..............................

Saturday, October 18, 2008

ငွေရှာမရသော လယ်သမားများ နွေစပါးစိုက်ပျိုးနိုင်ရေး အခက်အခဲတွေ့နေ

2008-10-17

လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား လုပ်ကိုင်နေတဲ့ ဧရာဝတီတိုင်း ကျိုက်လတ်မြို့နယ် အတွင်းက လယ်သမား တော်တော်များများဟာ မိုးစပါးတွေ ရိတ်သိမ်းပြီးနောက် နွေစပါးစိုက်ပျိုးနိုင်ဖို့ အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ကျိုက်လတ် မြို့ခံတဦးက ပြောပါတယ်။

နာဂစ်လေမုန်တိုင်း တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကျိုက်လတ် မြို့နယ်အတွင်းက ငွေကြေး အတော်အသင့်ရှိတဲ့ လယ်သမား အများစုက မိုးစပါး စိုက်ပျိုးနိုင်ခဲ့ပေမဲ့ ငွေကြေး ရှာဖွေလို့မရတဲ့ တချို့ လယ်သမားတွေကတော့ မစိုက်ပျိုး နိုင်ခဲ့ကြဘူးလို့ သိရပါတယ်။

အခုတခါ မိုးရာသီကုန်ဆုံးပြီး နွေစပါး စိုက်ပျိုးဖို့အတွက် ကြိုတင်ပြင်ဆင်ချိန် ရောက်လာပေမဲ့ ကျိုက်လတ်မြို့နယ်မှာ ရှိတဲ့ လယ်သမား အတော်များများဟာ အခက်ကြုံ နေရတယ်လို့ မြို့ခံ တယောက်က RFAကို ပြောပါတယ်။

မြို့ခံ။ ။'လယ်တွေက မစိုက်ရသေးဘူးလေ၊ လယ်တွေက မစိုက်ရဘူးဆိုတာ ပိုက်ဆံမှ မရှိကြတာ၊ ပျက်သွားတဲ့ ဥစ္စာတွေ ကျနော်တို့အိမ်ဆို စပါး ၅ဝဝ ပါသွားတယ်၊ ကျနော်တို့လယ်ဆို ၁၂ ဧက ရှိတယ် ဒီအတိုင်းပဲ ထားတယ်၊ အခု လောလောဆယ်ကတော့ ကျနော်တို့ နွေစပါးစိုက်ဖို့ နည်းနည်းတော့ အခက်အခဲ ဖြစ်တာပေါ့၊ နွေမှာ ပြန်စိုက်ချင် ကြတာပေါ့နော်၊ ဒီဇယ်ကလည်း ဈေးကြီးတယ်၊ မျိုးစပါးကလည်း အခုက ရှာရင်တော့ ပိုက်ဆံလေးဘာလေး ကြိုပေးရင်တော့ ရပြီပေါ့၊ စပါးက ပေါ်ပြီလေ၊ ဒါပေမဲ့ ပေးဖို့ဆို မရှိကြဘူး၊ အခက်အခဲတွေ ရှိတာပေါ့၊ နောက် နွေစိုက်ဖို့ဆိုတာ တော်တော် ခက်ခဲတယ်၊ နွေကျတော့ ဓာတ်ဆား ရှိတယ်၊ ရေရှိတယ်၊ ဒီဇယ်ရှိတယ်၊ အဲလိုမျိုးပေါ့နော်၊ ရိတ်တော့လည်း စက်နဲ့ပဲ၊ လှေ့တော့လည်း စက်နဲ့ပဲ၊ စိုက်တော့လည်း ဒီစက်နဲ့မောင်းပြီး စိုက်ကြတာ၊ ကျွဲတွေ နွားတွေက သိပ်သုံးလို့ မရတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လယ်တွေက နွေရော မိုးရော စိုက်တော့ တအားကျွံတာလေ၊ အဲတော့ အကုန်လုံး အစစအရာရာ ထွန်စက်နဲ့ချည်းပဲ အကုန်စိုက်ရတာ။ '

မေလက တိုက်ခိုက်ခဲ့တဲ့ နာဂစ်လေမုန်တိုင်းအပြီး မိုးစပါးစိုက်ပျိုးနိုင်ဖို့အတွက် အလှုရှင်တချို့နဲ့ စစ်အစိုးရ အာဏာပိုင်တွေထံက အကူအညီတချို့ ရခဲ့ပေမဲ့ အခု လောလောဆယ် မှာတော့ အကူအညီလည်း မရှိသလို အာဏာပိုင်တွေကို တင်ပြတောင်းဆိုခဲ့ပေမဲ့ အကူအညီ မရဘူးလို့ အဲဒီ မြို့ခံကပဲ ပြောပါတယ်။

မြို့ခံ။ ။ 'ကျနော်တို့ဆီမှာ နွေစပါးစိုက်ဖို့က ဒီဇယ်လိုတယ် စက်လိုတယ် အကုန်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးက ဆုံးရှုံးသွားတာ၊ အရင်တုန်းက ဒီရှိတဲ့စပါးကို ကျနော်တို့က ရောင်းတယ် ၊ ရောင်းပြီးသွားရင် ဒီ မျိုးစပါးတွေ ဝယ်တယ်၊ ပြီးရင် ဒီဇယ်ဝယ်တယ်၊ ဓာတ်ဆား ဝယ်တယ်၊ တကယ်လို့ မလောက်ဘူး ဆိုလည်း နွေစပါးစိုက်ပြီးရင် ပေးမယ်ဆိုပြီး အတိုးလေးနဲ့ ဘာလေးနဲ့ ချေးပြီး စိုက်ကြတယ်၊ အခုကျတော့ ဘာတခုမှ မရှိတော့ပဲ ဘယ်လိုမှ စိုက်မရတော့ဘူး၊ အဲဒီတော့ ကျနော်တို့က ပြောတော့ အကုန် လိုတယ်ဆိုတော့ သူတို့က မျက်နှာတည် မျက်နှာထား ကြီးတွေနဲ့ မင်းတို့ အရင်တုန်းက ဘာနဲ့စိုက်လဲ၊ မင်းတို့ ရှိတာနဲ့ စိုက်ပေါ့ကွာ၊ အဲဒီလိုမျိုး ရဖို့အတွက် လယ်သမားတွေမှာ မျက်နှာငယ်လေးတွေနဲ့ သွားသွား ပြောတယ်၊ ပြောလည်း အဲလို အပြောခံရတာ။ '

ကျိုက်လတ်မြို့နယ် အတွင်းက လယ်ဧက အနည်းအကျဉ်း လောက်သာ ပိုင်ဆိုင်ကြပြီး ငွေကြေးချို့တဲ့တဲ့ လယ်သမားတွေကတော့ နွေစပါး စိုက်ပျိုးဖို့အတွက် အလှူရှင်တွေနဲ့ အစိုးရထံက အကူအညီတွေ အကြီးအကျယ် လိုအပ် နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ref: RFA News

Read More...

မခင်မိုးအေးနှင့် ကိုကျော်စိုးအား ထောင်ဒဏ်ချမှတ်

ကိုသက် | အောက်တိုဘာ ၁၇၊ ၂၀၀၈

၂၀၀၇ ခုနှစ် ဒီဇင်ဘာလကတည်းက မွန်ပြည်နယ် ကျိုက်ထီးရိုး ရင်ပြင်တွင် ဖမ်းဆီးခြင်း ခံခဲ့ရသည့် မခင်မိုးအေးနှင့် ကိုကျော်စိုး (တော်ကီ) တို့ကို အင်းစိန်ထောင်တွင် ရုံးထိုင်သည့် စမ်းချောင်းမြို့နယ်တရားရုံးက နိုင်ငံခြားငွေ လက်ဝယ် တွေ့ရှိမှုဖြင့် ယမန်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်သည်ဟု ၎င်းတို့၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်က ဧရာဝတီကို ပြောသည်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မခင်မိုးအေးနှင့် ကိုကျော်စိုးတို့ကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စအဖ က ဖမ်းဆီးခဲ့ပြီး နိုင်ငံခြားငွေ လဲလှယ်မှု အက်ဥပဒေ ပုဒ်မ ၂၄ (၁) နှင့် တရားစွဲဆို ခဲ့သည်ဟု ဦးခင်မောင်ရှိန်က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “သူတို့ကို စဖမ်း ကတည်းက ဘာကြောင့် ဖမ်းတယ်ဆိုတာ အကြောင်းပြချက် မရှိဘူး၊ စစ်ဆေး တွေ့ရှိချက်တွေအရ ဘာပြစ်မှုမှ ကျူးလွန်ခဲ့တာ မတွေ့ရဘူး၊ အာဏာပိုင်က ထောင်ချမယ် ဆိုတဲ့ရည်ရွယ်ချက် ရှိတဲ့အတွက် စွပ်စွဲချက်တွေတပ်၊ ပုဒ်မတွေဆင်ပြီး ထောင်ချတာပါ” ဟု ပြောသည်။

မခင်မိုးအေး
မခင်မိုးအေးသည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကတည်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သူ တဦးဖြစ်ပြီး ကျောင်းသားအရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး တို့ကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

“၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆု ရတဲ့အချိန်တုန်းက ရန်ကုန်တက္ကသိုလ်မှာ လုပ်တဲ့ ထောက်ခံပွဲ ကို ဦးဆောင်ခဲ့သူ တဦးလည်း ဖြစ်တယ်။ အဲဒါကြောင့် အဖမ်းခံရတယ်။ ထောင် ၁၀ နှစ်ကျခဲ့တယ်” ဟု ဦးတိတ်နိုင်က ပြောသည်။
မခင်မိုးအေးသည် အကျဉ်းထောင်တွင် နှစ်ပြည့်မနေရဘဲ၁၉၉၂ ခုနှစ်တွင် ပြန်လည် လွတ်မြောက် လာခဲ့သော်လည်း မြန်မာနိုင်ငံ ကျောင်းသားသမိုင်း စာအုပ်ကို ကိုအောင်ထွန်းက ရေးသား ပြုစုနေစဉ် အကူအညီ ပေးခဲ့သဖြင့် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ လတွင် နောက်တကြိမ် အဖမ်းခံရသည်။ ၂၀၀၃ ခုနှစ် မေလတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ဒုတိယအကြိမ် ထောင်မှ လွတ်မြောက်လာ ပြီးနောက်ပိုင်း ဒီမိုကရေစီရေး လုပ်ငန်းများကို အားပေး ကူညီသကဲ့သို့ လူမှုရေး လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ အဖမ်းမခံရမီက အာဏာပိုင်တို့၏ ခေါ်ယူစစ်ဆေးခြင်းနှင့် ဖိအားပေး ခံရမှုများ ကြုံခဲ့ရသည်။
ကိုကျော်စိုး

ကိုကျော်စိုးသည်လည်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်ပြီး ၎င်းအား စစ်အစိုးရက ထောင် ၃ နှစ် ချခဲ့သည်။
ကိုကျော်စိုးသည် ၁၉၉၀ ခုနှစ် ကိုဖုန်းမော် ၂ နှစ်ပြည့် အခမ်းအနား ဖြစ်မြောက်ရေး ၁၉ ဦး ကော်မတီတွင် ပါဝင်ခဲ့သောကြောင့် တခြား ကော်မတီဝင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။
ထောင်မှပြန်လည် လွတ်မြောက်လာပြီးနောက် ဒီမိုကရေစီရေးနှင့် ကျောင်းသားရေးရာ ကိစ္စများကို ဆက်လက် လုပ်ဆောင် ခဲ့သူ ဖြစ်သည်။

ref: ဧရာဝတီ

Read More...

Friday, October 17, 2008

မြန်မာပြည်စာနယ်ဇင်း လောကနှင့်ပတ်သက်၍ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် တွေ့ဆုံခြင်း

17 October 2008

လက်ရှိ မြန်မာ ပြည် စာနယ် ဇင်း လောက ဖိနှိပ် ခံရမှုနှင့် ယခင် စာနယ်ဇင်း လောက အခြေ အနေ ကွာခြား ချက်များ၊ မီဒီယာ၏ အခန်းကဏ္ဍ အရေးပါပုံ တို့ကို ဧရာဝတီ မဂ္ဂဇင်းက သတင်းစာ ဆရာကြီး ဦးဝင်းတင်အား မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

မေး။ ။ အက်ရှင်တိုင်းမ်စ်ဆိုတဲ့ ပြည်တွင်းထုတ် ဂျာနယ်တစောင်မှာ ဆရာ့ အကြောင်း တပိုဒ်ပါလို့ အပိတ်ခံရတယ် ကြားတယ်။ အဲဒီပေါ်မှာ ဘာပြောချင် လဲဆရာ။

ဖြေ။ ။ သူတို့ (အာဏာပိုင်တွေ) က ရှင်းရှင်းပြောရရင်တော့ ကြံဖန်ပြီး ချုပ်ချယ်ဖို့ကို နည်းမျိုးစုံနဲ့။ တလ ပိတ်မယ်၊ ၂ လပိတ်မယ် ဆိုတာမျိုး၊ ဒီဟာ လုပ်ခြင်းအားဖြင့် တခြားလူတွေကိုပါ ချုပ်ချယ်ပြီးဖြစ်သွားတယ် ဆိုတာမျိုး လုပ်ကြတာပဲဗျ။ ဒါက စာစောင် တစောင်ချင်းစီကို ပိတ်တာ။ နောက်တခုကတော့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို တားမြစ်ထားတယ် ဆိုတာကို ပြတာ။ ဒီဟာနဲ့ ပတ်သက်တာကတော့ ကြုံနေရမှာပဲ။ ကြုံလည်းကြုံခဲ့ရတာပါပဲ။

မေး။ ။ မ ဆ လ ခေတ်မှာ ဆရာသတင်းစာ အယ်ဒီတာလုပ်တုန်းကနဲ့ ခုနဲ့ စိစစ်ရေး ကိစ္စတွေ၊ သတင်းစာ လောကတွေနဲ့ ဘယ်လို ကွာဟလဲ ပြောပါဦး။

ဖြေ။ ။ မကွာပါဘူး။ တူတူပါပဲ။ မထူးပါဘူး။ ဒီချိန်မှာစာစောင် ၂ စောင်ကို ပိတ်တယ်။ မဆလ ခေတ်တုန်းက စာစောင် တွေ အားလုံး ပိတ်ပစ်ခဲ့တာပဲ။ နောက်တခါ စီးပွားရေးအရ ညစ်တာတို့ တခုချင်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ပိတ်တဲ့ နေရာမှာတော့ သီးခြား လုပ်ဆောင်မှုတွေ မတူပေမယ့် မျက်စိပိတ် နားပိတ်အောင် လုပ်ထားတာကတော့ ဦးတည်ချက်က ဘာမှ မကွာဘူး။ ကျနော် ပြောချင်တာကတော့ စာနယ်ဇင်းတွေ အနေနဲ့ ရုန်းကန်ရမယ်။ အချင်းချင်း ညှိလုပ်တာပဲ ဖြစ်ဖြစ် တစောင်ချင်းစီပဲ ဖြစ်ဖြစ် ငုံ့ခံနေတာမျိုး မဟုတ်ဘဲနဲ့ တတ်နိုင်သလောက် အကြောင်းအရာ တခုချင်းစီပေါ်မှာ ရုန်းကန်မှု ရှိရမယ်။ အဲလိုပဲ ကျနော်က ယူဆတယ်။

ကျနော်ကတော့ သတင်းစာတွေ မလုပ်နိုင်တော့ဘူး။ သတင်းစာက များများလုပ်ရတယ်၊ မြန်မြန် လုပ်ရတယ်၊ ကျယ်ကျယ် လုပ်ရတယ်။ ကျုယ်ကျယ် လုပ်ရတယ် ဆိုတာက တောရော၊ မြို့ရော၊ ကမ္ဘာရော၊ မြန်မာရော။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှု ရေးတွေ လုပ်ရတယ်။ များများ လုပ်ရမယ်ဆိုတာက အကြောင်းအရာ များနိုင်သမျှ များအောင် ထည့်ရတယ်၊ စုံနိုင်သလောက် စုံအောင် လူမှုဘဝကို လွှမ်းခြုံနိုင်အောင် အဲလိုပေါ့။ ပြီးတော့ မြန်မြန်လုပ်ရတယ်။ အရင်ခေတ်ကဆို တယ်လီဖုန်းလောက်ပဲ ရှိတဲ့ကြားက ဖြစ်အောင် လုပ်ရတယ်။ ဒီဟာတွေလောက်ကို ကျတော် မလုပ်နိုင်တော့ဘူး။ ခု ဂျာနယ်တွေ ကြိုးစားကြတယ် ကောင်းပါတယ်။ မှားကြတာတွေ ရှိမှာပဲ။ မှားပါစေ။ အရေးမကြီးပါဘူး။ မှားတယ် မှန်တယ်ဆိုတာ တခေတ်နဲ့ တခေတ် စံချင်းမှမတူတာ။ မှားတာကို ဂရုစိုက်စရာမလိုပါဘူး။

တခုပဲ ဝေဖန်ချင်တာက ခင်ဗျားတို့မှာ ရုန်းကန်တာနည်းနည်း နည်းတယ်ထင်တယ်ဗျ။ ကျနော်တို့ တုန်းကလည်း ဖိနှိပ်မှုက အတူတူပဲ။ မထူးဘူး။ ဒီခေတ်မှာ ဖိနှိပ်ခံရတာလည်း တူတူပဲ မထူးဘူးဗျ။ တချို့ကထင်ကြတယ် ဒီခေတ်မှာမှ ပိုဖိနှိပ်ခံရတယ် လို့ … ။ အဲဒါမဟုတ်ဘူး။ တူတူပါပဲ။ သူတို့မကြိုက်တာ တခုခု လုပ်မိရင်၊ ပါလာရင် ဘယ်ခေတ်ပဲဖြစ်ဖြစ် ပိတ်ပစ်တာပဲလေ။ ဖိနှိပ်ချုပ်ချယ်မှုက ဒီလိုပဲ ရှိနေမှာပဲ။ အဲဒီကြားကနေ ရုန်းကန်ကြရလိမ့်မယ်။

အဲဒီမှာ ကျနော်က ဘာဥပမာ ပြချင်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ကာတွန်းဆရာတွေကို မိန့်ခွန်းတခုပြော ရတယ်။ အဲဒါလေး ပြောချင်တယ်။ အဲဒီတုန်းက သူတို့ကို ခင်ဗျားတို့ ကာတွန်းတွေ သိပ်ကောင်းတယ်ဗျာ။ ရေးတာတွေ လည်း ပြောင်မြောက်တယ် ဒါပေမယ့် ခင်ဗျားတို့မှာ ငုံ့ခံနေကြတာလေးတွေ ရှိတယ်။ ဒီလို ရေးလို့မရရင် ဟိုလိုလေးလှည့် ရေးရမယ်။ ဥပမာပြောရရင် အဲဒီတုန်းက တိရစ္ဆာန်ရုံမှာ ကလေးတယောက် ကျားကိုက်တယ်ဗျာ။ အဲဒီသတင်းကို ထည့်လို့ မရဘူး။ ဘယ်လိုမှကို ထည့်ခွင့် မပေးဘူး။ ဒါပေမယ့် အဲဒီမှာ ကျနော်တို့ အနည်းဆုံး ငုံ့မခံဘူးဆိုတာ ပြချင်တယ်။ ဖြစ်ချင် တော့ အဲဒီနေ့မှာ နိုင်ငံခြား သတင်းတပုဒ်က တိုက်တိုက်ဆိုင်ဝင်လာတယ်။ ခြင်္သေ့ကိုက်တဲ့ သတင်းဗျ။ အဲဒါကို မျက်နှာဖုံးမှာ အကြီးကြီး ထည့်လိုက်တယ်။ ခြင်္သေ့နဲ့ ကျားနဲ့ကတော့ မတူဘူးပေါ့ဗျာ။ ဒါပေမယ့် အာဏာပိုင်တွေကတော့ ဟာ ဒီကောင် တွေ ရေးပြန်ပလား ဆိုတာမျိုးဖြစ်သွားတယ်။ ဒီခြင်္သေ့ကိုက်တာကို အကြောင်းပြုပြီး ကျားကိုက်တဲ့ သတင်းကလည်း လူတွေကြားထဲမှာ ပြန့်နေတယ်။ ဆိုလိုတာက ဂျာနယ်လစ်တွေက အဲဒီပုံစံနဲ့တော့ လှုပ်ရှား နိုင်တယ်။ ရုန်းကန်ပါ။ သူတို့က ဒီလိုမရေးရဘူးဆိုရင် ရနိုင်တဲ့နည်းနဲ့ ရေးပါ။ သူတို့က ဒီလိုလုပ်ပါဆိုရင် မလုပ်နိုင်ဘူး တနည်းနည်းနဲ့ လှည့်လုပ်ပါ။

ဟိုခေတ်နဲ့ ဒီခေတ် ဖိနှိပ်ပုံ ဖိနှိပ်နည်း မတူတာပဲရှိတယ် ဖိနှိပ်တာကတော့ ဖိနှိပ်တာပါပဲ။ ဂျာနယ် တစောင်ချင်းကို အရေးယူ ပုံချင်းတော့ တူချင်မှတူမယ်။ ဟိုတုန်းကတော့ သိမ်းကျုံးပြီး အရေးယူတယ်။ ဒါပဲကွာတယ်။ ခု ဂျာနယ် တွေ အများကြီး ရှိတယ်။ ဘာတွေ ရေးနိုင်လဲ။ ဘာမှ မရေးနိုင်ဘူး။ ကျနော်တို့နာမည်တွေကို လုံးဝဖျောက်ထား ရာကနေ အခုနာမည်လေး တွေ ပါလာတယ်။ များများ မသုံးနိုင်ဘူး။ တချို့ဂျာနယ်တွေဆို ကျနော့်ကို အင်တာဗျူး လုပ်တယ်။ အဲဒါတွေ ကျနော်ဖတ် ရတယ်။ စာပေစိစစ်ရေးကို တင်တဲ့ မူတွေပေါ့။ ဒါပဲဗျ။ ဘာမှမထူးဘူး။

ထူးတာက ရုန်းကန်မှု နည်းတယ်။ ကျနော်တို့ လုပ်ခဲ့တာပဲ။ ကျနော်ဟံသာဝတီ သတင်းစာ လုပ်ခဲ့တယ်။ ကျနော့်ကို ဖိနှိပ် တာက ဒီခေတ် ဂျာနယ်တွေကို ဖိနှိပ်တာထက် ပိုတယ်လည်း မပြောလိုဘူး လိုတယ်လည်း မပြောဘူး တူတူပါပဲ။ ကျနော့် အသက်အရွယ်နဲ့ ကျနော့်ရာထူးနဲ့ ပင်စင်နီးတာနဲ့ ဒါတွေငဲ့ပြီး ကျနော် အေးအေး နေရင် ရတာပဲ။ ဒါပေမယ့် ကျနော်မနေ နိုင်ဘူး တတ်နိုင်သလောက် ရုန်းတယ်။ အဲဒီမှာ သူတို့မကျေနပ်ဘူး ကျနော့်လည်း ဖြုတ်ပစ်၊ ကျနော့်သတင်းစာလည်း ပိတ်ပစ်တာပဲ။

နမူနာလေးတခု ပြောပြမယ်။ တခါက ဝန်ကြီးကနေပြီး အမိန့်နဲ့ လာတယ်။ ပေါ်လစီလား ဘာလားတော့မသိဘူးဗျ သတင်းစာမှာ ဘုန်းကြီး တရားပွဲတွေ ထည့်ရမယ်တဲ့၊ ရန်ကုန်မှာလည်း ထည့်တယ်။ ကျနော်က မထည့်ဘူးလို့ မန္တလေးက ဘုန်းကြီး မြို့၊ ဟိုဘုန်းကြီး တရားဟောတာ ထည့်ပေး၊ ဒီဘုန်းကြီးဟောတာ ထည့်ပေးတာနဲ့ ခင်ဗျားတို့ သတင်းစာ ဘာမှပါရတော့မှာ မဟုတ်ဘူး ထည့်ရမှာလားလို့ ပြောလိုက်တော့မှ နောက် ဝန်ကြီးကလည်း မထည့်ပါနဲ့တော့လို့ ပြောတယ်။ အဲလိုပေါ့ဗျာ။ အဲလိုလုပ်ရတာပဲ။

နောက် ဦးနေဝင်းက တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း သေတော့ သူ့မိန့်ခွန်းကို ခေါင်းကြီးနဲ့ မျက်နှာဖုံးမှာ ထည့်ရမယ်လို့ ပြောတယ်။ ကျနော်ထည့်မယ်ဆို မီတာပေါ့။ ကျနော်မထည့်ဘူး။ မန္တလေးနဲ့ ရန်ကုန် အပြန်ပြန် အလှန်လှန် ဖုန်းဆက်တယ်။ ထည့်ရမယ်ပေါ့။ ကျနော်ကလည်း မထည့်ဘူး တင်းခံနေတယ်။ အဲဒီမှာ ညနေ ၄ နာရီ ၅ နာရီဖြစ်လာတယ်။ ကျနော်က မျက်နှာဖုံးကို ပြန်ဖျက်ရတော့မှာ မလုပ်နိုင်ဘူး။ လုပ်ရင် ကုန်မယ့် စာစီခတွေ စာရွက်ဖိုးတွေ ဘယ်လိုလုပ်မလဲ ဆိုတော့ သူတို့က အကုန်ခံမယ် ထည့်တဲ့။ အဲဒါနဲ့ ကျနော်က ဒါဆို နက်ဖြန် သတင်းစာ မထုတ်နိုင်ဘူးပြောလိုက်တယ်။ အဲဒီတော့မှ ဒါဆိုလည်း မျက်နှာဖုံးမှာ မလုပ်ပါနဲ့တော့ အတွင်းက စာမျက်နှာ ၃ တို့ဘာတို့မှာပဲ ထည့်ပါတော့ ဖြစ်သွားတယ်။ ရုန်းကန်ရတာတော့ နည်းနည်း ရှိတာပေါ့ဗျာ။

မေး။ ။ ဖိနှိပ်ခံရတာ တူတူပဲဆိုရင် အရည်အသွေးနဲ့ပတ်သက်လို့ကော ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ အရင်ခေတ်နဲ့ အခုခေတ် ဘယ်လို ကွာခြားလဲ သိချင်ပါတယ်။ တိုးတက်လာတာရှိလားပေါ့။

ဖြေ။ ။ ဒါကလည်း တော်တော်ပြောရခက်တာပဲဗျ။ အရည်အသွေးဆိုတာက ဘယ်ပေါ်မှာတည်တာလဲ။ အကြောင်းအရာ ပေါ်မှာ မူတည်တာလား။ ခေတ်ကာလကိုလိုက်ပြီး ပြောင်းလဲနေတဲ့၊ ရေးဖို့ လိုအပ်တဲ့ အချိန်မှာ အသိဥာဏ်ရှိတဲ့၊ ရေးနိုင်တဲ့ သူတွေက ရေးတာဖြစ်တဲ့အတွက် သာတာတွေလည်း ရှိတာပဲဗျ။ ဒီခေတ်မှာလည်း တချို့လူတွေ တော်တော် လုပ်ကြတာ ရှိပါတယ်။ ဒီခေတ်မှာ ကျော်ဝင်းတို့ဘာတို့ တော်တော် လုပ်နိုင်တာပဲဗျ။ လျော့သွားတယ်၊ ပိုပြီး ကောင်းလာတယ် ဆိုတာ မျိုးတော့ မရှိသေးဘူးထင်တယ်ဗျ။ ဒါကတော့ ခုချက်ချင်းပြောလို့ ရတဲ့ အကြောင်းအရာလည်း မဟုတ်ဘူးဗျ။ ခေတ် တခေတ်ကျော်သွားတဲ့ အချိန်ကျမှ သမိုင်းဝင် စံတင်ပြီး ကျန်ခဲ့မှသာ ပြောလို့ရမယ်ထင်တယ်။

အဲဒါကိုပဲ ကောင်းတယ် ဆိုးတယ် ဆုံးဖြတ်ကြမှာပဲ။ ကျနော်ကတော့ အဲဒါနဲ့ ပတ်သက်လို့ မပြောချင်ဘူးဗျ။ မလိုဘူးလေ။ သူတို့လုပ်နေတာ ကောင်းတာပဲ။ ဒါပေမယ့် ဘယ်လောက်ကောင်းတယ် ဘယ်ပြောလို့ရမလဲ။ ဒီနေ့ဆုံးဖြတ်တာလည်း မှန်ချင်မှ မှန်မယ်။ ဒီနေ့ ကောင်းနေပေမယ့်လည်း နောက်တနေ့ကျတော့ လူတွေက မေ့သွားရင် ဘာမှမထူးဘူးဗျ။ ဒါပေမယ့် တခုတော့ သေချာပြောလို့ရတယ်။ ဒါကတော့ ခေတ်အလိုက် ခေတ်အလိုက် လုပ်နေကြရမှာပဲ။ ဒီနေ့လုပ်နေတာတွေက သာမာန်စံအနေနဲ့ ပြောမယ်ဆိုရင် ခေတ်တခေတ်မှာ လုပ်နေတဲ့ စံအရ မညံ့ဘူးဗျ။ ဆောင်းပါးတွေ ကောင်းတယ်ဗျာ။ ဗွိုက်စ်တို့ဘာတို့မှာ ရေးနေတဲ့ ပုံစံတွေဆိုရင် ပညာတတ်လူတန်းစားရဲ့ အသံမျိုးနဲ့ အထက်စီးက ပြောတဲ့ လေသံမျိုး ပေါက်ချင် ပေါက်နေမယ်။

ဘယ်လောက်ပဲ ဘာတွေ ဖြစ်နေနေ လုပ်နေတာကတော့ ကောင်းနေတာပဲဗျ။ လူတွေကို အသိဥာဏ်ဖွင့်ပေးတဲ့ ပုံစံမျိုး တွေလည်း တွေ့နေရပါတယ်။ တခုပဲဗျ။ ပိတ်ခံရလိုက်၊ တော်ကြာကြောက်သွားလိုက် ဆိုတာမျိုးမဟုတ်ဘဲ အဲဒီထဲက ဖောက်ထွက်ပြီး ရေးနိုင်ဖို့တော့လိုမယ်။ ကွာလတီကိုလည်း အဲဒီပေါ်မှာ ဆုံးဖြတ်ရမယ်ထင်တယ်။

မေး။ ။ ပြည်ပက မြန်မာ မီဒီယာတွေရဲ့ အခန်းကဏ္ဍကိုကော ဆရာ ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ။ ။ အဲဒါနဲ့ ပတ်သက်လို့တော့ ကျနော်သိပ်မသိဘူးဗျ။ ခင်ဗျားတို့ဧရာဝတီတောင် (ထောင်) ဆေးရုံမှာ တုန်းက တခါလား ဖတ်ဖူးတယ်။ ဝက်ဘ်ဆိုက်တို့ဘာတို့တွေ ကျနော်သိပ်နားမလည်တော့ သိပ်မပြောချင်ဘူး။ သို့သော် ဘာပဲ ပြောပြော ခင်ဗျားတို့နဲ့ အတွင်းနဲ့ ကွာတဲ့ အချက်က ထင်ရှားတဲ့ ထင်မြင်ချက် တွေကို ဖော်ထုတ် နိုင်တဲ့ အနေအထား ကတော့ ခင်ဗျားတို့နဲ့ သူတို့ကွာနေတယ်ဗျ။ ခင်ဗျားတို့ကလွတ်နေတဲ့ သူတွေ ဆိုတော့ အတွင်းကလူတွေလို ချက်ချင်း လာပိတ်လို့မရဘူး။ နောက်တခု အပြင်မှာ ရှိတဲ့သူတွေက ကမ္ဘာ့အမြင်ကျတော့ ဆို့စ်ရယူမှုကျတော့ ပြည်တွင်းထက် အများကြီးသာတယ်။ ဒီ ၂ ချက်သာနေတဲ့အတွက် ဒီမိုကရေစီ အသွင် ကူးပြောင်းတဲ့ နေရာမှာ အများကြီး အထောက်ကူပြု မယ်လို့ ယုံတယ်။ အထဲမှာက ရုန်းပါ ဆိုပေမယ့် ရုန်းကန်တဲ့ နေရာမှာ အခက်အခဲတွေ အများကြီး ရှိနေနိုင်သေးတယ်။ ဒီတော့ ခင်ဗျားတို့ အခန်းကဏ္ဍက အရေးကြီးတယ်လို့ ကျနော်မြင်တယ်။

မေး။ ။ ဒီမိုကရေစီ လှုပ်ရှားမှုမှာကော မီဒီယာရဲ့ အခန်းကဏ္ဍကို ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ မီဒီယာရဲ့အခန်းကဏ္ဍကတော့ အရေးကြီးတာပေါ့ဗျာ။ ခုမှမဟုတ်ပါဘူး။ မီဒီယာဆိုတာ တိုင်းရေး ပြည်ရေးရာ ကိစ္စတွေမှာ အသံတဝက်ဝင်ပြောတာ၊ တိုင်းပြည်ကို အုပ်ချုပ်တဲ့ နေရာမှာ တဝက်ဝင်အုပ်ချုပ်တာ။ တိုင်းပြည်လုပ်ငန်းတွေကို ရှယ်ယာတဝက်ယူထားတဲ့ သဘောပဲဗျ။ မီဒီယာကို ဘယ်တော့မှ ငြင်းပယ်လို့၊ မျက်ကွယ်ပြုလို့ မရဘူး။ ဒါကိုတော့ ကြိုက် သော်ရှိ၊ မကြိုက်သော်ရှိ လက်ခံရမှာပဲဗျ။ သူတို့ လုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကတပိုင်းပဲ။ ရှင်းရှင်းပြောရရင် ဒီမိုကရေစီအရေးကတော့ ပိုမြင့်မားတာပေါ့ဗျာ။ ဒီမိုကရေစီ လှုပ်ရှားမှုမှာ မီဒီယာရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါတာ ပေါ့ဗျာ။ အထူးသဖြင့် မြန်မာနိုင်ငံလိုမျိုး ပိတ်ထားတဲ့ နိုင်ငံမျိုးမှာ ပိုပြီးအရေးကြီးတာပေါ့။ ခုအန်အယ်လ်ဒီ ရပ်တည်နေနိုင် တာ ပြည်ပမှာရှိတဲ့ မီဒီယာအား တွေကြောင့်ပေါ့ဗျာ။ ခု ကျနော့်ကိစ္စဆို အများကြီး အသံထွက်သွားတယ်ဗျာ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကဆို ဘယ်လောက် ကြီးကျယ်တဲ့သူ ထွက်လာလာ များများစားစား မပါနိုင်ဘူးဗျ။ ခုကျတော့ အများကြီး ကျယ်ပြန့်သွား တယ်ဗျ။ ကျနော် ဘယ်လောက်ပင်ပန်းပင်ပန်း ပြောနိုင်သလောက်ပြောမယ် ရှင်းနိုင်သလောက် ရှင်းမယ်။ ဒါတွေ ပြောနိုင်ဖို့ ဖော်ပြဖို့က မီဒီယာက အဓိကကျတယ်ဗျ။

Ref: ဧရာဝတီ

Read More...

