..............................

Saturday, December 13, 2008

ဒေါ်စန္ဒာဝင်း ပြန်လွတ်လာပြီ

အာဏာရှင်ဟောင်း ဗိုလ်နေ၀င်း

ကွယ်လွန်သူ အာဏာရှင် ဦးနေ၀င်း ရဲ့သမီး ဒေါ်စန္ဒာဝင်းဟာ မနေ့က ပြန်လွတ်လာတယ်လို့ သိရပါတယ်။
သူမနဲ့ အတူ အထိမ်းသိမ်းခံရတဲ့ ခင်ပွန်း အေးဇော်ဝင်း ၊ သားများဖြစ်တဲ့ ဇွဲနေ၀င်း၊ ကျော်နေ၀င်းတို့ ကတော့ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးပါဘူး။

ဒေါ်စန္ဒာဝင်းဟာ၂၀၀၂ခုနစ်မှာသူဖြစ်သူတွေနဲ့ အတူအာဏာသိမ်းဖို့ ကြံစည်မှုတွေနဲ့ အထိမ်းသိမ်းခံရသူဖြစ်တယ်။ သူမဟာဦးနေ၀င်းရဲ့ အာားကိုးရဆုံး သမီးအဖြစ် လူသိများခဲ့သူဖြစ်တယ်။ သူမအဖေနဲ့ စစ်တပ်ကြားမှာ အာဏာဝေချမ်းရေး လုပ်ငန်းတွေမှာ သူမဟာ ခြေသွက် လက်သွက်လုပ်ပေးခဲ့တယ်။

မဆလခေတ်လျောက်လုံးမှာတော့ ဒေါ်စန္ဒာဝင်းဟာ ဦးသန်းရွှေသမီးလို့ပဲ ဟော့ရမ်းမှုတွေနဲ့ နာမည်ထွက်ခဲ့သူ ဖြစ်ပါတယ်။
တပ်အတွင်း ဗိုလ်မှုးကြီးရာထူးကို ရရှိခဲ့တယ်လို့ သိရတယ်။ ၈လေးလုံး လူထုအရေးတော်ပုံကြီးကာလမှာ ဗိုလ်ချုပ်ခင်ညွန့်နဲ့အတူ အကြမ်းဖက် လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူတွေကို ခေါင်းဖြတ်မှုတွေ၊ အစာထဲအဆိပ်ခတ်မှု တွေကို မီးရှိုမှု ၊ ဂိုလ်ဒေါင်ဖေါက်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးပန်းမှုတွေကို လုပ်ဆောင်ခဲ့တယ်။

သူမကို လူထုမြင်ကွင်းမှာ နောက်ဆုံး မြင်ခဲ့ရတဲ့ ပွဲတွေကတော့ သူမဖခင် ဦးနေ၀င်း အသက်၉၀ ပြည့်မွေးနေပွဲမှာ သူမကို တွေ့ ခဲ့ရတယ်။ ဦးနေ၀င်း လူရင်းကြီးတွေသာ တက်ရောက်ခဲ့တယ်။ ဒီိထဲက အဖွားကြီးတယောက်ကတော့ ဒီလို သမီးမျိုးကတော့ရှားတယ်လို့ ချီးကြူးခဲ့တယ်။ နောက်တခုပွဲကတော့ မက်သဒစ် ကျောင်းသားဟောင်းများစုံစည်းတဲ့ ပွဲတပွဲမှာ သူမဟာ ဖိလစ်ပိုင် တီးဝိုင်းတီးတဲ့ တန်ဂို တီးလုံးများ ကြားမှာ လိပ်ပြာတကေင်လို ၀ဲကာပျံကာ ကခုန်နေတာကို တွေ့ရပါတယ်။ ဦးနေ၀င်း ဇရာ ထောင်းလာတာနဲ့အမျှ သူမရဲ့ စစ်တပ်အတွင်း သြဇာလွမ်းမိုးမှု တွေကျဆင်းလာတယ်။ နောက်ဆုံးမှာ နေအိမ်မှာ အကျယ်ချုပ်ခံ ထိမ်းသိမ်းခဲ့ရပါတယ်။

ဘာဖြစ်လို့ နအဖ အနေနဲ့ ဒေါ်စန္ဒာဝင်း ကို ပြန်လွတ်လာတာလဲဆိုတာ မေးခွန်းရှိနေပါတယ်။ ဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်စေ ချင်တာလား၊ ဦးသန်းရွေက အာဏာကို ထိမ်းသိမ်းထားနိင်တဲ့ အခြေအနေကို ယုံကြည်မှုရှိနေလို့လား ဆိုတာတွေကတော့ ထည့်သွင်း စဉ်းစားရမဲ့ အချက်တွေဖြစ်ပါတယ်။ ဖြစ်နိင်ခြေ တခုကတော့ ဒေါ်စန္ဒာဝင်း အပါအ၀င် မဆလအဟောင်းများ၊ စစ်တပ်မှာ ဗိုလ်ချုပ်ဟောင်းများ၊ တစညများ၊ ယခင်ထောက်လှမ်းရေးများ အားလုံးဟာ အာဏာစည်းဝိုင်း အပြင်ဖက်ကို ရောက်ရှိနေကြပြီး လူထုအတွင်း၊ ဒီမိုကရေစီ အင်အားစုများနဲ့ စစ်တပ်အတွင်းမှာ သြဇာမရှိသူများ ဖြစ်နေကြပါတယ်။

Ref: ရန်ကုန်နက်ဘလော့

Read More...

Friday, December 12, 2008

တပ်မတော်နှင့်ပြည်သူကို သွေးခွဲနေသူ မိစှ္ဆာတစ်ဦး


ဗိုလ်ချုပ်ကြီးသန်းရွှေ မြန်မာနိုင်ငံ တပ်မတော်၏ အထွပ်အထိပ် ရာထူးနေရာကို ဆုပ်ကိုင်ထားပြီး စစ် အာဏာရှင်အဖြစ် ဆိုးသွမ်း မင်းမူနေခြင်းသည် မြန်မာနိုင်ငံရှိ ပြည်သူ ပြည်သားများအတွက် အလွန် ဆိုးရွား သည့် ငရဲခန်းတစ်ခု ဖြစ်နေသည်မှာ ကမ္ဘာသိဖြစ်ရပ်တစ်ခု ဖြစ်နေပြီးဖြစ်ပါသည်။ ထိုအခါတွင် နောက်ထပ် မေးစရာ မေးခွန်းတစ်ခု ရှိလာခဲ့သည်။ ထိုမေးခွန်းမှာ စစ်အာဏာရှင် ဦးသန်းရွှေကြောင့် မြန်မာစစ်တပ်နှင့် တပ်မတော်သားများရော အကျိုးကျေးဇူး တစုံတရာ ဖြစ်ထွန်းမှုများ ရှိနေသလားဆိုသော မေးခွန်းပင် ဖြစ်ပါ သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ စစ်တပ်အား အင်အားကြီးမားစွာ ဖွဲ့စည်းနေသည်မှာ သံသယဖြစ်စရာ မလိုသော အကြောင်းအရာတစ်ရပ်ဖြစ်သည်။ ငယ်ရွယ်သော လူငယ်များစွာ တပ်မတော်တွင် ပြန်တမ်းဝင် အရာရှိတွေ ဖြစ်လာကြသည်။ ရာထူးတွေ၊ ကြယ်ပွင့်တွေနှင့် ခန့်ညားလာကြသည်။

စစ်အဆောင်အယောင်တွေနှင့် သာယာလာကြသည်။ ထိုအခါတွင် မြန်မာလူငယ်များ၏ အမှန်တကယ် ရင်တွင်း ကိန်းအောင်းနေသင့်သော နိုင်ငံချစ်စိတ်သည် ဝေဝါး ပျောက်ကွယ်လာသည်။ တပ်မတော်သား ဆိုသည်မှာ မြန်မာပြည်သူ တစ်ရပ်လုံး၏ လုံခြုံမှုအတွက် မားမားမတ်မတ် ရပ်တည်ရမည့် လူတန်းစားဆိုသော ပင်ကိုယ်အသိထက် ရာထူးဌာနများနောက် တကောက်ကောက် လိုက်တတ်လာကြသည်။ အာဏာရှင် ဦးသန်းရွှေနှင့် အခြားသော စစ်ဘက်အရာရှိကြီးများ ချီးမြှောက်တာ၊ မြှောက်စားတာ ခံရရေးအတွက် အပြိုင် အဆိုင် ကြိုးစားလာကြသည်။ တိုင်းပြည်အတွက် သေနတ်ကိုင်ပြီး စောင့်ရှောက်ရမည့် တပ်မတော် အရာရှိ ငယ်တို့သည် Hand Phone ကိုင်ပြီး မော်တော်ကားလေး တ၀ီဝီနှင့် ယူနီဖောင်း မတွန့်မကြေ သွားလာနေရ သော ဘ၀ကို တပ်မက်လာကြသည်။

မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်၏ လက်အောက်တွင် အလူးအလိမ့် ငရဲခံနေရသော်လည်း စစ်တပ်နှင့် ကင်းကွာပြီး နေ၍ကား ရနိုင်မည်မဟုတ်ပါ။ စစ်အစိုးရအား မည်မျှမုန်းတီးသော အတိုက်အခံ အမြင်ရှိသူပင် ဖြစ်ပါစေ၊ တပ်မတော်မရှိဘဲ ရပ်တည်နိုင်မည့် မြန်မာနိုင်ငံတော်ကို ထူထောင်နိုင်မည်မဟုတ်ကြောင်း အသေ အချာ လက်ခံရမည်သာ။ တကယ်တော့ မြန်မာ့တပ်မတော်သည် စစ်အစိုးရ၏ ၀ါဒဖြန့်စကားတွေအတိုင်း ပြည်သူတို့၏ အမွေတစ်ခုသာဖြစ်သည်။ တပ်မတော်သားတို့သည် ပြည်သူ့မိခင်များက မွေးဖွားခဲ့သော ရင်နှစ်သည်းချာ များသာ ဖြစ်ကြပါသည်။ ထိုသို့ဖြစ်လျက်နှင့် မြန်မာစစ်တပ်နှင့် မြန်မာပြည်သူများ တစိတ် တ၀မ်းတည်း မဖြစ်နိုင်ရပါ သနည်း။

အဘယ်ကြောင့် ပြည်သူများက စစ်သားများကို မုန်းတီးနေကြပါသနည်း။ ရှင်းပါသည်။ ထိုကိစ္စများအားလုံးကို ဆရာကြီးဦးသန်းရွှေက ကျားကွက်ရွှေ့ထားခြင်းကြောင့် ဖြစ်ပါသည်။ တနည်းဆိုသော် အာဏာကို တည်မြဲ အောင် ထိန်းသိမ်းရာတွင် အကွက်မြင်လှပြီး ပါးနပ် လှသော ဗိုလ်ချုပ်ကြီးသန်းရွှေက တပ်မတော်သားများနှင့် ပြည်သူများ၏ မျက်ခုံးမွှေးများပေါ်တွင် စင်္ကြံန်လျှောက်နေခြင်းမျှသာ ဖြစ်တော့သည်။ ဗိုလ်ချုပ်ကြီးသန်းရွှေ သည် အင်္ဂါရုပ်အားဖြင့် သမာသမတ် မရှိသလို ခန့်ညားထည်ဝါသော ခေါင်းဆောင်ကောင်းတို့၏ ဟန်ပန်မျိုးလည်း မရှိပါ။ သို့သော်လည်း လူတို့၏ အတွင်းစိတ်ကို နားလည်ပြီး ကောက်ကျစ်စဉ်းလဲသည့် နေရာတွင်မူ ပါးတာမှ လှပ်နေတာပဲဆိုသော အမျိုးအစားထဲက ဖြစ်သည်။

၎င်း၏နေရာကို ထိပါးလာနိုင်သည်ဟု သတိပြုမိသည်နှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရက်ရက်စက်စက် စတေးခဲ့ သည်။ အပြည်ပြည်ဆိုင်ရာ ဖိအားတွေကို ရင်မဆိုင်ရရေးအတွက် ၀န်ကြီးချုပ်ဆိုသော ရာထူးတွေခန့်ပြီး လူမိုက်ငှားသည်။ ၎င်းသည် အရပ်စကားနှင့်ပြောလျင် ချိန်းရိုက်တတ်သော လူမိုက်မျိုးမဟုတ်။ ထိုသို့သော လူမိုက်တွေကို နောက်ကွယ်က ကြိုးကိုင်ပြီး ကောင်းမွန်စွာ ကိုင်တွယ်တတ်သော master Brain လူမိုက်မျိုး ဖြစ်သည်။ ဗိုလ်ချုပ်ကြီးသန်းရွှေသည် အသက်ငယ်ငယ်နှင့် အရာရှိလေးတွေ မွေးထုတ်ပေးမည့် စီမံကိန်းကို စနစ်တကျ ကြံဆောင်သည်။ ၎င်းတို့ခံစား၊ စံစားနေသည့် စည်းစိမ်နှင့် ယှဉ်ပါက အရိုးအရင်မျှပင် မရှိသော ခံစားခွင့်လေးတွေ ပေးထားသည်။ ကျန်သောပြည်သူများကို ဆင်းရဲငတ်ပြတ်နေအောင် ထားထားသည်။ ပြီးတော့ ဗိုလ်ပေါက်စလေးတွေ ရနေ၊ ခံစားနေသော အခွင့်အရေးတွေထက် ပိုပြီးရနေသလိုမျိုး ပြည်သူတွေ ထင်အောင်၊ မြင်အောင် ကစားကွက်ခင်းပြသည်။ ထိုအခါတွင် တပ်မတော် အရာရှိငယ်များကို ပြည်သူတွေ က အမြင်မကြည်တော့ချေ။ ထို့အပြင် ၎င်းက တိုက်ရိုက်ပေးခြင်း မရှိဟုဆိုသော်လည်း သွယ်ဝိုက်သော ခိုင်းစေမှုများဖြင့် ပြည်သူတွေ ပိုပြီးနာကျည်းစေမည့်၊ ဒေါသထွက်စေမည့် တာဝန်များကို စစ်တပ်အရာရှိများကို လုပ်ကိုင်စေသည်။ ဥပမာအားဖြင့် ချွေးတပ်ဆွဲခြင်းနှင့် လူငယ်စစ်သားတွေ စုဆောင်းခြင်းမျိုးတွေ မလုပ် မနေရ လုပ်ရမည်ဟု တပ်မတော်မှ အရာရှိတွေကို အမိန့်ပေးသည်။ ထိုအခါ ပြည်သူနှင့် တပ်မတော်ကြား အမုန်းတရားမှာ ပို၍ပို၍ ကြီးထွားလာတော့သည်။ ထိုအခြေအနေကို ဗိုလ်ချုပ်ကြီးက ရာဇပလ္လင်ထက်မှ ပြုံးပြုံးကြီးကြည့်ပြီး သဘောကျနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စစ်တပ်နှင့်ပြည်သူ လက်တွဲနိုင်ခြင်း မရှိလေလေ၊ သူ့အဖို့ အာဏာတည်မြဲလေလေ မဟုတ်ပါလား။

တပ်မတော်၏ အရာရှိများကိုသာမက အစိုးရရုံးများမှ ၀န်ထမ်းများကိုလည်း အကျင့်မပျက်ပျက်အောင် ဖျက် သည်။ လာဘ်စားသည်။ တောင်းသည်။ အဂတိလိုက်စားသည်။ ထိပ်ဆုံးအရာရှိကြီးတွေကအစ အောက်ဆုံး အဆင့် ရုံးစေအထိ ပိုက်ဆံပေးမှ စေတနာထားသည်။ ထိုအခြေအနေများကို မြန်မာနိုင်ငံ အကြီးအကဲတစ်ဦး အနေနှင့် မသိဘဲမနေပါ။ သိသိကြီးနှင့် ထိုသို့မဖြစ်ဖြစ်အောင် လမ်းကြောင်း ထွင်ထားပေးခြင်း ဖြစ်သည်။ ထိုသို့ ကိုယ်ကျင့်တရား ပျက်လေလေ၊ စည်းလုံးမှု အားနည်းလေလေမို့ ဦးသန်းရွှေကြီး သဘောတွေ့စရာ ဖြစ်နေလေတော့သည်။ တကယ်တော့ စည်းလုံးပြီး နားလည်မှုရှိသော ခိုင်မာသည့် လူ့အဖွဲ့အစည်းတစ်ခု ထက် ပျက်စီးယိုယွင်းပြီး စည်းကမ်းပျက်နေသည့် ခြစားနေသော လူ့အဖွဲ့အစည်းတစ်ခုကို ပုံသွင်းထိန်းချုပ် ရန် ပိုမိုလွယ်ကူသည် မဟုတ်ပါလား။

မြန်မာနိုင်ငံအတွင်း သွေးချောင်းစီး လူသတ်ပွဲများတွင် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လျက်နှင့် အဘယ်ကြောင့် သွေးအေးအေးနှင့် ရက်စက်သော နည်းလမ်းများကိုသာ ဗိုလ်ချုပ်ကြီးသန်းရွှေ ရွေးချယ်ခဲ့သနည်း။ အဖြေက ရှင်းပါသည်။ ၎င်းအနေနှင့် ဆူးလေ စေတီတော်ရှေ့ လမ်းမများတွင် သေနတ်တကားကားနှင့် ယမ်းသမ်းပစ် ခတ်နေသည့် စစ်သားများကို ပြည်သူများက စက်ဆုပ်ရွံရှာသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်ကို အရ သာ တွေ့လွန်းသောကြောင့် ဖြစ်ပါသည်။ စစ်တပ်၊ ရဲနှင့်ပြည်သူ အမုန်းပွားလေ၊ ပျက်စီးနေသော မြန်မာနိုင်ငံ လူ့အဖွဲ့အစည်း တစ်ခုလုံးကို စိတ်တိုင်းကျ ပုံသွင်းရန် လွယ်ကူလေဆိုသည်မှာ ဦးသန်းရွှေကဲ့သို့ မသမာသည့် နေရာတွင် ထူးထူးချွန်ချွန် ပါရမီရင့်သန်သူ တစ်ဦးအနေနှင့် မသိစရာမရှိပါ။ ယခုတော့ အရာအားလုံးသည် ၎င်း၏စိတ်တိုင်းကျ ဖြစ်လာပါတော့သည်။

လူမိုက်ကံကောင်းဆိုသည့် စကားအတိုင်း ၎င်းအား ဆန့်ကျင်သော ကမ္ဘာ့နိုင်ငံကြီးတွေမှာ သဘာဝဘေး တွေ၊ စီးပွားပျက်ကပ် တွေကြောင့် မြန်မာနိုင်ငံကို အာရုံမစိုက်နိုင်တော့။ ထိုအခါတွင် နဂိုကတည်းက စည်းလုံး မှု မရှိသော ပြည်သူလူထုနှင့် တပ်မတော်တို့ကြား ခလောက်ဆန်ရန် ပိုပြီးအခွင့်သာလာတော့သည်။ တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှားတို့ကို အဖေခေါ်ပြီး ပေါင်းလိုက်သည်။ တော်ရုံအင်အားရှိသော ကမ္ဘာ့နိုင်ငံတစ်ခု အနေနှင့် မြန်မာ့အရေး ၀င်စွက်ဖက်ရန် နောက်တွန့်သွားတော့မည်ကို လူပါးကြီးကိုသန်းရွှေက နောကြေနေ လေတော့သည်။ ထို့နောက်တွင်တော့ အများသိပြီးသည့်အတိုင်း ဆန့်ကျင်ဖက် နိုင်ငံရေး ခေါင်းဆောင်တွေ အပေါ် တရားမျှတမှု၊ လူသားချင်းစာနာမှုတို့ လုံးဝမရှိသော နှစ်ရှည်ထောင်ဒဏ်များကို တံခါးပိတ်ချမှတ်စေ သည်။ ရဟန်းတော်တို့အား သွေးအေးအေး သတ်ဖြတ်စေပြီးနောက် အတိုက်အခံတို့ကို သွေးအေးအေး နှိပ်ကွပ်စေပြန်သည်။

တစ်ဖက်က လမ်းတွေဖောက်၊ တံတားတွေဆောက်ကြောင်း အသံကောင်းဟစ်သည်။ အခြားတစ်ဖက်တွင် တော့ အစွယ်ငေါငေါနှင့် ဘီလူးသရုပ်ကို အမှန်အတိုင်း လှစ်ပြနေတော့သည်။ ဗိုလ်ချုပ်မှူးကြီးသည် မြန်မာ ပြည်သူများ ၎င်းအပေါ် လုံးဝမလိုလားသည်ကို အသေအချာ သိရှိပါသည်။ သို့သော်လည်း ၎င်းထက်ပိုပြီး သိထားသည့်အချက်မှာ ထိုသို့မုန်းတီးနေမှုဖြင့် ၎င်းအားထိပါးအောင် မည်သို့မှ မစွမ်းဆောင်နိုင်ဆိုသော အချက်ပင်တည်း။ တပ်မတော်နှင့် ပြည်သူတို့သည် မစည်းလုံးကြပါ။

ပြည်သူတစ်ရပ်လုံးသည် ကုပ်သွေးစုပ် ချယ်လှယ်နေသော မြန်မာစစ်အာဏာရှင်ကြီးအား ဖယ်ရှားရေး အတွက် တပ်မတော်၏ လက်နက်အားကိုး တုန့်ပြန်မှုကို မတွန်းလှန်နိုင်ပါ။ ထို့အတူ တပ်မတော်အနေနှင့် လည်း ပြည်သူလူထု ထောက်ခံမှုမရှိဘဲနှင့် ၎င်းတို့အား အရိုးအရင်းမျှချကျွေးပြီး နယ်ရုပ်များသဖွယ် စိတ်တိုင်း ကျ စတေးနေသော ဦးသန်းရွှေကို မဖယ်ရှားနိုင်ပါ။ ဗိုလ်ချုပ်ချင်း၊ တပ်မတော် အရာရှိချင်း နေရာလုကြသည်။ ပြည်သူများချင်း စိတ်ဝမ်းကွဲကြသည်။

တပ်မတော်နှင့် ပြည်သူ အကဲစမ်းကြသည်။ ထိုသို့ဖြင့် စည်းလုံးမှုဆိုသည်မှာ မြန်မာလူမျိုးတို့၏ အဘိဓာန် တွင် နားလည်ရခက်သော စာလုံးဖြစ်လာသည်။ သာသူစား စိတ်ဓာတ်တွေဖြင့် လူမျိုးရေးပါ နိမ့်ကျလာသည်။ ထိုအခြေအနေသည် စစ်အာဏာရှင်တစ်ဦးအား သက်တမ်းရှည်စေမည့် လောင်စာဖြစ်ကြောင်း မြန်မာလူမျိုး တိုင်း သတိပြုသင့်ပါသည်။ တကယ်တော့ မြန်မာနိုင်ငံတွင် လူ့ အခွင့်အရေးတွေ ဆုံးရှုံးနေခြင်းမှာ မကောင်းပါ။ ဗိုလ်ချုပ်ကြီးသန်းရွှေလို အာဏာရူးတစ်ယောက် စင်ပေါ်ရောက်နေတာ မကောင်းပါ။ တရုတ်နှင့် ရုရှားတို့က မြန်မာအစိုးရကို ကာကွယ်နေတာ မကောင်းပါ။

သို့တိုင်အောင် မြန်မာပြည်သူတို့နှင့် မြန်မာ့သွေးဖြင့် ဖွဲ့တည်ထားသော တပ်မတော်တို့ စည်းလုံးမှု ပြိုကွဲနေ ခြင်းသည် မကောင်းဆုံး ဖြစ်ပါသည်။ သွေးချင်းနီးပြီး ကျောချင်းကပ်ရမည့် အချိန်မျိုးတွင် တစ်ဖက်နှင့် တစ်ဖက်၊ ပြည်သူနှင့်စစ်တပ် ရန်စောင်ပြီး အမြင်မကြည်ဖြစ်နေခြင်းသည် ဗိုလ်ချုပ်သန်းရွှေလို လူ့အန္ဓတွေ ကောင်းစားဖို့ စားပေါက်ထွင်ပေးသလိုသာ ဖြစ်နေတော့သည်။ ဗိုလ်ချုပ်ကြီးသန်းရွှေသည် အမှန်ပင် ကြောက် စရာကောင်းသော လူယုတ်မာကြီးဖြစ်သည်။ သို့သော်လည်း အမှန်တကယ် ကြောက်စရာကောင်းသည်မှာ မညီမညွတ်နှင့် သွေးကွဲပြီး အပြန်အလှန် လေးစားမှုမရှိတတ်သည့် မြန်မာတို့၏ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုပင် ဖြစ်ပါသည်။

ထိုသို့သော စိတ်ဆိုးစိတ်ညစ်များ လွင့်စဉ်သွားပြီး တပ်မတော်နှင့် ပြည်သူတို့ ချစ်ကြည်စွာ လက်တွဲနိုင်မည့် အချိန်တွင် ဗိုလ်ချုပ်ကြီးသန်းရွှေကဲ့သို့ မသူတော်များအတွက် ဇာတ်သိမ်းခန်းသည် အမှန်ပင် ရောက်လာပါ လိမ့်မည်။ ထိုအချိန်သည် အလွန်ကွာဝေးသော အနာဂါတ်တွင် ရှိမနေပါစေနှင့်ဟု မြန်မာပြည်သူများ ကိုယ်စား တောင်းဆုတစ်ခု ပြုမိပါတော့သည်။

ကျော်ကျော် (လူထုအသံ)

Ref: လူထုအသံ

Read More...

