..............................

Saturday, October 25, 2008

သတင်းစာ ဆရာကြီး ဦးဝင်းတင်နှင့် တွေ့ဆုံခြင်း

Thursday, 25 September 2008
ရဲနည်

“ကျနော့် မှာလည်း တခါ တလေ ကျတော့ စိတ်ပျက်တာ အားငယ်တာ စိတ်ဆင်း ရဲတာ စိတ်ညစ်တာ မခံနိုင် တော့အောင် ဖြစ်တာ ရှိတာပေါ့ …

လူပဲဗျာ။ ကျနော်လည်း သံနဲ့ထုထားတဲ့ လူမဟုတ်ဘူး”

မေး။ ။ ပထမဦးဆုံး မေးခွန်း အနေနဲ့ပေါ့နော် … ဆရာကြီးကို အခုလို ဘာကြောင့် လွှတ်ပေး လိုက်တယ်လို့ ဆရာကြီး ထင်ပါသလဲ။

ဖြေ။ ။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်တယောက်တည်း ဖြစ်တာကိုပြောတာနော် … တခြားလူတွေတော့ ကျနော်မသိဘူး။ ကျနော်တယောက်တည်းနဲ့ ပတ်သက် လို့တော့ ဒါမရိုးမသားလုပ်တာ … လိမ်တာပဲဗျ။ ဘာလို့ လိမ်တာလဲဆိုတော့ ကျနော်က ထောင်အနှစ် ၂၀ ကျတယ်ဗျာ။ ထောင်ရဲ့ထုံးစံက တနှစ်မှာ လျှော့ ရက်ဆိုတာ သုံးလကို ရှိတယ်ဗျ။ အဲတော့ အနှစ် ၂၀ ကျတဲ့လူက ၁၅ နှစ် ၁၆ နှစ်လောက်လျှော့ပေးရင် ဘယ်လောက်လောက် ရလဲဆိုတော့ တနှစ်ကိုဗျာ ၃ လ၊ ၁၆ နှစ် ဆို တော့ ၄၈ လ၊ ၄ နှစ်တောင်ရတယ်။ ၁၆ နှစ်ကျော်ကျော်ဆိုရင် လွတ်တယ်ဗျ။ ကျနော်က လွတ်ရမယ့်ဟာ အဲဒီဟာကို ကျနော့်ကို လွတ်တဲ့အထဲ မထည့်ဘဲနဲ့ ကျနော့်ကို 401 ထဲမှာ အမှုထည့်တယ်။ အဲဒါကို လက်မခံဘူးဆိုတော့ ကျနော် နဲ့ စကားများတယ်။ နောက်ကြောင်းလေး ပြန်ပြောရရင် ကျနော် ဒီ 401 ဆိုတဲ့ လက်မှတ်ထိုးတာ သို့မဟုတ် ပြစ်ဒဏ်ကို လျှော့ပြီးတော့ လွှတ်ပေးတာ သို့မဟုတ်လည်း ဆလံပေးထွက်တာ၊ ဒူးထောက်ထွက်တာ မလုပ်ဘူး ဆိုပြီးတော့ ၉၀ ခုနှစ် ကတည်းက ငြင်းခဲ့တယ်။

ကျနော့်ကို ပထမ ထောင် ၃ နှစ်ချတယ်။ ၈၉ မှာထောင်ချတယ်။ ၉၁ ခုနှစ်မှာ ကျနော့်ကို ထပ်ထုတ်ပြီးတော့ ထမင်းတွေ ဘာတွေကျွေး လုပ်သေးတယ်။ အဲဒါကို 401 နဲ့ လွှတ်မယ်လို့ ပြောတယ်။ ကျနော် ငြင်းခဲ့တယ်။ နောက်တခါ ကျနော့်ကို ၉၅ မှာ ဦးကြည်မောင်တို့ ဦးတင်ဦးတို့ လွတ်တဲ့အချိန်မှာ ကျနော့်ကို ခေါ်ပြီးတော့ 401 နဲ့ ထွက်ဖို့ပြောတယ်။ ကျနော် ငြင်းခဲ့ တယ်။ နောက်တခါ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလမှာ ကျနော် ဆေးရုံတက်နေတုန်းမှာ ကျနော့်ကို လာပြီးတော့ 401 နဲ့ လက်မှတ်ထိုးပြီး ထွက်ဖို့ လာပြောတယ်။ ကျနော် ငြင်းခဲ့တယ်။ အဲဒီလို အကြိမ်ကြိမ် ငြင်းခဲ့တဲ့ 401 နဲ့ ကျနော့်ကို ထည့်တယ်။ တကယ်က ကျနော်က လွတ်ရက်စေ့တဲ့လူ အနေနဲ့ လွှတ်ကိုလွှတ်ရမယ် … ဒါပဲ။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အစိုးရဟာ ကျနော့်ကို လိမ်တာ၊ ညာတာ၊ စစ်အစိုးရဟာ ဒီအုတ်ရောရော ကျောက်ရောရောထဲမှာ ကျနော့်ကို ရောထည့်တာ။ ပြဿနာတွေ အကုန်လုံးကို ရေရောပစ်တာ … ကျနော် အဲဒီ သဘော ပြောတာ။

မေး။ ။ နောက်မေးခွန်းတခုက ၁၉ နှစ်ကျော်ကျော်ကြာ ဆရာ ထောင်ထဲမှာ ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့တာက ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျနော့်မှာလည်း တခါတလေကျတော့ စိတ်ပျက်တာ အားငယ်တာ စိတ်ဆင်းရဲတာ စိတ်ညစ်တာ မခံနိုင် တော့အောင်ဖြစ်တာ ရှိတာပေါ့ … လူပဲဗျာ။ ကျနော်လည်း သံနဲ့ထုထားတဲ့ လူမဟုတ်ဘူး။ ကျနော် ဘာဖြစ်လို့ နေနိုင်လဲ ဆိုတာ ကျနော် တွက်တဲ့အခါမှာ ဘာသွားတွေ့လဲဆိုတော့ ကျနော် အမြဲတမ်း တလျှောက်လုံး လမ်းစဉ် (စုလွှတ်တွေ့) ဆိုတဲ့ လမ်းစဉ်ပဲ။ စုဆိုရင် ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ လွှတ်ဆိုတာက လွှတ်တော်ခေါ်ယူ ကျင်းပရေး၊ နောက်ဆုံးက တွေ့ဆိုတဲ့ဟာ တွေ့ဆုံဆွေးနွေးရေး။ ဒီသုံးခုကို ကျနော် apply လုပ်ပြီးတော့ နေတာပဲဗျ။ ဘယ်ပြဿနာ ပေါ်လာလာ ကျနော်က ဒီသုံးခုနဲ့ apply လုပ်တယ်။ apply လုပ်တယ်ဆိုတာ ဥပမာ ထောင်ထဲမှာ အကျဉ်းသားအခွင့်အရေးကို တောင်းဆိုတယ်။ နိုင်ငံရေး သဘောထား မေးလာရင် ကျနော်က လွှတ်တော် ခေါ်ယူရေးနဲ့ ပြောတယ်။ တွေ့ဆုံဆွေးနွေးရေး ကျနော် ပြောတယ်။ ဥပမာဆိုရင်တော့ ခေါင်းဆောင် ကြီးများနဲ့ တွေ့တဲ့ ဟာမျိုး မလုပ်နိုင်ရင်တောင်မှ ကျနော်တို့က ထောင်အာဏာပိုင်တွေနဲ့ တိုက်ရိုက်တွေ့ချင်တယ် အဲဒီလိုမျိုးနဲ့ တွေ့ဆုံ ဆွေးနွေးလိုင်းကို တလျှောက်လုံး ကျနော်ကိုင်လာတယ်။

နောက်တခု ကျနော်ကိုင်တဲ့ဟာတခုက ရံသုံးရံပဲ။ အန်အယ်လ်ဒီ နိုင်ငံရေး မြင့်သွားတာရှိတယ် နိမ့်သွားတာရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျနော် အန်အယ်လ်ဒီကို ဝန်းရံထားမယ်။ ဒါ ကျနော်တို့ အဖွဲ့အစည်းပဲ။ ဒီအဖွဲ့အစည်းနဲ့ ကျနော်တို့ရှိနေ တယ်။ ဒီမိုကရေစီ ဆိုလို့ရှိရင် အဖွဲ့အစည်းဆိုတာ ရှိရမယ်။ ဒီအဖွဲ့ပျက်သွားရင် သူတို့က ကြိုက်မှာပေါ့။ ကောင်းတာ မကောင်းတာ ရှိလားဆိုတော့ မကောင်းတာကို ကောင်းတဲ့အနေအထားနဲ့ ရှိအောင်နေရမယ်။ အဲဒါကြောင့် အန်အယ်လ်ဒီ ကို ဝန်းရံကြရမယ်။ နောက်တခုက ကျနော်တို့ လွှတ်တော်ကို ဝန်းရံရမယ်။ လွှတ်တော်ဆိုတာ ရှင်းရှင်းပြောရင် ပြည်သူရဲ့ Mandate ကို လွှတ်တော်ကနေ ရထားတာ။ ကျနော်တို့ အန်အယ်လ်ဒီတင် ရတာမဟုတ်ဘူး။ နိုင်ငံရေးအရ ပြောတာ။ အခြားသောပါတီတွေရော၊ ဒါကြောင့်မို့ လွှတ်တော်ကို ဝန်းရံကြရမယ်။ နောက်တခုက ဒေါ်စုရဲ့ ခေါင်းဆောင်မှုကို ဝန်းရံရ မယ်။

ရှင်းရှင်းပြောရရင် ဒီတိုက်ပွဲကြီး တခုလုံးထဲမှာ ဒေါ်စုဟာ အလွန်အရေးကြီးတဲ့ ပုဂ္ဂိုလ်ဆိုတော့။ ဒေါ်စုမှာ ချို့ယွင်းချက် ရှိချင်ရှိမယ်။ ဒေါ်စုကို ကျနော် ပုဂ္ဂိုလ်ရေးကိုးကွယ်တာ မဟုတ်ဘူး။ ဒေါ်စုရဲ့ အခန်းကဏ္ဍ ဒေါ်စုရဲ့လုပ်ဆောင်ချက်သည် ဒီနှစ် ၂၀ ကာလမှာ အလွန်အရေးကြီးတယ်။ အဲလောက်ကို အလွန်အရေးကြီးတဲ့ အနေအထားမှာရှိတဲ့အတွက် ဒေါ်စု ခေါင်းဆောင်မှုကို ဘယ်လိုမှ သေးသိမ်အောင် လုပ်လို့မရဘူး … လျော့ပေါ့အောင် လုပ်လို့မရဘူး။ ဒါကြောင့် ကျနော်တို့ ဒေါ်စုခေါင်းဆောင်မှုကို ဝန်းရံကြပါ။

အဲဒီ ကြွေးကြော်သံ သုံးရပ်၊ တောင်းဆိုချက်သုံးရပ် အဲဒါနဲ့ ကိုင်ရှင်းပြီးတော့ ကျနော်နေတဲ့ အတွက် ဒီလောက်ခံနိုင် တယ်လို့ ကျနော်တော့ထင်တယ်။ သို့သော် ခုနပြောသလို လူပဲဗျာ … သံနဲ့ ထုထားတာမှ မဟုတ်ဘဲ။ စိတ်ညစ်တာတွေ ကျန်းမာရေး ချို့ယွင်းတာတွေလည်း ရှိမယ်။ ကျနော် အမြဲတမ်း နိုင်ငံရေးနဲ့ပတ်သက်ပြီး မျက်ခြည်မပြတ်နေနိုင်တာ၊ စိတ်ဓာတ် အင်အားတွေ တောင့်ခံနိုင်တဲ့ဟာ၊ အဲဒီ ကြွေးကြော်သံ သုံးရပ်၊ တောင်းဆိုချက် သုံးရပ်ကြောင့်လို့ထင်တယ်။

မေး။ ။ စစ်အစိုးရက ဒေါ်စုနဲ့လည်း တွေ့နေပြီလို့ပြောတယ်ဆရာ။ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို သူတို့ ကျင်းပ မယ်လို့ ပြောနေတယ်။ ဒီရွေးကောက်ပွဲ ကျင်းပရေး လမ်းကြောင်းကသာ Pragmatic ဖြစ်တယ်ဆိုပြီးတော့ အခုဆိုလို့ရှိရင် ဆရာ မောင်စူးစမ်းတို့ ကပါ ပြောလာတာရှိတော့ ဒီ ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းကိုရော ဆရာ ဘယ်လိုထင်လဲ။

ဖြေ။ ။ ကျနော်က အဲဒါနဲ့ ပတ်သက်လို့တော့ ဒိုင်ယာလော့နဲ့ပဲ တတွဲတည်း တွဲပြီးတော့ စဉ်းစားရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် စစ်အစိုးရဟာ လမ်းကြောင်းကို ပိတ်ထားတယ်။ လမ်းတားလိုက်တာ။ ရှေ့အတွက် လမ်းပိတ် နေပြီ။ လမ်းပိတ်ဖို့ အတွက် ပေါ်လာပြီ။ ကွန်စတီကျူးရှင်း ဆိုတာ ပေါ်လာပြီ။ အဲဒီ ကွန်စတီကျူးရှင်း ထဲက ထွက်လာမယ့် ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့၊ ရွေးကောက်ပွဲ ဥပဒေတို့ ဒါတွေလည်း စပေါ်လာပြီ။ အဲဒီတော့ လမ်းပိတ်သွားပြီ။ အဲဒီတော့ ကိုစူးစမ်းတို့က ဒိုင်ယာလော့က အဆင်တန်ဆာ ဖြစ်သွားပြီလို့ ပြောနေတယ်။ ကျနော် လက်မခံဘူး။ ဒါ အညံ့ခံလိုင်းပဲ။ ဟုတ်တယ် လမ်းပိတ်မနေဘူးလား … ပိတ်တာပေါ့။ ပိတ်နေတာကို အခုမှ လမ်းပိတ်တာလို့ ထအော်ရင် အဲဒီလူဟာ တော်တော်ညံ့ တာပဲ။ ပိတ်နေတာ ရှင်းရှင်းပြောရရင် ၁၉၉၂ National Convention ခေါ် ကတည်းက သူတို့က ဒီဟာကို ကြံခဲ့ပြီးသား။ ကျနော်တို့ ဒါကြောင့် အမြဲတမ်း ပြောနေတယ်။ သူတို့ကို legitimacy မပေးနိုင်ဘူး။

NC နဲ့ ပတ်သက်ပြီး ကျနော်တို့ သပိတ်မှောက်ရမယ်ဆိုတာက ၉၃ တုန်းက ကျနော် ပြောခဲ့ပြီးပြီ။ ဒါ အားလုံးရှေ့မှာ။ အမေရိကားက Mr. Bill Richardson လာတွေ့တယ်။ ထောက်လှမ်းရေးတွေရော ဘာတွေရော ထောင်အာဏာပိုင်တွေရော သတင်းထောက် တွေရော။ အဲဒီမှာ ကျနော်ပြောခဲ့တယ်။ ကျနော်လက်မခံဘူး။ ဒါ Sham ၊ ဒါ အတုအယောင်ပဲ။ အဲဒါကို သပိတ်မှောက်ရမယ်။ ခင်ဗျားတို့ ကျနော်တို့ အားလုံးအတွက် ဆိုရင်တော့ အနည်းဆုံးတော့ သပိတ်မှောက်ရမယ်။ ဆိုလိုတာက ဒီတခါးကြီး ပိတ်တော့မယ် ဆိုတာ သူတို့က ၉၂ လောက်ကတည်းက ကြံရွယ်ပြီးသားပဲ။ အဲဒါအခုမှ ကျနော်တို့ ပြောနေတာ မဟုတ်ဘူး။ ကျနော်က ၉၂ လောက်တုန်းက သူတို့လုပ်တာလည်း အမြဲတမ်း ကန့်ကွက်ခဲ့တယ်။

ကျနော်တို့က ဒီမိုကရေစီနည်းကျ တွေ့ဆုံဆွေးနွေး ဖြေရှင်းမယ်ဆိုတာ စိတ်ထဲမှာ ရှိတယ်။ ကျနော်တို့က တွေ့ဆုံဆွေးနွေး ရေးကို ၉၂ မတိုင်ခင်က ၈၈ အောက်တိုဘာလကတည်းက အန်အယ်လ်ဒီက ကိုင်စွဲခဲ့တဲ့ လိုင်းဖြစ်တယ်။ ဒီလိုင်းက ဒေါ်စု ကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ န၀တ ကို ပို့ခဲ့တဲ့လိုင်း။ အောက်တိုဘာ လကတည်းက။ ဒီဒိုင်ယာလော့လိုင်းက တလျှောက် လုံးရှိနေတာ၊ အဲဒီထဲမှာ သူတို့က NC လိုင်းတွေတင်လာတယ်၊ အခုတခါ နောက်ဆုံးပိတ် ဖွဲ့စည်းပုံလိုင်း။ လမ်းပိတ်နေတယ်၊ အဲဒီ ပိတ်နေတာကို ကျနော်တို့ နဂိုကတည်းက မြင်နေတာပဲ၊ အဲဒါကို ဒိုင်ယာလော့ နည်းနဲ့ ဖြေရှင်း မယ်။ ဒိုင်ယာလော့နည်းနဲ့ ကျနော်တို့ ဟာတွေကို တင်ပြမယ်၊ ဒိုင်ယာလော့နည်းနဲ့ သူတို့ ခြေလှမ်းတွေကို ဖျက်မယ် ဆိုပြီးတော့ ကျနော်တို့ ကိုင်စွဲခဲ့တာပဲ။

ဒီနေ့ ကျနော်တို့ လမ်းပိတ်နေတာကို မြင်နေသော်ငြားလည်း လမ်းပိတ်သွားတဲ့ အထိတော့ ကျနော်တို့က ဒိုင်ယာလော့ကို တောင်းဆိုနေမှာပဲ။ လမ်းမပိတ်အောင်ပြောနေမှာပဲ။ ဒိုင်ယာလော့က ဒါပဲ။ အဲဒါကို ဒိုင်ယာလော့က အဆင်တန်ဆာပဲ ဆိုတာ ကျနော်လက်မခံဘူး။ ဒါ အညံ့ခံတဲ့လိုင်းပဲ။ ရှင်းရှင်းပြောရင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုလို့ရတယ်။ အနည်းဆုံးတော့ ခင်ဗျားတို့ ဒါတွေခဏ ဆိုင်းထားပါဦး။ တွေ့ဖြစ်အောင်တွေ့ရမယ်။ လမ်းပိတ်တာတွေ မပိတ်နဲ့ဗျာလို့ ပြောလို့ရရမယ်။ ဒါတွေပြင်ပါလို့ ဘာဖြစ်လို့ မပြောနိုင်ရမှာလဲ ။ပြီး ပြီး ရောသွားလို့မရဘူး။ ကျနော်က အဲလိုပဲ ယူဆတယ်။

မေး။ ။ ဟုတ်ကဲ့ ဆရာ၊ နောက်မေးခွန်းတခုက ဆရာ အခုအနေနဲ့ ဆရာ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ တွေ့ခွင့်ရ မယ်ဆိုရင်၊ ဆရာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာတွေများ အကြံဥာဏ်ပေးနိုင်မလဲ၊ ဆရာ ဘာတွေ ပြောမလဲ ဆရာ။

ဖြေ။ ။ အမှန်တိုင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ပဲဗျ။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု ကိုလည်း ခံယူတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအားဖြင့်ရော၊ စိတ်ဓာတ် အားဖြင့်ရော စွန့်လွတ်မှု၊ အနစ်နာခံမှု အားလုံးက ကျနော်တို့ထက် အများကြီးကို စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်။ အခုမှမဟုတ်ဘူး၊ ဟိုတုန်းက လည်း ယူဆတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထက်မြက်မှု၊ စိတ်ဓာတ် ခိုင်မာမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Commit ဖြစ်မှု စွဲမြဲမှု ဒါတွေ ကျနော် အကုန်လုံးလက်ခံခဲ့တယ်။

ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ခင်ဗျားစိတ်ကူး ဘာတွေရှိသလဲ။ အဲဒါတွေ ကျနော်ဘာလုပ်ပေးနိုင်မလဲ။ ဒီမေးခွန်းပဲ ကျနော်မေးမယ်။ ဒေါ်အောင်ဆန်းစုကြည်မှာ ရှိပြီးသားဖြစ်တယ်လို့ ကျနော်ယုံတယ်၊ ဒါ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုနဲ့ ပြောနေတာ မဟုတ်ဘူး၊ ကျနော်ဘာပြောမလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည် ခင်ဗျားဘာအကြံရပြီလဲ။ ခင်ဗျားဘာတွေများတွေးပြီးပြီလဲ၊ ခင်ဗျား ဘာတွေများ မြင်ပြီးပြီလဲ။ ဘာတွေများလုပ်ဖို့ ကျန်သေးလဲ။ ကောင်းပြီအဲဒါဆိုရင် ကျနော် လုပ်နိုင်တဲ့ဟာတွေ သုံညပဲဖြစ်ဖြစ် သုံညထက် နည်းနည်းကျော်တဲ့ ၁ ပဲ ဖြစ်ဖြစ်၊ ဒါတွေကျနော်လုပ်ပေးမယ်။ ကျနော်လုပ်နိုင်တဲ့ဘက်က ၀င်လုပ်ပေးမယ်။

ကျနော် နိုင်ငံရေးလုပ်တာ ၉ လ ပဲ ကြာတယ်၊ အခုထောင်ထဲမှာ ၁၉ နှစ်နေလာရတာ၊ အဲဒီတော့ နိုင်ငံရေးမှာ မအူမလယ် ဆိုတာ ထင်ရှားနေတာပဲ၊ ကျနော်က အလုပ်လုပ်တာ၊ ကျနော့်ကို အမျိုးမျိုးပြောကြတာပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးနိုင်တယ်တို့ ဘာတို့၊ အဲဒါတွေကို ကျနော်ငြင်းတယ်၊ ကျနော့်ကိုယ် ကျနော် နှိမ်ပြီးပြောတာလည်း မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က ထူးထူးချွန်ချွန်ကို တော်တယ်လို့ ကျနော်ယူဆတယ်၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းထဲက ထွက်လာတဲ့ အကြံဥာဏ်တွေဟာ ပြင်စရာ မရှိလောက်အောင်ကို ကောင်းတယ်၊ အဲဒါတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကျနော် အချိန်ပြည့်လုပ်တယ်၊ ဒါပဲ။ ကျနော်က တယောက်တည်း သမားဆိုတော့ သူများထက်ပိုအလုပ်လုပ်နိုင် တယ်၊ အရင်ကတည်း က တနေ့ကို ၁၅ နာရီ ၁၆ နာရီ အလုပ်လုပ်တာ၊ ကြေးမုံသတင်းစာ လုပ်တုန်းကလည်း ဒီလိုပဲ။

မေး။ ။ နောက်တခုက ဝေဖန်ရေးလုပ်တဲ့ သူတွေက ဒေါ်အောင်ဆန်းစုကြည်မရှိရင် အန်အယ်လ်ဒီက သေသွားပြီတို့ ဘာတို့ ပြောကြတာရှိတယ်၊ အခုဟာကလည်း ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ်နဲ့ နေရတဲ့ အတွင်းမှာ တချို့ ဝေဖန်ရေး လုပ်တဲ့လူတွေက ပြောတာပေါ့၊ နိုင်ငံရေးအပြောင်းအလဲ ဖြစ်အောင် လက် ရှိ အန်အယ်လ်ဒီရဲ့ ဦးဆောင်မှုက အားပျော့တယ်တို့ ဝေဖန်နေသလို၊ နိုင်ငံရေး အပြောင်းအလဲကို အန်အယ်လ်ဒီ က လုပ်မပေးနိုင်ဘူးလို့ စွပ်စွဲတဲ့ လူတွေ လည်း ရှိတယ်၊ အဲဒါ အခု လက်ရှိ အန်အယ်လ်ဒီ ဦးဆောင်မှုအပိုင်းကိုရော ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ ခင်ဗျားမေးခွန်းက ၂ ပိုင်းဗျာ၊ စိတ်ဝင်စားစရာကောင်းလို့ ကျနော် ပထမပိုင်းကို အရင်ပြောချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်က ရှင်းရှင်းပြောရင် သူဟာ အလွန်တော်တဲ့ပုဂ္ဂိုလ်၊ အလွန်ချီးကျူးစရာကောင်းတဲ့ ပုဂ္ဂိုလ် ဆိုတာမှန်တယ်။ သို့သော် အဖွဲ့အစည်းတခုက ဒေါ်အောင်ဆန်းစုကြည် မရှိရင်လည်း ဖြစ်ရမှာပဲဗျ။ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည် မပါလည်း ဖြစ်နေမယ်လို့ ပြောတာဟာ ဒေါ်အောင်ဆန်းစုကြည် အရေးမပါဘူးလို့ ပြောတာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဆိုသော ခေါင်းဆောင် တယောက်ဆိုတဲ့ဟာက မပျောက်ဘူးဗျ။

ဗိုလ်ချုပ် အောင်ဆန်းဗျာ သေသွားတယ်၊ သတ်ပစ်လို့ သေသွားတယ်ဗျာ၊ အောင်ဆန်း Spirit ဆိုတာက ကျန်တဲ့အခါကြတော့ ဖဆပလ က အများကြီး ဆက်ပြီးတော့ အဒွန့် ရှည်နေတယ်၊ အောင်ဆန်းသေတာနဲ့ ဖဆပလ ပျက်သလား။ မပျက်ဘူးဗျ။ အလားတူဘဲ ဒေါ်အောင်ဆန်းစုကြည် သေတာနဲ့၊ ဒေါ်အောင်းဆန်း စုကြည် မရှိတာနဲ့ အန်အယ်လ်ဒီက ပျက်မယ်ဆိုတာ ကျနော် မယုံဘူး၊ အနည်းဆုံး အောင်ဆန်းစုကြည် Spirit ဆိုတဲ့ အောင်ဆန်းစုကြည် စိတ်ဓာတ်ဆိုတာ ရှင်သန်နေဦးမှာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် သေသွားလို့ပဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် မလုပ်လို့ဘဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံတဲ့ဟာ စံနမှုနာယူ စိတ်ဓာတ် အနေနဲ့ ကျန်နေမှာပဲ။

