..............................

Friday, May 6, 2011

တို့တိုင်းပြည်

ဆရာဇော်ဂျီ




ထလော့မြန်မာ၊ အို မြန်မာတို့
တို့ရွာ တို့ပြည်၊ တို့ရွာမြေ၀ယ်
စေတီ စပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက် မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ တို့ပြည်၊ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ။ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့ မြန်မာ၊ မြန်မာ ထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။


(ယာစကာ = သူတောင်းစား)

Read More...

လေမဟုတ် အလုပ်နဲ့ ပြဖို့လို

လူထုစိန်ဝင်း
Monday, 02 May 2011

ခွင့်မပန်ဘဲ ရုတ်တရက် တစ်လလုံးလုံး စာရေးဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် စာဖတ် ပရိသတ်များကို တောင်းပန် ပါရစေ။ စိတ်စေတနာနဲ့ တစ်နယ် တစ်ကျေးက၊ နိုင်ငံရပ်ခြားက ဖုန်းဆက်ကြ စာရေးကြပြီး စုံစမ်း မေးမြန်း ကြသူများနဲ့ အိမ်အရောက်လာပြီး ကြည့်ရှုကြသူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဦးစွာပထမ ပြောကြား လိုက်ရပါစေ။

ပူလိုက်အေးလိုက်
အားလုံး စိတ်ပူကြတဲ့အတိုင်း နည်းနည်း နေထိုင်မကောင်း ဖြစ်သွားလို့ပါ။ ဒီနှစ် မတ်လက ရာသီဥတု တော်တော် ဖောက်ပြန်တယ်။ ပူလိုက် မိုးရွာချလိုက်၊ အေးချင် အေးလာလိုက်နဲ့ ခုတစ်မျိုး တော်ကြာတစ်မျိုး အစိုးမရ ဖြစ်ချင်တိုင်း ဖြစ်နေတာ။ အိန္ဒိယ သမုဒ္ဒရာထဲ မုန်တိုင်း ဖြစ်ပြီး မြန်မာပြည်ထဲ ၀င်မလိုလို သတင်းတွေကလည်း ဖြစ်နေသေးတယ်။ နောက်တော့ မတ်လထဲမှာ မြန်မာပြည်ကို မုန်တိုင်းဝင်တဲ့ ထုံးစံ မရှိဘူးလို့ ရဲရဲပြောခဲ့တဲ့ မိုးလေ၀သ ဦးထွန်းလွင်ရဲ့စကားမှန်လို့ တော်သွားတာပေါ့။ ဒါတောင် အယ်လ်နီညိုနဲ့ လာနီညာ ကလိတဲ့ ဒဏ်ကတော့ မလွတ်ဘူး။ လမ်းပေါ်မှာ တံလျပ်ငွေ့တွေ တလူလူပျံပြီး ကျောကော့အောင် ပူနွေးနေရာက ရုတ်တရက် လေတွေတိုက်ပြီး မိုးတွေ ရွာချင်ရွာချပြန်ရော၊ အပူ သက်သာသွားလို့ ၀မ်းသာမလို ဖြစ် ခါရှိသေး နောက်နေ့ မိုးလင်းတော့ ခြစ်ခြစ်တောက် လာပြန်ရော၊ အစိုးရတာ တစ်ခုမှ မရှိဘူး။ ဖောက်ပြန်ချင်တိုင်း ဖောက်ပြန် နေတော့တာပဲ။

ရောဂါသည်က သိတယ်
မတ်လကုန်ခါနီး တစ်ရက်ကတော့ တစ်သက်မှာ တစ်ခါမှ မကြုံဖူးတဲ့ ရာသီဥတု ဖောက်ပြန်မှု တစ်ခုကို တွေ့ရတယ်။ ထူးဆန်း အံ့သြဖွယ်လို့ ပြောရမလား၊ ပြောမယုံ ကြုံဖူးမှသိလို့ ပြောရမလား ဆိုတာတောင် မဝေခွဲ တတ်တော့ဘူး။ ထူးဆန်းတာတော့ ထူးဆန်းတယ်။ အဲဒီနေ့ကို လူကောင်းတွေ ကတော့ သတိ ပြုမိချင်မှ ပြုမိကြမယ်။ ရောဂါသည်ကတော့ ကောင်းကောင်း မှတ်မိနေတယ်။ အဲဒီနေ့က မိုးလင်း ကတည်းက ပူတာ လူကို ဟောဟဲ လိုက်နေတယ်။

နည်းနည်းလေး လှုပ်မိတာနဲ့ ငါးလိုပါးစပ် ဟပြီး ဖုတ်လှိုက် ဖုတ်လှိုက် အသက် ရှုနေရတယ်။ ထမင်း ၀ါးရတာတောင် မောတယ်။ ညနေစောင်းတော့ လေပြင်း တိုက်ပြီး မိုးတွေ ရွာချလိုက်တယ်။ မိုးက သိပ်များတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ တော်တော် အေးသွားလို့ ညဖက် စောင်ခြုံ အိပ်ရတယ်။

နွေမိုးဆောင်း တစ်ပေါင်းတည်း
မနက်ကျတော့ မိုးမရွာဘူး။ အုံ့ရုံပဲ အုံ့တယ်။ ဒါပေမဲ့ ဆောင်းလို ချမ်းနေတယ်။ တစ်နေ့လုံး မိုးအုံ့လိုက်၊ လေပြင်း တိုက်လိုက်နဲ့ စောင်ခွာလို့ မရဘူး။ မတ်လ နွေခေါင်ခေါင် နေ့လယ်ခင်းကြီးမှာ စောင်ခြုံပြီး ကွေးနေရတယ် ဆိုတာ ယုံနိုင်စရာ မရှိဘူး။ အညာသား တစ်ယောက် အနေနဲ့ ရန်ကုန် ဆောင်းရာသီ မှာတောင် နေ့လယ်ကြီး တစ်ခါမှ စောင်ခြုံ မကွေးခဲ့ဖူးဘူး။ အခုမှ ကြုံဖူးရတယ်။ သဘာဝ တရားရဲ့ ဆန်းကြယ်မှုတွေ အမျိုးမျိုး ကြားဖူး၊ ကြုံဖူးပါရဲ့။ နေ့ရဲ့ သင်္ကေတ နေမင်းကြီးနဲ့ ညရဲ့ သင်္ကေတ လမင်းကြီးတို့ ကောင်းကင်ထက်မှာ နှစ်ပါး ဆိုင်ပြီး အပြိုင် ထွက်နေတာ မြင်ဖူးပါတယ်။ နွေခေါင်ခေါင် မိုးကြိုးပစ်တာ ကြားဖူးသလို၊ ဆောင်းတွင်းကြီး မိုးရွာတာလည်း ကြုံဖူးတယ်။ ဒါပေမဲ့ မနေ့ကလို တစ်နေ့တည်းမှာ နွေမိုးဆောင်း သုံးရာသီ တစ်ပြိုင်တည်း ကျရောက်တာ မျိုးတော့ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကြုံဖူးဘူး။ ကြားလည်း မကြားဖူးဘူး။

တင်စားတာမဟုတ်
ဥတုသုံးမျိုး တစ်ပေါင်းတည်းကျတယ် ဆိုတာက သဘောလောက်သာ မဟုတ်ဘူး။ တင်စား ပြောတာ မဟုတ်ဘူး။ တကယ် ပီပြင်တာ။ နွေကနွေလို ခြစ်ခြစ်တောက် ပူသလို၊ မိုးကလည်း မိုးပီပီသသ အုံ့ဆိုင်း မှုန်မှိုင်းပြီး ရွာချတာ။ မိုးရပ် သွားတာတောင် အုံ့မှိုင်း နေတုန်းပဲ။ ချမ်းတဲ့ နေရာ ကျတော့လည်း ရန်ကုန် ဆောင်းနဲ့ မတူဘဲ အညာဆောင်းလို စောင်ခြုံထဲက မထွက်နိုင်တဲ့ အချမ်းမျိုး။ ထူးထွေ တည့်အံ့ရာသောဝ်လို့ ဆိုရမယ့် အခြေအနေပဲ။ နောက်နေ့ ရောက်တော့ ချမ်းတယ်ဆိုတာ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ချက်ချင်းပဲ ပူလာလိုက်တာ ကိုယ့်အသား ကိုယ်ထိရင်တောင် အငွေ့ ထွက်လာသလို ခံစားရတယ်။ ရာသီဥတုက လူတွေကို ကျီစားနေသလို အောက်မေ့မိတယ်။

ကျေးဇူးတင်ကြောင်းပြောချင်လို့
နွေမိုးဆောင်း တစ်ပေါင်းတည်းကျတဲ့ ဒဏ်ကို မကျန်းမာတဲ့ ခန္ဓာကိုယ်က မခံနိုင်ဘူး။ အသက်ရှု ကြပ်ပြီး မောလာတယ်။ ခါတိုင်းလို ရှုဆေး ရှုလိုက်တာနဲ့ သက်သာ မသွားဘူး။ ဗင်တိုလင် ရှုဆေးကို စက်နဲ့ မှုတ်သွင်းပြီး ရှုလည်း ခဏပဲ သက်သာသွားတယ်။ ပြီးတော့ ကြပ်မြဲကြပ်ပြီး မောမြဲ မောနေတော့တယ်။ နည်းနည်းလေးမှ အလှုပ်မခံတော့ ဆေးရုံလည်း မသွားနိုင်ဘူး။ အနီးကပ် စောင့်ရှောက် ပေးနေတဲ့ ဆရာလေးကိုပဲ အကြောင်းကြား ရတယ်။ ဆရာလေးရဲ့ ဂရုစိုက်မှုကြောင့် သေကောင် ပေါင်းလဲတော့ မဖြစ်လိုက်ဘူး။ ခံတော့ တော်တော် ခံလိုက်ရတယ်။ တစ်လလုံး စာမရေးဘဲ နားလိုက်တယ်။ အခုတော့ သက်သာလာပြီ ဖြစ်တာက တစ်ကြောင်း၊ စိတ်ပူကြတဲ့ စာဖတ် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောချင်တာက တစ်ကြောင်းကြောင့် ဒီစာကို ရေးလိုက်ရတာ ဖြစ်တယ်။

ကွန်ကရစ်ဖုန်းဆိုးတောကြီး
ရှိတုန်းက တန်ဖိုးမထားဘဲ မရှိတော့မှ အဖိုးတန်မှန်း သိတာ လူ့သဘာဝပဲ။ အညာသား ဖြစ်လို့ တော်ရုံ အပူလောက်ကို မမှုပါဘူး။ အခု ရောဂါ ရတော့မှ အပူကို ကြောက်ပြီး သစ်ရိပ် ၀ါးရိပ်တွေကို တမ်းတမိတယ်။ ဒါပေမဲ့ အချိန်က အများကြီးနှောင်း သွားပြီ။ ကျောင်းသား ဘ၀က နေပြောက် မတိုးတဲ့ ရန်ကုန်-မန္တလေး မီးရထားနဲ့ ကားလမ်း တစ်လျှောက်က ကျွန်းတောကြီးတွေ မရှိတော့ဘူး။ ၀ါဆိုပန်းခူး ထွက်ကြတဲ့၊ မင်္ဂလာဒုံနဲ့ ထောက်ကြန့် ဘက်က တောအုပ်တွေ ပျောက်ကွယ် သွားပြီ။ ည ၉ နာရီခွဲပွဲ ရုပ်ရှင်ကြည့်ပြီး အပြန် ပန်းဆိုးတန်း တစ်လျှောက်မှာ ကလေးတွေနဲ့ အလုအယက် ပန်းကောက် ခဲ့ကြတဲ့ ခရေပင်ကြီးတွေ မရှိတော့ဘူး။ စိမ်းညို့နေတဲ့ ခရေပင်ကြီးတွေ၊ မန်ကျည်းပင်ကြီးတွေနဲ့ ကုက္ကိုပင်ကြီးတွေ နေရာမှာ ခုတော့ ကွန်ကရစ် ဖုန်းဆိုး တောကြီးပဲ ရှိတော့တယ်။

တိုးတက်မှုနဲ့ ဆုတ်ယုတ်မှု
ဒါကိုပဲ မြို့ပြဖွံ့ဖြိုး တိုးတက်မှုလို့ ခေါ်နေကြသေးတယ်။ တိုးတက်မှုနဲ့ ဆုတ်ယုတ် ပျက်စီးမှုကို လူတွေ ခွဲခြား မသိကြဘူး။ ရောဂါရမှ သိကြရတယ် ဆိုရင် ဘယ်ကောင်းမှာလဲ။ အခု ဆယ်စုနှစ် တစ်ခုလောက် အတွင်းမှာ
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဆိုင်ရာ ပညာပေး လှုံ့ဆော်မှုတွေ တော်တော်လေး လုပ်ကိုင် လာကြတာ တွေ့ရလို့ စိတ်သက်သာ ရသေးတယ်။ အနယ်နယ် အရပ်ရပ်မှာ သစ်ပင်စိုက်တဲ့ သတင်းတွေလည်း ကြားသိ တွေ့မြင် နေရတယ်။ အခုစိုက်တဲ့ အပင်တွေ သစ်ပင်ကြီး ဖြစ်လာဖို့က ကိုးနှစ်၊ ဆယ်နှစ် အချိန် ယူရဦးမယ်။ လောလောဆယ် သက်တမ်း လေးငါးဆယ် ရှိနေတဲ့ သစ်ပင်ကြီးတွေကို ခုတ်လှဲခြင်း မပြုလုပ်ဖို့လည်း တားဆီး ကာကွယ်ဖို့ လိုပါတယ်။ လမ်းဖောက်လို့ အဆောက်အဦဆောက်လို့ ဆိုပြီး သက်တမ်းရင့် သစ်ပင်ကြီးတွေကို လက်လွတ်စပယ် ခုတ်လှဲခြင်း မပြုဖို့ လိုပါတယ်။

သက်သေပြပါ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့၊ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးတို့၊ သစ်ပင် စိုက်ရေးတို့ လှုံ့ဆော် ဟောပြောနေကြတာ အလွန်ကောင်းတယ်။ လက်တွေ့ များများ စိုက်ကြရင် ပိုကောင်းတယ်။ အခုတော့ အစိုက်နဲ့ အခုတ် တစ်ဖက်စောင်းနင်း ဖြစ်နေတယ်လို့ ထင်တယ်။ များများစိုက်ပြီး နည်းနည်းပဲ ခုတ်ကြပါလို့ တောင်းပန် ချင်တယ်။ ဖုန်းဆိုးတော ဖြစ်ပြီးမှ အိုအေစစ် ပြန်ဖြစ်အောင် လုပ်ဖို့ မလွယ်ပါဘူး။ Action speak louder than word အပြောထက် လက်တွေ့က ပို အရေးကြီးတယ် ဆိုတဲ့ စကားအတိုင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စကို လေမဟုတ် အလုပ်နဲ့ သက်သေပြကြပါလို့ နှိုးဆော် လိုက်ရပါတယ်။

Ref: EMG News

Read More...

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ သွားမည်

ရန်ပိုင်
Thursday, 05 May 2011

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ယခုလအတွင်း တရုတ် နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဟု စစ်ဘက် အသိုင်းအ၀န်းမှ သိရသည်။

ယခုခရီးစဉ်သည် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပြောင်းလဲ တာဝန်ယူပြီး နောက် ပထမဆုံး ခရီးစဉ်ဖြစ်ပြီး နယ်စပ် ဒေသတွင် ဖြစ်ပွားနေသည့် တိုင်းရင်းသား အရေးကိစ္စများကို ဆွေးနွေးလိမ့်မည်ဟု စစ်ဘက် အသိုင်းအ၀န်းနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက ဆက်လက်၍ “ဦးစီးချုပ်အသစ် တယောက်အနေနဲ့ အစဉ်အလာအရ သွားတာအပြင် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ကိစ္စတွေလည်း ဆွေးနွေးလိမ့်မယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လကုန်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သို့ လွှဲပြောင်း ပေးခဲ့သည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အတူ တရုတ် နိုင်ငံသို့ သွားရောက် ခဲ့သေးသည်။

ကာကွယ်ရေး ဦးစီးချုပ်အသစ်၏ တရုတ်နိုင်ငံသို့ သွားရောက်မည့်ခရီးစဉ် ထွက်ပေါ်လာချိန်သည် နယ်စပ် ဒေသရှိ ‘၀’ ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA )၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလား အဖွဲ့များနှင့် နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး တင်းမာမှုများ ရှိနေပြီး ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA – N) နှင့် တိုက်ပွားများ ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ အရေးနှင့် ပတ်သက်လျှင် သဘောထား တင်းမာသူ တဦး အဖြစ် တပ်အတွင်း သတင်းများအရ သိရပြီး ကစထမှူးအဖြစ် တရုတ်နယ်စပ်တွင် တာဝန်ယူစဉ် ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်းက ကိုးကန့် အပစ်ရပ် အဖွဲ့ (MNDAA) ကို တိုက်ခိုက်ပြီး ခေါင်းဆောင် ဖုန်ကျားရှင်ကို ဖြုတ်ချခဲ့သည်။

မကြာသေးမီက အာဏာလွှဲပြောင်းရယူခဲ့သည့် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် ကလည်း ပြည်ထောင်စု အစိုးရ၏ အာဏာစက်သည် နယ်စပ် အစွန် အဖျားထိ ရောက်ရှိရန် အရေးကြီးကြောင်း၊ သို့မှသာ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးတို့ ပီပြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြီးခဲ့သည့်လ ၂၃ ရက်နေ့က ပြုလုပ်သည် အစိုးရ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

သို့သော် လေ့လာသူများ အဆိုအရ သမ္မတသစ် ဦးသိန်းစိန် အစိုးရသည် မြန်မာနိုင်ငံရေးတွင် အဓိကျသည့် ပြဿနာ တခု ဖြစ်သည့် တိုင်းရင်းသားများ အရေးနှင့် ပတ်သက်၍ ဆွေးနွေးအဖြေရှာရန် လိုလားခြင်း မရှိဘဲ လက်နက်ဖြင့် ဖြေရှင်းမည်ဟု ထင်မြင်ကြောင်း ပြောဆိုသည်။

အပြန်အလှန်အားဖြင့် တရုတ်စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်သည်လည်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဟု သိရသည်။

Ref: ဧရာဝတီ်

Read More...

မိုးပေါ်မှာ ကမ္ဘာ့ကြီးရဲ့ အင်တာနက် ရှိတယ်၊ မြန်မာပြည်မှာတော့ မြေလျှောက်တဲ့ မြန်မာ့ အင်တာနက် ရှိတယ်

ဦးဝင်းတင်နဲ့ မေးခွန်းများ
မေ ၅၊ ၂၀၁၁

ဒီတပတ်ဆရာဦးဝင်းတင်နဲ့ တွေ့တဲ့ဆီမှာ မြန်မာပြည်ရဲ့ စာနယ်ဇင်း၊ မီဒီယာနဲ့ အင်တာနက် လွတ်လပ်ခွင့် အခြေအနေကို ပြောဖြစ်ပါတယ်။ နိုင်ငံတကာက စာနယ်ဇင်း လွတ်လပ်ခွင့်၊ အင်တာနက် လှုပ်ရှားခွင့်တွေ အကြောင်း ပြောဆိုနေချိန်၊ ကမ္ဘာနိုင်ငံအသီးသီးမှာ နိုင်ငံသားတွေ ကိုယ်တိုင်က အုပ်ချူပ်သူတွေ၊ အရင်းရှင်ကြီးတွေ၊ အာဏာရှင်တွေ လက်ထဲက မိမိတို့ရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေကို ပြန်လည် ရယူ၊ တိုက်ယူနေချိန်မှာ မြန်မာပြည် ကလည်း အမည်မဖော်တဲ့ ဘလော့ဂါတွေ၊ စီတီဇင် ဂျာနယ်လစ်တွေ ကလည်း မြန်မာ့ အရေးနဲ့ လွတ်လပ်ခွင့်တွေကို ထုတ်ဖော်နေကြတယ်၊ ပြောဆိုနေကြတယ်။ လှုပ်ရှားမှုတွေ၊ လှုံဆော် စည်းရုံးမှုတွေ လုပ်နေကြပါတယ်။

ပထမဆုံးမေးချင်တာက ပင်မ ရေစီးစာနယ်ဇင်း တွေကို စစ်အုပ်စုက ထိန်းချူပ် ထားမြဲ ဖြစ်တော့ မြန်မာ ပရိသတ်နဲ့ စာနယ်ဇင်း သမားတွေ၊ မျိုးဆက် ဟောင်း/သစ် လှုပ်ရှားသူတွေ အတွက် “တဖက်တလမ်း စာနယ်ဇင်းမျက်နှာစာ” ဆိုတာ အင်တာနက်မီဒီယံ ဖြစ်လာသလား ဆိုတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ကျနော့်အနေနဲ့ ကတော့ အင်တာနက်တွေ ဘာတွေလည်း ကိုယ်တိုင်ကိုယ်ကျ မသုံးဖူးဘူး၊ မြင်လည်း မမြင်ဖူးပါဘူး။ သူများ အပြောနဲ့ အကြားနဲ့ပဲ သိတဲ့သူပါဗျာ။ ဒါပေမယ့် ကျနော်တို့ ပတ်ဝန်းကျင်မှာ မြို့တွေ နယ်တွေမှာ ရေဒီယိုတွေကနေ သတင်းတွေ စာတွေ နားထောင် နေကြတာ အပြင် အင်တာနက်က သတင်းတွေ၊ စာတွေ လက်ဆင့် ကမ်းနေကြတာတွေ၊ ဖတ်နေကြ တာတွေကို တွေ့မြင် နေရတော့ အဲသည်လို ပြောနိုင်ပါတယ်။ မြန်မာပြည်တွင်းက စာနယ်ဇင်းတွေမှာ လွတ်လပ်မှုတွေ မရှိဘူး၊ ချုပ်ချယ် ဖိနှိပ်မှုတွေ ရှိနေသမျှမှာ ခင်ဗျားတို့ရဲ့ ဘလော့ဂ်တွေ၊ ဖေ့စ်ဘွတ်တွေ၊ တွစ်တာတွေ၊ အီးမေးတွေနဲ့ သတင်းပို့တာ၊ အတွေးအမြင်တွေ ဖော်ထုတ်တာ တွေဟာ မြန်မာ ပရိသတ် အတွက် “တဖက်တလမ်း စာနယ်ဇင်း”တွေ ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒီလိုမျိုး မြန်မာပြည်တွင်း ပြည်ပက အင်တာနက် မီဒီယံက ခရီးရောက်မှုနဲ့ နိုင်ငံတကာက အင်တာနက် စာနယ်ဇင်း၊ စီတီဇင် ဂျာနယ်လစ်တွေနဲ့ ဘယ်လို ဆက်စပ် သင့်တယ် ထင်သလဲ ဆရာ။

မြန်မာ ပြည်တွင်း ပြည်ပက မြန်မာဘလော့ဂါတွေ၊ မြန်မာ အင်တာနက် သမားတွေ၊ စီတင်ဇင် ဂျာနယ်လစ် တွေဟာ မိတ်ဆွေတွေ၊ ကွန်ယက်တွေ အဖြစ်နဲ့ သတင်းတွေ၊ နည်းပညာတွေ မျှဝေကြတယ်၊ သတင်း ပို့ကြတယ်။ ဒါတွေကို ပြည်ပ ရေဒီယိုတွေ၊ ပြည်ပ မြန်မာ ၀က်ဆိုက်တွေက စောင့်ကြည့်ပြီး၊ နားစွင့်ပြီး သတင်း လိုက်ကြတယ်၊ သတင်း ပြန်ပို့ကြတယ်၊ ပြည်သူတွေ ဆီကို လက်ဆင့်ကမ်း ရောက်ရှိတယ်။ ဒီလိုမျိုးနဲ့ ဖြန့်ချိတယ်လို့ ကျနော်တို့က မြင်ပါတယ်။ အဲသည် ကွန်ယက်ကနေ အခြား နိုင်ငံတကာ ဘလော့ဂါတွေ၊ နိုင်ငံတကာ အင်တာနက် သမားတွေ၊ စီတင်ဇင် ဂျာနယ်လစ်တွေနဲ့ ချဲ့ထွင်ဖို့ လိုတယ်။ ဘာသာ စကားအရ ကျနော်တို့က မြန်မာလိုပဲ ရေးသား ဖြန့်ချိ တင်ပြနေသလို၊ သူတို့တွေကလည်း သူတို့ ဘာသာစကားနဲ့ လှုပ်ရှား နေကြတာ ဖြစ်သော်လည်း သူတို့ ကွန်ယက်တွေနဲ့ ကျနော်တို့ ကွန်ယက်တွေ ထိစပ်မှု ရှိလာရင် သတင်း ဖြန့်ကျက်မှု၊ အသိပညာ မျှဝေမှုတွေ တိုးတက်လာမယ်။ ကျနော်တို့တွေရဲ့ လှုပ်ရှားမှုတွေကို သူတို့က ၀န်းရံသလို သူတို့ လှုပ်ရှားမှု တွေကိုလည်း ကျနော်တို့တွေ ဖက်ကလည်း ၀ိုင်းဝန်းလို့ ရမယ်။ ဒီလိုမျိုး မြင်ပါတယ်။

