..............................

Thursday, February 11, 2010

နအဖကမ်းလှမ်းမှုကို ဝခေါင်းဆောင် ထပ်မံပယ်ချ

ပေါက်ပေါက်
၁၀ ဖေဖော်ဝါရီ ၂ဝ၁ဝ

စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏ တွေ့ဆုံဆွေးနွေးလိုမှု ကမ်းလှမ်းချက်ကို ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်းက ပယ်ချခဲ့သည်။

ယခုလ (၆) ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရောက်ရှိနေသည့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က တွေ့ဆုံ ဆွေးနွေးလိုကြောင်း ပြောကြားချက်ကို ပေါက်ယူချန်းက ကျန်းမာရေး မကောင်းသဖြင့် လားရှိုးသို့ မလာရောက်နိုင်ကြောင်း၊ ဆွေးနွေးလိုပါက ပန်ဆန်းမြို့သို့ ကိုယ်တိုင်လာ ရောက်ရန် အကြောင်း ပြန်ခဲ့သည်ဟု ဝ တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “ဥက္ကဋ္ဌ ပေါက်ယူချန်း ကျန်းမာရေး မကောင်းလို့ ပထမ တခေါက်တုန်းကလည်း လာမတွေ့နိုင်ဘူးလို့ ပြောထားပြီးပြီ။ အခု ထပ်ခေါ်ပြန်တယ်။ တကယ် တွေ့ဆုံ ဆွေးနွေးချင်တယ် ဆိုရင် ပန်ဆန်းကို ကိုယ်တိုင် သွားတွေ့ပေါ့။ ဟိုက ကျန်းမာရေးအရ မလာနိုင်ဘူးဆိုရင် သွားတွေ့နိုင်တဲ့သူက သွားတွေ့လို့ ရနေတာပဲ” ဟု ပြောသည်။

ဇန်နဝါရီ (၅) ရက်နေ့၌ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က တွေ့ဆုံ ဆွေးနွေးလိုကြောင်း အကြောင်းကြား ခဲ့သည်ကိုလည်း ဝ ခေါင်းဆောင် ပေါက်ယူချန်းက ငြင်းဆိုခဲ့ပြီး ယခုအကြိမ်သည် တလအတွင်း ဒုတိယအကြိမ် ငြင်းဆိုခြင်း ဖြစ်သည်။

ဝ ခေါင်းဆောင် ပေါက်ယူချန်းသည် သူ့အသက်အန္တရာယ် အတွက် တစုံတရာ စိုးရိမ်မှုအရ သွားရောက်တွေ့ဆုံရန် ငြင်းဆိုသည်ဟု မထင်မြင်ကြောင်းနှင့် ကျန်းမာရေးကြောင့်သာ ယခုကဲ့သို့ ငြင်းဆိုပုံ ရပြီး ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ကသာ စိုးရိမ်နေခြင်း ဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ဝတွေက မကြောက်လို့လည်း သူတို့ကိုယ်စားလှယ်တွေ လွှတ်နေတာပဲ။ ပန်ဆန်းမှာ အစိုးရ ဝန်ထမ်းတွေ ရှိတယ်။ ဝ နယ်ထဲမှာလည်း သူ့တပ်ရင်းတွေ ရှိနေတာပဲ။ ဗိုလ်ရဲမြင့် ကိုယ်တိုင် စိုးရိမ် ကြောက်လန့်လို့ မသွားတွေ့တာဘဲ ဖြစ်နိုင်တယ်။ ဝ ခေါင်းဆောင်တွေ ဆီက ပြန်ကြားရတာက ဝ ကိုယ်စားလှယ်တွေကို ဗိုလ်ရဲမြင့်က မချေမငံ ဆက်ဆံတယ်၊ ဆွေးနွေးတဲ့ အခါလည်း အပေးအယူ ညှိညှိနှိုင်းနှိုင်း ပြောလို့ ဆိုလို့ မရဘူး။ ပြီးခဲ့တဲ့ (၄) လပိုင်းက ပြောခဲ့တဲ့ နယ်ခြားစောင့် တပ်ဖွဲ့ရေးပဲ ပြောနေတယ်” ဟု ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရာတွင် အောက်ခြေတပ်ရင်းများ၌ မိမိတို့ တပ်ဖွဲ့ဝင်များ ဖြင့်သာ ဖွဲ့စည်းလိုပြီး မိုင်းပေါက်နှင့် မိုင်းဖျန်အား မိုင်းပေါက်မြို့နယ်တခုအဖြစ် သတ်မှတ်ကာ ဝ တိုင်းဒေသကြီး အတွင်း ထည့်သွင်းရေး၊ ထိုင်း-မြန်မာ နယ်စပ်ရှိ ဝ တပ်ဖွဲ့ ထိန်းချုပ်ထားရာ ဝမ်ဟုန် စစ်ဒေသအား ဝ အုပ်ချုပ်ရေး ဒေသအတွင်း ဆက်လက် ထားရှိရေး စသည့် ဝ တပ်ဖွဲ့၏ တောင်းဆိုချက် များကို နအဖဘက်က လက်မခံဘဲ နအဖစစ်တပ်မှ အရာရှိနှင့် အခြားအဆင့် လူအင်အား (၃ဝ) ခန့် ပါဝင်မည့် နယ်ခြားစောင့် တပ်ရင်း ဖွဲ့ရေးကိုသာ နအဖဘက်က ဖိအားပေး ပြောဆိုနေသည်ဟု သိရသည်။

Ref: ခေတ်ပြိုင်

Read More...

အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င် မ၀င် ဆုံးဖြတ်ရန် အချိန်မရောက်သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

NEJ/ ၁၀ ဖေဖော်ဝါရီ ၂ဝ၁ဝ

မြန်မာနိုင်ငံတွင် ယခုနှစ်ကျင်းပမည့် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါဝင်ယှဉ်ပြိုင်ရန်၊ မယှဉ်ပြိုင်ရန် ဆိုသည်ကို ဆုံးဖြတ်ရန် အချိန် စောလွန်းသေးကြောင်း နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က ထုတ်ဖော် ပြောဆိုခဲ့ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောကြားသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဆိုတာ ဒီအချိန်မှာ ဆုံးဖြတ်လို့ မရသေးဘူး။ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေဟာ အများကြီးသိဖို့ လိုသေးတယ်။ ဒါတွေ သိပြီးမှသာ စဉ်းစား ဆုံးဖြတ်နိုင်မယ်လို့ ပြောပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်၏ အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင် မ၀င် ဆိုသည်ကို မဆုံးဖြတ်သေးကြောင်း ပြောကြားချက်သည် မှန်ကန်ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

၎င်းက “ရှင်းနေတာပဲဗျာ။ ရွေးကောက်ပွဲကိစ္စဆိုတာ အစိုးရက စပြောရမယ့် တာဝန်၊ ကျနော်တို့က ဘာမှ ပြောစရာ မလိုဘူး။ ခပ်ရိုင်းရိုင်း ပြောလိုက်မယ်ဗျာ။ ကျနော်တို့က အမြီးနှံ့နေစရာ အချိန်မဟုတ်ဘူးဗျ။ သွားရည်ယိုနေစရာ အချိန်လည်း မဟုတ်ဘူး။ စောသေးတယ်။ ဒေါ်စု ပြောတာမှန်တယ်။ အစိုးရက သူတို့ ပြောရမယ့် တာဝန်ဗျာ။ ၂၀၁၀ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ သူတို့ ပြောထားတယ်။ ပြောထားတဲ့ ကြားထဲက အခုထိ စကားတခွန်းမှ မဟဘဲနဲ့နေရင် ကျနော်တို့ဘက်က ရွေးကောက်ပွဲကို ပြောဖို့ စောသေးတယ်ဆိုတဲ့ ဒေါ်စုရဲ့စကားဟာ မှန်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

“နောက်တချက်က ဒေါ်စုက ဒီလိုပြောတာဟာ တိုင်းသူပြည်သားတွေကိုလည်း ပြောတာလို့ ထင်တယ်။ နောက်တခုက ကျနော်တို့ အန်အယ်လ်ဒီတွေ ဒါမှမဟုတ် တခြားသော နိုင်ငံရေး အဖွဲ့အစည်းများကို ပြောတယ်လို့ထင်တယ်။ ဒီလိုပြောမှ သာလျှင် ပါတီ အဖွဲ့အစည်းများ အကြား ပြည်သူများ အကြားမှာ ရှုပ်ထွေးတဲ့ အမြင်တွေ၊ ဆန္ဒစောတဲ့ အမြင်တွေ၊ နောက် မစားရ ၀ခမန်း ဘယ်အချိန်မှ စားရမယ်မှန်း မသိဘဲနဲ့ လျှောက်ပြောနေသူတွေရဲ့ အဆိုအပြောတွေကို နားမယောင်ဖို့ အခြေအနေတွေကို ပေါ်စေမယ်လို့ ကျနော်ထင်တယ်ဗျ” ဟု ဦးဝင်းတင်က ဆက်လက်ပြောဆိုသည်။

စစ်အစိုးရက ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားသော်လည်း ယခုအချိန်အထိ ရွေးကောက်ပွဲ ကျင်းပမည့် ရက်အတိအကျကို ကြေညာခြင်း မရှိသည့်အပြင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ ပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ စည်းမျဉ်း ဥပဒေများကို ထုတ်ပြန်ခြင်း မရှိသေးပေ။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်း ကမူ စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် သက်ဆိုင်သူများ အားလုံး ပါဝင်ပြီး တရားမျှတ လွတ်လပ်သည့် ရွေးကောက်အဖြစ် အသိအမှတ်ပြု ခံရရေးနှင့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရေးတို့ကို တောင်းဆိုထားသည်။

Ref: ခေတ်ပြိုင်

Read More...

သျှမ်းပြည်ကွန်ဂရက် အီးစီဥက္ကဌရာထူး လားဟူခေါင်းဆောင် ပြန်လည်အရွေးခံရ

ဗုဒ္ဓဟူးနေ့၊ 10 ဖေဖော်ဝါရီလ 2010

ဒုတိယအကြိမ်မြောက် သျှမ်းပြည်ကွန်ကရက်ညီလာခံကို သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ၃ ရက် ကျင်းပခဲ့သည်ဟုသိရပါသည်။

“ဒီမိုကရေစီနည်းနဲ့ ဗဟိုအမှုဆောင် ၉ ယောက် ပြန်လည်ရွေးချယ်တယ်၊ တာဝန်သက်တမ်း ၁ နှစ်ကနေ ၂ နှစ် တိုးလိုက် တယ်။ (LDU) လားဟူ အမျိုးသားခေါင်းဆောင် ဦးဂျဘိုးလုံကဘဲ လျှို့ဝှက်မဲ အများဆုံးနဲ့ ဒုတိယအကြိမ် အဖြစ် ဥက္ကဌနေရာ ပြန်ရတယ်” - ဟု ညီလာခံ တက်ရောက်သူ တဦးက ပြန်လည်ပြောပြ၏။