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေနှင့် တွေ့ခွင့်မပြု

ကြာသပတေးနေ့၊ ဒီဇင်ဘာလ 11 2008

နယူးဒေလီ။ ။နေအိမ်အကျယ်ချုပ် ကျခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေတို့ တွေ့ဆုံခွင့်ကို စစ်အစိုးရက တားမြစ်လိုက်သည်။

တရားမ၀င် ရက်လွန် ချုပ်နှောင်ထားသည်ဟု နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်ဘက်က အာဏာပိုင်များထံ အယူခံလွှာ တင်သွင်းထားသည့် ကိစ္စနှင့်ပတ်သက်၍ ရှေ့နေဦးကြည်ဝင်းက သူ၏ အမှုသည်နှင့် ဒီဇင်ဘာ ၈ ရက်နေ့ သို့မဟုတ် ၁၀ ရက်နေ့တွင် တွေ့ဆုံလိုကြောင်း တင်ပြခဲ့ရာ ယမန်နေ့က ငြင်းပယ်သည့် အကြောင်းပြန်ကြားချက် ရခဲ့သည်။

အယူခံလွှာအား ၀န်ကြီးအဖွဲ့က ကိုင်တွယ်နေပြီဖြစ်ကြောင်း အသိပေးခဲ့သည်ဟု ဦးကြည်ဝင်းကို ကိုးကား၍ သူမ၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

"အယူခံလွှာကို ၀န်ကြီးအဖွဲ့ ကိုင်တွယ်နေပြီလို့ အကြောင်းပြချက်နဲ့ ဦးကြည်ဝင်းကို မနေ့က ပြောလိုက်တယ်"

"ကိုင်တွယ်တယ်ဆိုတဲ့ စကားက အဓိပ္ပာယ် အများကြီးရှိပါတယ်။ ဒါကြောင့် ဒီအပေါ်မှာ အန်ကယ်တို့ အဓိပ္ပာယ်ဖော်ရ ခက်ပါတယ်" ဟု သူက ဆက်ပြောသည်။

ကုန်လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ၁၃ နှစ်ကျော်ကာလကို အချုပ်နှောင်ခံဘ၀ဖြင့် ဖြတ်သန်းခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်က သူမသည် မတရားသဖြင့် နေအိမ်အကျယ်ချုပ် ကျခံနေရတာဖြစ်ပြီး ထိန်းသိမ်းသည့် ကာလကလည်း ကျော်လွန်နေသည်ဟု နေပြည်တော်အစိုးရကို အောက်တိုဘာ ၉ ရက်နေ့ကတည်းက အယူခံလွှာ တင်သွားထားသည်။

အမှုအတွက် ရှေ့နေနှင့် ယခင်က သုံးကြိမ် ဆွေးနွေးခွင့်ရခဲ့ပြီးဖြစ်သည်။ ဥပဒေအရ ခွင့်ပြုထိုက်သည့် အရာကို အစိုးရက ငြင်းပယ်ခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

"ဥပဒေအရ ခွင့်ပြုထိုက်သည့်အရာကို ငြင်းပယ်ထားတယ်လို့ အန်ကယ် မြင်တယ်။ ရှေ့နေနဲ့ အမှုသည်ဟာ လွတ်လွတ်လပ်လပ် တွေ့ဆိုခွင့် ရှိသင့်တယ်။ ဥပဒေ သဘောအရလည်း ရှိတယ်။ ဒါကို တွေ့ခွင့် ငြင်းပယ်ခံထားတယ်လို့ အန်ကယ်မြင်တယ်"

"တွေ့ဖို့ဆိုတာ အယူခံကို လျှောက်လဲချက် ပေးလို့ရှိရင် ဘယ်အချက်အလက်တွေ ဒေါ်အောင်ဆန်းစုကြည်က ပါစေချင်လဲ။ ဘယ်အချက်အလက်တွေတော့ မပါစေချင်ဘူးဆိုတာကို ကာယကံရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်သင့်တာပေါ့" ဟု သူက ပြောသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေဖြင့် ကန့်သတ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲအပြတ်သတ်ဖြင့် အနိုင်ရခဲ့သော်လည်း အာဏာအပ်နှင်းရန် စစ်ခေါင်းဆောင်များက ငြင်းဆန်ထားခဲ့ကြသည်။

နန်းဒေ၀ီ

Ref: မဇ္ဇျိမ

Read More...

မြန်မာပြည် ကူညီရေးနှင့် အမျိုးသမီးအခွင့်အရေး လော်ရာဘုရှ် ဆွေးနွေး

11 December 2008

မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်းကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ လူမှုအသိုင်းအ၀ိုင်းတွေ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ နောက်ထပ် အမေရိကန်ဒေါ်လာ ၅ သန်း ကူညီသွားမယ်လို့အမေရိကန်သမ္မတကတော် လော်ရာဘုရှ်(Laura Bush) က ပြောသွားပါတယ်။ မနေ့က နယူးယောက်ခ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနား တခုမှာ သမ္မတကတော်က မြန်မာနိုင်ငံ အခြေအနေတွေကို ပြောဆိုရင်း အခုလို ထုတ်ပြန်ပြောခဲ့တာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နယူးယောက်ခ်မြို့က အမေရိကန် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ သုတေသန အဖွဲ့တခုဖြစ်တဲ့ နိုင်ငံခြား ဆက်ဆံရေး ကောင်စီရဲ့ နှစ် ၆၀ ပြည့်နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ သမ္မတကတော် လော်ရာဘုရှ်ဟာ မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံ အခြေအနေတွေကို ဆွေးနွေးသွားရင်း အခုလို မြန်မာနိုင်ငံက နာဂစ်ဒုက္ခသည်တွေကို အကူအညီပေးသွားဦးမယ့် ကိစ္စကိုပါ ထည့်သွင်းပြောခဲ့ တာပါ။ တကယ်တမ်း ဆွေးနွေးပွဲမှာ အဓိက ပြောခဲ့တာကတော့ အမျိုးသမီး အခွင့်အရေး ကိစ္စတွေ များပါတယ်။ ဒါနဲ့ ပတ်သက်လို့ သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ ဒေနာ ပရီးနိုး(Dana Perino) က မနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။

"နယူးယောက်ခ်မြို့ နိုင်ငံခြားဆက်ဆံရေးကောင်စီမှာ သမ္မတကတော် လော်ရာဘုရှ် လူ့အခွင့်အရေးနေ့ မိန့်ခွန်းပြောဖို့ ရှိပါတယ်။ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ အခြေခံ အခွင့်အရေးတွေ ချိုးနှိမ်ခံရတာကို ရင်ဆိုင်ကျော်လွှားဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဘယ်လိုကူညီနိုင်ဖို့ ကြိုးစားနေတယ်ဆိုတာကို ပြောဆိုဆွေးနွေးမှာပါ။"

မစ္စစ်ဘုရှ်ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသူချန်တောင်း၊ မဆန်နှောင်း စသူတို့နဲ့ တွေ့ဆုံစဉ်မှာ မြန်မာတိုင်းရင်းသူ အမျိုးသမီးတွေအပေါ် မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ကိစ္စ၊ ဒီလိုလုပ်တာကို စစ်သုံးလက်နက်သဖွယ် အသုံးပြုနေတာတွေ၊ နောက်ပြီး တိုင်းရင်းသားဒေသတွေကို စစ်တပ်က ထိုးစစ်ဆင်ပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စတွေ သူသိခဲ့ရ တယ်လို့ ပြောဆိုပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်က မယ်တော်ဆေးခန်းကို သွားတော့လည်း ဒေါက်တာ စင်သီယာမောင်နဲ့ တွေ့ဆုံပြီး အဲဒီက ဒုက္ခသည်တွေရဲ့ အခြေအနေ၊ မြန်မာလူမျိုး ရွှေ့ပြောင်း နေထိုင်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး အခက်အခဲတွေ သူ မျက်ဝါးထင်ထင် မြင်တွေ့ရပုံတွေ ကိုလည်း ရှင်းခဲ့ပါတယ်။

မြန်မာနယ်စပ်က အခြေအနေတွေတင်မဟုတ်ဘဲ မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေရဲ့ အခြေအနေတွေကို သူက မီးမောင်းထိုး ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးဟာ သူ့ကျေးရွာသားတွေ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခံရတဲ့ကိစ္စကို သူ ကိုယ်စားပြုပြီး အာဏာပိုင်တွေနဲ့ ရင်ဆိုင်ခဲ့တာကြောင့် အာဏာပိုင်တွေဘက်က သူ့ကို အငြိုးထား ဖမ်းဆီးထောင်ချလိုက်တဲ့ ကိစ္စတွေကိုလည်း ပြောပြပါတယ်။

၈၈ မျိုးဆက်ကျောင်းသူတဦးဖြစ်တဲ့ မနီလာသိန်းဟာ လူ့အခွင့်အရေးလှုပ်ရှားမှု၊ ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် သူ့ကို အာဏာပိုင်တွေက ဖမ်းဆီးဖို့လုပ်တဲ့အခါမှာ လသားအရွယ် ကလေးငယ်ကို ထားခဲ့ရပြီး တိမ်းရှောင်ခဲ့ရတယ်၊ ဒီ့နောက် ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတယ်ဆိုတာတွေ ကိုလည်း ပြောပြသွားပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူမရဲ့ စံထားလောက်တဲ့ စွမ်းဆောင်မှုတွေကြောင့် အမေရိကန် အပါအ၀င် နိုင်ငံတကာရဲ့ ထောက်ခံမှုကို
ရခဲ့တယ်လို့ ဆိုပါတယ်။

မစ္စစ်ဘုရှ်ဟာ အမျိုးသမီးအရေးကိစ္စတွေအပြင် မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသား ကိစ္စတွေကိုလည်း အတော်လေး ပြောဆိုသွားပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုနောက်ပိုင်းမှာ အရင် နိုင်ငံရေးအကျဉ်းသား ၁,၁၀၀ လောက်ပဲ ရှိရာကနေ အခုဆိုရင် ၂,၁၀၀ ကျော်အထိ တိုးများလာတယ်လို့ ပြောပါတယ်။ အေအေပီပီ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းရဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး ပြီးခဲ့တဲ့လအတွင်း တလထဲမှာကို နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂၁၅ ဦးဟာ ထောင်ဒဏ် နှစ် ၆၀ ကျော်အထိ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြီးခဲ့တဲ့ဘဏ္ဍာရေး နှစ်မှာ အမေရိကန် ဒေါ်လာ ၉၆ သန်း ကူညီခဲ့တယ်လို့ ပြောပါတယ်။ ဒီအထဲမှာတော့ အခုနှစ်ဆန်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသကို တိုက်ခိုက်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းသင့် ပြည်သူတွေအတွက် ဒေါ်လာ ၇၅ သန်း ကူညီခဲ့ပြီး အခု နောက်ထပ်ဒေါ်လာ ၅ သန်း ကူညီဖို့ရှိတယ်လို့လည်း ကြေညာသွားပါတယ်။ ဒီအလှူငွေတွေကိုတော့ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နဲ့ SAVE THE CHILDREN အဖွဲ့တို့က တဆင့် မုန်တိုင်းသင့် ဒေသက ပြည်သူတွေအတွက် ရေသန့်၊ အမိုးအကာနဲ့ အခြေခံကျန်းမာရေး၊ အခြား အရေးပါတဲ့ပစ္စည်းတွေ ကူညီမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့အရေးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အလေးပေးကိုင်တွယ်ဖို့ ဒေါက်တာ မိုက်ကယ် ဂရင်းကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ်ထားဖို့ သမ္မတကနေ အဆိုပြုထားပြီး ဒါကို လွှတ်တော်ကနေ ဖြစ်နိုင်သမျှ အမြန်ဆုံး အတည် ပြုပေးပါလို့လည်း မစ္စစ်ဘုရှ်က တိုက်တွန်း ပြောသွားပါတယ်။

မနေ့က ဒီဆွေးနွေးပွဲတက်ရောက်သူ အများစုကတော့ အမေရိကန် နိုင်ငံခြားရေးမူဝါဒ ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေနဲ့ သံတမန်တွေ တက်ရောက်ပြီး မစ္စစ်ဘုရှ်ကိုလည်း အပြန်အလှန် မေးခွန်း ထုတ်ခဲ့ကြပါတယ်။

Ref: VOA News

Read More...

လူ့အခွင့်အရေး နှစ် ၆၀ ပြည့်နှစ်မှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေ နှစ်ရှည် ထောင်ဒဏ် အပြစ်ပေးခံနေရဆဲ

12 December 2008

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့အနှစ် ၆၀ ပြည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ ကမ္ဘာ့နိုင်ငံတွေ အတွက် New Media လို့ခေါ်တဲ့ခေတ်သစ် ဒစ်ဂျစ်တယ် နည်းပညာတွေသုံးပြီး သတင်းဖြန့်ဝေပေးနေကြတဲ့ ဘလော့ဂါတွေ၊ အင်တာနက် သတင်းသမားတွေနဲ့ အမေရိကန် သမ္မတဘုရှ် တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို ဗုဒ္ဓဟူးနေ့က သမ္မတဘုရှ် အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြတဲ့ အထဲမှာ မြန်မာ၊ တရုတ်၊ အီရန်၊ အီဂျစ်၊ ဘယ်လာရုစ်၊ ကျူးဘားနဲ့ ဗင်နီဇွဲလားတို့က အင်တာနက် သတင်းသမားတွေ ပါပါတယ်။ အင်တာနက် ကြားခံသုံးပြီး မြန်မာနိုင်ငံ ဆိုင်ရာ သတင်းတွေ
တင်ပြ ပေးနေတဲ့ အမေရိကန်က မိုးမခ အင်တာနက် သတင်းဝက်ဘ်ဆိုက် ဖန်တီးသူ ကိုမောင်ရစ်လည်း သမ္မတဘုရှ်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်သမ္မတနဲ့ တွေ့ခဲ့စဉ်မှာ မြန်မာနိုင်ငံအကြောင်း ဘာတွေ ဆွေးနွေးခဲ့သလဲ ဆိုတာ သိရဖို့ မစုမြတ်မွန်က ကိုမောင်ရစ်ကို ဆက်သွယ်ပြီး သမ္မတကို ဘာတွေ ပြောပြဖြစ်ခဲ့သလဲ ဆိုတာကို မေးတဲ့ အခါမှာ ကိုမောင်ရစ်က ခုလို စဖြေပါတယ်။

"အနှစ် ၆၀ လူ့အခွင့်အရေးနေ့မှာ ဒီဘက် ကမ္ဘာတခြမ်းက လူတွေက အနှစ် ၆၀ ပြည့်ပြီဆိုပြီး အခမ်း အနားတွေ ကျင်းပနေကြတဲ့အချိန်မှာ ဟိုဘက်ကမ္ဘာတခြမ်းမှာရှိတဲ့ လူ့အခွင့်အရေး ဆိတ်သုဉ်းတဲ့နိုင်ငံတွေ၊ အထူးသဖြင့် မြန်မာနိုင်ငံမှာ ထောင်ဒဏ် အနှစ်၆၀၊ အနှစ် ၇၀ စသည်ဖြင့် ထောင်ဒဏ်နှစ်တွေ အများကြီး ချပြီးတော့ လူ့အခွင့်အရေး တောင်းဆိုတဲ့လူတွေကို နှိပ်စက်နေတယ်၊ ညှဉ်းပန်းနေတယ်၊ ထောင်ချနေတယ်၊ အဲဒီ အကြောင်းတွေကို ကျနော့်အနေနဲ့ ထပ်လောင်းတင်ပြပြီး ပြောခဲ့ပါတယ်။

"ပြီးတော့ အခုအချိန်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှုမရှိတဲ့ နိုင်ငံတခုအနေနဲ့ ဆက်ပြီးတော့ အခုလက်ရှိအစိုးရကရော၊ နောက်တက်လာမယ့် အမေရိကန် အစိုးရကရော ဆက်ပြီး ထိရောက်တဲ့၊ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ဆက်လုပ်ပေးပါ၊ အဲဒါတွေက လိုအပ် နေပါတယ် ဆိုတဲ့ဟာကို ကျနော်ပြောခဲ့ပါတယ်။"
အဲဒီမှာ ကိုမောင်ရစ်ပြောတဲ့ ထိရောက်တဲ့၊ လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ပေးဖို့ တောင်းခဲ့တယ် ဆိုတော့ ဘယ်လိုအရေးယူ ဆောင်ရွက်မှုမျိုးလဲ ဆိုတာကိုရော ရှင်းပြခဲ့ပါသလား။

"အဲဒီလိုမျိုး တိတိကျကျတော့ မပြောနိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှိတဲ့ အချိန်တိုတိုအတွင်းမှာ သူအခု လုပ်နေတဲ့ လက်ရှိပေါ်လစီအရ အရေးယူဆောင်ရွက်နေတယ်။ အမေရိကန်နိုင်ငံက ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆိတ်သုဉ်းနေတဲ့ဟာတွေကို ပြောဆိုတယ်၊ ဝေဖန်တယ်၊ ပြစ်တင်တယ်၊ ပြီးတော့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်တယ်၊ စသည်ဖြင့် ဒါတွေနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ ကျေးဇူးတင်ပါတယ်၊ ဒီ့ထက်ပိုပြီးထိရောက်အောင် တခြား နိုင်ငံတကာ အကူအညီနဲ့၊ အသိုင်းအ၀ိုင်းနဲ့ လုပ်ပါ၊ ဆက်ပြီးဆောင်ရွက်ပါလို့ပဲ ကျနော် ပြောနိုင်ပါတယ်။"

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ကိုမောင်ရစ်က သမ္မတကို တင်ပြခဲ့တဲ့အထဲမှာ ထောင်ဒဏ်နှစ်ရှည် ချခံရတာတို့၊ ဝေးတဲ့ထောင်တွေကို ပို့ခံရတာတို့ ပြောခဲ့တယ်ဆိုတော့ အဲဒီလို ပြောတဲ့အပေါ်မှာ သမ္မတအနေနဲ့ ဘယ်လိုမျိုးမှတ်ချက် ပြန်ပေးပါသလဲ။

"သမ္မတအနေနဲ့ရော လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ အစိုးရအဖွဲ့ဝင်တွေ အနေနဲ့ရော မြန်မာပြည်အရေးကိစ္စနဲ့ ပတ်သက်ပြီး အနီးကပ် အမြဲတမ်း လေ့လာစောင့်ကြည့်ပြီး နေတဲ့အတွက် သူတို့ ဘာသာ သူတို့တောင်မှ ဒါတွေကို ထဲထဲဝင်ဝင်နားလည်တယ်၊ သိတယ်ဆိုတဲ့သဘော ရှိပါတယ်။ သူတို့ဘာသာ စုံစမ်းသိရှိရတာအပြင် ကျနော်က ဒါတွေကို ထပ်လောင်းပြီးတော့ အတည်ပြုပြောတာပေါ့။

"မြန်မာပြည်သူတွေအနေနဲ့ ဟုတ်ပါတယ်၊ ခင်ဗျားတို့ကြားနေရတဲ့ သတင်းတွေအတိုင်းပဲ ဒီလို ဒုက္ခရောက်နေရတယ်၊ ခံစားနေရတယ်ဆိုတဲ့ဟာကို ကျနော်က ထပ်လောင်းပြီး ပြောကြားတဲ့အခါကြတော့ သူတို့ အခုလက်ရှိ လုပ်နေတဲ့အလုပ်တွေ၊ ဆောင်ရွက်နေတဲ့ ဟာတွေကို ဆက်ပြီးတော့ လုပ်ရမှာပဲ။ ရှေ့လာမယ့်အစိုးရကိုလည်း ဒီဟာတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီတွေ၊ အထောက်အပံ့တွေ၊ သတင်းတွေ၊ ဆက်ပေးရမှာပဲဆိုတဲ့ သဘောမျိုး သူက ပြောပါတယ်။"

တကယ်တမ်း ပြန်ကြည့်မယ်ဆိုရင်တော့ လက်ရှိသမ္မတဘုရှ်ရဲ့ သက်တမ်းကလည်း ရက်ပိုင်းပဲ လိုတော့တယ်လို့ ပြောလို့ရပါတယ်။ အမေရိကန်မှာ သမ္မတသစ်က တက်တော့မယ့် အခါကြတော့ လက်ရှိသမ္မတအနေနဲ့ အသစ်တက်လာမယ့် အမေရိကန်အစိုးရကို မြန်မာနိုင်ငံပေါ်မှာထားတဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ တိုက်တွန်းမယ်၊ ပြောပြမယ်ဆိုတာမျိုးရော လက်ရှိသမ္မတဘုရှ်က တစုံတရာ ပြောပါသလား။

"ပြောပါတယ်ခင်ဗျ။ သူ အဓိကပြောတာကတော့ လူ့အခွင့်အရေးဆိုတာက မွေးရာပါ၊ မွေးကတည်းက လူတိုင်းမှာ ပါပြီးသား အခွင့်အရေးဖြစ်တယ်။ ဘယ်သူကမှလည်း သူ့ကိုရုပ်သိမ်းလို့၊ ထိန်းချုပ်လို့ မရဘူး။ ဒါ သူ့ရဲ့ ကိုယ်ပိုင် လူ့အခွင့်အရေးဖြစ်တယ်။ ဒီဟာနဲ့ပတ်သက်ပြီး အခုလိုနိုင်ငံတွေမှာ ဆိတ်သုဉ်းနေတဲ့ အတွက်ကြောင့် သူ့အနေနဲ့လည်း သူတတ်နိုင်သလောက် ဆောင်ရွက်ခဲ့တယ်၊ အခု နောင်တက်လာမယ့် အစိုးရရော၊ သမ္မတကိုရော သူ့အနေနဲ့ ဒီဟာကို ဆက်ပြီးပြောသွားမယ်၊ တိုက်တွန်းသွားမယ် ဆိုတဲ့
ဟာမျိုး သူပြောပါတယ်။

"နိုင်ငံကြီးတနိုင်ငံ၊ ထိပ်တန်းမှာ သြဇာရှိတဲ့ နိုင်ငံတနိုင်ငံက သမ္မတတယောက်အနေနဲ့ အလေးအနက်ပြုပြီး နှစ် ၆၀ ပြည့်တဲ့ လူ့အခွင့်အရေးနေ့ကို သူလုပ်တယ်ဆိုတာက သူသမ္မတသက်တမ်း ကုန်ဆုံးတော့မယ့် အချိန်မှာ ရှေ့ဆက်သွားမယ့်လူတွေ၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ အစိုးရတွေအနေနဲ့ ဘယ်လိုတွေ ဆက်ဆောင်ရွက်စေချင်တယ်၊ သူ့အနေနဲ့ ဒီဟာတွေကိုတော့ ဂရုစိုက်တယ်၊ ဆက်ပြီးတော့လည်း ဆောင်ရွက်သွားကြပါဆိုတဲ့ သဘောမျိုး ပြသတယ်လို့တော့ ကျနော်ယူဆပါတယ်။"

အမေရိကန်သမ္မတနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သူ မိုးမခ အင်တာနက်သတင်းဝက်ဘ်ဆိုက် ဖန်တီးသူ ကိုမောင်ရစ် ပြောပြသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဘက်ပြောင်း ထိုင်းအမတ်တဦးကို ဘတ်ငွေ (၅၅) သန်းပေးရန် ပွေထိုင်းပါတီ ဈေးခေါ်

ဂျွန်တင်အောင်/ ၁၁ ဒီဇင်ဘာ ၂၀၀၈

တပ်ဆင်၏ ပွေထိုင်းပါတီက အစိုးရသစ်ဖွဲ့နိုင်ရေးအတွက် အတိုက်အခံနှင့် ပေါင်းသွားသည့် အမတ်များကို မက်လုံးပေးရာ၌ ပြန်လာမည့် အမတ်တဦးကို ဘတ်ငွေ (၅၅) သန်းထိ ပေးမည်ဟု ဈေးခေါ် လိုက်သည့် အတွက် အာဏာလွန်ဆွဲပွဲ ပိုပြီး အကြိတ်အနယ် ဖြစ်လာသည်။
ပွေထိုင်းပါတီသို့ ပြန်လာမည်ဟု ကတိပေးသည့် အမတ်ကို ပါတီဝင်ခွင့် လျှောက်လွှာဖြည့်ပြီးသည်နှင့် ဘတ်ငွေသား (၅) သန်း ချက်ချင်းပေးမည်။ လျှောက်လွှာအတည်ပြုပြီး ပါတီဝင်ဖြစ်ခဲ့လျှင် ဘတ် (၂၅) သန်းနှင့် ကျန် (၂၅) သန်းကို ၀န်ကြီးချုပ်သစ်ရွေးပွဲတွင် မဲထည့်ပြီးသည်နှင့် အပြီးသတ်ပေးချေမည်ဟု ဈေးခေါ်ထားသည်။

အတိုက်အခံနှင့် ပေါင်းသွားသည့် နေ၀င်းချစ်ချော့အုပ်စုမှာ အမတ် (၃၇) ဦးရှိသည့်အတွက် ထိုအမတ် အားလုံး ပြန်လာမည်ဆိုလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း (၆၀) ကျော်နှင့်ညီမျှသည့် ဘတ်ငွေသန်း (၂) ထောင်ကျော် ပွေထိုင်းပါတီက သုံးရန်ပြင်ထားသည့် သဘောဖြစ်သည်။ လက်ရှိ အမတ်များကိုလည်း ငွေနှင့်ထိန်းထားရမှာ ဖြစ်သည့်အတွက် အစိုးရတရပ်ဖွဲ့နိုင်ဖို့ တဦး ဘတ် (၅၅) သန်း နှုန်းဖြင့် အမတ် (၂၄၀) ကို ၀ယ်ရသည်ဟုတွက်လျှင် ပွေထိုင်းပါတီအနေဖြင့် ဒေါ်လာ သန်း (၄၀၀) အနည်းဆုံး သုံးရမည်ဖြစ်သည်။
အစိုးရတရပ်ဖွဲ့ရေးအတွက် အမတ်များကို ဒေါ်လာ သန်း (၄၀၀) ကျော် အလကားပေးနိုင်သည့် ထိုင်း နိုင်ငံရေး ပါတီတခုသည် အစိုးရဖြစ်လာချိန်တွင် ဒေါ်လာသန်းထောင်နှင့်ချီပြီး မြတ်စွန်းနိုင်သည့် အလားအလာ မရှိဘဲ ဒေါ်လာသန်းရာနှင့်ချီပြီး ရင်နှီးမြှုပ်နှံမည် မဟုတ်ဟု ဘန်ကောက် ပညာတတ်အချို့က ယူဆသည်။ လက်ရှိ ထိုင်းနိုင်ငံရေးသည် နိုင်ငံအကျိုးစီးပွား၊ ပြည်သူအကျိုးစီးပွား ဆောင်ရွက်မည့် အစိုးရမျိုး ဖွဲ့ရေးထက် စီးပွားဖြစ်၊ သူဌေးဖြစ် လုပ်ငန်းကြီးတခုအတွက် စားကျက်လုသည့် ကိန်းဖြစ်နေသည်။
ထို့ကြောင့်လည်း တပ်ဆင်၏ ပါတီအဆက်ဆက်ကို အဂတိလိုက်စားမှု ကြီးမားသည့်အစိုးရဟု တပ်ဆင် အစိုးရ ဆန့်ကျင်သူများက စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ပွေထိုင်းပါတီအနေဖြင့် အစိုးရဖွဲ့နိုင်လောက်သည့် မဲအရေအတွက်မရလျှင် လွှတ်တော်ဖျက်သိမ်းရေးကို အဆိုပြုနိုင်သည်ဟု အဖျက်ခံထားရသည့် People Power ပါတီအမတ်တဦးက ပြောသည်။ သို့သော် လွှတ်တော် အထူးအစည်းအဝေးခေါ်ထားသည့် ကာလအတွင်း လက်ရှိ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ်က လွှတ်တော်ဖျက်သိမ်းခွင့်မရှိဟု လွှတ်တော်ဥက္ကဋ္ဌ ချိုင်းချစ်ချော့က ထောက်ပြသည်။

