..............................

Thursday, December 31, 2009

စစ်အစိုးရနဲ့ ကချင် နယ်ခြားစောင့်ကိစ္စ သဘောတူညီမှု မရသေး

30 December 2009

နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့အတွက် မြန်မာစစ်အစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကချင် လွတ်မြောက်ရေး အဖွဲ့တို့ မနေ့က ထပ်မံ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီလို တွေ့ဆုံ ဆွေးနွေးရာကနေ ဘယ်လို အခြေအနေ ရရှိခဲ့ပါသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြ ပေးထားပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ KIO ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်းတို့ အဖွဲ့ မနေ့ ညနေပိုင်းက မြစ်ကြီးနားမှာ ထပ်မံ ဆွေးနွေးခဲ့ရာမှာ သဘောတူညီမှု မရခဲ့ကြဘူးလို့ KIO အဖွဲ့က ပြောပါတယ်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဆွေးနွေးမှုတွေကို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက စတင်ခဲ့တာဖြစ်ပြီး အခုဆွေးနွေးမှုဟာ ၉ ကြိမ်မြောက် ဖြစ်ပါတယ်။

မနေ့က ဆွေးနွေးမှုက အဖြေတစုံတရာ မရဘူးလို့ KIO ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်းက ပြောပါတယ်။

“အခြေအနေအားလုံး ခါတိုင်းလိုပဲ ကောင်းပါတယ်ဗျ၊ ထူးခြားမှု ဘာမှမရှိဘူး၊ ဘာမှ မထူးခြားဘူး။ ဒါပေမဲ့ ဆက်ပြီး ဆွေးနွေးမယ်၊ တွေ့ဆုံဆွေးနွေး ဖို့တော့ ဒါက တောက်လျှောက် ရှိသေးတယ်၊ အဲဒါလောက်ပါပဲ။ နှစ်သစ်မင်္ဂလာ၊ Happy New Year နော်။”

စတင်ဆွေးနွေးစဉ်ကလည်း KIO ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ကို ငြင်းဆန်ခဲ့ပြီး ကချင်ပြည် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖို့ တင်ပြခဲ့ပါတယ်။ KIO က ပြီးခဲ့တဲ့ အောက်တိုဘာလ ဆွေးနွေးမှုမှာတော့ ပင်လုံစာချုပ်ပါ အချက်အလက်တွေကို သဘောတူမယ် ဆိုရင် လုံးဝ လက်နက်ချဖို့ အစီအစဉ် ရှိတယ်လို့လည်း တင်ပြခဲ့ပါတယ်။

စောစောပိုင်းသတင်းတွေ အရတော့ မြန်မာစစ်အစိုးရဘက်က နယ်ခြားစောင့်တပ် အသွင် ပြောင်းဖို့ကို ဒီဇင်ဘာလကုန် နောက်ဆုံးထား သတ်မှတ်ခဲ့ပြီး ဒီကိစ္စကို စစ်ဘက်ရေးရာ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က ဦးဆောင် ဆွေးနွေးတာ ဖြစ်ပါတယ်။

KIO အနေနဲ့ ပင်လုံစာချုပ်ပါ အချက်အလက်တွေကို တင်ပြထားတာဆိုတော့ အခုတကြိမ် တွေ့ဆုံမှုမှာ အဆိုပြုချက် အသစ်တွေ မပါနိုင်ဘူးလို့ ကချင် သတင်းအယ်ဒီတာ ကိုနော်ဒင်းက သုံးသပ်ပါတယ်။

“ဒီအစည်းအဝေးမှာ KIO ထိပ်ပိုင်းခေါင်းဆောင်တွေ တော်တော်များများ သွားလိုက်တယ် ပြောတယ်။ ထိပ်ပိုင်း ခေါင်းဆောင်တွေ အားလုံး နီးပါးပေါ့နော်၊ ဘာကြောင့်လဲ ဆိုတော့ ဒီမှာ နအဖဘက်က ဘာတွေ ပြောလာမလဲပေါ့၊ အဓိကတော့။ KIO ဘက်ကတော့ ပြောစရာရှိတာ အားလုံး ပြောထားပြီးပြီ၊ တင်ပြပြီးပြီ။ အဓိကတော့ အဲဒါပဲလို့ သူတို့ကပြောတယ်။

“အဲဒါကြောင့် ဒီတခေါက် အရေးတော့ ပါမှာပေါ့။ နအဖဘက်က ဘာပြောလာမလဲ၊ အဲဒီအပေါ်မှာ အခြေခံပြီးတော့ နောက်ဆက်တွဲ ဘယ်လိုမျိုး ပြဿနာတွေ ဖြစ်လာမယ်၊ အဲဒါတွေ ထပ်ပေါ်လာမှာပေါ့။ KIO ဘက်ကတော့ လာဆွေးနွေးတာ မဟုတ်တော့ဘူး၊ ဒီတခေါက်ကတော့။ တင်ပြတာလည်း မဟုတ်တော့ဘူး။ နအဖဘက်က ဘာပြောလာမလဲ။

“ဒါပေမဲ့ ကျနော်ကြားတာက နအဖဘက်က ကချင်ပြည်နယ် တိုင်းမှူးလောက်နဲ့ပဲ သူတို့ တွေ့ကြမယ်လို့ ပြောတော့ သိပ်ပြီးတော့ ထွေထွေထူးထူး တခုခု အကောင်းဘက်က ကမ်းလှမ်းတဲ့ ဟာမျိုး တကယ်လို့ ပြောရင်တောင်မှ အဲဒါတော့ ဖြစ်မှာ မဟုတ်ဘူး။ ကျနော့် အနေနဲ့ ဒါ သုံးသပ်တာပေါ့။”

KIO ဟာ UWSA ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် ပြီးရင် အင်အားအကောင်းဆုံး ငြိမ်းအဖွဲ့ တခု ဖြစ်ပါတယ်။ UWSA ကလည်း ပြီးခဲ့တဲ့လ ဆွေးနွေးမှုမှာ အချက် ၉ ချက်ပါတဲ့ တောင်းဆိုမှုကို တင်ပြခဲ့ပေမဲ့ စစ်အစိုးရ ဘက်က ပယ်ချခဲ့ပါတယ်။ အခုလို အင်အားကြီးတဲ့ အပစ်ခတ်ရပ် အဖွဲ့တွေက ငြင်းဆန်မှုတွေ ရှိလာတာကြောင့် စစ်အစိုးရ ဘက်ကလည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ သတ်မှတ်ရက်ကို ထပ်မံ ရွှေ့ဆိုင်းရတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဆေးရောင်စုံတဲ့ ၂ဝဝ၉ ခုနှစ်

ရဲဘော်ဖိုးသံချောင်း
၃၀ ဒီဇင်ဘာ ၂၀၀၉

ဒီလိုနဲ့ တနှစ်တော့ဖြင့် ကုန်ပြန်ပြီ။

ကမ္ဘာကြီးဟာ စီးပွားရေးကပ်ထဲက လူးလွန့်ရုန်းထ နေရဆဲ၊ တချို့လည်း လွတ်ထွက်လာ၊ တချို့လည်း နစ်ဆဲ။ ဒီလို အခါမှာ ဗမာပြည်ရဲ့ စီးပွားရေး ကတော့ ဘာမှထူးမလာ။ ဆန်ထွက်တွေကျ၊ အလုပ်လက်မဲ့တွေ ပိုများ၊ ကုန်ဈေးနှုန်းတွေ ပိုတက်ပြီး ပြည်သူတွေ ဒုက္ခဝဲထဲမှာ ချာလပတ် ရမ်းနေပါတယ်။ ဒီလိုအချိန်မှာ နအဖက ပြည်သူလူထု အတွက် စီးပွားရေး နယ်ပယ်မှာ လက်ဆောင်တခု ပေးလိုက်ပါတယ်။ အဲဒါကတော့ (၅,ဝဝဝ) တန်ငွေစက္ကူ။ နောက်ပြီးတော့ အခွန်နှုန်း တိုးမြှင့်တာ။ ဒီတော့ နအဖရဲ့ (၅,ဝဝဝ) တန်ကိုလည်း မယုံ၊ ဒေါ်လာ အပေါ်လည်း မပုံရဲကြတဲ့ ဒီနိုင်ငံမှာ တခြားနိုင်ငံများနည်းတူ ရွှေဈေး ထောင်တက် သွားပါတယ်။

တိုင်းပြည်တပြည်အနေနဲ့ပြောရရင် ၂ဝဝ၉ ခုနှစ်အတွင်း ဗမာပြည်နိုင်ငံရေးမှာ အဖြစ်အပျက်တွေ အင်မတန်မှ များခဲ့ပါတယ်။ အဖြစ် အပျက်မှာ ကမ္ဘာက အာရုံစိုက်ရတဲ့၊ ကမ္ဘာမှာ ကြုံတောင့်ကြုံခဲ အဖြစ်အပျက် တွေပါ။ သတင်းစာ ဂျာနယ်တွေရဲ့ မျက်နှာဖုံးတွေမှာ မကြာခဏ တွေ့ရတဲ့ သတင်းတွေ ဖြစ်ပါတယ်။ ဒီအထဲက ထိပ်ဆုံးထား ပြောသင့် တာကတော့ နိုင်ငံတကာခွင်က ကိစ္စဖြစ်ပါတယ်။

နအဖက ယက်တောဒီပလိုမေစီ လမ်းကြောင်းဖောက်လိုက်တဲ့ အချိန်က စပြီး နအဖ ဗိုလ်ချုပ်တွေကို အမေရိကန်က လူရာသွင်း ဆက်ဆံဖို့ လုပ်လာတာတွေ တွေ့ရပါတယ်။ ဆီနေတာ ဂျင်ဝက်ဘ်၊ ဒု-နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်ဘဲလ် စသဖြင့် ဝါရှင်တန်က လူတွေ ဗမာပြည်ကို လာခဲ့ကြသလို ဗိုလ်သန်းစိန် အပါ ကြပ်ပြေးက စေလွှတ်သူတွေလည်း အမေရိကန်ကို ခြေချ နိုင်ခဲ့ကြပါတယ်။ ဒီနှစ်ကို ဝါရှင်တန်နဲ့ ကြပ်ပြေး ရွှေလမ်းငွေလမ်း ဖောက်ဖို့ ကြိုပမ်းကြတဲ့ နှစ်လို့ ပြောရင်တောင် ရပါတယ်။ ဒါပေမယ့် လမ်းပေါက်သွား၊ အောင်မြင်သွားတယ် လို့တော့ ပြောမရသေးပါဘူး။ အရှေ့တောင်အာရှနဲ့ အရှေ့အာရှက ပြောင်းလဲဖြစ်ပေါ် တိုးတက်မှုတွေကို ကြည့်ပြီး နောက်ကျ မကျန်ချင်တဲ့ အိုဘားမား အစိုးရဟာ ကြပ်ပြေးကို လမ်းကြောင်းပြောင်းပြီး ဆက်သွယ်ဖို့ အလေးအနက် လုပ်ခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမယ့် အခုအထိ အနေအထားကို ပြောရရင် သမ္မတ အိုဘားမားဟာ လိုဏ်ခေါင်းထဲမှာ ပိတ်မိသလို ဖြစ်နေပြီး ပြန်ထွက်မရ၊ ရှေ့ဆက်တိုးမရ ဖြစ်နေပါတယ်။ ဗိုလ်သန်းရွှေတို့ အပေါ် မစ္စတာ အိုဘားမား အတွက် လွဲလေရော့သလား စဉ်းစားစရာတောင် ဖြစ်နေပါတယ်။ ဒါနဲ့ တဆက်တည်းမှာပဲ ဗမာပြည်သား တယောက် အနေနဲ့ ကတော့ ဒီနှစ်ဟာ ဗမာပြည်ကို ကျွဲနှစ်ကောင် အကြားက မြေဇာပင် စဖြစ်စေတဲ့ နှစ်အဖြစ် သမိုင်း မဝင်ပါစေနဲ့လို့ ဆုတောင်းရမလို ဖြစ်နေပါတယ်။

နအဖဗိုလ်ချုပ်တွေ အခုလို နိုင်ငံတကာအသိုင်းအဝိုင်းထဲကို တိုးဝင်လုံးပန်းတာနဲ့ အမျှ ပြည်ပက ယုံကြည်လာအောင် ပြည်တွင်းရေးမှာ ဟန်ပြ လုပ်ငန်းတွေ၊ အများကြီး လုပ်လိမ့်မယ်လို့ တချို့က မျှော်လင့်ယူဆ ခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ထင်သာထင် မဝင်ဘူး ဖြစ်ခဲ့ရပါတယ်။ မူဆိုင်ရာ ကိစ္စတွေလို့ သူတို့ သဘောထားတဲ့ ကိစ္စတွေမှာ တပြားသားမှ လျှော့ပေးတာ မတွေ့ခဲ့ရပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ဖြစ်စေ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပတ်သက်လို့ ဖြစ်စေ သူတို့ဘက်က ပြတ်မြဲ ပြတ်ပါတယ်။ သူတို့ရဲ့ လမ်းပြမြေပုံနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတို့ကိုတော့ ယင်တောင် အနားမခံပါဘူး။

ဒီ၂ဝဝ၉ ခုနှစ်ထဲမှာ လူတွေ မျှော်လင့်ထားပေမယ့် ပေါ်ထွက်မလာတဲ့ အရာတခုကတော့ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ဥပဒေနဲ့ တခြားဆိုင်ရာ ဥပဒေ စည်းမျဉ်းတွေပါပဲ။ လာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူတွေကို အဝင်ခိုင်းမယ်၊ တနည်းအားဖြင့် လာမယ့် အစိုးရမှာ သူတို့ထဲက ဘယ်သူတွေကို တာဝန်ကြီးကြီးတွေ ပေးမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး နအဖထိပ်သီးတွေ အကြားမှာ ဆုံးဖြတ်လို့ မရနိုင်အောင် ဖြစ်နေတယ်လို့ အကဲခတ်တွေက ထင်ကြေး ပေးနေကြပါတယ်။ ဒါပေမယ့် ထင်ထားတာထက် ပိုတွေ့ရတယ်လို့ ယူဆရတာကတော့ ရွေးကောက်ပွဲ ဝင်လိုသူတွေနဲ့ ရွေးကောက်ပွဲ ဝင်အောင် (နအဖကိုယ်စား) သဘောတရား ထုတ်ပေးနေသူတွေရဲ့ ပျားပန်းခပ် လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။ ပြည်ပက အထောက်အပံ့၊ နအဖ အထောက်အပံ့ စတာတွေကို ဗြောင်ယူသူ၊ တိတ်တိတ် ယူသူတွေ၊ ကိုယ့်ကိုယ်ကိုယ် တတိယအုပ်စု၊ စတုတ္ထအုပ်စုလို့ ကြေညာနေသူတွေ၊ နအဖ ထီးရိပ်ကနေပြီး တခြားလူတွေကို တိမ်ပေါ်တက် စိန်ခေါ်မယ်လို့ ကျူးရင့်နေသူတွေ၊ ဗိုလ်သန်းရွှေရဲ့ မျက်နှာကိုကြည့်ပြီး သဘောတရား မျိုးစုံကို အမြှုပ်ထွက်မတတ် ပြောနေသူတွေ၊ စုံမှစုံပါပဲ။

တိုက်တိုက်ဆိုင်ဆိုင် တလောလေးကပဲ နအဖသဘောထားတွေကို အငှားပါးစပ်နဲ့ အော်ပေးနေတဲ့ အဖွဲ့တဖွဲ့က လူတွေကို လှိုင်သာယာမှာ ကြံ့ဖွံ့တွေက ဝိုင်းဆုံးမလိုက်ကြတယ် ဆိုတာ ကြားလိုက်ရပါတယ်။ ဒါကတော့ နအဖအတွက် အငှားဗိုက်နဲ့ ဓားထိုးခံရတာ မဖြစ်နိုင်ပါဘူး။ ဒီအဖြစ်အပျက်ကို ကြည့်ပြီးတော့ ဒီနိုင်ငံမှာက ဖော်လံဖားတိုင်းလည်း စားသာတာ မဟုတ်ဘူးလို့ အရပ်ပြော ပြောလို့ရပါတယ်။ ဒါပေမယ့် တချို့ကတော့ အဲဒီ အရိုက်ခံရသူတွေရဲ့ နောက်ကျောက ပုဂ္ဂိုလ်ကြီး အရာနိမ့်တာနဲ့များ ဆက်စပ်နေသလား လို့လည်း တွေးတော နေကြပါတယ်။

အပစ်ရပ်အဖွဲ့တွေအဖို့တော့ ဒီနှစ်ဟာ ပြင်းပြင်းထန်ထန် အစမ်းသပ်ခံရတဲ့ နှစ်လို့ ဆိုရပါမယ်။ နှစ်ပါးသွားခန်းပြီးလို့ ဘီလူးခန်း ရောက်ပြီလို့ ပြောရမလားပါပဲ။ ဗကပ လက်အောက်က အစောဆုံး ခွဲထွက်ခဲ့တဲ့၊ အပစ်ရပ် ဇာတ်လမ်းကို စတင်ခဲ့တဲ့ ကိုးကန့် အဖွဲ့ကတော့ အစောဆုံး ဇီဝိန် ချွေခံလိုက်ရပါတယ်။ စစ်အာဏာရှင်တွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်တယ်ဆိုတာ အကန့်အသတ် ရှိကြောင်း ပြသနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အောင်နိုင်လိုက်တယ် ဆိုတဲ့ နအဖ ခြေလှမ်း တုန့်သွားပါတယ်။ ကျန် အပစ်ရပ်တွေကို ပေးထားတဲ့ ရာဇသံတွေ၊ နောက်ဆုံးရက် ဆိုတာတွေဟာ လျှော့လို့၊ ရွှေ့လို့ရတဲ့ ဟာတွေလို့ ထင်မြင်လာရတဲ့ အခြေကို ဆိုက်လာ နေပါတယ်။ ပြည်တွင်းပြည်ပ အခြေအနေတွေဟာ နအဖ စစ်ဗိုလ်ချုပ်တွေ ထင်တိုင်း လုပ်လို့ မရတဲ့ အဓိပ္ပာယ်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။

နှစ်စဉ်နှစ်တိုင်းလိုပဲ ကောလာဟလတွေကလည်း မိုးလုံးပြည့် ဆိုရမတတ် ကြားခဲ့ ကြရပါတယ်။ ဒီနေရာမှာ ကောလာဟလ ဆိုတာ တကယ် ဖြစ်မလာတဲ့၊ မဟုတ်တဲ့ သတင်းကို ဆိုလိုတာပါ။ နအဖက တမင် လွှင့်တာ၊ တချို့ နအဖကို မကြိုက်သူတွေက တမင်လွှင့်တာ၊ သာမန်လူက မရည်ရွယ်ဘဲ လွှင့်သလို ဖြစ်သွားတာ၊ အမျိုးမျိုးပါပဲ။ ဒီနိုင်ငံမှာ ပွင့်လင်းမှု မရှိလို့ ကောလာဟလတွေ ဒါလောက်တောင်များနေ၊ ပျံ့နေတာလားလို့ တွေးစရာ ဖြစ်နေပါတယ်။ အလွယ်ပြောရင်တော့ “ဒါကိုက ဗမာပြည်နိုင်ငံရေးပဲလေ” ပေါ့။

ဒါပေမယ့် ဒီကုန်လွန်တဲ့နှစ်မှာ အခုပြောခဲ့သလို ကိစ္စဆိုးတွေချည့်လို့ ပြောရင်တော့ မှားပါလိမ့်မယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာချက်ကို ထုတ်ပြန်လိုက်တာဟာ ပြည်သူတွေ အတွက် အားရစရာ ခြေလှမ်း ဖြစ်သလို အတိုက်အခံတွေ အတွက်လည်း အချင်းချင်း တွဲလုပ်လို့ရတဲ့ အခြေခံတခု ရလိုက်တာ ဖြစ်ပါတယ်။ ဒီကြေညာချက်ကို ဘယ်လို သဘောထားသလဲ ဆိုတာဟာ နိုင်ငံရေး အင်အားစုတွေ၊ လူတဦးချင်းတွေကို စမ်းသပ်တဲ့ မှတ်ကျောက်တခု ဖြစ်လာခဲ့ပါတယ်။ တချိန်တည်းမှာ ဒါဟာ နအဖ စစ်အစိုးရ အတွက်လည်း တမင် မျက်နှာလွှဲနေ၊ မမြင်ချင်ဟန် ဆောင်နေရတဲ့ ပြည်သူ့ဆန္ဒ သတိပေး မှတ်တိုင်တခု ဖြစ်နေပါတယ်။ ဒါနဲ့ တဆက်တည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ အားတက်စရာ အပြောင်းအလဲ တချို့လည်း တွေ့လာ ရပါတယ်။ ၂ဝ၁ဝ ခုနှစ်ဆိုတဲ့ မုချ ပိုမိုကြမ်းတမ်းမယ့် လမ်းကို ဖြတ်သန်းဖို့ အတွက် ဂီယာပြောင်းတာ၊ ကားဆရာ ပြောင်းတာတွေ တွေ့ရတာဟာလည်း ကောင်းတဲ့ လက္ခဏာပါ။

ပြန်ချုပ်ရရင်

ဒီ၂ဝဝ၉ ခုနှစ်ကို ကိုယ်စားပြုတဲ့ ကိန်းဂဏန်းနှစ်ခုကတော့ (၅,ဝဝဝ) တန်ငွေစက္ကူနဲ့ ထောင်ထဲမှာ သေဆုံးတဲ့ နိုင်ငံရေး အကျဉ်းသား (၃) ဦး ဖြစ်ပါတယ်။

အိမ်ဖြူတော်နဲ့ နေပြည်တော် ပုံမှန်ဆက်ဆံမှု တည်ဆောက်ရေးကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတ ကတော့ ဘောဂဗေဒ ပညာရှင် မစ္စတာ စတစ်ဂလစ်ဇ်က “ဗမာပြည်အဖို့ အခုအချိန်ဟာ အပြောင်းအလဲ တခုအတွက် အကောင်းဆုံး အချိန်ပဲ” လို့ ပြောခဲ့တာနဲ့ အဲဒါကို တုံ့ပြန်တဲ့ အနေနဲ့ နအဖ စစ်အစိုးရက ဒေါ်လာသန်း (၆ဝဝ) ဖိုးခန့် စစ်လေယာဉ်တွေ ဝယ်လိုက်တာ ဖြစ်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

ဝ အရေး နောက်ဆုံးရက်နီးကပ်လာ၊ ဆွေးနွေးမှု မရှိသေး

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၃၀ ရက် ၂၀၀၉

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက အပစ်ရပ် ဝ အဖွဲ့ UWSA အား နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ယခုလကုန် နောက်ဆုံးထား ဆုံးဖြတ်ရန် ပြောထားသော်လည်း ယနေ့ထိ နှစ်ဖက် ဆွေးနွေးပွဲများ ထပ်မံပြုလုပ်ခြင်း မရှိသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့ အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်နှင့် စရဖ ဒု ဗိုလ်မှူးကြီး ထွန်းထွန်းရီတို့က ဝ နယ်မြေကို ဖြတ်၍ တရုတ်နယ်စပ် လန်ချန်းမြို့တွင် နှစ်နိုင်ငံ နယ်စပ်ကိစ္စများ ဆွေးနွေးရန် ထွက်ခွာမှုသာ ရှိသည်ဟု တရုတ်နယ်စပ် အခြေစိုက် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇော်က မဇ္ဈိမကို ပြောသည်။

ယခင်လ ၁၄ ရက်နေ့တွင် နအဖ စစ်ဘက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ကစထမှူး မင်းအောင်လှိုင်တို့ ပါဝင်သော အဖွဲ့နှင့် ဝ တပ် နိုင်ငံရေး ဦးဆောင်မှု ပါတီဖြစ်သော ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSP မှ ဒု- ဥက္ကဌ ပေါဝ်းယျိုလျှန်၊ ဒု-စစ်ဦးချုပ် တာ့အိုက်လွန်း ပါဝင်သောအဖွဲ့တို့ ဆွေးနွေးခဲ့ရာမှ သဘောတူညီချက် မရသဖြင့် တပ်တွင်း ထပ်မံ ဆွေးနွေးနိုင်ရန် ယခုလကုန်အထိ အချိန်ပေးခဲ့ခြင်း ဖြစ်သည်။

နအဖ ဖက်က လိုလားသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းပုံတွင် တပ်ရင်း တရင်းအတွက် တပ်သားဦးရေ ၃၂၆ သာ ထားရှိ စေလိုပြီး ထိုအထဲတွင် မြန်မာစစ်တပ်မှ စစ်သား ၃၀ ဦးကို ထည့်သွင်းမည် ဖြစ်သည်။

သို့သော် ဝ တပ်ဖွဲ့ကမူ အချက် ၉ ချက်တင်ပြထားပြီး နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံပါ “ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း” အတွင်း ရှမ်းပြည်တောင်ပိုင်း မိုင်းပေါက်၊ မိုင်းဖျင်၊ ဝမ်ဟုန် ဒေသများကို ထည့်သွင်းပေးရန်လည်း ပါဝင်သည်။

တပ်အသွင် ကူးပြောင်းရေးနှင့် ပတ်သက်၍ တပ်ရင်းကို အခြေခံသည့် ဝမ်ဟုန်နှင့် ပန်ခမ်း စစ်ဒေသခွဲ ၂ ခုဖွဲ့ရန် တင်ပြထားသည်။ ယင်းစစ်ဒေသ ခွဲများတွင် စစ်ဒေသတပ်မှူး အပါအဝင် ထိပ်ပိုင်းတပ်မှူးနေရာ ၁၄ နေရာအနက် ဝ တပ်ဖွဲ့က ၁၀ နေရာ တောင်းထားပြီး နအဖ အတွက် ၄ နေရာသာ သတ်မှတ်ထားသည်။

စစ်ဒေသခွဲများ၏ “ထောက်ပံ့ရေး၊ ကျန်းမာရေး အာမခံခြင်းနှင့် လေ့ကျင့်ရေး နည်းပြများကို အဓိကအားဖြင့် တပ်မတော်မှ တာဝန် ယူရန်နှင့် ဝ တပ်ဖွဲ့မှ ပေါင်းစပ်သွားရန်” တင်ပြထားသည်။ ထို့အပြင် တပ်ရင်းအဆင့်နှင့် လက်အောက် ကေဒါ အရာရှိများ၊ တပ်သားများအား ဝ တပ်ဖွဲ့မှသာ တာဝန်ယူသွားမည် ဖြစ်ပြီး “တပ်မတော်မှ စေလွှတ် ခန့်အပ်ခြင်း မလိုတော့ကြောင်း” လည်းပါရှိသည်။

အသွင်ပြောင်း ဖွဲ့စည်းပြီးနောက်တွင်လည်း တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ ခန့် ကျန်ရှိဦးမည် ဖြစ်ကြောင်း၊ ဌာန အသီးသီးမှ ကျန်မည့် အင်အား ၅၀၀၀ ကျော်လည်း ရှိမည် ဖြစ်သောကြောင့် ၎င်းတို့အား ၅ နှစ်စာ ပင်စင် စားရိတ်များကို တကြိမ်တည်းဖြင့် ပံ့ပိုးပေးရန် အချက် ၉ ချက်အတွင်း ထည့်သွင်းထားသည်။

ဝ တပ်ဖွဲ့တွင် လက်နက်ကိုင်ပြည်သူ့စစ် အင်အား ၂ဝဝဝဝ ကျော် ရှိသဖြင့် ၎င်းတို့အား စိစစ်ပြီး “ပြည်သူ့စစ်တပ်ဖွဲ့” တဖွဲ့ ဆက်လက် ထားရှိရန် ဖော်ပြသည်။ အသွင် ကူးပြောင်းပြီးနောက် ဝ နယ်ဒေသ အတွင်းရှိ မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို ဥပဒေကျူးလွန်မှု နောက်ထပ် မရှိလျင် ၎င်းတို့၏ လုံခြုံမှုကို စစ်အစိုးရက အပြည့်အဝ အာမခံ ပေးရမည်ဖြစ်ကြောင်း တင်ပြထားသည်။

နအဖ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းမှုအဆင်မပြေသည့် နောက်ပိုင်း ဝ တပ်ဖွဲ့များ စစ်ရေး တိုးချဲ့ပြင် ဆင်သည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

နအဖ ဘက်ကမူ မကြာသေးမီက လာလည်သော တရုတ် ဒုသမ္မတ ရှီကျင်းဖျင် (Xi Jinping) အား နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် မြန်မာနိုင်ငံအတွင်း ဖြတ်သွားမည့် အရှည် ၇၇၁ ကီလိုမီတာရှိ ရေနံ ပိုက်လိုင်းတလျှောက် လုံခြုံရေး ယူပေးမည်ဟု မြန်မာ အာဏာပိုင်များက အာမခံခဲ့သည်။

UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ်အတွင်း စစ်အစိုးရနှင့် အပစ် ရပ်စဲခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ထပ်မံရွှေ့ဆိုင်းနိုင်

ရန်ပိုင်
Wednesday, 30 December 2009

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အတွက် ဒီဇင်ဘာလကုန် နောက်ဆုံးထား အကြောင်းပြန်ရန် သတိပေးထား သော်လည်း လက်ရှိအခြေ အနေတွင် အချိန်ကာလ ထပ်မံတိုးချဲ့ သတ်မှတ်နိုင်ဖွယ် ရှိကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆိုနေကြသည်။

ကချင် သတင်းစဉ်မှ အယ်ဒီတာ လဖိုင်နော်ဒင်းက “KIO က ပင်လုံ စာချုပ် သဘောတူညီချက် အတိုင်း ဖြစ်ချင်တယ်၊ နိုင်ငံရေးကို နိုင်ငံရေး နည်းအရ ဖြေရှင်းချင်တယ်၊ နောက်ဆုံး အလျှော့ပေးမှုပဲ၊ ဒါပေမယ့် စစ်အစိုးရက အလျှော့အတင်း လုံးဝ မရှိဘူး” ဟု ပြောသည်။