၂၀၁၀ ဖေဖေါ်ဝါရီ ၄ - ၆ ရက် လွယ်တိုင်းလျဲန်း ဌာနချုပ်၌ ကျင်းပခဲ့သည့် သျှမ်းပြည်ကွန်ကရက် Shan State Congress SSC ညီလာခံတွင် - ၁။ EC ၉ ဦး၏ တာဝန်သက်တမ်း ၂။ ရန်ပုံငွေရှာဖွေရေး ၃။ စည်းရုံးရေး (သျှမ်း ပြည်အတွင်း လက်နက်ကိုင် အဖွဲ့အစည်း ကြီးငယ်အားလုံး၊ သျှမ်းပြည်ဆိုင်ရာ နိုင်ငံရေးပါတီ၊ လူထု အခြေပြုလူမှု အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ တတ်သိပညာရှင် သြဇာ တက္ကိမရှိ ပုဂ္ဂိုလ်များအား စည်းရုံးရန်)၊ ၄။ EC ၉ ဦး၏ လုပ်ပိုင်ခွင့်ဆိုင်ရာ တာဝန် ၀တ္တရားများ/ငွေကြေး သုံးစွဲပိုင်ခွင့် -- စသဖြင့် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။

“ EC ၉ ယောက်ကို မဲပေးပိုင်ခွင့်ရှိသူ ၇၈ ဦးက မဲပေး ရွေးကောက်တင်မြှောက်တယ်။ ဦးဂျဘိုးလုံက ၃၆ မဲ ရပြီး စိုင်းလောဝ်ဆိုင်က ၂၁ မဲ၊ စိုင်းပင်ခမ်းက ၂၂ မဲ ကျန်တဲ့သူလဲ အနည်းအကျဉ်းစီ ရကြပါတယ်” - ချင်းမိုင်မှ ညီလာခံ သွားတက်သူ တဦးက ပြောပါသည်။

ပအိုဝ်း၊ လားဟူ၊ ၀ နှင့် သျှမ်းတိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်သည့် သျှမ်းပြည် ကွန်ကရက်သည် သျှမ်းပြည်တွင်းနေ တိုင်းရင်းသား အားလုံး တန်းတူ အခွင့်အရေး ရရှိရေး၊ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် လက်တွဲ ဖြေရှင်းရေး အတွက် ၂၀၀၈ နှစ်ကုန်ပိုင်းတွင် စတင် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစဉ်က သျှမ်းပြည်တွင်း/ပြည်ပ အသင်းအဖွဲ့ ကြီးငယ် ၁၄ ဖွဲ့သာ ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင် ၂၆ ဖွဲ့ အထိ တိုးချဲ့ ခဲ့သည်ဟု အစည်း အဝေးတက် ရောက်သူများက ပြန်လည် ပြောပြပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

လက်နက်ချ/တပ်အသွင်ပြောင်းမှုသည် ညံ့ဖျင်းသူအလုပ်ဟု SSA ခေါင်းဆောင်ပြော

ဗုဒ္ဓဟူးနေ့၊ 10 ဖေဖော်ဝါရီလ 2010

အပစ်ရပ်သျှမ်းပြည်တပ်မတော်အား နယ်မြေစောင့်တပ်/ပြည်သူ့စစ် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖ ဆက်တိုက် ဖိအား ပေးနေချိန်တွင် SSA ခေါင်းဆောင်တဦးက ‘လက်နက်ချ/တပ်အသွင် ပြောင်းမှုသည် ညံ့ဖျင်း သူတို့၏ လုပ်ရပ်’ ဟု တုန့်ပြန် ပြောဆိုခဲ့ကြောင်း နီးစပ်သူတဦးက ပြောပါသည်။

“၂၀၀၉ နှစ် ကတည်းက လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်းသန်းထွဋ် က ဗိုလ်ချုပ်ကိုင်ဖကို အင်အား ရာနဲ့ချီ ကိုယ်တိုင် ဦးစီးပြီးတော့ လက်နက်ချဖို့အထိ ဖြောင်းဖြ စည်းရုံးတယ်။ စီးပွားရေး လုပ်ပိုင်ခွင့်တွေ အများကြီး ရစေရမယ်လို့လဲ မက်လုံး ပေးဘူးတယ်။ ဗိုလ်ချုပ်ကိုင်ဖ က လက်နက်ချတယ် ဆိုတာ ယောင်္ကျား တယောက် / တော်လှန်ရေး သမား တယောက် အတွက် အနိမ့်ကျ အသိမ်ဖျင်းဆုံး အလုပ်ဘဲလို့ တုန့်ပြန် ပြောဆိုခဲ့တယ်”-ဟု ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူ တဦးက ပြောပါသည်။

တပ်အသွင်ပြောင်းရေးအတွက် ၂၀၁၀ ဖေဖေါ်ဝါရီ ၆ ရက် တွေ့ဆုံရာတွင် နအဖ ကိုယ်စားလှယ် ဒု - ဗိုလ်ချုပ်ကြီး ရဲမြင့်မှ အပစ်ရပ် SSA ခေါင်းဆောင် ဗိုလ်ချုပ် လွယ်မောဝ်းအား ယခုလကုန် နောက်ဆုံးထား၍ အသွင်ပြောင်းမည့် လူအင်အား စာရင်းများ ပေးပို့ရန် နောက်ဆုံးဒက်လိုင်း ထပ်မံ ပေးလိုက်သည်ဟု ဆိုပါသည်။

နအဖ ဆန္ဒသဘောထားကိုဆန့်ကျင်သူ ခေါင်းဆောင်ပိုင်း တဦးက - “အသက်ရှင် ရုန်းကန် နေနိုင်သမျှ ကာလ ပတ်လုံး ဆီးအိုးနဲ့ ကျင်ငယ်စွန့်ရတဲ့ (ချုပ်နှောင်ခံရတဲ့သူ) ဘ၀မျိုး အဖြစ် မခံနိုင်ဘူး။ ၀ှစ်သောက်ဘ၀ (လိုင်စင်မဲ့လူ) နဲ့ နေတာ ပိုကောင်းတယ်” - ဟု ပြောကြောင်း ၎င်းနှင့် နီးစပ်သူတဦးက ပြောပါသည်။

