..............................

Friday, May 28, 2010

NLD တရားဝင် ရပ်တည်မှုကို စစ်အစိုးရဖျက်လို့ မပျက်နိုင်

ကြာသပတေး, 27 မေ 2010

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီတခုအဖြစ် မှတ်ပုံ မတင်တော့ပေမဲ့ NLD ရဲ့တရားဝင်မှုကို မြန်မာပြည်သူတွေနဲ့ အတူ နိုင်ငံတကာက သန်းနဲ့ချီတဲ့ ပြည်သူတွေ ဆက်လက် အသိအမှတ် ပြုနေတဲ့အကြောင်း အမေရိကန် အထက်လွှတ်တော် အမတ်တွေက မေလ ၂၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည် အထိမ်းအမှတ် အမေရိကန်ဒီမိုကရက်နဲ့ ရီပတ်ဗလစ်ကန် အထက်လွှတ်တော် အမတ်တွေ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ NLD ရဲ့ တရားဝင်မှုကို စစ်အစိုးရအနေနဲ့ ဘယ်လိုမှ ပယ်ဖျက်လို့ မရနိုင်တဲ့အကြောင်း ဖေါ်ပြထားပါတယ်။

Kentucky ပြည်နယ် အထက်လွှတ်တော်အမတ် Mitch McConnell၊ ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော် အမတ် Dianne Feinstein၊ အရီဇိုးနားပြည်နယ် ရီပတ်ဗလစ်ကန် အထက်လွှတ်တော် အမတ် John McCain နဲ့ Connecticut ပြည်နယ် တသီးပုဂ္ဂလ အထက် လွှတ်တော်အမတ် Joe Liberman တို့ အပါအ၀င် အထက်လွှတ်တော်အမတ် ၆ ယောက်စုပေါင်း ကြေညာချက် ထုတ်ပြန်ထားတာပါ။ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်ရှိပြီး လွတ်လပ်မှုတွေနဲ့ ထိုက်တန်သူတွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနှစ် ၂၀ မြောက်အောင်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ရန်ကုန်မြို့မှာ ကျင်းပ ခဲ့ကြပါတယ်။ အမတ်နေရာ ၈၂ % ကို NLD က နိုင်ခဲ့ပေမဲ့၊ စစ်အစိုးရက ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြု အာဏာ မလွှဲခဲ့ပါဘူး။

ခုလို အနှစ် ၂၀ မြောက်ရွေးကောက်ပွဲအောင်ပွဲ အထိမ်းအမှတ်ကို NLD ဒုဥက္ကဌဦးတင်အိမ်မှာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အာဏာမလွှဲခြင်းကြောင့် တပ်မတော်သမိုင်း အကျည်းတန်

ကြာသပတေး, 27 မေ 2010

၁၉၈၈ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နှိမ်နင်းပြီး လက်ရှိ စစ်အစိုးရကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ
အခု ဒီနေ့ဆိုရင် နှစ် ၂၀ တင်းတင်း ပြည့်ခဲ့ပါပြီ။ ၉၀ ခုနှစ် ရွေးကောက်ပွဲဟာ သမာသမတ် ကျခဲ့တယ်လို့ အဲဒီတုန်းက ရွေးချယ်ခံ ကိုယ်စားလှယ်တွေက တညီတည်း ပြောကြမယ့် ဒီနေ့ကာလမှာ အဲဒီ ရွေးကောက်ပွဲရလဒ် ရှိသင့်မသင့် ဆိုတာတော့ သဘောထားတွေ မညီကြပါဘူး။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကတော့ ၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော် ပေးနိုင်ခဲ့တာဟာ သမိုင်းမှာ တပ်မတော်အတွက် အမဲစက်ပဲလို့ ရှုမြင်ပါတယ်။ ကိုသားညွန့်ဦးက ဒီအမြင်တွေကို စုစည်းတင်ပြပေးထားပါတယ်။

၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ဆိုတာ မြန်မာသမိုင်းမှာတော့ ခုချိန်ထိ ဖြေရှင်းလို့မရသေးတဲ့ ပြဿနာတရပ် အဖြစ် ယူဆရမှာပါ။
၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွေ ပေါ်လာပြီး ဒီမိုကရေစီ လှုပ်ရှားမှုတွေ အားကောင်းနေဆဲ အချိန်မှာပဲ ၉၀ ရွေးကောက်ပွဲ ဖြစ်ခဲ့တာပါ။

ဒါကြောင့်လည်း ၉၀ ရွေးကောက်ပွဲရလဒ်ဟာ သာမန် ရွေးကောက်ပွဲအဖြေ မဟုတ်ပဲ၊ လူထုရဲ့ ဒီမိုကရေစီ လိုလားမှုကိုပြတဲ့ သင်္ကေတ တရပ် အဖြစ် ဒီမိုလှုပ်ရှားသူတွေက မှတ်ယူကြပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် ပေါင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ကိုယ်စားလှယ်အဖြစ် အရွေးချယ် ခံခဲ့ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ စစ်အုပ်ချုပ်ရေးကို မခံရပ်နိုင် တဲ့အတွက် လူထုဟာ အဖွဲ့ချုပ်ကို ပုံပြီး မဲပေးခဲ့ကြတယ်လို့ ပြောပါတယ်။

"သိပ်ပြီးတော့ အခရာ ကျပါတယ်။ ၁၉၆၂ ခုနှစ်က စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူလူထုက စစ်တပ်က
တိုင်းပြည် အုပ်ချုပ်ရေး ၀င်ရောက် ကိုင်တွယ်တာကို လူတိုင်း ခံစားရတယ်။ အဲဒီ ခံစားရတာကို တုံ့ပြန်ပြီးတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တခဲနက် မဲပေးခဲ့တာလို့ ကျနော် အဲဒီလို မြင်ပါတယ်။"

"၁၉၉၀ ရွေးကောက်ပွဲအနေနဲ့ကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုပြီးတော့ တကမ္ဘာလုံးကလည်း ပြောကြတာပဲလေ။ ကျနော်တို့ နိုင်ငံရေး ပါတီတွေကလည်း တရားမျှတစွာ ၀င်ရောက် ယှဉ်ပြိုင် ခဲ့ကြတာပါပဲ။ ပြီးတော့ ရွေးကောက်ပွဲ ရလဒ်ကလည်း ပြည်သူလူထု မှန်မှန်ကန်ကန် ထဲ့တယ်လို့ပဲ ယုံကြည်ပါတယ်။"

၉၀ ရွေးကောက်ပွဲကို မျှမျှတတဖြစ်အောင် စစ်တပ်က ဦးစီးကျင်းပပေးခဲ့တယ် ဆိုတာ သမိုင်းမှာ ကျန်ခဲ့သလိုပဲ ရွေးကောက်ပွဲ့ ရလဒ်ကို စစ်တပ်က ပယ်ဖျက်ခဲ့တယ် ဆိုတာဟာလည်း သမိုင်းမှာ အမဲစက်တခုလို ရှိနေမယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက အပြစ်တင်ပါတယ်။

"ပါတီစုံ ဒီမိုကရေစီဆိုပြီးတော့ကာ လူထုတွေက အင်မတန် တောင့်တ၊ တမ်းတနေတာကို တပ်မတော်ကနေပြီးတော့ အကောင်အထည် ဖော်ပေးလိုက်တဲ့ အတွက်ကတော့ဖြင့် အင်မတန်ပဲ ကောင်းမြတ်တဲ့ သမိုင်းပေါ့ဗျာ။ ဒါပေမဲ့ နောက်ပိုင်းကျတဲ့ အခါကျတော့ ဒီ စစ်တပ် အဖွဲ့ အုပ်ချုပ်ရေး ဖြစ်သွားတော့ ဟို သမိုင်းအစဉ်အလာ မကောင်းဘူးပေါ့ဗျာ၊ ဒီလိုတော့ပဲ ပြောရမှာပေါ့။"

၉၀ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိတယ်ဆိုတာ ကိုယ်စားလှယ်အရွေးခံရသူတွေ ကြားထဲမှာ တစ်တဘောတည်း ရှိခဲ့ပေမဲ့လို့ အခု အချိန်မှာ ၉၀ ရလဒ် အသက်ဝင် မ၀င်ဆိုတာမှာတော့ သဘောထားတွေ မတူကြပါဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် ဖြစ်ခဲ့ပေမဲ့လို့ စစ်အစိုးရ ပြုလုပ်တဲ့ အမျိုးသား ညီလာခံ တက်ရောက်ခဲ့ပြီး အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ ပြင်ဆင်နေတဲ့ ဦးကြည်ဝင်းကတော့ ၉၀ ရွေးကောက်ပွဲဟာ သက်တမ်းလွန်သွားပြီလို့ ခံယူပါတယ်။

"နှစ် ၂၀ လောက်ရှိပြီ။ လွှတ်တော်သက်တမ်း ၅ နှစ်နဲ့တွက်ရင် သက်တမ်း လေးခုလောက် ရှိသွားပြီ။ ဒီထဲမှာ ကြိုက်ပါတယ် ဆိုတဲ့လူက ဒီအချိန်မှာ ကြိုက်ချင်မှ ကြိုက်တော့မှာ။ မကြိုက်ပါဘူး ဆိုတဲ့လူတွေက ဒီအချိန်မှာ ကြိုက်ချင်လည်း ကြိုက်လာမယ်။ သက်တမ်းတခု ကျော်သွားလို့ ရှိရင် လူတွေရဲ့ ဆန္ဒတွေ၊ စိတ်ထားတွေပေါ့ သူတို့ အယူအဆတွေ၊ လုပ်သွားတဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ မူတည်ပြီးတော့ ကြိုက်ခြင်း မကြိုက်ခြင်းတွေက ဖြစ်လာတတ်တယ်။ အဲဒါကြောင့် အဲဒါတွေက အရမ်း Date out သွားပြီးလို့ အန်ကယ်လ်ကတော့ ယူဆ တာပဲ။"

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကတော့ ၉၀ ခုနှစ်ရလဒ်ဟာ အသက် မ၀င်သေးသရွေ့ သက်တမ်းသတ်မှတ်လို့ မရဘူးလို့ ပြောပါတယ်။

Ref: VOA News

Read More...

ထက်ထက်မိုးဦးအမှု တရားရုံး ကြားနာ

မင်းနိုင်သူ
Thursday, May 27, 2010

ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7 day ဂျာနယ် သတင်းထောက် အမှုကို ရန်ကင်းမြို့နယ် တရားရုံးက ယနေ့ ဆက်လက် ကြားနာ စစ်ဆေးကြောင်း သိရသည်။

“ဒီနေ့ တရားလိုပြ သက်သေ ၂ ဦးကို စစ်တာပါ။ 7day က Entainment section editor မအေးမြကျော်နဲ့ Hello ဂျာနယ်က ကိုဘုန်းနေလ တို့ကို စစ်ပါတယ်"ဟု 7 day ဂျာနယ်အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ဧရာဝတီသို့ ပြောသည်။

မအေးမြကျော်သည် တရားလို သတင်းထောက် မအေးသူစံကို အခင်း ဖြစ်ပြီးနောက် ပထမဆုံး တွေ့မြင်ခဲ့ရသူ ဖြစ်သည်။ ကိုဘုန်းနေလကမူ အခင်း ဖြစ်ပွားမှုကို မျက်မြင် တွေ့မြင်ရသူ ဖြစ်သည်။

ထို့ကြောင့် တရားလိုပြ သက်သေများ အဖြစ် တရားရုံးသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားလို မအေးသူစံ ဘက်မှ တရားလိုပြ သက်သေ (၄) ဦး တင်သွင်းခဲ့ သော်လည်း သက်သေ တဦးမှာ တရားရုံး၏ ဆင့်ခေါ်မှုကို ငြင်းပယ် ခဲ့ကြောင်း တရားလို၏ အယ်ဒီတာက ပြောသည်။

လွန်ခဲ့သည့် မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်နေသည့် ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးနှင့် 7 day ဂျာနယ် သတင်းထောက်တို့ အင်တာဗျူးတခု ပြုလုပ်ခဲ့ပြီးနောက် ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုမူခဲ့သဖြင့် ရန်ကင်း တရားရုံးတွင် တရား ရင်ဆိုင်နေရခြင်း ဖြစ်သည်။

အဆိုပါအမှုကို ရန်ကင်းတရားရုံးက မေလ၂၄ ရက်နေ့က စတင်ကြားနာခဲ့သည်။ ကနဦး ကြားနာမှုတွင် တရားလို သတင်းထောက် မအေးသူစံနှင့် မ၀င်းမာတို့က ထွက်ဆိုချက် ပေးခဲ့ကြသည်။

ယနေ့ ရုံးချိန်းကို နံနက် ၁၁ နာရီတွင် စတင်ခဲ့ပြီး မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးကာ ဇွန်လ ၃ ရက်သို့ ထပ်မံ ရုံးချိန်းပေးလိုက်ကြောင်း သိရသည်။

“အဲဒီနေ့ကျရင် တရားသူကြီးက ပုဒ်မတွေ ဖတ်ပြမယ် ပြောပါတယ်"ဟု 7 day အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောသည်။

အဆိုပါတရားစီရင်မှုကို စာနယ်ဇင်းအသိုင်းအ၀ိုင်းက စိတ်ဝင်စားမှုရှိနေပြီး တရားရုံးချိန်းများတွင် လာရောက် နားထောင်သူ များကြောင်း၊ တရားရုံးသို့ လာရောက်သူများကို ရဲအဖွဲ့က အမည်စာရင်း တောင်းယူလေ့ ရှိကြောင်း ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။

Ref: ဧရာဝတီ်

Read More...

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ

မွေခေါဝ်
Thursday, 27 May 2010 17:46

RCSS ခေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဆဲ ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း မေ ၂၆ ရက်နေ့၌ ကြေငြာချက်တစောင် ထုတ်ပြန်သည်။

နအဖတို့ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံသူနိုင်ငံသားများ၏ စိတ်ရင်း ဆန္ဒမှန် မဟုတ်သောကြောင့် မထောက်ခံနိုင်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည် ဖော်မည့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း အသိအမှတ် မပြုကြောင်း ပါရှိသည်။

တစညပါတီနှင့် ကြံ့ဖွံ့ပါတီတွင် ပါဝင်ကြမည့် သျှမ်းပြည်မှ ပြည်သူလူထုအား RCSS က အသိအမှတ်ပြု ထောက်ခံခြင်း မရှိကြောင်း ထိုကြေငြာချက်ကဆို၏။

၂၀၁၀ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်း ထူထောင်သည့် ပါတီသစ်များကို ကန့်ကွက်ကြောင်းလည်း ရေးသားထားသည်။

“ဒီလိုဆိုရင် ဦးစိုင်းအိုက်ပေါင်းဦးဆောင်ဖွဲ့စည်းတဲ့ ကျားဖြူပါတီ(SNDP)ဟာ RCSS ရဲ့ ထောက်ခံ အသိအမှတ်ပြုမှုရဖို့ မျှော်လင့်ချက် မရှိဘူးဆိုတဲ့ သဘော သက်ရောက်တယ်” ဟု တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြူ ပါတီအဖွဲ့ဝင် တဦးက ပြောကြားပါသည်။

ထိုကြေငြာချက်တွင်

* RCSS သည် နအဖနှင့် ငြိမ်းချမ်းရေးရယူထားသော အပစ်ရပ်အဖွဲ့များအား ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် အသွင် ပြောင်းခိုင်းသည့် ကိစ္စကို ကန့်ကွက်ကြောင်း
* ထိုင်းနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို RCSS က စွက်ဖက်ဘက်လိုက်မည် မဟုတ်ကြောင်း
* RCSS က သျှမ်းပြည်လူ့အခွင့်အရေးကို ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း
* အာဆီယံအဖွဲ့အစည်းနှင့် UN လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များအား သျှမ်းပြည်နှင့် မြန်မာနိုင်ငံရှိ ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ လာရောက်စုံစမ်းရန် RCSS က တောင်းဆိုကြောင်း ပါရှိသည်။

RCSS ခေါ် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီကို ၁၉၉၉ တွင် ဦးဆောင်နိုင်ငံရေးအဖွဲ့အဖြစ် လက်ရှိ RCSS ဥက္ကဋ္ဌ စ၀်ယွတ်စစ်က လွယ်တိုင်းလျဲန်း၌ ဖွဲ့စည်း ထူထောင်ခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ပြည်သူ့ရွေးကောက်ပွဲ ရွှေ့ပြောင်းလုပ်သားများ မဲပေး

ကျော်ခ | ကြာသပတေးနေ့၊ မေလ ၂၇ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယှဉ်ပြိုင်မဲ အရွေးခံသော ”ပြည်သူ့ရွေးကောက်ပွဲ” ကို ရွှေ့ပြောင်း အလုပ်သမားများက မဲဆောက်မြို့တွင် မဲပေးကြပြီး စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲကို ရှုတ်ချလိုက်ကြသည်။

ရွှေ့ပြောင်းအလုပ်သမား ၂ဝဝ ကျော်က ထိုင်း-မြန်မာနယ်စပ် မြို့လေးတွင် ကြာသပတေးနေ့က ပြုလုပ်သော မဲရွေးပွဲတွင် နအဖ စစ်ခေါင်းဆောင်နှင့် အတိုက်အခံ ခေါင်းဆောင်တို့ကို ဆန္ဒမဲပြားပေါ်တွင် စိတ်ကြိုက်ရွေးချယ်ကာ မဲထည့်ရခြင်း ဖြစ်သည်။

နောက်ရက်များတွင်လည်း မဲထဲ့ပွဲများ ဆက်လက်ပြုလုပ်မှာ ဖြစ်ပြီး ရလာဒ် မဲပြားများကို ဇွန်လ ၁၉ ရက်နေ့တွင် ရေတွက်ပြီး အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အတွင်းရေးမှူး ဆူရင်း ပစ်ဆူဝမ် ရုံးသို့ ပေးပို့သွားမှာ ဖြစ်သည်ဟု ပွဲကျင်းပသူ အတိုက်အခံများ စုပေါင်းအဖွဲ့၏ နိုင်ငံခြားရေး တာဝန်ခံ ဦးသွင်လင်းအောင်က ပြောသည်။

နေအိမ်အချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်သတ် အနိုင်ရခဲ့သောနေ့ နှစ် ၂ဝ မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ကာ ”ပြည်သူ့ရွေးကောက်ပွဲ” ဟု အမည် ပေးထားကြသည်။

ဆန္ဒမဲ ပို့စ်ကဒ်ပြား တဖက်စီတွင် မေ ၂၇ ရက်၊ ၁၉၉ဝ ရွေးကောက်ပွဲ၌ မဲ ၈၂ ရာခိုင်နှုန်း ကျော်ဖြင့် အနိုင်ရခဲ့သည့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုနှစ် ရွေးကောက်ပွဲကို ကျင်းပပေးမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ ပုံများပါသည်။

အန်အယ်ဒီကို အာဏာလွှဲပေးရန် စစ်အစိုးရက ငြင်းပယ်ခဲ့ပြီး စစ်တပ်၏ ဦးဆောင်မှုကို အာမခံထားသော အခြေခံဥပဒေကိုသာ အတင်းအကြပ် ရေးဆွဲစေခဲ့သည်။ အန်အယ်ဒီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် ပင်မ အတိုက်အခံများက ပါဝင်ရန် ငြင်းပယ်ခံရသော အခြေခံဥပဒေ ရေးဆွဲမှုသည် ၁၄ နှစ် ကြာမြင့်ခဲ့ပြီး အငြင်းပွားဖွယ်ရာ အတည်ပြုမှုလည်း လိုက်ပါလာသည်။

