..............................

Friday, July 17, 2009

အပြီးသတ်လျှောက်လဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် ရှေ့နေများ ဆွေးနွေးမည်

မင်းနိုင်သူ / ၁၆ ဇူလိုင် ၂၀၀၉

အပြီးသတ်လျှောက်လဲချက်မူကြမ်းတင်ပြရန်နှင့် အမှုကိစ္စဆွေးနွေးရန် ဒေါ်အောင်ဆန်း စုကြည်နှင့် ၎င်း၏ ရှေ့နေများ မနက်ဖြန်တွင် တွေ့ဆုံ သွားမည် ဖြစ်ကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “မနက်ဖြန် ဒေါ်စုနဲ့တွေ့တာကတော့ အဓိကက အပြီးသတ်လျှောက်လဲချက် ဆွေးနွေးမှာပဲ။ အခု တွေ့ခွင့် တောင်းတာလည်း အပြီးသတ် လျှောက်လဲချက် အတွက်ပဲ ကျနော်တို့ တောင်းတာပဲ။ ကျနော်တို့ အပြီးသတ် လျှောက်လဲချက်မှာ ၁၉၇၄ ခု အခြေခံ ဥပဒေမှာပါတဲ့ ပုဒ်မ ၁၅၉ (က) နဲ့ ပတ်သက်တဲ့ အချက်ပါပါတယ်။ ဒါပေမယ့် အဲဒီ တချက်တည်း မဟုတ်ဘူး။ ကျန်တဲ့ အချက်တွေလည်း ရှိသေးတယ်။ ဒါပေမယ့် အပြီးသတ် လျှောက်လဲချက်ဆိုတာ တရားရုံးရှေ့မှာ ပြောရတာလေ။ ကျနော်တို့ အခု လက်နက်တွေ ထုတ်ပြလို့ မဖြစ်သေးဘူးနော်။ အဲဒီ ဥပဒေရှိတာဆိုရင် ဘယ်လို၊ မရှိတာဆိုရင် ဘယ်လို အားလုံးပါမယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် နိုင်ငံသား မစ္စတာ ယက်တော နေအိမ် အတွင်း ၀င်ရောက်ခဲ့မှု အတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန် အထူးတရားရုံးတွင် တရားစွဲဆို ထားသည်။

ဒေါ်အောင်ဆန်းစုကြည်တို့အား တရားစွဲတင်မှုတွင် နအဖ စစ်အစိုးရဘက်က တရားလိုပြ သက်သေ (၁၅) ဦး ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၂) ဦးသာ တင်သွင်းခွင့် ပြုထားသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်သွင်းခွင့်ရခဲ့သော သက်သေ (၂) ဦးမှာ ရှေ့နေများ ဖြစ်ကြပြီး တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ် ထားသည့် ပုဒ်မ ၁၅၉ (က) သည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဖြစ်နေသည့် အတွက် သက်ဝင်မှု ရှိမရှိ စဉ်းစားကြရန် သက်သေ (၂) ဦးစလုံးက တင်ပြ လျှောက်လဲ ခဲ့ကြသည်။

ထိုကဲ့သို့ တင်ပြလျှောက်လဲရခြင်းနှင့်စပ်လျဉ်း၍ ရှေ့နေကြီး ဦးကြည်ဝင်းက “၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ အာဏာ သက်ရောက်မှု ရှိသေးသလား။ မရှိတော့ဘူးလား။ ဒီဟာက နံပါတ် (၁) အခြေခံတာပေါ့ဗျာ။ အဲဒါက မရှိတော့ဘူး ဆိုရင်တော့ ဒီပုဒ်မ ၁၅၉ (က) ကလည်း သက်ဝင်မှု မရှိတော့ဘူး။ အဲလို ဖြစ်သွားမယ်လေ” ဟု ပြောသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အခြေခံရမည့်မူများတွင် ဆိုရှယ်လစ် လူ့ဘောင် တည်ဆောက်ရေး၊ ဆိုရှယ်လစ် စီးပွားရေး တည်ဆောက်ရေး၊ တပါတီစနစ် ကျင့်သုံးရေးတို့ ပါဝင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာ သိမ်းချိန်တွင် ထိုအခြေခံမူများ ပျောက်ကွယ်ခဲ့ပြီး ဖြစ်သည်ဟုလည်း ၎င်းက ထောက်ပြသည်။

“အဲတော့ စောစောက ပြောတဲ့ အခြေခံမူဆိုတာတွေက တော်တော် ပျက်သွားတာ။ ပျက်သွားတော့ ဒီထဲမှာမှ တခါ ၁၉၉၀ ခုနှစ် တုန်းကတော့ ရွေးကောက်ပွဲ မတိုင်မီ ဗိုလ်ချုပ်မှူးကြီး စောမောင် ပြောတယ်။ ပြီးတော့လည်း ကြေညာချက် ၁/၉၀ ထုတ်ခဲ့တယ်ဗျာ။ ထုတ်ခဲ့တော့ အဲဒီမှာက ဖွဲ့စည်းပုံ အခြေခံဥပဒေ အနေအထားကို ဗိုလ်ချုပ်မှူးကြီး စောမောင်ပြောတဲ့ စကားနော်။ သူရဲ့မိန့်ခွန်းတွေ ပြန်ဖတ်ရင် ဘာတွေ့မလဲဆိုတော့ ဒီကနေ့ တို့လုပ်နေတာ စစ်အစိုးရ (Military Government) တဲ့။ ဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုမှ လိုက်နာ နေရခြင်း မရှိဘူးတဲ့။ နောက်ပြီးတော့ ကမ္ဘာတခုလုံး ဘယ်မှာကြည့်ကြည့်တဲ့ စစ်တပ်က အာဏာ သိမ်းလိုက်ပြီ ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ ပျက်သွားတာပဲတဲ့။ အသက် မရှိတော့ဘူးတဲ့။ သူက အဲလိုပြောသွားတယ်” ဟု ဦးကြည်ဝင်းက ဆက်လက် ပြောဆိုသည်။

သို့ရာတွင် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား စတင် ထိန်းသိမ်းခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ တကြိမ်၊ ၂၀၀၀ ပြည့်နှစ်မှ၂၀၀၂ ခုနှစ်အထိ တကြိမ်၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ တကြိမ်၊ စုစုပေါင်း (၃) ကြိမ်စလုံး ထိုဥပဒေဖြင့် အရေးယူ ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

အင်းစိန်ထောင်အထူးတရားရုံး တရားခွင်တွင် ရုံးတင်စစ်ဆေးနေသည့် ဒေါ်အောင်ဆန်း စုကြည် ယခုရင် ဆိုင်နေရသော အမှုနှင့် ပတ်သက်၍ ကန့်သတ်မိန့် ၁၅၉ (က) ကို သက်ဝင်စေမည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တည်ရှိခြင်း ရှိ မရှိ ဆိုသည့် အချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်မှ တင်ပြ ဆွေးနွေး သွားရန်ရှိသည်ဟု သိရသည်။

“ပုဒ်မ ၁၅၉ ဆိုတာကတော့ နိုင်ငံသားတယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု မူလ အခွင့်အရေးနှင့် လုံခြုံရေး အတွက် အာမခံချက် ရှိစေရမယ်တဲ့။ အဲဒါကို ကန့်သတ်လိုက်တာ။ ကျနော်တို့ တင်ပြနေတာ ဘာလဲဆိုတော့ လွတ်လပ်မှု မူလအခွင့်အရေး ကန့်သတ်တာတော့ ထားပါဦး။ ဒါပေမယ့် လုံခြုံရေး ဆိုတာကြီးနဲ့ တွဲနေတာ။ လုံခြုံရေး အာမခံချက်။ အာမခံချက်ကလည်း ဒါဟာ ဖွဲ့စည်းပုံက ပေးထားတဲ့ အာမခံ။ ဆိုတော့ ဒီအာမခံချက်ကို ဘယ်သူက တာဝန်ယူရမလဲ။ အစိုးရပေါ့ဗျာ။ အဲလို တာဝန်ယူရတာ။ အဲဒီတာဝန်ကို ရုပ်သိမ်းလို့ ရမလား။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အစိုးရအာဏာပိုင်ကို ပေးထားတဲ့ တာဝန်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိသေးတယ်လို့ ယူဆရင် သူတို့ အဲဒါကို ငြင်းလို့ရလား။ နိုင်ငံသားရဲ့ မူလ အခွင့်အရေး ကန့်သတ်တာတော့ ထား။ သူ့တို့ တာဝန်ကိုတော့ သူတို့ ပြန်ကန့်သတ်လို့ရလား။ အဲဒါပါပဲ” ဟု ဦးကြည်ဝင်းက ရှင်းပြသည်။

ထိုကဲ့သို့ အငြင်းပွားဖွယ်ရာ ဥပဒေပြဋ္ဌာန်းချက်ပါ စကားရပ်များ၏ အနက် အဓိပ္ပာယ်ကို ဖွင့်ဆို ပေးနိုင်ခွင့်ရှိသော ပြည်သူ့လွှတ်တော် ဆိုသည့် နေရာကို စကားရပ် အစားထိုး ပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “တကယ်တမ်းကျတော့ ဥပဒေမှာပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ အနက် အဓိပ္ပာယ် ဖွင့်ဆိုမယ် ဆိုရင် ပုဒ်မ ၂၀၀ နဲ့ ၂၀၁ အရ ပြည်သူ့ လွှတ်တော်ကသာ ဖွင့်ဆိုနိုင်တယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေက အဓိပ္ပာယ် ဖွင့်ဆိုလို့ကို မရဘူး။ အခုက ပြည်သူ့ လွှတ်တော် ဆိုတာကို စကားရပ် အစားထိုးတာ မရှိသေးဘူးဗျ။ နိုင်ငံတော်ကောင်စီကို နအဖနဲ့ အစားထိုးတယ်။ ကျန်တာတွေ ကျန်တဲ့ အာဏာပိုင် အဖွဲ့အစည်း တွေကိုလည်း အဲလို အစားထိုးတယ်။ သို့သော် ပြည်သူ့လွှတ်တော်ကို စကားရပ်များ အစားထိုးခြင်းနဲ့ အစားထိုးတာ မရှိသေးဘူး။ အဲလိုဖြစ်နေတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း အပြီး ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီးသည့်နောက် ၂၀၀၈ ခုနှစ်ကျမှ သာ ၎င်း၏ ရှေ့နေများဖြင့် တွေ့ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းနှစ် သြဂုတ်လ (၈) ရက်တွင်မှ ရှေ့နေကြီး ဦးကြည်ဝင်းနှင့် စတင် တွေ့ဆုံခွင့် ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း ကမူ ယခုအမှုသည် နိုင်ငံရေး လုပ်ကြံမှု တခု ဖြစ်သည်ဟု ရှုမြင် ထားကြပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား များအား လွှတ်ပေးရန် တောင်းဆိုထားသည်။

လာမည့် ဇူလိုင် (၂၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အမှုအား နှစ်ဘက်ရှေ့နေများ အပြီးသတ် လျှောက်လဲချက် ပေးရန် အင်းစိန် တရားရုံးက ဇူလိုင် (၁၀) ရက် တရားခွင်တွင် အမိန့်ချမှတ်ခဲ့သည်။

ယခုအမှုနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “ဒီအမှုက စွဲတောင် မစွဲသင့်တဲ့ အမှုမျိုးပါ။ ဘာပြစ်မှုမှ မရှိဘဲ၊ အတင်းစွဲပြီးတော့ ဒါနဲ့ငြိတယ် ဟိုဟာနဲ့ငြိတယ်။ တကယ်တမ်း အဲဒါတွေကလည်း မငြိဘူးလို့ဘဲ ကျနော်တို့တော့ မြင်တယ်” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

လူထုနိုင်ငံရေးလမ်းကြောင်းကို သွားမည်ဟု ဦးဝင်းတင်ပြော

သူရိန်စိုး
၁၅ ဇူလိုင် ၂၀၀၉

မြန်မာ့ နိုင်ငံရေးခေါင်းဆောင် တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တဦးလည်းဖြစ်တဲ့ ဦးဝင်းတင်က ပြည်သူနဲ့ တသားတည်းရှိမယ့် လူထုနိုင်ငံရေး လုပ်မယ်လို့ ပြောဆိုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှုးဦးဝင်းတင်က လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လမ်းကြောင်းအတိုင်း ဆက်လျှောက် သွားမယ်လို့ ပြောပါတယ်။

“ အခုပြည်တွင်းမှာ အန်အယ်လ်ဒီကို အားနည်းတယ်တို့ ဘာတို့ ပြောတာတွေ ရှိတယ်။ လူထု ကိုယ်တိုင်ကလည်း အဲလို ထင်မြင်တာ ရှိတယ်။ အလားတူပဲ အခြားအခြားသော နိုင်ငံရေး အင်အားစုနဲ့ ပတ်သက်လို့ တုံ့ပြန်မှုလည်း အဲဒီလိုပဲ ရှိနေတယ်။ ကျနော် မကြာခင်တုန်းက လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ကြရအောင်၊ လုပ်ဖို့ အချိန်တန်ပြီ ဆိုတော့၊ ကျနော်တို့ တတ်နိုင်သမျှ နည်းလမ်းက လူထုနဲ့ ဆက်စပ်မိအောင် လုပ်မယ့် ဆန္ဒ ရှိတယ်ဆိုတာ ပြောချင်တယ်။ ဆိုလိုတာက နိုင်ငံရေး သမားတွေ အကုန်လုံးက အိပ်နေတာ မဟုတ်ဘူး ခြေကုန်လက်ပမ်း ကျနေတာ မဟုတ်ဘူး၊ မေ့လျော့ ပေါ့ဆနေတာ မဟုတ်ဘူးဆိုတာ ကျနော် ပြောချင်တယ်။ ဘယ်လို အခြေအနေနဲ့ ဘယ်လို လုပ်မလဲဆိုတာ အခြေအနေလည်း ကြည့်နေရတဲ့ အခြေအနေ”။

လူထုနိုင်ငံရေးမှာ အဓိက လက္ခဏာ ၃ ရပ် ရှိတယ်လို့လဲ ဦးဝင်းတင်က ပြောပါတယ်။

“ ၁ အချက်က လူထုနဲ့ အတူ လူထုခံစားသလို ခံစားနိုင်ရမယ်။ ၂ အချက်က လူထုနဲ့အတူ အပြန်အလှန် ပြောဆို တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိရမယ်။ လူထုပြောတဲ့ စကားတွေကို နားထောင်သလို ကိုယ်ကလည်း လူထု နားထောင်အောင် ပြန်ပြောနိုင်ရမယ်၊ ၃ အချက်ကတော့ လူထုနဲ့အတူ လှုပ်ရှားရမယ်။ လူထုနဲ့အတူ လှုပ်ရှားနိုင်ရမယ်။ လူထု လှုပ်ရှားမှုတွေမှာ ပါဝင်ပြီး ကိုယ်က ဦးဆောင်နိုင်ရမယ်၊ ဦးမဆောင်နိုင်တဲ့ အခါ လူထုနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ်”။

လူထုကို မျက်နှာမူတဲ့ လူထုနိုင်ငံရေးလမ်းစဉ်ဟာ ဦးဝင်းတင်ရဲ့ တသီးပုဂ္ဂလ ဆုံးဖြတ်ချက်ဖြစ်ပြီး အန်အယ်လ်ဒီ ပါတီ တခုလုံးက လက်ခံလာတဲ့အထိ တိုက်တွန်း ဆွေးနွေး သွားမယ်လို့လည်း ပြောပါတယ်။

“အများအားဖြင့် ကျနော်တို့ပြောတာတွေက အမှန်တကယ်တော့ အန်အယ်လ်ဒီနဲ့တော့ သိပ်မဆိုင်ဘူး။ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က လုပ်တဲ့ ရွှေဂုံတိုင် အစည်းအဝေးမှာ မိန့်ခွန်းစကားတခု ပြောတဲ့ အချန်မှာ လူထုနိုင်ငံရေး၊ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ပါလို့ တိုက်တွန်းချက်ပါတယ်။ ဒီဟာကို ပါတီထဲမှာ ကျနော် ချပြီး ဆွေးနွေးနေတဲ့ ကိစ္စပဲ။ ပါတီတခုလုံးရဲ့ လိုင်းအနေနဲ့တော့ မကျသေးဘူး။”

ဦးဝင်းတင်ကို စစ်အစိုးရက ၁၉ နှစ်ကျော်ကြာ ထောင်သွင်း အကျဉ်းချထားပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ အင်းစိန်ထောင်က ပြန်လွတ်ခဲ့တာပါ။

အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက အင်းစိန်ထောင်တွင်း တရားရုံးမှာ ရုံးထုတ်တဲ့ နေ့တိုင်း အန်အယ်လ်ဒီ အဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ပြည်သူတွေနဲ့ အတူ အထောင်ရှေ့မှာ အင်အားပြ ဆန္ဒဖော်ထုတ်သူ ဖြစ်ပါတယ်။


Ref: DVB News

Read More...

