..............................

Friday, September 23, 2011

မြန်မာ့ ပြုပြင်ပြောင်းလဲရေး အမေရိကန် သတိထား စောင့်ကြည့်

ဒေါ်ခင်မျိုးသက်
ကြာသပတေး, 22 စက်တင်ဘာ 2011

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တွေ့နေရပြီ ဆိုပေမဲ့ ဒီအပြောင်းအလဲတွေက အချိန်မရွေး နဂို လမ်းကြောင်း ဘက်ကို ပြန်လှည့် သွားနိုင်တာမို့ နီးနီးကပ်ကပ် စောင့်ကြည့်ဖို့ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးမှာ သတင်းထောက် တွေကို ပြောကြား လိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး အပါအ၀င် အပြောင်းအလဲတွေ လက်တွေ့ ဖော်ဆောင်ဖို့ လိုသေးတာကြောင့် မြန်မာအစိုးရကို ဆက်ပြီး ဖိအား ပေးသွားမယ် လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ် အရေးယူနေတဲ့ အမေရိကန် အစိုးရက တိုက်ရိုက် ဆွေးနွေး ဆက်ဆံတဲ့ မူဝါဒကိုပါ ချမှတ်ထားပြီး ဒီလဆန်းမှာပဲ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ကို မြန်မာနိုင်ငံ စေလွှတ်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တွေ့နေရပြီ ဖြစ်ပေမဲ့ အထူး စိတ်ပူစရာ ဖိနှိပ် ချုပ်ချယ်မှုတွေ တွေ့နေရဆဲပဲလို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ သိသာ ထင်ရှားတဲ့ အပြောင်းအလဲတွေ ရိုက်ခတ်နေတာ တွေ့နေရပြီလို့ ပြောရင် ကောင်းမယ် ထင်ပါတယ်။ အပြောင်း အလဲ ရှိလာပြီ ဆိုတာကို လူတိုင်းက သတိထားမိပေမဲ့ ဘယ်အတိုင်းအတာ အထိ ဆက်ပြီးတော့ ပြောင်းမယ် ဆိုတာတော့ အခုထက်ထိ မသဲကွဲသေးပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား ရှိနေသေးသလို လူနည်းစု တိုင်းရင်းသားတွေကို ဆက်ပြီးတော့ နှိမ်နင်းနေတာနဲ့ မြန်မာ နိုင်ငံသားတွေ နေ့စဉ်ရက်ဆက် ကြုံတွေ့နေရတဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေဟာ အထူး စိတ်ပူစရာ ကောင်းတဲ့ ကိစ္စတွေပါ။”

တချိန်တည်းမှာပဲ မြန်မာသမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို မြန်မာ အစိုးရသစ် အဖွဲ့ဟာ စီးပွားရေး မူဝါဒ အသစ်တွေနဲ့အတူ လူမှု လူ့အဖွဲ့အစည်းတွေ နဲ့ပါ ပုံမှန် ဆွေးနွေးနေတာ လိုမျိုး အရင်က အမေရိကန် နိုင်ငံက မျှော်လင့် မထားတဲ့ အပြောင်းအလဲ တွေကို ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းမှာပဲ တွေ့ခဲ့ရတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲ တွေဟာ အချိန်မရွေး ဒုံရင်းအနေအထား ပြန်ဖြစ် သွားနိုင်ခြေ ရှိတယ်လို့လည်း မစ္စတာ ကမ့်ပ်ဘဲလ်က ပြောပါတယ်။

“ဒါတွေအားလုံးဟာ ယာယီ ခြေလှမ်းတွေပါ။ အချိန်မရွေး နဂိုလမ်းကြောင်းကို ပြန်လှည့်သွားနိုင် ပါတယ်။ ဒါကြောင့် သတိထားဖို့ အရေးကြီး သလိုပဲ တချိန်တည်းမှာပဲ အခုလို ကောင်းတဲ့ အပြောင်းအလဲ လုပ်ပြ လာသူတွေအတွက် ကောင်းတဲ့ တုံ့ပြန်မှုတွေ ပြန်ပေးနိုင်ဖို့က အရေးကြီးပါတယ်။”

ဒီလို ကောင်းတဲ့တုံ့ပြန်မှုတွေ ပေးနိုင်ဖို့အတွက် အမေရိကန်နိုင်ငံဟာ တခြား အရှေ့တောင်အာရှ မိတ်ဆွေ နိုင်ငံတွေ အပြင် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန် နိုင်ငံတွေနဲ့ပါ လက်တွဲပြီး ဆောင်ရွက် နေတယ်လို့လည်း ဆိုပါတယ်။

“မြန်မာအစိုးရကို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာမျိုး ခြေလှမ်းတွေ ဆက်လုပ်ဖို့ အားပေးမယ်လို့ ကျနော်တို့ ဆုံးဖြတ် ထားပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သတ်မှတ်ထားတဲ့ တရားမ၀င် နျူကလီးယား လက်နက်ကိစ္စ လုပ်ဆောင်မှုတွေ ဆက်မလုပ်ဖို့ပါ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြား အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရ ဆက်သွယ် ဆောင်ရွက်မှုတွေလို အရေးပါတဲ့ ကနဦး ခြေလှမ်းတွေ ဆက်ပြီးတော့ လှမ်းနိုင်ဖို့ အားပေးသွားမှာပါ။”

အခုအချိန်ဟာ အင်မတန် သိမ်မွေ့တဲ့ အနေအထားမှာ ရောက်နေတာမို့ မြန်မာနိုင်ငံက ဖြစ်ပေါ် ပြောင်းလဲမှုတွေ အတွက် ရှင်းလင်းတဲ့ အဖြေကို ရဖို့ အမေရိကန်နိုင်ငံက တက်တက်ကြွကြွ ဆွေးနွေး ဆက်ဆံသွားဖို့ ရည်ရွယ်သလို အခုထက်ပိုပြီး သိသာ ထင်ရှားတဲ့ တိုးတက်မှုတွေ ခိုင်ခိုင်မာမာ တွေ့လာရဖို့အတွက် ဖိအားတွေပေးမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ်အပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ်နဲ့တကွ အမေရိကန် အစိုးရ တာဝန် ရှိသူတွေဟာ ဒီသီတင်းပတ် ထဲမှာပဲ နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

Ref: VOA News

Read More...

ဧရာဝတီမြစ်ကို အခြေခံ၍ ပြည်ထောင်စု ညီညွတ်ရေးဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ပိုင်
Thursday, 22 September 2011

“ဧရာဝတီကို ကယ်တင်ပါ” အမည်ရှိ အနုပညာရှင်များ၏ ပြပွဲ ဖွင့်ပွဲသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှုခဲ့စဉ် ဧရာဝတီမြစ်ကို အခြေခံ၍ ပြည်ထောင်စု ညီညွတ်ရေး ဆောင်ရွက်နိုင်ရန် ဆုတောင်း ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒဂုံမြို့နယ် ယောမင်းကြီးလမ်း ရှိ Gallery 65 တွင် ယနေ့နံနက်က ဖွင့်လှစ်ခဲ့သည့် အဆိုပါ ပြပွဲ၌ ဒေါ်အောင်ဆန်း စုကြည်က “ဧရာဝတီ မြစ်ကြီး တည်တံ့ရေးကို အားလုံးက စုစုစည်းစည်း လုပ်မယ်ဆိုရင် ညီညွတ်ရေး အတွက်လည်း ဖြစ်တယ်။ အားလုံး ယုံကြည်တဲ့ ကိစ္စတခုကို အခြေခံပြီး ညီညွတ်မှုယူနိုင်ရင် တဖြည်းဖြည်းနဲ့ ညီညွတ်ရေး ပိုဖြစ်လာနိုင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း အဆိုပါ ပြပွဲသို့ သွားရောက်ခဲ့သည့် စာနယ်ဇင်း သမားတဦးက ဆိုသည်။

ယခုပြပွဲတွင် အနုပညာရှင် ၅၄ ဦး၏ ဧရာဝတီနှင့် ပတ်သက်သည့် ဓာတ်ပုံ၊ ပန်းချီ၊ ကာတွန်း၊ ကဗျာ ၁၄၂ ခုကို ပြသ ထားသည်ဟု သိရသည်။

ပြပွဲစီစဉ်သူ တဦးဖြစ်သည့် ဦးရဲနိုင်မိုးက ပြပွဲတင် ဓာတ်ပုံများသည် ၂၀၀၉ – ၂၀၁၀ ခုနှစ်များ၌ သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ၊ ဓာတ်ပုံဆရာများ စုပေါင်းကာ မန္တလေးမြို့မှနေ၍ မေခ၊ မေလိခ ပေါင်းဆုံသည့် ကချင်ပြည်နယ် မြစ်ဆုံအထိ ဧရာ ၀တီမြစ်အတွင်း အထက်အောက် သွားလာ ရိုက်ကူးထားသည့် ဓာတ်ပုံများ ဖြစ်သည်ဟု ရှင်းပြသည်။

“ဧရာဝတီမြစ်ဖျားမှာ မြစ်ဆုံဆည် တည်ဆောက်ပြီးရင် ဒီလိုမြင်ကွင်းမျိုးတွေ မြင်ရမှာ မဟုတ်တော့ဘူး။ ဒါကြောင့် အမှတ်ရ ပြပွဲလုပ် တာပါ” ဟု ၎င်းက ဆိုသည်။

ယခု ပြပွဲမှ ဓာတ်ပုံ ပညာရှင်များ ဖြစ်ကြသည့် မျိုးမြင့်ဆွေ၊ စိုးဝင်းငြိမ်း၊ ထွန်းဝင်းငြိမ်း၊ ညီပုလေး၊ ဦးဖေမောင်သိန်း တို့၏ လက်ရာများ ပါဝင်သော “မြစ်တစင်း၏ ပုံရိပ်” အမည်ရှိ ဓာတ်ပုံ စာအုပ်ကိုလည်း ယနေ့ စတင် ဖြန့်ချိလိုက်ကြောင်း ဦးရဲနိုင်မိုးက ဆက်လက် ရှင်းပြသည်။

ပြပွဲတွင် ကာတွန်း စိုးသော်တာ၏ “တရားခံများတွင် သမိုင်းတရားခံမှာ အဆိုးဆုံးဖြစ်သည်” ဆိုသည့် ကာတွန်းကို စာပေစိ စစ်ရေးက တားမြစ်သည့် အတွက် ဖြုတ်ပေး ခဲ့ရကြောင်း သိရသည်။

အဆိုပါ ပြပွဲ ဖွင့်ပွဲကို ပရိသတ် ၁၀၀၀ နီးပါး တက်ရောက်ခဲ့ပြီး နိုင်ငံရေး ပါတီများ၊ နာမည်ကြီး စာရေးဆရာ၊ ရုပ်ရှင်၊ ဂီတ အနုပညာ ရှင်များ၊ စာပေနှင့် စာနယ်ဇင်း အသိုင်းအ၀န်းအပြင်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ကိုင်နေသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ လာရောက်ကြောင်း သိရသည်။

ဧရာဝတီ မြစ်အတွင်း ကိုယ်တိုင်သွားရောက် ဓာတ်ပုံရိုက်ကူး တင်ပြခဲ့သည့် မန္တလေးသား စာရေးဆရာ ညီပုလေးကလည်း “ဧရာဝ တီက အရင်လို မဟုတ်တော့ဘူး။ ကမ်းတလျှောက် ရေပိုက်တွေနဲ့ ထိုးပြီး ရွှေတွေကျင်နေတာ အရမ်းပျက်စီးပြီး အကျည်းတန် နေပြီ။ စိတ်မချမ်းသာဘူး” ဟု ဆိုသည်။

ဧရာဝတီမြစ်အတွင်း တရုတ်နိုင်ငံမှ လာရောက် ရွှေကျင်ခြင်း၊ သတ္တုတူးဖော်ခြင်း ပြုလုပ်နေသည့် ဖောင်များ၊ သင်္ဘောများ ကိုလည်း အထက်ပိုင်း မြစ်ကြောင်း တလျောက် တွေ့မြင်ရပြီး သစ်လုံးတင် သင်္ဘော အများအပြား သွားလာနေသည်ကို တွေ့ရကြောင်း
သောင်များ အလွန်အကျွံ ထွန်းနေသည့်အတွက် မြစ်ကြောင်းမှာ ကျဉ်းမြောင်း သွားသည်ကို သတိထား မိကြောင်း စာရေးဆရာ ညီပုလေးက ဆက်လက်ပြောပြသည်။

ကချင်ပြည်နယ်မြောက်ပိုင်း ရေခဲတောင်တန်းများမှ မြစ်ဖျားခံလာသည့် မေခနှင့် မေလိခ မြစ်နှစ်သွယ်သည် မြစ်ကြီးနားမြို့ တန်ဖဲ ရွာ အနီးတွင် ပေါင်းဆုံ၍ ဧရာဝတီမြစ် အဖြစ် ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်း တို့ကို ဖြတ် သန်းစီးဆင်းသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်အာဏာ ရယူခဲ့ချိန်မှစ၍ ဧရာဝတီမြစ် အတွင်းသို့ စီးဝင်နေသည့် မြစ်နှင့် ချောင်းလက်တက် များတွင် ဆည်များ တည်ဆောက်ခဲ့ခြင်း၊ မြစ်ကူးတံတားများ တည်ဆောက်ခြင်း တို့ကြောင့် မြစ်ကြောင်းများ ပြောင်းလဲကာ ရေနည်းပါးမှု ဖြစ်ပေါ်ခဲ့သည်။

ယခုအစိုးရက ထပ်မံ၍ ဧရာဝတီမြစ်ဖျား မေခနှင့် မေလိခဆုံရာ မြစ်ဆုံဒေသ၌ တရုတ် အစိုးရပိုင် (CPI) ကုမ္ပဏီဖြင့် ပူးပေါင်းကာ ရေကာတာ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချရန် ပြုလုပ် နေသည့် အတွက် ပြည်သူများက အတိအလင်း ဆန့်ကျင်ကန့်ကွက် ပြောဆိုမှုများ ပြုလုပ်နေသည်။

Ref: ဧရာဝတီ

Read More...

နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ရှိကြောင်း အစိုးရပြော

လင်းသန့်
Thursday, 22 September 2011

မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသားမရှိဟု အစဉ်တစိုက် ပြောဆို နေခဲ့သော်လည်း နိုင်ငံခြား သံတမန်များနှင့် တွေ့ဆုံစဉ်တွင် နိုင်ငံရေး အကျဉ်းသား အနည်းငယ် ရှိသည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

အများ လက်ခံထားသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်ရှိသည် ဆိုခြင်းကိုမူ အစိုးရက မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က အစိုးရသည် နိုင်ငံရေး အကျဉ်းသား အများစုကို ရာဇ၀တ်ပုဒ်မများ တပ်၍ ဖမ်းဆီး ထားခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား အရေအတွက် နည်းနေရန် ရည်ရွယ်ချက်ရှိရှိ ထိုသို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောသည်။

“ကျနော်တို့မှာ အခုရှိတဲ့စာရင်းက ၁၉၉၈ ဦးရှိတယ်။ ဒီစာရင်းက လက်လှမ်း မီသလောက် ကြိုးစား ပြုစုထားတဲ့ စာရင်းပါ။ လက်လှမ်း မမီတဲ့ သူတွေလည်း ရှိနေမှာပါ။ နောက်ထပ် အသေးစိပ် ကျနော်တို့ ထပ်ထုတ်ပြန်ဖို့ ရှိတယ်” ဟု ၎င်းကဆိုသည်။

၁၉၈၀ ပြည့်နှစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့စဉ် နိုင်ငံရေးအရ ဖမ်းဆီး ထားသူများကိစ္စ ကွဲကွဲပြားပြား ဖြစ်စေရန် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက နိုင်ငံတော် ကောင်စီသို့ တင်ပြ မေးမြန်းခဲ့ရာ နိုင်ငံရေး ပုဒ်မဖြင့် ဖမ်းဆီးထားသူများကို တရားဝင် ထုတ်ပြန် ခဲ့ကြောင်း၊ ၎င်းတို့မှာ ပုဒ်မ ၅၊ မတရားသင်းဆိုင်ရာ ပုဒ်မ ၁၇၊ နိုင်ငံတော် ပုန်ကန်မှုဆိုင်ရာ ပုဒ်မ ၁၂၂ မှ ၁၃၀ စသည်တို့ ဖြစ်ကြောင်း ကိုဘိုကြည်က ပြောသည်။

ရန်ကုန်မြို့က နိုင်ငံရေးအကျဉ်းသားဟောင်း တဦးက “ဥပမာ - ဒလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် ကိုနေလင်းဦး ဆိုရင် ဒီမိုကရေစီနေ့က ငြိမ်းချမ်းရေး သ၀ဏ်လွှာ ဖတ်တာကို မူးယစ်ရမ်းကားမှုနဲ့ ဖမ်းတယ်၊ နောက်တော့ ညောင်တုန်းက ကိုထွန်းထွန်း ဆိုရင် စိတ္တဇဆေးရုံ ပို့ပြီး စိတ်ဝေဒနာသည် ပုံစံနဲ့ ဖမ်းတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို အဲဒီလို ပုံဖျက်တာမျိုးတွေ အများကြီး ရှိတယ်” ဟု ဆိုသည်။

မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနားက မြန်မာ အစိုးရအား နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြောဆိုရာ မစ္စတာ ကင်တာနား ဆိုလိုသည့် အရေအတွက် မဟုတ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား အနည်းငယ်မျှသာ ရှိပြီး တည်ဆဲဥပဒေ ချိုးဖောက်သူ များသာရှိကြောင်း မြန်မာ အစိုးရဘက်က ပြောဆိုခဲ့သည်။

ယခုနောက်ပိုင်းတွင်လည်း အီလက်ထရွန်းနစ် အက်ဥပဒေ ပုဒ်များဖြင့် ဖမ်းဆီး ထောင်ချမှုများ ရှိကြောင်း၊ မကြာမီက သွေးလှူဒါန်းရေး အတွက် ကူညီပေးသူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အဆိုပါ ပုဒ်မ ဖြင့် ထောင်ဒဏ် ၁၀ နှစ် အပြစ်ပေး အရေး ယူခဲ့ကြောင်း၊ အကျဉ်းထောင်၊ ရဲဘက်စခန်းများတွင် ဖမ်းဆီးချုပ်နှောင် ခံထားရသည့် နိုင်ငံရေး အကျဉ်းသားစာရင်း ပြုစု ရာတွင်လည်း အဖက်ဖက်မှ ပိတ်ဆို့ ထားမှုများကြောင့် AAPP အနေဖြင့် အလွန် ခက်ခဲကြောင်း ကိုဘိုကြည်က ဆိုသည်။

နိုင်ငံရေးအကျဉ်းသားဟောင်း တဦးကလည်း “သူတို့က ဖမ်းတုန်းကလည်း လူမသိ သူမသိ ဖမ်းတယ်။ လွတ်လာရင်တော့ ကိန်းဂဏန်း ထုတ်ပြောပြီးသာ အသားယူတာ၊ ဘယ်သူဘယ်ဝါ ဆိုတာလည်း ပြောလေ့မရှိဘူး။ ထောင်တွေထဲမှာ ကလည်း နိုင်ငံရေး အကျဉ်းသားတွေကို ကန့်သတ်တာများတော့ စာရင်းလုပ်ရတာ အခက်အခဲရှိတယ်။ နောက်ပြီး အဝေးကြီးတွေကို ပြောင်းပစ်တော့ မိသားစုက မသွားနိုင်ဘူး။ အဆက်အသွယ်ပြတ်တော့ ပိုဆိုးတယ်” ဟု ပြောပြသည်။

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) အနေဖြင့် အကျဉ်းထောင်များသို့ ၀င်ရောက်ခွင့် ရခဲ့စဉ် နိုင်ငံရေး အကျဉ်းသားများကို မှတ်ပုံတင်ခဲ့ပြီး မိသားစုနှင့် ဆက်သွယ် ဆောင်ရွက်ခွင့်များ ပေးခဲ့ကြောင်း၊ ထိုစဉ်က အကျဉ်းထောင် များတွင် အရေးအကြီးဆုံး အချက် ၃ ချက်ဖြစ်သော ကျန်းမာရေး စောင့်ရှောက်မှု၊ အစာအာဟာရ ကျွေးမွေးမှု၊ နေရာ ထိုင်ခင်းတို့ အထိုက်အလျောက် တိုးတက်မှု ရှိခဲ့ကြောင်း သူက ဆိုသည်။

နိုင်ငံရေးအကျဉ်းသား စာရင်းနှင့် ပတ်သက်၍ ၂၀၀၅ ခုနှစ်အထိ AAPP ဖော်ပြထားသည့် စာရင်းနှင့် ICRC စာရင်း တို့မှာ ကွာဟမှု မရှိခဲ့ကြောင်း၊ သို့ရာတွင် ICRC အကျဉ်းထောင်တွင်း ၀င်ခွင့် မရတော့သည့် နောက်ပိုင်း AAPP အနေဖြင့် နိုင်ငံရေး အကျဉ်းသား စာရင်းများ ပြုစု တင်ပြရာတွင် ချိန်ညှိရန် အတွက် အခက်အခဲ ဖြစ်ခဲ့ကြောင်း ကိုဘိုကြည်က ပြောသည်။

“ICRC က ထောင်တွင်းဝင်ခွင့်မရတဲ့ အချိန်ကစပြီး တချို့ တိုးတက်မှုတွေကို တာဝန်ခံ ပြောမယ့်သူ မရှိတော့ဘူး။ နိုင်ငံရေး အကျဉ်းသား မိသားစုတွေ အနေနဲ့ မီဒီယာ အင်တာဗျူးတွေက တဆင့် သိလို့ ပြုစုတာမျိုးလည်း လုပ်ရတယ်။ နီးစပ်ရာနဲ့ ပြုစုကြရတယ်၊ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဘယ်နှစ်ယောက် ဖမ်းတယ် ဆိုတာ အစိုးရက အသိဆုံးပဲ ဖြစ်လိမ့်မယ်။ နယ်မှာ ဖမ်းသွားတာတွေဆို သိတောင် မသိလိုက် ရတာတွေရှိတယ်” ဟု သူက ဆိုသည်။

Ref: ဧရာဝတီ

Read More...

ဧရာဝတီကို ကယ်တင်ကြ စာတမ်း ဖြန့်ဝေခဲ့သူကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး

2011-09-22

ရန်ကုန်သိမ်ကြီးဈေးမှာ ဒီကနေ့ နေ့ခင်းက ဧရာဝတီကို ကယ်တင်ကြ ဆိုတဲ့ စာရွက်စာတမ်း ဖြန့်ဝေခဲ့သူ ဒလမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ် ကိုနေလင်းဦးကို ပန်းပဲတန်း ရဲစခန်းက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

ကိုနေလင်းဦးဟာ အခုလ ၁၅ ရက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကလည်း နိုင်ငံရေး တောင်းဆိုချက် တွေကို ဆန္ဒပြ တောင်းဆိုခဲ့ အပြီး မူးယစ် ရမ်းကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒလမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးတာကို ခံခဲ့ရပြီး အာမခံနဲ့ အမှု ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

NLD မှာ ကျင်းပတဲ့ အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ကို တက်ရောက်ပြီး အပြန်မှာ ဧရာဝတီ ပန်ကြားချက်၊ ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေး သဝဏ်လွှာတို့ကို ဖတ်ပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကြွေးကြော်ခဲ့တဲ့ အတွက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့အမှုကို မနက်ဖြန်မှာ စီရင်ချက်ချဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Ref: RFA News

Read More...

