..............................

Saturday, September 4, 2010

ဝ နှင့် မိုင်းလားနယ်မြေက နအဖတပ် နှင့် ၀န်ထမ်း အားလုံးကို ရုပ်သိမ်းလိုက်ပြီ

Friday, 03 September 2010

တရုတ်နယ်စပ်ရှိ အပစ်ရပ် ၀ တပ်ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့တို့ထိန်းချုပ်နယ်မြေ အတွင်း တာဝန် ထမ်းဆောင်နေသည့် နအဖ စစ်တပ်နှင့် ၀န်ထမ်း အားလုံးကို နအဖ စစ်အစိုးရက ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။

ဝ ထိန်းချုပ်ဒေသ ပန်ဆန်း ၀ိန်းကောင်နှင့် မိုင်းမောမြို့များတွင် တပ်စွဲထားသည့် ခမရ ၃၂၆ နှင့် ခလရ ၁၂၇ တပ်ရင်းများ မှ တပ်များ အပါအ၀င် ၀ဒေသမှ ၀န်ထမ်း ၄၃ ဦးနှင့် မိုင်းလားအဖွဲ့ ထိန်းချုပ်ဒေသမှ ၀န်ထမ်း၂၀၀ ခန့်သည် ယနေ့ နံနက် ၉ နာရီခန့်က ဒေသ အတွင်းမှ ထွက်ခွာသွားကြောင်း သိရသည်။

နအဖ စစ်အစိုးရက ရွေးကောက်ပွဲ အကြောင်းပြချက်ဖြင့် ၎င်းတို့၏နောက်ဆုံး ကျန်နေသည့် စစ်တပ်နှင့် ၀န်ထမ်းများကို ယမန်နေ့က ပြန်လည် ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ အပစ်ရပ် ၄ ဖွဲ့ ပူးပေါင်းထားသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ် ပေါင်းစု (PDF) မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရွေးကောက်ပွဲနီးလာလို့ ပြန်ထွက်ခွာဖို့ မနေ့က သူတို့ဝန်ထမ်းအားလုံးကို ညွန်ကြားစာပို့တယ် ဒီနေ့မနက် အားလုံး ထွက်သွားပြီ ကျန်နေတဲ့ အဆောက်အဦတွေကို ကောင်းမွန်စွာ ထိန်းသိမ်းထားပါ နောက်ကို ပြန်လာမယ် ဆိုပြီးပြော သွားတယ် ” ဟု သူက ပြောသည်။

နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စက်တင်ဘာလ ၇ ရက်နေ့တွင် စတင်မည့် တရုတ်ပြည် ခရီးစဉ် မတိုင်မီ ရက်ပိုင်း အလိုတွင် ၀န်ထမ်းများ ရုပ်သိမ်းလိုက်သဖြင့် နယ်ခြားစောင့် ငြင်းဆန်နေသော တရုတ်နယ်စပ် အခြေဆိုက် အပစ် ရပ်များနှင့် ပတ်သက်သည့် နအဖ၏ သဘောထားကို ပြောကြားဖွယ်ရှိကြောင်း သိရသည်။

နယ်ခြားစောင့်တပ်ဖွဲ့ရေးကိစ္စ ငြင်းဆန်နေသည့် ၀ နှင့် မိုင်းလားအဖွဲ့များ အပေါ် အမျက်ဒေါသ ထွက်နေပြီး အကြိမ်ကြိမ် အရှက်တကွဲ ဖြစ်နေသော နအဖသည် ယခုလိုဝန်ထမ်းများကို ရုပ်သိမ်းခြင်းမှာ ခြိမ်းခြောက်မှုထက် အမှန်တကယ် စစ်ဆင် လာဖွယ်ရှိကြောင်း သူက ဆက်ပြောသည်။

“ရွေးကောက်ပွဲမတိုင်ခင် နအဖက စစ်မတိုက်နိုင်ဘူးလို့ အရင် ယူဆချက်အတိုင်း ယူဆနေလို့ မရတော့ဘူး အခုက အပစ် ရပ် အဖွဲ့တွေရဲ့ နောက်ဆုံး သဘောထားကိုလည်း နအဖက သိပြီ နအဖ အနေနဲ့လည်း ထာဝရ ငြိမ်းချမ်းဖို့ဆိုတာ နယ်ခြားစောင့် တပ်ဖွဲ့ဖို့နဲ့ လက်နက်ချဖို့ပဲ ရှိတယ်ဆိုတော့ တိုင်းရင်းသားတွေကို နိုင်ငံရေးအရ မဆွေးနွေးဘူးလို့ ပြောလိုက်တာပဲ ” ဟု ဆိုသည်။

ဝ နှင့်မိုင်းလားနယ်မြေအတွင်းမှ နအဖ တပ်နှင့်ဝန်ထမ်းများအားလုံး ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် အဆိုပါ အဖွဲ့များနှင့် နအဖတို့ကြား စစ်ရေးအရ တင်းမာနေကြောင်း သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Friday, September 3, 2010

မြန်မာ စစ်ခေါင်းဆောင်တွေ လူ့အခွင့်အရေး လေးစားမှု ရှိမရှိ စုံစမ်းရေး ကနေဒါ ထောက်ခံ

ဒေါ်ခင်မျိုးသက်
ကြာသပတေး, 02 စက်တင်ဘာ 2010

မြန်မာစစ်အစိုးရရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကုလသမဂ္ဂ အနေနဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ အကြံပြုချက်ကို ကနေဒါနိုင်ငံက ကြာသပတေးနေ့မှာ ထောက်ခံ လိုက်ပါတယ်။ ဒါ့အပြင် မကြာခင် ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ဒီကိစ္စကို အရေးယူ ဆောင်ရွက်လာဖို့ အတွက် မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်ကို သဘောတူကြတဲ့ တခြား နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့အတူ လက်တွဲ ဆောင်ရွက် သွားမယ်လို့လည်း ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးရုံးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ ကင်တားနားက မြန်မာ စစ်ခေါင်းဆောင် တွေဟာ လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နိုင်ခြေ ရှိတာမို့ ကုလသမဂ္ဂက ကော်မရှင်ဖွဲ့ စုံစမ်း စစ်ဆေးပေးဖို့ လူ့အခွင့်အရေး ကောင်စီကို မတ်လတုန်းက အကြံပြုချက်ကို အမေရိကန်၊ ဗြိတိန်၊ ချက်ပြည်သူ့ သမ္မတနိုင်ငံ၊ သြစတြေးလျနဲ့ စလိုဗက်ကီးယား နိုင်ငံတွေက ထောက်ခံခဲ့ပြီး ကြာသပတေး နေ့မှာတော့ ကနေဒါ နိုင်ငံကပါ ပါဝင် ထောက်ခံလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောကြားလေ့ရှိတဲ့ နိုင်ငံတွေ ထဲမှာ ကနေဒါ နိုင်ငံဟာ ရှေ့ဆုံးက ပါဝင်ခဲ့ပြီး အခု မစ္စတာ ကင်တားနားရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံတယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး လောရင့်စ် ကန်နွန် (Lawrence Cannon) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ်စ် ကက်သရင်း လူဘီယဲ (Catherine Loubier) က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂရဲ့ အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနားရဲ့ လုပ်ငန်းတွေကိုရော မြန်မာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ စုံစမ်းမယ့် အကြံဉာဏ်ကိုပါ သဘောတူ ထောက်ခံပါတယ်။”

ဒါ့အပြင် ကနေဒါနိုင်ငံဟာ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေဖြစ်တဲ့ လွတ်လပ်မှုကို မြန်မာနိုင်ငံသားတိုင်း ရရှိစေဖို့နဲ့ မြန်မာ စစ်အစိုးရက ဒီ လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို လေးစားဖို့အတွက် တစိုက်မတ်မတ် တောင်းဆိုနေတဲ့နိုင်ငံ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပေါ် ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လျစ်လျူ ရှုထားတဲ့ အပေါ် ကနေဒါနိုင်ငံက ရှုတ်ချတဲ့ အနေနဲ့ ကမ္ဘာ့နိုင်ငံတွေထဲမှာ အတင်းကျပ်ဆုံး စီးပွားရေး ပိတ်ဆို့ တားမြစ်တဲ့ ပြစ်ဒဏ်တွေကို ချမှတ် ထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အခု မကြာခင်မှာ ကျင်းပဖို့ရှိတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးယနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားရဲ့ အကြံပြုချက်ကို သဘောတူတဲ့ တခြားနိုင်ငံတွေနဲ့ အတူ လက်တွဲပြီး ဆောင်ရွက် သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

“လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေး မှူးက တင်ပြမယ့် ထောက်ခံ အကြံပြုချက်တွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ ဘုံချဉ်းကပ်မှုမျိုးနဲ့ ဘယ်လို ထောက်ခံကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံက မဟာမိတ် နိုင်ငံတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားတဲ့ ဥပဒေတွေဟာ တရားမျှတမှု မရှိကြောင်းနဲ့ ဒီရွေးကောက်ပွဲကို နိုင်ငံတကာက ယုံကြည်မှု ရစေဖို့အတွက် အဖွဲ့အစည်း အားလုံး ပါဝင်ခွင့်နဲ့ လွတ်လပ်မျှတစွာ ကျင်းပပေးဖို့လည်း ကနေဒါ အစိုးရက လိုလားတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေ၊ လူ့အခွင့်အရေး အခြေခံမူတွေနဲ့ အညီ လေးစား လိုက်နာဖို့အတွက် ကနေဒါနိုင်ငံက တိုက်တွန်းပါတယ်။ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့၊ သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်တဲ့၊ ပွင့်လင်း ထင်သာမြင်သာမှု ရှိတဲ့ လုပ်ငန်းစဉ်တွေနဲ့အညီ ရွေးကောက်ပွဲကို ကျင်းပဖို့လည်း ကနေဒါနိုင်ငံက တိုက်တွန်း ပါတယ်။”

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး လောရင့်စ် ကန်နွန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြောသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အရေးယူ ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်အမှတ် ၂၀ ကို EU ဥရောပ သမဂ္ဂက ဦးဆောင် ရေးဆွဲနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ ကိစ္စကို EU ဥရောပ သမဂ္ဂက အခုထိ တစုံတရာ ထုတ်ဖော် ပြောဆိုတာမျိုး မရှိသေးတဲ့အတွက် Amnesty International နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ကြီး အပါအ၀င် လူ့အခွင့်အရေး အဖွဲ့ အတော်များများက တိုက်တွန်း ပြောကြား နေကြပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့ နေ့စွဲနဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာ ချက်ထဲမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စကို ဆွေးနွေးတိုင်ပင်ပြီး ဆုံးဖြတ်ချက်တွေ ချဖို့ တောင်းဆို ထားပါတယ်။ သူတို့အဖွဲ့ရဲ့ ၂၀၀၈ ခုနှစ် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာ စစ်အစိုးရရဲ့ လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဆိုင်ရာ အချက်အလက်တွေကို ဖော်ပြထားပြီး ဒီလို ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာ စစ်အစိုးရဟာ ပြစ်ဒဏ်မခံရဘဲ လွတ်ငြိမ်း ချမ်းသာခွင့်တွေ ရနေတာမို့ ကုလသမဂ္ဂက အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ တောင်းဆို ထားပါတယ်။

Ref: VOA News

Read More...

မွန်ပြည်သစ်ပါတီ သောင်းကျန်းသူအဖြစ် ပြန်လည်သတ်မှတ် ခံရမည်

ဘစောတင်
Thursday, September 02, 2010

နယ်ခြားစောင့်တပ် မဖွဲ့စည်းပါက မွန်ပြည်သစ်ပါတီ (NMSP)ကို တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာပြီး နဂိုမူလ လက်နက်ကိုင် သောင်းကျန်းသူ အဖြစ် ပြန်လည် သတ်မှတ်မည်ဟု စစ်အစိုးရက ထုတ်ပြန် ပြောဆိုလိုက်ကြောင်း သိရသည်။

နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေးကို စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထား၍ လက်မခံလျင် ယင်းကဲ့သို့ သတ်မှတ်မည်ဟု စစ်အစိုးရ၏ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က စာပေးပို့ အကြောင်းကြားခြင်း ဖြစ်သည်ဟု NMSP က ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏ စာတွင် “အသွင်ကူးပြောင်းရေး သို့မဟုတ် လက်နက် စွန့်လွှတ်ရေး ဆောင်ရွက်ရေးကို (၁၊ ၉၊ ၂၀၁၀) ရက်နေ့ နောက်ဆုံးထား ဆောင်ရွက်ရပါမည်။ လက်နက် စွန့်လွှတ်မှုကို ဆောင်ရွက်မှု မပြုဘဲ ဆက်လက် နေမည် ဆိုပါက နဂိုမူလ လက်နက်ကိုင် သောင်းကျန်းသူ အဖြစ် သတ်မှတ် လိမ့်မည်ဖြစ်ပြီး မိမိတို့နှင့် ဥပဒေအရ တရားဝင် ဆက်ဆံ ဆက်သွယ်မှု မရှိကြောင်း အသိပေးသည်”ဟု ပါရှိကြောင်း သိရသည်။

NMSP က စစ်အစိုးရ၏ ကာလကြာမြင့်စွာ ဖိအားပေးတောင်းဆိုနေသော နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေး နှင့် လက်နက် စွန့်လွှတ်ရေး ကိစ္စရပ်ကို လက်မခံနိုင်ကြောင်း ယနေ့ ညနေ ၃ နာရီ က ထိုင်း - မြန်မာ နယ်စပ် တနေရာ တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ရှင်းလင်းသည်။

သတင်းစာ ရှင်းလင်းပွဲတွင် NMSP ဥက္ကဋ္ဌ နိုင်ထောမွန်က လက်မှတ်ရေးထိုးကာ နအဖ ၏ တောင်းဆိုချက် ကို လက်မခံနိုင်ကြောင်း ပြန်စာကို ယမန်နေ့က ပေးပို့ခဲ့ကြောင်း NMSP နိုင်ငံခြားရေး တာဝန်ခံနှင့် ပြောရေး ဆိုခွင့်ရှိသူ နိုင်ဟံသာ ဗန်ခိုင်းက ရှင်းလင်း ပြောကြားခဲ့သည်။

NMSP အနေဖြင့် တိုင်းရင်းသားအခွင့်အရေးများ မရရှိဘဲ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောတူညီ လိမ့်မည် မဟုတ်ကြောင်း နိုင်ထောမွန်က ပြီးခဲ့သည့် မွန်တော်လှန်ရေး နေ့တွင် ပြောဆိုခဲ့သည် ဟုလည်း နီးစပ်သူ တဦးထံမှ သိရှိရသည်။

သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ မွန်သမိုင်းသုတေသီ မင်းစိုင်းနွန်ဒေါက “အသွင်ကူးပြောင်းရေးကို လက်မခံ ပေမယ့်လည်း စစ်မှန်တဲ့ ပြည်ထောင်စုမူနဲ့ ဒီမိုကရေစီ စနစ်အောက်မှာ တပ်မတော် တခုတည်း ရှိရမယ်ဆိုတဲ့ မူရော၊ အဲဒီ မူနဲ့ လိုက်လျော ညီထွေရှိတဲ့ တပ်အသွင် ကူးပြောင်းရေး မူကိုကော လက်ခံတာရှိတယ်လို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောပါတယ်”ဟု ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ပြည်ထောင်စု တပ်မတော်၏ အစိတ်အပိုင်းအဖြစ် ပါဝင်စေပြီး သက်ဆိုင်ရာ ပြည်နယ် အစိုးရ၏ ကွပ်ကဲမှု အောက်တွင် ထားရှိသည့် ပြည်နယ် ကာကွယ်ရေး တပ်များ အဖြစ် ရှိသင့်သည်ဆိုသည့် ပါတီ၏ ရပ်တည်ချက်ကို တင်ပြ ထားခဲ့ဖူးကြောင်း၊ ထို့ကြောင့် စစ်မှန်သည့် ပြည်ထောင်စု စနစ် တည်ဆောက်ရန် အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း မပြီးပြတ်သေးခင် တပ်အသွင် ကူးပြောင်းရေး ကိစ္စ အပါအဝင် လက်နက် စွန့်ရန် ကိစ္စကို လက်မခံနိုင်ကြောင်း နိုင်ဟံသာ ဗန်ခိုင်းက ရှင်းပြခဲ့သည်ဟု မင်းစိုင်းနွန်ဒေါက ပြောသည်။

NMSP အနေနှင့် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး လက်မခံနိုင်ကြောင်းကို ၂၀၀၉ ခုနှစ် သြဂုတ်လ ၃၀ ရက် နေ့တွင် တကြိမ်၊ ယခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် တကြိမ် ငြင်းဆိုပြီးဖြစ်သည်။

ငြိမ်းချမ်းရေးကို ထိန်းသိမ်းပြီး နောက်တက်လာမည့် အစိုးရနှင့်ဖြစ်စေ၊ လက်ရှိအစိုးရနှင့် ဖြစ်စေ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး အဖြေရှာပြီးမှသာ အသွင် ကူးပြောင်းရေးကို လက်ခံ လုပ်ဆောင်မည်ဟု မွန်ပြည်သစ် ပါတီ က ပြောသည်။

မွန်ပြည်သစ်ပါတီ သည် ၁၉၉၅ ခုနှစ်က စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ပြုလုပ်ခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလ ကတည်း က စတင်ခဲ့ခြင်း ဖြစ်သည်။

ယနေ့အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၏ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ လှိုင်းဘွဲ့မြိုနယ် ပိုင်ကျုံမြို့ ထန်းတပင် ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာ၊ မြဝတီ မြို့နယ် အတွင်း ကွင်းကလေး ဒေသတို့မှ တပ်ဖွဲ့ဝင်များနှင့် ကရင် ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ဖြစ်သော ဟောင်သရော အဖွဲ့တို့သည် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။

Ref: ဧရာဝတီ်

Read More...

ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ဘယ်သူလဲ

ရန်ပိုင်
Thursday, September 02, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ယူထားခဲ့သည့် အရေးကြီး ရာထူးဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နေရာတွင် ခန့်အပ် ခံရမည်ဟု သတင်း ထွက်နေသော ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို အများက စိတ်ဝင်စားလျက် ရှိကြသည်။

ဧရာဝတီက လေ့လာ သိရှိရသော ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဗိုလ်ချုပ် အသစ်များ၏ နောက်ကြောင်း ရာဇဝင်များကို ဖော်ပြလိုက်ပါသည်။

ရာထူး အပြောင်း အလဲနှင့် ပတ်သက်ပြီး အတည်ပြုနိုင်သည့် ဧရာဝတီမှ ရရှိသည့် စာရင်းအရ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဖြစ်လာကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်ယူခဲ့ဖူးသော အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် တို့လည်း တိုင်းမှူးအဖြစ် တာဝန် ယူဖူးခဲ့ကြသည်။

ယခု စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် အဖြစ် တာဝန်ယူလိုက်သည့် ဗိုလ်ချုပ် ကျော်ဆွေ သည်လည်း အနောက်တောင် တိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် မွန်ပြည်နယ် သထုံမြို့ ဇာတိဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် (၁၈) မှ ဖြစ်သည်။

စစ်တက္ကသိုလ် ဆင်းပြီးနောက် တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၂) တွင် တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၈၃-၁၉၈၄ ခုနှစ် ကရင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် မဲသဝေါ တိုက်ပွဲတွင် “သူရ”ဘွဲ့ကို ရရှိခဲ့သည်ဟု ယခင် ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။

ထို့နောက် စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) –၂ ၏ ကစထမှူး ဒု ဗိုလ်ချုပ်ကြီးဟောင်း ချစ်ဆွေ၏ စစ်ဦးစီး တတိယတန်း
(G-3)၊ ပဲခူးတိုင်း သာယာဝတီမြို့နယ် ခြေလျင်တပ်ရင်း ခလရ (၃၅) တွင် တပ်ရင်းမှူး၊ စစ်တက္ကသိုလ်တွင် နည်းပြချုပ် တာဝန်များ အဆင့်ဆင့် ပြောင်းလဲ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်တွင် ဗျူဟာမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ဘုတ်ပြင်းမြို့တွင် ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၉၈ ခုနှစ်၌ မြန်မာပိုင် ခရစ္စတီး ကျွန်းပေါ်တွင် သစ်ဝါး ခုတ်လှဲ ကာ အသက်မွေးဝမ်းကျောင်း ပြုနေသည့် မိန်းမများ၊ ကလေးများ အပါအဝင် စုစုပေါင်း ၅၉ ဦးနှင့် ထိုင်း ရေလုပ်သား ၂၂ ဦး ကို အထက် အမိန့်အရဟု ဆိုကာ သတ်ဖြတ်ခဲ့စဉ်က ပါဝင်ခဲ့သူတဦး ဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။

ထိုစစ်ဆင်ရေးတွင် လက်ရှိ အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဇော်မင်းလည်း ပါဝင်သည် ဟု သိရသည်။

ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် ထိုမှတဆင့် ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် တပ်မ ၂၂ ၏ တပ်မမှူး၊ မွန်ပြည်နယ် မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး စသည့် တာဝန်များကို အဆင့်ဆင့် ယူခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်၏ နေရာတွင် စစ်ရေးချုပ် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

ဒု ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည့် ဒု ဗိုလ်ချုပ်ကြီး ကိုကို မှာမူ အထက် အရာရှိများနှင့် ဆက်ဆံရာတွင် ပြေပြစ်ပြီး အရာရှိ အရာခံ အကြပ် တပ်သားများ အပေါ်တွင်လည်း ကောင်းမွန်စွာ ဆက်ဆံသည်ဟု နာမည်ကြီးသူ ဖြစ်ကြောင်း စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် တာဝန် ယူထားသည့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်မ ၄၄ တပ်မမှူး၊ တြိဂံတိုင်း တိုင်းမှူး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် စိတ်တိုလွယ်သူ တဦး ဖြစ်ပြီး အထက်အရာရှိ အမိန့်ကို တသဝေမတိမ်း လိုက်နာတတ်သူ ဖြစ်ကြောင်း၊ တပ်မများကို တာဝန်ယူ ကိုင်တွယ်စဉ် အရာရှိများကို ကိုယ်ထိလက်ရောက် ရိုက်နှက်ရာတွင် နာမည်ကြီးကြောင်း
နီးစပ်သူတဦးက ပြောသည်။

“သတင်းစာတွေ ကြမ်းပြင်ပေါ်ကျနေရင်တောင် လူကြီးတွေ ဓာတ်ပုံပါတယ်၊ ပြန်ကောက် ပြန်ကောက်ဆိုပြီး ပြောတာ” ဟု ၎င်းက ဆိုသည်။

Ref: ဧရာဝတီ်

Read More...

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ရွေးကောက်ပွဲ မ၀င်တော့

NEJ / ၀၂ စက်တင်ဘာ ၂၀၁၀

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း မရှိတော့ဘဲ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်တော့မည် မဟုတ်တော့ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသိန်းထွန်းက ပြောကြားသည်။

၎င်းက “၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပါဝင်ဖို့ မရှိတော့ဘူး။ ကျနော်တို့က ဒီကိုယ်စားလှယ်တွေ မတင်ဘူးလေ။ ငွေကြေး အခက်အခဲ ရှိလို့ပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထံမှ ယခုနှစ် ဧပြီ (၅) ရက်တွင် ပါတီ တည်ထောင်ခွင့် ရရှိခဲ့ပြီး မေ (၂၇) ရက်နေ့တွင် ပါတီ မှတ်ပုံတင်ခွင့်ပြုချက် ရရှိခဲ့သည့် ပါတီဖြစ်သည်။

“ကျနော်တို့က အကျပ်အတည်း အခက်အခဲတွေ အများကြီးရှိလို့ပါ။ ငွေရေးကြေးရေး အခက်အခဲပါ။ ကော်မရှင် ဥပဒေ အရကတော့ တကယ်လို့ ပါတီ ကိုယ်စားလှယ်တွေ မတင်နိုင်ခဲ့ရင် သုံးဦးပေါ့။ လွှတ်တော် သုံးရပ်မှာ မရပ်တည်နိုင်ရင် ပါတီကို ဖျက်သိမ်းမယ့် သဘော ရှိတယ်လေ။ ကျနော်တို့ လူအင်အားစာရင်း (၂၄) ရက်နေ့ သွားတင်တယ်။ ကော်မရှင်က တခြားပါတီတွေဆို ကြေညာ ပေးတာပေါ့နော်။ အဲဒါလည်း ကျနော်တို့ကို မကြေညာသေးဘူး။ နောက်တခါ ဒီလွှတ်တော် ကိုယ်စားလှယ် စာရင်းတွေပေါ့နော် အဲဒါလည်း ကျနော်တို့ မတင်တဲ့ အခါကြတော့ ဒီကော်မရှင်က ဘာပြောမလဲတော့ မသိဘူး။ အဲဒါစောင့်နေတယ်” ဟု ဦးသိန်းထွန်းက ပြောသည်။

နိုင်ငံရေးပါတီ တခုအနေဖြင့် အနည်းဆုံး မဲဆန္ဒနယ်သုံးခုတွင် မိမိပါတီကို ကိုယ်စားပြု၍ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ၀င်ရောက် ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ယင်းပါတီအား နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိစေရဟု ၂ဝ၁ဝ ခု မတ် (၈) ရက်တွင် ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါရှိသည်။

ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ အရာရှိတဦးကမူ လွှတ်တော် (၃) ရပ်အတွက် အနည်းဆုံး မဲဆန္ဒနယ်မြေ (၃) ခုတွင် ကိုယ်စားလှယ်လောင်း (၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းနိုင်ခြင်း မရှိသည့် မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီသည် တရားဝင် ရပ်တည်ပိုင်ခွင့် မရှိတော့သည့် ပထမဦးဆုံး ပါတီ ဖြစ်လာနိုင်ကြောင်း ပြောဆိုသည်။

၎င်းက “မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်ပါတီဟာ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာ မတွေ့ရဘူး။ ဒါကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေ အရ နိုင်ငံရေးပါတီ အနေနဲ့ ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့ဘူး။ ဒါကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကပဲ တရားဝင် ကြေညာမလား၊ ဒါမှမဟုတ် အကြောင်းကြားစာ ပို့တာလောက်ပဲ လုပ်မလားဆိုတာ မပြောတတ်ဘူး” ဟု ဆိုသည်။

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်ပါတီ၏ ဥက္ကဋ္ဌမှာ ဦးဇင်အောင်ဖြစ်ပြီး ၎င်းသည် ၁၉၈၈ အရေးအခင်း နောက်ပိုင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တည်ထောင်ရာတွင် ပါဝင် လှုပ်ရှားခဲ့သူတဦးဖြစ်သည်။ ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ချုပ်မှာ ဦးအောင်ကြီး ဖြစ်သည်။

ယခုအခါ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ပြုပြီးသည့်ပါတီ (၄၂) ပါတီရှိပြီး ပါတီဝင်အင်အား စာရင်း တင်ပြပြီးသည့် နိုင်ငံရေး ပါတီပေါင်းမှာ စက်တင်ဘာ (၁) ရက်နေ့ထိ (၃၃) ပါတီ ရှိပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သည်။

Ref: ခေတ်ပြိုင်

Read More...

ပဲခူးမြို့ ရေဘေးဒုက္ခသည်များအတွက် ရိက္ခာလိုအပ်

တက်လူ
၀၂ စက်တင်ဘာ ၂၀၁၀

ပဲခူးမြစ်ရေတက်မှုကြောင့် ပဲခူးမြို့ပေါ် ပြည်သူတို့ စားရေးသောက်ရေး လိုအပ်နေပြီ ဖြစ်ကြောင်း ပဲခူးမြို့တွင် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်နေသော ဆရာတော် ဦးကိတ္တိက မိန့်ကြားသည်။

ပြီးခဲ့သည့် သြဂုတ် (၂၈) ရက်နေ့ကပင် မြစ်ရေတက်လာခြင်းဖြစ်ကာ စက်တင်ဘာ (၁) ရက်နေ့တွင်မှသာ အနည်းငယ် ကျသွားကြောင်း ဆရာတော်က မိန့်သည်။

ဆရာတော် ဦးကိတ္တိသည် ပဲခူးမြို့ ရွှေသာလျောင်းအနီး တောင်နံစု ပရဟိတ ကျောင်းတိုက်တွင် သီတင်းသုံးကာ ပရဟိတ လုပ်ငန်းများ ဆောင်ရွက်နေသော ဆရာတော်ဖြစ်သည်။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနဧ။် စက်တင်ဘာ (၁) ရက်နေ့ တိုင်းတာချက်များအရ ပဲခူးမြစ်ရေသည် (၉၁၂) စင်တီမီတာတွင် ရောက်ရှိနေကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ပဲခူးဖြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၉၁၀) စင်တီမီတာဖြစ်သောကြောင့် ယင်းကြေညာချက်အရ စိုးရိမ်ရေ အမှတ်ထက် ကျော်နေသေးသည်ကို တွေ့ရသည်။

ပဲခူးမြစ်ရေတက်သည့်အတွက် အိုးအိမ်များ ရေလွှမ်းကာ ရေဘေးဒုက္ခသည် (၅,၀၀၀) ကျော်ခန့် ရှိနိုင်သည်ဟု ပဲခူးမြို့ခံတို့က ခန့်မှန်း နေသော်လည်း ယင်းသို့ ပြည်သူများ နေရာမဲ့ဖြစ်နေခြင်း အပေါ် ယနေ့တိုင် နိုင်ငံပိုင် သတင်းစာများက ဖော်ပြရေးသားခြင်း မရှိသေးပေ။

“လူပေါင်း (၅,၀၀၀) ကျော်ဆိုတာ ကျနော်တို့ ရပ်ကွက်အပါအ၀င် မဇင်းရပ်ကွက်၊ ကလျာနီရပ်ကွက်၊ ကျောက်ကြီးစု ရပ်ကွက်၊ ရွှေသာလျောင်း ရပ်ကွက်တွေမှာပဲ ပြောတာပါ။ ကျနော်တို့ ဇိုင်းဂနိုင်း ရပ်ကွက်တော့ ရေရေလည်လည်ကို အဆိုးဆုံးပဲ။ အခုရွှေနံ့သာ ဘုန်းကြီးကျောင်းမှာ နေကြတယ်။ လူပေါင်း (၆၀၀) ကျော် (၇၀၀) လောက်ရှိမယ်။ နောက်နေရာတွေမှာလည်း အများကြီးပဲ” ဟု ဇိုင်းဂနိုင်း ရပ်ကွက်သား တဦးက ပြောသည်။

ယနေ့ထုတ် နအဖသတင်းစာတွင် မြစ်ရေသည် စက်တင်ဘာ (၁) ရက်နေ့ နေ့လယ် (၁၂) နာရီ တိုင်းတာချက်အရ နောက်ထပ် (၂၄) နာရီအတွင်း စိုးရိမ်ရေ အမှတ်မှ ကျသွားနိုင်သည်ဟု ထုတ်ပြန်ထားသော်လည်း ခေတ်ပြိုင်က မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနသို့ မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် မြစ်ရေမည်ကဲ့သို့ အနေအထားရှိသည်ကို ခန့်မှန်းရမည့်ဌာန မဟုတ်ကြောင်း၊ ရသည့် သတင်းကိုသာ ထုတ်ပြန်ရမည့် ဌာနသာ ဖြစ်ကြောင်း ပြောကြားသည်။

ပဲခူးမြစ်ရေသည် ပြီးခဲ့သည့် သြဂုတ် (၃၁) ရက်တွင် ကြီးမြင့်ခဲ့ရာ (၉၂၄) စင်တီမီတာသို့ပင် ရောက်ရှိခဲ့ကြောင်း၊ ယင်းနေ့က ပဲခူးမြို့ပေါ် အနေအထား အလွန် ဆိုးရွားသွားကြောင်း ပဲခူးမြို့ခံ တဦးက ပြောသည်။

“(၃၁) ရက်နေ့က အဆိုးဆုံးပဲဗျ၊ ရေကျနိုး ကျနိုးနဲ့ စောင့်နေရင်းက အများကြီး တက်လာတာဆိုတော့ နေစရာတွေလည်း အားလုံး ပျောက်ကုန်တော့တာပေါ့” ဟု ယင်းမြို့ခံက ဆိုသည်။

ဆရာတော် ဦးကတ္တိက ပြည်သူများကို ထမင်းထုတ်များပေးဝေမှု ပြုလုပ်ရာတွင် ပဲခူးမြို့ပေါ်မှ မီးသတ်ရဲဘော်များ၊ ကြက်ခြေနီများ လာရောက် ကူညီကြကြောင်း ပဲခူးမြို့ခံမျက်မြင်တဦးက ပြောသည်။

“အာဏာပိုင်တွေဘက်က လာပြီးတော့ နေရေးထိုင်ရေးတွေ အတွက်တော့ စီစဉ်ပေးတာ မတွေ့သေးဘူး။ ကြက်ခြေနီနဲ့ မီးသတ်ကတော့ ပါတယ်ဗျ။ အရေးအကြောင်းဆိုရင် သူတို့ကတော့ ၀င်ပါတာကို တွေ့ရတယ်” ဟု ၎င်းက ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

လုပ်ကြံခံရမည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိုးရိမ်

Thursday, September 02, 2010

စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းရာထူး အပြောင်းအလဲများ မကြာသေးမီက အကြီးအကျယ် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လက်ဖြောင့် သေနတ် သမားများဖြင့် လုပ်ကြံခံရခြင်းနှင့် ကားဖြင့် အသေခံ ဗုံးခွဲ လုပ်ကြံခံရခြင်းများ ဖြစ်မည်ကို အထူး စိုးရိမ်လျက် ရှိကြောင်း စစ်ဖက်ဆိုင်ရာ လုံခြုံရေး (စရဖ) အသိုင်းအဝန်းမှ စုံစမ်း သိရှိရသည်။

