..............................

Saturday, October 2, 2010

ဒီကေဘီအေ ဥက္ကဋ္ဌ ရွေးကောက်ပွဲဝင်

မျိုးဝင်းဇော်
၀၁ အောက်တိုဘာ ၂၀၁၀

မကြာသေးမီကမှ စစ်အစိုးရ၏ လက်အောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင် ပြောင်းလိုက်သည့် ဒီကေဘီအေ တပ်ဖွဲ့ ဥက္ကဋ္ဌ ဦးစောသာထူးကျော်သည် ပါတီ တည်ထောင်ပြီး ရွေးကောက်ပွဲ ဝင်မည်ဖြစ်ကြောင်း စုံစမ်း သိရသည်။

ဘားအံမြို့တွင် နေထိုင်သည့် ကေအန်ယူ တပ်ဖွဲ့ဝင်ဟောင်းတဦးက “ကရင်ပြည်နယ်မှာ ကရင်ပါတီ ဆိုလို့ ဖလုံစဝေါ် ဒီမိုကရက်တစ် ပါတီ တခုတည်း ရှိတယ်။ ဒါနဲ့ အစိုးရက ဒီကေဘီအေ ဥက္ကဋ္ဌ ဦးသာထူးကျော်ကို ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲ ဝင်ခိုင်းတယ်။ ပထမပိုင်းမှာ သူတို့ နယ်ခြားစောင့်တပ် ဖွဲ့နေတာနဲ့ ဘာမှ မလုပ်အားဘူး။ အမတ်လောင်းစာရင်း တင်တဲ့ရက် ကုန်ခါနီးမှ ပါတီ မှတ်ပုံတင်ခွင့် ကျတယ်။ သူတို့ကို အစစ အရာရာ အစိုးရပိုင်းက ကူညီ ပံ့ပိုးပေးတော့ ပါတီတခုအနေနဲ့ ရပ်တည် နိုင်သွားတာပေါ့။ ဘားအံ ကမ်းနားလမ်းမှာ ရုံးဖွင့်ထားတယ်” ဟု ပြောသည်။

ဦးစောသာထူးကျော် ခေါင်းဆောင်သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပါတီသည် ဒီကေဘီအေ ခေါင်းဆောင် အချို့အပြင် ယခင် ကေအန်ယူ တပ်မဟာ (၆၊ ၇) တွင် အဆင့်မြင့် တာဝန်များ ယူခဲ့ပြီး နောက်ပိုင်း ခွဲထွက် အဖွဲ့များတွင် ပါဝင်သူ အများအပြားဖြင့် စုစည်းထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပါတီမှ အမတ်လောင်းများအဖြစ် ဦးစောသာထူးကျော်က ကရင်ပြည်နယ်လွှတ်တော် အတွက် လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ၊ ဦးမန်းအောင်တင်မြင့်က အမျိုးသား လွှတ်တော်အတွက် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂)၊ ကြာအင်း ဆိပ်ကြီးမြို့နယ်မှ ဦးစောအောင်ငွေက အမျိုးသား လွှတ်တော်အတွက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄)၊ လှိုင်းဘွဲ့မြို့နယ်မှ ဦးစောချစ်လှိုင်က ကရင်ပြည်နယ် လွှတ်တော်အတွက် မြဝတီမြို့နယ် မဲဆန္ဒနယ်တို့မှ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ဘားအံခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။

မူလက လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် ကရင်အမျိုးသား ပါတီ (၃) ပါတီသာ ရှိပြီး အဆိုပါ ပါတီများ အနက် ၁၉၉ဝ လက်ကျန် ပြည်ထောင်စု ကရင် အမျိုးသားများ အဖွဲ့ချုပ်သည် အမတ်လောင်း (၃) ဦး မတင်နိုင်သည့် အတွက် ဖျက်သိမ်း ခံလိုက်ရသည်။

ကရင်ပြည်သူ့ပါတီကိုမူ နအဖစစ်တပ်မှ ရေတပ်ကွန်မန်ဒါဟောင်း၊ ဒု-တိုင်းမှူးဟောင်း၊ ပြည်နယ် ရဲမှူးဟောင်း များက ခေါင်းဆောင် ဖွဲ့စည်းထားပြီး ကရင်ပြည်နယ်မှအပ အခြား တောင်ငူ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး အဆိုပါ ပါတီကို စစ်အစိုးရက စနစ်တကျ ဖွဲ့စည်း တည်ထောင်ရန် တာဝန် ပေးထားကြောင်း ရန်ကုန်တွင် ကျယ်ကျယ်ပြန့်ပြန့် သတင်း ထွက်ပေါ်နေသည်။

ကရင်ပြည်နယ်တွင်မူ စာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းများ လုပ်ကိုင်နေသော ဖလုံ- စဝေါ် ပါတီတခုသာ ရှိသည့် အတွက် စစ်အစိုးရက ဒီကေဘီအေ ခေါင်းဆောင်ဟောင်းကို ပါတီဖွဲ့ရန် စေခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဘားအံမြို့တွင် ဝေဖန် ပြောဆိုနေကြသည်။

အဆိုပါ ပါတီသည် စစ်အစိုးရ ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖွဲ့ထားသည့်အတွက် ၎င်းတို့ အမတ်လောင်း ယှဉ်ပြိုင်ရာ နေရာတို့တွင် ကြံ့ဖွံ့အမတ်လောင်း အမည်စာရင်း တင်သွင်းခြင်း မရှိပေ။

အချို့ အမတ်လောင်းများ၏ မဲဆန္ဒနယ်တွင် အခြားမည်သည့်ပါတီကမှ မယှဉ်ပြိုင်ခြင်းကြောင့် အလိုအလျောက် အမတ်လောင်း ဖြစ်သူလည်း ရှိကြောင်း ဘားအံခရိုင် ကော်မရှင်ရုံးမှ စုံစမ်းသိရသည်။

ကရင်ပြည်နယ်တွင် မဲဆန္ဒနယ်မြေ စုစုပေါင်း (၃၆) နယ်မြေ ရှိပြီး ဖလုံစဝေါ် ဒီမိုကရက် ပါတီက ကိုယ်စားလှယ်လောင်း (၁၇) ဦးနှင့် ဦးစောသာထူးကျော် တို့၏ ပါတီက အမတ်နေရာ (၄) ဦး ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

Friday, October 1, 2010

ရဲမွန်မှ တပ်ရင်းမှုးများကို ထောင်ဒဏ်ချမှတ်၊ စစ်တပ်အရာရှိငယ် နှစ်ရာကျော်ကို ရာထူးများမှ အနားပေး

September 27, 2010

ရဲမွန် တပ်မြို့  ရှိ တပ်ရင်းများ မှ ရှောင်တစ်ခင် အလစ်အငိုက် ဖမ်းဆီးထားသော တပ်ရင်းမှုး နှင့် ဗျူဟာမှုး ရှစ်ဦးအား နေပြည်တော်တွင် စစ်ခုံရုံး တင်ကာ စစ်ဆေးနေသည်ဟု သတင်းများ ထွက်ပေါ်ပြီး နောက်ပိုင်းတွင် အမိန့်မနာခံမှု ၊ ငွေကြေး အလွဲသုံးစား လုပ်မှုများဖြင့် ထောင်ဒဏ် နှစ်နှစ်ဆယ်စီ ချလိုက်သည် ဟု Freedom News မှ စုံစမ်း သိရှိရသည်။

စစ်သား စုဆောင်း လစာငွေ ထုတ်မပေးမှုကြောင့် အခြား အဆင့် တပ်သားများ ၏ ဆန္ဒ ထုတ်ဖော်မှုတွင် ဂရုဏာ သက်မိသည့် တပ်ရင်းမှုး နှင့် ဗျူဟာမှုး ၈ ဦး အား လွန်ခဲ့သည့် သီတင်း နှစ်ပတ်ခန့် က အလစ်အငိုက် ၀င်ရောက် ဖမ်းဆီးပြီး နောက် ချက်ခြင်းပင် ပြစ်ဒဏ်များ ချမှတ် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တပ်ရင်းမှုးများ အား နေပြည်တော် ရှိ စစ်ဥပဒေ ချုပ် ရုံး၏ တပ်တွင်းပြစ်မှုများ ဆိုင်ရာ စစ်ခုံရုံးမှ ထောင်ဒဏ် အသီးသီးချမှတ် ခဲ့ခြင်း ဖြစ်ပြီး ထောင်ဒဏ် အပြစ်ပေးမှု အား အင်းစိန် ထောင်တွင် ဆက်လက်ကျခံ ရမည်ဟု သိရသည်။ ဖမ်းဆီးထား ခံထားရသည့် တပ်ရင်းမှုး များမှာ ၎င်းတို့ ၏ မိသားစု နှင့် တွေ့ခွင့်မရဘဲစစ်ကြော မေးမြန်း နေစဉ် အတောအတွင်း ပုလင်းကွဲများ ပေါ်တွင် လေးဘက်ထောက် လမ်းလျှောက်ခိုင်းပြီး ခွေးလို အူခိုင်းကာ ကျွန်တော်တို့ နိုင်ငံတော် နဲ့ ဗိုလ်ချူပ်မှုးကြီး သန်းရွှေကို ဘယ်တော့ မှ သစ္စာ မဖောက်တော့ ပါဘူးဟု အော်ခိုင်းသည် ဟု သိရသည်။

Freedom News နှင့် အဆက်အသွယ် ရှိသည့် နေပြည်တော်မှ စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိ တစ်ဦးကမူ သူတို့ကို ဘယ်လို နှိပ်စက်လို ဆိုတာ ဗီဒီယို ရိုက်ထားတယ်။ ဒါတွေကို စစ်သင်တန်း ကျောင်းတွေဖြစ်တဲ့ DSA တို့ OTS တို့မှာ ပြမှာ ဟု FNG သို့ ပြောသည်။

ရဲမွန် အခြေစိုက် တပ်ရင်းများ မှ တပ်သားနှင့် အရာရှိ များအား အရေးယူသော်လည်း စက်တင်ဘာလ ၄ ရက် နေ့က ပဲခူးမြို့  ဇိုင်ဂနိုင်း ရပ်တွင် လူငယ် နှစ်ဦး အား ပစ်သတ် ခဲ့သည့် ခလ၇ (၅၉) မှ တာဝန်ရှိသူများကို အရေး ယူမှု မရှိသေး ဟု သိရသည်။

ထိုသတင်း နှင့်ပတ်သက်၍ တစ်ဆက်စပ်တည်း သိရသည် မှာ ဗိုလ်ကြီး နှင့် ဗိုလ်မှုး အဆင့် အရာရှိ နှစ်ရာကျော် ကိုလည်း နယ်ဘက် ရာထူးများသို့  ပြောင်းလဲတာဝန် ထမ်းဆောင် စေခြင်း မဟုတ် ဘဲ လက်ရှိရာထူးများ မှ အနား ပေးလိုက်သည်ဟု သိရသည်။ ထို အနားပေးခံရသည့် အရာရှိငယ်များ မှာ လူမျိုးခြား စပ်သူများ၊ ပြည်ပတွင် ရောက်ရှိ နေကာ ဒီမိုကရေစီ အင်အားစု များ နှင့် အဆက်အသွယ် ရှိသည့် စစ်တပ် အရာရှိများ၏ သူငယ်ချင်းများ ရှမ်း နှင့် ကချင် လူမျိုးများ အပါအ၀င် အင်တာနက် ကြည့်ပြီး စာဖတ်များသည့် စစ်ဗိုလ်များဟု သိရှိရသည်။


Ref: Freedom News Group

Read More...

၈၈ အရေးအခင်းကာလ လူထုဘက်ကူးပြောင်းခဲ့သူ ဗိုလ်ကြီးစိုင်းဝင်းကျော် (၁)

ရော်နီညိမ်း
တနင်္ဂနွေ, 26 စက်တင်ဘာ 2010

တပ်မှူးတပ်သား ပြောစကား (၀၂၇)

၂၀၁၀ စက်တင်ဘာ (၂၆)

မကြာခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာ့တပ်မတော်က စစ်တိုင်းမှူးအသစ် အများစုနဲ့ ဗိုလ်သင်တန်း အပတ်စဉ်တူ ဖြစ်ပြီးတော့၊ စစ်တက္ကသိုလ် အပတ်စဉ်(၂၄)က၊ ကျောင်းဆင်းခဲ့ တဲ့၊ ရှစ်လေးလုံး လူထု အုံကြွမှု အရေးတော်ပုံ ကာလမှာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သူ၊ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော်ရဲ့ ပြောစကားတွေကို၊ ဒီသီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ၊ ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးအနေနဲ့က ကျနော်တို့ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဆန္ဒပြ ပြည်သူတွေ ကျောင်းသားတွေကို ပစ်ခတ် နှိမ်နင်းဖို့အတွက် အမှတ် (၂၂) ခြေမြန်တပ်မ လက်အောက်ခံ ခမရ(၂၀၈)က ရန်ကုန်မှာလာပြီး တာဝန်ယူတဲ့ အချိန်မှာ ဗိုလ်ကြီးလည်း တာဝန်အရ ပါလာရပြီးတော့မှ ဒီ ပစ်တာ ခတ်တာတွေအပေါ် ဗိုလ်ကြီးက မှားယွင်းတဲ့ လုပ်ရပ်တစ်ခုလို့ မြင်တဲ့ အတွက်ကြောင့် ပြည်သူ့ရင်ခွင် ဘက်ကို ကူးပြောင်းခဲ့တယ် ဆိုတဲ့ အထိ ကျနော်တို့ သိရှိခဲ့ရပြီးပါပြီ။ အခုလိုမျိုး ကူးပြောင်းတဲ့ အခါမှာ ဗိုလ်ကြီးဘယ်လို အခက်အခဲရှိလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဲဒီတုန်းက မဟာဝိဇယစေတီနားက အမှတ် (၁) ဆက်သွယ်ရေး တပ်ရင်းမှာ ကျနော်တို့ ခေတ္တ အခြေပြု နေရပါတယ်။ အဲဒီတုန်းက ကျနော် တာဝန်ထမ်း ဆောင်တာက “ကက(ကြည်း) အရံ အကူပစ် လက်နက်ကြီး တပ်ခွဲ စိန်ပြောင်းကြီး တပ်စုမှူး” ပေါ့နော်။ ကျနော် ထမ်းဆောင်တဲ့ အချိန်မှာ သူတို့က စစ်အာဏာ သိမ်းဖို့အတွက် အသင့်ပြင် ထားတာပေါ့ဗျာ။ ဒီရည်ရွယ်ချက် တွေတော့ ကျနော်တို့ မသိဘူးပေါ့ဗျာ။ ကျနော်တို့ထဲမှာ သတင်းတွေ ဖြန့်ထားတာကတော့ ရန်ကုန်မြို့ထဲမှာ တောတွင်းက လက်နက်ကိုင် အဖွဲ့အ စည်းတွေလည်း စိမ့်ဝင်နေတာတွေ ရှိတယ်၊ အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်တယ်၊ လိုအပ်ရင် မင်းတို့ကို ရဟတ်ယဉ်တွေ ဘာတွေနဲ့ ရွှေ့ရလိမ့်မယ် ဆိုတာမျိုး အသေးစိတ်တွေ သူတို့ ညွှန်ကြား ထားတာ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး ခင်ဗျ၊ အဲဒီအချိန်က ဒေါက်တာမောင်မောင်က စစ်အုပ်ချုပ်ရေး ရုတ်သိမ်း လိုက်ပါပြီလား ခင်ဗျ၊ စက်တင်ဘာလထဲ ရောက်သွားပါပြီလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ အဲဒီအချိန်တုန်းက စစ်အုပ်ချုပ်ရေးကို ရုတ်သိမ်း လိုက်ပါပြီ။ ရုတ်သိမ်း ပြီးတော့မှ “ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်” ဖွဲ့ပြီး စုံစမ်း စစ်ဆေးတာတွေ သူလို့ လုပ်ပါတယ်။ အဲဒီကာလမှာကိုက အာဏာသိမ်းဖို့ အတွက် နောက်ဆုံးမှာ တပ်မတော်ကို အဆင်သင့် ပြင်ခိုင်း ထားတာပါ။ အဲဒီ ရည်ရွယ်ချက်တွေကိုတော့ အောက်ခြေထိ ကျနော်တို့ မသိပါဘူး။ ဒါပေမယ့် ကျနော်နဲ့ အနီးကပ်နေတဲ့ ကျနော့်သူငယ်ချင်း တချို့တော့ ရှိပါတယ်။ သူတို့နဲ့ ကျနော် စကား ပြောကြည့်တဲ့ အခါမှာလည်း၊ သူတို့က လက်ရှိ အခြေအနေတွေကို မနှစ်မြို့ကြပါဘူး။ ဘာဖြစ်လို့များ လူထုနဲ့ တပ်မတော်ကြား ဒီလောက်ထိ ဝေးကွာ သွားကြသလဲ၊ ဒီလောက်ထိ နားလည်မှု လွဲသွား ကြသလဲပေါ့၊ ဘယ်အခြေ နေထိ ရောက်သွားသလဲ ဆိုတာ၊ ကိုယ့်ကိုယ်ကို ဆန်းစစ် ဝေဖန်မှုတွေ အများကြီး ရှိပါတယ်။ နောက်ပြီးတော့ အဲဒီတုန်းက ဦးအောင်ကြီး ထုတ်ဝေတဲ့ ဗိုလ်ချုပ်ထံသို့ ပေးစာများ၊ အဲဒါ တွေက ကျနော်တို့ တပ်ထဲမှာ အတိုင်းအတာ တစ်ခုထိ ရိုက်ခတ်မှုတွေ ရှိပါတယ်။ အဲဒီစာ တချို့လည်း ကျနော်ဖတ်ရပါတယ်။ ဖတ်ရတဲ့ အခါကျတော့ ကျနော်တို့ဆီမှာ သို့လောသို့ လော အတွေးတွေ အများကြီး ပေါ်လာပါတယ်ခင်ဗျ။ နောက်ဆုံးမှာ ဦးတင်အောင်ဟိန်းရဲ့ အစီရင်ခံစာ ထွက်လာပြီးတော့၊ မဆလ ဒေါက်တာမောင်မောင် ဦးဆောင်တဲ့ အစိုးရက “ပြည် သူ့ဆန္ဒခံယူပွဲ” ကျင်းပမယ်ဆိုပြီး ကြေညာတာ ရှိပါတယ်။ ဒါပေမယ့် လူထုရဲ့ ကြွေးကြော်သံက ပြောင်းလဲသွားပါတယ်။ နောက်ဆုံးမှာ မဆလ အစိုးရ ပြုတ်ကျရေးကို ဦးတည်တဲ့ တောင်းဆိုမှုတွေ ဖြစ်ပေါ်လာပါတယ်။

(“ဦးတင်အောင်ဟိန်း ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်” = မြန်မာနိုင်ငံတ၀န်း ရှစ်လေးလုံး လူထု အုံကြွမှုကြီး ဖြစ်ပေါ်ခဲ့သည့် ၁၉၈၈ သြဂုတ်လ(၈)ရက်နေ့ နောက်ပိုင်း၊ မြန်မာ့နိုင်ငံရေး စနစ်တွင် တပါတီစနစ် နှင့် ပါတီစုံစနစ် ရွေးချယ်ရေး အတွက် လူထု သဘောထားဆန္ဒကို စုံစမ်းလေ့လာသည့် ကော်မရှင် ဖွဲ့စည်းရန်၊ အာဏာရ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ အရေး ပေါ်ပါတီညီလာခံ နှင့် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးတို့မှ ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ ထိုစဉ်က တရားသူကြီးချုပ် ဦးတင်အောင်ဟိန်း ခေါင်းဆောင်သည့် စုံစမ်း ရေးကော်မရှင်ကို၊ အာဏာရ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရက “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” အတွင်းမှာ ဖွဲ့စည်းခဲ့သည်။)