KIA ၏ လက်ရှိ သဘောထားမှာ နိုင်ငံရေး အခက်အခဲ ပြဿနာများကို ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ် သဘောတူညီချက် အတိုင်း ဖြေရှင်းရန်သာ ဖြစ်ကြောင်း၊ ပင်လုံ စိတ်ဓာတ်ဖြင့်သာ တိုင်းပြည်ကို ပြန်လည် တည်ဆောက်လျှင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ဆွေးနွေးရန်ပင် မလိုကြောင်း၊ ကချင်ပြည်နယ် အတွင်း နိုင်ငံ ရေးပါတီများ ဖွဲ့စည်းခြင်းကို စစ်အစိုးရ အနေဖြင့် စိုးရိမ်မှုမရှိဘဲ၊ လက်နက်ကိုင် တပ်ဖွဲ့များအား ထိန်းချုပ် ရေးသာ ဖြစ်ကြောင်း၊ နယ်ခြား စောင့်တပ် ဖွဲ့စည်းရေး အတွက် အချိန် ထပ်မံ ရွေ့ဆိုင်းလိမ့်မည် ဖြစ်ကြောင်း လဖိုင်နော်ဒင်းက သုံးသပ်သည်။

ယမန်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်အစိုးရ၏ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့ တွေ့ဆုံ ဆွေးနွေးမည်ဟု အတည် မပြုနိုင်သော သတင်းများအရ သိရသည်။

မကြာသေးမီကမှ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) အဖွဲ့ သည်လည်း လူအင်အား မပြည့်စုံသည့် အတွက် စစ်အစိုးရ တပ်များနှင့် အစားထိုးထား ရကြောင်း၊ အဖွဲ့ခေါင်းဆောင် ဦးစခုန်တိမ်ယိန်း သည်လည်း စီးပွားရေးကိုသာ ဇောက်ချ လုပ်ကိုင်သူ တဦးဖြစ်ပြီး မြစ်ဆုံ ရေကာတာ တည်ဆောက်မည့် စီမံကိန်း မြေနေရာတွင် ရွှေတူးဖော်ခွင့်ကို ရရှိထားကြောင်းလည်း လဖိုင်နော်ဒင်းက ပြောသည်။

သျှမ်းသံတော်ဆင့် သတင်းစာအယ်ဒီတာ ဦးစိန်ကြည်က“ အပစ်ရပ်အဖွဲ့တွေ ဒီဇင်ဘာလ ကုန်မှ လူအင်အားနဲ့ လက်နက်စာရင်း မလာရင် စစ်အစိုးရ တပ်က စံပြ အဖွဲ့တဖွဲ့ကို လုပ်ပြမယ်လို့ မိုင်းတုံဘက်က နယ်မြေခံ တပ်ရင်းတွေမှာ ပြောနေတယ်၊ ဒါပေမယ့် အချိန်တိုးပေးမယ့် သဘောရှိတယ်” ဟု ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (SSA-N ) အဖွဲ့အတွင်းတွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အောက်ခြေ အရာရှိ အကြပ် တပ်သားများအား ရှင်းလင်းပြောပြသည့် ဆွေးနွေးပွဲများကို ဒီဇင်ဘာ ၇ ရက်နေ့မှ ၁၈ ရက်အထိ ပြုလုပ် ခဲ့သော်လည်း ပြေလည်မှု မရှိသေးကြောင်း၊ အင်အား ကြီးမားသော ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့် နေကြကြောင်း၊ စစ်ရေး အနေအထားအရ အသင့် အနေအထားတွင် ပြုလုပ်ထားကြသည် ဟုလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက SSA-N အဖွဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းမည့် လူစာရင်းကို စစ်အစိုးရထံသို့ ပေးပို့ ခဲ့သော်လည်း
အဓိက ပါဝင်မည့် လူဦးရေနှင့် လက်နက် စာရင်းမှာ နည်းပါးလွန်းသည့် အတွက် စစ်အစိုးရက မကျေနပ်ခြင်း ဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်၍ စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်ဖွဲ့ (DKBA) အတွင်းတွင်လည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ အောက်ခြေ အဆင့်တွင် သဘောထား ကွဲလွဲမှုများ ရှိနေကြောင်း မကြာသေးမီကမှ KNU အဖွဲ့သို့ ပြန်လည် ၀င်ရောက်လာသည့် DKBA အဖွဲ့ဝင်ဟောင်း တဦးဖြစ်သူ စောစာပေါက ပြောသည်။

“ခေါင်းဆောင်တွေကသာ သဘောတူတာလေ၊ ရဲဘော်တွေက စစ်အစိုးရ ယူနီဖောင်း မ၀တ်ချင်ဘူး၊ တကယ်လို့ ဖြစ်လာရင်တော့ စစ်အစိုးရတပ် ခေါင်းဆောင်တွေရဲ့ အမိန့်တွေနဲ့ အရင်ထက်စာရင် ပိုအလုပ်များလိမ့်မယ်” ဟု ၎င်းက ပြောသည်။

အပစ်ရပ်တိုင်းရင်းသားအဖွဲ့များအား စစ်အစိုးရက နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေး အတွက် ယခုနှစ် ဧပြီလ ကတည်းက စတင် ခဲ့သော်လည်း ယခုအချိန်အထိ NDA-K ၊ ကယားပြည်နယ် အထူးဒေသ ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲခဲ့ပြီး ဖြစ်သည်။

အင်အားအကြီးဆုံးဖြစ်သည့် UWSA တပ်ဖွဲ့ အနေဖြင့် စစ်အစိုးရအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို မူအားဖြင့် သဘောတူညီ သော်လည်း တပ် ဖွဲ့စည်းလျှင် စစ်အစိုးရ ဘက်မှ ဒုတိယ တပ်ရင်းမှူး ရာထူးတခုသာ ပါဝင်ခွင့်ပြုမည် ဖြစ်ကြောင်း၊ ထို့အပြင် ရှမ်းပြည် တောင်ပိုင်းရှိ ၀မ်ဟုန်ဒေသအား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတခုအဖြစ် သတ်မှတ်ပေးရန် ပြန်လည် တောင်းဆို ခဲ့ရာတွင် စစ်အစိုးရ က ပယ်ချခဲ့သည်။

သို့သော် ယခုအခြေအနေတွင်မူ နှစ်ဘက်စလုံးတွင် စစ်ရေးလှုပ်ရှားမှုများ၊ နှစ်ဘက် တင်းမာမှုများ မရှိကြောင်း၊ တရုတ်နိုင်ငံက နယ်စပ် တည်ငြိမ်ရေးကို အလေးထားသည့် အတွက် ညှိနှိုင်း ဆောင်ရွက်ပေးလိမ့်မည် ဟု ထင်ကြောင်း၊ စစ်အစိုးရ၏ လက်ရှိအခြေ အနေမှာ မကြာမီက ဖြစ်ပွားခဲ့သည့် ကိုးကန့် တိုက်ပွဲတွင်ပင် လူအမြောက်အမြား ကျဆုံးခဲ့ရသည့် အတွက် အင်အား ကြီးမားသော ၀ တပ်ဖွဲ့အား စစ်ဆင်မည် ဆိုလျှင်လည်း လွယ်ကူမည် မထင်ကြောင်း၊ UWSA အဖွဲ့အနေဖြင့်လည်း ငြိမ်းချမ်းရေး ရယူခဲ့ပြီး နယ်မြေ တည်ဆောက်ရေးကို လုပ်ဆောင်နေချိန်တွင် စစ်တိုက်လိမ့်မည် မထင်ကြောင်း၊ နှစ်ဘက်ညှိနှိုင်း အဖြေရှာလိမ့်မည် ထင်ကြောင်း ဗမာပြည် ကွန်မြူနစ်ပါတီမှ ဒေါက်တာ လှကျော်ဇောက သုံးသပ် ပြောဆိုသည်။

မကြာသေးမီက တရုတ် ဒုတိယ သမ္မတ ရှီကျင့်ဖျင် နှင့် ချန်ဒူးစစ်ဒေသမှ ဒုတိယ ဗိုလ်ချုပ်ကြီး အိုက်ဟူယောင်တို့ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်ခေါင်းဆောင် တချို့နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် နယ်စပ် တည်ငြိမ်ရေးကို စစ်အစိုးရက ကတိပြုခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, December 30, 2009

တပ်ချုပ်ကြီးရဲ့ “ဖြုတ်၊ ထုတ်၊ သတ်” မူ နဲ့ တပ်မတော်တွင်း ရွက်ပုန်းသီး သူရဲကောင်းများ

ဒေါက်တာ ဇာနည်
Tuesday, 29 December 2009

ပြီးခဲ့တဲ့ တလအတွင်းမှာ နအဖစစ်အစိုးရရဲ့ စစ်ဘက် အရပ်ဘက် တာဝန် ထမ်းဆဲနဲ့ အငြိမ်းစား ဝန်ထမ်း တစုဟာ ဖမ်းဆီးနှိပ်စက် ခံခဲ့ရပြီး လောလော ဆယ်မှာတော့ နအဖ တရားရုံးတွေမှာ ရင်ဆိုင် နေကြရပါတယ်။

သူတို့ကို စွပ်စွဲထားတဲ့ အပြစ်ကတော့ နအဖရဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေကို နိုင်ငံခြား သတင်းဌာနတွေနဲ့ ဒီမိုကရေစီ ဘက်တော် သားတွေ လက်ထဲ တိတ်တဆိတ် ထိုးထည့်ပေးခဲ့လို့ ဆိုတာ သိရပါတယ်။

တပ်မတော်နဲ့ နအဖအစိုးရထဲက ဒီမျိုးချစ်ဝန်ထမ်းတွေ သက်စွန့်ဆံဖျား ကမ္ဘာက သိအောင် ချပြပေးခဲ့တဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေ ထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါတွေ တွင်းအောင်းဖို့ ကြံတဲ့ မြောက်ကိုးရီးယားဆောက် မြေအောက် လှိုဏ်ဂူတွေရဲ့ ဓာတ်ပုံတွေ၊ ထိပ်တန်း စစ်ခေါင်းဆောင်ကြီးတွေရဲ့ “မဟာလက်နက်ကြီးများ” ဝယ်ယူရေး၊ တည်ဆောက်ရေး အစီအစဉ်တွေ၊ ရုရှား၊ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲ မှတ်တမ်းတွေ၊ စစ်ခေါင်းဆောင် တဦးရဲ့ “မြောက်ကိုးရီးယားလား” ဓာတ်ပုံတွေ၊ မှတ်တမ်း မှတ်ရာတွေ ပါဝင်ပါတယ်။

အခုလို ရာဇသတ်ကြီး ပုဒ်မတွေတပ်ပြီး ရေကြည်အိုင်လို လောကငရဲမှာ နှိပ်စက် ခံခဲ့ရတဲ့ အထဲ ပါသူတွေကတော့ အရင် ရဟတ်ယာဉ် ပျက်ကျပြီး ကွယ်လွန်ခဲ့တဲ့ နအဖ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီး တင်ဦးရဲ့ ကိုယ်ရေး အရာရှိနဲ့ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး ဝင်းနိုင်ကျော် (အငြိမ်းစား)၊ သူနဲ့ မြစ်ဝကျွန်းပေါ် ဇာတိတူ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းတို့ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းဟာ အဖမ်းခံရတဲ့ အချိန်က နအဖ စစ်အစိုးရရုံးမှာ ညွှန်ကြားရေးမှူးချုပ် တာဝန် ထမ်းဆောင်နေတဲ့၊ အရေးပါတဲ့ အရာရှိကြီး တဦးဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာယကဂုဏ် ခြောက်ပါး လုံးဝကင်းမဲ့ပြီး ဆိုင်ကလုန်း ဒုက္ခသည် အရေးမှာ ကိုယ်ချင်းစာတရားမဲ့ ပြုမူခဲ့ပုံတွေကို အော့နှလုံးနာပြီး တိုင်းပြည် ရေတိမ်နစ်စေမယ့် “နျူကလီးယား” စီမံကိန်းတွေကို ဗမာပြည်သူတွေနဲ့ ကမ္ဘာကပါ သိစေလိုတာ တကြောင်းမို့လို့ အခုလို အသက်စွန့်ပြီး သတင်းဖောက်ခွဲ ချခဲ့တာပဲ ဖြစ်မှာပါ။

အခုလို မတရား အစီရင်ခံနေရတဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်နဲ့ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းတို့ဟာ ရေကြည်အိုင်က မြေပေါ် ငရဲအိုးထဲ ကင်ပေတိုင် နည်းမျိုးစုံနဲ့ သေလုမျောပါး ခံရမှာလည်း ကြိမ်းသေပါတယ်။ အဖမ်းဆီး ခံခဲ့ရတဲ့ ဝန်ထမ်း ၅၀ လောက်ထဲမှာ တချို့လည်း နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ကြိုးပေးခံရဖို့ အလားအလာ များပါတယ်။ အများစုကိုတော့ နှစ်ရာစုလောက်ထိ ထောင်တန်းချပြီး ပယ်ပယ်နယ်နယ်၊ မှတ်လောက် သားလောက် နှိပ်ကွပ်မယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။

လောလောဆယ်ကာလမှာ အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်လည်း အနှိပ်စက်ခံ၊ အဖမ်းဆီးခံ ထားရတဲ့ အတွက် အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေက ပြင်းပြင်းထန်ထန် ဝိုင်းကန့်ကွက်ထား၊ သတင်းမီးမောင်း ထိုးထားတာမျိုး တွေ့ရပါတယ်။ လုပ်လည်း လုပ်သင့်ပါတယ်။

အလားတူပဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တိုင်းဖျက်၊ ပြည်ဖျက် မဟာ လက်နက် စီမံကိန်းကြီးကို ထိထိ ရောက်ရောက် တားဖို့ လုပ်နိုင်စွမ်း ရှိခဲ့တဲ့ ဒီတပ်မတော်နဲ့ အစိုးရ ဝန်ထမ်းတွေရဲ့ ရွတ်ရွတ်ချွံချွံ လုပ်ဆောင်မှုတွေနဲ့ ရလာတဲ့ ပုဂ္ဂိုလ်ရေး အကျိုး သက်ရောက်မှု၊ အနှိပ်စက်ခံရမှု၊ မတရား စီရင်ခံနေရမှုတွေကိုလည်း အတိုက်အခံတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းကြီး တွေနဲ့ ပြည်ပ မီဒီယာတွေက မီးမောင်းထိုးပြီး တတပ်တအား ကူဖို့လိုပါတယ်။

ဘောင်းဘီဝတ်တွေ ခံရတာဆိုပြီး ကိုယ်နဲ့ မဆိုင်သလို ရေငုံနှုတ်ပိတ် နေကြမယ် ဆိုရင်တော့ အလွန် အရုပ်ဆိုး ပါလိမ့်မယ်။ တိုင်းပြည်ကိုချစ်တာ၊ ပြည်သူ့အကျိုး တနိုင်ဝန် ထမ်းကြတဲ့ နေရာမှာ ဘောင်းဘီဝတ်ဝတ်၊ ပုဆိုးဝတ်ဝတ် မျိုးချစ် တော်လှန်ရေး သမားဆိုတာ တတန်းတည်း ရှိပါတယ်။

ကျုပ်တို့ အမိမြန်မာနိုင်ငံရဲ့ စစ်စနစ်ဆိုး စနစ်ယုတ်ကြီးကို ထောက်လှမ်းရေး ရေဒါအောက်က ကိုယ့်နည်း ကိုယ့်ဟန်နဲ့ တနိုင် ဝင်ဖျက်ကြတဲ့ တပ်မတော်ထဲက တော်လှန်ရေး သမားတွေ၊ ဗြူရိုကရေစီ ယန္တရားထဲက ဒီမိုကရေစီ ထောက်ခံတဲ့ ဝန်ထမ်းတွေကို အားပေးဖို့၊ ထောက်ခံဖို့၊ လက်တွဲဖို့ အလွန်လိုနေတဲ့ အချိန်ကာလ၊ စစ်ခေါင်းဆောင်တွေကြား အစာမကြေမှုတွေ ခိုးလို့ခုလု၊ ဝေစုခွဲ ပြဿနာတွေ၊ အာဏာ မျက်စောင်းထိုးမှုတွေကို စနစ်တကျ လေ့လာ စောင့်ကြည့် သုံးသပ်တဲ့ အချိန်ကာလမှာ လိုင်စင်ရ ပုဆိုးဝတ် တော်လှန်ရေး သမားတွေ၊ လူ့အခွင့်အရေး တိုက်ပွဲဝင်သူတွေနဲ့ အနောက်အုပ်စုနိုင်ငံ အစိုးရတွေနဲ့ လက်ဝေခံ NGO အဖွဲ့အစည်း ကြီးတွေက အလွန်ချာသကိုးဗျ။ ကျုပ်တို့အားလုံးရဲ့ မဟာ အားနည်းချက်ကြီး တခုပါ။

အားမနာတမ်း ပြောရရင် မြန်မာ့အရေး ဂုရုကြီးတွေ၊ ပေါ်လစီ လော်ဘီသမားတွေ၊ လိုင်စင်ရ အတိုက်အခံ ကြီးတွေ ကြားမှာ သူတလူ၊ ငါတမင်း ဆိုသလို ဖြစ်နေကြတာ တွေ့ရပါတယ်။

“ဒိုင်ယာလော့” ခေါ်တဲ့ တွေ့ဆုံဆွေးနွေးရေး ရေစီးကြောင်းထဲမှာ မျောနေသူတွေက တဖုံ၊ စီးပွားရေး ပိတ်ဆို့မှုကို အမြစ်ထွက်အောင် “တွန်းတိုက်” “ဖျက်ဖို့လုပ်လိုက်” ဆိုတဲ့ “ထောက်ခံ၊ ဆန့်ကျင်” သမားတွေက တမျိုး၊ “သတ္တိမရှိရင် ရွေးကောက်ပွဲဝင်” ဆိုတဲ့ နအဖနဲ့ နီးစပ်သူ ခါတော်မီ နအဖ အကြံပေးနဲ့ ယိမ်းသမားတွေက တလမ်း၊ နိုင်ငံရေး တော်သလင်းပွဲကြီး အလား ယိုသူမရှက် မြင်သူရှက်ရမဲ့ ကိန်းပဲ။

တပ်ထဲ၊ စစ်အစိုးရထဲက ကျုပ်တို့ ညီတော် နောင်တော်တွေ အစုလိုက် အပြုံလိုက် ထိပ်တုံးခတ်၊ နားသယ် တွယ်ခံရပြီး ကြိုးစင်ပေါ် တက်ရမယ့် အနေအထား ရောက်မှ ကျုပ်တို့တတွေ ဒီမိုကရေစီ အိပ်မက်ကြီးက ဆတ်ခနဲ လန့်နိုးလာခဲ့တာ ဘယ်နှခါများတောင် မသိ၊ ဒါတောင် ကျုပ်တို့ထဲက လိုင်စင်ရ တော်လှန်ရေး သမားကြီးတွေက ကိုယ်နဲ့မဆိုင်သလို ပုဆိုးထဲ ခေါင်းပြန်သွင်းပြီး ဒီမိုကရေစီကွေး ဆက်ကွေးနေတာတော့ အံ့မခန်းပါပဲ။

ဒါတင်ဟုတ်သေးလား၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ထောက်ခံပါတယ်ဆိုတဲ့ အနောက်နိုင်ငံ အစိုးရ အသိုင်းဝန်း၊ အဖွဲ့အစည်းပိုင်း၊ မီဒီယာပိုင်း ကျပြန်တော့လဲ တပ်ထဲက တော်လှန်ရေး သမားတွေကို ဖုတ်လေတဲ့ ငပိ ရှိမှန်းတောင် သိဟန် မတူပါဘူး။

တခါတလေတော့ ဒီအနောက်ကမောင်တွေ ကျုပ်တို့နိုင်ငံကြီး တကယ် ပြောင်းသွားမှာများ စိုးရိမ် နေကြသလားလို့တောင် သံသယ ဝင်မိတယ်။ ဆက်ဆံလာတာ အနှစ် ၂၀ ကျော်သွားပြီ၊ ဒီမောင်တွေ ထိထိရောက်ရောက် ကူညီတာ ဘာတခုမှ မရှိ။
ထားပါတော့လေ။ ကျုပ်တို့ ရှင်းရမယ့် တာဝန်ပေပဲ။

စစ်စနစ်ဆိုးကြီးထဲက ခြတွေလို အတွင်းက လှိုက်စားတဲ့ ဘောင်းဘီဝတ် တော်လှန်ရေး သမားတွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေ၊ အတိတ်မှာ ရှိခဲ့တယ်၊ ခုလဲရှိနေဆဲ။ ဒီစနစ် ဇီဝိန်မချုပ်သရွေ့ နောက်လည်း ရှိနေဦးမယ် ဆိုတာ လက်ရှိ အထောင်းခံ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်းနဲ့ အငြိမ်းစား ဗိုလ်မှူး ဝင်းနိုင်ကျော်တို့ရဲ့ လေးစားလောက်တဲ့ သူရဲကောင်း ဇာတ်ထုပ်ကို ကြည့်ပါ။

ကျုပ်တို့ ပုဆိုးဝတ် အတိုက်အခံတွေ “အမေကမွေး ထောင်က မငတ်တငတ်ကျွေး” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ထောင်နဲ့အိမ် ကူးချည် သန်းချည် လုပ်တာ ချီးမွမ်းဖို့၊ ဂုဏ်ယူဖို့ ကောင်းပါတယ်။ တပ်ထဲက နောင်တော် ညီတော်တွေကလည်း အလှည့်ကျတော့ မနွဲ့ကြစတမ်း ဆိုတဲ့ မူနဲ့ ဘယ်လောက် နှိပ်ကွပ်နှိပ်ကွပ် အတွင်းစည်း၊ အပြင်စည်းထဲဝင်ပြီး မင်းဆိုး မင်းညစ်တွေရဲ့ စနစ်ကို နည်းမျိုးစုံနဲ့ ဖျက်နေတာ ရာစုနှစ် တဝက်တောင် ကျိုးပြီးပဲ။ ဒါကြောင့်ပဲ စစ်ပလ္လင်ပေါ်က စစ်ဘုရင် ယောင်ယောင် ဦးနေဝင်းက အစ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအဆုံး တပ်ထဲ “ဖြုတ်၊ ထုတ်၊ သတ်” မူနဲ့ ကျင့်သုံးတာ တတိုင်းပြည်လုံး သိကြပါတယ်။

ခက်တာက အပြည်ပြည်ဆိုင်ရာ မြန်မာ့ရေးရာ ပုရောဟိတ်များနဲ့ ဘုရားစူး လူ့အဖွဲ့အစည်း တာဝန်ခံကြီးတွေ ဒီဖြုတ်ထုတ်သတ် မူဝါဒနဲ့ ဖြစ်ပေါ်လာမယ့် တကယ့်ပြောင်းလဲမှု လမ်းကြောင်းကြီးကို အသိခေါက်ခက် အဝင်နက် နေပြန်ကြတယ်။

သမိုင်းတလျှောက်လုံးမှာ ဖိနှိပ်မှုအခြေခံတဲ့ နိုင်ငံရေး စနစ်ဆိုးတွေ၊ ပြည်သူတွေကို ထမင်း နပ်မှန်အောင် မကျွေးနိုင်တဲ့ စီးပွားရေး စနစ်စုတ်တွေ အားလုံးထဲမှာ တော်လှန်ရေး၊ ဆန့်ကျင်ရေး၊ ပြုပြင်ပြောင်းလဲရေး ဗီဇတွေ သန္ဓေ တည်ကတည်းက ပါလာပြီးသားပါ။

တကယ်အောင်မြင်တဲ့ တော်လှန်ရေးတွေမှာ ဒီမျိုးစေ့တွေကို မြေသြစာကျွေး၊ ရေလောင်း ပေါင်းသင်ပြီး မြေတောင် မြှောက်ပေးတဲ့ အလုပ်ကို ဇောင်းပေးပြီး လုပ်ကြပါတယ်။

ထုကြီးထည်ကြီးနဲ့ရှိတဲ့ ဘုရားစေတီတွေတောင် ညောင်စေ့ တစေ့ နှစ်စေ့ ရှင်သန်ကြီးထွားတာနဲ့ ပြိုပျက်ပြီး အုတ်ပုံဘဝ စုတေကြတာ အားလုံး မျက်မြင် ကိုယ်တွေ့ပါပဲ။

အသွင်ကူးပြောင်းရေးဆိုတာ ပါရဂူဘွဲ့ရပြီးဖြစ်မှ နားလည်နိုင်တဲ့ ခက်ခဲနက်နဲတဲ့ အကြောင်းအရာ မဟုတ်ပါ။ စကားလုံး ကြီးကြီး ကျယ်ကျယ်တွေ လူ အထင်ကြီးအောင် ဖောဖောသီသီကြီး သုံးပြီး တော်ကီ လုပ်နေတဲ့ ဂုရုတွေ၊ ပုရောဟိတ်တွေကို နားမယောင်ပါနဲ့။ “စေတီနဲ့ ညောင်စေ့” နမူနာလေးသာ အာရုံထဲ အမြဲထည့်ထား။ ညောင်စေ့က အတွင်းကနေ သူ့အလုပ် သူလုပ်၊ ပုဆိန်နဲ့ ပေါက်မယ့် သူကလည်း သူ့အလုပ်သူလုပ်၊ စေတီတွေ အုတ်ပုံဘဝ ကူးသွားတာ ကျုပ်တို့ တနိုင်ငံလုံး လက်ချိုးရေလို့ တောင် မကုန်တာ ကြည့်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဒီနေရာရအောင် ထောက်ခံစာရေးပေး၊ နဝတ ဒုဥက္ကဌ ဆိုတဲ့ နေရာကို ဖန်တီးပေးခဲ့တဲ့ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ တဖွဲ့လုံး တနွယ်ငင် တစင်ပါ ဆိုသလို အရှင်း ခံခဲ့ရတာ ၅ နှစ်တောင် ပြည့်ရုံလေးပဲ ရှိသေးတယ်။

ဗိုလ်မှူး ဝင်းနိုင်ကျော်တို့ တသုတ်က စစ်စနစ်ဆိုးကြီးကို အတွင်းကနေ ဆော်ဖို့ကြံပြန်၊ ဒါကတော့ တညောင်ကျ၊ တညောင်ပေါက် တဗိုလ်ကျ၊ တဗိုလ်တက် သဘောပါပဲ။ ဖိနှိပ်မှုနဲ့ ဆန့်ကျင်မှုရှိတဲ့ သဘာဝကြီးပါ။ ဒီစနစ်ဆိုးကြီး ရှိသမျှ၊ ဆန့်ကျင်မှု တော်လှန်မှု ဆိုတာ ဆက်ရှိနေမှာပါ။ ဗေဒင်မေးရင် မှားနေပါဦးမယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘက်က ကြည့်မယ်ဆိုရင်တော့ တရုတ်ပြေးမင်း ဘဝ မရောက်အောင် တွင်းတွေတူးတာ မဟာဗျူဟာကြီး တခု၊ လက်အောက် ငယ်သားတွေ အမြင်အရတော့ တပ်ချုပ်ကြီးက တပ်ဘိုးအေ၊ သွားလေသူ ဗိုလ်ချုပ်ကြီး နေဝင်းထက် တော်လှဆိုပဲ။ ဒီကြားထဲကမှ ဗိုလ်မှူး ဝင်းနိုင်ကျော်တို့ တသုတ်က သီတင်းကျွတ် ကာလမှာ ပရစ်တွင်း ရေလောင်းသလို သွားကိုင် လိုက်တော့ တပ်ချုပ်ကြီးလည်း အခက်ကြုံ၊ တွင်းအောင်းဖို့ အကြံလည်းပျက်၊ တရုတ်နဲ့ အမေရိကန်ကြား ဗျာများ သွားတော့တာပဲ။

ကျုပ်စိတ်မကောင်းတာကတော့ လိုင်စင်ရ အတိုက်အခံများနဲ့ လူ့အခွင့်အရေး ချန်ပီယံ အဖွဲ့ကြီးများ အပါအဝင် သူတို့ရဲ့ နာယက အနောက်အုပ်စု အစိုးရတွေက ကျုပ်တို့တပ်တွင်းက သတ္တိခဲ ရွက်ပုံးသီး နောင်တော်တွေ ညီတော်တွေ ခါးစည်းပြီး မတရား စီရင်ခံနေရတာကို တော်လှန်ရေး အမြင်နဲ့ မြင်မပေး၊ ရဲဘော် ရဲဘက်စိတ်မပြ၊ ကိုယ်ဖြစ်ကိုယ်ခံ ပေယျာလ ကံလို့များ သဘောထား နေသလား မသိ။

တပ်ထဲက ရွက်ပုန်းသီး တော်လှန်ရေး သမားတွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေ ကျရာနေရာက ဒီစနစ်ဆိုးကြီးကို အုပ်တချပ် သဲတပွင့် ပျက်အောင် ဖျက်နေတာ အားလုံး အသိအမှတ်ပြု၊ တန်ဖိုးထားဖို့ လိုပြီထင်တယ်။ ဒီနောင်တော် ညီတော်တွေ မအောင်မြင်တာ အောင်မြင်တာ အပထား။ ကျုပ်တို့ကရော အောင်မြင်သေးလို့လား။

ပုဆိုးပဲဝတ်ဝတ်၊ ထဘီပဲခြုံခြုံ၊ ဘောင်းဘီပဲ ဝတ်ဝတ်၊ ခရစ်တော်ပဲ ကိုးကွယ်ကိုးကွယ်၊ ဗမာစကားပဲ ဝဲဝဲ ကျုပ်တို့အားလုံးက တမြေတည်းနေ တလှေတည်းစီး တခရီးတည်း သွားနေကြတဲ့ ပြည်သူတွေထဲက လူတွေပဲ။ ဘုံရန်သူက စစ်ဘီလူး ခေါင်းဆောင်တွေ၊ ဖျက်ရမယ့် စနစ်က စစ်စနစ်ဆိုး၊ ရည်ရွယ်ချက် တူကြတယ်လေ။