အန်အယ်လ်ဒီ လူငယ် တရာကျော်နှုတ်ထွက်

ကိုသက် | အောက်တိုဘာ ၁၆၊ ၂၀၀၈

အန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးအောင်ရွှေ စိတ်တိုင်းကျ ဖွဲ့စည်းလိုက်သည့် လူငယ်အဖွဲ့သစ်ကို သဘောမတူကြသဖြင့် ရန်ကုန်တိုင်းမှ လူငယ် တရာကျော်မှာ ပါတီမှ ယနေ့ နှုတ်ထွက်ကြကြောင်း သိရသည်။

အန်အယ်လ်ဒီ ပါတီက လူငယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းကြောင်းကို လူငယ် တာဝန်ခံများအမည်၊ လူငယ်အကြံပေး ပုဂ္ဂိုလ်များ၏ အမည်နှင့်တကွ ဥက္ကဌ ဦးအောင်ရွှေလက်မှတ်ဖြင့် ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

နှုတ်ထွက်ကြသည့် လူငယ်အများစုသည် ရန်ကုန်တိုင်းမှ ဖြစ်ကြသည်ဟု နှုတ်ထွက်သူ တဦးဖြစ်သည့် ကိုနေခြည်ဝင်းက ပြောသည်။
နှုတ်ထွက်သူများထဲမှ ကိုခင်ထွန်းကလည်း “လူငယ်နဲ့ ပတ်သက်တဲ့ကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေရဲ့ သဘောထားကို ရယူပြီးမှ ဆောင်ရွက်စေချင်တယ်လို့ ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေကို လူငယ်တွေက မေတ္တာရပ်ခံကြပါတယ်။ လူငယ် တွေရဲ့ တောင်းဆိုမှုဟာ သဘာဝကျတယ်၊ တရားမျှတမှု ရှိတယ်။ လူငယ်တာဝန်ခံ တယောက်အနေနဲ့ ကိုယ့်လူငယ်တွေရဲ့ အဆို၊ တရားမျှတတဲ့ စိတ်ဆန္ဒကို ဆောင်ရွက်မပေးနိုင်ရင် လူငယ်တာဝန်ခံ လုပ်ရတာ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ ဒီအချက်တွေပေါ် မူတည်ပြီး လူငယ်တွေနဲ့အတူ ရပ်တည်သင့်တယ်လို့ ယုံကြည်တာကြောင့် နှုတ်ထွက်လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။
ကိုခင်ထွန်းသည် လူငယ်ပြန်လည် ဖွဲ့စည်းရေး အောက်မြန်မာပြည် တာဝန်ခံ ဖြစ်ပြီး အသစ်ဖွဲ့စည်းလိုက်သည့် လူငယ်အကြံပေး အဖွဲ့တွင်လည်း ပါဝင်သည်။ ၎င်းအား သူ၏ဆန္ဒမပါဘဲ ဗဟိုအ လုပ်အမှုဆောင်အဖွဲ့က လူငယ်အကြံပေး ပုဂ္ဂုလ်အဖြစ် ထည့်သွင်း ရွေးချယ်ခဲ့သည်ဟုလည်း ကိုခင်ထွန်းက ပြောသည်။

လူငယ် အကြံပေးအဖွဲ့မှ ကိုထွန်းဇော်ဇော်နှင့် လူငယ်အဖွဲ့သစ်၏ အုပ်ချုပ်ရေး တာဝန်ခံဖြစ်သည့် ကိုစောမောင်သိန်း တို့လည်း နှုတ်ထွက်သူများတွင် ပါဝင်ကြောင်း သိရသည်။

အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက လူငယ်တရာကျော် နှုတ်ထွက်သည့်ကိစ္စနှင့် ပတ်သက်၍ ၎င်းအား ပြောဆိုခွင့် မပေးထားကြောင်း ဧရာဝတီကို ပြောသည်။ လူငယ်တာဝန်ခံသစ်များကလည်း ၎င်းကိစ္စအပေါ် တစုံတရာ မှတ်ချက်ပေးခြင်း မရှိပေ။
လွန်ခဲ့သည့်လကတည်းက နှုတ်ထွက်ကြသည့် လူငယ်များသည် ၎င်းတို့၏ ဆန္ဒသဘောထားမပါပဲ လူငယ်အဖွဲ့ကို အသစ်ဖွဲ့ စည်းပါက ပါတီဝင်အဖြစ်မှ နှုတ်ထွက်မည်ဟု ပြောဆိုခဲ့ကြသည်။

“လူငယ်အဖွဲ့သစ် ဖွဲ့တာကို ဘယ်သူမှ စိတ်မ၀င်စားဘူး။ ဒီနေ့ အဖွဲ့ချုပ်ဝင်တွေနဲ့ ပြည်သူလူထု စိတ်ဝင်စားနေတာက အဖွဲ့ချုပ် က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုကျော်ဖြတ်မလဲ၊ ၂၀၁၀ မှာ ပြည်သူကိုဘယ်လို ဦးဆောင်မလဲ၊ ပြည်သူ့အတွက် ဘာတွေ ပြင်ဆင်ထားသလဲ … ဒါကိုသိချင်တာ၊ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ညှိနှိုင်းမှုတွေ များများလုပ်ရမယ်။ လိုအပ်ရင် တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ တိုင်းကလူတွေ များများခေါ်တွေ့ပြီး လူထု ယုံကြည်ထောက်ခံမှု ပြန်လည်ရ ရှိအောင် လုပ်ရမယ့် အချိန်ဖြစ်တယ်လို့ ကျနော် အကြံပြုခဲ့ပါတယ်” ဟု ကိုခင်ထွန်းက ပြောသည်။
ဥပဒေ ဘောင်အတွင်းမှနေ၍ တနိုင်တပိုင် လုပ်ကိုင်နိုင်သည့် လူထုအကျိုးပြု လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဟုလည်း ၎င်းက ပြောသည်။

“လက်ရှိ ဗဟိုအလုပ်အမှုဆောင် ဘဘတို့ကော နောက်ထပ်ဖြည့်ထားတဲ့ ဘဘဦးဝင်းတင်၊ ဆရာဦးခင်မောင်ဆွေ တို့ကို ပြောချင်တာက အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုတိုင်းမှာ ဗဟိုအလုပ်အမှုဆောင် တဖွဲ့လုံးရဲ့ ညီညွတ်တဲ့ ဆုံးဖြတ်ချက်နဲ့ ဦးဆောင်နိုင် အောင်ကြိုးစားကြပါလို့ ကျနော့် အနေနဲ့ အကြံပြုချင်တာပါ” ဟု ကိုခင်ထွန်းက ဆက်ပြောသည်။

ref: ဧရာဝတီ

Read More...

မြန်မာ့ အိုင်တီမျိုးဆက်သစ်က စစ်အစိုးရကို အံတုနေကြခြင်း

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို သယ်ဆောင်လာသည့် ထရပ်ကား တစီးက ရန်ကုန်မြို့ရှိ အင်တာနက် ကဖီးတခုရှေ့သို့ ရပ်လာခဲ့သည်။ ရဲများက အင်တာနက် ဆိုင်ထဲသို့ ပြေးဝင်လာကြပြီး၊ ကွန်ပြူတာ အသုံးပြု နေကြသူများကိုလည်း "လက်မြှောက်ထား" ဟု အော်ဟစ်သတိပေးလာသည်။ ထို့နောက် သူတို့က ကွန်ပြူတာ ဖန်သားပြင် တခုချင်းကို လိုက်၍ စစ်ဆေးကြည့်သည်။ ကွန်ပြူတာ သုံးနေသူများက မည်သည့်ကိစ္စကို ကြည့်ရှုနေကြကြောင်းကိုလည်း ရဲများက မေးမြန်းခဲ့ကြသည်။


“မင်းတို့လက်တွေ လေထဲကို မြှောက်ထားလိုက်”
ကာတွန်း ဟန်လေး

အကယ်၍ တစုံတယောက်က ဂျီတော့ခ် (G-talk) ဟု ခေါ်သည့် အင်တာနက်မှ တဆင့် ဆက်သွယ်ပြောဆို ချက်ချင်း သတင်းပေး ပို့နိုင်သည့် ပရိုဂရမ်မျိုး အသုံးပြုနေသည် ဆိုပါက ပို၍ မေးမြန်းခံရဖွယ် ရှိသည်။ "မင်းက ဘယ်သူနဲ့ ချက် (chat) နေတာလဲ" "မင်းနဲ့ ချက်နေတဲ့ သူတွေက ဘယ်မှာနေ ကြတာလဲ" စသဖြင့် မေးမြန်း ခံရနိုင်သည်။ အကယ်၍ မှားယွင်းဖြေဆို မိပါက၊ သင်္ကာ မကင်း ရှိခံရပါက ဖမ်းဆီးခံရနိုင်သော အန္တရာယ်ပင် ရှိနေသေးသည်။

ဤသို့မြင်ကွင်းမျိုးက ယခုတလော ရန်ကုန်ရှိ အင်တာနက် ကဖီးဆိုင်များတွင် မကြာခဏ ဆိုသလို ကြုံတွေ့ နေကြရသည်။ ယနေ့လို ခေတ်မျိုးတွင် နည်းပညာ ကျွမ်းကျင်သူ လူငယ်အများက ဂျီတော့ခ်ဖြင့် အဝေးမှ သူငယ်ချင်းများကို ဆက်သွယ် ပြောဆိုကြသည်။ ဖေ့စ်ဘွတ် (Facebook)၊ ဟိုင်းဖိုက် (Hi5)၊ ဖရင့်ဒ်စတား (Friendster) ကဲ့သို့သော လူမှုဆက်သွယ်ရေး ကွန်ရက်များကို သုံး၍ မိတ်ဖွဲ့ ဆက်သွယ်နေ ကြသည်။ ပိတ်ဆို့ထားသည်ကို ကျော်ခွ၍ ပြည်ပနေ မြန်မာ အတိုက်အခံများ၏ အင်တာနက် ၀က်ဘ်ဆိုက်များနှင့် ဘလော့ စာမျက်နှာများကို ဖတ်ကြသည်။ ထိုမျှမက စစ်အစိုးရက ပိတ်ဆို့ထားသည့် အင်တာနက်စာမျက်နှာများကို ပရောက်ဆီ ဆာဗာ (proxy servers) များသုံး၍ မည်သို့ ကျော်ခွ ကြည့်ရှုနိုင်သည်ကိုလည်း အချင်းချင်း သတင်း ဖလှယ် နေကြသေးသည်။
၂၀၀၇ ခုနှစ်၊ သံဃာတို့၏ ရွှေဝါရောင် တော်လှန်ရေး စတင်ချိန်မှစ၍ အင်တာနက်များကြောင့် မိမိတို့ စဉ်းစားကြံဆပုံ ပြောင်းလဲလာ ခဲ့ကြသည်။ စစ်အစိုးရက ပိတ်ဆို့ အုပ်ချုပ်နေသည့် အထီးကျန် တံခါးပိတ်ထားသည့် နိုင်ငံတွင် လူတို့ အပန်းဖြေရန်၊ ဆက်သွယ်နိုင်ရန် ပုံစံသစ်ရလာ စေခဲ့သည်။ အင်တာနက်ကြောင့် လူအချင်းချင်း လေဟာနယ်တွင်း မိတ်ဖွဲ့ဆက် သွယ်နိုင်ကြသည့် virtual community ခေါ် အသိုက်အ၀န်းတခု ဖြစ်ပေါ်လာစေခဲ့ပြီး၊ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့် အတွက် အခင်းအကျင်း နေရာအသစ်များလည်း ရလာစေခဲ့သည်။

"မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ (ရွှေဝါရောင်) အရေးတော်ပုံကတော့ ဒစ်ဂျစ်နယ် ကွန်ရက်ဆက်သွယ်ရေး နည်းပညာတွေက ဘယ်လိုထိရောက် တဲ့ အခန်းကဏ္ဍကနေ အကျိုးပြု နိုင်တယ်ဆိုတာ လုံးဝ သက်သေပြသ လိုက်တဲ့ ဆန္ဒပြပွဲတခုပဲ" သုတေသီတဦးဖြစ်သည့် မရီဒါးလ် ချောင်ဒရီ (Mridul Chowdhury) က "မြန်မာနိုင်ငံ ရွှေဝါရောင်တော်လှန်ရေး၌ အင်တာနက်၏ အခန်းကဏ္ဍ" အမည်ရှိ သူ၏ သုတေသနစာတမ်း၌ ထုတ်ဖော်ရေးသားခဲ့သည်။ ဤစာတမ်းက ဟားဗတ် တက္ကသိုလ် အင်တာနက်နှင့် လူမှုအဖွဲ့အစည်း ဆိုင်ရာ ဘာ့က်မင်း စင်တာ (Berkman Center for Internet and Society, Harvard University) အတွက် ပြုစုလေ့လာထားသည့် ဖြစ်ရပ်လေ့လာချက် စာတမ်းတခုအဖြစ် ရေးသားတင်ပြခဲ့ခြင်း ဖြစ်သည်။

ရွှေဝါရောင် တော်လှန်ရေး ကာလက တက်ကြွ၍ စိတ်ပိုင်းဖြတ်ထားကြသူ မြန်မာ လူငယ်များက လက်ကိုင်ဖုန်းများနှင့် ဒစ်ဂျစ်တယ် ကင်မရာများကို လက်နက်သဖွယ် သုံး၍၊ အင်တာနက်မှ တဆင့် အချင်းချင်းနှင့် ပြင်ပကမ္ဘာသို့ ဆက်သွယ်၍ သတင်း ပေးပို့ခဲ့ကြပြီး စစ်အစိုးရကို အံတုခဲ့ကြသည်။ စစ်အစိုးရ ဖိနှိပ်မှုများကို ဖော်ထုတ်ဖွင့်ချ ခဲ့ကြသည်။

ယခင်နှစ်က ဖြစ်ပေါ်ခဲ့သည့် သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင် တော်လှန်ရေးတွင် အင်တာနက် အသုံးပြုကြသူ များက အကြောင်းအရာ စာသားများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များ ပေးပို့၍ နိုင်ငံအတွင်း မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကို တင်ပြ သတင်းပေးပို့ ခဲ့ကြသည်။ သူတို့၏ သတင်းများကြောင့် ချက်ချင်းဆိုသလိုပင် မြန်မာနိုင်ငံအရေးကို နိုင်ငံတကာက အာရုံစိုက်လာကြပြီး၊ နိုင်ငံတကာ သတင်းမီဒီယာကြီးများ ဖြစ်ကြသည့် ဘီဘီစီ၊ စီအန်အန်၊ အယ်လ်ဂျာဇီးရား စသဖြင့်တို့ကလည်း အလေးထား ဖော်ပြခဲ့ကြသည်။ စစ်အစိုးရ၏ ရက်စက် ကြမ်းကြုတ်သည့် ဖိနှိပ်မှုများကို နိုင်ငံတကာ အစိုးရများစွာက ပြစ်တင်ရှုံ့ချခဲ့ကြပါသည်။

မြန်မာနိုင်ငံ၏ အိုင်တီ (IT) မျိုးဆက်သစ်များက နည်းပညာစွမ်း ပြခွင့်ရခဲ့သည်။ နောက်ဆုံး စစ်အစိုးရက စက်တင်ဘာ ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွင်းတော့မည့် အချိန်၊ အင်တာနက်များကို လုံးဝ ပိတ်ချလိုက်သည့် ကာလတိုင် သူတို့က စွမ်းစွမ်းတမံ စွမ်းဆောင်၍ သတင်းများ တင်ပေးနိုင်ခဲ့ကြသည်။

မြန်မာစစ်အစိုးရက ဟော့မေးလ် (Hotmail)၊ ရဟူး (Yahoo)၊ ဂျီမေးလ် (Gmail) စသည့် ၀န်ဆောင်မှုများကို ၎င်း၏ ပြည်သူများ အသုံးပြုခွင့်မရှိအောင် ပိတ်ပင်ထားပါသည်။ စစ်အစိုးရကို ဝေဖန် ဖော်ပြနေကြသည့် ပြည်ပနေ မြန်မာလူမျိုးများ၏ ၀က်ဘ်ဆိုက် စာမျက်နှာများ၊ ဘလော့များကိုလည်း ကြည့်ရှု မရနိုင်အောင်လည်း ပိတ်ပင်ထားပါသည်။ သို့သော် မြန်မာနိုင်ငံ အတွင်းရှိ အင်တာနက် ကဖီးများက နိုင်ငံရပ်ခြားတွင် အခြေပြုထားသော ပရောက်ဆီ ဆာဗာများသုံး၍ စစ်အစိုးရက မည်မျှ ပိတ်ပင်ထားထား ကျော်လွှား ကြည့်ရှု နိုင်ခဲ့ကြသည်။

မြန်မာ လူငယ်များကလည်း သူတို့ ဖမ်းဆီးခံရနိုင်သည်၊ ထောင်ချ ခံရနိုင်သည်၊ နှိပ်စက် ညှဉ်းပမ်း ခံရနိုင်သည်ကို သိလျက်နှင့် အထူးသဖြင့် သတင်းထောက်များနှင့် ဘလော့ ရေးသူများက မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ ပြင်ပကမ္ဘာက သိရှိ နိုင်စေရန် သတင်းများ စွန့်စား၍ ဆက်လက်ရေးသား ပေးပို့ခဲ့ကြပါသည်။ သတင်းဆက်သွယ်ရေး နည်းပညာ တိုးတက်နေသည့် ခေတ်တွင် သူတို့က အင်တာနက်ကို လွတ်လပ်စွာ ဖော်ပြ ရေးသားခွင့်အတွက် အသုံးချနိုင်သော နေရာတခုအဖြစ် ကောင်းကောင်း တွေ့ရှိခဲ့ကြသည်။ သူတို့၏ ကိုယ်ပိုင် ဘလော့များနှင့် စကားပြောဆို ဆက်သွယ်နိုင်သည့် ချက်ရွမ်း (chat rooms) များတွင် အထူးတက်ကြွစွာ လှုပ်ရှား၍ သတင်းများ ဖလှယ်ခြင်း၊ နိုင်ငံရေး၊ ပြည်တွင်းရေးနှင့် ပတ်သက်သည့် အရေးကြီးကိစ္စ များကို ဆွေးနွေး ငြင်းခုန်ခဲ့ကြသည်။

စစ်အစိုးရက ဤအကြောင်းကို သိမြင်လာပုံ ရပါသည်။ ရွှေဝါရောင် တော်လှန်ရေး အလွန် တနှစ် အကြာကာလတွင် အင်တာနက် ကဖီးများက ရဲများ ပိုက်စိတ်တိုက် စောင့်ကြည့် ထောက်လှမ်း ရမည့် နေရာဖြစ်လာခဲ့သည်။ အသုံးပြုနေသည့် သူများ ကြည့်ရှုနေကြသည့် စာမျက်နှာများ ကိုလည်း ၅ မိနစ်လျှင်တကြိမ် ရယူသိမ်းဆည်း ထားရန်လည်း အင်တာနက် ဆိုင်ပိုင်ရှင် များကို ဖိအား ပေးခဲ့ကြသည်။ ဤသို့ရယူထားသည့် ပုံများကို အာဏာပိုင်များထံ ပုံမှန်ပေးပို့ရန် ညွှန်ကြားလာခဲ့သည်။
ရန်ကုန်မြို့လယ်ရှိ အင်တာနက်ကဖီးဆိုင် ပိုင်ရှင်တဦးက ပြောပြသည်မှာ ဒေသခံ အာဏာပိုင် များနှင့် ရဲထောက်လှမ်းရေးများ က ဆိုင်သို့ အင်တာနက်လာရောက် အသုံးပြုကြသည့် သူများ၏ ကိုယ်ရေးအချက် အလက်များကို ပေးရမည်ဟု အမိန့်ထုတ် တောင်းဆိုထားသည်ဟု ပြောပြသည်။

ရန်ကုန်မြို့ရှိ အင်တာနက် ဆိုင်ပိုင်ရှင်များနှင့် အသုံးပြုကြသူများ အဆိုအရ စက်တင်ဘာ လလယ်ပိုင်းမှ စ၍ အင်တာနက်နှုန်း မှာ သိသိသာသာ နှေးကွေး သွားခဲ့ကြောင်းနှင့် သို့အတွက် ကြောင့် ကြီးလေးသည့် ဓါတ်ပုံ၊ ဗီဒီယို စသကဲ့သို့သော ဖိုင်များ အပ်လုပ် (upload) လုပ်၍ ပေးပို့ရန် မဖြစ်နိုင်တော့ကြောင်း ပြောပြကြသည်။

ဤအချိန်တွင်ပင် ပြည်ပနေ မြန်မာများ ထုတ်လွှင့်နေကြသည့်၊ နော်ဝေနိုင်ငံ အော်စလိုမြို့ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) ၀က်ဘ်ဆိုက်နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီ အခြေစိုက် မဇ္ဈိမသတင်းဌာန ၀က်ဘ်ဆိုက်တို့ကို ဇူလိုင်လက DDoS နည်းဖြင့် တိုက်ခိုက် ခဲ့ပါသည်။ ဤသို့ နည်းပညာအရ တိုက်ခိုက်မှုကြောင့် ရက်ပေါင်းများစွာ ကြည့်ရှုမရနိုင်ဘဲ ဖြစ် နေခဲ့ကြရပါသည်။
တဖန် ၀က်ဘ်စာမျက်နှာများကို DDoS နည်းဖြင့် တိုက်ခိုက်ခြင်းကို စက်တင်ဘာလတွင် ထပ်မံ ဆောင်ရွက်ခဲ့ကြပြန်ပြီး၊ ဧရာဝတီ အွန်လိုင်းမဂ္ဂဇင်း၊ ဒီမိုကရက်တစ် မြန်မာအသံ (DVB) နှင့် ဘန်ကောက်အခြေစိုက် ခေတ်ပြိုင်သတင်းစာ ၀က်ဘ်ဆိုက် များကို တိုက်ခိုက်ခဲ့ပြန်သည်။ မဇ္ဈိမသတင်းဌာန၏ ၀က်ဘ်ဆိုက်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် cross-site scripting နည်းဖြင့် ဖျက်ဆီးဟက် (hack) လုပ်ခဲ့ပြီး ကြည့်ရှုအသုံးပြု မရနိုင်အောင် ဆောင်ရွက်ခဲ့ပါသည်။

ချင်းမိုင်မြို့ အခြေစိုက် အလွတ်သတင်းထောက် ဘရိုင်ယန် မက်ကာတန် (Brian McCartan) အဆိုအရမူ လူအများ ဆက်သွယ် အသုံးပြုနိုင်သည့် ဖိုရမ် ၂ ခုဖြစ်သည့် မစ်စထရီ ဇီလီယံ (Mystery Zillion)နှင့် ပလန်းနက် မြန်မာ (Planet Myanmar) တို့ကိုလည်း လွန်ခဲ့သည့် သြဂုတ်လတွင် တိုက်ခိုက်ခံခဲ့ရပြီး ကြည့်ရှုမရဘဲ ပိတ်ထားခဲ့ကြရသည်ဟု ဆိုပါသည်။ ဤဖိုရမ် ၂ ခုတွင် စစ်အစိုးရ ပိတ်ဆို့ထားသည့် အင်တာနက်ကို မည်သို့ ကျော်လွှားနိုင်မည် ဆိုသည့် လမ်းညွှန်ချက် များနှင့် အခြား သတင်းအချက် အလက်များလည်း ဖော်ပြထားခြင်းကြောင့် တိုက်ခိုက်ခဲ့ပုံ ရပါသည်။

သို့သော်လည်း အင်တာနက်သည် သာမာန်အသုံးပြု နေသူများသာမက၊ စစ်အစိုးရကိုလည်း သြဇာသက်နေကြောင်း ကျွမ်းကျင်သူ ပညာရှင်အများက ဆွေးနွေးပြောဆို ကြပါသည်။
"လူသေဆုံးရမှုကို လက်ခံဖွယ် မရှိပါ။ သို့သော်လည်း အင်တာနက်နှင့် နိုင်ငံတကာ သတင်း မီဒီယာများကြောင့် အစိုးရ များက အရပ်သား ဆန္ဒပြသူများကို အင်အားသုံး အရေးယူ ဆောင်ရွက်ရာတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ရန် တနည်းတဖုံ ဖြစ်လာစေနိုင်ပါသည်" ဟု ချောင်ဒရီက ရေးပါသည်။
သူက ထောက်ပြရာတွင် ၁၉၈၈ ပြည်လုံးကျွတ် အရေးတော်ပုံကာလက ဆန္ဒပြသူပေါင်း ၃,၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရ သော်လည်း ၂၀၀၇ ခုနှစ်၊ ချေမှုန်းမှုတွင် သေဆုံးသူ အရေအတွက်က လွန်စွာ လျှော့နည်းခဲ့ပါသည်။ တရားဝင် ကိန်းဂဏန်း ဖော်ပြချက်များအရ ၃၁ ဦးသာ ရှိသည်ဟု ဖော်ပြခဲ့ကြသည်။

"အင်တာနက်ကြောင့် စစ်အစိုးရအနေနဲ့ သူတို့ကို စောင့်ကြည့်မှုတွေ ပိုရှိနေပြီလို့ ခံစား လာရစေတာကတော့ ၀မ်းမြောက် စရာပါ။ ဒါကြောင့်လည်း သူတို့ အင်အားသုံးဖို့ ကိစ္စတွေမှာ ပိုလို့ ထိန်းသိမ်းရတာတွေ ဖြစ်လာစေပါလိမ့်မယ်" ချောင်ဒရီက ပြောပါသည်။

ref: ဧရာဝတီ

Read More...

နိုင်ငံတော်သမ္မတသစ် နေရာတွင် ဦးအောင်သောင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေတို့ ရေပန်းစားနေ

အောက်တိုဘာ ၁၆၊ ၂၀၀၈
၂၀၁၀ ရွေးကောက်ပွဲ ပြီးဆုံးသွားပါက သမ္မတရာထူးကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေက ၎င်းလက်သပ် မွေးထားသည့် တပည့် နှစ်ဦးကိုသာ ရွေးချယ်သွားနိုင်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းများ အရ သိရသည်။

ယင်းသမ္မတရာထူးအတွက် စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းနှင့် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေတို့ ရေပန်းစားလျက်ရှိသည်။

ကြံ့ခိုင်ဖွံဖြိုးရေး အသင်းနှင့် နီးစပ်သူတဦးက “ဦးအောင်သောင်းဟာ ကြံ့ဖွံ့အသင်းမှာ သြဇာ ကြီးသလို အဓိကနေရာကနေ ပါဝင်နေတဲ့သူ တဦးပါ။ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေကတော့ ဗိုလ်ချုပ်မှူးကြီး ကြိုက်တဲ့ သူတဦးပေါ့။ သူတို့နှစ်ယောက်က သမ္မတရာထူး အတွက် အလားအလာ အကောင်းဆုံး သူတွေ” ဟု ပြောသည်။

ရန်ကုန်ရှိ အမျိုးသမီး သတင်းထောက်တဦးက “ဒီသတင်းက ခုတလော လက်ဘက်ရည်ဆိုင်မှာ လူအများစု ဆွေးနွေးနေတဲ့ အကြောင်းအရာ ဖြစ်နေတယ်” ဟု ဧရာဝတီ သို့ပြောသည်။

စစ်အစိုးရ ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတရာထူးကို ပါလီမန်က ရွေးချယ်မည် ဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံအရ ပါလီမန်အဖွဲ့ဝင် လေးပုံတပုံမှာလည်း ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ် ခန့်အပ်သွားမည့် စစ်တပ်မှ အရာရှိများဖြစ်ပြီး ကျန်နေရာများကို ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ ထဲမှ ရွေးချယ်ခန့်အပ် သွားမည် ဖြစ်သည်။
ပြည်တွင်း၊ ပြည်ပရှိ ဒီမိုကရေစီ အတိုက်အခံ အင်အားစုများ ကန့်ကွက်နေသည့် ကြားကပင် စစ်အစိုးရသည် လွန်ခဲ့သည့် မေလက ပြည်သူ့ဆန္ဒ ခံယူပွဲကျင်းပကာ ၎င်းတို့စိတ်တိုင်းကျ ရေးဆွဲထားသည့် အခြေခံဥပဒေကို အတည်ပြုခဲ့သည်။
၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် ဒီပဲယင်း လုပ်ကြံမှု၏ နောက်ကွယ်မှ ကြိုးကိုင်ခဲ့သူ အဖြစ် ဦးအောင်သောင်းကို ပြည်ပရောက် အတိုက်အခံများက စွပ်စွဲ ပြောနေဆိုကြသည်။

ဦးအောင်သောင်းသည် ယခုအခါ မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင် ဖြစ်လာပြီး ၎င်း၏ မိသားစုဝင်များက အောင်ရေဖြိုး ကုမ္ပဏီ၊ အိုင်ဂျီအီး ကုမ္ပဏီနှင့် ကွင်းစတား ကုမ္ပဏီများကို ဦးစီးလုပ်ကိုင် လျှက်ရှိသည်။
ယင်းကုမ္ပဏီများသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်နှင့် ဆန်စပါး ရောင်းဝယ်ရေး လုပ်ငန်းများ၊ ကွန်ပျူတာနှင့် တခြား လျှပ်စစ်ပစ္စည်း တင်သွင်းသည့် လုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိ နေသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ၂၀၀၂ ခုနှစ်က ဗိုလ်ချုပ်ရာထူးဖြင့် ရန်ကုန်တိုင်း တိုင်းမှူး ဖြစ်လာကာ စစ်တပ်အတွင်း လူသိများလာခဲ့သည်။

စစ်ဘက်ဆိုင်ရာများနှင့် ရင်းနှီးသော ရန်ကုန်ရှိ လေ့လာသူများက အသက် ၇၅ နှစ်ရှိပြီ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အနားယူလိမ့်မည် မဟုတ်ကြောင်းနှင့် တပ်မတော်ကို ဆက်လက်ထိန်းချုပ်သွား မည်ဖြစ်ကြောင်း ပြောဆိုသည်။

ထို့အတူ ဒုတိယဗိုလ်ချုပ်မှုးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းတို့သည်လည်း ဗိုလ်ချုပ်မှူးကြီးက အာဏာကို ဆုပ်ကိုင်ထားသရွေ့ ၎င်းတို့၏ ရာထူးနေရာတွင် ဆက်လက် တည်မြဲနေမည် ဖြစ်ကြောင်းလည်း ခန့်မှန်းကြသည်။

ref: ဧရာဝတီ

Read More...

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့ စစ်ရေးနည်းလမ်းဖြင့် သင့် မသင့် ဆွေးနွေးခန်း

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၁)။ ။ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်တဲ့ နည်းလမ်းနဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာနိုင် တဲ့အလားအလာ မရှိတော့ဘူးလား။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ မြန်မာနိုင်ငံမှာ ၁၉၈၈ခုနှစ် လူထုအုံကြွမှု အရေးတော်ပုံကြီးဟာ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး အာဏာရှင်အစိုးရ (၂) ဆက်ကို ဖြုတ်ချနိုင်ခဲ့တဲ့အပြင် ဒေါက်တာမောင်မောင် အစိုးရကိုလည်း ပြုတ်ကျလုနီးပါး အထိ ခြိမ်းခြောက် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီလူထု အုံကြွမှု ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ လူထု အုံကြွလာရတဲ့ လှုပ်ရှားမှုတွေကို သင်ခန်းစာယူ သုံးသပ်ပြီး စစ်အာဏာရှင် ဗိုလ်သန်းရွှေက ၁၉၉၆ ခုနှစ် ကက(ကြည်း) စစ်ဆင်ရေး လေးလပတ် အစည်းအဝေးမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ် စစ်ဦးစီးမှူး(ပထမတန်း) ဒုဗိုလ်မှူးကြီး သိုက်ထွန်း တင်ပြထားတဲ့ ဆရာဒါကာ စီမံချက်၊ ကျောင်းဒါကာ စီမံချက် တို့ကို အခြေခံပြီး နိုင်ငံတော် ကာကွယ်ရေး မဟာဗျူဟာ (National Defense Strategy) ကို ချမှတ်ခဲ့ပါတယ်။ ၁၉၉၈ခုနှစ်က ဂျိုးဖြူတိုင်း ဗဟို(၁)မှာ မီးသတ်(၂၀၀) ကြက်ခြေနီ(၂၀၀) စစ်သင်တန်းများ လေ့ကျင့်ပေးခဲ့ရာမှ NDS ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီ NDS ကိုလိုရင်းချုပ်ပြီး တင်ပြရမယ်ဆိုရင် လူထုကို လူထုနည်းနဲ့ ထိန်းကွပ်ဖို့ အဓိက ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုကို လူထု အယောင်ဆောင် ကြံ့ဖွံ့၊ စွမ်းအားရှင် စတဲ့ သူတို့လူစုက လက်မခံတဲ့ အသွင်မျိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ လူ(၅)ဦးထက် ပိုစုရုံးလာရင် လူထုစုရုံးခွင့် မပေးဘဲ စွမ်းအားရှင်(၁၀) ဦးထက်မက သာလွန်အင်အားနဲ့ ချေမှုန်းသွားရေး ဖြစ်ပါတယ်။ အစိုးရ အုပ်ချုပ်ရေး ယန္တယားကို အနီးကပ် ထိန်းချုပ်ဖို့ Heart Land Theory အရ ကြပ်ပြေးကို ၀န်ကြီးဌာန အားလုံး စုစည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်လာတဲ့ လူထု အုံကြွမှုတွေသာ မက ရွှေဝါရောင် တော်လှန်ရေးအထိ နအဖဟာ လူထုမပါဝင်စေရေး ၀န်ထမ်းများ မရောထွေး စေရေး အတွက် ထိန်းချုပ်ထားနိုင်ပြီး သူတို့ရဲ့လက်ကိုင်တုတ် အင်အားနဲ့ ဖြိုခွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်နေလို့ လူထုရှေ့က မားမားမတ်မတ် ထွက်လာတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေနဲ့ ကိုထင်ကျော်၊ မစုစုနွေးတို့လို ဦးဆောင်သူတွေကို လက်ဦးမှု ရယူ ဖမ်းထိမ်း ထားလိုက်လို့ လူထုအား စည်းရုံးနိုင်တဲ့အင်အား လျော့နည်းသွားစေခဲ့ပါတယ်။ လူထုအသွင်ဆောင် နအဖရဲ့ လက်ကိုင်တုတ် ကြံ့ဖွံ့၊ စွမ်းအားရှင်နဲ့ စရဖ SB တို့ဟာ တသွေးတသံ အမိန့်အောက်မှာ ဟန်ချက်ညီညီ လှုပ်ရှား ထိန်းချုပ်ခဲ့ပါတယ်။ ရွှေဝါရောင် တော်လှန်ရေးကြီးမှာတောင် ကြံ့ဖွံ့တွေကို ကတုံး တုံးစေပြီး ဘုန်းကြီးအစစ်များထဲသို့ ထည့်သွင်းရန် ကြံစည်ခဲ့ပါတယ်။ နောက်ဆုံး ရွှေဝါရောင် တော်လှန်ရေးမှာ ရဟန်းသံဃာထုကြီးဟာ အင်အားအရှိန်အ၀ါ ကြီးမားလာတာကြောင့် နအဖအနေနဲ့ သူတို့ရဲ့ NDS ကို မထိန်းနိုင်တော့လို့ လက်နက်အားကိုး အကြမ်းဖက် ဖြိုခွင်း ခဲ့ပါတော့တယ်။ ဒါတွေကို ကြည့်ရင် ရဟန်းသံဃာ လူထုတွေအနေနဲ့ တာဝန်ကျေခဲ့ပြီ ဆိုတာ ပြောနိုင်ပါတယ်။ ဒါ့အပြင် လူထုဟာ စားဝတ်နေရေး ကြပ်တည်းမှုကို ရုန်းကန် ဖြေရှင်းနေ ရတာကြောင့် နိုင်ငံရေးမှာ စိတ်ဝင် စားမှု လျော့နည်းလာတဲ့အပြင် နှိပ်ကွပ်မှုကြောင့် ကြောက်ရွံ့မှု အရှိန် ရှိနေလို့ ငြိမ်းချမ်းစွာ ဆန္ဒပြမဲ့ အရှိန်အဟုန် အလားအလာ နည်းနေပြီလို့ သုံးသပ်ရပါတယ်။


ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၂)။ ။ ဒီမိုကရေစီရရှိဖို့ စစ်ရေးနည်းလမ်းနဲ့ မြန်မာနိုင်ငံမှာ သုံးသင့်ပါသလား။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ မြန်မာနိုင်ငံဟာ Background History အရလည်းကောင်း၊ လူမျိုးတွေရဲ့ Culture အရ လည်းကောင်း၊ စစ်တိုက်ပြီးမှ ရှင်သန် ရပ်တည်လာခဲ့တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းထားတာမို့ နိုင်ငံရဲ့ လူမျိုးစုတွေ ရောထွေး ယှက်နွယ်နေ တာလို့ Political Strategy နိုင်ငံရေးမဟာဗျူဟာအပြင် Military Strategy စစ်ရေး မဟာဗျူဟာ ကိုပါ ပေါင်းစပ်အသုံးပြုမှ အောင်မြင်နိုင်ပါမယ်။ နမူနာဖြစ်စဉ် ပြောရရင် ဆရာစံ တော်လှန်ရေးဟာ ကိုလိုနီခေတ် အင်္ဂလိပ် အင်အားကြီးမား နေချိန်မှာတောင် တော်လှန် ပုန်ကန်ထကြွ ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဆရာစံ တော်လှန်ရေးကို သင်ခန်းစာယူပြီး ခေတ်မှီ လက်နက်အင်အား ချို့တဲ့မှု၊ Policy မူဝါဒနဲ့ ခိုင်မာတဲ့ မဟာဗျူဟာ ရည်မှန်းချက် မရှိမှု တို့ကို သုံးသပ်ဆင်ခြင် သင်ခန်းစာယူ့ခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေးအတွက် ပြင်ဆင်နိုင်ခဲ့ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ကို ဟသာင်္တမြို့ဝန်က ဆုငွေနဲ့ ဖမ်းဝရမ်း ထုတ်တာကို ရင်ဆိုင်နေမယ် ဆိုရင် အကျိုးမရှိမှန်း သိရလို့ လက်နက်ရှိတဲ့ အင်္ဂလိပ်ကို ရင်ဆိုင်နိုင်ဖို့ စစ်ရေး နည်းလမ်းအား ရွေးချယ်ခဲ့ပြီး နိုင်ငံတကာ အကူအညီ ရရှိရေးအတွက် ကြိုးစားဆောင်ရွက် ခဲ့ပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ်က လွတ်လပ်ရေး ပေးရတဲ့ အကြောင်းရင်း တစ်ချက်က ရရင်ရ ၊မရရင်ချ ဆိုတဲ့ စစ်ရေးအမြင်နဲ့ ပြတ်သားမှု ရှိရှိ ပြောခဲ့ လုပ်ခဲ့တာရယ်၊ အဲဒီလို ပြောနိုင်လောက်အောင် အတွေ့အကြုံ ရင့်ကျက်နေတဲ့ မြန်မာ့ တပ်မတော်နဲ့ အင်အားကောင်းလှတဲ့ ပြည်သူ့ရဲဘော် တပ်ဖွဲ့ကြီး ဖွဲ့စည်းပြီး ရှိနေတာရယ်ကြောင့် ကိုလိုနီ နယ်ချဲ့တွေဟာ လွတ်လပ်ရေးကို အသာတကြည် ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ ယခု နအဖဟာ အင်္ဂလိပ်နယ်ချဲ့ထက် ပိုဆိုးနေပါတယ်။ ဥပဒေ ပုဒ်မများကို ထင်ရင်ထင်သလို အသုံး ပြုပြီး အကြမ်းဖက် ကျူးလွန်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး အာဏာရှင် စာရင်းမှာ ပါဝင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် နအဖကို စစ်ရေးနည်းလမ်းလည်း သုံးသင့်ကြောင်း ပြန်လည် ဆွေးနွေးလိုက်ရပါတယ်။


ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၃)။ ။ စစ်ရေးနည်းလမ်းသုံးရင် နိုင်ငံတကာအများစုက မလိုလားတဲ့ အကြမ်းဖက်ဝါဒနဲ့ ပတ်သက်ခြင်း မရှိဘူးလား။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ ပြည်သူလူထု အနေနဲ့ အနှစ် (၂၀) နီးပါး အေးချမ်းစွာ အကြမ်းမဖက်ဘဲ တောင်းဆိုလာခဲ့ပြီးပါပြီ။ သွေးချွေး၊ အသက်တွေ၊ ဘ၀တွေလည်း ပေးဆပ်ခဲ့ ပြီးပါပြီ။ မြင့်မြတ်တဲ့ သူတော်စင် ဘုရားသား သံဃာတွေလည်း ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုမှုတွေ လုပ်ခဲ့ပြီးပါပြီ။ အာဏာရှင်တွေရဲ့ ကမ်းကုန်အောင် ရက်ရက်စက်စက် ပစ်သတ်နှိမ်နင်းတာလည်း ခံရပြီးပါပြီ။ အကြမ်းဖက်တာဟာ လူထုကို တိုက်ခိုက်ပြီး သတ်ဖြတ်တာကို ခေါ်တာဖြစ်ပါတယ်။ ဒီမိုကရေစီ အခွင့်အရေးနဲ့ တရားမျှတတဲ့ လူထုရဲ့ တောင်းဆိုမှုတွေကို အာဏာရှင်တွေက အကြမ်းဖက်လာလို့ ပြန်လည် တိုက်ခိုက်တာဟာလည်း တရားသောစစ် ဖြစ်ပါတယ်။

ဥပဒေဘက်က ကြည့်ရင် ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ပိုင်ခွင့် ရှိရမယ်လို့ ဆိုထားပါတယ်။ အာဏာရှင်ကို တော်လှန်တဲ့ စစ်ဟာလည်း မလွဲမသွေ လုပ်ရမဲ့ တရားမျှတတဲ့ စစ်ဖြစ်ပါတယ်။ ဆားဘီယားနိုင်ငံ၊ ကိုဆိုဗိုပြည်နယ်မှ ပြည်သူလူထုက ဒီမိုကရေစီရရှိရေး လက်နက်ကိုင် တော်လှန်ရေးဖြင့် တိုက်ခိုက်ဆင်နွှဲလာပြီး နိုင်ငံတကာကတောင် အားပေးကူညီခဲ့တဲ့ သာဓက ရှိပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေး မေးမြန်းချက်(၄)။ ။ စစ်ရေးနည်း ဗျူဟာအရဆိုရင် ယေဘူယျဘယ်လို အကောင်အထည် ဖော်သင့်ပါသလဲ။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။မီဒီယာ ဖြစ်နေတော့ နအဖရိပ်မိသိရှိပြီး ကြိုတင် မပြင်ဆင် နိုင်အောင် အကြမ်းဖျင်း နည်းဗျူဟာ ပြောရမှာ ဖြစ်ပါတယ်။ နအဖရဲ့ NDS ဟာ လူထုကို လူထုနဲ့ ထိန်းကွပ်နည်း ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း တပ်ကို ဒီမိုကရေစီ လိုလားတဲ့ တပ်နဲ့ တန်ပြန်ရင် နအဖရဲ့ National Defense Strategy ကို ထိုးခွဲပြီးသား ဖြစ်မယ်။ ဒီလိုတန်ပြန်ရာမှာ ကျွန်တော်တို့က နိုင်ငံတော် ထိုးစစ်မဟာဗျူဟာ National Offensive Strategy ချမှတ်ပြီး သူတို့ရဲ့ Defense ခံစစ်ကို ကျွန်တော်တို့ရဲ့ Offensive တိုက်စစ်ဖြင့် ချေဖျက်ရမှာဖြစ်တယ်။ ဆရာဂါမဏိရဲ့ နည်းလမ်း နှစ်သွယ်အနက် ဒုတိယ နည်းလမ်းဖြစ်တဲ့ အာဏာရှင်ရဲ့ လက်အောက်ခံ တပ်တွေကို ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေဘက်ကို ကူးပြောင်းလာစေပြီး အာဏာရှင်ဘက် သေနတ် ပြောင်း၊ ပြောင်းပြန် လှည့်စေတဲ့ နည်းဟာကောင်းမွန်ပါတယ်။ ပထမနည်းလမ်း ကတော့ နိုင်ငံ တကာမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ အနေအထားပေါ် မူတည်လို့ အချိန်ကာလ အတော်အတန် ယူရမှာမို့ လွယ်ကူတဲ့ အနေအထား မရှိသော်လည်း ပြည်တွင်းမှာ တော်လှန်ရေး တစ်ရပ်ကို ဖေါ်ဆောင်ရင်တော့ နိုင်ငံတကာက အင်အားသုံး ကူညီနိုင်လိမ့်မယ်လို့ သုံးသပ်ရပါတယ်။

ဒါကြောင့် ဒုတိယ နည်းလမ်းအရ နည်းဗျူဟာ အပိုင်းကို ယေဘူယျ တင်ပြရမယ်ဆိုရင် ..
(၁) စစ်တပ်မှ မျိုးချစ် တပ်မှူးများကို စည်းရုံးပြီး ပြည်သူ့ဘက် ရပ်တည်ရေးနဲ့ သေနတ်ပြောင်း၊ ပြောင်းပြန် လှည့်နိုင်ရေး နည်းဗျူဟာကို ချမှတ်အကောင်အထည် ဖော်ရပါမယ်။

(၂)လက်နက်ကိုင် တော်လှန်ရေးလုပ်ရမည်ဟု ယုံကြည်သည့် အဖွဲ့အစည်းများက အစိုးရ အဆောက်အအုံ၊ ဆက်သွယ်ရေး ယန္တယားတို့ အား ပစ်မှတ်ထား တိုက်ခိုက်ရပါမယ်။ ဒီလိုမတိုက်မှီ အကြမ်းဖက် ၀ါဒအဖြစ် နအဖရဲ့ တိုက်ကွက်အတွင်း မရောက်ရ လေအောင် လူထုအား အမြန် ရှောင်ရှားပေးရန် ကြိုတင် အကြောင်းကြားချက်ကို နံရံကပ်စာစောင်၊ ဖုံးဖြင့်လည်းကောင်း၊ မီဒီယာဖြင့် လည်းကောင်း အချိန်အတိုင်းအတာ တခုပေးပြီး သတိပေးရပါမယ်။ အဲဒီအခါ လူထု ရှောင်ရှားဖို့ အချိန်ရသွားပြီး နအဖကို ကာကွယ်ရေး၊ ရှာဖွေရေး၊ လုံခြုံရေး တွေနဲ့ သောကဗျာပါဒ ပွားများစေမှာ ဖြစ်ပါတယ်။ တခါတလေ ပစ်မှတ်အတုများ ဖန်တီးကာ မျက်စိလည်သွားအောင် ယောင်ပြ ဖန်တီးပေးရပါမယ်။ လူထုကတော့ ပစ်မှတ် အတုကော အစစ်ပါ မခွဲခြားဘဲ ရှောင်ရှား သွားရပါမယ်။ ပြီးရင် တော်လှန်ရေး အရှိန်မြှင့်တဲ့ အနေနဲ့ နအဖရဲ့ လက်ကိုင်တုတ် စွမ်းအားရှင်နဲ့ ကြံ့ဖွံ့တွေကို တိုက်ခိုက်ရပါမယ်။ ဒါမှ နအဖ လက်ကိုင်တုတ်တွေ တုန်လှုပ်ချောက်ခြားပြီး လူထုကို အန္တရာယ်ပေးရန် ၀န်လေးကြမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး ပြည်သူဘက် ရပ်တည်လာသော မျိုးချစ်တပ်မှူးများနဲ့ တပ်မတော် သားများက ပြည်သူ့စစ် မဟာဗျူဟာ စတင်နိုင်ရန် လူထု တက်ကြွ ပါဝင်လာအောင် လူထုတိုက်ပွဲကို စည်းရုံး လှုံ့ဆော် ဖော်ဆောင်ပေးရပါမယ်။

(၃) ရန်သူကို တိုက်ခိုက်ရာတွင် Guerilla War ပြောက်ကျား စနစ်နဲ့ Professional War သမားရိုးကျစစ် ရောနှောကာ တပ်နဲ့ ပြည်သူ လက်တွဲတိုက်ခိုက် သကဲ့သို့ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကလည်း ပူးပေါင်းတိုက်ခိုက်ကာ စစ်မျက်နှာများ ဖွင့်ပေးရပါမယ်။ ထိုသို့ စစ်ဆင်နွှဲစဉ်မှာ တပြိုင်တည်း ၉၀ ခုနှစ် ရွေးကောက်ပွဲမှ လွှတ်တော် ကိုယ်စားလှယ်များ၊ CRPP နဲ့ တပ်တို့ ပူးပေါင်းကာ ကြားဖြတ်အစိုးရ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြပြီး နိုင်ငံတကာ မှလည်း အသိအမှတ်ပြု ထောက်ခံပေးဖို့၊ လိုအပ်ရင် အင်အားသုံးဝင်ရောက် ကာကွယ်ပေးဖို့ နယ်စပ်ရှိ အတိုက်အခံ အဖွဲ့အစည်းများက တိုက်တွန်း ဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။ တခုရှိတာက အတိုက်အခံ အဖွဲ့အစည်း တချို့ ၊ နိုင်ငံရေး လေ့လာသူတချို့နဲ့ တပ်မတော်သား တချို့တို့က တပ်မတော်ကွဲပြီး ပြည်တွင်းစစ် ဖြစ်ပွားမှာကို စိုးရိမ်ကြောင့်ကြမှု ရှိကြတာကို သိရှိ ရပါတယ်။ တော်လှန်ရေး တစ်ရပ်ဟာ သွေးထွက်သံယို အနည်းနိုင်ဆုံး ဖြစ်လေ အကောင်းဆုံး ဖြစ်ပါတယ်။ ကျွန်တော် တင်ပြခဲ့တဲ့ အစီအစဉ်အတိုင်း ရဟန်းသံဃာ ဦးဆောင်တဲ့ ပြည်သူလူထုက တခဲနက် ထုထည် အင်အားကြီးမားစွာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဟန်ချက်ညီ ပြည်သူ့ဘက် ရပ်တည်လာတဲ့ တပ်အား အမြန်ပူးပေါင်း ပါဝင်လာကြမယ်ဆိုရင် တွေဝေနေတဲ့ ကျန်တပ်မှူးများနဲ့ တပ်မတော်သားများ ထပ်မံ ပါဝင်လာ ကြပါလိမ့်မယ်။ အဲဒီမှာ အာဏာရှင် အနေနဲ့ အကြမ်းဖက် နှိမ်နင်းဖို့ လက်တွန့်သွား ကြပြီး ဖိလစ်ပိုင် နိုင်ငံလို ဒီမိုကရေစီအသွင် ညင်သာစွာ ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။ အချုပ်ဆိုရရင် စည်းလုံးခြင်းရဲ့ အင်အားဆိုတဲ့ ဒီဘလော့ဂ်ရဲ့ အနှစ်သာရ အတိုင်း တပ်၊ ပြည်သူ၊ အတိုက်အခံ အဖွဲ့အစည်းများ အားလုံး စည်းလုံး ညီညွတ်မှုရှိရေးဟာ အောင်မြင်မှု ရလဒ်အတွက် အရေးကြီးဆုံးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်(၅)။ ။ တပ်မတော်ဟာ ပြည်သူဘက်ကို ပါလာနိုင်ဖို့ အလား အလာ ရှိရဲ့လား။

ဗိုလ်ထက်မင်းရဲ့ ဆွေးနွေးချက်။ ။ အဲဒီမေးခွန်းကို အတိုက်အခံ အဖွဲ့အစည်း တစ်ချို့ကလည်း မေးတတ်ကြ ပါသေးတယ်။ တပ်မတော်က မျိုးချစ်တပ်မှူး အရာရှိ၊ အရာခံ၊ အကြပ်တပ်သားပါ၊ မပါဆိုတာ လက်တွေ့ သက်သေပြရင် ၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ဖြစ်တဲ့ စစ်တပ်အများဆုံးရှိရာ မင်္ဂလာဒုံ၊ ဒဂုံ တို့မှာ NLD ကို တပ်ကထောက်ခံမဲ ပေးခဲ့တာ ရှိပါတယ်။ အခြေအနေ ပေးလာရင် ပေးလာသလို သူတို့ရဲ့ ဆန္ဒတင်ပြဖို့ ရင်ထဲက အသိတွေ ရှိတယ်ဆိုတာ ရဲဘော်အချင်းချင်း အသိဆုံး ဖြစ်ပါတယ်။ ဒီတော့ကာ တပ်အနေနဲ့ အခြေအနေပေးမှ လုပ်ရသလား ဆိုတာ ထောက်ပြစရာ ရှိပါတယ်။ စစ်သားတွေ မလုပ်နိုင်ရတဲ့ အကြောင်းရင်းမှာ တပ်ရဲ့ တသွေးတသံ အမိန့်နဲ့ အာဏာအပြင် တင်းကျပ်တဲ့ စည်းကမ်းများနဲ့ ချည်နှောင်မှု၊ ရက်စက်စွာ နှိပ်ကွပ်တာ တွေကြောင့် ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်ရှိတဲ့ အရာရှိတွေကသာ လုပ်နိုင်တာဖြစ်ပါတယ်။ တပ်သမိုင်း အစဉ်အလာ ရှိခဲ့တဲ့ ဥပမာ ဗိုလ်ကြီးအုံးကျော်မြင့်လိုမျိုး ဖြစ်စဉ် တင်ပြထားခဲ့ပြီးဖြစ်ရာ အဲဒီလို လုပ်တဲ့သူကို ရက်စက်စွာ မသေမချင်း သေဒဏ်ပေးခဲ့တယ် ဆိုတာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အရပ်သားကိုတော့ သေဒဏ်ပေးတာ ယခုထိမရှိခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။

နှစ်ရှည်ထောင်ကျနေတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေထက် ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ PA ဗိုလ်မှူးနိုင်ဌေးကို ထောင်ဒဏ် နှစ်ပေါင်း ၂၆၀ ထိ စံချိန်တင် ချမှတ်ခဲ့တာမို့ ကိုနိုင်ဌေးဟာ ရူးသွပ်တဲ့ဘ၀ ရောက်နေပါတယ်။ ဒီလို အကြောက်တရားနဲ့ စစ်သားတွေကို နှိပ်ကွပ် ထားတာကြောင့် သူတို့ကို ဆထက်တံပိုး လုပ်ရဲလာအောင် စည်းရုံးဖို့ လိုပါတယ်။
ကိုရင်ဒေါင်းရဲ့ ဆောင်းပါးမှာ ပြောခဲ့သလို စည်းရုံးတယ်ဆိုတိုင်း Statement ထုတ်တိုင်း စည်းရုံးမှု မထိ ရောက်ပါဘူး။ မေတ္တာစေတနာ အပြည့်ဖြင့် ယုံကြည်မှု ရှိရှိ စည်းရုံးဖို့လိုပါတယ်။ တပ်ထွက် အရာရှိ စစ်သည်တွေနဲ့ အရပ်ဖက် ၀န်ကြီးဌာနတွေကို ပြောင်းသွားတဲ့ အရာရှိများဟာ တပ်အကြောင်း အရပ်ဖက်ထက် ပိုမိုသိတာမို့ ၀င်ထွက်လမ်းကြောင်းနဲ့ တပ်ရဲ့ အားနည်းချက်တွေကို သိထား သူများ ဖြစ်လို့ စည်းရုံးရာမှာ ပိုမို လွယ်ကူနိုင်တဲ့ အပြင် တော်လှန်ရေးအတွက် အင်အားတရပ် ဖြစ်ပါတယ်။ သူတို့တွေကို ထောက်လှမ်းရေးဆိုပြီး မသကာင်္စိတ်နဲ့ လှေနံဓားထစ် အာဃာတ တရား မထားသင့်ဘဲ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတာကို သုံးသပ်ရမှာ ဖြစ်ပါတယ်။

လက်တွေ့မှာ ဘက်ပြောင်းချင်တဲ့ တပ်မတော်သားတွေကို နအဖက အတိုက်အခံတွေ အနေနဲ့ မင်းတို့ကို သတ်လိမ့်မယ်ဆိုတဲ့ အပြောမျိုးနဲ့ ပြန်စည်းရုံးသွားပြီး စစ်မှုထမ်းဟောင်း အဖွဲ့အောက် သွတ်သွင်းလိုက်တာကို အတိုက်အခံတွေ သိဖို့ လိုပါတယ်။ ဒါကြောင့် တပ်မတော်သားတွေကို ၀င်ထွက်ရ လွယ်ကူတဲ့ ဈေး၊ ကျောင်း၊ ဆေးရုံကားဂိတ်တွေမှာ စည်းရုံးကာ နိုင်ငံရေးအံတုမှု နည်းဗျူဟာများနဲ့ ဆောင်ရွက်ပြီး တပ်ရဲ့ Heart ကို ပေါက်ကွဲ ထွက်လာအောင် လုပ်ဆောင် နိုင်ပါတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းကို နမူနာယူသင့်ပါတယ်။ ရန်သူတွေဖြစ်ခဲ့တဲ့ ဂျပန်၊ အင်္ဂလိပ်တွေကို သံတမန် ဆက်ဆံရေးသုံးကာ လွတ်လပ်ရေး အရယူခဲ့ပုံ တွေနဲ့ သူ့ကို သတ်တဲ့ ဂဠုန်ဦးစောကိုတောင် ဆေးရုံကို သွားရောက်အားပေး တွေ့ဆုံခဲ့တဲ့ မေတ္တာစေတနာဟာ ကြီးမားလှပါတယ်။ တပ်မတော်ဟာ ရန်သူတွေမဟုတ်ဘူး၊ အာဏာရှင်နဲ့ ခွဲခြားမြင်တယ်၊ စစ်သားတွေဟာ ပြည်သူရဲ့ သားသမီးတွေဖြစ်တယ်၊ ပြည်သူသာ အမိ ပြည်သူသာ အဖ ဖြစ်တယ်လို့် တပ်မတော်အတွင်း စည်းရုံးရေးကို ထိထိရောက်ရောက် စွမ်းအားရှိရှိ ယုံကြည်မှု သက်သေပြကာ ဆောင်ရွက်မယ်ဆိုရင် တပ်မှူးများက ဦးဆောင်ပါဝင်ဆောင်ရွက်လာနိုင်ပါတယ်။

ယနေ့ခေတ်မှာ Internet နှင့် ဆက်သွယ်ရေး မီဒီယာလောက တိုးတက်လာပြီမို့ တပ်မှူးများ အနေနဲ့ နအဖရဲ့ ယခင်ကလို လုပ်ကြံဝါဒများ ရိုက်သွင်းတိုင်း လက်မခံ ကြတော့တဲ့ အတွေးအခေါ်များ ရှိနေပြီ ဖြစ်ပါတယ်။ ယခုတက်လာတဲ့ တပ်မမှူးတွေဟာ ၁၉၈၈ လူထုအုံကြွမှု အရေးအခင်းမှာ တပ်ခွဲမှူး (ဗိုလ်ကြီး) အဆင့်သာ ရှိတဲ့ လူငယ်များဖြစ်ပါတယ်။ အဆိုပါ တပ်မမှူး များဟာ ကျောင်းဆင်းကာစ ဒုဗိုလ် ဖြစ်ချိန်မှာ တပ်ချုပ် သန်းရွှေက တပ်မ(၈၈) တပ်မမှူး ဖြစ်နေလို့ အဆင့်ကွာဟမှု ကြီးမားပြီး နီးစပ်တဲ့ ပုဂ္ဂိုလ်ရေး သံယောဇဉ် မရှိခဲ့ကြောင်း သိရပါတယ်။ ယခုတက်လာတဲ့ တပ်မမှူးတွေနဲ့ တိုင်းမှူးတွေ ထားရှိတဲ့ သံယောဇဉ်က ကစထမှူးတွေနဲ့ ဗိုလ်ချုပ်ရွှေမန်း အထိသာ ရှိတာမို့ သူတို့ ဆရာတွေကို ထိလာရင်တောင် သန်းရွှေကို ပြန်လှန်မဲ့ သဘောထားမျိုး ရှိပါတယ်။ တပ်ချုပ် သန်းရွှေအနေနဲ့ မဖြစ်သာလို့ လူငယ် တပ်မမှူးများကို နေရာပေးရပေမဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေပါတယ်။ လက်ရှိရာထူး အပြောင်းအလဲ ကတော့ သန်းရွှေနဲ့ တပ်မမှူးတွေရဲ့ အဆင့်ကွာဟမှု ကြီးမားနေတာကြောင့် စစ်တပ်ရဲ့ သဘောထား ပြောင်းလဲ သွားနိုင်တဲ့ အခြေအနေ အလားအလာ ရှိပါတယ်။ ပြည်သူ့ဘက် ရပ်တည်လာနိုင်တဲ့ တပ်မတော်က အဆင့်တန်း အားလုံးကို လေ့လာသုံးသပ်ရာမှာ တိုင်းမှူး(၁၃)ဦး ဟာ ပြည်သူ့ဘက် ရပ်တည်နိုင်မှု (၂၀) ရာခိုင်နှုန်း တွေဝေနေမှု (၁၀) ရာခိုင်နှုန်း အာဏာရှင်ဘက် ရပ်တည်မှု (၇၀) ရာခိုင်နှုန်း ၊ တပ်မမှူး၊ စကခမှူး၊ ဒကစမှူး (၄၀) ဦးခန့်ဟာ ပြည်သူ့ဘက် ရပ်တည်မှု (၄၀) ရာခိုင်နှုန်း တွေဝေနေမှု (၁၀) ရာခိုင်နှုန်း အာဏာရှင်ဘက် ရပ်တည်မှု (၅၀) ရာခိုင်နှုန်း၊ ဗျူဟာမှူး၊ တပ်ရင်းမှူးအဆင့် အရာရှိကြီး (၁၀၀၀)ဦးခန့် ဟာ ပြည်သူ့ဘက်ရပ်တည်မှု (၅၀) ရာခိုင်နှုန်း အာဏာရှင်ဘက်ရပ်တည်မှု (၅၀) ရာခိုင်နှုန်း ကျန်တဲ့ အရာရှိ၊ အကြပ် တပ်သားများအဆင့် အားလုံး နီးပါးဟာ ပြည်သူဘက် ရပ်တည်မှု (၆၀) ရာခိုင်နှုန်း၊ အာဏာရှင်ဘက် ရပ်တည်မှု (၄၀) ရာခိုင်နှုန်း ရှိနေကြောင်း သုံးသပ်ရပါတယ်။ တိုင်းမှူးများဟာ စည်းစိမ်ဥစ္စာ များနှင့် ပြည့်စုံနေတာမို့ တစ်စုံတစ်ခုသော ပြောင်းလဲမှု တိုက်တွန်းမှု၊ ဖိအားပေးမှု တခုခုရှိမှ ပြောင်းလဲနိုင်မဲ့ အလားအလာ ရှိပါတယ်။ တခု သတိပြုစေချင် တာက တပ်မတော်ဟာ ပြည်သူ့ဘက် တကယ်ရပ်တည်လာပြီ ဆိုရင် သူတို့ဟာ လက်နက်ခဲယမ်းကို အခြေအနေ ပေးသလောက်သာ ရယူခဲ့ရပါတယ်။ ဒါကြောင့် အာဏာရှင်ရဲ့ အငြိုးကြီးကြီး ချေမှုန်းမှုကို တောင့်ခံကာ တော်လှန်နိုင်ဖို့ အချိန်အနည်းငယ်သာ ရတာမို့ ပြည်သူလူထုက အမြန်ပူးပေါင်းကြဖို့ လိုအပ်ပြီး နိုင်ငံတကာ ကလည်း အင်အားသုံး ၀င်ရောက် အကာအကွယ်ပေးကာ အသိအမှတ်ပြု ထောက်ခံအားပေးကြပါရန် တိုက်တွန်း လိုက်ရပါတယ်။

ref: ဖိုးတရုတ်

Read More...

Thursday, October 16, 2008

အာဏာလွန်ဆွဲပွဲများ

ဗိုလ်ထက်မင်း

န၀တ စတင်ဖွဲ့စည်းစဉ်ကာလ ၁၉၈၈/ ၉၀ ခုနှစ်အတွင်းမှာ ဗိုလ်စောမောင်နှင့် ဗိုလ်ခင်ညွန့်တို့ဟာ နိုင်ငံတကာ ဖိအားပေးမှုတွေကြောင့် နိုင်ငံရေး အကြပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်းနေရပြီး ၁၉၉၀ခုနှစ် ရွေးကောက်ပွဲ အမြန်ပြီးစီးဖို့ လုပ်ကိုင်နေချိန်မှာ ဗိုလ်သန်းရွှေက စစ်ရေးကိစ္စတွေကိုသာ ကိုင်တွယ် ဖြေရှင်းနေရပါတယ်။ အဲဒီနောက် မင်္ဂလာဒုံ ရန်ကုန်တိုင်း စစ်ဌာနချုပ် စုပေါင်းရိပ်သာမှာ နာဂ၊ လရှီး၊ လဟယ် တိုင်းရင်းသားတွေ နှင့် တွေ့ဆုံပွဲတွေမှာရယ်၊ မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာနက ၀န်ထမ်းတွေ နဲ့ တွေ့ဆုံပွဲ တွေမှာရယ်ကို ကြည့်ရင် ဗိုလ်စောမောင်ရဲ့ စိတ်ဖိစီးမှုနှင့် အလုပ်ဒါဏ်ကြောင့် ဂယောင်ချောက်ချား ဖြစ်ပေါ်နေမှုတွေဟာ သိသာထင်ရှား ပေါ်လွင်လာနေပါတယ်။ အာဏာရှင်စနစ် လိုလားတဲ့ ဗိုလ်ချုပ်တွေရဲ့ အဓိက မကြိုက် နှစ်သက်တဲ့ အကြောင်းကတော့ ဗိုလ်စောမောင်ဟာ ရွေးကောက်ပွဲ လုပ်ပြီးရင် အာဏာလွှဲပေးမယ်လို့ ပြောလိုက်တာဘဲ ဖြစ်ပါတယ်။

ဒါကြောင့် ဗိုလ်တင်ဦးနှင့် ဗိုလ်ခင်ညွန့်တို့က ဦးနေ၀င်းထံသွားရောက် တင်ပြပြီးဗိုလ်သန်းရွှေကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဖြစ်တင်ကာ ဗိုလ်စောမောင်အား ဖြုတ်ချခဲ့ကြပါတယ်။ ဖြုတ်ချ တဲ့နေ့က ဆိုရင် ဗိုလ်စောမောင်ရဲ့ဇနီး ဒေါ်စောရီအဖွားကြီးဟာ ထမီတိုတိုဝတ်ကာ စစ်ရုံးကို ဒေါနဲ့မောနဲ့ တက်လာလို့ ဗိုလ်ခင်ညွန့်က အချိန်မှီ သူ့ရုံးခန်းကို ဖိတ်ခေါ်ပြီး နှစ်သိမ့်ဖြောင်းဖျ လိုက်ရကြောင်း သိရပါတယ်။ ဗိုလ်သန်းရွှေ တက်လာခါစမှာတော့ ဗိုလ်ခင်ညွန့်ကို နိုင်ငံရေး အခင်းအကျင်းအရ ပိုပြီး မှီခိုအားထား ရတာမို့ ဗိုလ်ခင်ညွန့် အနေနဲ့ တန်ခိုးထွားလာကာ အချို့ တိုင်းမှူးနှင့် သဟဇာတ မဖြစ်တာ တွေ့ရပါတယ်။ ဗိုလ်ခင်ညွန့်ဟာ ဗျူဟာမှူး ဘ၀ကနေ အချိန်တိုအတွင်းမှာ တပ်မမှူး၊ တိုင်းမှူးမဖြစ်ဘဲ နအဖရဲ့ အဆင့်မြင့်ဆုံး နံပါတ်(၂)ရာထူးကို ရလာတာမို့ တိုင်းမှူး တချို့က မနာလို ကြတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်မောင်အေးနဲ့ ဗိုလ်မြင့်အောင်တို့ တိုင်းမှူးဘ၀တုံးမှာ န၀တ အတွင်းရေးမှူး(၁) ဖြစ်နေတဲ့ ဗိုလ်ခင်ညွန့်က နယ်မြေကွင်းဆင်း စစ်ဆေးဖို့ လာတယ်ဆိုရင် အလေးမပြုချင်လို့ လေယာဉ် လှေကားထိပ် အထိတက်ပြီး လက်ကို အတင်းဆွဲကာ ဆင်းချလာတဲ့ အပြုအမှုမျိုး လုပ်လာကြပါတယ်။ မန္တလးကို ရောက်လာတဲ့ ဗိုလ်ခင်ညွန့်ကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ထွန်းကြည်ကလဲ လေဆိပ်ကိုဆင်း ကြိုဖို့မပြောနဲ့ တည်းခိုနေတဲ့ နန်းတွင်းဧည့်ရိပ်သာ ကို လာရောက် တွေ့ဆုံဖို့တောင် ပျက်ကွက်ပြီး မထီမဲ့မြင် လုပ်နေတဲ့အတွက် ဗိုလ်ခင်ညွန့်က ဗိုလ်သန်းရွှေရဲ့ ညွှန်ကြားချက်တွေ ပါလာတယ်လို့ ချိန်းခြောက်ခေါ်မှ ဗိုလ်ထွန်းကြည် ရောက်လာတာဖြစ်ပါတယ်။

ဗိုလ်ထွန်းကြည်ဟာ လေးလပတ် အစည်းအဝေးမှာတောင် ဗမာပြည်ကို ထက်ခြမ်းခွဲပစ် လိုက်မယ်လို့ အတည် ပြောသလို နောက်ပြောသလိုလို ပြောခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် အစည်းအဝေးပြီးရင် မန္တလေးမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မောင်သင့်နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ကျော်ဘ တို့ကို ဌာနေမပြန်ခိုင်းပဲ ဝေ့လည်ကြောင်ပတ်နဲ့  ဘုရားဖူးခေါင်းစဉ် ပြကာ အုပ်စုဖွဲ့ နေကြပါတယ်။ ဒါကိုရိပ်မိလာလို့ ဗိုလ်သန်းရွှေနှင့် ဗိုလ်ခင်ညွန့်တို့ ခေါင်းချင်းဆိုင် ပူးပေါင်းပြီးသူတို့တွေကို ၀န်ကြီးရာထူးများ ပေးကာ တပ်မှခါထုတ်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေ ကိုယ်တိုင် ဗိုလ်ထွန်းကြည်ကို ကုန်သွယ်ရေးဝန်ကြီး ရာထူးယူဖို့ ချော့မော့နှစ်သိမ့် ခဲ့ရပါတယ်။ အလားတူ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မြင့်အောင်ဆိုရင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မျိုးညွန့်က ဗိုလ်ခင်ညွန့်ကို အလေးပြုတာကိုတောင် ဝေဖန်ရှုတ်ချ ခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်မြင့်အောင်လည်း ၀န်ကြီးအဖြစ် ချောင်ထိုး ခံခဲ့ရပါတယ်။ အဲဒီနောက် မှာလည်း အစွမ်းကုန် သောင်းကျန်း လာဘ်စားပြီး အောက်ခြေလွတ်သွားတဲ့ အဲဒီဝန်ကြီး တစ်သိုက်ကို ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွှန့်တို့က လုံးဝ အနားပေးလိုက်ရတဲ့အထိ ရှင်းထုတ် ပစ်ခဲ့ရပါတယ်။ အဲဒီလို နိုင်ငံရေးနှင့် တပ်တွင်းအာဏာ လွန်ဆွဲပွဲတွေကို လမ်းရှင်းနေရတာမို့ ဗိုလ်သန်းရွှေဟာ KNU နှင့်တိုက်ပွဲကြီးတွေမှာ တပ်မတော်ကို မကွပ်ကဲ နိုင်ခဲ့ဘဲ စစ်ရေးတာဝန်အား စစ်ရေးစစ်ရာ ကျွမ်းကျင်တဲ့ စစ်ရာထူးခန့်ချုပ် ဗိုလ်မောင်လှကိုသာ အထူးစစ်ဆင်ရေးကွပ်ကဲမှု တာဝန်ပေးအပ်ကာ အားကိုးနေရပါတယ်။ ဗိုလ်မောင်လှဟာ ကကလှမ်းနဲ့ ပေါင်းကာ မြိုင်ကြီးငူဆရာတော်နဲ့ KNU ကရင် ဗုဒ္ဒဘာသာဝင် အချို့ကို လက်နက်ခဲယမ်း ပစ္စည်းနဲ့ ပထမအကြိမ် ငွေသားပေးစဉ်ကပင် ကျပ်ငွေ ၅သိန်း ပုံအောပေးကာ ကရင်စည်းလုံးညီညွတ်ရေးကို ဖြိုခွဲစည်းရုံးခဲ့ပါတယ်။ အဲ့ဒီနောက် DKBA ပေါ်ထွက်လာသည်အထိ သွေးထိုးလှုံ့ဆော် နိုင်ခဲ့တာမို့ မာနယ်ပလော ဌာနချုပ်ကို သိမ်းပိုက် နိုင်ခဲ့တဲ့ အထိ အောင်မြင်မှုရခဲ့တာ ဖြစ်ပါတယ်။


အဲဒီအခါ ဗိုလ်မောင်လှဟာ စစ်ရေးမာန်မာန တက်ကာ ဗိုလ်သန်းရွှေတို့က ရဲဘော်တွေကို လုပ်အား ပေးမတန်တဆ ခိုင်းတာတွေနှင့် ပတ်သက်ပြီးတော့ ပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။ ဗိုလ်မှူးကြီးစောခင်စိုးအား ကရင်တွေကို စည်းရုံးနိုင်ဖို့ စစ်သံမှူးမှကရင်ပြည်နယ် ပ၀တ ဥက္ကဋ္ဌ အဖြစ် ခေါ်ယူတာဝန်ပေးအပ်ရာမှာ လုပ်ထုံးလုပ်နည်းနဲ့မညီ လို့ မဖြစ်နိုင်ကြောင်း ဗိုလ်မောင်လှနှင့် ကာကွယ်ရေးဦးစီးချုပ် အကြား စကားများ ခဲ့ရပါတယ်။ ဒါ့အပြင် ဗိုလ်ခင်ညွန့်က သူ့တပည့် န၀တ ညွန်ကြားရေးမှူးချုပ် ဒုဗိုလ်မှူးကြီးဖေငြိမ်းအား ဗိုလ်မှူးကြီးအဖြစ် ရာထူးတိုးပေး စေချင်တာကို ဗိုလ်မောင်လှက မူဝါဒနှင့်မညီလို့ မရဘူးဟုဆိုကာ ငြင်းဆန် ခဲ့တာလည်း ရှိပါတယ်။ အတွင်း ရေးမှူး(၂) ဗိုလ်တင်ဦးက သူ့ရဲ့ တပည့် ဗိုလ်အောင်သန်းထွဋ် (ယခု ရမခ တိုင်းမှူး၊ ကစထမှူး) နဲ့ ဗိုလ်စောအောင်နိုင် တို့ကို စစ်ရုံးမှာ ဆက်လက်တာဝန်ပေးဖို့ သက်ညှာခွင့်ပေးဖို့ ပြောတာကို ဗိုလ်မောင်လှက ခါးခါးသီးသီး ငြင်းဆန် ခဲ့တာတွေကြောင့် နောက်ဆုံးမှာ ဗိုလ်မောင်လှလည်းဘဲ လ၀က ၀န်ကြီးအဖြစ် ချောင်ထိုးခံ ခဲ့ရပါတယ်။ နောက်ဆုံး စစ်တပ်ရဲ့ ကြမ်းတမ်းခက်ထန်တဲ့ အာဏာရှင် စစ်ဘီလူးများ ဖြစ်ကြတဲ့ ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘ၊ ဗိုလ်မြင့်အောင်၊ ဗိုလ်မောင်လှ၊ ဗိုလ်မောင်သင့် တို့ကို ဗိုလ်သန်းရွှေက ဖြုတ်၊ ထုတ်၊ ချခဲ့တာတွေဟာ တပ်တွင်း အတွင်းတိုက်ပွဲနဲ့ အာဏာလွန်ဆွဲပွဲတွေဘဲ ဖြစ်ပါတယ်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာနှင့် ဦးနေ၀င်းတို့ရဲ့ သတင်းပေးမှုတွေကြောင့် နိုင်ငံခြားဘဏ်တွေမှာ တရားမ၀င် ငွေကြေး အပ်နှံမှု၊ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်း စီးပွားရေး သောင်းကျန်းမှု တွေကြောင့်လည်း သူတို့ကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

ဖြုတ်ထုတ်ချ လုပ်ပွဲအပြီး ထွက်စာသွားပေးတဲ့ စစ်ရာထူးခန့်ချုပ်ရုံးက အရာရှိတစ်ဦးကို ဗိုလ်ထွန်းကြည်က “ငါ့ကျန်းမာရေး ဒေါင်ဒေါင်မြည်သေးကြောင်း ပြောလိုက်ကွာ” လို့ ခပ်မာမာ ပြောလွှတ်လိုက်ကြောင်း သိရပါတယ်။ ဖြုတ်၊ ထုတ်၊ ချ ခံရတဲ့ သူတို့ဟာ ကျေနပ်ပုံမပေါ်သေးပဲ အုပ်စုဖွဲ့ပြီး တပ်ထဲမှာ ကျန်ခဲ့တဲ့ သူတို့ရဲ့ တပည့်တပ်မမှူး၊ တိုင်းမှူးတွေကို စည်းရုံးနေကြကြောင်း သိရှိရပါ တယ်။ ဖြုတ်ထုတ်ချပွဲကြီး တွေကိုလုပ်ဆောင်တတ်တာဟာ စနေနေ့တွေမှာ ဖြစ်တာကြောင့် အဲဒီနေ့မှာပဲခူးကို ခရီးလွန်နေတဲ့ ဗိုလ်ထွန်းကြည်ကို ကကကြည်း မှ ဖုန်းဖြင့် ချက်ခြင်းခေါ်ခိုင်းပြီး နှိပ်ကွပ်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် စနေနေ့ရောက်တိုင်း ၀န်ကြီးတွေနဲ့ ဗိုလ်ချုပ်တွေဟာ မျက်ခုံးလှုပ်ပြီး ဘုရားစင်မှ မထွက်တော့ဘဲ ဘုရားကိုဖက်မတတ် ရွတ်ဖတ် နေကြရတဲ့ အာဏာရူး ဘ၀တွေဟာဖြင့် သနားစရာ ကောင်းလှပါတယ်။ အခုဆိုရင် နိုင်ငံရေး တာဝန်ပေးမယ်လို့ သတင်းထွက်နေတဲ့ အတွက် ဒုဝန်ကြီးတွေ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ ဘယ်လို ဆက် “က” ရမလဲဆိုတာ ၀န်ကြီးတွေကလည်း ရင်တမမနဲ့ မျှော်လင့် စောင့်စားလျှက် ရှိနေ ကြကြောင်း တင်ပြလိုက် ရပါတယ်ခင်ဗျား။

ref: ဖိုးတရုတ်

Read More...