လောလောဆယ် ထိုင်းနိုင်ငံရေး အခြေအနေမှာ အတိုက်အခံ ဒီမိုကရက်ပါတီကလည်း အစိုးရဖွဲ့နိုင်ရေး လုံးပန်းနေသည်။ ပွေထိုင်းပါတီကလည်း ဒီမိုကရက်အစိုးရမဖွဲ့နိုင်အောင် အတိုက်အခံဘက် ကူးသွားသည့် အမတ်များကို ငွေနဲ့ပေါက်ဝယ်ရန်ကြိုးစားနေသည်။ တပ်ဆင်ကလည်း ဒီမိုကရက်များ အစိုးရမဖွဲ့နိုင်အောင် ပြည်ပကနေ နည်းမျိုးစုံဖြင့် ကိုင်လှုပ်ရန်ကြိုးပမ်းလိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။

မည်သို့ဆိုစေ ထိုင်းဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲကို လာမည့် သီတင်းပတ်အတွင်း လွှတ်တော်မှာ ကျင်းပရန် မှန်းထားသည်။ တပ်ဆင်ကျောထောက်နောက်ခံ ပေးထားသည့် ပွေထိုင်းပါတီကလည်း အမျိုးသား ညီညွတ်ရေး ကြားဖြတ်အစိုးရဖွဲ့ရန် လိုလားနေသဖြင့် ထိုင်းအာဏာလွန်ဆွဲပွဲမှာ အကြိတ်အနယ် ဖြစ်နေ သည်။

ထိုင်းဥပဒေအရ ဒီဇင်ဘာ (၃၀) ရက်နောက်ဆုံးထားပြီး ၀န်ကြီးချုပ်သစ် ရွေးချယ်ရမည် ဖြစ်သည်။ တချိန်က ၀န်ကြီးချုပ်ဟောင်း တပ်ဆင်အပေါ် သစ္စာခံခဲ့သည့် အမတ် (၃၇) ဦးကိုင်ထားသည့် နေ၀င်းချစ်ချော့ အုပ်စုက ဒီမိုကရက် အတိုက်အခံဘက်ကို ဘက်ပြောင်းလိုက်သည့် အတွက် ထိုင်းနိုင်ငံရေး ချိန်ခွင်လျှာ အပြောင်းအလဲ ဖြစ်သွားသည်။ တပ်ဆင်ကို သစ္စာဖောက်ခဲ့သူ နေ၀င်းချစ်ချော့ အနေဖြင့် အတိုက်အခံနှင့် မည်မျှကြာကြာ လက်တွဲမလဲဆိုသည်ကို ထိုင်းနိုင်ငံရေးလောကမှာ စိတ်ဝင်စား နေကြသည်။

တပ်ဆင်ကြိုးကိုင်သည့် ပွေထိုင်းပါတီကလည်း အစိုးရဖွဲ့ရန် အလားအလာနည်းလာသည့် အတွက် တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး ပြဿနာများ ဖြေရှင်းရေးအတွက် အမျိုးသားညီညွတ်ရေး ကြားဖြတ် အစိုးရဖွဲ့မှ ဖြစ်မည်ဆိုသည့် အဆိုကို ဇောင်းပေးလာပြန်သည်။ ၀န်ကြီးချုပ်ကို ပါတီငယ်လေးများမှ တင်မြှောက်မည်ဟုဆို၏။ အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရကို နှစ်အနည်းငယ် အုပ်ချုပ်စေခြင်းဖြင့် တိုင်းပြည်တွင်း ဆူပူအုံကြွများကို ဟန့်တားနိုင်မည်ဖြစ်ပြီး တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက် အချိန်ပေးနိုင်မည် ဖြစ်သည်ဟု ယူဆခြင်း ဖြစ်သည်။

သို့သော် ဒီမိုကရက် အတိုက်အခံဘက်က အစိုးရမဖွဲ့နိုင်သည့်အခြေအနေမျိုး သို့မဟုတ် ဘက်ပြောင်း သွားသည့် အမတ်များကို တပ်ဆင်က ပြန်ခေါ်ပြီး အစိုးရကို ပြန်ထိန်းနိုင်သည့် အခြေအနေမျိုးမှသာ အမျိုးသားညီညွတ်ရေး ကြားဖြတ်အစိုးရ ပေါ်ပေါက်နိုင်ရန် အခွင့်အလမ်းများသည်ဟု အကဲခတ်အချို့က ယူဆသည်။ တက်လာသည့် ၀န်ကြီးချုပ်သည် နောက်ထပ် ရုပ်သေးဝန်ကြီးချုပ် တဦးဆိုလျှင်လည်း လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပေါ်ပေါက်ဦးမှာဖြစ်ပြီး ဒီမိုကရက်က အစိုးရဖွဲ့နိုင်လျှင်လည်း အာဘီဆစ် ၀န်ကြီးချုပ် ဖြစ်မလာအောင် တပ်ဆင်လိုလားသူများက အဟန့်အတား လုပ်ဖို့များသည်ဟု ယူဆကြသည်။

ဝန်ကြီးချုပ်မည်သူတက်တက် ဆူဝမ်နဖုန်လေဆိပ်ကို ပိတ်လိုက်ရသည့် အကျိုးဆက်အဖြစ် ယိုင်သွားသည့် ထိုင်းစီးပွားရေးကို ကိုင်တွယ်ရမည့် တာဝန်က စိန်ခေါ်နေသည်။ လာမည့်နှစ်တွင် အလုပ်လက်မဲ့ (၁,၀၀၀,၀၀၀) နီးပါးရှိမည်ဟု မှန်းထားသည်။
အထူးသဖြင့် ခရီးသွားလုပ်ငန်း အထိနာသွားသည့်အတွက် နိုင်ငံခြားသား ခရီးသွားများကို အားထား နေရသည့် ဘန်ကောက်မြို့မှ လုပ်ငန်းများ သိသိသာသာ ထိုးကျသွားသည်။ ဘန်ကောက်မြို့တွင်းမှ စားသောက်ဆိုင်များနှင့် အခြားလုပ်ငန်းအများစုက ဧည့်သည် အလာကျဲသွားသည့်အတွက် ပီအေဒီ ခေါင်းဆောင်ပိုင်းကို အပြစ်တင်ကြသည်။ ဘန်ကောက် ပရာတူနန်း ပလက်ဖောင်းဈေးတန်း အချို့နေရာ များတွင် ပီအေဒီခေါင်းဆောင် ဆွန်ထိ အမည်ကို ပလက်ဖောင်းပေါ်တွင် မကျေမနပ် ရေးထားသည်ထိ တွေ့ရသည်။

ထိုအတောအတွင်း ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီက အစိုးရဖွဲ့နိုင်မည့် အမတ်အရေအတွက် ရပြီ ဖြစ်သည့်အတွက် လွှတ်တော် အထူးအစည်းအဝေးခေါ်ရန် တောင်းဆိုထားသဖြင့် ထိုင်းနိုင်ငံရေး လောကတွင် အာဏာလွန်ဆွဲပွဲ ပြင်းထန်လာသည်။
ဒီမိုကရက်ပါတီသာ လွှတ်တော်တွင် မျှော်မှန်းသည့်အတိုင်း မဲအရေအတွက်အပြည့်ရလျှင် ဒီမိုကရက်ပါတီ ခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဇာဇီဝ ၀န်ကြီးချုပ်ဖြစ်လာနိုင်သည်။ အမတ်အရေအတွက် (၃၇) ဦး ကိုင်ထားပြီး မကြာခင်က အဖျက်ခံရသည့် ၀န်ကြီးချူပ်ဟောင်းဆွန်ချိုင်း၏ People Power ပါတီထောက်ခံမှုမှ ခွဲထွက်သည့် နေ၀င်းချစ်ချော့အုပ်စုက ဒီမိုကရက်ပါတီကို ဘက်ပြောင်းလိုက်သည့်အတွက် အစိုးရဖွဲ့နိုင်ရန် အလားအလာ များလာခြင်းဖြစ်သည်။

သို့သော် ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် People Power ပါတီ အဖျက်မခံရမီကပင် ထိုပါတီဝင် အစိုးရအဖွဲ့ထဲမှ အမတ်အချို့က ပွေထိုင်းပါတီထောင်ပြီးဖြစ်သည်။ တချိန်က တပ်ဆင်၏ ထိုင်းရပ်ထိုင်းပါတီ အဖျက်ခံရပြီးမကြာခင် People Power ပါတီကို ပြည်ပရောက် တပ်ဆင်၏ ငွေကြေးထောက်ပံ့မှုဖြင့် တည်ထောင်ခဲ့ပြီး စမတ် ၀န်ကြီးချုပ်ဖြစ်လာသည်။ ထို့ကြောင့် စမတ်သည် တပ်ဆင်၏ ရုပ်သေးဝန်ကြီးချုပ်ဟု အစွပ်စွဲခံရခြင်းဖြစ်သည်။ စမတ်ပြုတ်ပြီး မကြာခင် တပ်ဆင်၏ ယောက်ဖ ဆွန်ချိုင်း ၀န်ကြီးချုပ်ဖြစ်လာသည်။ ဆွန်ချိုင်းပြုတ်ပြီးနောက် ပေါ်ပေါက်လာသည့် ပွေထိုင်းပါတီသည်လည်း တပ်ဆင် ကျောထောက်နောက်ခံပေးထားသည့် ပါတီဖြစ်လာပြန်သည်။

ဒီမိုကရက်ပါတီက အစိုးရဖွဲ့ရန် ခြေလှမ်းပြင်နေသော်လည်း တပ်ဆင်ကျောထောက်နောက်ခံ ပေးထားသည့် ပွေထိုင်းပါတီက အတိုက်အခံဘက် ဘက်ပြောင်းသွားသည့် အမတ်များ ပြန်လာရန် နည်းမျိုးစုံဖြင့် ဖိအားပေးနေသည်။ အချို့ ထိုင်းအရှေ့မြောက် မဲဆန္ဒနယ်များ၌ ယင်းသို့ ဘက်ပြောင်းသည့် အမတ်များ၏ နေအိမ်ကို ပိတ်ဆို့ရန် ရွာသားများအား ခိုင်းစေထားသည်ဟုလည်း အမတ်အချို့က ပြောသည်။

တပ်ဆင်နှင့် တရားဝင် ကွာရှင်းပြီးဆိုသည့် တပ်ဆင်၏ ဇနီးဟောင်း ပွန်ဂျမင်သည် မကြာခင်က ဘန်ကောက်ပြန်ရောက်လာပြီးနောက် ပွေထိုင်းပါတီကို ကြိုးကိုင်နေသည်ဟု အစွပ်စွဲခံရသည်။ အထူးသဖြင့် ဒီမိုကရက်ပါတီကို ဘက်ပြောင်းသွားသည့် နေ၀င်းချစ်ချော့အုပ်စုဝင် အမတ်များကို ပြန်ခေါ်ရန် စည်းရုံးသော်လည်း မအောင်မြင်ဟု ထိုင်းမီဒီယာများက ရေးသည်။
အတိုက်အခံ ဒီမိုကရက်ပါတီနှင့် ပွေထိုင်းပါတီတို့ အမတ်များကို အလုအယက် ငွေဖြင့် ဆွဲဆောင် နေသည့်အတွက် ထိုင်းနိုင်ငံရေးမှာ အမတ်ဈေးကောင်းလာသည်ဟု ဆောင်းပါးရှင် ဆော့ပွန် အွန်ကာရာက The Nation သတင်းစာတွင် ရေးသည်။ ဒီမိုကရက်ပါတီသာ အစိုးရဖွဲ့ခဲ့လျှင် တပ်ဆင်အနေဖြင့် နောက်ထပ် ထောင်ဒဏ်များ ရင်ဆိုင်ရနိုင်သည့်အတွက် တပ်ဆင်ဘက်ကလည်း ပွေထိုင်းပါတီ အစိုးရဖွဲ့နိုင်ရန် အလျော့ပေးမည် မဟုတ်။

ယခုရက်ပိုင်းအတွင်း အမတ်တဦးကို မည်မျှငွေပုံ ပေးရပေးရ အတိုက်အခံပါတီနှင့် ပွေထိုင်းတို့ အပြန်အလှန် အာဏာလွန်ဆွဲနေသည့်အတွက် ထိုင်းနိုင်ငံရေးမှာ ငွေသာအဓိကဟု ဆော့ပွန် အွန်ကာရာက ထောက်ပြသည်။ ထိုင်းနိုင်ငံရေး အကျပ်အတည်းတွေ့လေ အမတ်များ ငွေရှာ၍ကောင်းလေဟုလည်း ဝေဖန်ထားသည်။ မည်သည့်ပါတီ အစိုးရဖွဲ့ဖြစ်မည်ဆိုသည့် နောက်ဆုံးအဖြေအပေါ် ငွေက လွှမ်းမိုးထားဆဲ ဖြစ်သည်ဟုလည်း ရေးထားသည်။

ထိုင်းအတိုက်အခံ ဒီမိုကရက်ပါတီအနေဖြင့် လောလောဆယ် အမတ်နေရာ (၂၄၂) နေရာ အပိုင် ရထားသည်ဟု ဆိုသော်လည်း ၀န်ကြီးချုပ်နေရာအတွက် လွှတ်တော်ထဲ မဲခွဲချိန်တွင် မဲအရေအတွက် ထိုမျှရ မရ ဆိုသည်မှာ မသေချာဟု အကဲခတ်များက တွက်သည်။



Ref: ခေတ်ပြိုင်

Read More...

Thursday, December 11, 2008

မြန်မာနိုင်ငံ နှစ် ၆၀ အတွင်း လူ့အခွင့်အရေး ပိုမိုဆိုးလာ

10 December 2008

ဒီကနေ့ဟာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုနိုင်ခဲ့တဲ့ နှစ် ၆၀ပြည့် ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်းကို စတင် အတည်ပြုတဲ့အထဲမှာ လွတ်လပ်တဲ့ မြန်မာနိုင်ငံလည်း တနိုင်ငံ အပါအ၀င် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာ ကတော့ ဒီနေ့ကာလ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆိတ်သုန်းနေတာဖြစ်ပြီး၊ ဒီအတွက် အခုနှစ် ၆၀ပြည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အချိန်အခါမှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေးတွေ လေးစားလိုက်နာဖို့ အခွင့်အခါကောင်း ရယူပါလို့ - မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက မြန်မာ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်တဲ့နှစ်နဲ့ မြန်မာ လွတ်လပ်ရေး ကြေညာ နိုင်တဲ့နှစ် တနှစ်တည်း ဖြစ်တာမို့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ကျရောက်တဲ့ အခု နှစ် ၆၀ပြည့်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ နှစ် ၆၀ လည်းဖြစ်ပါတယ်။ ဒါကြောင့် အခု လူ့အခွင့်အရေး ကြေညာစာတမ်း နှစ် ၆၀ပြည့်အချိန်အခါမှာ မြန်မာအစိုးရအနေနဲ့ လူ့အခွင့် အရေးကို လေးစားလိုက်နာဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာကင်တာနားက မြန်မာစစ်အစိုးရကို အခုလို တိုက်တွန်းသွားတာပါ။

“ဒီကနေ့လို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း ထုတ်ပြန်တဲ့ ၁၉၄၈ခုနှစ်မှာ မြန်မာနိုင်ငံဟာ အချုပ်အချာ လွတ်လပ်တဲ့ တိုင်းပြည်အဖြစ် ရရှိခဲ့တဲ့နှစ် ဖြစ်သလို ဒီကြေညာ စာတမ်းကြီးကို အတည်ပြုပေးခဲ့တဲ့ အထဲမှာလည်း ပါပါတယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာဖို့ ဒီနေ့ဟာ အခွင့်အခါကောင်းလို့ ဆိုပါရစေဗျာ။ လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု တစုံတရာ ကျနော်တို့မတွေ့ရပါဘူး။”

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက စိုးရိမ်ပူပင်ကြောင်း ပြောနေဆိုနေ ဖိအားတွေ ပေးနေတဲ့ကြားကပဲ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ တွေဟာ ဆိုးဝါးနေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေဖက်က ထောက်ပြကြပါတယ်။ မစ္စတာ ကင်တာနားကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ ဆိုရင်တော့ - အရင်ဆုံး အချက် ၄ ချက် သူအကြံပြုချင်တယ်လို့ အခုလို ပြောပါတယ်။

“ကျနော် အကြံပေးချက်က အဓိကလုပ်စရာ လူ့အခွင့်အရေးကိစ္စ ၄ ချက် နဲ့ စရပါမယ်။ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီး လွှတ်ပေးဖို့၊ လွတ်လပ်စွာ ဆန္ဒသဘောထား ဖော်ထုတ်ခွင့်နဲ့ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်တွေကို ထိခိုက်စေတဲ့ နိုင်ငံတော် ဥပဒေတွေကို ပြန်လည် သုံးသပ်ပေးဖို့ တရားရေးစနစ် ပြုပြင်ပြောင်းလဲဖို့ နောက်ဆုံး အချက်ကတော့ စစ်တပ်တွင်း ပြုပြင်ပြောင်းလဲရေးကိစ္စပါ။ အခြားတဖက်မှာလည်း လာမယ့် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက် နိုင်ငံတကာနဲ့ အာဆီယံလို ဒေသတွင်း အဖွဲ့အစည်းတွေ အိမ်နီးချင်း နိုင်ငံတွေရဲ့ ပါဝင် ပတ်သက် ဆောင်ရွက်မှု အခန်းကဏ္ဍဟာလည်း အရေးပါပါတယ်။”

မြန်မာနိုင်ငံတွင်း မကြာခင်ကပဲ နိုင်ငံရေး အကျဉ်းသားတွေကို နှစ်ရှည်ထောင်ဒဏ် ချမှတ်တဲ့ ကိစ္စအပေါ်မှာ မစ္စတာကင်တာနား အပါအ၀င် အခြား ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲတွေ ပူးပေါင်း လက်မှတ်ထိုးပြီးတော့ ဒီအမှုတွေကို ပြန်သုံးသပ်ဖို့ မြန်မာ အစိုးရကို စာပို့ ခဲ့ပါတယ်။ မြန်မာ အစိုးရဖက်ကတော့ ဒါတွေနဲ့ ပတ်သက်လို့ တရားဝင် ဘာမှ တုန်ပြန် ပြောဆိုတာ မရှိပါဘူး။ သူတို့အနေနဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံရေး လှုပ်ရှားသူတွေ အထူးသဖြင့်ဆိုရင် လူ့အခွင့်အရေး ကာကွယ်ပေးနေသူတွေ အပေါ် အာဏာပိုင်တွေက ခြိမ်းခြောက် အပြစ်ပေးမှုတွေ ရှိနေတာအပေါ် အလွန်တရာ စိုးရိမ်နေတယ်လို့ မစ္စတာ ကင်တာနားက ပြောပါတယ်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေး ကာကွယ်လှုပ်ရှားသူတွေ အထူးသဖြင့်ဆိုရင် နိုင်ငံရေး လှုပ်ရှားသူတွေရဲ့အမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေကို အစိုးရက အရေးယူအပြစ်ပေး ထောင်ချ နေတာတွေကို ကျနော်တို့ တတွေ အတော်လေးကို စိုးရိမ်ကြောင်း ပြောနေပါတယ်။”

အခု မြန်မာ စစ်အစိုးရ ရေးဆွဲ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံမှာရော ဒီမတိုင်ခင် အမျိုးသားညီလာခံမှာပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တွေ့ရတယ်လို့ အရင် ကုလသမဂ္ဂ ကိုယ်စားလှယ်တွေရော လူ့အခွင့်အရေး လှုပ်ရှားသူတွေကပါ မြန်မာစစ်အစိုးရကို ဝေဖန်ခဲ့ပါတယ်။ မြန်မာ စစ်အစိုးရ ကတော့ ဒါတွေအားလုံး ဂရုမစိုက်ပဲ အခု နောက်ဆုံးအဆင့် ရွေးကောက်ပွဲတောင် လုပ်ဖို့ ပြင်နေပါပြီ။ ဒီနေရာမှာလည်း စစ်မှန်ပြီး မျှတတဲ့ နိုင်ငံတကာ စံနှုန်း ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားရမယ်လို့ မစ္စတာကင်တာနားက ထောက်ပြေ ပြာဆိုပါတယ်။

“၂၀၁၀ခုနှစ် ရွေးကောက်ပွဲ လုပ်ဖို့ဆိုရင် လူ့အခွင့်အရေးတွေကို လေးစား လိုက်နာရပါမယ်။ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရပါမယ်။ တတိုင်းတပြည်လုံးက ပြည်သူတွေအားလုံး သူတို့ ဆန္ဒရှိရင် ဒီရွေးကောက်ပွဲထဲ ပါဝင်ခွင့် ရှိရပါမယ်။ ပါတီတွေ ဖွဲ့ခွင့်ရှိရမယ်။ မဲဆွယ် စည်းရုံးခွင့် ရှိရမယ်။ ဒါဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာ သတ်မှတ်ထားတဲ့ စံနှုန်းတွေပါ။ ဒါကြောင့် ဒီ နိုင်ငံရေး လုပ်ငန်းစဉ်တွေ အတွက် လူ့အခွင့်အရေး ကိစ္စတွေဟာ မရှိမဖြစ် အရေးကြီးပါတယ်။”

မစ္စတာ ကင်တာနား ဟာ လာမယ့် မတ် ၂၀၀၉ မတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ မျှော်လင့်ထားတယ်။ အခုအချိန်အထိတော့ မြန်မာနိုင်ငံကို ဘယ်တော့ သွားနိုင်မလဲ အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စတိုးတက်လာဖို့ဆိုရင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ အခွင့်အာဏာပေးထားတဲ့ သူ့လုပ်ငန်းစဉ်ဟာ မဏ္ဍိုင်ကျပြီး ဒီအပေါ်မှာ ထောက်ခံ ကူညီကြဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ လူ့အခွင့်အရေး ကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူး အစည်းအဝေး တရပ် ခေါ်ယူနိုင်ချေ ရှိ မရှိ ဆိုတာနဲ့ ပတ်သက်လို့ မေးမြန်းတော့ သူ့ရဲ့မတ်လခရီးစဉ်နဲ့ ဒီအပေါ် ရလဒ်ကိုတည်ပြီး ကောင်စီက စဉ်းစား ဆုံးဖြတ်ပါလိမ့်မယ်လို့ပဲ ဖြေကြားခဲ့ပါတယ်။

Ref: VOA News

Read More...

မြန်မာအပါအ၀င် လူ့အခွင့်အရေးဆောင်ရွက်သူ ဘလောဂါများနဲ့ သမ္မတဘွတ်ရှ် တွေ့ဆုံ

10 December 2008

ဒီနေ့ ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ် သမ္မတ ဘွတ်ရှ်ဟာ အိမ်ဖြူတော်မှာ ဆူဒန်မှာ ပြဿနာ တက်နေတဲ့ ဒါဖော ဒေသက လှုပ်ရှား တက်ကြွသူ၊ မြန်မာ၊ တရုတ်၊ အီဂျစ် စတဲ့ နိုင်ငံများက ဘလောက်ဂါများနဲ့ တွေ့ဆုံ ပါလိမ့်မယ်။ ဒါဖော ဒေသမှာ ဘာတွေ ဖြစ်နေသလဲဆိုတာကို စာရေး ဆရာ ဆရာဝန် ဟာလီမတ် ဘရှေး ရဲ့ မျက်မြင် ကိုယ်တွေ့ တင်ပြချက်ကို သမ္မတ ဘွတ်ရှ်က သူ့ရဲ့ ရုံးခန်းမှာ ဦးစွာ နားထောင်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဟာလီမတ် ဘရှေး Tear of the desert သဲဂန္တာရထဲက မျက်ရည်များဆိုတဲ့ စာအုပ်နဲ့ ဒါဖော ဒေသက ရက်စက် ကြမ်းကြုတ် ပုံများ ကမ္ဘာက သိအောင်လို့ ရေးသား ထုတ်ဝေခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ကမ္ဘာ အရပ်ရပ်က ဘလောက်ဂါများနဲ့ ရုပ်မြင်သံကြား အစည်းအဝေး လုပ်ခဲ့ပြီးနောက် အိမ်ဖြူတော်မှာ ကိုယ်တိုင် တွေ့ဆုံကြမယ့် မြန်မာ၊ အီရန်၊ တရုတ်၊ ကျူးဘား၊ ဘလိုရက် နိုင်ငံတွေထဲက ဘလောက်ဂါတွေထဲမှာ ဆန်ဖရန်စ္စကို မြို့အခြေစိုက် မိုးမခ သတင်းဌာနမှာ မြန်မာ ဘလောက်ဂါ မောင်ရစ်လည်း ပါဝင်ပါတယ်။

VOA News

Read More...

