..............................

Friday, November 5, 2010

ရွေးကောက်ပွဲနေ့မှာ သပိတ်မှောက်ဖို့ သံဃာနှင့် ကျောင်းသားများ တိုက်တွန်း

2010-11-04

ပြည်တွင်းထဲမှာ လျှို့ဝှက်လှုပ်ရှားနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗကသများ အဖွဲ့ချုပ်နဲ့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးက မဲဆန္ဒရှင်တွေ အနေနဲ့ စစ်အာဏာရှင် စနစ်နဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကို ဆန့်ကျင် ကန့်ကွက်ကြောင်း ပြဖို့ မဲရုံတွေကို မဲသွားမပေးပါနဲ့ ဆိုတဲ့ တိုက်တွန်း ကြေညာချက် ဒီကနေ့ နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန် လိုက်ပါတယ်။

ထုတ်ပြန်တဲ့ စာထဲမှာ စစ်အစိုးရဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အသိအမှတ်မပြုပဲ ပြည်သူ့ လိုလားချက်ကို တဖက်သတ် ဖျက်သိမ်း ခဲ့ကြောင်း အဲဒီနောက် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပဖို့ စီစဉ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကြေညာချက်နဲ့ပတ်သက်ပြီး ဗကသများ အဖွဲ့ချုပ် က ကိုဇာနည်က ခုလိုပြောပါတယ်။

“မျှော်လင့်တာတော့ အကောင်းဆုံးကို မျှော်လင့်ထားပေမဲ့လည်း မဖြစ်လာခဲ့ဘူး ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင် ထားရမှာပါ။ သို့သော် ဒါသည် စစ်ကျွန်ဘဝကို တရားဝင် သွတ်သွင်းတဲ့ဟာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ပြည်သူကို တကဲ့ကို ပြတ်ပြတ်သားသား သတိပေးရမဲ့ တာဝန် ကျွန်တော်တို့မှာ ရှိပါတယ် ဗကသအနေနဲ့။” “အဲဒီ တာဝန်ကို ကျွန်တော်တို့ ဦးလည်မသုန် ထမ်းရွက်ခြင်း ဖြစ်ပါတယ်။ ဒီဟာရဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ မအောင်မြင်ခြင်း ဆိုတာကတော့ ကျွန်တော်တို့ လူထု လိုက်ပါမှု နှုန်းနဲ့ ကျွန်တော်တို့ရဲ့ ဆွဲဆောင်ရေး အပေါ်မှာ အများကြီး မူတည်ပါတယ်။”

တဆက်တည်း ပြည်သူတွေအနေနဲ့ ဒီရွေးကောက်ပွဲကို ပါဝင်ခြင်းဖြင့် စစ်အစိုးရ စီစဉ်တဲ့ နိုင်ငံရေး ဇာတ်ပျက်ထဲမှာ သမိုင်း တရားခံ ဖြစ်သွား နိုင်ကြောင်း၊ ဒါ့အပြင် ကိုယ်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တဲ့ အခြေအနေ ဖြစ်ကြောင်း မိမိပိုင် အသည်းကြားက မဲတပြားကို သဲထဲရေသွန် မလုပ်သင့်ပါကြောင်း ပန်ကြား ထားပါတယ်။

ဒီအခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက် လူရမ်းကား ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ကို ဆန့်ကျင် ဒဏ်ခတ်ဖို့ ညီညီညွတ်ညွတ် သတ္တိရှိရှိ၊ မဲသွားမပေးပဲ သပိတ်မှောက်ဖို့ အလေးအနက် ပန်ကြားကြောင်း ရေးသား ထားပါတယ်။

Ref: RFA News

Read More...

မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် သားငယ် ဗီဇာလျှောက်

2010-11-04

နိုဝင်ဘာ ၁၃ ရက်နေ့ နောက်ပိုင်း နေအိမ်အကျယ်ချုပ် သက်တမ်းစေ့မဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့နိုင်ဖို့ အတွက် သားငယ်ဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်ဟာ နိုဝင်ဘာ ၃ ရက် မနေ့က ထိုင်းနိုင်ငံ ဗန်ကောက်မြို့က မြန်မာစစ်အစိုးရ သံရုံးမှာ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထား ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ နေအိမ် အကျယ်ချုပ်က လွတ်လာမယ်လို့ အများက ယူဆ ထားပါတယ်။ ကိုထိန်လင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကွယ်လွန်သူ ဒေါက်တာ မိုက်ကယ် အဲရစ်တို့ရဲ့ သား ၂ ဦးထဲက သားငယ် ဖြစ်ပါတယ်။

ကိုထိန်လင်းဟာ အခုအခါ အသက် ၃၂ နှစ် အရွယ်ရှိပြီ ဖြစ်ပြီး ၁၉၉၉ ဧပြီင်္လ မှာတုန်းက နှစ်ပေါင်းများစွာ ကွဲကွာ နေရတဲ့ မိခင်ဖြစ်သူနဲ့ ပြန်လည် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အထူး အယူခံကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က နေပြည်တော်မှာ ကြားနာခဲ့ပါတယ်။

ရှေ့နေတွေကတော့ အယူအခံအမှုအရ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၁ ရက်နေ့မှာ ပြန်လွတ်နိုင် တယ်လို့ မျှော်လင့် နေကြပါတယ်။

Ref: RFA News

Read More...

ကြိုတင်မဲကြောင့် ရွေးကောက်ပွဲ လွတ်လပ်မှု ထိခိုက်နိုင်

ဦးသားညွန့်ဦး
ကြာသပတေး, 04 နိုဝင်ဘာ 2010

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က မြို့နယ်အချို့မှာ ၀န်ထမ်းတွေကို ကြိုတင်မဲ အတင်းအကျပ် ကောက်ခံ နေတာကြောင့် လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ထိခိုက်စေတယ်ဆိုပြီး SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ရွေးကောက်ပွဲ အာဏာပိုင်တွေဆီ တိုင်ကြား ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းတဲ့အခါ ဦးစိုင်းအိုက်ပေါင်းက အခုလို ပြောပါတယ်။

“ကျနော် ၀င်ရောက်ယှဉ်ပြိုင်မယ့် သိန္နီမြို့နယ်မှာဆိုရင် ကြိုတင်မဲတွေကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့ အစည်း တွေက ကောက်ပြီးတော့ တရာမှာ တဆယ်၊ နှစ်ဆယ်၊ သုံးဆယ်၊ ငါးဆယ် စသဖြင့် ကြိုတင်မဲတွေ ထည့်ခိုင်းတယ်။ ကြိုတင်မဲ ထည့်တော့ ကျနော်တို့ကလည်း သွားပြီး ကြီးကြပ်ခွင့် မရှိဘူးလေ။ သိန္နီမြို့နယ်မှာ ဆိုရင် ၂၇ ရက်နေ့က စတယ်။

“၂၇ ရက်နေ့စတော့ ကျနော်က ၂၉ ရက်နေ့မှာ ခရိုင်ကော်မရှင်ကို လာတင်ပြတယ်။ နိုင်ငံတော် အကြီးအကဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်ဆိုပြီး လမ်းညွှန်ထားတာ ရှိတယ်။ အခုက လွတ်လပ်မှု မရှိတော့ဘူး၊ တရားမျှတမှုလည်း မရှိတော့ဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း မမြင်တွေ့ရဘူး။ ကြိုတင်မဲဆိုတာ တပ်မတော်သားနဲ့ သူ့ရဲ့ မိသားစုရယ်၊ ပြီးတော့ နိုင်ငံခြားမှာ ပညာသွားသင်မယ့် ကျောင်းသားတွေရယ်၊ နိုင်ငံခြားသွားပြီး သင်တန်း သွားတက်မယ့် ပုဂ္ဂိုလ်တွေရယ်၊ ဆေးရုံတက်တဲ့ လူတွေရယ်၊ အချုပ်ကျတဲ့ လူတွေရယ်၊ ဥပဒေမှာ ပြဋ္ဌာန်းထားတာ အဲဒါတွေပဲ ရှိတာပဲလို့။ ဒါတောင်မှ ကြိုတင်မဲ ပေးရမယ်ဆိုရင် ပုံစံ ၁၅ လည်း ဖြည့်ရမှာပဲလို့။”

ခုန အန်ကယ်ပြောတဲ့ သတ်မှတ်ထားတဲ့ လူတွေတင် မဟုတ်ဘဲ တခြား အပြင်လူတွေကိုပါ ကောက်နေတဲ့ သဘောလား။

“ဟုတ်ပါတယ်၊ အဲဒါကြောင့် ကျနော်တို့က မကျေနပ်လို့လေ။ ဒါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတဲ့ လူကြီးတွေရဲ့ လမ်းညွှန်ချက်နဲ့ သွေဖည် နေတယ်ဆိုပြီး ဒီနေ့ပဲ ကျနော် လားရှိုးမှာ ခရိုင်ကော်မရှင်ကို တင်ပြတယ်။ ပြည်ထောင်စု ကော်မရှင်လည်း မိတ္တူ ပို့ထားတယ်။ ပြည်နယ် ကော်မရှင်လည်း ပို့ထားတယ်။ ကြိုတင်မဲ ပေးထားတဲ့ဟာတွေကို ပယ်ဖျက်ပေးပြီး ၇ ရက်နေ့မှာ ပြန်ပြီး မဲထည့်ခွင့် ရရှိဖို့ပေါ့။”

ကြိုတင်မဲ ပေးခဲ့ကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိလဲခင်ဗျ။ သူတို့ကိုယ်တိုင် ကရော ကြိုတင်မဲ ပေးချင်လား။

“သူတို့မှာ လွတ်လပ်စွာ မဲပေးခွင့် မရှိဘူး။ ဒါဒါဒါ ပေးဆိုပြီး ခိုင်းတယ်လေ။”

ဝန်ထမ်းတွေလား၊ သာမန် အရပ်သားတွေလား။

“၀န်ထမ်းတွေ၊ ဌာနဆိုင်ရာတွေပေါ့။ တရားသူကြီးတွေလည်း ပါတယ်၊ စည်ပင်ဝန်ထမ်းတွေ ပါတယ်၊ စည်ပင် ဦးစီးတွေ၊ သမ ဦးစီးတွေ၊ မြို့နယ်ဆိုင်ရာ ဌာနတွေပေါ့။ အဲဒါတွေက ကြီးကြပ်ပြီး ညွှန်ကြားချက်အရ ပြည်သူတွေက မဲထည့် နေရတာပေါ့။ အဲဒီလိုမျိုး လွတ်လွတ်လပ်လပ် ကိုယ့် အသည်းကြားက မဲတပြား မထည့်နိုင် တော့ဘူးလေ။ သူတို့ခိုင်းတဲ့ အတိုင်းပဲ ထည့်ရတယ်ဆိုတော့။”

အန်ကယ်တို့ ခန့်မှန်းချက်အရ ကြိုတင်မဲတွေက ဘယ်အတွက် ဖြစ်သွားနိုင်တယ်လို့ ယူဆထားလို့လဲ ခင်ဗျ။

“သူတို့ အတင်းကို ခြင်္သေ့တံဆိပ်ကို အမှန်ခြစ်ခိုင်းတယ်လေ။”

အခုက ကော်မရှင်ဘက်ကရော တစုံတရာ အန်ကယ်တို့ အခု ခရိုင်ကော်မရှင်ကို သွားပြောတော့ ခရိုင် ကော်မရှင်ဘက်က အကြောင်း ပြန်တာရော ရှိလား။

“ကြိုတင်မဲ စပေးတာ ၂၇ ရက်ဗျာ၊ ကျနော် ၂၉ ရက်နေ့မှာ လားရှိုး ခရိုင်ကော်မရှင်ကို လာတင်ပြတယ်။ မနေ့က ခရိုင်ကော်မရှင် အဖွဲ့ဝင် ၄ ယောက် သိန္နီကိုလာပြီး ကျနော်တို့ တင်ပြချင်တဲ့ဟာ တင်ပြခိုင်းတာပေါ့။ အကုန်လုံး တင်ပြတယ်၊ အသေးစိတ် တင်ပြတယ်။”

အဲဒါက အန်ကယ် ကြိုတင်မဲကိစ္စ တိုင်ထားလို့ ဆင်းလာတဲ့ သဘောလား၊ သူတို့ဘာသာ သူတို့ တခြားအလုပ်ကိစ္စနဲ့ ဆင်းလာတာလား။

“ဟုတ်ပါတယ်၊ နှုတ်နဲ့ တိုင်ထားတာလေ။ တိုင်ထားလို့ သူတို့က ဆင်းလာပြီး စုံစမ်းပေးတာပါ။ ဒီနေ့တော့ စာနဲ့ သေချာ တိုင်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြိုတင်မဲက သိန္နီမှာ ၃,၀၀၀ ပတ်ဝန်းကျင် ရှိနေပြီလေ။”

လာပြီးတော့ စုံစမ်းစစ်ဆေးတဲ့ ကော်မရှင် လူကြီးတွေရဲ့ အနေအထားရော ဘယ်လိုရှိလဲခင်ဗျ။ သူတို့ကရော ဘာများ ပြောသေးလဲ။

“သူတို့က ဒီဟာကို ရပ်လိုက်ပါလို့ ပြောတယ်။ ဒါပေမဲ့ ရပ်လိုက်ပါလို့ မနေ့က ပြောတာတောင်မှ ဒီနေ့ ကျနော့်နယ်မြေမှာ ပန်လော့ဆိုတဲ့ ကျေးရွာ အုပ်စုမှာ ထည့်သေးတယ်ဗျ။ ကျနော်ကိုယ်တိုင် သွားပြောပြတယ်၊ ဒါ ခရိုင်ကော်မရှင်က တားထားပြီးသား၊ မလုပ်နဲ့တော့၊ မလုပ်သင့်တော့ဘူးလို့။ အဲဒါ ပြောရဲ့သားနဲ့တောင် ဒီနေ့ လုပ်တယ်။”

SNDP ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မြန်မာနိုင်ငံ တိုးတက်မှု နိုဘယ်လ် စီးပွားရေးဆုရှင် သံသယရှိ

ကြာသပတေး, 04 နိုဝင်ဘာ 2010

ကျင်းပနေဆဲ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်း တရပ်ကို ဥရောပ သမဂ္ဂ (EU) ကိုယ်စား ဘယ်လ်ဂျီယမ် နိုင်ငံကနေ အောက်တိုဘာလ ၂၈ ရက်နေ့က တင်သွင်းခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက် မူကြမ်းကို နိုဝင်ဘာလ ၄ ရက်၊ ကြာသပတေးနေ့က အများပြည်သူ သိရှိအောင် တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲတွေ မတိုင်ခင် ရက်ပိုင်းတွေမှာပဲ EU ဘက်ကနေ အခုလို ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းလိုက်တာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

EU ကို ကိုယ်စားပြုပြီး ဘယ်လ်ဂျီယမ်နိုင်ငံက တင်သွင်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက် မူကြမ်းထဲမှာ အရင် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဖူးတာထက် ပိုပြီး ပြင်းထန်တဲ့ တောင်းဆိုချက်တွေ ပါဝင်ပါတယ်။ လူ့ အခွင့်အရေးနဲ့ မြန်မာလူထုရဲ့ အခြေခံ လွတ်လပ်ခွင့်ကို စနစ်တကျ ချိုးဖောက်တာတွေ ဆက်ပြီး ဖြစ်နေတဲ့အပေါ် အပြင်းအထန် ပြစ်တင် ရှုတ်ချထားပြီး မြန်မာ စစ်အစိုးရကို တောင်းဆိုချက် အတော်များများ ပါဝင်ပါတယ်။

အဲဒါတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ အပါအ၀င် ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူတွေ အားလုံးကို လွှတ်ပေးဖို့၊ အထိန်းသိမ်း ခံရပြီး ဘယ်ရောက်နေမှန်း မသိတဲ့လူတွေ၊ ဒါမှမဟုတ် ပျောက်နေတဲ့ လူတွေ ဘယ်မှာ ရှိတယ်ဆိုတာ ဖော်ထုတ်ပေးဖို့၊ နိုင်ငံရေးနဲ့ ဆက်စပ်ပြီး နောက်ထပ် ဖမ်းဆီးတာတွေ အားလုံးကို ရပ်ပစ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား သက်ဆိုင်သူတွေ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဆိုတာတွေနဲ့ တခြား တောင်းဆိုချက်တွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးကို ပြည့်စုံပြီး ပွင့်လင်း မြင်သာတဲ့၊ ထိရောက်တဲ့၊ ဘက်မလိုက်တဲ့၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို နောက်ထပ် အချိန်ဆွဲမနေဘဲ လုပ်ဆောင်ဖို့ ဆိုတာကိုလည်း တောင်းဆို ထားပါတယ်။

ဒါပေမဲ့လည်း မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့ဖွယ်ရှိတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားအဖြစ်ကို ဆန့်ကျင် ကျူးလွန်တဲ့ ရာဇ၀တ်မှု တွေကို မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) အဆိုပြုထားသလို ကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရေး ကိစ္စတော့ မပါဝင်ပါဘူး။

ဒီဆုံးဖြတ်ချက် မူကြမ်းကို နိုင်ငံပေါင်း ၄၂ နိုင်ငံက ထောက်ခံထားပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံလုံး ပါဝင်တဲ့အပြင် အမေရိကန်နဲ့ တခြား ၁၄ နိုင်ငံတို့ကလည်း ထောက်ခံ ထားပါတယ်။

ဒီအတောအတွင်းမှာပဲ ကုလသမဂ္ဂက နှစ်စဉ်ထုတ်ပြန်တဲ့ ၂၀၁၀ ပြည့်နှစ်အတွက် လူသား ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ညွှန်းကိန်း (HDI) အစီရင်ခံစာမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ၅ နှစ်ဆက်တိုက် မြန်မာနိုင်ငံက အတက်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေအရ ဆိုရင် ဒီလို ၅ နှစ်ဆက်တိုက် အတက်ပြခဲ့တဲ့ အပေါ် သံသယ ဖြစ်ဖွယ် ရှိတယ်လို့ နိုဘယ်လ်ဆုရ စီးပွားရေးပညာရှင် အမာတရာ ဆင်းန် (Amartya Sen) က ထောက်ပြပါတယ်။

“ကျနော်ကတော့ ဒီကိန်းဂဏန်းတွေနဲ့ ပတ်သက်လို့ သံသယရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျနော်တို့ ရထားတဲ့ အချက် အလက်တွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်း တွေလို အရေ အတွက်တွေ ဒီလောက် တိုးလာတယ် ဆိုတဲ့အပေါ်မှာ အံ့အား သင့်မိပါတယ်။ ဒါကြောင့်လည်း တရားဝင် ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ လက်တွေ့ အခြေအနေကို ဘယ်လောက် ထင်ဟပ်မှု ရှိနေလဲ ဆိုတာကို သတိထားဖို့ လိုပါလိမ့်မယ်။”

နိုဘယ်လ်ဆုရ စီးပွားရေးပညာရှင် အမာတရာ ဆင်းန် ပြောသွားတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်က နိုင်ငံအသီးသီးရဲ့ လူသား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီရင်ခံစာကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အေဂျင်စီ (UNDP) က နှစ်စဉ် ပြုစု ထုတ်ပြန်တာ ဖြစ်ပါတယ်။ နိုင်ငံ တခုချင်းစီရဲ့ ပညာရေး၊ ကျန်းမာရေး၊ ၀င်ငွေ၊ ဆင်းရဲမွဲတေမှု၊ ပြည်တွင်း အသားတင် ထုတ်ကုန်တန်ဖိုး (GDP) စတဲ့ အချက်တွေကို တိုင်းတာ ပြုစုထားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မဲပေးမည့် ဝန်ထမ်းများအား ဝန်ကြီးချုပ်က မုန့်ဖိုးပေးမည်

Thursday, 04 November 2010

ရွေးကောက်ပွဲနေ့တွင် မဲပေးသွားကြမည့် အစိုးရ ၀န်ထမ်းများနှင့် ကြိုတင်မဲ ပေးခဲ့ကြသည့် ၀န်ထမ်းများ အားလုံးကို ဝန်ကြီးချုပ်က မုန့်ဖိုးအဖြစ် ငွေပေးမည်ဟု သိရှိရကြောင်း နေပြည်တော် ၀န်ထမ်း အသိုင်းအ၀ိုင်းက ပြောသည်။

“အလံသစ် တင်တဲ့နေ့ကလည်း ၀န်ထမ်းတွေကို မုန့်ဖိုးဆိုပြီး တယောက် ကျပ်သုံးထောင် ပေးတယ်။ ၀န်ကြီးချုပ်က ပေးတဲ့ မုန့်ဖိုးပါ” ဟု နေပြည်တော် ၀န်ထမ်းတဦးက ရှင်းပြသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ဥက္ကဋ္ဌ ၀န်ကြီးချုပ် ဦးသိန်းစိန်က ၎င်း အရွေးချယ်ခံ ၀င်ရောက် ယှဉ်ပြိုင်မည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် နေထိုင်သော ၀န်ထမ်းများအားလုံး နိုဝင်ဘာလ ၇ ရက်နေ့တွင် မဖြစ်မနေ မဲပေးရမည် ဖြစ်ကြောင်း၊ ယင်းနေ့တွင် မဲမပေးလိုပါက ကြိုတင်မဲ ပေးရမည်ဖြစ်ပြီး ကြံ့ဖွံ့ပါတီကိုသာ မဲပေးရမည်ဟု ညွှန်ကြားချက် ထုတ်ထားကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၇ ရက်နေ့၌ အစိုးရ၀န်ထမ်းများအားလုံး မဲပေးကြရာတွင် အစိုးရ ၀န်ကြီးဌာန တခု အတွက် မိနစ် ၅၀ သတ်မှတ် ထားပြီး အစိုးရ ၀န်ထမ်းများ မဲရုံများသို့ သွားရောက် မဲပေးရမည့် အချိန်ကိုလည်း ၀န်ကြီးဌာန အလိုက် သတ်မှတ် ပေးထား ကြောင်း သိရှိရသည်။

“စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနအတွက် မဲပေးချိန်က မနက် ၁၁ နာရီ မိနစ် ၂၀ ကနေ နေ့လယ် ၁၂ နာရီ ၁၀ မိနစ် အထိပါ။ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အားလုံးမဲရုံကို သွားပြီး မဲပေးရမယ်။ နေပြည်တော် စီးပွား ကူးသန်းမှာ စုစုပေါင်း ၀န်ထမ်းက ၇၀၀ ရှိတော့ အားလုံး မိနစ် ၅၀ အတွင်း မဲပေးရမယ်ဆို ကြိတ်ကြိတ် တိုးရမယ့် ပုံပဲ။ တချို့ ၀န်ထမ်းတွေ က မတိုးချင်လို့ ကြံ့ဖွံ့ကိုပဲ ကြိုတင်မဲတွေ ပေးလိုက်ကြပြီ” ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ရုံးအဖွဲ့မှူး ရုံးခန်းမှ တာဝန်ရှိသူတဦး ကပြောသည်။

တခြားသော ၀န်ကြီးဌာနများလည်း မဲပေးချိန် မိနစ် ၅၀ စီရရှိထားကြပြီး မဲပေးရမည့် အချိန် စာရင်း အတိအကျ ထွက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက အစိုးရ ၀န်ထမ်းများကို အတင်းအကျပ်ဖိအားပေးကာ မဲပေးခိုင်းခြင်းသည် ရွေးကောက်ပွဲ ဥပေဒကို ချိုးဖောက်ရာ ရောက်သည်ဟု နိုင်ငံရေး သမားများနှင့် နိုင်ငံရေးပါတီများက မကြာခဏဆိုသလို ထောက်ပြပြောဆို ဝေဖန်ပြီး ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိုင်ကြားကြသည်။

မဲပေးနိုင်သူဦးရေ ၆ သိန်းကျော်ရှိသော နေပြည်တော်တွင် စစ်ရာထူးများမှ အငြိမ်းစား ယူထားသည့် ဗိုလ်ချုပ်ကြီးများ ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး သူရဦးရွှေမန်းက ဇေယျာသီရိမြို့နယ်၊ ဦးသိန်းစိန်က ဇမ္ဗူသီရိမြို့နယ်၊ သီဟသူရ ဦးတင်အောင် မြင့်ဦးက ပုဗ္ဗသီရိမြို့နယ်၊ ဦးမြင့်လှိုင်က ဒက္ခိဏသီရိမြို့နယ် တို့တွင် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
လောင်းများအဖြစ် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