ဘူဇွာ ပညာတတ်တွေ၊ နိုင်ငံရေး ဗေဒင်ဆရာတွေ ရွှေဥာဏ်တော် စူးရောက်ပြီး ကြီးကြီးကျယ်ကျယ် ပြောဟောနေတဲ့ “မြန်မာ့အရေးဟာ အဖြူအမည်း ခွဲဖို့ခက်တယ်” ဆိုတဲ့ လူလည်စကား သွားနားမယောင်နဲ့။ တိုင်းရင်းသား သာတူညီမျှရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု၊ ဒီမိုကရေစီ ဖော်ဆောင်မှု ဆိုတာ နေ့ချင်းညချင်း အောင်မြင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကလေးလည်းသိ၊ ခွေးလည်းသိ၊ တွင်းအောင်းမယ့် တပ်ချုပ်ကြီးတောင်သိ။ ဒီပညာတတ် ဉာဉ်နဲ့ လူတွင်ကျယ်လုပ်ပြီး ပြောတဲ့ စကားက စစ်မရောက်ခင် မြှားကုန်တဲ့စကား။

ဒါပေမယ့် လယ်ပြင်မှာ ဆင်သွားသလို ကွင်းကနဲ ကွက်ကနဲ မြင်သာတာက လက်မရွံ့ အာဏာသား တွေကို ပုဆိန်ရိုး လုပ်ထားပြီး တပ်ချုပ်ကြီးက သူ့မိသားစုအတွက် ပြည်သူ့ အာဏာကို မောင်ပိုင်စီးထားတာ။ ဒင်းလုပ်လို့ ပြည်သူတွေ ငတ်မွတ်ခေါင်းပါး၊ အရာရှိ အရာခံ အကြပ်တပ်သားတွေ သေနတ်နဲ့ပြပြီး ဓားပြတိုက်စားတဲ့ ဘဝရောက်ရတဲ့ အခြေအနေ။ ဒီနေရာမှာ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်၊ တရားတယ် မတရားဘူးဆိုတာ ပီအိတ်ခ်ျဒီမလို၊ ဒိဗ္ဗစက္ခု ဆိုတာဝေး၊ ဗမာတွေ ဒီလောက် ဒုံးမဝေး။ စစ်ဘီလူးကို မဲပြားနဲ့ ကလော်ထုတ်မလား၊ ခြေထောက်က ဆွဲပြီး တရွတ်တိုက် ထုတ်မလား ဆိုတဲ့ မေးခွန်းသာ မေးစရာရှိတာ။

ဒီစစ်စနစ်ဆိုးကြီး ဂိတ်ဆုံးရောက်ပြီး တိုင်းပြည် ပျက်သထက် ပျက်တဲ့ ဇာတ်ထုပ်ကို စနစ်ရဲ့ အတွင်းစည်း၊ အပြင်စည်းထဲမှာ လှုပ်ရှားခဲ့တဲ့ တပ်မတော်ထဲက တော်လှန်ရေး သမားနဲ့ ပြုပြင် ပြောင်းလဲရေး သမားတွေထက် ဘယ်သူမှ ပိုမသိဘူး။ “စစ်အစိုးရ သူခိုးဓားပြ” ဆိုတာ တိုင်းပြည်ချစ်တဲ့ တပ်မတော်သားတိုင်း အသိ။ ဒါခုမှမဟုတ်၊ တပ်ချုပ်ကြီးရဲ့ သွားလေသူ ကျေးဇူးရှင် “အဘ” ဦးနေဝင်းခေတ်လယ်နဲ့ ခေတ်နှောင်း ကတည်းက စခဲ့တဲ့ ဇာတ်ထုပ်လေ။

ဆင်မလိုက် သင်္ဘောကျင်း အလုပ်သမားများ သတ်ပွဲအပြီး ၁၉၇၅ - ၇၆ ကတည်းက စစ်စနစ်ဆိုး အမြစ်တွယ်ပြီး တပ်ချုပ်ကြီးတွေ လူစင်စစ်က အစွယ် ပေါက်ခဲ့တာ။ လူ ဗိုလ်ချုပ်ကြီးတွေ အရှင်း ခံရတော့လည်း ဗိုလ်မှူးကြီး ကြည်မောင်တို့၊ ဗိုလ်မှူးကြီးချစ်မြိုင်တို့က အစ၊ အထင်ကရ အဖြစ်ဆုံးကတော့ ဗိုလ်ချုပ်ကြီး တင်ဦး (ခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD) ကို ခေါင်းဆောင် တင်ဖို့ လုပ်တဲ့ တပ်မတော် အတွင်းစည်းထဲက ကိုယ်ရေး အရာရှိ တသုတ်ရဲ့ ၁၉၇၆ ခုနှစ်ကာလက စစ်ဘီလူကြီးများ သုတ်သင်ရေး အစီအမံအလယ်။ ဗိုလ်ကြီး အုန်းကျော်မြင့် ကတော့ ဒီအစီအမံရဲ့ အဓိက ခေါင်းဆောင်ဆိုတော့ အသက်နဲ့ ပေးဆပ်ခဲ့ရတယ်။

အခုလို ခေတ်အဆက်ဆက် ရာစုနှစ်ဝက်ကာလအတွင်း စနစ်ဆိုးကြီးကို ပြောင်းဖို့ကြံခဲ့တဲ့ တပ်ထဲက ညီတော် နောင်တော်များနဲ့ သူတို့ရဲ့ တိုင်းပြုပြည်ပြု လုပ်ရပ်တွေ၊ သူရဲကောင်းဆန်တဲ့ အပြုအမူတွေဟာ ဒီနေ့ နိုဗဲလ်ဆုရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တော်လှန်ရေးနဲ့ တပ်တူထပ်မျှ တန်ဖိုးရှိတယ်၊ အရေးကြီးတယ်၊ သမိုင်းဝင်တယ်ဆိုတာ အသိအမှတ်ပြု လက်ခံဖို့ လိုတယ်။

ကြုံတုန်း ဖောက်သည်ချရဦးမယ်။

ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ထောက်လှမ်းရေးတွေက အတိုက်အခံတွေကို နှိပ်ကွပ်တာ၊ ညှင်းခဲ့တာ အများကြီး လုပ်ခဲ့တာပေါ့။ ဒါပေမယ့် တကယ် အရေးကြီးတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို သူတို့ပဲ ဒီပဲယင်းမှာ ဝင်ကယ် ခဲ့ကြတာပါ။ တပ်ချုပ်ကြီး နဲ့ သူ့လက်မရွံ့ ကြံ့ဖွံ့တွေ အလိုအရ ဆိုရင် ဒီ NLD ခေါင်းဆောင်ကြီးတွေ ဇိဝိန်ချုပ်ပြီးပြီ။

ရှစ်လေးလုံး ပြည်သူ့အုံကြွမှုကြီး ပြီးကတည်းက အတိုက်အခံတွေ၊ ပုဆိုးဝတ် တော်လှန်ရေး သမားတွေ စနစ်တကျ မလုပ်ခဲ့တဲ့ လုပ်ငန်းတရပ်ကို ထောက်ပြဦးမယ်။ ဒါကတော့ တခြားမဟုတ်ဘူး။ တပ်မတော် နဲ့ ဗျူရိုကရေစီ ယန္တရားထဲက ရွက်ပုန်းသီး ပြုပြင်ပြောင်းလဲရေး သမားတွေ၊ တော်လှန်ရေး ညီနောင်တွေကို ရှာဖွေ၊ ထောက်ခံ၊ ပံ့ပိုးပြီး လက်တွဲ လုပ်ဖို့ကြံတဲ့ နှစ်ရှည် စီမံကိန်းတွေ၊ ဗျူဟာတွေ သေသေချာချာ မတည်ဆောက်ခဲ့မှု၊ မဟာ အမှားကြီးပါပဲ။ ဒါပေမယ့် ပျက်ရင်အစဉ် ပြင်ရင်ခဏ ဆိုတဲ့ မူသုံးဖို့ အချိန်ကာလ ရောက်ပြီ။

တခရီးတည်း သွားနေကြတဲ့ ကျုပ်တို့ပုဆိုးဝတ်တွေနဲ့ ရွက်ပုန်းသီး တပ်တွင်း ပြုပြင်ရေး၊ တော်လှန်ရေး သမားတွေ တန်းညှိစို့၊ သွေးစည်းဖို့ ဆိုတာ စစ်စနစ်ဆိုး စနစ်ယုတ်ကြီး ပြိုကွဲဖို့မှာ နံပါတ်တစ် အရေးကြီးဆုံးပါ။ တွင်းအောင်းကြံ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီလို ပြည်သူ့ တော်လှန်ရေး သမားတွေနဲ့ တပ်တွင်း ပြောင်းလဲရေးသမား၊ တော်လှန်ရေး ရွက်ပုန်းသီးတွေ ဇာတ်ပေါင်းပြီး က မှာကို သေမလောက် ကြောက်ပါတယ်။

ဒါကြောင့်လည်း နည်းမျိုးစုံ ဉာဏ်နီ ဉာဏ်နက်၊ အလိမ်၊ အဝါ အပြာရောင်စုံသုံးပြီး တပ်မတော်သား တွေနဲ့ ပြည်သူတွေကို သွေးထိုးပေး၊ တိုက်ပေး။ မှူးကြီးနဲ့ အထက်အရာရှိ အားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ ခေတ်ရောက်ရင် နုရင်ဘတ်လို ခုံရုံးမှာတင်၊ စင်းနီတုံးပေါ် တောက်တောက်စင်း ခံရမလိုလို။ တပ်ချုပ်ကြီးနဲ့ အလိုတူအလိုပါ ခေတ်ပျက်သူဌေးတွေ ဝက်ဝက် ကွဲအောင် တိုင်းပြည် ဘဏ္ဍာနဲ့ သယံဇာတတွေ ခိုးကြ၊ မျိုကြ၊ ဆို့ကြလို့ တိုင်းပြည် ပြာပုံထဲရောက်၊ သဘာဝ ဘေးဒဏ်တွေကျ၊ ပြည်သူက ကျောမွဲဘဝက မတက်တဲ့ ဘဝရောက်နေတာ ဒေါ်စုနဲ့ အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုကပဲ တာဝန်ရှိ သယောင်ယောင် စောင်ခိုင်းထား။

တပ်ထဲက မောင်တွေကိုတော့ ချော့လိုက် ခြောက်လိုက်၊ လုခွင့်၊ ခိုးခွင့်ပေးလိုက်နဲ့။ တချိန်က ဗမာလူထု အလွန် ကြည်ညိုတဲ့၊ အားထားတဲ့ တပ်မတော်ကို သူခိုး ဓားပြ တပ်မတော်ဖြစ်အောင် တပ်ချုပ်ကြီးက ငါ့တာဝန်ကြီး တပါး အနေနဲ့လုပ်တာ တပ်ထဲက မြတ်ကိုကိုများလည်း သိဖို့ အချိန်တန်ပါပြီ။

တပ်တွင်းက ပြုပြင်ပြောင်းလဲရေး သမားများနဲ့ ပုဆိုးဝတ် ပြည်သူ့တော်လှန်ရေး သမားများ အပေးအယူ ရှိလာပြီ ဆိုတာနဲ့ တပ်ချုပ်ကြီးက လက်နဲ့ရေးရင် ခြေနဲ့ လိုက်ဖျက် တော့တာပါပဲ။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ပေါင်းပြီး တိုင်းပြည် ထူထောင်ရေးလုပ်ဖို့ သဘောတူတန် သလောက် တူထားပြီးသားပါ။ KNU က ဗိုလ်ချုပ်ကြီးမြ တို့နဲ့လည်း ထိုနည်း လည်းကောင်းပါပဲ။

ပြဿနာကြီးတွေ ရှင်းသွားမယ်ဆိုရင် တပ်ချုပ်ကြီးနဲ့ အပေါင်းအပါတစု စားခွက်လွတ်တော့မှာ ဆိုတော့ အတိုက်အခံနဲ့ ပြေလည် လာတဲ့ တပ်တွင်း ပြုပြင်ပြောင်းလဲရေး သမားတွေကို ကျူပင်ခုတ် ကျူငုတ်မကျန် တပ်ချုပ်ကြီးတို့ တသုတ်က ရှင်းတာပါ။ ဒါနဲ့ပဲ တပ်တွင်း ပြောင်းလဲရေး သမားတွေနဲ့ ပြည်သူ့ တော်လှန်ရေးသမားတွေ လက်တွဲဖို့ အရေးဆိုတာ သမင်မွေးရင်း ကျားစားရင်း ဆိုသလိုပဲ လည်နေတော့တာပါပဲ။

မျက်မှောက်ခေတ် ကာလမှာတော့ တွင်းအောင်းဖို့ကြံတဲ့ ကျားငစဉ်းလဲ တပ်ချုပ်ကြီးရဲ့ စစ်စနစ်ဆိုးကြီးကို ဖြုတ်ချဖို့ နေရာမှာ အဓိက အခက်အခဲကြီး နှစ်ရပ် ရှိပါတယ်။

နံပါတ်တစ်က အနောက်နိုင်ငံ ပညာတတ်၊ ပုဆိုးဝတ်တွေကိုပဲ တော်လှန်ရေး လိုင်စင်ပေးထားတဲ့ အနောက်တိုင်းက လစ်ဘရယ် သမားတွေရဲ့ အတွေးအခေါ် ချို့တဲ့မှု၊ ဘက်လိုက်မှု၊ ဗျူဟာမှားမှု။

နံပါတ်နှစ် အခက်အခဲကတော့ တပ်မတော်ထဲက ရွက်ပုန်းသီး တော်လှန်ရေး သမားတွေ၊ ပြုပြင်ပြောင်းလဲရေး သမားတွေ မပါရင်၊ သူတို့တွေကို တော်လှန်ရေး သမားတွေလို့ မမြင်ရင်၊ ကျုပ်တို့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား သာတူညီမျှရေး တော်လှန်ရေး ကြီးဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ ဗျူဟာကို အတိုက်အခံတွေ ထဲမှာ ပီပီပြင်ပြင် လက်ခံ ကျင့်သုံးမှု မရှိခြင်းဘဲ ဖြစ်ပါတယ်။

ပြုပြင်ရေးသမား၊ တော်လှန်ရေးသမားဆိုတာ ချိုမပါပါဘူး။ ပုဆိုးဝတ်၊ ဘောင်းဘီဝတ်၊ စကတ်ဝတ်၊ သင်္ကန်းရုံ အသွင်အမျိုးမျိုး အဖုံဖုံနဲ့ ရှိနေကြပါတယ်။ ဒါကိုမှ လစ်ဘရယ် သမားတွေက ပုဆိုးဝတ်နဲ့ (၂၀၀၇ နောက်ပိုင်းမှာတော့) သင်္ကန်းရုံ တွေကိုပဲ တော်လှန်ရေး လိုင်စင် ပေးထားတော့ ခက်သားလား။

စကားကြုံလို့ ကိုယ်တွေ့တခု ပြောရဦးမယ်။ ပုဆိုးဝတ် တော်လှန်ရေး သမားတွေ၊ အတိုက်အခံတွေ၊ တပ်ထဲက နောင်တော်တွေနဲ့ ထိတွေ့မယ် မကြံနဲ့။ အနောက်အုပ်စု “ဒိုင်ယာလော့” သမားတွေ၊ လူ့အခွင့်အရေး သမားတွေက ထပြီး တပြုံကြီး အူကြတာ ကျုပ်ကိုယ်တွေ့။ ကိုယ်တိုင်လည်း ဇမရှိ၊ ဇရှိတဲ့ တပ်ထဲက နောင်တော်တွေနဲ့ ဝင်လုံးတော့လည်း ထအူဆိုတော့ ဟိုဘက်ကလည်း ဒီမကူး၊ ဒီဘက်ကလဲ ဟိုဘက်မတိုးရဲနဲ့ တပ်နဲ့ ပြည်သူ လက်တွဲဖို့အရေး အနှစ် ၂၀ ကျော်သွားပြီ။

ဒီနိုင်ငံက ကျုပ်တို့နိုင်ငံ၊ ပြဿနာတွေက ကျုပ်တို့ ပြဿနာတွေ။ အနောက်က လစ်ဘရယ် သမားတွေနောက် နားယောင်ပြီး အမောင် တောင်မှန်း မြောက်မှန်းမသိဆိုတဲ့ ဘဝက ကျုပ်တို့ လွတ်ဖို့လိုပြီ။

တချို့ဆို ဗိုလ်ချုပ်ကြီးဆို ချိုနဲ့လားလို့ မေးယူရလောက်အောင် မတွေ့ဖူး၊ မမြင်ဖူးဘဲ လေဖမ်းဒန်းစီးတဲ့ “ရင်ကြားစေ့ရေး” တွေ၊ တောင်စဉ်ရေမရ စွတ်ပြော၊ လက်တွေ့မပါတဲ့ စာအုပ်ကြီးတွေ ချိုင်းကြားညှပ်ပြီး အသွင်ကူးပြောင်းရေး အော်တဲ့ ဂုရုတွေက တမှောင့်။ သင်ဖူးတာ၊ လုပ်ဖူးတာ တပဲဖိုး၊ ပြောနေ ဟောနေလိုက်ကြတာက တပိဿာခွဲစာ။ အနှစ်မရှိတဲ့ ဒိုင်ယာလော့တော မှာ ခေတ်ပျက် မဟော်သဓာတွေက တမှောင့်။ ဆရာမှိုင်းသာ သက်ရှိထင်ရှား ရှိသေးရင် “လစ်ဘရယ် ဒိုင်ယာလော့သမား” များ ဋ္ဋီကာဆိုပြီး ပယ်ပယ်နယ်နယ်နဲ့ တီးလိုက်ဦးမယ် ဖြစ်ခြင်း။

စစ်စနစ်ဆိုးကြီးကို ဖျက်နိုင်၊ ပြင်နိုင်တာက ကျုပ်တို့ တပ်ထဲက မြတ်ကိုကိုတွေပါ။ ပြုပြင်ရေး ရွက်ပုန်းသီးတွေပါ။ လစ်ဘရယ် ပရောဂျက် သမားတွေ NGO တွေ စီးပွားရေးနဲ့ အသွင်ကူးပြောင်းရေး ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတွေ မဟုတ်ပါဘူး။

ဒါကြောင့် ဗျူဟာအရရော၊ မူအရရော၊ ကိုယ်ချင်းစာတရား အရရော၊ တော်လှန်ရေး သွေးစည်းစိတ် အရရော တပ်မတော်ထဲက ကျုပ်တို့ ညီတော် နောင်တော်တွေ အနီးကပ်ဆုံး ရန်သူကို နည်းအမျိုးမျိုးနဲ့ တွယ်တာကို အရေးကြီး ကဏ္ဍမှာ ထားပြီး စနစ်တကျ ပံ့ပိုးဖို့၊ ထောက်ခံဖို့၊ အသိအမှတ်ပြု တန်ဖိုးထားဖို့ လိုပါပြီ။

တပ်ထဲက နောင်တော်ကြီးတွေ ညီတော်တွေကတော့ အနောက်တိုင်းကြိုက် ခါတော်မီ လစ်ဘရယ်စကားတွေနဲ့ နိုင်ငံရေးကို ပြီတီတီ လုပ်မယ့် ပုဂ္ဂိုလ်တွေတော့ မဟုတ်တာ သေချာပါတယ်။ ဒီမောင်တွေက လူ့အခွင့်အရေး ဂါထာလည်း ရွတ်မှာ မဟုတ်ဘူး။ လူဖြူ လစ်ဘရယ်ကြိုက် ငိုပြမှာလည်း မဟုတ်၊ ဒီမိုကရေစီကို သမ္ဗုဒ္ဓေလို ရွက်မယ့်သူတွေလဲ မဟုတ်။ သူတို့ထဲမှာလည်း အနှစ် ၅၀ ကာလမှာ စနစ်ပြောင်းဖို့ အသက်စွန့်၊ စည်းစိမ်စွန့်၊ ရာထူးစွန့်ပြီး လုပ်ခဲ့ကြ၊ လုပ်နေဆဲဆိုတာ ကြည့်ရင် မြင်ပါတယ်။

ကျုပ်တို့နိုင်ငံသမိုင်းမှာ ကမ္ပည်းထိုးရမယ့် ရွက်ပုန်းသီး ဘောင်းဘီဝတ် တော်လှန်ရေး၊ ပြုပြင်ရေး သမားတချို့ကို ဒီနေရာက ထုတ်ဖော်ရင်း ဒီဆောင်းပါးကို နိဂုံး ချုပ်လိုက်ပါတယ်။

ယခင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ကန်ဖျားရွာသား ဗိုလ်ကြီး အုန်းကျော်မြင့်၊ NLD ဦးတင်ဦးရဲ့ ကိုယ်ရေး အရာရှိများ ဖြစ်ကြတဲ့ ဗိုလ်ကြီးစံကြည် (DSA အပတ်စဉ် ၆) နဲ့ ဗိုလ်ကြီး သန့်ဇင်မြိုင် (DSA အပတ်စဉ် ၁၁) ၊ စစ်ရုံး စစ်ဆင်ရေးဌာန ဂျီသရီး ဗိုလ်ကြီးဝင်းထိန် (DSA အပတ်စဉ် ၅) သူတို့နဲ့အတူ “ဦးနေဝင်း၊ မျက်မှန်ကြီး ဦးတင်ဦး၊ ဦးစန်းယု၊ စစ်အစိုးရ” ကို ဖြုတ်ဖို့ကြံတဲ့ ဗိုလ်ကြီး စိန်သောင်း၊ ဗိုလ်မှူးကြီး လှဖေ (မြောက်ပိုင်းတိုင်မှူး)၊ ရှစ်လေးလုံး အပြီးမှာ ကျောင်းသား တပ်မတော်ကို လေ့ကျင့် ပေးခဲ့တဲ့ ဒုဗိုလ်မှူးကြီး အေးမြင့် (OTS အပတ်စဉ် ၂၆)၊ ဗိုလ်ကြီး စိုင်းဝင်းကျော် (DSA အပတ်စဉ် ၂၃) ၊ ကွယ်လွန်သူ NLD ဦးကြည်မောင် (ဗိုလ်မှူးကြီး ကြည်မောင်) နဲ့ ဗိုလ်ချုပ်ကြီး တင်ဦး (NLD ဦးတင်ဦး)၊ မှူးကြီး ကြည်မောင်နဲ့ အတူ အစောကြီး အရှင်းခံခဲ့ရတဲ့ DSA အပတ်စဉ် ၁ က ဗိုလ်ကြီး ခင်မောင်ညွန့်၊ OTS အပတ်စဉ် ၂၅ ဆင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအဝင် နောက်ဆုံး DSA အပတ်စဉ် ၂၀ က ဗိုလ်မှူး အောင်လင်းထွဋ်နဲ့ အခု မတရား စီရင်ခံနေရတဲ့ (အငြိမ်းစား) ဗိုလ်မှူး ဝင်းနိုင်ကျော် (DSA အပတ်စဉ် ၂၀) နဲ့ ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း (DSA အပတ်စဉ် ၂၀) တို့ပဲ ဖြစ်ကြပါတယ်။ တခြား ကျုပ်မသိတဲ့ တပ်တွင်းက ရွက်ပုန်းသီး ပြုပြင်ရေးသမား၊ တော်လှန်ရေး သမားတွေ၊ နာမည်တွေ ကျန်ခဲ့ဦးမှာပါ။ ဒီအတွက် ခွင့်လွှတ်ပါ၊ ဒါပါပဲ။ ။

ဒေါက်တာဇာနည်သည် မြန်မာပြည် လွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (Free Burma Coalition) ကို စတင် တည်ထောင်ခဲ့သူ တဦးဖြစ်ပြီး ယခုအခါ နိုင်ငံရေးသိပံ္ပနှင့် စီးပွားရေးဆိုင်ရာ လန်ဒန်တက္ကသိုလ်တွင် သုတေသီ ပညာရှင် အဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။


Ref: ဧရာဝတီ်

Read More...

ဗိုလ်မှူးချုပ် ကျော်ဇော

ဘိုဘိုကျော်ငြိမ်း
ဒီဇင်ဘာလ ၂၉ ရက် ၂၀၀၉

ဗိုလ်မှူးချုပ် ကျော်ဇောကို လူချင်းတွေ့ရတော့ ကွန်မြူနစ်ရယ်၊ ဆိုရှယ်လစ်ရယ် ခွဲမမြင်နိုင်တော့ဘူး။ ကွယ်လွန်သွားတဲ့ ကျေးဇူးရှင် (အဖေ) တို့နဲ့ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေး ရဲဘော်တဦး အဖြစ်ပဲ မြင်မိတယ်။ အဖေကိုလည်း သတိရတာနဲ့ ကျနော် ရိုသေစွာ ထိုင်ကန်တော့ခဲ့ပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ရိုးသားမှုကို တွေ့ရတော့လည်း ကျနော် လေးစားမိတာ အမှန်ပါ။

ဒါပေမဲ့ ကျနော့်ဆီမှာ မပြီးသေးတဲ့ မိသားစုတာဝန်က ကျန်နေသေးတယ်။ အဲဒါကတော့ ဗိုလ်မှူးချုပ်ကျော်ဇော ရေးခဲ့တဲ့ သူရဲ့ ကိုယ်ရေး ရာဇဝင်မှာ ရေးသားထားတဲ့ ဦကျော်ငြိမ်း အကြောင်းပါ။ ကျနော်နဲ့ ခင်တဲ့ မိတ်ဆွေက ဘာကြောင့် ပြန်မရေးတာလဲလို့ အရေးဆိုကြတယ်။ တချို့ကလည်း ထားလိုက်ပါတော့ဗျာလို့ အကြံ ပေးကြတယ်။

အသက်ကြီးပြီဖြစ်တဲ့ တော်လှန်ရေးသမားကြီးကို လေးစားမိတာတကြောင်း၊ ဗိုလ်မှူးချုပ်ကျော်ဇော မိသားစုနဲ့တွေ့ပြီး ခင်မင်မိတာ တကြောင်းကြောင့် မရေးဖြစ်ခဲ့ဘူး။ ဗိုလ်မှူးချုပ်မောင်မောင် ဆုံးသွားတဲ့ သတင်းကြားမှ သင်္ခါရကို မကျော်နိုင်ကြတာ တွေးမိတယ်။ အချိန်က လူကို မစောင့်ပါလားဆိုပြီး သတိဝင်လာတယ်။ ဒီ့အပြင် ပြန်လည်ဖြေရှင်းမှု မရှိခဲ့ရင် ရာဇဝင်ကို ရေးရာမှာ အချက်အလက်မှန်ဖို့ အရေးကြီးတယ် ဆိုတာကို နားမလည်နိုင်တဲ့၊ ပုဂ္ဂိုလ်ရေး မုန်းတီးမှုကိုသာ အခြေခံရင် အမှန်တရားဟာ ဖုံးကွယ်သွားနိုင်တယ် မဟုတ်လား?

ကြယ်တွေ၊ စကြာဝဋ္ဌာအကြောင်း လေ့လာတဲ့ (Astronomy) ဘာသာရပ်အရ ကျနော်တို့ စကြာဝဋ္ဌာ Universe ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.ရ ဘီလျံလောက်က (Big Bang) ဆိုတဲ့ ပေါက်ကွဲမှုကြီးက မွေးဖွားခဲ့တယ်။ ဒီ Big Bang ရဲ့ နောက်ခံ (Background Radiation) ကို မပျောက်မပျက် ရှာတွေ့မှ BigBang ဆိုတာကို လက်ခံခဲ့ကြတယ်။ ဒီလိုပဲ အဖြစ်အပျက်တွေရဲ့ နောက်ခံ သမိုင်းဆိုတာ ဖျောက်ဖျက်လို့ မရပါဘူး။ ရာဇဝင်ဆိုတာ အရေးကြီးပါတယ်။

ဗိုလ်ချုပ်ကျော်ဇောရေးတဲ့ ကာလမှာ ကျနော့်အဖေဟာ ကွယ်လွန်သွားခဲ့ ပါပြီ။ သူ့ဖြေရှင်းခွင့် မရတော့ရှာပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ကျော်ဇော အသက်ထင်ရှား ရှိစဉ်မှာ ဒီဆောင်းပါးကို ရေးရတာပါ။

အဆိုတခုကို သက်သေနဲ့ နှစ်ဖက်ကြည့်တတ်ရပါမယ်။ နောင် - ရာဇဝင်ဆရာတွေ သုံးသပ်နိုင်အောင် တင်ပြရခြင်းပါ။ ကျနော် ပြန်ဖြေရှင်းရမယ် ဆိုတာကိုလည်း ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ မိသားစုကို ကူမင်းမှာ တွေ့စဉ်က အသိပေးခဲ့ပြီး ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ မိသားစု ကျနော့် အမြင်ကို နားလည်နိုင်ပါစေ။

အရေးကြီးတဲ့ တချက်က ကျနော် ယုံကြည်တာက လစ်ဘရယ်ဒီမိုကရေစီပါ။ ကျနော့် အမြင်အရ ဘယ်နိုင်ငံရေး သဘောတရားမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ လစ်ဘရယ် ဒီမိုကရေစီမှာလည်း ချို့ယွင်းချက်တွေ ရှိတာပဲ။ ဒါပေမဲ့ ချို့ယွင်းချက်တွေကြားက ဘာကြောင့် အခုထိ လစ်ဘရယ် ဒီမိုကရေစီဟာ ကမ္ဘာကြီးမှာ ရှင်သန် ကြီးထွားလျက်ရှိပြီး ကွန်မြူနစ်ဝါဒဟာ ကျဆုံးခဲ့ရသလဲ?