“ဗိုလ်ချုပ်မှူးကြီးကို ပြည်ပကနေ လက်ဖြောင့် သေနတ်သမားတွေ လာပြီး လုပ်ကြံမှာတို့၊ အသေခံဗုံးခွဲ လုပ်ကြံမှာတို့ ရွေးကောက်ပွဲ မတိုင်မီ အစီအစဉ် ရှိတယ်လို့ ကျနော်တို့ကို အထက်လူကြီးက ပြောထားပါတယ်။ ဒါကြောင့် လုံခြုံရေး သတိရှိဖို့ဆိုပြီး ပြောပါတယ်”ဟု စရဖ အငယ်တန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးကို လုပ်ကြံမယ့် သူတွေက မြဝတီ၊ မဲဆောက်တို့ ဘက်က လာမယ်ကြားလို့ အဲဒီဘက်က လာတဲ့ ယာဉ်တွေကို အဓိကထား စစ်နေရတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

နေပြည်တော်သို့ လာရောက်သော အဝေးပြေး မော်တော်ယာဉ်များတွင် လိုက်ပါသူမဲ့ ကုန်ပစ္စည်းများအား သေချာစွာ စစ်ဆေး ရန်၊ ခရီးသည်များ၏ အမည်၊ မှတ်ပုံတင် အမှတ်များကို သေချာစွာ စာရင်းပြုစု ထားရန်နှင့် ခရီးသည် စိစစ်ရေး ကတ်များကို ခရီးသည်တိုင်းအား ချိတ်ဆွဲစေရန် ညွှန်ကြားထားကြောင်း နေပြည်တော်-ရန်ကုန် အဝေးပြေး ယာဉ်လိုင်း တခုမှ ယာဉ်မောင်း တဦးက ဆိုသည်။

“ကျနော်တို့ အဝေးပြေးယာဉ်လိုင်းတွေကို မသင်္ကာစရာ တွေ့ရင် သဲအိတ် ပတ်ပတ်လည် ကာထားတဲ့ ပုံစံထဲ ထည့်ထားပြီး လုံခြုံရေးကို အကြောင်းကြားဖို့ မှာထားပါတယ်” ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။ သို့သော် မည်သူမျှ အရေးတယူ လိုက်နာ လုပ်ဆောင်ခြင်း မရှိဟု သိရသည်။

ထို့ကြောင့် ရှေ့ပြေးလုံခြုံရေးတပ်များက လမ်းကြောင်းရှင်းရာတွင် လမ်းများကို ပိတ်ထားခြင်း၊ လမ်းကြောတလျောက် ရပ် မပေးသည့် ယာဉ် (ဆိုင်ကယ်၊ ကားများ) ကို လုံခြုံရေးများက ခါးပတ်၊ သေနတ်ဒင် စသည်တို့နှင့် ရိုက်နှက်မှုများ ရှိသည်ဟု ပျဉ်းမနား ဒေသခံများက ဆိုသည်။

“ကျနော်က မသိလို့ ယာဉ်တန်းလာတာကို ရပ်မပေးမိဘူး။ ကားပေါ်မှာ လုံခြုံရေးစစ်သားက သေသွား ချင်သလား ဆိုပြီး သေနတ် ထောင်ပြတယ်။ ကျနော့်မိတ်ဆွေ တယောက်ဆိုရင် စစ်ကားပေါ်ကနေ ခါးပတ်နဲ့ လှမ်းရိုက်တာ ခံရတယ်”ဟု ဒေသခံ တဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို ဦးစီး လုပ်ဆောင်နေသည့် ယခင် စစ်ထောက်လှမ်းရေးမှူးချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် (ယခု အနားပေးခံရ)၊ ယခင် ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဒု ဗိုလ်ချုပ်ကြီး ခင်ဇော် (ယခု အနားပေးခံရ)၊ ယခင် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း (ယခု စစ်ဆင်ရေး အထူးအဖွဲ့မှုး ကစထ ၄) တို့ ပါလာသည်ဟု ယူဆရသော စစ်ယာဉ်တန်းကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်များက ခြုံခို တိုက်ခိုက်ရာ ၇ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။ စစ်ဗိုလ်ချုပ်ကြီးများ မှာမူ အထိအခိုက်မရှိ လွတ်မြောက် သွားကြောင်းလည်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်အရာရှိ ၀န်ကြီးများ စစ်ဘက်ဆိုင်ရာ ရာထူးများမှ အငြိမ်းစားယူခြင်း၊ နုတ်ထွက်ခြင်းများ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။

Ref: ဧရာဝတီ်

Read More...

Thursday, September 2, 2010

မဲပေးပိုင်ခွင့် စာတမ်းဖြန့်မှုကြောင့် NLD မြို့နယ်အတွင်းရေးမှူး အဖမ်းခံရ

မအေးအေးမာ
ဗုဒ္ဓဟူး, 01 စက်တင်ဘာ 2010

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေ အနေနဲ့ မဲပေးပိုင်ခွင့် ရှိသလို မဲမပေးချင်လည်း မဲမပေးပိုင်ခွင့် ရှိတယ်ဆိုတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာသားတွေကို ဖြန့်ဝေမှုနဲ့ ရန်ကုန်တိုင်း ဒလမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးကို အာဏာပိုင်တွေက ဖမ်းဆီး လိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြ ပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာတဲ့ အချိန်မှာ မြန်မာနိုင်ငံသား ပြည်သူတွေ အနေနဲ့ လူထု ဆန္ဒအရ မဲပေးပိုင်ခွင့် ရှိသလို မဲမပေးဘဲလည်း နေခွင့်ရှိကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်ပြီးနောက် သူမရဲ့ ပါတီဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံများနဲ့ သူမရဲ့ အယူအဆကို ပြည်သူတွေကြားမှာ ဖြန့်ဝေခဲ့ပါတယ်။ ဒီအတွက် ဒလမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဦးထွန်းရင်ဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ ဖမ်းဆီး ခံခဲ့ရကြောင်း ဇနီးဖြစ်သူက အခုလို ပြောပြပါတယ်။

“မနေ့က ကျမတို့ ဈေးထိပ်မှာ စာဖြန့်တယ်ဆိုပြီးတော့ နယ်ထိန်းက ခဏ လိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။ အခုချိန် ထိတော့ ပြန်မရောက်သေးဘူး။ ဒလ ရဲစခန်းကို ခေါ်သွားတယ်။ စာရွက်က ဒေါ်စုပုံလေးနဲ့ ဒေါ်စု စာသားလေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် ရှိသလို မဲမပေးဘဲလည်း နေပိုင်ခွင့် ရှိတယ်ဆိုတဲ့ အကြောင်း၊ အတင်းအဓမ္မ မဲပေးခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတမ်းလေး၊ အဲဒါလေးကို ဖြန့်လိုက်တယ်။ ဈေးရှေ့မှာ ဖြန့်တာ။”

ဒလမြို့မှာ ဈေးသွားဝယ်ရင်း ဈေးကအပြန်မှာ နယ်ထိန်းကနေ လာရောက် ဖမ်းဆီးတာ ခံရကြောင်း ဆက်ပြောပြ ပါတယ်။

“အခုချိန်ထိ ပြန်မရောက်သေးဘူး။ ညနေ ၄ နာရီလောက်။ ဆွဲတဲ့အချိန်မှာတော့ ဘာမှမပြောဘူး။ ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။ ကျမတို့ ရဲစခန်းကို လိုက်သွားတော့လည်း သူတို့ စစ်ဆေးနေတုန်း၊ ဘာမှမဖြစ်ပါဘူး၊ အေးအေးဆေးဆေး ပြန်ပါဆိုပြီး ကျမတို့ကို ပြန်လွှတ်လိုက်တယ်။ အိမ်ထဲမှာတော့ ဘာမှမရှာဘူး။ ဈေးသွားဝယ်နေရင်းနဲ့ ဈေးကအပြန်မှာ ခေါ်သွားတာ။ အိမ်ကိုလည်း ၀င်သွားတယ်။ လမ်းပေါ်မှာ ခေါ်သွားပြီး ဟင်းချက်စရာတွေ အိမ်ကိုပြန်ပို့ပြီး ပြန်ခေါ်သွားတာပေါ့။ ဈေးကအပြန်မှာ အဲဒီနယ်ထိန်းက လိုက်လာပြီး အိမ်ကနေတဆင့် သွားကြတာပေါ့။”

အခုအခါမှာတော့ ဒလမြို့နယ် ရဲစခန်းကို ခေါ်သွားတယ်လို့ ပြောတာကြောင့် မိသားစု အနေနဲ့ စိုးရိမ်နေပြီး လိုက်သွားပေမဲ့ အစားအသောက် ပေးခွင့်လည်း မရဘူးလို့ ဆိုပါတယ်။

“ကျမတို့ မိသားစုတွေ အကုန်လုံးကတော့ စိတ်ပူနေကြတာပေါ့။ ကျမတို့မှာ အခုချိန်ထိလည်း အကုန်လုံးက ပြန်လာနိုး ပြန်လာနိုးနဲ့ ထိုင်စောင့် နေကြတာပေါ့။ အခုချိန်မှာတော့ အကုန်လုံးက စိတ်ညစ်ညစ်နဲ့ ထိုင်စောင့် နေကြတာပဲ။ အပေါ်ထပ်မှာ သူ့ကို စစ်ဆေးနေတုန်းမို့ တွေ့ခွင့် မရှိသေးဘူးတဲ့။ အစားအသောက်လည်း ဘာမှ ပေးခွင့် မရှိသေးဘူး။”

မြန်မာစစ်အစိုးရကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆန့်ကျင်တာမျိုး၊ ကန့်ကွက်တာမျိုးတွေကို လိုက်လံ ဖမ်းဆီးပြီး ထောင်ချတာ မျိုးတွေကို ဆက်တိုက် လုပ်လာနေသလို သူတို့ရဲ့ ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကိုလည်း အတင်းအကျပ် မဲဆွယ် စည်းရုံးမှုတွေကို လုပ်လာတာလည်း ဖြစ်ပါတယ်။ အခုလို ပြည်သူတွေက သူတို့ဆန္ဒရှိရာကို လုပ်နိုင်ကြောင်း ဥပဒေရှိတယ်လို့ ပြောဆိုချက်ကိုလည်း လက်မခံလိုဘဲ ဖမ်းဆီး အရေးယူဖို့ ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။

Ref: VOA News

Read More...

သပိတ်မှောက်တာ ရှင်းတယ်လို့ ဧရာဝတီလူထုက ဦးတင်ဦးကိုပြော

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၁ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲဆိုင်ရာ လူထုလှုပ်ရှားမှု လုပ်နေပြီ ဖြစ်ကြောင်း ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဧရာဝတီတိုင်း ခရီးစဉ်မှ အပြန် ယနေ့ပြောသည်။

“လူထုကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဒီလိုပြတ်ပြတ်သားသား သပိတ်မှောက်တာ ရှင်းတယ်တဲ့။ ကျနော်တို့က NLD ကိုပဲ မဲပေး ချင်တယ်တဲ့။ NLD လာမဝင်တော့ ကျန်တဲ့သူကို မဲမပေးချင်ရင် မပေးနဲ့ပေါ့။ ဒါဘဲရှိတာပဲ” ဟု ဦးတင်ဦးက ပြောသည်။

နှစ်ပေါင်း ၂ဝ ကျော်အတွင်း ပထမဆုံးကြိမ် ဧရာဝတီတိုင်းသို့ ပြန်လည်ရောက်ရှိသည့် ခရီးစဉ်အတွင်း NLD ပါတီဝင်များ၊ ပါတီဝင် မဟုတ်သူများနှင့် ရွေးကောက်ပွဲ ကိစ္စ အပါအဝင် လူငယ်နှင့် အမျိုးသမီး ရေးရာ ကိစ္စများလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

“ကျနော်တို့ သွားနေကြတာ လူထုလှုပ်ရှားမှုအတွက် သွားနေကြတာပေါ့။ ပြည်သူလူထု နားလည် သဘောပေါက်အောင် လုပ်နေတာပေါ့။ လူထုလှုပ်ရှားမှု ဆိုတာက အေးအေးချမ်းချမ်းနဲ့ သဘော တူညီရာ ကိစ္စလေးတွေ ဆောင်ရွက်ရမယ့် သဘောပါ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဦးတင်ဦး (၈၃နှစ်) သည် ဇာတိမြေ ပုသိမ်သို့ မရောက်သည်မှာ ကြာပြီဖြစ်သော်လည်း ယခု ခရီးစဉ်သည် ဆွေမျိုး သားချင်းများနှင့် တွေ့ဆုံရန် မဟုတ်ပဲ NLD “လူဟောင်း” များ၊ “လုပ်ဖော်ကိုင်ဘက်” များကို စုစည်းရေးနှင့် ဒေသခံများ၏ မေးမြန်းမှုများကို ဆွေးနွေး ဖြေကြားရန်သာ ရည်ရွယ်ကြောင်း ဆိုသည်။

ဦးတင်ဦးနှင့် အဖွဲ့သည် ပုသိမ်မြို့ “တိုက်ကြီး ဘုန်းကြီးကျောင်း” အနီး စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို အလေးပြုကြပြီး မပြီးပြတ်သေးသည့် လွတ်လပ်ရေး တိုက်ပွဲကို ဆက်လက် ဆင်နွှဲမည့် အကြောင်း အဓိဋ္ဌာန် ပြုခဲ့ကြသည်။

ပုသိမ်၊ ကျုံပျော်၊ ပန်းတနော်၊ မအူပင်၊ ဘိုကလေးနှင့် ဒေးဒရဲမြို့များသို့ ရောက်ရှိခဲ့ပြီး သူနှင့်အတူ NLD ဗဟို အလုပ်အမှုဆောင် ဦးလှဖေ၊ ဧရာဝတီတိုင်း စည်းအဖွဲ့ဝင်များ ဖြစ်သော ဦးဝင်းမြင့်၊ ဦးကြည်ဝင်းတို့ သာမက ဗဟို အမျိုးသမီးနှင့် လူငယ် ခေါင်းဆောင်များလည်း လိုက်ပါခဲ့သည်။

ဥပဒေပညာဘွဲ့များ ရရှိထားသူ ဦးတင်ဦးသည် ၁၉၈၈ တွင် နိုင်ငံရေးလောကသို့ ဝင်လာခဲ့ပြီး ၁၉၈၈ စက်တင်ဘာတွင် တရားဝင် မှတ်ပုံ တင်ခဲ့သည့် NLD တွင် ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌ၊ ယခု ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ဆဲ ဖြစ်သည်။ ၁၉၈၉ တွင် ထောင်ဒဏ် ၇ နှစ် ကျခံရသည်။ ၂ဝဝ၃ ဒီပဲယင်း အရေးအခင်းတွင် ထပ်မံ ဖမ်းဆီးခံရပြီး ကသာထောင်၌ ၉ လ၊ ထို့နောက် နေအိမ် အကျယ်ချုပ်ဘဝမှ ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်မှ ပြန်လွတ်လာခဲ့သည်။

NLD က ယခုနှစ် ဇွန်လမှစ၍ နယ်မြို့များသို့ ခရီးထွက်နေရာ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ တနင်္သာရီ၊ ပဲခူးနှင့် ဧရာဝတီတိုင်း၊ ရှမ်း (တောင်)၊ မွန်၊ ကချင်နှင့် ရခိုင်ပြည်နယ်များမှ မြို့နယ်ပေါင်း ၂ဝဝ ကျော်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။

ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးသည့် ပါတီ ၄၂ ခုရှိပြီး ပါတီဝင် အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၃၂ ပါတီ ရှိပြီဖြစ်ကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာက ဖော်ပြသည်။

ယင်းပါတီများအနက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တို့က အမတ်လောင်း အများစု တင်သွင်း ထားသည်။

ရွေးကောက်ပွဲတွင် “ပါဝင်သင့်သူအားလုံး” ပါဝင်ကာ ပွင့်လင်းမြင်သာမှုရှိရမည်ဟု နိုင်ငံတကာက တောင်းဆို ထားသည်။ အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့ကမူ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည် မဟုတ်ဟု ပြောဆိုထားကြသည်။

Ref: မဇ္ဈိမ

Read More...