“အခုအခြေအနေက အပစ်ရပ် SSA ခေါင်းဆောင်တွေ ခိုင်မာပြတ်သားရမယ့် အချိန်၊ အစည်းအဝေးလဲ အရင်ကလို ဆိုင်ကျောဝ့် (စိန်ဂျော့) မှာ မလုပ်တော့ဘူး၊ စစ်ဦးစီးချုပ်ရှိတဲ့ တပ်မဟာ ၁ ဘက် လာလုပ်တယ်။ အခု ဒု ဥက္ကဌ ဗိုလ်ချုပ်ကိုင်ဖ ကိုယ်တိုင် အဲဒီမှာ ရောက်နေတယ်၊ စစ်ဦးစီးချုပ်နဲ့ ဆွေးနွေးနေတယ် ပြောတယ်”- ဟု တပ်မဟာ ၁ ဌာနချုပ် အခြေစိုက် ၀မ့်ဟိုင်း နယ်သားတဦးက ပြောပါသည်။

တပ်အသွင်ပြောင်းရန် နအဖ ဖိအားပေးနေချိန်၊ နအဖအလိုရှိသည့် လူအင်အား ၈၈၈ ယောက် စာရင်းရရေး အတွက် အပစ်ရပ် သျှမ်းပြည် တပ်မတော် အခက်အခဲ ဖြစ်နေချိန်တွင် လားရှိုး - တန့်ယန်း လမ်းပေါ် တနေရာ၌ နအဖ အရပ်ဝတ် စစ်ဗိုလ်တဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း၊ အဆိုပါ ကားလမ်းကိုလည်း အသွားအလာ ခေတ္တ ပိတ်ထားကြောင်း - သီးခြား အတည်မပြုနိုင်သေးသည့် သတင်းရပ်ကွက်က ပြောပါသည်။

အပစ်ရပ် သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေသည် အခြားအင်အားကြီး အပစ်ရပ်တပ်ဖွဲ့များ ကဲ့သို့ နယ်စပ် နယ်နမိတ် ထိစပ်ခြင်း မရှိ၊ ထိန်းချုပ် နယ်မြေအတွင်း၌ နအဖ တပ်များ သွားလာလှုပ်ရှားလေ့ ရှိခြင်းကြောင့် တခြား အပစ်ရပ် တပ်များထက် ပိုမို ဖိအားပေးခံနေရခြင်း ဖြစ်သည်ဟု သုံးသပ်သူများက ပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Tuesday, February 9, 2010

ရှမ်းပြည်နယ်အတွက် တိုက်ပွဲဝင်ဖို့ SSA ခေါင်းဆောင် အခိုင်အမာပြော

08 February 2010

မြန်မာစစ်အစိုးရက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပေမဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ SSA အဖွဲ့ကတော့ လက်နက်ကိုင် တိုက်ပွဲကိုပဲ ဆက်ပြီး ဆင်နွှဲသွားမယ်လို့ ရှမ်းပြည် အမျိုးသားနေ့မှာ အခိုင်အမာ ပြောဆို လိုက်ပါတယ်။ မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အပြောင်း အလဲတွေကို မယုံကြည်တဲ့ အတွက် တိုင်းရင်းသားတွေ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်နိုင်သေးတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ထိုင်းနယ်စပ်နဲ့ သိပ်မဝေးတဲ့ SSA ရှမ်းပြည်တပ်မတော် ဌာနချုပ် လွိုင်တိုင်းလန်းမှာ SSA တပ်ဖွဲ့ဝင်တွေ ၆၃ ကြိမ်မြောက် ရှမ်းပြည် အမျိုးသားနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ ရှမ်း လက်နက်ကိုင် တပ်ဖွဲ့ဝင် ၁,၀၀၀ လောက် စစ်ကြောင်းတွေ ခွဲပြီး အခမ်းအနားမှာ ချီတက်ခဲ့ပါတယ်။ အခမ်းအနားမှာ ၁၉၄၇ ခုနှစ်က ရှမ်းပြည်အတွက် သီးသန့် ရေးဆွဲထားတဲ့ အလံကို လွှင့်ထူ ထားပါတယ်။

SSA ရှမ်းတပ်မတော်ရဲ့ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် (Yawd Serk) ကတော့ AK 47 မောင်းပြန် သေနတ်တွေ၊ M 16 သေနတ်တွေ ကိုင်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို အခုလို မိန့်ခွန်း ပြောခဲ့ပါတယ်။

“ကျနော်တို့ ညီညီညွတ်ညွတ် သင့်သင့်မြတ်မြတ်နဲ့ ရှမ်းပြည်နယ် ပြန်ရအောင် တိုက်ကြမယ်။” လို့ အခမ်းအနားမှာ သူက ပြောသွားတာပါ။

ဒီလို SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ပြောဆိုလိုက်တဲ့ အချိန်ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာ စစ်အစိုးရအကြား တင်းမာမှုတွေ ပိုပြီး ကြီးထွား လာနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတဲ့အချိန် ဖြစ်သလို အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖို့ မြန်မာ စစ်အစိုးရက ဖိအား ပေးနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်ေ နပါတယ်။