အဆိုပါ အခြေခံဥပဒေကို အသက်သွင်းမည့် ရွေးကောက်ပွဲကို ယခုနှစ် အောက်တိုဘာလ အစောဆုံးထား၍ ကျင်းပရန် စစ်အစိုးရက စီစဉ်လျှက် ရှိသော်လည်း အန်အယ်ဒီ အပါအဝင် အတိုက်အခံ အင်အားစုကြီးက ပါဝင် ယှဉ်ပြိုင်ခြင်း မပြုရန် ငြင်းဆန်ထားသည်။

ပြည်ပရောက် ဒီမိုကရေစီ လိုလားသော အတိုက်အခံ အဖွဲ့အစည်းပေါင်း ၁၅ဝ က စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို တညီတညွတ်ထဲ ဆန့်ကျင် ထားကြသည်။

သို့သော်လည်း အချက် ၃ ချက်ပါ တောင်းဆိုချက်ကို လိုက်လျောလျှင် အနှစ် ၂ဝ ကာလတွင် ပထမဆုံး ပြန်ဖြစ်လာမည့် ရွေးကောက်ပွဲကို အသိအမှတ် ပြုမည်ဟု အတိုက်အခံများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ တိုင်းရင်းသား လူမျိုးစုများနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများ အပေါ် အကြမ်းဖက် တိုက်ခိုက်မှု ရပ်တန့်နှင့် ဒီမိုကရေစီနှင့် တိုင်းရင်းသား အင်အားစုများ ပါဝင်သော တွေ့ဆုံ ဆွေးနွေးမှုလုပ်ရန် တောင်းဆိုထားသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲမှာ တဖက်သတ် ကျင်းပနေခြင်းဖြစ်ကြောင်း ပြသနိုင်ရန် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မဲဆောက်အပြင် အိန္ဒိယ၊ ဂျပန်နိုင်ငံများအပါအဝ် နိုင်ငံ ၁၅ ခုတွင် အတိုက်အခံများက ”ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု” အဖြစ် တပြိုင်တည်းလိုလို ပြုလုပ်ရန် ကြိုးစားနေကြသည်။

ယခုလှုပ်ရှားမှုတွင် အဖွဲ့ ၁ဝ ဖွဲ့ပါဝင်ကာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကဲ့သို့သော တပ်ပေါင်းစုများ၊ တိုင်းရင်းသား လူငယ်အဖွဲ့များ၊ လွှတ်တော် အမတ်များနှင့် စင်ပြိုင် ညွှန့်ပေါင်းအစိုးရတို့ ဖြစ်သည်။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်လည်း မြန်မာ ၂ဝဝ ကျော်က မြန်မာစစ်အစိုးရက အတိုက်အခံတို့၏ လိုလားချက်ကို လျစ်လျူရှုကာ ရွေးကောက်ပွဲ ကျင်းပလျှင် ရှုတ်ချရန် အိန္ဒိယနှင့် အာဆီယံ အစိုးရများသို့ တောင်းဆို လိုက်ကြသည်။

နယူးဒေလီရှိ မြန်မာပြည်သားများက ပေးအပ်သော ”ပြည်သူ့ရွေးကောက်ပွဲ” မဲဆန္ဒများကိုလည်း အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ ရုံးသို့ ယနေ့ ပေးအပ်လိုက်ကြသည်ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ကိုကင်မ်က ပြောသည်။

“မဲတွေကို တနင်္ဂနွေနေ့ကတည်းက ရပ်ကွက်တွေထဲမှာရှိတဲ့ အိမ်တွေ၊ ဘုရားကျောင်းတွေ ကနေတဆင့် ကောက်တာ” ဟု ကိုကင်မ်က ပြောသည်။

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့တွင်လည်း လူ ၁ဝဝ ကျော်က ဆန္ဒပြခဲ့ကြပြီး အလားတူ တောင်းဆိုချက်များကို သံရုံးစာတိုက်ပုံးသို့ ထည့်ခဲ့ကြသည်။

ထိုင်ဝမ်၊ ဟောင်ကောင်၊ သြစတြေးလျ၊ ပြင်သစ်၊ ဆွီဒင်၊ အမေရိကန်၊ သီရိလင်္ကာ၊ တောင်အာဖရိက၊ အိုင်ယာလန်၊ ဆွစ်ဇာလန်၊ အီတလီ၊ ကနေဒါနှင့် ဘရာဇီးနိုင်ငံ အသီးသီးတွင် ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်ထားကြသည်။

Ref: မဇ္ဈိမ

Read More...

ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ

ဆလိုင်း ဟံသာစန်း
ကြာသပတေးနေ့၊ မေလ ၂၇ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ အပစ်ခတ်ရပ်အဖွဲ့များအပေါ် နယ်ခြားစောင့်တပ်ပြောင်းရေး ဖိအားများ ဆက်လက် ရှိနေချိန်တွင် စစ်အစိုးရက တိုင်းရင်းသား အဖွဲ့တခုကို တိုက်ခိုက်ပါက ပြန်လည်၍ ပူးပေါင်း တွန်းလှန် တိုက်ခိုက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ က သဘော တူလိုက်ကြသည်။

ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ လျှို့ဝှက် ကျင်းပခဲ့သည့် အစည်းအဝေးတွင် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်များ တွေ့ဆုံပြီးနောက် စစ်ရေး သဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“အဓိကကတော့ တိုင်းရင်းသားအဖွဲ့တွေကို အစိုးရက နိုင်ငံရေး၊ စစ်ရေးတွေနဲ့ ဖြေရှင်းလာခဲ့ရင် အတူတကွ လက်တွဲ ဖြေရှင်းသွားဖို့ သဘော တူညီခဲ့ကြပါတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တဦးက မဇ္ဈိမကို ပြောသည်။

အစည်းအဝေးသို့ ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA – N တို့ကို ဖိတ်ကြားခဲ့သော်လည်း မတက်ရောက် နိုင်ခဲ့ကြောင်း သိရသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်ခဲ့ကြသော တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များ၏ လက်နက်ကိုင်တပ်များကို တပ်မတော်၏ ကွပ်ကွဲမှုအောက်သို့ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေးကို စစ်အစိုးရက ဖိအား ပေးနေသော်လည်း UWSA ၊ KIO ၊ NMSP ၊ SSA-N ၊ ကရင်အဖွဲ့ငယ် တခုဖြစ်သော ဗိုလ်ချုပ်ထိန်မောင်၏ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ မိုင်းလားအဖွဲ့ NDAA တို့က ငြင်းဆန်ထားသည်။

ချင်းအမျိုးသားတပ်ဦး CNF ဗဟိုကော်မတီဝင်တဦးက ‘’ တဖွဲ့ကို တိုက်လာခဲ့ရင် ဝိုင်းဝန်းကူညီဖို့နဲ့ အခါအခွင့် သင့်တဲ့အခါ ကျနော်တို့ တိုင်းရင်းသား အဖွဲ့တွေ အကုန်လုံးက စုပေါင်းပြီး တပြိုင်နက်ထဲ စစ်မျက်နှာတွေ ဖွင့်ဖို့ စတဲ့အချက်တွေလည်း ပါတယ်။ ...ရွေးစရာ လမ်းလည်း မရှိတော့ဘူး” ဟု ပြောသည်။

အဖွဲ့ ၅ ဖွဲ့၏ ခေါင်းဆောင်များသည် ယခုနှစ် ဖေဖော်ဝါရီလက ပထမအကြိမ် လျှို့ဝှက် တွေ့ဆုံခဲ့ပြီးနောက် ယခုတကြိမ် တွေ့ဆုံမှုတွင် မဟာမိတ်အဖွဲ့ တခုအဖြစ် ဖွဲ့စည်းခြင်း မဟုတ်ဘဲ အချင်းချင်း လက်တွဲ ရင်ဆိုင်သွားရန် သဘော တူညီခဲ့ကြခြင်း ဖြစ်သည်။

မကြာမီတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ယခုထက် ပိုမိုစုံညီစွာ ပါဝင်မည့် ဆွေးနွေးပွဲပြုလုပ်ပြီး ညီညွတ်သော အင်အားစုတရပ် အဖြစ် ဖွဲ့စည်းနိုင်ရေး အတွက်လည်း သဘော တူခဲ့ကြသည်။

အပစ်ရပ်အဖွဲ့များနှင့် KNU ၊ KNPP ၊ CNF အပစ်ရပ်မဟုတ်သည့် အဖွဲ့များအကြား သဘော တူညီချက်ရခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ သဘောတူညီမှုမျိုးကို ၂ဝဝ၉ ခုနှစ်အတွင်းက UWSA ၊ KIO ၊ ကိုးကန့်တပ်မတော် ခေါ် MNDAA နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA တို့အကြား ထားရှိခဲ့ဖူးသည်။

သို့သော် စစ်အစိုးရက မူးယစ်ဆေးဝါးအကြောင်းပြကာ ဖုန်ကျားရှင် ဦးဆောင်သည့် MNDAA ကို ၂ဝဝ၉ ခုနှစ် သြဂုတ် လကုန်ပိုင်းက ဝင်ရောက် တိုက်ခိုက်ခဲ့ရာတွင် ကျန်မဟာမိတ် အဖွဲ့များက ကူညီနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

မြန်မာပြည်တွင် အခြားသော လက်နက်ကိုင်အဖွဲ့များ စုစည်းထားသည့် အဖွဲ့တခုမှာ တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု - မဒတ NDF ဖြစ်ပြီး အဖွဲ့ပေါင်း ၁၃ ဖွဲ့ ပါဝင်သည်။

နောက်ပိုင်း၌ စစ်အစိုးရနှင့် အပစ်ရပ်သွားသည့် အဖွဲ့များရှိလာသဖြင့် ယခုအခါ KNU ၊ CNF ၊ NMSP ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PKLO ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO ၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP စသည့် ၈ ဖွဲ့သာ ကျန်ရှိသည်။

Ref: မဇ္ဈိမ

Read More...

၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည် ကျင်းပ

မင်းနိုင်သူ
Thursday, May 27, 2010

၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အနှစ် ၂၀ မြောက် ရွေးကောက်ပွဲ အောင်ပွဲနေ့ အခမ်းအနားကို ပါတီရုံးချုပ်၏ ပြင်ပနေရာတွင် ပထမဆုံး အကြိမ် ကျင်းပသည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ နှစ်စဉ်ကျင်းပနေကျ ရုံးချုပ်တွင် မကျင်းပဘဲ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်၌ ယနေ့ နံနက်ခင်းက ကျင်းပခြင်း ဖြစ်သည်။

ဗဟို အဖွဲ့ချုပ်ရုံးတွင် နိုင်ငံခြားသား ဧည့်သည်များ လက်ခံတွေ့ဆုံခြင်း မပြုရန်နှင့် နိုင်ငံရေး အစည်းအဝေးများ မလုပ်ရန် မေလ လယ်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းမှ တဆင့် မှာကြားဖူးသည်။

“ဒီနေ့ ရွေးကောက်ပွဲ အောင်ပွဲနေ့ အခမ်းအနားမှာ တက်ရောက်လာသူတွေကို အကျွေးအမွေးနဲ့ ဧည့်ခံတယ်။ နောက်ပြီး ဒီနေ့ ရန်ကုန်တိုင်း အတွင်းက အမျိုးသမီး အကျဉ်းသူ ၃၆ ဦးရဲ့ မိသားစုတွေအတွက် ထောက်ပံ့မှုတွေ ပေးတယ်"ဟု NLD ဗဟို ကော်မတီဝင် ဒေါက်တာမေ၀င်းမြင့်က ပြောသည်။

ဦးတင်ဦးနေအိမ်၌ ကျင်းပသော အခမ်းအနားတွင် ပါတီဝင် ၁၀၀ ခန့် တက်ရောက်ခဲ့ပြီး အာဏာပိုင်များက စောင့်ကြည့် မှတ်တမ်း ယူမှုများ ရှိကြောင်း သိရသည်။

NLD ဗဟိုလူငယ် ကိုရာဇာက “၁၉ နှစ်မြောက် ပွဲတုန်းကတော့ အဖွဲ့ချုပ်ရုံးမှာပဲ တခမ်းတနားနဲ့ သ၀ဏ်လွှာတွေ ဖတ်တယ်၊ ကြေညာချက်တွေ ထုတ်တယ်၊ တောင်းဆိုချက်တွေ တောင်းတယ်၊ အခုဆိုရင် နိုင်ငံရေးဆိုတဲ့ အခမ်းအနားမျိုး အသုံးအနှုန်းတောင် သုံးလို့ မရတော့ဘူး၊ အသွင်သဏ္ဌန်လေးကတော့ ယုတ်လျော့ သွားတယ်ပေါ့” ဟု ပြောသည်။

ရွေးကောက်ပွဲ အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးတိုင်း၊ မကွေးတိုင်း တို့တွင်လည်း ကျင်းပကြကြောင်း သိရသည်။

“မနက် ၇ နာရီလောက်က မန္တလေးတောင်ခြေရင်းမှာ သစ်ပင် သွားစိုက်တယ်။ သရက်၊ ပိန္နဲ အဲလိုမျိုး အပင်ကြီးမျိုးတွေ စိုက်တယ်။ နောက် ဘုန်းတော်ကြီးသင် မူလတန်းကျောင်းမှာ ဗလာစာအုပ်နဲ့ ခဲတံ သွားလှူကြတယ်"ဟု မန္တလေးတိုင်း စည်းရုံးရေး ကော်မတီဝင် ဦးမျိုးနိုင်က ပြောသည်။

မန္တလေးတိုင်း NLD ၏ လှုပ်ရှားမှုများကိုလည်း အာဏာပိုင်များက စောင့်ကြည့် သတင်းယူမှုများ ရှိကြောင်းသိရသည်။

မကွေးတိုင်း၊ ရေနံချောင်းမြို့တွင်မူ မြို့နယ်စည်းရုံးရေး ကော်မတီဝင် ဦးသန်းအောင်၏ နေအိမ်တွင် အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသားများအား စာရေး ကိရိယာများ ပေးဝေကြောင်း သိရသည်။

ပြည်ပတွင်လည်း ၉၀ ရလဒ် အနှစ် ၂၀ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ရာ အိန္ဒိယရောက် အတိုက်အခံ အင်အားစုများက နယူးဒေလီမြို့ရှိ ဂျန်တားမန်တား ပန်းခြံတွင် စုဝေး ဆန္ဒပြကြသည်။

ထို့ပြင် အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ စုပေါင်း၍ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ရန်နှင့် မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံအားပေးပါရန် အိန္ဒိယ ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းထံ လိပ်မူ၍ ယနေ့ ပေးပို့ တောင်းဆိုလိုက်သည်။

“အိန္ဒိယ အစိုးရအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ထောက်ခံပေးပြီးတော့ နအဖရဲ့ အတင်းသွားနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ရှုတ်ချပေးဖို့ တောင်းဆိုချက်တွေ ပါတဲ့စာကို ပေးပို့တာဖြစ်ပါတယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိအဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ တိုင်းရင်းသား ဒေသများတွင် စစ်ဆင်ရေးများ ရပ်တန့်ပေးခြင်း၊ ၂၀၀၈ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်၍ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနှိုင်းမှုပြုခြင်း မရှိသရွေ့ စစ်အစိုးရ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံကြောင်း လက်မှတ်ရေးထိုး ဆန္ဒပြုထားသည့် အိန္ဒိယရောက် မြန်မာနိုင်ငံသား ၃၆၃၁ ဦး တို့၏ လက်မှတ်များကိုပါ အိန္ဒိယ ၀န်ကြီးချုပ် ရုံးသို့ ပူးတွဲ ပေးပို့ထားသည်။

“အဲဒီတုန်းက လူထုဟာ တပါတီ အာဏာရှင်စနစ်ကို မလိုချင်တဲ့အတွက် NLD ကို မဲပေးခဲ့ကြတယ်။ အခု ၂၀၁၀ မှာလည်းပဲ စစ်အာဏာရှင်ကို မလိုချင်ကြဘူး။ ဒါပေမယ့် NLD လည်း မပါဘူး၊ အားကိုးရမယ့် နိုင်ငံရေး ပါတီခေါင်းဆောင်တွေ မပါဘူးဆိုရင် လူထုဟာ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ပုတ်ချသလို လုပ်သင့်တယ်လို့ ကျနော် ယူဆချင်ပါတယ်” ဟု အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB) မှ ၀န်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် န၀တ စစ်အစိုးရ ဦးစီးကျင်းပပေးသည့် ရွေးကောက်ပွဲ၌ NLD ပါတီသည် မဲဆန္ဒ ၈၈ ရာခိုင်နှုန်း ကျော်ဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည်။

သို့ရာတွင် စစ်အစိုးရက အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီး ယခုနှစ် မတ်လ ၈ ရက်နေ့တွင် ရွေးကောက်ပွဲဥပဒေ ပြဌာန်းကာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်သည် ပျက်ပြယ်ပြီ ဖြစ်ကြောင်း အတိအလင်း ကြေညာခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေများမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲ ၀င်ခွင့် မရစေရန် ကန့်သတ်ချက်များ ပါရှိသည်။

NLD ပါတီမှ ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်များကို လက်ကိုင်ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ထိုင်းဝန်ကြီးချုပ်ဟောင်းကို ဖမ်းဆီးဖို့ Interpol အဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆို

ကြာသပတေး, 27 မေ 2010

ထိုင်းဝန်ကြီးချုပ်ဟောင်း တက်စင်ရှီနာဝပ်ကို အကြမ်းဖက်မှုတွေနဲ့ စွဲချက်တင်ထားတဲ့ အတွက် ဖမ်းဆီးပြီး ထိုင်းနိုင်ငံကို ပြန်ပို့ဖို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol အဖွဲ့ဝင် နိုင်ငံတွေကို တောင်းဆိုမယ်လို့ ထိုင်းနိုင်ငံက ပြောလိုက်ပါတယ်။

မကြာသေးခင်က သူ့ကိုထောက်ခံသူတွေ ဆင်နွှဲခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြပွဲတွေကို ငွေကြေးအရ ထောက်ခံခဲ့တဲ့အပြင်၊ လှုံ့ဆော်ခဲ့တယ် ဆိုတဲ့ စွဲချက်တွေနဲ့ မစ္စတာတက်စင်ကို ဖမ်းဆီးဖို့ ထိုင်းတရားရုံး တရုံးက အင်္ဂါနေ့မှာ ၀ရမ်း ထုတ်ပြန် လိုက်ပါတယ်။ တက်စင်ရဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက်ဝါဒ အဆင့်အထိ ကျူးလွန်ရာ ရောက်သွားတယ်လို့ စွပ်စွဲထားပါတယ်။

ရှပ်နီဝတ် ဆန္ဒပြသူတွေက ဘန်ကောက်မြို့ရဲ့ စီးပွားရေးအချက်အချာ နေရာကို ၂ လကြာ သိမ်းပိုက်ထားခဲ့ရာက ပြီးခဲ့တဲ့ သီတင်းပတ်မှာ စစ်တပ်က အကြမ်းနည်းနဲ့ ချေမှုန်းလိုက်တဲ့ အချိန်အထိ ဖြစ်ပါတယ်။ ဆန္ဒပြမှုနဲ့ ဆက်နွယ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် လူအနည်းဆုံး ၈၈ ယောက် သေဆုံး သွားခဲ့ရပါတယ်။

မစ္စတာတက်စင်ဟာ ပြည်ပမှာ နေထိုင်နေပြီး နိုင်ငံတော်တော် များများမှာ ခိုလှုံနေခဲ့ကြပါတယ်။ သူဟာ အကြမ်းဖက် လုပ်ရပ်တွေကို ဘယ်တုံးကမှ မထောက်ခံခဲ့ဘဲ၊ ငြိမ်းချမ်းစွာ ဆန္ဒပြဖို့သာ အမြဲဆော်သြ စည်းရုံးခဲ့တယ်လို့ မစ္စတာတက်စင်က သြစတြေးလျ ရုပ်သံလွှင့် ကော်ပိုရေးရှင်းနဲ့ အင်တာဗျူးမှာ ပြောကြားပါတယ်။

Ref: VOA News

Read More...

