..............................

Saturday, June 19, 2010

အကယ်၍

June 19, 2010

ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့်မွေးနေ့မှသည် သက်တော်ရာကျော် ရှည်ပါစေကြောင်း

ဆုတောင်းလျှက်..............


အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .

ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .

ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .

ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .

အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .

ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .

ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။


ဒေါ်အောင်ဆန်းစုကြည်မှ NLD လူငယ်များအား ၁၉၈၉ ခုနှစ်တွင် အမှာစကားပြောကြားရင်း ဒီ IF ကဗျာကို ပြန်ဆိုပြခဲ့ခြင်း ဖြစ်ပါသည်။

Read More...

Friday, June 18, 2010

ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို မြန်မာအာဏာပိုင်တို့မှ ပိတ်ပင်

မင်းအာသံ၊ ဂျူရီချိုင်း

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံထားကို ယနေ့နံနက် ၉ နာရီမှစပြီး မြဝတီ အာဏာပိုင်တို့မှ သွားလာခွင့် ပိတ်ပင်လိုက်သည်ဟု ဒေသခံတို့က ပြောသည်။

မြဝတီမြို့မှ အစိုးရဝန်ထမ်းတစ်ဦးက “အခုလို ပိတ်ထားရတဲ့ရဲ့ ကြောင်းကတော့ နှစ်နိုင်ငံ နယ်နမိတ်အဖြစ် ခြားထားတဲ့ မြစ်မှာ ရေတိုက်စားလို့ ထိုင်းဘက်ကမ်းမှာ သွားပုံနေတဲ့အတွက် တနှစ်နဲ့တနှစ် ဗမာဘက်ကမ်းက မြေတွေလျော့ပြီး ထိုင်းဘက်မှာ တိုးတိုး လာနေတယ်၊ အဲဒါကြောင့် အဲဒီပြဿနာကို ဖြေရှင်းဖို့ တံထားကို ခဏတဖြုတ် ပိတ်လိုက်တာ” ဟု ပြောသည်။

ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော်မှု ပိတ်ထားရခြင်းသည် ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပြဿနာ ဖြစ်ပွားမှုတစ်ရပ် ဖြစ်လာသောကြောင့် ဖြစ်သည်ဟု မြို့ခံအာဏာပိုင်နှင့် နီစပ်သော သူတစ်ဦးက ပြောသည်။

“ဒီနေ့ မနက်ကပဲ တံတားပိတ်လိုက်တယ်၊ အာဏာတော်တော်များ ပြောတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြေလည်မှုမရှိလို့ အခုလို ပိတ်ထားရတယ်၊ ဗမာဘက် ကမ်းမှာတော့ ကားအတက်အဆင်းတွေ ရှိနေဆဲပဲ ဒါပေမဲ့ ပစ္စည်းတွေ သွားလာမရတော့ ဗမာဘက်ကမ်းမှာ တောင်တင်နေရတာပေါ့” ဟု ၄င်းက ပြောသည်။

ထို့အတူ အခြားတရားဝင်မဟုတ်သော ဂိတ်များမှာလည်း မြန်မာအာဏာပိုင်များက ပိတ်လိုက်သဖြင့် ကုန်သည်များ၏ ကုန်သွယ်မှုကို ရပ်တန့် စေခဲ့သည်ဟု ထိုင်းဘက်ကမ်းမှ ဗမာဘက်ကမ်းသို့ ကုန်သွယ်နေသော ကုန်သည်တစ်ဦးက ပြောသည်။

“ထိုင်းဘက်က ဗမာဘက်ကို ပို့ဆောင်မယ့် ကုန်ပစ္စည်းတင်ထားတဲ့ကားတွေ တော်တော်များများက ထိုင်းဘက်ကမ်းက လှေဆိပ်တွေမှာ စုနေတယ်၊ ပြီးတော့ ချစ်ကြည်ရေးတံတား အနီးမှာလည်း မော်တော်ကားတွေ တန်းပြီး ရပ်ထားရတယ်” ဟု အဆိုပါ ကုန်သည်က ဆက်လက် ပြောပြသည်။

မြန်မာအာဏာပိုင်တို့ဘက်မှ မည်သည့်အကြောင်းကြောင့် ပိတ်လိုက်ရသည်ကိုလည်း တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မပြုသလို မည်သည့် ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ပေးမည့် ရက်များကိုလည်း မည်သူမှ မသိရှိရသေးပေ။

အတည်မပြုနိုင်သော သတင်းတစ်ရပ်အရ မြဝတီမြို့သို့ရောက်ရှိနေသော နေပြည်တော်မှ အထူးစစ်ဆေးရေး အဖွဲ့က ထိုင်းဘက်မှ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ရှာဖွေ စစ်ဆေးနေသဖြင့် (၃) ရက်ခန့် ဂိတ်ပိတ်ထားမည်ဟု အမည် မဖော်လိုသူ မြန်မာ ကုန်သည် တစ်ဦးက ပြောသည်။

မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားသည် ထိုင်းနိုင်ငံမှ အကုန်ကျခံကာ ၁၉၉၅ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး ၁၉၉၇ တွင် စတင် ဖွင့်လှစ်ခဲ့သည်။ အကယ်၍ ချစ်ကြည်ရေးတံတား တစ်ရက်ပိတ်လျှင် ထိုင်းဘက်မှ ဘတ်သန်း (၄၀) ခန့် နစ်နာမူ ရှိသည်ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်း၏ မှတ်တမ်းတွင် ဖော်ပြခဲ့သည်။

Ref: မွန်သတင်းအေဂျင်စီ

Read More...

တပ်တွင်း အမိန့်မနာခံမှုတွေဖြစ်နေ

17, June 2010

မြန်မာစစ်တပ်အတွင်းမှာ အောက်ခြေတပ်သားတွေက သူတို့ရတဲ့ လစာနဲ့ မိသားစု စားဝတ်နေရေး မပြေလည်တဲ့ အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ရန်ကုန်ကို ခွင့်နဲ့ပြန်လာတဲ့ တပ်ကြပ်ကြီး တယောက်က ဘီဘီစီကို ပြောပါတယ်။

ထိုင်းမြန်မာနယ်စပ် မြဝတီ ကားလမ်းတလျှောက်မှာ လုံခြုံရေးတာဝန် ထမ်းဆောင်ကြရတဲ့ ခြေမြန်တပ်ရင်း တခုဖြစ်တဲ့ ၃၅၅ တပ်ရင်းက အဲဒီ တပ်ကြပ်ကြီးက အရင်တုန်းကဆိုရင် တပ်သားတွေ ဝင်ငွေလစာ မလောက်ပေမဲ့ အပိုဝင်ငွေ ရအောင်ရှာနိုင်တဲ့ ရပေါက် ရလမ်းတွေတော့ ရှိတယ်လို့ပြောပါတယ်။

အခုတော့ ဂိတ်ကြေးကောက်ခံတာမျိုးလို အပိုဝင်ငွေရှာနိုင်တဲ့ လုပ်ပိုင်ခွင့်တွေ အားလုံးကို DKBA ကရင် ဗုဒ္ဓဘာသာ အဖွဲ့ပဲ ရရှိလို့ တပ်သားတွေ လုပ်ပိုင်ခွင့် အခွင့်အလမ်း ဆုံးရှုံး နေတယ်လို့လည်း သူကပြောပါတယ်။

အခက်အခဲတွေကို အထက်အရာရှိတွေဆီ တင်ပြခဲ့ပေမဲ့ အရေးယူ ဆောင်ရွက်ပေးတာ မရှိလို့ တပ်ထဲက အကြပ် စစ်သည်တွေနဲ့ ရဲဘော်တွေ အမိန့် မနာခံမှု ဖြစ်နေပြီလို့ အမည်မဖော်လိုတဲ့ အဲဒီ တပ်ကြပ်ကြီးက ပြောပါတယ်။ သူ့တပ်ရင်း တခုထဲမှာတင် ဒီလို ဖြစ်နေတာ မဟုတ်ပဲ တပ်ရင်း ၃၅၆ နဲ့ ၃၅၇ တို့မှာလည်း အလားတူ မကြေနပ်မှုတွေ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

အခုတော့ ကင်းစောင့်ခိုင်းတာကို မစောင့်ပဲ နေတာမျိုးလို အမိန့်တိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိရုံသာ ဖြစ်နေပေမယ့် တပ်သားတွေရဲ့ စားဝတ်နေရေး ဖူလုံအောင် တစုံတရာ ဖြေရှင်းမှု မရှိပဲ ဒီအတိုင်း ဆက်ထားမယ် ဆိုရင်တော့ ကြာရင် ဒီ့ထက်ပိုတဲ့ မကျေနပ်မှုတွေ ဖြစ်လာပြီး ဆူပူမှုတွေ အာဏာဖီဆန်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ အဲဒီ တပ်ကြပ်ကြီးက ဘီဘီစီကို ပြောပါတယ်။

Ref: BBC News

Read More...

အရေးတော်ပုံမီးလျှံကြားက သူရဲကောင်း

မောင်သြ
၁၆ ဇွန် ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုဆောင်းပါး။

ဒီကနေ့ ကမ္ဘာပေါ်က ထင်ရှားကျော်ဇောတဲ့ အမျိုးသမီးခေါင်းဆောင်တွေ ထဲမှာ မြန်မာနိုင်ငံက လူထု ခေါင်းဆောင်လည်းဖြစ်၊ ဒီမိုကရေစီ တိုက်ပွဲခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချန်လှပ် ထားလို့ မရနိုင်သလို ကမ္ဘာ့ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကလည်း သူမကို လေးစားယုံကြည် ထောက်ခံလျက်ရှိတာ တွေ့နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်နေ၀င်းရဲ့ (၂၆) နှစ်ကျော်ကြာ စစ်အာဏာရှင် အုပ်ချုပ်မှု အောက်ကနေ မြန်မာနိုင်ငံ လွတ်မြောက်စေဖို့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုတိုက်ပွဲ အရေးတော်ပုံကြီး အတွင်းမှာ မမျှော်လင့်ဘဲ ပါဝင် ပတ်သက်လာခဲ့သူ တဦး ဖြစ်ပါတယ်။ အရေးတော်ပုံကြီးနဲ့ အတူ မွေးဖွားလာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုနဲ့ တိုင်းရင်းသား အားလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ပြီး အခြေခံ လူ့အခွင့်အရေးများ အပြည့်အ၀ ခံစားနိုင်ဖို့နဲ့ ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ဖို့ ကြိုးစား ခဲ့ပါတယ်။

အဲဒီလိုကြိုးစားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ သတ္တိရှိမှု၊ ဉာဏ်ရည် ဉာဏ်သွေး ကောင်းမွန်မှု၊ မေတ္တာတရား ကြီးမားမှု၊ အကြမ်းမဖက်ဘဲ နိုင်ငံရေးကို နိုင်ငံရေး နည်းဖြင့် ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာလိုမှု … စတဲ့ အမြော်အမြင် ကြီးမားမှုတွေကြောင့် ၁၉၉၁ ခုနှစ်မှာ ကမ္ဘာပေါ်မှာ အမြင့်မားဆုံးဆု ဖြစ်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကြီးကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။ ဒီနောက်မှာလည်း ဆက်တိုက် ဆက်တိုက်ဆိုသလို ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆုတံဆိပ်/ဒေါက်တာဘွဲ့များ အပါအ၀င် ဆုပေါင်း (၉၀) ကျော် ချီးမြှင့်ဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ ထူးချွန်ထက်မြက်တဲ့ အမျိုးသမီး သူရဲကောင်း အဖြစ် ကမ္ဘာ့ အလယ်မှာ ဂုဏ်ပြု မှတ်တမ်းတင် သမိုင်းမော်ကွန်း ကမ္ပည်းရေးထိုး ပေးလိုက်တာပဲဖြစ်ပါတယ်။ အဲဒီလို တိုင်းရင်းသား လူမျိုးပေါင်းစုံ အပါအ၀င် မြန်မာပြည်သူ တရပ်လုံး၊ ကမ္ဘာ့ ပြည်သူအားလုံးနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေကပါ ဒေါ်အောင်ဆန်းစုကြည်ကို လေးလေးစားစား ထောက်ခံ အားပေး လာတဲ့အခါ စစ်အာဏာရှင် ကြီးများဟာ အလိုလို ကမ္ဘာ့အလယ်မှာကော မြန်မာ့ အလယ်မှာပါ မျက်နှာငယ်သေးသိမ်၊ ဂုဏ်ရောင်မှိန်ပြီး နာမည်ဆိုးနဲ့ ကျော်ကြား လာခဲ့ပါတော့တယ်။ စစ်ခေါင်းဆောင်တွေဟာ ဆင်ဖြူ့မျက်နှာ ဆင်မဲ မကြည့်သာ ဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကို ရှိန်လာတယ်၊ ရွံ့လာတယ်၊ မနာလို ၀န်တို ဣဿာမစ္ဆရိယစိတ် ကြီးလာတယ်၊ နောက်ဆုံး အာဃာတပါ ကြီးလာတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာ သမားဆိုတော့ အာဃာတ ကြီးသူတွေရဲ့ အကျဉ်းစံဘ၀မှာ နေရတာတောင်မှ သူ့ဂုဏ်ရောင်ဟာ ကမ္ဘာအနှံ့ လင်းပ တောက်ပြောင် နေပါတယ်။

လာမယ့် ၂၀၁၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး အကျိုးအတွက် ကိုယ်ကျိုး၊ ကိုယ့်ဆွေမျိုး သားချင်း အကျိုးကို မကြည့်ဘဲ ဘ၀ တလျှောက်လုံး စွန့်လွှတ် အနစ်နာခံကာ နေအိမ် အကျယ်ချုပ်ဘ၀နဲ့ အထီးကျန်စွာ ကြံ့ကြံ့ခံ ရပ်တည် ရင်ဆိုင် လာခဲ့တာလည်း နှစ်ပေါင်း (၁၄) နှစ်ကျော်ရှိခဲ့ပါပြီ။ သို့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဒူးမထောက် လက်မမြှောက်ခဲ့။ သူ့ ယုံကြည်ချက်ကို ခွပ်ဒေါင်း အလံတော်အောက်မှာ လှေခွက်ချည်းကျန် အလံမလှဲ၊ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ် အခိုင်အမာနဲ့ သစ္စာရှိစွာ ရပ်တည်ပြနိုင်ခဲ့တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ အကြိမ်ကြိမ် ကြေညာချက်ထုတ်ပြီး တောင်းဆိုခဲ့သလို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ အီးယူ-ဥရောပအဖွဲ့ချုပ်၊ အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့၊ ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့နဲ့ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေက ခေါင်းဆောင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုနေကြတာဟာ ဒီကနေ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အကျပ်တည်း အခက်အခဲတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ဖို့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်ခြင်းသာ ဖြစ်ကြောင်း ထင်ရှားပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတွေက ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်း စုကြည်အပေါ် အဲဒီလို ထဲထဲဝင်ဝင် အလေးထား ပြောဆိုနေကြခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာဂုဏ်၊ နိုင်ငံရေး သိက္ခာဂုဏ်၊ တိုင်းပြည်နဲ့ လူထုအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံမှု သတ္တိဂုဏ်တို့ကို ယုံကြည်လေးစားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာလည်းဖြစ်၊ တပ်မတော် ဖခင်ကြီးလည်း ဖြစ်တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့ အားလျော်စွာ ဗိုလ်ချုပ်ရဲ့ သွေး၊ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ် အပြည့်ရှိသူ ဖြစ်ပါတယ်။

တပ်မတော်သားတဦးရဲ့ သွေးရင်းသားရင်း သမီးပီပီ မြန်မာ့တပ်မတော် အပေါ်မှာ အဆိုးမြင် တိုက်ခိုက်မှုတွေ မပြုလုပ်ဘဲ လူတစုရဲ့ အုပ်ချုပ်မှု စစ်ယန္တရား စနစ်ကိုသာ ဝေဖန် ထောက်ပြတာမျိုး ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ နအဖ စစ်အစိုးရအပေါ်မှာ အာဃာတ မထားဘဲ သဘောထားကြီးစွာ ပြုမူ ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ ဥပမာ ၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း အကြမ်းဖက် လုပ်ကြံခံရမှုမှာ အသက်ဘေးကနေ သီသီကလေး လွတ်မြောက် လာပြီးနောက် အင်းစိန် အကျဉ်းထောင်ကို အပို့ ခံထားခဲ့ရပါတယ်။ အဲဒီတုန်းက အရိုက်ခံရတဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေက အဖမ်းခံ၊ ထောင်ကျ ခံခဲ့ရပြီး ရိုက်တဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေကိုတော့ အရေးယူမှု မရှိတာကို တွေ့ရပါတယ်။ ဒါဟာ အင်မတန်မှ ကြီးလေးတဲ့ ရာဇ၀တ်မှုကြီး တခုကို နအဖ စစ်အစိုးရက မျက်ကွယ်ပြုပြီး မတရား လုပ်လိုက်တာပါပဲ။

ဒါကို ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာ ရာဇာလီအစ္စမေးလ်နဲ့ တွေ့ဆုံစဉ်မှာ “ဖြစ်ပြီးခဲ့တာတွေ ပြီးခဲ့ပါပြီ။ ပြည်သူလူထု အကျိုးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အကျိုးအတွက် အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ကျမဘက်က အဆင်သင့်ရှိပါတယ်” လို့ ပြောကြားခဲ့တဲ့ အပြင် ၂၀၀၆ ခုနှစ်က ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူး မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံစဉ်မှာလည်း “တိုင်းပြည်နှင့် လူမျိုး အကျိုးအတွက် အားလုံးနှင့် လက်တွဲ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း” ပြောကြား ခဲ့တာကိုကြည့်ရင် စစ်အာဏာရှင်များ အပေါ် အာဃာတ မထားဘဲ နိုင်ငံနဲ့လူမျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးသားဖြူစင်မှုကို တွေ့မြင် နိုင်ပါတယ်။

ဒါ့အပြင် ၂၀၀၇ ခုနှစ် နိုဝင်ဘာလက မစ္စတာ ဂမ်ဘာရီနဲ့ ပေးလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား စာတမ်းမှာ “ဒီမိုကရေစီနည်းကျ သွေးစည်းခိုင်မာရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေး မရှိမဖြစ် လိုအပ်နေသည့် ယခုကဲ့သို့ အချိန်အခါမျိုးတွင် အကျယ်ပြန့်နိုင်သမျှ အကျယ်ပြန့်ဆုံးသော နိုင်ငံရေး အဖွဲ့အစည်းများ၊ အင်အားစုများ၊ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများ၏ အကျိုးစီးပွားနှင့် သဘောထား အမြင်များကို အခိုင်အမာ အလေးအနက် ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရန် အတွက်လည်း ကျမတွင် တာဝန်ရှိပါသည်” ဟု ပြောကြား သွားခဲ့တာကို ကြည့်ရင် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံး အပေါ်မှာ ထားရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ရပ်တည်ချက်အမှန်ဟာ တိုင်းရင်းသား အားလုံးနဲ့ အေးအတူ ပူအမျှ တသွေးတည်း တသားတည်း နေထိုင်လိုခြင်းသာ ဖြစ်တယ်ဆိုတာကို အထင်းသား တွေ့မြင်နိုင်ပါတယ်။ အဲဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား သွေးချင်းအားလုံးက ချစ်ခင်လေးစား ယုံကြည်မြတ်နိုး တန်ဖိုး ထားခဲ့ကြတာကို တွေ့ရပါတယ်။

၁၉၉၈ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ထံ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တင်ပြခဲ့တဲ့ အကြောင်း အရာတခုမှာ “ဒီမိုကရေစီရွေးကောက်ပွဲကို ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပါတယ်။ မြန်မာပြည်သူများက မိမိတို့ နှစ်သက်တဲ့ အစိုးရကို ရဲဝံ့စွာ ရွေးချယ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေမယ့် ရွေးကောက်ပွဲကို သွားခဲ့ရတဲ့ လမ်းကြောင်းကတော့ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာ မျှော်လင့်နိုင်တဲ့ အခြေအနေ မဟုတ်ဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အမျိုးမျိုး ချုပ်ချယ်ခြင်း ခံရပါတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ ကျမတို့ကို ရွေးကောက်ပွဲ မပြုလုပ်မီ တနှစ်ခန့်က ဖမ်းဆီးခဲ့ပါတယ်။ နှောင့်ယှက်မှု အများအပြားလည်း ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်သူ ပြည်သားတွေက ကျမတို့ကို တခဲနက် မဲပေးခဲ့ကြတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အရ ပြည်သူတို့ရဲ့ ၉၀ ခုနှစ်က ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့ဆန္ဒကို လေးစားလက်ခံဖို့ လက်ရှိ မြန်မာနိုင်ငံ အစိုးရကို တောင်းဆို ထားပါတယ်။ နိုင်ငံတကာ မိသားစုများကလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့၊ မြန်မာပြည်မှာ ဒီမိုကရေစီ စနစ်ကို အမြန်ထူထောင်နိုင်ဖို့၊ မြန်မာပြည်သူ ပြည်သားတွေကို ကူညီဖို့ လိုပါတယ်” လို့ တင်ပြသွားတာဟာ ယနေ့လက်ရှိ တွေ့ကြုံ ခံစားနေရတဲ့ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး … စတဲ့ အကျပ်အတည်း ဒုက္ခအပေါင်းနဲ့ အကြောက်တရားနဲ့ အုပ်ချုပ်ခံနေရလို့ စိတ်ဓာတ် ချွတ်ခြုံကျနေရတဲ့ ပြည်သူတွေ စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင် မီးမောင်း ထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံအများစုကရော ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေ အပါအ၀င် ကမ္ဘာ့ အဖွဲ့အစည်း အားလုံးကပါ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ကြားက အမေရိကန်နိုင်ငံသား မစ္စတာ ယက်တောကို အကြောင်းပြုပြီး ၁၈-၅-၂၀၀၉ နေ့မှာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများရဲ့ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေပုဒ်မ (၂၂) အရ အင်းစိန်ထောင် အတွင်းရှိ အထူး သီးသန့်တရားရုံးမှာ ထပ်မံတရားစွဲဆိုကာ ပြစ်ဒဏ်(၃)နှစ် ထပ်ချခဲ့ပါတယ်။ ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကမ္ဘာ့နိုင်ငံတွေက အဖွဲ့အစည်းတွေကို မျက်ကွယ်ပြု အထင်အရှား ဆန့်ကျင် လိုက်ခြင်းနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်လိုစိတ် မရှိကြောင်း ပြသ လိုက်တဲ့ သဘော သက်ရောက် စေပါတယ်။

နအဖစစ်အစိုးရဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုပဲ မလိုမုန်းထား၊ အကြောက် တရားများနဲ့ အာဃာတ ကြီးနေစေကာမူ မန်လည် ဆရာတော်ကြီး ရေးသားခဲ့တဲ့ …