ရွှေတြိဂံမှသင်္ဘောတစီး ပစ်ခတ်ခံရ

သန်းထိုက်ဦး \
Thursday, 22 September 2011

တစုက ရွှေတြိဂံ ဒေသ မဲခေါင်မြစ်အတွင်း ခုတ်မောင်းနေသည့် ကုန်တင်သင်္ဘော တစီးကို ယမန်နေ့ညက တိုက်ခိုက်သဖြင့် သင်္ဘောပေါ်ရှိ မြန်မာပြည်သား ၄ ဦး ဒဏ်ရာ ရရှိသွားသည်။

ဒဏ်ရာရရှိသူများသည် အသက် ၃၀ ခန့် အရွယ်ရှိပြီး ရှမ်းတိုင်းရင်းသားများ ဖြစ်ပြီး ယခုအခါ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် ဆေးရုံ တခုတွင် ရောက်ရှိနေသည်။

“၃ ယောက်ကတော့ ချင်းစန် ဆေးရုံမှာ ကုသနေပါတယ်၊ ကျန်တဲ့ တယောက်ကတော့ သူရဲ့ တင်ပါးက ကျည်ဆံကို ခွဲစိတ်ဖို့ အတွက် ချင်းရိုင်မြို့နယ်က ဆေးရုံမှာ ပို့ထားပါတယ်” ဟု ချင်းစန်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲသားတဦးက ဧရာဝတီသို့ ပြောသည်။

ကုန်တင်သင်္ဘောသည် တရုတ် နိုင်ငံမှဖြစ်ပြီး တိုက်ခိုက်ခံရသည့် အကြောင်းရင်းကို မသိရသေးပေ။

ပစ်ခတ်သူတို့မှာ ယင်းဒေသတွင် လှုပ်ရှားနေသည့် မူးယစ်ရာဇာ နော်ခမ်း၏ အဖွဲ့များ ဖြစ်နိုင်သည်ဟု ထိုင်းနှင့် မြန်မာ ဒေသခံ အာဏာပိုင်များ၊ ထိုင်း သတင်းသမားများက သုံးသပ် နေကြသည်။

၂၀၁၀ ဖေဖော်ဝါရီလက မဲခေါင်မြစ်အတွင်း နော်ခမ်း၏ တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် တာချီလိတ်မြို့နယ် ရဲစခန်းမှူး ဦးခင်မောင်ရင် အပါအ၀င် တပ်သား ၁၅ ဦး သေဆုံးခဲ့သည်။

ရှမ်းတိုင်းရင်းသား တဦးဖြစ်သည့် နော်ခမ်းသည် ရွှေတြိဂံ ဒေသတွင် မူးယစ် ဆေးကုန်ကူးနေသူဟု ကျော်ကြားပြီး မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများက အလိုရှိနေသူ ဖြစ်ကြောင်း သိရသည်။

နော်ခမ်းသည် ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့သော ဦးခွန်ဆာ ခေါင်းဆာင်သည့် မော်ထိုင်း တပ်မတော် (MTA) တပ်ဖွဲ့ဝင်ဟောင်း ဖြစ်သည်။

၂၀၀၆ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ပြီး ရွှေတြိဂံနယ်မြေ၌ ပြန်လည် လှုပ်ရှားခဲ့ကြောင်း သိရသည်။ သူ၏ တပ်ဖွဲ့ကို လားဟူ၊ ရှမ်း တိုင်းရင်းသား တို့နှင့် ဖွဲ့စည်း ထားသည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးများကို ရွှေတြိဂံဟု ထင်ရှားသော ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံနယ်စပ် အထူးသဖြင့် ရှမ်းပြည်နယ် အတွင်းရှိ တချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ထုတ်လုပ်နေကြပြီး ထိုင်းနိုင်ငံ အတွင်းသို့ သယ်ဆောင် ရောင်းချ မှုများလည်း ရှိကြောင်း သတင်း ဖော်ပြချက်များ အရ သိရှိရသည်။

Ref: ဧရာဝတီ

Read More...

တောင်ပေါ်ဒေသများတွင် ဝန်ထမ်းတို့ မပျော်မွေ့

မျိုးသန့်
ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ ချင်းပြည်နယ် တောင်ပေါ်ဒေသများသို့ ဗဟိုအစိုးရမှ စေလွှတ်သည့် ကျန်းမာရေး ဝန်ထမ်းများသည် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်း၊ လစာနှင့် စရိတ်လုံလောက်မှုမရှိခြင်း၊ စားဝတ်နေရေး အကျပ် အတည်းများ ကြောင့် တာဝန် ကာလ ပြည့်အောင် တာဝန် ထမ်းဆောင်ခြင်း မရှိသည်ကို ကြာသပတေးနေ့ လွှတ်တော်တွင် ဆွေးနွေး သွားသည်ဟု အမတ်များက ပြောသည်။

မတ်လ လွှတ်တော်ဆွေးနွေးပွဲတွင် ချင်းတိုးတက်ရေးပါတီ ချင်းပြည်နယ် မဲဆန္ဒနယ်မှ ဦးပေါ်လျှံလွင် တင်သွင်းခဲ့သည့် ‘ချင်းပြည်နယ်တွင် ဆရာဝန် လိုသော ဒေသများသို့ ဆရာဝန်များ စေလွှတ်ပေးပါရန်’ အဆိုကို အစိုးရမှ ကတိပေးထားသည့် အတိုင်း ဆရာဝန် ၂၂ ယောက် စေလွှတ်ခဲ့ကြောင်း အထက် လွှတ်တော်၏ အစိုးရ ကတိကဝတ်များ စိစစ်ရေး ကော်မတီမှ ကြာသပတေး နေ့တွင် အစီရင်ခံစာ တင်သွင်းခဲ့သည်။

သို့သော် ယခုအချိန်တွင် ထိုဆရာဝန်တို့ တာဝန်ကျဒေသများတွင် ၁ဝ ယောက်သာ ရှိတော့ခြင်းကြောင့် ယင်းတို့အတွက် အိမ်ယာ အခက် အခဲများနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကို ဖြေရှင်းပေးရန် ဦးပေါ်လျှံလွင်မှ အစီရင်ခံစာပါ အကြောင်းအရာနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးသွားသည်ဟု အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ အမတ် ဦးဖုန်းမြင့်အောင်က ပြောသည်။

ယင်းအပြင် အောက်လွှတ်တော်၏ ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲတွင်လည်း ကချင်ပြည်နယ် ချီဖွေမဲဆန္ဒနယ် ကြံ့ခိုင်ရေးပါတီမှ ဦးဇုံးတိန့်က 'ဝေးလံခေါင်သီသည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို အစိုးရမှ ရှားပါးစရိတ် ထုတ်ပေးရေး' အဆိုကို တင်သွင်း ခဲ့သေးသည်။

အဆိုကို တိုင်းရင်းသား ဒေသများဖြစ်သည့် နန်းယွန်း၊ မင်းတပ်၊ မဲ့စဲ၊ ခေါင်လန်ဖူး၊ ထီးလင်း၊ ဖာပွန်၊ တန့်ယန်း မဲဆန္ဒနယ်များမှ အမတ်များက ထိုဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ၏ စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်း ပေးသည့် အနေဖြင့် ရှားပါးစရိတ် ထုတ်ပေးသင့်ကြောင်း ထောက်ခံဆွေးနွေးခဲ့ကြသည်။ သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ်နှင့်တိုင်း အစိုးရများနှင့် ညှိနှိုင်း ဆောင်ရွက်ရန်သာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောဆိုခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့ကလည်း 'ရန်ကုန်တိုင်း မဲဆန္ဒနယ် ၁ဝ မှ ကြံ့ဖွံ့အမတ် ဦးနုမှ အခြေခံ ပညာရေး အဆင့်တွင် အမျိုးသား ဆရာများ ရှားပါးလာခြင်းကို ဖြေရှင်းပေးရန်' ပညာရေးဝန်ကြီး ဒေါက်တာ မြအေးကို မေးမြန်း ခဲ့သေးသည်။

ဦးမြအေးက ပညာရေးဝန်ကြီးဌာနတွင် သင်ကြားရေးနှင့် စီမံခန့်ခွဲရေးအတွက် အမျိုးသားဝန်ထမ်းပါဝင်မှု ၂၃ ရာခိုင်နှုန်း ရှိပြီး အခြေခံ ပညာရေးတွင် အမျိုးသား ကျောင်းဆရာ ၁၇ ရာခိုင်နှုန်း ရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ဝန်ကြီးက အမျိုးသားဝန်ထမ်းများ တာဝန်ထမ်းဆောင်လိုစိတ်ရှိရန် ရာထူးတိုးပေးခြင်း၊ အချိန်ပိုခံစားခွင့် ပြုခြင်း တို့တွင် ကုန်ကျမည့် ဘဏ္ဍာရေး စရိတ်အတွက် ဗဟို အစိုးရ၏ ခွင့်ပြုချက် ရရန် လိုကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ယင်းအပြင် မကွေးတိုင်း မဲဆန္ဒနယ်အမှတ် ၁၂ မှ ဦးလှဆွေကလည်း တိုင်းအတွင်းရှိ ဂန့်ဂေါ လမ်းမကို ပြုပြင်ပေးရန် မတ်လ လွှတ်တော် ဆွေးနွေးပွဲတွင် တင်ပြခဲ့ပြီး ယင်းလမ်းမှာ ပြုပြင်ပြီးဖြစ်ကြောင်း ကြာသပတေး နေ့တွင် အစိုးရ၏ ကတိကဝတ်များ စိစစ်ရေး ကော်မတီမှ အစီရင်ခံစာ တင်သွင်းခဲ့သော်လည်း ယခုအခါ ထိုလမ်းမှာ ရေတိုက်စားမှု ကြောင့် ပြန်လည် ပျက်စီးနေပြီး အစိုးရ၏ ကတိကဝတ်များ လက်တွေ့တွင် အကောင်အထည် မပေါ်သေးကြောင်း ဝေဖန်သွားသည်ဟု လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောခဲ့သည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံပိုင်အဖြစ် သိမ်းထားပြီး လယ်တွေ ပြန်ပေးဖို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ငြင်းဆို

မအေးအေးမာ
ကြာသပတေး, 22 စက်တင်ဘာ 2011

ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြို့နယ်ထဲက မြို့နယ် ၄ ခုနဲ့ ရွာသာကြီးရွာ၊ သုံးခွကျေးရွာ၊ လေးဒေါင့်ကန်ရွာ စတဲ့ ရွာတွေက လယ်သိမ်း ခံရတဲ့ ရွာသား ၅၀၀ ကျော်ကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ခေါ်ယူတွေ့ဆုံပြီး လယ်တွေကို နိုင်ငံပိုင်အဖြစ် သိမ်းထားပြီး ဖြစ်တာကြောင့် ပြန်မပေးနိုင်ကြောင်း ပြောဆို လိုက်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြ ပေးထားပါတယ်။

၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်အတွင်းမှာ ကုမ္ပဏီ ၁၁ ခုက လယ်ဧက ထောင်နဲ့ချီပြီး သိမ်းယူ လိုက်တာကြောင့် အလုပ်လက်မဲ့ ဖြစ်နေရတဲ့ လယ်သမားတွေက သူတို့ လယ်ယာမြေတွေကို ပြန်ရရှိရေး အတွက် လက်ရှိ ကျင်းပ ပြုလုပ်နေတဲ့ လွှတ်တော်ကို စာရေးသား တင်ပြခဲ့တာပါ။ ရန်ကုန်တိုင်း ဒေသကြီးရဲ့ ၀န်ကြီးချုပ်ဖြစ်တဲ့ ဦးမြင့်ဆွေက မနေ့ကပဲ ပင်လယ်ကိုးသွယ် ကုမ္ပဏီမှာ လယ်သမား ၅၀၀ ကျော်ကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ဒီလယ်တွေကို နိုင်ငံပိုင်အဖြစ် သိမ်းထားတာ ဖြစ်တဲ့အတွက် ပြန်မပေးနိုင်ကြောင်း ပြောခဲ့တယ်လို့ အစည်းအဝေး တက်ခဲ့တဲ့ လယ်သမားတဦးက ဆိုပါတယ်။

“သူက ကုမ္ပဏီတွေကို ဘယ်လို အချက်အလက်မျိုးတွေနဲ့ ထောက်ပြီး ပြောလဲဆိုရင် ဒီလယ်ယာ မြေတွေကို ကုမ္ပဏီက သိမ်းတယ် ဆိုတဲ့ စကားကို မပြောပါနဲ့တဲ့၊ ကုမ္ပဏီက သိမ်းတာ မဟုတ်ဘူး၊ နိုင်ငံတော်က သိမ်းတာတဲ့။ တောင်သူ လယ်သမားတွေက တင်ပြ အသနားခံတဲ့ အခါ သူက လုံးဝ လက်မခံဘဲ ဒီလယ်မြေတွေဟာ လနမြေကြီးလို့ ပြောတယ်။ လနမြေကြီးလို့ ပြောပြီး ဒါကြောင့် ခင်ဗျားတို့ လယ်သမားတွေ လယ်လုပ်လို့ မရဘူး ဆိုတဲ့အကြောင်း ပြောတယ်။ သမ္မတကြီး ဦးသိန်းစိန် သမ္မတ မဖြစ်ခင် ကတည်းက ဒီလယ်ယာ မြေတွေကို သိမ်းထားတယ် ဆိုတဲ့အကြောင်း ပြောတယ်။

“ဒါကြောင့် သူ့ဆီမှာ လယ်ယာမြေ လာတောင်းလို့ မရဘူးလို့ ပြောတယ်။ ခင်ဗျားတို့ လယ်လုပ်ချင်ရင် သောင်ပြင်မှာ သွားလုပ်လို့ ပြောတယ်။ အဲဒီအချိန်မှာ လယ်သမား တဦးက နေပြီးတော့ ခင်ဗျားတို့က ကျုပ်တို့ကို သောင်ပြင်လွှတ်ပြီး ကိုယ့်ကျင်း ကိုယ်တူး သေခိုင်း နေတာလားတို့ ဘာတို့ ပြောတော့ တယောက်နဲ့ တယောက် စကား များကုန်တယ်။ နောက်ပိုင်း ကျတော့ စစ်တပ်က လုံးဝ တောင်သူ လယ်သမားတွေရဲ့ မျက်နှာကို မကြည့်တဲ့ အတွက်ကြောင့် တောင်သူ လယ်သမားတွေ ကလည်း ပြင်းပြင်းထန်ထန် ပြောတယ်။ လယ်ဧကပေါင်း ၅,၀၀၀ နဲ့ ၇,၀၀၀ ကျော်အထိ သိမ်းထားတယ်လို့ ပြောပါတယ်။”

သိမ်းယူထားတဲ့ လယ်ယာမြေပေါ်မှာ ကုမ္ပဏီတွေက စပါးတွေ ပြန်စိုက်ပြီး လယ်သမားတွေက သူတို့ မြေပေါ်မှာ အခကြေးငွေ ပေးပြီး အလုပ် ပြန်လုပ် နေရတာပါ။ လယ်သမားတွေ ဘက်က ဥပဒေ အကျိုးဆောင် လုပ်ပေးနေတဲ့ ရှေ့နေ ဦးဖိုးဖြူ ကတော့ အသိမ်း ခံထားရတဲ့ လယ်တွေကို နိုင်ငံတော် အကျိုးအတွက် သုံးရင်လည်း အများအကျိုးရှိမယ့် အဆောက်အဦးတွေ အတွက်သာ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။

“ဒါတွေကို လွန်ခဲ့တဲ့ ၉၅ ခုနှစ်လောက် ကတည်းက လန ၃၉ နဲ့ သိမ်းထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဒီမြေတွေဟာ အခြားနည်း သုံးစွဲခွင့် မရှိတဲ့ လယ်မြေတွေပဲ ဖြစ်တယ်။ တနည်းအားဖြင့် ပြန်လည် သိမ်းယူခြင်းမှ ကင်းလွတ်ခွင့် ရတဲ့ မြေအမျိုးအစား တွေပဲ ဖြစ်တယ်။ ဒါကြောင့် သိမ်းယူခွင့် မရှိပါဘူး။ အကယ်၍ နိုင်ငံတော် အကျိုးအတွက် သိမ်းမယ် ဆိုရင်လည်း အိမ်ရာတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ တည်ဆောက်မှ သိမ်းဆည်း နိုင်တာမျိုး ဖြစ်တယ်။ ဒီလို သိမ်းဆည်းမယ် ဆိုရင်လည်း လူမှု တရားမျှတမှုကို ဖန်တီး ပေးနိုင်မယ့် ထိုက်တန်တဲ့ လျော်ကြေးမျိုး ဖြစ်သင့်တယ်။”

တကယ်တော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၀န်ကြီးချုပ်ဖြစ်တဲ့ ဦးမြင့်ဆွေဟာ အရင်က ရန်ကုန်တိုင်းမှူး အဖြစ်နဲ့ ဒီလယ်ယာ မြေတွေကို သိမ်းယူခဲ့ပြီး ကုမ္ပဏီတွေကို ပေးခဲ့တာပါ။ ကုမ္ပဏီတွေထဲမှာ ဦးမြင့်ဆွေ အပါအ၀င် အာဏာပိုင်တွေရဲ့ အစု ရှယ်ယာတွေ ပါနေတာကြောင့် အခုလို လယ်သမားတွေရဲ့ လယ်တွေ ပြန်ပေးဖို့ လုပ်ဆောင်ပေးခြင်း မရှိတာလို့လည်း လယ်သမားတွေ ဘက်က စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ လဆန်းပိုင်းကတော့ ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးလည်းဖြစ်တဲ့ ဦးအောင်သိန်းလင်းနဲ့ အဖွဲ့ဟာ လယ်သမား ၃၀၀ ကျော်နဲ့ လာရောက် တွေ့ဆုံခဲ့ပြီး လယ်သမားတွေ လယ်ပိုင်ခွင့် ရရှိစေရေး ဆောင်ရွက် ပေးသွားမယ်လို့ ကတိက၀တ်တွေ ပေးသွားပေမဲ့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ကတော့ လယ်သမား အရေးကိစ္စတွေကို ဆွေးနွေးသွားခြင်း မရှိဘဲ ကုမ္ပဏီတွေကိုသာ ကာကွယ် ပြောဆို ခဲ့တာကြောင့် လယ်သမားတွေနဲ့ အချေအတင် စကားများခဲ့ပြီး အစည်း အဝေးကို အဆုံးသတ် သွားတယ်လို့ လယ်သမားတွေ ဘက်ကတော့ ပြောပါတယ်။

ဒီအတွက် လယ်သမားတွေဘက်ကတော့ သူတို့ နစ်နာမှုတွေ အတွက် ဆက်လက် တောင်းဆိုမှုတွေ လုပ်သွား မယ်လို့ ဆိုပါတယ်။ လယ်သမားတွေ ဘက်က စာရင်းပြုစုချက်အရ ဆုံးရှုံးနေရတဲ့ လယ်ဧကတွေဟာ ၁၀,၀၀၀ ကျော်ထိ ရှိသွားပြီလို့လည်း ပြောဆို ခဲ့ပါတယ်။

Ref: VOA News

Read More...

မြန်မာ့အလင်း တရားမ၀င် ရိုက်နှိပ်ရောင်းချသူ ၀န်ထမ်း ၅ ဦး အဖမ်းခံရ

2011-09-22

အစိုးရပိုင် နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာကို ရန်ကုန်မြို့မှာ တရားမဝင် ခိုးရိုက်ပြီး ဖြန့်ချိ ရောင်းချနေကြတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်း လုပ်ငန်းက ၀န်ထမ်း ၅ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာပိုင် တွေက ဖမ်းဆီး အရေး ယူလိုက်တယ်လို့ သိရပါတယ်။

မြန်မာ့အလင်း သတင်းစာ စောင်ရေအပိုတွေကို တရားမဝင် ခိုးရိုက်ပြီး ဖြန့်ချိနေတာ ဖြစ်ပြီး နှစ်ပေါင်းများစွာ တရားဝင် ရောင်းဈေး ၅၀ ကျပ်အစား ၄၅ ကျပ်နှုန်း နဲ့ မှောင်ခိုဖြန့်ချိ ရောင်းချနေသူတွေလို့ သိရပါတယ်။

ဒီအမှုမှာ အဓိက တာဝန်ရှိတယ်လို့ ယူဆရတဲ့ မြန်မာ့အလင်း သတင်းစာ ဖြန့်ချိရေး ဌာနက အရာရှိ တဦး အပါအဝင် အရာထမ်း ၅ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးထားပြီး မနေ့ကလည်း ငွေစာရင်း ဌာနက အရာရှိ တစ်ဦးကို ထပ်မံ ဖမ်းဆီး ထားပါတယ်။

အဲဒီအရာရှိဟာ စစ်ဖက်က လာတဲ့အရာရှိ ဖြစ်ပြီး သူတဦးထဲ ငွေကျပ်သိန်း ၂၅၀၀ ခန့် ပေးလျော် ရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒီအမှုမှာ အခြားပြန်ကြားရေး ဌာနက အဆင့်မြင့် အရာရှိကြီး တွေပါ ပါဝင် ပတ်သက်နေပြီး မြန်မာ့အလင်း သတင်းစာက အောက်ခြေ ဝန်ထမ်း အချို့ဟာ ကျပ်သိန်းဆယ် ဂဏန်းနဲ့ချီပြီး ခွဲတမ်း ချပေးရမယ်လို့ စုံစမ်း သိရှိရပါတယ်။ ဒီအမှုနဲ့ ပက်သက်လို့ သတင်းစာ ကြော်ငြာဌာနက တိမ်းရှောင်နေရတဲ့ အရာရှိ တဦးရဲ့ ဒဂုံမြို့သစ်ရှိ နေအိမ်ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက သိမ်းယူခဲ့ပါတယ်။

ဒီသတင်းစာတွေကို ဖြန့်ချိပေးခဲ့တဲ့ ရန်ကုန်က သတင်းစာ ကိုယ်စားလှယ် အချို့ကို စက်တင်ဘာ ဒုတိယပတ် အတွင်း နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ခေါ်ယူ စစ်ဆေးခဲ့ပြီး ဒီသတင်းစာ ကိုယ်စားလှယ်တွေပါ ငွေပေးလျော်ဖို့နဲ့ ပြည်သူပိုင် ပစ္စည်း အလွဲသုံးစား ပြုလုပ်မှုနဲ့ အရေးယူဖို့ ပြင်နေတယ်လို့လည်း သိရပါတယ်။

Ref: RFA News

Read More...

Thursday, September 22, 2011

အပြောင်းအလဲဖြစ်ဖို့အတွက် အပြင်အဆင်တွေ ရှိပြီလား

ဦးဝင်းတင်နဲ့ မေးခွန်းများ

စက်တင်ဘာ ၂၁၊ ၂၀၁၁

လွန်ခဲ့တဲ့ စက်တင်ဘာ ၁၅ မှာ ကမ္ဘာဒီမိုကရေစီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲတွေ ဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့ ပြောလိုက်တယ်။ နိုင်ငံတကာက ကိုယ်စားလှယ်တွေ ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံမှုတွေလည်း လက်ခံ ပြုလုပ်နေဆဲဖြစ်တယ်။ ထူးခြားတဲ့ တွေ့ဆုံမှု ဖြစ်စဉ်ဖြစ်တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နဲ့ သြဂုတ်လ ၁၉ ရက်နေ့မှာ သွားရောက် တွေ့ဆုံခဲ့တာလည်း ၁ လ ကျော်ခဲ့ပြီ ဖြစ်တယ်။ အဲသည်အတော အတွင်းမှာ လူထု ပရိသတ်အတွင်းမှာ မြန်မာပြည် နိုင်ငံရေးနဲ့ အထွေထွေ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဂယက်တွေ၊ လှုပ်ရှားမှုတွေ မျိုးစုံလည်း မြင်ရ ကြားနေရပြီ ဖြစ်တယ်။ အတွေးအမြင် အမျိုးမျိုး ဝေဖန်မှု အမျိုးမျိုး တုန့်ပြန်မှု အမျိုးမျိုးတွေ ဖြစ်ပေါ်နေချိန်မှာ ဆရာ ဦးဝင်းတင်ကို မေးဖြစ်တဲ့ မေးခွန်းက အပြောင်းအလဲတွေ ဖြစ်ဖို့အတွက် အခြေအနေတွေ ရှိနေပြီလား၊ အပြင်အဆင်တွေ မြင်နေရပြီလား ဆိုတာဖြစ်ပါတယ်။

- ဒေါ်စုမိန့်ခွန်းမှာက အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ပြောတာလား၊ ဘာပြောလိုက်တာလဲ ဆရာ။ လွန်ခဲ့တဲ့ တလကျော်က တွေ့ဆုံ ဆွေးနွေးပွဲက နေပြီး အပြောင်းအလဲတွေ စတင် ပေါ်ထွန်းလာနေပြီလို့ ကောက်ချက် ဆွဲလိုက် ရတော့မှာလား။ ဒီကြားထဲမှာလည်း ထပ်ပြီး တွေ့တယ် ဆွေးနွေးတယ်လဲ မကြားရဘူးလေ။

- ပြောင်းလဲနိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာတယ်လို့ ပြောလိုက်တာ ဖြစ်တယ်။ သူက အပြောင်း အလဲတွေ ဖြစ်လာတော့မယ်လို့ ပြောလိုက်တာ မဟုတ်ဘူး။ ဒီလိုမျိုး ကျနော်မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ခဲ့တာကလည်း လွန်ခဲ့တဲ့ တလလောက်က ဆွေးနွေးခဲ့တာ ဖြစ်တယ်။ ပထမဦးဆုံး အကြိမ် အဖြစ် တွေ့ဆုံ ဆွေးနွေး ကြတာဖြစ်တော့ အချိန်ကလည်း အများကြီး ကြာကြာ ဆွေးနွေး ခဲ့ကြတာလည်း မဟုတ်ဘူးလေ။ အဲသည်မှာ အများက ထင်မြင်ချက်တွေ၊ မှန်းဆချက်တွေ ပေးနေကြသလိုမျိုး တခါတည်း အသေးစိတ်တွေ ဆွေးနွေး ခဲ့ကြတာမျိုးတွေ ရှိလိမ့်မယ်လို့ ပြောလို့ မရဘူးထင်တယ်။ နောက် ကျနော် ပြောချင်တာက အပြောင်းအလဲ ဆိုတာ ဖြစ်ဖို့အတွက် အပြင်အဆင်ဆိုတာ လိုအပ်တယ်။ အပြင်အဆင် မရှိဘဲနဲ့တော့ အပြောင်းအလဲ ဆိုတာ မရှိနိုင်ဘူး။