ရွေးကောက်ပွဲ အနိုင်အရှုံး ကြိုတင်ခန့်မှန်းနိုင်

မျိုးဝင်းဇော်
၀၁ စက်တင်ဘာ ၂၀၁၀

နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသည့်ရက် ကုန်ဆုံးပြီးနောက် အမည် တင်သွင်းမှု အခြေအနေ ထွက်ပေါ်လာပြီ ဖြစ်သည့်အတွက် ရွေးကောက်ပွဲ အနိုင်အရှုံးကိုပင် ခန့်မှန်းနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့မှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများက ပြောကြသည်။

ပုဂ္ဂလိက ဂျာနယ်တခုမှ သတင်းအယ်ဒီတာတဦးက “လွှတ်တော် (၃) ရပ်အတွက် တနိုင်ငံလုံးမှာ မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃) နေရာ ရှိတယ်။ အတိုက်အခံလို့ ဆိုတဲ့ ဒီမိုကရက်ပါတီတွေဟာ အဲဒီနေရာ အစွန်းထွက်လေး လောက်တောင် ဝင်မပြိုင်နိုင်ဘူး ဆိုတော့ ကြံ့ဖွံ့ကပဲ အနိုင်ရမယ်ဆိုတာ အဖြေကပေါ်နေပြီ” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီသည် တနိုင်ငံလုံး မဲဆန္ဒနယ် အားလုံးကို ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်ကြောင်း၊ ထို့အပြင် ကြံ့ဖွံ့နှင့် မဟာမိတ် ဖွဲ့ထားသည့် ကချင် (ဒစက) ပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် အခြား ပါတီများလည်း ရှိသေးကြောင်း ၎င်းက ပြောသည်။

“တစည ပါတီကတော့ နေရာပေါင်း (၇ဝဝ) ကနေ (၁,ဝဝဝ) အကြား နာမည်စာရင်းတင်သွင်းခဲ့တယ်။ အတိုက်အခံ အင်အားစုတွေ ထဲမှာ ကိုယ်စားလှယ်လောင်း အများဆုံး တင်သွင်းနိုင်တဲ့ ယခင် အန်အယ်လ်ဒီ ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်တဲ့ အန်ဒီအက်ဖ် ပါတီက (၁၆ဝ) ဦးလောက်သာ ရှိတာမို့ မဲဆန္ဒနယ် စုစုပေါင်းရဲ့ (၁၄) ရာခိုင်နှုန်းတောင် မရှိဘူး” ဟု အဆိုပါ သတင်း အယ်ဒီတာက ရှင်းပြသည်။

အခြားပါတီများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်း (၁၅ဝ) ကျော်၊ ဦးအေးလွင် ဦးဆောင်သည့် အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်နှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ကိုယ်စားလှယ်လောင်း (၅ဝ) ဝန်းကျင်၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ချင်း တိုးတက်ရေးပါတီ၊ ၈၈ မျိုးဆက် (ပြည်ထောင်စုမြန်မာနိုင်ငံ) အဖွဲ့၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီတို့မှာမူ ကိုယ်စားလှယ်ဦးရေ (၅ဝ) အောက်သာ တင်သွင်းနိုင်ပြီး ကျန်ပါတီများမှာမူ ကိုယ်စားလှယ် အမည်စာရင်း အနည်းငယ်သာ တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ခေါင်းဆောင် များကလည်း ကြံ့ဖွံ့ပါတီသည် မပြိုင်ဘဲနှင့် နိုင်သွားပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုကြသည်။

ရွေးကောက်ပွဲအကြောင်း သတင်းရေးသားနေသည့် ပြည်တွင်းမှ သတင်းစာဆရာကြီး တဦးက “လွှတ်တော်ထဲမှာ စစ်တပ်က (၂၅) ရာခိုင်နှုန်း ယူထားပြီးပြီ။ နောက် ကြံ့ဖွံ့ကတော့ ဘယ်သူမှ ဝင်မပြိုင်လို့ တဦးတည်း ကိုယ်စားလှယ် လောင်းတွေ အနေနဲ့ လွတ်လွတ် ကျွတ်ကျွတ် လွှတ်တော်အမတ် ဖြစ်လာမယ့် သူတွေလည်း ရှိသေးတယ်။ တစည ဆိုတာကလည်း လက်ရှိ စစ်အာဏာပိုင်တွေ ညွှန်ကြားသလို လုပ်နေတာ။ ဒါကြောင့် ရွေးကောက်ပွဲ ပြီးသွားရင်လည်း လွှတ်တော်တွေထဲမှာ ကြံ့ဖွံ့တွေပဲ ကြီးစိုးပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေပဲ သမ္မတ ဖြစ်လာလိမ့်မယ်။ ကျန် အစိုးရအဖွဲ့တို့ ပြည်နယ် ဝန်ကြီးချုပ်တို့ အားလုံး သမ္မတက ခန့်မှာ ဆိုတော့ ခု အခြေအနေနဲ့ ဘာမှ ကွာခြားမှာမဟုတ်ဘူး” ဟု ရှင်းပြသည်။

အတိုက်အခံ နိုင်ငံရေးပါတီ ခေါင်းဆောင်များကမူ သမ္မတ မဖြစ်၊ အစိုးရအဖွဲ့တွင် မပါဝင်ရသော်လည်း လွှတ်တော်ထဲတွင် အတိုက်အခံ အဖြစ် နေခွင့်ရရန် ကြိုးစားနေကြောင်း၊ ယခုကဲ့သို့ ဖြစ်လာရန်မှာလည်း လက်ရှိ တင်သွင်းထားသည့် အမည်စာရင်းကို ကော်မရှင်က မည်မျှ ပယ်ချမည်၊ ရွေးကောက်ပွဲ မည်မျှ လွတ်လပ်၍ တရားမျှတမှု ရှိမည် မရှိမည် ဆိုသည့်အပေါ် မူတည်ကြောင်း ၎င်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရမည့်ရက်ကို ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် (၁၆) ရက်မှ သြဂုတ် (၃၀) ရက်အထိ သတ်မှတ် ခဲ့သော်လည်း ရုံးပိတ်ရက်များ ဖြစ်သည့် ပြီးခဲ့သည့်စနေ၊ တနင်္ဂနွေ (၂) ရက်တွင်လည်း ကိုယ်စားလှယ် လောင်းစာရင်း တင်သွင်းခွင့်ပြုခဲ့သည်။

ယင်းသို့ တင်သွင်းခွင့်ပြုခဲ့သော်လည်း သြဂုတ် (၃၀) ရက်ကျော်လွန်ပြီးသည့်နောက်တွင် နိုင်ငံရေး ပါတီ အများစုမှာ ရွေးကောက်ပွဲ ပါဝင်ခွင့် မှတ်ပုံတင်ကြေး ကျပ်(၅) သိန်း မတင်သွင်းနိုင်သည့် အတွက် သတ်မှတ်ထားသည့် အရေအတွက်ထက် လွှတ်တော် ကိုယ်စားလှယ်လောင်း အရေအတွက် နည်းပါးရကြောင်း နိုင်ငံရေး ပါတီများက ပြောဆိုကြသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ (၄၇) ပါတီရှိသွားပြီး ပါတီ မှတ်ပုံတင်ခွင့် ပြုပြီးသည့် ပါတီ (၄၂) ပါတီရှိကြောင်း၊ ကော်မရှင်သို့ ပါတီဝင် အင်အားစာရင်း တင်ပြပြီးသည့် နိုင်ငံရေး ပါတီပေါင်း (၃၂) ပါတီ ရှိပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

Ref: ခေတ်ပြိုင်

Read More...

နယ်ခြားစောင့်တပ် ဖွဲ့ရေး KIO အပြီးသတ် ငြင်းဆို

စိုင်းဇွမ်ဆိုင်း
Wednesday, September 01, 2010

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) က နယ်ခြား စောင့်တပ် ဖွဲ့စည်းမည် မဟုတ်ဟု အပြီးသတ် ငြင်းဆို လိုက်သည်။

“အခုက အသွင်ကူးပြောင်းရေး ကာလ ရောက်နေပြီဆိုတော့ နောက်တက်မယ့် အစိုးရအဖွဲ့နဲ့ကျမှ ကျနော်တို့ရဲ့ရပ်တည်မှု အပေါ်ကို ဆက်လက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) မှ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင် က ဧရာဝတီသို့ ပြောသည်။

KIO အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် စစ်အစိုးရက ယနေ့ နောက်ဆုံး ရက် အဖြစ် သတ်မှတ် ပေးထားသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည်။

နယ်ခြားစောင့်တပ် မဖွဲ့သဖြင့် နအဖ အစိုးရ စစ်ရေးအရ တိုက်ခိုက်ခြင်းများ ပြုလုပ်လာမည်ဟု မမျှော်လင့်ကြောင်း KIO လက်ထောက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါ က ဆိုသည်။

“ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ဝိုင်းဝန်းတည်ထောင်ရေး ဆိုတာက ကျနော်တို့ရဲ့ ပန်းတိုင်ပါ၊ ကျနော်တို့ ပန်းတိုင်ကို မရောက်မချင်း လက်ရှိ အနေအထားကို ထိန်းသိမ်းထားဖို့ ဆိုတာပဲ ရှိတာပါ၊ လက်နက်နဲ့ အဖြေရှာဖို့ ဆိုတဲ့ သဘောထားကတော့ ကျနော်တို့ဆီမှာ မရှိပါဘူး”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအတွင်း၌ အင်အားအကောင်းဆုံးဖြစ်သည့် ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကလည်း နယ်ခြား စောင့် တပ်ဖွဲ့စည်းခြင်းသည် စစ်အစိုးရကို အလုပ်အကျွေး ပြုခြင်းနှင့် တူသည်ဟု ဆိုကာ နယ်ခြားစောင့် တပ် ဖွဲ့စည်းရန် ငြင်းဆို လိုက်ကြောင်း သိရှိရသည်။

“နယ်ခြားစောင့်တပ် မဖွဲ့စည်းလို့ ကျနော်တို့အသင်းကို တရားမဝင်အသင်း ကြောညာမယ်ဆိုလည်း ကြေညာပေါ့၊ ကျနော် တို့ က အဲဒီအပေါ်ကို အပြေးအလွှား ဖြေရှင်းတာမျိုးတွေ လုပ်မှာ မဟုတ်ပါဘူး၊ သူတို့က လုပ်ချင်တာ လုပ်တယ်၊ ပြောချင် တာပြောတယ်”ဟု UWSA ဌာနချုပ်မှ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

နအဖ ဘက်မှ တိုက်ခိုက်မှုများ ပြုလုပ်လာပါကလည်း မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် ပြန်လည် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ သို့သော်လည်း ၎င်းတို့ဘက်မှ စတင် တိုက်ခိုက်မည် မဟုတ်ကြောင်း၊ ထူးထူး ခြားခြား စစ်ရေး ပြင်ဆင်မှုများလည်း မရှိကြောင်း UWSA အရာရှိက ပြောဆိုသည်။

“ကျနော်တို့ နယ်ထဲကို ရွေးကောက်ပွဲကိစ္စ လုပ်မယ့်သူတွေရဲ့လုံခြုံရေးကို အကြောင်းပြပြီး လာမယ့် စစ်တပ်တွေတော့ ရှိပါတယ်၊ အဲဒီ တပ်တွေကို အနီးကပ်စောင့်ကြည့်ဖို့တော့ ပြင်ဆင်ထားပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ-မိုင်းဆတ်မြို့နယ်နှင့် ထိုင်းမြန်မာ နယ်စပ်တလျှောက် အခြေချထားသော တောင်ပိုင်း “ဝ” တပ်ဖွဲ့များကို ၎င်းနေရာများမှ ရုပ်သိမ်းကာ ၎င်းတို့ ဌာနချုပ်ရှိရာ ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆန်းမြို့သို့ ပြောင်းရွှေ့ရန် စစ်အစိုးရ ဘက်မှ ပြီးခဲ့သည့် တနင်္လာနေ့တွင် ညွှန်ကြားထားသည်ဟု ရှမ်းသံတော်ဆင့် သတင်းဌာနမှ ဖော်ပြခဲ့သည်။

NDAA (ခ) မိုင်းလားတပ်ဖွဲ့ကလည်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ယနေ့အချိန်အထိ လက်မခံကြောင်း၊ လက်ရှိ အခြေအနေ အတိုင်းသာ နေသွားလိုသည့် ဆန္ဒရှိကြောင်း UWSA နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်တို့ တွေ့ဆုံပြီး နောက်ပိုင်းတွင် တုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။

မွန်ပြည်သစ်ပါတီ(NMSP)ကမူ ၎င်းတို့၏ တိုင်းရင်းသားအခွင့်အရေးများ မရရှိဘဲ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောတူ ညီလိမ့်မည်မဟုတ်ကြောင်း NMSP ဥက္ကဋ္ဌဖြစ်သူ နိုင်ထောမွန်က မွန်တော်လှန်ရေးနေ့တွင် ပြောဆိုခဲ့သည်ဟု နီးစပ်သူ တဦးထံမှ သိရှိရသည်။

ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသည့် အပစ်ရပ် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSA-N မှ တပ်မဟာ (၃) နှင့် (၇) တို့ကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှ သြဂုတ်လ ၂၇ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ကာ လက်နက် ချခိုင်း ကြောင်း သိရှိရသည်။

ယနေ့အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ၏ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ ဒေသ၊ လှိုင်းဘွဲ့မြိုနယ် ပိုင်ကျုံမြို့ ထန်းတပင် ကျေးရွာ၊ မြ၀တီမြို့နယ် မဲပလဲ့ ဒေသ၊ ကော့ကရိတ်မြို့နယ် ထီးဟူးသံ ကျေးရွာ၊ မြဝတီ မြို့နယ် အတွင်းကွင်းကလေး ဒေသတို့မှ တပ်ဖွဲ့ဝင်များနှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ဖြစ်သော ဟောင် သရော အဖွဲ့တို့သည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်ကာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိ သည်။

Ref: ဧရာဝတီ်

Read More...

နအဖ၏ ရာဇသံကို ကရင်ငြိမ်းချမ်းရေးကောင်စီ ငြင်းဆန်

ရဲရင့်
၀၁ စက်တင်ဘာ ၂၀၁၀

နအဖစစ်အစိုးရက ရက်သတ္တတပတ်အတွင်း နယ်ခြားစောင့်တပ် အသွင် ပြောင်းရန် ရာဇသံ ပေးသည်ကို ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့က လက်မခံနိုင်ကြောင်း ယနေ့ရက်စွဲဖြင့် မော်လမြိုင် အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ အကြောင်း ပြန်ကြားလိုက်သည်ဟု အဖွဲ့၏ တပ်မှူးတဦးက ပြောသည်။

စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ကို နယ်ခြားစောင့်တပ် ဖြစ်စေ၊ ဌာနေ ပြည်သူ့ စစ်ဖြစ်စေ (၇) ရက်အတွင်း အသွင်ပြောင်းရန် နအဖ နောက်ဆုံး သတ်မှတ်ရက်ကို လက်မခံနိုင်ကြောင်း အဖွဲ့၏ အရေးပေါ် အစည်းအဝေးတွင် အဖွဲ့ ဥက္ကဋ္ဌ စောဌေးမောင်က ပြောကြားခဲ့ပြီးနောက် အကြောင်း ပြန်ကြားချက်ကို ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ တပ်မှူးက ပြောကြားသည်။

၎င်းက “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကော့ကရိတ်မှာရှိတဲ့ ဌာနချုပ် ထော့ကိုကိုးမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းဝေး ခေါ်တယ်။ အဖိုးဌေးမောင်က စည်းဝေးပွဲမှာ ငါတို့ပြန်လာတာ နယ်ခြားစောင့်တပ် လုပ်ဖို့၊ ပြည်သူ့စစ် လုပ်ဖို့ ပြန်လာတာ မဟုတ်ဘူး၊ ပြန်လာတုန်းက ပြောတာ တမျိုး၊ အခု ပြောတာကတမျိုး ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီကိစ္စ နောက်တက်မယ့် အဖွဲ့နဲ့ပဲ စကားပြောမယ်။ ကျနော်တို့ ကိုလည်း အားလုံး အရင်လိုပဲ နေကြပါလို့ ပြောတယ်” ဟု ဆိုသည်။

ယခင်လ (၂၄) ရက်တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ စောဌေးမောင်ကို အရှေ့တောင်တိုင်း တိုင်းမှူးက တပ်အသွင် ပြောင်းရေး ကိစ္စအတွက် မော်လမြိုင်သို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း စောဌေးမောင်က လက်မခံဘဲ ကိုယ်စားလှယ် အဖွဲ့ကိုသာ စေလွှတ်ခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို တိုင်းမှူးက အသွင်ပြောင်းရန် (၇) ရက် အချိန်ပေးကြောင်း၊ သတ်မှတ်ရက် ကျော်လွန်ပါက တရားမ၀င် လက်နက်ကိုင် အဖွဲ့အဖြစ် သတ်မှတ်ကာ အရေးယူခြင်း ခံရမည်ဟု ပြောကြားခဲ့ကြောင်း ငြိမ်းချမ်းရေး ကောင်စီမှ ကိုယ်စားလှယ် အဖွဲ့ဝင် တဦးက ပြောသည်။

နောက်ဆုံးရက်အဖြစ် နအဖဘက်မှ သတ်မှတ်ပေးထားသည့်ရက်မှာ ယနေ့ပြီးဆုံး သွားသော်လည်း နအဖ ဘက်မှ တစုံတရာ လာရောက် ဆွေးနွေးခြင်း၊ စစ်ရေးအရ အင်အားသုံး တိုက်ခိုက်ခြင်းတို့ မရှိသေးကြောင်း ကရင် ငြိမ်းချမ်းရေး ကောင်စီ၏ တပ်မှူးက ပြောသည်။