SSA-S နှင့် တိုက်ပွဲတွင် နအဖဘက်မှ အကျအဆုံးများ

စိုင်းဇွမ်ဆိုင်း
Thursday, 04 November 2010

ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) နှင့် နအဖ စစ်အစိုးရတပ်များ ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်း ဒေသတွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိသည်ဟု သတင်းရရှိသည်။

SSA-S ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်း က “ပထမနေ့က ဖြစ်တဲ့ တိုက်ပွဲမှာ နအဖဘက်က ၇ ယောက် ကျတယ်၊ ၈ ယောက် ဒဏ်ရာရတယ်၊ နောက်တရက်မှာ ၁ ယောက် ဒဏ်ရာ ရတယ်။ သူတို့ ကိုင်တဲ့ MA-4 အမျိုးအစား သေနတ်တလက်နဲ့ ကျည်တော်တော်များများ ရလိုက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အောက်တိုဘာလ ၃၁ ရက်နှင့် နိုဝင်ဘာလ ၁ ရက်နေ့များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့အခြေစိုက် ခလရ ၅၁၀ မှ စစ်သားများသည် ဒေသခံလူထုအား အနိုင်ကျင့်ကြောင်း SSA- S သို့ တိုင်ကြားခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆိုသည်။

SSA-S တပ်ဖွဲ့ဝင်များသည် ခမရ ၂၉၂ တပ်ဖွဲ့ဝင်များကိုလည်း ချုံခို တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာ ရရှိသည်ဟု သိရသည်။

SSA-S သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မယူရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

ဒုတိယပင်လုံညီလာခံက အားလုံးကို ကြိုဆိုပါသည်

ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ

နိုဝင်ဘာ ၄၊ ၂၀၁၀

ဒုတိယပင်လုံညီလာခံမှာ ဘာတွေလုပ်ကြမှာလဲ

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတခုကို ထူထောင်နိုင်ဖို့အတွက် ဒို့က ပြောချင်တာကတော့ အခုဖြစ်နေတဲ့ ရွေးကောက်ပွဲနဲ့ မဆိုင်ဘူး၊ အချိန်ယူပြီး ပြင်ဆင်ကြရမယ့် ကိစ္စဖြစ်တယ်ဆိုတာကို သိရှိစေချင်တယ်။

တိုင်းရင်းသားတွေအားလုံးနဲ့ ဆိုင်တဲ့ တန်းတူညီမျှခွင့်ဆိုတာ ဘာလဲ … ဒါကို စာတမ်းတွေ တင်ကြ ရမှာပေါ့။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ခဲ့တဲ့ နေသူရိန် အစည်းအဝေးတို့၊ အလယ်ပစ္စယံ ညီလာခံတို့ စသည်တို့မှာ လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး အဆိုတင်တယ်။ သဘောထားတွေ တင်ပြတယ်။ အဲသည်လိုမျိုးပေါ့။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေ၊ တပ်မတော်နဲ့ ပတ်သက်တာတွေနဲ့ ပတ်သက်ပြီးတော့ တက်ရောက်ကြသူတွေက ပြောကြ၊ အဆိုတင်ကြ၊ ဆွေးနွေးကြတဲ့ နေရာမှာ မှားသည်၊ မှန်သည်၊ ပြည့်စုံသည်၊ လိုအပ်သည် မည်သို့ဖြစ်စေ သဘောထားတွေအနေနဲ့ တင်ကြရမှာပဲ။ အဲဒါကို ဆွေးနွေးပြီးတော့ အဆိုအနေနဲ့ တင်သွင်းကြရမှာ ဖြစ်တယ်။ အဲသည် အဆိုတွေကို ထောက်ခံမှုတွေရအောင် ပြင်ဆင်ကြရမှာပဲ။ ဒါတွေကို ပေါင်းစည်းယူပြီးတော့ နိုင်ငံရေးလုပ်ငန်းတွေ၊ နိုင်ငံရေးရုပ်လုံးပေါ်မှုတွေ ဖြစ်လာရမှာ ဖြစ်တယ်။ အဲဒါကို ဆက်လက်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေ အနေနဲ့ ၀ိုင်းဝန်းပြီး လုပ်ဆောင်သွားဖို့၊ အကောင် အထည်ဖော်သွားဖို့ ဖြစ်လာရတာ ဖြစ်တယ်။

ဆွေးနွေးရမယ့် အရေးကိစ္စတွေက ဘာတွေ ဖြစ်နိုင်မလဲ

တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှခွင့်ကို ဘယ်လို သဘောထားတာလဲ၊ ဘယ်လိုနေရာ၊ ဘယ်ကိစ္စ တွေမှာ တန်းတူ ညီမျှချင်တာလဲ၊ ဆိုတဲ့ အကြောင်းအရာတွေကို အောက်ခြေမှာ ဆွေးနွေးမယ်၊ စာတမ်းလိုမျိုး ပေါ်လာမယ်၊ အဲဒါမျိုး စာတမ်းကိုမှ ညီလာခံမှာ တင်သွင်းမယ်၊ ဆွေးနွေး ညှိနှိုင်းမယ်၊ ဆုံးဖြတ်ချက်တွေ ချနိုင်မယ်၊ ဒါမျိုးတွေ ဖြစ်လာနိုင်မယ်။

သည်လိုမျိုးပဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာ ဘာလဲ။ စစ်အစိုးရပြောနေတဲ့ ကိုယ်ပိုင် အုပ်ချူပ်ရေး ဆိုတာနဲ့ ဘယ်လို ကွာခြားတာလဲ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ လူမျိုးစုတွေ၊ လူဦးရေတွေ အပေါ်မှာ မူတည်ပြီးတော့ ဘယ်လိုမျိုး ကျယ်ပြန့်အောင် လုပ်မှာလဲ။ ဒါတွေကို အောက်ခြေမှာ ဆွေးနွေးရမယ်၊ စာတမ်းတွေ တင်လာရမယ်။ ညီလာခံမှာ တင်ပြပြီး ဆွေးနွေး အဆိုပြုနိုင်အောင် ကြိုးစားရမယ်။

အလားတူပဲ - ပြည်ထောင်စုဆိုတာက တပြည်ထောင်စနစ်လား၊ ခွဲထွက်ခြင်းမရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်လား၊ ဒါဆိုရင် အဲဒါနဲ့ ပတ်သက်တွေ အဆိုတွေ၊ သဘောထားတွေကို တင်ရမှာပဲ။ ဒါကို အခြေခံပြီးတော့ နောင်ကို ဆက်ပြီး ဘယ်လို လုပ်မလဲ ဆိုတာတွေ လုပ်သွားရမှာ ဖြစ်တယ်။

ဒါဖြင့်ရင် အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ သပိတ်မှောက်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကနေပြီးတော့ ဘယ်လို အစုတွေ ပေါ်ထွက် လာဦးမယ်လို့ ထင်သလဲ။

အခုရှိတာက ရွေးကောက်ပွဲ ၀င်တဲ့ အင်အားစုတွေရှိတယ်။ ကျနော်တို့ အားလုံးက အလုံးစုံ သပိတ်မှောက်ထားတဲ့ ရွေးကောက်ပွဲက နေပြီးတော့ ရွေးကောက်ပွဲ ၀င်တဲ့ အင်အားစု တွေကိုပြောတာ ဖြစ်တယ်။ အဲသည် ရွေးကောက်ပွဲ ဆိုတာရဲ့ နောက်ပိုင်းမှာ ပေါ်ပေါက်လာမယ့် နိုင်ငံတော် အာဏာပဲ ခေါ်ခေါ်၊ စစ်တပ် အာဏာပဲခေါ်ခေါ် အရပ်သားတပိုင်း လွှတ်တော်တို့၊ အစိုးရတို့ ဆိုတာလည်း ပေါ်ပေါက်လာမယ်။ အဲသည် အင်အားစု ၂ မျိုးနဲ့ ယခု စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို ဖော်ဆောင်မယ့် ဒုတိယပင်လုံ အင်အားစုတွေ အဖြစ် ရှိလာမယ်လို့ ပြောချင်တယ်။

၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်မှု အပြီးမှာ ဆက်လုပ်ရမယ့် အဓိကအလုပ်က ဘာလဲ။

၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရတာဟာ ၂၀၀၈ အခြေခံဥပဒေကြောင့် ဖြစ်တယ်။ ဒီအရေးဟာ ရွေးကောက်ပွဲ နောက်ပိုင်းမှာ ရပ်သွား ပြီးသွားမယ့် အရာမဟုတ်ဘူး။ ၂၀၀၈ အခြေခံ ဥပဒေ တခုလုံးကို ပြုပြင် ပြောင်းလဲဖို့၊ ပြင်ဆင်ဖို့၊ ဖျက်သိမ်း သွားနိုင်ဖို့ ဆက်လုပ် သွားရမှာဖြစ်တယ်။ ရွေးကောက်ပွဲ ပြီးတာနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ဒါက တချက်ဖြစ်တယ်။

နောက်ပြီးတော့ ဒုတိယပင်လုံညီလာခံဆိုတဲ့ ခြေလှမ်းဟာ နိုင်ငံရေးအယူအဆတခု၊ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေ၊ အတိုက်အခံ ဒီမိုကရေစီ အင်င်အားစု တွေနဲ့ အတူတကွ ပေါ်ပေါက်လာတဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေ၊ နိုင်ငံရေး ကွန့်မြူးချက်တွေ ဖြစ်တယ်။ တိုင်းရင်းသားတွေ အားလုံး အတူတကွ စုစည်း နေထိုင်ကြမယ့် ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီး ထူထောင်နိုင်ရေးပဲ။ ဒီအရေး ဟာလည်းပဲ အမည်အားဖြင့် ဒုတိယပင်လုံ လို့ ခေါ်ချင်တယ်။

ပင်လုံဆိုတာဟာ ပေါင်းစည်းညီညွတ်မှုရဲ့ လက္ခဏာ ဆောင်တယ်။

ဖယ်ဒရယ် ဆိုတာဟာလည်း စစ်အစိုးရက နံမယ်ဖျက်ထားတယ်။ ၁၉၆၁ မှာ တောင်ကြီး ညီလာခံမှာ တိုင်းရင်းသား တွေနဲ့ ဆွေးနွေးကြတော့ ဖယ်ဒရယ်ဆိုတာ ခွဲထွက်ရေး၊ ပြည်ထောင်စု ပြိုကွဲရေး စသည်ဖြင့် ပုတ်ခတ်ထားတယ်။

ပင်လုံဆိုတာနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို တွဲပြီး ကောင်းတဲ့ မှန်ကန်တဲ့ အသုံးအနှုံး၊ သဘောထားကို ပြန်ပြီး ဖော်ဆောင် လိုက်တာဖြစ်တယ်။ ကောင်းတဲ့ လက္ခဏာဖြစ်တယ် လို့ ပြောချင်တယ်။

ဒို့ရဲ့ ပြည်ထောင်စုကြီးကို ဘယ်လိုမျိုး ပြန်လည်တည်ဆောက်မလဲ ဆိုတာကို အခုလို ဒုတိယ ပင်လုံ ညီလာခံကြီးနဲ့ တိုင်းရင်းသား တွေနဲ့ အားလုံးသော အင်အားစုတွေ ပေါင်းစည်း ညီညွတ်ကြမယ့် ညီလာခံဖြစ်တယ် လို့ ပြောချင်တယ်။

ဒုတိယပင်လုံ လှုပ်ရှားမှုကို ၂၀၁၀ ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ အင်အားတွေက ဘယ်လိုမျိုး ပတ်သက် ကြမှာလဲ။

ခုနက ပေါ်ပေါက်လာမယ့် ရွေးကောက်ပွဲဝင်တဲ့ အင်အားစုတွေကော၊ စစ်အာဏာရှင် တွေရဲ့ အရပ်သား တပိုင်း လွှတ်တော်တို့၊ အစိုးရတို့ ဆိုတာတွေကောဟာ တိုင်းရင်းသားတွေ ပြည်သူတွေ အတူတကွ စုပေါင်း နေထိုင်ကြမယ့် စစ်မှန်တဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့ ဦးတည်တဲ့ ဒုတိယပင်လုံ လှုပ်ရှားမှုကို သူတို့ကိုယ်တိုင် မလွှဲမရှောင်သာ ရင်ဆိုင်ကြရမှာပဲ။ လက်မခံလို့ မရဘူး။ ဘယ်လို တုံ့ပြန်ရမလဲ ဆိုတာကိုလည်း သူတို့ဖက်က အခုကတည်းက စဉ်းစား ထားရမယ်လို့ ပြောချင်တယ်။

ဖယ်ဒရယ်ဆိုတဲ့ အသုံးအနှုံးဆိုတာဟာ လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က နာမည်ဖျက် ခံထားရတဲ့ ပြည်ထောင်စုက ခွဲထွက်တယ် ဆိုတဲ့ အသုံးအနှုံး မဟုတ်ဘူး၊ အနှစ်သာရ မဟုတ်ဘူး။ ဖယ်ဒရယ် ဆိုတာဟာ အမှန်တကယ် အနှစ်သာရက နိုင်ငံရေး အသုံးအနှုံးတခုဖြစ်တယ်။ အများစု ပေါင်းနေထိုင်တဲ့ ပြည်ထောင်စု စနစ်ဖြစ်တယ်။ တပြည်ထောင် စနစ် မဟုတ်ဘူး ဆိုတာ၊ ခွဲထွက်ရေး မဟုတ်ဘူးဆိုတာ သိသွားကြပြီ ဖြစ်တယ်။ ဒါကို လူတွေ၊ တိုင်းရင်းသားတွေ၊ ပညာသည်တွေ၊ သတင်းသမားတွေ နားလည်အောင် လုပ်သွားရမယ်။

နောက်ပြီးတော့ အားလုံး ပါဝင်ပတ်သက်နိုင်အောင်လည်း ကြိုဆိုသွားမှာ ဖြစ်တယ်။

ဒါဆိုရင် အခုလိုမျိုး ဒုတိယပင်လုံညီလာခံ လှုပ်ရှားမှု ဆိုတာကို အရင်ကတည်းက လုပ်ခဲ့ဖို့ ဘာလို့ မစီစဉ် ခဲ့တာလဲ။ လုပ်ဖို့ ကြိုးစားဖူးသလား။

ဒီဟာကို ပြောမယ်ဆိုရင် ကျနော်တို့ အနေနဲ့ သမိုင်းကြောင်းလို လှန်ပြီးတော့ ပြန်ပြောနိုင်ပါတယ်။ ၁၉၈၈ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က သံလျင်ကို စည်းရုံးရေး ခရီးစဉ် သွားဖို့ ရှိတယ်။ အဲသည်မှာ ပြောဆိုကြမယ့် အကြောင်းအရာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးကြရတာ ရှိတယ်။ အဲသည်တုန်းက နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေး အင်အားစုတွေ၊ အားလုံးနဲ့ အမျိုးသား ညီလာခံလိုမျိုး ခေါ်ကြဖို့၊ တွေ့ဆုံဆွေးနွေးကြဖို့ စဉ်းစားကြတယ်။ တချက်ကတော့ အဲသည်တုန်းက စစ်တပ်က အာဏာသိမ်းတဲ့ နောက်ကွယ်က မဆလပါတီ ခေါင်းဆောင် ဦးနေ၀င်းက အမျိုးသား ညီလာခံလိုမျိုး ဦးအောင်ခေါ်ပြီး ပြည်သူတွေကို လှည့်စားတာမျိုး လုပ်မလာအောင် စဉ်းစားကြတဲ့ သဘောပဲ။

သို့သော်လည်း အဲသည်အကြောင်းကို တင်ပြဖို့က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မပြောဖြစ်ခဲ့ဘူး။ ဒေါ်ခင်ကြည် ဈာပန ဖြစ်ပေါ်လာခဲ့လို့ သူကိုယ်တိုင် မပြောဖြစ်ခဲ့ဘူး။ အကျဉ်းချုပ် အားဖြင့်တော့ အမျိုးသား ညီလာခံလိုမျိုး ခေါ်ပြီးတော့ တိုင်းပြည်ရဲ့ အရေး၊ ပြည်ထောင်စုရဲ့ အရေး လက်ရှိ မြန်မာပြည်ရဲ့ အရေးအခင်းတွေကို ဖြေရှင်းဖို့ ကျနော်တို့မှာ ရည်ရွယ်ချက် ရှိတယ် ဆိုတာလောက်ကို ကျနော်နဲ့ မောင်မိုးသူ သံလျှင်မြို့နယ် တွေ့ဆုံဆွေးနွေးပွဲမှာ ကိုယ်စားသွားပြီး အကျဉ်းချူပ်ပဲ ပြောဖြစ်ခဲ့တယ်။

အဲသည်ကနေဆက်ပြီးတော့ ၁၉၈၉ ဖေဖော်ဝါရီလ ၁၂ ရက် ရောက်တဲ့ အခါကျတော့မှ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် စည်းရုံးရေး ခရီးစဉ်ထွက်တဲ့ အခါ ပင်လုံမှာ မိန့်ခွန်းပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ မဆလ တပါတီ အာဏာရှင် ဦးနေ၀င်းက ၁၉၆၄ ခုနှစ် တိုင်းရင်းသား ညီလာခံမှာ မိန့်ခွန်း ပြောခဲ့တယ်။ ပြောတဲ့နေရာမှာ အမြဲတမ်း လက်တန်းပြောတဲ့ သူက လက်တန်း မပြောဘဲနဲ့ စာရွက်ကို ကြည့်ပြီးတော့ ဖတ်ပြီးတော့ ပြောတယ်။ အဲသည်မှာ ပြည်ထောင်စု တိုင်းရင်းသားများ သဘောထားဆိုပြီး ပြောခဲ့တယ်။ ဒါကြောင့် ၁၉၈၉ ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စု နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီ ပါတီက ပြည်ထောင်စု တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုပြီးတော့ ကျနော်တို့ ဆောင်ရွက်ကြရတာ ဖြစ်တယ်။

အဲသည်မှာ ကျနော်တို့ စီအီးစီတွေက စာတန်းတခု ထုတ်ပြန်ခဲ့တယ်။ အမှတ် ၉ ၊ ၁၀၊ ၁၁ လား တခုခုပဲပေါ့ကွာ။ အကြမ်းကတော့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ၊ မျှော်မှန်းချက်တွေ၊ တောင်းဆိုချက်တွေကို မူအားဖြင့် လက်ခံတဲ့ သဘောထားကို ထုတ်ပြန်ခဲ့တယ်။ အဲသည် အပေါ်မှာ အင်န်အယ်ဒီရဲ့ ပါတီရဲ့ အစီအစဉ်တွေ၊ စဉ်းစားချက်တွေကို ထုတ်ဖော် ပြောခဲ့တယ်။

အဲသည်ပင်လုံ သဘောထားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အဲသည် ပင်လုံမှာ ဖတ်ကြားပြီးတော့ ရှမ်းပြည်က အပြန်မှာ သောင်းနဲ့ချီ ရိုက်ပြီးတော့ ဖြန့်ချိခဲ့တယ်။ ဝေခဲ့တယ်။ အဲဒါ ကုန်သွားလို့ … နောက်ပြီးတော့ တပ်ကုန်းကို ရောက်တော့ ပုံနှိပ်တိုက်တခုမှာ ထပ်ရိုက်ပြီး ထပ်ပြီး ဖြန့်ဝေခဲ့တယ်။

အဲဒီတုန်းကကော စစ်အစိုးရလုပ်ပေးမယ်ပြောတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အင်န်အယ်ဒီရဲ့ သဘောထား ကကော သီးသန့် မရှိဘူးလား

ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာ ၁၉၈၉ နှစ်ဆန်းမှာကတည်းက ကြေညာလိုက်ပြီ။ အဲသည် အချိန်မှာ အင်န်အယ်ဒီက ရွေးကောက်ပွဲ ၀င်မယ်၊ မ၀င်မယ် ဘာမှ မပြောသေးဘူး။ သို့သော်လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထား ထုတ်ပြန်ခဲ့တာ ကတော့ - အဲသည် ရွေးကောက်ပွဲ ဆိုတာမှာ ဘယ်သူပဲ နိုင်နိုင်၊ အနိုင်ရ ပါတီဟာ လွှတ်တော်ရဲ့ ကမကထ ပြုချက်နဲ့ ညီလာခံတခု ခေါ်ရမယ်။ အဲသည် အမျိုးသား ညီလာခံ ခေါ်ခေါ် ဘာခေါ်ခေါ်ပေါ့ကွာ၊ အဲသည်မှာ လွှတ်တော်ပြင်ပက တိုင်းရင်းသားတွေ၊ ခေါင်းဆောင်တွေ အားလုံးကို ဖိတ်ခေါ်မယ်။ ကျယ်ပြန့်အောင် ဖိတ်ခေါ်ပြီးတော့ အဲသည်က နေပြီးတော့ ဒီမိုကရေစီကို ဖော်ဆောင်တဲ့ ကွန်စတီ ကျူးရှင်းကို ရေးဆွဲရမယ်။ အဲသည် ဖွဲ့စည်းပုံ ဒီမိုကရေစီ အခြေခံ ဥပဒေနဲ့ အညီ ပြည်သူဆီကို ပြန်သွားမယ် လို့ ပြောခဲ့တယ်။ အဲသည်အချိန်မှာ အနိုင်ရတဲ့ လွှတ်တော်ဆိုတာက ၄ နှစ် သက်တမ်းတွေ ဘာတွေ စောင့်နေမှာ မဟုတ်ဘူး။ အဲသည်တုန်းက ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ လွှတ်တော်ရဲ့ ကမကထပြုမှုနဲ့ အမျိုးသား ညီလာခံတခုကို လွှတ်တော် အမတ်တွေကော၊ ပြင်ပက တိုင်းရင်းသားတွေ၊ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေကော အားလုံးကို ဖိတ်ခေါ်ပြီးတော့ ဒီမိုကရေစီ အနှစ်သာရရှိတဲ့ အခြေခံ ဥပဒေတခုကို ဆွဲမယ်။ အဲဒါရတာနဲ့ အဲသည် ဒီမိုကရေစီကို ဖော်ဆောင်တဲ့ အာမခံတဲ့ အခြေခံဥပဒေနဲ့ တိုင်းရင်းသားတွေ၊ ပြည်သူတွေဆီကို ပြန်သွားမယ်လို့ သဘောထား၊ စာတမ်း ထုတ်ပြန်ခဲ့တာ ရှိတယ်။

ဆိုတော့ ဟိုကတည်းက ရှိနေတဲ့ ပင်လုံသဘောထားတွေ၊ ဖယ်ဒရယ်ပြည်ထောင်စု သဘောထား တွေဟာ အခုအချိန်မှာ တိုင်းရင်းသားတွေ တိုင်းရင်းသား ခေါင်းဆောင်တွေ ကိုယ်တိုင် ထုတ်ဖော် ပြောဆိုလာပြီ ဖြစ်လို့ ကျယ်ပြန့်တဲ့ လက်ခံမှုတွေ၊ ထောက်ခံမှုတွေ ရှိလာပြီဆိုတဲ့ ပြယုဒ်လို့ ဆိုနိုင်သလား။

ပြည်ထောင်စုဖွဲ့စည်းမယ်၊ တိုင်းရင်းသားတွေ နိုင်ငံရေး တန်းတူညီမျှခွင့်၊ နိုင်ငံရေးကိုယ်ပိုင် ပြဋ္ဌာန်းခွင့် တွေကို အာမခံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဖွဲ့စည်းကြမယ် ဆိုတဲ့ မဲသဝေါထ စာတမ်းဆိုတာ ၁၉၉၇ နောက်ပိုင်းမှာ ပေါ်ထွက်ခဲ့တယ်။ အဲသည်စာတမ်းကို အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ထိုးခဲ့တယ်။ သည်လိုမျိုး အစဉ်အလာ ရှိခဲ့တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ဦးတည်တဲ့ လှုပ်ရှားမှုတွေဟာ အမြဲတန်း ရှင်သန်နေတယ်၊ ရှိနေတယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့် ဒုတိယ ပင်လုံညီလာခံ လှုပ်ရှားမှုဆိုတာဟာ ပေါ်ပင် မဟုတ်ဘူး၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေ ဆိုတာတွေထက် အရေးပါတဲ့ တိုင်းပြည်နဲ့ လူမျိုးတွေ အားလုံးအတွက် သက်ဆိုင်တဲ့၊ အားလုံးပါဝင် ပတ်သက်နိုင်တဲ့ အရေး ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။ ။

(အောက်တိုဘာ ၃၀၊ နံနက်ခင်းမှာ ဆရာဦးဝင်းတင်နဲ့ ပြောဆိုခဲ့သမျှ ဒုတိယပိုင်း ဖြစ်ပါတယ်)

Read More...