ဒီစိတ်ဓာတ်တွေက အန်အယ်လ်ဒီမှာ ကိန်းကောင်းနေတဲ့ ကာလပတ်လုံး၊ ကိန်းအောင်း အောင် လုပ်နိုင်သမျှ ကာလ ပတ်လုံး ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသမီးတယောက်၊ လူ တယောက်အနေနဲ့ ရှိခြင်း၊ မရှိခြင်း၊ ရပ်တည်ခြင်း၊ မရပ်တည်ခြင်းနဲ့ သိပ်တော့ မဆိုင်တော့ဘူး၊ အောင်ဆန်းစုကြည် စိတ်ဓာတ်ဆိုတဲ့ ဟာကြီးက ရှိနေရင် အဖွဲ့အစည်းဟာ ရှင်သန်နိုင်မယ်လို့ ကျနော် ယူဆတယ်။

ဒုတိယ အချက်က လက်ရှိခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့။ ဒါတွေက လူတွေပဲဗျ၊ လူတွေဘဲ၊ ဟုတ်လား။ ဥပမာ ကျနော့်ကို မနေ့တုန်း က မိတ်ဆွေတယောက်က သိပ်ပြီးတော့ emotional မဖြစ်ပါနဲ့တဲ့။ ဟုတ်ပါတယ်၊ ကျေးဇူးတင် ပါတယ်။ ဒါပေမယ့် ကျနော် emotional ဖြစ်တာမဟုတ်ဘူး၊ dynamism ကို ဖော်နေတာ။ ကျနော့်ကို ဒီလူကြီးက ဘာတွေ ပြောမှန်းလဲ မသိဘူးပေါ့၊ Out of date တွေ၊ ဒီလူကြီး နားမလည်တာတွေ အများကြီး ရှိတယ်။ မှန်တယ်၊ မရှိတာလည်း ဖြစ်နိုင်တယ်။

ကျနော်က အဲဒီလိုဟာတွေပါ ထည့်တွက်တယ်၊ ကျနော်က ဖြန့်ဖြူးနေတာ၊ အခု အင်တာဗျူးတာတွေ လုပ်နေတာ၊ ကျနော်အများကြီး သိတာပေါ့။ ကိုယ့်ကိုယ်ကိုယ်၊ ချို့ယွင်းချက်တွေ အများကြီး။ ကျနော် ထောင်ထဲမှာ အနှစ် (၂၀) လောက်နေလာတာ၊ စာလည်း မနေ့တနေ့ကမှ ဖတ်ရတာ၊ ရရာ ဖတ်ရတာ။ အဲတော့ အဲဒီဟာတွေကို ကျနော်က ဘာလို့ dynamic ဖြစ်အောင် ကျနော်လုပ်နေတာလဲ၊ နိုးကြားခြင်း၊ ထကြွခြင်း၊ တက်ကြွ ခြင်း၊ ရှင်သန်ခြင်း ဆိုတဲ့ dynamism ကိုဖြန့် နေတာ၊ dynamism မရှိရင် ကျနော်တို့ ဘာမှ လုပ်စရာ မရှိဘူးဗျာ။

ကျနော် ပြောလို့ ရတာပေါ့ဗျာ၊ တရားထိုင်ရဦးမယ်ဗျာ၊ ကျနော် စီးပွားရေးမကောင်းဘူးဗျာ၊ ပြောလို့ရတာပဲ၊ ဟုတ်လား။ ဘာလို့ သည်းခံပြီးတော့ ကျနော် ပြောနေလဲ၊ dynamism ကို ကျနော် ရှိချင်တယ်။ ကျနော် အခု ဘယ်လောက်မှားလဲ မှန်တယ်ဆိုတာ ကျနော့်ဟာ ကျနော် နားထောင်ဖို့ အချိန်မရဘူး။ ကျနော် တမနက်လုံး စကားပြောနေတာ၊ တနေ့တုန်း ကလည်း မနက်လင်း (၆) နာရီကတည်းက စပြောလိုက်တာ ညနေ(၄) နာရီမှာ ထောင်ကထွက်လာ၊ (၄) နာရီကစပြီးတော့ စကား ပြောလိုက်တာ ည (၁၁) နာရီ (၁၂) နာရီထိ၊ ဘာဖြစ်လို့ ကျနော်လုပ်နေတာလဲ။

ဒီဟာ dynamism ဖြန့် နေတာ။ ဒီထဲမှာ အညံ့တွေ၊ အဖျင်းတွေ၊ မဟုတ်တာတွေ ပါမယ်၊ ချော်တာတွေ ပါမယ်။ ကျနော့်ကို အပြစ်တင်ရင် ကျနော် ခံမယ်၊ ကိစ္စမရှိဘူး။ ဒါပေမယ့် dynamism တော့ အပြစ်မမြင်နဲ့၊ အဲဒီ dynamism တော့ ပေါ်စေချင် တယ်။ ဒါက လူနော်။

အလားတူပဲ လက်ရှိ ရှိနေတဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်များဟာဆိုလို့ရှိရင် သူတို့လုပ်နိုင်တာ သူတို့လုပ်နေတာပဲလို့ ကျနော်ထင်တယ်။ သူတို့ dynamism လျော့ရင် လျော့ မယ်၊ နည်းနည်းလေး လျော့မယ်၊ သဘောက နည်းနည်းလေး တွန်းပေးရမယ်။ သူတို့မှာ နည်းနည်းလေး ချော်တာ ရှိမယ်၊ ဖြောင့်ပေးရမယ်။ ဟုတ်လား။ ဒီခေါင်းဆောင်မှု တခုကို အကြောင်းရာ တခုအပေါ်မှာ အခြေအနေ တခုအပေါ်မှာ အတိမ်းအစောင်း ရှိတာတောင် ဘယ့်နယ် သည်းညည်းမခံနိုင်လို့ မရဘူး။ ဒီခေါင်းဆောင်မှုကို ကျနော်တို့ ပြင်ရမှာပဲ၊ မှားရင် ဝေဖန်ရမှာပဲ၊ ဒါ အဖွဲ့အစည်းပဲ။ အဖွဲ့အစည်းထဲမှာ ပြောရမယ်၊ အဖွဲ့အစည်းထဲမှာ ဆွေးနွေးရမယ်၊ ဒါပဲဗျ။ အဲတော့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်၊ မရှုတ်ချချင်ဘူး။ ဘ၀င်မကျတာတွေရှိတာ ပြောမယ်၊ ပဲ့ပြင်ကြမယ်၊ ထိန်းကျောင်းကြမယ်၊ ၀န်းရံ ကြမယ်၊ ၀ိုင်းဝန်းကြမယ်။ ဒါကို ကျနော် လုပ်ချင်တာ၊ မှားတာ မှန်တာတော့ မသိဘူး။ ဆိုတော့ ဒီခေါင်းဆောင်မှု ဘက်ကနေ လိုက်တာလည်း မရှိဘူး၊ ရှုတ်ချ တာလည်း မရှိဘူး။ ခေါင်းဆောင်မှု ကလည်း သူတို့ လုပ်နိုင်သမျှ လုပ်နေတာပဲ၊ မှန်နိုင်သမျှလည်း မှန်နေတာလည်း ရှိပါတယ်။ မှားတာရှိရင် ပြင်ကြမယ်။ ကျနော်တို့ကို ဆက်ခံမယ့် အင်အားတွေ ဘယ်လို တိုးချဲ့မလဲ။ ဒါကို ကျနော်တို့ သိကြရမယ်၊ ကျနော် အဲဒီလိုပဲ သဘောထားပါတယ်၊

မေး။ ။ အခု ဆရာ (၁၉) နှစ်ကြာ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေပြီးတော့ အခုလိုမျိုး ပြန်အဆက် အသွယ် ရတဲ့ အခါကြတော့ ဆရာ့ အနေနဲ့ ဘာတွေလုပ်ဖို့ အစီအစဉ်တွေ ရှိပါသလဲ ဆရာ၊

ဖြေ။ ။ ကျနော် ဒီမိုကရေစီ နိုင်ငံရေးကို လုပ်မယ်။ ကျနော် အခု အသက် (၇၉ ) နှစ်ရှိပြီ၊ အမှန်အတိုင်းက သိပ်ပြီးနိုင်ငံ ရေးကို ကျနော် ကျွမ်းကျွမ်းကျင်ကျင် ရှိတာမဟုတ်ဘူး။ ကျနော် နိုင်ငံရေး လုပ်ဖူးတာ ကိုးလ လောက်ဘဲ လုပ်ဖူးတာ၊ ထောင်ထဲက အတွေ့ အကြုံကို နိုင်ငံရေးလို့တွက်ရင်တော့ သိပ်ကြာတာပေါ့ဗျာ။ ထောင်ထဲမှာလည်း ကျနော်တယောက် တည်းလို နေရတဲ့အခါကြတော့ ဆွေးနွေးခြင်း၊ ပြောဆိုခြင်း၊ ညှိနှိုင်းခြင်း၊ ငြင်းခုံခြင်း၊ ရည်မှန်းချက် ချခြင်းတွေ သိပ်ကို မလုပ် နိုင်ဘူး။ တယောက်တည်း ဖြစ်နေတာ၊ အဲဒီအတွက် ကျနော်ရဲ့ နိုင်ငံရေး အတွေ့အကြုံက အများကြီးနည်းပါတယ်။ သို့သော် ကျနော့်မှာ အကြောင်းတွေ အများကြီး ရှိပါတယ်၊ အကြောင်းတွေ အများကြီး ရှိတယ်ဆိုတာ အန်အယ်လ်ဒီကို စတင်တည်ထောင်သူများထဲမှာ ကျနော် တယောက် အပါအ၀င် ဖြစ်တယ်။ အဲဒီလိုဖြစ်နေတဲ့ အခါကြတော့ အန်အယ်လ်ဒီ ဘယ်လိုပဲ ဖြစ်နေပါစေ၊ စစ်မှန်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ဦးတည်တဲ့အတွက် အဲဒီ ဘက်ကနေ ရပ်ခြင်းအားဖြင့် ဒါ ကျနော် ဆက်ပြီးတော့ နိုင်ငံရေးကို လုပ်လို့ရမယ်လို့ ယူဆတယ်၊ လုပ်ဖို့လိုတယ်။ အဲဒါကြောင့် ကျနော် ဒီမိုကရေစီ နိုင်ငံရေး ကို ဆက်ပြီးတော့ လုပ်မယ်လို့ ပြောချင်ပါတယ်၊ ဒါ အတိုဆုံး ပြောတာပါ။

မေး။ ။ နောက်ဆုံးမေးခွန်း ဆရာရယ်၊ အခုလိုမျိုး ဆရာ့ လွတ်မြောက်ရေး လုပ်ရှားတဲ့ လူတွေ၊ မိတ်ဆွေတွေ၊ နောက်ပြီး မြန်မာ့အရေး ဆောင်ရွက်နေကြတဲ့ လူတွေအတွက်ကို ဆရာက ဧရာဝတီကနေ တဆင့် ဘာများ ပြောစရာ ရှိပါသလဲ။

ဖြေ။ ။ သိပ်ကျေးဇူးတင်တယ်၊ သိပ်အားတက်တယ်ဗျာ၊ သိပ်အဖိုးတန်တယ်လို့ ပြောစရာမှ တခြား မရှိဘူး။ ဘာဖြစ်လို့ လည်း ဆိုတော့ သိပ်ကျေးဇူးတင်တယ် ဆိုတာက ကျနော်တို့ထောင်ထဲမှာ နေရတော့ စားရေး၊ သောက်ရေး၊ မိဘနဲ့ မတွေ့တာ၊ ဆွေမျိုးနဲ့ မတွေ့တာ၊ မိသားစုနဲ့ မတွေ့တာ၊ အချင်းချင်းနဲ့ မတွေ့တာက အစ အကုန်လုံး အခက်ခဲတွေ အများကြီးရှိ တယ်။ အဲဒီလို အခြေအနေမျိုးမှာ တယောက်ယောက်ကနေပြီးတော့ အားပေးတယ်၊ ၀ိုင်းဝန်းတယ်၊ ၀န်းရံတယ်၊ ပံ့ပိုးတယ် ဆိုတဲ့ အခါကြတော့ ကျနော် သိပ်ကျေးဇူးတင်တယ်၊ ဒါပြောစရာ မလိုဘူး၊ ကျနော်တင် မဟုတ်ဘူး၊ အားလုံးကနေပြီးတော့ ဒါ ကျေးဇူးတင်ကြမှာ၊ ဒါကို ကျေးဇူးတင်တယ်လို့ ကျနော် ပြောတာပါ။

နောက်ပြီးတော့ ဒါတွေအတွက် ကျနော် သိပ်ပြီးတော့ အားတက်တယ်။ သိပ်အားတက်တယ်လို့ ပြောချင်တဲ့ အကြောင်းက ဘာဖြစ်လို့လဲ ဆိုတော့ ရှင်းရှင်းလေး ပြောရရင် နိုင်ငံရေးတို့ ဘာတို့လုပ်တယ်ဆိုတာ အားတက်မှုနဲ့ လုပ်ရတာ။အားတက်မှု မရှိဘဲနဲ့ စာအုပ်ကြီးနဲ့ ထိုင်ပြီးတော့ စာအုပ်နဲ့ စဉ်းစားပြီးတော့ စာအုပ်ကြီး လမ်းစဉ်နဲ့ဘဲ လုပ်နေရင် မရဘူးဗျ။ အားတက်မှု နဲ့ စုစည်းရတာ၊ အားတက်မှုနဲ့ လှုပ်ရှားရတာ၊ အားတက်မှု နဲ့ ထကြွရတာပဲ။ အဲဒါကြောင့် ကျနော် အားတက်တယ်၊ ကျနော်တို့ ထောင်ထဲမှာပဲ နေနေ၊ အပြင်မှာ နေနေ၊ အဲဒါ ၀ိုင်းဝန်းတဲ့ အလေ့ကို ပြတာ၊ ၀ိုင်းဝန်းတယ်ဆိုတာ ပြည်တွင်း ရော၊ ပြည်ပရောပေါ့ဗျာ။ ဒီလူတွေ ၀ိုင်းဝန်း ကြလို့ ဒီလူတွေ အားပေး ကြလို့ ကျနော်တို့တတွေက ထကြွနေတယ်။ လုပ်ရှားနေမယ်၊ တက်ကြွနေမယ်၊ နိုးကြား နေမယ်၊ အဲဒါကြောင့် ကျနော်တို့က သိပ်ပြီးတော့ အားရပါတယ် ဆိုတဲ့ဟာကို ကျနော်ပြောချင်ပါတယ်။

နောက်တခုပြော ချင်တာက သေဆုံးသွားတဲ့ ပုဂ္ဂိုလ်တွေ၊ မလုပ်တော့တဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးနဲ့ ကွာသွားတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိတယ်။ အဲဒီလူတွေလုပ်ခဲ့တာ မနည်းဘူး။ ဥပမာ ဆိုလို့ရှိရင် ကျနော်တို့ အန်အယ်လ်ဒီက ခေါင်းဆောင်တွေ၊ စာရေးဆရာ မောင်သော်က တို့ ၊ ဦးတင်မောင်ဝင်းတို့၊ ဦးတင်ရွှေတို့။ နောက် အခြားသောပါတီက ဦးခင်မောင်မြင့်တို့ စတဲ့ ပုဂ္ဂိုလ်တွေ။ ဒီလူတွေ အကုန်လုံးက ထောင်ထဲမှာ သေကြ ရတယ်၊ သေသွားတယ်။ နောက်တမျိုးက ထောင်ထဲ ကြောင့်၊ ထောင်ထဲမှာ အမျိုးမျိုး အအိပ်ပျက်၊ အစားပျက်၊ စီးပွားပျက်၊ လုပ်ငန်းပျက်၊ အကုန်လုံး ဘ၀ပျက်သွားတဲ့ လူတွေကို အများကြီးရှိတယ်။ ကျနော့်ကိုဆိုရင် အခု ၀ိုင်းဝန်းပြီးတော့ ဟိုကမေး၊ ဒီကမေး ဘာညာလုပ်နေတယ်။ ကျနော်တို့ ထက် အများကြီး စွန့်လွတ်ပြီးတော့ အများကြီး အနစ်နာခံပြီးတော့ လုပ်သွားတဲ့ လူတွေ အများကြီး ရှိတယ်။ အဲဒီပုဂ္ဂိုလ်များရဲ့ ကျေးဇူးဟာလည်း ကျနော်တို့မှာ အများကြီး ရှိသေးတယ်။ ကျနော် ပြောချင်ပါတယ်၊ ဒါကိုလည်း ကျနော်မေ့လို့ မရဘူး။ ကျနော်တို့က လက်ရှိ ရှိနေတဲ့သူတွေကို ကျေးဇူးတင်သလို ဒီလူတွေရဲ့ ကျေးဇူးကိုလည်း မမေ့ဖို့ သိပ်လိုပါတယ်။

ဒါ့ အပြင် အပြင်မှာ အကြောင်းကြောင်းကြောင့် မလုပ်နိုင်တဲ့ ဘေးရောက်နေတဲ့ သူတွေ ရှိပါတယ်။ ဒီပုဂ္ဂိုလ်များရဲ့လုပ်ကိုင် ခဲ့တာတွေကိုလည်း ကျနော်တို့က အသိမှတ် ပြုရလိမ့်မယ်၊ ဒီလို ပုဂ္ဂိုလ်များရဲ့ စွန့်လွတ်မှုတွေကိုလည်း ကျနော်တို့ နားလည်ရလိမ့်မယ်၊ တန်ဖိုး ထားရလိမ့်မယ်လို့ ကျနော် ပြောချင်ပါတယ်။ အဲဒါကို ကျနော် အပိုင်းချုံ့လိုက်ရင် နှစ်ပိုင်းပြောချင်ပါတယ်၊ တပိုင်းက ဘာလဲ ဆိုတော့ ပြည်တွင်းရော၊ ပြည်ပရော ကျနော်တို့ကို ၀န်းရံတဲ့ သူတွေ၊ ပုဂ္ဂိုလ်တွေအတွက် ကျနော်တို့မှာ အများကြီး ကျေးဇူး ရှိပါတယ်။ အများကြီး လည်း ကျနော်တို့ကို အားပေးရာ ရောက်ပါတယ်။ အလားတူပဲ ကျနော်တို့ဟာ နှစ်ပေါင်း ၂၀ ကာလ အတွင်း မှာ အများကြီး စွန့်လွတ်ခဲ့တဲ့လူတွေ၊ ဘ၀ပျက်ခဲ့တဲ့ လူတွေ ၊ သေခဲ့တဲ့ လူတွေ၊ ကြေခဲ့တဲ့လူတွေ၊ အဲဒီလူတွေ အားလုံးကို ကျနော်တို့ မမေ့ဖို့နဲ့ ဒီလူတွေကို ကျနော်တို့ အမြဲတမ်း တန်ဖိုးထားနေဖို့ ဒီလူတွေရဲ့ စွမ်းဆောင်မှုတွေ၊ လုပ်ဆောင်မှုတွေကို ကျနော်တို့ အမြဲတမ်း ပြန်ဖေါ်ထုတ်ဖို့၊ သတိရဖို့ လိုတယ်လို့ ကျနော် ပြောချင်ပါတယ်၊ အဲဒါပါပဲ။ ။

Ref: ဧရာဝတီ

Read More...

သံမဏိလူသားနှင့် စကားစမြည် (ဦးဝင်းတင်နှင့် အင်တာဗျူး)

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 19:44 - မြန်မာစံတော်ချိန်

U Win Tin ထောင်အဝတ်အစား ဝတ်လျှက်နှင့် ထွက်လာခဲ့ပြီး မကြာမကြာ ဝတ်ဆင်လိုသူ။ စစ်အစိုးရက တောင်းဆိုခဲ့သော တုပ်နှောင် ကတိခံဝန်ချက်ကို လက်မှတ် မထိုးလိုသူ၊ သက်ရွယ်ကြီး နာမကျန်း ဖြစ်သောကြောင့် ထောင်က ထွက်လာရသည် ဆိုခြင်းကို မလိုလားဘဲ လွတ်သင့်လို့ လွတ်လာရခြင်း အဖြစ်သာ လိုလားခဲ့သည့်သူ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် စစ်အစိုးရက အငြိုးထား ၁၉ နှစ်ကျော် ထောင်တွင်းအကျဉ်းချထားခံသူ သတင်းစာဆရာကြီး ဦးဝင်းတင်၏ သတင်းစာနယ်ဇင်းအပေါ် အမြင်တစိတ်တဒေသ၊ ပုဂ္ဂလိက ခံစားချက်တချို့နှင့် နိုင်ငံရေးအမြင်တို့ကို မဇ္ဈိမ သတင်းထောက် ဖနိဒါက တယ်လီဖုန်းမှတဆင့် မေးမြန်းထားသည်။

ဘဘ နေကောင်းရဲ့လား။

ကျန်းကျန်းမာမာ ရှိပါတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ကျန်းမာတယ်လို့ ထင်နေတုန်းဘဲ၊ အသက်ကြီးတော့ဆိုတော့ နည်းနည်းကတော့ ယိုင်လာပြီပေါ့၊ ခွဲထားတာကတော့ တခါတခါ နာကျင်တာတော့ ရှိတယ်။ ထောင်ထဲက ဆရာဝန်က မျက်လုံး ခွဲရမယ် ပြောတယ်၊ ဒါပေမဲ့ ထောင်ထဲမှာတုနုးက အို နာ ကျိုး ကန်း စီမံချက်တဲ့။ အသက်ကြီးခြင်း အကြောင်းပြပြီးတော့ လွှတ်မယ်လို့ ပြောလို့ မခွဲဘူး ပြောလိုက်တယ်၊ ငြင်းလိုက်တယ်၊ ခုတော့ အပြင်ရောက်လာတော့ ခွဲစိတ်ရမယ်။

ခုလို လွတ်ပေးတာကိုရော ဘဘ ဘယ်လိုမြင်လဲ။

ခုလွတ်လာတာကို ဘယ်လိုမြင်လဲ ဆိုတဲ့အခါကြတော့ ဘဘက လွတ်ကို လွတ်ရမဲ့ဟာ။ ရှင်းရှင်းပြောရရင် သူတို့ကို ကျနော်တို့က ပြန်တရားစွဲလို့တောင် ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဘက နှစ် ၂ဝ ကျတာကိုး၊ ထောင်မှာ ဥပဒေစည်းကမ်း အတိုင်းဆိုရင် လွန်ခဲ့တဲ့ လေး ငါးနှစ်ကနေ ၁၆ နှစ်မှ လွတ်ရမှာ အခု ပြန်ထည့်ထားတဲ့အတွက် မနေ့က လက်မခံဘူး၊ သူတို့ကို ဆန့်ကျင် ကန့်ကွက်တဲ့ ထောင်အဝတ်အစားနဲ့ ထွက်လာတယ်။

ဘဘကိုလွတ်တာ ဘာဖြစ်လို့လဲ ဆိုတော့ လွှတ်ပေးရမဲ့ အချိန်မှာ မလွတ်ပေးဘဲထားတဲ့ လူတယောက်ကို သူတို့အခု ဝါဒဖြန့်တဲ့ စီမံချက် (၄ဝ၁) လွတ်တာ ဘဘက အဲအတိုင်း မထွက်နိုင်ဘူး။ အဲဒါကို ဘဘက လက်မခံနိုင်ဘူး။ ဘာကြောင့်လည်း ဆိုတော့ တနှစ်ကို လျော့ရက် ၃ လ လောက်ရတယ်။ ထောင်ထဲမှာ ရှိတယ်၊ ၂ဝ နှစ်ဆိုရင် ၁၆ နှစ်ကျော်ကျော် ဆိုရင် လွတ်ပြီ။ ခု ဘဘနေခဲ့တာ ၁၉နှစ် နဲ့ ၃လ နေခဲ့ရတယ်၊ အဲဒါ လွတ်ချိန်တန်လို့ လွတ်ပေးတာ ဟုတ်တယ်၊ ရိုးရိုးတန်းတန်း မလွတ်ဘဲနဲ့ သူတို့ စီမံချက်ထဲမှ ထည့်တယ်၊ ဘဘ လက်မခံလို့ မနေ့က တော်တော်လည်း ငြင်းခုံခဲ့တာပဲ။

ဘဘက လျော့စရာ မလိုတော့ဘူး၊ သူတို့ထဲမှာ ပိုတောင် နေနေတာ မထွက်ဘူးပေါ့၊ နိုင်ငံရေး အကျဉ်းသား တဦးအနေနဲ့ပဲ ထွက်မယ်၊ ဘဘတို့ တောင်းဆိုချက်က နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးရေး၊ လွတ်တော်ခေါ်ရေး၊ တွေ့ဆုံဆွေးနွေးရေး ဒီတောင်းဆိုချက်ပဲ၊ တစ်က နိုင်ငံရေးအကျဉ်းသား လွတ်ပေးရေးမှာ အကျုံးဝင်တယ်၊ ပြစ်ဒဏ် လျော့ပေါ့ဆိုရင် မထွက်ဘူး လုပ်တာ၊ ကျုပ် ဘာပစ္စည်းမှ မယူဘူး၊ အဲဒီအတိုင်း မလွတ်ပေးဘူးဆိုရင် ခင်ဗျားတို့ ထောင်ကနေ မထွက်ဘူးဆိုတာ ပြမယ်။ အင်္ကျီအပြာဝတ်ကို မနက် ၆ နာရီကနေ ညနေ ၄ နာရီထိ ရေမချိုး၊ ထမင်းမစားရဘူး၊ ဒီမနက်တော့ လျော်ထားတယ်။ မကြာမကြာ ဝတ်ရမယ်။