ပြစ်မရှိ ပြစ်ရှာ

လမင်းကို ခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန်လူးကာ တိုက်နဲ။

ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။

ဆိုတဲ့ “ပတ္တမြားရွှေဂူ” ကဗျာလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်ရောင်ကတော့ ထာဝရ ထွန်းလင်း တောက်ပ နေတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး သမိုင်းလမ်းကြောင်းဟာ ဖဲမွေ့ရာ ရွှေကော်ဇောနဲ့ ပန်းခင်းလမ်းလို ချောမွေ့ သာယာ ဖြောင့်ဖြူးခြင်း မရှိခဲ့ပါဘူး။ ဆူးခင်းလမ်းမှာ မုန်တိုင်းကြမ်းကို အဖော်ပြုပြီး သွားနေရတာက များပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်နဲ့ လူထု အကျိုးအတွက် ဆူးခင်းလမ်းကိုလည်း မတွန့်၊ မုန်တိုင်းကြမ်း ကိုလည်း မရွံ့၊ မိမိအသက်ကိုပင် စွန့်စားဝံ့သူ ဖြစ်တယ်ဆိုတာ သူရဲ့ တိုင်းနဲ့ပြည်နယ် စည်းရုံးရေး ခရီးစဉ်တွေမှာ တွေ့ခဲ့ရပါတယ်။

ဧရာဝတီတိုင်းခရီးစဉ်၊ ဓနုဖြူမြို့မှာ စစ်ဗိုလ်တဦးရဲ့ သေနတ်ပြောင်းဝက ကျည်ဆန်ကို မကြောက်မရွံ့ အာခံ နိုင်ခဲ့သလို ၂၀၀၃ ခုနှစ် ဒီပဲယင်း ခရီးစဉ်မှာ တုတ်ဓားကိုင်ဆောင် လုပ်ကြံ တိုက်ခိုက်ကြတဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင် လက်မရွံ့ လူသတ်သမားတွေရဲ့ ဘေးရန်ကိုလည်း ရဲရဲရင့်ရင့် ရင်ဆိုင်ခဲ့တယ်။ တရုတ် ပညာရှင်ကြီး တိန်တီးရဲ့ “မိမိကိုယ်ကို အနစ်နာခံလျက် ပြည်သူပြည်သားတို့၏ ကောင်းကျိုးကို ဆောင်နိုင်သူသည် ကောင်းမြတ်သော ခေါင်းဆောင်ဖြစ်၏” လို့ ဆိုထားတဲ့ နီတိအရ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့် ခေါင်းဆောင်ကောင်း ပီသတဲ့၊ လူကြီး လူကောင်း ပီသတဲ့ အမျိုးသမီးတဦး ဖြစ်ကြောင်း တွေ့မြင်နိုင်ပါတယ်။

မိမိအသက်ကိုပင် လုပ်ကြံရန်ရှာခဲ့တဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင် လူမိုက်တွေကိုရော၊ အသွားစေခိုင်းသူ အာဏာရှင်တွေ အပေါ်မှာပါ သည်းခံခွင့်လွှတ် သဘောထား ကြီးပုံတွေဟာ သူမရဲ့ မေတ္တာစိတ် ဖြူစင်မြင့်မြတ်ခြင်းကို ဖော်ပြတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်သဘောထား ဖြူစင်သလောက် တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှုဆိုတဲ့ လောကပါလ တရားကိုလည်း အစဉ် လေးစားမြတ်နိုးသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အန်အယ်လ်ဒီ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို သဘောတူ လက်ခံခဲ့တယ်။ မဆန့်ကျင်ခဲ့ဘူး။ ပြီးတော့ ၂၉-၃-၂၀၁၀ နေ့က တပြည်လုံးရှိ အန်အယ်လ်ဒီ ဗဟို ဦးစီး ကော်မတီ အားလုံးရဲ့ တခဲနက် အများသဘောတူ ဆုံးဖြတ်ချက်ကိုလည်း သဘောတူ လက်ခံခဲ့ပါတယ်။ ပြည်တွင်းက ဒီမိုကရေစီ အင်အားစုများ၊ ၀ါရင့် နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများကလည်း ရွှေဂုံတိုင် ကြေညာစာတမ်း အပေါ် သစ္စာမဖောက်ဘဲ ၀ိုင်းရံ ထောက်ခံခဲ့ကြပါတယ်။ နောက်ဆုံးမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြတ်သားရဲရင့်တဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာပြည်တွင်းမှာ သာမက ကမ္ဘာအနှံ့ တိုင်အောင် ပဲ့တင်ရိုက်ခတ် မြည်ဟိန်း သွားပါတော့တယ်။

ဒီမိုကရေစီကျင့်စဉ် စံနှုန်းများနဲ့ မညီညွတ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေမူကြမ်းကို လက်မခံ နိုင်ကြောင်းနဲ့ တရားမျှတမှု မရှိဘဲ တဖက်သတ် ရေးဆွဲထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ ပါတီ မှတ်ပုံတင်ရမယ် ဆိုတာကို သူမ လုံးဝ လက်မခံဘူး။ ဘယ်တော့မှ မှတ်ပုံတင်မှာ မဟုတ်ဘူး။ ဒီဆုံးဖြတ်ချက် အပေါ်မှာ သစ္စာရှိတဲ့ အမာခံ အဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တသားတည်း တစိတ်တည်း ၀န်းရံ လက်တွဲလျက် ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ၊ စိတ်ဓာတ်၊ ဇွဲ၊ ဉာဏ်ပညာရှိပုံကို ဟံသာဝတီ သတင်းစာဆရာကြီးလည်းဖြစ်၊ အန်အယ်လ်ဒီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်လည်း ဖြစ်တဲ့ ဆရာကြီး ဦးဝင်းတင်က ကဗျာလေးနဲ့ ဂုဏ်ပြုထားတာ တွေ့ရပါတယ်။

၁၉၈၉ အာဏာဖီဆန်ရေးမှာ
“တာဝန်အရ” လုပ်ဟန်
ဒေါ်စု ညွှန်းခဲ့တယ်။

ခုလည်း “တာဝန်အရ စိတ်ဓာတ်” နဲ့ လုပ်ကြ။
စံနှုန်းကောင်းနဲ့ စည်းကမ်း၊ တာဝန်၊ စိတ်ဓာတ်၊
ဒေါ်စု ကိုင်စွဲတယ်။

“ရဲ … ဇွဲ … ဉာဏ် … စည်း …တာ၊
မကြောက်တရား တေးကဗျာ …
မီးလျှံထဲက ကြာ”

နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတချို့ထဲက “၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို လျစ်လျူရှုထား သရွေ့ မြန်မာ့နိုင်ငံရေးမှာ တိုးတက်မှု ရှိလာနိုင်မှာ မဟုတ်ဘူး။ နိုင်ငံရေးတိုးတက်မှု မရှိရင် နိုင်ငံလည်း တိုးတက်မှာ မဟုတ်ဘူး။ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ဘဲ နောက်ထပ် ရွေးကောက်ပွဲ အသစ် ထပ်လုပ်မှာကို လက်ခံနိုင်ဖွယ် မရှိဘူး” ဆိုတဲ့ အမှန်တရားတွေဟာလည်း ဒီကနေ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ အင်အားစုတွေ အလေးအနက်ထား စဉ်းစားဖို့အတွက် တပ်လှန့် နှိုးဆော် နေသလိုပါပဲ။

ကျနော်တို့အားလုံးရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၆၅) နှစ်မွေးနေ့မှသည် နှစ် (၁၂၀) တိုင် ကျန်းကျန်းမာမာနဲ့ တိုင်းပြည်နဲ့ လူထုအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုး နိုင်ပါစေသတည်း။ ။

Ref: ခေတ်ပြိုင်

Read More...

အစိုးရနှင့် ကြံ့ဖွံ့ ပါတီ ကင်းရှင်းရန် တရားဝင် တောင်းဆို

နရီလင်းလက်
Thursday, June 17, 2010

စစ်အစိုးရနှင့် ဝန်ကြီးများ ဦးဆောင်နေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အကြား ကင်းရှင်းမှု ရှိသင့်ပြီ ဖြစ်ကြောင်း နိုင်ငံရေး ပါတီတခုက တရားဝင် ကြေညာချက် ထုတ်ပြန်၍ တောင်းဆို လိုက်ကြောင်း သိရသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က အချက် ၆ ချက်ပါ ကြေညာချက်ကို ယနေ့ ထုတ်ပြန်ရာတွင် ထည့်သွင်း တောင်းဆိုထားခြင်း ဖြစ်ပြီး မှတ်ပုံတင်ပြီး ပါတီ တရပ်အနေဖြင့် ပထမဆုံးအကြိမ် တရားဝင် တောင်းဆိုခြင်း ဖြစ်ကြောင်း UDP ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက ဆိုသည်။

“တိုင်းမှူးတွေက ၀န်ကြီးတွေ ခရီးစဉ်မှာ လိုက်နေရတာ။ တိုင်းမှူးဆိုတာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရဲ့ တိုင်းမှူးတွေလေ။ ဒါ အရှင်းဆုံးပြောရရင် စစ်တပ်နဲ့ လိုက်ပါပြီး စည်းရုံးရေး လုပ်နေတဲ့ သဘော။ ဒီလိုရောထွေးနေတဲ့ အခြေအနေ အတွက် ခွဲခွဲခြားခြားဖြစ်ဖို့ ကြေညာချက် ထုတ်လိုက်တာ”ဟု ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။

တောင်းဆိုထားသည့် တခြားအချက်များမှာ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန် နိုင်ငံရေးအကျဉ်းသားများကို အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် တရပ် ထုတ်ပေးရန်၊ သတင်း မီဒီယာကို လွတ်လပ်ခွင့်ပြုရန်၊ ရွေးကောက်ပွဲ စတင်ကျင်းပမည့် ရက်ကို အမြန်ဆုံး ထုတ်ပြန် ကြေညာပေးရန်၊ လွှတ်တော် ကိုယ်စားလှယ် လောင်းများအတွက် မှတ်ပုံတင်ကြေး ကျပ် ၅ သိန်းမှာ များပြားလွန်းသဖြင့် ထိုက်သင့်သော ထောက်ပံ့ကြေး ပေးရေး ဥပဒေတရပ် ပြဌာန်းပေးရန် စသည်တို့ ပါဝင်သည်။

USDP နှင့် ပတ်သက်၍ တောင်းဆိုရာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ စစ်အစိုးရ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့)နှင့် USDP တို့ အကြား စနစ်တကျ စည်းခြားပေးရန် ဟူ၍ ဖြစ်သည်။

“ကြံ့ဖွံ့ အသင်းမှာ နယက က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်သလို ကြံ့ဖွံ့ အသင်းမှာ ရှိခဲ့တာကလည်း နိုင်ငံဝန်ထမ်းတွေ။ ဒီတော့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေအရဆို ၀န်ထမ်းတွေကို ခေါ်ယူသုံးစွဲလို့ မရဘူးဆိုတဲ့ အချက်တွေ ရှိတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကလည်း“သံအမတ်တွေနဲ့ ပါတီတွေ တွေ့တဲ့ ပွဲတခုမှာ သူတို့ (ကြံ့ဖွံ့ပါတီ) က ကြံ့ဖွံ့ အသင်းကနေ ဆင်းသက် လာတာ။ ကြံ့ဖွံ့ အသင်းရှိသလို ကြံ့ဖွံ့ ပါတီကလည်း ရှိနေမယ်။ လုပ်ငန်းအရတော့ အသင်းနဲ့ ပါတီက မရောပါဘူးဆိုပြီး ပြောခဲ့တယ်” ဟု ပြောကြားသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေက “ကြံ့ဖွံ့ အနေနဲ့ ပါတီထောင်တာကို ကြိုဆိုတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ အညီတော့ ထောင်ပေါ့။ ကြံ့ဖွံ့ အသင်းအနေနဲ့က ပြဌာန်းထားတဲ့ ဥပဒေတွေ အောက်မှာရှိတဲ့ လူမှုရေး အသင်းအဖွဲ့ စည်းမျဉ်း စည်းကမ်းရဲ့ အောက်မှာနေပါ။ ခုအချိန်မှာ ဘယ်ဟာက အသင်းပါ၊ ဘယ်ဟာက ပါတီပါလို့ ပြောလို့ မရသေးဘူး ဖြစ်နေ တယ်”ဟု ဆိုသည်။

လက်ရှိ စစ်အစိုးရ လက်အောက်တွင် ပါတီများ စတင် ဖွဲ့စည်းစဉ်ကတည်းက အခက်အခဲ၊ အကျပ်အတည်းများကို ထည့်သွင်း စဉ်းစားထားပြီး ဖြစ်ကြောင်း ဦးနေမျိုးဝေက ဆက်လက်ပြောကြားသည်။

ယနေ့အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျသဖြင့် လျှောက်ထားသည့် ပါတီ ၃၄ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

(၅) သိန်းတန် ကတ်ဖုန်း အလုံးရေ (၁) သိန်း နေ့ချင်းပြီး လျှောက်ထားရယူနိုင်

အောင်ထက် / ၁၇ ဇွန် ၂၀၁၀

800 MHz အမျိုးအစား (၅) သိန်းတန် ကတ်ဖုန်း အလုံးရေ (၁) သိန်းကို လာမည့် ဇွန် (၂၁) ရက်မှ စတင်၍ ရန်ကုန် တမြို့လုံးသို့ အငှား ချထားပေးမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါဌာနမှ အကြီးတန်းအရာရှိတဦးက “ဓာတ်ပုံ (၃) ပုံ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စု စာရင်းမိတ္တူ၊ ဆက်သွယ်ရေးသို့ ပေးသွင်းရန် ကျပ် (၅) သိန်း၊ သုံးစွဲလိုတဲ့ ယူနစ်ကတ်တန်ဖိုး (၁၀,၀၀၀၊ ၃၀,၀၀၀၊ ၅၀,၀၀၀ ကျပ်) ဒါတွေ လိုအပ်ပါတယ်” ဟု ပြောသည်။

လျှောက်လွှာများကို ဗဟိုစာတိုက်ကြီး၊ ပန်းဆိုးတန်း ကြိုးမဲ့ကြေးနန်းရုံး အပါအ၀င် စာတိုက် (၄) ခုနှင့် လမ်း (၄၀) မြန်မာ့ ဆက်သွယ်ရေးတို့တွင် လက်ခံပြီး တယ်လီဖုန်းငှားရမ်း သုံးစွဲခွင့်ကို နေ့ချင်းပြီး လျှောက်ထား ရယူနိုင်သည်ဟု သိရသည်။

အဆိုပါ (၅) သိန်းတန် MPT ကတ်ဖုန်းသည် သတ်မှတ်မြို့နယ်အတွင်း အထိုင်ဖုန်းအဖြစ် အငှား ချထားပေးသော်လည်း မြို့နယ် အတော်များများသို့ နယ်ကျော် သယ်ဆောင်ကာ ဆက်သွယ် သုံးစွဲ၍ ရသည်ဟု အချို့က ဆိုသည်။

ထိုဖုန်းရရှိထားသူတဦးက “မယက က တဆင့်လျှောက်တာ။ တလကျော်အကြာ တယ်လီဖုန်းရရှိကြောင်း အကြောင်းကြားတယ်။ ဒါနဲ့ လမ်း (၄၀) ရုံးမှာ အချက်အလက်ဖြည့်၊ ဖုန်းပိုင်ဆိုင်ခွင့် ပရီမီယံ စာချုပ်၊ ဘဏ် (၂) မှာ ငွေသွင်း၊ လမ်း (၄၀) ရုံးမှာ ချလန်ပြန်ယူ၊ ပန်းဆိုးတန်း ကြေးနန်းရုံးမှာ MPT ကတ် သွားထုတ်ရတယ်” ဟု ရှင်းပြသည်။

သို့သော် မယက၊ ရယက တို့မှတဆင့် လျှောက်လွှာခေါ်ယူခြင်းကို ဆိုင်းငံ့လိုက်သည်မှာ (၃) လခန့် ရှိနေပြီဖြစ်ကြောင်း၊ မည်သည့် အတွက်ကြောင့် ဆိုင်းငံ့သည်ကို မသိရကြောင်း ဆက်သွယ်ရေးမှ စုံစမ်းသိရသည်။

တယ်လီဖုန်းအရောင်းအ၀ယ် ပွဲစားတဦးကမူ “အရောင်းအ၀ယ်က ခုထိ ရှိနေပါတယ်။ လတ်တလော အမြတ် (၅) သောင်းခွဲ ပေးပါတယ်။ ဖုန်းအလုံးရေ (၁၀) သိန်း ခုလို နေ့ချင်းပြီး ချပေးမယ်ဆိုရင်တော့ အမြတ်ပေးဝယ်နေရတဲ့ အခြေအနေ ရပ်ဆိုင်းသွားနိုင်ပါတယ်” ဟု ပြောသည်။

(၅) သိန်းတန်ဖုန်းသည် တန်ဖိုးနည်းပေးသွင်းငွေနှင့် ဆက်သွယ်အသုံးပြု၍ ရရှိနေခြင်းကြောင့် လတ်တလော လူကြိုက်များလျက် ရှိသည်။

အက်ဖ်အီးစီ (၂၀) တန်၊ (၅၀) တန်နှင့် ယခုကဲ့သို့ 800 MHz ဖုန်းဝန်ဆောင်မှုအရပ်ရပ်ကို E Lite Tech ကုမ္ပဏီနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့မှ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်သည်။

“(၅) သိန်းတန် ကတ်ဖုန်းတွေကို ရန်ကုန်တမြို့လုံး သယ်ဆောင်နိုင်ပြီး နယ်မြေအကန့်အသတ်မရှိ သုံးစွဲလို့ရအောင် ဆောင်ရွက် နေပါတယ်။ မကြာခင် အဆင်ပြေတော့မှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေး တာဝန်ရှိသူတဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်စုကို ဖမ်းဆီးထား၍ စစ်အစိုးရကို ကုလလုပ်ငန်းအဖွဲ့ ရှုတ်ချ

ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၀၅ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာစစ်အစိုးရက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီး ထားခြင်းသည် တရား မဝင်ကြောင်းနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့က ရှုတ်ချလိုက်သည်။

လာမည့် ၁၉ ရက်နေ့တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့မတိုင်မီတွင် ရုရှား အပါအဝင် ငါးနိုင်ငံ ပါဝင်သော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ လက်အောက်ခံ အဖွဲ့ဖြစ်သော ဆွစ်ဇာလန် အခြေစိုက် ကုလသမဂ္ဂ လုပ်ငန်းအဖွဲ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွတ်လပ်ခွင့်ကို ဆက်လက် ငြင်းပယ်နေတာဖြစ်ပြီး ဒါဟာ ကုသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပုဒ် ၉၊ ၁ဝ၊ ၁၉ နဲ့ ၂ဝ တို့ကို ချိုးဖောက်နေတာပါ” ဟု ကုလလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်က ပြောသည်။

လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခု ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် ကုလညီလာခံကြီးမှ အတည်ပြုခဲ့ပြီး အစိုးရများ အနေဖြင့် ဥပဒေနှင့် မညီဘဲ မည်သူ့ကိုမျှ ဖမ်းဆီးခြင်း မပြုရန်၊ လွတ်လပ်သည့် တရားရုံးများဖြင့်သာ တရားစီရင်ရမည်ဖြစ်ပြီး လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် စုဝေး ဖွဲ့စည်းခွင့်တို့ကို အာမခံရန် ပါရှိသည်။

လုပ်ငန်းအဖွဲ့က ” ဘာကြောင့် အဖမ်းခံရတယ်ဆိုတာကို သူမကို မပြောဘူး၊ ထိရောက်တဲ့ ဖြေရှင်းခွင့်မပေးဘူး၊ မှတ်တမ်းတွေလည်း မပေးအပ် သလို သူမအခွင့်အရေး ကိုလည်း အသိမပေးဘူး။ ပြင်ပကမ္ဘာနဲ့ ဆက်ဆံခွင့်မပြုသလို သူမရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထိန်းသိမ်း ခံနေရတာလည်း ဖြစ်တယ်” ဟု ဖော်ပြထားသည်။

၂ဝ၁ဝ ခုနှစ်အတွင်း ကုလလက်အောက်ခံ အဖွဲ့အစည်းတခု၏ မြန်မာစစ်အစိုးရအပေါ် အပြင်းထန်ဆုံးသော ရှုတ်ချ ပြောဆိုမှုလည်း ဖြစ်ကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအပေါ် ဖိအားတခု ဖြစ်စေသည်ဟု ဝေဖန်သူများက ပြောသည်။

စက်တင်ဘာလ ၂ဝ၁ဝ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် လက်ရှိ ကုလလုပ်ငန်းအဖွဲ့တွင် ရုရှား၊ ဆီနီဂေါ၊ ပါကစ္စတန်၊ ချီလီနှင့် နော်ဝေနိုင်ငံမှ ဥပဒေ ကျွမ်းကျင်သူများ ပါဝင်သည်။

နေအိမ်အတွင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ခိုးဝင်ခြင်းကို ဧည့်ခံမှုဖြင့် မြန်မာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်သည် ၁၈ လ နေအိမ်တွင် ချုပ်နှောင်ထားရန် အပြစ်ပေးခံထားရသည်။

မြန်မာစစ်အစိုးရသည် ပျက်ပြယ်သွားပြီးဖြစ်သော ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုးကားကာ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ် ပေးခဲ့ခြင်းအတွက် တရားမဝင်ကြောင်းနှင့် အမြန်ဆုံးလွှတ်ပေးရန် ကုလလုပ်ငန်းအဖွဲ့က ပြောသည်။

မွေးနေ့ရှင်မပါသော မွေးနေ့အတွက် သူမကို ထောက်ခံသူများက ပြည်တွင်းပြည်ပတွင် အထိမ်းအမှတ် သစ်ပင်စိုက် လှုပ်ရှားမှုများ၊ “ပြည်သူ့ ရွေးကောက်ပွဲ” အမည်ရှိ “ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု” များ ပြုလုပ်နေကြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များက တိုင်းနှင့် ပြည်နယ် ၁၃ခု၌ တမြို့နယ်လျှင် သစ်ပင် ၆၆ ပင်ကျ စုစုပေါင်း ၁ သောင်းကျော်ကို စိုက်ပျိုးပြီးဖြစ်ကြောင်း အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက ပြောသည်။

အလားတူပင် တပ်ပေါင်းစုများ အပါအဝင် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးအဖွဲ့ ၁ဝ ဖွဲ့ ပူးပေါင်း၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သတင်းစာ ရှင်းလင်းပွဲတခု ယနေ့ ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရန် ထပ်မံ တောင်းဆိုလိုက်ကြသည်။

၁ဝ ဖွဲ့ပေါင်းအုပ်စုက “ပြည်သူ့ရွေးကောက်ပွဲ” များ ၁၄ နိုင်ငံတွင် မဲကောက်ခံမှုများကို ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မတိုင်မီ အဆုံးသတ်လိုက်ကြသည်။

”ပြည်သူ့ရွေးကောက်ပွဲ” ဆိုသည်မှာ ဆန္ဒမဲ ပို့စ်ကဒ်ပြားတွင် ဖော်ပြထားသော ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့အနက် နှစ်သက်ရာကို မဲထဲ့ခိုင်းခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုသာ ရွေးချယ်ထားကြသော ဆန္ဒမဲပြားပေါင်း ၃၉ဝဝဝ ကျော်ကို သီတင်းပတ် နှစ်ပတ်ကျော်အတွင်း ကောက်ခံရရှိထားပြီး ဖြစ်ကြောင်း ၁ဝ ဖွဲ့ပေါင်းအုပ်စု နိုင်ငံခြားရေး တာဝန်ခံ ဦးသွင်လင်းအောင်က ပြောသည်။

Ref: မဇ္ဈိမ

Read More...