ကွန်မြူနစ်ဝါဒရဲ့ ဗဟိုဦးစီးစနစ်မှာ ငါ့ဝါဒသာ အမှန်၊ ဝါဒမတူသူဟာ ရန်သူ၊ တိုက်ထုတ်ထား - ဆိုတဲ့ (တဖက်သတ်) အမှန်တရားကို ဆုပ်ကိုင် ထားတတ်တယ်။ လစ်ဘရယ် ဒီမိုကရေစီမှာတော့ လွတ်လပ်မှုနဲ့အတူ လွတ်လပ်စွာ တွေးခေါ်ခွင့်ရှိတဲ့ Critical Thinking ဟာ အရေးပါလှပါတယ်။ Critical Thinking အရ အတွေးအခေါ်ဖြစ်စေ၊ အဆိုပြုချက် တခုကိုဖြစ်စေ ဘက်စုံက ငြင်းဆိုခွင့် ရှိတယ်၊ ထောင့်စုံက ကြည့်ပြီးမှ လက်ခံခွင့် ရှိတယ်။ အခု ဂရိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးမှာ လူငယ်လေးတွေဟာ တယူသန် မတွေးတော့ဘူး။ မေးခွန်းတွေ မေးမယ်၊ အဖြေရှိမှ လက်ခံကြမယ်။ ဒါကြောင့် ကျနော့်ရဲ့ အမြင်ကို ဘက်စုံကကြည့်ပြီး တင်ပြချင်တာလည်း ပါပါတယ်။ လူငယ်လေးတွေ စဉ်းစားနိုင်အောင်ပါ။

ဗိုလ်မှူးချုပ်ကျော်ဇော်ဟာ တနိုင်ငံလုံးကလေးစားရတဲ့ အထင်ကရပုဂ္ဂိုလ် တဦး ဖြစ်ပါတယ်။ အမျိုးသား အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်လာရင် စိတ်(နု)၍ မရ အပြောအဆိုဖြစ်စေ အရေးအသားဖြစ်စေ စိတ်(နု) ၍ မရပါ၊ ဒေါ်သပါ၍ မရပါ။ ၂ဝဝ၉ သြဂုတ်လဆန်း ကျော်ကျော်က အမေရိကန် သမ္မတလောင်းအဖြစ် အရွေးခံခဲ့တဲ့ ယ္ခုလက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဟင်လရီ ကလင်တန်ဟာ လူထုနဲ့တွေ့ဆုံပွဲ Town-Hall-Meeting တခုမှာ ကျောင်းသားတယောက်ရဲ့ မေးခွန်းကို စိတ်ဆိုးပြီး ဆတ်ကနဲ ပြန်ဖြေခဲ့တဲ့အတွက် အဲဒီဖြစ်ရပ်ဟာ ကမ္ဘာကျော် ခဲ့ရတယ်။ ပြီးခဲ့တဲ့ ပြင်သစ်သမ္မတ ရွေးကောက်ပွဲအကြို အခြေအတင် စကားပြောပွဲမှာ အမျက်ထွက်လွယ်သူ၊ စိတ်ဆတ်သူလို့ နာမည်ကြီးတဲ့ စာကိုးဇီး (Sarkozy) ကို ပြိုင်ဘက် လွိုင်ရွယ် (Royal) က စိတ်လိုက်မာန်ပါ ပြောဆိုလာပါတယ်။ စာကိုးဇီးက “အိုမဒန်လွိုင်ရွယ်ရယ်၊ သမ္မတ ပီသပါစေ” လို့ လေအေးအေးနဲ့ ခွန်းတုံ့ပြန်ခဲ့ရာ နိုင်ငံရေး လေ့လာသူတွေနဲ့ ဝေဖန်သူတွေရဲ့ အမြင်အရ ပရိသတ်နဲ့ ပြည်သူတွေက စာကိုးဇီးကို ပိုယုံခဲ့တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ အခြေအတင်ပြောပွဲ (Debate) အပြီးမှာ စာကိုးဇီးကို ထောက်ခံသူတွေ ပိုများလာပြီး သမ္မတအဖြစ် အရွေးခံခဲ့ရတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ကိုယ်ရေးရာဇဝင်မှာ၎င်း၊ တွေ့ဆုံမေးမြန်းခန်းတွေမှာ၎င်း ဆိုရှယ်လစ် ခေါင်းဆောင်တွေနဲ့ ဆိုရှယ်လစ် စစ်ဗိုလ်ချုပ်တွေနဲ့ ဆက်စပ်လာရင် ကွန်မြူနစ်ဒေါသကို ဖုံးကွယ်နိုင်ပုံ၊ ကျော်လွှားနိုင်ပုံ မမြင်ရပါ။ ကွန်မြူနစ်ဆိုရင် အကောင်း၊ ဆိုရှယ်လစ်ဆိုရင် အဆိုး၊ တလမ်းသွား အတွေးအခေါ်က ထင်ပေါ်လွန်းတယ်။ လွပ်လပ်ရေး တိုက်ပွဲ ကာလနဲ့ လွတ်လပ်ရေး ရပြီးစ ကာလတွေမှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ အကြား ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြတယ်။ ရန်အငြိုး ကြီးထွားခဲ့ကြတာကိုး။

နောက်တချက် ကျနော်မြင်တာက လွတ်လပ်ရေး ရပြီးကာစ ကာလ တပ်တွင်းပြိုင်ဆိုင်မှုမှာ ဆိုရှယ်လစ် ဗိုလ်မှူးချုပ် ၂ ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ဗိုလ်မှူးချုပ် အောင်ကြီးတို့နဲ့ ဗိုလ်မှူးချုပ် ကျော်ဇောတို့ရဲ့ တိုက်ပွဲဟာ ပြင်းထန်ခဲ့ကြတယ်။ ဗိုလ်မှူးချုပ် ကျော်ဇောတို့ မိသားစုနဲ့ စကားပြောကြည့်တဲ့ အခါ ဗိုလ်မှူးချုပ် အောင်ကြီးဟာ မာနနဲ့ အင်္ဂလိပ်လို့ (arrogant) လူပါးဝတယ်။ ဗိုလ်မှူးချုပ် အောင်ကြီးဟာ ဗိုလ်ချုပ် နေဝင်းနဲ့ ခင်ရုံမက ဝန်ကြီးချုပ် ဦးနုနဲ့လည်း နီးတာကြောင့် မာနထောင်ခဲ့တယ်။ Mary Callahan ရေးတဲ့ Making Enemies စာအုပ်မှာ ဦးကျော်ငြိမ်းကိုပါ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုထားတယ်။ (မှတ်ချက်။ စာမျက်နှာ ၁၈ဝ - အခန်း (၇) ကို ကြည့်ပါ။)

ကျနော် မြန်မာနိုင်ငံက မထွက်ခင် ငယ်စဉ်ကျောင်းသားဘဝက ဗိုလ်ချုပ်မောင်မောင်ကို ကြည့်မရခဲ့ပါ။ “ဒီလူကြီး ငါ့အဖေကို အမြဲ ဆူပူအောင် အော်ပစ်နေတာပဲ” လို့ ကလေးပီပီ တွေးမိခဲ့တယ်။ ကျနော် လူကြီးဖြစ်တော့ ငယ်စဉ်က အတူခင်ခဲ့တဲ့ ကျနော့်အကိုရဲ့ ငယ်ပေါင်း (သွား) ဆရာဝန်တယောက်နဲ့ နယူးယောက်မြို့မှာ ပြန်လည် ဆုံဆည်းခဲ့မိတယ်။ တွေ့တိုင်း အမြဲ ဆူပူအော်ဟစ်နေတယ်။ ငယ်ပေါင်းလည်းဖြစ် အပေါက်ကလည်း ဆိုးတာကြောင့် အထင်မကြီးမိပါ။ တနေ့ (သွား)နာမှ မပြချင်ပြချင်နဲ့ ပြမိတယ်။ ဒီတော့မှ ကျနော့် မိတ်ဆွေဟာ လူတွေ အထင်ကြီးကြတဲ့ အမေရိကန်ပေါက် အဖြူ သွားဆရာဝန်တွေထက် များစွာ (သာ) ကြောင်း သိခဲ့ရတယ်။ ကျနော်တွေ့ဖူးတဲ့ သွားဆရာဝန်တွေ အထဲမှာ အတော်ဆုံး တယောက်အဖြစ် အသိအမှတ် မပြုချင်ဘဲ အသိမှတ်ပြုခဲ့ရတယ်။ ဒီတော့မှ ကျနော့် ဖခင်ကြီးဟာ ဗိုလ်မှူးချုပ်မောင်မောင်ကို ဘာကြောင့် စိတ်မတိုရကြောင်း နားလည်ခဲ့ရတယ်။ အားကိုးရတဲ့ လူတော် သို့သော် အပေါက်ဆိုးတယ်။ “သြော် သူ့ဝသီ“ ပဲလို့ ပြုံးရင်း နားလည်ခဲ့ရတယ်။

ဒါပေမဲ့ ပဋိပက္ခပြင်းထန်နေတဲ့ အချိန်ကာလမှာ ဒီပြိုင်ဘက် ဗိုလ်မှူးချုပ် ၃ ယောက်ကြားမှာ ခံစားမှုတွေ ရှိခဲ့ရမယ်ဆိုတာကို နားလည်နိုင်ပါတယ်။ တယောက်က အပေါက်ဆိုးတယ်၊ နောက်တယောက်က မောက်မာတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောဟာ ဒီနှစ်ယောက်ကြားမှာ ညပ်နေမယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။

ကြားလိုက်ရတော့ ဗိုလ်မှူးချုပ်ကျော်ဇောကို သတင်းပါး၊ message လာထည့်သွားတယ် ဆိုတာကို ချက်ချင်း ရိပ်မိလိုက်တယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ နိုင်ငံရေး အကွက်တွေကိုလည်း သွားသတိရမိတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောမှာ ပြောစရာ အားနည်းချက်ဆိုလို့ တကွက်ပဲရှိတယ်လို့ ကျနော်တို့ အဖေတွေဘက်က လူကြီးတွေ ပြောခဲ့ဖူးတယ်။ ဗိုလ်မှူးချုပ် ကျော်ဇောဟာ နိုင်ငံရေး သိပ်ရိုးလွန်းတယ်တဲ့။ Politically Naïve ဖြစ်တယ်လို့ ဆိုတာပါ။

ဗိုလ်မှူးချုပ်ကျော်ဇောပာာ ကွန်မြူနစ်ပါတီရဲ့ စစ်ဗိုလ်အားလုံး တောခိုရမယ် ဆိုတဲ့ အမိန့်ကို ဖီဆန်ပြီး စစ်တပ်ထဲမှာ ကျန်ခဲ့ကတည်းက ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ် ပြတ်နေခဲ့တယ်။ ၁၉၅၆ ခုလောက်မှာ ပုဒ်မ (၅) နဲ့ ထောင်ထဲရောက်ပြီး ကျန်းမာရေးချို့တဲ့ ဒုက္ခရောက်နေတဲ့ ဂျပန်ခေတ်က ရဲဘော်(ဦး)ကြီးမြင့်ကို ဗိုလ်ချုပ်နေဝင်း အကူအညီနဲ့ ထောင်ထဲက လွတ်အောင်လုပ်ပြီး အိမ်မှာတင်ထား၊ ဆေးကုသ ပေးခဲ့ပါတယ်တဲ့။ (မှတ်ချက် - သခင်တင်မြ၏ ဘုံဘဝမှာဖြင့် ထက်ချပ်မကွာ၊ စာမျက်နှာ ၂၄၉-၂၅၂ ကို ကြည့်ပါ။)

ဦးကြီးမြင့်ကို ထောင်က လွှတ်ပေးဖို့ ဗိုလ်ချုပ် နေဝင်းကို အကူအညီ တောင်းတော့ နိုင်ငံရေး မြေခွေး ဗိုလ်ချုပ် နေဝင်းက အသာလေး ကြိုးရှည်ရှည်နဲ့ လွှတ်ထား ပေးလိုက်တာပေါ့။ တပ်ထဲမှာ ယှဉ်နိုင်တာ ရဲဘော် သုံးကျိပ်ဝင်ဆိုလို့ ဗိုလ်ချုပ် ကျော်ဇော တယောက်သာ ကျန်တာပဲ။

ဦးကြီးမြင့်ဟာ ကွန်မြူနစ်ပါတီရဲ့ စီစီ (ဗဟိုကော်မတီဝင်) ဦးကြီးမြင့်ကပဲ ဗိုလ်မှူးချုပ် ကျော်ဇောကို ပြန်လည် စည်းရုံးသွားတာပဲ။ ကွန်မြူနစ်ပါတီရဲ့ စီစီ တယောက်ကို ကွန်မြူနစ် ပါတီဝင်ဟောင်း စစ်ဗိုလ်ချုပ် အိမ်မှာ တင်ထားတာ သတိမထားမိဘဲ နေကြပါ့မလား? စစ်တပ်နဲ့ ရင်ဆိုင် တိုက်နေရတာက ကွန်မြူနစ်ပါတီ။ နောက်ဆုံး စီစီ (ဦး)ကြီးမြင့်ကို ထောင်ထဲမှာ ပီဘီ (PB) ဖြစ်လာတဲ့ (ဦး)လှသောင်းက ညွှန်ကြားပြီး စစ်ဗိုလ်ချုပ်ကြီး အိမ်ကနေပြီး ပါတီလုပ်ငန်းကို လျှို့ဝှက် လုပ်နေကြပါတယ်တဲ့။

ဗိုလ်ချုပ်နေဝင်းက အသာလေးအဆင်းတွန်းပေးပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နိုင်ခဲ့တာပါ။

ဒါ့အပြင် ကျနော်ရဲ့ ဖခင်ဟာ ကွန်မြူနစ်တွေနဲ့ အားပြိုင်နေရတာကြောင့် ဗိုလ်ချုပ်နေဝင်းနဲ့ ပေါင်းရပေမယ့် တယောက်နဲ့ တယောက် မျက်စိဒေါက်ထောက် ကြည့်နေရတာပဲ။ ကွန်မြူနစ်တွေ အားသာပြီး ရန်ကုန်အစိုးရဖြစ်တော့ ကျုပ် ကွန်မြူနစ်တွေနဲ့ ပေါင်းတော့မယ်လို့ ဗိုလ်ချုပ်နေဝင်း ပြောခဲ့တာကိုလည်း ဦးကျော်ငြိမ်း မမေ့ဘူး။

ဗိုလ်ချုပ်ကျော်ဇောက နိုင်ငံရေးရိုးလွန်းတော့ မအောင်မြင်ခဲ့ဘူး။

ဗိုလ်ချုပ်ကျော်ဇော အမြင်က ရန်ရှာတဲ့ ဗိုလ်မှူးချုပ်အောင်ကြီးတို့ကို ရန်မရှာတဲ့ ဗိုလ်ချုပ်နေဝင်းထက် အန္တရာယ်ကြီးတယ်လို့ သတ်မှတ်ခဲ့ပုံရတယ်။

ဗိုလ်ချုပ်နေဝင်းရဲ့အောက်မှာ ဆိုရှယ်လစ်ဗိုလ်မှူးချုပ်တွေနဲ့ ဗိုလ်မှူးကြီးတွေ ရှိတယ်။ ဒါ့အပြင် ဗိုလ်မှူးကြီး ကြည်ဝင်းက ဦးဗဆွေကြီးရဲ့ မယားညီအကို၊ ဒုဗိုလ်မှူးကြီးကြည်ဟန်က ဦးကျော်ငြိမ်းရဲ့ ယောက်ဖ။ ဗိုလ်မှူးကြီးခင်ညိုက ဗိုလ်ခင်မောင်လေးရဲ့ ညီ။ ဗိုလ်မှူးချုပ်ကျော်ဇောသာ ဦးကျော်ငြိမ်းနဲ့ မဟာမိတ်ဖွဲ့မိရင် ဗိုလ်ချုပ်နေဝင်းကို Check mate လုပ်ဖို့ ကစားကွက်လှနိုင်တာပေါ့။

အနေဝေးကြတော့ တယောက်အကြောင်း တယောက်မသိတာလည်း ပါနိုင်ပါတယ်။ ကျနော်တို့ ညီအကို ဦးသန့် အရေးအခင်းမှာ ပါဝင်မှုနဲ့ အဖမ်းခံရတော့ ကျနော့်အဖေက ဗိုလ်ချုပ်နေဝင်းကို သားတွေအတွက် စာရေးပြောလိမ့်မယ်လို့ ဗိုလ်ချုပ်ကျော်ဇော မိသားစုက ထင်ခဲ့ကြတယ်။ တချို့နိုင်ငံရးသမားတွေကလည်း ဗိုလ်ချုပ်နေဝင်းဆီ စာရေးကြတဲ့ သာဓကတွေကလည်း ရှိကြတာကိုး။

ကျနော်တို့ရဲ့ ဖခင်ကြီးက နိုင်ငံရေး ဒူးမထောက်ခဲ့သလို ကျနော်တို့ကလည်း ထောင်ထဲမှာ အလံ မလှဲခဲ့ကြဘူး။ လွတ်ရက်စေ့မှ ရင်ကော့ပြီး ထွက်ခဲ့ကြတာပါ။
ကျနော်က ဗိုလ်မှူးချုပ် ကျော်ဇောကို ၃ ပိုင်းခွဲ မြင်မိတယ်။
- (၁) လူသားထဲက လူတယောက်
- (၂) စစ်ဗိုလ်ချုပ်
- (၃) ကွန်မြူနစ်

(၁) ဗိုလ်မှူးချုပ်ကျော်ဇောဟာ ရိုးသားတဲ့ လူသားတယောက်၊ ဖြောင့်မတ်တဲ့ လူသားတယောက်၊ တိုင်းပြည်ချစ်တဲ့ မျိုးချစ်တယောက်။ လေးစားစရာပါ။
(၂) စစ်တိုက်တော်တဲ့၊ ရိုးသားတဲ့၊ ဖြောင့်မတ်တဲ့ စစ်သားတယောက်။ ချီးကျူးစရာပါ။
စစ်တိုက်တော်တဲ့ စစ်ဗိုလ်ချုပ်ကို ကျနော် သိချင်တာမို့ မေးမိတယ်။ အန်ကယ်က Strategy မဟာဗျုဟာမှာ တော်တာလား? logistic တောက်ပံ့ရေးမှာ တော်တာလား? Tactics နည်းဗျူဟာမှာ တော်တာလားလို့? ဗိုလ်မှူးချုပ်ကျော်ဇောက ရိုးရိုးကြီး ဖြေတယ်။ အားလုံးမှာ တော်တာတဲ့။ ဟန်ဆောင်တာ မရှိဘူး။ ကျနော် လက်ခံပြုံး ပြုံးမိတယ်။

(၃) ကွန်မြူနစ်တယောက်အနေနဲ့တော့ ကျနော် အရိုးသားဆုံး ဝန်ခံရရင် စိတ်မကောင်း ဖြစ်မိတယ်။
တကယ့်အတွင်းနက်နက် လေ့လာကြည့်ရင် ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ ကွန်မြူနစ်ပါတီတို့ရဲ့ ဆက်ဆံရေးဟာ အပေါ်ယံ၊ မီဒီယာမှာ မြင်ရထာထက် ရှုပ်ထွေးပါတယ်။ ကျနော့်အမြင်အရ ပြောရရင် ဗိုလ်ချုပ်ကျော်ဇောဟာ အသုံးချ ခံလိုက်ရတယ်လို့ မြင်မိတယ်။

ကွန်မြူနစ်ပါတီ ဗဟိုက ဗိုလ်မှူးချုပ်ကျော်ဇောမိသားစုကို တော်ဖြောင့်မှန်ကန်စွာ မဆက်ဆံခဲ့ဘူးလို့ မြင်မိတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောဟာ သခင်းစိုးအပြောကောင်းတာနဲ့ ကွန်မြူနစ် ဖြစ်ခဲ့ပုံရတယ်။ ဒုတိယအကြိမ် ပါတီညီလာခံမှာ ဗဟိုကော်မတီဝင် ဖြစ်နေပြီ။ သခင်စိုးက လက်နက်ကိုင် တော်လှန်ရေးသမား။ ဒါကြောင့် စစ်ဗိုလ်ဆိုရင် အလေးပေး ဆက်ဆံတယ်။

ဗိုလ်မှူးချုပ်ကျော်ဇော ဘာကြောင့် တောမခိုသလဲ ?

ဗိုလ်မှူးချုပ်ကျော်ဇောက သူ တီဘီ (အဆုတ်) ရောဂါနဲ့ ဆေးကုနေရလို့ တောမခိုခဲ့ဘူးလို့ ရေးခဲ့တယ်။ သခင်တင်မြရဲ့ ဘုံဘဝမှာဖြင့် ထက်ချပ်မကွာ စာမျက်နှာ ၂၅၁ မှာ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုက တောခိုဖို့ ညွှန်ကြားတော့ လက်နက်ကိုင် တောခိုတာ မှားတယ်လို့ မြင်ပြီး ငြင်းလိုက်တယ်။ ဒါနဲ့ သူ့ကို ပါတီဝင်အဖြစ်က ထုတ်ပယ်ခဲ့တယ်လို့ ဆိုတယ်။ မိသားစုတဦးရဲ့ အဆိုအရ သခင်သန်းထွန်းကို မယုံတာကြောင့်လို့ သိရတယ်။

ဒါကြောင့် ဗိုလ်မှူးချုပ်ကျော်ဇောဟာ ပါတီနဲ့ အဆက်အသွယ်ပြတ်နေရုံမက စိတ်နာပြီး သခင်တင်မြ မြေအောက် လှုပ်ရှားစဉ်က အတွေ့မခံခဲ့ဘူး။ ဦးကြီးမြင့်ကို ကယ်ပြီးမှ ပြန်လည်စည်းရုံးခြင်း ခံခဲ့ရတာပါ။ ထောင်ထဲမှာပဲ ပီဘီ (PB) ပေါ်လစ်ဗျုရိုဝင် ဖြစ်လာတဲ့ ဦးလှသောင်းရဲ့ ညွှန်ကြားချက်နဲ့ ထောင်ထဲမှာ စီစီ (CC) ဖြစ်လာတဲ့ ဦးကြီးမြင့်က ဗိုလ်ချုပ်ကျော်ဇော အိမ်မှာနေပြီး၊ ရတဲ့ သတင်းတွေကို ပို့ခဲ့ပါတယ်တဲ့။ ဗိုလ်ချုပ်ကျော်ဇောနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဘယ်လို မိသွားသလဲဆိုတာ သခင်တင်မြ စာအုပ်မှာ ဖက်ကြည့်ကြပါ။ စိတ်ဝင်စားစရာ ကောင်းသလို၊ သင်္ခန်းစာယူစရာ ကောင်းတာတွေ တွေ့ရပါလိမ့်မယ်။

ဒီစာရွက်စာတမ်းတွေ မိတာသိလျက်နဲ့ သခင်သန်းထွန်းတို့က ဗိုလ်မှူးချုပ်ကျော်ဇောကို အသိ မပေးခဲ့ဘူး။ ဗိုလ်မှူးကြီးကြည်ဝင်းက ဗိုလ်မှူးချုပ်ကျော်ဇော ရုံးခန်းအရှေ့ကဖြတ်ပြီး ဒီစာရွက် စာတမ်းတွေကို လာယူသွားခဲ့တာတဲ့။ ကြိုသိရင် IO (Intelligence-Officer) စစ်ဗိုလ်ကို ဗိုလ်မှူးချုပ်ကျော်ဇောအနေနဲ့ တားနိုင်ရင် တားနိုင်မှာပေါ့။ ဒါလည်း ကူမင်းရောက်မှ သိခဲ့ရတာပါ။

ဗိုလ်ချုပ် ကျော်ဇောဟာ သူရဲကောင်း (ဟီရိုး) မို့လို့ ကွန်မြူနစ် ဝါဒဖြန့်ချိရေးအရ Larger Than Life ပုဂ္ဂိုလ်ဖြစ်အောင် မြှင့်တင်ဖန်တီးခဲ့ပေမယ့် တကယ်တမ်း တောခိုလာတော့ ဗဟိုက အပြည့်အဝ မယုံကြည်ခဲ့ဘူးလို့ ထင်တယ်။

တောခိုကျောင်းသားဟောင်းတွေ ရေးတဲ့ ထို့ကြောင့်ဤသို့ (သံပတ်ပေးထားသော စက်ရုပ် သို့မဟုတ် ဗိုလ်မှူးချုပ် ကျော်ဇောရဲ့ စာမျက်နှာ ၅၄၃ အဆိုအရ) ဗိုလ်ချုပ်ကျော်ဇော ခမျာ စစ်မြေပြင်၊ ပကတိ အခြေအနေတောင် ပေးသိမခံရလို့ ဆိုထားပါတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အခြေစိုက်ရာ ပန်ဆိုင်းကို စွန့်စွန့်စားစားသွားခဲ့ပြီး ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ အတူနေကာ (လ) နဲ့ချီပြီး ဆွေးနွေးခဲ့တဲ့ ဗာတဲလ်လစ်တနာ Bertil Litner ရေးတဲ့ Land of Jade, The Rise & the fall of CPB, Burma in Revolt တို့ကို ဖတ်ကြည့်ပါ။ ပါတီဗဟိုက ဗိုလ်ချုပ်ကျော်ဇောကို ထိုက်ထိုက်တန်တန် တပ်နီတော်ကြီးကို ဗိုလ်ချုပ်ကျော်ဇော လက်ထဲကို ယုံယုံကြည်ကြည် အပ်နှံပြီး ဦးစီးမှူးတာဝန် မပေးခဲ့တာကို သိရပါလိမ့်မယ်။

ဗိုလ်မှူးချုပ်ကျော်ဇော ကွန်မြူနစ်နယ်မြေကို လွတ်မြောက်လာတာဟာ ဗိုလ်ချုပ်နေဝင်းက တမင် လွှတ်ပေးလိုက်တာလို့ Bertil Litner က သူ့အမြင်ကို စာရေးသူကို ဆွေးနွေးဖူးပါတယ်။

ကွန်မြူနစ် - ပီဖီရဲ့ အမိန့်ကို ဆန့်ကျင်ပြီး ဆိုရှယ်လစ် စစ်ဗိုလ်တွေ ဦးစီးတဲ့ စစ်တပ်မှာ တဦးထဲ ကျန်ခဲ့တဲ့ ကွန်မြူနစ် ဗိုလ်ချုပ်ဟာ ဆိုရှယ်လစ်စစ်တပ်မှာ တပ်ကို ကိုင်ပြီး တိုက်ခွင့်ရသေးတယ်။ ကွန်မြူနစ် တပ်နီတော်မှာ တိုက်ခွင့် မရတော့ပါ။

ရာဇဝင်ကြီးခဲ့တဲ့ နာမည်ကျော် စစ်ဗိုလ်ချုပ်ကြီးကို ဘာကြောင့် ဦးစီးပြီး မတိုက်ခိုင်းတာလဲ?