သတင်းစာနယ်ဇင်းနဲ့ ပတ်သက်ပြီးတော့ ဘဘ အခုအချိန်မှာ ဘယ်လိုမြင်လဲ။

စာနယ်ဇင်နဲ့ ပတ်သက်ပြီးတော့ စာနယ်ဇင်းတွေရဲ့ အလုပ်ဆိုတာ သတင်းစာ၊ ဂျာနယ်ဆိုတာက ငယ်ရွယ်တဲ့အချိန် လုပ်ရတာ၊ အချိန်တွေ အများကြီးပေးပြီး လုပ်ရတယ်၊ အာရုံအများကြီး စိုက်ရတယ်။ ဆိုလိုတာက ဘဘက ၁၃ နှစ် ကတည်းကနေ လုပ်ခဲ့တာ၊ ဘဘတို့တုန်းက တရက်ကို ၁၅ နာရီ အထက်မှာ အလုပ်လုပ်တယ်။ တခါတလေဆို မနက် ၇ နာရီကနေ ည ၁၂ နာရီထိ လုပ်ရတယ်၊ အခု ပြန်စဉ်းစားတော့ သမီးမေးတဲ့ မေးခွန်းနဲ့ ဘဘ professional နဲ့ ဘဘငယ်ငယ်ကတည်းက လုပ်ခဲ့တဲ့အတွက် သတင်းစာပဲ အားသန်တုန်းပဲ၊ အသက်ကကြီးလာတော့ မလုပ်နိုင်တော့ဘူးလို့ ထင်တယ်လေ၊ ကြုံရင်တော့ ဆောင်းပါးလေး ဘာလေး ရေးတာလေးတော့ ရှိမှာပါ။ ဘဘတို့ ခေတ်ကုန်ပြီလို့ ထင်တယ်။ သမီးတို့ ဆက်လုပ်ကြတာကို အားပေးပါတယ်။

ထောင်ထဲမှာ နေတုန်း၊ အပြင်က အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေ ကြားရလဲ။

ဘဘကို ၁၉ နှစ် ၃ လလုံး တယောက်တည်း ပိတ်ထားတာ၊ တချိန်လုံး Solitary confinement (တိုက်ပိတ်ထားခြင်း) ထဲမှာ ထည့်ထားတော့ တခါတလေ အကျဉ်းသားတွေနဲ့ ခိုးတွေ့၊ တခါတလေ အကျဉ်းသားတွေက ဘဘကို အခန်းရှေ့ လာပြီးတော့ လာခိုးတွေ့ စကားလေး ဘာလည်းပြော၊ အဲသလောက်ပဲ ရှိတာ၊ တမိနစ် နှစ်မိနစ်ပေါ့နော်။ ဒါပေမဲ့ ဘဘက သူတို့ကို မကြောက်ဘူး၊ သူတို့လဲ ဂရုမထားဘူး။ ဘဘအိမ်ကနေ လာပြီးတော့ ထောင်ဝင်စာ လာတွေ့ရတဲ့ သူတွေကို ဘဘက သတင်းမေးတယ်။ သဘောထား၊ နိုင်ငံရေးတွေကို မေးတာပဲ။ ထောင်ဝင်စာမှာ ပြောလို့ ရသလောက်ပဲ ဘဘသိခဲ့တယ်၊ နောက်ပိုင်းမှာ လွန်ခဲ့တဲ့ အစိုးရ သတင်းစာတွေ၊ တနှစ်လောက်က စပြီးတော့ ဂျာနယ်တွေ ဖတ်ရတော့ နည်းနည်းတော့ နိုင်ငံရေး အခြေအနေ သိလာတယ်။

ဆန္ဒခံယူပွဲကိစ္စတွေတော့ ကြားရတယ်၊ ဒီ Constitution (ဖွဲ့စည်းပုံ အခြေခံဥပဒေ) နဲ့ ပတ်သက်ပြီးတော့ သမီးတို့ အရွယ်က ကြုံရအုံးမှာ မဟုတ်ဘူး။ ဘဘတို့က ကြုံခဲ့ဘူးတာ နှစ်ခါရှိပြီ။ ၁၉၇၄ တုန်းကလဲ တခါလုပ်ခဲ့ဖူးပြီ။ သူတို့လုပ်ချင်တာ လုပ်ခဲ့တာပဲ၊ မဆန်းပါဘူး။ ဘာလို့လဲ ဆိုတော့ စစ်တပ်တို့ ဆန္ဒခံယူပွဲက လွတ်လပ်တဲ့ သဘောထားတွေ တွေ့မြင်ရတာ မဟုတ်ဘူး။ သူတို့ခိုင်းတာ သူတို့ ချပေးတာပဲ လုပ်ရမယ်။ ဘဘတို့က သူတို့ ပထမ ပုံဏ္ဍန်အရ အရ ဘဘတို့ လက်မခံနိုင်ဘူး။ ဒုတိယ အချက်အနနဲ့ အနှစ်သာရအပိုင်း အရဆိုတာလည်း လက်မခံဘူး။ ဘာဖြစ်လို့ လက်မခံလဲ ဆိုတော့ ဆန္ဒခံယူပွဲ ဆိုတာဟာ တပ်မတော်ကနေပြီးတော့ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်မှုကဏ္ဍ ပါမယ် ဆိုတဲ့ စစ်အာဏာရှင် ယန္တရားကြီးရဲ့ တိုင်းပြည်ပေါ်မှာ ဖိစီးမှု လွမ်းမိုးမှု အဲဒါကို လက်မခံတဲ့အတွက် ဒီဆန္ဒခံယူပွဲကို လက်မခံဘူး။

ထောင်ထဲမှာ ရှိနေတုန်း ဘဘရဲ့ ထူးခြားတဲ့ အတွေ့အကြုံကို ပြောပြပါ။

အတွေ့အကြုံကတော့ သိပ်မရှိဘူး၊ ခုနကပြောသလို နှစ်ပေါင်း နှစ် ၂ဝ လောက်ထိ (Solitary confinement) ထဲ့ထားတာ၊ နာဂစ်ဖြစ်တဲ့နောက်မှ တနေ့ကို ၂ နာရီ ၃ နာရီ လောက်ဘဲ ဖွင့်ပေးတယ်၊ ကျန်တဲ့အချိန် ပိတ်ထားတယ်။ တနေ့ နေဝင်တာ နေထွက်တာ လာပေးတဲ့ ထမင်းကို စားလိုက်၊ အိပ်လိုက်ပဲဆိုတော့ ထူးထူးခြားခြား မရှိဘူး၊ တခုတော့ ရှိတယ်။ စာအုပ်တွေ ဆောင်းပါးတွေ ဖတ်နိုင်တယ်၊ ဒီလောက်ပဲ ရှိတယ်။

အခုလို ဘဘထွက်လာတဲ့အခါမှာ ဘာတွေ ပြောင်းလဲသွားတယ်လို့ ခံစားရလဲ။

အပြောင်းအလဲတွေကတော့ အတော် ပြောင်းလဲသွားတယ်။ အလွန့်ကို ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ တချို့ဆို ဘဘနားမလည်ဘူး၊ လိုက်ကို မလိုက်နိုင်ဘူး၊ မသိဘူး၊ တခြား မပြောနဲ့ သမီးနဲ့ ပြောနေတဲ့ တယ်လီဖုန်းကို ဘဘတို့က အရင်တုန်းက မမြင်ဖူးဘူး။ ဘဘ ထောင်ထဲဝင်တဲ့အချိန် ဒီ မိုဘိုင်းလ်ဖုန်းတွေ မပေါ်သေးဘူးကိုး။ နိုင်ငံခြားကနေ ဖုန်းဆက်တယ်ဆိုတာ မပြောနဲ့တော့ ရန်ကုန်ထဲမှာတောင်မှ ကန်တော့ပါ လိပ်ခေါင်း ထွက်အောင်ခေါ်ပြီး လုပ်ရတဲ့ အခြေအနေမျိုး ရှိခဲ့တယ်။ ဒီလို Technology (နည်းပညာ) တွေ၊ ပစ္စည်းတွေ၊ ပတ်ဝန်းကျင် တိုက်တာ အဆောက်အအုံတွေ၊ အရမ်းကို အလွန်ကြီးမားတဲ့ ပြောင်းလဲသွားတယ်။ တခါ လူတွေရဲ့ ဆင်းရဲတယ် ခေါ်မလား၊ ချမ်းသားတယ် ခေါ်မလား၊ ဝတ်စားဆင်ယင်တာတွေ၊ အလုပ်လုပ်ရတဲ့ ရုံးကန်ရမှုတွေ အများကြီး ပြောင်းလဲသွားတယ်။

ဒါပေမဲ့ မပြောင်းလဲတာက ဘဘတို့ ဝင်သွားတဲ့ အချိန်မှာလဲဘဲ စစ်အစိုးရဆိုတဲ့ စစ်အာဏာ ယန္တရားကြီးက တိုင်းပြည်ပေါ်မှာ လွမ်းမိုးပြီးတော့ သူတို့ ခြယ်လှယ်တာ၊ ချုပ်ချယ်တာ၊ ချပေးတာကိုပဲ ခိုင်းစေနေတာတွေကိုပဲ လိုက်လုပ်နေရတယ်။ အဲဒီအချိန် ဘဘတို့က မြန်မာပြည်ကြီးဟာ ထောင်ကျပြီးလို့ ခံစားခဲ့တာ၊ နောက်ကျတော့ ကိုယ်ကိုတိုင် ထောင်ကျသွားတာပဲ၊ နှစ် ၂ဝ လောက် ထောင်ကျပြီး ထွက်လာတဲ့ အခါကြတော့ မြန်မာပြည်ကြီးဟာ ဒီအတိုင်းပဲ စစ်အာဏာ ယန္တယားကြီးက ဒီအတိုင်း လွမ်းမိုးနေတုန်းပဲ၊ ဘာမှ မထူးဘူး၊ ၈၈ မတိုင်ခင်၊ ၈၈ ပြီးတော့ ဒီအတိုင်းပဲ ခုထိ မပြောင်းလဲဘူး။ မထူးဘူးလို့ အကျဉ်းချုပ် ပြောလို့ရမယ်။

ရှေ့ဆက်ပြီး ဖြစ်လာမယ့် နိုင်ငံရေး ဦးတည်ချက် အနေအထားကိုကော ဘယ်လိုသုံးသပ် ဆုံးဖြတ်ထားပါသလဲ။

ဘဘက နိုင်ငံရေး ဦးတည်ချက်နဲ့ ပတ်သက်ပြီး များများ ပြောစရာမရှိဘူး၊ သမီးတို့ သိမှာပဲ သတင်းစာသမားပဲ သတင်းစာလောက်ပဲ လုပ်ခဲ့တာ၊ အန်အယ်လ်ဒီ ပါတီမှာက ၉ လပဲ လုပ်ခဲ့တာပါ၊ ဘဘက နိုင်ငံရေး လုပ်တတ်ခါစပဲ ရှိတာ၊ ခုထောင်ကျတာ ၁၉ နှစ်တောင် ရှိသွားတော့၊ သိပ်နားမလည်တာလဲ ပါမယ်ပေါ့၊ သို့သော် ဘဘက ပြောချင်လဲ ဆိုတော့ ဘဘလုပ်ခဲ့တဲ့အချိန်၊ ထောင်ထဲမှာ ရှိနေတဲ့အချိန်မှာ ဒီတလျှောက်လုံးမှာ တိုင်းပြည်ဟာ ဒီမိုကရေစီဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ့၊ စစ်တပ်က ပေးတဲ့ ဒီမိုကရေစီ မဟုတ်ဘူး၊ ယူနီဖောင်း ဝတ်ထားတဲ့ ဒီမိုကရေစီ မဟုတ်ဘူး။ ဘီလူးခေါင်း ဆောင်းထားတဲ့ ဒီမိုကရေစီ မဟုတ်ဘူး။ လူသားမျက်နှာ ဆောင်းထားတဲ့ ဒီမိုကရေစီအတွက် လုပ်နေတာ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ရမှာပဲ၊ ပြောရရင် မြန်မာပြည်မှာ အတိုင်းအတာ တခုရတဲ့အထိ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ ထွန်းကားရေးအတွက် လုပ်တတ်တလောက်၊ လုပ်စွမ်းတလောက် လုပ်သွားရမှာပဲ။

အခုလို ထောင်ကနေ ထွက်လာတာနဲ့ ဘယ်လို ခံစားမိလဲ။

သိပ်ခံစားမိတာတော့ မရှိဘူး၊ ဒီလိုပြောရမယ် ထင်တယ်၊ အတိုဆုံးနဲ့ အနှစ်ချုပ် ပြောရမယ်ဆိုရင် ထောင်ထဲမှာ လူတွေ အများကြီး သေခဲ့တယ်။ အန်အယ်ဒီတွေ။ ဦးသောက၊ ဦးခင်မောင်ဝင်းတို့၊ လူငယ်ကျောင်းသား မောင်မောင်လေး၊ အများကြီး သေခဲ့တယ်။ နောက်ပိုင်းမှာလည်း ထောင်ထဲက ဒဏ်နဲ့ အပြင်မှာ ဦးကျော်မင်း၊ ရဲဘော် ဦးတင်ရွှေတို့ သေခဲ့တယ်။ အလားတူပဲ အခြားအဖွဲ့မှ ဦးခင်မောင်မြင့်တို့ ဒီလိုလူတွေ သေခဲ့တယ်၊ လူတွေ အကုန်လုံးက ဘဝတွေ ပျက်ခဲ့ကြတယ်။ ဒုက္ခတွေ ရောက်ခဲ့ကြတယ်။ ဒီအရေးတော်ပုံအတွက် အများကြီး လုပ်ခဲ့ကြတယ်။ ခုထိ ဆက်ပြီးခံနေရတယ်။ ဥပမာ မင်းကိုနိုင်၊ ကိုဇာဂနာတို့ အထဲမှာ ရောက်နေတယ်။ ဘဘနဲ့တောင် မတွေ့ခဲ့ရဘူး။ အဲတော့ အဲဒီလို သေခဲ့တဲ့လူတွေ၊ အနစ်နာ ခံခဲ့ရတဲ့ သူတွေ အခုထက်ထိ ဆက်ပြီး တိုက်ပွဲ ဝင်နေတယ်။ ဒီလူတွေ အားလုံးကို ဘဘ ထွက်လာတဲ့ အခါကြတော့ ဒီလူတွေကို ထောင်ထဲမှာ ကျန်ခဲ့တယ်လို့ ဘဘ သဘောမထားဘူး၊ ဘဘနဲ့ တပါတည်း ကိုယ့်ရဲဘော်တွေပဲ မပါလာနိုင်လို့သာ သူတို့လိုဘဲ ဘဘ ခံစားနေရတယ်လို့ အဲလိုပဲ ဘဘခံစားရတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ချင်တာ မဖြစ်ဘူးလား။

အဲဒါကတော့ သမီးတို့က အစိုးရကို ဒေါ်စုကို အမြန်လွတ်ပေးပါ ပြောမှ ဖြစ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုက ထောင်မလွတ်သေးဘူးဆိုတော့ မဖြစ်နိုင်သေးဘူး။ တွေ့ဆုံရမှာပေါ၊ တွေ့တဲ့အခါ နှစ်ပိုင်းရှိမယ်။ နိုင်ငံရေးအရ တွေ့ရမယ်။ ပုဂ္ဂိလ်ရေးရအရ တွေ့ရမယ်၊ ဒီလောက် အနစ်နာခံတဲ့လူ၊ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကို ဂါရဝ ပြုရမှာပဲ။ ဒီပုံစံ နှစ်ခုနဲ့တော့ တွေ့ရမှာပဲ။

ပြည်တွင်းနဲ့ ပြည်ပတွေမှာရော မီဒီယာ လွတ်လပ်ခွင့်ကို ဘယ်လို မြင်ပါသလဲ။ တခြား နိုင်ငံတွေနဲ့ ဘယ်လို ကွာဟမှုရှိလဲ။

နှစ်ပေါင်း လေးဆယ်ကျော် ခုထိပဲ၊ မြန်မာပြည်မှာ ဂျာနယ်မှာ ဆောင်းပါးတွေ အများကြီးပဲ၊ ဒါတွေက စာရွက် အဖြူပေါ်မှာ အနက်တင်ခွင့် ရတာပဲရှိတယ်၊ လွတ်လပ်မှု မရှိသေးဘူး။ စာရေးဆရာတွေကို မေးလိုက်ရင်လည်း မရှိဘူးလို့ ပြောမှာပဲ။

ကွာဟမှုကတော့ ရှိပါတယ်၊ အခုမှ တွေ့ရသလောက် အခြားမပြောနဲ့ ကမ္ဘောဒီးယား နိုင်ငံမှာတောင် ကိုယ်ပိုင် အင်္ဂလိပ် သတင်းစာတွေ ထုတ်နေတယ်။ မြန်မာပြည်မှာက အစိုးရသတင်းစာ တစောင်ပဲ ထွက်တယ်၊ အာဖရိကန်၊ တောင်အမေရိက၊ ဥရောပတော့ မပြောနဲ့ လွတ်လပ်စွာ ရေးခွင့်ရှိတယ်။ မြန်မာပြည်က အနှိမ့်ဆုံးအဆင့် ရောက်နေတယ်။ လုပ်ကိုင်နေတဲ့ လူတွေကို မစာနာလို့ မလေးစားလို့ ပြောတာ မဟုတ်ဘူး။ သူတို့ရေးထားတာ ရီစရာ ကောင်းနေတယ်။ သူတို့လည်း ပေးတာလုပ်၊ အယ်ဒီတာက ဗမာစာ အရေးအသားတောင် မမှန်ဘူး ဖြစ်နေတယ်။ ဘဘမြင်တာကတော့ ကိုယ်လည်း ဒီထဲရောက်ခဲ့ဖူးတာပဲ၊ သူတို့ခိုင်းတာ လုပ်ခဲ့တာပဲ၊ သူတို့က မျက်နှာဖုံး ထည့်ပါဆိုရင် ဘဘက နောက်မှာ ထည့်တာတို့ လုပ်ခဲ့တယ်။ အဲဒီတော့ အနှပ်ချုပ်လိုက်ရင် တစ် ပုံသဏ္ဍာန်အရ တော်တော်လည်း ချွတ်ချော်ပါတယ်။ နှစ် အကြောင်းအရာကလည်း ရယ်စရာလို ဖြစ်နေပါတယ်။ တတိယအနေနဲ့ ရုံးကန်မှု လျော့ပါး၊ အားနည်းနေပါတယ် ပြောချင်ပါတယ်။

မီဒီယာသမားတွေနဲ့ ဒီမိုကရေစီ ကြိုးပမ်းနေသူတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲ။

ပြောစရာတော့ မီဒီယာအတွက် ပြောပိုင်ခွင့် မရှိတော့ဘူး။ ဘဘ အသက်အရွယ်က လူငယ်တွေ လုပ်နိုင်သလောက် ကိုယ်က မလုပ်နိုင်တော့ဘူး။ လူငယ်တွေ မြင်သလိုလည်း မမြင်တာကို ပါတဲ့အခါကြတော့၊ ကောင်းတယ် ဆိုးတယ် မပြောလိုတော့ဘူး။ သို့သော် ပြောချင်တာတခုက မီဒီယာဆိုတာ တိုင်းပြည်တခုရဲ့ မရှိမဖြစ်တဲ့ ရှင်းရှင်းပြောရရင် မြန်မာသမိုင်း တခုလုံးရဲ့ အသက်သွေးကြောတခုပဲ ၊ ဂျာနယ်တို့ မဂ္ဂဇင်းတို့ဆိုတာက တိုင်းပြည်အတွက် အရေးပါတယ်။ ဒါတွေ ရေးပြီဆိုရင် စိတ်"ါတ်ပိုင်း ဆိုင်ရာ၊ ကျင့်ဝတ်ပိုင်း ဆိုင်ရာ၊ အတတ်ပညာပိုင်း ဆိုင်ရာလည်း တာဝန် အလွန်ကြီးပါတယ်၊ အဲဒါကြောင့် တတ်နိုင်တမျှ ရုန်းကန်ပါ၊ လှုပ်ရှားပါ အဲဒီလိုပဲ ပြောချင်ပါတယ်။

ဒီမိုကရေစီ လုပ်ရှားနေသူတွေကိုလည်း ဘဘက နိုင်ငံရေးအရ ပါတီမှာ ၉ လ ပဲ နေရတာပါ။ အတွေအကြုံရင့်တဲ့လူတွေ ထက်စာရင် နုပါတယ်။ ပြောချင်တာ တခုက ကျနော်တို့ ဒီအချိန်ဟာ စစ်အာဏာရှင် ယန္တရားကြီးဟာ လမ်းကြိတ်သလို ဆက်ပြီး ကြိတ်နေတုန်းပါ။ အဲဒါကြောင့် နိုင်ငံရေးသမားတွေ အားလုံး တတ်နိုင်သမျှ ညှိနိုင်လို့ရတဲ့ သူတွေ ညှိနှိုင်းပြီး တူတာတွေ တွဲလုပ်၊ မတူတာတွ ခွဲလုပ်ပြီးတော့ လုပ်၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ ဒီမိုကရေစီရဖို့အတွက် ဦးတည်ပြီးတော့ လုပ်သွားကြပါလို့ တောင်းပန်လိုက်ပါတယ်။

Ref: မဇ္ဈိမ

Read More...

ဦးဝင်းတင်၏ ရှုမြင်သုံးသပ်ချက်

လက်ရှိ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ရပ်တည်ချက်၊ လှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး ဦးဝင်းတင်ကို RFA မှ ကိုခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင်ဖို့ ဖြစ်နိုင်ပါ့မလား၊ ၂၀၁၀ ရွေးကောက်ပွဲကို NLD လက်ခံနိုင်ဖို့အတွက် အခြေခံ လိုအပ်ချက်တွေက ဘာတွေလဲ၊ လူငယ်တွေကို တာဝန်တွေ ဘယ်လိုခွဲဝေပေးမှာလဲ၊ စသဖြင့် မေးမြန်းထားပါတယ်။

Playtagger ကို နှိပ်၍ နားဆင်ပါရန်()


Ref: RFA News

Read More...

