..............................

Friday, October 7, 2011

ငြိမ်းချမ်းရေး နိုဘယ်ဆုစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် လျာထား

2011-10-06

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက နောက်ထပ် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထား လိုက်ပါတယ်။

မနက်ဖြန် ကြေညာမယ့် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် လျာထားခံရတဲ့သူ ကိုးဦး စာရင်းကို ဒီကနေ့ ထုတ်ပြန်ရာမှာ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုပါ ထည့်သွင်း ဖော်ပြ ထားတာပါ။

ဒီနှစ်အတွက် လျာထားခံရသူတွေထဲ အာရပ်ကမ္ဘာ လူထုအုံကြွမှုမှာ အရေးပါတဲ့ ကဏ္ဍက ပါဝင်တဲ့ လူမှုရေး မီဒီယာကနေ ရေးသားတဲ့ သူတွေ၊ အမေရိကန် သံရုံးတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချလိုက်တဲ့ WikiLeaks အယ်ဒီတာချုပ် Julian Paul Assange ၊ ရုရှားနိုင်ငံက Memorial ဆိုတဲ့ လူ့အခွင့်အရေး အဖွဲ့၊ ဘာလင်တံတိုင်း ဖြိုချိန်က ဂျာမနီဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ Helmut Kohl စသူတွေ ပါဝင်ပါတယ်။

နော်ဝေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီဟာ မနှစ်တုန်းကတော့ တရုတ် အတိုက်အခံ Lui Xiaobo ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ပြီး ၂၀၀၉ ခုနှစ်တုန်းကတော့ အမေရိကန် သမ္မတ Barack Obama ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီတုန်းက အာဖဂန်နဲ့ အီရတ်မှာ စစ်တိုက်နေတဲ့ နိုင်ငံက သမ္မတကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်တယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

အခုတော့ အာရပ်ကမ္ဘာက လူထုအုံကြွမှုမှာ စွမ်းစွမ်းတမံ ပါဝင်သူတွေကို အမည်စာရင်း တင်နိုင်တဲ့ အတွက်၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထားရမယ့်လူ မရှားပါးဘဲ ကာလ အတော်ကြာကပဲ လျာထားခံရပေမဲ့ ဆုမရသေးတဲ့ ဂျာမနီ ၀န်ကြီးချုပ်ဟောင်း Helmut Kohl လည်း ပါရှိပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် ထပ်ပြီး အမည်စာရင်း တင်တာ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ကာလနဲ့ တိုင်ဆိုင်နေတယ်လို့ တချို့က သုံးသပ်ပါတယ်။

Ref: RFA News

Read More...

ငြိမ်းချမ်းစွာဆန္ဒပြမှု အပေါ် ဒေါ်အောင်ဆန်းစုကြည် အမြင်

2011-10-06

လမ်းမပေါ်ထွက် ဆန္ဒပြကြတာကို ငြိမ်းချမ်းစွာ ဆောင်ရွက်မယ်ဆိုရင် ဒီမိုကရေစီ ရရှိရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အတွင်း ရန်ကုန်မြို့မှာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်း ပြောဆိုတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA ပရိသတ်တဦးက အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"အေးအေးချမ်းချမ်း စည်းကမ်းရှိရှိနဲ့ ဒီမိုကရေစီ ရရှိရေးကို အားပေးသောအားဖြင့် လုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီ ခရီးစဉ်ကို အနှောက်အယှက် ပေးမယ်လို့ မထင်ပါဘူး။"

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့က ရန်ကုန်မြို့မှာ လူတွေရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရကြား ဆွေးနွေးမှုတွေကို ထိခိုက်နိုင်ခြင်း ရှိပါသလားလို့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ် အမေးအဖြေ ကဏ္ဍမှာ သောတရှင်တဦးက မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်လည် ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

Ref: RFA News

Read More...

အပြုသဘောဆောင် ပြောင်းလဲမှု ဆက်လုပ်ဖို့ မြန်မာကို အမေရိကန်တိုက်တွန်း

ဒေါ်ခင်မျိုးသက်
ကြာသပတေး, 06 အောက်တိုဘာ 2011

မြန်မာအစိုးရသစ်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုတွေ ပိုလုပ်လာသလို လူမှု လူ့အဖွဲ့အစည်း တွေနဲ့ ပိုမို ထိတွေ့ဆက်ဆံလာပြီး မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဆက်မလုပ်တာ လိုမျိုး အပြုသဘော ဆောင်တဲ့ ပြောင်းလဲမှုတွေ အတွက် အမေရိကန်နိုင်ငံက အားပေးနေသလို ဒိထက်ပိုပြီး လုပ်ဆောင်လာဖို့အတွက် အိမ်နီးချင်း နိုင်ငံကြီးတွေနဲ့ပါ ကြိုးစား နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက ပြောကြား လိုက်ပါတယ်။

အပြည့် အစုံကို ဒေါ်ခင်မျိုးသက်ကတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတာတွေ့ရပြီး ဒီပြောင်းလဲမှုတွေအတွက် အမေရိကန်အစိုးရက ကြိုဆို လိုက်ပါတယ်။ ဒါပေမဲ့ ဒီပြောင်းလဲမှုတွေနဲ့ မလုံလောက်သေးတဲ့အတွက် အရေးယူဒဏ်ခတ်မှုတွေကို ဆက်ပြီး ချထားဆဲပဲလို့ ကြာသာပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ဗစ်တိုးရီးယား နျူလန် (Victoria Nuland) ကပြောပါတယ်။

“မြန်မာနိုင်ငံအတွက် ကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံနဲ့တကွ ကမ္ဘာတလွှားက နိုင်ငံ အများအပြား ကလည်း အရေးယူ ဒဏ်ခတ် မှုတွေ ပြင်းပြင်းထန်ထန် ချမှတ်ထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြန်လည် ပြုပြင် ပြောင်းလဲရေး သမားတွေ ပိုပြီး ရှိလာတာကို ကျမတို့က ကျေနပ်သလို အစိုးရပိုင်းကလည်း ပိုပြီး သဘောထား ပွင့်လင်းလာတာမို့ ကျမတို့နဲ့ လက်တွဲ လုပ်နိုင်လောက်တဲ့ အနေထားမျိုး ရှိလာတာ တွေ့ရပါတယ်”

မြန်မာနိုင်ငံဟာ ခေါင်းဆောင်မှု အသစ်အောက်မှာ ရှိနေတာ တွေ့ရပြီး သဘောထားချင်း မတိုက်ဆိုင်တဲ့ အတိုက်အခံ တွေနဲ့ပါ လက်တွဲ လုပ်ဆောင်လိုစိတ် ရှိတာတွေ့ရတယ်လို့ ပြောပါတယ်။ အထူးသဖြင့် ပြည်သူရဲ့အသံကို နားထောင် လာတာကို ဧရာဝတီ မြစ်ကြောင်းပေါ်က မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းအတွက် ရပ်ဆိုင်း ထားမှုကနေ ပြသနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်လို့ အမေရိကန် အစိုးရက မြင်ပါတယ်။

“မြန်မာနိုင်ငံမှာ ဆက်လုပ်စရာတွေ သိပ်မကျန်တော့ဘူးလို့ ကျမတို့ မပြောပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အစိုးရသစ် တရပ် ရှိလာပြီး ဒီအစိုးရဟာ အရင် စစ်အစိုးရထက် ပိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးတာတွေ၊ လူမှု လူ့အဖွဲ့အစည်းတွေနဲ့ ထိတွေ့ ဆက်ဆံတာတွေ၊ မြန်မာနိုင်ငံသားတွေကြား ပြဿနာ ဖြစ်စေတဲ့ မြန်မာနိုင်ငံမြောက်ဖျားက မြစ်ဆုံ ရေကာတာ တည်ဆောက် တာလိုမျိုး ကိစ္စမှာ ပြန်ပြီး စဉ်းစားပေးတာမျိုးတွေ လုပ်လာတာ တွေ့ရပါတယ်။ ဒီလို လုပ်ဆောင်မှုတွေ အတွက် ကျမတို့က အားပေး ချင်ပါတယ်။ ဒါတွေအတွက် အမေရိကန် အထူးသံတမန် ဒဲရစ် မစ်ချယ် (Derek Mitchell) က တာဝန်ယူ လုပ်ဆောင်နေသလို မကြာခင်မှာပဲ သူကိုယ်တိုင် ဘာတွေ လုပ်ဆောင်နေတယ်ဆိုတာတွေကို ပြောပြနိုင်မယ်လို့ မျှော်လင့်ပါတယ်”

အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေနဲ့ နိုင်ငံရေး ကစားရင်း အမြတ်ထုတ်ခဲ့ကြတဲ့ စစ်ခေါင်းဆောင်တွေ လက်အောက်မှာ မြန်မာ နိုင်ငံသားတွေဟာ နှစ်ပေါင်းများစွာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်ရေးတွေရဖို့ ကြိုးစား ရုန်းကန်နေရတာမို့ အခုလို အပြောင်းအလဲတွေ ရှိလာတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပံ့ပိုးကူညီမှုတွေ ပေးနိုင်ဖို့ အမေရိကန် အစိုးရက အဲဒီနိုင်ငံတွေနဲ့ ဆွေးနွေး ပြောဆိုမှုတွေ ဆက်လုပ်နေတယ် လို့လည်း ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်နဲ့ရော အိန္ဒိယနိုင်ငံနဲ့ပါ ကျမတို့ ဆွေးနွေးပြောဆို နေတာပါ။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ နယူးရောက် မြို့မှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီး ယန် (Yang Jiechi ) နဲ့ရော အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး ကရစ်ရှနား (S. M. Krishna) နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံ အကြောင်းကို ဆွေးနွေးခဲ့ပါတယ်”

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ဗစ်တိုးရီးယား နျူလန် (Victoria Nuland) ကပြောသွားတာပါ။


Ref: VOA News

Read More...

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု အထက်လွှတ်တော်အမတ် မက်ကိန်းအမြင်

ဒေါ်လှလှသန်း
ကြာသပတေး, 06 အောက်တိုဘာ 2011

အရီဇိုးနားပြည်နယ်က အထက်လွှတ်တော်အမတ်လည်းဖြစ်ပြီး တချိန်က အမေရိကန် သမ္မတလောင်း အဖြစ်လည်း ၀င်ရောက် အရွေးခံခဲ့ ဖူးတဲ့ ဂျွန်မက်ကိန်းက မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တစိုက် မတ်မတ် ထောက်ခံ လာခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ မြန်မာ အစိုးရသစ် တက်လာပြီးတဲ့နောက် ဂျွန်လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာအစိုးရ ထိပ်တန်း အရာရှိတွေအပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်က တရုတ်နဲ့မြန်မာ ဖက်စပ်လုပ်ကိုင်နေတဲ့ မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်း လိုက်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒီဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း အောက်တိုဘာလ ၅ ရက်နေ့မှာ ကြေညာချက် တစောင် တုံ့ပြန် ထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်လှလှသန်းက မစ္စတာမက်ကိန်းကို ဆက်သွယ် မေးမြန်း ထားပါတယ်။

ဒေါ်လှလှသန်း။ ။ မြန်မာသမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ သီတင်းပတ်က မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်း လိုက်တဲ့ ကြေညာချက် အပေါ် အထက် လွှတ်တော်အမတ်ရဲ့ အမြင်ကို သိချင်ပါတယ်ရှင်။

မစ္စတာ မက်ကိန်း။ ။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တာဟာ အရေးကြီးတဲ့ ခြေလှမ်း ဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။ အကြောင်းကတော့ ဧရာဝတီမြစ်ကို ပြန်ပြင်လို့ မရနိုင်တဲ့ ပျက်စီးမှုမျိုး ဖြစ်စေပြီးတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်လည်း ထိခိုက်မှု ကြီးမားစေရုံ သာမက မြန်မာ အစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ ခပ်ခွာခွာနေဖို့ လုပ်ဆောင်ရာ ကျတဲ့ အတွက်လည်း ဒါဟာ ကျနော့် အမြင်အရ ကောင်းတဲ့ လက္ခဏာတရပ်ပါပဲ။

ဒေါ်လှလှသန်း။ ။ တနည်းပြောရရင်တော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲ လေပြည်လေညင်းတွေ စတင် တိုက်နေပြီလို့ ဆိုနိုင်ပါသလား။

မစ္စတာ မက်ကိန်း။ ။ ကျနော့်အနေနဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတချို့ကို မြင်တွေ့ နေရတယ်လို့ ဆိုရမှာပါ။ ဒါပေမဲ့ ဒီအပြောင်းအလဲတွေက အကောင်းဘက်ကို ရှေ့ရှုမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကျနော် မြန်မာနိုင်ငံကို လွန်ခဲ့တဲ့လ အနည်းငယ်က သွားရောက်ခဲ့စဉ်က မြန်မာ အစိုးရကို ခြေလှမ်းတွေယူဖို့ တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ကို အကျဉ်းထောင်တွေဆီ သွားရောက်ခွင့်ပြုဖို့ စသည်တို့ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေမှာ မူမမှန်မှုတွေ ရှိခဲ့ပေမယ့် ကျင်းပ ဖြစ်ခဲ့တာကိုတော့ ခြေလှမ်းအဖြစ် ရှုမြင်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အရင်ကထက် ပိုပြီးတော့ လွတ်လွတ် လပ်လပ် သွားလာခွင့် ရှိစေတဲ့ အတွက်လည်း အကောင်းဘက်ကနေ ကျနော် ရှုမြင်နိုင်ပါတယ်။ ဒါပေမဲ့ သတိထားပြီးတော့မှ အကောင်းဘက်က ရှုမြင်ကြရမှာပါ။

ဒေါ်လှလှသန်း။ ။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်တာဟာ ဒီမိုကရေစီနည်းကျတဲ့ လုပ်ရပ် ဖြစ်တယ်လို့ အထက် လွှတ်တော် အမတ်က ပြောထားတာ တွေ့ရပါတယ်။ အခုလို အကောင်းဘက်က ရှုမြင်တဲ့ ခြေလှမ်းတွေ မြင်တွေ့နေရပြီ ဆိုတော့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လျှော့ချဖို့ စဉ်းစား ပေးနိုင် ပါသလား။

မစ္စတာ မက်ကိန်း။ ။ အရာရာတိုင်းက ဖြစ်နိုင်ပါတယ်။ အချိန်ကာလ ရွေ့လျားလာတာနဲ့ အညီပေါ့။ ဒါပေမဲ့ နောက်ထပ် ခိုင်မာတဲ့ ခြေလှမ်းတွေတော့ ယူဖို့ လိုအပ်ပါလိမ့်မယ်။ မြစ်ဆုံစီမံကိန်း ရပ်တန့်လိုက်ခြင်းဟာ ကျနော့် ကြေညာချက်မှာ ပြောခဲ့တဲ့ အတိုင်း ဒီမိုကရေစီ နည်းကျတဲ့ ခြေလှမ်းပါပဲ။ နိုင်ငံသားတွေရဲ့ ဆန္ဒကို လိုက်လျှောခြင်းလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ဧရာဝတီမြစ်ကို ပျက်စီးစေရုံ သာမက ဒီက ထုတ်လုပ်မယ့် ရေအားလျှပ်စစ် ဟာလည်း တရုတ်ကို အဓိကထား ရောင်းချမှာ ဖြစ်တာကြောင့်မို့ တရုတ်အတွက် အကျိုးအမြတ် အများကြီး ရဖို့ ရှိနေပါတယ်။

ဒေါ်လှလှသန်း။ ။ တရုတ်နိုင်ငံက ဒေါ်လာ ဘီလျှံနဲ့ချီပြီး ရင်းနှီးမြှုပ်နှံထားတဲ့ ဒီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်း လိုက်တဲ့ အပေါ် တရုတ်ရဲ့ အမျက်ကို မြန်မာ အစိုးရက ခံနိုင်ရည်ရှိမှု အပေါ် အထက်လွှတ်တော် အမတ်ရဲ့ အမြင်ကို သိချင်ပါတယ်။

မစ္စတာ မက်ကိန်း။ ။ ကျနော့အထင်ကတော့ အခုလို မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ရင် ရင်ဆိုင်ရမယ့် အခြေအနေ တွေကို မြန်မာ အစိုးရဘက်က ထည့်တွက်ပြီးသား ဖြစ်ပါလိမ့်မယ်။ ကျနော့် အမြင်ကတော့ မြန်မာနိုင်ငံရဲ့ လှပတဲ့ ဧရာဝတီ မြစ်ကြီး ပျက်စီးမှာကို စိုးရိမ်တဲ့ နိုင်ငံသားတွေရဲ့အသံကို အစိုးရက နားထောင်တယ်လို့ ကျနော်ထင်ပါတယ်။

ဒေါ်လှလှသန်း။ ။ အနောက်အုပ်စုက ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံ လက်ထဲ ရောက်အောင် တွန်းပို့ရာ ရောက်စေတယ်လို့ ဝေဖန် ပြောဆိုမှုတွေလည်း ရှိတာ တွေ့ရပါတယ်။ ဒီအပေါ် အထက်လွှတ်တော် အမတ်ရဲ့ အမြင်ကို သိချင်ပါတယ်။

မစ္စတာ မက်ကိန်း။ ။ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ထိရောက်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီဒဏ်ခတ် ပိတ်ဆို့မှုတွေ ကြောင့်ပဲ အာဏာရ အစိုးရဟာ အခုလို ခြေလှမ်းကို ယူလာတယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်ထပ်ပြီး ပြောလိုတာကတော့ သူတို့ဘက်က နောက်ထပ် အခုလို ခြေလှမ်းတွေကို ယူမယ်ဆိုရင် ကျနော်တို့ ဘက်ကလည်း တလှမ်းချင်းစီပဲ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ တွန်းအား ပေးနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ ပြောဖို့ စောလွန်း ပါသေးတယ်။ ထပ်ပြီး ပြောလိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ပိုပြီး လွတ်လပ်ခွင့်ပေးတာ၊ မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းတာ၊ ကျနော့်ကို မြန်မာနိုင်ငံကို လာရောက်ပြီး တွေ့လိုသူတွေကို တွေ့ဆုံခွင့် ပေးခဲ့တာတွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ရမယ့် ခရီးက အရှည်ကြီးပဲ ရှိပါသေးတယ်။

ဒေါ်လှလှသန်း။ ။ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပေါ်လစီ အပြောင်းအလဲ အလားအလာနဲ့ ပတ်သက်လို့လည်း သိချင် ပါတယ်။

မစ္စတာ မက်ကိန်း။ ။ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပေါ်လစီက ရှင်းပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ခဲ့စဉ်က ပြောခဲ့သလိုပါပဲ။ ကျနော်တို့ဘက်က နှစ်နိုင်ငံကြား ဆက်ဆံရေး ကောင်းမွန်ဖို့ ခြေလှမ်း တလှမ်းချင်းစီ လှမ်းသွားဖို့ ကျနော်တို့ဘက်ကတော့ အဆင်သင့်ပါပဲ။ မြန်မာအစိုးရ ဘက်က အခုလိုပဲ ခြေလှမ်းတွေကို ယူပြဖို့ လိုအပ်ပါတယ်။

ဒေါ်လှလှသန်း။ ။ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကို အများကြီး ကျေးဇူးတင်ပါတယ်ရှင်။

Ref: VOA News

Read More...

ပါတီ မှတ်ပုံတင်ဥပဒေ ပြင်ဆင်ရေး လွှတ်တော်၌ ဆွေးနွေးမည်

ရန်ပိုင်
Thursday, 06 October 2011

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ဆွေးနွေးရန် ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်၌ သဘော တူညီလိုက်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ရေးသား ထားသည်။

အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးမည့် ကိုယ်စားလှယ်များ အနေဖြင့် လာမည့် အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံး စာရင်းပေး သွင်းရန်လည်း ဖော်ပြထားသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ပြီးခဲ့ သည့် သောကြာနေ့ အစိုးရ ဧည်ဂေဟာတွင် ဆွေးနွေးအပြီး ထိုသို့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် မူ ကြမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ဥပဒေနှင့် အညီ မှတ်ပုံတင် မည်ဆိုလျှင် ကြိုဆိုကြောင်း၊ ဥပဒေအရ မှတ်ပုံတင်ပြီးလျှင် နှစ်ဦး နှစ်ဘက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က“NLD ရဲ့ အခြေခံမူက တရားဝင်ပါတီအဖြစ်နဲ့ ဆက်လက် သွားဖို့ လိုလားပါတယ်”ဟု ဆို သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ရန်အတွက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်မှ အတည်ပြုပြီး သမ္မတ ထံ တင်သွင်း ရဦးမည်ဖြစ်ကြောင်း၊ ထို့အတွက် အချိန်ကာလများစွာ လိုအပ်သည်ဟု ထင်ကြောင်း၊ ဥပဒေ ပြင်ဆင်ပြီးလျှင် NLD ပါတီ အနေဖြင့် စဉ်းစားကောင်း စဉ်းစားနိုင်ကြောင်း ဦးအုန်းကြိုင်က ပြောဆိုသည်။

ပြီးခဲ့သည့် တနင်္လာနေ့က NLD ပါတီရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်များ ပါတီ မှတ်ပုံတင်ရေး ကိစ္စရပ် များကို ဆွေးနွေး ခဲ့ကြသော်လည်း ဆုံးဖြတ်ချက် ချမှတ်ခြင်း မရှိသေးကြောင်း ဦးအုန်းကြိုင်က ဆက်လက် ရှင်းပြသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရသည်။ ပြစ်ဒဏ် ကျခံနေရသူ များကို ရွေးကောက်ပွဲ ၀င်ခွင့်မပြုကြောင်း ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ၌ ဖော်ပြထားသည်။ NLD ပါတီ အနေဖြင့်လည်း၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံနိုင်ခြင်း စသည့်အချက်များကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေ။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သည့် ဦးအေးသာအောင် ကမူ နိုင်ငံရေးပါ တီများ မှတ်ပုံတင် ဥပဒေကို ပြင်ဆင်ရုံမျှဖြင့် ပါတီ မှတ်ပုံတင်ရန် မဖြစ်နိုင်သေးကြောင်း၊ အစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် ပြည်တွင်းစစ် ရပ်စဲရေး ပြုလုပ်ရန်များ လိုအပ်ကြောင်း ဧရာဝတီ သို့ ပြောဆိုသည်။

Ref: ဧရာဝတီ

Read More...

