..............................

Saturday, December 12, 2009

ကျားကြီး ခြေရာကြီး - အပိုင်း (၁)

ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း (တပ်မတော်အရာရှိတစ်ဦး)


ကျွန်တော်တို့ စစ်တက္ကသိုလ် Finial Year ရောက်တယ်ဆိုရင်ဘဲ စစ်တက္ကသိုလ်အတွင်းမှာ ရှိနေတဲ့ အုပ်ချုပ်ရေး ယန္တရား၊ လုပ်ငန်းလမ်းစဉ် တွေကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ကြရ၊ ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင် လုပ်ကြရပါ တော့တယ်။ အခုမှ ကြုံတွေ့ရတာ ဆိုပေမဲ့ ယခင် စီနီယာများရဲ့ လုပ်ပုံ ကိုင်ပုံတွေကို သင်ကြားခွင့် ရထားပြီး ဖြစ်ပါတယ်။

စစ်တက္ကသိုလ်တွင် နည်းပြအရာရှိများက အပြင်စည်းကသာ အုပ်ချုပ်ကြရပါတယ်။ တကယ့် စစ်တက္ကသိုလ် အတွင်းစည်းကိုတော့ (Guardian System) ဗိုလ်လောင်း အချင်းချင်းကသာ အုပ်ချုပ်ရတာ ဖြစ်ပါတယ်။ အဲဒီအပြင် ဗိုလ်လောင်းများရဲ့ စားရေးသောက်ရေး၊ တပ်တွင်း စိမ်းလန်းစိုပြေရေး၊ အုပ်ချုပ်ရေး စသည်တို့ကိုလည်း Finial Year ဗိုလ်လောင်းများ ကသာ ဦးဆောင် လုပ်ကိုင်ရတာ ဖြစ်ပါတယ်။ အဆင့်ဆင့် အုပ်ချုပ်တဲ့ စနစ်ကို ရိုက်သွင်းတဲ့ သဘော ခေါ်ရမှာပါ။ စီနီယာ၊ ဂျူနီယာ လေးစားရတာမျိုးနဲ့လည်း တပ်တွင်း စည်းလုံးရေးကို ဂရုစိုက် အုတ်မြစ်ချထား ပေးပါတယ်။

အထူးသဖြင့် ဗိုလ်လောင်း တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး စတဲ့ ရာထူးများကိုတော့ စစ်တက္ကသိုလ်က စာတော်သူ၊ လေ့ကျင့်ရေး ထူးချွန်သူ များသာ ရရှိကြပါတယ်။ ဒါပေမဲ့ များသော အားဖြင့်တော့ အဲဒီရာထူးများအား ဗိုလ်လောင်းများက မမက်မောကြပါ။ အဘယ့်ကြောင့် ဆိုသော် ပုခုံးပေါ်မှာ သူများ ဗိုလ်လောင်းတွေလို ‘ဒေါက်’ အဖြူရောင် မဟုတ်ဘဲ အဆင့်တံဆိပ်လေး (ကြယ်များ) တပ်ရတာသာ ကွာသွားပါတယ်။ ဒေသန္တရ အမိန့်ကိုသာ ထုတ်ပိုင်ခွင့်ရှိပါတယ်။ ဒီလောက်ပါဘဲ။ တခြား အကျိုးခံစားခွင့် မရှိလို့ မမက်မောတာ ဖြစ်ပါတယ်။

ဗိုလ်လောင်းများ မက်မောတဲ့ ရာထူးများကတော့ တပ်ရင်း ထမင်းအိုးကြီးကို ခွကိုင်ရတဲ့ ဗိုလ်လောင်း Regimental Quartermaster Sergeant (RQ) ဖြစ်ပါတယ်။ (RQ) ဟာ တပ်ရင်း စားရိပ်သာကို ကိုင်တွယ်ရသော ရာထူးဖြစ်ပြီး ဂွင်ကောင်းတဲ့ နောက်ရာထူး တစ်ခုကတော့ ဗိုလ်လောင်း Regimental Sergeant Major (RSM) လို့ ခေါ်တဲ့ တပ်ရင်း စိမ်းလန်း စိုပြေရေးကို ကိုင်တွယ်ရတဲ့ ရာထူးများသာ ဖြစ်ပါတယ်။ ၎င်းရာထူးများဟာ ဗိုလ်လောင်း တပ်ရင်းများ အလိုက် အသီးသီး ရှိကြပါတယ်။ အလားတူ တပ်ခွဲ များတွင်လည်း တပ်ခွဲမှူး၊ တပ်စုမှူး စသည့် ရာထူးများက အရေးမကြီးသလို တပ်ခွဲ ထမင်းအိုးကြီးကို ခွကိုင်ရတဲ့ တပ်ခွဲ (CQ) နှင့် တပ်ခွဲ စိမ်းလန်း စိုပြေရေးကို ခွကိုင်ရတဲ့ (CSM) ဆိုတဲ့ ရာထူးများကိုဘဲ ဗိုလ်လောင်းများက မက်မောကြပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီ CQ တို့ CSM တို့ဟာ စားရိပ်သာ အတွက်၎င်း၊ ကျောင်းတော်ကြီး စိမ်းလန်း စိုပြေရေး အတွက်၎င်း၊ လိုအပ်လျှင် လိုအပ်သလို ဗိုလ်လောင်းများရဲ့ လစာထဲမှ ဖြတ်တောက် ပိုင်ခွင့် ရှိခြင်း၊ ဗိုလ်လောင်း ရိက္ခာများကိုလည်း လိုသလို ဖြတ်တောက် လုပ်ပိုင်ခွင့် ရှိခြင်း စတဲ့ အခွင့်အရေးများကို ရရှိ ကြသောကြောင့် ဖြစ်ပါတယ်။ ဥပမာ ဘောလုံးပြိုင်ပွဲ ရှိလို့ ရံပုံငွေ လိုအပ်တဲ့အခါ ဗိုလ်လောင်းများရဲ့ တမနက်စာ ရိက္ခာကို သုံးရက်လောက် ဖြတ်ခွင့်ရှိပါတယ်။ ဗိုလ်လောင်း အင်အား ၅၀၀၀ လောက် ရှိတာကြောင့် သုံးရက်အတွက် ကြက်ဥအလုံး ၁၅၀၀၀ လောက်ဟာ ရံပုံငွေထဲ ရောက်ရှိ သွားပါတော့တယ်။ ဘယ်လောက် သုံးတာ ဘယ်လောက် ကျန်တာ ဒါတွေကတော့ ဒါတွေဘဲပေါ့။ ငါ့သဘောလေ။ သိတယ်နော်။

ဒါ့အပြင် တပ်ရင်း (သို့မဟုတ်) တပ်ခွဲအတွက် ထုံး၊ တံမြက်စည်း လိုအပ်၍ ဗိုလ်လောင်း တစ်ဦးလျှင် လစာမှ ၅၀ ကျပ် ဖြတ်လိုက်လျှင်လည်း ကိစ္စမရှိပါ။ အများနှင့် အလုပ်လုပ်တဲ့ ကိစ္စဖြစ်လို့ ဖြတ်ခွင့် ရှိပါတယ်။ ဒါ့ကြောင့် ထိုစဉ်အခါက ဗိုလ်လောင်းများ အတော် အဆင်ပြေကြပါတယ်။ အဘယ့်ကြောင့် ဆိုသော် တပ်ရင်းရိက္ခာ ဂိုထောင်သော့ကို ဗိုလ်လောင်း RQ ဆိုတဲ့ ဗိုလ်လောင်းကြီး ကဘဲ ကိုင်ထားသည် မဟုတ်လော။ ရိက္ခာဂိုထောင် ဆိုသည်ကလည်း နို့ဆီဗူးများ၊ သကြားများ၊ ပဲများ၊ ဆီများ သိုလှောင်ထားသော နေရာကြီးလေ။

သို့ပေမဲ့ တစ်ခုတော့ရှိတယ်။ ထိုစဉ်က တာဝန်ကျ ဗိုလ်လောင်းများ အနေနဲ့ ထိုသို့ လုပ်ပိုင်ခွင့်တွေ ရှိသော်လည်း မိမိ အိပ်ဆောင်မှာ နို့ဆီးဗူး မပြတ်ရှိရုံ၊ ကော်ဖီမစ် ထုပ်လေး အဆင့်သင့်ရှိရုံ၊ Out Pass ထွက်သည့်အခါ ဆိုင်ကောင်းကောင်းမှာ ထိုင်စားနိုင်ရုံလောက်နဲ့ ကျေနပ် ခဲ့ကြတာပါ။ အချင်းချင်း သိပ်မလုပ်ဘူး။ တနည်းပြောရရင် “ ကျားသေးတော့ ခြေရာသေး” တယ်လို့ဘဲ ပြောရမှာပေါ့။ အဲ …ရွာထဲ စစ်ကြောင်းဝင်လာလို့ ချေမှူန်းခံရတဲ့ အနေအထားမျိုးလို အချိန်လဲကျရော ကျွန်တော်တို့ ဗိုလ်လောင်းခေတ်လည်း ပျက်ပါလေရော။

ဆက်လက် ဖော်ပြသွားပါမည်။

Ref: ဖိုးတရုတ်

Read More...