Friday, October 24, 2008

မြို့ပြပြောက်ကျား စစ်ဆင်နည်း

ဂါမဏိ

ပြောက်ကျားရဲဘော်
- သတ္တိ၊ ဦးနှောက်၊ ပါးနပ်လည်ဝယ်မှု၊ သံဓိဌာန် ခိုင်မာမှု
- လက်ဖြောင့်ခြင်း၊လက်နက်မျိုးစုံအကြောင်း အခြေခံအားဖြင့် သိနားလည်ခြင်း
- ထိုးထွင်းကြံဆနိုင်စွမ်း(အမှီအခိုကင်းစွာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်လုပ်နိုင်စွမ်း)၊ ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနိုင်စွမ်း၊ ပြောင်းလွယ် ပြင်လွယ် ဖြစ်မှု၊ ဘက်စုံနှံ့စပ်ကျွမ်းကျင်မှု၊ ဘယ်အနေအထားမဆို ချုပ်ကိုင်နိုင်စွမ်း
- အပင်ပန်းအဆင်းရဲခံနိုင်ရည်၊ ငတ်ပြတ်ခံနိုင်ရည်၊ အမြဲသတိရှိမှု၊ စိတ်ရှည်မှု (ဂမူးရှုးထိုး မဆင်မခြင် မလုပ် ခြင်း)၊ စိတ်ဓာတ်မကျခြင်း၊ ခြေရာ လက်ရာ သဲလွန်စမချန်ခြင်း
- လုံ့လ၀ီရိယနဲ့ ရိုးသားမှု
- မျက်နှာအမူအရာ ဟန်ဆောင်ဖုံးကွယ်တတ်ခြင်း၊ ခေါင်းအေးခြင်း၊ စာရွက်စာတမ်း၊ မှတ်ပုံတင်အတုများ ဖန် တီးသုံးစွဲတတ်ခြင်း
- ရန်သူ့ဆီ ပေါ်နေသူ မဖြစ်စေရ
- အခက်အခဲရင်မဆိုင်နိုင်၊ စိတ်မရှည်နိုင်တော့ရင် အနားယူနှုတ်ထွက်ပါစေ။

အနေအထိုင်
* သာမန်လူထက် ပိုမထူးခြားစေရ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ ကိုက်ညီအောင် ၀တ်စားနေထိုင်
* ပတ်ဝန်းကျင် လေ့လာအား၊ ရန်သူ့အခြေအနေ လေ့လာအားကောင်းရမည်
* ဖြစ်နိုင်သရွေ့ ပုံမှန်အသက်မွေးဝမ်းကျောင်းအလုပ်လုပ်ပြီးနေ

ရည်မှန်းချက်
* သုတ်သင်ကွပ်မျက်ရေး
* ဖောက်ခွဲရေးနှင့် ဖျက်ဆီးရေး
* ငွေကြေးဥစ္စာပစ္စည်းသိမ်းယူရေး (၄င်းအားဖြင့် ရဲဘော်တဦးချင်း စားဝတ်နေရေးဖြေရှင်း၊ လိုအပ်သည့် လက် နက်ပစ္စည်းများဝယ်

အတတ်ပညာပိုင်း ပြင်ဆင်မှု
အဓိကကျ၊ ကျွမ်းကျင်အောင် လေ့ကျင့်
* လက်နက်ငယ် ကိုင်တွယ်ပစ်ခတ်နည်းနှင့် ဖောက်ခွဲရေး၊ လက်ဖြောင့်ရေး (အဓိက)
* မိုင်းနှင့် ဗုံးလက်တေ့လွုပ်နည်း
* အမှည့်ချွေ တိုက်ပွဲနည်းပညာနှင့် အဖျက်လုပ်ငန်းနည်းပညာ
* လက်နက်မဲ့ ကိုယ်ခံပညာ
* ခြေလျင်တောင်တက်၊ ရေကူး လှေလှော်၊ ရေငုပ် တောလိုက်
* ကားမောင်းဆိုင်ကယ်မောင်း၊ စက်လှေ မော်တော်မောင်း၊ ယာဉ်စက်ပြင်
* ရေဒီယို၊ တယ်လီဖုန်း၊ ကွန်ပြူတာ၊ ဝေါ်ကီတော်ကီ ဆက်သွယ်ရေး GPS ကျွမ်းကျင်ရေး
* မြေအနေအထားနှင့် အကွာအဝေး ခန့်မှန်းခြင်း၊ မြေပုံဖတ်မြေပုံဆွဲပညာ
* ရှေးဦးသူနာပြုနည်း၊ သာမန် အသေးစား ခွဲစိတ်ကုသနည်း၊ ဆေးဝါးများအကြောင်း
* စာရွက်စာတမ်းအတုလုပ်ငန်း

အဆင့်မြင့် လေ့ကျင်ရေးစခန်းသို့ အခြေခံလက်တေ့အွ လုပ် ဖြတ်သန်းပြီးသူသာ တက်ခွင့်ပေး၊
လက်နက်ငယ်
* အပေါ့စား စက်သေနတ်ငယ်၊ အေကေဒင်ခေါက် (ဒင်ရှည် ပြောင်းရှည် မသင့်တော်)။ ကျည် ရေသောက်မြစ် စဉ်းစား
* ၃၈ ခြောက်လုံးပြူး ပစ္စတိုနှင့် ဆိုင်လင်ဇာ
* လက်ပစ်ဗုံး မီးခိုးဗုံး (ဆုတ်ခွာရေးအတွက်)
* တလုံးပြောင်း (ညတိုက်ပဲအွ တွက်) ပြောင်းဖြတ်ထား
* လက်ဖြောင့်ရေးအတွက် လေသေနတ် အပြင်းစား (နံပါတ်တူး သို့မဟုတ် လေထိုး လေသေနတ်) နဲ့ လေ့ကျင့်၊ စနိုက်ပါ အဆင့်ဖြစ်အောင် လေ့ကျင့်
* လက်နက်ပြင်ပညာ တွင်ခုံ ပန်းဘဲ
* မိုလိုတော့ဗ် ပုလင်းဗုံး။ ယမ်းနက်ဗုံး၊ အမိုးနီးယား ဓာတ်မြေသြဇာဗုံး ထုတ်လုပ်ရေးနှင့် ကိုင်တွယ်အသုံးချရေး (ကြာကြာ လှောင်မထားဘဲ အမြန်အသုံးချ၊ အဆင့်မြင့် နိုင်ငံခြားဖြစ်ဗုံးများ ကာလ တခု လှောင်ထားနိုင်)
* လိုအပ်တာများ ၀ယ်ယူ သို့မဟုတ် သိမ်းယူ လုယူ

ရန်ငါ စစ်ဒေါက်တိုင်များ
1. ထောက်ပို့
2. ဆေးဝါး
3. ထောက်လှမ်းရေး
4. ဆက်သွယ်ရေး

စုဖွဲ့မှု
အဖွဲ့ငယ်တဖွဲ့ကို ၄၅ယောက်ထား၊
အဖွဲ့ငယ် ၂ဖွဲ့ကို တပ်စိတ်တစိတ်၊ ဒီထက်ပိုမြင့်တဲ့ ဖွဲ့စည်းမှု မလုပ်ရန်။ အဖွဲ့ငယ်အားလုံး အမှီခို ကင်းကင်းလုပ်၊ မဟာဗျူဟာ စစ်ဦးစီးဌာနချုပ်၏ သီးခြားညွှန်ကြားချက် မရှိရင် ကိုယ့်ထိုး ထွင်းရှေ့ ဆောင်မှုနဲ့ကိုယ် ကြိုက်သလို တိုက်။

လုပ်ငန်းတာဝန်
ထောက်ပံရေး ။ ။ ယာဉ်၊ ငွေ၊ လက်နက်၊ ခဲယမ်း၊ ဗုံးမိုင်း
လိုအပ်သလို ၀ယ်သိမ်းလု

နည်းဗျူဟာ
* ထိုးစစ်လက္ခဏာ
* အမြန်တိုက် အမြန်ဆုတ်
ရင်ဆိုင်တိုက်ပဲနွှင့် အဆုံးအဖြတ်တိုက်ပွဲ ရှောင်။ အမြန်အဆုံးသတ်တိုက်ပွဲ တိုက်။
* မဟာဗျူဟာအရ ခြွေစစ်

အားသာချက်
* အလစ်အငိုက်ရ
* မြေအနေအထားပိုင်
* လျင်မြန်လှုပ်ရှားနိုင်စွမ်း
* သတင်းထောက်လှမ်းရေးကောင်း
* ပြတ်သားမြန်ဆန်စွာ ဆုံးဖြတ်
* ရန်သူ ပို့-ဆက်-ထောက်-လမ်းဖျက်

ပစ်မှတ်
* ဘဏ်
* စက်မှုလုပ်ငန်း (ကပစအပါအ၀င်)
* စစ်စခန်း စစ်အဆောက်အဦး
* ထောင်၊ ရဲစခန်း
* အစိုးရရုံးဌာန အစိုးရအသင်းအဖွဲ့
* မီဒီယာ (သတင်းစာ၊ အသံလွှင့်ရုံ၊ ရုပ်သံလွှင့်ရုံ)
* အစိုးရယာဉ်ယန္တရား
* လောင်စာဆီ သိုလှောင်ရုံနှင့် ရေနံချက်စက်ရုံ
* သဘောင်္ဆိပ်နှင့် သဘောင်္
* လေဆိပ်နှင့် လေယာဉ်
* အရေးကြီးပုဂ္ဂိုလ်ခရီးစဉ် လမ်းကြောင်း
* ပစ္စည်းဂိုဒေါင်နှင့် ကားစခန်းကားဂိုဒေါင်
* ၀န်ကြီး ဗိုလ်ချုပ် အစိုးရနှင့် စစ်တပ်ထိပ်သီး အရာရှိကြီးများ၏ နေအိမ်

လုပ်ငန်းတာဝန်
• တိုက်ခိုက်ချေမှုန်းရေး
• စီးနင်းထိုးဖောက်ရေး
• စီးနင်းသိမ်းပိုက်ရေး
• ခြုံခိုတိုက်ပွဲ
• လမ်းပေါ်တိုက်ပွဲ
• သပိတ်
• လက်နက်ခဲယမ်း သိမ်းလု၊ စစ်ပြေးအားပေး
• ထောင်ဖွင့်
• ကွပ်မျက်သုတ်သင်
• အခွန်ကောက် (ပြန်ပေးဆွဲ)
• ဖျက်ဆီးရေး
• ဖောက်ခွဲရေး
• လက်နက်ကိုင်ဝါဒဖြန့်ချိရေး

တိုက်ခိုက်ချေမှုန်းရေး
အဓိကအားဖြင့် ညဘက်လုပ်၊ ဘဏ်လုတာမျိုးတော့ နေ့မှာသာ ဖြစ်နိုင်၊ မလိုအပ်တဲ့ အကြမ်းဖက်မှု မလုပ်ရန်၊ ပြည်သူလူထုပစ္စည်း သိမ်း
ယူ လုယက်မှု မလုပ်ရန်
လုပ်ငန်းပြီးရင် ၀ါဒဖြန့် ရှင်းလင်း လက်ကမ်းစာရွက် ထုတ်ပြန်ဖြန့်ဝေ၊

စီးနင်းရေး
လျှို့ဝှက်စာရွက်စာတမ်းများ ရှာဖွေသိမ်းယူ၊ အဆောက်အဦး ၀င်လမ်း ထွက်လမ်း အားလုံးကြည့်ထား escape plan မရှိဘဲ မလုပ်ရ၊

လမ်းပေါ်တိုက်ပွဲ
သေနတ်ကိုင် တိုက်ပွဲဖြစ်စေ သေနတ်မဲ့ ခ၊ဲ အုတ်သုံး တိုက်ပွဲ ဖြစ်စေ၊ နှစ်ဖက်ညှပ်တိုက်

ရေရှည်မြှုပ်နှံ စစ်ပြေး
သေချာစဉ်းစားပြီးမှ ပြေးဖို့ အချိန်ရွေး၊ ဥပမာ၊ ကိုယ့်လူတွေရှိရာဘက် စစ်ဆင်ရေးထွက်ချိန်၊ ရန်သူများ လက် နက်တခြား လူတခြား သတိပေါ့နေချိန်၊ ဖြစ်နိုင်ရင် ကိုယ့်လူနဲ့ ချိတ်ဆက်ချိန်းချက်ပြီး လက်နက် သယ်နိုင်သမျှ သယ်မပြေး။ ယူမနိုင်ရင် ဖျက်ဆီးဖောက်ခွဲခဲ့။

မြို့ပြပြောက်ကျား စစ်ဆင်နည်း (အပိုင်း ၂)
လျှို့ဝှက်ကွန်ယက်/ကလပ်စည်းအဖွဲ့ဝင်များ
လျှို့ဝှက်သော နည်းလမ်းများမှာ လူအများ၏ ပုံမှန် စဉ်းစားဆင်ခြင်ပုံနည်းများနှင့် အတွေ့အကြုံများပေါ်တွင် အခြေပြု ထားခြင်း ဖြစ်ပါသည်။

ဆောင်ရန်
- အဓိကအားဖြင့် စည်းကမ်းရှိမှု၊ သတိဖြင့်စောင့်ကြည့်နိုင်မှုနှင့် မိမိဘာသာထိန်းချုပ်မှုတို့လိုအပ်။
- လျှို့ဝှက်ဥပဒေများအတိုင်းလေးလေးနက်နက်လိုက်နာကျင့်သုံးရန်။
- လျှို့ဝှက်အဖွဲ့အစည်းဝင်များသည် ခိုင်မာသော သန္နိဋ္ဌာန်ရှိသူ၊ စည်းစနစ်ကျနသူ၊ ရိုးသားသူ၊ တည်ကြည် ထိန်းချုပ်နိုင်သူ၊ လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်သူဖြစ်ရန်၊ ပုဂ္ဂိုလ်ရေးအရည်အချင်းပြည့်ဝမှု၊ နိုင်ငံရေး အမြော်အမြင် ကြီးမားမှု၊ လုပ်ငန်းကျွမ်းကျင်မှု စသည်တို့ အဘက်ဘက်မှ ပြည့်စုံနေရမည့်အပြင် ရန်သူ၏ ထောက်လှမ်းရေး နည်းနာများ၊ တန်ပြန် ထောက်လှမ်းရေး နည်းနာများအားလည်းသိရှိရန်။
- မြေအောက်လျှို့ဝှက်လုပ်ငန်းနှင့်ပတ်သက်၍ကျွမ်းကျင်စွာသင်ကြားတတ်မြောက်ပြီးရန်။
- လျှို့ဝှက်ကလပ်စည်းများအား လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သလောက်သာ စနစ်တကျ ဖွဲ့စည်းရန်။
- အဖွဲ့ဝင်များကိုလည်း လုပ်ငန်းအလိုက် သင့်တော်သူ၊ အတွေ့အကြုံရှိသူများကို ရွေးချယ်ပြီး အရေအတွက် အနည်းဆုံးဖြင့် ဖွဲ့စည်းရန်။
- လျှို့ဝှက်အဖွဲ့အစည်းနှင့် မြေပေါ်ရှိ အတိုက်အခံဆက်သွယ်မှုအား လုံးဝကန့်သတ်ထားရန်။
လုပ်ငန်းအလိုက်
- ကလပ်စည်းများ ဖွဲ့စည်းထားသော်လည်း ကလပ်စည်းခေါင်းဆောင်မှသာ ဗဟိုနှင့် တိုက်ရိုက် ဆက်သွယ်မှု စနစ်ထားရှိရန်။
- ကလပ်စည်းတခုတည်းတွင်လည်း ကလပ်စည်း ခေါင်းဆောင်မှသာ ကလပ်စည်းအဖွဲ့ဝင်များနှင့် ဆက်သွယ် ဆက်ဆံရန်နှင့် အဖွဲ့ဝင်အချင်းချင်း ဆက်သွယ်မှု ဆက်ဆံမှုကို ကန့်သတ်ထားရန် (ထိုကဲ့သို့ ဆောင်ရွက် နိုင်ရန် ကလပ်စည်း ခေါင်းဆောင်အနေဖြင့် တာဝန်ခွဲပေးစဉ် ကတည်းက စနစ်တကျ စီမံဆောင်ရွက်ရန်)။
- ကလပ်စည်းအဖွဲ့ဝင်များကို လုပ်ငန်းနှင့် ပတ်သက်၍ လိုအပ်သလောက်သာ အသိပေးထားရန်။
- ကလပ်စည်းတိုင်းဖုံးကွယ်မှုအနေဖြင့် ယုံကြည်နိုင်လောက်သော ဟန်ပြလုပ်ငန်း၊ ဇာတ်လမ်းဖန်တီးထားရန်၊ ထိုဟန်ပြလုပ်ငန်း ဇာတ်လမ်းကိုလည်း ကလပ်စည်းအဖ့ဝွဲ င်များ သိရှိဇာတ်တိုက်ထားပြီးဖြစ်ရန်။


ရှောင်ရန်
- လျှို့ဝှက်လုပ်ငန်းနှင့် ပတ်သက်၍ နားမလည်သူတဦးအား လျှို့ဝှက်လုပ်ငန်း မစေခိုင်းရန်။
- ကလပ်စည်းတခုနှင့်တခု ဆက်သွယ်ခြင်း၊ ဆက်ဆံခြင်း လုံးဝမရှိစေရန်။
- အချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရမည့် အရေအတွက် အကန့်အသတ်ကို လိုက်နာရန် ပျက်ကွက်ခြင်း (အခြားအဖွဲ့ဝင်များနှင့် ပတ်သက်၍ သိသင့်သိထိုက်သော ကိစ္စများကိုလည်း ကန့်သတ်ရန်)
- ကလပ်စည်း များ၏ ဆက်သွယ်မှုစနစ်ကို ချိုးဖောက်ခြင်း (ဥပမာ-ကလပ်စည်းခေါင်းဆောင်အချင်းချင်း ဆက်သွယ်ခြင်း)
- မတူ ညီသောအစု အဖွဲ့စည်းများအချင်းချင်း သီးခြားစီ ခွဲမထားခြင်း အကန့်စနစ်အား ပီပြင်စွာ လုပ်ဆောင် မထားခြင်း (ဥပမာ-ဆက်သားအားစည်းရုံးရေးလုပ်ငန်းတွင် စေခိုင်းခြင်း)
- စည်းကမ်း လျော့ရဲလာခြင်း (ဥပမာ- စာရွက်စာတမ်းများအား စည်းကမ်းမဲ့စွာထားခြင်း၊ လူများမသင်္ကာဖြစ် စေသော အပြုအမူများ ဆောင်ရွက်ခြင်း)
- ကိုယ်ရေးနောက်ကြောင်းအား သေချာစွာ မစစ်ဆေးဘဲ ကလပ်စည်းအတွင်း ထည့်သုံး မိခြင်း
- ဆက်သွယ်ရေး လျှို့ဝှက်ချက်များအား လိုက်နာကျင့်သုံးမှု မရှိခြင်း
- ဖုံးကွယ်ရန် ဟန်ပြဇာတ်လမ်း အားနည်းခြင်း၊ မခိုင်လုံခြင်း
- အစည်းအဝေး လှုပ်ရှားဆောင်ရွက်မှုများအတွက် ပြင်ဆင်မှု အားနည်းခြင်း
- သိသင့်သောအချက်အလက်ကိုသာ သိထားရန်ဟူသော စည်းမျဉ်းဥပဒေအား ချိုးဖောက်ခြင်း
- မိမိကလပ်စည်းအပေါ်ကျရောက်လာနိုင်သော အန္တရာယ်များအတွက် ကြိုတင်စဉ်းစား စီစဉ်မထားခြင်း

ချုပ်ကိုင်မှု
ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိလေလေ ချေမှုန်းခံရဖို့ အခွင့်အလမ်းနည်းလေလေ ပြဿနာနည်းလေလေ ဖြစ်ပါသည်။ မြေအောက်လုပ်ငန်းတွင် လုံခြုံရေးအဓိကဖြစ်ပြီး လူမှုရေးတရားမျှတမှုသည် အဓိက မဟုတ်ကြောင်း နားလည်ထားရပါမည်။ ကလပ်စည်းတခုအား ချုပ်ကိုင်သည်ဆိုရာမှာ ကလပ်စည်း အဖွဲ့ဝင်များအား မြေအောက်လုပ်ငန်းများ စေခိုင်းခြင်း၊ ညွှန်ကြားခြင်း၊ လျှို့ဝှက်လုပ်ငန်း စည်းမျဉ်း ဥပဒေသ
အတိုင်း ဆောင်ရွက် ခြင်းရှိမရှိ စစ်ဆေးခြင်း၊ စည်းကမ်းသေ၀ပ်မှု၊ လျှို့ဝှက်လုပ်ငန်းအဖွဲ့ဝင်များ၏ ဥပဒေသများ အတိုင်း နေထိုင် လုပ်ကိုင်ခြင်း ရှိမရှိ၊ ကလပ်စည်းနှင့် ကလပ်စည်းအဖွဲ့ဝင်များ တဦးချင်းစီ၏ တာဝန်အတိုင်း ဆောင်ရွက်မှု ရှိမရှိကိုသာ စောင့်ကြပ်စစ်ဆေး ချုပ်ကိုင်သွားရပါမည်။

- ကလပ်စည်းခေါင်းဆောင်သည် မြေအောက်လျှို့ဝှက်လုပ်ငန်းများ၌ အတွေ့အကြုံရှိပြီး လုပ်ငန်းကျွမ်းကျင်သူ ဖြစ်ရန် (သို့မှသာ ကလပ်စည်း အဖွဲ့ဝင်များ၏ လုပ်ငန်းနည်းလမ်း အစီအစဉ်များကို စနစ်တကျ ကြီးကြပ်နိုင်မည်။
- လျှို့ဝှက်ကလပ်စည်းတခုသည် အကြိမ်ကြိမ်တွေ့ဆုံမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်
- လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်းရှိပြီး ချုပ်ကိုင်မှု အနည်းဆုံးဖြစ်ရန်
- အကယ်၍ ကလပ်စည်းအဖွဲ့ဝင်တဦးသည် စည်းကမ်းဖောက်ခြင်း (သို့မဟုတ်) လျှို့ဝှက်စည်းမျဉ်း ဥပဒေသ များအား လိုက်နာခြင်း မရှိပါက ကလပ်စည်းအတွင်း၌ ချက်ချင်းထုတ်ပစ်ခြင်းများ မပြုလုပ်ဘဲ တဖြေးဖြေး ကလပ်စည်းနှင့် ဝေးသွားအောင် ဆောင်ရွက်သည့်ပုံစံမျိုး ဆောင်ရွက်ရန်။

လျှို့ဝှက် ဆက်သား
မြေအောက်လုပ်ငန်းတွင် ဆက်သားသည် သက်သေအထောက်အထားနှင့် လက်ပူးလက်ကြပ်မိရန် ဖြစ်နိုင် ခြေအများဆုံးလူ ဖြစ်ပါသည်။ အာဏာပိုင်များအနေဖြင့် လျှို့ဝှက်ကလပ်စည်းတခုအား ဖော်ထုတ်ရန် ဆက် သား၏ လှုပ်ရှားမှုနှင့် ဆက်သွယ်ရေး ကွန်ယက်အတွင်းမှ ခြေရာခံလိုက်သည်မှာ အလွယ်ကူဆုံးဖြစ်သည်။ ထို့ကြောင့် …

- လျှို့ဝှက်ဆက်သားအနေဖြင့် လုပ်ငန်းနှင့်ပတ်သက်၍ အထူးကျွမ်းကျင်ရန်
- လျှို့ဝှက်ဆက်သားသည် ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် အမြဲသွားလာလှုပ်ရှားနေသူတဦး ဖြစ်ရမည့် အပြင် အာဏာပိုင်များ အမြင်တွင် ကိုယ်ပိုင်လုပ်ငန်းဖြင့် ပုံမှန်သွားလာနေဟန် ဆောင်ရွက်ထားရန်
- ဆက်သားတဦးအား ပုံမှန်လမ်းကြောင်းတွင်သာခိုင်းရန် (နယ်မြေကျော်စေခိုင်းပါက ၎င်းဆက်သားအတွက် အန္တရာယ် အများကြီးရှိမည် ဖြစ်သည်။)
- ဆက်သား၏ တာဝန်မှာ စေခိုင်းသည့်အတိုင်း အတိအကျ ဆောင်ရွက်ရန်ဖြစ်ပြီး ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ် ချက်ဖြင့် လုံးဝ ဆောင်ရွက်ခွင့်မပြု
- မြေပေါ်ရှိ အတိုက်အခံ တဦးဦးထံဖြစ်စေ၊ စောင့်ကြည့်ခြင်းခံနေရသော ကလပ်စည်းအဖွဲ့ဝင် တဦးဦးထံဖြစ်စေ မိမိ ကလပ်စည်း အတွက် အသုံးပြုနေသော ဆက်သားအား စေလွှတ်ခြင်း မပြုလုပ်မိစေရန်
- ဆက်သားအား အလျင်စလို စေခိုင်းခြင်းမျိုး မပြုလုပ်သင့်၊ ဆက်သား၏ လုံခြုံရေးအတွက် ကလပ်စည်းခေါင်း ဆောင်တွင် တာဝန် အပြည့်ရှိ ပေသည်။
- လျှို့ဝှက်ဆက်သားများအနေဖြင့် လုပ်ငန်းလုပ်ဆောင်လာခဲ့သည့် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ မိမိလုပ်ငန်းအပေါ် ပေါ့ပေါ့ တန်တန် ဆောင်ရွက်မှုများ ရှိလာတတ်သဖြင့် ထိုကဲ့သို့ မဆောင်ရွက်မိစေရေး အမြဲ သတိထားရန်
- လုပ်ငန်းဆောင်ရွက်ရန် ရှိသည့်အခါတိုင်း မိမိဆက်သွယ်ရမည့် လမ်းကြောင်းအား ကြိုတင်စစ်ဆေးမှု ပြုလုပ်ရန်
- အကယ်၍ အန္တရာယ်နှင့် ကြုံတေ့လွာပါက မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းမည် ဆိုသည့်အချက်အား လုပ်ငန်း ဆောင်ရွက်သည့် အခါတိုင်း ကြိုတင်စဉ်းစားထားတတ်သည့် အလေ့အထ အမြဲရှိနေရန်

လျှို့ဝှက်စည်းရုံးရေးသမား
မြေအောက်လုပ်ငန်းတွင် အသုံးပြုရန် စည်းရုံးခြင်း မဟုတ်ဘဲ အင်အားရရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် …

- စည်းရုံးရေးသမားသည် သဘောတရားသာ အသုံးချရမည့်သူဖြစ်၍ အတတ်နိုင်ဆုံး မည်သည့် အထောက် အထားမှ မပါရှိရန်
- ပုဂ္ဂိုလ်ရေးအရည်အချင်း ပြည့်ဝမှု၊ နိုင်ငံရေးဗဟုသုတ ပြည့်ဝမှု၊ လုပ်ငန်းကျွမ်းကျင်မှု စသည့် အရည် အချင်းများ ပြည့်ဝနေရန်
- ပြည်သူလူထုအား မိမိတို့၏လုပ်ငန်းအပေါ် ထောက်ခံလာအောင် စည်းရုံးနိုင်စွမ်းရှိရန်၊ နယ်မြေလူထုမှလည်း လေးစားမှုရှိပြီးဖြစ်ရန်
- ပြည်သူလူထုလေးစားသည့် ဆရာတော်ကြီးများ၊ လူပုဂ္ဂိုလ်များအား စည်းရုံးရန်
- မိမိစည်းရုံးရမည့် နယ်မြေအား အကျွမ်းဝင်ရန်
- အခြေအနေပေါ် မူတည်ပြီး လိုအပ်လျှင် လိုအပ်သလို ဖြတ်ထိုးဥာဏ်သုံးကာ ဆောင်ရွက်နိုင်စွမ်းရှိရန်
- မလိုအပ်သေးသ၍ မည်သူနှင့်မျှ အဆက်အသွယ်မပြုလုပ်ဘဲ တကိုယ်တည်း လွတ်လပ်စွာ လှုပ်ရှားဆောင် ရွက်ရန်

ဖုံးကွယ်ရေး (နေ့စဉ်နေထိုင်သွားလာလှုပ်ရှားရေး)