သမီးအရင်းနှင့်သားမက်တို့က မိခင်ဖြစ်သူ အဘွားအိုတစ်ဦးအား ဘုရားတန်ဆောင်းတစ်ခု၌ လာရောက်စွန့်ပစ်သွားခဲ့

Wednesday, 05 October 2011




သမီးအရင်းဖြစ်သူနှင့် သားမက်တို့က မိခင်ဖြစ်သူအသက် ၈၀ ၀န်းကျင်အရွယ်ရှိ အဘွားအို တစ်ဦးအား ဘုရားတန်ဆောင်း အတွင်း လာရောက် စွန့်ပစ်သည့်ဖြစ်စဉ် ကြည့်မြင်တိုင်မြို့နယ်၌ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ဝန်းကျင် အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက် ၈၀ ကျော်အဘွားအိုကို သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့် ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင် မြို့နယ် ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းကြီး အတွင်း၌ ထားသွားခဲ့ကြောင်း သိရှိရသည်။

စွန့်ပစ်ခံခဲ့ရသော အဘွားအိုမှ ''အိမ်မှာကတည်းက အဘွားရဲ့ သားမက်က အိမ်ပေါ်က ဆင်းသွားဖို့၊ မဆင်းရင် မြစ်ထဲ ပစ်ချမယ်လို့ပြောလို့ အဘွားက ငါက ရေကြောက်ပါတယ်။ မလုပ်ပါနဲ့လို့ တောင်းပန်ပါတယ်။ ပြီးတော့ သိပ်မကြာခင်မှာ သားမက်နဲ့သမီးက အပြင်သွားမယ် ဆိုပြီးတော့ ကားတစ်စီးပေါ် ခေါ်တင် သွားခဲ့ပါတယ်။ ဘုရားဝင်း တစ်ခုထဲလည်းရောက်ရော သမီးဖြစ်သူက အဘွားကို ဒီမှာ ဘုရားရှိခိုးပြီး ဥပုသ်စောင့်ဆိုပြီးတော့ ထားသွား ခဲ့တာပါ။ အခုအဘွားမှာ သား သမီးလည်း မရှိတော့ဘူး။ နေဖို့လည်း မရှိတော့ဘူး'' ဟု စွန့်ပစ်ခံခဲ့ရသည့် အဘွားအိုက ပြောကြားခဲ့သည်။

အဆိုပါအဘွားအိုမှာ ထန်းတပင်မြို့နယ်တွင် နေထိုင်ကြောင်းသိရှိရပြီး သက်ဆိုင်ရာ တာဝန် ရှိသူများမှ ထန်းတပင် မြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက် ဆောင်ရွက်နေပြီး အဆင်ပြေခဲ့မှု မရှိပါက နောက်ဆုံး အဆင့် အနေဖြင့် ဘိုးဘွားရိပ်သာသို့ ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်းကို ကြည့်မြင်တိုင်မြို့နယ် အိုးဘို ရပ်ကွက်မှ တာဝန်ရှိသူ ဦးဝေလင်းက ပြောကြားခဲ့သည်။

''အဘွားကလည်း သားသမီးတွေဆီ ပြန်မသွားရဲတော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ကတော့ သာသနာပြု အဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးတော့ ဘိုးဘွားရိပ်သာကို ပို့ပေးဖို့ စီစဉ်ထားပါတယ်'' ဟု ဦးဝေလင်းက ပြောကြားခဲ့သည်။

ယခုအချိန်အထိ အဘွားအိုအား ကျောင်းကြီးတိုက်အတွင်းရှိ ဘုံပျံကျောင်း စားဖိုဆောင်တွင် အမျိုးသမီး အဖော် တစ်ဦးနှင့် ခေတ္တ စောင့်ရှောက်ထားကြောင်း သိရှိရသည်။

Ref: EMG News

Read More...

ဘုရားသုံးဆူအနီး KNLA နှင့် တိုက်ပွဲဖြစ်

ကွန်းချမ်း
ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအစိုးရတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့ ကြာသပတေးနေ့ နံနက်က နယ်စပ်မြို့ဖြစ်သော ဘုရားသုံးဆူ ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားရာ တပ်သားတဦး နှင့် လမ်းပြအဖြစ် ခေါ်ဆောင်ခံရသည့် ရွာသားတဦး ဒဏ်ရာ ရသွားခဲ့သည်။

ကရင်ပြည်နယ် ဘုရားသုံးဆူဒေသဝန်းကျင်တွင် လှုပ်ရှားနေသည့် အင်အား ၅ဝ ကျော်ရှိ အစိုးရတပ် ခမရ ၅၄၃၊ စစ်ကြောင်း နှစ်ခုကို အင်အား ၂ဝ ခန့်ရှိ KNLA တပ်မဟာ ၆ လက်အောက်မှ တပ်ခွဲနှစ်ခုက ဘုရားသုံးဆူမြို့ အနောက်ဘက် ကီလိုမီတာ ၂ဝ ကျော်ရှိ ကျောက်ဂူရွာနဲ့ မြိုင်သာယာ ရွာကြားတွင် တိုက်ခိုက်ရာမှ ၁၅ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး အစိုးရတပ်က တဒိန်ကျေးရွာမှ လမ်းပြ ခေါ်ဆောင်လာသူ သုံးဦးအနက် အသက် ၄၇ နှစ်ရှိ ဦးမြင့်သိန်းနှင့် တပ်သားတဦး ဒဏ်ရာ ရရှိခဲ့သည်။

“ကျမ ဘုန်းကြီးကျောင်းက ဥပုသ်ထွက်ပြီး ၇ နာရီလောက်မှ အိမ်ကို ရောက်တယ်။ ၈ နာရီခွဲလောက်မှ စစ်တပ်က ရွာထဲ ဝင်လာပြီး ရွာသား ၃ ယောက်ကို လမ်းပြ ခေါ်သွားတယ်။ သိပ်မကြာပါဘူး။ တိုက်ပွဲဖြစ်တာပဲ။ ” ဟု တိုက်ပွဲ ဖြစ်ပွားရာ အနီးရှိ တဒိန်ရွာသူ တဦးက မဇ္ဈိမကို ပြောသည်။

ဦးမြင့်သိန်းကို ထိုင်းနိုင်ငံ ကန်ချပူရီခရိုင် စံခလပူရီမြို့နယ်ရှိ ဟွေ့မလိုင် ခရစ်ယာန် ဆေးရုံတွင် တက်ရောက် ကုသမည် ဖြစ်ကြောင်း မြိုင်သာယာရွာမှ အမျိုးသမီးက ပြောသည်။

KNLA တပ်မဟာ ၆ မှ အရာရှိတဦးက အစိုးရတပ်ကို မိမိတို့ ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုကာ ထိခိုက် ဒဏ်ရာရသူ စာရင်းကို မသိရှိသေးကြောင်း ပြောသည်။

ဇွန်လ ၆ ရက်နေ့တွင်လည်း ခလရ ၃၇၃ စစ်ကြောင်းနှစ်ခု ပူးပေါင်းစစ်ကြောင်းက မြိုင်သာယာရွာမှ ရွာသား ၁ဝ ဦး နှင့် အပလုံရွာမှ ၂၄ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး၊ အမျိုးသမီးများ အပါအဝင် ရွာသားအချို့ကို စစ်ကြောင်းရှေ့မှ ချီတက်စေကာ ကျန်သူများကို တပ်ရိက္ခာ ထမ်းစေခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာသည် အရှည် ၆၅ မိုင် ၅ ဖာလုံရှိ သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းမပေါ်တွင် ရှိသည်။

Ref: မဇ္ဈိမ

Read More...

ရှမ်းတောင်ပိုင်းက ငြိမ်းချမ်းရေးဆွေးနွေးရန် သဘောတူ

ဖနိဒါ
ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၆ ရက် ၂၀၁၁


ချင်းမိုင်(မဇ္ဈိမ) ။ ။ မြန်မာအစိုးရက ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောသည်။

ရှမ်းပြည်တောင်ပိုင်း နမ်ဆန်မြို့နယ် အခြေစိုက် ဌာနေပြည်သူ့စစ် ခေါင်းဆောင်များမှ တဆင့် နှုတ်စကားဖြင့် စက်တင်ဘာ လကုန်ပိုင်းက ကမ်းလှမ်းမှုဖြစ်ပြီး ဆွေးနွေးမှုနေရာနှင့် အချိန်တို့ကို သတ်မှတ်ထားရခြင်း မရှိသေးဟု ဆိုသည်။

“အရင်ဆုံးကျနော်တို့ သဘောထားသိအောင် တီးခေါက်ကြည့်တဲ့ သဘောပဲ။ တရားဝင် ကမ်းလှမ်းလာမယ် ဆိုရင် လက်ခံ တွေ့ဆုံဖို့ အတွက် ကျနော်တို့ အသင့်ဖြစ်ပါတယ်လို့ ပြန်အကြောင်းကြား ခဲ့ပါတယ်။ ကျနော်တို့ကတော့ မပြေလည်သေးတဲ့ ပြဿနာတွေကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆွေးနွေး အဖြေရှာဖို့ ကျနော်တို့ လိုလားတဲ့အကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။”ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်က ပြောသည်။

သမ္မတ ဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးရန် ပြည်နယ် အစိုးရနှင့် အချိန်မရွေး ဆွေးနွေး နိုင်သည်ဟု ပြီးခဲ့သည့် သြဂုတ်လက ထုတ်ပြန် ခဲ့ပြီးနောက် အစိုးရတပ်များ ရှမ်းဘက်တွင် ထိုးစစ်ဆင်မှုများ ရပ်ဆိုင်း ထားသည်ဟုလည်း ပြောသည်။

SSA-S နှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလာမှုများရှိလာသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မတော် SSA-N ကိုမူ ယခုထိ ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြောဆိုလာခြင်း မရှိသေးကြောင်း ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလှက ပြောသည်။

အစိုးရတပ်နှင့် SSA-N တပ်ဖွဲများအကြား ဝမ်ဟိုင်းဌာနချုပ်နယ်မြေအတွင်း နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားစဉ် ပြီးခဲ့သည့် ဇူလိုင်လက ငြိမ်းချမ်းရေး ဆွေးနွေးရန် မြန်မာ အစိုးရဘက်မှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး နှစ်ပါးကို စေလွတ် ခဲ့သေးသည်။

သို့သော် SSA-N ကမူ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဆိုသော်လည်း ပဏာမ တွေ့ဆုံမှုသာဖြစ်ပြီး နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့ ၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ကောင်စီ UNFC ဖြင့်သာ ဆွေးနွေးမည်ဟု သူက ပြောသည်။

ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIO ၏ တပ်မဟာ ၄ နယ်မြေအတွင်းမှ တိုက်ပွဲအတွင်း SSA-N ၏ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၂၅ တပ်ဖွဲ့များ ပါဝင် တိုက်ခိုက်ခဲ့သဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက မန်တုံဒေသ တိုက်ပွဲ၌ တပ်သား နှစ်ဦး ကျဆုံး ခဲ့ရသည်ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောသည်။

အစိုးရမှ စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်းထားသော UNFC တွင် ပါဝင်သော SSA-N သည် KIO အဖွဲ့အတွင်း မြန်မာ အစိုးရဘက်မှ ထိုးစစ်ဆင်လာပါက ဝင်ရောက်ကူညီရန် အသင့် ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ဗိုလ်မှူး စိုင်းလှက ပြောသည်။

“ကျနော်တို့ တကယ်လို့ တိုက်ပွဲတွေ ဖြစ်လာမယ်ဆိုရင် ကျနော်တို့ဘဲ မဟုတ်ဘူး။ UNFC အနေနဲ့ အကုန်လုံးပေါင်း တိုက်ဖို့ အခြေအနေ ရှိတယ်။”ဟု သူက မဇ္စျိမကို ပြောသည်။

UNFC က မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တဦးချင်း ပဏာမ တွေ့ဆုံမှု သဘောတူထားပြီး အပစ်အခတ် ရပ်ဆိုင်းရေးနှင့် နိုင်ငံရေးအရ ဆွေးနွေးမည်ဆိုပါက ပူးပေါင်း အဖွဲ့ဖြင့်သာ ဆွေးနွေးမည်ဟု သဘော တူထားကြသည်။

ယခုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တဖွဲ့ချင်းအလိုက် တွေ့ဆုံနေခြင်းသည် မြန်မာ အစိုးရမှ နိုင်ငံရေး အရ ဖြေရှင်းရန် ရှောင်နေသည့် သဘော သက်ရောက်နေသည်ဟု UNFC ၏ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

“သူတို့က တိုင်းရင်းသားတွေ စုစည်းနေမယ်ဆိုရင် တိုင်းရင်းသားတွေက တောင်းဆိုမှု ပိုပြီးတော့ များနေမယ်ဆိုတဲ့ သဘောထားမျိုး ရှိကောင်း ရှိမယ်ပေါ့လေ။ တဘက်မှာလည်း နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းဖို့ ရှောင်ချင်တယ်။ အပစ်အခတ် ရဆဲလောက်ဘဲ လုပ်ချင်တယ်။ တိုင်းရင်းသားတွေကို ခွဲပြီးတော့ ရေရှည် အုပ်ချုပ် သွားနိုင်ဖို့ နောက် တနည်းအားဖြင့် တိုင်းရင်းသား အဖွဲ့တွေကို ဖျက်ဆီးဖို့ပဲ ကြံစည်နေတာကိုး”ဟု သူက မဇ္စျိမကို ပြောသည်။

ယခုလ ၁ ရက်နေ့က တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ကြံ့ဖွံ့ အတွင်းရေးမှူး ၂ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးခဲ့ရာ ယင်းတို့၏ တောင်းဆိုချက် အချို့ကို သဘောတူညီမှု မရခဲ့ပေ။

အလားတူ မြန်မာအစိုးရနှင့် မိုင်းလား ခေါ် အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ NDAA နှင့်လည်း ပြီးခဲ့သည့် လဆန်းပိုင်း ပဏာမ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ရာ ငြိမ်းချမ်းရေးဆွေးနွေးရန် မကြာမီရက်ပိုင်းအတွင်း ထပ်မံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

CPI တရားစွဲလျှင် စာချုပ်ပါအချက်များ အများပြည်သူကို ထုတ်ပြန်ရန်လို

ကိုဝိုင်း
ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်သဖြင့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI မှ တရားစွဲလာပါက မြန်မာအစိုးရ အနေဖြင့် စီမံကိန်း စာချုပ်ပါ အချက်များကို အများပြည်သူ သိအောင် ထုတ်ပြန်ရန် လိုလိမ့်မည်ဟု တရားလွှတ်တော် ရှေ့နေကြီး တဦးက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုသည်။

တရားလွှတ်တော်ချုပ်တွင် ၂၅ နှစ်ခန့် တာဝန် ထမ်းနေဆဲဖြစ်သည့် ရှေ့နေကြီး ဦးရန်နောင်က တရုတ်ဘက်မှ တရားစွဲဆို လာပါက အသင်းအဖွဲ့ (သို့မဟုတ်) ပုဂ္ဂိုလ်ရေးအရ ဝိုင်းဝန်း ဖြေရှင်းပေး နိုင်ရန်အတွက် ကိုယ်တိုင် သိရှိထားရန် လိုအပ်သည်ဟု ဆိုသည်။

“အဲဒီလိုပြောတော့မှ ကျနော်တို့က ဝိုင်းဝန်းဝေဖန်နိုင်မယ်။ အကြံဉာာဏ်ပေးနိုင်မယ်ပေါ့။ တကယ်လို့ ဟိုဘက်က နေပြီးတော့ အရေးဆိုလာမယ် ဆိုရင်လည်း ကျနော်တို့က ဝိုင်းကူဖို့ဆိုတာ ကျနော် တို့ ကိုယ်တိုင်က သိတော့မှ ကျနော်တို့ နိုင်ငံတော် ဘက်ကနေပြီး ဝိုင်းကူလို့ရမှာပေါ့” ဦးရန်နောင်က မဇ္ဈိမကို ပြောသည်။

သမ္မတဦးသိန်းစိန်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းများကို သူ၏ သက်တမ်းတွင် ရပ်ဆိုင်း ထားမည်ဟု ကြေညာသဖြင့် ဥပဒေကြောင်း အရ ရင်ဆိုင်ရမည်ဟု ရင်းနှီးငွေအများစု ထည့်ဝင်ထားသည့် CPI က တနင်္လာနေ့တွင် ပြောဆို ထားသည်။

အမေရိကန်ဒေါ်လာ သန်း ၃,၆ဝဝ တန် စီမံကိန်း၏ ၁ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု မြန်မာအစိုးရ တရားဝင် ပြောဆို ထားပြီး CPI ကလည်း ဧရိယာအတွင်းမှ ကျေးရွာအချို့ ရွှေ့ပြောင်း နေရာချထားခြင်း၊ ဧရိယာအတွင်း လမ်းဖောက်ခြင်း၊ သောက်သုံးရေ ဖြန့်ဖြူးရေး၊ လုပ်ငန်းခွင် လျှပ်စစ်ရရှိရေး၊ ဆက်သွယ်ရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးလုဖြစ်နေပြီး မြစ်ကူးတံတား၊ လောင်ဆာဆီ သိုလှောင်ရေး လုပ်ငန်းများ စတင်နေပြီဟု ဆိုသည်။

CPI နှင့် မြန်မာအမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနတို့ ဒီဇင်ဘာ ၂ဝဝ၆ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပြီး မတ်လ ၂ဝဝ၉ ခုနှစ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး သဘောတူညီချက်များပါ နှစ်နိုင်ငံ အကြား ရေးထိုးခဲ့ကြသည်။

စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရပါက မူလရင်းနှီးမြှုတ်နှံမှု တန်ဖိုးထက် အကုန် အကျ ပိုလာမည် ဖြစ်ပြီး မြန်မာ အစိုးရက စီမံကိန်းမှ ရရှိမည့်ငွေဖြင့် ပြန်ဆပ်ရန် ရည်ရွယ်ထားသော ၂ဝ၁၁ ခု နှစ်ဆန်းပိုင်း တရုတ်နိုင်ငံထံမှ ချေးငွေ သဘော တူညီချက်ကို ထိခိုက်မည်ဟု CPI ဥက္ကဋ္ဌက တနင်္လာနေ့တွင် ထည့်သွင်း ပြောဆိုထားသည်။

မြစ်ဆုံစီမံကိန်းဆိုင်ရာ အချက်အလက်များကို နိုင်ငံတော် စီးပွားရေး လုံခြုံမှုအဆင့် ‘Trade Secret’ အဖြစ် လျို့ဝှက် ထားသည်ဟု အမှတ် (၁) လျှပ်စစ်စွမ်းအား ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာလ အတွင်းက သတင်းထောက်များကို နေပြည်တော်၌ ပြောကြားခဲ့သည်။

ရှေ့နေကြီး ဦးရန်နောင်ကလည်း မြန်မာအစိုးရဌာနနှင့် တဘက်ကုမ္ပဏီ၊ နှစ်ဘက် အစိုးရတို့ ချုပ်ဆိုထားခြင်း ဖြစ်သောကြောင့် အစိုးရ သဘောမတူလျင် နိုင်ငံတော် လုံခြုံရေး အက်ဥပဒေ Official Secret Act နှင့် ငြိစွန်းနိုင်ကြောင်း ပြောသည်။

“အဲဒီဝန်ကြီးက သူ့ဟာသူပဲ လျော်မယ်ဆိုရင်တော့ ချမပြနဲ့ပေါ့။ ပြည်သူ့ပိုက်ဆံနဲ့ လျော်မယ် ဆိုရင်တော့ ချပြရမယ်လေ။ မချပြဘူးဆိုရင် ကျနော်တို့ ငွေတွေကို miss-use ပေါ့ဗျာ။ မှန်မှန်ကန်ကန် အသုံးမပြုဘူး ဆိုရင် နောင် သူ့မှာ တာဝန်ရှိလိမ့်မယ်” ဟု ဆိုသည်။

မြစ်ဆုံဆည်စီမံကိန်းကို ကိုယ်တိုင်လည်း ဆန့်ကျင်နေသူ ဦးရန်နောင်က အငြင်းပွားနေသည့် နှစ်ဘက် အကြား ဥပဒေကြောင်း အရ ဆက်သွားလျင် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်နိုင်သဖြင့် ညှိနှိုင်းပြီး ဖြေရှင်းသင့်သည်ဟု ယူဆသည်။

နှစ်ဘက်အစိုးရများအကြား အပြန်အလှန် လိုအပ်မှုများရှိနေသဖြင့် ညှိနှိုင်းသည့်နည်းဖြင့်သာ ဖြေရှင်း ကြလိမ့်မည်ဟု တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ဟောင်း ဝါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက ပြောသည်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံများက နိုင်ငံရေး၊ စီးပွားရေးပိတ်ဆို့ထားသဖြင့် မြန်မာ အစိုးရသည် တရုတ်ကို ပိုမှီ ခိုလာရသကဲ့သို့ တရုတ်ကလည်း ယူနန်ပြည်နယ်မှ ရခိုင်ပြည်နယ် စစ်တွေကိုဖြတ်၍ အိန္ဒိယ သမုဒ္ဒရာဘက်သို့ စီးပွားရေး၊ စစ်ရေး လမ်းကြောင်းသစ် ဖောက်လိုမှုကို ထောက်ပြသည်။

“တရုတ်မှာလည်း အမေရိကန်၊ အိန္ဒိယနဲ့ အပြိုင်ဖြစ်နေတော့ ဘယ်လိုဖြစ်ဖြစ် သိပ်ပြီးတော့ ပစ်ပယ်ရဲမယ် မထင်ဘူး။ ပြင်းပြင်း ထန်ထန် လုပ်ရဲလိမ့်မယ်လို့ မထင်ဘူး။ နှစ်ဘက် ညှိနှိုင်းပြီးတော့ ဆောင်ရွက် သွားလိမ့်မယ်လို့ ယူဆပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝများကို ထိခိုက်မည့် အန္တရာယ်အပြင် မြစ်ဆုံ အနောက်ဘက် မိုင် ၃ဝ ကျော် အကွာ တွင်ရှိသည့် စစ်ကိုင်း ပြတ်ရွေ့ကြောကြောင့် ဖြစ်နိုင်မည့် ငလျင်ဘေးကိုလည်း စိုးရိမ်မှုများ ရှိနေသည်ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူးဟောင်း ဘူမိ အင်ဂျင်နီယာ ဦးတင့်လွင်ဆွေက ပြောသည်။

CIP ဥက္ကဋ္ဌ LU Qizhou က ဆင်ဝှာသတင်းဌာနသို့ ပြောကြားမှုတခုတွင် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် အတွင်း ဝမ်ချွမ် ငလျင် လှုပ်စဉ်က မပျက်စီးဘဲ ကျန်ခဲ့ သည့် Zipingbu ရေအားလျှပ်စစ် စက်ရုံသည် Intensity အရှိန်ပြင်းအား ၇ အထိသာ ခံနိုင်ရှိပြီး မြစ်ဆုံဆည်မှာ အရှိန်ပြင်းအား ၉ အထိ ကာကွယ်နိုင်သည်ဟု ဆိုထားသည်။

ဦးတင့်လွင်ဆွေ ကမူ Intensity အရှိန်ပြင်းအား ဆိုသည်မှာ ငလျင်ဗဟိုနှင့် အကွာအဝေးပေါ် မူတည်၍ အနည်း အများရှိပြီး CPI က မည်သည့် ငလျင်ဗဟိုကို တည်ပြီး တွက်ချက်ကြောင်း မသိဟု ပြောသည်။

“ငလျင်အရွယ်အစားပမာဏ Magnitude ဘယ်လောက်လို့ ပြောတာ။ တကမ္ဘာလုံး ဘယ်က တိုင်းတိုင်း မပြောင်းဘူး။ Intensity ကျတော့ ငလျင်ဗဟိုချက်နဲ့ နီးရင် အရှိန်ပြင်းပြင်း ခံရမယ်။ ဝေးရင် အရှိန် လျော့သွားမယ်” ဟု ဆိုသည်။

ဦးတင့်လွင်ဆွေသည် ငလျင်ကော်မတီတွင် ၂ဝဝ၄-ဝ၈ ထိ လေးနှစ်ကြာ တာဝန်ယူခဲ့ပြီး ၂ဝဝ၅ ခုတွင် ငလျင်ဇုံ အခြေပြ မြန်မာပြည် မြေပုံကို ဘူမိဗေဒပညာရှင် ဒေါက်တာ ဦးသိန်းနှင့်အတူ လေ့လာ ရေး ဆွဲခဲ့သူဖြစ်သည်။

စစ်ကိုင်းပြတ်ရွေ့ရှင်သည် ရန်ကုန်တိုင်း သုံးခွမြို့မှ ပဲခူးရိုးမ အရှေ့ဘက်အတိုင်း စစ်ကိုင်းမြို့ကို ဖြတ်ကာ ကချင်ပြည်နယ် အင်းတော်ကြီး အထိ တောင်-မြောက် တန်းနေရာမှ အင်းတော်ကြီး အထက်တွင် အရှေ့ဘက်သို့ ဖြာထွက် သွားသည့် ပြတ်ရွေ့ခွဲ လေးခု အနက်မှ တခုသည် ကူမွန်တောင်တန်း အရှေ့ဘက်မှဖြတ်၍ မေခမြစ်နှင့် အပြိုင် ပူတာအိုသို့ တက်သွားပြီး အိန္ဒိယနှင့် တိဘက် မြေထုချင်း တိုက်သည့် နေရာနှင့် သွားဆုံသည်။

အင်းတော်ကြီးကန်သည်ပင် စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်လာရသည့် ဂျိုမ့်ကြီးဖြစ်သည်ဟု ဆိုသည်။

တရုတ် ယူနန်ပြည်နယ်နှင့် မြန်မာနယ်စပ်၊ တရုတ်နိုင်ငံအတွင်း သံလွင်မြစ်၏ မြစ်ဖျားပိုင်း တွင်လည်း စစ်ကိုင်း ပြတ်ရွေ့ ကဲ့သို့ ပြတ်ရွေ့ အရှင်များ ရှိကြောင်းနှင့် နာဂတောင်-ချင်းတောင် အလွန်ရှိ အိန္ဒိယတိုက်နှင့် တိဘက်တိုက် မြေထုချပ် အချင်းချင်း တွန်းနေသည့် နေရာများကိုလည်း CPI က ထည့်တွက်၊ မတွက် သံသယ ရှိသည်ဟု ဦးတင့်လွင်ဆွေ က ပြောသည်။

ထို့ပြင် သူတို့၏ ခန့်မှန်းတွက်ချက်မှုများအရ အင်းတော်ကြီးအနီးရှိ စစ်ကိုင်းပြတ်ရွေ့ကြောတွင် ပမာဏ ရစ်ချတ်တာ စကေး ၉ ရှိခဲ့လျင် မိုင် ၃ဝ ကျော်သာ ဝေးသော မြစ်ဆုံဆည် နေရာသည် ပြင်းအား ၉ အထက် ကျရောက် နိုင်သဖြင့် အန္တရာယ် ရှိနိုင်သည်ဟု သုံးသပ်သည်။

၁၉၉၄ ခု မြစ်ကြီးနားအောက်ဘက် ကီလိုမီတာ ၂ဝ ခန့်တွင် ငလျင်တခု လှုပ်ခဲ့ဖူးပြီး မြစ်ဆုံအထက် မေခမြစ်ပေါ် တွင်လည်း ငလျင် အသေးစားများ လှုပ်ခဲ့ဖူးကြောင်း၊ မေခမြစ်ကိုလည်း ပြတ်ရွေ့အရှင် တခုဟု ယူဆကြောင်း ဦးတင့်လွင်ဆွေက ပြောသည်။

Ref: မဇ္ဈိမ

Read More...