Wednesday, December 10, 2008

လှုံ့ဆော်ရေးပြောက်ကျားတိုက်ပွဲများ

အခန်း (၁)
လမ်းထိပ်မှအကြော်သည် ဒေါ်ဘုမဆိုင်တွင် လူအများစည်ကားနေသည်။ ညနေကျောင်းဆင်းချိန်၊ ရုံးဆင်း ချိန်လဲဖြစ်၊ ညစာဟင်းလျာမရှိသူတစ်ချို့မှာလဲ အကြော်လေးနှင့် ထမင်းကြမ်းလေးနှင့်သာ ဝမ်းစာ တနပ် ပြီးဆုံးရမည်မို့ စည်ကားနေသည်မှာ အဆန်းမဟုတ်တော့။ နေ့လည်နေ့ခင်း အဆာပြေစားရသည့် မုန့်ပဲ သွားရေစာလေးများ ဟင်းလျာဖြစ်လာခဲ့သည်မှာ ကြာခဲ့ပြီပဲ။ မကျေနပ်ချက်များကတော့ လူထုရင်ထဲတွင် ဗလောင်ဆူနေဆဲ။

ဤတဒင်္ဂလေးတွင် သူတို့ရင်ထဲမှ ခံစားချက်များကို ဖော်ပြပေးသည့် ကြွေးကြော်သံများ ထွက်လာသည်။
‘လေးစားအပ်ပါသောလူထုကြီးရှင့်။ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ကျွန်မတို့ ဒီလိုဘဝက လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ လူထုတိုက်ပွဲများစတင်ကြဖို့ အချိန်တန်ပါပြီ။’

ပြောပြောဆိုဆိုနှင့် အသံမာန်ဟုန်မြှင့် ပြောနေသူက ကြွေးကြော်သံများ တိုင်လိုက်သည်။ လူများမှလဲ စိတ်အားထက်သန်စွာ ‘အောင်ရမည်၊ အောင်ရမည်’ အော်ဟစ်လိုက်ကြသည်။ တစ်မိနစ်ခန့်ရှိသည်နှင့် ဟောပြောနေသူက နီးစပ်ရာ ဘတ်စ်ကားပေါ်သို့ တက်သွားသည်။ မည်သူမှန်း ဘယ်သူမှ မသိလိုက်ကြ။ လူထုတိုက်ပွဲစတင်နေပြီဆိုသည်ကိုတော့ သူတို့နားလည်လိုက်ကြသည်။ နီးစပ်ရာဆွေးနွေး တိုင်ပင် ကြတော့မည်။

အခန်း (၂)
ဘတ်စ်ကားမှတ်တိုင်တွင် လူအများစည်ကားနေသည်။ နံနက်ရုံးတက်ချိန်၊ ကျောင်းတက်ချိန် ဖြစ်သည်ကိုး။ လူတွေအားလုံးစီမှာတော့ သောကကိုယ်စီ ပြည့်နှက်လျက်။

ခါတိုင်းစားနေကျ မုန့်ဟင်းခါးကို တောင့်တသူက တောင့်တနေသည်။ မုန့်ဟင်းခါးတပွဲ သုံးလေးရာကာလမှာ တလတပွဲစားနိုင်ဖို့တောင် မလွယ်တော့ ပါလား။

ထမင်းဘူးထဲမှ ဆီမပါ ရေလုံပြုတ် အရွက်ကြော်လေးအကြောင်း စဉ်းစားသူက စဉ်းစားနေသည်။ အို- ကြက်သားဟင်းဆီပြန်လေး တစ်ခွက်လောက်စားချင်လိုက် ပါဘိ။ စိတ်ထဲက တောင့်တရင်း မသိမသာ တံတွေးမျိုချသူကမျို။
ကျောင်းကတံမြက်စည်းဖိုးမပေးနိုင်သေးသည့် ကျောင်းသားလေးကလဲ သက်ပြင်းခဏခဏချရင်း ဒီနေ့လဲ အရိုက် ခံရဦးမည့်အကြောင်း တွေးနေဆဲ။

မြို့ထဲအလုပ်သွားရှာနေသည့် အိမ်ထောင်သည်ခမျာမှာလဲ မပေါ့မပါးနဲ့ အိမ်မှာကျန်ခဲ့တဲ့ ဇနီးသည်ကို တလှည့်၊ ဆန်ပြုတ် မစားချင်ဘူးငြင်းလို့ ထရိုက်ခဲ့မိတဲ့ သားငယ်လေး မျက်နှာကိုတလှည့် မြင်ယောင်ရင်း အလုပ်ရမှ ရပါ့မလား ပူပန်သောကတွေနဲ့။
ဒီလိုအချိန်မှာ လူငယ်လေးတစ်ယောက်ရဲ့ အသံထွက်လာသည်။

‘‘လေးစားအပ်ပါသော လူထုကြီးခင်ဗျာ။ စစ်အာဏာရှင်စနစ် ရှိနေသရွေ့ ကျွန်တော်တို့ ဒီလိုဘဝဆိုးက လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ လူထုတိုက်ပွဲများ စတင်ဖို့အချိန်တန်ပါပြီ။’

ပြောပြောဆိုဆိုနှင့် အသံမာန်ဟုန် မြှင့်ပြောနေသူက ကြွေးကြော်သံများတိုင်လိုက်သည်။ လူများမှလဲ စိတ်အား ထက်သန်စွာ ‘အောင်ရမည်၊ အောင်ရမည်’ အော်ဟစ်လိုက်ကြသည်။ တစ်မိနစ်ခန့်ရှိသည်နှင့် ဟောပြောနေသူက နီးစပ်ရာ ဘတ်စ်ကားပေါ်သို့ တက်သွားသည်။ မည်သူမှန်း ဘယ်သူမှ မသိလိုက်ကြ။

လူထုတိုက်ပွဲစတင်နေပြီ။ ဒါကိုတော့ သူတို့နားလည်လိုက်ကြသည်။ နီးစပ်ရာဆွေးနွေး ကြတော့မည်။

အခန်း(၃)
မဖြစ်သာလို့သာ ကျောင်းသို့ထွက်လာရပေမယ့် အထက်တန်းဆရာမ ဒေါ်မြမြဝင်း စိတ်ထဲမှာ လေးလံလို့နေသည်။
‘ဒီလောက်စားရမဲ့၊ သောက်ရမဲ့ဘဝဖြစ်နေတာ။ တို့ခေတ်တုန်းကသာဆို သူပုန်ထပြီးလောက်ပြီ’တဲ့။

အသက်(၇ဝ)ကျော် အမေအိုရဲ့ စကားသံကို နားထဲကမထွက်။ လကုန်ရက်မို့ လက်ထဲမှာ ပိုက်ဆံ နည်းနေပေမယ့် အမေ့ကိုကျွေးချင်ဇောနှင့် ပဲပြုတ်သည်လေးခေါ်မိသည်၊ သူမလက်ထဲကျန်သည့် ပိုက်ဆံက ပဲပြုတ်ဖိုးပင် မကာမိ။ ကျိတ်ပြီးကျနေရသည့် မျက်ရည်စက်များကို အမေမမြင်အောင် ထိန်းထားခဲ့ပေမယ့် ပါးနပ်သော အဘွားအိုအမေက အရေတွန့်နေသော လက်ချောင်းလေးများဖြင့် သုတ်ပေးရင်း တီးတိုး ရေရွတ်လိုက်သံ။

လစာထုတ်ပြီးမှပဲအမေကြိုက်တဲ့ ငါးခူကြော်လေးဝယ်ကျွေးရမယ်။ ဘုရား-ဘုရား၊ သားဈေးငါးဈေးတွေ ဒီထက်ပိုပြီး မတက်ပါစေနဲ့။ သူမရင်ထဲ ကြိတ်ဆုတောင်းနေမိသည်။ ဝမ်းနည်းစိတ်၊ နာကျည်းစိတ်နှင့် လျှောက်နေသော သူမခြေလှမ်းများက ကျောင်း အဝင်ဝတွင် ရပ်တန့်သွားသည်။ ကျောင်းအဝင်အနီး အုတ်တံတိုင်းပေါ်တွင် အနီရောင်စာလုံးဖြင့် ရေးထားသည်က
‘နိုးကြားကြလော့ ကျောင်းသားတို့။ နိုးကြားကြလော့ ဆရာတို့။ လူထုတော်လှန်ရေးလုပ်ဖို့ အချိန်ကျရောက် လာလေပြီ။’ တဲ့။
ကျောင်းသားများဝိုင်းအုံလို့နေသည်။ သူမရင်ထဲတွင် အတိုင်းမသိဝမ်းသာလိုက်ဘိခြင်း။


သူမအိတ်ထဲမှ မြေဖြူခဲလေးကို မသိမသာထုတ်ရင်း ကျောင်းရှိရေအိုးစင်သို့ လျှောက်သွားလိုက်သည်။ ရေအိုးများပေါ်တွင် သူမရေးလိုက်သည်က
‘ငတ်ရင်းသေသည်ထက် တိုက်ရင်းသေရမည်’ တဲ့။
လူသံကြားသည်နှင့် သူမရှောင်ထွက်သွားလိုက်သည်။ ဘာဆက်လုပ်ရမည်ကို သိသွားသဖြင့် သူမရင်ထဲ ပေါ့ပါးသွားလေသည်။

အခန်း(၄)
အမှတ် ( ) ဘတ်စ်ကားပေါ်သို့ ဂျာနယ်ရောင်းသူများ တက်လာသည်။
“အထူးကံစမ်းမဲအစီအစဉ်ပါခင်ဗျား။ ခရီးသည်များအား မဲလိပ်များပေးပါမယ်။ ပထမဆု (၂၁)လက်မ ရောင်စုံတီဘီ၊-------------------။ မဲပေါက်သူ ကံထူးရှင်များ ဆက်သွယ်ရန် လိပ်စာလဲ ပါပါတယ်။ ကဲ- ကံစမ်းမဲ မဲလိပ်တွေပါခင်ဗျာ။” ဆိုပြီး မဲလိပ်များ ကြဲချလိုက်ကြသည်။ လူအများကောက်နေဆဲ သူတို့ကတော့ ရှေ့မီးပွိုင့်တွင် ဆင်းကျန်ရစ်သည်။
ခရီးသည်များ မဲလိပ်များဖွင့်ကြည့်စဉ်မှာတော့

“ကံထူးဖို့အကြောင်း၊ ဒီမိုကရေစီချက်ချင်းတောင်း”

“စစ်အာဏာရှင်စနစ်ကျဆုံးမှ၊ ပြည်သူ့ဘဝလှမည်ပ”

“စားဝတ်နေရေးပြေလည်ဖို့၊ နအဖအား တော်လှန်စို့”

ဆိုသည့်စာသားများ။
ခရီးသည်များ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သွားမည့်နေရာများတွင် ပြောဆိုဖို့စကား အစရလေပြီ။
မည်သို့ဆိုစေ၊ တီးတိုးစကားသံများ ကျယ်လောင်လာလျှင် ထိုအသံများ ပေါင်းစပ်သွားပြီး၊ အာဏာရှင် စနစ်ဆိုတာ ပြုတ်ကျရစမြဲပင် မဟုတ်ပါလား။

ခင်မမမျိုး (ဇူလိုင်၊ ၂၀၀၆)

Read More...

မျက်လှည့်ဆရာ စစ်အုပ်စု

န၀တ၊ နအဖ စစ်အုပ်စုအဆက်ဆက်တို့သည် ၄င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူနှင့် ကမ္ဘာကို မျက်လှည့်ပြလေ့ရှိကြသည်။ သို့ပေမယ့် ၄င်းတို့မျက်လှည့်ပညာကပဲ မကျွမ်းကျင်၍လား၊ ပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကပဲ ပါးနပ်လွန်းနေ၍လားမသိ။ ယင်းတို့၏ မျက်လှည့်ပြကွက်များမှာ ရှေ့ကဖုံး၊ နောက်ကပေါ်ဖြစ်ကာ မြင်မကောင်း၊ ရှူမကောင်းဖြင့် ဇာတ်သိမ်းမလှ ဖြစ်တတ်လေ့ရှိသည်။

၁၉၈၈ တွင် မဆလပါတီဇာတ်သိမ်း၍၊ လူထုတိုက်ပွဲ အရှိန်ရလာသည်ကို အာဏာသုံး၍ ရက်ရက်စက်စက် ဖြိုခွဲခဲ့ကြသည်။ ယင်းသို့ မဆင်မခြင် ရမ်းရမ်းကားကား နိုင်ငံတော် လူသတ်မှု ကျူးလွန်မှုများကြောင့်၊ ကျောင်းသားတပ်မတော် ပေါ်ပေါက်လာသည်။ စစ်ရေးဒေသ အသီးသီးတွင် လက်နက်ကိုင်လှုပ်ရှားမှုများ အားကောင်းလာသည်။ နိုင်ငံတကာမှ အာရုံစိုက်မှု မြင့်တက်လာသည်။
ဤသည်ကို ကုစားရန်က န၀တတွင် မျက်လှည့်ပြကွက်တခုသာရှိသည်။ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် ကြားဖြတ်အစိုးရ ဖွဲ့စည်းခြင်း နည်းလမ်းများအရ၊ တိုင်းပြည်အာဏာကို ခေတ္တထိန်းသိမ်းသော ကြားဖြတ်အစိုးရဆိုလျှင် နိုင်ငံတကာ အာရုံစိုက်မှု လျော့ကျသွားနိုင်သည်။ လူထု၏ တော်လှန်ရေး အရှိန်ငြိမ်ကျသွားနိုင်သည်။ တော်လှန်ရေး အင်အားစုများအကြားတွင် ပလက်ဖောင်းမျိုးစုံဖြင့် တိုက်ပွဲဝင်မှုများ ပေါ်ပေါက်လာမည် ဖြစ်သောကြောင့် အင်အားစုများ ပြန့်ကျဲသွားနိုင်သည်။ ဤတွက်ကိန်းဖြင့် န၀တက တရားဝင် ပါတီထောင်ခွင့်များ ပေးလိုက်သည်။ တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပရန် ကြေညာသည်။ ပြည်တွင်းအင်အားစုများ ပါတီများ၊ ရွေးကောက်ပွဲကိစ္စများနှင့် ရှုပ်ကုန်ကြသည်။ ထိုအချိန်တွင်မှ ပစ်မှတ်ကို လက်နက်ကိုင် အင်အားစုများဘက်သို့ ဦးတည်လိုက်သည်။ စစ်ရေး၊ စည်းရုံးရေး နည်းလမ်းမျိုးစုံဖြင့် မီးစတဘက်၊ ရေမှုတ်တဘက် လမ်းစဉ်ကို ကျင့်သုံးသည်။ စစ်ဆင်ရေးများ တဘက်က ဆင်နွှဲနေစဉ်ဝယ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား စည်းရုံးရေးလုပ်ငန်းများ စတင်လုပ်သည်။ အခွင့်အရေးများပေးသည်။ ဤနည်းဖြင့် တိုင်းရင်းသားအဖွဲ့များ တဖွဲ့ပြီး တဖွဲ့ န၀တထောင်ချောက်ထဲ ရောက်ကုန်ခဲ့ကြသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် န၀တ မျက်လှည့်ပြကွက်က လှပသယောင်ထင်ရပါသည်။ သို့ပေမယ့် မျက်လှည့်ဆရာ စစ်အုပ်စုတို့၏ ပြကွက်ကြောင့် ကို ၉၀ ရွေးကောက်ပွဲရလာဘ် ထွက်ပေါ်လာတော့သည်။

န၀တစစ်အုပ်စုတို့အတွက် ၉၀ ရွေးကောက်ပွဲရလာဘ်သည် လောင်းကြေးကြီးကြီးပေး၍ ကစားခဲ့ရသော ပွဲတခုသဖွယ် ဖြစ်သွားခဲ့သည်။ တစညကို မည်သို့ပင် အားပေးအားမြှောက် လုပ်ခဲ့သော်လည်း၊ လူထု၏ အသဲကြားက မဲတပြားကို မတားဆီးနိုင်ခဲ့။ ဤမှာတင် စစ်အုပ်စုတို့ မျက်လုံးပြူးကြတော့သည်။ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည့် ဗိုလ်စောမောင်ကို အမြန် ဖြုတ်ချပစ်လိုက်သည်။ ၉၀ ရွေးကောက်ပွဲကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးရန် ရည်ရွယ်ချက်ဟူ၍ ကြေညာသည်။ အမျိုးသား ညီလာခံကျင်းပသည်။ သို့ပေမယ့် ဤမျက်လှည့်ပြကွက်ကို ပြည်သူနှင့် နိုင်ငံတကာက လက်မခံကြ။ စင်ပြိုင်အစိုးရက ပေါ်ပေါက်လာသည်။ နောက်ဆုံးအနိုင်ရပါတီကပါ ညီလာခံကို ကန့်ကွက်လိုက်သည့် အချိန်ကျတော့ နအဖတို့ ထွက်ပေါက်မဲ့သွားသည်။ အမျိုးသားညီလာခံကို နှစ်ရှည်လများကြာအောင် အချိန်ဆွဲထားသည်။ တစညသည် ကောက်ကာငင်ကာ ဖွဲ့လိုက်ရသည့် နိုင်ငံရေးထိုးစစ် အဖွဲ့တခုဖြစ်သောကြောင့်၊ ပိုမို အင်အားကြီးမားသည့် နိုင်ငံရေးထိုးစစ်အဖွဲ့ တခုဖွဲ့ရန် စစ်အုပ်စုတို့ ယူဆလိုက်ပုံရသည်။ ဤမှာပင် စစ်အုပ်စုအတွေးထဲသို့ local people ကို အသုံးပြုရန် လမ်းညွှန်ထားသည့် အတိုက်အခံ ချေမှုန်းရေး principle တခုက ၀င်ရောက်လာခဲ့သည်။ အဆိုပါလမ်းစဉ်ဖြင့် ကြံ့ဖွတ်အဖွဲ့ကို ဖွဲ့စည်းကြတော့သည်။ တချိန်တည်းမှာပင် စစ်ရေးထိုးစစ်အဖြစ် နိုင်ငံရေးလှုပ်ရှားမှုများ၏ ဗဟိုချက်မဖြစ်နေသော မာနယ် ပလောကို မြှားဦးလှည့်တော့သည်။ သို့ပေမယ့် နအဖ မျက်လှည့်ပြကွက်များက သိပ်မထိရောက်လှ။ အတိုက်အခံများ၏ လက်နက်ကိုင်လှုပ်ရှားမှု စစ်မျက်နှာတွင် အားလျော့သွားသော်လည်း နိုင်ငံတကာ စစ်မျက်နှာက ပိုမိုအားကောင်းလာခဲ့သည်။ နိုင်ငံတကာ၏ အရေးယူမှုများ အဆက်မပြတ် ပေါ်ပေါက်လာခဲ့သည်။ ၉၆ ကျောင်းသားလှုပ်ရှားမှုများ ပေါ်ပေါက်လာသည်။ စီအာပီပီ ပေါ်ထွက်လာသည်။

သို့ဖြစ်ရာ စစ်အုပ်စုအနေဖြင့် နိုင်ငံတကာ စစ်မျက်နှာကို ထပ်မံဖွင့်လှစ်ကြရတော့သည်။ မြန်မာ့အရေး လှုပ်ရှားသူများအား ခွဲထုတ်ဖဲ့ခြွေသည့် နည်းလမ်းများ၊ နိုင်ငံရေးစစ်မျက်နှာ ကျွမ်းကျင်သူ အချို့အား ငွေပေးဝယ်၍ ၀ါဒဖြန့်ချိရေး နည်းလမ်းများသုံးခဲ့ကြသည်။ ပြည်တွင်းမှ လူထုကိုလည်း နေ့စဉ်လုပ်ငန်းတာဝန်များဖြင့် အလုပ်ရှုပ်နေစေရန် အာရုံပြောင်းထားသည်။ ချဲထီများ၊ နှစ်လုံးထီများဖြင့် လောင်းကစားဘက်သို့ အာရုံရောက်နေစေရန် ယုတ်မာစွာ ကြံစည်ကြသည်။ ၁၉၉၆ မှ ၂၀၀၀ အထိ နှစ်ရှည်လများ ကျောင်းရက်ရှည်ပိတ်၍ ကျောင်းသားမျိုးဆက်ကို ခါးဆက်ဖြတ်လိုက်သည်။ တက္ကသိုလ် များကို ဝေးလံသော နေရာများသို့ ပြောင်းရွှေ့သည်။ အဆိုပါတက္ကသိုလ်သစ်များသို့ သွားရာလမ်း တလျှောက်တွင် တံတားကြီးများ ထားရှိခြင်းမှာ စစ်ဗျူဟာကျကျ ပြုလုပ်ထားကြခြင်းဖြစ်သည်။ လူထုနှင့် ကျောင်းသားကို ပညာပါပါဖြင့် ခွဲထုတ်ထားခြင်းဖြစ်သည်။ ထောက်လှမ်းရေး ကြိုးကိုင် ဂျာနယ်များ၊ ရုပ်မြင်သံကြား လိုင်းသစ်များဖြင့် လူထု၏ နိုင်ငံရေးအသိစိတ်ကို ချိုးနှိမ်ပစ်လိုက်ကြသည်။ ထိုသို့ ယုတ်မာသော နည်းလမ်းများဖြင့် မျက်လှည့်ပြထားသည်ကို အောင်မြင်ပြီဟု ယူဆသောအခါ၌ လူထုခေါင်းဆောင်ကို လွှတ်ပေးလိုက်သည်။ ဤမှာတင် စစ်အုပ်စုမျက်လှည့်ဆရာတို့ ၄င်းတို့ ပြပွဲ မအောင်မြင်ကြောင်း သိလိုက်ရပြန်သည်။

တောရော၊ မြို့ပါမကျန် ပြည်သူလူထု၏ ရင်ထဲမှ သဘောထားဆန္ဒများမှာ ပျောက်ကွက်သွားခြင်း မရှိခဲ့။ ၂၀၀၂၊ ၂၀၀၃ ခုနှစ်ကာလ လူထုခေါင်းဆောင်၏ မြန်မာပြည်အနှံ့ ခရီးစဉ်များ ခြိမ့်ခြိမ့်သဲ အောင်မြင်ခဲ့ လေသည်။ စစ်အုပ်စုထဲတွင်လည်း အပြောင်းအလဲ လုပ်လိုသူများ၏ လျှို့ဝှက်ကြံစည်ချက်များက ပေါ်ထွက်လာသည်။ လူထုခေါင်းဆောင်အင်အားစုနှင့် အဆိုပါအင်အားစုတို့ ပေါင်းစည်းသွားပါက အကျပ်အတည်း ဖြစ်တော့မည်ကို စစ်အုပ်စုတို့ သဘောပေါက်ကြသည်။ သို့ဖြစ်၍ လူထုခေါင်းဆောင် အင်အားစု ချေမှုန်းရေး၊ အပြောင်းအလဲအတွက် လျှို့ဝှက်ကြံစည်နေသော စစ်အုပ်စုဂိုဏ်းသား ချေမှုန်းရေး စသည်များ ပေါ်ပေါက်လာတော့သည်။ လမ်းပြမြေပုံ အဆင့်ခုနစ်ဆင့်ကို ဒုံးစိုင်း၍ အကောင်အထည် ဖော်ကြတော့သည်။ အမျိုးဖျက်ညီလာခံကို အပြီးသတ်ကြတော့သည်။ ဒီမိုအင်အားစုများ အတွေးအခေါ် ရှုပ်ထွေးစေရန် မြှားဦးလှည့်ကြတော့သည်။ တတိယအုပ်စုဆိုသူများ ပေါ်ပေါက်လာသည်။ နအဖနှင့် အတိုက်အခံများ တိုက်ပွဲဖြစ်၍ လူထုမှ ကြားနေစေရန် လှုံ့ဆော်သည့် ကြားနေအုပ်စုများ ပေါ်ထွက် လာသည်။ ပြည်သူနှင့် အာဏာရှင်အစိုးရကြားမှ တိုက်ပွဲသဏ္ဍာန်ကို အသွင်ပြောင်းရန် နည်းမျိုးစုံဖြင့် ကြိုးစားကြတော့သည်။

သို့ပေမယ့် လူထု၏ တော်လှန်ရေးအရှိန်ကား ပြုတ်ကျမသွားခဲ့။ မျက်လှည့်ဆရာတို့ ရှုံးကြပြန်လေပြီ။ ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကြီးတွင် လူထုနှင့် အာဏာရှင်တို့ ရန်စည်း၊ ငါစည်းပြတ်သွားသည်။ ပါးစပ်မှ ဖွင့်မပြောသေးလျှင်သာ ရှိမည်။ စစ်အုပ်စုဆိုသည်ကို အလွန်ပင် ခါးသီးရွံရှာနေသော စိတ်များက မြန်မာ အားလုံး၏ ရင်ထဲတွင် ရှိနေကြပြီ။ ရေရှည်ဆိုလျှင် လူထုတိုက်ပွဲကြီး အရှိန်အဟုန်နဲ့ ပေါ်ပေါက် လာတော့မည်ကို စစ်အုပ်စုတို့ စိုးရိမ်လာကြသည်။ သို့ဖြစ်ရာ လက်နက်ကိုင်အင်အားစုများကို အပြီးသတ် ထိုးစစ်ဆင်ရေး စီမံချက်အား အကောင်အထည် မဖော်ကြတော့ပဲ၊ Referendum ကိစ္စနှင့် ရွေးကောက်ပွဲ ကိစ္စကို ဇောင်းပေးလိုက်ကြသည်။ လူထုအရှိန်ကို ခေတ္တလျော့ကျ သွားစေရန် အာရုံပြောင်းလိုက် ကြခြင်းဖြစ်သည်။ နိုင်ငံတကာကို မျက်လှည့်ပြရန် ကြံစည်လိုက်ခြင်းဖြစ်သည်။ သို့ပေမယ့် အဖြေ ရလာဘ်သည် တရားမျှတသော ရလာဘ်တခု မဟုတ်ကြောင်း အားလုံးက သဘောပေါက် နေခဲ့ကြသည်။ နာဂစ်မုန်တိုင်းတွင် စစ်အုပ်စုတို့၏ အသုံးမကျသော တိုင်းပြည်အုပ်ချုပ်မှု စွမ်းရည်ကိုလည်း မြင်နေကြပြီး ဖြစ်သည်မို့ စစ်အုပ်စုသိက္ခာက အလွန်အမင်း ကျဆင်းနေခဲ့ပြီ။

