..............................

Friday, December 4, 2009

သေနတ်ကြားက မဲတပြား

ရဲဘော်ဖိုးသံချောင်း
၎ ဒီဇင်ဘာ ၂၀၀၉

၂ဝဝ၉ ခုနှစ်ရဲ့နောက်ဆုံးပိုင်းကို ရောက်လာလို့ ၂ဝ၁ဝ ကို မကြာခင် ရောက်တော့မယ်။ ဒါပေမယ့် နအဖ စစ်အစိုးရဟာ သူတို့ လမ်းပြမြေပုံရဲ့ ခြေလှမ်း နံပါတ် (၅) ဖြစ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကော်မရှင်လည်း မဖွဲ့နိုင်သေး၊ ဥပဒေလည်း မကြေညာ နိုင်သေးဘူး။ ဒါ့အပြင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ အာပေါင်အာရင်း သံလှတဲ့ မီဒီယာတွေ ထဲမှာလည်း မောင်းခတ်သံ၊ လော်စပီကာ သံတွေ မကြားရသေးဘဲ အလိုတော်ရိ မျိုးစုံရဲ့ တောခြောက်သံနဲ့ သင်္ကြန်အမြောက် သံတွေသာ ကြားနေရပါတယ်။ ရွေးကောက်ပွဲ ဆင်မည်းကြီးဟာ အမြီးမပြောနဲ့ ကိုယ်လုံးတောင် မရောက်သေး၊ ခေါင်းအလျှိုမှာတင် တစ်နေပါတယ်။

အာဏာရထားပါလျက်နဲ့ နအဖရဲ့ အခက်အခဲတွေက မသေးပါကလားလို့သာ မှတ်ချက် ချရပါတော့မယ်။

နအဖအနေနဲ့ ရွေးကောက်ပွဲကိုမြန်မြန်လုပ်၊ မြန်မြန်ပြီး၊ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံး အကောင်အထည် ပေါ်သွားတာကို မြင်ချင်လှတယ် ဆိုတာ ဘာမှသံသယ ရှိစရာမလိုပါ။ ဖွဲ့စည်းပုံ ဥပဒေ နောက်ခံရှိတယ် ဆိုတဲ့ လွှတ်တော် ပေါ်ထွက်ရင် နိုင်ငံတကာ အလယ်မှာ သူတို့အတွက် ဘယ့်ကလောက် အဓိပ္ပာယ်ရှိတယ် ဆိုတာ သူတို့သိပါတယ်။ နောက်ပြီး အမေရိကန်၊ အီးယူတို့နဲ့လည်း “မြူမှောင်ဝေကင်း” ဆက်ဆံနိုင်တော့မယ်လို့ သူတို့ တွက်ပါတယ်။ ဒီတော့ နအဖအနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ မဖြစ်မနေ မုချကို လုပ်ရတော့မယ့် ကိစ္စ ဖြစ်ပါတယ်။

ဒါပေမယ့် ပြဿနာက နအဖမှာ ထုတ်ပြောလို့မရတဲ့ အကျပ်အတည်းတွေ ရှိပါတယ်။ အဲဒါက (၄) သိန်း အင်အား တပ်ကြီးနဲ့လည်း ဖြေရှင်းလို့ မရတဲ့ အကျပ်အတည်း ဖြစ်ပါတယ်။

အဲဒီအထဲက တခုကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲမှာ ဝင်ပါအောင် လုပ်လို့ မရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင် ရာခိုင်နှုန်း (၈ဝ) ကျော် (၉ဝ) ရဲ့ မဲတွေရထားတဲ့ ပါတီကြီးက ဝင်မပြိုင်ဘူး ဆိုရင် အတော်ကို အဓိပ္ပာယ် မဲ့သွားမယ်ဆိုတာ သူတို့ သိပါတယ်။ အထူးသဖြင့် နိုင်ငံတကာ အမြင်မှာ ပြောစရာ ဖြစ်မှာပါ။ နအဖရဲ့ လက်သုံးတော် စာရေးဆရာ များကတော့ ဒီချုပ်မပါလည်း ဂရုစိုက်စရာ မလိုဘူးလို့ ပြောကောင်းပြော၊ ရေးကောင်း ရေးကြမှာပါ။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါဝင်တဲ့ ရွေးကောက်ပွဲဟာ ဘရာဇီး မပါတဲ့ ကမ္ဘာ့ဖလားပွဲထက် အများကြီး ပိုမပြည့်စုံဘူးလို့ ပြောနိုင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တင်းခံနေတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ ဖြစ်နေတော့ နအဖ အစိုးရအဖို့ တပြားသားမှ လျှော့မပေးနိုင်တဲ့ ကိစ္စ ဖြစ်နေပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဘက်က ကြည့်ရင်လည်း ဒါလောက်လေးမှ တင်းမခံရင် သူတို့ပါတီရော၊ ဗမာပြည်ရဲ့အနာဂတ်ရော ရေစုံ မျောပြီဆိုတာ ရှင်းနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာချက်ကို ဆုပ်ကိုင်ထားသရွေ့ ရွေးကောက်ပွဲထဲကို ကျုံးသွင်းလို့ မရဘူးဆိုတာ ရှင်းနေပါတယ်။ တဖက်မှာတော့ အဖွဲ့ချုပ်ကလည်း ဒီကြေညာချက် အပေါ်မှာပဲ ခံတပ်ကို ခိုင်မာအောင် တည်ဆောက်နေတဲ့ သဘော တွေ့ရပါတယ်။ ခံတပ်တခုဟာ အတွင်းမှာ စည်းလုံး ညီညွတ်ကြမှ ခိုင်မာ တောင့်တင်းတယ် ဆိုတာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ နားလည်တယ်လို့ ယုံကြည်ပါတယ်။

ဘာပဲပြောပြော အခုတော့ ရွှေဂုံတိုင်ကြေညာချက်ဟာ နှစ်ဖက်နယ်ခြားမှတ်တိုင်လို ဖြစ်နေပါပြီ။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီတာဝန်ကို ထောင်ထဲမှာ စွန့်လွှတ်ခဲ့တဲ့ မောင်စူးစမ်းလို လူကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဈေးဆစ်နိုင်တဲ့ အင်အားမရှိဘဲ ဈေးမဆစ်နဲ့လို့ ခြိမ်းခြောက် နေပါတယ်။ ဒါကြောင့် တချိန်က လက်နက်နဲ့ ဒီမိုကရေစီလဲရေး စာတမ်း ရေးခဲ့သူကြီးဟာ အခုတော့ လက်နက်မရှိရင် နိုင်ငံရေး ဈေးဆစ် အားမရှိဘူးလို့ ပြောနေပါ ကလားလို့သာ မှတ်ချက်ချမိပါတယ်။ တကယ်ကျတော့ အထက်မှာ ပြောခဲ့သလို နအဖမှာ အခက်အခဲတွေ တွေ့ရလေလေ ဒီလိုလူတွေက အတိုက်အခံတွေ အပေါ် မာန်ဖီပြလေ ဖြစ်နေတာပါ။

နောက်ပြဿနာတခုက အပစ်ရပ် အဖွဲ့အစည်းတွေ ကိစ္စ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ နအဖထင်သလောက် မီးမသေတာတော့ ရှင်းနေပါပြီ။ ကိုးကန့်ကို နှိပ်ကွပ် ပြလိုက်လို့လည်း ပြဿနာက မပြေလည်ပါဘူး။ စကားအားဖြင့် နယ်ခြားစောင့်တပ် ဘဝကို လက်ခံတယ်လို့ ပြောနေကြပေမယ့် ဈေးဆစ် နေကြပါတယ်။ ချုပ်လိုက်ရင် သူတို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဿနာပါပဲ။ ညောင်နှစ်ပင် ညီလာခံတုန်းက အညစ်ခံထားရတာကို အပစ်ရပ် အဖွဲ့တွေ အနေနဲ့ အဲဒီတုန်းက ပြန်ပြောခွင့်မသာလို့ ငုံ့ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး အဆင့်မှာတော့ သူတို့လည်း အမောက်ထောင် ပြကြရတော့တာပါပဲ။

ဒီအထဲမှာ ပိုပြီးအခရာကျတဲ့ ပြဿနာတခုကတော့ နအဖ ထိပ်သီးပိုင်း အတွင်း ပြဿနာပါ။ သူတို့ထိပ်ပိုင်းမှာ ကျန်းမာရေး အရရော၊ အသက်အရွယ် အရပါ အပြောင်းအလဲတွေ လုပ်ကို လုပ်ရတော့မယ့် အချိန်ကို ရောက်နေပါပြီ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ အနေနဲ့ ရွေးကောက်ပွဲ အကြောင်းပြပြီး ထွက်ပေးလိုက်ရင် ကောင်းမလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲ ပြီးအောင်အထိ စောင့်ကြည့်ပြီးမှ ထွက်ပေးကြမလား ဆုံးဖြတ်ရ ခက်နေကြပါတယ်။ စစ်အုပ်စုတွေရဲ့ထုံးစံအတိုင်း တပ်နဲ့ ကင်းကွာသွားမှာကို သူတို့ အားလုံး လန့်ကြပါတယ်။ ဘာကောင်ကြီး ဖြစ်နေနေ တပ်နဲ့ ကင်းကွာလို့ကတော့ သုညဘဝ ရောက်တာပဲဆိုတာ သူတို့ အသိဆုံးပါ။ ဦးနေဝင်း သေပန်း မလှခဲ့တာကို သူတို့ မမေ့ပါဘူး။ သူတို့သာ လက်ရှိ ရာထူးတွေကို စွန့်လွှတ်လိုက်ရရင် လက်ရှိ စည်းစိမ်တွေဟာလည်း ရေပွက်ပမာ ဖြစ်လိမ့်မယ် ဆိုတာ သူတို့ကောင်းကောင်း သဘောပေါက်ပါတယ်။ ခက်တာက ရွေးကောက်ပွဲ ဆိုတာကြီး ပြီးသွားလို့မှ တိုင်းပြည် ခေါင်းဆောင်ဆိုတဲ့ ထိပ်ပိုင်းမှာ ဒီမျက်ခွက်ကြီးတွေပဲ ပြန်တွေ့နေရရင် လူရီစရာ ဖြစ်မယ် ဆိုတာကိုလည်း ဒီဗိုလ်ချုပ်တွေ မစဉ်းစားလို့ မဖြစ်ပါဘူး။

ဒါဖြင့် ငါလည်းထွက်မယ်၊ မင်းလည်းထွက်ဆိုပြီး ဥပမာ ဗိုလ်ရွှေမန်းလိုလူကို အာဏာ လွှဲပေးလိုက် ရင်ရော သူတို့ထဲမှာ တည်တည် ငြိမ်ငြိမ် ရှိပါ့မလား။ ဗိုလ်သန်းရွှေဟာ ဗိုလ်နေဝင်းလောက် သူတို့ တပ်ထဲမှာ သြဇာ မရှိတာတော့ အမှန်ပါ (ဒါကြောင့်လည်း အခု သူတို့ အထဲမှာ ဗိုလ်သန်းရွှေ ဖြစ်စေချင်သလို ဖြစ်အောင် လုပ်လို့ မရသေးတာ ဖြစ်ပါတယ်)။ ဒါပေမယ့် နောက်လူတွေက သူ့လောက်မှ မီးမသေရင် ပိုပြီး ကသောင်းကနင်း ဖြစ်ကုန်နိုင်ပါတယ်။ အလွယ်ဆုံး ပြောရရင် ဗိုလ်ရွှေမန်းဟာ ဦးအောင်သောင်းကို အာ…မခံအောင် လုပ်နိုင်ပါ့မလား။ တခြားလည်း သူတို့ထဲမှာ အဲဒီလို တယောက်အပေါ် တယောက် နိုင်ပေါက်ကိုကိုင်ပြီး ပခုံးချင်း တိုင်းနေကြတာတွေ အများကြီး ရှိပါတယ်။

