..............................

Thursday, February 28, 2013

မစုစုနွေး ပြောပြတဲ့ မအူပင်မြို့နယ် အကြမ်းဖက်မှု ဖြစ်ရပ်မှန်

28.02.2013

ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ် လာကြတာမို့ မိမိတို့ရွာ အနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာ မရှိတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ခဲ့ ရပါတယ်။

ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။ ဒဏ်ရာ ရထားတာတွေ၊ အရိုက် ခံထားရ တာတွေ က မကြည့်ရက် စရာပါ။

မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါ ကုဆေးရုံကြီးနဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက် ခဲ့ပါတယ်။ သက်ဆိုင်သူတွေနဲ့တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ လုံးဝပြေလည် သွားပါပြီ လို့တော့ မဆိုနိုင်ပါဘူး။

လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်အောင်တော့ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။

ဒါပေမယ့် ကျမပြောသမျှသာလျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆစေလိုပါဘူး။ ဒီ့ထက် ပိုမို ပြည့်ပြည့် စုံစုံ မေးမြန်းစုံစမ်းခွင့်၊ သိရှိခွင့်ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ် မှန်တွေ ပေါ်ပေါက် လာနိုင်ပါသေးတယ်။

ဇာတ်လမ်းအစကတော့ ၂၀၀၆ ခုနှစ်က၊ မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးကနေ စတင်ကျူးလွန်ခဲ့ တဲ့ဖြစ်စဉ်ပါ။

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်း အများစုနဲ့ ပိုင်ရှင်ရှိ လယ်မြေအချို့အပါဝင် လယ်မြေဧက (၅၅၀၀) ကို ရေဆိုးစွန့်ပစ်မြောင်းဖော်ဖို့ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ ပါတယ်။

ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစု ကတော့ ဒေါက်တာဦးမြင့်စိန်ရဲ့ Orchard Company ပိုင် ဖြစ်သွားပါတယ်။

အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမား လုပ်ကိုင်တာမတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေး လုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရပါတယ်။ အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ်ဆိုတာပါပဲ။

သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေရိုင်းတွေအဖြစ်ပဲရှိနေပြီး ချုံနွယ်ပိ တ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။

လယ်မြေအသိမ်းခံခဲ့ရသူတွေအပါဝင်၊ ရွာသူရွာသား အများစုဟာ ဆင်းရဲတွင်း နက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။

တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေ ကိုယ်တိုင်က တရား လက်လွတ် လုပ်လာတဲ့ အခါ၊ မိမိတို့ အသက်ရှင် ရပ်တည်ရေး အတွက် တခြားရွေးချယ်စရာလမ်း မရှိတော့တဲ့ အငတ်ဘေး ဆိုက်နေ သူတွေက တရားဥပဒေ ဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လို အပြစ်ဆိုဝံ့ကြမလဲ။

ဒီတော့ ကုမ္မဏီပိုင်ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက် လုပ်ကိုင်ဖို့ ကြိုးစား ခဲ့ကြပါ တယ်။ မြေလွတ်မြေရိုင်း နှစ်ဧကလောက် အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက် ရှင်းလင်း ကြပါတယ်။ ချုံနွယ်တွေ ၀င်ရောက် ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက် တားမြစ်ပြီး၊ ပိုင်နက် ကျူးကျော် သူတွေအဖြစ် ကုမ္မဏီက အမှုဖွင့် တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။

ရွေးချယ်စရာ တခြားည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက် ကတော့ သေမထူး နေမထူး ဖြစ်နေ ရပြီမို့ နောက်ဆုတ် စရာလည်း မရှိတော့ပါဘူး။ တရားဥပဒေ ဆိုတာထက် မျှတမှုကိုပဲ မျှော်လင့် မိကြတယ်။ ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံ ဇာတ်ပျိုးပါ။

မနေ့က နေ့လယ် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ(၁၄၄)ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက် ကျူးကျော် ထားတဲ့ လယ်မြေတွေကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့
ကြေညာ ပါတယ်။

ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင် ရွာထဲက ကျန်ရှိနေသူတွေပါ ထပ်မံရောက်ရှိ လာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင် လာကြပါတယ်။

စုစုပေါင်း ရွာသူရွာသားတွေ (၅၀၀) ကျော် လောက်ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက (၂၀၀) ကျော် လောက် ရှိနေပါတယ်။ နှစ်ဖက်စလုံး ကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာနေကြ တာပါ။ ရဲတပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့ စက်နဲ့အော်တော့၊ ရွာသားတွေကလည်း မင်းတို့ရှေ့မတိုးရင် ငါတို့လည်း မတိုးဘူးလို့ သံပြိုင်အော်ကြပါတယ်။

ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ ရွာသူ ရွာသားတွေဖက်က စတင် ကျူးလွန်တယ်၊ ကိုမောင်စိုး ဆိုတဲ့လူက ဓားနဲ့ စတင် တိုက်ခိုက်တယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး။ မျက်နှာချင်းဆိုင် တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ပေးလိုက်ကြတယ်။

ရဲတပ်ဖွဲ့ဝင် (၃၀) လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်က အမျိုးသမီးတွေက ရှေ့တိုးလာကြတယ်။

အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင် တစ်ယောက်က နှမသားချင်းမစာနာဘဲ (နင်တို့မိန်းမတွေဟာ ငါတို့ယောက်ျားတွေ ရဲ့အောက်မှာပဲ ရှိတယ်ဆိုပြီး) ရိုင်းပြစွာပြောဆိုတော့ မမူမူဝင်း ဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ ဆိုပြီး ၀င်ပြောပါတယ်။

အဲဒီမှာ ဆဲဆိုတဲ့ ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး မမူမူဝင်းကို လက်က ကိုင်လာတဲ့ နံပါတ် တုတ်နဲ့ ရိုက်ပါတယ်။

ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက် ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။

ဒီလို ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီဆိုတော့ သေနတ်ပါလာပါတယ်။ အချက်ပေါင်း (၁၅၀)လောက် ပစ်ခတ်ခဲ့ပါ တယ်လို့ ရဲအရာရှိ တစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ် ကတော့ ဆေးရုံ မှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေ ခံကြပါလိမ့်မယ်။

စတင် ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့ ဓားဒဏ်ရာကြောင့် ကွယ်လွန် သွားရှာပါပြီ။

သူတို့ လက်ချက်ဖြစ်တဲ့ အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။ အခုဆိုရင် ရွာသူ ရွာသားတွေ အများစုက ရွာထဲကို မပြန်ရဲ ကြပါဘူး။

ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမ စကားကိုလည်း နားထောင် ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။ သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊ အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မ တာဝန် ယူပေးပါတဲ့။

ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။ တာဝန်ရှိသူတွေက (တိုင်ချက် ဖွင့်ထားတာမို့ ဥပဒေ အရပဲ ဆောင်ရွက်ရမှာပါတဲ့)။ ဒါ့ကြောင့် သူတို့ကို ရွာထဲပြန်လာဖို့တော့ ကျမ မတိုက်တွန်း ခဲ့နိုင်ပါဘူး။

စုစုနွေး

Ref: ဧရာဝတီဘလော့

Read More...

မအူပင်မြို့နယ် လယ်သမားအရေး လွှတ်တော်က အရေးပေါ်ဆောင်ရွက်ရန် တောင်းဆို

2013-02-27

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုမှာ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခနဲ့ ပတ်သက်ပြီး လွှတ်တော်ကနေ အမြန်ဆုံးဖြေရှင်းပေးဖို့ ရန်ကုန်အခြေစိုက် ရှေ့နေများကွန်ရက်က ဖေဖော်ဝါရီလ ၂၇ ရက် ဒီကနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၂၆ ရက် ရဲတပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော်နဲ့ လယ်သမား ၃၀၀ ကျော်အကြား အကြမ်းဖက် ပဋိပက္ခမှာ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လယ်သမား ၁၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

လယ်သမားတွေဖက်က တုန့်ပြန်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂၈ ဦး ဒဏ်ရာ ရခဲ့ပြီး အဲဒီအထဲက တစ်ဦးသေဆုံး ခဲ့ပါတယ်။

အဲဒီ မလက်တိုကျေးရွာအုပ်စု ဖြစ်ရပ်ဟာ စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ရှေ့နေများကွန်ရက်က ပြောပါတယ်။

ဒါ့အပြင် အခုဖြစ်ရပ်ဟာ ဥရောပခရီးစဉ်ရောက်နေတဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အတွက်လည်း မျက်နှာ ပျက်စရာဖြစ်တယ်လို့ ရှေ့နေများ ကွန်ရက်က ထောက်ပြ ထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်မှုတွေဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ တိကျစွာလိုက်ပြီး ဆောင်ရွက်ခြင်း ရှိ မရှိ၊ အဓိကရုဏ်းနှိမ်နင်းရေး ဥပဒေပြဌာန်းချက်များ တိကျစွာ လိုက်နာဆောင်ရွက်ခြင်းရှိ မရှိ စတဲ့အချက်တွေကို အမြန်ဆုံးဖေါ်ထုတ်ပေးဖို့ ရှေ့နေများကွန်ရက်က တောင်းဆိုထားပါတယ်။

Ref: RFA News

Read More...

မအူပင် လယ်မြေပဋိပက္ခ သေဆုံးထိခိုက်မှုရှိ

မအေးအေးမာ, အောင်ရဲ မောင်မောင်
27.02.2013

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စုဝင် ပလောင်းကျေးရွာ အပိုင် ကွင်းအမှတ် ၉၆၉ မှာ လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားပိုင် လယ်မြေတွေကို ပြန်ပြီး ရဖို့ ကြိုးစားရာကနေ လယ်သမားတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် တဦး သေဆုံးသွားပြီးတော့ အရပ်သား အမြောက်အများ ဒဏ်ရာရရှိခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာ က မအူပင်မြို့နယ်ထဲက လယ်သမားတွေနဲ့ ရဲတွေရဲ့ နောက်ဆုံး အခြေအနေကို တင်ပြထားပါတယ်။

မအူပင်မြို့နယ်ထဲက ကျေးရွာပေါင်း ၆ ရွာကနေ သိမ်းဆည်းထားတဲ့ လယ်မြေဧက ၅၀၀ ကျော်ကို Orchard ကုမ္ပဏီက ၁၉၉၆ ခုနှစ်က သိမ်းဆည်း ခဲ့ပြီးတဲ့နောက် ငါးကန်များ တူးထားရာကနေ အခုနောက်ပိုင်း အသုံးမပြုတော့တဲ့အတွက် မူလပိုင်ရှင် လယ်သမားတွေက လယ်မြေတွေကို ပြန်ရဖို့အတွက် ကြိုးစားရင်းနဲ့ ရဲတွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့တာပါ။

ဒေသခံလယ်သမားတွေကို အကူအညီပေးနေတဲ့ လမ်းပြကြယ်အဖွဲ့က ဦးထွန်းနိုင်ကတော့ လယ်သမားတွေ ဘက်က ထိခိုက်ခံရမှု အခြေအနေကို အခုလို ပြောပါတယ်။

“ကိုသန်းရွှေ ခေါင်းကို သူက ဒုတ်နဲ့ အရိုက် ခံထားရတယ်။ ကိုနိုင်ဝင်း ကျောပြင်ကို သေနတ် မှန်တယ်။ စိုးမင်းဦး မေးစေ့တို့ နားထင်တို့ ကျည်ဆန် ရှပ်မှန်ထားတယ်။ ကိုဝင်းနိုင် သူကတော့ ခေါင်း အရိုက်ခံရတယ်။ သုံးချက် အချုပ်ခံရတယ်။ ဒေါ်တင်တင်နွယ်က ဗိုက်ကို ရိုက်တယ်။ ဖိနပ်တွေ နဲ့ ဆောင့်ကန်တယ်။ အဲ့ဒါ ကလေးပျက်ကျသွားတယ်။ အခုအချိန်ထိ သတိ မရသေးဘူး။ အဲ့ဒီ ကလေးမက။ ဒေါ်ဥမ္မာစမ်း အမျိုးသမီးပေါ့နော် သူက လက်ကျိုးသွားတယ်။ ဒေါ်အေးအေးခိုင် ဆိုတာကတော့ ညာဘက်က နံရိုးကို ထိသွားတာပေါ့နော်။ နံရိုးကို အရိုက်ခံရတာ။ ဒေါ်မူမူဝင်း ကတော့ ခေါင်း ၆ ချက် ချုပ်ရတယ်။ ဒေါ်နွယ်စိမ်းက နှုတ်ခမ်းရဲ့ ထိပ်ကို သူက သေနတ် ရှပ်မှန် သွားတယ်လေ။ အခုလောလောဆယ် စုစုပေါင်းကတော့ ၁၉ ဦး ၂၀ လောက်တော့ ရှိတယ်။ အားလုံးပေါင်း။ သေနတ်မှန်တာက ၃ ဦး အတိအကျရတယ်။”

ရဲတွေဘက်ကလည်း လယ်သမားတွေရဲ့ ရိုက်နှက်မှုကို ပြန်ပြီးတော့ ခံခဲ့ရတာပါ။ လူနာတွေကို အကူအညီ ပေးနေတဲ့ ပျိုးခင်းသစ် ဖောင်ဒေးရှင်း တည်တောင်သူ ကိုထိုက်ထိုက် ကတော့ မအူပင်ဆေးရုံကို မနက်ပိုင်းမှာ လူနာတွေ ထပ်ရောက်လာတဲ့ အကြောင်းကို အခုလို ပြောပြ ပါတယ်။