စစ်ရဟတ်ယာဉ်ပျက်ကျ ၄ ဦးသေ

ကျော်ခ
ကြာသပတေးနေ့၊ ဇွန်လ ၁၇ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်ဘက်ရဟတ်ယာဉ်တစီး ယမန်နေ့က ရှမ်းပြည်နယ်အတွင်း ပျက်ကျ၍ အရာရှိများ အပါအဝင် စစ်သား ၄ ဦး သေဆုံးပြီး ၁ ဦးပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

အမ်အိုင်-၂ အမျိုးအစား ရဟတ်ယာဉ်သည် ရှမ်းပြည်နယ် ပင်းတယမြို့ပြင်တွင် ဗုဒ္ဓဟူးနေ့လည်က တောင်ကို ဝင်တိုက်မိရာမှ ပျက်ကျမှုဖြစ်ကာ လိုက်ပါသွားသော ဗိုလ်မှူးကျော်ကျော်ဝင်း၊ ဗိုလ်ကြီး အဆင့်ရှိသူ နှစ်ဦးနှင့် တပ်ကြပ် တဦးတို့ သေဆုံးသွားပြီး ဗိုလ်အဆင့်ရှိသူ တဦး ဒဏ်ရာပြင်းထန်စွာ ရ၍ အောင်ပန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း လေတပ် သတင်းရပ်ကွက်က မဇ္ဈိမသို့ ပြောသည်။

ဗိုလ်မှူးကျော်ကျော်ဝင်းမှာ နမ့်ဆန်လေတပ်စခန်းတွင် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။

လေ့ကျင့်ရေးလုပ်နေချိန်တွင် ရာသီဥတုဆိုးဝါးမှုကြောင့် တောင်ကိုဝင်တိုက်ခြင်း ဖြစ်သည်ဟု ရဲဘက်သတင်း ရပ်ကွက်တခုကလည်း ပြောသည်။

ပျက်ကျသွားသော ရဟတ်ယာဉ်သည် မိတ္တီလာလေတပ်စခန်းမှ ဇွန် ၁၅ ရက်နေ့တွင် ပျံသန်းလာပြီး နမ့်ဆန် လေတပ် စခန်းတွင် တည အိပ်ခဲ့သည်။ နောက်တရက်တွင် အခြား ရဟတ်ယာဉ် တစီးနှင့်အတူ ပျံတက်သွားခဲ့ရာက တစင်းပျက်ကျခြင်း ဖြစ်သည်ဟု လေတပ် သတင်းရပ်ကွက်က ပြောသည်။

မြန်မာလေတပ်သည် Mil Mi-2 အမျိုးအစား ရဟတ်ယာဉ်သေး ၂၂ စီးကို ပိုလန်နိုင်ငံမှ ၁၉၉ဝ- ၁၉၉၂ ခုနှစ်အတွင်း ဝယ်ယူခဲ့သည်။

ယခုနှစ်ဆန်းပိုင်းက တရုတ်ထုတ် အက်ဖ်-၇ အမျိုးအစား တိုက်လေယာဉ်တစီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် ပျက်ကျရာ မောင်းသူ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်သာ အမျိုးသားပြဿနာကို ဖြေရှင်းနိုင်သူဖြစ်

မြတ်ခိုင်ဦး / ၁၇ ဇွန် ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည်သာလျှင် တိုင်းပြည်၏ အမျိုးသားရေး၊ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည့် ယနေ့ ကာလ၏ တဦးတည်းသော အမျိုးသား ခေါင်းဆောင်ဖြစ်ကြောင်း ဖယ်ခုံမြို့နယ် အမတ် ခွန်မားကိုဘန်းက ယနေ့ကျင်းပသော ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့ အကြို အခမ်းအနားတွင် ထုတ်ဖော် ပြောကြားလိုက်သည်။

ကယားပြည်နယ်ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်း အစိုးရ ဖက်ဒရယ် ရေးရာဝန်ကြီး ကယား အမျိုးသား ခွန်မားကိုဘန်းက “မြန်မာပြည်မှာ အဓိက လူမျိုးကြီး တိုင်းရင်းသား (၈) မျိုးရှိတယ်။ ဒီလူတွေ အကုန်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်။ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ခေါင်းဆောင်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီရေး ခေါင်းဆောင်ဖြစ်တယ်။ သူတို့ရဲ့ ပွင့်လင်း ရိုးသားမှုကြောင့် အမျိုးသား ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုတာဖြစ်တယ်” ဟု ပြောဆိုသည်။

ဇွန် (၁၉) ရက်တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ အသင်း ခန်းမ၌ကျင်းပရာ ထိုင်းနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး ရွန်ဟက် (ဖ်) မန်း အပါအဝင်၊ အမေရိကန်နှင့် ချက်(ဗ်) သံရုံးတို့မှ သံအရာရှိများ၊ ဒီမိုကရေစီနှင့် အမျိုးသားရေး တပ်ပေါင်းစု (၁၀) ဖွဲ့မှ ခေါင်းဆောင်များ၊ ထိုင်းနိုင်ငံ အထက်လွှတ်တော်နှင့် မြန်မာ့ရေးရာ အရှေ့တောင် အာရှ လွှတ်တော် အမတ်များ ဥက္ကဋ္ဌ ခရိုင်ဆတ်ချွန်ဟာဗန်တို့ တက်ရောက်ကြသည်။

အခမ်းအနားတက်ရောက်သည့် ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကလည်း “သူမဟာ အိမ်အကျယ်ချုပ် ကျနေပေမယ့် လူတွေကတော့ သူမမွေးနေ့ကို ကျင်းပနေကြတယ်။ သူမရဲ့သဘောထား အမြင်အားလုံးဟာ မြန်မာပြည်သူတွေကို ကိုယ်စား ပြုနေတာပဲဖြစ်တယ်။ ကျမတို့အားလုံး လိုလားတာကတော့ မြန်မာပြည်သူတွေဟာ သူတို့ နှစ်သက်တဲ့သူကို ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲပဲ လိုလားပါတယ်” ဟု မွေးနေ့ဆုတောင်းတွင် ထည့်သွင်း ပြောကြားသွားသည်။

ကနေဒါသံအမတ်ကြီးနှင့် အမေရိကန်၊ ချက်(ဗ်) သံရုံးတို့မှ ဆုတောင်းစကားများ ပြောကြားပြီးနောက် ခရိုင်ဆတ်ချွန်ဟာဗန်က အရှေ့တောင်အာရှ အမတ်များ၏ ဒေါ်အောင်ဆန်းစု ကြည်မွေးနေ့ ဆုတောင်း သဝဏ်လွှာများကို စုစည်းတင်ပြသည်။

၎င်းက “ကျနော်တို့ဟာ ဒီလိုမွေးနေ့ပေါင်းများစွာကို သူမ မပါဘဲ၊ သူမကို လက်ဆွဲနှုတ်ဆက်ခွင့် မရဘဲ ကြိမ်ဖန်များစွာ ကျင်းပ ခဲ့ရပါတယ်။ ဒါဟာ အလွန့်အလွန်ကို ဝမ်းနည်းကြေကွဲစရာ ကောင်းပါတယ်။ ဒီကနေ့ဆိုရင် ကျနော်တို့ ထိုင်းနိုင်ငံထဲမှာ မြန်မာပြည်သားတွေ အများကြီး ရှိပါတယ်။ သူတို့ဟာ ဒီလိုနေခွင့်ရရုံမက အလုပ်လုပ်ကိုင်ခွင့်၊ လူ့အခွင့်အရေးနဲ့ ပညာသင်ကြားခွင့်တွေလည်း ပိုမိုရရှိသင့်ပါတယ်” ဟုလည်း ထည့်သွင်း ပြောကြားသွားသည်။

ထို့နောက် အခမ်းအနားတွင် မေလ (၂၇) ရက်နေ့မှစတင်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြုလုပ်ခဲ့သည့် “လူထုရွေးကောက်ပွဲနှင့် စစ်တပ်မှ ရွေးချယ်ပွဲ” ဟုဆိုသော ရွေးကောက်ပွဲအပေါ် သဘောထားရလဒ်အား တပ်ပေါင်းစု ကိုယ်စားလှယ်နှစ်ဦးက ရှင်းလင်းတင်ပြရာ နိုင်ငံပေါင်း (၁၃) နိုင်ငံ၌ လူပေါင်း (၃၉,၀၀၀) ကျော်က ပါဝင်ဆန္ဒပြု ထုတ်ဖော်ကြောင်း သိရသည်။

ညနေပိုင်းတွင် “မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ၏ အသံများ” ဆိုသည့် မြန်မာ အမျိုးသမီးများ၏ ရင်တွင်း ခံစားချက်များကို တင်ပြထားသည့် စာညွှန်းနှင့် ဝတ္ထုတိုပေါင်း (၁၁၁) ပုဒ်ပါဝင်သည့် စာအုပ်ကို မွေးနေ့အထိမ်းအမှတ် အဖြစ် အာဆီယံ စင်ပြိုင် (Altsean) အဖွဲ့ကြီးက ထုတ်ဝေလိုက်သည်။

အဆိုပါစာအုပ်သည် ရေခြားမြေခြားအပါအဝင် ယနေ့မြန်မာအမျိုးသမီးထု တရပ်လုံးခံစားနေရသည့် အရေး အရာများကို ထင်ဟပ် ဖော်ပြထားပြီး “သမီးရဲ့မိဘနှစ်ပါးက သမီးကို ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့ကြပါတယ်။ သမီးမှာ အစ်ကိုနှစ်ယောက်လည်း ရှိပါတယ်။ သူတို့ကိုလည်း ထိုင်းနိုင်ငံမှာပဲ မွေးဖွား ခဲ့ကြတာပါ။ ဒါပေမယ့် သမီးတို့က ထိုင်းလူမျိုးတော့ မဟုတ်ကြပါဘူး။ မြန်မာနိုင်ငံက လာတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်ပါတယ်” စသော သန့်ရှင်း ပွင့်လင်းမှုများဖြင့် ရေးဖွဲ့ထားသော အမျိုးသမီးများ၏ အသံကို ကိုယ်စားပြုကြောင်း တွေ့ရှိရသည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်ပေးဖို့ ကင်တားနား တောင်းဆို

ဦးသားညွန့်ဦး
ကြာသပတေး, 17 ဇွန် 2010

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာဟာ ဥပဒေမဲ့ မတရား ဆောင်ရွက်ချက် ဖြစ်တယ် ဆိုပြီး ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းမှုဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့က အမြင်သဘောထား ထုတ်ပြန် လိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေး ပဋိညာဉ် စာတမ်းပါ အချက်အလက်တွေ၊ အခြေခံမူတွေကို လေးစား လိုက်နာဖို့ကိုလည်း ဒီအဖွဲ့က တောင်းဆို ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနား (Mr. Tomas Ojea Quintana) က ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဒီတောင်းဆိုချက် အပေါ် မြန်မာအစိုးရက လေးစား လိုက်နာဖို့ ထပ်မံ တောင်းဆို လိုက်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ၆၅ နှစ်ပြည့် မွေးနေ့ ကျရောက်ခါနီးပြီမို့ သူမ လွတ်မြောက်ရေး အတွက် နိုင်ငံတကာ တိုက်တွန်း တောင်းဆိုမှုတွေ ပိုပြီး ကျယ်လောင်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကိစ္စဟာ မြန်မာ့နိုင်ငံရေး အခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ တိုးတက်စေဖို့ အတွက် ကနဦးခြေလှမ်း ဖြစ်တယ်လို့ မစ္စတာကင်တာနား အနေနဲ့ အရင်ကတည်းက ထုတ်ဖော် ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ အနေနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ တရပ်ထားပြီး စစ်ဆေးဖို့လည်း ပန်ကြားထားသူပါ။ အခုလည်း ကုလသမဂ္ဂရဲ့ အလုပ်အဖွဲ့ အကြံပြုချက်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်း သွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရတာပါ။ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ဆန့်ကျင် ချိုးဖောက်တာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြည်တွင်း ဥပဒေနဲ့လည်း မကိုက်ညီပါဘူး။ ဒါကြောင့် သူမကို ချက်ချင်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကို ကျနော့်အနေနဲ့ရော၊ အခု ဒီ ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းမှု ဆိုင်ရာ အလုပ်အဖွဲ့ကပါ နှစ်ပေါင်းများစွာ ကတည်းက တောင်းဆိုခဲ့တာပါ။”

ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့ အနေနဲ့ အခုလို သဘောထား အမြင်ကို ထုတ်ပြန်ရာမှာ နိုင်ငံတကာရော၊ ပြည်တွင်း ဥပဒေတွေကိုပါ လေ့လာပြီးမှ အကြံပြုချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ အခုလို အကြံပြုချက်ကို လေးစားလိုက်နာဖို့ တာဝန်ရှိတယ်လို့လည်း မစ္စတာ ကင်တာနားက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ Freedom Now အဖွဲ့က ဂျဲရက်ဒ် ဂျန်ဆာ (Jared Genser) ကတော့ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာမှု ရှိမရှိ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထားခြင်းက သက်သေပါပဲလို့ ဗွီအိုအေကို ပြောပါတယ်။

“ဥပဒေမဲ့ ဖမ်းဆီးမှုဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့ အနေနဲ့ အခုလို ဖမ်းဆီးမှုဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးလို့ ပြောတာ အခုဆို ၆ ကြိမ် ရှိပါပြီ။ မြန်မာအစိုးရ အနေနဲ့ကတော့ မကြာခင်က နျူကလီယားကိစ္စနဲ့ ပတ်သက်လို့ ငြင်းချက်ထုတ်တဲ့ နေရာမှာ ကုလသမဂ္ဂ ကြေညာ စာတမ်းတွေကို သူတို့အနေနဲ့ လိုက်နာတယ်ဆိုပြီး ပြောနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အခုချက်ချင်း လွှတ်ပေးမယ် ဆိုရင်တော့ ဟုတ်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့လို့ ဖမ်းထားဦးမယ် ဆိုရင်တော့ ဒီလိုပြောတာ မမှန်ပါဘူး။”

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အကြံပြုထားတဲ့ ဒီအလုပ်အဖွဲ့ဟာ သူတို့ရဲ့ သဘောထား အမြင်ကို ထုတ်ပြန်တဲ့ သဘောသာဖြစ်ပြီး တဘက်မှာ မြန်မာအစိုးရ မဖြစ်ဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ သဘော လုပ်ပိုင်ခွင့် သူတို့မှာ မရှိပါဘူး။ ဒါကြောင့်လည်း အခု ၆ ကြိမ်မြောက် အကြံပြုတဲ့အထိ မြန်မာအစိုးရဘက်က အပြုသဘော တုံ့ပြန်ပါ့မလား စဉ်းစားစရာပါ။ ဒါကြောင့်လည်း မစ္စတာကင်တာနားကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အခုလို လူ့အခွင့်အရေး ကိစ္စတွေမှာ ကုလသမဂ္ဂက အရေးယူ ကိုင်တွယ်နိုင်တဲ့အထိ လုပ်ပိုင်ခွင့်တွေ ရှိလာဖို့ လိုမယ်လို့ ယူဆပါတယ်။

“အလုပ်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့်ထဲမှာ အရေးယူ ကိုင်တွယ်တာမျိုး မရှိပါဘူး။ ဒါကြောင့်လည်း အစိုးရဘက်က အလုပ်အဖွဲ့ရဲ့ အခုလို အကြံပြုချက်ကို လိုက်လျောမှု မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။

“ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာလာအောင် ဘယ်လို ဖျောင်းဖျ ပြောမလဲဆိုတာ လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ သူတို့လုပ်ပိုင်ခွင့်တွေ ခိုင်မာလာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ဆုံးဖြတ် သင့်ပါတယ်။ ဒါကြောင့် ဘာမှ အရေးယူနိုင်တဲ့ လုပ်ပိုင်ခွင့် မရှိရင်တော့ အလုပ်အဖွဲ့ရဲ့ အကြံပြုချက်တွေကို အစိုးရတွေက လေးစားလိုက်နာမှာ မဟုတ်ပါဘူး။”

နိုင်ငံတကာမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေတဲ့ ဂျဲရက်ဒ် ဂျန်ဆာကတော့ သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အတွက် အခုလို ကုလသမဂ္ဂဘက်က နည်းလမ်းတွေ အပါအ၀င် ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေ အားလုံး အသုံးပြု သွားမယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် နိုင်ငံတကာက အလေးထားလာဖို့ ဖြစ်နိုင်သမျှ နည်းအားလုံးနဲ့ ကြိုးပမ်းသွားမှာပါ။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ်နဲ့ပဲ CSW ကမ္ဘာ့ ခရစ်ယာန်ဘာသာ သွေးစည်း ညီညွတ်ရေး အဖွဲ့ကလည်း မြန်မာနိုင်ငံတွင်းက လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကုလသမဂ္ဂ အနေနဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရကို နိုင်ငံတကာက လက်နက်ရောင်းချမှု ပိတ်ပင်ဖို့လည်း တိုက်တွန်း လိုက်ပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် (Kofi Annan)၊ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela)၊ အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter) အစရှိတဲ့ ကမ္ဘာ့ ၀ါရင့် ခေါင်းဆောင်ဟောင်း တွေကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကို မြန်မာအစိုးရကို ၀ိုင်းဝန်း ဖိအားပေးဖို့ တိုက်တွန်း သွားပါတယ်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘာ့ဂ် (Johannesburg) မှာလုပ်တဲ့ အဲဒီ ကမ္ဘာ့ ၀ါရင့် ခေါင်းဆောင်ဟောင်းတွေ အစည်းအဝေးမှာတော့ ဒေါ်အောင်ဆန်းစုကြည် နေရာအဖြစ် ခုံလွတ်တခုထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှတ်တရ ဂုဏ်ပြုခဲ့ကြပါတယ်။

Ref: VOA News

Read More...

နအဖ ဝန်ကြီး(၂)ဦး ကေအိုင်အိုနှင့် တွေ့ဆုံ

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၁၇ ရက်၊ ၂ဝ၁ဝ ခုနှစ်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊ အမှတ်(၁)စက်မှု ဝန်ကြီး ဦးအောင်သောင်း၊ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း တို့ ပါဝင်သည့် နအဖ ကိုယ်စားလှယ်အဖွဲ့ ဒီကနေ့တွင် တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ရောက်ရှိလာပြီး ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

နအဖကိုယ်စားလှယ်အဖွဲ့ လိုင်ဇာသို့ မရောက်လာခင် နံနက်ပိုင်းကတည်းက လုံခြုံရေးအဖြစ် နအဖ စစ်သားများ ကား (၃) စီးဖြင့် ကြိုတင် ရောက်ရှိပြီးနောက် နေ့လည် (၁၁) နာရီကျော်တွင် နအဖဝန်ကြီးနှင့် မခပတိုင်းမှူးတို့ လိုက် ပါလာသည့် ကား (၁၂) စီးပါ ယာဉ်တန်း တခု လိုင်ဇာဟော်တည်သို့ ရောက်ရှိလာကာ ကေအိုင်အို ခေါင်းဆောင် များနှင့် တွေ့ဆုံနေသည်ဟု လိုင်ဇာဒေသခံ တဦးက ယခုလို ပြောသည်။

“လုံခြုံရေးအနေနဲ့ ကား(၃)စီး၊ စစ်သားတွေချည်း မနက် (၈)နာရီကျော်လောက်ကို ရောက်လာတယ်၊ ခလရ(၁၄ ၂) ကတဲ့။ အယောက် (၁ဝဝ) ဝန်းကျင်လောက် ရှိမယ်။ (၁၁) နာရီ ကျော်ကျော်လောက်မှာ ကားငယ်တွေ ဝင်လာ တယ်၊ အဲဒီမှာ ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့၊ မပခတိုင်းမှူးတို့ ပါလာတယ်၊ လိုင်ဇာ ဟော်တည်မှာ ကေအိုင် အို ခေါင်းဆောင်တွေနဲ့ တွေ့နေကြတယ်။ နေ့လည် (၂) နာရီ လောက်အထိ ရှိသေးတယ်၊ ဆွေးနွေးနေကြ တုန်းဘဲ။ အဲဒီကနေ ထွက်မလာသေးဘူး။”

ကေအိုင်အိုအဖွဲ့သည် နယ်ခြားစောင့်တပ်အစား ကချင် လက်နက်ကိုင်တပ်ရင်းများအဖြစ် အသွင် ပြောင်းလိုကြောင်း ကေအိုင်အို ဘက်က တုန့်ပြန် ပြောဆိုပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖ အကြား မြစ်ကြီးနားမြို့တွင် တွေ့ဆုံ ဆွေးနွေးမှုများ ရှိလာခဲ့ရာမှ ကေအိုင်အို ဌာနချုပ်တွင် လိုင်ဇာတွင် လာရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်၊

ကေအိုင်အိုအဖွဲ့နှင့် နအဖအကြား ယနေ့တွေ့ဆုံမှုအပေါ် သိရှိရန် ကေအိုင်အိုအဖွဲ့မှ တာဝန်ရှိသူများထံ ဖုန်း ဆက်သွယ်မှု ပြုလုပ်သော်လည်း မရခဲ့ပါ။

Ref: သတင်းနှင့်မီဒီယာ ကွန်ယက်

Read More...