ဒီလိုအခြေအနေမျိုးတွေကြားမှာ နအဖစစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုလည်း မကြေညာနိုင်၊ ရွေးကောက်ပွဲ ဥပေဒဆိုတာလည်း ထုတ်မပြောနိုင် ဖြစ်နေတော့ ဒီချုပ်အခက် ဒို့အကွက်ဆိုပြီး ရွေးကောက်ပွဲ ဝင်ဖို့ ခဲထားသူတွေ၊ ဗမာပြည်သားတွေကို ရွေးကောက်ပွဲမှာ မဲပေးနည်း သင်တန်းပေးမယ်လို့ အားခဲထားသူတွေ၊ ဒီရွေးကောက်ပွဲကနေ ပေါ်လာတဲ့ “စပေ့စ်” ထဲမှာ မျောက်က…ကရမယ်လို့ တရားဟောနေသူတွေ အားလုံးပဲ စိတ်မရှည်နိုင်အောင် ဖြစ်လာကြပါတယ်။ နောက်ပြီး သူတို့မှာ ပြောစရာတွေကလည်း ကုန်လာတယ်ဆိုတော့ စောင့်ရုံမှတပါး အခြားမရှိလို ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ တချို့ကတော့ နအဖကိုတောင် စောင်းပါး ရိပ်ခြည်၊ ချိတ်ပြီး ဝေဖန်တာတွေ တွေ့လာရပါတယ်။

ပြန်ချုပ်ပါ့မယ်။ အခက်အခဲဟာ တဖက်တည်းမှာ ရှိနေတာ မဟုတ်ပါဘူး။ အားလုံးမှာ ရှိနေတာပါ။ အတိုက်အခံတွေမှာချည့် အခက်အခဲ တွေ့နေရတယ်၊ အမေရိကန်ရဲ့ ယက်တော သံတမန်ရေးကြောင့် ဗမာပြည် နိုင်ငံရေး ပြောင်းသွားပြီဆိုပြီး ကိုယ့်နိုင်ငံရေး ဘဝတခုလုံးကို ရွေးကောက်ပွဲထဲမှာ ပုံအောလိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။

၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရင် ဒီမိုက်ရေစီ ပိုဝေးသွားမယ်လို့ တချို့က ဆိုနေပါတယ်။ အဲဒီလို ပြောနေသူတွေ ထဲမှာ ရွေးကောက်ပွဲ မလုပ်ဘဲ နအဖ ဆက်မင်းမူနေရင် ဒီမိုကရေစီနဲ့ ပိုဝေးလိမ့်မယ်လို့ စေတနာကောင်းနဲ့ စိုးရိမ်သူများလည်း ပါပါတယ်။ ဒါပေမယ့် ၂ဝဝ၈ အခြေခံဥပဒေနဲ့ ဒီမိုကရေစီကို ရယူမယ်ဆိုတာက ပေါက်နေတဲ့ ရေဘူးနဲ့ ရေပါအောင် ယူမယ် ဆိုတာထက်တောင် ဆိုးပါတယ်။ ‘ထိုင်နေအကောင်းသား’ မုချဖြစ်မှာပါ။

Ref: ခေတ်ပြိုင်

Read More...

၅၀၀၀ ကျပ်တန် အတုလုပ်သူတချို့ ဖမ်းဆီးရမိဟု ဆို

ခိုင်ရီ
Thursday, 03 December 2009

၅၀၀၀ ကျပ်တန် အတုပြုလုပ်သည်ဟု ယူဆရသော လူငယ်တချို့ကို မကြာသေးခင် ရက်ပိုင်း အတွင်းက ရန်ကုန်မြို့တွင် ဖမ်းဆီး မိခဲ့ကြောင်း ကြည့်မြင်တိုင် မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

“စီအိုင်ဒီက လွှဲပြောင်း စစ်ဆေးနေပါတယ်၊ ကျနော်တို့က သတင်းအရ ဖမ်းတယ်၊ ၅၀၀၀ တန် အတု သိမ်းဆည်း ရမိတာကတော့ အကုန်လုံး သိပြီးပါပြီ၊ သိမ်းဆည်းရမိတဲ့ သက်သေခံ ပစ္စည်းတွေနဲ့ ပတ်သက်လို့တော့ အသေးစိပ် ပြောလို့မရသေးပါဘူး၊ အခုလို စစ်ဆေးနေစဉ် ကာလအတွင်းမှာ ကျနော်တို့ ပြောပိုင်ခွင့် မရှိပါဘူး၊ ပြီးသွားရင်တော့ ကျနော်တို့ ရှင်းလင်းမှာပါ”ဟု ၎င်းက ဧရာဝတီသို့ ပြောပြသည်။

ယင်း ၅၀၀၀ ကျပ်တန်အတု ပြုလုပ်သူဟု ယူဆရသည့် လူငယ်တဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့ရှိ စားသောက်ဆိုင် တဆိုင်တွင် စားသောက်နေစဉ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုလူငယ်နှင့် တရပ်ကွက်တည်း နေထိုင်သူ တဦးကလည်း “ဒီကောင်လေးက သူ့ သူငယ်ချင်း တွေကို မုန့်ဖိုးပေးတယ်၊ နောက်ပြီး စားသောက်ဆိုင် တွေမှာ သွားပြီး စားသောက်ကြတယ်၊ ကာရာအိုကေဆို ပန်းကုံးစွပ်တာတွေ လုပ်ကြတယ်လို့ ပြောတယ်။ စားသောက်ဆိုင် မန်နေဂျာက ၅၀၀၀ တန်တွေကလည်း များနေတယ်၊ ကောင်လေးကိုလည်း မသင်္ကာလို့ သူပေးတဲ့ ၅၀၀၀ တန်နဲ့ ဆိုင်မှာရှိတဲ့ ပိုက်ဆံပြန်တိုက် ကြည့်တော့ သိသွားတာ၊ ဆိုင်ရှင်က ရဲကို လှမ်းအကြောင်း ကြားလိုက်တာမှာ ဖမ်းမိသွားတာ”ဟု ပြောသည်။

၅၀၀၀ တန် အတုလုပ်သူဟု ယူဆရသော လူငယ်သည် အသက် ၂၀ ၀န်းကျင် အရွယ်ဖြစ်ပြီး နယ်မှ လာရောက်ကာ ကမာရွတ်မြို့နယ်၊ အမှတ် ၄ ရပ်ကွက် ၊ ဘုရင့်နောင် လမ်းမအနီး တိုက်အမှတ် ၁၉ တွင် ငှားရမ်း နေထိုင်ကြောင်း၊ ကွန်ပျူတာနှင့် ပတ်သက်သော အလုပ်လုပ်သူ တဦးဖြစ်ကြောင်း သူကပြောပြသည်။

ထိုလူငယ်နှင့် ဆက်စပ်နေသည့် တခြားသောလူငယ် ၃ ဦးလည်း ဖမ်းဆီးခံရကြောင်း နီးစပ်သူများက ပြောဆိုသည်။

စတင်ထိန်းသိမ်း ခံရစဉ်က ထိုလူငယ် ၃ ဦးကို မိဘများက သွားရောက် တွေ့ ခွင့်ရရှိခဲ့ပြီး ယခု နောက်ပိုင်း လုံးဝ တွေ့ခွင့် မရတော့ကြောင်း နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ဆက်လက်စုံစမ်း စစ်ဆေးနေသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

ရန်ကုန်မြို့ရှိ အစိုးရ ၀န်ထမ်းတဦးက “အခု တချို့ဈေးတွေမှာ ၅၀၀၀ တန်ပေးရင် ဈေးသည်တွေက မယူချင်ကြဘူး၊ အတုတွေ ကလည်း ဈေးကွက်ထဲမှာ ဘယ်လောက်ထိ ရောက်နေမှန်းလည်း မသိဘူး၊ လူတော်တော် များများက ၅၀၀၀ တန်နဲ့လည်း မရင်းနှီးဘူးလေ”ဟု ဆိုသည်။

အဆိုပါ ၅၀၀၀ ကျပ်တန် ငွေစက္ကူ အသစ်ကို စစ်အစိုးရက ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

ကလလတ နယ်ခြားစောင့်တပ် ပြောင်းလဲမှု ပြည်သူများ ပိုမို၍ အခက်ကြုံနိုင်ဟု ကေအဲန်ပီပီပြော

ပါးရယ်
ဒီဇင်ဘာ ၃၊ ၂၀၀၉

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် နယ်ခြားစောင့် တပ်ကို အသွင် ကူးပြောင်းသွားပြီ ဖြစ်သည့် အတွက် လာမည့်ရှေ့ရေးတွင် ကရင်နီပြည်တွင်းရှိ ဒေသခံပြည်သူများက မြန်မာ စစ်အစိုးတပ်များ၏ ညှင်းပမ်း နှိပ်စက်မှုနှင့် စားဝတ် နေရေး ကြပ်တည်းမှုကို ပိုမို၍ ကြုံတွေ့နိုင်ဖွယ် ရှိသည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)က ပြောဆိုလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ကလလတ နယ်ခြားစောင့်တပ် ဖွဲ့စည်းမှုကြောင့် ၎င်းတို့ တပ်အတွင်းတွင် စစ်အစိုးရတပ် များ၊ အရာရှိများက တိုက်ရိုက် ပါဝင် ကွပ်ကဲသွားမည် ဖြစ် ကြောင်း၊ နယ်ခြားဒေသများတွင်လည်း တပ်အင်အားများပါ တိုးချဲ့ ချထားလာမည် ဖြစ်သောကြောင့် ဒေသခံပြည်သူများ အတွက် လုပ်ကိုင် စားသောက်ရန်နှင့် သွားရေးလာရေးပိုင်း တွင် အခက် ကြုံနိုင်ခြင်းဖြစ်ကြောင်း ကေအဲန်ပီပီ ဥက္ကဌ ခူထဲဘူးဖဲက ပြောသည်။

၎င်းက “ကလလတ အဲလိုမျိုး လက်ခံလိုက်တာ သူတို့ တပ်ထဲမှာ နအဖ စစ်တပ်တွေနဲ့ အတူ နေရမယ်လေ။ အတူ နေပြီးတော့ ကြာလာရင် သူတို့တချို့က အိုပြီ ဖြစ်တဲ့ အတွက် လူများ ပင်စီပေးပြီး ထွက်ခိုင်းလိုက်မယ်။ တချို့က လူများ ပြည်ပသို့ တသီးတခြား ပို့သွားမယ်။ နယ်စပ်တွေမှာ တချို့ပို့သွားမယ်။ ပြည်တွင်းမှာက နအဖတွေပဲ ကျန်နေတော့ ပြည်သူတွေကို သူတို့က ဆက်ပြီး နှိပ်စက်နေမှာလေ” ဟု ပြောသွားသည်။

စစ်အစိုးရသည် ကလလတ အဖွဲ့၏ တရားဝင် နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ယခင်လ ၈ ရက်နေ့က ကရင်နီပြည်ရှိ ပန်တိန်းနှင့် စွပ်ပိုင်းဒေသတွင် အခမ်းအနား တရပ်ကျင်းပပေးခဲ့ရာ ဦးထွန်းကျော်နှင့် အခြားပုဂ္ဂိုင်များ၊ ပြည်သူလူထုများ ၄၀၀ ခန့် တက်ရောက် ခဲ့ကြကြောင်း၊ ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ် ရာပြည့် လည်းကောင်း၊ ကယားပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်မှူးချုပ် ၀င်းမြင့် တို့လည်းကောင်း အမှာစကား တက်ရောက်ပြောကြားခဲ့ကြောင်း သိရသည်။

နယ်ခြားစောင့်တပ် ပြောင်းလဲရေး ကိစ္စနှင့် ပတ်သက်၍ ကလလတ အဖွဲ့အတွင်းတွင် သဘောထား ကွဲလွဲမှုများ အချို့ ရှိခဲ့သော်လည်း ၎င်းတို့ စားဝတ်နေရေး အခြေအနေနှင့် အကြောက်တရား အောက်၌ ရှင်သန်နေရသည့် အတွက်ကြောင့် မလွယ်ကူလှသည့် အလုပ် ဖြစ်ကြောင်း အပစ်ရပ်အဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