၎င်းက “သူတို့ဘက်က စစ်ရေးအရ အင်အားသုံးလာရင်တော့ ကျနော်တို့ဘက်က ဘယ်လို တုံ့ပြန်ရမယ် ဆိုတာ အထက် အမိန့် အပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အဖွဲ့ဥက္ကဋ္ဌ စောဌေးမောင်နှင့် အဆင့်မြင့်ခေါင်းဆောင် (၂) ဦးတို့အား ခေတ်ပြိုင်က ဖုန်းအဆက် အသွယ် လုပ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိပေ။

နအဖက စစ်ရေးအရ အင်အားသုံး တိုက်ခိုက်လာပါက ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ကို မိမိတို့ နယ်မြေအတွင်း အခြေချခွင့် ပေးပြီး ပြန်လည် ၀င်ရောက်လာမည့် စစ်သည်များကိုလည်း လက်ခံ ကြိုဆိုသွားမည်ဟု ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ခေတ်ပြိုင်သို့ ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီသည် ၂၀၀၇ ခု၊ ဖေဖော်ဝါရီ (၁၁) ရက်တွင် ကေအန်ယူမှ ခွဲထွက်၍ ကေအန်ယူ - ကေအန် အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အမည်ဖြင့် နအဖနှင့် ငြိမ်းချမ်းရေး ယူခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့ ၀င်အင်အား (၅၀၀) ခန့်ရှိသည်ဟု သိရသည်။

၁၉၈၉ ခုနှစ်မှစ၍ နအဖနှင့်ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇) ဖွဲ့ရှိပြီး အဆိုပါ တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းလဲရန် နအဖ စစ်အစိုးရက ယမန်နှစ် ဧပြီလမှ စတင်ကာ ဖိအား ပေးလျက်ရှိသည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, September 1, 2010

သူ့အလိုလိုပျောက်ကွယ်သွားတဲ့ စစ်အာဏာရှင်စနစ်ဆိုတာ မရှိပါ

ရဲဘော်ဖိုးသံချောင်း

၃၀ သြဂုတ် ၂၀၁၀

နအဖတွင်း ကုလားဖန်ထိုးတာတွေ ပေါ်လာပြန်ပါပြီ။ သဘာဝကျစွာပဲ အကဲ ဖြတ်တာတွေ၊ တွက်ချက်တာတွေ နေရာတကာမှာ လုပ်ကြတာတွေ တွေ့နေရပါတယ်။ ဒီအပြောင်းအလဲ တွေကနေပြီး ဘာအဓိပ္ပာယ် ဆောင်သလဲ၊ ဘာတွေဆက် ဖြစ်မလဲ ဆိုတာတွေကိုလည်း ပြောဆို ကြပါတယ်။ အတိုက်အခံတွေ အနေနဲ့ကတော့ နအဖထဲမှာ ရာထူး အာဏာကြောင့်မို့ ကွဲလွဲမှုတွေ ဖြစ်လာမလား၊ ဂိုဏ်းဂဏ္ဍ တိုက်ပွဲတွေ ပြင်းထန် လာမလား၊ ဒါဟာ လူတိုင်းလို ပြောကြ တွက်ကြတဲ့ ကိစ္စလို့ဆိုရင် မမှားပါဘူး။

အရေးကြီးတာက ကိုယ်ဖြစ်စေချင်တဲ့ဘက်ကနေ ပိုမတွက် မိဖို့ပါပဲ။

ဗမာပြည်က စစ်အုပ်စုထိပ်သီးတွေဟာ အာဏာကို ကိုယ်အသက်ရှင်နေ တုန်းမှာ လွှဲပြောင်း ပေးတယ် ဆိုတာဟာ မရှိသလောက် အဖြစ်အပျက်ပါ။ ဗိုလ်နေ၀င်းဟာ အသက် (၉၀) နားနီးအထိ အာဏာကို ဆုပ်ကိုင်ထားပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးက ဆောင့်တိုက် လိုက်တော့မှသာ တရားဝင် အာဏာကို စွန့်လွှတ် လိုက်တာ ဖြစ်ပါတယ်။ စွန့်လွှတ်တယ် ဆိုတာလည်း နောက်အာဏာရှင် တယောက်လက်ကို လွှဲခဲ့တာသာ ဖြစ်ပါတယ်။ ဒါတောင်မှ သူဟာ နောက်ကွယ်ကနေ ကာလတခု ချုပ်ကိုင် နေခဲ့ပါသေးတယ်။ အခုလည်းပဲ နအဖရဲ့ ဒီခြေလှမ်းဟာ တိုင်းပြည် အာဏာကို လက်လွှတ်ဖို့၊ ဒါမှမဟုတ် လက်ဆုပ်ကလေး နည်းနည်းဖြေပေးဖို့ လုပ်တာလို့ တွက်ရင် မှားတယ်လို့ ထင်ပါတယ်။ ဗိုလ်သန်းရွှေဟာ အဘက်ဘက် သေချာအောင်၊ ပိုင်အောင်လုပ်ပြီး သေချာမှ ဒီလို ခြေလှမ်းမျိုးကို လှမ်းတာ ဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ ပြောရရင် သူတို့အနေနဲ့ သူတို့ကို အာဏာပလ္လင်ပေါ်က ပြုတ်ကျစေမှာမျိုး ဆိုရင် ဘာမှ မလုပ်ပါဘူး။ ဒီရွေးကောက်ပွဲကို မလုပ်လို့လည်း သူတို့မှာ ဘာမှမဖြစ်ပါဘူး။

ဒီတော့ ထိုင်နေ အကောင်းသား ထသွားမှ အကျိုးမှန်းသိတယ်ဆိုတာမျိုး ဖြစ်မယ့် ရွေးကောက်ပွဲမျိုးကို နအဖဗိုလ်ချုပ်တွေ မလုပ်တာသေချာပါတယ်။ ဒါတင်မက နအဖလုပ်နေပုံဟာ သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ တင်ခွင့်ရှိတဲ့ အမတ်နေရာ (၂၀) ရာခိုင်နှုန်းကိုပါ လက်ထဲက မလွတ်အောင် လုပ်နေတဲ့ပုံ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ၀င်မယ်လို့ ခါးတောင်း ကျိုက်ထား သူကြီးတွေ တယောက်ပြီး တယောက် ဘေးထိုင်သွားအောင် လုပ်နေတာ ကြည့်ရင် ဒါကို အလွယ်နဲ့ သဘောပေါက် နိုင်ပါတယ်။ အခု နောက်ဆုံးမှာတော့ ကိုယ့်ပြိုင်ဘက်လို့ ယူဆရသူတွေကို လောက်လေးခွနဲ့ တမင် ပစ်တဲ့ အဆင့်ကိုတောင် ရောက်နေပါပြီ။ ဖဆပလခေတ်က ပြူစောထီး ပြန်လာ နေပါပေါ့လား။

အလားတူပဲ အဲဒီရွေးကောက်ပွဲအတွက် ပြင်ဆင်တာဖြစ်တဲ့ အခုစစ်တပ်ထိပ်ပိုင်း ကုလားဖန် ထိုးပွဲလည်း ဗိုလ်သန်းရွှေ အနေနဲ့ မီးမသေရင် မလုပ်ပါဘူး။ အကုန် သူ့ခြေသူ့လက် ပြင်ဆင်ပြီးမှ လှမ်းတဲ့ ခြေလှမ်းဖြစ်မှာပါ။ စစ်အုပ်စု၊ စစ်အာဏာရှင် လောကရဲ့ ထုံးစံအတိုင်း နံပါတ်တူး မထားတဲ့ နံပါတ်ဝမ်းရဲ့ စိတ်တိုင်းကျ စီမံချက်ဖြစ်ပါတယ်။ အဲတော့ ဗမာပြည် နိုင်ငံရေးနဲ့ ပတ်သက်သူတိုင်း အနေနဲ့ အဲဒီငကန်းနေရာ ငစွေ နေရာယူတဲ့ ကိစ္စမျိုးထဲမှာ မျောပါသွားလို့ မဖြစ်ပါဘူး။ ဒီလောက်ရှင်းနေတဲ့ ကိစ္စမှာ နအဖ စစ်အစိုးရကို ကြံဖန် အမှတ်ပေးချင်တဲ့ အရင်အမေရိ ကန်သံအရာရှိဟောင်း ဆိုတဲ့ လူမျိုးကသာ “အကောင်းမြင်ဝါဒ”နဲ့ ကြည့်တာ၊ ပြောတာကို ကြားရ။ ဖတ်ရပါတယ်။ ဦးတင်ဦးလို ပုဂ္ဂိုလ်ပြောတာကို သတိထား နားထောင်ကြည့်ပါ။ စစ်အာဏာရှင်တွေ အကြောင်းကို နောကျေနေတယ်လို့ ဆိုလောက်တဲ့ သူက ဒါမျိုးတွေဟာ ဘာမှမဆန်းဘူး၊ ဘာမှ တွက်မနေကြနဲ့လို့ ပြောသွားတာဟာ မှတ်သားစရာ ကောင်းလှပါတယ်။

ဒီလိုဆိုတဲ့အတွက် နအဖဗိုလ်ချုပ်တွေအားလုံး ဒီအစီအမံကို ကျေနပ် သဘောကျကြတယ် လို့တော့ အလွယ်ပြောလို့ မရပါဘူး။ မုချပဲ မကျေနပ်တာ၊ နာလို ခံခက်ဖြစ်တာတွေ ရှိမှာပါ။ ဒီတကွေ့မှာ နအဖ စစ်အုပ်စု တခုလုံး အဖို့ကတော့ မနိုင်လည်းနိုင်၊ နိုင်လည်းနိုင် ဖြစ်မှာပါ။ ဒါပေမယ့် ဒီထဲက တချို့သော ဗိုလ်ချုပ်တွေ တဦးချင်း အဖို့တော့ သူဌေးဖြစ် ခွေးဖြစ် ပုံအော ရတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ကံမှောက်မှားလို့ ရွေးကောက်ပွဲမှာ မတော်တဆ ရှုံးသွားတဲ့ စစ်တပ် ထိပ်ပိုင်းတွေဟာ ဒီအရှုံးကို လက်သင့် ခံနိုင်ပါ့မလားဆိုတာ မေးစရာဖြစ်လာပါတယ်။ အမှန်ပါပဲ၊ အာဏာရဲ့အရသာကို မြိန်မြိန် ရှက်ရှက်ကြီး မှီဝဲ ဖူးထားကြသူတွေ ဖြစ်တဲ့အတိုင်း သူတို့ဟာ အာဏာဆိုရင် တိုးလို့သာ ရချင်မယ်၊ ရပြီးသားကို လက်မလွှတ် ချင်တာကတော့ အထူး ပြောနေစရာ မလိုပါဘူး။ သူတို့ဟာ ဦးပုည ရေးသလိုပဲ အာဏာကလေး တရွေးလောက်ရှိရင် “အင်မတိ အင်မတန်၊ စံချင်တိုင်း စံရတယ်” ဆိုတာကို ကောင်းကောင်း သိနေကြတယ် ဆိုတာကို ဗိုလ်သန်းရွှေ အသိဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်သန်းရွှေ အနေနဲ့ သူ့လူတွေ အတွက် ခြေမမြဲ လက်မြဲအောင် စီမံ ပေးထားလိမ့်မယ်လို့ ယုံကြည် ရပါတယ်။

ဒါတွေကြောင့် လက်ရှိအခြေအနေမှာ ဒင်းတို့တွင်း ပဋိပက္ခတွေဟာ ပြင်းထန် သဲသန် လာမယ့်၊ ပေါက်ကွဲ ထွက်လာမယ့် အနေအထားတော့ မဟုတ်သေးဘူးလို့ ယူဆရပါတယ်။ တကယ်လို့ နအဖ ဗိုလ်ချုပ်တွေ အတွင်းမှာ သူတို့ရဲ့ကိုယ်ပိုင် အကျိုးစီးပွားတွေကြောင့် ကွဲကြတယ်ဆိုရင် ပြည်သူလူထု အတွက် အကျိုးရှိဖွယ်ရာ သိပ်မမြင်ပါဘူး။ (ဒီလိုအဖြစ်ဟာ တချိန်မှာ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး) အဲဒီလို သူတို့ချင်း စစ်တပ်ကြီးတွေနဲ့ တိုက်ကြတယ် ဆိုရင် ဒါဟာ စစ်အာဏာရှင် စနစ်ကို ထိန်းသိမ်းရေး အတွက်ပဲဖြစ်မှာပါ။ ပြည်သူလူထုဟာ မြေဇာပင် အခန်းလောက်ပဲ ပါရမှာပါ။

ဖိနှိပ်တဲ့အုပ်စိုးသူရဲ့ စစ်တပ် ပြိုကွဲတယ်ဆိုတာမှာ အကြောင်းရင်းတွေက အမျိုးမျိုး ဖြစ်နိုင်ကြောင်း သမိုင်း အတွေ့အကြုံတွေ အရ သိရပါတယ်။ အဲဒီအထဲမှာ ပြည်သူလူထု အတွက် အကျိုး အရှိနိုင်ဆုံးဟာ လူထု လှုပ်ရှားမှုရဲ့ဖိအားကြောင့် ကွဲထွက်ခြင်းမျိုးသာ ဖြစ်ပါတယ်။ ဒါကို ဗိုလ်နေ၀င်းကအစ ဗမာပြည်က စစ်အုပ်စု ထိပ်သီးတွေဟာလည်း ကောင်းကောင်း နားလည်ရုံမက အစိုးရိမ်ဆုံးလည်း ဖြစ်ပါတယ်။ ရှစ်လေးလုံး တုန်းက ဗိုလ်နေ၀င်းက ဗိုလ်စောမောင်ကို အာဏာ သိမ်းခိုင်း လိုက်တာဟာ သူတို့ စစ်တပ်ထဲက တချို့ လူထုတိုက်ပွဲထဲကို ပါဝင်လာတာ စပြီး တွေ့ရလာလို့ ဖြစ်ပါတယ်။ ဒါကိုတော့ သူတို့လုံးဝ လက်ပိုက် ကြည့်မနေနိုင်ပါဘူး။ အမြန်ဆုံး ဖြေရှင်း ပစ်ကြပါတယ်။

အမှန်ကတော့ နအဖရဲ့တပ်မတော်ထဲမှာ အောက်ခြေတပ်မှူးတပ်သား အများစုကြီးဟာ သူတို့ရဲ့ ထိပ်သီးတွေ လုပ်နေတာတွေကို ကျေနပ်ကြတာ မဟုတ်ပါဘူး။ ကိုယ်က အနာခံပြီး သူတို့က အသာ စံနေကြလို့ မကျေနပ်တာမျိုး ရှိသလို နိုင်ငံရေးအရ လေးလေးနက်နက် သဘောပေါက်ပြီး တနေ့မှာ သမိုင်း တရားခံဖြစ်မှာကို မလိုလား သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် တကယ်လို့သာ အခုအချိန်မှာ တပ်မတော်ထဲက ကွဲထွက်လာတယ် ဆိုရင် သူတို့ဟာ ဘယ်သူတွေနဲ့ ပေါင်းရမှာလဲ။ ရှစ်လေးလုံး တုန်းကတော့ လမ်းမပေါ်က လူထုတွေထဲ ၀င်ပေါင်းလို့ ရပါရဲ့၊ အခုတော့ ဘာမှ မရှိဘူး ဖြစ်နေပါတယ်။ အဲဒီလို လက်တွဲစရာ မမြင်ဘဲနဲ့တော့ ဗိုလ်သန်းရွှေတို့ လက်အောက်ကနေ အုံနဲ့ကျင်းနဲ့ ခွာထွက်လာဖို့ ဆိုတာ မလွယ်သေးပါဘူး။

ပြန်ချုပ်လိုက်ရင် အတိုက်အခံတွေအဖို့ ဘောလုံးဟာ ကိုယ့်ကွင်းဘက်မှာပဲ ရှိနေပါတယ်။ ကိုယ်က ဘာမှမလုပ်ဘဲ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စု ပြိုပျက်သွားမှာ မဟုတ်ဘူး ဆိုတာ မမေ့သင့်ပါဘူး။ ကိုယ့်အိမ်ရှေ့က အမှိုက်ပုံကြီးဟာ တယောက်ယောက်က မဖယ်ရှားရင် ပျောက်မသွားဘူး ဆိုတာလိုပါပဲ။

Ref: ခေတ်ပြိုင်

Read More...