Friday, December 11, 2009

ဒေါ်အောင်ဆန်းစုကြည်ဂုဏ်သိက္ခာ အိုဘားမား လေးစား

10 December 2009

ဒေါ်အောင်ဆန်းစုကြည်တို့လို ပြုပြင်ရေးသမားတွေရဲ့ အေးဆေးတည်ငြိမ်သော ဂုဏ်သိက္ခာတွေကို အမေရိကန် ပြည်ထောင်စု အနေနဲ့ တလေးတစားနဲ့ စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီကနေ့ ပြောကြားတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆု လက်ခံတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြား သွားပါတယ်။ အမေရိကန် သမ္မတဟာ နိုဘဲလ် ငြိမ်းချမ်းရေး ဆုကို နော်ဝေးနိုင်ငံ အော်စလိုမြို့တော်မှာ တရားဝင် လက်ခံခဲ့တာပါ။

သမ္မတ အိုဘားမားဟာ ကမ္ဘာ့နိုင်ငံတွေ စစ်ဖြစ်ပွားရတဲ့ အခြေအနေ၊ ငြိမ်းချမ်းရေး အမြန်ဖော်ဆောင်ဖို့ လိုအပ်တယ် ဆိုတဲ့ အခြေအနေတွေ အကြောင်း အကျယ်တ၀ံ့ ပြောကြား ခဲ့တာကို ဗွီအိုအေရဲ့ အိမ်ဖြူတော် သတင်းထောက် ပေါ်လာ ၀ုဖ်ဆွန်က (Paula Wolfson) သတင်း ပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

သမ္မတအိုဘားမားဟာ ဒီငြိမ်းချမ်းရေးဆုကို ကျိုးနွံစွာ လက်ခံရတာ ဖြစ်တဲ့ အကြောင်း၊ နိုဘဲလ် ကော်မတီက ဒီဆုကို ချီးမြှင့်ဖို့ ရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေတယ်ဆိုတာ သိရှိတဲ့အကြောင်း စတင် ပြောကြားခဲ့ပါတယ်။

“တစိတ်တဒေသအားဖြင့်တော့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ကျနော့် လုပ်ရပ်တွေရဲ့ အစပိုင်းသာ ရှိသေးပြီး ဆုံးခန်း မတိုင်သေးတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ အရင်က ဒီဆုကို လက်ခံရရှိခဲ့ကြတဲ့ Schweitzer တို့၊ King တို့၊ Marshalတို့၊ Mandela တို့ရဲ့ စွမ်းဆောင်မှုတွေနဲ့ စာရင် ကျနော့်ရဲ့ စွမ်းဆောင်မှုတွေက မပြောပလောက်ပါဘူး။”

ဒါ့အပြင် ပိုပြီး အရေးကြီးတဲ့ ကိစ္စတခုက သူဟာ စစ်ပွဲနှစ်ခုအကြား ပိတ်မိနေတယ် ဆိုတဲ့ အချက်ပါပဲလို့လည်း ဆက်ပြီး ပြောကြားပါတယ်။

“ကျနော်တို့ဟာ စစ်ပွဲနဲ့ ရင်ဆိုင်နေရပါတယ်။ အမေရိကန်လူငယ် ထောင်ပေါင်းများစွာကို အလှမ်းကွာဝေးတဲ့ စစ်မြေပြင်တွေဆီ ပို့ပေးရတဲ့ အတွက် ကျနော့်မှာ တာဝန်ရှိပါတယ်။ သူတို့အထဲက တချို့ဟာ လူသတ် ရပါလိမ့်မယ်။ တချို့ဟာ အသတ်ခံရ ပါလိမ့်မယ်။ စစ်နဲ့ ငြိမ်းချမ်းရေး ဆက်နွယ်မှု၊ စစ်ပွဲကို ငြိမ်းချမ်းရေးနဲ့ ဘယ်လို အစားထိုးကြမယ် ဆိုတဲ့ ခက်ခဲတဲ့ ပြဿနာတွေ ရှိနေတယ် ဆိုတာကို နားလည် သဘောပေါက် ထားပါတယ်။”

သမ္မတအိုဘားမားက ဆက်လက်ပြီး ကိုယ့်လူမျိုး အချင်းချင်း လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန် နေကြတာကိုလည်း ပြောပါတယ်။ စစ်ရေးပဋိပက္ခ မရှိဘူး ဆိုတာထက် ငြိမ်းချမ်းရေး ဆိုတာ တည်ရှိနေဖို့က ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဟာ ကမ္ဘာပေါ်က နိုင်ငံတွေအကြား ထူးခြားတဲ့ ယဉ်ကျေးမှုတွေ၊ ထုံးတမ်း အစဉ်အလာတွေ ရှိနေတယ်။ တနိုင်ငံနဲ့ တနိုင်ငံ မတူညီဘူး ဆိုတာကို ကျနော်တို့ နားလည် သဘောပေါက်ပေမဲ့ အမေရိကန် ပြည်ထောင်စုဟာ လူသား တရပ်လုံးရဲ့ ရည်မှန်းချက်တွေ ကိုတော့ ဖော်ထုတ် ပြောကြားသွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တို့လို ပြုပြင်ရေး သမားတွေရဲ့ အေးဆေးတည်ငြိမ်တဲ့ ဂုဏ်သိက္ခာကို ကျနော်တို့က အလေးထားပြီး ဖော်ထုတ် သွားမှာပါ။ ရိုက်နှက်ခံရမယ့် အန္တရာယ်ကြားက မဲပေးရဲကြတဲ့ ဇင်ဘာဘွေ ပြည်သူတွေရဲ့ သတ္တိ၊ ငြိမ်သက်စွာ လမ်းတွေပေါ် ထွက်ပြီး ဆန္ဒပြရဲကြတဲ့ သိန်းပေါင်းများစွာသော အီရန်ပြည်သူတွေကိုလည်း အလားတူ လေးစားစွာ ဖော်ထုတ်ရမှာပါ။”

၂၀၀၉ ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆု ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး နိုဘဲလ် ကော်မတီက သမ္မတ အိုဘားမားရဲ့ နိုင်ငံတကာ သံတမန် ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီး ခိုင်မာအောင် အားပေးရတာ ဖြစ်ကြောင်း၊ သမ္မတ အိုဘားမားဟာ ကမ္ဘာ့ ပြည်သူတွေအတွက် မျှော်လင့်ချက် ရောင်ခြည် ပါးလိုက်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: VOA News

Read More...

နအဖ ဖိတ်ကြားသည့် ကိုးကန့်အသွင်ပြောင်းပွဲ ၀ တပ်ဖွဲ့မတက်

ကြာသပတေးနေ့၊ 10 ဒီဇင်ဘာလ 2009

ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပခဲ့သည့် ပိုင်ဆုံချိန် ခေါင်းဆောင်သော ကိုးကန့်တပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းပွဲသို့ ၀ တပ်ဖွဲ့ တက်ရောက်ခြင်း မရှိကြောင်း တရုတ်နယ်စပ် သတင်းရပ်ကွက်က ပြောပါသည်။

“ကျနော်တို့ မတက်ရောက်ရတဲ့ အကြောင်းရင်း နှစ်ချက်ရှိတယ်။ ပထမ အချက်က ၄ ရက်နေ့ ကျင်းပမဲ့ဟာကို ၂ ရက်နေ့မှ ဖိတ်တယ်။ ၃ ရက်နေ့မှ ကျနော်တို့ စာလက်ခံရတယ်။ နောက်တခုက အသွင်ပြောင်းတဲ့ ကိုးကန့် တပ်ဖွဲ့ ကိုယ်တိုင်က ကျနော်တို့ကို မဖိတ်ဘူး” - မြောက်ပိုင်း ၀ တပ်မှူးတဦးက ပြောပါသည်။

ပိုင်ဆုံချိန် ဦးဆောင်သည့် ကိုးကန့်လက်ကျန်တပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး ပွဲကို ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းက လောက်ကိုင်မြို့နယ် ဆီအော၌ ကျင်းပခဲ့ရာ ဗမာ့ တပ်မတော် စရဖ ညွှန်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ ရပခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်ဦး ၊ ကိုးကန့် ဒေသ ယာယီဥက္ကဌ ပိုင်ဆုံချိန် တို့နှင့်အတူ ဆင့်ခေါ်ခံရသော ပြည်သူလူထုတို့ တက်ရောက်ကြောင်း၊ ၀ တပ်ဖွဲ့အား ဖိတ်ကြားထားသည်ဟု သိရသော်လည်း အဆိုပါပွဲသို့ တက်ရောက်ခြင်း မရှိဟု လောက်ကိုင် မြို့ခံတဦး က ပြောပါသည်။

ကိုးကန့် အသွင်ပြောင်းပွဲသို့ ၀ တပ်ဖွဲ့ မတက်ခြင်းနှင့် ပတ်သက်၍ သျှမ်းပြည် အရေး လေ့လာသူ တဦးက - “အခုအခြေ အနေက ၀ နဲ့ နအဖ တင်းမာမှုအရှိန် ပိုမြင့်လာတယ်၊ ၀ နယ်ထဲမှာ အရင်ကထက် အ၀င်အထွက် ပိုမိုတင်းကြပ်တယ်။” ဟုဆို၏။

ထို့အတူ ၀၆/၁၂/၂၀၀၉ တွင်လည်း မူးယစ်ဆေးဝါးနှင့် ပတ်သက် ဆက်နွယ်သူများ ဖမ်းဆီး အရေးယူမည့် အကြောင်းနှင့် မူးယစ်ဆေးဝါးနှင့် မပတ်သက်ရန် နံရံကပ် စာစောင်များ၊ ၀ TV မှ တဆင့် ထုတ်ပြန် ကြေငြာ သတိပေးမှုများ ရှိခဲ့သည်ဟု ဆို၏။ မူးယစ်ဆေးဝါး အကြောင်းပြုပြီး ကိုးကန့် ကဲ့သို့ ၀ တပ်ဖွဲ့အား စစ်အစိုးရ ပြဿနာ မရှာနိုင်ရန် အထူး သတိထား ရှောင်ရှားလိုခြင်း ဖြစ်သည်ဟု အဆိုပါ ပုဂ္ဂိုလ်က သုံးသပ်ပြပါသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုး - တန့်ယန်းမှ သံလွင်မြစ် တဖက်ကမ်း လွယ်ပန်လုံ နအဖ တပ်စခန်း မျက်နှာချင်းဆိုင် လွယ်ပန်ဇုံ ၀ ဂိတ်တွင် လည်းကောင်း၊ မန်းဆိုင်မြို့အ၀င် ဂိတ်တွင် လည်းကောင်း တင်းတင်းကြပ်ကြပ် စစ်ဆေးမှုပြုလုပ်ကြောင်း၊ ထောက်ခံစာ/ အိမ်ထောင်စု စာရင်း မရှိလျှင် နေထိုင် အလုပ်လုပ်ခွင့် မပြုကြောင်း- “ဗမာတပ်ဘက်က စစ်သားတွေ တိုက်၊ ကား တွေ ဆက်တိုက် ပြင်ဆင် တိုးချဲ့လို့ ၀ ဘက်က အဲလိုလုပ်ရတာပေါ့ ” ဟု ဒေသခံ နောက်တဦးက ပြော၏။