မဲဆောက်-မြဝတီ ကုန်သွယ်ရေး ပြန်ဖွင့်ရန် မျှော်လင့်

သန်းထိုက်ဦး
Thursday, 06 October 2011

ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်၏ မြန်မာနိုင်ငံသို့ တရက်ကြာ ခရီးစဉ်အပြီးတွင် မြန်မာ အစိုးရက တနှစ်ကျော်ကြာ ပိတ်ထားခဲ့သော မဲဆောက်-မြဝတီ နယ်စပ် ကုန်သွယ်ရေးကို တရားဝင် ပြန်ဖွင့်ခွင့် ပေးလိမ့်မည်ဟု ထိုင်းစီးပွားရေး သမားများနှင့် ရင်းနှီး မြှုပ်နှံသူများက မျှော်လင့်နေကြသည်။

မစ္စက် ယင့်လပ် ရှင်နာဝပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ယမန်နေ့တွင် သွားရောက်ခဲ့ပြီး နေပြည်တော်ရှိ သမ္မတရုံး၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံကြောင်း၊ နယ်စပ် ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အရေး၊ သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ် အထိ ကားလမ်း ဖောက်လုပ်ရေး စသည်တို့ကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်ရာတွင် ယခင်ထိုင်းအစိုးရနှင့်စာလျှင် လက်ရှိ ထိုင်းအစိုးရက ပိုမို ကောင်းမွန်သည့် နယ်စပ် စီးပွားရေး အခွင့်အလမ်းများ ဆောင်ရွက် ပေးနိုင်မည်ဟု ထိုင်းလုပ်ငန်းရှင် အများစုက မျှော်လင့် နေကြခြင်း ဖြစ်သည်။

“တံတားကိုတော့ ပြန်ဖွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ၀န်ကြီးချုပ်ကလည်း သွားတာ မကြာသေးတော့ ဘာမှ မသိရသေးဘူး” ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ Bunpot Kokiatcharone က ဧရာဝတီသို့ ပြောသည်။

နယ်စပ်ရှိ ထိုင်းလုပ်ငန်းရှင်အများစုက ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပေးမည့် သတင်းကောင်းကို မျှော်နေသည် ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ပြီးခဲ့သည့်နှစ်ဆန်းပိုင်း ထုတ်ပြန်ချက် အရ ထိုင်းသည် တရုတ်နိုင်ငံ ပြီးလျှင် မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားသည့် နိုင်ငံ ဖြစ်ကြောင်း သိရသည်။

“ဒီအစိုးရက စီးပွားရေးကို ဦးစားပေးတဲ့အစိုးရ ဖြစ်တယ်။ နောက်ပြီး အစိုးရသစ်ရဲ့မူဝါဒက မြန်မာအစိုးရနဲ့ ဘာအတိုက် အခံမှ မလုပ်ဘူး၊ မြန်မာနဲ့ ဘာပြဿနာမှ ရှိမှာ မဟုတ်သလို အရှိခံမှာလည်း မဟုတ်ဘူး။ ဒါကြောင့် မြန်မာဘက်က နယ်စပ်ဂိတ် ပြန်ဖွင့်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းကုန်သည် အများစုက အဆင်ပြေမယ်လို့ ယုံကြည်နေကြတယ်” ဟု ထိုင်းစားသောက်ကုန် လုပ်ငန်းရှင် မစ္စတာ နိုင်ဆူချိုင်းက ပြောသည်။

ပြီးခဲ့သည့်လ ၁၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော လွှတ်တော် အစည်းအဝေးတွင် မြ၀တီနယ်စပ် ကုန်သွယ်ရေးကို ကုန်သွယ်မှု ပြုနိုင်လောက်သည့် အခြေအနေ ရှိမှသာလျှင် ပြန်လည်ဖွင့်ပေးနိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောင်းကို မြန်မာအာဏာပိုင်များဘက်က လုံခြုံရေး အကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှ စတင်ကာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား အပါအ၀င် တရားမ၀င် ဂိတ် ၃၀ ခန့်ကို ပိတ်ထားလိုက်သည်။

တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါးတလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်း တမံများ ဆောက်လုပ် နေခြင်းကို မြန်မာ အာဏာပိုင်များက ကန့်ကွက်သည့် အနေဖြင့် ကုန်စည် စီးဆင်းမှုများကို ပိတ်ပင်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက် ကမ်းပါး တိုက်စားနိုင်သည့် အတွက် မြန်မာ အစိုးရက ကန့်ကွက်ခဲ့သည်ဟု သတင်းများအရ သိရသည်။ သို့သော် တံတားကို ဆက်လက် ပိတ်ထားရခြင်း၏ အကြောင်းအရင်း ကိုမှု မြန်မာ အာဏာပိုင်များက တရားဝင် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ယင်းသို့ ပိတ်ထားသောကြောင့် နှစ်ဘက်ကုန်သည်များက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားမဝင် ကုန်သွယ်ကြရာ လစဉ် ထိုင်းဘက်မှ ကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ဖိုးခန့် မြ၀တီဘက်သို့ တင်ပို့ကြပြီး မြန်မာဘက်မှ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ဖိုးခန့်ကို မဲဆောက် ဘက်သို့ တင်သွင်းကြကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များအနက် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားဂိတ်သည် နှစ်နိုင်ငံ ကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့နေသည့် ကုန်စည် စီးဆင်းမှု အကြီးဆုံး ဂိတ်ဖြစ်သည်။

Ref: ဧရာဝတီ

Read More...

Thursday, October 6, 2011

မြစ်ဆုံစီမံကိန်း နှစ်ဘက်သဘောတူညီမှု နိုင်ငံသိအောင် ချပြဖို့လို

ကိုသားညွန့်ဦး
ဗုဒ္ဓဟူး, 05 အောက်တိုဘာ 2011

သမ္မတအမိန့်နဲ့ ယာယီ ရပ်ဆိုင်းထားတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းဟာ တရုတ်နဲ့ မြန်မာအကြား နှစ်ဘက်စလုံး အကျိုးအမြတ်ရှိဖို့ အသေအချာ တွက်ချက် လုပ်ကိုင်ခဲ့တဲ့ စီမံကိန်း ဖြစ်တယ်လို့ တရုတ်ပိုင် CPI တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူက တရုတ်အစိုးရပိုင် သတင်းဌာနတွေကို ပြောသွားပါတယ်။

ဒီစီမံချက်ကို မြန်မာဘက်က တဘက်သတ် ရပ်ဆိုင်းလိုက်တဲ့အပေါ် သူတို့ဘက်က ဥပဒေကြောင်း အရ ရင်ဆိုင်ဖြေရှင်းသွားမယ် လို့လည်း ပြောလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စောင့်ကြည့်နေတဲ့ မြန်မာ့အရေး လေ့လာ သူတွေကတော့ မြန်မာ အစိုးရဘက်ကလည်း တရုတ်နဲ့ သဘောတူညီခဲ့တာတွေကို အများသိအောင် ချပြပြီး လူထုဆန္ဒနဲ့အညီ ဆက်လက် ဆောင်ရွက် သွားသင့်တယ်လို့ တိုက်တွန်းကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်း မေးမြန်း ထားပါတယ်။

မြစ်ဆုံစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တဲ့ CPI တရုတ်စွမ်းအင်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ ဥက္ကဋ္ဌ လူကျိဇောင်ကို တရုတ် အစိုးရပိုင် နေ့စဉ် သတင်းဌာနက မေးမြန်း ထားရာမှာ မြစ်ဆုံ စီမံကိန်းကို နှစ်ဘက်စလုံးက အသေအချာ လေ့လာပြီး ငွေအတော်များများ ရင်းနှီး မြှုပ်နှံခဲ့တာကြောင့် အခုလို စီမံကိန်းကို ရပ်မယ်ဆိုရင်တော့ လျော်ကြေးငွေတွေ၊ ထိခိုက်နစ်နာမှုတွေ မြန်မာရော တရုတ်ရော နှစ်ဘက်လုံးမှာ ရှိလိမ့်မယ်လို့ ပြောသွားပါတယ်။

အခုလို စီမံကိန်း ရပ်ဆိုင်းတယ်ဆိုတဲ့နေရာမှာ သတင်းတွေကတဆင့် ကြားရတာဖြစ်ပြီး သူတို့ကို ကြိုတင် ပြောဆိုတာမျိုး မရှိတာကြောင့် အလွန်တရာ အံအား သင့်ရတယ်လို့ ပြောပါတယ်။ ဒါကြောင့် CPI ဘက်ကတော့ ဒီကိစ္စကို ဥပဒေကြောင်း အရ ရင်ဆိုင် ဖြေရှင်းမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူတဦးကတော့ ဒီလို နှစ်နိုင်ငံကုန်သွယ်ရေး စီးပွားရေး သဘော တူညီချက် မျိုးတွေဟာ နှစ်နိုင်ငံကြားမှာပဲ အကျုံးဝင်ပြီး နိုင်ငံတကာ ခုံရုံးသဘောမျိုးတော့ မရှိဘူး ပြောပါတယ်။ ဒါကြောင့် ဒီပြဿနာကိုတော့ နှစ်နိုင်ငံ အစိုးရ အကြား ညှိနှိုင်းဖြေရှင်းရမယ့် အနေအထားဖြစ်တယ်လို့ ယူဆပါတယ်။ ပိုပြီးအရေးကြီးတာက လက်မှတ် ထိုးခဲ့တဲ့ မူလ သဘောတူညီချက်ပါ အချက်အလက်တွေ၊ လုပ်ငန်း ရပ်ဆိုင်းမယ်ဆိုရင် ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့ အပိုဒ်တွေ အပေါ် ဖြေရှင်းရမှာ ဖြစ်ပြီး ဒီသဘောတူညီချက်ပါ အကြောင်းရပ်တွေကို မသိရတာကြောင့် မှတ်ချက်ပေးဖို့ ခက်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ အမေရိကန် အခြေစိုက် မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်မှုအဖွဲ့ USCB က ဦးအောင်ဒင်ကလည်း အရင်တုန်းက ဘယ်လို ပုံစံ သဘော တူညီခဲ့ကြသလဲ ဆိုတာ မရှင်းဘူးလို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ဒီ စီမံကိန်းကို သမတအမိန့်နဲ့ ရပ်ဆိုင်လိုက်တာကြောင့် မြန်မာအစိုးရ အဖွဲ့အတွင်း သဘော ကွဲလွဲမှု ရှိတယ်ဆိုပြီး ယူဆမှုတွေလည်း ရှိကြပါတယ်။ မြန်မာ စစ်ထောက်လှမ်းရေးဟောင်း ဦးအောင်လင်းထွဋ် ကတော့ ဒီ စီမံကိန်းစဖို့ ဆွေးနွေး ကတည်းက စစ်အုပ်စု အတွင်းမှာ သဘော ကွဲလွဲမှုတွေရှိပြီး၊ ဒီစီမံကိန်းဟာလည်း တရုတ်ဖက်က ဖိအားကြောင့် လုပ်ရတာလို့ ပြောပါတယ်။

“သူတို့ဘက်က ဒီ စီမံကိန်းအတွက် အရင်းအနှီးတွေ အများကြီး တရားဝင် လုပ်ငန်းအတွက် သုံးတာတွေရော တရားမ၀င် လာဘ်ပေး တာတွေရော စသဖြင့် အများကြီး သုံးစွဲထားပြီးတော့ အကျိုးအမြတ် ကိုလည်း အများကြီး မျှော်လင့်ထားတာကိုး။ ဆိုတော့- ဒီအပေါ်မှာတော့ သူတို့ ဒေါသတကြီး တုံ့ပြန်ကြမှာ သေချာပါတယ်။ ကျနော်တို့ဘက်က မသိတာက နှစ်နိုင်ငံကြားမှာ လုပ်ငန်း အခြေအနေနဲ့ ပတ်သက်လို့ ဘယ်လို စာချုပ်တွေ ချုပ်ထားတယ်ဆိုတာ ကျနော်တို့က မသိကြရဘူး”

တချိန်တည်းမှာပဲ ဒီစီမံကိန်းကို သမ္မတ အမိန့်နဲ့ ရပ်ဆိုင်းလိုက်တာကြောင့် မြန်မာအစိုးရ အတွင်းမှာ သဘော ကွဲလွဲမှု ရှိတယ် ဆိုပြီးတော့ ယူဆမှုတွေလည်း ထွက်လာပါတယ်။ မြန်မာ စစ်ထောက်လှမ်းရေး မှူးဟောင်း ဦးအောင်လင်းထွဋ် ကတော့ စီမံကိန်းကို စဖို့ ဆွေးနွေး ကတည်းက စစ်အုပ်စုအတွင်းမှာ သဘောကွဲလွဲမှု ရှိပြီးတော့ ဒီစီမံကိန်းဟာလည်း တရုတ်ဘက်က ဖိအားကြောင့် လုပ်ရတာလို့ ပြောပါတယ်။

“ဗိုလ်ချုပ်သန်းရွှေ စလုပ်ကတည်းကကိုက မကျေနပ်ဘူးပေါ့လေ။ ဒါဖြစ်ရင် ဘေးဒုက္ခတွေ တော်တော်များများ ရောက်မယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ကိုးကန့် အရေးအခင်းမှာ လက်မှတ် ထိုးပြီးတဲ့ အခါမှာတော့ သူတို့ အဲဒါကို ခွင့်ပြုလိုက်ရတဲ့ အနေအထားမျိုး ရှိတယ်။ ကိုးကန့်အရေးအခင်း ဖြစ်တဲ့အခါမှာ ပထမ ဗိုလ်ချုပ်ရွှေမန်း သွားတယ်။ ဒုတိယ ဗိုလ်ချုပ်မောင်အေးကို ခေါ်တဲ့အခါမှာ မြစ်ဆုံဆည် ကိစ္စနဲ့ gas ပိုက်လိုင်း ကိစ္စဟာ မြန်မာ အစိုးရက အင်တင်တင် လုပ်နေတဲ့ ကိစ္စကို bully လုပ်ပြီးတော့မှ တရုတ်ပြည်မှာ လက်မှတ် ထိုးဖို့အတွက်ကို သူတို့ အကုန်လုံးက စီစဉ်ပြီးတော့မှ လုပ်လိုက်တဲ့ အနေအထားမျိုးမှာ ရှိတယ်ခင်ဗျ”

ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို မြန်မာဘက်က စစ်ရေးအရ နှိမ်နင်းခဲ့တုန်းက တရုတ်လူမျိုး တချို့ သေဆုံးတာ၊ စီးပွားရေး နစ်နာမှုတွေ ရှိတာကြောင့် ဒီကိစ္စ အပေါ်မှာ တရုတ်က အတော်လေး မကျေမနပ် ဖြစ်ခဲ့တယ်လို့ သတင်း ထွက်ခဲ့ပါတယ်။ အခု သမ္မတ ဦးသိန်းစိန်ရဲ့ မြစ်ဆုံ စည်စီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ကို ကြည့်မယ်ဆိုရင်တော့ အစိုးရ အဖွဲ့အတွင်းမှာ အများစုဟာ တရုတ်အပေါ်မှာ မှီခိုလိုစိတ် ရော့လာတယ်လို့ ဦးအောင်ဒင်က ယူဆပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံအတွင်း တခြား တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမား ရှိနေ သေးတာကြောင့် ဒီပြဿနာကြောင့် နဲ့တော့ တရုတ်-မြန်မာ ဆက်ဆံရေး ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်စရာ မရှိဘူးလို့ ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“နောင်တချိန်မှာ ဗမာအစိုးရက လူ့အခွင့်အရေး ကိစ္စမျိုးနဲ့ပဲဖြစ်ဖြစ်၊ ကျန်တဲ့ တခြားကိစ္စတွေနဲ့ပဲ ဖြစ်ဖြစ် တရုတ်ဟာ ဗမာပြည်ဘက်က ရပ်တည် ပေးဖို့ဆိုတာ တော်တော်လေး တင်းသွားမယ့် အနေအထားမျိုး ရှိပါတယ်။ သို့သော် တရုတ်ရဲ့ Investment ပေါ့လေ- အများ အပြားက ဗမာပြည်ထဲမှာ ရှိနေတဲ့အခါကျတော့ တရုတ်အနေနဲ့ ဗမာအပေါ်မှာတော့ လက်လွတ်စပယ် လုပ်မယ့် အနေအထားမျိုးတော့ မရှိနိုင်ဘူး”

အခြားတဖက်မှာ စိုးရိမ်တကြီးပြောလာတာကတော့ အခုလို မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေချိန် အခု မြစ်ဆုံ ကိစ္စကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူတွေဘက်က မြန်မာပြည်မှာ လုပ်ရင် အာမခံချက် မရှိဘူးလို့ ယူဆလာမလား ဆိုတဲ့ အချက်ပါ။ ဦးအောင်ဒင် ကတော့ ရင်းနှီး မြုပ်နှံမှုတွေအတွက် လူထုဆန္ဒကို တကယ်ယူမယ်၊ လူထု ဆန္ဒအတိုင်း လုပ်မယ်ဆိုရင် ဘာမှ စိုးရိမ်စရာ မရှိဘူးလို့ မြင်ပါတယ်။

မြန်မာ့အရေးလေ့လာသူ သုတေသီ ဦးသန့်မြင့်ဦးကတော့ လက်ရှိ ရင်းနှီးမြုပ်နှံမှုတွေရော လာမယ့် ရင်းနှီး မြုပ်နှံမှုတွေ ကိုပါ လုံခြုံအာမခံမှု ပေးနိုင်ဖို့ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ စည်းမျဉ်းတွေနဲ့ အုပ်ချုပ်မှုကောင်းဖြစ်ဖို့ အလျင်အမြန် လိုအပ်နေပြီလို့ ဗွီအိုအေကို ပြောပါတယ်။ တဘက်မှာလည်း ဒီ ရင်းနှီး မြှုပ်နှံမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ ဒေသခံပြည်သူ အကျိုးစီးပွားတွေကိုပါ ထည့်တွက်ဖို့လိုမယ်လို့ ဦးသန့်မြင့်ဦးက ပြောပါတယ်။

CPI ဥက္ကဋ္ဌရဲ့ ပြောဆိုချက်မှာတော့ မြစ်ဆုံစီမံကိန်းဝန်းကျင်က ဒေသခံပြည်သူ ၂ ထောင်ကျော် အတွက် နှစ်ထပ်တိုက် အိမ်ယာသစ်တွေ ဆောက်လုပ်ပေးတာ အပါအ၀င် လျော်ကြေးငွေ၊ နောက် သူတို့ရဲ့လိုအပ်ချက် ကျောင်း၊ ဆေးရုံ စသဖြင့် လူမှုရေး အထောက်အကူ ပြုမှုတွေ အတော်များများ ပေးခဲ့ပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်လို့လည်း သူတို့အသေအချာ တွက်ချက်ခဲ့ပြီး ဒီ ဆည်ကြောင့်ပဲ ရေလွှမ်းမိုးမှုတွေကို လျှော့ပါးသွားစေမယ်၊ ဧရာဝတီမြစ်ရဲ့ ရေစီးဆင်းမှုကို ပိုပြီး ထိန်းကျောင်းပေးနိုင်မယ်လို့ တရုတ်အစိုးရပိုင်သတင်းမှာ CPI ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒီစီမံချက်ကြောင့် အလုပ်အကိုင် ၄ သောင်းကျော် ဖန်တီးပေးနိုင်လိမ့်မယ် လို့လည်း တရုတ်ဘက်က ပြောဆိုခဲ့ပါတယ်။

Ref: VOA News

Read More...