ကချင်နှင့် ၀’ နယ်ခြားစောင့်တပ်အပြောင်းခံမှာမဟုတ်

ဆလိုင်းထွန်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၁ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မနက်ဖြန် နောက်ဆုံးရက်အဖြစ် စစ်အစိုးရက ရာဇသံ ပေးခဲ့သော်လည်း ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နှင့် ၀’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA တို့ကမူ အသွင်ပြောင်းမည် မဟုတ်ကြောင်း မဇ္ဈိမကို ပြောဆိုလိုက်ကြသည်။

နယ်ခြားစောင့်တပ် (Border Guard Force - BGF) အဖြစ် အသွင်ပြောင်းရန် အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီးနောက် စစ်အစိုးရ ဘက်က စက်တင်ဘာ ၁ ရက် နောက်ဆုံးထား၍ ထပ်မံဖြေကြားရန် တောင်းဆိုခဲ့ခြင်းကို ၎င်းတို့နှစ်ဖွဲ့က ထပ်မံ ငြင်းဆန် လိုက်ကြသည်။

“ပြောင်းဖို့က အစကတည်းက လက်မခံဘူး။ အစိုးရကလည်း ဒီအစီအစဉ်ကို ရပ်ဆိုင်းပြီး ဖြစ်ပါတယ်။ နောက်တခုက ပင်လုံ စာချုပ်အတိုင်း ဆိုတာထက် ပင်လုံ စိတ်ဓာတ်ပေါ်မှာ အခြေခံတဲ့ ပြည်ထောင်စုကို ၀ိုင်းဝန်း တည်ထောင်ရေးကနေ မပြောင်းလဲတာ KIO ရဲ့ နိုင်ငံရေး ပန်းတိုင်ဖြစ်တယ်။ ဒါကြောင့် နယ်ခြားစောင့်တပ် ပြောင်းရေးကို လုံးဝ လက်မခံဘူး” ဟု KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးဆင်ဝါးက မဇ္ဈိမကို ပြောသည်။

ပင်လုံစာချုပ်တွင် ပါရှိသည့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုတွင် တန်းတူညီမျှမူဖြင့် အတူတကွ နေထိုင်သွားမည် ဖြစ်ကြောင်းနှင့် အစိုးရ အဆက်ဆက်နှင့် ဆွေးနွေး ညှိနှိုင်းခဲ့သည့်နည်းတူ ဆက်လက် ညှိနှိုင်းခြင်းဖြင့် ခိုင်မာသည့် ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်သွားမည်ဟု KIO က ယနေ့နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

UWSA နှင့် နီးစပ်သော ပြည်သူ့ဒီမိုကရေစီတပ်ဦး PDF မှ တာဝန်ရှိသူတဦးလည်း “တခုရှိတာက ၁ ရက်နေ့လို့ ပြောတာက အကြိမ်ပေါင်း များနေပြီ။ အဲတော့ သိပ် မထူးခြားဘူး။ ဘယ်လောက်ပဲ ရွေးကောက်ပွဲတွေ ပြင်နေပြင်နေ၊ တပ်ထဲမှာ အပြောင်းအလဲ ကြီးကြီးမားမား ရှိတဲ့အချိန်မှာ ဆုံးဖြတ်ဖို့ ခက်ပါတယ်။ နောင်တက်တဲ့ အစိုးရနဲ့ပဲ စကားပြောမယ်။ နောင်တက်တဲ့ အစိုးရလည်း သူတို့ပါပဲဗျာ။ ဒါပေမဲ့ နောင်ခါလာ နောင်ခါဈေးပေါ့” ဟု မဇ္ဈိမကို ပြောသည်။

BGF ကိစ္စ ဖြေကြားရန် နောက်ဆုံးရက် သတ်မှတ်ချက်နှင့် ပတ်သက်၍ မည်သို့ဆုံးဖြတ်မည်ကို သိရှိလို၍ မွန်ပြည်သစ်ပါတီ NMSP ဌာနချုပ်နှင့် ဆက်ဆံရေးရုံးကို ဆက်သွယ် မေးမြန်းရာတွင် တာဝန်ရှိသူများနှင့် ပြောရေး ဆိုခွင့်ရှိ ပုဂ္ဂိုလ်များ မရှိသဖြင့် ဖြေဆိုရန် ငြင်းဆိုခဲ့ကြသည်။

BGF ကို လက်မခံသဖြင့် နှစ်ဦးနှစ်ဖက်အကြား တိုက်ပွဲများ ဖြစ်ပွားလာဖွယ် မရှိကြောင်း သုံးသပ်သည်။

“တိုက်ပွဲတွေ ဖြစ်လာဖို့က အစိုးရပေါ် မူတည်တယ်။ ကျနော်တို့ အမြင်တော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ တိုက်ပွဲဖြစ်ရင် လက်နက်ကိုင် တပ်ဖွဲ့ အချင်းချင်းသာမက ပြည်သူလူထု ထိခိုက်နစ်နာမယ့် ကိစ္စဖြစ်တော့ အစိုးရက အလေးအနက် စဉ်းစားလိမ့်မယ်လို့ ထင်တယ်။ ငြိမ်းချင်းရေး မပျက်ဘဲ ဆက်သွားနိုင်ဖို့ ညှိအုံးမယ်” ဟု KIO မှ ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။

KIO ထိန်းချုပ်သည့် ကချင်ပြည်နယ် ဒေသအချို့တွင် စစ်အစိုးရက ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ မရှိကြောင်းလည်း ဗိုလ်မှူးကြီးဆင်ဝါးက ပြောသည်။

ပြီးခဲ့သည့်နှစ် ဧပြီလမှ စတင်၍ BGF အဖြစ် အသွင်ပြောင်းရေးကို စစ်အစိုးရဘက်က စတင်ခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးများဖြစ်သည့် UWSA ၊ KIO နှင့် မွန်ပြည်သစ်ပါတီ NMSP တို့ကို အဓိက ဖိအားပေးခဲ့သည်။

ယခုအချိန်တွင် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကိုးကန့် အထူးဒေသ ၁ ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ) စသည့် အဖွဲ့များ အပါအ၀င် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲခဲ့သည့် အဖွဲ့ ၈ ဖွဲ့ထက်မနည်း ရှိကြောင်း သိရသည်။


Ref: မဇ္ဈိမ

Read More...

အရပ်သားဖြစ်လည်း အာဏာရှင်ပဲဟု အမေရိကန်ပြော

Tuesday, August 31, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်တပ် အကြီးအကဲ ရာထူးမှ နုတ်ထွက်သည့်တိုင် အာဏာကို ဆက်လက် ထိန်းချုပ်သည့် အနေဖြင့် ရွေးကောက်ပွဲ အလွန် အရပ်ဘက် အုပ်ချုပ်ရေးတွင် ဆက်လက်နေရာယူ ထားပါက လက်ခံ အသိအမှတ် ပြုလိမ့်မည် မဟုတ်ကြောင်း အမေရိကန် အစိုးရက ယမန်နေ့တွင် ပြောကြားလိုက်သည်။

“အရပ်ဝတ်နဲ့ အာဏာ ထိန်းချုပ် ရင်လည်း အာဏာရှင် ဖြစ်နေတုန်းပါပဲ” ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ ပီ ဂျေ ခရော်လေ က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ပြောသည်။

“စစ်ခေါင်းဆောင် တွေက စစ်ယူနီဖောင်းတော့ ချွတ်တယ်၊ ဒါပေမယ့် မြန်မာပြည် နိုင်ငံရေး အခင်းအကျင်းမှာ ဆက်ပြီး တင်းကျပ် ဖိနှိပ်ထားဦးမယ် ဆိုရင် အဲဒါ မြန်မာပြည် အတွက် ပြဿနာ တရပ်ပါပဲ” ဟု ခရော်လေက ဆက်လက် ပြောသည်။

လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပါဝင်ရန် စီစဉ်၍ တခြား စစ်ဘက် အဆင့်မြင့် အရာရှိများနှင့် အတူ ဗိုလ်ချုပ်မှူးကြီး နုတ်ထွက် လိုက်သည်ဟု ပြီးခဲ့သည့် တပတ်က သတင်းများ ထွက်ပေါ် ပြီးနောက် အမေရိကန် အစိုးရ၏ တုံ့ပြန်မှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် ဧရာဝတီက လက်ခံရရှိသည့် အထောက်အထားများအရ ဒု ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယခင် ရာထူးဖြစ်သော ကာကွယ်ရေး ဦးစီးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ နေရာဖြစ်သော ဒု ကာကွယ်ရေး ဦးစီးချုပ်၊ ပူးတွဲ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးကို ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တို့အား ခန့်အပ်လိုက်ကြောင်း သိရသည်။ ဒု ဗိုလ်ချုပ်ကြီး ကိုကိုသည် ဗိုလ်ချုပ်မှူးကြီး၏ ဇနီး ဒေါ်ကြိုင်ကြိုင်၏ တူတော်စပ်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးက နအဖ ထိပ်ပိုင်းရာထူး အားလုံးကို သူယုံကြည်သော စစ်ဘက် ဗိုလ်ချုပ်များနှင့် အစားထိုးခြင်း ဖြစ်ကြောင်း လေ့လာ အကဲခတ်သူများက ယူဆကြသည်။ နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးတွင် အခြေခံဥပဒေ၌ ပြဌာန်းထားသည့် အတိုင်း လွှတ်တော် ၂၅ ရာခိုင်နှုန်းတွင် စစ်ဘက် ကိုယ်စားလှယ်များ ပါဝင်လာမည် ဖြစ်သည်။ ထို စစ်ဘက် ကိုယ်စားလှယ်များတွင် ဗိုလ်ချုပ်မှူးကြီး ပါဝင်လာပြီး သမ္မတနေရာကို ရယူဖွယ်ရှိကြောင်း အကဲခတ်များက သုံးသပ်နေကြသည်။

ရာထူးအပြောင်းအလဲများ ပြုလုပ်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် စစ်အစိုးရ ထိန်းချုပ်သည့် သတင်းစာများတွင် ယမန်နေ့ နေ့စွဲဖြင့် “နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ” ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟု မလေးရှားနိုင်ငံ လွှတ်လပ်ရေးနေ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသေးသည်ကို တွေ့ရသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် စစ်ဘက်နှင့် အရပ်ဘက် အစိုးရဝန်ထမ်းများ နိုင်ငံရေး ပါတီများတွင် ပါဝင်ခွင့်ကို ရွေးကောက်ပွဲ ဥပေဒများဖြင့် တားမြစ် ထားပြီးနောက် ထိပ်တန်း စစ်အရာရှိ အများ အပြားသည် စစ်ဝတ်စုံချွတ်၍ စစ်အစိုးရ ကျောထောက် နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံပါတီ) သို့ ဝင်ရောက်ခဲ့ကြသည်။

အနာဂတ် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က အရေးပါသောနေရာများ၌ ပါဝင် လှုပ်ရှားနိုင်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဖြင့် ကျားကန် ပေးထားသည်။

လွှတ်တော်တွင် အရပ်သား ကိုယ်စားလှယ်အများစုနှင့် စစ်တပ်မှ တိုက်ရိုက် စေလွှတ်သူများက ဒုတိယ သမ္မတများကို ရွေးချယ် တင်မြှောက်မည် ဖြစ်သည်။ ရွေးချယ်ပေးမည့် အရပ်သား ကိုယ်လှယ်စားလှယ် အများစု ဆိုသူမှာလည်း ကြံ့ဖွံ့ပါတီမှ ရွေးကောက် တင်မြှောက် ခံရသူများသာ ဖြစ်နိုင်သည်။ ဒုတိယ သမ္မတများအနက် “နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် စစ်ရေး အမြင်များရှိသူ” တဦးကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်မည် ဖြစ်သည်။

လတ်တလော အခြေအနေအထိ ဗိုလ်ချုပ်မှူးကြီး၏ အနာဂတ် အနေအထားမှာ ပဟေဠိ ဖြစ်နေဆဲပင် ဖြစ်သည်။ ထိပ်ပိုင်း စစ်ဘက်ရာထူး အပြောင်းအလဲများ ရှိနေကြောင်းကိုမူ ယနေ့ထုတ် အစိုးရ သတင်းစာတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးသစ် ဗိုလ်မှူးချုပ် ထွန်းသန်းကို စတင် ဖော်ပြခြင်းဖြင့် အတည်ပြုနိုင်ပြီ ဖြစ်သည်။

မြန်မာ စစ်ဘက်ဆိုင်ရာ အပြောင်းအလဲများနှင့် ပတ်သက်၍ မစ္စတာ ခရော်လေက “လက်ရှိ နိုင်ငံရေး စိန်ခေါ်မှုတွေကို ထောက်ခြင်း အားဖြင့် ယူနီဖောင်းချွတ်ပြီး အရပ်သား အသွင်ပြောင်းမှုဟာ အဖြေ မဟုတ်သေးပါဘူး” ဟု မှတ်ချက်ပေးသည်။

“မြန်မာပြည်မှာ နိုင်ငံရေး အခင်းအကျင်း ပွင့်လင်းဖို့ လိုပါတယ်။ တိုင်းရင်းသား အဖွဲ့များနဲ့ ညှိနှိုင်းဆွေးနွေးဖို့၊ အတိုက်အခံ နိုင်ငံရေး ပါတီတွေရဲ့ ထိရောက်မှုနဲ့ အရေးပါမှုကို လမ်းဖွင့်ပေးဖို့နဲ့ မြန်မာ့ လူမှု အသိုက်အဝန်းထဲမှာ စစ်မှန်တဲ့ ယှဉ်ပြိုင်မှု ရှိဖို့ လိုနေပါတယ်” ဟု ခရော်လေက ဆက်လက်ပြောသည်။

အမေရိကန်က ထုတ်ဖော် ကန့်ကွက်သည့်တိုင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင်အာရှ အစိုးရ များကမူ စစ်အာဏာပိုင်များကို တရားဝင် အရပ်သား အစိုးရအဖြစ် ရွေးကောက်ပွဲ အပြီးတွင် အသိအမှတ်ပြုမည့် အလားအလာ ရှိနေသည်။

ထိပ်ပိုင်းရာထူး အပြောင်းအလဲသတင်းများ ထွက်ပေါ်နေချိန်တွင် ဗိုလ်ချုပ်မှူးကြီးသည် တရုတ်နိုင်ငံသို့ စက်တင်ဘာလ အတွင်း ၌ အလည်အပတ် သွားရောက်ရန် ရှိသည်ဟု အတည် မပြုနိုင်သေးသော သတင်းများ ထွက်ပေါ်နေသည်။ ပြီးခဲ့သည့် ဇူလိုင်လ ကလည်း ဗိုလ်ချုပ်မှူးကြီးသည် အိန္ဒိယနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သေးသည်။

ဧရာဝတီ သတင်းထောက် Lalit K Jha နှင့် ဘကောင်းတို့ ပူးပေါင်းရေးသားသည်။

Ref: ဧရာဝတီ်

Read More...

