..............................

Wednesday, July 11, 2012

ဒုသမ္မတသစ်အဖြစ် ဦးမြင့်ဆွေကို အမည်တင်သွင်းမှု အပေါ် တုံ့ပြန်မှု

ဦးရော်နီညိမ်း
အင်္ဂါ, 10 ဇူလိုင် 2012

မြန်မာ့တပ်မတော်မှာ အရေးပါတဲ့ စစ်ရာထူးကြီးတွေကို ထမ်းဆောင်ခဲ့တဲ့၊ လက်ရှိ မှာလည်း ရန်ကုန် တိုင်း ဒေသကြီးရဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးမြင့်ဆွေကို လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာ အတွက်၊ ပြည်ထောင်စု လွှတ်တော်က တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အစုအဖွဲ့က အမည်စာရင်း တင်သွင်း လိုက်ပြီလို့၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့ ဗိုလ်မှူးချုပ်ဝေလင်းက သတင်း ဌာနတွေကို ပြော ပြခဲ့တာကို တွေ့ရှိရပါတယ်။ လာမယ့် ဇူလိုင်လ (၁၂) ရက်နေ့ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်ရဲ့ အစည်းအဝေး ပြန်လည် ကျင်းပတဲ့ အခါမှာ ဦးမြင့်ဆွေကို ဒုတိယ သမ္မတနေရာအတွက် အမည်စာရင်း တင်သွင်းထားကြောင်း တရားဝင်ကြေညာဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဒုတိယ သမ္မတ ဖြစ်လာဖို့ ရှိနေတဲ့ ဦးမြင့်ဆွေရဲ့ တပ်မတော်အရာရှိ ဘ၀ဖြတ်သန်း မှု ဖြစ်စဉ် အကျဉ်းကို ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်Network of Democracy and Development (NDD) အဖွဲ့က သုတေသနမှူး ဦးဋ္ဌေးအောင်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းတဲ့ အခါမှာ ဦးဋ္ဌေးအောင်က အခုလို စပြီး ဖြေပါတယ်။

ဦးဌေးအောင်။ ။ ဦးမြင့်ဆွေအနေနဲ့က မူလတုန်းကပေါ့ဗျာ သူက DSA အပတ်စဉ် ၁၅ က ဆင်းတဲ့ အရာရှိ ဆိုတဲ့ အခါကျတော့ အခုလက်ရှိ စီနီယာကျတဲ့ ခေါင်းဆောင် တယောက်လို့လည်း ပြောလို့ရ တာပေါ့။ နောက် တချက်အနေနဲ့ ပြောမယ် ဆိုရင်လည်းပဲ သူ့အနေနဲ့က န၀တ၊ နအဖ ဥက္ကဋ္ဌ လုပ်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်းပဲ သူက အင်မတန် ရင်းနှီးခဲ့တဲ့ အနေအထားတွေ ကျနော်တို့တွေ့ရတာ ရှိတယ်လေ။

ဦးနေ၀င်းနဲ့ သူ့ရဲ့မိသားစုကို ဖမ်းဆီး ထိန်းသိမ်း အရေးယူတဲ့ အခါမျိုးမှာဖြစ်စေ၊ နောက်တခုက ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖမ်းဆီး အရေးယူတဲ့ အခါမှာဖြစ်စေ ဦးမြင့်ဆွေကပဲ တာဝန် ယူပြီးတော့ပဲ ဖမ်းဆီး ထိန်းသိမ်း အရေးယူ ခဲ့ရတာတွေလည်းတွေ့ရတယ်။ နောက်ပိုင်း ကျတော့ သူ့ကို ကကလှမ်းကနေ စရဖ ကို ပြောင်းတဲ့ အခါ မှာလည်း သူက တိုင်းမှူး အဖြစ်နဲ့ စရဖ အရာရှိချုပ် တာဝန်ကိုလည်း သူ ပူးတွဲ ထမ်းဆောင်ခဲ့ တယ်။ အဲတော့ သူ့ကို ကြည့်မယ် ဆိုလို့ရှိရင် သူ့ကို တပ်မ ၁၁ တပ်မမှူးတို့ ၊ ရန်ကုန်တိုင်းမှူး တို့၊ နောက်ပြီး စရဖ အရာရှိချုပ် တို့ စတဲ့ အရေးကြီးတဲ့ လံခြုံရေးဆိုင်ရာ တာဝန်တွေကို ပေးခဲ့တာကို ကြည့်ခြင်း အားဖြင့်လည်း သူ့အပေါ် မှာပေါ့နော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ အများကြီး အားကိုး ယုံကြည်ခဲ့တယ် ဆိုတဲ့ အနေအ ထားတွေ ကျနော်တို့တွေ့ရတာ ရှိတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အရည်အချင်းပိုင်း အနေနဲ့ ကြည့်မယ်ဆိုရင် စရဖ စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ ဆိုပြီးတော့ တပ်မတော် ထောက်လှမ်းရေး အဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းပြီးတော့ ပထမဆုံး စရဖ အရာရှိ ချုပ်ဖြစ်တဲ့ အချိန်မှာ ၂၀၀၅ ခုနှစ် မေလမှာ ကုန်တိုက်တွေမှာ ဗုံးတွေပေါက်ကွဲပြီးတော့ လူအတော် များ များ သေဆုံးမှုဖြစ်တဲ့ အချိန်မှာ သူ ဒီကိစ္စကို ဘယ်လိုမှ မကိုင်တွယ် မဖြေရှင်းနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းမရှိတဲ့ အတွက်ကြောင့် သတင်းရရှိမှု မရှိတဲ့ အတွက်ကြောင့် အဲဒါမျိုးတွေလည်း စရဖ အသိုင်းအ၀ိုင်း ကနေ ကျနော်တို့ ပြန်ကြားရတာ ရှိပါတယ်။ အဲဒီ အချိန်တုန်းက ဒီ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ စရဖရဲ့ အရာရှိချုပ် အနေနဲ့ ဗိုလ်ချုပ်မြင့်ဆွေ ကိုင်တွယ်ခဲ့ပုံကို ဦးဌေးအောင် သိရှိထားသလောက် ပြန် ပြီး ဝေဖန် သုံးသပ်ပေးပါ။

ဦးဌေးအောင်။ ။ သူ တိုင်းမှူးအဖြစ်နဲ့လည်း တာဝန် ယူထားတယ်။ နောက်တခုက ဒီ စရဖ ပေါ့လေ၊ လုံခြုံရေး ဆိုင်ရာ တာဝန်ကိုလည်း သူယူထားတဲ့ အနေအထားမှာ ခုနက လူအသေအပျောက် အများဆုံးဖြစ် တဲ့ ဒီရန်ကုန် ကုန်တိုက်ကြီးတွေမှာ ဗုံးကွဲမှုတွေ ဆက်တိုက်ပေါ်ပေါက် ခဲ့တဲ့ အနေအထားတွေကို ကြည့်မယ် ဆိုလို့ ရှိရင် သူ့မှာ တာဝန်ရှိတယ် ဆိုတာကတော့ ကျနော်တို့ ပြောလို့ရတာပေါ့။ ဒါပေမယ့် အဲလို တာဝန် ရှိပေမယ့် သူ့ကိုပေါ့လေ နအဖ ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ အရေးယူတာ လုံးဝမရှိခဲ့တဲ့ အပြင် သူက နောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီး အဖြစ်နဲ့ ကထစမှူး အဖြစ်နဲ့ပါ သူ တာဝန် တိုးမြှင့်ပေး တာတွေ ကျနော်တို့ တွေ့ရတာ ရှိတယ်လေ။

ရော်နီညိမ်း။ ။ ဟုတ်ကဲ့။ နောက်တခုက သူ ရန်ကုန်တိုင်း စစ်ဌာနချုပ် အပေါ်ကနေ ကွပ်ကဲရတဲ့ ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ ၅ ရဲ့ စစ်ဆင်ရေးမှူး ဖြစ်နေတဲ့ အချိန်မှာ ဖြစ်ရပ်ကြီးနှစ် ခုကို သူ ကျော်ဖြတ်ခဲ့ရတယ်။ ပထမ တခုကတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ အရေးတော် ပုံကြီး၊ နောက်တခုကတော့ ၂၀၀၈ ခုနှစ် မေလမှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြီး အဲဒီ နှစ်ခုကိုလည်း သူ ကထစမှူး အနေနဲ့ ကိုင်တွယ်ပုံဟာ တော်တော်လေး ဝေဖန်ခံရတယ်။ နောက်တခါ အခု မကြာသေးခင် ကပေါ့နော်၊ စာနယ်ဇင်းသမားတွေကို ခေါ်ယူပြီး ကြိမ်းမောင်းတဲ့ ကိစ္စလည်း ဖြစ်ပေါ်ခဲ့သေးတယ်။ ဆိုတော့ ဒီ ဒု သမ္မတ တာဝန်ကို ထမ်းဆောင်တဲ့ အခါမှာ အများပြောနေကြသလို သီဟသူရ ဦးတင်အောင်မြင့်ဦး အတိုင်းပဲ သဘောထားတင်းမာတဲ့သူတယောက်ရဲ့ လမ်းကြောင်းပေါ်မှာလျှောက်မယ့် သူမျိုးလား။ တဘက် က ဒေါ်အောင်ဆန်းစုကြည်ကပြောတာတော့ ဒုသမ္မတ ဖြစ်မယ့်လူဟာ တိုင်းပြည် ကောင်းကျိုးကို အတူတ ကွ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်တဲ့သူ ဖြစ်သင့်တယ်လို့ သူ့ရဲ့ မျှော်လင့်ချက် ကိုလည်း ပြောထားတယ်။ ဆိုတော့ အဲဒီ နှစ်ခုနဲ့ နှိုင်းယှဉ်ပြီးတော့ပေါ့နော်၊ ဒီ သဘောထားတင်းမာသူ လိုင်းပေါ်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်များ လား၊ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်တဲ့ ပုဂ္ဂိုလ်မျိုးများ ဖြစ်နေမလား ဦးဌေးအောင် ဘယ်လို မြင်ပါလဲ။

ဦးဌေးအောင်။ ။ ဒုတိယသမ္မတနေရာကို သူ့ကို အစားထိုးလိုက်တယ် ဆိုတာကလည်းပဲ စစ်ဘက် က ရွေးချယ်တယ် ဆိုပေမယ့် ဒီ ဦးသိန်းစိန်တို့ ဦးရွှေမန်းတို့ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အရှိန် လွန် မသွားရလေအောင် ထိန်းချုပ်ဖို့ အတွက် အဲလို တင်းမာတဲ့ သဘောထား ရှိတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး လို သဘောထားမျိုး ရှိတဲ့ လူမျိုးကိုပဲ ရွေးချယ်တာမျိုး ဖြစ်နိုင်တယ်။ နောက်တစ်ခု ကလည်း တချိန်တုန်းက လည်းပေါ့ဗျာ သူ့အနေနဲ့ ဒီ ယူနီဖောင်းဝတ်ထားတဲ့ စစ်သား တယောက်ဆိုတော့ အထက်ကပေးတဲ့ အမိန့်ကို သူ့အနေနဲ့ ဦးလည်မသုန် ထမ်းဆောင်ခဲ့ရတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူ့ အနေနဲ့ ဦးမြင့်ဆွေလည်းဖြစ်သွားပြီ၊ နောက်ပြီးတော့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် အဖြစ်နဲ့လည်း သူ့အနေနဲ့ အရပ်ဘက် တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ဖူးပြီးပြီ။ ခေတ်တွေ၊ စနစ်တွေ ပြောင်းပြီဆိုတာ သူတို့ ကိုယ်တိုင်လည်း သူတို့ ကိုယ်တိုင် ပြောင်းခဲ့တာဖြစ်တဲ့ အတွက်ကြောင့် သူတို့ ကိုယ်တိုင်လည်း သဘောပေါက်မယ် လို့ ကျနော်ထင်ပါတယ်။ အဲတော့ အခုအခြေအနေမျိုးမှာတော့ ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ ဦးသိန်းစိန်နဲ့ ပြုပြင်ပြောင်းလဲနေတဲ့ လုပ်ငန်းတွေနဲ့ အံဝင် ခွင်ကျ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်တို့လို ဒီမိုကရေစီ အင်အားစုတွေနဲ့လည်းပဲ အံဝင်ခွင်ကျ ဖြစ်ကောင်းဖြစ်နိုင်တဲ့ အနေအထားမျိုးတော့ ကျနော့် အနေနဲ့ မျှော်လင့်မိပါတယ်။

ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် Network of Democracy and Development (NDD) အဖွဲ့က သုတေသနမှူး ဦးဋ္ဌေးအောင်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။


Ref: VOA News

Read More...

