..............................

Saturday, August 21, 2010

ရွေးကောက်ပွဲ သပိတ်မှောက်ရေး အန်အယ်လ်ဒီ အသေးစိတ် ထုတ်ပြန်ရန်ရှိ

စိုးမိုး / ၂၀ သြဂုတ် ၂၀၁၀


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ အသေးစိတ် အချက်အလက်များ အခြေအနေကို ကြည့်ပြီး ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဗျူဟာ အသေးစိတ် ထုတ်ပြန်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားသည်။

ယမန်နေ့က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၇) ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် (၈) ဦးတို့ ဆွေးနွေးပွဲ အပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်သည်။

“ဘယ်သူကတော့ဖြင့် ဘယ်မဲဆန္ဒနယ်မှာ၊ မဲပြားက ဘယ်လိုပုံစံ၊ ဘယ်လို မဲပေးရမှာ၊ အခြား စည်းကမ်းချက် တွေက ဘယ်လို စသဖြင့် အဲဒါတွေ ပေါ်လာတဲ့အခါမှာ ကျနော်တို့ ခုဏက ပြောတဲ့ ဘာလုပ်ရမလဲ ဆိုတဲ့ဟာတွေ ထွက်လာ ပါလိမ့်မယ်။ ကျနော်တို့ အခြေအနေပေါ် ကြည့်ပြီး ဆွေးနွေး ဆုံးဖြတ်ကြမယ်လို့ ကျနော်တို့ သဘောထား ရှိပါတယ်” ဟု ဦးအုန်းကြိုင်က ပြောကြားသည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက် ထွက်ပေါ်လာပြီး တပတ်အကြာတွင် အန်အယ်လ်ဒီပါတီဝင်များ အနေဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်မည်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေနှင့်အညီ ပြည်သူလူထု အနေဖြင့် မဲမပေးလိုက မပေးဘဲ နေပိုင်ခွင့် ရှိသည်ဟု အန်အယ်လ်ဒီက ယမန့်နေ့က ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာသော်လည်း ပြည်သူ လူထု အတွင်း မဲပေးရမည့် ပုံစံ၊ အမတ်လောင်းများ၊ ပါဝင်ယှဉ်ပြိုင်မည့် ပါတီများ စသည်တို့ကို အသေးစိတ် မကြေညာ နိုင်သေးပေ။

“သပိတ်မှောက်မယ်ဆိုတာ ကျနော်တို့ ၀င်ပြီး မပါဘူးပေါ့ဗျာ။ ဒါပဲ။ မပါဘူးဆိုတာကိုပဲ၊ မပါဝင်ဘဲ သပိတ်မှောက် ထားတယ် ဆိုတာကိုပဲ ကျနော်တို့က ဘယ်လို အကောင်အထည် ဖော်မလဲ ဆိုတာနဲ့ ပတ်သက်လို့ကတော့ ခုဏကပြောတဲ့ ရွေးကောက်ပွဲ အသေးစိတ် အချက်အလက်တွေက ဘာမှ ပုံပေါ်လာတာ မရှိသေးဘူး။ အဲတော့ ကျနော်တို့လဲ အဲဒီကိစ္စကို ဆွေးနွေးခြင်း မရှိသေးဘူးဆိုပြီး မနေ့က ရပ်ထားလိုက်တာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

နအဖကောင်စီက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု မရှိသောကြောင့် အန်အယ်လ်ဒီ ပါတီက ယခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ပါတီအနေဖြင့် မှတ်ပုံတင်မည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ယခု ရွေးကောက်ပွဲကို သပိတ် မှောက်ကြောင်း ကြေညာ လိုက်ခြင်းဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ကြံ့ဖွံ့ပါတီရုံးများ တနိုင်ငံလုံးတွင် ဖွင့်လှစ်

NEJ / ၂၀ သြဂုတ် ၂၀၁၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးခန်းများကို မြန်မာတနိုင်ငံလုံး၌ ယနေ့ စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ယင်းပါတီသည် လူမှုရေးလုပ်ငန်းများ လုပ်ရန်ဟုဆိုကာ အစိုးရ မဟုတ်သော အသင်းအဖြစ် ၁၉၉၃ ခုနှစ်၌ ဖွဲ့စည်းခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပါတီအဖြစ် ပြောင်းလဲကာ ပြီးခဲ့သည့်ဧပြီ (၂၉) ရက်၌ ရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်ထားခဲ့ပြီး ဇွန် (၈) ရက်၌ မှတ်ပုံတင်ခွင့်ကျကာ ပါတီကို နအဖ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် အပေါင်းပါ ၀န်ကြီးများက ဦးဆောင်ထားသည်။

ရန်ကုန်တွင် ကြံ့ဖွံ့ပါတီ ရုံးချုပ်ကို ယခင် ကြံ့ဖွံ့အသင်းရုံးချုပ်တည်ရှိရာ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ဆရာစံ ရပ်ကွက် နေရာတွင်ပင် ထားရှိကာ ရုံးချုပ် ဆိုင်းဘုတ်တင်ပွဲကို ယနေ့ နံနက် (၉) နာရီခွဲကျော်တွင် ရန်ကုန် မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဦးစီး ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ပေါင်း (၄၅) ခုရှိ ကြံ့ဖွံ့ပါတီရုံးများကိုလည်း ယနေ့ ဖွင့်လှစ် လိုက်ပြီဖြစ်သည်။

ကြံ့ဖွံ့ပါတီမှ စည်းရုံးရေးမှူးတဦးက “အခု မြန်မာနိုင်ငံအနှံ့ ဒေသတွေမှာ စည်းရုံးရေး ဆင်းနေတာ ကြာပါပြီ။ ပါတီ ၀င်တွေလည်း များတယ်။ အဲဒီထဲမှာ အသင်းတုန်းက အသင်းဝင်တွေကို ပါတီဝင်အဖြစ် ပြောင်းလိုက်တာလည်း ရှိတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရတော့ အစိုးရ ၀န်ထမ်းတွေကို ပါတီဝင် မလုပ်ခိုင်းပါဘူး။ တခုတော့ရှိတာပေါ့၊ သူတို့က မဲပေးလို့ရတယ်။ မဲပေးတဲ့အခါ ခြင်္သေ့ (ကြံ့ဖွံ့ပါတီ) ကို မဲပေးဖို့ စည်းရုံး ထားပါတယ်” ဟု ပြောသည်။

ယနေ့ရုံးချုပ်ဖွင့်ပွဲသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ တက်ရောက် ကြကြောင်း ဖွင့်ပွဲ တက်ရောက်ခဲ့သည့် ပြည်ပ သတင်းဌာန တခုမှ သတင်း ထောက်တဦးက ပြောသည်။

“မြို့တော်ဝန်ကတော့ ပြောတယ်၊ သူတို့အနေနဲ့ ပါတီလုပ်တာဟာ ပြည်သူတွေရဲ့ အနာဂတ်အတွက် ဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံကို တိုင်းတပါး လက်အောက် မရောက်သွားဖို့ အစိုးရအနေနဲ့ ဆက်လက် ထိန်းသိမ်းတာဖြစ်တယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

ကြံ့ဖွံ့ပါတီ၏ အသေးစိတ်ဖွဲ့စည်းမှုများကိုမူ မြို့တော်ဝန်က ပြောဆိုခြင်းမရှိကြောင်း သိရသည်။ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းသည် တောင်ဥက္ကလာပမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းတဦးဖြစ်သည်။

အလားတူ ပဲခူးတိုင်းတွင်လည်း ယခင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ တိုင်းရုံးအား ပါတီ၏ တိုင်းရုံးအဖြစ်လည်းကောင်း၊ ထိုအဆောက်အဦ ဘေးနားရှိ အဆောက်အဦငယ်တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဆိုင်းဘုတ်များကို တင်ထားကြောင်း မြို့ခံတဦးက ပြောသည်။

ထို့အတူ မန္တလေးတိုင်းအတွင်းတွင်လည်း ယခင်ရက်များကတည်းက ယနေ့တင်မည့် ဆိုင်းဘုတ်တင်ပွဲအတွက် ဖိတ်စာများ ဖြန့်ဝေထားပြီး ယနေ့ ဆိုင်းဘုတ်တင်ပွဲသို့ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း တက်ရောက်ကြောင်း သိရသည်။

မန္တလေးမြို့ခံတဦးက “သူတို့လာမယ်ဆိုတော့ လမ်းတွေပိတ်ထားတယ်။ မီးခိုးပြာ တိုက်ပုံနဲ့ ကြံ့ဖွံ့တွေတော့ အများကြီးပဲ” ဟု ခေတ်ပြိုင်သို့ပြောသည်။

ယခင်က မန္တလေးတိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံးတွင် တိုင်းအဆင့်ပါတီရုံးကို ယခု ဖွင့်လှစ်ခြင်း ဖြစ်သည်။ ထို့နောက် မန္တလေးရှိ စကျသီဟ ဘုရားဝင်း ဓမ္မာရုံ အတွင်းတွင် ဆွေးနွေးပွဲ ဆက်လက် ပြုလုပ်ကြကြောင်း သိရှိရသည်။

ယခင်တည်ရှိခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအား ပြီးခဲ့သည့် ဇူလိုင် (၆) ရက်တွင် တရားဝင် ဖျက်သိမ်းခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားသော ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအဖြစ် လျှောက်ထားသော ပါတီပေါင်း (၄၇) ပါတီဖြစ်ပြီး၊ တရားဝင်မှတ်ပုံတင်ခွင့်ပြုထားသော ပါတီပေါင်းမှာ (၄၁) ပါတီသာ ရှိသေးသည်။

Ref: ခေတ်ပြိုင်

Read More...

Friday, August 20, 2010

အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌဟောင်း ဦးကြည်မောင် ကွယ်လွန်ခြင်း (၆) နှစ်ပြည့် ဆွမ်းကပ်လှူ

အောင်ထက်
၁၉ သြဂုတ် ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု-ဥက္ကဋ္ဌဟောင်း ဦးကြည်မောင် (ကာနယ်ကြည်မောင်) ကွယ်လွန်ခြင်း (၆) နှစ်ပြည့် အဖြစ် တပည့် သားမြေးများက ယနေ့ ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ဦးကြည်မောင် နှစ်ပတ်လည် အမှတ်တရ ဆွမ်းကျွေးပွဲကို ယခင်နှစ်များက ၎င်းမိသားစု နေထိုင်ရာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) လမ်းရှိ ဦးကြည်မောင် နေအိမ်တွင် နှစ်စဉ် ကျင်းပလေ့ ရှိသော်လည်း ယခုနှစ်တွင် ဦးကြည်မောင်၏ ဇနီးသည် ဒေါ်ကြည်ကြည်သာ ကျန်းမာရေး မကောင်းသဖြင့် အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် မဖြူဖြူသင်း၏ အမှတ် (၃၇၆)၊ (၁၈ - ဘီ) ရပ်ကွက်၊ ကမ္ဘောဇ (၂) လမ်း၊ တောင်ဒဂုံ နေအိမ်၌ ကျင်းပခဲ့သည်။

အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင် (၆၀) ကျော် ထားရှိရာ အဆိုပါ နေအိမ်တွင် နံနက် (၉) နာရီ၌ ပင့်သံဃာ (၃) ပါးအား ဦးကြည်မောင် အတွက် ရည်စူးကာ ပရိက္ခရာ (၄) ပါးနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး ပရိသတ်များက (၅) ပါးသီလ ခံယူ ဆောက်တည်ကြသည်။

နေ့လယ် (၁) နာရီခန့်အထိ အိပ်ခ်ျအိုင်ဗွီ လူနာ (၆၀) ကျော်အား ကျွေးမွေး ဧည့်ခံကာ အန်အယ်လ်ဒီ လူကြီးများက လူနာများအား လိုက်လံ ကြည့်ရှု အားပေးကြသည်။

လူနာ (၆၀) ကျော်၊ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးအုန်းကြိုင်တို့နှင့် လူငယ် (၃၀၀) ကျော် အပါအ၀င် စုစုပေါင်း ပရိသတ် (၄၀၀) နီးပါးခန့် ဆွမ်းကျွေး အခမ်းအနားသို့ တက်ရောက်ကြသည်။

ဆွမ်းကျွေးအခမ်းအနား တက်ရောက်သူများက ဦးကြည်မောင်အား ရည်စူး၍ အမှတ်တရ စာအုပ်တွင် အမှတ်တရ စကားများ ရေးသားကာ လက်မှတ် ရေးထိုးကြသည်။

အခမ်းအနားတက်ရောက်လာသည့် ဦးတင်ဦးက “လူနာများအနေနဲ့ စိတ်ဓာတ် မကျကြပါနဲ့။ ခုလို အလှူမျိုး၊ ခုလို နွေးထွေးစွာ လိုက်လံ အားပေးမှုမျိုး ထပ်လုပ်ဖြစ်အောင် ကြိုးစားနေမှာပါ။ ဆေးဝါး အကူအညီများလည်း အဆက်မပြတ် ရရှိအောင် ကျနော်တို့ ကြိုးစား နေပါတယ်” ဟု ပြောကြားသွားသည်။

အိမ်ရှင်ဖြစ်သူ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအား ကုသရေး တာဝန်ယူနေသူ မဖြူဖြူသင်းကလည်း ယခုကဲ့သို့ လူနာများအား အန်အယ်လ်ဒီ ခေါင်းဆောင်များက နွေးထွေးစွာ လာရောက်ကြည့်ရှု အားပေးသည့်အပေါ် ကြည်နူး ကျေနပ်မိကြောင်းနှင့် အလှူရှင်များ ပိုမို များပြားလာရန်လည်း မျှော်လင့်ကြောင်း ပြောဆိုသည်။

အန်အယ်လ်ဒီ လူငယ် ကိုမြင့်ကျော်က “အများကြီး ပီတိဖြစ်စရာ ကောင်းပါတယ်။ အိပ်ခ်ျအိုင်ဗွီ / အေအိုင်ဒီအက်စ် ကို ထိန်းချုပ်ခြင်းသည် ကျမတို့၏ အနာဂတ်ကို ထိန်းသိမ်းခြင်း ဖြစ်သည်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ ဖူးပါတယ်။ ဒီနေ့မှာ ခုလို ဝေဒနာရှင်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မြှင့်တင် ပေးခြင်းဟာ တိုင်းပြည်ရဲ့အနာဂတ်ကို မြှင့်တင်ပေးရာ ရောက်ပါတယ်” ဟု ပြောကြားသည်။

ယနေ့ နံနက် မိုးလင်းကတည်းက နယ်မြေခံ သတင်းတပ်ဖွဲ့များက မကြာခဏ လာရောက် မေးမြန်း နေကြသောကြောင့် ဦးကြည်မောင် (၆) နှစ်ပြည့် နှစ်ပတ်လည် ဆွမ်းကျွေးအလှူ (၁၉.၈.၂၀၁၀) ဟူသော ဆိုင်းဘုတ်ကို လူနာများနားခိုရာ သစ်ပင်အောက်၌ ထင်သာမြင်သာ ချထားသည်ဟု ဆွမ်းကျွေး ကမကထ လုပ်သူတဦးက ပြောသည်။

ယနေ့ဆွမ်းကပ်လှူသည့် အခမ်းအနားသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ သတင်းတပ်ဖွဲ့ဝင် စုစုပေါင်း (၁၀) ဦးကျော်ခန့် ရှိသော်လည်း စောင့်ကြည့်ခြင်း ဓာတ်ပုံရိုက်ခြင်းမှ အပ အနှောင့်အယှက် ပေးခြင်း မရှိဟု သိရသည်။

ဦးကြည်မောင် နှစ်ပတ်လည် ဆွမ်းကျွေး (၃) နှစ်ပြည့် အခမ်းအနားနေ့တွင် ၈၈ မျိုးဆက် ကျောင်းသားများ ဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို၊ ဂျင်မီ၊ ဌေးကြွယ်၊ မြအေး၊ ပဏ္ဏိတ်ထွန်း၊ ကျော်ကျော်ထွေး ဦးဆောင်သော ကျောင်းသားများ တက်ရောက် ခဲ့ကြပြီး ဦးကြည်မောင် နေအိမ်မှ အပြန်တွင် ကျောင်းသားများက ကမ္ဘာအေးလမ်း တလျှောက် စီတန်း လှည့်လည်စဉ် နအဖ၏ ခေါ်ယူ ထိန်းသိန်းခြင်း ခံခဲ့ရသည်။

Ref: ခေတ်ပြိုင်

Read More...

ရွေးကောက်ပွဲအကြို ဒုဗိုလ်ချုပ်ကြီး ၁ဝ ဦး အငြိမ်းစား ယူမည်

သောကြာနေ့၊ သြဂုတ်လ ၂၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) - မြန်မာ စစ်အစိုးရသည် နောက်အပတ်တွင် အကြီးအကျယ် ရာထူး အပြောင်းအရွှေ့များ ပြုလုပ်ရန်ရှိပြီး ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိ စစ်အရာရှိကြီး ၁ဝ ဦးရာထူးမှ အနားယူကာ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည်ဟု မကြာသေးခင်က ကြေငြာထားသော အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် ကြလိမ့်မည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန သတင်း ရပ်ကွက်တခုက ယမန်နေ့ နှောင်းပိုင်းက ပြောသည်။

`မြန်မာစစ်တပ်မှာ ဒုဗိုလ်ချုပ်ကြီး အဆင့်နဲ့ အရာရှိကြီး ၁၄ ဦး ရှိတဲ့ထဲက ၄ ယောက်ပဲ ကျန်မယ်။ ကျန်တာ အကုန် သွားတော့မှာ´ ဟု အဆိုပါသတင်း ရပ်ကွက်က ပြောသည်။

လစ်လပ်သွားသော နေရာများကို လက်ရှိ ဗိုလ်မှူးချုပ် ရာထူးရှိ စစ်အရာရှိများက အစားထိုး ထမ်းဆောင်သွားမည် ဖြစ်သည်။ ထိုအထဲမှ အများစုမှာ စစ်တိုင်းမှူးများ ဖြစ်ကြသည်ဟုလည်း အဆိုပါ သတင်းရပ်ကွက်မှပင် ဆက်လက် ပြောဆိုသည်။

လက်ရှိ ရာထူးတွင် ဆက်လက် ကျန်ရှိနေခဲ့မည့် ဒုဗိုလ်ချုပ်ကြီး ၄ ဦးမှာ စစ်ဘက်ရေး ရာလုံခြုံရေးဌာန အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ တပ်မတော် လေ့ကျင့်ရေး အရာရှိ ချုပ် ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ကာကွယ်ရေး အထူး စစ်ဆင်ရေးဌာန (ကစထ) ၆ မှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော်တို့ ဖြစ်ကြသည်။

ကစထများအနက် ဒုဗိုလ်ချုပ်ကြီး ခင်ဇော် တဦးတည်းသာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိ စစ်ကျောင်းတော်ကြီး ဖြစ်သော ဗိုလ်သင်တန်းကျောင်း (OTS) တက်ရောက်ခဲ့သူ ဖြစ်ပြီး ကျန်နေမည်ဖြစ်ကာ အခြား ကစထမှူး ၅ ဦးမှာ ရာထူးမှ နှုတ်ထွက် ပေးကြရမည် ဖြစ်သည်။ ဤရာထူး အပြောင်းအရွှေ့များကို နောက် သောကြာနေ့တွင် ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရသည်။

မြောက်ကိုရီးယားမှ လက်နက်များ ဝယ်ယူရာတွင် အဓိက ပုဂ္ဂိုလ်တဦးအဖြစ် ပါဝင်ခဲ့သော စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး တင်အေးလည်း မမျှော်လင့်ဘဲ ရာထူးမှ နှုတ်ထွက် ရသူများတွင် ပါဝင်သွားသည်။

ဤသို့ စစ်အရာရှိကြီး အများအပြား ရာထူးမှ အစုလိုက် အပြုံလိုက် အငြိမ်းစား ယူရစေမည့် နောက်ဆုံး ဆုံးဖြတ်ချက်ကို ယခင်အပတ်က နေပြည်တော်တွင် ကျင်းပခဲ့ သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) အမာခံ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လူအများက ကန့်ကွက် ရှုတ်ချထားကြသော နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင် နိုင်ရန်အတွက် စစ်ဘက် ရာထူးများမှ အငြိမ်းစား ယူရသည်မှာ ယခုအကြိမ်သည် ဒုတိယ အကြိမ် ဖြစ်သည်။ ဧပြီလဆန်းက ဝန်ကြီးချုပ် သိန်းစိန် အပါအဝင် စစ်ဘက်အရာရှိ နှစ်ဒါဇင်ကျော် စစ်ဘက် ရာထူးများမှ အနား ယူခဲ့ကြပြီး စစ်အစိုးရ ကျောထောက် နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ခေါင်းဆောင်မှု နေရာများကို အမွေ ဆက်ခံခဲ့ကြသည်။

အငြိမ်းစားယူကြမည့် စစ်ဘက် အရာရှိကြီးများ

၁။ ဒုဗိုလ်ချုပ်ကြီး အုန်းမြင့် (ကစထ ၁ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ဆင်း)
၂။ ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ကစထ ၂ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၉)
၃။ ဒုဗိုလ်ချုပ်ကြီး ကိုကို (ကစထ ၃ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၉)
၎။ ဒုဗိုလ်ချုပ်ကြီး သာအေး (ကစထ ၄ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၆)
၅။ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ (ကစထ ၅ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅)
၆။ ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင် (လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်၊ စစ်တက္ကသိုလ် ၁၇)
၇။ ဒုဗိုလ်ချုပ်ကြီး တင်အေး (စစ်လက်နက် အရာရှိချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၉)
၈။ ဒုဗိုလ်ချုပ်ကြီး ဆန်းဆင့် (စစ်ရာထူးခန့်ချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅)
၉။ ဒုဗိုလ်ချုပ်ကြီး စိုးမောင် (စစ်ဥပဒေချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇)
၁ဝ။ ဒုဗိုလ်ချုပ်ကြီး သိန်းထိုက် (တပ်မတော် စစ်ဆေးရေး အရာရှိချုပ် စစ်တက္ကသိုလ်၊ အပတ်စဉ် ၁၆)

Ref: မဇ္ဈိမ

Read More...