ကျနော်တို့ဆီက ဘလော့ဂါတွေ၊ ဖေ့ဘွတ်မိတ်ဆွေတွေ၊ အီးမေး ဖြန့်ချိသူတွေကို သူတို့က ဘယ်လိုမျိုး သိနေမှာလဲ၊ ဆက်စပ် ချဲ့ထွင်လို့ ရမှာလဲ ဆရာ။

ခင်ဗျားတို့ကိုယ်တိုင်က နမူနာပဲလို့ ပြောချင်ပါတယ်။ မိုးမခဆိုတာ ဘလော့ဂ်တွေ၊ ဖေ့ဘွတ်တွေ၊ အီးမေးတွေကနေ လာတာပဲ မဟုတ်လား။ ခင်ဗျားတို့ကို ဘလော့ဂါတွေလို သဘောထားပြီး ကျနော်တို့က လက်ခံ နေကြတာပဲလေ။ ခင်ဗျားတို့ ဆီမှာလည်း ပြည်တွင်းပြည်ပ မိတ်ဆွေတွေကို စာရင်းတွေ လုပ်ထား၊ နိုင်ငံတကာက မေးလာရင်လည်း ညွှန်းဆို ပေးတာမျိုးတွေ လုပ်ပါ။ အခု ပြည်ပ ရေဒီယိုတွေမှာ ဘလော့ဂါတွေရဲ့ အသံတွေ၊ အကြောင်းတွေ ပြောဆိုနေတာတွေ ရှိတယ် မဟုတ်လား။ မိတ်ဆက်ကြပါ။ ဒါဆိုရင် တခုခုဆိုရင် ပြည်ပက ပင်မမီဒီယာကြီးတွေက ဘယ်သူတွေ ဘယ်ဘလော့ဂ်တွေ ဘယ်ဟာတွေကို စောင့်ကြည့်ရမယ်၊ ဆက်သွယ်ပြီး မေးမြန်းရမယ် ဆိုတာကို သိလာမယ် ထင်ပါတယ်။

မြန်မာပြည်က အင်တာနက် စာနယ်ဇင်းသမားတွေ မျိုးဆက်တွေက ဒီလောက် နှေးကွေးတဲ့ အင်တာနက်၊ ဒီလောက် ဈေးကြီးတဲ့ အင်တာနက်၊ စစ်အုပ်စု ကိုယ်တိုင်က နည်းမျိုးစုံနဲ့ ဖိနှိပ် ကန့်သတ် နှိမ်နင်းနေတဲ့ အင်တာနက်ကို သုံးပြီး သတင်းတွေ၊ စာတွေ ပို့နေတယ်၊ သတင်းတွေ စာတွေ ရယူ ဖတ်ရှုနေတယ် ဆိုတာ နိုင်ငံတကာက အမြန်နှုန်းတွေ၊ အခြေအနေတွေ၊ ဈေးနှုန်းတွေနဲ့ နှိုင်းစာလိုက်ရင် အတော်ကို ကြီးမားတဲ့ စွန့်စားမှုဖြစ်တယ်၊ ရဲရင့်မှုဖြစ်တယ်လို့ ပြောလို့ ရတာပေါ့ ဆရာ။

ဟုတ်ပါတယ်။ ကျနော်ကိုယ်တိုင်က မျက်စိလည်း မကောင်းဘူး၊ အသက်ကလည်း ကြီးပြီဆိုတော့ စာလုံးလေး တွေကို မဖတ်နိုင်ဘူး၊ ဘယ်က ဘယ်လို လုပ်ပြီး ဖတ်ရတယ်၊ လုပ်ရတယ်လဲ မသိဘူး။ ဒါပေမယ့် ကျနော့် ပတ်ဝန်းကျင်မှာ လူကြီး လူငယ်တွေ၊ ကျနော်တို့ ကွန်ယက်တွေ ထဲက သူတွေမှာ ဒါကို ဂရုတစိုက်နဲ့ လုပ်နေတယ်၊ ဖတ်ရှုတယ်၊ မျှဝေကြတာကို တွေ့နေရတယ်။ အဖမ်းခံရ သူတွေထဲမှာ အစောဆုံး တဦးဖြစ်တဲ့ ဘလော့ဂါ ကိုနေဘုန်းလတ် ဆိုတာ အခုဆို ရပ်ဝေးထောင်မှာ နှစ်ရှည် ကျခံနေရတယ်။ ဒါပေမယ့် လူငယ်တွေ လူကြီးတွေ အားလုံးက နောက်တွန့်သွားတယ် မရှိဘူး၊ သူတို့ သတင်းတွေ စာတွေကို နေ့စဉ် ဖတ်နေရတာပဲ။ ဖြစ်တဲ့နည်းနဲ့ အရောက်ပို့တယ်၊ ဖြစ်တဲ့နည်းနဲ့ ပြည်တွင်းကို အရောက်ပြန်လာတယ်၊ ဖြန့်တယ်။ ကျနော် မြင်နေရတာပဲ။ အီးမေးတွေက ရတဲ့ စာတွေ သတင်းတွေကို ပရင့် ထုတ်လာပြီးတော့ လက်ဆင့်ကမ်း နေကြတာ။ ကျနော်လည်း သူတို့တွေကို အားပေးတယ်၊ ဂုဏ်ယူတယ်။ ကျနော်က သူတို့ကို ကျနော့်ရှိတဲ့ ငွေလေးနဲ့ မုန့်ဖိုးဖြစ်ဖြစ် တခုခု ပြန်ပေးတယ်။ သူတို့ကို ကျနော်တို့က ကျေးဇူးတင်တဲ့ သဘောပေါ့ဗျာ။ တခါတခါ တွေ့လိုက်ရရင် ပရင့် ထုတ်ထားတာ စာမျက်နှာ ၃၀၊ ၄၀ ရှိတယ်။

ဆိုတော့ ကဗျာဆန်ဆန် ပြောရရင် စွန်လွှတ်လိုက်သလိုပေါ့ဆရာ၊ မိုးကောင်းကင် အကျယ်ကြီးထဲကို စွန်လွှတ် လိုက်တယ်။ စွန်က လွှင့်သွား လိုက်တာ မိုးပေါ်မှာ ပြန်မမြင်ရတော့ဘူး။ ဘယ်ကို ရောက်သွားမှန်းတောင် မသိရဘူး။ သို့သော်လည်း သည်စွန်လေး တွေကို မြေကြီးပေါ်မှာ ပြန်ရောက်နေတာ၊ သွားလာနေတာ ပြန်တွေ့ရတယ်။ အဲသည်လိုမျိုး ပြောလို့ရမလား။

အေးပေါ့။ မင်းတို့ အင်တာနက်ဆိုတာက ကျနော်တို့ အလှမ်းမမီတဲ့ မိုးပေါ်လို့ပဲ ပြောကြပါစို့ကွာ။ ကျနော်တို့ ကိုယ်တိုင် မော့ကြည့် မျှော်ကြည့်လို့ မြင်ရတယ် မရှိပါဘူး။ သို့သော် အင်တာနယ်စာနယ်ဇင်း မျိုးဆက်တွေ လွှင့်တင်လိုက်တဲ့ မိုးပေါ်က သတင်းတွေ စာတွေ ဆိုတာက မြေကြီးပေါ်ကို နည်းအမျိုးမျိုးနဲ့ ပြန်ရောက်လာတယ်။ ကျနော်တို့ဆီမှာ မြေလျှောက် အင်တာနက်တွေ ရှိတယ်။ ပရင့်အောက်တွေထုတ်၊ လက်ဆင့်ကမ်းပြီး ဖြန့်ကြ၊ ဖတ်ကြတာတွေ ရှိတယ်။ ဒါတွေဟာ ကျနော်တို့ နေ့စဉ် ဘ၀တွေမှာ လည်ပတ် နေတယ်လို့ ပြောလို့ရတယ်။

ဆရာကိုယ်တိုင်ကော မြေလျှောက် အင်တာနက်စာတွေ ပြန်ဖတ်ရတာ၊ ကြားသိရ တာတွေကို ပြန်ပြောပြ နိုင်မလား။

မနှစ်က ခင်ဗျားတို့ မိုးမခက ဟုတ်လား၊ ကျနော်နဲ့ အင်တာဗျူးတွေကို စုပြီး အီးဘုတ် လုပ်တယ်လို့ ဆိုတယ်။ ကျနော်လည်း ဘာမှ မရဘူး။ သို့သော် ၁ ရက် ၂ ရက်လောက် အတွင်းမှာ ရန်ကုန်မှာ အဲသည် အီးဘုတ်ကို ပရင့်ထုတ်ပြီး စာအုပ်ချုပ်ပြီး ဖြန့်ကြတယ်၊ ရောင်းတောင် ရောင်းတယ်။ ကျနော်တောင်မှ တအုပ်ကို ကျပ် ၁ ထောင်လား နဲ့ ပြန်ဝယ် ဖတ်ရတယ်။ နောက်ပိုင်း တချို့ အင်တာနက်က စာတွေ ပြန့်တယ်၊ ဖြန့်တယ်၊ ကျနော်တို့ကို ဝေဖန်တဲ့ စာတွေ ပြန်ဖတ်ရတယ်။ ပြည်တွင်းကနေ ဝေဖန်တာ၊ ပြည်ပကနေ ဝေဖန်တာတွေ ကျနော်တို့ ပြန်ကြားတယ်၊ ဖတ်ရတယ်။ ဒါတွေ အများကြီးရှိတယ်။ အစိုးရဆီက စာတွေ ဘာတွေ ပရင့်ထုတ်ပြီး လက်ဆင့်ကမ်း ဖတ်ကြတာတွေ ရှိတယ်။ တခါတခါ လာလိုက်ရင် စာမျက်နှာတွေက အထူကြီးတွေ။ ဒီလိုမျိုး မြေလျှောက် အင်တာနက်တွေ မြန်မာပြည် အနှံ့မှာ ရှိတယ်။ နယ်က လူတွေ လာတယ်နော်၊ သူတို့ဆီမှာ ဒါတွေ လက်ထဲမှာ ပါလာတယ်။ သူတို့ဆီမှာလည်း ပြန့်နေ ဖြန့်နေတာပဲ။ ဒါကြောင့် တဖက်တလမ်း စာနယ်ဇင်း စာမျက်နှာတွေကို မြန်မာပြည်သူတွေ ကိုယ်တိုင်က အားပေးတယ်၊ ကိုယ်ထူကိုယ်ထ စာနယ်ဇင်းစနစ်သစ် လို့တောင် ပြောရင်ရမယ်။

ဆရာတို့ဆီက အင်န်အယ်ဒီ ပါတီဝင်တွေ ကိုယ်တိုင်က သတင်းပြန်ကြားရေး တွေမှာ အဲသည် နည်းစနစ်တွေကို ကျယ်ကျယ် ပြန့်ပြန့် သုံးပြီလား၊ ဘယ်သူတွေက ပိုပြီး သုံးကြတာတွေ့သလဲ ဆရာ။

ကျနော် မြင်သလောက် ပြောရရင် ၈၈ မျိုးဆက်တွေ၊ ကွန်ယက်နဲ့ မိတ်ဆွေတွေထဲက လူကြီး၊ လူငယ်တွေ၊ မျိုးဆက်သစ် တွေက ပိုပြီး သုံးကြတာကို တွေ့ရပါတယ်။ မီဒီယာက သူတွေလည်း အတော် နီးစပ်ကြတာ တွေ့ရပါတယ်။ လူငယ်တွေက ပိုပြီး ရင်းနှီး ကျွမ်းဝင်ကြတာကို တွေ့ရတယ်။ ကျနော်တို့ တတွေဆီမှာက စစ်အုပ်စုက အနီးကပ် စောင့်ကြည့်နေတာတွေ၊ ကန့်သတ် တားဆီး တာတွေက မသိမသာကော၊ သိသိသာသာကော ရှိနေတော့ အများစုထက် စာရင်တော့ ကျနော်တို့က နဲနဲလှမ်းတယ်လို့ ပြောရမယ်။ အခုဆို ကျနော် ကိုယ်တိုင်က နေစရာ မရှိဘူးလေ။ အမျိုးတွေ မိသားစုတွေ အိမ်မှာ လှည့်ပြီး ဧည့်စာရင်း တိုင်ပြီး နေရတယ်။ ရှိတဲ့ ဖုန်းဆိုတာကလည်း ပြောလို့ရလိုက်၊ ပြောလို့ မရလိုက်နဲ့။ ဘာတွေ ဖြစ်နေတယ် မသိဘူး။ ကျနော်တို့ ပြန်ကြားရေးက အမြဲ ကြည့်လုပ်ပေး နေရတယ်။ အခု ဖုန်းတွေထဲမှာ အင်တာနက် ထည့်ထားတယ် လို့သာ ပြောတာ ကျနော် ကိုယ်တိုင်လည်း ဘယ်လို ဖွင့်ကြည့်ရမှန်း မသိဘူး။ ဖွင့်မရပြန်ရင်လည်း ဒါက အစိုးရက ပိတ်ထားလို့လား၊ ကိုယ်တိုင် မလုပ်တတ်လို့လား ဘယ်လို ခွဲခြားရမှန်း မသိဘူး။ ကိုယ် မလုပ်တတ်တာနဲ့ လက်လှမ်း မမီတာနဲ့တော့ စီတီဇင် ဂျာနယ်လစ်တွေရဲ့ အလုပ်တွေ ခရီးရောက်တာ ထိရောက်တာတွေကို ငြင်းပယ်နေလို့တော့ မရဘူးပေါ့။ အဖက်ဖက်က လှုံ့ဆော်မှုတွေ ဖြန့်ချိမှုတွေ ရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ဆရာအနေနဲ့ ပြောရမယ်ဆိုရင်ပေါ့လေ၊ မြန်မာပြည်အတွက် အင်တာနက်မီဒီယာကို ဒီလောက် ပိတ်ဆို့ တားဆီး ပိတ်ပင်ထားတဲ့ ကြားထဲက မြန်မာပြည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး အတွက် မျှော်လင့်ချက်လို့ မြင်သလား။

မြင်ပါတယ်။ မျိုးဆက်တွေ အားလုံး၊ လူငယ် လူကြီးတွေ အားလုံးအတွက် သတင်း၊ စာနယ်ဇင်း ပြတင်းပေါက် ဖြစ်ရုံတင် သာမကဘူး၊ နေ့စဉ် လူမှုဘ၀တွေ အတွက် ဗဟုသုတတွေ၊ ပညာရေးတွေ နည်းပညာ လေ့လာ သင်ယူစရာ၊ နိုင်ငံတကာက မိတ်ဆွေ အင်တာနက် မျိုးဆက်တွေနဲ့ ချိတ်ဆက် ဖြန့်ကျက်စရာ တခါးပေါက်အဖြစ် မြင်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။

Ref: မိုးမခ

Read More...

မြန်မာနိုင်ငံ တိုးတက်မှု အင်ဒိုနီးရှားကို သမ္မတ ဦးသိန်းစိန် ရှင်းပြ

ကြာသပတေး, 05 မေ 2011

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ရောက်ရှိနေပြီး အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) နဲ့ တွေ့ဆုံခဲ့ပါတယ်။ မတ်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ သမ္မတရာထူး စတင် ရယူခဲ့ ကတည်းက သမ္မတ ဦးသိန်းစိန် ဒါဟာ ပထမဆုံး နိုင်ငံခြား ခရီးစဉ် ဖြစ်ပါတယ်။

မြန်မာနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့၊ အင်ဒိုနီးရှား စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ အပါအ၀င် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။

အင်ဒိုနီးရှား သမ္မတ အိမ်တော်မှာ တွေ့ဆုံကြတဲ့ပွဲမှာ ဘာတွေ ဆွေးနွေး ပြောကြားခဲ့သလဲ ဆိုတာကို အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natalegawa) က အင်ဒိုနီးရှား ဘာသာစကားနဲ့ အခုလို ပြောပြခဲ့ပါတယ်။

“ခေါင်းဆောင် ၂ ယောက် တွေ့ဆုံပွဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံထဲက တိုးတက်မှု အခြေအနေ တချို့ကို ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းပြမြေပုံအတိုင်း တိုးတက်မှု ဘာတွေရှိခဲ့တယ် ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။”

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးမှုတွေထဲမှာ လုံခြုံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေမှာလည်း ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက် ကြဖို့တွေလည်း ပါဝင်တယ်လို့ အင်ဒိုနီးရှား သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ဂျကာတာပို့စ် သတင်းစာကို ပြောကြားခဲ့ပါတယ်။

အာဆီယံ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံနဲ့ စတုတ္ထ အများဆုံး ကုန်သွယ်မှု လုပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အင်ဒိုနီးရှား ကုန်ပစ္စည်း ဒေါ်လာ သန်း ၁၃၀ ကျော်ဖိုးကို မြန်မာနိုင်ငံကို တင်ပို့နေသလို မြန်မာဘက်ကလည်း အင်ဒိုနီးရှားကို ဒေါ်လာ ၃၆ သန်းဖိုး တင်ပို့နေတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ စနေ၊ တနင်္ဂနွေမှာ ကျင်းပမယ့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကိုလည်း တက်ရောက်ဖို့ ရှိပြီး မြန်မာနိုင်ငံကို အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ပေးအပ်ဖို့ ဖြစ်နိုင်ခြေတွေကိုတော့ အာဆီယံ ၀န်ကြီးများ ဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အိုဘားမား နယူးယောက်ခ် Ground Zero မှာ လွမ်းသူ့ပန်းခွေချ

Kent Klein's Report in Burmese
ကြာသပတေး, 05 မေ 2011

အမေရိကန် အထူးတပ်ဖွဲ့တွေက အယ်လ်ခိုင်းဒါး (al-Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို အသေ ဖမ်းမိခဲ့ပြီး ၄ ရက်အကြာမှာ သမ္မတ အိုဘားမား (Barack Obama) ဟာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ သူတွေကို အမှတ်တရ ဂုဏ်ပြုတဲ့ အနေနဲ့ နယူးယောက်ခ်မြို့ကို သွားရောက် ခဲ့ပါတယ်။ အရင်တုန်းက World Trade Center မိုးမျှော် တိုက်ညီနောင်ကြီး တည်ရှိခဲ့ရာ အခု Ground Zero လို့ ခေါ်ကြတဲ့ မြေပြင် သက်သက်သာ ကျန်ရစ်တဲ့ နေရာကို မစ္စတာ အိုဘားမားဟာ သမ္မတ တဦး အနေနဲ့ ပထမဆုံး သွားရောက် ခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ကန့်တ် ကလိုင်း (Kent Klein) အိမ်ဖြူတော်ကနေ သတင်း ပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြ ပေးထားပါတယ်။

World Trade Center မိုးမျှော် ညီနောင် အဆောက်အဦးကြီး ပြိုကျပျက်စီးပြီး ၁၀ နှစ်နီးပါး အကြာမှာ သမ္မတ အိုဘားမား အဲဒီနေရာကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ သေဆုံးခဲ့ရတဲ့ အရေးပေါ် ကယ်ဆယ်ရေး ၀န်ထမ်းတွေရဲ့ မိသားစုတွေ၊ World Trade Center မှာ ရှိနေခဲ့ကြလို့ သေဆုံးခဲ့ကြရ သူတွေရဲ့ မိသားစုတွေကို သမ္မတ အိုဘားမား အားပေး နှုတ်ဆက်ခဲ့ပါတယ်။

အိုစမာ ဘင်လာဒင်ရဲ့ အယ်လ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့က အမေရိကန် ခရီးသည်တင် လေယာဉ်တွေကို အပိုင်စီးပြီး အထပ်ပေါင်း ၁၁၀ ရှိတဲ့ World Trade Center မိုးမျှော် ညီနောင် အဆောက်အဦးကြီး ၂ ခုကို ၀င်တိုက်ခဲ့လို့ ပြားပြားဝပ် ပြိုကျ ပျက်စီးခဲ့ရပါတယ်။ အဲဒီ မိုးမျှော် တိုက်ညီနောင်ရှိတဲ့ နေရာမှာ အခု မြေပြင်သာ ကျန်တော့တဲ့အတွက် Ground Zero သုံညမြေပြင်ရယ်လို့ ခေါ်ဝေါ် နေကြတာ ဖြစ်ပါတယ်။

သမ္မတက အဲဒီ Ground Zero နေရာကို မသွားမီ နယူးယောက်ခ်မြို့ မင်ဟက်တန်မြို့က မီးသတ်သမား ၁၅ ယောက်စလုံး စက်တင်ဘာ ၁၁ ရက်နေ့က အရေးပေါ် ကယ်ဆယ်ရင်း သေဆုံး ခဲ့ရတဲ့ မီးသတ်ဌာနကို အရင်ဆုံး သွားခဲ့ပါတယ်။ အဲဒီ မီးသတ်စခန်း နံရံ တခုလုံးမှာ သေဆုံးခဲ့ရသူ အာဇာနည် မီးသတ် သမားတွေရဲ့ ဓာတ်ပုံတွေ၊ သူတို့ မိသားစုတွေရဲ့ မှတ်တမ်း အမှာ စကားတွေ အပြည့် ကပ်ထားတာကို သမ္မတ အိုဘားမားက သေသေချာချာ ကြည့်ရှုခဲ့ပါတယ်။ အဲဒီ မီးသတ်စခန်းမှာပဲ မီးသတ် သမားတွေနဲ့ အတူ သမ္မတ အိုဘားမား နေ့လယ်စာ စားသုံးရင်း သူတို့ဟာ နေ့စဉ်နဲ့အမျှ သူရဲကောင်းတွေ ပါပဲလို့ ချီးမွမ်း လိုက်ပါတယ်။

အိုစမာ ဘင်လာဒင် သေဆုံးမှုဟာ ၂၀၀၁ ခုနှစ်က သေဆုံးခဲ့ရတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက် ရဲဘော် ရဲဘက်တွေ အတွက် စိတ်ပြေရာ ပြေကြောင်း ဖြစ်စေ လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း သမ္မတ အိုဘားမားက အခုလို ပြောပါတယ်။

“တနင်္ဂနွေနေ့က ရခဲ့တဲ့ အောင်မြင်မှုဟာ သတ္တိရှိတဲ့ ကျနော်တို့ စစ်တပ်နဲ့ ထူးချွန် ပြောင်မြောက်တဲ့ ကျနော်တို့ ထောက်လှမ်းရေး အဖွဲ့တွေရဲ့ စွမ်းဆောင်မှုတွေ ကြောင့်ပါပဲ။ ကျနော်တို့က ဘယ်တော့မှ မေ့မပစ်ပါဘူးလို့ ပြောခဲ့သလို တကယ်လက်တွေ့ အကောင်အထည် ဖော်ပြနိုင်တယ် ဆိုတာကို အမေရိကန် ပြည်တွင်းမှာ သာမက တကမ္ဘာလုံးကိုပါ အမှာစကား ပါးလိုက်တာလည်း ဖြစ်ပါတယ်။”

သမ္မတ အိုဘားမားက နယူးယောက်ခ် မီးသတ်စခန်းကို အခုလို သွားရောက် အားပေးခဲ့တာဟာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်က အသက် စွန့်လွှတ်ခဲ့ကြတဲ့ အရေးပေါ် မီးသတ်သမားတွေကို စာနာမှုနဲ့ ဂုဏ်ယူတယ် ဆိုတာကို သရုပ်ဖော် ပြလိုက်တာပဲလို့ နယူးယောက်ခ် မီးသတ်ဌာန အကြီးအကဲ အက်ဒ်ဝါ့ဒ် ခေးလ်ဒပ်ဖ် (Edward Kilduff) က အခုလို ပြောပါတယ်။

“သူ ဒီကိုလာပြီး စက်တင်ဘာ ၁၁ ရက်မှာ သေဆုံးခဲ့ကြတဲ့ မီးသတ်သမားတွေရဲ့ ရုပ်ပုံတွေကို ကြည့်ရင်း သူတို့ကို ဂုဏ်ပြုထားတဲ့ အထိမ်းအမှတ် သင်္ကေတတွေကိုပါ တွေ့ရတော့ သူလည်း အတော်လေး စိတ်မကောင်း ဖြစ်သွားပုံ ရပါတယ်။ သူတို့ တတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေနဲ့ မီးသတ်သမားတွေ ပြောပြတဲ့ အဲဒီနေ့က စွန့်စားခန်းတွေ နားထောင်ရတော့ သမ္မတလည်း ရှင်းရှင်းလင်းလင်း နားလည် ခံစားသွားတာကို ကျနော် တွေ့လိုက်ရပါတယ်။”

အဲဒီမီးသတ်စခန်းကနေ မင်ဟက်တန်အောက်ပိုင်း ရဲစခန်းကိုလည်း သမ္မတ အိုဘားမား သွားရောက် ခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့က နယူးယောက်ခ် ရဲတပ်ဖွဲ့ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်တွေကိုလည်း ကျေးဇူးတင် ဂုဏ်ယူတဲ့ အကြောင်း ပြောပါတယ်။

အိုစမာ ဘင်လာဒင်ကို အသေဖမ်းမိတာဟာ သူတို့တတွေ နေ့စဉ် ဆောင်ရွက်နေတာတွေနဲ့ တိုက်ရိုက် ဆက်စပ် နေပါတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

World Trade Center မှာ စက်တင်ဘာ ၁၁ ရက်နေ့က သေဆုံးခဲ့သူတွေ အတွက် လွမ်းသူ့ပန်းခွေချ တမိနစ်တာ ငြိမ်သက်ခြင်း အခမ်းအနားမှာ သမ္မတ အိုဘားမား ပါဝင် အလေးပြုခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဒု-သမ္မတ ဂျိုး ဘိုင်ဒန် (Joe Biden) လည်း စက်တင်ဘာ ၁၁ ရက်နေ့က ၁၈၄ ဦး သေဆုံးခဲ့ရတဲ့ ပင်တဂွန် စစ်ဌာနချုပ်မှာ အမှတ်တရ ဂုဏ်ပြုပွဲ အခမ်းအနားကို တက်ရောက် ခဲ့ပါတယ်။ အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့က အမေရိကန် ခရီးသည်တင် လေယာဉ်ကို အပိုင်စီးပြီး ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ဘေးဘက်ကို ၀င်တိုက်ခဲ့ပါတယ်။

သမ္မတ အိုဘားမားက နယူးယောက်ခ်မှာ အဲဒီ စက်တင်ဘာ ၁၁ ရက်က သေဆုံးခဲ့ရ သူတွေရဲ့ မိသားစုတွေ အနက် မိသားစု ၆၀ ခန့်ကို တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။ အခု အဲဒီ Ground Zero နေရာမှာ အမျိုးသား စက်တင်ဘာ ၁၁ ရက် အမှတ်တရ ပန်းခြံကြီးနဲ့ Freedom Tower လို့ခေါ်တဲ့ လွတ်လပ်ရေး မျှော်စင်ကြီးကို ဆောက်လုပ်နေပါပြီ။ အဲဒီ Freedom Tower လွတ်လပ်ရေး မျှော်စင်ကြီးကို အမေရိကန် ပြည်ထောင်စု လွတ်လပ်ရေး ရခဲ့တဲ့ ၁၇၇၆ ခုနှစ်ကို ဂုဏ်ပြုပြီး အမြင့် ၁၇၇၆ ပေရှိအောင် ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။

Ref: VOA News

Read More...