“လူကြီးတွေကတော့ ပါတီ မဖွဲ့ခင်ကတည်းက ရာထူးသတ်မှတ်ခံတာရတာကိုး။ အဲတော့ စစ်အုပ်စုနဲ့ ပေါင်းပြီး အာဏာ ရရှိရေးကို လက်လှမ်းတဲ့ အပြောင်းအလဲပါ။ ကယားပြည်နယ် ၀န်ကြီးနေရာတွေနဲ့ တိုင်းရင်းသား လွတ်တော်တွေနဲ့ ကယားပြည် အုပ်ချုပ်ရေးဆိုင်ရာ အာဏာ ခွဲဝေရေးတွေကို လိုလားတောင်းတတဲ့ သဘောပေါ့” ဟု ၎င်းက ပြောပါသည်။

နယ်ခြားစောင့်တပ်ကို ကလလတ အဖွဲ့ ပြောင်းလဲရခြင်းသည် ၎င်းတို့ စားဝတ်နေရေး အဆင်ပြေ စေရန်နှင့် ကြီးပွား ချမ်းသာစေရန် အတွက်သာ မက်မောခြင်း ဖြစ်ကြောင်း၊ အမျိုးသားရေးကိုတော့ အလေးထားခြင်း မရှိကြောင်း ခူထဲဘူးဖဲက ဆက်ပြောသည်။

စစ်အစိုးရမှ ဖွဲ့စည်းပေးသော နယ်ခြားစောင့်တပ်ဖွဲ့များတွင် တပ်ရင်းအလိုက် လူအင်အား ၃၂၆ ဦး ထားရှိမည် ဖြစ်ပြီး တပ်ရင်းတိုင်းတွင် အစိုးရတပ်မှ အရာရှိ ၄ ဦးနှင့် အခြားအဆင့် ၂၆ ဦး ပါဝင်မည် ဖြစ်သည်။ နယ်ခြားစောင့် တပ်များကိုလည်း မြန်မာစစ်တပ်က တိုက်ရိုက် ကွပ်ကဲသွားမည် ဖြစ်သည့်အပြင် လစာနှင့် ရိက္ခာများကို အစိုးရမှ တာဝန်ယူသွားမည် ဖြစ်သည်ဟု သိရသည်။

ယခုလက်ရှိ လူအင်အား ၁၆၀၉ ဦးခန့် ရှိသော အပစ်ရပ်အဖွဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ)သည် ဦးစန္ဒာနှင့် ဦးထွန်းကျော်တို့ ဦးဆောင်ပြီး ၁၉၇၈ ခုနှစ်တွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)မှ ခွဲထွက်ခဲ့ကာ ၁၉၉၄ ခုနှစ် မေလတွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရဲစဲရေး သဘောတူညီမှု ရယူခဲ့သည်။

Ref: ကန္တာရဝတီ်

Read More...

နာဂအဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်

ဇာနည်မာန်
Thursday, 03 December 2009

အိန္ဒိယ မြန်မာနယ်စပ် အခြေစိုက် နာဂ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NNLD) က ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် စစ်အစိုးရကို တောင်းဆိုလိုက်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည့် အစီအစဉ်ကို ကန့်ကွက် ရှုတ်ချကြောင်း ယနေ့ ထုတ်ပြန် ကြေညာလိုက်သည်။

စစ်အစိုးရစိတ်ကြိုက် တဖက်သတ် ရေးဆွဲ အတည်ပြုထားသည့် အခြေခံဥပဒေကို အမှီပြု၍ ပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို အထောက်အပံ့ ပေးမည်သာ ဖြစ်ကြောင်း NNLD က ဆိုသည်။

“၂ဝဝ၈ မှာ လုပ်ခဲ့တဲ့ အခြေခံဥပဒေ ထောက်ခံတဲ့ ဆန္ဒခံယူပွဲဟာ ပြည်သူတွေရဲ့ ဆန္ဒကို ခံယူတာ မဟုတ်ဘဲ အတင်းအဓမ္မ သဘော မတူလည်း တူရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ခဲ့တာ။ ထပ်ပြီးတော့ ဒါကို အခြေခံပြီးတော့ ပြုလုပ်မယ် ဆိုတဲ့ ရွေးကောက်ပွဲဟာ အမှန်ဖြစ်လာဖို့က မယုံကြည်တဲ့အတွက် ကျနော်တို့က လုံးဝ အဲ့ဒါ ကန့်ကွက်တယ်” ဟု NNLD ဥက္ကဋ္ဌ ဦးစောဆက ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရ၊ ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား အင်အားစုများ သုံးပွင့်ဆိုင် ဆွေးနွေးပြီး အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင်သုံးသပ်ရန် လိုအပ်သည်ဟု သူကဆိုသည်။

“ဒီသုံးပွင့်ဆိုင်ကနေ စပြီးတော့ နိုင်ငံရေးဆွေးနွေးမယ်၊ ပြီးတော့ အခြေခံ ဥပဒေဟာ ပြန်ပြီးတော့ ရေးဆွဲရမယ်။ အခု စစ်တပ်က သူကြိုက်တဲ့ ပုံစံ၊ တဦးတည်း တယောက်တည်းက ဆွဲထားတဲ့ အခြေခံ ဥပဒေ ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

NNLD သည် ၁၉၈၉ ခုနှစ်မှ စတင်ပြီး အိန္ဒိယမြန်မာနယ်စပ်တွင် လှုပ်ရှားနေသော အဖွဲ့ ဖြစ်သည်။ ယနေ့ NNLD က ထုတ်ပြန်သော ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကြေညာချက်တွင် နာဂ တောင်တန်း ဒေသကို နာဂ ပြည်နယ် အဖြစ် သတ်မှတ် လိုသည်ဟုလည်း ဖော်ပြထားသည်။

နာဂပြည်နယ်အဖြစ် ၎င်းတို့ သတ်မှတ်လိုသည့် ဒေသတွင် စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်း ဒေသရှိ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ လေရှီး၊ ခန္တီး၊ လဟယ်၊ နန်းယွန်း စသည့် မြို့နယ်များနှင့် ကချင်ပြည်နယ် အတွင်းရှိ တနိုင်းမြို့နယ်တို့ ပါဝင်သည်။ ထိုမြို့နယ်များသည် နာဂ တောင်တန်းဒေသတွင် တည်ရှိသည်။

ယခုအခါ အာဏာပိုင်တို့က နာဂတိုင်းရင်းသားများ နေထိုင်ကြရာ ထိုဒေသများတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မက်လုံးပေး စည်းရုံးနေသည် ဟုလည်း သူက ဆိုသည်။ ထိုဒေသတွင် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူ ဒေသခံများကိုလည်း သူက အပြစ်တင်လိုက်သည်။

“ဒီလူတွေဟာ နိုင်ငံရေးမှာ နာဂပြည်သူတွေကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ သူတို့ဟာ သမိုင်း တရားခံတွေပဲလို့ ကျနော်တို့က ဒီလိုပဲ ပြောဖို့ရှိတယ်” ဟု သူက ပြောသည်။

နာဂပြည်သူများ နေထိုင်ရာ ဒေသမှာ လမ်းပန်း ဆက်သွယ်ရေး ညံ့ဖျင်းမှုကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဖွံ့ဖြိုးမှု နှောင့်နှေးနေသည်။

နယ်မြေခံ စစ်တပ်များက လုပ်အားပေး စေခိုင်းခြင်း၊ လယ်ယာမြေများ သိမ်းယူခြင်း၊ ရွာများ ရွှေ့ပြောင်းခြင်းများ စသည့် သတင်းများလည်း ထိုဒေသမှ မကြာခဏ ထွက်ပေါ်လာတတ်သည်။

Ref: ဧရာဝတီ်

Read More...

Thursday, December 3, 2009

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော နှစ် (၉၀) ပြည့်မွေးနေ့



Read More...

ပြည်သူ့စစ်ဖွဲ့ရန် လက်ခံထားသည့် ရာမညတပ်ဖွဲ့ခေါင်းဆောင် စစ်အစိုးရ တပ်တွင် အကျယ်ချုပ်ချထား ခံရ

ဝီရ / ၂ ဒီဇင်ဘာ ၂၀၀၉

ဌာနေပြည်သူ့စစ်ဖွဲ့စည်းရန် သဘာတူထားသည့် ရာမည မွန်တပ်ဖွဲ့၏ ခေါင်းဆောင်ကို မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ (၁၉) ၌ အကျယ်ချုပ် ထားရှိကြောင်း စုံစမ်း သိရှိရသည်။

ရာမညတပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်ကို စကခ (၁၉) အတွင်းရှိ အရာရှိ တန်းလျားတွင် မိသားစုနှင့် အတူ ထားရှိခြင်းဖြစ်ပြီး ပြင်ပ ဧည့်သည်နှင့် တွေ့နိုင်ရန် စစ်တပ် တာဝန်ရှိသူတို့ထံ ခွင့်တောင်းရကြောင်း၊ တပ်အပြင်ဘက်သို့ ထွက်ခွင့် မရှိကြောင်း နိုင်ရှောင်နှင့် သွားရောက် တွေ့ဆုံခဲ့သူ တဦးက ပြောသည်။

၎င်းက “အပြင်ထွက်ခွင့် မပေးတာတော့ (၂) လနီးပါးရှိပြီ။ ဘယ်သူနဲ့ တွေ့ချင်လဲ ဆိုတာ စစ်တပ်က သက်ဆိုင်ရာကို သူ သွားပြောရတယ်။ စစ်တပ် တာဝန်ရှိသူ ကိုယ်တိုင် အဲဒီဧည့်သည်ကို သွားခေါ်လာပြီး တွေ့ခွင့် အများဆုံး (၁) နာရီပေးတယ်။ တပ်စခန်း အပြင်ကိုတောင် ထွက်ခွင့် မပေးတော့ နိုင်ရှောင်က အတော်လေး စိတ်ဓာတ်ကျနေတယ်။ သူနဲ့အတူ သူ့မိန်းမနဲ့ တပည့်တယောက်ပဲ ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အသက် (၇၀) ကျော်နေပြီဖြစ်သည့် နိုင်ရှောင်သည် ရာမည တပ်ဖွဲ့ကို ဖွဲ့စည်းပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာ လလယ်ပိုင်းတွင် ၎င်း၏ လက်အောက်ခံ တပည့်အချို့နှင့် နအဖ စစ်အစိုးရထံ လက်နက် ချခဲ့သည်။

နိုင်ရှောင်နှင့်တွေ့ခဲ့သူက “သွားတွေ့ဖို့ တပ်က လာခေါ်တဲ့အခါမှာ နိုင်ရှောင်နဲ့ ဘယ်တုန်းက စတွေ့ဖြစ်လဲ၊ ဘယ်လို ပတ်သတ် ခဲ့ဖူးသလဲ ဆိုတာကအစ နအဖ စစ်တပ်တွေက အရင်မေးမြန်းနေတော့ နောက်ပိုင်း အခေါ် ခံရတဲ့လူတွေက မသွားချင်ကြတော့ဘူး။ မသိဘူး၊ မပတ်သက်ခဲ့ဖူးဘူးလို့ ပြောပြီး အတွေ့မခံ ကြတာလည်း ရှိတယ်။ ဒါက စကခ (၁၉) က ဗိုလ်မှူးချုပ် ချိုထွန်းအောင်ရဲ့ အမိန့်ပေါ့” ဟု ပြောသည်။

ပြည်သူ့စစ် ဖွဲ့စည်းရာတွင် တပ်တည်နေရာ ရွေးချယ်ခွင့်နှင့် မိမိ တပ်ဖွဲ့ဖြင့်သာ ဖွဲ့စည်းလိုကြောင်း အောက်တိုဘာလ အတွင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့ချိန်၌ နိုင်ရှောင်က တောင်းဆိုပြီးနောက်ပိုင်း ၎င်း၏ သွားလာ လှုပ်ရှားခွင့်ကို တားမြစ်လိုက်ပြီး ယခုကဲ့သို့ တပ်တွင်းတွင် အကျယ်ချုပ် ချလိုက်ခြင်း ဖြစ်သည်။

မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက “အခြားမွန်ခွဲထွက် အဖွဲ့ နိုင်အောင်နိုင်တို့ အဖွဲ့ကလည်း နိုင်ရှောင်ကို တွေ့ဖို့ စကခ (၁၉) ကို တောင်းခံတာ နှစ်ခါစလုံး ပေးမတွေ့ဘူးလို့ ကျနော်တို့ ကြားရတယ်။ ဒီအဖွဲ့တွေ အချင်းချင်းပေါင်းပြီး ပြည်သူ့စစ် ဖွဲ့ဖို့ကိုလည်း နအဖက ခွင့်မပြုတဲ့ သဘောမှာ ရှိတယ်။ မွန်အမျိုးသား လက်နက်ကိုင် အဖွဲ့အစည်းငယ်တွေ ပေါင်းသွားမှာကိုလည်း နအဖက ကြောက်နေပုံရတယ်။ ဒါကြောင့် နိုင်ရှောင်ကို အပြင်မထွက်ခိုင်းတာ” ဟု ပြောသည်။

နိုင်ရှောင်သည် မွန်ပြည်သစ်ပါတီ၏ တပ်မှူးတာဝန်မှ အနားယူခဲ့သူ တဦးဖြစ်ပြီး ရာမည တပ်ဖွဲ့ ဖွဲ့စည်းပြီးနောက် စစ်အစိုးရထံ လက်နက် ချလိုက်သည့် အပေါ် မွန်အမျိုးသားတို့ စည်းလုံး ညီညွတ်ရေးကို ဖြိုခွဲရာ ရောက်သဖြင့် ပါတီနှင့် လာရောက် ပူးပေါင်းရန် မွန်ပြည်သစ်က ကြေညာချက် ထုတ်၍ ဖိတ်ခေါ်ခဲ့ဖူးသည်။

Ref: ခေတ်ပြိုင်

Read More...