“ဒီမနက် လူနာ ၄ ယောက် ထပ်ရောက်တယ်။ ၁၂ နာရီဝန်းကျင်လောက်မှာပေါ့။ ၂ ယောက်က သေ နတ်မှန်တဲ့ ဒဏ်ရာနဲ့ပေါ့။ သေနတ်မှန်တဲ့ ဒဏ်ရာက အခု ဘယ်လောက် ရှိသွားပြီလဲ ဆိုတော့ ကျနော် ထင်တယ်၊ ညက ကျနော်တို့ သယ်လာတာက ၂ ယောက် ဆိုတော့ ဒီနေ့ ၂ ယောက် ဆိုတော့ ၄ ယောက် အမ။ ရန်ကုန်ကို မနေ့က ပို့လိုက်ရတဲ့ ရဲတယောက် ဆုံးသွားပြီ အမ။”

အာဏာပိုင်တွေဘက်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေလည်ပိုင်းက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး ဖယ်ရှားခိုင်းနေပေမဲ့ လယ်သမားတွေက လယ်ပြန်ရရှိရေး တောင်းဆိုနေတဲ့ အတွက် ထိပ်တိုက် ရင်ဆိုင်မှုတွေလည်း ဖြစ်ခဲ့ ရတာပါ။ မအူပင်မြို့နယ် ရဲစခန်းမှူး ဦးသိန်းဝင်းကို ထိခိုက် သေဆုံးမှု အခြေအနေကို ဆက်သွယ်မေးမြန်း ကြည့်ခဲ့ပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် တစ်ဦး သေပါတယ်ခင်ဗျ။

မေး။ ။ အရပ်သားတွေထဲကရော။
“အရပ်သားတွေမှာ အသေအပျောက် မရှိပါဘူးခင်ဗျာ။ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် အရာရှိ ၂ ဦးနဲ့ အခြား အဆင့် ၂၆ ဦး အားလုံးပေါင်း ဒဏ်ရာ ရပါတယ်။”

မေး။ ။ ဟုတ်ကဲ့ အရပ်သားတွေမှာရော ဒဏ်ရာရတဲ့သူ ဘယ်လောက်များ ရှိပါလဲရှင့်။
“ဒဏ်ရာရတာက ယောက်ကျား၊ မိန်းမ ၁၅ ယောက်လောက် ရှိပါတယ်။”

မေး။ ။ သူတို့မှာရော သေနတ်ဒဏ်ရာကြောင့် ပြင်းထန်တာမျိုး ရှိပါသလားရှင့်။
“ပြင်းထန်ဒဏ်ရာမရှိပါဘူး၊ သာမန်ဒဏ်ရာတွေ များပါတယ်၊ ပွန်းရုံပဲ့ရုံပါ။”

မေး။ ။ ဆိုတော့ အခု ဒီအခြေအနေကို ဘယ်လိုများ ထိန်းသိမ်းထားမှု ရှိပါသလဲရှင့်။
“အခုလက်ရှိကတော့ ကျနော်တို့ စစ်ဆေး ဖော်ထုတ်ဆဲပါပဲခင်ဗျ။ အခု လူအုပ်နဲ့ ဆိုတော့လေ အဲဒါကို စုံစမ်း ဖော်ထုတ်ဆဲပါပဲ။”

မေး။ ။ အခြေအနေတွေက တင်းမာမှုတွေ ဆက်ရှိနေတုန်းပဲလားရှင့်။
“အခုတော့ လူလည်း မရှိတော့ဘူးပေါ့နော်။ ဒါပေမဲ့လို့ ပြီးတော့ မပြီးသေးဘူးပေါ့။”

မေး။ ။ မနေ့က ပစ်ခတ်မှုက ဘယ်လို အခြေအနေကြောင့် ဖြစ်သွားတာလဲရှင့်။
“သူတို့ဘက်က ဒုတ်တွေ၊ ဓားတွေနဲ့ ကိုင်ဆောင်ပြီးတော့ အတင်းအဓမ္မ အကြမ်းဖက် လာလို့ပါ။”

ဒါကတော့ ရဲစခန်းမှူးရဲ့ ပြောကြားချက်ပါ။ လယ်သမားတွေ အခြေအနေကတော့ နေ့လည်ပိုင်း အထိ ကန်ဘောင်ပေါ်ကို လူ ၅၀ ခန့် တက်လာသေးတယ်လို့ ဆိုပါတယ်။ အခြေအနေတွေ ကတော့ ပြီးသွားတာမျိုး မဟုတ်ဘဲ ညှိနှိုင်းတာမျိုးတွေလည်း မရှိတာကြောင့် ပြေလည်မှုတွေ မရသေးဘူးလို့ ဦးထွန်းနိုင်ကတော့ ဆိုပါတယ်။

“ဟုတ်ကဲ့ တိုင်ပင်ဆွေးနွေးခြင်း မရှိသေးပါဘူးခင်ဗျ အခုအချိန်အထိ။”

ညနေပိုင်းမှာတော့ ရွှေည၀ါဆရာတော်နဲ့ အရှင်ဝီရသူတို့က အဲ့ဒီ မအူပင်ကို လာရောက်ဖို့ ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

အခုလို အခင်းဖြစ်ပွားတဲ့ အဲ့ဒီဒေသမှာ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားပါတယ်။ အခြေအနေတွေဟာ ငြိမ်သက်နေပေမဲ့ ပြီးဆုံးသွားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။ အသေးစိတ်ကိုတော့ ရန်ကုန် အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

ပုဒ်မ ၁၄၄ ဆိုတာ မတည်ငြိမ်တဲ့ အနေအထားမှာ ထုတ်တာဖြစ်တဲ့အတွက် နှစ်ဘက် အဓိက ရုဏ်းတွေ ဖြစ်တဲ့ အခါမှာ ပုဒ်မ ၁၄၄ ဥပဒေပါ အချက်အလက်တွေ အတိုင်း ဖြေရှင်းကြဖို့ လိုတယ် လို့ ရှေ့နေများကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ထောက်ပြပါတယ်။

“အများပြည်သူသိအောင် ကြေညာပေးရမယ်။ အဲဒီလိုကြေညာပေးတဲ့နောက် စုလာလို့ ရှိရင် သူတို့ Riot Manual လို့ခေါ်တဲ့ လုပ်ထုံး လက်စွဲ စာအုပ်မှာ ပါတဲ့ အတိုင်း တဆင့်ပြီး တဆင့်ပေါ့ဗျာ။ ဒီနေရာ မလာရဘူး၊ ဒီနေရာ ရပ်ရမယ် စသဖြင့်ပေါ့လေ။ အဲ့ဒီလိုမျိုး နောက်ဆုံးတော့ ပစ်ခတ် အရေးယူမယ် ဆိုရင် သတိပေးပြီးတော့ အပေါ်ကို ပစ်ရမယ်၊ နောက်တော့မှ အောက်ကိုဆို တာတောင် အသက်အန္တရာယ် မထိခိုက်နိုင်လောက်တဲ့ နေရာတွေကို ရွေးပြီးတော့ ပစ်ရမယ်။ ရာဘာ ကျည်ဆံတွေ ဘာတွေ ကျနော်တို့ သုံးမယ်။ နောက်တခါ မျက်ရည်ယို မီးခိုးဗုံးတို့ ဘာတို့ မျက်ရည်ယိုဗုံးတို့ ဘာတို့သုံးမယ်။ ဒီလိုမျိုးပေါ့လေ စနစ်တကျ လှဲရတယ်။”

လက်ရှိ အချိန်မှာ အစိုးရဘက်က ပုဒ်မ ၁၄၄ ထုတ်ထားတာကြောင့် လယ်သမားတွေ အနေနဲ့ သတိထား ဆောင်ရွက်ရမယ့် အနေအထားမှာ ရှိတယ်လို့လည်း ကိုမောင်စိုးက ပြောပါတယ်။

“ညကျလို့ရှိရင်တော့ တခုခုတော့ စီစဉ်ရမှာပေါ့။ ရှောင်သင့်ရင်လည်း ရှောင်ပေးရမှာပေါ့။ ကိုယ်က လက်နက် မရှိတဲ့သူ၊ သူတို့က လက်နက် ရှိတဲ့သူ။ သွားပြီးတော့ ဟိုဒင်းဖြစ်နေလို့လည်း မဟုတ်သေးဘူးလေ။”

အခုလို ငါးကန် ဖော်မယ်ဆိုပြီး သိမ်းထားတဲ့ မြေတွေမှာ အမှန်တကယ် အလုပ် မလုပ်တာကြောင့် လယ်သမားတွေက သိမ်းဆည်း ခံရတဲ့ သူတို့တွေရဲ့ မြေယာတွေကို ခုတ်ထွင် ရှင်းလင်း စိုက်ပျိုးဖို့ ကြိုးစားနေတဲ့ အတွက် ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆွေးနွေးပွဲ လုပ်ခဲ့သလို၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး လူစု မခွဲရင် ပစ်ခတ်မယ်လို့ ရဲတွေဘက်က အသံချဲ့ စက်တွေနဲ့ နေ့လည်ပိုင်းက စပြီး ကြေညာခဲ့ပါတယ်။

လယ်သမား အင်အား ၅၀၀ ကျော်ကို ရဲအင်အား ၃၀၀ လောက်က ပစ်ခတ်မယ် ဆိုတဲ့ အကြောင်း ကို နေ့လည်ပိုင်း ကတည်းက တောက်လျောက် သတိပေး ပြောကြားနေခဲ့ တာဖြစ်တယ်လို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။

အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ အခြေအနေမှာ နှစ်ဖက်ညှိနှိုင်းမှုတွေ ရဖို့ အတွက် အာဏာပိုင်တွေနဲ့ လယ်သမား အဖွဲ့က တာဝန်ရှိသူတွေ အကြား စေ့စပ်ပေးဖို့တွေ ရှိနေတယ် လို့လည်း မအူပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုမင်းဇော် က ပြောပါတယ်။

“တောင်သူတွေဘက်ရော၊ ကုမ္ပဏီဘက်ရော၊ အာဏာပိုင်တွေ ဘက်ရော၊ ၁၄၄ ထုတ်ထားတဲ့ အခါ ကျတော့ အခု လောလောဆယ် ဘာမှ လုပ်လို့ မရဘူး။ ဘယ်လို ဆောင်ရွက်ရင် ကောင်းမလဲ။ ဥပဒေဘောင်အတွင်းကပဲ ဖြစ်ရမယ်။ အကြမ်းဖက်မှုမျိုး မဖြစ်ရဘူး။”

လယ်သမားတွေဘက်ကို အာဏာပိုင်အဖွဲ့တွေက ပြေလည်မှု ရဖို့အတွက် ညှိနှိုင်းတာမျိုးတွေ ရှိပေမဲ့ လယ်မြေ သိမ်းထားတာကို လက်ခံ လိုက်ပြီး လယ်သမားတွေ ဘက်က လက်လျှော့ လိုက်ပါ ဆိုတဲ့ သဘောမျိုးတွေ သက်ရောက်လို့ သူတို့အနေနဲ့ လက်မခံဘဲ မိမိတို့ လယ်မြေတွေ ပြန်ရရှိဖို့အတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ လယ်သမား ခေါင်းဆောင်ပိုင်းတွေက ပြောလာပါတယ်။

Ref: VOA News

Read More...

ဟံသာဝတီ ယာဉ်စခန်းကို ကားပလာဇာ အဖြစ် တည်ဆောက်၍ စည်ပင်က ၅၅% အကျိုးခံစားမည်

စောဇင်ညီ
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၇ ရက် ၂၀၁၃

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့ နယ်ရှိ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းအား ရန်ကုန် ကားပလာဇာ အဖြစ် တည်ဆောက်ကာ ရလာသည့် အကျိုးအမြတ်အား မြို့ တော် စည်ပင်သာယာရေး
ကော်မတီမှ ၅၅ ရာခိုင်နှုန်းခန့် ခံစားမည်ဟု စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ အကြီးအကဲတဦးက ဆိုသည်။

ရန်ကုန် ကားပလာဇာ ဆောက်လုပ်ရာတွင် Crown Advanced Engineering Co, Ltd မှ တာဝန်ယူ ဆောက်လုပ်မည်ဟုလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“စည်ပင်က ၅၅ ရာခိုင်နှုန်းနဲ့ ကုမ္ပဏီက ၄၅ ရာခိုင်နှုန်း အကျိုးခံစားခွင့် ရှိတယ်ဆိုတာ မှန်ပါတယ်။ ၃ နှစ် စီမံကိန်းနဲ့ လုပ်သွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ထိုကုမ္ပဏီအား မည်သူပိုင်ဆိုင်သည် ဆိုသည်ကိုမူ ရေရေရာရာ မသိရသေးပေ။

ဟံသာဝတီ ယာဉ်ရပ်နားဝင်း အကျယ်မှာ ၈ ဒဿမ ၅၉၉ ဧက ရှိပြီး ထိုမြေအားလုံးကို စီမံကိန်းမြေ အဖြစ် သတ်မှတ်၍ အဆောက်အဦများ၊ အိမ်ယာ စီမံကိန်းများ၊ Car Show Room များ ထည့်သွင်း ဆောက်လုပ်မည်ကို စီမံကိန်း ယာယီ ဒီဇိုင်းအရ သိရသည်။

အဆိုပါ စီမံကိန်း ဆောင်ရွက်ရန် အတွက် ဟံသာဝတီ ယာဉ်ရပ်နား စခန်းရှိ အရောင်းအဝယ် ပြုလုပ်နေသော ယာဉ်များ၊ ယဉ်လုပ်သားများနှင့် ထိုဝင်းအား မှီခို၍ လုပ်ကိုင်စားသောက်နေသူများ စုစုပေါင်း လူ ၅,၀၀၀ ခန့်မှာ
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အပြီးသတ် ပြောင်းရွှေ့ရန် စည်ပင်က အမိန့်ထုတ်ထားကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဝင်း က ပြောပြသည်။