ပထမပြန် စာမေးပွဲမေးခွန်း ပေါက်ကြားမှု ဒု-ဦးစီးမှူးတဦးအား စစ်ဆေး

အောင်ထက် / ၂၇ မေ ၂၀၁၀

သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ပြီးခဲ့သည့် မတ်လ၌ ကျင်းပပြီးစီးခဲ့သည့် ပထမပြန် စာမေးပွဲတွင် မေးခွန်းများ ပြင်ပ ပေါက်ကြားမှု သံသယဖြင့် ရန်ကုန်တိုင်း သာသနာရေး ဦးစီးမှူးရုံး၊ ဒု-ဦးစီးမှူး ဦးအောင်မြင့်ထွန်းအား စစ်ဆေးလျက် ရှိသည်ဟု သာသနာရေး ၀န်ကြီးဌာနမှ သိရသည်။

ဦးအောင်မြင့်ထွန်းအား နေပြည်တော် သာသနာရေးဝန်ကြီးရုံးနှင့် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေး ၀န်ကြီးဌာန တို့တွင် မေလ ဒုတိယပတ်မှ စတင်ကာ စစ်ဆေး မေးမြန်းနေဆဲ ဖြစ်သည်ဟု သာသနာရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

၎င်းက “မေးခွန်း မပေါက်ကြားအောင် ဆရာတော်ကြီးတွေကိုယ်တိုင် ကြပ်မတ်ပြီး ကွန်ပျူတာရိုက် မေးခွန်း ထုတ်ကြတာ။ ဒီ မေးခွန်း ထုပ်တွေကို ဒု-ဦးစီးမှူး ဦးအောင်မြင့်ထွန်းက တာဝန်ခံ ထုတ်ယူရတယ်။ သူကနေ ရန်ကုန်တိုင်း သာသနာရေး ဦးစီးမှူးရုံးကို ယူလာတယ်။ အဲဒီကမှ သက်ဆိုင်ရာ မြို့နယ်အေးချမ်းဖြိုး (မယက) ရုံးတွေကို ပို့ပေးရတယ်။ မယက ကနေ မြို့နယ်အတွင်းရှိ စာဖြေဌာန အသီးသီးကို နေ့ရက်၊ ဘာသာရပ်အလိုက် အဆင့်ဆင့် ပို့ရတာ” ဟု ပြောသည်။

ဌာနတွင်း အရေးယူမှုပြုရန် ဖွဲ့စည်းလိုက်သည့် စစ်ဆေးရေး ဘုတ်အဖွဲ့တွင် ညွှန်ကြားရေးမှူး ဗိုလ်မှူး စိုးမင်းထွန်း (ငြိမ်း)၊ ဗိုလ်မှူး ၀င်းထင်အောင် (ငြိမ်း) တို့ ဦးဆောင်သော အဖွဲ့ဝင် (၇) ဦး ပါဝင်သည်ဟု သိရသည်။

အဆိုပါ ပါဠိ ပထမပြန်စာမေးပွဲတွင် ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတို့ အကျုံးဝင် သက်ဆိုင်ပြီး သတ်မှတ်မြို့နယ်များ အတွင်းရှိ အထက်တန်း ကျောင်းများကဲ့သို့ စာဖြေဌာနများတွင် နှစ်စဉ် ကျင်းပမြဲဖြစ်သည်။

နယ်မှ စာဖြေသံဃာတပါးက “ကျုပ်တို့လည်း မေးခွန်းတွေပေါက်တယ် ဆိုတဲ့ သတင်းကြားတယ်။ ရန်ကုန် စာဖြေဌာနမှာ ဖြေတဲ့ သံဃာတော်တွေတော့ အကျိုးရှိချင် ရှိမှာပေါ့။ ကျုပ်တို့ဇလွန်မြို့ စာဖြေဌာနမှာတော့ အကြီးတန်း (၆) ပါးဖြေတာ (၁) ပါးပဲ အောင်ပါတယ်” ဟု မိန့်သည်။

လုပ်သက်ရင့် သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းတဦးကလည်း “ပြီးခဲ့တဲ့ (၁၀) နှစ်လောက်ကလည်း ခုလို မေးခွန်း ပေါက်ကြားမှုမျိုး ဖြစ်ဖူးတယ်။ ၀န်ထမ်း (၃) ဦး အပြစ်ပေး အရေးယူခံခဲ့ရတယ်” ဟု ပြောသည်။

အဆိုပါပြစ်မှုကို ရန်ကုန်တိုင်း သာသနာရေးဦးစီးမှူးရုံး၊ ဒု-ဦးစီးမှူး ကျူးလွန်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပါက အလုပ်တာဝန်မှ ရပ်စဲခြင်း သို့မဟုတ် ထောင်ဒဏ်အထိ အပြစ်ပေးအရေးယူခံရဖွယ်ရှိကြောင်း ၀န်ထမ်းများအကြား ပြောဆိုနေကြသည်။

၂၀၁၀ မတ် (၂၂) ရက် မှ (၃၁) ရက်အထိ ကျင်းပခဲ့သော အဆိုပါ ပထမပြန်စာမေးပွဲ အောင်စာရင်းကို သာသနာရေး ဦးစီးဌာနမှ ထုတ်ပြန်ကြေညာပြီးဖြစ်သည်။

စာဖြေ အောင်မြင် သံဃာတော်တို့၏ အမည်စာရင်းများကို စာအုပ်အဖြစ် ရိုက်နှိပ်၍ သက်ဆိုင်ရာမြို့နယ် သံဃမဟာနာယက အဖွဲ့သို့ ပေးပို့ပြီးလည်းဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, May 27, 2010

“အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”

စိုးနေလင်း
Wednesday, May 26, 2010

မြန်မာနိုင်ငံစစ်အစိုးရ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကိစ္စကတော့ နိုင်ငံတကာက မြန်မာ့အရေး စိတ်ဝင်စားကြတဲ့သူတွေ၊ နိုင်ငံရေး သမားတွေ၊ အစိုးရ အဖွဲ့ဝင်တွေနဲ့ သံတမန်တွေကြားမှာ “ထူးထွေသည့်အံ့ရာသော်” တခုအဖြစ် အတော်လေး လူသိ များလာနေပါပြီ။ မြန်မာ နိုင်ငံတွင်းက ဘာပဲဖြစ်ဖြစ် လုံးဝ မရတာထက် စာရင်လို့ တွေးခေါ် ယုံကြည်ကြသူတွေ၊ နောက်ဆုံးရထားလို့ ယူဆထားကြသူတွေ ကလည်း ရွေးကောက်ပွဲဝင်ဖို့ အလုအယက် ပြင်ဆင်နေကြပါပြီ။ ဒါပေမယ့် ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပမှာလဲလို့ မေးရင်တော့ ဘယ်သူမှ ကံသေကံမ မပြောနိုင်ကြပါဘူး။ စစ်အာဏာရှင် အစိုးရက ထုံးစံအတိုင်းပဲ ညစ်ပုပ်ကပ်ကျယ် လုပ်ပြီး သူတို့ အာဏာ ကုလားထိုင် စိတ်ချရရေး အတွက် ပြီးပြည့်စုံအောင် ပြင်ဆင်နေပါတယ်။

အစပိုင်းက ယုံကြည်ချက်မှန်ကန်ပြီး ရဲရင့်ခိုင်မာမယ်လို့ထင်ထားခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ထိပ်ပိုင်း တာဝန်ရှိ ပုဂ္ဂိုလ်တချို့ နဲ့ လွှတ်တော်အမတ် တချို့ကလည်း ပါတီရဲ့အများစု ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး ပါတီသစ် တည်ထောင် ရွေးကောက်ပွဲဝင်ဖို့ တာစူ လာတာ တွေ့ရပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး အရေးတော်ပုံကြီးရဲ့သမိုင်းမှာ လူထု ယုံကြည် အပ်နှံရွေးကောက် ခံခဲ့ရတဲ့ အတိုက်အခံ ပါတီကြီးထဲက ထွက်ကျလာတဲ့ ပိုးလောက်တွေလို့ ပြောမယ်ဆိုရင် မလွန်လောက်ပါဘူး။

စစ်အစိုးရကလည်း စစ်သားတမတ်သားပါတဲ့ လွှတ်တော်ကို ဒီထက်ပိုပြီး အားကောင်း ခိုင်မာရအောင် ကြံ့ဖွံ့လက်မရွန့် လက်ကိုင်တုတ် တပ်ဖွဲ့ကိုပါ တည်ထောင်ပြီး အရေခွံ လဲလိုက်တဲ့ ဗိုလ်ချုပ်ကြီးတွေက ပါတီခေါင်းဆောင်တွေ လုပ်လာကြပါပြီ။ စစ်အာဏာရှင် စနစ်နဲ့ ပြည်သူလူထုကို ထာဝရ ကျွန်ပြု အုပ်ချုပ်နိုင်ရေး အတွက် မတရားတဲ့ နည်းလမ်းပေါင်းစုံ၊ လိမ်နည်းပေါင်းစုံ၊ ကောက်ကျစ် စဉ်းလဲနည်း မျိုးစုံနဲ့ လုပ်သွားမယ် ဆိုတာကတော့ မြေကြီးလက်ခတ် မလွဲပါဘူး။ သူတို့ရဲ့ သြဇာကို နာခံမယ့် ကျွန်ထိမ်းလောက်ဖြစ်လည်း မနည်းဘူးလို့ စဉ်းစားပြီး ရွေးကောက်ပွဲ ဝင်ကြမယ့် တခြား ပါတီတချို့ကလွဲရင် ကျန်တဲ့ ပါတီတွေကိုတော့ နည်းလမ်းပေါင်းစုံနဲ့ ဖိစီး နှိပ်ကွပ်ထား ပါတယ်။ ဘာမှ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်လို့ မရပါဘူး။ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးလို့ ပြည်တွင်း ပြည်ပက ဘယ်လိုပဲ ကြွေးကြော် တောင်းဆိုနေပေမယ့် ဒီလို စစ်အာဏာရှင် စနစ်အောက်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူး မရနိုင်ဘူးဆိုတာ ကတော့ အလွန် ရှင်းလင်းမြင်သာတဲ့ အချက်ဖြစ်ပါတယ်။ ဖြစ်နိုင်မယ် ရနိင်မယ်လို့ ယူဆ ယုံကြည်တယ် ဆိုရင်တော့ အလွန်ရူးကြောင် လွဲချော်တဲ့ တွေးမြင်ယုံကြမှုပဲ ဖြစ်ပါလိမ့်မယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီမှတ်ပုံမတင်ဖို့ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ အလွန် ရဲရင့်ပြတ်သား သလို အချိန်အခါ သင့်တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ တကယ့် လိုအင်ဆန္ဒနဲ့လည်း ကိုက်ညီ နေတယ်ဆိုတာ ပြည်သူ လူထုကြီးရဲ့ တုန့်ပြန်သံတွေက သက်သေ ပြနေပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို ချပြီးတဲ့နောက် ပြည်သူလူထုကို ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ မဲမပေးဖို့ တိုက်တွန်း စည်းရုံးရမယ်ဆိုတဲ့ ပါတီဗဟို အလုပ်အမှုဆောင် ကော်မီတီလည်းဖြစ် ဝါရင့် နိုင်ငံရေးသမားနဲ့ သတင်းစာ ဆရာ စာရေးဆရာကြီး ဦးဝင်းတင် ဖော်ထုတ် ပြောဆိုလိုက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထား ဟာလည်း မှန်ကန်ရဲရင့် သင့်မြတ်ပါတယ်။ တခြား အမျိုးသား စီမိုကရေစီ အဖွဲ့ချုပ်လိုပဲ ပါတီ မှတ်ပုံမတင်ဖို့ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ချက် ချထားတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ပါတီ အဖွဲ့အစည်းတွေ အနေနဲ့လည်း မိမိတို့ သက်ဆိုင်ရာ ပြည်သူလူထုကို စစ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ ၂ဝဝ၈ အခြေခံဥပဒေ ဆန့်ကျင် ကန့်ကွက်ဖို့ စည်းရုံး သိမ်းသွင်းပေးဖို့ တာဝန်ရှိပါတယ်။ ပြည်သူလူထုမှာ ထောက်ခံမဲ ပေးပိုင်ခွင့်၊ ကန့်ကွက်မဲ ပေးပိုင်ခွင့်နဲ့ မဲမပေးပဲ နေပိုင်ခွင့် အခွင့်အရေးတွေ ရှိနေပြီး အဲဒီအထဲက မဲမပေးပဲ နေပိုင်ခွင့်ကို အသုံးပြုပြီး ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ကြဖို့ စည်းရုံး သိမ်းသွင်း ပေးကြရပါလိမ့်မယ်။

စစ်အစိုးရရဲ့ခြိမ်းခြောက်မှုတွေကို မကြောက် မရွံမဲမပေးဘဲ နေခြင်းအားဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်း အားပေး ကြရပါလိမ့်မယ်။

မကြာသေးခင်ကမှ မြန်မာနိုင်ငံကို မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေး အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက် လာရောက် လည်ပတ်သွားခဲ့တဲ့ အမေရိကန် အာရှပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကတ်ကင်းဘဲလ်ကို ရွေးကောက်ပွဲ ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတကာက လေ့လာစောင့်ကြည့် သူတွေထားဖို့ မလိုအပ်ပါဘူး ဆိုတဲ့စကားဟာ ဒီကနေ့ ခေတ်ကမ္ဘာကြီးရဲ့အနေအထားမှာ အခြေအနေမှာ အလွန် အံ့သြစရာကောင်း သလို ရှက်တတ်မယ် ဆိုရင်လည်း ရှက်တတ်ဖို့ ကောင်းပါတယ်။ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို စစ်တပ်က သေနတ်မိုးပြီး စိတ်ကြိုက် ကျင်းပပေးမှာ ဖြစ်တယ်လို့ ဆိုလိုတာပါပဲ။ တပြိုင်နက်တည်းမှာပဲ နိုင်ငံတကာရဲ့ မေတ္တာရပ်ခံချက် တိုက်တွန်း နှိုးဆော်ချက်တွေနဲ့ ဖိ အားပေးမှုတွေကို အလေးဂရု ပြုလိမ့်မယ် မဟုတ်ဘူးလို့ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ကျနော်တို့ပြည်တွင်းက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုကြီး တရပ်လုံးဟာ စစ်အစိုးရအ ဆက်ဆက်ရဲ့ လုပ်နည်း လုပ်ဟန်တွေ ညစ်ပတ်နည်း ကောက်ကျစ်နည်းတွေနဲ့ အကျွမ်းတဝင် ရှိပြီး ဖြစ်ပါတယ်။ ဘယ်သူတွေ ဘာပြောပြော သူတို့ ဖြစ်ချင်တာကိုရအောင် ရတဲ့နည်းနဲ့ လုပ်ယူတတ်တဲ့ စစ်အာဏာရှင်တွေကို ခုတကြိမ်မှာတော့ တညီတညွတ်တည်း ဆန့်ကျင်ဖယ်ရှားပြီး ကိုယ်လိုလားတဲ့ စနစ်တခုကို ရယူတည်ဆောက်ဖို့ ကြိုးစားတဲ့နေရာမှာ ပြည်သူလူထုတွေ ကိုယ်စီကိုယ်စီမှာ တာဝန်ရှိပါတယ်။ လိုအပ်ရင် အတိုင်းအတာတခုထိ စွန့်လွှတ် အနစ်နာခံမှုတွေ လုပ်ကြရပါလိမ့်မယ်။

တိုင်းပြည်တပြည်ရဲ့ ခေတ်ပြောင်းတော်လှန်ရေးတရပ်ဟာ အကြွင်းမဲ့ချောမွေ့ ပြန့်ပြူးတယ် ဆိုတာ ဘယ်သမိုင်းမှာမှ မရှိခဲ့ပါဘူး။ ဆူးညှောင့် ခလုပ် အတိနဲ့ ကြမ်းတမ်း ခက်ထန်တဲ့ လမ်းတွေကို လျှောက်ခဲ့ကြရတယ် ဆိုတာ မြင်သာ ထင်ရှားဖြစ်ပါတယ်။ ကျနော်တို့တွေ ပြည်သူလူထုကြီး တရပ်လုံးရဲ့ ညီညွတ်ပေါင်းစည်းမှုနဲ့ စစ်အာဏာရှင်စနစ်ကို တပြိုင်တည်း ဖယ်ရှား ရှင်းလင်းပစ်ကြဖို့ ကြိုးစားကြရပါ လိမ့်မယ်။

စိုးနေလင်း

Ref: နေ့သစ်

Read More...

မြန်မာနိုင်ငံမှ လျှပ်စစ် မီဂါဝပ် ၇၀၀ ဘင်္ဂလာဒေခ်ျ့ ၀ယ်ယူမည်

မောင်အေး
5/26/2010

ဘင်္ဂလာဒေ့ခ်ျနိုင်ငံသည် သူ့နိုင်ငံ အတွက် အထူးလိုအပ်နေသည့် လျှပ်စစ်မီးကို မြန်မာနိုင်ငံမှ မီဂါဝပ် ၇၀၀ ၀ယ်ယူကာ ဖြည့်ဆည်း သွားမည် ဖြစ်ကြောင်း နာမည်ကြီး ဘင်္ဂလီ သတင်းစာ The Daily Ittefaq ယနေ့တွင် ရေးသားဖော်ပြသည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှ လျှပ်စစ်မီး ၀ယ်ယူရေး ကိစ္စကို ဘင်္ဂလာဒေခ်ျ့ အရာရှိကြီးများက မြန်မာနိုင်ငံမှ လာရောက်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးစဉ် ထိုသို့ သဘောတူညီမူ ရရှိခဲ့သည်ဟု သတင်းစာက ရေးသား ဖေါ်ပြသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ်အကြံပေးအရာရှိ Dr. Tawfiq-e-Elahi Chowdhury အပါအ၀င် ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံမှ ဒါတင် Darton Ltd ကုမ္ပဏီ ဒုတိယ အုပ်ချုပ်ရေးမှူး ဟန်ထန်းလီ ခေါင်းဆောင်သည့် အဖွဲ့ဝင် ၆ ဦးတို့ တနင်္ဂနွေ နေ့က တွေ့ဆုံခဲ့ပြီးနောက် အဆိုပါ သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

အလားတူ မြန်မာအဖွဲ့သည် တနင်္လာနေ့ကလည်း ဘင်္ဂလာဒေ့ခ်ျ နိုင်ငံမှ Power Development Board (PDB)မှ အုပ်ချုပ်ရေးမှုးနှင့် Power Grid Company of Bangladesh (PGCB) ကုမ္ပဏီမှ ညွန်ကြားရေးမှူး နှင့်လည်း တွေ့ဆုံခဲ့သည်ဟု ပြောသည်။

မြန်မာနိုင်ငံမှ လျှပ်စစ်ကို ဖလောင်းချိတ်ခရိုင် မြောက်ဘက် တက်ကနက်မြို့မှ မြန်မာဘက်သို့ ကီလိုမီတာ ၁၀၀ အတွင်း ဓါတ်အားပေး စက်ရုံတခု ထားရှိပြီး ယင်းစက်ရုံမှတဆင့် ဘင်္ဂလာသို့ရောင်းချရန် မြန်မာဘက်မှ ပြောကြားသည်ဟု သတင်းစာက ရေးသားသည်။

ရခိုင်ပြည်နယ်ရှိ လေးမြို့ချောင်း၊ မအီချောင်းနှင့် စိုင်းတင်ချောင်းမှ ရေအား လျှပ်စစ် မီကာဝပ် ၈၀၀ ထုပ်လုပ်နိုင် မည်ဖြစ်ပြီး အဆိုပါ ၈၀၀ ထဲမှ ၇၀၀ ကို ဘင်္ဂလာဒေခ်ျ့မှ ၀ယ်ယူမည်ဟု အဆိုပါ သတင်းစာမှ ဖော်ပြသည်။

ယခု အစီအစဉ်မှာ ၂၀၀၇ ခုနှစ်က မြန်မာနိုင်ငံမှ လျှပ်စစ်ဓါတ်အား ၀ယ်ယူရန် ဘင်္ဂလာဒျေ့် အစိုးရမှ စီစဉ်ခဲ့ပြီး နောက်ပိုင်း ပေါ်ထွက်လာသော သဘောတူညီမူ ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် ယခုအခါ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရန် ရုရှား အကူအညီဖြင့် နျူးကလီယားသုံး ဓါတ်ပေါင်းဖိုများ နိုင်ငံအတွင်းတွင် တည်ဆောက်ရန် စီစဉ်နေပြီး လွန်ခဲ့သော အပတ်ကလည်း အိန္ဒိယ ထရိပူရပြည်နယ်မှ လျှပ်စစ်ဓါတ်အား ၀ယ်ယူရန်လည်း အိန္ဒိယနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

Ref: နိရဉ္စရာ

Read More...