ပိတ်ဆို့မှု ရုပ်သိမ်းရေး မြန်မာအစိုးရ ထပ်ကြိုးစားပြရန်လို

Wednesday, 05 October 2011

မြန်မာအစိုးရသစ်တက်လာပြီးနောက် အပြုသဘောဆောင် လုပ်ဆောင်မှုများရှိသော်လည်း အမေရိကန်၏ ပိတ်ဆို့ အရေးယူမှု ဖယ်ရှားရန် အတွက်မှု ထပ်မံ လုပ်ဆောင်ပြရန် လိုအပ်သေးကြောင်း အမေရိကန် အစိုးရက ပြောဆိုလိုက်သည်။

“မြန်မာပြည်မှာ တိုးတက်ပြောင်းလဲလာမှုတချို့ကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် ပိုပြီး လုပ်ဆောင်ဖို့ လိုအပ် နေသေးတယ်လို့ ကျမတို့ ထင်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နုလန်းက ယမန်နေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့နှင့် ဝါရှင်တန်မြို့များသို့ လာရောက်ခဲ့သည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန် တာဝန်ရှိသူများ နှစ်ကြိမ် ဆွေးနွေးခဲ့ခြင်းကို ရည်ညွှန်း၍ ဗစ်တိုးရီးယား နုလန်းက သမ္မတ အိုဘားမား အစိုးရ အနေဖြင့် မြန်မာ အစိုးရနှင့် ဆွေးနွေးမှုများ ဆက်လုပ်နေဆဲ ဖြစ်သည်ဟုလည်း ပြောဆိုသွားသည်။

ယင်းဆွေးနွေးမှုများအတွင်း မြန်မာဘက်မှ တာဝန်ရှိသူများက မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများကို ရုပ်သိမ်းပေးရန် ပြောဆို တိုက်တွန်းခဲ့သည်။

ဦးဝဏ္ဏမောင်လွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၁၆ မှ အောက်တိုဘာ ၃ ရက်နေ့အထိ အမေရိကန်သို့ သွားရောက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ် တို့နှင့် တွေ့ဆုံခဲ့သည်။

မကြာသေးမီက အမေရိကန်ဆီးနိတ်လွှတ်တော်၌ အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ်က မိန့်ခွန်း ပြောရာတွင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲလာမှုများက ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းချိန်သို့ ရောက်ရှိ လာစေလိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြောဆိုခဲ့သည်။

“မြန်မာအစိုးရအပေါ် ပိတ်ဆိုအရေးယူမှု မလိုအပ်တဲ့အချိန်ကို မကြာခင်ရောက်လာ လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ၁၉၉၀ ဝန်းကျင် အစောပိုင်းတုန်း တောင်အာဖရိကနိုင်ငံ ဥပမာလို မျိုးပေါ့။ မြန်မာပြည်သူတွေဟာ အစိုးရ ထိမ်းချုပ်မှု အောက်ကနေ လွတ်လပ်အောင် လုပ်လာ နိုင်ပါလိမ့်မယ်” ဟု မစ္စတာ မစ်ခ်ျ မက်ကော်နယ်က ဆိုသည်။

၁၉၉၀ တွင် တောင်အာဖရိက အစိုးရသည် အာဖရိကအမျိုးသားကွန်ဂရက်နှင့် တခြား နိုင်ငံရေး အဖွဲ့အစည်း များအား ပိတ်ပင် ထားမှုကို ပယ်ဖျက် လိုက်သည်။ ထောင် ၂၇ နှစ်ချထားသော မစ္စတာ နယ်လ်ဆင် မင်ဒဲလားကို ပြန်လွှတ် ပေးလိုက်ပြီး တွေ့ဆုံ ညှိနှိုင်းရေးကို အကောင်အထည် ဖော်ခဲ့သည်။ အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်သည့် ဥပဒေ ပြဌာန်းခြင်း၊ နျူစွမ်းအင် ဆိုင်ရာ လက်နက်များကို ဖျက်ဆီးပစ်ပြီး နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ်ကို လက်မှတ် ထိုးခြင်းများ ပြုလုပ်ခဲ့သည်။ ၁၉၉၄ တွင် ပထမဆုံး တပြည်လုံးဆိုင်ရာ ရွေးကောက်ပွဲကို ကျင်းပပြီး အာဖရိက အမျိုးသား ကွန်ဂရက်က အနိုင်ရခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် အမေရိကန်၌ ခိုလှုံခွင့် တောင်းခံခဲ့သော အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲ ဦးကျော်ဝင်းက နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ခဲ့သောစာကို ကိုးကား၍ မစ္စတာ မက်ခ်ျ ကော်နယ်က အဆိုပါ စာထဲတွင် မြန်မာ အာဏာရှင်များက ပြည်သူလူထုကို ထိန်းချုပ်ရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်းနှင့် အမေရိကန် အကျိုးစီးပွား အတွက် မလိုလား အပ်သော နိုင်ငံခြားရေး မူဝါဒများကို ဖော်ဆောင်နေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ပြောသည်။

“မြန်မာအစိုးရရဲ့ တရားဝင်မှုကို ပိတ်ဆို့အရေးယူမှု ဆက်လုပ်ထားခြင်းအားဖြင့် ဆက်လက် ငြင်းပယ် ထားရပါမယ်။ မြန်မာ ပြည်သူတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိလာတဲ့အထိ ပိတ်ဆို့ အရေးယူမှုကို ဆက်ထားရပါမယ်” ဟု မစ္စတာ မက်ခ်ျ မက်ကော်နယ်က ဆိုသည်။

Ref: ဧရာဝတီ

Read More...

ကျောက်ဖြူစီမံကိန်းများ ပိုမိုဝေဖန်ခံလာရ

ခင်ဦးသာ
Wednesday, 05 October 2011

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားပြီးနောက် တရုတ်နိုင်ငံက ပါဝင် ပတ်သက်နေသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ စီမံကိန်း ကြီးများကို ဝေဖန်မှုများ ပိုမို ထွက်ပေါ် လာလျက်ရှိသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စသည့် တည်ဆောက်ရေး စီမံကိန်း များသည် သဘာဝ ပတ်ဝန်းကျင် ပျက်စီးစေပြီး ဒေသခံတို့အတွက် အကျိုး မရှိသဖြင့် စီမံကိန်းများကို ကန့်ကွက်သည်ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။

“အရင်ကတည်းကလည်းပဲ ကန့်ကွက်ခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ကန့်ကွက်သွားမှာပါ၊ ဒီဒေသက ထွက်တဲ့ သယံ ဇာတကို ဒေသခံ ပြည်သူတွေ၊ ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရတို့ ကြားမှာ ဘယ်လိုမျိုး အချိုးကျ အကျိုးခံစားခွင့်ရမယ် ဆိုတာ မသိရသေး သရွေ့ပေါ့” ဟု ဦးအေးသာအောင်က ဆိုသည်။

ကျောက်ဖြူ စီမံကိန်းများသည် တရုတ်နိုင်ငံ အကျိုးစီးပွားအတွက်သာ ဖြစ်နေ၍ ဗဟိုအစိုးရက ပြန်လည် စဉ်းစားသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ကျင်းပနေဆဲ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျောက်ဖြူမဲဆန္ဒနယ် ကိုယ်စားလှယ် ဦးဘရှိန်က ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ ထွက်သော စွမ်းအင်ကို သုံးပြီး ဒေသအတွက် လျှပ်စစ်ဓာတ်အားပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ရာ တရုတ် နိုင်ငံသို့ အပြီးအပိုင် ရောင်းချထားပြီး ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြန်လည် ဖြေဆိုခဲ့သည်ဟု သိရသည်။

“ရခိုင်ကမ်းလွန်က ထွက်ရှိမယ့် ဓာတ်ငွေ့အားလုံးကို လောလောဆယ်တော့ စာချုပ်ချုပ် ရောင်းထားပြီလို့ ပြောတယ် ပေါ့လေ၊ နောက်ထပ်အသစ် ထပ်မံ ထွက်လာတဲ့ အခါတော့ ပေးနိုင်ဖွယ်ရှိတယ် ဆိုတဲ့ သဘောမျိုးပဲ ပြန်ဖြေတယ်” ဟု ဦးဘရှင်က ဧရာဝတီကို ပြောသည်။

ချုပ်ဆိုပြီးသည့် စာချုပ်ကို ဆန့်ကျင်၍ မဖြစ်နိုင်ကြောင်း၊ ရခိုင်ဒေသ၌ သဘာဝ ဓာတ်ငွေ့သိုက် ထပ်မံ ထွက်ရှိ နိုင်မည့် အလားအလာများ ရှိသေးကြောင်း စသည့် ၀န်ကြီး ဦးသန်းဌေး၏ ပြောဆိုချက်တို့ကို စက်တင်ဘာ ၂၈ ရက်နေ့ထုတ် အစိုးရ သတင်းစာ များတွင် ဖော်ပြထားသည်။

ကမ်းလွန်ဒေသတွင် ဓာတ်ငွေ့ ထပ်မံထွက်ရှိလာသည့် အချိန်တွင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် လိုအပ်ပါက ညှိနှိုင်းဆောင်ရွက်ပေးမည် ဟုလည်း ၀န်ကြီး ဦးသန်းဌေးက ဆိုသည်။

ဝန်ကြီး၏ ရှင်းလင်းချက်သည် တာဝန်မဲ့သော ပြောဆိုချက်များ ဖြစ်သည့် အပြင် ဒေသခံပြည်သူများအား တိုက်ရိုက် စော်ကားသည့် သဘော သက်ရောက်နေကြောင်း ဦးအေးသာအောင်က ဝေဖန်လိုက်သည်။

စီမံကိန်းအတွက် သစ်တော၊ လယ်မြေ၊ လူနေအိမ်၊ စားကျက်မြေတို့ကို ဆက်တိုက် သိမ်းယူနေပြီး ဒေသခံတို့က လျော်ကြေး အနည်းငယ်သာ ရရှိနေကြောင်း၊ ပိုက်လိုင်း လုံခြုံရေး အကြောင်း ပြု၍ တိုးချဲ့လာသော စစ်တပ်များကလည်း ဒေသခံတို့ကို လုပ်အားပေး ခိုင်းစေနေသည်ဟု ၎င်းက ဆက်ပြောသည်။

ကျောက်ဖြူမြို့စီမံကိန်းများကြောင့် ဒီရေတော၊ သစ်တော၊ ရေသတ္တ၀ါ အများအပြား ပျက်စီး သွားနိုင်သည်ဟု ရန်ကုန်မှ ထင်ရှားသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ဦးအုန်းက ဧရာဝတီကို ပြောသည်။

“ဧရာဝတီ မြစ်ဆုံစီမံကိန်းမှာလို ကျောက်ဖြူစီမံကိန်းမှာက ပျက်စီး ဆုံးရှုံးသွားနိုင်တဲ့အရာတွေကို စနစ်တကျ ထုတ်ဖော် ပြောဆို တာမျိုးတွေ မရှိသေးတော့ အတိအကျ ပြောရခက်တယ်၊ စီမံကိန်း လုပ်နေသူတွေ ကလည်းပဲ သဘာဝ ပတ်ဝန်းကျင် ကိစ္စ အလေးထားတာ အားနည်းတယ်” ဟု ၎င်းက ဆိုသည်။

ရေနက်ဆိပ်ကမ်း နှင့် ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတို့ကို ရပ်တန့်မည် မဟုတ်ကြောင်း စီမံကိန်းတွင် ပါဝင်သည့် တရုတ်နိုင်ငံမှ China National Petroleum Corp (CNPC) ကုမ္ပဏီက ဆင်ဟွာ သတင်းဌာနသို့ အောက်တိုဘာ ၃ ရက်နေ့တွင် ပြောဆိုထားသည်။ ၂၀၁၃ ခုနှစ်တွင် ပိုက်လိုင်းစီမံကိန်း ပြီးစီးရန် လျာထားသည်ဟု သိရသည်။

ကျောက်ဖြူမြို့ရှိ စီမံကိန်းများကြောင့် ဒေသခံပြည်သူတို့ ဆိုးကျိုးများကိုသာ နေ့စဉ် ခံစားနေကြရကြောင်း၊ လယ်ယာမဲ့ဘ၀၊ အလုပ်လက်မဲ့ ဘ၀ ရောက်ပြီး စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့ နေရကြောင်း ဒေသခံ တချို့က ဆိုသည်။

သမ္မတ ဦးသိန်းစိန်က ကျောက်ဖြူ စီမံကိန်းလုပ်ငန်းများကိုလည်း ဆိုင်းငံ့ကြောင်း ကြေညာသင့်သည်ဟု ၎င်းတို့က ဆိုသည်။

“စံမံကိန်းတွေကြောင့် အိမ်ငှားဈေးတွေ မတရား တက်လာတယ်။ အရက်ဆိုင်တွေ၊ ကာရာအိုကေ၊ ပြည့်တန်ဆာ လုပ်ငန်းတွေ ကတော့ နေ့ချင်းညချင်း တိုးတက် လာနေတာပါပဲ၊ အာဏာပိုင်တွေ ကိုယ်တိုင် လုပ်နေကြတော့ ဒေသခံတွေက ဘယ်လိုမှ တားဆီး မရနိုင်ဘူး” ဟု ကျောက်ဖြူ မြို့ခံတဦးက ဧရာဝတီကို ပြောသည်။

Ref: ဧရာဝတီ

Read More...

ပုဂ္ဂလိက စာသင်ကျောင်း ထူထောင်ခွင့် ဥပဒေမူကြမ်း လွှတ်တော်နှစ်ရပ် သဘောကွဲလွဲ

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၀၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပုဂ္ဂလိက စာသင်ကျောင်းများ ထူထောင်ခွင့် ဥပဒေမူကြမ်းတွင် အထက် လွှတ်တော်က ကန့်သတ် ထားချက်ကို အောက်လွှတ်တော်က ပယ်ဖျက်လိုက်သဖြင့် လွှတ်တော်နှစ်ရပ် သဘောမတူနိုင်ဘဲ ဖြစ်နေရာ လွှတ်တော်နှစ်ရပ် ပထမဆုံး သဘောကွဲလွဲမှု ဖြစ်သည်။

ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော် ဆွေးနွေးမှုတခုတွင် အောက်လွှတ်တော်က ပြန်လည်ပေးပို့သည့် အစိုးရက တင်သွင်းသော "ပုဂ္ဂလိကကျောင်း တည်ထောင်ခွင့် ဥပဒေမူကြမ်း" တွင် မူလတန်း အဆင့်ကိုပါ ကျောင်းထောင်ခွင့် ပြုထားပြီး တိုင်းနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူး များကိုလည်း ကျောင်းထောင်လိုပါက ထူထောင်နိုင်ခွင့် ပြုထားသည့် အပေါ် အဓိက သဘောမတူဟု ဆုံးဖြတ် လိုက်ကြသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမတ်များဖြစ်သည် ဦးနု၊ ဦးခင်မောင်ရီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်မှ ဦးဖုန်းမြင့်အောင်၊ ဝ ဒီမိုကရက်တစ် ပါတီမှ ဦးစိုင်းပေါင်းနပ်တို့က အောက်လွှတ်တော် ဥပဒေမူကြမ်း ကော်မတီ၏ ပြင်ဆင်ချက်များကို ကန့်ကွက်ကြခြင်း ဖြစ်သည်။

အထက်လွှတ်တော်တွင် အမတ်ဦးရေ ၃၀၀ ကျော်ရှိသည့်အနက် အောက်လွှတ်တော်မှ ပြန်ပို့သော ဥပဒေမူကြမ်းကို သဘောတူသူ တဦးမှ မပေါ်ထွက်ခဲ့ခြင်းလည်း ဖြစ်သည်။

လွှတ်တော်နှစ်ရပ်ပေါင်း ဖြစ်သော ပြည်ထောင်စု လွှတ်တော် ဆွေးနွေးမှုတွင် ယခုဥပဒေမူကြမ်းကို ဆက်လက် ဆွေးနွေးရန် သတ်မှတ်လိုက်ကြသည်။ ပြည်ထောင်စု လွှတ်တော်ကို မည်သည့်နေရက်တွင် ကျင်းပမည်ဟု မသတ်မှတ်ရသေးပေ။

ပညာရေးဝန်ကြီး ဒေါက်တာမြအေးက အထက်လွှတ်တော်တွင် စတင်သွင်းသော ဥပဒေ ၄၁ ခုပါရှိကာ အခန်း ၈ ခန်းဖြင့် ဖွဲ့စည်း ထားသည့် ဥပဒေမူကြမ်းတွင် မူလတန်းအဆင့်ကို ပုဂ္ဂလိက ကျောင်းထောင်ခွင့် ကန့်သတ်ထားသော်လည်း အထက် လွှတ်တော်က စက်တင်ဘာ ၇ ရက်နေ့တွင် အတည်ပြုပေးခဲ့သည်။

ထို့နောက် အောက်လွှတ်တော်သို့ ရောက်သွားရာတွင် အောက်လွှတ်တော် ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီက ပြင်ဆင် ရေးဆွဲမှုများ ပြုလုပ်ခဲ့ပြီး တင်သွင်းဖတ်ကြားရာ ဆွေးနွေးမည့်သူ မရှိ၍ အလိုအလျောက် သဘောတူညီမှု မြောက်သွားခဲ့သည်။

ဥပဒေမူကြမ်းတွင် တိုင်းရင်းသားများအနေဖြင့် ယင်းတို့၏ ကိုယ်ပိုင်ဘာသာစကားနှင့် သင်ကြားခွင့်တို့ အတွက် ထပ်ဆောင်း ဘာသာရပ်အဖြစ် သင်ကြားနိုင်သည်ဟု ပါရှိသည်။

ယင်းအပြင် ပညာရေးဝန်ကြီးဌာန၏ သင်ရိုးညွှန်းတမ်းများ အတိုင်း သင်ကြားကြရမည်ဖြစ်ကာ နိုင်ငံခြားသား ဦးစီး တည်ထောင်သည့် ကျောင်းမဖြစ်ရန်လည်း ကန့်သတ်ထားသည်။ ဥပဒေ ချိုးဖေါက်ပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် သုံးနှစ်နှင့် ငွေဒဏ် သုံးသိန်းကို သတ်မှတ်ထားသည်။

Ref: မဇ္ဈိမ

Read More...

ကချင်ပြည်နယ် အလယ်ပိုင်း စစ်ပွဲတွင် မြန်မာစစ်သား ၄၀ ကျ

Wednesday, 05 October 2011

မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား ကချင်ပြည်နယ် အလယ်ပိုင်း၌ အောက်တိုဘာ ၄၊ အဂါင်္နေ့ တစ်ရက်တည်း ဖြစ်ပွားသော တိုက်ပွဲများတွင် အစိုးရစစ်သား (၄၀) ကျဆုံးကြောင်း ဒေသခံများ ပြောသည်။

ဂျာအိန်ယန်ရွာအနီး KIA အရပ်သားတပ်ဖွဲ့နှင့် ဖြစ်ပွားသောတိုက်ပွဲများတွင် ယင်းစစ်သားများ သေဆုံးခဲ့ပြီး ၎င်းတို့၏ မိခင် တပ်ရင်းများ မသိရဟု ရွာသားများပြောသည်။

KIA အရပ်သားတပ်ဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း အထက် KIA စစ်အရာရှိများ ပြောသည်။

KIA ထိန်းချုပ်သည့် ဂျာအိန်ယန်ရွာ ပတ်ဝန်းကျင်နှင့် ၎င်းနှင့်ဆက်စပ်နေသော ရှဒန်ပါ ဒေသတွင် အစိုးရတပ်နှင့် KIA တပ်ကြား နေ့စဉ်လိုလို စစ်ပွဲများ ဖြစ်နေသည်မှာ ရက် တစ်ပတ် ကျော်လာသည်ဟု ဒေသခံများ ပြောသည်။

လိုင်ဇာ ဗဟိုဌာနချုပ်မှ KIA အရာရှိများပြောဆိုချက်အရ ယခုတိုက်ပွဲဖြစ်ရာ ဒေသများသို့ ဧရာဝတီမြစ် (ကချင်လို မလိခနူ) ရေလမ်းကြောင်း အတိုင်း အမြန် စက်လှေများဖြင့် စစ်အင်အား ရာပေါင်းများစွာ ထိုးဖောက် ၀င်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

Ref: KNG News

Read More...

Apple ပူးတွဲမ-တည်သူ Steve Jobs ကွယ်လွန်

ဗုဒ္ဓဟူး, 05 အောက်တိုဘာ 2011

Apple ကွန်ပြူတာကုမ္ပဏီကို ပူးတွဲထူထောင်ခဲ့သူ အမှုဆောင် အရာရှိချုပ်ဟောင်း Steve Jobs ဟာ အချိန် အတော်ကြာအောင် ခံစားနေခဲ့ရတဲ့ ပန်ခရိယ ကင်ဆာရောဂါနဲ့ မနေ့ကပဲ ကွယ်လွန် သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ် ရှိပါပြီ။

Apple ကွန်ပြူတာကုမ္ပဏီကနေ သူအနားယူခဲ့ပြီး သီတင်းပတ် အနည်းငယ် အကြာမှာပဲ ကွယ်လွန်ခဲ့တာပါ။ Steve Jobs ဟာ နည်းပညာတွေကို လူတိုင်း အလွယ်တကူနဲ့ အသုံးချနိုင်အောင် လုပ်ပေးခဲ့တဲ့သူလို့ အမြဲတမ်း နာမည် တွင်နေတော့မှာပါ။

Apple ကုမ္ပဏီကနေ တကမ္ဘာလုံး လူကြိုက်များနေတဲ့ iPhone, iPad နဲ့ Ipod ဆိုတဲ့ နည်းပညာ ဆိုင်ရာ လူသုံးကုန် ပစ္စည်းတွေ Steve Jobs လက်ထက်မှာ အောင်အောင်မြင်မြင် ထုတ်လုပ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ Apple ကုမ္ပဏီဟာ ၁၉၀၀ ခုနှစ်တွေ တုန်းကတော့ ဒေ၀ါလီ ခံရတော့မတတ် အထိ စီးပွား ကျခဲ့တာပါ။

ကွန်ပြူတာနည်းပညာတွေကို လူတိုင်း အလွယ်တကူသုံးနိုင်အောင် လုပ်ပေးခဲ့သူ Apple ကွန်ပြူတာ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း မစ္စတာ Steve Jobs ကွယ်လွန်သွားပါပြီ။

Ref: VOA News

Read More...

Wednesday, October 5, 2011

ကိုကိုးကျွန်းကခွာခဲ့တာ အနှစ် ၄၀ ပြည့်ပြီ

ရဲဘော်ဖိုးသံချောင်း
October 2, 2011

ဒီနှစ် ဇူလိုင် ၃၁ ရက်ဆိုရင် ကိုကိုးကျွန်းပေါ်က ၅၃ ရက် အစာငတ်ခံတိုက်ပွဲကြီးဟာ အနှစ် ၄ဝ တိတိ ပြည့်ပါပြီ။

ဒီလိုအခါမှာ ညံ့ဖျင်းလှတဲ့ ကိုယ့်မှတ်ဉာဏ်ထဲက ကိန်းဂဏန်းတချို့ကို ပြန်စီနေမိပါတယ်။ ကိုကိုးကျွန်းကို ပို့လိုက်တာက ၁၉၆၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်။ ပြန်ပို့တာက ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာ လထဲမှာ (ရက်အတိအကျ မမှတ်မိတော့)၊ စု စုပေါင်း ၂ နှစ် နဲ့ ၉ လ။ တနည်း ၃၃ လ၊ ရက်ပေါင်း ၁ဝဝဝ လောက်ပါ။

ညကြီးသန်းခေါင် အင်းစိန်ထောင်ထဲကထုတ်၊ နံဘေးမှန်တွေကို စက္ကူဖြူတွေ ကပ်ထားတဲ့ ဟီးနိုး ဘတ်စ်ကားကြီးတွေနဲ့ ဗိုလ်တထောင် ဆိပ်ကမ်းကိုပို့၊ ဂျီသရီးသေနတ်တွေ ချိန်ရွယ်ထားတဲ့ မဆလ စစ်သားတွေအကြား၊ ထိန်လင်းနေတဲ့ မီး မောင်းကြီးတွေ အောက်မှာ ပြည်တော်ညွန့် သင်္ဘောပေါ်တက်၊ နာရီပေါင်း ၃ဝ ကျော်လောက် ပင်လယ်ကိုဖြတ် -

“အဲဒါ ကိုကိုးကျွန်းပဲ၊ လာကြည့်ကြ။ ကိုကိုးကျွန်းကို မြင်နေရပြီ” လို့ ပြည်တော်ညွန့် သင်္ဘော ဝမ်းဗိုက်ရဲ့ အပေါက်ဝိုင်း လေးထဲကို ကြည့်နေသူ တဦးက လှမ်းခေါ်လိုက်တော့ သူများနည်းတူ ကျွန်တော်လည်း ပြေးသွားပြီး ခေါင်းပြူကြည့်ခဲ့ပါ တယ်။ သဲသောင်က ဖွေးဖွေး၊ အုန်းပင်လေးတွေက အစီအရီ၊ ကိုင်းတာက ကိုင်း၊ မတ်တာက မတ်နဲ့။ လှိုင်းကလေးတွေ ပြေးတက်နေတာကိုလည်း အထင်းသား မြင်ရပါတယ်။ လှလိုက်တဲ့ ကျွန်းတကျွန်းပဲလို့ ခေါင်းထဲမှာ ပေါ်လာမိခဲ့တာကို ဝန်ခံရမှာပါ။ ပထမအမြင်၊ အပေါ်ယံ စဉ်းစားချက်ပါ။ နောက်ကျတော့ မုန်တိုင်းတွေကိုလည်း ဖြတ်သန်းရ၊ အုန်းပင်ပေါ်က လိမ့်ကျလို့ သေဆုံးတာလည်း ကြုံရ၊ လှိုင်းပုတ်ချသွား လိုက်တာ အလောင်းတောင် ပြန်ရှာမရတာလည်း ဖြစ်လာ ခဲ့ပါတယ်။ ဒါ့အပြင် အစာငတ်ခံ တိုက်ပွဲဝင်တဲ့လူတွေ တဦးပြီးတဦး၊ တမျှဉ်းမျှဉ်း သေဆုံး နေတာကို သွေးအေးအေးနဲ့ လက်ပိုက် ကြည့်နေတာတွေလည်း တွေ့ရပါတယ်။