Thursday, June 17, 2010

NLD လူမှုရေးလုပ်ငန်း EU စူးစမ်း

ဦးဇော်ဝင်းလှိုင်
ကြာသပတေး, 17 ဇွန် 2010

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူမှုရေး လုပ်ငန်းတွေကို EU ဥရောပသမဂ္ဂက ကိုယ်စားလှယ်တွေ စူးစမ်း ခဲ့ပါတယ်။ ရန်ကုန်မှာရှိတဲ့ EU ကိုယ်စားလှယ်တွေနဲ့ ထိုင်းနိုင်ငံကနေ ရောက်လာကြတဲ့ EU ကိုယ်စားလှယ် ပေါင်းပြီး NLD အကြီးအကဲတွေကို ဒီကနေ့ နေ့လယ်ပိုင်းက ဂျာမနီသံရုံးမှာ တွေ့ဆုံခဲ့ကြတာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ တခြား ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၂ ယောက်ဖြစ်ကြတဲ့ ဦးဝင်းတင်နဲ့ ဦးဟံသာမြင့်တို့ ဒီကနေ့ နေ့လယ်ပိုင်းက ဂျာမဏီသံရုံးမှာ EU ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြတာပါ။ အခုလို တွေ့ဆုံတဲ့နေရာမှာ NLD က ရွေးကောက်ပွဲ ၀င်ရေး မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့ နောက်ပိုင်း လူမှုရေး လုပ်ငန်းတွေသာ ဦးစားပေး လုပ်ဆောင်မယ်လို့ ပြောထားတာကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး EU ကိုယ်စားလှယ်တွေက စူးစမ်း မေးမြန်း ခဲ့ကြတာပါ။ အဲဒီလို မေးမြန်းချက်တွေကို NLD ဘက်က ပြန်လည် ဖြေကြားခဲ့တာနဲ့ ပတ်သက်လို့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ပြန်ပြောပြပါတယ်။

“အဓိပ္ပာယ်ကတော့ဗျာ နိုင်ငံရေးပဲ လုပ်မယ်ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ လူမှုရေးနဲ့ ဆက်စပ်နေတဲ့ဟာပါပဲ။ အဲတော့ လူမှုရေး၊ နိုင်ငံရေး ဆိုတဲ့ သဘောပဲ။ ကျနော်တို့လည်း ဥပမာနဲ့ ပြောလိုက်တယ်။ သူတို့လည်း လက်ခံသွားပါတယ်။ အဲဒါ ဘာလဲဆိုတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဆုံးရှုံးတဲ့ ကိစ္စတွေ ပြောလာတာကို ကျနော်တို့က ဒါဟာ အရင် ဆောင်ရွက်ပေးတဲ့ ဟာတွေ အတိုင်းပဲ လှုပ်ရှား ဆောင်ရွက် သွားမယ်ဆိုတာ ရှိတယ်။ ပြီးတော့ ကလေးစစ်သား စုဆောင်းရေးနဲ့ ပတ်သက်တာ၊ အဲဒါလည်း လူမှုရေးပဲ၊ သို့သော် ဒါ နိုင်ငံရေး ပတ်သက်တယ်။ ပြီးတော့ အဓမ္မ လုပ်အားပေး ကိစ္စတွေနဲ့ ပတ်သက်တာ၊ အဲဒါလည်း လူမှုရေးပဲ၊ နိုင်ငံရေးပဲ။ ဒါတင်မကသေးဘူး လယ်ယာမြေတွေနဲ့ ပတ်သက်လို့ သိမ်းတာဆည်းတာ ဘာညာ အဲဒါတွေလည်း နိုင်ငံရေးပဲ။ အဲဒါတွေ ၀င်လုပ်မယ်။

“သူတို့ကမေးတယ်၊ ဒီဟာတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုတွေရဲ့ ယုံကြည် ထောက်ခံမှုက ရှိရဲ့လား၊ ရှိမှာလားဆိုတော့ ကျနော်တို့က လုံးဝ ယုံကြည်တယ်လို့ ပြောလိုက်တယ်။ ရှိတယ်၊ ဒါနဲ့ပတ်သက်လို့ အခုထက်ထိ လုပ်နေတာ ထိရောက်တယ်။ အဲဒါတွေ ကျနော်တို့ ပြောတယ်။ အခုလည်း လာလျက်၊ လုပ်လျက်၊ ကိုင်လျက်ပဲလို့။ ပြည်သူလူထုတွေရဲ့ ယုံကြည်မှု၊ အားကိုးမှုက တစက်ကလေးမှ မလျော့ဘူးဆိုတဲ့ အကြောင်းတွေလည်း နားလည်အောင် ပြောလိုက်တယ်။”

NLD ရဲ့ လုပ်ငန်းတွေကို EU ဘက်က ကူညီနိုင်အောင် လက်ရှိ လုပ်ကိုင်နေတဲ့ လုပ်ငန်း အသေးစိတ်တွေကို ရှင်းလင်း ပြောပြခဲ့တယ်လို့ ဦးတင်ဦးက ဆက်ပြောပါတယ်။

“ဒါတွေကတော့ နိုင်ငံရေးနဲ့ ပတ်သက်တာ၊ ကျနော်တို့လုပ်တာနဲ့ ပတ်သက်လို့ ပြောတယ်လေ။ ဒါနဲ့ပတ်သက်လို့ ခင်ဗျားတို့ဘက်က နေပြီးတော့ ကူညီစရာရှိတာ၊ လုပ်ပေးစရာရှိတာ အားလုံးကို ကူညီထောက်ပံ့နိုင်အောင်၊ ကူညီနိုင်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ပါ။ ဒါတွေတော့ ပြောလိုက်တယ်ဗျ။ သူတို့ ဒါနဲ့ ပတ်သက်လို့ Facts Finding သဘောပဲပေါ့။ သူတို့ ဒါတွေ မှတ်သားတယ်၊ ပြောတယ်။ သူတို့ နားလည် လွယ်အောင်တော့ ကျနော်လည်း ပြောလိုက်တာပဲလေ။ အရှည်ကြီး၊ အများကြီး ပြောပါတယ်။”

ရွေးကောက်ပွဲမှာ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ပြီး နောက်ပိုင်း NLD ရဲ့ ရပ်တည်ချက်၊ ရည်းမှန်းချက်တွေနဲ့ ပတ်သက်လို့ မေးလာ တာတွေကိုလည်း အသေအချာ ပြန်လည်ရှင်းလင်း ပြောပြခဲ့တယ်လို့ ဦးတင်ဦးက ပြောပါတယ်။

“ကျနော် NLD နဲ့ ပတ်သက်တာ အခုလို ရွေးကောက်ပွဲ ဘာကြောင့် မ၀င်တာလဲပေါ့။ အဲဒါကို သူတို့က ခါတိုင်းမေးသလိုပဲ။ ကျနော်တို့ အားလုံးကလည်း အရှည်ကြီး ရှင်းပြရ တာပေါ့ဗျာ။ မ၀င်တဲ့အကြောင်းနဲ့ ပတ်သက်တာ အားလုံးကို အကုန် အဓိက ရှင်းပြတယ်။ နောက်ဆက်တွဲ မေးတာက ရှေ့ဆက်ပြီး NLD နဲ့ ပတ်သက်ပြီးတော့ ရပ်တည်သွားဖို့ဟာအတွက် ဘယ်လိုလုပ် ရပ်တည်မလဲ။ ဒါတွေလည်း ခါတိုင်း ရှင်းပြသလိုပဲ ကျနော်တို့ ရပ်တည်နိုင်မယ့် နည်းလမ်းတွေ အကုန်လုံး ရှင်းပြပါတယ်။ NLD ဘယ်လောက်ပဲ သူတို့က မရှိဘူးပြောပေမဲ့ ကျနော်တို့ကတော့ NLD ရှိတယ်ပေါ့၊ ဒါပေါ့။

“ရှိတဲ့အကြောင်းကလည်း အရင်တုန်းက ရွေးကောက်ပွဲတွေမှာ အရွေးခံရတာက စပြီးတော့ ကျနော်တို့ အခိုင်အမာ ရပ်တည်ပြီး လုပ်ခဲ့တာတွေ အားလုံးအပြင် တွေ့ကြုံခဲ့ရတာတွေ အားလုံး၊ အကျပ်အတည်းတွေ အားလုံး အဲဒါတွေ ကျနော်တို့ ကျော်လွှား လာခဲ့ပြီးတော့ ကြိုးစားပြီး လာခဲ့တာပဲ။ NLD ရွေးကောက်ပွဲ မ၀င်တာနဲ့ ပတ်သက်ပြီး တရားမျှတမှု မရှိတာတွေ ဘာတွေ အားလုံးပေါ့ဗျာ၊ ဒါတွေ အကျဉ်း ကျနော်တို့ ထပ်ပြောလိုက်တယ်။ ဒါတွေ အပေါ်မှာတော့ သူတို့ သဘောပေါက်တယ်။ သူတို့ ဒါ နားလည်တဲ့သဘော ရှိတယ်ပေါ့။”

EU ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖို့အတွက် NLD က ကိုယ်စားလှယ် ၅ ယောက်ကို ဖိတ်ကြားခဲ့ပေမဲ့ ၃ ယောက်သာ သွားရောက် တွေ့ဆုံ နိုင်ကြတယ်လို့ ဦးတင်ဦးက ပြောပါတယ်။

EU ဘက်ကတော့ အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံတဲ့ ဂျာမဏီသံရုံး အရာရှိတွေအပြင် ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ဒိန်းမတ်၊ ဖင်လန်၊ နယ်သာလန်၊ ချက်သမ္မတနိုင်ငံနဲ့ သြစတြီးယား အစရှိတဲ့ နိုင်ငံတွေက ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ ဂျာမဏီနိုင်ငံဟာ ဌာနေ EU သံရုံးတွေရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာမို့ ဂျာမနီသံရုံးမှာပဲ တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။

Ref: VOA News

Read More...

‘၀’ဒီမိုကရက်တစ်ပါတီ လူထုအတွက်မဟုတ်ဟု သြဇာရှိ ‘၀’ ခေါင်းဆောင် တဦးဝေဖန်

Wednesday, 16 June 2010

၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ၀ နိုင်ငံရေးပါတီ ၂ ခု အနက် ‘၀’ ဒီမိုကရက်တစ်ပါတီ WDP သည် ၀ လူထု အတွက် ရပ်တည်မည့် ပါတီမဟုတ်ကြောင်း ၀ အသိုင်းအ၀ိုင်းမှ သြဇာရှိသူ တဦးက ပြောကြားလိုက် ပါသည်။
“ကျနော်တို့ ၀ အမျိုးသားတွေရဲ့နာမည်ကို ပါတီနာမည် သုံးထားတဲ့ ပါတီ ၃ ခု ရှိတယ်။ ၀ ပြည်သွေးစည်းရေး ပါတီကတော့ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူး၊ ကျန် ၂ ပါတီထဲက တစ်ပါတီကတော့ ကြံ့ခိုင်ရေး အသင်းကနေ ဆင်းသက်လာလို့ ၀ လူထုအတွက် ရပ်တည်တဲ့ ပါတီ မဟုတ်ဘူး”- ဟု အမည်မဖေါ် လိုသည့် အထင်ကရ ၀ လူထု ခေါင်းဆောင်တဦးက ပြောပါသည်။

၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ ၀ နိုင်ငံရေးပါတီ ၃ ခုရှိသော်လည်း ဦးပေါက်ယူချမ်း ဦးဆောင်သည့် ၀ပြည် သွေးစည်းရေး ပါတီ UWSP က ရွေးကောက်ဝင်မည် မဟုတ်သဖြင့်၊ မေလ အတွင်း နအဖ ရွေးကောက်ပွဲကော်မ ရှင်ထံ ပါတီ မှတ်ပုံတင်ခွင့် ရထားသည့် ၀ နိုင်ငံရေး ပါတီ နှစ်ခုရှိသည်ဟု ၀ လူထု သတင်းရပ်ကွက်က ပြော၏။

၎င်းင်းတို့မှာ ၀ အမျိုးသား ညီညွတ်ရေးပါတီ Wa National Unity Party (WNUP) ) နှင့် ၀ ဒီမိုကရက်တစ် ပါတီ Wa Democratic Party (WDP) တို့ ဖြစ်ကြ၏။

“ Wa Democratic Party (WDP) က လူတွေဟာ မဆလ ခေတ်တုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ Burma Socialist Program Party (BSPP) က လူတွေဖြစ်တယ်။ သူတို့ဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်တယ်။ နောက်ပိုင်း ၁၉၉၃ မှာ ဖွဲ့စည်းတဲ့ ကြံ့ခိုင်ရေး အသင်းတွေမှာ လဲပါဝင်တယ်။ အဲဒါကြောင့် WDP က နအဖ စစ်အုပ်စု ကျောထောက်နောက်ခံ ပြုထားတဲ့ပါတီလို့ အခိုင်အမာ ပြောရဲတယ်”- ဟု အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် National Unity Party (NUP) တစညပါတီမှ တတိုင်းပြည်လုံး ၀င်ရောက်ယှဉ်ပြိုင်ရာ အမတ် ၁၀ နေရာ ရရှိသည့်အနက် သျှမ်းပြည်မြောက်ပိုင်း ဟိုပန် မဲဆန္ဒနယ် အမတ် ခွန်ထွန်းလူ (လက်ရှိ အသက် ၆၀ ကျော်) က အနိုင် ရရှိသည်။ ယခု ၀ ဒီမိုကရက်တစ် ပါတီ (WDP) ကိုလည်း အဆိုပါ ပုဂ္ဂိုလ်နှင့် မဆလ ပါတီဝင် ဟောင်းများဖြစ်သည့် ဦးဆိုင်ပေါင်းနပ် နှင့် ဦးစိန္တာတို့ ဦးဆောင်သည်ဟု အဆိုပါ ၀ ခေါင်းဆောင်က ဆက်ပြောသည်။

ဝ အမျိုးသားညီညွတ်ရေးပါတီ (WNUP) ကိုမူ ဦးတာ့စောလု က ၀ အမျိုးသား တိုးတက်ရေး ပါတီ (WNUP) အဖြစ် ဦးဆောင် တည်ထောင်ခဲ့သည်။ ဦးတာ့စောလုမှာ ၁၉၉၂ က န၀တ အစိုးရနှင့် မူးယစ်ဆေးဝါး ပတ်သက်ဆက်နွယ် နေမှုကို ကမ္ဘာသိအောင် သတင်း ဖြန့်မှုကြောင့် အဖမ်းခံရပြီး နှိပ်စက်မှုဒဏ် အမျိုးမျိုးခံရကာ သျှမ်းပြည်မြောက် ပိုင်းလားရှိုး အကျဉ်းထောင်၌ ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရသည်။ ထို့ကြောင့်ယခု Wa National Unity Party (WNUP) ကို ဦးဖိလစ်ဆမ် Philip Hsam နှင့် ဦးယီ့ပလစ်တို့က ဦးဆောင်လျှက် ရှိသည်ဟု ဆိုပါသည်။

ဝ အမျိုးသားများသည် ၂၀၀၈ နားဂစ်ဖွဲ့စည်းပုံအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီး ၆ မြို့နယ် အပြင် သံလွင် အရှေ့ခြမ်း ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံမြို့နယ်၊ သံလွင် အနောက်ခြမ်း တန့်ယန်း မြို့နယ်တို့တွင် ပျံ့နှံ့ နေထိုင်ကြသည်။

(Wa Democratic Party (WDP) ၏ အမြင်သဘောထား/တုန့်ပြန် ဝေဖန်ချက်များနှင့် သျှမ်းပြည် အတွင်းရှိ အခြား တိုင်းရင်းသား ပါတီများ၏ လှုပ်ရှားမှုဆိုင်ရာ အချက်အလက်များကိုလည်း သျှမ်းသံတော်ဆင့်မှ ကြိုးစား ဆက်သွယ်၍ ဆက်လက် ဖေါ်ပြ ပေးသွားမည် ဖြစ်ပါသည်။)

Ref: သျှမ်းသံတော်ဆင့်

Read More...

ကချင်ပါတီတွေ မှတ်ပုံတင် မကျနိုင်သေး

ဦးမိုးဇော်
ဗုဒ္ဓဟူး, 16 ဇွန် 2010

ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့ မှတ်ပုံတင်ခွင့် ကျထားတဲ့ ပါတီတွေက စည်းရုံးရေးလုပ်ငန်းတွေ စတင်နေချိန်မှာ ကချင် အမျိုးသားတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ပါတီ ၃ ခုကတော့ အခုချိန်ထိ မှတ်ပုံတင်ခွင့် မရသေးပါဘူး။ အဲဒီ ပါတီတွေကတော့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ကချင် (UDP) နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSSPP) တို့ ဖြစ်ပါတယ်။ ကချင်ပြည်နယ် အတွင်းမှာ အင်အားအကောင်းဆုံး ပါတီ ဖြစ်လာဖွယ်ရှိတဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီဟာ မှတ်ပုံတင်ခွင့် ရရှိရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်ထံကို ဒီရက်ပိုင်းမှာပဲ ထပ်မံ သွားရောက် တွေ့ဆုံနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီရက်ပိုင်းမှာတော့ ဒေါက်တာတူးဂျာ ခေါင်းဆောင်တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီက ခေါင်းဆောင်အချို့ဟာ ပါတီ မှတ်ပုံတင်ခွင့် မကျသေးတာကြောင့် နေပြည်တော်ကို သွားရောက် ဆွေးနွေးနေတယ်လို့ ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ပြောပါတယ်။

“လောလောဆယ် အခြေအနေမှာ ကချင်ပြည်နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေက အကြီးအကျယ် စည်းရုံးရေး ဆင်းပြီး ရွေးကောက်ပွဲ အတွက် လုပ်နေတဲ့ အချိန်မှာ သူတို့ကတော့ အခုချိန်ထိ ပါတီတည်ထောင်ခွင့် ဘာမှ မရသေးဘူး၊ မကျသေးဘူးဆိုတော့ ဒါကို ဒုတိယအကြိမ် အထူးကြိုးပမ်းမှု အနေနဲ့ သူတို့ နေပြည်တော်ကို သွားတယ်လို့ သိရတယ်။”

ကချင်ပြည်နယ် တိုးတက်ရေးပါတီ ခေါင်းဆောင် ဒေါက်တာတူးဂျာကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

သူတို့ပါတီဟာ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလောက်က ယာယီဖွဲ့စည်းခဲ့ပြီး ဒီနှစ် ဧပြီလ ၅ ရက်နေ့က တရားဝင်ပါတီ ဖွဲ့စည်းခွင့်ပြုဖို့ ရွေးကောက်ပွဲ ကော်မရှင်မှာ လျှောက်ထား ခဲ့ပါတယ်။ ဒါပေမဲ့ တလကျော် ကြာလာချိန်ထိ ပါတီဖွဲ့စည်းခွင့် မရခဲ့တာကြောင့် လွန်ခဲ့တဲ့ မေလအတွင်းက ဒေါက်တာတူးဂျာ ကိုယ်တိုင် ရွေးကောက်ပွဲ ကော်မရှင်ထံ သွားရောက် ဆွေးနွေးခဲ့ဖူးပါတယ်။

ကချင်ပြည်နယ်က ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (ကချင်) ဟာလည်း အခုချိန်ထိ ပါတီ မှတ်ပုံတင်ခွင့် မရသေးကြောင်းကို ပါတီဝင် တဦးဖြစ်တဲ့ ဦးလရောက်ဇလွန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီဆိုတာ ဖွဲ့စည်းပြီးတော့ တင်ထားတယ်။ ဒါပေမဲ့ သူတို့ အစိုးရက ဘာမှ အကြောင်း မကြားသေးဘူး။ အခုလောလောဆယ်တော့ ဘာမှလည်း မပြောနိုင်သေးဘူး။ ဘာအကြောင်းကြောင့်လည်း မသိဘူး။ ကျနော်ထင်တာက သူတို့ ဥပဒေတွေ၊ စည်းကမ်းတွေ သတ်မှတ်ထားတယ်။ ကျနော်တို့ အဖွဲ့တွေ အနေနဲ့ စည်းကမ်းနဲ့ ပေါ်လစီကို တစုံတရာများ အားနည်းချက် ရှိသလားလို့ ကျနော်တော့ အဲဒီလို ခံစားမိတယ်။”

ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် မပြုသေးတဲ့ ကချင်အမျိုးသားပါတီ ၃ ခုဟာ KIO ခေါ် အပစ်ရပ် ကချင်လွတ်လပ်ရေး အဖွဲ့နဲ့ NDA-K ခေါ် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) အဖွဲ့က ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေ ဖြစ်ပါတယ်။ ဒီအခြေ အနေကြောင့် ပါတီမှတ်ပုံတင်ခွင့် ကြန့်ကြာနေတာ ဖြစ်နိုင်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့က ကိုအောင်ဝါက သုံးသပ်ပါတယ်။

“KSPP မှာရှိတဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေက လက်နက်ကိုင် အဖွဲ့အစည်းထဲမှာ တချိန်တုန်းက ဦးစီးဦးဆောင် ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အဲဒီတချက်ကြောင့် ဖြစ်နိုင်တယ်။ နောက်တခုက KIO ဟာ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ဟာမျိုး ဖြစ်တယ်။ ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ကချင် အဖွဲ့အစည်းတွေကလည်း လက်နက်ကိုင်တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ အပေါ်ယံတော့ ကြားနေရတယ်။ နောက်တခုက လရောက်ဇလွန်းတို့ အဖွဲ့တွေကိုလည်း အဲဒီအတိုင်းပဲ NDA-K ကနေ ခွဲထွက်တဲ့ အဖွဲ့အစည်း ဖြစ်တယ်၊ ဒါကြောင့် မပေးတာပဲလို့ ကျနော်တော့ မြင်ပါတယ်။”

ကချင်ပါတီ ခေါင်းဆောင်တွေကတော့ သူတို့ဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေက နှုတ်ထွက်ပြီးမှ နိုင်ငံရေးပါတီ ဖွဲ့စည်းတာ ဖြစ်တယ်၊ လက်နက်ကိုင် အဖွဲ့တွေနဲ့ အဆက်အစပ် မရှိတော့ဘူးလို့ ပြောခဲ့ဖူးပါတယ်။

ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းကတော့ ဒီအချက်အပြင် ကချင်ပြည်နယ် တိုးတက်ရေးပါတီ မကြီးထွားနိုင်အောင် ကန့်သတ်တာ ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

“ခြုံပြီးပြောရရင် ကချင်ပြည်နယ်မှာက အကြီးဆုံး နိုင်ငံရေးပါတီ ဖြစ်လာဖွယ်ရှိတဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီက လောလောဆယ် အခြေအနေမှာ နိုင်ငံရေးအရ အကျပ်အတည်း ဖြစ်နေတဲ့အချိန်မှာ တဘက်က နအဖက အခွင့်ကောင်းယူပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့တွေကိုပဲ အားပေးအားမြှောက် လုပ်ပြီးမှ ရွေးကောက်ပွဲကို အနိုင်ရအောင်ဆိုတဲ့ ပုံစံမျိုးနဲ့ အကြီးအကျယ် လှုပ်ရှားမှုတွေ လုပ်နေတယ်ဆိုတဲ့ဟာကို ကျနော်တို့ ထင်ထင်ရှားရှား တွေ့နေရပါတယ်။”

အခြား ကချင်ပြည်နယ်သား တယောက်ကတော့ ကချင်ပြည်နယ် တိုးတက်ရေးပါတီကို ခွင့်ပြုလိုက်ရင် အစိုးရ ကျောထောက် နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီထက် ပိုမို အားကောင်း သွားနိုင်တာကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နဲ့ ဆက်လက် တည်ထောင်ခွင့် လျှောက်ထားတဲ့ ပါတီပေါင်း ၄၂ ပါတီရှိကြောင်း၊ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ပါတီ ၃၃ ပါတီအနက်က ၃၂ ပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး ကျန်ပါတီတွေကို စိစစ် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Ref: VOA News

Read More...