လတ်တလော အဖြစ်ကြောင့် ကုသမှု မှားယွင်းမှုများ ထပ်မံသိရှိလာရ

ဒီဇင်ဘာ ၂၊ ၂၀၀၉

ဒေါ်ခင်မာကျော် (၅၉ နှစ်)၊ ဆာကူရာဆေးရုံ၊ ဒေါက်တာစောနောင်

ဆေးရုံ၊ ဆေးခန်းများတွင် မှားယွင်းကုသမှု ပေါ့ဆမှုကြောင့် လူနာ အသက်ဆုံးရှုံးရသည့် မခိုင်ရွှန်းလဲ့ရည်ကိစ္စ မီဒီယာ၏ အကျိုး ကျေးဇူးကြောင့် လူအများ သိရှိခွင့် ရခဲ့ပြီးနောက် ယခင်က ဖြစ်ပျက်ခဲ့သည့် အဖြစ် အပျက်များကိုလည်း ခံစားရသူ မိသားစုများက မီဒီယာသို့ အချက်အလက် ပေးပို့ကာ ထပ်မံ ဖေါ်ထုတ် လာကြသည်။

ပြီးခဲ့သည့် နှစ်ကုန်ခါနီးက ဆရာဝန်၏ ပေါ့ဆမှုကြောင့် အသက်ဆုံးရှုံး ခဲ့ရသည့် အဖြစ်အပျက် တခုနှင့် ပတ်သက်သည့် အထောက်အထား များကို ယခု သီတင်းပတ် အတွင်း မိုးမခ မီဒီယာသို့ အီးမေးလ်ဖြင့် ပေးပို့လာခဲ့သည်။

အဆိုပါအထောက်အထားများအရ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းက ဆာကူရာ ဆေးရုံတွင် အင်းစိန်မြို့နေ ဒေါ်ခင်မာကျော် (၅၉နှစ်) သည် ကျောက်ကပ် ဆေးရန် တက်ရောက်ကုသမှု ခံယူနေခဲ့သည်။ ဒီဇင်ဘာ ၅ရက်နေ့တွင် လည်ပင်းမှ ပိုက်တပ်ရန် ဆရာဝန်မှ ဆုံးဖြတ်ခဲ့ပြီးနောက် ညနေပိုင်းတွင် ဒေါက်တာစောနောင်က ပိုက်တပ်ဆင်ခဲ့သည်။ သို့သော် အောင်မြင်စွာ မပြီးဆုံးမီ အခြားဆေးခန်း တခန်းတွင် ပြင်ပ လူနာကြည့်ရန် ရှိသဖြင့် အခြား ဆရာဝန်တဦးကို ဖုန်းဆက် လွှဲထားခဲ့ပြီး ထွက်သွားခဲ့သည်ဟု လူနာရှင်` သမီးဖြစ်သူက သက်ဆိုင်ရာသို့ ပေးပို့သည့် စာတွင် ဖေါ်ပြထားသည်။

အထက်ပါ ဆရာဝန်က လူနာကို ထားရစ်၍ ထွက်သွားခဲ့ပြီးနောက် ၁ နာရီကျော် ကြာသည်အထိ လွှဲထားသည့် ဆရာဝန်လည်း မရောက်လာခဲ့ဟု စာတွင် ဖေါ်ပြချက်အရ သိရှိရသည်။

ဒေါက်တာစောနောင်မှာ လူနာအား လွှဲထားခဲ့ပြီး ၃နာရီခွဲ ၄ နာရီနီးပါး အကြာတွင်မှ ပြန်ရောက်ရှိ လာခဲ့သည်ဟု ဆိသည်။ ၎င်းနောက် လူနာ၏ အခြေအနေ မကောင်းတော့ ဟု သက်ဆိုင်သူ မိသားစုကို ခေါ်ပြောခဲ့သည်ဟု သိရှိရသည်။

လူနာမှာ ၂၅ရက်နီးပါး မြောနေခဲ့ရာမှ ၂၀၀၉ ခု ဒီဇင်ဘာ ၂၉တွင် အသက်ဆုံးရှုံး ခဲ့ရသည်။

လူနာ အသက် မဆုံးရှုံးမီကတည်းက လူနာ၏ သမီးဖြစ်သူက ဆာကူရာဆေးရုံသို့ ထိုနေ့ အဖြစ်အပျက်နှင့် ပတ်သက်ပြီး ဆရာဝန်ကို အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။ ဆေးရုံမှ ထိုနေ့ တာဝန်ကျသည့် သူနာပြု၊ အခြား ဆရာဝန် အားလုံးကို ခေါ်ယူ မေးမြန်းခဲ့ပြီး အောက်ပါအတိုင်း အကြောင်း ပြန်ကြားခဲ့သည်ဟု သိရသည်။

“ဖြစ်ပျက်သမျှကို ခြုံငုံသုံးသပ်ကြည့်သော် လူနာ၏ ကျန်းမာရေး ကိစ္စ အ၀၀ကို တာဝန်ယူ ကုသပေးသော ဒေါက်တာ ဦးစောနောင်မှာ ဒေါက်တာ ဦးအောင်သူ မရောက်လာမီ လူနာနားတွင် အနီးကပ်ကြည့်ရှု စောင့်ရှောက်ရန် တာဝန်ရှိပြီး လူနာ နှင့် ၃နာရီ ၄၅ မိနစ် ကင်းကွာပြီးမှ ပြန်ရောက်လာကြောင်း တွေ့ရှိရပါသည်။ ဤကိစ္စအတွက် ဆေးရုံမှ ဒေါက်တာ ဦးစောနောင်အား အရေးယူ ပေးရန် မရနိုင်ပါ၊ ဆေးရုံ ဆရာဝန်နှင့် အိုတီ ၀န်ထမ်းများအား အဖြစ်မှန် ထွက်ဆိုရန်သာ ပံ့ပိုးနိုင်ပါသည်။”

ဟု ဆိုသည့် ပြန်ကြားချက်ကို လူနာရှင်ထံသို့ လူနာအသက် မဆုံးရှုံးမီ ပြန်ကြားခဲ့သည်။

ထို့ပြင် ဆေးရုံဘက်မှ အကြံပေးချက်တွင် နိုင်ငံတော် အေးချမ်းသာယာရေး ကောင်စီ၏ ၅-၄-၂၀၀၇ နေ့စွဲဖြင့် ထုတ်ပြန်ထားသည့် ပုဂ္ဂလိက ကျန်းမာရေး ဆိုင်ရာ ပြဌါန်းချက် အခန်း (၁၆) ပုဒ်မ ၃၉(က) အရ သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ် သို့မဟုတ် ကျန်းမာရေး စောင့်ရှောက် ပေးသူ၏ ပေါ့လျော့စွာ ဆောင်ရွက်မှုကြောင့် နစ်နာသူသည် မိမိ၏ နစ်နာမှုအတွက် လျော်ကြေးရရန် တရားမနစ်နာမှု ဥပဒေ (Law of Tort) အရ စွဲဆိုခွင့် ရှိသည်ဟု ပြန်ကြားထားခဲ့သည်။

ထိုသို့ ဖြစ်ပျက်ပြီးနောက် လူနာမှာ ဒီဇင်ဘာ ၂၉ရက်တွင် ကွယ်လွန်ခဲ့ရပြီး သက်ဆိုင်ရာ မိသားစုက ကျန်းမာရေး ၀န်ကြီးသို့ လိပ်မူပြီး စုံစမ်း စစ်ဆေးပေးရန် တင်ပြခဲ့သည်ဟု သိရှိရသည်။

ဖေဖေါ်ဝါရီလလယ် တွင် နေပြည်တော် ကျန်းမာရေး ၀န်ကြီးဌါနတွင် ပေါ့ဆသည်ဟု စွပ်စွဲခံထားရသည့် ဆရာဝန်နှင့် အသက် ဆုံးရှုံးရသူ၏ မိသားစုဝင်တို့ ၀န်ကြီးအား တွေ့ဆုံပြီး ၀န်ကြီးက ဒေါက်တာ ဦးစောနောင်ကို ဆမ ယာယီ ရပ်ဆိုင်းထားဖို့နှင့် နစ်နာကြေး ပေးရန် နှုတ်ဖြင့် ပြောကြားခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ပြီးခဲ့သည့် ဇူလိုင်လအထိ တစုံတရာ နစ်နာကြေးပေးခြင်း မရှိသေးသဖြင့် သေဆုံးသူ၏ မိသားစုက ပြီးခဲ့သည့် ဇူလိုင်လတွင် ကျန်းမာရေး ၀န်ကြီးဌါနသို့ ထပ်မံအသနား ခံခဲ့သည်ဟု သိရှိရသည်။

အထက်ပါ အဖြစ်အပျက်ကို ကြည့်ရှုခြင်းအားဖြင့် လူတယောက်၏ အသက် ဆုံးရှုံးမှုအတွက် တာဝန်ရှိသူကို သက်ဆိုင်ရာ အာဏာပိုင် ၊ ၀န်ကြီးဌါန အထိ တိုင်ကြားသော်ငြားလည်း လက်တွေ့ အရေးယူခြင်း၊ တရားဥပဒေ အကာအကွယ်ဖြင့် နစ်နာကြေး ပေးဆောင်ခြင်းတို့ အဆင်ပြေစွာ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။

ထိုအဖြစ်ကို ကြည့်လျင် ယခုလောလောဆယ် စုံစမ်းစစ်ဆေးမှု ပြုလုပ်တော့မည့် မခိုင်ရွှန်းလဲ့ရည် ကိစ္စမည်သို့ ရှေ့ဆက်မည်ကို တနည်းတဖုံ အားဖြင့် ခန့်မှန်း နိုင်မည်ဖြစ်သည်ဟု ရန်ကုန်မြို့ နေသူတဦးက ဝေဖန်ပြောဆိုခဲ့သည်။

မီဒီယာတွင် လတ်တလော မခိုင်ရွှန်းလဲ့ရည်၏ အဖြစ်အပျက်ကို ဖေါ်ပြခွင့် ရခဲ့ပြီးနောက် ယခင်က ဖြစ်ပျက်ခဲ့ပြီး လူအများ မသိရှိသေးသည့် လူနာများအပေါ် ပေါ့ဆမှု၊ မှားယွင်းမှု၊ တာဝန်မဲ့ လုပ်ဆောင်မှုများ ကျုးလွန်ခဲ့သည့် အဖြစ်အပျက်၊ အရေးအခင်း အများအပြား ရှိနေသည်ကို သက်ဆိုင်သူ မိသားစုများနှင့် မျက်မြင်တို့က တင်ပြဖေါ် ထုတ်လာကြသည်ကို တွေ့ရသည်။

Ref: မိုးမခ

Read More...