အလှနဲ့ ရက်စက်မှု ပြွမ်းတီးနေတဲ့ ကိုကိုးကျွန်းလေ။

ကျွန်းကိုပို့လိုက်တုန်းက နိုင်ငံရေးအကျဉ်းသား အရေအတွက်က စုစုပေါင်း ၂၃၃ ယောက်။ ပြန်ပို့တော့ သင်္ဘောပေါ်မှာ ပါလာတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်က ၂၁၃ ယောက်။ ၁ဝ % လောက် လျော့သွားတယ်။ ၂ နှစ်ကျော်ကာ လလေးအတွင်း လျော့သွားတာ။ လျော့သွားတဲ့ အထဲမှာ တိုက်ပွဲကြောင့် ကျဆုံး သွားသူက ၁ဝယောက်။ ဖျားနာလို့၊ ကိုယ် ထူကိုယ်ထ စနစ်အရ အစားအသောက် ရှာဖွေရင်း သေဆုံးသူက သုံးယောက်၊ စုစုပေါင်း သေဆုံးသူ ၁၃ ယောက်။ ကိုကိုး ကျွန်းပေါ်မှာ နှစ်လခွဲကို နိုင်ငံရေး အကျဉ်းသား တယောက်နှုန်း ကွယ်လွန် ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေး ကြောင့် ပြည်မထောင်ကို ဆေးကုဖို့ ပြန်ပို့လိုက်ရတာက ၇ ယောက်ပါ။

ကျွန်းပေါ်မှာ ငပိပုပ်တိုက်ပွဲ- ၅ ရက်၊ ရက်လေးဆယ်တိုက်ပွဲ- ၄ဝ ရက်၊ ရဲနီဘိုကြူနဲ့ ရဲနီနယ်လင်းတို့ ကျဆုံးခဲ့တဲ့ ရဲနီများ ရဲ့ ၄၆ ရက်တိုက်ပွဲ၊ အာဇာနည် ၈ ဦး ကျဆုံးခဲ့တဲ့ ၅၃ ရက်တိုက်ပွဲ၊ အစာငတ်ခံ တိုက်ပွဲကြီးငယ် စုစုပေါင်း ၄ ကြိမ်ဖြစ်ပေါ် ခဲ့ပြီး ရက်ပေါင်း ၁၄၄ ရက် ရှိခဲ့ပါတယ်။ ကျွန်းပေါ်မှာ နေခဲ့ရတဲ့ ရက်ပေါင်းက ၁ဝဝဝ လောက်ရှိတာ ဆိုတော့ ကိုကိုးကျွန်း အကျဉ်းစခန်း သက်တမ်းမှာ ၁၄ % လောက်ဟာ အစာငတ်ခံ တိုက်ပွဲ ဖြစ်ပေါ်နေတယ်လို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် အဖွဲ့အစည်းအသီးသီးဟာ အခါကြီးရက်ကြီးတိုင်းမှာ အခမ်းအနား တွေကလည်း ကျင်းပ ပါတယ်။ မှတ်မိသ လောက်ဆိုရင် ရောက်သွားတဲ့နှစ်မှာ သင်္ကြန်ပွဲတော်ကို အဆိုအက ပွဲတွေနဲ့ တခမ်းတနား ကျင်းပခဲ့ပါတယ်။ နောက်ပြီး ပါတီနေ့ (သြဂုတ်လ ၁၅ရက်)၊ လက်နက်ကိုင် တော်လှန်ရေးနေ့ (မတ်လ ၂၈ ရက်နေ့)၊ ပြည်သူ့ တပ်မတော်နေ့ (စက်တင် ဘာ ၁ ရက်) ကမ္ဘာ့ အလုပ်သမားနေ့ (မေလ ၁ ရက်)၊ ၇ ရက်ဇူလိုင်၊ စစ်တွေဆန်လုပွဲ၊ မဟာအောက်တိုဘာ တော်လှန် ရေးနေ့ (နိုဝင်ဘာ ၇ ရက်) စတာတွေကို ပုံမှန်လို ကျင်းပကြပါတယ်။ ပါတီရဲ့ နေ့ထူး နေ့မြတ်တွေမှာ ဆိုရင် ထူးခြားတဲ့ အစားအသောက်နဲ့ အားကစားပွဲတွေ၊ စစ်တုရင် ကျားပြိုင်ပွဲတွေပါ ကျင်းပပါတယ်။ ဒါ့အပြင် အစာငတ်ခံ တိုက်ပွဲမှာဖြစ်စေ၊ အခြား အကြောင်းကြောင့် ဖြစ်စေ၊ ကျဆုံးသွားသူ တဦးချင်းကို ရည်စူးပြီးဂုဏ်ပြု၊ သန္နိဋ္ဌာန် ချပွဲတွေလည်း ကျင်းပခဲ့ကြပါ တယ်။ ဒီလို ဂီတသံ၊ ကြွေးကြော်သံတွေနဲ့ တခြိမ့်ခြိမ့် ကျင်းပတဲ့ အခမ်းအနားတွေနဲ့ အားလုံးရဲ့ စိတ်ဓာတ်တွေကို ထိန်း ထားပြီး အချိန်မရွေး တိုက်ပွဲ ဝင်နိုင်တဲ့ အခြေအနေကို ဖန်တီး နိုင်ခဲ့ပါတယ်။

ဒါတွေနဲ့တဆက်တည်း ကိုကိုးကျွန်းပြန်တွေ လက်နက်ကိုင် တော်လှန်ရေးထဲ ဝင်ရောက်သွားတဲ့ လူစာရင်းကို ပြန်စဉ်းစား လိုက်မိပါတယ်။ ပထမဆုံး မှတ်တမ်း ထိုးရမှာကတော့ ကိုကိုးကျွန်းကနေ လှေနဲ့ ထွက်ပြေးပြီး လက်နက်ကိုင် တော်လှန်ရေး ထဲရောက်သွားတဲ့ မုန်းဒေသက ကျောင်းဆရာ ဦးအောင်ဝေနဲ့ အခု ကေအင်န်ယူမှာ ရောက်နေတဲ့ မန်းငြိမ်းမောင်တို့ ဖြစ်ပါ တယ်။ နောက်တော့ ပဲခူးရိုးမ၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ အရှေ့မြောက် စစ်ဒေသ တို့ကို တောခိုသူတွေ ဆက်တိုက် ပေါ်လာပါတယ်။ အားလုံး ပေါင်းလိုက်ရင် ကျွန်တော် မှတ်မိတာချည်း ၁၈ ယောက် ရှိပါတယ်။ ဒီအထဲက အများစုက ကျ ဆုံးသွားပါပြီ။ မှတ်လောက် သားလောက်လည်းဖြစ်၊ ချန်လည်း ချန်မထားသင့်တဲ့ စိတ်ထိခိုက်ဖွယ်ရာ ကောင်းတဲ့ အချက် တခုကတော့ ကိုကိုးကျွန်းပေါ် တုန်းက ကျွန်တော်တို့ ပါတီက ရဲဘော်တွေနဲ့ အလွန်ရင်းနှီး၊ ကျွန်တော်တို့ ရဲဘော်တွေ ကျဆုံးတော့ ဝမ်းပန်းတနည်း ငိုကြွေးခဲ့ကြတဲ့၊ ကျွန်တော်တို့ တိုက်ပွဲတွေကို အလွန် တက်တက် ကြွကြွထောက်ခံ ခဲ့တဲ့ မလညပ ခေါ် မြန်မာနိုင်ငံ အလုပ်သမား ပါတီက ရခိုင် ရဲဘော်နှစ်ဦး ဖြစ်တဲ့ ကိုရန်ရွှေနဲ့ ကိုသိန်းမြတို့ဟာ ကျွန်တော်တို့ ရဲဘော်များ နဲ့အတူ ရခိုင်ပြည်နယ်ထဲရှိ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင် တိုက်ပွဲထဲကို ပါဝင်သွားကြပြီး အဲဒီမှာပဲ ကျဆုံး သွားကြတာ ဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်မှာ ကိုကိုးကျွန်းကပြန်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထဲမှာ အများစု ကြီးဟာ ကိုယ်တိုင်က နိုင်ငံရေးကို ဆက်လုပ်နိုင်သည် ဖြစ်စေ၊ မလုပ်နိုင်သူဖြစ်စေ၊ ကိုကိုးကျွန်းပေါ်မှာ စိုက်ထူခဲ့တဲ့ အာဇာနည်များရဲ့ စိတ်ဓာတ်အပေါ် သစ္စာ ရှိမြဲ ရှိကြတာ တွေ့ရပါတယ်။ သူတို့အထဲက ထောင်ထဲ ပြန်ရောက်ကြတာတွေ မနည်းသလို ဦးခင်မောင်မြင့်၊ ကိုနီ အောင်မေသု တို့လို ထောင်ထဲမှာ ကွယ်လွန် သွားပြီး ပြည်သူက လေးစားရတဲ့ အာဇာနည်တွေလည်း ပေါ်ထွက် ခဲ့ပါတယ်။ ဒါ့အပြင် လေထီး ဗိုလ်အုန်းမောင်၊ ဆရာ ရာဂျန်၊ (ဆရာ) ဗန်းမော်တင်အောင်၊ (ဆရာ) မြသန်းတင့်တို့လို ကွယ်လွန်ချိန် မှာ ပြည်သူလူထု အထောင်အသောင်းက သူတို့ရဲ့ လေးစားမှုကို ဖော်ပြခြင်း ခံရတဲ့ လူတွေလည်း ရှိပါသေးတယ်။

မဆလစစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရာမှာ မော်ကွန်းဝင် မီးရှူးတန်ဆောင် တခု ဖြစ်ခဲ့တဲ့ ၅၃ ရက် တိုက်ပွဲမှာ ကျဆုံး သွားသူတွေကို ပြန်ကြည့်လိုက်ရင် အစိုးရဝန်ထမ်း၊ အလုပ်သမား၊ ကျောင်းသား၊ စစ်သား (လေတပ်က) စသဖြင့် အလွှာစုံလှပါတယ်။ ကဗျာဆရာတောင် ပါသေးတော့ တမင်များ ရွေးချယ် ထားသလား အောက်မေ့ရပါတယ်။ ဗမာပြည်သား အားလုံးကို ကိုယ်စားပြုတယ်လို့ ဆိုနိုင်ပါတယ်။

တကယ်က ကိုကိုးကျွန်းကို နိုင်ငံရေးအကျဉ်းသားတွေ ပို့လိုက်တယ်လို့ ပြောနေရပေမယ့် ဒီအထဲမှာ နိုင်ငံရေးနဲ့ ဘာမှမ ဆိုင်၊ ဒေသဆိုင်ရာ အာဏာပိုင်က အမြင်ကပ်လို့ ကျွန်းပို့ခံရသူ အနည်းအကျဉ်းလည်း ပါပါတယ်။ မော်လမြိုင်က ရုပ်ရှင် ပိုစတာဆွဲတဲ့ တရုတ်လူငယ်လေး၊ မန္တလေးက ကုလား ဆရာဝန်ကြီး ဒေါက်တာကူးမား တို့လို လူတွေဟာ တကယ့်ကို အသလွတ် အဖမ်းခံရ၊ တကျွန်း အပို့ခံရတာပါ။ တအိမ်ထဲ နေတဲ့ ဦးလေးကို လာဖမ်းလို့ စပ်စုမိတဲ့ ၁၄ နှစ်သားလေးကို ဖမ်းလာပြီး ပြန်မလွှတ်ဘဲ ၁၇-၁၈ နှစ် အရွယ်မှာ ကျွန်းပို့ပစ်လိုက်တာလည်း ပါလာပါတယ်။ ဒီလိုနဲ့ ကျွန်းပေါ်မှာ အသက်အ ကြီးဆုံးက ၆ဝ၊ အသက်အငယ်ဆုံးက ၁၇ နှစ် ဖြစ်သွားပါတယ်။ အစာငတ်ခံ တိုက်ပွဲတွေမှာ ကျဆုံးသူများ ထဲမှာတော့ အသက်အကြီးဆုံး ကိုစိန်ချင်းက ၃၇ နှစ်လောက် ဖြစ်ပြီး အသက်အငယ်ဆုံး ကိုမောင်မောင်စိုးက ၂၄ နှစ် ဖြစ်ပါတယ်။

မဆလအစိုးရဘက်က စာရင်းချုပ်ရရင်တော့ ဒီကျွန်းပေါ်မှာ အကျဉ်းစခန်း သုံးခု ဖွင့်ဖို့ စီစဉ်ထားရာမှာ တခုသာ ဖွင့်နိုင်ခဲ့ပြီး ကျန်တာတွေ မဖွင့်ဝံ့ တော့ဘူး။ ဒါကြောင့် သူတို့ရဲ့ နိုင်ငံရေး  အကျဉ်းသားတွေကို တကျွန်းမှာ သေတပန် သက်တဆုံး လုပ်ကိုင် စားသောက်စေရေး စီမံကိန်းဟာ အစမှာ ၃၃.၃ % အောင်မြင်တယ်။ နောင်မှာ စခန်းအားလုံးကို ဖျက်သိမ်းလိုက်ရ တော့ နိုင်ငံရေး အရ သာမက စီးပွားရေး အရပါ လုံးဝ အရှုံးပေါ်သွားတယ်။ နိုင်ငံရေး ရပ်တည်ချက် ခိုင်မာတဲ့၊ သူတို့ကို အပြတ် ဆန့်ကျင် တိုက်ပွဲဝင်တဲ့လူ ၁ဝ ဦးကို အစာငတ်ခံ တိုက်ပွဲတွေမှာ အသေသတ် နိုင်လိုက်တယ်။ ဒီဘက်မှာတော့ ရာခိုင် နှုန်း ၁ဝဝ အောင်မြင်တယ်လို့ ဆိုရမလားပဲ။ ဒါပေမယ့် အသက်ရှင်လျက် ထောင်က ထွက်သွား သူတွေရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်နိုင်မှုမှာတော့ ၁ဝ % အောင်မြင်တယ်လို့တောင် မဆိုနိုင်ပါဘူး။ ဒါပေမယ့် ပြည်သူလူထု ဘက်က ကြည့်ရင်တော့ ဒီ ကိုကိုးကျွန်းက ထွန်းပြောင်တဲ့ တိုက်ပွဲတွေအကြောင်း သိရပြီးနောက် စစ်အာဏာရှင်စနစ် အပေါ် ပိုနာကြည်းလာသူ၊ ပြန် လည်တိုက်ပွဲ ဝင်သူတွေဟာ ရာခိုင်နှုန်း ထောင်နဲ့ သောင်းနဲ့ တိုးလာတယ်လို့ ဆိုရပါမယ်။

ကိုကိုးကျွန်းအာဇာနည်များရဲ့ စွန့်လွှတ်တိုက်ပွဲဝင်စိတ်ဓာတ် အဓွန့်ရှည်ပါစေ။

ရဲဘော်ဖိုးသံချောင်း

အရေးတော်ပုံဂျာနယ် အတွဲ ၁၊ အမှတ် ၅ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။

Read More...

လျော် သာ လျော် လိုက်ပါ

ချိုတူးဇော်
Monday, October 03, 2011

တရုတ်တွေက လျော်ကြေးစကားပြောလာတာ ၀မ်းသာစရာလို့ မြင်ပါတယ်။ ဘာပဲပြောပြော ပြေလည်အောင် ညှိပြီး လျော်လိုက် စေချင်တယ်။ ခုပြဿနာကို အိမ်တွင်းရေး ညီညွတ်ပြီး ဖြေရှင်းရင် ပြေလည်မယ့် ပြဿနာလို့ မြင်ကြည့်ရအောင်။

အိမ်မှာ သားဆိုးသားမိုက် တယောက်က ထင်ရာစိုင်း မြေဂရန်ကိုပေါင် ဖဲရိုက်ထားလို့ (ဒီဥပမာကို ကြိုက်မှာ မဟုတ်လောက်ဘူး)၊ နောက်တမျိုး ပြန်ပြင်ပြောမယ်၊ စီးပွားရေး မလုပ်တတ်တဲ့ သားငနုံ့ ငအ တယောက်ကို ရပ်ထဲရွာထဲက လူလည် လူရှုပ်တွေက ချောက်ချီ တမျိုး၊ ချော့ချီ တခါနဲ့ အိမ်ဂရန်ကို အပိုင်စီး အပေါင် ယူထားတယ် ဆိုပါတော့ဗျာ..။

“ အခြေအနေက ..မင်းတို့အိမ် ပြန်ပေးမယ် ငါတို့ငွေ ပြန်လျော် ” လို့ပြောခံရတာ..၊ ၀မ်းသာရမယ့် အခြေအနေ ဖြစ်နေပြီ။ “မင်းအသုံးမကျလို့ ဖြစ်ရတာ ဘာညာနဲ့ ညီအကိုချင်း၊ မောင်နှမချင်း ရန်ဖြစ်မယ့် အစား ၀ိုင်းဆပ် ပေးလိုက်ကြဖို့က အရေးကြီးဆုံးလို့ မြင်မိတယ်..။ တယောက်ကိုတယောက် လက်ညှိုး ငေါက်ငေါက်ထိုး ခွန်းကြီး ခွန်းငယ် တွေလည်း ၀ အောင် ပြောပြီးမှတော့ ဒီငွေပူကို ဘယ်လို ၀ိုင်းဆပ်ကြမလဲ.. ပြန်ချစ်ခင် စည်းလုံးကြတာ အမြတ်လို့ တွက်ကြ စေချင်ပါတယ်။ ဒီအမြတ်က ဘာနဲ့မှ လဲ မရအောင် မြတ်တဲ့ အမြတ်ပါ။

မြတ်လက်စ နဲ့ နောင် အရှည်သဖြင့် နှစ်ပေါင်းများစွာ တည်တံ့မယ့် အမြတ်ကြီးတွေပါ ထွက်အောင် လုပ်ဖို့ အကြံကောင်း ပြုချင်ပါတယ်။

အဲဒါတွေကတော့....

၁။ မြစ်ဆုံဆည်သာမက တရုတ်နဲ့ ပါတ်သက်သမျှ ဆည်တွေရော၊ ဂက်စ်ပိုက်လိုင်း ကိစ္စ တွေရော၊ ဆိပ်ကမ်းတွေ ကိုရော အကုန်လျော်ပြီး ရပ်စေချင်တယ်။ တခြားနိုင်ငံတွေထက် တရုတ်က နောက်ဆက်တွဲ ပြဿနာကြီးလို့ပါဗျာ။

၂။ အဲဒီလိုလုပ်ဖို့ လျော်ရမှာတွေ အများကြီး ဆိုပေမယ့် ပြည်သူလူထု ရဲ့ ဆန္ဒကို လေးစားတဲ့ အစိုးရ အနေနဲ့ တဆက်တည်း
နိုင်ငံရေး အကျဉ်းသားတွေ ကိုပါ ချွင်းချက်မရှိလွှတ်ပေးရင်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ညှိနှိုင်းပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ပေးရင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ပြောင်းလဲပေးရင်၊ (ကြံ့ခိုင်ရေးဟာ လွှတ်တော်တွင်း ၇၅ %
အမတ်ဦးရေ ရှိတဲ့အတွက် ဒီကိစ္စကို တတ်နိုင်ပါတယ်။) တကယ် လုပ်လိုက်ရင် သမိုင်းတွင်တဲ့ အပြောင်းအလဲ တခုကို ဦးဆောင်တဲ့ ပါတီအနေနဲ့ လူထုရဲ့ ထောက်ခံမှုကို တကယ် ရလာပါလိမ့်မယ်။

အဲဒါတွေ ပြီးရင်..
စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်းဖို့၊
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး ယူဖို့ ဆိုတာတွေ ဟာ အားလုံးက ၀ိုင်းထောက်ခံ ရေးသား ပြောဆို ကြတာနဲ့တင် အဆင်ပြေ သွားပါလိမ့်မယ်။ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းပြီးတာနဲ့ . . . ကျနော်တို့ မြန်မာတွေ အဲဒီလောက် မညံ့ပါဘူး။

တရုတ်ကို ပေးရမယ့် လျော်ကြေးလောက်ကို ခဏချင်း ပြန်ဆပ် နိုင်ပါလိမ့်မယ်။ အစိုးရနဲ့ ပြည်သူ တစိတ် တ၀မ်းတည်း ဖြစ်သွား ရတာကိုးက အမြတ်ကြီး မြတ်တဲ့ ကိစ္စပါ။

မွန်ဂိုလီးယား အပါအ၀င် အနီးအပါး အိမ်နီးချင်း နိုင်ငံငယ်လေးတွေ ရဲ့ ဥပမာကို ယူပြီး အတွင်းစည်း အပြင်စည်း ထားရမယ့် မိတ်ဆွေပါ။

ကျနော်တို့ ခင်ဗျားတို့ကို ယုံပါ့မယ်။ ခင်ဗျားတို့ ရင်ဆိုင်ရမယ့် ပြဿနာတွေ ဖိအားတွေ က နည်းနည်းနောနော မဟုတ်ဘူး ဆိုတာ
သိပါတယ်။ ဒါပေမယ့် ၁၉၄၆ ဗိုလ်ချုပ်အောင်ဆန်းတို့ ဖဆပလ အဖွဲ့ကြီးကို သတင်းစာတွေက ရေးသားခဲ့တဲ့ အရေးအသား တခုကို ပြန် သတိရမိပါတယ်။

“ ဖဆပလ တောင့်ထား လူထု ရှိတယ်” တဲ့။ ခုလည်း
“ သမ္မတကြီး နှင့် တကွ . . . အစိုးရ တောင့်ထား လူထု ရှိတယ်..” လို့ ပြောပါရစေ။

အမျိုးသားရေးမို့ ပြတ်ပြတ်သားသား သာ ဆုံးဖြတ်ပေးပါ။
တကယ်ဆုံးဖြတ်ရင် တကယ် ထောက်ခံဖို့ အသင့်ပါပဲ။
အစိုးရကို ဒါ့ထက်ပို ယုံချင်ပါတယ်။ လူထုကိုလည်း ရဲရဲ ယုံကြည်လိုက်စမ်းပါ။
ပြည်သူလူထုကို ယုံကြည်မှ၊ ပြည်သူလူထုက ယုံကြည်ရမှ ပြည်သူ့အစိုးရ ဖြစ်လိမ့်မယ်။ ။


ချိုတူးဇော်

Read More...