တိုက်ပွဲအတွေ့အကြုံနုတဲ့ လူက စစ်ဦးစီးချုပ်နေရာယူပြီး စစ်ပွဲအတွေ့အကြုံ ဝါရင့်သဘာရင့် စစ်ဗိုလ်ချုပ်ကိုတော့ ဒုစစ်ဦးစီးချုပ် ဆိုပြီး သုတေသန လုပ်ခိုင်းထားပါတယ်တဲ့။

ကွန်မြူနစ်တွေရဲ့ အနောက်မြောက်က တပ်တွေနဲ့ ပဲခူးရိုးမက တပ်တွေ ချိပ်မိခဲ့ရင် …။

ကွန်မြူနစ်ပါတီအတွင်း သခင်သန်းထွန်းရဲ့ အာဃာတ အမျက်ဟာ အတော်ပြင်းထန်တယ်။ အခုထိ အကျိုးသက်ရောက်လျက် ရှိတယ်လို့ ဆိုနိုင်ပါတယ်။

အမိန့်ဖီဆန်မှုနဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကို ပါတီဝင်အဖြစ်က ထုတ်ပစ်ခဲ့တယ်။ အကျိုးဆက်က ပါတီကို အကျိုးပြုခဲ့တဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကို ဗဟိုက မယုံလို့ တပ်ကိုင်ခွင့် မရခဲ့ရှာဘူး။

xxxxxxxx

အခုထိ ဆိုရှယ်လစ်တွေကို အခဲမကြေနိုင်ကြသေးဘူး။ ဦးကျော်ငြိမ်းကြောင့် အာဏာ လက်လွတ်ခဲ့ရတယ်လို့ ခေါင်းထဲ စွဲနေကြတုန်းပဲ။ ဦးကျော်ငြိမ်းကို ပြည်တွင်းစစ် တရားခံဖြစ်အောင် ဝိုင်းတိုက်ကြတုန်း။

ကွန်မြူနစ်တွေနဲ့ ဆိုရှယ်လစ်တွေရဲ့ ပဋိပက္ခက နက်ရှိုင်းခဲ့တာကိုး။ အာဏာပြိင်ပွဲမှာ ရှုံးခဲ့သူတွေက ပိုနာကြည်းမယ် ဆိုတာကို သိပေမယ့်လည်း …။

ဗိုလ်ချုပ်နေဝင်း ၂၆ နှစ် အုပ်ချုပ်ပြီးတော့ နအဖနဲ့ ဗိုလ်ချုပ်သန်းရွှေခေတ်ပဲ အနှစ် ၂ဝ ရှိခဲ့ပြီ။ ကွန်မြူနစ် ဒေါသက မပြယ်နိုင်သေးပါလား။

ကျနော် စိတ်မကောင်း ဖြစ်မိတာက ကျနော်လေးစားတဲ့ ဗိုလ်မှူးချုပ်ကျော်ဇောမှာပါ ဒေါသ ကျန်နေတာကို တွေ့ရလို့ပါ။

ဗိုလ်ချုပ်ကျော်ဇောက သူရဲ့ ကိုယ်တွေ့မှတ်တမ်းမှာ ---
ဦးကျော်ငြိမ်းဟာ ဂျပန်တော်လှန်ရေးတုန်းက တိုင်း ၆ မှာ တာဝန်ကျတာကို မသွားခဲ့ဘူး၊ သူရဲဘော နည်းတယ်လို့ စွပ်စွဲခဲ့တယ်။

ကျနော် ဘာကြောင့် ပြန်ဖြေရှင်းသင့်သလဲ ?
Critical Thinking ကို လက်ခံတဲ့ လူတယောက်အနေနဲ့ ဖခင်ဖြစ်လို့ မျက်စိမှိတ် ထောက်ခံခြင်း မဖြစ်သင့်ပါ။ အချက်အလက် Facts ပေါ်မှာ အခြေခံရင် ဝေဖန်ရုံမက တိုက်ခိုက်လာရင်တောင် လက်ခံရမှာပဲ။

ကူမင်းမှာ အခြေအတင် ဆွေးနွေးကြရင်း ဒေါက်တာလှကျော်ဇောက ဆိုရှယ်လစ်တွေ သတင်းစာ တိုက်တွေကို ဝင်ရိုက်တာကို ဖော်ထုတ်လာတယ်။ ကျနော်က မကာကွယ်ခဲ့ပါ။ ဒီလုပ်ရပ်ဟာ မှားတယ်ဆိုတာကို လက်ခံတယ်။ ဗိုလ်ချုပ်အကို ဦးအောင်သန်း ရေးတဲ့ ၁၆ နှစ် နိုင်ငံရေး အတွေ့အကြုံ စာအုပ်မှာ ဦးကျော်ငြိမ်း ကိုယ်တိုင် နောင်တရကြောင်း ဖော်ပြခဲ့တာပဲ။ ဒါက အာဏာရဲ့ ကြောက်စရာကောင်းတဲ့ သာဓက တခုပဲ။


ကြုံလို့ပြောရရင် - သခင်တင်မြဟာ ဘုံဘဝမှာဖြင့် ထပ်ချပ်မကွာ စာအုပ်မှာ ဦးကျော်ငြိမ်းဟာ ရက်စက် လိုက်တာလို့ ထောင်တွင်း အဖြစ်အပျက်ကို ရည်ညွှန်း - ဖော်ပြရင်းစွပ်စွဲခဲ့တယ်။

ဒါက သူ့ရဲ့ သဘောထား ထောင်တွင်းမှာ ကိုယ်တိုင် ခံစားမှုအရ ဖြစ်ပေါ်လာတဲ့ ခံစားမှု တင်ပြခံစားခွင့် ရှိတယ်လို့ မြင်မိတယ်။

တဖက်က ပြန်ကြည့်ရင် အစိုးရနဲ့ သူပုန် အပြန်အလှန် ချေမှုန်းရမယ်။ ဒါ ပကတိ (အာဏာ) ရဲ့ ဖြစ်ရပ်။ အစိုးရဖြစ်ပြီဆိုရင် ငြိမ်ဝပ်ပိပြားရေးနဲ့ လုံခြုံရေးတာဝန် ရှိလာတယ်။ စပ်တပ်ရှိရမယ်။ ပုလိပ်ရှိရမယ်။ ပြည်ထဲရေးဝန်ကြီး တာဝန်ယူရရင် ဖမ်းမိန့်ပေးရမယ်။ ဒီမိုကရေစီ ပေါ်ထွန်းရုံမက ဒီမိုကရေစီ အခြေတွယ်မှ (ဥပဒေ) အရ ဆိုတာတွေနဲ့ ထိန်းကွပ်နိုင်မယ်။ သူပုန်တွေ ဝိုင်းနေတဲ့ ခေတ်ဦးကာလမှာ (ဥပဒေ) နဲ့ အာဏာ ရှိသူတို့ကို ထိန်းကွပ်ဖို့ အခြေအနေက မပေးလှ - အသက်ရှင်ရေးက အဓိက ပိုကျလာတယ်။

ဒီမိုကရေစီခေတ်က (ထောင်) အခြေအနေ၊ မဆလခေတ်နဲ့ ယနေ့ နအဖ ခေတ် ထောင် အခြေအနေကို ယှဉ်ကြည့်ပါ၊ သုံးသပ်ကြည့်ပါ၊ သခင်တင်မြရာလို့သာ တင်ပြချင်ပါတယ်။

ဦးကျော်ငြိမ်းက ပြည်ထဲရေးဝန်ကြီးဖြစ်ဖို့ ကြိုးစားခဲ့တာ မဟုတ်ရပါ။

ဆိုရှယ်လစ် ဥက္ကဋ္ဌကြီး သခင်မြကို ဦးစားပေးခဲ့ပါတယ်။ ကွန်မြူနစ်တွေ ဆူပူမှုကို ကိုင်တွယ်ဖို့ ပြတ်သားတဲ့ အုပ်ချုပ်မှု (နိုင်) တဲ့ လူ လိုတယ်။ ဥက္ကဋ္ဌကြီးသခင်မြက သဘောကောင်းလွန်း၊ (ပျော့) တယ်လို့ ဗိုလ်ချုပ်အောင်ဆန်းက ယူဆတယ်။ ကျော်ငြိမ်း မင်းကိုင်လို့ ဗိုလ်ချုပ်က ဆိုလာတယ်။ ဦကျော်ငြိမ်းက သူ့ဥက္ကဋ္ဌကို မကျော်ချင်။ ဦကျော်ငြိမ်းရဲ့ Latin လို (Modus Operandi)၊ အင်္ဂလိပ်လို Mode of Operation လုပ်နည်းကိုင်နည်းက နောက်ကွယ်ကသာ ကြိုးဆွဲချင်တယ်။ ရှေ့ထွက်နေရာ မလိုချင်။ ဦကျော်ငြိမ်း ဇနီး ဒေါ်နွဲ့နွဲ့ရီက နိုင်ငံရေး နားလည်တယ်။ “ရှင် … ပြည်ထဲရေး ဝန်ကြီးနဲ့ စထွက်ရင် နာမည်ပျက်မယ်” လို့ သတိပေးတယ်။ အစည်းအဝေးမှာ ဦးကျော်ငြိမ်းက ငြင်းလိုက်တယ်။

ဗိုလ်အောင်ကြီးက ဒေါ်နွဲ့နွဲ့ရီကို လာဆူပူ အပြစ်တင်တယ်။ (မှတ်ချက် - ဒေါ်နွဲ့နွဲ့ရီ၏ ကိုယ်ရေးမှတ်တမ်းမှ)

ဒါ ပါတီက ဆုံးဖြတ်တာလို့ ဆိုတယ်။ နောက်ဆုံး ဖဆပလ အီးစီ (EC) ဆုံးဖြတ်ချက်ကို လက်ခံ လိုက်ရတယ်။ ကွန်မြူနစ်တွေ ဦးစီးတဲ့ ဆန္ဒပြပွဲ ဆန်လုပွဲမှာ အရှေ့က မိန်းမနဲ့ ကလေးတွေကို မပစ်နဲ့၊ နောက်က ကွန်မြူနစ်တွေကို ပစ်လို့ ဗြောင်ကြေညာမှ ရပ်သွားတယ်။

ထင်တဲ့အတိုင်း ပြည်ထဲရေးဝန်ကြီး အလုပ်က နာမည်ပျက်တယ်။ ဦးကျော်ငြိမ်း မသိလို့မဟုတ် တာဝန်ကို မရှောင်နိုင်။

ဗိုလ်ချုပ်အောင်ဆန်းက သတ္တိရှိတယ်။ ဦးကျော်ငြိမ်း ကိစ္စဆိုပြီး မိန့်ခွန်းပေးရင်း အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ဦးကျော်ငြိမ်း လုပ်ရတာလို့ တာဝန်ခံတယ်။ မရတော့ (မှတ်ချက်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများစာအုပ် (မကျေနပ်ရင် ထွက်ပေးမယ်) မိန့်ခွန်း စာမျက်နှာ ၃၂၁ -၃၂၂ တွင် ကြည့်ပါ။)
ကွန်မြူနစ်တွေရဲ့ ပစ်မှတ် အဖြစ်ခံရပြီ။

အာဏာဆိုတာက ကြောက်စရာကောင်းတယ်။

တိုင်ပြည်အာဏာ မပြောနဲ့ တောထဲမှာပင် လူ လေးရာ ထောင်ဂဏန်းထဲမှာတောင် အာဏာကြောင့် အချင်းချင်း ဖြုတ်ထုတ်သတ် လုပ်ခဲ့ကြတယ် မဟုတ်ပါလော? ရဲဘော်ဋ္ဌေးခမျာ မိမိသားအရင်း လက်ချက်နဲ့ သေခဲ့ရတယ် မဟုတ်ပါလော?

ဗိုလ်မှူးချုပ်ကျော်ဇောသာ ဦးကျော်ငြိမ်းနဲ့ တိုက်ပွဲမှာ အတူရှိလို့ ကိုယ်တွေ့ အတွေ့အကြုံအရ - ဦးကျော်ငြိမ်းကို သတ္တိမရှိလို့ စွပ်စွဲလာရင် ငြင်းဆိုစရာ မရှိပါ။

အခု ဗိုလ်မှူးချုပ်ကျော်ဇောက တိုင်း ၄ ပဲခူး၊ ဦးကျော်ငြိမ်းက ရန်ကုန်မှာ။

ဦးကျော်ငြိမ်း ဘာကြောင့် တိုင်း ၆ ကို မသွားဘဲ ရန်ကုန်မှာ နေရတယ်ဆိုတဲ့ အကြောင်းတွေ ထဲမှာ အရေးပါတဲ့ အကြောင်းတခုက ရန်ကုန်မှာ လုပ်ဖော်ကိုင်ဖက် ဦးဘဆွေကြီး အဖမ်းခံရတယ်။ ဦးကျော်ငြိမ်းရဲ့ အားနည်းချက်က ရဲဘော်ထိရင်မရ။ ဆိုရှယ်လစ် ရဲဘော်အချင်းချင်း အသေမခံနိုင်။ အထူးသဖြင့် ဦးဗဆွေလို ရောင်းရင်းမျိုး၊ တဖက်မှာ ကွန်မြူနစ်တွေရန်က ရှိသေးတယ် မဟုတ်ပါလား? ဦးနုကို ကပ်ပြောကာ၊ ဒေါက်တာဘမော်ကို အကူအညီ တောင်းရတယ်။ ဝင်လုဖို့ ကြံစည်ရတယ်။ အဲဒီတုန်းက ဇနီးသည်က ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့။ ကိုကို သေခဲ့ရင် ကလေးတွေကို ချစ်ကြောင်း ပြောပေးပါလို့ မှာခဲ့ရှာတယ်။ သေမယ်၊ မသေမယ် မပြောနိုင်။ (မှတ်ချက်။ ဒေါ်နွဲ့နွဲ့ရီ၏ ကိုယ်တွေ့မှတ်တမ်းမှ)

ကင်ပေတိုင်ကလာအဖမ်း နောက်ပေါက်ကနေ ထွက်ပြေးခဲ့ရတယ်။ ဦးနုရဲ့ တာတေစနေသား မှာလည်း ဖော်ပြ ထားပါတယ်။

ဖက်ဆစ်တော်လှန်ရေး စစ်တိုင်းတွေခွဲကြတော့ ပထမ စစ်တိုင်းမှူးတွေကို ရွေးပြီးမှ နိုင်ငံရေးမှူးတွေကို ရွေးပါတယ်။ ဦးကျော်ငြိမ်းရဲ့ ကိုယ်တွေ့မှတ်တမ်းအရ ဗိုလ်မှူးချုပ်ကျော်ဇောက ဦးကျော်ငြိမ်းကို သူ့တိုင်းလာဖို့ ဖိတ်ခေါ်တယ်။ ဦကျော်ငြိမ်းအတွေးက ဗိုလ်ချုပ်ကျော်ဇောက ကွန်မြူနစ် ဗိုလ်ရဲထွဋ်က ကွန်မြူနစ် အပြည့်အဝ မဖြစ်သေး။ ဗိုလ်ရဲထွဋ်က ပိုစိတ်ချရနိုင်တယ် တွေးလို့ ဗိုလ်ရဲထွဋ်တိုင်း သွားမယ်ဆိုပြီး ပြောခဲ့တယ်။ သခင်ချစ်က ဒါဆို ကျုပ် ဗိုလ်ကျော်ဇောဆီ သွားမယ်ဆိုပြီး အဆင်ပြေသွားကြတယ်။ (မှတ်ချက်။ ဦးကျော်ငြိမ်း၏ ကိုယ်တွေ့မှတ်တမ်းမှ)

တိုင်းတွေအတွက် စစ်ရေးတာဝန်ခံ၊ နိုင်ငံရေးတာဝန်ခံတွေ ခွဲပြီးပြီ။ တကယ်တိုက်ကြတော့ အားလုံး စီစဉ်တဲ့အတိုင်း ဖြစ်မလာ။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်း ၁ စစ်ရေးတာဝန်ခံ၊ ကိုဗဟိန်းက တိုင်း ၁ နိုင်ငံရေး တာဝန်ခံ။

လက်တွေ့ကျတောာ့ ဗိုလ်ချုပ်ဟာ တော်လှန်ရေးတခုလုံးကို ခေါင်းဆောင်နေရလို့ ဗိုလ်မောင်မောင် (ဆိုရှယ်လစ်) ကို စစ်တိုင်းတာဝန် ယူစေတယ်။ သခင်ဗဟိန်းက တိုင်း ၁ ကို မသွားတော။့ ဦးကျော်ငြိမ်း ကိုယ်တိုင် ရေးသွားတဲ့အတွက် သိခဲ့ရတာပါ။ ဒီအဖြစ်က ရာဇဝင်မှာ သိပ်မထင်ပေါ်ခဲ့။

စာပေသမားအများစုက လက်ဝဲယိမ်းတာမို့ ဖုံးဖိခဲ့ကြသလားမသိ? ကျနော် ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ တွေ့တော့ ဒီဖြစ်ရပ်ကို မေးကြည့်တယ်။

ဒါတော့ သူ နေမကောင်းလို့ သူ့နေရပ် သူပြန်သွားတာဖြစ်မှာပေါ့လို့ ချက်ချင်း ဖြေတယ်။

ကိုကျော်ငြိမ်းက ဦးဗဆွေကြီးကို ကယ်ဖို့ ရန်ကုန်မှာ ကျန်ခဲ့တယ်။ တာဝန်ကျရာ တိုင်း ၆ ကို မသွား။ သခင်ဗဟိန်းက တိုင်း ၁ ကို မသွား။ တယောက်က သတ္တိနည်းသူတဲ့၊ တယောက်ကျတော့ ကျန်းမာရေး ကြောင့်တဲ့။

ကျနော်အမြင်အရ ဗိုလ်ချုပ်ကျော်ဇောအနေဖြင့် တယောက်အကြောင်းမှ အတိအကျ မသိနိုင်ပါ။ ကိုယ့်တာဝန်နဲ့ ကိုယ် အလုပ်များနေကြသူတွေ ဖြစ်တယ်။ အန်ကယ် မသိဘူးဆိုရင် ပို အဖြေမှန်ပါလိမ့်မယ်။

ကျနော့်အမြင်ကို ဖြည့်စွက်ရရင် ဦးကျော်ငြိမ်း ကွန်မြူနစ် စစ်ဗိုလ်တွေကို စိတ်မချသလို ကိုဗဟိန်းက ဆိုရှယ်လစ် စစ်ဗိုလ်ကို စိတ်မချ။ တဖက်နဲ့တဖက် မယုံနိုင်ကြ။ ရာဇဝင်ကို အမှန်အတိုင်း ဖြစ်စေချင်လို့ တင်ပြခြင်းသာ ဖြစ်ပါတယ်။ စောဒက တက်စရာ ရှိပါသေးသည်။ ဒီကနေ့ အပြင်မှာ အော်နေကြသူတွေနဲ့ အထဲမှာ လှုပ်ရှားနေကြသူတွေမှာ ဘယ်သူတွေက အန္တရာယ်ကြီးမား တယ်လို့ ထင်ပါသလဲ။ သတ္တိရှိသူလို့ ယူဆနိုင်ပါသလဲ။ ဖက်ဆစ် ဂျပန်ကြားမှာ လှုပ်ရှားရခြင်းက အန္တရာယ်မသေးပါ။

(သတ္တိ) ဆိုသည်မှာ ရင်ဆိုင်တိုက်ရတဲ့ စစ်ပွဲတွင်မှမဟုတ်၊ ထောင်ထဲမှာ ရန်သူရဲ့ အညှဉ်းဆဲခံရတော့ (သတ္တိ) ရှိမရှိ ပေါ်လာပြန်ပါတယ်။

တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးစကာလ နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်း၊ နိုင်ငံရေး ပါတီတွေကို နှိမ်နင်းစဉ်၊ ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်တွေ ထဲမှာ ဦးကျော်ငြိမ်းဟာ အညှဉ်းဆဲ အခံရဆုံး နိုင်ငံရေး ခေါင်းဆောင် တယောက်လို့ ဆိုနိုင်ပါတယ်။ cage လို့ ခေါ်တဲ့ လှောင်အိမ်ထဲမှာထားပြီး အညှဉ်း ခံခဲ့ရပါတယ်။

အာဏာသားကတော့ ဗိုလ်မှူးကြီ်းသန်းညွန့်ပါ။ ထိုစဉ်က စစ်တပ်ထဲမှာ သန်းညွန့် ၂ ယောက် ရှိပါတယ်။ အရမ်း သန်းညွန့်နဲ့ ရှီကာဂို သန်းညွန့်။ ဦးကျော်ငြိမ်းကို နှိပ်စက်သူမှာ အရမ်း သန်းညွန့် ဖြစ်ကြောင်း မှတ်တမ်း တင်ပါရစေ။ ဦးတင်မောင်ဝင်းရဲ့ (နိုင်ငံရေးသမားနဲ့ နိုင်ငံရေး) စာအုပ်၊ စာမျက်နှာ ၃၃၁ မှ ၃၃ရ၊ ရေကြည်အိုင်မှ ဇာတ်လမ်းများတွင်လည်း တပိုင်းတစ ဖော်ပြထားပါသည်။)

ဦးကျော်ငြိမ်းရဲ့ သွေးစွန်းနေတဲ့ ကော်လာပြတ် အဖြူရောင် ရှပ်အင်္ကျီကို ယနေ့ထက်တိုင် အမှတ်တရ သိမ်းထားပါတယ်။ ဒါ ကျနော်တို့ မိသားစုအတွက် မမေ့ပျောက်နိုင်တဲ့ သက်သေတခုပါ။

ကျနော်သိသမျှ တင်ပြရပါရင် ဦးကျော်ငြိမ်းနဲ့အတူ ဗိုလ်လကျာ်၊ ဗိုလ်စင်္ကြာ၊ ဗိုလ်မှူးထွန်းတင်နဲ့ UMP တပ်မှူးဟောင်းတွေ၊ အောင်ပင်လယ်ဦးသိန်းဖေ အစရှိတဲ့ စစ်အာဏာရှင် ဆန့်ကျင်ကြသူတွေက စစ်အာဏာရှင် ပြုတ်ကျရေးကို စဉ်းစားခဲ့ကြပါတယ်။

စစ်တပ်က နောင်မလုပ်ရဲအောင် ကျနော့်အဖေကို ရှေ့တန်းတင်ကာ Show Trial လုပ်ပြီး အပြစ်ပေးဖို့ အစီအစဉ် လုပ်လာပါတယ်။ (မှတ်ချက်။ ဗိုလ်ကြီးအုန်းကျော်မြင့်ကို စတေးခဲ့သည့် အတွက် ယနေ့အထိ စစ်တပ်တွင် တန်ပြန် အာဏာသိမ်းမှု မပေါ်ပေါက်တော့ပါ။ ဦးနေဝင်း၏ တွေးနည်းနှင့် လုပ်ကွက်ကို ချင့်ချိန်အောင် တင်ပြခြင်းပါ။)

ဦးကျော်ငြိမ်းအမှုကြီးတာကတော့ တကယ် မှန်ပါတယ်။ ဦးဝင်းကို အပြည့်အစုံ ထုတ်မပြောခဲ့တာက လေးစားမှုကြောင့် အမှု မပတ်သက် စေချင်လို့ပါ။ ဗိုလ်စင်္ကြာ ဝင်တည်းသွားတဲ့ အမှုနဲ့ ဗိုလ်မှူးကြီးတင်မောင် (မြတ်ထန်) အဖမ်းခံရပါတယ်။

ကျနော်က အဲဒီတုန်းက ၈ တန်းကျောင်းသား။ အဖေက နောက်ဆုံးကောင်းမှု လုပ်ဖို့ စိတ်ဖြစ်လို့ ထင်ပါတယ်၊ သားတွေကို ရှင်ပြုလိုက်ပါတယ်။ အမေက သာသနာ့ရိပ်သာမှာ ကျနော်တို့ ညီအကိုတွေကို သင်္ကန်း စီးပေးခဲ့ပါတယ်။

ကျနော့်ဖခင်ကြီးခမျာ နောက်ဆုံး သတ်သေဖို့ ကြိုးစားခဲ့ရာ ဗိုလ်ချုပ်နေဝင်း ချက်ချင်း ရောက်လာပြီး ကြမ်းပြင်ပေါ်မှာ ခွေခွေလေး ပုံလျက်လဲနေတဲ့ ကျနော့်အဖေကို တွေ့သွားရာ စိတ်လည်ပြီး အစီအစဉ် အားလုံးကို ဖျက်မိန့် ပေးလိုက်တယ်လို့ သိရပါတယ်။

တချိန်က ဖဆပလ အဖွဲ့ကြီးမှာ အပြိုင်ဖြစ်ခဲ့ကြလို့ ရန်ဆောင်ခဲ့ကြတဲ့ ဦးတင်မောင်ဝင်းရဲ့ ဖခင်ကြီး ဦးဝင်းနဲ့ ဦးကျာ်ငြိမ်းတို့ ထောင်ထဲမှာ ယုံကြည်မှုအပေါ် ရပ်ခဲ့ကြတဲ့ နိုင်ငံရေးသမား အချင်းချင်း ပြန်လည်သင့်မြတ် အပြန်အလှန် လေးစားခဲ့ကြတယ်။

“ဒီကနေ့ နိုင်ငံရေးသမားတွေတွေထဲမှာ ဘယ်သူ့ကို မင်း အလေးစားဆုံးလဲ” လို့ မေးလာရင် “ဦးကျော်ငြိမ်းတယောက် ထိပ်ဆုံးက ပါသည်” လို့ ဖြေပါမယ်လို့ ဦးတင်မောင်ဝင်းက ရေးသွားခဲ့ပါတယ်။

နိုင်ငံရေးသမားတွေ လောကမှာ အတိအကျ မသိကြပေမယ့်လည်း အနည်းနဲ့ အများ ဦးကျော်ငြိမ်း အနှိပ်စက် ခံခဲ့ရတာကို သိကြပါတယ်။ ကွန်မြူနစ်တွေ အကြားတော့ မသိပါ? မသိတာလား? မသိချင်တာလား? ဆိုတာကို ခွဲခြားဖို့ ခက်ပါတယ်။

ဂျပန်တော်လှန်ရေး မစခင်ပင် သခင်သန်းထွန်းနဲ့ ကွန်မြူနစ်တွေ ဂျပန်ရန်က ကင်းလွတ်ဖို့ ရန်ကုန်ကနေ ရှောင်ပြေးကြပြီလို့ ဦးကျော်ငြိမ်းကိုယ်တိုင် သံသယနဲ့ ရေးခဲ့ဖူးပါတယ်။

အမှန်က တော်လှန်ရေးကို ဘယ်ပါတီကမှ (မပိုင်) ပါ။

ပုဂ္ဂိုလ်တဦးတယောက်ထဲကလည်း (မပိုင်) ပါ။

တိုင်းပြည်နဲ့ လူမျိုးကို ချစ်စိတ်နဲ့ အရဲစွန့်၊ အသက်စွန့်ကာ တော်လှန်ရေးကြီးမှာ ကိုယ်နိုင်တဲ့ အခန်းကဏ္ဍ ကနေ ဝင်ပါခဲ့ကြတာပါ။

လွတ်လပ်ရေးကာလ ရာဇဝင်ကို ရေးကြရာမှာ စာရေးသူအများစုက ကိုယ်ပါခဲ့တဲ့ အခန်းကဏ္ဍနဲ့ သိဖူး ကြားဖူးတာလေးတွေပဲ ရေးကြတာပါ။ အပိုင်းအစတွေသာ ဖြစ်ကြပါတယ်။

ရာဇဝင် သုတေသီတွေကမှ စာအုပ်စာတမ်း မြောက်မြားစွာကို ဖတ်ရှုလေ့လာပြီး ဘက်လိုက်မှု မပါဘဲ (Professional ဖြစ်ခဲ့ရင်) မှတ်တမ်းအတွက် တင်ပြကြရပါတယ်။

ကျနော်ဟာ အဖေ့အကြောင်းကို ရေးနိုင်ဖို့ စာအုပ်စာတမ်း မြောက်မြားစွာကို ရှာဖွေဖတ်ရှုရုံမက အချိန်ပေး သုတေသန ပြုခဲ့ရပါတယ်။ အဖေတို့ခေတ်က လူကြီးတွေ ပြန်ပြောကြတာတွေ၊ ဆွေးနွေးကြတာတွေ ကတဆင့် သိခဲ့ရတာတွေ ရှိခဲ့ပါတယ်။ အများကို မထုတ်ဖြစ်တဲ့ စာတမ်းတွေ (Unpublished documents) ကို ကျနော် စုဆောင်းထားပါတယ်။

လူငယ်တွေကိုလည်း ဘက်စုံအမြင်ကို ယူပြီးမှ Full-Context အနေနဲ့ ကြည့်စေ ချင်ပါတယ်။

အမှန်က ရဲဘော်သုံးကျိပ်ကို တာဝန်ယူ လွှတ်သူများမှာ ယူဂျီလို့ခေါ်တဲ့ မြေအောက် တော်လှန်ရေးသမား ဖြစ်ပါတယ်။ တကသ ကောလိပ်ကျောင်းသားတွေနဲ့ သခင်မြရဲ့ တို့ဗမာ အစည်းအရုံးဝင်တွေ ဖြစ်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ကိုဗဆွေ၊ ကိုကျော်ငြိမ်း၊ ကိုဗဟိန်း၊ သခင်ချစ်တို့ ပါဝင်ခဲ့ကြတယ်၊ ပြည်သူ့ အရေးတော်ပုံ ပါတီလို့ ခေါ်ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းက အမြော်အမြင်ကြီးတယ်။ ဂျပန်အတွက် လူလွှတ်တော့ အဖွဲ့စုံအောင်ပါဖို့ သတိပေးတယ်။ ဒေါက်တာဘမော် အဖွဲ့ကိုတောင် လျှို့ဝှက် အစည်းအဝေးကို ဖိတ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဦးကျော်ငြိမ်းနဲ့ သခင်ချစ်တို့ ရန်ကုန်မှာ ခေါင်းဆောင်အဖြစ် ကျန်ခဲ့ကြတယ်။ သခင်ချစ်ဟာ ကွန်မြူနစ်ပါတီမှာ ယူဂျီ ဘိုးအေ ဖြစ်လာပါတယ်။ သတ္တိမရှိဘဲ၊ဲအသက်မစွန့်ရဲဘဲ ယူဂျီခေါင်းဆောင် မဖြစ်နိုင်ပါ။ ဗိုလ်မှူးချုပ် ကျော်ဇောရဲ့ သားမက် - ၈၈၈၈ အပြီး အဖမ်းခံရတဲ့ ကွန်ုမြူနစ်ပါတီ် (အထက်ဗမာပြည်) ယူဂျီခေါင်းဆောင် ဦးသက်ခိုင် တယောက်ကိုသာ မေးကြည့်ကြပါ။

အသက်ပေး လုပ်ခဲ့ရတဲ့ ရောင်းရင်းတွေဖြစ်လို့ ဦးကျော်ငြိမ်းဟာ သခင်ချစ်ကို သံယောဇဉ် ကြီးရှာတယ်။ အမေကလည်း သခင်ချစ် မိန်းမကို ခင်ရှာတယ်။ မမေ့နိုင်ကြ။ သခင်စိုး၊ သခင်သန်းထွန်းတို့က ဂျပန်နဲ့ ပေါင်းရမှာကို လက်မခံခဲ့ကြ။ ဒါ့ပြင် သူတို့က သခင်နုနဲ့အတူ ထောင်ထဲမှာ ယူဂျီသမားတွေ စွန့်ပြီး မြေအောက် တော်လှန်ရေး လုပ်ခဲ့ကြလို့ ရဲဘော်သုံးကျိပ် ဂျပန် ရောက်ခဲ့ကြပါတယ်။

ရဲဘော်သုံးကျိပ်ကြောင့် တော်လှန်ရေးကြီး အစရလို့ အရှိန်ကောင်းခဲ့တယ်။ သခင်သိန်းဖေ အိန္ဒိယပြည်ကို စွန့်သွားခဲ့လို့ Force 136 နဲ့ ချိပ်မိခဲ့တယ်။ ကွန်မြူနစ်၊ စစ်တပ်၊ ပြည်သူ့ အရေးတော်ပုံ ပါတီ စုမိလို့ ဖဆပလ ပေါက်ဖွားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကြောင့်လည်း အားလုံး စုမိကြပါတယ်။ အားလုံး …. အားလုံး ….. အချိပ် အဆက်တွေ ဖြစ်ကြပါတယ်။ လူမသိ သူမသိ ပေးစပ်ခဲ့သူတွေက အနန္တ။ လူသိသူ တချို့သာ ကျော်ကြား ခဲ့ကြပါတယ်။

အစက်တစက်ထဲကို ကွက်မကြည့်နိုင်ပါ၊ မကြည့်သင့်ပါ၊ အစက်အားလုံးကို ဆက်ကာ …. ဆက်ကာ …. ကြည့်ရပါမယ်။

ဒီလို ခြုံကြည့်တတ်ရင် သူတော်တယ်၊ ငါတော်တယ်၊ ငါ့ပါတီက ဦးဆောင်ခဲ့တယ်၊ သူ့ပါတီက ဦးဆောင်ခဲ့တယ်လို့ မဏ္ဌပ်တိုင် တက်ပြနေစရာ မလိုတော့ပါ။ တော်လှန်ရေးဆိုတာက တယောက် အားနဲ့ ယူလို့ မရပါ။ အများအားနဲ့ ယူမှ ရနိုင်ပါတယ်။

ရှစ်လေးလုံး အရေးတော်ကြီး မဖြစ်ခင် နှစ်များမှာ ကွန်မြူနစ်ပါတီက ပြည်တွင်းရှိ နိုင်ငံရေး သမားကြီးတွေကို ဆက်သွယ် ခဲ့ပါတယ်။ ဘယ်သူတွေ ဘယ်နှစ်ယောက် သတ္တိရှိရှိ ပြန်ကြားခဲ့တယ် ဆိုတာကို ထုတ်ဖော် စေချင်ပါတယ်။ ဦးကျော်ငြိမ်းရဲ့ ပြန်စာကိုဖတ်ပြီး သခင်ဗသိန်းတင် မျက်ရည် လည်သွားတယ်လို့ သိရပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံသားတွေမှာ မှားယွင်းတဲ့ အယူအဆ ရှိတယ်လို့ မြင်မိပါတယ်။ သူရဲကောင်း ကိုးကွယ်တဲ့ ဝါဒ အကျင့် ဖြစ်ပါတယ်။ မိမိ အထင်ကြီးသူကို သော်၎င်း၊ ကိုးကွယ်သူကို သော်၎င်း အပြစ် မမြင်ကြတော့၊ ပြန်မမေးရဲ ပြိုင်မဆွေးနွေးရဲကြ။ သူရဲကောင်း ဆိုသူတွေမှာ ဘုရားရဟန္တာ မဟုတ်ကြပါ။ ပါတီစုံ ဒီမိုကရေစီကို တကယ်ယုံပါရင်၊ Critical-Thinking တကယ်ရှိပါရင် မိမိတို့ ခေါင်းဆောင်တွေကို မေးခွန်း ထုတ်ရဲရပါမယ်။

ကျနော့်အမြင်အရ မြန်မာပြည်ကို ဖျက်ဆီးခဲ့တာက ဦးနေဝင်းရဲ့ စစ်အာဏာရှင် စနစ်ဆိုးကြီးနဲ့ စစ်ဗိုလ်ချည်း သက်သက် မဟုတ်ရပါ။

မဆလကို ကျောထောက်နောက်ခံ အားပေးခဲ့ကြတဲ့ ကွန်မြူနစ်တွေလည်း ပါကြပါတယ်။ ၎င်းတို့ ထောက်ခံကြရာမှာ ဦးနေဝင်းက ပါတီစုံ ဒီမိုကရေစီ အစား ဗဟို ဦးစီးစနစ်ကို ရွေးချယ်ခဲ့လို့ ဖြစ်ပါတယ်။ Marx ဝါဒ Marxism ကို လက်ခံသောကြောင့် ဖြစ်ပါတယ်။

ဒီကနေ့ လူငယ်တွေကို သတိရှိစေချင်ပါတယ်။

ကျနော် ဗိုလ်မှူးချုပ်ကျော်ဇောကို လေးစားမှု လျှော့မသွားပါ။ ဗိုလ်မှူးချုပ်ကျော်ဇောကို သိစေချင်ပါတယ်။ ဗိုလ်ချုပ်ကျော်ဇော သာမက ဒေါက်တာ လှကျော်ဇောနဲ့ ဦးအောင်ကျော်ဇော တို့ကိုလည်း လေးစား ခင်မင် မိပါတယ်။ ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ မိသားစုအနေနဲ့ ကျနော့်အမြင်နဲ့ တင်ပြချက်ကို နားလည် စေချင်တယ်။

ကွန်မြူနစ်၊ ဆိုရှယ်လစ်ရယ်မဟုတ် လွတ်လပ်ရေးအတွက် တိုင်းပြည်ကိုချစ်လို့ အသက်ပေး တိုက်ခဲ့ကြ သူချည်းတွေပဲ ဖြစ်ခဲ့ကြပါတယ်။ ကိုယ်သာတယ်၊ သူသာတယ်လို့ မမြင်ပါ။ ယုံကြည်မှု၊ ပုဂ္ဂိုလ်နဲ့ တာဝန်ကို ခွဲခြား မြင်စေလိုပါတယ်။

နောက်ခေတ် လူငယ်တွေ ပိုနားလည်လို့ ညီညွတ်စေလိုတာက စာရေးသူရဲ့ စေတနာပါ။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေ။

Ref: မဇ္ဈိမ

Read More...