“ကျနော်တို့ကို အရင်က မြို့ တော်ဝန် ပေးခဲ့တဲ့ ကတိစကားတွေ ရှိတယ်။ အခု အဲဒီ ကတိစကားတွေကို ပယ်ဖျက်ပြီး မြို့ တော် စည်ပင်က အတင်းအကျပ် နေရာ ဖယ်ခိုင်းနေတယ်။ ဒါကြောင့် မြို့ တော် စည်ပင်ဟာ နောက်ပြန် လည့်နေတဲ့ ဌာနတခုအဖြစ် ကျနော်တို့ မြင်လာတယ်” ဟု ဆိုသည်။

၎င်းတို့အတွက် နေရာသစ်အား သီရိမင်္ဂလာ ဈေးဟောင်းတွင် အာဏာပိုင်များက သတ်မှတ်ခဲ့ပြီး ထိုနေရာမှာ လက်ရှိ ကားဝင်း၏ သုံးပုံတပုံပုံသာ ကျယ်သည်ဟု ဆိုသည်။

ထို့ပြင် ကားရေဆေးသူများ၊ ထမင်းဆိုင်များ၊ ခြေသည်းလက်သည်း လိုက်ညှပ်သူများ၊ ကွမ်းယာဆိုင်များ စသူတို့ လုပ်ကိုင်စားသောက်ရန်အတွက် နေရာအခက်အခဲများ ရှိကြောင်း လက်ရှိစခန်းတွင် ကွမ်းယာဆိုင် ဖွင့်ထားသော အမျိုးသမီး တဦးက ဆိုသည်။

“ကျမတို့ ဒီမှာ လုပ်ကိုင်စားသောက်နေတာ ဒီဝင်း ဆောက်ကတည်းကပါ။ အခွန်လည်း ပုံမှန် ဆောင်ပါတယ်။ ဒီဝင်းကြီးကို ရွှေ့လိုက်ရင် ကျမတို့ စားဝတ်နေရေး ခက်ခဲလာနိုင်ပါတယ်။ တကယ်လို့ ပြောင်းမယ်ဆိုလည်း ကျမတို့ပါ လုပ်ကိုင်စားသောက်လို့ ရတဲ့အနေအထား ရှိတဲ့ ကားဝင်းကိုပဲ ပြောင်းစေချင်တယ်” ဟု ဆိုသည်။

၎င်းတို့ ကားပွဲစားတန်း မပြောင်းရွှေ့ရေးအတွက် မြို့တော်ခန်းမ ရှေ့တွင် လူ ၂၀၀၀ ကျော်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီကျော်အထိ ဆန္ဒပြခဲ့ကြသည်။

ကားပွဲစားများ၊ ကားအလုပ်သမားများနှင့် ထိုဝင်းအား မှီခိုလုပ်ကိုင်စားသောက်နေကြသည့် ဈေးသည်များက မပြောင်းရွှေ့ရေးအတွက် ဒုတိယနေ့အဖြစ် ဆန္ဒပြကြခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရှင်စောပု လမ်းမကြီး၌ လူဦးရေ သုံးထောင်ခန့်က ရဲဌာန၏ ခွင့်ပြုမိန်ဖြင့် ထိုကားဝင်း မပြောင်းရွှေ့ရေးအတွက် တနာရီကျော်ကြာ ဆန္ဒပြခဲ့ကြသေးသည်။

Ref: မဇ္ဈိမ

Read More...

ICRC လိုင်ဇာဆေးရုံနှင့် ဒုက္ခသည်များကို သွားရောက် ကူညီ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၇ ရက် ၂၀၁၃

ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့သို့ အင်္ဂါနေ့က ရောက်ရှိ လာသည့် ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ချုပ် ICRC ကိုယ်စားလှယ် များသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် လိုင်ဇာ ပြည်သူ့ဆေးရုံသို့ သွားရောက် ကူညီခဲ့ပြီး စစ်ပြေးဒုက္ခသည် စခန်းများသို့ သွားရောက် ကြည့်ရှုခဲ့သည်ဟု KIO စစ်ပြေး ဒုက္ခသည်များ ကူညီရေး တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

“အဓိကတော့ ဆေးဝါးတွေ ပါတယ်။ ပြည်သူ့ဆေးရုံဘက် စစ်ဆေးရုံ ဘက်မှာ ဒဏ်ရာ ရသူတွေကို သွားကြည့်တယ်။ အများအားဖြင့် ဆေးဝါးနဲ့ ပတ်သက်လို့ အဖွဲ့တွေ ဖြစ်တယ်” ဟု မဇ္စျိမကို ပြောသည်။

အစိုးရက ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကုလသမဂ္ဂ အဖွဲ့အစည်း များကို ဝင်ခွင့်ပြုခဲ့ရာမှ ယခု ဒုတိယ အကြိမ်မြောက် ဝင်ခွင့်ပြုသဖြင့် အကောင်းဘက်မှ ရှုမြင်ကြောင်း သူက ဆက်ပြောသည်။

“ဒုတိယအကြိမ် အစိုးရက UN ကို ဝင်ခွင့်ပြုလာတယ်ဆိုတော့ ဒီမှာ ဖြစ်ပျက်နေတာတွေကို သူတို့ လက်တွေ့ မြင်သွားရင် သူတို့ ဆက်လက် လုပ်ဆောင်သွားမယ့် စီမံချက်တွေ သိမြင်လာမယ်လို့ ယုံကြည်တယ်။ သူတို့လည်း အဲဒီလို ပြောတယ်” ဟု ဦးဒွဲပီဆား က ဆိုသည်။

ဒုက္ခသည်များအား ကူညီရန် ကုလသမဂ္ဂ၏ လုပ်ငန်းများ စတင်အကောင်အထည် ဖော်လာခြင်း ဖြစ်သည် ဟုလည်း သူက ပြောသည်။

ICRC ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် လိုင်ဇာ ဆေးရုံ တာဝန်ခံ ဦးဇော်ခွမ် က “ကျနော် တို့ကို ကူညီဖို့ ရောက်လာ ပါတယ်။ တခြားဘယ်အဖွဲ့အစည်းတွေ ကူညီလဲ ဆိုတာတွေ မေးတယ်။ ကျနော်တို့ လူနာတွေကို ဘယ်လို ကုသနေရတယ်၊ ခုလောလောဆယ် လူနာတွေကို ကုသဖို့ အရေးပေါ် ဘာတွေ လိုအပ်တယ်၊ ကျနော်တို့ ကျန်းမာရေးဌာန အကြောင်းတွေ မေးတယ်။ ဘာတွေ လုပ်နေတယ် ဆိုတာတွေ မေးမြန်းတယ်” ဟု မဇ္စျိမကို
ပြောသည်။

လွန်ခဲ့သော ရက်သတ္တပတ်က ICRC ကား သုံးစီးကို လိုင်ဇာမြို့အဝင် လဂျားယန်ကားလမ်း၊ မိုးနဲချောင်း အရောက်တွင် အစိုးရစစ်တပ်ဘက်မှ လုံခြုံရေးတာဝန် မယူပေးနိုင်ကြောင်း ပြောဆိုခဲ့၍ ဗန်းမော်မြို့သို့ ပြန်လှည့်ခဲ့ရသည်ဟု သိရသည်။

ICRC ကိုယ်စားလှယ်များသည် ကြာသပတေးနေ့တွင် လိုင်ဇာမြို့မှ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

လိုင်ဇာမြို့အနီးတဝိုက်တွင် စစ်ပြေးဒုက္ခသည်ပေါင်း ၂၀,၀၀၀ ကျော်ရှိသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း ကုလအဖွဲ့အစည်းများ ကား ၁၀ စီးဖြင့် ဖားကန့်မြို့သို့ လာရောက်ကာ ဒုက္ခသည်များအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဥပဒေအရ အခြေအနေ ထိန်းသိမ်းခြင်းသာ ဖြစ်တယ်လို့ ရဲမှူးကြီးပြော

2013-02-27

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာ အုပ်စုမှာ ဒေသခံ လယ်သမား ၃၀၀ ကျော်နဲ့ ရဲတပ်ဖွဲ့ ဝင်တွေကြား ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ပြီး လူစု ခွဲခဲ့ရတာဟာ အခြေအနေတွေကို ထိန်းသိမ်းနိုင်အောင် ဥပဒေအရ ဆောင်ရွက် ခဲ့ရတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်း ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက ဖေဖေါ်ဝါရီလ ၂၇ ရက် ဒီကနေ့ ပြောကြား လိုက်ပါတယ်။

မနေ့က ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လယ်သမား ၁၇ ယောက် ဒဏ်ရာ ရရှိခဲ့ပြီး၊ လယ်သမားတွေ ဘက်က တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ဘက်က ၂၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဓါးဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကတော့ ရန်ကုန်ဆေးရုံကြီးမှာ ဒီကနေ့မနက်က ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

မလက်တိုကျေးရွာအုပ်စုမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ပြီး၊ နောက်ထပ် တင်းမာမှုတွေ ဖြစ်ပွားလာပါက အကြမ်းဖက်နှိမ်နင်းဖို့ အစီအစဉ် မရှိဘူးလို့ ဧရာဝတီတိုင်း ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းမင်းက RFA ကို ပြောပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်းပြောတာက လက်ရှိ အခြေအနေကို ထိမ်းသိမ်းဖို့နဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ လယ်သမားတွေရယ်၊ ကုမ္ပဏီ ပိုင်ရှင်ရယ်၊ လယ်သမား အဖွဲ့တွေရယ်၊ အာဏာပိုင်တွေရယ် ညှိနှိုင်းဆောင်ရွက်မယ်လို့ RFA ကိုပြောပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံးကနေ တဆင့် တင်ပြပြီး ပြဿနာပြေလည်အောင် ဖြေရှင်းမယ်လို့ဆို ပါတယ်။

လယ်သမားတွေကတော့ သူတို့အသိမ်းခံထားရတဲ့ လယ်မြေတွေနားမှာ ဒီနေ့ ဆက်လက် ဆန္ဒပြနေပါတယ်။ မလက်တိုကျေးရွာ အုပ်စု အတွင်းက လယ်ယာမြေ ဧကပေါင်း ၅၅၀ ကျော်ကို ၂၀၀၄ ခုနှစ်က လျော်ကြေးငွေမပေးပဲ သိမ်းယူခဲ့တာလို့ သိရပါတယ်။

Ref: ဧရာဝတီ

Read More...

ရခိုင်တွင် ဓာတ်သတ္တု စမ်းသပ် တူးဖော်ခွင့် တရုတ်ကုမ္ပဏီ ရရှိ

ခင်ဦးသာ
February 28, 2013

ရခိုင်ပြည်နယ် ရသေ့တောင်နှင့် မောင်တော ဒေသတို့ရှိ ပင်လယ်ကမ်းရိုးတန်း တလျှောက်၌ အလူမီနီယမ်နှင့် တိုက်တေနီယမ် ဓာတ် သတ္တုများကို တရုတ် ကုမ္ပဏီတခုက ထုတ်လုပ် ၀ယ်ယူခွင့် ရရှိသွားကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံမှ ရွှေရှာဖွေရေး အမည်ရှိ “Gold Finder” ကုမ္ပဏီသည် ပြီးခဲ့သည့်ရက် အနည်းငယ်က ရသေ့တောင် ဒေသသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ တူးဖော်စမ်းသပ်မည့် ကိစ္စများကို ယခုရက်ပိုင်းအတွင်း စတင်လုပ်ဆောင်မည်ဟု သိရကြောင်း ရသေ့တောင်ဒေသခံ ဦးကိုကိုမောင်က ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စု အစိုးရအနေဖြင့် တရုတ်ကုမ္ပဏီအား တူးဖော်စမ်းသပ် လုပ်ကိုင်ခွင့် ပြုထားသော်လည်း ပြည်နယ်အစိုးရနှင့် တရားဝင် စာချုပ်ချုပ်ဆိုခြင်း မလုပ်ရသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတ္တုတွင်း ၀န်ကြီး ဦးအောင်သန်းတင်က ဆိုသည်။

“ဒေသခံပြည်သူတွေနဲ့ ညှိနိုင်းပြီးတော့ ဒေသခံတွေရဲ့ သဘောထားအတိုင်း လုပ်ဆောင်ဖို့ ကုမ္ပဏီ တာဝန်ရှိသူတွေကို ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်ထားတာတော့ ရှိတယ်။ ဒေသခံတွေနဲ့ အဆင်ပြေပြီ ဆိုရင်တော့ ပြည်နယ်အစိုးရ အနေနဲ့လည်း လုပ်ကိုင်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီး ဦးအောင်သန်းတင်က ဧရာဝတီသို့ ပြောသည်။

ဒေသခံများက ပြောဆိုရာတွင် တရုတ်ကုမ္ပဏီသည် ယခင်ကလည်း သတ္တုစမ်းသပ်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ယခုလည်း ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက် ရရှိထားသည်ဟု ပြောဆိုကာ ဒေသခံတိုင်း ရင်းသားများနှင့် ဆွေးနွေးမှု မရှိဘဲ ၎င်းတို့စီမံကိန်း လုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည် ဖော်ရေးကိုသာ လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။

ပြည်ထောင်စုအစိုးရ အနေဖြင့်လည်း ဒေသခံပြည်သူများ၏ သဘောထားကို အလေးထားရန် လိုအပ်ကြောင်း၊ ဒေသခံများ အနေဖြင့် စီမံကိန်း မလုပ်ဆောင်ရန် တားဆီးမည် မဟုတ်သော်လည်း ပြည်သူများ၏ အကျိုးစီးပွားအတွက် လုပ်ဆောင်ပေးမည့် ကိစ္စများကို သေချာစွာ ချပြ ဆောင်ရွက်ပေးပြီးမှသာ စီမံကိန်းများ ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းသွားမည်ဟု ဒေသခံ ဦးကိုကိုမောင်က ပြောသည်။