ထိုင်းနယ်စပ် အခြေစိုက် ရှမ်းသံတော်ဆင့် သတင်း အယ်ဒီတာချုပ် ဦးခွန်ဆိုင်းက ဒီလို လက်နက်ကိုင် လမ်းစဉ်ကို မစွန့်နိုင် သေးတာဟာ မြန်မာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အပြောင်းအလဲတွေက တိုင်းရင်းသားတွေရဲ့ တန်းတူရေး အခွင့်အရေး တွေကို အာမခံနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်တဲ့ အတွက် ဖြစ်တဲ့အကြောင်း အခုလို ပြောပြပါတယ်။

“ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာ ဖြစ်မယ်လို့တော့ ထင်တယ်။ သို့သော်လည်း ၁၉၉၀ ခုနှစ်မှာ အနိုင်ရရှိခဲ့တဲ့ NLD တို့၊ SNLD တို့ရဲ့ ခေါင်းဆောင်တွေက ထောင်ထဲမှာ ရှိနေတယ်ဆိုတော့ ဒီရွေးကောက်ပွဲဟာ ဘာများ အဓိပ္ပာယ်ရှိမှာလဲ၊ အဲလို မေးခွန်း ထုတ်ပါတယ်။ ကျနော့်အမြင် ပြောရရင်တော့ ဒီနည်းနဲ့ ဒီမိုကရေစီ တည်ဆောက်မယ်ဆိုတာ ဆုံကြီးကို တောင်ပေါ် တွန်းတင်တာနဲ့ အတူတူပါပဲလို့ အဲလိုပဲ မြင်တယ်။”

မြန်မာစစ်အစိုးရကတော့ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲထားပြီး ငြိမ်းချမ်းရေး သဘော တူညီချက်တွေ ချမှတ်ထားတယ်လို့ ပြောဆိုပါတယ်။ ဒီလက်နက်ကိုင် အဖွဲ့တွေကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖို့ကို အတင်းအကျပ် ဖိအားပေးနေပေမဲ့ လက်နက်ကိုင်အဖွဲ့ အားလုံးက ဒီလို ပြောင်းလဲ ဖွဲ့စည်းဖို့ သဘော တူသေးတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ၂၀၁၀ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတဲ့ အတွက် ဒီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အသွင်ပြောင်းရေး ကိစ္စက ရွေးကောက်ပွဲ မတိုင်ခင် အပြီးသတ် လုပ်ဆောင်မယ့် ကိစ္စ တခုလို့ လေ့လာသူတွေက ရှုမြင်ပါတယ်။

SSA တောင်ပိုင်းဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တဖွဲ့ မဟုတ်တဲ့ အတွက် မြန်မာ စစ်အစိုးရဘက်က နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖို့ ကမ်းလှမ်းထားတဲ့ အထဲမှာ မပါပါဘူး။

ရှမ်းသံတော်ဆင့် သတင်းစာ အယ်ဒီတာချုပ် ဦးခွန်ဆိုင်းကတော့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား အဖွဲ့တွေ အပေါ် စစ်အစိုးရဘက်က ချဉ်းကပ်ပုံတွေ ကလည်း တဖွဲ့နဲ့တဖွဲ့ ချဉ်းကပ်ပုံ မတူဘူးလို့ ပြောဆို နေပါတယ်။

“သူတို့ မူအရ လက်ခံတယ်လို့ ဒီလိုပဲ ရှိတယ်။ ဒါပေမဲ့ နအဖက မူအရ လက်ခံတယ်ဆိုရင်လည်း ဒါက လက်ခံတာပဲ ဆိုပြီးတော့ သူတို့ကို ပြည်သူ့စစ် တပ်ဖွဲ့တွေ ဖွဲ့ဖို့ ညွှန်ကြားလာတာပဲ ရှိတာပေါ့။ ၀ ဆိုရင် မူအရ လက်ခံတယ်ဆိုပေမဲ့ ၀ ကို သူက ဘာမှ မဆွေးနွေးတော့ဘူး။ သို့သော်လည်း SSA ကျတော့ မူအရ လက်ခံတယ်ဆိုရင် ခင်ဗျား ဖွဲ့ဖို့ ပြင်တော့ဆိုပြီး တခါတည်း ညွှန်ကြားတယ်။ မုန်းလားအဖွဲ့က မူအရ လက်ခံတယ် ဆိုတော့ လူစာရင်း၊ လက်နက်စာရင်း ပေးပါဆိုပြီး တောင်းတယ်။ သူက တဖွဲ့ချင်းကို ချဉ်းကပ်ပုံ မတူဘူးဆိုတာကို ပြောပြတာပါ။”

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ သဘောတူသည် ဖြစ်စေ၊ မတူသည်ဖြစ်စေ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း ကိုးကန့် ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေက မြန်မာစစ်အစိုးရ အနေနဲ့ သူတို့လိုချင်တဲ့ အပြောင်း အလဲတွေကို အင်အားသုံးပြီး အတင်းအကျပ် မဖြစ်ဖြစ်အောင် လုပ်လိမ့်မယ်ဆိုတာ ပြသလိုက်သလို ဖြစ်နေပါတယ်။

ဒီလို ပြောင်းလဲမှုတွေကြောင့် ဆယ်စုနှစ်ချီ ကြာခဲ့တဲ့ လက်နက်ကိုင် တိုက်ပွဲတွေ အဆုံးသတ် ချုပ်ငြိမ်းသွားမလား ဆိုတာကတော့ မေးခွန်းထုတ်စရာတွေ အများအပြား ရှိနေသလို အကဲခတ်တွေ တော်တော်များများကလည်း မယုံကြည်ကြပါဘူး။