ဤကဲ့သို့ တင်းမာလာသော အနေအထားကြောင့် ပိုင်ဆုံချိန် (ကိုးကန့်) အဖွဲ့ နယ်ခြားစောင့်တပ် အသွင် ပြောင်းပွဲ တက်ရန် ၀ တပ်ဖွဲ့ ပျက်ကွက်ခြင်း ဖြစ်ကြောင်း သုံးသပ်သူများ ပြောဆိုကြပါသည်။

ကိုးကန့်တပ်ဖွဲ့ အမှတ် ၁၀၀၆ နယ်ခြားစောင့် တပ်ရင်း အပါအ၀င် စစ်အစိုးရ ဆန္ဒအတိုင်း အသွင် ကူးပြောင်းသွားသော တပ်ရင်း / တပ်ဖွဲ့များမှာ စခုံတိန်ယိမ်း ဦးဆောင်သည့် NDA-K ကချင် (အမျိုးသားဒီမိုကရက်တစ် တပ်မတော် - ကချင်) မှ တပ်ရင်း ၃ ရင်း အမှတ် ၁၀၀၁/ ၁၀၀၂ /၁၀၀၃ ဖြစ်ပြီး၊ ဦးထွန်းကျော် ဦးဆောင်သည့် ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်လပ် ရေးတပ်ဦး (ကလလတ) ၁၀၀၄ တို့ဖြစ်သည်ဟု သိရပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Thursday, December 10, 2009

နအဖသတင်းစာပါ ဆောင်းပါးဖော်ပြချက်များ အန်အယ်လ်ဒီမှ ဦးဝင်းတင် တုံ့ပြန် ပြောဆို

မင်းနိုင်သူ
၉ ဒီဇင်ဘာ ၂၀၀၉

ယနေ့ထုတ် နအဖအစိုးရသတင်းစာများတွင် ပါရှိသော ဆောင်းပါးရှင် ချမ်းမြအေး ၏ စိတ်ရင်း စေတနာမှန်ပြီး ရိုးသားမယ်ဆိုရင် ဆိုသည့် ဆောင်းပါး၌ ရေးသား ဖော်ပြချက်များသည် ဗိုလ်ချုပ်မှူးကြီး ၏ သဘောထား ဖြစ်သည်ဟု မယူဆကြောင်း အန်အယ်လ်ဒီပါတီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က တုံ့ပြန် ပြောဆို လိုက်သည်။

အဆိုပါဆောင်းပါတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးထံ ပေးစာကို ပြည်ပ မီဒီယာများနှင့် ပေါင်းကာ ကြိုဖွခဲ့သည်ဟု ရေးသားထားသည်။

“ဒီဆောင်းပါးတွေဟာ အစိုးရရဲ့ သဘောထားကို ထင်ဟပ် တတ်တယ် ဆိုပေမယ့် ဒီဆောင်းပါးဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထား ဖြစ်တယ်လို့ မယူဆဘူး။ ဆောင်းပါးရှင်ဟာ ကြားခံ အဆင့်နဲ့ ရေးသားနေသူသာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီး ဆီကို တိုက်ရိုက် တင်ပြထားတာ ဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆီက တုံ့ပြန်မှု ရှိလာဦးမယ်လို့ ထင်တယ်။ ဆောင်းပါး နိဂုံးမှာလည်း တွေ့ဆုံမှု ဖြစ်လာဦးမယ့် သဘော ရေးထားတာလည်း ရှိတယ်” ဟု ဦးဝင်းတင်က သုံးသပ်ပြောဆိုသည်။

အဆိုပါဆောင်းပါးသည် ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးစာ နှစ်စောင်နှင့် စပ်လျဉ်းပြီး နအဖ စစ်အစိုးရ ရှုထောင့်မှ သုံးသပ် တင်ပြထားခြင်း ဖြစ်သည်။

“အခုရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အကြီးအကဲ ထံ အိတ်ဖွင့် ပေးစာတွေနဲ့ ပတ်သက်လို့ ပြည်တွင်း နိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ ပြည်ပ မီဒီယာတွေ ချိတ်ဆက်ပြီး အမျိုးမျိုး ဝေဖန်သွေးထိုးရင်း တွန်းပို့နေကြတာ တွေ့ရပါတယ်” ဟု ဆောင်းပါးရှင်က အစချီ ရေးသားထားသည်။

ပေးစာနှစ်စောင်နှင့် စပ်လျဉ်း၍လည်း “ဒီပေးစာနှစ်စောင်ကို ကြည့်ရင် ရိုးသားမှု မရှိတာတွေ့နိုင်ပါတယ်။ တကယ်တော့ နိုင်ငံတော် အစိုးရကို ရိုးရိုးသားသား ချဉ်းကပ်ပြီး ညှိနှိုင်းဖို့ ကြိုးစားတာမျိုးသာ ဖြစ်သင့်ပါတယ်။ အခုတော့ မရိုးသားတဲ့သဘော၊ ကိုယ်ကောင်း သူများဆိုး ဖြစ်အောင် လုပ်တဲ့သဘော ဖြစ်နေပြီး တည်ဆဲ အစိုးရရဲ့ Image ပျက်အောင် ရည်ရွယ်လုပ်သလို မျိုးလို့ပဲ ကျနော် ခံစားမိပါတယ်” ဟုလည်း ဆောင်းပါးရှင်က မှတ်ချက်ပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီတို့ အနေဖြင့် ပေးစာ (၂) စောင်ပေးပို့ရာတွင် ပထမအကြိမ်က ပါတီ ကြေညာချက်နှင့် အတူ ပူးတွဲ ထုတ်ပြန်ခဲ့ကြောင်း၊ ဒုတိယ အကြိမ်တွင်လည်း အန်အယ်လ်ဒီ လူငယ်အဖွဲ့က မီဒီယာများသို့ တိတ်တဆိတ် ကြိုဖြန့်ခဲ့ကြောင်း၊ မီဒီယာများမှ တဆင့် တည်ဆဲအစိုးရကို အကျပ်ကိုင်ရန် ဖြစ်ကြောင်း စသဖြင့် ရေးသားထားသည်။

ဆောင်းပါးရှင်က အဆိုပါ စာနှစ်စောင်ကိစ္စ အပြင် ၂၀၀၇ ခုနှစ်အတွင်း မစ္စတာ ဂမ်ဘာရီ လာရောက်စဉ်က ဂမ်ဘာရီမှ တဆင့် စင်ကာပူ နိုင်ငံတွင် တဖက်သတ် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီတို့သည် မရိုးသားသည့် သဘောထားဖြင့် မီဒီယာကို အသုံးချကာ လက်ဦးအောင် ဖွနေသည်မှာ (၃) ကြိမ်တိုင်ပြီ ဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါရေးသားချက်များနှင့်စပ်လျဉ်း၍ ဦးဝင်းတင်က “ကျနော်တို့ တရားဝင် ရပ်တည်ဆဲ ဖြစ်တဲ့ ပါတီရဲ့လှုပ်ရှားမှုတွေ၊ အာဘော်တွေနဲ့ ပတ်သက်ပြီး ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြနိုင်ခွင့် မရှိဘူး။ အဲဒီအခါမှာ ပြည်ပ မီဒီယာတွေက ကျနော်တို့ကို မေးတယ်၊ မြန်းတယ်၊ ဆက်သွယ်တယ်။ ကျနော်တို့ကလည်း မီဒီယာကို တုံ့ပြန်ရမယ့် ၀တ္တရား ရှိသည်နဲ့ အညီ ပြောတယ်၊ ဆက်ဆံတယ်။ ဒါကလွဲပြီး ကျနော်တို့က မီဒီယာနဲ့ ပုလင်းတူဘူးဆို့ လုပ်ခြင်းသော်လည်းကောင်း၊ မီဒီယာကို ခိုင်းစားခြင်းမျိုး၊ အသုံးချခြင်းမျိုး လုပ်လို့မရဘူး။ ဒီမိုကရေစီ ထုံးတမ်း စဉ်လာအရ မီဒီယာဟာ သူ့လုပ်ငန်းသူ လုပ်နေကြတာ။ အဲဒါကို သူတို့ နားမလည်ဘူး။ သူတို့ အကျင့်စရိုက် အတိုင်းပဲ ထင်နေကြတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာ (၂) စောင်အနက် နောက်ဆုံးတစောင် စောလျင်စွာ မီဒီယာသို့ ပေါက်ကြားရသည့် အတွက်မူ စိတ်မကောင်း ဖြစ်ရသော်လည်း ပထမ အကြိမ်စာမှာ ဗဟို အလုပ်အမှုဆောင် အဖွဲ့၏ သဘောထားဖြင့် လုံလောက်သည့် အချိန်ပေးပြီးမှ ထုတ်ပြန်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆို့ထားမှု ရုပ်သိမ်းပယ်ဖျက်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက်
မြန်မာနိုင်ငံ ဆိုင်ရာ အနောက်နိုင်ငံ အချို့မှ သံတမန်များနှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း စက်တင်ဘာ (၂၅) ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ခဲ့သည့်စာတွင် ထည့်သွင်း တောင်းဆိုထားသည်။ အဆိုပါ တောင်းဆိုချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကြေညာချက် အမှတ် ၆/ ၀၉/ ၀၉ အဖြစ် ထုတ်ပြန်ခဲ့သည်။