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ဇာတိ ဇီးကုန်းမှာ စည်းရုံးရေး ဆင်းမှုအပေါ် ဒေသခံတွေ ဝေဖန်

မသင်းသီရိ
ကြာသပတေး, 19 သြဂုတ် 2010

၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ၀င်ပြီး ယှဉ်ပြိုင်မယ့် မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းဟာ သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ ပဲခူးတိုင်းက ဇီးကုန်းမြို့နယ် အတွင်းမှာ ဒေသခံတွေကို မျက်စိ စမ်းသပ်ပေးတာ၊ မျက်မှန် အခမဲ့ လုပ်ပေးတာတွေနဲ့ စည်းရုံး မဲဆွယ်နေတယ်လို့ ဇီးကုန်းမြို့ခံတွေက ပြောပြပါတယ်။ တခြား နိုင်ငံရေးပါတီ အတော်များများက ပါတီရဲ့ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေ ကြုံနေရတဲ့ အချိန်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အခုလို ငွေကြေးအင်အား သုံးပြီး မဲဆွယ် စည်းရုံးတာတွေ လုပ်နေတာဟာ မြန်မာ့နိုင်ငံရေးကို ဖျက်ဆီးနေတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ၀င်ကြမယ့် တခြား နိုင်ငံရေး ပါတီတွေကလည်း သုံးသပ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြ ပေးထားပါတယ်။

ပဲခူးတိုင်း၊ ဇီးကုန်းမြို့သား တဦးဖြစ်တဲ့ မြန်မာစစ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းဟာ သူ့ဇနီးနဲ့အတူ သြဂုတ်လ ၁၈ ရက်နေ့က ဇီးကုန်းမြို့ကို ရောက်လာခဲ့ပြီး ဒေသခံတွေကို အခမဲ့ မျက်စိ စမ်းသပ်ပေးတာ၊ မျက်မှန်တွေ အခမဲ့ ဝေတာတွေကို ပြုလုပ် ပေးခဲ့ပါတယ်။ မျက်စိ ဆရာဝန်တွေနဲ့ မဟုတ်ဘဲ မျက်မှန်ပါဝါ စမ်းသပ်မှု ကျွမ်းကျင်ရေး သမားတွေနဲ့ ၃ ရက်ကြာ အခမဲ့ စမ်းသပ်ပေးနေတာ ဖြစ်တယ်လို့ အဲဒီနေရာကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဇီးကုန်းမြို့ခံ တဦးက ပြောပြပါတယ်။

“ကျမတို့ ပထမကြားတာတော့ မျက်စိနဲ့ ပတ်သက်ပြီး မျက်စိဝေဒနာရှင်တွေကို လာပြီး စမ်းသပ် ပေးတယ်၊ မျက်မှန် လုပ်ပေးတယ်။ အခမဲ့ ဆိုတော့ စိတ်ဝင်စားလို့ သွားတယ်။ စမ်းသပ် ပေးတယ်ဆိုတာ မှန်ဘီလူးနဲ့ ဘာနဲ့ စမ်းသပ်တာ မရှိဘူး။ ကျမတို့က မျက်စိ ပါရဂူတွေ ပြတယ်ဆိုပြီး သွားတာပေါ့၊ အင်တိုက် အားတိုက်။ ဟိုကျတော့ ထင်သလို မဟုတ်ဘူးပေါ့။ တချို့ကျတော့လည်း အပြင်ရောက်တော့ ဘယ်လို စမ်းတာလဲ ပြောပြီး ပြန်သွားတဲ့လူတွေ အများကြီး ရှိတယ်။ စမ်းသပ်ပြီးတော့ သူတို့က ၂၅ ရက်နေ့ ပြန်လာပါဆိုပြီး ရေးပေးလိုက်တယ်။ ၂၅ ရက်နေ့ မျက်မှန် လာယူပါလို့ ပြောတယ်။

“မနေ့က ကျမတို့ နေ့ခင်းပိုင်း တုံကင်သွားယူတာတော့ နံပါတ် ၆၀၀ ကျော်ရတယ်။ ဒါပေမဲ့ မနက်ပိုင်း ၅၄ လည်း အဲဒီလိုပဲ၊ ဝေဒနာရှင် တွေလည်း မျက်မှန် ရလိုက်တယ်လို့ ကြားတယ်။ ဒီနေ့လည်း စမ်းသပ်နေတာပဲ။ တုံကင်ကတော့ နံပါတ် ၁,၀၀၀ ကျော်သွားပြီ။ ဒါပေမဲ့ ဒီနေ့ အဲဒီလောက်လည်း မပြီးလောက်ဘူး။ တချို့ ပြန်တဲ့ လူတွေကလည်း များတယ်၊ စိတ်မရှည်လို့။ ရုတ်ရုတ် ရုတ်ရုတ်တွေနဲ့ ဘယ်လိုတွေမှန်းကို မသိဘူး၊ ပြောရမယ်ဆိုရင်။ မ၀တ လူကြီးတွေ၊ နယ်ထိန်းတွေ၊ အဲဒီလိုပဲ တွေ့တယ်။ သူတို့လာပြီး လုပ်တယ် ဆိုတာ သူတို့ဘက်က စွဲဆောင်တဲ့ သဘောပေါ့။ သူတို့က တိုက်ရိုက်သာ မပြောတာ၊ ဒါပေမဲ့ အဲဒီလို သဘောတော့ သက်ရောက်တယ်။”

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းဟာ အခမဲ့ မျက်မှန်တွေကို အခုလိုဝေနေတာ သူလုပ်ပေးတာ မဟုတ်ဘဲ မျက်မှန် ကုမ္ပဏီတွေက အလှူဒါန ပြုတာသာ ဖြစ်ပါတယ်လို့ မျက်မှန် လာစမ်းတဲ့ လူတွေကို ပြောပြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါပေမဲ့ အရင်က ကိုယ့်ဇာတိ မြို့လေးရဲ့ ပညာရေးဆိုင်ရာ အပါအ၀င် တခြား လိုအပ်ချက်တွေကို တခါမှ လာလုပ်ပေးတာ မရှိဘဲနဲ့ အခုမှ မျက်မှန်တွေကို အခမဲ့ လာဝေတာဟာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အတွက် ဇီးကုန်းမြို့ကနေ ၀င်ရောက် ယှဉ်ပြိုင်မယ့် ၀န်ကြီး ဦးဉာဏ်ဝင်း မဲလာဆွယ်တာသာ ဖြစ်တယ်လို့ မြို့ခံတွေက မြင်ကြပါတယ်။

“သူကတော့ ဒါ မျက်မှန်လုပ်ပေးတဲ့ လူတွေက လာပြီးတော့ လှူတာပါ။ သူက ဘေးက ရပ်တည်ပေးရုံ သက်သက်ပါတဲ့။ ဘယ်တုန်း ကမှလည်း ဒီလို လာလုပ်ပေးတာ မရှိခဲ့ဘူးလေ။ အကြာကြီး ဒီမြို့ခံတယောက် အနေနဲ့ ဒီမှာက ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး တွေမှာ ဘာမှ ကူညီထောက်ပံ့ခဲ့တာ မရှိခဲ့ဖူးဘူး။ အခု မဲပေးခါနီး အချိန်ကျမှ ဒီလို လာတယ်ဆိုတော့ လာပြီး စည်းရုံးတယ် လို့ပဲ ယူဆပါတယ်။

“အခု မျက်မှန်လုပ်ပေးတဲ့ အချိန်လောက်ပါပဲ။ သူတို့အတွက်က ပြည်သူလူထုဆိုတာ မြန်မာနိုင်ငံက အရမ်းကို စီးပွားရေး ကျပ်တည်း နေတဲ့ နိုင်ငံကိုး၊ သူတို့အတွက် လာပြီး ကုပေးမယ် ဆိုတော့ သက်သာမယ်လေ ဆိုပြီးတော့ သွားတာလောက်ပဲ ရှိပါတယ်။”

ပဲခူးတိုင်း အနောက်ခြမ်းက ဇီးကုန်းမြို့ခံ အမျိုးသမီး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မဲရဖို့အတွက် အာဏာ၊ ငွေကြေး၊ အင်အားတွေသုံးပြီး မဲဆွယ်မှု လုပ်နေတာဟာ မြန်မာ့ နိုင်ငံရေးကို ဖျက်ဆီးနေတဲ့ အမည်းစက် တွေသာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံ ပြည်သူကို လာဘ်ထိုးပြီး နိုင်ငံရေး အသာစီးရအောင် လုပ်တယ်ဆိုရင်တော့ ဒီလုပ်ကွက်က မကောင်းပါဘူး။ မြန်မာနိုင်ငံ ပြည်သူတွေကို လူမှုရေး နာကျင်မှုတွေ သက်သာအောင် မျက်မှန်တွေ ပေးတယ်၊ ထောက်ပံ့မှုတွေ ပေးတယ် ဆိုရင်တော့ တမျိုးပေါ့။ အဲဒီလို မဟုတ်ဘဲ နိုင်ငံရေးပါတီ တရပ်အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရရှိဖို့ လာဘ်ထိုးတယ်ဆိုရင် လာဘ်ထိုးတဲ့ ပါတီတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ကဖျက်ယဖျက် လုပ်တယ်၊ ဖျက်ဆီးရာ ရောက်တယ်၊ အမည်းစက် ထင်အောင် လုပ်တယ်လို့ပဲ ပြောရမှာပေါ့။ ဘာကြောင့်လဲဆို အင်မတန်မှကို ဆိုးဝါးတဲ့ ကျင့်စဉ်ကြီးကို ကျင့်သုံးနေပြီလို့ပဲ ပြောကြရမှာပေါ့။”

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဦးခင်မောင်ဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ နိုင်ငံတ၀န်း နေရာ တော်တော် များများမှာ ငွေကြေး အင်အားနဲ့ လူအင်အားတွေ သုံးပြီး အဖွဲ့ဝင်သစ်တွေ စုဆောင်းတာ၊ မဲဆွယ် စည်းရုံးတာတွေကို ပြုလုပ်နေတာပါ။ ဒါပေမဲ့ ကျန်တဲ့ နိုင်ငံရေးပါတီ တော်တော်များများ မှာတော့ ကိုယ်စား လှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ ငွေကြေး အခက်အခဲတွေ၊ ပါတီရဲ့ ဘဏ္ဍာရေး ဆိုင်ရာ အခက်အခဲတွေ အပြင် သတ်မှတ်ထားတဲ့ ဥပဒေရဲ့ အကန့်အသတ် တွေကြောင့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ဆိုပေမဲ့ အခုချိန်ထိ မဲဆွယ်မှုတွေကိုတောင် ထိထိ ရောက်ရောက် မလုပ်နိုင်ကြ သေးပါဘူး။

Ref: VOA News

Read More...

ရွေးကောက်ပွဲ သပိတ်မှာ လူထုပါဝင်စေဖို့ NLD စဉ်းစား

ဦးဇော်ဝင်းလှိုင်
ကြာသပတေး, 19 သြဂုတ် 2010

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ် မှောက်မယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။ ဒီကနေ့ နေ့လယ်မှာ ကျင်းပတဲ့ ပါတီ ခေါင်းဆောင်များ အစည်းအဝေး အတွင်း အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

အစတုန်းက ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရမယ် ဆိုတုန်းက မှတ်ပုံ မတင်ဘဲနေဖို့ ဆုံးဖြတ် ထားခဲ့ရာက အခုတော့ ဒီရွေးကောက်ပွဲကို သပိတ် မှောက်သွားမယ် ဆိုပြီး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အတိအကျ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီက NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအိမ်မှာ ကျင်းပခဲ့တဲ့ ပါတီခေါင်းဆောင်တွေရဲ့ စည်းဝေးပွဲ အတွင်း တညီ တညွတ်တည်း ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရ ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျနော်တို့လည်း အစကတည်းက ဒါကို လက်မခံနိုင်ဘူး၊ ပြုပြင်ပေးပါလို့ ပြောထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နည်းဥပဒေတွေဟာ အဲဒီလမ်းအတိုင်း ဆက်သွားမယ် ဆိုရင် မြန်မာနိုင်ငံ ပြည်သူလူထု ဆန္ဒအတိုင်း မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိစေမယ့် ဆီကို ဦးမတည် နိုင်တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သပိတ်မှောက်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။”

ဒီလို ပါတီအနေနဲ့ သပိတ်မှောက်မယ့်အပြင် ဒီသပိတ်မှောက်တဲ့ အထဲ ပြည်သူလူထု ပါဝင်လာအောင် NLD အနေနဲ့ ဦးဆောင် လုပ်မယ်၊ မလုပ်ဘူး ဆိုတာကိုတော့ ဆက်လက် ဆွေးနွေး နေကြတုန်းလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီကနေ့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ထဲမှာတော့ ပြည်သူလူထုဟာ ရွေးကောက်ပွဲမှာ ဆန္ဒမဲမပေးဘဲ နေလိုက နေနိုင်တဲ့ အကြောင်းလည်း ဆုံးဖြတ် ခဲ့တယ်လို့ ဆိုပါတယ်။

“ကြေညာထားပြီးဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင် နည်းဥပဒေများမှာ ဖော်ပြထားတဲ့ ဥပဒေပါ အချက် အလက်များ အတိုင်း လုပ်သား ပြည်သူ မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ မိမိတို့ရဲ့ ပိုင်ခွင့်ကို အသုံးချပြီးတော့ ဒီရွေးကောက်ပွဲမှာ ဆန္ဒမဲမပေးဘဲ နေချင်လည်း နေလို့ ရတယ်လို့ ကျနော်တို့ သုံးသပ်ကြောင်းလည်း ဆုံးဖြတ်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း NLD က လက်ရှိ လုပ်ဆောင်နေတဲ့ နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လူမှုရေး လုပ်ငန်းတွေကိုတော့ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ဦးအုန်းကြိုင်က ပြောသွားပါတယ်။

Ref: VOA News

Read More...

အစိုးရနှင့် နီးစပ်သူ စီးပွားရေးသမားများဖြင့် နိုင်ငံ မဖွံ့ဖြိုးနိုင်

မျိုးမောင်
Thursday, August 19, 2010

စစ်အစိုးရနှင့် နီးစပ်ပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို လက်ဝါးကြီးအုပ်ခွင့် ရနေသော စီပွားရေး သမားများကို အသုံးချ၍ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း မြန်မာ စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်က ပြောဆိုလိုက်သည်။

“အစိုးရရယ် အစိုးရနဲ့ နီးစပ်တဲ့ လက်သင့်ရာစား လုပ်ငန်းရှင်များ (Cronies) နဲ့ ပေါင်းနေလို့ ကတော့ ၃၀၁၀ ပြည့်နှစ် မှာလည်း ဒီအတိုင်း ဖြစ်နေမှာပဲ” ဟု ဒေါက်တာ ဦးမြင့်က ပြောသည်။

ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် သြဂုတ်လ ၁၄ ရက်နေ့က ကျင်းပသော “၂၀၁၀ ပြည့်နှစ် အလွန် နိုင်ငံရေး ဆက်စပ် စီးပွား အဆောက် အအုံ အပြောင်း အလဲတွင် ပုဂ္ဂလိက အခန်းကဏ္ဍ” (The Role of Private Sector in the changing of Political Economy Beyond 2010) ဟောပြောပွဲ၌ ထိုသို့ ပြောကြား သွားခြင်း ဖြစ်သည်။

ဒေါက်တာ ဦးမြင့်သည် ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်ပညာရေး တက္ကသိုလ်တို့တွင် ကထိက၊ ဌာနမှူး တာဝန်များ ယူခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန စီးပွားရေး ဌာနခွဲတွင်လည်း ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (အာရှနှင့် ပစိဖိတ်ဒေသ) ၏ သုတေသန ဌာနခွဲမှူး အဖြစ်လည်း တာဝန်ယူခဲ့သည်။ မြန်မာ နိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံ ပညာရှင် အဖွဲ့ဝင် ဖြစ်ပြီး ပြည်တွင်း စီးပွားရေးဆိုင်ရာ ဟောပြော ဆွေးနွေးမှုနှင့် အကြံပေးမှုများ ဆောင်ရွက် ပေးနေသည်။

စီးပွားရေးသမားများတွင် လုပ်ကိုင်နိုင်စွမ်း ရှိသော်လည်း စေတနာ ရှိရန် လိုအပ်ပုံကို “သူတို့ရဲ့ စေတနာ (Intention) ကို ဘယ်လို ပြောင်းမလဲ။ တိုင်းသူ ပြည်သားတွေ ကောင်းအောင် ဘယ်လို လုပ်မလဲ။ ပုဂ္ဂလိက ကဏ္ဍ ကောင်းအောင် ဘယ်လို လုပ်မလဲ။ ဒါက အခက်အခဲပဲ” ဟု ဒေါက်တာ ဦးမြင့်က ထောက်ပြသွားသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ထုတ်ဖော်ကြေညာပြီးနောက် နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိက လွှဲပြောင်းခြင်း အမည်ခံကာ စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးခဲ့သည်။

ထိုသို့ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသည့် အနေအထားမှာ “ပုဂ္ဂလိကပိုင် ပြုခြင်း” (Privatization) ဆိုသော်လည်း “ကိုယ်ပိုင်ပြုခြင်း” (Pocketization) ဖြစ်သွားနိုင်ကြောင်း ဒေါက်တာ ဦးမြင့်က ဝေဖန်သည်။

စစ်အစိုးရ၀န်ကြီး ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်၏ IGE ကုမ္ပဏီနှင့် နီးစပ်သော အင်ဂျင်နီယာတဦးက ပုဂ္ဂလိက ပိုင် လုပ်ငန်းအဖြစ် လွှဲပြောင်းယူသည့် စီးပွားရေးသမားများသည် နိုင်ငံ အကျိုးစီးပွားထက် ကိုယ်ကျိုးကြည့်သူများ ဖြစ်ကြောင်း ပြောဆိုသည်။

“သစ်တော စိမ်းစိမ်းမြင်ရင် ခုတ်မယ်။ ဒါပဲသိတယ်။ ကိုယ်မခုတ်ရင် သူများဦးသွားမှာကိုး။ အခုလည်း ရွေးကောက်ပွဲ မတိုင်မီ သူတို့ လုပ်ကိုင်ခွင့် ရထားတဲ့ စီမံကိန်းကြီးတွေကို သဘောတူ လက်မှတ်ထိုးဖို့ လောနေကြတယ်။ နောက်ဆိုရင် ဘာဖြစ်လာမလဲ မသိဘူးကိုး” ဟု ၎င်းက ပြောသည်။

နိုင်ငံစီးပွားရေး တိုးတက်ရန် ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်၍ ပို့ကုန် အားပြုသော စီးပွားရေး စနစ်ကြောင့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ တရုတ်နှင့် ယခု ဗီယက်နမ်စသော အာရှနိုင်ငံများ၏ စီးပွားရေး တိုးတက်လာရာ မြန်မာနိုင်ငံသည် ထိုလမ်းကြောင်းကို လိုက်သင့်ကြောင်း သံအမတ်ကြီးဟောင်း ဦးလှမောင်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် စီးပွားရေး မူဝါဒများ ဖြေလျော့လာပြီး လုပ်ခင်းသာသော စီးပွားရေး အဆောက်အအုံ အခြေအနေများ ပေါ်ပေါက် လာမည်ဟု ပြည်တွင်း ရင်းနှီး မြှုပ်နှံသူများက မျှော်လင့်နေသည်ဟု စီးပွားရေးသမား အသိုင်းအဝိုင်းက ဆိုသည်။

“လူတိုင်းကတော့ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပဲ” ဟု UMFCCI အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်လေးက ပြောသည်။

ပြည်တွင်း စီးပွားရေး ပညာရှင်တဦးကမူ ၂၀၁၀ နောက်ပိုင်းတွင် စီးပွားရေးအခင်း အကျင်း ပြောင်းလာ လိမ့်မည်ဟု မထင်ကြောင်း သုံးသပ်သည်။

စစ်အစိုးရနှင့်နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးနေအောင် စသူတို့ သည် ဘဏ်လုပ်ငန်း၊ လေကြောင်းလိုင်းလုပ်ငန်း၊ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ဆိပ်ကမ်း လုပ်ငန်း၊ စက်သုံး လောင်စာဆီ စွမ်းအင်ကဏ္ဍ စသည့် အကျိုးအမြတ်များသော လုပ်ငန်းများကို လုပ်ပိုင်ခွင့် ရရှိ ထားသည်။

Ref: ဧရာဝတီ်

Read More...

ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ထုတ်ပစ်မှု အဖွဲ့အတွင်း မကျေနပ်ကြ

ရဲရင့်
၁၉ သြဂုတ် ၂၀၁၀

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရာတွင် ပိုလျှံသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် (၂,၀၀၀) ကျော်အား အဖွဲ့မှ ထုတ်ပယ်လိုက်သည့် အကျိုးဆက်ကို ဒီကေဘီအေ ခေါင်းဆောင်များ ပေးဆပ် ကြရမည်ဟု အပယ်ခံ တပ်မှူးတဦးက ပြောကြားသည်။

လက်နက်ကိုင် အင်အား (၃,၀၀၀) ကျော်ရှိသည့် ဒီကေဘီအေ အဖွဲ့ကို နယ်ခြားစောင့်တပ် အသွင် ပြောင်းရာတွင် နအဖမှ တပ်ရင်း (၃) ရင်းစာ စစ်သည်အင်အား (၁,၀၀၀) ခန့်သာ လက်ခံ သောကြောင့် ကျန်တပ်ဖွဲ့ဝင် (၂,၀၀၀) ကျော်ကို အဆင့်အလိုက် နစ်နာ ကြေးပေးကာ အဖွဲ့မှ ထုတ်ပယ် လိုက်သည့်အတွက် အပယ်ခံများအကြား မကျေနပ်မှုများ ဖြစ်ပေါ်နေသည်။

“ဒီကိစ္စကို ပြေလည်အောင် မညှိနှိုင်းဘဲ အဖွဲ့ဥက္ကဋ္ဌ ဦးသာထူးကျော်နဲ့ ဒု-ဥက္ကဋ္ဌ စောကျော်သန်းတို့ဟာ သူတို့ ကိုယ်ကျိုးအတွက် နအဖနဲ့ ပေါင်းပြီး တချိန်က ကိုယ့်အမျိုးသား အတွက် အသက်ပေး အတူတွဲ တိုက်ပွဲ ၀င်လာခဲ့ကြတဲ့ ရဲဘော် ရဲဘက်တွေရဲ့ သစ္စာကိုမှ မထောက်ဘဲ ကိုယ့်အမျိုးသား တပ်ကို ဗမာတပ်ထဲသွင်းပြီး ကျန်တဲ့ လူတွေကို မျက်နှာလွှဲ ခဲပစ် လုပ်တာကို အများစုက လုံးဝ မကျေနပ်ဘူး။ ဒီဆိုးကျိုးတွေကို သူတို့ ပေးဆပ်ရမှာ ဖြစ်တယ်” ဟု အဆိုပါ တပ်မှူးက ပြောသည်။

မြ၀တီခရိုင်အခြေစိုက် ဒီိကေဘီအေ (၉၉၉) မှ ထုတ်ပယ်ခံရသည့် အသက် (၅၀) အရွယ်ရှိ စောစေးက “အမျိုးသားရေး အတွက် လုပ်ဆောင် ခဲ့တာတွေဟာ နောက်ဆုံးမှာ လူငယ်တွေ ဗမာ စစ်သားဖြစ်ပြီး အသက် အရွယ်ကြီးသူတွေ တပ်က အထုတ် ခံလိုက်ရတယ်။ အရာရှိ အဆင့်တွေကို တောထဲမှာ မြေတကွက်နဲ့ နစ်နာကြေး တချို့ပေးပြီး ရဲဘော်တွေ ကျတော့ မြေကွက်တောင် မရဘဲ ကျပ် (၁) သိန်း၊ (၂) သိန်းလောက်နဲ့ ကျေနပ် လိုက်ရတာတွေ ရှိတယ်။ အောက်ခြေ ရဲဘော်တွေက မကျေနပ်ပေမယ့် ဘာမှ မတတ်နိုင်တော့ဘူး။ ဒီပြဿနာဆက်က အခြေအနေတွေ ရှုပ်ထွေးပြီး ကရင်တွေ အချင်းချင်း သတ်ဖြတ်ကြမယ့် အခြေ ဆိုက်ဦးမယ်” ဟု ပြောသည်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းသည့် စစ်ရေးပြပွဲကို မြိုင်ကြီးငူ ဌာနချုပ်တွင် ယမန်နေ့၌ ပထမအသုတ် အဖြစ် စတင် ကျင်းပခဲ့သည်။

ဒုတိယအသုတ်အဖြစ် ယခုလ (၂၀) ရက်တွင် (၉၉၉) တပ်မှ ဗျူဟာမှူး စောချစ်သူအဖွဲ့က မြ၀တီမြို့နယ်ရှိ မယ်ပလက်ရွာ၌ လည်းကောင်း၊ တတိယ အသုတ်အဖြစ် (၂၄) ရက်တွင် ဒီကေဘီအေ ကလို့ထူးဘော ဒေသမှ ဗိုလ်မှူးကြီး စောမောသို ဦးစီးအဖွဲ့ က မြ၀တီမြို့နယ်ရှိ မေတ္တာလင်းမြိုင်ရွာ၌ လည်းကောင်း ပြုလုပ်မည်ဟု သိရသည်။

မြိုင်ကြီးငူတွင် ယမန်နေ့က ပြုလုပ်သည့် ဌာနချုပ်တပ်ရင်းများ ကိုယ်စားပြု နယ်ခြားစောင့်တပ်ရင်း အမှတ် (၁၀၀၄) အသွင် ပြောင်းပွဲကို နအဖ အဆင့်မြင့်အရာရှိများ တက်ရောက် ခဲ့ကြသည်။

ဒီကေဘီအေ ဒု-ဥက္ကဋ္ဌစောကျော်သန်းက “တောထဲမှာ ကျန်ရှိနေသေးတဲ့ ကျနော်တို့ သွေးချင်း ညီအစ်ကိုတွေလည်း ကိုလိုနီနယ်ချဲ့ ဖက်ဆစ်တွေနဲ့ ပြည်ပြေး နိုင်ငံရေးသမား သစ္စာဖောက်များရဲ့ သွေးထိုး မြှောက်ပင့်နေကြတာကို နားမယောင်ဘဲ အားလုံးရဲ့အကျိုးကို ဆောင်ရွက်တဲ့ ပြည်ထောင်စု စိတ်ဓာတ်နဲ့ သယ်ပိုး ထမ်းဆောင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတော်၏ ဂုဏ်ပြုချီးမြှင့်ငွေဟု ဆိုကာ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက ဒီကေဘီအေ အဖွဲ့သို့ ကျပ်ငွေ (၂,၃၈၃) သိန်းနှင့် ဒုက္ခိတ ဖြစ်သွားသည့် တပ်ဖွဲ့ဝင် (၄၀) တို့အား နစ်နာကြေးများ ပေးအပ်ခဲ့သည်။

ဒီကေဘီအေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့သော်လည်း တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး အမည်ဖြင့် အဖွဲ့နာယက ဆရာတော် ဦးသုဇန၊ ဥက္ကဋ္ဌ ဦးသာထူးကျော်တို့ ဦးဆောင်ကာ ဆက်လက် တည်ရှိနေမည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်ကာ ဒီကေဘီအေအဖွဲ့ကို ၁၉၉၄ နှစ် ဒီဇင်ဘာ (၂၁) ရက်တွင် စတင် ဖွဲ့စည်းခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ပြီ

