..............................

Friday, July 29, 2011

အစိုးရနဲ့ တိုင်းရင်းသားကြား ပဋိပက္ခ ဖြေရှင်းရေး ဒေါ်စု ကူညီရန် အသင့်ရှိ

ဒေါ်ခင်မျိုးသက်
ကြာသပတေး, 28 ဇူလိုင် 2011

တိုင်းရင်းသား ဒေသတွေမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား နေတာကြောင့် အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့ အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စွမ်းရှိ သ၍ ပါဝင် ကြိုးပမ်းပေးဖို့ အဆင်သင့် ရှိတဲ့အကြောင်း ပြောဆို ခဲ့ပါတယ်။ ဒီနေ့ သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့ခဲ့တဲ့ အိတ်ဖွင့် ပေးစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တသဘောတည်း အတူတူ ရှိတဲ့အကြောင်း တုံ့ပြန် ခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း စစ်မီး ငြိမ်းအေး စေဖို့ ကြိုးပမ်းတဲ့ အနေနဲ့ အစိုးရသစ် အဖွဲ့က သမ္မတ ဦးသိန်းစိန်နဲ့ တကွ KIO ကချင် လွတ်မြောက်ရေး အဖွဲ့၊ KNU ကရင် အမျိုးသား အစည်းအရုံး၊ NMSP မွန်ပြည်သစ် ပါတီနဲ့ SSA ရှမ်းပြည် တပ်မတော်တွေဆီကို အိတ်ဖွင့် ပေးစာတစောင် ပေးပို့ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ပါဝင် ဆောင်ရွက်ပေးချင်တဲ့ စေတနာနဲ့ အိတ်ဖွင့်ပေးစာ တစောင် ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့၊ ပြဿနာကို တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာကြဖို့ အနူးအညွတ် တိုက်တွန်း ထားပါတယ်။”

အိတ်ဖွင့်ပေးစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေကို ပံ့ပိုးဖို့ အတွက် ကိုယ်စွမ်း ရှိသမျှ ကြိုးပမ်းဖို့ အသင့်ရှိပါတယ်လို့ ပြောတယ်။ ဘယ်လိုပုံစံနဲ့ ကြိုးပမ်းဖို့ အစီအစဉ် ရှိပါသလဲ။

“ပါဝင် ဆောင်ရွက်ချင်တဲ့ စေတနာ အရင်းခံနဲ့ ထက်သန်နေတဲ့ စေတနာကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဘယ်လို ဆောင်ရွက် မလဲ ဆိုတာကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ မူတည်မှာ ဖြစ်ပါတယ်။”

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၄ ဖွဲ့ အနေနဲ့ ဆက်သွယ်ချင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို ဆက်သွယ်လို့ ရပါမလဲ။

“အထွေထွေ အတွင်းရေးမှူးကတော့ အဲဒီ အဖွဲ့အစည်းတွေက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေကို တွေ့ချင်တာ ပါပဲတဲ့။ ဒါပေမဲ့ အခုအခြေအနေ ကတော့ဗျာ ကျနော်တို့က တရားဝင် လက်ခံ တွေ့ဆုံဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်မလဲ။ အခြေအနေက အဲဒီလို ရှိပါတယ်။ အဲဒီတော့ အခြေအနေတွေက ပေးလာလို့ တွေ့ဆုံ ဆွေးနွေးခွင့် ရမယ် ဆိုရင်တော့ ၀မ်းမြောက်ဝမ်းသာ တွေ့ချင် ပါတယ်လို့ အဲဒီလို ပြောပါတယ်။ ဒေါ်စု စေတနာ အမှန်ကို ဖော်ပြတာပါ။”

ကရင်ပြည်သူတွေအတွက် ရာစုနှစ် တ၀က်ကျော် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) တာဝန်ခံ ဒေါ်နော်စီဖိုးရာစိန် ကတော့ ဒီလို လက်နက်ကိုင်ပြီး တိုက်ခိုက် နေကြပေမဲ့ KNU က တိုက်ခိုက်မှုတွေဟာ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ သဘော ဖြစ်တယ်လို့ ပြောကြားခဲ့သလို ငြိမ်းချမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒနဲ့ တထပ်တည်း ရှိတယ်လို့ ဆိုပါတယ်။

“သူ့သဘောထားက ကျမတို့နဲ့ ထပ်တူထပ်မျှ ရှိနေပါတယ်။ ကျမတို့ ဗမာပြည် နိုင်ငံရေး ပြဿနာက စစ်ရေးနဲ့ ဖြေရှင်းနိုင်တာ မဟုတ်ဘူး၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှ ငြိမ်းချမ်းရေး ရနိုင်မယ် ဆိုတဲ့ သူ့ရဲ့ သဘောထားကို ကျမတို့ ကြိုဆိုတယ်။ ကျမတို့က လက်ခံ ထားမယ်၊ ပြီးတော့ ဗမာပြည်ရဲ့ နိုင်ငံရေး ပြဿနာကိုတော့ ဒီလို ၀ိုင်းဝန်းပြီးတော့ တာဝန်ယူဖို့ အရေးကြီးတယ်။ ပြီးတော့ ပြည်သူ လူထုတွေကလည်း ပါဝင်ဖို့အတွက် ကျမ ပြောချင်ပါတယ်။”

ကရင်ပြည်နယ်ထဲမှာတင် မကဘဲ ၁၉၉၄ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး ရယူထားတဲ့ ကချင်လက်နက်ကိုင် အဖွဲ့နဲ့လည်း မကြာခင် လတွေ အတွင်း ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိလာခဲ့တာမို့ တိုင်းရင်းသား ဒေသခံတွေ ဒုက္ခမျိုးစုံ ကြုံနေရတာပါ။ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ရဲ့ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်း ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့ အတွက် အပစ်အခတ် ရပ်စဲရေးကို စပြီးလုပ်ဖို့ လိုအပ်သလို အခုလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင်လာတာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ အတွက် လမ်းစပါလို့ ဆိုပါတယ်။

“ငြိမ်းချမ်းရေးအဆင့်ကိုတော့ မပြောပါနဲ့ဦး၊ နံပါတ်တစ် အပစ်အခတ် ရပ်စဲထားရမယ်၊ အပစ်အခတ် ရပ်စဲပြီးမှ ငြိမ်းချမ်းရေးကို ပြန်ပြီး ဆွေးနွေးမှာ ဖြစ်တယ်။ အဲဒီ ငြိမ်းချမ်းရေး ရမှသာလျှင် နိုင်ငံရေးအရ အစစအရာရာ တဆင့်ပြီး တဆင့် ဆွေးနွေးသွားဖို့ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းကသာ မကဘဲ ပြည်ပကနဲ့ လူတကာက ၀ိုင်းပြီးတော့ သူ့ကို အားထားကြတယ်။ အဲဒီလို ပုဂ္ဂိုလ်ဟာ ဒီလိုပါဝင်တယ်ဆိုရင် ပြည်တွင်းရေး သာမက ပြည်ပကပါ အာရုံစူးစိုက်မှုကို ဆွဲယူနိုင်လိမ့်မယ်။ အဲဒီအခါမှာ ကျနော်တို့ အားလုံး သဘောထား ကြီးစွာနဲ့ ၀ိုင်းလုပ်ကြမယ် ဆိုရင် ဒီလုပ်ငန်းက အောင်မြင်နိုင်တယ်။”

ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မယ်ဆိုရင် တိုင်းရင်းသား အဖွဲ့အစည်း တဖွဲ့ချင်းစီ မဟုတ်ဘဲ မြန်မာ နိုင်ငံထဲက တိုင်းရင်းသား အားလုံး ပါဝင်ပြီး NLD နဲ့ အစိုးရ အာဏာပိုင် ၃ ဖွဲ့စလုံး ပါဝင်ပြီး ဆွေးနွေးဖို့ လိုအပ်တယ် လို့လည်း KNU အဖွဲ့ တာဝန်ခံ ဒေါ်နော်စီဖိုးရာစိန်က ပြောပါတယ်။

Ref: VOA News

Read More...

လာဘ်စားမှုဖြင့် သင်္ကာမကင်းခံရသူ ထိပ်တန်းစစ်ဗိုလ်ချုပ် ၅ ဦးကို စစ်ဆေး

Thursday, 28 July 2011

လာဘ်ပေးလာဘ်ယူနှင့် အာဏာအလွဲသုံးစားမှုများ ပြုလုပ်ခဲ့သည် ဆိုသော ထိပ်တန်း စစ်ဗိုလ်ချုပ် ၅ ဦးကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က စုံစမ်းခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ၅ ဦးမှာ လက်ရှိ စစ်တပ်တွင် တပ်မတော်စစ်ရေး အရာရှိချုပ် အဖြစ် တာဝန် ထမ်းဆောင်နေသော ဗိုလ်ချုပ်ကျော်ဖြိုး (DSA – ၂၂)၊ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ဥက္ကဋ္ဌနှင့် စစ်ရေးချုပ် ဗိုလ်ချုပ်ခင်ဇော်ဦး (OTS-၅၆)၊ ကစထမှူး ဗိုလ်ချုပ်မြင့်စိုး (OTS-၆၀)၊ တြိဂံဒေသ တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး (DSA-၂၄)၊ ကမ်းရိုးတန်း တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး (OTS-၆၃) တို့ ပါဝင်ကြောင်း စစ်ဘက် အသိုင်းအ၀န်းမှ သတင်း ရရှိသည်။

“ဗိုလ်ချုပ်ကျော်ဖြိုးဆိုရင် အရင်တြိဂံဒေသ တိုင်းမှူး လုပ်ခဲ့တယ်။ လက်ရှိ တိုင်းမှူးရော၊ အရင်တိုင်းမှူးရော ခေါ်အစစ် ခံရတာ။ ဗိုလ်ချုပ်မြင့်စိုး ဆိုရင်လည်း အရင်တုန်းက စစ်ကိုင်းတိုင်း တိုင်းမှူး လုပ်တုန်းက မုံရွာဘက်က မြေကွက်တွေ ရောင်းစားခဲ့ တာတွေ ရှိတယ်။ အဲဒါတွေ အခု စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေး (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတ ဦးသိန်းစိန်ဆီ တိုင်တယ်။ ကမ်းရိုးတန်း တိုင်းမှူး လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ဇော်ဦးနဲ့ လက်ရှိ တိုင်းမှူးရော အဲဒီလို အတိုင် ခံရတာလို့ ကြားတယ်” ဟု နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိခေါ်ယူ စစ်ဆေးခံနေရသူများအား ပြစ်မှုကျူးလွန်မှု ရှိ၊ မရှိစစ်ဆေးခြင်းသာ ဖြစ်ပြီး လက်ရှိရာထူး တာဝန်များကို ဆက်လက် ထမ်းဆောင် နေရဆဲ ဖြစ်ကြောင်း သိရသည်။

“အတိုင်ခံရတာဆိုပေမယ့် လက်ဆုပ်လက်ကိုင် သက်သေနဲ့တကွ အပြစ်ကျူးလွန် ခဲ့တာ မပြနိုင်ရင်တော့ ရာထူးက အနားပေး ခံရတာတို့၊ နုတ်ထွက် ခိုင်းတာတို့ ဖြစ်မှာ မဟုတ်ဘူး။ သက်သေ မပြနိုင်ရင်တော့ သတိပေးတဲ့ အဆင့်နဲ့ပဲ ပြီးသွားမယ်” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။

ယခုလအတွင်း ရာထူးမှ အနားပေးခြင်း ခံလိုက်ရသော ဗိုလ်ချုပ်တင်ငွေသည် မန္တလေးမြို့ရှိ သိန်းထောင်သောင်းချီ တန်သော မြေကွက် အရောင်း အ၀ယ်များ ပြုလုပ်ခဲ့ပြီး လက်ရှိ မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့် (ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း) က သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်ထံ တိုက်ရိုက် တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် သက်သေ သာဓကနှင့် တကွ အာဏာ အလွဲသုံးစားပြု မြေကွက် ရောင်းစားခဲ့သည်ကို စစ်ဆေး တွေ့ရှိရသည့် အတွက် ရာထူးမှ အနားပေး ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တိုင်းမှူးဗိုလ်မှူးချုပ် ထွန်းသန်းသည်လည်း ဇွန်လတွင် ရာထူးမှ အနားပေး ခံလိုက်ရပြီး အစိုးရသစ် တက်ပြီး ပထမဦးဆုံး ရာထူးမှ အနားပေးခြင်း ခံလိုက်ရသော ထိပ်တန်း စစ်တပ် အဆင့်မြင့် အရာရှိ တဦးဖြစ်ခဲ့သည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတချို့က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် လက်ရှိ တပ်မတော်တွင် အရေးကြီးသော ထိပ်တန်း တာဝန်များ ထမ်းဆောင်နေသည့် စစ်အရာရှိများကို ဖြုတ်ပယ်ပြီးနောက် သူနှင့် နီးစပ်သူ စစ်အရာရှိ များကို အရေးကြီးသော ရာထူး တာဝန်များ ခန့်အပ် အစားထိုးမှု ပြုလုပ် လာနိုင်သည်ဟု သုံးသပ်ကြ သည်။

“ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီ ဆိုတာနဲ့ ဦးစီးချုပ်က သူယုံကြည်တဲ့၊ စိတ်ချရတဲ့ သူတွေကို ဆွဲတင်ချင်တော့ ရှေ့မှာ ရှိနေတဲ့ သူတွေကို လာဘ်ပေး လာဘ်ယူ အကြောင်းပြပြီး ဖြုတ်ထုတ် တာတွေ လုပ်တယ်။ သူ့အာဏာ တည်ဆောက်တာပေါ့။ ဒါက တပ်မတော်မှာ အစဉ်အလာလို ဖြစ်နေပြီ”ဟု နေပြည်တော် စစ်တပ် အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်တွင်း အခြေအနေများ၊ ရာထူးအပြောင်းအလဲ လုပ်မှုများနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက် တင်ပြ၍ ညွှန်ကြားမှု ခံယူသည်ဟု စစ်ဘက် သတင်းရပ်ကွက် များ၏ အဆိုအရ သိရသည်။

Ref: ဧရာဝတီ်

Read More...

ကလေးများ စစ်တပ်ထဲရောင်းစားသူ တရားစွဲခံရ

ရန်ပိုင်
Thursday, 28 July 2011

အသက် မပြည့်သေးသည့် ကလေး ၂ ယောက်ကို လိမ်လည် ခေါ်ဆောင်ပြီး စစ်တပ်သို့ ရောင်းစားသည့် အမျိုးသမီး တဦးကို ကလေး မိဘများက ပြည်မြို့နယ် တရားရုံးတွင် လူကုန်ကူးမှုဖြင့် အမှုဖွင့် တရား စွဲဆိုထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ နေ့က ခေတ္တရာမြို့သစ် ရွှေတံခါးရပ်ကွက်ရှိ ကုလသမဂ္ဂ ကလေးသူငယ် ဖွံဖြိုးရေး အစီအစဉ် (Unicef) မှ ဖွင့်လှစ်သည့် ကျောင်းရှိ မောင်ချစ်သဲကို (အသက် ၁၅နှစ်) နှင့် သူငယ်ချင်းဖြစ်သူ မမိုးမိုးခိုင် (အသက် ၁၄ နှစ်) တို့အား အိမ်နီးချင်း ဖြစ်သည့် ဒေါ်မြင့်မြင်ချိုက နေပြည်တော်၌ အလုပ်ရမည် ဆိုကာ ခေါ်ဆောင်၍ ရန်ကုန်တိုင်း လှည်းကူး မြို့နယ်ရှိ အမှတ် (၆၀၅) အမြောက် တပ်ရင်းသို့ ပို့ဆောင် ရောင်းစားခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းသန်းချိုက ပြောသည်။

“သားက အလုပ်ရမယ်ဆိုလို လိုက်သွားတာ။ စစ်တပ်ထဲဆိုတော့ မနေနိုင်ဘူး ဆိုပြီး မိဘကို အတင်း ပြန်ခေါ်ခိုင်းလို့ သွားခေါ်တော့မှ ဒီအမျိုးသမီးက လိမ်ခေါ်ပြီး ရောင်းစားတာကို သိရတာ” ဟု ၎င်းက ပြောသည်။

အမှတ် (၆၀၅) တပ်ရင်းက ဒေါ်မြင့်မြင်ချိုအား တပ်သားသစ် ပို့ဆောင်သည့် အတွက် ငွေကျပ် ၁ သိန်း ပေးသည်ဟု သိရကြောင်း၊ သို့သော် တပ်ရင်း တာဝန်ရှိသူများက ကလေးကို မိဘများလက်သို့ ပြန်လည် လွှဲပြောင်း ပေးခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်သန်းသန်းချိုက ပြောသည်။

အလားတူ ပြည်မြို့ ရွာဘဲနယ်မြေ မင်္ဂလာဦး ရပ်ကွက်အတွင်း နေထိုင်သည့် မောင်ကောင်းထက်မောင် ကိုလည်း အဆိုပါ တပ်သို့ပင် ဒေါ်မြင့်မြင့်ချိုက သွားရောက် ပို့ဆောင် ခဲ့သေးကြောင်း သိရသည်။

အဆိုပါ အဖြစ်အပျက်နှင့် ပတ်သက်၍ လှည်းကူးမြို့နယ်ရှိ အမြောက်တပ်ရင်း (၆၀၅) သို့ ဧရာဝတီက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပေ။

အသက် ၁၄ နှစ် အရွယ်ရှိ မမိုးမိုးခိုင်ကိုမူ ဒေါ်မြင့်မြင့်ချိုက တပ်ကြပ်ကြီး တဦး၏ ဇနီးဖြစ်သူ မစိုးစိုးဦး မှတဆင့် ရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ ၀ါဝါ၀င်း စားသောက်ဆိုင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးနှစ်ဦးမှာ Unicef နှင့် မြန်မာနိုင်ငံ ခရစ်ယာန်များ ကောင်စီတို့ ပူးပေါင်းကာ ကျောင်း မနေနိုင်သည့် ကလေး သူငယ်များအား အသက်မွေးဝမ်းကျောင်း ပညာကိုပါ တွဲဖက် သင်ကြားပေးနေသည့် ကျောင်းဖြစ်သည်။

အဆိုပါ အမှုကို Unicef ၏ အကူအညီဖြင့်ပင် ပြည်မြို့တွင် ဖွင့်လှစ်ထားသည့် ပြစ်မှုကျူးလွန် အစော်ကား ခံရသည့် ကလေး သူငယ်များအား တရား ဥပဒေအရ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ဖြစ်သည့် Legal Aid ဆိုသည့်အဖွဲ့က လိုက်ပါ ဆောင်ရွက် ပေးနေသည်ဟု သိရသည်။

စစ်သားအဖြစ် ရောင်းစားခံရသည့် မောင်ချစ်သဲကို၏ မိခင် ဒေါ်သန်းသန်းချိုက နောင်တွင် ကလေးများ လူကုန်ကူးခြင်း မခံရစေရန် တရား ဥပဒေအရ အရေးယူ ပေးစေရေး ယခုကဲ့သို့ အမှု ဖွင့်ရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် လူအခွင့်အရေး လှုပ်ရှားသူ တဦးကလည်း ယခုအခါ ပြည်မြို့တွင် စီးပွားရေး အခြေအနေ အရ ကျောင်းမနေနိုင်သည့် လက်လုပ်လက်စား ကလေးသူငယ်များကို စစ်တပ် အတွင်းသို့ ရောင်းစားမှုများ ပိုမို များပြား လာကြောင်း၊ ယခုအမှုများနှင့် ပတ်သက်၍ နေပြည်တော်ရှိ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့သို့လည်း တိုင်ကြား ထားကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

မြေသိမ်းမှုကြောင့် ရှမ်းတိုက်ပွဲများဖြစ်ရ

ကိုပေါက်
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်အတွင်း အစိုးရနှင့် ရှမ်းလက်နက်ကိုင် တပ်များ အကြား တိုက်ပွဲများ ဖြစ်ပွား နေရခြင်းမှာ အာဏာပိုင်များက ဒေသခံများ၏ လယ်မြေ မတရား သိမ်းပိုက်မှု များကြောင့်သာ ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ SNDP မှ ဦးစောယွန်းပိုင်က ပြောသည်။

“မကျေနပ်မှုတွေကတော့ ရှိနေကြမှာပဲလေ။ အဲဒီကနေ ပေါက်ကွဲတာပေါ့။ နယ်မြေ အသိမ်းခံရတယ် ဆိုတော့လည်း ဘယ်သူ ကျေနပ် မလဲဗျာ။ ပိုင်ရှင်က တောဘက်က အဖွဲ့အစည်းတွေကို သွားတိုင်မှာပေါ့ဗျာ။ ရန်ငြိုး ရန်စကတော့ အဲဒီက စတာ ဖြစ်မှာပါ။ အလကား နေရင်း သက်သက်တော့ ဒီကိစ္စ မဖြစ်ပါဘူးဗျ။ အဲတော့ ကြုံရင်ကြုံသလို ချကြတာပေါ့” SNDP တောင်ပိုင်း ဥက္ကဋ္ဌ ဦးစောယွန်းပိုင်က ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် ရှမ်းပြည်နယ်အတွင်း မတရားမှုများ ဖြစ်ပေါ်ပါက SNDP ပါတီအား တိုင်ကြား နိုင်ကြောင်း မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များမှ တဆင့် ဆောင်ရွက်လာခဲ့ရာ မိုင်းကိုင်၊ ကျေးသီး၊ နမ့်ဆန်နှင့် ခိုလမ်မြို့နယ်များမှ တိုင်ကြားစာ များအား စီစစ် လက်ခံ ရရှိထားသည်။

တိုင်ကြားစာအများစုမှာ အစိုးရတပ်မှ လယ်မြေများ မတရား သိမ်းပိုက်ထားမှုများ ဖြစ်ကြောင်း ဦးစောယွန်းပိုင်က “ခိုလမ်ဘက်မှာ မီးရထား လမ်းဖြတ်မှာ မလွတ်လို့ဆိုပြီး လိုတာက နည်းနည်း သိမ်းလိုက်တာက အများကြီးပေါ့။ ပေ ၁ဝဝ လောက် လိုတာကို ပေ ၅ဝဝ လောက် အလွန်အကျွံ သိမ်းပစ်တာပေါ့။ လယ်စိုက်တဲ့ နေရာတွေကို လိုက်သိမ်းတာမျိုး ရှိတယ်” ဟု ဥပမာတခု ထုတ်ပြ ပြောဆိုသည်။

ကျေးသီးမြို့နယ်တွင် ကျောက်မီးသွေးတွင်း အတွက် လယ်တဧကလျှင် လျော်ကြေး ၂၄ဝ၁၈ ကျပ်ဖြင့် လယ်မြေများ သိမ်းယူမှုနှင့် နမ်ဆန် မြို့နယ်တွင်လည်း အလားတူ မြေသိမ်းမှုများ ဖြစ်ခဲ့ပြီး မိုင်းကိုင်မြို့နယ်မှ ထော်လာဂျီ တစီးအား တပ်မှ ချောစွဲထားစဉ် တောထဲ၌ မီးလောင်ကျွမ်းပြီး ယာဉ်မောင်း သေဆုံးခဲ့ရမှု စသည့် မတရားမှုများအား စီစစ် လက်ခံ ရရှိထားကြောင်း သိရသည်။

အဆိုပါ တိုင်ကြားစာများနှင့် ပတ်သက်၍ “တချို့ကိစ္စကို ပြည်နယ်လွှတ်တော်မှာ တယ်ပြမယ်၊ တချို့ကိစ္စကျ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြမယ်၊ တချို့ကို ILO နဲ့ ညှိနှိုင်းမယ်။ တချို့ကိစ္စလေးတွေ NGO နဲ့ ညှိနှိုင်းမယ်” ဟု SNDP ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က မဇ္ဈိမကို ပြောသည်။

ပြည်နယ် ဝန်ကြီးချုပ်အားလည်း တပါတည်း တိုင်ကြားခြင်း ဖြစ်သည်။ အနယ်နယ်မှ တိုင်ကြားမှုများ များပြား သော်လည်း ခိုင်လုံသည့် သက်သေ အထောက်အထား ရှိသည့် တိုင်ကြားစာ များကိုသာ တောင်ကြီး SNDP ရုံးက လက်ခံ ထားကြောင်း သိရသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၅၇ နေရာ အနိုင်ရရှိထားသော SNDP ပါတီသည် ရှမ်းပြည်နယ် အစိုးရ တွင်လည်း ဝန်ကြီး ၂ နေရာ ရရှိထားသည်။

ရှမ်းပြည်နယ်အတွင်း ဇူလိုင်လ ဒုတိယအပတ် အတွင်းမှ ပြန်လည် ဖြစ်ပွားနေသော တိုက်ပွဲများမှာ မြေယာများ အဓမ္မ သိမ်းယူရာမှ ဖြစ်ပွားရသည့် အလျောက် နှစ်ရှည် အထိန်းသိမ်း ခံနေရသော ဦးခွန်ထွန်းဦး၊ စဝ်ဆေထင်တို့ အပါအဝင် ရှမ်းခေါင်းဆောင်များ လွတ်မြောက်ရေးနှင့် မဆိုင်ကြောင်း ဦးစောယွန်းပိုင်က ပြောသည်။

“ရှမ်းခေါင်းဆောင်တွေ လွှတ်ပေးလိုက်လို့ အပစ်အခတ်တွေ ရပ်သွားမယ်ဆိုတာ သိပ်မဖြစ်နိုင်ဘူးဗျ။ ခု တိုက်နေတာ တွေက ခွန်ထွန်းဦးတို့၊ စဝ်ဆေထင်နဲ့ သိပ်မဆိုင်ဘူးဗျ။ သူတို့ကို လွှတ်လိုက်လို့ အပစ်အခတ်တွေ ရပ်သွားမယ်လို့ သိပ်မထင်ဘူးဗျ” ဟု သူက ပြောသည်။

ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေး၌ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အတွက် SNDP မှ တင်ပြခဲ့ပြီး မကြာမီ ‘လွတ်ငြိမ်းချမ်းသာခွင့်’ ဖြင့် တနှစ် လျှော့ချ လာသော်လည်း နောက်ထပ် ထူးခြားမှု မရှိခဲ့ကြောင်း ဦးစောယွန်းပိုင်က ပြောသည်။

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများကို စက်တင်္ဘာလတွင် ပြန်လည် ကျင်းပ နိုင်ဖွယ် ရှိသည်ဟု ယူဆရကြောင်း ဦးစောသန်းမြင့်က ပြောသည်။

SNLD ပါတီအာဘော် အပတ်စဉ် ဂျာနယ်ကို မြန်မာ-ရှမ်း နှစ်ဘာသာဖြင့် ဇူလိုင်လတွင် စတင်ထုတ်ဝေရန် စီစဉ် ထားသော်လည်း ပါတီ အကြောင်းမှ လွဲ၍ အခြား အကြောင်းအရာများ မဖော်ပြရဟု စာပေ စီစစ်ရေးမှ ဆိုသဖြင့် မထုတ်ဝေ နိုင်သေးကြောင်းလည်း ကြားသိရသည်။


Ref: မဇ္ဈိမ

Read More...