ယခု ၂၀၁၀ ရွေးကောက်ပွဲသည်ကား စစ်အုပ်စုတို့၏ မဲပြာပုဆိုး မျက်လှည့်ပြကွက်များထဲမှ တခုသာ ဖြစ်လေသည်။ သို့ပေမယ့် ယခုမျက်လှည့်ပြကွက်ကိုတော့ အားလုံး သတိပြုကြရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်အုပ်စုသည် ယင်းတို့ အင်မတန်ကြောက်သော ၉၀ ရွေးကောက်ပွဲရလာဒ်ကို ချေဖျက်နိုင်ရန် ရည်ရွယ်ထားသည့်ပွဲ ဖြစ်နေသောကြောင့်ဖြစ်သည်။ နိုင်ငံတကာ စစ်မျက်နှာထိုးစစ်၊ ၀ါဒဖြန့်ချီရေး ထိုးစစ်များကိုလည်း အရှိန်အဟုန်ဖြင့် ပြုလုပ်နေကြသည်။ ဒီမိုအင်အားစုများအား ဖဲ့ခြွေရေး၊၊ အတိုက်အခံနှင့် လူထုအား ခွဲထုတ်ရေး လမ်းစဉ်များကိုလည်း တစိုက်မတ်မတ် ပြုလုပ်နေကြသည်။ သို့ရာတွင် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် ဆိုသည်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူထုလူတန်းစား ကွဲပြားမှုများတွင် အလယ်အလတ်လူတန်းစား တိုးတက်များပြားလာမှု၊ ဒီမိုကရေစီစနစ်ကို အကောင် အထည် ဖော်သည့် နိုင်ငံတော်ဖြစ်တည်မှုနှင့် political institutions များရှိမှု၊ Civil Society အားကောင်းမှု၊ နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ်၊ International engagements စသည့် Explanatory factors ခြောက်ရပ်အပေါ်တွင် မူတည်ပါသည်။

ထိုအချက်များနှင့် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ခြေအနေနှင့် နအဖဖွဲ့စည်းပုံကို ချိန်ထိုးကြည့်ပါက ရွေးကောက်ပွဲပြီး၍ အရပ်သား အစိုးရတက်လာမည် မှန်သော်လည်း ထိုအရပ်သားအစိုးရကို ကြိုးကိုင်မည့် သူများမှာ စစ်အုပ်စုသာဖြစ်ခြင်း၊ အမတ်ဝင်ရွေးရန် နအဖတို့ စီမံရွေးချယ်နေသူများမှာ စစ်အုပ်စုကြိုးဆွဲ စီးပွားရေးသမားများနှင့် ကြံ့ဖွတ်၊ စွမ်းအားရှင်များဖြစ်ခြင်း၊ ရွေးကောက်ပွဲကို အခြေခံပြုလုပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီနည်းလမ်းမကျသော အချက်များစွာ ပါဝင်နေခြင်း၊ စီးပွားရေး လုပ်ငန်းများအား လက်ရှိစစ်အုပ်စုဝင်များ၏ ဆွေတော်မျိုးတော်များနှင့် ဆက်စပ်သူများမှသာ ဦးဆောင် လုပ်ခြင်း၊ Civil Society ထွက်ပေါ်မှုကို ထိန်းချုပ်မှုများစွာရှိခြင်း၊ အလယ်အလတ်လူတန်းစား မထွက်ပေါ်ပဲ နအဖနှင့် ဆက်စပ်သူများသာ ချမ်းသာသထက် ချမ်းသာလာ၍ ပြည်သူလူထုမှာ ဆင်းရဲသထက် ဆင်းရဲနေခြင်း၊ Intra- state conflicts များကို ဖြေရှင်းနိုင်မည့် နိုင်ငံတော် ဖွဲ့စည်းပုံမရှိခြင်း၊ နိုင်ငံရေး ယဉ်ကျေးမှုနှင့် အတွေးခေါ်များ မပြန့်ပွားစေရန် နည်းမျိုးစုံဖြင့် ထိန်းချုပ်ထားခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာ မည်သို့မျှ အောင်မြင်နိုင်မည် မဟုတ်ပါ။

မြန်မာ့ရေးရာ ပြဿနာများကို မျက်လှည့်ရွေးကောက်ပွဲများနှင့် မဖြေရှင်းနိုင်ပါ။ ဖြေရှင်းနိုင်မည့် နည်းလမ်းများမှာ ဒီမိုကရေစီ နည်းလမ်းကျသော ဖွဲ့စည်းပုံ၊ ဒီမိုကရေစီနည်းလမ်းကျသော ရွေးကောက်ပွဲ၊ တိုင်းရင်းသားလူမျိုးတို့၏ တန်းတူညီမျှ အခွင့်အရေးကို အာမခံပေးနိုင်သော ဖဒရယ်ပြည်ထောင်စုစနစ်၊ မှန်ကန်တိကျသော စီးပွားရေးပေါ်လစီ၊ ဖြောင့်မတ်သော နိုင်ငံခြားရေးပေါ်လစီ၊ အောင်မြင်သော နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံတော်ကာကွယ်ရေးပြုလုပ်သော လူမှန်နေရာမှန် တပ်မတော်၊ တိုးတက်သော နိုင်ငံရေးယဉ်ကျေးမှုနှင့် အတွေးအခေါ်ရှိသည့် လူ့အဖွဲ့အစည်း၊ လူတိုင်းအတွက် ပညာရေး၊ ကျန်းမာရေးစနစ် စသည်များသာ ဖြစ်ပါသည်။ ဤနည်းလမ်းများကို အကောင်အထည် ဖော်ရန်မှာကလဲ မြန်မာ့မြေပေါ်တွင် စစ်အာဏာရှင်စနစ်ရော၊ စစ်အာဏာရှင် ရုပ်သေးကြိုးဆွဲ စနစ်ရော ပျောက်ကွယ် သွားမှသာ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်ပါသည်။ သို့ဖြစ်ရာ မြန်မာ့ပြဿနာ၏ အရင်းခံမှာ မျက်လှည့်ဆရာ စစ်အုပ်စုတို့သာ ဖြစ်ပါသည်။ စစ်အုပ်စုရှိနေသရွေ့ အေးချမ်းသာယာသော ခေတ်မှီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ်ဆိုသည်မှာ မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။

သို့ဖြစ်၍ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုများအပါအ၀င် ပြည်သူလူထုတရပ်လုံးမှ မျက်လှည့်ဆရာ စစ်အုပ်စုအား ၀ိုင်းဝန်းတိုက်ဖျက်၍ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည့်၊ စစ်မှန်သော ဒီမိုကရေစီစနစ် ရှင်သန်ပေါ်ထွန်းသည့်၊ အမျိုးသားတန်းတူညီမျှရေး၊ သွေးစည်းရေးနှင့် ငြိမ်းချမ်းရေး ရှိသည့် မြန်မာနိုင်ငံတော်သစ်ကြီးကို တည်ဆောက်ကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပေသည်။

ခင်မမမျိုး

Read More...

ရွှေပြည်တော်ယောင်တိုင်းဝေး

(အခုတလော မြန်မာ့ဒီမိုကရေစီအရေးဟာ စစ်အာဏာရှင်တွေရဲ့ အခင်းအကျင်းအတိုင်း လိုက်လျှောက် မှသာ အောင်မြင်နိုင်ဖွယ်ရှိကြောင်း ပညာရှင်ဆန်ဆန် သုံးသပ်ပြောဆိုမှုလေးတွေ ကြားနေရပါတယ်။ အများအားဖြင့် တတိယအုပ်စုဝင်များဆီမှ ဖြစ်ပါတယ်။ သူတို့အကြောင်း စဉ်းစားမိရင်း လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ရေးဖူးတဲ့စာလေးကို သွားအမှတ်ရမိပါတယ်)

‘ဟိုယောင်ယောင်၊ ဒီယောင်ယောင်’ ဆိုသော စကားလုံးကား မြန်မာ့လူ့ဘောင်တွင် အလွန် တွင်ကျယ် လှပါသည်။ လူသားတစ်ယောက် ဟူသည် မိမိဘဝတိုးတက်ရေးအတွက်၊ အဖွဲ့အစည်းတစ်ခုဟူသည် အဖွဲ့ပေါ်ပေါက်လာရခြင်း အကြောင်းရင်းအတွက်၊ နိုင်ငံတစ်ခုဟူသည် နိုင်ငံတော်တိုးတက်ရေး၊ နိုင်ငံသားများ လူနေမှုဘဝ လုံခြုံသာယာရေးအတွက် ရှင်းလင်းသောပန်းတိုင်၊ ပြတ်သားသော ယုံကြည်ချက်၊ ခိုင်မာသော ဆုံးဖြတ်ချက်များ ရှိရပေမည်။ ထိုသို့မရှိလျှင်ကား “ဟိုယောင်ယောင်၊ ဒီယောင်ယောင်” ဖြစ်၍ လူ့ဘောင်လောကအတွက် အကျိုးမရှိသော ဆန်ကုန်မြေလေးများ ဖြစ်တတ် ပါသည်။ ယင်းထက်ပိုဆိုးသည်ကား ထိုသို့သော လူများတွင် ပညာဥာဏ်များ၊ ရာထူးရာခံများရှိပြီး၊ ဆင်ခြင်တုံတရားမရှိပါက လူ့ဘောင်အတွက် အလွန်တရာ အန္တရာယ်ကြီးလာရခြင်းပင်ဖြစ်သည်။

ယခုနှစ်များအတွင်း၊ မြန်မာ့နိုင်ငံရေး လောကအတွင်း၌ တတိယအုပ်စုဆိုသော အုပ်စုတစ်ခု ပေါ်ပေါက်လာပါသည်။ အဖွဲ့ဝင်အင်အား မများလှ သော်လည်း အာဏာရှင်စနစ်အား ပြည်သူလူထုက တွန်းလှန်နေသည့် တော်လှန်ရေးတစ်ရပ်အား စစ်အစိုးရနှင့် အတိုက်အခံ အုပ်စုများ၏ အာဏာလုပွဲ သဏ္ဍာန်ပြောဆိုကာ လူထုနှင့် တော်လှန်ရေးအား ခွဲထုတ်နေမှု၊ အာဏာရှင်လက်ထဲသို့ လူသတ် လက်နက်များ မရောက်သွားစေရန် တားဆီးခြင်း ခြေလှမ်းများဖြစ်သော နိုင်ငံတကာ အရေးယူမှုများအား ကန့်ကွက်မှု စသည့် လုပ်ရပ်များမှာ မြန်မာလူမျိုးများ အနာဂတ်အတွက် သာမကပဲ၊ ရမ်းကားသော အစိုးရလက်ထဲသို့ ရောက်ရှိသွားသော လက်နက် နည်းပညာများမှ တဆင့် နိုင်ငံတကာလုံ ခြုံရေးကိုပါ ထိခိုက်စေနိုင်သဖြင့် ပေါ့ပေါ့တန်တန် သဘောထားရမည့်ကိစ္စတစ်ခု မဟုတ်သည်ကတော့ သေချာလှ ပေသည်။

အဆိုပါ တတိယအုပ်စုတွင် မည်သို့သော လူအမျိုးအစားများ ပါဝင်နေသည်ကို လေ့လာကြည့်ကြပါစို့။ ပထမအမျိုးအစားမှာ “သေနတ်ကို မိုးပေါ်ထောင်မပစ်၊ တည့်တည့်သာပစ်မည်’ ဆို၍ သန်းပေါင်း များစွာသော လူထုအား ရုပ်မြင်သံကြားမှ ခြိမ်းချောက်ခဲ့သော ကွယ်လွန်သူ အာဏာရှင်ဟောင်း လက်ထက်ကတည်းက အာဏာရှင် မိသားစုဝင်များနှင့် အကျွမ်းတဝင်ရှိ၍၊ မြန်မာပြည်နှင့် ပြည်ပအား အိမ်ဦးနှင့် ကြမ်းပြင်ပမာ ကူးလူးသွားလာခဲ့ကြသော ပညာရှင်အမည်ခံ နိုင်ငံခြားပါမောက္ခများနှင့် ကထိကများ ဖြစ်ကြသည်။

ဒုတိယအမျိုးအစားများမှာကား အာဏာရှင်ဟောင်းကြီး၏ ပညာတတ် ဇနီးသည်တစ်ယောက်မှ မွေးမြူ ထားခဲ့သော တပည့်များဖြစ်သည်။ ထိုသူများမှာလဲ နည်းမျိုးစုံသော ထောက်ပံ့မှုများဖြင့်၊ ပြည်ပနိုင်ငံ အရပ်ရပ်တွင် အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့များ၊ ပါရဂူဘွဲ့များ ရရှိခဲ့သူများ ဖြစ်သည်။

တတိယအမျိုးအစားများကား ထိုသူများထက်ပို၍ ထူးခြားဆန်းကြယ်သူများ ဖြစ်ပါသည်။ သူတို့သည် တစ်ချိန်က မြန်မာ့ဒီမိုကရေစီအရေးတွင် ပြည်တွင်းပြည်ပ၌ တက်ကြွကာလှုပ်ရှားခဲ့ပြီးမှ၊ နအဖ အမျိုးသား ညီလာခံအား စတင်ထောက်ခံခြင်း ခြေလှမ်းသစ်နှင့် အတူ၊ ဘက်ပြောင်းသွားသူများ ဖြစ်ပါသည်။ သို့ပေမယ့်လဲ ယင်းတို့၏ ဂုဏ်သိက္ခာအတွက် ဘက်ပြောင်းခြင်း မပေါ်လွင်အောင်၊ လူထုအကျိုးကိုလို၍ ဆောင်ရွက်နေသယောင်ယောင် ရောင်တော်ပြန်နှင့် ရောလွှတ်နေကြသူများ ဖြစ်ပါသည်။ ထိုသူများနှင့် ပုဂ္ဂိုလ်ရေးရင်းနှီးခဲ့သော နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများမှ လူတစ်ချို့မှာလဲ ယခင်က မြန်မာ့အရေး ဆောင်ရွက်နေရာမှ ထိုသူများ၏ ဝါဒဖြန့်ချီရေးသမားများ ဖြစ်လာကြပါသည်။ “ပုဂ္ဂိုလ်ခင်မှတရားမင်’ ဆိုသော်လဲ၊ အမှားနှင့်အမှန်ကို ခွဲခြား ဆုံးဖြတ်သော ဥာဏ်စွမ်းအား နည်းပါးသည်ပင် ဆိုရပေမည်။ မှားနေမှန်းသိပါလျက်၊ ပုဂ္ဂိုလ်ရေးကြောင့် ယုံကြည်ချက်စွန့်သည် ကတော့ မဖြစ်သင့်ပါ။ မိမိ၏ရင်းနှီးသော မိသားစုဝင်ပင်ဖြစ်ပါစေ၊ လိုအပ်လာလျှင်တော့ ပြတ်သားစွာပင် အမှန်တရားဘက်မှ ရပ်တည်ရ ပေမည်။ ဟိုယောင်ယောင်၊ ဒီယောင်ယောင်လုပ်ရန် လုပ်ကောင်းသည့် ကိစ္စမဟုတ်ပါ။ နောက်ကွယ်တွင် လူ့အသက်များစွာ၊ ဘဝများစွာနှင့် ဆက်စပ်နေပါသည်။

မည်သို့ဆိုစေ၊ အဆိုပါတတိယ အုပ်စုတွင်းမှ ပါရဂူဘွဲ့ရထားသူများ၊ မဟာဘွဲ့ရထားသူများ၏ အာဏာရှင် အလိုကျ ပြောဆိုဆောင်ရွက်နေမှုများကြောင့်၊ ပညာရှင်များကို ဖောက်ပြန်တတ်သော လူတန်းစားများ အဖြစ် အချို့က ထင်မြင်ပြောဆိုလာခြင်းမှာ အလွန်ပင် ဝမ်းနည်းစရာကောင်းပါသည်။ ပါရဂူဘွဲ့များ၊ မဟာဘွဲ့များအတွက် လျှောက်လှမ်းရသော ခရီးလမ်းများမှာ အလွန်ပင် ကြမ်းတမ်းလှပါသည်။ ငယ်ရွယ် နုပျိုသော ကာလတလျှောက်လုံးအား၊ အများနှင့်အတူ မပျော်ပါးနိုင်ပဲ သွားလေရာ စာအုပ်တကိုင်ကိုင်နှင့် ကုန်လွန်ရသော နှစ်ရှည်ကာလများ၊ အိပ်ရေးပျက်ရသောညများ၊ စားရန်ပင် အချိန်မပေးနိုင်၍ လွတ်ရသော ထမင်းနပ်များဖြင့် ကြိုးစားကြရသည်။ ထိုပင်ပန်းဆင်းရဲမှုများစွာ ခံပြီးမှလဲ ပညာရှင်တစ်ယောက်အနေဖြင့်၊ ပညာရှင် အသိုင်း အဝိုင်း၏ အသိအမှတ်ပြုခြင်းကို ခံကြရခြင်းဖြစ်ပါသည်။

သို့ရာတွင် ထိုအသိအမှတ်ပြုမှုခံရမှုအား ပညာရှင်အနေဖြင့် လူ့လောကကို အကျိုးပြုရန်သာဖြစ်ပါသည်။ သက်ဆိုင်ရာ ပညာရပ်များ နောက်ကွယ်တွင် လူ့လောကအား မည်သို့အကျိုးပြုရန် လမ်းညွှန်များ ပါဝင်ပြီးသားဖြစ်ပါသည်။ တလွဲဆံပင်ကောင်း၍ လူ့လောကအား အကျိုး ယုတ်စေသူများဘက်မှ ရပ်တည် လိုက်ပါက လူ့လောကအတွက် အလွန်ပင် အန္တရာယ်ရှိလှပါသည်။ မြန်မာနိုင်ငံတွင် အာဏာရှင် အဆက်ဆက်တို့၏ အကွက်ချပြင်ဆင်၍ မျိုးဆက်သုဉ်းစေခဲ့သော စီမံချက်များကြောင့် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ပေါ်လစီရေးရာများကဏ္ဍ၌ ကျွမ်းကျင်ပညာရှင်များ အလွန်ပင် ရှားပါးလှပါသည်။ ယင်းအပေါ်တွင် အခွင့်ကောင်းယူ၍ ကိုယ့်ဘာသာကိုယ် ပြတိုက်သွင်းခံ မြန်မာ့အရေး ကျွမ်းကျင် လူတန်းစား သတ်မှတ်ကာ၊ အာဏာရှင်ဘက်လိုက် စကားလုံးများ ပြောဆို၍ တလွဲဆံပင် မကောင်းသင့်ကြပါ။ လူထုဘက်မှရပ်တည်၍၊ တတ်ထားသော ပညာရပ်များကို အကျိုးရှိစွာ သုံးသင့်ကြပါသည်။
နိဂုံးချုပ်ဆိုရသော် တတိယအုပ်စုဝင်များ အနေဖြင့်၊ ယုံကြည်ချက်ပျောက်၊ လမ်းစပျောက်ကာ ဟိုယောင်ယောင်၊ ဒီယောင်ယောင်ပြုလုပ်ခြင်းများ၊ အများပြည်သူများ ထင်ယောင်ထင်မှား ဖြစ်အောင် ပြုမူ ပြောဆိုခြင်းများကို ရှောင်ကြဉ်၍ လူထုအကျိုးကို မျှော်ကိုးသင့်ပါကြောင်း လေးစားစွာ တိုက်တွန်း အပ်ပါသည်။ လူထုအနေဖြင့်လဲ “ရွှေပြည်တော်၊ ယောင်တိုင်းဝေး’ အဖြစ်မျိုးသို့ မကျရောက်ရလေအောင် သတိဥာဏ်နှင့်ယှဉ်၍ သူများယောင်တိုင်း လိုက်မယောင်သင့်ပါကြောင်း ပန်ကြားအပ်ပါသည်။

ခင်မမမျိုး (ဇန်န၀ါရီလ၊ ၂၀၀၇)

Read More...

နိုင်ငံတော်လုံခြုံရေး၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေးနှင့် မြန်မာ ပြည်ရေးရာ

National Security, International Security and Burma affairs

“Emancipation ဆိုတာ လူတဦးတယောက်ကို ဖြစ်စေ၊ အုပ်စုတခုကိုဖြစ်စေ လွတ်လပ်စွာ ရွေးချယ် ဆောင်ရွက်နိုင်မှုကို ပိတ်ပင်တားဆီးနေတဲ့ ကာယ၊ ဥာဏပိုင်းဆိုင်ရာ တားမြစ်ချက်တွေကနေ လွတ်မြောက် စေခြင်းဖြစ်တယ်။ လုံခြုံရေးနဲ့ Emancipation ဆိုတာဟာ ဒင်္ဂါးပြားတစေ့ရဲ့ ခေါင်းနဲ့ပန်းလိုပဲ။ တကယ်တမ်း ကျတော့ ပါဝါကျင့်သုံးမှုနဲ့ အမိန့်ပေးမှုပေါ်မှာ အခြေမခံတဲ့ emancipation ကသာ မှန်ကန်သော လုံခြုံရေးကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်တယ်”။ ( ကင်ဘုဒ်၊ ၁၉၉၁)

နိဒါန်း
ဟိုတလောက အောက်စဖို့ဒ်တက္ကသိုလ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတခုကို တက်ရောက်ဖြစ်ခဲ့ ပါတယ်။ ဒီပွဲမှာ ယူကေနိုင်ငံမှ မဟာဗျူဟာလေ့လာရေးနဲ့ လုံခြုံရေးအထူးပြု သုတေသနဌာနတွေဖြစ်တဲ့ King's College London, Brunel University, University of Aberystwyth, Scottish Center for War Studies, University of Aberdeen, Defence College of Management and Technology (DCMT), Joint Services Command and Staff College တို့တွေက ပညာရှင်များနဲ့ သုတေသန ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲ အကြောင်းအရာများက စုံလင်လှပါတယ်။ Analyst's view, practitioner's view, policy maker's view စသည်ဖြင့် ရှုထောင့်အမြင်များကလဲ စုံလင်လှပါတယ်။ ဘယ်လိုပဲအမြင်တွေ၊ သုံးသပ်ပုံတွေ၊ ချဉ်းကပ် နည်းလမ်းတွေ ကွဲပြားပေမယ့် အားလုံးမလွဲမသွေ လက်ခံထားရတဲ့ သဘောတရားတခုကတော့ ရှိနေ ပါတယ်။ ဒါကဘာလဲဆိုတော့ လုံခြုံရေးဝန်းကျင် (security environment) ဟာ တစတစ ကျယ်ဝန်းနက်နဲ လာတယ်ဆိုတာပါပဲ။

လုံခြုံရေးကိစ္စရပ်ဆိုတာနဲ့ လူအများက စစ်ပွဲတွေ၊ ဗုံးပေါက်ကွဲမှု စတာတွေကိုပဲ မြင်ယောင်မိ တတ်ကြ ပါတယ်။ စစ်ရေးအင်အား၊ တရားဥပေဒေစိုးမိုးရေး စတာတွေကိုပဲ စဉ်းစားမိတတ်ကြပါတယ်။ ဒါပေမယ့် နှစ်ဆယ့်တစ်ရာစုရဲ့ လုံခြုံရေး ဆိုတာမှာကျတော့ ဒါတွေတင်မကပဲ လူသားလုံခြုံရေး (Human Security)၊ လူ့အဖွဲ့အစည်းလုံခြုံရေး (Societal Security)၊ စီးပွားရေးရာလုံခြုံရေး (Economic Security)၊ သဘာဝ ပတ်ဝန်းကျင်လုံခြုံရေး (Environmental Security)၊ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဆိုင်ရာ လုံခြုံရေး (HIV/ AIDS Security) ဆိုတာတွေက ပိုမိုအရေးကြီးလာပါတယ်။ ဒါတင်မကပဲ ကျားမခွဲခြားဆက်ဆံမှု၊ လူအများအပြား သေကြေပျက်စီးနိုင်တဲ့ လက်နက်ပစ္စည်းများ (weapons of mass destruction)၊ အကြမ်းဖက်မှု (Terrorism)၊ ကာကွယ်ရေးကုန်သွယ်မှု (Defence Trade)၊ ကလေးစစ်သားများ (Child soldiers) အသုံးပြုမှု၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ (Transnational crimes)၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုများ စတဲ့ ကိစ္စရပ်များကလဲ နိုင်ငံတော် လုံခြုံရေးနဲ့ အပြည်ပြည် ဆိုင်ရာ လုံခြုံရေးကို ခြိမ်းချောက် နေပါတယ်။ နိုင်ငံတော် လုံခြုံရေး ဆိုတာကို အရင် လေ့လာ ကြည့်ကြ ရအောင်ပါ။

နိုင်ငံတော်လုံခြုံရေး (National Security)
နိုင်ငံတော်ဆိုတာက ရေမြေပိုင်နက်ပေါ်မှာ အခြေပြုထားတဲ့ entity တခု ဖြစ်ပါတယ်။ ဒီ entity တခုမှာ အုပ်ချုပ်မယ့်အစိုးရ ရှိရမယ့်အပြင် အခြားနိုင်ငံများမှလည်း နိုင်ငံ တနိုင်ငံအဖြစ် အသိအမှတ်ပြု ခံထားရပါမယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ အရေးကြီးတဲ့ အချက်နှစ်ခုက တောက်လျှောက်လွှမ်းမိုး လာခဲ့ပါတယ်။ ပထမတချက်က နိုင်ငံတကာ ရေးရာဇာတ်ခုံမှာ နိုင်ငံများဟာ ဗဟိုချက်မ သရုပ်ဆောင်များ ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ အရေးကြီးဆုံး အချက်ဟာ နိုင်ငံတော် လုံခြုံရေး ဆိုတာပါပဲ။

