ၂ ခု အတူတွဲ ရှိရမယ် ဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးက အတည်ပြု လိုက်တဲ့ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် အမှတ်(၁၈၁) ကို အာရပ်ကမ္ဘာက ငြင်းပယ်ခဲ့တာကနေ စတင်ခဲ့တာပါပဲ။

ဒီအခါမှာ အစ္စရေး ၀န်ကြီးချုပ် ဒေးဗစ်ဘန်ဂူရီယမ်က အစ္စရေးနိုင်ငံဟာ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရှိတဲ့ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံ ဖြစ်ကြောင်း မေလ ၁၄ ရက်မှာ ကြေညာပြီး တုန့်ပြန်ခဲ့ ပါတယ်။ ဒီနောက်မှာတော့ အာရပ်နိုင်ငံတွေက အစ္စရေးကို စတင် ၀င်ရောက် တိုက်ခိုက်ရာကနေ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲပါ။

အချိန်ကာလ ရှည်ကြာစွာ ဖြစ်ပွားနေတဲ့ အာရပ်-အစ္စရေးပဋိပက္ခ တလျှောက် ဖြစ်ပွားခဲ့သမျှ စစ်ပွဲတွေ အားလုံးရဲ့ ပထမဆုံးသော စစ်ပွဲလည်း ဖြစ်ပါတယ်။ အစ္စရေးကတော့ လွတ်မြောက်ရေး စစ်ပွဲလို့ အမည် ပေးခဲ့ပါတယ်။

အစ္စရေးကို နိုင်ငံအဖြစ် အသိအမှတ်ပြုပြီ
အစ္စရေးနိုင်ငံက လွတ်လပ်ရေး ကြေညာလိုက်တာနဲ့ အမေရိကန်ပြည်ထောင်စု၊ အီရန်၊ ဆိုဗီယက် ပြည်ထောင်စု အပါအ၀င် အခြားနိုင်ငံ အတော်များများရဲ့ အသိအမှတ်ပြုခြင်းကို ချက်ချင်းဆိုသလို ရရှိခဲ့ ပါတယ်။

ရက် အနည်းငယ် အကြာမှာတော့ လက်ဘနွန်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီဂျစ်နဲ့ အီရတ် နိုင်ငံတွေက တပ်တွေ အလုံး အရင်းနဲ့ အစ္စရေးနိုင်ငံကို ၀င်တိုက်ခဲ့ကြပါတော့တယ်။ ဆော်ဒီအာရေးဘီးယား၊ လစ်ဗျားနဲ့ ယီမင် နိုင်ငံတွေ ကလည်း အပျော်ထမ်း တပ်တွေ ပေးပို့ပြီး ပါဝင် တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ဒီလိုနဲ့ ကုလသမဂ္ဂရဲ့ ၀င်ရောက်စေ့စပ်မှုနဲ့ နှစ်ဖက် အပစ်အခတ် ရပ်စဲခဲ့ကြပြီး ၁၉၄၉ ခုနှစ်မှာ အစ္စရေးက အီဂျစ်၊ လက်ဘနွန်၊ ဂျော်ဒန်၊ ဆီးရီးယားနိုင်ငံတွေနဲ့ သီးခြား စစ်ရေး သဘောတူညီချက်တွေကို ချုပ်ဆိုခဲ့တယ်။ စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။ ရန်လိုမှုတွေကတော့ မပြီးဆုံးသေးပါဘူး။

လတ်တလော စစ်ပွဲများ
ဒုတိယကမ္ဘာစစ်နောက်ပိုင်း အနီးကပ်ဆုံး သမိုင်း စာမျက်နှာပေါ်က ၂၀ ရာစုရဲ့ ကမ္ဘာ့ အရှေ့အလယ်ပိုင်း ဒေသ အငြင်းပွားမှုမှာ “အာရပ်-အစ္စရေး ၆-ရက် စစ်ပွဲ” ကို လူသိအများဆုံး စစ်ပွဲအဖြစ် တွေ့ကြရမှာပါ။ ဒီတော့ အဲဒီ စစ်ပွဲရဲ့ အရင်းအမြစ်တွေကနေ စတင်ကြည့်ရမှာပါ။ အခြေခံ အကျဆုံးကတော့ စူးအက် တူးမြောင်း ပါပဲ။ စူးအက် တူးမြောင်း အရေးအခင်းကပဲ ၆-ရက်စစ်ပွဲကို မွေးဖွားပေးခဲ့ပါတယ်။ ဒီတူးမြောင်းမှာ အားလုံးရဲ့ အကျိုး စီးပွားတွေ ပါဝင်နေတယ်။ ဒီတော့လည်း ပဋိပက္ခတခုဟာ အလွယ်တကူ ဖြေရှင်းလို့ မရနိုင်တာ ဘာမှ မထူးဆန်းတော့ပါဘူး။

စူးအက်တူးမြောင်း
ပြသနာတွေ အားလုံးရဲ့ အစဟာ စူးအက်တူးမြောင်းလို့ ပြောရင် မလွန်ဘူးလို့ ထင်ပါတယ်။ စူးအက် တူးမြောင်းဟာ အာဖရိကတိုက်ကို ကွေ့ပတ်ပြီး သွားစရာ မလိုဘဲ ဥရောပနဲ့ အာရှကို တိုက်ရိုက် ကူးသန်း နိုင်အောင် ဆက်သွယ်ပေးထားတဲ့ တူးမြောင်းဖြစ်ပါတယ်။

အာရှနဲ့ အာဖရိကကြားမှာရှိတဲ့ အိန္ဒိယ သမုဒ္ဒရာရဲ့ လက်ခွဲတခုဖြစ်တဲ့ ပင်လယ်နီနဲ့ ဥရောပတိုက်၊ အာရှ တိုက်နဲ့ အာဖရိကတိုက်ကို ပိုင်းခြားထားတဲ့ မြေထဲပင်လယ်တို့ အကြားက ကုန်းမြေကို ဖြတ်သန်းပြီး ဖောက်လုပ် ထားတာလည်း ဖြစ်ပါတယ်။ ၁၈၅၉ နဲ့ ၁၈၆၉ နှစ်များအကြားမှာ ပြင်သစ် ကော်ပိုရေးရှင်း တခုဖြစ်တဲ့ Universal Suez Ship Canal Company က တူးဖော် ဆောက်လုပ်ခဲ့ပြီး ရှယ်ယာအများစုကို ပိုင်ဆိုင် ခဲ့တဲ့အပြင် စူးအက်တူးမြောင်း အရေးအခင်းကို ဖြစ်ပွားတဲ့ ၁၉၅၆ ခုနှစ် အထိ တူးမြောင်းကိစ္စ အ၀၀ကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

ဒုတိယ အာရပ်-အစ္စရေးစစ်ပွဲ (စူးအက်ဇ်တူးမြောင်းအရေးအခင်း - ၁၉၅၆)

ဒီအရေးအခင်းဟာ အီဂျစ်နိုင်ငံက စူးအက်ဇ်တူးမြောင်းကို ပြည်သူပိုင် သိမ်းရာကနေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်ပွဲကို ဖြစ်ပွားစေတဲ့ အကြောင်း ၂ချက်ရှိပါတယ်။
အာရပ်-အစ္စရေးပဋိပက္ခများကို ဖြေရှင်းရာမှာ အီဂျစ်က ဦးစီး ဦးဆောင်ပြု ဖြေရှင်းပေးဖို့ သဘော တူညီချက် တခု ရှိခဲ့တယ်။ အပြန်အလှန်အားဖြင့် အီဂျစ်နိုင်ငံမှာ ရေကာတာတခု တည်ဆောက်ဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန် နိုင်ငံတို့က ဒေါ်လာ သန်း ၂၇၀ ထုတ်ချေးခဲ့တယ်။

သို့သော်လည်း စစ်လက်နက် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေကို မှီခိုနေရတဲ့ အဖြစ်ကနေ အီဂျစ် နိုင်ငံကို လွတ်မြောက် သွားစေခဲ့တဲ့ လျှို့ဝှက် စစ်ရေး သဘောတူညီချက် တခုကို အီဂျစ်နဲ့ ချက်ကို ဆလိုဗက် နှစ်နိုင်ငံ အကြား ၁၉၅၅မှာ ပြုလုပ်ခဲ့ပါတယ်။