Wednesday, December 2, 2009

နှစ်ဖက်အကြား ညှိနှိုင်းဖြေရှင်းမည်ဟု SSA နှင့် PNLO ပြောဆို

ကျော်ခ
အင်္ဂါနေ့၊ ဒီဇင်ဘာလ 01 ရက် 2009

မဇ္ဈိမ (ချင်းမိုင်) ။ ။ ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA နှင့် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ ညှိနှိုင်း ဖြေရှင်းသွားမည်ဟု နှစ်ဘက် ခေါင်းဆောင်များက ပြောသည်။

နိုဝင်ဘာလ နောက်ဆုံးအပါတ်က PNLO အဖွဲ့ဝင်အချို့အား SSA တပ်ရင်း အမှတ် ၃၆၁ မှ တပ်ဖွဲ့ဝင်များ က ပစ်ခတ်ခဲ့ပြီးနောက် ခေါင်းဆောင်များက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“ဒီနေ့မနက်ပဲ PNLO က ဗိုလ်မှူးကြီး ခွန်သူရိန်နဲ့ စကား ပြောဖြစ်ပါသေးတယ်။ ကျနော်တို့လည်း သူတို့ကို တောင်းပန်ပါတယ်။ အတူတကွ ပေါင်းပြီးတော့ နေထိုင် လှုပ်ရှား သွားကြရမယ် ဆိုတာကို သူကလည်း ပြောပါတယ်။ ကျနော်တို့ကလည်း လက်ခံပါတယ်” ဟု SSA-S ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က မဇ္ဈိမကို ပြောသည်။

ယခုပစ်ခတ်မှုသည်လည်း SSA ဗဟို၏ သဘောထား မဟုတ်ကြောင်း၊ နောင်တွင် အောက်ခြေတပ် အချင်းချင်း နားလည်မှု ပိုရရှိစေရန် ပူးပေါင်း ဆောင်ရွက်မှု မြင့်တင် သွားကြမည် ဖြစ်ကြောင်း သူက ဆိုသည်။

PNLO အဖွဲ့၏ ဒေသဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်း ခရီးစဉ် တခုအတွင်း ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်ရှိ သံလွင်မြစ်နှင့် နမ့်ပွန်ချောင်း အကြား တနေရာ၌ ခေတ္တနားနေစဉ် SSA တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် PNLO ဆေးမှူးတဦး ကျဆုံးခဲ့သည်။

ယင်းသို့ဖြစ်ပွားသွားသည့် ပစ်ခတ်မှုနှင့်ပတ်သက်၍ SSA တပ်ဖွဲ့၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်သော ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကော်မတီ RCSS ကလည်း တောင်းပန်ကြောင်း PNLO ပြောရေး ဆိုခွင့်ရသူ ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“တကယ်လို့သာ ဒီလိုမျိုး ထပ်လုပ်နေကြမယ်။ ကျနော်တို့ကလည်း ပြန်ပစ် လိုက်မယ်ဆိုရင် ဒါက ရန်သူအကြိုက် ပုံစံ ဖြစ်တဲ့ အတွက်ကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းကြမယ် ဆိုတဲ့ ဟာကိုတော့ ပဏာမ သဘောတူ ထားကြပါတယ်။ ဆွေးနွေးမယ့် ရက် အတိအကျ ကိုတော့ ပြောလို့ မရသေးပါဘူး” ဟု PNLO အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က မဇ္ဈိမကို ပြောသည်။

PNLO နှင့် SSA အကြား မှားယွင်းပစ်ခတ်မှုများ ယခင်ကလည်း ရှိခဲ့ဖူးပြီး ယခုဖြစ်ရပ်သည် ၂၀၀၇ ခု နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

Ref: မဇ္ဈိမ

Read More...

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှု စတင်ပြီ

အောင်သက်ဝိုင်း
Tuesday, 01 December 2009 16:19

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကု ဆေးခန်းတွင် မခိုင်ရွှန်းလဲ့ရည် ဆိုသည့် ကျောင်းသူတဦး သေဆုံး ခဲ့ရခြင်းနှင့် ပတ်သက်၍ ပြည်တွင်း သတင်း ဂျာနယ်များက အကျယ်တ၀င့် ရေးသား ဖော်ပြပြီးနောက် သက်ဆိုင်ရာ ဆေးခန်းနှင့် အထူးကု ဆရာဝန်ကြီး တို့ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ ဆေးကောင်စီက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု သိရှိရသည်။

ယင်းသို့ ပြည်တွင်းသတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် ဆေးခန်းနှင့် ဆရာဝန်တို့၏ လုပ်ရပ်သည် တာဝန်မဲ့သည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်လာသည့်အတွက် ထိုသို့ စုံစမ်း စစ်ဆေးမှုများ စတင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။

“စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီလ၂၆ ရက်နေ့မှာ အထူးအစည်းအဝေး ခေါ်ပြီး ဖွဲ့တယ်၊ စစ်ဆေးမှုတွေ စလုပ်ပြီ”ဟု ၎င်းက ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဆေးပညာ ဆိုင်ရာ အငြိမ်းစား ပါမောက္ခ၊ ဌာနမှူးများနှင့် လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ဆရာဝန်ကြီး များပါဝင်ကာ စုံစမ်းစစ်ဆေးမှုများကို သီတင်းတပတ် ပြုလုပ်မည်ဟုလည်း သိရှိရသည်။

အကယ်၍ မခိုင်ရွှန်းလဲ့ရည်အမှုတွင် ဆေးကုသမှုမှားယွင်းကြောင်း စစ်ဆေး တွေ့ရှိပါက လူနာကို ကုသပေးခဲ့သော အထူးကု ဆရာဝန်ကြီး၏ ဆေးကုသခွင့် လိုင်စင် အသိမ်းခံရမည် ဖြစ်ပြီး ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) သည် တရားဝင် ၀န်ချ တောင်းပန်မှု ပြုလုပ်ကာ လူနာရှင်ကို လျော်ကြေး ပေးရဖွယ် ရှိကြောင်း ဆေးကောင်စီ တာဝန်ရှိသူက ဆိုသည်။

“တကယ်ပဲ ဆေးကုသမှု မှားယွင်းတယ်ဆိုရင်တော့ အထူးကု ဆရာဝန် (ဆမ) အသိမ်းခံရပြီး ဆေးခန်းကလည်း လူနာရှင်ကို လျော်ကြေး ပေးရတာမျိုး ဖြစ်နိုင်တယ်၊ စုံစမ်းလို့ရတဲ့ ရလဒ် အပေါ် မူတည်ပြီး ဘယ်လို အရေးယူမလဲ ဆိုတာ အစည်းအဝေးခေါ် ဆုံးဖြတ်မယ်” ဟု ၄င်းကပြောသည်။

အဆိုပါ အသက် ၁၅ နှစ်အရွယ် ၉တန်းကျောင်းသူ မခိုင်းရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၀မ်းဗိုက်နာသော ဝေဒနာဖြင့် ရွှေဂုံတိုင် ဆေးခန်းသို့ ရောက်ရှိလာရာ ဆေးခန်းမှ အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ် အထူးကု ဆရာဝန်ကြီးက အူအတက်ရောင် ရောဂါ ဖြစ်နေသည်ဟု ပြောဆိုပြီး ခွဲစိတ်ကုသရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သေဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မခိုင်ရွှန်းလဲ့ရည်ဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် အစိုးရ၏ ညံ့ဖျင်းသော ပြည်သူ့ ကျန်းမာရေး စီမံခန့်ခွဲမှုများ ရှိနေသည်ကို မီးမောင်း ထိုးပြသော ဖြစ်စဉ်တခု ဖြစ်ကြောင်း၊ မခိုင်ရွှန်းလဲ့ရည် ကဲ့သို့သော ဖြစ်ရပ်မျိုး တွေ့ကြုံ ခံစားရမှုများ ပုဂ္ဂလိက ဆေးရုံများနှင့် အစိုးရ ဆေးရုံများတွင် နှစ်ပေါင်းများစွာ ကပင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပြီး ယခုမှ ပြည်တွင်း သတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် လူအများ သိရှိခြင်း ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အခန်းကဏ္ဍတွင် ပိုမို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း အငြိမ်းစား ကျန်းမာရေး ၀န်ထမ်းတဦးက ဝေဖန် ပြောဆိုသည်။

ယခုအခါ ပြည်တွင်းရှိ ပုဂ္ဂလိဆေးရုံ၊ ဆေးခန်းများ အားလုံး ၂၀၀၇ ခုနှစ် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း ဥပဒေအရ တရားဝင် လိုင်စင် ပြန်လည် လျှောက်ထားရမည် ဖြစ်ပြီး မခိုင်ရွှန်းလဲ့ရည် ကဲ့သို့သော ဖြစ်စဉ်မျိုး ဖြစ်ပွားလာပါက ကုသသည့် ဆေးခန်းနှင့် ဆရာဝန်များကို တရားစွဲဆို၍ ဥပဒေအရ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

Ref: ဧရာဝတီ်

Read More...

Tuesday, December 1, 2009

တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော

ရန်ပိုင်
Monday, 30 November 2009 18:31

လာမည့် ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု သောကြာနေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်းကြီး၏ နှစ်ပတ်လည် အစည်း အဝေးတွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုလိုက်သည်။

ထိုသို့ ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သော်လည်း ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများ အနေဖြင့် မှတ်ပုံတင် ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စည်းရုံး ဟောပြောခွင့် မရရှိသေးကြောင်းနှင့် ရွေးကောက်ပွဲ ဥပဒေများကိုလည်း ထုတ်ပြန်ခြင်း မရှိသေးကြောင်း ၀ါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းကပြောသည်။

“ရွေးကောက်ပွဲ လုပ်မယ်သာဆိုတယ်၊ အခုအချိန်အထိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဆိုရင် ရုံးချုပ်သာဖွင့်ခွင့်ပေး ထားတာ၊ နယ်ရုံးတွေ အပိတ်ခံထားရတာပဲ” ဟု ၎င်းကဆိုသည်။

နိုင်ငံတကာ အသိအမှတ်ပြုသည့် ရွေးကောက်ပွဲ ပြုလုပ်မည်ဆိုလျှင် ယခုအချိန်ကာလ ကတည်းက လွတ်လပ်စွာ စည်းရုံးခွင့် လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ ဟောပြောခွင့်၊ ဆွေးနွေးခွင့်၊ သတင်းမီဒီယာများ လွတ်လပ်စွာ ရေးသားခွင့် ပြုရမည် ဖြစ်ကြောင်း၊ ယခုအခါ စစ်အစိုးရ အနေဖြင့် ၎င်းတို့နှင့် နီးစပ်သည့် နိုင်ငံရေး ပါတီများနှင့် စစ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့ကိုသာ ရွေးကောက်ပွဲ အတွက် နယ်လှည့် စည်းရုံးခွင့်များ ပေးအပ်ထားကြောင်း သခင်ချန်ထွန်းက ထောက်ပြဝေဖန်သည်။

ထို့အပြင် မကြာသေးမီက ၀ါရင့်နိုင်ငံရေး သမားကြီးများကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အမျိုသား ရင်ကြားစေ့ရေး တို့အတွက် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားသည့် စာကို နိုဝင်ဘာလ ၂၈ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူပြီး ပေးပို့ခဲ့ကြောင်းသိရသည်။

ယခုကဲ့သို့ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး ပြောဆိုသည်မှာ ပြီးခဲ့သည့် တပ်မတော်နေ့တွင် တကြိမ်၊ စစ်မှုထမ်းဟောင်း ညီလာခံတွင် တကြိမ်နှင့် ယခု ကြံ့ခိုင်ဖွံဖြိုးရေး အသင်း နှစ်ပတ်လည် အစည်းအဝေးတွင် တကြိမ် ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆိုခြင်း ကို လေ့လာခြင်း အားဖြင့် ရွေးကောက်ပွဲကို ပြုလုပ်မည်မှာ သေချာသည်ဟု အဓိပ္ပာယ် ရရှိကြောင်း ချင်းမိုင်မြို့ အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းကဆိုသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို ဥပဒေမထုတ်သေးဘူးဆိုတာက သူတို့ဘက်က ကြိုတင် ပြင်ဆင်မှုက သိပ်မသေချာသေးလို့၊ အားနည်းနေသေးလို့ သူတို့ပါတီ မနိုင်နိုင်သေးလို့” ဟု ၎င်းကပြောသည်။