ဆောင်ရန်
- ပြည်သူလူထုနှင့် တသားတည်း ရှိနေသူဖြစ်ရန်၊ သာမန်ပြည်သူတဦးပုံစံဖြင့်သာ နေ့စဉ်နေထိုင်သွားရန်
- ဘာအလုပ်မှ မရှိတာထက်စာရင် ဟန်ပြအလုပ်အကိုင်တခုခုနဲ့ ဖုံးကွယ်မှုပုံစံ တမျိုးမျိုးရှိနေတာ ပိုကောင်းသည် (သာမန် လူထုပုံစံ ပေါက်ရမည်)။
- ထူးဆန်းသော အမူအကျင့်များဖြင့် မိမိကိုယ်ကို လူအများ အာရုံစိုက် မလာစေရန်
- အန္တရာယ်နှင့် ရင်ဆိုင်တွေ့သည့်အခါ ထိတ်ပြာမနေဘဲ သွေးအေးအေးဖြင့် ဖြေရှင်းနိုင်ရန်
- ရန်သူသည် မိမိအား အချိန်မရွေး နောက်ယောက်ခံနိုင်ကြောင်း အမြဲ သတိရှိရန် (တခါတရံ လျှို့ဝှက်နောက် ယောင်ခံပြီး တခါတရံ ဗြောင်နောက်ယောင်ခံတတ်၊ ရည်ရွယ်ချက်ကတော့ အတူတူဖြစ်ပြီး မိမိလုပ်ငန်းအား အနှောက်အယှက်ပြုရန်နှင့် လှုပ်ရှားမှုအား ကန့်သတ်ရန် ဖြစ်သည်။ လျှို့ဝှက်နောက်ယောက်ခံခြင်းသည် မိမိ ကလပ်စည်းတခုလုံးအား ခြေရာခံမိရန်ဖြစ်ပြီး ဗြောင်နောက်ယောင်ခံခြင်းသည် ကြောက်ရွံ့စေရန်နှင့် စိတ်ဓာတ် ခြောက်ခြားစေရန် ဖြစ်သည်။ အကယ်၍ သင် နောက်ယောင်ခံ အလိုက်ခံရပြီဆိုပါက နောက်ယောင်ခံအား သဘာဝကျကျ အမြန်ဆုံးဖြတ်ပစ်ရန်၊ မည်သူမှ မသိခင် အမြန်ဆုံးဖြတ်ပစ်နိုင်မှသာ မိမိကလပ်စည်းတ ခုလုံး အန္တရာယ် ကင်းနိုင်မည်။
- မိမိ၏ ဖုံးကွယ်ထားသော လုပ်ငန်းအား ကိုယ်ပိုင်အရည်အသွေးဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားရန်

ရှောင်ရန်
- အာဏာပိုင်အဖွဲ့မှ အလိုရှိနေသူ၊ နောက်ယောက်ခံ အလိုက်ခံရသူ မဖြစ်စေရန်။ အာဏာပိုင်အဖွဲ့မှ မိမိအကြောင်း ဘာမျှ မသိဘဲ ၎င်းတို့နှင့် ခင်မင်ရင်းနှီးစွာ နေထိုင်သူဖြစ်ရန်
- မိမိကိုယ်ကို အထင်ကြီးခြင်း၊ ကြီးကျယ်အောင် ပြုလုပ်ခြင်းများအား ရှောင်ကြဉ်ရန်
- မိမိအဖွဲ့ဝင်အချင်းချင်း မလိုအပ်ဘဲ အဆက်အသွယ်ပြုလုပ်ခြင်း၊ ၀င်ထွက်သွားလာခြင်း မပြုလုပ်ရန်
- မှတ်စုစာအုပ်၊ လိပ်စာစာအုပ်များ မဆောင်ထားရန်၊ အတတ်နိုင်ဆုံး ကိုယ်ပေါ်တွင် အထောက်အထား မရှိ အောင် နေနိုင်ရန်၊ မိမိအား စွဲချက်တင်နိုင်သော မည်သည့်အရာမဆို ၀ှက်ထားရန်
- မည်သည့်အရာမဆို ပေါ့ပေါ့တန်တန် မတွက်ထားရန်
- နှုတ်မမှားဘဲ မိမိလုပ်ငန်းအား မည်သူမျှမသိအောင် ဖုံးကွယ်ထားရန်၊ လျှို့ဝှက်ချက်အား အသက်နှင့်ထပ်တူ ထိန်းသိမ်းနိုင်ရန်

ဆက်သွယ်ရေးနှင့် သတင်း
မြေအောက် ဆက်သွယ်ရေး အမျိုးအစား အသုံးပြုနည်း များစွာရှိသော်လည်း ၎င်းတို့မှာ သီးခြား တီထွင်ထားခြင်း မဟုတ်ဘဲ လူအများနေ့စဉ် အသုံးပြုနေသော အရာများကိုသာ အခြားသူ အာရုံ မစိုက်မိစေဘဲ အသုံးပြုထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် မြေအောက်လုပ်ငန်း ဆောင်ရွက်သူများ အနေဖြင့် လျှို့ဝှက်ဆက်သွယ်ပုံ နည်း လမ်းများအား ကြေညက်စွာ တတ်မြောက်ထားရမည် ဖြစ်ပါသည်။

- လျှို့ဝှက်တွေ့ဆုံပွဲ တခုပြုလုပ်ရန် မြေအောက်ဆက်သွယ်ရေးစနစ်များအတိုင်း အသုံးပြုပြီး အချိန်၊ နေရာ၊ လူ ဦးရေ စသည်များ ကြိုတင် သတ်မှတ်ရန်
- တဦးတယောက်နှင့် တွေ့ဆုံရန် ပြောသည့်အခါ အချိန်နှင့်နေရာပါ တပါတည်း ပြောဆိုရန်၊ ထို့အပြင် အရံနေရာပါ ပြောဆိုရန်
- ပုံမှန်ဆက်သွယ်မှုအား မိမိ နေရာ မဟုတ်သည့်၊ မိမိ ယုံကြည် စိတ်ချရသူများ ရှိသည့်၊ မိမိ ကျွမ်းကျင်သော နေရာတွင် ပြုလုပ်ရန်
- ဆက်သွယ်ရန် တွေ့ဆုံရန် နေရာသည် ရှာဖွေရန်လွယ်ကူပြီး အ၀င်အထွက်လည်း လွယ်ကူရန်၊ ပုဂ္ဂိုလ်ရေးအရ လွတ်လပ်မှုရှိပြီး လုံခြုံသည်ဟု စိတ်ခံစားရသော နေရာလည်းဖြစ်ရန်
- ဆက်သွယ်ရာတွင် အချိန်တိကျမှုအား လူတိုင်းလိုက်နာရန်၊ သတ်မှတ်ချိန်ထက် () မိနစ်ကျော် မလာလျှင် လူစုခွဲရန်
- အဆက်အသွယ်ပြုလုပ်သည့်နေရာအား ပတ်ဝန်းကျင်မှ မရိပ်စားမီ ပြောင်းလဲနိုင်ရန်
- အရေးကြီးသော ဆက်သွယ်မှုပြုလုပ်မည်ဆိုပါက လုံခြုံစိတ်ချရပြီး မှတ်စုလိုက်နိုင်သော၊ ပစ္စည်းလဲနိုင်သော နေရာဖြစ်ရန်၊ ဆက်သွယ်မှု ပြုလုပ်နေစဉ် အမည်၊ လိပ်စာ၊ ရက်စွဲများအား စာဖြင့်ရေးပြကာ မှတ်သားစေပြီး ချက်ချင်းဖျောက်ဖျက်ရန်
- ကိစ္စရပ်တိုင်းတွင် ကြားခံအဆက်အသွယ် အနည်းဆုံးဖြင့် ဆောင်ရွက်ရန်
- တယ်လီဖုန်းအဆက်အသွယ်မှာ မြေအောက်လုပ်ငန်းအတွက် နည်းလေကောင်းလေဖြစ်ပြီး မဖြစ်မနေသုံးရ မည်ဆိုပါက အများသုံး တယ်လီဖုန်းမှ ရိုးရှင်းသော စကားဝှက်များဖြင့် အသုံးပြုရန်။

ဂါမဏိ

Read More...

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့ ကင်တားနား တိုက်တွန်း

24 October 2008

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်က မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေး ကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ဖို့ စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့ အကျဉ်းသား ၂,၀၀၀ ကျော်ကို လွှတ်ပေးဖို့လည်း မစ္စတာ တိုးမာ့စ် အိုဟေးကင်တားနား (Tomas Ojea Quintana) က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနားဟာ မြန်မာနိုင်ငံကို သြဂုတ်လမှာ ပထမဆုံး အကြိမ် သွားရောက်ခဲ့ပြီးတဲ့နောက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရလုပ်ရမယ့် အချက် ၄ ချက်ကို အဆိုပြုခဲ့ပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်
မစ္စတာ ကင်တားနား။

"နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီအောင် ပြည်တွင်းဥပဒေတွေကို ပြင်ဆင်ပါ၊ နိုင်ငံရေး ခံယူချက်တွေကြောင့် ဖမ်းဆီးထားသူတွေ အားလုံးကို လွှတ်ပေးပါ၊ စစ်တပ်ကို ပြုပြင်ပြောင်းလဲရေးလုပ်ပါ၊ စစ်တပ်မှာ လူ့အခွင့်အရေး သင်တန်းပေးပါ၊ လွတ်လပ်တဲ့ တရားစီရင်နိုင်မှုနဲ့ တရားဥပဒေ စိုးမိုးအောင် လုပ်ပါ။ "စက်တင်ဘာလတုန်းက အကျဉ်းသား ၉,၀၀၀ လွှတ်ပေးခဲ့တာကို မစ္စတာကင်တားနားက ကြိုဆိုပေမယ့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ၇ ယောက်ပဲ ပါတယ်ဆိုတာကို ထောက်ပြပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း ၂,၀၀၀ ကျော်ရှိနေတာကို လွှတ်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီထဲမှာ အထင်ရှားဆုံး ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။

မစ္စတာကင်တားနားဟာ သူ့ရဲ့ ၄ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။ သူမ အဆောတလျင် လွတ်လာလိမ့်မယ်လို့လည်း မစ္စတာကင်တားနားက မမျှော်လင့်ပါဘူး။

"လတ်တလောမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလိမ့်မယ်လို့ ကျနော်အရမ်းကြီး မျှော်လင့် မထားပါဘူး။ သူမဟာ မတရား ဖမ်းဆီးခံထားရတာ ဖြစ်တယ်ဆိုတာ စစ်အစိုးရ နားလည်လာအောင် လုပ်မယ့် ဗျူဟာတွေကို ကျနော် ကြိုးစားရှာနေပါတယ်။"
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တိုးမာ့စ်အိုဟေး ကင်တားနား ပြောပြသွားတာ ဖြစ်ပါတယ်။

အလားတူပဲ မြောက်ကိုရီးယားဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဗီတစ် မွန်တာ့ဘွန်း (Vitit Muntarbhorn) ကလည်း မြောက်ကိုရီးယား နိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုမရှိဘူးလို့ နယူးယောက်ခ်မြို့က ကုလသမဂ္ဂ ဌာနချုပ်မှာ ပြောသွား ခဲ့ပါတယ်။

Ref: VOA News

Read More...

Thursday, October 23, 2008

ဒေါ်အေးအေးဝင်းကို ရဲရင့်သော သတင်းသမားဆု ပေးအပ်

အောက်တိုဘာ ၂၂၊ ၂၀၀၈

နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်းက၂၀၀၈ ခုနှစ် အတွက် ရဲရင့်သော သတင်းသမား ဆုကို မြန်မာနိုင်ငံ ရန်ကုန်အခြေစိုက် အေပီ သတင်းထောက် ဒေါ်အေးအေးဝင်းအား ယနေ့တွင် ပေးအပ်သည်။
နိုင်ငံအတွင်းမှ သတင်းမှန်များကို နှစ်ပေါင်း ၂၀ နီးပါး စွန့်စား ရဲရင့်စွာ ရေးသားတင်ပြနေသော ဒေါ်အေးအေးဝင်း က သတင်းလွတ်လပ်ခွင့်သည် လူ့အဖွဲ့အစည်း၏ အာမခံချက်တခုပင် ဖြစ်သည်ဟု ပြောကြားလိုက်သည်။

“နိုင်ငံတည်ငြိမ်လွတ်လပ်မှုနဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တခုဖြစ်ဖို့ အတွက် သတင်း လွတ်လပ်ခွင့် ဟာ ပဓာန ကျပါတယ်၊ ဒါကြောင့် ကျမရဲ့ သတင်းထောက် အလုပ်က ပြည်သူကို အလုပ်အကြွေးပြုရာ ရောက်သလို နိုင်ငံ အတွက်လည်း တစုံတရာ အာမခံချက် ပေးနိုင်တယ်လို့ ကျမ ယုံကြည် ပါတယ်”ဟု လည်း ဒေါ်အေးအေးဝင်းက ဆိုသည်။

ဒေါ်အေးအေးဝင်း

အဆိုပါ အသက် ၅၄ နှစ်ရှိ ဒေါ်အေးအေးဝင်းရရှိသည့် ရဲရင့်သော သတင်း သမားဆုကိုမူ အေပီ သတင်းဌာန၏ စီမံခန့်ခွဲမှု အယ်ဒီတာ ဂျွန် ဒန်းနစ္စဇွက်စ်ကီ (John Daniszewski) က ကိုယ်စား လက်ခံရယူခဲ့ခြင်း ဖြစ်သည်။

ဂျွန် ဒန်းနစ္စဇွက်စ်ကီ (John Daniszewski)က “မြန်မာ သတင်းထောက် ဒေါ်အေးအေးဝင်းဟာ ခြိမ်းခြောက် နှိပ်စက်မှုတွေ ကျင့်သုံးနေတဲ့ အာဏာပိုင်တွေ စောင့်ကြည့်နေတဲ့ကြားက အနှစ်၂၀ နီးပါး သတင်းမှန်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းထုတ်ဖော် ရေးသားခဲ့သူဖြစ်ပါတယ်၊ သူဟာ မာန ထောင်လွှား တတ်သူလည်း မဟုတ်ပါဘူး”ဟု ချီးကျူးပြောကြားသည်။

ယင်းဆုပေးပွဲ အခမ်းအနားကို အမေရိကန်နိုင်ငံ မန်ဟက်တန်မြို့လယ်ရှိ Waldorf Astoria hotel တွင်ကျင်းပခြင်း ဖြစ်ပြီး နယူးရောက်မြို့တော်ဝန် မိုက်ကယ် ဘလွမ်းဘာ့ဂ် နှင့် တခြားသော ဂုဏ်ထူးဆောင် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

“ဒီ သတင်းထောက်အလုပ်ဟာ အန္တရာယ်ရှိတဲ့ စွန့်စားမှုတခုဆိုတာ ဒေါ်အေးအေးဝင်းသိပါတယ်၊ သူ့ယောက်ျားနဲ့ သူ့အဖေ ကို စစ်ဗိုလ်ချုပ်တွေက ထောင်ချခဲ့ဖူးတယ်၊ သူ့ကိုလည်း ဖမ်းဆီးဖို့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်၊ ဒါပေမယ့် သူ ဒီအလုပ်ကို နောက်မဆုတ်ခဲ့ဘူး” ဟုလည်း ဂျွန် ဒန်းနစ္စဇွက်စ်ကီ (John Daniszewski)က ပြောသည်။

ဂျွန် ဒန်းနစ္စဇွက်စ်ကီက ဒေါ်အေးအေးဝင်းသည် အများပြည်သူ သိသင့်သိထိုက်သည့် သတင်းမှန်များနှင့် ဗဟုသုတ တို့ကို ပြန်လည် ရေးသားတင်ပြသော သတင်းသမားများ၏ အစဉ်အလာကောင်းကို ကိုယ်စားပြုသူ တဦးလည်း ဖြစ်ကြောင်း ပြောဆိုသည်။

စစ်အစိုးရတရပ်က နှစ်ပေါင်း ၄၀ ခန့် အုပ်စိုးနေသော နိုင်ငံတနိုင်ငံရှိ သတင်းသမားများသည် ကြိုတင်တွက်ဆ မထားနိုင် သော အန္တရာယ်များ၊ ခြိမ်းခြောက်မှုများ၊ သတင်းလုပ်ငန်းများတွင် လွတ်လပ်မှုမရှိဘဲ စိုးရိမ်ကြောက်ရွံ့စွာ လုပ်ကိုင်ကြရ မှုများ စသည့်ပြဿနာများနှင့်ရင်ဆိုင် ကြရပြီး မြန်မာနိုင်ငံတွင်း သတင်းထောက်အလုပ်သည် စွန့်စားမှု တခုပင်ဖြစ်သည်ဟု ဒေါ်အေးအေးဝင်း ပေးပို့လိုက်သော အမှာစကား စာတစောင်ကိုလည်း ဂျွန် ဒန်းနစ္စဇွက်စ်ကီ (John Daniszewski) က အခမ်းအနားတွင် ဖတ်ကြားသည်။

စစ်အစိုးရက သတင်းသမားများစွာကို ဖမ်းဆီး၍ တိကျသေချာသော ပြစ်မှုမဖော်ပြဘဲ ရာဇ၀တ်မှု၊ အသရေ ဖျက်မှု၊ နိုင်ငံတော် ပုန်ကန်မှုများဖြင့် တရားစွဲဆိုအရေးယူမှုများရှိကြောင်း၊ နှစ်ပေါင်း ၆၀ ကျော် သတင်းလုပ်ငန်း လုပ်ကိုင်ခဲ့သော သူ၏ ဖခင်ကိုယ်တိုင် ထောင် သုံးကြိမ် ကျခဲ့ဖူးကြောင်း ဒေါ်အေးအေးဝင်းက ၎င်း၏ စာတွင် ပြောပြထားသည်။

“ကျမတို့ နိုင်ငံမှာ ဘယ်သူပဲဖြစ်ဖြစ်၊ အထူးသဖြင့် သတင်းအလုပ်နဲ့ ပတ်သက်သူ ဆိုရင် အချိန်မရွေး အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲနဲ့ ဖမ်းဆီးစစ်ဆေး ခံရနိုင်ပါတယ်၊ ည သန်းခေါင် ဘယ်အချိန် တံခါး လာခေါက်မလဲ ဆိုတာကို စိုးရိမ် ထိတ်လန့်စွာ နေကြရသူတွေ ဖြစ်ပါတယ်” ဟုလည်း ဒေါ်အေးအေးဝင်း က ထည့်သွင်း ပြောဆိုထားသည်။

နိုင်ငံတကာ အမျိုးသမီး မီဒီယာ ဖောင်ဒေးရှင်း (IWMF) က၂၀၀၈ ခုနှစ်အတွက် အမျိုးသမီး ၄ ဦးကို ဆုရွေးချယ်ပေးအပ် ခဲ့ရာ ရဲရင့်သော သတင်းသမားဆုကို ဒေါ်အေးအေးဝင်း အပါအ၀င် အာဖဂန်နစ္စတန်သူ Fraida Nekzad နှင့် ဆိုက်ပရပ်စ် မှ Sevgul Uludag တို့ကိုပေးအပ်ပြီး အေပီ သတင်းဌာနအတွက် နှစ်ပေါင်း ၃၀ ကျော် စစ်သတင်း များနှင့် တခြားသော ကမ္ဘာ့ သတင်းများကို ရေးသားတင်ပြခဲ့ပြီး ယခု ကုလသမဂ္ဂတွင်ရှိသော အေပီ သတင်းဌာန သတင်းထောက်ချုပ် အမေရိကန် အခြေစိုက် Edith Lederer အသက် ၆၅ နှစ် ကိုမူ Lifetime Achievement Award ဆု ပေးအပ်သည်။

Ref: ဧရာဝတီ

Read More...

အန်အယ်လ်ဒီ ဥက္ကဌနှင့် အတွင်းရေးမှူးတို့ မကျန်းမမာဖြစ်နေ

အေးလဲ့ | အောက်တိုဘာ ၂၂၊ ၂၀၀၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အတွင်းရေးမှူး ၃ ဦးထဲမှ တဦးဖြစ်သူ ဦးလွင် အသက် ၈၆ နှစ်သည် ကျန်းမာရေးမကောင်း၍ တုတ်ကောက်ဖြင့် လမ်းလျှောက်နေရပြီး ရုံးမတက်နိုင်ကြောင်း အန်အယ်လ်ဒီ က ပြောကြားသည်။
အလားတူ ဥက္ကဌ ဦးအောင်ရွှေ အသက် ၉၁ နှစ်သည်လည်း မကျန်းမမာ ဖြစ်နေသဖြင့် ယနေ့အထိ ရုံးမတက်နိုင်သေးကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

“လွန်ခဲ့တဲ့ သုံးပတ်လောက်က အန်အယ် ဦးအောင်ရွှေက တုပ်ကွေး မိတယ်၊ အဆုတ် အအေးမိတာပါတယ်။ အသက်ကြီးတော့ နလန် မထူနိုင်သေးဘူးပေါ့။ အန်ကယ် ဦးလွင်ကတော့ အရင်က လေဖြတ်ထားတဲ့ ခြေထောက်တဘက်က သိပ်မလျှောက်နိုင်လို့ တုတ်ကောက်နဲ့ လျှောက်ရတော့ နည်းနည်း ခက်ခက်ခဲခဲဖြစ်နေတယ်။ ရုံးမတက်နိုင်တာ နှစ်ပတ် လောက်တော့ ရှိပြီ”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယခု ကျန်းမာရေး အခြေအနေအရ ဦးလွင်သည် ပါတီတာဝန်များကို ပြန်လည် ထမ်းဆောင်နိုင်ရန် မလွယ်ကူကြောင်းလည်း သိရသည်။
လက်ရှိ အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ရွှေ နှင့် အတွင်းရေမှူး ဦးလွင်တို့သည် ၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဦးနေဝင်း၏ အစိုးရအဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့ ဖူးသူများ ဖြစ်ပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ(မဆလ)အဖွဲ့ဝင်များလည်း ဖြစ်သည်။

ဦးအောင်ရွှေသည် ၁၉၆၁ခုနှစ်တွင် တောင်ပိုင်းတိုင်း စစ်ဌာနချူပ်တိုင်းမှူး တာဝန် ထမ်းဆောင် နေရာမှ အနားယူခိုင်းခံခဲ့ရပြီး ၁၉၆၁ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ သြစတေးလျ၊ ပြင်သစ်၊ စပိန်၊ အီဂျစ်၊ နယူးဇီလန် နိုင်ငံများတွင် သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။

ဦးလွင်သည် ဦးနေဝင်း၏ မဆလ ပါတီ လက်ထက် ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံတော်ကောင်စီဝင် တဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၎င်းတို့ နှစ်ဦးလုံးသည် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် အန်အယ်လ်ဒီနှင့် မျိုးချစ်ရဲဘော် ဟောင်းများအဖွဲ့ချူပ် တို့တွင် ခေါင်းဆောင်များဖြစ် လာကြသည်။

၁၉၈၈ခုနှစ် အရေးအခင်း ကာလအတွင်း တပ်မှူးဟောင်း ၈၀ ကျော်နှင့်စတင် ဖွဲ့စည်းခဲ့သည့် မျိုးချစ်ရဲဘော် ဟောင်များအဖွဲ့ချူပ်ကို တရားဝင် ပါတီအဖြစ်မှ ၁၉၉၀ နောက်ပိုင်းတွင် စစ်အစိုးရက ဖျက်သိမ်းခဲ့သည်။

၁၉၉၀ ခုနှစ် အစောပိုင်းကာလတွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ပါတီမှ နုတ်ထွက်ရန် ဖိအားပေးခဲ့သည့် အချိန်မှစပြီး ဦးအောင်ရွှေသည် အန်အယ်လ်ဒီ၏ ဥက္ကဌ ဖြစ်လာခဲ့သည်။

ဦးအောင်ရွှေသည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် အမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ဥက္ကဌ တဦးလည်းဖြစ်သည်။

၎င်းတို့သည် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များတွင် အသက်အကြီးဆုံး နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြောင်း ဦးအောင်ရွှေ နှင့် ဦးလွင်တို့ က ပြောသည်ဟုလည်း သိရသည်။

Ref: ဧရာဝတီ

Read More...

လူ့အခွင့်အရေး ရှေ့နေ ဦးအေးမြင့်အတွက် လူဒိုဗစ်တာရီယေး ဆု ချီး မြှင့်ခြင်း အခမ်းအနား ရောမမြို့တွင် ကျပ်းပ

မြန်မာနိုင်ငံက လူ့အခွင့်အရေး ရှေ့နေဦးအေးမြင့် ကို ဥရောပ ရှေ့နေများ လူ့အခွင့်အရေး ကောင်စီက လူဒိုဗစ် တာရီယေးဆု ချီး မြှင့် တဲ့ အခမ်းအနားကို အောက်တိုဘာလ ၂၈ရက်နေ့က အီတလီနိုင်ငံ ရောမ မြို့တော်မှာ ပြုလုပ်ခဲ့ပါတယ်။
ဥရောပ တလွှားက ထင်ရှားကျော်ကြားတဲ့ ရှေ့နေကြီးတွေ တက်ရောက်ခဲ့ကြတဲ့ ဒီအခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ တရားမျှတမှုမဲ့နေတဲ့ အခြေအနေတွေကိုလည်း ဟောပြောခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ဦးအေးမြင့်ကိုယ်စား ဆုတက်ရောက်ယူမယ့်သူ ဥရောပ မြန်မာနိုင်ငံရုံးက ဦးဘာဒီ ဇော်မင်းက ဒီဆုကို ဥရောပရှေ့နေများ လူ့အခွင့်အရေးကောင်စီ ဥက္ကဌကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ပြီး ဦးအေးမြင့်ဆီ ကိုယ်တိုင် ကိုယ်ကျ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ဒီဆုကို ပေးတဲ့ အဖွဲ့အစည်းရဲ့ ဥက္ကဌကိုယ်တိုင် မြန်မာနိုင်ငံကို သွားပြီးတော့ ဦးအေးမြင့်ကို တွေ့ပြီး ပေးခဲ့ပြီးပါပြီ။ ဒီဆုက တနှစ်တခါ၊ တနိုင်ငံ တနေရာဆီလုပ်တယ်။ ဒီနှစ်က ရောမမြို့မှာ လုပ်တယ်။ အခမ်းအနားနဲ့ သူ့ကို ချီးမြင့်တယ်။ ဥရောပမှာရှိတဲ့ ဥရောပ ရှေ့နေအားလုံးကို ဖိတ်တယ်။ အခမ်းအနားမှာ ဗမာပြည်အကြောင်း ပြောကြတယ်။ ဆုကို ကျွန်တော်က ဦးအေးမြင့် ကိုယ်စား ယူခဲ့ပါတယ်။”

ဒီဆုကို ဘယ်လို ရွေးချယ်ပြီး ပေးသလဲဆိုတာကို ပြောပြပေးပါ။
“တရားဥပဒေ ကိစ္စတွေ၊ လူ့အခွင့်အရေး ကိစ္စတွေ လုပ်တယ်။ လယ်သမားတွေ အခွင့်အရေး ကိစ္စ တွေလုပ်ခဲ့တယ်။ အလုပ်သမား အခွင့်အရေးတွေ လုပ်ခဲ့တယ်။ အတင်းအဓမ္မ လုပ်အားစေခိုင်းမှု ကိစ္စတွေမှာလည်း ILOကို သူက ဦးဆောင်ပြီး တိုင်တန်းပေးတယ်။ ဦးအေးမြင့်ပဲ မဟုတ်ဘဲ မြန်မာပြည်မှာ တခြား ရှေ့နေတွေ၊ လှုပ်ရှားသူတွေ လုပ်တဲ့အလုပ်ကို အသိအမှတ်ပြုတဲ့ သဘောပေါ့။”

အခမ်းအနားမှာ မှတ်မှတ်ရရ ထူးခြားတဲ့ အကြောင်းအရာတွေ ကြားခဲ့ရသေးလား။
“မြန်မာပြည်မှာ မတရားမှုတွေ ဆက်ပြီး ဖြစ်နေသေးတဲ့အတွက် ရှေ့ဆက်ပြီး ကူညီသွားဖို့ သူတို့ ဆုံးဖြတ်လိုက်ကြပါတယ်။ မြန်မာပြည်မှာ ဖြစ်ပျက်နေတာတွေကို ဓာတ်ပုံပွဲတို့၊ ဆွေးနွေးပွဲ အခမ်းအနားတို့ လုပ်ပြီး ပြောပြမယ်။ ဥရောပမှာ သုံးလတကြိမ်ထုတ် ဥပဒေ မဂ္ဂဇင်းမှာ မြန်မာပြည် အကြောင်း အမြဲပါအောင် လုပ်တယ်။”

လူဒိုဗစ် တာရီယေးဆု ကို လူ့အခွင့်အရေး ဦးအေးမြင့် ကိုယ်စား လက်ခံပေးခဲ့တာကို ရောမမြို့ကနေ ပြောပြပေးနေတာပါ။ ဒီဆုဟာ လူ့အခွင့်အရေး တိုက်ပွဲဝင် ရှေ့နေတွေကို ချီးမြှင့်တဲ့ ရှေးအကျဆုံး၊ အထူးခြားဆုံး ဆုဖြစ်ပါတယ်။ ၁၉၈၅ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး၊ ပထမဆုံး ချီးမြှင့် ခံခဲ့ရတာကတော့ တောင်အာဖရိက ခေါင်းဆောင်ဟောင်း နယ်ဆင် မန်ဒဲလား ဖြစ်ပါတယ်။

Read More...