ပြောသူတွေကိုယ်တိုင် အရင် ပြောင်းလဲဖို့လို

မင်းဝဏ်
ဇူလိုင်လ ၁၁ ရက် ၂၀၁၂

ပထမအကြိမ်လွှတ်တော်စတုတ္ထပုံမှန်အစည်း အဝေး တွေကို ဇူလိုင်လ ၄ ရက်မှာစတင်ကျင်းပခဲ့ပြီး ကာကွယ် ရေး ဦးစီးချုပ်က အသစ် လဲလှယ် ခန့်အပ် လိုက်တဲ့ စစ်ဗိုလ် အမတ် ၅၉ ဦးနဲ့ ဧပြီလ ၁ ရက် ကြားဖြတ်ရွေး ကောက်ပွဲမှာ အနိုင် ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်က လွှတ်တော် အမတ်တွေ ကလည်း ဒီလွှတ်တော် စည်းဝေးတွေမှာ ပါဝင် တက်ရောက်နေပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ဇူလိုင်လ ၉ ရက်မှာ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် ၄ ရက်မြောက် အစီအစဉ် ကနေ စည်းဝေး စတက်နေတာ တွေ့ရပါတယ်။ NLD ပါတီက လွှတ်တော် အမတ်တွေ အနေနဲ့ တောင်သူ လယ်သမား၊ အလုပ်သမား အရေး၊ လူဝင်မှုကြီးကြပ်ရေး လဝက စည်းမျဉ်း ဥပဒေ ကိစ္စနဲ့ ခေတ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေ ဖျက်သိမ်းရေး အဆို တင်သွားမယ်လို့ သိရပါ တယ်။ “ တရား ဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ ဥပဒေပြင်ဆင်ရေး ” ရည်ရွယ်ချက်တွေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ လွှတ် တော်ထဲရောက်ရင်လည်း ဒီရည်ရွယ်ချက်တွေ ပေါက်မြောက်အောင် ကြိုးပမ်း သွားမယ်လို့ ကြွေးကြော် ထားတဲ့ NLD အနေနဲ့ ဘယ်လို လက်တွေ့ လုပ်ကိုင် ဆောင်ရွက်သွားမယ် ဆိုတာကလည်း စိတ်ဝင်စား စရာပါ။

လက်ရှိကျင်းပနေတဲ့ လွှတ်တော် စတုတ္ထပုံမှန် အစည်း အဝေးရဲ့ တတိယရက်ဖြစ်တဲ့ ဇူလိုင်လ ၆ ရက်မှာ ပြည် သူ့လွှတ်တော် ဥက္ကဋ္ဌ-သူရ ဦးရွှေမန်းက လွှတ်တော်၏ ဂုဏ်သိက္ခာ ထိခိုက်စေသော အပြောအဆို အသုံးအနှုန်း များမရှိစေရန်သတိပေးကြောင်းနဲ့ မိမိတို့ လွှတ်တော်ဟာ ဟန်ရေးပြ လွှတ်တော် မဟုတ်ကြောင်း ပြောကြား လိုက်တဲ့အတွက် ဘယ်အကြောင်းကိစ္စ အပေါ် အခြေခံပြီး ဆတ်ဆတ်ထိ မခံ တုန့်ပြန် လိုက်တာလဲ ဆိုတာကို ဆန်းစစ်ကြည့်မိ ပါတယ်။ မြန်မာနိုင်ငံရဲ့ ကဏ္ဍ အသီးသီး၊ နယ်ပယ် အသီးသီးအတွက် စံချိန်စံညွှန်းများရေးဆွဲ သတ်မှတ်ပြီး ဥပဒေပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော်ထဲမှာ တင်သွင်းတဲ့ အဆိုကို ထောက်ခံဆွေးနွေး သူများထဲမှာ NLD အမတ် ၂ ဦး ပါဝင်ခဲ့ပါတယ်။ ဒီ ၂ ဦးထဲမှာ ဒေါက်တာအောင်မိုးညိုက “ မြန်မာနိုင်ငံ၏ ကဏ္ဍ အသီးသီးနဲ့ နယ် ပယ် အသီးသီးအတွက် စံချိန် စံညွှန်းများရေးဆွဲ သတ်မှတ်၍ ဥပဒေပြဋ္ဌာန်းနိုင်ရန် အချိန်ကာလ သတ်မှတ်ပြီး သတ်မှတ်ချိန် အတွင်းဆောင်ရွက်ပေးနိုင်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် မည်ကာမတ်တ အစိုးရနှင့် ဟန်ရေးပြ လွှတ်တော်လောက်နှင့် ယခုကိစ္စများ အကောင်အထည်ဖေါ်နိုင်ရန် ခဲယဉ်းမည်ဖြစ်ကြောင်း ” ဆွေး နွေးခဲ့ပါတယ်။

NLD ပါတီကလွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးချက်အပေါ်မှာ တုန့်ပြန်တာလို့ သူရ ဦးရွှေမန်းက ပြောင် ပြောင်တင်းတင်း မပြောပေမဲ့ “ လွှတ်တော်ထဲရောက်လာတဲ့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကပြဋ္ဌာန်း ထား တဲ့ ဥပဒေတွေ ဘာရှိလဲ ဆိုတာ အသေးစိတ်လေ့လာ ဖတ်ကြားဖို့၊ လိုက်နာဖို့၊ စည်းကမ်းမှာ Do နဲ့ Don’t ရှိပြီး Do တွေကို လိုက်နာပြီး Don’t တွေကို မလုပ်မိဖို့၊ မိမိတို့ လွှတ်တော်ဟာ ဟန်ရေးပြ လွှတ်တော်မဟုတ်၊ လွှတ် တော်ကို အချိန်တွေ မကုန်ရအောင် မယောင်ရာဆီလူး မလိုတဲ့ စကားတွေပြော အချိန်ဖြုန်းမယ် ဆိုရင် မိမိတို့ရဲ့ လုပ်ငန်းမှာ အနှောင့်အယှက်ဖြစ်လို့ ကိုယ်စားလှယ်တွေ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း၊ သူများနိုင် ငံနဲ့ ရင်ဘောင်တန်းမယ် ဆိုရင် ရင်ဘောင်တန်းနိုင်အောင် အတွေးအခေါ်တွေ၊ ခံယူချက်တွေ၊ လုပ်ဆောင်ချက် တွေရှိဖို့လိုကြောင်း ” လွှတ်တော် ဥက္ကဋ္ဌပါဝါနဲ့ ကိုယ်စားလှယ် အားလုံးကို စီးစီးပိုးပိုးပြောသွားတာ သတိပြုမိပါ တယ်။

ဒေါက်တာအောင်မိုးညိုပြောခဲ့တဲ့ မည်ကာမတ်တအစိုးရဆိုတာ သမ္မတ ဦးသိန်းစိန် အစိုးရ၊ ဟန်ရေးပြလွှတ် တော်ဆိုတာ ငါ့လွှတ်တော်လို့ - ဆန္ဒစွဲ တခုနဲ့ ချဉ်းကပ်မိတဲ့ သူရ ဦးရွှေမန်းရဲ့ ပေါက်ကွဲသံစဉ် တစ်ခုလို့ပဲ ဆိုရ မှာပါ။ NLD ဟာ ငါတို့ စစ်အုပ်စုရဲ့ အာဏာ ယန္တယားတွေကို အမြဲ အနှောင့်အယှက်ပေးတဲ့ သူတွေ ဆိုတဲ့ အာ ဃာတကလည်း ပွင့်ကျ လာတဲ့ သဘောပါပဲ။ စစ်အာဏာရှင် ဗိုလ်သန်းရွှေ အနား ရို့ရို့ကျိုးကျိုး ခစားခဲ့တဲ့ ဗိုလ် ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းမှာလည်း ငါတို့နဲ့ မတူ ငါ့ရန်သူ ဆိုတဲ့ စိတ်စွဲနဲ့ လွှတ်တော် ခွင်ထဲရောက်လာ ရပြီ ဖြစ်တဲ့ NLD အုပ်စုကို ငြိမ်ဝပ်သွားအောင် လုပ်ထားမှ တော်ကာကျမယ် - လို့ ဒေါသရှေ့ထားပုံရပါတယ်။ စစ် မြေပြင်မှာ အင်အားသုံးပြီး တဖက်ရန်သူကို စစ်ဦးချိုး ထားနိုင်ဖို့ နည်းဗျူဟာကို သုံးသလို လုပ်လိုက်တာသာ ဖြစ်ပါတယ်။ ဒီနေရာမှာ သူရဦးရွှေမန်းက တစုံတရာပျော့ပြောင်းတဲ့ စကား အသုံးအနှုန်းလေးတွေ သုံးထားပါ သော်လည်း အနှစ်သာရ ကတော့ ငါ့လွှတ်တော်ကို မင်းက ဘယ်လို သတ္တိနဲ့ အာခံဝေဖန်တာတုန်း- ဆိုတာ ကို တွေ့ရမှာပါ။

လွှတ်တော်ပြင်ပကနိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်း နိုင်ငံသား အခွင့်အရေးပေးထား သလို အတုအယောင် ရေးသား ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို သုံးပြီး တက်ကြွ လှုပ်ရှားသူတွေကိုနှိပ်ကွပ်နေတုန်း ဖြစ်ပါတယ်။ သွား လေသူ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်အာဏာသိမ်း အစိုးရက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် မှာ မိုင်းခွဲဖျက်စီးဖြို ချခဲ့တဲ့ ကျောင်းသား သမဂ္ဂ ကိစ္စကို အစပြန်ဖေါ် ကြရကောင်းလား - ဆိုတဲ့ သဘောနဲ့ နှစ် ၅၀ ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပဖို့ ဦးစီး ကြိုးပမ်းကြတဲ့ ကျောင်းသူ ကျောင်းသား တွေ ကို ခေတ္တ ဖမ်းဆီး ထိန်းသိမ်းမှုတွေ လုပ်ခဲ့တာ ကြားသိကြမှာပါ။ ရန်ကုန်မှာ ၄ ဦး၊ မန္တလေးမှာ ၄ ဦး၊ မြင်းခြံမှာ ၇ ဦး၊ မုံရွာမှာ ၄ ဦး၊ လားရှိုးမှာ ၃ ဦးနဲ့ စစ်ကိုင်းမှာ ၁ ဦး စုစုပေါင်း ၂၃ ဦးကို ဇူလိုင်လ ၆ ရက်ညက ဒေသခံ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး နောက်ရက်မှာ ပြန်လွှတ် ခဲ့ပါတယ်။ မြို့တိုင်းမြို့ တိုင်းမှာ ဖမ်းဆီးခြင်းဖြစ်တဲ့ အတွက် အစိုးရရဲ့ ညွှန်ကြားချက် အမိန့် ဆိုတာ ထင်ရှားပါတယ်။ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဟာ တရားမဝင် အသင်းဖြစ်တဲ့ အတွက် အခမ်းအနားကျင်း ပခွင့် မရှိဆိုတဲ့ အကြောင်းပြချက်ပေးပေမဲ့ ဘာကြောင့် ဒီအခမ်းအနားကို စီစဉ်သလဲ၊ ဘယ်အချိန် ကတည်း က စီစဉ်ခဲ့ကြသလဲ၊ ရန်ပုံငွေ ဘယ်ကရသလဲ- စသဖြင့် စစ်ကြောမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့လည်း သိရပါ တယ်။ စစ်အာဏာရှင် အုပ်စု လက်ကျန် ကြံ့ဖွံ့အစိုးရဟာ သွားလေသူ အာဏာရှင်ဟောင်း လက်ထက်က လက်သည် မဖေါ်ထုတ်ရဲတဲ့၊ တာဝန်ယူ တာဝန်ခံမှု မရှိတဲ့ ရာဇဝတ်မှု- အတွက် ထမင်းလုံး တစ္ဆေခြောက်ခံရ သလိုကြောက်ရွံ့နေလို့သာ ကျောင်းသားတွေနေအိမ်ကို ညဖက် လာခေါ်ပြီး ဖမ်းဆီး ထိန်းသိမ်းမှုတွေ ဆက် လုပ်နေတာပါ။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးလို့ အသံကုန် ဟစ်နေတဲ့ ပြုပြင်ပြောင်းလဲရေး သမား Reformist အမည်ခံ အငြိမ်းစား ဗိုလ်ချုပ်ကြီး များရဲ့ မျက်နှာဖုံးတွေက တဖြည်းဖြည်း ကွာကျ လာနေပြီဖြစ်လို့ တကယ့် အပြောင်းအလဲ Change ကို လိုချင်တယ်၊ ဖြစ်ချင်တယ် ဆိုရင် အာဏာ ကိုင်ထားသူတွေ ကိုယ်တိုင် စတင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။

မင်းဝဏ်

Read More...