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အောင်နိုင်ရေး စစ်ခေါင်းဆောင် ညွှန်ကြား

ဆလိုင်း ဟံသာစန်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရရေးအတွက် စစ်တိုင်းမှူးများ အနေဖြင့် ဝိုင်းဝန်း လုပ်ဆောင်သွားရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စစ်ဘက် ထိပ်တန်း ခေါင်းဆောင်များ အစည်းအဝေးတွင် ညွှန်ကြားခဲ့ကြောင်း စစ်ဘက် သတင်းရပ်ကွက်များနှင့် လေ့လာသူများက ပြောသည်။

မေလနောက်ဆုံးပတ်အတွင်းက နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)တွင် ကျင်းပခဲ့သည့် လေးလပတ် အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားချက်များ အနက် ဝန်ကြီးချုပ် သိန်းစိန် ဦးဆောင်သော ကြံ့ဖွံ့ပါတီ အနိုင်ရရေး လုပ်ဆောင်ရန် ညွန်ကြား ခဲ့သည်ဟု ဆိုသည်။

” ရွေးကောက်ပွဲ အနိုင်ရရေးကိစ္စ၊ အန်အယ်ဒီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထားနဲ့ လှုပ်ရှားမှု၊ မီးပြတ် ရေပြတ်ကိစ္စတွေ ပါတယ်” ဟု စစ်ဘက် သတင်းရပ်ကွက်တခုက ပြောသည်။ သို့သော် အသေးစိတ် ပြောရန်ကိုမူ သူက ငြင်းဆန်သည်။

၎ လပတ် အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နအဖ ကောင်စီဝင်များ၊ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး၊ ဒေသ ကွပ်ကဲရေး စစ်ဌာနချုပ်မှူး၊ တပ်မမှူး၊ စစ်ဘက် ညွှန်ကြားရေးမှူးများ၊ စစ်ကျောင်းများမှ ကျောင်းအုပ်များ၊ ကက်ဘိနက် အဖွဲ့ဝင်များ တက်ရောက်လေ့ ရှိသည်။

တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း “ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် စစ်တိုင်းမှူးတွေကို ညွှန်ကြားတယ်လို့ ကျနော်တို့ ကြားမိတယ်။ ” ဟု ပြောသည်။

အစည်းအဝေးတွင် အလေးထား ဆွေးနွေးချက် အခြားတခုမှာ ရေကာတာစီမံကိန်းများ နိုင်ငံအဝှမ်း အလေးထား တည်ဆောက် ခဲ့သော်လည်း လျှပ်စစ်မီးနှင့် သောက်သုံးရေ လုံလောက်အောင် ဖြန့်ဖြူးပေးနိုင်ခြင်း မရှိသည့် အကြောင်းအရာ ဖြစ်သည်ဟု နေပြည်တော်ရှိ စစ်ဘက်သတင်း ရပ်ကွက်တခုက ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဓိကအတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် လူထု အကျိုးပြု လူမှုရေးလုပ်ငန်းများ လုပ်ဆောင်မည်ဟု ကြေညာခဲ့ခြင်း အပေါ် ဆွေးနွေး ခဲ့ကြသည်။

ပုံမှန်အားဖြင့် လေးလတကြိမ် နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ဘက်ရေးရာများ ဆွေးနွေးသော လေးလပတ် အစည်းအဝေး များတွင် ဒေသ အသီးသီးမှ စစ်တိုင်းမှူးများက မိမိတို့အုပ်ချုပ်ရာ ဒေသတွင်းရှိ ဖြစ်ပေါ်တိုးတက်မှုများ အကြောင်း တင်ပြကြရပြီး စစ်ခေါင်းဆောင်၏ ညွှန်ကြားမှုကို နာယူကြရသည်။

ရက်သတ္တပတ် တပတ်ခန့်ကြာမြင့်သည့် မာရသွန်အစည်းအဝေးများ၏ နောက်ဆုံးရက်တွင် ကာကွယ်ရေး ဦးစီးချုပ်လည်း ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ ဒုတိယ အကြီးအကဲ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဆင်ရေး အထူးအဖွဲ့ ကစထမှူးနှင့် စစ်တိုင်းမှူးများ အထူးတံခါးပိတ် သီးသန့် အစည်းအဝေး ပြုလုပ်လေ့ရှိသည်။

ထို့နောက် စစ်တိုင်းမှူးများက မိမိတို့၏ သက်ဆိုင်ရာဒေသများတွင် တိုင်း အစည်းအဝေးများ ထပ်မံကျင်းပပြီး နေပြည်တော်မှ ညွှန်ကြားချက်များကို ခရိုင် ခယကနှင့် မြို့နယ် မယက ဥက္ကဋ္ဌများကို ဆက်လက် ညွှန်ကြားလေ့ရှိသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော ကြံဖွံပါတီကို ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၉ ရက်နေ့တွင် ပါတီ ထောင်ခွင့်ပြုခဲ့သည်။

ယခု ရွေးကောက်ပွဲကို ၂ဝဝ၈ ခုနှစ် မေလက ပြုလုပ်သည့် ဆန္ဒခံယူပွဲကဲ့သို့ ပြည်သူ့ဆန္ဒ မပါဘဲ အတင်းအကြပ် ထောက်ခံစေသည့် နည်းဖြင့် ပြုလုပ်လာဖွယ် ရှိကြောင်း ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက ပြောသည်။

“ပြီးခဲ့တဲ့ ၂ဝဝ၈ ဆန္ဒခံယူပွဲတုန်းက သူတို့လုပ်ချင်တဲ့ပုံစံမျိုး ခလုပ်နှိပ်ပြီး လုပ်သွားတယ်။ အခု ရွေးကောက်ပွဲမှာလည်း အဲဒီလို ဖြစ်လာနိုင်တယ်” ဟု သူက ပြောသည်။

၂ဝဝ၈ ခုနှစ်က ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြည်သူ့ဆန္ဒခံယူပွဲ မပြုလုပ်မီတွင် တိုင်း ၄ လပတ် အစည်းအဝေး၌ စစ်တိုင်းမှူးများက ခယက၊ မယက ဥက္ကဋ္ဌများကို ကန့်ကွက်မဲများကို ပယ်မဲဖြစ်ရန်၊ ထောက်ခံမဲများ ရရှိရေး နည်းမျိုးစုံဖြင့် လုပ်ဆောင်ရန် ညွှန်ကြား ခဲ့ကြောင်းလည်း ထိုင်းနိုင်ငံတွင် နေထိုင်သည့် တပ်မတော် အရာရှိဟောင်းတဦးက ပြောသည်။

Ref: မဇ္ဈိမ

Read More...

တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးရန် ထိုင်းအစိုးရ အမိန့်ထုတ်ပြန်

မြတ်ခိုင်ဦး / ၁၆ ဇွန် ၂၀၁၀

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ရှာဖွေ၊ ဖမ်းဆီး၊ တရားရုံးတင်ရန် အမိန့်ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝိချာချီဝက ဇွန် (၂) ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။

ထိုထုတ်ပြန်သောအမိန့်၌ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမားများအား သက်ညှာမှု ပေးသောအားဖြင့် ၎င်းတို့၏ နိုင်ငံသား စိစစ်ရေးပြုမှု လုပ်ငန်းစဉ်အား ထိုင်းအစိုးရက ဇန်နဝါရီ (၁၉) ရက်၌ ကျင်းပသော အစည်းအဝေးတွင် သက်တမ်းကာလ (၂) နှစ် တိုးပေးပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါအလုပ်သမားများသည် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် ပြီးမြောက်ရေး အတွက် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ အထိ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရှိပြီး ယင်းသို့ နေထိုင် အလုပ်လုပ်ကိုင် သက်တမ်းတိုးခွင့်ကို ၂၀၁၀ ခု ဖေဖော်ဝါရီလ အထိ ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

အဆိုပါကာလ ကျော်လွန်ပါက နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာမှုကို အာဏာပိုင်များအနေဖြင့် တရားဥပဒေအရ တိတိကျကျ ဟန့်တား ကာကွယ်သွားရမည်ဟု အတိအလင်း ဖော်ပြခဲ့ကြောင်း၊ အာဏာပိုင်များသည် နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်အတွင်း မရှိသည့် တရားမ၀င် အလုပ်သမားများအား ဖမ်းဆီး တရားရုံးတင်ခြင်း၊ တရားမ၀င် အလုပ်သမားများအား နိုင်ငံတွင်းသို့ တရားမ၀င် သယ်ဆောင်လာသူများနှင့် တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများအား လက်ခံသည့် လုပ်ငန်းရှင်များအား ဖမ်းဆီး အရေးယူခြင်းတို့ကို လုပ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြပါရှိသည်။

အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အသက်ဝင်မှုရှိစေရန်အတွက် နိုင်ငံတော်စီမံခန့်ခွဲရေး ဥပဒေ ၁၉၉၁၊ အခန်း (၁၁/၃)၊ (၁၁/၆) နှင့် (၁၁/၉) တို့အရ တရားမဝင် ဝင်ရောက် အလုပ် လုပ်ကိုင်နေသူများအား ရှာဖွေ၊ ဖမ်းဆီး၊ တရားရုံးတင်ရေး အထူးစင်တာ တခု ဖွင့်လှစ် အကောင်အထည် ဖော်ရေးအတွက် အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ တော်ဝင်ရဲဌာနရုံး၊ စစ်တပ်နှင့် ရေတပ်တို့မှ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်။

အဆိုပါစင်တာအား ကွပ်ကဲရန် အဖွဲ့ဝင် (၁၅) ဦးပါဝင်သော ဗဟိုစီမံခန့်ခွဲရေးကော်မတီတခု ထားရှိမည်ဖြစ်ပြီး အဆိုပါ ကော်မတီတွင် ဒု-ဝန်ကြီးချုပ်နှင့် အလုပ်သမား ဝန်ကြီးတို့က ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌတို့အဖြစ် ဆောင်ရွက်ကာ လိုအပ်သော လုပ်ငန်းစဉ် အသီးသီးအား ဦးဆောင် အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

အဆိုပါကော်မတီအောက်တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး ကော်မတီခွဲ (၅) ခု ရှိမည်ဖြစ်သည်။

လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေးကော်မတီမှ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ရှာဖွေ၊ ထောက်လှမ်း၊ ဖမ်းဆီးမှုများ ပြုလုပ်ခြင်း၊ ဗဟိုစီမံခန့်ခွဲရေးကော်မတီသို့ လုပ်ငန်းစဉ်တိုးတက်မှု အစီရင်ခံခြင်း၊ ဗဟိုမှချမှတ်သော လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ခြင်းတို့ကို လုပ်ဆောင်မည် ဖြစ်သည်။

ထိုလုပ်ငန်းစဉ် အသီးသီးအတွက်ငွေကို တရားမဝင်နိုင်ငံခြားသား အလုပ်သမားများ ပြန်လည်ပို့ဆောင်ရေး ရန်ပုံငွေမှ ပေးအပ်သွားမည်ဟု ဆိုသည်။ တရားမဝင် အလုပ်သမားများ လက်ခံထားသည့် လုပ်ငန်းရှင်များသည် အလုပ်သမား တဦးလျှင် (၂,၄၀၀) ဘတ်နှုန်းဖြင့် ငွေပေးဆောင်ရမည်ဖြစ်ပြီး ယင်းငွေများကို လုပ်ငန်းစဉ် ရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။

အလုပ်အကိုင်ခန့်ထားရေး ညွှန်ချုပ်၏ ပြောကြားချက်အရ အထက်ပါ လုပ်ငန်းစဉ်များအား ဝန်ကြီးချုပ်က လာမည့် အောက်တိုဘာ လတွင် အပြီးသတ်ဆောင်ရွက် စေလိုကြောင်း ရဲချုပ်အား အမိန့်ပေးထားသည်ဟု သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ အမျိုးသားညွန့်ပေါင်းအစိုးရ၊ ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က “အခုလည်း တဂျိန်းဂျိန်း ဖမ်းနေတာပဲ။ ဆိုးတာက လက်မှတ်ရှိတဲ့သူကော၊ အီကစံ ရှိတဲ့သူကော ဖမ်းနေတာ။ တရားဝင် ဖမ်းမရတဲ့သူ လက်မှတ်ရှိတဲ့ သူတွေကြတော့ ငွေညှစ်ပြီး ပြန်လွှတ်တယ်။ ဒီကိစ္စ ကျနော်တို့ နေ့တိုင်းလိုလို ကြားနေရတာပဲ။ အထူးသဖြင့် မဟာချိုင်ဘက်မှာ။ အခု တရားဝင် လုပ်မယ်ဆိုတော့ ဒေသခံ အာဏာပိုင်တွေက ထင်သလိုပြုမူကုန်ရင် အလုပ်ရှင်ကော အလုပ်သမားကော နစ်နာမယ်” ဟု ဆိုသည်။

သို့အတွက် လူကုန်ကူးမှုပပျောက်ရေးဟုဆိုဆို၊ တရားမဝင် ဝင်ရောက်မှုကို ကာကွယ်ရန်ပြောပြော အလုပ်သမားကို နားလည်သော အလုပ်သမားအရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို ပူးပေါင်း လက်တွဲမှုမရှိပါက အသေအပျောက်ဖြစ်မှုများ၊ သတင်းဆိုးများ ဆက်လက် ဖြစ်ပေါ်နေဦးမည်ဖြစ်ပြီး ဤလူကုန်ကူးများတွင် ပါဝင်ပတ်သက်နေသည့် ထိုင်းအာဏာပိုင်များ၊ ထိုသူများနှင့် နီးစပ်သူများကိုလည်း ထိထိရောက်ရောက် အရေးယူမှသာလျှင် အလားအလာ ကောင်းမည်ဟု ၎င်းက ပြောသည်။

၂၀၀၉ ခုနှစ် ဘတ်လက်မှတ်အသစ်ဖွင့်ပေးစဉ်တွင် (၁.၃) သန်းရှိ ရွှေ့ပြောင်းအလုပ်သမားများအနက် မြန်မာရွှေ့ပြောင်း အလုပ်သမား (၃) သိန်းခန့်သည် လက်မှတ်သက်တမ်း ဆက်မတိုးတော့သည့် အတွက် တရားမဝင် အလုပ်သမားများ အဖြစ် ထိုင်းအစိုးရက သတ်မှတ် ထားခဲ့သည်။

ထို့ကြောင့် စာရင်းဇယားအတိုင်း ပြည့်မှီစေရန် အဆိုပါ (၃) သိန်းခန့်အလုပ်သမားများကို ဖမ်းဆီးမည်ဆိုပါက မလိုလား အပ်သော ဆိုးကျိုးများ ဖြစ်ပေါ် စေမည်သာဖြစ်ကြောင်း၊ ဤအလုပ်သမား အရေအတွက် ထဲမှ အလုပ်သမားအတော် များများမှာလည်း နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ကို ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒမရှိသဖြင့် မိခင်နိုင်ငံရင်းသို့ ပြန်သွားခဲ့ကြပြီး ဖြစ်သည် ဆိုသည်ကို သတိ မူသင့်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက အကြံပြုသည်။

Ref: ခေတ်ပြိုင်

Read More...

ရခိုင်မှာ ရေကြီး မြေပြိုတာကြောင့် ၄၆ ဦးသေဆုံး

ဗုဒ္ဓဟူး, 16 ဇွန် 2010

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မိုးသည်းပြီး မြေပြို ရေကြီးတာကြောင့် လူ ၄၆ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ မြန်မာအစိုးရ သတင်းတွေမှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၄ ရက်နေ့က မိုးသည်ထန်စွာ ရွာသွန်းတာကြောင့် မြေပြိုတာတွေဖြစ်ပြီး မောင်တောမြို့နယ်အတွင်း ၂၈ ဦး သေဆုံး ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဘူးသီးတောင်မြို့နယ် အတွင်းမှာတော့ ၁၈ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ မိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာန ထုတ်ပြန်ချက်မှာတော့ မောင်တောမြို့မှာ ပြီးခဲ့တဲ့ တနင်္လာနေ့ မိုးရေချိန်ဟာ ၃၄ စင်တီမီတာ အထိ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ မိုးဟာ တပတ် နီးပါးလောက် ရွာသွန်းခဲ့ပေမဲ့ တနေ့ကစလို့ ရာသီဥတု ပြန်ကောင်း သွားပြီလို့ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တောင်ကုတ်မြို့နယ် ပုဏ္ဏားကျွန်း၊ မြောက်ဦးဘက်က တံတားအချို့ ပျက်စီး ကုန်တာကြောင့် လမ်း အသွားအလာတွေလည်း ယာယီ ရပ်နားထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဗွီအိုအေ မြန်မာ သတင်းထောက်က ပြောပြပါတယ်။

ဘူးသီးတောင်မြို့ ရပ်ကွက် အတော်များများမှာတော့ ရေလွှမ်းမိုးခံထားရပြီး ရေဘေးဒုက္ခသည်တွေကို ကျောင်းတခုမှာ ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အာဏာပိုင်တွေနဲ့ အခြား ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့တွေကတော့ လှေတွေနဲ့ ရေဘေး ဒုက္ခသည်တွေ အတွက် သွားရောက် အကူအညီ အထောက်အပံ့တွေ ပေးနေတယ်လို့လည်း သိရပါတယ်။

Ref: VOA News

Read More...

Wednesday, June 16, 2010

နျူကလီးယားလက်နက်ပိုင်ရှင်များနဲ့ ယှဉ်ပြိုင်အရွေးခံဝံ့ကြသလား

ရဲဘော်ဖိုးသံချောင်း
၁၅ ဇွန် ၂၀၁၀

နအဖစစ်အစိုးရဟာ ရွေးကောက်ပွဲကို အီးလေးဆွဲနေပါတယ်။ ကြိုက်တဲ့အချိန်မှာ သူတို့ထင်သလို လုပ်နိုင်တယ် ဆိုတဲ့ အချိုးမျိုးနဲ့ ထီမထင်ဂိုက် ဖမ်းနေတာဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ဒီလိုကြိတ်ကြံ၊ လိပ်ဉာဏ်တွေ ထုတ်နေ ကြတုန်းမှာပဲ နျူကလီးယားဗုံးက သူတို့အနားမှာ ထပေါက်ပါတယ်။ နိုင်ငံတကာ အဝန်းအဝိုင်းမှာ နအဖ ဗိုလ်ချုပ်တွေ ခံစစ် အနေအထားကနေ မပြောင်းနိုင်တဲ့ အပြင် ပိုလို့တောင် နစ်လာနေတဲ့ သဘောပါ။ မြွေပူရာ ကင်းမှောင့် တာလေလား။ ကောက်ကောက် ကျစ်ကျစ် လုပ်တယ် ဆိုတာမှာ အမြဲ အဆင် မချောတာဟာ ဆန်းတော့ မဆန်းဘူးလို့သာ ဆိုရတော့မှာပါ။

နိုင်ငံတကာအလယ်မှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်မဖြစ်နိုင်လို့ ငပွကြီး လုပ်မယ် စဉ်းစားတဲ့ ဗိုလ်ချုပ်တွေဟာ မာဖီးယား သာသာ အတွေးအခေါ်နဲ့ နျူကလီးယားဗုံးကို ပိုင်ဖို့ လုပ်တယ် ဆိုရင်တော့ နွေလယ်မှာ အရူးအိပ်မက် မက်သလို ဖြစ်ရုံမက တန်ပြန် ဆိုးကျိုးတွေ ထွေးရော ဥပဒ်ပါ ဖြစ်ပေါ် လာပါလိမ့်မယ်။ ယိုးဒယားကို ရန်လို၊ တရုတ်နဲ့ ကုလားကို ပုဆိုးခြုံထဲက လက်သီးပြ၊ အမေရိကန်နဲ့ ဥရောပကို မေးငေါ့ လုပ်နေတဲ့ နိုင်ငံခြားရေး ဝါဒ အောက်က ပေါ်ထွက်လာတဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည် ပြည်သူတွေပါ နျူကလီးယား လက်နက်ရဲ့ ခြိမ်းခြောက်မှု ရောက်မှန်းမသိ ရောက်လာ ရပါတော့မယ်။

ဒီလိုအခါမှာ နအဖအတွက် ရှေ့နေလိုက်၊ ကြားကနေ ဗိုက်ထိုးပေးပြီး ဓားထိုး ခံနေတဲ့ ဗောင်းတော်ညိတ် ဂျာနယ် တခုမှာ ကိုယ့်ကိုယ်ကိုယ် လက်နက်ချပါလို့ ဂုဏ်ယူစွာ ကိုယ်တိုင် ကြေညာထားတဲ့ လက်နက်ချ တယောက်က ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပြောင်း ပေးရေးဟာ ချောချောမွေ့မွေ့မှ ဖြစ်ပါ့မလားလို့ ဆင်ဝန်ကတော်လို ကြောင့်ကြပြနေတာ တွေ့လိုက် ရပါတယ်။ သူဟာ ဒီရွေးကောက်ပွဲမှာ နအဖပဲ နိုင်မယ် ဆိုတာကို သိလို့ ပူပန်တာလား၊ မသိချင်ဟန် ဆောင်ပြီး ပူရုပ် ဆင်ပြတာလား ဆိုတာကိုတော့ ကာယကံရှင် ကိုယ်တိုင်မှ သိမှာပါ။ နိုင်ငံ့ အာဏာကို အကြိမ်ကြိမ် သိမ်းဖူးတဲ့ စစ်အုပ်စုနဲ့ စစ်တပ်ဟာ အာဏာ လွှဲပြောင်းရေးမှာ အဖုအထစ် ဖြစ်နေရင် လုယူမှာသာ ဖြစ်တယ်၊ သူတို့အတွက် ဘာမှ မချောမွေ့စရာ မရှိဘူး။ ၂ဝဝ၈ ဖွဲ့စည်းပုံကလည်း သူတို့ကို ရှောရှောရှူရှူ အာဏာသိမ်းခွင့် ပေးထားတယ် ဆိုတာကို အဲဒီကပ်ပါး ကလောင်ရှင် မေ့နေဟန် တူပါတယ်။ အခုမြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေက ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲ ဆိုတဲ့ မေးခွန်းမျိုးကို မေးလာရင် အညံ့စား ဟာသတခုကို ထုတ်လာတယ်လို့ ပြောရမယ့် အခြေအနေဖြစ်ပါတယ်။ ဗေဒင်မေးနေရင် ဆန်တပြည် ငွေတမတ် အလဟဿ ဆုံးသွားတာသာ ရှိမှာပါ။