ထိုးစစ်ရုပ်ရန်နှင့် တနိုင်ငံလုံး အပစ်ရပ်ရန် KIO ထပ်မံတောင်းဆို

ဖနိဒါ
ကြာသပတေးနေ့၊ ဇူလိုင်လ ၂၈ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ထိုးစစ် ဆင်ထားမှုများ ရုပ်သိမ်းရန်နှင့် တနိုင်ငံလုံး အပစ်ခတ် ရပ်ဆိုင်း ပေးရေးတို့ ပါဝင်သည့် တောင်းဆို ထားသော အကြောင်းပြန်စာကို ကချင် လွတ်မြောက်ရေး အဖွဲ့က မြန်မာ အစိုးရထံ ကြာသပတေး နေ့တွင် ပေးပို့ လိုက်သည်။

ဗဟိုအစိုးရက ဇူလိုင်လ ၂၆ ရက်နေ့တွင် ကေအိုင်အိုသို့ ကမ်းလှမ်းခဲ့သော ကချင်ပြည်နယ်တွင်း အပစ်ခတ် ရပ်ရေး အတွက် စာကိုကြားဝင် စေ့စပ်ရေးအဖွဲ့ ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ဝင် နယ်စပ် လုံခြုံရေး ဝန်ကြီး ဦးသန်းအောင်ထံသို့ အီးမေလ်ဖြင့် ပြန်ကြား လိုက်သည်ဟု ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်၊

KIO စာထဲတွင် နှစ်ဘက် အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ၄၈ နာရီအတွင်း ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် တွင်းသို့ ထိုးစစ်ဆင်ထားသည့် မြန်မာ အစိုးရ တပ်များကို ရုပ်သိမ်းပေးရန် ညွှန်ကြားချက် ထုတ်ပြန် ပေးရန်နှင့် ၁၅ ရက် အတွင်း တနိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းပေးရေး နိုင်ငံရေး ဆွေးနွေးရေး ဖော်ဆောင်မည် ဆိုသော အချက်များကို မြန်မာ အစိုးက ထုတ်ပြန် ကြေငြာပေးရန်တို့ တောင်းဆို ထားသည်ဟု သိရသည်။

“သူတို့က လက်မှတ်ထိုးတယ်ဆိုတာ ဘယ်လို လက်မှတ်ပဲဖြစ်ဖြစ် ထိုးမယ်ဆိုပြီး ပြောတဲ့ ပုံစံ ဖြစ်လာတယ်။ ကျနော်တို့က ၉၄ ခုနှစ် ကလို မဖြစ်ချင်ဘူး။ အခုတော့ သေချာတဲ့ နိုင်ငံရေး စေ့စပ်သေချာမှု ဖြစ်ရမှု ဖြစ်ရမယ်။ ခိုင်မာတဲ့ အချက် အလက်မျိုးတွေ ပြည့်စုံမှ လက်မှတ် ထိုးမယ်”ဟု တွဲဘက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

၁၉၉၄ ခုနှစ်က KIO နှင့် ယခင် စစ်အစိုးအရ အကြား အပစ်ခတ် ရပ်ရန်သာ ဦးစားပေးခဲ့ကြပြီး နောင်အရပ်ဘက် အစိုးရ တက်လာမှ နိုင်ငံရေး ဆွေးနွေးမှု လုပ်ရန် သဘော တူခဲ့ကြခြင်းကို သူက ရည်ညွှန်းခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတပ်များနှင့် တိုင်းရင်းသား တပ်များ အကြား အပစ်ခတ် ရပ်ရန် ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြာသပတေးနေ့က ပန်ကြားမှုကို "ကောင်းသော လက္ခဏာ" အဖြစ် ကြိုဆို လိုက်ပြီး KIO ဗဟို ကော်မတီ အနေဖြင့် အသေးစိတ် ဆွေးနွေးမည်ဟု ဦးလနန်က ပြောသည်။

အစိုးရနှင့် KIO သဘောတူညီချက်ရရှိရင် လက်မှတ်ရေးထိုးထားသော စာချုပ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသား ထားစေလိုပြီး ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် အပေါ် သမ္မတ ဦးသိန်းစိန် အစိုးရ၏ သဘောထား ကိုလည်း ရှင်းလင်း ပါစေလိုကြောင်း KIO ၏ စာတွင် ပါရှိသည်ဟု ဆိုသည်။

KIO ပေးပို့သော စာကို လက်ခံရရှိကြောင်း အစိုးရဘက်က ကိုယ်စားလှယ်ဖြစ်သူ ဦးဆင်ဝါးနော်က ပြောသည်။

“သူတို့ (KIO) တောင်းဆိုတဲ့ စာက ပြန်ပြင်လိုက်တယ်။ ကျနော်တို့ စာချုပ်ကို အင်္ဂလိပ်လို ရေးရအောင် ဆိုတာတွေ၊ ပင်လုံ ကတိ ကဝတ်တွေကို မေးတာတွေက နောက်မှပြန် ဆွေးနွေးလို့ ရတယ်လို့ ပြန်ပြောလိုက်တယ်” ဦးဆင်ဝါးနော်က မဇ္ဈိမသို့ ပြောသည်။

ထို့ပြင် KIO ဘက်မှ ယာယီ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူ လက်မှတ်ထိုးမည် ဆိုပါက အစိုးရ ကိုယ်စားလှယ် များနှင့် အတူ ကချင်ပြည်နယ် ခရစ်ယာန် ဘာသာရေး အသင်း ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ ကချင်ရိုးရာ စာပေယဉ်ကျေးမှု အဖွဲ့များ စုစုပေါင်း လူ ၆ဝ ခန့်မှာ KIO ဘက်မှ ချိန်းဆိုလိုက်သော နေရာသို့ သွား၍ လက်မှတ်ထိုးပွဲ အခမ်းအနား ကျင်းပရန် ပြင်ဆင် ထားသည်ဟု သူက ပြောသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းက ထိုအခမ်းအနား အစီအစဉ်သို့ သတင်းယူရေးအတွက် ပြည်တွင်း ဂျာနယ် အချို့နှင့် နိုင်ငံပိုင် သတင်းဌာန များကိုလည်း ဖိတ်ကြား သွားရန် စီစဉ်ထားသည်။

ထို့အပြင် အကယ်၍ အပစ်ခတ်ရပ်စဲရေးကို KIO က လက်မှတ်ရေးထိုးမှုမပြုလုပ်လျှင် မြစ်ကြီးနား မြို့တွင် စစ် ဆန့်ကျင်ရေး လူထု ဆန္ဒပြမှုတခု လုပ်ရန် စီစဉ်ထားသည်ဟု အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအမတ် ဦးသိန်းဇော်က ပြောကြားသည်ဟု ကချင်နိုင်ငံရေး သတင်း ရပ်ကွက်က ပြောသည်။

ဦးသိန်းဇော်၏ အကြံအစည်နှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရနိုင်သော်လည်း အစိုးရ ကိုယ်စားလှယ် ဦးဆင်ဝါးနော်က KIO အနေဖြင့် လက်မှတ်ထိုးရေး ငြင်းဆန်ပါက လူထုဆူပူမှု ဖြစ်ပေါ်လာနိုင်သည်ဟု သတိပေး လိုက်သည်။

“ကေအိုင်အိုက လက်မှတ်ထိုးရအောင်လို့ ပြောတာ မဖြစ်လာရင်တော့ လုပ်ရမှာပေါ့။ ပြည်သူလူထုက ကေအိုင်အိုကို အပြစ် တင်လာမှာဘဲ။ KIO ဘက်ကနေ လက်မှတ်ထိုးမယ် ဆိုတဲ့ အဖြေပဲ စောင့်နေတာ။ ကေအိုင်အို ဘက်က လက်မှတ် မထူးဘူး ဆိုပြီး ပြောလာတဲ့ အချိန်တော့ ပြည်သူလူထု ကလည်း ဆူပူလာမှာပေါ့”ဟု ဦးဆင်ဝါးနော်က ပြောသည်။

ယခင် စစ်အစိုးရ လက်ထက်တွင် KIO ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကို အစိုးရ ကျောထောက် နောက်ခံပေး ကြံ့ခိုင် ဖွံ့ဖြိုးရေး တို့က စီစဉ် ခဲ့ဖူးသည်။ ဒေသခံ အများအပြားက မလွန်ဆန်သာ၍ ဆန္ဒပြမှုကို တက်ရောက် ခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

SSA တောင်ပိုင်းတပ် SSA မြောက်ပိုင်းတပ်ကို စစ်ကူပေးပြီ

နိုင်ကွန်းအိန်
ကြာသပတေး, 28 ဇူလိုင် 2011

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ ၀မ့်ဟိုင်း ဌာနချုပ်ကို မြန်မာအစိုးရ တပ်တွေက ၀ိုင်းထားဆဲ ဖြစ်ပြီး တဘက်မှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက် သံဃာတော်တွေကို စေလွှတ်ခဲ့ပါတယ်။ အဲဒီလို စေလွှတ်ပြီးတဲ့ နောက်ပိုင်းမှာပဲ ဒေသခံ ရွာသားတွေ ပိုင်တဲ့ မော်တော်ယာဉ်တွေကို ချောဆွဲခဲ့တဲ့ မြန်မာ စစ်တပ်တွေနဲ့ SSPP တပ်ဖွဲ့တွေအကြား ၂ ကြိမ်တိုင်တိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေရဲ့ ထူးခြားချက်ကတော့ ရှမ်းပြည် တပ်မတော် (SSA) တောင်ပိုင်းအဖွဲ့က SSA မြောက်ပိုင်း တပ်တွေဆီ လာနေတဲ့ အစိုးရတပ်ဖွဲ့ ယာဉ်တန်းကို လမ်းခုလတ်က ဖြတ်တောက် တိုက်ခိုက်ခဲ့ပြီး စစ်ရေး အကူ အညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရ တပ်တွေ အနေနဲ့ ၀မ့်ဟိုင်း ဌာနချုပ်ကို ထိုးစစ်ဆင်ဖို့ ရပ်တန့်နေတာဟာ နည်းဗျူဟာ အပြောင်းအလဲ လုပ်ဆောင်နေတာလို့ SSPP ခေါင်းဆောင်တွေက ယူဆနေတဲ့ အကြောင်း စုံစမ်းထားတဲ့ နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်း ဌာနချုပ် ဒေသကို ၀ိုင်းထားတဲ့ အခြေအနေမှာပဲ ရှမ်းပြည် မြောက်ပိုင်း သီပေါ မြို့နယ်ထဲက ဒေသခံ ရွာသားတွေ ပိုင်ဆိုင်တဲ့ မော်တော်ယာဉ်တွေကို လာရောက် ချောဆွဲတဲ့ မြန်မာ စစ်တပ်တွေနဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ တပ်ဖွဲ့ဟာ ဇူလိုင် ၂၇ ရက်နေ့မှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား ခဲ့တယ်လို့ ရှမ်းတပ်ဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ မြန်မာ စစ်တပ်တွေကနေ စားနပ်ရိက္ခာ၊ စစ်ပစ္စည်းတွေ သယ်ဆောင်ဖို့ ကားချောဆွဲတဲ့ အချိန်မှာ စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“မနေ့က အဲဒီ မိုင်းယန်တပ် ခလရ ၃၂၅ က သီပေါမြို့နယ်ထဲက ပုံလျမ်းဆိုတဲ့ ရွာထဲကို ထော်လာဂျီကား ၅ စီး ပေါ်တာ ဆွဲတယ်၊ ချောဆွဲ တာပေါ့။ သူတို့ လိုအပ်မှုရှိရင် အဲဒီ ပါစင်ဂျာကား ဖြစ်ဖြစ် ရွာထဲက တွေ့သမျှ အဲဒီ ထော်လာဂျီ အကြီးအငယ် ဖြစ်ဖြစ် သူတို့ ရိက္ခာ၊ လက်နက် ခဲယမ်းတို့ တင်ဖို့ပေါ့။ အဲဒီမှာ သူတို့ အသွားမှာ ကျနော်တို့ တပ်က စောင့်ပြီးတော့ တိုက်တယ်လေ။ တနာရီ ၀န်းကျင်လောက်ပေါ့။ အဲဒီတိုက်ပွဲမှာ ခလရ ၃၂၅ က တယောက်ကျတယ်။ ၅ ယောက် ဒဏ်ရာရတယ်။ နောက် အဲဒီအဖွဲ့ပဲ ၅ နာရီ လောက်မှာ အဲဒီရွာအ၀င်မှာ ကျနော်တို့လူ စောင့်ပြီးတော့ ပြန်တိုက်တယ်။ ထိခိုက်မှုတော့ များတယ်။ အတိအကျတော့ ကျနော်တို့လည်း စုံစမ်း စိစစ်ဆဲပဲ။”

မြန်မာစစ်တပ်ဟာ ဒေသခံ သံဃာတော် ၂ ပါးကို စေလွှတ်ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းလာတဲ့ အနေအထား မှာပဲ အခုလို တိုက်ပွဲ ဖြစ်ပွား ခဲ့ပါတယ်။

မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ဘက်ကို သွားမယ့် မြန်မာစစ်ယာဉ်တန်းတွေကို တောင်ပိုင်း SSA တပ်ဖွဲ့ တွေကနေ လမ်းခရီးမှာ ဖြတ်တိုက် ခဲ့တယ်လို့လည်း ပြောပါတယ်။ ဒီအခြေအနေ တွေကို တောင်ပိုင်း SSA တပ်ဖွဲ့ကို ဆက်သွယ် မေးမြန်း ခဲ့ရာမှာတော့ အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်က အခုလို ပြောပါတယ်။

“မြောက်ပိုင်းတပ်တွေကို စစ်အစိုးရက လာပြီး တိုက်ခိုက်တဲ့ အချိန်မှာ ကျနော်တို့ တောင်ပိုင်း ရှမ်းပြည် တပ်မတော်တွေ ကလည်း မြောက်ပိုင်း တပ်တွေကို ကူညီဖို့ စစ်ရေးအရ အကူအညီပေးပြီး တိုက်ခိုက်တဲ့ နည်းလမ်းလည်း ရှိပါတယ်။ အခုလည်း ကျနော်တို့ လုပ်ဆောင် နေပါတယ်။ ကျနော်တို့က သတင်းရရှိလို့ မိုင်းနောင်ကနေ ၀မ်ကျင်း ကားလမ်းပေါ်မှာ ကျနော်တို့ SSA ပြောက်ကျား တပ်ဖွဲ့တဖွဲ့ ခြုံခို တိုက်ခိုက် တာပေါ့။ နေ့လယ် ၁၂ နာရီကနေ ၁၂ ခွဲအထိပေါ့။ ခမရ ၅၇၇၊ စကခ ၂၊ မိုင်းနောင် အခြေစိုက် ကား ၅ စီးပေါ့နော်၊ သူတို့လာတာ။ မြောက်ပိုင်း တပ်ဖွဲ့တွေကို သွားမယ့် Convoy ဖြစ်ပါတယ်။ အဲဒီမှာ ကျနော်တို့ ၀င်တိုက်တော့ ၃ ဦး ဒဏ်ရာ ရရှိကြတယ်။ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းညွန့်လို့ ပြောတယ်။ အဲဒီမှာ ဒဏ်ရာ ရရှိသွားတယ်။”

တောင်ပိုင်း SSA တပ်ဖွဲ့တွေ အနေနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီကို တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ အကူအညီ ဆက်ပေး သွားမယ် လို့လည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောပါတယ်။

မြန်မာစစ်တပ်အနေနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံတဲ့ မြောက်ပိုင်း SSA ခေါ် ရှမ်းပြည် တိုးတက်ရေး ပါတီ ၀မ့်ဟိုင်း ဌာနချုပ်ကို ၀ိုင်းပတ် ပိတ်ဆို့ထားပေမဲ့ စခန်းသိမ်း ထိုးစစ်ဆင်မှုတွေ မပြုလုပ်ရ သေးပါဘူး။ အခုလို ရပ်ဆိုင်း ထားတဲ့ အခြေအနေဟာ မြန်မာ စစ်တပ်ဘက်ကနေ နည်းဗျူဟာ ပြောင်းတာ ဖြစ်နိုင်တယ် ဆိုပြီး ပါတီ ခေါင်းဆောင်တွေ ပြောဆို နေတယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေတော့ ပြောခဲ့တယ်။ သူတို့ အလုံးအရင်းနဲ့ ကျနော်တို့ ၀မ့်ဟိုင်း ဌာနချုပ်ကို အဲဒီ ၁၈ ရက်နေ့ ကနေ အခုထက်ထိ ပိတ်ဆို့ ထားဆဲပဲ။ အခုဟာ သူတို့ နည်းဗျူဟာပြောင်းတဲ့ သဘောမျိုး ရှိတယ်။ အခု သူတို့ထဲက ပြဿနာ တခုခုလား ဒါမှမဟုတ် သူတို့မှာ ပြင်ဆင်မှု နောက်ထပ် Plan ချဖို့တော့ မပြီးမြောက် သေးလို့လား မသိဘူးလေ။ လက်ရှိနေရာမှာပဲ သူတို့ တပ်စွဲ ထားတယ်ဆိုတော့ တခုခုတော့ တခုခုပဲ။”

၂၀၁၀ ခုနှစ် မတ်လကစပြီး မြန်မာစစ်တပ်ဟာ ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့ကို စတင် တိုက်ခိုက် ခဲ့ပါတယ်။ ရှမ်းပြည် တိုးတက်ရေး ပါတီ တပ်ရဲ့ အခြေခံစခန်းတွေဖြစ်တဲ့ နမ်းမစခန်း၊ နမ့်လောင်စခန်း၊ စိန်ကျော့စခန်း၊ နောင်ချိုစခန်း၊ နမ့်ကိုင်ဖိတ် စခန်း တွေကိုလည်း သိမ်းပိုက် ခဲ့ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့က စပြီး ရှမ်းပြည် တိုးတက်ရေးပါတီ ဌာနချုပ်ကို အပြီး သိမ်းယူဖို့ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တဲ့ မြန်မာ စစ်တပ်ဟာ အခုလို စစ်ဆင်မှု ရပ်တန့် နေတာဟာ မြန်မာ စစ်တပ်ဘက်ကနေ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ အချိန် ယူနေတယ်လို့ နယ်စပ် စစ်ရေး အကဲခတ်သူတွေက ပြောဆို သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Ref: VOA News

Read More...

အပစ်ရပ်ရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်ဟု KIO ယူဆ

ဦးမိုးဇော်
ကြာသပတေး, 28 ဇူလိုင် 2011

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ မြန်မာအစိုးရ တပ်အကြား နှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရေး စာချုပ် ချုပ်ဆိုဖို့ ပြည်နယ် တည်ငြိမ် အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့က ဒီလ ၂၅ ရက်နေ့ နေ့စွဲနဲ့ KIO ကို ကမ်းလှမ်း လာခဲ့တာ ဖြစ်ပါတယ်။ KIO ရဲ့ အကြောင်း ပြန်ကြားချက်ထဲမှာ တပြည်လုံး အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ် တွေကို ၁၅ ရက် အတွင်း အစိုးရက ကြေညာပေးဖို့ ဆိုတဲ့ တောင်းဆိုချက် တချက်လည်း ပါဝင်ပါတယ်။ ဒီစာနဲ့ ပတ်သက်ပြီး KIO ပြောခွင့်ရသူနဲ့ ဆက်သွယ် မေးမြန်း ထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့က KIA နဲ့ အစိုးရတပ်တွေအကြား နှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းရေး စာချုပ် ချုပ်ဆိုဖို့ ဒီလ ၂၅ ရက်နေ့က ကမ်းလှမ်းတဲ့ စာကို KIO ခေါင်းဆောင်တွေ အကြားမှာ အသေးစိတ် ဆွေးနွေး ညှိနှိုင်းပြီးတဲ့နောက် ဒီမနက် ၁၁ နာရီလောက်က အကြောင်း ပြန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းပြန်ကြားစာမှာ ပါဝင်တဲ့ အချက်တွေထဲက အဓိကကျတဲ့ အချက်တခုကို KIO အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ ပေးထားတဲ့ဟာမှာတော့ ကျနော်တို့ မေးခွန်းလည်း မေးထားတာရှိတယ်။ မေးခွန်းက သုံးလေးခုပါ။ အဲဒီထဲမှာ အရေးကြီးတာ တခု မေးထားတာ ရှိတယ်။ သူတို့အတွက် ဆုံးဖြတ်ချက် ပေးရမှာတော့ နိုင်ငံအတွင်းရှိ ပစ်ခတ် တိုက်ခိုက်မှုများ အားလုံး ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်မည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု အစီအစဉ်များကို နိုင်ငံတော် အစိုးရမှ ရက်ပေါင်း ၁၅ ရက်အတွင်း ကြေညာချက် ထုတ်ပြန်ပေးရန် လိုအပ်ပါသည် ဆိုတဲ့ဟာမျိုး ကျနော်တို့ သူတို့ကို အကြောင်းကြား ထားတာ ရှိတယ်။”

ဒီပြန်ကြားစာမှာပဲ KIO ဘက်က သဘောထားတခုဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားတာဟာ ငြိမ်းချမ်းရေး ရတယ်လို့ အဓိပ္ပာယ် မဖွင့်ဆိုနိုင်ဘူး ဆိုတာကိုလည်း ထည့်သွင်း ရေးသား ထားပါတယ်။

နောက် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ် အနေနဲ့ လွတ်လပ်ရေး ရယူစဉ်က သဘော တူခဲ့တဲ့ ပင်လုံ စာချုပ်အပေါ် သဘောထားကိုလည်း မေးမြန်း ထားတယ်လို့ ဦးလနန်က ပြောပါတယ်။

“နောက်ပြီး တခု ကျနော်တို့ မေးထားတာ ရှိတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းခဲ့စဉ်က သဘော တူညီခဲ့ကြသော ပင်လုံစာချုပ်နှင့် ပင်လုံ ကတိက၀တ် အပေါ် နိုင်ငံတော် အစိုးရသစ် အနေနဲ့ မည်သို့ သဘောထားသည်ကို သိရှိလိုပါသည်ဆိုတဲ့ မေးခွန်းလည်း မေးထားတယ်ခင်ဗျ။ ဒါတွေက ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး လမ်းကြောင်းကို သွားဖို့ အရိပ်အမြွက် ရည်ရွယ်ထားတဲ့ သဘောထားတွေပါ။”

ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့ဝင် ဦးဆင်ဝါးနော်ကတော့ တပြည်လုံး အပစ်အခတ် ရပ်စဲဖို့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တောင်းဆိုတာ မရှိသေးတာကြောင့် အားလုံးနဲ့ အပစ်ရပ်ဖို့ ဆိုတာ မဖြစ်နိုင်သေးကြောင်းနဲ့ ကချင် ပြည်နယ်ကို စံနမူနာယူပြီး တဖြည်းဖြည်း တနိုင်ငံလုံး အပစ် ရပ်သွားမှာဖြစ်ကြောင်း ဗွီအိုအေကို မနေ့က ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် KIO က ၁၅ ရက်အတွင်း တနိုင်ငံလုံး အပစ်ရပ်ပြီး ဆွေးနွေးပွဲ အစီအစဉ်တွေ ထုတ်ပြန်ရမယ် ဆိုတဲ့ တောင်းဆိုချက်ဟာ အစိုးရ ဘက်က လိုက်လျောဖို့ ခက်ခဲအောင် တဘက်သတ် တောင်းဆိုတာမျိုး ဖြစ်မနေဘူးလား ဆိုတဲ့ အမေးကိုတော့ ဦးလနန်က အခုလို ဆက်ပြောပါတယ်။

“သူတို့ဘက်ကသာ အမှန်တကယ်ပဲ ပြည်တွင်းငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင်တော့ သူတို့ မလိုက်လျော နိုင်စရာ ဘာမှ မရှိဘူးခင်ဗျ။ ကျနော်တို့ ရေးထားတဲ့ အချက်မှာလည်း ကျနော်တို့ KIO အဖွဲ့အစည်းက နေပြီးတော့ လက်ဦးမှုရအောင် လုပ်တဲ့ဟာမျိုး စာသား အသုံး အနှုန်းတွေ တခုမှမပါဘူး။ ဒါကြောင့် သူတို့က အမှန်တကယ်လည်း ရိုးသားတဲ့၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆိုတဲ့ ဆောင်ပုဒ်ကို သူတို့ လက်ခံနိုင်တယ်ဆိုရင် ကျနော်တို့ ပြောဆိုထားတဲ့ ၁၅ ရက်အတွင်းမှာ ကြေညာချက်တွေ ဘာတွေ လုပ်နိုင်မယ်လို့ ယူဆတယ်။”

KIO ဘက်က ဒီကနေ့ ပြန်ကြားချက်ကို အစိုးရဘက်က လက်ခံမယ်ဆိုရင် ဒီရက်ပိုင်းတွေအတွင်း ပြည်နယ် တည်ငြိမ် အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့နဲ့ ထပ်မံ တွေ့ဆုံဖြစ်မယ်၊ ဒါပေမဲ့ ဒီတွေ့ဆုံမှုဟာ အပစ်အခတ် ရပ်စဲရေး အတွက် လက်မှတ်ထိုးမယ့် အဆင့်တော့ မရောက်နိုင် သေးကြောင်းနဲ့ အပစ်အခတ် ရပ်စဲချိန်မှာ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ ကြိုတင် သတ်မှတ်ဖို့ လိုအပ် နေသေးကြောင်း ဦးလနန်က ပြောပါတယ်။

KIO နဲ့ မြန်မာစစ်အစိုးရဟာ ၁၉၉၄ ခုနှစ်က စတင်ပြီး အပစ်အခတ် ရပ်စဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ KIA ကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ အစိုးရဘက်က တောင်းဆိုတာကို KIA က လက်မခံတဲ့နောက် နှစ်ဘက် တပ်တွေအကြား တင်းမာမှုတွေ စတင်ခဲ့ပြီး ဒီနှစ် ဇွန်လ ၉ ရက်နေ့မှာတော့ တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ မြန်မာအစိုးရဘက်က ကချင်ပြည်နယ်တွင်းမှာ စစ်ရေး လှုပ်ရှားမှုတွေ ဆက်လက် ဆောင်ရွက် နေသလို KIA ဘက်ကလည်း အစိုးရ တပ်တွေကို မိုင်းခွဲ တိုက်ခိုက်တာနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် အခုအခါမှာ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးနေရတဲ့ ကချင်ဒုက္ခသည် ၁၇,၀၀၀ ကျော် ရှိနေပြီး သူတို့ အတွက် အရေးပေါ် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်နေသူတွေက သတင်း ထုတ်ပြန်ထားပါတယ်။

Ref: VOA News

Read More...

Thursday, July 28, 2011

ဦးထွန်းမြင့်နိုင်၏ ကြီးထွားလာသော အင်ပါယာ

ရန်ပိုင်
Wednesday, 27 July 2011

ဒီကနေ့ မြန်မာပြည်ရဲ့ စီးပွားရေး လောကကို တရုတ်လူမျိုးတွေက ဓနအင်အား၊ ငွေအင်အား အလုံးအရင်းနဲ့ ချယ်လှယ်နေတာ ဆိုတာ ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။

မြန်မာပြည်ရဲ့ အချမ်းသာဆုံးလို့ ဆိုရမယ့် ထူးကုမ္ပဏီက ဦးတေဇကတောင် “တရုတ် အများစုက မြန်မာပြည်မှာ နိုင်ငံသား ခံယူပြီး သူတို့ အချမ်းသာ ဆုံးလို့ ကြွားနေကြတယ်၊ ဒါပေမယ့် သူတို့က မြန်မာစစ်စစ် မဟုတ်ပါဘူး” ဆိုပြီး အီတလီ နိုင်ငံထုတ် La Repubblica သတင်းစာနဲ့ အင်တာဗျူးမှာ မကြာသေးမီက ပြောခဲ့ ဖူးပါသေးတယ်။

တရုတ်လူမျိုးတွေဟာ မြန်မာစီးပွားရေး လောကမှာတင် တွင်ကျယ်နေရုံ မက အခုဆိုရင် မြန်မာအစိုးရ အဖွဲ့အပေါ် မှာလည်း သြဇာ လွှမ်းမိုးမှုတချို့ ရှိလာတယ် ဆိုတာ နေပြည်တော်နဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်းအ၀န်းတွေ အကြား ပြောဆိုမှုများလည်း ထွက်ပေါ် နေပါတယ်။

ဘယ်လောက် အတိုင်းအတာအထိ လွှမ်းမိုးနေသလဲဆိုတော့ သမ္မတ ဦးသိန်းစိန် မကြာသေးမီက သွားရောက်ခဲ့တဲ့ တရုတ်နိုင်ငံ ခရီးစဉ် တခုလုံးမှာ အေးရှားဝေါလ် (Asia World) ကုမ္ပဏီပိုင်ရှင် ကိုးကန့်-တရုတ်လူမျိုး ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင် လော က ကမကထပြု ဆောင်ရွက်ခဲ့တယ်လို့ အဆိုပါ ခရီးစဉ်မှာ လိုက်ပါ သွားခဲ့သူတဦးရဲ့ ပြန်ပြောပြချက် အရ သိရတယ်။

သမ္မတရဲ့ တရုတ်ပြည်ခရီးစဉ်မှာ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ထူး၊ မက်စ်မြန်မာ၊ IGE စတဲ့ ကုမ္ပဏီကြီးတွေ အနေနဲ့ ကိုယ်စားလှယ်တွေပဲ လိုက်ပါခွင့် ရခဲ့ပြီး အေးရှားဝေါလ် ကုမ္ပဏီကတော့ ပိုင်ရှင်ဖြစ်တဲ့ ဦးထွန်းမြင့်နိုင် ကိုယ်တိုင် လိုက်ပါခွင့် ရခဲ့ပါတယ်။

ဦးထွန်းမြင့်နိုင်ဟာ တရုတ်ခရီးစဉ် တလျှောက်လုံး သမ္မတရဲ့ ဦးစားပေး စကားပြောဆိုခြင်း ခံခဲ့ရသလို တရုတ် အစိုးရ အသိုင်းအ၀န်း ကြားမှလည်း ဦးထွန်းမြင့်နိုင်က အတော်လေး ပေါက်ပေါက် ရောက်ရောက် ပြောနိုင် ဆိုနိုင် ရှိတဲ့သူ ဖြစ်တယ်လို့ အတူ လိုက်ပါသွားသူက မှတ်ချက်ပေး ပြောဆိုပါတယ်။

တရုတ်အစိုးရ အသိုင်းအ၀န်းမှာ ဦးထွန်းမြင့်နိုင် ပေါက်ရောက်မှု ရှိနေခြင်းဟာ တရုတ်စကားကို ကျွမ်းကျွမ်း ကျင်ကျင် ပြောတတ်ခြင်း၊ ယခုလက်ရှိ မြန်မာပြည်အနှံ့ တရုတ်နိုင်ငံရဲ့ ချေးငွေတွေနဲ့ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ စီမံကိန်းကြီးတွေ၊ တရုတ်ချေးငွေနဲ့ တည်ဆောက်နေတဲ့ နေပြည်တော် လေဆိပ် အပါအ၀င် ရန်ကုန် ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကြီးတွေကို ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် ကုမ္ပဏီ တခုတည်းကသာ တည်ဆောက်ခွင့် ရရှိခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရဆိုရင် အေးရှားဝေါလ် ကုမ္ပဏီဟာ တရုတ်ချေးငွေ ၇၀ ရာခိုင်နှုန်းကို ၎င်းတို့ ကုမ္ပဏီက တဆင့် ဆက်သွယ် ချေးငှား ပေးခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး အသိုင်အ၀န်း ကြားမှာ ပြောဆိုမှုတွေ ရှိနေတယ်။

ဒါကြောင့်လည်း ဦးသိန်းစိန်အစိုးရဟာ ကျမ်းသစ္စာကျိန်ဆိုပြီး မကြာခင်မှာပဲ တရုတ်နိုင်ငံနဲ့ စီးပွားရေး ဆိုင်ရာ အပြန်အလှန် သဘော တူညီချက်စာချုပ် ၉ ခုနဲ့ တရုတ်ဘက်မှ အမေရိကန်ဒေါ်လာ ၇၆၃ သန်း ချေးဖို့ သဘောတူ စာချုပ်များ ချုပ်ဆို နိုင်ခဲ့ ပါတယ်။

ဒီခရီးစဉ်ကို အောင်မြင်စွာ ဦးဆောင်ခဲ့တဲ့ ဦးထွန်းမြင့်နိုင်ဟာ အသက်အရွယ် အားဖြင့် ၅၃ နှစ်ခန့်ရှိပြီ ဖြစ်ပြီး ဖခင်ကတော့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက် သမ္မတကြီး ဦးနေ၀င်းက အရှေ့မြောက်ပိုင်း ဒေသ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ရန်ကို ကာကွယ်ဖို့ ကိုးကန့်ဒေသမှာ ပြည်သူစစ် အဖြစ် မြေတောင် မြှောက်ခြင်း ခံရပေမယ့် နောက်ပိုင်းမှာ ဘိန်းဘုရင် အဖြစ် နာမည် ကြီးလာခဲ့တဲ့အတွက် ဖမ်းဆီးခြင်း ခံခဲ့ရတဲ့ လော်စစ်ဟန် ဖြစ်ပါတယ်။

ဖခင်ဖြစ်သူ လော်စစ်ဟန်ဟာ နောက်ပိုင်းမှာတော့ အရှေ့မြောက်ဒေသကို ရောက်ရှိလာတဲ့ စစ်တိုင်းမှူး အဆက်ဆက်နဲ့ ရင်းရင်း နှီးနှီး ပေါင်းသင်း နိုင်ခဲ့တယ် ဆိုတာ န၀တခေတ် သစ်တောရေးရာ ၀န်ကြီးဟောင်း၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေ (နောင်စစ်သည်) ရဲ့ ဘ၀ အတွေ့အကြုံကို ရေးသားထားတဲ့ “သေတနေ့ မွေးတနေ့” စာအုပ်မှာလည်း ဖော်ပြ ထားပါတယ်။

၁၉၈၉ ခုနှစ် ကဗပမှ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့ ခွဲထွက်ဖို့ ကြိုးပမ်းရာမှာလည်း ဖခင်ဖြစ်သူ လော်စစ်ဟန်က စစ်အစိုးရ ကိုယ်စားလှယ် ငြိမ်းချမ်းရေး အကျိုးဆောင်တဦး အဖြစ် ပါဝင်ခဲ့သလို၊ သားဖြစ်သူကလည်း တရုတ်နိုင်ငံကို ဖြတ်ပြီး ကိုးကန့် နယ်ထဲသို့ အကြိမ်ကြိမ် ၀င်ရောက်ကာ ဖုန်ကြားရှင် အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်လို့ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်မှူး ရုံးက ထုတ်ဝေတဲ့ တပ်မတော်သမိုင်း သတ္တမတွဲမှာ အတိအလင်း ရေးသား ထားပါတယ်။

ဗကပ ပြိုကွဲခဲ့ရတဲ့အတွက် ရန်သူနည်းပါးသွားခဲတဲ့ စစ်အစိုးရဟာ လော်စစ်ဟန်တို့ သားအဖကိုလည်း အကျိုး အမြတ် အဖြစ် Asia World ဆိုတဲ့ နာမည်နဲ့ စီးပွားရေး လုပ်ခွင့် ပေးခဲ့ပါတယ်။

အေးရှားဝေါလ် ကုမ္ပဏီဟာ မူဆယ်-လားရှိုး- မန္တလေး လမ်းကို ပြုပြင်ပြီး လမ်းခွန်ကောက်ခံခွင့် ရရှိခဲ့သလို၊ နောက်ပိုင်း အပြည်ပြည် ဆိုင်ရာ သီလ၀ါဆိပ်ကမ်း လုပ်ငန်းကိုပါ လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။

အရှေ့မြောက်တိုင်းမှာ ရင်းနှီးခဲ့တဲ့ တိုင်းမှူး သီဟသူရ ဦးတင်အောင်မြင့်ဦး ကုန်သွယ်ရေး မူဝါဒ ကောင်စီ ဥက္ကဋ္ဌ ဖြစ်လာချိန် မှာတော့ အေးရှားဝေါလ် ကုမ္ပဏီဟာ ဦးတေဇရဲ့ ထူးကုမ္ပဏီနဲ့ အပြိုင် နေပြည်တော် ဆောက်လုပ်ရေးကို လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။ ဒီအတွက် နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမီးတွေအတွက် ကိုယ်ပိုင်အိမ်တွေ အသီးသီး ဆောက်ပေးခဲ့တဲ့ အပြင် သီဟသူရ ဦးတင်အောင်မြင်ဦး ကိုလည်း ရန်ကုန်မှာ အိမ်တလုံး ဆောက်ပေး ခဲ့ပါတယ်။

မြန်မာသူဌေးတွေဖြစ်တဲ့ ဦးတေဇတို့ ဦးအောင်ကိုဝင်းတို့ လေကြောင်းလိုင်းတွေ ထောင်ပြီး အရှုံး ပေါ်နေချိန်မှာ ကိုးကန့်-တရုတ်သူဌေး ဦးထွန်းမြင့်နိုင်ကို အကျိုးအမြတ် အများကြီး ရရှိနိုင်တဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ မန္တလေး လေဆိပ်တွေရဲ့ Ground Handling လို့ ခေါ်တဲ့ လေဆိပ် ၀န်ဆောင်မှု လုပ်ငန်းကို သီဟသူရ ဦးတင်အောင်မြင့်ဦးက ထပ်မံပေးအပ် လုပ်ကိုင် စေပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာစီမံကိန်း၊ တာဆန်း ရေအားလျှပ်စစ် ထုတ်လုပ်ရေး အပါအ၀င် ရေအား လျှပ်စစ် စီမံကိန်းများ၊ ရန်ကုန် ဆိပ်ကမ်းသစ် တည်ဆောက်ရေး လုပ်ငန်း၊ အမေရိကန် ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိ နေပြည်တော် လေဆိပ် တည်ဆောက်ရေး လုပ်ငန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သယ်ယူရေး လုပ်ငန်း လုပ်ကိုင်ခွင့်တွေပါ ရရှိခဲ့ပါတယ်။

အေးရှားဝေါလ်ကုမ္ပဏီ လုပ်ကိုင်ခွင့်ရ ရေအားလျှပ်စစ်စီမံကိန်းတွေဟာ နှစ်ရှည် စီမံကိန်းကြီးများ ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းများကို သာမက ထွက်ရှိလာတဲ့ ရေအား လျှပ်စစ်ကို တရုတ်နိုင်ငံသို့ ရောင်းချရာမှာ အေးရှားဝေါလ် ကုမ္ပဏီက အကျိုး အမြတ်ကို အချိုးကျ ခံစားခွင့် ရရှိဦးမယ်လို့လည်း သိရပါတယ်။

စီးပွားရေး အသိုင်းအ၀န်းရဲ့ ခန့်မှန်းချက်ကတော့ လက်ရှိ အခြေအနေမှာ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်တဲ့ အေးရှားဝေါလ် (Asia World) ကုမ္ပဏီဟာ မြန်မာ အစိုးရသစ်ရဲ့ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးနဲ့ ပိုမို အနီးကပ် ဆက်ဆံနေတဲ့ အတွက် နောင်အနာဂတ်မှာ ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ဦးဇော်ဇော်ရဲ့ မက်စ်မြန်မာ ကုမ္ပဏီ၊ ၀န်ကြီးဟောင်း ဦးအောင်သောင်းရဲ့သား ဦးနေအောင်ရဲ့ IGE ကုမ္ပဏီတို့ကို ဖြတ်ကျော်ကာ အချမ်းသာဆုံး စီးပွားရေး ကုမ္ပဏီတခု ဖြစ်လာနိုင်တယ်လို့ သုံးသပ် ပြောဆိုမှုတွေ ထွက်ပေါ် နေပါတယ်။

Ref: ဧရာဝတီ်

Read More...

ဒေါ်စု ပဲခူးရှိ “ အောင်ဆန်းဂျာမွန်း ” စာကြည့်တိုက် ဖွင့်ပွဲသွားမည်

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအတွင်းရှိ “ အောင်ဆန်းဂျာမွန်း ” ဟု အမည်ပေးထားသော စာကြည့်တိုက် နှစ်ခုကို ဩဂုတ်လ ဒုတိယပတ်တွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက် ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ပဲခူးမြို့နယ် စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

၁၉၉၇ ခုနှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်သို့ ခရီးထွက်စဉ် ကြားသိခဲ့ရသည့် ကချင် ဝေါဟာရ တခုကို ဒေါ်အောင်ဆန်းစုကြည်မှ ကြိုက်နှစ်သက်သည့် အတွက် စာကြည်တိုက် အမည်ကို အောင်ဆန်းဂျာမွန်းဟု ပေးဖြစ်ကြောင်းလည်း ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

“ကချင်ပြည်နယ်ကိုရောက်တော့ ကချင်မလေးတွေက အော်တယ်တဲ့။ အောင်ဆန်းဂျာမွန်း၊ အောင်ဆန်းဂျာမွန်း ဆိုပြီးတော့ အော်တဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က သိပ်ပြီးတော့ သဘောကျလာတယ်” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

ဂျိန်းဖော ကချင်ဘာသာစကားတွင် ဂျာမွန်းဆိုသည်မှာ ရွှေဝတ်မှုန်ဟု အဓိပ္ပါယ်ရပြီး သမီးကြီးများ ကိုလည်း မျိုးရိုး အမည် နောက်တွင် တွဲ၍ တင်စား အမည်မှည့်ခေါ်လေ့ ရှိသည်။

ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင် ၂၃ လမ်းနှင့် သနပ်ပင်မြို့ မင်းလမ်းတို့တွင် ဖွင့်လှစ်မည့် အောင်ဆန်းဂျာမွန်း စာကြည့်တိုက် များတွင် စာအုပ်ပေါင်း ၄,၀၀၀ ကျော်ရှိကြကာ ပဲခူး ဒေသခံများမှ လှူဒါန်းသည့် စာအုပ်များ ဖြစ်သည်ဟု ဦးမြတ်လှက ပြောသည်။ စာကြည့်တိုက် တခုစီအတွက် ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁ဝ သိန်းကျော် ဖြစ်သည်။

စာအုပ်များတွင် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ရေးသည့် “ဘာလဲဟဲ့ လူ့ငရဲ” ကဲ့သို့သော စာအုပ်အများ အပါအဝင် နိုင်ငံရေး၊ ဘာသာရေးနှင့် ဝတ္ထု စာအုပ်များလည်း စာကြည့်တိုက်တွင် ထားရှိမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးတိုင်း စာကြည့်တိုက်ဖွင့်ပွဲ အတွင်း လုံခြုံရေးနှင့် ပတ်သက်၍ ဦးမြတ်လှမှ ဦးစီးကာ ပဲခူးတိုင်း NLD လူငယ်များမှ တာဝန်ယူ ဆောင်ရွက် သွားမည်ဟုလည်း ဦးမြတ်လှက ဆိုသည်။

“လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ပဲခူးလူငယ်တွေနဲ့ ကျနော်တို့ဒီမှာ အကုန်လုံး စီစဉ်ထားပြီးပြီ လုံခြုံရေးက သူတို့ ဆီကလည်း ပါလာမယ် ကျနော်တို့ ဆီကလဲ တထပ် ထပ်ဝိုင်းမယ် လုံခြုံရေးကလည်း ကျနော်တို့ အားလုံး စီစဉ်ထားပြီးပြီ ဘယ်တော့ လာမယ် ဆိုတာသာ မသိသေးတာ ” ဟု ဦးမြတ်လှက မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၃ ရက် နေအိမ် အကျယ်ချုပ်မှ လွတ်လာအပြီး နေအိမ်ပြင်ပ ခရီးစဉ်များ အဖြစ် ယခုလ ၄ ရက်နေ့ကလည်း ပုဂံရှေးဟောင်းမြို့တော်သို့ ၄ ရက်ကြာ မိသားစု ဘုရားဖူးခရီး သွားခဲ့သေးသည်။

ခရီးစဉ်၏ နောက်ဆုံးနေ့ ဖြစ်သည့် ဇူလိုင် ၇ ရက်နေ့ ညောင်ဦးဈေးသို့ သွားရောက်ရာတွင် ညောင်ဦး ဈေးသူ ဈေးသားများနှင့် ဒေသခံ ၃,၀၀၀ ကျော်တို့မှ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက် လှဲလှဲ ကြိုဆို ခဲ့ကြသည်။

ယခု ဒုတိယအကြိမ် ပဲခူးခရီးစဉ်တွင်လည်း ပဲခူးဒေသခံများမှ စိတ်ဝင်စားမှု များပြားကြောင်း ဦးမြတ်လှက မဇ္ဈိမကို ဆက်ပြောခဲ့သည်။

“အခုလည်း ကျနော့်ကို လာမလား လာမလားနဲ့ တော်တော် လာမေးနေကြတယ်ဗျ၊ စည်းရုံးရေး သဘောလည်း ပါမှာပေါ့ဗျာ အခုတည်းက ကျနော့်ကို လာမေးနေကြတာ အဲဒီနေ့လည်း ဘယ်လောက် လာမလဲမှ မသိတာ၊ အခုတည်းက သူတို့က ရွစိရွစိနဲ့ ဖြစ်နေကြပြီ” ဟု ဦးမြတ်လှက ဆိုသည်။


Ref: မဇ္ဈိမ

Read More...