မစိုးရိမ်ဆရာတော် ဦးဝီရသူနဲ့ ၈၈ အဖွဲ့တို့ စစ်တွေမြို့ရောက်ရှိ

2012-07-10

မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူဟာ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံဖို့ အတွက် တပည့် သံဃာတော် (၃) ပါးနဲ့အတူ ဒီကနေ့ နေ့လည်ပိုင်းက စစ်တွေမြို့ကို ရောက်ရှိ လာပါတယ်။

ဆရာတော်ဟာ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် ခရီးစဉ်အတွင်းမှာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်ခဲ့ကြတဲ့ ပြည်သူတွေကို အားပေးစကားပြောဖို့နဲ့ ဒုက္ခသည်တွေ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သွားရောက် လှူဒါန်းသွားဖို့ရှိပြီး ပဋိပက္ခအတွင်း သေဆုံး သွားခဲ့ကြတဲ့ သူတွေကို ရည်စူးပြီးတော့ ရေစက်ချ အမျှဝေကာ အလှူအတန်းတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ RFA ကို မိန့်ကြားပါတယ်။

ဆရာတော် ဦးဝီရသူဟာ စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းမှာ သီတင်းသုံးလျှက် ရှိနေပြီး ရခိုင်ပြည်နယ်မှာ သီတင်းတစ်ပတ် ကြာမယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်း ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ဦးကိုကိုကြီး (စမ်းချောင်း)၊ ကိုအံ့ဘွယ်ကျော်၊ မနီလာသိန်းနဲ့ မမီးမီးတို့ စစ်တွေမြို့ကို မနေ့က နေ့လည်ပိုင်းမှာ ရောက်ရှိသွားပြီး ဒီနေ့ မနက်ပိုင်းမှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် စစ်တွေမြို့ကို ရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်မှာ ဖြစ်တဲ့အတွက် အစီအစဉ်တွေ ကြိုတင်ရေးဆွဲဖို့ ဦးကိုကိုကြီး ဦးဆောင်တဲ့ အဖွဲ့က စစ်တွေမြို့ကို ဦးစွာရောက်ရှိနေတာ ဖြစ်ပါတယ်။

Ref: RFA News

Read More...

ဘင်္ဂါလီ ရိုဟင်ဂျာ အခြေအနေ AI အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

2012-07-10

ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခ အတွင်း ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံ တကာက လစ်လျူ မရှုသင့်ကြောင်း နိုင်ငံတကာ လွှတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ရဲ့ အမေရိကန် အခြေစိုက် အာရှ ပစိဖိတ်ရေးရာ လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောဆိုပါတယ်။

အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမြို့တော်က သတင်းထောက်များ အသင်းတိုက်မှာ မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာ များရဲ့ အခြေအနေ အကြောင်း ဇူလိုင်လ ၁၀ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး နိုင်ငံတကာ လွှတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ရဲ့ အမြင် သဘောထားတွေကို မစ္စတာ တီ ကူးမားက ပြောဆို ခဲ့တာပါ။

သူက ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ ဘာသာရေးကို အခြေခံပြီး ဖိနှိပ် ခံနေရကြောင်း၊ နိုင်ငံမဲ့ ဖြစ်နေတဲ့ အတွက် ရရှိသင့်တဲ့ ပညာသင်ခွင့်၊ ခရီးသွားခွင့်တွေ ဆုံးရှုံးနေကြောင်း သူက ပြောပါတယ်။ ဒါ့အပြင် လူမျိုးတခုထဲကို ဦးတည်ပြဋ္ဌာန်းတဲ့ လက်ထပ် ထိမ်းမြားခွင့်ကိုပါ ဆုံးရှုံးနေတယ် လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် တွန်းအားပေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာက ဒီလို လူ့အခွင့်အရေး ချိုးဖောက် ခံရမှုတွေကို ထုတ်ဖော် ပြောဆို သင့်တယ်။ အမေရိကန် ခေါင်းဆောင်တွေနဲ့တကွ နိုင်ငံတကာ ခေါင်းဆောင်တွေကို ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုဖို့ တိုက်တွန်းကြဖို့ကိုလည်း နိုင်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ အာရှပစိဖိတ်ရေးရာ လှုံ့ဆော်ရေးမှူး မစ္စတာ တီ ကူးမားက ပြောသွားပါတယ်။

Ref: RFA News

Read More...

Tuesday, July 10, 2012

ငမန်း ဆိုတာ ဒီလိုပါ

July 9, 2012

ခက်ခဲ ကြမ်းတမ်းလှတဲ့ DSA ဗိုလ်လောင်း ဘဝကို ဖြတ်ကျော် ရတာဟာ ဘယ်လောက် ခက်ခဲတယ် ဆိုတာ ပြောပြရင် မယုံနိုင်စရာ ပါပဲ။ DSA ကို စတက်တဲ့ ပထမနှစ် ဗိုလ်လောင်း ဘဝဟာ အရပ်သား ဘဝကနေ စစ်သား ဘဝကို စတင်ကူး ပြောင်းရတဲ့ ကာလဖြစ်လို့ အဲဒီ အချိန်မှာ ဗိုလ်လောင်း ဘဝကို အရှုံးပေးပြီး ဘဝပျက် သွားရတဲ့လူတွေ မနည်းပါဘူး။ တ ကယ်တော့ ဗိုလ်လောင်း ဘဝ ဆိုတာ တကယ့် အဖြူထည်လေးတွေပါ။ သူတို့တွေဟာ ဒီကနေ့ တပ်မတော်ရဲ့လက်ရှိ အ ခြေအနေတွေကိုလဲ ဘာမှ ဂဃနဏ နားမလည်ကြသေးပါဘူး။

၁ဝဝ မှာ ၉၅ ယောက်က တကယ်နိုင်ငံတော်ကို ချစ်လို့ တပ်မတော်ကို အထင်ကြီးပြီး ဝင်လာတဲ့ သူတွေပါ။ အားလုံးဟာ တသွေး၊ တသံ၊ တမိန့် ဆိုတဲ့ ပုံသွင်းမှုကို ကျေကျေ နပ်နပ်ကြီး ခံယူထားကြတဲ့ အချိန်ပါ။ တကယ်လည်း စစ်တက္ကသိုလ် ရဲ့ အရိပ်အောက်မှာ အဆင့်အတန်း မရွေး အားလုံး တန်းတူ ဆိုပြီး မှတ်ထင် ခံယူခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီခံယူချက်တွေ ဟာ စစ်တက္ကသိုလ်ရောက်ပြီး ထပ်ပြောရရင် ဆေးအောင်ပြီး ဗိုလ်လောင်းဘဝရောက်လို့ တပတ်လောက် အကြာမှာပဲ အဲဒီခံယူချက်တွေ အားလုံး မြောင်းထဲရောက် ကုန် ပါတော့တယ်။

“မင်းက တပ်ရင်းမှူးသားလား” လို့ အမေးခံရပြီး ရင်ဘတ်ကို အုန်းခနဲ လက်သီးနဲ့ ထိုးထည့် လိုက်တာက “ငါက တိုင်းမှူး သားကွ” ဆိုတဲ့ အနောက်တောင်တိုင်း တိုင်းမှူးရဲ့သား ဒုတိယနှစ် ဗိုလ်လောင်းကျောင်းသား တိုးနိုင်မန်း ပါ။ အထိုးခံရတဲ့ ပထမနှစ် ဗိုလ်လောင်းကို တပ်ရင်းမှူးသားမှန်းသိလို့ အပြစ်မရှိ အပြစ်ရှာထိုးတာပါ။ နောက်ပိုင်း သိလာရတာက တိုးနိုင် မန်း ဟာ ပထမနှစ် ဗိုလ်လောင်းဘဝကိုလည်း အိပ်ရင်း စားရင်း ကျော်ဖြတ်လာခဲ့သလို ဒုတိယနှစ် ဗိုလ်လောင်းဘဝမှာလဲ ပထမနှစ် ဗိုလ်လောင်းတွေ အူတုန်သည်းတုန် ကြောက်ရတဲ့ စီနီယာ ဖြစ်လာခဲ့ပါတယ်။

တိုးနိုင်မန်းနဲ့ ပတ်သက်လာရင် စီနီယာဗိုလ်လောင်းမပြောနှင့် ကျောင်းက အရာရှိများပင် ဗြဟ္မာ ဦးခေါင်း ကိုင်ထားရသလို ဖြစ်နေပါတယ်။ ဂျူနီယာ ဗိုလ်လောင်းဘဝမှာ အများနဲ့တန်းတူ Hall Room တွေမှာ နေကြရတာပါ။ ခုတင်တလုံး၊ Show ပြတဲ့ Locker ၄ လုံးနဲ့ သေတ္တာ ၁ လုံးစာ နေရာ ကျဉ်းကျဉ်းလေးမှာ တိုးနိုင်မန်း မပျော်ပါဘူး။ သူက သီးသန့် စတိုခန်းမှာ ပဲနေပါတယ်။ အဲဒီ စတိုခန်းဟာ ဗိုလ်လောင်း ၁၅ ယောက်လောက်နေလို့ ရတဲ့ အခန်းပါ။ လျှပ်စစ်ပစ္စည်း ဆိုရင် မီးသီး တောင် ကိုယ်ပိုင် မထားရတဲ့ ဗိုလ်လောင်း ဘဝမှာ ဂျူနီယာတန်းပဲ ရှိသေးတဲ့ တိုးနိုင်မန်းက အဲဒီ စတိုခန်းကြီး ထဲမှာ တီဗွီ၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးဖို၊ လျှပ်စစ်မီးပူ၊ Locker ၁ဝ လုံးထဲမှာ စားစရာခေါက်ဆွဲခြောက်၊ အသီးအနှံ၊ အကြော်အ လှော်မျိုးစုံနဲ့ တကယ့် ဇိမ်ကျကျ နေခဲ့တာပါ။ ကျောင်းက ထုတ်ပေးတဲ့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတွေကို သူ မသုံးပါ ဘူး။ ပြီးတော့ လက်တို လက်တောင်း ခိုင်းဖို့ သူ့ထက်ငယ်တဲ့ ဗိုလ်လောင်း ၅ ယောက်လောက်က သူ့အနားမှာ အချိန်ပြည့် ပါပဲ။