Wednesday, October 22, 2008

မလေးရှားရောက် မြန်မာအချို့ရဲ့ ရင်တွင်းစကား

နွယ်နွယ်အေး

သွပ်မိုးပြီး သွပ်နဲ့ကာထားတဲ့ ဂိုဒေါင်ဆန်ဆန် အဆောက်အအုံထဲ ဝင်လိုက်တယ်ဆိုရင်ပဲ ဂရေဟမ်ရဲ့သီချင်းသံက ကြိုဆိုလိုက် ပါတယ်။

တကယ်တော့ စာရေးသူ ကွာလာလမ်ပူမြို့ကနေ အဝေးပြေး ဘတ်စ်ကားနဲ့ သုံးနာရီကျော်လောက် သွားရတဲ့ မွှားဆိုတဲ့မြို့ကလေးရဲ့ အစွန် ပါရစ်ဂျာ မေးလ်ဆိုတဲ့ ရွာကလေးကို ရောက်နေတာပါ။

ညဆိုရင် လမ်းမီးအလင်းရောင်မရှိဘဲ စိုက်ခင်းတွေ၊ ဆီ အုန်းခြံတွေသာများတဲ့ ဒီရွာကလေးက ပရိ ဘောဂစက်ရုံမှာ တရားဝင်လာရောက် အလုပ် လုပ်နေကြတဲ့ မြန်မာလုပ်သား လေးတွေနေတဲ့ အိပ် ဆောင်ကို ရောက်နေတာပါ။ ကွာလာလမ်ပူမြို့နဲ့
ကွာခြားလွန်းလှတဲ့ နေရာလေးက အိပ်ဆောင် ရဲ့တံခါးရွက်မှာတော့ ဆေးအနီရောင်နဲ့မှုတ်ထားတဲ့ 'ရွှေမြန်မာ'ဆိုတဲ့စာတန်းက ကြိုဆိုနေပါတယ်။

အကျယ် ပေ ၂ဝ၊ အရှည်ပေ ၆ဝ လောက်ရှိပြီး လူဝင်လူထွက် တံခါးပေါက် နှစ်ခုကလွဲရင် ပြတင်း ပေါက်မရှိတဲ့ အိပ်ဆောင်ထဲကို ဝင်လိုက်တယ် ဆိုရင်ပဲ တန်းလျားလို နှစ်ထပ်အိပ်စင်ရှည် နှစ်ခုမှာ ဝတ်လက်စအင်္ကျီ၊ ဘောင်းဘီတွေနဲ့ ပုဆိုးတွေကို တိုးလိုးတွဲလောင်း တွေ့ရပါတယ်။ သစ်တိုသစ်စ တွေနဲ့ ရိုက်ထားတဲ့ သစ်သား ပုံးလေးတွေကို ဗီရိုသဖွယ် ဆင့်ပြီး အဝတ်အစားတွေ ထည့်ထား ပါတယ်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာ အလုပ်သမားအချို့
နေထိုင်သော အဆောင်ကို တွေ့ရစဉ်။
ဓာတ်ပုံ-နွယ်နွယ်အေး

ဒီအိပ်ဆောင်မှာ လူ ၅ဝ ကျော်က လူတစ်ကိုယ် လူးသာလွန့်သာရုံ သုံးပေအကျယ် လောက်စီနဲ့ ကျောချကြရတာပါ။ အဲဒီလို အိပ်ဆောင်မျိုး လေးဆောင်မှာ မြန်မာ ၂ဝဝ လောက်ကို ထားတာလို့ ရောက်နေတာ တစ်နှစ်ကျော်ပြီ ဖြစ်တဲ့ ကိုအောင်လတ်က ပြောပါတယ်။ အိမ်သာ လေးလုံးမှာ သုံးလုံးက ပျက်နေတာ ကြာပြီဖြစ်လို့ မနက်ဆိုရင် ရေပုံးဆွဲပြီး ဆီအုန်းခြံတွေဘက် ချုံတိုးရ တယ်လို့ ရယ်ဟဟနဲ့ ပြောရှာပါတယ်။

''နောက်တော့ မနက်စောစော ရေအိမ်သွား တတ်တဲ့အကျင့်ကို ဖျောက်ပြီး စက်ရုံရောက်မှ သွားကြရ တော့တယ်''လို့ သူက ပြောပါတယ်။

ပိုက်ရေက အချိန်နဲ့ပေးတာဖြစ်လို့ မိုးရေကို လှောင်ပြီး သုံးကြရပါတယ်။ ရသလောက် ပိုက်ရေ ကိုတော့ ဦးတဲ့လူက အရင်ချိုး၊ အဝတ်လျှော်ကြ ပါတယ်။ တီဗီကတော့ အဆောင်လိုက် ပိုက်ဆံ ကောက်ပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝယ်ထားကြတာလို့ အသက် ၂၃ နှစ်အရွယ် လုပ်သားလေး မောင်ဇော်ဇော်က ပြောပါတယ်။

''ဒီကို မလာခင်မှာတော့ ရန်ကုန်က အလုပ် သမားပို့တဲ့ အေဂျင်စီက အရိပ်အောက်မှာ အလုပ် လုပ်ရမှာ။ နေဖို့လည်း မပူရဘူးလို့ဆိုတော့ ဟုတ်ပြီလို့ထင်ခဲ့တာ။ ဒီလည်းရောက်ကော ကျွန်တော် နေတဲ့ရွာက အိမ်ကလေးထက်တောင် ကျဉ်းကျဉ်း ကျပ်ကျပ်နေရတော့ ရောက်စက မျက်ရည် ခဏ ခဏကျခဲ့ရတယ်''လို့ သူက ပြောတယ်။

အရိပ်အောက်မှာ အလုပ်လုပ်ရတာတော့ မှန်ပါရဲ့။ ဒါပေမယ့် တစ်နေ့တစ်နေ့ သစ်မှုန်တွေ၊ ပေါ်လစ်ဆေးနံ့တွေကို ရှူရှိုက်ရင်း အချိန်ကုန်ရ တယ်လို့ မကွေးဘက်ကလာတဲ့ သူက ဆိုပါတယ်။

''ရောက်စက မျက်နှာစည်းဖို့ဆိုပြီး လက်ကိုင် ပဝါတစ်ထည် ပေးတယ်။ တစ်နှစ်ကျော်နေပြီလေ။ နှာခေါင်းစည်းကတော့ အလုပ်ကြီးကြပ်သူတွေနဲ့ မန်နေဂျာအတွက်ပဲ ပေးထားတယ်''လို့ မောင်ဇော်ဇော်က အရောင်လွင့်ပြယ်နေပြီ ဖြစ်တဲ့ လက်ကိုင်ပဝါလေးကို မြှောက်ပြပြီး ပြောပါတယ်။

မနက် ၈ နာရီကနေ ညနေ ၅ နာရီ အထိ အလုပ်ဆင်းရင် ၁၈ ရင်းဂစ် ပေးတယ်လို့ ဆိုပါတယ်။ ည ၉ နာရီအထိ ဆက်ဆင်းရင်တော့ ၁ဝ ရင်းဂစ် ထပ်ပေးပါတယ်တဲ့။ အားလုံးကတော့ ည ၉ နာရီအထိ အမြဲတမ်းအလုပ်ဆင်းကြရ တယ်လို့ ဆိုပါတယ်။ ညနေပိုင်းအလုပ်မဆင်းတာ ရက် ဆက်လာရင် နေ့တွက်ထဲကနေ ၁ဝ ရင်းဂစ် နုတ်တဲ့အတွက် တော်ရုံ အလုပ်မဆင်းဘဲ မနေ ကြပါဘူး။

သူတို့ သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်မီအောင် မလုပ်ပေးနိုင်ရင် လုပ်ခ လျှော့ခံရပါတယ်။ သတ်မှတ်ထားတဲ့ အရေအတွက်ပြည့်မီလို့ ခဏ နားနေရင်လည်း သူဌေးက ထပ်မလုပ်ကောင်း လားဆိုပြီး ငြူစူတယ်လို့ ဆိုပါတယ်။
''မြန်မာတွေက တော်ရုံ အပြောအဆိုမခံဘဲ အလုပ်ကြိုးစားမှန်းသိတော့ တခြား လူမျိုးတွေထက် ပိုခိုင်းတယ်''လို့ ကိုလင်းဝေက ပြောပါတယ်။

ရောက်စက အဲဒီလို အရေအတွက် မပြည့်မီမှာ စိုးပြီး တွန်းလုပ်ရာကနေ စက်ညပ်ပြီး လက်မ ပြတ်သွားလို့ နှစ်လကျော်လောက် လုပ်ခ လစာမရဘဲ နားနေခဲ့ရသေးတယ်လို့ အသက် ၂ဝ အရွယ် မောင်မင်းဇင်က ပြောပါတယ်။

တစ်လလုံး ရက်ပျက်မရှိ အချိန်မှန်ရင် ရင်းဂစ် ၆ဝ ပေးတဲ့အတွက် မနက်ဆို အပြေးအလွှားထပြီး ထမင်းချိုင့် ထည့်ဖို့ ချက်ကြပြုတ်ကြ ရပါတယ်တဲ့။

အလုပ်ခွင်ကယူလာတဲ့ သစ်တိုသစ်စလေးတွေနဲ့ ရိုက်ထားတဲ့ ပုံးသာသာ ကြောင်အိမ်လေးတွေထဲ မှာတော့ သူတို့တွေရဲ့ တစ်ပတ်စာ အာဟာရနဲ့ အိုးခွက်ပန်းကန် လေးတွေ ထည့်ထားပါတယ်။

ရန်ကုန်မြို့ကိုတောင် မလေးရှားလာဖို့အတွက် စီစဉ်တော့မှ ရောက်ဖူးကြတဲ့ သူတို့တွေ အနေနဲ့ သူတို့ကို စီစဉ်ပေးတဲ့ အလုပ်သမား ရှာဖွေရေး အေဂျင်စီတွေကို ယုံကြည်အားကိုးပြီး ဘဝကို အေဂျင်စီတွေလက်ထဲ အပ်ပြီး လာကြတာပါ။

တချို့ဆိုရင် ဒီမှာ လာအလုပ်လုပ်ဖို့ စရိတ်စက အတွက် နယ်က လယ်တွေ၊ နွားတွေ ရောင်းပြီး လာကြရလို့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေအောင်၊ အရင်းကျေ အောင်နဲ့ စာချုပ်သက်တမ်း စေ့အောင် မဖြစ်မနေ ဆက်လုပ် နေကြရတယ်လို့ ဆိုပါတယ်။

''ဒါကြောင့် မပျော်လည်း ကြိတ်မှိတ်သည်းခံပြီး လုပ်နေရတာပါ။ သူဌေးကတော့ နိုင်ငံကူးလက်မှတ် စာအုပ် သက်တမ်းရှိတဲ့အထိ လုပ်ပေးရမယ်လို့ ဆိုပါတယ်''လို့ ကိုအောင်ကျော်က ပြောပါတယ်။

အေဂျင်စီကိုပေး ဖို့နဲ့ လေယာဉ်စရိတ်စကတွေ အပါအဝင် စရိတ်စက အားလုံးအတွက် ကျပ် ၁၂ သိန်းလောက် ကုန်ကျခဲ့ပါတယ်တဲ့။

''ကျွန်တော့အနေနဲ့ ရန်ကုန်မှာ လက်ဖက်ရည်ဆိုင် ဖွင့်ထားတာလည်း တစ်လကို နှစ်သိန်း လောက်တော့ ရတာပါပဲ။ ဒါပေမယ့် ဒီလာလုပ် ရင် ပိုက်ဆံ ပိုရမလားဆိုပြီး ထွက်ခဲ့တာပါ။

''ဒါပေမယ့် ဒီကျတော့ အခြေခံ အလုပ်သမား အလုပ်လည်း လုပ်ရသေးတယ်။ အနေဆင်းရဲ အစား ဆင်းရဲနဲ့လည်း နေရသေးတယ်။ ကျွန်တော့ကို ဒီကိုပို့ပေးတဲ့ အေးဂျင့်ကို ဖုန်းဆက်ပြောပြတော့ မကြိုက်ရင် နောက်အလုပ်ပြောင်း လုပ်ဖို့ပြောပါတယ်။ အဲဒီအတွက် မြန်မာငွေ ကျပ် ၁၅ သိန်း လောက်နဲ့ ညီမျှတဲ့ငွေကို ထပ်ပေးရမယ်လို့ ပြောပါတယ်''လို့ ဒီကိုရောက်တာ သုံးလမပြည့်သေးတဲ့ ကိုဝင်းလွင်က ပြောပါတယ်။

လေဆိပ်မှာ မလေးရှား လူဝင်မှုကြီးကြပ်ရေး လက်ထဲကို နိုင်ငံကူး လက်မှတ်စာအုပ် အပ်လိုက်တဲ့ အချိန်ကစပြီး ဒီနေ့အထိ စာအုပ်ကို ပြန်မတွေ့ရ တော့ပါဘူးတဲ့။

''မြန်မာပြည်ကလာတဲ့ အလုပ်သမားတွေဆိုရင် လေဆိပ်မှာ အစုလိုက်ထားပြီး သက်ဆိုင်တဲ့ ကုမ္ပဏီက လာခေါ်မှ လူတွေကိုရော၊ နိုင်ငံကူးလက်မှတ် တွေကိုပါ ကုမ္ပဏီက လူလက်ထဲ တန်းအပ်လိုက်တာပါပဲ။ သဘောကတော့ စာချုပ်မပြည့်မချင်း ကိုယ့်သဘောနဲ့ကိုယ် မပြန် ဖြစ်အောင် လုပ်တာပါပဲ'' လို့ ကိုကျော်ဝင်းက ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် ရွာမှာ ဝင်ငွေမရှိတာနဲ့စာရင် မလေးရှားမှာ ပိုရှာနိုင်ပြီး တစ်လကို ကျပ်နှစ်သိန်း လောက် ပို့နိုင်တဲ့ သူတွေလည်း ရှိနေပါတယ်။

ref: မြန်မာတိုင်းမ်

Read More...

ကုလသမဂ္ဂရဲ့ တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက် အတိုက်အခံတွေ ကြိုဆို

21 October 2008

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ အတွက် တွေ့ဆုံ ဆွေးနွေးရေးက လွဲလို့ တခြားနည်းလမ်း မရှိဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon)ရဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက အဓိက နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ)၊ ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းနဲ့ အီးအန်စီခေါ် တိုင်းရင်းသား လူမျိုးများကောင်စီတို့ရဲ့ အမြင် သဘောထားတွေကို ထိုင်းနိုင်ငံရောက် ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်း တင်ပြပေးထား ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာက မျှော်လင့် တောင်းဆိုနေတဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ လုပ်ဆောင်မှုတွေ မလုပ်တဲ့အပေါ်မှာ စိတ်ပျက်မိပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သူ့ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြခဲ့သလို မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေးက လွဲပြီး တခြားနည်းလမ်း မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုတွေ့ဆုံ ဆွေးနွေးဖို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့က အဓိကကျတယ်လို့ ပြောခဲ့ပါတယ်။

အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း။
သြဂုတ် ၂၀၊ ၂၀၀၈။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို သိရဖို့ အဖွဲ့ချုပ်ပြောခွင့်ရ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။ "ကျနော်တို့သဘောထား ပြောရရင် ကုလသမဂ္ဂက အကြိမ်ပေါင်းများစွာ မျိုးစုံ ကြိုးစားပေမယ့် တိုးတက်မှု မရှိတဲ့အပေါ်မှာ စိတ်ပျက်တာပါ။ ပြောသွားတဲ့ အထဲမှာအတိုက်အခံတွေနဲ့ လက်တွေ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လိုအပ်တယ်ဆိုတာ အမှန်ကန်ဆုံးပါပဲ။ တိုင်းပြည်အတွက် အကောင်းဆုံး နည်းလမ်းပဲလို့ အန်ကယ်တို့ သဘောတူပါတယ်။ "ကုလသမဂ္ဂမှာ လုပ်ပိုင်ခွင့်က သူ့အတိုင်းအတာနဲ့သူ သတ်မှတ်ပြီးသားရှိတယ်။ ဒီ့ထက်ပိုလုပ်လို့လည်း မရဘူး။ အဲတော့ အခုလို ပြောလိုက်ခြင်းအားဖြင့် တာဝန်ရှိတဲ့လူတွေမှာ ဘယ်လောက် တာဝန်ရှိတယ်ဆိုတာ ကမ္ဘာက ပိုပြီး သဘောပေါက်လာမယ်လို့ အန်ကယ်မြင်ပါတယ်။ "အန်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ မြန်မာ စစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လမ်း လုံးဝမရှိဘူးလို့ မြင်ပေမယ့် မြန်မာလူထုနဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့အတိုင်း အမြန်ဆုံးလွှတ်ပေးဖို့ တိုက်တွန်း လိုက်ပါတယ်။

"တွေ့ဆုံဆွေးနွေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ဖို့ ပြောနေတာကတော့ အကြိမ်ကြိမ် အခါခါ ရှိသွားပြီ။ အဲလို အကြိမ်ကြိမ် အခါခါဖြစ်ပြီးတော့ မလွှတ်တဲ့အတွက် အတွင်းရေးမှူးချုပ် အနေနဲ့ စိတ်ပျက်တယ်ဆိုတာ ယုံကြည်ပါတယ်၊ လက်ခံပါတယ်။ အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ နာမည်ကို မကြားချင်ဘူး၊ မတွေ့ချင်ဘူးဆိုတဲ့ သဘောမျိုး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောတယ် ဆိုတဲ့သတင်းတွေက စောစောကတည်းက အတော်လေး ဂယက်ရိုက်လာတယ်။

"အဲတော့ ဒီကိစ္စတွေကြောင့် တွေ့ဆုံဆွေးနွေးဖို့ ဆိုတာကလည်း အလိုလိုကို ဖြစ်ပေါ်လာဖို့ အကြောင်းမရှိဘူး။ လွှတ်ဖို့ဆိုတာကတော့ ကမ္ဘာက ဘယ်လိုပြောပြော အစိုးရက မိမိတို့ရဲ့ လုံခြုံမှု၊ မိမိတို့ရဲ့ တည်မြဲမှုအတွက် အနှောင့်အယှက် ဖြစ်မယ်ဆိုရင် ဘယ်သူ့မှလွှတ်မယ်လို့ မယူဆဘူး။

အဲဒါကြောင့် ဘယ်လောက်တောင်းနေနေ၊ တကမ္ဘာလုံးက တောင်းနေနေ၊ အခုပဲ အနှစ် ၂၀ ထဲ ရောက်လာပြီ၊ ဒီတိုင်းပဲနေတာပဲ။ လွှတ်မယ့်အခြေအနေ၊ တွေ့ဆုံဆွေးနွေးပွဲ အခြေအနေ လုံးဝ မမြင်သေးဘူးလို့ ဘဘတို့မြင်တယ်။ "ဒါကြောင့် အစိုးရကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုတဲ့ အတိုင်းပဲ အမြန်ဆုံး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးဖို့ ဆိုတာကို ဘဘတို့က အလေးအနက် ထောက်ခံတယ်။ အစိုးရကိုလည်း တိုင်းပြည်ရဲ့ အခြေအနေကို ထောက်ပြီးတော့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပါ၊ အမြန်ဆုံး ဒေါ်အောင်ဆန်းစုကြည် လွှတ်ပြီးတော့ တွေ့ဆုံဆွေးနွေးပါ။ ဒါ ပြည်သူလူထုရဲ့ဆန္ဒ၊ ကမ္ဘာကြီးရဲ့ ဆန္ဒနဲ့လည်း ကိုက်ညီ ပါတယ်လို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းချင်ပါတယ်။

"စစ်အစိုးရဘက်က တိုင်းရင်းသား အဖွဲ့အစည်းတွေ အပါအ၀င် သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကို လျှောက်လှမ်းဖို့ မလုပ်တဲ့အတွက် ဒီတွေ့ဆုံ ဆွေးနွေးပွဲတွေ ဖြစ်မြောက်လာဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖို့လိုအပ်တယ်လို့ အီးအန်စီခေါ် တိုင်းရင်းသား လူမျိုးများကောင်စီက အထွေထွေအတွင်းရေးမှူး ဦးမခေါ် ခွန်ဆာက မြင်ပါတယ်။ "ကျနော်တို့က တော့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာနိုင်ဖို့အတွက် အမြဲကြိုးစားနေမယ်။ ဒါပေမယ့် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့သက်သက် တခုတည်းနဲ့တော့ အခု နအဖ လုပ်နေပုံမျိုးနဲ့ ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့အတွက်တော့ နည်းလမ်းပေါင်းစုံ ကြိုးပမ်း ဆောင်ရွက်ရမယ်လို့မြင်တယ်။ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းပြောတဲ့ စကားအရတော့ သူက ဒါပဲရှိတယ်လို့ ပြောတာပေါ့။ ဒါပေမယ့် စစ်အစိုးရက ဒီလမ်းပေါ် လျှောက်မလာသေးတဲ့ အတွက် ကျနော်တို့က ဒါကို မဖြစ်ဖြစ်အောင်လုပ်ရမယ့် တာဝန်ကတော့ ကျနော်တို့ တာဝန်ပဲ ဖြစ်တယ်လို့ အဲလိုပဲမြင်ပါတယ်။

"ဘယ်လိုပုံစံမျိုးနဲ့ မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ရည်ရွယ်ချက်ရှိပါလဲ။
"အဲဒါတော့ နည်းလမ်းပေါင်းစုံပေါ့။ နည်းလမ်းပေါင်းစုံ ဆိုတဲ့နေရာမှာ ရန်သူက ခန့်ညားလေးစား လောက်တဲ့၊ ဆွေးနွေးဝိုင်းပေါ် ရောက်လာနိုင်တဲ့ နိုင်ငံရေး၊ စစ်ရေး၊ သံခင်းတမန်ခင်း စသဖြင့် အဲဒီနည်းလမ်းပေါင်းစုံနဲ့ တည်ဆောက်ရမယ်၊ ကြိုးပမ်း ဆောင်ရွက်ရမယ်လို့ ကျနော်က အဲလိုပဲ မြင်ပါတယ်။"

ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တင်သွင်းခဲ့တဲ့ အစီရင်ခံစာ အပေါ် အဓိက နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတွေရဲ့ အမြင် သဘောထားတွေပဲ ဖြစ်ပါတယ်။

ref: VOA News

Read More...