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကြားဖြတ်အစိုးရ တောင်းဆိုတဲ့ ကိစ္စများလားခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ဟုတ်ကဲ့၊ ကျနော်တို့ကိုယ်တိုင် ကျနော်တို့ မျက်စေ့ရှေ့မှာ လမ်းတွေပေါ်မှာ ကားတွေနဲ့ လူထုတွေက လိုက်ပါ သွားပြီးတော့မှ နဖူးစည်း အနီတွေနဲ့ “ဒီမိုက ရေစီ ရရင်ရ၊ မရရင်ချ” ဆိုတဲ့ ကြွေးကြော် သံတွေလည်း ကြားရပါတယ်။ ကိုယ်တိုင်လည်း မြင်ရပါတယ်။ လူထုက နောက်ဆုံးတော့ ဒီမိုကရေစီတင် မကပါဘူး၊ အဓိက ကတော့ မဆလ အစိုးရ ပြုတ်ကျရေး၊ အစိုးရ ပြောင်းလဲရေး၊ မဆလ အစိုးရ ဆင်းပေးဖို့အတွက် သူတို့ အဓိက တောင်း ဆိုတာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ တပ်မတော် အရာရှိအနေနဲ့ ဗိုလ်ကြီးကလည်း ရန်ကုန်မြို့က အခြေအနေ တွေကို ထိန်းသိမ်းဖို့ တာဝန်နဲ့ ရောက်ရှိနေတဲ့ အချိန်ခါမှာ၊ ဗိုလ်ကြီး ဘယ်လိုမြင်မိပါ သလဲ ခင်ဗျ၊ ဘယ်သူ့ဘက်က မှန်တယ်၊ ဘယ်သူ့ဘက် က မှားတယ်လို့။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်တို့ မျက်စေ့ရှေ့မှာပဲလေ၊ ဆန္ဒပြတဲ့ လူအုပ်ကြီး တွေက အုပ်လိုက် အုပ်လိုက် သူတို့ မြို့တွင်းကို ချီတက်သွားကြတာ ကျနော်တို့ တွေ့တယ်လေ၊ ဒီ လောက် များပြားတဲ့ လူတွေ ထောင်နဲ့ သောင်းနဲ့ ချီတဲ့လူတွေ ရန်ကုန်လမ်းပေါ်မှာ နေ့တိုင်း နေ့စဉ်လိုလို စီတန်း လှည့်လည် ဆန္ဒပြကြတာကို ဘာဖြစ်လို့များ ကျနော်တို့က သေနတ်တွေ အသင့် ကိုင်ပြီးတော့မှ လူထုနဲ့ ထိပ်တိုက် တွေ့နေသလဲပေါ့။ ကျနော်တို့ သိတာကတော့ ရန်သူဆိုတာ တောထဲမှာ တိုက်ရတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေပဲ ကျနော်တို့ တွေ့ဖူးတယ်။ ဒါပေမယ့် ဒီလိုမျိုး ကိုယ့်ပြည်သူတွေနဲ့ ရန်ကုန် မြို့လယ်ခေါင်လို နေရာမျိုးမှာ ထိပ်တိုက် တွေ့လိမ့်မယ်လို့ ကျနော်လည်း တခါမှ မမျှော်လင့်ခဲ့ဘူး။ တနေရာရာ မှာတော့ အကြီးကျယ်မှား နေပြီဆိုတဲ့ သံသယတွေ ကျနော်တို့ ရှိပါတယ်။ သံသယတွေရဲ့နောက်ဆက်တွဲမှာ စဉ်းစားမိတာကတော့ “မဖြစ်တော့ဘူး” လို့ ကျနော် ဒီဘ၀မှာတော့ မပျော်ပိုက်တော့ဘူး ဆိုပြီးတော့မှ ဆုံးဖြတ်ပြီးတော့မှ ကျနော် လူထုဘက်ကို ကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ခုနက ကျနော်မေးခဲ့တဲ့ မေးခွန်းလေးပဲ ထပ်ပြီး မေးပါရစေ ခင်ဗျ။ လူထုရဲ့ ရင်ခွင်ကို ကူးပြောင်းတဲ့ အခါမှာ ဗိုလ်ကြီး ဘယ်လို အခက်အခဲများ ရှိပါ သေးလဲ ခင်ဗျ၊ ဘယ်သူတွေနဲ့ ဆက်သွယ်ပြီးတော့၊ ခုနက ပြောသလို ယုံကြည်မှုအပိုင်းပေါ့၊ အဲဒီအချိန်က အရမ်းကို ပြင်းထန်နေတယ်၊ တစ်ဖက်နဲ့တစ်ဖက် မယုံကြည်နိုင်တဲ့ အနေအ ထားမှာ ဒီအခြေအနေကို ဗိုလ်ကြီး ဘယ်လိုများ ကျော်လွှားခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ မဟာဝိဇယစေတီကနေ ကျနော်ထွက်လာတဲ့အခါ အဲဒီ တစ်ညလုံး ကျနော် စဉ်းစားပါတယ်။ အဲဒီ မတိုင်ခင်လည်း ကျနော် စဉ်းစားပါတယ်။ နောက်ဆုံး ကျနော် သူတို့ ထုတ်ပေးထားတဲ့ ကြီးကြပ် ကန့်သတ် ပစ္စည်းတွေပေါ့၊ လက်နက်ခဲယမ်း မီးကျောက်တွေကို စနစ်တကျ သိမ်းဆည်းပြီး ကျနော် တာဝန် ထမ်းဆောင်ခဲ့တဲ့ နေရာမှာ ထားပြီး တော့မှ ကျနော် ထွက်လာခဲ့ပါတယ်။ ကျနော့်အနေနဲ့ တပ်မတော်ကို လက်နက်ကိုင်ပြီး ပြန်လည် တိုက်ခိုက်ဖို့တော့ အဲဒီတုန်းကတည်းက ဆန္ဒမရှိပါဘူး။ နောက်ပြီးတော့ ကျနော် ထွက် လာတဲ့အချိန် မဟာဝိဇယ စေတီနားမှာ ဆန္ဒပြတဲ့ ကားတစ်စီးနှစ်စီး ဖြတ်သွားတာ ရှိပါတယ်။ အဲဒီအချိန်မှာ ကျနော် လက်ပြပြီးတော့ သူတို့ကို ကျနော် အကူအညီ တောင်းပါတယ်။ ကျနော်ပြောတယ်၊ ကျနော့်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးပါလို့ ကျနော် ပြောတဲ့အခါ၊ သူတို့က ပြည်သူ့ရင်ခွင့် ခိုဝင်တယ် ဆိုပြီးတော့မှ လူထုက ၀မ်းပန်းတသာနဲ့ ကျနော့်ကို ကြို ဆိုပြီး၊ အထူးသဖြင့် ကျောင်းသားတွေပေါ့၊ အဲဒီတုန်းက ဆန္ဒပြတဲ့ ကျောင်းသားတွေ အုပ်စုရှိပါတယ်၊ main (ရန်ကုန်တက္ကသိုလ် - ပင်မဆောင်) ထဲက ထွက်လာတာပါ။ အဲဒီကားက၊ သူတို့ ဘယ် အဖွဲ့စည်းလဲ ဆိုတာ ကျနော် မမှတ်မိ တော့ပါဘူး။ သူတို့က ကျနော့်ကို ကားပေါ် တင်သွားပြီးတော့မှ၊ အဲဒီအခါ ကျနော် လူထုရဲ့ မေတ္တာကို စပြီး ခံစားရတာပေါ့ဗျာ။ အားလုံး က လူတွေ မမြင်အောင် ၀ိုင်းအုပ်ပြီးတော့ ခေါ်သွားတာပါ။ အဲဒီတုန်းက စစ်သားဆိုရင် လူထုက အရမ်းကို နာကြည်းနေတာပါ ခင်ဗျ၊ အထူးသဖြင့် တပ်မ (၂၂) ဆိုရင် ပို နာကြည်းနေ တာပါ။ ဒါကြောင့် ကျနော့်ကို မမြင်အောင် ဖွက်သွားပြီးတော့မှ၊ တက္ကသိုလ် ရိပ်သာလမ်း အမှတ် (၅၄)၊ ဒေါ်အောင်ဆန်းစုကြည် ခြံထဲကို ကျနော့်ကို ပို့ပေးပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ ကျနော်တွေ့ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ကြီးကို ဘယ်လိုများ အမှာစကား ပြောကြား ခဲ့ပါသလဲ၊ ဗိုလ်ကြီးကလည်း ဘယ်လို အကြောင်းအရာတွေ များ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေး ဖြစ်ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ကျနော်နဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုတဲ့ အချိန် မှာတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က ငြိမ်းချမ်းစွာ အသွင် ကူးပြောင်းရေး ကိုပဲ သူ လိုလား ပါတယ် ခင်ဗျ၊ သူ့အနေနဲ့က တပ်မတော်ကို၊ တပ်မတော် အဓိကတော့ မဟုတ်ဘူးပေါ့၊ မဆလ တပါတီ အာဏာရှင် ခေါင်းဆောင်တွေ ကလည်း မြန်မာပြည်ရဲ့ အသွင် ကူးပြောင်းရေး အ တွက် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ အားလုံး အဆင်ပြေပြေ ဖြစ်သွားလိမ့်မယ်လို့ အများကြီး မျှော်လင့်ထားပါတယ်။ အားလုံးကလည်း စိတ်ဓါတ် တက်ကြွ နေကြတဲ့အချိန်မှာ အပြောင်းအ လဲက ညင်ညင်သာသာနဲ့ ချောချောမွေ့မွေ့ ဖြစ်လာမယ် ဆိုရင်၊ အားလုံးက နိုင်ငံသစ် တည်ထောင်ဖို့ အတွက် စိတ်တူ ကိုယ်တူနဲ့ လက်တွဲလုပ်ဖို့ လိုအပ်တဲ့ အကြောင်း ပြောဖြစ် ကြပါတယ်။ ကျနော့် အနေနဲ့ကလည်း တပ်မတော်ထဲမှာ အမှန်တရားကို လိုလားတဲ့ အင်အားစုတွေ အများကြီး ရှိပါတယ်။ လူထုဘ၀ကို စာနာ နားလည်တဲ့ အင်အားစုတွေ အများကြီး ရှိပါတယ်။ သူတို့ ကိုယ်တိုင်လည်း ပြုပြင် ပြောင်းလဲမှုတွေကို လိုလားတယ် ဆိုတဲ့အကြောင်း ကျနော် ပြောဖြစ်ပါတယ် ခင်ဗျ။ အဲဒီနောက်ပိုင်းမှာ ဆန္ဒပြဘို့ ထွက်လာတဲ့ တပ်မတော်သားတွေနဲ့ ကျနော် တွေ့ချင်ပါတယ်လို့ ကျနော် ခွင့်တောင်းတဲ့ အခါကျတော့ သရက်တော ကျောင်းတိုက်ကို ပို့ပေး ပါတယ်ခင်ဗျ၊ သရက်တော ကျောင်းတိုက်မှာ မှော်ဘီကနေ ထွက်လာတဲ့ ဆန္ဒပြတဲ့ရဲဘော် တွေနဲ့ ကျနော် တွေ့ပါတယ်။ နောက်ပြီး တချို့သော အရာရှိ နှစ်ယောက် သုံးယောက် လောက်နဲ့လည်း ကျနော် တွေ့ပါတယ်။ အဲဒီ သရက်တော ကျောင်းတိုက်မှာပဲ ခေတ္တခဏ နေပြီး တော့ နောက်ပိုင်းမှာ ဗကသ (ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ) အကူအညီနဲ့ လသာ အထက(၂)မှာ ကျနော် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖြစ်သွားတဲ့ အကြောင်းအရင်းနဲ့ နောက် အဲဒီနေ့က သတင်းစာ ရှင်းလင်းပွဲ အတွေ့အကြုံတွေလည်း နောက်လူတွေ သိရှိအောင် ပြောပြပေးပါလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အဓိက ကျနော့်ကို အကူညီပေးတာကတော့ ကိုမိုးဟိန်း (ယခု အမေရိကန် ပြည်ထောင်စု၊ နယူးယောက် မြို့တွင် နေထိုင်သူ ရှစ်လေးလုံး ကျောင်းသားခေါင်း ဆောင်တစ်ဦး) ပေါ့နော်၊ ကိုမိုးဟိန်းက ဗကသ ရိက္ခာတာဝန်ခံ အနေနဲ့ ကျနော်တို့ ဆီလာပြီးတော့ အစားအသောက်တွေ ဝေငှတာ ရှိပါတယ်။ သရက်တော ကျောင်းတိုက်မှာ ကိုမိုးဟိန်း နဲ့တွေ့တော့ “အစ်ကိုကြီး ကျနော် ဘာအကူညီ ပေးရမလဲ” မေးတဲ့ အခါကျတော့၊ ကျနော်က သူ့ကိုပြောတယ်၊ “အေးကွာ၊ ငါတို့ရဲ့ အတွေ့ အကြုံတွေ ငါတို့ရဲ့ အမြင်တွေကို လူထုကို တင်ပြချင်တယ်။ အဲဒါ မင်း စီစဉ်ပေးလို့ ရမလား”ဆိုတော့၊ “ရပါတယ် အစ်ကိုကြီး” ဆိုပြီး သူက ကျနော့်ကို စီစဉ်ပေးပါတယ် ခင်ဗျ။ အဲဒီလို သူ စီစဉ်ပေးပြီး နောက်ပိုင်းမှာ ဒီ သတင်းစာ ရှင်းလင်းပွဲက အထ မြောက်သွားတာပါ။ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီးတဲ့ အချိန်လောက်မှာလည်း ကိုမိုးသီးဇွန် (ကျောင်းသားခေါင်းဆောင်၊ ထိုစဉ်က “ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား များသမဂ္ဂ”၏ အထွေထွေ အတွင်းရေးမှူး) လာပြီးတော့မှ ကျနော်နဲ့ တွေ့ဆုံ စကား ပြောတာတွေ ရှိပါတယ် ခင်ဗျ။ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတဲ့ အဓိက ရည်ရွယ်ချက် ကတော့ ကျနော် တို့အနေနဲ့ ရှစ်လေးလုံး အရေးတော်ပုံ ကြီးမှာ တပ်မတော်သား တွေဟာလည်း ပြည်သူလူထုနဲ့ တသားတည်း ပါပဲ၊ ပြည်သူလူထုနဲ့ အတူ တပါတီ အာဏာရှင်စနစ်ကို ကျနော်တို့ မကြိုက်ပါ ဘူး၊ ဒီအာဏာရှင် စနစ်ရဲ့ ဖိနှိပ် ချုပ်ခြယ်မှုတွေကိုလည်း ကျနော်တို့ တပ်မတော်သားတွေဟာ ပြည်သူနဲ့ အတူ မျှဝေ ပြီးတော့မှ ခံစားရတာပါ။ အောက်ခြေအဆင့် တပ်မတော်သား အရာရှိ အကြပ် တပ်သားတွေ အားလုံးကလည်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် လိုလားတယ်။ မဆလ တပါတီ အာဏာရှင် စနစ်ကိုလည်း ကျနော်တို့ မလိုလားဘူး။ တပ်မတော်သား တွေကို မဆပါတီထဲ မ၀င်မနေရ အတင်းအကြပ် ၀င်ခိုင်းပြီးမှ အရံ ပါတီဝင်တွေ အနေနဲ့ သော်လည်းကောင်း၊ တင်းပြည့် ပါတီဝင်တွေ အနေနဲ့ သော်လည်းကောင်း စုစည်းပြီး၊ ပါတီတည် ဆောက်ထားတာကို ကျနော်တို့ မလိုလားဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေး အကြပ်အတည်း တွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းစေချင်တယ်။ ပြည်သူလူထု အများစု သွေးထွက် သံယို ဖြစ် ပြီးတော့မှ အသက်များစွာ ဆုံးရှုံးပြီးတော့မှ ကိုယ့်အချင်းချင်း သတ်တာ ဖြတ်တာတွေ ဖြစ်ပြီးတော့မှ နိုင်ငံရေး ပဋိပက္ခတွေ ဖြေရှင်းရတာမျိုးကို၊ ကျနော်တို့ မလိုလားဘူး။ အထူးသဖြင့် တပ်မတော်ကို နိုင်ငံရေး အကျပ်အတည်းမှာ တပါတီ အာဏာရှင် စနစ်ရဲ့လက်ကိုင်တုတ် အနေနဲ့ အသုံးချတာကို ကျနော်တို့ လုံးဝ လက်သင့် မခံနိုင်ဘူး။ အဲဒီ အတွက်ကြောင့် ပြုပြင်ပြောင်း လဲမှုတွေကို အမြန်ဆုံး နည်းလမ်း၊ အကောင်းဆုံး နည်းလမ်း၊ ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းပေးပါ၊ တပ်မတော်သား အများစုကိုလည်း မဆလ ပါတီဝင် အဖြစ်ကနေ အမြန်ဆုံး ရုတ် သိမ်းပေးပါ ဆိုပြီးတော့ သတင်းစာ ရှင်းလင်းပွဲမှာ ကျနော် အတိအလင်း တောင်းဆို ပါတယ်ခင်ဗျ။ သတင်းစာ ရှင်းလင်းပွဲပြီးတဲ့ နောက်ပိုင်းမှာပဲ သိပ်မကြာပါဘူး၊ မဆလပါတီက အစည်း ဝေးလုပ်ပြီးတော့မှ ဦးအေးကို (မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ အထွေထွေ အတွင်းရေးမှူး နှင့် ဒုတိယ သမ္မတ ဖြစ်ခဲ့သူ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးအေးကို) ကိုယ်တိုင် လက်မှတ် ရေးထိုးပြီး တပ်မတော် သားတွေကို မဆလပါတီဝင် အဖြစ်ကနေ ရပ်စဲကြောင်း ကြေညာချက် ထွက်လာတာ ရှိပါတယ်ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်ကြီးအနေနဲ့ အဲဒီလိုမျိုး တွေ့ကြုံရတဲ့ အချိန်မှာ၊ ကျနော်တို့ အခု ပြန်မြင် ကြည့်တဲ့ အခါကျတော့၊ တတိုင်းပြည်လုံး အုန်းအုန်း ကျွက်ကျွက်နဲ့ ဗိုလ် ကြီးတို့လို ပြည်သူ့ရင်ခွင် ကူးပြောင်း လာတဲ့ အရာရှိတွေတင် မကဘူး၊ တပ်မတော် သားတွေလည်း ရှိတယ်။ နောက်တခါ ၀န်ထမ်းတွေ ပေါ့နော်၊ အပြောင်းအလဲ တစ်ခုတော့ မကြာခင် ရောက်တော့မှာပဲလို့ ဖြစ်နေတဲ့ အချိန်မှာ ဗိုလ်ကြီးက တပ်မတော် အရာရှိ အတွေ့အကြုံရှိ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ အဲဒီအချိန်မှာ ဗိုလ်ကြီး ဘယ်လို မြင်လဲခင်ဗျ၊ ဒီအရေးတော်ပုံကြီးက ဆန္ဒပြဆန့်ကျင် ကန့်ကွက်ပြီးတော့ ရင်ထဲက ဆန္ဒတွေ ထုတ်ဖော် ပြသရာကနေ၊ နောက်တစ်ဆင့်ဖြစ်တဲ့ အာဏာရှင် စနစ် ပြုတ်ကျရေး အထိကို အောင်မြင်သွားနိုင်တဲ့ အခြေနေ ရှိတယ်လို့ ဗိုလ်ကြီး အဲဒီအချိန်တုန်းက မြင်မိပါသလား၊ သို့မဟုတ် ဒီအတိုင်းကတော့ မအောင်မြင်နိုင်ဘူး၊ ဘာတွေလုပ်ဖို့ လိုသေးတယ် ဘယ်လို ဆက်သွားဖို့ သင့်တယ် စသည်ဖြင့် ဗိုလ်ကြီး မြင် ခဲ့တာတွေ ရှိပါသလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ ရှိပါတယ် ခင်ဗျ၊ ကျနော်လည်း ကျနော့်လုံခြုံရေး အတွက်ပေါ့နော်၊ ကျောင်းသားတွေ အကူအညီနဲ့ နေရာ အနှံ့အပြားမှာ ကျနော်ရွှေ့ပြောင်းပြီးတော့ နေထိုင် ရတာတွေ ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာ အာဏာသိမ်းမှု ဖြစ်လာပါတယ် ခင်ဗျ။ အာဏာ သိမ်းမှု ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ဘယ်သူကမှ ကျနော်တို့ လုံခြုံရေးကို တာဝန်ယူနိုင်တဲ့ အခြေ အနေ မရှိပါဘူး၊ အဲဒီလိုပဲ ကျောင်းသားတွေ အများစုကပဲ ကူညီ လုပ်ဆောင်ပေးလို့ ပြည်သူလူထု တွေကြား၊ ရပ်ကွက်တွေ ကြားထဲမှာပဲ၊ နေထိုင် ပုန်းအောင်းပြီးတာ့ ဖြတ်သန်းရတဲ့ ကာ လတွေ ရှိပါ တယ်။ အဲဒီတုန်းက ကျနော် မြင်တာကတော့ အဲဒီ အာဏာ မသိမ်းခင်ကာလ၊ အာဏာ သိမ်းပြီးတဲ့ နောက်ပိုင်း အထိလည်း လူထုရဲ့ စိတ်ဓာတ်က တက်ကြွမှု တစုံတရာ ရှိပါ တယ် ခင်ဗျ။ ကျနော်တို့ “ ၁၉၈၈ လူထု အရေးတော်ပုံကြီး”ဟာ အမျိုးသားရေး ဆိုင်ရာ လှုပ်ရှားမှုကြီးပါ။ အမျိုးသားရေး ဆိုင်ရာ လှုပ်ရှားမှုကြီး ဖြစ်တဲ့ အတွက်ကြောင့် လူထုအားလုံးက လည်း အပြောင်းအလဲကို လိုလားပါတယ် ခင်ဗျ။ ခေါင်းဆောင်တွေ ကလည်း အများကြီး ထွက်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ အဘဦးတင်ဦးတို့၊ အဘ ဦးနုတို့ ၊ ဦးအောင် ကြီး တို့က အစ အကုန်လုံး ထွက်လာပါတယ်။ ထွက်လာတဲ့အခါ ကျနော် မြင်တာကတော့၊ အဲဒီအချိန် ကသာ ပြုပြင် ပြောင်းလဲရေးကို တိတိလင်းလင်း တာဝန် ယူနိုင်တဲ့ ခေါင်းဆောင် တစ်ယောက် ကသာ ပြတ်ပြတ်သားသား လုပ်ခဲ့မယ် ဆိုရင် Do or Die ပေါ့နော်၊ စစ်စကားအရ ပြောမယ်ဆိုရင် “သေမလားရှင်မလား”ဆိုတဲ့ ပြဿနာမှာ ပြတ်ပြတ်သားသား ရွေးချယ်ပြီး တော့မှ၊ အာဏာသိမ်းဖို့ အစီစဉ် တစ်ခုကို အောင်မြင်အောင် ကြံဆောင်နိုင်မယ့် ခေါင်းဆောင် တစ်ယောက် သော်လည်းကောင်း၊ တစ်ဖွဲ့သော် လည်းကောင်း ရှိမယ်ဆိုရင်၊ ကျနော်ထင် တယ်၊ ဗမာပြည် နိုင်ငံရေး အကြပ်အတည်းက အချိန်တိုတို အတွင်းမှာ အများကြီး ပြောင်းလဲ သွားနိုင်တဲ့ အခြေအနေ ရှိပါတယ်၊ ဒီလောက်ထိ နှစ်နဲ့ချီပြီးတော့မှ ဖြစ်လာစရာ အနေအထား မျိုးမရှိဘူးလို့ ကျနော်မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ “ရှစ်လေးလုံး လူထုအုံကြွမှု အရေးတော်ပုံကြီး” ကာလမှာ လူထုကို ဖြိုခွင်းဖို့ တာဝန် ပေးအပ်ခြင်း ခံခဲ့ရတဲ့ ခြေမြန်တပ်မ (၂၂)၊ ခမရ (၂၀၈) က တပ်ခွဲမှူး တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး စိုင်းဝင်းကျော်ရဲ့ ရှစ်လေးလုံး အလွန်ကာလမှာ သူဖြတ်သန်း ခဲ့ရတဲ့ အတွေ့ အကြုံတွေနဲ့ နိုင်ငံရေး အကျဉ်းသား ဘ၀အထိ ရောက်ရှိ သွားခဲ့ရတဲ့ အကြောင်းတွေကို နောက်သီတင်းပတ် အောက်တိုဘာလ (၂) ရက်၊ တနင်္ဂနွေနေ့ မနက်၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါ တယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

Ref: VOA News

Read More...