စစ်အစိုးရ ကမ်းလှမ်းချက် KIO ဈေးဆစ်

ရန်ပိုင်
Thursday, 16 July 2009 20:14

ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO က စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းပယ်ခဲ့ပြီး ကချင်ဒေသ လုံခြုံရေးတပ် အဖြစ် ဖွဲ့စည်းရန် တင်ပြထားကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက်နေ့က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်း နှင့် မြစ်ကြီးနားမြို့၌ တွေ့ဆုံရာတွင် တင်ပြခဲ့ကြောင်း ဧရာဝတီက ရရှိထားသည့် KIO ၏ အစီရင်ခံစာအရ သိရသည်။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA ကို ကချင်ပြည်နယ် လုံခြုံရေးတပ် ဟု အမည် ပြောင်းလဲပြီး လက်ရှိ အနေအထား အတိုင်းထား ရှိသွားရန် နှင့် ကချင် လူမျိုးများနှင့်သာ ဖွဲ့စည်းသွားရန် တင်ပြထားခြင်းဖြစ်သည်။

KIA အသွင်ပြောင်းရေး ကိစ္စ သာမက ၊ အခြားသော ကျန်းမာရေး ၊ ပညာရေး ကိစ္စများကိုပါ ဆွေးနွေးလိုကြောင်း တင်ပြ ထားသည်ဟု လည်းသိရသည်။

နအဖ စစ်အစိုးရ က ပါတီအသွင်ဖြင့် ပြောင်းလဲပြီး ရွေးကောက်ပွဲ ၀င်ရန် တိုက်တွန်း ထားသော်လည်း KIO အနေဖြင့် ပြဿနာများ ကို မဖြေရှင်းနိုင်သည့် အပြင်၊ ကချင်အမျိုးသား အများစု ဆန့်ကျင် လာမည်ကို မလိုလားသော ကြောင့် ငြင်းပယ်ထားသည်၊၊

၂၀၁၀ ရွေးကောက်ပွဲ ဖြင့် ပေါ်ပေါက် လာသည့် အစိုးရ လက်သို့ စစ်အစိုးရမှ အာဏာ လွှဲပြောင်းသည့် အချိန်တွင် ကချင်ပြည်နယ် အစိုးရ အာဏာ သုံးရပ် ၌ KIO တိုက်ရိုက် ပါဝင်နိုင်ရေး ကိုလည်း စီစဉ်ဆောင်ရွက် ပေးရန် မေတ္တာ ရပ်ခံ ထားကြောင်း ဇူလိုင်လ ၈ ရက်နေ့က တင်ပြသည့် အစီရင်ခံစာ အရ သိရသည်။

စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်ဖွဲ့ စည်းပုံမှာ တပ်ရင်း တရင်းတွင် အင်အား ( ၃၂၆ ) ဦး ရှိပြီး ၊ နအဖ အရာရှိ ၃၀ ခန့် ပါဝင်မည် ဖြစ်သည်။

လက်ရှိ KIA တွင် အင်အား ၄၀၀၀ ခန့်ဖြင့် ဖွဲ့စည်းထားပြီး တပ်မဟာ ( ၅ ) ခု ၊ လှုပ်ရှား တပ်မ ( ၁ )ခု တို့ကို ကချင်ပြည်နယ် ဒေသ အတွင်း တွင်သာမက၊ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ များအတွင်း တွင် အခြေပြု ချထားသည်။

KIA သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်၊၊
လေ့လာသူများအဆိုအရ စစ်အစိုးရသည် လက်နက်ကိုင် တပ်ဖွဲ့များကို စစ်တပ် လက်အောက်သို့ ထည့်သွင်းခြင်းဖြင့် အနာဂတ်တွင် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ အားနည်း သွားစေရန် လုပ်ဆောင် နေကြောင်း သိရသည်။

ပြီးခဲ့သည် ဇွန်လအတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် မှ လက်နက်ကိုင် တပ်ဖွဲ့များ နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်းရေး နှင့် ပတ်သက်၍ ၀ နှင့် ကိုးကန့်၊ NDA – K အပစ်ရပ် အဖွဲ့များကို ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဇွန်လ ( ၃၀ ) ရက် နေ့တွင် နောက်ဆုံး အကြောင်းပြန် ရန်ပြောကြားခဲ့သည်ဟု သိရသည်။

လက်ရှိ အခြေအနေ တွင် DKBA နှင့် ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်သော ကချင် အထူးဒေသ ( ၁ ) NDA – K မှ လွဲ ပြီး ၀ နှင့် KIA အပါအ၀င် အခြား အဖွဲ့များက လက်မခံပေ။

နယ်ခြားစောင့်တပ်များ သည် လက်ရှိ ထိန်းချုပ်ထားသည့် နယ်မြေတွင်သာ တာဝန် ထမ်းဆောင်ရမည်ဟု သိရသည်။

Ref: ဧရာဝတီ

Read More...

နယ်ခြားစောင့်တပ်အသွင် ကေအိုင်အို လက်မခံ၊ ကချင် ဒေသ လုံခြုံရေး တပ်ဖွဲ့အဖြစ် ပြောင်းရန် ဆန္ဒရှိ

NEJ / ၁၆ ဇူလိုင် ၂၀၀၉

နယ်ခြားစောင့်အသွင်ပြောင်းရေးကိစ္စကို လက်မခံဘဲ မိမိစစ်သား များနှင့်သာ ဖွဲ့စည်းမည့် ကချင်ဒေသ လုံခြုံရေး တပ်ဖွဲ့အဖြစ် ပြောင်းပြီး နောင် ကချင်ပြည်နယ် အစိုးရ အဖွဲ့သစ်တွင် အာဏာ ရယူလိုကြောင်း ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က ပြောကြားလိုက်သည်။

ယခုလ (၈) ရက်တွင် မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ကေအိုင်အိုအဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဦးဂေါ်ရီဇော်ဆိုင်း ဦးဆောင်သည့် ရှစ်ဦးပါ ဗဟိုကော်မတီ အဖွဲ့နှင့် မပခတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့ တွေ့ဆုံပွဲတွင် ကေအိုင်အို အဖွဲ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းတွေ့ဆုံပွဲ မှတ်တမ်းအချက်အလက်များအရ ၂ဝ၁ဝ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲဖြင့် ပေါ်ပေါက် လာသည့် အစိုးရသစ် လက်သို့ တပ်မတော် အစိုးရ အာဏာ လွှဲပြောင်းပေးသည့်အချိန်တွင် ကချင်ပြည်နယ် အစိုးရ အာဏာသုံးရပ် မိမိတို့ ကေအိုင်အိုမှ တိုက်ရိုက် ပါဝင်နိုင်ရေးကို စီစဉ် ဆောင်ရွက် ထားပေးပါရန် မေတ္တာရပ်ခံ တင်ပြထားကြောင်းလည်း သိရသည်။

အဆိုပါ အစည်းဝေးမှတ်တမ်းတွင် နယ်ခြားစောင့်တပ် (Border Guard Force) အဖြစ် မဟုတ်ဘဲ ကချင်ဒေသ လုံခြုံရေးတပ် (Kachin Regional Guard Force) (KRGF) ဟု အမည် မှည့်ခေါ်ကာ လက်ရှိ ကေအိုင်အေ တည်ရှိ နေသော အနေအထားအတိုင်း ထားရှိသွားရန် ဆန္ဒရှိပါကြောင်း တင်ပြ ဆွေးနွေး လိုပါသည်ဟု ဖော်ပြထားသည်။

ကေအိုင်အိုမှ ဖွဲ့စည်းလိုသည့် (KRGF) အဖွဲ့တွင် ကေအိုင်အေမှ အရာရှိ၊ စစ်သည် များဖြင့်သာလျှင် ပြင်ဆင် ဖွဲ့စည်းသွား လိုပါကြောင်း တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဧပြီ (၂၈) ရက်၌ နအဖက ကေအိုင်အိုအဖွဲ့ အပါအဝင် ငြိမ်းအဖွဲ့များကို အင်အား လျှော့ချပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် ပြောဆိုခဲ့ပြီးနောက် ကေအိုင်အို အဖွဲ့နှင့် မပခ အကြား အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီး ယခုနောက်ဆုံး တွေ့ဆုံခဲ့ရာတွင် ယခုကဲ့သို့ တောင်းဆို လိုက်ခြင်းဖြစ်သည်။

ကချင်ငြိမ်းအဖွဲ့တခုဖြစ်သည့် ကချင်ဒီမိုကရေစီသစ် တပ်မတော်ကမူ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေး ကိစ္စကို ဇွန် (၂၄) ရက်တွင် လက်ခံလိုက်ပြီး ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်ပေးသည့် လွှတ်တော် အမတ်အဖြစ် ငြိမ်းအဖွဲ့ ခေါင်းဆောင်များထဲမှ ရွေးချယ် ခန့်အပ်ရန် တောင်းဆိုထားသည်။

ယခုတောင်းဆိုမှုများနှင့် ပတ်သက်၍ နအဖဘက်က မည်သို့ တုံ့ပြန် ပြောဆိုခဲ့သည်ကို မသိရှိရသေးဘဲ ယင်းကိစ္စနှင့် ပတ်သက်၍ ကေအိုင်အို အဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းအဆက်သွယ် မရရှိပါ။

Ref: ခေတ်ပြိုင်

Read More...

Thursday, July 16, 2009

NLD ပြန်ကြားရေး အသစ်ပြန်လည်ဖွဲ့စည်း

ရန်ပိုင်
Wednesday, 15 July 2009 19:35

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ သတင်းနှင့် ပြန်ကြားရေး အဖွဲ့ (Central Information Committee-NLD ) ကို မကြာသေးမီက ပြန်လည်ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည် ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပ ပြီးစီးခဲ့သည့် NLD ဗဟို အလုပ်အမှုဆောင် အစည်း အဝေးတွင် ပြန်လည် ပြင်ဆင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပြီး အဖွဲ့၏ အမည်မှာ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဟု ဆိုသည်။

အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံအဖြစ် အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သော ဦးခင်မောင်ဆွေကို တာဝန် ပေးအပ် ထားပြီး အဖွဲ့ဝင်များ အဖြစ် ဦးအုန်းကြိုင် ၊ ဦးဉာဏ်ဝင်း ၊ ဦးသိန်းညွန့် ၊ ဦးစိန်လှဦး ၊ ဦးဟံသာမြင့် ၊ ဒေါက်တာဝင်းနိုင် တို့ဖြင့် ဖွဲ့စည်း ထားသည်ဟု သိရသည်။

“သတင်းနှင့် ပြန်ကြားရေး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် ကတော့ အရင် ပြန်ကြားရေး တာဝန်ခံ ဥက္ကဋ္ဌ ဦးအောင်ရွှေ ကျန်းမာရေး မကောင်းတဲ့ အတွက် ပြန်ကြားရေး လုပ်ငန်းတွေ သွက်လက် ထက်မြက် လာအောင်၊ ပိုပြီးတော့ သတင်းတွေ မြန်မြန်ဆန်ဆန် ဖြန့်ချိနိုင်အောင် အဖွဲ့ကို ပြန်ဖွဲ့တာပါ”ဟု ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေ က ပြောကြားသည်။

NLD က ထုတ်ပြန်မည့်သတင်းများနှင့် ပတ်သက်ပြီး ယခု ဖွဲ့စည်းလိုက်သည့် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ ကသာ တရားဝင် ထုတ်ပြန်မည်ဟု ၎င်းက ဆိုသည်။

ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍လည်း သတင်းနှင့် ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်သော ဒေါက်တာဝင်းနိုင်က “ အနာဂတ် အနေနဲ့ ပုံမှန် လုပ်နေတာ အပြင် လိုအပ်ရင် လိုအပ်သလို အဖွဲ့ချုပ်ရဲ့ ပေါ်လစီများကို ထုတ်မယ်၊ နောက်တခုက ကျနော်တို့နဲ့ ပတ်သက်တဲ့ သတင်းတွေ ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ ရှင်းစရာ ရှိတာတွေကို ရှင်းနိုင်အောင် ၊ ခုခံနိုင်အောင် ၊ နိုင်ငံတကာ အဖွဲ့ အစည်း တွေနဲ့ ပတ်သက်ပြီး လိုအပ်ရင် အဖွဲ့ချုပ် ကိုယ်စား Respond လုပ်နိုင်အောင် ဖြစ်တယ်” ဟုပြောကြားသည်။

ယခင် NLD အတွင်းရေးမှူး ဦးလွင် သတင်းနှင့် ပြန်ကြားရေးကို တာဝန် ယူစဉ်က မီဒီယာများနှင့် ဆက်ဆံရေးမှာ ပြေပြစ်မှု မရှိဟု မကြာခဏ ဝေဖန် ခံခဲ့ရသည်။

နောက်ပိုင်းတွင် ဦးလွင် ကျန်းမာရေးမကောင်း သောကြောင့် ဥက္ကဋ္ဌ ဦးအောင်ရွေက တာဝန် ယူခဲ့သည်၊ ယခုအခါ ဦးအောင်ရွှေမှာလည်း ကျန်းမာရေး မကောင်း၍ အနား ယူနေရသောကြောင့် သတင်းများနှင့် အဆက်ပြတ် နေပြီး ပြန်လည် ဖြေရှင်း မပေးနိုင်၍ ဦးခင်မောင်ဆွေ က တာဝန်ခံ အဖြစ် ပြန်လည် ဖွဲ့စည်းခြင်း ဖြစ်သည်။

NLD ၏ နိုင်ငံရေး မူဝါဒ သဘောထားမှာ မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် ရွေဂုံတိုင် ကြေညာချက် အတိုင်း အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ နအဖ စစ် အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေး မူဝါဒ အတိုင်းသာ ဖြစ်သည်ဟု ဒေါက်တာဝင်းနိုင် က ပြောကြားခဲ့သည်။

ယခု NLD သတင်းနှင့်ပြန်ကြားရေး ခေါင်းဆောင် ဦးခင်မောင်ဆွေသည် စမ်းချောင်းမြို့နယ် ရွေးကောက်ခံ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည်။ ထောင်ဒဏ် ၂ ကြိမ် ကျခံ ခဲ့ရပြီး ၊ ဒုတိယ အကြိမ်တွင် ထောင်တွင်း၌ ၁၅ နှစ် ခန့် နေခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် လွတ်မြောက်လာခဲ့သည်။

Ref: ဧရာဝတီ

Read More...