“ဒီဒေသတွေက သယံဇာတတွေကို အကုန်ယူပြီးတော့ သူတို့ အကျိုးစီးပွားတခု အတွက်ပဲ လုပ်မယ်၊ ဒေသခံရွာတွေ မီးလင်းရေး၊ ဖွံ့ဖြိုးရေး ကိစ္စတွေ စိတ်မ၀င်စားဘဲ သူတို့အကျိုးကိုပဲ လုပ်မယ်ဆိုရင်တော့ ပြည်သူတွေ အားလုံးက စုပေါင်းပြီးတော့ စီမံကိန်း ဆက်မလုပ်ဖို့ ကန့်ကွက်ရမှာပါ” ဟု ၎င်းက ဆိုသည်။

တိုက်တေနီယမ် ဓာတ်သတ္တု ထုတ်လုပ်ရေး ကိစ္စကို ရခိုင်လူမှုရေး အဖွဲ့အစည်းများကလည်း စောင့်ကြည့်နေကြောင်း၊ ပြည်နယ်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ စီမံကိန်းအား ဒေသခံများက ကန့်ကွက် ဆန္ဒပြမည်ကို စိုးရိမ်၍ စီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောဆိုမှု တစုံတရာ မရှိသေးကြောင်း ရခိုင်အမျိုးသမီး အဖွဲ့မှ ခေါင်းဆောင်တဦး ဖြစ်သူ ဒေါ်မညိုအေးက ဧရာဝတီသို့ ပြောသည်။

“ရခိုင်ပြည်ထဲမှာ လုပ်နေတဲ့ စီမံကိန်းတွေကို ကျမတို့က လေ့လာစောင့်ကြည့်နေပါတယ်၊ အများပြည်သူ အတွက် အကျိုးမရှိတဲ့ စီမံကိန်း အားလုံးကို ကန့်ကွက်သွားမှာပါ၊ ပြည်နယ်အစိုးရ အနေနဲ့လည်း ပွင့်လင်းမြင်သာမှု ရှိဖို့အများကြီး လိုပါသေးတယ်” ဟု ၎င်းက ဆိုသည်။

ပြည်နယ်အစိုးရ အဖွဲ့၏ ၀န်ကြီး ဦးအောင်သန်းတင်ကမူ ၎င်းတို့အနေဖြင့် စီမံကိန်းများနှင့် ပတ်သက်၍ ပြည်သူများကို ဖုံးကွယ်သွားမည် မဟုတ်ဟု ပြောကြားသည်။

မောင်တောမြို့နယ် အလယ်သံကျော် ကမ်းခြေနှင့် ရသေ့တောင်မြို့နယ် အတွင်းမှ အငူမော် ကမ်းခြေ တဝိုက်ရှိ သဲများတွင် တိုက်တေနီယမ် ဓာတ်သတ္တုများ ပါဝင်သည်ကို ပြီးခဲ့သည့်နှစ်အတွင်း စမ်းသပ် တွေ့ရှိပြီးနောက် သတ္တု တူးဖော်ထုတ်လုပ်ခွင့် ရရေး ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

တိုက်တေနီယမ် သတ္တုရှာဖွေရေးအတွက် ရသေ့တောင်ဒေသ၌ လုပ်ကွက် ၅ ခုနှင့် မောင်တော မြို့နယ်တွင် လုပ်ကွက် ၂ ခုဖြင့် တူးဖော်ထုတ်လုပ်လိမ့်မည်ဟု သိရကြောင်း ဒေသခံ ဦးကိုကိုမောင်က ပြောသည်။

ပြည်ထောင်စုအစိုးရသည် တရုတ်ကုမ္ပဏီအား စမ်းသပ်ထုတ်လုပ် ခွင့်ပြုမိန့်ကို ပေးထားပြီး၊ ကုမ္ပဏီ အနေဖြင့် ဒေသခံ တိုင်းရင်းသားများနှင့် ပဋိပက္ခ မဖြစ်ပွားရေး၊ ဒေခံများ ထိခိုက်နစ်နာမှု မရှိစေရေးနှင့် လယ်မြေ အဓမ္မသိမ်းမှုကိစ္စများ မလုပ်ဆောင်ရေးတို့ကို လမ်းညွှန်၍ လုပ်ဆောင်ခွင့် ပေးထားကြောင်း သိရသည်။

တရုတ်စီးပွားရေး ကုမ္ပဏီများသည် ရခိုင်ကမ်းရိုးတန်း တလျှောက်၌ သဲတူးဖော်ခြင်းကို ၂၀၁၀ ပြည့်နှစ်တွင်လည်း လုပ်ဆောင်ခဲ့ကြောင်း၊ ပင်လယ်ပြင်၌ ၆ ပေအနက်ရှိသော ကျင်းများတူး၍ သဲတန်ချိန် ထောင်ပေါင်းများ စွာထုတ်ယူခဲ့သောကြောင့် ကမ်းရိုတန်းတလျှောက် ကမ်းပါးများ ပျက်စီးခြင်း၊ ကမ်းပါးပြိုခြင်းတို့ ဖြစ်ပွားကာ ရွှံ့နွံ့ထူထပ်၍ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများရှိကြောင်း ဒေသခံများက ပြောသည်။

Ref: ဧရာဝတီ

Read More...

Wednesday, February 27, 2013

နောက်ကြောင်းပြန်သောကနှင့် ကြားလူပွဲစား သတိထား

February 23, 2013

ပြည်ပက ပြန်ဝင်လာပြီး လက်ရှိ ဗမာပြည်အပြောင်းအလဲတွေကို လေ့လာခွင့် ရတဲ့သူတွေ (တဦးချင်းဖြစ်စေ၊ ပါတီအဖွဲ့ အစည်းလိုက်ဖြစ်စေ) ကျနော်တို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ ဆုံတိုင်း မေးခွန်းတခုကို မေးလေ့ရှိတယ်။ အဲ့ဒီမေးခွန်းကတော့ “လက်ရှိအစိုးရဟာ နောက်ကြောင်းပြန်လှည့် သွားနိုင်ချေ ရှိ/မရှိ ခင်ဗျားတို့ ဗကသတွေရဲ့ အမြင်လေး သိချင်ပါတယ်” ပေါ့ဗျာ။ ဒီလို မေးလာတဲ့အခါ ကျနော်တို့ကတော့ ကိုယ်တိုင်ကြုံ တွေ့ ခံစားနေရတဲ့ အတွေ့အကြုံ အမြင်တွေနဲ့ ပတ်ဝန်းကျင်မှာဖြစ်ပျက်နေ သမျှ နိုင်ငံရေး အခင်းအကျင်း ကို ခြုံငုံလေ့လာ ပေါင်းစပ်ပြီး သူတို့မေးတဲ့မေးခွန်းကို ပြန်ဖြေကြားလေ့ ရှိပါတယ်။ ဒီမေးခွန်းဟာလည်း ပြည်ပက လာတဲ့ သူတွေသာမက ပြည်တွင်းနိုင်ငံရေးလောကနဲ့ လက်လုပ်လက်စားပြည်သူတွေ ကြားမှာပါ ရေပန်း အစားဆုံးမေးခွန်း ဖြစ်နေပါတယ်။ အခု ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဆက်စပ်တွေးတော ရသမျှကိုပါ ပေါင်းရုံးပြီး ဗကသများ အဖွဲ့ချုပ်ကိုယ်စား ကျနော် ဖြေရှင်းတင် ပြချင်ပါတယ်။

ကျနော်တို့အနေနဲ့ အခုတလော လူပြောသူပြောများနေတဲ့ အယူအဆ (၂) ရပ်စလုံးကို လုံးဝ ကန့်ကွက် ရပါလိမ့်မယ်။ ဘယ်အယူအဆ (၂) ရပ်လဲဆိုတော့..

(၁) လူထုကိုလမ်းပေါ်ဆွဲတင်တဲ့ နည်းလမ်းနဲ့ အစိုးရကို ဖိအားပေး အကျပ်ကိုင်ရင် စစ်တပ်က အာဏာသိမ်းတဲ့ နည်းလမ်း နဲ့ နောက်ကြောင်းပြန်လှည့်သွားမယ် ဆိုတဲ့ အယူအဆ…။

(၂) ဒီမိုကရေစီအင်အားစုတွေနဲ့ အစိုးရကတဖက် လူထုကတဖက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ကြားနေပြီး ညှိနှိုင်းပေး ရေးကို ဆောင်ရွက်ပေးရမယ်ဆိုတဲ့ အယူအဆ…။

ဒုတိယအယူအဆဟာ ပထမအယူအဆကနေ ဆင့်ပွားပေါ်ထွက်လာပုံ ရပါတယ်။ ပထမ အယူအဆပေါ် အထိုင်ချပြီး စဉ်း စားကြတဲ့အခါ နောက်ကြောင်းပြန်ကောက်သွားရင် ခက်ရချည်ရဲ့လို့ အတွေး ၀င်လာပြီး လမ်းပေါ် ထွက်နေတဲ့ လူထုကြီး ကို ပြန်ထိန်းတဲ့ သဘောပါ။ ဒီအယူအဆနှစ်ရပ် စလုံးကို ကျနော်တို့ ဘာကြောင့် ဆန့်ကျင်နေရပါသလဲ။ ရှင်းပါတယ်။ ဒီ အယူအဆ (၂) ခုမှာ ကြောက်စိတ် မသိမသာ စွက်နေတာရယ်၊ လက်တွေ့ ရင်ဆိုင်ရတဲ့ ပြည်သူ့အခက်အခဲ အကျပ်အတည်းတွေကို နောက်တန်း တွန်းပို့ပြီး မိမိတို့နိုင်ငံရေး ရည်မှန်းချက် တစ်ခုတည်းသာ ပြီးမြောက်ဖို့ ကြိုးစားနေကြ လို့ပါပဲ။

စနစ်တကျ သရုပ်ခွဲကြည့်တဲ့အခါ လူထုကြီးက လူအုပ်ကြီးတခု မဟုတ်ပါဘူး။ လူထုကြီးရဲ့တောင်းဆို သံတွေဟာ သူတို့ အမှန်တကယ် ခံစားနေရတဲ့ ဝေဒနာတွေက တဆင့် ပေါ်ပေါက် လာတာပါ။ ကြုံရာကျပန်း ပေါင်းမိကြလို့ ထင်ရာမြင်ရာကို တညီတညွတ်တည်း ၀ိုင်းလုပ်နေကြသူများ မဟုတ်ပါ။ မီးပျက်လို့ ဖယောင်းထွန်းတဲ့သူတွေ၊ မြေသိမ်းခံရလို့ ရန်ကုန်မြို့ အထိ သပိတ်စခန်း လာဖွင့်ကြသူတွေ၊ ရန်ကုန်ကနေပြည်တော် အထိ လမ်းလျှောက် ချီတက်ဖို့ ကြိုးစားသူတွေ၊ လက်ပံ တောင်းတောင်ကို စုဝေးငေးကြည့်နေသူတွေ အားလုံးဟာ မိမိတို့ နစ်နာချက်တွေ အတွက် အသေအရှင် တိုက်ပွဲဝင်နေ သူတွေသာဖြစ်ပါတယ်။ သူတို့ တောင်းဆိုတာဟာ အစိုးရဖြုတ်ချရေးလဲ မဟုတ်ပါဘူး။ သူတို့အတွက် အကျိုးမရှိတဲ့ စနစ် တွေ စီမံကိန်းတွေကိုသာ ရပ်ဆိုင်းပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲပေးရေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ကြောင်းပြန် လှည့်ရမယ်ဆိုရင် ဘယ်လိုမှ ယုတ္တိမကျတဲ့ အတွေးအခေါ်သာ ဖြစ်ရပါမယ်။

နောက်ပြီးတော့ အစိုးရအနေနဲ့ ပြည်တွင်းပြည်ပက အတိုက်အခံတွေ အားလုံး၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင် အတွင်း သွင်းရေးကို ကြိုးစားပမ်းစား အာရုံ စိုက်နေခြင်းဖြစ်တယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှု ကို အပူတပြင်းရယူဖို့ အရေးကြီးနေချိန်လည်းဖြစ်တယ်။ အလွန်ဆုံးလုပ်ရင် ပုဒ်မ ၁၄၄ ထုတ်ပြန်တာမျိုး၊ ရခိုင်မှာလို ဒေသတစ်ချို့ကို မာရှယ်လောနဲ့ ယာယီ အုပ်ချုပ်တာမျိုးပဲ ဆန္ဒ ရှိလိမ့်မယ်။ သူတို့ဘက်က ရှေ့ကိုသွားနေမှာ မဟုတ်သ လို နောက်ကိုပြန်လှည့်နေမှလဲ မဟုတ်ဘူး။ ၁၉၆၂ ကတည်းက ရရှိထားတဲ့ အာဏာကို ၁၉၈၈ မှာ ပြန်လည်မွမ်းမံပြီး ၂၀၀၈/၂၀၁၀ မှာ ပိုမိုခိုင်မြဲသွားအောင် အထိုင်ချပြီးဖြစ်လို့ လွှတ်တော်ထဲကနေ ခုခံ ကာကွယ် ထားနိုင်ပြီဆိုတာ သိသာ ထင်ရှားနေပါတယ်။

ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ အကြောက်တရားကို ဖယ်ရှားပြီး အခွင့်အရေး တိုက်ပွဲတွေကို ဆင်နွှဲလာတာ နှစ်ပေါင်း (၂၄) နှစ်ကျော်ပါပြီ။ ရှေ့မှာလဲ လိုချင်တဲ့ အနေအထားထိ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မရမချင်း ဆက်လက် တိုက်ပွဲ ၀င်နေရဦးမှာပါ။ အမျိုးသားသွေးစည်း ညီညွတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရသရွေ့ မျက်လုံး ပိတ်သည်အထိ ကြိုးပမ်းနေရဦးမှာပါ။ အခုမှ အမျိုးသား လှုပ်ရှားမှု လက္ခဏာတွေကို မြင်နေရပါတယ်။ ဒါခရီးအစပါ။ ပန်းတိုင်တခု မဟုတ် သလို မိုင်တိုင်တခုလဲ မဟုတ်သေးပါဘူး။ ဒါကြောင့် နောက်ကြောင်းပြန်သွေးလန့်မှု တစ်ခု အကြောင်းပြုပြီးအောက်ကြေး နဲ့ ရသလောက် ယူထားလိုက်မယ် ဆိုတဲ့ တွေးဆချက်တွေကို ကျနော်တို့ လုံးဝငြင်းဆန် ကန့်ကွက် လိုက်ပါတယ်။

လူထုကြီးကအေးချမ်းစွာ ချီတက်ဆန္ဒပြတာဟာ အစိုးရကို ဆန့်ကျင်ရန် မဟုတ်တာကြောင့် ပုဒ်ထီး ပုဒ်မတွေတပ်ပြီး တ ရားစွဲစရာ အကြောင်း မရှိပါဘူး။ အေးချမ်းစွာ စုဝေးခွင့်၊ ဆန္ဒပြခွင့်ဟာ လူထုမှ နဂိုကတည်းက ရှိပြီးသား မွေးရာပါ အခွင့် အရေးဖြစ်လို့ လျှောက်လွှာတင် ခွင့်ပြုမိန့်တောင်းဖို့ မလိုအပ်ပါဘူး။ ခွင့်ပြုမိန့်တောင်းရမယ်၊ လူဘယ်နှယောက်ပါရမယ်၊ ဘယ်ကြွေးကြော်သံတွေတော့ ခွင့်မပြုဘူး၊ ငါးရက် ကြိုတင်ပြီးမှ တရက်ပဲပြခွင့်ရမယ် စတဲ့ အသေးစိတ် ချုပ်ချယ်ကန့် သတ်မှုတွေ ရှိနေမှတော့ ဗမာနိုင်ငံရဲ့ လက်ရှိအနေအထားက လွတ်လပ်ခွင့် အပြည့်အ၀ ရှိရဲ့လားလို့ မေးခွန်းထုတ်စရာ တောင် လိုမယ် မထင်ပါဘူး။

ဒါတောင်မှ အချို့နိုင်ငံရေးသမားတွေက ပြောရမယ့်စကားကိုပြတ်ပြတ်သားသား မပြောဘဲ စောင်းပါး ရိပ်ချေလောက်ပဲ ပြောလို့ပြော၊ စကားထာ ၀ှက်တမ်း ကစားသလို လုပ်လိုလုပ်နဲ့ ယုန်သူငယ် နှာစေးဝေးဝေးကရှောင်နေတာတွေ အများကြီး တွေ့လာရပါတယ်။ စက်တင်ဘာနောက်ပိုင်းပြောင်မြောက်တဲ့ ပျက်လုံးတွေနဲ့ ပြည်သူ့ အချစ်တော်ဖြစ်လာတဲ့ သီးလေးသီး အငြိမ့် အဖွဲ့တောင် လက်ပံတောင်းတောင် သပိတ်စခန်းမှာ ဘုန်းကြီးတွေ မီးလောက်ဗုံး ထုခံရတာနဲ့ ပတ်သက်ပြီး ပြက်လုံး မထုတ်တာ အစိုးရကို သရော်တာ မတွေ့ရသေးပါဘူး။ ဒီလိုပဲ ပြောသင့်ပြောထိုက်တဲ့သူ အချို့ကလဲ အတော်လေးကို ထိန်းထိန်းသိမ်းသိမ်းပဲ ပြောနေ ဆိုနေကြတာကို မြင်မိပါတယ်။

အလုပ်သမားတွေရဲ့အရေးမှာတောင် အလုပ်ရှင်တွေ အထိတ်တလန့်ဖြစ်အောင် အလုပ်သမားတွေ ဘက်က မလုပ်သင့် ဘူးလို့ ဆိုလာ ကြပါတယ်။ မနေ့တနေ့ကတော့ အလုပ်ရှင်ဘက်က ရိုက်လို့ အလုပ်သမား သမဂ္ဂခေါင်းဆောင်တဦး ခေါင်း ကွဲပြီး ဆေးရုံပေါ်ရောက်သွားတာကို ကြားရပါတယ်။ အရေးတကြီးပြောချင်တာက ခရိုနီ လုပ်ငန်းတွေကိစ္စ။ တိုင်းပြည် တပြည်လုံးမှာ ခရိုနီ လူတန်းစားရှိရင် တော်တော် နစ်နာပါတယ်။ ရုရှား အပါအ၀င် အရှေ့ဥရောပ နိုင်ငံတချို့ကို ဥပမာ ကြည့်ပါ။ အချို့ကတော့ ခရိုနီဆိုတာ ရှိသင့်ပါတယ် ဆိုတဲ့ စကားရိပ် စကားငွေ့တွေ သမ်းနေသလို အလုပ်ရှင် ချမ်းသာမှ အလုပ်သမား ချမ်းသာမယ် ဆိုတဲ့ ရွှေပြည်အေး တရားနဲ့ အလုပ်သမားတွေကို နားချ တတ်ကြပါတယ်။

ရဲစခန်း၊ တရားရုံးနဲ့ အချုပ်ထောင်တို့ကို ပိုင်ဆိုင်တဲ့ အစိုးရ အနေနဲ့ ပြည်သူလူထု အကျိုးစီးပွားကို အမှန် တကယ်တမ်း ကာကွယ်ဖို့ တရားဥပဒေကို ကျင့်သုံးမှု မရှိသေးရင် ဗမာပြည်မှာ နိုင်ငံရေး အကျဉ်းသားတွေ ထပ်ရှိနေဦးမှာပါပဲ။ လက်ပံ တောင်းတောင် အရေးကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ကိုအောင်မှိုင်းဆန်း တို့သာလျှင် နိုင်ငံရေး အကျဉ်းသား မဟုတ်ဘူး နိုင်ငံ ရေး လွတ်လပ်ခွင့် မရှိတဲ့ နိုင်ငံတနိုင်ငံမှာ နေရသူ အားလုံးဟာ နိုင်ငံရေး အကျဉ်းသားတွေပါပဲ။ ဒါကို အစိုးရနဲ့ ပူးပေါင်းပြီးမှ နိုင်ငံရေး အကျဉ်းသားများ ပြန်လည် စိစစ်ရေးကော်မတီ ဖွဲ့ဖို့ လိုအပ်ပါရဲ့လား။ ဆင်ကောင်ကြီးတွေ့ပြီးမှ ဆင်ခြေရာရှာတဲ့ အလုပ်ကို နာမည်ပျက်ခံပြီး လုပ်ဖို့ မလိုဘူးလို့ ထင်ပါတယ်။ နိုင်ငံရေး အကျဉ်းသား ဘ၀ကို ကိုယ်တိုင်ရောက်ခဲ့ဖူးတဲ့ ကျနော်တို့ ဒီမိုကရေစီ ဘက်တော်သားတွေဟာ တနိုင်ငံလုံး နိုင်ငံရေး အကျဉ်းသား ဘ၀က လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ ကိုယ်နဲ့ ဘ၀တူတွေဘက်က ပြတ်ပြတ်သားသား ရပ်တည်ပြီး အမှောင်ရိပ်တွေကို ဖယ်ရှားသွားပါလို့ တိုက်တွန်းလိုက်ရ ပါကြောင်း…။ ။

ကျော်ကိုကို
ဗကသများ အဖွဲ့ချုပ်

(ဒေးဒရဲမြို့နယ် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသော သမဂ္ဂစာစဉ်အတွက် ဒီဇင်ဘာလက ပေးပို့ခဲ့သောစာမူကို ပြန်တွေ့ သဖြင့် တင်ပေးလိုက်ရပါသည်)

Ref: နေ့သစ်

Read More...

မအူပင် လယ်သမား အရေးအခင်း တင်းမာနေဆဲ

နန်းသီရိလွင်
February 27, 2013

ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် လယ်သမား များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့၏ အဓိကရုဏ်း အပြီး ယနေ့ နေ့လည်ပိုင်း အချိန်အထိ အခြေအနေ ဆက်လက် တင်းမာနေကြောင်း သတင်းရရှိသည်။

“အခု လက်ရှိ ကျနော်တို့ လယ်သမားဦးရေ ၁၈၀ လောက် ရှိနေတယ်။ လုံထိန်းက ၂၀၀ လောက်ရှိမယ် ထင်တယ်။ ကျနော်တို့ ကတော့ ကန်ဘောင်ပေါ်မှာ ၁၄၄ ထုတ်ထားလို့ ကန်အောက်ဘက် လွတ်တဲ့ နေရာမှာ ဆင်းနေပါတယ်၊ လုံထိန်းတွေက တစ်ဘက်မှာ ရှိနေတယ်။ ကျနော်တို့ကတော့ ရုန်းရင်းဆန်ခတ် အဖြစ်မျိုးကို အတတ်နိုင်ဆုံး ရှောင်မှာပါ” ဟု လယ်ယာမြေ ပြန်လည် ရရှိရေးအတွက် တောင်းဆိုသူ တစ်ဦးဖြစ်သည့် လယ်သမား ဦးမောင်မောင်စိုးက ဧရာဝတီကို ပြောသည်။

၁၉၉၆ ခုနှစ်က သိမ်းဆည်းထားသည့် လယ်ယာမြေများနှင့် ပတ်သတ်ပြီး ပြန်လည် စိုက်ပျိုးခွင့် ရရှိရန် သက်ဆိုင်ရာသို့ စာတင် တောင်းဆိုခဲ့သော်လည်း အကြောင်းပြန်ကြားမှု မရှိသဖြင့် ဒေသခံ တောင်သူ လယ်သမားများက နွေစပါးဝင်ရောက် စိုက်ပျိုးရန် ကြိုးပမ်းရာမှ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှစ်ဘက်အပြန်အလှန် အကြမ်းဖက် ရိုက်နှက်ကြခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦး၊ လယ်သမား ၁၅ ဦး ဒဏ်ရာရရှိကာ မအူပင်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ထားရပြီး ဒဏ်ရာပြင်းထန်၍ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ထားရသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ကြောင်း မအူပင်မြို့နယ် ရဲတပ်ဖွဲ့စခန်းက အတည်ပြု ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က လယ်သမားများ၏ ခံစားချက်၊ နစ်နာချက်များ အတွက် အဖွဲ့ ဖွဲ့စည်း၍ လွတ်တော် ကိုယ်စားလှယ်မှ တဆင့် တိုင်းဒေသကြီး အစိုးရ၊ ပြည်ထောင်စု အစိုးရသို့ တင်သွင်းတောင်းဆိုရန် မအူပင် လွတ်တော် ကိုယ်စားလှယ်များမှ တဆင့် ညှိနိုင်းခဲ့ရာ လယ်မြေ သိမ်းယူပြီး အော့ချဒ် ကုမ္ပဏီက ငါးကန်အဖြစ် အသုံးပြုနေသည့် နေရာကို ရေထပ် မသွင်းရန်၊ ငါးဖမ်းဆီးခြင်း မပြုရန်၊ ငါးကန် အတွင်းသို့ ကုမ္ပဏီနှင့် လယ်သမားများ ၂ ဘက်စလုံးမှ ငါးဖမ်းခြင်း၊ ကန်ဆယ်ခြင်း မပြုလုပ်ရန်တို့ကို လယ်သမားများမှ သဘော တူညီခဲ့ကြောင်း၊ သို့သော် ရန်ကုန်မြို့မှ ရောက်ရှိနေသည့် လှိုင်သာယာ ဗေဒါ သင်တန်းကျောင်းမှ အဖွဲ့ခေါင်းဆောင်များက လယ်သမားများ လူစု မခွဲရန် ပြောကြားခဲ့ကြောင်း၊ ထို့နောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စည်းကျော်၍ လူစုခွဲခဲ့ရာမှ အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားကြောင်း သိရသည်။

“ကျနော်တို့ ဒီကန်ဘောင်ပေါ်က ဆင်းသွားရင် လယ်တွေ ပြန်ရမှာ မဟုတ်ဖူး၊ ဒီလို လူစုစည်းနိုင်ဖို့ ကလည်း နောက်ထပ် ထပ်မလွယ်တဲ့ အတွက် လယ်တွေ ပြန်ရမယ်လို့ ကတိပြုချက်လိုမျိုး တခုခု ခိုင်ခိုင်မာမာရမှ ဆင်းမယ်လို့ သူတို့က ပြောတဲ့အတွက် ကျနော်တို့လည်း လူစု မခွဲခဲ့ပါဘူး။ ရဲတပ်ဖွဲ့က ကျနော်တို့ ကာရံထားတဲ့ စည်းကို ဖောက်ပြီး ၀င်လာတော့ ကျနော်တို့က လမ်းဖယ်ပေးလိုက်တယ်။ ကျနော်တို့အုပ်စု အလယ်လောက်လည်းရောက်ရော အမျိုးသမီးတွေကို စရိုက်တဲ့ အတွက် ကျနော်တို့လည်း ပြန်ခုခံခဲ့ပါတယ်” ဟု ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်း အတွေ့အကြုံကို ဒေသခံ လယ်သမား တစ်ဦးက ဧရာဝတီကို ပြောသည်။