- ကဲ ဒါဆိုရင် အပြင်အဆင်တွေကော ရှိပြီလား။ ဘာတွေ ပြင်ဆင်ထားတာတွေ တွေ့ရပြီလဲ ဆရာ။

- ပထမအချက်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး အပြင် အဆင်တွေ တွေ့ရပြီလား။ ဒါကို အရင် ကြည့်စေချင်တယ်။ အစိုးရ ဖက်ကနေပြီးတော့ သတင်းတွေ အမျိုးမျိုးတော့ ကြားနေရတာပဲ ရှိတယ်။ ဘာမှ လက်ဆုပ်လက်ကိုင် ဖော်ဆောင်လာတာ ခုထိ မတွေ့ရသေးဘူး။

- ဆရာတို့နဲ့ အနီးဆုံး အင်န်အယ်ဒီပါတီကို တရားဝင်ပါတီတခုဖြစ်လာဖို့ အစိုးရဖက်က အပြင် အဆင်တွေကော လုပ်လာပြီလား ဆရာ။

- အဲဒါလည်း ကျနော်တဦးတည်းအမြင်ကတော့ မသိသေးဘူးဗျ။

- အင်း … လွတ်လပ်စွာ ရေးသားဖော်ပြခွင့်တွေနဲ့ ပတ်သက်ပြီးတော့ကော ဘာတွေ အပြင်အဆင် လုပ်လာတာတွေ ရှိတယ်လို့ ပြောလို့ရမလဲ ဆရာ။

- ဗီအိုအေကို ပြည်တွင်းကို ၀င်ခွင့်ပေးပြီးတော့ သတင်း လိုက်ခွင့်ပေးတာ ရှိတယ်ထား။ ဒါက အမေရိကန်ကို မျက်စ ပစ်တာလောက်ပဲ သဘောထား ရှိတယ်။ တကယ့်အပြင်အဆင် မဟုတ်ဘူး။ စာပေ စိစစ်ရေးက ခုချိန်ထိ ဘာမှ လျော့ပေးတာလည်း စာနဲ့ ပေနဲ့ မရှိဘူး။ လွှတ်တော်ထဲမှာ ကလည်း လွတ်လပ်စွာ စာပေရေးသား ထုတ်ဖော်ခွင့်နဲ့ ပတ်သက်ပြီး ၀န်ကြီး ဦးကျော်ဆန်းတို့ ကိုယ်တိုင်က ပြောဆိုနေတဲ့ ပုံစံအရ ကလည်း အပြင်အဆင် ရှိတဲ့ပုံ မတွေ့ရဘူး။ ဒီနေ့အထိလည်း သတင်းတွေ ပိတ်တုန်း တားတုန်း ဆီးတုန်းပဲ ရှိတယ်။

- ဒါဆိုရင် သူတို့အစိုးရက ထူထောင်လိုက်တဲ့ လူ့အခွင့်အရေး ကော်မရှင် ဆိုတာတွေကလည်း အပြင်အဆင်တွေ မဟုတ်ဘူးလား ဆရာ။

- ကုလသမဂ္ဂနဲ့ အကြံဥာဏ်တွေ ယူမယ်လို့ ပြောတယ်။ သို့သော် မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ကော်မရှင်က ပြည်တွင်းက လူ့အခွင့်အရေး ကိစ္စတွေကို ဖော်ထုတ်ပေးတာ၊ ကြားနာပေးတာတွေ လုပ်ပေးနိုင်တဲ့ အခြေအနေ အပြင်အဆင် ဆိုတာလည်း မတွေ့ရသေးဘူး။

- လက်ရှိမြန်မာအစိုးရက အကျင့်ပျက်နေတာတွေ၊ လာဘ်စားနေတာ၊ ခြစား နေတာတွေကိုလည်း အရေးယူမယ် ဘာညာ ပြောနေတဲ့ အပြင်အဆင် တွေကကော ဆရာ။

- အဲဒါကလည်း သူတို့က clean government ထူထောင်မယ်။ ခုချိန်ကစပြီးတော့ လာဘ်မစား ကြနဲ့လို့ ပြောလိုက်တယ် ဆိုတယ်။ ဒါဆိုရင် အရင်တုန်းက လာဘ်စားတဲ့ သူတွေ၊ တိုင်းပြည်ဘဏ္ဍာကို အလွဲသုံးစား လုပ်သွားတဲ့သူတွေ၊ အရင်အစိုးရ အဖွဲ့က လူတွေကို အရေး ယူသင့်သလား၊ မယူသင့်ဖူးလား ဆိုတာတောင် စဉ်းစားတာတွေ၊ ဆွေးနွေး တင်ပြတာတွေလည်း မလုပ်ကြဘူး။ အဲသည်လို အရင်လူတွေက အခု ပေါ်ထွန်းလာတဲ့ လွှတ်တော်ထဲက ရေးရာ ကော်မီတီတွေမှာ ဥက္ကဋ္ဌတွေ ပြန်ခန့် ထားကြတယ်။ ကော်မရှင်တွေ ဘာတွေမှာ နေရာတွေ ရထားကြတယ်။ အဲသည် အလွဲသုံးစားမှုတွေ၊ ခြစားမှုတွေကို တိုက်ဖျက်ဖို့ အရေးယူဖို့ အပြင်အဆင်တွေ မတွေ့ရဘူးလေ။ နောက်ဆက်ပြီး မလုပ်ကြနဲ့လို့သာ ပြောတယ်။ အရင်က ကျူးလွန်ခဲ့တဲ့ သူတွေကို အရေးယူတာတွေ မရှိဘူးလေ။ ဥပမာ အရင်တုန်းက ခင်ညွန့်ကို ရာထူးက ချပြီး အရေးယူတယ် ဆိုတာက သူ လာဘ်စား ခဲ့တာတွေကို ဖော်ထုတ်ပြီး၊ ထောက်ပြပြီး အရေးယူ ခဲ့ရတာလေ။ အခုအချိန်က စပြီး လာဘ်မစားနဲ့တော့ ဆိုပြီး လုပ်လိုက်တာနဲ့ ပြီးသွားတာမျိုး မဟုတ်ဘူး။

- နောက်တခုက ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ သုံးသပ်ဖို့ အပြင်အဆင်တွေကော ရှိပြီလား ဆရာ။

- အဲသည်ကိစ္စအတွက်လည်း လက်ရှိအစိုးရက သူတို့အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ပြင်ဆင် ချင်တာလဲ။ ဘာတွေ ဆွေးနွေး ချင်တာလဲ စသည်ဖြင့် နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ပြည်သူတွေကို သဘောထား မေးမြန်း စုံစမ်းတာတွေကိုလည်း မတွေ့ရသေးဘူး။

- ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး အတွက် အပြင်အဆင်တွေကိုကော ဘယ်လို ပြောကြမလဲ ဆရာ။

- အခုလက်ရှိမှာ အစိုးရဘက်က ငြိမ်းချမ်းရေး ကမ်းလှမ်းတယ် ဆိုတာကလည်း တိုင်းရင်းသား တွေက ခေတ် အဆက်ဆက် လက်မခံနိုင်တဲ့ ပုံသဏ္ဍန်နဲ့သာ ကမ်းလှမ်းပြီး စေ့စပ်တာမျိုး ဖြစ်နေတယ်လေ။ အပြောင်းအလဲ ဆိုတာက အပြင်အဆင် ရှိမှသာ ဖြစ်လာနိုင်တာ။ အပြင်အဆင် မရှိဘဲနဲ့ကတော့ အပြောင်းအလဲ ဆိုတာ မဖြစ်နိုင်ဘူး။

- အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ အခြေအနေတွေ ရှိတယ်ဆိုတာက စစ်မှန်တဲ့ အပြင်အဆင်တွေ ဖော်ဆောင် မှသာ ဖြစ်လာနိုင်မှာလို့ ကျနော်တို့က ကောက်ချက် ဆွဲရမှာပေါ့နော် ဆရာ။

- ဟုတ်ပါတယ်။ လူတွေပေါင်းများစွာက အခုလက်ရှိ အချိန်မှာ သို့လော သို့လော မေးခွန်းတွေ၊ သံသယတွေ ပေါ်နေကြရတယ် ဆိုတာက အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ အခြေအနေအတွက် အပြင်အဆင်တွေ ရှိမှ ဖြစ်မယ်၊ ဒါတွေကို သိသာ ထင်ရှားအောင် မမြင်ရသေးရင် မေးခွန်းတွေ ဆက်ပေါ်နေမှာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

- ဒါဆိုရင် လက်ရှိ လူထု လူတန်းစားတွေ အားလုံးမှာ အရေးတကြီး စိုးရိမ် ပူပန်မှုဖြစ်နေတဲ့ ဧရာဝတီ မြစ်ဆုံ ကာကွယ်ရေး၊ ဧရာဝတီမြစ် ကယ်ဆယ်ရေး လှုပ်ရှားမှုမှာလည်းပဲ ကောင်းမွန်တဲ့ အပြောင်းအလဲကို ဦးတည်တဲ့ အပြင်အဆင်တွေကို လက်ရှိ အစိုးရက လုပ်ဆောင်ခြင်း မရှိဘူးလို့ ပြောရမလား ဆရာ။

- ဟုတ်ပါတယ်။ ဧရာဝတီကိစ္စလို ဟာမျိုးက ပြည်သူလူထု တရပ်လုံးသာမက ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ စာနယ်ဇင်း သမားတွေ၊ မျိုးဆက်သစ် လူငယ်တွေ အပါအ၀င် အားလုံးက ပြည်သူဆန္ဒကို ထုတ်ဖော်ပြသကြတဲ့ လှုပ်ရှားမှုကြီး ဖြစ်တယ်။ ဒါကို အစိုးရက လူထုဆန္ဒကို တိုက်ရိုက် နားထောင်လို့ ရတယ်၊ ကြားနာလို့ရတယ်။ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်လို့ရတယ်။ သို့သော် အဲသည်လို လုပ်မယ့်အစား အစိုးရက သူတို့ လွှတ်တော်ထဲကို ထည့်သွင်း ဆွေးနွေးမယ်လို့ လုပ်နေတယ်။ ဒါဟာ ကောင်းတဲ့ မှန်ကန်တဲ့ အပြင်အဆင် မဟုတ်ဘူး။ ဘာကြောင့် ဒီလိုမျိုး ပြောရသလဲ ဆိုတော့ သူတို့ လွှတ်တော် ဆိုတာက ပြည်သူလူထုရဲ့ စစ်မှန်တဲ့ မဲဆန္ဒကို ကိုယ်စားပြုပြီး ဖြစ်ပေါ်လာတဲ့ ပြည်သူလူထု ကိုယ်စားပြု လွှတ်တော် မဟုတ်ဘူး။ ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ တက်လာတဲ့ အမတ်တွေပါတယ်။ ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်ခွင့် မရှိဘဲ တက်လာတဲ့ ကိုယ်စားလှယ် ဆိုသူတွေ ပါနေတယ်။ ဒီလူတွေက ပြည်သူလူထုကို ကိုယ်စား မပြုဘဲနဲ့၊ ပြည်သူ ကိုယ်စားပြုတယ် ဆိုပြီး လွှတ်တော်ထဲမှာ ဒါကို ဆွေးနွေးကြရင် ပြည်သူလူထုရဲ့ ဆန္ဒနဲ့ သဘောထား အစစ်အမှန်ကို ဘယ်လိုနည်းနဲ့မှ ကိုယ်စား မပြုနိုင်ဘူး။ ပြီးတော့ တရားဝင် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဧရာဝတီမြစ်ဆုံ စီမံကိန်းကြီးကို တစုံတခု ဆုံးဖြတ်လိုက်တယ် ဆိုရင် လူထု သဘောထားကို ဆန့်ကျင် နေတာတောင်မှ သူတို့တွေက ပြည်သူ့ လွှတ်တော်ရဲ့ သဘောထား ဆိုပြီး ဇွတ်တရားဝင်အောင် လုပ်သလိုတောင် ဖြစ်သွားဦးမယ်။ နောင်ကို လူထု အရေးကိစ္စ တွေကို သူတို့လွှတ်တော်က ဆုံးဖြတ်နိုင်တယ်၊ တရားဝင် လုပ်နိုင်တယ်။ ဒီလို ဖြေရှင်း ပေးလိုက်တယ် ဆိုပြီး လုပ်လာရင် ပြည်သူလူထု တရပ်လုံးအတွက် အဲသည် လွှတ်တော် ကိုယ်တိုင်က ကောင်းမွန်တဲ့ ပြောင်းလဲမှုကို ဖော်ဆောင်နိုင်တဲ့ အပြင်အဆင်ကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူး။

- ဒါဆိုရင် ဧရာဝတီ အရေးကို လူထုတရပ်လုံးအသွင် ဆန္̔ဒထုတ်ဖော်မှု အဖြစ် ဘယ်လို လုပ်ဆောင် နေကြတာကို တွေ့ရသလဲ ဆရာ။

- အခုအချိန်မှာ လူထု လူတန်းစား အားလုံး၊ တိုင်းရင်းသားတွေ အားလုံးက အများအရေး၊ ကိုယ့်အရေး လိုမျိုး လုပ်ဆောင် နေကြတာကို ကျနော်တို့ မြင်တွေ့ နေရတယ်လေ။ စာနယ်ဇင်း သမားတွေကလည်း သူတို့ ကဏ္ဍတွေကနေ၊ အနုပညာရှင်တွေ ကလည်း သူတို့ အနုပညာတွေနဲ့ ဒီဧရာဝတီ အရေးကို ထုတ်ဖော်နေကြတာ၊ လှုံဆော် နေကြတာတွေကို ကျနော်တို့က အားပေးရမယ်၊ လက်ခံရမယ်လို့ ပြောချင်ပါတယ်။ လက်ရှိအစိုးရ ဆိုသူတွေကလည်း အခု တပြည်လုံး အတိုင်းအတာနဲ့ တောင်းဆိုနေတဲ့ လှုပ်ရှားမှုကို တိုက်ရိုက် ကြားနာပြီး တွေ့ဆုံ ဆွေးနွေးပြီး ပြုပြင်တာ၊ ပြင်ဆင်တာတွေ လုပ်နိုင်ပါတယ်။

- ကဲ နောက်ဆုံးတခုကတော့ ရှေ့က ဆရာ့ကို နိဒါန်းချီထားသလိုပေါ့လေ၊ လွန်ခဲ့တဲ့ တလကျော်က တခါလောက် ဒေါ်စုနဲ့ ဦးသိန်းစိန်တို့ တိုက်ရိုက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု လုပ်ပြီး၊ ဓာတ်ပုံတွေ ရိုက်ပြီး ထုတ်ပြန်တာတွေ လုပ်ပြီးတဲ့ နောက်ပိုင်း နိုင်ငံရေး အင်အားစုတွေ၊ ပြည်သူလူထုတွေ ကြားမှာ မေးခွန်းတွေ၊ သံသယတွေ ဂယက် ထနေကြတယ်။ အကောင်း မြင်သူတွေ၊ အဆိုး မြင်သူတွေ ရှိနေကြတယ်။ ကောင်းမွန်တဲ့ အပြောင်းအလဲ အတွက် အခြေအနေတွေ ရှိတယ်ဆိုရင် အဲသည် အတွက် အပြင်အဆင် တွေကို လက်ရှိ အစိုးရဖက်က အဓိက ဖော်ဆောင်ပြသဖို့ လိုနေတာဖြစ်တယ်။ အဲသည်အတွက် ကျနော်တို့တွေက ဒေါ်စု တောင်းဆို ထားသလိုပေါ့လေ၊ အချိန် အတိုင်းအတာ တစုံတရာ အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာန်ယူမှုကို ယုံယုံကြည်ကြည်နဲ့ လက်ခံပြီး ရပ်တည်ပေးကြ ရမှာပဲလား။

- ကျနော့်အနေကတော့ ပြည်သူ လူထုတွေက မေးခွန်းတွေ သံသယတွေ ဖြစ်ကြတယ် ဆိုတာကို သိပါတယ်။ ကြားနေ ရပါတယ်။ ကြိုဆိုပါတယ်။ ကျနော်တို့က ဒီမိုကရေစီ အင်အားစုတွေကို စည်းရုံးရေးကို ဆက်လုပ် နေရမှာပဲ။ တွေ့ဆုံဆွေးနွေး အဖြေရှာကြတယ် ဆိုတာမှာလည်း တဖက်နဲ့ တဖက် မေးခွန်းတွေ သံသယတွေကို ဖြေရှင်းနေကြတာ ဖြစ်သလို၊ ကျနော်တို့ရဲ့ ပြည်သူတွေရဲ့ မေးခွန်းတွေ သံသယတွေကိုလည်း ကျနော်တို့က တိုက်ရိုက် လက်ခံတွေ့ဆုံပြီး ဖြေရှင်း ပေးနေရမှာပဲ။ တခြား သူတွေတော့ မသိဘူး။ ဒါ ကျနော် တဦးတည်း အနေနဲ့ သဘောထားလို့ ပြောလည်း ရတယ်။ ကျနော်ကတော့ ကျနော် သိသလောက် တတ်သလောက်တော့ ဖြေရှင်း ပေးနေမှာပဲ။ သံသယတွေကို အထင် အမြင်တွေကို တဖက်သတ် အခြေခံပြီး ဆုံးဖြတ်တာထက် ကျနော်တို့နဲ့ တိုက်ရိုက် ဆွေးနွေးပါ။ သည်လို ပြောချင်ပါတယ်။ နောက်တချက်က အခုလို အခြေအနေ အချိန်အခါမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် ဘက်ကနေ ထောက်ခံကြပါ၊ ရပ်တည်ကြပါလို့လည်း ကျနော်က ထပ်လောင်းပြီး ပြောချင်ပါတယ်။

- ကျနော်တို့ဖက်က ထပ်ပြီး မေးချင်တာကတော့ ဆရာတို့ အင်န်အယ်ဒီ ခေါင်းဆောင်တွေ၊ အင်န်အယ်ဒီ ပါတီဝင်တွေနဲ့ ပါတီရဲ့ ရပ်တည်ချက် ဆိုတာဟာ မြန်မာ ပြည်သူလူထု အတွက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ဆိုတာကို ဘယ်ဟာနဲ့မှ ဈေးဆစ်ခံမယ် မဟုတ်ဘူး ဆိုတာကို သည်အချိန်မှာ သိချင်တာပါပဲ။

- ဟုတ်ပါတယ်။ ကျနော်တို့ ပါတီကို ထူထောင်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ လာမယ့် စက်တင်ဘာ ၂၇ ဆိုရင် ပါတီ ထူထောင်တာ ၂၃ နှစ် ပြည့်မယ်။ နှစ်ပေါင်း ၂၀ ကျော် ကျနော်တို့ တတွေ အားလုံးဟာ မျက်ရည်တွေ၊ သွေးတွေ၊ အသက်တွေ ရင်းနှီးပြီးတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အတွက် ဆောင်ရွက် နေကြတယ်။ ကျနော်တို့ တတွေဟာ ရာထူးတွေ၊ စည်းစိမ်တွေ၊ အာဏာတွေ၊ ငွေကြေးတွေအတွက် လုပ်ခဲ့ကြတာ မဟုတ်ဘူး။ ဒါတွေနဲ့ ဘယ်တုန်းကမှ မလဲလှယ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ရပ်တည်ပြီးတော့ ဒီမိုကရေစီရေး အတွက် လုပ်နေကြတာ ဖြစ်တယ်။ နောက်ကျတယ် ဆိုတာ မရှိဘူး။ အခုအချိန်မှာမှ ကျနော်တို့ တတွေဟာ ဆက်လက် ခိုင်မာနေဖို့ လိုပါတယ်။ တဖက်က လိမ်ညာ လှည့်ဖျားနေတယ် ဆိုရင်တောင်မှ ကျနော်တို့ တတွေက ခိုင်မာနေတယ် ဆိုရင် သူတို့ လှည့်ဖျားတာတွေ တောင်မှ ပျက်ပြား သွားနိုင်ပါတယ်။ ဒီအချိန်မှာ အတူတကွ ရပ်တည်ကြပါ။ ထို့အတူလည်း ဆွေးနွေးကြပါ၊ ကျနော် နားထောင်မယ်၊ ပြန်လည် ဖြေရှင်း ဆွေးနွေးပါ့မယ်။ နိုင်ငံရေးမှာ မှားရင် ပြင်ရမှာပဲ။ ပြင်ရင် ပြောင်းရမှာပဲ။ အဲသည်လိုမျိုး ပြောချင်ပါတယ်။ လက်ရှိ အခြေအနေမှာ ကျနော်တို့တတွေ အတူတူ ရပ်တည်ကြပါ။ အင်အားသစ်တွေ မွေးမြူကြပါလို့ ပြောချင်ပါတယ်။

Ref: မိုးမခ

Read More...

မြန်မာ့နိုင်ငံရေး ဒေါ်စု အပြုသဘော ရှုမြင်

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 21 စက်တင်ဘာ 2011

အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်တဲ့နေရာမှာ အပြန်အလှန် အပေးအယူ ညှိနှိုင်းရတာမို့ အလွန် ခက်ခဲ သိမ်မွေ့ပြီး သိပ် မကြာခင်မှာတော့ မြန်မာနိုင်ငံ အခြေအနေဟာ အပြောင်း အလဲတွေ မြင်ရနိုင်တယ်လို့ မျှော်လင့်တဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က နယူးယောက်မှာ ကျင်းပတဲ့ Clinton Global Initiative နှစ်ပတ်လည် ညီလာခံမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် မှန်ကန်တဲ့ အားပေး ထောက်ခံမှုမျိုး ဆက်လုပ်သွားဖို့ အမေရိကန် ပြည်ထောင်စု ကိုလည်း တိုက်တွန်း ခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative နှစ်ပတ်လည် ညီလာခံမှာ မနေ့တုန်းက ခေါင်းဆောင်မှု ပိုင်းနဲ့ ပတ်သက်လို့ ဆွေးနွေးကြတဲ့ နေရာ အဓိက ဆွေးနွေးသူ ၂ ဦးကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) တို့ ဖြစ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ရန်ကုန်မြို့ကနေ ဗွီဒီယိုက တဆင့် တိုက်ရိုက် ဆွေးနွေးပါတယ်။ မြန်မာနိုင်ငံဟာ အပြောင်းအလဲ အတွက် လမ်းစကို ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီမှာ ပြောသွားပါတယ်။

“သိပ်မကြာခင်မှာပဲ အပြောင်းအလဲတွေ တွေ့လာရတော့မယ်လို့ ထင်ပါတယ်။ အပြောင်းအလဲနဲ့ ပတ်သက်လို့ စကားတွေ အတော်လေး ပြောခဲ့ပြီးပါပြီ။ လူတွေက သိသာမြင်သာတဲ့ ရလဒ်ကို မြင်ချင်ကြတယ် ဆိုတာလည်း နားလည်ပါတယ်။ ဒါပေမဲ့ ကျမတို့ဟာ အပြောင်းအလဲတွေရဲ့ အစကို ပျိုးနိုင်ပြီလို့ ဆိုရမှာပါ။”

တချိန်တည်းမှာပဲ အဲဒီ အပြောင်းအလဲအတွက် မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိတယ်လို့ ပြောပြီး အခု အချိန်ဟာ အလွန်သိမ်မွေ့တဲ့ အဆင့်တခုမှာ ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ညှိနှိုင်းကြတဲ့ နေရာမှာ ကိုယ့်ဘက်က ရလိုတာသက်သက် မကြည့်ရဘဲ တဘက်ရဲ့ လိုလားချက်ကိုလည်း ပေးရတဲ့အပိုင်း ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာ တခါတခါ အတော်လေး ခက်ခဲပါတယ်။ နှစ်ဘက်စလုံးက ညှိနှိုင်းရေး အတွက် ပြင်ဆင် ရပါတယ်။ ယူချင်တာကြီးပဲ မဟုတ်ဘဲ ပေးရမှာလည်း ရှိပါတယ်။ အပေးအယူ လုပ်ရမှာပါ။ အဲဒီမှာ နှစ်ဘက်စလုံး အတွက် သင့်တင့်မျှတတဲ့ အဖြေရဖို့ လိုပါတယ်။ ဒါကြောင့် သိပ်ကို ခက်ခဲသိမ်မွေ့တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ကျမအနေနဲ့ကတော့ ဒီအခြေအနေအပေါ် သတိထားပြီး အကောင်းဘက် မြင်ပါတယ်။ နိုင်ငံအတွက် သိပ်ကို အရေးကြီးတဲ့၊ စစ်စစ်မှန်မှန် အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့ ဆက်လုပ်သွားရမှာပါ။”

ဆွေးနွေးပွဲမှာရှိတဲ့ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး အတွက် အစဉ်တစိုက် ရပ်တည် လှုပ်ရှားမှု အပေါ်မှာ ချီးကျူး ပြောခဲ့သလို သမ္မတဟောင်း ဘေလ် ကလင်တန် ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် လှမ်းနှုတ်ဆက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ် အနစ်နာခံမှုကို အသိအမှတ်ပြု ချီးကျူး ပြောသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာ့ ဒီမိုကရေစီရေးမှာ ကမ္ဘာက လူသိများတဲ့ သူ့လို ပုဂ္ဂိုလ်တွေ ရှိပေမဲ့ မထင်မရှား ဒီမိုကရေစီရေး တိုက်ပွဲ ၀င်နေသူတွေရဲ့ ဘ၀ဟာ ပိုပြီး တန်ဖိုးကြီးတယ်လို့ ပြောခဲ့ပါတယ်။