ဒုတိယပေးစာကို ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် တွေ့ဆုံဆွေးနွေးရေး အတွက် ကမ်းလှမ်း ပေးပို့ခဲ့သည်။

သို့သော် အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေး ကိစ္စ နောက်ဆက်တွဲ ဟူသော ပေးစာသည် ပြည်ပ မီဒီယာများတွင် ပေါက်ကြား ခဲ့ခြင်းဖြစ်သည်။

ထိုစာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရနှင့်ညှိနှိုင်းကာ နိုင်ငံအကျိုး ရှိစေမည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပြီး သူမ ပါတီ ကိစ္စရပ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဗဟို အလုပ်အမှုဆောင် များနှင့် စုံညီ အစည်းအဝေးကို သူမအိမ်တွင် ကျင်းပခွင့်ပြုရန်၊ ပါတီဗဟို အလုပ်အမှုဆောင်များနှင့် ဆွေးနွေး ညှိနှိုင်းပြီးပါက နိုင်ငံ့အကျိုး ရှိစေမည့် ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် နအဖ အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံ ဆွေးနွေးလိုပါကြောင်း ရေးသား ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ

ဆလိုင်းပီပီ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 09 ရက် 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ အထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်နှင့် ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် ယနေ့တွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့သည်ကို သူ့ကို အကြောင်း ကြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးသည့် အကြောင်းအရာ အသေးစိတ်ကို မသိရသေးသော်လည်း ''ဒါ … ဒေါ်အောင်ဆန်းစုကြည်က ဦးသန်းရွှေဆီ ပို့ထားတဲ့ စာနှစ်စောင်နဲ့ ပတ်သက်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်'' ဟု ဦးဥာဏ်ဝင်းက ပြောသည်။

အထိန်းသိမ်းခံ ကမ္ဘာ့နိုဘယ်ဆုရှင်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပြီးခဲ့သည့်လ ၁၁ ရက်နေ့တွင် ဒုတိယမြောက် စာတစောင် ပေးပို့ခဲ့ပြီး သူမကို ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပြုရန်နှင့် ပါတီမှ အသက်အရွယ် ကြီးရင့်သော ထိပ်တန်း ခေါင်းဆောင်များထံ သွားရောက်၍ ဂါရဝပြုခွင့် ပေးရန် မေတ္တာရပ်ခံခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများကို လျော့ပါးစေရန် အတွက် နောက်ထပ် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးနိုင်ရန် အတွက် ဗိုလ်ချုပ်မှူးကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့် ပြုရန်လည်း ကမ်းလှမ်းခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာတစောင် ပေးပို့ခဲ့ပြီး အနောက်နိုင်ငံများမှ ချမှတ်ထားသော ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများကို လျော့ပါးစေရန် အတွက် ပူးပေါင်း ဆောင်ရွက်လိုကြောင်း ကမ်းလှမ်း ပြောဆိုခဲ့သည်။ ထို့အတွက် သူမကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျား နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်ပြုရန် မေတ္တာရပ်ခံခဲ့သည်။ ထိုနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုများ ပြုလုပ်ထားသည်။

ရှားပါးစွာပင် စိတ်စေတနာကောင်း ပြသသည့် အနေဖြင့် စစ်အစိုးရ အကြီးအကဲက သူမ၏ မေတ္တာ ရပ်ခံချက်ကို အပြုသဘော တုံ့ပြန်ခဲ့ပြီး၊ စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီးနှင့်၎င်း၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျား နိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့်၎င်း တွေ့ဆုံခွင့် ပေးခဲ့သည်။

သို့သော် ယနေ့ထုတ် အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင်မူ ဒေါ်အောင်ဆန်း စုကြည်သည် ဦးသန်းရွှေထံ ကမ်းလှမ်းမှုများ ပြုလုပ်ရာ၌ ရိုးသားမှုမရှိဘဲ စာပါ အကြောင်းအရာများနှင့် သူမ၏ မေတ္တာရပ်ခံချက်များကို နိုင်ငံတကာ မီဒီယာများသို့ ပေါက်ကြား စေခဲ့ကြောင်း ရှုတ်ချ ရေးသားထားသည်။

သို့သော် ဦးသန်းရွှေကမူ ယခုအထိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်၏ ဒုတိယစာကို တရားဝင် တုံ့ပြန်မှု မရှိသေးကြောင်း သူမပါတီမှ အကြီးတန်း ပါတီဝင် တဦး၏ အပြောအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲထံ ပထမစာတစောင် ပေးပို့ပြီးကတည်းက ဦးအောင်ကြည်နှင့် ယနေ့ တွေ့ဆုံခြင်းသည် တတိယ အကြိမ်မြောက် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက်အမှတ်- ၂၉ / ၁၂ / ၀၉



Read More...

Wednesday, December 9, 2009

လက်နက်ဖြင့် ကာကွယ်မည့် မူကို ဝ' တပ်က အောက်ခြေကို ချပြ

မျိုးကြီး၊ ဖနိဒါ
အင်္ဂါနေ့၊ ဒီဇင်ဘာလ 08 ရက် 2009

ရွှေလီ၊ ချင်းမိုင် (မဇ္ဈိမ) ။ ။ ငြိမ်းချမ်းရေးကို လက်နက်ဖြင့် ကာကွယ်မည်ဟူသော မူကို ဝ' ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA က ယခုလဆန်းမှ စတင်၍ အောက်ခြေတပ်ဖွဲ့များသို့ ချပြ နေပြီဟု ဝ' တပ်မှူး အသိုင်းအဝိုင်း အဆိုအရ သိရသည်။

UWSA ဌာနချုပ်တည်ရှိရာ ရှမ်းပြည် (မြောက်ပိုင်း) ပန်ဆန်းမြို့၌ ပြီးခဲ့သည့်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ရာ အဆိုပါမူကို ဆုံးဖြတ်ပြီးနောက် တပ်တွင်း၌ ရှင်းလင်းနေခြင်း ဖြစ်သည်။

“စည်းလုံးညီညွတ်ပြီးတော့ ကိုယ့်နယ်မြေကို ကာကွယ်ဖို့၊ ကိုယ့်နယ်မြေမှာ လုပ်ကိုင် စားသောက်တဲ့အခါမှာ မစိုးရိမ်ဖို့၊ လက်နက် ပြင်ဆင်ဖို့ကတော့ ပြောပြီးသားပဲ” ဟု UWSA မှ အမည် မဖော်လိုသူ ဗိုလ်မှူးတဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၁၄ ရက်နေ့တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ထံ အချက် ၉ ချက် တင်ပြရာ ၂၅ ရက်နေ့တွင် ပယ်ချခံခဲ့ရပြီးနောက် ယခု ရှင်းလင်းပွဲများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုသို့ ပယ်ချခဲ့ပြီးနောက် ငြိမ်းချမ်းရေးကို လက်နက်ဖြင့် ကာကွယ်မည့်မူကို ဝ' တပ်ဖွဲ့ ဗဟိုကော်မတီက ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

အချက် ၉ ချက်၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် တန်းတူ အခွင့်အရေး ရရှိရန်၊ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို မူအရ လက်ခံသော်လည်း သီးခြား ရပ်တည်ခွင့်ပေးရန်၊ ရှမ်းပြည်နယ်အရှေ့မြောက် ဝ’ နယ် မြေအတွင်းရှိ မုန်းပေါက်နှင့် မုန်းဖျံဒေသများကို မုန်းလားနှင့် ကျိုင်းတုံခရိုင်အတွင်း ထည့်သွင်းထားသည်ကို ပြန်ပြင်ဆင်ပေးရန် ပါဝင်ကြောင်း ဝ’ ဗိုလ်မှူးက ပြောသည်။

ထို့အပြင် တရုတ်-မြန်မာနယ်စပ်ရှိ ဝ’ အဖွဲ့နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဝ’ အဖွဲ့ဟု စစ်အစိုးရက ခွဲခြားနေသည်ကို လက်မခံနိုင်ကြောင်းနှင့် စစ်ရေး အသင့်ရှိကြောင်း သူက ဆက်ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း “အခြေခံအားဖြင့်တော့ ဝ' နယ်မြေရဲ့မြေ တလက်မ၊ ကျည်ဆံတတောင့်၊ လက်နက်တလက်မှ မအပ်နိုင်ဘူး။ နောက်တခုက သူကတော့ စပြီး မတိုက်ခိုက်ဘူး ကိုယ့်ကို လာတိုက်ရင်တော့ ကောင်းစွာ ပြင်ဆင်ပြီး တိုက်မယ်ပေါ့ဗျာ” ဟု ပြောသည်။