ဧရာဝတီ တိုင်းဒေသကြီး မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းကလည်း နောက်ဆုံး အခြေအနေကို ဧရာဝတီသို့ ယခုလို ပြောဆိုသည်။

“ကျနော်တို့ကတော့ ဥပဒေ စိုးမိုးရေးအတွက်ပဲ ဒီမှာ ဆက်နေရာယူ ထားပါတယ်။ ဒီနေ့ကတော့ ကျနော်တို့ကို အကြမ်း မဖက်သ၍ ကျနော်တို့ကလည်း ဘာမှ လုပ်ဖို့ မရှိပါဘူး။ ၀ါးရုံတွေခုတ်မယ်၊ ရေကန်ကို ဖောက်ချမယ် မီးရှို့ ဖျက်စီးမယ်ဆိုတဲ့ အလုပ်တွေကို လုပ်တယ်ဆိုရင် ဥပဒေ စိုးမိုးရေးကို ထိခိုက်တာ ဖြစ်တဲ့အတွက် ဥပဒေ စိုးမိုးရေးအတွက် ကျနော်တို့က ဒီမှာ ဆက်နေရာယူ ထားပါမယ်၊ မနေ့က ညှိနှိုင်းပြီး ဖြစ်လို့ ဒီနေ့ ဆက်ညှိဖို့ အစီအစဉ် မရှိပါဘူး။”

ရန်ကုန်မြို့ Excel တာဝါတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမား နှီးနှော ဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၂၅၊ ၂၆ ရက်များတွင် တစ်နိုင်ငံလုံးမှ တောင်သူ လယ်သမား ၁၅၀ ကျော် တက်ရောက် ကျင်းပနေချိန် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေပိုင်းတွင် သိမ်းဆည်းခံ လယ်ယာများ ပြန်လည်ရရှိရေး လှုပ်ရှားသူ မအူပင် တောင်သူ လယ်သမားများနှင့် ဖြိုခွင်းသူ ရဲတပ်ဖွဲ့ဝင်များ အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Ref: ဧရာဝတီ

Read More...

နိုဘယ် ငြိမ်းချမ်းရေးဆုရှင် နှစ်ဦး ရန်ကုန်တွင် တွေ့ဆုံ

အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၃

နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တဦးဖြစ်သည့် တောင်အာဖရိက နိုင်ငံမှ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ် အင်္ဂါနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။

နေပြည်တော်တွင် လွှတ်တော်တက်နေသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ဘုန်းတော်ကြီးကို တွေ့ဆုံရန် အတွက် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် လာရောက် ခဲ့ရသည်။

“သူ(ဒေါ်စု)ဟာ လှပပါတယ်။ ပြီးတော့ ကျနော် ဒီကိုလာရတာ ပျော်ရွှင် ဝမ်းမြောက် မိပါတယ်။ ... ဒီ အပြောင်းအလဲ လှုပ်ရှားမှုကို ခင်ဗျားတို့ အားပေး သင့်တယ်လို့ ကျနော် ထင်ပါတယ်။ လွတ်လပ်မှုဆီ ဦးတည်တဲ့ ဘယ်လို ပြောင်းလဲမှု မျိုးကို မဆို အားပေး သင့်တယ်လို့ ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ၄၅ မိနစ်ခန့်ကြာ တွေ့ဆုံကြပြီးနောက် ဘုန်းတော်ကြီးက ပြုံးရွှင်စွာ ပြောကြား လိုက်သည်။

၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်အား အားပေးလေးစားသူ တဦးဖြစ်ကြောင်း ယခင်ကတည်းက ထုတ်ဖော်ပြောဆို ခဲ့သူ ဖြစ်သည်။

“မြန်မာနိုင်ငံ အမှန်တကယ် လွတ်လပ်မယ့် အချိန်ကို ကျနော်တို့ မျှော်လင့်နေပါတယ်။ ပြီးတော့ ကမ္ဘာက သူ့ကို ဘယ်လောက် လေးစား ချီးကျူးနေကြသလဲ ဆိုတာကို မြင်နိုင်ပါတယ်။ သူဟာ တကယ့်ကို ကျော်ကြားတဲ့ ပုဂ္ဂိုလ် တဦး ဖြစ်ပါတယ်” ဟု ဘုန်းတော်ကြီးက သတင်းထောက်များကို ပြောသည်။

“ဒီနိုင်ငံမှာ အလွန်ကြီးမားတဲ့ အလားအလာတွေ ရှိနေတဲ့အတွက် ကျနော်တို့ အနေနဲ့ အဲဒီ့ အလားအလာတွေ တကယ် အပြည့်အဝ ဖြစ်မြောက်လာတာကို မြင်ချင်ပါတယ်။ လူမျိုးစု ပဋိပက္ခတွေ၊ ကွဲပြားတဲ့ ယုံကြည်မှု ရှိသူတွေကြားမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို မမြင်ချင်ပါဘူး” ဟု ဒက်စမွန်တူးတူး က ဆိုသည်။

ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးမှာ လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးတွင် တက်ကြွစွာ ဦးဆောင် လှုပ်ရှား ခဲ့သည့် အတွက် ၁၉၈၄ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဘုန်းတော်ကြီး တူးတူးမှာ မြန်မာနိုင်ငံသို့ တနလာင်္နေ့တွင် ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး အင်္ဂါနေ့ မနက်ပိုင်းတွင် အတိုက်အခံ များနှင့် တွေ့ဆုံခဲ့သည်။

၎င်းမှာ မတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ သဘောင်္ဖြင့် မထွက်ခွာမီ ပုဂံရှိ ရှေးဟောင်း ဘုရားစေတီ များနှင့် ရှမ်းပြည်နယ်ရှိ အင်းလေးကန် တို့သို့ သွားရောက် လည်ပတ်ရန် စီစဉ် ထားသည်ဟု မြန်မာ အစိုးရ အရာရှိ တဦးက ဆိုသည်။

ဗုဒ္ဓဟူးနေ့၌ ရန်ကုန်မြို့၊ အမေရိကန် စင်တာတွင် ဘုန်းတော်ကြီး တူးတူး မိန့်ခွန်း ပြောကြားမည်ဟုလည်း အမေရိကန် သံရုံး အရာရှိ တဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ အချိန်ဖြစ်သည့် ၁၉၉၃ ခုနှစ်တွင် ဒတ်စမွန်တူးတူး အပါအဝင် ထင်ရှားသည့် နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်များအား မြန်မာနိုင်ငံက နိုင်ငံအတွင်း သို့ ဝင်ရောက်ခွင့်ပြုရန် စစ်အစိုးရက ငြင်းဆန် ခဲ့ပြီးနောက် ထိုနိုဘယ် ဆုရှင်များက ထိုနှစ် ဖေဖော်ဝါရီတွင် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများသို့သာ သွားရောက် လည်ပတ်ခဲ့ရသည်။

Ref: မဇ္ဈိမ

Read More...

လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မရှင် အစီရင်ခံစာ မကြာခင် ထွက်မည်

2013-02-26

စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာက တွေ့ရှိချက်တွေကို အခြေခံပြီး နိုင်ငံအတွက် အကောင်းဆုံး အဖြေကို အမှန်အတိုင်း ရှာဖွေ တင်ပြသွားမယ်လို့ လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဖေဖေါ်ဝါရီလ ၂၆ ရက် ဒီကနေ့ မနက်ပိုင်း ပြည်ထောင်စု လွှတ်တော်မစခင် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီလကုန်မှာ ထွက်ရှိလာမယ်လို့ဆိုထားတဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အမြင်ကို သတင်းထောက်တွေ မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့တာပါ။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လုပ်ငန်းနဲ့ပတ်သက်လို့လည်း အဖွဲ့ဝင်တွေ အနေနဲ့ အားတတ်သရော အလုပ် လုပ်နေသလို၊ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုရှိတဲ့ အတွက်ကြောင့် မိမိအနေနဲ့ အလုပ် လုပ်ရတာ အားရကျေနပ်မှု ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မကြာခင် ထွက်ရှိလာမယ့် လက်ပန်းတောင်းတောင် သပိတ်စခန်းမှာ မီးလောင်ဗုံး သုံးစွဲခဲ့တယ် ဆိုတဲ့ အချက်တွေ အပါအ၀င် လက်ပန်းတောင်းတောင် အခြေအနေအားလုံးကို ဖော်ပြထားတဲ့ အစီရင်ခံစာရဲ့အဖြေကို ပြည်တွင်း၊ ပြည်ပနိုင်ငံ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတာ တွေ့ရပါတယ်။

Ref: RFA News

Read More...

အင်းလေး ဟိုတယ်ဇုန် စီမံကိန်းနှင့် ပတ်သတ်၍ တရားစွဲခံရသူများ သိန်း ၇၀ အာမခံ ထားရ

သိင်္ဂီထွန်း
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၃

ရန်ကုန် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်လေး ဟိုတယ်ဇုံ စီမံကိန်း အတွက် ဒေသခံများ၏ လယ်ယာမြေ များအား အာဏာပိုင် အဖွဲ့များက ဖျက်ဆီးနေမှုကို တားဆီးခဲ့၍ အာဏာ ဖီဆန်မှု ပုဒ်မ ၁၈၈ ဖြင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တရားစွဲခံရသူ ၇ ဦးအား သိန်း ၇၀ ဖြင့် အာမခံထားရကြောင်း တရားစွဲခံရသူများက ပြောသည်။

လျော်ကြေးယူထားခြင်း မရှိသော လယ်မြေနှင့် အခြား စိုက်ပျိုးမြေများအား စက်ယန္တရားများနှင့် မြေတူးမှုများ ပြုလုပ်နေ၍ အင်ကြင်းကုန်း ရွာနှင့် ကန်ဘဲ့ရွာမှ ဒေသခံများက ဖေဖော်ဝါရီ ၉ ရက်နေ့က တားဆီးခဲ့မှုဖြင့် ညောင်ရွှေမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

“ကျနော်တို့က စက်ယန္တရားတွေရှေ့မှာ ထိုင်ပြီး တားကြတာ။ ကျနော်တို့ကို တိုက်ချင်လည်း တိုက်သွား ဆိုပြီး။ တားတုန်းက လူ ၁၅၀ လောက် ပါတယ်။ ဘာလို့ ကျနော်တို့ ၇ ယောက်ကိုပဲ အရေးယူတယ်တော့ မသိဘူး ”ဟု အင်ကြင်းကုန်းရွာမှ လယ်ယာမြေ ၂၂ ဧက အသိမ်းခံရသည့် ကိုအောင်ကျော်မျိုး က ပြောသည်။

တရားစွဲခံနေရသော ဒေါ်ခင်ဝင်း၊ ကိုအောင်ကျော်မျိုး၊ ကိုဇော်မင်း၊ ကိုအောင်မြင့်၊ ကိုသန်းထွန်းဦး ကိုရွှေခဲနှင့် ကိုကျော်စိန် တို့မှာ လျော်ကြေးငွေ ယူထားခြင်း မရှိကြောင်း သိရသည်။


စီမံကိန်းတွင်ပါသော အင်ကြင်းကုန်း၊ ကန်ဘဲ့၊ ညောင်ဝန်း၊ ဝက်တကင်၊ ချောင်းပါးနှင့် ဘုရားဖြူရွာတို့မှ ဒေသခံများ အနက် ၈၃ ဦး၏ လယ်ယာမြေများအား ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်ထဲတွင်
လျော်ကြေးငွေများ ပေးခဲ့သော်လည်း အများစုက လက်ခံခြင်းမရှိဟု ဆိုသည်။

စပါး တဧက လေးသိန်း နှစ်သောင်းကျပ်၊ ကြံ တဧက နှစ်သိန်း နှစ်သောင်းကျပ်နှင့် နှမ်း တဧက ခြောက်သောင်းကျပ် နှုန်းဖြင့် လျော်ပေးခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က လျော်ကြေး မယူချင်ဘူး။ ကျနော်တို့ မြေမှာပဲ ပြန်စိုက်ချင်တယ်။ မနေ့က လွှတ်တော်က လယ်ယာမြေ စုံစမ်း စစ်ဆေးရေး ကော်မရှင်က လာတော့လည်း ဒီလိုပဲ တင်ပြလိုက်တယ်။ သူတို့က လွှတ်တော်မှာ တင်ပြပေးမယ်လို့ ပြောတယ်” ဟု ကိုအောင်ကျော်မျိုး က ဆိုသည်။

ပြည်နယ်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ အင်းလေး ဟိုတယ်ဇုန် စီမံကိန်း အတွက် မြေ ၆၂၂ ဧကအား ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလမှ စတင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။ မြေတူးဖော်မှုများ ပြုလုပ်နေပြီး ၎င်းကို ဒေသခံများက အကြိမ်ကြိမ် တားဆီးခဲ့ကြသည်။

ဟိုတယ်ဇုန် ဆောင်ရွက်နေခြင်းကို နှောင့်ယှက်တားဆီးမှု မပြုလုပ်ရန် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ တွင် ရှမ်းပြည်နယ် သစ်တောရေးရာ ဝန်ကြီးဌာနက တားမြစ်ခဲ့သည်။

စီမံကိန်းအတွက် လမ်းဖောက်ခြင်း၊ အကွက်ဖော်ခြင်း၊ စက်ယန္တရား ဂိုဒေါင် ဆောက်ထားခြင်းများ ရှိကြောင်း ဒေသခံများက ပြောသည်။