အပစ်ရပ် SSA တပ်မဟာ ၁ အားပြည်သူ့စစ် မလုပ်ရန် ပလောင်အမျိုးသားများ တောင်းဆို

မွေခေါဝ်
Wednesday, 26 May 2010 18:12

နအဖ၏ ပြည်သူ့စစ်အသွင် ကူးပြောင်းရေး ဖိအားပေးမှုကို လက်မခံရန် ဒေသခံပလောင်လူမျိုးများက အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ဗိုလ်ချုပ်ပန်ဖှထံ တောင်းဆိုသည်ဟု စုံစမ်း သိရှိရသည်။

“ပလောင်ကျေးရွာခေါင်းဆောင်တွေ ရောက်လာပြီး ဗိုလ်ချုပ်ပန်ဖှကို တွေ့ဆုံ ကန်တော့ကြတယ်။ ပြီးတော့ သူတို့ရဲ့ တကယ့် စိတ်ရင်းဆန္ဒကို ပြောတယ်” ဟု တပ်မဟာ ၁ အရာရှိ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ ဒေသခံ တစ်ဦးက ပြောသည်။

အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်းမှီတင်းနေထိုင်ကြသည့် ပလောင်ကျေးရွာများမှ ကျေးရွာ အကြီးအကဲများက တပ်မဟာ ၁ ဌါနချုပ်သို့ ခြေလျင်ဖြင့် ရောက်သွားကြပြီး ဗိုလ်ချုပ်ပန်ဖှအား မေ ၂၃ ရက်၌ တွေ့ခွင့် တောင်း၍ ကန်တော့ခဲ့ကြသည်။

ဗိုလ်ချုပ်ပန်ဖှအားကန်တော့ပြီးနောက် ထမင်းလက်ဆုံ စားကြရာ ပလောင် လူမျိုး ရပ်ရွာ အကြီးအကဲများက ဗိုလ်ချုပ်ပန်ဖှအား ဗမာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ် မလုပ်ရန် ဤကဲ့သို့ တောင်းဆို ပန်ကြားခဲ့ သည်ဟုဆို၏။

“နအဖ နားချသိမ်းသွင်းစည်းရုံးနေတဲ့ ပြည်သူ့စစ်အသွင်ကူပြောင်းရေး ကိစ္စကို လက်မခံပါနဲ့။ တကယ်လို့ လက်ခံ လိုက်မယ် ဆိုရင် ကျနော်တို့ ပလောင် လူမျိုးတွေ အားကိုးရာမဲ့ ဖြစ်သွားမယ်။ ဒေသခံ ပြည်သူလူထုလည်း ပိုပြီးဒုက္ခ ရောက်သွားနိုင်တယ်။”

ဗိုလ်ချုပ်ပန်ဖှက “ခင်ဗျားတို့ စိတ်မပူပါနဲ့။ ကျနော်တို့ ပြည်သူလူထုဖက်၊ ခင်ဗျား တို့ဖက်မှာ အမြဲတမ်း ရပ်တည်နေ မှာပါ” ဟု ပြန်လည် ဖြေကြားခဲ့ကြောင်း နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

မေ ၂၅ ရက် နံနက် ၉ နာရီ တပ်မဟာ ၁ ဌါနချုပ်တွင် ဗိုလ်ချုပ်ပန်ဖှက ဒုတပ်ရင်းမှူးအထက် အရာရှိများအား ခေါ်ယူ၍ အခြေအနေ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်ဟုလည်း စုံစမ်း သိရှိရသည်။

လက်ရှိအခြေအနေကို ရှင်းလင်းတင်ပြရာ၌ နအဖတပ်နှင့် ပုံမှန်ဆက်ဆံမှု မရှိတော့သည့် ငြိမ်သက်နေသော အနေအထား အပေါ် တွေဝေမှိန်းမော သတိ ပေါ့လျော့လေ့ ရှိကြောင်း၊ ပိုမို စိုးရိမ်ရသော ယခုအခြေအနေကြောင့် သတိ ၀ိရိယ ကြီးစွာထားသင့်ကြောင်း ပြောကြား ခဲ့သည်ဟုဆို၏။

ယခုပြုလုပ်သော ရှင်းလင်းဆွေးနွေးပွဲမှာ ယခင်အစည်းအဝေးကဲ့သို့ များသော အားဖြင့်နားထောင်ခြင်းမျိုး မဟုတ်ပဲ မည်သူမဆို ကိုယ့် ထင်မြင် ယူဆချက်၊ အကြံပြုချက်များကို ရဲရဲရင့်ရင့် ဆွေးနွေးတင်ပြကြရန် တိုက်တွန်းကြောင်း သိရှိရသည်။

မေလ ၂၁ ရက်နေ့တွင် ကျရောက်သော သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့၌ တပ်မဟာ ၁ ဌါနချုပ်တွင် ပြုလုပ်ကျင်းပ ခဲ့သော်လည်း ဌာနေ ပြည်သူ့စစ်အဖြစ် လက်ခံသည့် ဦးလွယ်မောဝ် ဦးဆောင်သော စိန်ကျော့ဌါနချုပ် တွင်မူ ယခင်နှစ်များကဲ့သို့ ကျင်းပခြင်း မရှိတော့ ဟုဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ထက်ထက်မိုးဦး သတင်းကို ၀န်ကြီး ပိတ်ပင်

NEJ / ၂၆ မေ ၂၀၁၀

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ တိုက်ရိုက်ညွှန်ကြားချက်ကြောင့် ထက်ထက်မိုးဦး သတင်းကို ပိတ်ပင်ရခြင်း ဖြစ်ကြောင်း စာပေ စိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ စာစစ်မှူးတဦးက ပြောသည်။

၎င်းက “ထက်ထက်မိုးဦး သတင်းတက်လာတော့ ကျမတို့က ခြစ်ပြီး ပယ်ရန် တင်လိုက်တာပဲ။ စာပေစိစစ် ညွှန်မှူး ဗိုလ်မှူးတင့်ဆွေဆီ ရောက်တော့မှ တစောင်ကို ခွင့်ပြုပေးလိုက်တယ်။ နောက် အချိန် နည်းနည်းကြာပြီးမှ ဗိုလ်မှူးဆီ ဖုန်းဝင်လာတယ်လို့ သိရတယ်။ ဝန်ကြီးက ခွင့်မပြုဘူး ဆိုတာနဲ့ ကျမတို့က ဂျာနယ်တိုက်ကို ဖုန်းဆက် အကြောင်းကြားပြီး ခွင့်မပြုကြောင်း ပြန်ပြောရတယ်” ဟု ပြောသည်။

အဆိုပါသတင်းမှာ ပြီးခဲ့သည့် မေ (၁၉) ရက်ည၌ ဆီဒိုးနားဟိုတယ် ကုန်ပစ္စည်း အရောင်းမြင့်တင်ပွဲ တခုတွင် အင်တာဗျူးလုပ်သူ ဆဲဗင်းဒေး သတင်းထောက် မအေးသူစံကို ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးက ကိုယ်ထိ လက်ရောက် ပြုမူခဲ့သည့် ဖြစ်ရပ်အတွက် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားစွဲရန် ဦးတိုက် လျှောက်ထားသည့် သတင်းဖြစ်သည်။

ထိုသတင်းကို စနေနေ့ထုတ် The Voice ဂျာနယ်နှင့် The First ဂျာနယ် မျက်နှာဖုံးတို့တွင် ဖော်ပြခဲ့ပြီး ယခုကဲ့သို့ ဖော်ပြခဲ့သည့် အတွက် စာပေစိစစ်ရေးက ဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းခဲ့သည်။

အဆိုပါကိစ္စကို စာပေစိစစ် ကြော်ငြာသင်ပုန်းတွင် ၁၉၆၂ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ၊ နည်းဥပဒေပါ ညွှန်ကြားချက် (၃၅) နှင့် (၃၇) ကို လိုက်နာမှုမရှိဘဲ အကြိမ်ကြိမ် ဖောက်ဖျက် ကျူးလွန်မှုများအရ မေလ (၂၂) ရက်မှစ၍ ယာယီ ရပ်ဆိုင်းသည်ဟု ဖော်ပြထားကြောင်း၊ ထက်ထက်မိုးဦး သတင်းကိစ္စကို တိုက်ရိုက် ရည်ညွှန်းခြင်း မရှိကြောင်း ပြည်တွင်း ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

၎င်းက “အခုကိစ္စကို ကြည့်ရင် မြန်မာနိုင်ငံတွင်းမှာ ထုတ်ဝေနေတဲ့ ပုဂ္ဂလိက ဂျာနယ်၊ မဂ္ဂဇင်းတွေဟာ အနုပညာရှင်တွေရဲ့ သတင်း ကိုတောင် လွတ်လွတ်လပ်လပ် တင်ပြနိုင်မှု မရှိတာကို တွေ့ရမှာဖြစ်တယ်။ အခြား စီးပွားရေး၊ လူမှုရေး နိုင်ငံရေး သတင်းတွေဆို အခုထက် ပိုဆိုးတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် လုံးဝ မရှိတာကို ပြတဲ့ သက်သေတခု ဖြစ်တယ်” ဟု ပြောသည်။

အခြား ဂျာနယ်အယ်ဒီတာ တဦးကလည်း ၎င်းတို့ ဂျာနယ်အပါအဝင် ဂျာနယ်အားလုံးကို စာပေစိစစ်ရေးက ထက်ထက်မိုးဦး သတင်းကို ရုံးသို့ လုံးဝ တင်ပြခြင်း မပြုရန် တယ်လီဖုန်းဆက် အကြောင်းကြားကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် တင်ပြသမျှကို ပိတ်ပင် တားမြစ်ခြင်းထက် ပိုဆိုးကြောင်း ပြောသည်။

၎င်းက “နောင်တချိန်ကျရင် မှတ်တမ်းတွေကို ပြန်ပြပြီး အဲဒီအချိန်က ထက်ထက်မိုးဦး သတင်းကို ဘယ်ဂျာနယ်ကမှ တင်ပြထားတာ မရှိဘူးဆိုပြီး လိမ်လည်ဖို့အထိ လုပ်လာတာမျိုး ဖြစ်တယ်” ဟု ရှင်းပြသည်။

ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာကြီး တဦးက စစ်အစိုးရသည် ၎င်းတို့ အာဏာတည်မြဲရေး၊ ဝါဒဖြန့်ချိရေး ကိစ္စ တို့တွင် အနုပညာ သည်များကို ကောင်းကောင်း အသုံးချနေကြောင်း၊ ထိုသို့ အသုံးချနိုင်ရန် အနုပညာသည်များက မလိုလားသည့် သတင်း ဖော်ပြမှုများကို တားမြစ် ပိတ်ပင်ပေးနေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အနုပညာသည်များ၏ သတင်းကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့် မရသည်မှာ ကြာပြီဖြစ်ကြောင်း ပြောသည်။

အဆိုပါ သတင်းဂျာနယ်နှစ်စောင်ကို ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်းထားသော်လည်း ပိုင်ရှင်များအနေဖြင့် ဝန်ကြီး သို့မဟုတ် စာပေ စိစစ်ညွှန်မှူးကို တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းပြီး အဆင်ပြေပါက မကြာမီ ပြန်လည် ထုတ်ဝေခွင့် ရနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းသတင်း အယ်ဒီတာများက ဝေဖန် သုံးသပ်နေကြသည်။

Ref: ခေတ်ပြိုင်

Read More...

အမေရိကန် ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံသို့ ထပ်သွားမည်

မုံပီး
ဗုဒ္ဓဟူးနေ့၊ မေလ ၂၆ ရက် ၂၀၁၀

အိုကလာဟိုးမား (မဇ္ဈိမ) ။ ။ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် ယခုလ ၂၉ ရက်နေ့တွင် စတင်မည့် အာရှ ၃ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာစစ်အစိုးရနှင့် စေ့စပ်ဆွေးနွေးရေးကို လိုလားသူတဦး ဖြစ်သည်။ သူသည် မြန်မာနိုင်ငံသို့ ၂ဝဝ၉ ခုနှစ် သြဂုတ်လကလည်း လာရောက်ခဲ့သူဖြစ်ကာ၊ မြန်မာနိုင်ငံသို့ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် လာရောက်ခဲ့သည့် အမေရိကန် ဆီးနိတ်လွှတ်တော် အမတ် ဖြစ်သည်။

မစ္စတာ ဝက်ဘ်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မည်သည့်ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးမည်ကိုမူ မသိရသေးပေ။

“အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ် နိုင်ငံခြားရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌ ဆီးနိတ်အမတ် ဂျင်မ်ဝက်ဘ်သည် ၂ဝ၁ဝ ခုနှစ် မေလ ၂၉ ရက်နေ့မှ ဇွန်လ ၆ ရက်နေ့အထိ ကိုးရီးယား၊ ထိုင်းနှင့် မြန်မာနိုင်ငံသို့ သွားရောက်လိမ့်မည်” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်၏ ဌာနက ယမန်နေ့ ထုတ်ပြန်ခဲ့သည့် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် အမေရိကန် ပြည်ထောင်စု ဆီးနိတ် လက်နက်ရေးရာ ကော်မတီ၏ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

မစ္စတာ ဝက်ဘ်သည် အစိုးရ အရာရှိများ၊ အမေရိကန် သံတမန်များ၊ စစ်ဖက်ဆိုင်ရာ အရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု ဆိုထားသည်။

ဆီးနိတ်အမတ်သည် ‘အမေရိကန်အနေဖြင့် အာရှနိုင်ငံများနှင့် ဆက်ဆံရေး ဆုတ်ယုတ်ကျဆင်းလာပါက တရုတ်နိုင်ငံ၏ သြဇာသည် ထိုအာရှ နိုင်ငံများအား လျင်မြန်စွာ လွှမ်းမိုးလာလိမ့်မည်’ ဟု ယူဆထားသူဖြစ်ကာ အာရှဒေသရှိ နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့် ထူထောင်ရန် စိတ်အား ထက်သန်စွာ ထောက်ခံသူတဦး ဖြစ်သည်။

“အခုအချိန်ဟာ အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ် နိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံကို ဒေသတွင်း တည်ငြိမ်ရေးနဲ့ အကျိုးစီးပွား ဖြစ်ထွန်းရေး အတွက် တာဝန်ယူ လုပ်ဆောင်လာစေဖို့ တိုက်တွန်း ဖိအားပေးရမယ့် အချိန်ဖြစ်ပါတယ်” ဟု မစ္စတာ ဂျင်မ်ဝက်ဘက်က ဆိုခဲ့သည်။

မြန်မာနိုင်ငံ ခရီးစဉ်သည် စစ်အစိုးရက ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲအတွက် အကြီးအကျယ် ပြင်ဆင်နေချိန်နှင့် တိုက်ဆိုင် နေသည်။ စစ်အစိုးရ၏ ရွေးကောက်ပွဲသည် အဓိက အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ရွေးကောက်ပွဲတွင် ပါဝင်လာစေခြင်း မရှိနိုင်ရန် ကန့်သတ်ထားသဖြင့် အမေရိကန် အပါအဝင် နိုင်ငံများစွာက ဝေဖန်နေကြသည်။

“မစ္စတာ ဂျင်မ်ဝက်ဘ်၏ အာရှ ၃ နိုင်ငံ ခရီးစဉ် ထွက်ပေါ်လာချိန်သည် ထို ၃ နိုင်ငံလုံးတွင် ပဋိပက္ခများ ဖြေရှင်းနေရသည့် အချိန်လည်း ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ ချိုနန် စစ်ရေယာဉ်သည် မြောက်ကိုရီးယားနိုင်ငံမှ တော်ပီဒိုဖြင့် ပစ်ခတ်နှစ်မြှုပ်ခြင်း ခံထားခဲ့ရပြီး၊ ထိုင်းနိုင်ငံတွင်မူ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အကြမ်းဖက် ဆန္ဒပြမှုများကို နှိမ်နင်းခဲ့ရကာ မြန်မာနိုင်ငံတွင်မူ စစ်အစိုးရက အတိုက်အခံများအား ဖိနှိပ်နေဆဲ” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်၏ ဌာနမှ သတင်းထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

ယခု မြန်မာနိုင်ငံ ခရီးစဉ်သည် မေလအတွင်း အမေရိကန် ထိပ်သီး နိုင်ငံရေးသံတမန်များ မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ် လာရောက်ခြင်း ဖြစ်ပြီး အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကမ်းဘဲလ်သည် မြန်မာနိုင်ငံသို မေလဆန်းက လာရောက်ခဲ့သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်၏ ခရီးစဉ်နောက်ပိုင်းတွင်မူ မြန်မာနိုင်ငံနှင့် အနီးစပ်ဆုံးနှင့် အင်အား အကြီးဆုံးသော မဟာမိတ် နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ဇွန်လ ၂ရက်နေ့၌ မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိသည်။

မေလ ၁ဝ ရက်နေ့က ဒေါက်တာ ကမ်းဘဲလ်သည် စစ်အစိုးရအား အတိုက်အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းရန် ပျက်ကွက်နေခြင်းကို အပြစ်တင် ဝေဖန်လိုက်ပြီး ရွေးကောက်ပွဲအား အားလုံး ပါဝင်လာနိုင်ကာ တရားမျှတမှု ရှိလာစေရေးကို တိုက်တွန်းခဲ့သည်။

ထို့အပြင် နိုင်ငံတဝှန်းရှိ အကျဉ်းထောင်များတွင် ရှိနေသော နိုင်ငံရေး အကျဉ်းသား ၂၁ဝဝ ခန့်ကိုလည်း ချက်ချင်း လွှတ်ပေးရန် ကိုလည်း တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲသည် တရားမျှတမှု မရှိပါက နိုင်ငံအတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို ဖော်ဆောင်ရန် ခက်ခဲ နေလိမ့်ဦးမည်ဟု သတိပေး ပြောဆိုခဲ့သည်။