ဧရာဝတီတိုင်းတွင် လေဆင်နှာမောင်း တိုက်ခတ် ကြိမ်ချောင်းကြီး ကျေးရွာတွင် အိမ်များ ပျက်စီး

NEJ / ၁၅ ဇူလိုင် ၂၀၀၉

ယမန်နေ့ မွန်းလွဲ (၂) နာရီကျော်အချိန်ခန့်က ဧရာဝတီတိုင်း အတွင်းတွင် လေဆင်နှာမောင်း တိုက်ခတ်မှု တခု ဖြစ်ပွား ခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသခံများထံမှ သိရသည်။

ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးရွာကြီးတရွာဖြစ်သော ကြိမ်ချောင်းကြီး ကျေးရွာတွင် အိမ်အလုံးရေ (၃၅) လုံးခန့် ပြိုသွားကြောင်း ဘိုကလေးမြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ၀န်ထမ်း တဦးက ပြောသည်။

“အိမ်ကတော့ (၃၅) လုံးလောက်တော့ရှိမယ်လို့ ကြားတယ်။ သေသေချာချာတော့ မသိရသေးဘူး။ ဒီသတင်းကိုလည်း ဘယ်ကိုမှ မပြောရဘူးလို့ ပြောထားပါတယ်။ အဲဒီ ကြိမ်ချောင်းကြီး ရွာဆိုတာ ပြီးခဲ့တဲ့နှစ်က နာဂစ်မုန်တိုင်း တိုက်တော့ တရွာလုံး ပျက်စီးသွားတဲ့ ရွာကြီးပါ။ အစိုးရကလည်း အခု ပြန်လည် ထူထောင်ရေးတွေ သေသေချာချာ လုပ်ပေးတာ ခံရတဲ့ ရွာလို့လည်း ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

လေဆင်နှာမောင်းတိုက်ခတ်ခံရသည့် ကျေးရွာခံများ အနေဖြင့် နာဂစ် မုန်တိုင်းဒဏ်ကို ခံစားရပြီးနောက် (လေ) ဆိုလျှင် ကြောက်ရွံ့ နေကြကြောင်း ဘိုကလေး မြို့ခံများက ပြောသည်။

“အခုလေဆင်နှာမောင်းကြောင့် လူအချို့ ဆေးရုံကို ရောက်နေကြတယ်။ အရေအတွက် ကိုတော့ မသိရဘူး။ (၁) ယောက် သေတယ် လို့လည်း ကြားပါတယ်” ဟု ဘိုကလေးမြို့ခံ တဦးက ပြောပြသည်။

“ကျနော်တို့ ဘိုကလေးမှာ ကြိမ်ချောင်းရွာက တော်တော်ကို ကြီးပါတယ်။ စီးပွားရေး တွေလည်း အရင်က တော်တော်ကောင်းကြ ပါတယ်။ နာဂစ် တိုက်ပြီးတဲ့ နောက်တော့ အခြေအနေတွေ ပျက်တဲ့လူတွေ များသွားတယ်” ဟုလည်း ဘိုကလေးမြို့မှ ကျောင်းဆရာ တဦးက ပြောသည်။

ယမန်နေ့က တိုက်ခဲ့သော လေဆင်နှာမောင်းလမ်းကြောင်းမှာ ငွေဆောင် ကမ်းခြေထိ ရောက်ခဲ့ပြီး ငွေဆောင် ရွာတွင် ရှိသည့် ရဲစခန်းနှင့် တိုက်နယ် ဆေးရုံ တို့ကိုလည်း လေကြောင်း ထိခဲ့ကြောင်း၊ ကမ်းခြေရှိ Sliver View ဟိုတယ် အဆောက်အအုံ နှစ်ခုမှာ အမိုး အချို့ လန်သွားကြောင်း ဟိုတယ် ၀န်ထမ်းတဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး သျှမ်း အပစ်ရပ် အဖွဲ့ မပါဝင်

ဗုဒ္ဓဟူးနေ့၊ 15 ဇူလိုင်လ 2009

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အစီအစဉ်တွင် အပစ်ရပ် သျှမ်းပြည် မြောက်ပိုင်း SSA အဖွဲ့ မပါဝင်ဟု ခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည့် သတင်း ရပ်ကွက်က ဆိုသည်။

“နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ကျနော်တို့ အဖွဲ့ မပါဘူး။ ကျနော်တို့ ထိန်းချုပ်တဲ့ နယ်မြေကလည်း အိမ်နီးချင်း တိုင်းပြည် တွေနဲ့ နယ်နမိတ်ချင်း ထိစပ် မနေဘူးလေ”- ဟု SSA အပစ်ရပ် အရာရှိ တစ်ဦးက ပြောကြောင်း ခေါင်းဆောင်ပိုင်း နှင့်ရင်းနှီးသည့် အမည် မဖေါ်လိုသူ တဦးက ပြောပါသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အစီအစဉ်တွင် အပစ်ရပ် သျှမ်းပြည် မြောက်ပိုင်း SSA အဖွဲ့၊ ပအိုဝ်းဖြူ ခေါ် အောင်ခမ်းထီ PNO အဖွဲ့တို့ မပါဝင်ဟု ဆို၏။

“ကျနော်တို့ကို နယ်ခြားစောင့်တပ်ပြောင်းဖို့ အထဲမှာ မပါပေမဲ့ ခဏခဏ ခေါ်တွေ့တာက ဒေသခံ ပြည်သူ့စစ် အဖြစ် အသွင် ပြောင်းဖို့ ဖြစ်တယ်။ ကျနော့် အမြင်ကတော့ နယ်ခြားစောင့်တပ်တို့ ပြည်သူ့စစ်တို့ ဆိုတာက ဘာမှ မထူးခြားပါဘူး။ စစ်အစိုးရ လက်အောက် နေရတာချင်း အတူတူပါဘဲ။ နားထောင်လို့ ကောင်းအောင် နယ်ခြားစောင့် တပ်လို့ ပြောတာ၊ အမှန်တော့ စစ်အစိုးရ ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပါဘဲ” - ဟု အဆိုပါ အရာရှိက ပြောကြောင်း ၎င်းင်းဆိုစ့်က ဆက်ပြော ပြပါသည်။

မည်သို့ ဆိုစေကာမူ အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း အဖွဲ့ အနေဖြင့် ဒီမိုကရေစီ အစိုးရသစ် ပေါ်ထွန်းလာသည် အထိ အပြောင်းအလဲ အလုပ်ခံမည် မဟုတ်ကြောင်း ပြောဆို သွားခဲ့သည်ဟု ဆို၏။

သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းအဖွဲ့အား ပြည်သူ့စစ် အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ အသွင်ပြောင်းမှု ဖေါ်ဆောင်ရေး ကော်မတီ ဒုဗိုလ်ချုပ်ကြီး ရဲမြင့် (စရဖ ညွှန်ချုပ်) က လားရှိုး ရမခ စစ်တိုင်းရုံးသို့ အကြိမ်ကြိမ် ခေါ်ယူတွေ့ဆုံ ဖိအားပေး ခဲ့သော်လည်း SSA ခေါင်းဆောင်များ လက်မခံခဲ့ပေ။ အလယ်အလတ် တပ်မှူးများ အောက်ပိုင်း ခေါင်းဆောင်များ အသွင်ပြောင်းရေး အစီအစဉ်အပေါ် နားလည် လက်ခံခြင်း မရှိသေးသဖြင့် အချိန်ယူ စည်းရုံးရဦးမည် ဖြစ်ကြောင်း အကြောင်း ပြန်ထားခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Wednesday, July 15, 2009

စစ်တပ်နှင့် ကရင်နီတိုက်ပွဲ ၁ ဦးကျဆုံး၊ ၄ ဦး ဒဏ်ရာရ

နှောင်းလှိုင်/ ဇူလှိုင် ၁၄၊ ၂၀၀၉

ကရင်နီပြည် မယ်စဲ့မြို့နယ်တွင် ကရင်နီ တပ်မတော်နှင့် မြန်မာ စစ်အစိုးရတပ် ခလရ ၁၃၅ တပ်ဖွဲ့တို့ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲများ ဖြစ်ခဲ့ကြရာ စစ်တပ်မှ ၁ ဦး ကျဆုံးကာ ၄ ဦး ဒဏ်ရာ ရရှိသွားကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သော ကရင်နီ တပ်မတော် တစ်ဦးက ပြောသည်။

ယခုလ ၈ ရက်နေ့ ညနေပိုင်းတွင် ထူးဝိုင်လူး ချောင်းတွင် တကြိမ်ဖြစ်ပွားကာ ၎င်း တိုက်ပွဲတွင် စစ်အစိုးရ ဘက်မှ ၄ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၉ ရက်နေ့ နံနက်တွင် ကောက်ကောက်နှင့် ခြောက်ပွိုင့်ကြားတွင် ထပ်မံဖြစ်ပွားရာ စစ်အစိုးရ ဘက်မှ ၁ ဦး ကျဆုံးခဲ့ပြီး ကရင်နီ တပ်မတော်ဘက်မှ တစုံတရာ ထိခိုက်မှု မရှိဟု ဆိုပါသည်။

“သူတို့က သူ့စခန်းကနေ အပြင်ကို ထွက်တယ်။ အပြင်ထွက်မှ ကျနော်တို့နဲ့ တိုးကြတာပေါ့။ တိုးကြပြီးတော့ ကျနော်တို့က အရင်ပစ်တယ်” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သူ ကရင်နီ တပ်မတော် တစ်ဦးက ပြောသည်။

ကရင်နီတပ်မတော်မှ စောထူးဂေ ဦးဆောင်သည့် လူအင်အား ၁၀ ဦးတပ်ဖွဲ့နှင့် စစ်အစိုးရ တပ်မှ တပ်ရင်းမှူး အောင်တိုး ဦးဆောင်သော လူအင်းအား ၂၀ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုလ အစောပိုင်းကစပြီး ကရင်နီအမာခံတပ်စခန်း ဖြစ်သော ညာမိုကုန်းကို မြန်မာ စစ်တပ်ဘက်မှ လက်နက်ကြီး များဖြင့် မကြာခဏ ပစ်ခတ် လာမှုများ ရှိနေကြောင်း ညာမို တပ်စခန်းမှ ကရင်နီ တပ်မတော် ဗိုလ်မှူး တစ်ဦးက ပြောသည်။

Ref: ကန္တာရဝတီ တိုင်းမ်

Read More...

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မိုင်းလားအဖွဲ့ ထပ်မံ တိုက်တွန်းခံရ

အင်္ဂါနေ့၊ 14 ဇူလိုင်လ 2009

ယခုလဆန်းပိုင်းက တြိဂံတိုင်းမှူးဦးဆောင်သည့်အဖွဲ့ အထူးဒေသ ၄ မိုင်းလား ဌာနချုပ်သို့ သွားရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ထပ်မံ တိုက်တွန်းခဲ့ကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။

ဂျူလိုင်လ ၈ ရက်နေ့ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်းမှူး ဗိုလ်ချုပ် ကျော်ဖြိုး ဦးဆောင်သည့် အင်အား ၁၀ ယောက်ကျော်ပါ ကား ၄ စီး မိုင်းလားသို့ ရောက်ရှိပြီး အထူးဒေသ ၄ ခေါင်းဆောင် ဦးစိုင်းလင်း၊ အတွင်းရေးမှူး ဦးမင်းအိမ် ခေါင်းဆောင်ပိုင်း အချို့နှင့် တွေ့ဆုံစဉ် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ထပ်မံ တိုက်တွန်းခြင်း ဖြစ်ကြောင်း၊ “ခင်ဗျားတို့ ၀ ကို အရမ်းအားမကိုး နဲ့ သူတို့အဖွဲ့က နာမည်ပျက်တွေ၊ အပစ်ရပ်တာလဲ တချိန်တည်း ရပ်ခဲ့တာမှ မဟုတ်၊ အသွင်ပြောင်းဖို့လည်း သူများကို စောင့်စရာ မလိုဘူး။ NDA-K ကချင် အဖွဲ့တောင် သဘောတူပြီးပြီ၊ ခင်ဗျားတို့လဲ အမြန်ဆုံး အကောင်အထည် ဖေါ်ဖို့ လိုတယ်” - ဟု တြိဂံတိုင်းမှူးက ပြောကြောင်း - ခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည့် သတင်း ရပ်ကွက်က ဆိုသည်။

“၀ ကို သိပ်အားမကိုးနဲ့ သူတို့တွေက နာမည်ပျက်တွေ ဆိုတာက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်လို့ ဆိုလိုတာ နေမှပေါ့၊ အဓိက ကတော့ နယ်ခြားစောင့်တပ် အမြန်ဆုံး ပြောင်းဖို့၊ လူသူ လက်နက် အင်အားစာရင်း၊ ရာထူးကနေ ပင်စင်ယူမယ့် အသက် ၅၀ ကျော် ခေါင်းဆောင်ပိုင်း စာရင်းတွေကို ပေးပို့ဖို့ ဒီလကုန်အထိ ထပ်နောက်ဆုတ် ပေးထားတယ် - ဆိုတာပြော သွားတယ်။ ဒါပေမယ့် သူတို့ ဘယ်လိုဘဲ ဖိအားပေးလာ ပေးလာ ကျနော်တို့ သဘောထား ကတော့ မပြောင်းလဲနိုင်ဘူး” - ဟု မိုင်းလား အရာရှိတဦးက ပြောကြောင်း အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

ထိုသို့တွေ့ဆုံစဉ်ဗိုလ်ချုပ်ကျော်ဖြိုးက - မိမိတို့အနေဖြင့် စစ်သား ဖြစ်သဖြင့် အထက်အမိန့် ကိုဘဲ နာခံရမှာ ဖြစ်ကြောင်း၊ မည်သို့ပင် ခက်ခဲ ပြင်းထန်ပါစေ သေသေကြေကြေ တာဝန်အရ မဖြစ် ဖြစ်အောင် ကြိုးစား လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း၊ သြဂုတ်လအတွင်း အပစ်ရပ်များ၏ လူသူလက်နက် အင်အား စာရင်းအားလုံး နေပြည်တော်သို့ တင်ပြပြီး စက်တင်ဘာလ အတွင်း နယ်ခြားစောင့်တပ် အတွက် သင်တန်း စတင်တော့မည် ဖြစ်ကြောင်း - ပြောဆို သွားခဲ့သည်ဟု ဆိုသည်။

စစ်အစိုးရ ထပ်မံဖိအားပေးလာသော်လည်း မိုင်းလားအဖွဲ့၏ ရပ်တည်ချက် ပြောင်းလဲမှု မရှိ။ ကချင် NDA-K ၊ ကိုးကန့်၊ ၀ ၊ မိုင်းလား ၄ ဖွဲ့ ပေါင်းဖွဲ့ထားသည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ပေါင်းစု PDF အဖွဲ့ ဆုံးဖြတ်ချက် ချထားသည့်အတိုင်း ဆက်လက် ရပ်တည်သွားမည် ဖြစ်ကြောင်း၊ မိုင်းလားအဖွဲ့ ခေါင်းဆောင်ပိုင်းများသည် ၎င်းင်းတို့ ဆန္ဒအတိုင်း မလုပ်ဘဲ ဒေသခံ လူထုသဘောထား၊ ရဲဘော်/ကေဒါများ၏ သဘောထား အမြဲတမ်း ကောက်ယူကြောင်း၊ ယခုကြံ့ကြံ့ခံ ဆုံးဖြတ်ချက် ချထားမှုသည်လည်း အများ ဆန္ဒအတိုင်း ဖြစ်ကြောင်း ကျေးရွာလူထု အကြီးအကဲ တဦးကလည်း ပြောပြပါသည်။

သို့သော် ဒီမိုကရေစီသစ်တပ်မတော် - ကချင် NDA-K က ပြီးခဲ့သည် ဂျွန် ၂၃ ရက်က နယ်ခြား စောင့်တပ် အသွင်ပြောင်းရန် လက်ခံလိုက်ပြီ ဖြစ်ကြောင်း ကချင် သတင်းရပ်ကွက်က ဆိုပါသည်။

PDF (Peace and Democracy Front) သဘောတူညီချက် အရ မည်သည့် အဖွဲ့အစည်း မဆို သဘောတူ ဆုံးဖြတ်ချက် မရဘဲ စစ်အစိုးရနှင့် တစုံတရာ တဘောတူ လက်ခံပါက အဖွဲ့အစည်း၏ သစ္စာ ဖေါက်ဖြစ်ကြောင်း၊ PDF အဖွဲ့ဖွဲ့စည်းထား ခြင်းသည် အေးအတူ ပူအမျှ မျှဝေခံစား စံစားရန် ဖြစ်ကြောင်း ဆိုထားပါသည်။

Ref: သျှမ်းသံတော်ဆင့်



Read More...

ရွေးကောက်ပွဲမတိုင်မီ အကျဉ်းသားများကို လွှတ်ပေးမည်ဟု ကုလ ဆိုင်ရာ မြန်မာ သံအမတ်ပြော

NEJ / ၁၄ ဇူလိုင် ၂၀၀၉

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ တောင်းဆိုချက်အရ မြန်မာ စစ်အစိုးရက အကျဉ်းသားများကို လူသားချင်း စာနာ ထောက်ထားမှု အခြေခံကာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် နိုင်ရန်အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေးရန် စီစဉ်နေကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေက ပြောကြားသည်။

မစ္စတာဘန်ကီမွန်းက လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်ပြီး ယမန်နေ့က အစီရင်ခံ တင်ပြရာတွင် မြန်မာ သံအမတ်ကြီး ဦးသန်းဆွေက ယင်းသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။ သို့သော် ဦးသန်းဆွေက အကျဉ်းသား မည်မျှကို မည်သည့် အချိန်တွင် လွှတ်ပေးမည် ဆိုသည်ကို ထုတ်ဖော် ပြောခြင်း မရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည်၊ မပါဝင်မည် ဆိုသည်ကိုလည်း ပြောဆိုခြင်း မရှိခဲ့ဟု သိရသည်။

မြန်မာသံအမတ် ဦးသန်းဆွေ၏ပြောကြားချက်နှင့် ပတ်သက်၍ မစ္စတာ ဘန်ကီမွန်းက “ဒါဟာ အားတက်စရာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကျနော် တင်ပြခဲ့တဲ့ ကိစ္စတွေကို သူတို့ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာကို ဆက်လက် စောင့်ကြည့်ရပါမယ်။ ဒီ လွတ်ငြိမ်း ချမ်းသာခွင့်မှာ ဘယ်သူ ပါမယ်ဆိုတာ ကျနော် သေချာ မသိပါဘူး” ဟု သတင်းထောက်များအား ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြသည်။

ဇူလိုင် (၃-၄) ရက် မြန်မာနိုင်ငံခရီးစဉ်အတွင်း မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် မြန်မာ စစ်အစိုးရအား တောင်းဆိုခဲ့သည်။

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် ဒေါ်အောင်ဆန်း စုကြည်သည် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားစွဲခံ နေရကာ အင်းစိန်ထောင် အတွင်း ရုံးတင် စစ်ဆေး ခံနေရချိန် ဖြစ်သည်။

ထို့အပြင် မစ္စတာဘန်ကီမွန်းက ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခွင့် တောင်းခဲ့ သည်ကိုလည်း မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင် စစ်ဆေးနေချိန် ဖြစ်သည့် အတွက်ဟု အကြောင်းပြကာ တွေ့ခွင့် မပေးခဲ့ပေ။

Ref: ခေတ်ပြိုင်


Read More...