နိုင်ငံတော်လုံခြုံရေး ဆိုတာမှာ အချက်လေးချက် ပါဝင်ပါတယ်။ ပထမ အချက်က အန္တရာယ် ကင်းရှင်းရေး (Safety)၊ ကိုယ်ပိုင်အုပ်ချုပ်ရေး (autonomy)၊ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး (Development) နဲ့ အုပ်စိုးမှု (rule) တို့ပဲ ဖြစ်ပါတယ်။ ဒီအချက်လေးချက်ဟာ နိုင်ငံတော် လုံခြုံရေးရဲ့ အခြေခံကျသော အချက်များ ဖြစ်ပါတယ်။

အန္တရာယ်ကင်းရှင်းရေးဆိုရာမှာ တိုက်ခိုက်ခံရမှုမှ ကင်းဝေးရေး ဖြစ်ပါတယ်။ နိုင်ငံသားများ အနေနဲ့ အန္တရာယ် ကင်းရှင်းစွာနဲ့ မိမိတို့ ဘ၀ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်ရေးဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်ကို ကာကွယ်ပေးဖို့ တပ်မတော်ဆိုတာ ရှိရပါတယ်။ ပြည်တွင်းရာဇ၀တ်မှုများ လျော့ပါးစေဖို့ ဥပဒေ ဘက်တော်သား ရဲတပ်ဖွဲ့ဝင်တွေ ရှိရပါတယ်။ ဒုတိယအချက်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုရာမှာ နိုင်ငံတော် အစိုးရဟာ ပြည်ပသြဇာ လွှမ်းမိုးမှုကင်းတဲ့ အစိုးရတရပ် ဖြစ်ရပါမယ်။ အစိုးရတရပ်မှာ အော်တိုနော်မီ ကျဆင်းလာပြီဆိုရင် ပြည်သူလူထုအနေနဲ့ အစိုးရ လုပ်ငန်းဆောင်တာများအပေါ်မှာ ယုံကြည်မှု တစတစ ကင်းမဲ့လာမှာဖြစ်ပါတယ်။ တော်လှန်ပုန်ကန်မှုများလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဥပမာ- တရုတ်အင်ပါယာကြီးကို ၁၉၁၁ ခုနှစ်မှာ ပျက်သုဉ်းစေခဲ့တဲ့ တော်လှန်ရေးဟာ အစိုးရရဲ့ အော်တိုနော်မီ ကျဆင်းလာမှုကြောင့် ဖြစ်ပါတယ်။

နောက်တချက်ဖြစ်တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဆိုတာက စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ နိုင်ငံရေး တိုးတက်မှုများကို ဆိုလိုတာဖြစ်ပါတယ်။ နိုင်ငံတော်အုပ်ချုပ်သူများဟာ နိုင်ငံသားများရဲ့ လူနေမှု အဆင့်အတန်း တိုးတက်ရေး၊ ပညာရည်မြင့်မားရေး၊ နိုင်ငံတော်ဂုဏ်သိက္ခာ မကျဆင်းရေး တို့အတွက် တတ်နိုင်သမျှ ကြိုးစား လုပ်ဆောင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ နိုင်ငံအုပ်စိုးမှုပါ။ အစိုးရတရပ်မှာ နိုင်ငံတော်အုပ်ချုပ်နိုင်တဲ့ စွမ်းရည်ရှိရမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေ ပြုရေးအာဏာ၊ တရားစီရင်ရေး အာဏာ သုံးရပ်ကို စနစ်တကျ ကျင့်သုံးဆောင်ရွက်မှု ရှိရမှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း national security agenda ချမှတ်တဲ့အခါမှာ စစ်အင်အား (military power) သာမက အခြားသော အကြောင်းအရာများဖြစ်တဲ့ စီးပွားရေးအဆောက်အအုံ၊ ကုန်သွယ်ရေးစနစ်၊ မြေပိုင်နက်၊ ရေပိုင်နက်၊ မဟာမိတ်ဖွဲ့မှု၊ အများလက်ခံကျင့်သုံးတဲ့ နိုင်ငံရေးစနစ် စတာတွေကို ထည့်သွင်းကြရပါတယ်။ အတိုချုပ်ဆိုရရင်တော့ နိုင်ငံတော်လုံခြုံရေးဆိုတာဟာ နိုင်ငံတော်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူ အများကို ကာကွယ်စောင့်ရှောက်ဖို့၊ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ရှိဖို့ ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အုပ်ချုပ်သူ အစိုးရ တရပ်ဟာ နိုင်ငံတော် လုံခြုံရေးကို ကောင်းမွန်စွာ မဆောင်ရွက် နိုင်တော့တဲ့ အခါကျရင် ဒီဂယက်ဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ထိခိုက်လာစေ ပါတော့တယ်။

အပြည်ပြည်ဆိုင်ရာလုံခြုံရေး
စစ်အေးတိုက်ပွဲကာလတုန်းက အပြည်ပြည်ဆိုင်ရာ လုံခြုံရေးမှာ high politics ကိစ္စရပ်တွေ ဖြစ်တဲ့ စစ်နဲ့ငြိမ်းချမ်းရေး၊ နျူကလီးယား deterrence၊ summit သံတမန် ရေးရာ၊ လက်နက်ထိန်းချုပ်ရေး၊ မဟာမိတ် နိုင်ငံရေး ဆိုတာတွေက လွှမ်းမိုးခဲ့ပါတယ်။ စစ်အေးတိုက်ပွဲ ပြီးဆုံးသွားတဲ့ နောက်ပိုင်းမှာ ကျတော့ low politics ကိစ္စရပ်တွေဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်၊ ရှားပါးသယံဇာတ၊ လူဦးရေ ပေါက်ကွဲမှု ထိန်းချုပ်ရေး၊ စွမ်းအင်ရေးရာ၊ ကူးစက်ရောဂါ၊ ကျားမရေးရာ ကိစ္စရပ်တွေက နေရာယူ လွှမ်းမိုးလာခဲ့ ပါတယ်။

လက်ရှိအပြည်ပြည်ဆိုင်ရာလုံခြုံရေးကို နိုင်ငံရေး ဆန်းစစ်ချက် တရပ် ဖြစ်တဲ့ Three Levels of Analysis နဲ့ အတိုချုံး တင်ပြပေးပါမယ်။ structural level ဆန်းစစ်ချက်အရ ဆိုရင် အမေရိကန်ဟာ ကမ္ဘာ့ရေးရာများမှာ ပါဝါလွှမ်းမိုးမှု ရှိနေဆဲဖြစ်ပါတယ်။ New Powers များဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံများ အင်အား ကြီးမားလာမှုဟာ အပြည်ပြည်ဆိုင်ရာစနစ်ရဲ့ ပါဝါချိန်ခွင်လျှာမှာ အနည်းနဲ့ အများတော့ သက်ရောက်မှု ရှိလာပါတယ်။ နိုင်ငံတော်လုံခြုံရေး agenda မှာ လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေကို နိုင်ငံတနိုင်ငံချင်းစီရဲ့ ဦးစားပေးမှု ကွဲပြားပါတယ်။

Domestic institutional level ဆန်းစစ်ချက်အရဆိုရင် ဒီမိုကရေစီနဲ့ တံခါးဖွင့်စီးပွားရေး အရင်းရှင်စနစ်ဟာ နိုင်ငံအများစုမှာ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက လုပ်ဆောင်ပြသနေတဲ့ အာဏာရှင် အရင်းရှင်စနစ် 'authoritarian capitalism' အပေါ်မှာ နိုင်ငံတချို့က စိတ်ဝင်စားမှုရှိနေပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ငွေကြေးဂယက်ဟာ တရုတ်နိုင်ငံအပေါ်မှာ ဆိုးဝါးစွာ သက်ရောက်မှုတွေ ရှိနေတာကြောင့် စိတ်ဝင်စားမှု လျော့နည်းလာကြပါတယ်။

နောက်ဆုံးတဆင့်ဖြစ်တဲ့ Individual level ဆန်းစစ်ချက်အရ ဆိုရင်တော့ လူ့အခွင့်အရေး ကိစ္စရပ်များဟာ တကမ္ဘာလုံးက ပြည်သူလူထုအတွက် အရေးကြီးနေဆဲပါပဲ။ ဖွံ့ဖြိုးတိုးတက်ရေး၊ အန္တရာယ်ကင်းဝေးရေး၊ ရောဂါဘယ ကင်းရှင်းရေးတို့ဟာ လူပုဂ္ဂိုလ်တဦးချင်းအတွက် အရေးပါသော ကိစ္စရပ်များဖြစ်နေပါတယ်။ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ လက်တင်အမေရိကတို့မှာ လူသားလုံခြုံရေး (Human Security) သဘောတရားက တစတစ နေရာယူလွှမ်းမိုးနေပါတယ်။

ဒီလိုကိစ္စတွေကြားထဲမှာ wildcards လို့ ကျွန်မတို့ လုံခြုံရေးအသိုင်းအ၀ိုင်းအတွင်းမှာ ခေါ်ကြတဲ့ ကိစ္စရပ် တွေကလည်း တစတစ ကျယ်ပြန့်လာပါတယ်။ ပထမတချက်က နည်းပညာအဆမတန် တိုးတက် မြင့်မားနေမှုပါ။ သတင်းနှင့်နည်းပညာ တော်လှန်ရေး (IT Revolution) က အရှိန်အဟုန်နဲ့ ဖြစ်ပွားနေ ပါတယ်။ ဇီဝနည်းပညာ တော်လှန်ရေး (Biotechnology Revolution) က စတင်နေပါပြီ။ နာနိုနည်းပညာ တော်လှန်ရေး (Nanotechnology Revolution) က အရှိန်စယူနေပါပြီ။ အခုလက်ရှိအချိန်မှာ တက္ကသိုလ် သုတေသနဌာနအများစုမှာ Nanotechnology သုတေသီများကို ဦးစားပေး ခန့်အပ်လာနေကြပါတယ်။ ပီအိတ်ခ်ျဒီ စကောလားရှစ်များပေးပြီး လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုကို လုပ်လာကြပါတယ်။ ဒီနည်းပညာက တိုးတက်ပြန့်ပွားလာရင် အသုံးဝင်မှုတွေ အများကြီးရှိလာမှာဖြစ်သလို တဘက်ကလဲ လုံခြုံရေး အမြင်အရ နယူးကလီးယား လက်နက်လိုပဲ ကြောက်စရာကောင်းပါတယ်။ ဥပမာ- ရုရှားထုတ် 'Father of All Bombs' ဆိုတဲ့ ဗုံးဟာ နျူကလီးယား လက်နက်မဟုတ်ပေမယ့် ပျက်စီးစေမှုစွမ်းရည် (destruction capabilities) မှာကျတော့ နျူကီးယားလက်နက်နဲ့ အတူတူပဲဖြစ်ပါတယ်။ ဒီလို နည်းပညာ ပြောင်းလဲမှုတွေဟာ နိုင်ငံရေးတည်ငြိမ်မှု၊ စစ်အသုံးစရိတ်နဲ့ စီးပွားရေး၊ ကုန်သွယ်ရေး စတာတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိနေသလို အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအပေါ်မှာလည်း ကြီးစွာသော သက်ရောက်မှု ဖြစ်နေပါတယ်။

နောက်ထပ် wildcard တခုကတော့ စွမ်းအားအရင်းအမြစ် (Energy resources) တွေနဲ့ ပတ်သက်တဲ့ ပြိုင်ဆိုင်မှုတွေ၊ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေဖြစ်ပါတယ်။ အဓိက စွမ်းအင်ဒေသတွေ ဖြစ်တဲ့ ပါရှန်း ပင်လယ်ကွေ့၊ ကော်ကေးဆပ်နဲ့ အာရှအလယ်ပိုင်း၊ ဆိုင်ဘေးရီးယား အရှေ့ဖျားပိုင်းတွေဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် အခက်ခဲဆုံး ဒေသတွေ ဖြစ်လို့နေပါတယ်။ ဒီဒေသတွေအပေါ်မှာ ဖွံ့ဖြိုးဆဲ economies တွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့မှ ၀င်ရောက်ခြယ်လှယ်ရန် ကြိုးပမ်းမှုတွေကလည်း ပိုမိုများပြားလာပါတယ်။ ဒါကြောင့် စွမ်းအင်အရေးဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းချောက်လာနိုင်တဲ့ အရေးကြီး ကိစ္စရပ်တရပ် ဖြစ်ပါတယ်။

ဒီလိုပဲ နောက်ထပ်အရေးကြီးတဲ့ ကိစ္စတရပ်ကတော့ ရာသီဥတုပြောင်းလဲမှု (Climate Change) ကိစ္စရပ်ပါ။ ကမ္ဘာကြီးပူနွေးလာမှုဟာ ကြိုတင်မျှော်မှန်း တွက်ဆထားတဲ့နှုန်းတွေထက် ပိုမိုမြန်ဆန်လို့ နေပါတယ်။ သစ်တောပြုန်းတီးမှု၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၊ အပင်သေများနဲ့ သမုဒ္ဒရာကြမ်းပြင်မှ ကာဗွန်ဒိုင် အောက်ဆိုဒ်နဲ့ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှု စတဲ့ global biosphere response က ခန့်မှန်းရ အလွန် ခက်ခဲတဲ့ အခြေအနေမှာ ရောက်နေပါတယ်။

အခုလို တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ပြဿနာတွေ ဘက်ပေါင်းစုံက ဖြစ်ပွားပြီး အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ခြိမ်းချောက်နေချိန်မှာ နိုင်ငံတော်လုံခြုံရေးကို စနစ်တကျ စီမံဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အစိုးရများကြောင့် ကမ္ဘာ့လုံခြုံရေး အခြေအနေဟာ တစတစ ဆိုးရွားလာရပါတယ်။ ဆက်လက်ပြီး မြန်မာပြည်အစိုးရအမည်ကို ဓားပြတိုက်ယူထားတဲ့ စစ်အုပ်စုကြောင့် နိုင်ငံတော်လုံခြုံရေးနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအပေါ်မှာ ဆိုးကျိုး သက်ရောက်နေမှုများကို ရေးသားတင်ပြပါမယ်။

မြန်မာပြည်နှင့် နိုင်ငံတော်လုံခြုံရေး
မြန်မာနိုင်ငံရဲ့ လက်ရှိလုံခြုံရေးပေါ်လစီက စစ်မှန်တဲ့ နိုင်ငံတော်လုံခြုံရေး သဘောတရားပေါ်မှာ အခြေမခံပဲ သန်းရွှေနဲ့ အပေါင်းအပါ စစ်အုပ်စုများ လုံခြုံရေးအပေါ်မှာ အခြေခံထားပါတယ်။ နိုင်ငံတော်လုံခြုံရေးရဲ့ အခြေခံ စည်းမျဉ်းလေးချက်ကို နားမလည်သူများကို မှားယွင်းတဲ့ သဘောတရား ရေးရာများ သွတ်သွင်းပြီး၊ ရာထူးအာဏာ အခွင့်အလမ်းများပေးကာ လက်ကိုင်တုတ်များအဖြစ် မွေးမြူထားပါတယ်။ စစ်အာဏာရှင် စနစ် အမြစ်တွယ်ရေးကို ကြိုးပမ်းတည်ဆောက်နေပါတယ်။ state formation (နိုင်ငံတည်ထောင်မှုပုံစံ) မှားယွင်းမှုကြောင့် ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ intra-state conflicts များနဲ့ နိုင်ငံရေးစနစ် (political system) မှားယွင်းမှုကြောင့် ဖြစ်ပွားနေတဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို လက်ညိုးထိုးပြီး တပ်မတော် အခန်းကဏ္ဍကို အတင်းကာရော တိုးမြှင့်နေကြပါတယ်။ တကယ်တန်းကျတော့ လက်ရှိဖြစ်ပွားနေတဲ့ intra-state conflict အမျိုးအစားဟာ ဖယ်ဒရယ်ပြည်ထောင်စု ပုံစံနဲ့မှသာ တည်ငြိမ်မှု ရှိသွားမှာဖြစ်ပါတယ်။ စစ်ရေးအင်အားသုံးပြီး လက်နက်ချခိုင်းထားရုံနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး (national unity) ကို မတည်ဆောက် နိုင်ပါဘူး။ ဒီလိုပါပဲ။ နိုင်ငံရေးစနစ် မှားယွင်းနေမှုကိုလည်း လမ်းပြမြေပုံချရုံ၊ ရွေးကောက်ပွဲ ကျင်းပပေးရုံလောက်နဲ့ မဖြေရှင်းနိုင်ပါဘူး။ ပြည်သူလူထုက တောင်းဆိုနေတဲ့ စစ်မှန်သော ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ် မစတင်မချင်း နိုင်ငံရေးလှုပ်ရှားမှုတွေက ရှိနေမြဲ ဖြစ်မှာပါပဲ။ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးထောင်ချလိုက်ရုံနဲ့ ဒီပြဿနာဟာ ပြေလည်မှာ မဟုတ်ပါဘူး။ ဒီလို မပြေလည်နိုင်မယ့် ကိစ္စနှစ်ရပ်ကိုပဲ မီးမောင်းထိုးပြီး၊ နိုင်ငံတော်လုံခြုံရေး ကိစ္စရပ်အနေနဲ့ သတ်မှတ်ထားကြ ပါတယ်။ တကယ်တန်းကျတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားပြီး ဒီမိုကရေစီနဲ့ ဖဒရယ်ပြည်ထောင်စုကို ဖော်ဆောင်လိုက်တာနဲ့ စစ်မဟာဗျူဟာပညာရှင် ကားလ်ဗွန် ကလော့ဝတ်ဆိုခဲ့တဲ့ “အစိုးရရယ်၊ စစ်တပ်ရယ်၊ ပြည်သူရယ်” ဆိုတဲ့ “eternal trinity” သဘောတရား အတိုင်း အလိုအလျောက် သူ့နေရာနဲ့သူ ပြန်လည် တည်ငြိမ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုလက်ရှိ နိုင်ငံတော်လုံခြုံရေး ပြဿနာ ဆိုတာတွေဟာ စစ်အာဏာရှင်စနစ် ရှိနေလို့သာ ဖြစ်ပွားနေတာဖြစ်ပါတယ်။
နအဖစစ်အုပ်စုဟာ ဒီလိုမှားယွင်းတဲ့ သဘောတရားရေးရာတွေကို သွတ်သွင်းနေရုံမကပဲ၊ စစ်အုပ်စုပီပီ military power စစ်အင်အားကို နိုင်ငံတော်လုံခြုံရေး မူဝါဒမှာ ထိပ်ဆုံးက ထည့်သွင်းပြန်ပါတော့တယ်။ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” လို့ ဆိုကြပြန်ပါတယ်။ တကယ်တမ်းကျသော ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော တပ်မတော်တရပ် တည်ဆောက်ရေးဆိုတာမှာက တိုင်းပြည်အင်အား အပေါ်မှာ အများကြီးမူတည်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှ တပ်မတော်အင်အားကိုလည်း တည်ဆောက်နိုင်မှာပါ။ စစ်အသုံးစရိတ် ခွဲဝေချထားရာမှာ % of GDP ဆိုတာက အရေးကြီးပါတယ်။ အာရှနိုင်ငံများရဲ့ စစ်အသုံး စရိတ်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ သုတေသန တခုကို စာရေးသူ ပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာ ဘာသွားတွေ့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ စစ်အသုံးစရိတ် % of GDPဟာ ကြောက်မက်ဖွယ်ကောင်းအောင် မြင့်မားနေတယ် ဆိုတာပါပဲ။ အာရှတိုက်ရဲ့ အမြင့်မားဆုံး နိုင်ငံများမှာ ပါဝင်ပါတယ်။

သို့ပေမယ့် တခုစိတ်ပျက်စရာ ကောင်းတာက ရာခိုင်နှုန်းမြင့်မားနေပေမယ့် ပမာဏကတော့ အခြား အိမ်နီးချင်းနိုင်ငံများကို မမှီတာပါပဲ။ ငွေတဆယ်ရှိသူက ငါးဆယ်ရာခိုင်နှုန်းဖြစ်တဲ့ ငါးကျပ်ကို ကစားစရာ သေနတ်ဝယ်ဖို့သုံးပြီး၊ ငွေတသိန်းရှိသူက ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ငွေတသောင်းနဲ့ ရိုင်ဖယ် သေနတ်တလက် ၀ယ်သလိုမျိုးဖြစ်နေပါတယ်။ ဒါကြောင့် ခေတ်မီတပ်မတော်တရပ် တည်ဆောက်မယ် ဆိုရင် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကို ကနဦးဦးစားပေး ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စစ်ရေးအင်အားနဲ့ စီးပွားရေးအင်အား တွဲစပ်မှသာ နိုင်ငံတော်ဂုဏ်သိက္ခာကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

နှစ်ဆယ့်တစ်ရာစုမှာ နိုင်ငံတိုင်းလိုလို ခေတ်မီတပ်မတော်တည်ဆောက်နေကြပါတယ်။ ဒါပေမယ့် မြေပြင်စစ် ထက်စာရင် sea power၊ Air Power ကို ဦးစားပေး တည်ဆောက်နေကြတာပါ။ မြန်မာပြည်ကတော့ Land warfare ကိုပဲ အာရုံစိုက်နေပါတယ်။ ဒါကြောင့် လတ်တလောဖြစ်သွားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရေပိုင်နက်ပဋ္ဋိပက္ခမှာ ဘင်္ဂလားဒေ့ရှ်ရေတပ်၊ လေတပ်နဲ့ ယှဉ်ပြိုင်နိုင်လောက်အောင် မြန်မာတပ်မတော်မှာ sea power, Air power မရှိတာကြောင့် လက်မြှောက် တပ်ဆုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ စစ်အသုံးစရိတ် ရာခိုင်နှုန်းမှာ မြန်မာ % of GDP လောက် မမြင့်ပါဘူး။ ဒါပေမယ့် သုံးစွဲနိုင်မှု ပိုမိုများပြားပါတယ်။ ဒါကြောင့် ထိပ်တိုက်ဆုံတွေ့ချိန်မှာ ကလေးကစားစရာ သေနတ်နဲ့ ရိုင်ဖယ်သေနတ်လို အင်အားကွာဟနေတာ ဖြစ်ပါတယ်။ တကယ်တော့ တိုင်းပြည်အင်အားရှိမှသာ တပ်မတော်က အင်အားရှိမှာဖြစ်ပါတယ်။ တိုင်းပြည်က ပြည်သူလူထုကို ကလေးကစားစရာ သေနတ်နဲ့ အနိုင်ကျင့် ဗိုလ်ကျပြနေရုံနဲ့ နိုင်ငံတော်လုံခြုံရေးရဲ့ အခြေခံစည်းမျဉ်းထဲက အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးမှာ ပါဝင်တဲ့ နိုင်ငံတော် ဂုဏ်သိက္ခာမကျဆင်းရေးကို မဆောင်ကျဉ်းပေးနိုင်ပါဘူး။

ဒါကြောင့် စစ်အင်အားတိုးတက်ဖို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ရှိဖို့ လိုအပ်လှပါတယ်။ အမျိုးသားဖွံ့ဖြိုးရေး အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး တိုးတက်မှုတွေ လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ဟာ တပ်မတော်နဲ့ ဘာမှမဆိုင်ပါဘူး။ အစိုးရနဲ့သာ ဆိုင်ပါတယ်။ ပြည်သူက ရွေးကောက် တင်မြှောက်တဲ့ အစိုးရက ဆောင်ကျဉ်းရမှာပါ။ ပြည်သူ့အစိုးရက တာဝန်ပေးတဲ့ ကျရာနေရာကနေသာ တပ်မတော်အနေနဲ့ အကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ရမှာပါ။

ဒီလိုမဟုတ်ပဲ အုပ်ချုပ်ရေးယန္တရားကို မတန်မရာ နေရာဝင်ယူလိုက်တော့ eternal principle ဖြစ်တဲ့ အစိုးရရယ်၊ ပြည်သူရယ်၊ တပ်မတော်ရယ် ဆိုတာက ပျက်ယွင်းသွားပါတယ်။ ပြည်သူလူထုနဲ့ အစိုးရဓားပြ စစ်တပ်တို့ ထိပ်တိုက်ဖြစ်လာကြပါတယ်။ ထိပ်တိုက်ဖြစ်လာတော့ လူထုကို နည်းမျိုးစုံသုံးပြီး နှိမ်နင်း ပါတော့တယ်။ ဒီလိုနှိပ်နင်းပြန်တော့ ပြည်သူလူထု ဘေးအန္တရာယ် ကင်းဝေးရေး ဆိုတဲ့ နိုင်ငံတော်လုံခြုံရေး အခြေခံအချက်ကို ချိုးဖောက်လိုက်ပါလေရော။ တဆက်တည်းမှာပဲ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာ၊ တရားဥပဒေပြုရေး အာဏာတွေမှာ မမှန်မကန် ကျင့်သုံးဆောင်ရွက်မှုတွေ ဖြစ်လာတော့တယ်။ တခါ လူထုကို ခြိမ်းချောက်ဖို့ စစ်အင်အား တိုးချဲ့မှုတွေကို ပြည်သူ့ဘဏ္ဍာကနေ အလွန်အကျွံ သုံးစွဲမှုတွေ ဖြစ်လာတာရယ်၊ အုပ်ချုပ်ရေးယန္တရား အကျင့်ပျက် လာဘ်စားမှုတွေရယ်၊ ဗဟို ချုပ်ကိုင်စနစ်တွေရယ်၊ ဆွေတော်မျိုးတော် ကောင်းစားရေး ၀ါဒတွေရယ်ကြောင့် တိုင်းပြည်စီးပွားရေး၊ လူမှုရေး၊ ပညာရေးက အဘက်ဘက်က ဆက်တိုက် ကျဆင်းလာတော့တယ်။ မတရားဖိနှိပ်မှုတွေများလာတော့ နိုင်ငံတကာက မနေနိုင်ပဲ ၀င်ရောက်ပြောဆိုမှုတွေက ထပ်ဖြစ်လာပြန်တယ်။ အဲဒီအခါမှာ နိုင်ငံတကာဖိအားကို အလေးမပြုပဲ နေနိုင်ရေးအတွက် အားကိုးရာရှာရတော့တယ်။ ရှာရင်း ပေါက်ဖော်ကြီးနဲ့ နအဖ သတို့သမီးတို့ ဆုံတွေ့ကြရာက တရုတ်ကြိုးဆွဲ ရုပ်သေးလေးဘ၀ကို ရောက်သွားပြန်တယ်။ အဲဒီမှာတင် နိုင်ငံတော် လုံခြုံရေးရဲ့ အခြေခံအချက်တခုဖြစ်တဲ့ အော်တိုနော်မီဟာ ကျဆင်းလာပါတော့တယ်။ ဒီလိုနဲ့ နိုင်ငံတော် လုံခြုံရေး အခြေခံအချက်လေးရပ်လုံးကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်စွမ်းမရှိပဲ ဖြစ်လာပြီး၊ နိုင်ငံတော်လုံခြုံရေးသာမက အပြည်ပြည်ဆိုင်ရာ လုံခြုံရေး အပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာပါတယ်။