မြင့်မောင်
ကြာသပတေးနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ ထိပ်တန်းခေါင်းဆောင်များ အစည်းအဝေး လုပ်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ယနေ့ ကြေညာလိုက်သည်။

ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ဗဟိုအလုပ်အမှုဆောင် ၇ ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ၈ ဦးတို့ အစည်းအဝေး တရပ် ကျင်းပပြီးနောက် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပါ ပြဌာန်းချက်ပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲမပေးဘဲ နေချင်က နေလို့ရသော လွတ်လပ်ခွင့်ကို အသုံးချခြင်း ဖြစ်သည်ဟု ဆိုသည်။

“၂ဝဝ၈ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးနဲ့ လူ့အခွင့်အရေး ရရှိရေးကို ဘယ်လိုမှ ဦးမတည်တဲ့ အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်တာပါ” ဟု ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ထိန်းသိမ်းခံနေရသည့် ပါတီအထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ကြိုတင် တောင်းခံခဲ့ခြင်း မရှိကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ပါတီခေါင်းဆောင်များထံသို့ ပေးပို့ခဲ့သည့် စာတွင် သူမအနေဖြင့် ဗဟိုကော်မတီနှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်များကို လိုက်နာ သွားမည်ဟု ရေးသားကာ သူမ၏ သဘောထားကို အသိပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင် ပြည်သူများသည် ရွေးကောက်ပွဲ ဥပဒေအရပင် မဲမပေးဘဲ နေလိုက နေခွင့်ရှိသည်ဟု ပြီးခဲ့သည့် လထဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင် ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင် ယှဉ်ပြိုင်ခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး၊ လွှတ်တော် ကိုယ်စားလောင်း စာရင်းမှ နုတ်ထွက်နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလိုသည်ဟု ပြဋ္ဌာန်းထားသည်။

ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို မည်ကဲ့သို့ သပိတ်မှောက်သင့်ကြောင်း ကိုမူ NLD ခေါင်းဆောင်များ ဆက်လက် ဆွေးနွေး သွားကြမည် ဖြစ်သည်။

“ပြည်သူလူထုကို ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လိုထုတ်ပြန်ကြေညာမလဲ၊ မဲကို ဘယ်လို မပေးဘဲနေ မလဲ။ ဘာမှ မပြောတော့ ဘဲနဲ့ မပေးဘူးလို့ ဆုံးဖြတ်မလား ဆိုတဲ့ ပုံသဏ္ဍာန် တွေကိုတော့ ညှိနှိုင်းတုန်းပဲ။ အသေးစိတ် ညှိနှိုင်းပြီးတော့ ဒေါ်စုရဲ့ သဘောတူညီချက်၊ ခွင့်ပြုချက်ကို တောင်းခံရဦးမှာ ဖြစ်တယ်” ဟု ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ပါတီအနေဖြင့် သပိတ်မှောက်ရုံသာမက ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ပြည်သူလူထုကိုပါ မဲရုံများသို့ မသွားရောက်ရန်နှင့် မပေးဘဲနေရန်ကိုမူ တိုက်တွန်း သွားမည်ဟု သူက ဆိုသည်။

“အစိုးရဘက်နေ အရေးယူလာမယ်၊ တုံ့ပြန်လာမယ်ဆိုရင် တခြားနည်းနဲ့တော့ မတုံ့ပြန်လာနိုင်စရာ မရှိဘူး။ တရားဥပဒေ နည်းနဲ့ပဲ တုံ့ပြန်ရမှာပဲ။ ကျနော်တို့က တရား ဥပဒေနဲ့အညီ တုံ့ပြန်ရမှာပေါ့။ ကျနော်တို့ ပြောနေတဲ့ မဲဆန္ဒ မပေးဘဲ နေလို့ ရတယ် ဆိုတာက ရွေးကောက်ပွဲ ဥပဒေမှာ ပါဝင်ပြီးသား အချက်တွေပဲ” ဟု ဦးဝင်းတင်က ပြောသည်။

ယနေ့ အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးအုန်းကြိုင်နှင့် ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဟုဆိုကာ NLD က ရွေးကောက်ပွဲ မဝင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဗဟို အလုပ်အမှုဆောင်နှင့် ဗဟိုဦးစီး အဖွဲ့ဝင်များ၏ စုံညီအစည်း အဝေးက ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

ဒီကေဘီအေတပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပြီ

19 August 2010
သြဂုတ်လ ၁၉ရက်။ (ကေအိုင်စီ)

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင် တချို့သည် နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ စစ်ရေးပြ အခမ်းအနား တစ်ခုကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ ဒေသတွင် ယမန်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ တပ်ဖွင့်ပွဲ အခမ်းအနားတွင် စစ်အစိုးရဘက်က ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ မွန်ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ/အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း၊ ကရင်ပြည်နယ် အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းနှင့် တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ်လှရွှေ၊ ကာကွယ်ရေး ၀န်ကြီးဌာန ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်း၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန် ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သန်းစိုး၊ ငွေစာရင်းရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် လှိုင်မြင့်နှင့် တပ်မတော် အရာရှိများ၊ ဌာန ဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

၎င်းအပြင် ဒီကေဘီအေ ဥက္ကဌ စောသာထူးကျော်၊ ဒုဥက္ကဌ ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်ချုပ်ထွန်းလှိုင်နှင့် တပ်မှူးများနှင့် တပ်သားများ အခမ်းအနားသို့ တက်ရောက်ကာ အခမ်းအနားတွင် တပ်မတော်သား တစ်ဦးအဖြစ် သစ္စာ အဓိဌာန် ရွတ်ဆိုခဲ့ကြပြီး ဒုဗိုလ်ချုပ်ကြီး ရဲမြင့် မှလွဲ၍ ကျန်တပ်ဖက်ဆိုင်ရာ အရာရှိများက နယ်ခြားစောင့်တပ် အရာရှိများအား တပ်မတော်၏ ရာထူး အဆင့်တံဆိပ်ကို တပ်ဆင်ပေး ကြသည်။

ထိုအခမ်းအနားတွင် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း၊ ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် ဒီကေဘီအေ ဒုဥက္ကဌ ဦးကျော်သန်းတို့က အခမ်းအနား မိန့်ခွန်း ပြောကြားခဲ့ကြသည်။

ဦးကျော်သန်းက “ဒီကေဘီအေသည် ၁၉၉၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ပြည်သူ့ ရင်ပြင်ကို ခိုလှုံ လာကြသူများ ဖြစ်ကြပြီး ၁၉၈၈ မှ ၁၉၉၀ခုနှစ်အတွင်း ငြိမ်းချမ်းရေး အဖွဲ့ကြီး ၁၇ ဖွဲ့နှင့် အဖွဲ့ငယ်များစွာ တို့မှာ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် နိုင်ငံတော်၊ ပြည် သူ၊ တပ်မတော်များနှင့် အတူ လက်တွဲ ဆောင်ရွက်လျှက် ရှိကြောင်း၊ နယ်ခြားစောင့် တပ်အသွင် ကူးပြောင်းသွားသည့် ဒီကေဘီအေ တပ်ဖွဲ့များသည် တပ်မတော်နှင့် လက်တွဲပြီး နယ်ခြားဒေသများ အပြည့်အ၀ လုံခြုံမှုရှိအောင် သစ္စာရှိရှိ၊ တာဝန်သိသိ ထမ်းဆောင် သွားကြမည်။” ဟု အခမ်းအနားတွင် ပြောဆို သွားသည်။

ထို့နောက် နအဖ အာဏာပိုင်များမှ နယ်ခြားစောင့်တပ် ဖြစ်လာသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များ အတွက် ထောက်ပံ့ ကြေးငွေများ ပေးအပ်ပြီး တချိန်တည်းတွင် အသက်အရွယ် ကြီးရင့်သည့် ဒီကေဘီအေ တပ်ဗိုလ် တပ်မှူးများနှင့် မသန်မစွမ်း သူများကို ထောက်ပံ့ကြေး ပေးအပ်သည့် အခမ်းအနား ဆက်လက် ကျင်းပခဲ့သည်။

ဒီကေဘီအေ တပ်ဖွဲ့များသည် အဆိုပါတပ်ဖွင့်ပွဲအတွက် ဒေသခံလူထုများကို ကရင် ၀တ်စုံဝတ်ကာ လုပ်အား ပေးသွားရန် ခေါ်ဆောင်ခဲ့ သည့်အတွက် တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ရွာသူ တစ်ဦးက ယခုလို ပြောသည်။ “ကျမတို့ ရွာသားတွေ တရွာကို အယောက် ၂၀ စီ လုပ်အားပေး သွားရမယ်။ ကရင်အင်္ကျီတွေ ၀တ်သွားရမယ် ဆိုပြီး ဒီကေဘီအေက လာခေါ်တော့ ရွာသားတွေလည်း မဖြစ်မနေ သွားကြ တာပေါ့။”ဟု ဒေသခံ ရွာသူတစ်ဦးက ကေအိုင်စီကို ပြောပြသည်။

ယမန်နေ့က ပြုလုပ်သည့် အခမ်းအနားတွင် ဒီကေဘီအေ နာယက မြိုင်ကြီးငူ ဆရာတော် ဦးသုဇန မတက်ရောက် ခဲ့သော်လည်း ဒီကေ ဘီအေ တပ်ဖွဲ့ဝင် ၆၀၀ခန့် တက်ရောက်ခဲ့ပြီး ဆက်လက်၍ သြဂုတ်လ ၂၀ရက်နေ့တွင် ပိုင်ကျုံ မြို့နယ်တွင် လည်းကောင်း၊ လာမည့် ၂၂ ရက်နေ့တွင် မြ၀တီမြို့နယ်တွင် လည်းကောင်း နယ်ခြား စောင့်တပ် ဖွင့်ပွဲ အခမ်းအနားကို ကျင်းပသွားမည်ဟု သိရသည်။

လာမည့် အခမ်းအနားအပေါ် ဒီကေဘီအေ တပ်မဟာ(၉၉၉)၊ တပ်ရင်း(၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောလိုက်သိန့်က “နိုင်ငံတော်က ချမှတ်ပေးတဲ့ နယ်ခြားစောင့်တပ်ကို ဖွဲ့ဖို့ ငါတို့ ဒီကေဘီအေတွေ အနေနဲ့ ဖွင့်ပွဲ အခမ်းအနားနေ့ကို စောင့်နေကြတယ်။ အားလုံး ပြင်ဆင် ထားပြီးပြီ။ အခမ်းအနား တက်ဖို့ အတွက်။ ကျနော်လူတွေ အားလုံးတော့ တက်ဖို့ မလိုဘူး။ လိုအပ်တဲ့ လူပဲ ပြန်လာတယ်။ ကျနော်တို့ တအား စိတ်တက်ကြွတယ်။”ဟု ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ငြင်းဆန်သည့် ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မှူးတစ်ဦးက “ဒီကေဘီအေ တပ်ဖွဲ့ဝင် ဖြစ်ပြီဆိုရင် ငါတို့သည် အမျိုးဘာသာ သာသနာအတွက် အသက်ပေး ကာကွယ်ပါ့မည်။ ငါတို့သည် အထက် အကြီးအကဲများကို သစ္စာ တည်ပါ့မည်။ ငါတို့သည် ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ပါ့မည်။ ငါတို့သည် ကိုယ်ကျင့် တရားစောင့် ထိန်းပါ့မည်။ ငါတို့သည် ပြည်သူလုထုရဲ့ အသက်အိုးအိမ်ကို ကာကွယ် စောင့်ရှောက်ပါ့မည်။ ဒါတွေကို သာသနာ အလံတော် အောက်မှာ သစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဘယ်လူမျိုးမဆို လက်နက် ကိုင်တယ်ဆိုတာ ကိုယ့်လူမျိုးကို ကာကွယ်ဖို့အတွက် လက်နက် ကိုင်ကြတာ ဖြစ်တယ်။ သူတို့ ဒီလိုလုပ် လိုက်တာဟာ လာမည့်ရှေ့ရေးမှာ အမျိုးသား အတွက် ဘာမှ လုပ်လို့ မရတော့ဘူး။ တခြား လူမျိုးတွေကြားမှာ လက်ညှိုး ထောင်နိုင်ဖို့ ဝေးရော။” ဟု ဆိုသည်။

ဗိုလ်မှူးကြီးစောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးစီးသည့် ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ကမူ ဒီကေဘီအေ တပ်ဖွဲ့၏ မူအတိုင်း ဆက်လက် ရပ်တည် သွားမည်ဟု ပြောသည်။

ဒီကေဘီအေ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက “အရင်က ကရင်လက်နက်ကိုင် ဗုဒ္ဓဘာသာ အဖွဲ့အနေနဲ့ ဆို ကိစ္စမရှိဘူး။ အခုဆို နအဖ လက်အောက် လုံးလုံး ရောက်သွားတော့ စစ်တပ်ရဲ့ အမိန့်နဲ့ သေဆိုသေ၊ ရှင်ဆိုရှင်ပဲ။ သူတို့မှာ အမျိုးသားရေး ဆိုတာလည်း မရှိ တော့ဘူး။ ပျောက်ပြီပေါ့။” ဟု ဆိုသည်။

ဒီကေဘီအေတပ်ဖွဲ့သည် ၁၉၉၄ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) မှ ခွဲထွက်ကာ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန၏ ဦးဆောင်မှုဖြင့် မြန်မာ စစ်အစိုးရနှင့် ပူးပေါင်းသွားခဲ့ပြီး ၁၅နှစ်ကြာ ဒီကေဘီအေ အဖြစ် ရပ်တည် သွားခဲ့ရာမှ လာမည့် ရွေးကောက်ပွဲ မတိုင်ခင် ယခုလို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

Ref: KIC News

Read More...

ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ်ကျော် နေထိုင်ခဲ့သူများ တရားဝင်နေထိုင်ခွင့် ရမည်

မြတ်ခိုင်ဦး
၁၉ သြဂုတ် ၂၀၁၀

ဆယ်စုနှစ်နှင့်ချီ၍ ထိုင်းနိုင်ငံအတွင်း နေထိုင်နေသော တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများအား အမြဲတမ်း နေထိုင်ခွင့် ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေးကောင်စီမှ စဉ်းစားနေပြီ ဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်အဖြစ် နှစ်ပေါင်း (၂၀၊ ၃၀) နေထိုင်လာခဲ့သည့် ရွှေ့ပြောင်း နေထိုင်သူများအား အမြဲတမ်း နေထိုင်ခွင့် အဆင့်အတန်းနှင့် ညီမျှသော အဆင့်အတန်း တခု ပေးအပ်ရန် ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီက စဉ်းစားနေပြီ ဖြစ်ကြောင်း ကော်မတီ အထွေထွေ အတွင်းရေးမှူး ခွန်သဝီ ပလီယန်စရီက ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင် အလုပ် လုပ်ကိုင်နေသော လူဦးရေ (၃) သန်းနှင့် ပတ်သက်၍ ယမန်နေ့က ကျင်းပသော အစည်းအဝေးတွင် အမျိုးအစား (၄) မျိုး ခွဲခြားသတ်မှတ်ခဲ့ပြီး (၈၀) ရာခိုင်နှုန်းသည် ရွှေ့ပြောင်း အလုပ်သမားများ ဖြစ်ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် လာရောက် နေထိုင်နေသောသူများအား သက်ဆိုင်ရာနံပါတ်ဖြင့် အမျိုးအစား ခွဲခြားထားပြီး ထိုင်းနိုင်ငံသား အပါအဝင် အထောက်အထား လက်မှတ် ကိုင်ဆောင် ထားသူများသည် ဂဏန်း (၁၃) လုံးပါသော ကိုယ်ပိုင် သက်သေခံ အမှတ် ရှိကြကာ ရွှေပြောင်း အလုပ်သမားများ၏ အမှတ်စဉ်မှာ (၀၀) ဖြင့် စတင်သည်။

ထိုင်းနိုင်ငံအတွင်း အမြဲတမ်း နေထိုင်ခွင့် ရမည့်သူများသည် ပထမအဆင့် အုပ်စုတွင်ပါဝင်ပြီး လူဦးရေ (၂) သိန်းခန့် ရှိကာ ၎င်းတို့ကို ထုတ်ပေး ထားသော ယာယီနေထိုင်ခွင့် မှတ်ပုံတင်တွင် နံပါတ် (၆) ဖြင့် စတင်သည်။ ထိုသူတို့၏ ရင်သွေးများမှာ နံပါတ် (၇) ဖြင့် စတင်ပြီး ယင်း ကလေးသူငယ်များသည် ထိုင်းနိုင်ငံသား အဖြစ် ခံယူခွင့် ရရှိမည်ဖြစ်သည်။

ဒုတိယအမျိုးအစားမှာ နေထိုင်ခွင့် (၁၀) နှစ်ကတ်ဟု လူသိများပြီး (၀) ဖြင့်စတင်၍ လူဦးရေ (၅) သိန်းခန့် ရှိနေပြီး တရားဝင် အထောက်အထား ထုတ်ပေး ထားသူများမှာ (၁) သိန်းခန့်သာ ရှိသေးကာ ကျန်သူများကို ဆက်လက်စာရင်း ကောက်ယူရန် စဉ်းစားမည်ဖြစ်သည်။

တတိယအမျိုးအစားမှာ အထူးသဖြင့် ဒုက္ခသည်များကို ဆိုလိုပြီး ထိုင်းခရိုင် (၄) ခုတွင်ရှိသော စခန်း (၉) ခုတွင် နေထိုင်သူများ ဖြစ်ကာ အချို့မှာ ရိုဟင်ဂျာနှင့် မြောက်ကိုးရီးယား လူမျိုးများ ပါဝင်မည်ဖြစ်သည်။ ထိုသူများအား လူသားချင်း စာနာမှုအဖြစ် ယာယီ နေထိုင်ခွင့် ပေးထားမည် ဖြစ်သော်လည်း အမြဲတမ်း နေထိုင်ခွင့် ရဦးမည် မဟုတ်ပေ။

စတုတ္ထအမျိုးအစားမှာ ထိုင်းနိုင်ငံသို့ တရားဝင်ဗီဇာဖြင့် လာရောက်ပြီး နေထိုင်ခွင့် လွန်သွားသူများဟု သတ်မှတ်သည်။

ထို့အပြင် ၁၉၉၅ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နောက်ပိုင်းတွင် ထိုင်းနိုင်ငံအတွင်း မွေးဖွားလာသော ကလေး သူငယ်များအား နိုင်ငံသား ဖြစ်ခွင့်ကိုလည်း စဉ်းစားသွားမည်ဖြစ်သည်။ အဆိုပါ ကလေးများ အကြားတွင် မိဘမဲ့ ကလေးဦးရေ (၂,၉၀၀) ခန့် ရှိနေသည်ဟု သိရသည်။

ထိုသို့အမြဲတမ်း နေထိုင်ခွင့်ရရှိမည့်သူများသည် အစိုးရထံ အခွန် ဆောင်ရမည်ဖြစ်ပြီး နေထိုင်စဉ် ကာလ အတွင်း နေထိုင်ရာ ဒေသ၏ လုပ်သား လိုအပ်ချက်အပေါ် မူတည်၍ အလုပ် ရရှိမည်ဖြစ်သည်။

မဲဆောက်မြို့နေ မြန်မာနိုင်ငံသားတဦးက သူမ ကိုင်ဆောင်ထားသော လက်မှတ်သည် နံပါတ် (၆) ဖြင့် စတင်ပြီး ရင်သွေး ငယ်မှာလည်း အလားတူ ဖြစ်သည်ဟု ဆိုသည်။ သို့ရာတွင် အဆိုပါ ကလေးသည် ၁၉၉၅ နောက်ပိုင်း မွေးဖွားလာသူဖြစ်၍ နိုင်ငံသား ဖြစ်ခွင့် ရှိမည်ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ပြည်သူသို့ မေတ္တာရပ်ခံ

မျိုးချစ်သူ / ၁၉ သြဂုတ် ၂၀၁၀

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စား ၀င်ရောက်အရွေးခံ လိုသော အများပြည်သူများသည် ၎င်းတို့ ပါတီသို့ ဆက်သွယ် နိုင်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။

ရွေးကောက်ပွဲကော်မရှင်ထံ အမတ်လောင်းများ စာရင်းတင်ပြရမည့်ရက်ကို သြဂုတ် (၁၆) ရက်မှ သြဂုတ် (၃၀) ရက်အထိ ရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာခဲ့ခြင်းကြောင့် ယင်းပါတီအနေဖြင့် အခက်အခဲများ တွေ့ကြုံနေရကာ အထက်ပါ အတိုင်း ပြည်သူများထဲမှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အမည်ကို အသုံးပြုကာ လွှတ်တော် အမတ်များအဖြစ် လျှောက်နိုင်ရန်အတွက် ကမ်းလှမ်း လိုက်ခြင်းဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)သည် မြန်မာနိုင်ငံတွင် နေရာဒေသ (၂၀၀) ကျော်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ် ထားသော ပါတီဖြစ်သည်။

“အခုနေရာ (၁၀၀) တောင် ပြည့်ဖို့မလွယ်ဘူး။ အဲဒီအတွက် ပြည်သူတွေထဲက ဘယ်သူတွေက လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်နိုင်မလဲ ဆိုတာကို မီဒီယာတွေကတဆင့် ပြောရတော့မယ် အချိန်လည်း ကပ်လာပြီ” ဟု ဦးသုဝေက ပြောသည်။

ထို့အပြင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေဖြင့် ၎င်းတို့ရရှိခဲ့ပြီးသား အမတ်လောင်း (၁၀၀) ခန့်ထဲမှ လျော့ကျ သွားနိုင်မည် ဟုလည်း ထင်ကြောင်း ဦးသုဝေက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က ရန်ကုန်တွင် နေရာအနှံ့ မဲဆွယ်စည်းရုံးမှုများ လုပ်နေသည့် အပြင် မက်လုံးပေး စည်းရုံးမှုတို့ကြောင့် အခြားပါတီများ အနေဖြင့် ကိုယ်စားလှယ် ရရှိစေရေး စည်းရုံးရန် ခက်ခဲကြောင်း ပါတီများက တညီတညွတ်တည်း ပြောဆိုကြသည်။

“ကြံ့ဖွံ့ပါတီက အစိုးရကြောထောက်နောက်ခံ ပြုထားတဲ့ပါတီ ဆိုတာလည်း လူတိုင်း သိကြပါတယ်။ သူတို့အတွက် ငွေကြေး အခက်အခဲ လုံးဝ မရှိဘူး။ တနိုင်ငံလုံးမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ အနေနဲ့က ရွေးချယ်တဲ့အခါ ဘယ်သူက ဘာဆိုတာကို သိနေဖို့လိုတာ အရေးကြီး နေပါတယ်” ဟု ရန်ကုန်မှ စာရေး ဆရာတဦးက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)က လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆက်သွယ်နိုင်ကြောင်း ပြည်သူသို့ ပန်ကြားလွှာ ထုတ်ပြန်သကဲ့သို့ အခြား ပါတီများ အနေဖြင့်လည်း ယင်းသို့ ဆောင်ရွက်လာနိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူး ဦးနေမျိုးဝေက “ကျနော်တို့ ပါတီကတော့ (၅) နေရာကို ပြိုင်မှဖြစ်မယ်။ အရင်ကပဲ ပြောထား ပြီးသားပါ။ ကျနော်တို့ပါတီကို နာမည် သုံးပြီးတော့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် လျှောက်ထား ချင်သူတွေက ဆက်သွယ် နိုင်တယ် ဆိုတာပါပဲ” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကို နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် (၁၃) ရက်တွင် တရားဝင် ကြေညာခဲ့သည်။

ယခုအခါ ရွေးကောက်ပွဲဝင်ရန် ပါတီပေါင်း (၄၀) ကျော် လျှောက်ထားကြရာ (၃၉) ပါတီကို မှတ်ပုံတင် ချပေးခဲ့ပြီး ပါတီဝင်စာရင်း တင်ပြပြီးသော ပါတီမှာ (၁၇) ပါတီသာ ရှိသေးသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သော စာရင်းများအရ သိရသည်။

Ref: ခေတ်ပြိုင်

Read More...