ထိုစီမံကိန်း ရပ်တန့်ရေးအတွက် ဒေသခံများက ညောင်ရွှေမြို့ လေဆိပ်မှ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အထိ ၂ နာရီခန့် လမ်းလျှောက် ဆန္ဒပြရန် တောင်ကြီးပြည်နယ် ရဲစခန်းတွင် စာတင်သော်လည်း နှစ်ကြိမ် တိုင်တိုင် အငြင်း ခံထားရကြောင်း ကိုအောင်ကျော်မျိုး က ပြောသည်။

လယ်ယာမြေများကို ဖျက်စီးမှုဖြင့် စက်ယန္တရား တာဝန်ခံ ဦးတိုးအောင်မြင့် အား ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ညောင်ရွှေ တရားရုံး၌ ဒေသခံများမှ ပုဒ်မ ၁၀၂ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြမှု မပြေလည်သေး

လင်းသန့်
February 27, 2013

ဂျော်ဒန်နိုင်ငံတွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ ရှိသည့် အထည်ချုပ် စက်ရုံ တရုံ၌ အလုပ်သမား ရပိုင်ခွင့်များ အတွက် ဆန္ဒပြ တောင်းဆိုနေသည်မှာ ၁၄ ရက်ရှိပြီဖြစ်ပြီး ပြေလည်မှု တစုံတရာ မရရှိသေးကြောင်း သတင်းရရှိသည်။

“ကျနော်တို့ မြန်မာအလုပ်သမားတွေ တောင်းဆိုနေတာက မြန်မာ လူမျိုးတွေနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကိုပဲ ကျွေးဖို့၊ ဂျော်ဒန် အလုပ်သမား အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လူမျိုးရေးခွဲခြား ဆက်ဆံနေတာတွေ ရပ်တန့်ပေးဖို့၊ လက်ရှိ လုပ်အားခ လစာ ၁၅၅ ဒီနာ (အမေရိကန် ဒေါ်လာ ၂၁၈ ဒေါ်လာခန့်) က အရမ်း နည်းလွန်းနေလို့ တလကို ၂၀၀ ဒီနာ ( အမေရိကန်ဒေါ်လာ ၂၈၂ ဒေါ်လာခန့်) အထိ တိုးပေးဖို့တွေလည်း ပါတယ်” ဟု ဂျော်ဒန်ရောက် ဆန္ဒပြ မြန်မာ အလုပ်သမား တဦးဖြစ်သူ ကိုကျော်ဇင်ဦးက ဧရာဝတီသို့ ပြောသည်။

ဂျော်ဒန်နိုင်ငံ Ramtha မြို့ ဟာဆမ်စက်မှုဇုံရှိ အထည်ချုပ် စက်ရုံတခုဖြစ်သော Centuary Miracle Apparel Mfg. Co.,Ltd ၌ မြန်မာ အလုပ်သမားများ ထဲတွင် အမျိုးသမီး အလုပ်သမ ၁၂၀၀ ကျော် ရှိပြီး အမျိုးသား အလုပ်သမား ၁၀၀ ကျော်ရှိကြောင်း၊ ယခုအထိ ဆန္ဒပြနေသည်မှာ ၁၄ ရက်ရှိနေပြီ ဖြစ်ကြောင်း၊ ဂျော်ဒန်နိုင်ငံတွင် မြန်မာသံရုံး မရှိ၍ အစ္စရေးနိုင်ငံရှိ မြန်မာ သံရုံးကို ဖုန်းဆက် အကူအညီ တောင်းခဲ့ကြောင်း သူက ဆက်ပြောသည်။

“အစ္စရေး သံရုံးက သူတို့အနေနဲ့ ဂျော်ဒန်ကို လူကိုယ်တိုင် လာဖို့ အခက်အခဲဖြစ်နေတော့ သူတို့က ဖုန်းနဲ့ပဲ လှမ်းဖြေရှင်း ပေးပါ့မယ်ဆိုတာ ပြောပါတယ်” ဟု ကိုကျော်ဇင်ဦးက ဆိုသည်။

အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ်၍ မရပေ။

အဆိုပါ မြန်မာ အလုပ်သမားများအား ဂျော်ဒန်သို့ ပို့ဆောင်ပေးခဲ့သည့် အလုပ်သမား အေဂျင့်များဖြစ်သော ကိုစိုင်း၊ မနန်း၊ မသူဇာ တို့အားဆက်သွယ်ကာ ၀င်ရောက် ညှိနှိုင်း ကူညီဖြေရှင်းပေးရန် ကမ်းလှမ်းခဲ့သော်လည်း ကိုစိုင်းဆိုသည့် အေးဂျင့်ကသာ လာရောက်ကူညီ ဖြေရှင်းပေးနေကြောင်း၊ သို့သော် ပြေလည်မှု တစုံတရာ ယခုအထိ မရသေးကြောင်း သိရသည်။

“ကိုစိုင်းက ပထမ ကျနော်တို့နဲ့ လာညှိနှိုင်းတယ်။ သူကလည်း ဖြေရှင်းပေးနိုင်တဲ့ အခြေအနေမရှိတော့ မပြေလည်သေးပါဘူး။ သူနဲ့ မပြေလည်နိုင်လို့ အလုပ်ရှင်နဲ့ တိုက်ရိုက်တွေ့ချင်တယ် ပြောခဲ့တယ်။ ကျနော်တို့မှာ ဘာသာစကား အခက်အခဲလည်း ရှိတယ်။ နောက် ဘာအလုပ်သမား အဖွဲ့အစည်းမှလည်း ဒီမှာ မရှိဘူး” ဟု ကိုကျော်ဇင်ဦးက ဆိုသည်။

ဂျော်ဒန်ရောက် မြန်မာ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်၍ ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဂျော်ဒန်နိုင်ငံ အထည်ချုပ် စက်ရုံ၌ ကျွေးမွေးသည့် အစားအသောက် မပြေလည်၍ လူ ၃၀ စတင် ဆန္ဒပြခဲ့ရာ ကြီးထွား လာခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားများ အားလုံးမှာ တရားမ၀င် အေဂျင်စီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သွားရောက်သူများ ဖြစ်ကြောင်း၊ သို့သော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် အဆိုပါ အခက်အခဲများ ပြေလည်ရေး စီစဉ်နေကြောင်း ဖော်ပြထားသည်။

ယမန်နေ့က အလုပ်ရှင်နှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကြောင့် အလုပ်ရှင် ပါဝင်သည့် အစည်းအဝေး ပွဲသို့ အလုပ်သမား ကိုယ်စားလှယ် ၂၁ ဦးကို ဖိတ်ခေါ် ဆွေးနွေး ခဲ့သော်လည်း အလုပ်ရှင် ဘက်က မရိုးသားချက်များ ရှိသည့်အတွက် ဆွေးနွေးပွဲ ပျက်ပြယ်သွားခဲ့ကြောင်းလည်း သိရသည်။

ဂျော်ဒန်နိုင်ငံ အလုပ်သမား ဥပဒေအရ ဆန္ဒပြမည်ဆိုပါက ၁၄ ရက် ကြိုတင်ကာ အလုပ်ရှင်ထံ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး နို့တစ်စာ အရ ၄၈ နာရီအတွင်း လုပ်ငန်းခွင်သို့ ပြန်လည် ၀င်ရောက်ရန်နှင့် မ၀င်ရောက်ပါက ပထမ တရက်အတွက် ဂျော်ဒန် ဒီနာ ၅၀၊ နောက်ရက်များတွင် တရက်လျှင် ဂျော်ဒန်ငွေ ၅ ဒီနာအား အလုပ်သမားက ပေးဆောင်ရမည်ဖြစ်ပြီး ဆန္ဒပြသည့် ရက်များ အတွက် လစာပေးမည် မဟုတ်ကြောင်း၊ အလုပ်သမားများအား အလုပ် ဆက်လုပ်ရန် ဆန္ဒမရှိပါက စက်ရုံမှ အပြန်လေယာဉ်လက်မှတ် ၀ယ်ပေးမည်ဖြစ်ကြောင်း ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ

Read More...

နော်ဝေရောက် မြန်မာတွေ သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ

မခင်ဖြူထွေး
26.02.2013

ဥရောပ ၅ နိုင်ငံ ခရီးထွက်လာတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အင်္ဂါနေ့က နော်ဝေနိုင်ငံကို ပထမဆုံး ရောက်ရှိလာ ချိန်မှာပဲ နော်ဝေရောက် မြန်မာနိုင်ငံသားတွေက သူ့ကို ၀ိုင်းဝန်း ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြထားပါတယ်။

နော်ဝေနိုင်ငံ အော်စလိုမြို့က သမ္မတ ဦးသိန်းစိန် တည်းခိုတဲ့ Hotel Continental ရှေ့ မှာ မြန်မာနိုင်ငံသား ၇၀ လောက် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဘာကြောင့် အခုလို ဆန္ဒပြကြတာပါလဲ။ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသား တဦးဖြစ်တဲ့ ဦးမင်းမင်းဦးက အခုလို ပြောပြပါတယ်။

“အဓိက ရည်ရွယ်ချက် တခုကတော့ မြန်မာနိုင်ငံထဲမှာ တကယ့် ဖြစ်တည်နေတဲ့ အခြေအနေတွေ က နိုင်ငံတကာက ထင်မြင်ထားတဲ့ အခြေအနေမျိုးတွေ မဟုတ်သေးဘူး ဆိုတာတွေကို သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။ အဓိကကတော့ ပြောင်းလဲနေတဲ့ အခြေအနေတွေက တကယ် နိုင်ငံတကာက ထင်မြင် ထားသလိုမျိုး အပြောင်းအလဲတွေ မဟုတ်သေးဘူး ဆိုတာ ကို နော်ဝေ အစိုးရကိုရော သိစေချင်တာရော၊ နိုင်ငံတကာကိုရော သိစေချင်တာရော ရည်ရွယ်တာပါပဲ။”

ဆန္ဒပြနေချိန်မှာ ဦးဆောင် ဆန္ဒပြသူတချို့ကို မထင်မှတ်ဘဲ နော်ဝေနိုင်ငံခြားရေး ရုံးက ဖုန်းဆက် လာခဲ့တဲ့ အကြောင်းနဲ့ အဲ့ဒီနောက် နော်ဝေ သံအမတ်တဦး အပါအ၀င် သမ္မတ ဦးသိန်းစိန် ခရီးစဉ်နဲ့ အတူ လိုက်ပါလာတဲ့ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနဲ့ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ ၀န်ကြီး ဦးရဲထွဋ် တို့နဲ့ ဆန္ဒပြသူတချို့ တွေ့ခွင့်ရခဲ့တဲ့ အကြောင်းကိုတော့ ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ တဦးဖြစ်တဲ့ မနန်းကြည်အေးက အခုလို ပြောပြပါတယ်။

“ကျမတို့ ဆန္ဒပြတဲ့ ၄ နာရီ ၄၅ မိနစ်၊ မိနစ် ၅၀ ပတ်ဝန်းကျင်လောက်မှာပေါ့နော် နော်ဝေ နိုင်ငံခြားရေး ၀န်ကြီးရုံးရဲ့ လက်ထောက် တယောက်ကပေါ့နော် သူတို့က ကျမတို့နဲ့ စကားပြောချင်တယ် ဆိုပြီးတော့ အဲ့ဒီ ကျမရယ်၊ ကိုမြင့်အေးရယ်ပေါ့ ၂ ယောက် သူတို့ တည်းတဲ့ ဟိုတယ်ထဲမှာ ခေါ်သွားပါတယ်။ ခေါ်သွားပြီးတော့ ကျမတို့ နှစ်ယောက်က ဗမာပြည်ရဲ့ ဘယ်လိုခေါ်မလဲ minister ပေါ့ ဦးရဲထွဋ်ရယ်၊ ဦးစိုးသိန်းရယ်၊ သူတို့ နှစ်ယောက်နဲ့လည်း စကားသွားပြောတဲ့ အခွင့် ရပါတယ်။ အဲ့ဒီမှာ ကျမတို့ ပြောတဲ့ message ကတော့ အပြင်က ဆန္ဒပြတဲ့ အတိုင်းပဲပေါ့နော်။ ပထမ message ကတော့ ၂၀၀၈ အခြေခံဥပဒေကို ကျမတို့က အပြောင်းအလဲ ဖြစ်စေချင်တယ်။ နောက်တခုကတော့ တန်းတူညီမျှမှုပေါ့နော် တိုင်းရင်းသားတွေရဲ့ အခြေအနေပေါ့ အဲ့ဒီဟာတွေလည်း ကျမတို့ ပြောဖြစ်တယ်။ တိုင်းရင်းသား အခြေအနေဆိုတာက စစ်မှန်တဲ့ နိုင်ငံရေး စကားဝိုင်း အဲ့ဒါကို ကျမတို့က လိုချင်တယ်။ အဲ့ဒါကိုလည်း ကျမတို့က ဆွေးနွေးဖြစ်တယ်ပေါ့နော်။”

သူတို့ဘက်က အခုလို တင်ပြမှုတွေအပေါ်မှာ မြန်မာဝန်ကြီးတွေက ဘယ်လို ပြန်လည် တုံ့ပြန် ခဲ့ပါလဲ။ မနန်းကြည်အေးက အခုလို ဆက်ပြောပြပါတယ်။