ချက်ကိုဆလိုဗက်ကီးယားနဲ့ အီဂျစ် သဘောတူညီချက် ရခဲ့တာကလည်း အရှေ့ အလယ်ပိုင်း ဒေသမှာ သူ့ရဲ့ သြဇာ လွှမ်းမိုး စေချင်တဲ့ ဆိုဗီယက် ပြည်ထောင်စုက အရှေ့ အုပ်စုလို့ ခေါ်တဲ့ ၀ါဆော စာချုပ်အဖွဲ့ဝင် အရှေ့ ဥရောပ ကွန်မြူနစ် နိုင်ငံတွေကို မီးစိမ်းပြခဲ့တာ ကြောင့်ပါပဲ။ ဒါ့ကြောင့်လည်း တင့်ကားတွေ၊ တိုက် လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ၊ ဟယ်လီ ကော်ပတာတွေက အစ ခေတ်မှီ လက်နက်ကြီးငယ် မျိုးစုံ အထိ ချက်ကိုဆလိုဗက်ကီးယားက အီဂျစ်ကို အကြွေးနဲ့ ရောင်းချ ပေးခဲ့ပါတယ်။ အာရပ်တွေ မမြင်ခဲ့ဖူးတဲ့ ခေတ်မီလက်နက်တွေကို အီဂျစ်မှာ အစုလိုက် အပုံလိုက် ရောက်သွားတဲ့အခါ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်နိုင်ငံ ကလည်း လက်ပိုက်ကြည့် မနေတော့ပါဘူး။

ဒါ့အပြင် နောက်တချက်ကတော့ မေလ ၁၆ ရက်နေ့မှာ တရုပ် ပြည်သူ့ သမတနိုင်ငံကို အီဂျစ်အစိုးရက တရားဝင် အသိအမှတ် ပြုလိုက်တာကလည်း ထိုင်ဝမ်နိုင်ငံကို ကျောထောက် နောက်ခံ ပေးတဲ့ အမေရိကန် ပြည်ထောင်စုကို အကြီးအကျယ် ဒေါသူပုန် ထစေခဲ့တာ ဖြစ်ပါတယ်။

လက်တုံ့ပြန်တဲ့ အနေနဲ့ နဂိုက သဘောတူညီထားတဲ့ ရေကာတာ တည်ဆောက်ရေး ရန်ပုံငွေကို ဇူလိုင် ၁၉ ရက်နေ့မှာ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုက လုံးဝ ဖျက်သိမ်း ပစ်ခဲ့ ပါတယ်။

တပတ်အကြာမှာတော့ အီဂျစ်က စူးအက်ဇ်တူးမြောင်းကို ပြည်သူပိုင် သိမ်းကြောင်း ကြေညာခဲ့ ပါတော့တယ်။
အီဂျစ်ရဲ့ ကြေညာချက်အပြီးမှာတော့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဗြိတိန်၊ ပြင်သစ်နဲ့ အစ္စရေး နိုင်ငံများက အီဂျစ်ကို ၀င်တိုက်ကြပါတယ်။ တူးမြောင်းကို ထိန်းချုပ် နိုင်ဖို့နဲ့ တူးမြောင်း အရေးအခင်းကို လက်ဦးမှု ရယူပြီး ဖြေရှင်း နိုင်ဖို့အတွက် ဖြစ်ပါတယ်။ အစ္စရေးက မြေပြင်တပ်တွေနဲ့ ၀င်ရောက် တိုက်ခိုက်ကာ ဆိုင်းနိုင်း ကျွန်းဆွယ်ကို သိမ်းယူထားခဲ့ပြီး ဗြိတိန်၊ ပြင်သစ်တို့က လေကြောင်း စိုးမိုးမှုနဲ့ ထောက်ပံ့ ရေးကို တာဝန် ယူခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆိုဗီယက် ပြည်ထောင်စုတို့ရဲ့ သံတမန်ရေးရာ ဖိအားပေးမှုတွေကြောင့် နိုဝင်ဘာလ ၄ ရက်နေ့မှာ အီဂျစ်နဲ့ အစ္စရေး နှစ်နိုင်ငံလုံးက ဆုတ်ခွာပေးဖို့ သဘောတူညီ ခဲ့ကြပါတယ်။ ဒီ အရေး အခင်းကို ပြီးဆုံးသွားအောင် ကနေဒါ နိုင်ငံက အဆိုပြုခဲ့တဲ့ ပထမဆုံးသော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ် ပေါ်ပေါက်လာခဲ့တယ်။ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ စူးအက်တူးမြောင်းကို ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်တွေက ထိန်းချုပ် လိုက်ပြီး စစ်ပွဲ ပြီးစီးသွားခဲ့ပါတယ်။

တတိယ အာရပ်-အစ္စရေး စစ်ပွဲ ( ၆ ရက် စစ်ပွဲ - ၁၉၆၇)
၁၉၆၄ ခုနှစ်မှာ အစ္စရေးက ဂျော်ဒန်မြစ်ရေကို သူရဲ့ နိုင်ငံတော် ရေပေးဝေရေး အစီအစဉ် အတွက် စတင် ထုတ်ယူ သုံးစွဲခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာ အာရပ်နိုင်ငံတွေက စုပေါင်းပြီး Headwater Diversion Plan ခေါ်တဲ့ ရေလွှဲယူရေး စီမံကိန်း တခုကို အကောင် အထည် ဖော်ခဲ့ပါတယ်။ ဒီစီမံကိန်းသာ အပြည့် အ၀ အကောင် အထည် ပေါ်ခဲ့ရင် ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်မှာရှိတဲ့ Banias စမ်းချောင်းက ရေတွေ အစ္စရေးနိုင်ငံနဲ့ အစ္စရေးရဲ့ ဂါလိလဲ (Galilee) ပင်လယ်ကို မရောက်ခင်မှာ လမ်းလွှဲယူပြီး ဂျော်ဒန်နဲ့ ဆီးရီးယားရဲ့ Mukhaiba ရေကာတာထဲ ထည့်မှာ ဖြစ်သလို၊ ဂျော်ဒန်မြစ်ထဲ စီးဝင်နေတဲ့ မြစ်ခွဲ တခုဖြစ်တဲ့ Hasbani မြစ်ရဲ့ ရေတွေကို လက်ဘနွန်မှာရှိတဲ့ Litani မြစ်ထဲကို လွှဲယူမှာ လည်း ဖြစ်ပါတယ်။ ရလဒ်အဖြစ် အစ္စရေးရဲ့ နိုင်ငံတော် ရေပေး ဝေရေး အစီအစဉ် အတွက် ရယူနိုင်မယ့် ရေပမာဏဟာ ၃၅% ကို ကျသွားမှာ ဖြစ်သလို တနိုင်ငံလုံးရဲ့ ရေပေးဝေနိုင်မှု ပမာဏဟာလည်း ၁၁% အထိ ထိုးကျသွားမှာ ဖြစ်ပါတယ်။