မစ္စတာ ဝက်ဘ်သည် ပြီးခဲ့သည့်နှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်အတွင်း အင်းလျားကန်မှ တဆင့် တိတ်တဆိတ် ရေကူးဝင်ရောက်သဖြင့် ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ကျခံခဲ့ရသည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ပြစ်ဒဏ်ချအပြီး ရက်ပိုင်းအကြာတွင် သူနှင့်အတူ တပါတည်း ခေါ်ဆောင် သွားနိုင်ခဲ့သူဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း ၁၄ နှစ်ခန့် နေအိမ်အကျယ်ချုပ် ကျခံနေရသူ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် မစ္စတာ ယက်တောက သူမ၏ နေအိမ်အတွင်းသို့ ကျူးကျော် ဝင်ရောက်ခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ် စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်သည်ဟု ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခြင်း ခံခဲ့ရသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထိုပြစ်ဒဏ်အား လျှော့ပေါ့ပေးသည်ဟုဆိုကာ နေအိမ်အကျယ်ချုပ် ၁၈ လ ကျခံစေခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ကဗျာဆရာ ကိုစောဝေ ပြန်လည်လွတ်မြောက်

မျိုးချစ်သူ / ၂၆ မေ ၂၀၁၀

ဖေဖော်ဝါရီဆယ့်လေး ကဗျာကို ရေးသားသူ ကိုစောဝေသည် ယနေ့ နံနက်ပိုင်းတွင် ရမည်းသင်း အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း ၎င်း၏ ဇနီးဖြစ်သူက ပြောသည်။

“မနက်က လွတ်လာတာ၊ သူက ဖုန်းဆက်ပါတယ်။ အိမ်ကို မရောက်သေးဘူး၊ လာနေပြီလို့ ပြောတယ်” ဟု ဇနီး မနန်းစန်းစန်းအေးက ပြောသည်။

ကိုစောဝေသည် ၎င်းရေးသားသည့် ဖေဖော်ဝါရီဆယ့်လေး ကဗျာကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၂၁) ရက်နေ့ထုတ် အချစ်ဂျာနယ်၌ ဖော်ပြ ခံခဲ့ရပြီးနောက် ထောင်ဒဏ် (၂) နှစ် ချမှတ်ခြင်း ခံခဲ့ရကာ စုစုပေါင်း (၂၈) လခန့် နေခဲ့ရကြောင်း သိရသည်။

ယင်းကဗျာမှာ စာပေစိစစ်ရေးမှ ခွင့်ပြုပြီး ကဗျာဖြစ်သော်လည်း စစ်အာဏာရှင် ဗိုလ်ချူပ်မှူးကြီး သန်းရွှေအား သွယ်ဝိုက်ပြီး ထိခိုက်သည် ဟူသော ထင်မြင်မှုများကြောင့် လွန်ခဲ့သည့် (၂) နှစ်ခန့်က ထောင်ဒဏ် (၂) နှစ် အပြစ်ပေး ခံခဲ့ရခြင်းဖြစ်သည်။

နအဖစစ်အာဏာပိုင်များက ကဗျာပါ အကြောင်းအရာနှင့် ပတ်သက်၍ အများပြည်သူ၏ တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေသည် ဟူသော ပြစ်မှုဖြင့် ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ကိုစောဝေ ပြန်လွတ်လာပြီဆိုတော့ ကျနော်တို့လည်း ပျော်တာပေါ့။ ကဗျာဆရာ တယောက်က လူသားတွေ အားလုံးအတွက် ရသနဲ့ အလုပ်အကျွေး ပြုနိုင်ပါတယ်။ သူက စိတ်ကူးကောင်းသူ တယောက်ပါ။ သူ ပြန်လွတ်လာတယ်ဆိုရင် သူ ကဗျာတွေ ဆက်ရေးနိုင်ပြီပေါ့” ဟု ရန်ကုန်မှ ကဗျာဆရာတဦးက ပြောသည်။

ကိုစောဝေသည် ရန်ကုန် ရွှေဂုံတိုင်လမ်းမကြီးတွင် အဓိပတိမြန်မာ ထမင်းဆိုင်ကို ဖွင့်လှစ် ရောင်းချနေသူလည်း ဖြစ်သည်။ ထို့အပြင် ဖြူးမိတ်ဆွေများ စာကြည့်အသင်းကို ဦးဆောင်ခဲ့သူဖြစ်ကာ HIV/AIDS ကူးစက်ခံရသည့် မိဘမဲ့ကလေးများ ရန်ပုံငွေ ရှာဖွေရေးအတွက် အဖြူရောင်သက်တံ့ ကဗျာရွတ်ဆိုပွဲများ ကျင်းပ ပြုလုပ်ပေးခဲ့သူဖြစ်သည်။

ကိုစောဝေ၏ မျက်စိမှာ တိမ်စွဲနေသည့်အတွက် ရန်ကုန်သို့ ရောက်ရှိပါက မျက်စိကို အရင်ဆုံး ကုသမည်ဖြစ်ကြောင်း ၎င်း၏ ဇနီးက ပြောသည်။

ပြည်တွင်းသတင်းမီဒီယာများကလည်း ကိုစောဝေ လွတ်လာသည်ကို သတင်းရယူရန် စောင့်ဆိုင်း နေကြကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက သိရသည်။

Ref: ခေတ်ပြိုင်

Read More...

မင်္ဂလာဈေး မီးလောင်ရာတွင် ဆိုင်ခန်းပေါင်း ၈၀၀ကျော် မီးထဲပါသွား

မင်းဆက်ခိုင်
5/26/2010

မေလ ၂၄ရက်နေ့က ရန်ကုန် မင်္ဂလာတောင်ညွှန့် မြို့နယ်ရှိ မင်္ဂလာ ဈေးကြီး မီးလောင်ကျွမ်းရာတွင် ဆိုင်ခန်းပေါင်း ၈၄၅ ခန်း မီးထဲ ပါသွားကြောင်း မြန်မာ နအဖစစ်အစိုးရ တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ဆိုင်ခန်းများမှာ စတုတ္တထပ်နှင့် ခေါင်မိုးထပ်ရှိ ဆိုင်ခန်းများ ဖြစ်ကြသည်။

ဈေးကြီး မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု ပမာဏကို အတိအကျ မသိရှိရသေးသော်လည်း ကာလ တန်ဖိုးအားဖြင့် ကျပ်ငွေ သိန်းပေါင်း သောင်းချီ၍ ရှိနိုင်ကြောင်း အများက ခန့်မှန်းနေကြသည်။

အဆိုပါ ဈေးမှ ဆေးအရောင်းဆိုင် ပိုင်ရှင် ရခိုင်အမျိုးသား တဦးက “ ခုလောလောဆယ်မှာတော့ ဆုံးရှုံးတဲ့ တန်ဖိုး ပမာဏကို မပြောနိုင်သေးဘူး။ အခု သက်ဆိုင်ရာက စာရင်း ကောက်နေတာ တွေတော့ ရှိတယ်။ နောက်ထပ် သုံးရက်လောက်ကြာရင် ဆုံးရှုံးတဲ့ တန်ဖိုး ကိန်းဂဏန်းတွေ ထွက်လာ နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အကြီးအကျယ်ဆုံး မီးလောင် ရှုံးဆုံးမူ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

၎င်းပြင် သူက ဈေးကြီးအား သက်ဆိုင်ရာမှ အကြီးစား ဈေးကြီး အဖြစ် ပြန်လည် ပြင်ဆင်သွားမည် ဖြစ်ပြီး ပြင်ဆင်မှု ကာလအတွင်း ဆုံးရှုံး သွားခဲ့သော ဆိုင်ခန်း ပိုင်ရှင်များအတွက် ဈေးရောင်းချမည့် ယာယီ ဈေးနေရာကို ရှာဖွေနေသည်ဟု သူက ပြောသည်။

ယမန်နေ့က မင်္ဂလာဈေး ဓမ္မာရုံတွင် ပြုလုပ်သော တွေ့ဆုံပွဲတွင် အဆိုပါ ဈေးနေရာ ရှာဖွေရေး ကိစ္စကို အလေးပေး ဆွေးနွေးခဲ့ကြပြီး အဆိုပါ အစည်းအဝေးသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်သန်းဝင်း တက်ရောက်ခဲ့သည်ဟု သိရသည်။

မင်္ဂလာဈေး မီးမှာ မေလ ၂၄ရက်နေ့ နံနက် ၈နာရီခွဲမှ စတုတ္တထပ်ရှိ ဆိုင်ခန်းတခန်းမှ လျှပ်စစ် ဝါယာ ရှော့ဖြစ်ပြီး စတင် လောင်ကျွမ်းခဲ့ပြီး အဆိုပါ မီးသည် မေလ ၂၅ရက်နေ့ နံနက်ပိုင်းအထိ လောင်ကျွမ်း နေခဲ့သည်။

စတုတ္တထပ်ရှိ ဆိုင်ခန်းအများအပြားမှာ ဆေးဝါးများ၊ အလှကုန် ပစ္စည်းများနှင့် ပရိဘောဂ ပစ္စည်းများ ရောင်းချနေသော ဆိုင်ခန်းများ ဖြစ်သည်။ မင်္ဂလာဈေးမှာ လူသုံးကုန် ပစ္စည်း အမျိုးမျိုးကို မြန်မာ နိုင်ငံတဝှန်းသို့ လက်ကား ဖြန့်ဖြူး ရောင်းချ ပေးနေသော ဈေးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးကြီးအား ပြန်လည်ပြင်ဆင်ရန်အတွက် အနည်းဆုံး အချိန် ၃လ ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

Ref: နိရဉ္စရာ

Read More...

Wednesday, May 26, 2010

မင်္ဂလာဈေးသူ ဈေးသားများ၏ မငြိမ်းသောမီး

မိုးယံ
Tuesday, May 25, 2010

“ဒီနေ့တော့ ထမင်းငတ်ပြီဟေ့၊ ဒီလို လောင်နေပုံမျိုးနဲ့ ဘယ်နှစ်လ အလုပ်လက်မဲ့ ဖြစ်နေဦး မလဲကွာ” ဟု မီးခိုး လုံးကြီးများ အူထွက် နေသော မင်္ဂလာဈေးကြီးကို မော့ကြည့်ရင်း စိတ်မကောင်း ကြီးစွာဖြင့် မင်္ဂလာဈေးတွင် ကုန်တင်ကုန်ချ လုပ်ကိုင်သော အသက် ၂၅ နှစ်အရွယ် ကိုနေ၀င်းကဆိုသည်။

မင်္ဂလာဈေး စတုတ္တထပ်ရှိ ဆိုင်ခန်းပေါင်း ၄၀၀ ကျော်မှ ဆေးဝါးများနှင့် အလှကုန် ပစ္စည်းပေါင်း များစွာကို လှိုက်လောင် ကျွမ်းနေသော မီးတောက်များ၏ အပူရှိန်ထက် မလျော့သော ပူလောင်မှုများဖြင့် ယင်းဈေးကြီး ပတ်လည်တွင် လူ ထောင်ပေါင်းများစွာ စောင့်မျှော် ရပ်ကြည့်နေကြသည်။

ကောင်းကင်ပေါ်သို့ ညိုမည်းစွာ တလိမ့်လိမ့်တက်နေသည့် မီးခိုးလုံးများကို ကြည့်နေရင်း “ ဒီဈေးကြီးကို ကျနော်တို့လို နေ့စား အလုပ်သမား ထောင်နဲ့ သောင်းနဲ့ချီ မှီခို လုပ်ကိုင် စားသောက်နေရတာ။ ဒီဈေးကြီးကြောင့်သာ နေ့တိုင်း ထမင်း နပ်မှန်နေတာ။ ကျနော့် ထမင်းအိုး မီးထဲပါသွားပြီ” ဟု မင်္ဂလာဈေး အတွင်းရှိ ကုန်တင်ကုန်ချ လုပ်ကိုင်သည့် အသက် ၂၂ နှစ်အရွယ် ကိုအေးထွန်းက ဆိုသည်။

လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို မြန်မာ တနိုင်ငံလုံးသို့ အဓိက ဖြန့်ချိ ရောင်းချနေသော မင်္ဂလာဈေးကြီးတွင် လခစား ၀န်ထမ်းအင်အား သောင်းချီ၊ နေ့စားလုပ်သား ထောင်ချီ အလုပ် လုပ်ကိုင် နေကြသည်။

“ဒီဈေးနဲ့ မြန်မာတနိုင်ငံလုံး ချိတ်ဆက်အလုပ်လုပ်နေတာ၊ ဆင်ခြေဖုန်း ရပ်ကွက်တွေမှာ ရှိသမျှလူတွေဟာ ဒီဈေးကြီးမှာပဲ အကုန်လုံးစုပြီး အလုပ် လုပ်နေကြတာ ဆိုတော့ ဒီမီးလောင်မှုက ပစ္စည်း ဆုံးရှုံးတဲ့ ဆိုင်ရှင်တွေရော ၀န်ထမ်းတွေ အတွက်ပါ အထိနာပြီပေါ့” ဟု မင်္ဂလာဈေး၏ ဈေးကော်မတီ ရုံးခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

မင်္ဂလာဈေး မီးလောင်ကျွမ်းမှု၏ နောက်ဆက်တွဲ ဆုံးရှုံးမှုတန်ဖိုးများ မသိရမီ၊ မီးစတင်လောင်ကျွမ်းသည့် ယမန်နေ့ နေ့လယ်ခင်း၌ပင် “ဒီပိုက်ဆံ သုံးလိုက်ရင် အိမ်ပြန်ကားခ ရှိမှာ မဟုတ်ဘူး” “ ဒီနေ့ ထမင်းစားဖို့ အတွက်တော့ ဝေးပြီ” ဆိုသော နေ့စား ကုန်တင်ကုန်ချ သမား များစွာ၏ ပြောဆို နေသံများက ဈေးပတ်လည်တွင် ပဲ့တင် ထပ်နေသည်။

မီးလောင်နေသည့် ဈေးကြီးပတ်လည်တွင် ကျပ် သိန်း ရာနှင့် ထောင်နှင့် ချီရင်းနှီးမြှုပ်နှံထားသော ဆိုင်ရှင်များစွာက သောက မျက်ရည်များနှင့် ရူးမတက် ဖြစ်နေကြသည်။

“ထိုင်းဘက်မှာ ရှပ်နီတွေ ပြဿနာ ဖြစ်နေလို့၊ ယိုးဒယားပစ္စည်းတွေ ပြတ်သွားမှာစိုးလို့ ထပ်ဝယ်လှောင်ထားတာ ကျပ်သိန်း ၄၀၀ ကျော်တယ်၊ မီးထဲ အကုန်ပါသွားလား မမေးနဲ့၊ ဟိုမှာ မီးတောက်တွေ ထွက်နေတဲ့နားက ကျနော့်ဆိုင်ပဲ” ဟု မင်္ဂလာဈေး စတုတ္တထပ် အတွင်းမှ အပြင်သို့ ထိုးထွက်လာသော မီးတောက်ကြီးကို လက်ညှိုး ညွှန်ပြရင်း ငိုကျွေးနေသည့် ယိုးဒယား အလှကုန် ပစ္စည်း လက်ကားဖြန့်ချိ ရောင်းချသူ ဦးကောင်းစံက ပြောသည်။

မင်္ဂလာဈေးသည် မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့များသို့ ကုန်ပစ္စည်းများ အဓိက ဖြန့်ချိရောင်းချ ပေးနေသော ဈေးကြီး ဖြစ်ရာ ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း တိုက်ခိုက်မှုကြောင့် ပျက်ဆီး ဆုံးရှုံးသွားသော ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ် စသည့် တိုင်းနှင့် ပြည်နယ်များတွင် အကြွေး ချထားပေးသည့် ကုန်ပစ္စည်းဖိုးများစွာ ဆုံးရှုံးခဲ့ရပြီး နာလန်ပြန်ထူခါစ အချိန်တွင် မီး ထပ်မံ လောင်ကျွမ်း ခဲ့ရသည်ဟု သိရသည်။

“တဆိုင်ကို မရှိဘူးဆို အနည်းဆုံး ကျပ်သိန်းထောင်နဲ့ချီရှိတယ်၊ ဆိုင်ရှင်တွေ ဘ၀ပျက်သွားနိုင်တယ်၊ အောက်ထပ်တွေကို မကူးအောင် ငြှိမ်းပေးကြပါ” ဟု ကူပါ အော်ဟစ် ငိုကြွေးနေသော မင်္ဂလာဈေး စတုတ္တထပ်ရှိ လက်ခ်ျမီးဆေးဝါးဖြန့်ချိရေးမှ ဆိုင်မန်နေဂျာတဦးက ဆိုသည်။

မင်္ဂလာဈေးကြီး မီးစတင်လောင်ကျွမ်းသည့် ယမန်နေ့ နံနက် ၈ နာရီခွဲကျော်သည် ဆိုင် စတင် ဆင်းကျင်းသော အချိန် ဖြစ်သောကြောင့် မီးလောင်ကျွမ်းချိန်၌ ၀န်ထမ်းများသည် ၎င်းတို့ဆိုင်မှ ပစ္စည်းများကို မီးတောက်များကြားမှ အသက်နှင့် ရင်းပြီး အပြင်ဘက်သို့ သယ်ထုတ်ခဲ့ကြသည်။

“အောက်ကိုပြန်ဆင်းလာတော့ အပေါ်မှာ မီး တအားလောင်နေပြီ” ဟု မင်္ဂလာဈေး ပတ်ပတ်လည်တွင် ရပ်ကြည့်နေကြသော လူအုပ်ကြီး၏ အော်ဟစ်သံများကြောင့် အသက် ၂၀ ၀န်းကျင် လူငယ်များမှာ အထုပ်ကြီး၊ အထုပ်ငယ်များကို မနိုင့်တနိုင် ထမ်းလျက် အောက်သို့ အပြေးလွှား ဆင်းလာခဲ့ ကြသည်။

နံနက် ၈ နာရီကျော်က စတင်လောင်ကျွမ်းသည့် မီးသည့် နေ့ခင်း ၂ နာရီတွင် မီးညွန့် ကျိုးသွားသည်ဟု ထင်ရသော်လည်း အတွင်းထဲတွင် လှိုက်၍ လောင်ကျွမ်းနေမှုက ည ၇ နာရီကျော်ထိ မပြီးဆုံးနိုင် ဖြစ်နေခဲ့သည်။

“မီးက လောင်နေတုန်းပဲ၊ ကျနော်တို့ ဘာမှပြောလို့ မရသေးဘူး၊ နောက်မှပြန်ဆက်ကြပါ” ဟု ည ၇ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနာမှ တာဝန်ရှိသူတဦးက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။

အချိန်ကြာမြင့်စွာ မီးလောင်ကျွမ်းခဲ့သောကြောင့် မင်္ဂလာဈေးသည် အန္တရာယ်ရှိသော အဆောက်အအုံ တခု ဖြစ်၍ အသစ် ပြန်လည် တည်ဆောက်ရမည့် အလားအလာများ ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ယင်းဈေးတွင် လုပ်ကိုင်နေရသော အရောင်းဝန်ထမ်းများသည် တလလျှင် ကျပ် ၁၅၀၀၀ မှ ကျပ် ၂၅၀၀၀ ဝန်းကျင်သာ ရရှိသူများ ဖြစ်သည်။

“လကုန်ခါနီး လစာရပါ့မလား မသိဘူးနော်။ ကိုယ့်ဆိုင်ရှင်က ဒီလောက် ဆုံးရှုံးထားတာ၊ မပေးဘူးဆိုလည်း မတရားရာတော့ မကျပါဘူး။ အလုပ် မရှိတော့မှာဘဲ ကြောက်နေမိတယ်” ဟု မင်္ဂလာဈေးကြီးရှိ ဆေးဝါးဖြန့်ချိရေး ဆိုင်တဆိုင်တွင် အရောင်းဝန်ထမ်း လုပ်ကိုင်သော အင်းစိန်မြို့နယ်မှ မ၀ါဝါက ပြောသည်။

အဆိုပါ ဈေးကြီးအတွင်း ကုန်တင်ကုန်ချ လုပ်ကိုင်နေရသော နေ့စား လုပ်သားများစွာ သည်လည်း စားဝတ်နေရေး အခက်အခဲ များစွာ ကြုံတွေ့ နေရသည်။

