..............................

Sunday, February 17, 2008

တိတ်ဆိတ်မြေမှ တိုက်ပွဲခေါ်သံ

ဂါမဏိ

၁၉၆၂ ခု မတ်လ (၂) ရက်တွင် မြန်မာနိုင်ငံ၏ တရားဝင် ရွေးကောက်ခံ အစိုးရကို စစ်အာဏာရှင် တစုက လက်နက်ကိုင် အဓမ္မ နည်းဖြင့် ဖြုတ်ချခဲ့ရာ အာရှတိုက်၏ မီးရှူးတန်ဆောင်မှာ အမှောင် ခေတ်ကြီး အတွင်း သက်ဆင်း သွားခဲ့သည်။

အာရှတိုက်တွင် ပညာရေးအဆင့်အမြင့်ဆုံးနိုင်ငံတခု ဖြစ်ခဲ့သည့် မြန်မာပြည်သည် နိမ့်ကျလှသည့် ပညာရေး အဆင့်အတန်း ရသွားသဖြင့် ပြည်တွင်း ပညာရေးမှာ လုံးဝ တန်ဖိုးမဲ့ သွားခဲ့သည်။ အဆင့်မြင့် ပို့ကုန်ပစ္စည်းများဖြင့် အာရှတွင် နာမည်တလုံး ရထား သည့်နိုင်ငံမှာ အိမ်နီးချင်း နိုင်ငံအားလုံးမှ အရည်အသွေး နိမ့်ပစ္စည်းများ သွန်ချရာ ဖြစ်လာသည်။ အားကစား၊ ယဉ်ကျေးမှု၊ အနု ပညာတို့ တောက်စား ခဲ့သောနိုင်ငံသည် မည်သို့မှ နိုင်ငံ့သိက္ခာ မဆယ်နိုင်တော့သော နိုင်ငံ ဖြစ်သွားသည်။

မဆလစစ်အာဏာရှင်စနစ်၏ နောက်ဆုံးနှစ်များ၌ လိမ်ညာ မှိုင်းတိုက်မှုများ၊ တပါတီစနစ်၏ နိုင်ငံရေး ဖိနှိပ်မှုများက နိုင်ငံကို အလင်းရောင်မဲ့စေသလို စစ်အာဏာရှင် စနစ်၏ လက်ဝါးကြီးအုပ် ကိုယ်ကျိုးကြည့် စီးပွားရေး ပေါ်လစီများကလည်း ကမ္ဘာ့ အဆင်း ရဲဆုံးနိုင်ငံဘ၀သို့ တွန်းချခဲ့သည်။ ၁၉၈၈ မတ်-ဇွန်-သြဂုတ်လများ တွင်မူ ချမ်းမြေ့ပျော်ရွှင် သန့်စင်သည့် နိုင်ငံ ပြန်လည် ထူထောင် ဖို့ ကျောင်းသားများ ခေါ်ရာနောက် ပြည်သူများ တခဲနက် လိုက်ခဲ့ကြသည်။ ထိုမှသည် … ၁၉၈၈ ခု သြဂုတ်လ (၂၆) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သွေးပီ သစွာ သမိုင်း၏ တောင်းဆိုမှုကို နာခံ၍ ပြည်သူ့ရင်ခွင်သို့ ၀င်ရောက်လာခဲ့သည်။

ဤသို့ဖြင့် နှစ်ပေါင်း (၃၀) အတွင်း ပထမဆုံး သော လွတ်လပ်သည့် ပါတီစုံရွေးကောက် ပွဲမှတဆင့် ၁၉၉၀ ခု မေလ (၂၇) ရက်တွင် ပြည်သူ့ရင်နှစ်တို့အား အောင်ပွဲပန်းတိုင် လှမ်းမြင်နိုင်စေသည် အထိ လွတ်လပ်ငှက်က လမ်းပြခဲ့ပါသည်။

ကျမအိမ် ….
ကျမမွေးဖွားခဲ့ရာ ပြုစုစောင့်ရှောက်ခံခဲ့ရာ
တချိန်က ချမ်းမြေ့သာယာ
အခုတော့ မှောင်မိုက်တုန်လှုပ်စရာအပြည့်။