မွန်ပြည်သစ်ပါတီက ပြည်သူ့စစ် ပုံစံ အသွင် ပြောင်းရန်ကို လည်း လက် မခံဟုဆို

ရန်ပိုင်
Tuesday, 14 July 2009 19:09

စစ်အစိုးရ၏ ပြည်သူ့စစ်ပုံစံ ဖွဲ့စည်းရေး ကမ်းလှမ်းချက်ကို အပစ်အခတ် ရပ်စဲထားသည့် မွန်ပြည်သစ် ပါတီ (NMSP) က လက်ခံလိမ့်မည်ဟု မထင်ကြောင်း ထိုင်း - မြန်မာ နယ်စပ် ဆန်ခလာဘူရီ အခြေစိုက် မွန်ပြည်သစ် ပါတီမှ ပြောရေးဆိုခွင့် ရှိသူ တဦးက ဆိုသည်။

“တိုင်းမှူးရဲ့ ကမ်းလှမ်းချက်က ပြည်သူ့စစ်ပုံစံ ဖွဲ့စည်းဖို့ပါပဲ။ သိပ်လည်း ထူးထူးခြားခြား မဟုတ်ပါဘူး။ ဒါကလည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ အတူတူပါပဲ။ သူတို့ အမိန့်ကို နာခံရမှာပဲ။ NMSP အနေနဲ့ကတော့ လက်ခံဖို့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

NMSP နှင့် မြန်မာစစ်အစိုးရသည် ဇွန်လ ၇ ရက် နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်နိုင်ဝင်း နှင့် တကြိမ် ၊ ဇွန်လ ၂၉ ရက်နေ့တွင် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် တကြိမ် မော် လမြိုင်မြို့၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲများတွင် မွန်ပြည်သစ် ပါတီကို နယ်ခြားစောင့် တပ်ပုံစံ (သို့မဟုတ်) ပြည်သူ့စစ် ပုံစံဖြင့် ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့သည်။

မွန်ပြည်သစ်ပါတီ အနေနှင့် ယခုလ ၂၅ ရက်နေ့တွင် စစ်အစိုးရ၏ ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ခေါ်ယူရန် ရှိသည်ဟု သိရသည်။

“NMSP အနေနဲ့ကတော့ အရင်က ချမှတ်ခဲ့တဲ့ မူအတိုင်းပါပဲ။ ရွေးကောက်ပွဲပြီးလို့ တက်လာမယ့် အစိုးရသစ်နဲ့ပဲ စကား ပြောမယ်။ လက်ရှိ ကမ်းလှမ်းချက်ဖြစ်တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုရော၊ ပြည်သူ့စစ် ပုံစံ ဖွဲ့စည်းရေးကိုပါ လက်ခံမှာ မဟုတ်ဘူး” ဟု မွန်ပြည်သစ် ပါတီ ပြောရေးဆိုခွင့် ရှိသူက ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ အမျိုးသားညီလာခံတွင် လေ့လာသူ အဖြစ်သာ တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုလည်း လက်မခံပေ။ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ တွင်လည်း ၀င်ရောက် အရွေးခံမည် မဟုတ်ဟု ကြေညာ ထားသော အပစ်အခတ် ရပ်စဲရေး အဖွဲ့ တစ်ဖွဲ့လည်းဖြစ်သည်။

တချိန်တည်းမှာပင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ထားသည့် တခြား တိုင်းရင်းသား အဖွဲ့ တခုဖြစ်သော ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ကလည်း နယ်ခြားစောင့် တပ်ဖွဲ့ ပုံစံမျိုး မဟုတ်ဘဲ ကချင်ပြည်နယ် လုံခြုံရေး တပ်ဖွဲ့ (State Security Force - SSF) အနေဖြင့်သာ ဖွဲ့စည်းလိုကြောင်း မြန်မာ စစ်အစိုးရထံ တင်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် လက်ရှိနေထိုင်နေသော (KIO) ဗဟို ကော်မတီဝင် ဗိုလ်မှူးကြီး James Lun Dau ကလည်း ဇူလိုင်လ ၈ ရက်မှ ၁၁ ရက်နေ့အထိ မြစ်ကြီးနားမြို့၌ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းနှင့် တွေ့ဆုံရာတွင် တပ်ဖွဲ့ဝင်များ အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ကချင် အပစ်အခတ် ရပ်စဲရေး ခေါင်းဆောင် များ၏ အဆိုပြုချက်ကို တင်ပြခဲ့သည်။

“အစိုးရအနေနဲ့ ကျနော်တို့ရဲ့ ကမ်းလှမ်းချက်ကို စဉ်းစား နေတယ်လို့ ထင်ပါတယ်” ဟု ဗိုလ်မှူးကြီး James Lun Dau က ဆိုသည်။ စစ်အစိုးရက KIO ထံသို့ တရားဝင် တုန့်ပြန်မှုများ မပြုလုပ်သေးပေ။

အလားတူ စစ်အစိုးရ နှင့် အပစ်အခတ် ရပ်စဲထားသော တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များကိုလည်း ၂၀၁၀ ရွေးကောက်ပွဲအပြီး နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့သေးသည်။

တချို့သော အပစ်အခတ်ရပ်စဲရေးအဖွဲ့များ အနေနှင့်မူ စစ်အစိုးရ ပေါ်တွင် အယုံအကြည် မရှိကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကဲ့သို့သော ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင်ကိုပင် ဖမ်းချုပ်ထားသည့် အစိုးရအနေနှင့် ၎င်းတို့၏ နယ်ခြားစောင့် တပ်များကို အချိန်မရွေး ဖျက်သိမ်းနိုင်ကြောင်း ပြောဆိုကြသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)၊ ဗကပ ခွဲထွက် အဖွဲ့တခုဖြစ်သည့် ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်သော ကချင်ပြည်သစ် တပ်မတော် (NDAK) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်ခံထားသော အဖွဲ့များဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ထားသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ဗိုလ်မှူးချုပ်ထိန်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းပြီး မွန်ပြည်နယ် ဘုရားသုံးဆူ ဒေသကို တာဝန်ယူမည်ဟု သိရသည်။

Ref: ဧရာဝတီ


Read More...

ကေပီအက်ဖ် ဒုဗိုလ်မှူးကြီး စောလေးဝါး ပြန်လွတ်လာ

Tue 14 Jul 2009, IMNA

ကေပီအက်ဖ် တပ်ရင်း (၃) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောလေးဝါးကို ကေအန်ယူ ဖမ်းဆီးထားခြင်းမှ ပြန်လွတ်လာပြီး ယမန်နေ့ည ၈ နာရီ ခန့်တွင် ဘုရားသုံးဆူရှိ နေအိမ်ထံတို့ ပြန်လည် ရောက်ရှိလာသည်။

လွန်ခဲ့သည့် ဇူလိုင်လ (၈) ရက်နေ့က ဒုဗိုလ်မှူးကြီး စောလေးဝါးနှင့် အဖွဲ့သည် နေပြည်တော်မှ မြန်မာ စစ်အစိုးရ အာဏာပိုင်တို့နှင့် တွေ့ဆုံပြီးနောက် ဘုရားသုံးဆူသို့ အပြန်လမ်း ဇမိချောင်းမှာ ကေအန်အယ်အေ တပ်ရင်း (၁၆) လက်အောက်ခံ တပ်ခွဲ (၂) စောချပ်သယ်ထူး အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ တပ်ရင်း (၁၆) သည် ဒုဗိုလ်မှူးကြီး မန်းတင်လှိုင်၏ တိုက်ရိုက် ကွပ်ကဲမှု အောက်တွင် ရှိသည်။

“မနေ့ညက ဗိုလ်စောလေးဝါးပြန်ရောက်လာတယ်၊ သူနဲ့အတူ သူ့ရဲ့ ဘီအေ တစ်ယောက်နဲ့ စီးပွားရေး သမား နှစ်ဦးလည်း ပြန် ရောက်လာတယ်” ဟု ကေပီအက်ဖ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့မှလာသော အတည် မပြုနိုင်သေးသည့် သတင်း တစ်ရပ် အရ ကေအန်ယူ၏ ဖမ်းဆီးခြင်းကို ခံရသည့် ဗိုလ်စောလေးဝါးသည် မန်းတင်လှိုင်၏ ဦးလေးအရင်း ဖြစ်သောကြောင့် ယခုလို စောလေးဝါးကို ပြန်လည် လွှတ်ပေးလိုက်သည်ဟု သတင်း ထွက်ပေါ်နေသည်။

ဇူလိုင်လ (၈) ရက်နေ့ညနေတွင် ဒုဗိုလ် စောချပ်သယ်ထူးတို့ အဖွဲ့သည် ကေပီအက်ဖ်မှ ဒုဗိုလ်မှူးကြီး စောလေးဝါးကို ဖမ်းဆီး ပြီးသည့်နောက် မဲကသာ ဒေသရှိ ကေပီအက်ဖ် စက်ကယ်တပ်ကို ထပ်မံ သိမ်းဆီးလိုက်သည်။

Ref: လွတ်လပ်သော မွန်သတင်းအေဂျင်စီ


Read More...

အကျဉ်းသား လွှတ်မည့်သတင်း အတိုက်အခံတို့ သံသယရှိ

ဇာနည်ဝင်း
Tuesday, 14 July 2009 18:41

အကျဉ်းသားများကို လွှတ်ပေးမည်ဟု ကုလသမဂ္ဂရှိ စစ်အစိုးရ သံအမတ်ကြီး၏ ယမန်နေ့က ပြောကြားချက် အပေါ် နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက သံသယရှိနေ ကြသည်။

အကျဉ်းသားများကို ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟု ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ စစ်အစိုးရ သံအမတ်ကြီး ဦးသန်းဆွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

ဦးသန်းဆွေ၏ ပြောကြားချက်များမှာ အဓိပ္ပာယ် ရှင်းလင်းခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

“သံအမတ်ကြီး ပြောတာကတော့ မရှင်းလင်းဘူး၊ သူ ပြောသွားတဲ့ထဲမှာ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ စကားလုံး မပါဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပြသည်။

ယခင်က အကျဉ်းသားများ လွှတ်ပေးရာတွင်လည်း နိုင်ငံရေး အကျဉ်းသား ပါဝင်မှု အလွန်တရာ နည်းပါးသည်ဟု ဦးဉာဏ်ဝင်းက ထောက်ပြသည်။

ထိုင်းမြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ကလည်း အလားတူ ယူဆနေသည်။

“ဟိုတခါလည်း ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး အတွက် ဆိုပြီး လူ ၉ဝဝဝ ကျော် လွှတ်တာ နိုင်ငံရေး အကျဉ်းသားက ၁ဝ ယောက်မပြည့်ဘူး” ဟု AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အစိုးရများက မြန်မာအာဏာပိုင် တို့၏ ပြောဆိုမှုကို အလွယ်တကူ မယုံစားသင့်ဟု ကိုတိတ်နိုင်က ဆိုသည်။

စစ်အစိုးရက အကျဉ်းသား အရေအတွက် ထောင်နှင့်ချီပြီး လွတ်ငြိမ်း ချမ်းသာခွင့် ပေးလေ့ရှိသည့် အချိန်မှာ နိုင်ငံတကာ ညီလာခံများတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်တော့မည့် ကာလ၊ ကုလသမဂ္ဂ အထူးအရာရှိများ မြန်မာပြည်သို့ သွားရောက်သည့် ကာလ တို့နှင့် တိုက်ဆိုင် နေတတ်သည်။

ထို့ကြောင့် နိုင်ငံတကာ ဖိအား ကြီးမားလာချိန်တွင် စစ်အစိုးရက နိုင်ငံရေး အကျဉ်းသား တချို့ကို လွှတ်ပေး တတ်ကြောင်း အတိုက်အခံများက ဝေဖန်ကြခြင်း ဖြစ်သည်။

လူ့အခွင့်အရေး အဖွဲ့များ၏ စာရင်းအရ မြန်မာပြည်အနှံ့ အကျဉ်းထောင် များတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိနေသည်။

Ref: ဧရာဝတီ


Read More...

Tuesday, July 14, 2009

ကြီးနိုင်ငယ်ညှင်း ၀ါဒ

07.14.09

အာဏာရှင်ရဲ့ လက်ခတ်သံ

ဆောင်းပါးရှင် – တပ်ကြပ် မင်းမင်း

ကျွန်တော် တွေ့ခဲ့ဖူးသမျှ တချို့အရာရှိတွေ စိတ်ဓါတ် မြင့်မားသလို လက်အောက် ငယ်သားနဲ့ ကျေးရွာလူထု အပေါ်မှာ အပြု သဘောဆောင် ကိုယ်ချင်းစာ တရား ထားတတ် ကြပါတယ်။ ဒါပေမဲ့ တချို့အရာရှိ တော်တော် များများကတော့ ကြီးနိုင် ငယ်ညှင်း ၀ါဒနဲ့ မတရား အုပ်ချုပ် တတ်ကြပါတယ်။ ၁၉၉၄ ခုနှစ် နှစ်ကုန်ပိုင်း လောက်မှာ ကျွန်တော်တို့တပ် အ.မ.တ ခွဲ (၀၈၂) ကို တပ်ခွဲမှူး အသစ် ရောက်ရှိ လာခဲ့တယ်၊ သူ့အမည်က ဗိုလ်မှူးမိုးဆွေ၊ ကြည်း (၁၇၆၅၀) ဖြစ်ပါတယ်။ သူ့မှာ ဇနီးသည်နှင့် သမီးလေး နှစ်ယောက် ရှိကာ သမီး အကြီးမက မျက်စိတဖက် ပျက်နေ ရှာတယ်။ သူမ မျက်စိ ပျက်စီးရခြင်းမှာ သူ့အဖေက သူ့သမီးကို ငယ်စဉ်က စစ်ခါးပတ်နဲ့ ရိုက်လိုက်ခြင်းကြောင့် မျက်စိတဖက် ဆုံးရှုံးသွားခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

ကျွန်တော် အဲဒီ ဗိုလ်မှူး မိုးဆွေအကြောင်းကို နည်းနည်း ပြောပြချင်ပါတယ်။ ဒီလူကြီးဟာ အင်မတန် အစား အသောက် မက်ပြီး ရက်စက် တတ်တဲ့ စိတ်ထားလည်း သူ့မှာရှိတယ်။ သူ့ပုံသဏ္ဍန်က အရပ်အမောင်း ကောင်းကောင်း အသားကမဲမဲ ၀လွန်းပြီး မျက်နှာမှာလဲ ကျောက်ပေါက် စက်တွေနဲ့မို့ စစ်သည် များက သူ့နောက်ကွယ်မှာ ဘီလူးကြီးလို့ သူ့ကို အမည်ပေးထား ကြပါတယ်။

သူ အရက် တစ်ခါသောက်ရင် ငါးဂျင်းဖန်ခွက် အကြီးစားနဲ့ အရက်အပြည့် ထည့်ပြီးတော့ နှစ်ခါလောက် မော့သောက် လိုက်ရင်ဘဲ ခွက်ထဲမှာ ကုန်သွား တော့တယ်။ တစ်နေ့ကို ဘီအီး နှစ်လုံးနဲ့ မဲခေါင် အရက်ပြား (၂)ပြား ပုံမှန် သောက်လေ့ရှိတယ်။ ထမင်းစားရင်လည်း ပန်းကန်ပြားနဲ့ မစားတတ်ဘူး၊ စတီးဇလုံ အကြီးစား တစ်လုံးထဲမှာ ထမင်းနဲ့ဟင်း ရောထည့်ပြီး ဘီလူးလို စားလေ့ရှိတယ်။

တစ်ညမှာ ကျွန်တော် ကြေးနန်းသွားအပို့ သူနေတဲ့ လေးခန်းတွဲလိုင်းက သူ့အခန်းရှေ့ ရောက်တော့ ဘိလပ်မြေ ခင်းထားတဲ့ သူ့အခန်း ကြမ်းပြင်မှာ မှောက်လျက် အနေအထားနဲ့ တပ်ခွဲမှူး မိုးဆွေကို တွေ့ရပြီး အမေရေ အမေရေနဲ့ အော်နေတာကိုလည်း တွေ့လိုက်ရ ပါတယ်။

ကျွန်တော်လဲ သူ့ကို မခေါ်ရဲပဲ ရပ်ကြည့်နေမိတယ်။ နောက်တော့ သူ့မိန်းမ ထွက်လာပြီး ဘာကိစ္စလဲ ကောင်လေးလို့ မေးတယ်။ ကျွန်တော် ကြေးနန်း လာပို့တာလို့ ပြောပြီး ဆရာမထံ ကြေးနန်းစာရွက် ကမ်းပေး လိုက်တယ်။ သူ့မိန်းမကတော့ သင်္ဃန်းညီနောင် အထက်တန်းကျောင်းရဲ့ ဒုကျောင်းအုပ် ဆရာမ တစ်ယောက်ပေါ့၊ ဒါကြောင့် ရဲဘော် အားလုံးက သူ့အား ဆရာမလို့ဘဲ ခေါ်ကြတယ်၊ ကျွန်တော်လဲ သိချင်တဲ့စိတ် ဖြစ်ပေါ် လာတာနဲ့ ဗိုလ်မှူး ဘာဖြစ်တာလဲလို့ မေးလိုက်ပါတယ်။