ဒါကို လက်မခံနိုင်တဲ့ အစ္စရေးနိုင်ငံဟာ အစ္စရေး ကာကွယ်ရေးတပ် (Israel Defense Forces – IDF) တွေကို ပို့လွှတ်ပြီး ၁၉၆၅ ခုနှစ် မတ်လ၊ မေလနဲ့ သြဂုတ်လတွေထဲမှာ ရေလွှဲယူရေး လုပ်ငန်းတွေ တည်ဆောက် အကောင်အထည် ဖော်နေတဲ့ ဒေသတွေ အားလုံးကို ၀င်ရောက် တိုက်ခိုက် ဖျက်ဆီးလိုက် ပါတယ်။ ဒီ အဖြစ် အပျက် တွေဟာ အာရပ်-အစ္စရေး (၆)ရက်စစ်ပွဲကို ဦးတည်သွားစေတဲ့ တိုက်ရိုက် အကျိုး သက်ရောက်မှု ဖြစ်စေတဲ့ အဖြစ်အပျက်တွေ ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ် မေလမှာတော့ အီဂျစ် သမတ နတ်ဆာက စူးအက်တူးမြောင်း ဒေသ အပါအ၀င် ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ရှိနေတဲ့ ၁၉၅၇ ခုနှစ် ကတည်းက တပ်စွဲထားခဲ့တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်တွေကို ရုတ်သိမ်းဖို့ ရာဇသံပေးလိုက်ပါတယ်။ ဒါ့အပြင် ဆိုင်းနိုင်း ကျွန်းဆွယ်နဲ့ ဆော်ဒီအာရေးဘီးယား အကြားက Tiran ရေလက်ကြားကိုပါ ပိတ်ခဲ့ပါတယ်။ အစ္စရေးအလံ တင်လာသမျှ သင်္ဘောတွေအားလုံးကို ပိတ်ဆို့ခဲ့ပါတယ်။ Tiran ရေလက်ကြားဟာ ဂျော်ဒန်ရဲ့ တခုတည်းသော ဆိပ်ကမ်း ဖြစ်တဲ့ Aqaba နဲ့ အစ္စရေးရဲ့ အိန္ဒိယ သမုဒ္ဒရာဘက်ခြမ်းမှာ ရှိတဲ့ တခုတည်းသော ဆိပ်ကမ်းဖြစ်တဲ့ Eilat တို့ကို ၀င်ထွက်ရာ ရေလမ်းကြောင်းဖြစ်ပါတယ်။ အစ္စရေး နိုင်ငံက ကန့်ကွက်နေတဲ့ ကြားမှာပဲ ကုလသမဂ္ဂ တပ်တွေကို ရုပ်သိမ်း ခိုင်းပြီး အီဂျစ်တပ်မတော်နဲ့ အစားထိုးခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေကပဲ ဇွန်လ (၅) ရက်မှာ စတင် ဖြစ်ပွားခဲ့တဲ့ အာရပ်-အစ္စရေး (၆)ရက်စစ်ပွဲကို မွေးဖွား ပေးခဲ့ တာပါပဲ။ သည်စစ်ပွဲမှာတော့ အစ္စရေးနဲ့ နယ်နိမိတ်ချင်း ဆက်နေတဲ့ အာရပ် နိုင်ငံတွေ ဖြစ်တဲ့ အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား နိုင်ငံတွေအပြင် အီရတ်၊ ဆော်ဒီ အာရေးဘီးယား၊ ဆူဒန်၊ တျူနီးရှား၊ မော်ရိုကိုနဲ့ အယ်လ်ဂျီးရီးယား နိုင်ငံတွေကပါ တပ်တွေရော လက်နက် အင်အား တွေရော ထည့်ဝင် ပူးပေါင်းပြီး အစ္စရေး နိုင်ငံကို ၀ိုင်းပြီး တိုက်ခိုက် ခဲ့ကြတာပါ။

အဲသည်အချိန်ကတော့ ကျနော်တို့ နိုင်ငံရဲ့ ဦးသန့်က ကုလသမဂ္ဂအဖွဲ့ကြီးမှာ အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ အချိန်ပါ။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို သူကိုယ်တိုင် သွားရောက်ပြီး ပဋိပက္ခ အဆုံးသတ် နိုင်ဖို့အတွက် အဆိုပြုချက် ၃ ခုကို အကြံပြု ခဲ့တာပါ။ အီဂျစ်က သဘောတူ သော်လည်း အစ္စရေးက ပယ်ချ ခဲ့တဲ့အတွက် ဆုံးဖြတ်ချက် မကျနိုင်ခဲ့ပါဘူး။

သံတမန်ရေး ချဉ်းကပ်မှုတွေနဲ့ပဲ ဇွန်လ (၁၀)ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး စာချုပ်နဲ့ (၆) ရက်ကြာ စစ်ပွဲ ပြီးဆုံးခဲ့ ပါတယ်။ သို့သော်လည်း ဒီအဖြစ်အပျက်ဟာ ယွန်ကစ်ပူးစစ်ပွဲ-လို့ ခေါ်တဲ့ နောက် (၆)နှစ် အကြာမှာ ဖြစ်မဲ့ ၁၉၇၃ အာရပ်-အစ္စရေးစစ်ပွဲရဲ့ အစလည်း ဖြစ်ခဲ့ပါတော့တယ်။

စစ်ပွဲ အပြီးမှာတော့ အစ္စရေးဟာ အီဂျစ်ရဲ့ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂါဇာ ကမ်းမြှောင်ဒေသ၊ ဆီးရီးယားရဲ့ ဂိုလန် ကုန်းမြင့်၊ ဂျော်ဒန်ရဲ့ ဂျော်ဒန်မြစ် အနောက် ကမ်းပါးဖြစ်တဲ့ West Bank ၊ အရှေ့ ဂျေရုဆလင် စတဲ့ ဒေသ တွေကို ထိန်းချုပ် နိုင်စွမ်း ရှိသွားတာပါပဲ။ ပြီးတော့ geopolitics ခေါ်တဲ့ ပထ၀ီ နိုင်ငံရေးမှာ ကြီးမားတဲ့ ရိုက်ခတ်မှု တွေကို ဖြစ်ပေါ်စေခဲ့တော့ တာပါပဲ။ အစ္စရေး နိုင်ငံဟာ ၃ ဆ ပိုပြီး ကြီးသွားခဲ့ပြီး အာရပ် လူဦးရေ တသန်း ကျော်ဟာ အစ္စရေး နိုင်ငံ ထိန်းသိမ်းထားရာ ဒေသတွေမှာ ရောက်နေခဲ့ ပါတော့တယ်။

ဒီစစ်ပွဲက နိုင်ငံရေး အရ အရေးပါတဲ့ အချက်အလက်အချို့ကိုလည်း သက်သေပြခဲ့ပါတယ်။ အစ္စရေး နိုင်ငံဟာ ဒေသ တခုလုံးမှာ အင်အား ချိန်ခွင်လျှာ ညီမျှနေအောင် အချိန်မရွေး ပြုနိုင်စွမ်း ရှိနေတဲ့အပြင် အချိန်မရွေး တိုက်ခိုက်ဖို့လည်း အဆင်သင့် ဖြစ်နေတယ် ဆိုတဲ့ အချက်ပါပဲ။

ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့
အာရပ်-အစ္စရေးပဋိပက္ခ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွေကို ပြောရင် PLO – Palestine Liberation Organization က အရေးကြီးတဲ့ နေရာမှာ ပါနေပါတယ်။ PLO ဟာ ၁၉၆၄ ခုနှစ် မေလအတွင်း ဂျေရု ဆလင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ပါလက်စတိုင်း အမျိုးသား ခေါင်းဆောင် ၄၄၂ ဦးရဲ့ အစည်းအဝေးအပြီး မေလ ၂၈ ရက် ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ကြေညာစာတမ်းနဲ့ အတူ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပါတယ်။ ဇီယွန်ဝါဒ တည်ရှိမှုနဲ့ လှုပ်ရှားမှုကို ပိတ်ပင် တားဆီးရမယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ ပေါ်ထွက် လာတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အကြမ်းဖက် လုပ်ရပ်တွေနဲ့အတူ အကြမ်းဖက် အဖွဲ့အစည်း တခု အဖြစ် နိုင်ငံတကာ စာမျက်နှာတွေမှာ ထင်ရှားလာတော့တာပါပဲ။ ၁၉၇၃ အာရပ်-အစ္စရေး စစ်ပွဲ မတိုင်မီ ကာလ တွေ ကတော့ အစ္စရေး စစ်တပ်နဲ့ အီဂျစ် စစ်တပ်၊ အစ္စရေး စစ်တပ်နဲ့ PLO တိုက်ခိုက် နေခဲ့ကြတဲ့ ကန့်သတ် စစ်ပွဲ တွေနဲ့ ပြည့်နှက်နေတဲ့ ကာလတွေပါပဲ။

စတုတ္ထ အာရပ်-အစ္စရေးစစ်ပွဲ (ယွန်ကစ်ပူးစစ်ပွဲ - ၁၉၇၃)
ဒီစစ်ပွဲကတော့ ယွန်ကစ်ပူး (Yom Kippur War) စစ်ပွဲလို့လည်း နံမည် ကြီးပါတယ်။ ယွန်ကစ်ပူး ဆိုတာ အရေးကြီးတဲ့ ဂျူးဘာသာရေး ပွဲတော်ရက်ဖြစ်ပြီး ၂၅-နာရီကြာ ဥပုသ်စောင့်ခြင်းနဲ့၊ ဆုတောင်း ၀တ်ပြုခြင်း တွေကို ပြုလုပ်ရတဲ့ အချိန်ကာလဖြစ်ပါတယ်။ လူအများစုဟာ ဘုရားကျောင်းနဲ့ ၀တ်ပြု ဆုတောင်းရာ နေရာ ဒေသ တွေမှာ ရောက်ရှိ နေကြတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီနေ့မှာ အလစ်အငိုက် ယူပြီး အီဂျစ်နဲ့ ဆီးရီးယား နိုင်ငံ တွေက ဦးဆောင်တဲ့ အာရပ် နိုင်ငံတွေရဲ့ တပ်တွေက အာရပ်-အစ္စရေး (၆) ရက် စစ်ပွဲမှာ သိမ်းပိုက် ခံထားခဲ့ရတဲ့ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂိုလန်ကုန်းမြင့်တွေမှာ ရှိနေတဲ့ အပစ်အခတ် ရပ်စဲရေး မျဉ်းကြောင်းကို တိတ်တဆိတ် ကျော်ဖြတ်ပြီး အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၆ ရက် ကနေ ၂၆ ရက်နေ့ အထိ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲဖြစ်ပါတယ်။