Tuesday, December 29, 2009

နယ်ခြားစောင့်တပ်ရင်းအနီး နအဖစစ်တပ် လာရောက်တပ်စွဲ

ပေါက်ပေါက်/ ၂၈ ဒီဇင်ဘာ ၂၀၀၉

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်သည့် ကချင်အထူးဒေသ (၁)၊ ယခင် ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နယ်မြေ အတွင်းရှိ နယ်ခြားစောင့် တပ်ရင်းအနီးတွင် မကြာသေးမီ ရက်ပိုင်းကစ၍ နအဖက တပ်စခန်းအသစ် တခု ဆောက်လုပ်ကာ တပ်စွဲနေသည်။

အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ အိမ်မဲမြို့ အခြေစိုက် ခလရ (၆၃) က တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းအနီး စင်ကျိုင်တွင် ဖွင့်လှစ်ထားသည့် အမှတ် (၁ဝဝ၃) တပ်ရင်းအနီးတွင် အဆောက်အဦး တန်းလျားအသစ်များ ဆောက်ကာ တပ်ချထားသည်ဟု ကန်ပိုက်တီးမှ ပြန်လာသူ မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။

၎င်းက “ဆဒုံးနဲ့ ကန်ပိုက်တီး အကြားမှာ၊ နယ်ခြားစောင့်တပ် လုပ်ထားတဲ့ အမှတ် (၁ဝဝ၃) နဲ့ မလှမ်း မကမ်းမှာ တပ်တည်နေတယ်။ အဆောက်အဦးတွေ ဆောက်ပြီးတဲ့ဟာလည်း ပြီးနေပြီ။ အချို့လည်း ဆောက်နေတုန်းပဲ။ မိသားစုတွေတော့ ပါလာတာ မတွေ့ သေးဘူး။ ဧရာဝတီတိုင်းက တပ်ပေါ့။ မပခ တပ်ကတော့ လုပိနားမှာ ရှိတယ်။ အမှတ် (၁ဝဝ၂) ရှိတဲ့ဘက်မှာ။ အဲဒါကတော့ အရင်ကတည်းက တပ်စခန်း ထိုင်နေတာ” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း အခြေစိုက်ထားသည့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက်ခံ တပ်များ၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) နှင့် ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်များကို မထားဘဲ အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ကို လာရောက် အခြေစိုက် တပ်စွဲစေခြင်းမှာ ထူးခြားကြောင်းနှင့် အဆိုပါ ဒေသတွင်းမှ တပ် ပြန်ဆုတ်ရန် မရှိဘဲ တိုးပြီးချထားရန်သာ ရှိနိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “နယ်ခြားစောင့်တပ်ဆိုတာ တချိန်ချိန်မှာ ဖျက်မှာပဲ။ ယုံကြည်ရတဲ့သူတွေကို သူ့တပ်ထဲကို ဆွဲသွင်းမယ်။ ဒါကြောင့်မို့ ယုံကြည်ရတဲ့ သူတို့တပ်ကို လာထားတာပဲ။ ကိုးကန့်ကျတော့ ဗမာတပ်ရင်း (၇ ၊ ၈) ရင်း ရှိတယ်။ နယ်ခြားစောင့် တပ်တွေနဲ့ ဒေသကို ခြေနိုင် လက်နိုင်ဖြစ်အောင် သူ့ရဲ့ အဓိကတပ်တွေကို လာပို့ထားတာပဲ။ အိမ်မဲဆိုတာ အဝေးကြီးလေ။ မပခမှာလည်း တပ်အများကြီးပဲ၊ စကခ (၃) တို့၊ စကခ (၂၁) တို့ရှိတယ်။ တနိုင်းက ဒကစ တပ်ရှိတယ်။ အဲဒီရင်းတွေက လာထားလို့ ရရက်သားနဲ့ နတခအောက်က တပ်ကို ဆွဲထုတ်လာထားတာက ရေရှည်အနေနဲ့ ဒီဒေသကို ချုပ်ကိုင်နိုင်အောင် လာထားတာပဲ။ နောက်ထပ်လည်း လာနိုင်သေးတယ်” ဟု ပြောသည်။

ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) တပ်ဖွဲ့ ခေါင်းဆောင်များဖြစ်ခဲ့သည့် ဦးဆခုံတိန့်ယိန်းနှင့် ဦးလယောက်ဇယ်လွန်း တို့သည် ၁၉၇ဝ ခုနှစ်ဝန်းကျင်က ကချင်ပြည် လွတ်လပ်ရေးအဖွဲ့မှ လူအင်အား (၂ဝဝ) ခန့်ဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) သို့ ကူးပြောင်း လာခဲ့သည်။

ဗကပ၏ (၁ဝ၁) စစ်ဒေသအဖြစ် သတ်မှတ်ဖွဲ့စည်းပေးခဲ့ရာမှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗကပမှ ခွဲထွက်ကာ (NDA-K) တပ်ဖွဲ့ ထူထောင်ပြီး နအဖနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ခဲ့ကာ နိုဝင်ဘာ (၈) ရက်တွင် နယ်ခြားစောင့် တပ်ရင်း (၃) ရင်းဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Monday, December 28, 2009

ဝ ဒေသအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ၀ တပ်ဖွဲ့က ကာကွယ်သွားမည်

ပေါက်ပေါက်
၂၅ ဒီဇင်ဘာ ၂၀၀၉

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ ထိန်းချုပ်ရာဒေသ အတွင်းရှိ တရုတ် ကုမ္ပဏီတို့၏ ရင်းနှီး မြှုပ်နှံမှုများ ပျောက်ပျက် ဆုံးရှုံးမှု မရှိရေးအတွက် ကာကွယ်သွားကြရန် ဝတပ်ဖွဲ့က ဆုံးဖြတ်ထားသည်။

ရှမ်းပြည်တောင်ပိုင်း၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ ဝမ်ဟုန်ဒေသ အပါအဝင် ဝတပ်ဖွဲ့ ထိန်းချုပ်ရာ နယ်မြေများ အတွင်း ၁၉၉၅ ခုနှစ် ကတည်းက စ၍ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး စီမံကိန်းအရ ရာဘာစိုက်ခင်း ဧက (၁) သိန်းဝန်းကျင်၊ လက်ဖက်စိုက်ခင်း ဧက (၃) သောင်းကျော် စိုက်ပျိုးထားပြီး အများစုကို တရုတ် ကုမ္ပဏီတို့က ရင်းနှီး မြှုပ်နှံထားသည်ဟု ဝသတင်း ရပ်ကွက်အရ သိရသည်။

ထို့အပြင် စုစုပေါင်း ကီလိုဝပ် (၁၃,၅၉ဝ) ထွက်ရှိသည့် ရေအားလျှပ်စက်ရုံ (၈) ခုရှိပြီး ရာဘာစက်ရုံ၊ သတ္တုမိုင်းများနှင့် သတ္တုသန့်စင် စက်ရုံများလည်း ရှိရာ အများစုမှာ တရုတ် ကုမ္ပဏီများနှင့် ဝတပ်ဖွဲ့ အကြား အကျိုးတူဖက်စပ် လုပ်ကိုင် နေကြခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီချက်စာချုပ်များ ဆက်လက်အကောင်အထည် ဖော်ရေးနှင့် တရုတ် ကုမ္ပဏီများ၏ ရင်းနှီး မြှုပ်နှံမှုများကို လုံခြုံမှု အာမခံချက် ပေးရန်အတွက် ဝတပ်ဖွဲ့ ခေါင်းဆောင်များက စစ်ဘက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ပြီးခဲ့သည့်လ တွေ့ဆုံစဉ် အတွင်း တောင်းဆိုထားသည်ဟု ဝတပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။

၎င်းက “ဗိုလ်ရဲမြင့်နဲ့ တွေ့တုန်းက တရုတ်နဲ့ စာချုပ်ချုပ်ပြီး လုပ်နေတဲ့ဟာတွေ ကိုလည်း အာမခံဖို့ ပြောခဲ့တယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်၊ ထွက် ဂိတ်ပေါက်တွေနဲ့ ဝနယ်ထဲက သတ္တုတွင်းတွေကို ဝတပ်ဖွဲ့ကသာ လုပ်ပိုင်ခွင့်ပြုဖို့ အာမခံချက် တောင်းခဲ့တယ်။ အဲဒါတွေကို ဗိုလ်ရဲမြင့်က လက်မခံတော့ သူတို့ဒေသနဲ့ အဲဒီ တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီး မြှုပ်နှံမှုတွေကို ကာကွယ် သွားဖို့ ဝ ဗဟို ကော်မတီ အရေးပေါ် အစည်းဝေးက ဆုံးဖြတ်ခဲ့တာပဲ” ဟု ပြောသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA-ESS) ခေါ် မိုင်းလား တပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသအတွင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ စစ်ဆောင်ပန်နား ဒေသနှင့် ဖူအော့မြို့နယ်မှ တရုတ်ကုမ္ပဏီ (၂၁) ခုတို့သည် နှစ်တို၊ နှစ်ရှည် သီးနှံစိုက်ပျိုးရေးတွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည်ဟု ယခုနှစ် မိုင်းလားမြို့တွင် ပြုလုပ်ခဲ့သည့် အနှစ် (၂ဝ) ပြည့် ငြိမ်းချမ်းရေး တည်ဆောက်မှု အခမ်းအနားတွင် မိုင်းလား တပ်ဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းကလည်း ပြောကြားခဲ့သည်။

မြန်မာပြည်ဘက်သို့ လာရောက်ရင်းနှီးမြှုပ်နှံနေသည့် တရုတ်ကုမ္ပဏီ အများစုကို တရုတ်အစိုးရက ငွေထုတ် ချေးထားသဖြင့် တရုတ် အစိုးရဘက်ကလည်း ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေပုံရပြီး မကြာသေးမီ ရက်ပိုင်းက မြန်မာပြည်သို့ သွားရောက် လည်ပတ်ခဲ့သည့် တရုတ် ဒုသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်အောင်မြင်မှုနှင့် ငြိမ်းချမ်းရေးကို မြန်မာ အစိုးရအနေဖြင့် ထိန်းသိမ်း စောင့်ရှောက်သွားရန် တိုက်တွန်း သွားခဲ့ခြင်း ဖြစ်သည်ဟု တရုတ်-မြန်မာ ဆက်ဆံရေး အကဲခတ်များက ခန့်မှန်း ပြောဆို နေကြသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းဖြစ်ပွားခဲ့သည့် ကိုးကန့်အရေးအခင်း ကာလအတွင်း တရုတ်စီးပွားရေး သမားများ၏ ရင်းနှီးမြှုပ်နှံ ထားမှုများ ဆုံးရှုံး နစ်နာမှုအတွက် ယူနန်ပြည်နယ်၊ လင်ချန်းခရိုင် အစိုးရက နအဖထံ အမေရိကန်ဒေါ်လာ သန်း (၄ဝ) ကျော် လျော်ကြေးပေးရန် တောင်းဆိုထားသည်။

Ref: ခေတ်ပြိုင်

Read More...

Sunday, December 27, 2009

နအဖတပ်ရင်းမှ တပ်ရိက္ခာကို တင်ပို့ရန် မော်တော်ကားများကိုအတင်း ချောဆွဲနေ

ဒီဇင်ဘာ ၂၇၊၂၀၀၉။

ကောင်းဝါ(နိုဝင်ဘာ- ၂၇)။ ။ အမှတ်(၄၀၇)ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တင်မောင်မောင် ဒုတပ်ရင်းမှူး အောင်ကျော်မိုး ဦးစီးသော နအဖ စစ်ကြောင်းသည် ဒီဇင်ဘာ(၂၆)ရက်နေ့ နံက်ပိုင်းတွင် ဘုရားသုံးဆူမြို့ နယ်အတွင်းသို့ ရောက်လာသည်ဟု ဒေသခံ ရွာသားတစ်ဦးမှ ပြောပါသည်။

၎င်းခမရ(၄၀၇) ရည်ရွယ်ချက်မှာ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်း ကျေးရွာတွင်အခြေချသော စစ်ဗျူဟာရုံးနှင့် ဘုရားသုံးဆူမြို့ အခြေချ တပ်ရင်းအတွက် ရိက္ခာ ပို့ဆောင်ရန်နှင့် ဘုရားသုံးဆူ၊ သံဖြူဇရပ် မော်တော်ကားလမ်း လုံခြုံရေးယူရန် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တပ်ရိက္ခာများကို သယ်ယူပို့ဆောင်ရန်အတွက် ဘုရားသုံးဆူလမ်း တလျှောက်တွင် ပြေးလွှားနေသော မော်တော်ကားများကို အတင်းအဓမ္မ ချောဆွဲနေသည်ဟု ကျေးရွာ ရယက တစ်ဦးမှ ကောင်းဝါ သတင်းဌာနသို့ ပြောဆို ခဲ့ပါသည်။ တချို့ ကားသမားများမှာ မိမိတို့ ကားချောဆွဲခြင်းမှ လွတ်ကင်းအောင် ကားငယ်များကို ၂၅၀၀ ကျပ်၊ ကားကြီးများမှာ ကျပ် ၂ သိန်းခွဲခန့် သံဖြူဇရပ်မြို့နယ် ဝါဂလီတပ်နယ်မှူးကို ပေးဆောင်ပြီး သော်လည်း ထပ်မံ ချောဆွဲခံနေရသည်ဟု ကားသမားတစ်ဦးမှ ပြောပါသည်။

အမည်မဖေါ်လိုသူ ကားသမားတစ်ဦးအဆိုအရ ဆန်အိတ်ပေါင်း (၃၀၀၀) ကျော်ကို အနန်းကွင်း ဗျူဟာရုံးနှင့် ဘုရားသုံးဆူမြို့ အခြေချ တပ်ရင်းသို့ သယ်ဆောင် ပေးရသည်ဟု ဆိုသည်။ လမ်းကြော တလျှောက်တွင် KNU တပ်ဖွဲ့များမှ ဆန်အိတ်များကို သိမ်းဆည်းခဲ့သဖြင့် ထိုကျသင့်သော ဆန်တန်ဘိုးများကို ကားသမားများမှ အစားထိုး ပေးလျှော် ရသောကြောင့် ၄င်းတို့အတွက် ထပ်ဆင့် နစ်နာနေကြောင်း ပြောဆိုခဲ့ပါသည်။

စစ်တပ်နှင့်နီးစပ်သူတစ်ဦး၏ အဆိုအရ တပ်ရိက္ခာ စုဆောင်းပြီးလျှင် ကေအာန်ယူ တပ်မဟာ (၆) ဒေသကို ထိုးစစ် ဆင်လာနိုင်သည်ဟု ဆိုသည်။ ယခုအခါ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် ဦးဆောင် သောခမရ (၂၈၄) တပ်ရင်းသည် ဘုရားသုံးဆူမြို့သို့ တပ်ချိန်းရန် တက်လာပြီးဟု ကြာအင်းဆိပ်ကြီးမြို့ နယ် ကျေးရွာ ရယက တစ်ဦးမှ ပြောပါသည်။

Ref: ကောင်းဝါ

Read More...

Saturday, December 26, 2009

မြန်မာ့ တပ်မတော်တွင်းက ဆရာများရဲ့  အခန်းကဏ္ဍ (အပိုင်း ၂)

ဗိုလ်ထက်မင်း
သောကြာနေ့၊ ဒီဇင်ဘာလ ၂၅ ရက် ၂၀၀၉

ဒုတိယ အခွင့်အရေး ရသူတွေကတော့ လေလှိုင်း စစ်သည်တွေလို့ ကြံဖန် ဂုဏ်ယူတတ်ကြတဲ့ ဆက်သွယ်ရေး အကြပ်တွေပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ဆက်သွယ်ရေး အကြပ်တွေ စက်ထိန်းသိမ်းမှု ညံ့ဖျင်းရင် အရေးပေါ် ကိစ္စတွေမှာ စက်ခေါ်လို့ မရလောက်အောင် ဒုက္ခရောက်တာ တွေ့ရပါတယ်။ ရှေ့တန်းမှ အရာရှိ စစ်သည်တွေရဲ့ သာရေး၊ နာရေး အုပ်ချုပ်မှု ကိစ္စ စတာတွေကို နောက်တန်းကို အဝင်အထွက် လုပ်ရတဲ့ တခုထဲသော ထွက်ပေါက် ဖြစ်တာမို့ ဆက်သွယ်ရေး စက်ကို မှီခို အားထားနေကြရလို့ ဆက်သွယ်ရေး အကြပ်တွေဟာ အရေး ပါလှသူတွေ ဖြစ်ကြပါတယ်။

တပ်မတော်မှာ တပ်ကြပ်ကြီးတွေနဲ့အထက် အရာခံဗိုလ်အထိ အဆင့်တွေကို ဆရာကြီးတွေလို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ Sergeant လို့ ခေါ်တဲ့ တပ်ကြပ်ကြီးတွေဟာ တပ်စုတစုရဲ့ တခြားအဆင့်တွေ ထဲမှာ အကြီးဆုံးဖြစ်ပြီး သူ့အထက်မှာ အရာရှိသာ ရှိပါတယ်။ သူ့ရဲ့ လက်အောက်မှာ တပ်စိတ် နှစ်စိတ်ကနေ သုံးစိတ်အထိကို ကိုင်တွယ်ခွင့်ရပြီး အတွေ့အကြုံ ရင့်ကျက်လို့ သူတို့ကို နေရာပေးထားခြင်း ဖြစ်ပါတယ်။ အရာရှိတွေကတောင် ဆရာကြီးတွေရဲ့ အကြံဥာဏ်ကို အလေးထားရပြီး တခြားရဲဘော်တွေ၊ ဆရာတွေရဲ့ အကျင့်သီလ၊ လုပ်ရည်ကိုင်ရည်၊ စွမ်းရည်တွေကို သိဖို့ သူတို့ကို မေးမြန်း အားကိုး နေရပါတယ်။

အရာရှိတွေဟာ မကြာခဏ ပြောင်းလဲနေကြတာမို့ တခါတရံ တပ်ကြပ်ကြီး တွေက တပ်စုမှူး အရာရှိတွေ ထက်တောင် ရဲဘော်တွေ အပေါ်မှာ သြဇာအာဏာ လွှမ်းမိုးတာ တွေ့ရပါတယ်။ ရဲဘော်တွေက သူတို့ကို ချစ်ကြောက် ရိုသေ ကြရပြီး စစ်မြေပြင်မှာ သူတို့ဟာ အားအကိုးရဆုံးလည်း ဖြစ်ကြပါတယ်။ တပ်ကြပ်ကြီး ဖြစ်လာရင် တိုက်ခိုက်ရေး တပ်တွေသာမက တပ်ရင်းမှူးရဲ့ အနီးကပ် လက်ဖြောင့် တပ်စိတ် တပ်ကြပ်ကြီး အဖြစ် အရွေးချယ် ခံနိုင်ပြီး ရဲဘော်တွေကတော့ ကွယ်ရာမှာ အဲဒီ “လက်ဖြောင့်တပ်ကြပ်ကြီး” ဟာ တပ်ရင်းမှူးကို “ဖား” ရလွန်းလို့ “လက်ကောက်တပ်ကြပ်ကြီး” လို့ နောက်ပြောင် ခေါ်လေ့ ရှိပါတယ်။

အလားတူ ဆက်သွယ်ရေး တပ်ကြပ်ကြီး၊ စရဖ တပ်ကြပ်ကြီး၊ ဆေးဘက်ဆိုင်ရာ တပ်ကြပ်ကြီး၊ မော်တော်ယာဉ် တပ်ကြပ်ကြီး၊ ရိပ်သာ တာဝန်ခံ တပ်ကြပ်ကြီး၊ တပ်ရဲ တပ်ကြပ်ကြီး စတဲ့ နေရာကောင်းများစွာ ရှိပြီး သူတို့ဟာ အစုအဖွဲ့ တခုကို အုပ်ချုပ်ရတဲ့ လုပ်ပိုင်ခွင့် အာဏာ အတော်အတန် ရရှိလာပြီး ဖြစ်ပါတယ်။

ဒီထက်မြင့်တဲ့ နောက်ရာထူး တခုကတော့ တပ်ခွဲ တပ်ကြပ်ကြီး (C.Q) ဖြစ်ပါတယ်။ (C.Q) ဟာ တပ်ခွဲတခွဲရဲ့ ရိက္ခာမျိုးစုံ၊ ခဲယမ်း၊ စစ်ဝတ်၊ ဝန်ထမ်း စတာတွေကို ကိုင်တွယ် ရတာမို့ တပ်ခွဲ ထမင်းအိုးကြီးကို “ခွ” ထိုင်ရတဲ့ သူလို့ ရဲဘော်တွေက သတ်မှတ်ကြပါတယ်။ တချို့ (C.Q) တွေဟာ လက်အောက် ရဲဘော်တွေကိုတော့ ရိက္ခာစကေး အပြည့်မပေးလို့ မကြာခဏ ပြဿနာ တက်လေ့ရှိတာ တွေ့ရပါတယ်။ ဝက်သားနဲ့ အမဲသား ပေါ်ပြီဆိုရင်လည်း “အသည်းအမြစ် အကောင်းဆုံး အရာရှိစားသုံး၊ ခေါင်းနဲ့ အသား အလွန်များ (C.Q) တွေကဝါး၊ အရိုးအရင်း ကိုက်စရာ ရဲဘော်ပါးစပ်မှာပါ ” ဆိုပြီး ပြောစမှတ် ပြုကြရပါတယ်။

ရဲဘော်တွေရဲ့ စားဝတ်နေရေး ချောင်လည်မှု ရှိ/မရှိ ဆိုတာဟာ တပ်ခွဲမှူးနဲ့ (C.Q) အပေါ်မှာ အများကြီး မူတည်နေပါတယ်။ ရဲဘော်တွေ ထွက်ပြေးရင် ဖြစ်ဖြစ်၊ ခွင့်ပြန်ရင် ဖြစ်ဖြစ်၊ သင်တန်းတက်ရင် ဖြစ်ဖြစ် သူတို့ရဲ့ရိက္ခာ၊ ရိက္ခာစိုငွေနဲ့ စစ်ဝတ်တွေကို “ဗုန်း” ဖို့ ချောင်းနေတဲ့ သူတွေကတော့ (C.Q)၊ တပ်ခွဲမှူးနဲ့ လစာကြပ်တို့သာ ဖြစ်ကြပါတယ်။ ရိက္ခာစားအင်အား ဇယားချုပ်ကို နေ့စဉ် ကိုင်တွယ် ရေးဆွဲနေပြီး လိုတိုးပိုလျော့ကာ ဂဏန်းပေါင်းစက်နဲ့ နပမ်းလုံး နေသူမှာ (C.Q) တွေသာ ဖြစ်ပါတယ်။

တချို့တပ်ကြပ်ကြီးတွေကတော့ ပြဿနာဖြစ်မှာ စိုးရိမ်လို့ (C.Q) တာဝန်ကို မယူချင်တော့ဘဲ ဒုအရာခံဗိုလ် တန်းဖြစ်ချင်သူတွေလည်း ရှိကြပါတယ်။ ဆက်သွယ်ရေး၊ စရဖ၊ အနီးကပ် လုံခြုံရေး လက်ဖြောင့်ဆိုင်ရာ တပ်ကြပ်ကြီးတွေဟာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး တွေနဲ့ တိုက်ရိုက် လုပ်ကိုင်နေရ သလို အထက်ဌာနတွေနဲ့လည်း ဆက်သွယ် လုပ်ကိုင် ပေးနေရလို့ အာဏာ လက်စောင်းထက်သူတွေ ဖြစ်ကြပါတယ်။

တပ်ရင်းမှူးတွေဟာ တပ်အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို သိရှိဖို့ လူယုံတွေကို ဆရာကြီးတွေကို မွေးထား တတ်ကြသလို နေရာကောင်းပေးကာ သူကောင်း ပြုထား တတ်ကြပါတယ်။ အဲဒီ ဆရာကြီးတွေရဲ့ ဇနီး မယားတွေကလည်း တပ်ရင်းမှူး ကတော်နဲ့ ပနာသင့်ရတဲ့ အပြင် အချိန်ပြည့် သွားရောက်ကာ ဝေယျာဝစ္စ လုပ်ပေး ကြရပါတယ်။ ဇနီးမယားတွေဟာ တပ်တွင်း အောက်ခြေက သတင်း တွေကိုလည်း တင်ပြကြရပါတယ်။ အခုဆိုရင် တချို့တပ်တွေမှာ တပ်ရင်းမှူး ကတော်တွေတောင် ရုံးခန်း သီးသန့်ဖွင့်ကာ နေ့စဉ် ဓာတ်ဆီ သုံးစွဲမှု၊ ရိက္ခာ အနေအထား၊ တပ်တွင်းသာရေး နာရေး ကိစ္စတွေ၊ တပ်တွင်း စီးပွားရေး လုပ်ငန်းတွေကို စီစဉ် ညွှန်ကြားနေတာကို အံ့သြစဖွယ် တွေ့မြင် နေရပါတယ်။

ဒါတွေကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် တပ်တွင်း အောက်ခြေမှာ တပ်ရင်းမှူး ဇနီးမောင်နှံနဲ့ အဆင်ပြေမှသာ နေရာကောင်း ရရှိကာ အဆင်ပြေနိုင်ပါတယ်။ အဆင်ပြေတဲ့သူ ဆိုတာလည်း လက်ချိုး ရေတွက်လို့ ရသလို စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား၊ ဘဝကို မနည်းရုန်းကန် လှုပ်ရှား နေကြရပါတယ်။ မွန်းကျပ်မှုနဲ့ အမိန့်၊ အာဏာအောက်မှာ ထွက်ပေါက် ပိတ်ရင်း နား၊ မျက်စိလည်း အပိတ်ခံ ထားကြရပါတယ်။ ဒ့ါကြောင့် တပ်တွင်း အောက်ခြေမှာ အရေးပါလှတဲ့ ဆရာတွေကို စည်းရုံးရင်း စစ်အာဏာ ရှင်စနစ်ကို တွန်းလှန်နိုင်ကြဖို့ ရည်ရွယ် ရေးသား လိုက်ရပါတယ်။

Ref: မဇ္ဈိမ

Read More...