“တပ်ပြုပြင်ရေးမှာ တိုင်းနှစ်တိုင်း ဖွဲ့မယ်ပေါ့ဗျာ။ တောင်ပိုင်း၊ မြောက်ပိုင်းပေါ့။ တခုက ဗဟိုဌာနချုပ်ကို ဝမ်ဟုန်မှာ ထားမယ်။ တခုက ပန်ခမ်းမှာ။ အဲဒီရဲ့ လက်နက်ကိုင် တပ်မှူးကြီးက ဝ' ပဲ ဖြစ်မယ်။ ဒုတပ်မှူးကြီး နှစ်ယောက် ထားမယ်။ တယောက်က ဗမာတပ်က ဖြစ်မယ်။ သူတို့အောက်မှာ စစ်ဦးစီး ၃ ဦး ရှိမယ်။ ပထမက ဝ' ဒုတိယ စစ်ဦးစီး ၂ ယောက်၊ တယောက်က ဗမာတပ်က။ တပ်ဖွဲ့တိုင်းမှာ ၃ ယောက်စနစ်နဲ့ အုပ်ချုပ်မယ်။ ၂ ယောက်က ဝ' က ဖြစ်မယ်။ တယောက်က ဗမာတပ်က ဖြစ်မယ်” ဟု သူက ဆက်ပြောသည်။

UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ်အတွင်း စစ်အစိုးရနှင့် အပစ် ရပ်စဲခဲ့သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် အနည်းဆုံး ၃ ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း သဘာတူညီမှု မရဘဲ ဖြစ်နေသည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ယခုလကုန် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရက သတ်မှတ် ပေးထားသည်။

အင်အား ၂ သောင်းကျော် ရှိသည့် ဝ’ တပ်ဖွဲ့နှင့် စစ်အစိုးရကိုယ်စားလှယ်များနှင့် နောက်ဆုံး သတ်မှတ်ရက် မတိုင်မီ ထပ်မံ တွေ့ဆုံဦးမည်ဟု ဝ’ ဗိုလ်မှူးက ဆိုသည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ကိုးကန့်အဖွဲ့ ခေါ် မြန်မာလူမျိုးစုများ ဒီမိုကရေစီတပ်ပေါင်းစု တပ်မတော် - MNDAA ၊ ကရင်နီအမျိုးသား ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး - KNPLF ၊ ကချင် ဒီမိုကရေစီသစ် တပ်မတော် - NDA-K အဖွဲ့တို့သည် နယ်ခြားစောင့်တပ် အသွင်သို့ တရားဝင် ပြောင်းလဲပြီး ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး - KNU မှ ခွဲထွက်ခဲ့သည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ - DKBA သည်လည်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် သဘော တူထားပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Tuesday, December 8, 2009

ဝတပ်ဖွဲ့၏ ၉ ချက်ပါ အဆိုကို မြန်မာစစ်အစိုးရက လုံးဝငြင်းပယ်

၂၀၀၉-၁၂-၀၇

နယ်ခြားစောင့်တပ်ပြောင်းလဲရေးနဲ့ ဝ ပြည်နယ်သတ်မှတ်ရေး ကိစ္စတွေအပါအဝင် UWSA ဝတပ်ဖွဲ့ရဲ့ အချက် ၉ချက်ပါ တန်ပြန်တောင်းဆိုချက်ကို မြန်မာစစ်အစိုးရက လုံးဝ ငြင်းပယ်လိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။

ဒီလိုငြင်းပယ်ခဲ့တာဟာ အနှစ် ၂၀ ကျော် အပစ်ရပ်စဲထားတဲ့ ဝ တပ်နဲ့ မြန်မာစစ်တပ် အကြား ငြမ်းချမ်းရေးကို ထိခိုက်နိုင်တဲ့ အတွက် ဒီလိုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ဝ ခေါင်းဆောင်ပိုင်းက တပ်အဆင့်ဆင့်ကို ဒီရက်ပိုင်းမှာ တပ်လှန့် အကြောင်းကြား ထားတယ်လို့ တိုင်းရင်းသား သတင်း ရက်ကွက်က ဆိုပါတယ်။

ဝတပ်ရဲ့ အချက် ၉ ချက်ပါ တောင်းဆိုချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က ဒုဗိုလ်ချုပ်ကြီးရဲမြင့်က တဆင့် စစ်အစိုးရထံ တင်ပြခဲ့ရာမှာ စစ်အစိုးရဖက်က လုံးဝ လက်မခံနိုင်ကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့မှာ အကြောင်းပြန်ခဲ့တာလို့ အမည်မဖေါ်လို့တဲ့ ဝ အရာရှိတွေကို ကိုးကားပြီး တရုတ်မြန်မာ နယ်စပ် စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။

ဦးအောင်ကျော်ဇော။ ။“ အဓိက သုံးချက်လောက်ပါတယ်။ သူတို့ ဗိုလ်ရဲမြင့်နဲ့တွေ့ပြီး ပြန်လာပြီးတော့ သူတို့ ဗဟိုကော်မတီပေါ့နော်၊ ဆွေးနွေးဆုံးဖြတ်ထားတဲ့ ဟာတွေရှိတယ်။ တပ်ရင်းအလိုက်၊ တပ်မဟာအလိုက်၊ ဌါနအလိုက် ချပြနေတယ်။ အဓိက ပြဿနာက နိုဝင်ဘာ ၁၄ ရက်နေ့ ပေးတဲ့ အထဲမှာ သူတို့ အချက် ၉ ချက်လောက်ပါတယ်။ အဲဒီ အချက် ၉ ချက်က ဒီ Border Guard ကို မူအရ လက်ခံတယ်၊ ဒါပေမယ့် သူတို့ ပြောင်းလဲမှုတွေ အခြေအနေအရ သူတို့ဘက်က တောင်းဆိုတဲ့ အချက်တွေ ရှိပါတယ်။ ဆိုပါတော့ သူတို့ တောင်ပိုင်းကို ပြန်မအပ်နိုင်ဘူး၊ တောင်ပိုင်း၊ မြောက်ပိုင်းကို သူတို့ တိုင်းတတိုင်းပေးဖို့လိုတယ်၊ တောင်းဆိုတာပါတယ်။”

ဒီအချက် ၉ ချက်မှာ အဓိကအားဖြင့် နယ်ခြားစောင့်တပ် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး မူအရ လက်ခံခဲ့ပေမယ့် ဖွဲ့စည်းပုံအရ စစ်အစိုးရ တပ်အောက်မှာ မဟုတ်ပဲ သီးခြားရပ်တည်ခွင့် ပေးဖို့၊ ဒေသနှစ်ခုကွဲနေတဲ့ ဝဒေသထဲက တောင်ပိုင်းကို စစ်အစိုးရထံ ပြန်လွှဲအပ်ရေး ကိစ္စ ဝဖက်က လက်မခံပဲ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို တိုင်း ၂ တိုင်း စစ်အစိုးရက အသိအမှတ်ပြု သတ်မှတ်ပေးဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့ ဝနယ် မုံးပေါက်နဲ့ မုံးဖျံဒေသတွေကို မြန်မာဖက်က မုံးလားနဲ့ ကျိုင်းတုံခရိုင်တွေထဲမှာ ထည့်ထားတာကို ပြန်ပြင်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

အခုလို စစ်အစိုးရက ဝ တပ်ဖွဲ့ရဲ့ ပြန်လည်တောင်းဆိုချက်ကို လုံးဝ ပယ်ချလိုက်တဲ့အတွက် UWSA နဲ့ မြန်မာစစ်အစိုးရအကြား အနာဂတ် ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးဟာ မရေမရာ ဖြစ်သွားတယ်လို့ မြန်မာ့အရေး လေ့လာသူတွေက ပြောကြပါတယ်။

ဝ တပ်က တောင်းဆိုချက်၊ စစ်အစိုးရက တုံ့ပြန်ချက်နဲ့ ဝ ဒေသ ငြိမ်းချမ်းရေး အလားအလာတွေနဲ့ ပတ်သက်ပြီး တရုပ်မြန်မာ နယ်စပ်က မြန်မာ စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကို RFA မှ ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

Ref: နားဆင်ရန်

Ref: RFA News

Read More...

ဝတပ်ဖွဲ့ဗဟို၏ အရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက် အောက်ခြေအထိ ချပြ ဆွေးနွေးနေပြီ

ခိုင်လင်း / ၈ ဒီဇင်ဘာ ၂၀၀၉

နိုဝင်ဘာ (၂၆) ရက်မှ (၂၈) ရက်အထိ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ဝတပ်ဖွဲ့ ဌာနချုပ် ပန်ဆန်းမြို့တွင် ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး၏ ဆွေးနွေး ဆုံးဖြတ်ချက်များကို ခရိုင်၊ မြို့နယ်နှင့် တိုက်နယ် အဆင့်အထိ ချပြ ဆွေးနွေးနေသည်။

ဝတပ်ဖွဲ့၏ လက်နက်တလက်၊ နယ်မြေတလက်မကိုမျှ အဆုံးရှုံးမခံရေး အတွက် မိမိဒေသကို မိမိကာကွယ်သွားမည်၊ ဝတောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသများကို ခွဲထုတ်သည့် အစီစဉ်ကိုလည်း လက်မခံကြောင်းနှင့် ဝတပ်ဖွဲ့၏ စည်းလုံး ညီညွတ်မှုကို ပြိုကွဲစေမည့် သွေးထိုးလှုံ့ဆော် သပ်လျှိုမှုများကို ကာကွယ်သွားမည်၊ ဝပြည်နယ်လူထု၏ အကျိုးစီးပွား အတွက် ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ၏ ဦးဆောင်လမ်းညွှန်မှု အောက်တွင် ဝတပ်မတော်က လိုက်နာ ဆောင်ရွက် သွားရမည်ဖြစ်ပြီး စစ်ရေးအသင့် ပြင်ဆင် ထားရမည်ဟု ၀တပ်ဖွဲ့ ဗဟိုက ဆုံးဖြတ်ထားသည်ဟု ဝတပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

ထို့အပြင် နိုဝင်ဘာ (၁) ရက်နေ့က ထုတ်ပြန်ထားသည့် ဒေသအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို အကောင်ထည်ဖော် လုပ်ဆောင်သွားမည်၊ အိမ်နီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံ နယ်စပ်ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးကို တိုက်ဖျက်သွားမည် ဟုလည်း ဆုံးဖြတ်ချက်တွင် ပါရှိသည်ဟု အဆိုပါနီးစပ်သူက ပြောသည်။