“ဒီလူတွေဟာ မထင်မရှား ဖြစ်နေကြတဲ့ အညတရ စစ်သည်တွေလို့ ဆိုရမှာပါ။ ကမ္ဘာကသိတဲ့ ကျမလို လူမျိုးတွေထက် သူတို့ဟာ ပိုပြီး တန်ဖိုးရှိပါတယ်။ ကျမတို့အတွက် ကမ္ဘာက ပိုပြီးသိလေ အကာအကွယ် ပိုရလေပါပဲ။ ဒီလူတွေကျတော့ ကမ္ဘာက မသိကြဘူး။ ဒါကြောင့် သူတို့ရဲ့ သတ္တိ၊ သူတို့ရဲ့ စွန့်လွှတ်မှုဟာ အင်မတန် ကြီးမားပါတယ်။ ဒီလိုလူတွေနဲ့ အတူလုပ်ရတာ ခွန်အားတွေ တိုးစေပါတယ်။”

မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အနေနဲ့ အိမ်နီးချင်းကောင်း ပီသစွာနဲ့ အပြောင်းအလဲတွေနဲ့ အညီ မြန်မာနိုင်ငံ အပေါ် သင့်တော်တဲ့ မူဝါဒ ပြောင်းလဲမှုတွေ လုပ်ဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း သွားပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် မှန်ကန်တဲ့ အားပေးထောက်ခံမှုမျိုး ဆက်လုပ်သွားဖို့ တိုက်တွန်း ခဲ့သလို ပြီးခဲ့တဲ့ မြန်မာ့အရေး ရပ်တည်ပေးခဲ့မှုတွေ အတွက်လည်း ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

“လွန်ခဲ့တဲ့ နှစ် ၂၀ အတောအတွင်း ကျမတို့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ရပ်တည် ဆောင်ရွက်ခဲ့တဲ့ အပေါ်မှာ အမေရိကန် ပြည်ထောင်စုကို အထူး ကျေးဇူးတင်ကြောင်း ဒီနေရာမှာ ပြောလိုပါတယ်။ ဒီထက်ပိုပြီး လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ကျမတို့ အားလုံးလည်း ဒီထက်ပိုပြီး လုပ်ပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။ မှန်ကန်တဲ့ လုပ်ရပ်အပေါ် မှန်ကန်တဲ့ အားပေး ထောက်ခံမှုမျိုး လုပ်ခြင်းအားဖြင့် ကျမတို့ ရုန်းကန်မှုအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ မှန်ကန်တဲ့ အားပေးထောက်ခံမှုကို ဘယ်လိုလုပ်မလဲဆိုတဲ့ ဆုံးဖြတ်ရမယ့် ကိစ္စကတော့ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။”

ဒီမိုကရေစီဆိုတဲ့ စကားနဲ့ ပတ်သက်လို့တော့ ဒါဟာ အနောက်နိုင်ငံတွေ သုံးတဲ့ စံနှုန်းလို့ အချို့ ပြောတာကို ဒေါ်အောင်ဆန်းစုကြည်ရော တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးတို့ကပါ ငြင်းပယ်ပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ တည်ငြိမ် လုံခြုံမှုအတွက် ဒီမိုကရေစီစနစ်ရှိမှ ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူတိုင်းဟာ မိမိတို့ကိုယ်မိမိ လုံခြုံမှုရဖို့၊ လွတ်လပ်ဖို့၊ ပျော်ရွှင်ချမ်းမြေ့ဖို့ လိုလားကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ၂ ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒက်စ်မွန် တူးတူးတို့ ၂ ဦးဟာ လူပုဂ္ဂိုလ်ချင်း တခါမှ မဆုံဘူးပေမဲ့ အခု ဆွေးနွေးပွဲမှာ တဦးနဲ့တဦး အပြန်အလှန် နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး ပြောခဲ့သလို တက်ရောက် လာသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မတ်တပ်ရပ်ပြီး တလေးတစား ဂုဏ်ပြုခဲ့ကြပါတယ်။

Ref: VOA News

Read More...

မြန်မာ့အရေးကို ကမ္ဘာက မျက်ခြေမပြတ် ကြည့်နေဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

2011-09-21

မြန်မာနိုင်ငံမှာ လွတ်လပ်မှုကို ဦးတည်တဲ့ ကနဦး ခြေလှမ်းတွေ စတင် ပေါ်ထွက်နေပြီလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ Clinton Global Initiative (CGI) နှစ်ပတ်လည် ညီလာခံမှာ ပြောကြား လိုက်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် ဦးဆောင်တဲ့ CGI ရဲ့ ဒီနှစ် ညီလာခံကို ဒေါ်အောင်ဆန်း စုကြည်က ရန်ကုန်မြို့ နေအိမ်ကနေ အင်တာနက် Skype ဗီဒီယိုက တဆင့် မိန့်ခွန်း တိုက်ရိုက် ပြောဆို ခဲ့တာပါ။

တကယ်လို့ မြန်မာ့အရေးကို ကမ္ဘာက ကူညီချင်တယ်ဆိုရင် လက်ရှိ ပြည်တွင်းမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ ကမ္ဘာက လေ့လာ သိရှိဖို့ လိုပါတယ်။ အဲဒီလို သိရှိနေနိုင်ဖို့ သတင်းစာထဲ ပါတာလောက် ဖတ်ယုံ မဟုတ်ဘဲ အဖြစ်အပျက်တွေ နောက်ကိုလည်း မျက်ခြေမပြတ် လိုက်ပြီး ကြည့်နေဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

မြန်မာ့အိမ်နီးချင်း အိန္ဒိယ၊ တရုတ်တို့ကို ရည်ညွှန်း ပြောကြားရာမှာတော့ အစိုးရချင်း ဆက်ဆံရေး ကောင်းမွန်ဖို့ထက် ပြည်သူတွေနဲ့ ဆက်ဆံရေး ကိုလည်း ပိုပြီး အလေးထားဖို့၊ ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

၃-ရက်ကြာ ကျင်းပမယ့် အဲဒီ CGI ညီလာခံကို ကမ္ဘာတလွှားက နိုင်ငံရေး၊ စီးပွားရေးလောက ခေါင်းဆောင်တွေ အပြင် နိုင်ငံ ၅၀ ကျော်က အစိုးရအဖွဲ့ ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်။

Ref: RFA News

Read More...

ရှမ်းတပ်နှင့် တိုက်ပွဲ အစိုးရတပ် အထိနာ

ကွန်းချမ်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအစိုးရ တပ်များနှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA-N တို့ အင်္ဂါနေ့က ရှမ်းပြည်နယ် လာရှိုး မြို့နယ်တွင်း ဖြစ်ပွားသော တိုက်ပွဲ တခုတွင် အစိုးရ တပ်ဘက်က ကျဆုံးသူ ခြောက်ဦး ရှိကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/ SSA-N) က ပြောသည်။

ရှမ်းပြည်နယ် လားရှိုးမြို့နယ် နမ်းပေါင်ကျေးရွာအနီး SSA အမှတ် (၉) မြို့နယ် လုံခြုံရေးတပ် အင်အား ၁၈ ဦးနှင့် ခလရ (၁၉၁) အင်အား ၂ဝ ခန့်က ည ၁၂ နာရီမှ နံနက် တနာရီထိ တိုက်ပွဲ ဖြစ်ပွားရာ ကျဆုံးသူ ၆ ဦး နှင့်အတူ MA-1 သုံးလက်၊ MA4-79 လောင်ချာတွဲ တလက်၊ ကျည်ဆံ ၄၅၈ တောင့်၊ ကျည်ဘောက် ၁၆ ခု၊ နင်းမိုင်း ၄လုံး၊ လမ်းလျှောက် စကားပြောစက် တလုံးကို သိမ်းဆည်း ရမိကြောင်း SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလှက ပြောသည်။

အစိုးရတပ်မှ ဒဏ်ရာအများအပြား ရရှိခဲ့ပြီး၊ SSA ဘက်က ထိခိုက်ဒဏ်ရာ ရသူ မရှိကြောင်း ဗိုလ်မှူး စိုင်းလှက ဆက်ပြောသည်။ သို့သော် မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုချက် မရယူနိုင်ခဲ့ပါ။

“သူတို့က ကျနော်တို့ကို တောနင်း ရှာတိုက်တာ။ ကျနော်တို့ဘက်က သတင်းရပြီး စောင့်ပြီး တိုက်လို့ ထိခိုက်တာ မရှိဘူး” ဟု သူက ပြောသည်။

တနင်္ဂနွေနေ့တွင်လည်း ကျေးသီးမြို့နယ် အခြေစိုက် ခလရ (၁၃၁) က ယာဉ်တန်း ၈ စီးနှင့် နောင်ဆွမ်း ကျေးရွာ ဘက်တွင် လှုပ်ရှား နေသည့် အစိုးရတပ်ကို ရိက္ခာပို့ရန် အတွက် ဝမ်ဖိန်းရွာနှင့် မိုင်းနမ်း ရွာသား ၃၅ ဦး၊ သံဃာတော် ၁ဝ ပါး၊ ဝမ်းဖိန်းရွာ ကျောင်းထိုင် ဘုန်းတော်ကြီး တို့ကို ကားဖြင့် ခေါ်သွားခဲ့သည်ဟု SSA က ပြောသည်။

လက်ရှိတွင် ရှမ်းပြည်တိုးတက်ရေးပါတီ၏ ဝမ်ဟိုင်းဌာနချုပ် အရှေ့တောင်ပိုင်း ၃ မိုင်အကွာ၊ အနောက်ဘက် ၅ မိုင် အကွာ၌ အစိုးရ တပ်ရင်း ၁ဝ ရင်းခန့် တပ်စွဲထားဆဲ ဖြစ်ပြီး SSA ဘက်မှ ပြောက်ကျား တိုက်ပွဲ ဆင်လျက်ရှိသည်။

Ref: မဇ္ဈိမ

Read More...

မြစ်ဆုံအရေး လွှတ်တော်ဖြင့် မလုံလောက်ဟု ၁၀ ပါတီပြော

သဲသဲ
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၁

နယူးဒေလီ(မဇ္ဈိမ) ။ ။ အငြင်းပွားနေသည့် မြစ်ဆုံဆည်စီမံကိန်းအား ဆက်လက် ဆောင်ရွက်ရန် သင့်မသင့်ကို လွှတ်တော် တခုတည်းဖြင့် ဆုံးဖြတ်မည် ဆိုပါက မျှတသည့် ဆုံးဖြတ်ချက် ဖြစ်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲဝင် ဒီမိုကရေစီ မိတ်ဆွေများပါတီ အဖွဲ့ဝင် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ပြောသည်။

“လွှတ်တော်တခုတည်းနဲ့ ဆုံးဖြတ်မယ်ဆိုရင် မျှတမယ်လို့ မထင်ဘူး။ လွှတ်တော်မှာ ကြီးစိုး ထားတာက ပါတီကြီး ဆိုတော့ အဲဒီ ပါတီကြီးမှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တဦးချင်း လွတ်လပ်မှု အနေအထားကို ဘယ်လိုမှ အာမခံနိုင်တဲ့ အနေအထား မရှိဘူး” ဟု RNDP ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးလှစောက မဇ္ဈိမကို ပြောသည်။

မြစ်ဆုံဆည်စီမံကိန်းကို သီးခြားကင်းလွတ်သည့် ပညာရှင်များဖြင့် ကဏ္ဍပေါင်းစုံမှ ပြန်လည် သုံးသပ်ပြီး ကောင်းကျိုး၊ ဆိုးကျိုးများကို ပြည်သူများထံ အသိပေးကာ ဆက်လက် လုပ်ဆောင်သင့် မလုပ်ဆောင်သင့်ကို ဆုံးဖြတ်ရန် RNDP ပါဝင်သည့် ဒီမိုကရေစီ မိတ်ဆွေများ ၁ဝ ပါတီက အစိုးရကို အင်္ဂါနေ့တွင် ကြေငြာချက်ထုတ် တိုက်တွန်း ခဲ့သေးသည်။

RNDP ပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ၊ ဖလုံ-စဝေါ်၊ ချင်း အမျိုးသား ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီတို့ ပူးပေါင်း မဟာမိတ် ဖွဲ့ထားသည့် ဒီမိုကရေစီ မိတ်ဆွေများက ပူးတွဲ ကြေငြာချက် ထုတ်ခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်က အမတ်တွေက ပညာရှင်လည်းမဟုတ်ဘူး တချို့က မဲသာပေးလိုက်ကြမယ် မြစ်ဆုံ အကြောင်းကို ဂဃနဏ သိချင်မှ သိနိုင်မယ် လွှတ်တော် အမတ် ဆိုတာလည်း လူတန်းစား အမျိုးမျိုးကိုး” ဟု လွှတ်တော်ခုတည်း သာမက ပညာရှင်များ၏ အသံလည်း လိုအပ်ကြောင်း ဦးလှစောက ပြောသည်။

ပညာရှင်များ၏ ပြောဆိုချက်အရ ငလျင် အန္တရာယ်ကြုံနိုင်သည့် စစ်ကိုင်းပြတ်ရွေ့အနီး တည်ဆောက်မည့် မြစ်ဆုံဆည် အတွက် တရုတ် ကုမ္ပဏီ၏ နည်းပညာ အရည်အသွေး ကိုလည်း သံသယ ရှိကြောင်း ဒီမိုကရေစီ မိတ်ဆွေ ပါတီများက ပြောဆိုထားသည်။

နည်းပညာ အားနည်ချက်များကို တရုတ်ပြည်၌ ၁၉၇၅ ခုနှစ်တွင် ရှီမန်တန်နှင့် ဘန်ကွီယိုဆည်များ ကျိုးပေါက် ခဲ့မှုကြောင့် လူပေါင်း နှစ်သိန်းကျော် သေဆုံးခဲ့မှုများကို သာဓကပေး ထောက်ပြ ထားသည်။

တရုတ်ပြည် အလယ်ပိုင်း ဟီနန်ပြည်နယ်အတွင်းရှိ ထိုဆည်များမှာ ၁၉၇၅ သြဂုတ်လတွင် တိုက်ခတ်ခဲ့သည့် နာနီ တိုင်ဖွန်း မုန်တိုင်းကြောင့် မိုးသည်းထန်းစွာ ရွာသွန်းပြီး ဆည်ရေလျှံကာ ကျိုးပေါက်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တရုတ်ပြည်တွင်းရှိ မဲခေါင်မြစ်ဖျားတွင် ဆည်ကြီများ တည်ဆောက်မှုကြောင့် မဲခေါင်မြစ်ရေ ကောင်းစွာ မရတော့သည့် လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီယား နိုင်ငံများက တောင်းဆို ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လုပ်ငန်းပမာဏ ကြီးမားပြီး မြစ်ဆုံဆည်ကဲ့သို့ နိုင်တော်အဆင့် အရေးပါသည့် စီမံကိန်းများ တည်ဆောက်ရာတွင် အချက်အလက် အပြည့်အစုံ ရှင်းလင်းကာ စီမံကိန်း ဒေသခံများနှင့် ပြည်လူလူထု တရပ်လုံး၏ ဆန္ဒဖြင့်သာ လုပ်ဆောင် သင့်ကြောင်း ပြောဆို ထားသည်။ စစ်အစိုးရ လက်ထက်တွင် စတင်ခဲ့သည့် မြစ်ဆုံ စီမံကိန်း သဘောတူချက်ကို လက်ရှိ အစိုးရသစ်က ဆက်လက် အကောင်အထည် ဖော်ရာတွင် “အရင်ကလိုမျိုး ငါတို့ ရွှေ့လို့ မရတော့ဘူး ဖြစ်ချင်ရာဖြစ်ကွာ ဆက်လုပ်မှာ ဆိုတာမျိုး လုပ်လို့ မရတော့ပါဘူး” ဟု ဦးလှစောက ပြောသည်။

မြစ်ဆုံစီမံကိန်း ဆက်လုပ်မည်ဟု ပြောဆိုခဲ့သူ လျှပ်စစ် ၁ ဝန်ကြီး ဦးဇော်မင်းက လွှတ်တော်နှင့် အစိုးရ အဖွဲ့၏ မူဝါဒ အဆုံးအဖြတ် အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဟု စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့သော “ဧရာဝတီမြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ” အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောဆိုသွားခဲ့သည်။

ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည် ၈ ခုအနက် အကြီးဆုံးဖြစ်သည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” မှာ ရေအားလျှပ်စစ် မီဂါဝပ် ၆,ဝဝဝ ထုတ်လွှတ် ပေးနိုင်မည်ဖြစ်သည်။ ဆည်စီမံကိန်း အတွက် မေခမြစ် အပိုင်းတွင် တာငါးခု၊ မလိခမြစ်တွင် နှစ်ခု ပိတ်ရမည်ဖြစ်ကာ ဆည်နယ်မြေ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈,ဝဝဝ ရှိပြီး စကာင်္ပူ နိုင်ငံထက် ကျယ်ဝန်းသည်။

ထွက်ရှိသည့် ရေအားလျှပ်စစ်ကို တရုတ်နိုင်ငံက ၉ဝ ရာခိုင်နှုန်းရရှိမည် ဖြစ်ပြီး အမှတ် ၁ လျှပ်စစ် စွမ်းအင် ဝန်ကြီး ဌာနနှင့် တရုတ် China Power Investment Corporation –CPI တို့ အကျိုးတူ ဆောင်ရွက်နေရာ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလတွင် တည်ဆေက်မှုလုပ်ငန်း စတင်သည်။

Ref: မဇ္ဈိမ

Read More...

ဝီကီလိခ်ပြောတဲ့ အိန္ဒိယ-မြန်မာ ဆက်ဆံရေး

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ တချိန်က မြန်မာ့ဒီမိုကရေစီ အင်အားစုဘက်မှ ပြတ်ပြတ်သားသား ထောက်ခံ့ ခဲ့သော အိန္ဒိယ အစိုးရနှင့် မြန်မာအစိုးရ အကြား ဆက်ဆံရေး ပြောင်းလဲ လာပုံကို ရန်ကုန်နှင့် နယူးဒေလီ အခြေစိုက် အမေရိကန် သံရုံးက အနီးကပ် စောင့်ကြည့် ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လျို့ဝှက်ကြေးနန်းများက ဖော်ပြ နေသည်။

ဝီကီလိခ်မှ ၂ဝ၁၁ ခု သြဂုတ်လအတွင်း ပေါက်ကြားလာသည့် အမေရိကန်သံရုံး နှစ်ခုက ဝါရှင်တန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သော ၂ဝဝ၄၊ ၂ဝဝ၇ ခု ကြေးနန်းများတွင် နှစ်ဘက် နိုင်ငံရေးနှင့် စီးပွားရေး အရ တိုးတက်လာမှုကို ထင်ဟပ်နေသည်။

“စစ်အစိုးရနဲ့ ဆက်ဆံတာဟာ အိန္ဒိယရဲ့ အမျိုးသား လုံခြုံရေးနဲ့ စီးပွားရေးဖွံ့ဖြိုးဖို့ အတွက် လက်တွေ့ ကျတယ်လို့ အိန္ဒိယ အစိုးရက ယူဆတယ်။ သူတို့နဲ့ ဆက်ဆံရေး အဆင်ပြေတဲ့သူက နအဖ နံပတ် နှစ် ဗိုလ်ချုပ်ကြီး မောင်အေး ဖြစ်တယ်” ဟု ၂ဝဝ၇ ခု ဖေဖော်ဝါရီ ၈ ရက် ရန်ကုန်သံရုံး ကြေးနန်း၌ သိရှိချက်ကို ဖော်ပြထားသည်။

အိန္ဒိယအစိုးရသည် ၁၉၈၈ ခု ဒီမိုကရေစီ အုံကြွမှုဘက်မှ ရပ်တည်ကူညီခဲ့ပြီး ၁၉၉၂ ခုတွင် မြန်မာ စစ်အစိုးရ၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ အတွက် ကုလသမဂ္ဂမှ ဆုံးဖြတ်ချက်ချရေး အထိပင် တောင်းဆို ခဲ့ဖူးသော်လည်း တရုတ်က မြန်မာနိုင်ငံ အပေါ် သြဇာ လွှမ်းမိုးရန် ကြိုးစားနေမှု၊ သူ၏ အရှေ့မြောက်ဖက် ပြည်နယ် သူပုန်များကို နှိမ်နှင်း ရန်နှင့် ယင်းပြည်နယ်များ၏ စီးပွားရေး ဖွံ့ဖြိုးစေရန် မြန်မာ စစ်အစိုးရနှင့် ဆက်ဆံရေး ပြောင်းလဲလာခဲ့သည်။

“အစိတ်စိတ် မြွှာမြွှာဖြစ်နေတဲ့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့တွေဟာ စစ်မှန်တဲ့ အပြောင်းအလဲ တခုကိုဖြစ်စေမယ့် ညီညွတ်မှုကို မတည်ဆောက် နိုင်ဘူး။ တည်ဆောက်လိုစိတ် မရှိကြဘူးလို့ ထင်တယ်။ အဲဒါက နိုင်ငံမှာ စစ်တပ်ကို စုစည်းမှု အရှိဆုံး နိုင်ငံရေး အင်အားစု ဖြစ်လာစေပြီး အာဏာကို ဆက်ကိုင်သွားစေနိုင်တာပဲ” ဟု အိန္ဒိယ သံတမန် တဦး၏ ပြောကြားချက်ကို ကိုးကားပြီး ၂ဝဝ၇ ခု ဖေဖော်ဝါရီ ၈ ရက်ရက်စွဲတပ် ကြေးနန်းတွင် ဖော်ပြထားသည်။

ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးသည် အိန္ဒိယ ဒုတိယသမ္မတ Krishan Kant ၏ ဖိတ်ကြားချက်အရ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေး၊ စက်မှု၊ အခွန် ဘဏ္ဍာ၊ သိပ္ပံနှင့် နည်းပညာ၊ လျှပ်စစ်စွမ်းအင် ဝန်ကြီးတို့ လိုက်ပါလျက် ရှစ်လေးလုံး ဒီမိုကရေစီ အုံကြွမှုဖြစ်အပြီး ၁၂ နှစ် အတွင်း ပထမဆုံး လည်ပတ်သော မြန်မာ အဆင့်မြင့်ဆုံး ခေါင်းဆောင်အဖြစ် ၂ဝဝဝ ခု နိုဝင်ဘာ ၁၄ မှစ၍ ၈ ရက်ကြာ သွားရောက်ခဲ့သည်။

နှစ်နိုင်ငံနယ်စပ် အရှည် မိုင် ၉၉ဝ ကျော်အတွင်း အိန္ဒိယ ဗဟိုအစိုးရကို ဆန့်ကျင်နေသည့် အရှေ့ မြောက် ပြည်နယ် သူပုန်များကို ပူးပေါင်း နှိမ်နင်းရေး၊ မူးယစ်ဆေး တိုက်ဖျက်ရေး၊ စီးပွားရေး ကိစ္စများ ဆွေးနွေးခဲ့ပြီး အိန္ဒိယ အစိုးရထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅ သန်း ရနိုင်ရန်လည်း လက်မှတ် ထိုးခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး မစ္စတာပရာနက် မူကာဂျီ Mr. Pranab Mukherjee သည် ၂ဝဝ၇ ခု ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၃ ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ ခရီးစဉ်အတွင်း မည်သည့် သဘောတူညီချက်မျှ မရှိကြောင်း အိန္ဒိယသံတမန်က ရန်ကုန် အမေရိကန် သံအရာရှိကို ပြောသည်ဟု ကြေးနန်းက ဖော်ပြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရာထူးမှ ဖြုတ်ချပြီးနောက် အိန္ဒိယနိုင်ငံသို့ ပထမဆုံး အကြိမ် အဖြစ် ၂ဝဝ၄ ခု အောက် တိုဘာလ ၂၄ မှ ၆ ရက်ကြာ သွား ရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်အပြီး အောက်တိုဘာ ၂၉ ရက်တွင် နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ချက် အတွင်း “အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီစနစ်သို့ အမြန် ပြောင်းလဲနိုင်ရေး” တို့ ထည့်သွင်း ခဲ့ကြောင်း နယူးဒေလီ အခြေစိုက် အမေရိကန် သံရုံး၏ ၂ဝဝ၄ ခု နိုဝင်ဘာ ၂ ရက် ကြေးနန်းတွင် ပါရှိသည်။

“ပိတ်ဆို့ အရေးယူခြင်းသည် မြန်မာနိုင်ငံကို အထီးကျန် ဖြစ်စေပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို မဖော်ဆောင်နိုင် ဘဲ စေ့စပ် ဆွေးနွေးသည့် နည်းဖြင့်သာ စစ်အစိုးရကို ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်စေနိုင်မည်” ဟု အိန္ဒိယ၏ အမြင်ကိုလည်း ဖော်ပြထားသည်။

မြန်မာ့ဒီမိုကရေစီရေးအတွက် သည့်ထက်ပို၍ လုပ်ဆောင်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းချက်ကို “ဒီမိုကရေစီကို အောက်ခြေမှ စ၍ တည်ဆောက်မှသာ ဖြစ်နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအကြား ယဉ်ကျေးမှု၊ အားကစား စသည့်ကဏ္ဍများမှ ဆက်စပ် ဆက်ဆံရေး နည်းဗျူဟာကို ကျင့်သုံးသွားမည်” ဟု အိန္ဒိယ အဆင့်မြင့် သံတမန်က ဖြေကြား သွားသည်။

အိန္ဒိယနိုင်ငံသည် သူ၏ စီးပွားရေးနှင့် လုံခြုံရေးကို အဓိကထားပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးချဲ့လာရာ နအဖ နံပတ် ၂ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး ၂ဝဝ၈ ခု ဧပြီ ၂ ရက်မှစသည့် ၅ ရက် တာ အိန္ဒိယခရီးစဉ်တွင် ရခိုင်ပြည်နယ် စစ်တွေ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး၊ ချင်းပြည်နယ် ပလက်ဝမှ မီဇိုရမ်ပြည်နယ်သို့ အဝေးပြေးလမ်း ဖောက်လုပ်ရေးတို့ ပါဝင်သည့် ကုလားတန်မြစ် ဘက်စုံ သယ်ယူ ပို့ဆောင်ရေး စီမံကိန်းကို လက်မှတ် ထိုးနိုင်ခဲ့သည်။

၂ဝ၁၃ ခု တွင်ပြီးစီးမည်ဟု ကနဦးက ခန့်မှန်းထားခဲ့သော စီမံကိန်းအတွက် အိန္ဒိယက ခန့်မှန်း အမေရိကန် ဒေါ်လာ ၁၃၂ သန်း ကုန်ကျ ခံမည် ဖြစ်သည်။ မီဇိုရမ်ပြည်နယ်မှ ကုန်စည်များ ပလက်ဝ၊ စစ်တွေတို့ မှတဆင့် နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ဖြစ်သည်။

တဘက်တွင်လည်း ၂ဝဝ၁ ခု ဖေဖော်ဝါရီတွင် ဖွင့်လှစ်ခဲ့သော မဏိပူပြည်နယ် မိုးရေးမှ စစ်ကိုင်းတိုင်း ကလေးဝမြို့ ထိ ၉၉ မိုင်ရှည် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းမသည် မန္တလေး၊ မြဝတီတို့မှ တဆင့် ထိုင်းနိုင်ငံသို့ ပေါက်မည် ဖြစ်ကာ အိန္ဒိယ–အာဆီယံ ကုန်သွယ်မှုတွင် အရေးပါလာမည် ဖြစ်သဖြင့် အိန္ဒိယဘက်က ဆက်လက် တိုးချဲ့လိုနေသည်။

Ref: မဇ္ဈိမ

Read More...