ကျမမိသားစု …
ကျမ အတူကြီးပြင်းခဲ့ရာ
တချိန်က လန်းဆန်းပျော်ရွှင်
အခုတော့ ကြောက်ရွံ့ချောက်ချားလျက်။

ကျမ သူငယ်ချင်းများ …
ကျမ ပေါင်းသင်းခဲ့ရာ
တချိန်က သန့်စင်ရွှင်ပြ
အခုတော့ နှလုံးကြေကွဲ အသက်ရှင်။

လွတ်လပ်ငှက် …
လွတ်မြောက်ခါစ
တချိန်ကလှောင်ချိုင့်ထဲ
အခုတော့ သံလွင်ခက်ချီ ပျံသန်းနေ
ကျမချစ်တဲ့နိုင်ငံအတွက်။

လွတ်လပ်တဲ့မြန်မာပြည်ဆီ ပျံနေတဲ့ လွတ်လပ်ငှက်ပါ။
လွတ်လပ်ငှက် (၁၉၈၉)

မဆလတဖြစ်လည်း န၀တစစ်အာဏာရှင်လက်သစ်တို့က ရွေးကောက်ပွဲ ရလဒ်များ ၎င်းတို့ မျှော်မှန်းသလို ဖြစ်မလာသော အခါ ပထမတွင် မလိမ့်တပတ်၊ နောက်ပိုင်းတွင် ရူးသလိုပေါသလို၊ နောက်ဆုံး၌ ဗြောင် အတိအလင်း ရလဒ်များကို ငြင်းဆန်တော့ သည်။ ၁၉၉၀ ခု ဇူလိုင် (၂၉) ရက် ဂန္ဒီ အစည်းအဝေး လွန်မြောက်ပြီး နောက်တွင် ဒီမိုကရေစီ အလင်းစမှာ လုံးဝမှောင် ကျသွား ပြီး တနိုင်ငံလုံး တဆင့်မြင့် စစ်အာဏာရှင် စနစ်အောက်၌ အသံတိတ်ဆိတ် သွားစေခဲ့သည်။

စစ်အာဏာတည်တံ့ခိုင်မြဲရေးကို နည်းအမျိုးမျိုးဖြင့် တဆင့် တိုးစေသည့် အခါ စစ်ထောက်လှမ်းရေး စနစ် သဏ္ဌာန်ပေါင်းစုံ ဖွံ့ဖြိုး ထွန်းကားလာတော့သည်။ စစ်ဗိုလ်ချုပ်တို့၏အတ္တကို ကာကွယ်မြှင့်တင်ရန်အလို့ငှာ တနိုင်ငံလုံး၏ လွတ်လပ်ပျော်ရွှင်မှု၊ စည်ပင်ဝ ပြောမှုတို့ကို ဖိချပစ်လိုက်ပါတော့သည်။ ၁၉၈၈ ခု သြဂုတ် (၈) ရက်နှင့် ၁၉၉၀ ခု မေ (၂၇) ရက်၏အသံများကို တိတ်ဆိတ် သွားစေခဲ့ပါသည်။

သို့သော် …
ခြောက်နှစ်ကြာ အဓမ္မအသံဆိတ်ခံရပြီးနောက် ၁၉၉၅ ဇူလိုင်လတွင် လည်းကောင်း၊ နောက်တဖန် နှစ်နှစ် နီးပါးကြာ အဓမ္မ အသံ တိတ်ခံရပြီးနောက် ၂၀၀၂ ခု မေလတွင် လည်းကောင်း၊ လွတ်လပ်မှု အသံမှာ နဂို မူရင်းအတိုင်း အင်ပြည့်အားပြည့် ထွက်ပေါ်ခဲ့ ပြန်သည်။ ကမ္ဘာကျော် လူလိမ်ကြီးများကား ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်စားပြုသော လွတ်လပ်မှု အသံကို မည်သို့မှ ဖုံးလွှမ်း ဖျောက်ဖျက် မပစ်နိုင်ခဲ့။