အန်ဒီအေ ရဲဘော်ဟောင်းများအား လက်နက်ဖြုတ်သိမ်းရန် ညွှန်ကြား

လင်းနိုင်ဦး
၂၅ ဒီဇင်ဘာ ၂၀၀၉

ဦးဆခုံတိန့်ယိန်း ဦးဆောင်သည့် အန်ဒီအေ (ကချင်) နယ်ခြားစောင့် တပ်ဖွဲ့တွင် မပါဝင်သည့် တပ်မှူး၊ တပ်သား၊ ပြည်သူ့စစ်များအား ၎င်းတို့၏ လက်နက်များကို ပြန်လည်အပ်နှံကြရန် ညွှန်ကြားထားကြောင်း တပ်မှူးဟောင်း တဦးက ပြောသည်။

၎င်းက “ဦးဆခုံတန့်ယိန်း လက်မှတ်နဲ့ ညွှန်ကြားချက်ထုတ်ထားတယ်။ နယ်ခြားစောင့် တပ်ဖွဲ့မှာ မပါတော့တဲ့ တပ်သား အားလုံးရဲ့ လက်နက်တွေကို စာရင်းနဲ့တကွ အမြန်ဆုံး ပြန်အပ်ကြရမယ်။ ပြီးရင် အရင်က ဗိုလ်မှူးအဆင့်နဲ့ အထက် တာဝန် ယူခဲ့သူတွေက လက်နက် ကိုင်ဆောင်ခွင့် ပြန်ပြီး လျှောက်ထား တင်ပြနိုင်တယ်။ အဲဒါ စိစစ်ပြီး သင့်တော်တဲ့သူတွေကို ချပေးမယ်လို့ ပြောတယ်” ဟု ရှင်းပြသည်။

ကေအိုင်အေလက်ထက်၊ ဗကပလက်ထက် အနှစ် (၂ဝ) ကျော်၊ အန်ဒီအေ အနေဖြင့် အနှစ် (၂ဝ) နီးပါး၊ နှစ်ပေါင်း (၄ဝ) ကျော် စစ်အစိုးရ အဆက်ဆက်ကို တိုက်ခိုက် ကိုင်စွဲလာသည့် လက်နက်ကို တိုင်းရင်းသား အခွင့်အရေး ဘာမှမရဘဲ စွန့်လွှတ်ရမည် ဆိုသည်မှာ အလွန် အသည်းနာဖို့ ကောင်းကြောင်း အဆိုပါ တပ်မှူးဟောင်းက ပြောသည်။

ယခု စစ်အစိုးရစစ်တပ်က ၎င်းတို့နယ်မြေကို အစစအရာရာ ထိန်းချုပ်လာနေပြီး နောက်ဆုံး နယ်မြေတွင်းမှ တပ်မှူး တပ်သားဟောင်းနှင့် ဒေသခံတို့ ထံတွင် ကျန်နေသည့် လက်နက်များကို ဖြုတ်သိမ်းရန် လုပ်လာကြောင်း၊ ဒေသခံတို့တွင် လက်နက်များ မရှိတော့ပါက စစ်အစိုးရ စစ်တပ်၏ လုပ်သမျှ ခါးစည်း ခံရတော့မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထို့အပြင် ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဆခုံတိန့်ယန်းက နယ်ခြားစောင့်တပ်တွင် ပါဝင်ခြင်း မရှိသည့် ယခင် တပ်မှူး တပ်သားဟောင်း အားလုံး တပ်ထွက်လက်မှတ် ယူထားကြရန်၊ တပ်ထွက် လက်မှတ် ရပြီးနောက် မိမိ မည်သည့် ဒေသတွင် နေလိုသည်၊ မည်သည့်အလုပ် လုပ်ကိုင် စားသောက်လိုသည် ဆိုသည့် သဘောထား ရေးသား တင်ပြရန်လည်း ညွှန်ကြားထားကြောင်း မကြာသေးမီက တပ်ထွက် လက်မှတ်ယူခဲ့သူ တပ်မှူးတဦးက ပြောသည်။

၎င်းက “ကျနော်က ကောင်စီဝင်လည်း မဟုတ်ဘူး။ တပ်ထွက်လက်မှတ် လုပ်မထားရင် ဒီဒေသမှာ နေခွင့် ပေးမပေးတောင် မသေချာဘူး ပြောနေတော့ လက်မှတ် သွားလုပ်ထားလိုက်တယ်။ နောက်ပိုင်း ကောင်းကောင်းမွန်မွန် လုပ်ကိုင် စားသောက်ဖို့ တောင် လွယ်ပါ့မလား မသိဘူး” ဟု ပြောသည်။

ဦးဆခုံတိန့်ယိန်းအနေဖြင့် ၎င်း၏ကိုယ်ကျိုးစီးပွား တခုတည်းကို ကြည့်ပြီး လက်နက်အပ်၊ အညံ့ခံလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံ တပ်မှူး တပ်သားများက ဝေဖန်နေကြသည်။

ကချင်အထူးဒေသ (၁) သည် ယခင်က ကေအိုင်အေတပ်ဖွဲ့၏ လက်အောက်ခံ တပ်ရင်း နယ်မြေ တခုဖြစ်ပြီး နောက်ပိုင်း ဦးဆခုံတိန့်ယိန်းနှင့် ဦးလယောက်ဇယ်လွန်းတို့ ဦးဆောင်၍ ဗကပနှင့် ပူးပေါင်းကာ ဗကပ (၁ဝ၁) စစ်ဒေသ ဖြစ်လာသည်။

၁၉၈၉ ဒီဇင်ဘာတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး အန်ဒီအေ (ကချင်) တပ်ဖွဲ့ ကချင်အထူးဒေသ (၁) ဖြစ်လာကာ ၂ဝဝ၉ ခုနှစ်တွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အစီအစဉ်ကို လက်ခံသည့် ပထမဦးဆုံး တပ်ဖွဲ့ဖြစ်လာပြီး တပ်ရင်း (၃) ရင်းဖြင့် ပြောင်းလဲဖွဲ့စည်းနေသည်။

ယခုအခါ အန်ဒီအေ ကချင်နယ်မြေ ပန်ဝါနှင့် ကမ်ပိုက်တီးတွင် စစ်အစိုးရ စစ်တပ်၊ နယ်ခြားစောင့် တပ်ဖွဲ့နှင့် ပူးပေါင်း ထားသည့် စစ်တပ်၊ စရဖ၊ ရဲ၊ လဝက၊ နယ်စပ် ကူးသန်းသွားလာရေး၊ အကောက်ခွန် စသည့်အဖွဲ့များ ရောက်ရှိ တာဝန် ယူထားကြသည်။

Ref: ခေတ်ပြိုင်

Read More...

Friday, December 25, 2009

မြန်မာ့ တပ်မတော်တွင်းက ဆရာများရဲ့  အခန်းကဏ္ဍ (အပိုင်း ၁)

ဗိုလ်ထက်မင်း
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၄ ရက် ၂၀၀၉

ဒီဆောင်းပါးမှာတော့ တပ်တွင်းအောက်ခြေက ဆရာလို့ အခေါ်ခံရတဲ့ ဒုတပ်ကြပ်၊ တပ်ကြပ်နဲ့ တပ်ကြပ်ကြီးတွေ အကြောင်းကို စုံစုံလင်လင် တင်ပြသွားပါမယ်။ ရဲဘော်တွေအထက် တဆင့်မြင့်သူတွေဟာ ဒုတပ်ကြပ်နဲ့ တပ်ကြပ်တွေ ဖြစ်ကြပြီး သူတို့ကို တပ်မတော်ရဲ့ အငယ်ဆုံး တပ်မှူးငယ်တွေ၊ တပ်စိတ်မှူးတွေလို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ သူတို့ဟာ ထမင်းဟင်းချက်ရတဲ့ ဘဝက ကင်းလွတ်သွားပြီး ဆရာလို့ အခေါ်ခံရတဲ့ ဝိသေသ ဂုဏ်ထူးနဲ့အတူ တန်းစီ နေရာပေးရင်တောင်မှ ရဲဘော်တွေထက် အခွင့်အရေး အနည်းငယ် ပိုရလာပြီ ဖြစ်ပါတယ်။

ဆရာဖြစ်လာပြီ ဆိုကတည်းက ပေါ့ပါးတဲ့ သေနတ်ကို ကိုင်ရတာက အစ ကွာခြားသွားပြီး ကင်းဇယားတွေ ကြီးကြပ် ရေးဆွဲရကာ ကင်းစောင့်ရင်တောင် စိတ်ကြိုက် ရွေးချယ်ခွင့် ရသွားကြပါတယ်။ ရှေ့တန်း တိုက်ပွဲတွေမှာ ဘယ်လောက်ပဲ အင်အားထုထည် ကြီးမားစွာဖြင့် တိုက်ခိုက်ပါစေ၊ နောက်ဆုံး တိုက်ပွဲရဲ့ အဆုံးအဖြတ်ကို ပေးတာကတော့ တပ်စိတ်ကသာ ဖြစ်ပြီး အဓိက အရေးပါတာကလည်း တပ်စိတ်မှူး ဆရာတွေ ဖြစ်ကြတဲ့ ဒုတပ်ကြပ်၊ တပ်ကြပ် (Corporal) တွေပဲ ဖြစ်ကြပါတယ်။

တပ်စိတ်မှူး ဆရာတွေဟာ ရိက္ခာဝေငှရင် ဖြစ်ဖြစ်၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ကျည်ခွဲဝေရင် ဖြစ်ဖြစ်၊ ကင်းပုန်းဝပ်ရင် ဖြစ်ဖြစ်၊ လှည့်ကင်းထွက်ရင် ဖြစ်ဖြစ်၊ လူနာနဲ့ရိက္ခာ ပို့ကြိုလုပ်ရင် ဖြစ်ဖြစ်၊ လမ်းကြောင်း လုံခြုံရေး ယူတဲ့အခါ ဖြစ်ဖြစ်၊ အခြေခံ အကျဆုံးဖြစ်လို့ အရေးပါတဲ့ ကဏ္ဍတရပ်မှာ ပါဝင်ပါတယ်။ တချို့ တပ်ရင်းမှူးတွေဟာ စစ်ဆင်ရေး အရေးကြီးလာရင် အရာရှိတွေနဲ့ ဆရာကြီးတွေကို သာမက တပ်စိတ်မှူးဆရာတွေ အဆင့်ထိ ခေါ်ယူကာ Briefing လုပ်တာ တွေ့ရပါတယ်။

ဒုတပ်ကြပ်၊ တပ်ကြပ် ဖြစ်လာပြီဆိုရင် တပ်စိတ်မှူးသာမက လစာကြပ် တာဝန်၊ ဆက်သွယ်ရေး တာဝန်၊ လက်ဖြောင့် တပ်စိတ်မှူး တာဝန်၊ တပ်ရင်းမှူးရဲ့ အနီးကပ် လူယုံတော် တာဝန်၊ စိုက်ပျိုးရေး မွေးမြူရေး တာဝန်၊ မော်တော်ယာဉ် ယာဉ်မောင်း တာဝန်၊ စရဖ အကြပ် တာဝန် စသဖြင့် လိုင်းများစွာ၊ ရာထူး ဌာနများစွာ ပွင့်သွားပြီး မိမိရဲ့ ကြိုးစား အားထုတ်မှု၊ အထက် လူကြီးတွေရဲ့ ယုံကြည်မှုနဲ့ သစ္စာရှိမှု အပေါ် မူတည်ကာ တက်လမ်း များစွာလည်း ရှိနေပါတယ်။

အကြပ်တွေအတွက် သင်တန်းများစွာ ခေါ်ယူလို့ တက်ရောက် သင်ကြားခွင့်ရှိပြီး သင်တန်းမှာ ထူးချွန်ပါက ပညာသည် တပ်ဖွဲ့တွေ ဖြစ်ကြတဲ့ ဆက်သွယ်ရေး တပ်ဖွဲ့၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်ခွဲ၊ အမြောက်နဲ့ သံချပ်ကာ တပ်ဖွဲ့တွေ အပြင် စစ်ဖက် လုံခြုံရေးရာ တပ်ဖွဲ့တွေကလည်း ခေါ်ယူလေ့ ရှိပါတယ်။ ဒါ့အပြင် တပ်ကြပ် အဆင့်ကို ရောက်ရင် ဗိုလ်လောင်း သင်တန်းသို့ တက်ရောက်ခွင့် လိုင်းကိုလည်း ဖွင့်ထားတာမို့ မျှော်လင့်ချက် ရောင်ခြည်လည်း ရှိလာပါတယ်။

တချို့ အကြပ်တွေဟာ မိမိတို့ရဲ့ မူရင်း ရဲဘော်ဘဝကို မေ့ပြီး ဘဝင်မြင့်ကာ ဆရာကြီးတွေရဲ့ စည်းစိမ် ဥစ္စာကို အားကျ နေတာလည်း တွေ့ရပါတယ်။ တချို့ အကြပ်တွေကျတော့ ကံကောင်းပြီး အမြန်ဖြစ်လာရာ အောက်သက် မကျေ ကြတာမျိုးလည်း တွေ့ရှိရပါတယ်။ အကြပ်ထဲမှာ ရေပန်းစားတာ ကတော့ လစာကြပ် ဖြစ်ပြီး စစ်သည်တွေရဲ့ လစာငွေနဲ့ ရိက္ခာစိုငွေတို့ကို ကိုင်တွယ်ရတာမို့ တပ်ခွဲမှူးရဲ့ ယုံကြည် စိတ်ချရမှုနဲ့ အားအထားရဆုံးသူ ဖြစ်ပါတယ်။ ဖျတ်လတ်မှု၊ ပညာအရည်အချင်း အနည်းဆုံး ၈ တန်းရှိမှု၊ ရိုးသားမှု၊ ရုံးလုပ်ငန်း ကျွမ်းကျင်မှု၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှု စတာတွေနဲ့ ပြည့်စုံရပါမယ်။

တပ်ရင်းတွေ ရှေ့တန်းထွက်ပြီဆိုရင် လစာကြပ်ဟာ သက်ဆိုင်ရာ မိမိတပ်ခွဲက အရာရှိ စစ်သည်တွေရဲ့ သာရေး၊ နာရေး ကိစ္စတွေကို အကုန်လုံး သိမ်းကျုံး လုပ်ပေးရတဲ့ အပြင် အိမ်ထောင်သည် လိုင်းကိုလည်း ကြီးကြပ်ရသူ ဖြစ်ပါတယ်။ လုပ်ငန်းဆက်စပ်မှု အနေနဲ့ တပ်ရေး ဗိုလ်ကြီးဆိုသူကို ခစား နှစ်ပါးသွားရပါတယ်။ လစာကြပ်ဟာ မကြာခဏ ခွင့်မဲ့ ပျက်ကွက် ဖြစ်နေတဲ့ စစ်သည်တွေရဲ့ လစာ၊ ရိက္ခာ၊ စစ်ဝတ် ပစ္စည်းတွေကို အပြန်အလှန် “ဗုန်း” ကြတဲ့ C.Q လို့ ခေါ်တဲ့ တပ်ခွဲ တပ်ကြပ်ကြီး၊ တပ်ခွဲမှူးနဲ့ တပ်ရေး ဗိုလ်ကြီးတို့ အကြားမှာ ကြားညှပ်ရတဲ့ တရားခံလည်း ဖြစ်ပါတယ်။ လစာတွေကို ထုတ်ယူပေးတဲ့ တပ်ရေး ဗိုလ်ကြီးက မသမာမှု လုပ်လို့ ငွေလိုရင်လည်း လစာကြပ် အနေနဲ့ စိုက်လျော်ရသလို C.Q နဲ့ တပ်ခွဲမှူးတို့ အကြား ကြားညှပ်ရတဲ့ အဖြစ်မျိုးတွေကိုလည်း သူတို့ ကြုံတွေ့ရတတ် ပါတယ်။ သူတို့ကို ကြည့်လိုက်ရင် ဗလာစာအုပ်၊ ဘောပင်နဲ့ အလုပ်ရှုပ်နေတတ် သလို ကပျာကယာ သွားလာရင်း ပါးစပ်က ပွစိပွစိနဲ့ ရေရွတ်ကာ ခေါင်းရှုပ်နေတာကိုလည်း တွေ့ရှိရပါတယ်။

လက်နက်တိုက်တာဝန် ယူရတဲ့ အကြပ်ကတော့ လက်နက်၊ ခဲယမ်း ပစ္စည်းတွေကို ထိန်းသိမ်းရပြီး စစ်ခုံရုံးက သူ့ကို အမြဲတမ်း ကြိုဆို ရလောက်အောင် အန္တရာယ် များလှပါတယ်။ သူဟာ စစ်သည်တွေ ရှေ့တန်းက ပြန်လာရင် ပျောက်ရှတဲ့ လက်နက်ခဲယမ်း မှန်သမျှကို C.Q နဲ့ တပ်ခွဲမှူးထံ အမြဲတမ်း တင်ပြရပြီး တာဝန်ယူကာ ဖြေရှင်း ပေးနေရပါတယ်။ လက်နက်တိုက် တာဝန်ခံဟာ ဒုတပ်ရင်းမှူးနဲ့ တပ်ရင်းမှူးတို့ ရှောင်တခင် ဝင်စစ်လိုက်လို့ စာအုပ် စာတမ်းပါ အချက်အလက်တွေနဲ့ မြေပြင် စာရင်းဇယား မကိုက်ညီရင် အချုပ်ခန်းထဲသို့ ဈေးဦးပေါက် ဝင်ရတဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့ကို အမြဲတမ်း သောကတောင်တန်း ဗျာပါလွှမ်းနေတာ တွေ့ရပါတယ်။

ဒုတိယ ဆဲဆိုအခံရဆုံး သူကတော့ ဗဟိုကင်း ကင်းမှူး တာဝန်ယူရတဲ့ အကြပ်ဖြစ်ပြီး လူကြီးတွေ လာတိုင်း အမြဲတမ်း အပြစ်မရှိ အပြစ်ရှာ ငေါက်ငမ်း ဆဲဆိုသွားတာ အခံရဆုံးသူ ဖြစ်ပါတယ်။ ကျည်လွတ်မြေမှာ နေရပေမယ့် အမြဲတမ်း လေ့ကျင့် ပြင်ဆင်နေရပြီး စိတ်သောက ဖိစီးစွာနဲ့ နေရသူ ဖြစ်ပါတယ်။ အချုပ်သားတွေကို လုပ်အားပေး လုပ်ခိုင်းရင်ဖြစ်စေ၊ အိမ်သာ သွားခိုင်းရင်ဖြစ်စေ၊ ထွက်ပြေးမှု မကြာခဏ ရှိတာကြောင့် အရင်ဆုံး ဈေးဦးပေါက် အချုပ်ခန်း ဝင်ရတဲ့ ဗဟိုကင်း ကင်းမှူးဘဝဟာလည်း သနားစရာ ဖြစ်ပါတယ်။

အကြပ်ထဲမှာ အရေးပါဆုံး နောက်အမျိုးအစား တခုကတော့ စရဖ အကြပ်ဖြစ်ပြီး တပ်ရင်းရုံးရဲ့ စစ်ဦးစီးပိုင်း ဆိုင်ရာ အမြင့်ဆုံး နေရာကို ရထားသူပီပီ ဘဝင် လေဟပ်ကာ ဘဝတူ ရဲဘော်တွေနဲ့ ဆရာအချင်းချင်းကို ကြည့်ရင်တောင် အပေါ်စီးမှ ကြည့်တတ်သူ ဖြစ်ပါတယ်။ ထိပ်တန်း လျှို့ဝှက် အဆင့် စာရွက်စာတမ်းတွေ၊ မြေပုံ အတိုဝှက်၊ ကြေးနန်းစာတွေ ကိုင်ရသူပီပီ အရာရှိတွေရဲ့ မျက်နှာသာပေးခြင်း ခံရလို့ အထူးအခွင့်အရေး ရကာ တန်းစီခြင်း၊ လုပ်အားပေးခြင်းတို့မှ ကင်းလွတ်ခွင့် စတဲ့ အခွင့်အရေးတွေကို ရရှိသူတွေ ဖြစ်ကြပါတယ်။

Ref: မဇ္ဈိမ

Read More...

နယ်ခြားစောင့်တပ် နောက်ဆုံး သတ်မှတ်ရက် ထပ်ရွှေ့နိုင်

ကြာသပတေးနေ့၊ 24 ဒီဇင်ဘာလ 2009

နအဖစစ်တပ်က ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA အပေါ် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကိစ္စ နောက်ဆုံး သတ်မှတ်ချက်အား ထပ်မံ ရွှေ့ဆိုင်းရဖွယ် ရှိကြောင်း လေ့လာသူများ သုံးသပ်ကြသည်။

ယခုနှစ် ဧပြီလ ၂၈ ရက်နေ့၌ စတင်သော အပစ်ရပ်လက်နက်ကိုင် တပ်ဖွဲ့များ နယ်ခြားစောင့်တပ် အသွင်ပြောင်း ရေးကိစ္စကို UWSA ၀ တပ်ဖွဲ့က ဒီဇင်ဘာလကုန် နောက်ဆုံးထား အကြောင်း ပြန်ရမည်ဟု နအဖစစ်တပ်က ရာဇသံ ပေးထားခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၄ ရက် သျှမ်းပြည်(မြောက်ပိုင်း) တန့်ယန်းမြို့၌ စစ်ဘက်ရေးရာ အရာရှိချုပ် ဒု - ဗိုလ်ချုပ်ကြီးရဲမြင့် နှင့် ၀ တပ်ဖွဲ့ ဒုဥက္ကဌ ရှောက်မင်လျဲန် တို့ ဦးဆောင်သော နှစ်ဘက်ကိုယ်စားလှယ်များ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ် ထိုကဲ့သို့ နောက်ဆုံးရက် သတ်မှတ် ထားခဲ့သည်။

သို့သော်အပစ်ရပ် ၀ တပ်ဖွဲ့ဘက်မှနောက်ဆုံး သတ်မှတ်ရက် ကုန်ဆုံးချိန် နီးကပ်လာသည့်တိုင် မည်သို့မျှ အကြောင်း ပြန်ကြားခြင်း မရှိသဖြင့် နှစ်ဘက် ထပ်ဆွေးနွေး ရအုံးမည့် အလားအလာများ ရှိနေသည်ဟု ဆိုသည်။

“သူတို့ထပ်ရွှေ့မယ်လို့ နားလည်ရတာပေါ့။ တရုတ် ဒုသမ္မတ မလာခင် လေးလပတ် အစည်းအဝေးမှာ သဘော ထားတချို့ ကျထားပြီးသား ဖြစ်နိုင်တယ်။ ရွှေ့တော့ ရွှေ့ရအုံးမဲ့ အခြေအနေ ရှိပါတယ်။ ထပ်ပြီး ညှိရအုံးမဲ့ အနေအထားပေါ့” ဟု တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ အကြောင်းမပြန်ခြင်းကြောင့် ၀ တပ်ဖွဲ့ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်ရန် မဖြစ်နိုင် သေးကြောင်း သူက ဆိုသည်။

“လောလောဆယ် ထိုးစစ်ဆင်ဖို့ သိပ်မထင်ဘူး၊ တင့်ကားတွေ ဘာတွေနဲ့ ဖြဲချောက်တာ။ ဟိုသွား ဒီသွားလုပ်ပြ တာတွေ ရှိနိုင်တယ်။ တပ်တွေ ထပ်တိုးတာတော့ မရှိသေးဘူး။ စကခ ၁၆ က ပြန်ဆင်းသလို လုပ်ပြီး အခုထိ ပြန် မဆင်းသေးဘူး။ ဗမာဘက်က တပ်တွေ စုဖို့ ဆိုတာ သိပ်ခက်တာ မဟုတ်ဘူး၊ ၀ုန်းဒိုင်းဆို ခေါ်လိုက်လို့ ရတာပဲ” သူက ဆိုသည်။

နှစ်ဘက် ကိုယ်စားလှယ်များ တွေ့ဆုံစဉ် ၀ ခေါင်းဆောင်များက ဒု- ဗိုလ်ချုပ်ကြီးရဲမြင့်ထံ အချက် (၉) ချက်ပါသော တောင်းဆိုမှုများ တင်ပြသော်လည်း ပယ်ချခံရပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိုသာ ဆက်လက် ဖိအား ပေးလာသဖြင့် နှစ်ဘက် ဆက်ဆံရေး လိပ်ခဲ တည်းလည်း ဖြစ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။

အင်အားကြီး အပစ်ရပ် ၀ တပ်ဖွဲ့ကအောက်တိုဘာလကုန် နောက်ဆုံးထား အကြောင်းပြန်ရန် သတိပေးမှုအပေါ် ပထမ တစ်ကြိမ် ငြင်းဆန် ခဲ့သည်သာမက ယခုဒီဇင်ဘာ လကုန် သတ်မှတ်ချက်ကိုလည်း အကြောင်းပြန်ကြားခြင်း မရှိသေးသောကြောင့် ထပ်ရွှေ့ရမည့်ပုံ ပေါ်နေကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

ဒီဇင်ဘာ ၁၉ ရက် တရုတ်ဒုသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ၂ ရက်တာ မြန်မာခရီးစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကိစ္စ ဆွေးနွေးရာ နှစ်နိုင်ငံ နယ်စပ်တလျှောက် ဖွံ့ဖြိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ထိန်းသိမ်းကြရန် ဟူသော အချက်ပါဝင်ကြောင်း တရုတ် ဆင်ဟွာ သတင်းအရ သိရသည်။

ယခုနှစ်ကုန်ခါနီး ရက်ပိုင်းအတွင်း တရုတ်နယ်စပ်ရှိ ကချင် အပစ်ရပ် လက်နက်ကိုင် တပ်ဖွဲ့တချို့နှင့် နအဖစစ် တပ်တို့ ထပ်မံ တွေ့ဆုံဖွယ်ရှိကြောင်း အပစ်ရပ်အဖွဲ့ အသိုင်းအ၀ိုင်း ဆိုသော်လည်း ၀ တပ်ဖွဲ့နှင့် တွေ့ဆုံမည့် အစီအစဉ် ရှိမရှိကိုမူ တိတိကျကျ မသိရသေးပေ။

Ref: သျှမ်းသံတော်ဆင့်

Read More...

Thursday, December 24, 2009

ကေအဲန်ယူ တပ်မဟာ(၅)တွင် နအဖနှင့် ဒီကေဘီအေ တပ်အင်အား အလုံးအရင်းဖြင့် ၀င်ရောက် နေရာယူ

December 23, 2009
ဒီဇင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်တွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်တို့ တပ်အင်အား အလုံးအရင်းဖြင့် ၀င်ရောက် နေရာယူနေသည်ဟု သတင်းရရှိသည်။

ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၌ ယခင်က တပ်အင်အား ၆၀၀ရှိသော ဒီကေဘီအေ တပ်မ ဟာ(၃၃၃)နှင့် တပ်မဟာ (၉၉၉)တပ်ရင်းတချို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်က တပ်အင်အား ၁၀၀ ကျော် ထပ်ဖြည့်ကာ နောက်ထပ်အင်အား ၄၀၀ ထပ်ဖြည့်ရန်ရှိပြီး လက်ရှိအချိန်တွင် နအဖ စစ်တပ် တပ် မ(၄၄)မှ တပ်ရင်း ၂ရင်းကို စစ်ကူတောင်းထားကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၅) ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစောကလယ်ဒိုက ပြောသည်။

သူက “ပြီးခဲ့တဲ့ တရက်နှစ်ရက်တုန်းက ကျနော်တို့ သိရတဲ့အတိုင်းဆိုရင် ဒီကေဘီအေ တပ်အင်အား ၁၀၀ကျော် ထပ်ခေါ်ထားပြီးတော့ လှဂွန်းပြို့(ခိုသွီထာ့)မှာ နေရာယူတယ်။ နောက်ထပ် ထပ်ခေါ်ဖို့လည်း ရှိသေးတယ်။ နောက်ပြီးတော့ နအဖ တပ်ရင်း ၂ရင်းကို လည်း စစ်ကူခေါ်တယ်လို့ ကျနော်တို့သိရတယ်။ သူတို့လုပ်ငန်း(ရွှေနဲ့သစ် ထုတ်လုပ်ဖို့)နဲ့ ပတ်သက်ပြီးတော့ လုံခြုံရေး ထပ်တိုးတာလား။ အခုလိုဝင်လာ တာ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှုတခုခု လုပ်ဖို့လားတော့ ကျနော် မပြောနိုင်သေးဘူး” ဟု ပြောသည်။

၎င်းတပ်ရင်းတို့ ရှေ့ဆက်လှုပ်ရှားမည့် အစီအစဉ်ကို မသိရှိရသေးသော်လည်း လတ်တလောအချိန်တွင် နအဖစစ်တပ်မှ စစ်ကွပ်ကဲရေးဌာနချုပ်(၂၁)နှင့် ဌာနချုပ်(၃)တို့ ပူးပေါင်း၍ ၎င်းတို့တပ်စခန်း တည်ရှိရာ ဖာ့ဝေါ်၊ လယ်မူပလော၊ ဆောမူပလော၊ ဆောထာ့ စသည့်နေရာများတွင် စစ်တပ်ရိက္ခာ ပို့ဆောင်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးစောကလယ်ဒိုက ဆက်ပြောသည်။

၎င်းအပြင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် အမှတ်(၇)နှင့် အမှတ်(၅)မှ တပ်ရင်း(၃)ရင်းကလည်း ကေအဲန် ယူ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ရှိုးကျိုးနှင့် ခေးပူတို့နယ်မြေတို့တွင် ယခုရက်ပိုင်းအတွင်း ရောက်ရှိနေပြီ ဖြစ်သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြိုင်ကြီးငူအထူးဒေသ အခြေစိုက် ဒီကေဘီအေ ဗဟိုဌာချုပ်သို့ ကေအိုင်စီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တာဝန်ယူ တုန့်ပြန်ဖြေကြားမည့်သူ မရှိပါ။

ဒီကေဘီအေတပ်ဖွဲ့သည် လွန်ခဲ့သည့် နိုဝင်ဘာလက ရွှေတူးဖော်ရေးနှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းအ တွက် အကြောင်းပြကာ တပ်အင်အား ၆၀၀ကျော်နှင့်အတူ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်နှင့် သထုံခရိုင် နယ်စပ်ကြား ဘီးလင်းချောင်းနားတွင် ၀င်ရောက်နေရာယူခဲ့သော်လည်း လူထုအပေါ် ဖိအား ပေးမှု တစုံတရာ မရှိသေးပေ။

ကေအဲန်ယူ တပ်မဟာ ၅နယ်မြေတွင် ယခုနှစ် ပွင့်လင်းရာသီမှစ၍ ထိုဒေသတွင် လှုပ်ရှားနေသည့် နအဖ စစ်တပ်များနှင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ တို့အကြား တရက် တကြိမ်၊ နှစ်ရက်တကြိမ် ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

၎င်းအပြင် ယခုလ ၁၉ရက်နေ့ကလည်း ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေရှိ ကေအဲန်အယ်လ်အေ တပ် ရင်း(၂၀၁)မှ တပ်ခွဲတခွဲနှင့် နအဖ ခမရ(၅၄၇)တို့ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ ၂ဦး ကျဆုံးကာ တပ်စု မှူးတဦး၊ တပ်ကြပ်ကြီးတဦး အပါအ၀င် လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူသတင်းအရ သိရ သည်။

Ref: Karen Information Center

Read More...