ကလေးစစ်သားမရှိဟု ကာကွယ်ရေးဝန်ကြီး ပြော

လင်းသန့်
Wednesday, 21 September 2011

တပ်မတော်တွင် ကလေးစစ်သားများ ရှိနေသည်ဟူသော ရေးသားပြောဆိုချက်များမှာ လုပ်ကြံ စွပ်စွဲမှုများသာ ဖြစ်သည်ဟု ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းက ပြောဆိုကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

“တပ်မတော်သည် မည်သည့်အခါကမျှ အရွယ်မရောက်သူများကို စစ်သား အဖြစ် အသုံး မပြုခဲ့ကြောင်း၊ မှားယွင်း စုဆောင်းမှုများ ရှိပါကလည်း သက်ဆိုင်သူ များကို အရေးယူ သကဲ့သို့ တပ်သားသစ်များ ကိုလည်း အုပ်ထိန်းသူများ ထံသို့ စနစ်တကျ လွှဲပြောင်း ပေးလျက် ရှိကြောင်း” ဟူသော ဒု ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောဆိုချက်ကို သတင်းစာတွင် တွေ့ရသည်။

ဒု ဗိုလ်ချုပ်ကြီးလှမင်းက ရခိုင်ပြည်နယ်ရှိ တပ်များနှင့် စက်တင်ဘာ ၁၅ မှ ၁၉ ရက်နေ့အထိ တွေ့ဆုံစဉ် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ်မှ စတင်ပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်၏ အဖွဲ့ဝင် နိုင်ငံ ဖြစ်ခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် အရွယ် မရောက်သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ တားဆီးရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်း ဆောင်ရွက်မှုများ စတင်ခဲ့ကြောင်း ၄င်းက ပြောသည်။

“လက်တွေ့တွင်မူ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းများကသာ တစ်အိမ်ထောင်လျှင် တပ်သားသစ် တစ်ဦး ပေးရမည်ဟု သတ်မှတ်ကာ အရွယ် မရောက်သေးသူများ အပါအ၀င် ပြည်သူများကို အတင်း အဓမ္မ စုဆောင်း အသုံးပြု နေခြင်းဖြစ်ပြီး မိမိတို့ ထံတွင် သက်သေ အထောက်အထားများ အခိုင်အမာ ရှိကြောင်း” လည်း ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းက ပြောဆိုထားသည်။

ကာကွယ်ရေးဝန်ကြီး၏ ပြောဆိုချက်သည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ကလေး စစ်သား အသုံးပြုမှု ဆိုင်ရာ အခြေအနေနှင့် ပတ်သက်သည့် အစီရင်ခံစာ ထွက်ပေါ်တော့မည့် အခြေအနေတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု မြန်မာပြည် ကလေးစစ်သား အရေး လေ့လာနေသူ တဦးက ထောက်ပြသည်။

“ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ကလေးစစ်သားအသုံးပြုမှု အလုပ်အဖွဲ့ ကနေ ဒီအစီရင်ခံစာကို လေ့လာပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို ဘယ်လို ဖြေရှင်းမလဲ ဆုံးဖြတ်ချက်ချဖို့ အချိန်ရောက်နေပြီ။ အဲဒီအချိန်မှာ တခုခု ဖြစ်နိုင်တဲ့ အတွက် ကလေးစစ်သား အသုံးမပြု ပါဘူးလို့ ကြိုတင် ငြင်းဆို ထားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ထိုင်း နိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးရေး အဖွဲ့၏ ဒါရိုက်တာ ကိုအောင်မျိုးမင်းက ဧရာဝတီကို ပြောသည်။

စစ်ပြေးမှုဖြင့် ဖမ်းဆီးထောင်ချခံထားရသည့် ကလေးစစ်သားများရှိနေသည်ဟု ရန်ကုန်မြို့ ဦးသက်ဝေက ပြောသည်။

“အခုလို မရှိဘူးလို့ ငြင်းနေမယ့် အစား ILO အလုပ်သမားအဖွဲ့ချုပ်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ (ICRC) တို့က ပူးတွဲပြီး စစ်သား စုဆောင်းရေး စခန်းတွေ၊ လေ့ကျင့်ရေးကျောင်း တပ်ခွဲတွေ၊ စုဆောင်းရေး တပ်တွေမှာ ၀င်ရောက် စစ်ဆေး ခံနိုင်တယ် ဆိုလို့ရှိရင်တော့ အတိအကျ သိရမှာပေါ့၊ မရှိပါဘူး ဆိုရင်တော့ အစစ်ဆေး ခံနိုင်ရဲဖို့ လိုတာပေါ့ဗျာ” ဟု ဆိုသည်။

ဦးသက်ဝေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) စမ်းချောင်းမြို့နယ်မှ ဖြစ်ပြီး ကလေးစစ်သား အရေးကို ရန်ကုန်ရှိ ILO ရုံးနှင့် လက်တွဲ ဖြေရှင်း ပေးနေသူတဦး ဖြစ်သည်။

ယခုနှစ်အတွင်း ရန်ကုန် ILO ရုံးတွင် သူ အကူအညီပေးနေသည့် ကလေးစစ်သား အမှုပေါင်း ၅၀ ခန့်ရှိကြောင်း၊ ကူညီ ဖြေရှင်း ပေးသည့် အဖွဲ့အစည်း အရေအတွက်လည်း များလာကြောင်း ဦးသက်ဝေက ဆိုသည်။

မြန်မာနိုင်ငံတွင် ယခင်စစ်အစိုးရ လက်ထက်ကတည်းက ကလေးစစ်သားပပျောက်ရေး အတွက် ILO နှင့် ပူးပေါင်းကာ နားလည်မှု စာချွန် လက်မှတ် ရေးထိုးထားသည်။

ILO ရန်ကုန်ရုံးခွဲ၏ စာရင်းများအရ ၂၀၁၀ နှစ်ဆန်းမှ မေလ အတွင်း အရွယ်မရောက်သူ စစ်သားစုဆောင်းမှု တိုင်ကြားစာ ၂၆၁ ခု ရှိခဲ့ကြောင်း၊ ထိုအထဲမှ လူငယ် ၈၀ ကို အမှုမှ ပလပ်ခြင်း သို့မဟုတ် ပြန်လွှတ်ပေးခဲ့ကြောင်း၊ လုပ်ကိုင် ညှိနှိုင်းဆောင်ရွက်ဆဲ အမှုပေါင်း ၁၁၀ ခန့် ရှိနေကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များအရ အသက် ၁၅ နှစ်အောက် ကလေးသူငယ်များအား မည်သည့် လက်နက်ကိုင် အဖွဲ့တွင်မဆို စစ်မှုထမ်းအဖြစ် ပြုလုပ်သူကို စစ်ရာဇ၀တ်မှု ကျူးလွန်သည်ဟု သတ်မှတ်ပြီး နိုင်ငံတကာ ခုံရုံးတင်၍ အရေးယူ အပြစ် ပေးနိုင်သည်ဟု အတိအလင်း ဖော်ပြထားသည်။

အသက် ၁၈ နှစ်အောက် လူငယ်များကို လက်နက်ကိုင် တပ်များတွင် စစ်မှုထမ်းအဖြစ် သွတ်သွင်း ပါကလည်း အရွယ် မရောက်သေးသူကို စစ်မှုထမ်းစေမှုဖြင့် အရေး ယူနိုင်ကြောင်းလည်း ပါဝင်သည်။

ယနေ့သတင်းစာတွင် ပါဝင်သည့် သူပုန်အဖွဲ့များတွင် ကလေးစစ်သား အသုံးပြုနေသည် ဟူသော ကာကွယ်ရေး ၀န်ကြီး၏ ပြောဆိုချက်ကို ထိုအဖွဲ့များက ပယ်ချလိုက်သည်။

“အခု ကျနော်တို့မှာ ကလေးစစ်သားနဲ့ ပတ်သက်ပြီးတော့ လုံးဝ ကင်းစင်ပြီလို့ ကျနော်တို့ စစ်ဦးစီးချုပ် ကလည်း ပြောတယ်၊ အချိန်မရွေး လွတ်လပ်တဲ့ အဖွဲ့အစည်း၊ ကြိုက်တဲ့ အဖွဲ့အစည်းတွေက လာရောက် စစ်ဆေးနိုင်တယ်” ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ပြောသည်။

လက်နက်ချလာသူ မြန်မာ့တပ်မတော်မှ ကလေးစစ်သားတချို့ ၎င်းတို့ထံတွင် ရှိကြောင်း၊ မီဒီယာများတွင် သက်သေများနှင့် တကွ ဖော်ပြ ထားချက်အရ မြန်မာ စစ်တပ်၏ ကလေးစစ်သား အသုံးပြုမှုများကို ကမ္ဘာက သိရှိကြောင်း သူက ပြောသည်။

ထို့အတူ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဖက်အတွင်းရေးမှူး ဦးလနန်ကလည်း တအိမ်တယောက် တာဝန်မထမ်း မနေရ ဟူသော သတ်မှတ်ချက် ၎င်းတို့ထံတွင် မရှိကြောင်း၊ မိဘမဲ့ကလေးတချို့ ရောက်လာလျှင်လည်း စစ်သင်တန်းများ တက်ခွင့် မရှိဘဲ စာသင်ကျောင်း သို့သာ ပို့ဆောင်ကြောင်း ပြောသည်။

Ref: ဧရာဝတီ

Read More...

Wednesday, September 21, 2011

ညစ်ညမ်း ၀က်ဘ်ဆိုက်များမှလွဲ၍ ဘလော့ဂ်များ အပါအ၀င် ၀က်ဘ်ဆိုက်များ အားလုံးကို ဖွင့်ပေးလိုက်ပြီ ဟု အတည်ပြု ပြောကြား

Tuesday, 20 September 2011

ညစ်ညမ်း ၀က်ဘ်ဆိုက်များမှ လွဲ၍ ဘလော့ဂ်များ အပါအ၀င် ကြည့်ရှုခွင့်ပိတ်ထားသည့် ၀က်ဘ်ဆိုက်များ အားလုံးကို ဖွင့်ပေး လိုက်ပြီ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ သတင်းအချက်အလက် နှင့် နည်းပညာဌာနမှ အင်ဂျင်နီယာ ချုပ်က အတည်ပြု ပြောကြားခဲ့သည်။

“မောင်နဲ့နှမ၊ သားနဲ့အမိ ကြည့်ဖို့မသင့်တော်တဲ့ Porn ၀က်ဘ်ဆိုက်တွေကလွဲရင် တခြားဝက်ဘ်ဆိုက် တွေ၊ ဘလော့ဂ်တွေ အကုန်လုံးကို ဖွင့်ပေး လိုက်ပါပြီ။ အရင်က ပိတ်ထားတဲ့ ၀က်ဘ်ဆိုက် အရေအတွက်က ၇ သောင်း ၀န်းကျင်ရှိပြီး အခု ဖွင့်ပေးလိုက်တာက ၀က်ဘ်ဆိုက်ပေါင်း ၃ သောင်း ကျော်လောက် ရှိတယ်။ ညစ် ညမ်းဝက်ဘ် ဆိုက်တွေ ဖြစ်တဲ့ Porn ၀က်ဘ်ဆိုက် ၂ သောင်းကျော် ကိုတော့ ဆက်ပိတ်ထားပါတယ်။ ကြည့်လို့ မရသေးတဲ့ ၀က်ဘ်ဆိုက်ရှိရင် လာရောက် တောင်းဆို နိုင်ပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက စက်တင်ဘာလ ၁၇ရက်နေ့တွင် ပြောကြားခြင်း ဖြစ်သည်။

လက်ရှိတွင် ၀က်ဘ်ဆိုက်များ ကို Proxy ဖြင့် ကျော်ရန်မလိုဘဲ ကြည့်ခွင့်ရလာသော်လည်း အင်တာနက် မြန်နှုန်းမှာ နှေးကွေး လေးလံလျက် ရှိရာ အဆိုပါ အခက်အခဲကို ဖြေရှင်းရန် အစီအစဉ် ရှိကြောင်း သိရသည်။

“အင်တာနက်မြန်နှုန်း နှေးကွေးရတဲ့ အကြောင်းရင်းကို အဖြေရှာဖို့လည်း စီစဉ်နေတယ်။ ပြည်ပ Third Party အဖွဲ့အစည်း တစ်ခုက ပညာရှင်တွေ လာရောက်ပြီးတော့ အင်တာနက် စပေးတဲ့ နေရာမှာ ရှိနေတဲ့ မြန်နှုန်းနဲ့ End User ဆီ ရောက်တဲ့အခါ ရှိနေတဲ့ မြန်နှုန်းတွေ၊ ဘယ်လို အကြောင်းတွေကြောင့် နှေးရတာလဲ ဆိုတာတွေကို သေချာလေ့လာပြီး အဖြေရှာသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် CNN, Reuters, YouTube, Twitter, Mizzima စသည့် ၀က်ဘ်ဆိုက်များ၊ ဘလော့ဂ် များမှာ ပိတ်ပင်ထားခြင်း မရှိတော့ဘဲ ကြည့်ရှုခွင့် ရနေကြောင်း သိရသည်။

“၀က်ဘ်ဆိုက်တွေ ဖွင့်ပေးလိုက်တာ အားလုံးအတွက်ကောင်းပါတယ်။ အင်တာနက်ဆိုတာ Tools တစ်ခုပဲဖြစ်ပြီး ကောင်းတယ်၊ ဆိုးတယ် ဆိုတာက သုံးတဲ့သူအပေါ်မှာပဲ မူတည်ပါတယ်”ဟု ကွန်ပျူတာ လုပ်ငန်းရှင် အသင်းမှ ဦးအောင်ကျော်မိုး က ပြောကြားခဲ့သည်။

“မဆီမဆိုင် အပိတ်ခံထားရတဲ့ ၀က်ဘ်ဆိုက်တွေကို ဖွင့်ပေးသင့်တာ ကြာပါပြီ။ အင်တာနက် သုံးတဲ့အခါ အရွယ် မရောက် သေးသူတွေ၊ မရင့်ကျက် သေးသူတွေ အနေနဲ့ သတိထား သုံးသင့်ပါတယ်။ နောက်တစ်ခုက pfingo လိုမျိုး အင်တာနက်ပေါ်က ခေါ်ရတဲ့ ဖုန်းဝန်ဆောင်မှု တွေကိုလည်း တရားဝင် ခွင့်ပြု သင့်ပါတယ်။ နိုင်ငံတကာမှာလည်း တခြားဖုန်း ၀န်ဆောင်မှုတွေနဲ့ အပြိုင်အဆိုင် လုပ်ကြတာပဲ။ ကိုယ့်ဝန်ဆောင်မှုကို လူတွေ သုံးဖို့အတွက် တခြား ၀န်ဆောင်မှုကို ပိတ်ပစ်တယ် ဆိုတာမျိုး ကတော့ မလုပ်သင့်ပါဘူး”ဟု ဆိပ်ကမ်းသာ လမ်းရှိ ကွန်ပျူတာပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိသူက သုံးသပ်ခဲ့သည်။

ဝက်ဘ်ဆိုက်များကို ကြည့်ရှုခွင့်ပြုရာတွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေရန် ပြုလုပ် ဆောင်ရွက်သည့် ၀က်ဘ်ဆိုက်များ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြိုကွဲအောင် ပြုလုပ် ဆောင်ရွက်နေသည့် ၀က်ဘ်ဆိုက်များ၊ နိုင်ငံတော် ၏ အကျိုးစီးပွားကို ပျက်အောင် ပြုလုပ်နေသည့် ၀က်ဘ်ဆိုက်များနှင့် ကြည့်ရှုရန် သင့်တော်မှု မရှိသည့် ညစ်ညမ်း ၀က်ဘ်ဆိုက်များအပ ကျန်ဝက်ဘ်ဆိုက်များ အားလုံးကို ကြည့်ရှုခွင့် ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Ref: EMG News

Read More...

ရပ်ကျေးဥက္ကဋ္ဌများကို အထက်မှရွေးချယ်သော စနစ် ဆက်လက် ကျင့်သုံးမည်

သဲသဲ
အင်္ဂါနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၁

နယူးဒေလီ(မဇ္ဈိမ) ။ ။ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အများဆန္ဒဖြင့် ရွေးချယ်မည် မဟုတ်ဘဲ မြို့နယ် အုပ်ချုပ်ရေးမှူးမှ အမည်စာရင်း ပေးသွင်းသည့် သူများကို၊ ဆယ်အိမ်မှူးများမှ မဲပေး၍ ရွေးချယ် ခန့်အပ်ရန် အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ကြောင်း လွှတ်တော် အမတ်များက ပြောသည်။

အောက်လွှတ်တော် ဥပဒေကြမ်း ကော်မတီထံ ပြည်ထဲရေး ဝန်ကြီးဌာနက သြဂုတ်လ ၂၉ ရက်နေ့တွင် တင်သွင်းခဲ့သည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကြမ်း ကိုပင် အစိုးရ၏ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်အများစုဖြစ်သော လွှတ်တော်က စက်တင်ဘာ ၁၆ ရက်နေ့တွင် မဲအပြတ်အသတ်ဖြင့် အတည် ပြုလိုက်ခြင်း ဖြစ်သည်။

လွှတ်တော်တွင်း လူနည်းစု အတိုက်အခံများက ရပ်ကွက် ကျေးရွာ ဥက္ကဋ္ဌများကို ဒေသခံ လူထုမှ လျှို့ဝှက်မဲဖြင့် ရွေးချယ်သည့် စနစ်သို့ ပြင်ဆင်ပေးရန် အဆို တင်သွင်း ခဲ့သော်လည်း ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကိုကိုက သဘော မတူသဖြင့် မဲခွဲဆုံးဖြတ်ရာ အရေး နိမ့်သွားခြင်းလည်း ဖြစ်သည်။

လွှတ်တော် အစည်းအဝေး တက်ရောက်သည့် အမတ် ၃၈၅ ဦးအနက် ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်များနှင့် စစ်ဘက် အမတ် အများစု ပါဝင်သော ၃၄၄ ဦးက ဥပဒေ ပြင်ဆင်မှု မလုပ်ရန် ကန့်ကွက်ခဲ့သည်။

အများဆန္ဒ မဟုတ်ဘဲ အာဏာရှိသူက ချမှတ်ပေးသော ရွေးချယ်မှု စနစ်က နိုင်ငံရေး ပုံစံကို ဖော်ပြနေသည်ဟု အတိုက်အခံ ပါတီငယ် တခုဖြစ်သော အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ အမတ် ဦးသိန်းညွန့်က ပြောရင်း “ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ပုံရိပ်ကို အားကောင်း စေသလား အားနည်း စေသလား ဆိုတာကို 'ရွေးချယ်သလား'၊ 'ခန့်အပ်သလား' ဆိုတဲ့ အချက်တွေနဲ့ ဆုံးဖြတ်ပါလိမ့်မယ်လို့” ဟု ဆိုသည်။

သို့သော် အစိုးရအဖွဲ့အတွင်း၌ပင် ရပ်ကွက်ကျေးရွာဥက္ကဋ္ဌများ ခန့်အပ်မှုကို လူအများဆန္ဒဖြင့် ရွေးချယ် လိုသူများလည်း ရှိသည်။

ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးက ရပ်ကျေး ဥက္ကဋ္ဌများ ခန့်အပ်ရာတွင် နိုင်ငံရေး ပါတီဝင် မဟုတ်သူများကို ခန့်အပ်ရန်၊ ခန့်ထားရာတွင်လည်း သက်ဆိုင်ရာ ရပ်/ကျေးရှိ ရပ်မိရပ်ဖများ၊ ရပ်/ကျေးအတွင်း သြဇာရှိ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆောင်ရွက် စိစစ် ရွေးချယ်ရန် လိုသည်ဟု မေလအတွင်းက သတင်းထောက်များကို ပြောကြားခဲ့ဖူးသည်။

“အဲဒီအဆင့်မှာ ပိုင်တဲ့ အဖွဲ့အစည်းက လာမယ့် ရွေးကောက်ပွဲတွေမှာလဲ မဲစာရင်း ပြုစုတာ၊ ရွေးကောက်ပွဲကို ဝင်ရောက်ပြီး လွှမ်းမိုးတာကအစ အဲဒီက အခြေခံ အကျဆုံး ဖြစ်နေတယ်” ဟု အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ အမတ် ဦးကြည်မြင့်က ရပ်ကွက် ကျေးရွာ ဥက္ကဋ္ဌများ၏ အရေးပါမှုကို ပြောသည်။

အောက်လွှတ်တော်မှ အတည်ပြုပြီးသည့် ရပ်/ကျေးအုပ်ချုပ်ရေး ဥပဒေကြမ်းတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး၏ သက်တမ်းကို လွှတ်တော် သက်တမ်းနှင့် အညီ သတ်မှတ်ထားပြီး၊ သက်တမ်း သုံးကြိမ်တိုင် ပြန်လည် ခန့်ထားခွင့် ရှိကြောင်းလည်း ပါရှိသည်။

ထိုဥပဒေကြမ်းကို အထက်လွှတ်တော်တွင် ဆက်လက် ဆွေးနွေးရန် ပေးပို့ရမည် ဖြစ်ပြီး လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုလျှင် သမ္မတထံသို့ ပေးပို့ပြီး သမ္မတက လက်ခံ ရရှိသည့်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုး ပြီးလျှင် ဥပဒေအဖြစ် အသက်ဝင်လာမည် ဖြစ်သည်။

ယခု ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေကြမ်းကို အထက်လွှတ်တော်က ကန့်ကွက်ပါက လွှတ်တော် နှစ်ရပ်ပေါင်းကာ ပြန်လည် ဆွေးနွေးရမည် ဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မယ်ဆိုရင် ကြိုဆိုမယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက ပြောကြား

2011-09-20

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော် နိုင်ငံရေးမှာ ပါဝင်လာမယ် ဆိုရင် ကြိုဆိုရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော် အကြီးအကဲ ဦးခင်အောင်မြင့်က ပြောကြား လိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ (၃၂) ကြိမ်မြောက် အာဆီယံ ပါလီမန် အမတ်များ ညီလာခံကို တက်ရောက် နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်မောင်မြင့်က RFA လွတ်လပ်တဲ့ အာရှအသံနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ အခုလို ပြောသွားတာ ဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ချစ်တဲ့ ဗိုလ်ချုပ်ရဲ့ သမီးပဲလေ။ သူသာ လွှတ်တော်ထဲ ၀င်လာရင် ကျနော်တို့က ကြိုဆိုပါတယ်။"

ဒါ့အပြင် ဦးသိန်းစိန်အစိုးရ အဖွဲ့အတွင်း ပျော့ပျောင်း သူတွေနဲ့ တင်းမာသူတွေ အကြား အကွဲအပြဲ ပဋိပက္ခတွေ ဖြစ်ပေါ် နေတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ ဦးခင်အောင်မြင့်က ပြောပါတယ်။

အစိုးရအနေနဲ့ နိုင်ငံတည်ငြိမ်မှုကို အာမခံနိုင်တဲ့ အချိန်မှာ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမှာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အလိုအလျောက် ထည့်သွင်း ထားတာ ကိုလည်း မလိုအပ်တော့တဲ့ အချိန်မှာ ထည့်သွင်းမှာ မဟုတ်ကြောင်း၊ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ဆက်လက် အကောင်အထည် ဖော်ရေး၊ မဖော်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ဦးခင်အောင်မြင့်က ပြောပါတယ်။

Ref: RFA News

Read More...