ထို့အပြင် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံတကာမှ တောင်းဆိုနေသည့် အတိုင်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်ရန် အလားအလာ နည်းပါးကြောင်း၊ အဘယ်ကြောင့် ဆိုသော် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် နှင့် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များအား ဖမ်းဆီးထားခြင်းမှ ပြန်လွှတ် ပေးခြင်း မရှိသေးကြောင်း၊ ထို့အပြင် လွတ်လပ်စွာ စည်းရုံး ဟောပြောခွင့် မရှိသည်ကို လေ့လာခြင်းအားဖြင့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိလိမ့်မည်ဟု မထင်ကြောင်း ဦးဝင်းမင်းက သုံးသပ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း “စစ်အစိုးရ အနေနဲ့က လာမယ့် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပလိမ့်မယ်၊ သူတို့အတွက် နိုင်ငံတကာက အသိအမှတ်ပြုဖို့ အရပ်သား ရုပ်ပြအစိုးရတခု လုပ်ပြရမယ်၊ နောက်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကိုလည်း အသိအမှတ်ပြု ခံရဖို့ လိုမယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ရွေးကောက်ပွဲကို NLD အား ၀င်ရောက်ယှဉ်ပြိုင်စေချင်ကြောင်း၊ သို့မှသာ ၎င်းတို့ ပြုလုပ်သည့် ရွေးကောက်ပွဲအား နိုင်ငံတကာမှ အသိအမှတ် ပြုမည်ဖြစ်ကြောင်း၊ သို့သော်လည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် NLD အပြတ်အသတ် အနိုင်ရသကဲ့သို့ ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိသွားမည်ကို စိုးရိမ်သည့်အတွက် စည်းရုံး လှုပ်ရှားခွင့် အချိန်နည်းပါးစေရန် ရွေးကောက်ပွဲ ဥပဒေများကို အချိန်နီးကပ်မှသာ ပြဌာန်းပေးလိမ့်မည်ဟု ထင်ကြောင်း ဦးအေးသာအောင်က ပြောသည်။

တခြားသော ဒီမိုကရေစီစနစ်ကျင့်သုံးသည့် တိုင်းပြည်များတွင် ရွေးကောက်ပွဲ တခုကို တိုတောင်းသော အချိန်ကာလ တခုသတ်မှတ် ပြဌာန်းပြီး ပြုလုပ်နိုင်သော်လည်း၊ မြန်မာနိုင်ငံကဲ့သို့ ယခုမှ စတင်ပြီး ပါတီစုံရွေးကောက်ပွဲကို ကျင်းပမည် ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများအား ပါတီမှတ်ပုံတင်ခွင့်၊ စည်းရုံးခွင့် စသည်များကို ပြုလုပ်နိုင်ရန် အတွက် အချိန်ကာလ အားဖြင့် အနည်းဆုံး ၁ နှစ် နှင့် ၁ နှစ်ခွဲခန့် ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာလျှင် နိုင်ငံတကာမှ အသိအမှတ်ပြုသည့် သန့်ရှင်း မျှတသည့် ရွေးကောက်ပွဲတခု ဖြစ်လာမည် ထင်ကြောင်း မြန်မာ့အရေး လေ့လာနေသူ ဦးအောင်နိုင်ဦးကလည်း သုံးသပ်သည်။

၁၉၉၀ ပြည့်နှစ် မေလတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပါတီများဖွဲ့စည်းခွင့်ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလတွင် စတင်ခွင့် ပြုခဲ့ပြီးနောက် ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခဲ့သည့် အတွက် နိုင်ငံရေးပါတီများ အားလုံး အတွက် စည်းရုံးလှုပ်ရှားခွင့် အချိန်အားဖြင့် ၁ နှစ်ကျော်ခန့်ရရှိခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲ ကျင်းပရန် ၃ လခန့် အလို၌ ရုပ်မြင်သံကြားမှ စည်းရုံးခွင့်များ ပေးခဲ့သည်။

Ref: ဧရာဝတီ်

Read More...

SSA တောင်ပိုင်းတပ်ဖွဲ့နှင့် PNLO အောက်ခြေတပ်ဖွဲ့များကြား ပစ်ခတ်မှု ဖြစ်ပွား

ဇော်ကြီး
နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်းတပ်ဖွဲ့နှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLO တပ်ဖွဲ့ နှစ်ခု၏ အောက်ခြေ တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်းရှိ နှစ်ဖက်တပ်များ လှုပ်ရှားရာ နမ့်ပွန်ချောင်း အရှေ့ဖက်၊ တောရှဒေါရွာ အနောက်ဖက်ရှိ တောင်ယာအတွင်း PNLO တပ်ဖွဲ့များ ထမင်းချက်စားနေစဉ် SSA တောင်ပိုင်း အမှတ် ၃၆၁ တပ်ရင်းမှ လာရောက် ပစ်ခတ်ခြင်း ဖြစ်သည်ဟု PNLO ကပြောသည်။

အခင်းဖြစ်ပွားပုံနှင့်ပတ်သက်၍ ဒေသခံရွာသားများ၏ ပြောပြချက်အား PNLO အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ယခုလိုပြောသည်။

“ပထမပိုင်းမှာ ဘယ်သူဘယ်ဝါက သူတို့ကို လာပစ်လဲဆိုတာ မသိပါဘူး။ သူတို့ အဲဒီကနေ ဆုတ်သွားပြီး နောက်နေ့ ခပ်စောစောမှာမှ ရွာသားတွေဆီကနေ တဆင့် သူတို့ ပြန်ကြားရတယ်။ အဲဒီအချိန်မှ SSA က မှန်း သူတို့သိတယ်။ အဲဒီ ၃၆၁ တပ်ရင်းမှန်းပေါ့နော်။”
တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်ရာ PNLO ဖက်မှ ဆေးမှူး ခွန်ဇော်ဦး ပွဲချင်းပြီး ကျဆုံးခဲ့သည်။

ယခုလိုဖြစ်ပွားရခြင်း၏ အခြေခံကျသည့် အချက်ကို ကောင်းစွာ မသိရသေးသော်လည်း နှစ်ဖက်တပ်များ လှုပ်ရှားသည့် နယ်မြေဖြစ်သည့် အတွက် ပြဿနာအား ငြိမ်းချမ်းစွာ အဖြေရှာသည့် နည်းဖြင့် ဖြေရှင်းလိုသည်ဟု ၎င်းက ဆက်ပြောသည်။

“မလိုလားအပ်တဲ့ သွေးထွက်သံယိုမှုဖြစ်တဲ့ ပြဿနာတွေ၊ ပအိုဝ်းနဲ့ရှမ်းနဲ့ ဖြစ်လာတဲ့ ပဋိပက္ခတွေ၊ ဒါ ကိုလည်း ကျနော်တို့ မလိုလားပါဘူး။ ဒီပြဿနာနဲ့ ပတ်သက်လို့ကတော့ ငြိမ်းချမ်းသောနည်းနဲ့ တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာ သွားမှာပဲဖြစ်တယ်။”
ယင်းကိစ္စဖြစ်ပွားမှုအပေါ် ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ တဦးက ယခုလို ပြောသည်။

“ကျနော်ကြားသိရသလောက်ကတော့ သူတို့အောက်ခြေ အချင်းချင်းပေါ့နော့ အထင်မှား အမြင်မှားဖြစ် ပြီးတော့ သွားပစ်တယ်လို့ပဲ ကြားရပါတယ်။”

ယခုလိုဖြစ်ပွားသည့်အပေါ် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်း အဖြေရှာရန် လိုအပ်ပြီး “ကျနော်တို့ အချင်းချင်း ဘာတွေကို ပူးပေါင်းဆောင်ရွက်မလဲ။ အကယ်၍ ပူးပေါင်း ဆောင်ရွက်မှု မရှိဘူးဆိုရင် ပြဿနာကို ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။” ဟု ၎င်းက ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်ခေါင်းဆောင်များ တစ်ဖက်နှင့် တစ်ဖက် အသိပေး အကြောင်းကြား ပြီးသော်လည်း ညှိနိုင်းဆွေးနွေးမှု မပြုလုပ်ရသေးဟု နှစ်ဖက် ခေါင်းဆောင် များက ပြောသည်။

ယင်းနယ်မြေတွင် SSA တောင်ပိုင်းနှင့် PNLO တပ်ဖွဲ့တို့ လှုပ်းရှားနေသည့် အပြင် မြန်မာ စစ်အစိုးရက မကြာခဏ ထိုးစစ်ဆင်လေ့ရှိသည့် ဒေသဖြစ်သည်။


Ref: သတင်းနှင့်မီဒီယာ ကွန်ယက်

Read More...

ရန်လုံကျိုင်း နယ်စပ်ကုန်သွယ်ရေးစခန်း မဖြစ်လာသေး

ပေါက်ပေါက်
၃၀ နိုဝင်ဘာ ၂၀၀၉

ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းသစ် ဖွင့်လှစ်ရန် ရှိကြောင်း စစ်အစိုးရက ပြောဆို နေသော်လည်း အဆိုပါစခန်းမှာ ယခုအချိန်အထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။

အဆိုပါစခန်းသစ် ဖွင့်လှစ်ရန်ရှိကြောင်း နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တက်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး ဆင်ဟွာ သတင်းဌာနက အောက်တိုဘာ (၁၅) ရက်တွင် သတင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းသစ် ဖြစ်လာရန်လည်း အလှမ်းဝေးသေးကြောင်း၊ ကိုးကန့် ဒေသအတွင်းရှိ လက်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းပင်လျှင် နယ်မြေ အခြေအနေ တည်ငြိမ်မှု မရှိ သေးသည့်အတွက် ဆက်လက် လုပ်ကိုင်ရန်ပင် မဝံ့မရဲ ဖြစ်လာနေသည်ဟု နယ်စပ် ကုန်သည်တဦးက ပြောသည်။

ကိုးကန့်နယ်မှ ကုန်သွယ်မှုတွင် ဂျူတီဆောင်ကာ တရားဝင် လုပ်နေသည့် ကုန်သည် အလွန်နည်းပြီး (၁၀) ဦးခန့်သာ ရှိကြောင်း၊ အများဆုံး လုပ်ကိုင် နေကြသည်မှာ မှောင်ခိုလိုင်းကသာ ဖြစ်သည့်အတွက် ကုန်သွယ်ရေး စခန်း ထပ်ဖွင့်ရန် မလွယ်ကူသေးကြောင်း ယင်းကုန်သည်က ပြောသည်။

၎င်းက “ဖွင့်လို့တော့ရတာပေါ့။ လိုင်ဇာလို၊ ကန်ပိုက်တီးတို့လို နာမည်သာရှိပြီး ကုန်သည်မရှိတဲ့ ဟာမျိုး ဖြစ်မှာပေါ့။ အခုချိန်ထိတော့ ရန်လုံကျိုင်း ကုန်သွယ်ရေးစခန်း အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ လက်ရှိ ဒီဒေသမှာတောင် ဘယ်နေ့ တိုက်ပွဲ ဖြစ်မလဲဆိုပြီး ရင်တထိတ်ထိတ် ဖြစ်နေတာ။ နယ်စပ်ဖြတ်ကျော်တဲ့ စာအုပ်တွေ အရန်သင့် လုပ်ထားရတာ။ ဖြစ်လာရင် တရုတ်ဘက်ကမ်း မုန်းတိန်းဘက် ပြေးရအောင်” ဟု ပြောသည်။