သူ့လိုပဲ နအဖရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပူပင်နေကြတာတွေ အထဲမှာ ရွေးကောက်ပွဲဟာ လုပ်မှ လုပ်ဖြစ်ပါ့မလားလို့ ပူပင်တာမျိုးလည်း ပါဝင်ပါတယ်။ အဲဒီအထဲက အထင်ရှားဆုံးကတော့ နအဖကို ကမ္ဘာ့အလယ်မှာ လူရာသွင်းပေးပြီး ချူစားချင်တဲ့ အမေရိကန်က ဆီနိတ္တာ ဂျင်မ်ဝက်ဘ်လို လူတွေပါ။ ဂျင်မ်ဝက်ဘ်ဟာ နအဖရဲ့ ရွေးကောက်ပွဲကို ဘယ်လိုကြံဖန် ချီးကျူးရပါ့မလဲလို့ စဉ်းစားပြီး ပြင်ဆင်လာခဲ့ပါမှ နအဖက ဆေးဖော် ကြောဖက် မလုပ်တာနဲ့ ကြုံတွေ့ရပါတယ်။ ဒီအခါမှာ ဒါကို အရှက်ပြေ ဖုံးကွယ်ဖို့ အတွက် နအဖ ဗိုလ်ချုပ်တွေ နျူကလီးယားနဲ့ ကစားနေတာကို အခုမှသိလေဟန်နဲ့ တောပြောတောင်ပြော ပြောပြီး မြန်မာပြည် တံခါးဝ ရောက်ကာမှ ပြန်လှည့် ထွက်သွားတာ ဖြစ်ပါတယ်။ သူတို့လို လူတွေ အတွက်တော့ နအဖက တရားမဝင်တဲ့ နည်းနဲ့ (၁ဝ) လ (၁ဝ) ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ လေလည် ပေးလိုက်ပါတယ်။

အာဏာလက်ကိုင်ထားသူနဲ့ အာဏာမဲ့သူတို့ ပြိုင်ကြတယ်ဆိုရင် အာဏာရထား သူတွေက အချိန်ဆွဲတာ၊ အချိန် ကစားတာတွေ ပိုပြီး လုပ်နိုင်ပါတယ်။ နအဖ သက်တမ်းမှာ ဒီလိုလုပ်ခဲ့တာတွေ တွေ့ခဲ့ဖူးလှပါပြီ။ ဒီတခါ ရွေးကောက်ပွဲမှာ ကျတော့ နအဖအဖို့ ဒီနည်းပရိယာယ်ဟာ ပိုလို့တောင် အသုံးတည့်နေတာ တွေ့ရပါတယ်။ အခုဆိုရင် တစည အဖွဲ့တောင် အတော်လေသံ ပျော့သွားတာကို သတိထား မိကြလိမ့်မယ် ထင်ပါတယ်။ ဒီရွေးကောက်ပွဲမှာ နအဖဟာ သူတို့ ထင်ထားတာထက် ပိုကောက်လိမ့်မယ် ဆိုတာ ထင်ရှားသထက် ထင်ရှား လာတာနဲ့အမျှ ပါတီဝင် သန်းနဲ့ချီ ရှိပါတယ်လို့ ကြွားနေတဲ့ တစညဟာ အပျောက်ပေးရမယ့် ငွေအတွက် အတော်လေး စဉ်းစားနေတဲ့ သဘောကို တွေ့နေရပါတယ်။ ဖဆပလအဆက် နု-ဆွေ-ငြိမ်း သမီးတွေ ဆိုရင်လည်း အသံ သိပ်မထွက် နိုင်တော့ပါဘူး။ သူတို့အနေနဲ့ စည်းစိမ်အပြုတ် ခံပြီး ကြံ့ဖွံ့ကို ရင်ဆိုင်ဖို့ ဆိုတာကို နှစ်ခါမက ပြန်စဉ်းစား နေရပါပြီ။ ဒီနေ့အခါမှာ သူတို့နည်းတူပဲ “ပြည်ပက အထောက်အပံ့မှ တပါး အခြား အားကိုးစရာ မရှိပြီ” ဖြစ်နေတဲ့ ရွေးကောက်ပွဲ ရူးနေသူတွေ မနည်းဘူးလို့ ထင်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထမ်းပိုးနဲ့ လှည်းတုတ် အကြားမှာ ဒုက္ခ တွေ့နေကြတယ်လို့ ဆိုရင် မမှားပါဘူး။

ဒီလိုအချိန်မှာ နအဖဟာ လက်နက်ကိုင်တပ်နောက်ခံမရှိတဲ့ တိုင်းရင်းသားပါတီတွေ ကိုတော့ မှတ်ပုံတင်ခွင့်တွေ ဖောခြင်း သောခြင်း ထုတ်ပေးနေတာ တွေ့ရပါတယ်။ သူတို့ဘာလို့ ဒီလိုပေးတယ် ဆိုတာကတော့ ရှင်းပါတယ်။ နံပါတ်တစ်က နအဖစစ် အစိုးရဟာ တိုင်းရင်းသားတွေကို အခွင့်အရေးပေးကြောင်း၊ နေရာပေးလိုကြောင်း အသားယူချင်လို့ ဖြစ်ပါတယ်။ တိုင်းရင်းသား ပြဿနာနဲ့ ပတ်သက်လို့ နာမည်ပျက်လှတဲ့ အနေအထားကို တစုံတရာ ဖာထေးလို့ ရလိုရငြား စဉ်းစားပြီးလုပ်တာ ဖြစ်ပါတယ်။ နံပါတ်နှစ်က တချို့တိုင်းရင်းသား ပါတီတွေကို မှတ်ပုံတင်ခွင့် မပြုဘဲ ထားတာကို ဖုံးကွယ်နေအောင် လုပ်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်ဆုံး တချက်ကတော့ အခုခွင့်ပြုလိုက်တဲ့ အဖွဲ့စည်းတွေဟာ ဘယ်လိုနည်းနဲ့မှ ဗဟိုအာဏာကို မမှန်းနိုင်တာ၊ သူတို့ စစ်အုပ်စုရဲ့ အာဏာ ချုပ်ကိုင်မှုကို အန္တရာယ်မပေးနိုင်တာ သေချာနေလို့ပဲ ဖြစ်ပါတယ်။ မှန်တာပြောရရင် ဒီအဖွဲ့အစည်းတွေဟာ ပြည်နယ် အာဏာကိုတောင်မှ မှန်းနိုင်လှတာ မဟုတ်ပါဘူး။ သူတို့ဒေသတွေမှာ ကြံ့ဖွံ့တွေ ဝင်ပြိုင်မှာကလည်း သေချာ နေသလောက်ပါ။ အဲဒီကြံ့ဖွံ့တွေရဲ့ နောက်မှာက ပြည်နယ်တွေမှာ ရမ်းချင်တိုင်း ရမ်းနေတဲ့ စစ်တပ်က ကျောထောက်နောက်ခံ ပြုပေးမှာပါ။ ဒီတော့ ဒီတိုင်းရင်းသား အဖွဲ့အစည်းတွေ ကံကောင်းမှ ဖားလောင်းက ဖားဖြစ်မယ့်ကိစ္စ၊ နအဖအတွက် ဝါဒဖြန့်လို့ ကောင်းမယ့် ကိစ္စကို နအဖ စစ်ဗိုလ်တွေက လိုလိုလားလား ခွင့်ပြုနေတာဟာ ဘာမှ မဆန်းပါဘူး။

တကယ်က ဒီရွေးကောက်ပွဲက တင်မြှောက်မှာက တိုင်းပြည်ကိုအုပ်ချုပ်စီမံတဲ့ လွှတ်တော်တခု မဟုတ်ပါဘူး။ တိုင်းပြည်ကို တကယ်တမ်း အုပ်ချုပ်မှာက “စစ်ရေးအမြင်ရှိတဲ့” သမ္မတနဲ့ လွှတ်တော် အတွင်းရှိ စစ်တပ် ကိုယ်စားလှယ် အစုက ရွေးတင်လိုက်တဲ့ ဒုသမ္မတတို့သာ ဖြစ်ပြီး ဒီလွှတ်တော် ဆိုတာက အဲဒီသမ္မတ နှစ်ယောက် ပြောတာတွေကို အတည်ပြုပေးတဲ့ အလုပ်ပဲ လုပ်ရမှာ ဖြစ်ပါတယ်။ ပိုတိကျအောင် ပြောရရင် သမ္မတကပဲ အုပ်ချုပ်မှာ ဖြစ်ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေရဲ့ အခန်း (၅) မှာ ဒီသမ္မတ ဆိုသူကို လွှတ်တော် မဖြတ်သန်းဘဲ လုပ်ပိုင်ခွင့်တွေ အများကြီး ပေးထားပါသေးတယ်။ စဉ်းစားကြည့်ပါ။ ဗိုလ်သန်းရွှေလို သမ္မတက လွှတ်တော်ကို အတည် ပြုခိုင်းတယ်ဆိုရင် ဘယ်သူက ဆန့်ကျင်ရဲ၊ ငြင်းရဲမှာတဲ့လဲ။ တကယ်ကျတော့ ဒီလို လွှတ်တော်မျိုးမှာ ကိုယ်စားလှယ် လုပ်ရတယ် ဆိုတာဟာ တိုက်ကြက်အတွက် အနာခံ လေ့ကျင့်ပေးရတဲ့ ခွပ်လက်ခံကြက် ဘဝလောက်တောင် မဟုတ်ဘဲ ကျွန်ဝယ်ရာ အဆစ်ပါသလိုသာ ဖြစ်ပါလိမ့်မယ်။ တနည်းအားဖြင့် ကျွန်တွေ ရလေ့ရှိတဲ့ လှုပ်ရှားခွင့် စပေ့စ်တွေမျိုးသာ ရပါလိမ့်မယ်။ တကယ်တော့ လူတချို့ဟာ အမေရိကန် သံရုံးရှေ့မှာ ဆန္ဒပြခွင့်ရတဲ့ စပေ့စ်မျိုးနဲ့သာ ထိုက်တန်တာပါ။

Ref: ခေတ်ပြိုင်

Read More...

ထိုးစစ်မလာစေရန် စစ်ဦးချိုးခြင်းဖြစ်ဟု KNLA ပြော

ကျော်ခ
အင်္ဂါနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရတပ်များက ထိုးစစ်ဆင်မည်ဟူသော သတင်းကြောင့် လက်ဦးမှု အရယူကာ စစ်ဦး ကျိုးစေရန်အတွက် တိုက်ခိုက်မှု လုပ်ခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အစည်းအရုံး KNLA က ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ကော့ကရိတ်မြို့နယ် ဒေသတွင်း၌ လှုပ်ရှားနေသည့် စစ်ဆင်ရေး ကွပ်ကဲရေး ဌာနချုပ် - စကခ ၈ လက်အောက်ခံ တပ်များက ကရင် အဖွဲ့အပေါ် တိုက်ခိုက်ရန် စီစဉ်နေခြင်းကြောင့် ရက်သတ္တပတ် တပတ်အတွင်း ခြုံခို တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ကရင်တပ်မဟာ ၆ နယ်မြေအတွင်း ထိုးစစ်ဆင်ရန် နေပြည်တော်က ညွှန်ကြားမှုများ ရှိခဲ့သည်ဟု ထောက်လှမ်းရေး သတင်းများကို ကိုးကား၍ KNLA တပ်မဟာ ၆ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ကြီးထဲနေက ပြောသည်။

ယမန်နေ့က မွန်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် ခြေမြန်တပ်ရင်း ၂၈၄ ၏ အင်အား ၆ဝ ခန့်နှင့် ကရင်ပြောက်ကျား တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အစိုးရ တပ်ဘက်မှ စစ်သား ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း KNLA ကပြောသည်။ သီးခြား အတည်ပြုချက် မရနိုင်ပါ။

ထို့အပြင် ယခုလ ၁ဝ ရက်နေ့က စကခ ၈ လက်အောက်ခံ တပ်ရင်းများနှင့် KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်းတခုတို့ တိုက်ပွဲ ဖြစ်ပွားရာ အစိုးရ တပ်ဘက်က ကျဆုံးမှု ၁၃ ယောက်ရှိခဲ့ပြီး ၂၁ ဦးဒဏ်ရာရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ဘုရားသုံးဆူနှင့် သံဖြူဇရပ်သို့ သွားသည့် ကားလမ်းမပေါ်တွင် လက်နက်ခဲယမ်းများ တင်ဆောင်လာသည့် စစ်ကားတစီးထဲသို့ ကရင်ပျောက်ကြား များက လက်ပစ်ဗုံးများဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ထိုနေ့မှာပင် ဘုရားသုံးဆူမြို့နယ်တွင်းရှိ မြိုင်သာယာ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးရာ နအဖတပ်က တဦးသေ၍ သုံးဦး ဒဏ်ရာရသည်ဟု KNLA ဘက်က ပြောသည်။

“ကျနော်တို့ဘက်က ပြောက်ကျားဆိုတော့ ၂-၃ ယောက်လောက်နဲ့ ထိအောင်ပစ်၊ လွတ်အောင်ရှောင်၊ လုံအောင် ပုန်းပဲဟာ။ နယ်မြေ အရလည်း ကျွမ်းပြီးသားလေ” ဟု ဗိုလ်ကြီးထဲနေက ပြောသည်။

လေ့လာသူများအဆိုအရ ကရင်လက်နက်ကိုင်တပ်များသည် ပျောက်ကြားစစ်တွင် ပိုမိုကျွမ်းကျင်မှု ရှိပြီး နယ်မြေခံ လူထု၏ ထောက်ခံမှု ပိုမို ရခြင်းကြောင့် ပျောက်ကြားစစ်တွင် အသာ ရလေ့ရှိသည်။

KNLA သည် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ် ၆ဝ ကျော် လက်နက်ကိုင်တော်လှန်နေသော ကရင်အမျိုးသား အစည်းအရုံး၏ စစ်တပ်ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ကုလ အရေးယူမှုအပေါ် မြောက်ကိုရီးယား စစ်ရေးအရ တုံ့ပြန်နိုင်

အင်္ဂါ, 15 ဇွန် 2010

မြောက်ကိုရီးယားနိုင်ငံဟာ ရာဇ၀တ်မှု ကျူးလွန်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P.J Crowley) က ရည်ညွှန်း ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်ရေးအရ အရေးယူမယ်လို့ နောက်ဆုံး ခြိမ်းခြောက်မှုတွေဟာ အတိတ်တုန်းက ပြသခဲ့တဲ့ ကျူးကျော် ရန်စ ခဲ့တာတွေနဲ့ ပိုပြီး တူလာတယ်လို့လည်း မစ္စတာ ခရော်လီက အင်္ဂါနေ့မှာ အခုလို ထည့်ပြီး ပြောဆိုသွားပါတယ်။

တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်ခဲ့မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပြစ်တင် ရှုတ်ချခဲ့မယ် ဆိုရင် မြောက်ကိုရီးယား စစ်တပ်ကလည်း ဒါကို တုံ့ပြန်ရမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံရဲ့ ကုလသမဂ္ဂ ဆိုင်ရာ သံအမတ်က ခြိမ်းခြောက် ပြောဆိုခဲ့တဲ့အပေါ် မစ္စတာ ခရော်လီက ရည်ညွှန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ တာဝန်ခံမှုကို ပြသရမယ့်အစား သူတို့လိုချင်တာကိုပဲ ပြောခဲ့တယ်လို့ မစ္စတာ ခရော်လီက ပြောပါတယ်။

အင်္ဂါနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ စကားပြောရင်း သံအမတ် စင်စမ်ဟိုက မတ်လတုန်းက တပ်သား ၄၆ ယောက် သေဆုံးခဲ့ရတဲ့ တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုဟာ သူတို့နဲ့ မဆိုင်ဘူးဆိုတဲ့ ငြင်းပယ်ချက်ကို ထပ်ခါတလဲလဲ ပြောဆိုသွားခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ မြောက်ကိုရီးယားအပေါ် တနည်းနည်းနဲ့ ရန်စတာမျိုးတွေကို မမြင်ချင်ဘူးလို့လည်း မစ္စတာစင်က ပြောခဲ့ ပါသေးတယ်။ အဲဒီအပြင် မြောက်ကိုရီးယား အစိုးရအပေါ် ကုလသမဂ္ဂက ဘယ်လို ဆန့်ကျင်မှုမျိုးပဲ လုပ်လုပ် ပယ်ချသွားမှာ ဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။

Ref: VOA News

Read More...

အသွင်ကူးပြောင်းရေးကြောင့် အပစ်ရပ် SSA နှစ်ခြမ်းကွဲခြင်းမရှိ

မွေခေါဝ်
Tuesday, 15 June 2010

ဧပြီလနှောင်းပိုင်းက အပစ်ရပ်သျှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဗိုလ်ချုပ်လွယ်မောဝ် ဦးဆောင်သည့် တပ်မဟာအချို့ အသွင် ကူးပြောင်းရေးမူ လက်ခံ ထားသော်လည်း ယနေ့တိုင်တစုံတရာ ပြောင်းလဲမှု မရှိသေးကြောင်း စုံစမ်းသိရှိရပါသည်။

ပြည်သူ့စစ် အသွင်ပြောင်းရေး အစီအစဉ်ကို နှစ်လနီးပါး လက်ခံထားသော အပစ်ရပ် SSA တပ်မဟာများနှင့် အသွင် ပြောင်းရေး လက်မခံသေးသည့် အပစ်ရပ် SSA တပ်မဟာ ၁ တို့ကြား နားလည်မှု ပွင့်လင်းမှု ရယူနိုင်ကြ သဖြင့် လူထုတို့ စိတ်ပူ နေသည့် အတိုင်း အပစ်ရပ် SSA နှစ်ခြမ်းကွဲဖွယ် မရှိနိုင်ကြောင်း အမည် မဖော်လိုသည့် တပ်မဟာ ၁ တပ်မှူး တစ်ဦးက ပြောပါသည်။

“ပြည်သူ့စစ်အသွင်ကူးပြောင်းဖို့တပ်မဟာ ၃, ၇ နဲ့ ဌါနချုပ်တပ်ဖွဲ့တို့ သဘောတူလက်ခံခဲ့ပြီ ဆိုပေမဲ့ အခုထက်ထိ နအဖ တိုက်ရိုက် ထိန်းချုပ်တာ မရှိသေးဘူး။ တပ်မဟာအားလုံး မိခင်တပ်မတော် တခုတည်း ဖြစ်နေဆဲ။ ပြည်သူလူထုတို့ စိတ်မပူပါနဲ့” ဟု ပြောကြားကြောင်း အမည် မဖော်လိုသည့် ဌာနချုပ် တပ်မှူးတစ်ဦးက ပြောပါသည်။

အပစ်ရပ် SSA တပ်မဟာ ၃ နှင့် တပ်မဟာ ၇ တို့သည် နအဖ ညွှန်ကြားချက်အတိုင်း ယနေ့တိုင် လက်နက် အပ်နှံခြင်း မရှိသေးကြောင်း၊ ဗမာ့ တပ်မတော် အရာရှိအယောက် ၃၀ လည်း ၎င်းတို့နှင့် လာရောက်ပူးပေါင်းခြင်း မရှိသေးသကဲ့သို့ လုပ်ငန်း အကောင်အထည် ဖော်ခြင်းလည်း မရှိသေးကြောင်း ဆက်ပြောပြပါသည်။

“တပ်မဟာ ၃ နဲ့ ၇ တို့ကလဲ ပြည်သူ့စစ် တပ်ရင်းဖွဲ့ဖို့ တကယ်တမ်း နအဖ အရာရှိတွေ ရောက်လာရင် လက်ခံမဲ့ပုံ မပေါ်ပါဘူး” ဟု တပ်မဟာ ၁ အသိုင်းအ၀ိုင်းက ပြောပါသည်။

ဧပြီလနှောင်းပိုင်းက ဗိုလ်ချုပ်လွယ်မောဝ်းနှင့် ဗိုလ်ချုပ်ကိုင်ဖှ ဦးဆောင်၍ လားရှိုးတိုင်းမှူးထံ အသွင်ပြောင်းဖို့ လူသူ လက်နက် အင်အား စာရင်း တစ်ထောင်ကျော် ပေးအပ်ထားပြီဖြစ်သည်။

သို့သော် လူသူ/လက်နက်/ငွေအား အတောင့်တင်းဆုံးဖြစ်သည့် ဗိုလ်ချုပ်ပန်ဖှ၏ တပ်မဟာ ၁ မှာမူ ယနေ့တိုင် အသွင် ပြောင်းရေး ကိစ္စ လက်ခံခြင်း မရှိဘဲ ဆက်လက် တင်းခံနေဆဲ ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

မိုးကြီးပြီး မြေပြိုမူကြောင့် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် လူဒါဇင်နှင့် ချီပြီး သေဆုံး

6/15/2010

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် တလျှောက်တွင် မိုးအဆက် မပြတ်ရွာသွန်းပြီး မြေပြိုမူကြောင့် လူပေါင်း ဒါဇင်နှင့် ချီပြီး သေဆုံးသွားခဲ့ပြီး မောင်တောမြို့မှ မိသားစု အတော်များများကိုလည်း ဘေးလွှတ်ရာကို ရွှေ့ပြောင်းခဲ့ရသည်။

မောင်တောမြို့ခံ တဦးက “ မောင်တောက ဗိုလ်မှူးရွာနဲ့ ရွာသစ်ရွာက မိသားစုဝင် ၂၅၀ခန့်ကို ရေတွေ တက်လာတဲ့ အတွက် မောင်တော အထက ၁ နဲ့ အလက ၂ကို ပြောင်းရွှေ့ ခဲ့ရပါတယ်။ ရေက ၄ပေထိ မြှင့်တက်ခဲ့ပါတယ်။ ခုထိတော့ ရေတွေ ရှိနေတုန်းပါဘဲ။”

အလားတူ ရေကြီပြီး မြေပြိုကျမူကြောင့် အောက်ပြူးမနှင့် ရေမျှက် ကျေးရွာတွင်လည်း လူများ သေဆုံးသွားကြောင်း သူက ပြောသည်။

“အောက်ပြူးမက မူဆလင် မိသားစု တစုက ကလေးတွေ အပါအ၀င် လူ ၇ ဦး မြေပြိုတဲ့ အထဲမှာ သေဆုံးသွားပြီး ရေမျှက်တွင်း ကျေးရွာက အသက် ၃ နှစ် အရွယ် ကလေး တဦးနှင့် ၂ နှစ်အရွယ် ကလေး တဦးလည်း ရေထဲပါပီး သေဆုံး သွားခဲ့ပါတယ်။ ဦးရွှေကျ ကျေးရွာတွင်လည်း အိမ် ၁၁ ဆောင် မြေပြိုရာတွင် ပါဝင် သွားခဲ့ပါတယ်။”

ဘူးသီးတောင်တွင်လည်း မြေပြိုမူကြောင့် အစ္စလာမ်ဘာသာဝင် ၁၇ ဦးသေဆုံးသွားခဲပြီး နေရာ အများအပြားကို ရေလွှမ်းမိုး နေသည်ဟု သိရသည်။

ဘူးသီးတောင်နှင့် မောင်တောကားလမ်းလည်း မြေပြိုမူကြောင့် ပိတ်ဆို့နေပြီး မောင်တော- ကြိမ်ချောင်းလမ်းမှာလည်း ပြိုပျက်သွားပြီး တံတားအများ အပြား ရေထဲ ပါသွားကြောင်း သိရသည်။

တောင်ကျချောင်းရေများ အဆက်မပြတ် စီးဆင်းနေပြီး နတ်မြစ် ရေတိုးနေသဖြင့် ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာအကြား အသွားအလာများ လုံးဝ ရပ်တန့် နေကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံဘက်ခြမ်းတွင် မြေပြိုမူကြောင့် လူပေါင်း ၅၀ သေဆုံးသွားခဲ့ပြီး ကော့ဘဇားရိုင် ဟိမ်းဆော်ရီ စစ်စခန်းမှ စစ်သား ၆ ဦးလည်း မြေပြိုရာတွင် ပါဝင်ပြီး သေဆုံးသွားခဲ့သည်။

မြန်မာ မူဆလင် ဒုက္ခသည် လာဒါ စခန်းတွင်လည်း ရာနှင့် ချီသော အဆောင်များ ပျက်စီး သွားခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနေဖြင့် ယခုအခါ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေပြီး မြေအောက် ရောက်နေသော သူများကို ကယ်ထုတ် နေကြောင်း သိရသည်။

ယခု အကြိမ် မိုးရွာမူမှာ နှစ်ပေါင်း ၁၀ နှစ် အတွင်း အပြင်းအထန်ဆုံး မိုးရွာမူ ဖြစ်ကြောင်း သိရသည်။

Ref: နိရဉ္စရာ

Read More...