မြစ်ဆုံစီမံကိန်း တရုတ်ကုမ္ပဏီ အရည်အသွေး စိစစ်ပေးဖို့ နိုင်ငံရေးပါတီတွေ အကြံပြု

ဦးမိုးဇော်
အင်္ဂါ, 20 စက်တင်ဘာ 2011

၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ ဒီမိုကရေစီ မိတ်ဆွေများပါတီ ၁၀ ပါတီက ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ပတ်သက်တဲ့ အကြံပြု စာတမ်းတစောင်ကို မနေ့က ထုတ်ပြန်လိုက်ပြီး ဒီစာတမ်းမှာ ဒေသခံ ပြည်သူတွေနဲ့ တတ်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ အကြံပြုချက် တွေကို ဘက်စုံ၊ ထောင့်စုံက လေ့လာညှိနှိုင်း ဆောင်ရွက်ဖို့ တင်ပြထားပါတယ်။ ဒါ့အပြင် ရေကာတာ တည်ဆောက်မယ့် တရုတ် ကုမ္ပဏီတွေရဲ့ အရည်အသွေးကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်ကြောင်း အကြံပြု ထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ-မြန်မာ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ပါတီနဲ့ ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းရင်းသား ညီနောင် ပါတီတွေ ပါဝင်တဲ့ ဒီမိုကရေစီ မိတ်ဆွေများ ၁၀ ပါတီက ဧရာဝတီ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်လို့ လွန်ခဲ့တဲ့ ၂ ရက်က စတင် ဆွေးနွေးပြီးတဲ့နောက် အကြံပြု စာတမ်းကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီအကြံပြုစာတမ်းမှာ လက်ရှိ တည်ဆောက်နေတဲ့ ဧရာဝတီ မြစ်ဆုံစီမံကိန်းရဲ့ ကြီးမားကျယ်ပြန့်မှုနဲ့ အရေးကြီးမှုကို ဦးစွာ ဖော်ပြ ထားသလို ဒီလို ကြီးမားတဲ့ စီမံကိန်းကြီး တည်ဆောက်မယ် ဆိုရင် ဒေသခံ ပြည်သူတွေနဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အကြံပြုချက် တွေကို ဘက်စုံ၊ ထောင့်စုံက လေ့လာညှိနှိုင်း ဆောင်ရွက်ဖို့ လိုအပ်မယ်လို့ စာတမ်းမှာ တင်ပြ ထားကြောင်း ဒီမိုကရက်တစ် ပါတီ-မြန်မာရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“ဒီလောက်ကြီးမားတဲ့ စီမံကိန်းကြီးကို အကျိုးအမြတ် တခုတည်းကို မကြည့်ဘဲနဲ့ ကျနော်တို့ တိုင်းရင်းသား လူမျိုးစုံ စုပေါင်း နေထိုင်တဲ့ နိုင်ငံရဲ့ သမိုင်းကြောင်း ဆိုင်ရာနဲ့လည်း ဆက်စပ်နေတယ်။ အဲတော့ ပြည်သူတွေရဲ့ လက်တွေ့ကျတဲ့ ဘ၀အခြေအနေ ပြောင်းလဲနိုင်မှု၊ စိတ်ခံစားမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အချက်အလက်တွေ၊ ဘေးအန္တရာယ်တွေ၊ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ၊ ကဏ္ဍစုံ ပေါ့နော်၊ အဲဒါတွေကို ဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ အဖက်ဖက်က လေ့လာ ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်ဖို့ လိုတယ် ဆိုတာကို ကျနော်တို့က ထောက်ပြ လိုက်တယ်ပေါ့ဗျာနော်။”

ကျွမ်းကျင်ပညာရှင်တွေရဲ့ လေ့လာချက်၊ အကဲဖြတ်ချက်၊ ကောင်းကျိုး ဆိုးပြစ်တွေကို ပြည်သူတွေထံကို ပြည့်ပြည့် စုံစုံနဲ့ အချိန်မီ သိရှိအောင် ထုတ်ပြန်ပေးဖို့ ကိုလည်း အကြံပြု စာတမ်းမှာ တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် မြစ်ဆုံဆည် တည်ဆောက်မယ့် တရုတ်ကုမ္ပဏီတွေရဲ့ အရည်အသွေးကိုလည်း ပြန်လည် ဆန်းစစ်ဖို့ လိုကြောင်း ထောက်ပြထားတယ်လို့ ဦးသုဝေက ပြောပါတယ်။

“ဒီဆည်မြောင်းကြီးကို တည်ဆောက်တဲ့ တရုတ်ကုမ္ပဏီရဲ့ အရည်အသွေးကိုလည်း စဉ်းစားဖို့ လိုပါတယ်လို့။ ဘာဖြစ်လို့လဲ ဆိုရင် တရုတ် ကုမ္ပဏီတွေဟာ တရုတ်ပြည်မှာ တုန်းကလည်းပဲ ဆည်ကြီး ပေါက်ပြီးတော့ သန်းပေါင်းများစွာ အိုးအိမ်တွေ ပျက်ရတယ်၊ လူတွေ သေသွား ရတယ်ပေါ့နော်။ အဲဒါတွေလည်း ထောက်ပြတယ်ပေါ့နော်။ နောက်တခုက တရုတ်ကဆိုရင် တခြားနိုင်ငံတွေကို သိပ်ပြီးတော့ အလေး မထားဘူးပေါ့။ ဥပမာအားဖြင့် မဲခေါင်မြစ်မှာ ဆိုရင် သူတို့က ဆည်ကြီးဆောက်တဲ့ အတွက်ကြောင့် လာအိုတို့၊ ကမ္ဘောဒီးယားတို့ ၊ ဗီယက်နမ်တို့က ရေအရနည်းလို့ ကန့်ကွက်နေကြတဲ့ အကြောင်းပေါ့ဗျာနော်။”

တရုတ်နိုင်ငံမှာ ၁၉၇၅ ခုနှစ် သြဂုတ်လက မိုးများခဲ့တာကြောင့် ရှင်မင်တန်နဲ့ ဘန်ကျောင်းဆည် ကျိုးပေါက် ခဲ့တာကြောင့် လူ ၂၃၀,၀၀၀ အသက် ဆုံးရှုံးပြီး အိုးအိမ် ၆,၀၀၀,၀၀၀ နီးပါး ပျက်စီးခဲ့ရသလို ပြည်သူ ၁၁,၀၀၀,၀၀၀ လောက် ရေဘေးဒုက္ခ ကြုံတွေ့ ခဲ့ရတာ ဖြစ်ပါတယ်။

မြစ်ဆုံဆည် တည်ဆောက်ရာ နေရာဟာ စစ်ကိုင်း ပြတ်ရွေ့ ငလျင်ကြောနဲ့ ဆက်စပ် နေတာကြောင့် ငလျင်ကြောင့် မြစ်ဆုံ ဆည်ကို ထိခိုက်မယ် ဆိုရင် ပြည်သူတွေ အသက် ဆုံးရှုံးနိုင်တယ် ဆိုတာကိုလည်း တင်ပြကြောင်း ဦးသုဝေက ပြောပါတယ်။

ဒီလို အကြံပြုစာတမ်း တင်သွင်းရာမှာ ပါဝင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပြန်ကြားရေး တာဝန်ခံ စပ်စံမိန်း ကတော့ ပြည်သူလူထုရဲ့ ဆန္ဒကို အစိုးရက လက်ခံ လိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။

“ကျနော်တို့လုပ်မယ့် အလုပ်အားလုံးကတော့ လွှမ်းခြုံမှုက တနိုင်ငံလုံးအတွက်ကိုး၊ ရှမ်းတိုင်းရင်းသား ကွက်ကွက်လေး မဟုတ်ဘူးလေ။ ဒါကြောင့် မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူ အားလုံးက သဘောမကျဘူး ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူဘက်က ရပ်တည်ရမှာပေါ့။ ပြည်သူက ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရ တခုကတော့ ပြည်သူရဲ့ ဆန္ဒကို သူတို့ ဦးစားပေးရမှာပေါ့။ ကျနော်က အဲဒါကိုပဲ ဖြစ်စေချင်တယ်လေ။ ပြည်သူရဲ့ဆန္ဒကို လျစ်လျူရှုပြီးတော့မှ ဟိုတုန်းကလို တဇွတ်ထိုး လုပ်မယ့် အစိုးရ မဟုတ်ဘူးလို့တော့ မျှော်မှန်း တာပေါ့ဗျာ။”

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ညှိနှိုင်း ဆောင်ရွက်ပြီး အကောင်းဆုံး အဖြေရှာဖို့ တိုက်တွန်း ထားသလို စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်းကလည်း ပြည်သူ့ဆန္ဒကို အလေးထား ဆောင်ရွက်မှာ ဖြစ်ကြောင်း တရားဝင် သတင်း ထုတ်ပြန် ထားပါတယ်။ နိုင်ငံတော်သမ္မတရဲ့ အကြံပေး အဖွဲ့ဝင် ဦးမြင့်ကလည်း မြစ်ဆုံဆည် စီမံကိန်းကို ဆက်မလုပ် စေချင်ကြောင်းနဲ့ သမ္မတ ဦးသိန်းစိန်ကို အကြံပြုထားကြောင်း The Voice Weekly ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းကတော့ ဒီလ ၁၁ ရက်နေ့က မြစ်ဆုံဆည် စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်မယ်လို့ ပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အစိုးရနဲ့ လွှတ်တော် အဆုံးအဖြတ်ကို ခံယူပြီး ဥပဒေနဲ့အညီ ဆောင်ရွက်မှာ ဖြစ်ကြောင်း ပြောကြား ထားပါတယ်။

Ref: VOA News

Read More...

မြန်မာကို အာဆီယံဥက္ကဋ္ဌ ပေးရေး ပြည်သူ့သဘောထား သိဖို့လိုအပ်

အင်္ဂါ, 20 စက်တင်ဘာ 2011

မြန်မာနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံကို တာဝန်ပေးအပ်မယ့် ကိစ္စနဲ့ ပတ်သက်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူမှု အခြေပြု အဖွဲ့အစည်းတွေရဲ့ သဘောထား အမြင်တွေကိုလည်း နားထောင် လိုတယ်လို့ လက်ရှိ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အင်ဒိုနီးရှား နိုင်ငံက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်မှာပဲ မြန်မာနိုင်ငံမှာ အသစ်တက်လာတဲ့ အစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ ကတိပြုခဲ့ သလို မရှေး မနှောင်းမှာပဲ ၂၀၁၄ ခုနှစ်မှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက တာဝန် ယူဖို့လည်း ကမ်းလှမ်း ထားတာပါ။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေဟာ ထင်သာမြင်သာ တိုးတက်မှု မရှိသေးတဲ့ အတွက် ဥက္ကဋ္ဌတာဝန် မပေးသင့်ဘူး ဆိုပြီး မြန်မာ့အရေး လှုပ်ရှားသူတွေနဲ့ ဝေဖန်သူတွေက တိုက်တွန်း နေကြတာ ဖြစ်ပါတယ်။

လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) ကတော့ အခြေအနေ တွေကို အကဲဖြတ်ဖို့အတွက် အောက်တိုဘာလထဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံ အတွင်းက ကွဲပြားတဲ့ အသံတွေကိုလည်း နားထောင်လိုတယ်လို့ AP သတင်းဌာနကို ပြောဆိုခဲ့တာပါ။

“ဒေါ်အောင်ဆန်းစုကြည်သာမက မြန်မာနိုင်ငံက လူမှုအခြေပြု အဖွဲ့အစည်းတွေရဲ့ အသံတွေကိုလည်း ကျနော်တို့ နားထောင် သွားဖို့ ဆန္ဒရှိပါတယ်။ မြန်မာအစိုးရ အနေနဲ့လည်း အာဆီယံ ဥက္ကဋ္ဌတာဝန် ယူရမယ့် အခွင့်အလမ်းကို အလွန်အမင်း လိုချင်နေတာ သိသိသာသာ တွေ့နေရတာပါ။ ကျနော့် အနေနဲ့ကတော့ ဒီကိစ္စက မြန်မာနိုင်ငံမှာ အပြောင်း အလဲတွေ ဖြစ်စေမယ့် ခြေလှမ်းကို အရှိန် ကောင်းလာအောင်၊ တွန်းအားဖြစ်လာအောင် လုပ်နိုင်မလား ဆိုတာအပေါ်မှာ လူမှု အဖွဲ့အစည်းတွေက ဘယ်လို ရှုမြင်ကြသလဲ ဆိုတာတွေကို နားထောင် ချင်ပါသေးတယ်။”

၂၀၀၆ ခုနှစ်တုန်းက အာဆီယံအသင်း ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ အလှည့်ကျစဉ်မှာတော့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေ အနေတွေ တိုးတက်မှု မရှိဘူးဆိုတဲ့ ဝေဖန် ခံရမှုတွေနဲ့အတူ တာဝန်ယူဖို့အတွက် မြန်မာနိုင်ငံ ဘက်က ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

နယူးယောက်မြို့မှာ ရောက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးကတော့ အင်ဒိုနီးရှားနိုင်ငံ ကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့ ၁၀ နှစ် လောက်တုန်းက အရှေ့တောင်အာရှမှာ အာဏာရှင် အဆန်ဆုံး တိုင်းပြည်တခု ဖြစ်ခဲ့ပေမဲ့ အခုအခါမှာ ပြောင်းလဲ လာတာတွေကို မြန်မာနိုင်ငံ အတွက် စံနမူနာအဖြစ် ယူနိုင်တဲ့အကြောင်း မှတ်ချက်ပေး ပြောဆိုသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဘတ်ဂျတ် လိုငွေပြမှုအပေါ် ဆွေးနွေးမည့်သူ မရှိ

မျိုးသန့်
အင်္ဂါနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အထက်လွှတ်တော် ပြည်သူ့ ငွေစာရင်း ကော်မတီမှ တင်ပြခဲ့သည့် ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေးနှစ် အတွက် ကျပ်ငွေ ဘီလီယံပေါင်း ၂,၃ဝဝ ကျော်လိုနေသည့် "ရသုံးမှန်းခြေ ငွေစာရင်း" အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးမည့်သူ မရှိဘဲ ဖြစ်နေသည်ဟု လွှတ်တော် အမတ်များက ပြောကြသည်။

လွှတ်တော် ငွေစာရင်း ကော်မတီမှ တနင်္လာနေ့တွင် လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာတွင် ဗဟို အစိုးရနှင့် တိုင်းနှင့် ပြည်နယ် အစိုးရများ၏ ၂ဝ၁၁- ၂ဝ၁၂ အတွက် ဘဏ္ဍာရေးလိုငွေ စုစုပေါင်းမှာ ကျပ်ငွေ ဘီလီယံ ၂၃၇၁.၉၄၅ ရှိသည်ဟု သိရသည်။

ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ အင်္ဂါနေ့တွင် အထက်လွှတ်တော်၌ ဆွေးနွေးရန် အမတ်များ အနေဖြင့် စာရင်း ပေးသွင်း နိုင်ကြောင်း လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြငြိမ်းမှ ပြောဆိုခဲ့သော်လည်း စာရင်းပေး ဆွေးနွေးမည့်သူ မရှိဘဲ ဖြစ်နေကာ အစီရင်ခံစာကို အထက် လွှတ်တော်မှ မှတ်တမ်း တင်ရုံသာ ရှိခဲ့သည်။

လွှတ်တော်အမတ်များက ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ မဆွေးနွေးကြခြင်းမှာ ငွေစာရင်း ကော်မတီတွင် ငွေကို လက်တွေ့ သုံးနေသူ အစိုးရ အဖွဲ့ဝင်များ မပါဝင်ခြင်းကြောင့်ဟု အကြောင်းပြသည်။

"ကျနော်တို့ ဒီနေ့ မဆွေးနွေးဖြစ်တာက ကော်မတီမှာ ဝန်ကြီးဌာနက လူတွေပါရင်တော့လည်း ကျနော်တို့က အင်တိုက် အားတိုက်နဲ့ ဆွေးနွေးလို့ ဖြစ်တယ်။ အခုဟာက ကိုယ့်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ထားတဲ့ ကော်မတီ ဆိုတော့ ကျနော်တို့က မေးခွန်းတွေ မေးမယ် ဆိုရင်လည်း သူတို့ကိုပဲ မေးရမှာပေါ့။ လွှတ်တော် ကိုယ်စားလှယ် ချင်း ဖြစ်တာလည်းပါတယ်။ သူလုပ်နေတဲ့ ကိစ္စကို ကိုယ်က မပါချင်ဘူးပေါ့။ သူ့စည်း ကိုယ့်စည်း စောင့်နေတာလည်း ပါတယ်" ဟု အမျိုးသား ဒီမိုကရေစီ ပါတီမှ ဦးဖုန်းမြင့်အေင်က မဇ္ဈိမကို ပြောသည်။

"ဘယ်လိုလုပ်ကြမလဲတော့ မသိဘူး၊ အဲဒါကို ဆွေးနွေးတဲ့လူလည်း မရှိဘူး၊ ကျနော်တို့ကလည်း မဆွေးနွေး နိုင်ဘူး၊" အစီရင်ခံစာတွင် ဗဟို အစိုးရ၏ ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေး လိုငွေမှာ ၂၂ဝ၁.၄၅ဝ ဘီလီယံကျပ် ဖြစ်ပြီး၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် အစိုးရများ၏ ဘဏ္ဍာရေး လိုငွေမှာ ၁၇ဝ.၄၉၅ ဘီလီယံကျပ် ဖြစ်သည်။ သို့သော် မည်သည့် ကဏ္ဍအတွက် မည်မျှလိုသည်၊ မည်သည့် ကဏ္ဍအတွက် မည်လောက် အသုံးစရိတ် ရှိသည်တို့ကို ဖေါ်ပြမထားဟု အမတ်များက ပြောသည်။

"ကော်မတီက လူတွေကလည်း သူတို့ ကော်မတီနဲ့ ပတ်သက်တာတွေကို အပြင်ကို သိပ်မပြောကြဘူး၊ ကော်မတီနဲ့ ပတ်သက်တဲ့ မှတ်တမ်း တွေကို အပြင်ကို မပြောကြဘူး၊ အခုလည်း ကျနော်တို့ လွှတ်တော်ကို ပြောတာကလည်း အကျဉ်းချုပ် လောက်ပဲ ပြောတာပါ" ဟု အခြားအမတ်တဦးက မဇ္ဈိမကို ပြောသည်။

ပြည့်သူ့ငွေစာရင်း ကော်မတီကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော်မှ လွှတ်တော်အမတ် ၁၅ ဦးစီဖြင့် မတ်လ ၃ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကော်မတီဝင်များက သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနများ သို့ သွားရောက် စာရင်း စစ်ရာတွင် ခရီးစရိတ်မှ အစ အခက်အခဲ ရှိနေကြောင်းလည်း အမတ်များ ထံမှ သိရသည်။

Ref: မဇ္ဈိမ

Read More...

ငြိမ်းချမ်းရေး ဆန့်ကျင်သူများ ရှိနေကြောင်း ဒဂုန်တာရာပြော

ကိုပေါက်
အင်္ဂါနေ့၊ စက်တင်ဘာလ ၂၀ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာပြည်တွင်း ငြိမ်းချမ်းရေးအား ဆန့်ကျင်သူများ ရှိနေကြောင်း ငြိမ်းချမ်းရေး လှုပ်ရှားသူ စာရေးဆရာကြီး ဒဂုန်တာရာက ပြောဆိုလိုက်သည်။

“ပြည်တွင်း ငြိမ်းချမ်းရေးကို ဆန့်ကျင်နေတဲ့ သူတွေ ရှိတယ်။ တပ်ထဲမှာလည်း ရှိတယ်။ အပြင်မှာလည်း ရှိသလားတော့ မသိဘူး။ ခပ်ဝါးဝါး ထင်တာကတော့ ရှိတယ်လို့ ထင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ယခုနှစ်အတွင်း ပြန်လည်သည်းသန်လာသည့် ပြည်တွင်းစစ် မီးအား ပိုမို ရှည်လျား သွားမည်ကို စိုးရိမ် ကြောင်းလည်း “ခု ပြန်ဖြစ်တယ် ဆိုတာ ကျနော် စိုးရိမ်တာက ဇာတ်ရှည်ကြီး ဖြစ်မှာကို။ နှစ်ပိုကြာလာမှကို ကျနော်က မကြိုက်ဘူး။ ငြိမ်းချမ်းရေးကို ဆန့်ကျင်တာ မှန်သမျှ ကျနော်က ဘာမှမကြိုက်ဘူး” ဟု ပြောသည်။

၁၉၅ဝ-၆ဝ စုနှစ်များအတွင်းက ပြည်တွင်း ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ဦးဆောင် ပါဝင်ခဲ့သည့် အသက် ၉၄ နှစ်အရွယ် ဒဂုန်တာရာ အနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးတွက် လုပ်နိုင်သည့် အခြေအနေများ တွေ့ရှိ နေရပြီး မျှော်လင့်ချက် ရှိကြောင်းလည်း ပြောသည်။

တကမ္ဘာလုံး အတိုင်းအတာဖြင့် တရက်တာ အပစ်အခတ် ရပ်စဲရန် ကုလသမဂ္ဂမှ သတ်မှတ် ထားသည့် စက်တင်္ဘာ ၂၁ ရက်နေ့ ‘ကမ္ဘာ့ငြိမ်းချမ်းရေးနေ့’ မှသည် အမြဲတမ်း အပစ်အခတ် ရပ်စဲဖို့ လိုအပ်ကြောင်းလည်း “ငယ်ငယ်တုန်း ကတော့ ငြိမ်းချမ်းရေး ဆိုတာ ခပ်ဝါးဝါး၊ ခပ်ထွေးထွေးနဲ့။ ခုတော့ ငြိမ်းချမ်းရေး ဆိုတာ ပြတ်ပြတ်သားသားနဲ့ ထင်ထင်ရှားရှား သိလာရတာ။ ငြိမ်းချမ်းရေး မရှိရင် ဘာမှ လုပ်လို့ မရဘူး ဆိုတာ။ အမြဲတမ်း အပစ်အခတ် ရပ်စဲရေး ဖြစ်စေချင်တယ်” ဟု ဒဂုန်တာရာက ပြောသည်။

သမိုင်းခေတ်များအား ဖြတ်သန်းခဲ့ရသည့် ဒဂုန်တာရာက သူ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှု အတွေ့အကြုံ များအား ‘ကြာပန်းရေစင်’ ဟူ၍ ဝတ္ထုတအုပ် ၁၉၆၃ ခုနှစ်က ရေးသားခဲ့ဖူးပြီး ဤစာအုပ်အား ပြန်လည် ထုတ်ဝေရန် စီစဉ်နေကြောင်း သိရသည်။

ထို့ပြင် ‘ငြိမ်းချမ်းရေး’ ခေါင်းစဉ်ဖြင့် ပိတောက်ပွင့်သစ် မဂ္ဂဇင်း အထူးထုတ်လည်း အောက်တိုဘာလ အတွင်း ထုတ်ဝေရန် စီစဉ်နေကြောင်း သိရသည်။

“မည်သည့်အာဏာ၊ မည်သည့် ဖိနှိပ်မှုနဲ့မှ ငြိမ်းချမ်းရေးကို ရယူလို့ မရဘူး။ စကားပြောမှ ရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ဆရာကြီး သခင် ကိုယ်တော်မှိုင်းတို့၊ ဦးသန့်တို့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ၊ ပျက်ပြားခဲ့ရတာတွေ အပြင် ဒီဘက် ခေတ်အထိ စစ်ပွဲတွေ ကိစ္စတွေ ရောပေါ့” ဟု အယ်ဒီတာ မောင်စိမ်းနီက မဇ္ဈိမကို ပြောသည်။

မြန်မာ တနိုင်ငံလုံးရှိ စာပေအနုပညာရှင်များ၊ ဂီတပညာရှင်များအပြင် လက်လုပ် လက်စား များ၏ ငြိမ်းချမ်းရေး အပေါ် ခံစားချက်၊ ဖြတ်သန်းမှု အတွေ့အကြုံ များအား မှတ်ချက်တိုများ၊ လက်မှတ်များဖြင့် ဖော်ပြသွားမည် ဖြစ်သည်။

ပိတောက်ပွင့်သစ် မဂ္ဂဇင်းသည် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင် ကဲ့သို့ မြန်မာပြည်၏ အရေးပါသော မြစ်ကြီးများ ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် အထူးထုတ်များလည်း ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ရန်ကုန် တရုတ်သံရုံးရှေ့ တစ်ကိုယ်တော်ဆန္ဒပြသူ ဖမ်းဆီးထား

2011-09-20

မြစ်ဆုံ ရေကာတာ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီကနေ့ တစ်ကိုယ် တော် ဆန္ဒပြမှု တစ်ခု ဖြစ်ခဲ့တယ်လို့ RFA က စုံစမ်း သိရပါတယ်။

တစ်ကိုယ်တော် ဆန္ဒပြခဲ့သူရဲ့ အမည်က ကိုအောင်သိန်းခေါ် ကိုကျော်ဝင်း ဖြစ်ပြီး ဒီကနေ့ ကို မွန်းလွဲ ၁၂ နာရီခွဲ ခန့်မှာ အာဏာပိုင် တွေက ဖမ်းဆီးသွားပြီး အခု ဒဂုံမြို့နယ် ရဲစခန်းမှာ စစ်ဆေး နေတယ်လို့ တရုတ်သံရုံးရှေ့ကို ရောက်ရှိခဲ့တဲ့ ရန်ကုန်မြို့ခံ သတင်းထောက် တစ်ဦးက RFA ကို ပြောပြပါတယ်။

“သူက ဧရာဝတီ စီမံကိန်းကို ချက်ချင်းရပ်ဆိုတဲ့ စားသားကို ကိုင်ထားတယ်လို့ ပြောတယ်။ နောက်ဆုံး သိရတာကတော့ ဒဂုံ ရဲစခန်းမှာ စစ်ဆေး နေတယ်လို့ သတင်းကြားတယ်”

အမေရိကန် နိုင်ငံသားဖြစ်ပြီး ရနောင်းကနေ ဝင်လာသူ တောင်ဥက္ကလာ ၇ ရပ်ကွက် ၁၁ လမ်းနေ အဘ ဦးနောင်တင်လှရဲ့သား လို့လည်း သိရပါတယ်။

အခုလို တစ်ကိုယ်တော် ဆန္ဒပြမှု ဖြစ်ခဲ့တဲ့အတွက် လူတစ်ဦး ဖမ်းဆီးခဲ့တဲ့ အကြောင်း တရုတ် သံရုံးက ယဉ်ကျေးမှု ဌာန အနီးမှာ ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း အမည်မဖော် လိုတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ကိုးကားပြီး ရန်ကုန် AFP သတင်းက ရေးပါတယ်။

Ref: RFA News

Read More...