ဆင့်ပွားလာသော မင်းကိုနိုင်၊ ကိုမြင့်အေး၊ ဦးအေးမြင့်၊ စုစုနွေးတို့၏ တိတ်ဆိတ် မြေမှ ဖောက်ထွက်နေ သည့် လွတ်လပ်မှုအသံများကို လိုက်လံတုပသူတို့ တုပကြသော်လည်း မည်သို့မှ မယှဉ်သာပါလေ။

တိတ်ဆိတ်မြေမှာ၊ ဘယ်သူမှမပြောနိုင်တာက
တယောက်ယောက်ကများ ချောင်းနားထောင်နေမလား
လျှို့ဝှက်ချက်တွေ ပြန်ရောင်းနိုင်ဖို့လေ။

သတင်းပေးတို့ကို နိုင်ငံ့သွေးနဲ့ တန်ဖိုးသင့်ပေး
ဒီတော့ မင်းဆိုးတို့မကြိုက်တာကို ဘယ်သူမှမပြောရဲ။

မြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေမှာလေ၊
ရယ်မောသံတိတ် အတွေးအမြင်ဆိတ်၊
ဟောဒီ မြန်မာနိုင်ငံဆိုတဲ့ တိတ်ဆိတ်မြေမှာ
ဆိတ်ငြိမ်နေတဲ့လူထုကြီးအတွင်းက တိတ်ဆိတ်ခြင်းအသံကိုကြားနိုင်
တိတ်ဆိတ်မြေမှာ၊ ဘယ်သူမှမပြောနိုင်တာက
စစ်သားတွေဘယ်အချိန်လာပြီး
မ သွားမလဲ။

တရုတ်က လမ်းရချင်၊ ပြင်သစ်ကရေနံလိုချင်နဲ့၊
ယိုးဒယားက သစ်ယူ၊ န၀တက ခိုးရာပါပစ္စည်းတွေယူနဲ့ …
တိတ်ဆိတ်မြေမှလေ …
တိတ်ဆိတ်မြေမှာ ဘယ်သူမှမကြားနိုင်တာက
အသတ်ခံရသူတွေရဲ့ တိတ်သွားတဲ့အသံ
နောက်ပြီး အကြောက်တရားနဲ့ ပိတ်ဖုံးထားတဲ့အသံ။

ဘယ်လိုပင်ဇွတ်အတင်းလုပ်လုပ်၊ လွတ်လပ်မှုဆိုတဲ့အသံကို
လူလိမ်လူညာတို့ မတုပနိုင် မှိန်ပျောက်သွားအောင် ဖုံးမပစ်နိုင်ပေါ့။
တိတ်ဆိတ်မြေ (၁၉၉၆)

၁၃၆၅ ခု ကဆုန်လကွယ်နေ့မှာ ထုံးစံအတိုင်း မှောင်မိုက်နေသည်။ မြို့ပြ၏ လျှပ်စစ် မီးရောင်နှင့် ဝေးသော ဒီပဲယင်း၏ တော နယ်မှာ ပို၍ပင်မှောင်သည်။ ဤသို့သော အမှောင်ကိုမှ အထူးနှစ်သက် သူတို့အုပ်ချုပ်ရာ တိုင်းပြည်တွင် လွတ်လပ်မှုအသံ ကို ဆိတ်သုဉ်းအောင် လုပ်ဖို့ အခွင့်အလမ်းမှာ ဤလကွယ်နေ့၌ အကျည်းတန်စွာ ပေါ်ပေါက်လာလေသည်။ သို့ဖြင့် အစုလိုက် အပြုံလိုက် လူသတ်ပွဲ၊ အစုလိုက် အပြုံလိုက် နှိပ်ကွပ်ပွဲ၊ … တိတ်ဆိတ်မြေအား အဆင့်တိုးခြင်း။