သူရဦးတင်ဦး မျက်စိခွဲစိတ်ကုသမှု ခံယူပြီး

မြတ်ခိုင်ဦး
၃၀ စက်တင်ဘာ ၂၀၁၀

သွေးကြောများပေါ်နေသော သူရဦးတင်ဦး၏ ဘယ်ဘက်မျက်စိအား ယနေ့နေ့လယ် စင်ကာပူ စံတော်ချိန် (၃) နာရီတွင် Tan Tock Seng ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ် ကုသ ပြီးစီးခဲ့ကြောင်း သိရသည်။

ခွဲစိတ်ခန်းအတွင်းမှ ထွက်လာသော သူရဦးတင်ဦး၏ နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ သားဖြစ်သူ ဦးသန့်စင်ဦးက “ဟုတ်ကဲ့အခုပဲ ပြီးတာပါ၊ ကျန်းကျန်းမာမာပါပဲ။ ထွက်လာတော့ မေးပါတယ်၊ ဘယ်လောက် ကြာသွားလဲပေါ့။ ဒီလောက်ပါပဲ” ဟု ဆိုသည်။

ဦးတင်ဦးသည် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် စင်ကာပူတွင် (၄-၅) ရက်ခန့် ကြာဦးမည် ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးသည် မျက်စိတွင် တိမ်စွဲခြင်း၊ သွေးကြောများ ပေါ်လာခြင်းတို့ အတွက် လိုအပ်သော ခွဲစိတ် ကုသမှုများ ပြုလုပ်ရန် အင်္ဂါနေ့က စင်ကာပူနိုင်ငံသို့ ဆိုက်ရောက် လာခဲ့ခြင်းဖြစ်သည်။

ဦးတင်ဦးနှင့်အတူ ဇနီးသည် ဒေါက်တာဒေါ်တင်မိုးဝေလည်း လိုက်ပါလာပြီး ဂျပန်နိုင်ငံမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ) မှ သားဖြစ်သူ ဦးသန့်စင်ဦးနှင့် ဇနီးလည်း စင်ကာပူသို့ ယမန်နေ့က ရောက်ရှိခဲ့သည်။ သားအဖ (၂) ဦး ကွဲကွာနေရသည်မှာ (၁၈) နှစ်ရှိပြီဟု သိရသည်။

ယမန်နေ့ နံနက်ပိုင်းက လိုအပ်သောဆေးစစ်မှုများ ခံယူပြီးနောက် ယနေ့ ခွဲစိတ်ကုသမှု ခံယူခြင်းဖြစ်သည်။

ဆေးရုံတွင် ခွဲစိတ်ကုသရေးအတွက် လိုအပ်သောအကူအညီများ ပေးနေသည့် ဒေသခံ တဦးဖြစ်သူ ကိုခင်အောင်က “အခု ဆေးရုံမှာ ခွဲစိတ်တာ မျက်စိ အထူးကု ဆရာဝန်တွေက ခွဲစိတ်ပေးနေတာပါ။ ဒီဆေးရုံကလည်း တော်တော်လေးကို ဂရုစိုက်ပါတယ်။ VIP လိုမျိုးပါပဲ” ဟု ဆိုသည်။ ထို့အပြင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပန်းလှိုင်ဆေးရုံမှ ဆရာဝန် ဆရာမများလည်း လိုက်ပါ လာကြသည်ဟု သိရသည်။

ဦးတင်ဦး၏ ကျန်ရှိသော တိမ်စွဲနေသည့် ညာဘက်မျက်စိကိုမူ နောင်နှစ်မှသာ ခွဲစိတ်ကုသမှု ခံယူမည်ဟု သိရသည်။

သူရဦးတင်ဦးသည် မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦး အဖြစ် တပ်မတော် သားများ၏ ချစ်ခင် လေးစားမှုကို ခံယူရသော တပ်ချုပ်တဦး အဖြစ် မြန်မာ့ သမိုင်းတွင် ထင်ရှားသည်။ ၁၉၈၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှား တောင်းဆိုမှုမှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ခိုင်ခိုင်မတ်မတ် ရပ်တည်ခဲ့ကာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ဦးလည်မသုန် ဆက်လက် ထမ်းဆောင်နေသူ တဦး ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

KNU နှင့် နအဖတပ် ထပ်မံ တိုက်ပွဲဖြစ်

သန်းထိုက်ဦး
Thursday, September 30, 2010

နအဖ တပ်ဖွဲ့များကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ခြုံခို တိုက်ခိုက်ခဲ့ရာ နအဖ စစ်တပ် ဘက်မှ ၁ ဦး ကျဆုံးကြောင်း သိရသည်။

ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် အနီးတ၀ိုက်တွင် KNU တပ်ရင်း (၁၆) မှ တပ်ဖွဲ့များနှင့် နအဖ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာ (၃) မှ ခြေလျင်တပ်ရင်း (ခလရ) ၂၈၃ နှင့် ခလရ ၄၀၅ တပ်ရင်းတို့နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နအဖ တပ်များက ယင်းဒေသ၌ တပ်အပြောင်းအလဲ ပြုလုပ်နေစဉ် KNU ပြောက်ကျားတပ်များက ခြုံခို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း KNUတပ်မဟာ (၆) မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး ဖဒို စောထဲနေက ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ စစ်သည်အင်အား ၂၀၀ ခန့် ရှိပြီး အစီအစဉ် တခုခုကြောင့် တပ်ပြောင်း လာခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သော တပတ်ကလည်း လှိုင်းဘွဲ့မြို့နယ် သရီးဖိုးကွီး ကျေးရွာအနီး၌ နအဖ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၉ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၃၄၃ နှင့် KNU တိုက်ပွဲ ဖြစ်ပွားရာ နအဖတပ်ဘက်မှ ၄ ဦး ကျဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းဒေသတွင် စစ်အစိုးရတပ် အပါအ၀င် DKBA ၊ အပစ် အခတ်ရပ်စဲထားသော ဟောင်သရော အထူးဒေသ အဖွဲ့၊ ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA) အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ အဖွဲ့များလည်း လှုပ်ရှားလျက် ရှိကြောင်း သိရသည်။

ယင်း တိုက်ပွဲနှင့် ပတ်သက်၍ စစ်အစိုးရ သတင်းစာများတွင် ယနေ့အထိ ဖော်ပြခြင်း မရှိသေးပေ။

Ref: ဧရာဝတီ်

Read More...

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ သွားမည်

သန်းထိုက်ဦး
Thursday, September 30, 2010

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြန်မာပြည်သို့ ၁ ရက်ကြာ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

မစ္စတာ အဖိဆစ်၏ ခရီးစဉ်တွင် နိုဝင်ဘာ ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ အစီအစဉ်များကို မေးမြန်းမည် ဖြစ်ကြောင်း၊ အကျဉ်းကျ ခံနေရသော နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် တိုင်းရင်းသားများ အရေးကိုလည်း တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ် အင်တာနက် သတင်းစာ မျက်နှာတွင် ယနေ့ ဖော်ပြထားသည်။

ထို့အပြင် စစ်အစိုးရဘက်က ကာလကြာရှည်စွာ ပိတ်ထားခဲ့သော နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်ရေး အတွက်လည်း မစ္စတာ အဖိဆစ်က စစ်အစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဟု သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ထိုင်းအစိုးရက ငွေမတည် စိုက်ထုတ် ပေးထားသော လမ်းဖောက်လုပ်ရေး စီမံချက် အပါအဝင် လမ်းပန်း ဆက်သွယ်ရေးနှင့် လမ်းတံတား ဆောက်လုပ်ရေး များကိုလည်း ဆွေးနွေးရန် ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်းကို ကိုးကား၍ ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

မစ္စတာ ကဆစ်က “ထိုင်းအစိုးရ အနေနဲ့ မြန်မာအစိုးရပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကပြုခြင်းနဲ့ မြန်မာနိုင်ငံရဲ့ တံခါးဖွင့် စီးပွားရေး မှုဝါဒကို လေ့လာချင်တယ်။ ကျနော်တို့ အနေနဲ့ ထိုင်းပုဂ္ဂလိက လုပ်ငန်းတွေ အတွက် ဘယ်လို ကဏ္ဍတွေက အကျိုးစီးပွား ဖြစ်မလဲ ဆိုတာရယ် စီးပွားရေး မျက်နှာစာမှာ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ဖြစ် မဖြစ် ဆိုတာတွေကို လေ့လာဖို့ စိတ်ဝင်စားပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သော တပတ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တခု၌ မစ္စတာ အဖိဆစ်က မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်သည် ယခုထက် ပိုမို၍ အားလုံး ပါဝင်နိုင်သော နိုင်ငံရေး စနစ်တခု ဖြစ်ရမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပါဝင်ခွင့် ပြုသင့်သည်ဟု ပြောကြားခဲ့သည်။

ယခုနှစ် ဇူလိုင်လကတည်းက မစ္စတာ အဖိဆစ်သည် မြန်မာပြည်သို့ သွားရောက်လည်ပတ်ရန် စီစဉ် ထားသော်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား ခရီးစဉ် အချိန်ဇယား ဆွဲရန် အခက်အခဲ ရှိသောကြောင့်ဟု ဆိုကာ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ဧရာဝတီသို့ ပြောကြားခဲ့သည်။

အလားတူပင် ၂၀၀၉ ခုနှစ်ကလည်း ထိုင်းဝန်ကြီးချုပ်သည် မြန်မာနိုင်ငံသို့ သွားရန် စီစဉ် ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ၀ီလီယံ ယက်ထောကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်း ခဲ့ရဖူးသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်၍ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို မြန်မာ အာဏာပိုင်များက ဆက်တိုက် ပိတ်ထားသောကြောင့် ကုန်စည်စီးဆင်းမှု မရှိဘဲ ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း သတင်းများအရ သိရသည်။

ထိုင်းသတင်း ဖော်ပြချက်များအရ တံတားပိတ်ထားမှုကြောင့် တရက်လျှင် ဘတ်သန်း ၁၀၀ ခန့် အထိ နစ်နာလျက် ရှိသည်ဟု ဆိုသည်။

မြန်မာက ထိုင်းသို့တင်ပို့သည့် ကုန်ပစ္စည်းတန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်းနိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ်သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

Ref: ဧရာဝတီ်

Read More...

Thursday, September 30, 2010

Regional Commands of SPDC 27 Aug 2010

September 30, 2010

Regional Commands of SPDC

Ref: ဝိမုတ္တိဘလော့

Read More...

အရှင်ပညာစာရကို နှစ်ရှည်ထောင်ဒဏ် ချမှတ်

မင်းနိုင်သူ
Wednesday, September 29, 2010

စစ်တွေမြို့ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်မှ ဆရာတော် အရှင်ပညာစာရကို စစ်တွေ ဒုတိယ ခရိုင်တရားရုံးက ထောင်ဒဏ် ၈ နှစ် ၃ လနှင့် ဒဏ်ငွေ ကျပ် ၁၀၀၀၀ စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်သည်။

“အမှုစစ်ဆေးရာမှာ ဥပဒေနဲ့ မလျော်ညီဘူး ၊ ရဲက တရားပြိုင်ပြသက်သေတွေကို ဖိအား ပေးတာတွေ ရှိတယ် ၊ အခု စီရင် ချက်ဟာလည်း တရားမျှတမှု မရှိတဲ့အတွက် ဆရာတော်ရဲ့ ရှေ့နေက တရားရုံးချုပ်အထိ ပြင်ဆင်ခွင့် တင်သွားမယ်လို့ သိရတယ်" ဟု အရှင် ပညာစာရ၏ ရှေ့နေ ဒေါ်အေးနုစိန်နှင့် နီးစပ်သူက ပြောသည်။

အရှင်ပညာစာရကို နိုင်ငံခြားငွေကိုင်ဆောင်မှုအတွက် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် ၊ ညစ်ညမ်းမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ လ ၊ သာသနာ ညိုးနွမ်းစေမှုဖြင့် ထောင်ဒဏ် ၂ နှစ် ၊ ပစ္စည်းအလွဲသုံးစား လုပ်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် နှင့် စည်ပင်အက် ဥပဒေ အရ ဒဏ်ငွေကျပ် ၁၀၀၀၀ သီးခြားစီကျခံစေရန် ဒုတိယ ခရိုင်တရားသူကြီး ဒေါ်ဝါ၀ါထွန်းက အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမှုစွဲတင်စဉ်က နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် ပုဒ်မ ၅၀၅ (ခ) နှင့် လိမ်လည်မှု ပုဒ်မ ၄၂၀ တို့ကိုပါ ထည့် သွင်း ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုပုဒ်မများကို တရားရုံးက ပယ်ချခဲ့ကြောင်း သိရသည်။

အရှင်ပညာစာရကို ဇူလိုင်လ ၂၇ ရက်နေ့တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးခဲ့ပြီး ကျောင်းတိုက်ကိုပါ ချိပ်ပိတ်ခဲ့သည်။ ထို့နောက် ဆရာတော် ထိန်းသိမ်း စောင့်ရှောက်ထားသော မိဘမဲ့ကလေး ၁၅၀ ကျော်ကိုလည်း အစိုးရပိုင် လူမှုဝန်ထမ်း ဦးစီးဌာန များသို့ ပို့ဆောင်ခဲ့သည်။

အရှင်ပညာစာရသည် စစ်တွေမြို့၊ ကန်တော်ကြီး ရပ်ကွက်တွင် မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်ကို ၁၉၉၀ ခုနှစ်က စတင် တည်ထောင်ခဲ့ကြောင်း မိဘမဲ့ ကလေးများကို လက်ခံ စောင့်ရှောက်ထားကာ ရခိုင် ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ရှာဖွေ စုဆောင်း လေ့ရှိသည့် သမိုင်း သုတေသီတဦး ဖြစ်ကြောင်း ၊ နိုင်ငံခြားသားများနှင့် ထိတွေ့ ဆက်ဆံမှုများ ရှိခဲ့ရာ အာဏာပိုင်များက သဘော မတွေ့သဖြင့် အမှုရှာ ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း မြို့ခံများက ယူဆနေကြသည်။

အရှင်ပညာစာရ၏ တရားခွင်သည် လွတ်လပ်သည့် တရားခွင် မဖြစ်ခဲ့သည့်အပြင် တရားလိုပြ သက်သေများကို တရားလို ရဲရှိရာ ရဲစခန်း အတွင်း ခေါ်ယူထားခြင်း ၊ တရားပြိုင်ပြ သက်သေများကို ရဲက ဖိအားပေး နှောင့်ယှက်ခြင်းများ ရှိခဲ့ကြောင်း အမှုကို စောင့်ကြည့် နေသူများက ပြောဆိုသည်။

ရခိုင်ပြည်နယ်မှ ကျောင်းထိုင်ဆရာတော် ၁၄ ပါးကလည်း အရှင်ပညာစာရအမှုကို ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ပေးရန် အနောက်ပိုင်းတိုင်း တိုင်းမှူးထံ ယခုလ ၇ ရက်က လက်မှတ်ရေးထိုး စာပေးပို့ ထားခဲ့သော်လည်း အကြောင်း ပြန်ကြားခြင်း မရှိခဲ့ပေ။

လတ်တလောတွင် ရခိုင်ပြည်နယ်ရှိစာသင်သားသံဃာများက ဆရာတော် လွတ်မြောက်ရေး ထပ်မံ တောင်းဆိုရန် ပြင်ဆင်နေကြ ကြောင်း သိရသည်။

မြန်မာနိုင်ငံတ၀န်းရှိ ထောင်များထဲတွင် သံဃာတော် ၂၅၇ ပါးနှင့် သီလရှင် ၆ ပါးကို နအဖ စစ်အစိုးရက ထိန်းသိမ်း ထားဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းတွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ်

Read More...

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသော စစ်ကြောင်း အပစ်ခတ်ခံရ

မင်းထက်အောင်၊ ကောင်းဝါ

တော်သလင်းလဆုတ် ၆ရက်။ စက်တင်ဘာ ၂၉၊ ၂၀၁၀။

မင်းထက်အောင်(စက်တင်ဘာ-၂၉)။ ။ ဗျုဟာမှူးတစ်ဦးအပါအဝင် ဘုရားသုံးဆူ နယ်စပ်သို့ တက်လာသော စစ်ကြောင်း တပ်ရင်း နှစ်ရင်းအား ယနေ့ နံနက်ပိုင်း၌ မိမိတို့ ပြောက်ကျား ပစ်ခတ်ခဲ့ကြောင်း KNU ကပြောသည်။

“အထိအခိုက်စာရင်းတွေ အတည်မပြုနိုင်သေးပါ၊ ကျနော်တို့တပ်ဖွဲ့ ပစ်ခတ်တာ ကတော့ သေချာတယ်” ဟု တပ်မဟာ(၆) ပြန်ကြားရေး ဌာန တာဝန်ခံ ဗိုလ်ကြီးစောထဲနေ ပြောပါသည်။

ဘုရားသုံးဆူမြို့မှ (၁၈) မိုင်ခန့်ဝေးကွာသော အပလုံရွာနှင့် မြိုင်သာယာရွာအကြားတွင် ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့သည်ဟု သိရသည်။

တဖန် ဗိုလ်ကြီးစောထဲနေက “ အဲဒီကနေနှစ်မိုင်လောက်ဝေးတဲ့ နေရာမှာလည်း မနက်(၁၁) နာရီမှာ လက်နက်ကြီး သံတွေ ငါးမိနစ်လောက် ထပ်ကြားရ ပြန်တယ်၊ ဒါပေမယ့် ကျနော်တို့ အဖွဲ့တော့ အဲဒီမှာ မရှိတော့ဘူး” ဟု ပြောသည်။

ဒေသခံမွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက အဆိုပါ သေနတ်သံများ ကြားရသော်လည်း မွန်ပြည်သစ် တပ်ဖွဲ့များနှင့် ပစ်ခတ်မှု မရှိခဲ့ဟု ဆက်သွယ် မေးမြန်းချက်အရ သိရသည်။

ထို့အတူ ယခုလ(၂၄)ရက်နေ့တွင်လည်း အဆိုပါစစ်ကြောင်းအား လေးဖိုးရွာအနီးတွင် KNU မှခြောင်းမြောင်း ပစ်ခတ် ခဲ့ရာ နအဖ ဖက်မှ တစ်ဦးထိမှန် ဒဏ်ရာ ရရှိခဲ့သည်ဟု တပ်မဟာ(၆)မှ ပြောသည်။

ထိုသို့အပစ်ခတ်ခံရပြီးနောက် ၄င်းနအဖစစ်ကြောင်းသည် ကားလမ်းအတိုင်း ခြေလျှင်မလာတော့ဘဲ တောင်ကြောများ ပေါ်မှ တဆင့် ဆက်လက် ချီတက်ခဲ့ပြန်ရာ လွယ်လွယ်နှင့် ခရီးမတွင် ဖြစ်နေသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ရှေ့တန်းစစ်ဗျူဟာ(၃)မှ ဗိုလ်မှူးကြီး တင်မောင်ထွန်းနှင့် အတူ ခလရ(၂၈၃)၊ ခမရ(၄၀၅) တပ်ရင်း နှစ်ရင်း ပါရှိလာသည်။

“နှစ်ရက်ခရီးကို တစ်ပတ်နီးပါးလောက်အချိန်ယူပြီးလာရ ကတည်းက လမ်းမှာ လုံခြုံရေးတွေ တော်တော် သတိထား နေရလို့ပါ” ဟု နယ်စပ် စစ်ရေးစောင့်ကြည့် လေ့လာသူ တစ်ဦး အကဲခတ် ပြောဆိုသည်။

အဆိုပါခလရ(၂၈၃) သည် လက်ရှိဘုရားသုံးဆူအခြေစိုက် ခလရ(၃၂) တပ်ရင်းနေရာတွင် အစားထိုး ဝင်ရောက် လာမည်ဟု စုံစမ်း သိရှိရသည်။

သတင်းမှတ်တမ်းများအရ ယင်းရတခတိုင်းစစ်ဗျူဟာမှူးများသည် ဘုရားသုံးဆူနယ်စပ်မြို့သို့ မလာရောက် နိုင်သည်မှာ (၂) နှစ်ခန့် ရှိပြီးဖြစ်သည်။

ထိုသို့ တိုင်းရှေ့တန်းစစ်ဗျူဟာမှူးတစ်ဦး ယခု အချိန်လာရောက်ခြင်းသည် ထူးခြားမှု တစ်ရပ်ဟု စစ်ရေး စောင့်ကြည့်သူများ အကဲခတ် နေကြသည်။

Ref: ကောင်းဝါ

Read More...

နိုင်ငံတကာကျောင်းများ ရွေးကောက်ပွဲအတွင်း ပိတ်ထားရမည်

ဆက်လင်း
Wednesday, September 29, 2010

မြန်မာပြည်ရှိ နိုင်ငံတကာ ကျောင်းများ (International School) များ အားလုံးကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ကာလအတွင်း ပိတ်ထားရမည်ဟု ညွှန်ကြား ထားကြောင်း သိရသည်။

နိုင်ငံတကာ စာသင်ကျောင်းများ အတွက် ပြည်ပမှ ဆရာများခေါ်ယူ ငှားရမ်းမှုကိုလည်း ရွေးကောက်ပွဲ ကာလတွင် ပိတ်ပင် တားမြစ် ထားသည်ဟု ယင်းညွှန်ကြားချက်တွင် ပါဝင်ကြောင်း ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ Myanmar International School မှ မမီးမီးက ပြောသည်။

ရန်ကုန်၊ မန္တလေးနှင့် မြန်မာနိုင်ငံမြို့ကြီးများရှိ နိုင်ငံတကာ စာသင်ကျောင်းများကို ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီ ၂ ပတ်အလို၊ အောက်တိုဘာ နောက်ဆုံးပတ် ကတည်းက စတင် ပိတ်ထားရန် ညွှန်ကြား ထားသည်ဟု မမီးမီးက ဆိုသည်။

“International School တွေက အောက်တိုဘာ လလယ်လောက်မှာ ပထမနှစ်ဝက် စာမေးပွဲ ဖြေပြီး တပတ်လောက် ကျောင်းပိတ်လေ့ ရှိတယ်။ တချို့ မပိတ်တဲ့ ကျောင်းတွေလည်း ရှိတယ်။ ဒီနှစ်တော့ အောက်တိုဘာ လလယ်မှာ ပိတ်တဲ့ ကျောင်းတွေကို ရွေးကောက်ပွဲပြီးမှ ပြန်ဖွင့်ခိုင်းတယ်။ မပိတ်တဲ့ ကျောင်းတွေကို အောက်တိုဘာ နောက်ဆုံးအပတ်မှာ ပိတ်ခိုင်းတယ်” ဟု မမီးမီးက ပြောသည်။

နိုင်ငံခြားသား ဆရာများနှင့် ပတ်သက်၍မူ လက်ရှိ ရှိပြီးသား ဆရာများအတွက် ပြဿနာ မရှိသော်လည်း ဆရာအသစ်များ ထပ်မံ ခေါ်ယူမည် ဆိုပါက ရွေးကောက်ပွဲပြီးမှသာ ခေါ်နိုင်တော့မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

နိုင်ငံတကာ ကျောင်းများသည် နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများအတိုင်း အချိန်ကိုက်ရေးဆွဲ ထားခြင်း ဖြစ်သောကြောင့် ယင်းကဲ့သို့ နှစ်ပတ်ခန့် ကျောင်းပိတ်ရသဖြင့် ကလေးများ စာသင်ကြားရေးကို အနှောင့် အယှက် ဖြစ်စေသည်ဟု Horizon နိုင်ငံတကာ ကျောင်းမှ ဆရာမ တဦးက ပြောသည်။

“သင်ရိုးတွေက ဘယ်လမှာ ဘာတွေသင်ရမယ်ဆိုတာ သူ့ဘာသာသူ ရှိပြီးသား။ နိုင်ငံခြားမှာ စာမေးပွဲ ဖြေမယ့် ကလေးတွေလည်း အချိန်ကိုက်ဖြစ်အောင် သင်ရိုးကို ရေးထားတာ။ နှစ်စ ကတည်းက ကြိုပြောရင်တော့ ကြိုပြီးပြင်ဆင်လို့ ရတာပေါ့။ အနားနီးမှ ဆိုတော့ ကလေးတွေ ကသိ ကအောက် ဖြစ်ကုန်တယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း စတင်ေ ခတ်စားလာခဲ့သော နိုင်ငံတကာ ကျောင်းများသည် ယခုအခါ ပိုမို ရေပန်း စားလာခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့ကြီးများတွင် စုစုပေါင်း ကျောင်း ၅၀ နီးပါး ရှိလာပြီဖြစ်သည်။

ILBC ၊ Horizon နှင့် International School Yangon တို့သည် မြန်မာနိုင်ငံတွင် ဈေးအကြီးဆုံး ကျောင်းများ ဖြစ်ကြပြီး ကျောင်းသား တယောက်အတွက် ကျောင်းစရိတ် ၁ နှစ်လျင် ကျပ်သိန်း ၃၀ ၀န်းကျင် ကုန်ကျသည်ဟု သိရသည်။

၂၀၀၅ ခုနှစ် နောက်ပိုင်းမှစတင်ပြီး တလလျင် ကျောင်းစရိတ် ကျပ် ၁ သိန်းဝန်းကျင်သာ ကုန်ကျသော ဈေးနှုန်းသက်သာသည့် ကျောင်းများလည်း ပေါ်ပေါက်လာခဲ့သည်။

သာမန်ထက် ၀င်ငွေရှိပြီး အစိုးရကျောင်းများ၏ ပညာသင်ကြားမှု အခြေအနေကို နားလည်သဘော ပေါက်သော မိဘများမှာ ဈေးနှုန်းသက် သာသည့် နိုင်ငံတကာ ကျောင်းများကို ရွေးချယ် လာကြသည်။

Ref: ဧရာဝတီ်

Read More...