ဆန်ရှင် ဆန့်ကျင်ရေးလုပ်ရန် ကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် မြန်မာအစိုးရကို ဒဏ်ခတ်သော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရေးတွင် နိုင်ငံရေး ပါတီများ ပါဝင် လုပ်ဆောင်ကြရန် နေပြည်တော်တွင် ဗုဒ္ဓဟူးနေ့က ၃၇ ပါတီနှင့် တွေ့ဆုံရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တိုက်တွန်း လိုက်သည်။

စီးပွားရေး ပိတ်ဆို့မှုသည် အစိုးရနှင့် နီးစပ်သူ စီးပွားလုပ်ငန်းရှင်များထံ မထိခိုက်ကြောင်းနှင့် ပြည်သူ လူထုများကို ထိခိုက်သဖြင့် ယင်းပိတ်ဆို့မှု ရုပ်သိမ်းရေး နိုင်ငံရေး ပါတီများမှ ကူညီ ဆောင်ရွက်သွားဖို့ လိုသည်ဟု ပြောကြား သွားခဲ့ကြောင်း အစည်းအဝေး တက်ရောက် ခဲ့သူ တဦးဖြစ်သာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

“ကျနော်တို့ တိုင်းပြည်မှာ စီးပွားရေး မဖွံ့ဖြိုးအောင်၊ မတိုးတက်အောင် အဟန့်အတား ဖြစ်နေတာက တချို့ နိုင်ငံကြီးတွေက ဆန်ရှင်လုပ်ထားတာ။ ဆန်ရှင်ဆိုတာ တချို့က ပြောကြတယ်။ အစိုးရရဲ့ စီးပွားရေး သမားတွေပဲ ထိခိုက်တယ်လို့ ပြောတယ်။ တကယ်တော့ သူတို့ကို မထိခိုက် ပါဘူးတဲ့” ဟု ဦးသုဝေက ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ပူးပေါင်း၍ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည် သုံးသပ် သွားကြရန် တိုက်တွန်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ၂ဝ၁ဝ မတ်လဆန်း က ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ အတိုင်း ဆက်လက် လိုက်နာကျင့်သုံးရန်နှင့် ပြည်ပရှိ တရားမဝင် အသင်းအဖွဲ့ များမှ ပုဂ္ဂိုလ်များ ပါတီဝင် အဖြစ် လက်ခံပါက ပုဒ်မ ၆ အတိုင်း ပါတီ ဖျက်သိမ်းမည် ဟုလည်း ပြောဆို ခဲ့သည်ဟုလည်း သိရသည်။

ထို့ပြင် နိုင်ငံရေးပါတီ ကိုယ်စားလှယ် တဦးလျှင် ၂ မိနစ်ကြာစီ ဆွေးနွေး တင်ပြခွင့်ပေးခဲ့ရာ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်
ပါတီ SNDP ခေါ် ကျားဖြူပါတီက လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် တိုင်းရင်းသား ပါတီမှ ပုဂ္ဂိုလ်များလည်း ပါဝင် ဆွေးနွေး စေလိုကြောင်း အဆိုပြုခဲ့သည်ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

“အခုလောလောဆယ် ရှမ်းပြည်နယ်တွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ငြိမ်းချမ်းဖို့ အတွက် ရွေးကောက်ပွဲ ကော်မရှင်က ဖိတ်တဲ့ အခမ်းအနားမှာ ပါတီတွေကို သူက အကြံပြုတာပါ။ တိုင်းရင်းသားပါတီ ပေါင်းစုံထဲက ပုဂ္ဂိုလ်တွေ ပါတဲ့ ဆွေးနွေး စေချင်တဲ့ အကြောင်းကို အဆိုပြုတာကို ဥက္ကဋ္ဌကြီးက ဒါဟာ ရွေးကောက်ပွဲ ကော်မရှင်က လုပ်လို့ မရဘူး၊ လွတ်တော်မှာ တင်ပြကြပါ ဆိုပြီးတော့ အကြံပြုတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။

ယင်းအဆိုပြုချက်များကို ချင်း၊ အင်း၊ ဖလုံစဝေါ်၊ ရခိုင် စသည့် တိုင်းရင်းသားပါတီများ ကလည်း ထောက်ခံခဲ့ သော်လည်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကော်မရှင်မှ လုပ်ပိုင်ခွင့် မရှိကြောင်းနှင့် လာမည့် ပြည်ထောင်စု လွတ်တော်သို့ တင်ပြရန် အကြံပြုခဲ့သည်ဟု သူက ဆက်ပြောသည်။

အလားတူ ကော်မရှင် ဥက္ကဋ္ဌက သူ၏ အသက် ၁၈ နှစ်အရွယ်မှစ၍ တပ်မတော်တွင် ဖြတ်သန်းခဲ့သည့် သူ့ကိုယ်ရေး ရာဇဝင် အကျဉ်းကို ပြောကြားလိုက်ပြီး တပ်မတော်အပေါ် သွေးခွဲခြင်း၊ ဖြိုဖျက်ခြင်းများ မပြုလုပ်မိ စေရန်လည်း ဦးတင်အေးက ပြောဆိုခဲ့သည်။

“အခုထိ လက်နက်ကိုင် ပဋိက္ခကိစ္စတွေလည်း ဖွဲ့စည်းပုံအရ လုပ်တဲ့ သဘောလို့ အကြမ်းဖျင်း ပြောတယ်ဗျ။ ဒါပေမဲ့ ငြိမ်းချမ်း စေချင်တယ်။ သူတို့မှာလည်း ဆန္ဒရှိပါတယ်။ ဆွေးနွေး ညှိနှိုင်းရေး ဆိုတာကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အရ တခုတည်းသော တပ်မတော် ဖြစ်ရမယ် ဆိုတာကို ပြန်ပြောတာပါ” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

နအဖ စစ်အစိုးရလက်ထက် စစ်တပ် ရန်ပုံငွေ အတွက်ရှာသော ဦးပိုင်ကုမ္ပဏီ အကြီးအကဲအပြင် အရေးပါသော ရာထူးများ ယူခဲ့သော ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် ကြံ့ခိုင်ဖွံဖြိုးရေး ပါတီဝင်ဖြစ်ပြီး ၂ဝ၁ဝ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က အဆို တင်သွင်းခဲ့ရာမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ယနေ့ ဆွေးနွေးမှုတွင် နိုင်ငံရေး ပါတီများ အနေဖြင့် ၂ မိနစ်ခန့်သာ ပြောဆိုရသဖြင့် အချိန်နည်းပါးပြီး ယခုကဲ့သို့ ရှင်းပြမှုကို မကြာခဏ ခေါ်ယူ တွေ့ဆုံသင့်ကြောင်း ဒေါက်တာ အေးမောင်က အကြံပြုသည်။

ယင်းအပြင် ကြားဖြတ် ရွေးကောက်ပွဲအတွက် ဒီမိုကရေစီမိတ်ဆွေများ ၁ဝ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အင်အားစု၊ NDF၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီနှင့် ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသား ပါတီများက ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ပတ်သက်သော စာတမ်းတခုကို ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့ခဲ့သည်။

စာတမ်းက ရွေးကောက်ပွဲအတွင်း အစိုးရပါတီ ကြံ့ဖွံဘက်လိုက်ကာ မဲလိမ်၊ မဲခိုးမှုများ ပြုလုပ်ထားခြင်းကို အဓိက မီးမောင်း ထိုးပြထားသည်။

“သူကတိတော့ ပေးပါတယ်။ ကျနော်တို့ မဟာမိတ်ပါတီတွေ ညှိနှိုင်းတိုင်ပင်ပြီး ရေးတဲ့ စာတမ်းမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နည်းဥပဒေ အတိုင်း မကျင့်သုံးခဲ့ တာတွေ ရှိတယ်။ အဲဒါကိုရှောင်ရန် ပြုပြင်သွားဖို့။ ကြိုတင်မဲ ယူတာတို့၊ မဲရေတွက်တဲ့ အချိန် အများ ပြည်သူရှေ့မှာ ရည်တွက်ဖို့ အဲဒါတွေကို တင်ပြတယ် အဲဒါဖတ်ပြီးပြီ။ သူက အဲဒီစာကို ပြုပြင်သင့်တာတွေ ပြုပြင် သွားမယ်လို့ ပြောတယ်”ဟု ဒေါက်တာအေးမောင်ကပြောသည်။

ယနေ့ ဆွေးနွေးပွဲတွင် ပြည်တွင်းမှ သတင်းသမားတဦးမှ မလာရောက်သော်လည်း အစိုးရ၏ မြန်မာ သတင်းစဉ်၊ MRTV စသည့် မီဒီယာများသာ တွေ့ရသည်သဖြင့် နောက်နောင် သတင်း မီဒီယာသမားများ ကိုလည်း ခေါ်ယူသင့် သည်ဟု ကိုယ်စားလှယ်များက ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၏ ယနေ့ ဆွေးနွေးပွဲတွင် နည်းဥပဒေ၊ ဥပဒေများ ကိုသာ တင်ပြ ဆွေးနွေးခဲ့ပြီး ကြားဖြတ် ရွေးကောက်ပွဲ မည်သည့် နေ့တွင် ကျင်းပမည်၊ မဲဆန္ဒနယ် မည်မျှ ရှိသည် ဆိုသည့် အချက်များကိုမူ ပြောဆိုလာခြင်း မရှိသေးကြောင်း ဦးသုဝေက ပြောသည်။

နိုင်ငံရေးပါတီ ၃၇ ပါတီမှ ၃၆ ပါတီမှ ကိုယ်စားလှယ်မျာ တက်ရောက်ခဲ့ပြီး ဦးသိန်းတင်အောင် ဦးဆောင်သော ပြည်ထောင်စု ဒီမိုကရေစီ ပါတီက တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

အင်တာနက် တိုက်ခိုက်သူထဲ မြန်မာထိပ်ဆုံး

ဗုဒ္ဓဟူး, 27 ဇူလိုင် 2011

ကမ္ဘာတ၀န်း အင်တာနက် ဆက်သွယ်မှုအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေ ထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံး အဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာ အင်တာနက် လုပ်ငန်းကြီး တခုရဲ့ အစီရင်ခံစာ တစောင်က ဖော်ပြ လိုက်ပါတယ်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလကနေ မတ်လကုန်အထိ ပထမ သုံးလပတ် အတွက် ဆန်းစစ်ချက် အရ မြန်မာနိုင်ငံက လာတဲ့ တိုက်ခိုက်မှုဟာ ၁၃% အထိ ရှိနေပြီး အများဆုံး ဖြစ်ခဲ့တဲ့အကြောင်း အမေရိကန် အခြေစိုက် Akami အင်တာနက် ဆက်သွယ်မှု လုပ်ငန်းက တွေ့ရှိခဲ့တာပါ။

Akami ရဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေအပေါ် အခြေခံပြီး ကမ္ဘာတ၀န်း နိုင်ငံပေါင်း ၁၉၉ နိုင်ငံက အင်တာနက် ဆက်သွယ်မှု တွေကို စောင့်ကြည့်ရာမှာ အစီရင်ခံစာ သမိုင်းတလျှောက် ထူးထူးခြားခြား မြန်မာနိုင်ငံ ထိပ်ဆုံး ရောက်လာတာကို တွေ့ရတဲ့ အကြောင်းလည်း အစီရင်ခံစာက ဖော်ပြပါတယ်။

မြန်မာနိုင်ငံကလာတဲ့ တိုက်ခိုက်မှုတွေဟာ အင်တာနက် ကွန်ရက်ထဲက ဆက်သွယ်ရေး Port ၂၅ ခုလောက် ကိုသာ ပစ်မှတ် ထားခဲ့တာဖြစ်ပြီး ထူးထူးခြားခြား ဆိုသလို ဆက်သွယ်ရေး Port နံပါတ် ၈၀ တခုတည်း ကိုပဲ တိုက်ခိုက်မှုဟာ ၄၅% အထိ ရှိခဲ့ကြောင်းလည်း အစီရင်ခံစာက တွေ့ရှိခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုနဲ့ ထိုင်ဝမ်တို့ဟာ ပုံမှန်အားဖြင့် စာရင်းထဲမှာ ထိပ်ဆုံးနေရာ ယူတတ်လေ့ ရှိပေမဲ့ အခုအခါမှာတော့ ၁၀% နဲ့ ၉% ကျော်သာ တိုက်ခိုက်မှုတွေ ရှိခဲ့တာကို တွေ့ရတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

Ref: VOA News

Read More...

ဒေါ်စု သြဂုတ်လဆန်း ပဲခူး နေ့ချင်းပြန်ခရီး ထွက်မည်

ဒေါ်ခင်မျိုးသက်
ဗုဒ္ဓဟူး, 27 ဇူလိုင် 2011

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ပထမပတ်တုန်းက ပုဂံကို ဘုရားဖူး ခရီး သွားပြီးတဲ့နောက် သြဂုတ်လဆန်းမှာ နယ်စည်းရုံးရေး ခရီးစဉ် အဖြစ်နဲ့ ပဲခူးဘက်ကို သွားဖို့ စီစဉ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ပြောဆိုပါတယ်။ ၂၀၀၃ ခုနှစ် မေလထဲမှာ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ထွက်ခဲ့တဲ့ နယ်စည်းရုံးရေး ခရီးစဉ်အတွင်း ဒီပဲယင်းမှာ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ သူတွေရဲ့ အတိုက်အခိုက် ခံခဲ့ရပြီး အသက်ဘေးက သီသီလေး လွတ်မြောက် ခဲ့ရတာမို့ အခု ပထမဆုံးသွားမယ့် ခရီးစဉ်အတွက် ပြည်သူအများက စိတ်ပူ နေကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ၇ နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ် ကျခံနေရာက လွတ်မြောက် လာခဲ့ပြီးနောက် အခု ၈ လကျော် အကြာမှာ ပထမဆုံး အဖြစ် နယ်စည်းရုံးရေး ခရီးကို ထွက်ဖို့အတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က စီစဉ်နေပြီလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ဘက်ကို၊ ဘယ်နေရာလို့ တိတိကျကျ မပြောနိုင် သေးပါဘူး၊ ပဲခူးမြို့ အနီးနား တ၀ိုက်ကို ခရီးထွက်ဖို့ အတွက် ကြိုတင် ညှိနှိုင်း ပြင်ဆင်မှုတွေ လုပ်နေတယ်၊ အဲဒါ သြဂုတ် လဆန်းထဲမှာ ဖြစ်မှာပါ။ ခရီးစဉ်က နေ့ချင်းပြန် ခရီးတိုပဲ ဖြစ်မယ်လို့ ပြောပါတယ်။ မသွားခင် သတင်းထောက်တွေကို ကြိုပြီး အသိပေးမှာပါလို့ ပြောပါတယ်။”

သြဂုတ်လဆန်းမှာ သွားရောက်မယ့် နေ့ချင်းပြန် ခရီးစဉ်အတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်းမှု ရှိမရှိ မပြောနိုင် သေးပေမဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အများ သိအောင် ကြိုတင် ကြေညာ အသိပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။

၂၀၀၃ ခုနှစ် မေလထဲမှာ စည်းရုံးရေး ခရီးစဉ်အတွင်း ဒီပဲယင်းမှာ ရန်ရှာ တိုက်ခိုက်မှု ခံခဲ့ရတာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ် တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြည်တွင်း ပြည်ပ သတိပေးမှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့လထဲ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) မြန်မာနိုင်ငံကို လာရောက် ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်စည်းရုံးရေး ခရီးစဉ်တွေ အတွင်း အန္တရာယ် မရှိစေဖို့ အစိုးရ အာဏာပိုင် တွေမှာ တာဝန် လုံးဝ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောဆိုခဲ့တဲ့နောက် ပြည်ထဲရေး ၀န်ကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ အတွက် သတိပေးခဲ့သလို အစိုးရအာဘော် သတင်းစာတွေ ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ် တွေကနေ ငြိမ်းချမ်းရေးကို ထိခိုက် စေနိုင်ကြောင်း ဝေဖန်စာတွေ ရေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ဇူလိုင်လဆန်းမှာပဲ ပုဂံဘုရားဖူး ခရီးထွက်ပြီး သူ့ရဲ့ လွတ်လပ်ခွင့် ဘောင်အတိုင်းအတာကို စမ်းသပ်ခဲ့တာ တွေ့ရပါတယ်။

နယ်ခရီးထွက်ဖို့အတွက် စီစဉ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မြန်မာ အာဏာပိုင်တွေ ဘက်က လုံခြုံရေးကို အထူး ဂရုစိုက်ပေးဖို့ တနင်္လာနေ့ကပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြား ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း ပုဂံဘုရားဖူးက အပြန် သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ပုဂံခရီးစဉ် လုံခြုံမှု ရှိနေတာဟာ သတင်းထောက်တွေရဲ့ မျက်စိ အောက်မှာ ရှိနေတာကြောင့်လို့ ပြောဆိုခဲ့ပြီး နောင်သွားမယ့် သူ့ရဲ့ ခရီးစဉ်တွေ အတွက် သတင်းထောက်တွေကို ဖိတ်ခေါ်ခဲ့တာ တွေ့ရပါတယ်။

Ref: VOA News

Read More...

မြန်မာပြည်ရှိ အဆင့်အမြင့်ဆုံး အမေရိကန် သံအရာရှိ အနားယူမည်

အေးလဲ့
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် အဆင့်အမြင့်ဆုံးသော အမေရိကန် သံအရာရှိကြီးဟု ဆိုနိုင်သည့် ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးယာယီ တာဝန်ခံ လယ်ရီဒင်းဂါး လာမည့် သြဂုတ်လတွင် အနား ယူတော့မည် ဖြစ်ကြောင်း အမေရိကန် သံရုံးက ပြောသည်။

မစ္စတာဒင်းဂါး အနေဖြင့် အသက် ၆၅နှစ် ပြည့်မည် ဖြစ်သောကြောင့် ရာထူးမှ အနားယူခြင်း ဖြစ်သည်ဟုလည်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဌာနတွင် တာဝန် ထမ်းဆောင်သူများ အတွက် ၂ နှစ်မှ ၃ နှစ် ကာလအတွင်း လူအပြောင်းအလဲ လုပ်သည့် အစဉ်အလာ အတိုင်း ပြောင်းလဲခြင်း ဖြစ်ကြောင်းလည်း အမေရိကန် သံရုံးက ဆိုသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံး ပြောခွင့်ရ အရာရှိက “သံရုံးတာဝန်ခံဟာ ရန်ကုန်မှာ တာဝန် ထမ်းဆောင်တာ သုံးနှစ်
ကျော်သွားပြီ ဖြစ်လို့ သြဂုတ်လမှာ ထွက်ပါ လိမ့်မယ်။ နိုင်ငံခြားရေးဌာန လုပ်ထုံး လုပ်နည်းအရ သူဟာ သြဂုတ်လမှာ ၆၅ နှစ်ပြည်လို့ အနားယူမှာပါ ” ဟု မဇ္ဈိမသို့ စာရေး ပြန်ကြားသည်။

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသို့ သံအမတ်ကြီး အဆင့်မထားပဲ သံရုံးယာယီ တာဝန်ခံ (Charge de Affairs) အဆင့်သာ ထားသဖြင့် ယင်းအမြင့်ဆုံး တာဝန်ယူခဲ့သူ မစ္စတာဒင်းဂါးသည် မြန်မာ့ ဒီမိုကရေစီရေးကို စိတ်ဝင်စားမူ ရှိသူ ဖြစ်ကြောင်း ပြည်တွင်း နိုင်ငံရေး သမားများက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ကျနော်တို့နဲ့ ဆက်ဆံတဲ့ နေရာမှာတော့ သူဟာ ကျွမ်းကျင်တဲ့ သံတမန် တဦးပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ်မှာလည်း အရမ်း စိတ်ဝင်စားပါတယ်” ဟု ပြောသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ (NDF) ခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း “သူက တော်တော့ကို ရင်းရင်းနှီးနှီး ဆက်ဆံ ပြောဆိုလို့ ရတဲ့ သံမှူးပါပဲ။ ကျနော် ထောင်က ထွက်လာပြီး သူနဲ့ တွေ့ရတာပဲလေ” ဟု ဦးခင်မောင်ဆွေက ပြောသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဒဏ်ခတ် အရေးယူမှုများနှင့် စပ်လျင်း၍လည်း သဘောထား တင်းမာသူ ဖြစ်ပုံ ရကြောင်းလည်း ဦးခင်မောင်ဆွေ က မှတ်ချက်ချသည်။

“စီးပွားရေး ပိတ်ဆို့မူနဲ့ ပတ်သက်လို့ သူ့သဘောထားကတော့ ချက်ချင်း အပြောင်း အလဲကြီး ဖြစ်ဖို့ မလွယ်ဘူး ဆိုတဲ့ သဘောမှာရှိတယ်။ ဘာလို့လဲ ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ပေးဘဲ နဲ့တော့ ဟိုဘက်က ဘာမှ လုပ်ပေးနိုင်တဲ့ အနေအထား မရှိဘူး ဆိုတဲ့ သူ့ယူဆချက် ရှိပါတယ်” ဝီကီလိခ် ခေါ်အမေရိကန် သံတမန်များ က ဝါရှင်တန်ရှိ နိုင်ငံခြားရေး ဝန်ကြီး ဌာနထံ ပေးပို့သော ကြေးနန်းများ ပေါက်ကြားသည့် အထဲတွင် လယ်ရီ ဒင်းဂါး အမည်ဖြင့် “ မြန်မာ ဗိုလ်ချုပ်များနှင့် စကားပြောဆိုမှု စတင်ခြင်း ” ဆိုသည့် စာတစောင်ကို တွေ့ရှိရသည်။

ယင်းစာ၌ မြန်မာ့စစ်တပ်ကြီးများနှင့် ပတ်သက်ပြီး သူ၏ သရုပ်ဖော် ရေးသားရာတွင် မြန်မာ စစ်တပ်သည် အထက်၊ အောက် အုပ်ချုပ်သော ယန္တရားတခု ဖြစ်ပြီး တိုင်းတပါးကို ကြောက်သော၊ အမျိုးသား ညီညွတ်ရေးကို ထိန်းသိမ်း ထားရမည် ဟူသော အမြင်ရှိကြောင်း၊ တချိန်တည်းတွင် ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် နိုင်ငံတကာ မျက်နှာစာတွင် လူမိုက်ကြီးများ ဖြစ်နေရခြင်းကို ရှက်ရွံ့ နေကြပြီး လူအများ၏ လေးစားမှု ခံယူလိုကြကြောင်း ယင်း၏ အမြင်ကို ရေးသားထားသည်။

မစ္စတာဒင်းဂါးလက်ထက်တွင် မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံမှ အဆင့်မြင့် နိုင်ငံရေး ခေါင်းဆောင်များ ရောက်ရှိခဲ့ရာ၊ ယင်းတို့အနက် အထက် လွှတ်တော် အမတ်များ ဖြစ်သည့် ဂျင်မ်ဝက် နှင့် ဂျွန်မက်ကိန်းတို့ ပါဝင်သလို အမေရိကန် နိုင်ငံခြားရေး ဌာနမှ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဆင့်ရှိ ဂျိုးဆက်ယွန်းတို့လည်း ပါဝင်သည်။

မစ္စတာ ဒင်းဂါးသည် Macalester ကောလိပ်၊ ဟားဗက် ဥပဒေကျောင်းနှင့် အမျိုးသား စစ်ဘက် ကောလိပ်တို့မှ ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

NLD နှင့် အစိုးရ ကွာဟချက် ကြီးမားနေသေး

လင်းသန့်
Wednesday, 27 July 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်တို့၏ ဆွေးနွေးပွဲအပြီး နှစ်ဘက် စလုံးက အကောင်းမြင် ကြောင်းနှင့် ဆွေးနွေးပွဲကို ကျေနပ်ကြောင်း ပြောဆိုခဲ့သော်လည်း အစိုးရသစ်နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ကွာဟချက် ကြီးမားနေဆဲ ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရချိန်က ၉ ကြိမ်တိုင် တွေ့ဆုံ ခဲ့သော်လည်း သိသာသည့် ရလဒ် တစုံတရာ ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။

နောက်ဆုံးဆွေးနွေးပွဲနှင့် နီးစပ်သည့်အသိုင်းအ၀န်းမှ ရရှိသော သတင်းများအရ ဆွေးနွေးပွဲတွင် အစိုးရ ၀န်ကြီး ဦးအောင်ကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တရားဝင် ရပ်တည်ရေး အတွက် ပြန်လည် မှတ်ပုံတင်ရေး အပါအ၀င် လူမှုရေး လုပ်မည် ဆိုပါက ပြည်ထဲရေး ဝန်ကြီးဌာနတွင် လူမှုရေး အသင်းအဖြစ် မှတ်ပုံတင်ရန် ဒေါ်အောင်ဆန်း စုကြည်အား ကမ်းလှမ်း ခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနက NLD ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူး တို့ထံသို့ အကြောင်း ကြားစာ ပို့ထားကြောင်း ဇွန်လ ၂၉ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

ဦးအောင်ကြည်က ထပ်မံကမ်းလှမ်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီသည် တရားဝင်ပါတီ တရပ်အဖြစ် တည်ရှိကြောင်း၊ တရားဝင်မှု ဆိုင်ရာ မတူ ကွဲလွဲမှုများကို ဆက်လက် ဆွေးနွေးလိုကြောင်း ပြန်ပြောသည်ဟု ဆွေးနွေးပွဲနှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း NLD ပါတီသည် တရားဝင်ပါတီဖြစ်ပြီး တရားဝင်မှု ဆိုင်ရာ မတူ ကွဲပြားမှုများကို ဆွေးနွေးကြရန် အကြောင်းပြန်စာ ပေးပို့ခဲ့ပြီးဖြစ်သည်။ ထို့အပြင် NLD ပါတီ တရားဝင်မှု ဆိုင်ရာ မတူ ကွဲပြားမှုနှင့် ပတ်သက်၍ တရားရုံး အဆင့်ဆင့်သို့ တင်ပြ တောင်းခံခဲ့သော်လည်း နောက်ထပ် ဥပဒေ ကြောင်းအရ ဆက်လက် တင်ပြရန် အဆင့် မရှိတော့ပေ။

