..............................

Sunday, December 2, 2007

ဝ’ ပြည် သွေးစည်းညီညွတ်ရေးက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရန် လိုလား

စနေနေ့၊ ဒီဇင်ဘာလ 01 2007

တရုတ်နှင့် ထိုင်း-မြန်မာ နယ်စပ်တလျှောက် အခြေစိုက် လှုပ်ရှားသည့် ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က မြန်မာ့ ဒီမိုကရေစီရေး တိုးတက် ဖြစ်ထွန်းရန်နှင့် တိုင်းပြည်၏ အကျပ်အတည်းများ၊ နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အလိုရှိကြောင်း ယနေ့ ပြောဆိုလိုက်သည်။

UWSA အနေဖြင့် ဒီမိုကရေစီ ပြန်လည် ထွန်းကားလာရေးအတွက် လုပ်ဆောင်ချက် မှန်သမျှကို အားပေး ထောက်ခံပြီး နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းဖြင့် မြင်တွေ့လိုကြောင်း အမည်မဖော်လိုသူ ဝ’ တပ်မတော် ဗိုလ်မှူးကြီးတဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို နှစ်သက်ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှုနဲ့ အတင်းအဓမ္မ ဖိအား စေခိုင်းမှုတွေကို မလိုချင်ပါဘူး” ဟု သူက ပြောသည်။

ယခုလ ၈ ရက်နေ့က မစ္စတာ ဂမ်ဘာရီမှတဆင့် ထုတ်ပြန်လိုက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်ကို ဆန့်ကျင် ကန့်ကွက်သည့် တန်ပြန် ကျေညာချက်များ ထုတ်ပြန်ရန် အတွက် နအဖ ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့် အပစ်အခတ် ရပ်စဲရေး ယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်များထံ သွားရောက် ဖိအားပေးခဲ့သည်။

UWSA စခန်းသို့ ယခုလ ၁၄ ရက်နေ့က နအဖ ဝန်ကြီး ရောက်ရှိလာသော်လည်း လက်မှတ်ထိုးရန် သူတို့က ငြင်းဆန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် တရပ် ထုတ်ပြန်သွားရန် ကတိပေး ပြောဆိုခဲ့သည်ဟု သူက ယခုလို ဆက်ပြောသည်။

“ဒေါ်စုရဲ့ ထုတ်ပြန် ကြေညာချက်မှာ တစုံတခု မှားယွင်းနေတယ်လို့ ကျနော်တို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူပြောသွားတာတွေက လောလောဆယ် လိုအပ်နေတဲ့ အရာတွေ ဖြစ်နေတယ်” ဟု သူက ပြောသည်။

ဝ’ တပ်မတော်နှင့် နီးစပ်သူများအဆိုအရ ဝ’ တပ်ဖွဲ့ဝင် အများအပြားက ဒေါ်အောင်ဆန်းစုကြည်၏ ကျေညာချက်ကို ထောက်ခံကြသဖြင့် နအဖ အလိုကျ လက်မှတ်ထိုးမည် မဟုတ်ကြောင်းနှင့် UWSA က စက်တင်ဘာလ တော်လှန်ရေးအတွင်း သံဃာနှင့် လူထုအပေါ် အကြမ်းဖက် နှိမ်နှင်းခြင်းအပေါ် ဆန့်ကျင်ကန့်ကွက် ပြောဆိုခဲ့ပြီး လူမှုဒုက္ခများကြောင့် ဆန္ဒပြကြသည့် ပြည်သူများအပေါ် အကြမ်းမဖက်ရန် နအဖကို တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

လက်မှတ်ထိုးရန် ငြင်းဆန်ပြီး နောက်ပိုင်းတွင် UWSA ထိန်းချုပ်ရာ နယ်မြေတောင်ပိုင်း ထိုင်း-မြန်မာနယ်စပ် တလျှောက်တွင် ကုန်စည် ကူးသန်းခြင်းနှင့် ခရီးသွားလာခြင်းအပေါ် နအဖ စစ်တပ်က ပိတ်ပင် တားဆီးမှုများ လုပ်ဆောင်လာသည်ဟု သိရသည်။

“ကြည့်ရတာ ဒီလို လုပ်လာတာတွေက လက်မှတ် မထိုးလိုက်လို့ဘဲ ဖြစ်မှာပါ။ ဒါပေမဲ့ မြောက်ပိုင်း တရုတ်နယ်စပ် တဝိုက်ကတော့ အေးအေးဆေးဆေး ဖြစ်နေသေးတယ်” ဟု သူက ပြောသည်။

UWSA ထိန်းချုပ်ရာ ဒေသတွင် ဝ’ တိုင်းရင်းသား လူဦးရေ ၅ သိန်းခန့် နေထိုင်လျက်ရှိပြီး တပ်မတော်တွင် စစ်မှုထမ်း ၂ သောင်းကျော် ရှိသည်ဟု ဒေသခံများ အဆိုအရ သိရသည်။

နအဖ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည်ဟု ဆိုသော်လည်း တဘက်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို သူမ၏ ထုတ်ပြန်ချက်ကို ဆန့်ကျင် ကန့်ကွက်ရန် ဖိအားပေးခဲ့သဖြင့် တပ်ဖွဲ့ အများအပြား လက်မှတ်ထိုးခဲ့ရပြီး၊ လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သည့် ကေအိုင်အေ (ကချင်ပြည် လွတ်မြောက်ရေး တပ်မတော်) ၏ တပ်သား ၆ ဦးနှင့် အရာရှိ ၂ ဦးကိုလည်း မကြာသေးခင်က ဖမ်းဆီးခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့