အပစ်ရပ် “၀” နှင့် နအဖတို့ စစ်ဖြစ်မည့် အနေအထားသို့ မရောက်သေး

Wednesday, 29 September 2010

နယ်ခြားစောင့်တပ် လက်မခံသော အပစ်ရပ် “၀” ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP နှင့် ၄င်းအဖွဲ့ ခေါင်းဆောင်များ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများအား ရွှေ့ပြောင်း အပ်နှံသည့် အရေးပေါ် အနေအထား မတွေ့ရသဖြင့် “၀”နှင့် နအဖတို့ လတ် တလော စစ်ဖြစ်မည့် အရိပ်အယောင် မတွေ့ရဟု လေ့လာသူများက ယူဆကြသည် ။

လက်ရှိတွင် ပန်ဆန်းဋ္ဌာနချုပ် အပါအ၀င် “၀”နယ်မြေအတွင်း စစ်ရေး စီးပွားရေးနှင့် အခြားအခြေ အနေများ ပုံမှန်ရှိနေသေး ကြောင်း “၀” နှင့် နီးစပ်သူများက တစ်ညီ တစ်ညွတ်တည်း ပြောဆိုကြသည် ။

လွန်ခဲ့နှစ် သြဂုတ်လပိုင်းက ဖြစ်ပွားခဲ့သည့် နအဖနှင့် ကိုးကန့်တိုက်ပွဲကာလအတွင်း “၀” အဖွဲ့အတွင်း အခြေ အနေနှင့် နိုင်းယှဉ်၍ တရုတ်နယ်စပ်ရှိ “၀”နှင့်နီးစပ်သူ စီးပွားရေး သမားတစ်ဦးက ယခုလို ပြောသည် ။

“စစ်ဖြစ်မဲ့အရိပ်အယောင်တော့ သိပ်မမြင်ရသေးဘူး ၊ “၀”အဖွဲ့နဲ့ သူတို့ခေါင်းဆောင်တွေ ပိုင်တဲ့ ငွေတွေ တရုတ်ဘဏ်မှာ လာအပ်တာ ကားတွေဘာတွေ လာထားတာ မရှိသေးဘူး ၊ မနှစ်က ကိုးကန့် တိုက်ပွဲကာလက ဒီလိုမဟုတ်ဘူးလေ ၊ အပြေး အလွား ငွေတွေအပ်ကြ ပစ္စည်းတွေရွှေ့ကြ။ အခုအဲလိုမရှိဘူး ၊ သိရသလောက် ပုံမှန်ပါပဲ ” ဟု သူက ဆိုသည် ။

နအဖ၏ နယ်ခြားစောင့်ဖွဲ့စည်းရေး နောက်ဆုံး ရာဇသံကို “၀”တပ်ဖွဲ့က ငြင်းပယ်ပြီးနောက် နအဖနှင့် “၀”တပ်ဖွဲ့တို့ နှစ်ဘက် ဆက်ဆံရေး တင်းမာလာရာ “၀”တပ်ဘက်မှ စစ်ရေး အသင့် ပြင်ထားသည့်တိုင် ဒေသတွင်း ထူးခြားမှု မရှိကြောင်း စစ်ရေး/ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကလည်း ပြောသည် ။

“စစ်ရေးအရ ၀ဘက်က အသင့်ပြင်ထားတဲ့ အနေအထားပါပဲ ၊ လတ်တလောကတော့ ကားအသွားအလာ အ၀င်အထွက်နဲ့ စီးပွားရေး လုပ်ငန်းတွေက အစ အားလုံး ပုံမှန်ရှိပါတယ် ” ဟု သူက ဆိုသည် ။

သျှမ်းသံတော်ဆင့်က ရရှိသော သတင်းများအရ ဋ္ဌာနချုပ်ပန်ဆန်း၌ အရေးကြီး ပစ္စည်းများကို လွန်ခဲ့သည့်နှစ်ကိုးကန့် တိုက်ပွဲကာလ ကတည်းက ပြောင်းရွေ့ပြီး ဖြစ်ကြောင်း သိရသည် ။

သို့သော် ယခုလဆန်း ရ ရက် နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည်ခရီးစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီး နှင့် တရုတ် ခေါင်းဆောင်များ တွေ့ဆုံပြီးနောက်ပိုင်း “၀”တပ်နှင့်နအဖတို့ ထိပ်တိုက်တွေ့မည့် အနေအထားမှ အချိန် အတိုင်း အတာ တစ်ခုသို့ ရွေ့လျားသည့် အနေအထားဖြစ်ကြောင်း လေ့လာသူများက ဆိုသည် ။


Ref: သျှမ်းသံတော်ဆင့်

Read More...

ဝ တပ်က ပစ်ခတ်၍ ထိုင်းစစ်သား တဦး သေဆုံး

သန်းထိုက်ဦး
Wednesday, September 29, 2010

ထိုင်း-မြန်မာ နယ်စပ်တွင် ပြီးခဲ့သော တနင်္လာနေ့က “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သား တဦး သေဆုံးသွားကြောင်း ထိုင်းစစ်တပ် သတင်းရပ်ကွက်မှ သိရသည်။

ထိုင်း စစ်တပ် သတင်းအရ ချင်းမိုင် ခရိုင် မယ့်အိုင် မြို့နယ်အတွင်း ထိုင်း တပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးအတွက် တာဝန် ထမ်းဆောင်နေစဉ် UWSA တပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်း ပစ်ခတ်မှုသည် ည ကိုးနာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ထိုင်းစစ်သားများက မူးယစ်ဆေးဝါးများ ထည့်သွင်းလာသည်ဟု ယူဆရ သည့် ကျောပိုးအိတ်များကို သယ်ဆောင်ထားaom “ဝ”တပ်သားများထံမှ စစ်ဆေးရှာဖွေရန် ရပ်တန့်ခိုင်းခြင်းမှ စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ဆွန်ဆက် နိုင်ဥဘွန် ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းတွင် ယမန်နေ့က ဖော်ပြ ထားသည်။

ထိုပစ်ခတ်မှုတွင်လည်း UWSA တပ်သား ၂ ဦး ကျဆုံးခဲ့ပြီး တပ်သား တချို့လည်း မြန်မာဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင် သွားကြောင်း ၎င်း ဆွန်ဆက် နိုင်ဥဘွန်က ဆိုသည်။ သို့သော် အခင်းဖြစ်ပွားခဲ့သည့် နေရာတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရ မိခြင်းမရှိကြောင်း သိရသည်။

မယ့်အိုင်မြို့နယ်ရှိ အစိုးရ ၀န်ထမ်းများနှင့် ဒေသခံများထံ စုံစမ်းမေးမြန်းခဲ့ရာ ပစ်ခတ်မှု အသေးစိတ်ကို မသိရှိရသော်လည်း ထိုင်း စစ်သားတဦး သေဆုံးသွားကြောင်း ပြောဆိုသည်။ ယင်း ပစ်ခတ်သောနေ့တွင်လည်း မိုးရွာသွန်းမှုများပြား ခဲ့ကြောင်း ဒေသခံ ရွာသားများက ပြောပြသည်။

စင်တင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသား တဦးကိုလည်း စိတ်ကြွဆေးပြား ၇ သောင်း ၆ ထောင်နှင့်အတူ ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်အတွင်း ထိုင်းစစ်တပ် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး သယ်ဆောင်လာသူသည် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့နယ်ခွဲရှိ နားကောင်းမူး
ဒေသခံ ရွာသားဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဧပြီလအတွင်းကလည်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများနှင့် ထိုင်းစစ်တပ်တို့ ထိုင်း-မြန်မာ နယ်စပ်တွင် ပစ် ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေး သယ်ဆောင်သူ ၃ ဦး သေဆုံးပြီး စိတ်ကြွဆေး ၂ သိန်း ဖမ်းဆီး မိခဲ့သည်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်လုပ်နေ ကြပြီး တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံ အတွင်းသို့ သယ်ဆောင်ရောင်းချမှုများရှိကြောင်း သတင်းဖော်ပြချက်များအရ သိရ သည်။

ယခု ပစ်ခတ်မှုသည် မြန်မာ စစ်အစိုးရက နယ်စပ်တလျှောက်ရှိ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့ အစည်းများ ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေးအတွက် ဖိအားပေးသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, September 29, 2010

နိုဝင်ဘာ ရွေးကောက်ပွဲကိစ္စ နိုင်ငံခြားရေးဝန်ကြီး ကာကွယ်

ဦးကျော်ကျော်သိန်း
အင်္ဂါ, 28 စက်တင်ဘာ 2010

နိုဝင်ဘာလ ၇ ရက်နေ့ကျရင် ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ် လောင်း ၃,၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲတွေမှာ အားလုံး ပါဝင်မှုရှိတယ် ဆိုတာ ထင်ရှားနေပါတယ်လို့ မြန်မာ စစ်အစိုးရ၊ နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှား သူတွေကတော့ ဒီ ရွေးကောက်ပွဲတွေ ကနေ ဘယ်လို အပြောင်းအလဲမျိုးမှ ဖြစ်လာမှာ မဟုတ်ဘူးလို့ နိုင်ငံတကာက သိအောင် ပြောဆို လှုံ့ဆော် နေကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက အစီရင် ခံထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပနေတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက စက်တင်ဘာလ ၂၈ ရက်၊ အင်္ဂါနေ့က မိန့်ခွန်း ပြောကြားခဲ့တာပါ။ ဦးဉာဏ်ဝင်းရဲ့ မိန့်ခွန်းထဲမှာ တခြား အကြောင်းအရာတွေနဲ့ အတူ ကျင်းပမယ့် ရွေးကောက်ပွဲတွေ ကိစ္စကိုလည်း အဆုံးသတ်မှာ ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေမှာ အားလုံး ပါဝင်နိုင်ခွင့်ရှိတဲ့ အခြေအနေတွေ ဖန်တည်းပေးမထားဘူး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဝေဖန် ပြောဆို နေကြတာတွေကို မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးက ချေပ ပြောဆိုခဲ့ပုံ ရပါတယ်။ နိုင်ငံရေး ပါတီပေါင်း ၃၇ ပါတီ၊ ကိုယ်စားလှယ်ပေါင်း ၃,၀၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်တဲ့အတွက် အားလုံး ပါဝင်မှု ရှိပါတယ်လို့ သူက ဆိုပါတယ်။

“ဒီယှဉ်ပြိုင်မှု ပမာဏကိုကြည့်ရင် ရွေးကောက်ပွဲဟာ အားလုံး ပါဝင်မှုရှိတယ် ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံရေး ပါတီများ အနေနဲ့ သူတို့ရဲ့ မဲဆွယ်စည်းရုံးမှု လုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပြည်သူများ အနေနဲ့ သူတို့အတွက် ပိုမို အကျိုးပြုမယ့် ကိုယ်စားလှယ်လောင်းတွေကို စိတ်ကြိုက်ရွေးချယ်ဖို့ ဒီမိုကရေစီ အခွင့်အလမ်းများ ရရှိကြမှာ ဖြစ်ပါတယ်။”

အရင်တုန်းကလည်း မြန်မာနိုင်ငံမှာ ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိခဲ့တဲ့အတွက် အခု ရွေးကောက်ပွဲ တွေကိုလည်း အစီအစဉ်တကျ အောင်မြင်အောင် ကျင်းပသွားနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့လည်း မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးက ပြောသွားပါတယ်။ တဆက်တည်းမှာပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မယ် ဆိုတာကိုလည်း သူက အာမခံ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ အနေနဲ့ ဘယ်လို အခက်အခဲမျိုးနဲ့ ရင်ဆိုင်ရသည်ဖြစ်စေ မိမိတို့နိုင်ငံ ပြည်သူများရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ဖော်ဆောင်နိုင်မယ့် လွတ်လပ်ပြီး မျှတတဲ့ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ တနေ့ တည်းမှာပဲ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း လူ့အခွင့်အရေး ဆိုင်ရာ အခမ်းအနား တခုမှာ စကား ပြောခဲ့ကြပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွေနဲ့ အချိန်ကိုက်ပြီး ကမ္ဘာ့ ခရစ်ယာန် ဘုရားကျောင်းများ ကောင်စီက ကြီးမှူးပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ စုဝေးပွဲတခု လုပ်ခဲ့ကြတာပါ။ အဲဒီမှာ မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြောဆို ခဲ့သူကတော့ အကျဉ်းကျ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ခေါင်းဆောင် တဦးဖြစ်သူ ကိုမြအေးရဲ့သမီး မဝေနှင်းပွင့်သုန်ပါ။ သူက ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ စည်းရုံး လှုပ်ရှားရေးမှူး တဦး အနေနဲ့ စကားပြောခဲ့တာ ဖြစ်ပါတယ်။

“လူတော်တော်များများရဲ့ စိတ်ထဲမှာ သူတို့စဉ်းစားတာက ရွေးကောက်ပွဲ ပြီးတဲ့အခါကြရင် အခြေအနေတွေ အားလုံး ကောင်းသွားမယ်၊ ကျမတို့နိုင်ငံ အကုန်လုံး ကောင်းသွားမယ်လို့ ထင်ကြတယ်ဆိုတော့ သူတို့ကို အဓိကထားပြီး ပြောပြတာ ဒီရွေးကောက်ပွဲ ပြီးသွားရင် နိုင်ငံ့အခြေအနေ ကောင်းလာဖို့ ဆိုတာ လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရ ဆိုတဲ့ ဥစ္စာကို ပြောင်းလဲ သွားမယ့်ဟာ တခုက အင်္ကျီပဲ ပြောင်းလဲသွားမှာ။ စစ္အစုိးရ အက်ႌကေန အရပ္သားအက်ႌ ပြောင်းလဲရုံပဲရှိမယ်။ ဘာမှ ပြောင်းလဲဖို့ မရှိဘူး ဆိုတဲ့အကြောင်း၊ ပြီးတော့ အခြေခံ ဥပဒေမှာပါတဲ့ ဥပဒေတွေ အကုန်လုံးက နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ထဲမှာ ထည့်ထားဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမြဲ အကျဉ်းချထားဖို့ ဆိုတဲ့ဟာ ရှိပြီးသားဆိုတာ သူတို့ကို သေချာ ပြောပြခဲ့တယ်။”

မဝေနှင်းပွင့်သုန်ဟာ စက်တင်ဘာလ ၂၇ ရက်နေ့က ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့မှာ ကျင်းပခဲ့တဲ့ အတိုက်အခံ လေဘာပါတီရဲ့ ပါတီ ညီလာခံမှာလည်း မြန်မာနိုင်ငံ အခြေအနေတွေကို ပြောဆို ခဲ့ပါသေးတယ်။ အဲဒီညီလာခံမှာ သူစကားပြောပြီးတဲ့ အခါ တက်ရောက်လာကြတဲ့ ဗြိတိန် လေဘာပါတီ ခေါင်းဆောင်တွေ၊ ပါတီဝင်တွေက မတ်တပ်ရပ်ပြီး လက်ခုပ်သြဘာ ပေးခဲ့ကြပါတယ်။

ကမ္ဘာ့ ခရစ်ယာန် ဘုရားကျောင်းများ ကောင်စီကတော့ လူ့အခွင့်အရေး ကိစ္စတွေကို အဓိက ဦးတည်ချက်ထား လုပ်ဆောင်နေတဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း တခုဖြစ်ပြီး စက်တင်ဘာလ ၂၈ ရက်နေ့က ဂျီနီဗာမှာလုပ်တဲ့ အစည်းအဝေးကို ကမ္ဘာတ၀န်း ခရစ်ယာန် ဘုရားကျောင်းတွေက ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့ကြပါတယ်။ ဒီအဖွဲ့ တာဝန်ရှိသူတွေက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အားစိုက်ပြီး တွန်းအားပေး လုပ်ဆောင် သွားမယ့်အကြောင်း ကတိ ပေးခဲ့ကြတယ်လို့ မဝေနှင်းပွင့်သုန်က ပြောပါတယ်။

“သူတို့က လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လုပ်နေတဲ့အခါကြတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူတို့ အနေနဲ့ အရမ်းလည်း နားလည်မှုရှိတယ်။ ကျမတို့ စကားပြောပြီးတဲ့ အချိန်မှာ သူတို့တုံ့ပြန်တာ ဘာလဲဆိုတော့ သူတို့အနေနဲ့ အရင်က သူတို့ လုပ်သင့်သလောက် မလုပ်တဲ့ဟာကို အရမ်းဝမ်းနည်းတဲ့ အကြောင်း ကျမတို့ကို တောင်းပန်တယ်။ အဲဒီအတွက်လည်း သူတို့ ကတိပေးတယ်။ သူတို့ ရှေ့မှာ ပိုပြီးတော့ လုပ်သွားမယ်၊ ပြီးတော့ ပိုပြီးတော့ နားလည်အောင် နေ့တိုင်း ဖြစ်နေတဲ့ကိစ္စတွေ အကုန်လုံးကို သူတို့ စဉ်ဆက်မပြတ် လေ့လာပြီးတော့ နားထောင်နေမယ်၊ သတင်းမှာပဲဖြစ်ဖြစ်။ ပြီးတော့ အမြဲတမ်း လေ့လာနေမယ်၊ တခုခုလုပ်ဖို့ အမြဲတမ်း ကြိုးစားနေမယ်လို့ သူတို့ဘက်က ကတိတခုတော့ ကျမတို့ ရခဲ့တယ်။”

Burma Campaign UK အဖွဲ့က စည်းရုံး လှုပ်ရှားရေးမှူး မဝေနှင်းပွင့်သုန် ပြောသွားတာ ဖြစ်ပါတယ်။

သူနဲ့အတူ အဲဒီအစည်းအဝေးမှာ စကားပြောခဲ့သူ နောက်တဦးကလည်း Burma Campaign UK အဖွဲ့ကပဲ စည်းရုံး လှုပ်ရှားရေးမှူး တဦးဖြစ်တဲ့ မမေရီလှပါ။ သူကတော့ မြန်မာနိုင်ငံ၊ လူမျိုးစု တိုင်းရင်းသား ဒေသတွေ၊ အထူးသဖြင့် ကရင်လူမျိုးစုတွေရဲ့ ဒေသတွေမှာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဓိက ပြောခဲ့တယ်လို့ မမေရီလှက ဗွီအိုအေကို ပြောပါတယ်။

Ref: VOA News

Read More...

နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် ဘန်ကီမွန်း တိုက်တွန်း

NEJ
၂၈ စက်တင်ဘာ ၂၀၁၀

လာမည့်နိုဝင်ဘာ (၇) ရက်တွင် နအဖစစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စိုးရိမ် ပူပန်မိကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြား လိုက်သည်။

မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့မှ ၀န်ကြီးများနှင့် ပြုလုပ်သည့် ယမန်နေ့ အစည်းအဝေး အပြီးတွင် မစ္စတာ ဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် အများ ယုံကြည်လေးစားသည့် ဒီမိုကရေစီ အရပ်သား အစိုးရတရပ် ပေါ်ထွန်းသည်ကိုသာ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် လိုလားကြကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာသ တင်းတွင် ဖော်ပြထားသည်။

မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့တွင် သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ ရုရှား၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စု၊ ဗီယက်နမ်နှင့် ဥရောပ သမဂ္ဂနိုင်ငံများ ပါဝင်ကြသည်။

“မြန်မာ့မိတ်ဆွေ နိုင်ငံတွေ အားလုံးက မြန်မာနိုင်ငံမှာပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လူတိုင်းပါဝင်နိုင်တဲ့ ပွင့်လင်း မြင်သာမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ထပ်လောင်း ပြောဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ လိုအပ်တယ်လို့လည်း အားလုံးက တောင်းဆိုကြပါတယ်။ ဒီကိစ္စဟာ ရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံမှု ရရှိစေဖို့နဲ့ မြန်မာနိုင်ငံ တည်ငြိမ် ဖွံ့ဖြိုး တိုးတက်ဖို့အတွက် လိုအပ်ချက်တွေပါ” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်ခြံဝင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသူ အမေရိကန် နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို လက်ခံခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် ဥပဒေဆိုင်ရာ ပြည်တွင်း လုံခြုံရေး ဥပဒေ ချိုးဖောက်မှုဖြင့် နေအိမ် အကျယ်ချုပ် သက်တမ်း (၃) နှစ် ကျခံရန် အင်းစိန် အထူးတရားရုံးက ၂၀၀၉ ခု သြဂုတ် (၁၁) ရက်နေ့တွင် ချမှတ်ခဲ့သည်။

ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် တရားရုံးအာဏာ၏ အမိန့်ကို အုပ်ချုပ်ရေး အာဏာဖြင့် ပြင်ဆင်ကာ ထောင်ဒဏ်ကို ထက်ဝက်လျှော့ချ၍ ဆိုင်းငံ့ပြစ်ဒဏ် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ ကျခံစေရန် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ချမှတ်ခဲ့သည့် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ သက်တမ်းသည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ပြည့်မြောက်မည် ဖြစ်သည်။ ယခု ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရက် မတိုင်မီ တပတ်အလို နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါရွေးကောက်ပွဲအတွက် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝ မရှိသဖြင့် အန်အယ်လ်ဒီက ပါတီအဖြစ် မှတ်ပုံတင်ခြင်း မရှိဘဲ ရွေးကောက်ပွဲ မ၀င်ရန် ပြီးခဲ့သည့် မတ် (၂၉) တွင် ဆုံးဖြတ်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်ကလည်း သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက် လျှောက်ထားခြင်း မရှိသည့်အတွက် အန်အယ်လ်ဒီ ပါတီအား ဥပဒေအရ ဖျက်သိမ်း လိုက်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ (၁၄) ရက်တွင် ကြေညာခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင်

မျိုးဝင်းဇော်
၂၈ စက်တင်ဘာ ၂၀၁၀

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းပြုစုပုံ မမှန်ကန်ခြင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးခွင့် မရခြင်း တို့ကြောင့် ရန်ကုန်မြို့တွင်ပင် မဲပေးခွင့်မရသူ သိန်းချီ ကျန်ရစ်နိုင်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် နိုင်ငံရေး သတင်း အယ်ဒီတာများက ပြောသည်။