ထိုင်းနှင့် နယ်စပ် ပြဿနာကြောင့် ကမ္ဘောဒီးယား စစ်သား နှစ်ဦး သေဆုံး

ကမ္ဘောဒီးယား၊ ထိုင်း နှစ်နိုင်ငံ အငြင်းပွားနေတဲ့ နယ်စပ် ဒေသအတွင်း တဘက် စစ်တပ်များ ပြစ်ခတ်ကြကြောင်း၊ စစ်သားနှစ်ယောက် သေဆုံးသွားကြောင်း၊ တနာရီလောက်ကြာအောင် ပြစ်ခတ်ကြကြောင်း ကမ္ဘောဒီးယား စစ်ဘက်တာဝန်ခံများက ပြောဆိုကြပါတယ်။ ထိုင်းစစ်ဘက်တာဝန်ခံများကလည်း မိမိတို့ဘက်က စစ်သား ငါးယောက် ဒဏ်ရာရသွားကြောင်း ကြေညာပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတို့ ကြာမြင့်စွာကတည်းက အငြင်းပွားနေတဲ့ ရှေးဟောင်း ဘုရားကျောင်းအနီးမှာ တိုက်ခိုက်ကြတာပါ။ တပ်ဖွဲ့ဘယ်လောက် ပါဝင်တိုက်ခိုက်သလဲဆိုတာ ချက်ချင်း မသိရသေးပါဘူး။

နယ်စပ်မှာ ချထားတဲ့ တပ်ဖွဲ့များ အကူအညီ တောင်းလာရင် အသင့်ဖြစ်စေဖို့ ဂျက်တိုက်လေယာဉ် တပ်လန့်ထားတယ်လို့ ထိုင်းလေတပ်မှ ဗိုလ်ကြီး မွန်တို စကူကွန်းက ပြောဆိုပါတယ်။ ကမ္ဘောဒီးယား နိုင်ငံတွင်းရှိ ထိုင်းနိုင်ငံသားများ ကယ်တင် နိုင်ရေး၊ ထိုင်းသယ်ယူပို့ဆောင်ရေး လေယာဉ်များလည်း အသင့် ပြင်ထား ကြောင်းလဲ သူက ဆက်ပြောပါတယ်။ အဲဒီဒေသက ထိုင်းတပ်ဖွဲ့များ ၂၄နာရီအတွင်း ဆုတ်ခွာပါ၊ မဆုတ်ခွာရင် သူသေ ကိုယ်သေ စစ်မြေပြင် ဖြစ်သွားလိမ့်မယ်လို့ အင်္ဂါနေ့မှာ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆင်က သတိပေးလိုက်ပြီးနောက် နှစ်ဘက်ကြား တင်းမာမှု မြင့်မား လာခဲ့တာပါ။ တနင်္လာနေ့ တုန်းက ထိုင်း စစ်သား ၈၄ယောက် ကမ္ဘောဒီးယား နိုင်ငံတွင်း ၁ကီလိုအထိ ၀င်ရောက်ခဲ့ကြောင်း ကမ္ဘောဒီးယား ၀န်ကြီးချုပ်က ဆိုပြီး ထိုင်းဘက်ကတော့ ဒါဟာ ကင်းလှည့်တာလို့ ဖြေရှင်းထားပါတယ်။

ref: VOA News

Read More...

နိုင်ငံရေးအမှုများ၏ တရားလို ရဲမှူး ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်

2008-10-15

သတင်းတပ်ဖွဲ့က ရဲမှူးတဦး အောက်တိုဘာ ၉ရက် ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ခဲ့တယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။ ရဲမှူး ဦးရဲညွန့်ဟာ စက်တင်ဘာ သံဃာ့ အရေးအခင်းမှာ ဖမ်းဆီးထားသူတွေရဲ့ အမှုပေါင်း များစွာအပြင် ၈၈မျိုးဆက် ကျောင်းသားတွေရဲ့ အမှု၂၁ မှုအနက် ၇ မှု၊ ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ အယ်ဒီတာ ကိုဇော်သက်ထွေးတို့ရဲ့ အမှုတွေမှာလည်း တရားလိုအဖြစ်နဲ့ တရားစွဲဆိုရသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဦးရဲညွန့်ဟာ နေအိမ်မှာ ကိုယ့်ကိုယ်ကို ဓားနဲ့ သေကြောင်းကြံစည်တာ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ လက်ရှိ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ရောက်ရှိနေပြီး လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ် ဆိုပါတယ်။ ဒါပေမဲ့ ဒီသတင်းတွေ RFA က သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

ရဲမှူး ဦးရဲညွန့်ဟာ အခုလို ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကို ဖမ်းဆီးရာမှာ ကိုယ်တိုင်ပါဝင်ပြီး အမှုပေါင်းများစွာမှာ တရားလိုအဖြစ် ဆောင်ရွက်နေရတာတဲ့ အပေါ် တော်တော်လေးကို စိတ်ပျက်နေတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒါအပြင် အဖမ်းခံနေရသူတွေရဲ့ မိသားစုတချို့နဲ့လည်း ရင်းနှီးပြီး မိမိဟာ အထက်က တာဝန်ပေးချက်အရ လုပ်ဆောင်နေရတာ ဖြစ်ကြောင်း မကြာခဏ တောင်းပန်စကား ပြောတယ်လို့လည်း ဦးရဲညွန့်နဲ့ စကားပြောဆိုခဲ့ဘူးသူ အဖမ်းဆီးခံ မိသားစုတွေက RFA ကို ပြောပြကြပါတယ်။

ဥိင်္းရဲညွန့် အနေနဲ့ နေ့စဉ်လို အင်းစိန်ထောင် တရားရုံးမှာ ရှိနေပေမဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အမှုချိန်းကိုတော့ လာရောက်နိုင်ခြင်း မရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းတပ်ဖွဲ့က ဦးရဲညွန့် နေထိုင်မကောင်းတဲ့ အကြောင်း တရားသူကြီးထံ ခွင့်ပန်ခဲ့ပါတယ်။ ဦးရဲညွန့် တာဝန်ယူထားတဲ့ အမှုတွေ နေရာမှာ အောက်တိုဘာ ၁၃ရက် ပြီးခဲ့တဲ့ တနင်္လာနေ့က စလို့ ဒုရဲမှူး ဦးသန်းစိုးက အစားထိုး ဝင်ရောက် တာဝန်ယူခဲ့ကြောင်း သိရှိရပါတယ်။

ref: RFA News

Read More...

Wednesday, October 15, 2008

ယနေ့ စစ်တပ်.... ဘာတွေ ဖြစ်နေသလဲ (၁)

.... ... ...မြန်မာပြည်၏ စာသင်ကျောင်းနှင့် တက္ကသိုလ်များ ပိတ်ချည်၊ ဖွင့်ချည်ဖြင့် ကျောင်းသားလှုပ်ရှားမှု များဖြစ်တိုင်း ကျောင်းသားတို့၏ ပညာရေး ကိုသာ ပိတ်ဆို့ဖျက်ဆီး တားမြစ်ခြင်းခံနေရချိန်.........။

နိုင်ငံရေးကမတည်ငြိမ်၊ စီးပွားရေးကျဆင်းမှုမုန်တိုင်းကလည်း မကြာခဏ တိုက်ခတ် မွှေနှောက် သောကြောင့် ကုန်ဈေးနှုန်းပမာဏက အတက်သာရှိပြီး အကျဟူသည်မကြားဖူးချိန်..

ထိုအချိန် ထိုကာလအတွင်း၊ မြန်မာပြည်၏ တောင်ပေါ်မြို့တစ်မြို့တွင် တည်ရှိသော အထင်ကရ ကျော်ကြား လှသည့် တက္ကသိုလ်ကြီးတခုအတွင်းဝယ် ဤသို့သောဖြစ်စဉ် ဖြစ်ရပ်များ စဉ်ဆက် မပြတ် ဖြစ်ပေါ်နေသည်ကိုတွေ့ရှိ ရမည် ဖြစ်သည်။

..... ...... ...... ....... .........

‘ကွေး.. ... ...ဆန့် .... ..... ... တစ်’

‘ကွေး.. ... ...ဆန့် .... ..... ... နှစ်’

ကြွေပြား အနီများဖြင့် တန်ဆာဆင်ထားသည့် သုံးထပ်မှ လေးထပ်ထိမြင့်သော ဗိုလ်လောင်း အိပ်ဆောင်များ ကြားရှိ ဗိုလ်လောင်းများ စုပေါင်းတန်းစီကွင်းအတွင်းမှ အမိန့်ပေးသံများနှင့် သံပြိုင်အော်ဟစ်သံများဖြစ်ပါသည်။ ထိုကဲ့သို့သော အသံများကို မနက်၊ ညနေ စုပေါင်းတန်းစီချိန် များအတွင်း ပုံမှန်ကြားရလေ့ရှိပြီး ၊ စနေ ၊တနင်္ဂနွေ ကျောင်းပိတ်ရက်အတွင်းတွင်မူ တနေကုန်နီးပါး ကြားနေရလေ့ရှိသော အော်သံ၊ ဟစ်သံများ ဖြစ်ပေသည်။

ကွေး၊ ဆန့် ဟူ၍ ခိုင်းစေ အမိန့်ပေးနေသူများမှာ စစ်သက္ကသိုလ် ဗိုလ်လောင်း စတုထ္ထနှစ် စီနီယာများဖြစ်ကြပြီး၊ ၎င်းတို့ အော်သည့်အမိန့်အတိုင်း လက်ထောက်မှောက် ( ဒိုက်ထိုးခြင်း) ပုံစံဖြင့် မြေကြီးပေါ်ထောက်ထားသော လက် နှစ်ဖက်အား ပင်ပန်းနွမ်းနယ်စွာဖြင့် ကွေးချည်၊ ဆန့်ချည် လိုက်လုပ်ရင်း အော်ဟစ်၍ အမှတ်စဉ် ရွတ်ဆိုနေကြသူ များမှာ နောင်တစ်ခေတ်၏ အောင်စစ်သည်များ ဖြစ်လာကြမည့် စစ်သက္ကသိုလ် (Defence Services Academy)ခေါ် D. S. A ၏ ပထမနှစ် သင်တန်းသား ဗိုလ်လောင်းလူငယ်လေးများ ဖြစ်ကြ၏။

စစ်သက္ကသိုလ်၏စုပေါင်းတန်းစီကွင်းကြီးမှာ အလျှားပေ (၅၀၀) နှင့် အနံပေ (၃၀၀) ခန့်ရှိပြီး ပြန့်ပြူးသော ကွန်ကရစ်ခင်း လေးထောင့်ကွင်းကြီးဖြစ်၏။ ပတ်ပတ် လည်တွင် အလှကွက်များဖြင့် တန်ဆာဆင်ထားသော ပန်း ဘောင်ကြီးများ အစီအရီ တည်ရှိပြီး ၎င်းဘောင်များထဲတွင် ရာသီအလိုက်စိုက်ပျိုးထားသော ရောင်စုံပန်း အမျိုးမျိုးတို့မှ အရောင်စုံအလှစုံတို့၏ ရှုခင်းပသာဒနှင့် ကွင်းပြင်ကြီးအတွင်းမှ အော်သံ၊ ဟစ်သံ၊ ငေါက်ငန်းသံ၊ နွမ်းလျှ ပင်ပန်းစွာ လှုပ်ရှားဟန်တို့မှာ ဘယ်လို နည်းဖြင့်မှ ဆက်စပ်၍မရနိုင်သော အလှနှင့် အကျည်းတန်မှုတို့ပင်ဖြစ်ပေသည်။

ထိုမြင်ကွင်း၊ ထိုအချင်းတို့မှာ D.S.A ၏ မရိုးနိုင်သော နေ့စဉ်ဖြစ်ရပ်တို့သာ ဖြစ်၏။ စစ်သက္ကသိုလ်၏ အုပ်ချုပ် မှုအစဉ်အလာအရ စီနီယာ ဗိုလ်လောင်းက ဂျူနီယာ ဗိုလ်လောင်းကို ကြီးကြပ် အုပ်ချုပ်ရပြီး၊ အပြစ်တစ်စုံတစ်ရာ တွေ့ရှိသော အခါများဝယ် ဤကဲ့သို့အပြစ်ပေးခြင်းမျိုး မကြာခဏ ပြုလေ့ရှိသည်။ စီနီယာ ဗိုလ်လောင်း၏ နည်းအမျိုးမျိုးဖြင့် အပြစ်ပေးခြင်းများကို ဂျူနီယာ ဗိုလ် လောင်းများက ရိုသေကျိုးနွံ့စွာ၊ ကြောက်ရွံ့သော မျက်နှာပေးလေးများဖြင့် လိုက်နာ လုပ်ဆောင် ရ၏။ အပြစ်ပေးနည်းအမျိုးမျိုးကို နည်းစနစ်တကျအတိုင်း လိုက်ပါလုပ်ဆောင်ရန် ငြင်းဆန်ခြင်း၊ ဖီဆန်ခြင်း၊ ကလန်ကဆန်လုပ်ခြင်း ပြုမိသူ ဂျူနီယာ ပထမနှစ် (first year cadet) ဗိုလ်လောင်း သည် အထက်အမိန့်ကိုမနာ ခံခြင်း၊ အာဏာဖီဆန်ခြင်းဟူသော ပြစ်မှုဖြင့် အခြားကြီးလေးသော ပြစ်ဒဏ်များ၊ ရုံးတင်စစ်ဆေးအရေးယူခြင်း၊ စစ် ဘက်ဥပဒေဖြင့် အရေးယူခံရခြင်း စသော အတော မသတ်သည့် ပြစ်ဒဏ်များက မိုးကျရွှေကိုယ်များ နှယ် ရောက်လာ မည်ဖြစ်၏။ ထို့အပြင် စိတ်ဓါတ်ခံယူချက် အောက်တန်းကျသော စီနီယာဗိုလ်လောင်းအချို့၏ အငြိုးတေးဖွဲ့ ရန်ငြိုးထား ခြင်းကို ခံရမည်ဖြစ်ပြီး၊ အပြစ်မရှိ အပြစ်ရှာခံရခြင်းများစွာ ကြုံတွေ့ရတော့မည်ဖြစ်၏။ အချိန် ကြာလာသည်နှင့်အမျှ ထိုဗိုလ်လောင်းသည် စိတ်ဓတ်ကျဆင်းလာရပြီး နောက်ဆုံးတွင် ဂျူနီယာ ပထမနှစ် (First Year Cadet) ဘ၀မှထွက် ပြေးကာ စစ်ပြေး၊ ၀ရမ်းပြေး ဘ၀သို့ရောက်သွား မည်ဖြစ်၏။

ဤရွေ့ဤမျှအထိ ဆိုးကျိုးသက်ရောက်စေနိုင်သော အမိန့်မနာခံမှုဆိုသည့် ပြစ်မှုကို ဗိုလ်လောင်းသင်တန်း သားတိုင်းက ကြောက်ရွံ့ကြသည်မှာ မဆန်းပါပေ။

အပြစ်ပေးခံနေရသူများထဲတွင် လက်ထောက်မှောက်သူကမှောက်၊ ဂျွမ်းထိုး သူကထိုး၊ ဖါးခုန်ဟုခေါ်သော ဖါးတစ်ကောင်ကဲ့သို့ ခုန်ဆွ၊ ခုန်ဆွ၊ ခုန်သူကခုန် အမျိုးမျိုးအစုံစုံ ပုံစံတို့ကိုတွေ့ကြရမည်ဖြစ်သည်။ ပါးစပ်မှလည်း တစ်.. ...နှစ်... ....သုံး စသည်ဖြင့် အမှတ်စဉ်များ အော်ဟစ်နေကြရ၏။ တချို့သောဗိုလ်လောင်း များက ...ဟုတ် ... ... မဟုတ် ဟူသော အသံနက်ကြီးများဖြင့် စီနီယာဗိုလ်လောင်း၏ အမေးကို ဖြေကြားနေပုံကိုလည်း တွေ့ရပေမည်။

တန်းစီကွင်းကြီး၏ အရှေ့ဘက်အရပ် ကွင်းထိပ်မျက်နှာစာမှ တပ်မတော် (ကြည်း. ရေ. လေ) စစ်သား သုံးဦး၏လက်တွဲဖေါ်၊ အတူယှဉ်တွဲနေဟန် ပလာစတာ ရုပ်တုကြီးများကလည်း အလွန်ခန့်ထည်စွာဖြင့်၊ ကြီးကျယ်ခမ်း နားလှသော ဗိုလ်လောင်းအိပ်ဆောင်များနှင့်အပြိုင် ပဏာရတင့်တယ်လှပေသည်။ ( ယခုတော့ ကြေး ရုပ်တုကြီးတွေ ဖြစ်သွားပါပြီ )။

စစ်သက္ကသိုလ်၏ ပရ၀ုဏ်အတွင်း ဘယ်နေရာကြည့်ကြည့် သပ်ရပ်သန့်ရှင်း စွာဖြင့် တည်ဆောက် မွမ်းမံထား၏။ ဗိုလ်လောင်းအိပ်ဆောင်များ၏ အရှေ့မှပတ်၍ ဖေါက်လုပ်ထားသော ကုန်းမြင့် မို့မို့လေး အပေါ် ကွေ့ဝိုက် မောင်းနှင်ရသည့် မော်တော်ကားလမ်းမှာလည်း ကွန်ကရစ်ဖြင့် စနစ်တကျ ညီညာစွာ သွန်းလောင်းထား၏ ကားလမ်း၏တဖက် တချက်တွင်လည်း စနစ်တကျ စိုက်ပျိုးထားသည့် စိန်ပန်းနီပင်၊ စိန်ပန်းပြာပင်နှင့် တောင်ပေါ်ဒေသ၏ ပိတောက်ပန်းဟု ခေါ်နိုင်သော ပန်းချယ်ရီပင် တို့ကလည်း အစီအရီ ....။

စိန်ပန်းပြာပွင့်တို့ ကြွေလင့်ချိန်ဖြစ်သောကြောင့် စိန်ပန်းပြာပင်တို့၏အခြေ ကားလမ်းတ၀ိုက်သည် အပြာရောင် အပွင့်တို့ဖြင့် ရှုခင်းပန်းချီကားတစ်ချပ်မှ အပြာရောင်ဆေးစက်တို့ ကြဲပက်ထား သည့်ဟန်၊ တောင်ပေါ်ဒေသ၏ သဘာဝရာသီဥတုအတိုင်း ကောင်းကင်ပြာပြာကြီးကလည်းပြာ .. စိန်ပန်းပွင့်ကြွေတို့ကလည်းပြာ .. အရာရာသည် အပြာရောင်လွှမ်းသော ဆေးရောင်စုံ ပန်းချီကား တစ်ချပ်နှယ်ပါပင် ။

တောင်ပေါ်ဒေသ၏ ရာသီဥတုကလည်း လေအေးပေးစက် တပ်ဆင်စရာမလိုဘဲ အေးမြချမ်းစိမ့် နေ၏။ လေနု အေးအေးလေးများ၏ လတ်ဆတ်သန့်ရှင်းမှုများနှင့်အတူ မွှေးပျံ့သင်းထုံသော ပန်းရနံ့တို့ကလည်း စွဲမက်ဖွယ်တောင် ပေါ်ဒေသ၏အလှကို ပေါ်လွင်ထင်ရှားစေပေသည်။
အဆိုပါ မြင်ကွင်း၊ ရှုခင်းတို့သည် မြန်မာနိုင်ငံ မန္တလေးတိုင်းအတွင်းရှိ မေမြို့၊ ပန်းမြို့တော်၊ တောင်လှေခါး မြို့တော်၊ နှင်းမြို့တော်၊ ပြင်ဦးလွင်ဟု ငါးမည်ရမြို့တော် ပြင်ဦးလွင်တွင် တည်ရှိသည့် (အရှေ့တောင် အာရှတွင် တစ်ခုတည်းသော တက္ကသိုလ်) ဟု မြန်မာစစ်တပ်အတွင်း ၀ါဒဖြန့်ထားသည့် (Defence Services Academy) ခေါ် D.S.A ၏ နွေနှောင်းရက်တစ်ရက် မြင်ကွင်းပင်ဖြစ်ပါသည်။

စစ်သက္ကသိုလ်သည် မြန်မာ့တပ်မတော်ခေါ် မြန်မာ လက်နက်ကိုင်စစ်တပ် အတွက် စစ်ဗိုလ်အရာရှိ၊ စစ်ခေါင်း ဆောင်ငယ်များ မွေးထုတ် သင်ကြားပေးနေရာ စစ်သင်တန်းကျောင်းကြီး တစ်ခုဖြစ်၏။ ၁၉၅၀ ခုနှစ် လွန်များမှ စတင် တည်ထောင်ခဲ့ပြီး မြန်မာလက်နက်ကိုင် စစ်တပ်အတွက် စစ်မှုထမ်းအရာရှိ ပေါင်း ၃၀၀၀၀ ကျော် မျှ လေ့ကျင့်မွေး ထုတ်ခဲ့ပြီးဖြစ်၏။ ယနေ့လက်ရှိ မြန်မာ့ စစ်တပ်တွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် အာဏာရယူဆုပ် ကိုင်ထားဆဲ ဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီးမောင်အေးသည် အဆိုပါ D.S.A ခေါ် စစ်သက္ကသိုလ် ပထမအပတ် ဗိုလ်လောင်းသင်တန်းဆင်း အရာရှိတစ်ဦးဖြစ်သည်။


ထို့အပြင် စစ်တပ်၏လတ်တလော အရေးပါအရာရောက်သော တိုင်းမှုး၊ တပ်မမှုး ရာထူးများ၊ ဌါန၊ နေရာ အတော်များများကိုလည်း စစ်သက္ကသိုလ်ဆင်း အရာရှိ များကသာ ဦးစီး၍ လွှမ်းမိုးချုပ်ကိုင်ထားသည်ကို တွေ့ရမည်ဖြစ်၏။

ယနေ့မြန်မာ့တပ်မတော်အပေါ် ဦးစီးကြိုးကိုင် ချယ်လှယ်နေသော စစ်ဗိုလ်ချုပ်များ၊ တပ်မတော် ခေါင်းဆောင်များသည် မြန်မာလက်နက်ကိုင် စစ်တပ်ကို အင်အားအဖြစ် အသုံးပြု၍ မြန်မာနိုင်ငံ အပေါ် စစ်အာဏာရှင်စနစ်ဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့ သည်မှာ ၁၉၈၈ ခုနှစ် (မြန်မာတစ်နိုင်ငံလုံး အုံကြွ၍ ဒီမိုကရေစီတောင်းဆိုပွဲကြီး ဖြစ်ပွားသောနှစ်) မှ စတင်၍ ယနေ့ထိတိုင်ပင်ဖြစ်၏။ ယနေ့ ၂၀၀၆ ခုနှစ် မြန်မာ နိုင်ငံ၏ နိုင်ငံတကာ မျက်နှာစာတွင် ခေါင်းမဖေါ်ဝံ့အောင် ဖြစ်နေရသည့် လက်ရှိအခြေ အနေ၏ အကြောင်းအရင်းမှန်ကို မြန်မာပြည်သူ၊ ပြည်သားများနှင့် ကမ္ဘာ့ ပြည်သူတရပ် လုံး သိရှိမှသာ မြန်မာပြည်၏ အနာဂတ် အလားအလာ ကောင်းမွန် လာနိုင်ဖွယ်ရှိသည်။

စစ်အာဏာရှင် စနစ်ကျင့်သုံး၍ တိုင်းပြည်နှင့်လူမျိုးအား တိုးတက်ဖွံ့ဖြိုး အောင်စွမ်းဆောင် နိုင်ခဲ့သည့် အစိုးရ အဖွဲ့ဟူ၍ ကမ္ဘာ့သမိုင်းတွင် မရှိခဲ့ဘူးပါ။ သို့သော်လည်း ယနေ့ ကျနော်တို့ မြန်မာနိုင်ငံကို လက်နက်ကိုင်စစ်တပ် အင်အားဖြင့် ခြိမ်းခြောက်ဖိနှိပ် အနိုင်ကျင့် ဗိုလ်ကျကာ အဓမ္မအုပ်ချုပ်နေသော စစ်အာဏာရှင်အုပ်စု၏ လက်အောက်၌ တိုင်းပြည်၏ အထွေထွေ အခြေအနေသည် တဖြည်းဖြည်း ဆုတ်ယုတ်နိမ့်ပါးပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် အမွဲဆုံးနိုင်ငံဖြစ်နေပေပြီ။ ထိုသို့အဆိုးဝါးဆုံးအခြေအနေ ရောက်နေသည့်တိုင် စစ်အာဏာရှင် အုပ်စုသည် ၎င်းတို့ ဖန်တီးနေသော အာဏာရှင်စစ်အုပ်ချုပ်ရေးစနစ်ဖြင့် တိုင်းပြည်၏လက်ရှိ ဖြစ်ပေါ်နေသော ဆင်းရဲမွဲတေခြင်းနှင့် ဆုတ်ယုတ်နိမ့်ပါးမှု အခြေအနေမှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်မှု မရှိကြောင်း အမြင်မှန်မရနိုင်တော့ဘဲ၊ ၎င်းတို့ စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်ရေးနှင့် ၎င်းတို့၏ သားချင်းဆွေမျိုးတသိုက် ချမ်းသာကောင်းစားရေးကိုသာ၊ အရှက်တရား ကင်းမဲ့စွာဖြင့် အစွမ်းကုန်၊ နည်းလမ်းစုံ၊ ကောက်ကျစ် ရက်စက်မှုပေါင်းစုံ သုံး၍ ကြိုးပမ်း ဆောင်ရွက်နေကြ၏။


ပြည်သူလူထုတစ်ရပ်လုံးမှ ရွေးကောက်တင်မြှောက်ထားသော ပြည်ချစ်နိုင်ငံရေးပါတီတခုဖြစ်သည့် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်များအား အကြောင်းမဲ့ ဖမ်းဆီးထိမ်းသိမ်းထားခြင်း၊ ဒီမိုကရေစီရရှိရေး ဆောင် ရွက်သူ မျိုးချစ်နိုင်ငံရေးသမား မည်သူ့ကိုမဆို ရက်စက်ကြမ်းကြုပ်စွာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ခြင်း၊ အပြစ်မရှိပါဘဲ သားချင်း၊ ဆွေမျိုးမကျန် ဖမ်းဆီး နှစ်ရှည် ထောင်ဒဏ်များပေး၍ မျိုးဆက်တုံး သုတ်သင်ခြင်းများပြုလုပ်ကာ ရက်စက်စွာ ဖိနှိပ် အုပ်ချုပ် နေကြသည်။ တိုင်းပြည်အား အမှောင်တိုက်လမ်းမှားသို့ ဇွတ်အတင်း သွတ်သွင်းဆွဲချနေကြသည်။ ၎င်းတို့ စစ်ဗိုလ်ချုပ်ကြီးတစ်စု အာဏာတည်မြဲရေး အတွက် ဘာကိုမဆို ရက်စက် ကြမ်းကြုပ်စွာ ပြုလုပ်နေသည့် အချိန်လည်း ဖြစ်၏။

လာဘ်စား၊ ခြစားမှုများ၊ မတရားမှုမျာ၊ ဥပဒေမဲ့လုပ်ရပ်များ၊ အာဏာအလွဲသုံးစား လုပ်၍ ကိုယ်ကျိုး ရှာနေမှု များ၊ ဥပဒေဘက်တော်သားဟု အမည်ခံထားသော စစ်ဘက်၊ နယ်ဘက်၊ အာဏာပိုင် အဖွဲ့အစည်းများ၏ ပြည်သူလူထု အပေါ် မတရားဖိစီး နှိပ်စက်အနိုင်ကျင့်၍ ၎င်းတို့ကိုယ်ကျိုးစီးပွား တစ်ခုတည်းအတွက် မတရားစီးပွား ရှာဖွေနေကြခြင်း ဖြစ်စဉ်များ တိုင်းပြည်၏နေရာအနှံ့တွင် ဖြစ်ပွားနေ၏။ ဥပဒေ၏ အထက်တွင်မည်သူမှမရှိစေရဟု အမိန့်ထုပ်ပြန်သူ အာဏာရှင်ကြီး ကိုယ်တိုင်ကပင် မတရားကိုယ်ကျိုးစီးပွား ရှာဖွေနေသူဖြစ်နေခြင်း၊ စသောအနာဂတ် ပြည်ထောင်စု အတွက် ရတက်မအေးစဖွယ်၊ ရင်လေးဖွယ်၊ အခြေအနေများကြောင့် ယနေ့မြန်မာ နိုင်ငံကိုစိုးမိုး အုပ်ချုပ်နေသည့် မြန်မာစစ်တပ်အစိုးရ၏ ကျောထောက် နောက်ခံ အဖြစ်ရပ်တည်နေသော မြန်မာ့ တပ်မတော်သည် ကမ္ဘာ့လူထုကြီး၏ ဝေဖန်ရှုတ်ချခြင်းကို ခံရယုံသာမက၊ မြန်မာတိုင်းရင်းသား အပေါင်း၊ မိဘပြည်သူ အပေါင်း၏ မလိုမုန်းထားခြင်း၊ စက် ဆုပ်ရွံ့ရှာစွာ ရှောင်ရှားဖယ်ကျဉ်ခံရခြင်း၊ မေတ္တာတရား ကင်းမဲ့စွာ ဆက်ဆံပြောဆိုခံရခြင်း၊.. စသောရင်ထုမနာ ဖြစ်ဖွယ်အကြောင်းများ ဖြစ်ပေါ်လာနေပေ၏။

အမှန်စင်စစ် မြန်မာတပ်မတော်သည် မြန်မာပြည်သူတို့၏ ရင်နှစ်သည်းချာ သားရတနာတို့ဖြင့် လေ့ကျင့်ဖွဲ့စည်း တည်ဆောက်ထားသော အင်အားကြီးမားသည့် လက်နက်ကိုင်အဖွဲ့ကြီး တစ်ဖွဲ့ဖြစ်သည်။

ပြည်သူ့လူတန်းစား အမျိုးမျိုးမှ မွေးဖွားလာသော လူငယ်မျိုးဆက်သစ်တို့ဖြင့် ဖွဲ့စည်းတည်ဆောက် ထားသော လက်နက်ကိုင် အဖွဲ့ကြီးတစ်ခုသာဖြစ်ပေသည်။ မြန်မာတိုင်းရင်းသား လူမျိုးစုအားလုံး၏ မည်သည့် ယဉ်ကျေးမှု တွင်ဖြစ်စေ လူတစ်ဦးသည် မိမိ၏ဆွေမျိုးသား ချင်း မိဘမောင်ဘွားများ၏ မလိုမုန်းထား စက်ဆုပ်ရွံ့ရှာစွာ ဆက်ဆံခံရခြင်း၊ အော့ကြော့လန်ခြင်းကို နှစ်ခြိုက်လိုလားသူ တစ်ဦးတယောက်မျှမရှိပါ။ မိမိနှင့်မိမိ၏မိသားစုဘ၀ ၀မ်းရေးအတွက် ကျင်လည်လုပ်ကိုင် နေရ သော တာဝန်၊ အလုပ်အကိုင်၊ ပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး၊ မိဘဆွေမျိုး၊ အပေါင်းအသင်းနှင့် သူငယ်ချင်းတို့၏ ကြည်ဖြူနှစ်သက်ခြင်းကို ခံယူလိုကြ သည်ချည်းဖြစ်၏။

ယနေ့ မြန်မာ့တပ်မတော်ကို စတင် တည်ထောင်ခဲ့သော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၄ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြောကြားခဲ့သော မိန့်ခွန်းပါ.... ရည်ရွယ်ချက်များသည် တိုင်းပြည်နှင့်လူမျိုးစု အားလုံးအတွက် အင်အားရှိဖွယ်ရာ၊ အားကိုးရာ တပ်မတော်ကြီးအဖြစ် အားကိုးအားထားပြုနိုင်ဖွယ် အင်အားစုကြီး အဖြစ် မျှော်ရည်တည်ထောင် ခဲ့ခြင်းဖြစ်သည်။ ထိုသို့သော မွန်မြတ်သည့် ရည်ရွယ်ချက် တို့ဖြင့် တည်ထောင်ခဲ့သည့် စစ်တပ်... ယနေ့ဘာတွေဖြစ်နေသလဲ ...