သို့အတွက် NLD က ပါတီ တရားဝင်ရပ်တည်ရေး ကိစ္စကို ကမ္ဘာ့ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကောင်စီသို့ မကြာမီ တင်ပြသွားရန် ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

“NLD ပါတီ တရားဝင်ရေး ကိစ္စက တရားရုံး အဆင့်ဆင့် တက်ခဲ့တာ ဒီပြည်တွင်းမှာ ဥပဒေကြောင်း အရတော့ အဆင့်ကုန်ပြီ။ ဒါကြောင့် လူ့အခွင့်အရေး ကောင်စီကို မကြာခင် တင်ပြဖို့ရှိတယ်” ဟု NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ကိုင်ဆွဲပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လက်မခံခဲ့ပေ။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကိုလည်း သပိတ်မှောက်ခဲ့ပြီး ပါတီ အနေဖြင့် ထပ်မံ မှတ်ပုံတင်စရာ မလိုသည့် အတွက် မှတ်ပုံ မတင်ခြင်းဖြစ်ကြောင်း တရားဝင် ကြေညာချက် ထုတ်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲကို စစ်အစိုးရက ကျင်းပခဲ့ခြင်း ဖြစ်ပြီး စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားသည့် ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က အပြတ်အသတ် အနိုင်ရခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိဘဲ မဲမသမာမှု များစွာရှိကြောင်း NLD က ပြောဆိုခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းအကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရတို့ကြား ယခုကဲ့သို့ ကွာဟမှုများ ရှိသော်လည်း မကြာသေးမီက မိသားစု ပုဂံ ဘုရားဖူး ခရီးစဉ်တွင် အစိုးရကို ကြိုတင် အကြောင်းကြားခဲ့ခြင်း၊ ခရီးစဉ်အတွင်း မည်သည့် နိုင်ငံရေးလှုံ့ဆော်မှုမျိုးမှ မပြုလုပ်ခြင်း စသည်ဖြင့် အစိုးရ ယုံကြည်မှု ရစေရန် ပြသခဲ့သည်။

အလားတူ အာဇာနည်နေ့ကလည်း အစိုးရဘက်က တရားဝင်ဖိတ်ကြားမှုကို လက်ခံ တက်ရောက်ပြီး ဒီမိုကရေစီ အင်အားစု များနှင့် အတူ အာဇာနည်ကြီးများအား သွားရောက် ဂါရ၀ ပြုရာတွင် မလိုလားအပ်သည့် ပဋိပက္ခများ မရှိဘဲ ထိမ်းသိမ်းမှု များနှင့် နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့သည်။

အာဇာနည်နေ့တွင် ချောမွေ့ခဲ့ခြင်းသည် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆောင်ရွက်မှု၏ အကျိုးဖြစ်ထွန်းမှု ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ထုတ်ဖော် ပြောဆိုခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမား ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန တို့၏ ၀န်ကြီး ဦးအောင်ကြည်တို့၏ တနင်္လာနေ့က ဆွေးနွေးပွဲအပြီးတွင် သတင်းထောက် များက မေးမြန်းရာ ဦးအောင်ကြည်က ယခင် တွေ့ဆုံမှုများနှင့် နှိုင်းယှဉ်၍ ယခုတွေ့ဆုံမှုသည် ယခင် ရလဒ်များထက် ပိုမို ကောင်းမွန်သည့် ရလဒ်ဖြစ်မည်ဟု မျှော်လင့်ကြောင်းနှင့် နှစ်ဘက်စလုံးက ဆွေးနွေးပွဲများ ဆက်လုပ်ရန် အတွက် သဘောတူခဲ့ကြောင်း ထုတ်ဖော် ဖြေကြားသည်။

“ဒီဥစ္စာက ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ၊ ရှေ့လျှောက် လုပ်သွားစရာ ကိစ္စတွေက အများကြီးရဲ့ အစ ခြေလှမ်း တခုလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်” ဟု ဦးအောင်ကြည်က ပြောခဲ့သည်။ ထို့အပြင် ဆွေးနွေးပွဲတွင် “တရားဥပဒေ စိုးမိုးရေး၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး၊ အများပြည်သူ အကျိုးဖြစ်ထွန်းရေး” ကိစ္စများအား ပြောဆိုခဲ့သည်ဟု ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ကာ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်အကျိုး ဖြစ်ထွန်းစေမည့် ရလဒ် များကိုသာ မျှော်လင့် ကြောင်း ပြောဆိုခဲ့သည်။

“ဘာပဲလုပ်လုပ်၊ ဘာစကားပဲ ပြောပြော၊ ဘယ်သူနဲ့ပဲ တွဲတွဲ၊ ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည် အတွက် ပြည်သူ ပြည်သားတွေကို အကျိုးပြုဖို့ပါပဲ။ ဒါကိုပဲ ကျမတို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။

ယခင်ကနှင့်မတူဘဲ ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ပြီး ဆက်လက်ဆွေးနွေး ညှိနှိုင်းရန် သဘော တူခဲ့မှုများအား နှစ်ဘက် စလုံးက ထုတ်ဖော် ပြောဆိုခဲ့ခြင်းကြောင့် NLD ပါတီအနေဖြင့် အကောင်းဘက်က ရှုမြင်ကာ ဆက်လက် တွေ့ဆုံ ဆွေးနွေးမှုများမှ တဆင့် မြန်မာနိုင်ငံ တွင်းမှ လူမှုဒုက္ခများ အမြန်ဆုံး ကင်းဝေးရေးကို မျှော်လင့် နေကြကြောင်း သိရသည်။

“ပြည်သူလူထုအတွက် ဒုက္ခသုက္ခတွေ၊ ဖြစ်ပျက်နေတာတွေ မြန်မြန်လွတ်မြောက်သွားအောင် ကြိုးစား လုပ်ဆောင် သွားမှာ ဖြစ်သလို၊ ဟိုဘက်ကလည်း ဒီလိုဆန္ဒရှိတာ တူတယ်ပေါ့ဗျာ။ ဒီဘက်ကလည်း ကောင်းအောင် လုပ်နေတာပဲ၊ ဟိုဘက် ကလည်း ကောင်းချင်တဲ့ စေတနာရှိတယ်လို့ ပြောတာပဲ” ဟု ဦးတင်ဦးက ဆိုသည်။

Ref: ဧရာဝတီ်

Read More...

အဓမ္မ တောင်းရမ်းခိုင်းခံရသော ကလေးငယ် ၆ ဦးကို ကယ်တင်

သန်းထိုက်ဦး
Wednesday, 27 July 2011

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် လူကုန်ကူးခံရပြီး အတင်းအဓမ္မ တောင်းရမ်း ခိုင်းခံရသည်ဟု ယူဆရသော မြန်မာ ကလေး ၆ ဦးကို ထိုင်း အာဏာပိုင်များက ယမန်နေ့တွင် နေအိမ်တခု၌ သွားရောက် ကယ်တင်ခဲ့သည်။

တရားခံဟု ယူဆရသော အသက် ၅၇ နှစ်အရွယ်ရှိ ဦးတင်ငွေ၊ ၅၄ နှစ် အရွယ် ဇနီး ဒေါ်ရွှေကြည်၊ ၄၇ နှစ်အရွယ် ဒေါ်မချိုဦး တို့ကို ချင်းမိုင်မြို့ရှိ မဲ့ပင်း ရဲစခန်းတွင် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

“ဦးတင်ငွေကို လူကုန်ကူးမှု၊ ကလေးတွေကို အတင်းအဓမ္မ ခိုင်းစေမှုတွေ အပြင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနဲ့ တရားစွဲ ထားတယ်” ဟု ဒု ရဲမှူးကြီး ဆိုင်ပင်တိကျရက်က ဧရာဝတီကို ပြောသည်။

ယင်းအမှုကို လတ်တလော စစ်ဆေးနေပြီး မကြာခင် တရားရုံးသို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်းလည်း အဆိုပါ ဒု ရဲမှူးကြီးက ဆိုသည်။

ဦးတင်ငွေက ၎င်းသည် ပဲခူးတိုင်း ဇာတိဖြစ်ကြောင်း၊ ချင်းမိုင်မြို့တွင် အလုပ် လုပ်ကိုင်နေသည့် ၎င်း၏ဇနီး ဒေါ်ရွှေ ကြည် ရှိရာသို့ ၂၀၁၀ ခုနှစ် ဧပြီလက ရောက်ရှိခဲ့ကြောင်း ပြောသည်။

ဦးတင်ငွေက လိင်ပိုင်းဆိုင်ရာ နှောက်ယှက်သည် ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ ၎င်း၏ မြေးအရင်းက အငြိုးထားပြီး ယခုကဲ့သို့ စွပ်စွဲခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယခု ကယ်တင်လိုက်သည်ဆိုသော ကလေးငယ်များမှာ ၎င်းတို့နှင့် ဆွေးမျိုးတော်စပ်သည်ဟု ထိမ်းသိမ်း ခံထားရသော ဦးတင်ငွေက ပြောသည်။

“မြေးအရင်းကို သွားပြီတော့ မတော်တရော လုပ်ရမယ် ဆိုတဲ့ အဆင့်ဆိုရင် ကျနော်ဟာ ဘာဖြစ်သွားမလဲ၊ ခွေးလောက်မှ တန်းဖိုး မရှိတဲ့ လူဖြစ်သွားမှာပေါ့” ဟု ဦးတင်ငွေက ဆက်ပြောသည်။

ကယ်တင်ခဲ့သော ကလေး ၆ ဦးကို မိသားစုနှင့် ကလေးများ စောင့်ရှောက်ရေး ချင်းမိုင်ဂေဟာ (Chiang Mai Shelter for Children and Families) တွင် ထိန်းသိမ်းထားပြီး ဦးတင်ငွေနှင့် ဆွေမျိုးသားရင်း ဟုတ်မဟုတ် DNA စစ်ဆေး နေကြောင်း ၎င်းစခန်းမှ တာဝန်ရှိသူ Ms. Mingkhwan Weerachart က ဧရာဝတီကို ပြောသည်။

“ဖမ်းလာတဲ့ ကလေးတွေနဲ့ စကားပြောကြည့်တော့ သူတို့တောင်းစားတဲ့ အချိန်မှာ မူးယစ်ဆေးလို ဆေးတမျိုး တိုက်ကျွေးတယ်လို့ ပြောတယ်” ဟု Ms. Mingkhwan က ဆိုသည်။

အဖမ်းခံရသော ကလေးများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံ အတွင်းရှိ ဆွေမျိုးများနှင့် ဆက်သွယ်၍ ပြန်ပို့ပေးမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လကလည်း ချင်းမိုင်ခရိုင် ဟော့မြို့နယ် စစ်ဆေးရေး ဂိတ်တွင် လူကုန်ကူး ခံရသည်ဟု ယူဆရသော မြန်မာ ကလေးငယ် ၁၅ ဦးကို ထိုင်းအာဏာပိုင် များက ကယ်တင်၍ ဆွေမျိုး မိဘများထံ ဆက်သွယ်ပြီး နယ်စပ်သို့ ပြန်လည် လွှဲပေးခဲ့ကြောင်း Ms. Mingkhwan က ပြောသည်။

မြန်မာ နိုင်ငံသားများ လူကုန်ကူး ခံရနေခြင်းသည် စီးပွားရေး ကျပ်တည်းပြီး အလုပ်အကိုင် ရှားပါးမှုကြောင့် ဖြစ်ကြောင်း ၀ါရှင်တန် အခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့က ဆိုသည်။

World Vosion အဖွဲ့ကလည်း အာရှနိုင်ငံများတွင် လူကုန်ကူမှုများရှိသော်လည်း ထိုင်းနိုင်ငံတွင် အများဆုံး ဖြစ်ကြောင်း ပြောဆိုသည်။

Ref: ဧရာဝတီ်

Read More...

ဗိုလ်ချုပ်တင်ငွေ “သန့်ရှင်းသော အစိုးရ” သားကောင်ဖြစ်သွား

ကိုပေါက်
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၂၇ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ အစိုးရသစ်လက်ထက်တွင် စစ်ဘက်ဆိုင်ရာ အကြီးဆုံး ရာထူးမှ ဖယ်ရှားမှု ဖြစ်သည့် စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ် တင်ငွေအား ရာထူးမှ အနားပေး လိုက်ခြင်းမှာ အစိုးရသစ်၏ ‘သန့်ရှင်းသော အစိုးရ’ ဖော်ဆောင်ရေးတွင် သားကောင် ဖြစ်သွားသည်ဟု စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

“ငါတို့ ကလင်းဂါးဗားမန့် လုပ်နေတယ် ဆိုပြီး။ (ဗိုလ်ချုပ်) တင်ငွေတော့ သိပ်စားတာ မတွေ့ဘူး” ဟု ဦးအောင်ကျော်ဇော က ပြောသည်။

နောင်တွင် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ရန် အလားအလာ ကောင်းသည်ဟု စစ်တပ် ထိပ်ပိုင်း အတွင်း ခန့်မှန်း ခဲ့ကြသော ဗိုလ်ချုပ် တင်ငွေ ဖြုတ်ပစ်မှုကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း တပ်တွင်း ခန့်မှန်း ပြောဆိုမှုများတွင် အလယ်ပိုင်း တိုင်းမှူး ဖြစ်စဉ်ကာလ မန္တလေး အောင်ပင်လယ် မြေယာကိစ္စ အရှုတ်တော်ပုံတွင် ပါဝင် ပတ်သက်မှုကြောင့်ဟု ဆိုသည်။

ဗိုလ်ချုပ်တင်ငွေမှာ ယခင်စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်ကြီး မောင်အေးတို့ နှစ်ဦးလုံး၏ လူယုံဟု တပ်တွင်း သိကြသည်။

“သူတို့လူဖြစ်သော်လည်း အထောက်အထားတွေ တွေ့နေရရင် အဖြုတ် ခံရတာပဲ။ ဘိန်းစားချင်း တမူးပိုအရှူခံ ရတာပေါ့ဗျာ။ အနည်းနဲ့ အများ စားကြတဲ့ သူတွေချည်းပဲ။ သူ့အမှုက သိပ်ထင်ရှားနေလို့၊ ရန်ကုန်မှာလည်း အုတ်အော် သောင်းနင်း ဖြစ်နေလို့ ဆိုရင်လည်း ချမှာပေါ့” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

အောင်ပင်လယ် မြေရိုင်းဖော်ထုတ်မှုတွင် ဗိုလ်ချုပ်တင်ငွေ မည်သို့ ကိုယ်တိုင် ပါဝင် ပတ်သက်ခဲ့သည်ကို အခိုင်အမာ မသိကြရ သော်လည်း ပြည်ကြီးတံခွန်နှင့် ချမ်းမြသာစည် အရှေ့ဘက်ထိပ်မှ မြေများအား ပေးဝေခဲ့ရာတွင် ပြဿနာ အရှုတ်အထွေးများ ဖြစ်ခဲ့ကြောင်း မန္တလေးမှ စာရေးဆရာ တဦးက မဇ္ဈိမကို ပြောသည်။

“သူ တိုင်းမှူးက နားရတော့မယ့်အချိန်မှာ မြေကွက်တွေ တော်တော်များများကို အလှူပွဲကြီး လိုကို ပေးပစ်လိုက်တာ ပေါ့ဗျာ။ သူနဲ့ ပတ်သက်တဲ့ လူတွေကိုပေါ့။ နောက်တိုင်းမှူး တက်တဲ့အချိန်မှာ အဲဒီမြေတွေက တော်တော်များများ ပြဿနာတွေ တက်ကုန်တယ်။ တချို့မြေတွေကို ၂ ယောက် ၃ ယောက် ပေးတာ၊ ထပ်ကုန်တာတွေ ဖြစ်တယ်” ဟု သူက ပြောသည်။

အောင်ပင်လယ် တောင်ဖျားရှိ ၄၈ လမ်း၊ ၄၉ လမ်း တဝိုက်တွင်လည်း အားကစားကွင်း၊ ကျောင်း၊ ပန်းခြံများ အတွက် လျာထားသည့် မြေရိုင်းများအား အကွက်ချ၍ ရောင်းစားမှုများ ရှိခဲ့ကြောင်း အောင်ပင်လယ် ဒေသခံ တဦးကလည်း “မြေကွက်တွေ ပိုင်းရောင်း တာတွေ ရှိတယ်။ ၃၅ လမ်း မြောင်းဘေးကိုလည်း မြေဖို့လိုက်ပြီးတော့ အကွက် ယူလိုက်တယ်ပေါ့။ ဘောလုံးကွင်းတို့၊ ကျောင်းတို့၊ ပန်းခြံတို့ အတွက် လျာထားတာတွေ ရောင်းသွားတယ်ပေါ့၊ မြို့ကွက်သစ်တွေပဲ” ဟု ပြောသည်။

ဤသို့ မြေရိုင်းများအား ရောင်းချပုံမှာ အာဏာပိုင်များက ကိုယ်တိုင် ရောင်းချခြင်း မဟုတ်ဘဲ ကုန်သည်ကြီး များက တဆင့်ခံ ရောင်းချ ပေးခြင်းဖြစ်ကြောင်း “အဲဒါကို ရောင်းချပေးတာက မြို့ပေါ်က ကုန်သည်ကြီး တချို့ပေါ့။ သိန်းထောင်ချီ ပေးရတယ်။ အဲလို အရောင်း အဝယ်တွေ ဖြစ်ကြတယ်။ ဝယ်ထားပြီးရင်ကို ရာကြီးပိုင်းတွေ၊ ထောင်ကြီးပိုင်းတွေ ဈေးဖြစ်တာကိုးဗျ။ ပိုက်ဆံ ရတာကတော့ မူလပိုင်ရင် သက်ဆိုင်ရာ အာဏာပိုင်တွေက ရတာပေါ့” ဟု အောင်ပင်လယ် ဒေသခံက ဆက်ပြောသည်။

သို့သော် ဗိုလ်ချုပ်တင်ငွေ အလယ်ပိုင်းတိုင်းမှူးအဖြစ် မန္တလေး၌ ရှိနေစဉ် လာဘ်စားမှုဖြင့် နာမည်ပျက် သိပ်မရှိခဲ့ကြောင်း မန္တလေး စာရေးဆရာက ဆိုသည်။

“လုပ်ငန်းရှင်တွေ ပြောကြတာက သူရှိတဲ့ကာလတုန်းက တည်တည်ငြိမ်ငြိမ်နဲ့ ဘာမှ ပြဿနာ မရှိဘူးပေါ့။ လာဘ်ပေး လာဘ်ယူမှု သိပ်မရှိဘူး လို့တောင် ကြားဖူးပါတယ်” ဟု သူက ပြောသည်။

နဝတ၊ နအဖ စစ်အစိုးရများ လက်ထက်တွင် စစ်တိုင်းမှူးဆိုသည်မှာ နယ်ဘုရင်များ ဖြစ်ကြပြီး ခြစားမှု မကင်းကြ
ကြောင်းလည်း ဦးအောင်ကျော်ဇောက ပြောသည်။

ကစထ ၆ ခုရှိရာ ဗိုလ်ချုပ်တင်ငွေ အနားယူသွားသည့်အတွက် ကစထ နေရာ ၃ ခု လစ်လပ်သွားပြီ ဖြစ်သည်။

ဗိုလ်ချုပ်တင်ငွေအပြင် ကာကွယ်ရေးဝန်ကြီး ဖြစ်သွားသည့် ဗိုလ်ချုပ်လှမင်းနှင့် ဒု-ကာချုပ် ဗိုလ်ချုပ် စိုးဝင်း တို့၏ နေရာ များလည်း လစ်လပ်နေခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ကြိုတင်မဲအကြောင်း ရှင်းပြီ

ခင်ဦးသာ
Wednesday, 27 July 2011

ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း မဲမသမာမှုများ၊ ကြိုတင်မဲနှင့် ပတ်သက်သည့် အငြင်းပွားဖွယ် ဖြစ်ရပ်များ ပေါ်ပေါက် လာရခြင်းမှာ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ် ဦးတင်အေးက ယနေ့ ပြောလိုက်ကြောင်း သိရသည်။

နေပြည်တော်၌ ပြုလုပ်သော ရွေးကောက်ပွဲဝင် ပါတီ ၃၇ ခုမှ ခေါင်းဆောင်များ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၏ အစည်း အဝေးတွင် ထိုသို့ ပြောဆိုခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ခဲ့သည့် နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။

“ပါတီတခုကို ၂ မိနစ်စီ တင်ပြ ဆွေးနွေးဖို့ အချိန်ရတော့ အများစုက မဲမသမာမှုတွေကို တင်ပြကြတယ်၊ ဒီတော့ ပြန်ပြီးတော့ သုံးသပ်သွားမယ်၊ နောင် ဒီလို မဖြစ်အောင် လုပ်သွားမယ်ပေါ့၊ ဒီလောက်ပါပဲ” ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောပြသည်။

နိုင်ငံတကာက ၂၀၁၀ ရွေးကောက်ပွဲသို့ အကဲခတ်အဖွဲ့ စေလွှတ်ရန် ကမ်းလှမ်းစဉ်ကမူ အာဏာပိုင်တို့က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အတွေ့အကြုံ အလုံအလောက် ရှိသဖြင့် အကဲခတ်သူများ မလိုအပ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ဖူးသည်။

ကြံ့ဖွံ့ပါတီဟု လူသိများသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မှအပ အစည်းအဝေး တက်ရောက်ကြသော ပါတီ အများစုက ၂၀၁၀ ရွေးကောက်ပွဲအတွင်း ကြံ့ဖွံပါတီ၏ မဲ မသမာမှု၊ ဒေသဆိုင်ရာ အာဏာပိုင်တို့၏ ချယ်လှယ်မှုများကို တင်ပြကြကြောင်း၊ သို့သော်လည်း ကော်မရှင်ထံမှ တိကျသော အဖြေ မရခဲ့ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ကျနော်တို့အနေနဲ့ ဖွဲ့စည်းပုံမှာ ပါတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေကို လက်ခံ နိုင်ပေမယ့် ဒီဥပဒေကို ပါတီတချို့က လက်တွေ့ မကျင့်သုံးတဲ့ ကိစ္စတွေကို တင်ပြခဲ့ပါတယ်” ဟု ပြောပြသည်။

အစိုးရသစ်လက်ထက်တွင် ပေါ်ပေါက်လာသော လွှတ်တော်အရ ဖွဲ့စည်းထားသော ကော်မရှင်သည် ဆုံးဖြတ်ချက်များ ချမှတ်ရာ၌ လွတ်လပ်မှုရှိပြီး ဘက်လိုက်မှု ကင်းရှင်းရန် လိုအပ်ကြောင်း၊ အစည်းအဝေးများတွင် ပြောဆိုနေမှုထက် လက်တွေ့ ကျင့်သုံးရန် အရေးကြီးကြောင်း၊ ကော်မရှင်အဖွဲ့ဝင် အများစုသည် ကြံ့ဖွံ့ပါတီဝင်များ ဟု သိရကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

တိုက်ပွဲဖြစ်နေသော တိုင်းရင်းသားဒေသများ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတခုကို နိုင်ငံရေးပါတီများက တာဝန်ယူ ကျင်းပ သင့်ကြောင်း ပါတီခေါင်းဆောင် တချို့က အစည်းအဝေးတွင် တင်ပြ ခဲ့ကြသည်ဟု ဆိုသည်။

“(ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌသစ်) ဦးတင်အေးက ဒီကိစ္စကို လွှတ်တော်မှာပဲ တင်ပြ ဆွေးနွေးပါ၊ ကျနော်တို့လည်းပဲ ငြိမ်းချမ်းရေး လိုချင်ပါတယ်လို့ ပြန်ဖြေပါတယ်”ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် ကြံ့ဖွံ့ပါတီတွင် ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသည်။ လက်ရှိ အချိန်တွင် ဦးတင်အေးက ကြံ့ဖွံ့ပါတီတွင် တာဝန်ယူထားခြင်း မရှိတော့ကြောင်း အစည်းအဝေး တက်ရောက် သူများကို ရှင်းပြခဲ့သည်ဟု သိရသည်။

လွှတ်တော်အစည်းအဝေးများ မည်သည့်အချိန်တွင် ပြန်လည် ကျင်းပမည်ကို မသိရသေးကြောင်း ပါတီ ခေါင်းဆောင်များက ဆိုသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, July 27, 2011

ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံမှု ဒေါ်စု NLD CEC ကို ရှင်းပြ