မြန်မာပြည်နှင့် အပြည်ပြည်ဆိုင်ရာလုံခြုံရေး
ပထမဦးဆုံး လူသားလုံခြုံရေး (Human Security) ကဏ္ဍကို အရင်ကြည့်ကြရအောင်ပါ။ ၁၉၉၄ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ဝေတဲ့ အစီရင်ခံစာမှာ လူသားလုံခြုံရေး ဆိုတာကို လူသားတဦးချင်း ဖွံ့ဖြိုးတိုးတက်ရေးကို ပိတ်ပင်တားဆီးနေတဲ့ အန္တရာယ်များမှ ကင်းဝေးရေး အခြေအနေ တရပ်အနေနဲ့ ဖော်ပြထားပါတယ်။ လူသားများဘ၀မှာ ရေရှည်ခြိမ်းချောက်မှုများ ဖြစ်နေတဲ့ ငတ်မွတ် ခေါင်းပါးခြင်း၊ ရောဂါဘယ ကူးစက်ပြန့်ပွားခြင်းနဲ့ အဖိနှိပ်အချုပ်ချယ်ခံရခြင်း စတာတွေက ကင်းဝေးဖို့ ဖြစ်ပါတယ်။ လက်ရှိမြန်မာပြည်မှာက အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး တရှိန်ထိုးကျဆင်းပြီး၊ စီးပွားရေး တိုးတက်မှု နှောင့်နှေးနေတာကြောင့် လူအများ ဆင်းရဲနွမ်းပါးမှုဒဏ်ကို မရှုမလှ ခံနေကြရပါတယ်။ ထမင်းနပ်မှန်အောင် မစားနိုင်သူ အရေအတွက်က တစတစ များပြားလာပါတယ်။ အစာရေစာ မလုံလောက်မှုကြောင့် အသက်ဆုံးရှုံးရတဲ့ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အများအပြား ဖြစ်နေပါတယ်။ ရောဂါဘယများကို စနစ်တကျကုသရန် ငွေကြေးမလုံလောက်မှုကြောင့် အသက်ဆုံးရှုံး ရသူများမှာလည်း ဒုနဲ့ဒေးဖြစ်လာပါတယ်။ ပိုပြီးဆိုးဝါးတာကတော့ နအဖစစ်အုပ်စုရဲ့ ဖိနှိပ်ချုပ်ချယ်မှုပါ။ စကားဟဟမပြောရဲ၊ ထမင်း၀၀ မစားရတဲ့ ဘ၀ကို ပြည်သူများ ရောက်ရှိနေပါတယ်။ လူအများစုကို အကြောက်တရားသွင်းပြီး ဖိနှိပ်မှုတွေကြောင့် လူတဦးချင်းဆီရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အပေါ်မှာ များစွာ ထိခိုက်နေပါတယ်။ တိုင်းရင်းသား ပြည်သူများအပေါ် ရန်သူလိုသဘောထားပြီး လူမျိုးတုန်း စစ်ပွဲများဆင်နွှဲနေတာကြောင့် အခုဆိုရင် Internally Displaced persons (အိုင်ဒီပီ) အရေအတွက်ဟာ သန်းနဲ့ချီပြီး ရှိနေပါတယ်။ နိုင်ငံတကာမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူများကလဲ တစတစ များပြားလာပါတယ်။

ဒါနဲ့အတူ ဆက်စပ်ပြီး နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတခုဖြစ်တဲ့ လူကုန်ကူးမှုကပါ နောက်ဆက်တွဲ လာပါတယ်။ မြန်မာပြည်နိုင်ငံရေး မတည်ငြိမ်မှုပေါ်မှာ အခွင့်အရေးယူပြီး ၀င်ငွေရှာတဲ့ မသမာသူ နိုင်ငံရေး အရေခြုံများကလဲ စီးပွားဖြစ် လူကုန်ကူးမှုတွေ လုပ်ကိုင်လာကြပါတယ်။ နိုင်ငံတခုမှာ လူသားလုံခြုံရေးကို အုပ်ချုပ်သူတွေက တာဝန်မယူနိုင်တဲ့အခါ ဒီလိုဖြစ်ရပ်တွေက ပေါ်ပေါက်စမြဲပါပဲ။ ပြဿနာရဲ့ အရင်း အမြစ်က နအဖသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရှိတဲ့ ဖယ်ဒရယ် နိုင်ငံတရပ်အဖြစ် ပေါ်ထွက်လာခဲ့ရင် ဒီလို အခွင့်အရေးသမားတွေဟာ အလိုအလျောက် ကွယ်ပျောက် သွားမှာပါ။ နိုင်ငံရေးအရေခြုံများနဲ့ နိုင်ငံရေးသမားများကို ခွဲခြားရှုမြင်ဖို့ လိုအပ်လှပါတယ်။

ဒုတိယအနေနဲ့ လူ့အဖွဲ့အစည်း လုံခြုံရေး (societal security) ကို ကြည့်ကြရအောင်ပါ။ လူ့အဖွဲ့အစည်း လုံခြုံရေးကို စစ်ရေးနိုင်ငံရေး ခြိမ်းချောက်မှုများနဲ့ တင်ပြချင်ပါတယ်။ စစ်ရေးခြိမ်းချောက်မှု ဆိုတာက လူ့ အဖွဲ့အစည်းထဲမှ လူနည်းစုတိုင်းရင်းသားများကို အာဏာသိမ်း စစ်တပ်မှ လက်နက်အင်အားနဲ့ အနိုင်ယူ ဗိုလ်ကျ စိုးမိုးခြင်းဖြစ်ပါတယ်။ လက်ရှိမြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားရွာငယ်များကို မီးရှို့ဖျက်ဆီးမှု၊ တိုင်းရင်းသူများကို မုဒိန်းကျင့်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ တိုင်းရင်းသား တပ်များကို အနိုင်ကျင့် လက်နက်ချခိုင်းမှုများဟာ လူ့အဖွဲ့အစည်းကို စစ်ရေးနည်းဖြင့် ခြိမ်းချောက်မှု ဖြစ်ပါတယ်။ နိုင်ငံရေး ခြိမ်းချောက်မှုဆိုတာကလဲ အုပ်ချုပ်ရေးအာဏာကို ရယူထားတဲ့ လူတစုကနေ ပြည်သူအများကို မတရား ဖိနှိပ်ချုပ်ချယ်ခြင်းဖြင့် ခြိမ်းချောက်မှုဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ပြည်သူလူထုကို ဖိနှိပ်ထားရုံမက လူမိုက် လက်ကိုင်တုတ်များမွေးပြီး၊ လူထုရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ထား တာကြောင့် လူ့အဖွဲ့အစည်း အပေါ်မှာ နိုင်ငံရေးခြိမ်းချောက်မှု ရှိနေပါတယ်။ ဒီလို လူ့ဘောင်အဖွဲ့အစည်းရဲ့ လုံခြုံရေးကို ခြိမ်းချောက်နေခြင်းဟာ နိုင်ငံတကာအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်လာပါတယ်။

ဒီလိုနဲ့ မြန်မာ့ လူသားလုံခြုံရေး၊ လူ့အဖွဲ့စည်းလုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို လူဦးရေရွေ့လျားမှု၊ နိုင်ငံရေး ခိုလှုံခွင့်၊ အိုင်ဒီပီ၊ ငတ်မွတ်ခေါင်းပါးမှု ရှုထောင့်များကနေ ဂယက်ရိုက်လာပါတယ်။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ နိုင်ငံတွေဟာ အဓိက ဇာတ်ကောင်တွေဖြစ်တယ် ဆိုပေမယ့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးသဘောတရားအရ state-centric security နဲ့ လူသားလုံခြုံရေး (Human security) တို့မှာ Human security ကို ဦးစားပေးရပါတယ်။ ဒါကြောင့် မြန်မာပြည်သူ ပြည်သားများ လုံခြုံရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးကြရတဲ့ အထိပါပဲ။ ကုလ သမဂ္ဂရဲ့ ဖွဲ့စည်းပုံဆိုင်ရာအားနည်းချက် (Structural failure) ကြောင့်သာ တရုတ်နဲ့ ရုရှားတို့ရဲ့ ဗွီတို အာဏာ ကျင့်သုံးမှုကြောင့် မအောင်မြင်ခဲ့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ရေးရာကတော့ ကမ္ဘာ့လုံခြုံရေး အပေါ်မှာ ဂယက်ရိုက်မှုတွေ ရှိနေခဲ့ပါပြီ။
တတိယပိုင်းအချက်အနေနဲ့ စီးပွားရေးရာ လုံခြုံရေး (economic security ) ကဏ္ဍကနေ လေ့လာ ကြည့်ရအောင်ပါ။

လက်ရှိမြန်မာပြည်မှာ စီးပွားရေးတိုးတက်မှုနှောင့်နှေးခြင်း၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှု စတာတွေကြောင့် စားဝတ်နေရေးအခက်အခဲတွေ ကြုံနေကြရပါတယ်။ စီးပွားရေး လုပ်ငန်း အများစုကိုလဲ စစ်အုပ်စုနဲ့ အပေါင်းအပါများကသာ ကြီးစိုး လုပ်ကိုင်နေကြပါတယ်။ တိုင်းပြည် တခုမှာ စီးပွားရေးရာလုံခြုံရေးအတွက် ထောက်ပံ့ရေးလုံခြုံရေး၊ ဈေးကွက်ဝင်ရောက်မှု လုံခြုံရေး၊ ငွေကြေး စနစ် ခိုင်မာတောင့်တင်းမှုလုံခြုံရေး၊ နည်းပညာစွမ်းရည်လုံခြုံရေး၊ လူမှုစီးပွား paradigm လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော် လုံခြုံရေး၊ စီးပွားရေးစနစ်လုံခြုံရေး၊ မဟာမိတ်ပြုလုံခြုံရေးဆိုတဲ့ economic security typologies ရှစ်မျိုးနဲ့ ပြည့်စုံရပါတယ်။
ဒီရှစ်မျိုးလုံးနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ အားနည်းချက်တွေ ရှိနေပါတယ်။ ကုန်ပစ္စည်းတင်သွင်းမှုတွေကို နည်းမျိုးစုံနဲ့ ကန့်သတ်ထားမှုတွေ ရှိနေပါတယ်။ ပြည်တွင်းကုန်စည်စီးဆင်းမှု၊ ဖြန့်ချိရေး၊ ထောက်ပံ့ရေး လမ်းကြောင်းများမှာလဲ အဆင့်ဆင့်လိုင်းကြေးပေးပြီးမှ လုပ်ဆောင်နေကြရပါတယ်။ ဈေးကွက် ၀င်ရောက် နိုင်မှုမှာလည်း ဈေးကွက်ကို နအဖဦးပိုင်နဲ့ အပေါင်း အပါများကသာ ကြီးစိုးနေကြပါတယ်။ ဘယ်လို ဈေးကွက်ပဲဝင်ဝင် ပါမစ်ရဖို့ လာဘ်ပေးလာဘ်ယူခြင်းက စတင်ရပါတယ်။ ငွေကြေး စနစ်မှာလည်း ခိုင်မာမှု မရှိပါဘူး။ ဘဏ်လုပ်ငန်းများ စိတ်ချယုံကြည်ရမှုမရှိပါဘူး။ ငွေကြေးဖောင်းပွနှုန်းက အရှိန်အဟုန်နဲ့ မြင့်တက် နေပါတယ်။ နည်းပညာစွမ်းရည်ပိုင်းမှာလည်း High tech လုပ်ငန်းများကို ထိန်းချုပ်ကွပ်ကဲမှုများ ရှိနေပါတယ်။ လူမှုစီးပွား paradigm ပိုင်းမှာလည်း ကာကွယ်ပေးမှုမရှိတာကြောင့် အခုဆိုရင် မြန်မာပြည် ဈေးကွက်တော်တော်များများဟာ ဘိန်း ကုန်ကူးသမားများ လက်ထဲမှာ ရောက်နေပါတယ်။ နယ်စပ် ဖြတ်ကျော် လုံခြုံရေးဆိုတာမှာလဲ နယ်စပ်ကုန်သွယ်ရေးအဖွဲ့များ၊ ဥပဒေဘက်တော်သား အမည်ခံများရဲ့ လာဘ်ပေးလာဘ်ယူမှု၊ ကြီးစိုးခြယ်လှယ်မှုများသာ ဖြစ်ပွားနေပါတယ်။ စီးပွားဖက် လုံခြုံရေး အပိုင်းမှာလဲ နည်းဗျူဟာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (tactical cooperation) နဲ့ တွေ့ဆုံညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှု (negotiated cooperation) အပိုင်းတွေမှာ စည်းမျဉ်းနည်းလမ်းပေါင်းများစွာ ရှိနေပါတယ်။

ဒီလို စီးပွားရေးရာလုံခြုံမှု မရှိတဲ့အခါကျတော့ လူငယ်အများအပြား တိုင်းပြည်မှ ထွက်ခွာသွားပြီး ဦးနှောက် ယိုစီးမှု ပြဿနာ စတင်ပါတော့တယ်။ brain drain ပြဿနာကို ပြောပြီး၊ နိုင်ငံရပ်ခြားမှာ သွားရောက် အလုပ်လုပ်ကိုင်တဲ့ ပညာတတ်လူငယ်များကို အပြစ်တင်ပြောဆိုပေမယ့် brain gain ဖြစ်အောင် နအဖဘက်က ဆောင်ရွက်ချက် တစုံတရာမှ မရှိပါဘူး။ စစ်တပ်ပညာတော်သင်များကို ပြည်ပ စေလွှတ် ပညာသင်ကြားမှုများပဲ ရှိပါတယ်။ ဒီလိုသင်ကြားစေရာမှာလဲ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပညာရပ်များမဟုတ်ပဲ စစ်အင်အား၊ စစ်အာဏာရှင်ယန္တရား ကာကွယ်ရေးဆိုင်ရာ ပညာရပ်များကိုပဲ သင်ကြားစေတာ ဖြစ်ပါတယ်။ စီးပွားရေးရာလုံခြုံမှုမရှိတဲ့အတွက် နောက်တချက်ဖြစ်ပွားလာတဲ့ ပြဿနာ ကတော့ လူကုန်ကူးမှု၊ လိင်ကျေးကျွန်ပြုမှု စတာတွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ လိင်လုပ်သားများအဖြစ် အိမ်နီးချင်းနိုင်ငံများမှာ သွားရောက်လုပ်ကိုင်သူများမှ အိတ်ခ်ျအိုင်ဗွီပိုးများ ကူးစက်ပျံ့နှံ့ မှုတွေ ဖြစ်လာပါတယ်။ ဒီလို လူကုန်ကူးမှုတွေ၊ ရောဂါပိုးပျံ့ပွားမှုတွေဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ကြီးစွာသော သက်ရောက်မှုတွေ ဖြစ်လာပါတယ်။

ဒါတွင်မက အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းချောက်နေတဲ့ အကြီးမားဆုံး မြန်မာ့ရေးရာ ပြဿနာတရပ်ကတော့ မူးယစ်ဆေးဝါးကိစ္စပါ။ နအဖစစ်အုပ်စုဟာ “ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော” စိတ်ဓာတ်နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုတွေကို အားပေးဆောင်ရွက်နေပါတယ်။ နိုင်ငံတကာက ဖိအားပေးလာတဲ့အခါမှသာ ဟန်ပြဖျက်ဆီးရေးပွဲများ လုပ်ပြီး ကမ္ဘာကို မျက်လှည့် ပြနေတာပါ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ သတင်းကို ထောက်လှမ်းရယူနိုင်အောင် လူအင်အား၊ နည်းပညာ အကူအညီ စတာတွေနဲ အင်တိုက်အားတိုက် လုပ်ဆောင်နေတဲ့ စစ်အုပ်စုဟာ တကယ်သာ ဒီလိုအင်အားတွေသုံးပြီး မူးယစ်နှိမ်နင်းရေး လုပ်ခဲ့မယ်ဆိုရင် မူးယစ်ဆေးဝါးထုတ်ဝေမှု၊ ဖြန့်ဖြူးမှုတွေကို မလွဲမသွေ ဖော်ထုတ်နိုင်မှာပါပဲ။ မျက်စိစုံမှိတ် အားပေးနေလို့သာ မြန်မာပြည်ဟာ ကမ္ဘာမှာ ဒုတိယ အများဆုံး မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် တည်ရှိနေတာပါ။ ဒီမြန်မာ့မူးယစ်ဆေးဝါး ပြဿနာဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးကို ထိခိုက်မှုတွေ အများကြီးဖြစ်နေစေပါတယ်။

ဒါကြောင့် နိဂုံးချုပ်ဆိုရရင်တော့ “ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက်” ဆိုတဲ့အတိုင်း လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာလုံခြုံရေးဆိုင်ရာ မြန်မာ့ရေးရာ ပြဿနာ များဟာ နအဖစစ်အုပ်စု တည်ရှိနေခြင်းကြောင်း ဖြစ်ပွားနေတာပါ။ စစ်အာဏာရှင်ကြိုးဆွဲ ရုပ်သေး အရပ်သားအစိုးရ တက်လာရုံနဲ့လဲ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။

စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားမှသာ ပျောက်ကွယ်သွားမှာ ဖြစ်တာကြောင့် မြန်မာ့ပြည်သူလူထု လုံခြုံရေး၊ ကမ္ဘာသူ ကမ္ဘာသားများ လုံခြုံရေးတို့အတွက် နအဖစစ်အုပ်စုအား ပူးပေါင်းတိုက်ပွဲဝင်ကြပါစို့။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် လက်တွဲလှုပ်ရှားကြပါစို့၊ လို့တိုက်တွန်းလိုက်ရပါတယ်။

ခင်မမမျိုး (၁၈၊ ၁၁၊ ၂၀၀၈)

Read More...

ဝ ပြည်အစဉ်ငြိမ်းချမ်းနေ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရန်မလိုဟု UWSA တပ်မှူးပြော

အင်္ဂါနေ့၊ 09 ဒီဇင်ဘာလ 2008

၂၀၁၀ ရွေးကောက်ပွဲအတွက် အပစ်ရပ်ငြိမ်းအဖွဲ့များအား လက်နက်နှင့် ငြိမ်းချမ်းရေးလဲရန် နအဖ စစ်တိုင်း စစ်ဗျူဟာမှူးများ လှည့်လည်ဖိအားပေးရာ UWSA ၀ တပ်မှူးတဦးက ၀ ပြည်အစဉ်ငြိမ်းချမ်းနေသောကြောင့် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ် ရန်မလိုကြောင်း၊ တြိဂံစစ်တိုင်းမှူးကိုတုံ့ပြန်ပြောဆိုသည်ဟု တရုပ်နယ်စပ်သတင်းရပ်ကွက်ကဆိုသည်။

နိုဝင်ဘာလ ၅ ရက် မနက် ၉း၃၀ နာရီ ကကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး၊ မိုင်းခတ်အခြေစိုက် စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးနေလင်းနှင့်အဖွဲ့သည် ကျိုင်းတုံမြို့အရှေ့မြောက်ဘက် ၁၀၂ ကီလိုမီတာ ရှိ မိုင်းယန်းမြို့အနောက်မြောက် ဘက် မိုင်းပေါက် ဒေသ UWSA ၀ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် အထူးဒေသ ၂ ၊ တပ်မဟာ ၄၆၈ ဌာနချုပ် မှ တပ်မဟာမှူး၊ ဒု တပ်မဟာမှူးတို့နှင့် တွေ့ဆုံ၍ နေ့လည်စာလက်ဆုံစားကြစဉ် အခြေအတင်ပြောဆိုခဲ့ကြခြင်းဖြစ်သည်ဟု မိုင်းပေါက် အခြေစိုက် UWSA သတင်းရပ်ကွက်မှသိရသည်။

“၁။ မိုင်းတုံမြို့အရှေ့တောင်ဘက် မိုင်းယွန်း အခြေစိုက် ၀ တပ်ဖွဲ့အားလုံး မြောက်ပိုင်းပန်ဆန်းဌာနချုပ်ကို တပ်ရုပ်ပါ၊ အဲဒီမှာ ၀ တပ်ဖွဲ့ရှိနေရင် တောင်ပိုင်း SSA ကို အပြတ်တိုက်ထုတ်ဖို့မလွယ်ဘူး။ ၂။ ၀ ဒေသ အစဉ်အေးချမ်းစေလိုရင်၊ အနာဂတ်ဖွံ့ဖြိုးတိုး တက်ရေးအတွက်ကြိုးပမ်းလိုရင်လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ပါ ” - တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး ကပြောခဲ့သည်ဟု ဆို၏။

တြိဂံစစ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဖြိုး၊ ပြောဆိုမှုအပေါ် UWSA ၀ ပြည်တွေးစည်းညီညွတ်ရေးတပ်မတော် အမှတ် ၄၆၈ တပ်မ ဟာမှူး စိုင်းဆမ် က- “၁။ တောင်ပိုင်း ၀ တပ်ဖွဲ့ အခြေစိုကှ်အခြေချလှုပ်ရှားတဲ့နယ်မြေဟာ အသက်သွေး ချွေးနဲ့ရင်းပြီးတိုက်ယူခဲ့ ရတယ်။ ဒါကြောင့်စစ်အစိုးရတိုက်တွန်းတိုင်း ၀ ခေါင်းဆောင်တွေကတပ်ရုပ်ဖို့အမြဲငြင်းဆန်တယ်။ နောက်နောင်လည်းဘယ် တော့မှတပ်ရုပ်မှာ မဟုတ်ဘူး။ ၂။ ၀ ပြည်က အစဉ်အေးချမ်းနေတယ်။ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ဖို့လဲမလိုဘူး။ အခု ၀ တပ်မတော်သားများ ကိုင်ဆောင်တဲ့ လက်နက်ခဲယမ်းအားလုံးဟာလဲ အစိုးရထောက်ပံ့တာတလက်မှမရှိဘူး၊ ” ဟု တုံ့ပြန်၏။ “ကျနော်တို့အသက်ရှင်နေ သရွေ့ ဘယ်တော့ မှ လက်နက်မချဘူး” ဟု ပြောကြောင်း အဆိုပါတပ်မှူးနှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်ကိုပြောပြသည်။

ဝ တပ်မဟာမှူး၏ တုံ့ပြန်မှုကြောင့် ဗိုလ်မှူးချုပ်ကျော်ဖြိုး နှင့် မိုင်းခတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်းတို့ အမျက်ဒေါသထွက်ကာ တခွန်းမျှစကား မဆိုနိုင်ဘဲ မိုင်းပေါက်မှ ချက်ခြင်းပြန်လှည့်ထွက်လာသည်ဟုဆို၏။ မိုင်းလား၌ တညတည်းခိုသော်လည်း ၂၀၁၀ ရွေးကောက်ပွဲအကြောင်း၊ ပါတီထောင်ဖို့အကြောင်း လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ရေးအကြောင်း တခွန်းတပါဒမျှမဟ ဟု မိုင်းလားဌာနချုပ်အဆင့်မြင့်အရာရှိများနှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်ကို ဤကဲ့သို့ပြောပြသည်။

“သူတို့ မိုင်းလားမှာ တည အိပ်တယ်။ ဥက္ကဌ ကြီးနဲ့ တွေ့လားမတွေ့လားတော့မပြောတတ်ဘူး။ ရွေးကောက်ပွဲအကြောင်း၊ ပါတီ ထောင်ဖို့အကြောင်းလည်းတခွန်းမှ မပြောဘူးတဲ့။ ဒါပေမဲ့ ဌာနချုပ်က ယွမ်ငွေ ၆၀၀၀ ကျော် လက်ဆောင်ပေးလိုက်လို့ နောက် နေ့မနက်ခပ်ပြုံးပြုံးဘဲ ကျိုင်းတုံကိုပြန်သွားတယ်လို့ပြောတယ်”

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တပ်မဟာ ၄၆၈ အခြေစိုက် မိုင်းပေါက်ဒေသသည် မိုင်းယန်းမြို့ အနောက်မြောက်ဘက် မိုင် ၃၀ ကျော် အကွာတွင်ရှိပြီး အထူးဒေသ ၂ အတွင်း ခရိုင်အဆင့်အဖြစ်သတ်မှတ်ထားသည်။ စစ်အစိုးရ မြေတိုင်းဌာနက ထိုဒေသ ကို မိုင်းယန်းမြို့နယ်၏ ကျေးရွာအုပ်စုအဖြစ်သတ်မှတ်ထားသောကြောင့် ၀ တပ်ဖွဲ့များတပ်ရုပ်ပေးရန် ယခုချိန်ထိဖိအားပေးခံနေရ ဆဲဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဝန်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ရာထူးမှ နှုတ်ထွက်မည်

ဒီဇင်ဘာလ 09 2008

ချင်းမိုင် (မဇ္ဈိမ)။ ။ အနည်းဆုံး ၀န်ကြီး ၈ ဦးနှင့် မြို့တော်ဝန် တဦးသည် လက်ရှိရာထူးများမှ အနားယူပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အမတ်များအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိကြောင်း အစိုးရ သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

သစ်တော၊ ဆောက်လုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ မွေးမြူရေး၊ အမှတ် (၁) စက်မှု၊ ပို့ဆောင်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ ၀န်ကြီး ၈ ဦးနှင့် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် မဝေးလှသော အနာဂတ်တွင် အစိုးရအဖွဲ့ဝင် ရာထူးများမှ နှုတ်ထွက်မည်ဖြစ်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း နေပြည်တော်ရှိ သတင်းရပ်ကွက်များက ပြောသည်။

အတိုက်အခံများနှင့် ဝေဖန်သူများ အပြင်းအထန် ကန့်ကွက်ထားသော်လည်း စစ်အစိုးရက နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်လမ်းပြမြေပုံ ချမှတ်ထားကာ ၂၀၁၀ ခုနှစ်တွင် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးလည်း ပါရှိသည်။

ပြည်တွင်း အကဲခတ်တဦးက "၀န်ကြီးဟောင်းတွေက ကြိမ်းသေနိုင်တဲ့ နေရာတွေမှာ ၀င်ပြိုင်လာကြလိမ့်မယ်" ဟု ပြောလိုက်ရင်း လက်ရှိ အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်းအနေဖြင့် မန္တလေးတွင်လည်းကောင်း၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် မြစ်ကြီးနားတွင် ၀င်ပြိုင်နိုင်ဖွယ်ရှိသည်ဟု သူက ဆက်ပြောသည်။

စစ်အစိုးရမှသည် အရပ်သားအနည်းငယ် ရောစွက်လာမည့် အစိုးရပုံစံသစ် ဖြစ်ပေါ်လာရေး ဖန်တီးမည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပါဝင်ခွင့် မရအောင် ကန့်သတ်မှုများ ပြုလုပ်ဖွယ်ရှိသည်ဟု သူက ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရခဲ့သော်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲပေးရန် စစ်အစိုးရက ငြင်းဆန်ထားသည်။ ထို့အပြင် ပါတီခေါင်းဆောင်နှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် သူမကိုပါ နေအိမ်၌ အကျယ်ချုပ်ချထားသည်။

နှုတ်ထွက်မည်ဆိုသော ၀န်ကြီး ၈ ဦးနှင့် မြို့တော်ဝန်၏ စာရင်းကို အောက်တွင် ဖော်ပြထားသည်။

၁။ ဗိုလ်မှူးချုပ် သိန်းအောင် (၀န်ကြီး၊ သစ်တောရေးရာဝန်ကြီးဌာန)

၂။ ဗိုလ်ချုပ် စောထွန်း (၀န်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)

၃။ ဗိုလ်ချုပ် စောလွင် (၀န်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)

၎။ ဗိုလ်မှူးချုပ် မောင်မောင်သိမ်း (၀န်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)

၅။ ဦးအောင်သောင်း (၀န်ကြီး၊ အမှတ် (၁) စက်မှုဝန်ကြီးဌာန)

၆။ ဗိုလ်ချုပ် သိန်းဆွေ (၀န်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန)

၇။ ဗိုလ်ချုပ်ဌေးဦး (၀န်ကြီး၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)

၈။ ဗိုလ်မှူးချုပ် သိန်းဇော် (၀န်ကြီး၊ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန)

၉။ ဗိုလ်မှူးချုပ် အောင်သိန်းလင်း (မြို့တော်ဝန်၊ ရန်ကုန်)

Ref: မဇ္ဈိမ

Read More...