.....ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက်၊ ဒီလူမျိုးတွေရဲ့ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာ ဆိုတဲ့အနေမျိုးဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲဒီတပ်မတော် ဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာ ဖြစ်နေမယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲဖြစ်မယ်...ဟု..အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဆိုခဲ့၏။ သူ့စကားမှန်ကန် အောင်လည်း သူကိုယ်တိုင်စံနမူနာပြ စစ် ခေါင်းဆောင်အဖြစ် အောင်မြင်စွာ တည်ဆောက်ခဲ့၏။

မြန်မာမျိုးချစ်လူငယ်များ၏ စံနမူနာပြ ခေါင်းဆောင်င်္ကြီးဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း၏ တပ်မတော် အပေါ် ထားရှိခဲ့သော ရည်ရွယ်ချက်သဘောထားသည် ယနေ့ခတ်တွင် မှန်-မမှန် တော့မသိ။ တပ်မတော်ကို စတင်တည်ထောင်ခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓါတ်ပုံကိုပင်မမြင်ရတော့။ မည်သည့် စစ်တပ်၊ ဌာန၊ ရုံးခန်းတွင်မှ ချိတ်ဆွဲခွင့်မရှိတော့ပေ။ ကမ္ဘာနှင့်တ၀န်း နိုင်ငံတကာသုံး ငွေကြေးများတွင် သူတို့နိုင်ငံ အတွက် ကိုယ်ကျိုးစွန့်လွတ်၊ အနစ်နာခံကာ လွတ်လပ်ရေးရအောင် အသက်စွန့်ကြိုးပမ်းခဲ့သူ မျိုးချစ်အာဇာနည်တို့၏ ဓါတ်ပုံ ရုပ်လွှာကို တခမ်းတနား ရိုက်နှိပ်၊ ဂုဏ်ယူဝင့်ကြွားစွာ မြတ်နိုးလေးစား တန်ဖိုးထားနေချိန်တွင် ကျနော်တို့နိုင်ငံ၌ ငွေစက္ကူပေါ်တွင်ဝေးစွ၊ မည်သည့်နေရာမှာမှ အမှတ်တရ ချိတ်ဆွဲခွင့် မပြုတော့ သည်ကို အလွန်တရာဝမ်းနည်းဖွယ် ကောင်းစွာ တွေ့မြင်နေရသည်။ ရိုသေလေးစားမှုဖြင့် အမှတ် တရပြုခြင်းကိုပင် တားမြစ်ပိတ်ပင်ထားယုံမျှမက အမျိုးသား ခေါင်းဆောင်ကြီးများ၏ အာဇာနည် စိတ်ဓတ်ကို မြတ်နိုးလေးစားသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ဓတ်ပုံကို တရိုတသေ အလေးပြုမိသူ မျိုးချစ်ပုဂ္ဂိုလ်တို့အား ပြင်းထန်လှသော နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ကာ ရက်ရက် စက်စက်နှိပ်ကွပ်နေသည်ကိုလည်း ပြည်သူ ပြည်သားအားလုံးက ရင်ထုမနာဖြစ်စွာ တွေ့မြင်နေရ လေသည်။

ဤသို့ တိုင်းပြည်နှင့် လူမျိုးအတွက် စံနမူနာကောင်းများပြသခဲ့သူ၊ ကိုယ်ကျိုး အတွက် တစက်မှ မငဲ့ကွက်ခဲ့ပဲ တိုင်းပြည်အတွက်သာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ အာဇာနည်များ၏ မွန်မြတ်စွာရေးသားခဲ့သည့်သမိုင်းကို ဖျောက်ဖျက်ပစ်ပြီး ၎င်းတို့၏ ဖက်ဆစ်အာဏာရှင်စနစ် ကြီးစိုးချယ်လှယ်မှု သက်တမ်းရှည်ကြာစေရန် အထောက်အကူ ပြုမည့် လီဆည်လိမ်ညာထားသည့် သမိုင်းအတုအယောင်များဖြင့် အစားထိုးကာ နည်းမျိုးစုံဖြင့် ပြည်သူကိုလှည့်စား သိမ်းသွင်းရန် ကြိုးပမ်းနေကြသည်ကို တွေ့ရ၏။ ထိုသို့ပြည်သူချစ်သော ပြည်သူ့ခေါင်းဆောင်များကို မြန်မာ့ သမိုင်းမှ ဖျောက်ဖျက်ဖယ်ရှားရန် တဖက်မှကြိုးစားနေသကဲ့သို့ တဖက်မှလည်း သူတို့စစ်တပ် ကြီးစိုးသော အာဏာရှင်စနစ်ကို အားကိုးယုံကြည်လာစေရန် နည်းမျိုးစုံဖြင့် ကြိုးစားနေသည်ကို တွေ့ရှိရ၏။ တိုင်းပြည်၏နေရာအနှံ့ တွေ့မြင် နေကြရ သော စစ်တပ်၏၀ါဒဖြန့်ဆိုင်းဘုတ်များတွင် စာလုံးမည်းကြီးများဖြင့်ရေးသား ထားသလို (တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ) ဟု တွင်တွင် ကြော်ငြာကာ စစ်တပ်ကို ပြည်သူက ငြိုငြင်မှု လျှော့ပါးစေရန် ဆွဲဆောင်၏။ တဖက်မှလည်း ၎င်းတို့ တပ်မတော်ကို အမိ၊ အဖ၊ အကြီးအမှုးသဖွယ် သဘောမထားပဲ အပြစ်ပြောသူ ကလန်ကဆန် လုပ်သူတို့ကို ရက်ရက်စက်စက် အပြစ်ပေးဖမ်းဆီး သတ်ဖြတ်သည် အထိ ပြုနေ၏။

အကြောက်တရားကို နောက်ကွယ်တွင် မသိမသာရော သိသိသာသာလုပ်ရပ် များဖြင့်ပါ လှစ်ဟပြ ခြိမ်း ခြောက်ထားပြီး မျိုးချစ်ပြည်သူ၊ ပြည်သားများကို လူမမြင်၊ သူမမြင် တိတ်တဆိတ်ဖမ်းဆီးကာ ဘ၀ပျက်သည်အထိ ရက်စက်စွာ ပြစ်ဒဏ်ခတ်၏။ နောက်ဆုံး ရက်ရက်စက်စက် တိရိစ္ဆာန် တကောင်လောက်ပင် တန်ဖိုးမထားဘဲ အကြမ်း ဖက် သတ်ဖြတ်၏။ ဖက်ဆစ်စနစ် ဂျပန်ခေတ်က ဂတ်စတာပို စစ်ပုလိပ်တို့ဖြင့် တိုင်းပြည်ကို အကြောက်တရားဖြင့် ခြိမ်းခြောက်စေကာ အုပ်ချုပ် သွားသကဲ့သို့ ယနေ့ ကိုယ့်လူမျိုးချင်း သွေးခွဲအုပ်ချုပ်ကာ စစ်တပ်အစိုးရအပေါ် ဖိန့်ဖိန့်တုန် ကြောက်လန့်စေ၏။ မော်၍ပင်မကြည့်ဝံ့အောင် နည်းမျိုးစုံဖြင့် ပုံသွင်းထား၏ အခြားတဖက်မှ စစ်အာဏာရှင်စနစ်၏ အာဏာပိုင်တန်ခိုးကို အသုံးပြုပြီး နိုင်ငံရေးနှင့် ကိုယ်ကျိုးစီးပွားရှာနေသူ စစ်ဗိုလ်ချုပ်ကြီးတို့အပေါ် လူမြင် သူမြင် ကောင်းစေသော ဆိုင်းဘုတ်များ၊ ကြော်ငြာများ၊ ဘာသာရေးဗန်းပြသော သူတော်ကောင်းယောင် ဆောင်မှု လုပ်ရပ်များ ဥပမာ..(ထီးတင်ခြင်း၊ ကောင်းမှု ကုသိုလ်ဆိုသော ရေစက်ချခြင်း။) အများပြည်သူ၏သွေးနှင့်ချွေးနှင့် ရင်းနှီးကာ အတင်း အဓမ္မ လုပ်အားပေး ခိုင်းပြီး ဖြစ်ပေါ်လာသည့် လုပ်ငန်းအဆောက်အဦးများကို အခမ်းအနားကြီး များကျင်းပကာ ၎င်းတို့က အခန့်သား လာရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သူတို့၏လုပ်ပိုင်ခွင့် တန်ခိုးအာဏာကို အလွန်အကြူး ပိုင်ဆိုင်လေဟန် ဂျင်ပေါ်ကထုံးပမာ လုပ်ရပ်များဖြင့် အမြတ် ထုတ် ကိုယ်ကျိုးရှာသေး၏။ ထိုသို့ ကြောင်သူတော် အရေခြုံ၍ ဟန်ပြ သူတော်ကောင်း အလုပ် များကို မီဒီယာများမှ တွင်တွင်ပြကာ မသိနားမလည်သူ ပြည်သူတို့ အထင် တကြီးဖြစ်လာအောင်၊ မသိနားမလည်သောပြည်သူတို့ကို ဝေခွဲမရ၊ ဇဝေဇ၀ါဖြစ်လာအောင် ၀ါဒမှိုင်းတိုက်စေ၏။ မင်းဆိုး မင်းညစ်တို့၏ လူမမြင် သူမမြင် ရက်စက်ယုတ်မာပုံ၊ ကိုယ်ကျိုးစီးပွားကောင်းစားဖို့ အတွက်သာ ဆိုလျှင် ဇတ်တူသားပင် စားရန်မကြောက်သော စားခွက်လုမှု၊ အာဏာပြိုင်ဆိုင်နေမှုတို့ကို ပြည်သူ လူထု မသိရှိစေရန်၊ စိတ်မ၀င်စား စေရန် ကြောင်သူတော်ကောင်းအဖြစ် ဟန်ဆောင် ကြော်ငြာ သော လုပ်ကြံသတင်းများ ဖြန့်ေ၀၀ါဒဖြန့်ကာ မှိုင်းတိုက် ဖုံးကွယ်ရန် ကြိုးစားနေသော ကာလ လည်း ဖြစ်၏။

သို့ပါသော်လည်း လက်ရှိအောက်ခြေ လက်နက်ကိုင် စစ်တပ်အတွင်းတွင် ဖြစ်ပေါ်နေသည့် မျိုးချစ်စစ်သည် သာမန်စစ်သားတို့၏ ခံစားချက်များ၊ ရင်ထုမနာ အတွေးများ၊ အထက် အာဏာပိုင်တို့၏ မတရား ကိုယ်ကျိုးစီးပွားရှာနေ ကြပုံများကို ငြိုငြင်ကဲ့ရဲ့နေမှုများ၊ လက်တွေ့ဘ၀ အပေါ် အလိုမကျ ဒေါသဖြစ်နေသည့် တပ်မတော်သားတို့၏ ရင်တွင်း စိတ်ဆန္ဒများကို စစ်ဗိုလ်ချုပ်ကြီးတို့မသိ။ သိအောင်လည်းအားမထုတ်ရဲကြပေ။

ယနေ့မြန်မာ ပြည်သူလူထုက ယနေ့တပ်မတော်အပေါ် ယုံကြည်စွာအားကိုး အားထားခြင်း၊ အားပေးထောက်ခံခြင်း၊ မြတ်နိုးလေးစား ဂုဏ်ယူကြခြင်းကို မြန်မာစစ်တပ်အတွင်း စစ်သားအဖြစ် အသက်မွေးဝမ်းကြောင်းမှုပြုကာ ဘ၀ ရပ်တည်နေကြသော ကျနော်စစ်ဗိုလ်အပါအ၀င် မြန်မာ့ စစ်တပ်မှ စစ်သည် အဆင့်အတန်း အားလုံးတို့က လိုလိုလားလား တောင့်တကြပါသည်။ ပြည်သူလူထု၏အားကိုး ယုံကြည်ခြင်းကို ခံယူလိုကြပါသည်။ (မြန်မာ့သက်ဦးဆံပိုင် ပဒေသရာဇ် စနစ်၏ အကြွင်းအကျန် အမွေအဖြစ် ပဒေသရာဇ်အနွယ်ဝင် ဖက်စစ်အာဏာရှင်တို့ ပုံသွင်းချမှတ် ဖေါ် ဆောင်မွေးမြူထားသည့် ..အလွန်တော်သည့် ကျွန်မျိုး ကျွန်နွယ်၏ စကားလှယ် ကျွန်တော် ဆိုသော ဝေါဟာရကို ဆန့်ကျင်တော်လှန်ပယ်ဖျက်၍ စကားသစ် ဖြစ်သော " ကျနော်ဆိုသည့် စကားလုံးကိုသာ အစားထိုး၍ သုံးစွဲသွားပါမည်။ )

သို့ပါသော်လည်း.. .. ..
ပြည်သူလူထုနှင့် တိုင်းရင်းသားတရပ်လုံးက သူတို့အပေါ်ဖိစီးနှိပ်စက် အနိုင်ကျင့်သော အာဏာပိုင် အဖွဲ့ အစည်း အဆင့်ဆင့်နှင့် လက်နက်ကိုင် အဖွဲ့ဟူသမျှ မုန်း၏။ ရ.ယ.က ကိုမုန်း၏။ မ.ယ.က၊ ပ.ယ.က၊ တ.ယ.က စသော စသော အေးချမ်းသာယာဖေရးနှင့် ဖွံ့ဖြိုးရေးအမည်ခံ ၎င်းတို့ကိုယ်ကြိုးစီးပွားရှာရေးအတွက်၊ အထက်စစ် အာဏာပိုင်များအား မျက်နှာလို၊ မျက်နှာရ ဖော်လန်ဖားပြီး အားကိုးရာမဲ့ ပြည်သူလူထုအပေါ် နည်းမျိုးစုံဖြင့် အနိုင်ကျင့် နှိပ်စက်နေကြသူ၊ ပြည်သူ့သစ္စာဖေါက် များကိုမုန်း၏။ လူထုကြားမှနေ၍ ပြည်သူလူထုဖိနှိပ်ရေး၊ ဖက်ဆစ်အုပ်ချုပ်ရေး ယန္တရားကို လျှို့ဝှက်ကူညီကာ မတရားကြီးပွားချမ်းသာနေကြသော ( အရပ်သား သတင်းပေး) သစ္စာဖေါက်သူလျှို များအား မုန်း၏။ ထိုသစ္စာဖေါက် ပုဆိန်ရိုးများ၏ လက်ထောက်ချ သတင်းပေး မှုကြောင့် ရိုးသားသော တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်မြောက်များစွာတို့ စစ်ထောက်လှမ်းရေး (ယခု စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) နှင့် စ.စ.စ၊ အထူးသတင်းတပ်ဖွဲ့ စသည်ဖြင့် ပြည်သူကို ထောင့်ပေါင်းစုံမှ စောင့်ကြည့် ဖိနှိပ်ရန် ဖွဲ့စည်းထားသော ကိုယ်ကျိုးရှာ အာဏာသုံး လက်ပါးစေ အဖွဲ့များ၊ ဖက်ဆစ် စစ်ပုလိပ် လူယုတ်မာတို့၏ မတရားအကွက်ဆင် ဖမ်းဆီးခြင်းကိုခံခဲ့ကြရသည်၊ ခံနေကြ ရဆဲ ဖြစ်သည်ကို ပြည်သူတို့က မချိတင်ကဲ ဖြစ်စွာ ခံစားတွေ့မြင်နေရ၏။ ပြည်သူ့ရဲတပ်ဖွဲ့ ဟုခေါ်သော ယူနီဖောင်းဝတ် သူခိုး၊ ဓါးပြ၊ ပြန်ပေးဆွဲဂိုဏ်း၊ လူဆိုးလူမိုက်ဆန်ဆန် စစ်အာဏာရှင် စိတ်ကြိုက် ဥပဒေ၏ အကာအကွယ်အောက်မှ အဓမ္မမှုများ ကျူးလွန်နေသော ဥပဒေမဲ့ အဖွဲ့ အစည်းများ၏ မတရားဖမ်းဆီးချုပ်နှောင်ခြင်းအပြင် ထိုဥပဒေဘက်တော် သားဆိုသူတို့၏ မတရားသော အခွန်အတုပ်များ အတင်းအဓမ္မ တောင်းယူခြင်းကို အပြစ်မဲ့သော ပြည်သူလူထုမှ ခံနေကြရသည် ဆိုသည်ကိုလည်း ပြည်သူလူထုကသိ၏။

ပြည်သူလူထုအတွက်ဥပဒေနည်းလမ်းတကျ ကာကွယ်၊ စောင့်ရှောက်ရန်ဟု စစ်အာဏာရှင် အဖွဲ့က ကင်ပွန်းတပ်ပေးထားသော ပြည်သူ တို့ကို ဒုက္ခပေးသော အဖွဲ့အစည်း၊ လူတစုတို့ကိုလည်း ပြည်သူလူထုက မုန်းတီး နေကြပေပြီ။

ဒီကြားထဲ ရသမျှလက်တဆုပ်စာ၊ အာဏာငယ်ဖြင့်၊ ပြည်သူအပေါ် မောက်မာ ရိုင်းစိုင်း အနိုင်ကျင့်တတ်သော စစ်ဗိုလ်၊ စစ်သားအချို့ကလည်း၊ သူတို့ကိုသူတို့ မြို့စား၊ နယ်စား၊ မင်းဟန်ပန်ဖြင့် အပြစ်မဲ့သူကို ခြိမ်းခြောက် အနိုင်ကျင့်ကာ မတရား ဖိစီးနှိပ်စက်သေးသည်။ အရှက်တရားမဲ့ ကိုယ်ကျိုးရှာနေကြသည့် မင်းလိုလိုက်၊ မင်းကြိုက် ဆောင် သခင်အားရ၊ ကျွန်ပါးဝနေသော အာဏာရှင်အငယ်စား စစ်ဗိုလ်၊ စစ်သားအချို့ကိုယ်လည်း ပြည်သူလူထုက နာကျည်းမုန်းတီးနေ၏။ နေရာတိုင်း၊ ဌါနတိုင်း၊ အချိန်တိုင်းတွင် အပြစ်မဲ့ပြည်သူအရပ်သားတို့အား ဖိစီးနှိပ်စက်နေ သည်မှာ ဤအာဏာ၊ ရိုးသားသော တိုင်းရင်းသား မျိုးချစ်သူတို့၏ အားမာန်ကို ရိုက်ချိုးဖျက်ဆီး နေသည်ကလည်း ဤအာဏာ၊ မြင့်မြတ်သော သာသနာပြု ရဟန်းရှင်၊ လူတို့၏စိတ်နှလုံးတို့ကို မှေးမှန်ကွယ်ပျောက်စေ သည့်....ဤအာဏာ၊ မျိုးရိုးဂုဏ်ရှိန် ထည်ဝါတောက်ပခဲ့သော မျိုးမြန်မာတို့၏ ဇာတိမာန်ကို ချိုးနှိမ်ဖိနှိပ်နေ သည် မှာလည်း ဤအာဏာ၊ မကြာမြင့်သေးသည့် ဆယ်စုနှစ်အနည်းငယ်ခန့် အချိန်က အရှေ့တောင်အာရှ နိုင်ငံများအကြား တွင် အချမ်းသာဆုံးဟု ကြွေးကြော်နိုင်ခဲ့သော ကျနော်တို့၏ အမိမြန်မာပြည်ကြီးကို ကမ္ဘာ့ အဆင်းရဲဆုံး စာရင်းဝင်သွားအောင် ဖျက်ဆီးခဲ့သည်သာမက၊ နုနယ်ပျိုမျစ်သော မြန်မာအမျိုး ကောင်းသား၊ အမျိုးကောင်းသမီးတို့ မွေးရပ်အမိမြေ ကိုစွန့်ခွာကာ တိုင်းတပါးရပ်ခြား၊ လူမျိုးခြားတို့ လက်အောက်တွင် ရရာအလုပ်လုပ်၊ မတရားဖိစီးနှိပ်စက်ခံ၊ ကျွန်သာသာ ဘ၀များဖြင့် ၀မ်းစာရှာ ဖွေရလောက်အောင်၊ အမိတိုင်းပြည်ကြီး၏ စီးပွားရေးရော၊ လူမှု အနာဂတ် ရေးပါ ဆုတ်ယုတ် နိမ့်ပါး စေခဲ့သည်မှာလည်း ဤစစ်အာဏာရှင်စနစ်...။
ဤစနစ်ကြီး တည်တန့်ရေးအတွက် အဓိက ကျောထောက်နောက်ခံ ပြုနေသည်မှာ မြန်မာစစ်တပ်၊ ကျနော်က ဤလက်နက်ကိုင်စစ်တပ်အတွင်း အရာရှိငယ် တစ်ဦးအဖြစ် အလုပ်လုပ်နေ၏။

စစ်ဗိုလ်တစ်ဦး အဖြစ် စစ်သားတွေကို အုပ်ချုပ်နေ၏။ စစ်အရာရှိဟု ခေါ်သော စစ်ကျွန်ခေါင်း တစ်ဦးအဖြစ် စစ်အာဏာပိုင်ကြီးများ ခိုင်းသမျှ လုပ်နေရသော စစ်ဗိုလ်ဖြစ်နေ၏။ သာမန် အရပ်သား၊ သာမည ပြည်သူထဲက မွေးဖွားလာသော အညတရ စစ်ဗိုလ်ကျနော်သည် ပြည်သူ ချစ်သော စစ်သားအဖြစ် မိမိဘ၀ကို ရပ်တည် ရှင်သန်လိုသောကြောင့်သာ ဤမျိုးချစ်မြန်မာ့ တပ်မတော်ဟု ရုပ်မြင်သံကြား၊ မြန်မာသတင်းစာတို့တွင် ဖန်တရာတေ ရေးသားဖေါ်ပြနေကြသော မြန်မာစစ်တပ်အတွင်း ၀င်ရောက် အမှုထမ်းနေသူဖြစ်၏။ တိုင်းပြည်ကာကွယ်ရေးနှင့် ပြည်သူလူထု ဘ၀၊ ကူညီ စောင့်ရှောက်ရေး အတွက် ၀င်ရောက် တာဝန် ထမ်းဆောင် နေခြင်းဖြစ်၏။
သို့သော် ယနေ့ အခြေအနေအရ ပြည်သူလူထုတရပ်လုံး မျက်မုန်းကျိုးနေသော ဤအဖွဲ့အစည်း၊ စိတ်မပါ သော်လည်း ဆန့်ကျင်ဟန် မပြရဲဘဲ လိုက်လျော ခေါင်းညိတ်နေရသော အဖွဲ့အစည်း၊ မတော်လှန်ဝံ့၍သာ သည်းခံ ဆက်ဆံနေရသော အဖွဲ့အစည်း၊ ၎င်းတို့ကိုင်ဆောင်ထားသည့် လူသတ်လက်နက်နှင့် ထင်သလို၊ ခြိမ်းခြောက် နှိပ်စက်ပိုင်ခွင့်ရှိသော အာဏာကိုစိုးထိတ်သည့် အတွက်ရွှံ့ကြောက် ကြောက်နေရသော အဖွဲ့အစည်းမှာ ကျနော် အလုပ်လုပ်နေသည့် မြန်မာစစ်တပ်နှင့် အပါင်းအပါ လက်နက်ကိုင် အဖွဲ့များဖြစ်နေ၏။

အဆိုပါ အပေါင်းအပါ လက်နက်ကိုင်အဖွဲ့အစည်းများဖြင့် အကွက်ကျကျ လည်ပတ်လှုပ်ရှား နေသော ဤစနစ် ဆိုးကြီးက ပြည်သူလူထုကို၊ မတရားထုတ်ပြန်ထားသော ဥပဒေပျက်များဖြင့် ခြိမ်းခြောက်၊ ကြောက်လန့်စေကာ၊ ခြောက်လှန့်လွမ်း မိုးထား၏။ ဆိုးရွားရက်စက်ပြင်းထန်လှသော ပြစ်ဒဏ်များ၊ ထိတ်လန့်ရွံ့ရှာ စက်ဆုပ်ဖွယ် ဘ၀ပျက်ခမန်း ကျရောက်လာနိုင်သော စီးပွားရေး၊ လူမှုရေးဆိုင်ရာ နှောက်ယှက်ဖျက်စီး ကန့်သတ်ချုပ်ချယ်ခံရခြင်း များဖြင့် မလူးသာ၊ မလွန့်သာအောင် ထိမ်းချုပ်ထား၏။ စစ်တပ်အစိုးရအပေါ် တော်လှန်ဆန့်ကျင်လိုစိတ် လုံးဝမပေါ် ရဲအောင် နှိပ်ကွပ်ဖိစီး ချုပ်ချယ်ထားပေသည်။ ထို့အတူပင် ငွေဝယ်ကျွန်သာသာ အဆင့်ရှိသည့်၊ ကျနော်အပါအ၀င် မျိုးချစ်စိတ်ဓါတ်အရင်းခံဖြင့် စစ်တပ်ထဲ ၀င်လာသူ စစ်သည်အများစုပါဝင် ဖွဲ့စည်းထားသည့် အောက်ခြေလက်နက်ကိုင် တပ်ဖွဲ့များ အတွင်းတွင်လည်း ပြင်းထန် ရက်စက် သော ပြစ်ဒါဏ်များ၊ ဆိုးဝါးများမြောင် ကျပ်တည်းလွန်းသော ဥပဒေ များ၊ စည်းမျဉ်းစည်းကမ်းများ၊ ညွန်ကြားချက်များအပြင်၊ လုံးဝငြင်းဆန်ဖယ်ရှား၊ ပျက်ကွက်ခွင့် မရှိသော အမိန့်ဟူသော အထက် အာဏာပိုင်၏ အမိန့်နှင့် ညွန်ကြားဆိုသော အပြင်းထန်ဆုံး ဥပဒေတခုဖြင့် တင်းမာ ကျပ်တည်းစွာ၊ ချုပ်ချယ် ကန့်သတ်ထားပေသည်။ ခြိမ်းခြောက်ကြောက်လန့် စေမှုများဖြင့် ဖိနှိပ်ထားသကဲ့သို့ စိတ်ဓါတ်ရေးရာ၊ ခံယူချက်ရေးရာ အရလည်း မှိုင်းတိုက် အသိညာဏ်မဲ့စေကာ၊ ၎င်းတို့ ပြောသမျှ အဟုတ်ကြီးထင်ရအောင် ၀ါဒဖြန့် ယန္တယား စနစ်တကျ လည်ပတ်စေကာ ဇဝေဇ၀ါ အတွေးအခေါ် များသာ တွေးခေါ်စေ၏။

ပြည်သူလူထုတို့ စစ်အာဏာရှင် အစိုးရအောက် ကြုံတွေ့ရပုံနှင့် လက်နက်ကိုင်တပ်ဖွဲ့အတွင်းမှ ဆင်းရဲချို့ တည့်စွာ ဘ၀ရပ်တည်နေရသော မျိုးချစ်စစ်သားတို့၏ ရင်ဆိုင် တွေ့ကြုံနေပုံမှာ သိပ် ထူးမခြား နားကြောင်း အရာရှိ ဖြစ်နေသူ ကျနော်ကိုယ်တိုင် နှိုင်းယှဉ်သုံးသပ် တွေ့ရှိရသည်။ ပြည်သူ့ဘ၀အခြေနေမှန်ကို စစ်သားတိုင်းက မသိ ပြည်သူတွေကလည်း မျိုးချစ်စစ်သည်တော်တို့ မြိုသိပ်ကြိတ်မှိတ်နေရသော မလွန်ဆန်ဝံ့သည့် အာဏာရှင့်စနစ်အောက် ပြားပြားမှောက် ကြောက်နေရသည့် ဘ၀အမှန်တိုင်းကိုလည်း အားလုံးမသိနိုင်ပေ။ ဤသို့အဆင်မပြေမှုများ ကိုယ်စီခံစားနေရသော ပြည်သူနှင့် တပ်မတော်သားလက်နက်ကိုင် အင်အားစုများအကြား အပြန် အလှန် ခြိမ်းခြောက်ပြီး ငါးကြင်းဆီနှင့် ငါးကြင်းကြော်ကာ အာဏာပိုင်များကို စိုးထိတ်ကြောက်ရွံ့ စေပြီး ကိုယ်ကျိုးစီးပွားရှာ အမြတ်ထုတ်နေ သည်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ဆွေမျိုးသားချင်း တစုသာလျှင်ဖြစ်သည်။

သာမန် မသိနားမလည်သူ အများစုပါဝင်သည့် လူထုကြီးတရပ်လုံးကို မျက်စိပိတ်၊ နားပိတ်၊ အတတ်ပညာ တွေးခေါ်မှုတို့ ပိတ်ဆို့ခံထားရသော နွားခြေရာခွက် အတွင်းမှ ဖားငယ်များကဲ့သို့ လူမဆန်စွာပိတ်ဆို့ခံထားကြရသည်။ မိမိတို့ ယနေ့ ကြုံတွေ့နေရသည့် စစ်အာဏာရှင် စနစ်ဆိုး ကြောင့် ဤအခြေနေဆိုးများ ဖြစ်ပေါ်နေရသည်ဆိုသည့် အမှန်တရားကို ပြည်သူ၊ ပြည်သား အားလုံး တညီတညွတ်တည်း လက်ခံယုံကြည်လာမည်ကို အလွန်ကြောက်ရွံ့သော စစ်အာဏာရှင်များသည် အမှန်တရားဆိုသည့် လက်တွေ့ဘ၀အမှန်၊ အခြေအနေမှန်တို့ကို လုံးဝ(လုံးဝ)ပြောဆို၊ ရေးသား၊ ဖေါ်ပြ၊ ပုံနှိပ်၊ ဖြန့်ဖြူးခွင့်မပြုရဲဘဲ၊ အလွန်ကြပ်တည်းစွာ၊ ပြင်းထန်စွာ တားမြစ်ထားခြင်း ဖြစ်ပေသည်။

မည်သို့ပင် စစ်အာဏာရှင်ကြီးများက ပြည်သူလူထုအပေါ် ခြိမ်းခြောက်၊ ဖိနှိပ်၊ အနိုင်ကျင့်မှုများနှင့် မတရား အုပ်ချုပ်နေပါစေ။ အမှောင်မိုက်ဆုံး ကာလပြီးလျှင် လင်းအာရုံတို့ ရောက်လာမြဲ ဖြစ်သည်ကို ပြည်သူတို့ ကြိုတင် မျှော်လင့် ပြင်ဆင်ထားရကြမည်သာဖြစ်သည်။ ဗိုလ်ချုပ်မှုးကြီး ဘုရင်ရှုး ဦးဆောင်သည့် စစ်အာဏာ ရှင်တစ်စုသည် မြန်မာပြည်သူတစ်ချို့ကို တချိန်လုံးနီးပါး ဖိနှိပ်အုပ်ချုပ်၍ ရကောင်း ရနိုင်မည်ဖြစ်ပြီး၊ တိုင်းပြည် တပြည်လုံး လူထုတရပ် လုံးကို အချိန်တချို့ အခိုက်အတန့်တွင်သာ ကြောက်ရွံ့မှုကိုအခြေပြုသည့် ရက်စက်ဖိနှိပ်မှုဖြင့် အာဏာသုံး ခိုင်းစေ အနိုင်ကျင့်နိုင်မည်ဖြစ်သည်။ သို့သော်..စစ်အာဏာရှုး၊ ဘုရင်ရှုး၊ စစ်ဗိုလ်ချုပ် များသည် မြန်မာပြည် တပြည်လုံးရှိ ပြည်သူ၊ ပြည်သားအားလုံးကိုတော့ ယနေ့သူတို့ အကွက်ချ စီစဉ်နေသလို ရာသက်ပန်၊ စစ်တပ်လွှမ်းမိုးသော စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အာဏာရှင့်စိတ်ကြိုက် စိုးမိုးချယ်လှယ် အုပ်ချုပ်နိုင်မည် မဟုတ်ကြောင်း မကြာမီ သက်သေထူ နိုင်တော့မည် ဖြစ်ပါသည်။

အာဏာရှင်များ စိတ်ကြိုက်ရေးသားထုတ်ပြန်ထားသော ဥပဒေပျက်များဖြင့် ခြိမ်းခြောက်တားဆီး၊ ပိတ်ဆို့ ကန့်သတ်ချုပ်ချယ်၊ အပြစ်ဒဏ်ကြီးမားစွာပေး၍ အမှန်တရားဆိုသည်ကို မပြောရဲ၊ မဆိုရဲ၊ ထုတ်ဖေါ်ခြင်းမပြုရဲအောင် မည်သို့ပင်လုပ် ဆောင်ထားပါစေ။ သမိုင်းဟူသည် တနေ့နေ့တွင် အမှန်အတိုင်း ပေါ်ထွက်လာတတ်သည့် လောက ဓမ္မတာကို စစ်ဗိုလ်ချုပ်ကြီးတို့ ရှောင်လွှဲ၍ မရနိုင်ပေ။ ယခု ဤစာစုသည်ပင်လျှင် အမှန်တရားကို အမှန်အတိုင်း ပြောဆိုရေးသားရန် မ၀ံ့မရဲ ဖြစ်နေသည့် မြန်မာပြည်တွင်းမှ ပြည်သူလူထုအတွက် အမှန်တရားကို ဦးဆောင်ကာ ထုတ်ဖေါ် ပြသသည့် စာစုတို့အနက်မှ တခုဖြစ်ပေသည်။ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်ရလိုမှု၊ ရာထူး၊ အာဏာ၊ နေရာ၊ ငွေကြေး၊ အခွင့်အရေးတို့စသော အခွင့်ထူးခံလူတန်းစားတို့ တပ်မက်တတ်သည့် စီးစိမ်အားလုံးကို စွန့်လွှတ်ခဲ့သော စစ်တက္ကသိုလ်ကျောင်းဆင်း စစ်ဗိုလ်တဦး၏ အမှန်တရားဘက်မှ အတိအလင်း ရပ်တည်လာခြင်း ဦးဆောင်မှု မှသည် စစ်တပ်အတွင်းရှိ အမှန်တရားကိုမြတ်နိုးသူ စစ်သည်တော် အားလုံးအတွက် ရှေ့ဆောင် လမ်းပြဖြစ်စေပါမည်။ စစ်တပ်တွင်းမှ မျိုးချစ်စိတ် မှန်ကန်သူ လူတန်းစား စစ်သည်အဆင့်တန်းအားလုံးတို့အား ပြည်သူလူထုဘက်မှ ကာကွယ်သည့် အမှန် တရားဘက် ပြောင်းလဲ ရပ်တည်လာစေရန် စံနမူနာပြ ဦးဆောင်ပြုမူ လာခြင်းလည်း ဖြစ်သည်။

တိုင်းပြည်တွင်း ယနေ့အချိန်အခါတွင် မဖြစ်မနေလိုအပ်နေပြီဟု တတ်အပ်ဆို နိုင်သော တပ်မတော်အင်အားစု အတွင်းမှ ပြည်သူလူထုဘက် ရဲရဲဝံ့ဝံ့ မားမား မတ်မတ် ရပ်တည်ကာကွယ် မည့် မျိုးချစ်စစ်သားတို့၏ မိမိတို့ဖြတ်သန်း နေရသော လက်တွေ့ဘ၀ အတွေ့အကြုံများထဲမှ ပြည်သူ့အတွက်ကောင်းကျိုးပြုနိုင်မည့် အမှန်တရားကို ရဲရဲရင့်ရင့် ထုတ်ဖေါ်ရင်ဆိုင်ပြီး၊ မတရား အုပ်စိုးနေသူတို့၏ ဥပဒေမဲ့ လုပ်ရပ်များကို အများသိအောင် ဖွင့်ဟဖေါ်ထုတ်ဖို့ လိုအပ်နေ သည့် အချိန်အခါ ဖြစ်သည်။ အရာရှိဖြစ်သူမှစ၍ အမှန်တရားကို လေးစားမြတ်နိုးသူ စစ်သည်တော် တိုင်း ယနေ့ စစ်အာဏာရှင်စနစ်အပေါ် အတိအလင်းဆန့်ကျင်မှု ပြုကြရန်နှင့် မတရားသော စစ်အမိန့် အာဏာဟူသမျှ ပြတ်ပြတ် သားသားငြင်းဆန်၊ ဖီဆန်ကြရန် ကျနော်တို့စစ်တပ်ထဲမှ မျိုးချစ် အရာရှိများနှင့် မျိုးချစ်စစ်သားများကို ဦးဆောင်ညွန်ပြ မီးမောင်းထိုးပြခြင်းလည်းဖြစ်၏။ စစ်တပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အတွင်း လမ်းပျောက်၊ အနာဂတ်ပျောက်နေသူ လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီးအားလုံး မိမိတို့အနာဂတ်ကောင်းမွန်လှပဖို့အတွက် တညီတညွတ်တည်း ဆုံးဖြတ် ချက်တခု တက်ညီလက်ညီ ချမှတ်ဆောင်ရွက်နိုင်စေဖို့အတွက် တပ်လှန့်သော အချက်ပေး ခရာသံအဖြစ် ကြေငြာ မောင်းခြင်းလည်းဖြစ်ပါသည်။ တပ်မတော် အတွင်းရှိ မျိုးချစ် စစ်သည် အင်အားစုများ အားလုံး အမှန်တရားဘက် ရဲရဲဝံ့ဝံ့ ရပ်တည် ရင်ဆိုင်ကြရန် အချိန်သင့်ပြီ ဖြစ်ကြောင်း၊ သိမြင်ယုံကြည်လာသည့် စစ်ဗိုလ်တဦးမှ တည်ကြည် ဖြောင့်မတ်စွာ၊ ရိုးသားစွာဖြင့် စစ်အာဏာရှင်စနစ်အောက် ကျွန်သဘောက်သာသာ ခံစားရင်ဆိုင်နေကြရရှာသော ပြည်သူတို့ဘက်သို့ ကူးပြောင်း ကာကွယ်လာခြင်း ဖြစ်ပါသည်။

တပ်မတော်နှင့် ပြည်သူလူထ၏ု အနာဂတ်အရေးအတွက် ကောင်းမွန်မှန်ကန်သည့် ကြိုးပမ်းမှု လုပ်ရပ်များကိုသာ ဆောင်ရွက်လိုသည့် မြန်မာလူငယ်အရာရှိ တစ်ဦး၏ ရိုးရှင်းသောအမြင်၊ ပွင့်လင်းသောခံစားချက်တို့ဖြင့် တပ်မတော်တွင်းရော၊ မြန်မာတိုင်းရင်းသား ပြည်သူလူထု အတွင်း မှပါ ပါဝင်ဆောင်ရွက် ရတော့မည့် အကြောင်း အရာများ၊ ရည်မှန်းချက်များ၊ ပေါ်ထွက်လာမည့် ကောင်းကျိုး၊ ဆိုးကျိုးများ၊ ရှေ့ဆက် ရင်ဆိုင်သင့်သည့် အာဏာရှင်စနစ် ဆန့်ကျင်ရေး ရည်ရွယ် ချက်ဖြင့် အကြမ်းမဖက်၊ သွေးမဆက်ဘဲ၊ စုစည်းညီညွတ်စွာ ဆောင်ရွက်ကြရမည့် အမျိုးသားရေး လှုပ်ရှားမှု ပုံစံများ၊ စသည်တို့ပါဝင်ပြီး အနာဂတ်ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို မုချ အထောက် အကူပြုနိုင်မည်ဟု ယူဆယုံကြည် ချက်များဖြင့် ဤစာအုပ်ကိုပြုစု ရေးသားခြင်း ဖြစ်သည်။

နောင်အနာဂတ် လာမည့်မျိုးဆက်သစ် လူငယ်တို့အတွက် မှန်ကန်ကောင်းမွန်သော သမိုင်းအမွေ များကိုသာ ကျန်ခဲ့စေလိုသော အရောင်မရော၊ ၀ါဒမနှောသည့် စိတ်ရင်းစေတနာဖြင့် အမြင်၊ အရှိ၊ အသိအတိုင်း မထိန်မ၀ှက် သုံးသပ် ဖေါ်ပြမည် ဖြစ်သောကြောင့် မြန်မာ ရှေးထုံးနှင့် မကိုက်ညီခြင်း၊ လက်ရှိနိုင်ငံရေးပါတီများ၏ အခြေခံ သဘောတရားများနှင့် မကိုက်ညီခြင်း၊ မိမိတို့ ဆိုင်ရာဆိုင်ရာ ဘာသာရေး လတ်တလောကန့်သတ်ချက်၊ အယူဝါဒစွဲလမ်းမှု၊ အများယုံကြည်မှုတို့ အရ ယနေ့ ခေတ် စံနှုန်းများနှင့် မအပ်စပ်ခြင်းစသော ရှေးဆန်သူတို့အတွက် ဘ၀င်မကျ၊ စံမပြ၊ သဘော မတွေ့ဖွယ်ရာ၊ အသုံးအနှုန်းများ၊ အတွေးအခေါ်များ၊ ဆန့်ကျင်မှုများ တွေ့ရှိခဲ့သော်၊ ပါဝင်ခဲ့သော် မျိုးချစ်စိတ်ထက်သန်ပြင်းထန်သော ခေတ်လူငယ်တစ်ီဦး၏ တိုင်းပြည်ကို ကောင်းမွန်တိုးတက် စေလိုလွန်းသည့် စေတနာစိတ်ဇောကြောင့် ဖြစ်ပေါ် တွေးခေါ်လာ မိသော ခံစားချက်ငယ်ဟုသာ သဘောပိုက်နားလည်ပေးစေလိုလှပါသည်။ ကဲ.... အတွေးအခေါ်တွေဘက် ဆက်ကြပါဦး စို့....