“ကျနော်က တနေ့ ကုန်ထမ်းတာ ကျပ် ၄ ထောင်လောက်ရတယ်။ အဲဒီပိုက်ဆံနဲ့ မိသားစု ၆ ယောက်စားနေတာ။ ဒီနေ့ မီးလောင်တော့ အိမ်ပြန်စရာတောင် ကားခ မရှိတာ မနက်ဖြန် မနက်ဈေးဖိုးဆိုတာ ဝေးပြီဗျာ” ဟု မင်္ဂလာဈေးတွင် ၈ နှစ်ကြာ ကုန်ထမ်းခဲ့သည့် ကိုနေ၀င်းက ပြောသည်။

မင်္ဂလာဈေးတွင် အထပ်တထပ်လျှင် ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ရှိပြီး အဆိုပါဈေးတွင် ဆိုင်ခန်းပေါင်း ၄၀၀၀ ၀န်းကျင်ရှိကြောင်း၊ မြေညီထပ်တွင် အထည်လိပ်များနှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ ပထမထပ်တွင် အ၀တ်အထည်နှင့် စာရေး ကိရိယာဆိုင်များ၊ ဒုတိယထပ်တွင် အ၀တ်အထည်၊ စာရေးကိရိယာနှင့် အလှကုန်ဆိုင်များ၊ တတိယထပ်တွင် အလှကုန်ပစ္စည်းနှင့် ဆေးဆိုင်များ၊ စတုတ္တထပ်တွင် ဆေးဝါးဆိုင်များနှင့် အလှကုန် ဆိုင်များ ဖွင့်လှစ်ထားကြောင်း သိရသည်။

“ကျနော်တို့က ဆိုင်လေးခင်းပြီး ထမင်းစားဖို့လုပ်တုန်း မီးလောင်တာပဲ၊ မီးက အထဲကဆိုင်တွေကို တဆိုင်ပြီး တဆိုင် ပတ်လောင်နေတာ၊ လေသာဆောင်ပေါ်မှာ လူတွေပိတ်မိနေတယ်၊ ပြန်လည်း ဆင်းလို့မရ ဖြစ်နေတယ်” ဟု မီးလောင်ကျွမ်းနေသော မင်္ဂလာဈေး စတုတ္ထထပ်မှ ဆင်းလာသည့် အရောင်းဝန်ထမ်း တဦးက ဆိုသည်။

မင်္ဂလာဈေးသည် ဖေဖော်ဝါရီလအတွင်း လောင်ကျွမ်းခဲ့သော သင်္ဃန်းကျွန်း ဈေးကြီးထက် အချိန်ကြာမြင့်စွာ မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုလည်း ပိုများသည်။

“အခု ည ၈ နာရီကျော်ပြီဗျာ၊ မီးကောင်းကောင်း မငြိမ်းသေးဘူး၊ အပေါ်က ခေါင်မိုးကြီးလည်း မီးလောင်တဲ့ အရှိန်ကြောင့် ပွင့်ထွက်သွားပြီ” ဟု အငှား ယာဉ်မောင်း တဦးက ပြောသည်။

အချိန်ပေါင်းများစွာ ရပ်ကြည့်နေကြသော လူအုပ်ကြီးသည် သည်းကြီးမည်းကြီး ရွာချနေသော မိုးရေထဲတွင်ပင် ဇွဲကောင်းလျက် ရှိသည်ကို တွေ့ရသည်။

“ကျနော်တို့ဆိုင်က ၃ လွှာမှာ၊ စောင့်တော့ကြည့်နေတာပဲ၊ ကျနော့် ပစ္စည်းတွေကို မထားခဲ့ရက်ဘူး ဖြစ်နေတယ်” ဟု တတိယထပ်ရှိ အိုးခွက် အရောင်းဆိုင်မှ ဆိုင်ရှင်တဦးက ဆိုသည်။

ပစ္စည်းမြောက်မြားစွာ ဆုံးရှုံးသွားသော ဆိုင်ရှင်များနှင့် ထပ်တူ ပူဆွေးနေသော နေ့စား လုပ်သားများနှင့် ၀န်ထမ်းများသည် မှောင်လု နီးနီး အချိန်တွင် မိမိတို့နေရပ် အသီးသီးသို့ ပြန်သွားကြတော့သည်။

အခြေခံ လူတန်းစားပေါင်း သောင်းချီ မှီခိုနေရသော ထမင်းအိုးကြီးသည် မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲကျော်မှ စတင်၍ မီးထဲတွင် လောင်မြိုက်ခဲ့ပြီ ဖြစ်သည်။

နာရီ ၂၀ ကျော် လောင်ကျွမ်းခဲ့သော မီးမှာ ငြိမ်းသွားပြီဖြစ်သော်လည်း ဈေးကြီးကို မှီခိုနေရသည့် လူပေါင်းများစွာ၏ ရင်ထဲမှ မီးမှာတော့ မည်သည့် ကာလတွင်မှ ငြိမ်းမည်ဆိုသည်ကို မည်သူမျှ မပြောနိုင်ပါ။

Ref: ဧရာဝတီ်

Read More...

မြို့အ၀င်ဂိတ်ကို ဆိုင်ကယ်စီး လူတစုဗုံးပစ် ရဲတစ်ဦးသေ နှစ်ဦးထိ

မွေခေါဝ်
Tuesday, 25 May 2010 18:53

သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့ မြောက်ဘက်ရှိ မြို့အ၀င်/အထွက် စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီး လူငယ်တစ်စုက လက်ပစ်ဗုံးနှင့် ပစ်ပေါက်ခဲ့သောကြောင့် ရဲတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကြောင်း စုံစမ်း သိရှိရသည်။

အဆိုပါဂိတ်၌ ဒုရဲအုပ်မောင်ထွေး ဦးဆောင်ပြီး ရဲသားသုံးဦးနှင့် အတူ မေ ၂၂ ရက်နေ့တွင် ကင်းစောင့် နေခဲ့ကြသည်။

မွန်းလွဲပိုင်း ၂း၁၅ နာရီခန့်တွင် လူငယ် ၃ ဦးက တရုတ်မော်တော်ဆိုင်ကယ် (125 CC) ၂ စီး မောင်းနှင်လာပြီး ဂိတ်ရှေ့ ဖြတ်သန်းစဉ် လက်ပစ်ဗုံး တစ်လုံး ပစ်ပေါက်၍ ပစ္စတို သေနတ်နှင့်လည်း ပစ်ခတ် သွားခဲ့သည်။

သေဆုံးသူမှာ ရဲဒုတပ်ကြပ် ထူးနေလင်းဖြစ်ကြောင်း သိရှိရသည်။

မည်သူ့လက်ချက်ဖြစ်ကြောင်း မသိရှိရသေးသော်လည်း ဒေသခံမြို့သူမြို့သားများက သျှမ်းသံတော်ဆင့်ထံ ဤကဲ့သို့ ပြောကြား ကြပါသည်။

“သျှမ်းသူပုန်တွေဖြစ်မယ် ထင်တယ်။ ဒါမှမဟုတ် ရဲတွေရဲ့ စစ်ဆေးအော်ငေါက် ဆဲဆိုခံရပြီး ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတာကြောင့် ရဲတွေအပေါ် စိတ်နာနေတဲ့ လူတွေလဲ ဖြစ်နိုင်တယ်”

ထိုအခင်းဖြစ်ပွားပြီးနောက်ပိုင်း လဲချား-တောင်ကြီးသို့ သွားသော တောင်ဘက်ဂိတ်၊ တုံလောဝ်း-သီပေါ လားရှိုး သို့သွားသော မြောက်ဘက် ဂိတ်နှင့် အခြားဂိတ်များတွင် စစ်ဆေးရေး တင်းကြပ် ထူပြောလာကြောင်း ဒေသခံတစ်ဦး ပြောကြားချက်အရ သိရှိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

စက်ရုံကြီးတချို့ လာဘ်ထိုးပြီး လျှပ်စစ်မီး သုံးစွဲခွင့်ရ

ခိုင်သွယ် Tuesday, May 25, 2010

လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့ကျသွား ခြင်းကြောင့် ရန်ကုန်ရှိ စက်မှုဇုန်များကို ယာယီ မီးဖြတ် တောက်ကြောင်း စစ်အစိုးရက တရားဝင် ထုတ်ပြန် ကြေညာ ထားသော်လည်း စက်ရုံကြီး တချို့ လျှပ်စစ်မီး ရရှိသုံးစွဲ နေသေးကြောင်း သိရသည်။

အရှေ့ဒဂုံ၊ တောင်ဒဂုံနှင့် လှိုင်သာယာ စက်မှုဇုန်တို့ရှိ စက်ရုံကြီး တချို့သည် မီးဖြတ်လိုက်သည့်တိုင် လျှပ်စစ်မီးနှင့် စက်ရုံ ဆက်လက် လည်ပတ်နေခြင်းဖြစ်သည်။

“စက်မှုဇုန်တွေကို မီးဖြတ်ထားတယ်လို့ ပြောပြီး လျှပ်စစ်မီး ခိုးရောင်းနေတာပါ၊ ကျနော်တို့ဆီက စက်ရုံကြီးတရုံဆိုရင် လျှပ်စစ်မီးနဲ့ပဲ လည်ပတ်နေတာ ဒီကနေ့အထိပဲ၊ စစ်ဆေးရေးရှိတဲ့ အချိန်လောက်ပဲ သူတို့စက်ရုံက မီးစက်ကို အမောင်း ပြထားတယ်” ဟု အရှေ့ဒဂုံ စက်မှုဇုန်မှ လုပ်ငန်းရှင်တဦးက ပြောဆိုသည်။

အဆိုပါ စက်ရုံသည် စားသောက်ကုန်ကြမ်းတမျိုး ထုတ်လုပ်ရာတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး စက်ရုံကြီးဖြစ်ပြီး စက်ရုံပိုင်ရှင်သည် စစ်အာဏာပိုင်များနှင့် နီးစပ်သော သောကြောင့် အထူးအခွင့်အရေး ရနေခြင်းဖြစ်ကြောင်း အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

မေလ ၁၄ ရက်နေ့မှ စ၍ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ၊ မြို့တွင်း စက်မှုလက်မှု လုပ်ငန်းများ၊ ကုန်တိုက်၊ စူပါမားကက်နှင့် ဟိုတယ် အားလုံးကို လျှပ်စစ်မီး လုံးဝ ဖြတ်တောက်လိုက်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကော်မတီက ထုတ်ပြန် ကြေညာခဲ့သည်။

“ပြည်သူတွေကို မီးပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလ ၁၅ ရက်က စပြီး စီးပွားရေး လုပ်ငန်းတွေကို ဖြတ်လိုက်တာပါ။ လူနေအိမ်တွေကို အုပ်စုခွဲပြီး အခု တရက်ကို မီး ၆ နာရီ ပေးနိုင်ဖို့အတွက် စက်မှုဇုန်တွေကို မီးဖြတ်လိုက်တာ” ဟု အဆိုပါ ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

လျှပ်စစ်မီးနှင့် ဆက်လက်လည်ပတ်နေသော စက်ရုံကြီးများသည် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ လျှပ်စစ်ရုံးများသို့ ပုံမှန် လစဉ်ကြေး ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ၀န်းကျင်အထိ ပေးရပြီး လျှပ်စစ်မီး ဖြတ်ထားသည့် မေလတွင် စက်ရုံတရုံလျှင် သိန်း ၂၀ ထပ်ဆောင်း ပေးရကြောင်း သိရသည်။

“ကျနော်တို့ စက်ရုံအနေနဲ့ မီးစက်နဲ့သာ လည်ရင် ဘယ်လိုမှ မကိုက်နိုင်ပါဘူး၊ စက်တလုံးက မီးစက်နဲ့ မောင်းမယ်ဆိုရင် တနာရီကိုပဲ ဂါလန် ၅၀ (တပီပါ) လောက် ကုန်တယ်၊ စက်ရုံက ၂၄ နာရီ အဆိုင်းနဲ့ လည်နေတာ ဆိုတော့ လျှပ်စစ်မီးကိုပဲ အဓိက ထားရတယ်” ဟု လှိုင်သာယာ စက်မှုဇုန်ရှိ လျှပ်စစ်မီးနှင့် လည်ပတ်နေသော စက်ရုံမှ ၀န်ထမ်းတဦးက ပြောသည်။

လှိုင်သာယာ စက်မှုဇုန်မှ စက်ရုံ ၀န်ထမ်းတဦးကလည်း ၎င်းတို့ စက်ရုံအနေဖြင့် မီးစက်ဖြင့် လည်ပတ်ပါက ဒီဇယ်ဖိုး ကုန်ကျစရိတ်မှာ တနာရီလျှင် ကျပ် ၁ သိန်းခွဲခန့် ရှိသောကြောင့် ၁၀ နာရီလည်ပါက ကျပ်သိန်း ၁၅၀၊ ၂၄ နာရီလည်မည်ဆိုပါက ဆီဖိုးမှာ မည်သို့မှ မကိုက်နိုင်သောကြောင့် လျှပ်စစ်ရုံးနှင့် ညှိပြီး လည်ပတ်နေခြင်း ဖြစ်ကြောင်း ပြောပြသည်။

“ပိုက်ဆံ တတ်နိုင်တဲ့ စက်ရုံတွေနဲ့ အစိုးရအထိ ပေါက်ပေါက်ရောက်ရောက်ရှိတဲ့ လုပ်ငန်းရှင်တွေကတော့ လျှပ်စစ်ရုံးတွေကို
ပိုက်ဆံပေးပြီး လည်နေကြတာပဲ၊ အဲဒီလို လည်လို့ ပြဿနာဖြစ်ရင်လည်း သူတို့က ဗိုလ်ချုပ်တွေနဲ့ ပတ်သက်မှုရှိတော့ ဘာမှ မဖြစ်ဘူး။ တကယ်တမ်း ခုလိုအချိန်မှာ အစိုးရ မီးဖြတ်နိုင်တာဆိုလို့ သာမန်ပြည်သူတွေနဲ့ စက်ရုံသေးလေးတွေပဲ ရှိတယ်၊ စက်ရုံကြီးတွေကိုတော့ သူတို့ ဘယ်လိုမှ မကိုင်နိုင်ပါဘူး” ဟု တောင်ဒဂုံ စက်မှုဇုန်မှ လုပ်ငန်းရှင်တဦးက ပြောသည်။

အငယ်နှင့် အလတ်စား စက်ရုံများတွင် မီးစက်ဖြင့် လည်ပတ်မည်ဆိုပါက တရက်လျှင် ဒီဇယ် ဂါလန် ၃၀ မှ ၅၀ ၀န်းကျင်အထိ အသုံးပြုရမည် ဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း တရက်လျှင် အနည်းဆုံး ကျပ် ၂ သိန်းခန့် ရှိသောကြောင့် မတတ်နိုင်ဘဲ ရပ်ထားရခြင်း ဖြစ်ကြောင်း သိရသည်။

မီးဖြတ်ထားချိန်တွင် ဝယ်လိုအား မြင့်တက်လာသည့် အတွက် ဒီဇယ်ဈေး တက်သွားပြီး တဂါလန်လျှင် ၃၂၀၀ ကျပ်မှ ၃၃၀၀ ကျပ်ထိ ဖြစ်လာကြောင်း သိရသည်။

စစ်အစိုးရက ရန်ကုန်မြို့နေ ပြည်သူများကို တရက်လျှင် လျှပ်စစ်မီး ၆ နာရီ ပေးမည်ဟု ဆိုသော်လည်း မီးပေးသည့် အချိန်အတွင်း အကြိမ်ကြိမ် ပြတ်တောက်ခြင်း၊ သတ်မှတ်ချိန်အတိုင်း မရခြင်း၊ မီးအား အလွန်နည်းခြင်းများကို ကြုံတွေ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ နှစ်ခုပေါင်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ စုစုပေါင်း ၆၆၀ မီဂါဝပ် ရှိကြောင်း၊ ထိုမှ ၅၀ ရာခိုင်နှုန်းကို ရန်ကုန်မြို့တွင်းအတွက် သုံးစွဲနေခြင်းဖြစ်ကြောင်း၊ သို့သော် ရန်ကုန်မြို့၏ အမှန်တကယ် လိုအပ်ချက်မှာ မီဂါဝပ် ၆၀၀ ကျော် ဖြစ်ကြောင်း ပြည်တွင်း သတင်းဂျာနယ် တစောင်က ဖော်ပြသည်။

ရန်ကုန်တိုင်းရှိ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင် ဇုန်ကြီး ၄ ခု အနက် အရှေ့ပိုင်းနှင့် မြောက်ပိုင်း ခရိုင်များတွင်သာ စက်မှုလုပ်ငန်းအများစု လုပ်ကိုင်လျက်ရှိပြီး၊ လည်ပတ်နေသော စက်ရုံပေါင်း ၄၃၀၀ ကျော်နှင့် အလုပ်သမား ၂ သိန်းခန့်ရှိကြောင်း စာရင်းဇယားများအရ သိရသည်။

အရှေ့ပိုင်းခရိုင်ရှိ စက်မှုဇုန်များတွင် တောင်ဒဂုံ စက်မှုဇုန် ၁ မှ ၃ အထိ၊ အရှေ့ဒဂုံစက်မှုဇုန်၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်၊ တောင်ဥက္ကလာ စက်မှုဇုန်၊ မြောက်ဥက္ကလာ စက်မှုဇုန်နှင့် သာကေတ စက်မှုဇုန်တို့ ပါဝင်သည်။

မြောက်ပိုင်းခရိုင်ရှိ စက်မှုဇုန်များတွင် လှိုင်သာယာ စက်မှုဇုန် ၁ မှ ၇ အထိ၊ ရွှေလင်ပန်း စက်မှုဇုန်၊ ငွေပင်လယ် စက်မှုဇုန်၊ ရွှေသံလွင် စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ သာဓုကန် စက်မှုဇုန်၊ ၀ါးတရာ စက်မှုဇုန်၊ မင်္ဂလာဒုံ စက်မှုဇုန်၊ ရန်ကုန် စက်မှုဇုန်နှင့်၊ ရွှေပေါက်ကံ စက်မှုဇုန်တို့ ပါဝင်သည်။

စက်မှုလုပ်ငန်းများတွင် လူသုံးကုန်ပစ္စည်း စက်ရုံများ၊ အထည်ချုပ် စက်ရုံများ၊ ဖိနပ် စက်ရုံများ၊ စားသောက်ကုန် စက်ရုံများမှာ အများစုဖြစ်သည်။ စက်မှုဇုန်များကို ၁၉၉၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ တဝန်းတွင် စက်ရုံပေါင်း တသိန်းကျော် ရှိနေပြီဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်များ ပြန်လည်ပိတ်ပင်

မျိုးဝင်းဇော် / ၂၅ မေ ၂၀၁၀

ယခုနှစ်ဆန်းပိုင်းက ဖွင့်လှစ်ခွင့်ပြုထားသည့် ပုဂ္ဂလိက ကျောင်းများကို ခွင့်ပြုချက် ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း ကျောင်းဖွင့်ခွင့် ရထားသည့် ကျောင်းအုပ် ဆရာကြီးတဦးက ပြောသည်။