တောင်အာဖရိက ရုန်းကန်မှု အတုယူကြဖို့ ဒေါ်စုပန်ကြား

ခင်မျိုးသက်
အင်္ဂါ, 04 အောက်တိုဘာ 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်းနက်စဘတ် တက္ကသိုလ် (University of Johannesburg) က အင်္ဂါနေ့မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ် ခဲ့ပါတယ်။ မြန်မာနိုင်ငံ သားတွေ လိုချင်ကြတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို သတ္တိရှိရှိ ကြိုးပမ်းရင် ရနိုင်တယ်လို့ သင်ကြားပေးတဲ့ တောင်အာဖရိက နိုင်ငံရဲ့ တက္ကသိုလ်က ပေးအပ်တဲ့ ဘွဲ့ကိုရတာဟာ ရဲစွမ်းသတ္တိနဲ့ မျှော်လင့်ချက်တွေ ရှိတဲ့ အသိုက်အ၀န်းက လက်ခံမှုကို ရရှိ လိုက်တာမျိုးလို့ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားကို ဗွီဒီယို မိန့်ခွန်းပေးပို့ ပြောကြားခဲ့ပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ထားပါတယ်။

နိုင်ငံရေး အစဉ်အလာကြီးမားတဲ့ ဂျိုဟန်းနက်စဘတ် တက္ကသိုလ်ရဲ့ လူမှုဘာသာရပ်များ ဆိုင်ရာဌာနက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေ အတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ချီးမြှင့် ပေးအပ်ခဲ့တာပါ။

“ဂျိုဟန်းနက်စဘတ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရရှိတာဟာ ရဲစွမ်းသတ္တိနဲ့ မျှော်လင့်ချက်တွေ ရှိတဲ့ အသိုက်အ၀န်း တခုကနေ လက်ခံမှုကို ရရှိလိုက်တာပါပဲ။ သင်တို့ရဲ့ တက္ကသိုလ်ကြီးဟာ ကမ္ဘာတလွှားက လူ့အခွင့်အရေး လှုပ်ရှားသူတွေ အတွက် ခိုင်မာတဲ့ ထောက်ပံ့ မှုတွေပေးတဲ့ ကျောင်းကြီးအဖြစ် ထင်ရှားပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှား နေသူတွေကလည်း သင်တို့ကျောင်ကြီးရဲ့ ပံ့ပိုးမှု အသီးအပွင့်ကို ခံစားကြရပါတယ်။”

ဘွဲ့ပေးအပ်တဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ ထောင်နဲ့ချီတဲ့ ပရိသတ်ကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို ရုပ်သံကနေ ပြောကြား ခဲ့တာပါ။ တောင်အာဖရိက နိုင်ငံဟာ အသားရောင်ခွဲခြားမှု ပပျောက်ဖို့ ၁၉၄၈ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အထိ ၄၆ နှစ်ကြာ ရုန်းကန် ခဲ့ရတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

“တောင်အာဖရိကက ကျမတို့ မြန်မာနိုင်ငံကို သင်ကြားပေးတာ အများကြီးပါ။ ဘယ်လို ရုန်းကန် ကြိုးစားရမယ်။ သွေးစည်း ညီညွတ်မှုဟာ ဘယ်လောက် အရေးကြီးတယ်၊ ဘယ်လို သွေးစည်း ညီညွတ်အောင် လုပ်ရမယ် ဆိုတာတွေကို သင်ပေးခဲ့သလို ဆက်ပြီး သင်ယူနိုင်မယ် လို့လည်း မျှော်လင့်ထားပါတယ်။ ကျမတို့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားကြိုးစားမှုဟာ ကာလ ကြာရှည်နေပါပြီ။ ဒါပေမဲ့ တောင်အာဖရိက လောက်တော့ မကြာသေးပါဘူး။ ကျမတို့လည်း ဒီမိုကရေစီ ပန်းတိုင်ကို သိပ်မကြာခင်မှာပဲ ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။”

တောင်အာဖရိကနိုင်ငံရဲ့ တကယ့် ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ နယ်လ်ဆင် မန်ဒဲလားနဲ့ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး တို့ကို မြန်မာနိုင်ငံ သားတွေက အတု ယူကြရသလို မြန်မာနိုင်ငံ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်တဲ့ အထိ ပံ့ပိုးပေးမယ်လို့ မျှော်လင့် ထားတယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေဟာ ငြိမ်းချမ်းရေးကို လိုချင်တယ်။ လွတ်လပ်မှုကို ရချင်တယ်။ လုံလုံခြုံခြုံ စိတ်ချလက်ချ နေချင်တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို လိုချင်ကြပါတယ်။ ဒါတွေအားလုံးကို ရဲစွမ်းသတ္တိ ရှိရှိနဲ့ ကြိုးပမ်းရင် ကျမတို့လည်း ရနိုင်တယ် ဆိုတာ တောင်အာဖရိက က သင်ပေးခဲ့တာပါ။ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးဟာ မြန်မာနိုင်ငံ သားတွေ အတွက် အားကျစေယုံတင် မကဘဲ နှစ်ပေါင်းများစွာ ကူညီ ထောက်ပံ့မှုတွေ ပေးခဲ့တာမို့ မြန်မာနိုင်ငံ ဒီမိုကရေစီရတဲ့ အထိလည်း ဆက်ပြီး ကူညီမယ်လို့ ယုံကြည်ထားသလို အမြဲလည်း အမှတ်ရနေမှာပါ။”

ဒါ့အပြင် ဒီမိုကရေစီ ရခဲ့ပြီးတဲ့နောက်မှာလည်း တောင်အာဖရိကမှာ အခုဆက်ပြီး ကြိုးစားနေရသလို ကိုယ်မျှော်မှန်း ထားတဲ့ လူမှု အသိုက်အ၀န်း တခုကို ရဖို့ မြန်မာနိုင်ငံ သားတွေလည်း ဆက်ပြီး ကြိုးစားရဦးမယ် ဆိုတာ သိထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုရဖို့ ကြိုးစား ရတာဟာ ကြောက်ရွံ့စရာ မဟုတ်ကြောင်း တောင်အာဖရိကက သင်ကြား ပေးတယ်လို့ ဆိုပါတယ်။

“ရုန်းကန်ကြိုးစားမှု ဆိုတာဟာ ကြောက်စရာမဟုတ်ဘဲ လူတိုင်းအတွက် အကောင်းဆုံး ဖြစ်လာဖို့ စိန်ခေါ်မှု တခု ဆိုတာကို တောင်အာဖရိက နိုင်ငံက ကမ္ဘာကို သင်ကြားပေးတာပါ။ အခု သင်တို့ရဲ့ တက္ကသိုလ်က ပေးတဲ့ ဂုဏ်ထူးဆောင် ဘွဲ့နဲ့ အခက်အခဲ တွေကို ကျော်လွှားနိုင်ဖို့ ရှေ့ဆက် ကြိုးပမ်းနိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ သင်တို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်ဝတဲ့ အသိုက်အ၀န်း ထဲမှာ ကျမကို လက်ခံတာ အတွက် ကျေးဇူး တင်ပါတယ်။”

ဒီဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ကိုယ်စား တက်ရောက် ယူပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို တ၀မ်းကွဲ ဒေါက်တာ စိန်ဝင်းကတော့ ဒါဟာ တတိယ အကြိမ်မြောက် တောင်အာဖရိကနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုခဲ့တာ ဖြစ်ပြီး ဒီလိုနိုင်ငံမျိုးက ပေးခဲ့တဲ့အတွက် ဂုဏ်ယူသလို ဆက်ပြီး ကူညီဖို့လည်း ပြောပါတယ်။

“ဒီကနေ့ ကမ္ဘာ့နိုင်ငံတွေလိုပဲ အသားရောင်မခွဲတဲ့ နိုင်ငံဖြစ်မြောက်သွားတယ် ဆိုတာက လွယ်လွယ်နဲ့တော့ ဖြစ်တာ မဟုတ်ဘူး။ ဒါတွေကို ကျတော်တို့ မျက်မြင်တွေ့တယ်။ နယ်လ်ဆင် မန်ဒဲလားကနေ တိုင်းပြည်ကို သွေးထွက်သံယို မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်အောင် လုပ်တယ်။ နှစ်ပေါင်း ၂၆ နှစ် ထောင်ကျပြီး နောက်ဆုံးတော့ ဒီ Apartheid (အသားရောင် ခွဲခြားမှု) ကို ကျင့်သုံးတဲ့ လူတွေရဲ့ ခေါင်းဆောင် ကိုယ်တိုင်ကနေပြီးတော့ လက်ခံလာရတာပေါ့။ သူတို့ တိုင်းပြည်မှာ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ သေတာတွေ ရှိတယ်။ အင်မတန်မှ ခက်ခဲတဲ့ နေရာက နေပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ကို ပြန်ပြီးတော့ အခြေကျအောင် လုပ်တာပေါ့။ မြန်မာပြည်မှာ ဒီကနေ့ အခြေအနေကတော့ လွတ်လပ်မှု မရသေးဘူး။ ဒီမိုကရေစီ မရသေးဘူး။ အဲဒီတော့ ဆက်လက်ပြီး ကူညီဖို့ လိုတယ်လို့ ပြောတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၇ ခုနှစ်တုန်းကလည်း အလားတူ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို တောင်အာဖရိက နိုင်ငံ နာတဲလ် တက္ကသိုလ် (University of Natal) က ပေးအပ် ချီးမြှင့်တာကို ခံခဲ့ရပါတယ်။


Ref: VOA News

Read More...

မြစ်ဆုံဆည်ကိစ္စ ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဟု တရုတ်ကုမ္ပဏီပြော

ကိုဝိုင်း
အင်္ဂါနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်မှ ကချင်ပြည်နယ် မြစ်ဆုံဆည် လျှပ်စစ်စီမံကိန်း ရပ်ဆိုင်း လိုက်သည့် အပေါ် ဥပဒေ ကြောင်းအရ ရင်ဆိုင် ဖြေရှင်းရမည်ဟု စီမံကိန်းတွင် အဓိက ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI က တနင်္လာနေ့က သတိပေး ပြောကြားထားသည်။

သမ္မတသစ်အဖြစ် တာဝန်မထမ်းဆောင်မီ နှစ်လအလို စစ်အစိုးရ ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ဖေဖော်ဝါရီလ အတွင်းက မြစ်ဆုံ စီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ခဲ့စဉ် စီမံကိန်း တည်ဆောက်မှုများကို အရှိန်မြှင့်ရန် ပြောခဲ့သေးသဖြင့် နားမလည်နိုင်အောင် ဖြစ်ရသည်ဟု China Power Investment Corporation ဥက္ကဋ္ဌ မစ္စတာ LU Qizhou က တရုတ်နိုင်ငံပိုင် ဆင်ဝှာ သတင်းသို့ ပြောခြင်း ဖြစ်သည်။

မစ္စတာ LU Qizhou ၏ ပြောကြားချက်ကို ဆင်ဝှာသတင်းက ကိုးကားထားရာတွင် “ကျနော်တော့ တကယ့်ကို အံ့သြသွားတာ” ဟု ပါရှိသည်။ "အခုလို စီမံကိန်းကို ရွှေ့ဆိုင်းထားမယ်လို့ ကြေညာလိုက်တဲ့ အတွက် ဆောက်လုပ်ရေး လုပ်ငန်းတွေ ရပ်ထားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဥပဒေကြောင်းအရ ဆက်သွား ရမှာပေါ့” ဟုလည်း ရေးသား ထားသည်။

ရင်းနှီးမြှုပ်နှံငွေ ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ရှိပြီး ၂၀၁၉ တွင် အပြီး လျာထားသည့် BOT စနစ် အကျိုးတူ မြစ်ဆုံ စီမံကိန်းကို “၂၀၀၆ ခု ဒီဇင်ဘာတွင် CPI နဲ့ အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဌာနတို့ အကြား ချုပ်ဆိုသည့် နားလည်မှု စာချွန်လွှာ၊ ၂ဝဝ၉ ခု မတ်လ နှစ်နိုင်ငံ အစိုးရအကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေး သဘော တူညီချက်တွေ အရ CPI က လုပ်ပိုင်ခွင့် ရှိနေတာပါ” ဟု သူက ဆက်ပြောသည်။

အေးရှားဝေါလ် ကုမ္ပဏီလည်း ပါဝင်သည့် စီမံကိန်းအတွက် ဥပဒေကြောင်း အရ လိုအပ်သည့် အကျိုးတူ စီးပွားရေး အကျိုး အမြတ်နှင့် ရင်းနှီး မြှုပ်နှံမှု ခွင့်ပြုချက်များ၊ တရားသူကြီးများ၏ မှတ်ချက်နှင့် သဘောတူ ခံဝန်ချက်များလည်း ရှိနေသည်ဟု CPI ဥက္ကဋ္ဌက အတိအလင်း ထည့်ပြောထားသည်။

စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးပြီး ယဉ်ကျေးမှု အမွေအနှစ်များ ပျောက်ကွယ် ဆုံးရှုံးရပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် လယ်ယာများလည်း ပင်လယ်ရေငံ ဝင်ကာ ပျက်စီးမည့် အန္တရာယ် ရှိနေသဖြင့် လူထုလူတန်းစား အသီးသီးက ကန့်ကွက် နေကြသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ဧရာဝတီမြစ်ကို ထိန်းသိမ်းခြင်းသည် နိုင်ငံ၏ စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ခြင်း သာမက၊ ကျွန်ုပ်တို့၏ ယဉ်ကျေးမှု အမွေနှစ်ကို စောင့်ရှောက်ခြင်းလည်း မည်ပါသည်” ဟု ၂ဝ၁၁ ခု သြဂုတ်လက ပန်ကြားခဲ့သည်။

CPI က နှစ် ၅ဝ စီမံလုပ်ကိုင်ခွင့်ရထားသည့် မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီ အထက်ပိုင်းအပေါ် သက်ရောက်မှုကို CPI က အကုန်ကျ ခံပြီး တရုတ်နိုင်ငံမှ ရေအားလျှပ်စစ် ဆိုင်ရာ လေ့လာ ဒီဇိုင်း ရေးဆွဲသည့် Changjiang Institute အပါဝင် နှစ်နိုင်ငံ ကျွမ်းကျင် ပညာရှင် ၁၀၀ ကျော်တို့က တိုင်းထွာ လေ့လာခဲ့ကြသည်။

“ရေလွှမ်းမယ့် ဧရိယာက ဧရာဝတီမြစ်ညှာ တခုလုံးရဲ့ ၁.၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ စိုက်ပျိုး ဧရိယာကလည်း နည်းနည်းလေးပါ။ ဇီဝမျိုးကွဲ တွေလည်း မထိခိုက်နိုင်ပါဘူး။ မြန်မာလျှပ်စစ် ဝန်ကြီးဌာနကလည်း ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးပြီးတော့ လက်ခံထားပြီး ဖြစ်ပါတယ်” ဟု မစ္စတာ LU Qizhou က ဆက်ပြောသည်။

နိုင်ငံတကာ မြစ်ချောင်းများ ကာကွယ်ရေး အန်ဂျီအိုအဖွဲ့ International Rivers ၏ ထိုင်းနိုင်ငံ တာဝန်ခံ တဦးဖြစ်သူ မစ္စတာ ဖီယန်ဖွန် ဒီထက်စ် Pianporn Deetes ကမူ မြစ်ဆုံဆည် တခုတည်းကို ပြော၍ မရဘဲ ဧရာဝတီ မြစ်ညှာရှိ အခြား စီမံကိန်းများလည်း ရှိသေးသည်ဟု ဆိုသည်။ ဧရာဝတီမြစ်သည် မြောက်ပိုင်း ကချင်ပြည် နယ်မှ ဧရာဝတီ မြစ်ဝကျွန်းပေါ် အထိ မှီတင်း နေထိုင်သူ အားလုံး၏ ဘဝပင် ဖြစ်သည်ဟု ဆိုသည်။

“တနိုင်ငံလုံး အားထားရတဲ့ ဆန်စပါး အဓိကထွက်ရာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသကို ထိခိုက်မှာ အရေးတကြီး စိုးရိမ် စရာပါပဲ။ ပြီးတော့ ဆည်တမံကြောင့် ငါးနဲ့ ရေသတ္တဝါတွေရဲ့ ရွှေ့ပြောင်း သွားလာတဲ့ လမ်းကြောင်းတွေလည်း ပိတ်သွားမှာပါ” ဟု မစ္စတာ ဖီယန်ဖွန် ဒီထက်စ်က မဇ္ဈိမကို ပြောသည်။

ဧရာဝတီမြစ်ဖျား မေခနှင့် မလိခမြစ်ပေါ်ရှိ ရေအားလျှပ်စစ် စီမံကိန်း ရှစ်ခုအနက် စက်တပ်ဆင်အား မဂ္ဂါဝပ် ၆,၀၀၀ ဖြင့် အကြီးဆုံး မြစ်ဆုံ စီမံကိန်း တည်ဆောက်မှုသည် ၁၀ ရာခိုင်နှုန်း ပြီးနေပြီဟု လွှတ်တော်တွင်း တရားဝင် ပြောဆို ချက်များအရ သိရသည်။

ယင်းစီမံကိန်းများ လည်ပတ်လျင် မြန်မာအနေဖြင့် အခွန်ကောက်ခံမှုမှ အမေရိကန်ဒေါ်လာ သန်း ၅,၄၀၀ ရရှိပြီး လျှပ်စစ် အခမဲ့ ရနိုင်မည်ဟု CPI ဥက္ကဋ္ဌက ပြောသည်။

အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ယင်းစီမံကိန်းကို မဖြစ်မနေ ဆက်လုပ်မည်ဟု စက်တင်ဘာ ၁ဝ ရက်နေ့က ပြောကြား ခဲ့ပြီးနောက် ကန့်ကွက်သူများ အကြား ဝေဖန်မှုများကြီး ထွားလာပြီးနောက် စက်တင်ဘာ ၁၇ ရက်နေ့ တွင် နေပြည်တော်၌ အလုပ်ရုံ ဆွေးနွေးပွဲ တရပ် ကျင်းပခဲ့ရာ CPI ဥက္ကဋ္ဌ လည်းတက်ရောက်ပြီး စာတမ်းတစောင် ဖတ်ကြား သွားသေးသည်။

ဆွေးနွေးပွဲတွင် ဝန်ကြီးဦးဇော်မင်းက စီမံကိန်း အကျိုးဆက်နှင့် ပတ်သက်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ အထိ မလေ့လာ ရသေးကြောင်း ဝန်ခံသွားပြီး သဘာဝ ပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုစံ အဖြစ် အသုံးပြုနိုင်မည့် “သဘာဝ ပတ်ဝန်းကျင် ဥပဒေ” မရှိသေးသဖြင့် လေ့လာချက်များ မပြည့်စုံ နိုင်ကြောင်း ပြောဆိုသည်။

International Rivers ၏ ထိုင်းနိုင်ငံ တာဝန်ခံ Pianporn Deetes ကလည်း မြန်မာနိုင်ငံတွင် ပြီးပြည့်စုံသည့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေတခု စတင်ရေးဆွဲရန် လိုအပ်နေကြောင်း သဘောတူသော်လည်း ဧရာဝတီ မြစ်ညှာ စီမံကိန်းများ၏ အချက်အလက် များကို လူထုအား ပွင့်ပွင့်လင်းလင်း ချပြရန် လိုအပ်သည်ဟု ဆိုသည်။

“စီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ကြေညာပြီးတော့ နှစ်နိုင်ငံအစိုးရ တရုတ်ကုမ္ပဏီတွေနဲ့ နောက်ကွယ်မှာ ကြိတ်ပြီး ညှိနှိုင်းတာမျိုး မဖြစ်စေလိုပါဘူး။ လုပ်ငန်းစဉ် အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး စီမံကိန်း ဆိုးကျိုးကို ခံရမယ့် သူတွေအတွက် တာဝန်ခံတာကို မြင်တွေ့လိုပါတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဝှမ်းပေါ်၌ ရေအားလျှပ်စစ် စီမံကိန်း ၁၈ ခုကို အကောင်အထည် ဖော်နေရာ မြစ်ဆုံ စီမံကိန်းသည် စက် တပ်ဆင်အား ၆,၀၀၀ မဂ္ဂါဝပ်ဖြင့် အကြီးဆုံးဖြစ်ပြီး ထာခ စီမံကိန်းသည် ၆ မဂ္ဂါဝပ်ဖြင့် အသေးဆုံး ဖြစ်သည်။ စီမံကိန်း ၁၈ ခုပေါင်းလျင် စက်တပ်ဆင် အား ၂၀,၇၆၀ မဂ္ဂါဝပ် ရှိကြောင်း ၂၀၁၁ နှစ်ဆန်းပိုင်း တရားဝင် ထုတ်ပြန်ချက်များက ဆိုသည်။

Ref: မဇ္ဈိမ

Read More...

ခုနှစ်နှစ်အတွက် သမဝါယမ အမြတ် ၁၈၉ ကျပ်

မျိုးသန့်
အင်္ဂါနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ခုနှစ်နှစ်တာ ကာလအတွင်း ရန်ကုန်တိုင်း သမဝါယမ အသင်းသား များ၏ အစုငွေနှင့် ကုန်ဝယ်ပေါ် အမြတ်ငွေတို့ အတွက် ကျပ်ငွေ ၁၈၉ ကျပ် သာပေးနိုင်ခဲ့ကြောင်း သမဝါယမ ဝန်ကြီး ဦးအုန်းမြင့်မှ အင်္ဂါနေ့ အောက်လွှတ်တော်တွင် ပြောကြားသွားဟု အမတ်များက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ အမတ် ဦးခိုင်မောင်ရည်၏ ရန်ကုန်တိုင်း အတွင်းရှိ သမဝါယမ အသင်းသားများ အစုငွေ အမြတ်နှင့် ကုန်ဝယ် အမြတ်များ မရရှိခြင်းနှင့် စပ်လျင်းသည့် မေးခွန်းကို ဝန်ကြီးမှ ရန်ကုန်တိုင်း အတွင်း သမဝါယမ အသင်းဝင်ပေါင်း ၁ဝ၆,၆၂၉ ဦး အတွက် ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ အမြတ်ငွေ ၂,ဝ၁၉ သိန်း ထုတ်ပေးပြီးဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အသင်းဝင်ပေါင်း ၁၀၆,၆၂၉ ဦးအတွက် အမြတ်ငွေ သိန်း ၂,၀၁၉ ကို တွက်ချက်ကြည့်မည် ဆိုပါက အသင်းဝင် တဦးအတွက် ကျပ်ငွေ ၁၈၉ ကျပ်သာ ရရှိနေခြင်းဖြစ်သည်။

ဝန်ကြီးက ရန်ကုန်တိုင်းအတွင်း ၂၀၁၁၊ ၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် သမဝါယမ အသင်း၏ အစုငွေမှာ ၂,၂၄၅ သိန်းရှိပြီး၊ ရင်းနှီး ပစ္စည်းတန်ဖိုးမှာ ၁,၂၁၅ သိန်းရှိသည်ဟု ထည့်သွင်း ပြောသွားသည်။

ရန်ကုန်တိုင်း အတွင်းရှိ သမဝါယမ အသင်းသားများအတွက် ၁၉၉၃ ခုနှစ်မှ၂ဝဝ၃ ခုနှစ်အထိ ၁ဝ နှစ်တာကာလ အတွင်း အသင်းသား တဦးလျှင် အမြတ်ငွေ ၁,၅၃၁ ကျပ် ပေးနိုင် ခဲ့ကြောင်းလည်း ဆိုသည်။ သို့သော် ထိုနှစ်များအတွင်း ရင်းနှီးငွေများနှင့် အသင်းသား ဦးရေကို ထည့်သွင်း ပြောသွားခြင်း မရှိဟု လွှတ်တော် အမတ်များက ဆိုကြသည်။

သမဝါယမ ဝန်ကြီးဌာန လက်အောက်တွင် တနိုင်ငံလုံး သမဝါယမ အသင်းစုပေါင်း ၃၇ သင်း၊ အခြေခံ အသင်း ၄၃၆ သင်းနှင့် သမဝါယမ အသင်းစုစုပေါင်း ၄၇၅ သင်း ရှိသည်ဟုလည်း ဝန်ကြီးက ဆိုသည်။

အမတ် ဦးခိုင်မောင်ရည်၏ မေးခွန်းတွင် သမဝါယမ အမှုဆောင်များအနေဖြင့် တဦးလျှင် ဆိုင်ခန်း ၄ ခန်း၊ ၅ ခန်းထိ ရယူက ဆိုင်ခန်း ငှားရမ်းခများ ရယူနေကြောင်း စွပ်စွဲကာ မေးခွန်းတွင် ထည့်သွင်း ပြောသွားသည်ကို ဝန်ကြီးက လက်ခံပြီး အဆိုပါ ဖြစ်ရပ်များကို အရေးယူ သွားမည်ဟု ဖြေသွားကြောင်း ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

"ဒါကိုတော့ မအောင်မြင်ဘူးဆိုတာကို သူက လက်ခံတယ် အဓိက ကတော့ ကျနော် စွပ်စွဲခဲ့သလိုပဲ အောက်ခြေမှာ မသမာမှုတွေ ရှိတာကြောင့် မအောင်မြင်တာလို့ ပြောတာပေါ့နော်။ အဲဒါကြောင့် ဒီဟာတွေကို တိတိကျကျ တိုင်ပြီးတော့ သူ့အနေနဲ့ တကယ်ပဲ အရေးယူပေးမယ်၊ လက်ဝါးကြီး အုပ်တာတွေကို တိတိကျကျ တိုင်ပါလို့ပြောတယ်" ဟု ဆိုသည်။

တနိုင်ငံလုံး သမဝါယမ အသင်းပေါင်း ၄၇၅ သင်းတွင် အသင်းဝင် ၆၄၇,၄၅ဝ ယောက်မှ အစုငွေပေါင်း ၇၅၁.၂၅ သန်းဖြင့် ၂ဝ၁၁၊ ၂ဝ၁၂ ဘဏ္ဍာရေးနှစ် အတွက် လုပ်ငန်းလည်ပတ် နေကြောင်းလည်း သိရသည်။