နိုင်ငံကြီးတို့၏ အဆင်း ဘီးတပ်ပေးမှု
ဒီစစ်ပွဲ ဖြစ်ပေါ်လာရတဲ့ အကြောင်းတွေအနက် အဓိကကျတဲ့ အကြောင်းကတော့ ဆိုဗီယက်ပြည်ထောင်စုနဲ့ ဆိုင်ပါတယ်၊ ခေတ်သစ် စစ်ပွဲတွေမှာ တခါမှ အသုံးမချ ခဲ့ဘူးသေးတဲ့ သူတို့ရဲ့လက်နက်တွေကို လက်တွေ့ စစ်မြေပြင်မှာ အမေရိကန် လက်နက် တွေနဲ့ ယှဉ်ပြိုင် အစမ်းသပ်ခံဖို့ မော်စကိုက ခေါင်းဆောင်များက စဉ်းစားရာ ကနေ စတင်လာတာ ဖြစ်တယ် စသဖြင့် ထောက်လှမ်းရေး သတင်း ရပ်ကွက်တွေက သုံးသပ်ကြ ပါတယ်။

ဒီလိုနဲ့ ၁၉၇၂ ခုနှစ်မှာ အီဂျစ်နိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စုကနေ မစ်ဂ်-၂၁ ဂျက်တိုက်လေယာဉ်တွေ၊ အက်စ်အေ-၂၊ -၃၊ -၄၊ -၆၊ -၇၊ စတဲ့ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တွေ၊ တီ-၅၅ နဲ့ -၆၂ တင့်ကားတွေကို လက်ခံ ရရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ အီဂျစ် သမတ အန်ဝါဆဒတ်က အီဂျစ်နိုင်ငံဟာ အစ္စရေးနိုင်ငံကို စစ်ခင်းမှာ ဖြစ်ကြောင်း၊ အီဂျစ် စစ်သည်တော် တသန်း အထိ အသက်တွေ စွန့်လွှတ် တိုက်ပွဲဝင်မှာ ဖြစ်ကြောင်း တရားဝင် ထုတ်ဖော် ပြောခဲ့ ပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့မှာတော့ အာရပ်နိုင်ငံများက ပစ်ခတ်တိုက်ခိုက်မှုများနဲ့ အတူ စတုတ္ထမြောက် အာရပ်-အစ္စရေး စစ်ပွဲ စတင်ခဲ့ပါတော့တယ်။ စစ်ပွဲစတင်ပြီး နောက် ၃ ရက်အကြာ အောက်တိုဘာ ၉ ရက်နေ့က စတင်ပြီး အီဂျစ်နဲ့ ဆီးရီးယားကို ဆိုဗီယက်ပြည်ထောင်စုက ရေကြောင်း၊ လေကြောင်းကနေ ထောက်ပံ့ရေး ပစ္စည်းတွေ မျိုးစုံ ပေးပို့ခဲ့ပါတယ်။ စစ်ပွဲမှာ အီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အီရတ် နိုင်ငံတွေ တိုက်ရိုက် ပါဝင်ကြပါတယ်။ အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ မော်ရိုကို၊ ဆော်ဒီအာရေးဘီးယားနဲ့ ကူဝိတ်တို့်က စစ်ရေးနဲ့ ဘဏ္ဍာရေး အကူအညီတွေ ပေးခဲ့ကြသလို၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ ကတောင် လေယာဉ်မှူးတွေ၊ ဆေးကုသရေး အဖွဲ့တွေ လွှတ်ပေးပြီး ကူညီခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးဘက်ကိုတော့ အမေရိကန် ပြည်ထောင်စုက စစ်ရေး အကူအညီတွေ အစွမ်းကုန် ဖြည့်ဆည်း ပေးခဲ့ တော့တာပါပဲ။

သို့သော်လည်း အောက်တိုဘာလ ၂၂ ရက်နေ့ အရောက်မှာတော့ ဆိုင်းနိုင်း ကျွန်းဆွယ်ထဲမှာ အီဂျစ်ရဲ့ အမှတ် (၃) တပ်တော်ဟာ အစ္စရေး စစ်တပ်ရဲ့ ၀ိုင်းပတ် ချေမှုန်းမှုကို လည်စင်းခံရဖို့ အဆင်သင့်ဖြစ်နေတဲ့ အနေ အထားကို ရောက်သွားတဲ့ အခါမှာတော့ အမေရိကန် ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည်ထောင်စု အကြား အထပ်ထပ် စေ့စပ် ညှိနှိုင်းမှု နောက်မှာ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် အမှတ် (၃၃၈) နဲ့ အပစ်အခတ် ရပ်စဲဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။

နောက် ၂ ရက်အကြာမှာ ဆုံးဖြတ်ချက် အမှတ် (၃၃၉) ကို ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ပြီး တိုက်ခိုက်မှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။ စစ်ပွဲလည်း ပြီးဆုံး ခဲ့ပါတယ်။

လက်ဘနွန် ပဋိပက္ခ (၁၉၇၈)
ဒီပြသနာရဲ့ အစကတော့ PLO ကနေ ခွဲထွက်ခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ဖာတာ (Fatah) အဖွဲ့က အဖွဲ့ဝင် ၁၁ ယောက်ဟာ ၁၉၇၈ မတ်လ ၁၁ ရက်မှာ အမေရိကန် ကမ္ဘာလှည့် ခရီးသည် တယောက်ကို သတ်ဖြတ် ခဲ့ပါတယ်၊ အဲဒီနောက် သူတို့ဟာ အစ္စရေးနိုင်ငံရဲ့ တတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Haifa မြို့အနီးက ကမ်းရိုးတမ်း လမ်းပေါ်မှာ ခရီးသည်တင် ကားတစီးကို စီးနင်းခဲ့တယ်၊ အစ္စရေး နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ Tel Aviv ကို နောက်ထပ် ခရီးသည်တင် ကားတစီးနဲ့ မောင်းချ လာခဲ့တဲ့ လမ်းတလျှောက် ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေမှာ အစ္စရေး နိုင်ငံသား ၃၆ ယောက် သေကြေခဲ့ပြီး ၇၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီလိုမျိုး အဖြစ်အပျက်တွေကို နောက်ထပ် မဖြစ်အောင် လုပ်ဆောင်တဲ့ အနေနဲ့ Litani စစ်ဆင်ရေးလို့ အမည် ပေးပြီး အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ဆင်နွှဲခဲ့တဲ့ စစ်ပွဲတခုပဲ ဖြစ်ပါတယ်။ စစ်ဆင်ရေးရဲ့ ရည်မှန်းချက် ကတော့ လက်ဘနွန် တောင်ပိုင်းဒေသကို ခြေကုပ်ယူပြီး အစ္စရေး နိုင်ငံထဲကို ၀င်ရောက် တိုက်ခိုက်နေတဲ့ PLO အပါ အ၀င် တခြား ပါးလက်စတိုင်း လက်နက်ကိုင် အဖွဲ့တွေကို Litani မြစ်ရဲ့ မြောက်ဖက်ခြမ်းကို ရောက်သည် အထိ တိုက်ထုတ်ဖို့ပါပဲ။ လက်ဘနွန် နိုင်ငံထဲကို မတ်လ ၁၄ ရက်နေ့မှာ ၀င်ရောက် တိုက်ခိုက်ခြင်းပဲ ဖြစ်ပါတယ်။