ပြည်တွင်းမှ ရွေးကောက်ပွဲ စောင့်ကြည့်သူတဦးက “အလုံမြို့နယ်က ဘီယာဆိုင်ကြီး တဆိုင် ဆိုပါတော့၊ သူ့မှာ နယ်က အလုပ် လာလုပ်နေတဲ့ အလုပ်သမားပေါင်း (၆ဝ) ကျော်ရှိတယ်။ စားပွဲထိုး၊ မီးဖိုချောင်၊ သန့်ရှင်းရေး၊ လုံခြုံရေး အားလုံးပါတယ်။ အဲဒီလူတွေက ဧည့်စာရင်းနဲ့ နေကြတယ်။ သူတို့တွေအားလုံး တယောက်မှ မဲပေးပိုင်ခွင့်ရှိသူ စာရင်းထဲမှာ မပါဘူး။ ဒီမှာရောက်နေတော့ သူတို့ ရပ်ရွာ မဲစာရင်းမှာလည်း မပါဘူး။ ပိုင်ရှင် သူဌေးကလည်း စီးပွားရေး လုပ်နေသူဆိုတော့ အဲဒီကိစ္စ ကော်မရှင်မှာ သွားပြောရကောင်းမှန်း မသိဘူး။ သိလည်း သွားမပြောရဲဘူး။ အလားတူ စားသောက်ဆိုင်တွေ၊ အလုပ်ရုံတွေ၊ စက်ရုံတွေ ရန်ကုန်ဧရိယာမှာ အများကြီးရှိတယ်။ ကျနော်တို့ စုံစမ်းလို့ ရသမျှ နယ်က အလုပ်လာလုပ်တဲ့ အဲဒီ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေ မဲစာရင်းထဲမှာ မပါဘူး” ဟု ပြောသည်။

စစ်အစိုးရက စက်တင်ဘာ (၂ဝ) ရက်နေ့၌ မဲစာရင်း ထုတ်ပြန်ပေးခဲ့ပြီး မဲစာရင်းတွင် မပါသည့် ပြည်သူများ အနေဖြင့် လူကိုယ်တိုင် သက်ဆိုင်ရာ ကော်မရှင်ထံသွားပြီး ပုံစံ (၃) ဖြင့် လျှောက်ထားရမည် ဖြစ်သည်။

မဲစာရင်းထဲတွင် ထည့်သွင်းပေးရန် အချိန်ကာလကို စက်တင်ဘာ (၂၆) ရက်နေ့ နောက်ဆုံး အချိန် ပေးထားသော်လည်း အမြို့မြို့ အနယ်နယ်ရှိ ရပ်ကွက် ကော်မရှင်ရုံးတို့တွင် လာရောက် လျှောက်ထားသူ မရှိသလောက်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း နိုင်ငံရေးသတင်းအယ်ဒီတာ တဦးက “အရင်ခေတ်တုန်းကဆို မဲစာရင်း မှန်မမှန် နိုင်ငံရေး ပါတီတွေက စစ်ဆေးခွင့် ရှိကြတယ်။ အခု ရွေးကောက်ပွဲ နည်းဥပဒေမှာ အဲလို ပြဋ္ဌာန်းတာမျိုး မပါဘူး။ ဒါကြောင့် ဘာလုပ်မလဲလို့ နိုင်ငံရေး ပါတီတွေကို မေးတဲ့အခါ ပါတီ (၃) ခု လောက်က မဲစာရင်းတွေကို ရွေးကောက်ပွဲ ကော်မရှင် ထံကနေ အခမဲ့ တောင်းတယ်လို့ ဖြေတယ်။ ဒါပေမယ့် ဘယ်သူမှ မရကြဘူး။ မဲစာရင်းကို ကိုယ့်ဘာသာကိုယ် ကူးပြီး စာရင်း တိုက်ဖို့ဟာလည်း လူ (၁) သိန်းလောက်ရှိတဲ့ မဲဆန္ဒနယ်မြေ တခုတည်းတင် ငွေကျပ် သိန်း (၂ဝ) လောက် ကုန်မှာမို့ ဘယ်ပါတီမှ မလုပ်နိုင်ကြဘူး” ဟု ပြောသည်။

ထို့အပြင် မဲစာရင်းတွင် မပါသည့် ပြည်သူများက မဲစာရင်းပါစေရန် အကူအညီ လာတောင်းပါက လုပ်ပေးမည်ဟု နိုင်ငံရေး ပါတီများက ကြေညာ ထားသော်လည်း (၂၆) ရက်နေ့ ကျော်သွားသည်အထိ အကူအညီ သွားတောင်းသည့်ပြည်သူ တယောက်မှ မရှိကြောင်း၊ မဲရုံတို့တွင် ကိုယ့်နာမည် ပါမပါ သွားကြည့်သည့် ပြည်သူ အလွန်နည်းကြောင်းလည်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ကလည်း တိုင်းနှင့်ပြည်နယ်အလိုက် မဲပေးပိုင်ခွင့်ရှိသူ စာရင်း၊ တနိုင်ငံလုံး အတိုင်းအတာ မဲပေးပိုင်ခွင့် ရှိသူ စာရင်းတို့ကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မလုပ်သည့်အပြင် တနိုင်ငံလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အမတ်လောင်းများနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ထုတ်ပြန်ပေးခြင်း မရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ၎င်းတို့အမည် မဲစာရင်းထဲ ပါမပါ လာရောက်ကြည့်ရှုသူ အလွန်နည်းခြင်းကြောင့် ယခု ရွေးကောက်ပွဲတွင် စိတ်ဝင်စားမှု မရှိသည်ကို ဖော်ပြနေကြောင်း ရန်ကုန်မြို့ခံ အသိုင်းအဝိုင်းက ဝေဖန် ပြောဆိုနေကြသည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, September 28, 2010

NLD အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်သွားမည်

September 27th, 2010

စစ်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ကြေညာ ထားသော်လည်း ဥပဒေ ကြောင်းအရ တရားဝင်ခြင်း မရှိသည့်အတွက် ရွေးကောက်ပွဲလွန် ကာလအထိ အဖွဲ့ချုပ်က နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှူး (၂) ဦးမိုးဇော်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီဖွဲ့စည်း တည်ထောင်ခြင်း (၂၂) နှစ်မြောက် အခမ်း အနားတွင် ပြောကြားခြင်း ဖြစ်သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဥပဒေကြောင်းအရ ဖြစ်စေ၊ ပြည်သူလူထု၏ ထောက်ခံမှု အရ ဖြစ်စေ၊ အခု လက်ရှိ အချိန်အထိ တရားဝင်ဆဲ ဖြစ်ပါတယ်၊ ဥပဒေကြောင်း အရဆိုရင် ၁၉၈၈ ခုနှစ် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံ တင်ခဲ့ခြင်းဖြစ်သလို အဲဒီ ဥပဒေမှာပါတဲ့ အချက်တွေကို ဒီနေ့အထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တစုံတရာ ချိုးဖောက်ခဲ့ခြင်း မရှိပါဘူး၊ နောက်တခု ၉၀ ရွေးကောက်ပွဲ တုန်းက အဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုကို အများဆုံးရခဲ့ပြီး အနိုင်ရခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်၊ အဲဒီရွေးကောက်ပွဲ ရလာဒ်ဟာ အခုချိန်ထိ တရားဝင်ဆဲ အသက် ဝင်ဆဲဖြစ်တယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလာဒ်ကို အကောင်အထည်ဖော်ပေးခြင်း မရှိဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းခိုင်းခြင်းသည် ဥပဒေ ကြောင်းအရ တရားမဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီရွေးကောက်ပွဲရလာဒ်ဟာ အခုချိန်ထိ တရားဝင်ဆဲ အသက်ဝင်ဆဲဖြစ်တယ်လို့ ပြောလို့ရပါတယ်၊ အဖွဲ့ချုပ်ကို ဖျက်သိမ်းဖို့ ပြောတာဟာ လူထုထောက်ခံမှု သဘောသဘာဝ အရ ဆိုရင်လည်း တရားမဝင်ပါဘူး၊ အဲဒါကြောင့် အဖွဲ့ချုပ်ဟာ ဆက်လက် ရပ်တည်ဆဲ ရှင်သန်ဆဲ ဖြစ်ပြီး လုပ်ဆောင်စရာ ရှိတာတွေကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်သူလူထုအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ချမှတ်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ဦးမိုးဇော်ဦးက တိုက်တွန်းပြောသည်။

“ပြည်သူလုထုအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အားလုံးကြားနေ မြင်နေရအတိုင်း ရွေးကောက်ပွဲကို သူတို့ ၂၀၀၈ အခြေခံ ဥပဒေအရ ပြုလုပ်တာဖြစ်တယ်၊ အဲဒီဥပဒေကလည်း အဓမ္မ အတည်ပြုထားပြီး မတရားတဲ့ ဥပဒေဖြစ်တယ်၊ အဲလိုမျိုးနဲ့ ပြုလုပ်မဲ့ ရွေးကောက်ပွဲကို လုံးဝ လက်မခံပါဘူး” ဟု ပြောသည်။

စစ်အစိုးရပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများသည်လည်း တရားမျှတမှု မရှိကြောင်း၊ နိုင်ငံရေး ပါတီများကို ဖျက်ဆီး ထားခြင်းတို့ကြောင့် ရွေးကောက်ပွဲ ရလာဒ်များသည် ယုံကြည်၍ မရကြောင်း ၎င်းက ဆက်ပြောသည်။

အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တတ်သိ ပညာရှင်များ၊ ဦးတင်ဦး ဦးဆောင်သည့် မျိုးချစ် ရဲဘော်ဟောင်းများနှင့် ဦးအောင်ကြည် ဦးဆောင်သည့် လူပုဂ္ဂိုလ်များ ပါဝင်သည့် အခြေခံ အင်အားစု သုံးရပ်ဖြင့် ဖွဲ့စည်းခဲ့သည့် နိုင်ငံရေးပါတီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက် ပွဲတွင် ပြည်သူ့ ကိုယ်စားလှယ် ၃၉၂ ဦး မဲပေး ခံခဲ့ရပြီး တရားဝင် ပြည်သူလူထုက အာဏာ အပ်နှင်းခံရသည့် ပါတီဖြစ်သည်။

Ref: ရိုးမ ၃

Read More...

နယ်ခြားစောင့်တပ်နေရာတွင် နအဖ တပ်ရင်း ၅ရင်း ရောက်ရှိနေရာယူနေ

နန်းထူးစံ
စက်တင်ဘာလ ၂၇ရက်။


ကရင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့်တပ်များသည် စစ်သင်တန်းတက်မည့် ကာလအတွင်း ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်စပ် ဒေသ နေရာများကို လက်ရှိ အချိန်တွင် နအဖ တပ်ရင်း (၅)ရင်း ရောက်ရှိလာကာ လုံခြုံရေး အတွက် နေရာ ၀င်ယူပေးနေသည်ဟု နယ်စပ် သတင်းများအရ သိရသည်။

အဆိုပါ နအဖ တပ်များသည် နယ်ခြားစောင့်တပ်များတည်ရှိရာ မြိုင်ကြီးငူဒေသများ၌ တပ်ရင်း ၃ရင်းနှင့် ကေအဲန်ယူ တပ်မဟာ (၇) ထိန်းချုပ်ခဲ့ရာ သောင်ရင်းမြစ်ကမ်း နေရာများတွင် တပ်ရင်း ၂ ရင်းဖြင့် ၀င်ရောက် နေရာယူနေခြင်း ဖြစ်ပြီး ၎င်းမှာ ယာယီ နေပေး ခြင်းသာဖြစ်ကြောင်း အမည်မဖော်လိုသူ နယ်ခြားစောင့်တပ် တပ်ရင်းမှူး တစ်ဦးက ယခုလို အတည်ပြု ပြောဆိုသည်။

သူက “စစ်တပ်တွေ ၀င်လာတယ်ဆိုတာ ဟုတ်တယ်။ မြိုင်ကြီးငူဒေသက ၃ရင်း၊ ကျနော်တို့နေတဲ့ တပ်မဟာ(၇)၊ မဲ့တရီတို့ဘက် ကို ၂ရင်း၊ အားလုံး ၅ရင်းပေါ့။ ကျနော်တို့ သင်တန်း တက်ရမယ်လေ။ သင်တန်းတက်တဲ့ အချိန်မှာ ယာယီ လာနေပေးတာပဲ။ ကျနော်တို့ သင်တန်းပြီးရင် သူတို့ ပြန်သွားမှာပါ။”ဟု ကေအိုင်စီကို ပြောသည်။

နအဖ တပ်မ(၂၂) လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ(၂၁၀)နှင့် (၂၀၃) တပ်ရင်းများသည် သောင်ရင်းမြစ် ကမ်းနံဘေးမှ နယ်ခြားစောင့် တပ်များ၏ နေရာများတွင် လုံခြုံရေး ယူပေးရန် ပြီးခဲ့သော စက်တင်ဘာ ၂၄ရက်နေ့က ရောက်ရှိ နေရာယူနေကြောင်း ကေအဲန်အယ်လ်အေ တပ်မဟာ (၇) ၏ ရုံးထိုင်မှူး ဗိုလ်မှူး စောအယ်ဆဲဆဲ က ယခုလို ပြောသည်။

သူက “ကျနော်တို့ သိရသလောက်က သူတို့(နယ်ခြားစောင့်တပ်)က သင်တန်းတက်ဖို့ သူတို့ နေရာတွေမှာ လုံခြုံရေး ယူပေးဖို့ နအဖ ခမရ (၂၁၀)၊ (၂၀၃) တို့ ရောက်လာတယ်။ ဒီမဲ့တရီဂွင် တို့၊ လယ်ဘော်ဟဲဂွင် တို့မှာပေါ့။ အင်အား ဘယ်လောက်ရှိမယ် ဆိုတာ တော့ မသိသေးဘူး။ အခု လောလောဆယ် ထူးထူးခြားခြား လှုပ်ရှားတာ မတွေ့သေးဘူး။ ရှေ့ဆက် သူတို့ ဘာအစီအစဉ်တွေ ရှိမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမယ်။”ဟု ပြောသည်။

လက်ရှိအချိန်တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ သင်တန်းရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၀ဲကလိ ကျေးရွာရှိ စစ်လေ့ကျင့် ရေးစခန်းသို့ သွားနေပြီဟု ဗိုလ်မှူးစောအယ်ဆဲဆဲက ဆိုသည်။

သင်တန်းကာလ သုံးပတ်ခန့် ကြာမြင့်မည်ဖြစ်သည့် အဆိုပါစစ်သင်တန်းကို ယနေ့တွင် စတင် ပြုလုပ်နေပြီ ဖြစ်ပြီး မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ် ၀ဲကလိ ကျေးရွာရှိ စစ်လေ့ကျင်းရေး စခန်းတွင် နယ်ခြားစောင့်တပ် တပ်ရင်း ၇ ရင်းနှင့် သထုံမြို့တွင် တပ်ရင်း ၆ ရင်းဖြင့် အုပ်စုနှစ်စုခွဲပြီး တက်ရောက် ရသည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရတပ် တပ်မ(၂၂)၏ လက်အောက်တွင် ခမရ(၂၀၁)မှ ခမရ(၂၁၀)အထိ တပ်ရင်း ဆယ်ရင်း ရှိသည်။

Ref: KIC News

Read More...

ရွေးကောက်ပွဲဝင်မည့်သူများ မျှော်လင့်ချက်မရှိဟု ဦးဝင်းတင် ပြောကြား

ရဲရင့်
၂၇ စက်တင်ဘာ ၂၀၁၀

နအဖပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့်သူများသည် သားသတ်ရုံသို့ အပို့ ခံရသည့် နွားများနည်းတူ မည်သည့် မျှော်လင့်ချက်မှ မရှိတော့ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ယနေ့ ကျရောက်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) တည်ထောင်ခြင်း (၂၂) နှစ်ပြည့် အခမ်းအနားတွင် ပြောကြား လိုက်သည်။

ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိသည့် အန်အယ်လ်ဒီပါတီကို ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီ တခုက သောင်ပြင်တွင် လွတ်နေသည့် ခွေးနှင့်တူသည်ဟု ပြောကြားခဲ့မှုကို တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေမှ ပြုလုပ်သည့် အန်အယ်လ်ဒီပါတီ တည်ထောင်ခြင်း (၂၂) ပြည့် အခမ်းအနားသို့ ပေးပို့သည့် ရုပ်သံဖိုင်တွင် ဦးဝင်းတင်က “သောင်ပြင်မှာ လွတ်တဲ့ခွေးက ကမ်းဘက်ကို ပြန်ကူး လာနိုင်တယ်၊ ဟောင်လို့ရတယ်၊ ကိုက်လို့ရတယ်၊ မာန်ဖီလို့ ရတဲ့ အခွင့်အရေးတွေ ရှိတယ်။ ရွေးကောက်ပွဲဝင်မယ့် လူတွေကတော့ သားသတ်ရုံကို အပို့ခံရတဲ့ နွားတွေလိုပဲ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး” ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသည့်အပြင် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် အဖွဲ့ အစည်းများသည်လည်း လက်ညိုးထောင် ခေါင်းငြိမ့်၊ ထားရာနေ စေရာသွား အနေအထားမှ လွဲ၍ ဘာမှဖြစ်လာမည် မဟုတ်သည့် အတွက် ပြည်သူလူထု တရပ်လုံး ၀ိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ကြရန်လည်း ဦးဝင်းတင်က တိုက်တွန်း ပြောကြားထားသည်။

စက်တင်ဘာ (၁၃) ရက်နေ့တွင် အန်အယ်လ်ဒီပါတီကို နအဖက နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်း လိုက်သော်လည်း ပါတီ မပျက်ဘဲ ဆက်လက် တည်ရှိနေမည် ဖြစ်ပြီး ပါတီမှ ချမှတ်ထားသည့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု အန်အယ်လ်ဒီ လွတ်မြောက် နယ်မြေ၏ ဥက္ကဋ္ဌ ဦးဗိုလ်သောင်းက ပြောသည်။

၎င်းက “သူ့ရွေးကောက်ပွဲဥပဒေအရ ပါတီမှတ်ပုံမတင်လို့ ဖျက်တာဖျက်ပေါ့၊ ပါတီမပျက် သွားပါဘူး။ အန်အယ်လ်ဒီဟာ (၉၀) ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူလူထု ထောက်ခံမှု အပြည့်အ၀ ရထားတဲ့ ပါတီဖြစ်လို့ နိုင်ငံတကာနဲ့ ပြည်သူတွေရဲ့ အသိအမှတ်ပြု ထောက်ခံမှုကို ရရှိနေတာ ဖြစ်တယ်။ ဆိုင်းဘုတ်ရှိမှ ရုံးရှိမှ လုပ်နိုင်တာ မဟုတ်ဘူး။ လူထုကြားမှာ နေပြီး လူထုနဲ့အတူ တိုက်ပွဲဝင်ပြီး ပါတီက ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လုပ် သွားမှာဖြစ်တယ်။ ပြည်သူကို ရာသက်ပန် စစ်ကျွန်ပြုမယ့် ရွေးကောက်ပွဲ ကိုတော့ ပြည်တွင်း အန်အယ်လ်ဒီနဲ့ အတူ လုံးဝ သပိတ်မှောက် ဆန့်ကျင် သွားမှာဖြစ်တယ်” ဟု ပြောသည်။

အခမ်းအနား သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ချုပ် (ဒီအေဘီ) ဥက္ကဋ္ဌ ပဒို စောအားတိုးက လက်ရှိ မြန်မာ့ဒီမိုကရေစီအရေး ဆောက်ရွက်ရာတွင် ပြည်သူ လူထုနှင့် ကင်းကွာ၍ မရကြောင်း သုံးသပ် ပြောကြားခဲ့သည်။

၎င်းက “ရှစ်လေးလုံးအရေးတော်ပုံမှာ ရဟန်းရှင်လူတွေ ဆန္ဒပြအုံကြွခဲ့ကြတယ်။ ဒါပေမယ့် ကျနော်တို့ ဟန်ချက် မညီခဲ့ဘူး။ ပြည်တွင်းမှာ ဘယ်လောက်ပဲဖြစ်ဖြစ် ကျနော်တို့ အပြင်နဲ့ လုံးဝ အဆက်အစပ် မရှိဘူး။ အဲဒါ ကျနော်တို့ရဲ့အားနည်းချက်။ အဲဒါကို သင်ခန်းစာ ယူရမယ်။ ဒီကနေ့ အခြေအနေ အဲလိုဖြစ်လာရင် ကျနော်တို့ ဟန်ချက်ညီဖို့လိုတယ်” ဟု ပြောကြားသည်။

ယနေ့အခမ်းအနားသို့ မြန်မာပြည်ဒီမိုကရေစီရရှိရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက် ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) တည်ထောင်ခြင်း (၂၂) ပြည့်နေ့တွင် အန်အယ်လ်ဒီ လွတ်မြောက် နယ်မြေမှ ကြေညာချက် ထုတ်ပြန်ရာ၌ ပြည်သူတရပ်လုံး သမိုင်းပေး တာဝန် တရပ် အနေဖြင့် မတရားပြုလုပ်မည့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ရန်၊ အဖွဲ့ချုပ်ကို အဘက်ဘက်မှ ၀န်းရံ ကူညီ ထောက်ခံကြရန် တောင်းဆို တိုက်တွန်းပါကြောင်း ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ခိုင်ဖြိုး ပါတီဝင် (၄) ဦး ယှဉ်ပြိုင်မည်

အောင်ထက်
၂၇ စက်တင်ဘာ ၂၀၁၀

လာမည့် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် ကိုယ်စားပြု လွှတ်တော် (၃) ရပ်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်လောင်း (၄) ဦး ပါဝင် ယှဉ်ပြိုင်မည်ဟု သိရသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မြို့တော်ဝန် ဦးအောင်သိန်းလင်း ပါဝင် အရွေးခံမည် ဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော်အတွက် ဦးအောင်ကျော်မိုး၊ ဦးမျိုးမင်းအောင်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် လောင်းမှာ ဒေါက်တာ မောင်သင်း ဖြစ်သည်ဟု ယနေ့နံနက်က ရပ်ကွက်များအတွင်း အိမ်ပေါက်စေ့ လိုက်လံ ဖြန့်ဝေသော လက်ကမ်း စာစောင်အရ သိရသည်။

တောင်ဥက္ကလာပမြို့ခံ ပြည်သူတဦးက “အခြားပါတီတွေက ရွေးကောက်ပွဲဝင်နိုင်ဖို့ မနည်း တောင့်ခံနေရတယ်။ ပြည်သူ့ ဘဏ္ဍာတွေနဲ့ ရပ်တည်နေတဲ့ ပြည်ခိုင်ဖြိုးက သူဌေးပါတီပဲ။ လက်ကမ်း စာစောင်ကို ကာလာ (၄) ရောင်၊ သုံးခေါက်ချိုး၊ ၀ူဖရီ စက္ကူအသန့်နဲ့ ရိုက်ထားတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ရန်ကုန်တိုင်း) က ထုတ်ဝေခွင့်အမှတ် နသ - ၀၁၂ ဖြင့် စောင်ရေ သိန်း (၂၀) အခမဲ့ ဖြန့်ဝေသည်လို့ ဖော်ပြထားတယ်” ဟု ဆိုသည်။