Thursday, November 4, 2010

မြန်မာ့အရေး တရုတ်ကူညီဖို့ ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း

ဗုဒ္ဓဟူး, 03 နိုဝင်ဘာ 2010


မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပြီးတဲ့နောက် အပေါင်းလက္ခဏာ ဆောင်တဲ့ လမ်းကြောင်းနဲ့ ဆက်သွားအောင်လို့ အိမ်နီးချင်း တရုတ်နိုင်ငံကြီး အနေနဲ့ သူ့ရဲ့ သြဇာ လွှမ်းမိုးမှုကို အသုံးပြုပေးပါလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က တရုတ်နိုင်ငံကို တောင်းဆို လိုက်ပါတယ်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုလေ့ကျင့်ရေးကျောင်းမှာ အင်္ဂါနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲ ကုလ အတွင်းရေးမှူးချုပ်က အဲဒီလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ် ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ အာရှဒေသဘက် ခရီးထွက်နေတဲ့ ဘန်ကီမွန်းက သူ့ရဲ့ ခရီးစဉ်တလျှောက် မြန်မာ့အရေးကို မကြာခဏ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အရေးကြီးတဲ့ စမ်းသပ်ချက် တခုအဖြစ် သူမြင်တယ်လို့ မစ္စတာဘန်က ပြောပါတယ်။ ရွေးကောက်ပွဲဟာ ခိုင်မာမှုမရှိတဲ့ ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေကို ဆက်ပြီး ခိုင်မြဲနေစေမလား၊ ဒါမှမဟုတ် ပိုပြီးပွင့်လင်းတဲ့၊ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့၊ အားလုံး ပါဝင်မှုရှိတဲ့ နိုင်ငံရေး အနာဂတ်ဆီကို ဦးတည်သွားစေမလား ဆိုပြီးတော့လည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။

ယုံကြည်ရတဲ့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံတခု အနေနဲ့ မြန်မာနိုင်ငံ ရှေ့ခရီးအတွက် နည်းလမ်း ရှာဖွေတာမှာ ကုလ သမဂ္ဂကို ကူညီရေး တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ အထူး အရေးပါလိမ့်မယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ပြောခဲ့ပါတယ်။

Ref: VOA News

Read More...

အကွဲကွဲအပြားပြား မဲကမ်ပိန်း နောက်ဆုံးရက်များ

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ မဲဆွယ်စည်းရုံးရေး နောက်ဆုံးရက် သတ်မှတ်ချက်နှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်က အောက်ခြေ အဆင့်ဆင့်ကို ညွှန်ကြားချက် တိတိကျကျ ထုတ်မပေးသဖြင့် ပါတီများကြား နားလည်မှု ကွဲနေကြသည်။

ပါတီမှတ်ပုံတင် ကျသည့်ကာလမှ အောက်တိုဘာ ၃ဝ ရက်နေ့အထိ မဲဆွယ် ဟောပြောရမည်၊ ရွေးကောက်ပွဲ မတိုင်မီ တရက် လာမည့် စနေနေ့အထိ မဲဆွယ်နိုင်သည် စသဖြင့် ပါတီများကြား ကွဲပြားစွာ ပြောဆိုနေကြသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP ၏ စည်းရုံး မဲဆွယ်ခွင့်ကို ယခင်လ ၃ဝ ရက်အထိသာ ရမည်ဟု ကော်မရှင်က နှုတ်ဖြင့်သာ ညွှန်ကြားသွားခဲ့သည် ပြောသည်။

ထို့အပြင် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၃၁ ရက်အထိ ခွင့်ပြုထားသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမောင်သာလှက အောက်တိုဘာ ၃ဝ ရက်ထိသာ ခွင့်ပြုမည်ဟု ပြန်လည် ပြင်ဆင်ခဲ့ကြောင်း RNDP ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။

ရသေ့တောင်နှင့် မြောက်ဦးမြို့နယ်များတွင် မနက်ဖြန်အထိ စည်းရုံးခွင့် ရနေပြန်သည်ဟုလည်း သူက ပြောသည်။

စည်းရုံးရေးကာလ နောက်ဆုံးရက် ကွဲပြားနေမှုနှင့် ပတ်သက်၍ စစ်တွေခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ စုံစမ်းရာ “ကျနော်တို့ဆီ ညွှန်ကြားချက် မရောက်သေးဘူးခင်ဗျ ” ဟုသာ ပြန်ဖြေ၍ ဖုန်းချသွားသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ရခိုင်လူမျိုးစု ကိုယ်စားလှယ် ဒေါက်တာ ထွန်းဇံအောင် ကမူ “နောက်ဆုံးရက် ကတော့ ၆ ရက်နေ့ အထိပဲပေါ့။ ကျနော်တို့တော့ မြို့နယ်တိုင်း လုပ်နေတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

အလားတူ မွန်ပြည်နယ်တွင် အဓိက ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းကလည်း ၆ရက်နေ့အထိ စည်းရုံးရေး ဆင်းသွားမည်ဟု ပြောသည်။

နိုင်ငွေသိန်းက “သီးသန့်ညွှန်ကြားတာ မရှိပါဘူးခင်ဗျ။ တချို့ ရပ်ကွက် မြို့နယ် ကော်မရှင်တွေက နားလည်မှုလွဲတာ ဖြစ်မှာပါ” ဟု မဇ္ဈိမကို ပြောသည်။

သို့သော် ရန်ကုန်တိုင်း အတွင်း၌ပင် ရွေးကောက်ပွဲ မတိုင်မီ တရက်အလိုအထိ မဲဆွယ်ခွင့်ရသည့် မြို့နယ်များ ရှိသကဲ့သို့ တောင်ဒဂုံ၌ ယခင် လကုန်အထိသာ ခွင့်ပြုကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ပြောသည်။

“ကျနော် မင်္ဂလာတောင်ညွန့်အပြင် ကျန်တဲ့မြို့နယ်တွေလဲ လျှောက်သွားတယ်။ တောင်ဒဂုံရောက်တော့ ခွင့်မပြုဘူး” ဟု ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးသုဝေက မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင် သုံးဆယ်မြို့တွင်လည်း မနေ့က ဒီမိုကရက်တစ် ပါတီ မဲဆွယ် အစည်းအဝေး ပြုလုပ်ခွင့် ရခဲ့ပြီး မန္တလေးတိုင်း အမတ်လောင်းများလည်း ဆက်လက် မဲဆွယ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP မဲဆွယ်နေပြီး လားရှိုးအခြေစိုက် ဝ’ အမျိုးသား စည်းလုံး ညီညွတ်ရေး ပါတီလည်း ဆက်လက် စည်းရုံးနေကြောင်း သက်ဆိုင်ရာပါတီ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

မဲဆွယ် စည်းရုံးရက် သတ်မှတ်ရာတွင် ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်နှင့် ဟားခါးမြို့နယ် ကော်မရှင်ကြား ကွဲလွဲနေကြောင်း ချင်းအမျိုးသားပါတီ CNP က မဇ္ဈိမကို ပြောသည်။

၃ဝ ရက်ထိသာ မဲဆွယ်ခွင့် ပြုမည်ဟု ယခင်လ နှောင်းပိုင်းက မြို့နယ်ကော်မရှင်က CNPကို စာဖြင့် အကြောင်းကြားသော်လည်း ပြည်နယ် ကော်မရှင်ကမူ ယခုလ ၆ ရက်နေ့ထိ ခွင့်ပြုသည်ဆိုပြန်၍ CNP က တအိမ်တက် တအိမ်ဆင်း စည်းရုံးရေး ပြန်လုပ်နေသည်။

ဟားခါးမြို့နယ် CNP ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးငွန်မောင်းက “ပြည်နယ်ရုံးကို သွားမေးတော့ တီဗီကနေ စည်းရုံးရေး စကားပြောတာတို့ ဘာတို့ကို ပြောတာပါတဲ့။ ရပါတယ်ဆိုပြီးတော့ ပြည်နယ်ကော်မရှင် ဥက္ကဋ္ဌက ပြန်ပြောတယ်’’ ဟု ဆိုသည်။

မဲပေးရမည့် ၇ ရက်နေ့၌ မဲရုံအတွင်းနှင့် မဲရုံမှ ကိုက် ၅ဝဝ အကွာအတွင်း၌ မဲဆွယ်ပါက တနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်မည်ဟု “ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ပြစ်ဒဏ်များ” ဥပဒေတွင် ဖော်ပြထားသည်။


Ref: မဇ္ဈိမ

Read More...

ပုသိမ်နှင့် ငပုတောတွင် မဲမပေးလိုသူ များပြား

ဇာနည်မာန်
Wednesday, 03 November 2010

ဧရာဝတီတိုင်း ပုသိမ်နှင့် ငပုတောမြို့နယ် အတွင်းရှိ ပြည်သူများသည် လာမည့် ရွေးကောက်ပွဲကို စိတ်မဝင်စား၊ မဲပေးလိုခြင်း မရှိဟု စစ်တမ်း တခုက ဖော်ပြသည်။

ရွေးကောက်ပွဲအပေါ် ပြည်သူများ၏ စိတ်ဝင်စားမှုကို သိရှိနိုင်ရန် ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များက သာမန် ပြည်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တက္ကသိုလ် ကျောင်းသားများ၊ ဈေးသည်များနှင့် ၀န်ထမ်း တချို့ထံမှ စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်သည်။

စစ်တမ်းဖြေဆိုသူ ၈၈ ရာခိုင်နှုန်းက ရွေးကောက်ပွဲတွင် မဲပေးမည်မဟုတ်ဟု ဖြေဆိုခဲ့ပြီး ကျန် ၁၂ ရာခိုင်နှုန်းက မဲပေးမည်ဟု ဖြေဆိုသည်။ မဲမပေးလိုသူများက ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မရှိသောကြောင့် မဲမပေးလိုခြင်းဖြစ်ပြီး မဲပေးလိုသူများကမူ ၎င်းတို့၏ မဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ သိမ်းယူမည်ကို စိုးရိမ်သောကြောင့် မဲပေးမည်ဖြစ်ကြောင်း ဖြေဆိုကြသည်။

“သူတို့ကို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နားလည်သလား၊ ပါတီစည်းရုံးရေး ဆင်းသူတွေက ရှင်းပြလားဆိုတော့ ၇၈ ရာနှုန်းက မရှင်းပြဘူးလို့ ဖြေကြတာ တွေ့ရတယ်” ဟု စစ်တမ်း ကောက်ယူသူ တဦးက ပြောသည်။

မဲပေးပိုင်ခွင့်ရှိ မရှိ မသိကြောင်း၊ မဲပေးရမည်ကို တာဝန်ရှိသူများက ပညာပေးခြင်းမရှိကြောင်း ဖြေဆိုသူ ၇၀ ရာနှုန်းကျော် ရှိနေပြီး ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုမရှိဟု ဖြေဆိုသူ ၈၀ ရာနှုန်းကျော်ရှိသည်။ ထို့အပြင် ရွေးကောက်ပွဲဖြင့် စစ်အစိုးရကို ဖြုတ်ချနိုင်မည် မဟုတ်ဟု ဖြေဆိုသူ ရာနှုန်းပြည့်ရှိကြောင်း သိရသည်။

အစိုးရ၀န်ထမ်း အများစုက စစ်တမ်းဖြေဆိုရန် ငြင်းဆန်ကြပြီး အထက်အရာရှိများ သိပါက ပြဿနာ ဖြစ်မည်ကို စိုးရိမ်သည်ဟု ပြောကြကြောင်း၊ ၀န်ထမ်းတချို့က မဲမပေးလိုဟု ပြောကြောင်း စစ်တမ်း ကောက်ယူသူ တဦးက ဆိုသည်။

“၀န်ထမ်းတွေကတော့ သူတို့ဌာနရဲ့ အခြေအနေအရပေါ့လို့ ပြောကြတယ်။ တချို့ကတော့ မဲသွားမပေးဘူး၊ မဖြစ်မနေ ပေးရမယ် ဆိုရင်တော့ ခမောက်တံဆိပ် NDF (အမျိုးသား ဒီမိုကရေစီ အင်အားစု) ကို ပေးမယ်လို့ ဖြေကြတယ်ဗျ” ဟု ၎င်းက ပြောသည်။

မဲဆန္ဒရှင်များအနေဖြင့် ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်မှုတွင်ေ၀၀ါးမှုများစွာ ရှိနေပြီး အထူးသဖြင့် NDF ပါတီ၏ ခမောက် တံဆိပ်ကို NLD ပါတီဟု မှတ်ထင်နေမှုများ ရှိကြောင်းလည်း သိရသည်။

Ref: ဧရာဝတီ်

Read More...

လမ်းပြရွာသားအား နအဖစစ်သား ပစ်သတ်မီးရှို့

Wednesday, 03 November 2010

သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်အခြေစိုက် ခလရ ၂၈၆ မှ စစ်ကြောင်းတခု မြောက်ပိုင်း သျှမ်းပြည် တပ်မတော်မှ တပ်သား တဦးအား ပစ်သတ်ပြီးနောက်ပိုင်း လမ်းပြရွာသားအား ပစ်သတ် လိုက်ကြောင်းစုံစမ်း သိရှိရသည်။

ပြီးခဲ့သည့်တနင်္ဂနွေနေ့ အောက်တိုဘာလ ၃၁ ရက်က မိုင်းနောင်အခြေစိုက် ခလရ ၂၈၆ ဒုဗိုလ်မှူးကြီး မျိုးထွန်း ဦးဆောင် သည့် အင်အား ၆၀ ခန့်ပါ နအဖ တပ်ဖွဲ့တဖွဲ့ မိုင်းနန်း အရှေ့မြောက်ဘက် ၀မ့်မလန်းရွာမှ ၀မ့်ဇတ်အုပ်စု ၀မ့်ခုန့်လုံ အသွား လမ်း၌ ၀မ့်ဇတ်တိုက်နယ် ၀မ့်ကုန်းရွာသား စိုင်းထွန်းတို့ ဇနီမောင်နှံနှင့် တွေ့ဆုံရာ လမ်းပြအဖြစ် ပေါ်တာ ဆွဲသွားသည်ဟု မိုင်းနန်း ဒေသခံတဦးက ပြောပြ၏။

“စိုင်းထွန်းရဲ့ ရင်ဝကို သေနတ်တေ့ပြီး ၀မ့်ကုန်းဖက် ပြန်သွားဖို့ လမ်းပြခိုင်းတာ။ ၀မ့်ကုန်းရွာ အ၀င် SSA မြောက်ပိုင်း စစ်ဒေသ ၇၂ လက်အောက်ခံ တပ်ရင်းမှူး ဗိုလ်ကြီးထိုးမိန်း ဦးဆောင်တဲ့ တပ်ရင်း ၁ ထဲက ( ရွာကနေ တပ်စခန်းအပြန်) တပ်သား တယောက်နဲ့ တွေ့တော့ ပစ်သတ်လိုက်တယ်။ M 22 တလက်ရှုံး တယ်။ စိုင်းထွန်း (အသက် ၄၀ နှစ်) ကိုလဲ ဗမာစစ်သားတွေ အဲဒီမှာတင် ပစ်သတ် လိုက်တယ်။ သူ့မိန်းမတော့ ထွက်ပြေး လွတ်မြောက် သွားတယ်” ဟု ၄င်းက ပြောပြ၏။ စိုင်းထွန်းအား ပစ်သတ်ပြီးနောက် နအဖတပ်က ၄င်းတို့ တပ်စခန်းရှိရာ မိုင်းနောင်မြို့ နမ့်မောန်းရွာသို့ ပြန်ဆုတ် သွားကြသည်ဟု ဆို၏။

ဒုဗိုလ်မှူးကြီး မျိုးထွန်းဦးဆောင်သည့် အင်အား ၆၀ ခန့်ပါ နအဖ တပ်စုမှာ ထိုဒေသတ၀ိုက် ရွာများမှ ဒေသခံများ၏ လယ်ယာ ထွက် သီးနှံများနှင့် အိမ်မွေး တိရ စ္ဆာန်များကို ခိုးယူ ဖမ်းဆီးစားသောက်လေ့ ရှိသည် ဟုလည်း ကြားသိရပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ထိုင်း-မြန်မာ နယ်စပ် လုံခြုံရေး တိုးမြှင့်

စိုင်းဇွမ်ဆိုင်း
Wednesday, 03 November 2010 18:33

ရွေးကောက်ပွဲ အကြိုကာလ၌ ထိုင်း-မြန်မာ နယ်စပ်ရှိ တာချီလိတ်၊ မြဝတီနှင့် ကော့သောင်း မြို့များတွင် လုံခြုံရေး တိုးမြှင့် ချထားကြောင်း သတင်းရရှိသည်။

“ရွေးကောက်ပွဲ မဲပေးတဲ့နေ့မှာ ဗုံးခွဲတာတို့ ဘာတို့ ဖြစ်မှာစိုးလို့ လုံခြုံရေးတွေ တိုးထားတယ်။ အဓိကကတော့ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားနားမှာ ပိုများတယ်”ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

လုံခြုံရေး တိုးမြှင့်ခြင်းကို တာချီလိတ် အခြေစိုက် စစ်တပ်က တာဝန်ယူထားခြင်းဖြစ်ပြီး မသင်္ကာပါက သယ်ဆောင် လာသည့် ပစ္စည်းများကို ဖွင့်လှစ်၍ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ယခင်က ယင်းကဲ့သို့ စစ်ဆေးမှုမျိုး မရှိကြောင်း တာချီလိတ် ဒေသခံများထံမှ သိရသည်။

တနင်္သာရီတိုင်း ကော့သောင်းမြို့တွင်လည်း အလားတူ လုံခြုံရေးတိုးမြှင့်ထားမှုများ ရှိသည်ဟု ထိုင်းနိုင်ငံဘက် အခြမ်း ရနောင်းမြို့ရှိ မြန်မာနိုင်ငံသားများက ဆိုသည်။

ဒေသခံတဦးက “အခုတလောမှာ နယ်စပ်ဂိတ် ပိတ်မယ်လို့ ကောလာဟလတွေ ထွက်နေတယ်။ ဒါပေမယ့် ရွှေ့ပြောင်း အလုပ် သမားတွေက ယာယီ နိုင်ငံကူးလက်မှတ်တွေ လာလုပ်ကြတော့ ပိတ်လို့ မရသေးဘူးနဲ့ တူတယ်။ အခုထိတော့ ဖွင့်ထားဆဲပဲ”ဟု ပြောသည်။

ကော့သောင်းမြို့မှ ကာရာအိုကေဆိုင်များနှင့် နိုက်ကလပ်များကို ည ၁၁ နာရီတွင် ပိတ်ရန် ဒေသအာဏာပိုင်များက ညွှန်ကြား ထားပြီး၊ မြို့ခံများကိုလည်း ခရီးမထွက်ရန် တားမြစ်ထားကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် တပ်မ ၂၂ မှ တပ်များ ယခင်သီတင်းပတ်မှစ၍ ကော့သောင်းမြို့သို့ ရောက်ရှိ လာပြီး ကော့သောင်းမြို့ အဝင်အထွက် လုံခြုံရေးကို တာဝန်ယူထားသည်ဟု သိရှိရသည်။

ကရင်ပြည်နယ် မြဝတီမြို့၊ ဘုရားသုံးဆူ နယ်စပ်တွင်လည်း ရဲနှင့်စစ်သားများ ပါဝင်သည့် ပူးပေါင်းလုံခြုံရေး အဖွဲ့များ တိုးမြှင့် ချထားကြောင်း၊ အဆိုပါ ပူးပေါင်း အဖွဲ့များက ကင်းလှည့် စစ်ဆေးမှုများ ပြုလုပ်ကြောင်း တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြဝတီမြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးတံတား ပိတ်ထားဆဲ ဖြစ်သော်လည်း လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရှိရသည်။

မဲဆောက်မြို့မှ မြန်မာနိုင်ငံသားတဦးက “ရွေးကောက်ပွဲ နီးလာပြီဆိုတော့လည်း အစိုးရ လုပ်နေကျအတိုင်း စစ်သားတွေနဲ့ လုံခြုံရေး ထပ်တိုး ထားတာပေါ့။ အရင်တုန်းက ပြောခဲ့သလို ရွေးကောက်ပွဲပြီးရင် တံတားပြန်ဖွင့်မယ် ဆိုတာ မသေချာသေးဘူး။ ရွေးကောက်ပွဲ အပြီးမှာ နောက်ထပ် ၆ လလောက် ထပ်ပိတ်ထားဦးမယ်လို့ ကြားတယ်” ဟု ပြောသည်။

ဇူလိုင်လ ၁၈ ရပ်နေ့မှ စတင် ပိတ်ထားခဲ့သော မြဝတီ-မဲဆောက် တံတား ပိတ်ထားသဖြင့် ယင်းလမ်းကြောင်းမှ ထိုင်း-မြန်မာ ကုန်စည် စီးဆင်းမှုများ ရပ်တန့်ခဲ့ပြီး ခန့်မှန်းခြေ ထိုင်းဘတ် သန်းပေါင်း ၇၂၀၀ ခန့် ဆုံးရှုံးနစ်နာမှုများ ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်းမှ ပြောဆိုခဲ့သည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်ဖြိုခွဲရာတွင် အဓိက ပါဝင်ခဲ့သည့် တပ်မ ၆၆ နှင့် တပ်မ ၇၇ တို့ကို ရန်ကုန်တိုင်း တောင်ဒဂုံ၊ မြောက်ဥက္ကလာပနှင့် တောင်ဥက္ကလာပ မြို့နယ်များတွင် လုံခြုံရေး တာဝန် ချထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

Ref: ဧရာဝတီ်

Read More...