ဒေါ်ခင်မျိုးသက်
အင်္ဂါ, 26 ဇူလိုင် 2011

မြန်မာအစိုးရရဲ့ အလုပ်သမား၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာ ချထားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ မနေ့တုန်းက ရန်ကုန်မြို့ စိမ်းလဲ့ ကန်သာ ဧည့်ဂေဟာမှာ ဆွေးနွေး ခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ကို ဒီနေ့မှာ ပြန်ပြီး တင်ပြခဲ့ပါတယ်။ အဖွဲ့ချုပ်ကလည်း မနေ့တုန်းက ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်ကို ကျေနပ် အားရကြောင်း ပြောကြားခဲ့သလို ၀ါရင့် နိုင်ငံရေး သမားကြီးတွေ ကလည်း ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ တိုးတက်တဲ့ ခြေလှမ်း တရပ်အဖြစ် လက်ခံခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ် အဖွဲ့ဝင် ၀န်ကြီး ဦးအောင်ကြည်တို့ မနေ့က တွေ့ဆုံ ဆွေးနွေး ခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ကို ဒီကနေ့ ပြန်လည် ရှင်းပြ ခဲ့တယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ အထွေထွေ အတွင်းရေးမှူးက မနေ့ တုန်းက ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရတဲ့ အချက်အလက် အသေးစိတ်တွေကို တင်ပြပါတယ်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့က မနေ့တုန်းက နှစ်ဘက် ပူးတွဲ ကြေညာချက် အတိုင်းပဲ သဘောတူကြောင်း မှတ်တမ်း တင်ထားပါတယ်။ တရားဥပဒေ စိုးမိုးရေး ဆိုတဲ့ ကိစ္စဟာ ကျနော်တို့ အဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီ အဖြစ်နဲ့ ဆက်လက်ပြီး ရပ်တည်နေတဲ့ ကိစ္စ၊ နောက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆိုတဲ့ ကိစ္စလည်း တရားဥပဒေ စိုးမိုးရေး ကိစ္စလို့ ကျနော်တို့ ဘက်ကလည်း မြင်ပါတယ်။ သူတို့ ဘက်ကလည်း အဲဒီလို မြင်ပုံရပါတယ်။

“Issue တခုစီ အလိုက်တော့ ကျနော် ဘာမှ ပြောစရာ မရှိပါဘူး။ ပြည်သူလူထု အကျိုးအတွက် ရည်ရွယ်ပြီး လုပ်ကြတဲ့ နေရာမှာ သူ့အမြင် ကိုယ့်အမြင် ရှိကြတဲ့ သဘော အဲဒါကို ပြောတာပါ။ NLD ဘက်ကလည်း မနေ့က ဆွေးနွေးချက် တွေကို အသိအမှတ် ပြုသလို မနေ့က ဆွေးနွေးချက်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက် တွေကလည်း တကယ့်ကို ပကတိ အတိုင်းပဲ အားရ ကျေနပ်ဖွယ် ဖြစ်ပါတယ်။ ကျနော်တို့ ဘက်က ဘာမှ ဖြည့်စွက်ပြီး ထပ်မံ ပြောစရာ မရှိတော့ပါဘူး။ မနေ့က ဦးအောင်ကြည် ပြောတာလည်း ကောင်းပါတယ်လို့ ကျနော်တို့ ပြောခြင်း ဖြစ်ပါတယ်။”

အခုတက်လာတဲ့ အစိုးရသစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ တက်လာသလို အရပ်သား စစ်စစ် အနည်းစုနဲ့ စစ်ဘက်က အသွင်ပြောင်း လာတဲ့ အများစု ပါဝင်နေတာမို့ အရင် စစ်အစိုးရ လက်ထက်ကလိုပဲ ဆက်ပြီး လုပ်ဆောင် နေတာမျိုးတွေ တွေ့နေရပေမဲ့ အခုလို စတင် တွေ့ဆုံမှုတွေ အကောင်အထည် ဖော်လာတာဟာ ကောင်းတဲ့ ခြေလှမ်း တရပ်ပါလို့ ၀ါရင့် နိုင်ငံရေး သမားကြီး သခင် ချန်ထွန်းက မြင်ပါတယ်။

“ကောင်းတဲ့ လက္ခဏာ တရပ်ပါပဲ။ ဦးသိန်းစိန် ကိုယ်တိုင်က တွေ့ဖို့ ကောင်းတာပေါ့၊ အမှန်က။ သို့သော်လည်း ခေါ်ပြီးတော့ ဆွေးနွေး တာကိုက တိုးတက်တဲ့ ခြေလှမ်းတရပ် ဖြစ်တာပဲလေ။ ဒါက ရှေ့ဆက်ပြီးတော့ များများ တွေ့နိုင်လေ ကောင်းလေပဲပေါ့။ မင်္ဂလာရှိတဲ့ သတင်းပါပဲ။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်အဖွဲ့ ထိပ်တန်း တာဝန်ရှိသူတဦး ဖြစ်တဲ့ ၀န်ကြီး ဦးအောင်ကြည်တို့ ဆွေးနွေး ကြတဲ့ အထဲက တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ဆွေးနွေးမှုတွေမှာ NLD ပါတီရဲ့ တရားဝင် ရပ်တည်ရေး ဆိုင်ရာ အပြင် အခုထိ အကျဉ်းချ ခံနေရတဲ့ နိုင်ငံရေး သမားတွေ အရေးကို ဆွေးနွေး ခဲ့ကြတာပါ။ စစ်အစိုးရ လက်ထက် ကတည်းက ရှိနေတဲ့ ဒီပြဿနာကို အစိုးရသစ် အဖွဲ့ရဲ့ သမ္မတ ဦးသိန်းစိန်က ညင်ညင်သာသာနဲ့ ကိုင်တွယ်နိုင်စွမ်း ရှိမယ်လို့ မျှော်လင့် ထားကြောင်းလည်း ပြောပါတယ်။

“နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ကတော့ အချိန်ကြာပြီလေ။ ပြီးတော့ NLD ကိုလည်း ဖျက်ဆီး ချင်လို့ ရတာမဟုတ်ဘူး။ သူ့အုပ်က၊ လူထု ထောက်ခံမှုက အများကြီး ရှိတယ်။ မှတ်ပုံတင် မလုပ်လို့ ဖျက်တယ် ဆိုတာလည်း ဖျက်စရာ ရှိရင်တော့ ဖျက်ပြီး ပြီပေါ့လေ။ အခုက သူတို့လည်း တော်တော် စဉ်းစဉ်းစားစားနဲ့ အလုပ် လုပ်တာပါပဲ။ NLD အနေနဲ့ ကတော့ သူက သူ့ရဲ့ လမ်းစဉ်အတိုင်း ယုံယုံကြည်ကြည် ဒီမိုကရေစီ ထွန်းကားရေး အတွက် ဆက်လုပ် သွားနိုင်မယ်လို့ ဒီလိုပဲ ယုံကြည်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်သူလူထု တရပ်လုံးက ချစ်ခင် မြတ်နိုး နေကြတာကိုး။ အဲတော့ ဒီဟာကိုလည်း အစိုးရက အတော်လေး သဘောပေါက်ပြီနဲ့ တူပါတယ်။ အဲတော့ ဒီပြဿနာတွေ ဖြေရှင်းအောင် ဆိုပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က သူတို့ခေါင်းပေါ်က ဒီအထုပ်ကြီးကို ဦးသိန်းစိန် ခေါင်းပေါ်ကို ပစ်တင် ခဲ့ကြတယ်လို့ ဒီလိုပဲ မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေကို ဆက်ပြီး လုပ်ဆောင်ဖို့ အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အတွက်လည်း တာဝန် ယူသင့်တယ်လို့ သခင်ချန်ထွန်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ အစိုးရမှာ လုံးဝ တာဝန်ရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို။ ပြည်သူလူထု တရပ်လုံးက နေပြီးတော့ လူများစုကြီးရဲ့ ထောက်ခံမှုရတဲ့ ပုဂ္ဂိုလ်တဦးဆီကို၊ အမှန်ကတော့ သူတို့ အုပ်ချုပ်ရေး ထဲမှာကိုပါ ထည့်ပြီးတော့ လုပ်သွားဖို့ ကောင်းတယ်လို့ ဒီလိုပဲ ယူဆပါတယ်။”

မနေ့က ပြုလုပ်တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာနိုင်ငံ နောင်ရေး အတွက် ပါဝင်နိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးပြီး လုံခြုံ စိတ်ချရတယ်လို့ သတ်မှတ်ထားတဲ့ ၀န်းကျင်မျိုးမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။

Ref: VOA News

Read More...

SSPP နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာစစ်တပ် သံဃာတော် ၂ ပါး စေလွှတ်

နိုင်ကွန်းအိန်
အင်္ဂါ, 26 ဇူလိုင် 2011

ရက်သတ္တ ၂ ပတ်ကျော်ကြာ SSA/SSPP ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ မြန်မာ အစိုးရတပ်နဲ့ တိုက်ပွဲတွေဟာ အခုအချိန်မှာ မြန်မာအစိုးရ တပ်ဘက်က ဒေသခံ သံဃာတော် ၂ ပါးကို စေလွှတ်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြောဆို လာတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကတော့ မြန်မာတပ် အနေနဲ့ ၀မ့်ဟိုင်းဒေသမှာ ထိုးစစ်ဆင်တာ ရပ်တန့်ဖို့၊ တပ်စွဲထားတာ ဆုတ်ပေးဖို့ လိုသလို တရားဝင် ငြိမ်းချမ်းရေး အကျိုးဆောင်တွေ စေလွှတ်ဖို့ လိုတယ်လို့ ရှမ်းပြည် တိုးတက်ရေးပါတီ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြ ပေးထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်ထဲက ရှမ်းပြည်တိုးတက်ရေးပါတီ ၀မ့်ဟိုင်းဌာနချုပ်ကို ၀ိုင်းထားတဲ့ အနေ အထားမှာပဲ ငြိမ်းချမ်းရေး ဆွေးနွေးဖို့အတွက် မြန်မာစစ်တပ် ဘက်က မနေ့က ဒေသခံ သံဃာတော် ၂ ပါးကို စေလွှတ် လာတယ်လို့ ရှမ်းပြည် တိုးတက်ရေး ပါတီဘက်က ပြောပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက်ကတော့ အခုလို သံဃာတော် ၂ ပါးကို စေလွှတ် လာတာဟာ အကျိုး သက်ရောက်မှု မရှိသလို တရားဝင် ဆွေးနွေးသင့်တယ် ဆိုပြီး ရှမ်းပြည် တိုးတက်ရေး ပါတီ ဌာနချုပ်ကနေ ပြောဆို ခဲ့တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“မနေ့က သူတို့က သံဃာတော် ၂ ပါး လွှတ်ခဲ့တယ်လေ။ ၂ ပါးလွှတ်ခဲ့ပြီးတော့ ၀မ့်ဟိုင်းအဖွဲ့က ငြိမ်းချမ်းရေးကို မလိုလား ဘူးလားတဲ့ အဲဒီလို လာမေးတယ်ခင်ဗျ။ ကျေးသီးက အဲဒီတပ်က လွှတ်လိုက် တယ်ပေါ့။ ငြိမ်းချမ်းရေး လိုလား မလိုလား ဆိုတာက သူတို့အပေါ် လုံးဝ မူတည်တာပေါ့။ သူတို့က ငြိမ်းချမ်းရေးကို လိုလားတယ် ဆိုရင်တော့ တကယ်တမ်း အဲဒီသံဃာ ၂ ပါးနဲ့ပဲ လွှတ်တယ် ဆိုတာ အကျုံး မ၀င်ဘူးလေ။ သိပ်ပြီးတော့ သက်ရောက်မှု မရှိဘူးပေါ့။ ဒါကြောင့် ကျနော်တို့လည်း ဘာမှတော့ သိပ်မပြောဘူး။

“ဆိုလိုချင်တာကတော့ဗျာ အဲဒီ ပထမဆုံးအဆင့် အနေနဲ့ သူတို့ ၀မ့်ဟိုင်းဒေသမှာ ထိုးစစ် ဆင်နေတဲ့ အဲဒီတပ်တွေ၊ နောက် တပ်စွဲထားတဲ့ ဟာတွေ၊ ကျနော်တို့ နယ်မြေထဲက သူတို့ ဆုတ်ခွာရမယ်။ သူတို့က အကောင်အထည် ဖော်မှပဲ ဖြစ်နိုင်မှာပါ။ အဲဒါ နှစ်ဘက် ဆွေးနွေးမှု တရားဝင် ကော်မတီ ဖွဲ့ပြီးမှ ဆွေးနွေးရင် ကောင်းမယ်။ သူတို့က လွှတ်ခဲ့တယ် ဆိုတော့ ကျနော်တို့ ပြောထားတဲ့ အတိုင်း သူပြန်သွား ပြောမှာပဲခင်ဗျ။”

ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး မြန်မာစစ်တပ်ကနေ ရှမ်းပြည်တိုးတက်ရေးပါတီ ဌာနချုပ်ကို အင်အား အလုံး အရင်းနဲ့ တိုက်ခိုက် လာခဲ့ရာကနေ စပြီး နှစ်ဘက် တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပါတယ်။ မြန်မာ စစ်တပ်အနေနဲ့ ၀မ့်ဟိုင်းဌာနချုပ် အနီးကပ်ဆုံး နေရာကို ရောက်နေ ပေမဲ့လည်း ဒီရက်ပိုင်းတွေမှာ ထိုးစစ်တွေ ရပ်တန့် နေတယ်လို့ ရှမ်းပြည် တိုးတက်ရေး ပါတီဘက်က ပြောပါတယ်။
အခုလို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာ စစ်တပ်ကနေ သံဃာတော်တွေကို စေလွှတ်ပြီးတော့ ကမ်းလှမ်း လာတာဟာ ရှမ်းပြည် တိုးတက်ရေး ပါတီ အနေနဲ့ ကြိုဆိုပေမဲ့ ပါတီရဲ့ လိုလားချက်ကိုတော့ အဖွဲ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

“တကယ်တမ်း အထက်အမိန့်အရ ဆိုရင်တော့ တရားဝင် အဲဒီ ကျနော်တို့ နိုင်ငံရေး ပါတီတွေလည်း ရှိတာပဲ။ အဲဒါ အရင် လွှတ်ပြီးတော့ ဆက်သွယ် ရမယ်လေ။ အခုက သံဃာတော် ၂ ပါးပဲ လွှတ်တာ ဆိုတော့ ကျနော်တို့က အတည်ပြုလို့ မရသေးဘူး။ ကျနော်တို့ တောင်းဆို ချင်တာက သူတို့တပ်တွေ ဆုတ်ခွာပေးဖို့ပဲ။ ကျနော်တို့ဒေသ တည်ငြိမ် အေးချမ်းမှု ရအောင်နဲ့ အဲဒီ တပြည်လုံး အတိုင်းအတာ ပြည်တွင်းစစ် ရပ်စဲဖို့က သူတို့ပေါ်မှာပဲ မူတည်တာပေါ့။ တကယ်တမ်း ကျနော်တို့ အပေါ် စေတနာရှိရိုး မှန်ရင်တော့ သူတို့ တပ်တွေ ဆုတ်ခွာပေးဖို့၊ တပြည်လုံး အတိုင်းအတာ ပြည်တွင်းစစ် ရပ်စဲရေးကို ကျနော်တို့က လိုလားတယ်လေ။”

ရှမ်းပြည်တိုးတက်ရေးပါတီ အနေနဲ့ကတော့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ရော ငြိမ်းချမ်းရေး အကျိုးဆောင် တွေနဲ့ရော တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လိုလားပေမဲ့ မြန်မာ စစ်တပ်ဘက်က အခုလို သံဃာတော် ၂ ပါးပဲ စေလွှတ် လာတာဟာ စစ်ရေးအရ တိုက်ခိုက်ဖို့ အင်အား စုဆောင်းဖို့ တမင် အချိန်ဆွဲတဲ့ လုပ်ရပ်တခုလို့ အမည်မဖော်လိုသူ တပ်မှူးတဦးက ပြောပါတယ်။

အလားတူ KIO ခေါ် ကချင်လွတ်လပ်ရေး အဖွဲ့တွေနဲ့ အစိုးရတပ်တွေ အကြား အပစ်အခတ် ရပ်စဲရေး ကြားဝင် ဆောင်ရွက် ပေးနေတဲ့ ကချင်ပြည်နယ် အစိုးရ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်က ယာယီ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းစာကို ဇူလိုင် ၂၂ ရက်နေ့က KIO ထံ စာပို့လာတဲ့ အပေါ် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို လုပ်ဆောင် သွားဖို့ KIO က ထပ်မံ အကြောင်း ပြန်လိုက်တယ်လို့ KIO ဘက်က ပြောပါတယ်။ ဇွန်လဆန်းပိုင်းမှာ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွေ ပျက်သွားပြီး နောက်ပိုင်း KIO နဲ့ မြန်မာ စစ်တပ်တွေ အကြားမှာ ယနေ့တိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေမှာ ရှိနေပါတယ်။


Ref: VOA News

Read More...

မြန်မာ-ထိုင်း နယ်စပ် တံတားသစ် ထပ်ဆောက်မည်

ကျော်ခ
အင်္ဂါနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနှင့် ထိုင်းနှစ်နယ်စပ် အဓိက ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် မဲဆောက်-မြဝတီ မြို့ များကို ကူးလူး ဆက်သွယ်ပေးမည့် ဒုတိယမြောက် ချစ်ကြည်ရေး တံတားကို တည်ဆောက် သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ တပ်ခရိုင် အာဏာပိုင် သတင်း ရပ်ကွက်က ပြောသည်။

လောလောဆယ် မဲဆောက်-မြဝတီကို ပိုင်းခြားထားသည့် သောင်းရင်းမြစ်ကို ဖြတ်ကျော် ဆောက်လုပ်ထားသော ချစ်ကြည်ရေး တံတား အမှတ် (၁) ရှိသော်လည်း ယခု ထပ်ဆောက်မည့် တံတားကို ကုန်စည် သယ်ပို့ရန် အသုံးပြု သွားမည် ဖြစ်သည်။

သြဂုတ်လတွင် စတင်မည့် တံတား တည်ဆောက်ရေး အတွက် ကုန်ကျစရိတ်ကို ထိုင်းနိုင်ငံက ကျခံမည် ဖြစ်ကြောင်း နှင့် မဲဆောက်မြို့နယ် ဝမ်းစခီးယန်း ကျေးရွာမှ တဆင့် မြဝတီမြို့နယ် ရေပူရွာ အထိ ဖြတ်သန်း ဆက်သွယ်မည်ဟု သိရသည်။ ယင်းမှ တဆင့် မြဝတီ ကုန်သွယ်ရေးဇုန်သို့ ပို့ဆောင်မည် ဖြစ်သည်။

“ဒီတံတားက ကုန်ကားသွားဖို့ပေါ့။ မြဝတီမြို့ မဝင်တော့ဘူးလေ။ ဒီကနေ တိုက်ရိုက် ကုန်သွယ်ရေးဇုန် အပေါက်ပေါ့” ဟု ထိုင်းအရာရှိက မဇ္ဈိမကို ပြောသည်။

ချစ်ကြည့်ရေးတံတား (၁) မှာ ကြံ့ခိုင်မှု အားနည်းသဖြင့် ယင်းတံတားကို လူများကူးသန်း သွားလာရန် သီးသန့် ထားရှိမည် ဟုလည် ၎င်းက ပြောသည်။

အမှတ် ၂ ချစ်ကြည်ရေးတံတား တည်ဆောက်နိုင်ရန် အတွက် ဇွန်လ ၂၉ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြို့တွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေး ဒုတိယ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းတင့် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ထိုင်းနိုင်ငံ လမ်းတံတားနှင့် နည်းပညာ ဌာန တို့မှ ၂ ဘက် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည်။

ယခုကဲ့သို့ ကုန်စည် သယ်ဆောင်မည့် တံတားသစ် တည်ဆောက်ခြင်းကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အပါအဝင် အခြား မြို့များမှ လာသော ကုန်ပစ္စည်းများကို မြန်မာနိုင်ငံ အတွင်းသို့ ယခင်ထက် ပိုမိုလွယ်ကူစွာ တင်သွင်းနိုင်မည်ဟု မျှော်လင့်နေကြသည်။

ယခုလက်ရှိ အသုံးပြုနေသည့် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားကို ၁၉၉၇ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂ဝဝ၅ ခုနှစ် နောက်ပိုင်းတွင် ရေတိုက်စား မှုကြောင့် တံတားကြံ့ခိုင်မှု အားနည်းလာပြီး ကုန်စည်များကို မြစ်ကြောင်း တလျှောက်ရှိ ကူးတို့ ဂိတ်ငယ်များမှ တဆင့် စက်လှေများဖြင့် သယ်ဆောင် ခဲ့ကြရသည်။

ယင်းချစ်ကြည်ရေးတံတား အပါအဝင် ကူးတို့ဆိပ်များကို ၂ဝ၁ဝ ခုနှစ် ဇူလိုင်လပိုင်းတွင် မြန်မာ အစိုးရဘက်က ပိတ်ပစ်ခဲ့သည်။ ယင်းကဲ့သို့ ပိတ်ပင်မှုကြောင့် ထိုင်းနိုင်ငံ ဘက်မှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ အဝတ် အထည်၊ စက်ပစ္စည်း၊ အချိုမှုန့်နှင့် စားသောက်ကုန် မျိုးစုံ တင်သွင်းနေသည့် ကုန်သည်များ ထိခိုက် နစ်နာခဲ့ကြသည်။

ချစ်ကြည်ရေးတံတား မပိတ်မီက မြဝတီလမ်းကြောင်းမှ မြန်မာနိုင်ငံဘက် ပို့နေသည့် ပို့ကုန် တန်ဖိုး တလလျှင် ထိုင်းဘတ်ငွေ သန်း ၃,ဝဝဝ ရှိနေရာမှ တံတားပိတ်ပြီး နောက်ပိုင်း တလ ဘတ်သန်း ၁,၂ဝဝ ခန့်သာ ရှိတော့ကြောင်း မဲဆောက် အခြေစိုက် အကောက်ခွန် ဇုန်ရုံး ဦးစီးမှူးပြောကြား ချက်များအရ သိရသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ မြဝတီမြို့ပေါ်ရှိ ဈေးဆိုင်များ၊ တည်းခိုခန်းများ အပါအဝင် လုပ်ငန်းအများအပြား လည်ပတ်မှု ကျဆင်း သွားသည်။

ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများတွင် မဲဆောက်-မြတီလမ်းကြောင်းအပြင် မယ်ဆိုင်-တာချီလိတ် လမ်းကြောင်းနှင့် ရနောင်း-ကော့သောင်း လမ်းကြောင်းများလည်း ရှိသည်။ မဲဆောက်-မြဝတီ လမ်းကြောင်းမှာ အကြီးဆုံးဟု ဆိုနိုင်သည်။

Ref: မဇ္ဈိမ

Read More...