ဗိုလ်ကြီးဟောင်းအမှု NLD ရှေ့နေက လိုက်ပေး

မျိုးသန့်
ကြာသပတေးနေ့၊ မေလ ၀၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အီလက်ထရောနစ်ပုဒ်မ ၃၃ ဖြင့် တရားစွဲဆို ခံထားရသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဒေါ်အောင်ဆန်းစုကြည် အမှုတွင် လိုက်ပါ ဆောင်ရွက်ခဲ့သည့် NLD ဗဟို ဥပဒေပြု အထောက်အကူ အဖွဲ့မှ ရှေ့နေ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ အခမဲ့ အကျိုးဆောင် ပေးနေသည်။

အမှုအကျိုးဆောင်များအဖြစ် ရှေ့နေ ဦးလှမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ လိုက်ပါ ဆောင်ရွက်ရန် ရှေ့နေ ပါဝါကို ယနေ့ ရန်ကုန် အရှေ့ပိုင်း ခရိုင် တရားသူကြီး ဦးခင်မောင်က ချပေးပြီး အမှုကို လာမည့် ၁၂ ရက်နေ့တွင် ကြားနာမှာ ဖြစ်သည်။

“ကျမတို့ ပါဝါ တင်ပြီးရုံပဲရှိပါသေးတယ်၊ ရှေ့နေငှားပြီးတော့ ကိုယ်စားလှယ်ရှေ့နေက ဒီအမှုကို လိုက်ပါ ဆောင်ရွက်မယ် ဆိုတဲ့ သဘောပေါ့ ”ဟု ဒေါ်ခင်ဌေးကြွယ်က မဇ္ဈိမသို့ ပြောသည်။

ကိုနေမျိုးဇင်သည် NLD လူငယ်များနှင့် ပူးတွဲ၍ သွေးလှူဒါန်းရေး ပါဝင်လှုပ်ရှားနေသူ တဦးဖြစ်ပြီး ဧပြီ ၂ ရက်နေ့ ညနေက အထူး သတင်းရဲတပ်ဖွဲ့နှင့် တောင်ဒဂုံ ရပ်ကွက် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရစဉ်အတွင်း အထူးသတင်းရဲတပ်ဖွဲ့ သိမ်းဆည်းသွားသည့် ကွန်ပျူတာတွင်းမှ ပြည်ပရောက် အသိ မိတ်ဆွေများထံ ပေးပို့မည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး တိုက်တွန်းစာကို ရဲက တွေ့ရှိပြီး အီလက်ထရောနစ် ပုဒ်မဖြင့် တရားစွဲကြောင်း ကိုနေမျိုးဇင်၏ မိသားစုဝင်တဦးက ပြောသည်။

တရားစွဲခံရသည့် အီလက်ထရောနစ် ပုဒ်မ ၃၃ သည် နိုင်ငံတော်လုံခြုံရေး၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက် ပျက်ပြားစေမှု၊ နိုင်ငံတော် လျှို့ဝှက်ချက် ပြင်ပ ပေါက်ကြားစေမှု စသည့် ကိစ္စများနှင့် အကျုံးဝင်သည်။

ကိုနေမျိုးဇင် ယခုပုဒ်မဖြင့် တရားစွဲခံရခြင်းသည် တပ်မတော် အငြိမ်းစားများ လူထုဘက် ရောက်သွားမည်ကို အာဏာပိုင် များက စိုးရိမ်ခြင်း၊ အစိုးရက ရန်သူ စာရင်း သွင်းထားသည့် NLD နှင့် ပူးပေါင်းခြင်း တို့ကြောင့် ဖြစ်နိုင်ကြောင်း စစ်တပ်နှင့် နီးစပ်ခဲ့ဖူးသူ ကိုမင်းဒင်က သုံးသပ်သည်။

“အစိုးရက စစ်မှုထမ်းဟောင်းတွေကိုလဲ သူတို့နဲ့ အယူအဆ တမျိုးထဲရှိသူတွေလို့ မျှော်လင့်ထားပုံ ရပါတယ်။ အဲဒီ အထဲမှာမှ ကိုနေမျိုးဇင်လို ငယ်ရွယ်တဲ့ တပ်မတော် အငြိမ်းစား တယောက်က သူတို့ ရန်သူ စာရင်း သွင်းထားတဲ့ ပါတီ ဘက်မှာ ရပ်တည် အားပေးနေတယ် ဆိုတော့ အာရုံ စိုက်မှာတော့ အမှန်ပဲ၊ ကြောက်တယ် ဆိုတာထက် တပ်မတော် အငြိမ်းစားတွေ လူထုဘက် ရောက်သွားမှာကို အစိုးရိမ် လွန်နေတယ်လို့ ကျနော်ထင်ပါတယ်”

၃၅ နှစ်အရွယ် ဗိုလ်ကြီးဟောင်း နေမျိုးဇင်မှာ တပ်မတော်တွင် ၁ဝ နီးပါး တာဝန် ထမ်းဆောင်ခဲ့ပြီး ၂ဝဝ၅ တွင် တပ်မှ ထွက်ခဲ့သည်။ ယင်းနောက် NLD လူငယ်များ ပါဝင်သည့် သွေးကူညီရေးနှင့် လူမှုရေး လုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ခဲ့သည်။

ယနေ့ အင်းစိန်ထောင်တွင်း တရားရုံးတွင် တရားသူကြီးက ရှေ့နေပါဝါချပေးရာတွင် မိသားစု ဝင်ခွင့် မရဘဲ ရှေ့နေ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ် တို့သာ ဝင်ခွင့်ရသည်။

Ref: မဇ္ဈိမ

Read More...

Thursday, May 5, 2011

အငြင်းပွားဖွယ် ကားလိုင်စင် စက်မှု ၂ ချပေး

သဲသဲ
ဗုဒ္ဓဟူးနေ့၊ မေလ ၀၄ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ)။ ။ အမှတ် ၂ စက်မှု ဝန်ကြီးဌာနက အမတ်အချို့ကို ကားဝယ်ယူခွင့် ပါမစ် ထုတ်ပေးခဲ့ရာတွင် အကြောင်းပြချက် ရှင်းလင်းစွာ မသိရသည့်အပြင် မည်သူများကို ပေးသည်ကိုပါ မသိရသဖြင့် အငြင်းပွားဖွယ် ဖြစ်နေသည်။

သင်္ဃန်းကျွန်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဦးသိန်းညွန့်နှင့် ဦးကြည်မြင့်၊ ကြံ့ခိုင်ရေး ပါတီ အမတ် ၉ ဦး အပြင် ရခိုင် အမျိုးသားများ တိုးတက်ရေး ပါတီ RNDP မှ ရသေ့တောင် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ခင်စောဝေလည်း ဝယ်ယူခွင့် ပါမစ် ရရှိသည် ဟူသော သတင်းများ ပါတီများအကြား ပေါ်ထွက်နေသည်။

“ကိုယ်ရေးကိစ္စပဲ။ သက်ဆိုင်ရာ ရုံးအဖွဲ့မှူး ပြောတဲ့အရဆိုရင် ကျနော်က ရပ်ကွက်ထဲမှာ လမ်းလျှောက်သွားနေတဲ့ လူကိုး။ လမ်းလျှောက်နေတာ မြင်တွေ့လို့ ကားချပေးတာ နေမှာပေါ့။ ကျနော်က လျှောက်လွှာမှ မတင်တာ။ ကျနော်က ပိုက်ဆံမရှိလို့ အရစ်ကျတင်ပြီး ဂျာနယ် တစောင်က ဆောင်းပါးကို စာအုပ်ထုတ်ဘို့ ကြိုတင်ငွေတောင်းပြီး ချေးငှား ဝယ်ရမှာ” ဟု ကိုယ်တိုင် ကားပါမစ် ရရှိသူ သင်္ဃန်းကျွန်း NDF မှ ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

ကားပါမစ် ရရှိသူ နောက်တဦးဖြစ်သည့် သင်္ဃန်းကျွန်း NDF ပြည်သူ့ လွှတ်တော်အမတ် ဦးကြည်မြင့် ကလည်း “စက်မှု ၂ ဝန်ကြီးက စေတနာနဲ့ လုပ်ပေးတာပါ။ စက်မှု ၂ ဝန်ကြီးနဲ့ ကျနော်လည်း မသိပါဘူး။ ဦးသိန်းညွန့်နဲ့လည်း မရင်းနှီးပါဘူး။ အားလုံးပေးမယ့် သဘောမှာ ကျနော်တို့ကို ပထမအသုတ် ပေးတာလို့ ထင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်အချို့ ကားပါမစ် ရမရကို သက်ဆိုင်ရာ ပါတီထံမှ အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

RNDP ပါတီကမူ ၎င်းတို့ ပါတီအမတ် ကားပါမစ် ရရှိသည်ကို မသိရှိသေးကြောင်းနှင့် လွှတ်တော်အမတ်များ၏ ခံစားခွင့် အဖြစ် သတ်မှတ် ပေးပါက ယခုလို အမတ်အချို့ကိုသာ ရွေးချယ်ပေးခြင်းမှာ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းနှင့် လွဲချော်နေသည်ဟု ဆိုသည်။

“ကားတစီး လက်ဆောင်ပေးတယ် ဆိုတော့ ထူးဆန်းတာလေ။ တကယ်လို့ ခံစားခွင့် တခုခုအဖြစ် ပေးတယ် ဆိုရင်လည်း ကျန်တဲ့ လွှတ်တော် အမတ်တွေ အကုန်လုံးလည်း ပေးပေါ့။ အဲလိုမဟုတ်ဘဲ ဖောက်ပြီး ဟိုလူ့ပေး၊ ဒီလူ့ပေး ဆိုတာတော့ မသင့်တော်ဘူး ပေါ့ဗျာ။ သမ္မတကြီး ဦးသိန်းစိန် မိန့်ခွန်းနဲ့လည်း မဆီလျော်ဘူးပေါ့ဗျာ” ဟု RNDP ၏ အထွေထွေ အတွင်းရေးမှူး ဦးဦးစောလှက မဇ္ဈိမကို ပြောသည်။

လျှောက်လွှာတင် စနစ်ဖြင့် ဝယ်ယူရသည့် စက်မှု (၂) ထုတ် မီနီဆလွန်းကား ဝယ်ယူခွင့် လိုင်စင်အား ချပေးခြင်း ဖြစ်သည်။

အမတ်အချို့ ကားပါမစ် ရရှိခြင်းနှင့် ပတ်သက်၍ NDF အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုးက “ကျနော်တို့ အမြဲတမ်း ကော်မတီ ၄ ရပ် ရှိတာပဲလေ။ ဒီကိုယ်စားလှယ်တွေ အတွက်တောင်မှ မဖြစ်မနေ ကားတွေ ဝယ်ခွင့် ပေးတယ်ဆိုတာ မရှိပါဘူး။.. ဒါကတော့ ကိုယ်စားလှယ် တဦးစီရဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုနဲ့လည်း ဆိုင်မယ် ထင်တယ်” ဟု ဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပါတီ၏ ဥက္ကဋ္ဌ ဦးသုဝေကမူ “ဒီလိုပဲ သွေးခွဲတဲ့သဘော လုပ်တာလား၊ သူ့တို့ အခြေ အနေတွေ သေချာ မသိသေးတော့ ဘာမှမပြောနိုင်သေးဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေကို ပေးမယ်ဆိုရင် အားလုံးကို ပေးရမှာပေါ့။ အခုက ဘယ်လိုပေးသလဲဆိုတာ မသိတော့ ဘာမှ မပြောတတ်သေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

တရုတ်ဖက်စပ် မီနီဆလွန်းကားကို ဝယ်ယူခွင့်ရရန် နေပြည်တော်ရှိ အမှတ် ၂ စက်မှုဝန်ကြီးဌာနသို့ လိပ်မူကာ စီးသူ ကိုယ်တိုင် လျှောက်ထားရကာ၊ လျှောက်သူ များပြားသောကြောင့် လိုသလောက် ထုတ်မပေးနိုင်သဖြင့် ပြင်ပ ကားဈေးကွက်၌ ကျပ်သိန်း ၁၅ဝ ဝန်းကျင် ပေါက်ဈေး ရှိနေသည်။

Ref: မဇ္ဈိမ

Read More...

ကုလစုံစမ်းရေးကော်မရှင်ဖွဲ့ရေး အမေရိကန်သမတကို တိုက်တွန်း

2011-05-04

မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့အတွက် ကုလသမဂ္ဂမှာ စုံစမ်းရေး ကော်မရှင် တရပ် အမြန်ဆုံး ဖွဲ့စည်း နိုင်ရေး ကိစ္စကို အမေရိကန် အစိုးရ အနေနဲ့ အရှိန်မြှင့် ကြိုးပမ်း ဆောင်ရွက်ဖို့ အမေရိကန် ဥပဒေပြု လွှတ်တော် အမတ် ၃၀ ကျော်က သမတ အိုဘားမားထံ မေလ ၃ ရက် မနေ့က စာရေးသား တိုက်တွန်း လိုက်ကြပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက် ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြန်ဆုံး ဖော်ထုတ် စစ်ဆေး အရေး ယူနိုင်ဖို့အတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး ကြိုးပမ်းမှုတွေမှာ အမေရိကန် အစိုးရက ဦးဆောင်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ အောက်လွှတ်တော် အမတ် ၃၁ ဦးက အခုလို စာရေးသား တောင်းဆို လိုက်ကြတာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် USCB မြန်မာ့အရေးလှုပ်ရှား ဆောင်ရွက်မှု အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်က ပြောပါတယ်။

“အမေရိကန် အစိုးရရဲ့ အမြင့်ဆုံး ပုဂ္ဂိုလ်တွေပေါ့ဗျာ၊ သမတ အိုဘားမား ကိုယ်တိုင်၊ ဒီ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုပြီး ဆောင်ရွက်ဖို့ တောင်းဆိုတာပေါ့။ သူတို့သာ ဦးတောင်ဦးရွက် ပြုမယ်ဆိုလို့ရှိရင် တဖက်က ဆန့်ကျင်ဖက် နိုင်ငံများရဲ့ တုံ့ပြန်မှုကိုလည်း ကျော်လွှားနိုင်မှာ ဖြစ်တဲ့အပြင် ထောက်ခံတဲ့ နိုင်ငံတွေကိုလည်း ပိုပြီး စည်းရုံးနိုင်မှာ ဖြစ်ပါတယ်။”

ဒီိ စုံစမ်းရေးကော်မရှင် ပေါ်ပေါက်ရေးအတွက် အမေရိကန်အစိုးရ အနေနဲ့ ကြိုးပမ်းမှုတွေကို နှစ်ဆ တိုးမြှင့်ဖို့ လွှတ်တော် အမတ် ၃၁ ဦးရဲ့ သမတထံ ပေးစာထဲမှာ တိုက်တွန်း ရေးသား ထားပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ တိုင်းရင်းသူတွေ အဓမ္မ ပြုကျင့်ခံရမှုတွေ ဆက်လက် ဆိုးဝါးနေပြီး ချင်းပြည်နယ်က အိမ်ထောင်စု ၉၀ ရာနှုန်းကျော်မှာ အနည်းဆုံး မိသားစုဝင် ဆွေမျိုးတဦး အဓမ္မ လုပ်အားပေး ခိုင်းစေ ခံနေရတယ်ဆိုတဲ့ လူ့အခွင့်အရေး အတွက် သမားတော်များ (PHR) အဖွဲ့က အခုနှစ် ဇန်နဝါရီလ အတွင်း ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံပါ အချက်တွေကို ပေးစာထဲမှာ ကိုးကား ဖော်ပြ ထားပါတယ်။

ဒီသမတထံ ပေးစာထဲမှာ နယူးယောက်ပြည်နယ် ဒီမိုကရက်တစ် လွှတ်တော်အမတ် ဂျိုးဆက် ခရိုလီ၊ အီလီနွိုက်စ် ပြည်နယ် ရီပါဘလီကန် လွှတ်တော်အမတ် ဒွန် မန်ဇူလိုစတဲ့ မြန်မာ့အရေး တက်တက် ကြွကြွ ဆောင်ရွက်နေတဲ့ လွှတ်တော် အမတ်တွေ ဦးဆောင် လက်မှတ် ရေးထိုး ထားပါတယ်။

Ref: RFA News

Read More...

အီးယူရဲ့ မြန်မာအပေါ် ဒဏ်ခတ်မှု သုံးသပ်ဆွေးနွေး

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 04 မေ 2011

ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ် ချမှတ်တဲ့ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ တကယ်ပဲ ထိရောက်ရဲ့လား ဆိုတာကို သုံးသပ်တဲ့ ဆွေးနွေးပွဲ တခုကို ဂျာမဏီနိုင်ငံ ဘာလင်မှာ မနေ့က ပြုလုပ်ပါတယ်။ မြန်မာ့အရေး လှုပ်ရှားသူတွေ၊ မြန်မာ့အရေး စိတ်ပါ ၀င်စားသူတွေနဲ့ ဥရောပ သံတမန်တွေ တက်ရောက် ဆွေးနွေးရာမှာ အမြင်ကတော့ အမျိုးမျိုး ရှိပါတယ်။ အရေးယူ မှုတွေကို ဆက်ထားဖို့ လိုမယ်လို့ ယူဆသူတွေ ရှိသလို မြန်မာ အစိုးရသစ်နဲ့ ထိစပ် ဆက်ဆံရေး ပိုပြီး အောင်မြင်နိုင်ဖို့ အရေး ယူမှုတွေကို လျှော့ရမယ်ဆိုပြီး သုံးသပ် သူတွေလည်း ရှိပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြ ပေးထားပါတယ်။

ဥရောပသမဂ္ဂထဲမှာတော့ ဂျာမဏီနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ထိစပ် ဆက်ဆံရေးကို ပိုပြီးလိုလားတဲ့ နိုင်ငံလို့ အသိ များပါတယ်။ အခု အစည်းအဝေးကို ဦးဆောင်ပြီး လုပ်တဲ့ Friedrich Naumann ဖောင်ဒေးရှင်းဟာ ဂျာမဏီ နိုင်ငံရေးမှာ သြဇာကြီးတဲ့ အဖွဲ့ တဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲဟာ ဂျာမန် အစိုးရရဲ့ မြန်မာ အပေါ်ထားတဲ့ နိုင်ငံခြားရေး မူဝါဒမှာ အတော်လေး ရိုက်ခတ်မှု ရှိမယ်လို့ တက်ရောက် လာသူတွေက ယူဆပါတယ်။ တက်ရောက် ဆွေးနွေးတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေထဲမှာ ပြည်တွင်းကရော ပြည်ပကပါ ပါဝင်ပြီး မတူညီတဲ့ ရှုထောင့် သုံးသပ်မှုတွေ တွေ့ရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေး ကိုယ်စားလှယ် ကိုညိုအုန်းမြင့် ကတော့ မြန်မာနိုင်ငံ အပေါ် ထိတွေ့ ဆက်ဆံမှု လိုအပ်သလို အရေးယူ ပိတ်ဆို့ တာတွေလည်း ဆက်ထား သင့်တယ်လို့ အမြင်ရှိသူပါ။

“အဓိက အစည်းအဝေးရဲ့ ပုံသဏ္ဌာန်က ဂျာမန်အစိုးရက မြန်မာပြည်မှာ ဆက်ဆံရေး ပိုပြီး တိုးမြှင့် လုပ်ချင်တယ်လို့ ကျနော် ထင်တယ်။ ဒါပေမဲ့လည်း ပြဿနာက မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ကျန်တဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ကြန့်ကြာမှု အပေါ်မှာလည်း သူတို့ နားလည်ပါတယ်။”

ဂျာမဏီနိုင်ငံရဲ့ အယူအဆကတော့ မြန်မာနဲ့ ပိုပြီး Engage လုပ်ချင်တာပေါ့။ ဒါပေမဲ့ EU အပေါ်မှာရော ဂျာမဏီရဲ့ အခု သဘောထားက ဘယ်လောက် အထိ လွှမ်းမိုး နိုင်လဲခင်ဗျ။

“ဂျာမန်အစိုးရ အနေနဲ့ ကျနော် ကြည့်ရမယ်ဆိုရင် သူတို့က မြန်မာပြည်ရဲ့ အဓိက လိုအပ်နေတဲ့ ဆင်းရဲ နွမ်းပါးမှု ပြဿနာတွေ၊ နောက်တခါ စီးပွားရေး ချွတ်ခြုံကျမှု ပြဿနာတွေကို သူတို့ တိုင်းပြည် အနေနဲ့ EU ကို နည်းနည်း ဦးဆောင်ချင်တယ်လို့ ထင်ရတယ်။ နောက်တခုကလည်း ကျနော်တို့ နိုင်ငံခြားရေးဌာနနဲ့ ပြောတာရော ကျန်တဲ့ Panel မှာ ပြောကြတာပါ ဆိုရင် တရုတ် အစိုးရက နေပြီးတော့ မြန်မာပြည်မှာ ပြိုင်ဘက်မရှိ လွှမ်းမိုးနေမှု အပေါ်မှာလည်း EU ရဲ့ စိုးရိမ်မှု ရှိတယ်ဆိုတာကို ကျနော်တို့ မြင်ရပါတယ်။”

အရေးယူမှုတွေ ရုပ်သိမ်းသင့်၊ မသင့် ဆွေးနွေးကြရာမှာတော့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေကို ထင်ဟပ်ပြီး ဆွေးနွေး ကြတာပါ။ တက်ရောက်သူ အချို့ကတော့ မြန်မာနိုင်ငံမှာ သိသာ ထင်ရှားတဲ့ အပြောင်းအလဲတွေ မမြင်ရသေးဘူးလို့ ဆိုပါတယ်။ တက်ရောက် ဆွေးနွေးသူ တဦးဖြစ်တဲ့ ရန်ကုန်မြို့က Myanmar E.Grass အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နေ၀င်းမောင် ကတော့ အုပ်ချုပ်မှုစနစ် ပြောင်းလဲမှု မြင်နေရပြီမို့ သိသာထင်ရှားတဲ့ လက်တွေ့ အပြောင်း အလဲတွေ ပေါ်လာမလား စောင့်ကြည့်ရမယ်၊ အလားတူ နိုင်ငံတကာကလည်း ဒါကို စောင့်ကြည့်နေတယ်လို့ သုံးသပ်ပါတယ်။

“နံပါတ်တစ်ကတော့ Leadership ပြောင်းသွားပြီပေါ့၊ လူတယောက်တည်းမှာ အရင်တုန်းက အာဏာအားလုံး ရှိတယ်။ အခုတော့ Leadership ပြောင်းသွားတော့ အနည်းဆုံးတော့ Collective Leadership ပုံစံ ဖြစ်သွားတယ်။ နံပါတ်နှစ် ကတော့ ပါဝါ စင်တာတွေ ပေါ်လာတော့ ဒီ စင်တာလိုက်ဇေးရှင်းပေါ့၊ ဘယ်အဖွဲ့အစည်းက အာဏာအရှိဆုံးလဲ ဆိုတာ သူ့သဘော သဘာဝ အရ သူ့ပါဝါအရ သူ ဥပဒေပြုသူက Institution အသစ်တွေနဲ့ ဒီ စင်တာလိုက်ဇေးရှင်း ဖြစ်သွားတယ်။ နံပါတ်သုံးကတော့ တပ်မတော်နဲ့ အရပ်ဘက် အုပ်ချုပ်ရေး ယန္တရားကို ခွဲလိုက်တယ်။ ဒီသုံးခုပေါ့။”

အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ နေရာမှာလည်း အဓိကဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD တို့ပါ ပါဝင် လာနိုင်တဲ့ ပြန်လည်သင့်မြတ်ရေး အခြေအနေကရော ကိုနေ၀င်းမောင် အမြင် သိချင်ပါတယ်။

“အဓိကတော့ သမ္မတ ဦးသိန်းစိန် ပြောထားတဲ့ မိန့်ခွန်းမှာရှိတဲ့ ကတိက၀တ်တွေကို သူ အကောင်အထည် ဖော်နိုင်တယ် ဆိုရင် သူ့အလိုလို ဖြစ်သင့်တဲ့ ဟာတွေ ဖြစ်သွားမှာပါ။”

EU ဥရောပသမဂ္ဂ၊ အထူးသဖြင့် ဂျာမဏီတို့ ဘာတို့ဆိုရင် မြန်မာနိုင်ငံနဲ့ တော်တော်လေး ထဲထဲဝင်ဝင် ဆက်ဆံချင်တဲ့ အနေအထားမျိုးတွေ တွေ့ရတဲ့ အခါကြတော့ သဘောထား ပြောင်းလာမယ့် အနေအထား ရှိလား။ ကိုနေ၀င်းမောင်လည်း အဲဒီမှာ ရောက်နေတော့ သူတို့ရဲ့ အနေအထား ဘယ်လို တီးခေါက်မိလဲ။

“ကျနော်တို့ မြန်မာပြည်ဘက်က နည်းနည်း ရှင်းရှင်းလင်းလင်း မြင်ရဖို့ ပြဖို့ လိုတာလေးတွေ ရှိတာပေါ့ဗျာ။ General Amnesty လိုဟာမျိုးကတော့ Standard Operation Procedure ပဲဗျာ။ အမှန်အတိုင်း ပြောရရင်တော့ Opposition ပါလီမန်ထဲမှာ ရှိတယ် ဆိုတဲ့ နိုင်ငံရေး စနစ် တခုက မြန်မာပြည်မှာ မရှိတာ နှစ်ပေါင်း ၅၀ ရှိပြီ။ အဲဒါကြီးက တကယ်ဖြစ်တယ် ဆိုရင် ဒါက ဒီနိုင်ငံမှာ နိုင်ငံရေးကို တရားဝင် ပေးလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံရေး အင်အားစုတွေ အားလုံးကိုလည်း ဒီ Game ကစားမလား၊ ကစားရင် ကျနော်က လွှတ်ပေးပါမယ် ဆိုတဲ့ဟာမျိုးတွေ မြင်ရမှာပေါ့။

“အဲဒီလို မြင်မှလည်း ဒီမှာက အာဏာအတွက် ဘယ်သူ့မှာမှ ရှိတာမဟုတ်ဘူး။ နိုင်ငံပေါင်း ၂၇ နိုင်ငံလည်း ပါတယ် ဆိုတော့ ဟိုမှာ ဟိုလိုမြင်ရတယ်၊ ငါတို့ဘက်ကလည်း ဒီလို အပြုသဘော တုံ့ပြန်မယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်လာမှာပေါ့။”

ဂျာမဏီ ဘာလင်က မြန်မာ့အရေး ဆွေးနွေးပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း ဗွီဒီယို မိန့်ခွန်း ပေးပို့ခဲ့ပါတယ်။ သဘော ကွဲလွဲမှုတွေ ရှိနိုင်ပေမဲ့ မြန်မာနိုင်ငံ အရေးကို နိုင်ငံတကာက ၀ိုင်းဝန်းထောက်ခံ ကူညီကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။

ဥရောပသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရေးယူ ပိတ်ဆို့မှုကို တနှစ်သက်တမ်း ထပ်တိုးဖို့ ကိစ္စမှာ ဗြိတိသျှ နိုင်ငံက ဦးစီးဦးဆောင် လုပ်လို့ သက်တမ်း တိုးရေး ဆုံးဖြတ်ချက် ဖြစ်ခဲ့ပေမဲ့ ဂျာမဏီလို နိုင်ငံအချို့ကတော့ သူတို့ရဲ့ မြန်မာနိုင်ငံ မူဝါဒကို အပြောင်းအလဲ လုပ်ချင် နေကြပြီလို့ လေ့လာသူတွေက သုံးသပ် ကြပါတယ်။


Ref: VOA News

Read More...

ဘင်လာဒင် သေဆုံးမှုဓာတ်ပုံ ထုတ်ပြန်မည်မဟုတ်

ဗုဒ္ဓဟူး, 04 မေ 2011

အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေ ပါကစ္စတန် နိုင်ငံထဲကို ၀င်ရောက်ပြီး အယ်လ်ခိုင်းဒါး အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) ကို သုတ်သင်ခဲ့တဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘင်လာဒင် သေဆုံးတဲ့ ဓာတ်ပုံတွေကို လူအများ သိအောင် မထုတ်ပြန်ဖို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဆုံးဖြတ်ခဲ့ပါတယ်။

ဘယ်လိုဓာတ်ပုံတွေကိုမှ ထုတ်ပြန်သွားမှာ မဟုတ်ဘူးလို့ သမ္မတက ဆုံးဖြတ်ခဲ့တဲ့ အကြောင်း အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဂျေ ကာနီ (Jay Carney) က မနေ့က ပြောခဲ့တာပါ။

ဓာတ်ပုံတွေကို ထုတ်ပြန်လိုက်ရင် အမျိုးသား လုံခြုံရေးအတွက် အန္တရာယ် ရှိလာနိုင်ပြီး အကြမ်းဖက်မှု တွေလည်း ပေါ်လာ နိုင်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

CBS ရုပ်မြင်သံကြားက သမ္မတ အိုဘားမားနဲ့ မနေ့က အမေးအဖြေ လုပ်တဲ့အခါမှာ ဘင်လာဒင် သေဆုံးမှု ဓာတ်ပုံတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောခဲ့တာပါ။

ဘင်လာဒင်ကို အမေရိကန် တပ်ဖွဲ့တွေ သုတ်သင်နိုင်ခဲ့တယ် ဆိုတာ ဘာသံသယမှ ဖြစ်စရာ မရှိပါဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အနောက်ကနေ စီစဉ်ခဲ့တဲ့လူ သေဆုံးခဲ့တာဟာ ဖြစ်သင့်တဲ့ ကိစ္စပဲလို့လည်း ဆိုပါတယ်။

သမ္မတ အိုဘားမားနဲ့ အနီးကပ်ဆုံး အကြံပေးပုဂ္ဂိုလ်တွေ ထဲက အများစုကလည်း ဘင်လာဒင် သေဆုံးမှု ဓာတ်ပုံတွေကို လုံခြုံရေး အခြေအနေ အရ ခွင့်ပြုချက်ရတဲ့ သူတွေကိုပဲ ပြသဖို့ ဆုံးဖြတ် ခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျေ ကာနီက ဆိုပါတယ်။

ဓာတ်ပုံတွေကို မထုတ်ပြန်ဘူးလို့ ဆုံးဖြတ်တဲ့ကိစ္စ အငြင်းအခုန် ဖြစ်လာနိုင်တယ် ဆိုပေမဲ့လည်း ဘင်လာဒင် သေဆုံးမှု ရုပ်ပုံ အထောက် အထားတွေကို ထုတ်ပြန်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဘင်လာဒင်ကို ၀င်ရောက်စီးနင်းခဲ့တဲ့ ကိစ္စဟာ တရားဥပဒေနဲ့ ညီညွတ်တယ်လို့ အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုလ်ဒါ (Eric Holder) က ပြောထားတဲ့ အကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က အကြိမ်ကြိမ် ပြောပါတယ်။

ဘင်လာဒင်က လက်နက်ချ အညံ့ခံရင်တောင် အမေရိကန် တပ်ဖွဲ့တွေက ကမ္ဘာမှာ အလိုရှိဆုံး အကြမ်းဖက် သမားကို အပြစ်ပေး ထောင်ချဖို့ ဖမ်းဆီး ကြမှာပဲလို့ ဆိုပါတယ်။ ဘင်လာဒင်ကို သုတ်သင်တာဟာ အမေရိကန် အမျိုးသား လုံခြုံရေး အတွက် ကိုယ့်ကိုယ်ကို ကာကွယ်တာပဲ ဖြစ်တယ်လို့လည်း အမေရိကန် ရှေ့နေချုပ်က ပြောပါတယ်။

Ref: VOA News

Read More...

အင်းစိန်ထောင် လုံခြုံရေးကျပ်၊ အကျဉ်းသား လွှတ်ဖွယ် သတင်းပြန့်

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ မေလ ၀၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန် အင်းစိန်ထောင်တွင် လုံခြုံရေး တင်းကျပ်စွာ ချထားပြီး ရက်ပိုင်း အတွင်း အကျဉ်းသားများ လွှတ်ပေးဖွယ် ရှိကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်း ထံမှ သိရသည်။

အင်းစိန်ထောင်ဗူးဝမှ ထောင်အတွင်းပိုင်း အထိ လုံခြုံရေးများ ချထားပြီး ကား၊ ဆိုင်ကယ်နှင့် အရပ်ဝတ် ထောက်လှမ်းရေး များပါ စောင့်ကြပ် နေသည့် အပေါ် အကျဉ်းသား လွှတ်ပေးရန် ဖြစ်နိုင်ကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“လုံခြုံရေး ချထားတာကတော့ ဗူးဝရှေ့မှာ ဟိုင်းလပ်ကား ၂ စီး၊ ပစ္စတိုလေးတွေ၊ စကားပြောစက်တွေ ဘာတွေ ညာတွေနဲ့ ဆိုင်ကယ် ကလည်း အစီး ၂ဝ လောက် ရှိတယ်။ အဲဒါက ရဲဆိုင်ကယ်နဲ့ SB (အထူး ရဲသတင်း တပ်ဖွဲ့) က ဆိုင်ကယ်တွေ။ နောက် အရပ်ဝတ်နဲ့ SB ၁၅ ယောက်လောက် ရှိတယ်” ဟု မျက်မြင် တွေ့ရှိခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “မနက်ဖြန်လောက် ဆိုရင်တော့ ဖြစ်နိုင်တယ် ထင်တယ်။ ဒီအလုပ်က တိတ်တိတ်ပုန်း မလုပ်ဘူး၊ သူတို့ ဗြောင်လုပ်လိမ့်မယ်။ သူတို့ တရားဝင် ကြေညာပြီးတော့ လုပ်မယ့် သဘောရှိတယ်” ဟု ဆိုသည်။

ယင်းအပြင် ယနေ့တွင် ထောင်ဝင်စာတွေ့ရန် လာရောက်သူ အကျဉ်းသား မိသားစုဝင်များကိုလည်း တွေ့ခွင့် မပေးဘဲ မနက်ဖြန် ကျမှသာ လာရောက် တွေ့ဆုံကြရန် ထောင်တာဝန်ကျ များက ပြောခဲ့ကြောင်းနှင့် မီဒီယာ သမားများလည်း ရောက်ရှိနေကြောင်း မျက်မြင်တွေ့ရှိခဲ့သူ တဦးထံမှ သိရသည်။

“ဒီနေ့ ထောင်ဝင်စာတွေ့မယ့် သူတွေကိုလည်း ပြန်လွှတ်လိုက်ပြီ၊ မနက်ဖြန်မှ လာတွေ့ပါလို့ ပြောလိုက်ပြီ။ ထူးထူးခြားခြား တွေ့နေတယ်။ ခါတိုင်းနဲ့ မတူဘူး၊ လုံခြုံရေးတွေ ရှိတယ်၊ မီဒီယာတွေ ရှိတယ်။ နောက် SB အထူး သတင်း တပ်ဖွဲ့တွေ ရှိတယ်။ ရဲတွေလည်း ချထားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးထောင်တွင်လည်း ယခုလ နှစ်ရက်နေ့မှစပြီး ထောင်အာဏာပိုင်များက အကျဉ်းသား အချို့ကို အကျဉ်းကျ ခံပြီးခဲ့သည့် ကာလများ လာရောက်ပြသပြီး လက်မှတ် ထိုးခိုင်းခြင်းများ ပြုလုပ်နေကြောင်း အကျဉ်းသား မိသားစုများနှင့် နီးစပ်သူ ရှေ့နေ ဒေါ်ခင်မိုးမိုးထံမှ သိရသည်။

“သူတို့ ထောင်ထဲမှာလေ ရက်တွေ တွက်ပြီးတော့ အခု ရက်ပိုင်းမှာပေါ့နော်။ ခင်ဗျား ထောင်ကျတာ ဘယ်နေ့က ကျတယ်ပေါ့။ အခု ဘယ်လောက် ကျခဲ့ပြီးပြီပေါ့။ ဒါဆိုရင် ခင်ဗျားက လွတ်ငြိမ်း ချမ်းသာခွင့် လာရင် ပါနိုင်တယ်ပေါ့။ အဲဒီလိုမျိုးနဲ့ သူတို့ကျတဲ့ ရက်တွေကို သူတို့ကို လာပြတာ လက်မှတ် ထိုးခိုင်းတာတွေ ရှိတယ်လို့ ပြောတယ်” ဟု သူက ဆိုသည်။

ထို့ပြင် ယခုလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို သမ္မသစ် ဦးသိန်းစိန် တက်ရောက် နေစဉ် အတွင်း အကျဉ်းသားများ လွှတ်ပေးဖွယ် ရှိကြောင်း AFP က မေလ ၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။

နအဖ စစ်အစိုးရလက်ထက် ၂ဝဝ၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်ကလည်း နိုင်ငံတဝန်းရှိ အကျဉ်းသား ၉ဝဝ၂ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့သော်လည်း ထိုအထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသည့် နိုင်ငံရေး အကျဉ်းသား ၉ ဦးသာ ပါဝင်ခဲ့သည်။

သတင်းများ ထွက်ပေါ်ခဲ့သည့်အတိုင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဆိုပါကလည်း နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးမှာ မျှော်လင့်ချက် နည်းနေကြောင်း ရှေ့နေ ဒေါ်ခင်မိုးမိုးက သုံးသပ်သည်။

“နိုင်ငံရေး အကျဉ်းသားတွေ မိသားစုတွေရဲ့ ကျတော့လေ သူတို့က နည်းနည်း အားလျော့တယ်။ သိပ်ပြီး မထင်ဘူး ပေါ့နော်။ သိပ်ပြီး မျှော်လင့်ချက် မထားဘူးပေါ့။ အရင်တုန်းက လွတ်ငြိမ်း ချမ်းသာခွင့် တွေမှာလည်း နိုင်ငံရေး အကျဉ်းသားတွေကို ချန်ချန် ထားခဲ့တာကိုး” ဟု သူက ဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP-B မှ အတွင်းရေးမှူး ကိုတိတ်နိုင် ကလည်း အကျဉ်းသားများ ပြန်လွှတ်ပေးဖွယ် ရှိသော်လည်း ဦးသိန်းစိန် ဦးဆောင်သော အစိုးရသည် နိုင်ငံရေး အကျဉ်းသားများ အပေါ်တွင် ထားရှိသည့် သဘောထားမှာ အတူတူပင် ဖြစ်သည်ဟု သူက ရှုမြင်သည်။

“လွှတ်တော့ လွှတ်ပေးနိုင်တယ်။ ပြည့်ဝတဲ့ လွတ်ငြိမ်းချမ်းသာဆိုတဲ့ ကိစ္စမျိုးတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ရာဇဝတ် အကျဉ်းသား လွှတ်တော့ လွှတ်ပေးမယ်။ အဲဒီအထဲမှာမှ နိုင်ငံရေး အကျဉ်းသား အနည်းအကျဉ်း လွှတ်ပေးမယ်၊ အဲဒီဟာမျိုးလောက်ပဲ ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေကို ထားတဲ့ သဘောထားက အရင် အစိုးရနဲ့ အတူတူပဲ ဆိုတဲ့အခါကျတော့ သိသာတဲ့ ပြောင်းလဲမှုမျိုးတော့ မမြင်ပါဘူး” ဟု သူက ပြောဆိုသည်။

နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးနှင့် ပတ်သက်၍ မိမိအနေဖြင့် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်သော်လည်း ယခုချိန်ထိ မလွှတ်ပေးသည့် အတွက် အရပ်သား အစိုးရသစ် ပြောင်းသည်ဟု မထင်မြင်မိကြောင်း ရန်ကုန် အခြေစိုက် နာမည်ကျော် ကာတွန်းဆရာ အော်ပီကျယ်က သူ၏ အမြင်ကို ယခုကဲ့သို့ ပြောသည်။

“လွှတ်စေချင်လှပါပြီဗျာ။ ကျနော်တို့ အခု အစိုးရ အသစ် ပြောင်းပြီးတော့ဗျာ။ မြန်မာနှစ်ဆန်း တရက်နေ့ နောက်ပိုင်း မြန်မာ ပီပီပေါ့ဗျာ။ မေတ္တာတရား ထားပြီးတော့ လွှတ်ပေးမယ်လို့ ထင်ထားတာပေါ့ဗျာ။ လူတော်တော် များများကလည်း မျှော်လင့်ကြတာ။ ဒါပေမဲ့ မျှော်လင့်သလို ဖြစ်မလာတော့ ထုံးစံအတိုင်းပဲ ဪ အရင်အတိုင်းပါပဲ လို့ပေါ့လေ။ အစိုးရသစ်လည်း မပြောင်းပါဘူး အဲဒီလိုပဲ စိတ်ထဲ ခံစားရတာပေါ့ဗျာ” ဟု ဆရာအော်ပီကျယ်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် စာရေးဆရာကြီး ဒဂုန်တာရာကလည်း နိုင်ငံရေး အကျဉ်းသား လွှတ်ပေးစေလိုကြောင်း မဇ္ဈိမနှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ပြောကြား ခဲ့သေးသည်။

လွှတ်တော် အတွင်း၌လည်း နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန် အမတ်များက အဆို တင်သွင်း ခဲ့ကြသော်လည်း ၎င်း အဆိုသည် လွှတ်တော်တွင်း မဆွေးနွေးမီ ပြည်ပ မီဒီယာများသို့ ပေါက်ကြားခဲ့သည်ဟု ဆိုကာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပယ်ချခဲ့သည်။

မတ်လ ၂၂ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ အမတ် ဦးစိုင်းလှကျော်က နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးမောင်ဦး ကလည်း ယင်းကိစ္စသည် အမျိုးသား လုံခြုံရေး ကောင်စီ၏ လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်းနှင့် သမ္မတ ကျမ်းကျိန်ပြီးသည် အထိ စောင့်ဆိုင်း စေလိုကြောင်း ဖြေကြားခဲ့သည်။

သို့သော် သမ္မတ ကျမ်းကျိန်ပြီးသည်မှာ တလကျော် ကြာမြင့်ပြီ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

မြန်မာ့ဒီမိုကရေစီအရေး ကူညီရန် အာဆီယံကို ဒေါ်အောင်ဆန်းစုကြည် ပြော

ရန်ပိုင်
Tuesday, 03 May 2011

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အာဆီယံ ခေါင်းဆောင်များ အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်း တိုးတက်ရေးနှင့် ပတ်သက်၍ ကူညီရန် ပြောကြားလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှ အာဆီယံ နိုင်ငံများ၏ လူထု အခြေပြု လူမှု အဖွဲ့အစည်း(CSO)များ အစည်း အဝေးသို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယို ရုပ်သံ ဖိုင်ဖြင့် ပေးပို့သည့် မိန့်ခွန်းတွင် ပြောကြား လိုက်ခြင်းဖြစ်သည်။

ယင်း မိန့်ခွန်းတွင်“ကျမတို့ အနေနဲ့ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်ကို အားကျ လေးစားပါတယ်၊ ဒီလိုဖြစ်အောင် စီစဉ် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်တဲ့ နည်းနာတွေကိုလည်း ရယူ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

အဆိုပါ အာဆီယံ လူထုအခြေပြု လူမှုအဖွဲ့အစည်းများ၏ အစည်းအဝေးကို ယနေ့မှ စ၍ မေလ ၅ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး လူထု အခြေပြု အဖွဲ့အစည်း များမှ ကိုယ်စားလှယ်ပေါင်း ၁၃၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။

ယင်း အစည်းအဝေးသို့ အင်ဒိုနီးရှား ဒု သမ္မတက တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် တက်ရောက် လာသူများက အာဆီယံ နိုင်ငံများ၏ ဒေသတွင်း ပြဿနာများကို ဆွေးနွေးကြကြောင်း ထိုအစည်းအဝေး တက်ရောက်သူ ပြည်ပ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက် ၏ ဥက္ကဌ မခင်ဥမ္မာ က ပြောသည်။

ထိုအစည်းအဝေးတွင် အာဆီယံ ၁၀ နိုင်ငံရှိ လူထုအခြေပြု လူမှုအဖွဲ့အစည်းများမှ မေ ၇ – ၈ တွင် ကျင်းပမည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ ကိုယ်စားပြု တက်ရောက်မည့်သူ ၁၀ ဦးကို ရွေးချယ်မည်ဖြစ်သည်။

မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်နှင့် ပတ်သက်၍ ပြည်ပအခြေစိုက် ဒီမိုကရေစီရေးနှင့် လူအခွင့်အရေး လှုပ်ရှားသည့် အဖွဲ့ အစည်းများနှင့် ပြည်တွင်းမှ အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် လူထု အခြေပြု လူမှု အဖွဲ့အစည်းများ အကြား အငြင်းပွားမှုများ ဖြစ်နေသည်။

ပြည်ပ အခြေစိုက် ဒီမိုကရေစီနှင့် လူအခွင့်အရေး လှုပ်ရှားသည့် လူမှုအဖွဲ့အစည်း များတွင် မခင်ဥမ္မာ ဦးဆောင်သည့် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက်၊ ဦးအောင်မျိုးမင်း ဦးဆောင်သည့် လူ့အခွင့်အရေး ပညာပေး ရေးဌာန (မြန်မာနိုင်ငံ) (HREIB) စသည့် အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။

ပြည်တွင်းအဖွဲ့များကို မြန်မာအစိုးရက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့နှင့် လူ့အခွင့်အရေး ကိုယ်စားပြု ကော်မရှင် ဥက္ကဋ္ဌ ရဲမှူးကြီးဟောင်း စစ်အေး၊ Asian Myanmar Business Organise မှ ဒေါက်တာ နေဇင်လတ် စသည့် သူများကို ရွေးချယ်၍ စေလွှတ်ခဲ့ သည်။

မခင်ဥမ္မာက“အစည်းအဝေးတက်ရောက်ခွင့်အတွက် မြန်မာအစိုးရ သစ်က လွှတ်လိုက်တဲ့ အစိုးရအရာရှိတွေ၊ စီးပွားရေး ပိုင်းက အဖွဲ့တွေနဲ့ အပြိုင်အဆိုင် ဖြစ်လိမ့်မယ်” ဟု ဧရာဝတီ သို့ ပြောသည်။

ရဲမှူးကြီးဟောင်း စစ်အေးနှင့် ဒေါက်တာနေဇင်လတ်တို့သည် ပြီးခဲ့သည့် ရက်ပိုင်းကမှ မြန်မာ အစိုးရ၏ ဥပဒေ ရေးရာ အကြံပေးနှင့် နိုင်ငံရေး ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်များ အဖြစ် ခန့်အပ်ခြင်း ခံရသူများဖြစ်သည်။

ယနေ့ နေ့လယ်တွင် အဆိုပါ အာဆီယံ အစည်းအဝေးသို့ တက်ရောက်မည့် အာဆီယံ ၁၀ နိုင်ငံမှ လူထု အခြေပြု ကိုယ်စားလှယ် ၁၀ ဦးကို ရွေးချယ်ကာ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး ဌာနသို့ ပေးပို့ရမည် ဖြစ်ပြီး ပေးပို့လာသည့် စာရင်းမှ တက်ရောက်ခွင့် ရှိသူ စာရင်းကို ကြေညာမည်ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် အာဆီယံ ပဋိညာဉ်အရ နိုင်ငံခေါင်းဆောင်များနှင့် လူထုအခြေပြု လူမှုအဖွဲ့အစည်းများ အကြား တွေ့ဆုံသည့် အစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်ပြီး ထိုနှစ်မှာပင် မြန်မာနိုင်ငံ ကိုယ်စား ရွေးချယ်ခံခဲ့ရသည့် မခင်ဥမ္မာကို ဆွေးနွေးသည့် နေရာသို့ ၀င်ခွင့် မပြုရန် မြန်မာ အစိုးရက ကန့်ကွက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကလည်း ထိုင်းနိုင်ငံ တောင်ပိုင်း ချာ့အမ်းမြို့တွင် ကျင်းပသော အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး တွင် မြန်မာ အပါအ၀င် ၅ နိုင်ငံမှ ပြည်ပ အခြေစိုက် လူထု အခြေပြု လူမှုအဖွဲ့အစည်း(CSO)များမှ ကိုယ်စားလှယ်များကို အစည်း အဝေး သို့ တက်ရောက်ခွင့် မပြုရန် အာဆီယံက ဆုံးဖြတ်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