ဆရာမက အရက်သောက်ပြီး ဒူးရင်းသီးစားမိလို့ ပူလွန်းလို့ အော်နေတာတဲ့၊ ကြမ်းပြင် မှာလဲ ရေတွေ စိုနေပြီး အင်္ကျီလည်းမရှိ ဘောင်းဘီတို တစ်ထည်နဲ့ အော်နေတာကို တွေ့ရတယ်။ ကျွန်တော်လဲ ကြေးနန်း ပို့ပြီး ပြန်လာခဲ့တယ်။ အနော်တို့ ဆိုင်ရှေ့ အရောက် ကျွန်တော့်မှာ ဆေးလိပ် ကုန်နေတာမို့ အနော်ဆိုင်မှာ ဆေးလိပ် ၀င်ဝယ်လိုက်တယ်။ ဆိုင်ရှင် အနော်က နင်တို့ ဗိုလ်မှူး ငါ့ဆိုင်မှာ ဒူးရင်းသီး (၇)လုံး တထိုင်တည်း စားသွား တယ်တဲ့။

ကျွန်တော်လဲ သြော်…. အဲဒါကြောင့် သူ အခု အော်နေတယ်လို့ ပြန်ပြော လိုက်ပါတယ်။ အဲဒီတပ်မှာ ကျွန်တော်က ဆက်သွယ်ရေး တာဝန်ခံနဲ့ ဖုန်း တာဝန်ခံ နှစ်မျိုးလုံးကို တာဝန် ပေးထားလို့ ထမ်းဆောင် နေရပါတယ်။ အဲဒီနေ့က မိုးကလဲရွာ၊ လေကလဲ တိုက်နေတယ်။ ထုံးစံအတိုင်း ညနေ (၆)နာရီ ထိုးတာနဲ့ ဆက်သွယ်ရေး စက်အား အကြောင်းထူး မရှိကြောင်း ပြောကာ စက်ပိတ် လိုက်ပါတယ်။ စက်ပိတ်ပြီး တာနဲ့ ဖုန်းလိုင်းများအား ကောင်း/ မကောင်း စစ်ဆေးပြီး တာဝန်ပြီးဆုံးကြောင်း လက်မှတ် ထိုးလိုက်တယ်။

ကျွန်တော်ဗိုလ်မှူးနဲ့ ပြဿနာ ဖြစ်ပွားပုံက ည (၁၀)နာရီခန့် ကင်းစစ်တာဝန်ကျ ဆရာသိန်းဇော် ကျွန်တော့် အခန်းတံခါး ခေါက်၍ နှိုးလိုက်ခြင်းကြောင့် ကျွန်တော် နိုးလာတယ်။ ဆရာ့ကို ဗိုလ်မှူး ခေါ်နေတယ်လို့ ပြောရာ ကျွန်တော်လည်း ဗိုလ်မှူးရှိရာ လိုင်းခန်း ဘက်သို့ ထွက်လာခဲ့ပါတယ်။ ဗိုလ်မှူးထံ ရောက်တဲ့အခါ သူမူးနေပြီး ကျွန်တော် ရောက်သည်နှင့် ကျွန်တော့်အား မင်းမှာ အပြစ်ရှိ သလားလို့ မေးပါတယ်။ ကျွန်တော်က ဘာမှန်းမသိလို့ အပြစ်မရှိပါဟု ပြန်ဖြေလိုက်ပါတယ်။ မင်း ငါ့ဖုန်းကို သွားဆက်ကြည့်လို့ ပြောရာ ကျွန်တော် ဖုန်းကို ကိုင်ပြီး ဆက်လိုက်ပါတယ်။ ဖုန်းက လုံးဝ ခေါ်လို့မရ ဖြစ်နေတယ်။

ဒါပေမဲ့ ကျွန်တော်က ရာသီဥတုကြောင့် ဖုန်းလိုင်းပြတ်သွားကြောင်းနဲ့ ညနေ (၆) နာရီက ဖုန်းလိုင်းစမ်း၍ ခေါ်ကြည့်ရာ ဗိုလ်မှူးမိန်းမ လာကိုင်ကြောင်း ပြောပြရာ သူက လက်မခံပါ။ အဲဒီနောက် အပြစ်ရှိလားလို့ ထပ်မံမေးပြီး ကျွန်တော့်အား ထိုးကြိတ်မည် ပြုရာ ဆရာမက ၀င်ရောက် တားမြစ် သဖြင့် ထိုးကြိတ်မှု မပြုလုပ်တော့ဘဲ မင်းမနက်ဖန် ငါ့ရုံးတင်မယ်လို့ ပြော၍ ဆဲဆိုပြီး ကျွန်တော့်ကို ပြန်လွှတ် လိုက်ပါတယ်။

နောက်တစ်နေ့ နံနက်စောစောသို့ ရောက်တဲ့အခါ ဖုန်းလိုင်းပြတ်ရခြင်း အကြောင်းကို လိုက်လံ စစ်ဆေးရာ သစ်ပင်လဲပြီး ဖုန်းကြိုး ပြတ်နေခြင်းကို တွေ့ရ ပါတယ်။ အဲဒီနောက် နံနက် (၈)နာရီခွဲခန့်မှာ ကျွန်တော့်ကို သူ့ရုံးသို့ ခေါ်ယူပြီး မင်းမှာ အပြစ်ရှိသလားလို့ မေးရာ ကျွန်တော့်မှာ အပြစ်မရှိပါဟု ပြောလိုက်သည်နှင့် ကျွန်တော့်အား ထိုးကြိတ်မှု ပြုပါတော့တယ်။

ကျွန်တော်လည်း ညက သစ်ပင်လဲပြီး ဖုန်းကြိုးပြတ်သွားကြောင်းကို အမှန်အတိုင်း တင်ပြသော်လည်း သူက လုံးဝ လက်မခံဘဲ ကျွန်တော့်မှာ ဆက်လက် ထိုးကြိတ်ခြင်းကို ခံနေရပါတယ်။ အဲဒီနောက် ကျွန်တော့်အား တာဝန် ပေါ့လျော့သည်ဟု ပြောပြီး နေ့စဉ် တာဝန်ကြပ် (၇)ရက် ချမှတ်ခြင်းကို ခံရပြန်ပါတယ်။

သူဟာ လပတ် အစည်းအဝေးတွေမှာ ရဲဘော်များအား တာဝန်ချိန် အတွင်း ရွာထဲ မသွားရဟု အမိန့်ထုတ်ပြန် ထားပါတယ်။ သို့သော် တာဝန်ချိန် ပြီးဆုံးလို့ ရွာထဲသို့ သွားရောက် လည်ပတ်တဲ့ အခါတွင်လည်း သူနှင့်တွေ့သည့် ရဲဘော်အားလုံးကို ကားရပ်၍ ထိုးကြိတ်ခြင်း အပြစ်ပေးခြင်းများ အမြဲပြုလုပ်လေ့ ရှိရာ စစ်သည် အားလုံးဟာ ရွာထဲမှာ သူ့ရဲ့  (လန်ဂျမ်း) ကားကို မြင်ရင် တွေ့ရာ အိမ်ထဲသို့ ၀င်ရောက် ပုန်းရှောင် နေကြရပါတယ်။ သူ့ရဲ့ကား ကျော်လွန် သွားမှသာ စစ်သည်တွေလည်း လိုရာသို့ သွားလာ ကြရပါတယ်။ ဒါ့ကြောင့် ဆရာကြီးများ ဆရာများနဲ့ ရဲဘော်များက သူ့အား ဘီလူးကြီးလို့ ကွယ်ရာမှာ အမည် ပေးထား ကြပါလေတော့တယ်။

ကျွန်တော်တွေ့ခဲ့ရတဲ့ လက်သံပြောင်သော အရာရှိ တစ်ယောက် အကြောင်းကို တင်ပြပြီးတဲ့နောက် ဆက်လက်ပြီး တပ်တွင်းက အတွေ့အကြုံ တွေကိုလည်း တင်ပြသွားပါဦးမယ်။


Ref: ဖိုးတရုတ်

Read More...

KNPP ကို အပစ်အခတ် ရပ်စဲရန် စစ်အစိုးရ ကမ်းလှမ်း

အေးချမ်းမြေ့
Monday, 13 July 2009 17:17

လက်နက်ကိုင် ကရင်နီတိုင်းရင်းသား တိုးတက်ရေးပါတီ (KNPP) ကို အပစ်အခတ် ရပ်စဲရန် နအဖအစိုးရက ခရစ်ယာန် သာသနာပိုင် ဂိုဏ်းချုပ် တဦးမှတဆင့် ကမ်းလှမ်းခဲ့ကြောင်း KNPP အတွင်းရေးမှူး ၁ ခူဦးရယ်က ပြောသည်။

ကယားပြည်နယ် ကာသိုလိပ် သာသနာပိုင် ဂိုဏ်းချုပ် ဆိုးတေးရိုဖားမော မှတဆင့် ကမ်းလှမ်း လာသည့် အပစ်အခတ် ရပ်စဲရေး ကိစ္စနှင့် ပတ်သက်၍ KNPP က ကြိုဆိုသော်လည်း အပြန်အလှန် လေးလေးနက်နက် ဆွေးနွေးလို သဖြင့် နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု အကြောင်းပြန်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့က နေပြည်တော်မှာ တွေ့ချင်တယ်။ ဒါပေမယ့် သူတို့ဘက်က ပြန်စာလာတော့ လွိုင်ကော်မှာပဲ တွေ့မယ်၊ ဗိုလ်ချုပ်ရဲမြင့် လာတွေ့မယ်။ စစ်ဘက်ဆိုင်ရာ လုံခြုံရေးမှူးနဲ့ တွေ့မယ် ဆိုပြီးပဲ ပါတယ်” ဟု ခူဦးရယ်က ဆိုသည်။

ထိုကဲ့သို့ တောင်းဆိုမှုကို နအဖဘက်က မလိုက်လျော သဖြင့် ဆွေးနွေးမှု အထ မမြောက်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့်မတ်လအတွင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Kasit Piromya မြန်မာပြည် သွားခဲ့စဉ် ကတည်းက နအဖနှင့် KNPP မှာ စာအသွားအလာ ရှိနေခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုစဉ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya နှင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ ရန်ကုန်မြို့၌ တွေ့ဆုံခဲ့စဉ် စစ်အစိုးရ ဘက်က ကရင်အမျိုးသား အစည်းအရုံး (KNU) အား ငြိမ်းချမ်းရေး အတွက် နားချပေးရန် ပြောဆိုခဲ့သည်။

“အဲဒီအချိန်ကတည်းက စာအသွားအလာရှိနေခဲ့ပြီ။ ဒါပေမယ့် နအဖက KNPP နာမည်ကို လုံးဝ မဖော်ခဲ့ဘူး။ KNU ကိစ္စကိုပဲ ဇောင်းပေးပြောခဲ့တယ်” ဟု ခူဦးရယ်က ဆိုသည်။

KNPP မှာ ယခုအခါ အင်အား ၈၀၀ ခန့်သာရှိပြီး ယခင်က ၁၅၀၀ ခန့် ရှိသည်ဟု သိရသည်။ နအဖနှင့် တိုက်ပွဲကြီးများ မရှိသော်လည်း ၎င်းတို့ဘက်မှ ပြောက်ကျား စစ်ဆင်ရေးများ ပြုလုပ်လျက် ရှိကြောင်း ခူဦးရယ်က ဆက်ပြောသည်။

၂၀၁၀ ပြည့် ရွေးကောက်ပွဲကို KNPP အနေနှင့် ဆန့်ကျင်ကြောင်း၊ ကရင်နီ တိုင်းရင်းသားများ အနေနှင့်သာ မက တပြည်လုံး အတိုင်းအတာ နှင့်ပါ ပြောင်းလဲမှု ရမည်ဟု မယုံကြည်ကြောင်း၊ စစ်မှန်သည့် ပြည်ထောင်စု အနေအထား ရမည် ဆိုလျှင် ၎င်းတို့ အနေနှင့်လည်း လိုက်ပါမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျနော်တို့ဘက်မှာက နိုင်ငံရေးပါတီ ဖွဲ့ရလောက်အောင်လဲ ဘာမှ မရှိဘူး။ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF) ကတော့ ရွေးကောက်ပွဲ ဝင်မယ်လို့ သိုးသိုးသန့်သန့် ကြားတယ်” ဟု သူက ဆက်ပြောသည်။

KNPP နှင့် တခြား ကရင်နီ လက်နက်ကိုင် အဖွဲ့များအဖြစ် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF)၊ ကယန်းပြည်သစ် ပါတီ (KNLP) တို့ ရှိခဲ့ကြကြောင်း၊ KNPLF နှင့် KNLP တို့မှာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကို ၁၉၉၄ ခုနှစ်က သဘောတူညီ ခဲ့ကြောင်း၊ KNPLF မှာ စာရင်းအရ အင်အား အများဆုံး ဖြစ်၍ အင်အား ၃၀၀၀ ခန့်ရှိကြောင်း ကရင်နီဒုက္ခသည် ကော်မတီ (KnRC) ၏ ဥက္ကဌ ဦးလေးမောင်က ရှင်းပြသည်။

ကရင်နီအပစ်အခတ် ရပ်စဲရေး အဖွဲ့များမှာ ယခုအခါ စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် အဖြစ် နှုတ်ကတိဖြင့် သဘောတူထားသည်ဟု ကြားသိရကြောင်း ခူဦးရယ်က ပြောသည်။

ယခုလက်ရှိတွင် အပစ်အခတ်ရပ်စဲထားသည့် ကရင်နီ ခေါင်းဆောင် များကို နအဖ စစ်အစိုးရက လွိုင်ကော် မြို့ထဲတွင် အကျယ်ချုပ် သဘောမျိုး နေရာချထားပြီး ဆက်လက်၍ ရန်ကုန်၊ မန္တလေး မြို့များတွင် သွားရောက် နေထိုင်စေမည်ဟု ကြားရကြောင်းလည်း ၎င်းက ဆိုသည်။

ယခင်က KNPP အနေနှင့် အင်အားကြီးမားခဲ့ပြီး စီးပွားရေး အနေနှင့်လည်း သစ်ထုတ်လုပ်ရေး လုပ်ငန်း၊ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းတို့မှ အခွန်အတုပ်များဖြင့် စည်ပင် ဝပြောခဲ့သည်။ သို့ရာတွင် ယခုအခါ စစ်အစိုးရ၏ နှိမ်နင်းမှုကြောင့် စီးပွားရေး လုပ်ငန်းများ မလုပ်ကိုင် နိုင်တော့ပေ။

စစ်အစိုးရတပ်များနှင့် အပစ်ရပ်အဖွဲ့များ ပူးပေါင်းကာ တလ တကြိမ်၊ နှစ်လ တကြိမ် ကရင်နီရွာများ အတွင်း ဝင်ရောက် နှိမ်နင်းမှုများ ရှိနေသဖြင့် ကယားပြည်နယ် မော်ချီးတောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင် ပြေးလွှား ခိုလှုံနေရသော ဒေသတွင်း အိုးမဲ့အိမ်မဲ့ (IDP) အရေအတွက် ၅ သောင်း၊ ၆ သောင်းခန့် ရှိနေကြောင်း KnRC ဥက္ကဌ ဦးလေးမောင်က ပြောပြသည်။

Ref: ဧရာဝတီ

Read More...