မြန်မာ တယ်လီပို့ အဆောက်အအုံ မီးလောင်

ခိုင်သွယ်
Tuesday, June 15, 2010

ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ မြန်မာ တယ်လီပို့ (MICT) အဆောက် အအုံ အဆောင် အမှတ် ၁ ၌ ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ် ၀န်းကျင်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာတယ်လီပို့က ပြောသည်။

“၀ါယာရှော့ဖြစ်ပြီးလောင်တာ၊ လူတွေကတော့ မရောက်ကြသေးဘူး၊ ဘာမှတော့ သိပ်မဖြစ်ပါဘူး၊ မီးသတ်ကားတွေရောက်လာပြီး ငြိမ်းလိုက်ကြတယ်”ဟု မြန်မာ တယ်လီပို့ ၀န်ထမ်း အမျိုးသမီးတဦးက ပြောသည်။

အဆိုပါ အဆောင် ၁ အပေါ်ထပ်မှ ပစ္စည်းများထားသော စတိုခန်း၌ ၀ါရာရှော့ဖြစ်ကာ မီးစလောင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆို သည်။

မြန်မာ ကွန်ပျူတာ ပညာရှင် အသင်းမှ အဖွဲ့ဝင်တဦးကလည်း“အဲဒီ အဆောင်မှာ မြန်မာကွန်ပျူတာ ပညာရှင် အသင်း အခန်းရှိ တယ်၊ အစည်းအဝေး အခန်းတွေ ရှိတယ်၊ သင်တန်း ခန်းမတွေ ရှိ တယ်၊ အပေါ်ထပ် အောက်ထပ် အားလုံးကို သင်တန်း ခန်းမ တွေ နဲ့ အစည်းဝေးခန်းတွေပဲ လုပ်ထားတယ်”ဟု ပြောသည်။

ကွန်ပျူတာနှင့် ပတ်သက်သော ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် အစည်းအဝေးပြုလုပ်ပါက အသုံးပြုလေ့ရှိသော ပစ္စည်း များထားသည့် စတိုခန်းကို လောင်ကျွမ်းသောကြောင့် ထိုအခန်းတွင်းမှ ပစ္စည်းများ အားလုံးနီးပါး လောင်ကျွမ်းခဲ့ကြောင်း သိရ သည်။

မီးလောင်မှုမှာ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏကိုမူ အတည်ပြုလို့ မရသေးကြောင်း၊ မီးလောင်ချိန်မှ ယခု အထိ လုံခြုံရေးချထားပြီး သင်တန်းသားများကိုလည်း ၀င်ခွင့်မပြုသေးကြောင်း သိရသည်။

“သင်တန်းတက်ဖို့ လာတာ၊ မီးလောင်လို့ဆိုပြီး မီးသတ်ကားတွေနဲ့ လုံထိန်းတွေက အခန်းထဲကို ပေးမ၀င်သေးဘူး၊ အပြင်မှာ ဒီ အတိုင်း စောင့်နေရတယ်”ဟု သင်တန်း လာတက်သူ ကျောင်းသူ တဦးက ပြောသည်။

မြန်မာတယ်လီပို့ မီးလောင်သည့် သတင်းကြောင့် အင်တာနက်ဆိုင်များမှာ ကွန်နက်ရှင်ပျက်မည်ကို စိုးရိမ်မိကြောင်း အင်တာနက် ဆိုင်များက ပြောဆိုသည်။

Ref: ဧရာဝတီ်

Read More...

Tuesday, June 15, 2010

အခြေခံဥပဒေကို အလွယ်တကူ ပြင်၍ မရဟု ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ပြော

မိုးမခအထောက်တော် အမှတ် ၀၀၂
ဇွန် ၁၄၊ ၂ဝ၁ဝ

အခြေခံဥပဒေတခုကို အလွယ်တကူ ပြင်ဆင်၍ ရမည်မဟုတ်ဟု နှစ် အတန်ကြာ ငြိမ်သက်နေသည့် နိုင်ငံရေးသမားကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးက ပြောလိုက်သည်။

အင်္ဂါနေ့ထုတ် True News ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“လွှတ်တော်ထဲတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ် လို့ ပြောဆိုနေကြတဲ့ အပေါ် ကိုယ့်အမြင်ကို ပြောရရင် ကိုယ်ကိုယ်တိုင် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆွဲတုန်းက ပါဝင်ခဲ့တဲ့ အတွေ့အကြုံ ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုကို လွယ်လွယ်ကူကူနဲ့ ရေးဆွဲပြီး အတည်ပြုလို့ မရသလို အတည်ပြုပြီးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုကိုလည်း လွယ်လွယ်ကူကူ ပြင်ဆင်တာတို့ ဖြည့်စွက်တာတို့ လုပ်လို့ မရပါဘူး” ဟု ဦးအောင်ကြီးက ပြောသည်။

စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားသည့် အခြေခံ ဥပဒေသည် မြန်မာပြည် ဒီမိုကရေစီရရှိရေးကို အဟန့်အတား ဖြစ်နေသည့်အတွက် နိုင်ငံရေးသမား အများအပြားက ကန့်ကွက်လျက်ရှိသည်။

နိုင်ငံရေးသမား တချို့ကလည်း ထိုအခြေခံဥပဒေကို လွှတ်တော်တွင် ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် ရွေးကောက်ပွဲ ၀င်ရေး အတွက် စီစဉ်နေကြသည်။

ဤအချိန်တွင် ဦးအောင်ကြီးက ပြင်ဆင်ရန် ခက်ခဲကြောင်း ပြောလိုက်ခြင်း ဖြစ်သည်။ သူကိုယ်တိုင်လည်း ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီထောင်ရန် အစီအစဉ် လုံးဝ မရှိ ဟုလည်း ဆိုသည်။

သို့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတပါက “မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ပိုမို တိုးတက် ကောင်းမွန် လာစေမယ်” ဟုလည်း ပြောလိုက်သည်။

နိုင်ငံရေး အကဲခတ် အများစုက ထိုရွေးကောက်ပွဲသည် မျှတမည်မဟုတ်ဟု ယုံကြည် နေကြသည်။

ဦးအောင်ကြီးသည် ၁၉၆၂ စစ်အာဏာသိမ်း ခေါင်းဆောင် တဦး ဖြစ်သည်။ အာဏာရှင် ဦးနေ၀င်းက သူ့ကို ရာထူးမှ ဖြုတ်ပြီး အကြိမ်ကြိမ် ထိန်းသိမ်း ခဲ့သော်လည်း သူက ဦးနေ၀င်းအပေါ် သစ္စာ မပျက်ခဲ့ဟု သိရသည်။

၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုတွင် ဦးအောင်ကြီး၏ အမည်သည် ပိုမို ထင်ရှားလာသည်။ ထိုကာလ မတိုင်ခင်က စစ်အစိုးရထံသို့ သူပေးပို့သည့် မြန်မာပြည် အခြေအနေ ဆိုင်ရာ အိတ်ဖွင့် ပေးစာများမှာ အလွန် ထင်ရှားခဲ့သည်။

ထိုလှုပ်ရှားမှုကို စစ်တပ်က ချေမှုန်းအပြီးတွင် ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ အုပ်စု သုံးခုဖြင့် NLD ကို စတင် ဖွဲ့စည်းခဲ့ရာ ထိုနိုင်ငံရေး အတွဲကို “အောင်၊ စု၊ တင်” ဟု ထိုစဉ်က ခေါ်ကြသည်။ အုပ်စု တခုမှ ၁၄ ဦးစီ စုပေါင်းပြီး ဖွဲ့ကြခြင်း ဖြစ်သည်။

မကြာမီမှာပင် ဦးအောင်ကြီးက NLD ခေါင်းဆောင်ပိုင်းတွင် ကွန်မြူနစ်များ ရှိနေသည်ဟု စွပ်စွဲသဖြင့် အဖွဲ့အတွင်း ပဋိပက္ခ ဖြစ်ခဲ့သည်။ ၂ လကျော်အကြာတွင် အစည်းအဝေးလုပ် မဲခွဲ ဆုံးဖြတ်ရာ ရှုံးနိမ့်သွားသည့် ဦးအောင်ကြီးတို့ အုပ်စု NLD မှ ထွက်သွားသည်။

ထို့နောက် ပြည်ထောင်စုအမျိုးသားများဒီမိုကရေစီပါတီ (UNDP) ကို တည်ထောင်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ပြိုင်သည်။ မဲဆန္ဒနယ် ၂၅၀ တွင် ၀င်ပြိုင်ရာ တနယ်တွင် အနိုင်ရခဲ့သည်ဟု ဆိုသည်။

၁၉၁၉ ခုနှစ်ဖွား ဦးအောင်ကြီးသည် ပဲခူးတိုင်း ပေါင်းတည်မြို့ ဇာတိ ဖြစ်သောကြောင့် စာရေးသည့်အခါ သခင်အောင်ကြီး (ပေါင်းတည်) ကလောင်အမည်ဖြင့် ရေးလေ့ရှိသည်။

သူ၏ အမည်ဖြင့် ထုတ်လုပ်သည့် “အောင်ကြီးကိတ်” သည် တချိန်က ရန်ကုန်တွင် အောင်မြင် ထင်ရှားသော အစားအစာ လုပ်ငန်းကြီး ဖြစ်ခဲ့သည်။

Ref: မိုးမခ

Read More...

နယ်ခြားစောင့်တပ် ပြောင်းရေး ဖိအားလျော့သွား

သန်းထိုက်ဦး
Monday, June 14, 2010

နယ်ခြား စောင့်တပ် အသွင် ပြောင်းရေးနှင့် ပတ်သက်ပြီး အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တချို့ကို စစ်အစိုးရ အာဏာပိုင်များက ဖိအားပေးမှုများ လျော့နည်း သွားကြောင်း စစ်ရေး လေ့လာသူများက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော ဝပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA)နှင့် ကချင်ပြည် လွတ်မြောက် ရေးအဖွဲ့(KIO) တို့ကို ယခုလဆန်းပိုင်းမှ စတင်၍ ဖိအားပေးမှုများ လျော့နည်းသွားခြင်း ဖြစ်သည်။

KIO အဖွဲ့မှ တာဝန်ရှိသူတဦးက စစ်အစိုးရက နယ်ခြားစောင့် ကိစ္စနှင့် ပတ်သက်၍ ဖိအားပေးမှုများ မရှိတော့ကြောင်း ဧရာဝတီသို့ ပြောသည်။

ယခုကဲ့သို့ နယ်ခြားစောင့်တပ် ကိစ္စ ဖိအားပေးမှုများ လျော့နည်းသွားရခြင်းသည် တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင် မြန်မာပြည်သို့ သွားရောက်ခဲ့သော ၂ ရက်ကြာ ခရီးနှင့် ပတ်သက် နိုင်သည်ဟုလည်း စစ်ရေး လေ့လာသူများက ပြောဆိုနေကြသည်။

ထိုင်းနိုင်ငံ အခြေစိုက် ကချင် သတင်းစဉ်မှ အယ်ဒီတာ လဖိုင်နော်ဒင်းက “တရုတ်အစိုးရက နအဖကိုရော UWSA နဲ့ KIO တို့ရော ၀မ်ကျားပေါင် မသွားခင် သီးသန့် တွေ့ခဲ့တာတွေ လုပ်ခဲ့ပါတယ်”ဟု ပြောသည်။

လွန်ခဲ့သည့် မတ်လက UWSA ဒေသများတွင် စစ်ဖြစ်မည်ဟု ထင်မြင်ချက်များကြောင့် နေရပ်များသို့ ပြန်သွားကြသော စစ်အစိုးရ ၀န်ထမ်းများသည် ယခုလတွင် လူဦးရေ ၃၀ ခန့် ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်ဟု တရုတ်-မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

ယင်း ဒေသတွင် ကျောင်းဆရာ၊ ဆရာမ နှင့် ကျန်းမာရေး ၀န်ထမ်းများ အပါအ၀င် လူဦးရေ ၂၀၀ ခန့် ရှိပြီး အများစုမှာ UWSA ၏ ဆက်ဆံရေး ဌာနသို့ တရားဝင် ဆက်သွယ်၍ ပြန်ကြသူများသာ ပြန်လာကြသည်ဟု ၎င်းက ဆိုသည်။

တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်သည် ၂၀၁၀ ရွေးကောက်ပွဲ အပါအ၀င် တိုင်းရင်းသား အရေး ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်၌ ယခုလ ၃ ရက်နေတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့်ရရေး အတွက် တရုတ် ၀န်ကြီးချုပ်က စစ်ခေါင်းဆောင်များကို တိုက်တွန်းခဲ့ ကြောင်းလည်း သံတမန် အသိုင်းအ၀န်းမှ သိရသည်။

အစိုးရပိုင် သတင်းစာများတွင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံ တကာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ၂ နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး စသည့် နှစ်နိုင်ငံအတွက် အလေးထား ဆောင်ရွက်ဖွယ်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြောင်း ဖော်ပြခဲ့သည်။

တရုတ် နိုင်ငံသည် မြန်မာပြည်၏ လူ့အခွင့်အရေး ချိုးဖောက်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အကာအကွယ် ပေးလေ့ရှိသဖြင့် မြန်မာပြည်၏ ရွေးကောက်ပွဲသည် တရုတ် အတွက် အရေးပါလျက် ရှိသည်။

ထို့အပြင် KIOကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ကချင် လူကြီးပိုင်းများက လာရောက် စည်းရုံးမှုများ ပြုလုပ် ခဲ့ကြောင်းလည်း KIO တာဝန်ရှိသူတဦးက ပြောသည်။

“ပစ်တာ ခတ်တာကတော့ မကောင်းဘူး၊ ၁၆ နှစ် ငြိမ်းချမ်းခဲ့ပြီးပြီ၊ အဲဒီတော့ ငြိမ်းချမ်းရေး လိုချင်ပါတယ်၊ ငြိမ်းချမ်းဖို့ အတွက် ဖြေရှင်း စေချင်ပါတယ်၊ အဲဒါ လာပြောတယ်”ဟု ၎င်းက ဆိုသည်။

ဤအတော အတွင်း ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) အဖွဲ့ ခေါင်းဆောင် ဦးစခုန်တိမ်ယိန်း တို့ကလည်း အစိုးရ ညွှန်ကြားထားသည့် အတိုင်း လိုက်နာရန် အကြံပေးစာများ ပေးပို့ခဲ့ကြောင်း သိရသည်။

စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလ ကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန်အထိ NDA-K ၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။

စစ်အစိုးရက တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Ref: ဧရာဝတီ်

Read More...

တိုင်းရင်း ဥဇဘက်ခ် ဒုက္ခသည် သိန်းချီ နယ်စပ်ထွက်ပြေး

တနင်္လာ, 14 ဇွန် 2010

ကာဂစ္စတန်နိုင်ငံ တောင်ပိုင်း ဥဇဘက်ခ်နဲ့ နယ်ချင်းဆက် နယ်ခြားမှာ ဥဇဘက်ခ် တိုင်းရင်းသား ၁၀၀,၀၀၀ လောက် ရောက်နေကြပြီလို့ ဥဇဘက်ခ် တာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောပါတယ်။ တိုင်းရင်းသား လူမျိုးတွေကြား အကြမ်းဖက် တိုက်ခိုက် တာတွေကလည်း ဆက်လက် ဖြစ်ပွားနေပါတယ်။

ကြာသပတေးနေ့က စခဲ့တဲ့ မငြိမ်မသက်မှုတွေမှာ ခုထိ လူအနည်းဆုံး ၁၂၄ ယောက် သေဆုံးခဲ့ပြီး ၁,၆၀၀ ကျော် ဒဏ်ရာ ရခဲ့ကြတယ်လို့ တာဝန် ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ သေသူ အရေအတွက်က ဒါ့ထက် အများကြီး ပိုများတယ်လို့ ဥဇဘက်ခ်လူမျိုး အသိုက်အ၀န်း ခေါင်းဆောင်တွေနဲ့ ကြက်ခြေနီ အဖွဲ့ကြီးကတော့ ပြောကြပါတယ်။

ဥဇဘက်ခ် ရပ်ကွက်တွေကို ကာဂစ္စ လူမျိုးတွေက မီးတင်ရှို့ခဲ့ ကြတယ်လို့ သက်သေတွေက ပြောကြပါတယ်။ တိုင်းပြည်ရဲ့ တောင်ပိုင်းကို ဥဇဘက်ခ်လူမျိုးတွေက သိမ်းဖို့ ကြိုးစားခဲ့တာကြောင့် သူတို့က ခုခံ ကာကွယ်နေကြတာ ဖြစ်တယ်လို့ ကာဂစ္စလူမျိုး တချို့က ဆိုကြပါတယ်။

ဂျလာလာဘတ်မြို့မှာ ဘယ်သူဘယ်ဝါ မသိရသေးတဲ့ လူတချို့က လူနာတင်ယာဉ်ကို သိမ်းလိုက်ပြီး ဆရာဝန်တွေကို ရိုက်နှက် ဓားစာခံအဖြစ် ဖမ်းဆီး ထားခဲ့တယ်လို့ ကျန်းမာရေး ၀န်ကြီး ဒါမီရာ နီယာဇာလီဗာ (Damira Neyazalieva) က ဆိုပါတယ်။

ကာဂစ္စတန် တောင်ပိုင်းဟာ အရင် သမ္မတ ကူမန်ဘက်ခ် ဘာကီယက်ဗ် (Kurmanbek Bakiyev) အားကောင်းတဲ့ဒေသ ဖြစ်ပါတယ်။ လူ ၈၅ ယောက် သေဆုံးခဲ့တဲ့ ဧပြီ ၇ ရက် အုံကြွမှုမှာ သူ သမ္မတအဖြစ်က ပြုတ်သွားခဲ့တာပါ။

သူက ဘဲလားရုစ်မှာ ခိုနေပြီး အကြမ်းဖက်မှုတွေမှာ သူ မပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကာဂစ္စတန် ကြားဖြတ် အစိုးရဟာ ပြည်သူတွေကို အကာအကွယ် ပေးဖို့ ပျက်ကွက်တယ်လို့ သူက စွပ်စွဲလိုက်ပါတယ်။ သူက ရုရှား ဦးဆောင်တဲ့ စုပေါင်း လုံခြုံရေး စာချုပ်အဖွဲ့ဝင် နိုင်ငံတွေက တပ်တွေကို ကာဂစ္စတန်ကို စေလွှတ်ဖို့လည်း တိုက်တွန်း လိုက်ပါတယ်။

Ref: VOA News

Read More...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသား စက်သုံးဆီအရောင်းဆိုင်ဖွင့်

တနင်္လာနေ့၊ ဇွန်လ ၁၄ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သားနှစ်ဦးတို့သည် စစ်အစိုးရ၏ အခြားသော လက်ရင်း လူယုံများနှင့် အသင်းအဖွဲ့များကဲ့သို့ပင် စက်သုံးဆီ ဖြန့်ဖြူးရောင်းချခွင့် ရသွားသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားဖြစ်သူ ဦးထွန်းနိုင်ရွှေ ပိုင်ဆို်င်သော မြန်မာနိုင်ဂရု(ပ်) Myanmar Naing Group ကုမ္ဗဏီသည် ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းများအတွင်း အရောင်းဆိုင် ၆ ဆိုင်အတွက် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချခွင့် ရထားကြောင်း မဇ္ဈိမက လက်ခံရရှိထားသော စွမ်းအင် ၀န်ကြီးဌာန မှတ်တမ်းအရ သိရသည်။

ရန်ကုန်ရှိ ဂျေဒိုးနတ်ဆုင် အစုရှယ်ယာပိုင် ဦးထွန်းနိုင်ရွှေ၏ မြန်မာနိုင်ဂရု(ပ်) သည် ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျောက်စိမ်း တူးဖော်ရေးကိုလည်း အကြီးအကျယ် လုပ်လျှက်ရှိသည်။

မေ ၁၅ ရက်နေ့ကစတင်၍ ဒီဇယ်ဆီနှင့် ဓာတ်ဆီရောင်းချသော ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ခွင့် ပြုလိုက်ရာ တပ်မတော်ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးရွှေမန်း၏ သားများဖြစ်သော ဦးအောင်သက်မန်းနှင့် ဦးတိုးနိုင်မန်း တို့၏ ကုမ္ဗဏီများ ဖြစ်ကြသည့် ဧရာရွှေဝါ/ရွှေယမုံ ကုမ္ဗဏီနှင့် ဇေကမ္ဘာတို့သည် ဆိုင် ၁၂ ဆိုင်နှင့် ၂ ဆိုင် အသီးသီး ဖွင့်လှစ်ခွင့် ရရှိသည်။ ဇေကမ္ဘာကို ဦးခင်ရွှေက ပိုင်ဆိုင်သော်လည်း စက်သုံးဆီဆိုင် ပါမစ်တွင် ဦးခင်ရွှေ၏သားမက် ဦးတိုနိုင်မန်း အမည်ဖြင့် ဇေကမ္ဘာကိုတွဲကာ လုပ်ပိုင်ခွင့် ပြုခြင်းဖြစ်သည်။

ထို့အပြင် စစ်အစိုးရ၏ လူမှုရေးအသင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းနှင့် စစ်တပ်အတွက် ရန်ပုံငွေ ရှာနေသော ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လိမိတတ်တို့လည်း စက်သုံးဆီ အရောင်းဆိုင် ၁၅ ဆိုင်နှင့် ၁၄ ဆိုင် ခွင့်ပြုချက် ရရှိသည်။

အခြားသော ကုမ္မဏီကြီးများတွင် ဦးတေဇပိုင် ထူးထရေးဒင်း၊ အဏ္ဏ၀ါကုမ္ဗဏီ လိမိတတ်၊ ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှု လိမိတက်၊ ရွှေသံလွင်ကုမ္မဏီ၊ နီလာရှိုး မထရေးဒင်း၊ အေးရှားလ်ဝေါ်ကုမ္မဏီ၏ အခွဲတခု ဖြစ်သော ဂရင်းအေးရှား Green Asia၊ ကမ္ဘောဇနှင့် ဧရာရွှေဝါ တို့ပါဝင်သည်။