စစ်ပြေးဒုက္ခသည် ၂၀၀ ခန့် ထိုင်းဘက် ထပ်မံထွက်ပြေးလာ

သန်းထိုက်ဦး
Wednesday, 04 May 2011

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ ကျိုက်ဒုံမြို့နယ်ခွဲရှိ ကျေးရွာများတွင် အစိုးရ စစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်များ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံရွာသား၂၀၀ ခန့် ယနေ့ ထိုင်းနိုင်ငံ ဘက်သို့ ထပ်မံ ထွက်ပြေး လာကြောင်း သိရသည်။

ယခုလဆန်းပိုင်းမှ စတင်၍ ၂ ရက် ဆက်တိုက် DKBA နှင့် ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်း တပ်ဖွဲ့နှင့် စစ် အစိုးရ တပ်ရင်းများ အပြန်အလှန် ပစ်ခတ် မှုများကြောင့် ထိုင်းဘက်ခြမ်းရှိ အုန်းဖျန်မြို့နယ် ပိုင်ခလန်ရွာသို့ ကျိုက်ဒုံ ဒေသခံများ ထပ်မံ ထွက်ပြေး လာကြခြင်း ဖြစ်သည်။

ယမန်နေ့ကလည်း ယင်းဒေသအတွင်းသို့ လူဦးရေ ၅၀၀ ခန့် ထွက်ပြေးလာ၍ စုစုပေါင်း ၇၀၀ခန့် ရှိပြီ ဖြစ်သည်။ အုန်းဖျန်မြို့ နယ်သည် မဲဆောက်မြို့၏ တောင်ဘက် ၁၈၇ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပြီး ထွက်ပြေး လာသည့် ရွာသားများ ခိုလှုံ နေသော ထိုင်းဘက်ခြမ်းရှိ ပိုင်ခလန်ရွာသည် အုန်းဖျန်မြို့နယ်နှင့် ကီလိုမီတာ ၃၀ခန့် ကွာဝေးသည်။

ထိုင်းဘက်သို့ ၀င်ရောက်လာသည့် ရွာသားများကို လတ်တလော ပြန်ပို့ရန် အစီအစဉ် မရှိသေးသော်လည်း တိုက်ပွဲများ ပြီးဆုံး ပါက မြန်မာဘက် ပြန်ပို့မည်ဟု တာခ့်ခရိုင် အုပ်ချုပ်ရေးမှူး စမတ် လွိုင်ဖာ့က ဒေသခံ သတင်းထောက်များကို ယနေ့ပြောကြား ခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ထားပြီး တပ်ဖွဲ့ဝင် အင်အားကိုလည်း တိုးမြှင့်ချထား ကြောင်း သိရှိရသည်။

ထွက်ပြေးလာသည့် ရွာသားများကို ထိုင်းနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) နှင့် ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC)တို့က သွားရောက် တွေ့ဆုံ ကူညီနေကြောင်း သိရသည်။

နောက်ဆုံးသတင်းများ အရ ယမန်နေ့ ညက နှစ်ဘက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခြင်း မရှိသေး သော်လည်း ယင်း ဒေသရှိ အစိုးရ ၀န်ထမ်း တချို့နှင့် ဒေသခံများက နီးစပ်ရာ အသိ မိတ်ဆွေများထံ ယခုရက်ပိုင်း ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။

“အဲဒီမှာရှိတဲ့ ဒေသခံ ရွာသားတွေကတော့ မရှိသလောက် ဖြစ်သွားပြီ၊ အစိုးရ၀န်ထမ်းတွေကလည်း ကြာအင်းဆိပ်ကြီး ဘက်ကို ရောက်ကုန်ပြီ”ဟု ၎င်းက ဆိုသည်။

ကျိုက်ဒုံမြို့နယ်ခွဲနှင့် ကြာအင်းဆိပ်ကြီးသို့ ပြေးဆွဲနေသော လိုင်းကားများကိုလည်း အစိုးရက တနေ့တွင် တစ်စီး၌သာ ပြေးဆွဲခွင့် ပေးထားကြောင်း သိရသည်။

“ကားလမ်းကတော့ ပိတ်ထားသလို ဖြစ်နေတယ်၊ စစ်တပ်က တနေ့ကိုမှ ကား တစ်စီးလောက်ပဲ ကြာအင်း ဆိပ်ကြီး ဘက်ကို ပေးလာတယ်၊ သူတို့ (စစ်တပ်) ခွင့်ပြုတဲ့ လက်မှတ်ပါမှပဲ ကားက လာလို့ရတယ်”ဟု ကြာအင်းဆိပ်ကြီး မြို့နယ် ဒေသခံက ဆက်ပြောသည်။

ယခုကဲ့သို့ ခရီးသည်တင် ကားများကို ပြေးဆွဲခွင့် ပိတ်ပင်ထားခြင်းသည် စစ်တပ်က အလွယ် တကူ ချောဆွဲနိုင်ရန် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, May 4, 2011

မြန်မာ့အရေး ကုလ စုံစမ်းကော်မရှင်ဖွဲ့ရန် အမေရိကန် ဦးဆောင်ဖို့ တိုက်တွန်း

အင်္ဂါ, 03 မေ 2011

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမရှိ စုံစမ်း စစ်ဆေးဖို့ ကုလ သမဂ္ဂမှာ ကော်မရှင်တခု ဖွဲ့စည်းရေး အမေရိကန် လွှတ်တော်အမတ် တချို့က တိုက်တွန်း လိုက်တယ်လို့ ၀ါရှင်တန်ဒီစီ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ U.S. Campaign for Burma အဖွဲ့က ပြောပါတယ်။

မြန်မာပြည်နဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်မှု အသစ်လုပ်ဖို့ သမ္မတ အိုဘားမားကို အမေရိကန် အထက် လွှတ်တော် အမတ်တွေ ပြီးခဲ့တဲ့လက တိုက်တွန်းခဲ့တာ ရှိပါတယ်။

အဲဒီလမ်းကြောင်းအတိုင်း အောက်လွှတ်တော်အမတ် ၃၁ ဦးက အခုဆက်ပြီး တိုက်တွန်းမှုတွေ လုပ်လာတာလို့ U.S. Campaign for Burma အဖွဲ့က မနေ့က သတင်း ကြေညာချက် ထုတ်ပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ အကြားမှာ ဆက်ဆံရေးတွေ တိုးလာနေတယ်လို့ ပြောဆိုမှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး အောက်လွှတ်တော်ကို ပြောဆိုဖို့ သမ္မတ အိုဘားမားကို အထက်လွှတ်တော် အမတ်တွေက တိုက်တွန်းခဲ့တာပါ။

မြန်မာအစိုးရရဲ့ အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတခု လုပ်ဆောင်ရေး အမေရိကန်က ဦးဆောင်ပြီး လုပ်ဖို့ သမ္မတ အိုဘားမားကို တိုက်တွန်း ခဲ့ကြတာပါ။

အောက်လွှတ်တော်အမတ် ၃၁ ဦး မနေ့တုန်းက သမ္မတကို တိုက်တွန်းခဲ့ကြတဲ့ အထဲမှာလည်း မြန်မာပြည်နဲ့ ပတ်သက်လို့ ကုလ သမဂ္ဂမှာ စုံစမ်းစစ်ဆေးမှု ကော်မရှင်တခု ထူထောင်ရေး အမေရိကန်က နောက်တကြိမ် ထပ်ပြီး တွန်းအားပေးဖို့ တိုက်တွန်း ခဲ့ကြတာပါ။

စစ်တပ်ဘက်က လွှမ်းမိုးထားတဲ့ မြန်မာအစိုးရဟာ ကမ္ဘာပေါ်မှာ ပြည်သူတွေကို အဖိနှိပ်ဆုံး အစိုးရတွေ ထဲက တခုဖြစ်ပြီး အဓမ္မ လုပ်အားပေး ခိုင်းတာတွေ၊ လူနည်းစု တိုင်းရင်းသားတွေကို တိုက်ခိုက် နေတာတွေနဲ့ အာဏာပိုင်တွေကို ဝေဖန်တဲ့ သူတွေကို ဖမ်းဆီးတာ၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာတွေကို လုပ်ဆောင် နေတယ်လို့လည်း ထောက်ပြ ထားပါတယ်။

Ref: VOA News

Read More...

NIB အကြီးအကဲအဖြစ် ကာချုပ်တာဝန် စယူ

Tuesday, 03 May 2011

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIB) ကို ဖွဲ့စည်းပြီးဖြစ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အကြီးအကဲ တာဝန်ကို စတင် ထမ်းဆောင် နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တွင်းနိုင်ငံရေးနှင့် လုံခြုံရေး ကိစ္စများကို အထူး စုံစမ်းစစ်ဆေးမည့် NIB အတွက် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်တပ်အရာရှိ ၂၀၀ ကျော်ကို ပြောင်းရွှေ့ တာဝန် ပေးအပ် ခဲ့သည်ဟုလည်း သတင်း ရရှိသည်။

တနိုင်ငံလုံးရှိ ကြည်းတပ်၊ လေတပ်နှင့် ရေတပ် တပ်စု၊ တပ်ရင်းများမှ အရာရှိ ၂၀၀ ကျော်ကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ရွေးချယ်ပြီး အမျိုးသား ထောက်လှမ်းရေး အဖွဲ့တွင် တာဝန် ထမ်းဆောင်ရန် ခေါ်ယူခဲ့ကြောင်း၊ ရွေးချယ် ခံရသော စစ်အရာရှိ များထဲတွင် ဗိုလ်ကြီး အဆင့်မှ ဗိုလ်မှူးကြီး အဆင့်အထိ ပါဝင်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်မှ သိရသည်။

“အရွေးခံလိုက်ရတဲ့ တပ်မတော်အရာရှိတွေက သူတို့ရဲ့ တပ်ရင်းမှာ ထမ်းဆောင်နေတဲ့ တာဝန်တွေအစား NIB က ပေးတဲ့ တာဝန်ကိုပဲ ထမ်းဆောင်ရမယ်” ဟု NIB အတွက် အရွေးချယ် ခံလိုက်ရသော စစ်အရာရှိ တဦးနှင့် နီးစပ်သူတဦးက ပြောသည်။

NIB တွင် စစ်တပ်မှ အရာရှိများအပြင် ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထူး စုံစမ်း စစ်ဆေးရေး ဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ဌာနဆိုင်ရာ ၀န်ထမ်းများလည်း ပါဝင်ကြောင်း သိရသည်။

အမျိုးသား ထောက်လှမ်းရေး အဖွဲ့သည် ပြည်တွင်း နိုင်ငံရေး ပါတီများ၏ နိုင်ငံရေး လှုပ်ရှားမှုများ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၊ ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသား အဖွဲ့အစည်း များ၏ လှုပ်ရှားမှုများ၊ ပြည်တွင်း အကြမ်းဖက် ဖောက်ခွဲမှု လုပ်ရပ်များ၊ တပ်မတော်တွင်း သွေးခွဲမည့် လုပ်ရပ်များ အပါအ၀င် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြား စေနိုင်သော အရေး ကိစ္စ အားလုံးကို စုံစမ်းထောက်လှမ်း အရေးယူ သွားမည်ဟု သိရသည်။

အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကို ဖွဲ့စည်းရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေး ဦးစီးချုပ် ရာထူး တရားဝင် လွှဲပြောင်း မပေးအပ်မီ ကတည်းက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်း အ၀န်းက ပြောဆိုသည်။

Ref: ဧရာဝတီ်

Read More...

မြန်မာ အာဆီယံဥက္ကဋ္ဌ မလုပ်ခင် နိုင်ငံရေး ပြောင်းဖို့လို

အင်္ဂါ, 03 မေ 2011

မြန်မာအစိုးရက စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ မလုပ်သေးသရွေ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူဖို့ အစီအစဉ်ကို ကန့်ကွက်ကြဖို့ မြန်မာ့ အရေး ထောက်ခံတဲ့ အဖွဲ့အစည်း တခုက တိုက်တွန်း လိုက်ပါတယ်။

လာမယ့် မေလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပမယ့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေးမှာ တက်ရောက်ကြမယ့် အာဆီယံအဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေကို AIPMC လို့ခေါ်တဲ့ မြန်မာ့ အရေး အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့က တိုက်တွန်း လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားဖို့နဲ့ လူ့အခွင့်အရေး တွေကို လေးစားဖို့၊ တိုင်းရင်းသား လူမျိုးစု အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ဒီအဖွဲ့က ဆွေးနွေး ထောက်ပြပါတယ်။

AIPMC အဖွဲ့ဟာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။


Ref: VOA News

Read More...

အကြံပေးအဖွဲ့ ဖွဲ့ခြင်းအပေါ် ဦးမြင့် အမြင်

မျိုးသန့်
အင်္ဂါနေ့၊ မေလ ၀၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ အပိုဒ် ၂၃ (က) အရ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေး ဆိုင်ရာတို့တွင် အကြံပေးနိုင်ရန် အကြံပေးအဖွဲ့ ၃ ဖွဲ့ကို၊ အဖွဲ့ဝင် ၉ ဦးဖြင့် ဧပြီလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ဤသည်မှာ မတ်လ ၃ဝ ရက်နေ့တွင် နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူအပြီး ၂ဝ ရက်အကြာတွင် ဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်။ အကြံပေး အဖွဲ့ဝင်များ အနေဖြင့် ခံစားခွင့်ရှိသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင် အယောင်တို့ကို ပြည်ထောင်စု အစိုးရ အဖွဲ့မှ သတ်မှတ်မည် ဖြစ်ပြီး ယင်းအတွက် ပြည်ထောင်စု အစိုးရ ဘဏ္ဍာရန်ပုံငွေမှ ကျခံရမည်ဟု ပြည်ထောင်စု အစိုးရအဖွဲ့၏ ဥပဒေ အပိုဒ် ၂၃ (ခ) တွင် ဖော်ပြထားသည်။

နိုင်ငံရေး အကြံပေးအဖွဲ့တွင် ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ်၊ ဦးရဲတင့်၊ စီးပွားရေးတွင် ဒေါက်တာဦးမြင့်၊ ဦးဆက်အောင်၊ ဒေါက်တာ တင်လှဗိုလ်၊ ဥပဒေအဖွဲ့တွင် ရဲမှူးကြီး စစ်အေး (အငြိမ်းစား)၊ ဒေါ်ခင်အေးမြင့်နှင့် ဦးသန်းကျော်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

ထိုအထဲမှ ဒေါက်တာ ဦးမြင့်သည် ရန်ကုန်စီးပွားရေးနှင့် ရန်ကုန်ပညာရေး တက္ကသိုလ်များ၊ နိုင်ငံရေးရေး ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင်၊ အာရှနှင့် ပစိဖိတ် ဒေသ ရုံးတွင် ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး မူဝါဒများ လေ့လာ ဆန်းစစ်ရေး ဌာနခွဲမှူး၊ အထက်တန်း စီးပွားရေး ပညာရှင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။

အနာဂတ် မြန်မာ့စီးပွားရေး၊ ပညာရှင်များကို အကြံပေးအဖြစ် တာဝန်ထမ်းဆောင်စေခြင်းအပေါ် သုံးသပ်ချက်၊ အကြံပေး အဖွဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်၊ စီးပွားရေး အကြံပေးအဖွဲ့ကို ဝေဖန်မှုများအပေါ် အမြင် စသည်တို့ကို သိရှိနိုင်ရန် ဆရာ ဦးမြင့်ကို မဇ္ဈိမ သတင်းထောက် မျိုးသန့်က မေးမြန်းထားပါသည်။

အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုနှင့် ပတ်သက်ပြီး သဘောထား အမြင်ကို မေးမြန်းသော်လည်း ဆရာက ဖြေဆိုခြင်း မရှိခဲ့ပါ။

သမ္မတရဲ့ စီးပွားရေးအကြံပေး ဖြစ်လာပုံ ပြောပြပေးပါ ဆရာ။

“သူက ဆရာ့ကို ခေါ်တွေ့ပြီးတော့မှ သူက အကြံပေးအဖြစ် လုပ်ပေးဖို့ ဆရာ့ကို ကမ်းလှမ်းတယ်။ ဆရာ့ အနေနဲ့ကလည်း သူနဲ့ တွေ့ပြီးတော့ သူကမ်းလှမ်းတာကို လက်ခံတယ်။ ဒါပေမဲ့ အတိအကျ ဆွေးနွေး တာတော့ မရှိသေးပါဘူး”

သမ္မတနဲ့ တွေ့ဖြစ်ရင် ပထမဆုံးအနေနဲ့ ဆရာ့အနေနဲ့ ဘာများ အကြံပြုချက် ပေးဖြစ်မယ် ထင်လဲ။

“ဆရာ့အနေနဲ့ကတော့ သူ ဆရာ့ကို တောင်းတဲ့ဟာ ပေးမှာပေါ့။ သူ့အနေနဲ့ ဆရာ့ကို ဘာများ ပြောစေ ချင်မလဲ မသိဘူး။ သူပြောစေချင်တဲ့ ဟာကို ဆရာက ပြောမှာပဲ။ ဆရာ့ အနေနဲ့ သွားပြီးတော့မှ ဆရာ မလုပ်ဘူး”

ဆရာနဲ့ ဒေါ်အောင်ဆန်းစုကြည်က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတယ်လို့ သိရပါတယ်။ ဆရာတို့ ဆုံဖြစ်တဲ့ အချိန်တွေမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေ ဆွေးနွေးဖြစ်တာ ရှိလားခင်ဗျာ့။

“ဆရာနဲ့ သူနဲ့ကတော့ တွေ့ဖြစ်ပါတယ်။ ဆွေးနွေးဖြစ်တာတွေလည်း ရှိပါတယ်။ ဘာတွေ ဆွေးနွေးလဲ ဆိုတော့ စီးပွားရေးနဲ့တော့ သိပ်မပတ်သက် ပါဘူး။ တချို့ဟာတွေ ကျတော့လည်း ဆရာတို့ နှစ်ယောက်လုံးက တူရိယာ ဝါသနာ ပါတယ်လေ။ ဂန္ဓဝင်ဂီတ၊ မိုးဇက် အဲဒီ အကြောင်းလေးတွေ ပြောဖြစ် ပါတယ်။ နောက် အလ္လာပ သလ္လာပ အဲဒါလေးတွေ ပြောဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖြစ်တဲ့ စီးပွားရေးအကြောင်း သိပါရစေ ခင်ဗျာ့။

“စီးပွားရေးနဲ့ ပတ်သက်တာကတော့ ယေဘုယျပဲ ဆွေးနွေး ဖြစ်ပါတယ်။ ကျကျနန ဆွေးနွေး ဖြစ်တာတော့ မရှိပါဘူး။ ဆရာ့ အနေနဲ့ကတော့ သူ့ကို ပြောနေတာက နိုင်ငံရေးလည်း လုပ်ပေါ့၊ စီးပွားရေး လုပ်ပေါ့၊ အဲဒါမျိုး ပြောဖြစ်ပါတယ်။ နှစ်မျိုးသွားပါလို့ ပြောဖြစ်ပါတယ်။ သူကလည်း လက်ခံပါတယ်၊ အခုလက်ရှိလည်း သူ သွားနေပါတယ်”

သမ္မတရဲ့ စီးပွားရေး အကြံပေးဖြစ်သွားတဲ့ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က သဘောထား မှတ်ချက်တွေ၊ ဆရာ့ကို အကြံဉာဏ် ပေးတာတွေကော ရှိလားဆရာ။

“အဲဒီတုန်းက အမိန့်စာတော့ မထွက်သေးဘူးပေါ့လေ။ ဒါပေမဲ့ ကမ်းလှမ်းတာလည်း ပြီးသွားပြီ၊ ဆရာလည်း လက်ခံလိုက်ပြီ။ အဲဒီဟာတွေလည်း ထွက်လာမယ် လို့တော့ ဆရာ့ အနေနဲ့ သိတယ်လေ။ သူ့ အနေနဲ့တော့ စောပါသေးတယ် ပြောတယ်။ စောပါသေးတယ် ဆိုတာက ဘာဆက်လုပ်ရမလဲ ဘာလဲ ညာလဲပေါ့။ အဲဒါတွေကို သူ့အနေနဲ့ လောလောဆယ်မှာ စောသေးတယ်လို့ ပြောတယ်။ သမ္မတကြီးက မိန့်ခွန်းတွေ ဘာတွေ ပြောပြီးတော့ အဲဒီတုန်းက သူနဲ့ တွေ့လိုက်တယ်”

ဒေါ်အောင်ဆန်းစုကြည်က ဘာမှ မပြောတဲ့အပေါ်မှာ ဆရာ ဘယ်လို သုံးသပ် မိလဲခင်ဗျာ့။

“သူနဲ့ ဆရာနဲ့ကလည်း နားလည်မှု ရှိပြီးသားပါ။ တော်တော်လည်း ခင်ခင်မင်မင် ရှိပါတယ်။ သူ့ကိုလည်း ဆရာက ယုံကြည်တယ်။ သူ့အနေနဲ့ တိုင်းပြည်အတွက် အကျိုးရှိတာ အများကြီး လုပ်နိုင် လိမ့်မယ်လို့ ဆရာ ယုံကြည်တယ်။ လုပ်လည်း လုပ်နေပါတယ်”

တချို့တွေက ဝေဖန်တာရှိပါတယ်။ အကြံပေးအဖွဲ့ဟာ အသုံးချခံရတာ ဖြစ်တယ်လို့ ဝေဖန် ကြပါတယ်။ ဒီအမြင်တွေ အပေါ်မှာ ဆရာဘယ်လို တုံ့ပြန် ချင်လဲခင်ဗျာ့။

“ဆရာ့အနေနဲ့ကတော့ ဝေဖန်လေ ကြိုက်လေပဲ။ သူတို့ အနေနဲ့ ပြောတာလည်း ကောင်းပါတယ်။ အဲဒါမှလည်း ဆရာ့အနေနဲ့က သူတို့ဆီက အကြံဉာဏ်တွေ ရမှာပေါ့။ ဆရာ့ အနေနဲ့ကတော့ ဒါမျိုးတွေကို ဆရာ တုံ့ပြန်မှာ မဟုတ်ဘူး၊ ဘယ်တော့မှ ဆရာ မတုံ့ပြန်ဘူး။ ဆရာ့ကို ချီးမွမ်းတာလည်း မတုံ့ပြန်ဘူး၊ ရှုတ်ချတာလည်း မတုံ့ပြန်ဘူး။ ဆရာ့အနေနဲ့ ဆက်ပြီးတော့ လုပ်နေမှာပဲ။ ကောင်းတယ် ထင်တာ၊ ပြောချင်တာ ပြောပါစေ ဆရာ လက်ခံတယ်၊ ပြောခွင့်ရှိပါတယ်။ ဒါဟာ ဒီမိုကရေစီ မဟုတ်ဘူးလား။ မပြောရင် ဘယ်ကောင်းတော့မလဲ။ အားလုံးက ကောင်းတယ်ချည်းပဲ ပြောနေလို့ ဘယ်ဖြစ်ပါ့မလဲ။ တချို့ဟာတွေ ပြောရမှာပေါ့”

ဆရာ့ကို အကြံပေးအဖြစ် ခန့်လိုက်တာနဲ့ ပတ်သက်လို့ မြန်မာ့စီးပွားရေး အတွက် ဘယ်လောက် လုပ်နိုင်မယ်လို့ ယုံကြည်ထားလဲ။ အခုလို ခေါ်ခန့်လိုက်တာ ကိုကော ဘယ်လို မြင်လဲ။

“ဆရာ့အနေနဲ့ကတော့ ဆရာလည်း မထင်ပါဘူး။ တယောက်ထဲလည်း ဘာမှ မလုပ်နိုင်ပါဘူး။ ဆရာ့ အနေနဲ့ မြင်တာကတော့ ပညာရှင်တွေကို သူ့တို့ အနေနဲ့ ပိုပြီးတော့ အသုံးချချင်တယ်။ ဆရာ့ကို ခေါ်တာလည်း ဒီသဘောမျိုးပဲ ဖြစ်မယ်လို့ ဆရာထင်တယ်။ ပညာရှင် ဆိုတာလည်း စီးပွားရေးတင် မဟုတ်ဘူး၊ ပညာရှင်က အများကြီးရှိတယ်။ တိုင်းပြည်မှာလည်း စီးပွားရေး တခုထဲ ပြဿနာ မဟုတ်ဘူး။ ပြဿနာတွေက အများကြီး ရှိတယ်။ အဲဒါတွေကို ပိုပြီးတော့ အသုံးချမယ်လို့ ဆရာ မြင်တယ်လေ”

ဟုတ်ကဲ့ အခုလို ပညာရှင်တွေကို ခေါ်ပြီးတော့ တိုင်းပြည်တာဝန်ကို ထမ်းဆောင် စေတဲ့ အပေါ်မှာကော ဆရာ ဘယ်လို သုံးသပ် မိလဲခင်ဗျာ့။

“အခုလိုခန့်တာလည်းပဲ ကောင်းတယ်လို့ ဆရာမြင်တယ်။ ဒီကြားထဲမှာ ဒါတွေ လုပ်လို့ ဘာမှ အကျိုး မရှိဘူးလို့ ပြောရင်လည်းပဲ ပြောနိုင်ပါတယ်။ အကျိုး ရှိအောင် ဘယ်လို လုပ်ရမလဲ ပြောပါ၊ ဒါပဲ။ အဲဒါလေးပဲ သိချင်တယ်။ ခင်ဗျားလုပ်တာ အကျိုးမရှိဘူး ဆိုရင် အကျိုးရှိအောင် ဘာလုပ်ရမလဲ ပြောပါ။ ဒီလိုပဲ အကျိုးမရှိဘူး ပြောရင်တော့ ပြောလို့ ရတာပေါ့။ ဒါပေမဲ့ ဆရာ့အနေနဲ့ ဘာမှ တုံ့ပြန်မှာတော့ မဟုတ်ဘူး။ ငြင်းမှာလည်း မဟုတ်ဘူး။ ပြောချင်တာ ပြောလို့ရတယ်။ ဆရာ့အနေနဲ့က ဘယ်သူ ဘာပြောပြော စိတ်တိုတာ မရှိပါဘူး။ ဆရာထင်တာတော့ သူတို့အနေနဲ့ တိုင်းပြည် ကောင်းဖို့အတွက်ပဲ သူတို့ ပြောတာပါ။ အားလုံးကလဲ တိုင်းပြည် ကောင်းအောင် လုပ်နေတာပဲ။ အမြင်ချင်းကတော့ မတူဘူးပေါ့၊ အဲဒီလို မြင်ပါတယ်။ အဲဒီတော့ အဲဒီလို ပြောမှလည်း အကျိုးရှိမှာပေါ့။ အားလုံးက ဝိုင်းပြီးတော့ တမျိုးထဲချည်း ဝိုင်းပြီးတော့ ပြောလို့ မကောင်းဘူး။ အားလုံး ဝိုင်းပြီးတော့ ပြောမှလည်း ဒါတွေက အဖြစ်မှန်ကို သိမှာပေါ့”


Ref: မဇ္ဈိမ

Read More...