နိုင်ငံတဝန်း ကြံ့ဖွံ့ပါတီရုံးများ မနက်ဖြန် ဖွင့်မည်

Thursday, August 19, 2010

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ရုံးများကို မနက်ဖြန် မနက်ပိုင်း ၈ နာရီ ၄၅ မိနစ်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီမှ
တာဝန်ရှိသူ တဦးက ပြောသည်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း အပါအ၀င် မြို့ကြီးများနှင့် နယ်ဒေသများရှိ ကြံ့ဖွံ့ပါတီရုံးများ ဖွင့်လှစ်ရန် ယနေ့ မနက်ပိုင်းတွင် တရားဝင် ညွှန်ကြားစာ ရရှိထားပြီဖြစ်ကြောင်း သိရသည်။

“မနက်ဖြန် တိုင်းရုံးတွေ၊ မြို့နယ်ရုံးတွေ ဖွင့်ဖို့ညွှန်ကြားချက် ရထားပါပြီ။ မနက် ၈ နာရီ ၄၅ မိနစ်မှာ ဖွင့်မယ်” ဟု ကြံ့ဖွံ့ပါတီ ၏ တိုင်းအဆင့် ပါတီအကြီးအကဲ တဦးက ပြောသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားများအတွက် ပါတီဝင်များအားလုံးကို ဖိတ်ကြားထားပြီးဖြစ်သော်လည်း မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အပါအ၀င် အာဏာပိုင်များ တက်ရောက်မည် မဟုတ်ဟု မြို့နယ်အဆင့် ကြံ့ဖွံ့ပါတီ တာဝန်ရှိသူတဦးက ရှင်းပြသည်။

“လူတွေအမြင်မှာ ပါတီနဲ့ အာဏာပိုင် ရောထွေးမှာစိုးလို့ပါ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ပါတီရုံးများဖွင့်ပွဲတွင် ပါတီဆိုင်းဘုတ်တင်ခြင်း၊ ခြင်္သေ့အလံများ လွှင့်ထူခြင်းနှင့် တက်ရောက်လာသူများကို အကျွေးအမွေး များဖြင့် ဧည့်ခံခြင်းများ စီစဉ် ထားကြောင်းလည်း သိရှိရသည်။

နေပြည်တော်ရှိ ကြံ့ဖွံ့ပါတီဌာနချုပ်ကိုလည်း မနက်ဖြန်တွင် တရားဝင် ဖွင့်လှစ်မည်ဟု သတင်းရရှိသည်။

မန္တလေးတိုင်း ကြံ့ဖွံ့ပါတီရုံးခန်းကို စက်မှု (၁) ၀န်ကြီးဌာနမှ ၀န်ကြီး ဦးအောင်သောင်း တက်ရောက် ဖွင့်လှစ်နိုင်ချေ ရှိကြောင်း၊ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို သတင်းထောက်များအား တက်ရောက် သတင်းယူရန် ဖိတ်ကြားထားခြင်း မရှိကြောင်း မန္တလေး အခြေစိုက် သတင်းထောက်များက ဆိုသည်။

“နေရာတော့ အတိအကျ မသိဘူး။ ၇၃ လမ်းပေါ်မှာတော့ တိုင်းရုံးလုပ်မယ် ကြားတယ်။ မနက်ဖြန် မနက် ၉ နာရီ ၄၅ မှာ ဖွင့်မယ်” ဟု မန္တလေးအခြေစိုက် သတင်းထောက် တဦးက ပြောသည်။

မန္တလေးတိုင်းအတွင်း ကြံ့ဖွံ့ပါတီဝင် အစိုးရ၀န်ကြီးများဖြစ်သော ဦးအောင်သောင်းနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်တို့ကို ပါတီဝင်အင်အား အများအပြား ရရှိစေရန် တာဝန် ပေးအပ်ထားကြောင်း သိရသည်။

မန္တလေးမြို့ဝန်းကျင်ရှိ ဆင်ခြေဖုံးရပ်ကွက်နှင့် ကျေးရွာများတွင် ကြံ့ဖွံ့က စည်းရုံးရေး ဆင်းရာ၌ ဆွမ်းလောင်းလှူ၍ ရွာလုံးကျွတ် ကျွေးမွေးခြင်း၊ သက်ကြီး ရွယ်အိုများကို မျက်မှန်ကိုင်းများ တပ်ဆင်ပေးခြင်း၊ အင်္ကျီ၊ ဦးထုပ်၊ စာအုပ်နှင့် ဘောလ်ပင်များ ဝေခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။

မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်ရုံးများ၌လည်း ဧည့်စာရင်းတိုင်ရာတွင် ကြံ့ဖွံ့ပါတီဝင် လျှောက်လွှာ ပုံစံကို ဖြည့်သွင်းစေ၍ ပါတီဝင် အင်အားကို စုဆောင်း နေကြောင်း ချမ်းမြသာစည်မြို့နယ်မှ ဒေသခံတဦးက ဆိုသည်။

လူမှုရေးအသင်းအမည်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့အသင်း) ကို အသွင်ပြောင်း ထားသော ကြံ့ဖွံ့ပါတီတွင် အမာခံ ပါတီဝင်အင်အား ၈ သန်းကျော်ရှိကြောင်း ကြံ့ဖွံ့ပါတီ အကြီးအကဲ တဦးက ထုတ်ဖော် ပြောဆို ထားပြီးဖြစ်သည်။

ကြံ့ဖွံ့အသင်းသည် ပြီးခဲ့သည့် ဧပြီလ အတွင်း လူမှုရေး အသင်းမှ ပါတီအဖြစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်ပြီး အသင်းပိုင် ပစ္စည်းနှင့် ငွေကြေး များကိုလည်း လွှဲပြောင်းယူခဲ့သည်။

ကြံ့ဖွံ့ပါတီရုံးခွဲများ တရားဝင် ဖွင့်လှစ်ပြီးပါက မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး ငွေချေးခြင်း ကဲ့သို့သော လူမှုရေး လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက် သွားမည်ဟု ကြံ့ဖွံ့ပါတီ သတင်း ရပ်ကွက်မှ သိရသည်။

ကြံ့ဖွံ့ပါတီရုံးခွဲများ ဖွင့်လှစ်ပြီးသည်နှင့် အစိုးရအဖွဲ့ အပြောင်းအလဲနှင့် စစ်တိုင်းမှူးရာထူး အပြောင်းအလဲများ ပြုလုပ်မည်ဟု
နေပြည်တော် စစ်ဘက် အသိုင်းအ၀ိုင်းမှ သိရသည်။

ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့် ရရှိခဲ့သည်။ ယင်းနောက် ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၂၃ ဖြစ်ပြီး ယနေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင် အင်အား တင်ပြခဲ့သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပ သွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

Ref: ဧရာဝတီ်

Read More...

Thursday, August 19, 2010

ရွေးကောက်ပွဲမတိုင်မီ တက္ကသိုလ်စာမေးပွဲ စစ်မည်

ဝီရ
၁၈ သြဂုတ် ၂၀၁၀

တက္ကသိုလ်စာမေးပွဲများကို ရွေးကောက်ပွဲကျင်းပရက် မတိုင်ခင် အပြီးသတ် စစ်ဆေးသွားရန် ယခုနှစ် စာမေးပွဲများကို စော၍ ပြုလုပ်မည်ဟု သိရသည်။

တက္ကသိုလ် ဌာနမှူးတဦးက “စက်တင်ဘာ (၁၅) ရက်နေ့မတိုင်ခင် တက္ကသိုလ် ကျောင်းတိုင်း စဖြေရမယ်။ ဒါမှ အဖြေလွှာ စစ်တာတို့ ပြီးရင် အဝေးသင် စာမေးပွဲ စနိုင်အောင် ပြင်ဆင်ရဦးမယ်။ နိုဝင်ဘာ (၇) ရက် မတိုင်ခင် အားလုံး ပြီးနေရမယ်လို့ ညွှန်ကြားထားတာ ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ထိုသို့ သတ်မှတ်ရက်အတွင်း အပြီးသတ်စစ်ဆေးရန် အချိန်တိုတောင်းသောကြောင့် ဆရာ ဆရာမများ အတွက် အခက်အခဲ ဖြစ်နိုင်သည်ဟု အဆိုပါဌာနမှူးက ပြောသည်။

၎င်းက “ဒေးကျောင်းသားတွေရဲ့ အဖြေလွှာစစ်ဖို့ ဆရာတွေမှာ တပတ်ပဲ အချိန်ရတယ်လေ။ စက်တင်ဘာ နောက်ဆုံး အပတ်မှာ အပြီး စစ်ပေးရမယ်။ ပြီးတာနဲ့ အောက်တိုဘာ လဆန်းပိုင်းမှာ အဝေးသင်တွေအတွက် အနီးကပ် (၁၀) ရက် သင်ပေး၊ မေးခွန်းထုတ်၊ ဖြေပြီးရင်စစ်ဖို့ အချိန် (၁) ပတ်ကျော်ကျော်ပဲ ရှိတယ်။ အောက်တိုဘာ နောက်ဆုံး အပတ်မှာ အပြီး လုပ်ရမှာဆိုတော့ သိပ်မလွယ်ဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပသည့်ကာလ၌ လူထုအုံကြွမှုများ ဖြစ်ပေါ်လာနိုင်၍ နအဖ စစ်အစိုးရက ကြိုတင် တားဆီးသည့် အနေဖြင့် ရွေးကောက်ပွဲရက် မတိုင်မီ တက္ကသိုလ် စာမေးပွဲများကို စောလုပ်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဝါရင့် နိုင်ငံရေး သမားတဦးက ပြောသည်။

“စစ်အစိုးရက ကြောက်တော့ အဲဒီရက်မတိုင်ခင် နယ်ကျောင်းသားတွေ နယ်ပြန်ရောက်စေဖို့ လူစု ခွဲလိုက်တာပေါ့။ ဒီလို လုပ်လိုက်ခြင်း အားဖြင့် အဲဒီအချိန်ကျရင် လူစုလူဝေး မဖြစ်စေအောင် ကျောင်းတွေကိုလည်း တံခါးသော့ခတ် ပိတ်ထားနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။

စာမေးပွဲရက် စောလာခြင်းကြောင့် သင်ခန်းစာများ ပြီးစီးရန် ယခုအခါ အမြန်သင်ကြား နေကြောင်း သိရသည်။

“ကျောင်းတက်တာက ကျောင်းခေါ်ချိန် ရဖို့သက်သက်ပါ။ စာတွေပြီးပြတ်အောင် ဆိုပြီး အခု ဖိသင်နေတယ်။ ဒီနှစ် ထူးခြားတာက ကျောင်းခေါ်ချိန် Roll Call မပြည့်ရင် အုပ်ထိန်းသူ ခေါ်ပြီး အာမခံခိုင်းရင် စာမေးပွဲ ဖြေခွင့်ပေးတယ်။ ပြီးတော့ ရွေးကောက်ပွဲ ရှိလို့ ဒီနှစ် အတန်းအောင်ဖို့လည်း သိပ်မကြပ်ဘူးလို့ ဆရာတွေက ပြောတယ်” ဟု ဒဂုံတက္ကသိုလ် ရှေးဟောင်း သုတေသန ကျောင်းသူ တဦးက ပြောသည်။

ယခင်က ကျောင်းခေါ်ချိန် (၇၅) ရာခိုင်နှုန်း မပြည့်သူများကို စာမေးပွဲဖြေဆိုခွင့် မပေးရန် တင်းကျပ်စွာ စည်းကမ်း ချမှတ်ထားသည်။

နအဖ စစ်အစိုးရက လာမည့် နိုဝင်ဘာလ (၇) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာ့ရေပိုင်နက်အတွင်း အစိုးရတပ်ချင်း ပစ်ခတ်မှုဖြစ်

စိုင်းဇွမ်ဆိုင်း
Thursday, August 19, 2010

တနင်္သာရီတိုင်း ထားဝယ်မြို့အခြေစိုက် အမှတ် (၂၆၇) ခြေလျင်တပ်ရင်းမှ မြန်မာ့ ရေပိုင်နက် ကော့သောင်း မြို့အနီးတွင် မကြာသေးခင် ရက်ပိုင်းက တပ်စု အချင်းချင်း ပစ်ခတ်မှုကြောင့် အရာရှိတဦး သေဆုံးပြီး ပစ်ခတ်သူများကို မြိတ်မြို့တွင် ထိန်းသိမ်း ထားကြောင်း သိရှိရသည်။

ပင်လယ်ပြင် စိုးမိုးရေးအတွက် ခလရ (၂၆၇)မှ တပ်စု နှစ်စုက လှေတစီးစီဖြင့် လှည့်ကင်း ထွက်ကြရာ တရားမဝင် ငါးဖမ်း လှေ တစီးကို တပ်စုတစုက ဖမ်းဆီးပြီး ပစ္စည်းများ ထိန်းသိမ်း ထားချိန်တွင် ကျန်တပ်စုက ပြန်လွှတ်ပေးရန် ပြောဆိုကြရာမှ ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရှိရသည်။

ကော့သောင်း မြို့ခံတဦးက“ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတယောက် သေသွားတယ်၊ ပစ်တာက တပ်ကြပ် တယောက်နဲ့ ရဲဘော် နှစ်ယောက်၊ ပစ်ပြီးတော့ မီးသွေးလှေနဲ့ ထွက်ပြေးကြတယ်၊ ရနောင်း မရောက်ခင်မှာပဲ ပြန်ဖမ်းမိတယ်၊ အခုတော့ ဘိတ်မှာ ထိန်းသိမ်း ထားတယ် ပြောတယ်”ဟု ဧရာဝတီသို့ပြောသည်။

ထားဝယ်အခြေစိုက် ခလရ (၂၆၇)၊ ကော့သောင်း အခြေစိုက် ခလရ (၂၆၂)၊ မြိတ် အခြေစိုက် ခလရ (၂၆၅) တို့မှ ပင်လယ် ပြင် စိုးမိုးရေး အတွက် အလှည့်ကျ တာဝန်ယူရကြောင်း ကော့သောင်း မြို့ခံက ဆက်လက် ပြောဆိုသည်။

ငါးဖမ်းစက်လှေများသည် ထိုင်းနိုင်ငံသားပိုင် စက်လှေများဖြစ်ပြီး မြန်မာ့ရေပိုင်နက်၌ ငါးဖမ်းရန် အတွက် မြန်မာများက နာမည် ခံလေ့ရှိကြောင်း၊ ယင်းကဲ့သို့ လှေများကို တရားမဝင် ငါးဖမ်း လှေများဟု ခေါ်ဆိုကြပြီး တရားမဝင် ငါးဖမ်းလှေ (အသေး) တစီးအတွက် တလလျှင် ကျပ်ငွေ တသိန်းနှင့် ဒီဇယ် ၈ ဂါလံ၊ ငါးဖမ်းလှေ (အကြီး) အတွက် တလလျှင် ကျပ် ၇ သိန်း ခန့်နှင့် ဒီဇယ် ၂ ပီပါကို ပင်လယ်ပြင် စိုးမိုးရေးအတွက် တာဝန်ယူထားသော တပ်များကို ပေးဆောင်ကြရကြောင်း သိရှိရသည်။

“လှေကြီးတွေ ငါးဖမ်းထွက်ပြီဆိုရင် ဒီဇယ် ၂ ပီပါကို လှေဦးမှာ တင်သွားကြတယ်၊ စစ်ကြောင်းနဲ့တွေ့ရင် ပေးဖို့အတွက် ဆိုပြီးမှ၊ လှေဦးမှာဆိုတော့ တင်ရ ချရတာ လွယ်တယ်လေ”ဟု ဒေသခံတဦးက ဆိုသည်။

တရားမဝင် ငါးဖမ်းလှေများသည် ပင်လယ်ပြင်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းလှေများ အားလုံးကို ၎င်းတို့ သတ်မှတ် ထားသည့် ငွေနှင့် ဒီဇယ်များကို မပေးနိုင်ကြောင်း၊ စစ်ကြောင်းလှေ သုံးစီးရှိပါက နှစ်စီးကိုသာ ပေးနိုင်ကြောင်း၊ ကျန် စစ်ကြောင်းလှေ တစီးကို တတ်နိုင်သမျှ ရှောင်ကြရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ယခင်က ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း မရှိဘူးကြောင်း၊ တရားမဝင်လှေများကို ဖမ်းဆီး မိလျှင်လည်း သက်ဆိုင်ရာ အာဏာပိုင်များ ထံ ချက်ခြင်း အပ်နှံကြသဖြင့် ပြဿနာ ကြီးထွားမှု မရှိကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

Ref: ဧရာဝတီ်

Read More...

မြန်မာကိစ္စ စုံစမ်းရေး အမေရိကန်ထောက်ခံမှု ကင်တားနား ကြိုဆို

ဦးဇော်ဝင်းလှိုင်
ဗုဒ္ဓဟူး, 18 သြဂုတ် 2010

မြန်မာနိုင်ငံအတွင်း စစ်အစိုးရက ကျူးလွန်ခဲ့ဖွယ်ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေး ကိစ္စကို အမေရိကန် နိုင်ငံက ထောက်ခံ လိုက်တဲ့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကြိုဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုက အခုလို ဆုံးဖြတ် လိုက်တာဟာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အဓိက ပစ်မှတ်ထား ဆုံးဖြတ် လိုက်တာ ဖြစ်တယ်လို့ အဆင်မြင့် အမေရိကန် အရာရှိတွေက ပြောဆိုခဲ့တာပါ။ မစ္စတာ ကင်တားနားကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက ကျူးလွန်ထားတယ်ဆိုတဲ့ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ် မှုတွေကို စုံစမ်း စစ်ဆေးမယ့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ မတ်လ အတွင်း ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ လူ့ အခွင့်အရေး ကောင်စီ စည်းဝေးပွဲမှာ မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက တင်သွင်းခဲ့တာပါ။ သူ့ရဲ့ အဆိုပြုချက်ကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက ထောက်ခံမယ်ဆိုပြီး အင်္ဂါနေ့မှာ ဆုံးဖြတ် လိုက်တဲ့အပေါ် သူ့အနေနဲ့ ကြိုဆိုကြောင်း မစ္စတာ ကင်တားနားက ပြောပါတယ်။

“မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ ရပ်တန်းက ရပ်အောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြိုးစားလုပ်ဆောင်တဲ့ အနေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း ဖော်ထုတ်ရေး ကျနော် ဂျနီဗာမြို့မှာ အဆိုပြု တင်သွင်းခဲ့တာကို အမေရိကန် ပြည်ထောင်စုက အခုလို ထောက်ခံ လိုက်တဲ့အတွက် ကျနော် ကြိုဆိုပါတယ်။ နောက် အဲဒီအဆိုပြုချက်ကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကလည်း ထောက်ခံကြဖို့ အရေးကြီးပါတယ်။”

သူ့ရဲ့ အဆိုပြုချက်ကို အမေရိကန်လို အရေးပါတဲ့ နိုင်ငံတွေက တဖြည်းဖြည်း ထောက်ခံလာကြတဲ့ အတွက် ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းမယ် ဆိုတာ စတင် ဆွေးနွေးဖို့ လိုပြီလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“အခုတော့ အနာဂတ်မှာ ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းကြမယ်၊ ဘယ်လို အခြေခံ အချက်တွေအောက်မှာ ဖွဲ့စည်းမယ် ဆိုတာကို စတင် စဉ်းစားဖို့ လိုပါပြီ။ ဒါက အရေးကြီးပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းမယ်ဆိုတဲ့ အချက်အပေါ် အဖွဲ့ဝင် အများစုရဲ့ ထောက်ခံမှု လိုပါတယ်။ အခုချိန်မှာတော့ ကြိုတင် ခန့်မှန်းဖို့ ခက်ခဲပါတယ်။ မတ်လတုန်းက စတင် အဆိုပြုခဲ့တဲ့ ကိစ္စက အခုချိန်ထိ စားပွဲဝိုင်းပေါ် ပြောဆို ဆွေးနွေးနေကြတုန်း ဖြစ်ပါတယ်။ မကြာခင် နယူးယောက်မြို့မှာ ကျင်းပမယ့် အထွေထွေ ညီလာခံမှာလည်း ဒီကိစ္စကို ပြောဆို ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။ အခုလို ပြောဆို ဆွေးနွေးနေဖို့က အရေးကြီးပါတယ်။”

အမေရိကန်က အခုလို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ ထောက်ခံ လိုက်တာဟာ စစ်အစိုးရ အနေနဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို မတရား သတ်ဖြတ်၊ ဖမ်းဆီး နှိပ်စက်မှုတွေ လုပ်ခဲ့ တာတွေအပေါ် ပြင်းပြင်း ထန်ထန် အရေးယူသွားမယ့် ပေါ်လစီလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင်၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာအောင် ဖိအားပေးတဲ့ အနေနဲ့ စစ်အစိုးရ အပေါ် လက်ရှိ ချမှတ်ထားတာ တွေထက် ပိုမိုပြင်းထန်တဲ့ ဘဏ္ဍာ ငွေကြေးအရ အရေးယူ ပိတ်ဆို့မှုတွေကို ချမှတ် လုပ်ဆောင် သွားဖို့ အမေရိကန် အစိုးရက စဉ်းစားနေတယ် လို့လည်း အမည် မဖော်လိုတဲ့ အစိုးရ အရာရှိတဦး ပြောတာကို ကိုးကားပြီး ဒီကနေ့ထုတ် The Washington Post သတင်းစာထဲမှာ ဖော်ပြ ထားပါတယ်။

အမေရိကန်က အခုလို ဆုံးဖြတ်ချက် ချလိုက်တဲ့အပေါ် သူတို့အနေနဲ့ ကြိုဆို ထောက်ခံကြောင်းနဲ့ မြန်မာပြည် အရေးမှာ ဒါဟာ ထူးခြားတဲ့ တိုးတက် ပြောင်းလဲမှုတခု ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က ညွှန်ကြားရေးမှူး မာ့ခ် ဖာမနာ (Mark Farmaner) က ပြောပါတယ်။

“စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့နိုင်ဖို့ ကြိုးစားနေကြတဲ့ အထဲမှာ ဒါဟာ အင်မတန် ထူးခြားတဲ့ ပြောင်းလဲမှု တခုလို့ ကျနော်တို့ ယူဆပါတယ်။ အမေရိကန်က နိုင်ငံရေး အင်အား ပိုရှိတော့ ဒီလို ထောက်ခံ လိုက်ပြီဆိုတော့ တိုးတက်မှုတွေ ဖြစ်ပေါ်ဖို့ ကျနော်တို့ စတင် လုပ်ဆောင်နိုင်ပါပြီ။ ကော်မရှင် ဖွဲ့စည်းဖို့ကိစ္စ တိတ်တဆိတ် ထောက်ခံလိုတဲ့ သူတွေ ရှိပေမဲ့ ရှေ့က ဦးဆောင်တဲ့ အခန်း ကဏ္ဍကနေ ထွက်မလုပ်ချင်တဲ့ နိုင်ငံတွေ အများကြီး ရှိတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အခု အမေရိကန် ပါလာပြီဆိုတော့ သူတို့လည်း လူသိရှင်ကြား ထောက်ခံ လာကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လာမယ့် စက်တင်ဘာလအတွင်း နယူးယောက်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မစ္စတာ ကင်တားနား အနေနဲ့ အဲဒီ အထွေထွေ ညီလာခံမှာ တင်ပြနိုင်ဖို့ အစီရင်ခံစာကို အခု စတင် ရေးသားနေပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာ တင်သွင်းမယ်လို့ ဆိုပါတယ်။

ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းဖြစ်မယ် ဆိုတာကတော့ အဖွဲ့ဝင် နိုင်ငံ အသီးသီးရဲ့ တုံ့ပြန်လာမှုတွေ၊ တင်ပြချက်တွေကို စောင့်ကြည့်ပြီးမှ အများသဘောတူ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

Ref: VOA News

Read More...