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရမည်။ ပြည်သူ့ဘ၀ ဖွံ့ဖြိုးတိုးတက်စေရမည်။ လွတ်လပ်၍ တရားမျှတ စေရမည်။ ပြည်ခိုင်ဖြိုးက အာမခံသည်ဟု အဆိုပါ လက်ကမ်း စာစောင်တွင် ဖော်ပြထားသည်။

၎င်းတို့၏ ဆောင်ပုဒ်မှာ “ပြည်သူ့ဘ၀ တိုးတက်စေရေးအတွက် ခြင်္သေ့ တံဆိပ်ဘေးက ကွက်လပ်မှာ အမှန် ( ) ပေးကြစို့” ဟု ပါရှိသည်။

မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် ယခင်က တွံတေးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက် အရွေးခံမည်ဟု သတင်းများ ထွက်ပေါ် နေခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာ (၇) ရက်နေ့က မဲဆွယ်စည်းရုံးရေး ခရီးစဉ် ပျက်ခဲ့ရသည်ဟု ပြည်ခိုင်ဖြိုး (ဗဟို) အသိုင်းအ၀ိုင်းမှ သိရသည်။

ယခုမူ မည်သည့်အကြောင်းပြချက်ဟု မသိရဘဲ ၎င်း၏ ဇာတိဖြစ်သည့် တောင်ဥက္ကလာပ မြို့နယ်အတွင်း ပြန်လည် အရွေးခံခွင့် ရခဲ့သူဖြစ်သည်။

ပြည်ခိုင်ဖြိုး (ဗဟို) ၏ ဆုံးဖြတ်မှုအရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အချို့သည် ၎င်းတို့၏ ဇာတိ မွေးရပ်မြေ များ၌ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရခဲ့ကြဟု သိရသည်။

“သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်ဆို ကျောက်ပန်းတောင်း၊ ရေစကြို မြို့နယ်သား၊ ပြည်ခိုင်ဖြိုး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် သုံးခွမြို့နယ်ကနေ ၀င်ရောက် အရွေးခံမယ်။ သာသနာရေး ဒုတိယ၀န်ကြီး သူရအောင်ကို ဆိုလည်း ကျောက်ပန်းတောင်း ဇာတိ။ အရွေးခံမှာကျ ချင်းပြည်နယ် ဖြစ်သွားတယ်” ဟု နေပြည်တော် သာသနာရေး ၀န်ကြီးရုံး ၀န်ထမ်းတဦးက ပြောကြားသည်။

လွှတ်တော် အသီးသီးအတွက် တောင်ဥက္ကလာပမြို့နယ် ကိုယ်စားပြု ပြည်ခိုင်ဖြိုးပါတီနှင့်အပြိုင် ၀င်ရောက် အရွေးခံမည့် ပါတီနှင့် ကိုယ်စားလှယ် လောင်းများမှာ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ တသီးပုဂ္ဂလများနှင့် စုစုပေါင်း ကိုယ်စားလှယ် (၁၅) ဦးခန့် ၀င်ရောက် အရွေးခံကြမည် ဖြစ်သည်။ လွှတ်တော် (၃) ရပ်လုံးတွင် ပြည်ခိုင်ဖြိုး၊ တစည ကိုယ်စားလှယ်လောင်းများ ပါဝင် အရွေးခံကြမည်ဟု မြို့ခံတို့က ဆိုသည်။

“ရွေးကောက်ပွဲ နီးလာလို့ မဖြစ်မနေ မဲပေးရမယ်ဆိုပြီး ဖိအားပေး အကြပ်ကိုင်လာရင်တော့ မပြောတတ်ဘူး။ ခုထိတော့ ရွေးကောက်ပွဲ အပေါ် ဘယ်သူမှ စိတ်မ၀င် စားကြဘူး။ ဒီထက် ဆိုးတာက ဒေသခံ အတော်များများ ဘယ်လို မဲထည့်ရမယ် ဆိုတာ မသိကြဘူး” ဟု မြို့ပေါ်ရပ်ကွက် ဒေသခံများက ဝေဖန် သုံးသပ်နေကြသည်။

Ref: ခေတ်ပြိုင်

Read More...

လွတ်လပ်ပြီး ပွင့်လင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဘန်ကီမွန်း တိုက်တွန်းဆဲ

တနင်္လာ, 27 စက်တင်ဘာ 2010

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ကို လွှတ်ပေး ရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောကြား လိုက်ပါတယ်။

“ဒီနေ့ ကျနော်တို့ဟာ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကို ကျင်းပ ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေမှုတွေကို ဆန်းစစ်ပြီး အသွင်ကူးပြောင်းရေး ချောမွေ့ အောင်မြင်ဖို့၊ အရပ်သား ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းစေဖို့၊ မြန်မာ အစိုးရနဲ့ ပြည်သူတွေကို ကူညီဖို့ သိပ်အရေးကြီးတယ် ဆိုတဲ့အကြောင်း ကျနော်တို့ ဆွေးနွေးကြပါတယ်။

“နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံး ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်တဲ့ နောင်လာမယ့်လဟာ အင်မတန် အရေးကြီးပါတယ်။ လက်ရှိ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ အားလုံးက အားပေးမှု၊ စိုးရိမ်မကင်းမှု၊ မျှော်လင့်မှုတွေ ရှိနေကြပါတယ်။ ရွေးကောက်ပွဲမှာ လူတိုင်း ပါဝင်နိုင်ဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့ ဆိုတာကို အားလုံးက ထပ်မံ ဖော်ပြကြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အထိန်းသိမ်းခံတွေ အားလုံး လွတ်မြောက်ဖို့ လိုအပ်ကြောင်းကိုလည်း အားလုံးက ဖော်ပြ ကြပါတယ်။ ဒါဟာ ရွေးကောက်ပွဲ အောင်မြင်ဖို့၊ မြန်မာနိုင်ငံ တည်ငြိမ်ဖို့၊ တိုးတက်ဖို့ အင်မတန် အခရာကျတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။

“ဒါ့အပြင် မြန်မာ့မိတ်ဆွေတွေ အားလုံးဟာ မြန်မာနိုင်ငံ ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ရေးမှာ ကူညီ အားပေးဖို့ ပူးပေါင်း ဆောင်ရွက်ကြဖို့ ဆိုတာလည်း ထပ်မံ အတည်ပြု ပြောကြားကြပါတယ်။ ကျနော့်ရဲ့ အားထုတ်မှုကို ပူးပေါင်း ကူညီကြဖို့ ပြောကြား ကြတာကိုလည်း ကျနော်က ကြိုဆိုပါတယ်။ အထူးသဖြင့် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုအပ် ပါတယ်။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ နိုင်ငံတကာရဲ့ ဆန္ဒနဲ့အညီ တုံ့ပြန် ဆောင်ရွက်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း ကျနော်က ပြောကြား လိုပါတယ်။”

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ ဆွေးနွေးပွဲအပြီးမှာ မစ္စတာ ဘန်ကီမွန်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ စုံစမ်းစစ်ဆေးမယ့် ကိစ္စနဲ့ ပတ်သက်လို့ ပြောစရာ တစုံတရာ မရှိသေးကြောင်းနဲ့ ဒီနှစ်အတွင်း မြန်မာနိုင်ငံကို သွားဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်တဲ့အတွက် ဝမ်းနည်းကြောင်းလည်း အတွင်းရေးမှူးချုပ်က သတင်းထောက်တွေကို ပြောကြား ခဲ့ပါတယ်။ ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျအပြင် တရုတ်၊ ရုရှား စတဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံ ပါဝင်ကြတဲ့ မြန်မာ့ မိတ်ဆွေနိုင်ငံများ ဆွေးနွေးပွဲဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေရာ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ မကြာခင်ကပဲ ပြီးဆုံးသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့လည်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ၀ီလီယံ ဟေ့ဂ် (William Hague) က တနင်္လာနေ့ကပဲ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေ အပေါ် ဗြိတိန်နိုင်ငံက စိုးရိမ်ကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ရွေးကောက်ပွဲမှာ အတိုက်အခံတွေ အားလုံး ပါဝင်နိုင်ရေးအတွက် နိုင်ငံတကာက အပြင်းထန်ဆုံး ဖိအားတွေပေးပြီး စစ်အစိုးရကို တိုက်တွန်း စေချင်တဲ့အကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြား ခဲ့ပါတယ်။

Ref: VOA News

Read More...

ကြံ့ဖွံ့နှင့် ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အန်ဒီအက်ဖ် ကြေညာ

မျိုးချစ်သူ
၂၇ စက်တင်ဘာ ၂၀၁၀

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီ အင်အားစု (အန်ဒီအက်ဖ်) ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၇) ဦး ပါဝင်ကြောင်း သိရသည်။

၎င်းတို့မှာ တောင်ဥက္ကလာပမြို့နယ်တွင် မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် အန်ဒီအက်ဖ်မှ ဒေါ်ကမ်းခန့်ဒိမ်း၊ ခရမ်းမြို့နယ်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိမ်းနှင့် အန်ဒီအက်ဖ်မှ ဦးကျော်သူရ၊ စမ်းချောင်း မြို့နယ်တွင် ကျန်းမာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာပိုင်စိုးနှင့် အန်ဒီအက်ဖ်မှ ဦးစိုးဝင်း၊ ဆိပ်ကြီးခနောင်တိုတွင် ဒု-မြို့တော်ဝန် ဦးမောင်ပါနှင့် အန်ဒီအက်ဖ်မှ ဦးထက်အောင်ကျော်၊ သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဦးအုန်းမြင့်နှင့် အန်ဒီအက်ဖ်မှ ဦးခင်မောင်ရည်၊ စွမ်းအင်ဝန်ကြီး ဦးလွန်းသီနှင့် ဦးတင်လင်း၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာနှင့် အန်ဒီအက်ဖ်မှ ဒေါ်သော်တာဆိုင်တို့ ဖြစ်ကြသည်ဟု အန်ဒီအက်ဖ်မှ ယနေ့တရားဝင် ကြေညာသည်။

ယနေ့ နံနက် (၉) နာရီခန့်က တာမွေမြို့နယ် ကျိုက္ကစံလမ်း၊ အလုပ်သမားဆေးရုံရှေ့တွင် ဖွင့်လှစ်သော အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (အန်ဒီအက်ဖ်) ၏ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံးခန်းဖွင့်ပွဲတွင် အဆိုပါ ကိုယ်စားလှယ် လောင်းများကို ပါတီဝင် တဦးဖြစ်သူ ဒေါက်တာမြတ်ဉာဏ်စိုးက တရားဝင် မိတ်ဆက် ကြေညာပေးခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာမြတ်ဉာဏစိုးသည် အန်ဒီအက်ဖ် ပါတီ၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ် အမှတ် (၄) တွင် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် စက်တင်ဘာ (၁၀) ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီးစည်းရုံးရေး ကော်မတီကို အဖွဲ့ဝင် (၂၀) နှင့် ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ ရွေးကောက်ပွဲအောင်နိုင်ရေး ရုံးခန်း ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် ယှဉ်ပြိုင်ရမည့် အန်ဒီအက်ဖ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ချင်းအမျိုးသမီး ဒေါ်ကမ်းခန့်ဒိမ်းက မိမိအနေဖြင့် ပြည်သူများ အပေါ် ယုံကြည်မှု ရှိကြောင်းနှင့် တောင်ဥက္ကလာပ မြို့နယ်မှ ပြည်သူတို့ကလည်း မည်သူ့ကို မဲပေးရမည်၊ မည်သူ့ကို မဲမပေးရ ဆိုသည်ကို နားလည်ကြကြောင်း ပြောကြားသည်။

၎င်းက “ကျမက အန်ဒီအက်ဖ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်တဲ့အတွက် ပြည်သူတွေ အတွက် အဓိက ဆောင်ရွက်ရမယ့်သူ ဖြစ်တယ်။ ကျမနဲ့ ပြိုင်ဘက်ကိုလည်း ကျမက စိတ်ထဲမှာ ဘယ်လိုမှ သဘောမထားဘူး။ ကျမစိတ်ထဲမှာ ပြည်သူတွေကို ကျမ ဘယ်လောက် ပေးဆပ်မလဲ ဆိုတာပဲရှိတယ်၊ ကျမကို ရွေးလိမ့်မယ်လို့ မျှော်လင့်မိတယ်” ဟု ဆိုသည်။

စမ်းချောင်းမြို့နယ်တွင် ကျန်းမာရေး ဒု-၀န်ကြီး ဒေါက်တာပိုင်စိုးက ရပ်ကွက်အတွင်းတွင် ဆေးများ လာရောက် အခမဲ့ကုသမှုများ ပြုလုပ်ကာ မဲဆွယ်နေသည်ဟု စမ်းချောင်းမြို့နယ် ပြည်သူတို့က ပြောသည်။

၎င်းနှင့်ပြိုင်ရမည့် အန်ဒီအက်ဖ်မှ ဦးစိုးဝင်းက “စမ်းချောင်းမြို့နယ်ဟာ အစဉ်အလာကောင်းရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။ ဘယ်သူက ဘာလဲ ဆိုတာပေါ့။ နိုဝင်ဘာ (၇) ရက်နေ့မှာ အဲဒါတွေကို သိရတော့မှာပါ” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် မြန်မာတနိုင်ငံလုံးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၀၅) ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း (၃၆) ဦး၊ တိုင်းဒေသကြီး လွှတ်တော်တွင် (၂၂) ဦး၊ စုစုပေါင်း (၁၆၃) ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းပါတီ၏အဓိက ရည်ရွယ်ချက်မှာ အခြေခံပြည်သူ့ရေးရာ ၀န်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်မည့် ပြည်သူ့ ရေးရာ ၀ါဒကောင်းများ ပေါ်ထွက်လာရေး၊ ပြဋ္ဌာန်းပေးနိုင်ရေး ဖြစ်ကြောင်း ယနေ့ပြုလုပ်သော ရွေးကောက်ပွဲ အောင်နိုင်ရေး ရုံးခန်း ဖွင့်ပွဲတွင် ဝေငှသော ပြည်သူသို့ ပန်ကြားလွှာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

မဲမထည့်ရင် အရေးယူမည်ဟု ကြံ့ဖွံ့နှင့် အသွင်ပြောင်းခေါင်းဆောင်များ ပြော

ခိုင်လင်း / ၂၇ စက်တင်ဘာ ၂၀၁၀

ကချင်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)နှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်း အဖွဲ့ ခေါင်းဆောင်များက ဒေသခံ လူထုအား ၎င်းတို့ကိုသာ မဲထည့်ကြရန် ခြိမ်းခြောက် စည်းရုံးလျက်ရှိသည်။

ဆွမ်ပရာဘွမ်မြို့နယ်၊ ခါတွပ်ကျေးရွာနေ ကြံ့ဖွံ့ပါတီဝင် ဦးနော်ယော် ဦးဆောင်ကာ ဒေသအတွင်းရှိ ကျေးရွာ လူထုအား မဲထည့်ရန် ပြောဆိုပြီး (၁၈) နှစ်အထက် မဲပေးနိုင်သူများ စာရင်း ကောက်နေသကဲ့သို့ မဲမထည့်ပါက အရေးယူ ခံရမည်ဖြစ်ကြောင်း ပြောဆိုနေသည်ဟု ဆွမ်ပရာဘွမ် ဒေသခံတဦးက ပြောသည်။

၎င်းက “သူက အရင်က ကြံ့ဖွံ့အတွင်းရေးမှူးလည်း ဟုတ်တယ်၊ မဲထည့်ရမယ်ဆိုပြီး ပြောဆိုနေတာက ဆွမ်ပရာဘွမ်မှာ ကြံ့ဖွံ့ပါတီ တခုတည်းပဲ ရှိတာ။ ဒါကြောင့် ထည့်ခိုင်းနေတာ။ မဲမထည့်ဘူးဆိုရင် နိုင်ငံတော်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဖျက်ဆီးတာဖြစ်လို့ အရေးယူ ခံရမယ်ဆိုပြီး ပြောနေတယ်” ဟု ပြောသည်။

နယ်ခြားစောင့်တပ်အသွင် ပြောင်းခဲ့သည့် ယခင် ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ၏ ဥက္ကဋ္ဌ ဦးဆခုန်တိန့်ယိန်းကလည်း စက်တင်ဘာ (၁၅) ရက်နေ့စွဲဖြင့် ကချင်ပြည် အထူးဒေသ (၁)၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား စည်းလုံး ညီညွတ်ရေး ကောင်စီ ထုတ်ပြန် ကြေညာချက်ဟု ခေါင်းစဉ် တပ်ထားသည့် ကြေညာချက် ထုတ်ပြန်ကာ ကြံ့ဖွံ့ပါတီ မဲထည့်ရေး လှုံ့ဆော်ခဲ့သည်ဟု အဆိုပါစာကို ဖတ်ခဲ့ရသူ တရုတ်-မြန်မာနယ်စပ် ဒေသခံတဦးက ပြောသည်။

၎င်းက “ကြေညာချက်အဓိကတော့ နိုင်ငံတော်ကို ဦးဆောင်သွားမယ့် ပြည်ခိုင်ဖြိုးပါတီကို ရွေးကောက်ပွဲမှာ ပြည်သူလူထုက မဲပေးဖို့ပေါ့။ ပြည်ခိုင်ဖြိုးနဲ့ သူ့ရဲ့မဟာမိတ်ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို မဲပေးသွားဖို့ ပြောတာ။ နောက်တခုကတော့ မဲမပေးဖို့ လှုံ့ဆော်နေတဲ့ ခရစ်ယာန် ဘာသာရေးဆရာ၊ တရားဟော ဆရာတွေကို ဖော်ထုတ် ဖမ်းဆီး အရေးယူမယ် ဆိုပြီး ရေးထားသေးတယ်” ဟု ပြောသည်။

ဦးဆခုန်တိန့်ယိန်းသည် ချီဗွေ၊ ဆော့်လော်နှင့်အင်ဂျန်းယန်မြို့နယ်များကို ကိုယ်စားပြုသည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နေရာတွင် တသီးပုဂ္ဂလ ကိုယ်စားလှယ် အဖြစ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ကိုယ်စားလှယ်နှင့် ယှဉ်ပြိုင် အရွေးခံရန် ရှိနေသည်။ ကျန်သည့် ပြည်နယ်လွှတ်တော်နှင့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နေရာများတွင် ကြံ့ဖွံ့ပါတီနှင့် သူ၏မဟာမိတ်ဖြစ်သော ညီညွတ်သောဒီမိုကရေစီပါတီ( ကချင်ပြည်နယ်) နှင့် တစညတို့ ဝင်ရောက်အရွေးခံကြမည် ဖြစ်သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) မှ ခွဲထွက်ပြီး ယခုအခါ ပြည်သူ့စစ်အသွင် ပြောင်းထားသည့် ဝိုင်းမော်မြို့နယ် ဂွေထူနှင့် လဝါးယန်ကျေးရွာ အခြေစိုက် ဌာနေ ပြည်သူ့စစ် အဖွဲ့ နာယကဖြစ်သူ ဦးလဆန်အောင်ဝါလည်း ဝိုင်းမော်မြို့နယ် မဲဆန္ဒနယ်မှ တသီးပုဂ္ဂလက ကိုယ်စားလှယ် အနေဖြင့် ဝင်ရောက် အရွေးခံရန် ရှိနေပြီး ဝိုင်းမော်မြို့နယ် ကျေးရွာများတွင် အလားတူ စည်းရုံးမှု ရှိနေသည်ဟု ဝိုင်းမော်ဒေသခံက ပြောသည်။

နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အသွင်ပြောင်း လက်နက်ကိုင်ခေါင်းဆောင်များက ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံရန် ရှိနေသော်လည်း ကေအိုင်အိုမှ နုတ်ထွက် ထားခဲ့သည့် ဒု-ဥက္ကဋ္ဌဟောင်း ဒေါက်တာ တူးဂျာ၏ ကချင်ပြည် တိုးတက်ရေး ပါတီနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တိုးတက်ရေး ပါတီတို့မှာ ပါတီထူထောင်ခွင့် မရရှိသကဲ့သို့ တသီးပုဂ္ဂလ ကိုယ်စားလှယ် အနေဖြင့် ဝင်ရောက် အရွေးခံမှု အပေါ်လည်း ပယ်ချခံခဲ့ရသည်။

Ref: ခေတ်ပြိုင်

Read More...