လက်နက်ကိုင် အင်အား ၁၀,၀၀၀ လောက်ရှိတဲ့ SSA ကတော့ တိုင်းရင်းသား အခွင့်အရေးကို လက်နက်ကိုင် ကာကွယ်မှ လုံခြုံ စိတ်ချရသလို လက်နက်ကိုင်တိုက်မှ ရမယ်လို့ ယုံကြည်ထားဆဲ ဖြစ်တဲ့အကြောင်း ၆၃ နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့ အခမ်းအနားမှာ သေနတ်တွေ ပစ်ဖောက် ပြသကြပါတယ်။

ဒီသေနတ်သံတွေကပဲ ဒီနှစ်ထဲမှာ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုပေမဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ အိပ်မက်တခုဖြစ်တဲ့ တောင်တန်း ဒေသတွေ ငြိမ်းချမ်းရေး၊ ပြည်နယ်ပြည်မ တန်းတူရေး ဆိုတဲ့ ရည်မှန်းချက်တွေ အလှမ်းဝေး နေသေးတယ် ဆိုတာကို သက်သေ ပြလိုက်သလိုလည်း ဖြစ်နေပါတယ်။

Ref: VOA News

Read More...

လှိုင်သာယာမှာ အလုပ်သမား ဆန္ဒပြပြန်

ခိုင်စု
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၀

နယူးဒေလီ (မဇျိမ)။ ။ လှိုင်သယာမြို့ရှိ စက်မှုဇုံ ၃ တွင် ယနေ့ နေ့လည်က အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွားလျှက် ရှိသည်။

လှိုင်သာယာ စက်မှုဇုံ ၃ ရှိ မြဖက်ရှင် အထည်ချုပ် စက်ရုံတွင် အလုပ်သမား ၁၄၀၀ ခန့်က ဆန္ဒပြ နေကြောင်း စက်ရုံမှ တာဝန်ရှိသူ တဦးက ပြောသည်။

"ဟုတ်ကဲ့ ဆန္ဒပြတာ မှန်ပါတယ်။ ဒီနေ့ နေလည်ထမင်းစားပြီးချိန် ကတည်းကပါ။ ခုထိ မပြီးသေးဘူး။ လစာတိုးဖို့ ပြောတာပါ" ဟု ပြောသည်။

ဆန္ဒပြအလုပ်သား ၁၄၀၀ ခန့်သည် နေ့လည် ထမင်းစားပြီးချိန်မှ စ၍ လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုနေခြင်း ဖြစ်ပြီး စက်ရုံမှာ ကိုရီးယားနိုင်ငံသားက ရင်းနှီးမြုပ်နှံထားခြင်း ဖြစ်သည်ဟု သူက ပြောသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များကို စက်ရုံမှ တာဝန်ရှိသူများနှင့် ယခုချိန်ထိ ညှိနှိုင်း၍ မရသေးကြောင်း သိရသည်။

လှိုင်သာယာ စက်မှုဇုန်များတွင် ဇန်နဝါရီလအတွင်း အလုပ်သမားများ လုပ်ခလစာနှင့် ခံစားခွင့် ဆိုင်ရာ ဆန္ဒပြပွဲ ၂ ရပ် ဖြစ်ပွားခဲ့သည်။

လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတခုတွင် အလုပ်သမား ၁၀၀ ခန့်က ဇန်နဝါရီလ ၇ ရက်နေ့တွင် ဆန္ဒပြခဲ့သလို၊ စက်မှုဇုန် ၃ ရှိ Weng Hong Hung အထည်ချုပ် စက်ရုံတွင် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အလုပ်သမားများ လုပ်အားခ တိုးမြှင့်တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

အမှားမခံသော နယ်ခြားစောင့်ပြောင်းလဲရေး အာခံခြင်း

တနင်္လာနေ့၊ 08 ဖေဖော်ဝါရီလ 2010

မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့် ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရက်တစ် မဟာ မိတ်တပ်မတော်၊ သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း)၊ မွန်ပြည်သစ်ပါတီနှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့များက နယ်ခြားစောင့်တပ် ပြောင်းလဲရေး အဆိုကို အာခံနေသည်မှာ တစ်နှစ်ခန့် အချိန်ကြာခဲ့လေပြီ။

၁၄ နှစ်ကြာရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ နိုင်ငံတော်တွင် လက်နက်ကိုင် တစ်ဖွဲ့သာရှိရမည် ဆိုသည့် မူအရ မြန်မာစစ်တပ်မှ စစ်ဖက်ရေးရာ အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီးရဲမြင့်က နယ်စပ်ဒေသများရှိ လက်နက်ကိုင်များအား နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရန် ၂ဝဝ၉ ခုနှစ် ဧပြီလ၂၈ ရက်နေ့ ကတည်းက တိုက်တွန်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် ပါဝင်ခဲ့သော်လည်း အခြေခံ ဥပဒေမှာ တိုင်းရင်းသားတို့ လိုလားချက်များကို လျစ်လျူရှုထားသည့် အတွက် နယ်ခြားစောင့်တပ် အသွင်ပြောင်း ရေးကို လက်မခံခြင်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ်အတွင်း နယ်ခြားစောင့်တပ် မပြောင်းလဲလိုသည့် လက်နက်ကိုင်အဖွဲ့များ စုစည်း၍ မြန်မာစစ်တပ်၏ရန်မှ ကာကွယ်နိုင်ရန် ငြိမ်းချမ်းရေးနှင့် ဒီမိုကရက်တစ်တပ်ဦး အမည်ဖြင့် စစ်ရေးမဟာမိတ် ကိုတိုးချဲ. ဖွဲ့စည်းခဲ့သေးသည်။