ထူးဆန်းသည်တော့မဟုတ်။ ၎င်းတို့၏အဘိဓာန်ထဲတွင် ပျော့ပျောင်းမှုဟူသော ဝေါဟာရ လုံးဝ- လုံးဝ မပါဝင်သော ကိုယ်ကျိုးကြီး စစ်အာဏာရှင် တို့နှင့် စိတ်သဘောထား မြင့်မြတ်လှသော ပြည်သူတို့ ရင်ဆိုင်ရသည့် ပွဲ၌ ပြည်သူတို့ဘက်က သွေးချောင်းစီးခဲ့ သည်မှာ ယခုမှမဟုတ်။

၁၉၈၅ ခုက ရှမ်းပြည်အလယ်ပိုင်း လဲချား-မိုင်းနောင်ဒေသ၌ မဆလစစ်တပ်က ဗကပရင်း (၅၀၂) တပ်ရင်းမှူး ၀တိုင်းရင်း သား ဗိုလ်တာပဲ့၏ဇနီး ရှမ်းအမျိုးသမီးကို ကိုယ်ဝန် အရင့်အမာနှင့် ဖမ်းမိခဲ့ရာ ဗိုက်ပေါ် တက်ခုန် သတ်ခဲ့ပါသည်။

၁၉၉၂ ခုက မြိတ်-ထားဝယ်ခရိုင်၌ ကေအင်ယူခရိုင်မှူး ပဒိုသမိန်ထွန်း၏ (၅) နှစ်အရွယ်သားနှင့် (၇) နှစ်အရွယ် သမီးတို့ကို န၀တ စစ်တပ်က ဖမ်းမိပြီးနောက် အရှင်လတ်လတ် မီးပုံထဲ ပစ်ချ သတ်ခဲ့သည်။

၁၉၉၃ ခုက အောင်ပန်း-လွယ်ကော် ရထားလမ်း ဖောက်ရာ၌ နတ်ကြီးသည် ဆိုသည့် နောင်ဝိုး တောင်ကြားတွင် ရထားလမ်း တည်တံ့ရေးအတွက် ဗမာလူမျိုး ကလေးငယ် နှစ်ယောက်ကို အရှင် လတ်လတ် မြေကျင်းထဲ ထည့်ကာ ဘူဒိုဇာဖြင့် မြေဖို့ သတ်ပြီး လူစတေးခဲ့သည်။

လွန်ခဲ့သည့် (၁၈) နှစ်အတွင်း အကျဉ်းထောင်များထဲ၌ ယုံကြည်ချက် အကျဉ်းသားပေါင်း အနည်းဆုံး (၁၃၀)ကျော် သေဆုံး ခဲ့ရသည်။

ငါးနှစ်အတွင်း ရှမ်းပြည်၌ အမျိုးသမီးပေါင်း အနည်းဆုံး (၆၀၀) ကျော်ကို နအဖ စစ်သားများက မုဒိမ်း ကျင့်ခဲ့သည်။

ပြီးခဲ့သည့်ဆယ်နှစ်အတွင်း ကရင်ပြည်နယ်၌ ရွာပေါင်း(၃,၀၀၀) ကျော်ကို ဖျက်ဆီးကာ ရာနှင့်ချီသော ကရင် တိုင်းရင်းသား များကို သတ်ပစ်ခဲ့သည်။

ယခုနောက်ဆုံး (၂) နှစ်အတွင်း တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့တွင် သောင်းနှင့်ချီသော ကရင်တိုင်းရင်းသားများ ကို လူမျိုးသန့်စင် ရှင်းထုတ်ပစ်နေသည်။

… ခဲ့သည်။ … ခဲ့သည်။ …
… နေသည်။ … နေသည်။ … သွေးစာရင်းကား ကုန်နိုင်ဖွယ်မရှိ။

မနှစ်တုန်းက ငါ့အဖေကို သူတို့သတ်ခဲ့၊
ပြီးတော့ ငါ့တဲကို မီးရှို့
“ဘာကြောင့် ငါ့ကိုမှ ဒီလိုလုပ်ရတာလဲ” မြို့ကြီးသားတွေကိုမေးလည်း သူတို့လှည့်မကြည့်
“မသိဘူး၊ ကိုယ့်ဟာကိုယ် အေးအေးနေ” တဲ့။