လွိုင်ကော်တွင် ညမထွက်ရန် အာဏာပိုင်များ ညွှန်ကြား

သန်းထိုက်ဦး
Wednesday, 03 November 2010 18:53

ရွေးကောက်ပွဲ နီးကပ်လာသည့် ကာလတွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ ည ၁၀ နာရီနောက်ပိုင်း အိမ်ပြင် မထွက်ရန် ဒေသ အာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ်မှစ၍ ညွှန်ကြားထားကြောင်း သိရသည်။

စစ်အစိုးရ အာဏာပိုင်များက အင်တာနက်ဆိုင်များကို ည ၈ နာရီတွင် ပိတ်ရန် တယ်လီဖုန်းဖြင့် အကြောင်းကြားကြောင်း၊ ဒေသတွင်း မတည်ငြိမ်မှုကို အကြောင်းပြ၍ ပြည်သူများကို ည ၁၀ နောက်ပိုင်း မထွက်ရန်လည်း မှာကြားထားကြောင်း မယ်ဟောင်ဆောင် အခြေစိုက် ကန္တာရ၀တီ တိုင်းမ် သတင်းဌာန အယ်ဒီတာ စေးရယ်စိုးက ပြောသည်။

လွိုင်ကော်မြို့တွင် အင်တာနက်ဆိုင် ၈ ဆိုင်ရှိကြောင်း ကန္တာရဝတီ အင်တာနက် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

လွိုင်ကော်မြို့ ဒေသခံတဦးက “ထွက်ရင် ရပါတယ်။ ဒါပေမယ့် အပြင်မထွက်ရဲကြတာ။ ဘယ်လိုလဲဆိုတော့ ပြီးသွားတဲ့ တပတ် တုန်းက ပွန်ချောင်းတံတား ဖျက်ဆီး ခံလိုက်ရတယ်” ဟု ၎င်းက ပြောသည်။

ပွန်ချောင်းတံတားသည် လွိုင်ကော်မြို့နှင့် ရှားတောမြို့နယ်ကြားတွင် တည်ရှိပြီး ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တပ်နှင့် စစ်အစိုးရ ခြေလျင်တပ်ရင်း (ခလရ) ၇၂ တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွား၍ ပျက်စီးခြင်းဖြစ်ကြောင်း သိရသည်။

တံတားပျက်စီးသွားသောကြောင့် လွိုင်ကော်မှ ရှားတောသို့ ပြေးဆွဲနေသော ခရီးသည်တင် လိုင်းကားများ ရပ်နား ထားရကြောင်း၊ လမ်းဂိတ်များ၌ ယခင် ရဲဝန်ထမ်းနှင့် စစ်သားများသာ ရှိ၍ ယခုအခါ လူဝင်မှု ကြီးကြပ်ရေး (လ၀က) ၀န်ထမ်းများပါ တိုးချဲ့ချထားကြောင်း စေးရယ်စိုးက ပြောသည်။

ထို့အပြင် ကယားပြည်နယ်အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ပါဝင်သော ကျေးရွာအုပ်စု ၁၀ အုပ်စုခန့်တွင်လည်း ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

အလားတူပင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ည ၉ နာရီနောက်ပိုင်း အပြင်သို့ မထွက်ရန်နှင့် ထွက်ပါက စစ်ဆေး မေးမြန်းခြင်း ခံရမည်ဖြစ်ကြောင်း ယမန်နေ့ညက အာဏာပိုင်များက အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာခဲ့သည်ဟု သိရသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်းများ ဖြန့်ဝေမှုနှင့် ဆန္ဒပြမှုများ ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့် လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

ယခုရက်ပိုင်းအတွင်း ကျောင်းသားများ ဦးဆောင်သည့် Boycott-2010 အမည်ရှိ ရွေးကောက်ပွဲ ဆန့်ကျင်ရေး အဖွဲ့က ဒေါ်အောင်ဆန်း စုကြည်ပုံနှင့် မဲမပေးရေး စာတန်းပါ ပိုစတာများကပ်ပြီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်း သိရသည်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲကို ပြည်သူများအနေဖြင့် မဲမပေးရန် အတွက် ရွေးကောက်ပွဲ ဆန့်ကျင်သည့် ပိုစတာများ ကပ်၍ လှုပ်ရှားမှု ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဦးဆောင် ပြုလုပ်ခဲ့သည့် အဖွဲ့ဝင်များက ပြောသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, November 3, 2010

နိုင်ငံတော်အလံကို မီးရှို့ ဖျက်ဆီးသူ ရုတ်တရက် ကွယ်လွန်ခြင်း

နိုဝင်ဘာ ၃ ရက် ၂၀၁၀


နိုင်ငံတော်အလံအား မီးရှို့ဖျက်ဆီးခဲ့သော ဦးဖရန်စစ်မုန်လျန်းပေါင်

ဦးဖရန်စစ်မုန်လျန်းပေါင် (၄၇)နှစ် အကြီးတန်းစာရေး ချင်းပြည်နယ် (တွန်းဇံမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) သည် ၂၁ အောက်တိုဘာ ၂၀၁၀ ခုနှစ် ညနေ ၃ နာရီ ခန့်တွင် ပြုလုပ်သော နိုင်ငံတော် အလံအသစ်တင် အခမ်းအနားတွင် ပါဝင်၍ အထက် အမိန့်အရ နိုင်ငံတော် အလံဟောင်းအား တိုင်ပေါ်မှ ချခြင်းနှင့် မီးရှို့ဖျတ်ဆီးခြင်းကို လုပ်ဆောင်ခဲ့ပါသည်။ ၂၁ နေ့ည သန်းခေါင်တွင် ၄င်း၏ နေအိမ်တွင် ရုတ်တရက် ကွယ်လွန်သွားပါသည်။

ဦးဖရန်စစ် မုန်လျန်းပေါင်သည် ဇနီးသည်နှင့်အတူ ရန်ကုန်သို့ ဆေးဝါး ကုသရာမှ ကျန်းမာစွာဖြင့် အောက်တိုဘာ လဆန်းတွင် တွန်းဇံမြို့သို့ ပြန်ရောက် လာပါသည်။ ဦးဖရန်စစ် မုန်လျန်းပေါင်သည် ဘာသာရေး ကိုင်းရှိုင်း၍ အကျင့်စာရိတ္တ ကောင်းသူ၊ အလုပ်တာဝန် ဝတ္တရာများ ကြေပွန်သူ ဖြစ်သောကြောင့် ၄င်း၏ ရုတ်တရက် ကွယ်လွန်မှုနှင့် ပတ်သတ်၍ ကြားသိသူ အားလုံး အထိတ်တလန့် ဖြစ်နေကြပါသည်။ ဇနီးနှင့် သား ၃ ယောက် သမီး ၂ ယောက် ကျန်ရစ်ခဲ့သည်ဟု သိရှိရပါသည်။

Read More...

ဦးဝင်းတင်နဲ့ မေးခွန်းများ

ဒုတိယပင်လုံညီလာခံမှသည် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံသို့ အပိုင်း ၁
နိုဝင်ဘာ ၂၊ ၂၀၁၀

ယခုလိုဒုတိယပင်လုံညီလာခံ ပေါ်ထွန်းရေး လှုပ်ရှားမှု ပေါ်ပေါက်လာသည့် အတွက် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် ဆန့်ကျင် သပိတ်မှောက်သည့် လှုပ်ရှားမှုများ အပေါ် ဘယ်လို သက်ရောက်မှု ရှိမှာလဲ စသည်တို့ ဖြစ်သည်။

လွန်ခဲ့သည့် စနေနေ့ မနက်ခင်းက မြန်မာပြည်၏ အတိုက်အခံ ခေါင်းဆောင် တဦး ဖြစ်သူ အင်န်အယ်ဒီ ပါတီ၏ ဦးဆောင်သူ၊ ဟံသာဝတီ ဦးဝင်းတင်နှင့် တွေ့ဆုံ စကားပြောဖြစ်ခဲ့သည်။ အဓိက မေးခွန်းများမှာ -

တိုင်းပြည်၏ ဒီမိုကရေစီစနစ်ကို ဖော်ဆော်ရန်အတွက် နိုင်ငံရေး ပေါင်းစည်းမှု အင်အားတရပ် အဖြစ် အင်န်အယ်ဒီက ရပ်တည်မည်ဟု ပြောခဲ့ပြီးနောက်၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အစုအဖွဲ့များနှင့် အတူ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီး ထူထောင်နိုင်ရန် အတွက် ဒုတိယပင်လုံညီလာခံ ခေါ်ယူရန် ထောက်ခံကြောင်း၊ သဘောတူ လက်ခံကြောင်း ပြောဆိုခဲ့သည်။

ထိုသို့သော ပြောဆိုချက်များကို ဦးတည်သော လှုပ်ရှားမှုများသည် ၂၀၁၀ နိုဝင်ဘာ ၇ ရက် စစ်အစိုးရ၏ ရွေးကောက်ပွဲ မတိုင်ခင် စတင်မည်လား၊ ဘယ်တော့ စတင်မှာလဲ။ စစ်အစိုးရ ရွေးကောက်ပွဲ၏ ရလဒ်ဖြစ်သော ၂၀၀၈ အခြေခံ ဥပဒေအ တည်ပြုသည့် လွှတ်တော်တရပ် ပေါ်ထွန်းလာပြီးသည် နောက်မှာ စတင်မည်လား။ ယခုလို ဒုတိယပင်လုံညီလာခံ ပေါ်ထွန်းရေး လှုပ်ရှားမှု ပေါ်ပေါက်လာသည့် အတွက် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ အပေါ် ဆန့်ကျင် သပိတ်မှောက်သည့် လှုပ်ရှားမှုများ အပေါ် ဘယ်လို သက်ရောက်မှု ရှိမှာလဲ စသည်တို့ ဖြစ်သည်။

ဆရာက ပြောကြားရာတွင် -
“ကျနော်တို့ အတိုက်အခံအင်အားတွေ၊ တိုင်းရင်းသား အင်အားစုတွေ ထုတ်ဖော် ပြောဆိုတဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့ ကိစ္စ ဆိုတာက ရေရှည် ကိစ္စတခု ဖြစ်ပါတယ်။ ပေါ်ပင် လျောက်လုပ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင် အပြီးလုပ်နိုင်တဲ့ အရာလည်း မဟုတ်ဘူး။ သမိုင်းရဲ့ အစဉ်အလာအရ လုပ်ကြမယ် ဆိုရင်လည်း ပြည်ထောင်စုနေ့ ပေါ်ပေါက်ခဲ့ရာ ဖေဖော်ဝါရီလ လောက်မှာ လုပ်နိုင်ရင်လည်း လုပ်ကြရမယ် ဆိုတဲ့ သဘော။ နောက်ပြီးတော့ အခုရွေးကောက်ပွဲက အဖြေမဟုတ်ဘူး။ တကယ် အစစ်အမှန် အဖြေက အခုလိုမျိုး ဖယ်ဒရယ် ပြည်ထောင်စု အစစ်အမှန် ပေါ်ထွန်းလာနိုင်ဖို့ ဆောင်ရွက်ကြရမယ့် ဒုတိယ ပင်လုံ ညီလာခံမျိုးက ၀ိုင်းလုပ်ကြရမယ့် ကိစ္စ ဖြစ်တယ် ဆိုတာမျိုး ဖြစ်တယ်ဆိုတာ ပြောချင်တယ်။

ရွေးကောက်ပွဲကိစ္စက ရွေးကောက်ပွဲကိစ္စဖြစ်တယ်။ ကျနော်တို့တတွေက မတရားတဲ့ ကိစ္စတခု၊ မှားယွင်းတဲ့ လုပ်ရပ်တခု အဖြစ် ကျနော်တို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေက လက်မခံနိုင်ဘူး။ သပိတ် မှောက်ကြဖို့ ကျနော်တို့က ဆက်လုပ် နေကြမှာပဲ။ ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ အကျိုးရလဒ်တွေ ဆိုတာဟာလည်း အများပြည်သူတွေ လက်ခံတဲ့ ကိစ္စ မဟုတ်ဘူး ဆိုတာကိုလည်း ကျနော်တို့နဲ့ အတူ အားလုံးက ပြောဆို နေကြပြီဖြစ်တယ်။ အဲသည်လိုမျိုး ကျနော်တို့က ရပ်တည်ပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သီးခြား ဆောင်ရွက် နေတာဖြစ်တယ်။ သို့သော်လည်း ရွေးကောက်ပွဲ နဲ့ရလဒ်တွေဟာ တိုင်းပြည်နဲ့ ပြည်သူတွေ အတွက် အကျိုးစီးပွား မရှိဘူး ဆိုတာကို ပါဝင် ပတ်သက်နေသူတွေ ကိုယ်တိုင် သဘောပေါက် လာရင်လည်း အခုလိုမျိုး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူတဲ့ဆီမှာ သူတို့တတွေလည်း ပါဝင်လာနိုင်တဲ့ အခြေအနေ တရပ်လည်း ဖြစ်လာနိုင်တယ်။

ရွေးကောက်ပွဲ မတိုင်ခင်မှာကော၊ ရွေးကောက်ပွဲ အလွန်မှာ၊ စစ်အစိုးရ အလိုကျ ဖြစ်ပေါ်လာမယ့် လွှတ်တော် ဆိုတာရဲ့ အတွင်း၊ အပြင်မှာ ပါဝင်ခဲ့ကြသူတွေ အချင်းချင်းမှာ ပဋိပက္ခတွေ မြင်တွေ့ရနေပြီ၊ ဒီထက်ပိုပြီး မြင်တွေ့ လာရတော့မှာ ဖြစ်တယ်။ အဲဒါကို မျက်မြင် သက်သေ ဖြစ်နေရတဲ့ ကာယကံရှင် မဲဆန္ဒရှင် ပြည်သူလူထု တွေကလည်း ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ သူတို့အတွက် ကောင်းကျိုးချမ်းသာ မဖြစ်စေဘူး ဆိုတာ ပိုပြီး ထင်ထင်ရှားရှား သိလာမှာ ဖြစ်တယ်။ အဲသည်မှာ နိုင်ငံတကာ အပေါ်မှာလည်း ရွေးကောက်ပွဲရဲ့ သက်ရောက်မှုကလည်း စစ်အစိုးရက လိုချင်တဲ့ အကောင်း သက်ရောက်မှုတွေ ဖြစ်တော့မှာ မဟုတ်ဘူး။

အဓိကကတော့ အခုချိန်ကတည်းက ပြည်သူလူထုတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ ပါဝင် ပတ်သက် နေသူတွေ အားလုံးဟာ စစ်အစိုးရ အလိုကျ လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ ဆိုတာနောက် တကောက်ကောက် လိုက်ပြီး အချိန်ကုန် လူပမ်း ဖြစ်နေကြမယ့် အစား၊ နောက်ပြီးတော့ ရွေးကောက်ပွဲအလွန် ကာလ လွှတ်တော် ပေါ်ပေါက်ရေး၊ မပေါ်ပေါက်ရေး၊ လွှတ်တော် အတွင်းအပြင် ဖြစ်ကြ ပျက်ကြတာတွေနောက် လိုက်ပြီးတော့ အချိန်ကုန်ပြီး အလဟသ ဖြစ်ကြမယ့်အစား၊ အခုကတည်းက ရွေးကောက်ပွဲနဲ့ တကွ ရလဒ်တွေကို လက်မခံဖို့ကို ကျနော်တို့က လုပ်ကိုင် ဆောင်ရွက်နေတာ ဖြစ်တယ်။ ပြီးတော့လည်း တပါတည်းပဲ တကယ်ကို နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ရေရှည် အကျိုးစီးပွားတွေ၊ အခွင့်အရေးတွေကို အာမခံပေးမယ့်၊ စစ်မှန်တဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်ဖို့ ၀ိုင်းပြီး လုပ်ကိုင်ကြဖို့ကိုလည်း အခုအချိန် ကတည်းက သိမြင် နားလည်ကြဖို့ လိုပြီ ဆိုပြီး အခုလို ဒုတိယ ပင်လုံညီလာခံ လှုပ်ရှားမှု ဖြစ်ပေါ်လာတယ် လို့ ပြောချင်တယ်။”

အဲသည်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ နေရာမှာ မေးတဲ့မေးခွန်းက လက်ရှိ ပါဝင်နေကြသူတွေ တဦးချင်း၊ တပါတီချင်း၊ နေရာဒေသ တခုချင်း အလိုက် သပိတ်မှောက်တာတွေ ရှိနေသလား၊ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကြီး တခုလုံးအနေနဲ့ သပိတ်မှောက်တာလား။ ပြီးတော့ ရွေးကောက်ပွဲ အပေါ် ဝေဖန် ထောက်ပြရာမှ၊ ကန့်ကွက် ပြောဆိုရာမှာ မည်သည့် အချက်တွေကို မူတည်ပြီး ဝေဖန် ထောက်ပြ ကန့်ကွက်မှာလဲ ဆိုတာ ဖြစ်ပါတယ်။

“ကျနော်တို့က လူတဦးချင်း၊ တပါတီချင်းကို လိုက်ပြီးတော့ ဝေဖန်ထောက်ပြ ကန့်ကွက်တာ မျိုးတွေ လုပ်မှာ မဟုတ်ဘူး။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းစနစ် မကျတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို အခြေခံတဲ့ အာဏာရှင် စနစ်ကို တရားဝင်ပြုမယ့် လွှတ်တော်ကို ဖြစ်ပေါ်စေမှာ မို့လို့ ကျနော်တို့က သပိတ်မှောက်တယ်၊ ကန့်ကွက်တယ်။ ဒီလိုပဲ ပြောမှာဖြစ်တယ်။ သို့သော်လည်း ပါတီတွေက၊ လူပုဂ္ဂိုလ်တွေ ကိုယ်တိုင်က မှားယွင်းတဲ့ အချက်အလက်တွေ၊ လုပ်ကြံ ဖန်တီးတဲ့ အပြောအဆိုတွေ၊ လုပ်ရပ်တွေ ဆောင်ရွက်လာရင်တော့ ဒါတွေကိုလည်း ကျနော်တို့က သီးခံမနေဘဲနဲ့ ဝေဖန်ထောက်ပြ ကန့်ကွက်တာမျိုးတွေ လုပ်ရမှာ ဖြစ်တယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ၊ အချက်အလက်မှားတွေ ပြောဆို ထုတ်ပြန်တာမျိုး၊ အင်န်အယ်ဒီနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကြားထဲမှာ အထင်အမြင် လွဲမှားအောင် ပြောဆို ၀ါဒဖြန့်ချိတာမျိုး ကိုတော့ ကျနော်တို့က အမှားကို လက်ခံနေမှာ မဟုတ်ဘူး၊ အမှန်အတိုင်း အရှိအတိုင်း ပြန်လည် ပြောဆို ထောက်ပြတာတွေ၊ အသိပေး ကြေငြာတာတွေ လုပ်မှာ ဖြစ်တယ်။ အဲသည်လို ပြောချင်တယ်။”

အဲသည်မှာ ဆက်ပြီးမေးတဲ့ မေးခွန်းကတော့ လက်ရှိ စစ်အစိုးရဖော်ဆောင် နေတဲ့ ပြည်ထောင်စု မြန်မာ နိုင်ငံတော်နဲ့ နိုင်ငံသားများ အတွက် အာမခံထားတဲ့ ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုသားများ အခွင့်အရေး ဆိုတာတွေနဲ့ ဒုတိယ ပင်လုံညီလာခံမှာ ဆွေးနွေး ဖော်ဆောင်မှာနဲ့ ဘာကွာခြားမှာလဲ ဆိုတာ ဖြစ်ပါတယ်။

ပထမဦးဆုံးပြောချင်တာ ဒုတိယ ပင်လုံ ညီလာခံခေါ်ဖို့ ထတ်ပြန်ချက်ထဲက အချက်တွေ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အားလုံး အတူတူ သာတူညီမျှ ရရှိရမယ့် အခွင့်အရေးတွေ ဖြစ်တယ်။ တိုင်းရင်းသားတွေ တောင်းဆိုတာက တန်းတူ ညီမျှခွင့်တို့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ ဖြစ်တယ်။ စစ်အစိုးရက ဘာပေးတာလဲ ဆိုတော့ - ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုတာမျိုးပဲ ပေးတယ်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို မပေးဘူး။ နောက်ပြီးတော့ တိုင်းရင်းသားတွေ အားလုံး လိုချင်တာက နိုင်ငံရေးအရ တန်းတူ ညီမျှတဲ့ အခွင့်အရေးတွေ ဖြစ်တယ်။ အဲဒါအစား စစ်အစိုးရက အုပ်ချုပ်ရေး ယန္တားထဲမှာ ပါဝင်ပတ်သက်ခွင့်တို့၊ စီးပွားရေးပိုင်း ဆိုင်ရာ လုပ်ပိုင်ခွင့်တို့ တွေကိုပဲ ပေးထားတာ ဖြစ်တယ်။ ဒါတွေကို ကျနော်တို့က ခွဲခြားပြီး သိရမယ်။

သည်တော့ ပြည်ထောင်စုကြီးဆိုတာက ဖယ်ဒရယပြည်ထောင်စု ဖြစ်တယ်။ တပြည်ထောင် စနစ် မဟုတ်ဘူး။ အထက်ပါ ကန့်သတ်တဲ့ အခွင့်အရေးတွေနဲ့ တိုင်းရင်းသားတွေကို ပေးထားတာဟာ တပြည်ထောင် စနစ်လိုမျိုး ဖြစ်တယ်။ တိုင်းရင်းသားတွေ မျိုးစုံရှိတဲ့ နိုင်ငံမှာ၊ လူဦးရေ အလိုက် ကွဲပြား ခြားနားမှုတွေ ရှိတဲ့ နိုင်ငံမှာ ကျနော်တို့ တတွေက ရေရှည် ရပ်တည်သွားမယ် ဆိုရင် အားလုံးတန်းတူ ညီမျှမှုတွေ၊ နားလည်မှုတွေနဲ့ ပေါင်းစည်းပြီး နေကြမှသာ ဖယ်ဒရယ် ပြည်ထောင်စု အဖြစ် ရပ်တည် သွားနိုင်မှာဖြစ်တယ်။ အတင်း ချုပ်ကိုင် ထားရင်တော့ အခုလိုမျိုးနဲ့ ရေရှည် ပြည်ထောင်စုကြီး အဖြစ် သွားနိုင်မှာ မဟုတ်ဘူး ဆိုတာကို သိကြရမယ်။

ဒါတွေဟာ ခုမှ တိုင်းရင်းသားတွေက ပြောခဲ့တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၁၉ ၆၁ တို့၊ ၁၉ ၆၄ တို့မှာ ဖဆပလတို့၊ တော်လှန်ရေး ကောင်စီတို့၊ မဆလတပါတီတို့ လက်အောက်မှာ ကတည်းက တိုင်းရင်းသားတွေက ပြောဆို ခဲ့ကြတယ်။ တောင်းဆို တင်ပြခဲ့ကြပြီး ဖြစ်တယ်။ ခေတ်အဆက်ဆက် သမိုင်း အဆက်ဆက်မှာ တိုင်းရင်းသားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကိုယ်တိုင်က တောက်လျောက် တောင်းဆိုခဲ့ကြတာ ဖြစ်တယ်။ ခေတ်အဆက်ဆက်မှာ အစိုးရတွေက လက်မခံခဲ့ကြဘူး။ အစိုးရတွေက တိုင်းရင်းသားတွေက ပြည်ထောင်စု ထဲကနေ ခွဲထွက်ဖို့ လုပ်ကြံနေကြတယ်၊ ဖယ်ဒရယ် ပြည်ထောင်စု ဆိုပြီး ခွဲထွက်ဖို့ ကြံစည်တယ်လို့ သူတို့က ပြန်ပြီ စွပ်စွဲခဲ့ကြတယ်။ ပြည်ထောင်စု ဖြိုခွဲသူတွေအဖြစ် သမုတ်တာမျိုးတွေ လုပ်ခဲ့ကြတယ်။ အခုကျတော့ တိုင်းရင်းသားတွေ ပြောဆို နေကြတာတွေက စစ်အစိုးရတွေ၊ အာဏာရှင်တွေ စွပ်စွဲသလိုမျိုး ပြည်ထောင်စုကနေ ခွဲထွက်ရေး မဟုတ်ဘူး၊ ပြည်ထောင်စုကြီးတခု ပြည်ထောင်စုသားတွေ တန်းတူညီမျှ အတူတကွ ပေါင်းစည်း နေထိုင်ရေး ဆိုတဲ့ ဖယ်ဒရယ် ပြည်ထောင်စုကြီး ဖြစ်တယ် ဆိုတာကို အခုအချိန်မှာ ထပ်မံပြီးတော့ အတည်ပြု ပြောဆိုလိုက်တာ ဖြစ်တယ်လို့ သိကြရမယ်။

ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်တော့ အမေရိကန်လိုမျိုးပေါ့ကွာ။ ပြည်ထောင်စု စစ်စစ် အဖြစ် ပေါင်းစည်းမယ် ဆိုရင် ပြည်နယ်တွေက လူဦးရေအလိုက် အမတ်တွေနဲ့ အောက်လွှတ်တော် ဆိုတာ ရှိတယ်။ ပြည်နယ်အလိုက် ပြည်ထောင်စု အလိုက၊် တပြည်နယ်ကို အထက်လွှတ်တော် အမတ် ၂ ဦးစီ နဲ့ တိုင်းပြည်ကို ၀ိုင်းပြီး အုပ်ချုပ်ကြတယ် ပေါ့ကွာ။ ဒါမျိုး ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလား … အားလုံးက စဉ်းစားကြရမယ်။ ပြည်ထောင်စု အနေနဲ့ ဖွဲ့စည်းရမယ့် အစား လူမျူိုးစုတို့၊ အမျိုးအစားတို့၊ လူတန်းစား တစုတဖွဲ့ကိုပဲ ဦးစားပေးပြီး စိတ်တိုင်းကျ ဖွဲ့စည်းမယ်ဆိုရင် ပြည်ထောင်စု အစစ်အမှန် မဖြစ်ဘဲ တပြည်ထောင်စနစ် ဖြစ်သွားလို့ အရှေ့ဥရောပ နိုင်ငံတွေ ပြိုကွဲသလိုမျိုး ပြိုကွဲတယ် ဆိုတာကိုလည်း သင်ခန်းစာ ယူကြရမယ်။ ပြည်ထောင်စု ပုံသဏ္ဍန်နဲ့ တိုင်းပြည်ကို မထူထောင်ချင်ဘူး ဆိုရင်တော့ စစ်အာဏာရှင် စနစ်တို့ ၊ နိုင်ငံရေး အာဏာရှင် စနစ်တို့နဲ့ တိုင်းပြည်ကို ချုပ်ကိုင် ကြရတော့မှာ ဖြစ်တယ်။ အများသဘောတူတဲ့ စနစ်နဲ့ မထူထောင်ကြရင်တော့ ရေရှည်မခံဘဲ ပြိုကွဲကြမှာ ဖြစ်တယ် ဆိုတာကို သိကြရမယ်။

အခုအချိန်မှာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးက အတူတကွ ဘယ်လိုမျိုး သဘော တူညီချက် ရသွားပြီလည်း ဆိုတော့ အခုလိုမျိုး စစ်အစိုးရရဲ့ အာဏာသုံးပြီး အုပ်ချုပ်တဲ့ တပြည်ထောင် စနစ်အစား နိုင်ငံရေး သဘောတူညီချက်တွေ ပေါင်းစည်းပြီးတော့ ထူထောင်ကြမယ့် ဖယ်ဒရယ် ပြည်ထောင်စု စနစ်နဲ့ သွားကြမယ်လို့ ဖြစ်သွားကြပြီ။ ဒီလိုမျိုး သဘောတူညီချက် မျိုးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ယခင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးခဲ့တာတွေ၊ သဘောတူညီ တာတွေ ရှိခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့်လည်း သည်လို အခြေခံသဘောတူညီချက်တွေကို မူတည်ပြီးတော့ တိုင်းရင်းသား တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ ကျနော်တို့ အာလုံးက သဘောတူ ညီညွတ်ကြပြီးတော့ ဒုတိယ ပင်လုံညီလာခံ တရပ်ကို ခေါ်ယူကြဖို့၊ ဆွေးနွေး တိုင်ပင်ကြဖို့၊ ပိုမို ကျယ်ပြန့်တဲ့ သဘောတူညီချက်တွေ၊ ဆွေးနွေးချက်တွေ၊ ဆုံးဖြတ်ချက်တွေ၊ အတည်ပြုချက်တွေ ရရှိနိုင်ဖို့အတွက် အခုလိုမျိုး ဒုတိယပင်လို ညီလာခံမျိုး ပေါ်ပေါက်ဖို့ လိုတယ် လို့ ပြောတာ ဖြစ်တယ်။

(ဆက်လက်ဖော်ပြပါမည် … ဒုတိယပင်လုံညီလာခံ လှုပ်ရှားမှုကို ၁၉ ၈၈ ခုနှစ်ကတည်းက ချမှတ် ဆောင်ရွက်ခဲ့ဘူးသလား၊ မည်သို့သော အခက်အခဲများနဲ့ ကြုံတွေ့ခဲ့ရသလဲ။ စသည့် မေးခွန်းများနဲ့ ဆက်လက်ဖော်ပြပါမည်။)

Ref: မိုးမခ

Read More...