နယ်ခြားစောင့်တပ်ပြောင်းလဲရေး အဆိုပြုခဲ့သည်မှာ တစ်နှစ်နီးပါးကြာလာသည့်တိုင် တိုင်းရင်းသားတို့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိရေး အတွက် လက်နက် မစွန့်လိုသောကြောင့် တစ်ဘက်၌ မြန်မာ စစ်တပ်နှင့် ဆက်လက် ဆွေးနွေးနေပြီး အခြားတစ်ဘက်၌ စစ်ရေး ပြင်ဆင်မှုများကို အဆက်မပြတ် ပြုလုပ်နေကြသည်။

နှစ် ၂ဝ ကြာ အပစ်ရပ်ထားသည့် မြန်မာစစ်တပ်နှင့် လက်နက်ကိုင်တို့ နှစ်ဘက်ကြားတွင် တစ်နှစ်အတွင်း တွေ့ဆုံ ဆွေးနွေးမှု အကြိမ်ကြိမ် ရှိခဲ့သော်လည်း အဖြေထွက် မလာသေးပဲ လိပ်ခဲတည်းလည်း ဖြစ်နေရာ ယခုအချိန်သည် နှစ်ဘက်စလုံး အတွက် အမှားအယွင်း မခံသော ကာလ တစ်ခုဆီ ဦးတည်လျှက် ရှိသည်။

နယ်ခြားစောင့်တပ် မပြောင်းရေး အာခံခြင်းသည် မြန်မာစစ်တပ်က ကမ္ဘာသိ ပြောထားသော ၂ဝ၁ဝ ခုနှစ် အတွင်း ကျင်းပ မည်ဆိုသော ရွေးကောက်ပွဲ အတွက် အဟန့် အတားတစ်ခု ဖြစ်လျှက်ရှိရာ ထိုအခြေအနေမှာ အတိမ်း အစောင်း မခံနိုင်ပဲ ဖြစ်နေရသည်။

တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များ၏ ကံကြမ္မာသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ နက်ရိုင်းစွာ ဆက်စပ် တည်မှီနေ သဖြင့် အဖွဲ့ တစ်ခုအတွင်း အပြောင်းအလဲသည် အခြားသော လက်နက်ကိုင် အဖွဲ့များအပေါ် အကျိုး သက်ရောက်မှု ရှိမည် ဖြစ်သည်။

ထို့အပြင် ဘဝတူများဖြစ်ပြီး ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ၏ အရှေ့ဘက် မျက်နှာစာတွင် သျှမ်းပြည် တပ်မတော်နှင့် တောင်ဘက်၌ မိုင်းလားတပ်ဖွဲ့က တည်ရှိသဖြင့် ပထဝီ အနေအထားအရ ဆက်စပ်နေပြန်သည်။

လွန်ခဲ့သည်နှစ် သြဂုတ်လကုန်ပိုင်းက ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ အဖွဲ့၏ မြောက်ဘက်တွင် တည်ရှိသော မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ခေါ် ကိုးကန့် လက်နက်ကိုင် အဖွဲ့အား မူးယစ်ဆေးဝါးနှင့် လက်နက် စက်ရုံ တည်ရှိမှု အကြောင်းပြချက်ဖြင့် မြန်မာ စစ်တပ်က အင်အားသုံး တိုက်ခိုက် ခဲ့သည်။


ထိုသို့တိုက်ခိုက်ပြီးနောက် မြန်မာစစ်တပ် လိုလားသူ အဖွဲ့၏ ပြိုင်ဘက်ခေါင်းဆောင် ပိုင်ဆုံချိန်အား မြှောက်စားကာ နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းလဲစေခြင်းဖြင့် အာခံခြင်းကို အဆုံးသတ် စေခဲ့သည်။

ကိုးကန့်အဖွဲ့သည် စစ်ရေးမဟာမိတ် အဖွဲ့ဝင်ဖြစ်ပြီး နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို လက်မခံသောကြောင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုကြသော်လည်း ၎င်း၏ မဟာမိတ်များက မြန်မာစစ်တပ်အား ပြန်တိုက်ခဲ့ခြင်း မရှိပဲ ကြေငြာချက် ထုတ်ပြန်ရုံ မျှသာ ပြုလုပ်ခဲ့သည်။

အကျိုးဆက်အားဖြင့် ကိုးကန့်နယ်မြေတစ်ခုလုံး မြန်မာစစ်တပ် ထိန်းချုပ်မှု လက်အောက်သို့ ကျရောက်ခဲ့ပြီး မြန်မာ စစ်တပ်များ ထိုနယ်မြေမှ ဆုတ်ခွာခြင်း မပြုတော့ပေ။

လပ်တလော၌ နယ်ခြားစောင့်အသွင်ပြောင်းရေးနှင့် မသက်ဆိုင်သော ပြဿနာ များကိုလည်း အသွင်ပြောင်းရေး အာခံနေသည့် လက်နက်ကိုင် အဖွဲ့များ ရင်ဆိုင် နေရသည်။

ကမ္ဘာ့ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုတိုက်ဖျက်ရေး အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် လက်နက် ဝယ်ယူရန် မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချနေသည်ဟု ထုတ်ပြန်ထားပြီး မြန်မာ့ အိမ်နီးချင်း ထိုင်း နိုင်ငံမှလည်း ၄င်း၏ နိုင်ငံအတွင်း ဖမ်းမိသော မူးယစ်ဆေးဝါးများသည် လက်နက်ကိုင် အင်အား ၃ သောင်း ကျော်ရှိသော ဝ တပ်ဖွဲ့မှ ထုတ်လုပ်ကြောင်း စွပ်စွဲထားသည်။