ပြီးတော့ မယုံနိုင်စရာတခုပြော ပြပါဦးမယ်။ တိုးနိုင်မန်းက ဒီလောက်နဲ့ မတင်းတိမ်သေးပါဘူး။ အိမ်နဲ့ အချိန်မရွေး ဆက်သွယ်လို့ ရအောင် ၄ ထပ်ဆောင် ကျောင်းခေါင်မိုးပေါ်မှာ Cordless Phone အင်တင်နာ တိုင်ကြီးကို ထောင်လိုက်ပါသေး တယ်။ တိုးနိုင်မန်း အခန်းကို ဝင်လိုက်ရင် စားသောက်ဆိုင်ကို ရောက်သွား သလိုပါပဲ။ VCD Karaoke က တငြိမ့်ငြိမ့် ကြော်လှော် ချက်ပြုတ်နေကြတဲ့ ထမင်းဟင်း အနံ့က တသင်းသင်းနဲ့။ ကျောင်းက Training Officer မပြောနဲ့။ ကျောင်း အုပ်ကြီးတောင် သူ့ကို ဘာမှ မပြောရဲပါဘူး။ မပြောရဲတာက ဗိုလ်လောင်း တိုးနိုင်မန်းက ကျောင်းအရာရှိတွေရဲ့ ဘဝကို ပြောင်းလဲပေးနိုင်စွမ်း ရှိလို့ပါ။

တစ်ချို့ အရာရှိတွေလည်း တိုးနိုင်မန်း ကောင်းမှုနဲ့ မြောင်းထဲရောက်။ တချို့လဲ တိုးနိုင်မန်း ဆိုတဲ့ ဗိုလ်လောင်းလေးကို အဖားကောင်းလို့ တပ်ရင်းမှူးတွေ ဖြစ်သွားကြတဲ့ အခါ နေရာကောင်းကောင်းကို ရောက်သွား ကြပါတယ်။ ဒီလောက် ဇိမ် ခံတဲ့ တိုးနိုင်မန်းဟာ အများနည်းတူ အလုပ်လုပ်တဲ့ အခါမှာကျတော့ ပါမယ် ထင်ပါသလား။ PT ပြေးတာတောင် သူစိတ် ပါတဲ့ အချိန်မှ ပြေးပါတယ်။ နောက်ပြီး ဗိုလ်လောင်း တာဝန်ကျ Appointment Cadet ကိုလည်း တနှစ်ပတ်လုံး ယူပါတယ်။ ဒီတာဝန်ဟာ ထက်မြက် ထူးချွန်တဲ့ ဗိုလ်လောင်းတွေ တောင်မှ ၃ လ ပဲ တာဝန် ယူရတာပါ။ ဒါပေမဲ့ တိုးနိုင်မန်းက တာဝန် အမျိုးမျိုးကို လှည့်ပတ် ယူနေတာပါ။ တပ်ရင်း Appointment Cadet ကတော့ သူ မလုပ်ခဲ့ရပါဘူး။

အဲဒီ တပ်ရင်းတာဝန်က တကယ့် အရည်အချင်းရှိတဲ့ ဗိုလ်လောင်းတွေပဲ တာဝန် ယူရတာပါ။ တိုးနိုင်မန်းက ကိုယ့်အရည် အချင်း ကိုယ်သိတော့ အရှက်ကွဲမှာစိုးလို့ ဒီတာဝန်ကို မယူရဲလို့ပါ။ စနေ၊ တနင်္ဂနွေသာ ဧည့်တွေ့ခွင့်ရတဲ့ ဗိုလ်လောင်း တွေထဲမှာ တိုးနိုင်မန်း မပါပါဘူး။ ရုံးဖွင့်ရက်တွေမှာလည်း သူ့ကို ဧည့်လာတွေ့ပုံက သူ့အဖေရဲ့ အဆောင်ယောင်တွေ ဖြစ် တဲ့ ရှေ့ကပွိုင့်ကား (လုံခြုံရေး ရဲဘော်အပြည့်)၊ နောက်က Audi ကားနက်ကြီးနဲ့ လာတာပါ။ အများအားဖြင့်တော့ အဖေ ဖြစ်သူရဲ့ PA ဗိုလ်ကြီးတယောက် အမြဲလာပါတယ်။ အဲဒီအချိန်မှာ သူ့အဖေက ဗိုလ်ချူပ်ကြီးဖြစ်နေပါပြီ။ သူ့အမေလာတဲ့ နေ့တွေလိုမျိုးဆိုရင် ကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်တို့က ဘေးကနေ တပြုံကြီး ပါလာကြပါတယ်။ မှိုရမဲ့ မျက်နှာလေး တွေလို အစွမ်းကုန် သွားဖြဲနေရတာများ ဒီလိုဆရာသမားတွေကို ဘယ်လိုများ လေးစားရပါ့။

ပြီးတော့ ဒီမြင်ကွင်းတွေ မြင်လိုက်ရတိုင်း မျက်နှာမွဲ ဗိုလ်လောင်းတွေရဲ့ အသည်းနှလုံးကို ဖြစ်ညှစ်လိုက်သလိုမျိုး ခံစား ကြရပါတယ်။ တကယ်တော့ ဒီစစ်အာဏာရှင်စနစ် ကြီးစိုးနေသမျှတော့ လူ့စွမ်းအား အရင်းအမြစ်တွေ ဆုံးရှုံးပြီး တကိုယ် ကောင်းသမား ကိုယ်ကျိုးစီးပွါးတွေ အတ္တတွေ မသမာမှုတွေနဲ့ လူ့လောကကြီးဟာ မှန်ကန်မှု၊ တိုးတက်မှုတွေ ဝေးသ ထက်ဝေး၊ နှေးသထက်နှေး၊ နောက်နေ့မှာလည်း လက်တွေ့ကြုံဆုံခဲ့ပုံလေးတွေကို စာဖတ်ပရိသတ်များ ပိုတောင် ဒေါပွ၊ သြချရအောင် ဆက်လက်တင်ပြပေးပါဦးမယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်မှာ တပ်မတော်သားများ တိုင်းပြည်အ တွက် အမှန်တကယ် ကောင်းကျိုးပြုနိုင်ကြဖို့ မျှော်မှန်းရေးသားလိုက်ရပါတယ်။

ဒီမိုကရေစီ နိုင်ငံဆိုရင် သူတို့ ဒီလို လုပ်ချင်သလို လုပ်လို့ မရဘူး။ ဒါကြောင့် စစ်အုပ်စုဟာ ဒီမိုကရေစီလိုလားသူကို ရန် သူလို့ သတ်မှတ်တယ်။ ဒါရှင်းရှင်းလေးပါ။ မျိုးဆက်သစ် အရာရှိငယ်တွေ ဒါကို ဝန်ခံရဲကြပါ။ နောက်တခုတင်ပြပါဦးမယ်။ ဗိုလ်လောင်းဆိုတာ စနေ၊ တနင်္ဂနွေပဲ အပြင်ထွက် လည်ရတာပါ။ ဒါတောင် ပြစ်ဒဏ်ကျတဲ့ အပတ်ဆို အပြင်ထွက်ခွင့် မရပါဘူး။ တပ်ပြင်ထွက်ခွင့်ဆိုတာက လွယ်လွယ်ကူကူရတာတော့ မဟုတ်ပါဘူး။ ဒီလို ခက်ခဲတဲ့အလုပ်ကို တိုးနိုင်မန်း မမျှော်မှန်းပါဘူး။ ဘာလို့လဲဆိုတော့ သူက ညအချိန်ပဲ အပြင်ထွက်လည်တာပါ။ စစ်တက္ကသိုလ်မှာ ညဘက် အပြင်ထွက် ရင် ကြီးလေးတဲ့အပြစ်ပေးလေ့ ရှိပါတယ်။

တချို့ဆိုရင် ကျောင်းထုတ်ခံရပြီး တပ်ရင်းတပ်ဖွဲ့တွေကို ရဲဘော်အဖြစ် ပို့လေ့ရှိပါတယ်။ အဲဒါက တိုးနိုင်မန်း အတွက် တော့ မဟုတ်ပါဘူး။ ညဘက် အနှီ တိုးနိုင်မန်း အပြင်ထွက်ဖို့ နည်းပြမှူးချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးယုလွင် ကိုယ်တိုင် သူ့ရဲ့ Isuzu Double Cap ကို ပေးရပါတယ်။ ပြီးတော့ သူ့ရဲ့ သမီးလေးကိုလည်း တိုးနိုင်မန်းနဲ့ နီးစပ်အောင် ပွဲထုတ်လေ့ ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ သမက်ဖမ်းချင်တာပါပဲ။ အဆုံးမှာတော့ သမက်မရလိုက်တဲ့အပြင် သမီး ဗိုက်မထွက် လာအောင် မနည်းလုပ်လိုက်ရပါတယ်။ အော်… ဒါလည်း တဒုက္ခ။

ဗိုလ်လောင်း တိုးနိုင်မန်းက ညဘက်ဆိုရင် တပ်ပြင်ကို စီးတော်ယာဉ် ၂ စီးနဲ့ အမြဲထွက်လည်လေ့ရှိပါတယ်။ ဒုတိယ ဗိုလ်မှူးကြီးယုလွင်က သမက်မရလိုက်ပေမဲ့ စကခမှူးအဖြစ် ချီးမြှောက်တာတော့ ခံလိုက်ရရှာပါတယ်။ ဒါဘဲလေ တပ် ထဲမှာ မှန်ကန်တယ်ဆိုတဲ့စကား ခေတ်စားနေတာ ဆိုလိုရင်းက မှန်ရင် ကန်ခံရမယ်၊ ဇိမ်ချင်ရင် ငြိမ်နေပေတော့။ တတ် ရင်တော့ ငတ်ပြီပေါ့။ ထက်ရင်လည်း မျက်တော့တာပဲ။ နောက်တခါ ရှိသေးတယ် တိုးနိုင်မန်းရဲ့ ဖော်လန်ဖား သူငယ်ချင်း ဗိုလ်လောင်းတွေကို ကျောင်းက အရာရှိတွေခမျာ အပြစ်ရှိလို့ အပြစ်ပေးတဲ့အခါမှာတောင် တိုးနိုင်မန်း ရှေ့မှာ အပြစ်ပေး လို့မရပါဘူး။

လက်တွေ့ အဖြစ်အပျက်ကလေးတခု ပြောပြမယ်။ ၄၁/၄၂ ကျောင်းဆင်းခါနီး တိုးနိုင်မန်းရဲ့ သူငယ်ချင်းနှစ်ယောက် ည ဘက်မှာ အပြင်ခိုးထွက်ပါတယ်။ ည ၁ဝ နာရီခွဲလောက်မှာ တပ်ရင်းတခုလုံး Supply Check လုပ်ပြီး လူစစ်ပါတယ်။ အ ပြင်ခိုးထွက်တဲ့ တိုးနိုင်မန်းရဲ့သူငယ်ချင်း ဗိုလ်လောင်းနှစ်ယောက်ကို တပ်ခွဲမှူး ဗိုလ်မှူးတယောက်က တုတ်နဲ့ရိုက်ပြီး ဆုံး မပါတယ်။ အဲဒီအခါ တိုးနိုင်မန်းက “ဗိုလ်မှူး အဲဒီလို မရိုက်ပါနဲ့။ အဲဒါ ကျနော့် သူငယ်ချင်းတွေ” ဆိုပြီး ခပ်မာမာ ပြောပါ တယ်။ အဲဒီဗိုလ်မှူးလဲ ဗိုလ်လောင်းအများကြီး ရှေ့မှာဆိုတော့ တော်တော်ရှက်သွားပါတယ်။ ဒါကြောင့် ရှက်ရမ်းရမ်းပြီး ဟိုဗိုလ်လောင်း နှစ်ယောက်ကို “ရိုက်တယ်ကွာ၊ ရိုက်တယ်ကွာ” ဆိုပြီး အသားကုန် တီးပါတော့တယ်။