အမတ်လောင်း တင်သွင်းရက် တိုးပေးရေး ကော်မရှင်ထံ တောင်းဆို

စိုးမိုး
၁၈ သြဂုတ် ၂၀၁၀

နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလများ အမတ်လောင်း တင်သွင်းခွင့် သတ်မှတ်ရက် ထပ်တိုးပေးရန် ပြည်ထောင်စု ဒီမိုကရေစီ ပါတီက ရွေးကောက်ပွဲ ကော်မရှင်ထံ ကြေညာချက်ထုတ် တောင်းဆိုထားသည်။

ယခုလ (၁၃) ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အမတ်လောင်း တင်သွင်းမှုကို သြဂုတ် (၁၆) ရက်မှ (၃၀) ရက် အတွင်း အပြီး တင်သွင်းကြရန် ရက်သတ်မှတ် ပေးလိုက်ပြီးနောက် နိုင်ငံရေး ပါတီများမှာ အမတ်လောင်း တင်သွင်းကြေး၊ အမတ်လောင်း ရှာဖွေရေး အခက်အခဲများ ရင်ဆိုင်နေကြရသည်။

နအဖစစ်အစိုးရက ယခု ရွေးကောက်ပွဲတွင် အရပ်သားများ ပါဝင်ရွေးချယ်ခွင့်ကို နည်းနိုင်သမျှ နည်းအောင် နည်းလမ်း အမျိုးမျိုးဖြင့် တင်းကျပ် နေခြင်းဖြစ်ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီက ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။

“ဒီမိုကရက်တစ် အင်အားစုတွေဘက်က နည်းနိုင်သမျှ နည်းအောင် လုပ်ချင်တာလို့ ကျနော်တို့က သုံးသပ်ပါတယ်။ ဒီပုံအတိုင်း ဆိုရင်တော့ အများကြီးတော့ ၀င်လို့ မရပါဘူး။ အဲတော့ မဖြစ်မနေ (၃) ယောက်ကတော့ ပါတီ ရပ်တည်ရေး အတွက် ၀င်ရမယ်လို့ ဆုံးဖြတ်ချက် ချထားပါတယ်” ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောသည်။

အမတ်လောင်း (၁) ဦးလျှင် ကျပ် (၅) သိန်းနှင့် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ရမည် ဖြစ်ရာ ပါတီ အများစုမှာ ငွေကြေး အခက်အခဲနှင့် ရင်ဆိုင် နေကြရခြင်း ဖြစ်သည်။

ပါတီမှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီ (၄၀) တွင်လည်း ယနေ့အချိန်ထိ ပါတီဝင် စာရင်း တင်ပြပြီးသော ပါတီ (၁၇) ခုသာ ရှိသေးသည်။ သို့သော် နိုင်ငံရေး ပါတီ အများစု၏ အခက်အခဲများကို ရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းပေးမှု မရှိသေးပေ။

မူလက ရည်ရွယ်ချက်တူ နိုင်ငံရေးပါတီများ စုပေါင်းပြီး ရွေးကောက်ပွဲကို ရင်ဆိုင်သွားရန် စီစဉ် ခဲ့သော်လည်း ယခု နောက်ဆုံး ထွက်လာသည့် အမတ်လောင်း တင်သွင်းရမည့် ရက်သတ်မှတ်ချက်ကြောင့် ပါတီများ စုပေါင်း လုပ်ဆောင် နိုင်စွမ်းလည်း မရှိတော့ဘဲ ဖြစ်နေသည်ဟု သိရသည်။

“ကျနော်တို့က အခု စုပေါင်းပြီးတော့ သွားဖို့ ကြိုးစားနေတဲ့အချိန်မှာ အချိန်က ကုန်မှန်း မသိဘဲ ကုန်သွားနိုင်တယ်။ အဲလို ဖြစ်တဲ့ အတွက်ကြောင့် ဒီရတဲ့ အချိန်လေး အတွင်းမှာ ကျနော်တို့ ပါတီ တခုချင်း ဆီကနေပြီးတော့ ထိထိရောက်ရောက် သွားထားတာက ပိုကောင်း လိမ့်မယ်လို့ ကျနော်တို့က ယူဆတယ်။ ကျနော်တို့ ပါတီ တခုချင်းကနေ ကော်မတီကို တင်တဲ့ဟာ မှန်သမျှကလည်း စာကြောင်း လေးသာ လွဲချင် လွဲသွားမယ် အဓိပ္ပာယ်ချင်းက အတူတူချည်းပါ” ဟု ဦးသိန်းဌေးက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယခု တောင်းဆိုထားသည့် အမတ်လောင်း မှတ်ပုံတင်စရိတ် လျှော့ပေးရေး၊ အမတ်လောင်း တင်သွင်းရမည့် ရက်တိုး ပေးရေး တို့ကို မလိုက်လျောပါက နိုင်ငံရေး ပါတီအများစုက ငွေကြေး လူအင်အား မပြည့်စုံသဖြင့် ၀င်ရောက် ယှဉ်ပြိုင်မည့် အမတ်လောင်း လျှော့ချရမည်ဖြစ်သည်။

“ပါတီတွေ စုပေါင်းပြီး တစုတစည်းတည်း သွားမယ်ဆိုတဲ့ လမ်းကြောင်းလည်း ပထမတော့ ရည်ရွယ်ပြီး စတင် ဆွေးနွေးနေကြတဲ့ လိုင်းကို ဖော်လာကြတာကိုး။ ဒါပေမယ့် အခု ရက်ပိုင်းလေးမှာ တဖွဲ့နဲ့ တဖွဲ့ အဲဒီ လမ်းကြောင်းပေါ်ကို စဉ်းစားမယ့် အချိန် သိပ်မပေး နိုင်ဘဲနဲ့ တဖွဲ့ချင်း သွားရမယ့် အနေအထားကို တက်သုတ် ရိုက်နေရတဲ့ အနေအထား ဖြစ်နေတာပေါ့။ အဲဒီပေါ်မှာကို ကျနော်တို့က အားနည်း သွားတာပေါ့ ” ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခု တောင်းဆိုချက်ကို မလိုက်လျောပါက ပြည်ထောင်စု ဒီမိုကရေစီ ပါတီအနေဖြင့် ပါတီ ဆက်လက် ရပ်တည်ရေး အတွက် မဲဆန္ဒနယ် (၃) နယ်ကိုသာ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ကြေညာသည်။

Ref: ခေတ်ပြိုင်

Read More...

စစ်အစိုးရကို စုံစမ်းစစ်ဆေးမည့် ကော်မရှင် အမေရိကန် ထောက်ခံ

ဧရာဝတီ
Wednesday, August 18, 2010

မြန်မာ စစ်အစိုးရ၏ စစ်ရာဇ ဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများကို စုံစမ်း စစ်ဆေးမည့် လွတ်လပ်သော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အမေရိကန် ပြည်ထောင်စုက ထောက်ခံရန် ဆုံးဖြတ်လိုက်ကြောင်း အမေရိကန် စာနယ်ဇင်းများက ဖော်ပြသည်။

စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒကို ပြည်လည် သုံးသပ်ပြီးနောက် အမေရိကန် အစိုးရက ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော စစ်ခေါင်းဆောင်များကို အဓိက ပစ်မှတ်ထားပြီး အမေရိကန် သမ္မတ အိုဘားမား အစိုးရ၏ ယမန်နှစ်က စတင် ကျင့်သုံးခဲ့သည့် မအောင်မြင်သော စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံရေး မူဝါဒကို ထင်ဟပ်နေသည်။

အမေရိကန် အစိုးရက တရားဝင် ထုတ်ဖော် ကြေညာခြင်း မရှိသေးသော်လည်း ထိုသို့ ထောက်ခံရန် ဆုံးဖြတ်လိုက်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာနှင့် နိုင်ငံခြားရေး မူဝါဒ (Foreign Policy) မဂ္ဂဇင်း တို့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ထောက်ခံရန် ဆုံးဖြတ်ချက်သည် စစ်အစိုးရက နိုင်ငံတကာ၏ အသိ အမှတ်ပြုမှုကို ဂရုမစိုက် ဘဲ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာပြီး မကြာမီ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

“အဓိက အရေးကြီးသည်မှာ မြန်မာပြည်သူများထက် စစ်ခေါင်းဆောင်တစု၊ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပစ်မှတ်ထားခြင်း ဖြစ်သည်” ဟု အမေရိကန် အစိုးရ အဆင့်မြင့် အရာရှိတဦးကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းသူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ ဖြစ်သည်။

“ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ထုတ်ဖော် မေးမြန်းမည့် ကော်မရှင် တရပ် ဖွဲ့စည်းရန် စဉ်းစား သင့်ပါသည်” ဟု ကင်တာနာ က မတ်လ အတွင်း၌ တင်သွင်းသော အစီရင် ခံစာတွင် တိုက်တွန်းထားသည်။

ယင်းအစီရင်ခံစာသည် စစ်အစိုးရအပေါ် ဥပဒေကြောင်းအရ အရေးယူရန် ကြိုးပမ်းနေသော အဖွဲ့အစည်းများနှင့် မြန်မာ အတိုက်အခံ အင်အားစုများ၏ မျှော်လင့်ချက်ကို မြင့်တက် စေပါသည်။

ကုလသမဂ္ဂ အနေဖြင့် နောက်လတွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ပုံမှန် အစည်းအဝေးတွင် ယင်းသို့ သော စုံစမ်း စစ်ဆေးရေး ကော်မရှင်မျိုး ဖွဲ့စည်းရေး မိတ်ဆက် တင်ပြနိုင်ရန် လမ်းပွင့် သွားသည်ဟု နိုင်ငံခြားရေး မူဝါဒ မဂ္ဂဇင်းက ရေးသား ထားသည်။ အိုဘားမား အစိုးရသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ထိုကော်မရှင်ဖွဲ့ရန် ဆုံးဖြတ်ချက် ကျရေး အတွက် ဖိအားပေးနိုင်ကြောင်း၊ သို့မဟုတ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ၎င်း၏ လုပ်ပိုင်ခွင့်ထဲမှ ဆောင်ရွက်ပေးရန် မေတ္တာ ရပ်ခံနိုင်ဖွယ်ရှိကြောင်း နိုင်ငံခြားရေး မူဝါဒ မဂ္ဂဇင်းကြီးက ဆက်လက် ရေးသားထားသည်။

ဝါရှင်တန်ပို့စ် သတင်းစာက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် တရုတ်က ကန့်ကွက်သည့်တိုင် မဲခွဲ ဆုံးဖြတ်ပြီး စုံစမ်းစစ်ဆေး ရေး ကော်မရှင်ကို ဖွဲ့စည်းနိုင်ဖွယ် ရှိကြောင်း သုံးသပ်ထားသည်။ စစ်ရာဇဝတ် မှုများဖြင့် အရေးယူ ခံနေရသည့် ဆားဘီးယား ခေါင်းဆောင်ဟောင်း ဆလိုဘိုဒန် မီလိုဆီဗစ် နှင့် ယခု လောလောဆယ်တွင် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့၌ တရား ရင်ဆိုင် နေရသည့် လိုက်ဘေးရီးယား သမ္မတဟောင်း ချားလ်စ် တေလာ တို့ကို ဝါရှင်တန်ပို့စ်က ဥပမာပေး ဖော်ပြထားသည်။

နိုင်ငံခြားရေး မူဝါဒ မဂ္ဂဇင်းတွင် “စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး ဆုံးဖြတ်ချက်သည် မြန်မာ စစ်အစိုးရ အမြောက် အမြား ကျူးလွန် ထားသော ရာဇဝတ်မှုများ၏ အကျိုးဆက်များကို ထင်ဟပ်ခြင်း ဖြစ်ကြောင်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီက ထိုကဲ့သို့သော ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံကြောင်း၊ စစ်အစိုးရသည် ဒီမိုကရေစီရေးကို ရှေးရှုသော လုပ်ရပ်များ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်းနှင့် စစ်အစိုးရအား အရေးယူရန် အမေရိကန်လွှတ်တော်၏ ညီညွတ်စွာ တောင်းဆိုမှု အကျိုးဆက် ဖြစ်ကြောင်း” ရေးသားထားသည်။

“မြန်မာပြည်က ရေပေါ်ဆီ စစ်ဘက်ဆိုင်ရာ မျိုးဆက်တခုလုံး လာမယ့် နှစ် အနည်းငယ် အတွင်းမှာ တခုခု ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ သူတို့ကို အဓိက ရည်ရွယ်ပါတယ်” ဟု အမေရိကန် အဆင့်မြင့် အရာရှိ တဦးကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒသစ်ကို ကြေညာပြီး တနှစ်နီးပါး ကာလအတွင်း၌ အမေရိကန်-မြန်မာ အစိုးရအဆင့် တွေ့ဆုံဆွေးနွေးရေးကို နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သော်လည်း မည်သည့် ရလဒ်မှ ထွက်မလာသည့် အပေါ် စိတ်ပျက်မှုကို လူသိရှင်ကြား ထုတ်ဖော် ပြသခဲ့သည်။

အမေရိကန် အစိုးရ အဆင့်မြင့် အရာရှိ ၂ ဦးက နိုင်ငံခြားရေး မူဝါဒ မဂ္ဂဇင်းသို့ ပြောကြားရာတွင် အမေရိကန် အနေဖြင့် မြန်မာ စစ်အစိုးရအပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံ အားပေးသော်လည်း စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံရေး မူဝါဒကိုမူ ဆက်လက် ကိုင်စွဲထားမည်ဟု ဆိုသည်။

တဦးသော အမေရိကန် အဆင့်မြင့်အရာရှိက“မြန်မာ စစ်အစိုးရကို သံတမန်နည်းလမ်းနဲ့ ထိတွေ့ ဆက်ဆံရာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ရလဒ်ကောင်းတွေ မရခဲ့ပါဘူး”ဟု ပြောသည်။

ထောင်နှင့်ချီနေသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေးနှင့် မြန်မာပြည်တွင်း နိုင်ငံရေး အခင်းအကျင်း ပိုမိုပွင့်လင်း မြင်သာစေရန် ဖိအားပေးသည့် အနေဖြင့် အိုဘားမား အစိုးရသည် စီးပွားရေး ပိတ်ဆို့မှုများကို ထပ်မံတင်း ကျပ်ရန် စဉ်းစား နေသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန် အခြေစိုက် ဧရာဝတီ သတင်းထောက် Lalit K Jha ပူးပေါင်း ရေးသားသည်။


Ref: ဧရာဝတီ်

Read More...

Wednesday, August 18, 2010

ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖြစ်ကြောင်း ကချင်ပါတီ ကြေညာ

လင်းနိုင်ဦး
၁၇ သြဂုတ် ၂၀၁၀

ကချင်ပြည်နယ် ကိုယ်စားပြု စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) သည် ကြံ့ဖွံ့ပါတီနှင့် မဟာမိတ် ဖွဲ့ထားကြောင်း မြစ်ကြီးနားမြို့ခံများက ပြောသည်။

မြစ်ကြီးနားမြို့ခံ ကချင်တိုင်းရင်းသားတဦးက “သူတို့ပါတီက ထုတ်ဝေတဲ့ လက်ကမ်းစာစောင်ကို ဖတ်ရတယ်။ အဲဒီမှာ သူတို့ ပါတီ စည်းရုံးရေး မူဝါဒ၊ လမ်းစဉ်၊ ပါတီအလံ၊ တံဆိပ်နဲ့ ပတ်သက်ပြီး ရှင်းပြ ထားတာတွေ ပါသလို ကြံ့ဖွံ့ပါတီနဲ့ မဟာမိတ် ဖြစ်ကြောင်း အတိအလင်း ကြေညာထားတယ်။ ဆိုတော့ ဒီ ကချင်ပြည်နယ်မှာ စစ်အစိုးရပါတီနဲ့ သူ့အလိုတော်ရိ ပါတီတွေကပဲ ပြိုင်ဘက်မရှိ နိုင်ငံရေးလုပ်မယ်၊ ရွေးကောက်ပွဲဝင်မယ်၊ ဒါဟာ တရားမျှတမှု မရှိဘူးလို့ ထင်တယ်” ဟု ပြောသည်။

စဒက ပါတီ၏ ကြေညာချက်စာစောင်တွင် “စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်အဖြစ် လက်တွဲသွားရန်နှင့် ကျန်နိုင်ငံရေးပါတီ အဖွဲ့အစည်းများနှင့်လည်း ဥပဒေဘောင်အတွင်း ပူးပေါင်းဆောင်ရွက်သွားပြီး ပြည်နယ်သူ ပြည်နယ်သားများ၏ စည်းလုံးညီညွတ်မှု အင်အားဖြင့် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စည်းကမ်းနှင့် ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်အတွင်း ပြည်နယ်တခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပါသည်” ဟု ဖော်ပြပါရှိသည်။

စဒက ပါတီသည် သြဂုတ် (၂) ရက်တွင် ရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံတင်ခွင့်ရရှိခဲ့ပြီးသည့်နောက် သြဂုတ် (၇) ရက်တွင် မြစ်ကြီးနားမြို့၌ ပါတီရုံးချုပ်ဖွင့်ပွဲပြုလုပ်ကာ ဆိုင်းဘုတ်ထောင်ခဲ့ကြောင်း ကေအန်ဂျီသတင်းတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် ကေအိုင်အေ ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီနှင့် အန်ဒီအေ (ကချင်) ခေါင်းဆောင်ဟောင်း ဦးလယောက်ဇယ်လွန်း ဦးဆောင်သည့် ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ ပါတီတည်ထောင်ခွင့်ရရန် လျှောက်ထားခဲ့ကြသော်လည်း ရွေးကောက်ပွဲကော်မရှင်က အဆိုပါ (၂) ပါတီနှင့် ကချင်ပါတီဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းတိုးတက်ရေးပါတီ တို့ကို ယနေ့အချိန်ထိ ပါတီတည်ထောင်ခွင့် မပေးသေးပေ။

မှတ်ပုံတင်ခွင့်ပြုခဲ့သည့် စဒက ပါတီကိုမူ နအဖဝန်ကြီး ဦးအောင်သောင်း မြစ်ကြီးနားရောက်စဉ်တွင် ခေါ်ယူတွေ့ဆုံ ပါတီထောင်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဖြစ်သူ ဒူဝါ ခက်ထိန်နန်သည် ကချင်ပြည်နယ် ရိုးရာမနောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ နာယက ဖြစ်သည့်အပြင် ကြံ့ဖွံ့ပါတီဝင်တဦးလည်း ဖြစ်ကြောင်း သိရသည်။

ဒူဝါ ခက်ထိန်နန် ဦးဆောင်သည့် စဒကပါတီတွင် ကောက်မတီဝင် (၂ဝ) ဦးခန့် ပါဝင်ပြီး အများစုမှာ စစ်အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် ဒေသခံ ကချင်စီးပွားရေးသမားများ ဖြစ်ကြသည်။

ယခုကိစ္စ မြစ်ကြီးနားမြို့ခံ ကချင်လူမျိုး ခေါင်းဆောင်တဦးက “ခုဆို ကချင်ပြည်နယ်မှာ ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ကြံ့ဖွံ့က ဖွဲ့ခိုင်းထားတဲ့ စဒက ပါတီ ဆိုပြီး (၃) ပါတီပဲ ရှိတော့တယ်။ တကယ့် ကချင်လူထု ကိုယ်စားပြုပါတီ ဆိုတာ မရှိတော့ဘူး။ ဒီတော့ ဒီရွေးကောက်ပွဲဟာ ကချင်ပြည်နယ်မှာရော မြန်မာတပြည်လုံးမှာပါ ဘယ်လိုနည်းနဲ့မှ တရားမျှတမှု မရှိနိုင်တော့ဘူး” ဟု ပြောသည်။

ထို့အပြင် ဝန်ကြီးဦးအောင်သောင်း မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ်က ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်တိုးတက်ရေးပါတီကို ထောက်ခံသည့် ကချင်အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်များကိုလည်း ကေအိုင်အေနှင့် ဆက်စပ်သည်ကို တွေ့ရှိပါက ထောင်ချပစ်မည်ဟု ခြိမ်းခြောက်သွားကြောင်းလည်း စုံစမ်းသိရသည်။

Ref: ခေတ်ပြိုင်

Read More...

ထိုင်းသို့ ကျောက်မီးသွေးနှင့် လျှပ်စစ် တင်ပို့နိုင်ရေး နအဖ စိုင်းပြင်း

စိုးမိုး
၁၇ သြဂုတ် ၂၀၁၀

ကျောက်မီးသွေး တန်သန်းချီ ထွက်ရှိသည့် ရှမ်းပြည်နယ် မိုင်းခုတ်မှ ကျောက်မီးသွေးများ တူးဖော် ထုတ်ယူရေးနှင့် ကျောက်မီးသွေးသုံး လျှပ်စစ် ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ရေး အတွက် နအဖက ရထားလမ်း ဖောက်လုပ် နေပြီဖြစ်သည်။

တောတောင်ထူထပ်သည့် အပစ်ရပ် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်နယ်မြေများနှင့် ရှမ်းပြည်နယ် အတွင်းရှိ အခြားသော လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ နယ်မြေများအတွင်း စစ်ရေး မဟာဗျူဟာ ကျကျ ရထားလမ်းကို ဖြတ်သန်း ဖောက်လုပ် ထားခြင်းကြောင့် နအဖက စီးပွားရေးသာမက စစ်ရေးအတွက်ပါ ယင်းရထားလမ်းကို အသုံးပြု လာနိုင်ကြောင်း ရှမ်း လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့များက ထောက်ပြပြောဆိုကြသည်။

“စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကတဆင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်လို့ တကမ္ဘာလုံးကို ပြောနေပါတယ်။ တကယ့် လက်တွေ့မှာတော့ သူတို့တတွေက စစ်ကြီး ဖြစ်လာအောင်ပဲ စစ်ပြင်နေတာပါ။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တိုင်းပြည်တွေ အနေနဲ့ ဒီစစ်ဇုန်တွေမှာ ရင်းနှီးမြှုပ်နှံ သင့်၊ မသင့် ဆိုတာကို အသေအချာ စဉ်းစားပေးပါလို့ ကျနော် သတိပေးချင်ပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) သုတေသီ စိုင်းပင်ခမ်းက ပြောသည်။

မိုင်းခုတ် ကျောက်မီးသွေးမိုင်းများကို ဖြတ်သန်းဖောက်လုပ်မည့် ရထားလမ်းကို အရှိန်မြှင့် ဖောက်လုပ်နေပြီး ယင်းရထားလမ်း ပြီးစီးပါက ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ဆောင် လာနိုင်မည်ဖြစ်သည်။

နအဖက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက အဆိုပါ မိုင်းခုတ် ကျောက်မီးသွေးမိုင်းများအား ထိုင်းနိုင်ငံ ဆာရာဘူရီ ကုမ္ပဏီကို နှစ် (၄၀) တူးဖော်ခွင့် ပေးထားခြင်းဖြစ်သည်။ ထို့အပြင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ထိုင်းလုပ်ငန်းရှင်တို့သည် ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား စက်ရုံ တည်ဆောက်ရေး အတွက်လည်း ကွင်းဆင်း စစ်ဆေးပြီးဖြစ်သည်။

အဆိုပါ မိုင်းခုတ် ကျောက်မီးသွေးမိုင်းများမှ နှစ်ပေါင်း (၄၀) အတွင်း အဆင့်မြင့် ကျောက်မီးသွေး တန်ချိန် သန်း (၅၀) နှင့် အခြားသတ္တု တန်ချိန် သန်း (၁၅၀) ခန့် ထွက်ရှိနိုင်မည်ဟုလည်း ထိုင်းမှ ဆာရာဘူရီကုမ္ပဏီက ခန့်မှန်းထားသည်။

ထိုရထားလမ်း ဖောက်လုပ်မှု စီမံကိန်းကြောင့် ဒေသခံများ၏ လယ်ယာမြေများလည်း အဓမ္မ သိမ်းဆည်း ခံနေရသည်ဟု ရှမ်း အမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေး အဖွဲ့ (SWAN) က ထောက်ပြ ပြောဆိုသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ငြင်းဆန်ထားသည့် ၀ တပ်မတော်အပါအ၀င် အပစ်ရပ်အဖွဲ့များနှင့် လက်နက်ကိုင် ရှမ်းပြည် တပ်မတော် တို့ကို နအဖစစ်တပ်က တိုက်ခိုက်လာမည်ဆိုပါက လက်နက် ရိက္ခာ ဖြည့်ဆည်းပေးမည့် စစ်ရေး မဟာဗျူဟာ ကျသည့် ရထားလမ်းလည်း ဖြစ်ကြောင်း SWAN အဖွဲ့က ဆိုသည်။

“ဒီ ရထားလမ်းသစ်က ခရီးသည်တွေအတွက် မဟုတ်ပါဘူး။ စစ်တပ် တင့်ကားတွေ၊ တာနီးပစ် ပြောင်းတို အမြောက်တွေ အတွက်ပါ” ဟု SWAN အဖွဲ့မှ ယိင်းဟန်ဖက ဆိုသည်။

(၃၆၁) ကီလိုမီတာ ရှည်သည့် အဆိုပါ မိုးနဲ- ကျိုင်းတုံ ရထားလမ်းအား သံလွင်မြစ်ကို ဖြတ်ကာ တည်ဆောက်နေခြင်း ဖြစ်ပြီး ရှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းကို ဖြတ်၍ ရှမ်းပြည်အရှေ့ပိုင်းကို ဆက်သွယ်နိုင်သည့် မဟာဗျူဟာ ကျသည့်လမ်းဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာရှေးဟောင်းပစ္စည်းမျိုးစုံ ထိုင်းသို့ နေ့စဉ် ပုံမှန်တင်သွင်း

ရဲရင့်
၁၇ သြဂုတ် ၂၀၁၀

မဲဆောက်-မြ၀တီ နှစ်နိုင်ငံနယ်စပ်ဂိတ်များကို မြန်မာဘက်က ပိတ်ထားသော်လည်း ရှေးဟောင်း ပစ္စည်းမျိုးစုံ ထိုင်းဘက်သို့ ခိုးထုတ်သည့် လုပ်ငန်းကို မြန်မာ အာဏာပိုင်များနှင့် နားလည်မှု ယူကာ ပုံမှန်လုပ်ဆောင်လျက် ရှိသည်ဟု ရှေးဟောင်းပစ္စည်း ကုန်သည်များက ပြောသည်။