အစ္စရေးရဲ့ ဒီ စစ်ဆင်ရေးဟာ စစ်ရေးအရ အောင်မြင်ခဲ့ပြီး PLO နဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေကို Litani မြစ် မြောက်ဖက်ခြမ်း ရောက်အောင် တိုက်ထုတ်နိုင်ခဲ့ပါတယ်။ လက်ဘနွန် အစိုးရရဲ့ ကန့်ကွက်မှုကြောင့် ကုလ သမဂ္ဂ ငြိမ်းချမ်းရေး ထိန်သိမ်းမှုတပ် က မတ်လ ၂၃ ရက်နေ့ကနေ စတင်ပြီး ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ တပ်စွဲ လိုက်ပါတယ်။ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ကို တစိပ်တပိုင်း တပ်ရုတ်သိမ်း စေခဲ့ပါတယ်။

ပထမ လက်ဘနွန်စစ်ပွဲ (၁၉၈၂)
ပထမလက်ဘနွန်စစ်ပွဲလို့ လက်ဘနွန်နိုင်ငံ တောင်ပိုင်းကို ၀င်ရောက် တိုက်ခိုက်ရာကနေ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးက ဒီစစ်ဆင်ရေးကို Operation Peace of the Galillee လို့ အမည်ပေး ပါတယ်။

ဒီစစ်ပွဲရဲ့ အကြောင်းခံကတော့ ဇွန်လ ၃ ရက်နေ့မှာ သေနတ်သမား ၃ ယောက်က အစ္စရေး သံအမတ် Shlomo Argov ကို လန်ဒန်မြို့ပေါ်မှာ ဦးခေါင်းကို ပစ်ခတ်ပြီး လုပ်ကြံခဲ့မှု ဖြစ်ပါတယ်။ လုပ်ကြံသူ ၃ ဦးလုံးကို ဖမ်းဆီး ရမိပြီး Abu Nidal Organization (ANO) ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြောင်း သိရှိရပါတယ်။ Abu Nidal ဟာ တော်လှန်ရေးကောင်စီလို့ ခေါ်တဲ့ Fatah အဖွဲ့ကို တည်ထောင်ခဲ့တဲ့ ပါလက်စတိုင်း နိုင်ငံရေး ခေါင်းဆောင် ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို လက်တုန့်ပြန်တဲ့အနေနဲ့ PLO တပ်ဖွဲ့တွေ တည်ရှိနေတဲ့ လက်ဘနွန် တောင်ပိုင်းဒေသကို အစ္စရေး နယ်စပ်ကနေ ကီလိုမီတာ ၄၀ အကွာ အထိ ရှင်းလင်းမယ်လို့ တရားဝင် ထုတ်ဖော်ပြောပြီး တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့်ပဲ စက်တင်ဘာလထဲမှာတော့ လက်ဘနွန်မှာ ရှိနေတဲ့ တိုက်ခိုက်ရေး အင်အား ၆၅၀၀ အထိ ရှိတဲ့ PLO တပ်တွေဟာ ဂျော်ဒန်၊ ဆီးရီးယား၊ အီရတ်၊ ဆူဒန်၊ တောင်ယီမင်၊ မြောက်ယီမင်၊ ဂရိ၊ တူနီးရှား စတဲ့ နိုင်ငံတွေကို တရားဝင် ဆုတ်ခွာခဲ့ရပါတော့တယ်။ Multinational Force in Lebanon (MNF) ခေါ်တဲ့ နိုင်ငံစုံ တပ်တွေ ဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ အီတလီနဲ့ ဗြိတိသျှ တပ်တွေက PLO ဆုတ်ခွာမှုကို ကြီးကြပ် ကွပ်ကဲခဲ့ကြပါတယ်။ ၁၉၈၃ ခုနှစ် မေလမှာတော့ အစ္စရေးတပ် အချို့ လက်ဘနွန် တောင်ပိုင်းကနေ စတင် ဆုတ်ခွာ ပေးခဲ့ပြီး စစ်ပွဲ ပြီးဆုံးခဲ့ပါတယ်။ သို့သော်လည်း ၁၉၈၅ ခုနှစ် ဇွန်လ အထိ အစ္စရေးတပ်များ လက်ဘနွန် တပ်မတော်နဲ့ အတူ လက်ဘနွန်တောင်ပိုင်းမှာ ရှိနေခဲ့ပါတယ်။

ဟစ်ဇဘိုလာ
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေ လက်ဘနွန်တောင်ပိုင်းကို ၀င်ရောက် သိမ်းပိုက်ချိန်ကနေ စတင် ပေါ်ပေါက် လာပြီး ယနေ့ အချိန်အထိ အစ္စရေးတပ်တွေကို ပျောက်ကျားစစ် ဆင်နွှဲနေခဲ့တဲ့ ဟစ်ဇဘိုလာ (Hezbollah) အဖွဲ့ကိုလည်း အာရပ်-အစ္စရေး ပဋိပက္ခထဲမှာ ထည့်သွင်း ပြောဆိုရမှာ ဖြစ်ပါတယ်။ ဟစ်ဇဘိုလာဟာ လက်ဘနွန် တောင်ပိုင်းဒေသမှာ ယနေ့အချိန်ထိ ထိန်းချုပ်ထားနိုင် နေတုန်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ ရှီယာ မွတ်ဆလင် လက်နက်ကိုင် အဖွဲ့ တခုဖြစ်ပြီး အာရပ်ကမ္ဘာနဲ့ မွတ်ဆလင်ကမ္ဘာက အသိအမှတ်ပြုထားတဲ့ တော်လှန်ရေး အဖွဲ့အစည်း တခုလည်း ဖြစ်နေခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု၊ အစ္စရေး၊ ကနေဒါနဲ့ နယ်သာလန် နိုင်ငံတွေကတော့ ဟစ်ဇဘိုလာကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် ကြေညာထားပါတယ်။ ၁၉၈၂ လက်ဘနွန် စစ်ပွဲ အချိန်ကနေ စတင်ပြီး ယနေ့ထက်ထိ အသေခံ ဗုံးခွဲမှုများ၊ ပြန်ပေးဆွဲမှုများ၊ ချောင်းမြောင်း ပစ်ခတ်မှုများ၊ နယ်စပ်ဖြတ်ကျော် စီးနင်း တိုက်ခိုက်မှုများနဲ့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေကို ဟစ်ဇဘိုလာ တပ်ဖွဲ့တွေက ဆက်တိုက် တိုက်ခိုက် နေခဲ့ပါတယ်။

တခု အံ့သြစရာ ကောင်းတာကတော့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ World Trade Center ကို Al Qaeda က တိုက်ခိုက်မှုကို ဟစ်ဇဘိုလာတွေက အရပ်သားများကို တိုက်ခိုက်မှုအဖြစ် ရှုံ့ချခဲ့တာပဲ ဖြစ်ပါတယ်။ ပင်တဂွန် စစ်ဌာနချုပ်အပေါ် တိုက်ခိုက်မှုကိုတော့ ထောက်ခံခြင်းလည်း မပြု၊ ရှုံ့ချခြင်းလည်း မရှိဘဲ ဟစ်ဇဘိုလာက နှုတ်ပိတ်နေခဲ့ပါတယ်။

ပထမ အင်တီဖာဒါ လှုပ်ရှားမှု (၁၉၈၇)
Intifada ဒါမှမဟုတ် war of stones လို့ ခေါ်တဲ့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေကို ကျောက်တုံး ကျောက်ခဲ တွေနဲ့ပစ်ခတ် တိုက်ခိုက်မှုဖြစ်တဲ့ ပါလက်စတိုင်း ပြည်သူ လူထုရဲ့ အစ္စရေး အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုဟာ Jabalia ဒုက္ခသည် စခန်းကနေ စတင် ပေါ်ပေါက်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှု အတွင်းမှာ ပါလက်စတိုင်းပြည်သူ ၁၀၀၀ လောက်ကို ပါလက်စတိုင်း တွေကပဲ သစ္စာ ဖောက်တယ်လို့ ယူဆပြီး သတ်ဖြတ်ခဲ့ ပါတယ်။ တကယ့် တကယ် ကတော့ သတ်ဖြတ် ခံရသူတွေရဲ့ အနည်းစုကိုသာ အစ္စရေး အာဏာပိုင် တွေနဲ့ ဆက်သွယ်ခဲ့တယ်လို့ သက်သေပြနိုင်ခဲ့တာပါ။