မြောက်ကိုရီးယားလိုဏ်ခေါင်းကဲ့သို့ သတင်းပေါက်ကြားမှု မျိုးတွင် စစ်အစိုးရက တပ်မတော်သားများကို အရေး ယူမည်

မိုးမခအထောက်တော် ၀၀၃
ဇူလိုင် ၁၃၊ ၂၀၀၉

လွန်ခဲ့သည့် ရက်သတ္တပတ်များက မြောက်ကိုရီးယား လိုဏ်ခေါင်းများ ကိစ္စ၊ သံတမန် ဆက်ဆံရေး ကိစ္စများ ပြင်ပ မီဒီယာများသို့ ပေါက်ကြား ခဲ့သည်ဟု ဆိုကာ စစ်အုပ်စု ခေါင်းဆောင်များက တပ်မတော်သားများ၊ အရာရှိများကို စုံစမ်းမည်၊ အရေးယူမည်၊ လိုအပ်ပါက သေဒဏ် ပေးသည်အထိ ပြင်းပြင်း ထန်ထန် ဆောင်ရွက်မည်ဟု ကြားသိရကြောင်း အမည် မဖော်လိုသူ တပ်မတော် အရာရှိတဦးက ပြောဆိုသည်ဟု ရန်ကုန်မှ လာသော သတင်းတခု အရ သိရသည်။

အတည်မပြုနိုင်သည့် သတင်းတခုတွင် ထိုမှတ်တမ်းများနှင့် ဆက်စပ်ပြီး တပ်မတော် အရာရှိ ၁၀ ဦးခန့်ကို ထိမ်းသိမ်း ထားသည်ဟု ဆိုသည်။ ၂၀၀၇ နှစ် နောက်ပိုင်း အင်တာနက် သုံးစွဲမှု ပြည်တွင်းတွင် ရေပန်း စားလာခဲ့ပြီး တပ်မတော်အတွင်း သာမက ပြည်ပရောက် တပ်မတော် အရာရှိငယ်များ ကြားတွင်လည်း ခေတ်စားသော အလေ့တခု ဖြစ်လာခဲ့ရာ စစ်အုပ်စု ခေါင်းဆောင်များ အတွက် ၀ါဒဖြန့်ချိရေး၊ စိတ်ဓာတ် စစ်ဆင်ရေး အတွက် သုံးစွဲသည့် နည်းတူ တပ်မတော်သားများ အတွင်းမှ သတင်းများ၊ အတွင်းရေး များကိုပါ ဖော်ထုတ် ဖြန့်ချီစရာ ဖြစ်လာခဲ့သည်ကို တွေ့နေရသည်။

ထိုနောက် ၂၀၀၈ နောက်ပိုင်းတွင် တပ်မတော်သားများ၏ ခံစားချက်များ၊ အတွေ့အကြုံများ ထုတ်ဖော်ပြောဆိုရာ အင်တာနက် ၀က်ဆိုက် တခုဖြစ်သည့် “ဖိုးတရုတ်” ( http://www.photayokeking.org ) မှာ မြန်မာ အင်တာနက် စာဖတ် ပရိသတ်များကြား ထင်ရှားလာသည်ဟု မိုးမခ စာဖတ်သူ အချို့က မှတ်ချက်ပေးခဲ့သည်။ ထို အင်တာနက် ၀က်ဆိုက် မတိုင်မီက အမေရိကန်ပြည်တွင် နိုင်ငံရေး ခိုလှုံခဲ့သူ တပ်မတော် အရာရှိ အောင်လင်းထွဋ်၏ အင်တာနက် ပေးစာများမှာလည်း မြန်မာစာဖတ်သူတို့ အတွက် အာရုံစိုက် ဖတ်ရှုစရာ ဖြစ်လာခဲ့သည်။

“ခုချိန်မှာ တပ်မတော်ကြီးဟာ ဘယ်သူခွဲခွဲ တို့မကွဲ၊ အမြဲ စည်းလုံးမည် ဆိုတာကို ပိုမိုပြီး လူထုကြားမှာ သက်သေ ပြရတော့မယ် ထင်ပါတယ်။ လူတွေကြားထဲမှာ ဒီလို သတင်းတွေ၊ စာတွေ၊ ဓာတ်ပုံတွေ ပိုမိုပြီး ပြန့်နှံ့လာနေတာကို ငြင်းလို့ မရပါဘူး” ဟု ရန်ကုန်မြို့ အခြေစိုက် ဂျာနယ် သတင်းသမား တဦးက မှတ်ချက်ပေးသည်။

Ref: မိုးမခ

Read More...

နအဖစစ်အရာရှိတစ်ဦး ကြိုးဆွဲချသေ

တနင်္လာနေ့၊ 13 ဇူလိုင်လ 2009

ကချင်ပြည်နယ် မန်စီမြို့ အခြေဆိုက် ခမရ (၃၁၉) မှ တပ်ထောက်တာဝန်ခံ အရာခံဗိုလ် ထွန်းရွှေသည် ဇွန်လ (၂၈)ရက်နေ့က ၎င်း၏ အိမ်ထောင်သည် လိုင်းခန်း အတွင်း၌ ကြိုးဆွဲချ သေသွားကြောင်း သိရသည်။

စစ်တပ်ထဲမှ စစ်အရာရှိကြီးများက အရာခံဗိုလ် ထွန်းရွှေ ကြိုးဆွဲချ သေသည့် သတင်း ပြင်ပသို့ မပေါက်ကြားရန် ထိန်းချုပ် ထားကြောင်း သိရသည် ။

အရာခံဗိုလ်ထွန်းရွှေ၏ မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို အခုလို ပြောကြားသည် ။

“CQ ကြီး ဦးထွန်းရွှေတဲ့ ဇွန်လ (၂၈) ရက်နေ့က ကြိုးဆွဲချပြီး သတ်သေထားတာ သူ့သား ကိုနိုင်နဲ့ ပတ်သက်ပြီး သူ့ အဖေ ဆုံးသွားတယ် ဆိုတော့ ဘာဖြစ်လို့ ဆုံးသွားတာလည်း မေးမှ ကြိုးဆွဲချပြီး သေသွားတာလေ ဆိုမှ သိလိုက်ရတာ ” လို့ သူပြောသည် ။

၎င်း၏ သားဖြစ်သူ ကိုနိုင်သည် အငယ်ဆုံးဖြစ်ပြီး သူ့ထက် အကြီး တစ်ယောက်မှာ ရဲဝန်ထမ်း ဖြစ်ကြောင်း သိရသည်။

“မိသားစု ပြသနာကတော့ မဖြစ်နိုင်ဘူး စားရေး သောက်ရေးက မပြေလည်စရာ အကြောင်း မရှိဘူး သားနှစ်ယောက် ထဲမှာ တစ်ယောက်ကလည်း ရဲဝန်ထမ်း တစ်ယောက်က ဆိုင်ကယ် အရောင်းအ၀ယ် လုပ်နေတယ် သူတို့ မိသားစုက အပြင်မှာ အိမ်ဆောက်ပြီး နေကြတာ အရာရှိတွေနဲ့ပဲ အဆင် မပြေလို့လား စစ်တပ်ထဲမှာပဲ ပြဿနာရှိလို့လား တစ်ခုခုပဲ သေတာ ဘယ်မှာသေသလဲ အပြင်အိမ်မှာလားလို့ မေးတော့ မဟုတ်ဘူး စစ်တပ်ထဲမှာ သေတာ ကြိုးကြီး တန်းလမ်းနဲ့ လို့ အဲလို ပြောတယ် ” လို့ သူကပြောသည် ။

နအဖစစ်တပ်အတွင်း အထက်အောက် ကွာခြားမှုများနှင့် ကြီးနိုင် ငယ်ညှင်း နှိပ်စက်မှုများကြောင့် တပ်ပြေးမှု များလည်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း စစ်တပ်နှင့် နီးစပ်သူများက ဆိုသည် ။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ စကခ (၁၆) ရှိ တပ်ရင်း တစ်ရင်းမှ တပ်ရင်းမှူး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်သတ် သွားခဲ့ကြောင်း ခိုင်လုံသည့် စစ်တပ်သတင်း ရပ်ကွက်ကသိရသည် ။

Ref: သျှမ်းသံတော်ဆင့်

Read More...

Monday, July 13, 2009

ပြည်သူလူထုထမင်းငတ်သည်မှာ အရေးမဟုတ်ဟု တိုင်းမှူး သောင်းအေး ဆို

7/12/2009

တာကလူး (နိရဉ္စရာ) ရခိုင်ပြည်နယ်တွင် အများပြည်သူ ထမင်းငတ် အခက် ကြုံနေသည်မှာ အရေးမဟုတ် စစ်တပ် မိသားစုများသာ ထမင်းမငတ်ဖို့ အရေးကြီးသည်ဟု တိုင်းမှူး သောင်းအေးက ပြောကြား လိုက်ကြောင်း ပုဏ္ဍားကျွန်း မြို့နယ်မှ လယ်သမား တစ်ဦးက ပြောသည်။

အဆိုပါ ပြောကြားမူမှာဏ္ဍားကျွန်းမြို့နယ်ရှိ တန်းစွယ်၊ မင်းဂံ နှင့် ကျော်ဇံ ကျေးရွာတို့မှ ဒေသခံ တောင်သူလယ်သမားများမှ လယ်မြေ သိမ်းခံရ၍ လုပ်ကိုင် စားသောက်ရန် အခက်အခဲ ဖြစ်နေကြရသဖြင့် အနောက်ပိုင်း တိုင်းမှူး တိုင်းမှူးအား သွားရောက် အသနားခံစဉ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာများမှ ကျေးရွာသားများ စုပေါင်း ပိုင်ဆိုင်သည့် ကျွဲနွားစားကျက်မြေ (၁၆) ဧကကို ပုဏ္ဍားကျွန်းမြို့ အခြေစိုက် ခမရ(၅၅၀)မှ ဗိုလ်ကြီးနိုင်ဝင်း ဦးဆောင် ပြီး ဇူလိုင်လ (၂)ရက်နေ့တွင် သိမ်းယူခဲ့သည်။

ကျွဲနွား စားကျက်မြေများကို စစ်တပ်မှ အတင်းအဓမ္မ သိမ်းယူခဲ့ပြီးနောက် အဆိုပါ စားကျက်မြေတွင် ကျေးရွာသားများကို ခေါ်ယူပြီး အခမဲ့ လယ်ယာ ထွန်ယက်စိုက်ပျိုး ခိုင်းခဲ့သည်။ သို့အတွက် ဒေသခံ လယ်သမားများက အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သွားရောက်ပြီး တိုင်းမှူးသောင်းအေးကို တိုင်ကြားခဲ့သည်။

အမည်မဖေါ်လိုသူ အရပ်သား တဦးက “တိုင်းမှူး သောင်းအေးက ခင်ဗျားတို့ ထမင်းငတ်နေတယ် အခက်ကြုံနေတယ် ဆိုတာ အရေးမကြီးဘူး၊ စစ်တပ်မိသားစုတွေ မငတ်ဖို့ အရေးကြီးတယ်။ စစ်တပ်က ပြောတာကို လိုက်နာရမယ်။ ခိုင်းတာကို လုပ်ပါ။ လယ်ထွန် ခိုင်းရင် ထွန်ပေးရမယ်။ မထွန်ပေးဘူးဆိုရင် ဒဏ်ငွေ ၅၀၀၀၀ စီပေးရမယ် ဆိုပြီး တုန့်ပြန် ပြောကြား ခဲ့ပါတယ်” ဟု ပြောသည်။

တိုင်းမှူးသောင်းအေးသည် မြန်မာနိုင်ငံအတွင်း ကျေးလက်မြို့ပြ တပြေးညီ တဟုန်ထိုး တိုးတက်ရေးအတွက် နေ့ညမအား ကြိုးပမ်း ဆောင်ရွက် လျက်ရှိသည်ဟု ပြောဆိုနေသည့် နအဖ စစ်အစိုးရ၏ ရခိုင်ပြည်နယ် ဆိုင်ရာ အာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

အတင်းအဓမ္မ မြေသိမ်းယူခဲ့သည့် လယ်မြေများပေါ်တွင် တန်းစွယ်ရွာမှ (၆)ဧက၊ မင်းဂံရွာမှ လ(၅)ဧက နှင့် ကျော်ဇံရွာမှ (၅) ဧက ထွန်ယက် စိုက်ပျိုးပေးရမည်ဟု စစ်တပ်က ခွဲတမ်းချ ခဲ့သည်ဟု သိရသည်။

တခြား လယ်သမားတစ်ဦးက “ကျွဲနွားတိရစ္ဆာန်တွေကို အသုံးပြုပြီး လယ်ထွန် နေရတာဆိုတော့ စားကျက်မြေဆိုတာ လယ်သမားတွေ အတွက် အင်မတန်မှ အရေးကြီးပါတယ်။ မြေကို သိမ်းလိုက်တဲ့ အပြင် သူတို့ဆီက ဘာမှမပေးပဲ ထွန်ယက်စိုက်ပျိုးခိုင်းတယ်။ ကျွန်တော်တို့ ကျေးရွာတွေမှာက အကုန်လုံး ဆင်းရဲသား လယ်သမားတွေပါ။ ဒီလို စိုက်ချိန်ပျိုးချိန် အလုပ်များနေတဲ့ အချိန်မှာ အရင်းမပါပဲ အလုပ်လဲ လာခိုင်းတယ်ဆိုတော့ ဘယ်သူ့မှ မလုပ်ချင်ကြပါဘူး။ ဒါပေမယ့် မလုပ်ရင် ကျပ်ငွေ ၅၀၀၀၀ လျော်ရမယ်ဆိုတော့ နောက်ဆုံးတော့ စစ်တပ်က ခိုင်းတာကို လုပ်ပေးကြရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းအပြင် တိုင်းမှူး သောင်းအေးက အဆိုပါ စားကျက်မြေများအပြင် ရခိုင်ပြည်နယ်အတွင်း လယ်သမားများ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်လာသည့် လယ်မြေများ အားလုံးကိုလည်း စစ်တပ်မှ ပိုင်ဆိုင်ကြောင်း ပြောကြားခဲ့သည် ဟုဆိုသည်။

Ref: နိရဉ္စရာ

Read More...

Sunday, July 12, 2009

တောင်ပိုင်း ၀ တပ်ဖွဲ့ ဖဲ့ထုတ်ရေး ပုံပါကျင်ဗျူဟာမှူး အာဏာ ကုန် တာဝန်ပေးခံရ

သောကြာနေ့၊ 10 ဇူလိုင်လ 2009

မြောက်ပိုင်း ၀ ဌာနချုပ်အောက်မှ တောင်ပိုင်း ၀ တပ်ဖွဲ့အား စည်းရုံး ဖဲ့ထုတ်ရန် မိုင်းတုံမြို့နယ် ပုံပါကျင် အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူအား တြိဂံဒေသ နအဖ စစ်တိုင်းမှူးက အာဏာကုန် တာဝန် ပေးထားသည်ဟု နယ်စပ် သတင်းရပ်ကွက် ကဆိုသည်။

“စစ်အစိုးရက ကျနော်တို့တောင်ပိုင်း ၀ တပ်ဖွဲ့ကို သီးခြားဖဲ့ထုတ် စည်းရုံးဖို့ စီမံချက်ရှိလို့ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူကို တာဝန်ပေး လိုက်တာ သိရတယ်။ ဂျွန်လကစပြီး ဟွေ့အော့ ၀ တပ်စခန်းထဲ သူအကြိမ်ကြိမ် သွားတယ်” - ဟု တောင်ပိုင်း ၀ အရာရှိ တဦးက ပြောကြောင်း မိုင်းတုံ ဒေသခံ တဦးက ပြန်ပြောပြသည်။

မည်သို့ပင်ဆိုစေ တောင်ပိုင်း ၀ တပ်ဖွဲ့၏ ဆုံးဖြတ်ချက်မှာ ၂၀၀၉ ကုန်အထိ ၁၇၁ စစ်ဒေသ၏ ရပ်တည်ချက် ပြောင်းလဲမှု မရှိဘဲ ပန်ဆန်းဌာနချုပ် ဆုံးဖြတ်ချက်အတိုင်း ဆက်လက် ဆုပ်ကိုင်သွားမည် ဖြစ်ကြောင်း အမည် မဖေါ်လိုသည့် ၀ တပ်မှူး တဦး၏ ဇနီးနှင့် ဆွေမျိုးတော်စပ်သူ တဦးက ပြောပါသည်။

စစ်အစိုးရ၏ သပ်လျှိုဖြိုခွဲစည်းရုံးမှုကို ရှောင်ကွင်းကျော်လွှားပြီး ကြံ့ကြံ့ခံ ရပ်တည် သွားနိုင်ရန် တောင်ပိုင်း ၀ အမှတ် ၁၇၁ စစ်ဒေသရှိ တပ်မဟာမှူးများ၊ တပ်ရင်းမှူးများ စုံညီ အစည်းအဝေး တရပ် ခေါ်ယူခဲ့သည်ဟု ဆိုသည်။

“ဂျူလိုင် ၈ ရက်နေ့ ကျနော်တို့ အစည်းအဝေး တနေကုန် ထိုင်ရတယ်။ ညဘက်လဲ ဆက်လုပ်တယ်၊ ဆွေးနွေးတဲ့ အထဲမှာ စစ်အစိုးရ ဘာဘဲလုပ်လုပ် သူတို့အပိုင်း၊ ကျနော်တို့ကတော့ အနည်းဆုံး ဒီနှစ်ကုန်တဲ့ အထိ ပန်ဆန်းဌာနချုပ် ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ရပ်တည်သွားမယ် ဆိုတဲ့ အချက်လဲပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဂျွန် ၆ - ၇ ရက်နေ့ စရဖ အကြီးအကဲ ပန်ဆန်းသို့ သွားရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လက်ခံရန် ဖြောင်းဖြ ခဲ့သော်လည်း UWSA ခေါင်းဆောင်များ ဘူးခံ ငြင်းပယ်ကြ သဖြင့် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် လက်ချည်းဗလာ ပြန်ခဲ့ရသည်ကို ရည်ညွှန်း ခြင်းဖြစ်သည်။

အမှတ် ၁၇၁ စစ်ဒေသတောင်ပိုင်း ၀ တပ်ဖွဲ့ လက်အောက် တပ်မဟာများမှာ တာ့ဆုန်း ဦးဆောင်သည့် တပ်မဟာ ၇၇၂၊ ယန်ကော်ကျုံး ဦးဆောင်သည့် တပ်မဟာ ၇၇၅၊ တာ့မန်း ဦးဆောင်သည့် တပ်မဟာ ၇၇၈ ၊ တာ့နပ် ဦးဆောင်သည့် တပ်မဟာ ၅၁၈ နှင့် တပ်မဟာ ၂၄၈ တို့ဖြစ်ကြပြီး၊ တပ်မဟာ တခုလျှင် အနည်းဆုံး တပ်ရင်း ၃ ရင်း ရှိသည်ဟု ဆိုပါသည်။

တောင်ပိုင်း ၀ ခေါင်းဆောင်ပိုင်း အချို့သည် ၎င်းတို့ ဒေသအတွင်း လယ်ယာ လုပ်ငန်း၊ ရာဘာခြံ လုပ်ငန်း၊မွေးမြူရေး လုပ်ငန်း များ၌ ထိုင်းဘတ်ငွေ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံ ထားသောကြောင့် စစ်အစိုးရက အဆိုပါ ကိစ္စကိုအခွင့်ကောင်း ယူပြီး လုပ်ငန်းရှင် ၀ ခေါင်းဆောင်ပိုင်းများအား စည်းရုံး သိမ်းသွင်းနိုင်မည့် အလားအလာ ရှိသည်ဟု မှတ်ယူနေကြကြောင်း လေ့လာသူများက ပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်


Read More...