တောင်ဖြိုတဲ့အဘိုးအိုများ

မောင်ဝံသ
27 Sep 2010

မကြာသေးခင်က နိုင်ငံရေးပါတီတွေ ထောင်တာတို့၊ ရွေးကောက်ပွဲဝင်ဖို့ အမည်စာရင်း ပေးသွင်းတာတို့ စသည်ဖြင့် လှုပ်လှုပ်ရွရွ ပြန်ဖြစ်လာကြလေတော့ သာမန် ပြည်သူတွေလည်း နည်းနည်းတော့ ခေါင်းထောင်ကြည့် ကြသလို တွေ့ရတယ်ဗျ။

တကယ်တော့ နိုင်ငံရေးသမားဆိုတဲ့ အသုံးအနှုန်းအခေါ်အဝေါ်သည်ပင် မကြားရတာ အတော်ကြာခဲ့ပြီး ဒီဘက်ခေတ် ကျမှ ပြန်ကြားရတာပါ။

နိုင်ငံရေးသမားဆိုတာကို ရည်ရွယ်ချက်ရှိရှိနဲ့ တမင်နာမည်ဖျက်သူတွေက ဖျက်ခဲ့ကြလေတော့ အများ ပြည်သူတွေရဲ့ သာမန် အသိထဲမှာ နိုင်ငံရေး သမားဆိုတာ အခွင့်အရေး သမားတွေ အာဏာရူးသူတွေလို့ အစွဲအလမ်းကြီးနဲ့မြင်နေ ကြတာလည်း ကြာပြီ။

သည်နေရာမှာ နှစ်ပိုင်းတော့ရှိရဲ့။

အာဏာရနိုင်ငံရေး သမားတွေကို လူတွေမြင်ပုံက ရွံကြောက်စရာ သတ္တ၀ါတွေ လို့မြင်တယ်။ ရွံလည်းရွံ တယ်။ ကြောက်လည်း ကြောက်တယ်။ ရွံတယ်၊ ကြောက်တယ် ဆိုပေမယ့်လည်း ပြည်သူတွေရဲ့ အထာက ဆန်းကြယ်သားကလားဗျာ။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲလို တကယ် ရေထဲမိုးထဲ မဲပေးရပြီ ဆိုတော့ “လူတည်မြဲ မဲ သန့်ရှင်း” လုပ်ပစ် လိုက်ကြတာလည်း ပြည်သူလူထုရဲ့ အထာ အစစ်ပဲဗျ။

မြန်မာနိုင်ငံမှာ ကျင်းပပြီးသမျှလွတ်လပ်ရေးခေတ် ရွေးကောက်ပွဲတွေကိုလေ့လာရင်-
၁၉၄၇ခု တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဦးဆောင်တဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ အမတ်လောင်း တွေက တစ်ခဲနက် အနိုင်ရခဲ့တယ်။ (ခေါင်းဆောင်ပေါ် ယုံကြည်ကိုးစားမှုနဲ့ မဲပေး ခဲ့ကြတာဖြစ်တယ်)

၁၉၅၂ခု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာ ဖဆပလ တွေပဲအနိုင်ရခဲ့တယ်။ (ဖဆပလ အရှိန်အ၀ါ ကျန်နေသေးချိန်၊ အတိုက်အခံအင်အား အလွန်နည်းနေသေးချိန်ဖြစ်လို့ ဖဆပလ ကပဲ အများစု မဲနဲ့နိုင်ခဲ့တယ်)

၁၉၅၆ခု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာလည်း ဖဆပလတွေပဲ နိုင်ခဲ့ပေမယ့် အင်အားကောင်း လာတဲ့အတိုက်အခံ ပမညတ ကအမတ်နေရာ ၄၆ နေရာရသည်အထိ ခြိမ်းခြောက်နိုင်ခဲ့တယ်။ (ပမညတအား ကောင်းလာတာကို ဖြုန်သွားရာက ဖဆပလ နှစ်ခြမ်းကွဲသည်အထိ စိတ်ဝမ်းကွဲကုန်တယ်)

၁၉၆၀ ပြည့်နှစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကျတော့ အထက်မှာပြောခဲ့သလိုပဲ ပြည်သူ လူထုက မိမိတို့အပေါ် အနိုင်ကျင့်သူတွေကို ကောင်းကောင်းကြီး ပြန်လည် ဆုံးမလိုက်ကြ တာပဲဗျ။

၁၉၇၄၊ ၁၉၇၈၊ ၁၉၈၂၊ ၁၉၈၆ တစ်ပါတီစနစ် အောက်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ဆိုတာ တွေကိုတော့ ထည့်ပြော မနေတော့ပါဘူး။ အားလုံးသိတော်မူကြတဲ့ အတိုင်းပါပဲဗျာ။ ရှင်ကြီးဝမ်းလည်း ၀င်ခဲ့ရ ရှင်ငယ် ၀မ်းလည်း ၀င်ခဲ့ရ ဆိုတာ ကျွန်တော်တို့ လူမျိုးတွေရဲ့ ဘ၀ကြမ္မာ အစစ်ပါပဲဗျ။ ၁၉၈၈ ခုနှစ် နောက်ပိုင်းကျတော့-
(၁) တစ်ပါတီစနစ် နိဌိတံသွားခြင်း။ (၂) ပါတီစုံဒီမိုကရေစီ တစ်ကျော့ပြန်လာခြင်းနင့် (၃) နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ ပေါ်ထွန်းလာခြင်းတို့ဖြစ်တယ်။

ဘယ်ကိစ္စမဆို ပထမခြေလှမ်း တစ်လှမ်းစလိုက်ဖို့ပဲလိုတယ်။ တစ်လှမ်းလှမ်းပြီးရင်တော့ ကလေးလေး တွေတောင် ယိုင်တိယိုင်တိုင်နဲ့ ရှေ့ကို ဆက်လက်ပြီး လျှောက်လှမ်း သွားကြသေးတာပဲ။ ၁၉၉၀ မှာ နိုင်ငံရေးပါတီ တွေရှိခဲ့တယ်။ ရွေးကောက်ပွဲ ဆိုတာ ရှိခဲ့တယ်။ ဒါတွေဟာ ယိုင်တိယိုင်တိုင် ပထမ ခြေလှမ်း တွေပဲပေါ့။

နိုင်ငံရေးဟာ သေသွားတယ်မရှိပါဘူး။ အနှစ် ၂၀ ကြာပြီးတဲ့အခါ အခုတစ်ဖန် နိုင်ငံရေးပါတီ၊ နိုင်ငံရေး သမားနဲ့ ရွေးကောက်ပွဲ စတာတွေကို ကျွန်တော်တို့ မျက်မှောက် ပြုလာရ ပြန်တယ်။ သတင်း ဂျာနယ်တွေထဲမှာ နိုင်ငံရေး သမားများရဲ့ ရှင်းလင်း ပြောကြားချက်တွေ၊ မြန်မာနိုင်ငံရဲ့ ရှေ့ခရီးနဲ့ ပတ်သတ်တဲ့ သူတို့ရဲ့ ရှုမြင်သုံးသပ် ချက်တွေကို ဖတ်ရတယ်။ ချာတူးလန် တချို့ရဲ့ စကားတွေကို စိတ်ပျက်စရာ တွေ့ရသလို အမြော်အမြင်ကြီးမား သူတွေရဲ့ တန်းဖိုးရှိတဲ့ စကားတွေကိုလည်း လေးစားစရာ တွေ့ရတယ်ဗျာ။

ဒါဟာ တကယ်လည်းသဘာဝကျတယ်ဗျ။ နိုင်ငံရေးသမားအားလုံးဟာ လူချွန်လူမွန် တွေချည်းပဲတော့ ဘယ်ဖြစ် နိုင်ပါ့မလဲ။ ကျောင်းဆရာတိုင်း အသင်အပြကောင်း ရမယ်လို့ မပြော နိုင်သလို၊ ဆရာဝန်တိုင်း အကုအသ ကောင်းရမယ်လို့ မပြောနိုင်သလို၊ ရှေ့နေတိုင်း အလျှောက်အလဲ ကောင်းရမယ်လို့ မပြောနိုင်သလို နိုင်ငံရေးသ မားတိုင်းလည်း အတွေးအခေါ် ကောင်းရမယ်လို့ ဘယ်ပြော နိုင်ပါ့မလဲဗျာ။
သို့ပေမယ့် အဘက်ဘက်က မပြည့်စုံ တဲ့ ကြာကနေ ဇွဲနပဲကြီးစွာဖြင့် ယုံကြည်ချက်အရ နိုင်ငံရေးသမား ၀င်လုပ်နေသူ တွေကိုတော့ ကျွန်တော်တို့က အလေးပြုချင် တယ်ဗျ။

ယုံကြည်ချက်နိုင်ငံရေးသမားတွေဟာ တောတိုး လမ်းဖောက် သူတွေဖြစ်တယ်လို့ ကျွန်တော်တို့က သဘောထားတယ်။ တို့ဗမာ သီချင်းထဲက “နောင်လာနောက်သား ကောင်းစားဖို့ရာ တို့ကိုယ်ကျိုး လုံးလုံးမပါ” ဆိုတဲ့ စာသားကို သတိရမိတယ်။
သူတို့ရဲ့ စေတနာဟာ အလဟဿ တော့ မဖြစ်တန် ကောင်းပါဘူး။ စေတနာ မှန်သော ကံတရားဆိုတဲ့ စကားလည်း အရှိသားပဲ မဟုတ်လားဗျာ။

မော်စီတုန်းရဲ့ နာမည်ကျော်လက်ရွေးစဉ် ဆောင်းပါး သုံးပုဒ်ထဲက “တောင်ဖြိုတဲ့ အဘိုးအိုမိုက်” ဆောင်းပါးကို သတိရတယ်။ အဘိုးအို ယွိကုံးဟာ သူတို့လယ်မြေကို အနှောက် အယှက် ဖြစ်နေတဲ့ တောင်ကြီး တစ်တောင် ကို တူရွင်းတစ်လက်နဲ့ နေ့တိုင်း ပေါက်ပြီး ဖြိုဖို့ ကြိုးစားနေသတဲ့။
သူအကြံကို လူတိုင်းက ဟားတိုက် ကြပေမဲ့ အဘိုးအိုက ဇွဲနပဲ ကြီးစွာနဲ့ ဆက်ဖြို နေတာပဲတဲ့။
နောက်ဆုံးတော့ နတ်သိကြားတွေက အဘိုးအိုကို ၀ိုင်းကူဖြိုပေးလို့ တောင်ကြီး ပြိုသွားရောတဲ့။
မော်စီတုန်းက နိဂုံးချုပ်ပေးရာမှာ နတ်သိကြားတွေ ဆိုတာ ပြည်သူတွေပဲတဲ့။ ဇွဲကြီးတဲ့ အဘိုးအိုရဲ့ စစ်မှန်တဲ့ လုပ်ရပ်ကို သဘောပေါက် လာတဲ့အခါ ပြည်သူတွေက သူ့ကို အားပေး ထောက်ခံခြင်းဖြင့် တောင်ကြီး ပြိုသွားတာပါပဲလို့ ဆိုတယ်ဗျ။

ကျွန်တော်ကလည်း ယခုနေ ဇွဲနပဲကြီးစွာနဲ့ ယုံကြည်ချက် နိုင်ငံရေး လုပ်နေသူတွေကို “တောင်ဖြိုတဲ့ အဘိုးအိုများ” လို့ တင်စား ခေါ်ဝေါ် လိုက်ချင် ပါတယ်ဗျ။ ……………………..


မောင်ဝံသ
ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁) အမှတ် (၁၁)
၂၇ စက်တင်ဘာ ၂၀၁၀


Ref: ဟစ်တိုင်

Read More...

Monday, September 27, 2010

အပစ်ရပ်လက်မခံတဲ့အဖွဲ့ (၆) ဖွဲ့ တပ်ပေါင်းစုရေး လျှို့ဝှက်အစည်းဝေးမှာ သဘော တူညီချက်ရ

တနင်္လာ, 27 စက်တင်ဘာ 2010

စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘောမတူတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တပ်ပေါင်းစု ဖွဲ့စည်းရေးကို သဘော တူညီခဲ့ကြပါတယ်။ ကရင် အမျိုးသား အစည်းအရုံး၊ KNU အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့ရဲ့ ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လျှို့ဝှက် ကျင်းပခဲ့ပြီး တပ်ပေါင်းစု ဖွဲ့စည်းရေး သဘော တူခဲ့ကြတာပါ။ ဒီဆွေးနွေးပွဲရဲ့ အခြေအနေတွေကို စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိမ်ကို ကိုကျော်အောင်လွင်က ဆက်သွယ် မေးမြန်း ထားပါတယ်။

ကိုကျော်အောင်လွင်။ ။ ကိုနိုင်ကွန်းအိမ်ရေ… နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို သဘောမတူတဲ့ မြန်မာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ လျှို့ဝှက် အစည်းဝေး လုပ်တယ်လို့ ကျနော်တို့ ကြားပါတယ်ခင်ဗျ။ အဲဒါ ဟုတ်ပါသလား၊ သူတို့ ဘာ တွေ ပြောဆို ဆွေးနွေးကြသလဲ ဆိုတာ ကိုနိုင်ကွန်းအိမ် သိထားသမျှ ရှင်းပြပါခင်ဗျ။

ကိုနိုင်ကွန်းအိမ်။ ။ ဟုတ်ကဲ့။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း ၆ ဖွဲ့က ထိပ်တန်း ခေါင်းဆောင်တွေ ပေါ့နော်၊ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၂၄ ရက်က စပြီး စက်တင်ဘာ ၂၆ ရက် အထိပေါ့၊ ဒုတိယ အကြိမ်မြောက် ပေါ့နော်၊ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ အဲဒီ အစည်းအဝေးမှာဆိုရင် တိုင်းရင်းသား တွေနဲ့ တပ်ပေါင်းစု ဖွဲ့စည်းရေးကို အဓိက ထားပြီး ဆွေးနွေး ခဲ့တယ်ခင်ဗျ၊ ဒီ ခေါင်း ဆောင်တွေနဲ့ နီးစပ်တဲ့သူတဦးက ပြောတာကတော့ အဲဒီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ကတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမြဲတမ်း တွေ့ဆုံနိုင်ဖို့ရယ်။ ပြီးတော့ ကျစ်လျစ် သိပ်သည်းတဲ့ အဖွဲ့အစည်း ဖြစ်သွားဖို့ရယ်။ အရင်က ဆိုရင် တိုင်းရင်းသား အဖွဲ့တွေဟာ သူ့နည်း၊ သူ့ဟန်၊ သူ့ပုံစံနဲ့ပဲ နေလာခဲ့တယ်။ စစ်အစိုးရ နေပြီးတော့ နယ်ခြားစောင့်တပ် ကိစ္စ အသွင်ပြောင်းရေး လက်မခံတဲ့ အဖွဲ့ တွေအပေါ်မှာ စစ်ရေးအရ ထိုးနှက် လာမယ်ဆိုရင်လည်း ဒီ တပ်ပေါင်းစုက နေပြီးတော့ ၀ိုင်းဝန်း ကူညီ ကြဖို့ ဆွေးနွေးသွားတာ ရှိပါတယ် ခင်ဗျား။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့။ ဒါဟာ ဒုတိယအကြိမ်ဆွေးနွေးတယ်။ ပထမအကြိမ်က ဘယ်တုံး ကလဲခင်ဗျ၊ ဘယ်မှာ ဆွေးနွေးတာလဲ။ ပထမ အကြိမ်နဲ့ ဒုတိယအကြိမ် ဘာတွေ ထူးခြားပါသလဲ။

ကိုနိုင်ကွန်းအိမ်။ ။ ပထမအကြိမ်တုံးက မေလ (၂၂) ရက်နေ့မှာပေါ့နော်။ ဒီ ချင်းမိုင်မြို့မှာပဲ တွေ့ဆုံ ဆွေးနွေးခဲ့တယ်။ ပထမ အကြိမ်တုံးက ဆိုရင် သူတို့ရဲ့ သဘော တူညီချက်ကတော့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ရယ်၊ ပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့ရယ်၊ တိုင်းရင်းသားအချင်းချင်း သွေးစည်း ညီညွတ်မှုကို တည်ဆောက်ဖို့ရယ်၊ တကယ်လို့ စစ်အစိုးရကနေ စစ်ရေးအရ ထိုးနှက်မယ် ဆိုရင်လည်း အပြန်အလှန် ကူညီပေးဖို့ သဘော တူညီချက်တွေ ရယူထားတာ ရှိပါတယ်။ အခု ဆွေးနွေးပွဲဟာ ဆိုရင်လည်း ထူးခြားတာ တခု ကတော့ တိုင်းရင်းသားအဖွဲ့က ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်တွေ၊ စစ်ရေး ခေါင်းဆောင်တွေ တက် ရောက်လာတဲ့အတွက် အဲဒီ အရင်တုံးက သဘော တူညီထားတဲ့ဟာကို ပိုပြီးတော့ လေးနက်အောင် ဆွေးနွေးသွားတဲ့ သဘောလို့ မြင်ပါတယ်ခင်ဗျား။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့။ အခု ဆွေးနွေးတဲ့ ၆ ဖွဲ့ဆိုတာ ဘယ်အဖွဲ့တွေလည်း ခင်ဗျ။

ကိုနိုင်ကွန်းအိမ်။ ။ ဆွေးနွေးတဲ့အဖွဲ့ထဲမှာဆိုရင် KNU ကရင် အမျိုးသား အစည်းအရုံးရယ်၊ PNPP ခေါ် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီရယ်၊ ချင်းအမျိုးသား တပ်ဦးရယ်၊ မွန်ပြည်သစ် ပါတီရယ်၊ KIO ခေါ် ကရင် လွတ်မြောက်ရေး အဖွဲ့ရယ်၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း အဖွဲ့တို့ရယ် ပါဝင်ပါတယ် ခင်ဗျား။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့၊ တခြား ဘာများ ထူးခြားတာတွေ ပြောစရာရှိပါသေးလဲ ခင်ဗျ၊ ကိုနိုင်ကွန်းအိမ်။

ကိုနိုင်ကွန်းအိမ်။ ။ ဟုတ်ကဲ့။ တိုင်းရင်းသားတွေနဲ့ သူတို့ရဲ့ ဗျူဟာတွေတော့ မပြောင်းဘူး ခင်ဗျ။ သူတို့က ဌာနေ ပြည်သူ့စစ် အသွင်ကိုရော၊ နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ကိုရော၊ လက်နက်ချတဲ့မူကို ရော သူတို့က လုံးဝ လက်မခံဘူးဆိုတဲ့ အတွက် သူတို့က အဲဒီလို ဘုံလုပ်ငန်းစဉ်တွေကို လာညှိတယ်လို့ ထင်ပါတယ် ခင်ဗျ။ တပ်ပေါင်းစု ဖွဲ့စည်းရေး အခန်းကဏ္ဍမှာ သူတို့ ဘယ်လို လှုပ်ရှားမလဲ၊ သူတို့ ဘယ်လို ဖွဲ့စည်းမလဲ၊ စိတ်ဝင်စားဖို့ ကောင်းပါတယ် ခင်ဗျား။

ကိုကျော်အောင်လွင်။ ။ ဟုတ်ကဲ့။ ကိုနိုင်ကွန်းအိမ်၊ အခုလို ရှင်းပြတာ ကျေးဇူးတင်ပါတယ်။

Ref: VOA News

Read More...

စစ်တွေ လေဆိပ်တွင် ရဟန်းတော်များ စုဝေး၍ အာဏာပိုင်များ အင်အားပြ

9/26/2010

ရခိုင်ပြည်နယ် စစ်တွေလေဆိပ်တွင် ရန်ကုန်မှ ကြွရောက်လာသည့် ဆရာတော်ကြီး သုံးပါးအား ကြိုဆိုရန် ရဟန်းတော်များ စုဝေးပြီးနောက် အဆိုပါနေ့ ညနေပိုင်းတွင် ရဲသားများနှင့် လုံထိန်းများက ဒိုင်းကာများ၊ တုတ်များကို ကိုင်ကာ စစ်တွေမြို့ကို ကားဖြင့် ပတ်ပြီး အင်အားပြသခဲ့သည်။

မျက်မြင် တစ်ဦးက “ ရန်ကုန်ကလာတဲ့ ဆရာတော် သုံးပါးကို ရဟန်းတော်တွေက ရိုးရိုးတန်းတန်း သွားကြို ကြတယ်လေ။ အဲဒါကို အာဏာပိုင်တွေက ဘယ်လို အောက်မေ့တယ် မသိဘူး။ ဆန္ဒပြမလို့ ထင်သွားလား မသိဘူး။ ချက်ချင်း လုံခြုံရေး တပ်ဖွဲ့တွေကို ခေါ်ယူပြီး လေဆိပ်မှာ ချထား လိုက်တယ် လေ။ အဲဒီနေ့ ညနေပိုင်း ကျတော့ ရဲတွေနဲ့ လုံထိန်းတွေက ဒိုင်းကာတွေနဲ့ တုတ်တွေကိုင်ပြီး ကားတွေနဲ့ မြို့ကို ပတ်ပြီး အင်အား ပြတော့တာပါဘဲ” ဟု ပြောသည်။

စက်တင်္ဘာလ ၂၅ ရက်နေ့က စစ်တွေ လေဆိပ်တွင် စုဝေးသော ရဟန်းတော်များ ပုသိမ် ကျောင်းတိုက်မှ ဖြစ်ပြီး အဆိုပါ ကျောင်းတိုက်မှ ဆရာတော်နှင့် တခြား ဆရာတော် နှစ်ပါး ရန်ကုန်မှ ကြွလာသည်ကို စစ်တွေ လေဆိပ် သွားရောက် ကြိုဆိုခဲ့ကြသည်။

အမည် မဖေါ်လိုသူ ရဟန်းတော် တပါးကလည်း “ ရဟန်းတော်တွေက အပါး ၆၀ ခန့် ရှိပါတယ်။ ပုသိမ်ကျောင်းတိုက် ဆရာတော်ရယ်။ ရန်ကုန် မင်္ဂလာသုခ ကျောင်းတိုက် ဗုဒ္ဓ၀ံသ ကျောင်းက ဆရာတော် နန္ဒ၀ံသရယ်၊ လိုင်သာယာ ဆရာတော် ဦးပဏ္ဍိတတို့ ကြွလာတဲ့ အတွက် လေဆိပ်မှာ သာသနာ့ အလံတွေကို ထောင်ပီး သွားကြိုကြတယ်လေ။ ချက်ချင်း လုံခြုံရေး တပ်ဖွဲ့တွေကို လေဆိပ်မှာ ချထားလိုက်ပြီး လုံခြုံရေး တင်းကျပ် ထားလိုက်တယ်။ ဆန္ဒပြမယ်လို့ ထင်သွား ပုံရပါတယ်” ဟု မိန့်ကြားသည်။

အဆိုပါ ဆရာတော် သုံးပါးမှာ စက်တင်္ဘာလ ၂၆ ရက်နေ့တွင် ကျရောက်သော ပျံလွန်တော် မူသွားပြီ ဖြစ်သော ပုသိမ်ကျောင်း တိုက်ကို စတင် တည်ထောင်ခဲ့သည့် ပဓါန နာယက ဆရာတော် ဂရုဝံသ၏ ၂၉ နှစ်မြောက် အောက်မေ့ဖွယ် ပူဇာပွဲသဘင်သို့ တက်ရောက်ရန် ကြွရောက် လာကြခဲ့ကြသည့် ဆရာတော်များ ဖြစ်ကြသည်။

တခြားမြို့ခံ မျက်မြင် တစ်ဦးကလည်း “ ညနေ ၇ နာရီ လောက် ရှိမယ် ထင်ပါတယ်။ ရဲသားတွေနဲ့ လုံထိန်းတွေက ဒိုင်းကာတွေ၊ တုတ်တွေနဲ့ လမ်းဆုံတဲ့ နေရာတွေမှာ ကားပေါ်က ပြေးဆင်းတယ်။ တန်းစီပြီး ရှေ့တိုးတယ်။ နောက်ဆုတ်တယ်။ ခရာတွေ မူတ်တယ်။ ကားပေါ်ကို ပြန်ပြေး တက်သွားတယ်။ လူထုကို ခြိမ်းခြောက်ပြတဲ့ သဘော ပေါ့နော်။ ရဟန်းတော်တွေ လေဆိပ်စုရုံးတာနဲ့ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် နေ့ကလည်း နီးကပ် လာတယ် ဆိုတော့ ဆန္ဒပြပွဲတွေ ပေါ်လာရင် နှိမ်နှင်းဖို့ အဆင်သင့်ဘဲ ဆိုတဲ့ သဘော လုပ်ပြတာပေါ့” ဟု ပြောသည်။

ပုသိမ်ကျောင်း တိုက်တွင် စက်တင်္ဘာလ ၂၆ ရက်နေ့က ပြုလုပ်သော ဆရာတော် ဂရုဝံသ၏ ၂၉ နှစ်မြောက် ပူဇာ ပွဲသဘင်ကို စစ်အရာရှိ ကြီးများနှင့် ပြည်နယ် ရဲမင်းကြီးတို့ တက်ရောက် ခဲ့ကြသည်။

စစ်တွေ လက်ရှိ အခြေအနေမှာ ငြိမ်သက်နေကြောင်းနှင့် ရဟန်းတော် တချို့ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် နေ့ကို လျို့ဝှက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြသည်မှ အပ ထူးခြားမူ မရှိကြောင်း သတင်း ရရှိသည်။

Ref: နိရဉ္စရာ

Read More...