တရုတ် ဆောက်လုပ်ရေးပစ္စည်းများ KIA ပိတ်ဆို့မှု အစိုးရ ဖယ်ရှားခိုင်း

သန်းထိုက်ဦး
Tuesday, 20 September 2011

ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းအတွက် တရုတ်နိုင်ငံမှ ဆောက်လုပ်ရေး ပစ္စည်းများ တင်သွင်းမှုကို ပိတ်ဆို့ခြင်း မပြုရန်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို ဖယ်ရှားပေးရန် မြန်မာ အစိုးရက ပြီးခဲ့သည့် တပတ်တွင် သတိပေး ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ နယ်စပ်ရှိ လဖိုင် ခေါ် ကန်ပိုင်တီ စစ်ဆေးရေးဂိတ်အား KIA တပ်များ ထိန်းချုပ်ခြင်းကို ဖယ်ရှားပေးရန် အစိုးရ အာဏာပိုင်များက မြစ်ကြီးနားမြို့ရှိ ကချင် အမျိုးသား အတိုင်ပင်ခံ အဖွဲ့ ဥက္ကဋ္ဌ ဦးဆင်ဝါးနော် မှတဆင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ကော်မတီဝင် ဒု ဗိုလ်မှူးကြီး ဦးဂျီးနောင်ထံ ဖုန်းဆက် အသိပေးခဲ့သည်ဟု KIO တွဲဖက် အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။

“မဖယ်ရှားပေးဘူး ဆိုရင်တော့ စစ်ရေးအရ အရေးယူနိုင်တယ် ဆိုတဲ့ဟာမျိုး သတိပေးတဲ့ ပုံစံမျိုး ပြောလာတာ ရှိတယ်” ဟု ၎င်း က ဆိုသည်။

အစိုးရအနေဖြင့် စစ်ရေးအရ တင်းကျပ်မှုများ ပြုလုပ်ခဲ့ပါက ယင်းဒေသအတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်လာ နိုင်ကြောင်း ဦးလနန်က ဆက်ပြောသည်။

မြစ်ဆုံ စီမံကိန်းကို ကန့်ကွက်သည့် အနေဖြင့် KIA က အေးရှားဝေါလ်ကုမ္ပဏီအတွက် တရုတ်ပြည်မှ တင်သွင်း လာသော ဘိလပ်မြေ၊ သံထည် စသည့် ဆောက်လုပ်ရေး ပစ္စည်းများကို ပြီးခဲ့သည့် ဇွန်လမှ စတင်၍ ယနေ့အထိ ပိတ်ပင် ထားခြင်းဖြစ်သည်။

မြစ်ဆုံ စီမံကိန်းကို မိုးရာသီကာလ ဖြစ်သောကြောင့် ခေတ္တ ရပ်နားထားပြီး ပွင့်လင်းရာသီ၌ ပြန်လည် အကောင်အထည် ဖော်ရန် ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

ဤအတောအတွင်း မြစ်ဆုံ စီမံကိန်းတည်ဆောက်ရေး နှောင့်နှေးရခြင်းသည် KIA တပ်ဖွဲ့ဝင်များက ဆောက်လုပ်ရေး ပစ္စည်းများကို ပိတ်ပင် ထားသောကြောင့်ဟု မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရအာဏာပိုင်များက ပြောဆိုနေကြောင်း သိရသည်ဟု ဦးလနန်က ပြောသည်။

“ဒါကို ကြည့်ခြင်းအားဖြင့် မြစ်ကြီးနားမြို့ပေါ်မှာ ပြောဆိုမှုနဲ့ ဦးဆင်ဝါးနော် ကတဆင့် ပြောဆိုမှုက အဓိပ္ပာယ်ချင်း တူညီမှုရှိတယ်။ ဒါကြောင့်မို့ သူတို့ ဖက်မှာလည်း တိုက်ခိုက်ဖို့ အလား အလာတော့ ရှိမယ်လို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော ရေအားလျှပ်စစ်စီမံကိန်းများ အလုပ်ရုံ ဆွေးနွေးပွဲတွင် ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီး ဦးစိုးသိန်းက အားလုံးတိုင်ပင်ပြီး လုပ်ဆောင်မှသာ အကျိုး များမည်ဟု ပြောဆိုခဲ့ပြီး စီမံကိန်းကို ပြန်လည် ဆန်းစစ်မည်ဟု ပြောဆိုခဲ့သည်။ သို့သော် အစိုးရ သတင်းစာများကမူ ဝန်ကြီး ဦးစိုးသိန်း ပြောကြားချက်ကို ဖော်ပြခြင်း မရှိခဲ့ပေ။

အဆိုပါ ဆွေးနွေးပွဲအတွင်း စီမံကိန်းနှင့်ပတ်သက်၍ ရေရာသည့်ဆုံးဖြတ်ချက် မချမှတ်နိုင် ခဲ့ကြောင်း၊ ဆက်လက် လုပ်ဆောင်မည်ဟု ယူဆ ရကြောင်းနှင့် အစိုးရအဖွဲ့ အတွင်းတွင်လည်း မြစ်ဆုံအရေး အယူအဆ အမျိုးမျိုး ရှိနေကြောင်း လေ့လာသူများက ထောက်ပြ ကြသည်။

ယခုနှစ်ဆန်းပိုင်တွင် KIO က မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်တန့်ပေးရန် တရုတ်သမ္မတ ဟူကျင်းတောင် ထံ စာပေးပို့ ခဲ့ပြီး ထိုစာတွင် မြစ်ဆုံ စီမံကိန်းကို ဆက်လက် တည်ဆောက်ပါက ပြည်တွင်းစစ် ဖြစ်ပွားစေမည်ဟု ပါရှိကြောင်း သိရသည်။

စာပေးပို့ခဲ့ပြီးနောက်ပိုင်း ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင်တည်ရှိပြီး တရုတ်တို့ ပါဝင် ပတ်သက်နေသည့် တာပိန် ရေအား လျှပ်စစ် စီမံကိန်း အနီးတွင် KIA နှင့် အစိုးရအကြား တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။

မြစ်ဆုံ စီမံကိန်း ရပ်တန့်ရေးအတွက် ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒြုပမည်ဟု ယမန်နေ့က သတင်းများ ထွက်ပေါ် ခဲ့ပြီး လုံခြုံရေး တင်ကျပ်ထားခဲ့ကြောင်း၊ ယနေ့တွင်လည်း အဆိုပါသတင်း ဆက်လက် ထွက်ပေါ်နေသောကြောင့် သတင်းသမားများ ရောက်ရှိလာပြီး လုံခြုံရေးလည်း ဆက်လက် တင်းကျပ်ထားကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ကားဟောင်းနှင့်ကားသစ် လဲလှယ်ရေး အစီအစဉ် ရှင်းလင်းမှုမရှိ

Tuesday, 20 September 2011

နှစ် ၄၀ ကျော် သက်တမ်းရှိ ကားဟောင်းများကို ကားသစ်များနှင့် အစားထိုးမည့် အစီအစဉ်အား စက်တင်ဘာ ၁၉ ရက်နေ့က စတင်လိုက်ပြီ ဖြစ်သော်လည်း လုပ်ထုံး လုပ်နည်း အဆင့်များ သေချာတိကျစွာ ထုတ်ပြန်ထားခြင်း မရှိသောကြောင့် ကားဟောင်းနှင့် ကားသစ် လဲလိုသူများ အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။

ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးတွင် ကားဟောင်းများ စတင် အပ်နှံနိုင်ပြီ ဆိုသည်နှင့် ကညနတွင် ကားကို စစ်ဆေးကာ မင်္ဂလာဒုံရှိ အမှတ် ၁ ယာဉ်သိုလှောင်ရေး တပ်တွင် သွားရောက် အပ်နှံရမည် ဖြစ်ကြောင်း၊ ထိုသို့ စာရင်းအရ အပ်နှံပြီးပြီ ဆိုပါက အဆိုပါ ကားကို ၃ လ စီးခွင့်ရှိမည် ဖြစ်ကြောင်း၊ ၃ လပြည့်၍ ကားသစ်ရရှိမှ ကားဟောင်းကို ပြန်အပ်၍ ဖျက်ဆီးမည် ဖြစ်ကြောင်း ဝန်ကြီးများ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သော်လည်း ယခု အမှန်တကယ် ထိုသို့ မဟုတ်ကြောင်း ယမန်နေ့က ဘီ ၆၀၀ ကားဟောင်း သွားရောက် အပ်နှံသူ တဦးက ပြောသည်။

“ကားအပ်ပြီးရင် သုံးလ စီးခွင့်ရှိမယ်၊ ကားသစ်ရောက်မှ ကားဟောင်းကို ပြန်အပ်ပြီး ဖျက်ဆီးမယ်လို့ ပြောခဲ့ပေမယ့် အခုကျတော့ မင်္ဂလာဒုံမှာ ကားအပ်ပြီးတာနဲ့ လုံးဝ ကားပြန်ယူလို့ မရတော့ဘူး၊ တခါတည်း ကားကို ထားခဲ့ရမယ်လို့ ထုတ်ပြန်ထားပြန်တယ်” ဟု သူက ဆိုသည်။

ကားအပ်ပြီးသည့်နောက် နေပြည်တော်သို့ သွားရောက်ကာ ကားသွင်းခွင့် ပါမစ်လိုင်စင် လျှောက်ထား ရမည်ဟု သိရ သော်လည်း ယူဆောင် သွားရမည့် စာရွက်စာတမ်းများကို သေချာစွာ မသိရသေးကြောင်း၊ အမေရိကန်ဒေါ်လာ ၃၅၀၀ ထက် မပိုသော ကား တင်သွင်းခွင့် လိုင်စင်အတွက် နိုင်ငံခြားဘဏ် စာရင်း လိုအပ်သည်ဟု ဆိုသော်လည်း မည်သို့မည်ပုံ ဘဏ် ငွေစာရင်း ဖွင့်လှစ်ရမည်ကို မသိရှိကြောင်း၊ အခွန် ဆောင်ရာတွင်လည်း ဒေါ်လာနှင့် ဆောင်ရမည် (သို့မဟုတ်) ကျပ်ငွေနှင့် ဆောင်ရမည် ဆိုသည်ကို ရှင်းလင်းစွာ ထုတ်ပြန်ခြင်း မရှိကြောင်း ကားဟောင်း ပိုင်ရှင်များက ပြောဆိုနေကြသည်။

“ကားအပ်ပြီးတာနဲ့ နေပြည်တော် လိုင်စင်သွားလျှောက်ခိုင်းတယ်။ ရန်ကုန်မှာပဲ တခါတည်း ထုတ်ပေးလို့ ရရဲ့သားနဲ့ ထုတ်မပေး တာကလည်း အတော်ကို အခက်အခဲ ဖြစ်စေပါတယ်။ နောက်ပြီး နိုင်ငံခြား ဘဏ်ငွေ စာရင်း ဖွင့်ထားရမယ် ဆိုတာလည်း ဘာမှ အသေအချာ မသိဘူး။ ဒေါ်လာဝယ်ပြီး ဘဏ်ထဲ ထည့်လို့ရသလား၊ နိုင်ငံခြားကနေ ကားဘယ်လို သွင်းရမလဲ ဆိုတာလည်း မသိဘူး။ အရမ်းကို စိတ်ညစ်ဖို့ ကောင်းပါတယ်။ ကညနရုံးက ၀န်ထမ်းတွေကို မေးတော့လည်း ဘာမှ ရေရေရာရာ မဖြေနိုင်ကြဘူး” ဟု ရန်ကုန် လသာမြို့နယ်မှ ကားဟောင်း အပ်နှံသူတဦးက ဆိုသည်။

ကားဟောင်းများအား ကားသစ်များနှင့် အစားထိုး လဲလှယ်ရန် ၀န်ဆောင်မှုပေးမည့် ကုမ္ပဏီ တချို့လည်း ပေါ်ပေါက် လာပြီး ကားဟောင်း အပ်ပြီးချိန်မှ ကားသစ် လက်ထဲ ရောက်သည်အထိ ၀န်ဆောင်မှု ပေးမည်ဟု ဆိုကာ အကျိုးဆောင်ခ ကျပ်သိန်း ဆယ်ဂဏန်းချီ တောင်းယူကြကြောင်း သိရသည်။

“ကိုယ်မလုပ်တတ်လို့ ၀န်ဆောင်မှု ပေးမယ်ဆိုတဲ့ ကုမ္ပဏီကို အပ်မလို့ သွားစုံစမ်းတာ။ ကုမ္ပဏီက ကားလက်ထဲ ရောက်မှ ၀န်ဆောင်ခ အပါအ၀င် ကုန်ကျစရိတ် တွက်ပြီး ပေးရမယ် ပြောတယ်။ ကုန်ကျစရိတ် အတိအကျ မပြောပြဘူး။ ၀န်ဆောင်ခ ကလည်း သိန်း ဆယ်ဂဏန်းချီ ကျမယ်ပြောတယ်” ဟု စီးပွားရေး သမားတဦးက ပြောသည်။

ကားဟောင်း အများစုသည် မူလကားပိုင်ရှင်များ လက်ထဲတွင် မရှိတော့ဘဲ ငွေကြေး တတ်နိုင်သူများက ဈေး အဆမတန်ပေး ၀ယ်ယူ ထားကြကြောင်း သိရှိရသည်။ ယခင်က ကျပ် သိန်း ၂၀ ခန့်ဈေးရှိသည့် ဘီ ၆၀၀ လေးဘီးကား တစီးလျင် ယခု ကျပ် ၆၅ သိန်းအထိ ဈေးမြင့်တက် သွားပြီး ငွေများများ လက်ဝယ် ရှိသူတို့က ကားဟောင်းများကို အစီး ၂၀၊ ၃၀ အထိပင် ဝယ်ယူ ကြကြောင်း သိရသည်။

“ပိုက်ဆံရှိတဲ့ သူတွေက ကားတွေလိုက်ဝယ်၊ ယာဉ်ပိုင်ရှင် အမည်ပြောင်း လုပ်ကြတယ်။ အဲဒီလို ပြောင်းတဲ့ အခါကျတော့ ကညန နဲ့ ပြည်တွင်း အခွန်များရုံးက ကားတစီးကို ကျပ် ၃ သိန်း လောက်ယူပြီး အမည်ပြောင်း ပေးတယ်။ မြန်မြန် လုပ်ချင်တဲ့ သူတွေက ပွဲစားနဲ့ ချိတ်ဆက်ပြီး ၀န်ထမ်းတွေကို ငွေပေး လုပ်ကြတာပဲ” ဟု လသာမြို့နယ်မှ ကားပိုင်ရှင်က ဆိုသည်။

ကညန ရုံးတွင် ၀န်ထမ်းများအား ငွေပိုမပေးရန်နှင့် လာဘ်ပေးလာဘ်ယူမှု ရှိလာပါက တိုင်းဦးစီးမှူးထံ ဖုန်းနံပါတ် ၀၁ - ၅၆၂၇၅၇ သို့ တိုင်ကြားရန် ကြေညာချက် ထုတ်ထားသည်။

“၀န်ထမ်းတွေကလည်း ပေါ်တင်ကြီး ပိုက်ဆံပေးဆိုပြီး တောင်းတာမဟုတ်ဘူး။ အပြင်မှာ ပွဲစားက မြန်မြန် လုပ်ပေးမယ် ဆိုပြီး တခါတည်း ချိတ်ပြီး လုပ်ကြတာ။ တိုင်ကြား နိုင်သည်လို့ စာတန်း ကပ်ထားလည်း အလကားပဲ” ဟု အထက်ပါ ကားပိုင်ရှင်က ရှင်းပြသည်။

အစိုးရက ကားသစ်တစီးလျှင် ကညနအခွန်အဖြစ် ကားတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း၊ အကောက်ခွန် ၄၀ ရာခိုင်နှုန်း၊ ကုန်သွယ် လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်း၊ စုစုပေါင်း ၁၆၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကားဟောင်းများကို ကားသစ်အစားထိုးရေး အစီအစဉ်အား ၂၀၁၁ စက်တင်ဘာလ ၁၉ ရက်မှ ၂၀၁၂ မတ်လ အထိ ကားဟောင်း သက်တမ်း အလိုက် အဆင့်ဆင့် လုပ်ဆောင်သွားမည်ဟု အစိုးရက သတင်း ထုတ်ပြန်ထားသည်။

Ref: ဧရာဝတီ

Read More...

Tuesday, September 20, 2011

၁၉၈၈ အာဏာသိမ်းဖြစ်စဉ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင် တို့၏ အာဏာ လွန်ဆွဲပွဲများ

ရော်နီညိမ်း
စနေ, 17 စက်တင်ဘာ 2011


တပ်မှူးတပ်သား ပြောစကား (၀၇၈)

၁၉၆၂ ခုနှစ်ကကော၊ ၁၉၈၈ ခုနှစ်ကကော၊ စိတ်တူသဘောတူအာဏာသိမ်းခဲ့ကြတဲ့ လုပ်ဖေါ် ကိုင်ဘက် မြန်မာ့ တပ်မတော် စစ်ခေါင်းဆောင်တွေ အချင်းချင်း ကြားမှာတောင်၊ တဦးးနဲ့တဦး သစ္စာ မဲ့ခဲ့ကြတဲ့ သမိုင်း အထောက် အထားတွေ အများအပြား ရှိနေတာကြောင့်၊ မြန်မာ့ နိုင်ငံရေးမှာ စစ်ခေါင်းဆောင်တွေ အပေါ် ဘယ်လောက်ယုံ ကြည်ရမလဲ ဆိုတာ၊ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။ သမိုင်းထဲကနေ သင်ခန်းစာ ယူစရာဖြစ်တဲ့၊ ၁၉၈၈ စက် တင်ဘာ(၁၈)ရက် အာဏာသိမ်း ဖြစ်စဉ်နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ ကြားက အာဏာ လွန်ဆွဲပွဲတွေ အကြောင်း၊ မနှစ်က ၂၀၁၀ခုနှစ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်း ဆက်သွယ်ဆွေးနွေး တင်ပြထားတာကို၊ ဒီသီတင်းပတ် တပ်မှူးတပ်သား ပြောစကား ကဏ္ဍမှာ ပြန်ပြီး တင်ဆက် လိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” ရယ်လို့ ပေါ်ပေါက် လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ၊ အဲဒီ န၀တ ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်ကြီး သန်းရွှေနဲ့ အဲဒီအချိန် က အတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ် ခင်ညွှန့်တို့ ကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ အတွင်းရေး ပြဿနာတွေကို မပြောပြခင်မှာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ(၁၈) ရက်နေ့မှာ စစ်အာဏာ သိမ်းခဲ့ပုံကို စပြီး ပြောပြပေးပါ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကနေမှ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (NDC) (National Defence College) အပတ်စဉ် (၁) သင်တန်းမှာ lecture ပေးတာရှိပါတယ် ခင်ဗျ။ အပတ်စဉ်(၁) ဆိုတာ ဗိုလ်ချုပ်ကြီး ရွှေမန်းတို့၊ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးတို့ တက်ခဲ့တဲ့ သင်တန်းပါ။ သူတို့ သင်တန်း တက်တဲ့ အချိန်အခါမှာ ကျနော်တို့လည်း နားထောင် ရပါတယ်။ အဲဒီ lecture မှာ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ပြောတာပါပဲ ခင်ဗျ။ စက်တင်ဘာ (၁၈)ရက်နေ့ မနက်ပိုင်းမှာ အေဒီလမ်း ဦးနေ၀င်း အိမ်မှာပဲ အစည်းအဝေး လုပ်တယ်။ အဲဒီ အချိန်တုန်းက မဆလ (ယခု “တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ” ဟု အမည်ပြောင်း ထားသော ထိုစဉ်က အာဏာရ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီ) လူကြီးတွေ ဖြစ်ခဲ့တဲ့ ဦးစန်းယု ပါတယ်။ ဗိုလ်ချုပ်ကြီးကျော်ထင်၊ ဦးအေးကို၊ ဒေါက်တာ မောင်မောင်တို့ အပါအ၀င် ကျန်တဲ့ မဆလခေါင်းဆောင်တွေ ရှိ ပါတယ်ခင်ဗျ။ အဲဒီအချိန် အခါမှာ ဗိုလ်ချုပ်ကြီး စောမောင်နဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ကနေမှ ဦးနေ၀င်း အပါအ၀င် ဒီအဖွဲ့တွေ အားလုံးကို မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းခဲ့ရပါ တယ် ခင်ဗျ။

(နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) (National Defence College) = ၁၉၈၈နောက်ပိုင်း၊ ဗိုလ်မှူးချုပ် အဆင့်သို့ တိုးပေးရန် လျာထားခြင်း ခံရသူ တက္ကသိုလ်ဘွဲ့ရ ဗိုလ်မှူးကြီးနှင့် အထက်အဆင့် ရှိသူများသာ တက် ရောက်ခွင့်ရှိပြီး၊ သင်တန်းကာလ (၁)နှစ် အပါအ၀င် (၂)နှစ်အတွင်း သက်ဆိုင်ရာ စာတမ်း ပြုစု တင်သွင်းစေ သည့် မဟာဝိဇ္ဇာဘွဲ့ ပေးအပ်သော တပ်မတော် အတွင်း အဆင့်အမြင့်ဆုံး စစ်သင်တန်းကျောင်း)