နအဖစစ်တိုင်းမှူးများ ဆက်တိုက်စည်းရုံးရေးဆင်း၊ အပစ်ရပ်အဖွဲ့များလဲစစ်ရေးပြန်လေ့ကျင့်

ဗုဒ္ဓဟူးနေ့၊ 22 အောက်တိုဘာလ 2008

၂၀၁၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လက်နက်ကိုင် အပစ်ရပ် တပ်ဖွဲ့များ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ် ရန်/ ပြုပြင်ပြောင်းလဲရန်/ ပြန်လည်ဖွဲ့စည်းရန် နအဖစစ်တိုင်းမှူးတို့ အဆက်မပြတ် စည်းရုံးရေး ဆင်းနေသကဲ့သို့ အပစ်ရပ်အဖွဲ့များ အတွင်း အရာရှိမွမ်းမံသင်တန်းများ၊ စစ်ရေး လေ့ကျင့်မှုများ ပြလုပ်နေသည်ကိုတွေ့ရကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

ယခုလ ၁၉ ရက်နေ့က တြိဂံ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း ၊ တြိဂံတိုင်း ဂျီဝမ်း ဗိုလ်မှူးကြီး သန်းထွဋ်သိန်း နှင့် ကျိုင်းတုံခရိုင် မိုင်းခတ် ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်းတို့ ၀ ထိန်းချုပ်နယ်မြေ (ပန်ဆန်းတောင်ဘက်) တရုပ်နယ်စပ် အနောက်ဘက် မိုင်းဖျဲန်၊ ဟိုတောင်းသို့ သွားရောက် လည်ပတ်၍ ဒေသခံ ၀ အာဏာပိုင်များနှင့် ထပ်မံ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ပြန်၏။


စစ်ရေးပြ UWSA ၀ တပ်ဖွဲ့

“ကား ၆ စီး ၇ စီးလောက် ပါသွားတယ်။ မိုင်းယန်းမြို့ မြောက်ဘက် မိုင်းဖျဲန်-ဟိုတောင်းကိုသွားပြီး ၀ အရာရှိတွေနဲ့ စကားပြော တယ်။ ပြီးတော့ (တပ်မဟာ ၃၆၉ ဌာနချုပ် ဆီလူး) ထိန်းချုပ်နယ်မြေကို ဆက်တိုက်ဖြတ် NDAA အပစ်ရပ် အထူးဒေသ ၄ မိုင်းလား ဌာနချုပ်အထိ ဆင်းသွားတယ်။ မိုင်းလားမှာရှိတဲ့ အကြီးအကဲတွေနဲ့ သွားတွေ့ပြီး ကျိုင်းတုံကို နေ့ချင်း ပြန်သွားတယ်လို့ကြားတယ်” ဟု ကျိုင်းတုံ-မိုင်းလား ကားဆရာ တစ်ဦးက ပြောပြ၏။

အခြားတဖက်တွင်မူ UWSA ထိန်းချုပ်နယ်မြေ (ပန်ဆန်းတောင်ဘက်)မိုင်းပေါက်၌ ပြီးခဲ့သည့် ဂျွန်လမှ စ၍(ပန်ဆန်းဌာနချုပ် နည်းတူ) နိုင်ငံရေးဆိုင်ရာ သဘောတရား ပညာပေးသင်တန်း၊ စစ်ရေး လေ့ကျင့် မွမ်းမံ သင်တန်းများ ပြုလုပ်ခဲ့သည်ဟုဆို၏။

“အခု ၃ သုတ်မြောက် လေ့ကျင့်ပြီးသွားပြီ။ ၁ သုတ်မှာ ကေဒါ ၆၀၀ လောက်ရှိတယ်။ ၁ လကြာတယ်။ တပ်စိပ်မှူးကနေ တပ်ခွဲမှူး အထိ အဲဒီသင်တန်းတွေ သွားတက်ရတယ်”ဟု အပစ်ရပ် ၀ အဖွဲ့နှင့်နီးစပ်သူ ကျိုင်းတုံသားတစ်ဦးက ပြောပြသည်။

၎င်းနှင့်ပတ်သက်၍ တရုပ်နယ်စပ်အခြေစိုက် နိုင်ငံရေး စစ်ရေးလေ့လာသူတစ်ဦးက“ နအဖ စစ်တိုင်းမှူး တွေကလဲအပစ်ရပ် နယ်မြေ တွေထဲအထိ ကွင်းဆင်းစည်းရုံးတယ်။ မြောက်ပိုင်းဝတပ်ဖွဲ့က စစ်ရေးမွမ်းမံ လေ့ကျင့်နေတယ်။ တောင်ပိုင်းဝ တပ်ဖွဲ့တွေ စီးပွါးရေးကိုဘဲ ဇောက်ချ လုပ်နေတာတွေ့ရတယ်။ ဘယ်သူက တကယ်တမ်း ဘယ်လမ်းလျှောက် နေတယ်ဆိုတာ တစ်နှစ်တာကာလအတွင်းမှာ ကောင်းကောင်း သိလာနိုင်တယ်” ဟုဆိုပါသည်။

သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်း ခေါင်းဆောင်ဗိုလ်မှူးကြီးယွက်စစ်ကလည်း “ အပစ်ရပ်အဖွဲ့ထဲက စီးပွါးရေး သမားနဲ့ မျိုးချစ် ပြည်ချစ်တော်လှန်ရေးသမား တစ်ဦးနဲ့တစ်ဦး ဘယ်လောက် အမှီသဟဲ ပြုနိုင်ကြမယ် ဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။ ကြာရှည်လက် တွဲသွားဖို့တော့ မလွယ်ဘူးလို့ ကျနော် ထင်တယ်” ဟု ယခုလ ၂၀ ရက်နေ့က လွယ်တိုင်းလျဲန်း ဌာနချုပ်၌ ပြောခဲ့သည်။

အလားတူ ယခုလ ၆ ရက်နေ့ကလည်း ရပ်ကွက်၊ ကျေးရွာ၊အုပ်စုဥက္ကဌ အစရှိသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကြီးအကဲများ အား သွားရောက်ဆင့်ခေါ် ရှင်းလင်းခဲ့စဉ် ၂၀၁၀ ရွေးကောက်ပွဲပြင်ဆင်မှုရှိရန်၊ တိုင်းရင်းသား များအား နိုင်ငံသားကဒ် လုပ်ပေးရန်၊ ရေအား လျှပ်စစ်ထုတ်လုပ်ရေးစစ်ဆေးရန်၊ အိမ်ဖုန်းချပေးရန် အကြောင်းပြချက်ဖြင့် တြိဂံစစ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး ကိုယ်တိုင် မိုင်းဆတ်-မိုင်းတုံ-နားကောင်းမူး၊ ထိုင်းနယ်စပ် ပါခီးတပ်စခန်းသို့ ကွင်းဆင်း၍ တောင်ပိုင်း ၀ တပ်ဖွဲ့စစ်ဒေသ ၁၇၁ မှ အကြီးအကဲများနှင့် ထမင်းလက်ဆုံ စားခဲ့သေးသည်ဟု ဆို၏။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဂမ်ဘာရီ၏ခရီး အနိမ့်ဆုံးအဆင့်အောက် ရောက်သော်လည်း ကုလ လက်မလျှော့

2008-10-21

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေး စစ်အစိုးရနဲ့ ဒီမိုကရေစီ အင်အားစုတွေအကြား တွေ့ဆုံစကားပြောတာတွေ ပိုမိုလုပ်ဆောင်ကြဖို့ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲဟာ အများ ယုံကြည် လက်ခံနိုင်ဖို့နဲ့ ပတ်သက်ဆက်စပ်တဲ့ အင်အားစုအားလုံး ပါဝင်ဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။

မြန်မာ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
မစ္စတာ ဘန်ကီမွန်း (ယာ) က လက်ထောက်
အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (ဝဲ) အား
အထူးသံတမန်အဖြစ် တာဝန်ပေးအပ်ထားပါသည်။ (မှတ်တမ်းဓာတ်ပုံ) (Photo: AFP)

နိုင်ငံရေး ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့ ဘယ်ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမဆို၊ တွေ့ဆုံဆွေးနွေး သဘောတူထားတဲ့ ဆုံးဖြတ်ချက်တွေ ရှိဖို့လိုတယ်လို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းတဲ့ အတွင်းရေးမှူးရဲ့ အစီရင်ခံစာ ထဲမှာ ရေးသားထားပါတယ်။

ဒီအစီရင်ခံစာ ထဲမှာ ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ် အောက်တိုဘာ လကနေ စတင်ပြီး၊ ၂ဝဝ၈ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကိုလည်း ဖော်ပြထားသလို၊ အတွင်းရေးမှူး ချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက သွားရောက်ခံတဲ့ မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ အနိမ့်ဆုံးအဆင့် မျှော်မှန်းထားတဲ့ အတိုင်းအတာအောက်ကို လျော့ကျခဲ့ကြောင်း၊ ဒါပေမဲ့လည်း ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ကြားဝင် ဆောင်ရွက်မှုကို လက်လျှော့ အရှုံးပေးသွားမှာ မဟုတ်ဘူးလို့ မစ္စတာဂမ်ဘာရီက ပြောဆိုပါတယ်။

မြန်မာ စစ်အစိုးရအနေနဲ့ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ကြိုတင်ပြင်ဆင်တဲ့ အတွေ့ အကြုံ မရှိကြောင်း၊ မြန်မာစစ်အစိုးရ အနေနဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး အခြေတရပ်ကို ရှာသင့်ကြောင်း မစ္စတာ ဘန်ကီမွန်းကလည်း ပြောဆိုပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ မြန်မာ စစ်အစိုးရအနေနဲ့ တခုမှ လုပ်ဆောင်တာ မရှိသေးတဲ့အတွက် စိတ်ပျက်မှုတွေ ဖြစ်ပေါ်စေကြောင်းကိုလည်း အစီရင်ခံစာထဲမှာ ထည့်သွင်း ဖော်ပြထားပါတယ်။

တကယ်တမ်း မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေကပဲ ဖန်တီးရမှာ ဖြစ်ပြီး၊ ကုလသမဂ္ဂ အနေနဲ့က သက်ဆိုင်သူအားလုံး ပါဝင်နိုင်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အတူတကွလက်တွဲ လုပ်ဆောင်နိုင်ရေး အတွက် လိုအပ်တဲ့ ကူညီ ထောက်ပံမှုတွေ ပေးရေးတွေကိုပဲ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံ စာမှာ ဖော်ပြပါတယ်။

အားလုံးပါဝင်ပြီး အချိန်သတ်မှတ်ချက် တိတိကျကျရှိတဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့ဆိုတာ၊ ပထမ ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့က အဓိက ကျတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောဆိုထားကြောင်းပါ။

ref:FRA News

Read More...

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် အဂတိလိုက်စားမှုကြောင့် ထောင် ၂ နှစ် ချမှတ်ခံရ

21 October 2008

နိုင်ငံပြည်ပကို တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ကို အာဏာ အလွဲသုံးစား လုပ်မှုနဲ့ ထိုင်းတရားရုံးချုပ်က ဒီကနေ့ပဲ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါပြီ။ ဒါဟာ ထိုင်းရဲ့ တရားရေးစနစ် ခိုင်မာမှုကို ပြသလို၊ ထိုင်း ဒီမိုကရေစီစနစ်ရဲ့ သမိုင်းမှတ်တိုင် တခုပဲလို့ လေ့လာသူတွေနဲ့ အတိုက်အခံ ခေါင်းဆောင်တွေက ယူဆကြပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဘတ်သန်း ၈၀၀ နီးပါးတန်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရက်ချဒါဖီးစစ်က မြေကို ဇနီးသည် ပိုဂျမန် ၀ယ်ယူရာမှာ မစ္စတာတပ်ခ်ဆင်ဟာ သူ့ရဲ့ ၀န်ကြီးချုပ်အာဏာကို အသုံးပြုပြီး ဈေးသက်သက် သာသာရအောင် ကြားဝင်ဆောင်ရွက်ခဲ့တယ် ဆိုတဲ့ အထောက်အထား တွေနဲ့ မစ္စတာတပ်ခ်ဆင်တို့ ဇနီးမောင်နှံ ၂ ဦးစလုံးကို တရား စွဲဆိုထားတာပါ။ ဒီကနေ့ တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်မှာတော့ မစ္စတာ တပ်ခ်ဆင်ကို ထောင် ၂ နှစ်ချလိုက်ပြီး ဇနီးဖြစ်သူ ပိုဂျမန်ကိုတော့ တရားသေလွှတ်ခဲ့ပါတယ်။


မစ္စတာတပ်ခ်ဆင်အမှုကို စစ်ဆေးစီရင်ခဲ့သော
ထိုင်းတရားရုံးချုပ် တရားသူကြီးများ။
အောက်တိုဘာ ၂၁၊ ၂၀၀၈။

"ပထမတရားခံ မစ္စတာတပ်ခ်ဆင်ကို ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ပါတယ်။ ဒုတိယတရားခံ ပိုဂျမန်တပ်ခ်ဆင်ကိုတော့ တရားသေ လွှတ်လိုက်ပါတယ်။ တရားခံ ၂ ဦးစလုံးကို ဖမ်းဝရမ်း ထုတ်ထားတာကို တရားရုံးက ပြန်ရုပ်သိမ်းပြီးတော့ ပထမ တရားခံဖြစ်သူ မစ္စတာတပ်ခ်ဆင် တဦးတည်း အတွက် ဖမ်းဆီးဝရမ်း အခု တရားရုံးကနေ ထုတ်ပြန်ပါတယ်။"
တရားရုံးချုပ် တရားသူကြီးတဦးက အမှုစီရင်ချက်ကို ဖတ်ပြသွားတာ ဖြစ်ပါတယ်။

ထိုင်းဘဏ်တခုကနေ အဲဒီမြေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဇနီးဖြစ်သူက ၀ယ်ယူနိုင်အောင် မစ္စတာတပ်ခ်ဆင်က အာဏာကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခဲ့တယ်၊ ဒီအတွက် ၀န်ကြီးချုပ် တဦးအနေနဲ့ နိုင်ငံတော် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ချိုးဖောက် တယ်ဆိုပြီး အမိန့်စီရင်ခဲ့ပါတယ်။ အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေး သမားတွေအပေါ် တင်းကျပ် ထားတဲ့ ဒီဥပဒေအရ တပ်ခ်ဆင်ရဲ့ဇနီးသည် ပိုဂျမန်ကတော့ အစိုးရ၀န်ထမ်းတဦး မဟုတ် တာကြောင့် ဒီအမှုကနေ ကင်းလွတ်ခွင့် ရသွားပါတယ်။

သူတို့ ၂ ဦးစလုံးကို မူလက တရားစွဲထားရာမှာ ၂ ယောက်စလုံး တရား ရင်မဆိုင်တော့ဘဲ အင်္ဂလန်နိုင်ငံကို ရှောင်တိမ်းသွားတာကြောင့် ၂ ဦးစလုံးကို တရားရုံးကနေ ဖမ်းဆီးမိန့် ထုတ်ခဲ့ ပါတယ်။ မစ္စတာတပ်ခ်ဆင်တို့ ဇနီးမောင်နှံ ၂ ဦးစလုံးကတော့ အခုအချိန်မှာ ဗြိတိသျှ နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားပါတယ်။ ဒါပေမယ့်လည်း မစ္စတာတပ်ခ်ဆင်ကို အင်္ဂလန်ကနေ အမြန်ဆုံး ပြန်လွှဲပြောင်းယူနိုင်ဖို့ တရားရုံးက ဆက်ပြီးဆုံးဖြတ် ဆောင်ရွက်သွားမယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အခုတရားစီရင်မှုဟာ ထိုင်းနိုင်ငံရဲ့ တရားရေးစနစ် ခိုင်မာမှု၊ လွတ်လပ်မှုကို ပြသတာဖြစ်လို့ ဒါကို အသိအမှတ်ပြုရမယ်၊ ဒီအတွက် သူ့အနေနဲ့ ကျေနပ်အားရမိတယ်လို့ ထိုင်းဒီမိုကရက်တစ် အမတ် ခရိုင်ဆတ် ချွန်န၀ါက ယူဆပါတယ်။

"ဒါဟာ ထိုင်းနိုင်ငံအတွက် သမိုင်းတွင်မယ့် ဖြစ်ရပ်ပါ။ ဥပဒေချိုးဖောက်တဲ့ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေ၊ အစိုးရ အာဏာပိုင်တွေဟာ တရားဥပဒေအတိုင်း စီရင်ခံရမယ်ဆိုတာ ဒီကနေ သက်သေပြလိုက်သလိုပါပဲ" လို့ ပြောသွားတာပါ။

Human Rights Watch လူ့အခွင့်အရေး စောင့်ကြပ်မှုအဖွဲ့ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဆူနိုင်းဖာစုကလည်း အခုတရားစီရင်ချက်ဟာ ထိုင်းအစိုးရအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။
"မစ္စတာတပ်ခ်ဆင်နဲ့ သူ့ဇနီးဖြစ်သူတို့အပေါ် တရားရေး ဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံရေးအတွက် အခြေခံစည်းမျဉ်းကို ပိုပြီး လေးနက် ခိုင်မာစေပါတယ်။ အဂတိ လိုက်စားမှုရှိတဲ့ နိုင်ငံရေး သမားတွေဟာ သူတို့ လုပ်ဆောင်ခဲ့တာတွေကို တချိန်ချိန် ပြန်လည် ပေးဆပ်ရမယ်၊ ဘယ်လောက် နိုင်ငံရေးအရ အခက်ကြုံပါစေ၊ ဒါတွေဟာ ပြန်ပြီးစီရင်ခံရမယ် ဆိုတာ ကျိန်းသေစေပါတယ်။ "အင်္ဂလန်ကို ရောက်နေတဲ့ မစ္စတာတပ်ခ်ဆင်ကတော့ အခု တရားရုံး ဆုံးဖြတ်ချက်ဟာ သူ့အပေါ် နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်ပြီး ဒါကိုလည်း သူ့အနေနဲ့ အတော်ကြာ ကတည်းက မျှော်လင့် ပြီးသားပါလို့ တုံ့ပြန်ခဲ့ပါတယ်။ အခုလို ထိုင်းတရားရုံးရဲ့ စီရင်ချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးရဲ့ ထင်မြင်ချက်ကိုလည်း မေးကြည့်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ကို ဒီနေ့ ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၂ နှစ် ချလိုက်ပါတယ်။ ဒါပေမယ့် တဖက်မှာ မစ္စတာတပ်ခ်ဆင်က ဒါ သူ့ကို နိုင်ငံရေးအရ သက်သက် လုပ်ကြံတာလို့ ပြောနေပါတယ်။ ဆိုတော့ ဒီဆုံးဖြတ်ချက်က တကယ်တမ်း တရားမျှတမှု ရှိပါသလား၊ ဦးအောင်ထူး ဘယ်လိုယူဆပါလဲ။

"မစ္စတာတပ်ခ်ဆင်ရဲ့ ပြန်လည်တုံ့ပြန်ချက်က တကယ်လို့ ထိုင်းနိုင်ငံ တရားစီရင်ရေးက လွတ်လပ်မှု ကင်းမဲ့နေပြီဆိုရင်တော့ သူပြောတာကို လက်ခံ စဉ်းစားရမှာဖြစ်တယ်။ ကျနော်တို့ သိသလောက်တော့ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှုထောင့်က လွတ်လပ်တဲ့ အခြေခံနဲ့ ဖန်တီးပေးထားတယ်၊ နောက် ထိုင်းတရားစီရင်ရေးက အစိုးရ ဘက်ပိုင်းနဲ့ပတ်သက်တဲ့ အမှုတွေကို အရေးယူ ဆောင်ရွက်ရုံသာမက အတိုက်အခံဘက်ကို အစိုးရဘက်က ပြန်လည်တရားစွဲဆိုတဲ့ မှုခင်းတွေကိုလည်း အရေးယူဆောင်ရွက်တာ ဖြစ်တယ်။

"ဥပမာ လူထု ဒီမိုကရေစီ တပ်ပေါင်းစု ခေါင်းဆောင်တွေကို နိုင်ငံတော် ပုန်ကန်မှုနဲ့ အစိုးရက တရားစွဲတာကို တရားရုံးချုပ်က လက်ခံကြားနာ စစ်ဆေးခဲ့သလို နိုင်ငံတော် ပုန်ကန်မှုစွဲချက်ကို ပယ်လိုက်ပေမယ့် အစိုးရရုံးကို ၀င်သိမ်းတဲ့ကိစ္စဟာ အခြားပြစ်မှု မြောက်တာ ကြောင့်မို့ မစ္စတာချမ်လောင်းနဲ့ သူ့ရဲ့ခေါင်းဆောင်တွေကို ဆက်လက် တရားစွဲဆိုထားဆဲ ဖြစ်တယ်။ တရားရုံးက အလယ်ကောင်ကနေ နှစ်ဖက်စလုံးကို ဥပဒေကြောင်းအရ လိုအပ်သလို ဆောင်ရွက်နေတယ်လို့ ပြောလို့ရတယ်။ ဒါ တပိုင်းဖြစ်တယ်။

"နောက်တပိုင်းက ထိုင်းနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးနောက်ခံက ငွေကြေးသြဇာသုံးပြီး နိုင်ငံရေး အာဏာ ရယူထားတဲ့ အနေအထားကနေ ရှုပ်ထွေးမှုတွေ ဖြစ်နေတာဖြစ်တယ်။ အဲဒီဟာကို ချေဖျက်ဖို့ ကြိုးစားတဲ့အခါ တရားစီရင်ရေးဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါလာတယ်။"

ဒါပေမယ့်လို့ အခုလို တရားစီရင်မှု ကြောင့်မို့လို့တော့ လက်ရှိဖြစ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အစိုးရ လိုလားသူတွေအကြား တင်းမာမှုဟာ လျော့သွားမယ့်အခြေ အနေ မရှိသေးဘူးလို့ ထိုင်းအတိုက်အခံ ဒီမိုကရက်တစ် ပါတီခေါင်းဆောင် အဘီစစ်က ပြောပါတယ်။ လအတန်ကြာ ထိုင်းအစိုးရရုံးကို သိမ်းပိုက်ထားတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက အခုလက်ရှိအစိုးရဟာ မစ္စတာတပ်ခ်ဆင်ရဲ့ ကိုယ်ပွားတွေဖြစ်တယ် ဆိုပြီး ရာထူးကနေ ဖယ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

အခု မစ္စတာတပ်ခ်ဆင်ကို တရားရုံးက ထောင်ဒဏ်အမိန့် ချလိုက်တဲ့အချိန်မှာ အဲဒီ ဆန္ဒပြတဲ့ နေရာမှာရှိတဲ့ အစိုးရ ဆန့်ကျင်ရေးသမားတွေဟာ ၀မ်းသာအားရ ကြွေးကြော်အော်ဟစ်ခဲ့ ကြပါတယ်။ ဒါပေမယ့်လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကတော့ရပ်တန့်သွားမယ့် လက္ခဏာ မမြင်ရသေးပါဘူး။


ref: VOA News

Read More...

လူရွှင်တော်ဇာဂနာကို ကနေဒါကလောင်ရှင်များအဖွဲ့မှ ဆုချီးမြှင့်

ပီတာအောင် / ၂၁ အောက်တိုဘာ ၂၀၀၈

သတ္တိရှိရှိဖြင့် လွပ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခဲ့မှုများ အတွက် လူရွှင်တော် ဇာဂနာကို ကနေဒါ ကလောင်ရှင်များ အဖွဲ့က One Humanity Award (တမျိုးတည်းသော လူသားဆု) ချီးမြှင့်လိုက်သည်။

လွပ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ကနေဒါ ကလောင်ရှင် များအဖွဲ့၏ (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့၌ မြန်မာနိုင်ငံမှ ဇာဂနာဟု လူသိများသည့် ကဗျာ ဆရာလူရွှင်တော်နှင့် တက်ကြွလှုပ်ရှားသူ မောင်သူရကို ယခုနှစ်တွက် ဆုချီးမြှင့်ရန် ရွေးချယ်လိုက်သည်ဟု ကနေဒါ ကလောင်ရှင်များအဖွဲ့ PEN Canada ၏ ကြေညာချက်တွင် ပါရှိသည်။
ဆုပေးအပ်ရခြင်းနှင့် ပတ်သက်၍ ကနေဒါ ကလောင်ရှင်များအဖွဲ့ ဥက္ကဋ္ဌ Nelofer Pazira က “ စာရေးဆရာ တွေဟာ သူတို့ရဲ့ အတွေးအခေါ်တွေကို ထုတ်ဖော်တဲ့ အတွက်ကြောင့် အသတ် ခံရ၊ ထောင်သွင်းအကျဉ်းချခံရ၊ ခြိမ်းခြောက်ခံရ၊ အနှောင့်အယှက် ပေးခံရတာတွေ အမြဲလို လိုဖြစ်နေတယ်။ ဒီလိုလူတွေထဲက တယောက်ကတော့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင် အဖွဲ့ဝင် ဇာဂနာ ပဲဖြစ်ပါတယ်။ သူရဲ့ သတ္တိနဲ့ ဂုဏ်သိက္ခာအတွက် နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာရပ် တည်နေတဲ့အတွက် ကျနော်တို့ဟာ သူ့ကို ဒီဆုချီးမြှင့်ပြီး ဂုဏ်ပြုလိုက်တာပါ”ဟု ကြေညာချက်၌ ပြောသည်။

အဆိုပါဆုသည် ကွဲပြားနေသည့် တိုင်းပြည်နယ်နိမိတ်များကို ကျော်ဖြတ်၍ မတူညီသည့် ယဉ် ကျေးမှုများအကြား လှုံ့ဆော်ဆက်သွယ် ပေါင်းကူးပေးရာ၌ ထူးကဲစွာ ဆောင်ရွက်နိုင်သူများကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။ စာရေးဆရာ တဦးစီ၏ ရေးသားမှုများသည် ရိုးသား မှုရှိခြင်း၊ ပိုင်းခြားဝေဖန်မှု ကောင်းမွန်ခြင်းနှင့် အတွေး အခေါ်များကို ငြိမ်းချမ်းစွာ ဖော်ထုတ်ပြသရာ၌ မည်သည့် ကြားခံကိုမဆို ဖြတ်၍ သတ္တိရှိရှိ ယုံယုံကြည်ကြည် ဆောင်ရွက်ခြင်းတို့ အပေါ်တွင် အကဲဖြတ်၍ ဆုရွေးချယ်သည်ဟုလည်း သိရသည်။

ဆုပေးပွဲကို ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ အောက်တိုဘာ (၂၂) ရက်ကျင်းပမည့် နိုင်ငံတကာ စာရေးဆရာများပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ချီးမြှင့်သွားမည်ဟု သိရသည်။ လူရွှင်တော်ဇာဂနာ အကျဉ်းကျ ခံနေရသည့်အတွက် ၎င်းအတွက် ထိုင်စရာနေရာခုံ ကွက်လပ်တခုထား ပေးကာ ဂုဏ်ပြုသွားမည် ဖြစ်ပြီး ဆုရသူသည် ဒေါ်လာ (၅,၀၀၀) ရရှိမည်ဟု သိရသည်။

ဇာဂနာဆု ချီးမြှင့်ခံရသည့်အတွက် ဂုဏ်ယူ ၀မ်းမြောက်မိကြောင်း သူ၏ မိခင်ဖြစ်သူ သခင်မကြီး ဒေါ်လှကြည်ခေါ် စာရေးဆရာမကြီး ကြည်ဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “မောင်သူရဟာ မဆုတ်မနစ်သော ဇွဲလုံ့လနဲ့ သူလုပ်စရာရှိတာကို လုပ်ခဲ့တယ်။ စက်တင်ဘာမှာ သံဃာတော်ကိုဆွမ်းကပ် တာတွေလုပ်ခဲ့တယ်။ နာဂစ်မှာလည်း သူကိုယ်တိုင် သူ့ပစ္စည်း ကိုယ်ပိုင်တွေကိုရောင်း၊ သူများလှူဒါန်းတဲ့ ဟာတွေကိုလည်း ဖြန့်ဖြူး ခွဲဝေပေးတာတွေ အဲလိုကြိုးကြိုးစားစားနဲ့ လုပ်တဲ့အတွက် သူလုပ်တဲ့အလုပ်ဟာ လူသာဓုခေါ် နတ်သာဓုခေါ်တဲ့ အလုပ်ပါပဲ။ ဒါကို သဘောတူတဲ့ ပုဂ္ဂိုလ်များက ချီးကျူး ဂုဏ်ပြုတယ်ဆိုတာ ဂုဏ်ယူစရာ ၀မ်းသာစရာပါ။ မိဘဆွေမျိုး အနေနဲ့ကတော့ သူလုပ်သမျှဟာ မိဘအတွက် သာမက တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ အကျိုးရှိတဲ့အလုပ်ကို လုပ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုပေးတာကိုလည်း ကျေးဇူး တင်ပါတယ်” ဟုပြောသည်။

စွယ်စုံရအနုပညာရှင် လူရွှင်တော် ဇာဂနာသည် နိုင်ငံရေး အကျဉ်းသား တဦးအဖြစ် ၁၉၈၈ မှ ၁၉၈၉ အထိ၊ ၁၉၉၀ မှ ၁၉၉၄ အထိ နှစ်ကြိမ် (၄) နှစ်ကျော် ထောင်ကျခဲ့ဖူးပြီး ထောင်ကျနေစဉ် ၁၉၉၁ ခုနှစ်ကလည်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပေးအပ်သည့် Lillian Hellman and Dashiell Hammett Grant ဆု ရရှိခဲ့ဖူးသည်။

ဇာဂနာသည် ၁၉၉၆ ခု မေလ၌ အနုပညာလုပ်ငန်းများ ဆောင်ရွက်ခွင့် ပိတ်ပင်ခံခဲ့ရပြီး ယမန်နှစ် စက်တင်ဘာ အရေးအခင်း၌ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခဲ့သဖြင့် (၁) လနီးပါး ထိန်းသိမ်း ခံရသည်။ ပြီးခဲ့သည့် ဇွန်လ၌ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးကိစ္စနှင့် စပ်လျဉ်း၍ ပြည်ပ မီဒီယာများမှ တဆင့် စစ်အစိုးရကို ထိထိမိမိ ဝေဖန် ပြောကြားခဲ့သဖြင့် ထပ်မံဖမ်းဆီး အကျဉ်းချခြင်း ခံထားရသည်။

ref: ခေတ်ပြိုင်

Read More...