ပဲခူးမြို့ရေကြီးမှု လူ (၆၀၀) ကျော် အိုးအိမ်ပစ် ထွက်ခွာရ

မြတ်ခိုင်ဦး
၃၁ သြဂုတ် ၂၀၁၀

ပဲခူးမြို့တွင် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှ စတင်တက်လာသော ပဲခူးမြစ်ရေကြောင့် ပဲခူးမြို့ရှိ ဇိုင်းဂနိုင်း တောင်နှင့်မြောက်၊ အိုးလေးစု၊ မဇင်း၊ ကျွန်းသာယာ၊ ကျောက်ကြီးစု၊ ကလျာဏီ ရပ်ကွက်တို့ ရေမြုပ်နေသဖြင့် ရပ်ကွက်နေ မိသားစုများသည် နီးစပ်ရာ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းများတွင် ယာယီ မှီခိုနေကြရသည်။

ပဲခူးမြို့ မဇင်းရပ်ကွက်ထိပ် ရန်ကုန်မန္တလေး အဝေးပြေး ကားလမ်းပေါ်ရှိ အနောက်ရွှေနံ့သာ ဘုန်းကြီးကျောင်းတွင် မိသားစု (၂၀၀) ကျော်တို့မှ လူဦးရေ (၆၀၀) ကျော်တို့သည် အစိုးရမှ မည်သည့် အထောက်အပံ့မှ ပြုလုပ်ပေးခြင်း မရှိသဖြင့် ဘုန်းတော်ကြီး ကျောင်းနှင့် စေတနာရှင်များမှ လှူဒါန်းသော အစား အသောက်များကိုသာ အားထားနေရသည်။ ရွှေနံ့သာကျောင်းမှ နေ့စဉ် ဆန်အိတ် (၁၅) အိတ်ကို ဒုက္ခ ရောက်နေသူများအတွက် ပေးလှူနေရသည်ဟု ပဲခူးမြို့သားတဦးက ပြောသည်။

နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်ပွားလေ့ရှိသည့် ပဲခူးမြစ်ရေလျှံမှုသည် မြစ်ဖျားပိုင်းမိုးများသည့် အချိန်နှင့် ပဲခူးမြစ် မြစ်ဖျားခံရာ ဇောင်းတူ တာတမံမှ ရေလွှတ်ချိန် တိုက်ဆိုင်ပြီး ယခုကဲ့သို့ မြစ်ရေမျက်နှာပြင် မြင့်တက် လာခြင်းဖြစ်သည်။ အထူးသဖြင့် ယခုကဲ့သို့ ဝါထပ်သည့် နှစ်များတွင် ဖြစ်ပေါ်လေ့ရှိသည်။ ပဲခူးမြို့တွင်မူ ယခုနှစ် မိုးရွာသွန်းမှု နည်းပါးသည်။

အစိုးရ သတင်းစာမှ သတင်းထုတ်ပြန်ချက်တွင် ပဲခူးမြို့၏ စိုးရိမ်ရေမှတ် (၉၁၀) စင်တီမီတာသို့ ရောက်ရှိနေပြီး နောက်ထပ် (၂၄) နာရီအတွင်း ဆက်လက် တည်ရှိနေဦးမည်ဟု ဖော်ပြပါရှိသည်။ အဆိုပါ ရေကြီးမှုကြောင့် စာသင်ကျောင်း အချို့ ပိတ်ထားရပြီး၊ ရန်ကုန်မန္တလေး အဝေးပြေး ကားလမ်းမကိုလည်း ရေကျော်နေပြီ ဖြစ်သည်။

ကားလမ်းကို ကားငယ်များဖြတ်သန်းခြင်း မရှိတော့ဘဲ ကားကြီးများသာ ဖြတ်ကူး နေကြပြီး ရပ်ကွက်များတွင် လှေများဖြင့် သွားလာ ကူးသန်း နေကြရသည်ဟု ပဲခူးမြို့သား ကိုတိုးက ပြောသည်။

“ဒီနှစ်က အခုနောက်ကျမှရေကြီးတာ၊ ဝါထပ်တဲ့နှစ်တွေက ပိုဆိုးသေးတယ်။ အဝေးပြေးဝင်းဆို ခါးတောင် ကျော်နေပြီ” ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် (၃) နှစ်ခန့်က (၃) လနီးပါး ပြန်လည်ပြင်ဆင်ထားသော ပဲခူးတံတားသည် နဂိုမူလထက် အနည်းငယ် ပိုမြင့်သွား၍ ရေကျော်မှုမျိုး မဖြစ်သေးသော်လည်း တံတားအောက်ခြေ နှုတ်ခမ်းဘောင်နားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယခုအခါ ရေကြီးခြင်းကို အကြောင်းပြု၍ ယခင်က (၁၅၀) ကျပ်သာပေးရသော ခရီးတိုကို ယခုအခါ ခရီးသည် တယောက်လျှင် (၄၀၀) ကျပ်ဖြင့် ကုန်ကား၊ ဖောကား (တရုတ်လုပ် မြေသယ်ကား) များက တဘက်ရေစပ်မှ တဘက်ရေအစပ်သို့ ပို့ဆောင် ပြေးဆွဲနေကြသည်။

ယနေ့နံနက်တွင် ပဲခူးမြို့၊ တောင်သူစုကျေးရွာ ပရဟိတကျောင်းဆရာတော် ဥူးကိတ္တကျောင်းမှ ဦးစီး၍ ရေဘေးဒုက္ခသည်များအား ထမင်းဟင်းများ သွားရောက် လှူဒါန်းခဲ့ကြသည်။

အလှူရှင်တဦးက “ဘယ်သူမဆိုပါ၊ ဘယ်လိုလူမျိုးဒုက္ခရောက်ရောက် ကူညီသင့်တယ်။ အလှူရှင်များတော့ ပိုကောင်းတာပေါ့။ သူတို့မှာ ထမင်း ချက်စားဖို့ ဆိုတာ အစဉ်မပြေဘူး။ ဒီလို ဒုက္ခရောက်တဲ့သူကို စာဝတ်နေရေး အရလည်းကောင်း၊ ကျန်းမာရေး အရလည်းကောင်း ကူညီ စောင့်ရှောက်မှု ရရင်ကောင်းတာပေါ့။ အဲဒီလို ဖြစ်စေချင်တာ။ ဒါပေမယ့် ကိုယ့်နိုင်ငံက သူများနိုင်ငံလို ကူညီစောင့်ရှောက်တာက ထုံးစံမရှိသလိုဖြစ်နေတယ်” ဟု ဆိုသည်။

ယခုလောလောဆယ်တွင် ရေကြီးမှုကြောင့် ဖြစ်ပွားတတ်သည့် မည်သည့် ရောဂါမျိုးမှ ဖြစ်ပွားမှု မရှိသေးဟု သိရသည်။

Ref: ခေတ်ပြိုင်

Read More...

တရုတ်စစ်သင်္ဘော (၂) စင်း သီလ၀ါဆိပ်ကမ်းသို့ရောက်

မျိုးချစ်သူ
၃၁ သြဂုတ် ၂၀၁၀

တရုတ်နိုင်ငံမှ စစ်သင်္ဘော (၂) စင်းသည် မြန်မာနိုင်ငံ ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ သီလ၀ါ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းသို့ ပြီးခဲ့သည့် သြဂုတ် (၂၉) ရက်တွင် ရောက်ရှိလာကြောင်း မြန်မာ စစ်အစိုးရက ရုပ်သံသတင်းနှင့် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာသည်။

အဆိုပါ စစ်သင်္ဘောနှစ်စင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ် တာဝန် တပ်ဖွဲ့မှ စစ်သင်္ဘော (၂) စင်းဖြစ်ပြီး ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိခြင်းဖြစ်ကာ နှစ်နိုင်ငံ ရေတပ် အချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှု ရရှိရေးအတွက် လေ့လာမှုများ ပြုလုပ်သွားမည်ဟု ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြသည်။

ယခုလာသော တရုတ်စစ်သင်္ဘောများမှာ စစ်ရေယာဉ်အမှတ် (၁၆၈) ဖျက်သင်္ဘော (Guanhzhou) ဂွမ်ဂျိုးနှင့် စစ်ရေယာဉ်အ မှတ် (၅၆၈) ဖရီးဂိတ်သင်္ဘော (Chaohu) ချောင်ဟူတို့ဖြစ်ပြီး မြန်မာနိုင်ငံတွင် (၅) ရက်ကြာ ခရီးစဉ်အဖြစ် စက်တင်ဘာ (၂) ရက်ထိ ရှိမည်ဟု သတင်းတွင် ဖော်ပြသည်။

ယင်းသို့ စစ်အစိုးရက တရားဝင်ထုတ်ပြန်ကြေညာသည်ကို ရန်ကုန်လူထုက တအံ့တသြ ဖြစ်နေကြပြီး မည်သည့် အတွက်ကြောင့် လာရောက်သည်ကို အလွန် စိတ်ဝင်စားနေကြသည်။

ရန်ကုန်မြို့ခံ အငြိမ်းစားကျောင်းဆရာကြီးတဦးက “သူတို့သတင်းမှာတော့ ချစ်ကြည်ရေး လာတယ်တဲ့။ ဒါပေမယ့်လည်း ဘယ်လို ယုံရမလဲ။ မြန်မာ စစ်အစိုးရက တရုတ်ကို ဘယ်လို ကိုးကွယ်တယ် ဆိုတာလည်း အားလုံး အသိပဲလေ။ အခု စစ်သဘောင်္ လာတယ်ဆိုတာ ကျနော်တို့ ပြည်သူတွေ အတွက်တော့ အတော့်ကို စိတ်ဝင်စားစရာပဲ” ဟု ပြောကြားသည်။

မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတဦးက ယင်းသို့ စစ်သင်္ဘောလာရခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် တရုတ်ရေတပ် သင်္ဘောများနှင့် တရုတ်ရေတပ် စနစ်များကို အတုယူရန် ဖြစ်နိုင်သည်ဟု ဆိုသည်။

“တရုတ်စစ်သင်္ဘောလိုမျိုး မြန်မာနိုင်ငံမှာ မဆောက်နိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ အစိုးရက တရုတ်ကို အားကိုးတယ် ဆိုတာလည်း လူတိုင်းသိကြတာပဲ။ တရုတ်စစ်သင်္ဘောတွေလာတာ အကြောင်းမဲ့တော့ မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောသည်။

တရုတ်စစ်သင်္ဘောများသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ကြောင်း မြန်မာ့ ရေတပ်အမှတ် (၃၆) မှ ရေယာဉ်မှူးကြီး တဦးက ပြောသည်။

၎င်းက “သူတို့ရောက်လာတဲ့ကာလမှာ ကျနော်တို့ ရေတပ်ကိုလည်း သူတို့လာရောက် လေ့လာကြမယ်။ အချင်းချင်း အပြန်အလှန် ဆွေးနွေးမှုတွေကို လုပ်မယ်” ဟု ပြောကြားသည်။

တရုတ်စစ်သင်္ဘောများကို မြန်မာရေတပ်မှ တာဝန်ရှိသူ ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးနှင့် တပ်မတော် ရေမှ အရာရှိကြီးများက ကြိုဆို ခဲ့ကြသည်ဟု သိရသည်။ တရုတ်စစ်သဘောင်္ များသည် ရန်ကုန် သီလ၀ါဆိပ်ကမ်းသို့ မလာမီ အီဂျစ်၊ အီတလီနဲ့ ဂရိနိုင်ငံများကိုပါ သွားရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှု ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည့်ကြားမှ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများ၊ လက်နက် ရောင်းချမှုများ ပြုလုပ်နေကာ မြန်မာ စစ်အစိုးရကို ထောက်ခံ အားပေးနေသည်ဟု နိုင်ငံတကာက ထောက်ပြ ပြောဆိုမှုများ ရှိခဲ့သည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jiabao) သည် ပြီးခဲ့သည့် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ကာ နှစ်နိုင်ငံ ဆက်ဆံရေးများ တိုးမြှင့်ခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, August 31, 2010

ထိုင်းနယ်စပ် ၀ တပ်ဖွဲ့များမြောက်ပိုင်း ၀ နယ်သို့ တပ်ရုပ်မပြန်ပါက တိုက်မည် ဟု နအဖ ခြိမ်းခြောက်

မွေခေါင်
Monday, 30 August 2010

မိုင်းတုံ-မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်တလျှောက်အခြေစိုက်သော တောင်ပိုင်း ၀ တပ်ဖွဲ့ စစ်ဒေသ အမှတ် ၁၇၁ လက်အောက်ခံ တပ်များ အားလုံး မြောက်ပိုင်း ၀ နယ်သို့ တပ်ရုပ် မပြန်လျှင် ထိုးစစ် ဆင်မည်ဟု နအဖ ဖက်မှ ခြိမ်းခြောက် ထားကြောင်း စုံစမ်း သိရှိရပါသည်။

“တောင်ပိုင်း ၀ တပ်ဖွဲ့တွေ ပန်ဆန်းဘက် အားလုံး ပြောင်းခိုင်း ထားတယ်။ မပြောင်းဘူး ဆိုရင် စစ်ဖြစ်မယ်လို့ မိုင်းဆတ် ဒကစမှူးက ခြိမ်းခြောက်ထားတယ်” ဟု မိုင်းတုံ ဒေသခံတစ်ဦးက ပြောပါသည်။

သြဂတ်စ် ၂၇ ရက် နံနက်ပိုင်း မိုင်းဆတ်-မိုင်းတုံမှ နအဖစစ်အရာရှိအချို့ စစ်ကားကြီး ၆ စီး၊ ကားငယ် ၃ စီးဖြင့် မိုင်းတုံ အနောက်တောင်ဖက် မိုင်းကျွက်သို့ ခရီးထွက်ခဲ့၏။ မိုင်းကျွက် အခြေစိုက် တပ်မဟာ ၇၇၂ မှ ၀ အရာရှိများအား ခေါ်ယူပြောဆိုပြီး ညနေပိုင်း ပြန်သွားခဲ့ကြသည်။

နောက်တစ်နေ့ သြဂတ်စ် ၂၈ ရက် မိုင်းယွမ်းအခြေစိုက်တပ်မဟာ ၅၁၈ မှတပ်မှူး အပါအ၀င် ဖှိုးဝှီးကားအစီး ၂၀ ကျော် မိုင်းကျွက်သို့ ထွက်ခွါသွားကြသည်ဟု ဆို၏။

“အသက်သွေးချွေး/ငွေအား/ပစ္စည်းဥစ္စာတွေ အများကြီးရင်းနှီးထားရပြီမို့ ၀ ဖက်က တပ်ရုပ် မပေးနိုင်ဘူး။ နအဖဖက်က တိုက်မယ် ဆိုရင်လဲတိုက်ပေါ့။ သူတို့ သဘောအတိုင်းဘဲ” ဟု ၀ တပ်မှူးက ပြောဆိုကြောင်း မိုင်းကျွက် ဒေသခံတစ်ဦးက ပြောပါသည်။

ဝ တပ်ဖွဲ့စစ်ဒေသ ၁၇၁ လက်အောက်ခံတပ်မဟာ ၅ ခုရှိပြီး ၇၇၂ မိုင်းကျွက်၊ ၇၇၅ ဟွေအော့၊ ၇၇၈ ခိုင်းလုံ၊ ၂၄၈ ဟိုယွက်-ဟိုပန်နှင့် ၅၁၈ မိုင်းယွမ်းတို့၌ အသီးသီး အခြေစိုက်ကြသည်။

“၀ တပ်တွေ တပ်ရုပ်မပြန်ရင်စစ်ဖြစ်မယ်လို့ နအဖဖက်ကခြိမ်းခြောက်ထားပေမဲ့ တခြားဒေသက လာတဲ့ စစ်အင်အား ထပ်ဖြည့်တာ မတွေ့ရဘူး” ဟု ၎င်းက ဆက်လက် ပြောပါသည်။

တဖက်မှလည်း မိုင်းတုံမြို့နယ်အတွင်းရှိ ၀ ရွာသားများလာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီကို မဲပေးထောက်ခံ ရမည်ဟုလည်း ဒေသခံ နအဖ အာဏာပိုင်များ ပြောဆို ထားသည်။

မဲပေးပိုင်ခွင့်ရှိသူ ၀ လူထုစာရင်း ၅၀၀၀ ကို ၀ အုပ်ချုပ်ရေးအဖွဲ့ကစာရင်းတင်ပြ ခဲ့သော်လည်း ၂၀၀၈ ပြည်သူ့ ဆန္ဒ ခံယူပွဲ၌ ၀ လူထု စာရင်း ၈၀၀၀ ရှိသည်ဟု စာရင်း ရထားသဖြင့် စစ်ဆေး ရလိမ့်မည်ဟုလည်း နအဖက ဆို၏။

Ref: သျှမ်းသံတော်ဆင့်

Read More...