တောင်ငူတွင် NLD အခမဲ့ကျောင်း ဖွင့်

သဲသဲ
အင်္ဂါနေ့၊ မေလ ၀၃ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဆင်းရဲချို့တဲ့သူ အထက်တန်း ကျောင်းသားများအတွက် အခမဲ့သင် ကျောင်း တကျောင်းကို ပဲခူးတိုင်း တောင်ငူမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က မေလ ၂ ရက် တနင်္လာ နေ့တွင် တောင်ငူ၌ ဖွင့်လှစ် လိုက်သည်။

ဆင်းရဲသဖြင့် အထက်တန်းပညာ ဆက်လက် မသင်ကြားနိုင်သူများ၊ ကျောင်းနေသော်လည်း ပြင်ပ စာသင်ဝိုင်းများတွင် မသင်ယူနိုင်သည့် ကျောင်းသားများ ရှိနေသဖြင့် ရပ်မိ ရပ်ဖများနှင့် ဆရာ၊ ဆရာမများ အကူအညီဖြင့် တောင်ငူ NLD က အခမဲ့ စာသင်ကျောင်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ပတ်ဝန်းကျင်မှာလည်း ဆင်းရဲနွမ်းပါးတဲ့ မိဘတွေရဲ့ သားသမီးတွေ၊ ကျောင်းနေချင်ရက်နဲ့ မနေနိုင်တာ၊ ကျောင်းနေတယ် ဒါပေမဲ့ ကျူရှင်တွေ မယူနိုင်တာ၊ ဒီလို ကလေးတွေရဲ့ အခက်အခဲကို တွေ့ရတဲ့အခါ အဖွဲ့ချုပ်က စိတ်ပါ ဝင်စားသူတွေရော၊ အငြိမ်းစား ဆရာ၊ ဆရာမတွေနဲ့ အလှူရှင်တချို့၊ ရပ်မိ ရပ်ဖတွေ တိုင်ပင်ပြီး.. လုပ်ကြတာပါ” ဟု တောင်ငူ NLD လွှတ်တော် အမတ် ဦးအောင်စိုးမြင့်က မဇ္ဈိမကို ပြောသည်။

အောင်မင်္ဂလာ ရပ်ကွက်၊ ၅ လမ်းတွင် နေထိုင်သည့် ဦးအောင်စိုးမြင့် နေအိမ်ရှိ ပါတီရုံးခွဲနေရာကို စာသင်ခန်း အဖြစ် ပြောင်းလဲကာ ဖွင့်လှစ်သည်။

အငြိမ်းစား ဝါရင့် ကျောင်းဆရာ၊ ဆရာမ ၈ ဦးတို့က ပညာဒါနအဖြစ် အခမဲ့ သင်ကြားပေးမည် ဖြစ်ပြီး၊ ၉ တန်း ကျောင်းသား ၉၀ ကျော်နှင့် ၁၀ တန်းကျောင်းသား ၅၀ နီးပါး လာရောက် ကျောင်းအပ်နှံခဲ့ကြသည်။

တနင်္လာမှ သောကြာနေ့ကို နေ့စဉ် ကျောင်းသင်ရိုးညွှန်းတမ်းအလိုက် ပို့ချကာ စနေနှင့် တနင်္ဂနွေတွင် ကျောင်းစာ ပြင်ပ အင်္ဂလိပ်စာ (ရေး၊ ဖတ်၊ ပြော၊ ကြား) ကိုပါ သင်ကြား သွားမည်။ ထို့အပြင် ထူးချွန် ထက်မြက်သည့် ကလေးများကို ရန်ကုန်ရှိ နိုင်ငံတကာ ကျောင်းများသို့ ပညာသင်ခွင့်ရရန် ကူညီသွားမည် ဖြစ်သည်။

တောင်ငူတွင် ကျောင်းပြင်ပရှိ ကျူရှင်ကျောင်းများကိုသာ အများအားဖြင့် အားကိုးနေကြရာ ဘာသာရပ် တခုလျှင် ကျပ်ငွေ သောင်းဂဏန်းထိ ပေးရသဖြင့် မိဘများ ကျောင်းစရိတ် ကြီးလေးစေသည်ဟု ဦးအောင်စိုးမြင့်က ပြောသည်။

ကျောင်းမှာသင်တဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင်က ကျောင်းမှာတမျိုး၊ ကျူရှင်မှာတမျိုးလေ။ သူတို့မှာလည်း စီးပွားရေး အခက်အခဲ ရှိတယ် ဆိုပေမယ့် လိုတာထက် ပိုနေတယ်လို့ ကျနော်မြင်တယ်။ ကျောင်းပဲ တက်နိုင်တယ်၊ ကျူရှင် မတက်နိုင်တဲ့ ကလေးဆိုရင် ကျောင်းမှာ စာမလိုက်နိုင်ဘူး၊ စာမေးပွဲအောင်ဖို့ အတော် အခက်အခဲရှိတယ်” ဟု သူက ဆိုသည်။ ကျောင်းဖွင့်သည်ကို ရပ်ကွက် အုပ်ချုပ်ရေးမှူးက မေးမြန်းသော်လည်း အနှောင့်အယှက် မပေးဟု ဆိုသည်။

အခမဲ့ စာသင်ကျောင်းအတွက် တောင်ငူမြို့ ရပ်မိရပ်ဖများက ထိုင်ခုံ၊ မီးချောင်း၊ အင်ဗာတာ၊ ဘက်ထရီအိုး စသည်တို့ လှူဒါန်း ခဲ့ကြောင်းနှင့် ကျောင်းသားများ ပိုမိုလက်ခံနိုင်ရန် စာသင်ခန်း တိုးချဲ့ရန် လိုအပ်နေကြောင်း သိရသည်။

၁ဝ တန်းကျောင်းသား တဦး၏ တနှစ်စာ ကျူရှင်ခမှာ ကျပ် ၁ဝ သိန်းခန့် ကုန်ကျခဲ့ကြောင်း ရန်ကုန်မြို့ခံ ကျောင်းသား မိခင် တဦးကလည်း မဇ္ဈိမကို ပြောပြသည်။

လူထုလိုအပ်ချက်ကြောင့် အခမဲ့ပညာသင်ကျောင်းများကို NLD လူငယ် ကွန်ယက်များမှတဆင့် ချိတ်ဆက် ဆောင်ရွက် နေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုက ဆိုသည်။

"စစ်အစိုးရလက်အောက်မှာ နှစ်ပေါင်းကြာလာတော့ ပြည်သူလူထုဘဝက လိုအပ်ချက် ကြီးမားလာတယ်။ အထူးသဖြင့် ပညာရေးနဲ့ ကျန်းမာရေး တွေမှာပေါ့ဗျာ။ မိဘတွေက ပိုက်ဆံမတတ်နိုင်တော့ ကိုယ့်ကလေးတွေ ပုံမှန် ကျောင်းတောင် မထားနိုင်ဘူး။ နွမ်းပါးတဲ့ သူတွေကို လူငယ်တွေ ထဲမှာ ပညာသင်ပေးချင်တဲ့ သူတွေရှိတော့ ကျနော်တို့က ကျောင်းတွေ ဖွင့်ပေးပြီး ကြားထဲကနေ ချိတ်ဆက် ပေးလိုက်တာ ပညာသင်ကြားရေး ကွန်ယက် ဖြစ်သွားတာပေါ့။ ဒါက ကျနော်တို့ရဲ့ ကွန်ယက် သဘောတရားပါပဲ" ဟု NLD ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

NLD ၏ ကွန်ယက်ချိတ် အခမဲ့ ပညာသင်ကျောင်းများမှာ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်တွင် ဗေဒါ သင်တန်းကျောင်း၊ လှိုင်သာယာတွင် အမေ့အိမ်ကျောင်းနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မြတ်မိခင် စာသင်ကျောင်းတို့ ဖြစ်သည်။

ဗေဒါကျောင်း၌ လူမှုဆက်ဆံရေး၊ ကမ္ဘာ့ပြဿနာများ သင်ခန်းစာ၊ အရှေ့တောင်အာရှ နိုင်ငံများကို လေ့လာခြင်းနှင့် အခြေခံ အင်္ဂလိပ်စာ ဘာသာရပ်များကို နှစ်ပတ်တကြိမ် သင်တန်းပေးပြီး၊ အမေ့အိမ်တွင် အခြေခံ မူလတန်းမှ အထက်တန်း အထိ သင်ယူနိုင်ကာ အခြေခံ အင်္ဂလိပ်စာများကို ပို့ချပေးနေသည်။

သမ္မတ ဦးသိန်းစိန် အစိုးရသစ်၏ ဘဏ္ဍာရေးနှစ်အတွက် လျာထားသည့် အသုံးစရိတ်တွင် စစ်ရေးအတွက် ၃ဝ ရာခိုင်နှုန်း နီးပါး ရှိသော်လည်း ပညာရေးအသုံးစရိတ်မှာ ၄.၅၇ ရာခိုင်နှုန်း သာရှိသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာသင် ကျောင်းပေါင်း ၄ သိန်း တသောင်းခန့်ရှိပြီး ကျောင်းသား ၈ သန်းခန့် ရှိကြောင်း ပညာရေး ဝန်ကြီး ပြောဆိုချက်အရ သိရသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, May 3, 2011

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဧပြီ ၂၉၊ ၂၀၁၁ ရက်နေ့ အာရ်အက်ဖ်အေ အစီအစဉ်


● မေးသူ ။ ။ သန်းဝင်းလှိုင် (ထိုင်းနိုင်ငံရောက် စာရေးဆရာ)
● မေးခွန်း ။ ။ အမ နေကောင်းပါသလားခင်ဗျား။ ကျနော် ပထမဦးဆုံး မေးချင်တာကတော့ ၂၀၀၃ မေလ ဒီပဲယင်း မှာပေါ့နော် ... လူတစုပေါ့၊ အဲဒီလူတွေရဲ့ မတရားရိုက်နှက် လုပ်ကြံ သတ်ဖြတ်တဲ့ ဒီပဲယင်း အရေးအခင်းကြီးမှာ အမ ဘယ်လို လွတ်မြောက် သွားသလဲ ... ကျနော် သိချင်ပါတယ်၊ ကျေးဇူးတင်ပါတယ်။

● ဖြေ ။ ။ ဆရာသန်းဝင်းလှိုင် ပေးတဲ့ စာအုပ်တွေကို ရကြောင်း အခုမှပဲ ပြောဖို့ အခွင့်အခါကြုံလို့ ပြောပါ ရစေ။ ကျေးဇူး အများကြီး တင်ပါတယ်။ ဒီပဲယင်းတုန်းက ကိစ္စကို အသေးစိပ် ပြောဖို့ဆိုလို့ ရှိရင်တော့ အစီအစဉ် တခု သတ်သတ်ကို လုပ်မှာပါ။ အတိုချုံး ပြောရမယ် ဆိုရင်တော့ ကားမောင်းတဲ့ လူငယ်က အင်မတန်မှ ကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့ လူတွေက လမ်းကို ပိတ်ဆို့ တားဆီးဖို့ ကြိုးစားနေတဲ့ အထဲက နေပြီးတော့ ဖောက်ထွက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

● မေးသူ ။ ။ဒေါ်လွင်လွင်မြင့် (အရှင်ဂမ္ဘီရ၏ အမ)
● မေးခွန်း ။ ။ အန်တီစုရေ ကျန်းမာပါရဲ့လားရှင်?။ ကျမသိချင်တဲ့ မေးခွန်းကတော့ ၂၀၀၃ ဒီပဲယင်းအရေး အခင်းနဲ့ ပတ်သက်ပြီး အန်တီ ဘယ်လို သဘောထား ပါသလဲ?..။ အဲဒီ ဒီပဲယင်း အရေးအခင်း အပြီး မှာ ညောင်နှစ် ပင်ညီလာခံ တက်ဖို့ NLD က အစိုးရနဲ့ ညှိနှိုင်း စီစဉ်ခဲ့တယ် ဆိုတာ ကျမတို့ ကြားခဲ့ရပါတယ်။ အဲဒါ ဟုတ်ပါသ လား?.. အန်တီ။ ဟုတ်မှန်တယ် ဆိုရင် ညီလာခံတက်ဖို့ ဘာကြောင့် ပျက်ပျယ် သွားခဲ့တယ် ဆိုတာကို အန်တီ့အနေ နဲ့ ပြောပြ နိုင်လားရှင်?..။ အန်တီစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ။

● ဖြေ ။ ။ မလွင်လွင်မြင့် RFA က ပြောတာတွေကို နားထောင်ရလို့ သိကျွမ်းပြီးသား လူတယောက်လို့ ခံစား ရပါတယ်၊ ဒီပဲယင်းကိစ္စ အပြီးမှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံ စကားပြော သဘောတူညီမှု ယူခဲ့တဲ့ အချက်တွေက ...
၁။ ဒီပဲယင်း အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန်။
၂။ အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်။
၃။ နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့  နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရန်။
၎။ ဒီပဲယင်းနဲ့ ပတ်သက်လို့ အဖမ်းဆီးခံနေရသူအားလုံးကို ပြန်ပြီးတော့ လွှတ်ပေးရန် …ဆိုတာတွေ ဖြစ်ပါတယ်။
NLD ဖက်ကတော့ မိမိတို့ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အမျိုးသား ညီလာခံ လွှတ်ဖို့ သဘောတူ လိုက်ပါတယ်။ ဒီအချက် အားလုံးကို နှစ်ဦးနှစ်ဖက် လက်ခံပြီးမှ အမျိုးသား ညီလာခံ စဖို့ ရက်အနည်းငယ်လေး အလို မှာ အန်တီ့ကို မလွှတ်ပေးဘူး ပြောတာက စပြီး သဘော တူညီချက်တွေကော ဆွေးနွေးတာတွေကော ပျက်သွားပါ တယ်။

● မေးသူ ။ ။ ကိုဇော်ဌေး (မလေးရှား )
● မေးခွန်း ။ ။နေကောင်းလားမေမေ?..။ သားနာမည်မောင်ဇော်ဌေး၊ မလေးရှားနိုင်ငံ ဘန်စာမြို့မှာ နေပါတယ်။ သားက အမေစု လွတ်မြောက်အောင် မလေးရှား နိုင်ငံမှာ ဆန္ဒပြရင်း ရဲ ဖမ်းမိလို့ ထောင် ၁ နှစ် ကျခဲ့ပါတယ် အမေ။ နိုင်ငံခြားမှာ ဆန္ဒပြတာ ထောင် ၁ နှစ်ပဲ ကျတယ်အမေ။ မြန်မာနိုင်ငံက သံဃာတော်၊ ညီအကို၊ ညီအမ များဟာ အမိ တိုင်းပြည်အတွက် ဒီမိုကရေစီ ရအောင် ဆန္ဒပြတာ ဘာလို့ နှစ်တွေ အများကြီး ပေးဆပ် နေရတာလဲ အမေ၊ သူတို့ကို အရမ်း သနားတယ် အမေ။ ဒီကိစ္စဟာ ဆုတောင်းရုံနဲ့ ပြီးနေမယ့် ကိစ္စ မဟုတ်နိုင်တော့ဘူး အမေ။ သူတို့ အမြန်ဆုံး လွတ်မြောက် စေချင်တယ် အမေ။ သူတို့ အမြန်ဆုံး လွတ်မြောက်အောင် သားတို့ ဘာတွေ လုပ်ကြရင် ကောင်းမလဲ မေမေ။ ဖြစ်နိုင်မယ် ဆိုရင် သားတို့ လူငယ်ထုကြီးကို နိုင်ငံချစ်တဲ့စိတ်၊ တာဝန်ယူ တတ်တဲ့စိတ်မျိုး များများ ဖြစ်လာအောင် RFA အသံလွှင့်ဌာနက ၂ ပတ် ၁ ခါလောက် နာရီဝက် မိန့်ခွန်း ပြော ကြားပေး စေလိုပါတယ် အမေ။ အမေနှင့် တကွ အမိနိုင်ငံ ချစ်သူများအားလုံး လိုအင်ဆန္ဒ အမြန်ဆုံး ပြည့်မြော က်နိုင်ပါစေ အမေ။

● ဖြေ ။ ။ သားအခုပြန်ပြီး လွတ်မြောက်နေတာကို သိရလို့ ဝမ်းသာပါတယ်။ ပြည်တွင်းက နှစ်ရှည် အကျဉ်း ကျခံနေရတဲ့ ရဲဘော် ရဲဘက်တွေအတွက် စဉ်းစား ပူပန်ပေးတာ အတွက်လည်း ကျေးဇူး တင်ပါတယ်။ ဆုတောင်း နေရုံနဲ့တော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာမှာ မဟုတ်ဘူး ဆိုတာကတော့ အမှန်ပါပဲ။ သားတို့လို စွန့်စွန့်စား စားနဲ့ တတ်နိုင်သမျှ လုပ်ပေး သူတွေကြောင့်လည်း အမေ လွတ်လာတာလို့ ယုံကြည်ပါတယ်။ ဒီလိုပဲ နည်းအမျိုးမျိုး နဲ့ ဆက်ကြိုးစား နေရင်းနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် တတ်နိုင်တဲ့ ဘက်က ကူညီ ထောက်ပံ့ စေချင်ပါ တယ်။ မလေးရှားက အကျဉ်းထောင်တွေ အကြောင်းတော့ မသိဘူး။ ဒီမြန်မာ နိုင်ငံမှာဆိုရင် ထောင်တွင်းကျွေး စာနဲ့ ဘယ်လိုမှ ကျန်းမာရေးကို ထိန်းသိမ်းနိုင်တာ မဟုတ်လို့ အစားအစာ ပို့ရတာကိုကပဲ အကျဉ်းကျ မိသားစုတွေ အတွက် ဝန်ထုပ်ဝန်ပိုးကြီးတခု ဖြစ်နေပါတယ်။ အမေလည်း အချိန်ပြည့် အလုပ်တွေ လုပ်နေရလို့ လောလော ဆယ်တော့ အသံလွှင့် ဌာနမှာ မိန့်ခွန်းပြောဖို့ မစီစဉ်နိုင်သေးတာကိုလည်း နားလည် ပေးစေချင်ပါတယ်။

● မေးသူ။ ။ မကြေးမုံ (စင်္ကာပူ)
● မေးခွန်း။ ။ မင်္ဂလာပါ အန်တီ။ အန်တီ့ကို သမီး Personal နဲ့ ပတ်သက် တဲ့ မေးခွန်းလေး တခု မေးခွင့် ပြုပါနော်။ ဒီမေးခွန်းကို သမီး တယောက်ထဲ အတွက် မေးတာ မဟုတ်ပဲ သမီးလိုပဲ ကိုယ့်ရဲ့ အိမ်နဲ့ ဝေးနေတဲ့ ကိုယ့်မိသားစုနဲ့ ဝးနေတဲ့ လူတွေရဲ့ကိုယ်စား မေးတယ်လို့ သဘောထား စေချင်ပါတယ်ရှင်။ ဒီမေးခွန်းကို အန်တီဖြေရင် လဲ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးတယောက် အနေနဲ့ နိုဘယ်လ်ဆုရှင် တယောက်အနေနဲ့ မဟုတ်ပဲ သာမန်မိခင် အမျိုးသမီး တယောက် အနေနဲ့ ကျေးဇူးပြုပြီး ဖြေပေးပါရှင်။ သမီးသိချင် တာကတော့ အခုအချိန်ကနေ စပြီး အန်တီ ရှေ့ဆက်မဲ့ ဘဝရဲ့ အချိန်တွေကို ဖြတ်သန်းချင်တဲ့ အန်တီ့ ရင်ထဲမှာ တကယ်ကို မျှော်လင့်နေတဲ့ ဆန္ဒတချို့ကို သိချင်ပါတယ် အန်တီ။ ကျေးဇူးတင်ပါတယ် အန်တီ။

● အဖြေ။ ။ ပထမဦးဆုံးကတော့ အန်တီတို့တတွေ အားလုံး တောင်းတနေတဲ့ ပြည်သူနဲ့ နိုင်ငံကို အကျိုးပြုစေ မယ့် နိုင်ငံရေး အုပ်ချုပ်ရေး စနစ် မြန်မာပြည်မှာ ပေါ်ထွန်းလာတာကို မြင်ချင်ပါတယ်။ ဒုတိယ အနေနဲ့ ဒီစနစ် ခိုင်မာလာပြီ ဆိုတာ စိတ်ချ နိုင်ချင်ပါတယ်။ တတိယက မြန်မာနိုင်ငံသားတွေ သာမက ကမ္ဘာ တဝှမ်းမှာ ဒုက္ခဆင်း ရဲ ရောက်နေတဲ့ လူတွေကို ကူညီ စောင့်ရှောက်တဲ့ လုပ်ငန်းတွေမှာ တတ်နိုင်သလောက် ပါဝင်ပြီးတော့ လုပ်ဆောင်ချင်ပါတယ်။ နောက်ဆုံး ပုဂ္ဂိုလ်ရေး အရကတော့ အန်တီ့ရဲ့ သားတွေ မိတ်ဆွေတွေအ တွက် အေးေ အးဆေးဆေး အချိန်ပေးတာမျိုး တာဝန်အရ မဟုတ်ပဲ ဝါသနာအရ ဖတ်ချင်တဲ့ စာအုပ်တွေ ဖတ်တာမျိုး လေးလေး နက်နက် တရား အားထုတ်တာမျိုးတွေ လုပ်ချင်ပါတယ်။ ထူးထူးခြားခြား ဘာမှ မပါပါဘူး။ လူသား တယောက် ရနိုင်တဲ့ အေးချမ်းမှုကိုပဲ လိုချင်တာပါ။

● မေးသူ ။ ။ ကိုဖုန်းလှိုင် (တိုကျို၊ဂျပန်)
● မေးခွန်း။ ။ ကျနော့နာမည်က ဖုန်းလှိုင်လို့ ခေါ်ပါတယ်။ ဂျပန်နိုင်ငံက မြန်မာ အလုပ်သမား သမဂ္ဂက ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ အဖွဲ့နာမည်က (FWUBC) ကျနော်တို့ သမဂ္ဂမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပေါ့နော် အယူအဆ တခုရှိပါတယ်။ ပထမ အယူအဆ ဖြစ်တဲ့ ကျနော့် အယူအဆကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရဖို့က နံပါတ် ၁ ဖြစ်တယ်။ ဒီမိုကရေစီ ရပြီးမှ ဒီအလုပ်သမား သမဂ္ဂတွေ ပြန်ထူထောင်မယ် ပေါ့နော်။ ထူထောင်ပြီးတော့မှ အလုပ်သမား အခွင့်အရေးကို ကြိုးစား မယ်ပေါ့နော်။ နောက် ကျန်တဲ့ အယူအဆတခုကတော့ အလုပ်သမား သမဂ္ဂတွေ လက်ရှိ ထူထောင်ပြီးတော့မှ ဒီမိုကရေစီရဖို့ကို ဒုတိယ ကြိုးစားမှာ ဖြစ်ပါတယ်။ ပတ်သက်ပြီးတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့အမြင်ကို ကျနော် သိချင်ပါတယ်။