မြန်မာရှေးဟောင်းပစ္စည်း ကုန်သည်တဦးက “မြန်မာရှေးဟောင်းပစ္စည်းတွေ ကတော့ ညတိုင်း မြ၀တီကနေ မဲဆောက်ဘက် သယ်နေတာပဲ။ ဒီအလုပ်က ဒီနယ်စပ်မှာ တွင်ကျယ်နေတာ အနှစ် (၂၀) လောက်ရှိပြီ။ အရင်လ ဂိတ်တွေ စပိတ် ချိန်မှာတော့ တပတ်လောက် နားတာကလွဲပြီး အခု ပုံမှန်ပြန်ဖြစ်သွားပြီ။ အရေးကြီးတာက အာဏာပိုင် အဖွဲ့စုံနဲ့ အဆက်မပြတ် ဆက်သွယ်နေရင် ဘာအခက်အခဲမှ မရှိဘူး” ဟု ပြောသည်။

ရှေးဟောင်းပစ္စည်းများအား ထိုင်းဘက်သို့ ပို့ဆောင်ရာတွင် မြန်မာဘက်၌ အာဏာပိုင် အဖွဲ့များကို ပေးကမ်း ရသကဲ့သို့ ထိုင်းဘက်တွင်လည်း ယူနီဖောင်းဝတ် ၀န်ထမ်းအဖွဲ့များကို ပေးကမ်းညှိနှိုင်း၍ လုပ်ဆောင်ရပြီး ဆယ်စုနှစ် တခုကျော် ကာလအတွင်း မည်သည့် အခက်အခဲမှ မရှိဘဲ လွပ်လပ်စွာ လုပ်ကိုင်နိုင်ခဲ့သည်ဟု ယင်းကုန်သည်က ပြောသည်။

ထိုင်းဘက်ပို့မည့် ရှေးဟောင်းပစ္စည်း အရေအတွက်ကို ကြည့်၍ မြ၀တီဘက်တွင် တရားမ၀င် ရာဖြတ်ပုံစံမျိုးဖြင့် ရာဖြတ်သည့် အတိုင်း ပေးရပြီး ထိုင်းဘက်တွင်လည်း ၎င်းတို့ ရာဖြတ်သည့်အတိုင်း ပေးဆောင်ရသည်ဟု သိရသည်။

မြန်မာနိုင်ငံအရပ်ရပ်မှ ရှေးဟောင်းပစ္စည်းများ မြ၀တီမြို့သို့ ယာဉ်တန်းတရက်ခြား ပုံမှန်ပါရှိတတ်ပြီး တခေါက်လျှင် အနည်းဆုံး (၁၀) ဘီးတပ်ယာဉ် တစီးစာခန့်ရှိသည်ဟု မြ၀တီမြို့မှ ရှေးဟောင်းပစ္စည်း ပြုပြင်သော အလုပ်ရုံတခုမှ အလုပ်သမား တဦးက ပြောသည်။

၎င်းက “ရှေးဟောင်းပစ္စည်း သီးသန့်တော့ လာလို့မရဘူး။ အထူးသဖြင့် ကုန်ကားတွေမှာ အရောအနော လုပ်ပြီး သယ်ကြရတယ်။ လမ်းခရီးမှာ ကျိုးတာပဲ့တာတွေ ရှိတော့ အဲဒါတွေကို ကျနော်တို့ အလုပ်ရုံမှာ မူရင်းအတိုင်း ဖြစ်အောင် ပြန်ပြင် ပေးရတယ်။ ကျနော်တို့ရုံမှာ ဆိုရင် ရန်ကုန်-မန္တလေးက ပန်းပု ကျောင်းဆင်းတွေ၊ အပြင်က ၀ါရင့် ပန်းပု ပညာသည်တွေကို ငှားပြီး လုပ်ကိုင် နေတာပါ” ဟု ပြောသည်။

မြ၀တီမြို့မှ ဘုန်းတော်ကြီးတပါးက “ဒီကိစ္စ ခေါင်ကနေ မိုးယိုတော့ ခက်တယ်။ မြ၀တီကို ဘန်ကောက်က ထိုင်းဒကာတွေ ဘုရား လာဖူးကြတယ်။ မြန်မာလက်ရာ ရှေးဟောင်း ဘုရားတွေနဲ့ မြန်မာရှေးဟောင်း အနုပညာ လက်ရာတွေကို သူတို့က ဖူးချင်တယ်၊ မြင်ချင်တယ်ဆိုတော့ ကိုယ့်မှာက ဘာမှ ပြစရာမရှိဘူး။ ရှက်ရှက်နဲ့ပဲ ပြန်ပြောရတယ်။ ရှေးဟောင်းဘုရားနဲ့ မြန်မာ အနုပညာလက်ရာတွေ တနေရာတည်းမှာပဲ အစုံကြည့်ချင်ရင် မဲဆောက် ရှေးဟောင်းပစ္စည်း ရောင်းတဲ့ဆိုင်တွေမှာ ရှိတယ်လို့ပဲ ပြောလိုက်ရတယ်” ဟု မိန့်ကြားသည်။

မြန်မာနိုင်ငံမှ ရှေးဟောင်းဘုရားမျိုးစုံနှင့် ရှေးဟောင်းလက်ရာ ပစ္စည်းများ နိုင်ငံတကာသို့ လွယ်လင့်တကူ ရောက်ရှိနိုင်ရန် အတွက် ရှေးဟောင်းပစ္စည်း အများဆုံး ခိုးထုတ်သည့် နယ်စပ်မှာ မြ၀တီ နယ်စပ်ဖြစ်သည်ဟု မဲဆောက်တွင် နေထိုင်သည့် မြန်မာ ရှေးဟောင်း သုတေသန ဦးစီးဌာနမှ အငြိမ်းစား ပညာရှင် တဦးက ခေတ်ပြိုင်သို့ ပြောသည်။

မြ၀တီခရိုင်မှ ကျောင်းဆရာတဦးက “မြန်မာနိုင်ငံမှာ ရှေးဟောင်းပစ္စည်း ခိုးထုတ်တဲ့ မြ၀တီနယ်စပ် ဈေးကွက် ဆိုတာက မြန်မာသိ ကမ္ဘာသိပဲ။ လက်ရှိမြ၀တီခရိုင် ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း အပါအ၀င် မြ၀တီမှာ ခရိုင်ဥက္ကဋ္ဌ လုပ်သွားတဲ့ လူတွေအားလုံးက ရက်ကြီးခါကြီးနဲ့ အခြားအစိုးရ အခမ်းအနားတွေမှာ ပြောလိုက်ရင် ကိုယ့်အမျိုးဂုဏ်ဆိုတာ ကိုယ် ထိန်းသိမ်းရမယ်၊ ကိုယ့်ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကိုယ် ထိန်းသိမ်းရမယ် ဆိုပြီး မစားရ ၀ခမန်း အမြဲပြောတယ်။ လက်တွေ့နဲ့က တခြားစီပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံ မြ၀တီမြို့၏တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် မြန်မာရှေးဟောင်းပစ္စည်း မျိုးစုံ ရောင်းချသည့် ဆိုင်ကြီး (၁၀) ဆိုင်ခန့် ရှိပြီး လက်ရှိ ရောင်းချနေသည့် ရှေးဟောင်းပစ္စည်း တခု၏ ဈေးနှုန်းမှာ ထိုင်းဘတ်ငွေ (၃) ထောင်တန်မှ (၅) သိန်းတန် အထိ ရှိသည်။

Ref: ခေတ်ပြိုင်

Read More...

နယ်ခြားစောင့်တပ် ဖွဲ့ရန် DKBA နေပြည်တော်သွား

သန်းထိုက်ဦး
Tuesday, August 17, 2010

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ (၉၉၉) ဌာနချုပ် ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော တပ်ဖွဲ့ဝင် တချို့သည် နယ်ခြားစောင့်တပ် အသွင်ကူး ပြောင်းရေး အတွက် နေပြည်တော်၌ အစိုးရ အာဏာပိုင်များကို သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်သို့ ဗိုလ်မှူးကြီး စောချစ်သူ အပါအ၀င် တပ်ရင်းမှူး မောင်ဝင်းနှင့် ဗိုလ်မှူး ဆန်းလေးတို့က သြဂုတ် လဆန်းပိုင်းမှ စတင်၍ ၁၀ ရက်ခန့် သွားရောက် တွေ့ဆုံ ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

DKBA တပ်မဟာ (၉၉၉) အနေဖြင့် နယ်ခြားစောင့် တပ်ကို လက်ခံခဲ့သည့် အတွက် မြန်မာကျပ်ငွေ သိန်း ၅ ထောင် ကိုလည်း လက်ခံ ရရှိသည်ဟု သိရကြောင်း ဖဒိုစောအောင်မော်အေးက ဆိုသည်။

ယခုတပတ်အတွင်း ကရင်ပြည်နယ် မြိုင်ကြီးငူ အထူးဒေသ၌ DKBA တပ်များက နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေး အခမ်းအနား ပြုလုပ်ရန် ရှိကြောင်း၊ သို့သော် DKBA ၏ အရေးအကြီးဆုံး ခေါင်းဆောင်ဖြစ်သော ဆရာတော် ဦးသုဇနသည် ကျန်းမာရေး အခြေအနေကြောင့် ထိုအခမ်းအနားသို့ ကြွရောက်နိုင်ခြင်း ရှိမရှိ မသေချာကြောင်း၊ ဆရာတော်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

DKBAတပ်ဖွဲ့ဝင်များသည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေးကို ပြီးခဲ့သည့် ဇူလိုင်လ ကုန် ပိုင်းက လက်ခံခဲ့ကြသည်။

နယ်ခြားစောင့်တပ်ကို DKBAတပ်ဖွဲ့ဝင် အများစုက လက်ခံလိုက်သော်လည်း ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်း ဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော DKBA တပ်မဟာ (၅) မှ ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့ဝင် များက ယင်း အစီအစဉ်ကို လက်မခံဘဲ ခွဲထွက်ခဲ့သည်။

ယခုလဆန်း ၆ ရက်နေ့တွင် DKBA တပ်ဖွဲ့ဝင် ၂၀ ခန့်သည် နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံသောကြောင့် ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး ဦးဆောင်သော တပ်ဖွဲ့ဝင်များထံ လက်နက်များနှင့် အတူ လာရောက် ပူးပေါင်းခဲ့သည်။ ထွက်ပြေး လာသူများ၏ အဆိုအရ ဆက်လက် ထွက်လာမည့် သူများလည်း ရှိသေးသည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြ၀တီမြို့နယ်၌ စစ်အစိုးရတပ်များက အင်အားတိုးချဲ့ပြီး တပ်မ (၄၄) နှင့် တပ်မ (၂၂) အပါအ၀င် အင်အား ၅၀၀ ခန့် ချထားကြောင်း သိရသည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကြောင်း ကြားခဲ့သည်။ သို့သော် ယခုအချိန်အထိ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K)၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Ref: ဧရာဝတီ်

Read More...

Tuesday, August 17, 2010

စက်တင်ဘာ ခေါင်းစဉ်ကြောင့် The Modern Times အပိတ်ခံရ

ဆလိုင်း ဟံသာစန်း
တနင်္လာနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ စာပေစိစစ်ရေးသို့ မူရင်းတင်ပြခဲ့သည့်အတိုင်း မျက်နှာဖုံးတွင် ပါရှိသည့် ဆောင်းပါး ခေါင်းစဉ်ကို “စက်တင်ဘာမှာ ပြန်လာမှာလား မုန်တိုင်း” ဟူ၍ ပြောင်းလဲခဲ့ သဖြင့် ပြည်တွင်းထုတ် The Modern Times ဂျာနယ်ကို စာပေ စိစစ်ရေးက ယခုတပတ်မှ စတင်၍ ထုတ်ဝေခွင့် အကန့်အသတ် မရှိ ရပ်နား လိုက်သည်။

အပတ်စဉ် တနင်္ဂနွေနေ့ထုတ် The Modern Times ဂျာနယ် အတွဲ ၁၊ အမှတ် ၅ ၏ မျက်နှာဖုံးတွင် ဖော်ပြထားသော မိုးလေဝသ သတင်း ဆောင်းပါး ခေါင်းစဉ်ကို ပြင်ဆင်ခဲ့ပြီး၊ ဂျာနယ် မျက်နှာဖုံးကိုလည်း ဖြန့်ဝေမည့် အချောသတ် ပုံစံအတိုင်း ထပ်မံ တင်ပြခဲ့ခြင်း မရှိသည့်အတွက် ထုတ်ဝေခွင့် ရပ်နားခံရခြင်း ဖြစ်သည်။

“စိစစ်ရေးက ခွင့်ပြုထားပြီးသား ခေါင်းစဉ်ကို ပြင်လိုက်တာပေါ့နော်။ သူတို့ မူရင်း တင်ထားတဲ့အတိုင်း မဟုတ်တော့ ဘဲနဲ့ ပြင်သုံး လိုက်တာ။ “စက်တင်ဘာမှာ လာမှာလား” ဆိုတဲ့ ခေါင်းစဉ်ကို ပြောင်းရေးလိုက်တာ။ အဖုံးကိုလည်း ပြင်ထားတဲ့ ဟာကို ပြန်မတင်ဘူး။ အဲဒါကြောင့် ပိတ်ခံရတာ” ဟု ရန်ကုန်ရှိ အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာ တဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဘယ်လောက်ပိတ်တယ်ဆိုတာ အတိအကျ မသိရသေးဘူး။ သူတို့ စာပေစိစစ်ရေးကို မူကြမ်း တင်တာကို ပြန်မချ ပေးတော့တာ။ ဘယ်လောက် ပိတ်မယ်၊ ဘယ်လောက် အရေးယူမယ် ဆိုတာ ညွှန်ကြားရေးမှူး လာမှ သိမယ်တဲ့။ ညွှန်ကြားရေးမှူးက အခု နေပြည်တော်မှာ အစည်းအဝေး သွားနေတော့ မသိရသေးဘူးတဲ့” ဟု ပြောသည်။

လတ်တလော ဂျာနယ်ထုတ်ခွင့် ပိတ်ပင်သည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် The Modern Times သို့ မဇ္ဈိမက ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

The Modern Times သည် ပြီးခဲ့သည့် လလယ်ပိုင်းက စတင်ထွက်ရှိလာသည့် သုတစုံ ဂျာနယ် တစောင်ဖြစ်ပြီး ပိုင်ရှင်မှာ မြန်မာနိုင်ငံ ပင်လယ်ကူး သဘောင်္သားများ အသင်း MOSA ၏ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုးမင်းအောင်၏ ဇနီးဖြစ်သူ ဒေါ်မွှေးသီတာသိန်း ဖြစ်သည်။

ဂျာနယ်တိုက်မှာ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၅၁ လမ်းတွင် တည်ရှိပြီး ထုတ်ဝေခွင့် လိုင်စင် ပိုင်ရှင်မှာ ဦးမြတ်စိုး (လှိုင်) ဖြစ်ကာ အယ်ဒီတာချုပ်မှာ ဦးအောင်ရဲမောင်မောင် ဖြစ်သည်။

ဂျာနယ်ထုတ်ဝေခွင့် ပိတ်ခံရသည့် အခြားအကြောင်းအရာတခုမှာ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့သည့် ဖြစ်ရပ်အား “စက်တင်ဘာမှာ ပြန်လာမှာလား” ဟူသည့် ခေါင်းစဉ်ကြောင့် ပြည်သူများ ပြန်လည်သတိရမည်ကို စိုးရိမ်သဖြင့် ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ရှိ ဂျာနယ် အသိုင်းအဝိုင်းက ထင်ကြေးပေး ပြောဆိုနေကြသည်။

“စက်တင်ဘာမှာ ပြန်လာမှာလား ဆိုတဲ့ စာသားကို သူတို့ တော်တော်လေး ထိတ်လန့် သွားပုံရတယ်။ အခုက စက်တင်ဘာ လလည်း နီးနေပြီဆိုတော့ ပြည်သူတွေ ရွှေဝါရောင်ကို ပြန်သတိရမှာ သူတို့ စိုးရိမ်တယ်လေ” ဟု ရန်ကုန်မြို့ရှိ အပတ်စဉ်ထုတ် ဂျာနယ် တစောင်မှ သတင်းထောက်တဦးက ပြောသည်။

ထို့ပြင် မုန်တိုင်းအရေးနှင့် ပတ်သက်၍ ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ် လာနိုင်သဖြင့် ပိတ်ပင်ရခြင်းလည်း ဖြစ်နိုင်ကြောင်း ဂျာနယ်လောကတွင် ပြောဆိုမှုများ ရှိနေသည်။

လက်ရှိတွင် စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေမှာ နေပြည်တော်၌ အစည်းအဝေး တက်နေသည့် အတွက် စာပေ စိစစ်ရေး လုပ်ငန်းများ အားလုံးကို တွဲဖက်ညွှန်မှူး မျိုးမြင့်မောင်က စီစဉ် ညွှန်ကြားနေသည်။

“စိစစ်ရေးနဲ့ စာပေလောက ဆက်ဆံရေးက သိပ်မကောင်းဘူး။ အရင်က ဒါမျိုးဖြစ်ရင် ခံဝန်ချက်ထိုးရင် ရတယ်။ အခုကတော့ မှားလို့ ရှိရင် ပိတ်မှာပဲ၊ အရေးယူမှာပဲ။ အဲဒီလို သွားနေတယ်” ဟု ဂျာနယ် အယ်ဒီတာက ပြောသည်။

ယခုနှစ် မေလတွင် 7 day news ဂျာနယ် သတင်းထောက်က သရုပ်ဆောင် ထက်ထက်မိုးဦးကို တရား စွဲဆိုသော သတင်း ဖော်ပြခဲ့သဖြင့် The Voice ဂျာနယ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် တပတ် ရပ်ဆိုင်းခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်လ အစောပိုင်းက အင်ဗွိုင်းနှင့် ပေါ်ပြူလာဂျာနယ် မျက်နှာဖုံးတို့တွင် ဖော်ပြထားသည့် မင်းသမီးတို့၏ ဝတ်စား ဆင်ယင်မှုသည် မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက်ညီဟုဆိုကာ ထုတ်ဝေခွင့် တပတ်စီ ရပ်နားခဲ့ပြီး လကုန်ပိုင်းတွင်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဝေဖန်သည့် ဆောင်းပါးရှင် အောင်ထွဋ်၏ နိုင်ငံရေး ဆောင်းပါး တပုဒ်ကြောင့် The Voice ဂျာနယ်ကို ထုတ်ဝေခွင့် ၂ ပတ် ပိတ်ခဲ့သည်။

The Modern Times သည် ဇူလိုင်လမှ ယခုလလယ်ပိုင်းအထိ တလခွဲအတွင်း ထုတ်ဝေခွင့် ရပ်ဆိုင်း ခံခဲ့ရသည့် ၄ စောင်မြောက် ဂျာနယ် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါမှ တရားမျှတမည် ဟု ကိုဌေးကြွယ်ပြော

ခင်ဦးသာ Tuesday, August 17, 2010

ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါဝင်သင့်သူများ အားလုံး ပါဝင်နိုင်မှသာ လွတ်လွပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ တခုဖြစ်မည်ဟု ၈၈ ကျောင်းသား ခေါင်းဆောင် နိုင်ငံရေး အကျဉ်းသား တဦးဖြစ်သည့် ကိုဌေးကြွယ်က ပြောဆို လိုက်သည်။

“ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်မပါရင် နိုင်ငံတကာမှာ နောက်ထပ် စကားပြောစရာ၊ ရှုပ်စရာတွေ ပေါ်လာတာက လွဲလို့ ဘာမှ ထူးခြားမှာ မဟုတ်ဘူး” ဟု ရခိုင်ပြည်နယ် ဘူးသီးထောင်တွင် နိုင်ငံရေး အကျဉ်းသား အဖြစ် ကျခံနေရသည့် အသက် ၄၃ နှစ်အရွယ်ရှိ ကိုဌေးကြွယ်က ၎င်းကို ထောင်ဝင်စာ သွားတွေ့ခဲ့သည့် ယောက်ဖ တော်စပ်သူ ဦးဖြိုးမင်းသိန်းအား ပြောလိုက်သည်။

မြန်မာ့ နိုင်ငံရေးတွင် ဒီမိုကရေစီ နိုင်ငံရေး အင်အားစုများ၊ ပြည်သူလူထု တရပ်လုံးနှင့် စစ်တပ် စသည့် အင်အားစုများ အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သည့် နိုင်ငံရေး အခင်း အကျင်းတရပ် ပေါ်ပေါက် နိုင်ရေးကို ကနဦး ကြိုးစား သင့်ကြောင်း၊ ထို အခင်း အကျင်းသစ် ပေါ်ပေါက် လာမှသာ မြန်မာ့နိုင်ငံရေး ရေရှည် ကောင်းမွန်မည် ဖြစ်ကြောင်း ကိုဌေးကြွယ်က ပြောကြား ခဲ့သည်ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်

တည်ငြိမ်သည့် နိုင်ငံရေးဖြစ်ထွန်းလာရန် ၁ နှစ်၊ ၂ နှစ်အတွင်း လုပ်ဆောင်၍မရနိုင်ကြောင်းလည်း ကိုဌေးကြွယ်က ပြောသည်။

ကိုဌေးကြွယ်သည် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အပြီးတွင်ထောင်ဒဏ် ၆၅ နှစ် ချမှတ် ခံခဲ့ရသူ ဖြစ်သည်။

သူ့အားထောင်ဝင်စာ သွားတွေ့ခဲ့သည့် ဦးဖြိုးမင်းသိန်း က “သူ့ ကျန်းမာရေးက နည်းနည်း ပိန်သွားတယ်၊ မျက်စိသိပ် မကောင်းဘူး။ ဒီလ ၉ ရက်နေ့က တကြိမ်၊ ၁၀ ရက်နေ့မှာ တကြိမ် တွေ့ခဲ့ရတယ်။ စကားတော့ လွတ်လွတ်လပ်လပ် ပြောလို့ မရခဲ့ဘူး” ဟု ဆိုသည်။

ထောင်ဝင်စာ တွေ့ချိန်တွင် ထောင်အာဏာပိုင်များ၊ SB ခေါ်ထောက်လှမ်းရေးများက ပြောစကားများကို မှတ်သားခြင်း၊ မှတ်တမ်း တင်ခြင်းတို့ လုပ်ဆောင်သည့် အပြင်၊ ၎င်းတို့ တည်းခိုရာ နေရာကိုလည်း လိုက်လံ စောင့်ကြည့်သည်ဟု ဦးဖြိုးမင်းသိန်းက ရှင်းပြသည်။

လက်ရှိတွင် ကိုဌေးကြွယ်၏ အခြေအနေသည် ကောင်းမွန်နေပြီး စာဖတ်ခြင်း၊ ဘာသာရေးနှင့် ကျန်းမာရေး လေ့ကျင့် ခန်းများ မှန်မှန် လုပ်ခွင့် ရနေကြောင်း သိရသည်။

“ဂျာနယ်တွေ၊ ဘာသာရေးစာပေတွေ၊ အနုပညာ စာပေတွေ ဖတ်ခွင့်ရတယ်။ နိုင်ငံရေးနဲ့ ပတ်သက် တာကိုတော့ စိစစ်ရေးက ခွင့်ပြု ပြီးသားတွေ ဖတ်လို့ရတယ်။ အင်္ဂလိပ်လို ရေးထားတဲ့ နိုင်ငံရေး စာအုပ်တွေတော့ လုံးဝ ဖတ်ခွင့်မရဘူး” ဟုလည်း ဦးဖြိုး မင်းသိန်းက ပြောသည်။ ယခုအခါ ကိုဌေးကြွယ်သည် စီးပွားရေးနှင့် သက်ဆိုင်သည့် စာအုပ်များကိုသာ အစဉ်တစိုက် လေ့လာ နေသည်ဟုလည်း သိရသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်သည် ၁၉၈၈ အရေးတော်ပုံ နောက်ပိုင်း၊ ၁၉၉၁ ခုနှစ်မှစ၍ အကျဉ်းကျ ခံခဲ့ရပြီး အင်းစိန်ထောင်၊ သာယာဝတီ ထောင် တို့တွင် ၁၄ နှစ်ကျော်နေခဲ့ရကာ ၂၀၀၅ ခုနှစ်တွင် ပြန်လွတ်ခဲ့သည်။