MiG-29 တိုက်လေယာဉ် အစင်း ၂၀ မြန်မာဝယ်

ကိုထွေး
Wednesday, 23 December 2009

မြန်မာအစိုးရကို တိုက်လေယာဉ် အစီး ၂၀ ပေးပို့ရန် အတွက် ရုရှားနိုင်ငံက သဘောတူ လိုက်ကြောင်း ရုရှား သတင်းဌာန တခုဖြစ်သော Kommersant ကို ကိုးကား၍ အေအက်ဖ်ပီ သတင်းတပုဒ်တွင် ရေးသားထားသည်။

တိုက်လေယာဉ်များမှာ MiG-29 အမျိုးအစား ဖြစ်ပြီး ဒေါ်လာသန်း ၅၇၀ နီးပါး တန်ဖိုး ရှိကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ် အတွင်းက သဘောတူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်က ထိုအမျိုးအစား တိုက်လေယာဉ် ၁၂ စီးကိုလည်း ရုရှားက မြန်မာပြည်ကို ပေးပို့ခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရုရှား အကူအညီဖြင့် နျူကလီးယား ဓာတ်ပေါင်းဖိုတခု တည်ဆောက် နေကြောင်း မြန်မာ စစ်အစိုးရက ထုတ်ဖော် ပြောဆိုသည်။

ရုရှားနိုင်ငံမှ United Aircraft Corporation ကုမ္ပဏီက မြန်မာနိုင်ငံသို့ An-148 အမျိုးအစား ခရီးသည်တင် လေယာဉ်များ ပေးမည်ဟုလည်း ယခု လဆန်းပိုင်းက ထုတ်ဖော် ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ် မေလက မြန်မာနိုင်ငံတွင် နျူကလီးယား လေ့လာရေး ဌာနနှင့် ၁၀ မီဂါဝပ် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရန် သဘောတူလိုက်ကြောင်း ရုရှားအနုမြူစွမ်းအင် အေဂျင်စီက ကြေညာခဲ့သည်။

မြန်မာနိုင်ငံသည် လက်နက်များကို ရုရှား အပါအဝင် အိန္ဒိယ၊ တရုတ်၊ အစ္စရေး၊ ယူကရိန်း၊ မြောက်ကိုရီးယား စသည့် နိုင်ငံတို့မှလည်း ဝယ်ယူသည်ဟု သိရသည်။

Ref: ဧရာဝတီ်

Read More...

Monday, December 21, 2009

ဝ တပ်များ အရေးပေါ် တိုးချဲ့နေဟုဆို

ကျော်ခ
သောကြာနေ့၊ ဒီဇင်ဘာလ ၁၈ ရက် ၂၀၀၉

ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရက နယ်ခြားစောင့် တပ်အဖြစ် ပြောင်းလဲရန် ဖိအားပေး ခံနေရသော ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA က အရေးပေါ် တပ်တိုးချဲ့ ပြင်ဆင်မှုများ ရှိနေသည်ဟု လေ့လာသူများက ပြောသည်။

ယခင်က ဝ တပ်အတွင်း တာဝန် ထမ်းဆောင်ဖူးပြီး တရုတ်ပြည်တွင်း သွားရောက် အခြေချ နေထိုင်နေသည့် တပ်ဖွဲ့ဝင်ဟောင်းများကို ပြန်လည် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

“ကျေးရွာ၊ မြို့နယ်၊ ခရိုင်အုပ်စုအလိုက် အရင်က စစ်သားဟောင်းတွေ ပြန်ခေါ်တယ်။ တရုတ်ပြည်ထဲမှာ ရှိတဲ့ ဗကပ လက်ထက် ကတည်းက အနားယူထားတဲ့ အသက် ၄၀-၅၀ အရွယ် သူတို့ရဲ့ ရောင်းရင်း ရဲဘော်ဟောင်းကြီးတွေကို အကုန်လုံး ပြန်ခေါ်တာပေါ့” ဟု ဒေသတွင်း အခြေအနေကို စောင့်ကြည့်နေသော ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က မဇ္ဈိမကို ပြောသည်။

အင်အား မည်မျှတိုးလာခဲ့သည်ကိုမူ အသေးစိတ် ပြောပြနိုင်ခြင်း မရှိသော်လည်း UWSA တွင် စစ်သည် အင်အား ၃ သောင်းခန့် ရှိမည်ဟု ယခင်က ခန့်မှန်းကြသည်။

ဝ လူမျိုးဦးရေ ၇ သိန်းခန့်ရှိရာ ၄ သိန်းကျော် မြန်မာပြည်အတွင်း နေထိုင်ကြပြီး ကျန် ၃ သိန်းခန့်သည် တရုတ်ပြည်တွင် အခြေချ နေထိုင်ကြသည်။

“အခုနေရာ အသီးသီးမှာ ခေါ်နေတာပဲ။ သူတို့ ကျွမ်းကျင်တဲ့ဘက်မှာ တာဝန်ပေးမှပေါ့။ ထောက်ပံ့ရေး၊ တိုက်ခိုက်ရေး၊ လက်နက်ခဲယမ်း စသဖြင့် အားသန်တဲ့ နေရာ အသီးသီးမှာ သူတို့ အသုံးပြုဖို့ပေါ့။ အထူးသဖြင့် လူသစ်တွေ ထိန်းဖို့ပေါ့။ ပြည်သူ့စစ်တွေ၊ တပ်ထဲမှာ ကောက်ထားတဲ့ တပ်သားသစ်တွေကို ထိန်းကျောင်း ပေးဖို့ပေါ့။ အထဲသတင်း ထွက်လာတာ ကတော့ တဖွဲဖွဲ လာနေကြပြီ လို့တော့ ပြောတယ်” ဟု ဦးစိန်ကြည်က ဆက်ပြောသည်။

ယခင်လ ၁၄ ရက်နေ့တွင် နအဖ ထိပ်ပိုင်း စစ်ခေါင်းဆောင်များနှင့် ဝ တပ်မတော် အကြီးအကဲများ တန့်ယန်းမြို့တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ ဆွေးနွေးခဲ့ကြပြီး ဝ ဘက်မှ တောင်းဆိုမှုများအား မလိုက်လျောနိုင်သဖြင့် တပ်တွင်း ထပ်မံဆွေးနွေးနိုင်ရန် ယခုလကုန်အထိ အချိန်ထပ်ပေးခဲ့သည်။

သို့သော်လည်း ဝ တပ်တွင်းမှ လာသည့်သတင်းများအရ စစ်အစိုးရအား တောင်းဆိုထားသည့် အချက် ၉ ချက်အား ပြင်ဆင် လျော့ပေါ့ပေးသွားမည် မဟုတ်ဟု သိရကြောင်း ဦးစိန်ကြည်က ပြောသည်။

ဒေသတွင်း စစ်အစိုးရ တပ်များနှင့် မျက်နှာချင်းဆိုင် နေရာများဖြစ်သည့် မန်တုံ၊ ဟိုပန်၊ သံလွင်မြစ် အနောက်ဘက် ကမ်းရှိ တန့်ယန်းမြို့ လမ်းကြောင်းနှင့် ကျိုင်းတုံ အရှေ့မြောက်ဘက် တလျောက်တွင် ဝ တပ်ဘက်က ကတုတ်ကျင်း တူးခြင်း၊ လမ်းများ ပြင်ဆင်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဝ တပ်နှင့် နီးစပ်သူတဦးဖြစ်သည့် တရုတ်-မြန်မာနယ်စပ် မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဝ တပ်ထဲတွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိနေပြီး တပ်သားဟောင်း ပြည်သူ့စစ်တွေကို တပ်လှန့် ထားကြောင်း ပြောသည်။

“ စစ်သားဟောင်းတွေက အသက်အရွယ်အရ သော်လည်းကောင်း အခြေအနေအရ သော်လည်းကောင်း အနားယူ သွားကြတာ။ အများစုက စစ်မတိုက်ဖူးတဲ့ လူတွေ မဟုတ်ဘူး။ အားလုံးက စစ်တိုက်ဖူးတဲ့ လူတွေ ဖြစ်တယ်။ တခါတလေ ပြည်သူ့စစ်က တပ်ထက် ပိုပြီး အသုံးတည့်တယ်။ သူတို့ရဲ့ တိုက်ရည် ခိုက်ရည်က အများအမြင် တပ်တွေထက် ပိုပြီးတော့ ကောင်းတယ်” ဟု ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

ယခုလ ၇ ရက်နေ့တွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ချန်ဒူးစစ်ဒေသမှ Lieutenant General Ai Husheng ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ ပေါင်းလောင်း ရိပ်သာ၌ လာရောက် တွေ့ဆုံသည်။

ယင်းအပြင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း တို့နှင့် တွေ့ဆုံသွားခဲ့ရာ ဝ အရေး ကိစ္စသာ ဖြစ်ဖွယ်ရှိကြောင်း ဦးအောင်ကျော်ဇောက သုံးသပ်သည်။

တရုတ် မြန်မာနယ်စပ် တလျှောက်တွင် နိုင်ငံရေးအရ မတည်ငြိမ်မှုများ ရှိနေခြင်းကြောင့် လည်းကောင်း၊ မြန်မာအစိုးရက တိုင်းရင်းသား သူပုန် တပ်ဖွဲ့များကို ယခုနှစ်မကုန်မီ လက်နက်ချရန် တောင်းဆို ခဲ့ခြင်းကြောင့် ယင်းတို့အကြား စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာနေပြီး သူတို့၏ အနာဂါတ်အတွက် မရေရာမှုများ ပေါ်ထွက်ခဲ့သည်ဟု ကုလ အဖွဲ့က ပြောသည်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ လက်နက်ကိုင် တိုင်းရင်းသားများသည် လက်နက်များ ဝယ်ယူနိုင်ရန် အတွက် ဘိန်းနှင့် အခြား မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေပြီး မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုမှာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ၅၀ ရာခိုင်နှုန်းခန့် တိုးမြင့် တက်လာကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (UNODC) က အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့သည်။

အပစ်ရပ်အဖွဲ့များဖြစ်သော တိုင်းရင်းသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ လက်နက်ကိုင် အဖွဲ့များ ဖြစ်သော ဝ နှင့် ကချင်တို့က လက်နက်ဝယ်ဖို့ မူးယစ်ဆေးဝါးတွေကို ရောင်းချ နေကြတယ်။ သိုလှောင်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ရှာမတွေ့အောင် နေရာရွှေ့ပြောင်းတာတွေ လုပ်နေကြတယ်´ဟု သြစတြေးလျနိုင်ငံ မြို့တော် ဗီယင်နာ အခြေစိုက် ကုလ မူးယစ်ဆေးဝါး အေဂျင်စီ အကြီးအကဲ အန်တိုနီယို မာရီယာ (Antonio Maria) က သူတို့အဖွဲ့၏ နောက်ဆုံး အစီရင်ခံစာကို ထုတ်ဝေ ဖြန့်ချိသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

Ref: မဇ္ဈိမ

Read More...

Friday, December 18, 2009

ဒီနေ့ တတိယအုပ်စု၊ တတိယလိုင်းဆိုတာ ဘယ်လို ဟာတွေလဲ

ရဲဘော်ဖိုးသံချောင်း
၁၈ ဒီဇင်ဘာ ၂၀၀၉

အခုနောက်ပိုင်း ဗမာပြည် နိုင်ငံရေးမှာ “တတိယအုပ်စု၊” တတိယလိုင်း” ဆိုတဲ့ ဝေါဟာရကို အတော်ပြောဆို သုံးနှုန်း နေကြတာ တွေ့ရ၊ ကြားရပါတယ်။ အထူးသဖြင့် နအဖ စစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုတာနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ပြင်ဆင်တာတွေ လုပ်လာကြတဲ့ နောက်ပိုင်းမှာ ဖြစ်ပါတယ်။

ဒီတော့ သဘာဝကျစွာပဲ ဒီနေ့ အဲဒီလို ကိုယ့်ကိုယ်ကိုယ် “တတိယအုပ်စု”၊ တတိယလိုင်း” လို့ ကြွေးကြော် နေသူတွေကို ပြန် စောကြော မိပါတယ်။ ဘယ်လိုလူတွေက၊ ဘာရည်ရွယ်ချက်နဲ့ ဘာ့ကြောင့် ပြောနေတာလဲ။

ဒီနေရာမှာ ဖြတ်ပြောသင့်တယ်ထင်တာ တခုက နိုင်ငံရေးမှာ “တတိယအုပ်စု၊” တတိယလိုင်း” ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် သတ်မှတ် ကြေညာကြတာမျိုး အင်မတန် ရှားပါတယ်။ အဓိကကတော့ တိကျတဲ့ နိုင်ငံတခု၊ ဒါမှမဟုတ် နိုင်ငံရေး ခွင်ကြီးတခုရဲ့ အခြေအနေကို လိုက်ပြီး သုံးသပ်သူတွေ၊ မီဒီယာတွေက သတ်မှတ်တာ ပြောဆိုတာ များပါတယ်။ ဒါပေမယ့် ဒီနေ့ဗမာပြည်က နအဖ စစ်ဒီမိုကရေစီ ခေတ်မှာ ကျတော့ ဒီလူတွေ၊ ဒီအဖွဲ့တွေဟာ သူများထက် ထူးပြီး ကိုယ့်ကိုယ်ကိုယ် “တတိယအုပ်စု”၊ တတိယလိုင်း” လို့ မိတ်ဆက်ပြီး ကားလိပ်ရှေ့ ထွက်လာကြတာ တွေ့နေရပါတယ်။

ပထမဆုံးအားဖြင့် အဲဒီလိုပြောနေသူတွေထဲမှာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မယ့်သူ ဆိုတာနဲ့ မဝင်မယ့်သူ ဆိုတာရယ်လို့ ခွဲရင် ရမယ် ထင်ပါတယ်။ ရွေးကောက်ပွဲကို မဝင်ဘူးလို့ ပြောပြီး ဒီအယူအဆကို တွင်တွင် ဖြန့်နေသူ၊ သူတို့နဲ့ မတူသူတွေကို ရန်တွေ့နေ သူတွေကတော့ သဘောတရားရေး ဆရာကြီးတွေ ဖြစ်ပါတယ်။ သူတို့မှာ အာဏာ-အခွင့်အရေး ရည်မှန်းချက် မရှိဘူး၊ စေတနာ သန့်သန့်နဲ့ ဒီအယူအဆတွေကို ဖြန့်နေတာလို့ ဆိုနေကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် တချိန်ကတော့ သူတို့ဟာ တခြား အဖွဲ့အစည်းတွေမှာ တခြားအယူအဆတွေ အတွက်လည်း သဘောတရား ဆရာကြီးတွေ လုပ်ဖို့ ကြိုးစား ခဲ့ကြသူတွေ ဖြစ်တယ်ဆိုတာ သတိမပြုမိဘဲ မနေနိုင်ပါဘူး။ သူတို့ဟာ နိုင်ငံတကာ စာမျက်နှာတွေ ပေါ်ကနေ ရှာတွေ့လို့ ရသမျှ၊ အသုံးတည့်မယ် ထင်သမျှကို ဆွဲယူပြီး ဗမာပြည် နိုင်ငံရေးနဲ့ အတင်း ဆွဲစပ်ပေးတာပါ။ သူတို့ဟာ သူများတွေကိုတော့ စာအုပ်ကြီး သမားတွေ၊ တရားသေ သမားတွေလို့ ပုတ်ခတ် တိုက်ခိုက်ပြီး သူတို့ ကိုယ်တိုင်ကတော့ စာအုပ်ကြီး- စာအုပ်ကလေး၊ ဆောင်းပါးတို၊ ဆောင်းပါးရှည်၊ လက်လှမ်း မီသမျှထဲကနေ နအဖဗိုလ်ချုပ်တွေ မနောခွေ့မယ် ထင်သမျှကို ဆွဲယူ ကိုးကား နေကြတာ ဖြစ်ပါတယ်။ နအဖ စစ်အုပ်စု ဖြစ်စေချင်တဲ့ လာမယ့် ရွေးကောက်ပွဲကို ဝင်ဖို့ သဏ္ဌာန်မျိုးစုံ၊ အသုံးအနှုန်း မျိုးစုံနဲ့ နှပ်ကြောင်းပေးရေးပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် “တတိယအုပ်စု”၊ တတိယလိုင်း” ဆိုသူတွေအထဲမှာတော့ လူပေါင်းစုံ တွေ့ရပါတယ်။ စစ်အုပ်စု ထိပ်သီး တွေနဲ့ပေါင်း၊ ကျိကျိတက် ချမ်းသာနေတဲ့ ပညာရှင် ဆိုသူတွေပါသလို လက်ကိုင်ဖုန်းလေးရ၊ ဓာတ်ဆီဆိုင် ပါမစ်လေး ရတာနဲ့ စစ် အစိုးရ ပြောစေချင်သမျှ ပြောနေတဲ့ လူတွေလည်း ပါပါတယ်။ ဒါပေမယ့် အများဆုံးကတော့ ဗမာပြည် နိုင်ငံရေးလောက ဝေါဟာရအရ ‘အပျက်’ လို့ ဆိုရမယ့်လူတွေ ဖြစ်ပါတယ်။ ဗကပပျက်၊ မဆလပျက်၊ အလံနီပျက်၊ ပမညတပျက်၊ နောက်ဆုံး ဒီချုပ်အပျက်တောင် ပါပါတယ်။ အားနာနာနဲ့ ထောက်ပြရရင် ဒီအထဲမှာ ဗြောင်တမျိုး၊ တိတ်တိတ်တဖုံ သဏ္ဌာန်မျိုးစုံနဲ့ လက်နက် ချထားသူတွေလည်း တကယ်ပဲ မနည်းပါဘူး။ ပတ်မကြီး ဖောက်ခွဲဖူးသူတွေ များပါတယ်။

ဒီနေရာမှာ ဒီပုဂ္ဂိုလ်၊ ဒီအဖွဲ့အစည်းတွေဟာ “တတိယအုပ်စု”၊ “တတိယလိုင်း” တကယ်ဟုတ် မဟုတ် ဆိုတာကိုလည်း ပြောရမယ် ထင်ပါတယ်။ ဗမာပြည်ရဲ့ လွတ်လပ်ရေး ဒီဘက် ရွေးကောက်ပွဲ သမိုင်းမှာ ‘တသီးပုဂ္ဂလ’ ဆိုတဲ့ အသုံးအနှုန်းကို လူတိုင်း၊ နားယဉ်၊ မျက်စိ ယဉ်နေတယ်လို့ ပြောနိုင်ပါတယ်။ နောက်ပြီး စစ်အေးခေတ်တုန်းက ‘ဘက်မလိုက် နိုင်ငံများ လှုပ်ရှားမှု’ ကိုလည်း သိကြပါတယ်။ အဲဒါတွေနဲ့ ယှဉ်ကြည့်လိုက်ရင် အခုပြောနေတဲ့ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေဟာ အမည်ခံ သက်သက် ဆိုတာကို တွေ့ရ ပါလိမ့်မယ်။

တတိယအုပ်စု၊ တတိယလိုင်းဆိုတာဟာ သမိုင်းအခြေအနေ လိုက်လို့ ပြောင်းလဲ နေတာဖြစ်ပါတယ်။ ဖဆပလ မကွဲခင် ၁၉၅၂ ရွေးကောက်ပွဲနဲ့ ၁၉၅၆ ရွေးကောက်ပွဲ အပြီးမှာ ဖဆပလနဲ့ ပမညတဟာ အဓိက ထိပ်ချင်း ဆိုင်နေသူတွေ ဖြစ်ပါတယ်။ ကျန်တဲ့ တသီးပုဂ္ဂလ ဆိုတာတွေက ဒီနှစ်ဖွဲ့နဲ့ ဘယ်လိုမှ မပတ်သက်သူတဲ့ တတိယ အင်အားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဖဆပလလည်း ကွဲပြီးတဲ့ အခါမှာတော့ သန့်ရှင်းနဲ့ တည်မြဲတို့ဟာ အဓိက ဆိုင်နေသူတွေ ဖြစ်ပြီး ပမညတဟာ တတိယ အုပ်စု ဖြစ်သွားပါတယ်။ ပမညတဟာ အဲဒီနှစ်ဖက်နဲ့ အခြေခံ အယူအဆမှာ လုံးဝ မတူပါဘူး။

အခုတော့ ဒီလူတွေက သူတို့ကိုယ်သူတို့ နအဖနဲ့လည်းမတူ၊ ဒီချုပ်နဲ့လည်း မတူဘူး ဆိုတာနဲ့ပဲ “တတိယအုပ်စု” လို့ ခေါ်ရတော့မလို ဖြစ်နေပါတယ်။ တကယ်ကျတော့ တစညလို ဟာကို မေးကြည့်ရင်လည်း သူတို့ဟာ နအဖနဲ့ရော၊ ဒီချုပ်နဲ့ရော မတူဘူး၊ တခြားစီလို့ပဲ ပြောမှာပါ။ ဒါကြောင့် “နအဖနဲ့လည်း မတူ၊ ဒီချုပ်နဲ့လည်း မတူ” ဆိုတာကို စံလို့ ပြောလို့ မဖြစ်ပါဘူး။ ဒီတော့ တဆက်တည်း မေးသင့်တာက ဒီ “တတိယအုပ်စု” ၊ “တတိယလိုင်း” သမားတွေဟာ သူတို့ကိုယ်သူတို့ နအဖနဲ့ မတူပါဘူးလို့ ဘယ်နေရာမှာ၊ ဘယ်လို မတူတာလဲလို့ တိတိကျကျ ပြောဖူးသလဲ ဆိုတာပါပဲ။ ပြည်သူလူထုက ကြားနေရတဲ့ သူတို့ပါးစပ်က စကားတွေကတော့ နအဖကို ထောက်ခံနေတာချည့်ပါပဲ။ နအဖနဲ့ မတူတာရယ်လို့ စကားဦးလေး သန်းပြတာတောင် မကြားဖူးပါဘူး။

တခါ အယူအဆသဘောအရပြောရရင်လည်း ဒီနေ့ဗမာပြည် နိုင်ငံရေးမှာ အဓိက ကွဲနေတာက နအဖရဲ့ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲတို့ အပေါ် သဘောထားတဲ့ ကိစ္စမှာ ဖြစ်ပါတယ်။ ဒီအဓိက ပြဿနာကြီးမှာ သူတို့ဟာ နအဖနဲ့ တသားတည်း ဖြစ်ရုံမက ပိုတောင် ကဲနေကြပါတယ်။ နအဖရဲ့ ဖွဲ့စည်းပုံကို နောင်မှာ ပြင်သွား ကြတာပေါ့ ဆိုတာမျိုးတောင် မပြောဝံ့တဲ့ လူတွေဖြစ်ပါတယ်။ တချိန်က ဗမာပြည် နိုင်ငံရေး ဇာတ်ခုံပေါ်က တသီးပုဂ္ဂလ ဆိုတာဟာ တကယ့် တသီးပုဂ္ဂလတွေ ဖြစ်တာမို့လို့ ဖဆပလလို အာဏာရ အဖွဲ့ဟာ သူတို့ချင်း ကွဲပြဲတာအပါ နိုင်ငံရေး ပြဿနာကြီးတွေ၊ အကျဉ်းအကျပ်တွေနဲ့ ကြုံတွေ့လာရတိုင်း ဒီတသီး ပုဂ္ဂလတွေကို စည်းရုံးခဲ့၊ ကိုယ့်ကို ထောက်ခံအောင် လုံးပန်း ခဲ့ရပါတယ်။ အဲဒါနဲ့ ပြောင်းပြန် အခုဒီ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေကတော့ တကယ်လို့ နအဖ အစိုးရမှာသာ အကျဉ်းအကျပ်နဲ့ ကြုံရရင် အရင်ဆုံး ထိုးကျွေးတာ ခံရဖို့ ရှိပါတယ်။ တကယ်ကဒီ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေဟာ နအဖ မိုးလေဝသ၊ တနည်းအားဖြင့် ဗိုလ်သန်းရွှေရဲ့ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ပြီး ရပ်တည် လှုပ်ရှားနေကြရတာ ဖြစ်ပါတယ်။ နအဖ ဒါရိုက်လုပ်သမျှ လိုက်လုပ်ရသူတွေ ဖြစ်ပါတယ်။ နအဖက ပေါ်စေဆိုလို့ ပေါ်ပေါက် လာတာဖြစ်ပြီး တချိန်မှာ နအဖက ပျောက်စေ ဆိုရင်လည်း ရုတ်ခြည်း ပျောက်ကွယ်သွားမှာသာ ဖြစ်ပါတယ်။

နအဖရဲ့ တရားဝင်မီဒီယာတွေမှာ အခုထက်ထိ ဒီအဖွဲ့တွေ၊ ဒီလူတွေနဲ့ ဒီအယူအဆ၊ ဒီ အပြောအဆိုတွေ အကြောင်း ဘာမှ မပြောတာကို သတိထားမိကြမယ် ထင်ပါတယ်။ ဒါဟာ သမိုင်းမှာ မကြာမကြာ ကြုံတွေ့ရလေ့ ရှိတဲ့ ကပ်ဖားရပ်ဖားတွေကို သခင်က သိပ်ဂရုမစိုက်တဲ့ ဖြစ်ရပ်တွေအတိုင်း တသဝေမတိမ်း တွေ့ရတာသာ ဖြစ်ပါတယ်။ မဆလ လက်ထက်မှာ သခင်စိုးဟာ ထောင်ထဲကနေရော၊ ထောင်ပြင်က နေပါ စစ်အုပ်စု အုပ်စိုးမှုကိုရော၊ မဆလသ ဘောတရားကိုပါ ထောက်ခံတဲ့ စာတမ်းတွေကို သဘောတရား လုပ်ပြီး ဗိုလ်နေဝင်းဆီကို ရေးပို့ပါတယ်။ နောက်ဆုံးတော့ အဲဒီစာတွေဟာ ထောက်လှမ်းရေး အတွက် အသုံးချစရာသာ ဖြစ်ခဲ့ပြီး ဗိုလ်နေဝင်းက မျက်စောင်းတောင် ထိုးမကြည့်ခဲ့ဘူး ဆိုတာကို သတိထားကြသင့် ပါတယ်။

ဒါနဲ့များ သူတို့ကိုယ်သူတို့ ဘာဖြစ်လို့ “တတိယအုပ်စု”၊ “တတိယလိုင်း” လို့ မသူတော် (၇) ပါးလို ကိုယ့်အကြောင်းကိုယ် ဖော်နေကြတာလဲလို့ မေးလာရင် အဖြေက သိပ်ရှင်းပါတယ်။ တချက် နအဖက အဲဒီလို ပြောစေချင်မှန်း သိလို့ဖြစ်ပါတယ်။ သူတို့အဖို့ နအဖ ဗိုလ်ချုပ်တွေ ကျေနပ်အောင် လုပ်ရေးဟာ အဓိက ဆိုတာကို မမေ့သင့်ပါဘူး။ နောက်တချက်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ မဲရချင်လို့ ဖြစ်ပါတယ်။ ဒီချုပ်နဲ့ တသားတည်းဆိုရင် နအဖက အမှုန့်ကြိတ်ပစ်မှာ၊ နအဖနဲ့ တသားတည်းဆိုရင် မဲမရမှာ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဗုံမဟုတ်၊ ပတ်မဟုတ် ဖြစ်ပါကြောင်း ပြောနေတာ ဖြစ်ပါတယ်။ သူတို့ခမျာ ရွေးကောက်ပွဲက တဆင့် သူတို့ အကျိုးရှိမယ်လို့ တကယ်ကို ယုံကြည်နေရှာ ကြတာပါ။

ဒါပေမယ့် လူသားချင်းစာနာတတ်သူများကတော့ သူတို့တတွေ ဒီလိုလုပ်နေလို့ သူတို့ရဲ့ဇာတ်သိမ်း မကောင်းနိုင်ဘူး၊ သူတို့ကို နအဖ ဗိုလ်ချုပ်တွေက ဒီတပွဲ၊ ဒီတကွေ့ အတွက်သာ အသုံးချတာ ဖြစ်တယ်ဆိုတာကို သတိပေး ကြရပါမယ်။

Ref: ခေတ်ပြိုင်


Read More...

အပေါ်သို့