တိုးနိုင်မန်း ကိုလည်း “မင်းက ဗိုလ်လောင်း၊ ငါက အရာရှိကွ။ မင်း ငါ့ကို အမိန့်ပေးလို့ မရဘူး”စသည်ဖြင့် ဒေါကြီးမောကြီး ပြောပါတယ်။ ကျန်တဲ့ ဗိုလ်လောင်းတွေကတော့ အမှောင်ထဲမှာ ပြုံးမိကြပါတယ်။ ဘာလို့လဲဆိုတော့ တိုးနိုင်မန်းနေရာမှာ ဒီ့ပြင် ဗိုလ်လောင်းဆိုရင် နောက်တနေ့ မျက်နှာသစ်လို့မရအောင် စုတ်ပြတ်သတ်သွားမှာပါ။ အခုကျတော့ အရာရှိနဲ့ ဗိုလ် လောင်း အရပ်ထဲမှာ ရန်ဖြစ်နေသလိုပါပဲ။ ဒါပေမဲ့ အဲဒီဗိုလ်မှူးလဲ သိပ်မကြာလိုက်ပါဘူး။ တိုးနိုင်မန်း ကျောင်းဆင်းပြီး ၃ လလောက်အကြာမှာ မြောင်းထဲကို ပလုံစီပြီး မြုပ်သွားပါတော့တယ်။ ကျောင်းဆင်းပြီး ခြေလျင် တပ်ရင်းတခုကို ရောက် သွားတော့ အဖြစ်အပျက်ကလေးတခုကလည်း ယနေ့တိုင် မမေ့နိုင် အလျဉ်းသင့်လို့ ပြောပြချင်ပါသေးတယ်။

တပ်ရင်းမှူးရဲ့  သားနဲ့ နောက်တန်းမှူး ဗိုလ်မှူးရဲ့  သားက ကျောင်းမှာ အတန်းတူ ဖြစ်နေပါတယ်။ အတန်းပိုင် ဆရာမကို တပ်ရင်းမှူး အိမ်မှာ ခေါ်ပြီး စာသင်စေကာ လပတ်စာမေးပွဲမှာ မေးခွန်းရခဲ့ပေမဲ့ သားတော်မောင်က အဆင့်နံပါတ် (၂) ရ ပါတယ်။ အဆင့် နံပါတ် (၁) ကတော့ တကယ် စာတော်ပြီး တကယ် ကြိုးစားတဲ့ ဘာမေးခွန်းမှမရသော နောက်တန်းမှူး ဗိုလ်မှူးရဲ့သား ဖြစ်ပါတယ်။ တပ်ရင်းမှူးရဲ့သားက ဘာလုပ်တယ် ထင်ပါသလဲ။ နောက်တန်းမှူး ဗိုလ်မှူးသားရဲ့  စာအုပ် တွေကို သွားငှားပြီး မီးပုံရှို့လိုက်ပါတော့တယ်။ အဲဒီတော့ တပ်ရင်းမှူး ဇနီးမောင်နှံက သဘောတော်ကျပြီး ပြုံးရှာတာ အံ့ သြတကြီး မှတ်သားမိခဲ့ရပါတယ်။ တပ်ကြပ်ကြီး တယောက်ရဲ့ သားဆိုရင် စာတော်လိုက်တာမှ အနာဂါတ်ရဲ့  အဖူးအညွှန့် ကလေးပေါ့။ သူ့ခမျာ ငှက်ဖျားနဲ့ တပ်ရင်းအိမ်မှာ အလူးအလိမ့် ဖြစ်နေတုန်း တပ်ရင်းထဲက ကျောင်းကြို ပို့ကားက ဓာတ် ဆီ မရှိလို့တဲ့ ဒီကလေးကို ဆေးရုံပို့ဖို့ မတတ်နိုင်ဖြစ်ခဲ့ကြတယ်။

မိဘတွေမှာ တပ်ရင်းမှူးနဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးများကို မပြောရဲရှာဘူး။ အဲဒီ ကလေး ဘာဖြစ်သွားတယ် ထင်သလဲ၊ သေသွား တာပေါ့။ စစ်အာဏာရှင်စနစ်အောက်က အဖိနှိပ်ခံ စစ်သားများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရေးကြည့်ရင် တပုံတပင်ကြီး ပါ။ ဒါ့ကြောင့် သံဃာတော်တွေက လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေလို့ မေတ္တာပို့တော့ သူတို့ နာရှာတာ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကိစ္စမှာ အပြစ်ရှိရင် လုံခြုံရေးယူထားတဲ့ သူတွေမှာသာ လုံးဝ တာဝန်ရှိတာ ရှင်းရှင်း လေးပါ။

သူတို့ကိုတော့ အရေးမယူတာ ဘာကြောင့်လဲ၊ စကားပုံ ဆိုတာကလည်း ဖြစ်တတ်လို့ ပညတ်ထားတာမို့ ဘုရားကား အောက် မျောက်ကားအထက်၊ ဖခင်ဗိုလ်ချုပ် (ဗိုလ်ချုပ် အောင်ဆန်း) မြင်လှည့်ချင်စမ်းပါဘိတော့။ တရားမျှတမှု၊ တန်း တူညီမျှမှု၊ လွတ်လပ်မှုတို့ဖြင့် ဒီမိုကရေစီ နိုင်ငံတော်ကြီး ပေါ်ထွက်မှသာ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိ သည်ဟု အလေးအနက် ယုံကြည်သည်။

ဗိုလ်အောင်မြေ

Ref: နေ့သစ်

Read More...

နိုင်ငံသားဥပဒေအသစ် ပြဌာန်းဖို့ မြန်မာအစိုးရကို INGO များ တိုက်တွန်း

ကိုကျော်ကျော်သိန်း
တနင်္လာ, 09 ဇူလိုင် 2012

မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေအသစ်တရပ် ပြဌာန်းဖို့ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်းတွေက တိုက်တွန်း တောင်းဆို လိုက်ကြပါတယ်။ နိုင်ငံသား ဖြစ်မှုဆိုင်ရာ မြန်မာနိုင်ငံရဲ့ လက်ရှိဥပဒေ ဟာ လူ့အခွင့် အရေး စံချိန် စံညွှန်းတွေနဲ့ မကိုက်ညီတဲ့အပြင် နိုင်ငံတကာ သဘောတူ စာချုပ်တွေကိုလည်း ချိုးဖောက်ရာ ကျနေတယ်လို့ ထောက်ပြကြပြီး ဥပဒေ အသစ်ပြဌာန်းဖို့ တောင်းဆို ကြတာလည်းဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

၁၉၈၂ ခုနှစ်က ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရ ပြဌာန်းခဲ့တဲ့ နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေး ကြေညာ စာတမ်းနဲ့ လိုက်လျော ညီထွေ မဖြစ်သလို အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်တွေပါ ဥပဒေနဲ့အညီ မြန်မာ နိုင်ငံက လိုက်နာရမယ့် တာဝန်တွေ နဲ့လည်း မကိုက်ညီဘူးလို့ နိုင်ငံတကာ က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၃၁ ဖွဲ့က ထောက်ပြလိုက်ကြတာပါ။

၈၂ ခုနှစ်ဥပဒေဟာ နိုင်ငံတွင်း နေထိုင်သူတွေ နိုင်ငံသား ဖြစ်ခွင့်မရအောင် ကန့်သတ်ချက်တွေ အများအပြား ချထားတယ်လို့ Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မာ့ခ် ဖားမနား (Mark Farmaner) က ပြောပါတယ်။

“အဲဒီဥပဒေဟာ နိုင်ငံတကာဥပဒေတွေနဲ့ လိုက်လျောညီထွေ မဖြစ်ပါဘူး။ မြန်မာနိုင်ငံဟာ ကလေး သူငယ်တွေ ရဲ့ အခွင့်အရေး ကာကွယ်ရေး ဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုး ထားပါတယ်။ ဒါကြောင့် အဲဒီဥပဒေအရ လိုက်နာဆောင်ရွက်ဖို့ မြန်မာနိုင်ငံမှာ တာဝန် ရှိပါတယ်။ ဒါပေမဲ့လည်း ၈၂ ခုနှစ် နိုင်ငံ သား ဖြစ်မှုဆိုင်ရာ ဥပဒေက ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ သဘောတူစာချုပ်နဲ့ ဆန့်ကျင်နေ ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ သူကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂ သဘောတူစာချုပ် ကို ဖောက်ဖျက်နေပါတယ်။”

၈၂ ခုနှစ်ဥပဒေအရဆိုရင် မြန်မာနိုင်ငံတွင်းမှာ မွေးဖွားတဲ့ ကလေးဖြစ်ပေမဲ့လည်း နိုင်ငံသားဖြစ်ခွင့်မရ တာ၊ နိုင်ငံသားမိဘနှစ်ဦး ကမွေးဖွားတာဖြစ်ပေမဲ့လည်း နိုင်ငံပြင်ပ၊ ဥပမာအားဖြင့် ရွှေ့ပြောင်းအလုပ်သမား မိဘတွေရဲ့ ကလေးငယ်တွေ၊ ဒုက္ခသည် မိဘတွေရဲ့ ကလေးငယ်တွေဟာ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးနေတယ်လို့ မစ္စတာဖားမနားတို့က ထောက်ပြကြတာပါ။

အဲဒီဥပဒေဟာ အဲဒီခေတ် အဲဒီအချိန်က လိုအပ်ချက်နဲ့ အညီ ပြဌာန်းခဲ့တာဖြစ်တဲ့ အတွက် ဒီကနေ့ခေတ်နဲ့ လိုက်လျောညီထွေ မဖြစ်တော့တဲ့ ပြဌာန်းချက်တွေ ပါနေတယ်ဆိုတာကို လူ့အခွင့်အရေးရှေ့နေတဦးဖြစ်သူ ဦးမင်းလွင်ဦးက သဘောတူ ပါတယ်။

“နိုင်ငံသားအဖြစ်ကို လျှောက်ထားတဲ့ ကာလအတွင်းမှာ ကလေးတွေရဲ့ ခံစားခွင့်တွေ၊ ကလေးတွေ ရဲ့ ကျောင်းနေ ပိုင်ခွင့်တွေ ဒါတွေနဲ့ပတ်သက်ပြီးတော့ အတိ အလင်း ပြဌာန်းထားတာမရှိတာကို ကျနော် တို့ တွေ့ရပါတယ်။ နောက်ပြီးတော့တခါ အသက် ၁၈ နှစ် မပြည့်ခင် မိဘဖြစ်တဲ့သူ ကိုယ်တိုင်ကနေပြီးတော့ ကလေး ကို နိုင်ငံသားအဖြစ် လျှောက်လွှာတင်ပေးဖို့လိုတဲ့ အချက်အလက်တွေ ရှိတယ်။ ဒါတွေကို နဂိုရ်မိဘနှစ်ပါးက မေ့လျော့ခဲ့လို့ရှိရင် ဒီကလေးရဲ့ အခွင့်အရေးတွေက အလိုလို ဆုံးရှုံးနေတာတွေကို ကျနော်တို့ တွေ့ရတယ်။ ဒီဥစ္စာတွေကတော့ ခေတ်နောက်ကျတယ်လို့ ပြောလို့ရတာပေါ့နော်။ အဲဒီလို ကိစ္စရပ်တွေကတော့ တချို့ ပြင်သင့်တယ်ဆိုတာလောက်တော့ မှန်ပါတယ်။”

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကလည်း နော်ဝေးနိုင်ငံမှာ ရောက်တဲ့ အချိန်တုန်းက နိုင်ငံသားဖြစ်မှုဆိုင်ရာနဲ့ပတ်သက်ပြီး ပြောခဲ့တာရှိပါတယ်။ နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေအရ ဘယ်သူဟာ နိုင်ငံသားဖြစ်သင့်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြဌာန်းထားမယ် ဆိုရင် ပြဿနာ ရှိမှာ မဟုတ်ဘူးလို့ ဒေါ် အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