ပန်းချီဆရာ ၀သုန် ကွယ်လွန်

ကိုစိုး | အောက်တိုဘာ ၂၁၊ ၂၀၀၈

မြန်မာနိုင်ငံမှ ထင်ရှားသည့် နာမည်ကြီး ပန်းချီ ဆရာ ၀သုန် အသက် (၆၁) နှစ် သည် ယနေ့ နံနက်က ရန်ကုန် တောင်ဥက္ကလာပ နေအိမ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားသည်။ ပန်းချီဆရာ ၀သုန်သည် လွန်ခဲ့သော ၂ ရက်ခန့်က ရန်ကုန် ရွှေဂုံတိုင် အထူးကုဆေးခန်း(SSC)သို့ တက်ရောက်၍ ကုသမှု ခံယူနေရာမှ ယနေ့နံနက်၌ နေအိမ်သို့ ပြန်လည် ခေါ်ဆောင်လာပြီးနောက် ဆုံးပါးကွယ်လွန် သွားခြင်း ဖြစ်ကြောင်း သမီးဖြစ်သူ မအင်ကြင်းက ပြောသည်။

ပန်းချီဆရာကြီး ဦးသုခ၏ ၈၇ နှစ် မြောက်မွေးနေ့ပွဲတွင် အမှတ်တရ စကားပြောနေသော
ပန်းချီ ၀သုန် (ဓာတ်ပုံ - ပါဖက်မဂ္ဂဇင်း)

ဆုံးပါးကွယ်လွန် သွားခြင်း ဖြစ်ကြောင်း သမီးဖြစ်သူ မအင်ကြင်းက ပြောသည်။
“မနက် ၇ နာရီ ၁၅ မိနစ်က အိမ်မှာ ဆုံးတာပါ၊ ဘယ်လိုဖြစ်လဲဆိုတော့ ရောဂါကတော့ ဖြစ်နေတာ ကြာပြီပေါ့ နော်၊ ဒီနေ့ မနက်မှာတော့ ပရက်ရှာတွေ တအားကျသွားပြီးတော့ သတိ ပြန်မလည်လာတော့ ဘူးရှင့်၊ ပြီးခဲ့တဲ့ ၂ ရက်ကတော့ ကျမတို့ SSC မှာ တင်ထားတယ်၊ ဒီနေ့မနက်တော့ ပြန်ပြီးတော့ ခေါ်လာလိုက်တယ်ပေါ့ နော်၊ အိမ်ရောက် တော့မှ ဆုံးသွားတာပါ”ဟု ၎င်းက ဧရာဝတီ သို့ပြောပြသည်။

ပန်းချီ ဆရာ ၀သုန် မကွယ်လွန်မီ ရုပ်ရှင် ဒါရိုက်တာ ကြည်ဖြူရှင်က ပန်းချီ ၀သုန် တဦးတည်း ပြောစကားကို ရိုက်ကူး ထားသော A Sketch of Wathone အမည်ရှိ ရုပ်ရှင်ကားတိုသည် အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီ အခြေစိုက် National Geographic အဖွဲ့မှ ကြီးမှူးကျင်းပသည့် All Roads Film ၅ ကြိမ်မြောက် ရုပ်ရှင်ပွဲတော် တွင် ၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားတို ဆုကို ရရှိခဲ့သည်။ ထိုဆုရရှိခြင်းနှင့် ပတ်သက်ပြီး ပန်းချီ ၀သုန်က “ကျနော့် အနေနဲ့တော့ ကျနော့် အကြောင်းဆိုတော့ သိပ်မပြောချင်ပါဘူး၊ ဒါရိုက်တာ ကြည်ဖြူရှင်အတွက်တော့ ၀မ်းသာပါတယ်”ဟု ဧရာဝတီသို့ ပြောခဲ့ဖူးသည်။

အမည်ရင်း ဦခင်လှ ဖြစ်သော ပန်းချီ ၀သုန်သည် ရန်ကုန်ပန်းချီကျောင်းသို့ တက်ရောက်ခဲ့သူဖြစ်ပြီး ပန်းချီ ဆရာကြီး ဦးမြတ်ကျော်၊ ဦးဟံတင်၊ ဦးသုခ၊ ဦးလွန်းကြွယ်၊ ဦးညိုလှတို့ထံတွင် ပန်းချီပညာနှင့်ပတ်သက်ပြီး ဆည်းပူးလေ့လာခဲ့ ကြောင်း၊ ပန်းချီ စိုးမိုး(ရုပ်ရှင် ဒါရိုက်တာ)၊ ပန်းချီ မျိုးညွန့် (မောင်ဒီ)၊ ပန်းချီ ကျော်သောင်း ၊ ကာတွန်း ရွှေမင်းသား အစရှိသူတို့နှင့် ခေတ်ပြိုင် ပန်းချီဆရာ တဦးဖြစ်ကြောင်း၊ ဆီဆေး၊ ရေဆေး ပန်းချီကားများ အပြင် စာနယ်ဇင်းသရုပ်ဖော် ပန်းချီများကိုလည်း နှစ်ပေါင်းများစွာ ရေးဆွဲခဲ့ပြီး ကာတွန်း ပေါက်စ မောင်ခင်လှ ဟူသောအမည်ဖြင့် ကာတွန်းများလည်း ရေးဆွဲခဲ့ဖူးကြောင်း သိရသည်။ ယင်း ပန်းချီ ၀သုန် ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး “ဆရာ ၀သုန် ကွယ်လွန်သွားတာဟာ ကျနော်တို့ စာနယ်ဇင်း လောက အတွက် အင်မတန် နှမြောစရာ ကောင်းပါတယ်”ဟု ရန်ကုန်အခြေစိုက် ချယ်ရီ မဂ္ဂဇင်း အယ်ဒီတာ တဦးက ပြောသည်။

ပန်းချီ ဝသုန်၏ အဖိုးအမည် ပန်းချီကား (Image - RFA)

ပန်းချီ ဆရာ ဖေညွန့်ဝေကလည်း “ကျနော်တို့ ၁၉၆၇-၆၈ လောက်မှာ ကျောင်းတက် ကတည်းက ဆရာ ဦးဝသုန်ရဲ့ လျှို့ဝှက်သည်းဖို မဂ္ဂဇင်းထဲက ပန်းချီတွေကို လိုက်ဆွဲရ တဲ့အဆင့်၊ အဲဒီခေတ် လျှို့ဝှက်သည်းဖို မဂ္ဂဇင်းက ပန်းချီ ဆရာတွေ အားကောင်းတယ်၊ ကျနော် တဦးတည်းအနေ နဲ့ပြောရရင် ဆရာ ၀သုန် ကွယ်လွန်သွားတာဟာ ပန်းချီ မှာတော့ ကြီးစွာသော ဆုံးရှုံးမှုပဲ၊ နောက် တခုက မြန်မာ ပြည်မှာ ရိုးရာကို လိုင်းနဲ့ အထူးသဖြင့် ဖော်ရေးနိုင်တဲ့ ပုဂ္ဂိုလ်၊ ဆရာ ၀သုန်ဟာ ယုံယုံကြည်ကြည်နဲ့ကို စွဲစွဲမြဲမြဲ လုပ်သွားတယ်၊ သူ့မှာကိုယ်ပိုင်ဟန်လည်းရှိတယ်၊ ဒါ ၀သုန် စာလုံး၊ ဒါ ၀သုန် လိုင်း၊ ဒါ ၀သုန် ရေးချက် အဲဒီလိုကို ရှိခဲ့တဲ့ ပုဂ္ဂိုလ်မျိုးပါ၊ ပန်းချီအပေါ်မှာ သိပ်ကိုချစ်လွန်းတယ်၊ တန်ဖိုးလည်း ထားလွန်းတယ်လို့ ကျနော်တော့မြင်တယ်”ဟု ပြောဆိုသည်။

“ဘေးလူတွေတောင် နှမြောကြတာဆိုတော့၊ ကျမတို့က ပိုနှမြောတာပေါ့”ဟု ပန်းချီ ၀သုန်၏ သမီး မအင်ကြင်းက လည်း ပြောသည်။
ပန်းချီ ၀သုန်သည် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်စန်းအေး နှင့် သား ၂ ယောက်၊ သမီး ၂ ယောက် ကျန်ရစ်ခဲ့ပြီး ၎င်း၏ ဈာပနကို ယနေ့ ညနေ ၃ နာရီ၌ ရေဝေး သုသန်တွင် သင်္ဂြီုဟ်မည် ဖြစ်ကြောင်း မိသားစု ကပြောသည်။

ref: ဧရာဝတီ

Read More...

Tuesday, October 21, 2008

မြန်မာ့အရေး တွေ့ဆုံဆွေးနွေးဖို့က လွဲပြီး တခြားနည်းလမ်း မရှိ

ကုလအတွင်း ရေးမှူးချုပ်

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးက လွဲလို့ တခြားနည်းလမ်း မရှိဘူး၊ ဒီအတွက် အဓိက ကျတဲ့ အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(Ban Ki-moon) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာမှာ အတွင်းရေးမှူးချုပ်က အဲဒီလို ပြောထားတာပါ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာ ထဲမှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မီးစ် မီရှဲလ် မွန်းတာ့စ် (Michele Montas) က တနင်္လာနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကိုးကား ပြောကြားသွားပါတယ်။

"ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိုးရိမ်တဲ့ ကိစ္စတွေနဲ့ မျှော်လင့်ထားတဲ့ ကိစ္စတွေကို မြန်မာအစိုးရက အဓိပ္ပာယ်ပြည့်ဝတဲ့ တုံ့ပြန် လုပ်ဆောင်မှုတွေ မလုပ်သေးတာဟာ စိတ်ပျက်စရာ ကိစ္စတခုအဖြစ် ရှိနေဆဲပါ။ "ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မျှော်လင့်ထားတဲ့ ကိစ္စတွေက ဘာတွေဆိုတာကို အခု အစီရင်ခံစာထဲမှာ အတွင်းရေးမှူးချုပ်က ရှင်းရှင်းလင်းလင်း ထည့်မပြော ထားပေမယ့် စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ ၀န်ကြီးအဆင့် ဆွေးနွေးပွဲအပြီး ထွက်ပေါ်လာတဲ့ အချက်တွေကို ရည်ညွှန်းပုံရပါတယ်။ အဲဒီ အစည်းအဝေး အပြီးမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ကုလသမဂ္ဂနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့၊ ပိုပြီး အပြုသဘော ဆောင်တဲ့ တုံ့ပြန်မှုတွေ လုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံတွေက တိုက်တွန်းခဲ့ကြ ပါတယ်။

အခုချိန်ထိတော့ ဒီအချက်တွေထဲက ဆိုရင် နှစ်ရှည်နိုင်ငံရေး အကျဉ်းသား သတင်းစာဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးအကျဉ်းသား ခြောက်ဦး ပြန်လွတ်မြောက် လာတာကလွဲလို့ ကျန်တဲ့တိုးတက်မှု ဘာမှမရှိသေးပါဘူး။ သူတို့တွေ လွတ်လာတာကလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်းတဲ့အတွက် လွှတ်ပေးတာလို့ ကောက်ချက်ချဖို့က ခက်ခဲပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အဆုံးတနေ့မှာ သက်ဆိုင်ရာ အစိုးရနဲ့ ပြည်သူလူထု အပေါ်မှာသာ မူတည်တယ်ဆိုတာကို အတွင်းရေးမှူးချုပ်က အလေးထား ဖော်ပြခဲ့ပေမယ့် မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကိုလည်း ထပ်ပြီး အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မီရှဲလ် မွန်းတာ့စ်က … "ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍက တွေ့ဆုံ ဆွေးနွေးရေးကတဆင့် အားလုံးသဘောတူ လက်ခံနိုင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တရပ်ဆီ ရှေးရှုပြီး အတူတကွ လုပ်ဆောင်သွားနိုင်ဖို့ရာ သက်ဆိုင်သူ အားလုံးရဲ့ ရပ်တည်ချက်တွေက ဘာတွေဆိုတာ ရှာဖွေဖို့နဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ ဖြစ်ပါ
တယ်။"

တိုင်းပြည်ရဲ့အနာဂတ်အတွက် သက်ဆိုင်သူအားလုံး ပါဝင်လုပ်ဆောင်နိုင်ဖို့မှာ တွေ့ဆုံ ဆွေးနွေးရေးက လွဲလို့ တခြားနည်းလမ်း မရှိဘူး ဆိုတာကိုလည်း အတွင်းရေးမှူးချုပ်က ထည့်သွင်း ပြောကြားထားပါတယ်။ ဒါ့အပြင် အကျဉ်းချထားသူတွေကို လွှတ်ပေးဖို့လည်း အတွင်းရေးမှူးချုပ်က ထပ်ပြီး တိုက်တွန်း ခဲ့ပါသေးတယ်။ "ပိုပြီးကောင်းမွန်တဲ့၊ အားလုံးပါဝင်တဲ့၊ ခြေခြေမြစ်မြစ်ရှိပြီး ထိရောက်တဲ့၊ အချိန်ကာလ ကန့်သတ်ချက်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်စတင်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးရေးဟာ အဓိက ကျတယ်လို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။"
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်းတာ့စ်က ကုလသမဂ္ဂ အထွေထွေညီလာခံကို ဘန်ကီမွန်း တင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာပါ အချက်တွေကို ပြောသွားတာပါ။

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာတွေကို ပြောဆိုကြတိုင်းမှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတာ မပါမဖြစ် ကိစ္စတခုပါ။ ဒါ့ကြောင့်လည်း ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား သူတွေသာ မက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ထပ်ခါတလဲလဲ တောင်းဆိုနေကြတာပါ။ ဒါပေမယ့် မြန်မာ အစိုးရ ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးလို့ တွင်တွင်ပြောဆိုနေပြီး အနည်းအကျဉ်း လွှတ်ပေးတဲ့ သူတွေဟာလည်း သူတို့ကျခံရတဲ့ ထောင်ဒဏ် ပြည့်ပြီးရုံသာမက ကျော်လွန်နေသူတွေ ဖြစ်တာ များပါတယ်။ ဒါ့ကြောင့်လည်း မြန်မာအစိုးရဟာ အကျဉ်းသား တွေကို ပြန်ပေးဆွဲထားသလို ပြုမူလုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြစ်တင်ဝေဖန် ကြပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း မြန်မာနိုင်ငံအရေး ကိစ္စအတွက် တိုက်တွန်း တောင်းဆိုတာတွေ မကြာခဏ လုပ်လေ့ ရှိသလို အနောက်နိုင်ငံတွေက ဆိုရင် စီးပွားရေးအရ ဒဏ်ခတ် အရေးယူတာတွေ ချမှတ်ထားပေမယ့် နိုင်ငံအသီးသီးက သဘောထား အမျိုးမျိုးနဲ့ ရပ်တည် လုပ်ဆောင်နေတာကြောင့် ထိရောက်မှုကတော့ နည်းပါးလှပါတယ်။ ဒါ့ကြောင့်လည်း မြန်မာ့အရေး ကိစ္စမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့လို အိမ်နီးချင်းနိုင်ငံတွေ၊ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ဝင် နိုင်ငံတွေရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါတယ် ဆိုတာကို မြန်မာ့အရေး စောင့်ကြည့် လေ့လာသူတွေက မကြာခဏ သုံးသပ်ပြောဆိုလေ့ ရှိပါတယ်။ မြန်မာအစိုးရကတော့ ချမှတ်ထားတဲ့ နိုင်ငံရေး လုပ်ငန်းလမ်းစဉ် ၇ ရပ်အတိုင်း ဆက်သွားမယ်လို့ အခိုင်အမာ ပြောဆိုထားပြီး ပဉ္စမအဆင့်ဖြစ်တဲ့ အထွေထွေ ရွေးကောက်ပွဲတွေကို ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပဖို့တောင်မှ ကြေညာထားပြီးသားပါ။

ဒီရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ လိုအပ်တဲ့ အခြေခံ ဥပဒေကိုလည်း ပြီးခဲ့တဲ့မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးကာစ ရက်ပိုင်းမှာပဲ လူထုဆန္ဒ ခံယူပွဲကျင်းပပြီး အတည်ပြုခဲ့ ပါတယ်။ ဒီအခြေအနေမှာ မြန်မာ့အရေးအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်း အ၀ိုင်းရဲ့ ၀င်ရောက် လုပ်ဆောင်နိုင်မှု အတိုင်းအတာနဲ့ ထိရောက်မှုတွေအပေါ် မေးခွန်းထုတ် ဝေဖန်တာတွေလည်း ထွက်ပေါ်နေပါတယ်။

ref: VOA News

Read More...

ဆင်ဆာကြောင့် ဟာသမဂ္ဂဇင်း ထုတ်ဝေမှု ရပ်ဆိုင်း

နန်းဒေဝီ
တနင်္လာနေ့၊ အောက်တိုဘာလ 20 2008 18:05 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စာပေစိစစ်ရေးဌာနက ၂၃ ရာခိုင်နှုန်းကို ဖြတ်တောက်လိုက်သဖြင့် လစဉ်ထုတ် ဟာသမဂ္ဂဇင်းတခု အောက်တိုဘာတွင် အချိန်မှီ မဖြန့်ချီနိုင်တော့ဘဲ ရပ်ဆိုင်းထားလိုက်ရသည်။

ရန်ကုန် အခြေစိုက် ပျော်ပျော်ရွှင်ရွှင် မဂ္ဂဇင်းမှ ဖောင်အရေအတွက်ပေါင်း ၂၆ ဖောင်အနက် ၆ ဖောင်အား ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးမှ ဖြုတ်ချလိုက်သဖြင့် ထုတ်ဝေဖြန့်ချိမှု ရပ်ဆိုင်းရခြင်း ဖြစ်သည်။

"ဖြုတ်တာများတော့ စာအုပ်ထုတ်ဖို့ မဖြစ်လောက်ဘူး။ ကဗျာနဲ့ ဝတ္ထုတွေ အဖြုတ်များတယ်။ ဒါကြောင့် ၂ လလောက် ရပ်ထားရမယ့် သဘော ရှိနေတယ်" ဟု မဂ္ဂဇင်းတိုက်နှင့် နီးစပ်သူတဦးက ပြောသည်။ မဂ္ဂဇင်းတိုက်တော့ ထပ်မံ အရေးယူမှု ပြုမှာစိုး၍ သတင်းထုတ်ပြန်ရန် ငြင်းဆန်လိုက်သည်။

စာပေ ကင်ပေတိုင်ဟု ဂျပန်ခောတ် ဂျပန် စစ်ထောက်လှမ်းရေးများ ရက်စက်မှုနှင့် တင်စားခြင်းခံရသော စာပေစိစစ်ရေးမှ မဂ္ဂဇင်းတိုက်အား တစုံတရာ အကြောင်းပြချက် မပေးသော်လည်း အာဏာပိုင်များအနေဖြင့် ကဗျာအဓိပ္ပာယ် နားမလည်သည့် အတွက် မူဝါဒနှင့် မညီဟု အကြောင်းပြကာ ဖြုတ်ချခဲ့ခြင်း ဖြစ်နိုင်ကြောင်း မီဒီယာ အသိုင်းအဝိုင်းမှ ဝေဖန်ပြောဆိုကြသည်။

"ကဗျာတွေ ဆိုတာက လျှို့ဝှက် ရေးသားရတာ များတယ်။ အဲဒါ အာဏာပိုင်တွေက အဓိပ္ပာယ် ကောင်းကောင်း နားမလည်ဘူး။ သူတို့စိတ်ထဲမှာ ဖြုတ်ချင်ရင် ဖြုတ်လိုက်တာပဲ။ လျှောက်ဖြုတ်ချနေတာလေ။" ဟု ဝါရင့်မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။

အလားတူပင် ယခုလထုတ် ကလျာ၊ ချယ်ရီ၊ မြန်မာသစ်၊ မဟေသီ စသည့် ရသစုံ မဂ္ဂဇင်းများတွင် ထည့်သုံးမည့် ကဗျာများ ဆင်ဆာ အဖြတ်ခံရသည့် အတွက် စာအုပ်ထုတ်ဝေရာတွင် ကဗျာ အပုဒ်ရေ နည်းသွားသည်။

"ကဗျာတွေက တော်တော် အဖြတ်ခံရတာ ဆိုးတယ်။ ဒီလဆို ကလျာမဂ္ဂဇင်းကဆို ၄ ပုဒ်ပဲ ထုတ်နိုင်တယ်။ မဟေသီက ၁၁ ပုဒ်တင်တာ ၅ ပုဒ်ပဲ ရတယ်။ မြန်မာသစ်က ၂ ပုဒ်ပဲ ထုတ်နိုင်တယ်။ အရင်ကဆို ရသစုံ မဂ္ဂဇင်းတွေမှာ အနဲဆုံး ၇ ပုဒ်တော့ ပါခဲ့တာပဲ" ဟု ရသစုံ မဂ္ဂဇင်းတိုက်တခုမှ စာရေးသူတဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လကလည်း ချယ်ရီ မဂ္ဂဇင်းတိုက်မှ ထုတ်ဝေခဲ့သည့် ကဗျာဆရာ ခင်မောင်သန်း ရေးသားသည့် “ဒီပရင်္ဂ” ကဗျာကြောင့် မဂ္ဂဇင်းတိုက်အား အာဏာပိုင်များက ဖိအားပေးခဲ့သဖြင့် အယ်ဒီတာ ဦးဌေးအောင်သည် အလုပ်မှ ထွက်ခဲ့ရပြီး နောက်ပိုင်း မဂ္ဂဇင်းများတွင် ထည့်သုံးသည့် ကဗျာများအား သေချာ စိစစ်လာကြောင်း ရန်ကုန် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

"အခုလို ဖြတ်တာများတော့။ စာအုပ်အင်္ဂါရပ် မမီတော့ဘူးပေါ့၊ ဖြတ်တာများရင်။ ဈေးကွက်ပါ ပျက်လာတယ်။ ဈေးကွက်က တဖြည်းဖြည်း ကျဉ်းလာနေတယ်" ဟု ဝါရင့် မဂ္ဂဇင်း အယ်ဒီတာတဦးက သုံးသပ် ပြောဆိုသည်။

ref: မဇ္ဈိမ

Read More...

အပေါ်သို့