မူဆယ်ကုန်သွယ်ရေးဇုန်တွင် ခွင့်မပြုသည့် ကုန်စည်များနှင့် ဂျူတီခ များသည့်အတွက်သာ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းတွင် လာရောက် လုပ်ကိုင် နေကြခြင်းဖြစ်ပြီး အကယ်၍ ရန်လုံကျိုင်းစခန်း ထပ်ဖွင့်လျှင်လည်း ကုန်သည် တိုးလာရန် မရှိနိုင်ဘဲ လက်ရှိ ကုန်သည်များထဲမှ ပြောင်းပြီး လုပ်ကိုင်ရန်သာ ရှိသည်ဟု မူဆယ် နယ်စပ် ကုန်သည်တဦးက ပြောသည်။

၎င်းက “မူဆယ်ဘက်မှာ ကုန်သည် (၅ဝဝ) လောက်ရှိမယ်။ ဒီဘက်မှာ လုပ်ရခက်ရင်သာ အဲဒီဘက်ကို ရွှေ့ပြောင်းကောင်း ရွှေ့ပြောင်းနိုင်တယ်၊ ဒါကလည်း ဖြစ်နိုင်ခြေ သိပ်မရှိဘူး။ အမှန်ကတော့ ရှိတဲ့ ကုန်သည်တွေကိုသာ တင်းကျပ်တဲ့ မူဝါဒတွေ လျှော့ပေါ့ပေး၊ နှစ်ဘက် ပြေလည်အောင် လုပ်ပေး နိုင်ရင်တော့ အကောင်းဆုံးပဲ။ စခန်းသစ်တွေ ထပ်ဖွင့် နေတာထက် ရှိတဲ့စခန်းမှာ လုပ်နေတဲ့ သူတွေကို မှောင်ခိုဘက် ရောက်မသွားနိုင်အောင် စည်းရုံးဖို့ပဲ အရေးကြီးပါတယ်” ဟု ပြောသည်။

ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းတွင် မြန်မာပြည်ဘက်မှ ဆန်၊ ရာဘာ၊ ပြောင်းတို့ကို တရားဝင် တင်ပို့နေပြီး မြေပဲ၊ နှမ်းတို့ကို မှောင်ခို တင်ပို့ကာ တရုတ်ပြည်ဘက်မှ အချိုမှုန့်၊ ဖျော်ရည်ဘူး၊ ဘီယာများ မှောင်ခို တင်သွင်းနေသည်။

Ref: ခေတ်ပြိုင်

Read More...

Monday, November 30, 2009

ထူးဆန်းသည့် ကမ္ဘာ့သမိုင်း၏ကိန်းဂဏာန်းများ

September 24, 2009

ဒီသမိုင်းဝင်ဖြစ်ရပ်ကိုရှင်းပြနိုင်ပါသလား


အေဗရာဟင်လင်ကွန်း ( Abraham Lincoln) ကို ၁၈၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။
ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ၁၉၄၆ တွင်ကွန်ကရက်မှ ရွေးကောက်ခဲ့သည်။
အေဗရာဟင်လင်ကွန်း ကို အမေရိကန်သမ္မတအဖြစ် ၁၈၆၀ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။
ဂျွန်အက်ဖ် ကနေဒီ ကို အမေရိကန်သမ္မတအဖြစ် ၁၉၆၀ ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။

သူတို့နှစ်ဦးလုံးသည် ပြည်သူ အခွင့်ရေးကို ဦးစားပေးသည်။

သူတို့နှစ်ဦးလုံးသည် အိမ်ဖြူတော်မှာနေစဉ် ခလေး ဆုံးရှုံး ခဲ့ရသည်။


သူတို့နှစ်ဦးလုံးသည် ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ခံရပြီး လုပ်ကြံ ခံခဲ့ရပါသည်။

သူတို့နှစ်ဦးလုံးသည် သောကြာနေ့တွင် လုပ်ကြံ ခံခဲ့ရပါသည်။

ပို ၍ ထူးခြားတာက....

လင်ကွန်းအတွင်းရေးမှုး၏ နံမည်သည် ကနေဒီ Kennedy ဖြစ်ပြီး

ကနေဒီအတွင်းရေးမှုး၏ နံမည်သည် လင်ကွန်း Lincoln ဖြစ်သည်။

သူတို့နှစ်ဦးလုံးကို တောင်ပိုင်းသားတွေက လုပ်ကြံ သတ်ဖြတ်ခဲ့သည်။

သူတို့နှစ်ဦးလုံး၏နေရာကို ဆက်ခံသူများမှာလည်း တောင်ပိုင်းသားများ ဖြစ်ကြသည်။

လင်ကွန်း၏ နေရာဆက်ခံသူ Andrew Johnson သည် ၁၈၀၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။

ကနေဒီ၏ နေရာဆက်ခံသူ Lyndon Johnson သည် ၁၉၀၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။



လင်ကွန်းကို လုပ်ကြံခဲ့သူ John Wilkies Booth သည် ၁၈၃၉ တွင် မွေးဖွါးခဲ့သည်။

ကနေဒီ ကို လုပ်ကြံခဲ့သူ Lee Harvey Oswald သည် ၁၉၃၉ တွင် မွေးဖွါးခဲ့သည်။

သူတို့နှစ်ဦးလုံးတွင် နံမည် သုံးလုံးရှိပြီး

နံမည် သုံးလုံးတွင် အက္ခရာ ၁၅ လုံးရှိသည်။

ဆက်လက်လေ့လာကြပါစို့.....

လင်ကွန်းကို Ford အမည်ရှိ ပြဇတ်ရုံတွင် လုပ်ကြံခံရပြီး

ကနေဒီကို Ford ကားကုမ္မဏီ မှထုတ်သော Lincoln အမည်ရှိ ကားပေါ်တွင် လုပ်ကြံခံရသည်။






သမ္မတလင်ကွန်းသည် ပြဇာတ်ရုံတွင် အပစ်ခံရပြီး ၄င်းကို လုပ်ကြံသူသည် ဂိုဒေါင် တစ်ခုထဲသို့ ပြေးပုန်းခဲ့သည်။

သမ္မတကနေဒီကို ဂိုဒေါင်တစ်ခုထဲမှ လှမ်းပစ်ပြီး လုပ်ကြံသူသည် ပြဇာတ်ရုံသို့ ပြေးပုန်းခဲ့သည်။

သမ္မတနှစ်ဦးလုံးကို လုပ်ကြံခဲ့သူ Booth နှင့်Oswald သည်တရားရုံး မရင်ဆိုင်ရမှီ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသည်


မပြီးသေးပါဘူး......

လင်ကွန်းမလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် Monroe, Maryland ဟု အမည်ရသော နေရာတွင် ရှိနေခဲ့သည်။
ကနေဒီ မလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် ရုပ်ရှင်မင်းသမီး အဆိုတော် Marilyn Monroe နှင့်အတူ ရှိခဲ့သည်။
ဒီကိစ္စတွေဘယ်သူရှင်းနိုင်ပါသလဲ????



နောက်တစ်ခုဆက်ကြည့်ကြရအောင်.........

၁။ ဒေါ်လာ ၂၀ တန်ကို အလယ်ကနေပြီး တစ်ဝက်ခေါက်လိုက်ပါ။

၂။ နောက်ထပ်ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။


၃။ နောက်အနားတခုကို ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။

၎။ ဒီဖက်ကိုပြန်ကြည့်လိုက်ပါ။



မကျေနပ်သေးရင်နောက်တစ်ခေါက်ပြန်ကြည့်ရအောင်

ပထမပုံကပင်တဂွန်စစ်ဌာနချုပ်မီးလောင်နေတဲ့ပုံပါ

ပြီးတော့ မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦး




လူအများအပြားသေဆုံးမှု.....ပင်တဂွန်စစ်ဌာနချုပ်

လူအများအပြားသေဆုံးမှု..... မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦး

လူအများအပြားသေဆုံးမှု...... Osama???

ဖြစ်ခဲ့တဲ့နေ့ရက်၊ လ ကို ကြည့်ရင် 9+11 = 20 = $20

ဒီစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းဝင်ဖြစ်စဉ်ကို သင်ရဲ့မိတ်ဆွေတွေဆီ မျှဝေလိုက်ပါဗျာ...


Ref: Myanmar Reader

Read More...

လူ၊ ခေတ်၊ စနစ် ပြောင်းဖို့လိုတဲ့ ဒို့တိုင်းပြည် အပိုင်း (၁)

ဗိုလ်မှူးကျော်ကျော်ခိုင်

စစ်အာဏာရှင်အိုကြီးတစ်စုက (၂၀၁၀) ရွေးကောက်ပွဲ ကျင်းပပေးမည်ဆို၍ အချို့အဖွဲ့ အစည်းများ၊ ကယ်တင်ရှင် နိုင်ငံရေး သူရဲကောင်းများနှင့် အချို့ ပုဂ္ဂိုလ်ကြီးများသည် “ရင်ထဲတွင် ကုလားမီးနင်းပွဲ လှည့်လည်နေသကဲ့သို့” ရင်ခုန် လှုပ်ရှားနေကြကြောင်း တွေ့ရပါသည်။ မောင်မောင်ခေါ်ရင် “ဗျာ” လို့ လက်ညှိုး ထောင်မယ့် သူများလည်း ရှိနေကြသည်။ ထို့ကြောင့် နအဖ စစ်အာဏာရှင်အို တစ်စုကလည်း တိတ်တခိုး ပီတိ ဖြစ်နေကြပါ၏။ “ဘုန်းကြီးရူးနှင့် လှေလူး” တွေ့ကြတော့မှာပင်။ တကယ်တော့ ရွေးကောက်ပွဲ ၀င်ပါမည် ဆိုသည်မှာ နအဖ စစ်အာဏာရှင် ဗိုလ်သန်းရွှေ အလိုကျ ရေးဆွဲထားသော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အတည်ပြုပါသည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလား။ ထို့ကြောင့် ထိုရွေးကောက်ပွဲ ၀င်မည့် သူများသည် စစ် အာဏာရှင်အို တစ်စု နှင့်အတူ ရှင်းလင်း သုတ်သင်ပစ်သင့်သည့် သူများသာ ဖြစ်ချေသည်။

၎င်းတို့ ရည်ရွယ်ချက်ကို ကြည့်လျှင် နိုင်ငံတော်နှင့် ပြည်သူ လူထု၏ အကျိုးစီးပွား ထက် ကိုယ်ကျိုး စီးပွားရှာလိုမှု အလွယ် တကူ နေရာအာဏာ တပ်မက် လိုချင်မှုတို့ပင် ဖြစ်သည်။ ဤကဲ့သို့ သုံးသပ်နိုင် ရခြင်းမှာလည်း အကြောင်း ရှိသည်။ ပြည်သူ လူထုကြီး တစ်ရပ်လုံးက လက်မခံနိုင်သော နအဖ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် ဖြစ်၏။ ဤကိစ္စကို အရင်ဖြေရှင်း ကြရဦးမည် ဖြစ်၏။

တချို့ နိုင်ငံရေးသမားများက ဆင်ခြေဆင်လက် ပေးသည့်စကားများ ရှိကြသည်မှာ စစ် အာဏာရှင်များကို ပေးတာယူ၍ လိုင်းပူး သတ်မည်၊ တဖြည်းဖြည်း ပြောင်းလဲယူမည် ဟူ၍ တွေးခေါ် နေခြင်းသည် “ငါးစာကိုသာ မြင်၍ ငါးမျှားချိတ်” မမြင်ခြင်းပင် ဖြစ်၏။ ဤအကွက်ကို စစ်အာဏာရှင်များက ကြိုတင် မြင်ထားပြီး အစစ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သလို အဆင့်ဆင့် ကာကွယ် တားဆီးမှု စီမံချက်များက ချထားပြီး ဖြစ်ပေသည်။