ပြည်သူများက စစ်အာဏာရှင်များနှင့် ၎င်းတို့ နောက်လိုက် လက်နက်ကိုင်တပ်များကို ကြောက်ရွံ့ စိုးထိတ် နေကြရသကဲ့သို့၊ လက်နက်ကိုင် ထားကြရသော ကျနော်တို့ စစ်တပ်အပါအ၀င် အခြား သော အောက်ခြေအုပ်ချုပ်ရေး အဖွဲ့အစည်း များသည်လည်း အထက်အာဏာပိုင် စစ်အာဏာရှင် ကြီးများကို ဖိန့်ဖိန့်တုန် ကြောက်နေကြရကြောင်း သာမန် ပြည်သူတို့ မသိနိုင်ပေ။ ဤမျှတိုင်းပြည် တ၀ှမ်း၊ ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော် အပြန်အလှန် ထိတ်လန့်ကြောက်ရွံ့စေ၍ မသိနား မလည်စေမှုများ လွှမ်းမိုးစေကာ အမြတ်ထုတ်စိုးမိုးချယ်လှယ်နေသော စစ်အာဏာရှင်ကြီးများ၏ ညစ်နွမ်းယုတ်ထေးသော သမိုင်းစဉ်ဖြစ်၏။ ၎င်းတို့ကောင်းစားရေး တခုတည်းသာ အဓိကဖြစ်သည့် အာဏာရှင် စနစ်ဆိုးတည်တန့်ရေး၊ ဖန်တီးနေမှု များကို စစ်ပါးဝစွာ၊ ပရိယာယ် ကြွယ်ဝစွာ လုပ်ဆောင်နေခြင်းများဖြစ်၏။ စစ်အာဏာရှင်စနစ်ဆိုးကြီး၏ နောက်ဆက်တွဲ ရလာဒ်အဖြစ် ပေါ်ထွက်ဖြစ်ထွန်းလာသော ဆင်းရဲမွဲတေမှု၊ လူမှုရေးချို့တဲမှု၊ လူသား တစ်ဦး၏ခံစားပိုင်ခွင့်၊ ပိုင်ဆိုင်ပိုင်ခွင့် တို့ ဆုံးရှုံးမှု၊ ဘ၀မလုံခြုံမှု၊ အနာဂတ်မရေရာမှု၊ အသိပညာ၊ အတတ်ပညာမဲ့မှု စသောဘ၀နှင့်ချီ၍ ရင်းနှီးပေးဆပ်ရမည့် ဆိုးကျိုးဒုက္ခများကို လက်ရှိရော အနာဂတ်၌ပါ ခါးစည်းရင်ဆိုင်ခံစားရမည့်သူများမှာ မသိနားမလည်၊ အသိမကြွယ် ရိုးသားသော မြန်မာတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး၊ နောက်လာမည့် မျိုးဆက်အားလုံးသာဖြစ်၏။

တိုင်းပြည် နှင့်ယှဉ်၍ ရာဇ၀င်ကြွေးတင်လျှင် ရှင်ဘုရင်လုပ်ခဲ့သူနှင့် ၎င်း၏ ဆွေတော်မျိုးတော် အပေါင်းတို့က ပြေလည်အောင် ပေးဆပ် လိမ့်မည် မဟုတ်ကြောင်း၊ မြန်မာပြည်သားတို့ အလေး အနက်ပြု စဉ်းစားရမည့်အချိန် ကျရောက်နေပေပြီ။

ထိုအချင်းအရာတို့၏ လက်တလော ပေါ်ထွက်လာနေသော ဆိုးကျိုးအဖြစ် မျိုးဆက်သစ် လူငယ်များ၊ ပြည်သူ့ ရင်နှစ် သားရတနာ ကလေးငယ်လေးများ၊ တဖြည်းဖြည်း သိသာစွာဖြင့် အသိတုံးဉာဏ်တုံး၊ အတွေးအခေါ်တုံး၊ လူညွန့်တုံး၍ လူလုံး မလှစွာဖြင့် တန်ဖိုးမဲ့သော အချိန် များကို ဖြတ်ကျော်နေကြရသည်ကို တွေ့ရ၏။ မျိုးဆက်သစ်ဖြစ်လာမည့် လူငယ် အများစုမှာ မိမိ ဘ၀အရေး၊ မိမိအနာဂတ်အရေး၊ မိမိနိုင်ငံအရေး၊ မိမိပတ်ဝန်းကျင်အရေး စသည့်အရေးပါသည့် အရေးအရာ ဘာဆိုဘာမှ တွေးခေါ်ဆင်ခြင်ဆုံးဖြတ်ခြင်း၊ ဝေဖန်အကဲဖြတ်သုံးသတ်ခြင်း၊ ပြုလုပ် နိုင်စွမ်းမရှိကြသည့် နလဗိန်းတုံးများ မသိမသာဖြစ်လာကြခြင်းကို မလိုလားအပ်စွာ တွေ့မြင် နေရခြင်း ဖြစ်သည်။ ကြုံဆုံနီးစပ်၊ မြင်တွေ့နေရသည့် မှားယွင်း သော၊ လူမှုရေးကျင့်ဝတ် အစဉ် အလာပျက်များကို၊ လွဲမှားစွာ ကူးစက်ခံအတုယူမိသောကြောင့် ကိုယ်ကျင့် စာရိတ္တ စံနှုန်းများ တဖြည်းဖြည်း နိမ့်ပါးကျဆင်းလာကာ အထက်တန်းမကျစွာ ကိုယ့်ကိုကိုယ် တန်ဖိုးမထားသော လုပ်ရပ်များ သူသူငါငါလုပ်လာနေကြသည်ကို တားဆီးရဲသူ၊ ကန့်ကွက်ရဲသူ မရှိသလို တားမြစ်ရ ကောင်းမှန်း ကန့်ကွက်ရကောင်းမှန်း၊ မသိအောင်လည်း စစ်အာဏာရှင်စနစ်က ဖန်တီးထားသည်။ မိမိနိုင်ငံနှင့် မိမိလူမျိုးကို တန်ဖိုးထား လေးစားချစ်ခင်ရ ကောင်းမှန်းမသိသည့် အမျိုးသားရေး စရိုက်လက္ခဏာညံ့များ၊ တိုင်းတပါးယဉ်ကျေးမှု အတွေးအခေါ်များ၊ ၀င်ရောက်လာကြ စေရန် မြောက်ပိုင်းကွန်မြူနစ် နိုင်ငံကြီးတခုမှ ယဉ်ကျေးမှုများ၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး လုပ်ရပ်များကို မီဒီယာများ မှတဆင့် ကျူးကျော်ကူးစက်ခွင့်ပြုထားသည်။ ဒီကြားထဲ မျိုးချစ်စိတ် အရင်းခံဖြင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ရပ် များ လုပ်ဆောင်ဖို့ လိုနေပြီဖြစ်ကြောင်း အကြံပြုကြသည့် နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူ အဖွဲ့အစည်းများကို ပြည်ပ သြဇာခံ ပုဆိန်ရိုး၊ တိုင်းတပါး ယဉ်ကျေးမှုနှင့် နိုင်ငံရေးစနစ်ကို အောက်ကြို့ခံ အတုယူဖို့ မိုက်မဲစွာ ကြိုးစား နေသည် ဟု စွပ်စွဲသေးသည်။ သူတို့ပါးစပ်က နတ်စကားထွက်ရဲသေးသည့် အရှက်တရား မရှိသော စစ်ခေါင်းဆောင်များကို ကျနော်တို့မျိုးချစ်လူငယ်တွေက အံ့အားသင့်မိကြ၏။ သူတို့ဘယ်လိုဘဲ နတ်စကားထွက်ထွက် ပြင်ပလူနေမှုတွင် မြင်နေကြ ရသည့် မျိုးဆက်သစ်ဖြစ်လာမည့် ကလေးငယ်တို့ကို ကြည့်လိုက်ရုံဖြင့် စိတ်မချမ်းမြေ့ဖွယ် မြင်ကွင်းတို့ကို တွေ့မြင်နိုင် ပေမည်။

ကျံကျောင်းဓားနှင့် ရှဲရှဲနီ တကြော်ကြော်အော် ဆော့ကစားနေသော မျိုးဆက်သစ် ကလေး သူငယ် တို့ ကြီးပြင်းလာ နေသော ဤခေတ်တွင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ဓါတ်ပုံကို ဦးညွတ်အလေးပြုမိယုံဖြင့်၊ ချက်ချင်း ဖမ်းချုပ်ထောင်ချခံရသော အုပ်ချုပ်ရေးစနစ်၊ မိမိ မကြေနပ် သော အကြောင်းအရာ၊ မိမိယုံကြည်သော အတွေးအခေါ်၊ မိမိ အနာဂတ်အတွက် တင်ကြိုအားမရ နိုင်သည့် အဖြစ်အပျက်စသော အမှန်တရားတခုခုကို လူပုံလယ်ရှေ့ ရင်ဖွင့်ပြောဆို မိယုံဖြင့် ထောင်ဒါဏ် နှစ်ရှည်ကျခံနိုင်ရသည့် ဥပဒေ၊ ဒီကနေ့လို ကြပ်တည်းမွတ်သိပ်မှု အပြည့်ပြည့်ဖြင့် အရာရာကို ကြောက်ရွံ့နေရသော စစ်အုပ်ချုပ်ရေးစနစ်ဆိုးကြီးသည် အနာဂတ် ကျနော်တို့ တိုင်းပြည်ကို ထိတ်လန့်ဖွယ်ကောင်းစွာ ခြိမ်းခြောက်နေသည်ကို လူငယ်တွေ တွေးတော ဆင်ခြင် မိကြဖို့ အရေးတကြီးလိုနေပြီဖြစ်၏။ အသက်အရွယ်အတွေ့အကြုံ ရင့်ကျက်ပြီး ဖြစ်သည့် အုပ်ချုပ်ရေးပိုင်း၊ အုပ်ထိမ်းမှုပိုင်းဆိုင်ရာ တာဝန်ရှိသူများကလည်း ထိုအခြေ အနေဆိုးတို့ကို သိရှိ ရိပ်မိ၊ နောင်တရကာ ပြင်ဆင်ပြေင်းလဲရေးတွေ လုပ်ရမည့်အစား လူငယ်ထုကိုညံ့ဖျင်းသည့် ပတ်ဝန်းကျင်တွေထဲ နစ်မြုပ် နေကြသည်ကို ဖာသိဖာသာ နေနေကြ၏။ ရှေ့ဆောင်နွားလား အုပ်ချုပ်သူများမှ ဖြောင့်ဖြောင့်မသွားသောအခါ မြန်မာ ပြည်တွင်း လူမှုဆက်ဆံရေး ပတ်ဝန်း ကျင်သည် လျင်သူစားစတမ်း၊ လည်သူဝါးစတမ်း၊ ဦးသူခူးးစတမ်း စိတ်ဓါတ်ဖြင့် နေ ထိုင်ကျင့်ကြံသူ တကိုယ်ကောင်းစိတ်ဓါတ်ပိုင်ရှင်တို့သည်သာ အောင်လံထူနိုင်သလို၊ တရားမျှတသလိုဖြစ်လာ၏။...

ထိုအချင်းအရာတို့ကို အစဉ်အမြဲ ထိတွေ့နေရသည့် ရိုးသားသောလူငယ်တိုသည် ခံယူချက်နှင့် စိတ်ဓါတ်၊ အောက်တန်းကျသည့် စံနှုန်းလွဲသော အပြုအမူများ၊ ဖြတ်လမ်းမှ အလွယ်တကူ ငွေရနိုင် ရေးနှင့်၊ လတ်တလောရင်ဆိုင်နေရသည့် ဆင်းရဲတွင်းမှ မြန်မြန်လွတ်ကင်းနိုင်မည့် ကြုံရာကျဗန်း ပေါ်ပင်ခေတ်စား လုပ်ရပ်များ၊ တွေးခေါ်လုပ် ကိုင်ခြင်းသည်သာလျှင် လတ်တလောဘ၀၏ ကယ်တင်ရှင် ဖြစ်နိုင်သည် ဟူသော ယွင်းချော်သည့် ယုံကြည်ချက်များ ဖြစ်ပေါ် မွေးမြူလာ ကြသည်။

“ဖ”လေးလုံးဟုခေါ် သည့် (ဖဲ၊ ဖာ၊ ဖိုး၊ ဖစ် ) ဖဲရိုက်ခြင်း၊ ဖာလိုက်ခြင်း၊ နံပါတ်ဖိုးထိုးခြင်း၊ ဖစ်ဟုခေါ်သည့် ဆေးခြောက် စိတ်ကြွဆေးသုံးစွဲခြင်း စသည့် ရင်ကျိုးနာကျည်းဖွယ် ပျက်စီး ခြင်းများအပြင် စိတ်ဓတ်ဝဲစားသော ဖြတ်လမ်းမှ အလွယ်တကူငွေရနိုင်ရေး လုပ်ရပ်များဖြစ်သည့် (ယနေ့ခေတ်စားနေသည့် ဘောလုံးပြိုင်ပွဲမှ လောင်းကြေးထပ်လောင်း ကစားသော ) တလုံးထီ၊ ထိုင်းနိုင်ငံ၏ စတော့ရှယ်ယာ ဂဏန်းကို လောင်းသော နှစ်လုံးထီ၊ ထိုင်းနိုင်ငံမှ ချဲ သုံးလုံးထီ၊ မြန်မာပြည်တွင်းမှ ကြောက်ခမန်းလိလိ မက်မောလောက်ဖွယ် အပိုဆုကြေးများပေးမည်ဟု အကြီးအကျယ်ကြေငြာကာ တွင်တွင် ကျယ်ကျယ်ရောင်းချနေသော အောင်ဘာလေထီထိုးခြင်း၊ လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်၊ ဂုံးဂင်း၊ အနီထောင်၊ စသော စသော စသော နည်းမျိုးစုံဖြင့် လောင်းကြေးထပ် ယှဉ်ပြိုင်ရသော လောင်းကစားခြင်းစရိုက်ဆိုးများ ပျံ့ နှံ့ကူးစက်လာကြသည်။ ရမ္မက်လောဘ အတောမသတ် နိုင်သည့် အလေ့အကျင့်ဆိုးများ၊ တွေးအခေါ်ရိုင်းများ၊ အကျင့် စာရိတ္တ၀ဲစားသော စရိုက်ကြမ်းများ စသည်တို့အပြင် နောင်မျိုးဆက်နှစ်ဆက်ခန့်အထိတိုင်အောင် အလွန်တရာ၊ ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကူးစက်စေနိုင်သော၊ အလေ့အကျင့်ဆိုးတို့ တဖြည်းဖြည်း ကူးစက်လာကြသည်။

အထက်ဖား အောက်ဖိ၍၊ ကိုယ်ကျိုးသာရမည်ဆိုလျှင် မည်သူ့မျက်နှာမျှ မထောက် ရက်စက် ယုတ်မာ အောက်တန်းကျစွာ ကုလားဖန်ထိုး နှိမ်နှင်းသုတ်သင်၊ နင်းခွကျော်တက်၊ ခုတုံးလုပ် တတ်သည့် စိတ်ဓါတ်၊ ငါတကော ကောပြီး ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် ဖြစ်ချင် ရာဖြစ် စိတ်ဓါတ်။ ကလိန်ကကျစ် ညာဖြီးပြောဆို တတ်ပြီး၊ ကိုလိုရာဆွဲ လိမ်ညာတတ်သော စိတ်ဓါတ်။ ကိုယ့်လူမျိုးချင်း ထောင်တွင်းပို့ပြီး ကိုယ်ကျိုးစီးပွားရှာသော အင်ဖော်မာ သတင်းပေး စိတ်ဓါတ်။ သြဇာအာဏာရှိသူတို့ထံ ဒူးထောက်ခစားပြီး မိမိအခွင့်အရေးတောင်းရမ်းတတ်သည့် သူတောင်းစား စိတ်ဓါတ်။ မှန်တာမပြောရဲ မှန်တာမလုပ်ရဲသော လူကြောက်လူအစိတ်ဓါတ်။ သာရာစီး ကိုယ်ကျိုးရှာ စိတ်ဓါတ်။ အခွင့်အရေး တခုရဖို့အတွက် မိမိကိုယ်ကျင့်သိက္ခာကိုပင် ရောင်းစားမည့် စိတ်ဓါတ်။ ကိုယ့် ကိုယ်ကျိုးစီးပွား ကောင်းစားဖို့ ကိုယ့်သား မယား ကောင်းစားဖို့ အတွက် မိမိတိုင်းပြည်နှင့် မိမိလူမျိုးကို ရောင်းစားသည့် စိတ်ဓါတ်။ ရေသာခို အချောင်သမား စိတ်ဓါတ်။ ခယ၀ယ မြှောက်ထိုးပင့်ကော် ဖေါ်လံဖါးစိတ်ဓါတ်။ တိုင်းချစ်ပြည်ချစ်စိတ် ကင်းမဲ့မှု စိတ်ဓါတ်။ မရိုးသား မဖြောင့်မတ်စွာ နိုင်ငံရေးခုတုံး လုပ်ပြီး ကိုယ်ကျိုးစီးပွား ရှာတတ်သော စိတ်ဓါတ်။ အပြောတမျိုး အလုပ်တမျိုးစိတ်ဓါတ်။ သစ္စာမရှိ ကတိမတည်သော လူကြီးလူကောင်း မပီသသည့်စိတ်ဓါတ်။ လာဒ်စားခြစား တတ်သည့်စိတ်ဓါတ်။ လူရည်လည် ပါးနပ်လိမ္မာမှုထက် ပိုမိုသော ဖျံကျကောက်ကျစ် တတ်သည့်စိတ်ဓါတ်။ လူရှေ့တွင်တရားမျှတ၊ သမာသမတ်ရှိလေဟန် ဆောင်ပြီး ကွယ်ရာတွင်သြချရလောက်သည့် အောက်တန်းကျမှုများလုပ်သော ကြောင်သူတော် လူကြီးလူကောင်းဟန် ဆောင်တတ်သည့်စိတ်ဓါတ်။ အာဏာရှသူကို ၀ပ်တွားခယပြီး ကိုယ်ကျိုး တခုအတွက် အနားပြာလုပ်တတ်သော ဖေါ်လန်ဖါး ကင်ပေတိုင့် စကားပြန် စိတ်ဓါတ်။ ပုဆိန်ရိုးသစ္စာဖောက် ကွင်းစလင် (မိမိကောင်းစားဖို့တခုတည်းအတွက် တိုင်းပြည် တပြည်လုံးကို နာဇီ ဂျာမနီ ဖက်ဆစ်တို့အား လက်ညိုးထိုးရောင်းစားခဲ့သော နော်ဝေနိုင်ငံ စစ်ဝန်ကြီးတစ်ဦး) စိတ်ဓါတ်။ လူလိမ်လူကောက်၊ လူရှုပ်လူပွေ၊ လူပွေလူလွင့်၊ လူပေါလူချာ၊ လူပျာလူခိုး၊ လူဆိုး လူမိုက် စရိုက်စိတ်ဓါတ်။ အာဏာတန်ခိုး မက်မောတတ်သည့် စိတ်ဓါတ်။ တရယူပြီး တမှီနှိုက်မည့် စိတ်ဓါတ်။ ဘနဖူး သိုက်တူးမည့် စိတ်ဓါတ်။ စသော စသော စစ်အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတို့၏ စံနမူနာပြ၊ ခံယူချက်၊ စိတ်ဓါတ်၊ စောက်ကျင့်၊ လုပ်ရပ်ဆိုးများ၊ ပြည်သူများအကြား၊ မျိုးဆက်သစ်လူငယ်များအကြား တဖြည်းဖြည်း ပျံနှံ့လှိုက်စား လာခြင်းဖြင့် နိုင်ငံကြီး တခုလုံး သိသိသာသာ ဆုတ်ယုတ် နိမ့်ပါးလာနေခဲ့ခြင်းပင်ဖြစ်၏။

ထိုအချက်များထက် ပိုမိုဆိုးရွားလွန်းသည်မှာ ဤရွေ့ဤမျှချုပ်ချယ်တင်းကျပ် လှပါသည်ဆိုသော စစ်အာဏာရှင် ခေတ်အတွင်းမှ၊ အခုတမျိုး တော်ကြာတမျိုး၊ အာဏာရှင် ဗိုလ်ချုပ်ကြီးများအလိုကျ လိုသလို တင်းလျှော့နိုင်သည့် ဥပဒေ စည်းမျဉ်းများ၊ ပြင်းထန်ရက်စက်လှသော ပြစ်ဒဏ်များကို အမှုမထား၊ ဂရုမစိုက်ဘဲ နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် တခု တည်းဖြင့်သာ အရာရာကို မကြောက် မရွံ့ရင်ဆိုင်၍ စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ထွန်းရရှိလာရေး ဆောင်ရွက် ကြိုးပမ်းနေကြသော ပြည်သူသားကောင်းမျိုးချစ် အာဇာနည်လူတော်၊ လူကောင်းများကို ရမယ်ရှာ ဖမ်းဆီး ချုပ်နှောင်နှိပ်စက်ခြင်း၊ ၎င်း မျိုးချစ်နိုင်ငံရေးလုပ်ဆောင်သူတို့နှင့် ပတ်သက်တော်စပ်သော မိဘဆွေမျိုးသားချင်း မကျန်၊ ဘ၀ရပ်တည်နေမှု ယိုယွင်းပျက်ပြားယိုင်နဲ့အောင် အဓမ္မနည်းလမ်း အမျိုးမျိုး၊ မတရားသော အနိုင်ကျင့်မှု လုပ်ရပ်အမျိုးမျိုးသုံး၍ ဖိနှိပ် ရက်စက်၊ ကွပ်ညှက်ခြင်းတို့ဖြင့် စစ်အာဏာရှင်စနစ်ကို နှောင့်ယှက်ဟန့်တား၊ ကန့်ကွက် လာသူမှန်သမျှကို သုတ်သင် နှိပ်ကွက်ဖယ်ရှားနေခြင်း စသည့်အခြေအနေဆိုးများ ဖြစ်ပေသည်။

မည်သည့် ဥပဒေ၊ မည်သည့်ပုဒ်မနှင့်မျှ ငြိစွန်းခြင်းမရှိပါဘဲလျှက် အကြမ်းမဖက် ငြိမ်းချမ်းစွာဖြင့် စစ်မှန်တည်ငြိမ် သော မြန်မာ့ဒီမိုကရေစီ စနစ်ပေါ်ထွန်းလာရေး ဆောင်ရွက်နေသော အမျိုးသား နိုင်ငံရေးလှုပ်ရှားသူများနှင့်၊ အမျိုးသား နိုင်ငံရေး ခေါင်းဆောင်များ၊ လူထုခေါင်းဆောင်များ ဖြစ်သော ဦးတင်ဦး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်များစွာကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင် ထိမ်းသိမ်းထားသည်မှာလည်း ယနေ့ ကမ္ဘာတစ်ဝန်း အသိပင်ဖြစ်သည်။ ဤအကြောင်းအရာ တခုတည်းဖြင့်ပင် မြန်မာနိုင်ငံမှ စစ်အာဏာရှင် များ၏ ယုတ်မာဆိုးဝါး ရက်စက်ပုံကို ကမ္ဘာက မျက်ဝါးထင်ထင်တွေ့ရှိပြီး၊ ရက်စက် သော အာဏာရှင်စနစ်၏ လက်အောက်၌ ဆင်းရဲချို့တဲ့စွာ နေကြရရှာသော၊ အပြစ်မဲ့ တိုင်းရင်း သား ပြည်သူများအပေါ် စာနာစွာ၊ ကူညီပံ့ပိုးပေးနိုင်ရန် နည်းလမ်းရှာဖွေ အဖြေထုတ်နေ ကြပြီ ဖြစ်သည်။

ယနေ့မြန်မာ့သက္ကရာဇ် ၂၀၀၆ ခုနှစ်အတွင်း မြန်မာပြည်အရေးနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ ကမ္ဘာ့ နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ် လေ့လာ သုံးသပ်၍ တစုံတခုသော အတိုင်း အတာအထိ ပြုပြင်ပြောင်းလဲမှု ဖြစ်ပေါ်လာစေရန် ၀ိုင်းဝန်းကြိုးပန်းဆောင်ရွက်နေကြပြီ ဖြစ်၏။

ပြည်တွင်းပြည်ပမှ မျိုးချစ်နိုင်ငံရေး အင်အားစုများကလည်း အကြမ်းမဖက်သော ငြိမ်းချမ်းရေး နည်းလမ်းစဉ်ဖြင့် ဒီမိုကရေစီအမြန်ဆုံး ရရှရန် နိုင်ငံတကာ၏ နားလည် ထောက်ခံမှုကို ရယူ ကြိုးပမ်းဆောင်ရွက်နေကြပြီး ပြည်သူလူထု တရပ်လုံး၏ စိတ်ရော ကိုယ်ပါ အားပေးထောက်ခံမှုကို ယခုရရှိနေသည်ထက် ပိုမိုပြင်းထန်ခိုင်မာသော စုစည်းညီညွတ်စွာ ပေါင်းစည်းမှုကို အမြန်ဆုံး ရရှိတည်ဆောက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက် နေကြချိန်ဖြစ်၏။ မြန်မာပြည်ဖွား တိုင်းရင်းသား ပြည်သူများထဲမှ ကိုယ့်မွေးရပ်မြေ၊ ဤတိုင်းပြည်ကို စစ်မှန်စွာ မြတ်နိုးလေးစားချစ်ခင်သော အမျိုးသား၊ အမျိုးသမီး လူကြီး လူငယ်အားလုံးတို့သည် အမိမြန်မာပြည်ကို ဤစစ်အာဏာရှင် စနစ်ဆိုးအောက်မှ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဖြစ်တန်စွမ်းသောနည်းလမ်း ပေါင်းစုံဖြင့်၊ စုစည်းညီညွတ်စွာ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် အချိန်အခါကျရောက်နေ ပြီဖြစ်ကြောင်း၊ အလေးဂရုပြုမိပါစေရန် ရည်ရွယ်၍ ကျနော် မျိုးချစ်စစ်ဗိုလ်နှင့် မျိုးချစ်စစ်သားများမှ လှုံ့ဆော်တိုက်တွန်းရင်း၊ ကိုယ်တိုင်လည်းစံနမူနာပြအဖြစ် တိုင်းပြည်၏ အရေးအရာတို့တွင် တတ်စွမ်းသမျှပူးပေါင်းကူညီ ဆောင်ရွက်နေပါသည်။

တိုင်းပြည်တာဝန်ထမ်းဆောင်နေသည်ဟု မိမိတို့ဘာသာရိုးသားစွာ ယုံကြည် ထားကြသော၊ အရာရှိ(ခေါ်) စစ်ဗိုလ် လူတန်းစားတစ်ရပ်၊ စစ်တပ်လက်နက်ကိုင်အဖွဲ့ အစည်းတရပ်အတွင်း၊ စစ်ဗိုလ်ချုပ်ကြီးများက အထက်ပါအမျိုးသား အရေး၊ နိုင်ငံရေး လှုရှားဆောင်ရွက်နေသူများအပေါ် မနာလိုမုန်းထားစိတ်၊ ဆန့်ကျင်လိုစိတ် ဖြစ်ပေါ်နေအောင် စစ်တပ်တွင်းအမှုထမ်းများအား နားလည်မှု၊ ခံယူမှုလွဲမှားစေရန် ပါးနပ်စွာ ၀ါဒဖြန့်ထားခြင်းခံခဲ့ရမှန်း ကျနော်တို့မျိုးချစ် စစ်သည် အများစုက ယနေ့အချိန်တွင် သိရှိလာပေပြီ၊ စစ်တပ်လွှမ်းမိုးသောနိုင်ငံ အုပ်ချုပ်ရေး စနစ်နှင့် ပတ်သက်၍ စစ်အာဏာရှင်စနစ်ဆိုး တခုတည်းတည်တန့်ရေး အတွက်သာ ခံယူကျင့်သုံးချက် ၀ါဒရေးရာ လမ်းလွှဲမှုများဖြင့် မိမိတို့ တပ်ဖွဲ့ဝင်များ၏ လုပ်ဆောင်နေကြရမှုများကို အဟုတ်ထင် နေအောင် လိမ်ညာဝါဒဖြန့်ထားခြင်းခံရမှန်း ခံစားနားလည် သိရှိလာသူ များစွာတို့ပေါ်ပေါက် လာပေပြီ၊ ကြုံရာ၊ ရရာအခြေအနေများကို စူးစမ်းလေ့လာရာမှ တဆင့်တက်ကာ၊ သမိုင်းအပေါ် အခြေပြုသော နိုင်ငံရေး ဆင့်ကဲပြောင်းလဲမှုအပေါ် လေ့လာသုံးသပ်ခြင်း၊ သတင်းနည်းပညာ၊ လွတ်လပ်သော ပြည်သူ့အကျိုးပြု စာအုပ်စာပေနှင့် ကမ္ဘာ့ လွတ်လပ်သော သတင်းမီဒီယာများ မှတဆင့် ဆန်းစစ်လေ့လာခြင်း အတွေ့အကြုံ တွေရလာမှ မိမိတို့ဘ၀အခြအနေမှန်တွေ သိလာခဲ့ကြ၏။

စစ်အာဏာရှင်စနစ်၏ ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှသည့် ခေတ်နှင့် မလျှော်ညီတော့သော ပဒေသရာဇ် ဆန်ဆန်၊ အာဏာသုံး ကိုယ်ကျိုးရှာသူများ ကြီးစိုးဖို့ အချင်းချင်းအာဏာ စားခွက် လုနေကြပုံများ၊ သူတို့တန်ခိုးသြဇာ ကြီးမားမှု အထောက် အကူပြုသည့် လူသတ်လက်နက်၊ အဖျက်လက်နက်များ ၀ယ်ယူနိုင်ရန် နိုင်ငံခြားငွေ ရသည့်နည်းဖြင့် ရှာနေကြပုံများ၊ တိုင်းပြည်၏ ရေရှည်အမွေအနှစ်များ၊ ပြည်သူတိုင်းပိုင် ဆိုင်သည့် သယံဇာတအရင်းအမြစ်များကို သူတို့ ဘိုးဘွားပိုင် အမွေကဲ့သို့ လက်ညိုးထိုး ရောင်းစားနေသော စစ်ဗိုလ်ချုပ်များ၏ အတွေးအခေါ်မဲ့စွာ လုပ်ချင်ရာ လုပ်နေမှု လုပ်ရပ်များကြောင့် တိုင်းပြည်တပြည်လုံး၊ လူမျိုးတမျိုးလုံး ကမ္ဘာမြေပေါ်မှ ပျောက်ထွက်သွား နိုင်သည်အထိ စိုးရိမ်ဖွယ်ကောင်းလှသော အနာဂတ်အရေး တွေးဆပူပင်လာ မိသည်။ ယနေ့ တိုင်းပြည်အပေါ် စနစ်ဆိုးကြီးတခုဖြင့်၊ ဂုတ်ပိုးခွစီး ဖျက်ဆီးနေသည့် စစ်အာဏာ ပိုင် အခွင့်ထူးခံ လူတန်းစားတရပ်အတွင်း ရိုးသားစွာ တိုင်းပြည်ကိုချစ်မြတ်နိုးသော စိတ်ဓါတ် အရင်းခံထားကာ အတတ်နိုင်ဆုံး ကိုယ်ကျင့်သိက္ခာ ထိမ်းသိမ်း၍ ကျင်လည်ဖြတ်သန်းနေခဲ့သော မျိုးဆက်သစ်လူငယ်အရာရှိ တစ်ဦး၏ ယနေ့ဖြစ်ပေါ်နေသော အမိနိုင်ငံအတွင်း ကောင်းမှု၊ ဆိုးမှု အထွေထွေ အခြေအနေ အရပ်ရပ်တို့အပေါ်၊ ပွင့်လင်းရိုးသားစွာ ရှုမြင်သုံးသပ်မိသမျှအား၊ တတ်စွမ်းနားလည်သရွေ့ စီစဉ်ရေးသား တင်ပြသွားခြင်း သာဖြစ်ပါ၍၊ ဖြုတ်သတ္တ၀ါငယ်၏ အတွေးအခေါ်မျှ၊ အရေးအသားငယ်ဟု ဆိုချင်ဆို၊ မှတ်ချက်ပြုလိုပါကပြုပါ။ တိုင်းပြည်အနာဂတ် အတွက် ကောင်းမွန်သော ဦးတည်ချက်ဖြင့် အရေးကြီးသော ကဏ္ဍများအား ပြုပြင်ပြောင်းလဲ ရေးများ လုပ်ဆောင် ရာတွင်တနည်းတဒေါင့်မှ၊ တစုံတခုသော အတိုင်းအတာ နယ်ပယ်တချို့အထိ အထောက်အကူပြုနိုင်လျှင် ကျနော့်ရည်ရွယ်ချက် အထမြောက်ပါ၏။ အပင်ပန်းခံ စွန့်လွတ် ပေးဆပ်ရကျိုးနပ်ပါ၏။

စစ်အာဏာရှင်စနစ် လည်ပတ်ရေးအဓိက ယန္တရား တစ်ခုဖြစ်သော မြန်မာ့တပ် မတော်အတွင်း ဖြစ်ပေါ်ခံစား နေရသော တကယ့်အခြေအနေမှန်များ၊ မျိုးချစ်မြန်မာ့တပ်မတော်ဟူသော အစဉ် အဆက် ဂုဏ်ရောင် ထွန်းပြောင်လာ ခဲ့သော ယနေ့မြန်မာတပ်မတော်၏ ယနေ့ကာလ အောက်ခြေ အဖွဲ့အစည်းများအတွင်း ဖြစ်ပေါ်ခံစားနေကြ ရသော လက်တွေ့ဘ၀များကို ပြည်သူလူထုတရပ်လုံး၊ ကမ္ဘာ့လူသားများအားလုံးသိမြင် နားလည်လာနိုင်စေရန်အတွက် မြန်မာ့ တပ်မတော်(ခေါ်) လက်နက်ကိုင် စစ်တပ်အတွင်းသို့ ကျနော်စတင်ဝင်ရောက်ခဲ့ချိန်မှစ၍ ယနေ့ ၂၀၀၅ ခုနှစ် ၀န်းကျင် အထိ ရင်ဆိုင်ဖြတ်သန်း တွေ့ကြုံခဲ့ရသမျှ အကြောက်းအကျိုး၊ အကောင်းအဆိုးအားလုံးကို မချွင်းမချန် တင်ပြသုံးသပ် ဖေါ်ပြသွား မည်ဖြစ်၏။

နိဒါန်းတွင် အစပျိုး ဖေါ်ပြခဲ့ပြီးသော မြန်မာနိုင်ငံ ပြင်ဦင်္းလွင်မြို့ရှိ စစ်သက္ကသိုလ်သို့ ကျနော်စတင် တက်ရောက် ပညာသင်ကြားရန် ကြိုးစားခဲ့သည့် အချိန်မှစတင်၍ မြန်မာ့မျိုးချစ် လူငယ်တဦး၏ မိမိနိုင်ငံနှင့် နိုင်ငံရေးစနစ်အပေါ် နားလည်သုံးသပ် ရှုမြင်မိ သမျှတို့ကို ရေးသားပြုစု၍ တင်ပြသွားပါမည်။ နောင်တစ်ခေတ်၏အောင်စစ်သည်များ ဖြစ်သော ယနေ့မြန်မာ့တပ်မတော်မှ မျိုးချစ်စစ်သားများအနေဖြင့် မိမိတို့တိုင်းပြည်ကို ဓါးမိုးအုပ်ချုပ်နေသော စနစ်ဆိုးကြီးဖြစ်သည့် စစ်အာဏာရှင်စနစ်တည်တံ့ လည်ပတ်ရေး၊ ဖိနှိပ်အုပ်ချုပ်မှု ယန္တရားကြီးအတွင်း မသိနားမလည် စွာဖြင့် ကိုယ်တိုင်ပါဝင် နေကြ ရသောဘ၀မှ၊ လျှင်မြန်စွာ ရုန်းထွက်လွတ်မြောက်နိုင်ရေး၊ ဦးဆောင် လမ်းပြအဖြစ် မိမိတို့ကိုယ်တိုင် ဖြတ်သန်း ရင်ဆိုင်နေခဲ့ကြရသော စစ်တပ်အတွင်းအတွေ့အကြုံ၊ အခြေအနေ၊ အဆိုးအကောင်း အကျိုးးအကြောင်းများကို အခြေခံကာ(တပ်မတော်၏ သဘောထား အမှန်များကိုသိမြင်လာကာ) အမှန်တရားကိုရှုမြင် သုံးသပ်နားလည် လက်ခံလာကြပြီး၊ အမိမြန်မာ ပြည်၏ အနာဂတ်တွင် လွတ်လပ်ဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ်၊ အမြန်ဆုံးပေါ်ပေါက် နိုင်ရေး ကြိုးပမ်းမှုဖြစ်စဉ်များတွင်၊ အုတ်တစ်ချပ်၊ သဲတစ်ပွင့်များ အဖြစ် ပါဝင်ကြိုးပမ်း လာနိုင် ကြပါစေခြင်းငှာ ရည်မျှော်ဆန္ဒ ရှေ့ထားပြီး ရှေးဦးစွန့်လွတ်ပေးဆပ်နေခြင်းဖြစ်ပါသည်။ ဒီမိုကရေစီ မြန်မာပြည် တည်ဆောက်ရေးသမိုင်းတွင် တနည်းတဖုံ အထောက် အကူပြုနိုင်မည်ဟု လေးလေးနက်နက် ယုံကြည်ချက်ဖြင့်၊ စစ်မှန်သောမျိုးချစ်စိတ်တခုကိုသာ အရင်းခံစေတနာထား၍ ဤစာစုများကို ကြိုးစားပြုစု ရေးသားသွားမည်ဖြစ်ပါသည်။

နောက်တစ်ပတ်တွင် စစ်သက္ကသိုလ်၏ စစ်အရာရှိလောင်း၊ ဗိုလ်လောင်းများ လေ့ကျင့် သင်ကြားပုံ များကို ဖေါ်ပြ ရှင်းလင်း သုံးသပ်ချက်များနှင့်တကွ ဆက်လက်ဖေါ်ပြ ပါမည်။

ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)

Ref: ပြည်သူ့တပ်မတော်

Read More...

ယနေ့ စစ်တပ်.... ဘာတွေ ဖြစ်နေသလဲ (၂)

စစ်တက္ကသိုလ်သို့ မတက်ရောက်မှီ ပြင်ပအရပ်သားဘ၀မှ စတင်၍ ကျနော်တို့အရွယ် လူငယ်တွေဘယ်လို ခံစား တွေ့ကြုံမှုများဖြင့် မိမိတို့ ဘ၀ကို ရှင်သန်နိုင်အောင်၊ ရပ်တည်ခွင့် ရအောင် ကြုံရာ၊ ဆုံရာ ၊ နီးစပ်ရာတို့မှ တဆင့် ဖြစ်သလို ကြိုးပမ်းခဲ့ကြရသည်ကို အစပြု ဖေါ်ပြ ပါရစေ။......