အခုလိုအချိန်မှာမှ နိုင်ငံသားဖြစ်မှုဆိုင်ရာ လက်ရှိဥပဒေရဲ့ အားနည်းချက်တွေကို ထောက်ပြပြီး ဥပဒေ အသစ် ပြဌာန်းဖို့ တောင်းဆို ရတာကတော့ ရခိုင်ပြည်နယ် ဘက်မှာ မကြာသေးခင်ကဖြစ်ပျက်ခဲ့တဲ့ အခြေ အနေတွေကြောင့် ဖြစ်တယ်လို့ တောင်းဆိုကြတဲ့ အဖွဲ့တွေကပြောပါတယ်။

လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ လုပ်ဆောင်ဖို့ စီစဉ်ထားတာတွေ အတွက် နိုင်ငံတကာ ကျွမ်းကျင် သူတွေရဲ့ အကူအညီကို ရယူဖို့ မြန်မာ အစိုးရဟာ ပိုပြီး ပွင့်လင်း လာတာကြောင့် နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေအသစ် တရပ် ပြဌာန်းဖို့ လုပ်မယ် ဆိုရင်လည်း UNICEF ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးတို့လို ကုလသမဂ္ဂ အဖွဲ့အစည်းတွေကလည်း အကူအညီပေးဖို့ စိတ်ဝင်စားကြမှာ ပါလို့ မစ္စတာ ဖားမနားက ပြောပါတယ်။ ဒါ့အပြင် အကူအညီပေးချင်ကြ တဲ့ နိုင်ငံတကာက ရှေ့နေတွေလည်း ကမ္ဘာတ၀န်းမှာရှိနေတယ်လို့ ဆိုပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီချက်တခု ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ ပုံပေါ်ပါတယ်။ ဥပဒေအရ အပြောင်း အလဲတွေ လုပ်ဖို့ လိုအပ်နေပါတယ်၊ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ လိုအပ်နေပါတယ်၊ နိုင်ငံတကာက ထောက်ခံ ပံ့ပိုးမှု ရဖို့ လိုအပ်နေပါတယ်၊ အခုတောင်းဆိုချက်ကို သဘောတူ လက်မှတ် ရေးထိုး ထားကြတဲ့ အဖွဲ့ အစည်းတွေ အားလုံးက ဒါကို ထောက်ခံပါတယ်။”

ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး မာ့ခ် ဖားမနားပါ။

နိုင်ငံသားဖြစ်မှု ဆိုင်ရာ ဥပဒေ အသစ်တရပ်ပြဌာန်းဖို့ လက်မှတ်ရေးထိုးတောင်းဆို ကြတဲ့ အဖွဲ့ ၃၁ ဖွဲ့ထဲမှာ Burma Campaign UK အဖွဲ့နဲ့အတူ ချင်း လူ့အခွင့် အရေးအဖွဲ့၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု၊ Open Society Foundations၊ US Campaign for Burma စတဲ့ ဒေသတွင်းနဲ့နိုင်ငံတကာက အဖွဲ့အစည်းတွေ ပါဝင်ပါတယ်ခင်ဗျား။

Ref: VOA News

Read More...

ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

2012-07-09

ဒုတိယသမ္မတ အဖြစ် တင်မြှောက်ခံရမယ့်သူဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုးပမ်း မယ့်သူ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါတယ်။

လွှတ်တော် အစည်းအဝေးကို ပထမဆုံးနေ့ အဖြစ် တက်ရောက်စဉ် ဒေါ်အောင်ဆန်းစုကြည် ဟာ သတင်းထောက်တွေ မေးမြန်းတာကို ဖြေကြား ခဲ့တာပါ။

ဒီအတောအတွင်း ဒုတိယ သမ္မတနေရာ အစားထိုးဖို့အတွက် လက်ရှိ မြန်မာ့ တပ်မတော်မှာ တာဝန် ထမ်းဆောင်ဆဲ ကာကွယ်ရေး ၀န်ကြီးဌာနက ကြည်းရေလေ ညှိနှိုင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း သို့မဟုတ် ဗိုလ်ချုပ် စိုးဝင်းတို့ကို အဆိုပြုနိုင်တယ်လို့ ပြည်သူ့ လွှတ်တော် ဥပဒေပြုရေး ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းကို ကိုးကားပြီး Bloomberg သတင်းက ရေးသားတာပါ။

ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူးချုပ် ဦးဌေးဦး တို့ဟာလည်း ဖြစ်နိုင်ခြေရှိတဲ့ စာရင်းထဲမှာ ပါတယ်လို့ ဆိုပါတယ်။

လစ်လပ်သွားတဲ့ ဒုတိယ သမ္မတ နေရာအတွက် မနက်ဖြန် ဇူလိုင်လ ၁၀ ရက် နောက်ဆုံးထား ရွေးချယ် တင်မြှောက် ပေးရမယ် လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့ခင်းပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တနားချိန်မှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ခေတ္တ တွေ့ဆုံ စကားပြောခဲ့ သလို သတင်းထောက်တွေနဲ့လည်း တွေ့ဆုံ ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်မှာ အဆို တင်သွင်းဖို့ အစီအစဉ်တွေ မဆုံးဖြတ်ရသေးကြောင်း သတင်းထောက်တွေကို ဖြေကြား ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ လွှတ်တော်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၄ ရက်နေ့က စတင် ကျင်းပ ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥရောပ ခရီး ပင်ပန်းမှုကြောင့် ခွင့်ယူခဲ့ပြီး ဒီကနေ့မှ လွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

Ref: RFA News

Read More...

ဒေါ်စု ပထမဆုံးအကြိမ် ညီလာခံဆွေးနွေးပွဲတက်ရောက်

မနန္ဒာချမ်း
တနင်္လာ, 09 ဇူလိုင် 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဇူလိုင်လ ၉ ရက် နေ့မှာ နေပြည်တော်မှာ ကျင်းပနေတဲ့ စတုတ္ထ ပုံမှန် လွှတ်တော် အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလို လွှတ်တော်နိုင်ငံရေးတွေမှာ ပါဝင်လာတဲ့ အတွက် ဒီမိုကရက် ပါတီ အများစုက အားတက် ခဲ့ကြပြီး လွှတ်တော်တွင်းမှာ အရင်ကထက် ပိုပြီး လုပ်ဆောင် လာနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။ အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပေးပါရှင်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စတုတ္ထ ပုံမှန် လွှတ်တော် အစည်းအဝေး ရဲ့ ဒုတိယ အပတ် အစဖြစ်တဲ့ တနင်္လာနေ့မှာ ပဲ ပထမဆုံးအကြိမ် အဖြစ်နဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးကို တက်ရောက် လာခဲ့တာပါ။ နှစ်ပေါင်း ၂၀ ကျော်ကြာ ဒီမိုကရေစီရေး အတွက် ရုန်းကန် လှုပ်ရှားခဲ့ပြီးနောက် ပထမဆုံး အကြိမ် လွှတ်တော်နိုင်ငံရေးထဲ ၀င်ရောက် လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က -

“အမေအမြဲ ပြောပြီးပြီးပဲ။ ကြိုးစားမယ်လို့- အလုပ်လုပ်ဖို့ပဲ…..”

လွှတ်တော်အစည်းအဝေးခန်းမထဲကို မ၀င်ခင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား ခဲ့တာပါ။ အသက် ၆၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၈ ရက်ကြာ ဥရောပ ၅ နိုင်ငံ ခရီးစဉ် ပြန်လာပြီးနောက် ခရီးပန်းလွန်း တဲ့အတွက် ဇူလိုင်လ ၄ ရက်နေ့မှာ ပြန်စတဲ့ လွှတ်တော် အစည်းအဝေး ပထမ အပတ်ကိုတော့ မတက်ရောက်နိုင်ခဲ့ပါဘူး။ ကျန်တဲ့ NLD လွှတ်တော် ကိုယ်စားလှယ် အားလုံးကိုတော့ အစည်းအဝေး စတဲ့ ပထမပတ်မှာပဲ အားလုံး တက်ရောက် ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်မှုကနေ အရပ်သား အစိုးရ အုပ်ချုပ်မှုစနစ်ကို ပြောင်းလဲ ခဲ့ပြီးတဲ့နောက် - ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ ကလည်း ရွေးကောက်ပွဲ ၀င်ပြီး လွှတ်တော်တက်ဖို့ ဆုံးဖြတ် ခဲ့တာပါ။ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာတော့ NLD ပါတီက အများစု ကို အနိုင် ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD က လွှတ်တော်နိုင်ငံရေးမှာ ပါဝင်လာတဲ့ အတွက် ကျန် မဟာမိတ် ဒီမိုကရက် ပါတီတွေ ကလည်း ၀မ်းသာ အားတက်ခဲ့ကြပြီးတော့ သူတို့ အနေနဲ့ လွှတ်တော်တွင်းမှာ အရင်ကထက် ပိုပြီး ဆောင်ရွက် လာနိုင် လိမ့်မယ်လို့ မျှော်လင့်နေကြတာပါ။

“ကျနော်တို့လွှတ်တော်မှာရှိတဲ့ ဒီမိုကရက်တစ် ပါတီတွေ၊ အမတ်တွေကတော့ ဒေါ်အောင်ဆန်း စုကြည်ကို အကုန်လုံး မျှော်လင့်နေကြ တာပါ။ ဒေါ်အောင် ဆန်းစုကြည်က နိုင်ငံတကာခေါင်းဆောင် အဆင့် အရည်အချင်း ရှိတဲ့ ပုဂ္ဂိုလ်တယောက် မို့လို့ လွှတ်တော်မှာ သူရောက် လာတဲ့ နောက်ပိုင်းမှာ လုပ်ရ ကိုင်ရ တာတွေ၊ ပြောရ ဆိုရတာတွေ ပိုပြီးတော့ အဆင်ပြေလာမယ်၊ လုပ်နိုင် ကိုင်နိုင် လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ် ခင်ဗျာ။ ကျနော်တို့ ကိုယ်တိုင်ကလည်း အခြေအနေတွေကို တင်ပြ ပါတယ်။ မေးခွန်းတွေကို မေးခဲ့ပါတယ်။ NLD ရောက် လာပြီးနောက်၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး နောက် ကြားဖြတ် လွှတ်တော်မှာ ပိုပြီးတော့ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ လုပ်ရတာ အဘက်ဘက်က ပြည့်စုံလာလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကျတော့ ကျနော်တို့က တဘက်က ဒီမိုကရေစီကို လိုလားတဲ့ နိုင်ငံတော်ရဲ့ ဦးဆောင်ဦးရွက်ပြုနေတဲ့ ပုဂ္ဂိုလ် တယောက်လို့ အမြင်က ကျနော်တို့မှာ ရှိပြီးသား ဆိုတော့လေ- နဂိုရ်ကတည်းက စိတ်ရင်းအခံက သူ့ဆီမှ ကျနော်တို့က လုပ်နိုင်လိမ့်မယ်ဆိုတဲ့ အားကိုးချင်စိတ်က ရှိတဲ့အတွက်ကြောင့် တိုင်းရင်းသားပါတီ အကုန်လုံးက အမတ်တွေရော သူရောက်လာတဲ့အပေါ်မှာ ရွှင်ရွှင်ပျပျနဲ့ ကျနော်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့ အတိုင်းအတာတွေ ရှိနေပါတယ်ခင်ဗျ။”

ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ဖြစ်ပါတယ်။ အစည်းအဝေး ခဏ အားလပ်ချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါ အ၀င် တခြားနိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနှုတ်ဆက် ခဲ့ပါတယ်။ ဒီကနေ့ လွှတ်တော် အစည်းအဝေးတွေ မှာတော့ ၂၀၁၂ မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥပဒေကြမ်းကို ဆွေးနွေး အတည်ပြုခဲ့ပြီး ဒီကနေ့ ဆွေးနွေး တင်ပြချက်တွေ အတည်ပြုချက်တွေနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်က ၀င်ရောက်ဆွေးနွေးတာတွေ၊ အဆို တင်သွင်းတာတွေ မေးမြန်း တာတွေကို မလုပ်ခဲ့ဘူး လို့လည်း ဦးဖေသန်း က ဆက်ပြောပြပါတယ်။