နိုင်ငံတော်တွင် အနာဂတ်၏ခေါင်းဆောင် လုပ်လိုသူများသည် အမြင် အတွေး တိမ်၍ မရပါ။ အများ ယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်း မသိ၍ မဖြစ်။ ဘသားယိမ်းလိုက် ရောယိမ်းလိုက်၊ တောင်လေလာ မြောက်ကိုယိမ်း၊ မြောက်လေလာ တောင်ကိုယိမ်း ယိမ်းနေ ၍လည်း မရနိုင်။ နအဖက လမ်းပြမြေပုံဆို လမ်းပြမြေပုံကြသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆို လိုက်ဥပဒေကြသည်။ ရွေးကောက်ပွဲ (၂၀၁၀) ဆိုပြန်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သတိမရတော့။ နအဖ အာရုံလွှဲသမျှ လိုက်ပါနေကြသည်။ နအဖက တခုခု လုပ်မှသာ နောက်မှလိုက် မကောင်းပြောသည်။ အချို့ ဖော်လံဖား စခန်းသွားကြသည်။ ကိုယ်ပိုင်အစွမ်းအစ ထုတ်ပြကာ ဦးဆောင်နိုင်စွမ်း မရှိကြချေ။ ထိုသူများသည် မြန်မာနိုင်ငံ၏ အနာဂါတ်ကို မည်သို့ ကောင်းမွန် တိုးတက်အောင် ဆောင်ရွက်နိုင်ပါ အံ့နည်း။

ခေါင်းဆောင်ဆိုသူများသည် ဥာဏ်ပညာ အမြော်အမြင်နှင့် ပြည့်စုံရမည် မဟုတ်ပါလား။ ကြိုတင် မျှော်တွေး တတ်သော စဉ်းစား ဆင်ခြင်နိုင်စွမ်း ရှိရမည်၊ တိကျခိုင်မာသော ရည်ရွယ်ချက်၊ ရည်မှန်းချက်တို့ ရှိရမည် မဟုတ်ပါလား။ တကယ်တော့ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး၊ အေးချမ်းသာယာရေး နှင့် ဒီမိုကရေစီစနစ် ပေါ်ပေါက် ထွန်းကားရေး အတွက်မှာ ဤဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စက ပို၍ အရေးကြီးပါသည်။ ယခု နအဖ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နအဖ စစ်အာဏာရှင် ဗိုလ်သန်းရွှေ တစ်ဦးတည်း အလိုကျ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်သည့်အပြင် ပြည်သူလူထု တစ်ရပ်လုံး၏ စစ်မှန်သော ဆန္ဒ သဘောထားများ မပါဝင်ခဲ့ပေ။ ပြည်သူ့ ဆန္ဒသဘောထား အကြံဉာဏ်များ ရယူတောင်းခံခြင်း၊ ကောင်းစွာ ရှင်းလင်းတင်ပြခြင်း၊ ပြန်လည် ချပြခြင်း၊ လိုအပ်သလို ပြည်သူ့ ဆန္ဒနှင့်အညီ ဒီမိုကရေစီ နည်းကျကျ ရေးသားခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း များကိုလည်း ကောင်းမွန်စွာ မဆောင်ရွက်ခဲ့ ကြပေ။ မည်သူမှ အကြေအလည် ဆွေးနွေးခွင့် မရသည့် အပြင် ဥပဒေများ ထုတ်ပြန်ကာ ခြိမ်းခြောက် ခံကြရသေးသည်။

မဆလခေတ်က စစ်အာဏာရှင် ဘိုးအေကြီး ဦးနေ၀င်း လက်ထက်ကမှ ပြည်သူလူထု ထံသို့ ချပြကာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပြည်သူလူထု ဆန္ဒခံယူပွဲ (၃) ကြိမ် လုပ်ခဲ့သေးသည်။ ယခုမူ ပြေးပြေးလွှားလွှား ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို စစ်အာဏာရှင် ဗိုလ်သန်းရွှေ အလိုကျ အတည်ပြုခဲ့သည့် အပြင် ပေါ်ပေါ်ထင်ထင်ပင် တိုင်းပြည် တစ်ခုလုံးသို့ လိမ်ညာခဲ့ကြ သည်။ လူသိန်းချီ သေဆုံးပြီး အဆုံးစွန် ဘ၀ပျက်၍ ဒုက္ခကြီး အသွယ်သွယ်ကို ခံစားနေရသော နာဂစ်မုန်တိုင်းခံ ဒုက္ခသည်များ (ပြည်သူပြည်သားများ) ကိုပင် အရေး မစိုက်အားပဲ ၎င်းဖွဲ့စည်းပုံ အခြေခံ ဥပဒေအတွက် ဗိုလ်သန်းရွှေနှင့် ဇနီး ကိုယ်တိုင်က အလွန် အရှက်မဲ့စွာ မဲပေး အတည်ပြု ခဲ့ကြသေးသည်။

ဤမျှ သိက္ခာမဲ့သော စစ်အာဏာရှင်အိုကြီး၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို နိုင်ငံတော်နှင့် ပြည်သူ လူထု၏ အကျိုးကို အမှန်တကယ် လိုလားသူတိုင်း လက်ခံ၍ မရနိုင်။ သို့ဖြစ်၍ ရွေးကောက်ပွဲ (၂၀၁၀) ထက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိစ္စအား ပိုမိုအလေးထား ဆောင်ရွက် တိုက်ပွဲဝင်ကြရမည် သာဖြစ်သည်။

ပြည်သူချစ်သော ပြည်သူ့တပ်မတော် ဖြစ်စေလိုသည့် တပ်မတော်သား အစစ်အမှန်တို့ အနေနှင့် ဤအခြေအနေကို အမှန်အတိုင်း သဘောပေါက် စေချင်သည်။ စစ်အာဏာရှင် အိုကြီး တစ်စုသည်၎င်း၊ ပြည်သူ့ ဆန္ဒ သဘောထား အမှန်များ မပါသော ၎င်းတို့၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည်၎င်း၊ နအဖ၏ ရွေးကောက်ပွဲ (၂၀၁၀) သည်၎င်း၊ ရွေးကောက်ပွဲ၌ ပါဝင်မည့်သူများ (ယခုထိ သိရဆဲသူများ) ဥပမာ… ကျောင်းသား မဟုတ်သော ကျောင်းသား အေးလွင်လို သူများသည်၎င်း၊ တိုင်းပြည်ကို အမှန်တကယ် အေးချမ်းသာယာ တိုးတက်စေချင်လျှင် လက်ခံ၍ မရကြောင်း သိမြင်ကြရပေမည်။

စစ်သားဖြစ်၍ စစ်အာဏာရှင်အိုတစ်စုဘက်သို့ ဘက်လိုက် စဉ်းစား၍ မရစကောင်း။ ဦးဆောင်မှု အခန်းကဏ္ဍ၌ တပ်မတော် ပါဝင်သည် ဆို၍ ၀မ်းသာဂုဏ်ယူ ရမည့် အခြေအနေ လုံးဝ မဟုတ်ပေ။ စစ်အာဏာရှင် အိုကြီးများက သူတို့ အကျိုးအတွက်သာ ဆိုလျှင် အေးလွင်လို ပုတ်သင်ညို ဆိတ်ဂွေးစိကိုပင် အလေးပြု ခိုင်းတော့မည် မဟုတ်ပါလား၊၊

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုသည်မှာ နိုင်ငံတော်နှင့် ပြည်သူလူထု တစ်ရပ်လုံး၏ အသက်ပင် ဖြစ်သည်။ ပြည်သူလူထု တစ်ရပ်လုံး၏ ဆန္ဒ သဘောထား ပါဝင် ထင်ဟပ်ရသည်။ ပြည်သူလူထု တစ်ရပ်လုံး ဆိုရာ၌လည်း တပ်မတော်သားများနှင့် ပြည်သူ့ ၀န်ထမ်းများ၊ မိသားစုဝင် ဆွေမျိုး မိတ်သင်္ဂဟများ အပါအဝင် ကျေးဇူးရှင် အစစ်ဖြစ်သော ပြည်သူပြည်သား အားလုံးကို ဆိုလိုခြင်း ဖြစ်၏။

ဤမျှ အရေးပါသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စစ်အာဏာရှင် အိုကြီးများက သူတို့နှင့် မိသားစုများ၏ ကိုယ်ကျိုး စီးပွား၊ အသက်အိုးအိမ် စည်းစိမ် များကို ကာကွယ်နိုင်ရန် အလို့ငှာ နိုင်ငံတော်နှင့် ပြည်သူ လူထုကြီး၏ အကျိုးစီးပွားနှင့် လဲလှယ်၍ ရေးဆွဲထားခြင်းသာ ဖြစ်၏။ ရုံးစာရေးနည်း (Staff Duty) အရ ဥပဒေစာလုံးများ တန်ဆာဆင် ရေးသားထား စေကာမူ အနှစ်သာရမှာ စစ်ခေါင်းဆောင် စစ်အာဏာရှင်အို တစ်စု၏ ကိုယ်ကျိုး စီးပွားနှင့် အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက်နိုင်ရန် မျိုးဆက်သစ် တပ်မတော်သားများသို့ ပညာသားပါပါ တာဝန်ပေး ခေါင်းခံ ခိုင်းလိုက်ခြင်းသာ ဖြစ်သည်။ ထိုးဖောက်စဉ်းစား သိမြင် ခံစားလိုက်ပါက တပ်မတော်သား အပေါင်းသည် ဤအချက်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရပေမည်။

ဆက်လက်တင်ပြပါမည်။


Ref: ဖိုးတရုတ်

Read More...

အောက်ခြေတပ်မှူးများ ဒီမိုကရေစီလိုလား

ဗထူး
Friday, 27 November 2009 10:35

စစ်အစိုးရ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို အောက်ခြေ တပ်မှူးများ စိတ်ဝင်စားခြင်း မရှိဘဲ စစ်အာဏာရှင် စနစ်သည် မှန်ကန်ခြင်း မရှိဟု သုံးသပ် ပြောဆိုနေကြသည်။

“စားဝတ်နေရေးကိစ္စကို တပ်ကိုပဲမှီခိုနေရလို့ စိတ်သွားတိုင်း ကိုယ်မပါကြဘူး။ အပြောင်းအလဲ တရပ် ဖြစ်မှ အခြား အဆင့်အတန်းများ အတွက် အဆင်ပြေမှာပါ” ဟု အမည် မဖော်လိုသည့် ဒုဗိုလ်မှူးကြီး တဦးက ပြောသည်။

ရွေးကောက်ပွဲဖြစ်ပေါ်လာပါကလည်း စစ်အစိုးရသာ ရာသက်ပန် သက်တမ်းရှည်မည် ဖြစ်ပြီး ဗိုလ်မှူးကြီးနှင့် ဒုဗိုလ်မှူးကြီး အဆင့်များမှာ ထပ်ဆင့် ရာထူး တိုးမြှင့်ခြင်း မခံရသည်က တပ်တွင်း အကြပ်အတည်း အလွန်ကြီးမား နေကြောင်း ၎င်းက ဆက်ပြောသည်။

“ရွေးကောက်ပွဲက ဘယ်သူပဲနိုင်နိုင် အာဏာရှင် စနစ်ပဲ ဖြစ်မယ်။ ဒီမိုကရေစီ ပြည့်ဝအောင် ရမယ်လို့ ကျနော်တို့ မမျှော်လင့်ဘူး။ မဲသွားပေးလည်း အလကားပဲ” ဟု အဆိုပါ ဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လက်ရှိ စစ်အစိုးရအနေဖြင့် ပြည်သူနှင့် အောက်ခြေဝန်ထမ်းများကို စားဝတ် နေရေး ကိစ္စများဖြင့် လုံးချာ လိုက်အောင် ဖန်တီးထားပြီး ရွေးကောက်ပွဲကို စိတ်မဝင်စားအောင် ပြုလုပ် ထားခြင်းသာ ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောသည်။

“တပ်မှာက အသက် ၆၀ ပြည့်ရင် နားရမယ်လေ။ သူတို့က တကယ်တမ်း မနားရဲပါဘူး။ ဒါကြောင့် ကျနော်တို့ အဆင့်တွေ အောက်ခြေမှာ ပိတ်ဆို့ နေတာ။ ဒီကိစ္စကို အားလုံးက မကျေနပ်ကြဘူး။ ရွေးကောက်ပွဲတောင် ဖြစ်ပါ့မလားလို့ စဉ်းစားမိတယ်” ဟု အဆိုပါ ဒုဗိုလ်မှူးကြီးက ဆက်ပြောသည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို မေလအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း တပ်မတော် အတွင်း သတင်းများ ထွက်ပေါ်နေလျက်ရှိသည်။

Ref: ရိုးမ ၃

Read More...

အပေါ်သို့