ဦးရော်နီညိမ်း။ ။ စစ်အာဏာသိမ်းမှု ဘယ်လို ဖြစ်လာလဲ၊ ဘယ်သူ့အစီအမံနဲ့ ဘယ်သူက တကယ် တမ်း စစ်အာဏာ သိမ်းဖို့ လိုအပ်ပြီလို့ ဆုံးဖြတ်ချက် ချပြီးတော့ လုပ်ခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အာဏာသိမ်းဖို့ကတော့ အဲဒီနေ့ အစည်းအဝေးမှာ ဦးနေ၀င်းက နေပြီး တော့မှ “စောမောင်တို့ ခင်ညွှန့်တို့ကို မင်းတို့ လွှဲပေးလိုက်တော့” ဆိုပြီးတော့မှ အာဏာ လွှဲခိုင်း လိုက်ပါတယ်။ စက်တင်ဘာ (၁၈)ရက်နေ့ ညနေ (၄)နာရီမှာ အဲဒီ အချိန်တုန်းက (တပ်မတော် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ရုံး - ကကဆက်) ဆက်သွယ် ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး မျိုးသန့် (နောင် ပြန်ကြားရေးဝန်ကြီး ဖြစ်ခဲ့သူ)၊ တပ်မတော် ထောက်လှမ်းရေး ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်း (နောင် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်သန်းထွန်း) ပေါ့လေ။ ဒီနှစ်ယောက်က နေပြီးတော့မှ ဒေါက်တာ မောင်မောင်က ရေးပေးတဲ့ လက်ရေးမူ ၊ type နဲ့ ရိုက်တာတောင် မဟုတ်ဘူး၊ လက်ရေးမူကို ကိုင်ပြီးတော့ မြန်မာ့အသံကို သွားပါတယ်။ မြန်မာ့အသံမှာ အဲ့ဒီ အချိန်တုန်းက တပ်ကပဲ ဗိုလ်ကြီးဘိုနီရဲ့ မိန်းမ ဒေါ်ခင်မ လေးက ဖတ်ပါတယ်ခင်ဗျ၊ စက်တင်ဘာ (၁၈) ရက်နေ့မှာ အဲ့ဒီ ကြေညာချက်ကို ဖတ်ပါတယ်။ အဲဒီကြေညာ ချက်ကို ဖတ်ပြီး တပ်မတော်က အာဏာ သိမ်းလိုက်တဲ့ သဘောမျိုး သူတို့ လုပ်လိုက်ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကြေညာချက် မထုတ်ခင် ဗိုလ်ချုပ်ကြီးနေ၀င်း မှာတာကတော့ “စောမောင်၊ မင်းက ဥက္ကဌ လုပ်၊ ခင်ညွှန့် အတွင်းရေးမှူး လုပ်ပေါ့ကွာ” တဲ့၊ “ကျန်တဲ့ မင်းတို့ Colonel G.S (စစ်ဦးစီးဗိုလ် မှူးကြီး - ကြည်း) တို့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို့ စစ်ထောက်ချုပ်တို့ စစ်ရေးချုပ်တို့ ကတော့ အဖွဲ့ဝင်လုပ် ပေါ့ကွာ၊ ကျန်တဲ့ တိုင်းမှူးတွေ ထည့်ပြီး ဖွဲ့ပြီးတော့မှ အစိုးရအဖွဲ့ SLORC (State Law & Order Restoration Council) န၀တ အဖွဲ့ကို ဖွဲ့ပြီး လုပ်” ဆိုပြီးတော့မှ လမ်းညွှန်ချက် ပေးပါတယ်။ NDC က lecture မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင် ပြောတာကို ကျနော်တို့ နားထောင် ခဲ့ရတာပါ။ တဆင့်စကား မဟုတ်ပါဘူး။ ဒီဖြစ်စဉ်တွေက အမှန်ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အပိုင်း ပါလာပြီပေါ့နော်၊ တပ်မ တော်က ၁၉၈၈ စက်တင်ဘာ (၁၈) ရက်မှာ စစ်အာဏာ သိမ်းတုန်းကတော့ သူဟာ အဖွဲ့ဝင်ပဲ။ အဖွဲ့ဝင်ဆိုတော့ ကျန်တဲ့ စစ်တိုင်းမှူး တွေနဲ့ အတူတူပဲ။ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ (စစ်တိုင်းများနှင့် တိုင်းမှူးများအား ကွပ်ကဲသည့် “ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့”) ကစထ (၁)၊(၂)၊ အဲဒီ ကစထမှူးတွေနဲ့လည်း သူက အတူတူပဲ ဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီတော့ ဘယ်လောက်ထိ သူ လုပ်နိုင်သလဲ ခင်ဗျ။ ဒီအဖွဲ့ထဲမှာ ကျန်တဲ့ စစ်တိုင်းမှူးတွေထက် ကော သူ ပိုပြီးတော့ သြဇာပိုရှိသလား၊ နောက် အတွင်းရေးမှူး (၁)၊ (၂) အဖြစ် ထားတဲ့ ဗိုလ်မှူးကြီးခင်ညွှန့်၊ ဗိုလ်မှူးကြီးတင်ဦး (စစ်အာဏာသိမ်းစဉ်က အဆင့်များ) တို့ထက်ကော ပိုပြီး သူ့ မှာ လုပ်ပိုင်ခွင့် ပိုရှိသလား။ ပြောနိုင်ဆိုနိုင် လက် အောက်ကို ညွှန်ကြားနိုင်တဲ့ အနေအထား ရှိသလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသန်းရွှေ အပိုင်းပြောရရင် ဒီဘက် နောက်ပိုင်း တိုင်းမှူးဖြစ်တယ်၊ နောက် ဒုချုပ် (ဒုတိယ ကာကွယ်ရေးဦးစီးချုပ် - ကြည်း) ဖြစ်တဲ့ အချိန်အခါမှာ၊ ဒီလူကြီးကတော့ လူရိုး ကြီးပဲ၊ အညာသားကြီးပဲ၊ ဘာမှ အစွယ် မရှိဘူးပေါ့လေ၊ အဲဒီလိုမျိုး အဲဒီအချိန် အဲဒီအခါက ကျနော်တို့ တွက်ခဲ့ ကြတယ်။ နောက်ပိုင်း ဗိုလ်ချုပ်ခင်ညွှန့်က သူ ဂျူနီယာ ဖြစ်တာလည်း ပါတယ်။ နောက် စစ်ရေး စစ်ရာမှာလည်း သူက စွမ်းစွမ်းတမံ တိုက်ခဲ့ခိုက်ခဲ့တဲ့လူ မဟုတ်ဘူး။ တောက်လျှောက် သူဟာ P.A လုပ်လိုက် Staff Officer လုပ်လိုက် အနေအထားမျိုး ရှိတဲ့ အခါကျတော၊့ တကယ့် fighter လို့ ပြောလို့ရတဲ့ ဗိုလ်ချုပ်ကြီး မြင့်အောင် (အနောက်တောင်တိုင်း) (ယခု ကွယ်လွန်) တို့၊ ဗိုလ်ချုပ်ကြီးထွန်းကြည် (အနောက်မြောက်တိုင်း၊ နောင် အလယ်ပိုင်းတိုင်း) (ဗိုလ်ထွန်းကြည် (မုံရွာ) အမည်နှင့် ကိုယ်ရေး အတ္ထုပ္ပတ္တိ ရေးသားခဲ့သူ) တို့၊ ဗိုလ်ချုပ်ကျော်ဘ (မြောက်ပိုင်းတိုင်း) (၁၉၈၈ စစ်အာဏာ သိမ်းချိန်က န၀တအဖွဲ့ဝင် စစ်တိုင်းမှူး များ) တို့နဲ့ ယှဉ်တဲ့အခါမှာ စစ် ရေးစစ်ရာ အပိုင်းမှာ သူ့ကို ကျန်တဲ့လူတွေက အထင် မကြီးတာလည်း ပါတယ်။ နံပါတ် Two ပေးတယ် ဆိုပေ မယ့်၊ သူ့မှာ ကြားထဲက ဒုချုပ်လုပ်တဲ့ သူက အဖွဲ့ဝင် ဖြစ်နေတော့ ကိုးလိုးကန့်လန့် ဖြစ်ပါတယ်။ political role မှာကျတော့ န၀တ အဖွဲ့ဝင် အနေနဲ့ပဲ ဗိုလ်ချုပ်ကြီး သန်းရွှေက ပါတယ်။ အတွင်းရေးမှူး(၁)၊ အတွင်းရေး မှူး(၂) တွေက ပိုပြီး powerful ဖြစ်ပါတယ်။ တပ်ပိုင်း ဆိုင်ရာမှာကျတော့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် နဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဆိုတာ အများကြီး ကွာသွား ပြန်ရောဗျ၊ အဲဒီတော့ ကျနော်တို့ သိသလောက် ကတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်က အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီး စောမောင်ကို ၁၉၈၈ ပြီးတော့ ၁၉၈၉၊ ၁၉၉၀ လောက် ကျတော့ ဒုတိယ ဥက္ကဌပေါ့လေ၊ Vice Chairman ဆိုပြီးတော့မှ ထားဖို့ တင်ပြတာရှိပါတယ်။ ကျနော့် အယူအဆကတော့ နိုင်ငံရေး အကွက်လို့ပဲ ပြောရမယ် ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ကြီး စောမောင်ဟာ အဲဒီအချိန်အခါမှာ တပ်ထဲမှာတော့ အားလုံး သိကြပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေကို “အထူးစီမံကိန်းကြီးများရဲ့ ဥက္ကဌ” ဆိုတဲ့ ရာထူး ပေးပြီးတော့မှ ဆည်နဲ့၊ တံတားနဲ့ကို သူ့ကိုတာဝန် ပေးတာပဲ ရှိပါတယ်။ ရှင်းရှင်းပြောရရင် တော့ ဗျာ၊ “မင်း political role တို့ ဘာတို့ မလုပ်နဲ့ ။ ဆည်ဆောက်၊ တံတားဆောက် မင်းလုပ်” ဆိုပြီးတော့ မှ ကျန်တဲ့ နိုင်ငံခြားရေး ကိစ္စတွေ ကျန်တဲ့ ကိစ္စတွေမှာ သူ ဘာမှ ၀င်ရောက်စွက်ဖက်ခွင့် မရှိဘူး။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ စဉ်းစားပုံ စဉ်းစားနည်းကို အခု ကျနော်တို့ ပြန်ပြီးတော့ သုံးသပ် ကြည့်တဲ့ အခါမှာ နံပါတ်(၂) နေရာမှာ ရှိတဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေ ရှိနေသော်ငြားလည်းပဲ၊ ဗိုလ်မှူးကြီး ခင်ညွန့် ကျတော့ ဒါဟာ ဦးနေ၀င်းရဲ့ ကိုယ်ပွား ဦးနေ၀င်းက နေပြီးတော့မှ သူ့ ကိုယ်စား ထားထားတာ ဆိုတဲ့ အနေအထားမျိုး သူ့ခေါင်း ထဲမှာ ၀င်ပြီးတော့၊ ငါပြီးရင် နံပါတ်(၂)ဟာ ဗိုလ်မှူးကြီး ခင်ညွန့်ပဲလို့ တွက်ပြီးတော့ အလုပ် လုပ်နေတဲ့ အပေါ်မှာ၊ သူနဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေတို့ရဲ့ ဆက်ဆံရေး အဲဒီအချိန်မှာ ဘယ်လိုများ ရှိပါသလဲ ခင်ဗျ။ သူတို့ ဒီ တပ်ရေးတပ်ရာတွေမှာ ရော၊ နိုင်ငံရေးအရ ရောပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီး စောမောင်အ ပိုင်းမှာ ကျနော်သတိထား မိသလောက် နီးနီးစပ်စပ်နဲ့ ရင်းရင်းနှီးနှီး ခင်တဲ့မင်တဲ့ မိတ်ဆွေတွေတော့ မဟုတ်ကြဘူး ခင်ဗျ၊ တစ်ယောက်နဲ့ တစ်ယောက် သဘော သဘာဝ အရတော့ ရင်းနှီးမှုမရှိတာ ကျနော် သွားပြီးတော့ မြင်တယ်။ တပ်မတော်မှာ တော့ ရာထူးကြီးတဲ့ လူကို ရာထူးရှိနေတဲ့ အချိန်မှာတော့ အားလုံးက respect ပေးကြရတာပါပဲ။ ဗိုလ်ချုပ်ကြီး စောမောင် ပြုတ်တော့ မှသာ ဗိုလ်ချုပ်ကြီး သန်းရွှေက ဗိုလ်ချုပ်စောမောင် တရုတ်ပြည်က US$ 2 billions ဘိုး လက်နက်တွေဝယ်တာ အလကားပဲ ဆိုပြီး အပုပ်ချတာတွေ အများကြီး ရှိတယ်။ ဦးနေ၀င်း ကိုလည်း ဒီလို ပဲ သူအပုပ်ချတာ ရှိတယ်။ ဦးနေ၀င်း လုပ်သွားလို့ တိုင်းပြည်ပျက်တယ် ဆိုတာမျိုးဟာ သူစပြီးတော့ အာဏာ ယူကာစမှာ ပြောတာတွေရှိတယ်။ အဲဒီကျမှ ကျနော်တို့က ဗိုလ်ချုပ်သန်းရွှေဟာ ဒီလိုလူမျိုးပါလား ဆိုတာ…။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ကျနော်တို့ ခုနက ဒုဥက္ကဌ ဆိုတဲ့နေရာကို၊ န၀တ ခေါင်းဆောင်တွေ အချင်းချင်း ကြားထဲ မှာပဲ ညှိနှိုင်းပြီးတော့ ဘယ်သူက initiate လုပ်တာပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော်သိတာက ဗိုလ်ချုပ်ကြီးသန်းရွှေကို ဒုတိယ ဥက္ကဌပေးဖို့နဲ့ ပတ်သက် ပြီးတော့ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ကိုယ်တိုင်၊ နှစ်ခါ ပေါ့ဗျာ၊ ပထမတခါ ဗိုလ်ချုပ်ကြီးစောမောင်ကို တင်ပြတယ်၊ ဘာမှ အဖြေထွက် မလာဘူး၊ ဒုတိယ တခါ တင်ပြတယ်၊ တတိယ တခါလောက်မှ သဘောတူလိုက်တဲ့ အနေ အထားမျိုးရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဒီကိစ္စအတွက် ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်မှူးကြီးခင်ညွှန့်တို့ တိုင်ပင် ဆွေးနွေးမှု ရှိပါ သလား၊ ဒါမှမဟုတ် ဗိုလ်မှူးကြီး ခင်ညွှန့်ကိုယ်တိုင်ပဲ၊ ဗိုလ်မှူးပြောသလိုပေါ့နော်၊ သူ့မှာ လုပ်ငန်းကိုင်ငန်း အခက် အခဲတွေ ရှိနေတဲ့ အတွက် သူနဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်ကြားမှာ တစ်ယောက်တော့ ရှိဖို့သင့်တယ် ဆိုတဲ့ အနေအထားမျိုးနဲ့၊ ဘယ်သူ့မှ မတိုင်ပင်ပဲ သွားပြီး ပြောတာလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဒါကတော့ နိုင်ငံရေးအကွက်လို့ ကျနော်ထင်တယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို အတွင်းရေးမှူး (၁) ပေးပြီးတဲ့ နောက်ပိုင်းမှာ၊ တပ်မတော်(လေ) က ဗိုလ်မှူးကြီးသိန်းဝင်း (နောင် ကာကွယ်ရေး ဦးစီးချုပ်(လေ) နှင့် ပို့ဆောင်ရေး ၀န်ကြီးဖြစ်ခဲ့ပြီး ၁၉၉၇ခုနှစ်တွင် ဖြုတ်ချခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဝင်း) ပေါ့ ဗျာ။ အလားတူပဲ ရေတပ်က ဗိုလ်မှူးကြီးသန်းညွှန့် (နောင် ကာကွယ်ရေးဦးစီးချုပ်(ရေ) နှင့် ကျန်းမာရေး ၀န်ကြီး ဖြစ်ခဲ့ပြီး ၁၉၉၇ခုနှစ်တွင် ဖြုတ်ချခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီးသန်းညွန့်) ။ သူတို့ကို စစ်ဦးစီး ဗိုလ်မှူးကြီး (ရေ၊ လေ)၊ နောက် စစ်ဦးစီး ဗိုလ်မှူးချုပ်(ရေ၊ လေ)၊ နောင်မှာ ဦးစီးချုပ်အထိကို ဖြစ်အောင် ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဆွဲတင်လိုက်တာ ပါပါတယ်။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နဲ့ (လေ) ပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နဲ့ (လေ)က ပြောရရင်တော့ ဗျာ၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ရဲ့ ထောက်ခံမှုနဲ့ ဗိုလ်ချုပ်ကြီး စောမောင်က ပေးထားတဲ့ သဘောရှိပါတယ်။ အဲဒီတော့ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) အပိုင်းမှာကျတော့ ရှိပြီးသား ဗိုလ်ချုပ်ကြီး သန်းရွှေကို လဲဖို့ ဆိုတာလည်း ဘယ် လိုမှ မဖြစ်နိုင်ဘူး။ နောက်တစ်ခုက အဲဒီအချိန် အဲဒီကာလမှာ၊ ဗိုလ်ချုပ်ကြီး မြင့်အောင်တို့ ဗိုလ်ချုပ်ကြီး ထွန်းကြည်တို့ ဗိုလ်ချုပ်ကြီး ကျော်ဘတို့က တန်ခိုးထွားတဲ့ အချိန် ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး မြင့်အောင်နဲ့ ဗိုလ်ချုပ် ကြီးထွန်းကြည် နှစ်ယောက် လုံးက ဗိုလ်ချုပ်ကြီး သန်းရွှေရဲ့ (တပ်မ ၈၈) ဒုတပ်မမှူးတွေ ဖြစ်ခဲ့ဖူးတဲ့ လူတွေပါ။ ဗိုလ်ချုပ်ကြီးကျော်ဘ တို့ ဆိုလည်း တော်တော်လေး နီးနီးစပ်စပ် လုပ်ခဲ့တဲ့ လူတွေပါ။ ဘယ်လောက်ထိ နီးစပ် သလဲ ဆို သူတို့ အချင်းချင်း ခေါ်ရင်တောင် “ကိုသန်းရွှေ” ပဲ ခေါ်တာပါ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီအနေအထားမှာ အဲလိုအခင်းအကျင်းထဲမှာ ဗိုလ်မှူးကြီး ခင်ညွှန့်ရဲ့အနေ အထားဟာ ဘယ်လို ဖြစ်နေသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကက(ကြည်း) (ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံး) အပိုင်းကို ဗိုလ်ချုပ်ကြီး ခင်ညွှန့်အနေနဲ့ တိုးဖို့ဆိုတာနဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေကို ဒုတိယ ဥက္ကဌ ပေးဖို့အတွက် ကို အကြောင်း ဖန်လာပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့် ကလည်း ဗိုလ်ချုပ်တွေနဲ့ သင့်တင့် လျှောက်ပတ်အောင်ရယ် ဗိုလ်ချုပ်တွေကို သြဇာ လွှမ်းမိုးနိုင်ဖို့ အတွက်က၊ ဗိုလ်ချုပ်သန်းရွှေကို ချဉ်းကပ်မှ။ ဗိုလ်ချုပ်သန်းရွှေက နေပြီး တော့မှ ပြောရင် နားထောင်မယ်ဆိုတဲ့ အနေအထားမျိုးကို ဗိုလ်ချုပ်ခင်ညွှန့် တွက်ပါတယ်။ ကျနော် ဆိုလိုချင်တာ ကတော့ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ကိုယ်တိုင် ဗိုလ်ချုပ်ကြီး သန်းရွှေကို ရှင်းရှင်း ပြောရရင်တော့ အိပ်ထဲထည့်တဲ့ သဘောပါပဲ။ ဗိုလ်ချုပ်ကြီး သန်းရွှေက ဒုတိယဥက္ကဌ တောင်းဆိုချင်မှ တောင်းဆိုမယ်၊ စိတ်ထဲကတော့ တောင်းဆိုမှာပေါ့ ဗျာ။ စိတ်ထဲကတော့ သူ မကျေနပ်ပါဘူး။ ကျနော်သိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို ဆည်မြောင်းတွေ လမ်းတံတား တည်ဆောက်ရေး တွေရဲ့ ဥက္ကဌပဲ ထားတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒါဆိုရင် အခု ကျနော်တို့ ပြန်ကြည့်တဲ့ အခါကျတော့ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ရဲ့အကွက်တွေပေါ့။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က သူ့ရဲ့ နိုင်ငံရေး တက်လမ်းအတွက် ဗိုလ်ချုပ်ကြီးသန်းရွှေကို အသုံး ချမယ်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်နဲ့ ဆက်ဆံရေး ကိစ္စမှာ ကြားမှာ ဗိုလ်ချုပ်ကြီးသန်းရွှေကို သူလိုတယ်။ တခြား တိုင်းမှူးတွေနဲ့လည်း ဆက်ဆံတဲ့အခါမှာ ပြေပြစ်အောင်လို့ ကြားထဲမှာ buffer ပေါ့ဗျာ။ buffer အနေနဲ့ သူ ရှာ တာပေါ့။ သူ့အတွက် သူ့ ရှေ့တက် လမ်းအတွက် လုပ်တာလို့ မြင်ကြည့်လို့ မရဘူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အကွက်ကတော့ ဒီတိုင်းပါပဲ။ သူ တစ်ခုပဲရှိတယ်၊ သူ့ကို နံပါတ် Two လို့ ထားပေမယ့် ဗိုလ်ချုပ်ကြီး သန်းရွှေကို သူ မကျော်ချင်ဘူး။ သူက ဗိုလ်ချုပ်စောမောင်ပြီးရင် ဗိုလ်ချုပ်သန်းရွှေ၊ ပြီးရင် သူပေါ့ဗျာ၊ ဒါကို သူ့ခေါင်းထဲမှာ ထားတဲ့ အနေအထားမျိုးပါ။

ဦးရော်နီညိမ်း။ ။ ဒါက ကျနော်တို့ ပြန်တွက်ကြည့်တော့ on paper ပေါ့၊ on paper မှာရော လက်တွေ့ မှာရော ဗိုလ်ချုပ်မှူးကြီး စောမောင်ကတော့ နံပါတ် One ပဲ။ စာရွက်ပေါ်မှာတော့ ဗိုလ်ချုပ်ကြီး သန်းရွှေက နံပါတ်နှစ် ပေါ။့ ဒါပေမယ့် တကယ်တမ်းမှာ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က သူ နံပါတ်နှစ် ဖြစ်နေတယ် ဆိုတာ သူ့ဘာသာ သူ သိပြီးသားပဲ၊ အဲဒီ အချိန်မှာပေါ့ နော်။ သူက ဒါကြောင့်မို့လို့ နံပါတ်သုံး နေရာမှာပဲ နေပြီး နံပါတ်နှစ်ကို သူ ရုပ်သေးလို ထားလို့ရမယ်လို့ ထင်တဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေကို သူပဲ initiate လုပ်တာပေါ့၊ နဂိုကတည်းက ဒုဥက္ကဌ မထားတဲ့ဟာကို ထားပေးအောင်လို့ ၀င်ပြောရတာဟာ၊ ဒါ ဗိုလ်ချုပ်ကြီးခင်ညွှန့်က သူ့အတွက် ထွင်တဲ့ နိုင်ငံရေးအရ အကွက်ပဲလို့ သေချာပြောလို့ ရပါသလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ၊ နိုင်ငံရေးအရ အကွက်ပါပဲ။ အဲဒီအကွက်က ကျနော် ဘယ်အချိန် ကျမှ သွားသိလဲ ဆိုတဲ့ အခါကျတော့ ဗိုလ်ချုပ်ကြီးစောမောင် ပြုတ်သွားပြီးတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ကိုယ်တိုင် ဒုတိယပေါ့ ဗျာ၊ သူ့ကို second man အနေနဲ့ ပေးလိမ့်မယ်၊ ထားလိမ့်မယ်လို့ သူ လုံးဝ မျှော်လင့်ပါတယ်။ ဒါပေမယ့် တကယ် ဖြစ်မလာတဲ့အခါကျ တော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေ အထားမျိုး ရှိပါတယ်။ ဘာဖြစ်လို့ အဲဒါကို ကျနော် ပြောနိုင်သလဲဆို ရင် အဲဒီအချိန်တုန်းက ကျနော် စစ်ရုံးကို ရောက်ပြီ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက် သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ် စဉ်ကဏ္ဍမှာတော့ ဗိုလ်မှူးအောင်လင်းထွဋ် ပြောပြတဲ့ အပိုင်းတွေထဲက နောက်ဆုံးအပိုင်း ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချခဲ့ပုံတွေ တင်ပြ သွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

Ref: VOA News

Read More...

သမ္မတဟောင်း ကလင်တန်ရဲ့ ညီလာခံမှာ ဒေါ်စု တိုက်ရိုက် စကားပြောမည်

တနင်္လာ, 19 စက်တင်ဘာ 2011

အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative (CGI) ရဲ့ နှစ်ပတ်လည် အစည်း အဝေးမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက် စကားပြောမယ်လို့ မစ္စတာ ကလင်တန်က ပြောလိုက်ပါတယ်။

လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား လူမျိုးစု သင့်မြတ်ရေးလို အရေးကြီးတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးမှာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကို တက်ရောက်ဖို့ နိုင်ငံအကြီးအကဲတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ လူမှု ပရဟိတ အဖွဲ့အစည်းတွေ၊ ဗဟိုနဲ့ ဒေသဆိုင်ရာ အစိုးရ တာဝန် ရှိသူတွေကို ဖိတ်ကြား ထားပါတယ်။

ဒီအစည်းအဝေးကို ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ တိုက်တိုက်ဆိုင်ဆိုင် နယူးယောက်မြို့မှာ အင်္ဂါနေ့ စတင်မှာ ဖြစ်ပါတယ်။ ၃ ရက်ကြာ ဒီအစည်းအဝေး အတွင်း အလုပ်အကိုင် ဖန်တီးရေး ဆိုင်ရာ၊ ရေရှည် တည်တံ့ခိုင်မြဲတဲ့ စားသုံးမှုပုံစံ ဖြစ်ပေါ်ရေး ဆိုင်ရာ၊ အမျိုးသမီးနဲ့ ကလေးတွေအတွက် အစီအစဉ်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဗုဒ္ဓဟူးနေ့မှာ စကားပြောဖို့ရှိပြီး ရေရှည် တည်တံ့ ခိုင်မြဲတဲ့ စားသုံးမှုပုံစံ ဖြစ်ပေါ်ရေး ဆိုင်ရာကို ပြောဆို ပါလိမ့်မယ်။

Ref: VOA News

Read More...

အပေါ်သို့