“၂၀၁၂ မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥပဒေကြမ်းလို့ ခေါ်ပါတယ်။ အဲဒါကို ကျနော်တို့က တပိုဒ်ချင်းဆွေးနွေး ပြီးတော့ အတည်ပြု ပါတယ်။ နောက် ၂၀၁၂ မြန်မာစာ အဖွဲ့ ဥပဒေကြမ်းကိုလည်း ဒီနေ့စပြီး တင်သွင်း ပါတယ်။ အဲဒါ ကျတော့ မနက်ဖြန် တပိုဒ်ချင်းဆွေးနွေးပြီး အတည်ပြုမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ကျတော့ ဒီနေ့ မှ ရောက်တာ ဆိုတော့ သူကြားတာလည်း တင်ထားတာ ရှိမှာပေါ့နော်။ လွှတ်တော်ထဲ မှာတော့ ကြိုပြီးတော့ ၁၅ ရက်လောက် မေးခွန်းတွေ၊ အခြေအနေတွေ တင်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် ကြို တင်ထားသလဲ ဆိုတာ ကျနော်တို့ မသိသေးပါဘူး။ ဒါပေမဲ့ ဒီနေ့ လွှတ်တော်ရဲ့ အစည်းအဝေး ခေါင်းစဉ်တွေ အရ မနက်ဖြန် အစည်းဝေး ကျမှပဲ ဒေါ်အောင်ဆန်းစုကြည် မေးတဲ့ မေးခွန်းတွေ၊ တင်တဲ့အဖြေတွေ မပါသေးတာ သိရပါတယ်ခင်ဗျ။”

RNDP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ကျန်းမာရေး အခြေ အနေကြောင့် ရာထူးကနေ အနားယူသွားတဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးနေရာ အစားထိုးရေး အမည် စာရင်းကို မနက်ဖြန် နောက်ဆုံး တင်သွင်းဖို့ လွှတ်တော်မှာ သတ်မှတ် ထားပေမဲ့ ဒီနေ့ထိတော့ အမည်စာရင်း တင်သွင်းတာ မရှိခဲ့ဘူးလို့လည်း ဦးဖေသန်းက ပြောပြခဲ့ပါတယ်ရှင်။

Ref: VOA News

Read More...

ကချင်ဒုက္ခသည်တို့အတွက် ၈၈ ကျောင်းသားများ သိန်း ၉၀ လှူ

ဖနိဒါ
တနင်္လာနေ့၊ ဇူလိုင်လ ၀၉ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ ၈၈ ကျောင်းသားခေါင်းဆောင်များ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ် နယ်မြေ လိုင်ဇာမြို့မှ ကချင်စစ်ပြေး ဒုက္ခသည်များ ဘော်ဒါဆောင် ဆောက်လုပ်ရန်နှင့် ဒုက္ခသည်များ အတွက် ကူညီငွေ စုစုပေါင်း သိန်း ၉၀ လှူဒါန်း ခဲ့သည်ဟု ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။

မိုင်ဂျာယန်မြို့နယ်မှ စစ်ပြေးဒုက္ခသည် ကလေးများ၏ ဘော်ဒါဆောင် တည်ဆောက်ရန် သိန်း ၅၀၊ တရုတ်-မြန်မာ နယ်စပ် မိုင်တိုင် ၆ နေ စစ်ပြေး ဒုက္ခသည်တို့ အတွက် သိန်း ၂၀နှင့် လိုင်ဇာမြို့ ဒုက္ခသည်များအတွက် သိန်း ၂၀ လှူဒါန်းခဲ့သည်ဟု ဆိုသည်။

ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ကိုစိုးထွန်း၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုထွန်းမြင့်အာင်၊ မနီနီလွင်နှင့် မစန်းစန်းမော် တို့ ခြောက်ဦးသည် KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်၊ တွဲဖက်အတွင်းရေးမှူး ဦးလနန်တို့နှင့် တွေ့ဆုံ၍ စစ်ပြေး ဒုက္ခသည် စခန်းများသို့ သွားရောက် လေ့လာခဲ့ရာ စစ်ပြေး ဒုက္ခသည် စခန်းများတွင် ဝမ်းပျက် ဝမ်းလျောရောဂါများ ဖြစ်ပွားနေပြီး ဆေးဝါးနှင့် အစားအသောက်၊ ပညာရေးတို့တွင် အခက်အခဲများ ရှိနေသည်ဟုလည်း ကိုမြအေးက ပြောသည်။

“စစ်ပြေးဒုက္ခသည်တွေကို တွေ့ရတဲ့ အခြေအနေကတော့ စိတ်ချမ်းသာစရာ မရှိဘူး” ဟု ကိုမြအေးက ဆိုသည်။

အလားတူ အခြား Kachin network Groupမှ ဦးမရန်ဂျော်ဂွန်း ဦးဆောင်သောအဖွဲ့၊ မြန်မာတိုင်းမ်၊ ကလေးများ ချစ်သူ ကွန်ယက်၊ ပန်းရဲ့လမ်း၊ One more စသည့် အဖွဲ့များ အပါအဝင် ခြောက်ဖွဲ့ခန့် လိုင်ဇာမြို့တို့ လာရောက် စစ်ပြေး ဒုက္ခသည် များကို လေ့လာခဲ့သည်ဟု ဦးဒွဲပီဆားက ပြောသည်။

ထို့ပြင် KIO ဗဟိုကော်မတီနှင့် ထပ်မံ တွေ့ဆုံခဲ့ရာ နိုင်ငံရေးအရ တွေဆုံခြင်း မဟုတ်ဘဲ အလွတ်သဘော တွေ့ဆုံခြင်း ဖြစ်ကာ ကချင် ဒုက္ခသည်များအား လူသားချင်းစာနာသောအားဖြင့် လာရောက်လေ့လာခြင်းဖြစ်ကြောင်း KIO ပြောခွင့်ရ သူ ဦးလနန်က ပြောသည်။

“ဒီနိုင်ငံရေး ပြဿနာကို အစိုးရနဲ့ ကချင်တိုင်းရင်းသားတွေဘဲ ပြေလည်အောင် ဖြေရှင်းလို့ မရဘူး။ ဒါကြောင့် ပြည်တွင်း မှာ ရှိနေတဲ့ အင်အားစုတွေ၊ ဒီပြဿနာရဲ့ အခြေအမြစ်တွေကို ကောင်းကောင်း လေ့လာပြီးမှ ဝိုင်းလုပ်ရမဲ့ ကိစ္စပါ။ ဒီလို လာတဲ့အတွက် ကချင်ဒေသမှာ ဖြစ်နေတဲ့ ပြဿနာ အစစ်အမှန်ကို သူတို့ လေ့လာသွားလာနိုင်မယ်”ဟု ပြောသည်။

၈၈ ကျောင်းသားများအပြင် လူမှုရေး အဖွဲ့အစည်းများလည်း လာရောက်မည်ဆိုပါက ကြိုဆိုလျက် ရှိပြီး ယင်းသို့
တွေ့ဆုံခြင်းအားဖြင့် တနိုင်ငံလုံး အတိုင်းအတာ စစ်မှန်သည့် ငြိမ်းချမ်းရေးကို လုပ်ဆောင်မှုမှာ ပိုမိုအား ကောင်းလာနိုင် မည်ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းကလည်း ကချင်ပြည်နယ် မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်း လိုက်သည့် အထိန်းအမှတ် ဆုတောင်းပွဲနှင့် မြစ်ကြီးနားမြို့မှ ကချင်စစ်ပြေး ဒုက္ခ သည်များထံ သွားရောက် အားပေးခဲ့ရာ ယခုတကြိမ်မှာ လိုင်ဇာမြို့မှ ဒုက္ခသည်များထံ သွားရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။

KIO နှင့် ထပ်မံ တွေ့ဆုံရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဒုဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း လာရောက်မည် ဖြစ်၍ လုံခြုံရေးအရ ဗန်းမော်မြို့တွင် တွေ့ဆုံရန် အစိုးရဘက်မှ ကမ်းလှမ်းခဲ့သည်။

နှစ်ဘက် အနည်းဆုံး ငါးကြိမ်ထက်မနည်း ငြိမ်းချမ်းရေး တွေ့ဆုံခဲ့သော်လည်း အစိုးရ တပ်ဖွဲ့များ ရှေ့တန်း နယ်မြေသို့ ဆက်လက် လှုပ်ရှားနေခြင်း၊ ရွာသားများကို ဖမ်းဆီးခြင်းနှင့် စစ်ဆင်မှုများ ဆက်လက် ပြုလုပ်နေ သဖြင့် နှစ်ဘက် ယုံကြည်မှု တည်ဆောက်ရန် မရှိသဖြင့် တိုက်ပွဲများ ဆက်လက် ရှိနေမည်ဟု ဦလနန်က မဇ္စျိမကို ပြောသည်။

“ယုံကြည်မှု တည်ဆောက်တာမျိုး ဘာမှ အဖြေမပေါ်ဘူး။ သူတို့ စစ်ဆင်ရေးလှုပ်ရှားလို့ ကျနော်တို့ တပ်ဘက် ပစ်ခတ်တာတွေ ဆက်လုပ်နေတယ်။ စစ်တပ်ကနေပြီးတော့ ကေအိုင်အိုကို အမြစ်ဖြတ် ချမှုန်းရေးဆိုတဲ့ မူဝါဒ ချမှတ် ထားပြီးသား၊ ဒီမူဝါဒ မပြောင်းလဲတရွေ့တိုက်ပွဲက ဆက်ဖြစ်နေမှာဘဲ။ တွေ့ဆုံမှု လုပ်နေတယ်ဆိုပေမဲ့ တပ်ဘက်က နေ လေးလေးနက်နက် ထားတာ မရှိဘူး”ဟု ပြောသည်။

လက်ရှိ အစိုးရတပ်နှင့် KIO တပ်ဖွဲ့များ KIO ၏ တပ်မဟာ ၁၊ ၄၊ ၅ နယ်မြေများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေပြီး စစ်ရေးအရ လုံခြုံမှု မရှိသေးသဖြင့် KIO အနေဖြင့် ဗန်းမောင်မြို့သို့ သွားရောက် တွေ့ဆုံရန် မဖြစ်နိုင်ကြောင်း
ငြင်းဆိုထားသည်။

ယခု ဇူလိုင်လ ၈ ရက်နေ့ထိ တိုက်ပွဲ အကြိမ်ပေါင်း ၃၆ ကြိမ် ရှိသွားပြီ ဖြစ်ပြီး ပြီးခဲ့သည့် ယမန်နှစ် ဇွန်လမှ ယမန်နေ့ထိ တိုက်ပွဲ ဖြစ်ပွားမှုအကြိမ် ၁,၆ဝဝ ကျော် ဖြစ်ပွားခဲ့ကြောင်း ဦးလနန်က ပြောသည်။

Ref: မဇ္ဈိမ

Read More...