Monday, August 30, 2010

တပ်မတော်ကိုယ်တိုင်က တိုင်းပြည်နဲ့ ထပ်တူ မတည်ငြိမ်တော့တဲ့ အခြေအနေ ဖြစ်လာတယ်

ဦးဝင်းတင်နဲ့ မေးခွန်းများ

သြဂုတ် ၂၉ ၊ ၂၀၁၀

သြဂုတ်လ ၂၇ ညနေခင်း မှာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောင်းလဲလိုက်တယ်။ စစ်ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ သန်းရွှေ၊ မောင်အေးနဲ့ ရွှေမန်း တို့နဲ့အတူ ဒုတိယတန်း စစ်ခေါင်းဆောင်တွေ အပါအ၀င် အနား ပေးလိုက်ပြီး အသက် ၆၀ အောက်တန်းက စစ်ခေါင်းဆောင် ငယ်တွေက နေရာ ၀င်ယူလိုက်ပါတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲသည် အခြေအနေနဲ့ ပတ်သက်ပြီး အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ ဟံသာဝတီ ဦးဝင်းတင်ကို သဘောထားကို မေးမြန်း ခဲ့ပါတယ်။ ဆရာကို မေးမြန်းတဲ့ အချိန်မှာ စနေနေ့ ၂၈ ရက် နေ့ခင်းအချိန်ဖြစ်တဲ့ အတွက် ပြည်တွင်းမှာ အထက်ပါ သတင်းနဲ့ ပတ်သက်ပြီး ပြောဆိုလှုပ်ရှားမှု သိပ်မရှိသေး ပါဘူး။ ပြည်ပက သတင်း ဌာနတွေကို ကိုးကားပြီးတော့သာ လူတွေ လက်တို့ ပြောဆိုနေကြဆဲပဲ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့ ၂၈ ရက်နေ့ သတင်းစာတွေမှာလည်း အဆိုပါ ကြေညာချက်ကို တင်ဆက်ထားခြင်း မရှိပါဘူး။ အဲသည် ၂၈ မတိုင်ခင် ၂၇ မနက်ခင်း သတင်းစာများမှာ သြဂုတ် ၃၀၊ လာမယ့် တနလာင်္နေ့ကို နောက်ဆုံး ထားပြီး လွှ့တ်တော် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းဖို့ ရက်သတ်ထားလို့ ဒီစနေနဲ့ တနင်္ဂနွေတွေမှာ ရုံးတွေ၊ ဘဏ်တွေက အချိန်ပို ဖွင့်လှစ်ထားပေးမယ်လို့ ကြေညာ ထားတာပဲ ရှိပါတယ်။ အဲသည်တော့ စစ်အစိုးရဟာ သောကြာနေ့ တရားဝင်ရုံးချိန် နောက်ဆုံးအထိကို ရွေးကောက်ပွဲ ၀င်မယ့် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းရေးကိုသာ အာရုံပြုထားတယ်။ လာမည့် ၃၀ သြဂုတ်ထက် ကျော်လွန်ပြီးတော့ ကိုယ်စားလှယ် အမည်စာရင်းတွေ သွင်းနိုင်ဖို့ ရက်ရွှေ့ဆိုင်းဖို့ ဆန္ဒမရှိဘူး ဆိုတာပဲ ထင်ရှားတဲ့ အခြေအနေပဲ ရှိနေပါတယ်။

ပထမအနေနဲ့ ဆရာက ပြောဆိုရာမှာ …
“အခု စစ်ခေါင်းဆောင်ကြီးတွေ ဖြစ်တဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေတို့အဖွဲ့ဟာ သူတို့ ချမှတ်ထားတဲ့၊ ဦးဆောင်နေတဲ့ လမ်းစဉ်အတိုင်း နယ်စပ်က တိုင်းရင်းသား အဖွဲ့တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စ ၀င်ရေး မ၀င်ရေးကို ပြေလည်အောင် မရှင်းလင်း ရသေးဘူး။ အောက်ခြေက စစ်သားတွေ၊ အရာရှိ ငယ်တွေရဲ့ လစာ၊ ဆုကြေး အကြပ်အတည်း အခက်အခဲတွေနဲ့ ပတ်သက်ပြီးလည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဖြေရှင်း ပေးစရာတွေ မလုပ်ရသေးဘူး။ သူတို့ရဲ့ နိုင်ငံရေးပါတီ၊ တပ်မတော်ပါတီ ဖြစ်တဲ့ ကြံ့ခိုင် ဖွံဖြိုးရေး အဖွဲ့ အနေနဲ့ ကိုယ်စားလှယ်တွေ သတ်မှတ်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ နောက်ဆုံးရက်မှာ စာရင်းတင်သွင်း ထုတ်ပြန်နိုင်ဖို့၊ စီမံ စရာတွေလည်း ပြီးပြတ်အောင် မလုပ်ရသေးဘူး။ တပ်မတော်ရဲ့ စစ်ရေး အာဏာတွေနဲ့ တိုင်းပြည်ရဲ့ လွှတ်တော်ကနေ လုပ်ကိုင်မယ့် နိုင်ငံရေး အာဏာတွေကိုလည်း ရွေးကောက်ပွဲ ပြီးပြတ်သွားတဲ့ အချိန်အထိ အဆင့်အဆင့် ခွဲခြမ်းတာ၊ လွှဲပြောင်းတာတွေလည်း စောင့်ပြီး စိတ်တိုင်းကျ သြဇာသုံး လုပ်ကိုင်ဖို့တွေလည်း မလုပ်ရသေးဘူး …။ ဒီလိုမျိုး အခြေအနေမျိုးတွေမှာ ဒီ စစ်ဗိုလ်ချုပ်ကြီးတွေ အနားယူ လိုက်ရတယ်ဆိုတာ မျှော်လင့် မထားတဲ့ အချိန်အခါမျိုး ဖြစ်နေတယ်လို့ ပထမဦးဆုံး ပြောချင်ပါတယ်။ ဒီအချိန်က အေးအေးဆေးဆေး နေလို့ရတဲ့ အချိန် မဟုတ်ဘူး ”

သည်တော့ နောက်တက်လာတဲ့ စစ်ခေါင်းဆောင်အသစ်တွေ အပေါ်မှာ တင်ရှိလာတဲ့ မပြီးပြတ် သေးတဲ့ ဖြေရှင်းရမယ့် အရေးအခင်းတွေကို သူတို့တတွေက ဘယ်လို ဆောင်ရွက် ကြမှာလဲ။

“ပထမဦး ရှင်းရမယ့်ကိစ္စက နယ်စပ်ကိစ္စတွေ ဖြစ်တယ်။ ရွေးကောက်ပွဲကာလ မတိုင်ခင်မှာ - ရွေးကောက်ပွဲ ၀င်မယ့် တိုင်းရင်းသား ပါတီတွေ၊ လက်နက်ကိုင် ထားမယ့် နယ်ခြားစောင့်တပ် ဖွဲ့စည်းတဲ့ ကိစ္စတွေ၊ ကရင်ပြည်နယ်၊ ၀ပြည်နယ်၊ တရုပ်ပြည်နယ်စပ်၊ မွန်တို့၊ စသည်ဖြင့်တွေ ရှိနေတယ်။ လာမည့် စက်တင်ဘာ လလယ်မှာတင်ကို နယ်ခြားစောင့်တပ် ကိစ္စက နောက်ဆုံးရက် အဖြစ် သတ်မှတ် ထားတယ်လို့ ဆိုတယ်။ ဒါတွေက နိုင်ငံရေး အားဖြင့် ရှင်းရမှာလား၊ စစ်ရေးအားဖြင့် ရှင်းရမှာလား။ အဲဒီအလုပ်တွေ ရှိနေတယ်။ ဒါကို စောင့်ကြည့် ရတော့မယ်။

နောက်ပြီးတော့ မြန်မာပြည်တွင်းမှာရှိနေတဲ့ အောက်ခြေက လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့ တပ်ရင်းတွေမှာ လစာ ငွေတွေ၊ ဆုကြေး ငွေတွေ စသည်ဖြင့် အကြပ်အတည်း တွေကို ဖြေရှင်းပေးရဖို့ ရှိတယ်။ အခုဟာက ဘယ်လိုပဲ သတင်းကို ပိတ်ဆို့ထားထား အားလုံးက သိရှိနေကြတယ်။ တပ်တွေက အချင်းချင်း အတွင်းမှာ သွားရောက်ပြီး ဖြေရှင်းနေကြတယ်။ ဖြေရှင်းဖို့ ကြိုးစားနေကြတယ်။ ဒါတွေကိုလည်း အခုကာလမှာ ဖြေရှင်းပေးရမှာ ဖြစ်တယ်။ အချိန် ဆွဲထားနေလို့ မရဘူး။

နိုင်ငံရေး ပြသနာတခုအနေနဲ့ ရှောင်လွှဲလို့ မရတဲ့ အရေးအခင်းကတော့ ရွေးကောက်ပွဲ ၀င်ကြရမယ့် ကိစ္စ။ လွှတ်တော်မှာ နေရာ ယူကြရမယ့် ကိစ္စတွေ ဖြစ်တယ်။ သြဂုတ် ၃၀ နောက်ဆုံးထားပြီး တပ်မတော်ရဲ့ ပါတီ ဦးသိန်းစိန်က စလို့ ကိုယ်စားလှယ်စာရင်း အပြီး တင်သွင်း ရတော့မယ်။ လက်ရှိ ရာထူး ယူထားတဲ့ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေကလည်း ရွေးကောက်ပွဲ ၀င်ပြိုင်ဖို့ ပြင်ဆင် လုပ်ကိုင် ကြရတော့မယ်။ ဒါတွေကို တပ်မတော်က ခေါင်းဆောင်သစ်တွေက ဘယ်လို စီစဉ်ပေးမှာလဲ။ အခု အနားယူတဲ့ ဗိုလ်ချုပ်ကြီးတွေကို သြဂုတ် ၃၀ အမီ ရွေးကောက်ပွဲ ၀င်နိုင်အောင် လုပ်ပေးကြဖို့ ရှိသလား။

သူတို့ကိုယ်တိုင်ကလည်း လွှတ်တော်ရဲ့ ၂၅ % မှာ ၀င်ရောက် နေရာယူကြရမှာ ဖြစ်လို့ တပ်မတော်က ဦးရေ ၁၁၁ ဦးကို ရွေးချယ် ပေးရမယ်။ နောင်မှာ ပေါ်လာမယ့် အစိုးရ အဖွဲ့တွေ ဘာတွေမှာလည်း ၀င်ပြီး ပတ်သက်ဖို့ ဘယ်လို လာမှာလဲ။ တပ်မတော်က အနားယူသွားတဲ့ ခေါင်းဆောင် ကြီးတွေကို ဘယ်လိုမျိုး သဘော ထားမှာလဲ။ ဒါတွေကိုလည်း အခုကတည်းက ဆက်ပြီး လုပ်ကြရတော့မယ်။

အဲသည်လိုမျိုး အခု တက်လာတဲ့ စစ်ခေါင်းဆောင်သစ်တွေက ရှေ့က စစ်ဗိုလ်ချုပ်ကြီးတွေ ချမှတ် သွားတဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းကြဖို့ အရေးကြီးတဲ့ အချိန်အခါ နေရာမှာ ရောက်ရှိ နေတယ်လို့ ပြောချင်ပါတယ်။”

အဲသည်လို အခြေအနေဟာ အပေါ်ပိုင်း စစ်ခေါင်းဆောင်တွေရဲ့ အတွင်းရေး အရေးအခင်း သက်သက် ပဲလား။ သာမန် ပြည်သူတွေနဲ့ တိုင်းပြည် တခုလုံးနဲ့ကော သက်ဆိုင်တယ်လို့ ဆိုနိုင်မလား။

အခုအချိန်မှာ ရှေ့က ချမှတ်ပေးထားတဲ့ စစ်ခေါင်းဆောင်ဟောင်းကြီး တွေရဲ့ လမ်းညွှန် ချက်တွေ၊ မူဝါဒတွေကို အကောင်အထည် ဆက်လက် ဖော်ဆောင် ကြတယ်ပဲ ဖြစ်ဖြစ်၊ အခု နေရာယူလာတဲ့ စစ်ခေါင်းဆောင် တွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ သီးခြား လမ်းစဉ်တွေ သဘောထားတွေ ချမှတ်ပြီး လုပ်ကိုင် ကြတယ်ပဲ ဖြစ်ဖြစ် … တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေဟာ နဂိုကတည်းက ၂၀၁၀ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အကြပ်အတည်းကို ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ နယ်စပ် ဒေသမှာ လက်နက်ကိုင် တိုင်းရင်းသား တွေနဲ့ အဖြေရှာရတော့မယ့် အခြေအနေလည်း ဖြစ်နေတယ်။

လက်ရှိမှာ တိုင်းပြည်ရဲ့အခြေအနေတွေ အားလုံးက မရေရာ၊ မသေချာတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒါက တိုင်းပြည်ရဲ့ မတည်ငြိမ်မှုက တောက်လျောက် ဖြစ်နေခဲ့တာပဲ။ သို့သော် တပ်မတော် ခေါင်းဆောင်တွေ ကိုယ်တိုင်က အခုလို လွှဲပြောင်းမှုတွေကို ဗြုံးစားကြီး လုပ်လိုက်တဲ့ အခါကျတော့ တိုင်းပြည်တင် သာမကဘူး၊ တပ်မတော် ကိုယ်တိုင်ကလည်း မတည်ငြိမ်တော့တဲ့ အခြေအနေ ဖြစ်နေတယ်ဆိုတာ ထင်ရှား သွားတယ်။ ဒါကို ပြနေတယ် လို့ ဆိုချင်တယ်။

ဒါကြောင့် အခုဖြစ်ရပ်ဟာ စစ်ခေါင်းဆောင်တွေအချင်းချင်း အပေါ်ပိုင်းမှာ သီးသန့် ဖြစ်ပျက် ကြတဲ့ အတွင်းရေး အရေးအခင်း သက်သက်လို့ မဆိုနိုင်ပါဘူး။ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေ မတည်ငြိမ်ဘူး၊ တပ်မတော် ကိုယ်တိုင်ကလည်း မတည်ငြိမ် တော့ဘူး ဖြစ်လာတယ်။

နယ်စပ်ဒေသမှာ နယ်ခြားစောင့်တပ်ပြသနာတွေ၊ တိုင်းရင်းသားပါတီအဖြစ် ရွေးကောက်ပွဲ ၀င်ရောက်မယ့် အရေး ကိစ္စတွေကို ဖြေရှင်းတဲ့ နေရာမှာ စစ်ရေးအရ ဖြေရှင်းမယ် ဆိုရင် ပြည်တွင်းစစ်တွေ ဖြစ်လာမယ်။ တပ်မတော် အတွင်းမှာလည်း အောက်ခြေက လက်နက်ကိုင်တပ်တွေရဲ့ စားဝတ်နေရေး အကြပ် အတည်းတွေ၊ လစာ၊ ဆုငွေကိစ္စတွေကို အင်အားသုံးပြီး ပစ်ခတ် နှိမ်နှင်းပြီး ဖြေရှင်းရင်လည်း ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ အရေးအခင်းတွေ ဖြစ်လာမယ်။ ဒါဆိုရင် မတည်ငြိမ်မှုတွေ တတိုင်း ပြည်လုံးမှာ ဖြစ်ပွားတော့မှာ ဖြစ်တယ်လို့ မြင်တယ်။

ရွေးကောက်ပွဲပြီးမှ ဖြေရှင်းမယ်လို့ အချိန်ဆွဲနေလို့ ရတာ မဟုတ်ဘူး။”

လက်ရှိ ရွေးကောက်ပွဲ ကာလနဲ့ လွှတ်တော်ထဲ ၀င်ရောက်တဲ့အချိန် အထိ တပ်မတော် စစ် ခေါင်းဆောင်တွေ၊ ၂၅ % အဖြစ် ပါဝင်လာမယ့် တပ်မတော် ကိုယ်စားလှယ်တွေ၊ အနားယူသွားတဲ့ စစ်ခေါင်းဆောင် ကြီးတွေ နဲ့ တပ်မတော်ရဲ့ နိုင်ငံရေးပါတီ ကြံ့ဖွံ့ပါတီရဲ့ အခမ်း ကဏ္ဍတွေက ဘယ်လို ဖြစ်လာနိုင်သလဲ။ တိုင်းပြည် ကောင်းဖို့၊ သာယာဝပြောဖို့ဖက်ကို မျှော်လင့် နိုင်ပါသလား။


အခုတက်လာတဲ့ စစ်ခေါင်းဆောင်တွေလက်ထဲမှာက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်နည်းနဲ့ ဖြစ်ဖြစ် ပြီးအောင် လုပ်ကြရဖို့ တာဝန် ရှိနေတယ်။ ရွေးကောက်ပွဲကို တပ်မတော်ရဲ့ ပါတီဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ ၀န်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ဖွံ့ပါတီ အနေနဲ့ နေရာအသီးသီး ရယူနိုင်ဖို့ လုပ်နေကြတယ်။ အဲသည်ထဲမှာ အနားယူသွားတဲ့ စစ်ခေါင်းဆောင် ကြီးတွေလည်း ပါချင် ပါနိုင် သေးတာပေါ့ကွာ။ သြဂုတ် ၃၀ ရက်နေ့မှ မရောက်သေးဘဲ။ ရွေးကောက်ပွဲပြီးသွားလို့ လွှတ်တော် ဖြစ်လာရင် စစ်ခေါင်းဆောင်ကြီး တွေကို အနားယူနေတဲ့ ဆီကနေ ဆွဲပြီးတော့ တင်ချင်လည်း တင်လို့ ရနိုင်သေးတယ်။ တပ်မတော်ရဲ့ ၂၅ % သော ကိုယ်စားလှယ် တွေကလည်း လွှတ်တော်ထဲမှာ အဆင်သင့် နေရာ ယူလာမှာတွေလည်း ရှိလာမှာ ဖြစ်တယ်။ အဲသည်လိုမျိုး အကြမ်းအားဖြင့် တွက်ချက်ကြည့်လို့ရတဲ့ အခမ်း ကဏ္ဍတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဒါတွေအားလုံးက ပြောသလိုလည်း ဖြစ်လာနိုင်လို၊ အခုလိုမျိုး စစ်ခေါင်းဆောင် အပြောင်း အလဲတွေ နောက် တခုပြီးတခု ပေါ်လာနိုင်တဲ့ အတွက် တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး အတွက် အကောင်းဖက်ကို ဦးတည်နိုင်ဖို့ မမျှော်လင့် နိုင်ပါဘူး။ မသေချာ၊ မရေရာမှုတွေနဲ့ ဆက်လက် ကြုံတွေ့ နေရတယ် လို့ ပြောချင်တယ်။

ကုလားအုပ်ရဲ့ ကျောကုန်းပေါ်ကို ကောက်ရိုးတွေ တမျှင်ချင်း တင်ရင်း တင်ရင်းနဲ့ တဖြေးဖြေး ၀န်က များများ လာရင်၊ နောက်ဆုံး ခံနိုင်ရည်အမှတ်ကို ကျော်သွားရင် ကုလားအုပ်က ခါးကျိုး သွားတာမျိုး ဖြစ်သလို၊ တိုင်းပြည်ရဲ့ အခြေအနေကလည်း အဲလိုမျိုး ယိုင်လဲ သွားနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ပြောချင် ပါတယ်။

Ref: မိုးမခ

Read More...

အပေါ်သို့