ကြိုတင်မဲအပေါ် ဦးသုဝေအမြင်

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၀၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ စစ်အစိုးရ ဝန်ကြီးများ၏ ကြံ့ဖွံ့ပါတီက မတရား နည်းမျိုးစုံဖြင့် မဲရရန် ကြိုးစားနေကြောင်း တက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေး ပါတီများနှင့် တသီးပုဂ္ဂလ အမတ်လောင်းများဘက်က စွပ်စွဲသံများ ပိုမို ဆူညံလာသည်။

ယခု နောက်ဆုံးပေါ်ပြဿနာက “ကြိုတင်မဲ” တောင်းသည့်ကိစ္စ ဖြစ်သည်။

ကြိုတင်မဲကောက်ခံမှုနှင့် ပတ်သက်၍ ဝေဖန်သူများတွင် ဒုတိယ အမတ်လောင်း အများဆုံး တစညပါတီလည်း ပါဝင်သည်။

ကြံ့ဖွံ့အနိုင်ရရေး ကြိုတင်မဲကောက်ရာတွင် အာဏာပိုင်များ ပါဝင်နေသည့်အကြောင်း မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌဦးသုဝေကို မေးမြန်းထားသည်။

-----------------------------------------------------

ကြိုတင်မဲကို ရန်ကုန်မှာ ကောက်နေလား။ ဘယ်သူတွေက လိုက်ကောက်နေတာလဲ။

ရန်ကုန်မှာ သူတို့နဲ့ ရင်းနှီးတဲ့ ဌာနတွေရော၊ ပုဂ္ဂလိကမှာ သူတို့ ပိုင်တဲ့လူ တွေရော ကြိုတင်မဲဆိုပြီး ယူထားတာတွေ ရှိတယ်။ လိုက်လုပ်တဲ့လူတွေက ကြံ့ဖွံ့နဲ့ သက်ဆိုင်ရာ ရယကတွေပေါ့။ လုပ်ပြီးတော့ ကော်မရှင်ကိုပေးတော့ ကော်မရှင်က လက်ခံရတာပေါ့။ ကျနော်တို့ ကန့်ကွက်ထားတယ်လေ။

ကြိုတင်မဲက ကြံ့ဖွံ့ပါတီကိုပဲ ပေးလို့ရမှာလား။ ဘယ်လောက် စိတ်ချရပါသလဲ။

“တခြားပါတီလဲ ပေးလို့ရတယ်။ ကျနော်တို့လူတွေလဲ ရောက်သွားတာပေါ့နော်။ အဲဒီ ကြိုတင်မဲ စာအိတ်တို့၊ ကြိုတင် မဲပြားတို့ကို ကိုယ့်ဟာကိုယ် ခြစ်ရတာပေါ့။ ဒါပေမဲ့ အဲဒီ စာအိတ်က ဘာမှ ခိုင်လုံတဲ့ အခြေအနေ မရှိဘူး။ အချိန်မရွေး သူတို့ပြင်လို့ရတဲ့ အခြေအနေရှိတယ်။ ချိတ်တွေဘာတွေ ပိတ်ထားတာမျိုး မဟုတ်ဘူးဗျာ။ စက္ကူတွေနဲ့ စာအိတ်ကလဲ ခပ်စုတ်စုတ်၊ မဲစာရွက်ကလဲ ခပ်ညံ့ညံ့ဆိုတော့ ဟုတ်မှ ဟုတ်ကဲ့လား လို့တောင် သူတို့က ထင်တယ်တဲ့။ သူတို့ (မဲပေးသူ) ပြန်သွားပြီးရင် ဒါ သူတို့ (ကြံ့ဖွံ့နှင့် ရယက) က လဲလိုက်လို့လဲ ရပုံပေါ်တယ်တဲ့။ ဒါကြောင့် ကျန်တဲ့လူတွေကို သွားမပေး စေချင်တော့ဘူးပေါ့ဗျာ။ စိတ်မချရဘူးတဲ့။

အဲဒါ ဘယ်မြို့နယ်မှာ ဖြစ်တာလဲ၊ ပြောပြလို့ရလား အန်ကယ်။

မင်္ဂလာတောင်ညွန့်မှာတောင် ရှိတယ်။ သူတို့က ထည့်ပြီးတော့ လာပြောတယ်လေ။ ကျနော်တို့ သွားပေးခဲ့တယ်။ ပေးခဲ့ပေမယ့် အဲဒီလို ဖြစ်တယ်ပေါ့နော်။

မြိတ်ဘက်မှာ ငှားဖမ်းလှေလုပ်သားတွေကို ကြိုတင်မဲထည့်ခိုင်းတာနဲ့ ပတ်သက်ပြီး တစညက ကန့်ကွက် တယ်လို့ သိရပါတယ်။ အဲဒီဘက်မှာ အန်ကယ်တို့ရဲ့ အမတ်လောင်း ရှိတယ်နော်။

ထားဝယ်ဘက်လဲ သူတို့ဆီမှာက ဆီအုန်းခြံတွေ၊ ငါးလုပ်ငန်းရှင်တွေ၊ လယ်သမားတွေတောင် လုပ်တယ် ပေါ့နော်။ နောက်ပြီး ထားဝယ်မှာ ရဲတို့ စစ်တပ်တို့တောင်မှ သွားပြီးတော့ မဲပေးရတယ်၊ လက်မှတ် သွားထိုး ရတယ်ပေါ့နော်။ ရဲတို့စစ်တပ်တို့က ကျနော်တို့ဆီကလူနဲ့ အမျိုးတွေလဲတော်တယ်၊ မိတ်ဆွေတွေလဲ ရှိတယ်လေ။ သူတို့က ပြန်ပြောပြတယ်။ ရဲသားတွေ အကုန်လုံးကို ရဲမှူးကခေါ်ပြီးတော့ သူ့ရှေ့မှာ လက်မှတ်ထိုးပြီး ကြိုတင်မဲဆိုပြီး ပေးရတယ်တဲ့။ တပ်ကလဲ တပ်မှူးရှေ့မှာ တခါထဲ ပေးရတယ်ပေါ့နော်။

ကြံ့ဖွံ့ပါတီကို ပေးရတာလား။

ဟုတ်တယ်။ ကြံ့ဖွံ့တွေကို အဲဒီလို ပေးရပါတယ်ဆိုပြီး လှမ်းအကြောင်းကြားတယ်။ အဲဒါတွေကို ကျနော်တို့က ၂၉ ရက်နေ့က ကန့်ကွက် တာပေါ့နော်။

ကြိုတင်မဲမှာ စည်းမျဉ်းတွေနဲ့ မညီဘူးဆိုတာက အဓိကက ဘာကိုပြောနေကြတာလဲ ခင်ဗျာ။

သူတို့ကြေညာထားတာကတော့ ကြိုတင်မဲဆိုသည်မှာ ရွေးကောက်ပွဲနေ့ကျရင် မဲရုံ မသွားနိုင်သော လူများပေါ့လေ။ မမာတဲ့လူရယ်၊ အဝေးရောက်တဲ့ လူတွေ အဲဒီလူတွေ သာလျှင် ပေးရမယ်လို့ ပြောတယ်။ အကယ်၍ တာဝန်အရ သွားရမယ်ဆိုတဲ့ လူတွေကျတော့ ရွေးကောက်ပွဲ မတိုင်ခင်နေ့မှာ တရားဝင် ၆ ရက်နေ့မှာ ပေးနိုင်တယ်။ ဒါပေမဲ့ အခု မဲသွားပေးတဲ့လူတွေက ခရီးထွက်ရမှာမို့ ကြိုတင် ပေးပါတယ် ဆိုပြီး ခုကထဲက သွားပေး နေကြတာကိုး။

အာဏာပိုင်တွေ အကျပ်ကိုင် ပေးခိုင်းလို့ ပေးရတယ်ဆိုပြီး ပြောနေရတာတွေရှိလို့ပါ။ အန်ကယ်ဘယ်လိုသိထားပါလဲ။

ဟုတ်တယ်။ ဥပမာအားဖြင့် ကျနော်တို့ဆီမှာ စည်ပင်သာယာရုံး ဆိုပါတော့။ အဲဒီနေ့ကို ရုံးဝန်ထမ်း တွေက ရုံးမတက် မနေရ တက်ရမယ်။ ၇ ရက်နေ့မှာပေါ့နော်။ ရည်ရွယ်ချက်ကတော့ သူတို့ကို မဲပေးအောင်ပေါ့ဗျာ။ မဲရုံသွားစရာ မလိုဘူး။ ရုံးမှာတင် သူတို့ကိုပေးရင်ပေးပေါ့၊ မပေးရင် ရုံးက ပြန်မလွှတ်ဘူးဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ မြို့နယ်တိုင်းက စည်ပင်သာယာ တခုလုံးပေါ့။

မင်္ဂလာတောင်ညွန့်မှာရော ကြိုတင်မဲကို အကျပ်ကိုင်တောင်းတာမျိုး ရှိလား ခင်ဗျာ။

ကျနော့်မဲဆန္ဒနယ်ကဆိုရင် Happy Land ဆိုတဲ့ ကလေးကစားကွင်းမှာ အလုပ်သမားက ၂ဝဝ-၃ဝဝ ရှိတယ်။ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်က Happy Land ပိုင်ရှင်ကို ပြောတယ်။ ခင်ဗျား အလုပ်သမားတွေ ခေါ်ပြီးတော့ ကြံ့ခိုင်ရေးကို မဲပေး။ ကြံ့ခိုင်ရေးကို မဲမပေးဘူးဆိုရင် ခင်ဗျား လုပ်ပိုင်ခွင့်တွေကို ကျနော်တို့ ရုတ်သိမ်းမယ် ဆိုပြီးတော့။ ပိုင်ရှင်က အလုပ်သမားတွေကို ငါ့တော့ ဖိအား အပေးခံရပြီ။ အဲဒီတော့ မင်းတို့ မဲမပေးဘူးဆိုရင် ငါ့စီးပွားရေး ပျက်မယ်။ မင်းတို့လဲ အလုပ်ပြုတ်မှာပေါ့။ လွန်ခဲ့တဲ့ ၅ ရက်လောက်က ပြောတာ။

ပြောပြီးလို့ ၂ ရက်လောက်ကြာတော့ Happy Land က လုပ်ငန်းချဲ့ဖို့ မြေကွက်တွေ လျှောက်ထားတာ ရှိတယ်။ ဝန်ကြီး လာတုန်းကတော့ သူ့အတွက် လုပ်ပေးမယ် ပြောပြီးတော့မှ လက်တွေ့ ကျတော့ တခြားလူ ပေးလိုက်တော့ ဟိုလူက ပေါက်ကွဲရောပေါ့။ သူ့ အလုပ်သမားတွေကို ပြန်ပြောတယ်။ မင်းတို့ ကြိုက်တာတွေ မဲပေးကြတော့တဲ့။ ငါ့လုပ်ငန်းပိတ်လဲ ဂရုမစိုက်ဘူးတဲ့။ အဲဒီလို ပြန်ဖြစ်သွားတယ်။ အဲဒီ လုပ်ငန်းရှင် ကိုယ်တိုင်က ပြန်လာပြောတာ။ ဆိုလိုတာက သူတို့က ဒီိလိုနည်းနဲ့ မဲအများကြီး ရအောင် ကြိုးစားတာပဲ။

အန်ကယ်အခုရောက်နေတဲ့ သုံးဆယ်၊ ကြို့ပင်ကောက်မှာရော ကြိုတင်မဲ အခြေအနေ ရှင်းပြပါလား။

ရှိတယ်။ နေရာတကာမှာ လုပ်နေတာ တွေ့နေရတယ်။ ဒီမှာလဲ ဝန်ထမ်းတို့ဘာတို့ ကြံ့ဖွံ့ကို မဲပေးဖို့ လုပ်ထားတာ ရှိတယ်။

Ref: မဇ္ဈိမ

Read More...

FEC ၂၀ တန်ဖုန်းကတ်များကို လုံခြုံရေးအရ ဖျက်သိမ်း

နရီလင်းလက်
Tuesday, 02 November 2010

တခါသုံး FEC ၂၀ တန် ဖုန်းကတ်များကို သတင်းလုံခြုံရေး စိတ်မချရဟုဆိုကာ ဖျက်သိမ်းရန် စစ်အာဏာပိုင် များ၏ ညွှန်ကြားမှုဖြင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနက ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ တခါသုံးဖုန်းကတ်များ ထုတ်လုပ်ရောင်းချသည့် ဦးတေဇ၏ ထူး ကုမ္ပဏီ လက်အောက်ခံ ကုမ္ပဏီတခု ဖြစ်သော Central Marketing ကုမ္ပဏီက ဖွင့်လှစ်ထားသည့် Mobile shopping mall မှ တာဝန်ရှိသူ တဦးက FEC ၂၀ တန် ဖုန်းကတ်များကို လာမည့် နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ဖျက်သိမ်းတော့မည်ဟု ဆိုသော်လည်း ဆက်သွယ်ရေး ဝန်ကြီးဌာနကမူ ဖျက်သိမ်းခြင်း မဟုတ်ကြောင်း၊ System update ပြုလုပ်ရန် ခေတ္တ ရပ်နားခြင်းသာ ဖြစ်ကြောင်း ငြင်းဆိုသည်။

ယခုတပတ်ထုတ် ရန်ကုန်အခြေစိုက် Venus ဂျာနယ်တွင်လည်း FEC ၂၀ တန် တခါသုံးဖုန်းကတ် များကို နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ၂ ပတ်ခန့် ပိတ်ထားမည်ဟု ဖော်ပြထားသည်။

“System update လုပ်တယ်ဆိုတာ အကြောင်းပြတာပါ။ ခဏ ရပ်မယ်လို့ပြောပေမယ့် ကတ်တွေ ထပ်မထုတ်တော့ဘူး ဆိုတော့ ဖျက်သိမ်းတာနဲ့ အတူတူပါပဲ” ဟု Mobile shopping mall မှ တာဝန်ရှိသူက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်လုပ်သည့် အဆိုပါ တခါသုံးဖုန်းကတ်များကို Central Marketing ကုမ္ပဏီက ဖြန့်ချိ ရောင်းချခြင်းဖြစ်ပြီး ခံစားခွင့်မှာ အကျိုးတူဖြစ်ကြောင်း သိရသည်။

သို့ရာတွင် ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကမူ “ဆက်သွယ်ရေးက ထပ်ထုတ်ခွင့် မရဘူးလို့ ပြောတယ် ဆိုကတည်းက ဖျက်သိမ်း တာပဲပေါ့။ အထက်က အမိန့်နဲ့ လုံခြုံရေးအရ လုပ်တာပါ” ဟု ဆိုသည်။

အကန့်အသတ်မရှိ ချပေးထားသည့် ကျပ် ၅ သိန်းတန်ဖုန်းမှာ နံပါတ်အသေဖြစ်သောကြောင့် ဖုန်းအဝင်အထွက် များကို စစ်ဆေး နိုင်ကြောင်း၊ FEC ၂၀ တန် တခါသုံးဖုန်းကတ်များမှာမူ နံပါတ် အရှင်ဖြစ်သောကြောင့် လုံခြုံရေးအတွက် ပိုမို စိတ်ချရကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်ပ ခေါ်ဆိုနိုင်သည့် FEC ၂၀ တန် ကတ်နှင့် FEC ၅၀ တန် ကတ် အမျိုးအစား ၂ ခု ထုတ်လုပ် ထားသော်လည်း ဟန်းဆက် မရွေးခြင်း၊ သုံးစွဲသူ ၀န်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ဈေးနှုန်းသင့်တင့်ခြင်း တို့ကြောင့် တလခံ FEC ၂၀ တန် ကတ်ကို သုံးစွဲသူ ပိုများကြောင်း သိရသည်။

ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ အင်တာနက်လိုင်း ဖြတ်တောက်မှုများကို ပြုလုပ်လာ သကဲ့သို့ တယ်လီဖုန်း လိုင်းများမှ သတင်း စီးဆင်းမှုများကိုလည်း အာဏာပိုင်များက ထိန်းချုပ်လာသည်ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) များဖြင့် ဂဏန်း ၆ လုံးကျော် (နယ်အဝေး) ခေါ်ဆိုပါက ယခင် ၁ မိနစ် ၁၅ ကျပ်မှ ၂၅ ကျပ်နှုန်းသို့ တိုးမြှင့်ကောက်ခံပြီဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာန အသိုင်းအဝန်းမှ သိရသည်။

လက်ရှိ မြန်မာတနိုင်ငံလုံးတွင် လိုင်းအင်အား ၈ သိန်းကျော် ရှိပြီး နယ်အဝေးနှင့် မြို့တွင်းခေါ်ဆိုခနှုန်း အတူတူပင် ဖြစ်သော ကြိုးဖုန်း ခေါ်ဆိုခနှုန်းများကို ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံခြင်းသည် ရွေးကောက်ပွဲ အကြိုကာလ ဆက်သွယ်ပြောဆိုမှု ခက်ခဲရန် ပြုလုပ်သည့် နည်းလမ်းတခု ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

“တရားဝင်တော့ စာထုတ်ပြီးပြီ။ ပြည်သူလူထုကို မပြောသေးဘူး။ ဒါပေမယ့် ဆက်သွယ်ရေးဝန်ကြီးဌာနကနေ မြို့နယ် ရုံးတွေ အကုန်လုံးကို ညွှန်ကြားထားတယ်။ ဈေးတက်မယ် ပြောနေတာတော့ ကြာလှပါပြီ။ ဒါပေမယ့် ဖုန်းခေါ်ခဈေးတွေ အလကား နေရင်း တက်တယ်ဆိုပြီး ပြောမှာစိုးလို့ တောက်လျှောက် ၁၅ ကျပ်ပဲ ကောက်နေတာ” ဟု မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီး ဌာနမှ အရာရှိတဦးက ပြောသည်။

ယခုကဲ့သို့ နိုဝင်ဘာ ၁ ရက်နေ့မှ စတင် ဈေးနှုန်းမြှင့်တင်လိုက်ခြင်းသည် ကြိုးဖုန်းအသုံးများသည့် ပြည်သူလူထု ထံမှ ရွေးကောက်ပွဲ ကာလ သတင်းစီးဆင်းမှုကို တဘက်လှည့်ဖြင့် လျော့နည်းအောင် ပြုလုပ်ခြင်းလည်းဖြစ်ကြောင်း သူက ဆိုသည်။

ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် CDMA ကျပ် ၅ သိန်းတန် တယ်လီဖုန်းလိုင်းများကို အကန့်အသတ် မရှိ ချပေးနေ သော်လည်း အဆိုပါဖုန်းမှာ ပြည်ပမှ ခေါ်ဆိုရန် ခက်ခဲကြောင်း၊ FEC ငွေစာရင်း သွင်းမထားပါက နိုင်ငံခြားသို့ Miss Call မပေးနိုင်ကြောင်း၊ ပြည်ပမှ ခေါ်ဆိုသည့်အခါတွင် တားမြစ်နံပါတ် (Restricted Number) ဆိုသည့် စာသားပေါ်တတ်ကြောင်း သုံးစွဲသူများက ပြောသည်။

အတည်မပြုနိုင်သည့် သတင်းများ၏အဆိုအရ ထိုင်းမြန်မာ နယ်စပ်မြို့များတွင် အသုံးပြုနေကြသော ထိုင်း တယ်လီဖုန်း များကိုလည်း နိုဝင်ဘာ ၃ ရက်နေ့မှ စတင်၍ ဆက်သွယ်ပြောဆို အသုံးမပြုနိုင်ရန် လိုင်းများ ဖြတ်တောက်တော့မည် ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကာလ သတင်းစီးဆင်းမှုအတွက် အသုံးပြုနိုင်သည့် အင်တာနက်နှင့် တယ်လီဖုန်းသုံးစွဲမှုများကို ခက်ခဲစေရန် စစ်အစိုးရက ပြုလုပ်နေခြင်းသည် ယင်းတို့ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ ကာလအတွင်း မသမာမှုများအား မဖော်ထုတ် နိုင်ရန် ထိန်းချုပ်လိုခြင်းသာ ဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာသူများက သုံးသပ်သည်။

Ref: ဧရာဝတီ်

Read More...