ဒီလှုပ်ရှားမှုဟာ ၁၉၈၇ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်ထိ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီကာလတွေအတွင်းမှာ အစ္စရေး တပ်တွေ လက်ချက်နဲ့ ပါလက်စတိုင်း ပြည်သူတွေ ၁၂၀၀ လောက် သေကြေခဲ့ပြီး ပါလက်စတိုင်း လူထု လက်ချက်နဲ့ အစ္စရေးစစ်သား ၁၆၀ ကျော်လည်း သေဆုံးခဲ့ရပါတယ်။ ပါလက်စတိုင်းပြည်သူ ၁၂၀,၀၀၀ ကျော်လည်း အဖမ်းအဆီး ခံခဲ့ရပါတယ်။

ပင်လယ်ကွေ့ စစ်ပွဲ (၁၉၉၀)
ဒီစစ်ပွဲကတော့ အီရတ်နိုင်ငံက သူ့လိုပဲ အာရပ်နိုင်ငံ တခုဖြစ်တဲ့ ကူဝိတ်ကို ကျူးကျော် သိမ်းပိုက်ရာကနေ ဖြစ်ခဲ့ ပါတယ်။ ၁၉၉၀ သြဂုတ် ၂ ရက်နေ့ကနေ ၁၉၉၁ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ ပါရှန်း ပင်လယ်ကွေ့ စစ်ပွဲမှာလည်း အစ္စရေးနိုင်ငံဟာ ပါဝင် ပတ်သက်ခဲ့ရပြန်ပါတယ်။

သြဂုတ်လမှာ ကူဝိတ်နိုင်ငံကို ၀င်ရောက်သိမ်းပိုက်ခဲ့တဲ့ အီရတ်နိုင်ငံအပေါ် စစ်ရေးအရ အရေးယူ ဆောင်ရွက်ချက် အဖြစ် ကုလ သမဂ္ဂရဲ့ အတည် ပြုချက်နဲ့ အတူ နိုင်ငံပေါင်း ၃၄ နိုင်ငံပါဝင်တဲ့ ညွန့်ပေါင်း တပ်ဖွဲ့တွေက ကူဝိတ်ကို ကျူးကျော်ထားတဲ့ အီရတ် တပ်တွေကို တိုက်ထုတ် ရာကနေ ပင်လယ်ကွေ့စစ်ပွဲ စတင်ခဲ့ ပါတယ်။

ပင်လယ်ကွေ့စစ်ပွဲမှာ အီရတ်က အစ္စရေးနိုင်ငံကို စစ်ထဲပါဝင်လာအောင် စကဒ်ဒုံးကျည်တွေ ပစ်ခတ်ပြီး ရန်စ ခဲ့ပါတယ်။ အီရတ်ရဲ့ တွက်ကိန်းမှာတော့ ညွန့်ပေါင်းတပ်ဖွဲ့ ထဲမှာ အစ္စရေးနိုင်ငံ ပါဝင်လာခဲ့ရင် အမေရိကန်နဲ့ ညွန့်ပေါင်း အဖြစ် တွဲနေတဲ့ အာရပ်နိုင်ငံတွေ ထွက်သွားလိမ့်မယ်လို့ ယူဆခဲ့တာပါပဲ၊ ဒါ့အပြင် ဘာသာရေး စစ်ပွဲ အသွင် ဆောင်အောင်လည်း အားထုတ်ခဲ့တာပါပဲ။

ဒီလိုနဲ့ အစ္စရေးနိုင်ငံပေါ် စကဒ်ဒုံးကျည် စုစုပေါင်း ၃၉ လုံး ပစ်ခတ်ပြီး ရန်စခဲ့ပါတယ်။ ဘယ်တုန်းကမှ နားရွက် တံတွေး ဆွတ်တာကို ငြိမ် မခံခဲ့တဲ့ အစ္စရေး နိုင်ငံက ဒီတခါတော့ ငြိမ်ခံခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ဖိအား ပေးမှုကြောင့်သာ ငြိမ်ခံနေခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ကလည်း အစ္စရေးကို စစ်ရေး အရ ၀င်ရောက် မစွက်ဖက်အောင် သံတမန် နည်းအရ အစွမ်းကုန် ဖိအား ပေးခဲ့တဲ့ အပြင် Patriot ခေါ်တဲ့ ဒုံးခွင်းဒုံး Anti-Missile System တွေ ပေးပို့ပြီး စကဒ် ဒုံးကျည်တွေ ရန်က ကာကွယ် နိုင်အောင် ဖြည့်ဆည်း ပေးခဲ့ပါတယ်။ အကယ်၍သာ အစ္စရေး လေတပ်က အီရတ်ကို လာရောက် ဗုံးကြဲခဲ့ရင် ဂျော်ဒန်နဲ့ ဆီးရီးယား နိုင်ငံ တွေကို ဖြတ်ကျော်လာရမှာ ဖြစ်ပါတယ်။ ဒီအခါမှာ ဒီနိုင်ငံတွေ ကလည်း စစ်ပွဲထဲကို အီရတ် ဘက်ကနေ ပါဝင် တိုက်ခိုက် လာနိုင်ခြေ ရှိတာကြောင့် ပိုမို ရှုပ်ထွေးမှု ဖြစ်လာစေမှာပါပဲ။

သူ့ကို ထိလာရင် အမြဲတမ်း လက်တုန့်ပြန်လေ့ ရှိတဲ့ အစ္စရေးနိုင်ငံကိုတော့ ဒီစစ်ပွဲမှာ အမေရိကန် ပြည်ထောင်စုက နားချနိုင်ခဲ့ ပါတယ်။

အော်စလို သဘောတူညီချက် (၁၉၉၃)
အမေရိကန်သမတ ကလင်တန် ရှေ့မှောက်မှာ ဆိုဗီယက် ပြည်ထောင်စုက အဲန်ဒရီကော့ဇီယက်ဗ်၊ အမေရိကန် ပြည်ထောင်စုက ၀ါရဲန်ခရစ္စတိုဖာတို့ကို သက်သေထားပြီး အစ္စရေး ၀န်ကြီးချုပ် ယစ်ဇက်ရာဘင်နဲ့ PLO ရဲ့ ခေါင်းဆောင် ယာဆာ အာရာဖတ်တို့ နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ သြဂုတ်လ ၂၀ ရက်နေ့က တရားဝင် လက်မှတ် ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။

သဘောတူညီချက်အရ ဂါဇာကမ်းမြှောင်ဒေသနဲ့ West bank ခေါ်တဲ့ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဒေသ တွေကနေ အစ္စရေး ကာကွယ်ရေး တပ်တွေကို ဆုတ်ခွာပေးမှာ ဖြစ်ပြီး Palestinian Authority ခေါ်တဲ့ ပါလက်စတိုင်း အစိုးရကို ဖွဲ့စည်းပြီး ဒီဒေသတွေကို အုပ်ချုပ်ခွင့် ပေးမှာ ဖြစ်ပါတယ်။

ဒီနည်းနဲ့ ပါလက်စတိုင်း အုပ်ချုပ်ခွင့်ရဒေသ ပေါ်ပေါက်လာပါတယ်။

ဒုတိယ အင်တီဖာဒါ လှုပ်ရှားမှု (၂၀၀၀)
၂၀၀၀ ခုနှစ် စက်တင်ဘာလမှာ စတင်ခဲ့တဲ့ ပါလက်စတိုင်းပြည်သူလူထုရဲ့ ဒုတိယ အကြိမ်မြောက် လူထု အုံကြွမှုပဲ ဖြစ်ပါ တယ်။ ယနေ့ထက်ထိ ဒီအုံကြွမှုရဲ့ အကျိုးဆက်တွေကို တွေ့နေရဆဲ ဖြစ်ပါတယ်။

ဂျူဒစ်ဇဲမ်နဲ့ အစ္စလာမ် ဘာသာတွေမှာ ဘာသာရေးအရ အရေးပါတဲ့ ဂျေရုဆလင် မြို့ဟောင်းမှာရှိတဲ့ Temple Mount ဆိုတဲ့ ဘုရား ကျောင်းကို စက်တင်ဘာလ ၂၈ ရက်မှာ အစ္စရေး အတိုက်အခံ ခေါင်းဆောင် အေရီယယ်လ် ရှရွန် နဲ့ လီကွတ်ပါတီက ကိုယ်စားလှယ်တချို့ သွားရောက် လည်ပတ်ခဲ့တဲ့ အပေါ် အာရပ် ကမ္ဘာက မခံမရပ်နိုင် ဖြစ်ရာကနေ အုံကြွမှုတွေ ဖြစ်လာတဲ့ ဖြစ်စဉ်အပြင် ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ၁၁ ရက် ကနေ ၂၅ ရက်ထိ ကျင်းပခဲ့တဲ့ အရှေ့ အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေး ဒေးဗစ်စခန်း ထိပ်သီး ဆွေးနွေးပွဲကနေ PLO ရဲ့ခေါင်းဆောင် ယာဆာ အာရာဖတ် ကျောခိုင်း ထွက်လာတဲ့ ဖြစ်စဉ်ကလည်း ဒီ အဖြစ် အပျက်ကြီးကို ဖြစ်ပွား စေခဲ့တာ ဖြစ်ပါတယ်။