KIO နှင့် အစိုးရ စစ်ဘက်ဆိုင်ရာများ ဆွေးနွေးမည့် နေရာပင် ညှိမရသေး

ဖနိဒါ
သောကြာနေ့၊ ဇူလိုင်လ ၀၆ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့နှင့် အစိုးရ စစ်ဘက် ဆိုင်ရာ ကိုယ်စားလှယ်များ စစ်တပ်ရေး ကိစ္စ တွေ့ဆုံဆွေးနွေးမည့် နေရာနှင့်ရက် ယနေန့ထိ သဘောတူညီမှု မရသေးသဖြင့် ညှိနှိုင်းနေရဆဲ ဖြစ်သည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန့်အောင်က ပြောသည်။

ဇူလိုင်လ ပထမအပတ်အတွင်း KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဒုဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ နှစ်ဘက် တင်းမာနေဆဲ ဖြစ်သော စစ်ရေး ကိစ္စများ တွေ့ဆုံညှိနှိုင်းရန် စီစဉ်ထားသော်လည်း သဘောတူညီမှု မရသေးဘဲ ဖြစ်နေခြင်းဖြစ်သည်။

“အစိုးရက ဒီလ ၈ ရက်နေ့ထိ မအားဘူးလို့ ပြောတယ်။ အဲဒါကြောင့် ၉ ရက်နေ့ နောက်ပိုင်း ဖြစ်မယ်။ နေရာလည်း မသတ်မှတ် ရသေးဘူး။ ကေအိုင်အိုဘက်က ဒုချုပ် ဖြစ်မယ်ဆိုတော့ မြို့ကိုမဖြစ်နိုင်ဘူးလို့ ပြောတယ်။ အစိုးရက ဗန်းမော်မှာ လုပ်ချင်တယ်။ ကေအိုင်အို ဘက်က သဘော မတူသေးဘူး။ အစိုးရက ဗန်းမော်မှာဘဲ လုပ်ရအောင်လို့ ပြန်ပြော လာတာကို ကေအိုင်အိုက ပြန်ပြီး မတုံ့ပြန်သေးဘူး။”ဟု ဦးဆန့်အောင်က ပြောသည်။

အစိုးရဘက်မှ ကချင်ပြည်နယ် ဗန်မော်မြို့ သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ရေးကိစ္စ နှစ်ဘက်
တွေ့ဆုံရန် အဆိုပြုချက်ကို KIO ဘက်မှ လက်မခံဘဲ တရုတ်နယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်နှင့် မိုင်ဂျာယန် အကြားရှိ ပရန်ငွန်ကျေးရွာတွင် တွေ့ဆုံလိုကြောင်း တင်ပြထားသဖြင့် ယခုထိ တွေ့ဆုံမည့် နေရာနှင့် ရက် သတ်မှတ် နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။

KIO က စစ်ရေး တင်းမာနေချိန် အတွင်း ဗန်းမော်မြို့တွင် တွေ့ဆုံဆွေးနွေးရန် အဆင် မပြေနိုင်ကြောင်း ပြန်လည် တုံ့ပြန် ထားသော်လည်း အစိုးရဘက်မှ ဗန်းမော်မြို့တွင်သာ တွေ့ဆုံရန် ထပ်မံ အဆိုပြုနေခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တရုတ်နယ်စပ် မိုင်ဂျာယန်မြို့တွင် နှစ်ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ အရာရှိ များနှင့် ပထမဆုံး အကြိမ် တွေ့ဆုံရန် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

KIO က အစိုးရ၏ တပ်စခန်းပေါင်း ၆၁ နေရာအား ရုပ်သိမ်းပေးရန် တင်ပြခဲ့ချက်ထဲမှ အချို့ကို ကာကွယ်ရေး ဦးစီးချုပ်မှ သဘော တူသော်လည်း အချို့ကို မြေပုံနှင့်တကွ ထပ်မံ ညှိနှိုင်းရန် လိုအပ်သည်ဟု ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က
တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က တွေ့ဆုံစဉ် လက်ရှိ စစ်ရေးကိစ္စများ ဆွေးနွေးရန် စစ်ဘက် ဆိုင်ရာများနှင့် ညှိနှိုင်းရန် သဘော တူခဲ့ခြင်း ဖြစ်သည်။

KIO က ၁၉၉၄ ခုနှစ်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုး ထားပြီး ဖြစ်၍ နောက်တကြိမ် အပစ်အခတ် ရပ်ရေး လက်မှတ် ထိုးမည် မဟုတ်ဘဲ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရန်သာ တောင်းဆိုနေသည်။

ပြီးခဲ့သည့်နှစ် ဇွန်လမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီးနောက် ထိုနှစ် နိုဝင်ဘာလမှစတင်ကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ် ခဲ့သော်လည်း ယနေ့ထိ ပြေလည်မှု မရသေးပေ။

တဆက်တည်းတွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်သော အဖွဲ့သည် KIO အဖွဲ့၏ ငြိမ်းချမ်းရေး
ဖြစ်စဉ်များနှင့် ပတ်သက်၍ လေ့လာရန်နှင့် ကချင်ပြည်နယ် အတွင်းရှိ စစ်ပြေးဒုက္ခသည်များ၏ အခြေအနေများ
လေ့လာရန် ကချင်ပြည်နယ်သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

KIO က ၈၈ ကျောင်းသားများနှင့် တွေ့ဆုံရန် ရှိသော်လည်း မည်သည့်နေ့ ရောက်ရှိမည်ကို မသိရသေးကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

Ref: မဇ္ဈိမ

Read More...

ရွှေပြည်သာမှာ ဆန္ဒပြ

2012-07-09

ရွှေပြည်သာ စက်မှုဇုန် (၁) မှာရှိတဲ့ တရုတ်လူမျိုးပိုင် good family အထည်ချုပ် စက်ရုံမှာ ဒီကနေ့ မနက်ပိုင်းက အလုပ်သမား (၂၀၀) ခန့် ဆန္ဒပြ တောင်းဆိုမှု ဖြစ်ပွားခဲ့ပါတယ်။

စက်ရုံတွင်း ဖွဲ့စည်းထားတဲ့ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ကိုထွန်းလင်းအောင် ကို အလုပ် ထုတ်လိုက်တဲ့ အတွက် မကျေမနပ်ဖြစ်ပြီး အခုလို ဆန္ဒပြကြတာ ဖြစ်တယ်လို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် တစ်ဦးဖြစ်သူ မကြည်ကြည်ခင်က ပြောပါတယ်။

"ဒီထုတ်ပယ်မှုကို သမီးတို့ အနေနဲ့ လက်မခံနိုင်ပါဘူး။ လက်မခံနိုင်ပါဘူး ဆိုတာက သမီးတို့ရဲ့ အလုပ်သမား အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌ ဖြစ်နေတဲ့ အတွက်ကိုလည်း အလုပ် မခံနိုင်ပါဘူး။ ဒီအစိုးရကိုလည်း မလေးစားသလိုမျိုးဖြစ်တယ်။ အလုပ်သမား အဖွဲ့ အစည်းကိုလည်း မလေးစား သလိုမျိုးဖြစ်တယ်။ ဥပဒေကိုလည်း မလိုက်နာသလိုမျိုး ဖြစ်တဲ့အတွက် သမီးတို့က သူတို့ရဲ့ ထုတ်ပယ်မှုကို ငြင်းပယ်ပါတယ်"

အလုပ်သမား အချင်းချင်း ဖြစ်ပွားတဲ့ ပဋိပက္ခ တစ်ခုကို အလုပ်သမားခေါင်းဆောင် ကိုထွန်းလင်းအောင်က ၀င်ရောက် ဖြေရှင်းပေးခဲ့တဲ့ အပေါ် အလုပ်ရှင်ဘက်က နားလည်မှုလွဲပြီး ကိုထွန်းလင်းအောင်ကို အလုပ် ထုတ်လိုက်တာ ဖြစ်တယ်လို့ စက်ရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုလို ကိုထွန်းလင်းအောင်ကို ရုတ်တရက် အလုပ် ထုတ်လိုက်တာဟာ အလုပ်ရှင်ဘက်က အလုပ်သမား ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ အလုပ်သမား အရေး ကူညီဆောင်ရွက်ပေးသူ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မမာမာဦးက ပြောပါတယ်။

ညနေပိုင်းမှာတော့ အလုပ်သမားတွေဘက်က တောင်းဆိုချက်ဖြစ်တဲ့ ကိုထွန်းလင်းအောင်ကို အလုပ်ပြန်လည် ခန့်အပ်ရေးကို အလုပ်ရှင်ဘက်က လိုက်လျောပေးတာကြောင့် နှစ်ဖက်ပြေလည်မှု ရရှိ သွားတယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

မင်္ဂလာဒုံမြို့နယ်မှာ ရွာသားတွေဆန္ဒပြ

2012-07-09

ဇေကမ္ဘာကုမ္ပဏီရဲ့ မြေယာသိမ်းယူခံထားရတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာက ရွာသူ ရွာသား (၅၀) ကျော်ဟာ ဒီကနေ့ နေ့လည်ပိုင်းက မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့မှာ စုဝေး ဆန္ဒပြခဲ့ ကြပါတယ်။

ဒီကိစ္စကို အာဏာပိုင်ဘက်တွေက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးတာ မရှိတဲ့ အတွက် စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး တောင်းဆိုချက်တွေ မရမချင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ ရွှေနံ့သာ ရွာသူ တစ်ဦးက ဆန္ဒပြပွဲမှာ RFA ကို အခုလို ပြောပါတယ်။

"ကျွန်မတို့ ခံစားရတာပေါ့နော်။ ကျွန်မတို့လယ်တွေကို ကျွန်မတို့ ပြန်လုပ် ချင်တယ်ပေါ့ အမှန်က။ သူတို့ ဒီအမှုခင်းကို မပြေလည်သရွေ့ ကျွန်မတို့ ဒီလိုပဲ ဆန္ဒပြသွားဦးမှာပဲ"

ရွှေနံ့သာကျေးရွာက လယ်ယာမြေ (၈၁၅) ဧက သီးစားချထားမှုနဲ့ ပတ်သက်လို့ တောင်သူ (၈၄) ဦးရဲ့ တင်ပြချက်တွေကို အာဏာပိုင်တွေ ဘက်က စိစစ်ခဲ့ကြောင်း၊ တင်ပြတဲ့ တောင်သူ ၈၄ ဦးအပြင် တောင်သူ (၁၀၄) ဦးကို တစ်ဧကကို (၃) သိန်းနှုန်းနဲ့ ကရုဏာကြေးပေးချေပြီး ဇေကမ္ဘာ ကုမ္ပဏီအပေါ် လွှဲပြောင်းပေးမှုကို နှစ်ဘက် သဘော တူညီခဲ့တဲ့အပြင် ဇေကမ္ဘာ ကုမ္ပဏီကို သီးစား ပြန်လည် ချပေးခဲ့ကြောင်း ရွှေနံ့သာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက ဇွန်လ (၆) ရက်နေ့က အမိန့် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအမိန့်အပေါ် ကျေနပ်မှုမရှိရင် ရက် (၃၀) အတွင်း မြို့နယ် အိုးအိမ် ဦးစီးဌာန ထံ အယူခံ ၀င်နိုင်တယ် လို့လည်း အမိန့်မှာ ဖော်ပြ ထားပါတယ်။

ဒီအမိန့်ကို မကျေနပ်တဲ့အတွက် တောင်သူတွေ ဒီကနေ့ စုဝေး ဆန္ဒပြခဲ့ကြတာဖြစ်ပြီး တောင်းဆိုမှုတွေ မရဘူးဆိုရင် ခရိုင်အထိ အဆင့်ဆင့် အယူခံ ၀င်သွားမယ်လို့ တောင်သူတွေက ပြောပါတယ်။

သိမ်းယူထားတဲ့ လယ်မြေတွေအတွက် လက်ရှိပေါက်ဈေးရဲ့ (၁၀) ရာခိုင်နှုန်းကို နစ်နာကြေးပေးရေး တကယ်လို့ နစ်နစ်ကြေး မပေးဘူးဆိုရင် သိမ်းယူထားတဲ့ လယ်မြေတွေ ပြန်ပေးဖို့နဲ့ ဇေကမ္ဘာ ကုမ္ပဏီထံက လက်ခံရယူထားတဲ့ ကရုဏာကြေး (၃) သိန်းကိုလည်း ပြန်အမ်းဖို့ တောင်သူတွေဘက်က ကမ်းလှမ်း တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

Ref: RFA News

Read More...

အပေါ်သို့