အစ္စလမ်ဘာသာဝင် တဦး၏အိမ်ကို ဗလီအဖြစ် မြို့တော်ဝန်သတ်မှတ်

Tuesday, 02 November 2010

ရန်ကုန်တိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ တောင်ဥက္ကလာပ မြို့နယ် ကိုယ်စားလှယ်လောင်း မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ၎င်းမြို့နယ်တွင် အစ္စလမ် ဘာသာဝင်များ ထောက်ခံ ဆန္ဒမဲရရှိရေး ထပ်မံ ကြိုးစားသည့် အနေဖြင့် အစ္စလမ် ဘာသာဝင်တဦးပိုင် နေအိမ် အဆောက်အအုံ တခုကို ၀တ်ပြုဗလီ အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

တောင်ဥက္ကလာပမြို့နယ် အင်းဝလမ်းပေါ်ရှိ ၆ ရပ်ကွက် ရယက ရုံးဘေးတွင် တည်ရှိသော အစ္စလမ် ဘာသာဝင် တဦးပိုင် နေအိမ် အဆောက် အအုံကြီးတခုကို ဗလီအဖြစ် အောက်တိုဘာလ ၂၉ ရက်နေ့က တရားဝင် အမိန့်စာထုတ်၍ သတ်မှတ် ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

“၆ ရပ်ကွက် ရယက ရုံးရဲ့ ခြေရင်းဘက်မှာ အရင်က တရုတ်လုပ်ငန်းရှင် တဦးပိုင်တဲ့ အဆောက်အအုံကြီး တခုရှိတယ်။ အဲဒါက တော်တော်လည်း ကြီးတယ်။ ရဲတိုက်ကြီးလိုပဲ။ ပေ ၄၀၊ ပေ ၆၀ ပေါ်မှာ ဆောက်ထားတာ။ ၂ ထပ်ခွဲ ဆောက်ထားတာ။ နောက်တော့ အစ္စလမ် ဘာသာဝင် တယောက်က ၀ယ်လိုက်တယ်။ အဲဒါကို မြို့တော်ဝန်က ဝတ်ကျောင်းဗလီလုပ် ဆိုပြီး တရားဝင် သတ်မှတ်ပေးတယ်။ အခု ဆေးတွေသုတ်နေပြီ။ ဒီအပတ်ထဲမှာ ဗလီစတက်ဖို့ လုပ်နေပြီ” ဟု ၆ ရပ်ကွက်သား တဦးက ရှင်းပြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ၆ ရပ်ကွက်မှ ဗုဒ္ဓဘာသာဝင် တချို့မှာ စိတ်အနှောင့်အယှက် ဖြစ်နေကြပြီး တောင်ဥက္ကလာပနေ ပြည်သူအများစု မသိကြသေးကြောင်း ၎င်းကပြောသည်။

အဆိုပါသတင်း တောင်ဥက္ကလာပ မြို့နယ်အတွင်း ထပ်မံပျံ့နှံ့လာပါက ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ် ဘာသာဝင်များ အကြား အခြေအနေများ ထပ်မံ တင်းမာလာနိုင်သည်ဟု သူက ဆိုသည်။

“ဦးအောင်သိန်းလင်းက ဘာသာရေး အဓိကရုဏ်းဖြစ်အောင်များ တမင်လုပ်နေတာလား မသိဘူး။ ဒီလူ ထင်ရာတွေ လျှောက်လုပ်နေတယ်” ဟု တောင်ဥက္ကလာ ၁၃ ရပ်ကွက်သားတဦးက ပြောသည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် အစ္စလမ်ဘာသာဝင်များထံမှ မဲများရရှိစေရန် ဗလီဆောက်လုပ်ခွင့် ပြုခဲ့ခြင်း၊ လူနေ အဆောက်အအုံကို ဗလီအဖြစ် သတ်မှတ်ပေးခြင်းများ ပြုလုပ်လျက် ရှိသကဲ့သို့ ဗုဒ္ဓဘာသာဝင်များ အတွက်လည်း ဆွမ်းလောင်း ဓမ္မာရုံ သစ်များကို တပြိုင်နက်တည်း ဆောက်လုပ် ပေးနေကြောင်း သိရသည်။

မြို့တော်ဝန်ဦးအောင်သိန်းလင်းသည် ၇ ရပ်ကွက် သီရိဇေယျာလမ်းတွင် အစ္စလမ် ဘာသာဝင်များ၏ ထောက်ခံမဲ ရရှိရေးနှင့် ပါတီဝင် အင်အား ရရှိရေးအတွက် ဆောက်လက်စ ဆိုင်းငံ့ထားသည့် တောင်ဥက္ကလာပ ဗလီကြီးကို ပြန်လည် ဆောက်လုပ်ခွင့် ပေးခဲ့ရာ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင် ဘာသာဝင်များ အကြား အဓိကရုဏ်း ဖြစ်လုနီးနီး အထိ အခြေအနေများ တင်းမာ ခဲ့သည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်မည်ကို အလွန်စိုးရိမ်လျက် ရှိပြီး ကြံ့ဖွံ့ပါတီ ထောက်ခံ ဆန္ဒမဲ ရရှိရေးနှင့် ပါတီဝင်အင်အား ရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုလျက်ရှိသည်။

နိုင်ငံရေးသမားများကမူ ဦးအောင်သိန်းလင်းသည် ဘာသာရေးကို နိုင်ငံရေးတွင် အသုံးချခြင်း၊ နိုင်ငံပိုင် ဘဏ္ဍာများနှင့် မဲဆွယ် လမ်းခင်းခြင်း၊ ငွေချေးခြင်း အပါအ၀င် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများ အကြိမ်ကြိမ် ပြုလုပ်လျက်ရှိသည်ဟု ပြောဆိုကြသည်။

Ref: ဧရာဝတီ်

Read More...

Tuesday, November 2, 2010

တစည နှင့် ကြံ့ဖွံ့ စကား စစ်ထိုးကြခြင်း













Read More...

ရွေးကောက်ပွဲနှစ်ခုကို နှိုင်းယှဉ်မိခြင်း

ရဲဘော်ဖိုးသံချောင်း
တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၀

နအဖက ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာလိုက်ကတည်းက အဲဒီရွေးကောက်ပွဲကို ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ် ပြောဆိုသံတွေ ထောင့် အသီးသီးမှာ မကြာခဏ ကြားရပါတယ်။ ငယ်ငယ်တုန်းက ကျောင်းသင်ခန်းစာ ထဲက တူတာနဲ့ မတူတာတွေ ရှာဖွေရသလိုပဲ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ အခုတော့ သူတို့ရဲ့ရွေးကောက်ပွဲ ဆိုတာဟာ ခဲတပစ်သာ ဝေးတော့တာမို့ နှိုင်းယှဉ် စဉ်းစားစရာ အချက်တွေ ထပ်ဖြည့် လိုက်ပါတယ်။

ဦးစွာအားဖြင့် ထောက်ပြရမှာက ၁၉၉ဝ ရွေးကောက်ပွဲဟာ လူထုတိုက်ပွဲကြီးရဲ့ အောင်သီးအောင်နှံ ဖြစ်တယ်၊ သူ့ အလိုအလျောက် ပေါ်လာတာ မဟုတ်ဘူး ဆိုတာကိုပါ။ စစ်အာဏာရှင်တွေ စိတ်ပြောင်းလာလို့၊ စိတ်ကောင်း ဝင်လာလို့ ကျင်းပပေးတဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက မတတ်သာ လွန်းလို့ လိုက်လျောရတာ ဖြစ်တယ်ဆိုတဲ့ အချက်ကို ပြောရပါမယ်။ အခု ၂ဝ၁ဝ ရွေးကောက်ပွဲ ကျတော့ နအဖ စစ်အုပ်စုက ကမ္ဘာ့ အသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး ဖန်တီးလိုက်တဲ့ လုပ်ဇာတ်တခု ဖြစ်ပါတယ်။

၁၉၉ဝတုန်းက ဗိုလ်ချုပ်နေဝင်းနဲ့ သူတို့ရဲ့တစညပါတီဟာ ကိုယ့်ကိုယ်ကို နိုင်မယ်လို့ တွက်ထားလို့ ကျင်းပခဲ့တာ ဖြစ်သလို ဒီတကြိမ်မှာလည်း ဗိုလ်ချုပ်သန်းရွှေ တို့ဟာ မနိုင်လည်းအနိုင်၊ နိုင်လည်းအနိုင် ဖြစ်ရမယ်လို့ တွက်ပြီး ကျင်းပတာ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ နည်းနည်း တူတယ်လို့ ဆိုရမလားပါပဲ။ ဒါပေမဲ့ ၁၉၉ဝပြည့်နှစ်ဆီတုန်းက ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့အရှိန်က မကုန်သေးတော့ စစ်အုပ်စုနဲ့ တစညဟာ အခုကြံ့ဖွတ် လုပ်သလို ပြောင် ညစ်တာ၊ ရမ်းတာတွေ မလုပ်ဝံ့ပါဘူး။

ဒါကြောင့်မို့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ပြည်သူလူထု တခဲနက်ပါဝင် မဲဆန္ဒပေးခဲ့ကြပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ မှာတော့ ပြည်သူ လူထုပါဝင်မှု ဘယ်လို ဖြစ်မယ်ဆိုတာ အခုကတည်းက မှန်းလို့ ရနေပါပြီ။ ၁၉၉ဝ ရွေးကောက်ပွဲကို ဘယ်သူကမှ သပိတ်မှောက်တယ် ဆိုတာ မရှိတာကို အားလုံး မှတ်မိကြမယ် ထင်ပါတယ်။ အရွေးခံတဲ့သူတွေ၊ အရွေးခံသူကို ကူညီကြသူတွေ၊ မဲထည့်သူတွေ အားလုံးဟာ တက်တက်ကြွကြွ။ ထက်ထက်သန်သန်ချည်း ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ ဒီနေ့အခါ မြန်မာပြည်မှာ နိုင်ငံရေး သြဇာ အကြီးဆုံးလို့ ဆိုရမယ့် နိုင်ငံရေး အင်အားစုကြီးက ရွေးကောက်ပွဲကို သပိတ်မှောက်တယ်လို့ ကြေညာ ထားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲကို သပိတ်မှောက်ရေး၊ မဲမပေးရေး လှုပ်ရှားမှု ဆိုတာတွေလည်း နေရာတကာမှာ တွေ့နေရပါတယ်။ ဒါမျိုးတွေဟာ ၁၉၉ဝတုန်းက ဆိုရင် အိပ်မက်တောင် မမက်နိုင်တဲ့ အရာတွေပါ။

၁၉၉ဝ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲကြောင့်မို့ နိုင်ငံခြားသံရုံးတွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆီကို ရောက်လာ ကြတာကို သတိရကြ ပါလိမ့်မယ်။ ဒါပေမဲ့ အခု တွေ့နေရတာကတော့ ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကြောင့်ပဲ တချို့သော သံရုံးနဲ့ နိုင်ငံခြား အစိုးရတွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စွန့်ခွာဖို့ စဉ်းစားလာတာ ပါပဲ။ ဟိုတုန်းက စစ်အေးစစ်ပွဲ ပြီးကာစ အချိန်ဖြစ်ပြီး အခုအခါက စစ်အေးစစ်ပွဲပြီးလို့ နှစ်ပေါင်း နှစ်ဆယ်ကျော်လာတဲ့ အချိန် ဖြစ်ပါတယ်။ ဟိုတုန်းက ကမ္ဘာမှာ တရုတ်ပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး အခန်းဟာ သိပ်အရေးမပါသေးပဲ အခုတော့ဗမာပြည်ရဲ့ နိုင်ငံရေးကို စဉ်းစားကြရင် တရုတ်ပြည်နဲ့ ဆက်စဉ်းစား၊ တရုတ်ပြည်အကြောင်း စဉ်းစားကြရင် မြန်မာပြည်ကို မျက်စိရောက်လာကြ၊ အခြေအနေ အသစ်ကို ရောက်လာခဲ့တယ် မဟုတ်ပါလား။

၁၉၉ဝ ရွေးကောက်ပွဲပြီးသွားတော့ ဗိုလ်ချုပ်နေဝင်းဟာ အာဏာကိုနောက်ကနေ ဆက်လက် ချုပ်ကိုင်နေခဲ့တယ် ဆိုတာကို ဘယ်သူမှ မငြင်းပါဘူး။ ဒါဖြင့် ဒီတခါရွေးကောက်ပွဲ ပြီးရင် ဗိုလ်ချုပ်သန်းရွှေက နောက်ကနေ ချုပ်ကိုင်တာ လုပ်မလား၊ ပြောင်ပဲ ရာထူးယူပြီး ချုပ်ကိုင်မလား ဆိုတာ စောင့်တော့ ကြည့်ရမှာပါ။ နောက်တက်တဲ့ အစိုးရကို စစ်အုပ်စုက တနည်းမဟုတ် တနည်းနဲ့ ချုပ်ကိုင် လိမ့်မယ်ဆိုတဲ့ အယူအဆကို ငြင်းပယ်တဲ့လူတော့ အင်မတန်မှ နည်းပါလိမ့်မယ်။ ဒီထဲမှာ တချို့ကတော့ စစ်အာဏာရှင်တွေဟာ တဖြည်းဖြည်းချင်း လက်ဆုပ် ဖြေသွားလိမ့်မယ်လို့ ပြောတာ ကြားရပါတယ်။ စစ်အာဏာရှင် ဆိုတာ အာဏာကို ဆုပ်ကိုင်တဲ့ လက်ကို ဘယ်တော့မှ သူ့အလိုလို ဖြေပေး မပေး ဆိုတာကို ငြင်းချင်သူ ရှိကောင်းရှိပေမယ့် ဗိုလ်ချုပ်နေဝင်း လက်ဆုပ် ဖြေလိုက်တော့ ဗိုလ်ချုပ်သန်းရွှေ အာဏာတက်လာပြီး တိုင်းပြည်ဟာ ပိုသာ ဆိုးလာတယ် ဆိုတာကိုတော့ ငြင်းမယ့်လူ မရှိဘူးထင်ပါတယ်။ မမေ့ကြဖို့ပါ။

၁၉၉ဝ ရွေးကောက်ပွဲပြီးတော့ နဝတ-နအဖ စစ်အုပ်စုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မရှိ၊ ဘာမရှိနဲ့ တိုင်းပြည်ကို အနှစ် ၂ဝ ကျော် အုပ်စိုး နေပါတယ်။ ဒီတခါ ရွေးကောက်ပွဲအပြီး အာဏာယူမယ့် မြွေရေလဲ စစ်အစိုးရဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိရှိနဲ့ ဘယ်လောက်ကြာကြာ အုပ်စိုးမှာလဲ စဉ်းစားကြည့်ပါ။ ၁၉၉ဝတုန်းက ဗိုလ်ချုပ်စောမောင်က ရွေးကောက်ပွဲပြီးရင် ကျုပ်တို့ဟာ စစ်တန်းလျားကို ပြန်သွားမှာလို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီတခါမှာတော့ စစ်တန်းလျားကို ပြန်မယ် မပြောတဲ့အပြင် အိမ်ဦးမှာ အရူးချေးပါတယ် ဆိုသလို လွှတ်တော်မှာ စစ်သားက ၂၅% တောင် တက်ယူ ထားပါတယ်။ နောက်ပြီး စစ်တပ်ရဲ့ ဦးဆောင်မှု အခန်းဆိုတာနဲ့ အချိန်မရွေး အာဏာ သိမ်းခွင့်ကိုလည်း ဖွဲ့စည်းပုံမှာ အတိအလင်း ဆိုထားပါတယ်။ ဒါကြောင့် နအဖကို ပြာပြာသလဲ ဖားရသူတွေတောင်မှ “စပေ့စ်”လေး နည်းနည်းရမယ်လို့ပဲ ပြောရဲပါတယ်။ ဘယ်သူမှ လှုပ်ရှားခွင့် များများစားစားရမယ်လို့ မရေး-မပြောကြပါဘူး။

၁၉၉ဝ ရွေးကောက်ပွဲ ကာလကို ပြန်ကြည့်လိုက်ရင် အဲဒီတုန်းက တစညက လွဲပြီး ကျန်တဲ့ ရွေးကောက်ပွဲ ဝင်သူတွေဟာ ရှစ်လေးလုံး အလံကို မားမားလွှင့်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့ကြပါတယ်။ ဒါနဲ့ပြောင်းပြန် ဒီတခါ ရွေးကောက်ပွဲကို ဝင်တဲ့ လူတွေကတော့ ရှစ်လေးလုံး ကိစ္စကို လေသံမှ မဟကြပါဘူး။ မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး အုံကြွမှုကြီးရဲ့ ဒီမိုကရေစီ အရေးတော် ဆိုတာမျိုးလည်း မပြောကြပါဘူး။ ကိုယ့်ကိုယ်ကို အသား ယူချင်တော့မှာသာ “ရှစ်လေးလုံးတုန်းက” ဆိုတာမျိုးပြောတာ တွေ့ရပါတယ်။ အထက်မှာ ပြောခဲ့သလို ဒီရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အသီးအပွင့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြတယ် ဆိုတော့ အရေးတော်ပုံ တခုလုံးနဲ့ ဆိုင်တဲ့၊ သမိုင်းနဲ့ဆိုင်တဲ့ အရာတွေကို ကိုယ့်အကျိုးအတွက် ဆွဲသုံးတာတွေ မလုပ်ခဲ့ကြ ပါဘူး။ ဒါပေမဲ့ နအဖရဲ့၂ဝ၁ဝ ရွေးကောက်ပွဲ မှာတော့ သမိုင်းနဲ့ ဆိုင်တဲ့၊ ကျောင်းသားထု တရပ်လုံး ပိုင်ဆိုင်တဲ့ ခွပ်ဒေါင်းအလံကို ခိုးသုံးချင်တာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ခွဲမရတဲ့ ခမောက်တံဆိပ်ကို ခိုးယူတာတွေ တွေ့ရပါတယ်။

နောက်ပြောသင့်တဲ့ တချက်က ၁၉၉ဝ ရွေးကောက်ပွဲတုန်းက တစညပါတီနဲ့ ဒီနေ့ ကြံ့ဖွတ် မတူဘူး ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဟိုတုန်းက တစညဟာ ရွေးကောက်ပွဲမှာ သူတို့ မုချနိုင်မယ် တွက်ထားတာပါ။ ဒါကြောင့် ရွေးကောက်ပွဲမှာ ဟန်ကိုယ့်ဖို့ လုပ်နေခဲ့ပါတယ်။ ဒါဟာ ရှစ်လေးလုံး အရှိန်နဲ့ လူထုကြီးက စောင့်ကြည့်နေလို့ ထင်ရာ မစိုင်းဝံ့တာလဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုကြံ့ဖွတ်ကတော့ တစညလို အဖြစ်မခံချင်လို့ အနိုင်ရဖို့အတွက် မဟားဒယားတွေ အကုန်လုပ်နေပါတယ်။ ၁၉၉ဝတုန်းက တစညပါတီထဲကို အာဏာလက်ရှိ ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ်ပြီး ဝင်တာ၊ အရွေးခံတာ မရှိပါဘူး။ အငြိမ်းစားဆိုတဲ့ လူတွေချည်းလို့ ဆိုနိုင်ပါတယ်။့ ဒီတခါကျတော့ ဗိုလ်ချုပ်သန်းရွှေတို့ တတွေ အစီအစဉ်တွေနဲ့ လုပ်နေတယ် ဆိုတာ ထင်ရှားစေတဲ့ အဝတ်အစား အပြောင်းအလဲတွေ မျက်စိ နောက်လောက်အောင် တွေ့နေရပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲတုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တစညတို့ရဲ့ စီးချင်းထိုးပွဲ ဖြစ်ရေးကို ဦးတည်ပြီး တချို့ နိုင်ငံရေး အင်အားစုတွေက တချို့ မဲဆန္ဒနယ်တွေမှာ အရွေးမခံပဲ ရှောင်ပေးတာတွေ ရှိခဲ့ပါတယ်။ ဒီတခါမှာတော့ ဒါမျိုး မတွေ့ရပါဘူး။ ဒါ့အပြင် အတိုက်အခံ မဟာမိတ် ဆိုတာလေးတွေ ဖြုန်းကနဲဖွဲ့-ဖြုန်းကနဲ ကွဲတာတွေ တွေ့နေရပါတယ်။ အတိုက်အခံ ဆိုတာတွေ အချင်းချင်း အတိုက်အခံ ဖြစ်နေတာတွေလဲ တွေ့ရပါတယ်။

၁၉၉ဝ ရွေးကောက်ပွဲတုန်းက နိုင်ငံရေး အဖွဲ့အစည်းတွေထဲက ဘဏ္ဍာရေး အရှုပ်အရှင်းတွေ မကြားသလောက် ရှိခဲ့ပြီး ဒီတခါမှာတော့ တချို့ အဖွဲ့အစည်းတွေဟာ ဖွဲ့စည်းပြီးတာမှ လပိုင်းရှိသေးတယ်၊ ငွေကြေး ပြဿနာတွေ စီစီညံနေအောင် ကြားရပါတယ်။ နွားကွဲရင် ခွေးဆွဲတဲ့ သင်ခန်းစာကို မယူနိုင်ကြရင် ၁၉၉ဝ ရွေးကောက်ပွဲ လွန်တဲ့အခါမှာ စစ်တပ်က အဖမ်းအဆီးတွေ အကြီးအကျယ် လုပ်ခဲ့တယ်ဆိုတဲ့ အချက်ကိုပဲ ထောက်ပြလိုပါတယ်။

နောက်ဆုံး ပြောသင့်တာကတော့ ၁၉၉ဝ ရွေးကောက်ပွဲ ပြီးသွားတော့ ရွေးကောက်ပွဲ အနိုင်ရသူကို အာဏာ လွှဲမပေးတဲ့ အပြင် ဗမာပြည် နိုင်ငံရေးဟာ ပိုမှောင်မိုက် ခဲ့ပါတယ်။ ဒီတခါ ရွေးကောက်ပွဲ ပြီးရင် အလင်းရောင် ထွန်းပြောင်လာမယ်လို့ ဘယ်သူ ပြောနိုင်ပါသလဲ။ ဒါတောင် ဟိုတုန်းက ရွေးကောက်ပွဲ ဝင်သူတွေဟာ လူတိုင်း အောင်ဆုပန် ထီလက်မှတ် ကိုယ်စီနဲ့လို့ ပြောနိုင်တဲ့ အခြေအနေပါ။ ဒီတခါမှာတော့ ဟိုတုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို အပြတ်အသတ်နိုင်ဖို့ ဆိုတာဟာ ကြံ့ဖွတ်က အစ ဘယ်သူမှ ဘိန်းပြောင်း အိပ်မက်တောင် မမက်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီတခါ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရမှာက ရွေးကောက်ပွဲ မဝင်ပဲ အမတ်နေရာ ရကြမယ့် တမတ်သား စစ်တပ် ကိုယ်စားလှယ်တွေနဲ့ သမ္မတ စသူတွေပဲ ဖြစ်ပါတယ်။

Ref: မဇ္ဈိမ


Read More...