၎င်းက “ကျနော်တို့ကို အခြေခံ (၃) က ခေါ်ပြောတယ်။ ချထားပေးတဲ့ ပုဂ္ဂလိက ကျောင်းဖွင့်ခွင့်ကို ပြန်ရုပ် သိမ်းလိုက်တယ်။ အရင်အတိုင်း ဘော်ဒါဆောင်တော့ ဆက်ဖွင့်နိုင်တယ်။ ကျနော်တို့ ဒီလောက်ပဲ ပြောနိုင်ပါတယ်။ မီဒီယာတွေကို အစည်းအဝေး ကိစ္စ လုံးလုံး ဖြေကြားခြင်း မပြုဖို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းအတွင်းမှာ ဘော်ဒါဆောင်လုပ်ငန်း လုပ်ကိုင်နေသည့် သင်တန်းကျောင်းများကို သတ်မှတ်ထားသည့် စည်းကမ်းချက် များနှင့် ကိုက်ညီပါက ပုဂ္ဂလိက ကျောင်းအဖြစ် ဖွင့်ခွင့် ပေးမည်ဟု ယခုနှစ်ဆန်းပိုင်းတွင် ပညာရေး ဝန်ကြီးဌာန အမှတ် (၃) အခြေခံ ပညာ ဦးစီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။

ထိုအချိန်က ပုဂ္ဂလိက ကျောင်းအဖြစ် ဖွင့်လှစ်လိုသူ (၃ဝ) ဝန်းကျင်ခန့် လျှောက်ထားခဲ့ပြီး ပြင်ဆင်ထားသမျှကို ရန်ကုန်တိုင်း တိုင်းမှူးကိုယ်တိုင် ကွင်းဆင်း စစ်ဆေးခဲ့ပြီးနောက် ရန်ကုန်တိုင်း အတွင်းရှိ ဘော်ဒါဆောင် (၁ဝ) ခုကို ပုဂ္ဂလိက စာသင်ကျောင်းများ အဖြစ် နှုတ်မိန့်ဖြင့် ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

အဆိုပါကျောင်းများအနေဖြင့် ကျောင်းသားများကို ယာယီ ကျောင်းလက်ခံမှု လုပ်ထားနိုင်ပြီး ယခု မေလအတွင်း အစိုးရက ပုဂ္ဂလိက ပညာရေးဆိုင်ရာ အက်ဥပဒေ ထုတ်ပြန်ပြီးမှသာ တရားဝင်ဖြစ်မည်ဟု ညွှန်ကြားထားသည်။

တိုင်းမှူးနှင့် ပညာရေးဝန်ကြီးဌာန အမှတ် (၃) အခြေခံပညာဦးစီးဌာန၏ တရားဝင်ခွင့်ပြုချက် ရပြီးနောက် မဟာမြကျွန်းသာ၊ Success ၊ ပညာနန်းတော် အပါအဝင် ဘော်ဒါ သင်တန်းကျောင်းတို့က ပုဂ္ဂလိက စာသင်ကျောင်းများ အဖြစ် ဘေလ်ဘုတ်များ စိုက်ထူခြင်း၊ ဂျာနယ် မဂ္ဂဇင်းတို့တွင် တရားဝင် ကြော်ငြာခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။

ထို့အပြင် ပုဂ္ဂလိက စာသင်ကျောင်းတို့၏ အင်္ဂါရပ်များနှင့် ကိုက်ညီရန် ကျပ်ငွေ သိန်း ရာပေါင်းများစွာ အကုန်ခံပြီး တည်ဆောက်ရေး လုပ်ငန်း လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။

ခွင့်ပြုမိန့် ရုပ်သိမ်းမှုနှင့် ပတ်သက်၍ ပုဂ္ဂလိက ကျောင်းတည်ထောင်ခွင့်ရ လုပ်ငန်းရှင်တဦးက “တိုင်းမှူးကို ပေးရတာရော၊ ကျောင်းအတွက် ကုန်ကျရတာတွေပါ တွက်ရင် သိန်း (၂ဝဝဝ) တော့ ကျော်သွားပြီ။ ကျောင်းသားတွေကိုလည်း ကြိုတင် လက်ခံထားတာတွေ ရှိတယ်။ အဲဒါတွေက ဘော်ဒါဆောင်မှာ မအပ်ရင် အားလုံးငွေ ပြန်အမ်းရမယ်။ ပေါ်လစီကို အခုတမျိုး တော်ကြာတမျိုး လုပ်တာ မြန်မာပြည်မှာ မဆန်းပေမယ့် ပုဂ္ဂလိက ကျောင်းထောင်ဖို့ ပြင်ဆင်နေတဲ့သူတွေ အတော်လေးကို ထိခိုက်နစ်နာတယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး တဦးက ပညာရေးစနစ် နောက်ကြောင်း ပြန်လှည့်သွား သကဲ့သို့ ခံစားရသည်ဟု ပြောဆိုသည်။

ရန်ကုန်မြို့ရှိ မဟာမြကျွန်းသာ အကယ်ဒမစ်စင်တာကမူ ပုဂ္ဂလိက ကျောင်းများပိတ်မည့် ကိစ္စကို ၎င်းတို့ အနေဖြင့် မည်သည့် အကြောင်းကြားမှုမှ မရရှိသေးကြောင်း ပြောဆိုသည်။

“ကျမတို့က ပုဂ္ဂလိကကျောင်း စပြီလို့တော့ တရားဝင်မပြောဘူး။ ဒါပေမယ့် နှုတ်မိန့်တော့ ရထားပြီး စာမိန့်တရားဝင်တော့ မထွက်သေးပါဘူး” ဟု ကျောင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

လောလောဆယ် ရန်ကုန်တွင် ချပေးထားသည့်ကျောင်းမှာ (၆) ကျောင်းရှိပြီး အပြောင်းအလဲမရှိကြောင်း၊ နောက်ထပ် ထပ်တင်သည့် ကျောင်းများကိုသာ ဆက်ချရန် တာဝန်ရှိသူများက စဉ်းစားနေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်း တယကမှ တာဝန်ရှိသူတဦးက အစိုးရသည် ဘော်ဒါဆောင်များကို ပုဂ္ဂလိက ကျောင်းထောင်ခွင့်ပေးမည့် အပြင် နာမည်ကြီး ကျောင်းအချို့ကို ဦးတေဇတို့ကဲ့သို့ လုပ်ငန်းရှင်ကြီးများထံ ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းပေးရန် စီစဉ်ခဲ့သေးကြောင်း၊ သို့သော် သတင်း ပေါက်ကြားသွားခြင်း၊ ရွေးကောက်ပွဲ နီးလာချိန် ပြည်သူတို့၏ ဝေဖန်ကန့်ကွက်မှု များပြားနိုင်ခြင်း စသည်တို့ကြောင့် ပုဂ္ဂလိက ကျောင်း တည်ထောင်ခွင့် ကိစ္စအပါအဝင် ပညာရေးတွင် ပုဂ္ဂလိက ကဏ္ဍ ပါဝင်ခွင့်ကို နဂိုအတိုင်း လုံးဝ ပြန်လည် ပိတ်ပင်လိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ သို့သော် ၎င်း၏ ပြောကြားချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Ref: ခေတ်ပြိုင်

Read More...

လူငယ် ၇၀ ကျော် အဖမ်းခံရဟု ကချင်လူမှုအဖွဲ့ပြော

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ ၂၆ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်အပြီး မြစ်ကြီးနားမြို့တွင် အာဏာပိုင်များက ပိုက်စိတ်တိုက် ဖမ်းဆီးမှုများ ပြုလုပ်နေရာ ယမန်နေ့ကအထိ လူငယ် ၇၀ ကျော် အဖမ်း ခံထားရသည်ဟု ကချင်လူမှု အဖွဲ့တခုက ပြောသည်။

မေလ ၂၃ ရက်နေ့မှ ယမန်နေ့ကအထိ ဒုတိယအသုတ်အဖြစ် လူငယ် ၅၀ ကျော် အဖမ်းခံထားရပြီး ယခင်က ဖမ်းဆီးထားသူကလည်း ၂၀ ကျော်ရှိနေသည်ကို ရပ်ကွက် အာဏာပိုင်များမှ တဆင့် သိရသည်ဟု မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်သော တရုတ်-မြန်မာ နယ်စပ်အခြေစိုက် ကချင်လူမှု ဖွံ့ဖြိုးရေး အဖွဲ့မှ ဦးအောင်ဝါက ပြောသည်။

အဖမ်းခံရသူအများသည် ကချင်လူငယ် ကျောင်းသားအဖွဲ့ Education and Economy Development for Youth (EEDY) မှ ဖြစ်ပြီး အကြီးဆုံး ကချင်အဖွဲ့ဖြစ်သည့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်အောက်ခံ ဖြစ်သည်။

ဖမ်းဆီးမှု အကြောင်းရင်းကို စစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသော်လည်း ဗုံးကွဲမှုဖြစ်ပွားပြီးနောက် ဖမ်းဆီးမှုဖြစ်၍ ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးလိုခြင်း ဖြစ်မည်ဟု KIO အပါအဝင် ကချင် အဖွဲ့အစည်းများက ယူဆနေကြသည်။

ဧပြီလ ၁၇ ရက်နေ့က မေခ-မလိခ ပေါင်းစုံရာရှိ မြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းတွင် အနည်းဆုံး ဗုံး ၁၀ လုံးပေါက်ကွဲခဲ့ရာ တရုတ် အလုပ်သမားတဦး ဒဏ်ရာ ရသွားခဲ့သည်။

KIO အတွင်းရေးမှူး ဒေါက်တာလဂျာက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် မေလ ၁၉ ရက်နေ့က မြစ်ကြီးနားရှိ မပခ ဌာနချုပ်သို့ သွားရောက်တွေ့ဆုံပြီး ဖမ်းဆီးထားသော ကချင် ကျောင်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

“အပြစ်မရှိဘူးဆိုရင် အမြန်လွှတ်ပေး။ အပြစ်ရှိတယ် ဆိုရင်လည်း ကျနော်တို့နဲ့ တွေ့ခွင့်ပေးဖို့။ နောက် ရှေ့နေ လိုက်ခွင့်ပေးဖို့ ပြောထားတယ်။ မစစ်ဆေးဘဲနဲ့ ဖမ်းဆီး ထားတာမျိုး မလုပ်ဘဲ အပြစ်ကျူးလွန် တယ်ဆိုရင် ဥပဒေအရေ ရင်ဆိုင်ဖို့ ခွင့်ပြုပေးပါလို့ပေါ့” ဟု KIO အရာရှိက ပြောသည်။

အမျိုးသားရေးကို အခြေခံ၍ EEDY ကျောင်းသားအဖွဲ့ကို ၂၀၀၃ ခုနှစ်၌ KIO က စတင် ဖွဲ့စည်းခဲ့ပြီး ဗိုလ်မှူးကြီး ဂွမ်မော်က ကွပ်ကဲသည်။

အဖွဲ့ဝင်များကို အခြေခံ စစ်သင်တန်း ပေးနေသည်မှာ အမှတ်စဉ် ၇ ရှိပြီဖြစ်ရာ သင်တန်းဆင်း ကချင်လူငယ် စုစုပေါင်း ၂၀၀၀ ကျော် ရှိကြောင်း သိရသည်။

KIO အဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံကြောင်း ငြင်းဆန်ထားရာ စစ်အစိုးရက ဖိအားပေးလို၍ လက်သည် မပေါ်သော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းကို အကြောင်းရှာသည်ဟု အတိုက်အခံများက ဝေဖန်ကြသည်။

ရေအားလျှပ်စစ် မဂ္ဂါဝပ် ၃၆၀၀ ထုတ်လုပ်ပေးနိုင်မည့် အငြင်းပွားဖွယ်ရာ မြစ်ဆုံရေကာတာ စီမံကိန်းအား ၂၀၀၇ ခု နှစ်ဆန်းပိုင်းက စ၍ တရုတ်နိုင်ငံနှင့် မြန်မာအစိုးရတို့ သဘောတူ တည်ဆောက်နေကြသည်။

မေခနှင့် မလိခ မြစ်ဆုံရာ အောက်ဘက် ၃ ကီလိုမီတာခန့်တွင် တည်ဆောက်မည့် ရေကာတာကြောင့် လူ ၁ သောင်း ၅ ထောင် နေအိမ် ပြောင်းရွှေ့ရမည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင်ကို အကြမ်းဖက်မှုနဲ့ ဖမ်းဝရမ်းထုတ်

အင်္ဂါ, 25 မေ 2010

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawat ကို အကြမ်းဖက်မှုစွဲချက်တွေနဲ့ ထိုင်းတရားရုံးတခုကနေ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ဘန်ကောက်မြို့မှာ သီတင်းပတ် နဲ ချီကြာခဲ့တဲ့ အင်္ကျီနီဝတ်တွေရဲ့ အစိုးရဆန့် ကျင်ရေးဆန္ဒပြမှုကို မစ္စတာတက်ခ်ဆင် နောက်ကနေ ကြိုးကိုင်ခဲ့တယ်ဆိုတာ ခိုင်မာတဲ့သက်သေတွေ ရှိတယ်လို့ အထူးစုံစမ်း စစ်ဆေးရေးအကြီးအကဲ သာရစ် ပန်ဒစ် (Tharit Pengdit) က သတင်းထောက်တွေကို ပြောပါတယ်။

မြို့ပြနဲ့  ကျေးလက်တွေက ဆင်းရဲသား အင်္ကျီနီဝတ်တွေက လောလောဆယ် ဒူဘိုင်းမှာ တိမ်းရှောင်နေတဲ့ မစ္စတာ တက်ခ်ဆင်ကို လူစွမ်းကောင်းကြီး အဖြစ် မြင်ပြီး ထောက်ခံနေ ကြတာဖြစ်ပါတယ်။

မတ်လထဲက စတင်တဲ့ ဆန္ဒပြမှုတွေနဲ့ ဆက်နွယ် အကြမ်းဖက်မှုကြောင့် ၈၈ ယောက် ထက်မနည်းသေဆုံးပြီး ၁,၉၀၀ ကျော် ဒဏ်ရာ ရခဲ့ကြပါတယ်။ တချိန်ထဲမှာပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်နဲ့ ခရိုင် ၂၃ ခုမှာထုတ်ပြန်ထားတဲ့ ညမထွက်ရ Curfew အမိန့်ကို ထိုင်းအစိုးရ ဝန်ကြီးအဖွဲ့က နောက်ထပ် လေးည တိုးလိုက်ပါတယ်။

ညမထွက်ရအမိန့်ကို ဒီသီတင်းတပတ်လုံး သက်တမ်းတိုးဖို့ အရေးပေါ် တာဝန်ရှိသူတွေ က တနင်္လာနေ့မှာ အကြံပြုပေမဲ့ ညမထွက်ရ အမိန့်ကြောင့် ပြည်သူတွေအပေါ် သက်ရောက်မှုတွေ အများကြီး မဖြစ်စေလိုတဲ့အတွက် နောက်ထပ် လေးညပဲ တိုးဖို့ ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မတ်လလည်ထဲက ဆန္ဒပြသူတွေ ပိတ်ဆို့ သပိတ်စခန်းချထားတဲ့ စီးပွားရေး အချက်အခြာ မြို့လယ်လမ်းတွေကို သက်ဆိုင်ရာက မနေ့ကစပြီး ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဆန္ဒပြသူတွေကို လုံခြုံရေးတွေက နှိမ်နှင်းခဲ့စဉ် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပိတ်ထားခဲ့တဲ့ ထိုင်း အစုရှယ်ရာ ဈေးကွက်ကိုလည်း ဒီသတင်းပတ်မှာ ပြန်ဖွင့်ခဲ့ပါတယ်။

Ref: VOA News

Read More...

Tuesday, May 25, 2010

နယ်ခြားစောင့်တပ် ဆွေးနွေးရေး ၀ တပ် ငြင်းပြန်

Monday, 24 May 2010 18:06

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က နအဖစစ်တပ်၏ နယ်ခြားစောင့်တပ် အရေး ဆွေးနွေးလိုကြောင်း ဖိတ်ကြားချက်ကို ငြင်းဆန် လိုက်သည်။

မေလတတိယပတ်အတွင်းက ၀တပ်အား နယ်ခြားစောင့်တပ်ကိစ္စ ထပ်မံရှင်းလင်းပြလိုသည်ဟု ဆိုကာ လားရိုးမြို့သို့ သွားရောက် ဆွေးနွေးရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် (ရမခ) စစ်ဘက်ရေးရာ လုံခြုံရေးဋ္ဌာန (စရဖ) မှတဆင့် နှုတ်ဖြင့် ဖိတ်ကြားခဲ့မှု အပေါ် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

ဝ တပ် အနေဖြင့် နယ်ခြားစောင့်ကိစ္စ ပြောသင့်သည်များကို တင်ပြပြီး ဖြစ်သဖြင့် ထပ်ဆွေးနွေးရန် မလိုတော့ကြောင်း ရက်ပိုင်း အတွင်း တုန့်ပြန်ခဲ့ကြောင်း ၀တပ် သတင်းရပ်ကွက်များက ဆိုသည်။

မေလဆန်းပိုင်းက ၀ ဋ္ဌာနချုပ် ပန်ဆန်းမြို့၌ နှစ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံစဉ် ၀ တပ်မှ စရဖချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်ထံ အချက် ၄ ချက်ပါသော စာတစ်စောင် ပေးပို့မည့် ကိစ္စနှင့် စပ်လျဉ်း၍ ဖိတ်ကြားခြင်း ဖြစ်ကြောင်း ၀ နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မေလ ၉ ရက်နေ့က စရဖ ဒုဋ္ဌာနကြီးမှူး သန်းထွဋ်သိန်း ဦးစီးပြီးတော့ ပန်ဆန်းမှာ ဆွေးနွေးတယ် ၀ ဘက်က ထူးထူးခြားခြား မပြောဘူး၊ ပန်ဆန်းက အပြန်မှာ ၀ ဥက္ကဋ္ဌ ပေါက်ယူချမ်းက ရဲမြင့်နဲ့တိုင်းမှူး အတွက်ဆိုပြီး အချက် ၄ ချက်ပါတဲ့ စာတစ်စောင် ထည့်ပေးလိုက်တယ် ”

“ဒီစာအရ နအဖက ၀အနေနဲ့ နယ်ခြားစောင့်တပ်ကိစ္စ နားလည်မှု လွဲနေတယ်၊ ပြည့်စုံမှု မရှိတာကို ရှင်းပြဖို့လိုတဲ့ အတွက် ပေါက်ယူချန်း ဦးဆောင်ပြီး လားရှိုးကို ကြိုက်တဲ့သူ ခေါ်လာပါလို့ ထပ်ဖိတ်တယ်” ဟု နီးစပ်သူက ဆိုသည်။

ဝတပ်မှ နအဖထံ ပေးပို့သော စာပါအချက်များမှာ
၁ ။ ငြိမ်းချမ်းရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်း အတိုင်း (မိမိဘာသာ) ဆက်လက် ချီတက်သွားမည်။
၂ ။ ပြည်ထောင်စုထဲမှ ခွဲထွက်ခြင်းနှင့် ၀ပြည်နယ် လွတ်လပ်ရေး တောင်းဆို ခြင်း ပြုလုပ်မည် မဟုတ်။
၃ ။ ၂၀၁၀ ရွေးကောက်ပွဲကို မူအားဖြင့် ထောက်ခံသည်။
၎ ။ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်းဆောင်ရွက် သွားမည် ဟူသော အချက်များ ပါဝင်ကြောင်း သိရသည်။

နအဖ၏ ဖိတ်ကြားချက်အပေါ် ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း အခြေအနေများကို ၀ ခေါင်းဆောင်ပိုင်းက ၀ နယ်အတွင်းခရိုင်/ မြို့နယ်/ တိုက်နယ်များ အလိုက် ရှင်းလင်းချပြမှုများ ရှိကြောင်းသိရသည်။

၂၀၀၉ ဧပြီ ၂၈ ရက်နေ့မှစ၍ နအဖစရဖချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကိုယ်တိုင် အပစ်ရပ် လက်နက်ကိုင် အဖွဲ့များ နယ်ခြားစောင့်တပ် အသွင် ပြောင်းဖွဲ့စည်းရေး အဆိုပြုထားရာ ယင်းအဆိုကို ပန်ဆန်းအခြေစိုက် ၀ တပ်ဖွဲ့က ယနေ့တိုင် ငြင်းဆန်နေဆဲ ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