ဒီအုံကြွမှုမှာ ပါလက်စတိုင်းတွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး ပြည်သူလူထု ၁၀၀၀ ကျော် သေဆုံးခဲ့ရပြီး ပါလက် စတိုင်း ပြည်သူ လူထု ၅၀၀၀ နီးပါးလည်း အသက် ဆုံးရှုံးခဲ့ရပါတယ်။

ဒုတိယ လက်ဘနွန်စစ်ပွဲ (၂၀၀၆)
ဒီစစ်ပွဲကို ဖြစ်စေခဲ့တဲ့ ဘက် နှစ်ဖက်ကတော့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့နဲ့ ဟစ်ဇဘိုလာ ပြည်သူ့ စစ်တွေပဲ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၂ ရက်နေ့မှာ အစ္စရေး နယ်စပ်မြို့တွေမှာ ရှိတဲ့ စစ်စခန်းတွေကို ဟစ်ဇဘိုလာ ပြည်သူ့စစ်တွေက ဒုံးကျည် တွေနဲ့ တိုက်ခိုက်မှု ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ အစ္စရေး နယ်စပ်ကို ဖြတ်ကျော်ပြီး ပျောက် ကျား တပ်တွေနဲ့ အစ္စရေး တပ်ဖွဲ့တွေကို ဟစ်ဇဘိုလာ ပြည်သူ့စစ်တွေက စတင်တိုက်ခိုက်ခဲ့ပါတယ်။

မကြာခင်မှာပဲ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အစ္စရေးလေတပ်က လက်ဘနွန်နိုင်ငံ အတွင်းက စစ်ရေးအရ အချက် အချာကျတဲ့ တံတားတွေ အဆောက်အဦးတွေကို အမြောက်နဲ့ပစ် ဗုံးကြဲပြီး တိုက်ခိုက် ခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက် မှာတော့ - ဆီးရီးယားနဲ့ အီရန်နိုင်ငံတွေက ကျောထောက် နောက်ခံ ပြုပေး ထားပြီး လက်ဘနွန် နိုင်ငံက ဧည့်ခံ ပေးထားတဲ့ အကြမ်းဖက် သမားတွေကို အစ္စရေး နိုင်ငံက တိုက် ထုတ်မှာ ဖြစ်ပါတယ်၊ လက်ဘနွန် အစိုးရ ကိုတော့ တိုက်နေတာတော့ မဟုတ်ပါဘူး- လို့ အစ္စရေး အစိုးရက တရားဝင် ကြေငြာချက် ထုတ်ခဲ့ပါတယ်။ - အကြမ်းဖက် သမားတွေကို လက်ခံထားတဲ့ လက်ဘနွန် အစိုးရသာ အရာရာ ကိစ္စအားလုံး အတွက် တာဝန် ရှိပါတယ် - လို့လည်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့ ပါသေးတယ်။

စစ်ပွဲအတွင်း အပြစ်မဲ့ ပြည်သူလူထု များစွာ သေကြေခဲ့ရပြီးတဲ့ နောက်မှာတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက သြဂုတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၁၇၀၁) ထွက်ရှိလာပါတယ်။ နောက်တနေ့မှာ လက်ဘနွန်အစိုးရနဲ့ ဟစ်ဇ်ဘိုလာက ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပြီး အစ္စရေးက ၁၃ ရက်နေ့မှာ လက်ခံခဲ့ပြီးတဲ့အခါ သြဂုတ်လ ၁၄ ၇က်နေ့မှာ အပစ်အခတ် ရပ်စဲရေး စတင်ခဲ့ ပါတယ်။ ဒီလိုနဲ့ စစ်ပွဲလည်း ပြီးဆုံးခဲ့ပါတယ်။

ဟားမတ်ဇ်
ဟားမတ်ဇ်ရဲ့ အဓိပ္ပာယ်ကတော့ အစ္စလာမ် ခုခံရေးလှုပ်ရှားမှု (Islamic Resistance Movement) လို့ဆိုပါ တယ်။ ဟားမတ်ဇ်တွေဟာ ပါလက်စတိုင်း-ဆွန်နီ မွတ်ဆလင် ပြည်သူ့စစ်တွေ ဖြစ်ပါတယ်။ လက်ရှိမှာ ပါလက်စတိုင်း အစိုးရ အဖွဲ့မှာ နေရာ အများဆုံး ရရှိ ထားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ဟားမတ်ဇ်ဟာ ၁၉၈၇ ခုနှစ် ပထမ အင်တီ ဖာဒါး လှုပ်ရှားမှုမှာ စတင် ဖွဲစည်းခဲ့တာ ဖြစ်ပါတယ်။ အသေခံ ဗုံးခွဲမှုတွေ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့မှုတွေကြောင့် နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဖွဲ့အစည်း တခုလည်း ဖြစ်နေခဲ့ပါတယ်။

ဟားမတ်ဇ်ရဲ့ ကြေညာချက်ကတော့ အစ္စရေးနိုင်ငံကို သိမ်းယူပြီး အစ္စရေးလို့ အမည်ရနေတဲ့ ဒေသမှာ ပါလက် စတိုင်း အစ္စလာမ်နိုင်ငံနဲ့ အစားထိုးရေးပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဂါဇာပဋိပက္ခ (၂၀၀၈-၂၀၀၉)
၂၀၀၈ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကုန်ဆုံးသွားတဲ့ ၆ လကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ Operation Cast Lead လို့ ခေါ်တဲ့ စစ်ဆင်ရေးနဲ့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ တွေက ဟားမတ်ဇ် တပ်ဖွဲ့တွေရှိရာ ဂါဇာဒေသကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ အပစ်အခတ် ရပ်စဲ ထားစဉ် ကာလတွေ အတွင်းမှာ အစ္စရေးနိုင်ငံ တောင်ပိုင်းဒေသတွေမှာ ရှိတဲ့ မြို့တွေကို ဟားမတ်ဇ် တပ်တွေက ဒုံးကျည် တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိခဲ့တာကြောင့် နောင်ကို ဒီလို တိုက်ခိုက်မှုမျိုးတွေ နောက်ထပ် မဖြစ်အောင် ကာကွယ် ဖို့အတွက် ရည်ရွယ်တာလို့လည်း အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။

စစ်ဆင်ရေးစတင်ပြီး ၄ မိနစ်အတွင်းမှာ အစ္စရေးလေတပ်က ဟားမတ်ဇ် အခြေခံစခန်းတွေ၊ လေ့ကျင့်ရေး ဌာနတွေ၊ ကွပ်ကဲရေး ရုံးတွေ အပါအ၀င် ပစ်မှတ်ပေါင်း ၁၀၀ ကျော်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း လက်တွေ့မှာ ကလေးငယ်ပေါင်း ၃၀၀ ကျော်နဲ့ အမျိုးသမီး တရာကျော် အပါအ၀င် အရပ်သား ၁၀၀၀ ကျော် သေဆုံး ခဲ့ရတာပါပဲ။