● ဖြေ ။ ။ ဒီမိုကရေစီရရှိရေးနဲ့ သမဂ္ဂတွေ ဖွဲ့ပိုင်ခွင့်စတဲ့ ဒီမိုကရေစီနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေ ရရှိရေး ၂ မျိုး လုံးကို တချိန်ထဲမှာပဲ တတ်နိုင်သလောက် လုပ်ရမယ်လို့ ထင်ပါတယ်။ ကျောင်းသား သမဂ္ဂပဲဖြစ်ဖြစ် အလုပ် သမားသမဂ္ဂပဲ ဖြစ်ဖြစ် တောင်သူ လယ်သမား သမဂ္ဂပဲဖြစ်ဖြစ် သမဂ္ဂပေါင်း အမျိုးစုံဟာ တကယ်ကို ပြည့်ပြည့်ဝဝ လှုပ်ရှားနိုင်ဖို့ ဆိုရင် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်တခု လိုပါတယ်။ ဒါပေမယ့် သမဂ္ဂတွေ ထူထောင်ဖို့ ကြိုးစားခြင်း ဆိုတာလဲ ဒီမိုကရေစီအရေး ရဖို့ ကြိုးစားခြင်းဖြစ်လို့ ဒီမိုကရေစီ ရရှိရေးနဲ့ သမဂ္ဂ ထူထောင်ရေး ၂ မျိုးစလုံးကို တတ်နိုင်သမျှ ဒွန်တွဲပြီး လုပ်သွား စေချင်တယ်လို့ ပြောတာ ဖြစ်ပါတယ်။

● မေးသူ ။ ။ ဝိုင်မြင့်ချို (တောင်ကိုရီးယား)
● မေးခွန်း ။ ။ မင်္ဂလာပါ အမေ ... ကျနော် ဝိုင်မြင့်ချိုပါ။ ကိုးရီးယားကပါ အမေ။ ကျနော် သိချင်တာက ကျနော်တို့ မြန်မာ လူမျိုးတွေဟာ ကောက်ရိုးမီးလိုပဲ စိတ်အတက် အကျ မြန်တဲ့ သဘောကို လူတော်တော်များများ မှာ တွေ့ရပါတယ်။ ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်တတ်တဲ့ စိတ်အနေအထားမျိုးကို ဘယ်လို စိတ်ဓာတ် အခြေခံမျိုးနဲ့ မွေးမြူ သင့်ပါသလဲ ဆိုတာကို သိချင်ပါတယ် အမေ။ အမေ ရွှင်လန်း ချမ်းမြေ့ပါစေခင်ဗျာ။

● ဖြေ ။ ။ခံနိုင်ရည်နဲ့ ဇွဲမရှိတာဟာ ငယ်စဉ်ကထဲက ပြုစုပျိုးထောင်မှုနဲ့ ဆိုင်မယ်လို့ ထင်ပါတယ်။ စိတ်ရှည်လက် ရှည်နဲ့ ပင်ပန်းခံပြီး ကလေးတွေကို သွန်သင် ဆုံးမရမယ့်အစား အလွယ်နည်းသုံးပြီး ပြုစုပျိုး ထောင်မယ်ဆိုရင် ကလေးတွေကလည်း ခံနိုင်ရည်တို့ ဇွဲတို့ ရှိဖို့ဆိုတာ မလွယ်ပါဘူး။ ကြီးလာမှ ပုံသွင်းဖို့ ခက်တယ် ဆိုပေမယ့် တကယ်ပဲ ကိုယ့်ကိုယ်ကို ပြုပြင်ချင်ရင် ရပါတယ်။ ယုံကြည်ရာကို တစိုက်မတ်မတ် မလုပ်ခင် ခိုင်မာတဲ့ ယုံကြည် ချက်ရှိဖို့ လိုပါတယ်။ ဒီလို ယုံကြည်ချက် ရှိဖို့ ဆိုတာကတော့ ကိုယ်ကျင်လည် နေတဲ့ ဘဝကြီးကို ဆင်ခြင် သုံးသပ်ပြီး လူတယောက် အနေနဲ့ ဘယ်လို တန်ဖိုးရှိအောင် ဘယ်လို နေရမလဲ ဆိုတာကို စဉ်းစားခြင်းနဲ့ ရလာလိမ့်မယ်လို့ ထင်ပါတယ်။

● မေးသူ ။ ။ မခိုင်သီတာအောင်။
● မေးခွန်း။ ။ မင်္ဂလာပါ အန်တီစုရှင့် ကျမ မခိုင်ပါရှင်။ ကျမ ပြည်တွင်းနဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းတွေမှာ လူမှုရေး လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ဗမာပြည်ထဲက အမျိုးသမီးနဲ့ မူလတန်းကျောင်း ပညာရေးတိုး တက်ရေး လုပ်ငန်းတွေကို လုပ်နေပါတယ်။ တဖက်ကလည်း အမေရိ ကန်နိုင်ငံမှာ ပညာရေးနဲ့ ပတ်သတ်ပြီး သုတေသနပြု ပါရဂူဘွဲ့ယူဖို့ ကြိုးစား နေပါတယ်။ အန်တီစုကို လေးလေးနက်နက် ယုံကြည် ထောက်ခံတဲ့ သူတယောက် အနေနဲ့ ဘယ်လို အပိုင်းတွေကနေပြီး ကျမ ဘာတွေ ဝိုင်းဝန်း လုပ်ကိုင် ပေးနိုင်မယ် ဆိုတာကို သိပါ ရစေရှင်။ ကျေးဇူး တင်ပါတယ်ရှင်။

● အဖြေ ။ ။ သမီးတို့လို ပညာရေးနဲ့ပတ်သတ်လို့ အထူးလေ့လာနေတဲ့သူတွေ၊ လေ့လာ ထားတဲ့ သူတွေဟာ အန်တီတို့ နိုင်ငံကို အများကြီး အကျိုးပြုနိုင်ပါတယ်။ လက်ရှိ အင်မတန်မှ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံ ပညာရေး စနစ်ကို ဘယ်လို နည်းတွေနဲ့ အမြန်ဆုံး မြှင့်တင်နိုင်မယ် ဆိုတာနဲ့ ပတ်သက်လို့ အကြံဉာဏ် ပေးရုံတင်မက တနေ့တချိန် တခါမှာ ကိုယ်တိုင် ပါဝင် လုပ် ဆောင် နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုတော့ အန်တီတို့ ဒီမိုကရေ စီကွန်ယက်က ထူထောင်ထားတဲ့ ကျောင်းစီမံကိန်း ကလေးတွေကို ပြည်သူတွေ ဝိုင်းဝန်း ပံ့ပိုးနိုင်မယ့် နည်းတွေကို အကြံပြုနိုင်မယ် ဆိုရင် သိပ်ကို အထောက်အကူ ဖြစ်မှာပါ။

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)

Ref: မိုးမခ

Read More...

ထိန်းသိမ်းခံ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အင်းစိန်ထောင် ပို့ပြီ

2011-05-02

ခေတ္တခဏ မေးမြန်းဖို့ ဆိုပြီး ခေါ်ဆောင်သွားခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အင်းစိန်ထောင် ပို့လိုက်ပြီး မကြာခင် ရုံးထုတ် စစ်ဆေး တော့မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ က အာဏာပိုင်တွေ ခေါ်ဆောင်သွားခဲ့ပြီး ဆက်သွယ်လို့ မရပဲ ဖြစ်နေတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အင်းစိန်ထောင်ကို ပို့လိုက်ပြီ ဖြစ်လို့ လာရောက် တွေ့ဆုံနိုင်ကြောင်း မေလ ၂ ရက် ဒီကနေ့ လူတယောက်က ဖုန်းဆက် ခဲ့တယ်လို့ ဦးနေမျိုးဇင်ရဲ့ ဇနီး မဇင်မျိုးက RFA ကို ပြောပါတယ်။

“ကိုနေမျိုးဇင်က ပြောခိုင်းတယ်တဲ့။ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ကို လာတွေ့ဖို့တဲ့။ နောက်ပြီးတော့ သူလိုတဲ့ ပစ္စည်း ပစ္စယ လေးတွေ မှာတယ်။ ဖုန်းက သိပ်ပြောလို့ မကောင်းဘူး။ သူတို့က အဲဒီမှာ လာတွေ့ဖို့ အတွက်တဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ ထောက်ခံစာ ယူခဲ့တဲ့။ မနက်ဖြန် အင်္ဂါနဲ့ ဗုဒ္ဓဟူးတဲ့၊ ဟိုး အင်းစိန်ထောင်၊ ၉ နာရီလောက်ဆို တွေ့လို့ ရတယ်တဲ့။ အဲလိုတော့ ပြောတယ်။”

ဖုန်းဆက်သူရဲ့ ပြောဆိုချက်အရ ဦးနေမျိုးဇင်ကို ပုဒ်မ ၃၃ အီလက်ထရွန်းနစ် ဥပဒေနဲ့ ရုံးတင်နိုင်ဖွယ် ရှိကြောင်း၊ မကြာခင် ရုံးထုတ်တော့မှာ ဖြစ်တဲ့အတွက် လိုက်ပါ ဆောင်ရွက်ဖို့ ရှေ့နေ ရှာထားဖို့ ပြောဆိုခဲ့ကြောင်း၊ အခုလို ဖုန်းဆက် လာတာဟာ အင်းစိန်ထောင်က တရားဝင် အကြောင်းကြားတဲ့ ပုံစံမျိုး မဟုတ်ပေမဲ့၊ ဖုန်းဆက်သူဟာ အကျဉ်း ဦးစီးဌာနက ဝန်ထမ်းတဦး ဖြစ်နိုင်ကြောင်း မိသားစု ဝင်တွေက ပြောပါတယ်။

မဇင်မျိုးရဲ့ ပြောဆိုချက်အရ ဦးနေမျိုးဇင်ကို အာဏာပိုင်တွေ ခေါ်ဆောင်သွားပြီး အိမ်မှာရှိတဲ့ ကွန်ပျူတာ တွေကို စစ်ဆေး ခဲ့ကြတဲ့ အခါ ဘာမှ ထူးထူးခြားခြား မတွေ့ရှိကြောင်း လာရောက် ရှာဖွေသူတွေက ပြောတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဦးနေမျိုးဇင်ရဲ့ လက်ပ်တော့ ကွန်ပျူတာကိုတော့ ခဏဆိုပြီး ယူဆောင် သွားခဲ့ရာမှာ ခုချိန်အထိ ပြန်မရသေးကြောင်း ပြောပါတယ်။
ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ လူမှုရေး လုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်ပြီး NLD လူငယ်တွေ ဆောင်ရွက်နေတဲ့ BG ခေါ် သွေးလှူဒါန်း ရေးအဖွဲ့မှာ ပါဝင် ဆောင်ရွက်နေသူတဦး ဖြစ်ပါတယ်။

Ref: RFA News

Read More...

လွတ်ငြိမ်းချမ်းသာခွင့် မကြာခင် ပေးဖွယ်ရှိ

2011-05-02

အစိုးရသစ် အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်က လာတဲ့ AFP သတင်း တရပ်က ဖော်ပြပါတယ်။

ဒါပေမဲ့ အဲဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမပါတော့ မသေချာကြောင်း အစိုးရ အရာရှိ တဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

သမတ ဦးသိန်းစိန်ဟာ ကြာသပတေးနေ့ အင်ဒိုနီရှားနိုင်ငံမှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီး အစည်း အဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။ သမတသစ် အနေနဲ့ ပထမဆုံး နိုင်ငံတကာ ခရီးစဉ် အဖြစ်နဲ့ အချိန်ကိုက် လွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန် နိုင်ဖွယ် ရှိတယ်လို့ အမည်မဖော်လိုတဲ့ မြန်မာ အစိုးရ အရာရှိတဦးက ပြောဆို ခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာချိန် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အစီအစဉ် ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေး မပေးဆိုတဲ့ အပေါ် သံသယ ရှိနေကြပါတယ်။

လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) အပါအဝင် နိုင်ငံရေး စောင့်ကြည့် အဖွဲ့တွေရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကျော် ရှိပြီး ကမ္ဘာပေါ်မှာနိုင်ငံရေး အကျဉ်းသား အများဆုံး ရှိနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

Ref: RFA News

Read More...

ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေး ပေါင်းချုပ် ရောင်းကောင်းဆဲ

တနင်္လာနေ့၊ မေလ ၀၂ ရက် ၂၀၁၁

ဗိုလ်ချုပ်အောင်ဆန်း မျက်နှာဖုံးတွင် ဆရာဇော်ဂျီ၏ သခင်အောင်ဆန်းတရား ကဗျာကို ဖော်ပြထားသော မော်နီတာ ဂျာနယ် နိုင်ငံရေး အထူးဆောင်းပါး ပေါင်းချုပ်ကို ထုတ်ဝေပြီး နှစ်ပတ်အကြာထိ ဆက်လက် ရောင်းအား ကောင်းဆဲဟု ရန်ကုန်မှ ဂျာနယ် လက်ပွေ့ရောင်းချသူ တဦးက ပြောသည်။ စံချိန်တင်ဈေးနှုန်း ၁၅၀၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး ယခု တစောင် ၈၀၀ ကျပ်ဖြင့် ရန်ကုန် ဂျာနယ် အရောင်းဆိုင်များတွင် ဆက်လက် ၀ယ်ယူရရှိနေပြီး လူငယ်အများစု မှတ်တမ်း အဖြစ် သိမ်းဆည်း ဝယ်ယူလျက် ရှိသည်။

“အရင်က ဂျာနယ်ဝယ်မဖတ်တဲ့ လူတွေလည်း ဗိုလ်ချုပ်အောင်ဆန်း ပုံနဲ့မို့ အမှတ်တရ ၀ယ်သိမ်း ကြတာမျိုးရှိတယ်” ဟု ဂျာနယ် အရောင်းသမား တဦးက ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ အပါအ၀င် ဆောင်းပါး ၃၈ ပုဒ်ပါဝင်ပြီး သမိုင်းဝင် ဓာတ်ပုံများ မိသားစု ဓာတ်ပုံများလည်း ပါဝင်သည်။ ဧပြီလတွင် ထုတ်ဝေပြီး စာရွက် အရည်အသွေးလည်း ကောင်းသည့် အတွက် ၀ယ်သိမ်းထားရန် အဆင်ပြေသည်ဟု သိရသည်။

မြတ်ခိုင်၏ အပတ်စဉ်ထုတ် မော်နီတာဂျာနယ် အမှတ်(၁) မှ (၅၀) အတွင်း ဖော်ပြခဲ့သော မြန်မာ့ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ် အောင်ဆန်း အကြောင်း ရေးသားထားသည့် ဆောင်းပါး အဟောင်းအသစ် ၃၈ ပုဒ်ကို စုစည်း ထုတ်ဝေထားရာ သတင်းထောက် ဦးပုကလေး၊ ဒဂုန်တာရာ၊ သခင်တင်ဦး စသည့် ဗိုလ်ချုပ်ကို သိမီလိုက်သူများ၏ ဆောင်းပါးများ၊ ကိုပညာ (အမရပူရ)၊ တက္ကသိုလ် စိန်တင်၊ ဆိုရှယ်လစ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးကိုကိုကြီး၏ မြေး ဝူလန်ဂေါင်း တက္ကသိုလ်မှ သမိုင်းပါရဂူဘွဲ့ရ ကျော်ဇောဝင်း စသူတို့၏ သုတေသန ဆောင်းပါးများ ပါရှိသည်။ ကွယ်လွန်သူ လယ်ဝေး သခင်ကြည်ရှိန်၏ ဗိုလ်ချုပ် နှစ်ဦးလယ်ဝေးတွင် ဆုံခဲ့စဉ်က ဆောင်းပါးမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်း စစ်အတွင်း ရိုက်ကူးခဲ့သော ဓာတ်ပုံ အကြောင်း ဖြစ်သည်။

မကြာမီက ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အကြို ပိတောက်ပွင့်သစ် မဂ္ဂဇင်းမှ မောင်စိမ်းနီ စီစဉ် ထုတ်ဝေခဲ့သည့် စာရေး ဆရာစုံ၏ `စာရေး ဆရာကိုအောင်ဆန်း´စာအုပ်မှာလည်း အထူး လူကြိုက်များခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် စာကြည့်တိုက် ရန်ပုံငွေ အတွက် သခင်ကိုယ်တော်မှိုင်း တည်းဖြတ်သည့် စာရေးဆရာ၊ ရဲဘော်၊ သခင်နှင့် ကျောင်းနေဘက်များ ရေးသော ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိကို ၁၉၅၁ က ထုတ်ဝေခဲ့ဘူးသည်။

Ref: မဇ္ဈိမ

Read More...

သတင်းလွတ်လပ်ခွင့်နဲ့ ဝေးသေးတဲ့ မြန်မာ

ဖနိဒါ |
တနင်္လာနေ့၊ မေလ ၀၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ)။ ။ ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ရေးနေ့ World Press Freedom Day ကို အနှစ် ၂၀ တိုင်တိုင် ဆင်နွှဲ လာပြီ ဖြစ်ပေမယ့် မြန်မာ နိုင်ငံမှာတော့ သတင်းစာ လွတ်လပ်ခွင့်တွေ မရှိသေးသလို စာပေစိစစ်ရေးရဲ့ ထိန်းချုပ်မှု ရှိနေသရွေ့ သတင်းစာ လွတ်လပ်ခွင့်လည်း ရှိမှာမဟုတ်ဘူးလို့ သတင်း သမားတွေက ပြောဆို ကြပါတယ်။

ဒါပေမဲ့ သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် စာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာနက ပြည်တွင်း သတင်း မီဒီယာတွေ ကန့်သတ်ထားချက် အချို့ကို မကြာခင်က ရုပ်သိမ်း ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်တွေကို ထိန်းချုပ်ထားပြီး ပုဂ္ဂလိက ဂျာနယ်တွေကို ထုတ်ဝေခွင့် ပေးထားပေမယ့် မဖြန့်ချိမီ စစ်ဗိုလ်တွေ ဦးစီးတဲ့ ဆင်ဆာအဖွဲ့ကို ကြိုတင်ရပါတယ်။ အခုနောက်ပိုင်းမှာ သတင်းတွေကို ဖြတ်တောက်မှုတွေ နည်းနည်း လျော့လာတယ်လို့ ပုဂ္ဂလိက ဂျာနယ် မှာလုပ်နေတဲ့ ဝါရင့် အယ်ဒီတာ တဦးက ပြောပါတယ်။

ယခင် စာပေစိစစ်ရေးက ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေ၊ ယိုယွင်းမှုတွေ၊ တောင်သူ လယ်သမားတွေရဲ့ ဒုက္ခ အခက်အခဲတွေကို အနည်းအကျဉ်းသာ ဖော်ပြခွင့်ပေးခဲ့ပြီး လက်ရှိမှာတော့ ယင်းကိစ္စတွေနဲ့ ပတ်သက်တဲ့ အကြောင်း အရာတွေကို ဖော်ပြခွင့်တွေ ပေးလာတယ်လို့ ဆိုပါတယ်။

“အခုဆိုရင် ခေါင်းစဉ်တွေကအစ နည်းနည်း ပြင်းပြင်းရေးရင်လည်း ပေးထားတာ တွေ့ရတယ်။ အယ်ဒီတာတွေကို ခေါ်ပြော လက်မှတ် ထိုးခိုင်းတာ၊ သတိပေးတာတွေ မလုပ်တာလည်း တော်တော် ကြာခဲ့ပြီဆိုတော့ လုပ်ရကိုင်ရတာ အများကြီး သက်တောင့်သက်သာ ရှိလာတယ်။ တကယ့်ကို သိသာတဲ့ အချက်ပါ”

အရင်တုန်းက သတင်းထောက်တဦး အပြင်ထွက် သတင်းဓာတ်ပုံ ရိုက်တဲ့အခါမှာလည်း နေရာတိုင်း ရိုက်လို့ မရဘဲ ခေါ်ယူ စစ်ဆေး ခံရတာတဲ့ အခြေအနေတွေ ကြုံတွေ့ရသူတွေလဲ မနည်းတော့ပါဘူး။ ဒါပေမဲ့ အခုတော့ ဓာတ်ပုံ ရိုက်ခွင့်တွေ၊ သတင်း မေးမြန်းတာတွေကိုပါ ခွင့်ပြုလာတယ်လို့ အဲဒီအယ်ဒီတာကပဲ ပြန်ပြောပြပါတယ်။

ဒါပေမဲ့ အမှန်တကယ် သတင်းလွတ်လပ်ခွင့်ကတော့ မှန်းလို့တောင် မရသေးဘူး ဆိုပါတယ်။

“သတင်းလွတ်လပ်ခွင့် လုံးဝ မရှိသေးဘူး။ ဒီတလ သက်တမ်းအတွင်းမှာလည်း ဝန်ကြီးဌာနတွေမှာ သတင်း ရယူမှုက အရင်ပုံစံ အတိုင်းပဲ ဖြစ်နေတယ်။ ထင်သာမြင်သာ ပြောင်းလဲလာတာ မရှိဘူး။ ဖြည်းဖြည်းချင်း ပြောင်းသွားမလား မသိဘူး” သတင်းဂျာနယ် ဝါရင့်အယ်ဒီတာ တဦးက မဇ္စျိမကို ပြောတာပါ။

၁၉၉၁ ခုနှစ် မေလ ၃ ရက်နေ့ ကမ္ဘာ့ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့ ၂၆ ဖွဲ့ရဲ့ အထွေထွေ ညီလာခံမှာ သတင်းစာပညာနဲ့ ပတ်သက်တဲ့ အသိပညာ ဗဟုသုတတွေကို ပြည်သူလူထုကို ပေးဖို့နဲ့ သတင်းဖော်ပြခွင့် အရေးကြီးပုံတွေ အစိုးရကို သတိပေးတဲ့ အနေနဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ရေးနေ့ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ သတင်းလွတ်လပ်ခွင့် ပြဒါးတလမ်း သံတလမ်း ဖြစ်နေတာ စစ်တပ်အာဏာစသိမ်း ခဲ့တဲ့ ၁၉၆၂ ထဲကပါ။ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ တော်လှန်ရေး ကောင်စီ အာဏာသိမ်းအပြီး သြဂုတ်လမှာ ပုံနှိပ် ထုတ်ဝေခွင့် ဥပဒေ Printers and Publishers Registration Law ကို ပြဋ္ဌာန်းခဲ့ရာ အဲဒီဥပဒေ အပါအဝင် ကိုလိုနီခေတ်၊ အိမ်စောင့် အစိုးရခေတ် စာပေတည်းဖြတ်မှု ဥပဒေတွေဟာ ကနေ့ထိ အသက် ဝင်နေဆဲပါပဲ။

အမေရိကန်အခြေစိုက်တဲ့ နိုင်ငံတကာ လွတ်လပ်မှုဆိုင်ရာ Freedom House အဖွဲ့ရဲ့ အစီရင်ခံစာမှာ မြန်မာ နိုင်ငံဟာ စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပါဝင်တယ်လို့ ထုတ်ပြန် ခဲ့ပါတယ်။ မနှစ် နှစ်ကုန်ပိုင်း အထိ သတင်းသမား ၁၇ ဦး ဖမ်းဆီး ထောင်ချ ခံထားရတယ်လို့ အဖွဲ့က ထုတ်ပြန်ခဲ့တယ်။ သူတို့တွေဟာ အများအားဖြင့် အီလက်ထရောနစ် အက်ဥပဒေ၊ ပုံနှိပ် ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း အက်ဥပဒေ၊ အရေးပေါ် စီမံမှု အက်ဥပဒေ၊ နိုင်ငံတော် ကာကွယ်ရေး ဥပဒေ စတဲ့ ပုဒ်မတွေနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံရတာပါ။

မြန်မာပြည်တွင်းက သတင်းသမားတွေဟာ မရေရာတဲ့ အခြေအနေတွေအောက်မှာ မီးစင်ကြည့်က လုပ်နေရတဲ့ အခြေ အနေတွေလည်း ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်လာခါစ ပြည်တွင်း ဂျာနယ်တွေမှာ ဖော်ပြခဲ့ပေမယ့် နောက်ပိုင်း သူရဲ့ လှုပ်ရှားမှုတွေကို ထည့်ခွင့်မရတော့ဘဲ ထိန်းချုပ် လိုက်ပါတယ်။ ဒါပေမဲ့ ဒီတပတ်ထဲမှာပဲ လူမှုရေးအဖွဲ့ကို ဦးဆောင်နေတဲ့ ကျော်သူရဲ့ လူမှုအသင်း ၁၀ နှစ်ပြည့်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တဲ့ ဓာတ်ပုံတွေကို ဂျာနယ်အချို့မှာ ဖော်ပြခွင့် ပေးခဲ့ပါတယ်။ ဒါပေမဲ့ အသင်းခေါင်းဆောင် ဦးကျော်သူရဲ့ အမည်ကို ဂျာနယ်တွေမှာ ဖော်ပြခွင့် မရသေးပါဘူး။

မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတဲ့ ဝက်နားရွက်ပြာရောဂါ ပျံ့နှံ့နေမှု တိ၊ မွေး၊ ကုသရေး ဆိုင်ရာ အကြီးအကဲတွေ အသိပညာပေးတဲ့ သတင်းမျိုးကိုမူ ထောက်ခံချက်ယူဖို့ မလိုပေမယ့် နယ်စပ်ကုန်သွယ်ရေး သွင်းကုန်၊ ပို့ကုန်နဲ့ ပတ်သက်တဲ့ သတင်းမျိုးဆိုရင် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဆီကနေ ထောက်ခံချက် ယူရတယ်လို့ သိရပါတယ်။

“ခေါ်ယူခြိမ်းခြောက်တာတွေတော့ မရှိဘူး။ အယ်ဒီတာအဖွဲ့က ကတိဝန်ခံချက် ထိုးရတယ်။ အဲဒါတွေလည်း အရင်ထက်စာရင် နည်းသွားတယ်။ ဒါကလည်း ကိုယ့်ဘက်က ဂရုစိုက်လုပ်လာကြလို့ဘဲ။ သတိထား လုပ်လာကြလို့ပါ” အယ်ဒီတာ တဦးက ပြောတာပါ။

ဒါ့အပြင် သတင်းထောက်တွေဟာ အစိုးရဌာနဆိုင်ရာ အရာရှိတွေနဲ့ အင်တာဗျူးလုပ်တိုင်း သူတို့ ထောက်ခံချက်တွေ တောင်းခံရာမှာလည်း တချို့ဝန်ကြီးတွေ ဆိုရင် သူပြောဆိုတာကို ထောက်ခံချက် ပြန်ပေးရမယ် ဆိုပြီး စိတ်ဆိုးပြီး သတင်းရင်းမြစ် ပျောက်ဆုံးတဲ့ အထိ ကြုံတွေ့နေရတာပါ။

“လူကြီးတွေကို သတင်းသွားမေးရင် ရေးပြီးလို့ တင်တော့မယ်ဆိုရင် သူတို့ကို အရင် သွားပြရတယ်။ သူတို့ ဗျူးတုန်း ကတော့ တမျိုးပြောတယ်။ လွတ်လွတ်လပ်လပ် ပြောချလိုက်တယ်။ ပြန်ရေးပြီး ပြန်သွားပြတော့ ငါ ဒီလို မပြောပါဘူးဆိုပြီး ပြန်ပြင်တယ်။ ဒီလိုမရေးရဘူး။ ဒီလိုရေးဆိုတာတွေပေါ့” ဟု ပြည်တွင်းက သတင်းထောက် တဦးက သူကြုံတွေ့ရမှုကို ပြန်ပြောပြပါတယ်။

စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်မရဘဲ ဖော်ပြလိုက်တဲ့ သတင်းတွေ ပါလာရင် သက်ဆိုင်ရာ အယ်ဒီတာအဖွဲ့တွေကို ခေါ်ယူ ခြိမ်းခြောက်၊ ကတိ ဝန်ခံလက်မှတ်တွေ ထိုးရတဲ့အပြင် ဂျာနယ် ထုတ်ဝေမှုကို ၂ ပတ်မှ ၁ လထိ ရပ်ဆိုင်း ပြစ်ဒဏ်ပေးတာပါ။

၂၀၀၇ လောင်စာဆီဈေး မြင့်တက်ခဲ့လို့ ဖြစ်ပေါ်လာတဲ့ စက်တင်ဘာ သံဃာ့အရေးအခင်းကြီး သတင်းတွေကို နိုင်ငံ တကာမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ပေမယ့် စာပေ စိစစ်ရေးက ပြည်တွင်းမှာ လုံးဝ ဖော်ပြခွင့် မပေးခဲ့ဘဲ အစိုးရ သတင်းစာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေကိုပဲ သုံးခွင့်ရခဲ့တယ်လို့ အယ်ဒီတာ တဦးက ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ၊ ရွေးကောက်ပွဲ ကာလ၊ ရွေးကောက်ပွဲပြီး ကာလတွေမှာလည်း သတင်း လွတ်လွတ် လပ်လပ် ရေးသားခွင့်တွေ မရခဲ့ကြပါဘူး။

ဒါပေမယ့် လွန်ခဲ့တဲ့ ၃ လလောက်ကထဲက ထောက်ခံချက်တွေ တောင်းဖို့ မလိုတော့ဘဲ ခိုင်လုံတဲ့ သတင်း ရင်းမြစ်ဖြစ်ရင် သတင်း ဖော်ပြခွင့်တွေ ရလာတယ်လို့ သတင်းထောက်က သတိထားမိလာတယ်တဲ့။

မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ ပုံနှိပ်ထုတ်ဝေမှု မူဝါဒကို လက်ရှိ အစိုးရသစ် လက်ထက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ အဆင့်လိုက် လျှော့ပေးသွားရန် ရှိတယ်လို့ စာပေစိစစ်ရေးဌာန တာဝန်ခံ ဦးတင့်ဆွေက ပြည်တွင်းမှ ဖလားဝါးနယူးစ်ကို ပြောဆိုခဲ့တယ်။

အားကစား၊ အနုပညာ၊ သုတရသ၊ ကျန်းမာရေး စတဲ့ ဂျာနယ်တွေ အပါအဝင် မဂ္ဂဇင်းအချို့ကို စာပေ စိစစ်ရေးကို ကြိုတင် မစစ်ဆေးဘဲ ထုတ်ဝေခွင့် ရတော့မယ် ဆိုပေမယ့် အခုထက်ထိတော့ စာပေ စိစစ်ရေးကို ပုံမှန် တင်နေရဆဲပါ။

အခု ချက်ချင်းကြီး အပြောင်းအလဲ မဟုတ်ခဲ့ရင်တောင် စိစစ်ရေးမူဝါဒတွေကို လျှော့ပေါ့ပေးတာမျိုးတွေ၊ ထောက်ခံချက်တွေ မလိုဘဲ ဖော်ပြခွင့်တွေ ရချင်တယ်လို့ အယ်ဒီတာ တဦးက ဆိုပါတယ်။

“စိစစ်ရေးတင်စရာ မလိုတော့ဘူးဆိုတာထက် အခုရှိနေတဲ့ မူဝါဒလေးတွေကို တချက်ချင်း ဖြည်ပေး သွားရင်တော့ ပိုကောင်း သွားမှာပေါ့။ အဲဒီကနေမှ တဆင့် စိစစ်ရေး တင်စရာ မလိုတော့တဲ့ အဆင့်ထိ သွားလိုက်ရင် ပိုကောင်းမယ်” လို့ ပြောပါတယ်။

ယခုနှစ်ဆန်းပိုင်းကစပြီး ပြည်သူတွေ သိသင့်တဲ့ အကြောင်းအရာ တချို့ကို ဖော်ပြမှုတွေ လျှော့ပေးလာပြီး ဒီ ဧပြီလထဲမှာ သိသိသာသာ ဖော်ပြခွင့် ရလာတယ်လို့ တခြားအယ်ဒီတာတဦးက မဇ္စျိမကို ပြောပြတာပါ။

“ဒီမှာလုပ်ကိုင်တဲ့သူတွေနဲ့ အပြင်မှာ လုပ်ကိုင်တဲ့သူတွေရဲ့ တိုင်းတာမှု ပုံသဏ္ဌာန်ကလည်း တူမယ်လို့ မထင်ဘူး။ ဒါပေမဲ့ အခု လောလောဆယ် ရသလောက် အနေအထားကို မဆိုးဘူးလို့ ပြောလို့ရမယ်။ ကျမတို့မှာလည်း အကန့် အသတ်တော့ ရှိနေတုန်းပဲ။ စာပေ စိစစ်ရေး ရှိနေတုန်းပဲ ဆိုတော့ လုံးဝ ပွင့်လင်း လွတ်လပ်နေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အတိုင်းအတာ တခုထိတော့ တိုးတက် လာတယ်လို့ ပြောလို့ ရပါတယ်”

ပြည်တွင်းမှ ဂျာနယ်တွေကို စိစစ်ရေးက နည်းနည်းလျှော့ပေးလိုက်တဲ့အတွက် ပြည်ပ သတင်းဌာန တွေမှာ သတင်း ရယူမှုတွေ ထိခိုက်သွားမယ်လို့ မထင်ကြောင်းနဲ့ တခါတလေ ပြည်တွင်း ဂျာနယ်တိုက်တွေက စာပေ စိစစ်ရေးကို တင်ရတဲ့ အတွက် သတင်း နောက်ကျခဲ့တဲ့ သတင်းပေါင်း မနည်းတော့ဘူးလို့ အယ်ဒီတာတဦးက ပြောပါတယ်။

“ပြည်ပမှာထွက်တဲ့ သတင်းတွေ အရင်ဦးသွားတဲ့ သတင်းတွေ အများကြီးပဲ။ ပြည်တွင်းက လူတွေက သိလျက် သားနဲ့ စာပေ စိစစ်ရေးကို တင်ရတဲ့အတွက် နောက်ကျ သွားတာမျိုးတွေ အများကြီး ရှိတယ်။ အစိုးရသစ် ယန္တရမှာ ပြောင်းလဲမှုပြချင်လို့ ဒီလို လုပ်တယ်လို့ ယူဆတယ်” လို့ သူရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။

ဂျာနယ်တိုက်တွေက စာမူကြမ်းတွေကို ပီဒီအက်ဖ်ဖိုင်ပြောင်း၊ စီဒီနဲ့အတူ မူကြမ်းကို အောက်ခြေ ဝန်ထမ်းတွေ စစ်ဆေးဖို့ ၃ ခု ၄ ခုမိတ္တူ ကူးပြီး စာပေစိစစ်ရေးကို ကြိုတင်စစ်ဆေးဖို့ တင်ရတာပါ။ အဲဒီနောက် ၃ ရက်လောက် စောင့်ရပြီးနောက် ဂျာနယ်ထုတ်ဝေ ဖြန့်ချိရတယ်လို့ အယ်ဒီတာ တဦးက ရှင်းပြတာပါ။

“ခွင့်ပြုတာ၊ ခွင့်မပြုတာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကွန်ပျူတာထဲမှာပဲ လုပ်တယ်။ စာပေစိစစ်ရေး စာရေးမ ကနေ စာမျက်နှာ ဘယ်လောက်ကနေ ဘယ်လောက်ထိ ဖြုတ်ပါ၊ ဒါမှမဟုတ် ရင်းမြစ်ကို ဖော်ပြပါဆိုတဲ့ ဟာတွေကို အဲဒီ အမျိုးသမီး ဖတ်ပြတာကို စာပေ စိစစ်ရေးကို သွားတဲ့လူက ရေးမှတ်ရတယ်။ ဒီပုံဖြုတ်ဆိုတာတွေ မှတ်ရတယ်။ ပြင်တာတွေ ပြင်ပြီးတော့ မျက်နှာဖုံးကို တခါပြန်တင်ရတယ်။ အထဲကဟာတွေကို တင်စရာ မလိုတော့ဘူး။ နောက်ဆုံး ၃ ရက်ကြာစောင့်ရတယ်”

သတင်းထောက် တွေဟာ ပြည်ပသတင်းဌာနတွေအတွက် သတင်းလိုက်ပေးတဲ့အတွက် ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော် တချို့ နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့အတွက် ဖမ်းဆီး ခံထားရသူတွေလည်း ရှိနေပါတယ်။

နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ ဒီဗီဘီ သတင်းထောက် မလှလှဝင်း ၂၇ နှစ်၊ ကိုငွေစိုးလင်းကို ထောင်ဒဏ် ၁၃ နှစ်တို့ကို အီလက်ထရောနစ် အက်ဥပဒေ၊ ဗီဒီယိုအက်ဥပဒေ၊ အရေးပေါ် ပြဋ္ဌာန်းချက်တွေနဲ့ ထောင်ဒဏ်တွေ ချထားတာပါ။

အစိုးရသစ် သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ဒီမိုကရေစီ အစိုးရအတွက် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်း မီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးပါတယ်လို့ ထည့်ပြောခဲ့ပေမယ့် သတင်းလွတ်လပ်ခွင့်ကို မပေးဘဲ ကန့်သတ်မှုတွေ ဆက်လက် ရှိနေတာပါ။

စာပေကင်ပေတိုင်လို့ နာမည်ကျော်ကြားတဲ့ စာပေစိစစ်ရေး ရှိနေသရွေ့ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်မှု မရှိသေးဘူးလို့ သတင်းသမားတွေနဲ့ စာနယ်ဇင်းသမားတွေက ပြောဆိုတာပါ။

“နိုင်ငံရေးဆိုတာကို ဖယ်ထား၊ ကျမတို့က နိုင်ငံတော် အစိုးရကို လူကြီးတွေကို ဝေဖန်ရေးသားတာမျိုးအဆင့်ထိ မမျှော်လင့်ဘူး။ ကျန်းမာရေး၊ ပညာရေး၊ အဖက်ဖက်က ယိုင်နေတဲ့ ပြည်သူတွေနဲ့ ပိုနီးစပ်တဲ့ အကြောင်းအရာမျိုး ရေးလာနိုင်ရင်တော့ ကောင်းတယ်” လို့ ပြောကြပါတယ်။

“သတင်းစာ လွတ်လပ်ခွင့်ဆိုတဲ့ စကားကတော့ ဆင်ဆာ လုံးဝ မရှိတော့ဘူးဆိုတဲ့ အခါကျမှ ပြောလို့ရမယ့် စကားလို့ ထင်တယ်။ ဆင်ဆာ လုံးဝ မတင်ရဘူးဆိုရင်တော့ လွတ်လပ်ခွင့် ရလာတယ်လို့ ပြောလို့ ရမှာပါ။ အခုဟာက စာပေစိစစ်အောက်မှာ လုပ်ရကိုင်ရတာ သက်တောင့်သက်သာ ရှိလာတယ်။ လွယ်လွယ်ကူကူ ဖြစ်လာတယ်၊ ချောချောမွေ့မွေ့ ဖြစ်လာတယ်။ အခက်အခဲ နည်းလာတယ်ပေါ့နော်”

တချို့အကြောင်းအရာတွေကို ဖော်ပြခွင့်ရလာတဲ့ ပြောင်းလဲမှုတချို့ တွေ့လာရပေမယ့် သက်တမ်း တလသာရှိသေးတဲ့ အစိုးရကို ရုတ်တရက် ကောက်ချက်ချဖို့ စောသေးပြီး စောင့်ကြည့်ရအုံးမယ့် အခြေအနေပါပဲလို့ အယ်ဒီတာတွေက သတိထား ပြောဆိုလိုက်ကြောင်းပါ။

Ref: မဇ္ဈိမ

Read More...

ဝ တပ်ဖွဲ့ တွေနဲ့ မြန်မာစစ်တပ် ဆက်လက်တင်းမာ

ဦးမိုးဇော်
တနင်္လာ, 02 မေ 2011

အပစ်အခတ်ရပ်စဲရေး ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ သတ်မှတ်နယ်မြေ ပြင်ပမှာ အခြေစိုက် ထားတာ ရုပ်သိမ်းဖို့ မြန်မာ စစ်တပ်က နောက်ဆုံးရက် သတ်မှတ်ထားတာ ကျော်လွန် သွားပေမဲ့ နှစ်ဘက် အပြီးသတ် သဘော တူညီချက်တွေတော့ မရသေးပါဘူး။ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ အခြေစိုက် ထားတဲ့ အင်အားကြီး လက်နက်ကိုင် ၀ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSA) ကတော့ ထိပ်တိုက် ရင်ဆိုင်မှုတွေကို ရှောင်ရှား လိုကြောင်းနဲ့ အစိုးရနဲ့ ဆွေးနွေးမှုတွေ လုပ်လိုကြောင်း ကမ်းလှမ်း ထားတာပါ။ အပစ်ရပ် အဖွဲ့တွေနဲ့ မြန်မာစစ်တပ် အကြားက တင်းမာမှု နောက်ဆုံး အခြေအနေတွေ ဘယ်လို ရှိနေသလဲ ဆိုတာ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာအစိုးရဘက်က နှစ်ဘက် အပစ်အခတ် ရပ်စဲစဉ်က သဘောတူ သတ်မှတ်ထားတဲ့ နယ်မြေရဲ့ ပြင်ပမှာ ရောက်ရှိနေတဲ့ UWSA ခေါ် ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်နဲ့ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ NDAA ခေါ် အမျိုးသား ဒီမိုကရေစီ သွေးစည်း ညီညွတ်ရေး တပ်မတော်တို့ရဲ့ တပ်ဖွဲ့ တွေကို ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံး ထားပြီး ရုပ်သိမ်းဖို့ အတွက် ဧပြီလ နောက်ဆုံးပတ်က တောင်းဆို ထားပါတယ်။

ဒီလို တောင်းဆိုခဲ့တဲ့နောက်မှာ ၀တပ်ဖွဲ့အတွင်းမှာ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူပြီး မြန်မာ အစိုးရရဲ့ တောင်းဆိုချက် အပေါ်မှာ ဆွေးနွေး ခဲ့ပါတယ်။

အခုအခါမှာတော့ ၀တပ်ဖွဲ့ဘက်က သူတို့တပ်တွေ သတ်မှတ်နယ်မြေ ပြင်ပမှာ ရှိမရှိ ပြန်လည် စစ်ဆေး နေပြီး ဒေသတွင်း အခြေအနေဟာ အခုချိန်ထိ အေးအေး ဆေးဆေးပဲ ရှိတယ်လို့ ၀ တပ်ဖွဲ့က တာဝန်ရှိသူ တယောက်က ပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ စစ်ဆေးတုန်းပဲ ရှိပါသေးတယ်။ ဒေသမှာတော့ အေးအေးဆေးဆေးပါ။”

မိုင်းလားတပ်ဖွဲ့ဘက်ကတော့ စစ်စခန်း ၂ ခုလောက်ကို ဧပြီလ ၃၀ ရက်နေ့ မတိုင်ခင်က ရုပ်သိမ်းခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။

ဝတပ်ဖွဲ့ဘက်က သတ်မှတ်နယ်မြေ ပြင်ပမှာ သူတို့တပ်တွေ အခြေစိုက်ထားတာရှိရင် ပြန်လည် ရုပ်သိမ်းမယ်၊ မသိမ်းဘူး ဆိုတာတော့ အတိအကျ ပြောဆိုတာ မရှိပေမဲ့ အရင် စစ်အစိုးရနဲ့ သဘော တူထားတဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းပြီး အစိုးရသစ်နဲ့ ဆွေးနွေးဖို့ လိုလားကြောင်း ၀ တပ်ဖွဲ့က တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ကျနော်တို့ဘက်က သဘောထားကတော့ ဆက်ပြီးတော့ ငြိမ်းချမ်းရေးကို ထိန်းထားချင်တယ်လေ။ ဗိုလ်ချုပ်ကြီး သိန်းစိန် အစိုးရသစ် နဲ့လည်း ဆွေးနွေးချင်တယ်။ ဗိုလ်ချုပ်ကြီး သိန်းစိန်ကလည်း သမ္မတ တာဝန် ထမ်းဆောင်တဲ့နေ့က မိန့်ခွန်းမှာလည်း ပြောထားတယ်။ နောက်ပြီးတော့ နယ်စပ်ဒေသ တိုင်းရင်းသားတွေ ဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာလည်း ပြောသွားတာတွေ ရှိတယ်လေ။ ဒီကိစ္စကို ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးမှာပါ။”

မတ်လ ၂၀ ရက်နေ့ကလည်း ၀တပ်ဖွဲ့ ခေါင်းဆောင်တွေဟာ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေး ဖြေရှင်းဖို့နဲ့ စစ်ရေးနည်းအရ ဖြေရှင်းတာကို မလိုလားကြောင်း ဖော်ပြထားတဲ့ စာတမ်း တစောင်ကို သူတို့ဌာနချုပ် ပန်ဆန်းကို ရောက်ရှိလာတဲ့ စစ်တပ်အရာရှိ တယောက်ကနေ မြန်မာ အစိုးရကို ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်အရာရှိက အဲဒီစာကို ယူဆောင်သွားဖို့ ငြင်းဆိုခဲ့ပါတယ်။

ဝတပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့တို့ဟာ ၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့ပြီး မြန်မာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ မြန်မာ စစ်အစိုးရက တောင်းဆိုချိန်မှာ ၀ နဲ့ မိုင်းလား တပ်ဖွဲ့တွေ ဘက်က လက်မခံ ခဲ့တဲ့နောက် ဆက်ဆံရေး အခြေအနေတွေ တင်းမာ လာခဲ့ပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ လှုပ်ရှားရာ ဒေသအတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး မြန်မာအစိုးရဘက်က စစ်အင်အား တိုးချဲ့လာတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Ref: VOA News

Read More...

ဘင်လာဒင် အမေရိကန် အသေဖမ်းဆီးရမိ

တနင်္လာ, 02 မေ 2011

ကမ္ဘာပေါ်မှာ အလိုအရှိဆုံး အကြမ်းဖက်သမား အယ်လ်ခိုင်းဒါး (al Qaeda) အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံး သွားပြီလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြေညာလိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံ အစ္စလမ္မာဘတ် (Islamabad) မြို့ မြောက်ဘက်မှာရှိတဲ့ အဘော့တဘတ် (Abbotabad) မြို့ထဲက ခြံဝန်း တခုအပေါ် အမေရိကန် အထူးတပ်ဖွဲ့ အနည်းငယ်က ပစ်မှတ်ထား ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သမ္မတက အိမ်ဖြူတော်ကနေ တနင်္ဂနွေနေ့ ညဘက်မှာ တနိုင်ငံလုံးကို ရုပ်မြင် သံကြားပေါ်ကနေ မိန့်ခွန်းပြော အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဘင်လာဒင်ကို အမေရိကန်တပ်တွေက သုတ်သင်ခဲ့တာဖြစ်ပြီး သူ့အလောင်းကို သက်သေအဖြစ် သိမ်းဆည်း ခဲ့တယ်လို့ သမ္မတက ပြောပါတယ်။

အယ်လ်ခိုင်းဒါးအဖွဲ့ကို နှိမ်နင်းတဲ့ စစ်ဆင်ရေးထဲမှာ ဒီတခါ စစ်ဆင်ရေးဟာ အထူးခြားဆုံး ဖြစ်တယ်လို့လည်း သမ္မတက ဖော်ပြ ပြောဆိုပြီး ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာကို ယုံကြည် လေးစားသူတိုင်းက ဘင်လာဒင်ရဲ့ ကျဆုံးမှုကို ကြိုဆို သင့်တယ်လို့လည်း မိန့်ခွန်းထဲမှာ ပြောကြား သွားပါတယ်။ တရားမျှတမှုနဲ့ အညီ အရေးယူ နိုင်ခဲ့ပြီလို့လည်း အမေရိကန် သမ္မတက ပြောခဲ့ပါတယ်။

အခြေအနေကို ရှင်းလင်းပွဲမှာတော့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်မှုဟာ ရှုပ်ထွေးပြီး အန္တရာယ်များတဲ့ စစ်ဆင်ရေးတခု ဖြစ်တယ်လို့ ဖော်ပြ ပြောဆိုခဲ့ပါတယ်။

ဘင်လာဒင်ကို ချေမှုန်းမယ့် စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘယ်နိုင်ငံကိုမှ မပြောခဲ့ သလို အမေရိကန် အစိုးရ ထဲမှာလည်း ဒီအစီအစဉ်ကို ကြိုတင်သိသူ အနည်းငယ်သာ ရှိခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ဘင်လာဒင် နေထိုင်နေတဲ့ ခြံဝန်းဟာ စစ်ဆေးရေးဂိတ် ၂ ခုရှိရုံမက သံဆူးကြိုးတွေ တင်ထားတဲ့ ၁၀ ပေလောက်မြင့်တဲ့ ခြံတံခါးနဲ့ အင်မတန် လုံခြုံတဲ့ ခြံဖြစ်တယ်လို့ တာဝန်ရှိသူက ဖော်ပြ ပြောဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ အယ်လ်ခိုင်းဒါး အဖွဲ့ရဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက် ခံရအပြီး ၁၀ နှစ်နီးပါး အကြာမှာ အဖွဲ့ခေါင်းဆောင်ကို သုတ်သင် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘင်လာဒင်ဟာ မွတ်ဆလင် ခေါင်းဆောင်တယောက် မဟုတ်ပါဘူး၊ ဒါပေမဲ့ သူဟာ မွတ်ဆလင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သူ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

ပါကစ္စတန် ထောက်လှမ်းရေးတွေရဲ့ အကူအညီနဲ့ ဘင်လာဒင် ဘယ်မှာရှိတယ် ဆိုတာကို ဖော်ထုတ် နိုင်ခဲ့တာဖြစ်ပြီး ဒီစစ်ဆင်ရေး လုပ်ဖို့ကို သူကိုယ်တိုင် အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ပြောပါတယ်။

Ref: VOA News

Read More...

အပေါ်သို့