သမဝါယမ အသင်းများအနေဖြင့် အရစ်ကျ ချေးငွေလုပ်ငန်း၊ ဆေးရုံ၊ ဘော်ဒါဆောင်၊ သကြားစက်များ၊ ဆီစက်၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်းများ လုပ်ဆောင် ပေးနေသည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံရေးအကျဉ်းသား ၅ ဦး ဆုရွေးချယ်ခံရ

2011-10-04

ဂျပန်နိုင်ငံ တိုကျိုမြို့ အခြေစိုက် မြန်မာပြည်ဆိုင်ရာ အညတရ သူရဲကောင်းများ ဆုပေးရေး ကော်မတီက ဒုတိယ အကြိမ်အဖြစ် သူရဲကောင်း (၅) ဦး အမည်စာရင်းကို ဒီကနေ့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထဲက သူတို့ကို ရွေးချယ်ခဲ့တာ ဖြစ်ကြောင်း ဆုပေးရေး ကော်မတီက ပြောပါတယ်။

ဒီ အညတရ သူရဲကောင်း(၅)ဦး အမည်စာရင်းကို NLD ခေါင်းဆောင်တွေ ပါဝင်တဲ့ ကော်မတီက ရွေးချယ် ပေးခဲ့တယ်လို့ တိုကျိုမြို့က အညတရ သူရဲကောင်းဆု ပေးရေးကော်မတီ အဖွဲ့ဝင် ဒေါ်လေးလေးက ပြောပါတယ်။

“ဒုတိယအကြိမ် အညတရ သူရဲကောင်းဆု ချီးမြှင့်နိုင်ဖို့အတွက် NLD က ဘဘ ဦးဝင်းတင်နဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကနေ ရွေးချယ်ရေး ကော်မတီ ဖွဲ့ပြီး ကျမတို့ကို ရွေးချယ်ပေးတာ ဖြစ်ပါတယ်။ အခု ရွေးချယ်လိုက်တဲ့ ၅ ယောက်ကို ကျမတို့ အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကနေ မကြာမီ အချိန်အတွင်းမှာ ဆုချီးမြှင့် ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျမတို့ ပထမ အကြိမ်တုန်းက လိုပါပဲ တစ်ဦးကို ကျပ် ၁၀ သိန်းချီးမြှင့်မှာ ဖြစ်ပါတယ်၊ ဒီတခါတော့ ဆုတံဆိပ်ပါ ပါတယ်”

အညတရ သူရဲကောင်း ဆုရှင်တွေဖြစ်တဲ့ ဦးဝိရသူနဲ့ ကိုဇေယျာအောင်ကတော့ မြစ်ကြီးနားထောင်၊ ကိုသန့်ဇော်က သရက်ထောင်၊ ဦးစွမ်းလှအောင်က ကျောက်ဖြူထောင်နဲ့ မမာမာဦးက ဗန်မော်ထောင် အသီးသီးက ဖြစ်ကြပါတယ်။

ဒုတိယ အကြိမ်မြောက် အညတရ သူရဲကောင်းဆု ချီးမြှင့်ပွဲကို NLD ရုံးချုပ်မှာ ကျင်းပသွားဖို့ ရှိပြီး အောက်တိုဘာ လလယ်လောက်မှာ ကျင်းပနိုင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အညတရ သူရဲကောင်းများ ဆုပေးရေး ကော်မတီကို ၂၀၁၁ နှစ်ဆန်းပိုင်းက ဂျပန်နိုင်ငံမှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ပထမ အကြိမ် ဆုကို ပြီးခဲ့တဲ့ ဧပြီလ မြန်မာနှစ်ဆန်း(၁) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် NLD ရုံးချုပ်မှာ ဆုချီးမြှင့် ပေးအပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာတော့ ဇွန်လထဲမှာ အခမ်းအနားတရပ် ကျင်းပခဲ့ပါတယ်။

Ref: RFA News

Read More...

ထိုင်းဝန်ကြီးချုပ်သစ် မြန်မာနိုင်ငံခရီးစတင်

ကိုသားညွန့်ဦး
အင်္ဂါ, 04 အောက်တိုဘာ 2011

ထိုင်းဝန်ကြီးချုပ်သစ် ယင်းလတ် ရှင်န၀ပ်ဟာ အခု ဒီကနေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်သစ် အနေနဲ့ ဒီမြန်မာခရီးစဉ်ဟာ ပထမဆုံး တရားဝင် ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ပါတယ်။ ဒီ ခရီးစဉ်ဟာ အာဆီယံ အတွင်းက ၀န်ကြီးချုပ်သစ် တဦးအနေနဲ့ နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ထွက် မိတ်ဆက်တဲ့ လုပ်ရိုးလုပ်စဉ်လို ဖြစ်နိုင်ပေမယ့် မြန်မာ အစိုးရ လိုလားနေတဲ့ ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေး ကိစ္စ အတွက်လည်း ဆွေးနွေးဖွယ် ရှိတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း ထားပါတယ်။

မစ္စ် ယင်းလတ်ရဲ့ ပထမဆုံး မြန်မာချစ်ကြည်ရေးခရီးစဉ်ဟာ နေ့ဝက်ပဲ ကြာမှာဖြစ်ပြီး နေပြည်တော်မှာပဲ အချိန် ကုန်မယ်လို့ မျှော်လင့် ရပါတယ်။ နေပြည်တော်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေလည်ပိုင်း တွေ့ဆုံပြီး ညပိုင်းမှာတော့ နိုင်ငံတော်ညစာ စားပွဲ တတ်ရောက်မယ်လို့ သိရပါတယ်။ ပြီးရင် ညတွင်းချင်းပဲ ထိုင်းကို ပြန်မှာပါ။ ခရီးစဉ် အတွင်းမှာတော့ နှစ်နိုင်ငံ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေကို အဓိက ထားဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှုး ဦးမျိုးညွန့်ကတော့ အခုခရီးစဉ်ဟာ နှစ်ဘက် အစိုးရကြား ဆက်ဆံရေး ကောင်းဖို့သာ ရည်ရွယ်ပြီး အရင် ထိုင်းက မြန်မာအပေါ် ထားတဲ့ မူဝါဒ ထူးထူးခြားခြား ပြောင်းလဲလာစရာ မရှိဘူးလို့ မြင်ပါတယ်။

“မစ္စ် ယင်းလပ်လာတာက ၀န်ကြီးချုပ်အသစ် တက်လာလို့ရှိရင် ကျန်တဲ့ အာဆီယံနိုင်ငံတွေကို သွားလည်လေ့ရှိတယ်။ Normal and Formal ဖြစ်ပါတယ်။ အဲဒီလို ခရီးမျိုးပါပဲ။ သို့သော်လည်းပဲ ဒီလိုလာရင်းနဲ့ သူက ဘာပြောထားလဲ ဆိုတော့ ဗမာပြည် အစိုးရနဲ့ ပတ်သက်ပြီးတော့ ၂၀၁၄ ခုမှာ ASEAN Chair နဲ့ ပတ်သက်လို့ သူတို့ဘက်ကတော့ ကန့်ကွက်ဖို့ မရှိဘူးဆိုတာကို ပြသဖို့ လာမယ်လို့ ဒီလို ဆိုပါတယ်။ အဲဒါအတွက် အဓိက ထားတယ်လို့ ထင်ပါတယ်။ နောက် စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စများလည်းပဲ ဆွေးနွေးစရာတွေ ပါမယ်လို့ ထင်ပါတယ်”

အရင်တုန်းက သူ့အကို သက်ဆင်ရှင်နာဝပ်လက်ထက်တုံးကတော့ မြန်မာ စစ်အစိုးရနဲ့ ဆက်ဆံရေး တော်တော် ကောင်းခဲ့ပါတယ်။ နောက်ပိုင်း တက်လာတဲ့ ဒီမိုကရက်တစ် အစိုးရနဲ့တော့ ခပ်ခွာခွာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ယင်းလပ် ရှင်နာဝပ် ကိုယ်နှိုက်က အမျိုးသမီးဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း Sympathize ဖြစ်တယ်လို့ ပြောခဲ့တာတွေ ရှိတော့ မြန်မာ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ ဆက်စပ်မှု အနေအထားက ဘယ်လို ဖြစ်လာနိုင်မယ်လို့ ယူဆပါသလဲ။

“ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ Regard ထားတာတို့၊ ဒါတွေကတော့ တပိုင်းဖြစ်ပြီးတော့ သူတို့က ဘာလုပ်လေ့ ရှိလဲ ဆိုတဲ့ အခါကျတော့ တည်ဆဲ အစိုးရနဲ့လည်း အဆင်ပြေအောင် ဆက်ဆံလေ့ ရှိတယ်။ အဲဒီလို ဆက်ဆံလေ့ရှိတဲ့ အထဲမှာ ဒီမိုကရက်တစ် ပါတီ အစိုးရနဲ့ စာလို့ရှိရင် သူတို့က သက်ဆင်တို့ ဘာတို့က ပိုပြီး ဗမာအစိုးရနဲ့ပဲ ဖြစ်စေပေါ့လေ- ပိုပြီးတော့ ရင်းရင်းနှီးနှီး ဆက်ဆံတတ်တဲ့ သူ့တိုင်းပြည်ရဲ့ စီးပွားရေးပေါ့။ သူ့တိုင်းပြည် စီးပွားရေး အတွက် လမ်းကြောင်းကို ရွေးတာပါပဲ။ အခုလည်း သူ ဒီတိုင်းသွားမယ်လို့ ထင်ပါတယ် ခင်ဗျ”

အခုက မြန်မာနိုင်ငံနယ်စပ်မှာရှိတဲ့ အထူးသဖြင့် ထိုင်းနယ်စပ်မှာရှိတဲ့ အဖွဲ့တွေကိုလည်း အစိုးရသစ်က နေပြီးတော့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထုတ်ထားတာ ရှိပါတယ်။ ထိုင်းနဲ့ကလည်း နယ်ချင်း ဆက်နေတဲ့ အခါကျတော့ အရင်တုန်း ကလည်း ထိုင်းက ဒါနဲ့ပတ်သက်လို့ သူတို့က ကြားဝင်ပေးဆိုရင် ၀င်ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှုမျိုးတွေ ရှိတဲ့အခါကျတော့ ယင်းလပ် ရှင်နာဝပ် လက်ထက်မှာကော နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေ အပေါ် သဘောထား၊ နောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်လာနိုင်ခြေ ဘယ်လို ရှိနေပါလဲ ခင်ဗျ။

“ယင်းလပ်တို့ အစိုးရသစ်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ လောလောဆယ်မှာ ရှောင်ရှောင်ပဲ နေမယ်လို့ ကျနော် မြင်တယ်ဗျ။ ”

မြန်မာအစိုးရဘက်ကတော့ ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်စခန်းတွေဟာ သူပုန်တွေရဲ့ အခြေချစခန်း ဖြစ်တယ် ဆိုပြီးတော့ ထိုင်းဘက်ကို ဖိအားပေးလေ့ ရှိပါတယ်။ အခု အခြေအနေမှာ နယ်စပ် ကုန်သွယ်ရေး ကိစ္စကိုတော့ ဆွေးနွေးဖွယ် ရှိပေမယ့် အခြား မြန်မာ လက်နက်ကိုင် သူပုန်တွေ ကိစ္စကိုတော့ ထိုင်းဘက်က တိတိပပ ကိုင်တွယ်မယ် ဆိုတဲ့ အလားအလာတော့ မမြင်ရသေးဘူးလို့ လေ့လာ သူတွေက ယူဆပါတယ်။ နောက် မြန်မာနဲ့ ထိုင်းကြားရှိနေတဲ့ ပြဿနာ တရပ်ကတော့ မြန်မာနိုင်ငံ ဘက်က ထိုင်းဘက်ကို တရားမ၀င် လာရောက်ပြီး လာရောက် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေ မှတ်ပုံတင်ဖို့ ကိစ္စပါ။ ဒီလူတွေကို တရားဝင်ဖြစ်ဖို့ နှစ်နိုင်ငံ ပေါင်းပြီး ဖြေရှင်းမယ်ဆိုတဲ့ ကိစ္စက သဘောထားသာ ဖြစ်နေပြီး လက်တွေ့မှာ အခက်အခဲတွေ ပြေလည်မယ့် လမ်းစ မမြင်ရသေးပါဘူး။

လက်ရှိအားဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးပိုင်းမှာတော့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဒုတိယ အများဆုံး တိုင်းပြည် ဖြစ်တယ်လို့ မြန်မာအစိုးရ မှတ်တမ်းတွေ အရ သိရပါတယ်။ တချိန်တည်းမှာ လည်းပဲ မြန်မာဘက်က စွမ်းအင် အထူးသဖြင့် သဘာဝ ဓာတ်ငွေ့ စွမ်းအင်မှာ စိတ်ဝင်စားမှု ရှိတာကြောင့် ထိုင်းက မြန်မာနဲ့ပိုပြီးတော့ အဆင်ပြေအောင် ဆက်ဆံလာမယ့် သဘောရှိတယ်လို့ သုံးသပ်ကြပါတယ်။

Ref: VOA News

Read More...

မြစ်ကြီးနားနှင့် မိုးမောက်တွင် ပေါက်ကွဲမှု ဖြစ်ပွား

Tuesday, 04 October 2011

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အစိုးရ ၀န်ထမ်းအိမ်ရာ အနီးတွင် တနင်္ဂနွေနေ့က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတဦး သေဆုံး သွားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။

အခင်းဖြစ်ပွားခဲ့သော နေရာသို့ နယ်မြေခံ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးချက်အရ ပြည်သူ လူထုအား ထိခိုက် သေကျေစေခြင်း၊ ထိတ်လန့် ကြောက်ရွံ့စေခြင်း၊ မြို့၊ ရွာ၊ ရပ်ကွက်များ မတည်ငြိမ်စေခြင်း စသည့် အကြံဖြင့် ဖောက်ခွဲရန် စီစဉ်ခြင်း ဖြစ်နိုင်ကြောင်း
သိရသည်ဟု မြန်မာ့အလင်း သတင်းစာက ဆိုသည်။

မိုင်းဖောက်ခွဲရန် လာသူကိုယ်တိုင် တပ်ဆင်နေစဉ် ရုတ်တရက် ပေါက်ကွဲခြင်း ဖြစ်နိုင်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် ဆက်လက် စုံစမ်း ဖော်ထုတ်နေကြောင်းလည်း သတင်းစာတွင် ပါရှိသည်။

သေဆုံးသည်သူ အသက် ၃၀ ခန့် အရွယ် ရှိကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့မှ ဖြစ်ကြောင်း မသိရသေးသော်လည်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က ၎င်းတို့၏ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုထားသည်။ သို့သော် အစိုးရ အာဏာပိုင်များက သောင်းကျန်းသူ ဖြစ်နိုင်သည်ဟု ယူဆကြောင်း သတင်းစာ၌ ရေးသားထားသည်။

ယမန်နေ့ည ၈ နာရီခန့်ကလည်း မိုးကောင်းမြို့ရှိ လွတ်လပ်ရေး ကျောက်တိုင် အနီးတွင် ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ကြောင်း၊ ယင်း ပေါက်ကွဲမှုတွင် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကာမိုင်းဒေသတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။

ပြီးခဲ့သည့်လကတည်းက ဗုံးများဆက်တိုက်ပေါက်ကွဲခဲ့ရာ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ငူ၊ မြစ်ကြီးနား စသည့်မြို့ကြီး များတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

Ref: ဧရာဝတီ

Read More...

Tuesday, October 4, 2011

မြန်မာနိုင်ငံအပြောင်းအလဲ အမေရိကန် အထူး ကိုယ်စားလှယ်ကြိုးပမ်းမည်

ခင်မျိုးသက်
တနင်္လာ, 03 အောက်တိုဘာ 2011

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူး ကိုယ်စားလှယ်အဖြစ် ဧပြီလက သမ္မတ အိုဘားမားက အမည်တင်သွင်း ခဲ့ပြီးတော့ ဇွန်လမှာ အထက် လွှတ်တော် ကြားနာစစ်ဆေးပွဲ ကျင်းပပြီးနောက် ခန့်အပ် ခံခဲ့ရတဲ့ မစ္စတာ ဒဲရက်မစ်ချဲလ် ကို တနင်္လာနေ့က အမေရိကန် နိုင်ငံခြားရေး ဌာနမှာ တရားဝင် ကျမ်းသစ္စာ ကျိန်ဆို ခန့်အပ်ခဲ့ပါတယ်။ မြန်မာ့အရေး အောင်မြင်အောင် အားလုံးနဲ့ တိုက်ရိုက် ဆက်ဆံပြီး အဖြေရဖို့ ကြိုးစားမှာ ဖြစ်သလို မြန်မာနိုင်ငံ အခြေအနေကို အမေရိကန် သမ္မတနဲ့ နိုင်ငံခြားရေး ၀န်ကြီးဆီ မပြတ် လေ့လာတင်ပြပြီး အပြောင်းအလဲတွေ အတွက် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ဖို့ ကြိုးစားမယ်လို့ မစ္စတာ မစ်ချဲလ်က ကျမ်းသစ္စာ ကျိန်ဆိုရာမှာ ကတိပေး ပြောကြား ခဲ့ပါတယ်။ အပြည့်စုံကို ဆက်သွယ် စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ဒီမိုကရေစီရေး ကြိုးပမ်းလာစေဖို့ ချမှတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် တွမ်လန်းတို့စ် ရဲ့ JADE Act ဥပဒေအရ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ ညှိနှိုင်းရေးမှူး ခန့်ထားရေးအတွက် သမ္မတ အိုဘားမားက မစ္စတာ မစ်ချဲလ်ကို ရွေးချယ်ခဲ့တာပါ။ တနင်္လာနေ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာတော့ မြန်မာပြည်သူတွေအပေါ် နားလည်မှု အပြည့်အ၀ရှိတဲ့ မစ္စတာ မစ်ချဲလ်ကို ခန့်ထားတဲ့အတွက် ရှေ့လျှောက် ပိုပြီး ထူးခြားတဲ့အပြောင်းအလဲတွေ တွေ့ရမယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က ပြောကြားခဲ့တယ်လို့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုတဲ့ USCB အဖွဲ့က တာဝန်ခံ ဦးအောင်ဒင်က ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အဓိကပြောတာကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အမေရိကန် အစိုးရရဲ့ အာရုံ စူးစိုက်မှုပေါ့၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ပေါ်ရေးအတွက် အမေရိကန် အစိုးရက တတ်နိုင်သလောက် ကြိုးပမ်း ဆောင်ရွက်နေတယ်၊ ဒီလို ဆောင်ရွက်တဲ့နေရာမှာ dual track policy ပေါ့၊ တဘက်မှာ sanctions နဲ့ ဖိအားပေးမှုတွေကို ဆက်လက် ထိန်းသိမ်းထားပြီး တဘက်မှာကျတော့လည်း မြန်မာ အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံ ဆွေးနွေးပြီးတော့ အပြောင်းအလဲတွေ ဖြစ်အောင် အကြောင်းပြ သိမ်းသွင်းတာကို သူတို့ ဦးစားပေး ဆောင်ရွက်နေတယ်ပေါ့။ အဲဒီလို ဆောင်ရွက်နေတဲ့အခါမှာ အဓိကကျတဲ့ မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးတာရော၊ ပတ်ဝန်းကျင်နိုင်ငံများနဲ့ ညှိနှိုင်းဆွေးနွေးတာရော၊ ပြီးတော့ ပူးပေါင်း အဖြေရှာတာရော။ အဲဒီလိုလုပ်နေတဲ့အချိန်မှာပဲ ပိုပြီးအရေးကြီးတဲ့ အခုလိုမျိုး မြန်မာနိုင်ငံရေးကိစ္စကို အချိန်ပြည့်ဆောင်ရွက်နိုင်မယ့် အထူး သံတမန်တယောက် ခန့်အပ်တာ သူတို့အတွက် အင်မတန် အကျိုးရှိသလိုပဲ မြန်မာနိုင်ငံတွင်းမှာ အစိုးရက အပြောင်း အလဲတွေ လုပ်မယ်ဆိုတဲ့ လက္ခဏာ ပြနေတဲ့ အချိန်မှာ အထူး သံတမန်ရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ အရေးကြီး လာလိမ့်မယ်ပေါ့။

"နောက်ပြီးတော့ ဒဲရက်မစ်ချဲလ် အနေနဲ့ဆိုရင်လည်း မြန်မာနိုင်ငံရေးကိစ္စကို အင်မတန်မှ စိတ်ဝင်စားမှု ရှိတယ်ပေါ့လေ။ သူ့ရဲ့ မြန်မာနိုင်ငံရေး အရေး ကိစ္စအပေါ်မှာ အာရုံစူးစိုက်မှု၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ကြည်ညိုလေးစားမှု ဒါတွေဟာ အင်မတန် ကြီးမားတယ်ပေါ့။ မြန်မာပြည်သူတွေ အပေါ်မှာရော၊ မြန်မာ့ အတိုက်အခံ အင်အားစုတွေနဲ့ နားလည် ရင်းနှီးမှုမှာလည်း သူ့ရဲ့ အခန်း အတိုင်းအတာက ကြီးမားတယ်ပေါ့။ ဒါကြောင့်မိုလို့ အမေရိကန် အစိုးရအနေနဲ့ မြန်မာ့ အရေးကိစ္စ အထူး အချိန်ပြည့် ဆောင်ရွက်ဖို့ အတွက် လူတစ်ယောက်ကို ခန့်လိုက်ပြီ၊ အဲဒီပုဂ္ဂိုလ်ကလည်း မြန်မာ့အရေးအတွက် အထူးတလည် စေတနာရှိတဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက်ကြောင့်မိုလို့ ရှေ့လျှောက် ပိုပြီးတော့ ထူးခြားတဲ့ အပြောင်းအလဲတွေ တိုးတက်မှုတွေ မြင်လာလိမ့်မယ်လို့ သူ မျှော်လင့်တယ်ပေါ့။”

မစ္စတာ မစ်ချဲလ်ကလည်း မြန်မာ့အရေးအောင်မြင်မှုအတွက် အဖြေတခုခုရဖို့ ကြိုးစားမယ်လို့ ပြောကြား ခဲ့တယ်လို့ ဆိုပါတယ်။

“သူ့ကိုပေးအပ်တဲ့ ဘောင်ထဲကနေပြီးတော့ ကြိုးစားပြီးတော့ အောင်မြင်မှုရအောင် ဆောင်ရွက်မယ်၊ အဲဒီလို အောင်မြင်မှုရအောင် ဆောင်ရွက်တဲ့ နေရာမှာ သူ ဖြစ်နိုင်သမျှ အားလုံးနဲ့ တိုက်ရိုက် ဆက်ဆံ ညှိနှိုင်းပြီးတော့ အဖြေတစ်ခု ရအောင် ကြိုးစား သွားမယ်ပေါ့နော်။ သူ အခုဆိုရင် မြန်မာနိုင်ငံအရေး ကိစ္စ တခုတည်းကိုပဲ အာရုံစိုက် လုပ်ရမှာဖြစ်တဲ့ အတွက်ကြောင့် မိုလို့ သူက တွေ့ဆုံရမယ့်သူ အားလုံးနဲ့ တွေ့မယ်။ ပြီးတော့ နည်းလမ်း ပေါင်းစုံ ရှာမယ်။ ဖြစ်နေတဲ့ အခြေအနေတွေကိုလည်း သေချာ သုံးသပ်ပြီးတော့ နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်နဲ့ သမ္မတ တို့ကို တင်ပြပြီးတော့ အပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်တဲ့ အနေအထားမျိုး ဖြစ်အောင် သူ ကြိုးပမ်းမယ်ပေါ့ဗျာ။ ဒါက သူ့ရဲ့ ပြောဆိုချက်ပေါ့။”

အမေရိကန် အထူးသံတမန်အဖြစ်နဲ့ ရွေးချယ်တာခံခဲ့ရတဲ့ မစ္စတာ မစ်ချဲလ်ဟာ စက်တင်ဘာလထဲမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာအစိုးရသစ်အဖွဲ့နဲ့ရော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဖွဲ့အစည်း မျိုးစုံက ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံနိုင်ခဲ့သလို မကြာခင်ကမှ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်လာတဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် ကိုပါ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးရုံးမှာ တွေ့ဆုံခဲ့ပါတယ်။ သူ့ကို ခန့်အပ်ခဲ့တဲ့ အချိန်တိုအတွင်း မြန်မာ့အရေး လုပ်ဆောင်မှုတွေမှာ တိုးတက်မှုတွေ တွေ့ရတယ်လို့ ဦးအောင်ဒင်က ပြောပါတယ်။

“သူ့ရဲ့ တစ်လလောက်အချိန်အတွင်း လှုပ်ရှားမှုတွေမှာ သွက်သွက်လက်လက် မြန်မြန်ဆန်ဆန်နဲ့ မြန်မာ့ အရေး ကိစ္စကို လုပ်နိုင်တာ တွေ့တယ်။ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကိုလည်း အမေရိကန် အစိုးရရဲ့ သဘောထားကို ပိုပြီး ရှင်းရှင်းလင်းလင်း ပြတ်ပြတ် သားသား ပြောနိုင်ခဲ့တာရှိတယ်။ အဲဒီအပေါ်မှာလဲ မြန်မာအစိုးရ ဘက်က တစုံတရာ တုံ့ပြန်ဖို့ အလားအလာတွေလည်း ရှိတာတွေ့ရတယ်။ အဲဒီတော့ ထူးခြားမှု ဆိုတာကတော့ ကျနော်တို့ အချိန် စောင့်ကြည့် ရဦးမှာပေါ့။ အရင်တုန်းကတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲလ် က မြန်မာ့အရေးကိစ္စကို တာဝန်ခံ ဆောင်ရွက်တယ်။ သို့သော်လည်း ကာ့တ်ကမ့်ဘဲလ် ကိုယ်နှိက်ကိုယ်က အာရှနဲ့ပစိဖိတ်ဆိုင်ရာ နိုင်ငံပေါင်း ၄၀ ကျော်ကို တာဝန်ယူရတဲ့အခါ ကျတော့ မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်လို့ရှိရင် နေ့တဓူဝ တာဝန်ယူနိုင်စွမ်း မရှိပါဘူး။ အခုလိုမျိုး မြန်မာ့အရေးကိစ္စကို နေ့တဓူဝ တာဝန်ယူပြီးတော့ ဖြစ်ပျက်သမျှတွေကို တုံ့ပြန်မှုတွေလုပ်ဖို့အတွက် အခုလို အမေရိကန် အထူးသံတမန်တစ်ယောက် တရားဝင် အချိန်ပြည့် ခန့်ထားတဲ့အတွက် ဒါက တိုးတက်မှုတခုပါပဲ။”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ဒဲရက်မစ်ချဲလ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ၀န်ကြီး ကလင်တန် နဲ့တကွ နိုင်ငံတကာက သူ့ကို ချစ်ခင်လေးစားကြတဲ့ ဂျပန်၊ ကိုရီးယား၊ ဗီယက်နန်၊ ကမ္ဘောဒီးယား အပါအ၀င် နိုင်ငံတကာ သံအမတ်တွေ၊ စစ်သံမှူးတွေသာမက မြန်မာ့အရေး ဆောင်ရွက်နေတဲ့ NGO နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနက အဆင့်မြင့် အရာရှိ အများအပြားပါ တက်ရောက်ခဲ့ကြပါတယ်။

Ref: VOA News

Read More...