၂၀၀၇ သြဂုတ်လတွင် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဦးဆောင် လမ်းလျှောက်၍ ငြိမ်းချမ်းစွာ ဆန္ဒ ပြခဲ့သောကြောင့် စစ်အစိုးရ အာဏာ ပိုင်များက ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခဲ့ပြီး ဝေးလံ ခေါင်သီသော ဘူးသီးတောင် ထောင်သို့ ပို့ဆောင်ခဲ့သည်ဟု ၎င်း၏ ညီမ၊ ဦးဖြိုးမင်းသိန်း၏ ဇနီးဖြစ်သူ မမီးမီးက ဆိုသည်။

ကိုဌေးကြွယ်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပေါ် ခိုင်မာသော ယုံကြည်ချက်ထားရှိပြီး နိုင်ငံရေး အယူအဆ ပျော့ပျောင်းသူ တဦး ဖြစ်ကြောင်း၊ မည်သည့် အရာကိုမဆို သူ့ကိုယ်သူအတွက် ဦးစားမပေးဘဲ အများအတွက် ကိုသာ စဉ်းစားသူ ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောပြသည်။

ဦးဖြိုးမင်းသိန်းသည် ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌဟောင်းတဦးဖြစ်ပြီး နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရား မျှတသောရွေးကောက်ပွဲ ဖြစ်မလာနိုင်ဟု ဆိုကာ သြဂုတ်လ ၅ ရက်နေ့က ပါတီဥက္ကဋ္ဌ နေရာမှ နုတ်ထွက်ထားသူ ဖြစ်သည်။ ၎င်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်းဖြစ်သည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့်ပတ်သက်၍ ဘူးသီးတောင် ဒေသခံတဦးက “ကျနော်တို့ မြို့မှာ ကိုဌေးကြွယ်ကို အရမ်း လေးစား ကြပါတယ်။ သူကထောင်ထဲမှာ လူတွေကို တပြေးတည်း ဆက်ဆံတယ်။ သူ့အိမ်က ပို့ပေးတဲ့ ပစ္စည်းတွေကို အားလုံးကို ဝေပေးတယ်။ ပစ္စည်းတွေ မှာရင်လည်း အားလုံးအတွက် မှာတယ်။ ဘာသာရေးလည်း အရမ်းလုပ်တယ်” ဟု ပြောပြသည်။

ဘူးသီးတောင်ထောင်သည် အကျဉ်းသားများနှင့် ပတ်သက်၍ သတင်းဆိုးများ မကြာခဏ ထွက်ပေါ်လေ့ ရှိသည်ဟု သိရပြီး မကြာခင်က ထောင်ပိုင်အရာရှိ အပြောင်းအလဲ လုပ်ပြီးနောက်ပိုင်းတွင် ထောင်တွင်းရှိ အကျဉ်းသားများ၏ နေထိုင်သွားလာမှု အနည်းငယ် တိုးတက်လာကြောင်း အဆိုပါ ထောင်နှင့် နီးစပ်သူ တချို့က ပြောသည်။

ဘူးသီးတောင်ထောင်တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ရှည်ထောင်ဒဏ် ကျခံ နေရသူများမှာ ကိုဌေးကြွယ် အပါအ၀င် ကိုစည်သူမောင်၊ ကိုအောင်ဇော်ဦး၊ ကိုမြတ်သူနှင့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ်မှ သံဃာတော် တပါးတို့ ဖြစ်ကြောင်းသိရသည်။

ကိုဌေးကြွယ်နှင့်အတူ အဖမ်းခံခဲ့ရပြီး ၈၈ ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေးတို့ မှာလည်း မိသားစုများနှင့် ဝေးကွာသည့် အကျဉ်းထောင် အသီးသီးတွင် နှစ်ရှည် ထောင်ဒဏ်များ ကျခံနေရသည်။

ဘူးသီးတောင်ထောင် အပါအ၀င်မြန်မာနိုင်ငံ တ၀န်းရှိ ထောင်အသီးသီးတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦး ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ၏ ထုတ်ပြန်ချက် အရ သိရသည်။

Ref: ဧရာဝတီ်

Read More...

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ အောင်နိုင်ရေး ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် စီမံ

နရီလင်းလက်
Monday, August 16, 2010

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ “ရွေးကောက်ပွဲ အောင်နိုင်ရေး” အတွက် လုပ်ဆောင်ချက်များ ဆိုင်ရာ အစည်းအဝေး ပထမပိုင်းကို နေပြည်တော်တွင် သြဂုတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် တက်ရောက်ကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည့် ၀န်ကြီး၊ ဒုဝန်ကြီး၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူး ချုပ်နှင့် စီးပွားရေး လုပ်ငန်း ရှင်ကြီးများလည်း နေပြည်တော်သို့ ရောက်ရှိနေပြီး အဆိုပါ အစည်းအဝေး ဒုတိယပိုင်းကို ယနေ့ ဆက်လက် ပြုလုပ်ကြောင်း သိရသည်။

ယင်းအစည်း အဝေးတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်း ၀န်ကြီးများသည် မည်သည့် ဒေသတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ကို မေးမြန်းပြီး အောင်နိုင်ရေး စီမံချက်များ ရေးဆွဲကာ ကိုယ်စားလှယ် လောင်းများ အတွက် မဲဆွယ် စည်းရုံးရေး မန်နေဂျာ ခန့်အပ် တာဝန်ပေး ခြင်းများ ပြုလုပ်ရန် ဗိုလ်ချုပ်မှူးကြီးက ညွှန်ကြားကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိကြီး တဦးက ဧရာဝတီသို့ ပြောသည်။

“ဒီနေ့တော့ တချို့ ကိုယ်စားလှယ်တွေဆို ဘယ်ဒေသကနေ ၀င်အရွေးခံမယ်ဆိုတဲ့ နယ်မြေရွေး ချယ်မှုတွေ၊ မဲဆွယ် စည်းရုံးရေး မန်နေဂျာ ခန့်လိုက်တာတွေ၊ အောင်နိုင်ရေး အတွက် ဘယ်လို လုပ်သွားမယ် ဆိုတာတွေ တင်ပြနေပြီ” ဟု အဆိုပါ အရာရှိကြီးက ပြောသည်။

လွှတ်တော် ၃ ရပ်အနက် ၀န်ကြီး၊ ဒုဝန်ကြီးနှင့် ဗိုလ်ချုပ်ဟောင်းများက အမျိုးသားလွှတ်တော်၊ အငြိမ်းစား ပေးထားသည့် ညွှန်ကြား ရေးမှူးချုပ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် အရာရှိဟောင်းများက ပြည်သူ့လွှတ်တော်၊ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည့် ဆီကုန်သည်၊ ဆန်ကုန်သည်များ၊ စီပွားရေးအသင်း ဥက္ကဋ္ဌများက တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် တို့တွင် အသီးသီး ၀င်ရောက် အရွေးခံသွားမည်ဟု ကြံ့ဖွံ့ပါတီ၏ တာဝန်ရှိသူတဦးက ပြောသည်။

“ကိုယ်စားလှယ်လောင်း တယောက်အတွက် ရွေးကောက်ပွဲ ဥပဒေအရ ကျပ်သိန်း ၁၀၀ ကို သတ်မှတ် ထားတဲ့အတိုင်း သုံးသွားဖို့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီတခုသည် ကိုယ်စားလှယ်လောင်း တဦးစီအတွက် ရွေးကောက်ပွဲ အသုံးစရိတ် ငွေကျပ် သိန်း ၁၀၀ အထိ သုံးစွဲနိုင်သည်ဟု သတ်မှတ်ထားပြီး ယင်းထက် ပိုမိုသုံးစွဲပါက ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်ဆိုရင် ရွေးကောက်ပွဲအတွက် ကျပ် သိန်း ၁၀၀၀ သုံးမယ်လို့ ပြောသွားပြီး သူ ကိုယ်တိုင်လည်း တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ကိုယ်စားလှယ်လောင်း ၀င်အရွေး ခံလိမ့်မယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင် တဦးက ဆိုသည်။

ကြံ့ဖွံ့ပါတီသည် စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဌာနဆိုင်ရာ အရာရှိများအား ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် အငြိမ်းစား ပေးခြင်းတို့ကို အစောပိုင်း ကာလကတည်းက ကြိုတင် ပြုလုပ်နေခဲ့ပြီး ယခုထပ်မံ၍ အောင်နိုင်ငံရေး စီမံချက်များ ရေးဆွဲကာ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ၀င်ရောက် ယှဉ်ပြိုင်မည့် အဆင့်မြင့် အရာရှိတဦးက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုကို သြဂုတ်လ ၁၆ ရက်မှ သြဂုတ်လ ၃၀ ရက်နေ့အထိ အချိန် ၂ ပတ်သာ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် သတ်မှတ်ပေးခဲ့သည်။

ထို့ကြောင့် ယခုလအတွင်း အစိုးရအဖွဲ့မှ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ၀န်ကြီးနှင့် ဒုဝန်ကြီးများ နုတ်ထွက်မည် ဖြစ်ပြီး နေရာ အပြောင်းအလဲများ ရှိနိုင်ကြောင်း၊ လစ်လပ်သော နေရာတွင် တာဝန် ထမ်းဆောင်ရန် စီစဉ်မှုများလည်း ပြုလုပ် နေကြောင်း သိရသည်။

စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက် ကျင်းပ သွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

ယနေ့အထိ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၄၇ ပါတီရှိပြီး မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ၄၁ ပါတီအနက် ပါတီ ၄၀ ကို ခွင့်ပြုခဲ့သည်။ ခွင့်ပြုပြီးသည့် ပါတီ ၄၀ အနက် ပါတီဝင်အင်အား စာရင်း တင်ပြသော ပါတီ ၁၅ ပါတီ ရှိပြီ ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

ကျောက်ဖြူတွင် လုံခြုံရေးများ တင်းကျပ်ချထား

တက်လူ
၁၆ သြဂုတ် ၂၀၁၀

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရဲလုံခြုံရေးများ အထူးတင်းကျပ်ထားကြောင်း ကျောက်ဖြူ မြို့ခံများက ပြောသည်။

ပြီးခဲ့သည့်သီတင်း နှစ်ပတ်ခန့်က ကျောက်ဖြူမြို့တွင် နအဖ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် လှုံ့ဆော်သည့် လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့သည့် အတွက် ကျောက်ဖြူကို လုံခြုံရေးချခြင်း ဖြစ်ကြောင်း သိရသည်။

“အခုက ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုလည်း အတိအကျ ကြေညာပြီးပြီဆိုတော့ အဲဒီလို လှုံ့ဆော်မှုတွေ ပြန်ပြီး ဖြစ်လာ နိုင်တယ်လို့ သူတို့က ယူဆတယ်ထင်တယ်” ဟု ကျောက်ဖြူမြို့ခံ တဦးက ပြောသည်။ ကျောက်ဖြူ မြို့တွင်းတွင် ရဲကားများဖြင့် ကင်းချ လှည့်လည် နေကြောင်းလည်း ၎င်းက ပြောသည်။

ကျောက်ဖြူတွင်ဖြန့်ဝေခဲ့သည့် လှုံ့ဆော်စာများတွင် “စစ်ကျွန်သက်ဆိုး ရှည်စေမည့် ရွေးကောက်ပွဲအား ဆန့်ကျင်ကြ” ဟူသည့် စာများ ရေးသားထားပြီး မြို့အနှံ့ လိုက်လံ ကပ်ခြင်းဖြစ်ကြောင်း၊ မည်သည့် အဖွဲ့မှ လုပ်ဆောင်သည်ကိုမူ မသိရသေးကြောင်း အဆိုပါ မြို့ခံက ပြောကြားသည်။

မြို့ခံရဲများကမူ ယင်းစာ ကပ်သည့်နေရာအနီးအနားမှ ပြည်သူတို့ကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ် ခဲ့သေးကြောင်း ကျောက်ဖြူမြို့ အရာရှိ ရပ်ကွက်သား တဦးက ပြောသည်။

“ကပ်တာတော့ ကျနော်တို့ ရပ်ကွက်မှာလည်း ကပ်တာပဲလေ။ ဘယ်သူ ကပ်တာတော့ မသိဘူး၊ မနက်မှာ တွေ့တာလေ။ အဲဒါကို ရဲက အကျောကြီးနဲ့ လာပြီး မေးလား မြန်းလား လုပ်တယ်။ အဲဒီ စာတွေကိုလည်း သူတို့က ခွာသွားကြတယ်” ဟု ၎င်းက ပြောသည်။

ကျောက်ဖြူမြို့မှ လုပ်ငန်းရှင်တဦးကလည်း “ညအချိန်မှာ လုပ်တာဖြစ်တော့ ဘယ်သူဆိုတာ မသိရ သေးဘူးပေါ့။ ဒါပေမယ့် အဲဒီလို ဝေတဲ့ စာအတွက်တော့ ကျေးဇူးတင်တယ်။ ကျောက်ဖြူမှာ အစိုးရကို လိုတဲ့သူ ဆိုတာ အလွန် နည်းပါတယ်။ စားရ သောက်ရ ရှိအောင်ပဲ ဖားနေကြတဲ့ သူတွေကလွဲရင် ကိုယ့်စီးပွား ကိုယ်လုပ်ပြီးတော့ ကိုယ့်ဘာသာ နေကြတဲ့ သူတွေပဲရှိတယ်။ အတတ်နိုင်ဆုံး အစိုးရနှင့် မပတ်သက် ချင်ကြဘူး၊ မဲလည်း မပေးချင်ကြဘူး” ဟု ပြောသည်။

ကျောက်ဖြူမြို့ရှိ မဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်းတခုကို နအဖ က တရုတ်ပညာရှင်များနှင့် တည်ဆောက်နေပြီး ယင်း လုပ်ငန်းတွင် အသုံးပြုသော တရုတ် လုပ်သားပေါင်း (၂၀၀) ကျော်မှာလည်း ကျော်ဖြူမြို့ပေါ်တွင် ရှိနေကြောင်း၊ မြို့ခံများက မကျေနပ် သော်လည်း အာဏာ ရှင်အစိုးရကို စက်ဆုတ်ရွံရှာကာ မပတ်သက် ချင်သောကြောင့် ရေငုံ နှုတ်ပိတ် နေကြကြောင်း သိရသည်။

“ကျောက်ဖြူက အစိုးရအတွက် အကွက်ကောင်းမြို့တမြို့ပဲ။ အခု ရခိုင်ကျောက်ဖြူကတော့ လူမျိုးရေး ပြဿနာ တွေလည်း နောက်ဆက် တွဲတွေ ဖြစ်လာ နိုင်တယ်။ မကျေနပ် ဖြစ်နေကြတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါ။ နောက်ကျရင် ပွင့်ထွက်လာတယ် ဆိုရင်တော့ ကျောက်ဖြူမှာ ရောက်နေတဲ့ လုပ်သားတွေကိစ္စ ပြဿနာ တခုတောင် ဖြစ်လာနိုင်တယ်” ဟု မြို့ခံတဦးက ပြောသည်။

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကျောက်ဖြူမြို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို အများဆုံး ထောက်ခံ အားပေးခဲ့သည့် မြို့တမြို့ အဖြစ် ရခိုင်ပြည်နယ်တွင် ထင်ရှားခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာကျပ်ငွေ (၅,၀၀၀) တန်ကို အစိုးရရုံးများ လက်မခံ

မြတ်ခိုင်ဦး
၁၆ သြဂုတ် ၂၀၁၀

မြန်မာအစိုးရက ယမန်နှစ် အောက်တိုဘာ (၁) ရက်မှ စတင်ထုတ်ဝေ သုံးစွဲနေသော (၅,၀၀၀) ကျပ်တန်ငွေကို အစိုးရ ရုံးများက လက်မခံကြကြောင်း သိရသည်။

ယနေ့နံနက်က ပဲခူးမြို့၊ သနပ်ပင်လမ်းရှိ၊ စာတိုက်ဝင်းအတွင်းမှ ဆက်သွယ်ရေးရုံးသို့ ဖုန်းကျသင့်ငွေ သွားရောက် သွင်းသူ တဦးက ပေးချေသည့် ငွေ (၅,၀၀၀) ကျပ်တန်ကို ငွေသွင်းကောင်တာမှ လက်မခံသဖြင့် အခြားငွေဖြင့် အစားထိုး ပေးသွင်းခဲ့ရသည်ဟု မျက်မြင် ပဲခူးမြို့ခံ တဦးက ပြောသည်။

အဆိုပါသူ ပေးသွင်းသော ငွေ (၅,၀၀၀) ကျပ်တန်တွင် A ဆိုသော စကားလုံး ရေးမှတ်ထား၍ ဆက်သွယ်ရေး ဝန်ထမ်းက လက်မခံခြင်းဖြစ်သည်ဟု အဆိုပါမြို့ခံက ပြောသည်။

ဆက်သွယ်ရေးရုံးများသည် (၅,၀၀၀) ကျပ်တန်အား ထောင်မလဲသဲကော်ဟု ခေါ်ဆိုသည့် ငွေစက္ကူ အသစ်ကိုသာ လက်ခံပြီး အစွန်း အထင်းပါလျှင်၊ အမှတ်အသားပါလျှင် လက်မခံကြောင်း၊ အစိုးရ ထုတ်ဝေသော ငွေကြေးကိုပင် အစိုးရရုံးများနှင့် ဘဏ်များကပါ လက်မခံသဖြင့် သုံးစွဲသူ ပြည်သူများ အခက် တွေ့ကြရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဆိုပါ (၅,၀၀၀) တန် ကျပ်ငွေစက္ကူသည် (၅၀၀) ကျပ်တန်နှင့် အရွယ်အစား ဆင်တူခြင်း၊ အရောင် မတိမ်းမယိမ်း ရှိခြင်း တို့အပြင် (၅,၀၀၀) တန်သည် ငွေတန်ဖိုး မြင့်မားသည့် အတွက် သုံးစွဲရန် ကိုင်ဆောင်သူ နည်းသည်ဟု သိရသည်။

သုံးစွဲသူအများစုမှာလည်း လဆန်းငွေထုတ်ပြီးကာလနှင့် လကုန်ရက် ငွေပြတ်သည့် ကာလများတွင်သာ စုဆောင်း ထားသည်များကို ထုတ်၍ သုံးစွဲလေ့ရှိကြောင်း သိရသည်။

ယခုလက်ရှိသုံးစွဲနေသော (၂၀၀) တန်ငွေစက္ကူကိုလည်း ပလတ်စတစ် ပိုက်ဆံဟု ခေါ်ဝေါ်နေကြသည်။ (၂၀၀) တန် ငွေစက္ကူများသည် အလွန်အမင်း ဟောင်းနွမ်း စုတ်ပြတ် နေပြီဖြစ်၍ ခေါင်းဘက် တခြမ်းသာ အလှထား၍ ကျောဘက် အခြမ်းကို ပလာစတာများ ကပ်၍ သုံးရသည့်အတွက် ပလတ်စတစ် ပိုက်ဆံဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

မူရင်းတန်ဖိုးမှာ (၂၀၀) ကျပ် ဖြစ်သော်လည်း လူတိုင်းက (၃၀၀) တန်သည်ဟု ပြောဆိုကြသည်။

“ပိုက်ဆံက မူလတန်ဖိုး (၂၀၀) တန်ပေမယ့် အစုတ်အပြဲဖာရတဲ့ တိတ်ဖိုးက (၁၀၀) တန်တော့ (၃၀၀) တန် ဖြစ်လာတာ” ဟု ရန်ကုန်သား တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် (၅၊ ၁၀၊ ၂၀၊ ၅၀) ကျပ်တန်များမှာ အလွန်ရှားပါးသွားပြီဖြစ်ကာ ၎င်းတို့ အထက်ဖြစ်သော (၁၀၀၊ ၂၀၀၊ ၅၀၀၊ ၁,၀၀၀) နှင့် (၅,၀၀၀) တန် ငွေစက္ကူများသာ ဈေးကွက်အတွင်း လည်ပတ်နေသည်။

Ref: ခေတ်ပြိုင်

Read More...

Monday, August 16, 2010

စိန်ခေါ်သူကို စိန်ပြန်ခေါ်နိုင်အောင် ပြင်ဆင်ကြ

ရဲဘော်ဖိုးသံချောင်း
၁၆ သြဂုတ် ၂၀၁၀

အကုန်ပြင်ဆင်ပြီးမှ စိန်ခေါ်လိုက်တယ်ဆိုတာ ဘယ်သူမှ မငြင်းတာ သေချာပါတယ်။ သူ့ခွင်၊ စစ်စကားနဲ့ ပြောရရင် သူ့သတ် ကွင်းထဲ ၀င်လာအောင် လုပ်ပြီး စိန်ခေါ်လိုက်တာ ဖြစ်တယ်ဆိုတာ သတိ ပြုသင့်ပါတယ်။ ဒီလို အရေးပါလှတဲ့ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ဖို့ အချိန်အားဖြင့် (၂) လနဲ့ (၂၃) ရက်ကြီးများတောင် ပေးထားတယ်။ တချို့က ပါတီ ထောင်ခွင့်ရတာမှ ရက်ပိုင်း ရှိသေးတယ်။

နအဖစစ်အစိုးရက ဗြုန်းစားပဲ နိုဝင်ဘာလ (၇) ရက်လို့ သတ်မှတ် ကြေညာလိုက်တော့ လူတိုင်းဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်က လွတ်မယ့်ရက် မတိုင်ခင် စီစဉ်တာပဲ ဆိုတာကို ပြေးမြင် မိကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလည်း သူက ဒီ အတုအယောင် ရွေးကောက်ပွဲကို ၀င်မှာ မဟုတ်ဘူးဆိုတာ အားလုံး သိနေလျက်နဲ့ နအဖ ဗိုလ်ချုပ်တွေ ဘာကြောင့် ဒါလောက် ကြောက်လန့် နေကြတာလဲ ဆိုတာ စဉ်းစားစရာပါ။ မလုံတဲ့အမိုး တုတ်ထိုးရုံနဲ့ပြဲ ဆိုတာလို ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်က ထွက်ရတဲ့နောက် သူတို့ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောလာ ဆိုလာမှာကို ကြောက်လို့ ဖြစ်ပါတယ်။ သေချာနေတာက နအဖ စစ်အစိုးရဟာ စိန်ခေါ်တယ် ဆိုပေမယ့် သူတို့ ကြောက်တဲ့ အရာတော့ ရှိသေးတယ်ဆိုတာ ဖြစ်ပါတယ်။

နောက်ထူးခြားချက်တခုက ဒီတခါ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေ သတ်မှတ်ပုံပဲ ဖြစ်ပါတယ်။ အကြမ်းဖျင်း အားဖြင့် သူတို့က မဲဆန္ဒနယ်ကို မြို့နယ်တွေ အခြေခံပြီး သတ်မှတ်တယ်လို့ ပြောနိုင်ပါတယ်။ ဒီတော့ ဘယ်လိုဖြစ်လာမလဲ။ ဘာလို့ ဒီလိုလုပ်တာလဲ။ လက်တွေ့ ဖြစ်လာမှာပေါ်ကနေပဲ ပြောပါ့မယ်။ အလွယ်ဆုံး ပြောရရင် မဲဆန္ဒနယ်တွေဟာ လူဦးရေအပေါ် အခြေခံပြီး သတ်မှတ်တာ မဟုတ်တော့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ကိုယ်စားပြုမှုဟာ လူအပေါ်မှာ အခြေခံတာ မဟုတ်ဘဲ နအဖရဲ့ လူတွေ အကျိုးရှိမှု အပေါ်မှာ အခြေခံတာ ဖြစ်နေပါတယ်။

လူဦးရေအရပြောရရင် မချမ်းဘော မြို့နယ်က (၈,၀၀၀)၊ မြို့နယ်က (၅,၅၀၀) လောက်သာရှိပြီး ခေါင်လံဖူး မြို့နယ် ဆိုတာ ကလည်း ထောင်ဂဏန်း လောက်သာ ရှိတာပါ။ မန္တလေးက မြို့နယ်တွေကတော့ လူဦးရေ သိန်းချီ ရှိကြတာပါ။ ဒီတော့ ဒါတွေကို တတန်းထည်း ထားတယ်ဆိုတာ ကျိုးကြောင်း ဆီလျော်တယ်လို့ ဆိုနိုင်ပါ့မလား။ အခုအတိုင်း ဆိုရင် လူဦးရေ (၁၂) သိန်းကျော်ရှိတဲ့ ကချင်ပြည်နယ်က အမတ် (၁၈) ယောက်၊ လူဦးရေ (၂၆) သိန်းကျော်ရှိတဲ့ မကွေးပြည်နယ်က အမတ် (၂၅) ယေက်၊ လူဦးရေ (၄) သိန်း (၈) သောင်းရှိတဲ့ ချင်းပြည်နယ်က (၉) ယောက် ထွက်လာမှာပါ။ အချိုးသဘော ပြောရရင် ကချင်ပြည်နယ်မှာ လူဦးရေ (၆) သောင်း ကျော်ကို အမတ် (၁) ယောက်၊ မကွေးတိုင်းမှာ လူဦးရေ (၁) သိန်းကျော်ကို အမတ် (၁) ယောက်၊ ချင်းပြည်နယ်မှာတော့ လူဦးရေ (၅) သောင်းကို အမတ် (၁) ယောက်က ကိုယ်စားပြုတာ ဖြစ်ပါလိမ့်မယ်။ အခု တင်ပြခဲ့တဲ့ လူဦးရေဆိုတာ လူဦးရေ အားလုံးကို ပြောတာပါ။ မဲပေးနိုင်သူဦးရေ မဟုတ်သေးပါဘူး။ တဆက်တည်း ထောက်ပြ သင့်တာက လူဦးရေ မပြောစလောက်သာ ရှိတဲ့ ကြပ်ပြေးမှာကျတော့ အမတ်နေရာ (၅) နေရာတောင် သတ်မှတ်ထားတာ၊ ကချင်ပြည်နယ်က အမတ်ဦးရေဟာ ကရင်ပြည်နယ်ရဲ့ နှစ်ဆခွဲလောက် ဖြစ်နေတယ် ဆိုတာတွေပါပဲ။