“သူတို့ဘက်က တုံ့ပြန်တာကတော့ သူတို့ကတော့ ဒီ ၂၀၀၈ ရဲ့ ဥပဒေကို ပြောတဲ့အခါမှာ သူတို့က ပြောတာကတော့ အချိန်ကတော့ ယူရလိမ့်မယ်ပေါ့။ သူတို့လည်း ပြောင်းချင်ပါတယ်ပေါ့။ ဒီဥပဒေကို။ နောက်ပြီးတော့ သူတို့ တခုခု လုပ်မယ် ကြံလိုက်တိုင်း ကြံလိုက်တိုင်းမှာ ဒီဥပဒေက သူတို့ကိုလည်း အခက်အခဲ ဖြစ်စေတယ်ပေါ့။ ဒါပေမဲ့တဲ့ သူတို့ပြောတာက ဒီဥပဒေကို ပြင်မယ် ဆိုလို့ရှိရင် ဒါ အများသဘောအရ ပါလီမန်မှာပေါ့နော် တင်ရမယ်ပေါ့။ တင်ရပြီးတော့မှ အများသဘောအရ သူတို့က လုပ်ရမယ်ပေါ့နော်။ နောက်တခု ဦးစိုးသိန်းပေါ့နော်။ သူပြောတာ ကျတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးခဲ့တယ်ပေါ့။ ဒီဥပဒေကို ပြင်ဖို့။ ဒီကိစ္စကို တင်ပေးပါပေါ့နော်။ ပါလီမန်ကို တင်ပါပေါ့နော်။ အဲ့ဒါ သူတို့က တင်မယ်ဆိုလို့ရှိရင် သူတို့က မဲ ရှုံးမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ဆက်ပြီးတော့ ကြိုးစားမယ်လို့တော့ ပြောပါတယ်။”

အများပြည်သူ အလုပ်လုပ်တဲ့ ရုံးဖွင့်ရက် ဖြစ်လို့ ဆန္ဒပြသူ များလိမ့်မယ်လို့ မျှော်လင့်မထားပေမဲ့ လူ ၇၀ နီးပါးလောက် ရောက်လာတဲ့အတွက် အားရစရာ လှုပ်ရှားမှုတခု ဖြစ်ခဲ့သလို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်လည်း သူတို့ရဲ့ ဆန္ဒပြမှုကို တွေ့ရှိသွားခဲ့တဲ့အကြောင်း မနန်းကြည်အေးက အခုလို ပြော ပါတယ်။

“ဦးသိန်းစိန်လာတဲ့ schedule တွေ အကုန်လုံးက တကယ့် top secret သူတို့က လုပ်ထားတယ်။ သူတို့က မကြေညာထားဘူးပဲ။ ဘယ်အချိန်မှာ ဦးသိန်းစိန် ဘယ်နားမှာ ရှိမလဲဆိုတာကို။ သူတည်းခိုမယ့် ဟိုတယ် ကိုတောင် ကျမတို့ ဆန္ဒပြခါနီး တရက်လောက် အလိုမှာမှ သိတာ။ အဲ့ဒါနဲ့ သူ တိုက်တိုက်ဆိုင်ဆိုင် သူက တခြား ဟို meeting တခုကနေ ပြန်လာပြီးတော့ တွေ့ဆုံပွဲတခု ကနေ ပြန်လာပြီးတော့ ဒီဟိုတယ်ရှေ့ကို အ၀င်ပေါ့နော် အ၀င်မှာနဲ့ သွားတိုက်ဆိုင်လိုက်တဲ့အခါ မှာတော့ ကျမတို့ရဲ့ ဆန္ဒပြတာကို သူကိုယ်တိုင်လည်း ကြားသွားတယ်။ သူကိုယ်တိုင်လည်း သိသွားတယ်ပေါ့နော်။”

နော်ဝေအစိုးရအနေနဲ့ကတော့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ ပိုပြီး အားသန်နေချိန်ဖြစ်လို့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တကယ်တမ်း လက်တွေ့မှာ ပြောင်းလဲသင့်သလောက် မပြောင်းလဲသေးဘူးဆိုတာကို နော်ဝေအစိုးရကိုရော နော်ဝေနိုင်ငံသားတွေကိုပါ သိစေချင်တဲ့အ တွက် အခုလို ဆန္ဒပြခဲ့ကြတဲ့ အကြောင်းလည်း ဦးမင်းမင်းဦးက ပြောပါတယ်။

မနေ့က နော်ဝေနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နော်ဝေ ၀န်ကြီးချုပ် အပါအ၀င် နော်ဝေအစိုးရ ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် သမ္မတအဖြစ် ပထမဆုံး သွားရောက်တဲ့ ဒီ ဥရောပ ခရီးစဉ်အတွင်း နော်ဝေနိုင်ငံမှာ ကြာသပတေးနေ့ အထိ ရှိနေမှာဖြစ်ပြီးတော့ အဲ့ဒီနောက် ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနဲ့ အီတလီ နိုင်ငံတွေကိုလည်း ခရီဆက်ဦးမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

မအူပင် လယ်သမားတွေနဲ့ ရဲ ထိပ်တိုက်ရင်ဆိုင်မှု လူ ၄၀ ဒဏ်ရာရ

မအေးအေးမာ
26.02.2013

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ မလက်တို ကျေးရွာ အုပ်စုဝင် ပလောင်း ကျေးရွာ အပိုင် ကွင်းအမှတ် ၉၆၉ မှာ လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေကို ပြန် ရဖို့ ကြိုးစားရာကနေ လယ်သမားတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

၁၉၉၆ ခုနှစ် ကတည်းက Orchard ကုမ္ပဏီက သိမ်းယူခဲ့တဲ့ လယ်မြေတွေကို လယ်သမားတွေက ခုတ်ထွင် ရှင်းလင်း မှုတွေ ပြုလုပ်ရာကနေ ဖေဖော်ဝါရီလ၂၆ ရက်နေ့မှာတော့ အကြမ်းဖက် နှိမ်နင်း မှုတွေ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့တာပါ။ အသေးစိတ်ကို မအေးအေးမာ က တင်ပြထားပါတယ်။

မအူပင်မြို့နယ်၊ မလက်တို ကျေးရွာအုပ်စုက လယ်သမား ၅၀၀ ကျော်ဟာ မိမိတို့ရဲ့ လယ်မြေတွေ ပြန်လည် ရရှိရေး အတွက် သိမ်းဆည်းခံထားရတဲ့ လယ်မြေတွေကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က စပြီး ခုတ်ထွင် ရှင်းလင်းမှုတွေ လုပ်ခဲ့တာပါ။

၁၉၉၆ ခုနှစ် လောက်ကတည်းက လယ်သမားတွေ ထံကနေ ကုမ္ပဏီက လယ်မြေဧကပေါင်း ၁၀၀၀ ကျော်ကို သိမ်းယူ ခဲ့ရာကနေ လယ်သမားတွေက ဧက ၄၅၀ လောက်ကို ဖယ်ရှား မပေးဘဲ ဆက်လုပ် နေခဲ့တာပါ။

ကျန်ဧက ၅၀၀ ကျော်ကိုတော့ သိမ်းယူပြီး ကုမ္ပဏီက ငါးကန် တူးထားတယ်လို့ ဆိုပါတယ်။ ဒီငါးကန်ကို အသုံးပြုခြင်း မရှိတော့တဲ့ အတွက် လယ်သမားတွေဟာ သိမ်းဆည်းခံရတဲ့ သူတို့တွေရဲ့ မြေယာတွေကို ခုတ်ထွင် ရှင်းလင်းမှုတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။

သိမ်းထားတဲ့ လယ်မြေမှာ ပြန်ပြီးတော့ စိုက်ပျိုးဖို့ ကြိုးစားတဲ့ လယ်သမားတွေကို ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆွေးနွေးပွဲ လုပ်ခဲ့သလို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး လူစု မခွဲရင် ပစ်ခတ်မယ်လို့ ရဲတွေဘက်က အသံချဲ့စက်တွေနဲ့ နေ့လည်ပိုင်းက စပြီး ကြေညာခဲ့ပါ တယ်။

လယ်သမား အင်အား ၅၀၀ ကျော်ကို ရဲအင်အား ၃၀၀ လောက်က ပစ်ခတ်မယ် ဆိုတဲ့အကြောင်း ကို နေ့လည်ပိုင်း ကတည်းက သတိပေး ပြောကြားနေတာပါ။

ညနေပိုင်းမှာတော့ နှစ်ဘက် အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြောင်း လူနာတွေကို ကယ်ဆယ်ရေး လုပ်နေတဲ့ ပျိုးခင်းသစ် ဖောင်ဒေးရှင်း တည်ထောင်သူ ကိုထိုက်ထိုက် က အခုလို ပြောပါတယ်။

“ကျနော်တို့ ဆေးရုံကို အရပ်သား ၁၁ ယောက်၊ ရဲ ၂၉ ယောက် ရောက်လာတယ် လောလောဆယ်။ ရဲက ဘာဖြစ်လို့လဲဆိုတော့ ဒုတ်နဲ့ အရိုက်ခံရတယ်၊ တချို့ မျက်နှာတွေ ထိတယ်။ ရဲတယောက် ဆိုရင် ဒဏ်ရာ အခြေအနေ စိုးရိမ်ရလို့ ရန်ကုန်ဆေးရုံကို သယ်ဖို့ သူတို့ လုပ်နေကြပြီ။ အဲ့ဒီရွာမှာက ဒဏ်ရာရတဲ့သူတွေ ကျန်သေးတယ်။ တချို့က အဖမ်းခံရမှာ ကြောက်လို့ပေါ့နော် ပုန်းနေတယ် တဲ့။ ဖြစ်ကြပြီ၊ လူတွေ သေကြပြီလို့ ကြားလို့ ကျနော်တို့ သွားကြတာမှာ ကျနော်တို့က အခင်းဖြစ် ပွားပြီးမှ ရောက်သွားတာကိုး။ သေနတ်ဒဏ်ရာ ပြင်းတာဆိုလို့ ကျောကုန်း ပေါက်သွားတဲ့တယောက် တွေ့တယ်။ ပါးပေါက်သွားတဲ့ တယောက်တွေ့တယ်။”

၁၀မိုင်ခန့် ကွာဝေးတဲ့ မအူပင်ဆေးရုံကို လူနာ လာရောက် ပို့ဆောင်ခဲ့တဲ့ လယ်သမားကြီး တဦး ကတော့ ပြင်းထန်စွာ ဒဏ်ရာရသူ လယ်သမား ၅ ဦး ရှိတယ်လို့ ဆိုပါတယ်။

“၉ ယောက် ဒဏ်ရာရပါတယ်။ ပြင်းထန်ပါတယ်။ ကျည်ဆန်လည်း ထိသွားပါတယ်။ သူတို့ကို ပြည်သူ့ဆေးရုံကြီး ပို့ထားပါတယ်။ ကျနော်တို့ ရောက်တဲ့အချိန်ကတော့ မရပ်သေးဘူး။ အရေးပေါ်ကတော့ ၅ ယောက်လောက်ရှိတယ်။ ညနေ ၅ နာရီခွဲလောက်ကနေ စပြီးတော့ ဖြစ် တာပါ။ဆေးရုံပေါ်မှာက ၉ ယောက်၊ ရွာမှာ ကြံ့ဖွံ့က ၂ ယောက်လို့ ကြားတယ်။ သေဆုံးတယ်လို့ လည်း ပြောတယ်။ ကျနော်တို့က ရွာပြန်မရောက်သေးဘူး။ ဒီကိုလည်း အလောင်း မရောက်သေး ဘူး။ ကျနော်တို့ဘက်ကတော့ ကျနော်တို့ လိုချင်တဲ့ အတိုင်းအတာကို ဆက်လုပ်မှာပဲ။ သူတို့က ရဲအင်အား ၃၀၀ လောက်နဲ့ ကျနော်တို့ကို ၀ိုင်းထားတယ်။”

မအူးပင် မြို့နယ်ထဲက လူမှုရေး အသင်းအဖွဲ့တွေနဲ့ ရဲတွေ စုစည်းပြီး ဒဏ်ရာ ရသူတွေအတွက် ကယ်ဆယ် ကူညီရေးတွေ လုပ်ဆောင်နေတဲ့အကြောင်း ဒဏ်ရာရသူတွေ ဆက်ပြီး ရှိနေသေး
ကြောင်းတွေကိုလည်း ကိုထိုက်ထိုက် က ဆက်ပြောပြပါတယ်။

“လောလောဆယ် ကျနော်တို့ မအူပင်မှာရှိတဲ့ လူမှုရေးအသင်းတွေ အားလုံးက စုပေါင်းထားပြီးတော့ မအူပင် NGO Network ဆိုတာ ကျနော်တို့ လုပ်ထားတယ်လေ။ လုပ်ထားတော့ ကျနော်တို့ ဒီလူနာတွေနဲ့ ပတ်သက်ပြီးတော့ ရဲလည်း ပါတယ်ပေါ့။ ကျနော်တို့ အားလုံးအတွက် စားဖို့ သောက်ဖို့ရော အ၀တ်အစားရော၊ ရေရော ကျနော်တို့ စီစဉ်ပေးနေတယ်
ပေါ့နော် အခု။ ရွာမှာ လူနာ ကျန်နိုင်တယ်လို့ ဖုန်းဆက် ပြောတဲ့အတွက် ကျနော်တို့တွေ အခု လူ စုပြီးတော့ သွားပြီးတော့ လူနာရှိသေးလား သွားကြည့်ပြီးတော့ ကျနော်တို့ ဆေးရုံပို့ဖို့ ဆက်လုပ် မယ်ပေါ့။ ကျနော်တို့”

မအူပင်ခရိုင် မအူပင်မြို့နယ်ထဲက ပလောင်၊ ပသင်၊ အဒိတ်၊ ဇီးကုန်း လက်ပံကုန်း အပါအ၀င် ရွာ ၆ ရွာက လယ်မြေ ဧကပေါင်း ၁ ထောင်ကျော်ကို သိမ်းယူထားတာလို့ ဆိုပါတယ်။ လယ်သမားတွေ ဘက်ကတော့ မိမိတို့ လယ်မြေတွေ ပြန်ရရှိဖို့အတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မအူပင် ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

Ref: VOA News

Read More...

အပေါ်သို့