ဗုံးကြဲတိုက်ခိုက်မှုများ အပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီ ၃ ရက်နေ့မှာ စတင်ခဲ့တဲ့ အစ္စရေး ကာကွယ်ရေး တပ်မတော်ရဲ့ မြေပြင် စစ်ဆင်ရေးက ဂါဇာဒေသကို ၃ ပိုင်းပိုင်းပြီး ထိန်းချုပ်ထားပါတယ်။ ဇန်န၀ါရီ ၈ ရက်နေ့မှာ ကမ္ဘာ့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် (၁၈၆၀)ကို ထုတ်ပြန်ပြီး အပစ်အခတ် ရပ်စဲဖို့နဲ့ အစ္စရေး တပ်တွေ ဂါဇာဒေသကနေ ဆုတ်ခွာပေးဖို့ တောင်းဆို လိုက်ပါတယ်။ သို့သော်လည်း အပစ်အခတ် ရပ်စဲဖို့ နှစ်ဖက်လုံးက ငြင်းဆန် လိုက်ပြီး တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ခု နောက်ဆုံး ဇန်န၀ါရီ ၁၃ ရက်နေ့အထိ အပစ်အခတ် ရပ်စဲခြင်း မရှိသေးပါဘူး။ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းကတော့ အပစ်အခတ် ရပ်စဲရေးကို ကြိုးစားတဲ့အနေနဲ့ အဲသည်ဒေသကို သွားမယ့် သူ့ခရီးစဉ် မတိုင်ခင်မှာ လူပေါင်းများစွာ သေကြေခဲ့ပြီးကြောင်းနဲ့ အများစုဟာ အပြစ်မဲ့ အရပ်သား တွေသာ ဖြစ်ကြောင်းကိုတော့ ထုတ်ဖော်ပြောသွား ခဲ့ပါပြီ။

နိဂုံး
စစ်ပွဲတခုမှာ အသေအပျောက်ဆိုတာကတော့ ရှိကြစမြဲပါပဲ။ သို့သော်လည်း တိုက်ခိုက် နေကြတဲ့ နှစ်ဖက်က စစ်သည် တွေ အစား စစ်ပွဲ ခင်းကျင်းရာ ဒေသမှာ နေထိုင်နေတဲ့ အပြစ်မဲ့တဲ့ ကလေးတွေ သေကြေနေကြ တာက တော့ ကြေကွဲစရာ ကောင်းတဲ့ အဖြစ် အပျက်ပါပဲ။

အာရပ်-အစ္စရေးစစ်ပွဲကနေ တဆင့် ဆက်စပ်စဉ်းစားမိတဲ့အခါ ကျနော်တို့ တိုင်းပြည်မှာလည်း အပြစ်မဲ့တဲ့ ကလေးတွေ အပြစ်မဲ့တဲ့ ပြည်သူတွေ ဘယ်လောက် သေကြေခဲ့ကြပြီလဲ ဆိုတာ စဉ်းစားမိပါတယ်။ ဒီလို အဖြစ် အပျက်တွေကို ရပ်တန်းက ရပ်အောင် ဘယ်လို လုပ်ဆောင်နိုင်မလဲ ဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ ကတော့ ကျနော် တယောက်ထဲလည်း မတတ်နိုင်ပါဘူး။

အာရပ်-အစ္စရေး ပဋိပက္ခလို အားလုံး ဆက်စပ် ပါတ်သက် ယှက်နွယ် ရှုပ်ထွေးနေတဲ့ ဖြစ်စဉ်တွေကို လေ့လာ သုံးသပ်ကြည့်ပြီးတဲ့အခါ ကျနော်တို့ နိုင်ငံအတွက် သင်ခန်းစာ ယူစရာ တစုံတခုများ ရရှိခဲ့ရင်ဖြင့်....

Ref: အောင်သာငယ်

Read More...

စာအုပ်စင်

■ ၁။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ

■ ၂။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ

■ ၂။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ

■ ၃။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ

■ ၁။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ

■ ၁။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ

■ ၁။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ

■ ၁။ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ

■ ၁။ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများ


■ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း

■ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှိုင်းယှဉ်ချက်များ

■ ဂန္ဒီကြီး

■ ဆွန်ဇု၏ စစ်ပညာကျမ်း (စံလှိုင်)

■ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သူများ

■ Burma and Nuclear Proliferation: Policies and perceptions (Andrew Selth)

■ The Future of cease-fire Agreements in Burma

■ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် လူထုလှုပ်ရှားမှုများအရေးပါမှု

■ ပို၍ကြီးမားသော အင်အားအစွမ်းတခု

■ အာဏာရှင်ကြီးစိုးမှု မှောင်ရိပ်

■ အောင်ဆန်း-အက်တလီစာချုပ် (၁၉၄၇)

■ နု-အက်တလီစာချုပ် (၁၉၄၇)

■ ပင်လုံစာချုပ်(၁၉၄၇)



■ ၁၉၃၀ တဝိုက် မြန်မာပြည် နိုင်ငံရေးသမိုင်း(သိန်းဖေမြင့်)

■ အာဏာနှင့် တရားမျှတမှုတိုက်ပွဲ

■ မြန်မာစွယ်စုံကျမ်း အတွဲ(၁) အပိုင်း(က)

■ မြန်မာစွယ်စုံကျမ်း အတွဲ(၁) အပိုင်း(ခ)

■ မဟာဗျူဟာမြောက် အကြမ်းမဖက် တိုက်ပွဲ

■ မှတ်မိသမျှ ကိုအောင်ဆန်းကျောင်းသားဘဝ (ကျော်စိန်)

■ ဦးသန့် အရေးအခင်း(စက်မှုတက္ကသိုလ် စိုးဝင်း)

■ ယောမင်းကြီးဦးဘိုးလှိုင် အထ္ထုပ္ပတ္တိနှင့် ရာဇဓမ္မ သင်္ဂဟကျမ်း(မောင်ထင်)

■ ကျောင်းသား၊ ထောင်။ တော်လှန်ရေးသမား (ရဲဘော် ဖိုးသံချောင်း)

■ ယမမင်းဥယျာဉ်သို့ အလည်ရောက်ခြင်း (ဂါမဏိ)

■ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း

■ သူတို့အမြင် သူတို့အတွေး(ပါရဂူ)

■ ငါပြောသမျှ ငါ့အကြောင်း(ဒေါက်တာသန်းထွန်း)

■ မဟာဗျူဟာမြောက် အကြမ်းမဖက်တိုက်ပွဲ အခြေခံအချက်အလက်များကို သုံးသပ်ခြင်း

■ နအဖ၏ အခြေခံမူများအား ဆန်းစစ်ချက် အကျဉ်း (မြန်မာနိုင်ငံရှေ့နေများကောင်စီ)

■ ငယ်ကချစ်အနှစ်တစ်ရာ(ဒဂုံရွှေမျှား)

■ သင်္ဘောပျက်ခရီးသည်ခုနှစ်ယောက်(ဒဂုံရွှေမျှား)

■ စောရသက်ပြင်းနှင့် အခြားဝထ္ထုတို(ဒဂုံရွှေမျှား)

■ ဗေဒါလမ်း(ဇော်ဂျီ)


ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ


■ အပိုင်း (၁)

■ အပိုင်း (၂)

■ အပိုင်း (၃)

■ အပိုင်း (၄)

■ အပိုင်း (၅)



နည်းပညာဆိုင်ရာစာအုပ်များ



■ ၂၀၀၈ ဇန်နဝါရီလထုတ် ကွန်ပြူတာဂျာနယ်

■ ၂၀၀၈ ဖေဖေါ်ဝါရီလထုတ် ကွန်ပြူတာဂျာနယ်

■ ၂၀၀၈ ဧပြီလထုတ် ကွန်ပြူတာဂျာနယ်

■ ၂၀၀၈ မေလထုတ် ကွန်ပြူတာဂျာနယ်

■ ၂၀၀၈ ဇွန်လထုတ် ကွန်ပြူတာဂျာနယ်

■ ၂၀၀၈ ဇူလိုင်လထုတ် ကွန်ပြူတာဂျာနယ်

■ ၂၀၀၈ သြဂတ်လထုတ် ကွန်ပြူတာဂျာနယ်

■ ၂၀၀၈ စက်တင်ဘာလထုတ် ကွန်ပြူတာဂျာနယ်

■ ၂၀၀၈ အောက်တိုဘာလထုတ် ကွန်ပြူတာဂျာနယ်

■ ၂၀၀၈ နိုဝင်ဘာလထုတ် ကွန်ပြူတာဂျာနယ်

■ ၂၀၀၈ ဒီဇင်ဘာလထုတ် ကွန်ပြူတာဂျာနယ်

ရဿစာပေ



■ နှလုံးသားထဲကြွက်ဝင်နေသည် (နီကိုရဲ)
■ ဟာသပဒေသာ အမှတ်စဉ် ၁၄ (မောင်ကောင်းထိုက်)
■ ဟာသပဒေသာ အမှတ်စဉ် ၂ (မောင်ကောင်းထိုက်)
■ မောင်ကောင်းထိုက်ဟာသများ(လက်ရွေးစင်)

Read More...

အပေါ်သို့