(ဒဿမတန်း) ခေါ် (၁၀) တန်းအောင်မြင်ပြီးသူ အသက်(၁၉) ကျနော်သည် တက္ကသိုလ် ပညာ ရေးကို ဆက်လက်ဆည်းပူး လေ့လာ သင်ကြားနိုင်ရန်အတွက် မြန်မာ့ ပညာရေးစနစ်ကို လေ့လာ သောအခါ ဖွင့်ချည်၊ ပိတ်ချည်ဖြင့် ကလေးဆော့ကစားသလို ပညာသင်ကြား နေရရှာသော ကောလိပ်များ၊ တက္ကသိုလ်များ၏ မရေရာသော အခြေနေကိုကြည့်၍ စိတ်ပျက်မိ၏။

မြန်မာ နိုင်ငံသား ဖြစ်ရသော ကိုယ့်ဘ၀ကို အားမရဖြစ်မိ၏။ ကျောင်းဖွင့်ချိန်တက်၊ ကျောင်းပိတ် လိုက်လျှင်နား၊ စာမေးပွဲမှာ မဖြေနိုင်လျှင် ခိုးချ၊ စာမေးပွဲ ကြီးကြပ်သူတို့ကလည်း မသိယောင် ဆောင်၊ စာသင်ချိန် စာမသင်ရရှာသော ကျောင်းသား၊ ယခုလို စာမေးပွဲမှာ စာခိုးမချရင် ဘယ် အောင်လိမ့်မလဲဟူသည့် တလွဲစေတနာလား၊ ရေရှည်အနာဂတ် ကြိုတင်မတွက်ချက်တတ်မှုများ လားတော့ မသိပါ။ အမှန်စင်စစ် အကြောင်းရင်းမှန် ဖြစ်သည့် မြန်မာ မျိုးဆက်သစ် လူငယ်ထု တစ်ရပ်လုံး၏ အနာဂတ် တိုင်းပြည်အတွက် အရေးအကြီးဆုံး ခွန်အားဖြစ်သော ကိုယ် ကျင့်စာရိတ္တနှင့် ဆင်ခြင်တုံတရား၊ မိမိကိုယ်ကို အားကိုး ယုံကြည်သည့် လူငယ့်အားမာန်တို့ကို ရိုက်ချိုးဖျက်ဆီိးရေး ပြုလုပ်ပြီး လူငယ်တွေ လူညွန့်တုံးအောင် စနစ်တကျ အကွက်ချ ဖျက်ဆီးရေး မဟာဗျူဟာအဖြစ် စစ်အာဏာရှင်တို့ စီမံခဲ့ကြသည်ကို မသိခဲ့ကြလေရော့သလား၊ အာဏာရှင် ဗိုလ်ချုပ်ကြီးများက ရေရှည်စီမံကိန်းများ ချမှတ်ပြီး အကောင်အထည်ဖေါ် ဆောင်ရွက် ခဲ့သည်ကို ပညာတတ်သော ပညာရေးဋ္ဌာနမှ ဆရာ၊ ဆရာမကြီးများ မသိခဲ့လေရော့သလား။ သို့မဟုတ် သိလျှက်နှင့် အလိုတူ အလိုပါ ၀ိုင်းဝန်းကူညီ လုပ်ဆောင်ခဲ့ကြလေသလားမသိပါ။

အမှန်စင်စစ် ထိုအချိန်က ကျနော်လည်း ထိုသို့သော ပညာရေး စနစ်တကျ ဖျက်ဆီးခံနေရသည် ဆိုသည်ကို မသိ။ အလွယ်တကူအောင်မြင်နိုင်သော ပညာရေးစနစ်ကိုပင် လူငယ်များအတွက် သက်တောင့် သက်သာ ရှိလှပါပေ့ဟု အပေါစားအတွေးအခေါ်ဖြင့် ကျေနပ်နှစ်သက်ခဲ့ ဖူးပါသည်။ သို့ပါသော်လည်း ထိုအချိန် ထိုကာလအထိ ကျနော်တို့ကို စာသင်သော ဆရာအများစုသည် စာ မေးပွဲ၌ စာခိုးချခြင်းကို ပြင်းထန်စွာရှုံ့ချကန့်ကွက် သူများဖြစ်ခဲ့သည်။ ဆရာတိုင်းက ဤအပေါစား ပညာရေး စနစ်ဆိုးကို အလွယ်တကူ လိုက်လျော အကောင်အထည် ဖေါ်ပေးခဲ့ကြသည် မဟုတ်ပေ။ နောင် တဖြည်းဖြည်း ပညာရေးဝန်ထမ်းများ စားဝတ်နေရေးကျပ်တည်းမှု မြင့်မားလာ သည်မှ စကာ ထိုသို့သော ပညာရေးဖြင့် ကိုယ်ကျိုးစီးပွားကို ဦးစားပေးသော ဆရာ မပီသသည့် ပညာရေး ၀န်ထမ်း များမှိုလို ပေါက်လာတော့ခြင်း ဖြစ်သည်။
ထိုပညာရေးစံလွဲမှု စနစ်ကစပြီး ပြောင်းလဲ ဖြစ်ပေါ်လာသော လူသားအရင်းအမြစ် ဆုံးရှုံးနစ်နာရမှု တို့ကို အရှိအတိုင်း ရှုမြင်သုံးသပ်ပါမည်။ လွန်တာရှိလျှင် ခွင့်လွတ်နားလည် ပေးစေလို၏။
ယနေ့ မြန်မာပြည်၏ အချို့သော လူလတ်ပိုင်းအရွယ်အတော်များများတွင် မိမိကိုယ် မိမိ ယုံကြည် အားကိုးမှု စိတ်ဓါတ်၊ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ခြင်း၊ စာရိတ္တ အခြေခံစံနှုန်း အပေါ် တန်ဖိုးထား ဂုဏ်ယူသော စိတ်ဓါတ်လျော့ကျလာသည်ကို သိရှိမိလာ၏။

မိမိတိုင်းပြည် မိမိလူမျိုး၊ မိမိ ဘာသာနှင့် မိမိအနာဂတ် အရေး ကြိုတင်မျော်မြင် တွက်ဆသော အတွေးအခေါ်တို့ အတော်ပင် အားနည်းချို့ယွင်းလာနေသည်ကို ၀မ်းနည်းစဖွယ် တွေ့မြင်နေရ၏။ ထိုအကြောင်းရင်း၏ အဓိက လက်သည်တရားခံတို့မှာ ထိုလူငယ်တို့ ကျောင်းသားဘ၀၊ ပညာသင်ကြားစဉ် ငယ်ရွယ်နုနယ်စဉ် ကာလက ရင်ဆိုင်ဖြတ်သန်းခဲ့ရသော လူစွမ်းလူစ မြင့်မား ရေးထက် လူညွန့်တုံးစေသည့် အလွတ်ကျက်ဖြေ၊ စာမေးပွဲ ခန်းမှပြန်အထွက် ဦးနှောက်ထဲ ဘာမှ မကျန်တော့သည့် ပညာရေး စနစ်နှင့် တုပနည်းယူနိုင်မှု နည်းပါးသော အကြောင်းအရာများသာ သင်ကြားတွေးခေါ် ခဲ့ကြရ၍ဖြစ်သည် ဆိုခြင်းအား မည်သူမျှ မငြင်းနိုင်ပေ။

လူငယ်ထု၏ အထွေထွေ စာရိတ္တ ညံ့ဖျင်းကျဆင်းရခြင်း၏ အဓိက အရင်းအမြစ်မှာ ကိုယ်စွမ်း ကိုယ်စရှိစရာမလို၊ ရေသာခို အချောင်လိုက်နိုင်သော စိတ်ဓါတ်များ မွေးမြူခွင့်ပေးခဲ့သော ကျောင်း ပညာသင်ကြားရေး (ကျောင်းအားလုံးတော့ မဟုတ်ပါ ) စနစ်မှ တာဝန်မဲ့ ပညာရေးဝန်ထမ်း အချို့၏ အမှားသရုပ်ပြ သင်ကြားပေးခဲ့သော လုပ်ရပ်များက အခြေခံဖြစ်ပြီး၊ မိဘဆွေမျိုး သားချင်း နှင့် အုပ်ထိန်းသူတို့၏ ကိုယ်တိုင်လည်း မိမိတို့ဘ၀ အနာဂတ်နှင့် နိုင်ငံ့အရေး ကြိုတင် မတွက်ဆ တတ်မှု၊ မသွန်သင်မှု၊ ကိုယ်တိုင်ကိုယ်ကျ မသိနားမလည်မှုများကြောင့် အရာရာကို လေ့လာ သင်ယူနေသူ လူငယ်တို့ ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများ မဖြစ်လာနိုင်ခဲ့ ခြင်းဖြစ် သည်။ မိဘအုပ်ထိန်းသူများက ထိုအခြေခံ အကြောင်းရင်း တို့ကို သိနားလည်ခဲ့ပါသော်လည်း စံနမူနာပြအဖြစ် အမှန်တရား ဘက်မှရဲရဲရင့်ရင့် ထောက်ခံသော အတွေးအခေါ်၊ လုပ်ရပ်များ လုပ်ဆောင် ပြသနိုင်ခြင်း ကင်းမဲ့အောင် စနစ်တကျဖန်တီးထားသော ကြောက်မက်ဖွယ် စစ်အုပ် ချုပ်ရေး စီမံချက်များကြောင့် ဆိုသောဆင်ခြေဖြင့် သတ္တိရှိရှိ မလုပ်ရဲ မတွေးရဲ၊ မြိုသိပ်ဆဲဆို နေနေခဲ့ကြသော လူလတ်ပိုင်း၊ လူကြီးပိုင်း အချို့၏ ရဲရင့်မှု အားနည်းခြင်း စံနမူနာတွေကလည်း ရေနစ်သူ ၀ါးကူထိုး သလို လူငယ်တွေ အတွေး အမြင်ပိတ်ဆို့စေခဲ့သည်။ ခံယူချက်များ လမ်းလွဲမှု အပေါ် ပံ့ပိုးအားပေး ကူညီခဲ့ကြသလို ဖြစ်စေခဲ့သူများဖြစ်သည်။ မျိုးရိုးနှင့်ချီ၍ ယခင်က မရှိခဲ့ဘူး သေးသည့် အရာရာကို ကြောက်တတ်သော၊ မြိုသိပ်ကြိတ်မှိတ် ခံစားတတ်သော စိတ်ကို ပံ့ပိုး မွေးမြူစေ ခဲ့သလိုဖြစ်ခဲ့ရ၏။

အလွယ်နည်းဖြင့် မိမိတို့ဘ၀ကို တန်ဖိုးမထားစွာ ရင်ဆိုင်ရန်၊ နားလည်မှု လွဲမှားစွာ ခံယူ ဆောက်တည် သွားနိုင်ဖို့ ကူညီပံ့ပိုး နည်းလမ်းပြသလို ဖြစ်နေသည့်နေ့စဉ်ဘ၀ အခြေအနေ များစွာတို့ကို ရင်ဆိုင် နေကြရခြင်းကလည်း လူငယ်ထု၏ စိတ်ဓါတ် ခံယူချက်တို့ နိမ့်ကျလျော့ပါး စေသည့် အခြေခံကျသော အကြောင်းရင်း တစ်ခုဖြစ်သည်။ မိမိတို့ဘ၀ အနာဂတ်ကို မိမိတို့ ဘာသာ အဆုံးအဖြတ်ပေး လမ်းထွင် ဖေါက်လုပ်နိုင်ရေး လမ်းကြောင်း ခွန်အားပြုမည့် ဘ၀ သင်ခန်းစာ သင်ကြားရေး အခြေအနေ များအပေါ် စနစ်တကျ၊ အကွက်ချ လုပ်ဆောင်ဖျက်ဆီး လမ်းလွဲခံရမှုများ၊ သင်ခန်းစာ စံနှုန်း အတုအယောင် များဖြင့် ဆွဲဆောင် သင်ကြား နည်းယူမှားကာ အမှားသရုပ်ပြ သင်ကြားခြင်းများစွာ နေ့စဉ် သင်မြင် နေခဲ့ကြရခြင်း တို့ကလည်း မိမိတို့၏ မြန်မာပြည်သား လူ့ဘ၀ ရသကို ထင်မြင်ပေါ်လွင်မှု၊ ခံစားအားတင်းမှု ဆုတ်ယုတ်စေခဲ့သည်။ သင်ကြား နည်းယူမှု၊ အမှန်တရားကို မမြင်သာ မမြင်ရဲအောင်၊ အမှန်အတိုင်း လုပ်ဆောင် ကြိုးပမ်း သူ နည်းပါးအောင် ဖန်တီးထားသော စစ်အာဏာပိုင် ထောက်လှမ်းရေး စက်ဝန်း ယန္တရား၏ ကိုယ့်လူမျိုး အချင်းချင်းပင် ပွင့်လင်းယုံကြည်ရန် ခက်ခဲအောင် ၀ါဒဖြန့် စောင့်ကြည့် ထောက်လှမ်း နေသည့် ဖက်ဆစ်ကင်ပေတိုင် စစ်ပုလိပ်ဆန်ဆန် ကြီးစိုးအုပ်ချုပ်ရေး စနစ်ဆိုးကလည်း လူငယ်တို့ အနာဂတ်ကို တတိတိ တိုက်စား ဖြိုဖျက်နေ၏။

ဒီကြားထဲ တရားမ၀င် ခိုးသွင်းလာသည်ဆိုသော လိင်ဆက်ဆံရေး၊ ညစ်ညမ်းမှု ဇာတ်လမ်း ရုပ်ရှင်များ နေရာတကာတွင် ဗြောင်ကျကျ ပြသ၍ လူတိုင်း အလွယ်တကူ ကြည့်ရှုနိုင်အောင် ဥပဒေမဲ့၊ ဖြစ်ချင်ရာဖြစ်၊ ပြချင်ရာပြပိုင်ခွင့် ပြုထားသည့် အခြေအနေကလည်း အရွယ်မရောက် သေးသူ လူငယ်တို့ကို လမ်းမှားသို့ စောစီးစွာ တွန်းပို့ပေးနေကြပြန်၏။ ထိုသို့သော လူငယ်ထု အကျင့်စာရိတ္တပျက်ပြား ချို့တဲ့ရေး အထောက်အကူပြုသည့်ယဉ်ကျေးမှု ထိုးဖေါက် ၀င်ရောက်လာ မှုများကိုမူ အာဏာပိုင်တို့က မသိကျိုးကျွန်ပြုနေကြသည်။ ဆင်းရဲချို့တဲ့နေ သည့်မိမိတို့ဘ၀ကို နားမလည်ဘဲ မျိုးဂုဏ် ရိုးဂုဏ်မထောက် မြန်မာ မိန်းမပျိုလေးမျာ ကိုယ်ခန္ဓာရောင်းစားပြီး ဖြတ်လမ်းမှ ငွေကြေးရှာလိုစိတ်ကို ဆွဲဆောင် တွန်းအားပေးမှု အခြေအနေ များစွာကို ဖန်တီးပေး ထားသည်။ မီဒီယာကြော်ငြာများမှ အားကျလုခမန်း မြင်တွေ့နေရသော ခေတ်မှီပစ္စည်း အသုံးဆောင်များကို မအပ်မစပ်ဖြစ်စွာ ရေလိုက်လွဲ မိန်းမောတပ်မက် အားကျမှုဖြင့် သုံးစွဲရယူ ပိုင်ဆိုင် လိုစိတ်ပြင်းပြ လာအောင် ဆွဲဆောင်သည့် ကြော်ငြာများပါ ဇိမ်ခံ၊ အလှကုန်များကို ဘ၀ စတေးပြီး ၀ယ်ယူသုံးစွဲလာကြသည်။

ထို ရင်နင့်ဖွယ် မြန်မာ မိန်းမပျိုများ ပျက်စီးခြင်းလမ်းမှား ရောက်အောင် ဆွဲဆောင် သိမ်းသွင်းနေ သည့် ဥပဒေမဲ့ တွေးဆမျော်မြင်ချက်မဲ့ လုပ်ရပ်များ၊ ဖြစ်စဉ်များကို တားဆီးကာကွယ်ရန် တာဝန် ရှိသူများ ဖြစ်သည့်အာဏာပိုင် စစ်ဗိုလ်ချုပ်ကြီးများ ကိုယ်တိုင်ကပင် အတွေးနုနု၊ အသွေးနုနု ဖွေးအုအရွယ် ၊ ကိုယ့်သမီးငယ်မျှကို သားသမီးချင်းမှ မစာနာ၊ တကိုယ်စာ ကာမရာဂ လွန်ကျူး ခံစားဖို့အတွက် မတန်တဆ ခိုးဝှက် ချမ်းသာထားသော ခိုးရာပါငွေများဖြင့် မြန်မာ့သားသမီးပျို များကို အခပေးဖျက်ဆီး ခြေတော်တင်ကြသေးသည်။ (ဤ အကြောင်းအရာများ၊ ဖြစ်ရပ်မှန်များ ကို လက်တွေ့ဘ၀နယ်ပယ် ခြေချမိသော ကာလ အတွေ့ အကြုံများ ကဏ္ဍတွင် ထပ်မံဖြည့်စွက် တင်ပြပါအုံးမည်) ဘယ်လောက် ရင်ထုမနာဖြစ်ဖွယ် ဇာတ်တူသားစားခံရသည့်စနစ်ဆိုးကြီး ပါပေ နည်း။ ဘယ်လောက် ရှက်ရွံ့ဖွယ်ကောင်းလှသည့် တတိုင်းတပြည်လုံး၏ ကံခေမှု တွေပါနည်း။


ထိုသို့ မြန်မာ့ သားပျို၊ သမီးပျိုတို့ ရေလိုက်လွဲ လမ်းမှားရောက်အောင် ကူညီပံ့ပိုးပေးနေသော ပြည်ပမှ စီးပွားရေး ထိုးဖေါက် ကျူးကျော်မှုများ၊ အရွယ်မရောက်သေးသူ လူငယ်တို့ ဘူးသီးနုနု အမွှေးသပ်သလို ဖြစ်စေမည့် ဆင်ဆာမဲ့ ညစ်ညမ်း ရုပ်ရှင်၊ ဇာတ်လမ်းများ စသည့်တိုင်းပြည်နှင့် လူမျိုး အကျိုးစီးပွား ယုတ်လျော့ ကျဆင်းနိုင်မည့် အကြောင်းအရာများ ကိုသာ လွတ်လွတ် လပ်လပ် ၀င်ရောက် နေရာယူခွင့် ပေးထားပြီး ကျန်သော ခေတ်နှင့်လျော်ညီစွာ ဖွံ့ဖြိုးတိုးတက်မှု ရလာဒ်များ ဖြစ်ထွန်းပေါ်ပေါက်နိုင်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ သဘောတရားရေး၊ ဒီမို ကရေစီ လူ့အခွင့်အရေး ပညာရပ်၊ အတွေးအခေါ်တို့ကိုမူ ပြည်သူ ပြည်သားတို့နှင့် မဆိုင်သော အနောက်နိုင်ငံသားတို့၏ ဆိုးသွမ်းယုတ်ညံ့သော ယဉ်ကျေးမှုအဖြစ် ထင်မြင်စေရန် ၀ါဒဖြန့်ထားပြီး မြန်မာပြည်တွင်း ပြည်သူ၊ ပြည်သားများကြား စီးမျော လေ့လာနိုင်စွမ်း မရှိစေရန် ပိတ်ဆို့ တားမြစ် ထား၏။

ပြည်တွင်း နွားခြေရာခွက် ရပ်ဝန်း ကျဉ်းကျဉ်းငယ်မှလွဲ၍ ပြင်ပနိုင်ငံတကာ၊ ကမ္ဘ္ဘာ့အခြေအနေ တို့ကို ကင်းကွာအောင်၊ ထိတွေ့ဆက်ဆံမှု နည်းပါးအောင် အာဏာပိုင်တို့က နည်းမျိုးစုံဖြင့် ပိတ်ဆို့ ထား၏။ ပြင်ပကမ္ဘာနှင့် မိမိတို့မြန်မာပြည် လုံးဝသက်ဆိုင်ခြင်းမရှိသလို ခံစားရအောင် နိုင်ငံတကာ နှင့် ထိတွေ့ဆက်ဆံနိုင်သည့် အခြေအနေအားလုံးကို သံကန့်လန့်ကာပမာ တင်းကျပ်ထားပြီး သတင်းနည်းပညာ ပိတ်ဆို့ခံထားရသော လူမှုပေါင်းသင်း ဆက်ဆံရေး နယ်ပယ်တွင်း မျက်စိပိတ်၊ နားပိတ်၊ အတွေးအခေါ် ပိတ်ဆို့ပြီး ကျဉ်းမြောင်းသော အသိအာရုံကိုသာ ခံစားသင်ယူနေ ကြရသည်။ ထိုသို့မတရား ဖိနှိပ်၊ အသိဥာဏ် နိမ့်ကျအောင် စနစ်တကျ ပိတ်ဆို့အုပ်ချုပ်မှု စနစ်ဆိုးမှ ထွက်ပေါ်လာသည့် ဖြန့်ထွက် မကောင်းကျိုး၊ ဘေးထွက်ဆိုးကျိုး များကလည်း လက်တွေ့ရင်ဆိုင် နေကြရသူ လူငယ်များ အနေဖြင့် မိမိတို့ ဘ၀အပေါ် နှစ်နှစ်ကာကာ တန်ဖိုးထား ဂုဏ်ယူမှု အားလျော့ ကျဆင်းစေသည့် အဓိက အကြောင်းရင်းတခု ဖြစ်သည်။

ထို့ပြင် ပြည်သူပြည်သား များစွာတို့အတွင်း စိတ်ဓါတ်ခိုင်မာမှု အင်အားကို တန်ဖိုးထားမှု အဓိက အခြေခံဖြစ်သည့် ကိုယ့်ကိုကိုယ် စာရိတ္တကောင်းသည်ထက် ကောင်းအောင် ထိန်းသိမ်းခြင်း စံနှုန်း အဆင့်တန်း လျှော့ကျခြင်းများ မသိမသာမှ သိသိသာသာ ဖြစ်ပေါ်လာခြင်းကို မျိုးချစ် သက်ကြီး ရွယ်အို၊ လူကြီးလူကောင်းတိုင်းက စိုးရိမ်စွာဖြင့် တိုးတိုးတဖုံ၊ ပေါ်တင်တမျိုး စစ်အစိုးရအား အသိပေး တင်ပြကြသော်လည်း ထိုသို့ဖြစ်အောင် တမင်တကာဖန် တီးနေသူ စစ်အာဏာပိုင် များက ၄င်းတို့လုပ်ရပ်များ ပေါ်လွင်လာမည်စိုး၍ ပညာရှင်တို့ အကြံပြုတင်ပြချက်များကို မသိ သလိုနေ၏။ ကျောင်းစာမေးပွဲက အစပြုသော၊ ဘ၀ လောကဓံ ကြံ့ကြံ့ခံခိုင် ရင်ဆိုင်ရေး ယုံကြည်ချက် တည်ဆောက်မှုနှင့် လက်တွေ့ဘ၀ ရင်ဆိုင်ရေး သင်ကြားခြင်းကာလကို စနစ် တကျ ရိုက်ချိုးဖျက်ဆီးခံ လိုက်ရသော ကျောင်းသား အများစုမှာ မိမိတို့ကိုယ်ကို အနာဂတ်၏ မျိုးဆက်သစ်များ အဖြစ်ပင် မယုံရဲတော့အောင် စွမ်းရည်သတ္တိတွေ လျော့ကျကုန်၏။

တကိုယ်ကောင်းသမား စစ်အာဏာပိုင်များမှာ ၄င်းတို့၏ စနစ်ဆိုး သက်ဆိုးရှည်ရေး တခုတည်း အတွက် အနာဂတ်မျိုးဆက်သစ်လူငယ်တို့၏ ထက်မြက်မှု၊ စည်းလုံးမှုများကို အစဉ်ရိုက်ချိုးဖျက်ဆီး ရန်သာ အားထုတ်နေကြရရာ လူငယ် ကျောင်းသားထု၏ ငယ်ရွယ်စဉ် ဘ၀ နေ့စဉ်ဖြတ်သန်း ရမှုများအား ပေါ့ဆစွာ နေနိုင်ဖို့ ဘောင်သွင်းစီစဉ် ထားခံရသော ပေါ့ဆ သိမ်ဖျင်းသော ပညာရေး စနစ်၏ နှေးကွေးမှုနောက် မသိလိုက် မသိဘာသာ နေရင်း မိမိတို့၏ ပင်ကိုယ် အရည်သွေးများ လျော့ပါးပျောက်ဆုံးကုန်၏။

စာတတ်ဖို့ထက်၊ အတွေးအခေါ် မြင့်မားဖို့ထက်၊ ခံယူချက် မြင့်မားဖို့ထက် စာခိုးချ၍ဘဲ အောင်အောင်၊ ဘယ်လိုနည်းဖြင့် အောင်အောင် ဘွဲ့တစ်ခုခု အမြန်ရပြီး၊ စားဝတ် နေရေးအတွက် ရရာ အလုပ်တစ်ခုခု လုပ်နိုင်ဖို့ကိုသာ တွေးတော စိတ်ကူးလာကြသည်။ မိမိတို့ဘ၀ကို ကြုံရာ လှေဖြင့်၊ တွေ့ရာနည်းဖြင့် ရေစုန်မျောလိုစိတ်များ ဖြစ်ပေါ်လာကာ ဆိုခဲ့ပြီးသော မိမိကိုယ်မိမိ အားကိုယ်း ယုံကြည် စိတ်တို့ ခန်းခြောက် နည်းပါးလာခြင်း ဖြစ်ပေသည်။

မရိုးမသားစိတ်ဓါတ်ဖြင့် အာဏာပိုင်များ ခိုင်းသမျှ လက်ညိုးထောင် ခေါင်းညိတ် လုပ်တတ်သူတို့ သည် ရိုးသားမှု အခြေခံ စိတ်ထားဖြင့် ရိုးရိုးကျင့် မြင့်မြင့်ကြံသူတို့ထက် အစစ အရာရာ သာလွန် ကြီးပွား ချမ်းသာ နိုင်ခွင့် ရှိနေကြသည့် စက်ဆုပ်ဖွယ် အခြေအနေများကြောင့် အကျင့်စာရိတ္တ္တ တန်ဖိုးထက် ငွေကြေး၊ အခွင့်အရေး ရုပ်ဝတ္တုကြွယ်ဝမှုကို မက်မောလာသူတို့သည် ပိရိသေသပ်စွာ၊ ဟန်ဆောင် ကောင်းကောင်းဖြင့် အထက်အာဏာရှိသူကို ဖေါ်လံဖါးကာ လက်အောက်ငယ်သား တို့ကို ဖိနှိပ်လာတတ်ကြခြင်းဖြစ်သည်။ ထိုသူတို့သည် သြဇာအာဏာ ရှိသူများကို အခြားသော အဆင့်တူ သူများထက် ပိုမို ဖါးယားနိုင်မှ အခွင့်အရေး ငွေကြေးတို့ အခြားသူများထက် ပိုရမည် ဖြစ်၍ အထက်ပါ ဆင်ခြေဖြစ်သော အများမိုးခါးရေ သောက်၍ ကိုယ်က မသောက်ချင်လည်း လိုက်သောက်ရသည်ဟု လှီးလွဲ ဟန်ဆောင် သူတော်ကောင်း ယောင်ဆောင် ပြောဆိုတတ်လာ ခြင်းဖြစ်သည်ကို နားလည်စွာ တွေ့ရှိလာရသည်။ အများမိုးခါးရေသောက်လို့ ကိုယ်လိုက်သောက် ရတယ် ဆိုသော တကိုယ်ကောင်းသမားတွေ များလေလေ စစ်ဗိုလ်ချုပ်ကြီးများက ကြိုက်လေလေ ပင်ဖြစ်သည်၊ အဘယ့်ကြောင့် ဆိုသော် ပြည်သူလူထုကို အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်ရာတွင် ထိုသို့ သော တစ်ကိုယ်ကောင်း သမားများကို တည်ကြက်သဖွယ်၊(ပြောမရ ဆိုမရ၍ လစ်လျူရှု ထားရ သော လူထုကြားမှ လူမိုက်များသဖွယ်)မွေးထားကာ နောက်ကွယ်မှ အခွင့်ရေးများ ပေးထား၏။ အရေးအရာနှင့်ကြုံသောအခါ ထိုသူတို့ကို ဘေးတီးပေးကာ အာဏာရှင်များ လုပ်လိုသည့် အကြမ်း ဖက် လုပ်ရပ်များကို ထိုသူတို့အား မျှားဦးတည်ပေးပြီး ဖါသိဘာသာ နေနေလိုက်တတ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့် ပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့ကို အကြမ်းဖက် သတ်ဖြတ်ရန် ကြိုးစားစဉ်က ပါဝင်ခဲ့သော လူအုပ်သည် ထိုသို့သော စနစ်တကျ မွေးမြူထားသည့် သစ္စာဖေါက် ပုဆိန်ရိုး တစ်ကိုယ်ကောင်း သမားများဖြစ်ကြောင်း လေ့လာတွေ့ရှိလာရသည်။ အတော်ပင် ကြောက်ရွံ့ဖွယ် ကောင်းသော စစ်အာဏာရှင် စနစ်၏ လုပ်ရပ်များ ဖန်တီးမှုများ ဖြစ်ပေသည်။ ကျနော်တို့လူငယ် ဗိုလ်လောင်းများမှာသာ လွတ်လပ် ပွင့်လင်းသော လူမှုဆက်ဆံရေးနှင့် သတင်းလွတ်လပ်မှု ရှိသော အခြေအနေတွင် နေထိုင်ခဲ့ဖူးပါက ထိုအခြေအနေများကို ကြိုတင် လေ့လာသုံးသပ်မိခဲ့ကြမည် ဖြစ်ပေသည်။ သို့သော် ကျနော်တို့ ကြီးပြင်း လူလားမြောက်ခဲ့ရသော မြန်မာနိုင်ငံ၏ ပြည်တွင်း အခြေအနေတို့သည် အားလုံးကို မျက်စိပိတ်၊ နားပိတ်ထားသော သတင်းအမှောင်ချ ထားခံရသည့် ရပ်ဝန်း ဖြစ်ပေရာ မိမိတို့ အနာဂတ် အရေးနှင့် ပတ်သက်၍ဘာဆိုဘာမှ ကြိုတင်တွေးတော သုံးသပ် ဆင်ခြင်နိုင်စွမ်း မရှိခဲ့ ကြရခြင်းမှာ သဘာဝ ကျပေသည်။

ထိုသို့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ဘက်စုံ နိမ့်ကျမှုများနှင့်အတူ မိမိတိုင်းပြည်၏ အနာဂတ်သည် မိမိတို့ နှင့်မဆိုင်ဟု ထင်မြင်လာသူ၊ နိုင်ငံ့အရေး၊ နိုင်ငံရေးနှင့် မပတ်သက်ရဲသူ၊ ပြောဆိုဖို့ဝေးစွ၊ တွေးခေါ် နားထောင်မိမှာကို ကြောက်သူ လူငယ်များစွာကို စစ်အာဏာရှင် စနစ်၏ ဘက်ပေါင်းစုံ ကျုံးသွင်း ဖန်တီးမှုများက မွေးထုတ်ပေးလိုက်၏။ ထိုလူငယ်တွေသည် မိမိတို့ကိုကျုံးသွင်း၊ ပုံသွင်း လိုက်သည့် အတိုင်း မိမိတိုင်းပြည်အရေး၊ မိမိနိုင်ငံ၏ အနာဂတ် ရေးသည် မိမိတို့နှင့် မဆိုင်သလို နေနေကြ မည်ဆိုလျှင်၊ နေသွားကြအုံးမည်ဆိုလျှင် မိမိတို့တိုင်းပြည်သည် တိုင်းတပါးသား၊ ကွန်မြူနစ်တိုင်း ပြည်ကြီး တပြည်မှ လူမျိုးခြားနယ်ချဲ့တို့၏ ခေတ်သစ်ရေရှည် စီမံကိန်းဖြင့် မြန်မာပြည် မြေမျက်နှာ ပြင်များ တတိတိ ၀ယ်ယူသိမ်းပိုက်ရေး စီမံချက် မဟာဗျူဟာ အတိုင်း ပညာမဲ့သော၊ မြေယာမဲ့ သော၊ နေစရာမဲ့သော၊ အားကိုးရာမဲ့သော ဘုံကျွန်ဘ၀ဖြင့် ရာသက်ပန် နေသွားကြရတော့မည် ဖြစ်သည်။

ဤ စစ်အာဏာရှင် စနစ်ဆိုးကြီးကို တိုင်းရင်းသား ပြည်သူလူထု တရပ်လုံး ဖါသိဘာသာ လစ်လျူရှု ခဲ့ကြခြင်း၏ အကျိုးဆက်အဖြစ် မကြာမှီကာလတွင်ပင် ကမ္ဘာပေါ်၌ နယ်ပယ် ဧရိယာ ပြောင်းလဲ ဖြစ်ပေါ်မှု သမိုင်းဖြစ်စဉ်သစ်တို့ ပေါ်ထွက်လာပေတော့မည် ကိုမြင်ယောင်မိ၏။

ယဉ်ကျေးမှု မြင့်မားစွာနေခဲ့ဖူးသော၊ တိုင်းရင်းသား မျိုးနွယ်စု များစွာဖြင့် ပါဝင်ဖွဲ့စည်း တည်ထောင် နေထိုင်ခဲ့သော ရိုးသားယဉ်ကျေးရဲရင့်မှု အစဉ်အလာကောင်းများ ရှိခဲ့ဖူးသူ မြန်မာ လူမျိုးဆိုသည့် ထက်ထက်မြက်မြက် ကြံ့ကြံ့ခိုင်ခိုင်၊ မြန်မြန်မာမာ၊ ကျန်းခံသာသော လူမျိုးစုကြီးများသည် ဤ ဧရာဝတီ၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်တို့ဟူ၍ အမည်ရှိခဲ့သော ယခု အမည်ပြောင်းထားခံရသည့် ဤမြစ်ကြီးများ ဘေးတလျောက်ရှိ ကျယ်ပြန့်သော သဘာဝမြေ မျက်နှာပြင် တောတောင်များ မြို့ကြီးများတွင် နေထိုင်ခဲ့ဖူးကြလေသည်။

အဆိုပါ လူမျိုးတို့သည် အုပ်ချုပ်သူ အာဏာရှင်တို့အား ကြောက်ရွံ့စွာ ဖြင့်သော်လည်းကောင်း၊ သူတို့ကိုးကွယ်သည့် ဘာသာတရားက သည်းခံခွင့်လွှတ်ဖို့ သွန်သင်ထားသည် ဆိုကာ လှီးလွဲ ဆင်ခြေပေး ကြောက်စိတ်လွှမ်း၍ လည်းကောင်း၊ (သတ္တိရှိရှိ ရင်မဆိုင်ရဲမှု နှင့် အမှန်အတိုင်း မဖွင့်ပြောရဲခြင်း ဆိုသည်ကို ဟန်ဆောင် ဖုံးလွှမ်းထားသည့်) သည်းခံခွင့်လွှတ်ခြင်း ဆိုသည်ဖြင့် လည်းကောင်း ရှောင်လွဲရင်း အချိန်တွေ ကုန်လွန်သွားကာ ယခုလို လူမျိုးပျောက်ရသည့် အခြေ အနေ ရောက်ခဲ့ရပေသည်။ သူတို့ကိုးကွယ်ရာ ဘာသာတရားမှ ဟောကြားခဲ့သည့် အတိုင်း အတုံ့ အလှည့်ကံကြမ္မာဆိုသည် မကြာခင် ရောက်လာလိမ့်မည်ဟု ကြွေးကြော်ယုံကြည် စောင့်စားရင်း၊ စောင့်စားရင်း၊ စောင့်စားရင်း ယခုတော့ အသားဝါ၀ါ၊ မျက်စိပေါက်မှေးမှေး၊ မျက်ရစ် မပါသူ လူမျိုးကြီးတမျိုး၏ ၀ါးမြိုသွားခြင်းကို ခံခဲ့ကြရပေသည်ဆိုသော သမိုင်းစာမျက်နှာ သစ်တို့ ပေါ်ထွက် လာပေတော့မည်။ ယဉ်ကျေးမှုမြင့်မားခဲ့သော ရှေးဟောင်းမာယာ လူမျိုးများနည်းတူ ရှေးနှစ် ထောင်ချီကပင် တည်ဆောက်ခဲ့သော အံ့သြလေးစား လောက်သည့် ရှေးဟောင်း ဗိသုကာပညာ ဖြင့် တည်ဆောက်ထားခဲ့သော ဘုရား၊ စေတီပုထိုးတို့ ထိုမြစ်ကမ်းပါး တနေရာတွင် ထည်ဝါ ခန့်ငြားစွာ ရှိခဲ့ဖူးလေ၏။ ထိုမြန်မာလူမျိုးတို့မှာ ကမ္ဘာ့ သမိုင်းတွင်သာ ယခင်က ရှိခဲ့ဖူးပြီး ယခုတော့ အာရှတိုက် မဟာအင်အား ကြီးနိုင်ငံတခု ပိုင်ဆိုင်သိမ်းပိုက်ထားသော လက်အောက်ခံ ပြည်နယ် ငယ် တစ်ခုအတွင်း သွေးခွဲ ဖိနှိပ်အုပ်ချုပ်ခြင်း ခံနေရသော သနားစရာ လူမျိုးစုငယ်လေး တစ်စု ဖြစ်နေခဲ့ပေပြီ ဆိုသော သမိုင်းသစ်တို့ ပေါ်ထွက်လာဖို့ နီးနေပေပြီ။ မြန်မာ လူငယ်ထု ကြပ်ကြပ် ဂရုစိုက်လေ့လာရန် လိုပြီဖြစ်ကြောင်း လူငယ်တဦး ဖြစ်သော ကျနော်ကပင် တင်ပြပါရစေ.......။

ဤနေရာတွင် မျိုးချစ် စာရေးဆရာကြီး တစ်ဦးမှ လူငယ့်ဘ၀တိုးတက် မြင့်မားရေး ရည်ရွယ် ရေးသားထားသည့် လူကြီးလူကောင်းအမည်ရှိ စာအုပ်တအုပ်မှ အဆိုပါ စာရေးဆရာ ကြီး၏ အမှာစာကို ကူးယူဖေါ်ပြခွင့် ပြုပါခင်ဗျာ။ ထိုစာရေး ဆရာကြီးမှာ ယခုတိုင် သက်ရှိထင်ရှား ရှိသေးသော စာရေးဆရာကြီး နတ်မောက် ဘုန်းကျော် ဖြစ်၍မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့သော မျိုးချစ်စစ်သားဟောင်းတဦး ဖြစ်ပြီး၊ တပ်မတော် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲ အဖြစ်တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဂျပန်ခေတ် စစ်တက္ကသိုလ် ကျောင်းဆင်း အရာရှိဟောင်း တဦးလည်းဖြစ်သည်။ ဆရာကြီး၏ လူငယ်များကို ပါးသော အမှာစာမှာ..