ဝ နှင့် မိုင်းလားဒေသသို့ တပ်မတော် အရာရှိများ သွားနေ တော့မည်ဟု တြိဂံ တိုင်းမှူးပြော

စနေနေ့၊ 04 ဇူလိုင်လ 2009

မိုင်းလား နှစ် ၂၀ ပြည့်ပွဲတော်ကျင်းပနေစဉ် တြိဂံစစ်တိုင်းမှူးက မိုင်းယန်းမြို့ တပ်တွင်း တွေ့ဆုံ ဆွေးနွေးပွဲ၌ အထူးဒေသ ၂ နှင့် ၄ အတွင်း မကြာခင် စစ်အစိုးရ တပ်မတော် အရာရှိများ သွားနေတော့မည်ဟု ပြောကြောင်း နယ်စပ် သတင်းရပ်ကွက် က ဆိုသည်။

ဇွန် ၂၉ တွင် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး မိုင်းယန်းမြို့ သို့သွားကာ မိုင်းယန်း- မိုင်းခတ်က တပ်တွင်း အရာရှိများအား ခေါ်ယူတွေ့ဆုံပြီး - “မကြာခင်မှာ ကျုပ်တို့လူ (တပ်ရင်းမှူး ၁ ယောက်၊ တပ်ခွဲမှူး ၂ ယောက် တပ်သား ၂၇ ယောက်) လွှတ်ပြီး အထူးဒေသ ၂ နဲ့ ၄ မှာ သွားနေရတော့မယ်။ အဲဒီအချိန် မတိုင်ခင် ၀ တို့ မိုင်းလား တို့ အဖွဲ့ကို မျက်ခြေမပြတ် စောင့်ကြည့်ရမယ်။ ညဘက်မှာလဲ မလိုအပ်ရင် တပ်ပြင်မထွက်နဲ့” - ဟု မှာကြားကြောင်း နအဖအရာရှိ အချို့နှင့် ရင်းနှီးသည့် တရုပ်နယ်စပ် သတင်းက ဆိုသည်။

ဒေသခံတဦးကလည်း တြိဂံတိုင်းမှူးမိုင်းယန်းမြို့မှာ ညအိပ်ပြီး ၃၀ ရက်နေ့ မနက်ပိုင်း ကျိုင်းတုံ ပြန်သွားသည်ဟု ပြောပါသည်။

ထိုအခြေအနေနှင့် ပတ်သက်၍ အပစ်ရပ် အရာရှိ တဦးက - “ဗိုလ်ချုပ်ရဲမြင့်ထံ အသွင်ပြောင်းဖို့ မဖြစ်နိုင်ကြောင်း အကြောင်း ပြန်ပြီးနောက်ပိုင်း တိုင်းမှူးက ကျနော်တို့ဆီကို အ၀င်အထွက် မလုပ်တော့ သလောက်ဘဲ။ လက်ဆောင်တွေ ပေးလဲ မယူတော့ဘူး၊ ခပ်တန်းတန်းဘဲ ၊ သူ့ကိုယ်စား ဂျီဝမ်းတို့ ကျိုင်းတုံ စရဖမှူးတို့ ကိုဘဲ တဆင့်ခံ ပြောတယ်” - ဟု သျှမ်းသံတော်ဆင့် သို့ ပြောပြ၏။

အပစ်ရပ်အဖွဲ့များက နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကိစ္စ မဖြစ်နိုင် သေးကြောင်း တရားဝင် အကြောင်းပြန်ထား သော်လည်း တြိဂံတိုင်းမှူးက ထို အကြောင်းပြန်ချက် အပေါ် လွယ်လင့်တကူ အလျှော့ပေးမည် မဟုတ် ဆိုသည့်သဘော ပြသလိုခြင်း ဖြစ်ကြောင်း၊ ပို့မည့်လူ အရေအတွက်ကို ကြည့်ပြန်လျင်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါသည့် အတိုင်း တပ်ရင်း တရင်းလျှင် စစ်အစိုးရ၏ လူ ၃% နေရာယူမည်ကို အကောင်အထည် ဖော်ခြင်း ဖြစ်နိုင်ကြောင်း ထိုအရာရှိက သုံးသပ်ပြ၏။

တရုပ်နယ်စပ်အခြေစိုက် အပစ်ရပ် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ပေါင်းစု PDF အဖွဲ့ဝင် ၄ ဖွဲ့ ရှိသည့် အနက် အမျိုးသား ဒီမိုကရက် တစ်တပ်မတော် - ကချင် NDA-K က ဂျွန် ၂၄ ရက်နေ့၌ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ် လက်ခံလိုက်ပြီ ဖြစ်သော်လည်း ၀ UWSA ၊ ကိုးကန့် MNDAA နှင့် မိုင်းလား NDAA တို့က လက်မခံနိုင်ကြောင်း ဂျွန်လနောက်ဆုံး ပတ်၌ စစ်အစိုးရထံ အသီးသီး အကြောင်းပြန်ထားပြီးဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

MRP ခွဲထွက်အဖွဲ့ အစည်းအဝေးတက်ရန် နယ်စပ်သို့ တက်လာ ချိန်တွင် တိုက်ခိုက်ခံရ

မင်းအာသံ
Sat 11 Jul 2009, IMNA,

မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ (MRP) မှခွဲထွက်သော နိုင်ပလိုင်း တို့ အဖွဲ့သည် အစည်းအဝေး တက်ရန် နယ်စပ်တစ် နေရာသို့ တက်လာ ချိန်တွင် မွန်ပြည်သစ် ပါတီ၏ တိုက်ခိုက်ခြင်းကို ခံရသည်ဟု သိရသည်။

နိုင်ချမ်းဒိန်းနှင့် နိုင်ပလိုင်းတို့ အဖွဲ့သည် အစကတည်းက နိုင်ပန်းညွှန့် လက်အောက်ခံ အဖွဲ့ဝင် ဖြစ်ပြီး နောက်ပိုင်းတွင် ခွဲထွက် ခဲ့သည်ဟု သိရပါသည်။ သို့သော် ၄င်းတို့အဖွဲ့ သုံးဖွဲ့ ပူပေါင်းပြီး ရှေ့ဆက် လုပ်မည့် လုပ်ဆောင်ချက် အတွက် နယ်စပ် တစ်နေရာတွင် ချိန်းဆို အစည်းဝေး လုပ်ရန် တက်လာ အချိန်တွင် မွန်ပြည်သစ် ပါတီတို့က နိုင်ပလိုင်း အဖွဲ့ကို ပစ်ခတ် ခဲ့သည်ဟု မွန်ပြည် ပြန်လည် ထူထောင်ရေး ပါတီမှ နိုင်ပန်းညွှန့်က ပြောသည်။

“နိုင်ပလိုင်းတို့အဖွဲ့က နယ်စပ်တစ်နေရာမှာ ကျနော်တို့နဲ့ နိုင်ချမ်းဒိန်းတို့ တွေ့ဆုံပြီး အစည်း အဝေးလုပ်ဖို့ တက်လာချိန်မှာ မရမ်းချောင်း အဖြတ် ချောင်းအလယ် ရောက်တဲ့အခါ မွန်ပြည်သစ် ပါတီက ချောင်း တဖက်ကမ်းတွင် ပုန်းကာပြီး ချောင်းပစ်တာ၊ နိုင်ပလိုင်းတို့ ဘက်က ၃ ဦးသေသွားပြီး တစ်ဦး ဒဏ်ရာ ရသွားတယ်။ မွန်ပြည်သစ် ပါတီက စပြီးပစ်ခတ်တော့ နိုင် ပလိုင်း တို့အဖွဲ့လဲ ပြန်ပစ် ခဲ့ရတယ်။ ဒါပေမယ့် သူတို့အဖွဲ့ တော်တော် များများက အတွေ့ အကြုံ နည်းတော့ ပစ်ခတ်တဲ့ နေရာမှာ သိပ်ပြီး မကျွမ်းကျင် ဘူးပေါ့” ဟု ၄င်းက ဆက်ပြောသည်။

ဇွန်လ ၂၉ ရက်နေ့တွင် နေလယ် (၂) နာရီအချိန် မွန်ပြည်သစ် ပါတီ နယ်မြေ ထားဝယ်ခရိုင် (၁) သုံးလုံးတပ် နေရာဟောင်း တစ်နေရာတွင် မွန်ပြည်သစ် ပါတီက မွန်ခွဲထွက်အဖွဲ့ နိုင်ပလိုင်းတို့ကို ထိုးစစ်ဆင်ကာ တိုက်ခိုက်ခဲ့ သည်။ တိုက်ပွဲက မိနစ် (၂၀) လောက် ကြာသွားခဲ့သည်။

နိုင်ပလိုင်းတို့အဖွဲ့ကို ပစ်ခတ်လိုက်ရသည်မှာ ၄င်းတို့အဖွဲ့က ရွာသား/သူ များကို ပြန်ပေးဆွဲယုံ သာမက မွန်ပြည်သစ် ပါတီ လက်နက် တချို့ကိုလည်း လုယူသွားတာမျိုး ရှိခဲ့သည်ဟု မွန်ပြည်သစ် ပါတီ အရာရှိ တစ်ဦးက ပြောသည်။

“ကျနော်တို့ပစ်ခတ်ရတဲ့ အကြောင်းက ကျနော်တို့ နယ်မြေမှာ လာသောင်းကျန်းရင် ပစ်မှာပဲ။ နောက်ပြီး ကျေးရွာမှာ ပိုက်ဆံ သိန်းရာကျော် ကောက်တာမျိုး ရှိတယ်၊ ဒါကြောင့် ကျနော်တို့ ပါတီက ပစ်ခတ်ခဲ့တာ” ဟု ၄င်းက ဆက်ပြောသည်။ နိုင်ပန်းညွန့်သည် ၂၀၀၁ ခုနှစ်တွင် မွန်ပြည်သစ် ပါတီကနေ ခွဲထွက်ခဲ့ပြီး မွန်ပြည် ပြန်လည် ထူထောင်ရေး ပါတီကို ဖွဲ့စည်းခဲ့သည်။

Ref: လွတ်လပ်သောမွန်သတင်းအေဂျင်စီ

Read More...

ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းမှားများ ပျံ့နှံ့

စနေနေ့၊ ဂျူလိုင်လ 11 ရက် 2009 ခုနှစ်

နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်ပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည် အမှုနှင့် ပတ်သက်၍ စိတ်ဝင်တစား စောင့်ဆိုင်း နေကြသော လူအုပ်ကြီး လူစု ကွဲသွားစေရန် ကြိုးပမ်းသည့် အနေဖြင့် အာဏာပိုင်များက သတင်းမှားများ လိုက်ဖြန့်နေသည်။

အတိုက်အခံ ခေါင်းဆောင်၏ အမှုတွင် တရားခံပြသက်သေ စစ်ဆေးမည့် နေ့ရက်ကို တရားရုံးက ရွှေ့ဆိုင်းလိုက်ပြီး၊ နောက်တကြိမ် ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆို လိုက်ကြောင်း သူတို့က သတင်းမှားများ လိုက်ဖြန့်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လိုက်ပါ အကျိုးဆောင်ပေးနေသည့် ရှေ့နေများ ထဲမှ ရှေ့နေ ဦးဉာဏ်ဝင်းက ဤသတင်းသည် သတင်းမှားသာ ဖြစ်ကြောင်းနှင့် အမှု စစ်ဆေးနေသည့် အင်းစိန်ထောင် ပြင်ပတွင် ရောက်ရှိ စောင့်ဆိုင်း နေကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ထောက်ခံသူများအား လူစုကွဲသွားစေရန် လုပ်ဆောင်ချက်သာ ဖြစ်ကြောင်း မဇ္ဈိမကို ပြောကြားသည်။

''ကျနော်ထင်တာ ကျနော်တို့ကို ဆန့်ကျင်တဲ့သူတွေက ထောင်ပြင်ပမှာ စောင့်နေတဲ့ သူတွေ လူစု ကွဲသွားအောင် ဒီသတင်းကို ဖြန့်တာပဲ'' ဟု ဦးဉာဏ်ဝင်းက ပြောဆိုလိုက်ပြီး၊ ယနေ့ စစ်ဆေးမှုသည် အချိန်အားဖြင့် ၇ နာရီမျှ ကြာမြင့်ခဲ့ကြေင်း သူက ဆက်လက် ပြောဆိုသည်။

တရားရုံးက နှစ်ဖက် အပြီးသတ် လျှောက်လဲချက်ကို ကြားနာရန် ဇူလိုင်လ ၂၄ ရက်နေ့ကို ချိန်းဆို လိုက်ကြောင်းနှင့် ယနေ့ အစောပိုင်းက ကောလာဟလ ဖြစ်ပေါ်ခဲ့သော ဇူလိုင်လ ၁၇ ရက်နေ့ဆိုသည်မှာ မဟုတ်ကြောင်း သူက ငြင်းဆိုခဲ့သည်။

အင်းစိန်ထောင် ရုံးထိုင် ခရိုင်တရားရုံးက ဒုတိယသက်သေ ဒေါ်ခင်မိုးမိုး ကို ယနေ့ (သောကြာနေ့) တွင် စစ်မေးခဲ့ကာ၊ သူမသည် ရှေ့နေ တဦးဖြစ်ကာ အန်အယ်ဒီ အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက ''အမှုစစ်ဆေးတာကို ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ရပ်နား လိုက်ပါတယ်။ ဒေါ်ခင်မိုးမိုးက သက်သေ ထွက်ချက်ပေးတယ်။ တရားလို ရှေ့နေကလည်း ပြန်လှန် စစ်မေးတာ လုပ်ပါတယ်'' ဟု ပြောသည်။

ဤအတောအတွင်း ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် အပါအဝင် အန်အယ်ဒီ အဖွဲ့ဝင်နှင့် ထောက်ခံသူ အနည်းဆုံး ဦးရေ ၈ဝ ခန့်ကလည်း ယနေ့ရုံးချိန်းကို အင်းစိန်ထောင် ပြင်ပတွင် စုရုံး၍ စောင့်ဆိုင်း နားစွင့်လျက် ရှိကြသည်။ ထိုလူအုပ်နှင့် အတူ လုံထိန်းများနှင့် စစ်သားများကိုလည်း လုံခြုံရေး ယူထားသည်ကို တွေ့မြင်ရသည်။

သို့သော် ယနေ့ ဒေါ်ခင်မိုးမိုး ကို သက်သေအဖြစ် အစစ်မခံ ဖြစ်ကြောင်းနှင့် တရားရုံးက နောက်ရုံးချိန်းကို ဇူလိုင်လ ၁၇ ရက်နေ့သို့ ချိန်းဆို လိုက်ကြောင်း သတင်းများ ကြားရပြီးနောက် အဆိုပါ လူအုပ်ကြီးမှာ မွန်းလွဲပိုင်းတွင် လူစု ကွဲသွားခဲ့သည်။

အဆိုပါ လူအုပ်ထဲတွင်ပါဝင်သူ အန်အယ်ဒီ လူငယ်အဖွဲ့ဝင် မဖြူဖြူသင်းက ''ကျမတို့ကို လူတယောက်က လာပြောတယ်။ သူ့နာမည်တော့ မသိဘူး။ ရုံးက ဒီနေ့ နားလိုက်တယ်၊ မစစ်ဖြစ်ဘူး။ နောက်ရုံးချိန်းကို ဇူလိုင် ၁၇ ရက်နေ့ ပေးလိုက်တယ်လို့ လာပြောတယ်။ အဲဒါလည်း ကြားပြီးရော ကျမတို့လည်း လူစု ကွဲသွားတာပဲ'' ဟု ပြောသည်။