အပစ်ရပ် သျှမ်းပြည်တပ်မတော် အဖွဲ့အတွင်း၌လည်း ပြည်သူ့စစ် အသွင်ပြောင်း ဖွဲ့စည်းရေးကို လက်ခံလိုသည့် အဖွဲ့နှင့် လက်မခံလိုသော အဖွဲ့များရှိနေသည် ဆိုသော ဂိုဏ်းကွဲရေး ဦးတည်သည့် သတင်းများ ဆက်တိုက် ထွက်ပေါ်လာသည်။

လတ်တလော ပူပူနွေးနွေးဖြစ်ရပ်များမှာ ဇန်နဝါရီလ ၂၇ ရက်နေ့၌ သျှမ်းပြည်အတွင်းရှိ အပစ်ရပ် အမျိုးသား ဒီမိုကရက်တစ် တပ်မတော် ခေါ် မိုင်းလားအဖွဲ့ မှ အတွင်းရေးမှူး ဦးမင်းအိမ် လုပ်ကြံ ခံလိုက်ရပြီး တဆက်တည်း သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်မြို့ရှိ ဝ တပ်ဖွဲ့ ဆက်ဆံရေးရုံး အနီးတွင် လက်သည် မသိရသော မပေါက်ကွဲ သေးသည့် ဗုံးတစ်လုံးကို တွေ့ရှိခဲ့သည်။

ထိုဖြစ်ရပ်များသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်း ကြုံတွေ့ လာနိုင်သည့်ရှေ့ ပြေးနိမိတ်များ သဖွယ် ဂယက်ထနေရာ လက်နက်ကိုင် အတွေ့အကြုံ ရှိသူများက တော်လှန်ရေး သတိ ကြီးစွာထားရမည့် အချိန်ဖြစ်သည်ဟု သတိပေး ပြောဆို လာကြသည်။

ဦးမင်းအိမ် အသတ်ခံရသည့် အမှုတွင် မဟာမိတ် တိုင်းရင်းသား အဖွဲ့များအတွင်း အမြင် ရူပ်ထွေးလာ စေရန် ဖန်တီး၍ မြန်မာ စစ်တပ်က အခွင့်ကောင်းကို အမြတ် ထုတ်ခဲ့သည်။

လုပ်ကြံသူများသည် မိုင်းလားမြို့ရှိ ဝ တပ်ဖွဲ့ပိုင် ဟိုတည်အတွင်း ဝင်ရောက်ထွက်ပြေး ပျောက်ကွယ် သွားသည် ဆိုသော ပြောဆိုမှုကြောင့် ဝ တပ်ဖွဲ့ခေါင်းဆောင်များ အပေါ် မြန်မာစစ်တပ်က တည်ဆဲ ဥပဒေအရ အရေးယူရန် သို့မဟုတ် နယ်ခြားစောင့်အသွင် ပြောင်းရေး ဖိအားပေးရန် အခွင့်အရေး ရရှိပေလိမ့်မည်။

လက်နက်ကိုင်အဖွဲ့များသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးမှာ ဘုံရည်မှန်းချက် ဖြစ်သော်လည်း အကျိုးစီးပွား ခြားနားမှုကို အခြေခံကာ မြန်မာစစ်တပ်က လက်နက်ကိုင် တစ်ဖွဲ့ခြင်းစီ အပေါ် ကိုင်တွယ် ချဉ်းကပ်ပုံ ကွဲပြား နေသည်။

မြန်မာစစ်တပ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် စစ်ရေးအရ အင်အားသုံး တိုက်ခိုက်ရန် အလားအလာ မရှိဟု ဆိုနေချိန်တွင် အခြားတစ်ဖက်၌ နိုင်ငံရေးအရ အောင်မြင်စွာ ဖြေရှင်းရန် နည်းလမ်းမှာလည်း မရှိ သလောက် ဖြစ်သောကြောင့် နောက်ထပ် ကျင့်သုံးလာနိုင်သော နည်းဗျူဟာမှာ လက်နက်ကိုင်များ အဖို့ ထိလွယ် ရှလွယ် အနေအထား ရှိနေသည်။

ဦးမင်းအိမ်လုပ်ကြံမှုသည် ခံစားမှုများကို ဖြစ်ပေါ်စေသော အကြောင်းအရာကို ဖန်တီးကာ အဖွဲ့များကြား စည်းလုံး ညီညွတ်မှု နှင့် စိတ်ဓါတ်ရေးရာကို ပျက်ပြားစေသော အကြံအစည်၏ ကနဦး လုပ်ဆောင်ချက်အဖြစ် ကျွမ်းကျင်သူများက သုံးသပ်ကြ သည်။

မြန်မာထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် ဖြုတ်ချ ခံရပြီးနောက်ပိုင်း တက်လာသည့် စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့သည် ပွဲဦးထွက် အနေဖြင့် နယ်ခြားစောင့် အသွင်ပြောင်းရေးကို ခေါင်းမာစွာ အာခံနေသော လက်နက်ကိုင်များ အပေါ် အင်အားမသုံးပဲ လုပ်ပြချင်ဇော ထက်သန်နေပုံ ပေါ်သည်။

လုပ်ကြံသတ်ဖြတ်ရေးသည် လက်တွေ့တွင် အောင်မြင်စွာ လုပ်ဆောင်နိုင်လျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ကံကြမ္မာ အလှည့်အပြောင်းအား ဖြစ်စေသော နည်းဗျူဟာ အဖြစ် ယူဆခြင်းရှိသော် တိုင်းရင်းသား ခေါင်းဆောင်များ အနေဖြင့် သွားလာ နေထိုင် စားသောက်မှု မှန်သမျှ သတိကြီးစွာ ထားရတော့မည် ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အပေါ်သို့