“အသက်အရွယ် အတော်ထောက်လာသည်နှင့် အညီ ခေတ်အမျိုးမျိုး၊ လူအမျိုးမျိုးကို ကြုံတွေ့ ခဲ့ရဖူးပါပြီ။ စစ်ဖြစ်ရခြင်းကြောင့် သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်တို့ ကြောင့်သော် လည်းကောင်း၊ တိုင်းပြည် တပြည်၊ လူမျိုးတမျိုး တွေ့ကြုံရသော အပျက်အစီး ဒုက္ခ ဗရပွများသည်၊ မည်မျှပင် ကြီးမားများပြားစေကာမူ တိတိကျကျ၊ ထိထိခိုက်ခိုက် ကြောက်မက်ဖွယ်ရာ စိတ်ပျက် စရာ ကောင်းလှသေးသည် မဟုတ်ပါ။ လူမျိုးတမျိုး၌ ခယ၀ယ မြှောက်ထိုးပင့်ကော် ဖော်လံဖါး စိတ်ဓါတ်၊ ရေသာခို အချောင်သမားစိတ်ဓါတ်၊ ကိုယ်ကျိုးရှာ စိတ်ဓါတ်၊ တိုင်းချစ်ပြည်ချစ် စိတ်ဓါတ် ကင်းမဲ့သည့် စိတ်ဓါတ် စသော စိတ်ဓါတ်ဝဲစားသော ရောဂါ နှင့် မရိုးမသား၊ မဖြောင့်မတ်ခြင်း၊ နိုင်ငံရေးဖြင့် (တစ်ဆွေလုံး တစ်မျိုးလုံး ) ကိုယ်ကျိုးစီးပွား ရှာနေကြခြင်း၊ ကိုယ်ကျင့်သိက္ခာပျက်ပြား သော ရောဂါ.. ထိုရောဂါ နှစ်ခုသည်သာလျှင် အဓိကကြောက်မက်ဖွယ် ကောင်းသော ကိစ္စ ဖြစ်ပါသည်။ အိုးအိမ်တိုက်တာ အဆောက်အဦ ၊ လမ်းတံတား စသည်များ ပျက်စီးသွားလျှင် တမျိုး သားလုံးတွင် ရှိသော ငွေကြေးဘဏ္ဍာ ပစ္စည်း ပစ္စယများဖြင့် ပြန်လည် ပြုပြင်တည်ဆောက်လျှင် ရနိုင်သေး၏။ ငါးနှစ်၊ ဆယ်နှစ် ကြာချင်ကြာပေမည်၊ ကိစ္စမရှိ။ ပြသနာမဟုတ်၊ ပြန်လည်ကောင်းမွန် လာနိုင်ပါသည်။ စိတ်ဓါတ်ဝဲစား နေသော ရောဂါနှင့် ကိုယ်ကျင့်သိက္ခာ ပျက်ပြားနေသောရောဂါ တို့ကို ကုစားရန်မှာ နောင်နှစ်ပေါင်း ငါးဆယ်၊ နှစ်ပေါင်း တစ်ရာကြာသည်အထိ ကြန့်ကြာအောင် အချိန်ယူပြီး၊ ကြိုးစား ပြုပြင် တည်ဆောက်ကြစေကာမူ မူလဒုံရင်း အနေအထားအတိုင်း ပြန်လည်ရရှိရန် ခဲယဉ်းလှ၏။ နိုင်ငံသူ၊ နိုင်ငံသားတို့ တရားလက်လွတ် ဖေါက်ပြန် ပျက်စီးလာ ကြခြင်း၊ ဟိရိသြတ္တပ္ပ ကင်းစွာ ပေါက်လွတ်ပဲစား ပြုမူလာကြခြင်း၊ (ဗြဟ္မစိုရ်တရားကင်းမဲ့ပြီး) တစ်ဦးနှင့် တစ်ဦး ရက်စက် ကြမ်းကြုပ်စွာ ပြုမူတတ်လာ ကြခြင်းကြောင့် ရှေးပဝေသဏီ ကတည်း က ဂုဏ်ရောင်ပြောင်ခဲ့သော ရောမ နိုင်ငံတော်ကြီး၏ ဂုဏ်သိက္ခာမှာ မှေးမှိန်လာခဲ့ရချေ၏။ ”

ဤနေရာတွင် စာပေလွတ်လပ်မှု မရှိသော မြန်မာပြည်တွင်းမှ ထုတ်ဝေခြင်းဖြစ်၍ စာပေ စီစစ်ရေးဟူသော ကင်ပေတိုင်အဖွဲ့မှ ကင်းလွတ်အောင် မိမိတို့ တိုင်းပြည်အစား ရောမဟူသော နိုင်ငံကို အစားထိုးသုံးကာ တိုင်းပြည်နှင့် အနာဂတ်အတွက် မကြောက်မရွံ့ ဝေဖန်ရဲသူ စာရေး ဆရာကြီး ဦးဘုန်းကျော်၏ လူငယ်တို့အပေါ် မှာကြားချက်အား အဓိက အလေးထားကာ ပြုမူတွေးခေါ်သူ လူငယ်တို့ တဖြည်းဖြည်း များပြား လာပြီ ဖြစ်ကြောင်း ဤစာစုမှ နေ၍ တိုင်းပြည်နှင့် ဆရာကြီး အားတင်ပြပါရစေ။

တိုင်းပြည်တစ်ပြည် ပျက်ဆီးချင်လာပြီဆိုလျှင်၊ အဆိုပါရောဂါဆိုး နှစ်ခုပေါ်ထွန်းလာ လေ့ရှိကြောင်း သတိမူကြရန်ဖြစ်သည်။ ထိုရောဂါဆိုးများ မကပ်ငြိစေရန် ကျွန်ုပ်တို့ မည်သို့ ကာကွယ်ကြ မည်နည်း။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်လူရွယ် များထံသို့ ထိုရောဂါဆိုးများ မကူးစက် စေရန် ကာကွယ်ဖို့ အရေးကြီး လာလေပြီ။ တိုင်းနိုင်ငံ တခုကိုဖျက်ဆီးလိုသော် ထိုတိုင်းပြည်ကို ရန်စ စစ်မက်ပြု၍ တိုက်ခိုက်ဖို့ မလိုတော့ပါ။ ထိုတိုင်းပြည်၏ အညွန့်အဖူး လူငယ်အင်၏အားစု၏ ကာယ စွမ်းအား တောင့်တင်းကြံ့ခိုင်ရေး၊ စိတ်ဓါတ်ကြံ့ခိုင်ရေး၊ ကိုယ်ကျင့်စာရိတ္တ သိက္ခာကြံ့ခိုင်ရေး များကို စနစ်တကျ အကွက်ချပြီး (နည်းမျိုးစုံဖြင့်) ဖျက်ဆီးပေးပါ။ မကြာမီ ထိုတိုင်းပြည်၏ မျိုးဆက် အင်အားသစ်များ အညွန့်အတက်မထွက်နိုင်တော့ဘဲ၊ ပျက်သုဉ်းသွားပြီး၊ ထိုတိုင်းပြည်မှာ ဖွတ် ကျောပြာစု၊ ခရု အဆံကျွတ်၊ ချွတ်ခြုံကျ ပြိုလဲပျက်ဆီး သွားရသော ရောက်ရှိသွားရမည်သာဖြစ်၏။ မြေကြီး လက်ခတ် မလွဲပါ။ ကမ္ဘာ့သင်ခန်းစာများ အထင်အရှား ရှိပါသည်။

နောက်တနည်း... လွန်လေပြီးသော တချိန်တုံးက (၁၉၃၆-၁၉၃၈) ဂျာမနီမှ ဟစ်တလာက ဆူဒီတန်နယ်ထဲ သို့ဂျာမန်လူမျိုး ကျား၊ မ နှစ်သန်းခန့် မောင်းနှင် သွင်းထားလိုက်ပြီး ၊ လူမျိုးလိုက် ၀ါးမြိုပစ်သော နည်းလည်း ရှိပေသေးသည်။ မြန်မာတွေ သတိထား သင့်ကြပေပြီ ဟု ဆရာကြီးက ရဲရင့်စွာ လူငယ်တို့ကို ဆုံးမစကားဆိုထား၏။ လူမျိုးလိုက် ၀ါးမြိုခြင်းဖြင့် နိုင်ငံကိုသိမ်းပိုက် ကျွန်ပြု ခြင်းနည်းသည် မသိလိုက် မသိဘာသာ နေတတ်သော မြန်မာတို့အပေါ် အလွယ်တကူ ၀ါးမြို သိမ်းယူနိုင်သည့် အလွန်ကြောက်စရာကောင်းသော သိမ်းပိုက် ကျွန်ပြုနည်း တခုဖြစ်သည်ကို ယနေ့ မြန်မာ လူငယ်တို့ တဖြည်းဖြည်း သတိမူမိ လာကြပေပြီ။ မည်သည့် လူမျိုး တိုင်းတပါးသား တို့က မြန်မာ အမျိုးကောင်း သမီးတို့ကို မယားပြု သွေးနှောကာ လူမျိုးတုံး ၀ါးမြိုနေကြသလဲ ဆိုသည်ကို ကျနော် ရှင်းပြရန် မလိုတော့ပေ။

သူတို့ကွန်မြူနစ် ၀ါဒကို ထောက်ခံသော ရုပ်သေး စစ်အာဏာရှင် အစိုးရကို ထောက်ခံ ပံ့ပိုးပေးပြီး ကိုယ်ပြည်သူချင်း နှိမ်နှင်းသတ်ဖြတ်ရန် လူသတ်လက်နက်များပေးခြင်း၊ ရောင်းချ ခြင်းတို့ကို တဖက်မှပြုလုပ်၊ အခြားတဖက်မှ လူတိုင်း သတိမပြုမိနိုင်ဟု သူတို့ ယုံကြည်သော လူမျိုးလိုက် ၀ါးမြိုရေး နည်းဗျူဟာကို ရဲရဲတင်းတင်း ကျင့်သုံးကာ ကျုးကျော်လာသူတိုင်း တပါးသား လူမျိုးခြား တို့မှာ ဘယ်နိုင်ငံကဟု ပြောစရာပင်မလို။ မြန်မာတိုင်း သိနေကြပြီ၊ မျိုးချစ်စိတ် ရှိသူတိုင်း အံတကြိတ်၊ လက်သီး တဆုပ်ဆုပ်၊ တောက်တခေါက်ခေါက်ဖြင့် မကျေမနပ်ရပ်ကြည့်ခဲ့ရသော ထိုလူမျိုးခြား ယောက်ျားသားတို့နှင့် မြန်မာ့ကညာစင် သမီးပျိုတို့ လူထပ်ပွဲကြီးတွေကို စစ်အာဏာ ပိုင်များက ကိုယ်တိုင်ကိုယ်ကျ တက်ရောက် အားပေး ချီးမြင့်ကာ မိမိတို့တိုင်းရင်းသူ လုံမပျိုတို့အား တိုင်းတပါးသား တို့ထံ ရောင်းချနေသည့်ဟန် ပွဲသဘင်ပေါင်း များစွာတို့ ယနေ့ ဖြစ်ပေါ်နေ၏။
မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဆိုသော ငွေပေးသူ မည်သူ့ကိုမဆို အမျိုးသားမှတ်ပုံတင်လက်မှတ် ထုတ်ပေးသည့် ကိုယ်ကျိုးရှာ အဖွဲ့အစည်းနှင့် ဒေသခံစစ်အာဏာ ပိုင်များကို ငွေတွေပုံပေးပြီး၊ နိုင်ငံသားဟု ခံယူလာသည့် မြန်မာစကား လုံးဝနားမလည်သည့် လူမျိုးခြား တိုင်းတပါးသားတို့ကိုပင် မယူရလျှင် မနေနိုင်တော့အောင် ၄င်းတို့က စီးပွား၊ ဓန ချမ်းသာ ကြွယ်ဝလွန်းပြီး၊ မြန်မာ အမျိုးသမီးတို့မှာ ကုန်းကောက်စရာပင် မရှိအောင် ဆင်းရဲမွဲတေ လာ၍လော..။

သို့မဟုတ် စစ်အာဏာရှင်စနစ်ကြီးကပင် အတင်းအဓမ္မ ဆွဲဆောင် လူထပ်ခံစေ၍ လော။.. မြန်မာ့ သမီးပျိုတို့ကပင် မျိုးချစ်စိတ် ခေါင်းပါးလာ၍လော..။ မြန်မာယောက်ျားတို့ အိမ်ထောင်ဦးစီး အဖြစ်ပင် အားကိုးမှု မပြုနိုင်တော့လောက်အောင် အသောက်အစား လောင်း ကစားမက်ပြီး ပင်ကိုယ်အရည်အချင်း၊ စွမ်းရည်၊ စိတ်ဓါတ်၊ ဥာဏ၊ ကာယတို့ ညံ့ဖျင်းကုန်ကြ၍ လော.....။
ကျနော်တို့ကဲ့သို့ မြန်မာတိုင်းရင်းသား မျိုးချစ် လူငယ်တွေကတော့ မြန်မာတိုင်းရင်းသား အမျိုးသမီးထု တရပ်လုံးကို တိုင်းပြည်နှင့် လူမျိုးဂုဏ်ကို စောင့်ထိန်းသည့်၊ မျိုးရိုးဇာတိဂုဏ်မာန မြင့်သော၊ မြန်မာ တိုင်းရင်းသား စင်စစ် ကလေးငယ်တို့ကိုသာ နို့ချိုတိုက်ကျွေးသော သားကောင်း မိခင်တို့ဖြစ်စေချင်ပါသည်။

ကဲ ပြည်သူပြည်သား လူငယ်၊ လုံမငယ်များ၏ အသိဥာဏ် ပညာ၊ အတွေးအခေါ်၊ ခံယူချက်၊ မျိုးချစ်စိတ်ဓါတ်တို့ စတင်မွေးမြူပေးရာ..မြန်မာပြည်၏ (၁၉၉၃ ခုနှစ်) ပညာရေး စနစ်ကို လေ့လာ ကြပါအုံးစို့..။

လူသားတဦး၏ စာရိတ္တ အခြေခံမဏ္ဍိုင်ဖြစ်သည့် စစ်အာဏာရှင် ခေတ်အောက် မြန်မာ့ပညာ သင်ကြားရေး စနစ်ကိုလေ့လာမည်ဆိုလျှင်လည်း အားရကျေနပ်ဖွယ် တစက်မှမရှိပေ။ ကျနော်တို့ အရွယ်လူငယ်များ လူလားမြောက်ရာ ထိုကာလမှအစပြုခဲ့၍ ယနေ့တိုင်အသက်ဝင်နေဆဲ ဖြစ်သော ငွေတတ်နိုင်လျှင် ပညာတတ်တတ်၊ မတတ်တတ်၊ အောင်လက်မှတ် အလွယ်တကူ ရရှိနိုင်သည့် စစ်အာဏာရှင်ခေတ်မြန်မာ့ ပညာသင်ကြားရေး စနစ်အတိုင်း၊ သင်ပေးသလောက်ယူ၊ ကျန်တာ ကိုယ့်ဟာကိုယ် လိုချင်လျှင် ပြင်ပမှာ ရသလို၊ ကြုံသလို၊ ဖြစ်သလို ဆက်လက် လေ့လာ၊ ပညာ တတ်တာ မတတ်တာ၊ စစ်အစိုးရ တာဝန်မဟုတ်ဟု၊ တရားဝင် မကြေငြာယုံ တမယ်၊ ကြောက်ရွံ့ စိုးထိတ်ဖွယ် ပညာရေးစနစ်ပျက်အတွင်း ဆက်လက်ပညာ သင်ကြားလျှင် ကောင်းမည်လား၊ အပြင်လောကသို့ထွက်ပြီး စီးပွားရေးလုပ်ငန်းအတွက် အခြေခံလုပ်ငန်း ပညာရပ်တွေပဲ ဆည်းပူး သင်ယူလျှင် ကောင်းမည်လား၊ စသည်ဖြင့် ကျနော်တို့အရွယ် လူငယ်တွေ ဝေခွဲရန် ခက်နေသော၊ ဇဝေဇ၀ါ အဖြေမရှာ နိုင်သော ကာလ လည်းဖြစ်၏။


ထိုနှစ် ထိုကာလ အတွင်းက မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍမှ ပညာသင်ကြားမှု၊ စာပေနှင့် အတတ်ပညာ တတ်မြောက်မှု တို့တွင် ပညာသင်သူ ကျောင်းသား၊ ကျောင်းသူများ၏ ပင်ကိုယ် အစွမ်းအစဖြင့် အရည်အချင်းစစ် စာမေးပွဲများကို ဖြေဆို အောင်မြင်နိုင်ခဲ့ကြသူများ ရှိသကဲ့သို့ အာဏာအကူ၊ ဆွေမျိုးအကူ၊ ရာထူးအကူတို့ဖြင့် ဖြေဆို အောင်မြင်နိုင်ကြသည့် မပေါ်လွင်၊ မထင်ရှားခဲ့သည့် မသမာသော နည်းလမ်း ဖြစ်ရပ်များစွာတို့ ရှင်သန်လှုပ်ရှား နေချိန်လည်း ဖြစ်၏။ အတန်းပညာ သင်ရိုးကို ဖြတ်ကျော် အောင်မြင်စေကြောင်း၊ မသမာသော ဥပဒေမဲ့ ဖြတ်လမ်း နည်းများဖြင့် ကြိုးစားခဲ့ကြသည့် ဖြစ်စဉ်များ နိုင်ငံအနှံ့ ဟိုမှ သည်မှ၊ ဖြစ်ပွားနေခဲ့သော အချိန် လည်းဖြစ်၏။

ကျောင်းများတွင် စာမသင်၊ ချဲထီ၊ နှစ်လုံးထီ ထိုင်တွက်နေကာ ကျောင်းသားတို့ဖြစ်ချင်ရာဖြစ်၊ သူနှင့်မဆိုင်သလိုနေသောဆရာ၊ ဆရာမတို့က၊ ၄င်းတို့ပညာရေးဋ္ဌာနဆိုင်ရာ၊ တာဝန်ရှိသူဟု ၄င်းတို့ဘာသာ ကြော်ညာထားသော စစ်အာဏာပိုင်များ စာသင်ကျောင်းသို့ လာစစ်လျှင်၊ ထိုတာဝန်မဲ့ နေတတ်သလို နေကာ ကိုယ်ကျိုးရှာနေသော ဆရာ၊ ဆရာမတို့သည် အထက် အာဏာပိုင်ဆိုသူကို ဖိန့်ဖိန့်တုန်မျှ ကြောက်လန့်ဟန်ဖြင့် လက်အုပ်လေးချီကာ၊ မိမိတို့၏ ကိုယ်ကျိုး စီးပွား ရပ်တည်ရေးအတွက် မတရားသော နည်းလမ်း ပေါင်းစုံဖြင့် ဘ၀ရပ်တည် နေရခြင်းကို ငဲ့ညှာ သနား၊ နားလည်ခွင့်လွှတ်ပါစေကြောင်း တောင်းပန်ပြောဆို ပြုမူနေကြသလို၊ ဘာမှမသိ နားမလည်သော အပြစ်ဟူ၍ မြူတစ်မှုန်မျှ မရှိသည့် ကျနော်တို့အရွယ် ကျောင်းသား၊ ကျောင်းသူ လူငယ်တို့ကိုလည်း ထိုစစ်အာဏာပိုင် ကြီးများကို အတင်းအကျပ်၊ လက်အုပ်ချီမိုး ရှိခိုးခိုင်း၏။ ကန်တော့ခိုင်း၏။

မျက်နှာလို၊ မျက်နှာရ၊ ဖေါ်လံဖါးပြီး ကိုယ်ကျိုးရှာ၊ သာရာစီး၊ အခွင့်အရေး ယူတတ်ရပုံ စိတ်ဓါတ်နှင့်၊ မှားယွင်းသော ကိုယ်ကျင့် စံနှုန်းတို့ကို သင်ကြားရိုက်သွင်း ပေးနေ၏။ ထိုသို့ လက်အုပ်ချီ ရှိခိုးတောင်းပန်ပြီး၊ နောက်ကွယ် လုပ်ချင်ရာလုပ်ခွင့်ရှိသည့်၊ ပဒေသရာဇ် အုပ်ချုပ်ရေး ပုံစံကို၊ ဥာဏ်နီ ဥာဏ်နက်သုံးကာ နည်းမျိုးစုံဖြင့်ရအောင် အကောင်အထည် ဖေါ်နေသော စစ် အာဏာရှင်ကြီးများ ကတော့ ကျေနပ်အားရစွာဖြင့် ထိုဆရာကြောက်၊ ဆရာရှော်တို့အား ဆုတော်၊ လာဒ်တော်များ၊ ပါမစ်များ ပေးသနားတော်မူ၏။ ပညာရေး သင်ကြားရင်းမှ၊ ကိုယ်ကျိုး ရှာပိုင်ခွင့်များ၊ ကျောင်းသား မိဘများကို လည်ပင်းနင်းငွေညစ်ခွင့်၊ အိမ်ခေါ်ပြီး ကျူရှင်သင်ကာ ငွေရှာပိုင်ခွင့်၊ ကျောင်းသားအချင်းချင်းကြားမှ ငွေတတ်နိုင်သူ သား၊ သမီးကိုသာ ပညာ အနည်း ငယ်သင်ပေးပြီး ဆင်းရဲသူ သားသမီးများ ဖြစ်ချင်ရာဖြစ် လစ်လျူရှု ပစ်ပယ်ထားပိုင်ခွင့် စသော မဟာ အခွင့်အရေးများဖြင့် ချီးမြှင့်၏။

၎င်းနောက် ယင်းတို့အား ကြောက်လန့်တကြား၊ ၀ပ်တွား ခယ အလုပ်အကျွေး ပြုနေသည့် လူငယ် လူရွယ်များ ကိုကြည့်ကာ၊ လူစွမ်းလူစ အင်မတန် ညံ့သည့်၊ ဆင်ခြင်တုံတရားမဲ့သော၊ တွေးခေါ် မြော်မြင်မှု မရှိသော၊ ထားရာနေ စေရာသွားပြီး၊ လူလစ်လျှင် ထင်ရာလုပ်ကာ၊ အာဏာရှိသူကို တွေ့လျှင် ကြောက်ရွံ့ စိုးထိတ်ဟန်ဖြင့် တောင်းပန်ရှိခိုးမည့်၊ ကြောင်သူတော် မျိုးဆက်သစ် လေး များ စနစ်တကျ ပေါ်ထွက်လာတော့မည်မို့ စစ်အာဏာပိုင်များ နှလုံးပီတိ ဂွမ်းဆီထိ၊ ပျော်တပြုံးပြုံး၊ ပီတိတဖြာဖြာ။ ဒီပုံစံတွေကို ၀ါဒဖြန့်ချီရေး၊ မီဒီယာတွေကနေ တခမ်းတနား လွှင့်ထုတ်ပြသနေ၏။ ထိုကဲ့သို့ ဖါးတတ်၊ ယားတတ်စွာ အာဏာပိုင်တို့ကို ပြုမူဆက်ဆံပြီး၊ အဆင့်အတန်းမဲ့သော အကျင့်မှားတို့ကို စံနမူနာပြအဖြစ် သင်ကြားပေးနေသော ကိုယ်ကျင့် သိက္ခာတန်ဖိုး လုံးဝမရှိသည့် ကျောင်းဆရာ၊ ကျောင်းဆရာမ အမည်ခံ ၀ိသမ လောဘသား အချို့ကမိမိအိမ်တွင် အခကြေးငွေ ပေးပြီး၊ ကျူရှင် လာတက်သော ကျောင်းသားကိုမှ စာသင်ပေးသော ပညာရေး စနစ်ဆိုးကြီးက ၀ံ့ကြွားစွာ အောင်လံထူနေချိန်ကို ကျနော်တို့ လူငယ်များ ဖြတ်ကျော် တွေ့ကြုံခဲ့ရ၏။

လက်ရှိ ပညာသင်ကြားရေး စနစ်တွင် တာဝန်ထမ်းလျှက်ရှိသော ကျောင်းဆရာ၊ ဆရာမ အားလုံး တို့က ထိုစရိုက်ဆိုး၊ အစဉ်အလာဆိုးကို လက်ခံ၊ ယုံကြည် လိုက်ပါ လုပ်ဆောင်ကြသည် မဟုတ်ပါ။ ပြတ်ပြတ်သားသား ဆန့်ကျင် ကန့်ကွက်ကာ၊ အာဏာ ရှင်ကြီး များကို လက်အုပ်ချီမိုး၊ မရှိခိုးသူ ဆရာမြတ်၊ ဆရာကောင်း တို့ကိုလည်း ကျနော်တို့တွေ့မြင်ခဲ့ရ၏။ စိတ်မကောင်း ဖြစ်ဖွယ် အဓိက အချက်မှာ၊ ထိုဆရာကောင်း၊ ဆရာမြတ်တို့သည် စိတ်ထားမမှန်သူ စီးပွားရေးသမား ကျောင်းဆရာ များနှင့်ယှဉ်လျှင် လွန်စွာ ဆင်းရဲချို့တဲ့ မွဲတေစွာ၊ လူမှုဘ၀ရပ်တည် နေကြရခြင်းဖြစ်ပါ၏။ ရိုးသားမှု ကိုမြတ်နိုးသော ပြည်သူပြည်သားများ၊ ကျောင်းသားလူငယ်များက ထိုဆရာကောင်း၊ ဆရာမြတ် တို့အား မည်မျှပင် နွမ်းပါးချို့တဲ့နေပါစေ၊ လေးစား ချစ်ခင်လျှက် ရှိမြဲပင်ဖြစ်၏။ အဓိက အားဖြင့် ဆိုလိုသည်မှာ အုပ်ချုပ်မှု စနစ် မှားယွင်းစွာဖြင့် မိမိတို့တစ်ကိုယ်ကောင်းကျိုးကို တိုင်းပြည် ကောင်းကျိုးထက် ဦးစားပေးသော ခေါင်းဆောင်များ၏ လက်အောက် အမှန်တကယ် ဖြစ်ပျက် နေသော အခြေအနေမှန်များကို စစ်ဗိုလ်ချုပ်ကြီးများက မသိသည်လား၊ သိလျက် မသိဟန်ဆောင် သည်လား မသိနိုင်ပါ။ နောင်ရေး မျှော်တွေး ပူပန်တတ်သူ မျိုးချစ်စိတ်ဓါတ်ရှိသူ အားလုံးအတွက် နိုင်ငံ့ အနာဂတ် အရေးသည် အလွန် ရင်လေးဖွယ်ရာ ဆုတ်ယုတ်မှုဆီ ဦးတည်နေသည်မှာ သေချာ လှ၏။ ကျနော်တင်ပြခဲ့သော လူငယ်များ ရေလိုက်လွဲပြီး စိတ်ခံယူချက် အလွဲများနောက် ကောက် ကောက်ပါအောင် ဆွဲဆောင်စည်းရုံးနေသည့် မျိုးဖျက်ဝါဒဖြင့် ချည်းကပ်လာနေသော ကျူးကျော် ရေး အင်အားကြီးဝါဒရှင် ကွန်မြူနစ်နိုင်ငံကြီး၏ သိမ်းပိုက်ခံရမှုကို သိသိကြီးနှင့် ခံခဲ့ရသည် ဆိုသော သမိုင်းဖြစ်စဉ်တို့ မဖြစ်စေချင်၍ ပျက်စီးယိုယွင်းလာနေသည့် သတိထားအပ်သော အကြောင်း အရာများကို ထင်းထင်းမြင်သာအောင် တင်ပြနေခြင်း ဖြစ်ပေသည်၊ အဆိုးချည်းသာ ဖွံ့ထွား ပွားများ နေသည်မဟုတ်ပါ။ နိုင်ငံ အနာဂတ်အတွက် မိမိတို့ကိုယ် မိမိ ထိန်းသိမ်းပြုပြင် စောင့်ရှောက်မွမ်းမံ နေသော မျိုးဆက်သစ်လူငယ်များစွာ ရှိနေသေးကြောင်း ယခုစာစုများမှ တဆင့်ရင်ဖွင့် တင်ပြ ပါမည်။

ကျနော်တို့ခေတ်မှ ပျင်းရိသော ကျောင်းသား၊ လူငယ်တို့၊ များသောအားဖြင့် ရေလိုက်လွှဲ လမ်းမှား ရောက်သွားတတ်ကြသည်မှာ အတန်းတင် စာမေးပွဲ နီးကပ်ကာမှ ၄င်းကိုယ်ကျိုးရှာ ဆရာတို့၏ ခန့်မှန်း မေးခွန်းများကိုသာ အလွတ်ရအောင် တွန်းသင်၊ တွန်းကျက်စေပြီး၊ ဖြေဆိုရသော၊ ၀င်ကြေးများစွာ ပေးရသည့် အနီးကပ် ကျူရှင်တက် ဖြေဆိုခြင်းဖြစ်သည်။ အစိုးရစစ်ဟု ခေါ်သော အတန်းတင်စာမေးပွဲ မေးခွန်းကြီးများကလည်း မကြာခဏဆိုသလို ကျောင်းသားလူငယ်ထု ရှေ့ မှောက်သို့ စာမေးပွဲကာလ မတိုင်မီကပင် ကြိုတင်ရနှင့် နေတတ်သော၊ စာမေးပွဲ မေးခွန်း ပေါက်ကြားမှု ဖြစ်စဉ်များကလည်း မကြာမကြာ ဖြစ်ပေါ်နေချိန်၊ အကယ်၍ ဤမျှ အလွယ်တကူ အရည်ချင်းမဲ့စွာ ဖြတ်ကျော်အောင်မြင်နိုင်ရေး၊ အာဏာပိုင် စစ်ဗိုလ်ချုပ်ကြီးများက ပေါ်ပေါ်ထင် ထင်တဖုံ၊ နောက်ကွယ်က တစ်မျိုး၊ အမျိုးမျိုးကူညီ ပံ့ပိုး နေပါလျက်၊ အလွန်အင်မတန် ညံ့ဖျင်းသူ လူထုံ၊ လူပေ၊ လူညံ့တို့ စာမေးပွဲတွင် မဖြေဆိုနိုင်ခဲ့သော အခါတွင်လည်း ပူပင်စိုးထိတ်ဖွယ် မရှိပေ၊ စာစစ်သူ ဆရာ၊ ဆရာမ၊ ကျောင်းအုပ်နှင့် တာဝန်ရှိသူ အာဏာပိုင် တို့ထံ ချည်းကပ်ပြီး ငွေကြေး၊ တန်စိုး လက်ဆောင်ပေး၍ စာမေးပွဲ တွင် မိမိ မဖြေဆိုနိုင်ထားခြင်းကို ကူညီကယ်မ ပေးပါရန် တိုးလျိုး တောင်းပန်၊ ခယ၊ ၀ပ်တွားလိုက်ယုံမျှဖြင့် အတန်းတင်၊ အရည်အချင်း စစ်မေးသည် ဆိုသော ထိုစာမေးပွဲကိုလည်း အောင်မြင်အောင် ဖန်တီးနိုင်စွမ်း ရှိကြသည့် ကာလဖြစ်၏။

ထို့အပြင် အလွန်တရာမျှ ထူးဆန်းအံ့သြဖွယ် ကောင်းသော နည်းလမ်း တစ်ခုလည်း ရှိသေး၏။ ယင်းမှာ စစ်အာဏာပိုင်များ ကိုယ်တိုင် ယုံကြည်စွာ လုပ်ဆောင် နေသော ဗေဒင်၊ ယတြာ၊ ကိန်းခန်း တို့ဖြင့် ကြိုတင်တွက်ချက်ကာ စာမေးပွဲတွင်း မေးနိုင်မည့် မေးခွန်းကို ကြိုတင် ပြင်ဆင် တွက်ဆလျှက်၊ စတိသဘော ကျက်မှတ်သူနှင့်၊ ဗေဒင် ယတြာဆောင်ကာ အပိုင်ခိုးချရန် ကြိုးစား သူ လူပျက်၊ လူပျင်းတို့လည်း နာမည်ကောင်း ရနေချိန်၊ လူများစွာတို့၏ အဟုတ်ကြီးထင်မှတ် ခံနေရချိန် ဖြစ်၏။

ထိုအချိန် ထိုကာလက မြန်မာ့ ပညာရေးနှင့် ပတ်သက်၍ စစ်အာဏာပိုင်များ ကြွေးကြော် နေခဲ့သော ဆောင်ပုဒ် အချို့ကို မှတ်မိပါသေးသည်။ ပညာမြင့်မှ၊ လူမျိုးတင့်မည်။ ပညာရေးဖြင့် ခေတ်မှီ နိုင်ငံတော်ကြီး တည်ဆောက်အံ့။ စသော မစားရ ၀ခမန်း ကြွေးကြော်သံများဖြင့် မသိ နားမလည်၊ အသိမကြွယ်သေးသော ကျောင်းသားလူငယ်ထုအား အထင်ကြီးစဖွယ် ဖြစ်အောင် မှိုင်းတိုက် သိမ်းသွင်း ထားနိုင်ခဲ့သည်။ ယနေ့အချိန်အခါတွင်တော့ ခေတ်လူငယ်တို့သည် မထုံ၊ မအ တော့ပေ။ စစ်အာဏာရှင်ကြီးများ၏ စနစ်ဆိုးတည်တံ့ရေး ၀ါဒဖြန့်ချက်များကို ယုံမှတ်၊ ပုံအပ်သူ နည်းပါးလာကြောင်း၊ ကျနော်တို့ လေ့လာတွေ့ရှိ နေပြီဖြစ်၏။
ကျနော်တို့ လူလားမြောက်ကာစ၊ ဆိုခဲ့ပြီးသော အရပ်သား ပညာရေးစနစ်က မရေမရာဖြစ်နေချိန်၊ မြန်မာ အစိုးရထုတ် သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ မီဒီယာ ပေါင်းစုံတို့တွင် မြန်မာ့မျိုးချစ် တပ်မတော်ကြီး၏ စုစည်းညီညွတ်၊ တောင့်တင်း ခိုင်မာပုံ၊ ခေတ်မှီ တပ်မတော်ကြီးအဖြစ် ဖွဲ့စည်း တည်ဆောက် တော့မည့်ပုံများ၊ ဝေေ၀ဆာဆာ၊ မြိုင်မြိုင်ဆိုင်ဆိုင်၊ အားကျ လုခမန်း ရေးသား ဖေါ်ပြကြ၏။ သတင်း၊ စာပေ လွတ်လပ်မှု မရှိသော မြန်မာနိုင်ငံတွင်းမှ၊ လူငယ်တို့သည် မြင်ရ၊ တွေ့ရသမျှ၊ မမြင်ချင်၊ မတွေ့ချင်လည်း တွေ့နေရသော မြန်မာသတင်းစာများမှ စစ်တပ် ကောင်း စားရေး အတွက် စစ်ဝါဒ ဖြန့်ချက်များကို အဟုတ်ကြီး ထင်မှတ် ယုံကြည်ခဲ့ကြ၏။
တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပင်ပေးကာ၊ ကာကွယ် စောင့်ရှောက် နေသည်ဆိုသော တပ်မတော် အစိုးရ လက်ထက်၊ အရာရာသည် အသိပိတ်၊ အမြင်ပိတ်ဖြစ်၍ ဘ၀ အတွေ့အကြုံ နုနယ်သေးသူ လူငယ်တို့ မြင်မြင်ရာ အားကျ မက်မောလာသည်မှာ မဆန်း။ ကျနော်တို့ မြန်မာ နိုင်ငံကြီး ပြိုကွဲပျက်စီးမည့် ဘေးအန္တရာယ် ချောက်ကမ္ဘားကြီးထဲ ကျလုတဲတဲ အခြေအနေဆိုးကြီး အတွင်းမှ လက်မတင်လေး လွတ်မြောက်အောင် စွန့်စားကယ်တင် စောင့်ရှောက်ကာ၊ ယနေ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေခဲ့ရသည်ဆိုသော တပ်မတော်အစိုးရခေါ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်၌ တိုင်းပြည်ကြီး ယခင်ကနှင့် မတူ ထူးခြားစွာ ဖွံ့ဖြိုး တိုးတက်နေပြီ အစရှိသည့် ကြော်ငြာချက်များကို ယုံစားမိ၍၊ တိုင်းပြည် နှင့် လူမျိုးတို့ကို ကာကွယ် စောင့်ရှောက် အံ့ ဟု ကြွေးကြော်ပြီး မြန်မာ့ မျိုးချစ် တပ်မတော်ကြီးအတွင်း စစ်မှုတာဝန် ထမ်းဆောင်ရန် ၀င်ရောက်ကြသည့် လူငယ် များထဲတွင် ကျနော်လည်း တစ်ဦး အပါအ၀င် ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
ဗိုလ်ကြီး နေသူ (အငြိမ်းစား တပ်မတော် အရာရှိ တဦး)

Ref: ပြည်သူ့တပ်မတော်

Read More...

အပေါ်သို့