''ကျမတို့အားလုံးက ဒီသတင်းကို အမှန်လို့ ထင်တာ။ ဒါနဲ့ ထောင်ဘက်ကနေ ထွက်လာ ခဲ့တော့တာ။ ဒါပေမဲ့ ညနေကျမှ ဒီသတင်းဟာ သတင်းမှားကြီး ဆိုတာ သိရတာ။ ကျမတို့ကို လူစုကွဲသွားအောင် လုပ်ခဲ့တာ'' ဟု သူက ပြောသည်။

ဦးဉာဏ်ဝင်းကလည်း ''ကျနော်တို့ အပြင်ထွက်လာတော့ လူတွေက ဝိုင်းမေးကြတယ်၊ ဒီနေ့ မစစ်ဖြစ်ဘူး၊ ဇူလိုင်လ ၁၇ ရက်ကို ရွှေ့လိုက်တယ် ဆိုတာ ဟုတ်သလား ဆိုပြီးတော့။ ကျနော်ထင်တယ် ဒီသတင်းမှားဟာ ကျနော်တို့ကို ဆန့်ကျင်တဲ့ သူတွေက ဖြန့်တာပဲ'' ဟု ပြောသည်။

သောကြာနေ့က တရားရုံးတွင် ဒေါ်ခင်မိုးမိုးက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် အာဏာသ က်ရောက်မှု မရှိတော့သဖြင့် ဤ ၁၉၇၄ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် ကမ္ဘာ့ နိုဘယ် ဆုရှင်ကို တရားစွဲဆိုခြင်း မပြုနိုင်ကြောင်း ခုခံ ချေပ ထွက်ဆိုခဲ့သည်။

သို့သော် တရားလိုဘက်ကမူ အစိုးရအပြောင်း အလဲ ဖြစ်ခဲ့သော်လည်း ၁၉၇၄ ဖွဲ့စည်းပုံ အခြခံ ဥပဒေမှာ အသက်ဝင်လျက်ပင် ရှိသေးကြောင်း ပြန်လှန် ခုခံ ပြောဆိုခဲ့သည်။

''သူတို့ကလည်း အစိုးရ အမိန့်တွေ၊ စာရွက်စာတန်းတွေ အမျိုးမျိုး ထုတ်ပြပြီး သူတို့ ရပ်တည်ချက်ကို မှန်ကန်ကြောင်း သက်သေပြဘို့ ကြိုးစားတာပဲ။ ဒါနဲ့ပဲ ပြီးဘို့အချိန်က အတော်ကြာသွားတာ'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအဖွဲ့က ဒေါ်အောင်ဆန်း စုကြည်နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ ကြောင်းနှင့် တရားရုံးတွင် ဇူလိုင်လ ၂၄ ရက်နေ့၌ တင်သွင်းနိုင်ရန် စာမျက်နှာ ၁၈ မျက်နှာရှိ အပြီးသတ် လျှောက်လဲချက်ကို ပြင်ဆင် ရေးသားထားပြီး ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။ ဤသို့ အပြီးသတ် လျှောက်လဲချက်များ တင်သွင်းပြီးပါက တရားရုံးက နောက်ဆုံး အမိန့်ချရန် ရက်ချိန်း တချိန်းပေးဖွယ် ရှိသည်။

တားဆီးကန့်သတ်မိန့်များကို ချိုးဖောက်သည်ဟူသော စွပ်စွဲချက်များဖြင့် ရုံးတင်တရားစွဲဆိုခြင်း ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ခြင်း ခံရပါက အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။

ထိုအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဝင်ရောက်ခိုလှုံ နေထိုင်ခဲ့သည် ဟူသော စွဲချက်ဖြင့် အလားတူ ရုံးတင် စစ်ဆေးခံနေရသည့် အမေရိကန်လူမျိုး ဂျွန် ဝီလျံ ယက်တောကို ဆေးရုံ တင်ထားရသည်ဟု သတင်းများက ဆိုသည်။

Ref: မဇ္ဈိမ

Read More...

ကေအန်ယူ (KNU) ကို အမြစ်ဖြတ်တိုက်မည်ဟု မြန်မာ စစ်အစိုးရ ပြော

Fri 10 Jul 2009, IMNA,

ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ကို မြန်မာ စစ်အစိုးရက အမြစ်ဖြတ် တိုက်ထုတ်မည်ဟု ဘုရားသုံးဆူ ဒေသမှ သတင်းများ ထွက်ပေါ်နေသည်။

ကေအန်ယူ တပ်မဟာ (၇) ကို မြန်မာစစ်အစိုးရ နှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တို့ သိမ်းခဲ့ပြီးနောက် ဘုရားသုံး ဆူ-သံဖြုဇရပ်ဒေသရှိ တပ်မဟာ (၆) ကို ဆက်လက် အမြစ်ပြတ် တိုက် သွားမည်ဟု ဘုရားသုံးဆူ ဒေသမှ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့တို့၏ အဆိုရ သိရသည်။

“မြန်မာအစိုးရစစ်ကြောင်းတစ်ကြောင်း မဲကသာနဲ့ ဘုရားသုံးဆူ ဒေသ ဘက်မှ ရောက်လာပြီး၊ သူတို့က ဘုရားသုံးဆူမှာ ရှိတဲ့ ဟောင်သရော အဖွဲ့ (ကေပီအက်ဖ်) နဲ့ ဒီကေဘီအေ တပ်တို့ ပေါင်းပြီးတော့ ကျွန်တော်တို့ ကေအန်ယူ တပ်ကို တပ်မဟာ (၆) ကို လာပြီးတော့ အမြစ်ဖြတ်တိုက်မယ်” ဟု ကေအန်ယူမှ လာသည့် သတင်းအရ သိရသည်။

ဇွန်လ ၂၆ ရက်နေ့တွင် စစ်ကြီးကြပ်ကွပ်ရေးဌာနာချုပ် (စကခ) တပ်ရင်း ၁၉ နှင့် ၄င်း၏ တပ်ခွဲ ခမရ(၂၈၂)၊ ခမရ(၂၈၃)၊ ခမရ(၂၈၄)၊ နှင့် ၃၅၆ တို့ ဘုရားသုံး ဆူဒေသရှိ မဲကသာဘက်တို့ ရောက်ရှိလာပြီး ယခု လောလောဆယ်တွင် တပ်ခွဲ ( ၃၅၆) သည့် ဘုရားသုံးဆူ မြို့အနီးတွင် တပ်ချသည်ဟု သိရသည်။

လွန်ခဲ့သည့် ဂျုလိုင်လ (၈) ရက်နေ့တွင် ကေအန်ယူ တပ်မဟာ (၆) ယာယီ စခန်း တစ်ခုကို ဒီကေဘီအေက ဝင်တိုက်ပြီးနောက် ကေအန်ယူဘက်က ပြန် လည်တိုက်ခိုက်ရန် ပြင်ဆင်နေပါသည်။

၎င်းတိုက်ပွဲတွင် ဒီကေဘီအေဘက်က တပ်သား (၂) ဦး ကျဆုံးခဲ့သည်ဟု သတင်းများ ထွက်နေသလို သေဆုံးသွားသည့် တပ်သား နှစ်ဦးမှာ ကေ အန်ယူဘက်က ဖြစ်သည့်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

ဘုရားသုံးဆူ စရဖ တို့၏ အဆိုရ မဲကသာ တိုက်ပွဲတွင် မြန်မာအစိုး တပ်နှင့် ဒီကေဘီအေတို့ ပူးပေါင်းပြီး ကေအန်ယူကို တိုက်ခိုက်ခဲ့ကြောင်း ပြောသည်။

“ဟိုမဲကသာမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ဒီကေဘီအေဘက်မှာ (စကခ) တပ်ရင်း ၁၉ ပါပြီး ကေအန်ယူ ကို တိုက်ခိုက်ခဲ့တယ်” ဟု စရဖ အရာ ရှိတစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ပေါ်ရှိ မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦး၏ အဆိုအရ မြန်မာ တပ်ရင်းတွေ မဲကသာ ဘက်မှာ ၁၀ ရက်ကျော်ကတည်းက ရောက်နေတာကို ကြားပါသည်။ ၄င်းတို့ကို ဘုရားသုံဆူ ဒေသဘက်မှာ အခြေစိုက်တဲ့ ဒီကေဘီအေ၊ ဟောင်သရောအဖွဲ့ (ကေပီအက်ဖ်) တို့နှင့် ပူးပေါင်းပြီး ကေအန်ယူကို ရှင်းလင်းသွားမည်ဟု ဆက်ပြောသည်။

ကေအန်ယူနှင့် ဒီကေဘီအေတိုက်ပွဲဖြစ်နေသည့် သတင်းကြားပြီးနောက်မှာ ဘုရားသုံးဆူ မြို့မှာရှိသည့် ကရင် လူမျိုး အများစုက စိုးရိမ်းထိတ်လန့်ပြီး ညပိုင်း၌ တဘက်ကမ်း ထိုင်းနိုင်ငံတွင် သွားရောက် အိပ်နေကြပါသည်။

“တစ်ချို့ ကရင်လူမျိုးတွေက တိုက်ပွဲထပ်ဖြစ်မှားကို ကြောက်ပြီး ညညပိုင်း ထိုင်းဘက်ကမ်းမှာ သွားအိပ် နေတယ်၊ သူတို့က မြဝတီ-မဲဆောက် ဘက် အခြေအနေလိုမျိုး ဖြစ်လာမှားကို စိုးရိမ်းနေတယ်” ဟု ဘုရားသုံးဆူ ဒေသခံတွေက ပြောသည်။

ကရင်အမျိုးသမီးအဖွဲ့စည်းက ထုတ်ပြန်ထားသည့် ကြေငြာချက်အရ ကရင် လူမျိုး အများအပြားက စိုးရိမ်းရတဲ့ အခြေအနေမှာ ရှိနေပြီး ကရင် ဒုက္ခသည် ၄၀၀၀ လောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင် နေရသည်ဟု သိရသည်။

Ref: လွတ်လပ်သောမွန်သတင်းအေဂျင်စီ

Read More...

ဟောင်သရော ခေါင်းဆောင်ကို ဖမ်းဆီးတာ မဟုတ်ဟု KNU ငြင်းဆို

ဖနိဒါ
သောကြာနေ့၊ ဂျူလိုင်လ 10 ရက် 2009 ခုနှစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ အပစ်အခတ်ရပ် ကရင်အဖွဲ့တခုဖြစ်သော ဟောင်သရော အဖွဲ့ (KPF) မှ တပ်ရင်း (၃) တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး မန်းလေးဝါးနှင့် အဖွဲ့ဝင်များ အား ဖမ်းဆီးခြင်း မဟုတ်ဘဲ ၎င်းတို့၏ သဘော ဆန္ဒအရ လာရောက် ပူးပေါင်းခြင်းသာ ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး- KNU က ငြင်းဆိုလိုက်သည်။

KNU ခွဲထွက် ဟောင်သရောအဖွဲ့မှ ဒုဗိုလ်မှူးကြီး မန်းလေးဝါးနှင့် အဖွဲ့ဝင် အချို့ကို KNU တပ်မဟာ ၆ မှ ကရင် အမျိုးသား လွတ်မြောက်ရေးတပ် KNLA က ယခုလ (၈) ရက်နေ့တွင် ဖမ်းဆီး လိုက်ကြောင်း သတင်းများ ဖြစ်ပေါ်နေသည့် အပေါ် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျနော်ကတော့ ပူးပေါင်းတယ်ဆိုတဲ့ သတင်းကို အလေးပေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ အသိုင်း အဝိုင်းနဲ့ နီးစပ်တဲ့ သူတွေက ကျနော်တို့ အကဲခတ်ပြီး မေးခိုင်းလိုက်တဲ့ အခါကျတော့ သူတို့ကတော့ ဖမ်းတာ မဟုတ်ဘူး။ ပူးပေါင်းတာဘဲလို့ ပြောတာဘဲ” ဟု KNU အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက မဇ္ဈိမသို့ ပြောသည်။

“ဒု ဗိုလ်မှူးကြီး မန်းလေးဝါး” နှင့် အဖွဲ့ဝင်တချို့ကို KNLA တပ်ဖွဲ့ဝင်များက ဘုရားသုံးဆူဂွင်၊ ဇမိချောင်း၏ အနောက်ဘက် သက်ကယ် (မြိုင်သာယာ) တွင် ဇူလိုင်လ ၈ရက်နေ့က ဖမ်းဆီး လိုက်သည်ဟု KPF နှင့် နီးစပ်သူများကို ကိုးကား၍ ထိုင်းနယ်စပ် အခြေစိုက် ကရင် သတင်းစဉ်တွင် ဖော်ပြထားသည်။

လွတ်လပ်သောမွန်သတင်းအေဂျင်စီကလည်း “တပ်ရင်းမှူးစောလေးဝါး” နှင့် အဖွဲ့အား KNLA တပ်ဖွဲ့ ဝင်များက ကြာအင်းဆိပ်ကြီး မြို့နယ် ဇမိချောင်းတွင် ဖမ်ဆီးလိုက်သည်ဟု KNU နှင့် နီးစပ်သူများ ကို ကိုးကား၍ ရေးသားထားသည်။

ဒုဗိုလ်မှူးကြီး မန်းလေးဝါး အဖွဲ့ထံမှ RPG (၁) လက်၊ ကာဘိုင် (၂)လက်၊ M-16 (၂)လက်၊ AK (၂) လက်၊ ပစ်စတို (၁) လက်နှင့် လက်နက်ကျည်ဆံတချို့ကို KNLA က သိမ်းဆည်းသွားကြောင်း ကရင် သတင်းစဉ်တွင် ဖော်ပြထားသည်။

သို့သော် ဗိုလ်မှူးစောလှငွေကမူ လာပူးပေါင်းသည့် အင်အားမှာ (၃ဝ) ခန့်ရှိပြီး ၎င်းတို့နှင့် အတူ RPG၊ AK-47၊ M-16 အပါအဝင် လက်နက်စုံ (၂၁) လက်နှင့် စကားပြောစက် (၅) လုံးခန့် ပါလာ သည်ဟုဆိုသည်။

ထို့အပြင် စစ်အစိုးရက ဟောင်သရောအဖွဲ့ KPF အား နယ်ခြားစောင့် တပ်များ အဖြစ် အသွင်ကူး ပြောင်းရန် စွဲဆောင် စည်းရုံးသဖြင့် KPF အဖွဲ့ဝင်အချို့ ပြီးခဲ့သည့် ရက်သတ္တပတ်က KNU သို့ လာရောက် ပူးပေါင်းရန် ကမ်းလှမ်း ခဲ့မှုများလည်း ရှိခဲ့ကြောင်း သူကပြောသည်။

ကရင်သတင်းစဉ် (KIC) မှ အယ်ဒီတာ နန်းဖောဂေ က အခြေအနေ အမှန်ကို အတိအကျ မသိရ သေးကြောင်း၊ သို့သော် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းသည် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲရန် စီစဉ်နေမှု၏ အကျိုးဆက်များသာ ဖြစ်သည်ဟု ပြောသည်။

“ကျန်ခဲ့တဲ့ KPF ခေါင်းဆောင်တွေကလည်း သူတို့ရဲ့ security အရ ထုတ်ဖော် မပြောတာလဲ ဖြစ်နိုင်တယ်။ KNU ဘက်ကလည်း သူတို့ရဲ့ အောက်ခြေ တာဝန်ခံ အဆင့်ဆင့် ကနေ ပေးပို့လာတဲ့ အပေါ်မှာ ဖမ်းဆီးခြင်း မရှိဘူးလို့ ပြောတာပေါ့နော်။ ကျမတို့ အမြင်ကတော့ နယ်ခြားစောင့် တပ်ရဲ့ သက်ရောက်မှုလို့ ထင်တယ်လေ” ဟု သူက မဇ္ဈိမသို့ ပြောသည်။

ဟောင်သရောအဖွဲ့ KPF သည် ၁၉၉၇ ခုနှစ်၌ KNU တပ်မဟာ (၆) တပ်ရင်း (၁၆) မှ တပ်ရင်မှူး အဆင့်ရှိ စောသမူဟဲ ဦးဆောင်၍ စစ်အစိုးရနှင့် ပူးပေါင်းသွားခဲ့သည့် အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့က နေပြည်တော်၌ မစ္စတာ ဘန်ကီးမွန်းနှင့် တွေ့ဆုံရာတွင် အခြား အပစ်ရပ် တိုင်းရင်းသားအဖွဲ့ အချို့နှင့်အတူ ဟောင်သရောအဖွဲ့လည်း ပါဝင်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့