မွန်ပြည်နယ် ရွေးကောက်ပွဲ ဆန္ဒပြမှု လူ ၅၀၀ ကျော်တက်

နိုင်ကွန်းအိန်
တနင်္လာ, 01 နိုဝင်ဘာ 2010

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒပြပွဲ ပြုလုပ်နေစဉ်။

ရွေးကောက်ပွဲ ကျင်းပဖို့ ၆ ရက်သာ လိုတော့တဲ့ အချိန်မှာ မဲဆွယ်စည်းရုံးမှုတွေကို အကြိတ်အနယ် လုပ်ဆောင် နေသလို ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒပြမှုတွေကလည်း ပိုပြီး များလာ နေပါတယ်။ မွန်ပြည်နယ်ဘက်မှာ ဆိုရင်လည်း ရွေးကောက်ပွဲ ဆန့်ကျင် ဆန္ဒပြပွဲကို မနေ့က ကျင်းပခဲ့ပါတယ်။ အခုဆန္ဒပြပွဲမှာ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေလည်း ပါဝင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ တချို့ကျတော့ ၉၀ ခုနှစ် ရွေးကောက်ပွဲက အနိုင်ရပါတီကို ရွေးချယ် မဲပေးပြီးသားမို့ မဲပေးစရာ မလိုတော့ဘူးလို့ ပြောဆိုမှုတွေကလည်း ရှိနေပါတယ်။ အခုဆိုရင် အဲဒီ ဆန္ဒပြတဲ့ ဒေသမှာ နယ်မြေခံ စစ်တပ်တွေကနေ လုံခြုံရေး တိုးမြှင့်ချထားပြီး ကျေးရွာ ရယကတွေကို ဆင့်ခေါ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြ ပေးထားပါတယ်။

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ ကလို့တုတ်ရွာမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့ မနက်က ပြုလုပ်ခဲ့ရာမှာ ပညာရေးနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် ကရင်ပြည်သူတွေ ရာနဲ့ချီပြီး တက်ရောက် ခဲ့တယ်လို့ ဆန္ဒပြ ခေါင်းဆောင် စောသူရိန်က အခုလို ပြောပါတယ်။

“ကျနော်တို့ ဆန္ဒပြတဲ့နေရာက ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ ကားလမ်းမကြီးနဲ့ မနီးမဝေးတဲ့ နေရာမှာ ကျနော်တို့ လူ ၅၀ဝ ကျော် တက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် တိုက်ဖျက်သွားဖို့ရယ်၊ စစ်အာဏာရှင် အစုထဲကပဲ တဖက်သတ် ရေးဆွဲထားတဲ့ ၂၀ဝ၈ နာဂစ်စစ်အာဏာရှင် ဥပဒေကို အသက်သွင်းသွားမှာ ဖြစ်တယ် ဆိုတဲ့အတွက် ဒီရွေးကောက်ပွဲကို ကျနော်တို့အနေနဲ့ လုံးဝ လက်မခံဘူး။”

အဲဒီဆန္ဒပြပွဲမှာ ကရင်ကျေးရွာသားတွေ အများစု ပါဝင်တက်ရောက်သလို အစိုးရ ပညာရေး ဝန်ထမ်းတွေလည်း တက်ရောက် ဆန္ဒပြခဲ့ကြပါတယ်။ အမည်မဖော်လိုသူ ပညာရေးဝန်ထမ်း တဦးကတော့ အခုလို ပြောပါတယ်။

“ကျမတို့ ပညာရေးဝန်ထမ်းက အယောက် ၃၀ လာရောက် ဆန္ဒပြကြပါတယ်ရှင်။ ကျမတို့ ဝန်ထမ်းများ အနေနဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ဘာမှ လုပ်မပေးနိုင်တဲ့ ရွေးကောက်ပွဲကို ကျမတို့ အယုံအကြည် မရှိတဲ့အတွက် လာရောက် ဆန္ဒပြကြတယ်။”

အောက်တိုဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဝန်ထမ်းတွေ၊ ကျောင်းသားတွေ မပါခဲ့ပေမဲ့ အခု ဆန္ဒပြပွဲမှာတော့ ကျောင်းသား၊ ကျောင်းသူ တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဆန္ဒပြပွဲမှာ ပါဝင် တက်ရောက်ခဲ့တဲ့ ကျောင်းသူတဦးကို ဆက်သွယ် မေးမြန်း ခဲ့ရာမှာတော့ အခုလို ပြောပါတယ်။

“ကျမတို့ ကျောင်းသား ကျောင်းသူများ အနေနဲ့ ဒီရွေးကောက်ပွဲကို ဒီအနီးအနား ပြည်သူများနဲ့အတူ ပါဝင်ကန့်ကွက် ဆန္ဒပြရခြင်း ဖြစ်ပါတယ်ရှင်။ သမီးနာမည်က ဌေးဌေးမြင့်ပါရှင်။ ကျောင်းနေတုန်းပဲ၊ တက္ကသိုလ် နောက်ဆုံးနှစ်ပါရှင်။ သမီးတို့ ကျောင်းသူက အယောက် ၃၀ လာရောက် ဆန္ဒပြပါတယ်ရှင်။ အဲဒါကတော့ သမီးတို့ရဲ့ စစ်အာဏာရှင်စနစ်ကို ပြန်ချင်တဲ့စိတ်နဲ့ လာရောက် ဆန္ဒပြပါတယ်။ နအဖရဲ့ လက်အောက်မှာ အနိုင်ကျင့်ခံရလို့ သမီးတို့ မခံချင်တဲ့စိတ်နဲ့ လာပြီးတော့ ဆန္ဒပြရပါတယ်ရှင်။”

ဖိုးသောကြာလို့ခေါ်တဲ့ ရွာသားတဦးကတော့ ဒီရွေးကောက်ပွဲမှာ မဲဆန္ဒပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ဟာ ရွေးကောက်ပွဲ ပေးစရာမလိုဘူး၊ ရွေးထားပြီးသား ဖြစ်ပါတယ်။ ၉၀ ခုနှစ်မှာ ကျနော်တို့ ဒီမိုကရေစီ ရရှိဖို့အတွက် အနိုင်ရ ပါတီကို ထောက်ခံမဲ ပေးပြီးသား ဖြစ်တဲ့အတွက် ဘာပွဲပဲ သူတို့လုပ်လုပ် ကျနော်တို့က ထောက်ခံမှာ မဟုတ်တဲ့အကြောင်း ပြောချင်တယ်။ ကျနော့်နာမည် ဖိုးသောကြာလို့ ခေါ်ပါတယ်ခင်ဗျား။”

အခုဆိုရင် လမိုင်းမြို့နယ်က ကလို့တုတ်ကျေးရွာ ဝန်းကျင်မှာ နယ်မြေခံ စစ်တပ်တွေကနေ လုံခြုံရေး တိုးမြှင့် ချထားခဲ့ပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ရေးမြို့နယ် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကနေ ကျေးရွာလူကြီး အားလုံးကို ဆင့်ခေါ်ထားတယ်လို့ ကျေးရွာ ရယကအဖွဲ့ဝင် တဦးက ပြောပါတယ်။

ဆန္ဒပြ ခေါင်းဆောင်တွေ အနေနဲ့ စစ်အာဏာပိုင်တွေ လက်လှမ်းမမီတဲ့ နေရာတွေမှာပဲ ကန့်ကွက် ဆန္ဒပြတာဟာ ဆန္ဒပြသူတွေရဲ့ လုံခြုံရေး အတွက်လို့ ပြောဆိုခဲ့ပါတယ်။ ဆန္ဒပြတဲ့ နေရာဒေသဟာ KNU ခေါ် ကရင်အမျိုးသား အစည်းအရုံးက ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်တယ်လို့ ဆန္ဒပြပွဲကို တက်ရောက်ခဲ့သူ ဒေသခံတဦးက ပြောပါတယ်။ ဒီ ကလို့တုတ်ကျေးရွာ ဆန္ဒပြပွဲဟာ KNU ကနေ ဦးဆောင်ပြုလုပ်ခဲ့တာ မဟုတ်ဘူးလို့ တပ်မဟာ ၆ က စစ်ဘက်အရာရှိ တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့တုန်းကလည်း သံဖြူဇရပ်နဲ့ ရေးမြို့နယ်အကြား ကျောင်းရွာဘက်မှာ ပထမ အကြိမ် ဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင် စောသူရိန်က ပြောပါတယ်။

အခုဆိုရင် ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ကန့်ကွက် ဆန္ဒပြမှုတွေ တိုးပြီး လှုပ်ရှားလာ နေပါတယ်။ မြန်မာနိုင်ငံ တောင်ဘက်ခြမ်း ကော့သောင်းနဲ့ ဘိက်ဒေသတွေမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ တီရှပ်တွေဝတ်ပြီး ဆန္ဒပြနေသလို ရှမ်းပြည်နယ် ဆီဆိုင်၊ ဟိုပုံးဘက်မှာလည်း လူငယ်အဖွဲ့တွေ ဦးစီးပြီးတော့ မဲမပေးရင်လည်း ရတယ်ဆိုတဲ့ လက်ကမ်း စာစောင်တွေ ဖြန့်ဝေမှု လုပ်နေပါတယ်။ ရန်ကုန်တိုင်း သုံးခွမြို့နယ်နဲ့ ပဲခူးတိုင်း နတ္တလင်းမြို့နယ်ဘက်မှာလည်း ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ လက်ကမ်းစာစောင် ဖြန့်ဝေမှုတွေ လုပ်ဆောင်နေတယ်လို့ ပြည်တွင်း နိုင်ငံရေး သမားတွေက ပြောပါတယ်။

Ref: VOA News

Read More...

ကြံ့ခိုင်ဖွံ့ဖြိုးရေးကို မဲပေးဖို့ ဝန်ထမ်းများ ဖိအားပေးခံနေရ

2010-11-01

လာမဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ပေးကြဖို့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း အတွင်းမှာ ရှိတဲ့ အထက်အဆင့် အရာရှိတွေက လက်အောက် ဝန်ထမ်းတွေကို ခေါ်ယူ ပြောဆိုနေတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး စိုးလွင်ဟာ နတ်တလင်းမြို့ မြို့နယ် စည်ပင် သာယာရေးရုံးမှာ ဝန်ထမ်းတွေကို ဆင့်ခေါ်ပြီး ရွေးကောက်ပွဲမှာ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲထည့်ပေးဖို့ တိုက်တွန်း ပြောဆို သွားတာလို့ သိရပါတယ်။

မဲပေးရမဲ့နေ့ ရောက်တဲ့အခါ ကိုယ့်အစီအစဉ်နဲ့ကိုယ် သီးသန့်မသွားပဲ လူစုပြီး ရုံးကားနဲ့ သွားပြီး မဲပေးကြရမယ် လို့လည်း မှာကြား သွားကြောင်း အမည် မဖော်လိုတဲ့ ဝန်ထမ်းတဦးက ပြောပါတယ်။

“အောက်တိုဘာ ၂၂ ရက်နေ့ကပေါ့ စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးစိုးလွင် စည်ပင် သာယာရေး ရုံးကို ရောက်လာတယ်၊ ရောက်လာပြီးတော့ စည်ပင်သာယာ ဝန်ထမ်းတွေကိုပေါ့ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ ဝန်ထမ်းအားလုံး ကြံ့ဖွံ့ပါတီကိုပဲ မဲပေးရမယ်လို့ ပြောသွားတယ်၊ ၇ ရက်နေ့မှာ အကုန်လုံးကို စည်ပင်ပိုင် မော်တော်ယာဉ်နဲ့ပဲ စုပြီးတော့ မဲရုံကို သွားရမယ်ပေါ့ အဲလို မှာကြားသွားတယ်၊ ပြီးတော့ အတွင်းရေးမှူး ပြောသွားပြီးတဲ့ အခါမှာ အငယ်တန်း အင်ဂျင်နီယာ မစန္ဒာအေး ကလည်း အဲလို ရုံးရဲ့ ဂုဏ်သိက္ခာ မထိခိုက်စေဖို့ အတွက် ဒီ ညွှန်ကြားရေးမှူး ပြောတဲ့အတိုင်း လိုက်နာဆောင်ရွက်ဖို့ ထပ်ပြီး ပြောပါတယ်ခင်ဗျ၊ ဝန်ထမ်းတွေ အနေနဲ့ကတော့ စိတ်မသက်မသာ ဖြစ်နေတာပေါ့ အကိုရာ၊ ဒီလိုမျိုးတွေ ပြောတဲ့အတွက်။”

အလားတူ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်မှာလည်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မြို့နယ်တွင်းမှာ ရှိတဲ့ မဲရုံတာဝန်ကျ ဝန်ထမ်းတွေနဲ့ ကျောင်းဆရာ ဆရာမတွေကို အောက်တိုဘာလ ၁၃ ရက်နေ့က ကော်မရှင်ရုံး ဖွင့်ထားတဲ့ မယက ရုံးမှာ အစည်းအဝေးခေါ်ပြီး ဗဟိုကော်မရှင်ရဲ့ အမိန့်အရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲရအောင် လုပ်ပေးကြဖို့ ပြောဆိုခဲ့ကြောင်း အစည်းအဝေးကို ကိုယ်တိုင်တက်ခဲ့တဲ့ ကျောင်းဆရာတယောက်က RFA ကို ပြောပါတယ်။

“ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကနေပြီးတော့ မြို့နယ်မှာရှိတဲ့ မဲရုံဝန်ထမ်းတွေပေါ့နော်၊ ဆရာဆရာမတွေလည်း ပါတာပေါ့၊ ခေါ်ပြီးတော့ အစည်းအဝေး မှာပေါ့။ ဘာပြောလဲဆိုတော့ ဗဟိုကော်မရှင်က ညွှန်ကြား ထားတယ်တဲ့၊ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်၊ အဲဒီတော့ ခင်ဗျားတို့အနေနဲ့ ကြံ့ခိုင်ရေးပါတီကို ခင်ဗျားတို့ မဲရအောင် ခင်ဗျားတို့ လုပ်ပေးရမယ် သူက အဲလိုပြောတယ်၊ အစည်းအဝေးခေါ်တာက ရွေးကောက်ပွဲကော်မရှင် ပေါ့နော်၊ ကျနော်တို့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ဝင်း။”

သာယာဝတီမြို့နယ်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစန်းသွင် ကတော့ စောစောက လုပ်ရပ်တွေဟာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ချုပ်ချယ် ကန့်သတ်နေတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“တော်တော်များများကတော့ ကျနော်တို့ အဲလို ကြားနေတယ်၊ ကျနော်တို့ မြို့နယ်တွေမှာလည်း နေရာတကာမှာ အဲဒီလို အသံတွေ ထွက်နေတာပေါ့၊ ဒီဟာတွေကတော့ ကျနော်တို့က ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို လိုက် ပိတ်ပင်တယ်လို့ ကျနော်တို့က မြင်တာပေါ့။” ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်နဲ့ ပဲခူးတိုင်း အနောက်ခြမ်း နတ်တလင်းမြို့နယ်တွေမှာ ယှဉ်ပြိုင် အရွေးခံကြမဲ့ နိုင်ငံရေးပါတီ နှစ်ခုတည်းသာ ရှိပြီး သူတို့ကတော့ ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို နာမည်ပြောင်းထားတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) နဲ့ စစ်အစိုးရက ထောက်ခံထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတို့ ဖြစ်ကြောင်း သိရပါတယ်။

Ref: RFA News

Read More...

နအဖ တပ်စခန်းကို ဒုတိယအကြိမ် ကရင်နီတပ် ဝင်တိုက်

စိုင်းဝမ်မိုင်း
တနင်္လာနေ့၊ နိုဝင်ဘာလ ၀၁ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) - လွိုင်ကော်မြို့နယ်ရှိ မြန်မာ တပ်စခန်းကို ယခင်အပတ်က ကရင်နီတပ်များ ဝင်တိုက်ခဲ့ကြောင်း ၄င်းအဖွဲ့ အဆိုအရ သိရသည်။

လွိုင်ကော်အရှေ့ဘက် ၈ မိုင် (၁၃ ကီလိုမီတာ) ကွာ နမ့်ပွန်ချောင်း အနောက်ဖက် အမှတ် ၇၂ ခြေမြန်တပ်ရင်း တပ်စခန်းကို ကရင်နီ တပ်ဖွဲ့များ အရင်အပတ် အင်္ဂါနေ့ကတိုက်ခဲ့သည် ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သတင်းရပ်ကွက်က မဇ္ဈိမ ကိုပြောသည်။

မြန်မာစစ်သား ၁၇ ဦးနှင့် ကရင်နီ တပ်သားတဦး တိုက်ပွဲတွင်း ကျဆုံးခဲ့ပြီး မြန်မာစစ်သား ၃ ဦး ဒဏ်ရာရခဲ့သည်ဟု ကေအန်ပီပီ ဘက်က ဆိုသည်။

အောက်တိုဘာ ၁၆ ရက်က လွိုင်ကော် ဒေါတမူးကြီးရွာရှိ အမှတ် ၂၄၇ ခြေလျင် တပ်ရင်းကိုလည်း ကရင်နီ တပ်ဖွဲ့များ အလစ် ဝင်တိုက်ရာ မြန်မာစစ်သား ၄ ဦးကျဆုံးပြီး မြန်မာ စစ်သားများထံမှ လက်နက်များကိုလည်း ကရင်နီ တပ်ဖွဲ့များက သိမ်းဆည်း နိုင်ခဲ့သည်။ ထိုတိုက်ပွဲအပြီး စစ်အစိုးရ တပ်များက ရွာသူကြီးနှင့် လက်ထောက်တဦးကို ဖမ်းဆီးခဲ့သည်။ ကျဆုံးသွားသူများ နှင့် ဆုံးရှုံးသွားသော လက်နက်များအတွက် လျော်ကြေးပေးရန် မြန်မာစစ်တပ်က ရွာသားများကို အမိန့်ပေးခဲ့သည်။

လာမည့် တနင်္ဂနွေနေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲများနှင့် ထိုတိုက်ခိုက်မှုများ ဆက်စပ်မှု ရှိမရှိ မဇ္ဈိမ က ကေအန်ပီပီ အဆင့်မြင့် အရာရှိ တဦးကိုမေးမြန်းရာ ရွေးကောက်ပွဲနှင့် မဆိုင်ကြောင်း ငြင်းဆိုခဲ့သည်။

`မြန်မာစစ်တပ်ကို တိုက်နေတာ နှစ်ပေါင်း ၆ဝ ကျော်ပါပြီ။ ဒါရွေးကောက်ပွဲနဲ့ ဘာမှမဆိုင်ပါဘူး။ ရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် ကျနော်တို့ တိုင်းရင်းသား အခွင့်အရေး တိုက်ပွဲက ဆက်ရှိနေမှာပါ´ဟု သူက ပြောကြားသည်။

နအဖ၏ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေနှင့် နှစ်ပေါင်း ၂ဝ အတွင်း ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲများသည် အတုအယောင်သာ ဖြစ်ပြီး လွတ်လပ် မျှတမည်လည်း မဟုတ်ဟု ကေအန်ပီပီ က ထပ်ပြောခဲ့သည်။

ကရင်နီ အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့များ ဖြစ်ကြသော ကရင်နီ လူမျိုးပေါင်းစုံ လွတ်လပ်ရေး တပ်မတော် (KNPLF) နှင့် ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်မတော် (KNSO) တို့ ဤရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ပါတီ မထောင်ခဲ့ကြပါ။

ကေအန်ပီပီ ကို ကရင်နီ တပ်မတော်၏ နိုင်ငံရေး အဖွဲ့အစည်းအဖြစ် ၁၉၅၇ က တည်ထောင်ခဲ့သည်။ KNPLF နှင့် KNSO တို့ကို မြန်မာစစ်တပ် ကွပ်ကဲမှုအောက်က နယ်ခြားစောင့် တပ်များအဖြစ် ပြောင်းဖွဲ့ခဲ့ပြီးနောက် ကေအန်ပီပီသာ မြန်မာ စစ်အစိုးရကို ဆက်တိုက်နေသည့် လက်နက်ကိုင် တပ်ဖွဲ့အဖြစ် ကျန်ရှိသည်။

ဤအတောအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တောင်းဆိုတိုက်ပွဲဝင်နေသည့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (SSA-S) နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) စသည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ကေအန်ပီပီ မဟာမိတ်ဖွဲ့ထားသည်။ ထိုင်းမြန်မာ နယ်စပ်က အင်အားကြီးမားသော အခြေခံစခန်းများကို ဤတိုင်းရင်းသား လက်နက်ကိုင်တပ်များက ဆက်ထိန်းထားသည်။


Ref: မဇ္ဈိမ

Read More...

ရွေးကောက်ပွဲကာလ အင်တာနက် ခက်ခဲ

တနင်္လာ, 01 နိုဝင်ဘာ

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလို မြန်မာနိုင်ငံမှာ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်တဲ့ ကွန်ပြူတာ အင်တာနက် ဆက်သွယ်မှု အလွန်နှေးကွေးပြီး အနှောင့်အယှက် တွေနဲ့ ကြုံတွေ့ နေရပါတယ်။

မြန်မာနိုင်ငံ စီးပွားရေး အချက်အချာမြို့တော် ရန်ကုန်က အင်တာနက် ကဖေးတွေကို ပိတ်ထားရပြီး ဟိုတယ်တွေ၊ လေယာဉ်လိုင်းတွေ၊ လူနေ ဆောင်တွေနဲ့ သတင်းဌာနတွေရဲ့ အင်တာနက်ကိုပါ ထိခိုက်စေတယ်လို့ Weekly Eleven News စာစောင်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်အစိုးရကတော့ တစုံတရာ ရှင်းလင်းပြောဆိုမှု မရှိပါဘူး။ ဒါပေမဲ့ လူ့အခွင့်အရေး အုပ်စုတွေ ကတော့ ဒါဟာ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ သတင်းတွေ မှောင်ချချင်လို့ တမင် လုပ်ထားတာ ဖြစ်တယ်လို့ ဝေဖန် နေကြပါတယ်။

စစ်အစိုးရဟာ ဒီလအတွင်း Visa on Arrival လို့ခေါ်တဲ့ ဆိုက်ရောက်ဗီဇာ ဒါမှမဟုတ် လေဆိပ်ရောက်မှ ပြည်ဝင်ခွင့် ထုတ်ပေး တာကိုလည်း ရပ်ဆိုင်းထားပြီး ရွေးကောက်ပွဲကို စောင့်ကြည့်မယ့် ပြည်ပ သတင်းသမားတွေ၊ သံတမန်တွေကိုလည်း လာရောက်ခွင့် ပိတ်ပင်ထားပါတယ်။

Ref: VOA News

Read More...

ဖားကန့် မဲရုံစနစ် ကျားဖြူကန့်ကွက်

ဦးမိုးဇော်
တနင်္လာ, 01 နိုဝင်ဘာ 2010


ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ ၁၅ ခုအတွင်းမှာ မဲရုံထားရှိတာနဲ့ ပတ်သက်ပြီး ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မနေ့က ကန့်ကွက်စာ တင်လိုက်ပါတယ်။ ဒီလို ကန့်ကွက်တာဟာ ကုမ္ပဏီပိုင်ရှင်တွေက မဲပေးရာမှာ သူတို့ဝန်ထမ်းတွေအပေါ် တစုံတရာ လွှမ်းမိုးတာမျိုးတွေ ရှိနိုင်တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဖားကန့်ဒေသဟာ မြန်မာပြည် အနှံ့အပြားက သောင်းနဲ့ချီတဲ့ ကျောက်တူးသမားတွေနဲ့ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီ ၀န်ထမ်းတွေ လာရောက် အလုပ်လုပ်ကိုင်ရာ နေရာ ဖြစ်ပါတယ်။ ဖားကန့်ဒေသကို လာရောက် အလုပ်လုပ်သူတွေကို သက်ဆိုင်ရာ ကျောက်ကုမ္ပဏီ အတွင်းမှာပဲ မဲရုံအသစ်တွေ ထားရှိပြီး မဲပေးကြဖို့ အတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ဒီရက်ပိုင်းတွေ အတွင်းမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒီလို ကြေညာလိုက်တာကို ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ကန့်ကွက်စာ တင်ခဲ့တယ်လို့ ဖားကန့်ဒေသခံ ပါတီ တာဝန်ရှိသူ တယောက်က အခုလို ပြောပါတယ်။

“ကုမ္ပဏီတွေက ကုမ္ပဏီထဲမှာပဲ မဲရုံလုပ်တယ်။ လုံခြုံရေးကတော့ မီးသတ်နဲ့ ရဲကတော့ အပြင်က ထည့်ပေးတာပေါ့၊ ကော်မရှင်က။ ကျန်တာအားလုံး ကုမ္ပဏီကပဲ လုပ်တယ်ဆိုတော့ ပြည်သူတွေကလည်း ဒီအပေါ်မှာ သံသယတွေ ဖြစ်နေတော့ ကျနော်တို့က အဲဒါကို ရှင်းရှင်းလင်းလင်း ပြည်သူတွေလည်း သံသယရှင်းအောင် ဆိုပြီးတော့ ကုမ္ပဏီထဲမှာ မလုပ်ပေးပါနဲ့၊ ဒီ နီးစပ်ရာ မဲရုံမှာ ထည့်ပေးပါ၊ လုပ်ပေးပါ ဆိုပြီးတော့ အဲလိုပဲ ကျနော်တို့က လူနဲ့သွားတွေ့ပြီးတော့ ပြောတဲ့အချိန်မှာ ကော်မရှင်ကနေပြီးတော့ ကျနော်တို့ကို တရားဝင် စာတင်ပေးပါ ဆိုတော့ အဲဒါနဲ့ ကျနော်တို့က စာကို ဒီနေ့မနက် အစောကြီးမှာပဲ တင်လိုက်တယ် ခင်ဗျ။”

ရွေးကောက်ပွဲ ကော်မရှင်က အခုလို ကုမ္ပဏီတွေ အတွင်းမှာ မဲရုံတွေ ထားရှိတာဟာ သွားလာရတာ ဝေးတာကြောင့်လို့ အကြောင်းပြပေမဲ့ ကုမ္ပဏီအတွင်းက မဲရုံတွေဟာ ပြင်ပ မဲရုံတွေနဲ့ အများဆုံး ၃ ဖာလုံလောက်သာ ကွာဝေးတယ်လို့ ဆိုပါတယ်။