၎င်းက “ဗိုလ်ရဲမြင့်နဲ့တွေ့ပြီးမှ ဗဟိုကော်မတီအရေးပေါ်အစည်းဝေးကနေ ဆုံးဖြတ်လိုက်တာ ဆိုတော့ ထူးခြားတာပေါ့။ အခု အဲဒီ ဆုံးဖြတ်ချက်တွေကို ခရိုင်၊ မြို့နယ်အလိုက် အောက်ခြေအထိ ချပြ ဆွေးနွေးနေတယ်” ဟု ပြောသည်။

ဝပြည်နယ်ကို မြန်မာနိုင်ငံထဲမှ ခွဲထွက်မည်မဟုတ်သလို မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာသည် တိုင်းရင်းသား အရေး ကိစ္စရပ် ဖြစ်ပြီး မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မှသာ အမျိုးသား အချင်းချင်း ယုံကြည်မှု တည်ဆောက်ရေး၊ ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး ရှိလာမည်ဟု ဝ ဗဟိုကော်မတီက ယုံကြည် ဆုံးဖြတ်ထားသည်ဟု အဆိုပါ ဝ တပ်ဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူက ပြောသည်။

နိုဝင်ဘာ (၁၄) ရက်က ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် စစ်ဘက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ပါဝင်သော အဖွဲ့နှင့် ဝတပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျံ ဦးဆောင်သော အဖွဲ့အကြား တွေ့ဆုံခဲ့မှုအတွင်း မိမိတပ်ဖွဲ့ကို မိမိဘာသာ အုပ်ချုပ်မည် ဆိုသည့် အချက်အပါအဝင် ဝတပ်ဖွဲ့၏ တောင်းဆိုချက်များကို နအဖဘက်က ငြင်းဆိုခဲ့ပြီး ဒီဇင်ဘာ လကုန်ရက် မတိုင်မီ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် အကြောင်းပြန်ရန် နအဖ၏ ဖိအားပေးခြင်း ခံခဲ့ရပြီးနောက် ဝတပ်ဖွဲ့က ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဝတပ်ဖွဲ့သည် ကိုးကန့်တပ်ဖွဲ့ကဲ့သို့ လွယ်လွယ်ကူကူတိုက်၍ ရမည် မဟုတ်ကြောင်းနှင့် မိမိတို့သည် မိမိဒေသကို အစွမ်းကုန် ခုခံကာကွယ်သွားမည်ဟု ဝတပ်မှူးတဦးက မကြာသေးမီက ပြောခဲ့သည်။

၎င်းက “ကိုးကန့်တပ်ဖွဲ့ကျတော့ သူတို့အချင်းချင်းထဲမှာကို စီးပွားရေးနဲ့ ပတ်သက်လို့ ပြဿနာတွေ ရှိနေတယ်။ ကျနော်တို့ကျတော့ အဲလို မဟုတ်ဘူး။ သမိုင်းကြောင်းအရလည်း မတူဘူး။ ကျနော်တို့ လက်နက် ကိုင်ထားတာဟာ ငြိမ်းချမ်းရေးကို လိုလားလို့၊ မိမိဒေသကို မိမိကာကွယ်ဖို့ ကိုင်ထားတာ။ ကိုယ်ကတော့ သွားပြီး တိုက်မှာ မဟုတ်ဘူး။ သူတို့ ရန်စလာပြီ၊ ကျူးကျော်လာပြီ ဆိုရင်တော့ အစွမ်းကုန် ခုခံ ကာကွယ်သွားမယ်” ဟု ပြောသည်။

ယခု ဝဗဟိုကော်မတီ အရေးပေါ်အစည်းဝေးဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဝတပ်ဖွဲ့၏ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်၍ မရပေ။

Ref: ခေတ်ပြိုင်

Read More...

Monday, December 7, 2009

တတိယမြောက် အိုအေစစ်

ဂါမဏိ

၁၉၆၂ ခုနှစ်ကစပြီး စစ်အာဏာရှင်စနစ်အောက်ရောက်သွားတဲ့အတွက် လူမှုရေး၊ စီးပွားရေး ယိုယွင်း ကျပ်တည်းမှုတွေ၊ မတရား နှိပ်ကွပ်မှုတွေကို ခါးစည်း ခံခဲ့ရတဲ့ မြန်မာပြည်သူတွေ အဖို့ မွန်းကျပ် ပိပြားမှုတွေဆီက အပြီးအပိုင် လွတ်မြောက်ဖို့ မဖြစ်နိုင် ခဲ့ပေမယ့် အခါအားလျော်စွာ တစုံတရာ သက်သာရာ သက်သာကြောင်း ရစေတဲ့ နေရာဌာနလေးတွေ ပေါ်လာခဲ့ပါတယ်။ ဒါတွေဟာ ပူလောင်ပြင်းရှ ခြောက်သယောင်း ထနေတဲ့ သဲကန္တာရကြီးထဲက ရေကြည်တပေါက် သောက်နိုင် စိမ်းမြအေးချမ်းတဲ့ အရိပ်လေးနည်းနည်း ခိုနားနိုင်စရာ အိုအေစစ်တွေလို ဖြစ်ခဲ့ပါတယ်။

အခု တင်ပြမယ့် အိုအေစစ် (၃) ခုဟာ အောက်ဗမာပြည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတို့က လူမျိုးပေါင်းစုံ ပြည်သူတွေ အတွက် တခဏ ခိုနား အားဖြည့်စရာတွေ ဖြစ်ခဲ့ ဖြစ်နေပါတယ်။ အဲဒီအိုအေစစ်တွေ ကတော့ သထုံ-သက္က တောင် အလံတရာ နယ်မြေ၊ ဘားအံ- သာမညတောင် နယ်မြေနဲ့ (ထိုင်းနိုင်ငံ) မြန်မာနယ်စပ် အနီး မဲဆောက်မြို့က မယ် တော်ဆေးခန်းတို့ ဖြစ်ပါတယ်။

အလံတရာဆရာတော် ပအိုဝ်းလူမျိုး ဦးးစန္ဒနဝံသဟာ ပြည်တွင်းစစ်မီး အရှိန်ကြီးကြီးနဲ့ တောက်လောင်နေတဲ့ သထုံ နယ်မှာ အမြင့်ပေ ၆၀၀ (ရွှေတိဂုံဘုရားထက် နှစ်ဆနီးပါးအမြင့်) ရှိတဲ့ စေတီတော်ကြီးကို လူထုအားသက် သက်နဲ့ တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။ ဘယ်ကမှ ငွေကြေး၊ အဆင့်မြင့် ဆောက်လုပ်ရေး အတတ်ပညာ ပံ့ပိုးမှု မရဘဲ ဧရာမ စေတီတော် တည်ဆောက်ရေးကို စီမံ ခန့်ခွဲဖို့ဆိုတာ တော်ရုံတန်ရုံ စိတ်ဓာတ်၊ အရည်အချင်းနဲ့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာဝင် ပအိုဝ်း၊ မွန်၊ ကရင်တွေရဲ့ အင်မတန် ကြည်ညို လေးစားမှုကို ထိုက်ထိုက်တန်တန် ရယူခဲ့ပြီးတော့ စေတီ တော်ကြီးကို နှစ် (၄၀) ကြာ တည်ဆောက် ခဲ့ရပါတယ်။

ပေါ်တာထမ်း၊ ရွာမီးရှို့၊ ရန်သူသတင်း ရိုက်နှက်စစ်မေး၊ ငွေ တောင်း စသဖြင့် စစ်ဘေးစစ်ဒဏ် ခံရတဲ့ လူထုတွေဟာ အလံတရာ ဆရာတော် ခြေရင်းကို ရောက်လာပြီး ခိုလှုံခွင့်ရခဲ့ ကြပါတယ်။ ဆရာတော်က စေတီတည်နေတဲ့ ဧရိယာကို ဘေးမဲ့ နယ်မြေအဖြစ် သတ်မှတ်ပြီး လာသမျှလူတွေကို သက်သတ်လွတ် ထမင်းကျွေးပြီး အိပ်ဖို့ နေရာပေးပါတယ်။ ဒီ နယ်မြေထဲမှာ စစ်နှစ်ဘက်စလုံးက ပေါ်တာဝင်မဆွဲ၊ ငွေ ဝင်မကောက်ရဲဘဲ ရှိန်ကြပါတယ်။ အလံတရာနယ်မြေထဲ အတင်းဝင် ပေါ်တာဆွဲ၊ ငွေဝင်ကောက်တဲ့ စစ်သားတွေဟာ စစ်ဆင်ရေး ထွက်တဲ့အခါ မိုင်းနင်းမိတာ၊ တိုက်ပွဲကျတာ စသဖြင့် တမျိုး မဟုတ်တမျိုး ဒုက္ခရောက်တယ် ဆိုပြီးတော့ လည်း နာမည်ကြီးခဲ့ပါတယ်။