ဒီကေဘီအေဗိုလ်စောကျော်သက်အဖွဲ့အား ဖမ်းဆီးရန်စီစဉ်နေပြီ

မင်းထက်အောင်၊ ကောင်းဝါ

တော်သလင်းလဆုတ် ၃ရက်။ စက်တင်ဘာ ၂၆၊ ၂၀၁၀။

မင်းထက်အောင်(စက်တင်ဘာ-၂၆)။ ။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြဝတီရဲစခန်းကို သေနတ်ဖြင့် ဝိုင်းရံခဲ့သော ဒီကေဘီအေ ဗိုလ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင်(၂၀) ယောက် တို့အား မြဝတီရဲစခန်းမှ အမှုဖွင့်ထားကြောင်း ခိုင်လုံသော သတင်း ရပ်ကွက်များမှ သိရသည်။

“ဥပဒေနှင့်အညီသိမ်းဆည်းထားတဲ့မော်တော်ယာဉ်တွေကို လက်နက်များဖြင့် ချိန်ရွယ် လုယက်ခြင်း၊ လက်နက်များဖြင့် အများပြည်သူ အထိတ်တလန့် ဖြစ်အောင် ပြုလုပ်ခြင်း စတဲ့ ပုဒ်မတွေနဲ့ အမှု ဖွင့်လိုက်တယ်” ဟု ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

စက်တင်ဘာလ(၂၃) ရက်နေ့တွင် ဒုရဲအုပ်စိုးနိုင်ဝင်းမှ တိုင်တန်းသဖြင့် မြ၀တီ ရဲစခန်း၌ အမှုဖွင့်လှစ်ပြီး ရဲအုပ် စခန်းမှူး အောင်မျိုးလွင် စစ်ဆေး ဆောင်ရွက်လျှက် ရှိသည်ဟု သိရသည်။

သို့ရာတွင် ဗိုလ်စောကျော်သက်သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ အသနားခံစာ တင်ခဲ့သော်လည်း တိုင်းမှူးမှ လက်မခံဟု သိရသည်။

“ဒီကိစ္စမှာပါတဲ့ဒီကေဘီအေအဖွဲ့တွေကိုလည်း ဆင့်ခေါ်ထားတယ်၊ ကားတွေကိုလည်း ပြန်မပေးတော့ဘူး၊ နောက်အခါ ဒီလို ပြဿနာမျိုး ထပ်ဖြစ်ရင် ပစ်မိန့်ရထားပြီ”လည်း မြဝတီ အာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့(၁၂) တပ်ရင်း တပ်အသွင်ပြောင်းလဲခဲ့ပြီးသော်လည်း လက်ကျန်ဒီကေဘီအေ တပ်ဖွဲ့ဝင် အများအပြား ကျန်ရှိ နေသေးသဖြင့် ၄င်းတပ်ဖွဲ့များ ရပ်တည်ရေးအတွက် ဘဏ္ဍာငွေများ လိုအပ်နေသည်ဟု သိရသည်။

ဒီကေဘီအေရပ်တည်ရေးအတွက် ရံပုံငွေများရှာဖွေရေးလုပ်ငန်းတွင် ထိုင်းနယ်စပ်မှဇိမ်ခံကားများအား အာဏာပိုင် များနှင့် နားလည်မှု ရယူကာ ပြည်တွင်းသို့ ပို့ဆောင်ပေးခဲ့သည်မှာ ဆယ်စုနှစ်ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့်စက်တင်ဘာလ(၂၁)ရက်နေ့ ညနေပိုင်းတွင် မြ၀တီခရိုင်ရဲတပ်ဖွဲ့မှူး ရုံးရှေ့သို့ ဗိုလ်စောကျော်သက် ဦးဆောင်အဖွဲ့မှ လက်နက် မျိုးစုံ ကိုင်ဆောင်ကာ ၄င်းရက်ပိုင်းအတွင်း သိမ်းဆည်းထားသော ဒီကေဘီအေ မော်တော်ယာဉ်များ ပြန်လည် တောင်းယူရာမှ အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဗိုလ်စောကျော်သက်အဖွဲ့လှုပ်ရှားမှုအား စစ်အစိုးရတပ်ဖွဲ့မှ အနီးကပ်စောင့်ကြည့် နေသည်ဟု သိရသည်။ ထို့အပြင် မြဝတီမြို့ပေါ်ရှိ မြင့်မားသော တိုက်တာ အဆောက်အဦးများပေါ်တွင်လည်း စစ်အစိုးရတပ်ဖွဲ့များ နေရာယူထား မျက်မြင် တွေ့ရှိသူများ ဆက်သွယ် ပြောကြားချက်အရ သိရသည်။

အဆိုပါဖြစ်ရပ်သည် ပြီးခဲ့သည့်လတွင် ကရင်နယ်ခြားစောင့်တပ်များဖွဲ့စည်းအပြီး စစ်အစိုးရနှင့် ဒီကေဘီအေ အကြား ပထမဆုံး အကြိမ် ဖြစ်ပေါ်ခဲ့သော တင်းမာမှုကြီး ဖြစ်သည်။

နောက်ဆုံးဝင်ရောက်လာသောသတင်းအရဆိုပါ ဗိုလ်စောကျော်သက်အဖွဲ့သည် ၎င်းစခန်းမှ ယနေ့ နံနက်ပိုင်းတွင် အခြား တနေရာသို့ တိမ်းရှောင်သွားသည်ဟုသိရသည်။

Ref: ကောင်းဝါ

Read More...

အသတ်ခံကျောင်းသား ဈာပန လုံခြုံရေး တင်းကျပ်

မအေးအေးမာ
စနေ, 25 စက်တင်ဘာ 2010

ဟင်္သတာမြို့က တက္ကသိုလ်တခုမှာ မနေ့ညက ကျောင်းသားနဲ့ အရပ်သားလူငယ်တွေ စကားများ ရန်ဖြစ်ရာကနေ ဘူမိဗေဒ တက္ကသိုလ် ကျောင်းသားတဦး သေဆုံးသွားခဲ့ပြီး ၂ ဦးက အပြင်းအထန် ဒဏ်ရာ ရရှိသွားပါတယ်။ ဒီသေဆုံးမူကြောင့် အာဏာပိုင်တွေက ဆူပူမူ ထပ်ဖြစ်မှာစိုးရိမ်ပြီး လုံခြုံရေး အပြည့်နဲ့ ဈာပနကို အလျင်အပြန် ပြုလုပ်လိုက်တဲ့ အတွက် ကျောင်းသားတွေနဲ့ မြို့ခံတွေကလည်း ဘ၀င် မကျမူတွေ ဖြစ်နေပါတယ်။ ဒီအခြေအနေကို ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက သတင်း ပေးပို့ထားပါတယ်။

သေဆုံးသူကတော့ အင်္ဂပူမြို့နယ် ညောင်ကျိုး ကျေးရွားက ဖြစ်ပြီး ဟင်္သတ တက္ကသိုလ် ဘူမိဗေဒ ပထမနှစ် ကျောင်းသား အသက် ၂၁ နှစ်အရွယ် မောင်အောင်သူ ဖြစ်ပါတယ်။ ဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး ဈာပနကို လိုက်ပါပို့ဆောင်ခံသူ မြို့ခံတဦးက အခုလို ပြောပြပါတယ်။

“ဘူမိဗေဒ ပထမနှစ်ကျောင်းသားလေး၊ အဲဒီကောင်လေး သေသွားတယ်။ သေသွားတာကတော့ ခေါင်းမှာ ထိုးမိသွားတယ်။ အခု လောလောဆယ် ဆေးရုံ တင်ထားတာက အူပွင့်သွားတဲ့ ကောင်လေး တစ်ယောက် ရှိတယ်။ နောက်တခါ ခါးမှာ နှစ်ချက် အထိုး ခံထားရတဲ့ ကောင်လေး တစ်ယောက်။ ဖြစ်ပွားတာကတော့ တက္ကသိုလ်ဘက်က အဆောင်တစ်ခုမှာ သူတို့ ဂစ်တာ သွားတီးကြတယ်၊ ဒီ ဓါးနဲ့ သွားထိုးကြတဲ့ ကောင်လေးတွေက အထိုးခံရတဲ့ ကောင်လေးတွေ ဖြတ်သွားတော့ သူတို့က ဆဲတယ်ပေါ့။ ဆဲတော့ ဟိုကောင်လေးတွေက ဘာလို့ဆဲတာလဲပေါ့။ ဘာမှမဆိုင်ဘဲနဲ့ သူတို့ကို ဆဲစရာ မလိုဘူးလို့ ပြောတော့ သူတို့က ၀ိုင်းထိုးတော့ ထွက်ပြေးတော့ အမျိုးသမီး အဆောင်ထဲအထိ ထွက်ပြေးတယ်တဲ့။”

အခု သေဆုံးမူ ဖြစ်သွားပြီးတဲ့နောက်မှာတော့ အလောင်းကို ဟင်္သတဆေးရုံရဲ့ နောက်ပေါက်ကနေ ထုတ်ပြီး တင်းတိုး သင်္ချိုင်း ကို ပို့ဆောင်ခဲ့ရာမှာ လုံခြုံရေးတွေ အပြည့်ချပြီး ဆူပူမဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“အထက်တန်းရှေ့နေတဦးပါတယ်။ မြို့မိမြို့ဖထဲက တယောက် ပါတယ်ပေါ့ဗျာ။ အဲဒီတော့ သူတို့ လူကြီး အသိုင်းအ၀ိုင်း နဲ့လည်း ပတ်သက်နေတယ်။ နောက်ပြီးတော့ သူတို့ကျန်တဲ့ ကျောင်းသားတွေ ဘက်ကလည်း သေသွားတဲ့ ကျောင်းသားရဲ့ သူငယ်ချင်းလေးတွေ ကလည်း မခံချင်လို့ တခုခုဖြစ်မှာ စိုးတဲ့ အပိုင်းလေးတွေ ပါမှာပေါ့။ ကျနော်တို့ ရဲစခန်းကတော့ မင်းကြီး ကိုယ်တိုင်ပါတယ်။ နအဖ က SB အကုန်လုံးတော့ လုံခြုံရေးနဲ့ လိုက်ပို့တာပဲ။ အာဏာပိုင် အဖွဲ့အစည်းကတော့ ကျောင်းက ဆရာ ဆရာမတွေကရော တခုခု သူတို့ တာဝန် ဖြစ်လာမှာစိုးတဲ့ အပိုင်းတွေ ပါမှာပေါ့။ အခုအသုဘချတဲ့ လမ်းကြောင်းမှာတောင် ဆရာဆရာမတွေကို ငါးယောက်တစ်တွဲ စီခိုင်းပြီးတော့မှ သယ်သွားတာကိုး။”

အမူမှန် ဖြစ်ပေါ်စေရေးအတွက် တရားခံတွေကို သေချာအရေးယူမူတွေ လုပ်သင့်ကြောင်း ကိုလည်း မြို့ခံတွေက ပြောပါတယ်။

“ဒီအမှုကို ကိုယ်လည်းပဲ မဖြစ်စေချင်ဘူး။ သူတို့ကျူးလွန်တဲ့ ပြစ်ဒဏ်ကို အတိအကျ ခံစေချင်တယ် ဒီကလေးတွေကို။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က တက္ကသိုလ် နယ်မြေက အကြမ်းဖက် နယ်မြေလို ဖြစ်သွားမှာ စိုးတာလည်း ပါတယ်။ နောက်ပြီးတော့ အခုလုပ်တဲ့ ကလေးတွေကလည်း နောင်ကို ဒါမျိုးတွေ လုပ်သွားမှာကို အရမ်းစိုးရိမ်တယ်။ အဲဒါကတော့ ကျနော်တို့ ရုံးတင် လိုက်တဲ့အခါမှာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့် ရဦးမှာပေါ့။ ကျန်တဲ့မြို့ခံတွေ စိုးရိမ်နေတာက ကျနော်တို့ဆီမှာ ရာဇ၀တ်မှုတွေ ဖြစ်တိုင်းဖြစ်တိုင်း ရဲကတော့ တင်လိုက်တာပဲ ရုံးကို။ ရုံးကိုရောက်သွားရင် ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ ရာဇ၀တ်မှုတွေက ပီပီပြင်ပြင်ဖြစ်တာ မခံရဘဲနဲ့ ဖြစ်သွားတဲ့ သာဓကတွေ ရှေ့မှာ ရှိထားတော့လေ၊ ဒီကလေးလေးကို သနားတာလည်း တစ်ကြောင်းပေါ့လေ။ အဲဒီလိုဖြစ်မှာလည်း စိုးတယ်။”

မြို့ခံတွေကတော့ နေခင်း ၂ နာရီလောက်က ဈာပနမှာ လုံခြုံရေး အများအပြား ချထားမူနဲ့ပတ်သက်ပြီး မလိုအပ်ဘဲ လုပ်ထားတဲ့ အကြောင်း မိသားစုရဲ့ ဆွေးမျိုးသားချင်းတွေကို စုံအောင်မစောင့်ဘဲ ချက်ချင်း သဂြုင်္ိဟ်မှုတွေ လုပ်ခဲ့တဲ့ အကြောင်း မကျေမနပ် ပြောဆို နေကြပါတယ်။

“လုံခြုံရေးအပေါ်မှာတော့ မြို့ခံတွေက ဒီမှုခင်းမဖြစ်ပွားခင်ကတည်းက မှုခင်းအရာရှိတွေက ထိန်းသိမ်းစရာ ရှိတာတွေ မထိန်းသိမ်းဘဲ အခုလို ဖြစ်ခါမှ လုပ်တော့ ရုပ်ပျက် တယ်ပေါ့ဗျာ။ ဒါက နိုင်ငံရေး အမှုအခင်းထဲမှာလည်း မပါဘဲနဲ့ ကျောင်းသား သေတာကို ဒီလောက်တောင် သူတို့ ရုပ်ပျက်ဆင်းပျက် လုပ်စရာ မလိုဘူးပေါ့ဗျာ။”

ဒီကိစ္စနဲ့ပတ်သက်ပြီး တရားခံတွေကို အရေးယူ ဆောင်ရွက်မူတွေ လုပ်ခြင်းရှိမရှိကို သိရှိနိုင်ဖို့ ဟင်္သတ ရဲစခန်းကို ဆက်သွယ် မေးမြန်းတဲ့အခါ ပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

Ref: ခေတ်ပြိုင်

Read More...

Sunday, September 26, 2010

မြေအောက် လူငယ်များ မဟာမိတ်ဖွဲ့

ဆလိုင်း ဟံသာစန်း
စနေနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲကို ဝိုင်းသပိတ်မှောက်ရန် ၂ဝဝ၇ ဗကသ အဖွဲ့ချုပ် အပါအဝင် မြေအောက် ကျောင်းသား လူငယ် အဖွဲ့ ၅ ဖွဲ့ ရန်ကုန်တွင် မဟာမိတ် ဖွဲ့ခဲ့ကြသည်။

၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်နေသည့် ၂ဝဝ၇ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ New Generation ၊ Saffron Generation ၊ မြေလတ် ကျောင်းသားများ အဖွဲ့နှင့် ရန်ကုန်တိုင်း အတွင်း ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားနေသူ ကျောင်းသား လူငယ်များ အဖွဲ့တို့ ယခင်လ ၈ ရက် ရှစ်လေးလုံး ၂၂ နှစ်မြောက်နေ့တွင် လျှို့ဝှက် မဟာမိတ် ဖွဲ့ခဲ့သည် ဆိုသည်။

“အဓိက ဖွဲ့ရတဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်မြှင့် လုပ်သွားဖို့ပါ။ ရွေးကောက်ပွဲ ကာလ မတိုင်မီကနေ ပြီးတဲ့အထိ ဘယ်အချိန်မှာ ဘာတွေလုပ်မယ် ဆိုတာ အစီအစဉ်တွေ ဆွဲပြီးသွားပြီ” ဟု လူငယ် မဟာမိတ်အဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက မဇ္ဈိမကို ပြောသည်။

၎င်းတို့အစုအပေါင်းတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မြစ်ကြီးနား၊ မိုးကုတ်၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့မှ ကျောင်းသား လူငယ် ၂ဝဝ ကျော် ပါသည် ဆိုသည်။

အရင်အပတ်က ရွှေဝါရောင်တော်လှန်ရေး ၃ နှစ်လည်အဖြစ် ရွေးကောက်ပွဲမဲမပေးရန် လှုံ့ဆော်သည့် ကြွေးကြော်သံ ပို့စကဒ် ၁,ဝဝဝ ကျော်ကို ရန်ကုန် စာတိုက်ပုံးများမှတဆင့် မြို့နယ်အသီးသီးရှိ အစိုးရရုံးများ၊ လုပ်ငန်းရှင်များထံသို့ ပို့ခဲ့သေးသည်ဟု ပြောသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီရွေးကောက်ပွဲကို မထောက်ခံကြပါနဲ့။ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေ အားလုံးဟာ ရုပ်သေးပါတီတွေ ဖြစ်လာပြီ။ ပြည်တွင်းပြည်ပ ပြည်သူတွေ၊ တပ်မတော်သားတွေ၊ ရဟန်းရှင်လူတွေ ဒီပါတီတွေကို မထောက်ခံကြဖို့ တောင်းဆို ချင်ပါတယ်”ဟု အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

Ref: မဇ္ဈိမ

Read More...

နယ်ကျော်ရင် ပစ်မည့် မွန်ပြည်သစ်

ကိုဝိုင်း
စနေနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဒေသတွင်း နအဖတပ်များ ဝင်လာလျှင် ပစ်ခတ်ရန် အမိန့် ပေးထားကြောင်း မွန်စစ်ရေး အကြံပေး ဗိုလ်မှူးကြီး ကောင်းရွတ် (ငြိမ်း)က ပြောသည်။

အပစ်ရပ် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ သုံးရက်ကြာ အစည်းအဝေးအပြီး ပစ်မိန့် ထုတ်ခဲ့သည်။

“သတ်မှတ်ထားတဲ့ အခြေချ ဧရိယာ ၅ မိုင် ပတ်လည်ထဲကို အကြောင်းမကြားပဲ ဝင်လာရင်တော့ ပစ်လို့ အမိန့် ပေးထားတယ်” ဟု ဗိုလ်မှူးကြီး ကောင်းရွတ်က ဆိုသည်။

“လက်ဦးမှု ယူတဲ့သဘောနဲ့ အထက်ကို ပြန်မမေးနဲ့၊ သတင်းမပေးပဲ ဝင်လာရင် ကိုယ့်ကို ရန်ရှာတဲ့ သဘောဆိုတော့ ပစ်မိန့်ပေးတဲ့ သဘောပါ” ဟုလည်း ဆိုသည်။

အပစ်အခတ် ရပ်ရေး ဆွေးနွေးစဉ်က မွန်ပြည်နယ် ဂျိုင်းမြစ်ဘေး ကော့ဘိန်းရွာအနီးမှ မင်းရွာ၊ ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် အင်းခွရွာ၊ ထားဝယ်ခရိုင် ထိုင်းနယ်စပ်အနီး ပင်းချောင်းဖျားရွာ စသည့် အခြေချ ဧရိယာ ၁၄ နေရာခန့် သတ်မှတ်ခဲ့သည်။ ယင်းရွာများအနီး ၅ မိုင် ပတ်လည်ကို မွန်ပြည်သစ် အပိုင်အဖြစ် ယေဘုယျ နယ်စပ် သတ်မှတ်ထားသည်။

အင်အား ၇,ဝဝဝ ကျော်ရှိ မွန်ပြည်သစ်ပါတီနှင့် ၁၉၉၅ တွင် အပစ်ရပ်စဲရေးဆွေးနွေးစဉ်က မပါသည့် နယ်ခြား စောင့်တပ်၊ ဌာနေ ပြည်သူ့စစ် အဖြစ် ပြောင်းလဲရန် စစ်အစိုးရ အဆင့်ဆင့် ဖိအားပေးမှုကို အာခံသဖြင့် အရှေ့တောင်တိုင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ် သက်နိုင်ဝင်းက လက်နက်မစွန့်လျှင် သောင်းကျန်းသူ အဖြစ် သတ်မှတ်မည်ဟု ယခုလဆန်းက ခြိမ်းခြောက်ခဲ့သည်။

မွန်ပြည်သစ်က နအဖ၏ ဖိအားပေးမှုများကို တခုမှလက်မခံပဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့်သာ ဖြေရှင်းလိုပြီး နောင် တက်လာမည့် အစိုးရနှင့် ဆက်စကားပြောသွားမည်ဟု တုံ့ပြန်ထားသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း လက်မခံပေ။

ယင်းနောက်ပိုင်း စစ်အစိုးရဘက်မှ မွန်ပြည်သစ်ဘက်က ခရီးသွားလိုလျင် အကြောင်းကြားရမည် ဟု တင်းကျပ် လာသောကြောင့် စစ်ရေး သံသယဖြင့် ယခုကဲ့သို့ ပစ်မိန့်ပေးရကြောင်း အငြိမ်းစား မွန်ဗိုလ်မှူးကြီးက ပြောသည်။

မွန်ပြည်သစ်ပါတီ မော်လမြိုင်ရုံးများ၌ ခရိုင် ကော်မတီဝင်နှင့် ရုံးအကူ အချို့သာရှိပြီး ကျန်ရုံး အဖွဲ့သားများကို “ပြန်ရုပ်” ထားပြီး ဖြစ်သည်။

မွန်ပြည်သစ် နယ်မြေတွင် ‘ရေး’ အခြေစိုက် စကခ ၁၉ လက်အောက်ခံ တပ်ရင်း ၁ဝ ရင်း၊ သထုံ အခြေစိုက် အမြောက်တပ်မ ၆ဝ၆ လက်အောက်ခံတပ်ရင်း ၅ ရင်းရှိသော်လည်း ထူးခြားသည့် လှုပ်ရှားမှု မရှိသေးဟု သိရသည်။

စစ်အစိုးရက အပစ်ရပ် အဖွဲ့များကို ၂ဝဝ၈ ဧပြီမှစ၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအား ပေးခဲ့သော်လည်း အပစ်ရပ် ၁၇ ဖွဲ့မှ ကချင်ပြည်နယ် အထူးဒေသ (၁)-NDAK၊ ကယားပြည်နယ် အထူးဒေသ (၁)-ကလလတ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၁)- ကိုးကန့် ကဲ့သို့ အဖွဲ့ငယ်များသာ ပြောင်းသွားခဲ့သည်။

KNU ခွဲထွက် DKBA မကြာမီက အသွင်ပြောင်းသွားသော်လည်း အင်အားကောင်းသည့် ဝ’ ပြည် သွေးစည်း ညီညွတ်ရေးတပ် UWSA ၊ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နှင့် မွန်ပြည်သစ် ပါတီတို့ကို မပြောင်းလဲ နိုင်သေးပေ။

နအဖက KIO အဖွဲ့ဝင်များ ခရီးသွားလိုလျှင် ခွင့်ပြုချက် ကြိုတင်ယူရမည်ဟု ကန့်သတ်လိုက်သကဲ့သို့ KIO ကလည်း နအဖတပ်များ ၎င်းတို့ နယ်မြေတွင်း ကြိုတင် အကြောင်းမကြားပဲ ဖြတ်ပါက ပစ်ခတ်ရန် အမိန့်ပေးထားသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့