တနေ့ ငါ မူလတန်းကျောင်းက အိမ်ပြန်အလာ၊
ငါ့အစ်မ အသက်မဲ့၊ သွေးအိုင်ထဲမှာ။

ဘာဖြစ်တာလဲ မေးဖို့လိုက်ရှာ၊ တယောက်ယောက်များ သိလေမလား
သွေးလွှမ်းတဲ့အိမ်ခန်းကလွဲပြီး ဘယ်သူမှမတွေ့
ရွာလယ်လမ်းပေါ် ငါတယောက်ထဲလျှောက်ပြေး
ဘယ်သွားရမှန်းမသိပေမယ့် ဆရာမဆီ ခြေဦးလှည့်မိ
ငါ့အသိကို ရှင်းပေးနိုင်တာ သူတယောက်ထဲလို့ နားလည်ထား
သို့သော် ဒီတခါတော့ သူ မတတ်နိုင်၊ အထူးအဆန်းကိစ္စတွေ ကြောက်ရွံ့စွာပြောပြ။

ဘာဖြစ်လို့လဲ၊ ဆရာမရယ်၊ ဘာဖြစ်လို့လဲ ….. ဘာ … ဘာဖြစ်လို့လဲ…
ငါ့မှာ အဖေလည်းမရှိတော့၊ အစ်မလည်းမရှိတော့။

ဆရာမပြောတော့ ငါ့ကို ကောင်းရာညွှန်လတ် အတတ်သင်စေမယ်ဆိုတာ ညာပြောတာလားဟင်၊
ဒီတခါ မျက်ရည်တွေတွေကျရင်း ဆရာမ ထပ်ပြော …
“ကြီးလာအောင်သာလုပ်စမ်းပါ လူကလေးရယ်
ဒို့အားလုံးအသက်ငင်နေကြတာ မတွေ့ဘူးလား
မင်းကြီးလာတာနဲ့ တခါတည်း ဒီဥစ္စာကို အင်နဲ့အားနဲ့ တားပစ်လိုက်။

ဘာလို့လဲဆိုတော့ ဒို့အားလုံးခံနေရတာမို့”။
ဘာကြောင့်တိုက် (၁၉၉၉)

“မြင့်တဲ့အပင်တွေကို ခုတ်လှဲပစ်ကြ” Cut down the tall trees ၁၉၉၄ ခု ဧပြီ (၆) ရက်နေ့တွင် ရ၀မ်ဒါနိုင်ငံ၌ ဤညွှန်ကြားချက်ကို ရ၀မ်ဒါ အာဏာရှင်တို့က ၎င်းတို့၏ မီဒီယာများမှ နေ၍ အမိန့်ပေးခဲ့ပြီးနောက် သုံးလအတွင်း လူရှစ်သိန်း အသတ်ခံခဲ့ရသည်။

“မိမိတို့အနေဖြင့်လည်း မိမိတို့နယ်မြေဒေသသို့ အလားတူ ၀င်ရောက်ပြီး တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် နှင့် ဆူပူမှုများ ဖြစ်ပွားအောင် ဖန်တီးလာပါက ထိုအဖျက်အမှောင့် သမားများကို အုတ်ပုံရွာသူ ရွာသားများ ကဲ့သို့ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း …” ၂၀၀၇ ခု ဧပြီလ (၂၃) ရက်တွင် နအဖ၏ မြန်မာ့အလင်း သတင်းစဉ်က အထက်ပါ ညွှန်ကြားချက်ကို ထုတ်ပြန် ခဲ့ပြီးနောက် … မည်သူက ခေါင်းမာ နေပါသနည်း။ ဘာ့ကြောင့် တိုက်ရမည်နည်း။ စင်စစ်အားဖြင့် အဖြေ မလိုသော မေးခွန်းများ။
…. ဘာလို့လဲ ဆိုတော့ ဒို့အားလုံးခံနေရတာမို့။ ။

(ဒေါ်အောင်ဆန်းစုကြည်၏ ပင်ကိုယ်ရေးကဗျာသုံးပုဒ်ကို ခံစားရေးဖွဲ့ပါသည်။)

ဂါမဏိ

Read More...

အပေါ်သို့