ဒါကို စစ်အာဏာရှင် နေဝင်းက သူပုန်ဘုန်းကြီးလို့ သတ်မှတ်ပြီး ရိက္ခာ ဖြတ်ခဲ့ပါသေးတယ်။ ဒီအခါမှာ ဆရာတော်ဟာ (နောင်မှာ သစ္စာ မဏ္ဍိုင်ဘုရား ဖြစ်လာမယ့် နေရာမှာ) သစ္စာဆိုပြီး ရိက္ခာပြတ်လို့ စားရေးဒုက္ခ တွေ့နေတဲ့ ဒါယကာ၊ ဒါယိ ကာမတွေနဲ့ အတူတူ အေးအတူပူအမျှ ဒုက္ခခံဖို့ ဆုံးဖြတ်ပြီး ‘ရေဆွမ်း’ ပဲ ဘုဉ်းးပေးတော် မူပါတော့တယ်။ ဒီလိုစိတ်ဓာတ် တွေကြောင့် လူထုက ပိုကြည်ညိုပြီး ရိက္ခာ မရရအောင် ခိုးပို့ခဲ့ကြပါတယ်။ အကြည်ညိုလွန်ပြီး နောက်ပွင့်တဲ့ ဘုရားအဖြစ် အရမ်း အမွှန်းတင်တာတွေ၊ ဘုရား ရုပ်ပွားတော်ကို ဆရာတော့် မျက်နှာနဲ့ တူအောင် ထုလုပ်တာတွေ၊ ဗုဒ္ဓဘုရားမုဒြာ အတိုင်း ဓာတ်ပုံ၊ ပန်းချီပိုစတာတွေ ထုတ်တဲ့အထိ နောက်လိုက်တွေက လုပ်ခဲ့တဲ့ အဆိုးပိုင်းတွေတော့ ရှိခဲ့ပါတယ်။

အလံတရာဘုရား တည်တဲ့နေရာဟာ မူလက အဓမ္မကုန်းလို့ ခေါ်ပြီး အင်မတန် စရိုက်ကြမ်းတဲ့ နေရာ ဖြစ်ပါတယ်။ ဒါကို ဆရာတော်က အဲဒီမှာ ပထမဆုံး လုပ်အားဒါနက စ,စည်းရုံးပြီး နောက်ပိုင်းမှာ ရိက္ခာဒါန ငွေကြေးဒါန ထည့်ဝင်ဖို့ ဆွဲခေါ်ခဲ့ပါတယ်။ ဒုတိယ အဆင့်ကျတော့ (၅) ပါးသီလစောင့်ဖို့ စည်းရုံးခဲ့ပြီး နောက်ဆုံးအဆင့်မှာ ဘာဝနာဆောက် တည်ဖို့ မြှင့်တင် ခဲ့ပါတယ်။ ဒီနည်းနဲ့ အင်မတန် ဆိုးပေတဲ့ ရွာသားတွေဟာ ဝတ်စုံအဖြူဝတ်၊ သက်သတ်လွတ်စား၊ အင်မတန် ယဉ်ကျေး သိမ်မွေ့ပြီး အများတကာ လေးစားရတဲ့ လူတွေ ဖြစ်လာပါတယ်။ အလံတရာ နယ်မြေဟာ လူတိုင်း အေးအတူ ပူအမျှ ဘုံစနစ် ကျင့်သုံးတဲ့ နေရာဖြစ်ပြီး ရာဇဝတ်မှု ကင်းရှင်းတဲ့ နယ်မြေ ဖြစ်ခဲ့ပါတယ်။

ဆရာတော်ဟာ ဘုရားတည်ရုံတင်မကဘဲ ရပ်ရွာလူထု အကျိုးအတွက် လူငယ်တွေကို ရန်ကုန်၊ မန္တလေး လွှတ်ပြီး ကား ဝပ်ရှော့ပညာ၊ ဘုရားထီး လုပ်တဲ့ပညာ၊ ဘုရားရွှေချပညာ၊ ပုံနှိပ်စက်ပညာ၊ ပန်းရံ-ပန်းဘဲ-ပန်းတည်းပညာတွေ သင်ခိုင်း ပါတယ်။ ပအိုဝ်း စာပေသစ် ဖော်ထုတ်တာလည်း လုပ်ပေးခဲ့ပါတယ်။

ဒုတိယအိုအေစစ်ဖြစ်တဲ့ သာမညတောင် ဘေးမဲ့နယ်မြေနဲ့ သာမည ဆရာတော် ပအိုဝ်းလူမျိုး ဦးးဝိနယ ကတော့ မဆလ ခေတ်အကုန်နဲ့ နဝတ - နအဖခေတ် အစမှာ အောက်ဗမာပြည် လူထုတွေရဲ့ အားကိုးခိုနားရာ စိတ်လုံခြုံမှု ပေးစရာ ဖြစ်ခဲ့ပါ တယ်။ စစ်ဒဏ်ခံ ကရင်၊ မွန်၊ ပအိုဝ်း၊ ဗမာ တိုင်းရင်းသားတွေကို အေးရိပ်ပေး၊ လာသမျှ ထမင်းကျွေးခဲ့ပါတယ်။ ကရင် စစ် ပြေးဒုက္ခသည် တသောင်း ဝန်းကျင်ကို လက်ခံ ထားခဲ့ပါတယ်။ ၁၉၈၁ ကနေ ၂၀၀၃ အထိ (၂၂) နှစ်တာကာလ အတွင်း ဘုရားစေတီ၊ ကျောင်းတိုက်၊ ဇရပ်၊ ဓမ္မာရုံစတဲ့ သာသနိက အဆောက်အအုံတွေ အမြောက်အမြား ဆောက်လုပ်ရုံတင် မက သာမညတောင် နယ်မြေကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် အမြင်ကျယ်ကျယ်နဲ့ လမ်းပန်း ဆက်သွယ်ရေးက အစ ရေ၊ မီးအထိ အပင်ပန်းခံ ကြိုးစား တည်ဆောက်ခဲ့ပါတယ်။

နအဖ အုပ်ချုပ်တဲ့ နယ်မြေက လမ်းတွေထက် အဆ များစွာသာတဲ့ လမ်း (၉၇) မိုင် ဖောက်နိုင်ခင်းနိုင်ပြီး တံတားပေါင်း (၉၀) တည်ဆောက် နိုင်ခဲ့ပါတယ်။ မိဘမဲ့ကလေး တွေကို ထိန်းသိမ်း ပေးရုံမက ပညာရေး အတွက် စာသင်ကျောင်းတွေလည်း ဆောက်လုပ် ပေးခဲ့ပါတယ်။

၁၉၈၀ ခုနှစ်များမှာ ဗမာပြည်တလွှား ထင်ရှား ကျော်ကြားလာပြီး လာဘ်ပါသကရွှင်ခဲ့ပေမယ့် ဝင်သမျှကို သာသနာနဲ့ ဒါယကာ ပြည်သူလူထုများ အတွက် စေတနာ အရင်းခံနဲ့ ပြန်လည်ပံ့ပိုးခဲ့တဲ့ ဆရာတော်ကြီးကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၁၉၉၅ နဲ့ ၂၀၀၂ ခုတို့မှာ လာရောက် ဖူးတွေ့ခဲ့ရပါတယ်။ ဆရာတော်ကြီး ကိုယ်တိုင်ကလည်း တောင်ခြေအထိ ဆင်းပြီး ကြိုခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူ့ ဆရာတော်ကြီးဟာ နအဖ စစ်ခေါင်းဆောင် ဗိုလ်ခင်ညွန့် လာတာကိုတော့ အရေးတယူ မလုပ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဓာတ်ပုံ တွဲအရိုက် ခံပေမဲ့ ဗိုလ်ခင်ညွန့်နဲ့တော့ တွဲအရိုက် မခံခဲ့ပါဘူး။

တတိယမြောက် အိုအေစစ်ဖြစ်တဲ့ မဲဆောက်မြို့က မယ်တော်ဆေးခန်းနဲ့ ဒေါက်တာ စင်သီယာမောင်တို့ ကတော့ စစ်အာဏာရှင် ဖြုတ်ချရေး၊ ဒီမိုကရေစီ ရရှိရေး ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးရဲ့ လက်ထွက်တွေ ဖြစ်ပါတယ်။ ဒီမို ကရေစီ တိုက်ပွဲဝင် သမားလည်းဖြစ်၊ ဆေးဆရာလည်း ဖြစ်တဲ့ ကရင်လူမျိုး ဒေါက်တာစင်သီယာဟာ နယ်စပ်နှစ်ဘက် မှာရှိတဲ့ လူထု တွေကို ဖြစ်နိုင်တဲ့နေရာက အကျိုးပြုနိုင်ဖို့ မယ်တော်ဆေးခန်းကို ၁၉၈၉ မှာ စတည်ထောင်ခဲ့ပါတယ်။

အကူအညီ အထောက်အပံ့ မဆိုစလောက်လေးနဲ့ ရုန်းကန်ခဲ့ရတဲ့ ဒေါက်တာစင်သီယာတို့ အဖွဲ့ဟာ လက်အောက် ငယ်သားတွေနဲ့ အေးအတူပူအမျှ နေထိုင်စားသောက် အဆင်းရဲ အပင်ပန်းခံပြီး မယ်တော်ဆေးခန်းကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်ထိလည်း ဒေါက်တာ စင်သီယာဟာ နိုင်ငံခြားအလှူရှင် အထောက်အပံ့တွေ အများကြီး ရပေမယ့် ရိုးရိုးကုတ်ကုတ်ပဲ နေပြီး ဆေးခန်း စီမံခန့်ခွဲမှုကို ထက်ထက်မြက်မြက် လုပ်နေဆဲဖြစ်ပါတယ်။

အခုအခါ မယ်တော်ဆေးခန်းဟာ ထိုင်းနိုင်ငံ မဲဆောက်ဒေသရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျန်းမာရေး အတွက် မလွဲမသွေ အားကိုးရာ ဖြစ်နေရုံတင် မကဘဲ နအဖ စစ်အစိုးရ အောက်မှာ ကျန်းမာရေး အာမခံချက် မရှိရှာတဲ့ အောက်မြန်မာပြည် တလွှားက ပြည်သူလူထုတွေ အုံနဲ့ကျင်းနဲ့ လာရောက်ကုသခံ၊ စိတ်ဓာတ် အားပေးခံရာ နေရာ ဖြစ်နေပါတယ်။ မြန်မာပြည် ဘက်ကမ်းက နအဖ စစ်သားတွေက အစ လူမျိုးမခွဲ၊ ဘာသာမခွဲ၊ အယူအဆမခွဲဘဲ စောင့်ရှောက် ကုသပေးနေလို့ ပြည်တွင်းမှာ ပိုက်ဆံရှိတဲ့ လူတန်းစား တွေတောင် နအဖဆေးရုံတွေ၊ ငွေစားဖို့ပဲ သိတဲ့ ပုဂ္ဂလိ က ဆေးရုံတွေကို အားမကိုး တော့ဘဲ မြဝတီ တံတားကူးပြီး မယ်တော်ဆေးခန်းကို လာကြတယ်လို့ သိရပါတယ်။