ဒီအခြေအနေတွေက ဘာကိုပြနေသလဲ။ နအဖဟာ တိုင်းရင်းသားလူမျိုးစုတွေကို အထူးနေရာ ပေးနေတာ၊ ဂရုစိုက် နေတာလား။ မဟုတ်ရေးချ မဟုတ်ပါဘူး။ အဲဒီ တချို့လူမျိုးစု နယ်မြေတွေမှာက စစ်တပ်က အတင်း ၀င်ဖိနှိပ်ထားတာ၊ လူထုကို စစ်တပ် သဘောကျ အတင်းအကျပ် မဲပေးခိုင်းလို့ရတဲ့ အနေအထားမှာ ရှိတယ်။ သူတို့ရဲ့ ဒီလိုအစွမ်းကို အဆင်မပြေဖြစ် နိုင်စေလောက်တဲ့ ကချင် တိုးတက်ရေး ပါတီလို ဟာကိုတော့ ပါတီဖွဲ့ခွင့် မပေးဘဲ ထားလိုက်တယ်။ အဲဒီလို သူတို့နိုင်ဖို့ သေချာတယ်လို့ ထင်တဲ့ နေရာတွေမှာ မဲဆန္ဒနယ်တွေ ပိုသတ်မှတ် ထားလိုက်တာသာ ဖြစ်ပါတယ်။

ဒီလိုလုပ်ရာမှာ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ သမိုင်းပြဿနာတွေကို နည်းနည်းမှ ထည့်စဉ်းစားတာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဒီလို ရွေးကောက်ပွဲ ကိစ္စကနေ တင်ကျန်ရစ်တဲ့ ရိုဟင်ဂျာ ပြဿနာဟာ ကနေ့အထိ ရှင်းလို့ မပြီးဘူး မဟုတ်ပါလား။ နောက်ပြီး ဗိုလ်နေ၀င်းတို့က စစ်သားကောက် ကောင်းအောင် နိုင်ငံသားအဖြစ် အသိအမှတ် ပြုခဲ့တဲ့ကိစ္စ။ ဒါ့အပြင် တခြားဒေသ တွေမှာလည်း မပြီးမပြတ် သေးတာတွေ၊ ထပ်ပေါ်လုဆဲဆဲ ဖြစ်နေတာတွေက မနည်းပါဘူး။ ဒါတွေက ဖော်ပြနေတာ ကတော့ တိုင်းပြည်မှာ အာဏာရှိတဲ့သူဟာ ဘာမဆို လုပ်လို့ရတယ်၊ လက်နက်ရှိတဲ့ လူဟာ ဘာမဆို လုပ်လို့ ရတယ်ဆိုတဲ့ ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေပါပဲ။ ဒီကနေဆက်ပြီး တိုင်းပြည်မှာ အာဏာ ရှိတဲ့သူဟာ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမဆို နိုင်စေချင်လို့ ဖြစ်တယ်၊ လက်နက်ရှိတဲ့လူဟာ ဘယ်သူ့ကို မဆို မဲပေးခိုင်းလို့ ရတယ် ဆိုတာကို ဖော်ပြ ပါလိမ့်ဦးမယ်။

ပြည်သူတွေဘက်ကပြောရင် ဒါတွေဟာ မျှော်မှန်းမထားတာ၊ တွက်မထားတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ် ကိုယ် လိမ်သူ မဟုတ်ရင် အလွယ် ကြိုမြင်နိုင်တဲ့ အချင်းအရာ တွေသာ ဖြစ်ပါတယ်။ ဒီပွဲဟာ ကြံ့ဖွံ့နဲ့ တစညတို့ရဲ့ လိမ်ဆင် တိုက်ပွဲပဲ ဖြစ်မှာပါ။ ကျန်တဲ့ အဖွဲ့တွေကတော့ တိုက်ကြက်တွေ အတွက် အနာခံ လေ့ကျင့်ပေးရတဲ့ “ခွပ်လက်ခံ” တွေလိုပဲ ဖြစ်မှာပါ။ နအဖ အနေနဲ့ စေတလုံး ရနေတာ၊ တိုင်းပြည်ရဲ့ နိုင်ငံရေးမှာ သူ့ခြေ သူ့လက်ချည့် ဖြစ်နေတာလို့ ထင်ပြီး စိတ်ဓာတ်ကျ၊ အားပျက်ဖို့ မလိုပါဘူး။

ဒီနေ့ နအဖက ရွေးကောက်ပွဲလုပ်တာမှာ ၁၉၇၄ ခုနှစ်တုန်းက မဆလလောက် မီးသေတယ်လို့ ဆိုနိုင် လို့လား။ အဲဒီတုန်းက အတိုက်အခံ ရယ်လို့ (ဥပဒေအတွင်းမှာ) တယောက်မှ မရှိ၊ ပြည်ပ မီဒီယာတွေကနေ မတူတဲ့ လေသံတွေ လွှင့်ပေး နေတာတွေလည်း မရှိပါဘူး။ ဒီလိုနဲ့ ဗိုလ်နေ၀င်းတို့ရဲ့ မဆလပါတီဟာ ၁၉၇၄ ခုနှစ် ရွေးကောက်ပွဲမှာ ခွင်လုံးကျွတ် အနိုင်ရခဲ့ ပါတယ်။ ဒါပေမယ့် မဆလက တပြည်လုံးမှ တနေရာ မကျန် နိုင်သွားလို့ တိုင်းပြည်ရဲ့စီးပွားရေး၊ ပြည်သူလူထုရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ဘ၀တွေ ပိုကောင်း လာပါသလား။ ဝေလားဝေး မဟုတ်လား။ အဲဒီတော့ ဘာဖြစ်လာသလဲ။ မြန်မာပြည် အလုပ်သမား သမိုင်းမှာ ဂုဏ်ပြောင်လှတဲ့ ၁၉၇၄ ပြည်လုံးကျွတ် အလုပ်သမား သပိတ်တွေ ပေါ်လာ တော့တာပါပဲ။ ဒီလိုနဲ့ ရွေးကောက်ပွဲ နိုင်ကာစ၊ တောင်ရှည် ပုဆိုးဝတ်ကာစ ဗိုလ်ချုပ်တွေ သွေးပျက် ခဲ့ရပါတယ်။ အဲဒီနောက်တော့ ၁၉၇၅၊ ၁၉၇၆ သပိတ်တွေ တချီပြီးတချီ ဆက်တိုက် ပေါ်ပေါက် လာခဲ့ပါတော့တယ်။ အားလုံးဟာ မိုးပြိုမြေသိမ့် တိုက်ပွဲတွေပါ။ ရှစ်လေးလုံး အရေးတော်ပုံဟာ အဲဒီ တိုက်ပွဲတွေရဲ့ အဆက် ဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။

အခုလည်းပဲ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်ဆိုတဲ့ ပေါ်လစီနဲ့ အစိုးရလုပ်လာမယ့် ခေါင်းပေါင်းဝတ် စစ်အုပ်စု ၀င်တွေကို လူထုရဲ့ အင်အားကို မြည်းစမ်း စေရပါမယ်။ ဒင်းတို့ကို ချက်ချင်း စိန်ခေါ်နိုင်အောင် အခုကတည်းက ပြင်ရပါမယ်။ မလိုအပ်ဘဲ ကိုယ့်အင်အားတွေ မဆုံးရှုံးအောင် ထိန်းသိမ်း ရပါမယ်။ နအဖရဲ့ခွင်ထဲကို ကိုယ်က တိုးဝင်တာ မဟုတ်ဘဲ ဒင်းတို့ကို ကိုယ့်ခွင်ထဲ ခေါ်သတ်တဲ့ အခြေအနေ ရောက်အောင် တည်ဆောက် ပြင်ဆင် ကြရပါမယ်။ ဒါ့အပြင် ရွေး ကောက်ပွဲ အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် ပြည်တွင်းပြည်ပ နိုင်ငံရေး လှိုင်းလုံးများကို ကျော်လွှားဖို့လည်း ပြင်ဆင်ရပါ တော့မယ်။

မှန်တာပြောရရင် အတိုက်အခံတွေအဖို့လည်း စိတ်ကူးယဉ်လို့ မရတော့တဲ့ အခြေအနေကို ရောက်သွားပါပြီ။ လက်တွေ့ ရဲဝံ့စွာ ရင်ဆိုင် ကြပါစို့။

Ref: ခေတ်ပြိုင်

Read More...

လည်လွန်းတဲ့ဘီး ချေးသင့်ခြင်း

ဝတုတ်
16, August ,2010

လက်ရှိမြန်မာစာနယ်ဇင်းလောကတွင်းမှ စစ်အုပ်စုနှင့် ဝါးစေသတင်းဆရာတချို့ အကြောင်း ဖြောင့်ဖြောင့်ရှင်းရှင်း သုံးသပ် ပြထားသော ပညာရှင် သတင်းသမား တဦး၏ လက်ရာ (ကောင်းကင်)

ကမ္ဘာ့ဖလား ပြီးသွားပြီ ဆိုပေမင့် ကိုယ်တို့တိုင်းပြည်ထဲမတော့ ကိုယ့်ဂိုး ကိုယ်ရှုးတဲ့ ဖြစ်ရပ်တွေ ခဏခဏ တွေ့နေရတုံးပါလား။ ဟိုတလောက နေ၀င်းမောင်တို့ အုပ်စုရဲ့  ဒီမိုကရေစီ ပညာပေး ဆောင်းပါးကြီးကို ကြပ်ပြေး မောင်တွေက သဘောတွေ့ပုံ မရလို့ The Voice လည်း နှစ်ပတ်လောက် လျှာခင် အဖြတ် ခံလိုက်ရရှာတယ်။ နေ၀င်းမောင်ဆီက အသံထွက် မလာပေမဲ့ (သလိပ်ကပ် နေပုံရတယ်) ကျော်မင်းဆွေကတော့ လျှာလိပ် သံလေးနဲ့ ဖေ့ဘွတ်မှာ ညည်းရှာတယ်။ ဂျာနယ်ကို လျှာခင် တိခံရတဲ့ ကိစ္စမှာ သဘောရိုးနဲ့ ၀င်လုပ်နေသူတွေကို စာနာ စိတ်ထားနိုင်ပေမယ့် အငှားဗိုက်နဲ့ ဓားထိုးခံရမဲ့ အန္တရာယ်ကို မကြောက်လို့ မိုက်တိမိုက်ကန်း ၀င်လုပ်တာဆိုရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်လို့ပဲ သဘော ထားရမှာဘဲ။

နေ၀င်းမောင်တို့ အပြီး ခုတခါ အလှည့်ကျသူကတော့ ဟိန်းလတ်ပါ။ သူ့ကျတော့ ကိုယ့်ဂိုး ကိုယ်ရှုးတယ် မပြောဘဲ လည်လွန်းတဲ့ဘီး ဟိုဟာသင့်တယ်လို့ ဆိုရမလား။ ဒါပေမယ့် ကိုယ့်ဆရာက နေ၀င်းမောင်ထက် ပိုသတ္တိ ကောင်းတယ်။ အဲ နေ၀င်းမောင်လောက် မလည်ဘူးလို့ဘဲ ပြောမလား။ ဘာလို့ဆို ဟိုတယောက်က သူ့ဂျာနယ် နှစ်ပတ် အသံတိတ် ခံရတာကို ဘာမှ ထုတ်မပြောဘူး။ ကြာကြာဝါးမဲ့သွား အရိုး ကြည့်ရှောင် တာပဲလားတော့ မသိဘူး။ ပေါ်ပြူလာ ဆရာသမား ကတော့ ဧရာဝတီမှာ သွားရင်ဖွင့်တယ်။ ဖြစ်ကြောင်း ကုန်စင်ကို ပြောသလား၊ ကိုယ့်ဟာကိုယ် ဆင်ဆာလုပ်ထား သလား ဆိုတာကတော့ ကာယံကံ ရှင်တွေပဲ သိမှာဘဲ။ ဘာပဲဖြစ်ဖြစ် သူပြောတဲ့ထဲမှာ စိတ်ဝင်စားစရာ ကောင်းတာတွေ၊ သံသယ ဖြစ်စရာ ကောင်းတာ တွေ့ပါတယ်။

ပထမ တချက်အနေနဲ့ မြောက်ကိုရီးယား သံရုံးက စိစစ်ရေးရဲ့ ခွင့်ပြုချက် မယူဘဲ သိမ်းသလား ဆိုတာ သူကိုယ်တိုင်တောင် မသိဘူးလို့ ပြောတယ်။ ဒါဖြစ်ကော ဖြစ်နိုင်ရဲ့ လား။ မြောက်ကိုရီးယား သံရုံးက လက်ကျန် စာအုပ်တွေကို အပ်ခိုင်းတဲ့ အခါမှာ ဟိန်းလတ်က အသာတကြည် အပ်လိုက်ရောလား။ သူ့စာအုပ်ကို အပြတ်ဝယ်ထားတဲ့ ဆိုင်တွေကတောင် အသိမ်းမခံရင် သူကဘာ့ကြောင့် အသိမ်းခံလဲ။ ဒီစာအုပ်ကို စာပေ စိစစ်ရေးက ခွင့်ပြုပေးပြီးသားမို့ မအပ်နိုင်ဘူးလို့တောင် ပြန်မပြောလိုက် ဘူးလား။ ဒါနည်းလမ်း မကျဘူး။ ဟိန်းလတ်က စိစစ်ရေးနဲ့ပါ စစ်မျက်နှာ နောက်တခု မဖွင့်ချင်လို့ ပြောတာပဲလား ဆိုတာတွေးစရာ ဖြစ်နေတယ်။ တခုတော့ရှိတယ်။ ၀င်္ကပါတောထဲက ခုထိ မထွက်နိုင်သေးတဲ့ စိစစ်ရေး အုပ်စုကို အိတ်ထဲ ထည့်ထားလို့ ရတယ်လို့ မောက်မောက်မာမာ သဘောထားပုံရတဲ့ မြောက်ကိုရီးယား သံရုံးက ဟိန်းလတ်က စာအုပ် မအပ်ရင် စိစစ်ရေးနဲ့ တိုင်မှာမို့ ဇာတ်လမ်း မရှည်ချင်တာနဲ့ အသာတကြည် လက်နက် ချလိုက်တာလဲ ဖြစ်နိုင်တယ်။ ဘာလို့ဆို ‘ဟိုတိုင် ဒီတောနဲ့ ရှင်းရတာ ရှုပ်တယ်.. ကျနော်လည်း စကားနဲရန်စဲ ပြန်ပေး လိုက်တယ်။’ လို့ ဟိန်းလတ်ကိုယ်တိုင် ၀န်ခံထားတာကိုး။

သူပြောတဲ့ထဲမှာ နောက်တခုက ‘မြန်မာအစိုးရဘက် ပြန်ကြားရေးရော၊ စိစစ်ရေးရော ဘာမှ မပြောပါဘူး၊ အမှန်အတိုင်း ပြောရရင် အဲ့သည့် ကိုရီးယားတွေကိုပဲ ကြောက်တာ’။ Excuse me!! ကိုယ့်တိုင်းပြည်ထဲမှာ နေပြီး မြောက်ကိုရီးယားကို ကြောက်တယ် ဟုတ်လား။ နောက်ပြောသေးတယ်။ ‘သူတို့က မထင်ရင် မထင်သလို လုပ်တတ်လို့’ တဲ့။ ဘာလုပ်တတ်တာလဲ ဆိုတာ သိခွင့်ရရင် သိချင်ပါရဲ့ ဆရာရယ်။ ခုမြောက်သံရုံး လုပ်ပုံကိုင်ပုံ ကြည့်ရင် မြောက်ကိုရီးယားဟာ ကျုပ်တို့ တိုင်းပြည်မှာ လူပါး ၀ချင်တိုင်း ၀လို့ ရတယ်လို့ အထင် ရောက်နေပုံ ရတာကို ညွှန်ပြနေတယ်။ ဒီလို အထင် ရောက်စေခြင်းရဲ့ နောက်ခံ အကြောင်းရင်းတွေက ဘာတွေ ဖြစ်မလဲ။ ကောင်းတာတွေတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒါတွေကို လောလောဆယ်မှာတော့ တိတိကျကျ သိနိုင်ဦးမှာ မဟုတ်ဖူး။

နေ၀င်းမောင်တို့ ဟိန်းလတ်တို့အနေနဲ့ သတိမူသင့်တာက စစ်အုပ်စုက ကိုယ့်ကို ရေးချင်တာ ရေးခွင့် ပြုထားဆိုတာ သူတို့ အကျိုးစီးပွားနဲ့ ယှဉ်လာရင် သက်ညှာမယ် ဆိုတဲ့ အဓိပ္ပါယ် မထွက်ဖူး ဆိုတာပဲ။ ကိုယ့်ဆရာတွေလည်း သိချင်သိမှာပါ။ အချဉ်တွေမှ မဟုတ်ဘဲ။ ဘယ်ကွေ့ ဘယ်တက်နဲ့ လှော်ရမလဲဆိုတာ သဘောပေါက်မှာပါ။ ဒါပေမယ့် လူရှေ့ မှာဗြောင်ကြီး ပုဆိုး ချွတ်ခံရတာကတော့ မကောင်းဘူး။ စစ်အုပ်စုနဲ့ အလုပ် လုပ်တယ်ဆိုတာ ကိုယ့်ဂုဏ် သိက္ခာကို ဒင်းတို့ဆီမှာ အတိုးကြီးကြီးနဲ့ အပေါင်ထား လုပ်ရတာမျိုး ကလား။ ဒင်းတို့က သူတို့အုပ်စု ကွက်ကွက်လေးရဲ့ အကျိုးစီးပွား လောက်ကိုပဲ စိတ်ဝင်စားဒါ၊ အကာအကွယ် ပေးတာကလား။

နောက်ပြီးတော့ မြောက်ကိုရီးယားက ဘာ့ကြောင့်သိမ်းသလဲ ဆိုတာလည်း မသိရဘူး။ ဟိန်းလတ် စာအုပ်ရယ် သူကိုးကားတဲ့ နယူးရောက်ထုတ်လို့ ဆိုတဲ့ စာအုပ်တွေရယ် အားလုံးကို နှိုင်းယှဉ် ဖတ်ကြည့်နိုင်ရင်တော့ ဟိန်းလတ်က ဒီစာအုပ်တွေ ထဲက မြောက်ကိုရီးယားတွေ မငြိုငြင်လောက်မဲ့ ဒါမှမဟုတ် မနောခွေ့မဲ့ အကြောင်းအရာတွေ ကိုပဲ အတော်များများ ယူပြီး ရေးထားသလား၊ ဒါမှမဟုတ် ကင်ဂျူံအီနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ဘာတွေ ချန်ရေးထားသလဲ ဆိုတာ သိနိုင်မှာဘဲ။ နောက်ပြော သေးတယ်။ ‘ဒီစာအုပ်မှာတော့ မကောင်းတာ မပါဘူး။ … တကယ်ရေးမယ် ဆိုရင်တော့ မကောင်းတာ အများကြီးပဲ’ တဲ့။ သေဟဲ့ နန္ဒိယရဲ့ လို့သာ အော်ညည်း မိတော့တယ်။ ဒါဖြင့်ရင် ခုစာအုပ်က တကယ် ရေးထားတာ မဟုတ်ဖူးပေါ့။ seriously ပြောတာပါ။ ဒါကိုကြည့်ရင် ဟိန်းလတ် စာအုပ်မှာ အကောင်းတွေကို အသားပေး ရေးထားတယ်ဆိုတာ ၀န်ခံထားတာပေါ့။ လူငယ်တွေကို ‘အသိပညာ ကြွယ်အောင်၊ နိုင်ငံတကာ သုံးသပ်ချက်တွေ ရအောင်၊ ဗဟုသုတရအောင်’ ရည်ရွယ်ရေးတယ် ဆိုရင် အကောင်းတွေချည်း ရေးရုံနဲ့ ရမလား ဆရာရယ်။

ဒီနေရာမှာ ကျွန်တော့်ကိုယ်တွေ့ အဖြစ်အပျက်လေးတခုနဲ့ တိုက်ဆိုင်လွန်းလို့ ပြောလိုက်ဦးမယ်။ ငယ်ငယ်က စတိတ်ရှိုး တခုသွားကြည့်တယ်။ စိန်ပေါ ကျောင်းထဲက heavy metal show ဆိုတော့ သိပ်မကြာဘူး၊ ၀ရုန်းသုန်းကား ဖြစ်ရော၊ ဒါနဲ့ ရဲတွေရောက်လာတယ်။ အဲဒိမှာ ၀ရုန်းသုန်းကား လုပ်တဲ့ထဲမှာ မပါတဲ့ လူငယ် တယောက်က ရဲကိုသွားပြီး သူတို့ လာတာကို ကြိုဆိုတဲ့ အနေနဲ့ လက်ဆွဲ နှုတ်ဆက်တယ်။ စောစောက အုံးအုံး ကြွက်ကြွက်လုပ်ပြီး ခုံတွေ ရိုက်ချိုးတဲ့ လူတွေကို ဆော်မဲ့ သူ ရောက်လာပြီဆိုပြီး ပန်းခြင်း သွားဆက်ချင်ပုံ ရတယ်။ ဘာပြောကောင်းမလဲ ရဲက ကမ်းပေးတဲ့ သူ့လက်ကို ယူပြီး နပန်ကျင်း ထဲ့လိုက်တယ်။ ခုလည်း အဲ့သလိုပုံမျိုးဖြစ်နေပြီ။ ကင်ဂျူံအီး အကြောင်း လွန်ခဲ့တဲ့ ဆယ်နှစ် လောက်က ရေးကြည့်ပါလား၊ ဘယ်ရမလဲ။ ခုရွှေလမ်းငွေလမ်း ဖောက်ချိန်မှာ ကိုယ်က ဟီးဟီးဟီးဟီးနဲ့ ပါးလျက်နားလျက် သွားလုပ် ကြည့်တယ်။ မြောက်ကိုရီးယား ဆိုတဲ့ ကောင်က ဦးနှောက်မှ မရှိတာ။ စစ်အုပ်စုလိုပဲ မြင်မြင်ကရာ ရန်သူထင်နေတာ ကိုယ့်အကောင်းပြောလို့ ပြောမှန်းလည်း သိချင်မှသိတာ။

ပြောချင်တာကတော့ ဒီလောက်ပါပဲ။ ဒါနဲ့ တခုတော့ ရှိတယ်။ ကိုးကားတဲ့ ‘စာအုပ် နှစ်အုပ်မှာပါတဲ့ အချက် အလက်တွေ မှန်မမှန်တော့ မသိဘူး၊ … စာရေးတဲ့သူ ဆိုတာ ဘယ်အမှားအမှန် သိမလဲ။ ဇယားထဲ ပါတာတွေ ရေးရတာပဲ။’ တဲ့။ အဲဒါလည်း သဘာဝ မကျဘူးထင်တယ်။ ဧရာဝတီက မှတ်ချက်ရေးသူ တယောက် ပြောခဲ့သလိုပဲ ဟိန်းလတ်ပြုစုသည်လို့ ဆိုထားရင် မျက်တောင် အဖွင့်အပိတ် ထဲက အပြောကို မရေးသင့်ဘူး။ ဘာသာပြန်လို့ ရေးရင် ရေးပေါ့လေ။ စိတ်တော့မရှိပါနဲ့။ အရင်ကလည်း သူများ ရေးထားတာကို ကိုယ့် own tune လုပ်ပြီး ထည့်ထည့်နေတဲ့ ဇာတ်လမ်းတွေက ဆရာ့ဆီက ထွက်ထွက် လာဖူးတယ်မလား။

Ref: ကောင်းကင်

Read More...

အပေါ်သို့