ဒီမိုကရေစီရေး ထောက်ခံအားပေးဖို့ တောင်အာဖရိကကို ဒေါ်စုတိုက်တွန်း

အေးသန္တာကျော်
တနင်္လာ, 03 အောက်တိုဘာ 2011

မြန်မာနိုင်ငံက တိုက်ခိုက်မှုတွေကြောင့် စိုးရိမ်ပူပန်မိပေမဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှု အောင်မြင်အောင် လုပ်ဆောင်ကြဖို့ သန္နိဌာန် ချထားတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ တောင်အာဖရိက အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေး အတွက် ပိုပြီးတော့ လုပ်ဆောင်ပေးဖို့ တိုက်တွန်း သွားပါတယ်။ တောင်အာဖရိကနိုင်ငံ Johannesburg တက္ကသိုလ်က ဟောပြောပွဲတခုမှာ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်ကနေ မိန့်ခွန်း ပြောသွားတာ ဖြစ်ပါတယ်။ အပြည့်စုံကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အခြေအနေကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေး၊ နိုင်ငံမှာ သွေးစည်း ညီညွတ်မှု ရရှိရေး ကြိုးပမ်းမှုမှာ အဟန့်အတား ဖြစ်နေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။ Johannesburg တက္ကသိုလ်မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ တောင်အာဖရိကနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေး ဘေးကျပ်နံကျပ် အခြေအနေဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်က တဆင့် ဗွီဒီယိုနဲ့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ခက်ခဲတဲ့ အခြေအနေတွေ ရှိနေပေမဲ့ တကယ့်စစ်မှန်တဲ့ ပေါင်းစည်းမှုမျိုး ရရှိအောင် လုပ်ဆောင်သွားမှာပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခမ်းအနားကို တက်ရောက်သူတွေ အင်တာနက် ဗွီဒီယို ဆက်သွယ်မှုက တဆင့် မေးမြန်းမှုတွေ ပြုလုပ် သွားပြီးတဲ့ နောက်မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင် ဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း မြန်မာနိုင်ငံရေး အခြေအနေတွေကို ရှင်းပြရင်းနဲ့ မြန်မာ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ အားဖြည့် ပါဝင်ကြဖို့ တိုက်တွန်းတဲ့ မိန့်ခွန်းကို ဗွီဒီယိုကနေ ပြသခဲ့ပါတယ်။

ဒီအခမ်းအနားမှာ အဓိက ဟောပြောသူ နောက်တစ်ဦးဖြစ်တဲ့ မစ္စတာ ကီရူးနိုင်ဒူး ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် တောင်အာဖရိက အစိုးရ အနေနဲ့ အခုထက်ထိ ပိုပြီးတော့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“တောင်အာဖရိကအစိုးရအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီပေါ်ထွန်းရေးမှာ ပိုပြီး အင်အားစိုက်ထုတ် လုပ်ဆောင်ဖို့ အတွက် ကျနော်တို့ တောင်းဆို ထားပါတယ်။ ဘာလို့လဲ ဆိုရင် ဖိနှိပ်တဲ့ မြန်မာ အစိုးရနဲ့ ပတ်သက်ပြီး တောင်အာဖရိက အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒက သတ်သတ်မှတ်မှတ် မရှိလို့ပါ။ အခုဆိုရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တွေ့လာရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရဲ့တာဝန်ယူနိုင်ဖို့ ယှဉ်ပြိုင်တဲ့နေရာမှာ မျှမျှတတ ပါဝင်နိုင်အောင် ကျနော်တို့ ဆက်လက် ကြိုးပမ်းဖို့ လိုအပ်ပါတယ်။”

တောင်အာဖရိကအခြေစိုက် မြန်မာနိုင်ငံ လွတ်မြောက်ရေးအဖွဲ့ FBC ရဲ့ အဖွဲ့ဝင် မစ္စတာ ကီရူးနိုင်ဒူး (Kiru Naidoo) ပြောသွားတာ ဖြစ်ပါတယ်။ တောင်အာဖရိကအစိုးရဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်တဲ့ အစိုးရတွေကို ဆန့်ကျင်သူတွေ ဘက်က ပြတ်ပြတ်သားသား မရပ်တည်ဘူး လို့လည်း မစ္စတာ နိုင်ဒူးက ဆိုပါတယ်။

ဒီသီတင်းပတ်တွင်း တောင်အာဖရိကမှာ ကျင်းပဖို့ရှိတဲ့ အသားအရောင် တိုက်ဖျက်ရေးမှာ ခေါင်းဆောင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ မွေးနေ့ပွဲအတွက် တိဘက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားတာကို တောင်အာဖရိက အစိုးရက မပေးသေးပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က တောင်အာဖရိက အစိုးရကို ဝေဖန် သွားခဲ့ပါတယ်။ တောင်အာဖရိက အစိုးရဟာ တခြားနေရာတွေမှာ ဒီမိုကရေစီ အတွက် တိုက်ပွဲ ၀င်နေကြတာမှာ အားတက်သရော မပါဝင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့က Johannesburg တက္ကသိုလ်က ဟောပြောပွဲမှာ ဝေဖန် သွားတာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံတွင်းက ပြဿနာတွေကို အောင်အောင်မြင်မြင်နဲ့ ကျော်လွှား သွားနိုင်ကြသူတွေ အနေနဲ့ တိုက်ပွဲ ၀င်နေကြဆဲ သူတွေအတွက် သတိရပေးရင် သိပ်ကောင်းမှာပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ FBC ရဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်းကတော့ တောင်အာဖရိကနိုင်ငံမှာ ဒီလိုမျိုး အခမ်းအနားမျိုး ပထမဦးဆုံး အကြိမ် ကျင်းပနိုင်ခဲ့တာကို ကြိုဆိုကြောင်း ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်တွေ့လိုက်ရတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်တဲ့စိတ် လေးစားတဲ့ စိတ်ကို သူတို့မျက်နှာတွေမှာ မြင်တွေ့ရပါတယ်။ ဗွီဒီယိုပိတ်ခါနီးမှာ လက်ပြကြတာပေါ့နော်။ ပြီးတော့ အခုလို အမေးအဖြေ လုပ်တာတွေကို ကြားရတာရယ်၊ ကီရူးနိုင်ဒူးရဲ့ မြန်မာနိုင်ငံရဲ့ သမိုင်း အစဉ်အလာကို ပြောသွားတဲ့ ကိစ္စတွေ အပေါ်မှာ သူတို့ မြန်မာနိုင်ငံကို ပိုသိလာပြီး ပိုပြီးတော့ ပါဝင် ပတ်သက်ချင်လာတယ် ဆိုတဲ့သဘောကို ကျနော်တို့ တွေ့ရပါတယ်။ ကျနော် ထင်ပါတယ်။ ဒီနေ့ လုပ်လိုက်တဲ့ပွဲဟာ ကျနော်တို့ မြန်မာနိုင်ငံ လွတ်မြောက်ရေး အတွက် ပိုပြီး တက်အားဖြစ်လာမယ့် သဘောမျိုးကို ဆောင်တယ်လို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။”

တောင်အာဖရိကအခြေစိုက် မြန်မာနိုင်ငံ လွတ်မြောက်ရေးအဖွဲ့ FBC ရဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်း ပြောသွားတာ ဖြစ်ပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာတော့ Johannesburg တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဆု ပေးအပ်မှာ ဖြစ်ပြီး သူ့ရဲ့ ကိုယ်စား အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဝင်းကွဲ တော်စပ်ပြီး အဝေးရောက် မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရရဲ့ ၀န်ကြီးချုပ်ဖြစ်သူ ဒေါက်တာစိန်ဝင်းက အခမ်းအနား တက်ရောက်ပြီး ဆု လက်ခံရယူမှာဖြစ်ပါတယ်။

Ref: VOA News

Read More...

ဒေါ်စုတို့ ဆွေးနွေးပွဲတွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ငြိမ်းချမ်းရေးပါရှိ

သောကြာနေ့၊ စက်တင်ဘာလ ၃၀ ရက် ၂၀၁၁

ရန်ကုန် (မဇ္ဈိမ) ။ ။ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနှင့် အစိုးရမှ လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆောင်ရွက် နေသည့် ကိစ္စများကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့က ဆွေးနွေးခဲ့ကြသည်။

ဦးသိန်းစိန်အစိုးရ တက်လာပြီးသည့်နောက်ပိုင်း တတိယအကြိမ်မြောက် ဆွေးနွေးမှုဖြစ်သော ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ရိပ်သာတွင် ၇၇ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးအပြီး နှစ်ဦးအတူတကွ သတင်းစာ ရှင်းလင်းပွဲ လုပ်ရာတွင် ထည့်သွင်း ပြောကြား သွားခြင်း ဖြစ်သည်။

ထို့အပြင် ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေးကို နှစ်ဘက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် ပြည်တွင်း တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ အတွက်လည်း ဆွေးနွေး ခဲ့သည်ဟု ပါရှိသည်။ နှစ်ဘက် ဆက်လက်၍ လည်း ဆွေးနွေးမှု ပြုလုပ်သွားမည်ဟု ကြေညာသွားသည်။

မြစ်ဆုံဆည်စီမံကိန်းကို သူ၏အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဆိုသော သမ္မတဦးသိန်းစိန်၏ လုပ်ရပ်ကို ကြိုဆိုကြောင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ပြည်သူရဲ့ အသံကို နားထောင်တယ် ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ ဒီဟာ အစိုးရတိုင်း လုပ်ရမယ့် ကိစ္စပါ။ ပြည်သူရဲ့အသံကို နားထောင်ရမယ်။ ပြည်သူရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲဒါကြောင့်မို့ ကျမဒါကို ကြိုဆိုပါတယ်” ဟု သတင်းစာဆရာများကို ပြောသွားသည်။ ယနေ့ အစောပိုင်းက နေပြည်တော်တွင် ပြုလုပ်နေသော လွှတ်တော် နှစ်ရပ်သို့ သမ္မတဦးသိန်းစိန်က သဝဏ်လွှာ တစောင်ပေးပို့ရာတွင် ပြည်သူအများ၏ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်ပျက်စီးမည့် စိုးရိမ်နေမှု ရှိသည်ကို ထောက်ပြပြီး မြစ်ဆုံ ဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်း ထားမည်ဟု ပါရှိသည်။

တရုတ်နိုင်ငံနှင့်ချုပ်ဆိုထားသော စက်တပ်ဆင်အင်အား မဂ္ဂါဝပ် ၆,ဝဝဝ ရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းပေါ် မိတ်ဝတ် မပျက်စေဘဲ သဘောတူ လက်ခံ ညှိနှိုင်း ဆောင်ရွက်သွားမည် ဟုလည်း ပါရှိသည်။

သမ္မတ၏ဆုံးဖြတ်ချက်အပေါ် ကြိုဆိုမှုများလည်း အင်တာနက်တွင် တပါတည်းပေါ်ထွက်လာခဲ့သည်။ လွှတ်တော် အပြင်ဘက် အဓိက အတိုက်အခံ ဖြစ်နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ကြားဖြတ် ရွေးကောက်ပွဲ ဝင်လိုမှု ရှိ၊ မရှိဆိုသော အမေးကို လူမှုဝန်ထမ်းဝန်ကြီးလည်း ဖြစ်သော ဦးအောင်ကြည်က အန်အယ်ဒီ အနေဖြင့် နိုင်ငံရေးပါတီ မှတ်ပုံတင်လျှင် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဖြေကြားသည်။

၁၄ နှစ်ကျော် နေအိမ်အကျယ်ချုပ်သို့မဟုတ် အချုပ်အနှောင် ဖြင့် နေခဲ့ရသော နဒ်ါအောင်ဆန်းစုကြည် ကတော့ ပါတီ ထိပ်တန်း ခေါင်းဆောင်များကို တင်ပြပြီးမှသာ အဖြေပေးနိုင်မည်ဟု ဖြေကြားသွားသည်။

"ကျမတို့က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ် အတွက် တစိတ်တပိုင်း ဖြစ်တယ်ဆိုတာ ကျမတို့ လက်ခံပြီးသားပါ။” ဟု ဆက်လက် ပြောဆိုသွားသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာအစိုးရနှင့် ဝ တို့ သဘောမတူတာလည်းရှိ

ဖနိဒါ
တနင်္လာနေ့၊ အောက်တိုဘာလ ၀၃ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ တလလျှင် ကျွန်းနှင့် သစ်မာ တန်ချိန်နှစ်သောင်း ထုတ်ခွင့်နှင့် အစိုးရ ထိန်းချုပ် နယ်မြေသို့ ဝ တပ်များ ဖြတ်သန်း သွားလာခွင့်တို့ အပါအဝင် အချက်ခြောက်ခု အပေါ် မြန်မာအစိုးရနှင့် ဝ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ UWSA တို့ သဘောတူညီမှု မရနိုင်သေးဘဲ ဖြစ်နေကြောင်း ဝ အရာရှိတဦးက ပြောသည်။

UWSA ထိန်းချုပ်နယ်မြေအတွင်း တလလျှင် ကျွန်းနှင့် သစ်မာ တန်ချိန် နှစ် သောင်းအထိ ထုတ်ပိုင်ခွင့်၊ စီးပွားရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်၊ အစိုးရ ထိန်းချုပ်နယ်မြေသို့ ဝ တပ်ဖွဲ့များ သွားလာခွင့်၊ အခြားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်ရပ်ရေး၊ တလျှင် ဆန်အိတ် နှစ်ထောင်၊ ငွေကြေး ထောက်ပံ့ရေးနှင့် ကန့်သတ်နယ်မြေအတွက် ကားလိုင်စင်များ ထုတ်ပေးရေးတို့ အပေါ် ဆွေးနွေးဆဲ ဖြစ်သည်ဟု ဆိုသည်။

ကျိုင်းတုံ၊ တာချီလိတ်၊ တန့်ယန်း၊ လားရှိုးမြို့များသို့ သွားလာနိုင်ရန် ကားလိုင်စင်များ ထုတ်ပေးရန် ဝ ဘက်မှ တောင်းဆို ထားသည်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ၁ ဦးအောင်သောင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ၊ ကြံ့ဖွံ့ အတွင်းရေးမှူး ၂ ဦးသိန်းဇော်တို့နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းအောင်မြတ်တို့ ဦးဆောင်သော အဖွဲ့များနှင့် UWSA ဒုဥက္ကဋ္ဌ ရှောင်မီလျံ ဦးဆောင်သော အဖွဲ့ဝင်တို့ အောက်တိုဘာ ၁ ရက်နေ့က လားရှိုးမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ရက်မသတ်မှတ်ရသေးသော်လည်း နောက်တကြိမ် တွေ့ဆုံမှုကို ဝ တပ်၏ ဗဟိုရုံးစိုက်ရာ ပန်ဆန်းမြို့တွင် ထပ်မံ တွေ့ဆုံရန် သဘော တူညီထားသည်ဟု သိရသည်။

ဗဟိုအစိုးရအဖွဲ့နှင့် ဝ ခေါင်ဆောင်များ သဘောတူညီချက်များကို ယခုတပတ် စနေနေ့တွင် အောက်ခြေ တပ်များသို့ ပြန်လည် ရှင်းလင်း သွားမည်ဟု အခြား ဝ အရာရှိ တဦးက ပြောသည်။

UWSA နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေးသဘောတူညီမှု ရယူချိန်မှာဘဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် မြန်မာ အစိုးရ တပ်ဖွဲ့များ အကြား ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေသည်။ KIO တပ်မဟာ ၄ နယ်မြေဖြစ်သော ရှမ်းပြည်နယ် မူဆယ်၊ ကွတ်ခိုင်၊ တာမိုးနဲ ဒေသများမှ စစ်ပြေးဒုက္ခသည် ၁,ဝဝဝ ကျော်သည် တရုတ်- မြန်မာ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် နေရသည်ဟု တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနား- လိုင်ဇာနှင့် ဗန်မော်ကားလမ်းပေါ်ရှိ ဝိုင်းမော်၊ ရွှေညောင်ပင်ကျေးရွာ၊ ဗန်မော်မြို့မှ မိုးမောက် ကားလမ်းကြောင်းနှင့် တာလောကြီးကျေးရွာ စသည့် ဒေသများအတွင်း တပ်မ ၃၃၊ ၆၆နှင့် ၉၉ တပ်ဖွဲ့ အပါအဝင် ၁,ဝဝဝ ကျော်ခန့် တပ်အင်အား တိုးချဲ့ချထားသည်

Ref: မဇ္ဈိမ

Read More...

လှည်းတန်း ဆန္ဒပြသူများ ပြန်လည်လွတ်မြောက်

မြတ်မိုး
Monday, 03 October 2011

ယမန်နေ့ နေ့လယ်က ရန်ကုန်မြို့ လူစည်ကားသည့် လှည်းတန်းလမ်းဆုံတွင် ဆန္ဒပြကြသော ပြည်မြန်မာ ကုန်တိုက်မှ ဈေးသည် နှစ်ဦးကို အာဏာပိုင်တို့က ၇ နာရီကျော်ကြာ ထိန်းသိမ်းပြီး ပြန်လွှတ် ပေးလိုက်သည်။

ကုန်တိုက်ဆိုင်ခန်းများ အသိမ်းခံရမှုကြောင့် နစ်နာကြေးရလိုမှုဖြင့် ဆန္ဒပြသည့် ဈေးသည် ၂၀ ခန့် အနက်မှ ပိုစတာများ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်သူ မမြတ်သီတာဝင်း၊ မခင်မျိုးလွင်တို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးတွင် ယာယီ အထိန်းသိမ်း ခံရခြင်း ဖြစ်သည်။

"နောက် ဒီလိုမျိုး လုပ်ရပ်မျိုး မလုပ်တော့ပါဘူးလို့ လက်မှတ် ထိုးခဲ့ရတာ" ဟု ပြန်လွတ်လာသူ တဦးဖြစ်သည့် မခင်မျိုးလွင်က ပြောသည်။

လှည်းတန်းလမ်းဆုံသည် ယခင်က ရန်ကုန်မှ တက္ကသိုလ်ကျောင်းသား တို့၏ ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ဖူးသည့် နေရာတခု ဖြစ်သည်။

ပြည်မြန်မာ ကုန်တိုက် ဈေးသည်တို့က နစ်နာကြေးရသည်အထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ် လိုသည်ဟု ဆိုသည်။

ယမန်နေ့ ညနေပိုင်းအထိ ဆန္ဒပြပွဲဖြစ်ခဲ့သည့် ကုန်တိုက်အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိနေကြောင်း မျက်မြင် သက်သေ တဦးထံမှ သိရသည်။

ပြည်မြန်မာကုန်တိုက်မှ ဈေးသည်များသည် ဆိုင်ခန်းပိုင်ရှင်များမဟုတ်သဖြင့် ကုန်တိုက်မှ ဖယ်ရှား ပေးရမည်ဟု စီးပွား/ကူးသန်း ၀န်ကြီးဌာန အကြီးတန်း အရာရှိ တဦးက ပြောသည်။

ဆိုင်ခန်းငှားရမ်းထားသူများက အဆင့်ဆင့် လက်လွဲရောင်းချရာမှ ဆိုင်ခန်းတခန်း၏ ပေါက်ဈေး ကျပ်သိန်းရာချီ ဖြစ်နေကြောင်း၊ ယမန်နေ့က ဆန္ဒပြသူများ သည်လည်း တဆင့် ပြန်လည် ၀ယ်ယူထားသူများ ဖြစ်ကြောင်း ထိုအရာရှိက ပြောသည်။

"ဒီဆိုင်ခန်းတွေက အစိုးရပိုင်တာ။ ဘယ်သူမှ မပိုင်ဘူး၊ တရားမ၀င် စာချုပ်တွေနဲ့ တဆင့် တဆင့် ရောင်းပြီး အခုလို ဆူပူမှုလုပ်တာ မကောင်းဘူးပေါ့ဗျာ" ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

ပြည်မြန်မာကုန်တိုက်ကို စီးပွား/ကူးသန်းဝန်ကြီးဌာနက ယခုနှစ်အတွင်း လေလံတင် ရောင်းချခဲ့ရာ ငှားရမ်းထားသော ဈေးသည် များက ကုန်တိုက်မှ ပြောင်းရွှေ့ပေးခဲ့ရသည်။

လေလံရသွားသူမှာ AA စီးပွားရေးအုပ်စုနှင့် Myanmar Marketing Research and Development ကုမ္ပဏီတို့ ဖြစ်သည်။

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံရှိ စက်ဝိုင်းပုံ တည်ဆောက်ထားသော ပြည်မြန်မာကုန်တိုက် အဆောက် အအုံတွင် ဆိုင်ခန်းပေါင်း ၉၀ ကျော် ရှိသည်။

Ref: ဧရာဝတီ

Read More...

အပေါ်သို့