အခုလို စာတင် ကန့်ကွက်ရတာကတော့ ကုမ္ပဏီအတွင်းမှာ မဲပေးမယ်ဆိုရင် ကုမ္ပဏီ ၀န်ထမ်းတွေဟာ ကုမ္ပဏီပိုင်ရှင်ရဲ့ အလိုကျ မဲပေးရမယ့် အခြေအနေ ရှိနေပြီး ကုမ္ပဏီ ပိုင်ရှင်တွေကလည်း လက်ရှိ အာဏာပိုင်တွေနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့ရဲ့ ကုမ္ပဏီထဲမှာ မဲရုံ သီးသန့်ဆောက်တယ်။ ဆောက်ပြီးတော့ ကုမ္ပဏီ ၀န်ထမ်းတွေကို တကယ်လို့ ကျနော်တို့ဘက်က ထည့်ချင်တဲ့ မဲဆန္ဒရှင်မျိုး ရှိခဲ့ရင် သူတို့က လောပန်းတွေရဲ့ အိုင်ဒီယာအတိုင်းပဲ သွားရတော့မှာပေါ့။ ဘာလဲဆိုတော့ လောပန်းကလည်း သူတို့နဲ့ အဆက်အစပ် ရှိတယ်။”

အခုလို ကုမ္ပဏီ မဲရုံတွေ အတွင်းမှာ မဲပေးရမယ့် လူကတော့ ဖားကန့်ဒေသမှာ အနည်းဆုံး ၂၀,၀၀၀ လောက်ရှိတာ ဖြစ်ပါတယ်။ အရင်က သူတို့ကို မဲဆန္ဒရှင် စာရင်းအဖြစ် ထည့်သွင်းတာ မရှိခဲ့ဘဲ ဒီရက်ပိုင်းမှ နောက်ဆက်တွဲ စာရင်းအဖြစ် ထည့်သွင်းတာလည်း ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီကုမ္ပဏီတွေမှာ စာရင်းမကောက်ဘူး။ သူတို့က မထည့်တော့ဘူး။ အဲလိုပုံစံမျိုးနဲ့ ဒီတိုင်းနေပြီးတော့ အခု ဒီ ၃၀ ရက်နေ့မှ စာရင်း ရောက်လာတယ်ဗျာ။ နောက်တိုးစာရင်း ဆိုပြီးတော့။ နောက်တိုးလူစာရင်းက အားလုံး ၃၀,၀၀၀ လောက်ရှိတယ်။ အဲဒီထဲမှာ ၂၀,၀၀၀ လောက်က ကုမ္ပဏီထဲမှာပဲ မဲရုံလုပ်တယ်၊ ၁၇ ခုက၊ အပြင်မှာက ၂ ခု၊ အားလုံးက ကုမ္ပဏီထဲမှာက ၁၅ ခု။”

အခြား ဒေသခံ တယောက်ကတော့ အခုလို ခြောက်သွေ့ရာသီမှာ တခြားဒေသကနေ ဖားကန့်မြို့ကို လာရောက် အလုပ်လုပ်သူ နေ့စဉ် ရာဂဏန်းကနေ ထောင်ဂဏန်းထိ ရှိမယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ လာရောက်သူ အများစုကတော့ စီးပွားရေးကိုသာ စိတ်ဝင်စားပြီး နိုင်ငံရေးကို စိတ်မ၀င်စားကြဘူးလို့ ပြောပါတယ်။

“ဒီကတော့ ဘာမှ ထူးထူးခြားခြားတော့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ စီးပွားရေး နယ်မြေလည်း ဖြစ်တာက တကြောင်းပေါ့ဗျာ။ ဒီ နိုင်ငံရေး အပိုင်းတွေကို စိတ်မ၀င်စားတဲ့ သူတွေက များတယ်။ ရှင်းရှင်းပြောမယ် ဆိုရင်တော့ ဒီမဲဆန္ဒကတော့ ကျနော်တို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေကတော့ အားလုံး စိတ်မ၀င်စားဘူးပေါ့ဗျာ။ စီးပွားရေးကိုပဲ စိတ်ဝင်စားတယ်။”

အခုလို နောက်တိုးမဲစာရင်း ထုတ်ပြန်ကြေညာချိန်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံမယ့် အရင် မြောက်ပိုင်းတိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် အုန်းမြင့် ဖားကန့်ဒေသအတွင်း လာရောက်ပြီး မဲဆွယ် စည်းရုံးရေး ဆင်းနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

မြန်မာပြည်တ၀န်းမှာတော့ မဲပေးရမယ့်သူတွေ စာရင်းကို စက်တင်ဘာလ ၂၀ ရက်နေ့တည်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ကြံ့ဖွံ့ကို အမှုဖွင့်သော်လည်း ရဲလက်မခံ

Monday, 01 November 2010

သန်လျင်မြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ဆန္ဒမဲလက်မှတ် အတု ပြုလုပ်သဖြင့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးကြည်က ရဲစခန်းတွင် အမှုဖွင့်ရန် ကြိုးစားခဲ့ရာ ရဲစခန်းက လက်မခံဘဲ ငြင်းပယ်ခဲ့ကြောင်း သတင်းရရှိသည်။

သန်လျင်မြို့နယ် ကြံ့ဖွံ့ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်ဦးသည် ဦးစိုးကြည်၏ အမည်နှင့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ အမှတ်အသား ဒေါင်းတံဆိပ်ကို ဆန္ဒမဲလက်မှတ် အတုပေါ်တွင် အလွဲသုံးစား ပြုလုပ် ဖော်ပြခဲ့သည်ဟု ဦးစိုးကြည်နှင့် နီးစပ်သည့် အသိုင်းအဝန်းက ပြောသည်။

ထို့ကြောင့် ဦးစိုးကြည်က ဦးလွင်ဦးကို စာရွက် စာတမ်း အတုပြုလုပ်မှုဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့က သန်လျင် ရဲစခန်း၌ သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ရာ ရဲစခန်းက အဆိုပါအမှုသည် နိုင်ငံရေးမှု ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်နှင့်သာ သက်ဆိုင်သည်ဟု ပြန်လည် ပြောဆိုခဲ့၍ အမှုဖွင့်ခွင့် မပေးခဲ့ကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီကဝေငှသည့် ဆန္ဒမဲလက်မှတ် စာရွက် ပုံစံတူများပေါ်တွင် သန်လျင်မြို့နယ် ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ ပါတီ အပါအ၀င် တခြားသော ပါတီများ၏ အမည်၊ တံဆိပ်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်များကို ဖော်ပြထားကြောင်း၊ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်း အမည်ဘေးတွင် အမှန် ခြစ်ပြထားပြီး တခြားပါတီများ၏ ဘေးတွင် လုံးဝ အမှန် မခြစ်ကြရန် ပြောဆို စည်းရုံးကြောင်း သန်လျင်မြို့ခံများက ပြောသည်။

“စာရွက်စာတမ်း အတုပြုလုပ်မှု ဆိုပြီး ပုဒ်မ ၄၆၈ နဲ့ အမှုဖွင့်ဖို့ လုပ်ပေမယ့် ရဲစခန်းက လက်မခံဘူး” ဟု သန်လျင်မြို့ခံ တဦးက ဆိုသည်။

ထိုသို့ ရဲစခန်းက လက်မခံခဲ့ခြင်းကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ
ဦးသိန်းစိုးနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ကော်မရှင်ဥက္ကဋ္ဌ ဦးမြတ်စိုးတို့ထံ တိုင်ကြားခဲ့သော်လည်း တစုံတရာ အကြောင်း မပြန်ခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။

လက်ရှိတွင် ကြံ့ဖွံ့ပါတီသည် ကြိုတင်မဲ စုဆောင်းမှုများ လုပ်ဆောင်နေသည်ကို သက်သေအထောက်အထား များနှင့် တကွ ရရှိထားသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တရားဝင် တိုင်ကြား ထားသည်ဟုလည်း ဦးသုဝေက ပြောသည်။

နိုင်ငံရေးသမားတဦးကမူ ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်နေသော်လည်း နိုင်ငံရေး ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများမှာ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တိုင်ကြားရုံ သာမက တရား စွဲဆိုသင့်သည်ဟု
ဝေဖန်သည်။

“ကြံ့ဖွံ့ပါတီကို ဖျက်သိမ်းပေးဖို့၊ တရားစွဲဖို့ နိုင်ငံရေးပါတီတွေက မကြိုးစားကြဘူး၊ ပြောလည်း မပြောဘူး။ လွှတ်တော် ကိုယ်စားလှယ်လောင်း တွေကလည်း ရွေးကောက်ပွဲ ကော်မရှင်ကိုပဲ တိုင်တယ်။ ရွေးကောက်ပွဲ ကော်မရှင် ဆိုတာက
အစိုးရ သဘောကျ လုပ်ပေးတဲ့ သူတွေနဲ့ ဖွဲ့ထားတာ။ ဥပဒေအရ တရားရုံးကို ဦးတိုက်လျှောက်ပြီး တရားစွဲသင့်တယ်” ဟု ၎င်းက ဆိုသည်။

သန်လျင်မြို့နယ်တွင် ကြံ့ဖွံ့ပါတီက လွှတ်တော်အမတ်လောင်း ၄ ဦး ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဒေါက်တာမြင့်ကြည်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ဦးလွင်ဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ်လောင်း အဖြစ် မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌဟောင်း ဦးအောင်သန်းဦး၊ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ၂ ကိုယ်စားလှယ်လောင်း အဖြစ် ဦးကျော်မင်းတို့ ပါဝင် ယှဉ်ပြိုင်မည်ဟု သိရသည်။

Ref: ဧရာဝတီ်

Read More...

သျှမ်း/မြောက် ရပ်မိရပ်ဖအများစု ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန် အလားအလာ အလွန်နည်း

Monday, 01 November 2010

သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ နမ္မတူ၊ သီပေါမြို့နယ်များရှိရပ်မိရပ် ဖတချို့နှင့် လူလတ် သက်ကြီးပိုင်း အများစုမှာ ကြံ့ဖွတ် ပါတီကို လုံးဝ မဲပေးမည် မဟုတ်ဟု စုံစမ်း သိရှိရပါသည်။

“အကျွတ်ကာလမှာ သျှမ်းထုံးစံအရ သျှမ်းလူမျိုးတွေက ဘုန်းတော်ကြီးကျောင်းတွေကို လိုက်လံ ကန်တော့ကြတယ်၊ အဲဒီ ခရီးစဉ်ကတဆင့် စစ်တမ်း လိုက်ကောက်ကြည့်တာလေ။ လားရှိုး၊ နမ့်တူ၊ သီပေါ ၃ မြို့နယ်အတွင်း ကျားဖြူ ပါတီကိုဘဲ မဲပေးဘို့ ဆုံးဖြတ် ထားကြသူတွေ ရာနှုန်း ပြည့်နီးပါးဘဲ။ ခြင်္သေ့ ဆိုရင်တော့ ခေါင်းခါတယ်” - ဟု လားရှိုးမှ တက္ကသိုလ်ကျောင်း သားတဦးက ပြောသည်။

လားရှိုးမြို့နယ်၊ နမ့်တူမြို့နယ်၊ သီပေါမြို့နယ်များအတွင်းရှိ အီနိုင်း၊ မန့်စံ၊ မိန်းမု၊ ပန်လုံ၊ တာ့တေ့၊ ပန်နေ၊ နမ့်ဟူးနွဲ့၊ ကန့်မော်၊ စဥ့်အင်၊ နားနန်း၊ ဟန်နား၊ ဟိန်းလောန့်၊ နောင်ဟိုင်း၊ နောင်မောန်၊ ခေးနင်းမ်၊ နမ့်ခိုက်၊ နားမခေါ် အုပ်စုနှင့် ကျေးရွာ များရှိ ဘုန်းကြီးကျောင်း များသို့ ၀ါကျွတ်ကန်တော့ပွဲ လှည့်လည်ခဲ့ကြစဉ် ဒေသခံများအား မေးမြန်းစစ်တမ်း ကောက်ယူခဲ့ ခြင်း ဖြစ်ကြောင်း သိရပါသည်။

ရပ်မိရပ်ဖများထောက်ခံသည်ဟုဆိုသော ကျားဖြူပါတီ၏စည်းရုံးရေးလက်ကမ်းစာစောင် ကဲ့သို့ ပြည်ခိုင်ဖြိုး ပါတီ၏ လားရှိုး မြို့နယ် ပြည်နယ် လွှတ်တော်အမတ်လောင်း ဒေါက်တာ စိုင်းမောက်ခမ်းကလည်း သျှမ်းဘာသာ ကဗျာလင်္ကာ ရေးစပ်၍ စည်း ရုံးရေး စာစောင် ထုတ်ဝေ စည်းရုံးရေး ဆင်းခဲ့သည်ဟု သိရှိရသည်။

“ဒေါက်တာစိုင်းမောက်ခမ်းက လားရှိုးမှာပြိုင်တော့၊ ကြံ့ဖွတ်အတွက် အလားအလာမကောင်းဘူး။ တခြားနေရာ သွားပြိုင်ရင်တောင် သူ့အတွက် ထောက်ခံမှု ရချင်ရဦးမှာ။ ဘာလို့လဲဆိုတော့ လားရှိုးမှာက ဒေသခံသျှမ်းတွေ က ကျားဖြူကိုဘဲ ထောက်ခံတယ်။ လူဦးရေ အများဆုံးရှိတဲ့ ကိုးကန့် တရုတ်တွေကလဲ ကိုးကန့် ပါတီကိုဘဲ ထောက်ခံတယ်” ဟု လားရှိုးမြို့ခံ ရပ်မိရပ်ဖ တဦးကပြောပါသည်။

မည်သို့ပင် ဆိုစေ လားရှိုးမြို့တွင် ပြည်ခိုင်ဖြိုး ပါတီအတွက် စည်းရုံးရေး မဲဆွယ်ပေးသော ကိုးကန့်ပါတီ KDUP မှာ ကိုးကန့် တရုတ်လူဦးရေ အရ ထောက်ခံမှု အများဆုံးရသည့် ပါတီဟု ၎င်းက ဆက်၍ပြောပြပါ သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မူစယ်ရဲက မြင်းကျောင်းသည့် အဖိုးအိုကို ဓါးဖြင့်ခုတ်

Sunday, 31 October 2010

မူစယ်မြို့နယ် မော့တောင်းရွာအုပ်စု တာဝန်ကျ ရဲများက မြင်းကျောင်း ပြန်လာသည့် ဟိုခေးရွာသား အသက် ၆၈ နှစ် အရွယ် အဖိုးအိုအား ဓါးဖြင့်ခုတ်သည့် အမှု ယခုလ ၂၈ ရက်နေ့ ည ၈ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

၎င်းနေ့က မော့တောင်းရွာအုပ်စု ဟိုခေးရွာသား ဦးဖဝေါင်းသည် မြင်းလိုက်ပြီးရွာသို့အပြန် ရဲတပ်ဖွဲ့ဝင် ၄ ဦးခန့်နှင့် ၁၀၅ မိုင်ကုန် သွယ်ရေးဇုံ အနီး၌ ဆုံမိပြီး နှစ်ဘက် အချေအတင် စကားများရာမှ ဓါးအခုတ် ခံခဲ့ရခြင်း ဖြစ်သည်။

ဦးဖဝေါင်း၏ မျက်နှာတွင် ဓါးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး မူစယ်ဆေးရုံ၌ ဆေးကုသမှုခံယူ နေရကြောင်း မိသားစုနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“သူက မြင်းမောင်းလာတာ ဦးတင်မောင် ခေါင်းဆောင်တဲ့ရဲ ၄ ယောက်နဲ့ ၁၀၅ မိုင် လမ်းမကြီး နားမှာ တွေ့တယ် ရဲတွေက ဆိုင်ကယ်မီး ထိုးထားတော့ မြင်းတွေပြေးလို့ မီးမထိုးဖို့ ရဲတွေကို သွားပြောတာ စကားများပြီး ရဲတစ်ယောက်က မျက်နှာကို ဓါးနဲ့ ၂ ချက်ခုတ်လိုက်တယ် ”

“ဆိုင်ကယ်မီးထိုးထားတော့ မြင်းတွေက ပတ်နေလိုက် ပြန်မောင်းလိုက် ဖြစ်နေတာ မြင်းတွေပြေးလို့ ဆရာကြီး မလုပ်ပါနဲ့ လို့ ပြောတော့ သူတို့အထဲက တစ်ယောက်က ဓါးယူပြီး လာခုတ်တယ် အခုဆေးရုံမှာ ၁၃ ချက်ချုပ်ထားရတယ် ” ဟု ဆို သည် ။

ယခုအခင်းဖြစ်ပွားသည် နေရာသည် မှောင်ခိုသမားများ ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ ရှောင်ကွင်းလမ်း အနီး ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး တရုတ်နယ်စပ် ဘက်မှ ကယ်ရီ ဆိုင်ကယ်သမားများ ထံမှ ငွေညှစ်ရန် စောင့်ဆိုင်းနေသည့် ရဲများ ဖြစ်ကြောင်း သိရသည် ။

Ref: သျှမ်းသံတော်ဆင့်

Read More...

မူစယ်တွင် အမျိုးသမီးတစ်ဦးအား ပစ်မှတ်ထား တိုက်ခိုက်၊ သေနတ် ၇ ချက် ထိမှန်သေဆုံး

Sunday, 31 October 2010

မူစယ်မြို့ ဈေးရပ်ကွက် အိမ်အမှတ် ၃၀၆ ၌ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦးအား သေနတ်သမား ၂ ဦး က ပစ်မှတ်ထား တိုက်ခိုက်သည့် အမှု အောက်တိုဘာ ၃၀ ရက်နေ့ ည ၈ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည်။

သေနတ်သမားများက ခင်ပွန်းသည်၊ သားသမီးများ ရှေ့မှောက်တွင် သူမအား ရွေးချယ် ပစ်ခတ်ခဲ့ရာ သေနတ်ဒဏ်ရာ ၇ ချက် ထိမှန် သေဆုံးသွားပြီး ၄င်းသေနတ်သမားများ ထွက်ပြေး လွတ်မြောက်သွားကြောင်း မူစယ် လုံခြုံရေး သတင်း ရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ဈေးရပ်ကွက် အိမ်အမှတ် ၃၀၆ က အမျိုးသမီးတစ်ဦး အပစ်ခံရတာ အိမ်ထဲဝင်ပြီး သူ့ယောက်ကျားရော ကလေးတွေ ရှေ့မှာ သူ့ကို ပစ်သွားတာ ကျန်တဲ့သူတွေကိုတော့ ဘာမှ မလုပ်သွားဘူး မဖမ်းမိဘူး ထွက်ပြေးသွားတယ်” ဟု နီးစပ်သူက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

သူမ၏ အမည်မှာ နန်းလှတင်ဖြစ်ပြီး ယခုပစ်ခတ်မှုသည် ငွေရေးကြေးရေး ပြဿနာကြောင့် ဖြစ်ဖွယ် ရှိကြောင်း ဒေသခံ များက ယူဆနေကြောင်း သိရသည် ။

လုံခြုံရေး သတင်းရပ်ကွက်အဆိုအရ သူမသည် အိမ်ထောင်ဆက်များသည့် အမျိုးသမီး ဖြစ်ကြောင်း သိရသည်။ ယခုလ ၂၆ ရက် နေ့ကလည်း မူစယ်မြို့နယ် နောင်ရှန်ကျေးရွာ ဥက္ကဋ္ဌအိမ်အား လက်ပစ်ဗုံး ပစ်သွင်းခဲ့ရာ လူ ရ ဦးခန့် ထိခိုက်မှု ရှိခဲ့ကြောင်း သိရသည် ။

Ref: သျှမ်းသံတော်ဆင့်

Read More...

Monday, November 1, 2010

မဲမပေးရေး စာများ ရဲက လိုက်သိမ်း

သိန်းဇော်
တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ မဲမပေးရေး လှုံ့ဆော်သော လက်ကမ်း စာစောင်များအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များက ရန်ကုန်တိုင်း တောင်ဒဂုံမြို့၌ ယနေ့နံနက် ဖြန့်ဝေခဲ့ရာ ရဲက သိမ်းဆည်းကြောင်း လှုံ့ဆော်သူများက ပြောသည်။

’’စာရွက်တွေကို ပြည်သူတွေက တောင်းတဲ့အခါ ပေးတယ်။ ဖြန့်တဲ့စာရွက်တွေကို ရဲတွေက လိုက်သိမ်းတယ်။ ဒီနေ့ ဖြစ်တဲ့ နေရာတွေကတော့ တောင်ဒဂုံ ၂ဝ ရပ်ကွက်၊ နောက် ဘုန်းကြီးကျောင်းကွေ့မှာ တခါ။ စုစုပေါင်း တောင်ဒဂုံမှာ နှစ်ခါ ဖြစ်တယ်’’ ဟု တောင်ဒဂုံ NLD လူငယ်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ကိုညီညီက မဇ္ဈိမကို ပြောသည်။

တောင်ဒဂုံ ရဲစခန်းမှရဲများ၊ မြို့နယ်ကောင်စီဝင် စုစုပေါင်း ၄ဝ ကျော်က စာဖြန့်သူ တောင်ဒဂုံ NLD လူငယ် ၃ဝ ခန့်နောက်မှ လိုက်ပါလာကာ လက်ခံ ရယူသူများထံမှ ပြန်လည် သိမ်းခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံပါ A4 side ၃ ခေါက်ချိုးအရွယ် လက်ကမ်းစာစောင်တွင် ရှေ့စာမျက်နှာ၌ ’’ ရွေးကောက်မှု ဆိုင်ရာ အခွင့်အရေး ဆိုသည်မှာ မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး’’ ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

အတွင်းစာမျက်နှာ၌ ’’အတင်းအကျပ် ခြိမ်းခြောက်မဲပေးခိုင်းသူသည်သာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ကျုးလွန်သူ ဖြစ်သည်’’ ဟု စာပိုဒ်ငယ်ဖြင့် ဖော်ပြထားသည်။

တားဆီးမှုများ ကြုံတွေ့ရသော်လည်း နောက်ရက်များတွင် ၎င်းတို့၏ လှုံ့ဆော်စာ ဖြန့်ဝေမှုကို ဆက်လက် ပြုလုပ်မည်ဟု တောင်ဒဂုံ လူငယ်များက ဆိုသည်။

တောင်ဒဂုံကဲ့သို့ပင် စမ်းချောင်းမြို့နယ်၌လည်း မဲမပေးရေး လှုပ်ရှားမှုကို NLD လူငယ်များက ပြုလုပ်ခဲ့ရာ ရဲက တားဆီး ခဲ့သေးသည်။

’’ရဲက မလုပ်ရဘူး တားထားလို့ အိမ်တအိမ်မှာ ဝင်နေတယ်တဲ့။ လွန်ခဲ့တဲ့ နာရီဝက်လောက်က ကြားတယ်။ NLD လူငယ်တွေ ပါတယ်၊ အပြင်က လူငယ်တွေလည်း ပါတယ်’’ ဟု NLD ဗဟို သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် ဦးဟန်သာမြင့်က ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ တနာရီခွဲတွင် မဇ္ဈိမကို ပြောသည်။

ယခုလ ၂၇ ရက်နေ့တွင် လှိုင်သာယာမြို့နယ် မီးခွက်ဈေးလမ်းဆုံ၌ ဒေါ်စုပုံပါ တီရှပ်များ ဝတ်ဆင်ပြီး မဲမပေးရေး စာရွက်ဝေနေစဉ် NLD မြို့နယ်စည်းမှ ဦးချစ်လွင်ကို ၅ ထိပ် ရဲစခန်း၌ မြို့နယ် ရဲသတင်းတပ်ဖွဲနှင့် စစ်ဖက်ဆိုင်ရာ လုံခြုံရေးက ခေါ်ယူ မေးမြန်းခဲ့သေးသည်။

“ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး လုပ်တာလားဆိုပြီး ပြောတယ်။ ပြီးတော့ ခင်ဗျားကို ဘာလုပ်လို့ ရတယ်၊ ညာလုပ်လို့ ရတယ်ဆိုပြီး ခြိမ်းခြောက်တယ်လို့ ပြန်ပြောပြလို့ သိရတယ်” ဟု လှိုင်သာသာမြို့နယ် မြို့နယ်စည်း အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။

၂၇ ရက်နေ့၌ပင် လှိုင်သာယာမြို့ ၁၉ ရပ်ကွက်အတွင်း NLD လူငယ်အဖွဲ့ဝင် ကိုထွေးမောင်က ရပ်ကွက်အတွင်း မဲမပေးရေး စာရွက်များ လိုက်ဝေစဉ် စည်းရုံးရေး ဆင်းနေသည့် ကြံ့ခိုင်ရေး ပါတီဝင်စုများက တားမြစ်မှုများ ပြုခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့