အခုအခါ မယ်တော်ဆေးခန်းဟာ ကျန်းမာရေးတင်မက ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးငယ်တွေ၊ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် ကလေးတွေ၊ နယ်စပ်ဒုက္ခသည် စခန်းက ကလေးတွေရဲ့ပညာရေး၊ မွေးစာရင်းရရှိရေး၊ အသက် မွေးဝမ်းကျောင်း ပညာများ သင်ကြားရေး တွေကိုပါ အကျိုးဆောင် နေပါတယ်။ ထောင်ဂဏန်းရှိတဲ့ ဆေးမှူးတွေ၊ ကျောင်းဆရာတွေ မွေးမြူဖော်ထုတ်ရေး အရည်အချင်း မြှင့်တင်ရေးက အစ နယ်လှည့် ကျောပိုးအိတ် ဆေးမှူး လုပ်ငန်းနဲ့ စွန့်ပစ်ခံ သို့မဟုတ် လူ ကုန်ကူးခံ သို့မဟုတ် မိဘမဲ့ ကလေးငယ် စောင့်ရှောက် ကယ်တင်ရေးတွေ အထိ ဦးစီး ဦးဆောင် နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ နယ် စပ်နှစ်ဘက်နေ မြန်မာပြည်သူ လူမျိုးစုံအတွက် မျှော်လင့်ချက် အလင်းမျှင်တမျှင် ဖြစ်နေပါတယ်။

ဒါကြောင့်လည်း နအဖဟာ လက်ကိုင်တုတ်ဒေါက်တိုင်တွေ လွှတ်ပြီး ဒေါက်တာစင်သီယာကို နအဖဆီ ပြန်လက်နက်ချအောင် ဆွဲဆောင်တာ ခြိမ်းချောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူ့ ဘက်တော်သား ပီသလှတဲ့ ဆရာမကြီး ဟာ နအဖရဲ့ ဆွယ်လုံးတွေကို နားမယောင်ခဲ့သလို ခြောက်လုံးတွေကိုလည်း မကြောက်ခဲ့ပါဘူး။ မိမိရဲ့ ပြည်သူ့ အကျိုးပြု လမ်းကြောင်းအတိုင်းပဲ တစိုက်မတ်မတ် ရဲရဲဝံ့ဝံ့ ဆက်လျှောက်ခဲ့ပါတယ်။ အိုအေစစ် ဆိုတဲ့အတိုင်း အယုတ် အလတ် အမြတ်မရွေး လက်ခံပြီး အေးရိပ်ပေးတာ ဖြစ်တဲ့အတွက် အဆိုးတွေ ဝင်လာတာကိုလည်း တွေ့ရမှာဖြစ်ပါ တယ်။ အထူးသဖြင့် စစ်အာဏာရှင်စနစ် သက်တမ်း ရှည်ကြာလာတာနဲ့ အမျှ လူထု စားဝတ်နေရေး ကျဆင်းမှုနဲ့အတူ စာရိတ္တ ပျက်ယွင်းမှုတွေလည်း ကြီးထွား ပျံ့နှံ့လာလို့ သာမညတောင် နယ်မြေ၊ မယ်တော် ဆေးခန်းနယ်မြေ တို့ကိုလည်း ဂယက်ရိုက်ခတ် ကူးစက်တာတွေ နာမည်ပျက်တာတွေ ရှိပါတယ်။

သာမညတောင်နယ်မြေမှာ ရာဇဝတ်မှုကျူးလွန်ပြီး ပြေးလာတဲ့ လူဆိုး လူမိုက်တွေ၊ ရဟန်းတုတွေ လာခိုတာရှိသလို စီမံ ခန့်ခွဲရေး ပိုင်းထဲ အထိ ဝင်နေလို့ နာမည်ပျက်တာ အလွဲသုံးစား လုပ်တာတွေ ရှိခဲ့ပါတယ်။ အလားတူ မယ်တော်ဆေးခန်း မှာလည်း တတိယ နိုင်ငံထွက်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်သူလူထုအပေါ် တကယ် စေတနာမပါဘဲ (ဝတ်ကျေတန်းကျေ အဆင့်ထက် ပိုဆိုးတဲ့) ပြီး ပြီးရော လုပ်နေတဲ့ ဆေးမှူးတွေနဲ့ ဝန်ထမ်းတွေ၊ လူနာတွေရဲ့ ရပိုင်ခွင့်တွေ၊ ဘဝတူဝန်ထမ်းတွေ ရဲ့ ရပိုင်ခွင့်တွေကို ခိုးဝှက်ယူနေသူတွေ ရှိနေတာ စိတ်မကောင်း စရာပါဘဲ။ ဆေးခန်းနဲ့ မအပ်စပ်ဘဲ ပညာအမြင်ကျဉ်းတာ၊ လူမျိုးရေး အမြင်ကျဉ်းတာတို့ ကလည်း အိုအေစစ်ကို ပျက်စီး ဆုတ်ယုတ်စေနိုင်တဲ့ အကြောင်းတရားတွေ ဖြစ်ပါတယ်။ အိုအေစစ်တွေဟာ ထိန်းသိမ်း စောင့်ရှောက်မှု မကောင်းရင် သို့မဟုတ် အသုံးချပုံ မူမမှန်ရင် သဲတွေဖုံးသွားပြီး ရေခန်းသွား တတ်ပါတယ်။

အိုအေစစ်သုံးခုကို ယှဉ်ကြည့်ရင် တူညီချက်တွေ အများကြီးတွေ့ရပါတယ်။ အလံတရာနဲ့ သာမည အိုအေစစ်တွေဟာ ဘာသာရေး အခြေခံတဲ့ အိုအေစစ်တွေ ဖြစ်ပြီး မယ်တော် ဆေးခန်းကတော့ ကျန်းမာရေးကို အခြေခံတဲ့ အိုအေစစ် ဖြစ်ပါတယ်။ ဒါပေမဲ့ မူလ ပထမ အခြေခံ ပေါ်မှာသာ ကန့်သတ်မနေဘဲ အဖိနှိပ်ခံ ပြည်သူတွေ၊ ဆင်းရဲ ဒုက္ခပေါင်းစုံ ခံနေရတဲ့ လူထုတွေ အတွက် ဖြစ်နိုင်သမျှ အကျယ်ပြန့်ဆုံး အကျိုးပြု လှုပ်ရှားသွားတာ တွေ့ရပါတယ်။

နောက်တူညီချက်ကတော့ အိုအေစစ်ထူထောင်သူတွေဟာ နာမည်မရခင် ကာလမှာ ဆင်းရဲ ချို့တဲ့စွာနဲ့ အနစ်နာခံ ရုန်းကန် ခဲ့ကြတာ ဖြစ်တယ်။ ဒါပေမဲ့ နိမ့်ကျကာလမှာ ဖြစ်ဖြစ်၊ အမြင့်ကာလမှာ ဖြစ်ဖြစ် သူတို့ဟာ တသမတ်တည်း အရိုးခံ နေထိုင် ရပ်တည် သွားကြတာ တွေ့ရပါတယ်။ နိမ့်လို့လည်း စိတ်ဓာတ်မကျ၊ မြင့်လို့လည်း မြောက်တက် မသွားဘဲ သာ မန်ပြည်သူတွေ လက်အောက် ငယ်သားတွေနဲ့ အဆင့်အတန်း မခွဲ အခွင့်အရေး ပိုမယူဘဲ ဒိုးတူပေါင်ဖက် လက်တွဲ အလုပ် လုပ်သွားတာ ဖြစ်ပါတယ်။

အိုအေစစ်ထူထောင်သူတွေဟာ အလုပ်လုပ်ရာမှာ ဇွဲနပဲနဲ့ မနေမနား ပြင်းပြင်းထန်ထန် လုပ်ကြတာလည်း တူညီကြပါတယ်။ အလုပ်ကို တိုးတက်ဖို့ အမြဲစဉ်းစား ကြံဆ စူးစမ်း လေ့လာပြီး လက်တွေ့လုပ်ကိုင် ကြိုးစားကြသူတွေ ဖြစ်ကြပါ တယ်။ အပြောမဟုတ် အလုပ်နဲ့ သက်သေပြတယ်ဆိုတာ သူတို့ဖြစ်ပါတယ်။

အရေးအကြီးဆုံးတူညီချက်ကတော့ စစ်အာဏာရှင် စနစ်အောက်မှာ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူ တွေကို လူမျိုးမခွဲ၊ ဘာသာမခွဲ၊ လူတန်းစား မခွဲဘဲ တတ်နိုင်သမျှ စိတ်ချမ်းသာခွင့် ပေးဖို့၊ စိတ်လုံခြုံမှုပေးဖို့ အင်မတန်ကြီးမား ဖြူစင်တဲ့စေ တနာရှိတာပဲ ဖြစ်ပါတယ်။

ဂါမဏိ

မှတ်ချက် ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်မြင့်ထွန်း (NCGUB အလုပ်သမားရေးရာဝန်ကြီး) ၏ မယ်တော်ဆေးခန်း အနှစ် (၂၀) အထိမ်းအမှတ် ဂုဏ်ပြုမိန့်ခွန်းကို အခြေခံပါသည်။


Read More...

အပေါ်သို့