SSC နှင့် Hot News အမှု သောကြာနေ့တွင် စတင်စစ်ဆေးမည်

သဲသဲ
အင်္ဂါနေ့၊ ဇူလိုင်လ ၂၆ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွှေဂုံတိုင် အထူးကုဆေးရုံ အုပ်ချုပ်ရေးအဖွဲ့က Hot News ဂျာနယ်နှင့် အယ်ဒီတာချုပ် ဒေါ်ဟေမာ (ခ) မမ ကို တရား စွဲဆိုထားသည့် အမှုအတွက် လာမည့် သောကြာနေ့တွင် ရန်ကုန်တိုင်း တိုင်းဒေသကြီး တရားရုံးတွင် အမှုစတင် စစ်ဆေး တော့မှာ ဖြစ်ကြောင်း တရားလိုဘက်မှရှေ့နေ ဦးရဲမြင့်က ပြောသည်။

Shwe Gon Dine Specialist Centre (SSC) က Hot News ကို နစ်နာကြေး သိန်း ၂ သောင်း ရလိုမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး တရားရုံးတွင် လည်းကောင်း၊ အသရေဖျက်မှု ပုဒ်မ ၅ဝ၅(၁)ဖြင့် ဗဟန်းမြို့နယ် တရားရုံးတွင် လည်းကောင်း အမှု စွဲဆိုထားသည်။

လာမည့် သောကြာနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး တရားရုံး၌ နစ်နာကြေး ရလိုမှုဖြင့် စွဲဆိုထားသည့် အမှုကို စတင် ကြားနာမည်ဖြစ်ပြီး ဗဟန်းမြို့နယ် တရားရုံးတွင် စွဲဆိုထားသည့် ပုဒ်မ ၅၀၅ အသေရ ဖျက်မှုကို သြဂုတ်လ ၅ ရက်နေ့တွင် စတင် စစ်ဆေးမည် ဖြစ်သည်။

အမှုနှင့် ပတ်သက်၍ တရားရုံးအပြင်ဘက်တွင် ဖြေရှင်းကာ ပြေလည်မှုရအောင် ကြိုးစားမှုများလည်း ရှိနေသည်ဟု ယုံကြည်ရပြီး ကြားဝင် စေ့စပ်ပေးနေသူ ရှိသော်လည်း ပြေလည်မှု မရသေးဘဲ ဖြစ်နေသည်။

“နှစ်ဘက် အကျိုး လိုလားသူ တယောက်က ဝင်ပြီး စေ့စပ်ပေးသူ တယောက်တော့ ရှိပါတယ်။ ဘယ်သူ ဆိုတာတော့ ကျနော် အတိ အကျ မသိပါဘူး” ဟု SSC ဘက်မှ အမှုလိုက်ရှေ့နေ ဦးရဲမြင့်က မဇ္ဈိမကို ပြောသည်။

ကြားဝင် စေ့စပ်ပေးသူမှာ ယခင်စစ်အစိုးရ နံပါတ် ၂ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးနှင့် ရင်းနှီးသူ ကမ္ဘောဇဘဏ် သူဌေး ဦးအောင်ကိုဝင်း ဖြစ်သည်။

“သူတို့ (SSCဘက်မှ တာဝန်ရှိသူများ) နဲ့ တွေ့ကြည့်ပါ ဆိုတော့ ကျမ ကမ္ဘောဇ ရုံးချုပ်မှာ ပထမတခါ လိုက်တွေ့တော့ အဆင် မပြေပါဘူး။ သူတို့က လူနာရှင် အနေနဲ့ ရေးထားတဲ့ အပေါ်မှာ ကွဲလွဲနေတယ်လို့ ပြောတော့ အစ်မကလည်း SSC ရဲ့ Customer က မကျေနပ်လို့ ကျမရဲ့ ဂျာနယ်တိုက်ကို လာရောက် ပြောဆိုခြင်း ဖြစ်တယ်လို့ ပြောလိုက်တယ်” ဟု ဒေါ်မမက ပြောသည်။

ကမ္ဘောဇ ဘဏ်ရုံးချုပ်တွင် တွေ့ဆုံခဲ့ရာ SSC ဆေးရုံဘက်မှ အဓိက ရှယ်ယာရှင်များဖြစ်သည့် ဒေါက်တာ ဇော်ထွန်း၊ ဒေါက်တာ ဌေးဌေးရီ တို့လည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

နှစ်ဘက်ညှိနှိုင်းမှုကို တရားရင်ဆိုင်သွားမည်ဟု ကြေငြာခဲ့သည့် Hot News ဂျာနယ်၏ ဇူလိုင်လ ၈ ရက် သတင်းစာ ရှင်းလင်းပွဲ နောက်ပိုင်းတွင် ယခုကဲ့သို့ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ပထမပတ်ထုတ် Hot News ဂျာနယ်တွင် ရွှေဂုံတိုင် SSC ပုဂ္ဂလိက ဆေးရုံ၏ ဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတင်း ဆောင်းပါးမှာ ဆေးရုံကို အသရေ ပျက်စေသည်ဟု ဆိုကာ ဇွန်လ ၃ဝ ရက် နောက်ဆုံးထားကာ တောင်းပန်ရန်နှင့် မတောင်းပန် ပါက ဥပဒေကြောင်း အရ အရေး ယူသွားမည်ဟု SSC က ဇွန်လ ၆ ရက်နေ့တွင် သတိပေးစာ ပို့ခဲ့သည်။

သို့သော် Hot News က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ အမှုဆိုင်သွားမည်ဟု ပြောဆိုခဲ့သည်။

Hot News ဂျာနယ်ကို သတင်းပေးခဲ့သည့် လူနာရှင် မိသားစုမှလည်း SSC ဆေးရုံ၏ ဝန်ဆောင်မှု အပေါ် မကျေနပ်သည့် အတွက် အရေးယူ ပေးရန် နိုင်ငံတော် သမ္မတ၊ ရန်ကုန်တိုင်း အစိုးရနှင့် မြန်မာနိုင်ငံ ဆေးကောင်စီတို့ ထံ ဇွန်လ ၂၄ ရက်နေ့က တိုင်ကြား ထားကြောင်းလည်း ဒေါ်မမက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၏ တတိယအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင်လည်း အဆိုပါ တိုင်စာအတွက် အရေးယူ ဆောင်ရွက်မှု အခြေအနေကို သိရှိရန် မေးမြန်းရာ ဝန်ကြီး ဦးဉာဏ်ထွန်းဦးနှင့် အခြေအတင် ဖြစ်ခဲ့သေးဟု ဒေါ်မမက ပြန်ပြောပြသည်။

“အခုချိန်ထိ အဲဒီအတွက် ဘာ Result မှ ထွက်မလာသေးလို့ ဆောင်ရွက်မှုကို သိချင်ပါတယ်လို့ အမက ပြောတဲ့ အခါမှာ အမနဲ့ သူ (ဦးဉာဏ်ထွန်းဦး) နဲ့ အခြေအတင် ငြိကြတာပါ” ဟု ပြောသည်။

ဒေါ်မမသည် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးခင်မောင်သန်း၏ သမီးဖြစ်ကာ ပေဖူးလွှာ မဂ္ဂဇင်း အမှုဆောင် အယ်ဒီတာချုပ်နှင့် Faces မဂ္ဂဇင်း ထုတ်ဝေသူလည်း ဖြစ်သည်။

Hot News ဂျာနယ်မှာ SSC နှင့် အမှုအပြင် ခရီးသွားလုပ်ငန်းနှင့် ပတ်သတ်သည့် ဆောင်းပါး တပုဒ် ကြောင့်လည်း ဇေကမ္ဘာ ဦးခင်ရွှေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဘုတ်အဖွဲ့က တရား စွဲဆိုထားသေးသည်။

Ref: မဇ္ဈိမ

Read More...

KNU ကို ရှင်းရန် ထိုင်း ဖိအားပေးခံရ

သန်းထိုက်ဦး
Tuesday, 26 July 2011

ကရင် အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်များကို ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် မပြုရန် မြန်မာ အစိုးရက ထပ်မံ ဖိအား ပေးနေကြောင်း တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး စမတ်လွိုင်ဖာ့က ဧရာဝတီကို ယနေ့ ပြောသည်။

KNU ခေါင်းဆောင် အများအပြား မဲဆောက်မြို့နှင့် အနီးရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်လျက် ရှိသည်ဟု သတင်း ရထားကြောင်း၊ ထိုဒေသသို့ ထွက်ပြေး တိမ်းရှောင် နေသည်ဟူသော ဗုံးခွဲ အကြမ်းဖက် သူများကိုလည်း ဖမ်းဆီး ပေးစေလိုကြောင်း မြန်မာ အစိုးရက တောင်းဆို နေသည်ဟု ဆိုသည်။

“မြန်မာ အစိုးရက ထိုင်းအစိုးရကို ဒီကိစ္စတွေ အားလုံး ဖြေရှင်းသွားအောင် ဆောင်ရွက်စေချင်တယ်၊ မဲဆောက် - မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား ပိတ်လိုက်တာလည်း ဒီကိစ္စနဲ့ ပတ်သက်နေတယ်” ဟု စမတ် လွိုင်ဖာ့က ဆက်ပြောသည်။

ဖိအားပေးသည့်အတိုင်း ထိုင်းအစိုးရ ဆောင်ရွက်ပေးလျှင် နယ်စပ် ကုန်သွယ်မှုတွင် အရေးပါသည့် မြ၀တီ မဲဆောက် တံတားကို မြန်မာ ဘက်က တနှစ်ကျော်ကြာ ပိတ်ထားရာမှ ပြန်ဖွင့်ပေးဖွယ် ရှိသည်ဟု သူက ဆက်ပြောသည်။

KNU ကမူ ၎င်းတို့ ခေါင်းဆောင်များ ထိုင်းနယ်မြေတွင် အခြေချနေထိုင်ခြင်း မရှိဟု ဆိုသည်။

“ဒုက္ခသည်စခန်းကို ကျနော်တို့က အခြေခံပြီးတော့ အစိုးရ စစ်တပ်ကို ပြန်တိုက်စရာ ဘာအကြောင်းမှ မရှိဘူး” ဟု KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ဧရာဝတီကို ပြောသည်။

ယခင်နှစ်ကလည်း မဲဆောက်မြို့ရှိ KNU ခေါင်းဆောင်တို့ နေထိုင်သည့်ဟု ယူဆရသော နေအိမ် တချို့ကို ထိုင်းအာဏာပိုင် တို့က ရှောင်တခင် ၀င်ရောက် စစ်ဆေးပြီး KNU စစ်ဘက် ထိပ်ပိုင်း ခေါင်းဆောင်များ မြန်မာပြည်ရှိ KNU ထိန်းချုပ် နယ်မြေတွင်သာ အခြေချရန် ဖိအား ပေးခဲ့သည်။

ဤအတောအတွင်း မဲဆောက်ဒေသ ထိုင်းအာဏာပိုင်တို့၏ လှုပ်ရှားမှုများမှာ ပုံမှန် အခြေအနေတွင် ရှိနေကြောင်း AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

မြန်မာပြည်သား အလုပ်သမား သိန်းနှင့်ချီ ရှိသော မဲဆောက်မြို့တွင် မြန်မာ အဖွဲ့အစည်းများ လှုပ်ရှား နေသည်ဟု သိရသည်။

Ref: ဧရာဝတီ်

Read More...

ကျောက်ဖြူမြေကွက် ဗိုလ်ချုပ်များ အပိုင်စီး

ခင်ဦးသာ
Tuesday, 26 July 2011

တရုတ်နိုင်ငံသို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်မှ မြေနေရာ တချို့ကို စစ်ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးက ဒေ၀ူးကုမ္ပဏီသို့ ရောင်းချနေကြောင်း သိရသည်။

ကျောက်ဖြူမြို့၊ ဂုံးချိန်ကျေးရွာ သမ၀ါယမပိုင် မြေကွက်လည်း ထိုသို့ ရောင်းချခံရသဖြင့် ဒေသခံများက တရားစွဲရန် ပြင်ဆင် နေကြောင်း ပြည်ပ အခြေစိုက် နိရဉ္စရာ သတင်းဌာန၏ သတင်းတပုဒ်တွင်လည်း သောကြာနေ့က ရေးသားထားသည်။

ကျောက်ဖြူမြို့ခံတဦးက “ဒေ၀ူးကုမ္ပဏီကို ကျပ် သိန်းတထောင်နဲ့ ရောင်းစားလိုက်ပါတယ်၊ နောက် ထပ်မြေဧက ရာချီပြီးတော့ သိမ်းယူ ထားတာ ရှိပါသေးတယ်” ဟု ဧရာဝတီကို ပြောသည်။

ဦးမောင်ဦးသည် ထိုဒေသတွင် စစ်တိုင်းမှူးအဖြစ် ၂၀၀၂ ခုနှစ်က ၃ နှစ်ကြာ တာဝန် ထမ်းဆောင်စဉ်က ဂုံးချိန်ကျေးရွာ သမ၀ါယမ မြေကွက်ကို ၎င်း၏ဇနီး ဖြစ်သူ ဒေါက်တာ ဒေါ်ညွန့်ညွန့်ဦး ပိုင်ဆိုင်သည့် အနေအထား ရောက်အောင် လုပ်ဆောင်ခဲ့ကြောင်း၊ ယခု နှစ်ဆန်းပိုင်းတွင် ဒေ၀ူးသို့ ရောင်းလိုက်ကြောင်း ကျောက်ဖြူမြို့ခံ တဦးက ဆိုသည်။

ဦးမောင်ဦးသည် ယခင် နအဖအစိုးရ လက်ထက်တွင် ပြည်ထဲရေးဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ၏ ထိပ်တန်း ခေါင်းဆောင်တဦး ဖြစ်သည်။

ရခိုင်ဒေသတွင် တိုင်းမှူး တာဝန် ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် သိန်းဆွေ တို့လည်း စီမံကိန်းတွင် ပါဝင်နေသည့် လယ်မြေ၊ နွားစားကျက် ဧက ရာပေါင်း များစွာကို ဦးမောင်ဦး နည်းတူ သိမ်းယူ ရောင်းချခဲ့ကြောင်း သိရသည်။

ဤအတောအတွင်း စစ်တပ်အာဏာပိုင်တို့သည် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဒေသ၊ ဂက်စ်ပိုက်လိုင်း လမ်းကြောင်း တလျှောက် နှင့် ကျောက်ဖြူမြို့ မင်းပြင်ရွာ အနီး လယ်မြေများကို သိမ်းယူနေဆဲ ဖြစ်သည်ဟု သတင်းရကြောင်း ဒေသခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

“မင်းပြင်ရွာ အနီးမှာ တည်ဆောက်မယ့် ဟိုတယ်စီမံကိန်းနဲ့ စက်မှုဇုံတွေ တည်ဆောက်မယ့် နေရာ တ၀ိုက် မှာလည်းပဲ စစ်တပ်က သိမ်းယူ နေတယ်လို့ သိရပါတယ်၊ ကျနော်တို့ ဆီကို ဒေသခံတွေက တိုင်ထားတဲ့ အချက်အလက်တွေ ခိုင်မာရင် ဥပဒေအရ ဆောင်ရွက် ပေးနိုင်အောင် လုပ်သွားဖို့ ရှိတယ်” ဟု သူက ရှင်းပြသည်။

ကျောက်ဖြူ၌ တည်ဆောက်နေသော ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်ရုံ စီမံကိန်း၊ ရေနံ သိုလှောင်ကန်၊ ဓာတ်ငွေ့ သန့်စင်စက်ရုံ စီမံကိန်း တို့ကို တရုတ်နိုင်ငံ၏ အကြီးဆုံး ကုမ္ပဏီ တခု ဖြစ်သော တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (China National Petroleum Corporation-CNPC) ကုမ္ပဏီ အပါအ၀င် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ အများအပြားက လုပ်ဆောင်နေကြသည်။

ရခိုင်ဒေသတွင် အစပြုသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် တို့ကို ဖြတ်၍ တရုတ်နိုင်ငံ နန်နင်းမြို့၌ အဆုံးသတ်မည်ဖြစ်သည်။

ဓာတ်ငွေ့ စတင် ပို့လွှတ်မည့် ကျောက်ဖြူတွင် ပိုက်လိုင်းတည်ဆောက်ရေး စတင်နေပြီ ဖြစ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

Ref: ဧရာဝတီ်

Read More...

တရုတ်ကုမ္ပဏီ ဓာတ်ငွေ့ပိုက်လိုင်းများ စချ

ရန်ပိုင်
Tuesday, 26 July 2011

ရခိုင်ကမ်းလွန်မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို မကွေးတိုင်း အတွင်းတွင် တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (CNPC) ကုမ္ပဏီက လုပ်ငန်း စတင် အကောင် အထည် ဖော်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကို ဖြတ်သန်းမည့် အဆိုပါ စီမံကိန်းအတွက် ရေနံချောင်းမြို့နယ်အတွင်းရှိ ၀က်မစွတ်၊ ညောင်ညို၊ ရေနက်ချောင်း၊ အုတ်သျှစ်ကုန်း၊ ငါးလံတာ၊ ရှားတော စသည့် ကျေးရွာများ၌ ပိုက်လိုင်းများ ချကာ လုပ်ငန်းများ စတင် လုပ်ဆောင် နေပြီဖြစ်ကြောင်း ရေနံချောင်း ဒေသခံ တဦးက ပြောသည်။

“၀က်မစွတ်မှာ တရုတ်ဝန်ထမ်းတွေနေဖို့ အိမ်တွေဆောက်နေပြီ။ ပိုက်တွေ ပုံထားပြီးပြီ။ စက်ယန္တရား တွေလည်း ရောက်နေပြီ” ဟု ၎င်းကဆိုသည်။

အကျယ် ၃၀ လက်မ၊ ၁ လက်မ ထု ရှိသည့် ပိုက်များကို မြေအောက်အနက် ၆ ပေခန့်တွင် မြှုပ်နှံရန် စက်ယန္တရား များဖြင့် စတင် လုပ်ဆောင်နေကြောင်း၊ ဓာတ်ငွေ့ ပိုက်လိုင်းများသည် ပွင့်ဖြူမြို့နယ်မှ ဧရာဝတီမြစ်ကို ဖြတ်သန်းကာ ရေနံချောင်း မြို့နယ်သို့ ၀င်ရောက်မည် ဖြစ်ရာ မြစ်ကို ဖြတ်သန်း သွယ်တန်းမည့် ၆ ပေ အမြင့်ရှိ ပိုက်လိုင်းများကို သံဂဟေဆက်ခြင်း လုပ်ငန်းများ ကိုလည်း စတင် လုပ်ဆောင်နေ ပြီဖြစ်သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ယခုပိုက်လိုင်း ဖြတ်သန်းသည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသသည် ဆီထွက်သီးနှံများနှင့် ပဲမျိုးစုံ အများဆုံး စိုက်ပျိုး ထုတ်လုပ်သည့် ဒေသဖြစ်ပြီး ပိုက်လိုင်းချသည့် လုပ်ငန်းများ လုပ်ကိုင် နေစဉ်အတွင်း သီးနှံ ပျက်စီးမှုများနှင့် ထွန်ယက် စိုက်ပျိုးမှုများ ခေတ္တ ရပ်ဆိုင်း ထားရသည့် တောင်သူများကို တရုတ်ကုမ္ပဏီက သီးနှံ ထွက်ရှိမှုအပေါ် မူတည်၍ ထိုက်တန်သည့် လျော်ကြေး ပေးကြောင်း သိရသည်။

ပိုက်လိုင်းဖြတ်သန်းရာ ယင်းဒေသတလျှောက် မြေယာသိမ်းဆည်းမှုများ မရှိကြောင်း၊ သီးနှံ ပျက်စီးမှု အတွက် အများဆုံး လျော်ကြေး သိန်း ၁၅၀ ခန့်ရရှိသည့် တောင်သူများလည်း ရှိသည်ဟု ၀က်မစွတ် ကျေးရွာမှ တောင်သူကြီး တဦးကလည်း ပြောသည်။

“ပိုက်လိုင်းပြီးသွားရင် သီးနှံပြန်စိုက်လို့ရတယ်။ ပိုက်လုံးတွေ ပုံထားဖို့ မြေငှားရင်လည်း ပိုက်ဆံရတယ်” ဟု အဆိုပါ တောင်သူကြီးက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံတ၀ှမ်း၌ တောင်သူလယ်သမားများထံမှ စစ်တပ်နှင့် ငွေကြေး ချမ်းသာသည့် ကုမ္ပဏီကြီး များက မြေများ အဓမ္မ သိမ်းယူ နေချိန်တွင် နိုင်ငံခြား ကုမ္ပဏီတခုက ထိုက်တန်သည့် လျော်ကြေးပေး ငှားရမ်း လုပ်ကိုင်နေသည့် အတွက် တရားမျှတမှု ရှိသည်ဟု ထင်မြင်ကြောင်း ၎င်းတောင်သူကြီးက ဆက်လက် ပြောသည်။

အဆိုပါ စီမံကိန်းသည် ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် စတင်ကာ အမ်းမြို့နယ်အတွင်းမှ နေ၍ ရခိုင်ရိုးမကို ဖြတ်ကျော်မည်ဖြစ်ပြီး ထို့နောက် မကွေးတိုင်း ပွင့်ဖြူမြို့နယ် အတွင်းမှ ဧရာဝတီမြစ်ကို ဖြတ်သန်းပြီး ရေနံချောင်းမြို့နယ်အတွင်း ၀င်ရောက်မည်ဖြစ်သည်။

ထိုမှတဆင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ထိုမှ ပုသိမ်ကြီးမြို့နယ်မှ မေမြို့သို့လည်းကောင်း၊ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ၊ လားရှိုးဒေသမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ကွမ်ကျိုးပြည်နယ် ချုံကင်းမြို့အထိ ဖောက်လုပ်မည်ဖြစ်သည်။

ယခုတည်ဆောင်နေသည့် ပိုက်လိုင်းသည် စုစုပေါင်း ၂၈ဝ၆ ကီလိုမီတာ ရှည်လျားမည် ဖြစ်ပြီး တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း ကုမ္ပဏီက ၂၀၁၃ ခုနှစ်တွင် အပြီး တာဝန်ယူ တည်ဆောက်မည် ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

Tuesday, July 26, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံမှု ကုလသမဂ္ဂ ကြိုဆို

မစုမြတ်မွန်
တနင်္လာ, 25 ဇူလိုင် 2011

အစိုးရသစ်လက်ထက်မှာ အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုကနေ မြန်မာနိုင်ငံနဲ့ ပြည်သူ ပြည်သားတွေ အကျိုးဖြစ်ဖို့ မျှော်လင့် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့တဲ့ အလုပ်သမား၊ လူမှု ဖူလုံရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်ကလည်း ဆွေးနွေးမှုတွေမှာ အများပြည်သူ အကျိုး ဖြစ်စေမယ့် ကိစ္စတွေ ပါပါတယ်လို့ ပြောပါတယ်။ တနင်္လာနေ့က အစိုးရ ဧည့်ဂေဟာမှာ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး အခုလို သူတို့ ၂ ယောက်က သတင်းထောက်တွေကို တွေ့ဆုံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အခုလို တွေ့ဆုံမှုကို ကုလ သမဂ္ဂက ကြိုဆိုလိုက်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကို တောင်းဆို လိုက်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြ ပေးထားပါတယ်။

“စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုက တဆင့် အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ရေး အမြင်နဲ့ အခုလို အားထုတ်မှုကို ဆက်လက် လုပ်ဆောင် သွားလိမ့်မယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လိုလားချက်ရယ်၊ မြန်မာ ပြည်သူတွေရဲ့ အကျိုးရယ်ကို ရှေ့ရှုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မျှော်လင့်တယ်လို့ ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို စောလျှင်စွာ လွှတ်ပေးဖို့ ကိုလည်း အတွင်းရေးမှူးချုပ်က တောင်းဆို လိုက်ပါတယ်။”

တနင်္လာနေ့ ကုလသမဂ္ဂ ရုံးချုပ်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ပြောခွင့်ရသူ မာတင် နီစာကီ (Martin Nesirky) ပြောသွားတာ ဖြစ်ပါတယ်။ ဒီလို ခြေလှမ်းမျိုးဟာ အမေရိကန် အစိုးရက မြင်လိုတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူလန် (Victoria Nuland) က တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။

တနင်္လာနေ့က တွေ့ဆုံပွဲအပြီး ဦးအောင်ကြည်နဲ့အတူ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ မှာလည်း တွေ့ဆုံမှုတွေ ကနေ တိုင်းပြည် အတွက် အကျိုးရှိတဲ့ ရလဒ်တွေ ရလာဖို့ မျှော်လင့်တယ်လို့ အခုလို ပြောကြား ခဲ့ပါတယ်။

“ကျမတို့ကလည်း တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်ကိုပဲ မျှော်လင့်ပါတယ်။ ဘာပဲလုပ်လုပ်၊ ဘာစကားပဲ ပြောပြော၊ ဘယ်သူနဲ့ပဲ တွေ့တွေ့ ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ ပြည်သူ ပြည်သားများကို အကျိုးပြုဖို့ပါပဲ။ အဲဒါကိုလည်း ကျမတို့ မျှော်လင့်ပါတယ်။”

အရင် စစ်အစိုးရ လက်ထက်က စစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဆက်ဆံရေး အရာရှိ အဖြစ် ဆောင်ရွက် ပေးခဲ့ရတဲ့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အရင်က ၉ ကြိမ်လောက်ကို တွေ့ဆုံ ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီ တွေ့ဆုံမှု တွေကနေ စစ်ခေါင်းဆောင်တွေနဲ့ အပြုသဘော ဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ အဆင့်ကို မရောက်ခဲ့ပါဘူး။ တနင်္လာနေ့ တွေ့ဆုံပွဲ မှာတော့ ၂ ဘက် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်လို့ ဝန်ကြီး ဦးအောင်ကြည်က ကြေညာချက်ကို သတင်းထောက် တွေကို အခုလို ဖတ်ပြခဲ့ပါတယ်။

“နှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေး ခဲ့ကြပါသည်။ ထိုသို့ ဆွေးနွေးရာတွင် တရား ဥပဒေ စိုးမိုးရေး ကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စနှင့် အများပြည်သူ အကျိုး ဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအ၀င် ဖြစ်ပါသည်။ သင့်လျော်သော ရက်တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန် ကိုလည်း သဘောတူညီ ကြပါသည်။”

မြန်မာအစိုးရဘက်က ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ပဲ အခုလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်ကို တွေ့တွေ့ တကယ် အပြောင်း အလဲတွေ လုပ်ချင်တယ်ဆိုတာ ပြသဖို့ လိုတယ်လို့ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရရဲ့ ပြောခွင့်ရသူ တယောက်ဖြစ်တဲ့ ဦးဇင်လင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“အစိုးရသစ်ဟာ တကယ်ပဲ ဒီမိုကရေစီလမ်းကို သွားနေတယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရ ပါမယ်၊ တိုင်းရင်းသား အဖွဲ့တွေအပေါ် တိုက်ခိုက်မှုတွေကို ရပ်ရပါမယ်။ ဥပဒေမဲ့ တိုင်းပြည်လို ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး စနစ်ကို ပြင်ဆင်ရပါမယ်။”

NCGUB အဝေးရောက် အစိုးရ ပြောခွင့်ရသူ တယောက်ဖြစ်တဲ့ ဦးဇင်လင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

အရင်က ဆွေးနွေးမှုတွေဟာ နိုင်ငံရေးအရ တိုးတက်မှုတွေကို ဖော်ဆောင်နိုင်ခြင်း မရှိတဲ့အတွက် အခုတခါ ထပ်ပြီး တွေ့ဆုံမှုတွေ လုပ်လာတာ ကနေ အကျိုး ဖြစ်ထွန်းပါ့မလားလို့ မေးခွန်းတွေ ရှိနေပေမဲ့ အခုလို အစိုးရ တာဝန်ရှိသူ တယောက်နဲ့ မြန်မာ့ အတိုက်အခံ ခေါင်းဆောင်တို့ကြား တွေ့ဆုံမှုကနေ မြန်မာ့နိုင်ငံ အတွက် တခုခု တိုးတက် လာလေမလားလို့လည်း မျှော်လင့် နေကြပါတယ်။

Ref: VOA News

Read More...