ဆီဆိုင်တခုလျှင်ဂါလံ ၃၂၀၀ မှ ဂါလံ ၁၅၀၀၀ အထိ သိုလှောင်မှာဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ်ဂျာနယ် မြန်မာတိုင်းမ်က ရေးသားထားသည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံရေး ပါတီရုံးများ ဆိုင်းဘုတ် တင်ခြင်းနှင့် စည်းရုံးခြင်း လုပ်ငန်းများ စတင်

နရီလင်းလက်
Monday, June 14, 2010

ရွေးကောက်ပွဲ ၀င်မည့် နိုင်ငံရေး ပါတီအများစု ပါတီဆိုင်းဘုတ် တင်ခြင်းနှင့် ရုံးချုပ် ဖွင့်လှစ်ကာ စည်းရုံးခြင်း လုပ်ငန်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း တာဝန်ရှိသူများ ထံမှ သိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ဥက္ကဌ ဦးအေးလွင်က “မန္တလေး၊ စစ်ကိုင်း၊ ပုသိမ်ဘက်တွေမှာ စည်းရုံးရေးတွေ ဆင်းပြီး စလှုပ်ရှားနေပါပြီ။ ပါတီဝင်ကြေး ၅၀၀ ကျပ်၊ လစဉ်ကြေးက တလကို ၁၀၀ ကျပ် သတ်မှတ် ထားတယ်” ဟု ပြောသည်။

လက်ရှိ နိုင်ငံရေး ပါတီများအနေနှင့် ၁၉၉၀ ရွေးကောက်ပွဲ ကာလက ကဲ့သို့ မဲဆွယ် စည်းရုံးရေးဆင်း လုပ်ငန်းများ ပြုလုပ်ရန် အချိန်ဇယား မထွက်သေးသဖြင့် အချိန် ခန့်မှန်းရခက်ခဲနေခြင်း၊ စစ်အုပ်ချုပ်ရေး လက်အောက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်နေသောကြောင့် ပြည်သူလူထုမှာ နိုင်ငံရေးနှင့် ကင်းကွာမှုများနေသဖြင့် စည်းရုံးရ ခက်ခဲခြင်းတို့ ကြုံတွေ့နေရသည်ဟု ဦးအေးလွင်ကပြောသည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ် ပါတီ နှစ်ခုပေါင်းပြီး အမှတ် ၁၆၉၊ ပထမ ထပ်၊ အမှတ် (၁) ရပ်ကွက်၊ အင်းစိန်လမ်းမကြီး၊ ကမာရွတ်မြို့နယ် ဆင်ရေတွင်း မှတ်တိုင်အနီးတွင် ရုံးချုပ် ဖွင့်လှစ်ထားသည်ဟု သိရသည်။

“ဇွန်လ ၂၀ ရက်နေ့ကျရင် စစ်ကိုင်းတိုင်းမှာ တိုင်းရုံး ဖွင့်ဖို့ ရှိတယ်” ဟု ဦးအေးလွင်က ဆက်ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကလည်း “ဇွန် ၁ ရက်နေ့ကစပြီး ရက်ပေါင်း ၁၀၀ စီမံချက်နဲ့ မန္တလေး၊ စည်းရုံးရေး ဆင်းနေတယ်။ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းတိုင်း ၃ တိုင်းအတွက် မန္တလေးရုံးချုပ်က တာဝန်ယူပြီး စည်းရုံးရေး ဆင်းမယ်။ ဦးရွှေအုန်းက တာဝန်ယူပြီး တောင်ကြီးမှာ ရုံးခွဲတွေဖွင့်မယ်” ဟု ပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း အမည် စာရင်းကို မည်သည့် ရက်တွင် တင်သွင်းရမည် ဆိုသည်နှင့် ရွေးကောက်ပွဲကျင်းပမည့် ရက်ကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း၊ ပါတီများ တည် ထောင်ရသည့် အချိန်ကာလ နည်းပါးသောကြောင့် နိုင်ငံရေးပါတီများ အနေနှင့် ပြင်ဆင်ချိန်ကာလ မလုံလောက်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီရုံးချုပ်ကို အမှတ် ၂၃၄၊ ပထမထပ်/ ယာ ၊ ကျိုက္ကဆံလမ်းမ၊ တာမွေမြို့နယ်တွင်ဖွင့်လှစ် ထားသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ အတွင်းရေးမှူး ဦးနေမျိုးဝေက “စည်းရုံးရေးကို အပိုင်း ၃ ပိုင်းနဲ့ ဆင်းတယ်။ အပိုင်း ၁ က သတ်မှတ်ထားတဲ့ ပါတီဝင်ဦးရေ စုဆောင်းဖို့။ အဲဒါကတော့ ၁၀၀၀ ကျော်သွားပြီ ဖြစ်တဲ့အတွက် ပထမပိုင်း ပြီးသွားပါပြီ။ ကိုယ်စားလှယ် ရှာဖွေတဲ့ အပိုင်းနဲ့ ပါတီ အယူအဆ သဘောထားတွေကို ပြန့်ပွားစေတဲ့ အပိုင်းတွေကတော့ ဆက်လုပ် နေတုန်းပါ ” ဟု ပြောသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အနေနှင့် ဘိုကလေးမြို့နယ်မှ ပါတီဝင်ဦးရေ ၁၀၀၀ ကျော် ရရှိထားပြီး ဇွန်လ ၁၉ ရက်နေ့တွင် ဘိုကလေး မြို့နယ်တွင် ပါတီရုံးခွဲ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

“ပါတီဝင်ကြေး လုံးဝမကောက်ပါဘူး။ ပြည်သူတွေက နိုင်ငံရေးပါတီဆိုတာနဲ့ ကြောက်လန့် နေကြတော့ ဒါကိုအရင် ပျောက်အောင် လုပ်နေရတယ်။ ဘိုကလေးမှာ စည်းရုံးရေး ဆင်းလို့ရတယ် ဆိုတာကလည်း ကျနော်ရေးထားတဲ့ ဆောင်းပါးတွေ၊ အင်တာဗျူးတွေ၊ မိတ္တူကူပြီး ဖြန့်တဲ့နည်းနဲ့ လုပ်ထားလို့၊ မဟုတ်ရင် မလွယ်ဘူး။ ရုံးချုပ်ရှိတဲ့ မင်္ဂလာဒုံမှာတောင် ပါတီဝင် ၁၄၊ ၁၅ ယောက်ပဲရှိတယ်” ဟု ဦးနေမျိုးဝေက ပြောသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ရုံးချုပ်ကို အမှတ် ၂ /၂၃၂၊ မဟော်ဂနီလမ်း၊ ထောက်ကြံ့ တိုးချဲ့၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

ရဲဘက်စခန်းမှ အကျဉ်းသား ထွက်ပြေးမှု များပြား

မျိုးဝင်းဇော် / ၁၄ ဇွန် ၂၀၁၀

မြန်မာနိုင်ငံတဝန်း ရဲဘက်စခန်းများမှ ရဲဘက်အကျဉ်းသား ထွက်ပြေးမှု များပြားနေကြောင်း၊ လတ်တလော ရာဇဝတ်မှု ကျူးလွန်သူများ ထဲတွင်လည်း ရဲဘက်ပြေးများ ပါဝင်နေကြောင်း တာဝန်ရှိသူအချို့က ပြောသည်။

မွန်ပြည်နယ် မုပ္ပလင် ရဲဘက်အကျဉ်းစခန်းမှ အကျဉ်းဦးစီးဌာန ဝန်ထမ်းတဦးက “ကျနော်တို့ စခန်းကနေလည်း ရဲဘက်အကျဉ်းသား ထွက်ပြေးတာ အတော်များပါတယ်။ တချို့ တကယ်ပဲ ထွက်ပြေးလို့ လိုက်ဖမ်းရတာတွေ၊ ပြန်မိတာတွေ ရှိပေမယ့် စခန်းမှူး ထောင်ပိုင်နဲ့ ညှိပြီး ငွေပေး ထွက်ပြေးတာမျိုး ကျတော့ လွတ်သွားတာ များပါတယ်” ဟု ရှင်းပြသည်။

၎င်း၏ ပြောပြချက်အရ ရဲဘက်စခန်းကို ရောက်လာသည့် အကျဉ်းသားများအနက် ငွေကြေး တတ်နိုင်သည့် အကျဉ်းသားများသည် အကျဉ်းစခန်း တာဝန်ရှိသူများကို လာဘ်ငွေပေးပြီး အလုပ် သက်သာစေရန် လုပ်နိုင်သကဲ့သို့ ကောင်းမွန်စွာ နေထိုင်ရကြောင်း၊ ငွေကြေး မတတ်နိုင်သည့် အကျဉ်းသားများမှာ အလုပ်ကို ပိုမို ပြင်းထန်စွာ လုပ်ကိုင်ရပြီး နှိပ်စက်မှုဒဏ် ပိုခံရကြောင်း၊ နှိပ်စက်မှုဒဏ် မခံနိုင်သူများက ထွက်ပြေးရန် ကြိုးစားကြကြောင်း၊ နှစ်ကြီး အကျဉ်းကျပြီး ငွေကြေး တတ်နိုင်သူများက အကျဉ်းစခန်းမှူး ထောင်ပိုင်ကို လာဘ်ငွေပေးပြီး ထွက်ပြေးလေ့ ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ရဲဘက်စခန်းတို့မှ ထွက်ပြေးသွားသူများအနက် အချို့မှာ ထိုင်းနိုင်ငံဘက် တရားမဝင် ရောက်သွားပြီး လုပ်ကိုင် စားသောက် နေကြသကဲ့သို့ အချို့မှာ မြန်မာနိုင်ငံအတွင်း ပြန်လည်နေထိုင်ကာ ရာဇဝတ်မှု ကျူးလွန်နေကြကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲဝန်ထမ်း တဦးက ပြောသည်။

၎င်းက “လူသတ်မှု၊ လုယက်မှု၊ ဓားပြမှု၊ အယောင်ဆောင်မှုတွေ မိလိုက်ရင် ရဲဘက်ပြေးတွေ ချည်းပဲ။ ပြီးခဲ့တဲ့ ကွမ်းခြံကုန်း ဒရယ်လူး ကျေးရွာ ဓားပြမှုကြီးဆိုလည်း ရဲဘက်ပြေးတွေ တိုက်တာပဲ။ တနိုင်ငံလုံး ရဲဘက်ပြေး ဘယ်လောက်ရှိနေတယ် စာရင်း အတိအကျ မသိနိုင်ပေမယ့် သောင်းဂဏန်းတော့ သေချာတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေ (၂၆) ရက်၊ မန္တလေး သီရိမင်္ဂလာ အဝေးပြေးဝင်းတွင် သေနတ်အတုပြ ဗိုလ်မှူး အယောင်ဆောင်ပြီး လိမ်လည် ငွေညှစ်နေသူ တဦးမှာလည်း ရဲဘက်ပြေးဖြစ်ကြောင်း အဆိုပါ ရဲဝန်ထမ်းက ပြောသည်။

စစ်အစိုးရ အကျဉ်းထောင်တို့တွင် လူ့အခွင့်အရေး ချိုးဖောက်မှု ဆိုးရွားနေပြီး ရဲဘက်စခန်းတို့၌ ပိုဆိုးရွားကြောင်း၊ နေ့စဉ် ခိုင်းထားသည့် အလုပ် မပြီးသဖြင့် ရိုက်နှက်ခြင်းမျိုးလည်း ပုံမှန် လိုလိုဖြစ်နေသည့်အတွက် သေမှသာ သေရော ထွက်ပြေးသူ များလာသည်မှာ မဆန်းကြောင်း၊ အဆိုပါ ရဲဘက်ပြေးများအား ရပ်ကွက်ထဲ၌လည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူနိုင်ခြင်း မရှိကြောင်း၊ မှုခင်း ပေါ်ပေါက်လာမှသာ ရဲဘက်ပြေး ဆိုသည့် နောက်ဆက်တွဲ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့မှ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ပြောသည်။

၎င်းက “အခုပြဿနာတွေ ပြေလည်နိုင်ဖို့ဆိုရင် မြန်မာပြည်မှာ စီးပွားရေး ကောင်းလာဖို့၊ တရားစီရင်ရေးစနစ် ကောင်းလာဖို့၊ အကျဉ်းထောင်တွေ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ ကိုက်ညီလာဖို့ လိုမယ်။ ဒါမှသာ ရဲဘက်ပြေး နည်းသွားပြီး လူ့အဖွဲ့အစည်းလည်း ပိုမို အန္တရာယ် ကင်းရှင်းလာနိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတ၀န်းတွင် အကျဉ်းထောင်ပေါင်း (၄၃) ခုရှိပြီး ရဲဖက်စခန်းပေါင်း (၅၀) အထက် ရှိမည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ အတွင်းရေးမှူုး ကိုတိတ်နိုင်က ပြောသည်။

၎င်းက “အဲဒီရဲဘက်စခန်းတွေက ထွက်ပြေးတဲ့သူ နေ့တိုင်းရှိတယ်။ သေတဲ့သူ နေ့တိုင်းရှိတယ်။ အဓိကကတော့ မခံနိုင်ကြတော့လို့ပါ” ဟု ပြောဆိုသည်။

Ref: ခေတ်ပြိုင်

Read More...

Sunday, June 13, 2010

မြန်မာ နျူကလီးယား ဖြေရှင်းချက် ခိုင်လုံမှုမရှိ

မအေးသန္တာကျော်
စနေ, 12 ဇွန် 2010

မြန်မာစစ်အစိုးရဟာ သူတို့မှာ နျူကလီးယား အရေး ကြိုးပမ်းချက်တွေ မရှိကြောင်း ငြင်းဆိုတာဟာ သူတို့ရဲ့ လုပ်ရပ်ကို ဖုံးကွယ်မှု သက်သက်ပဲ ဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဝေဖန်သုံးသပ်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ နျူကလီးယား ဆိုင်ရာ လျှို့ဝှက် ကြိုးပမ်းမှုတွေ အကြောင်း စုံကိုတော့ နိုင်ငံတကာ ရုပ်မြင်သံကြား တခုကနေ ထုတ်လွှင့် ပြသချက်တွေ၊ မြန်မာစစ်တပ် အရာရှိဟောင်းတွေနဲ့ တွေ့ဆုံ မေးမြန်းချက်တွေဟာ သက်သက် ၀ါဒဖြန့် လုပ်ကြံ စွပ်စွဲမှုတွေသာ ဖြစ်တယ်လို့ မြန်မာ စစ်အစိုးရဘက်က ကြေညာထုတ်ပြန် ခဲ့ပါတယ်။ အပြည့်စုံကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

စနေနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ - မြန်မာနိုင်ငံသည် နျူကလီးယား လက်နက်ပိုင်ဆိုင်၍ စစ်အင်အားနိုင်ငံ ဖြစ်လာရန် ရည်ရွယ်ချက် မရှိ - ဆိုတဲ့ မြန်မာအစိုးရရဲ့ ကြေညာချက်ဟာ သူ့ဘက်ကနေ ခိုင်မာတဲ့ သက်သေ အထောက်အထားနဲ့ ငြင်းဆိုခြင်း မဟုတ်ဘဲနဲ့ လူထုကို အာရုံပြောင်းဖို့ ရည်ရွယ်ပြီး ပြောဆိုမှု သက်သက်သာ ဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကွန်ယက်အဖွဲ့ရဲ့ သုတေသနမှူး ဦးဌေးအောင် က သုံးသပ်ပါတယ်။

“စစ်အစိုးရက ထုံးစံအတိုင်းပေါ့ဗျာ။ သူတို့ ဒါ မုံလာဥ လုပ်တဲ့ သဘောပါပဲ။ ဒီနေ့ DVB ကနေပြီးတော့ ထုတ်လွှင့်ပြသတဲ့ အချက် အလက်တွေက DVB က မပြခင်ကတည်းက ကျနော်တို့ လေ့လာ တွေ့ရှိရတဲ့အချက် တွေနဲ့ တော်တော်ကြီးကို အနီးစပ်ဆုံး တူနေတာ တွေ့ရတယ်။ DVB က ရတဲ့ အချက်တွေကတော့ တိကျတဲ့ အထောက်အထားတွေ ဖြစ်တာပေါ့။ နေပြည်တော်မှာ တည်ဆောက်နေတဲ့ မြေအောက်လှိုင်ခေါင်းတွေ အပါအ၀င်ပေါ့နော်။ သူတို့ရဲ့ FOC လို့ခေါ်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ တည်ဆောက်တာတွေကို မပည လို့ခေါ်တဲ့ မြေပုံညွှန်းနဲ့ တကွ အတိအကျ မြေပုံပေါ်မှာ ပင်အပ်နဲ့ ထောက်ပြီးတော့ ပြနိုင်တဲ့ အဆင့်ထိကို အချက်အလက်တွေ ရထားတာကို ကျနော်တို့ တွေရတာရှိပါတယ်။ အဲဒီတော့ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရရဲ့ လျှို့ဝှက် ဖုံးကွယ်လုပ်နေတဲ့ အချက်အလက်တွေ အကုန်လုံးဟာ လုံးဝ ပေါ်ပေါက် သွားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကို ပိုပြီးတော့ သက်သေပြတာကတော့ ဗိုလ်မှူး စိုင်းသိန်းဝင်း တို့၊ ဗိုလ်မှူး အောင်လင်းထွဋ်တို့ရဲ့ ပြောကြားချက်တွေက ပိုပြီးတော့ ဒါတွေကို အတည်ပြု ပေးလိုက်တဲ့ သဘောမျိုး သက်ရောက်တာ တွေ့ရတာရှိတယ်လေ။ ဒါကြောင့်မို့လို့ စစ်တပ်ထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော် ကြီးကြီးမားမား ကယက် ရိုက်သွားတဲ့ အတွက်ကြောင့် ကြေညာချက်တွေ ထုတ်ပြီးတော့ သူတို့က သူတို့ တပ်ထဲကို ပြန်ပြီးတော့ လိမ်ညာဖို့၊ ပြည်သူလူထုကို လိမ်ညာဖို့ အဲဒီလို လုပ်တယ်လို့ပဲ ကျနော် ထင်ပါတယ်။”

မြန်မာနိုင်ငံကို အကာအကွယ်ပေးလေ့ရှိတဲ့ တရုတ်နိုင်ငံနဲ့ မြန်မာစစ်တပ်ကို နျူကလီးယား ဆိုင်ရာ နည်းပညာ သင်တန်းတွေ ပေးနေတဲ့ ရုရှားတို့ဟာလဲ မြန်မာစစ်အစိုးရက နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားတာကိုတော့ ထောက်ခံမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

“ရုရှားတို့လို တရုတ်နိုင်ငံတို့လို နိုင်ငံကြီးတွေ အနေနဲ့ကတော့ မြန်မာစစ်အစိုးရကို သမာရိုးကျ လက်နက်တွေ ရောင်းတာမျိုးတော့ သူတို့ ရှိပါတယ်။ ဒါပေမဲ့လို့ အနုမြူလက်နက်လို အားလုံးကို အန္တရာယ် ဖြစ်စေနိုင်တဲ့ လက်နက် မျိုးကိုတော့ ဒီနိုင်ငံကြီးတွေကလည်း ရောင်းချဖို့ သူတို့မှာ လက်တွန့် နေတာမျိုး၊ ရောင်းချချင်တဲ့ ဆန္ဒ မရှိဘူးလို့ ကျနော် ထင်ပါတယ်။ နောက်တခုကလဲပဲ တရုတ်နိုင်ငံ အနေနဲ့က မြောက်ကိုရီးယားလို နိုင်ငံမျိုး၊ မြန်မာနိုင်ငံလိုပေါ့လေ စစ်အာဏာရှင်တွေ ကြီးစိုးတဲ့ နိုင်ငံမျိုးတွေကို သူတို့က ကိုင်တွယ် ထားခြင်းအားဖြင့် နိုင်ငံတကာနဲ့၊ အထူးသဖြင့် အမေရိကန်နိုင်ငံနဲ့ အလျော့အတင်း လုပ်တဲ့နေရာမှာ သူတို့က ကစားကွက်လုပ်တဲ့ နေရာမှာ ဒါတွေကို အသုံးချနေတယ်လို့ ကျနော် ထင်ပါတယ်။”

မြန်မာစစ်အစိုးရဟာ တကယ်လို့သာ သူတို့ ကြေညာချက်အတိုင်း နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ စစ်အင်အားနိုင်ငံ ဖြစ်လာဖို့ ရည်ရွယ်ချက် မရှိပါဘူးဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို သက်သေ ပြသင့်တယ်လို့လည်း ဦးဌေးအောင်က သုံးသပ်ပါတယ်။

“စစ်အစိုးရ အနေနဲ့ အခုလို နိုင်ငံတကာကနေ ဖော်ထုတ်တွေ့ရှိတဲ့ အချက်အလက်တွေ မမှန်ကန်ဘူးဆိုတာကို လက်တွေ့ သက်သေပြချင်တယ် ဆိုရင် စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကို စုံစမ်းစစ်ဆေးခွင့် ပေးသင့်ပါတယ်။ အထူးသဖြင့် အခု နေပြည်တော်နဲ့ အနီး တ၀ိုက်မှာ အခု စစ်အစိုးရ တည်ဆောက်နေတယ် ဆိုတဲ့ မြေအောက် အမိန့်ပေး ဌာနချုပ်တွေ အပါအ၀င်ပေါ့လေ။ သူတို့ မြေအောက်မှာ ဆောက်နေတဲ့ လျှို့ဝှက်လက်နက် စက်ရုံတွေကို သွားရောက်ပြီးတော့ စစ်ဆေးခွင့် ပြုမယ်ဆိုရင် စစ်အစိုးရက အခုလိုတောင်မှပဲ ကြေညာချက်တွေ ထုတ်စရာ မလိုပါဘူး။ အားလုံးက နိုင်ငံတကာကလဲ သံသယရှင်းသွား နိုင်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုကွန်ယက် (NDD) ရဲ့ သုတေသနမှူး ဦးဌေးအောင် ပြောသွားတာ ဖြစ်ပါတယ်။ နော်ဝေနိုင်ငံ အခြေစိုက် DVB ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ ကာတာ နိုင်ငံ အခြေစိုက် AlJazeera ရုပ်မြင်သံကြား ဌာနတို့က Myanmar’s Military Ambitions ဆိုတဲ့ မြန်မာ စစ်အစိုးရရဲ့ နျူကလီးယား ဆိုင်ရာ ကြိုးပမ်းမှုတွေ အကြောင်း သတင်းမှတ်တမ်းကို ဇွန်လအစောပိုင်းမှာ နိုင်ငံတကာကို ထုတ်လွှင့်ပြသ သွားခဲ့ပြီးနောက် အခုလို မြန်မာစစ်အစိုးရရဲ့ တုံ့ပြန်ချက် ထွက်လာ ခဲ့တာဖြစ်ပါတယ်။

Ref: VOA News

Read More...

အပေါ်သို့