မြန်မာ့အရေး ဆောင်ရွက်မှုအတွက် အမေရိကန် သမ္မတကတော် လော်ရာဘုရှ်အား ဂုဏ်ပြု

09 December 2008

နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ရုန်းကန်လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်ပေးကြဖို့ အမေရိကန်သမ္မတကတော် လော်ရာဘုရှ် (Laura Bush) က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားဘေးဒုက္ခတွေ လျော့ပါးစေရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်ပေးခဲ့တဲ့ သမ္မတကတော်ကို မစ်ချီဂန် အခြေစိုက် Christian Freedom International ကနေ ဆုတဆုချီးမြှင့်ခဲ့ပါ တယ်။ ဒီဆုလက်ခံတဲ့ မိန့်ခွန်းမှာ သမ္မတကတော်က အခုလိုပြောသွားတာ ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ Freedom from Fear ဆိုတဲ့ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းခြင်းဆိုတဲ့စာအုပ်ကို ဖတ်ရှုပြီး ၁၉၉၁ ခု နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ မြန်မာပြည်သူလူထု လွတ်မြောက်ရေးအတွက် ထားရှိတဲ့ စွန့်လွှတ်အနစ်နာခံမှုကို လေးစားခဲ့ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ ပြည်တွင်းမှာ အိုးအိမ်မဲ့ စွန့်ပစ်ထွက်ပြေးကြရသူတွေ၊ နယ်စပ်ကို ထွက်ပြေးခဲ့ကြရတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေအရေးကို ကမ္ဘာက နိုးကြားမှု ရှိစေအောင် သမ္မတကတော် လော်ရာဘုရှ်က တစိုက်မတ်မတ် စတင်ဆောင်ရွက်ပေးခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း သက္ကရာဇ် ၂၀၀၈ ခု Freedom Award ဆု လက်ခံမိန့်ခွန်းမှာ သူက အခုလို တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

"မြန်မာတနိုင်ငံလုံးလွတ်လပ်ပြီး ဒီမိုကရေစီ အပြည့်အ၀ ခံစားနိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုကို ၀ိုင်းဖြည့်ဆည်းပေးကြပါ။ ကျမတို့ရဲ့လွတ်လပ်မှုကို အခြေပြုပြီး အတူတကွ ဆောင်ရွက်ပေးကြပါစို့" လို့ အမေရိကန်သမ္မတကတော်က တိုက်တွန်းသွားပါတယ်။

Freedom Award ချီးမြှင့်တဲ့ မစ်ချီဂန်အခြေစိုက် Christian Freedom International (CFI) ခေါ် အမေရိကန်လွတ်လပ်မှု နိုင်ငံတကာအဖွဲ့အစည်းဟာ ၁၉၉၈ ခုကတည်းက မြန်မာပြည်တွင်းမှာရော ထိုင်း-မြန်မာ နယ်စပ်မှာပါ ကရင်၊ ကရင်နီ ဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ ခရစ်ယာန်ကျမ်းစာနဲ့ အခြား လူသားချင်းစာနာမှု အထောက်အကူတွေကို လုပ်ဆောင်ပေးခဲ့တာပါ။ အခုလို CFI အဖွဲ့ရဲ့ ဆုချီးမြှင့်ခြင်း ခံရတဲ့ မစ္စစ်ဘုရှ်က မြန်မာဒုက္ခသည်တွေရဲ့ ကံကြမ္မာအကြောင်းကိုလည်း သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။

"မြန်မာဒုက္ခသည်တွေ သောင်းနဲ့ချီပြီး မလွှဲမရှောင်သာ ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ကြရတာပါ။ နောက်ထပ် ထောင်ပေါင်းများစွာလည်းတောတွေ၊ တောင်တွေမှာ စားနပ်ရိက္ခာ၊ ခိုကိုးစရာ၊ ဆေးဝါးတွေ အလုံအလောက်မရှိဘဲ ရုန်းကန် နေထိုင်ကြရပါတယ်။ ဒီရက်စက်ကြမ်းကြုတ်မှုဒဏ်ရဲ့ တဖြည်းဖြည်း ဆိုးရွားလာတဲ့ အခြေအနေကို ကျမကိုယ်တိုင်လည်း ထိုင်း မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုခဲ့လို့ တွေ့ရှိခဲ့ပါတယ်။" လို့ မစ္စစ်ဘုရှ်က ပြောသွားပါတယ်။

သမ္မတကတော်အနေနဲ့ ပြီးခဲ့တဲ့သြဂုတ်လက ထိုင်းနိုင်ငံကို သမ္မတဘုရှ်နဲ့ သွားရောက်စဉ် တာ့ခ်ခရိုင် မဲဆောက်မြို့အနီး မယ်လဒုက္ခသည် စခန်းနဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ခြင်ထောင်တွေအပါအ၀င်
အထောက်အကူ ပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ UNHCR က ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်း ၉ ခုရှိရာမှာ တခုဖြစ်တဲ့ မယ်လကို သွားရောက်ကြည့်ရှုခဲ့ပြီးနောက် မစ္စစ်ဘုရှ်က
ဒုက္ခသည်များအရေး နိုင်ငံတကာက နိုးကြားမှု ရရှိစေဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးဖို့ကိုလည်း မြန်မာစစ်အစိုးရကို သူ့ရဲ့ မိန့်ခွန်းထဲမှာ တိုက်တွန်းလိုက်ပါတယ်။

"ဒီဒုက္ခသည်များအရေးကို ဖြေရှင်းဖို့ ကျမတို့ရဲ့ထောက်ပံ့မှုနဲ့ အာရုံစူးစိုက်မှုကို လိုအပ်ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ ခုလို ကိုယ့်နိုင်ငံသားတွေအပေါ် အကြောက်တရားနဲ့ အုပ်ချုပ်နေတာ၊ တိုင်းရင်းသား လူမျိုးတွေအပေါ် နှိပ်ကွပ်နေတာတွေကို အဆုံးသတ် ပေးဖို့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာက တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။" လို့ မစ္စစ်ဘုရှ်က ပြောသွားတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ Freedom Award ရဲ့ ထူးခြားမှုကိုလည်း သမ္မတကတော်က…

"ဒီဆုကို လက်ခံရရှိခြင်းအားဖြင့် ကျမတို့ အတူတကွထားရှိတဲ့ ရည်မှန်းချက်ကို ရောင်ပြန်ဟပ်စေပါတယ်။ အဲဒါကတော့ တချိန်က ကြွယ်ဝချမ်းသာခဲ့တဲ့ မြန်မာနိုင်ငံကြီးမှာ ယနေ့ ဖိနှိပ်ခံနေရတဲ့၊ မျှော်လင့်ချက်ကင်းနေတဲ့ လူထုအတွက် ကျမတို့တွေအားလုံး တညီ တညွတ်တည်း ၀ိုင်းဝန်းလုပ်ဆောင်ကြရတဲ့ သန္နိဋ္ဌာန် ခိုင်မာမှုပါပဲ။" လို့ သမ္မတ ကတော်က ပြောကြားသွားပါတယ်။

နောက်နှစ် ဇန်န၀ါရီလ သမ္မတဘုရှ်ရဲ့ ရာထူးသက်တမ်း ကုန်ဆုံးပြီးနောက်မှာလည်း သူတို့ဇနီးမောင်နှံနှစ်ဦး ဇာတိ တက္ကဆက်ကို ပြန်တဲ့အခါ မစ္စစ်ဘုရှ်အနေနဲ့ ပညာရေးနဲ့ အာဖဂန်အမျိုးသမီးအရေး စေတနာ့ဝန်ထမ်း လုပ်ငန်းများကို ဆက်လက်လုပ်ကိုင် သွားမှာ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံအရေးကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မကြာသေးမီက သတင်းမီဒီယာတွေကို ပြောကြား သွားတာလည်း ရှိပါတယ်။

Ref: VOA News

Read More...

ဦးသန့် တံဆိပ်ခေါင်း ကုလက ထုတ်ဝေမည်

သန်းထိုက်ဦး
တနင်္လာနေ့၊ ဒီဇင်ဘာလ 08 2008

ချင်းမိုင်။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ မြန်မာနိုင်ငံသား ဦးသန့်၏ နှစ် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း ၃ မျိုးကို လာမည့်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကုလက ထုတ်ဝေသွားမည်။

ဦးသန့်၏ ရုပ်ပုံများဖြင့် ထုတ်ဝေမည့် တံဆိပ်ခေါင်းများကို အမေရိကန် ဒေါ်လာ ဝ.၉၄ ၊ ဆွစ်ဇာလန် ဆွစ်ဖရန့်စ် ၁.၃ဝ ၊ ဥရောပသမဂ္ဂ ငွေကြေး ယူရို ၁.၁၅ တန်ကြေးဖြင့် ထုတ်ဝေ ရောင်းချမည်ဟု ကုလသမဂ္ဂ စာတိုက်ဌာန၏ website ၌ ထုတ်ပြန် ကြေညာထားသည်။

ဦးသန့်သည် ဒုတိယမြောက် ကုလအတွင်းရေးမှူးချုပ်ဖြစ်သူ ဒက်ဂ် ဟန်းမားဂျိုလ် လေယာဉ်ပျက် သေဆုံးပြီးနောက် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် စတင်၍ အစားထိုး အမှုထမ်းခဲ့ရသည်။ ၁၉၆၂ နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အထွေထွေညီလာခံက တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်သည်။

နောက်သက်တမ်းတွင်လည်း ညီလာခံက ဆက်လက်၍ ခန့်အပ်ခဲ့သဖြင့် ၁၉၇၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အမှုထမ်းခဲ့သည်။

သူ့ကို ဧရာဝတီတိုင်း ပန်းတနော်မြို့၌ ၁၉၀၉ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့တွင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်းတို့က မွေးဖွားခဲ့ပြီး ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကုလတာဝန်မှ အနားယူနေချိန်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်၌ အသက်မှာ ၆၅ နှစ်သာ ရှိသေးသည်။

ထိုအချိန်က မြန်မာပြည်တွင် အုပ်ချုပ်နေသည့် အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက သူ၏ ရုပ်ကလာပ်ကို နိုင်ငံတော်ဈာပနဖြင့် မသဂြုင်္ိဟ်ပဲ သာမန် နိုင်ငံသားအဖြစ်သာ သဂြုင်္ိဟ်မည်ဆိုသဖြင့် မကျေမနပ်ဖြစ်နေသော တက္ကသိုလ်ကျောင်းသားများက ဈာပနနေ့ဖြစ်သည့် ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဦးသန့်ရုပ်ကလာပ်ကို လုယူခဲ့ရာမှ ဦးသန့်အရေးအခင်းဟူ၍ ပေါ်ပေါက်ခဲ့သည်။

ကျောင်းသားပြည်သူ ဆန္ဒပြသူများအား ဦးနေ၀င်း အစိုးရက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် ဖမ်းဆီးသဖြင့် လူဦးရေ ၅ ထောင်ကျော် ဖမ်းဆီးခံရကာ ဦးရေ ၅၂၀ မှာ ထောင်ဒဏ် ၄ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်ပေးခဲ့သည်။ နောက်ပိုင်းတွင် ချင်းအမျိုးသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အပါအ၀င် ၈ ဦးကို သေဒဏ် အပြစ်ပေးခဲ့သည်။

ဦးသန့်သည် ၁၉၅၇ မှ ၁၉၆၁ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရက ချီးမြှင့်သော မဟာသရေစည်သူဘွဲ့ကို ရရှိခဲ့သေးသည်။

ကမ္ဘာ့နိုင်ငံများရှိ ထင်ရှားသည့် တက္ကသိုလ်၊ ကောလိပ် ၃၀ ကျော်ကလည်း ဂုဏ်ထူးထောင် ဒီဂရီဘွဲ့များ ချီးမြှင့်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အမျိုးသားကျောင်း ကျောင်းအုပ်ကြီးအဖြစ် ၄ နှစ်ခန့် အမှုထမ်းခဲ့သလို၊ ကျောင်းအုပ်ကြီးများ အသင်းတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ မြန်မာ ကျောင်းသုံးစာအုပ် ကော်မတီနှင့် အမျိုးသားပညာရေး ကောင်စီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ကာ၊ မြန်မာနိုင်ငံ ပညာရေး ပြန်လည်ပြုပြင်ရေး ကော်မတီတွင် အတွင်းရေးမှူးနှင့် အလွတ်သတင်းထောက်အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, December 9, 2008

အာဏာရှင်ကြီးများ၏ အတွင်းရေး - အပိုင်း(၆)

အဆိုးဝါးဆုံးမှာ ပြည်သူပြည်သားများအတွက် ဘ၀လုံခြုံရေးဆိုလို့ ဘာမှ မရှိတော့ခြင်းပင် ဖြစ်ပါတယ်။ အခွင့်ထူးခံ လူတန်းစားများမှ လွဲပြီး တိုင်းသူပြည်သားများအတွက် နိုင်ငံအတွင်းသို့ တရားဝင် တင်သွင်းလာတဲ့ ဆေးဝါးရယ်လို့ လုံးဝ မရှိခဲ့ပါ။ ဘီပီအိုင်မှ ထုတ်တဲ့ ဆေးဝါးများကိုလည်း အခွင့်ထူးခံ လူတန်းစားများထံမှ တဆင့်သာ တန်ဖိုးကြီးစွာ ၀ယ်ယူခဲ့ကြရပါတယ်။ လူတစ်ယောက်အတွက် တန်ဖိုး အရှိဆုံး အသက်ရှင်မှုကိုပင် အာမခံချက် လုံးဝ မရှိတော့ပါ။ နိုင်ငံအတွင်းရှိ လုပ်သားပြည်သူ အများစုမှာ အခွင့်ထူးခံ လူတန်းစားများလို နိုင်ငံတော် အပေါ် အားထားနိုင်တဲ့ အရာဆိုလို့ လုံးဝ မရှိတော့တဲ့ အခြေအနေသို့ ရောက်ရှိခဲ့ပါတယ်။


အဲဒီလို အခြေအနေဆိုးကြီးများကို ဒိုင်ခံပြီး ပြုပြင်ဖို့ ကြိုးစားအားထုတ်ခဲ့သူမှာ ဗိုလ်မှူးချုပ် မျက်မှန်တင်ဦးပင် ဖြစ်ပါတယ်။ ဒီလို အခြေအနေဆိုးများ ဖြစ်လာရခြင်းရဲ့  အကြောင်းရင်းဟာ သူရဲ့  တစ်ဆူတည်း ဘုရားဖြစ်တဲ့ ဗိုလ်နေ၀င်းရဲ့  ခေါင်းမာမှု၊ မာနထောင်လွှားမှု၊ အမျက်စောင်းမာန် ကြီးမားမှုများကြောင့် ဖြစ်တာကို ကောင်းစွာ သိရှိခဲ့သည်သာ ဖြစ်ပါတယ်။ ကမ္ဘာ့ အခြေအနေ အရ နိုင်ငံတကာနဲ့ ဆက်သွယ်မှု မရှိဘဲ မဖြစ်နိုင်မှန်း သိပေမဲ့ ကိုယ်ကျိုးတစ်ခုတည်းသာ အဓိက ထားတတ်တဲ့ တစ်ဆူတည်းသော ဘုရားကြောင့် နိုင်ငံတကာရဲ့  ၀ိုင်းပယ်မှုကို ခံခဲ့ရပါတယ်။ အနောက်နိုင်ငံများနှင့် ဆက်သွယ်ခွင့်ရအောင် အထူးသဖြင့် အနောက်ဂျာမဏီ၊ အမေရိကန် CIA နှင့် ရင်နှီးကျွမ်းဝင်မှု ရှိအောင် ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးကောင်းအောင် ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ခေါင်းဆောင်ကြီး ဖြစ်တဲ့ ဗိုလ်နေ၀င်းဟာ နိုင်ငံရေးကစားရာမှာ လက်ဖျားခါရလောက်အောင် တော်သူဖြစ်ပေမဲ့ ပြည်သူလူထုအပေါ် ထားရှိတဲ့ စေတနာမှာ ခေါင်းပါးလှတာကြောင့် ပြည်သူတစ်ရပ်လုံးမှာ ဒုက္ခမျိုးစုံကို ကုန်းရုန်းပြီး ခံခဲ့ကြရပါတယ်။ ပြည်သူလူထုကို အံ့အားသင့်သွားအောင် အခြားနည်းဖြင့် နိုင်ငံရေးမျက်လှည့်ပြရန် မရှိတော့တဲ့အတွက် သူ့အား အစဉ် ကျိုးနွံသစ္စာရှိခဲ့သူများကို ရက်စက်စွာ ပစ်ပယ်ခဲ့တဲ့အတိုင်း ဗိုလ်မှူးချုပ်တင်ဦး ကိုလည်း ၀ိုင်းပယ်လိုက်ပါတော့တယ်။

ဗိုလ်မှူးချုပ်တင်ဦးဟာ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာခြင်း ဖြစ်သဖြင့် များစွာ ထိခိုက်ပုံ မရခဲ့ပါ။ ဒါပေမဲ့ သူ့အား အကျဉ်းချပြီး အမှုစစ်နေတဲ့ ကာလမှာ အမှုအကြောင်းအရာများကို သတင်းစာများတွင် ရေးထားတာကိုဖတ်ပြီး အကြီးအကျယ် ဒေါကန်ပါတော့တယ်။ သူ့ကို မှန်မှန် သွားရောက်တွေ့ခဲ့တဲ့ ညီဖြစ်သူ ဦးအောင်ခင်အား “င့ါကို နိုင်ငံရေးအရ သတ်ရင် ခံနိုင်တယ်ကွာ၊ အခုတော့ ကလေးကလား အကျင့်စာရိတ္တအရ သတ်တာမျိုးတော့ မခံနိုင်ဘူး ဒါကိုတော့ ဆန့်ကျင်ရမှာပဲ” လို့ ဖွင့် ပြောခဲ့ပါတယ်။ ဦးအောင်ခင်ဟာ တရားသမား ဖြစ်ပြီး သည်းခံရန်နဲ့ တရားနဲ့ ဖြေရန် ပြန်ပြောခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ မကြာမီ ဗိုလ်မှူးချုပ်တင်ဦးက တရားသူကြီး အဖွဲ့သို့ ပြင်ပ ပုဂ္ဂိုလ်များရဲ့  ရှေ့မှောက်မှာမဟုတ်ဘဲ သီးခြား ထွက်ဆိုခွင့်ပြုရန် တောင်းခံလာကြောင်း ပြောပါတယ်။

ဦးအောင်ခင်က “သတင်းစာတွေထဲမှာ ပါဝင်တဲ့ အမှုအကြောင်းအရာတွေဟာ စဉ်းစားကြည့်တတ် သူများအတွက် မဖြစ်နိုင်ကြောင်းကို နားလည်နိုင်ပါတယ်။ ဥပမာ - အော်ဂင် သွင်းတဲ့ ကိစ္စလိုမျိုး အကျင့်စာရိတ္ထနဲ့ အတင်းအဓမ္မ ပုဒ်မ တတ်ခြင်း ဖြစ်ပါတယ်။ တပ်မတော်မှာ အဆင့်ဆင့် ခွင့်ပြုချက်ရရှိပြီးမှသာ လုပ်ငန်းများ လုပ်ဆောင်နိုင်တာကို နားလည်နိုင်ပါတယ်။ သိန်းပေါင်းများစွာ တန်ကြေး ရှိတဲ့ လုပ်ငန်းတွေ အတွက် လုပ်ဆောင်ထားချက်များဟာလည်း အထင်အရှား ရှိပါတယ်။ ဒါကြောင့် အကျင့်စာရိတ္တကို ထိခိုက်ဖို့ မရှိပါဘူး” ဟု ရှင်းပြကြောင်း သိရပါတယ်။ ဗိုလ်မှူးချုပ်တင်ဦးဟာ သမိုင်းလေ့လာသူ တစ်ဦးဖြစ်၍ ဦးအောင်ခင် အား “အခုလောလောဆယ်မှာ သိရှိသူ အချို့ ရှိလို့ အမှန်ကို သိရှိနိုင်ပေမဲ့ နောင်နှစ်ငါးဆယ် တစ်ရာ ဖြစ်လာတဲ့အခါမှာ ကိုယ်သာ တရားခံကြီး ဖြစ်သွားမှာပဲ ကိုယ်ကျင့်တရားကြောင့်ဆိုတဲ့ အဖြစ်မျိုးတော့ အရောက်မခံနိုင်ဘူး၊ နိုင်ငံရေးအရ ဖြစ်တယ်ဆိုတာမျိုးကိုပဲ ပေါ်လွင်အောင် လုပ်မယ်” ဟု ပြောကြောင်း သိရပါတယ်။

ဦးအောင်ခင်အား “အမှန်တရားကို ကျွန်တော်နှင့် ဗိုလ်နေ၀င်းသာ သိတာ အမှန်တွေ ထုတ်ဖော်လိုက်ရင် ဗိုလ်ချုပ်ကြီးဟာ ကျွန်တော့်ကို အကြီးအကျယ် ဒေါပွမှာပဲ၊ သိပ်ပြီး ဒေါပွရင် ဘာလုပ်မလဲ၊ ကွပ်မျက်ရုံရှိတာပဲ၊ ဒါကြောင့် ဗိုလ်နေ၀င်းနဲ့ ကျွန်တော်သာ သိတဲ့ ကိစ္စတွေကို တရားရုံးမှာ အစစ်ခံမယ်” ဟူ၍ ရှင်းပြကြောင်း သိရပါတယ်။ ဦးအောင်ခင်ဟာ အလွန်စိုးရိမ်မှု ဖြစ်ခဲ့ပြီး ဗိုလ်မှူးချုပ်တင်ဦးနှင့် ရင်းနှီးသူ အချို့ အားပြောပြတာဟု သိရပါတယ်။ သို့သော်လည်း ဗိုလ်မှူးချုပ်တင်ဦးကဲ့သို့ ဗိုလ်နေ၀င်းထံသို့ တင်ပြနိုင်သူ မရှိသဖြင့် အဖြစ်မှန်ကို ဗိုလ်နေ၀င်းက သိရှိနိုင်ခြင်း ရှိမည် မဟုတ်ပါ။

ဗိုလ်မှူးချုပ်တင်ဦးယူဆတဲ့ အတိုင်းပင် ဗိုလ်နေ၀င်းဟာ အလွန်ပင် ဒေါပွခဲ့ကြောင်း သိရပါတယ်။ သို့သော်လည်း ဗိုလ်မှူးချုပ်တင်ဦး မျှော်မှန်းသကဲ့သို့ ကွပ်မျက်သည့် အခြေအနေ မရောက်လာဘဲ တမျိုးတဖုံ ဖြစ်သွားခဲ့ပါတယ်။

Ref: ဖိုးတရုတ်

Read More...

အပေါ်သို့