နော်ဝေ အကြမ်းဖက်မှု NLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

လင်းသန့်
Monday, 25 July 2011

နော်ဝေနိုင်ငံ အော်စလိုမြို့၌ ဇူလိုင်လ ၂၃ နေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ၂ ခုတွင် လူပေါင်း ၉၂ ဦး အသက် ဆုံးရှုံး ခဲ့ရမှုနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့လိုက်သည်။

“အထွေထွေအတွင်းရေးမှူး လက်မှတ်နဲ့ စနေနေ့ နေ့လည်ပိုင်းမှာ ဘန်ကောက်မှာရှိတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေ သံအမတ်ကြီး ဆီကို အထူး ၀မ်းနည်း ကြေကွဲကြောင်း၊ နော်ဝေ နိုင်ငံသားများနှင့် ထပ်တူ ခံစားရပါကြောင်း သ၀ဏ်လွှာကို ပါတီကိုယ်စား ပေးပို့ခဲ့တာ ဖြစ်ပါတယ်” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

အော်စလိုမြို့လယ်ရှိ ၀န်ကြီးချုပ်ရုံးနှင့် ၄င်း၏ လေဘာပါတီ ဌာနချုပ်တည်ရှိရာ အစိုးရအဆောက်အဦ များတွင် ဗုံး ဖောက်ခွဲမှုကြောင့် ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း နော်ဝေ ရဲတပ်ဖွဲ့က ဆိုသည်။

နာရီပိုင်းအကြာတွင် ယူတိုယာကျွန်း၌ အာဏာရ လေဘာပါတီ၏ နွေရာသီ လူငယ်စခန်းတွင် လက်ယာ အစွန်းရောက် ဝါဒီ၊ ရဲအရာရှိ အယောင်ဆောင် သေနတ်သမား အန်ဒါစ် ဘယ်ရင် ဘရီးဗစ် (Anders Behring Breivik) က ပစ်ခတ်မှုကြောင့် လူ ၅၀၀ အနက် လူငယ် အများအပြား အပါအဝင် ၈၆ ဦး သေဆုံး ခဲ့သည်။

မြန်မာ့ဒီမိုကရေစီအရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် နော်ဝေရောက် မြန်မာများ ကလည်း ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့ခြင်း၊ ၀မ်းနည်းခြင်း ဆုတောင်းပွဲများ ကျင်းပကြသည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က မြန်မာ့ ဒီမိုကရေစီအရေး တစိုက်မတ်မတ် ထောက်ခံနေသည့် နော်ဝေနိုင်ငံတွင် ဖြစ်ပွားခဲ့ရမှုသည် အလွန်ဝမ်းနည်း ကြေကွဲဖွယ် ဖြစ်ရပ်ဖြစ်ပြီး နော်ဝေ နိုင်ငံသားများနှင့် ထပ်တူ ၀မ်းနည်းကြောင်း၊ အထူးသဖြင့် ယခုဖြစ်ရပ်တွင် အများဆုံး သေဆုံးခဲ့သော လေဘာပါတီ လူငယ် အဖွဲ့နှင့် လူ့ဘောင်သစ် ပါတီ တို့မှာ မဟာမိတ် အဖွဲ့အစည်းများ ဖြစ်ကြောင်း ပြောသည်။

ကိုအောင်မိုးဇော်က “၀မ်းနည်းခြင်း သ၀ဏ်လွှာလည်း ကျနော်တို့ ပို့ထားတယ်။ ဒီလို အကြမ်းဖက်တဲ့ လုပ်ရပ်ကို လုံးဝ လက်မခံနိုင်ဘူး။ ဥရောပမှာ အခုလို လက်ယာ အစွန်းရောက်တွေ ခေါင်းထောင်လာတာ ဥရောပ အတွက်ရော တကမ္ဘာလုံး အတွက်ပါ ကောင်းတဲ့ အလားအလာ မဟုတ်ဘူး” ဟု ကိုအောင်မိုးဇော်က ဧရာဝတီသို့ ပြောသည်။

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနသည် အော်စလိုမြို့တွင် ရုံးချုပ်တည်ရှိပြီး နော်ဝေ နိုင်ငံက ငွေကြေး ထောက်ပံ့မှုများလည်း ပေးထားသည်။ DVB ရုံးချုပ်သည် ဗုံးခွဲခံရသည့် ဝန်ကြီးချုပ်ရုံးနှင့် အလှမ်း မဝေးကြောင်း သိရသည်။

DVB သတင်းဌာနမှ ဒါရိုက်တာ တဦးဖြစ်သည့် ဦးခင်မောင်ဝင်းက “ငြိမ်းချမ်းရေး နိုဘယ်ဆု ပေးနေတဲ့ နိုင်ငံမှာ ဒီလို အကြမ်းဖက်မှုဟာ အလွန်ဝမ်းနည်း ထိပ်လန့်စရာ ကောင်းတယ်။ အစပိုင်းက လူတွေ ထင်သလို မဟုတ်ဘူး။ နော်ဝေ နိုင်ငံသား ကိုယ်တိုင်က နိုင်ငံခြားက ပြောင်းရွှေ့ဝင်ရောက် လာသူတွေကို မလိုလားလို့ လုပ်တာ ဖြစ်တယ်။ မွတ်စလင် အစွန်းရောက် ၀ါဒကို လက်မခံနိုင်လို့ ဒီလို လုပ်ရပါတယ် ဆိုတော့ နော်ဝေမှာရှိတဲ့ နိုင်ငံခြားသားတွေ အတွက် စိတ်ပူ စရာဖြစ်တာပေါ့” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အော်စလိုမြို့အခြေစိုက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ရေး အဖွဲ့က ၁၉၉၁ ခုနှစ်အတွက် ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့သည်။

သို့သော်လည်း နော်ဝေ လူ့အဖွဲ့အစည်းတွင် မြန်မာလူမျိုးများ အနေဖြင့် နာမည်ကောင်း ရှိကြောင်း၊ ထို့အတွက် ဂုဏ်ယူကြောင်း၊ နော်ဝေ ပြည်သူ အများစုက ထိုကဲ့သို့ အကြမ်းဖက်လိုသည့် သဘောထား မရှိကြောင်း ဦးခင်မောင်ဝင်းက ရှင်းပြသည်။

“ဇူလိုင်လ ၃၁ ရက်နေ့အထိ ၀မ်းနည်းခြင်းအတွက် နော်ဝေနိုင်ငံသား အားလုံးနဲ့ တသားတည်း ရှိတယ် ဆိုတာကို ဖော်ပြ သွားဖို့ ရှိတယ်” ဟု နော်ဝေနိုင်ငံရောက် မြန်မာ တဦးကလည်း ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးကာလတွင် နော်ဝေနိုင်ငံ၌ လူဦးရေ ၄ သန်းမျှသာ ရှိသော်လည်း နော်ဝေ နိုင်ငံသား ၃၀၀၀ ကျော်က အနီရောင်များ ၀တ်ဆင်ကာ မြန်မာနိုင်ငံသားများနှင့် တသားတည်း ရှိကြောင်း ပြသခဲ့သည်ဟု ၄င်းက ဆက်ပြောသည်။

အကြမ်းဖက်မှုကို ကျူးလွန်ကြောင်း ၀န်ခံထားသည့် အန်ဒါစ် ဘယ်ရင် ဘရီးဗစ်သည် အစ္စလာမ် ဆန့်ကျင်ရေး သမား ဖြစ်ပြီး အခင်း ဖြစ်ပွားမှု မတိုင်ခင် ရက်ပိုင်းက ၄င်း၏ စာမျက်နှာ ၁၅၀၀ ရှိ အစ္စလာမ် ဆန့်ကျင်ရေး အကြောင်းများကိုလည်း အင်တာနက်တွင် ရေးသား ဖြန့်ဝေထားသည်။

နော်ဝေ ၀န်ကြီးချုပ် ယန်း စတော်လ်တင်ဘတ် (Jens Stoltenberg) က ယခုဖြစ်ရပ်သည် နော်ဝေ နိုင်ငံ သမိုင်းတွင် အဆိုးရွားဆုံး ၀မ်းနည်းဖွယ် ဖြစ်ရပ်ဖြစ်ကြောင်း၊ ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် နိုင်ငံတော် အလံကို တ၀က် လွှင့်ထူကြောင်း၊ ယခု လုပ်ရပ်၏ လက်သည်သည် သူရဲဘော နည်းသူ ဖြစ်ကြောင်း ၀မ်းနည်းမှု အခမ်းအနားတွင် ပြောကြား သွားသည်။

“တိုက်ခိုက်တဲ့သူတွေကို ကျနော်တို့ နော်ဝေနိုင်ငံသားတွေ ပြောချင်တာက ဒီမိုကရေစီစနစ်နဲ့ အကောင်းဆုံး စံချိန် စံညွှန်းတွေကို ခင်ဗျားတို့ မဖျက်ဆီးနိုင်ဘူး ဆိုတာပဲ” ဟု နော်ဝေ ၀န်ကြီးချုပ်က ပြောသည်။

နော်ဝေနိုင်ငံသည် မြန်မာဒုက္ခသည်အများစုကို အခြေချနေထိုင်ခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ ဒီမိုကရေစီ အရေးကို အစဉ်တစိုက် ထောက်ခံသော နိုင်ငံဖြစ်သည်။

နော်ဝေ အကြမ်းဖက်တိုက်ခိုက်မှုကြီးကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနှင့် နေတိုး အဖွဲ့တို့ကလည်း ဆန့်ကျင် ရှုတ်ချခဲ့ကြသည်။

နော်ဝေနိုင်ငံသည် အကြမ်းဖက်မှုဆန့်ကျင်ရေး စစ်ပွဲများကို ထောက်ခံပြီး အာဖဂန်နစ္စတန် နိုင်ငံသို့လည်း တပ်သားများ စေလွှတ် ထားသည်။

အကြမ်းဖက်မှုကြီး ဖြစ်ပွားပြီးနောက် သတင်းမီဒီယာများက အစ္စလာမ်အစွန်းရောက်များ၏ အကြမ်းဖက်မှုကြီး အဖြစ် အလျင်စလို မှားယွင်းစွာ ဖော်ပြခဲ့မှုနှင့် ပတ်သက်ပြီး ထိုအခင်း ဖြစ်ပွားရာ နေ့သည် နော်ဝေနိုင်ငံ အတွက် ၀မ်းနည်းဖွယ် နေ့တနေ့ ဖြစ်သကဲ့သို့ စာနယ်ဇင်းပညာ (မီဒီယာ) အတွက် အရှက်ရဖွယ် နေ့တနေ့ ဖြစ်ကြောင်းလည်း The Straits Times သတင်းစာကြီးက ဝေဖန် ရေးသားထားသည်။

Ref: ဧရာဝတီ်

Read More...

ကထစမှူး ဗိုလ်ချုပ် တင်ငွေ အနားပေးခံရ

ရန်ပိုင် Monday, 25 July 2011 17:38
E-mail Print
ကာကွယ်ရေးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဗိုလ်ချုပ် တင်ငွေကို ဇူလိုင်လ ၂၂ ရက်နေ့က တာဝန်မှ ရပ်စဲ လိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်း ရပ်ကွက်မှ သိရသည်။

ဗိုလ်ချုပ်တင်ငွေကို မည်သည့် ပြစ်ချက်ကြောင့် တာဝန်မှ ရပ်စဲသည်ကိုမူ တိတိကျကျ မသိရ သေးသော်လည်း စစ်ဘက်နှင့် နီးစပ်သူတဦးက ယခင် မန္တလေးမြို့ အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူစဉ် မြေယာ တချို့နှင့် ပတ်သက်၍ လာဘ်စား ခဲ့သည်အတွက် အရေးယူခြင်း ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“မန္တလေးက အရင်မြေကွက်တွေ ချပေးတဲ့ကိစ္စတွေနဲ့ သက်ဆိုင်နေတယ်” ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ် တင်ငွေသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ကျောင်းဆင်းဖြစ်ပြီး ယမန်နှစ် သြဂုတ်လ တပ်တွင်း အပြောင်း အလဲတွင် အလယ်ပိုင်းတိုင်း တိုင်းမှူးမှ ကစထမှူး အဖြစ် ပြောင်းရွှေ့ တာဝန်ပေးခြင်း ခံရသည်။

ကစထမှူး တာဝန်ထမ်းဆောင်ချိန်ကို သြဂုတ်လမှ စတင်ရေတွက်လျှင် တနှစ်ပင် မပြည့်သေးပေ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူခဲ့ပြီးနောက် အရေးယူ ခံရသည့် ဒုတိယမြောက် အဆင့်မြင့် စစ်ဘက် အရာရှိကြီး ဖြစ်သည်။

ပြီးခဲ့သည့် လဆန်းပိုင်းကလည်း ဗိုလ်မှူးချုပ် ထွန်းသန်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ပဲခူးတိုင်းတောင်ငူ အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွေ့စေခဲ့ပြီး ၂ ရက်အကြာတွင် အနားပေးခဲ့သည်။ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူစဉ် ဗိုလ်မှူးချုပ် ထွန်းသန်းသည် ရန်ကုန်တိုင်း အတွင်းရှိ မြေယာ တချို့နှင့် ပတ်သက်၍ လာဘ်စား ခဲ့သည့် အတွက် ဟု သိရသည်။

ပြီးခဲ့သည့် လအတွင်းက ကျင်းပသည့် တပ်မတော် လေးလပတ် တပ်မှူးများ ညီလာခံအပြီးတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် စစ်တိုင်းမှူး ၆ ဦးကို စစ်တိုင်းနေရာများ ပြောင်းရွှေ့ တာဝန် ထမ်းဆောင် စေခဲ့သည်။

တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးကိုလည်း ထိုင်းနိုင်ငံမှ ၀င်ရောက်သည့် တရားမ၀င် လိုင်စင်မဲ့ ကားများ တင်သွင်းမှုတွင် ပါဝင် ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့်လ ရှောင်တခင် ၀င်ရောက် စစ်ဆေး ခဲ့သေးသည်။

Ref: ဧရာဝတီ်

Read More...

ပဲခူးနှင့် ကရင်တွင် ရခိုင်ကဲ့သို့ ရေကြီးနေ

ကျော်ခ
တနင်္လာနေ့၊ ဇူလိုင်လ ၂၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဇူလိုင်လ တတိယပတ် က ရွာသွန်းခဲ့သည့် “မုတ်သုန်မိုး” ကြောင့် ရခိုင်ပြည်နယ်တွင် ရေကြီး ခဲ့ပြီးနောက် ယခုအခါ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် အတွင်း၌ ရေကြီးနေသည်။

ပဲခူးမြစ်ရေလျှံသဖြင့် ပဲခူးမြို့ပေါ်ရှိ ၁၈ ရပ်ကွက် အပါအဝင် ကဝမြို့နယ် အတွင်းရှိ ကျေးရွာ ၂ဝ ကျော်တွင် လှေများဖြင့် လှော်ခတ် သွားလာနေရသလို၊ ကရင်ပြည်နယ် ဘားအံမြို့ပေါ်တွင်လည်း သန်လျင်မြစ် ရေလျှံမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက် ၅ ခုအတွင်း ရေကြီးနေ၍ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် သွားရောက် ခိုလှုံ နေကြရသည်ဟု သိရသည်။

ပဲခူးမြို့ရေကြီးမှုတွင် အနိမ့်ဆုံး ရေအနက် ၄ပေ ထက်မက ရေတက်နေသည့် နေရာများမှာ ကျောက်ကြီးစု၊ ရွာသစ်၊ ကျောက်တွင်းကုန်း၊ မြို့သစ် (က)(ခ)(ဂ)၊ အုတ်ဆက်တန်း၊ မဇင်း၊ ဇိုင်းဂနိုင်း တောင်ပိုင်း၊ အိုးလေးစု၊ ကလျာဏီ၊ ကျွန်းသာယာ၊ ခေါင်းဆေးကျွန်း၊ ရွှေသာလျောင်းနှင့် ဥဿာမြို့သစ် ရပ်ကွက်ကြီး- ၇ တို့တွင် ဖြစ်သည်ဟု မြို့ခံတို့က ပြောသည်။

“ ရေက ရင်ဆို့လောက် ရှိတယ်။ ၄ ရက်ရှိပြီ မကျသေးဘူး။ အိမ်မှာဆို ထမင်းချက်လို့ကို မရဘူး။ အပြင်သွားလည်း လှေရှိမှ ရေချိုးဖို့က အခက် တွေ့နေတယ်။ ရေတက်နေတော့ မီးတွေလည်း ဖြတ်ထားတော့ အဆင်မပြေဘူး” ဟု ပဲခူးမြို့ ဥဿာ မြို့သစ် ရပ်ကွက်တွင် နေထိုင်သူ တဦးက မဇ္ဈိမကိုပြောသည်။

လူမှုကူညီရေး အသင်းများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ လှူဒါန်းမှု ထမင်းထုပ် များကို မြို့ခံ အာဏာပိုင်များက လာရောက် ဝေငှပေးကြသည်ဟု သိရသည်။

တချိန်တည်းပင် ပဲခူးမြစ်ကြောင်းပေါ်ရှိ ကဝမြို့နယ် အတွင်းမှ ကျေးရွာပေါင်း ၂ဝ ကျော်တွင် မြစ်ရေလျှံ သဖြင့် လယ်ဧကပေါင်း ထောင်ချီ ဆုံးရှုံး နေရသလို ကျေးရွာများ အတွင်း၌လည်း လှေများဖြင့်သာ လှော်ခတ် သွားလာနေရသည်ဟု ရွာခံတို့က ပြောသည်။

“ လယ်သမားမှန်သမျှ အကုန်မြုပ်တာပဲ..လယ်တွေက။ အခု ဈေးထွက်ဝယ်တာတို့ ဟိုဘက်ရွာ ဒီဘက်ရွာ သွားတာတို့ ဆိုရင် လှေနဲ့ပဲ သွားနေရတာပေါ့။ အလုပ် ပျက်တာကတော့ ၄ ရက်ရှိပြီ။ ရေကလည်း အိမ်တိုင်ကို ၄-၅ ပေလောက် တက်နေတယ်” ဟု ကမာ ကလဲ ရွာမှ လယ်သမား တဦး က မဇ္ဈိမကို ပြောသည်။

ယင်း ကျေးရွာ ၂ဝတွင် နိဗ္ဗာန်၊ ပိုင်ကျုံ၊ တောင်ကြီး၊ နဘဲပင်၊ မိုးခိုင်၊ ကျားတက်၊ ကမာကလဲ စသည်တို့ ပါဝင်ပြီး၊ လွန်ခဲ့သည့် ၁ဝ ရက်ကမှ စိုက်ထားသည့် ပျိုးစပါးများ ပျက်စီးတော့မည်ဟု ရွာခံ လယ်သမားများက ပြောသည်။ ဇွန်လလယ် ပိုင်းက ပထမ တကြိမ် မြစ်ရေကြီးမှုတွင် မျိုးစပါးများ ပျက်စီးခဲ့ပြီးနောက် ယခုအခါ ဒုတိယအကြိမ် ထပ်မံ ပျက်စီးရသည်ကို ဒေသခံ လယ်သမားများက ငြီးငြူ နေကြသည်။

“ ပျိုးတွေက ပြန်စိုက်ထားတဲ့ဟာတွေ။ အရင်လက ရေကြီးတုန်းက တခါ မျိုးတွေ ပုတ်ကုန်တော့ အခုပြန်စိုက် ထားတာ။ ဒီဟာပါ ထပ်ပြီး ပျက်စီးမယ်ဆိုတော့ မျိုးပြုတ်တာပေါ့ဗျာ။ နောက်ထပ် မျိုးစပါးဖိုးတော့ မရှိတော့ဘူး” ဟု ပိုင်ကျုံ ရွာခံတဦး က မဇ္ဈိမကိုပြောသည်။

ကျေးရွာများတွင် အခြားလိုအပ်ချက်များ အတွက် လာရောက် ကူညီပေးသူ မရှိဟုလည်း ၎င်းက ဆိုသည်။

ပဲခူးတိုင်း အတွင်း ရေကြီးနေချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ပေါ်မှ သံလျင်မြစ်နှင့် အနီးရှိ မြေနိမ့်ပိုင်း ရပ်ကွက်များ ဖြစ်သည့် အမှတ် ၁၊ ၂၊ ၃၊ ၅ နှင့် ၆ တို့တွင် ရေအမြင့် ၅ ပေခန့် မြင့်တက် နေသဖြင့် နေအိမ် အချို့ နစ်မြုပ်နေသည်။

ကျောင်းများလည်း ပိတ်ထားရပြီး ထိုရပ်ကွက်ခံများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ကျန်းမာရေးဌာနက အထက်တန်း ကျောင်းနှင့် ရွှေရင်မျှော် ဘုရားတို့တွင် ကယ်ဆယ်ရေး စခန်းများ ဖွင့်ကာ စောင့်ရှောက် ထားသည်ဟု ရေဘေး ခိုလှုံသူများက ပြောသည်။

“အိမ်ကြမ်းပြင်ပါ မြုပ်တော့ နေလို့မရတော့ဘူးပေါ့ဗျာ။ မြွေပါး၊ ကင်းပါးလည်း ကြောက်ရတယ်လေ။ တချို့ကတော့ ဆွေမျိုးတွေ အိမ်မှာ သွားနေကြတာပေါ့။ အများစုကတော့ ဒီကယ်ဆယ်ရေး စခန်းတွေမှာ ရေမြန်မြန် ကျအောင်ပဲ ဆုတောင်း နေရတယ်” ဟု အမှတ် ၂ ရက်ကွက်မှ ရေဘေးခိုလှုံသူ တဦးက ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့က စံချိန်တင် ရွာသွန်းခဲ့သည့် မုတ်သုန်မိုးကြောင့် ရေကြီးခဲ့သည့် ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ် ၇ မြို့နယ် ကျော်တွင်မူ ရေကျသွားပြီ ဖြစ်သဖြင့် သက်သာရာ ရသွားခဲ့ကြသော်လည်း ယင်းဒေသတွင်း ကျေးရွာများရှိ လယ်ဧကပေါင်း များစွာမှာ ရေကြီးမှုကြောင့် နွံများ နစ်သွားသဖြင့် မျိုးစပါး အသစ်ကြဲရမည့် အခြေအနေသို့ ရောက်ရှိ သွားသည်။

မြန်မာနိုင်ငံတွင်း ပြည်နယ်နှင့် တိုင်းများတွင် စံချိန်တင်မိုးများ ရွာသွန်းမှုသည် “မုတ်သုန်လေ အားကောင်းခြင်း” ကြောင့်ဟု မြန်မာနိုင်ငံ ရာသီဥတု အပြောင်းအလဲ များကို ထုတ်ပြန်နေသည့် Myanmar Climate Change Watch မှ မိုးဇလ ပညာရှင် ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့