အပစ်ရပ်မှ တောပြန်ခိုသည့် ဗိုလ်ချုပ်စိုင်းယီ မြောက်ပိုင်း SSA အားသတိပေး

ယင်းမွေခေါဝ်
Monday, 24 May 2010 17:39

လွယ်တိုင်းလျဲန်း၌ ပြုလုပ်ကျင်းပခဲ့သော ၅၂ နှစ်မြောက် သျှမ်းပြည်အမျိုးသား တော်လှန်ရေးနေ့ အခမ်းအနားတွင် အပစ်ရပ်မှ တောပြန်ခိုခဲ့သည့် ဗိုလ်ချုပ်စိုင်းယီက မြောက်ပိုင်း SSA အား တိုင်းပြည်နှင့် လူမျိုးအတွက် ရဲရင့်ပြတ်သားစွာ ကိုယ်ကျိုးစွန့်ရန် သတိပေး ပြောကြားခဲ့ပါသည်။

“အပစ်ရပ် သျှမ်းပြည်တပ်မတော်မှ အရာရှိ ခေါင်းဆောင်တွေအားလုံး ဒီနေ့ကစ ရန်သူ့အပေါ် ပြတ်သားသင့်လှပြီ။ ကိုယ်ကျိုးထက် တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုး စွန့်လွတ်ရဲရမယ်။ ပိုပြီးတွေးတော စဉ်းစား ဆုံးဖြတ်သင့်တယ်” ဟု စ၀်စိုင်းယီက ပြောကြား ခဲ့ပါသည်။

“ကျနော်တို့ရဲ့ တော်လှန်ရေးဟာ ခုတ်မောင်းသွားနေတဲ့ ရထားနဲ့တူတယ်။ လမ်းခရီးတလျှောက် ဘူတာတွေမှာ ရပ်နားရင် ဆင်းတဲ့သူ ရှိသလို၊ တက်တဲ့သူလည်း ရှိတယ်။ ဒါပေမယ့် ရထားကတော့ နောက်ဆုံးဘူတာ ရောက်တဲ့အထိ မရပ်မနား ဆက်သွား နေအုံးမှာပဲ”

SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ်ကလည်း အပစ်ရပ် သျှမ်းပြည် တပ်မတော်အား SSA ရဲ့ သမိုင်းကြောင်းကို ရေစုန် မျှောပစ်မယ် ဆိုလျှင် သဲထဲ ရေသွန်တာထက် လွန်စွာ ဆိုးရွားသွားနိုင်ကြောင်း၊ သေသေချာချာ ပြန်စဉ်းစား ဆုံးဖြတ်မည် ဆိုလျှင် အချိန် နောက်မကျသေးကြောင်း သျှမ်းပြည် အမျိုးသား တော်လှန်ရေးနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“နအဖ အလိုအတိုင်း သဘောတူလက်ခံမှုမရှိရင် အခက်အခဲအကြပ်အတည်းကြုံတွေ့မှာကတော့ သေချာတာပေါ့။ ဒါပေမဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ထိုးစစ်ဆင် တိုက်ပွဲဝင်ရမှာက ရှောင်လွဲလို့ မရတဲ့ကိစ္စဘဲ။ မိမိတို့ ကြွေးကြော် ရေးသားခဲ့ဖူးတဲ့ ရည်မှန်းချက်တွေကို ပြန်ပြီး တွေးတော အမှတ်ရစေချင်တယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် မိမိရဲ့ကိုယ်ကျိုးကို စွန့်လွတ်ရဲရမယ်”

စ၀်ယွတ်စစ်က နအဖ ဦးဆောင်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မည်သူကမှ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိဘဲ ပါတီမထောင် မှတ်ပုံတင်စရာ မလို လုံးဝ ၀င်ရောက် ယှဉ်ပြိုင်ခြင်း မရှိလျှင် အကောင်းဆုံး နည်းလမ်းဖြစ်သည် ဟု ပြောကြားသွားခဲ့သည်။

စ၀်စိုင်းယီသည် SSNA ခေါင်းဆောင် စ၀်ကန်းယွတ်ကွယ်လွန်သွားပြီးနောက် တပ်မဟာအချို့ လက်နက် ချသွားခဲ့ရ သော်လည်း စ၀်စိုင်းယီနှင့် စ၀်အောင်မြတို့က ကျန်တပ်မဟာများကို ဦးဆောင်ပြီး ၂၀၀၅ တွင် လက်နက်ကိုင် တိုက်ခိုက်ဆဲ တောင်ပိုင်း SSA ခေါင်းဆောင် စ၀်ယွတ်စစ်နှင့် လာရောက် ပူးပေါင်းခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

နယ်ခြားစောင့်တပ်ကိစ္စ ထပ်မံဆွေးနွေးရန် UWSA ကို စစ်အစိုးရ ကမ်းလှမ်း

ရန်ပိုင်
Monday, May 24, 2010

စစ်အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ထပ်မံ ဆွေးနွေးမှု ပြုလုပ်ရန် ၀ပြည် သွေးစည်း ညီညွတ်ရေး (UWSA) အဖွဲ့အား ပြီးခဲ့သည့် ကြာသပတေး နေ့က ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

UWSA အဖွဲ့သည် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်အစိုးရ၏ ရည်ရွယ်ချက်ကို လွဲမှားစွာ နားလည် နေကြောင်း၊ UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်း ကိုယ်တိုင် ဦးဆောင်၍ ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့သို့ လာရောက် ဆွေးနွေးရန် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် က ကမ်းလှမ်း ခဲ့သည်ဟု နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“အချိန် ၊ နေရာ၊ လာတွေ့မည့် လူအရေအတွက်ကို ဥက္ကဋ္ဌ ဦးပေါက်ယူချန်းကိုယ်တိုင် ဆုံးဖြတ်ပါ ဆိုပြီး တိုင်းမှူးက ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်စား ကမ်းလှမ်းတာ”ဟု ၎င်းကဆိုသည်။

ယခုလဆန်းပိုင်း ၉ ရက်နေ့ကလည်း စစ်ဖက်ရေးရာ လုံခြုံရေးဌာနမှ ဗိုလ်မှူးကြီး သန်းထွဋ်သိန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်ဦးစီး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး ထွန်းထွန်းကြည်တို့ ပန်ဆန်းသို့ ရောက်လာပြီး UWSA ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။

UWSA အဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာဖြင့် တိုးတက်ဖွံဖြိုးရေးလမ်းကြောင်းကို ချီတက်သွားမည်ဖြစ်ပြီး ပြည်ထောင်စု အတွင်းမှ မည်သည့် အခါမှ ခွဲထွက်မည် မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကို မူအရ ထောက်ခံကြောင်း၊ နယ်စပ် ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ အကျိုးစီးပွား အတွက် ပေးဆပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ UWSA အဖွဲ့ ရပ်တည်ချက်ကို ဦးပေါက်ယူချန်း က စာတစောင် ရေးသား၍ စစ်အစိုးရထံသို့ မေလ ၁၀ရက်နေ့တွင် ပေးပို့ ခဲ့သည်ဟု သိရသည်။

ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ခေါင်းဆောင်များနှင့်လည်း မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ပြီးခဲ့သည့် ရက်ပိုင်း က မြစ်ကြီးနားမြို့တွင် တွေ့ဆုံခဲ့ကြောင်း KIA အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရ အနေဖြင့် ယနေ့နေပြည်တော်တွင် ပြုလုပ်နေသည့် အထူးစီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်း အစည်း အဝေး (လေးလပတ် အစည်းအဝေး)တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး နှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန် ဒေသဆိုင်ရာ တိုင်းမှူးများ အနေဖြင့် အပစ်ရပ်အဖွဲ့များကို ကမ်းလှမ်းခြင်း ဖြစ်နိုင်ကြောင်း တရုတ်မြန်မာ နယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော က သုံးသပ်သည်။

ပြီးခဲသည့် ကြာသပတေးနေ့က ရှမ်းပြည် အရှေ့ပိုင်း မက်မန်းမြို့တွင် ဒေသအတွင်းရှိ ပြည်သူ့စစ်များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းသည့် အခမ်းအနား ကျင်းပခဲ့သည်။

Ref: ဧရာဝတီ်

Read More...

လူမှောင်ခိုတင်ဆောင်လာသည့်ကား တိမ်းမှောက် (၁၃) ဦးသေ၊ (၁၅) ဦး ဒဏ်ရာရ

မြတ်ခိုင်ဦး / ၂၄ မေ ၂၀၁၀

ရနောင်းမြို့မှ ဘန်ကောက်သို့ လူမှောင်ခိုကူး တင်ဆောင်လာသော ကားတစီး တိမ်းမှောက်သဖြင့် မြန်မာပြည်သား (၁၃) ဦး သေဆုံးသွားသည်။

ယမန်နေ့ ညနေ (၆) နာရီ အချိန်ခန့်တွင် မြန်မာပြည်သားများအား တင်ဆောင်လာသော လူမှောင်ခိုကူး ကားသည် ထိုင်းနိုင်ငံတောင်ပိုင်း ပတ်ဘူရီခရိုင်ရှိ ချာအမ်မြို့အနီး၊ ပရန်ပူရီလမ်း တောင်တက်တောင်ဆင်း နေရာတွင် လုံခြုံရေး အဖွဲ့ဝင်များက စစ်ဆေးရန် တားဆီးရာ၌ မောင်းပြေးသဖြင့် လမ်းဘေးချော်ကျကာ သစ်ပင်နှင့် ဝင်တိုက်မိပြီး ကားပေါ်ပါ (၈) ဦး အခင်း ဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး နောက်ထပ် (၅) ဦးမှာ ချာအမ်ဆေးရုံတွင် သေဆုံးကာ စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း ချာအမ်ဆေးရုံမှ အတည်ပြု ပြောကြားသည်။

အဆိုပါ အခင်းဖြစ်ပွားသည့်ကားမှာ တိုယိုတာ ဟိုင်းလက်ကားဖြစ်ပြီး မူလကားနံပါတ်သည် ရနောင်းမြို့တွင် မှတ်ပုံတင်ထားသော บง 6701 ဖြစ်ကာ အခင်းဖြစ်စဉ် ဘန်ကောက်၌ မှတ်ပုံတင်ထားသည့် ကားနံပါတ် บข 8683 ကို အသုံးပြုခြင်း ဖြစ်သည်။

ထိုကားတွင် တံခါးလေးပေါက်ပါရှိကာ ရှေ့ခန်း မောင်းသူနေရာတန်းတွင် ထိုင်ခုံတပ်ဆင်ပြီး နောက်ခန်းထိုင်ခုံကို ဖြုတ်ထားကာ မြန်မာပြည်သားများအား တင်ဆောင်လာခြင်း ဖြစ်သည်။ ကားပေါ်တွင် စုစုပေါင်း လူ (၂၈) ဦးပါရှိသည်။

စုံစမ်းစစ်ဆေးမှုများအရ မူလကားကို မောင်းနှင်သူမှာ အိမ်နံပါတ် ၆၈/၂၇ ထမိန်လမ်း ခေါင်န၀င်းမြို့၊ ရနောင်းခရိုင်တွင် နေထိုင်သူ ချင်ဖုန်း ဆာတရူပရာဝင်းဖြစ်ပြီး၊ ယခုကားကို မောင်းနှင်လာခဲ့သူမှာ နေရပ်လိပ်စာ ၄၄/၃ အမှတ် (၃)၊ မွန်းကလန့်၊ ကရပေမြို့၊ ရနောင်း ခရိုင်တွင် နေထိုင်သူ ချွန်ဖော်ဘန်စွပ်ဖြစ်သည်။

ထိုသူ၏ အမျိုးသမီးဖြစ်သူ ချန်ထရာပန်စွပ်သည် ရနောင်းခရိုင်မှ မြန်မာ အလုပ်သမားကို လက်ခံခဲ့သူဖြစ်ပြီး အခင်းဖြစ်ရာတွင် သူမလည်း ယခု ကားနှင့် ပါဝင်လာကာ ကားမောင်းသူ ချွန်ဖော်မှာ အဆိုပါ အလုပ်သမားများအား မဟာချိုင်သို့ ပို့ဆောင်ပေးရန် ဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအစိုးရ အာဏာပိုင်များနှင့် နီးစပ်သူတဦးက “ပြောတာက ရဲတွေကို လှည့်စားမှု အနေနဲ့လို့ ပြောတယ်” ဟု ဆိုသည်။

၂၀၀၈ ခုနှစ် ဧပြီလအတွင်းကလည်း အလုံပိတ်ငါးတင် ရေခဲကားအတွင်း မြန်မာပြည် သားများအား ခိုးယူ သယ်ဆောင်မှုကြောင့် အသက်ရှူ မွန်းကျပ်ကာ (၅၄) ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

ယခုအခါတွင် မြန်မာပြည်သားများအား တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပြုရန် ယာယီ ပတ်စပို့ ပြုလုပ် ပေးနေသော်လည်း ထိုင်းနိုင်ငံ အတွင်း၌ တရားမဝင် မြန်မာအလုပ်သမား (၁) သန်းခန့် ရှိနေသေးပြီး ယခုကဲ့သို့ တရားမဝင် ဝင်ရောက်နေမှုများ ဆက်လက် ဖြစ်ပေါ်နေသေးသည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာနိုင်ငံ အကြီးဆုံး လက်ကားဈေးကြီး မီးလောင်၊ နေ့တ၀က်ကျော် မီးငြှိမ်းသတ်သော်လည်း မငြိမ်းသေး

NEJ / ၂၄ မေ ၂၀၁၀

မြန်မာနိုင်ငံ၏ အကြီးဆုံး လက်ကားဈေးကြီးဖြစ်သည့် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး၊ ပင်မဈေးရုံ စတုတ္ထထပ်တွင် ယနေ့ နံနက် (၈) နာရီကျော်က မီးလောင်ကျွမ်းခဲ့ရာ ညနေ (၅) နာရီကျော်အထိ မီးစွယ် မကျိုးသေးဘဲ လောင်ကျွမ်းနေဆဲ ဖြစ်သည်။

အဆိုပါမီးသည် စတုတ္ထထပ် ဆေးပစ္စည်းရောင်းသည့် ဆိုင်ခန်းအမှတ် (၈၀/၈၁) နှစ်ခန်းတွဲမှ ဝါယာရှော့ဖြစ်ကာ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အခြားအထပ်များကိုမူ ကူးစက်ခြင်း မရှိကြောင်း သိရသည်။

ပထမထပ်တွင် အထည်ဆိုင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်ပိုင်ရှင်တဦးက “မနက်က မီးလောင်လောင်ချင်း အဲဒီ ဈေးအပေါ်ထပ်ကို ရောက်နေပြီး ဆိုင်စခင်းနေတဲ့ သူတွေ အခြား လှေကားကနေ အသက်လုပြီး ပြေးဆင်းကြရတယ်။ နောက် ရဲတွေ စစ်သားတွေ ရောက်လာပြီး ဈေးထဲ ဆိုင်ခန်းပိုင်ရှင်တွေရော လူတွေပါ မဝင်ဖို့ ဝိုင်းပတ် ပိတ်ဆို့ထားလိုက်တယ်။ မီးသတ်ကားတွေ ကတော့ အလုံးအရင်းနဲ့ လာတာ မတွေ့ရဘူး။ (၁) စီး (၂) စီးလာလိုက်၊ ရေပက်လိုက် ပြန်ထွက်သွားလိုက်၊ ဒီလောက်ပဲ။ နောက် မိုးတွေ အကြီးအကျယ် ရွာနေတာတောင် ခု (၃) နာရီ ရှိနေပြီ၊ မီးညွန့်တွေကို အပြင်က မြင်နေရတုန်းပဲ” ဟု ပြောသည်။

ယခု မီးလောင်သည့်စတုတ္ထအထပ်သည် ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ၊ စာအုပ် စာရေးကိရိယာများ၊ ပလတ်စတစ် ပစ္စည်းများ ရောင်းချသည့် အထပ်ဖြစ်ပြီး တန်ဖိုးကြီး ပစ္စည်းများ ဖြစ်သကဲ့သို့ မီးလောင်လွယ်စေသည့် လောင်စာများလည်း ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဈေး၏ မြေညီထပ်နှင့် ပထမထပ်တွင် အဝတ်အထည်များ၊ ဒုတိယထပ်တွင် ဖိနပ်၊ အင်္ကျီ၊ အဝတ်အထည်၊ တတိယထပ်တွင် အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ စတီး၊ ပလတ်စတစ် စသည့် ကုန်ပစ္စည်းများ ရောင်းချကြပြီး အကြီးဆုံး လက်ကားဈေး ဖြစ်သဖြင့် ဂိုဒေါင်ကြီး တခုကဲ့သို့ ပစ္စည်းလည်း အလွန်များကြောင်း သိရသည်။

မင်္ဂလာဈေးရှေ့ (၁၂ဝ) လမ်းဘက်တွင် ဂိုဒေါင်ငှားစားသည့် ဆိုင်ခန်းပိုင်ရှင် တဦးက “မီးလောင်တာကို အပြင်ပန်း အမြင် ကြည့်လိုက်ရင် တထပ်လုံးပဲ ကုန်သွားတယ် ဆိုပေမယ့် အပူရှိန်ကြောင့် အင်္ဂတေတွေ အက်နေတာကို မြင်နေရတော့ အဲဒီ အထပ်ကြီး ပြိုကျနိုင်တယ်။ ကျနော့်ဆိုင်ခန်း တတိယထပ်မှာ ရှိနေတယ်။ ကိုယ့်ပစ္စည်းတွေ ဆုံးမလား၊ ဘယ်လောက် ပြန်ရမလဲ ကံကြမ္မာ အပေါ်မှာပဲ မူတည်လိမ့်မယ်။ ဆုံးရှုံးမှုကတော့ မှန်းလို့ မတတ်ဘူး။ ဆိုင်ခန်းတခန်းကို အနည်းဆုံး ကျပ် သိန်း (၅ဝဝ) အထက် တန်ဖိုးရှိတယ်၊ ဆိုင်ခန်းပေါင်း မြောက်များစွာဆို တွက်ကြည့်ပေါ့” ဟု ပြောသည်။

မီးလောင်သည့်ကိစ္စ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ကို မေးမြန်းကြည့်ရာ မီးငြှိမ်းသတ်ခြင်း အလုပ် ပြီးဆုံးခြင်း မရှိသေးသည့် အတွက် တစုံတရာ ပြောဆိုရန် ငြင်းဆိုသည်။

ရန်ကုန်တိုင်း မီးသတ်ဝန်ထမ်းတဦးကမူ “ဒီမီးက ဒီညနေ ငြိမ်းရင် ကံကောင်းလို့ပဲ” ဟု ပြောသည်။

မီးသတ်ကားများရှိသော်လည်း ကရိန်းပါသည့် မီးသတ်ကားက (၂) စီးသာ ပါသဖြင့် မီးငြိမ်း သတ်ရာတွင် မထိရောက်ဘဲ အထပ်တထပ်လုံး လှိုက်ကာ မီးလောင်နေကြောင်း မျက်မြင်တဦးက ပြောသည်။

၎င်းက “နေ့လယ် (၁) နာရီ (၁၅) မိနစ်မှာ မိုး သဲသဲမဲမဲ ရွာတယ်။ ဒါပေမယ့် အပေါ်ထပ် အမိုး ပြိုမကျသေးတော့ မီးလောင်တာကို မငြိမ်းနိုင်ဘူး” ဟု ပြောသည်။

အဆိုပါ မင်္ဂလာဈေးသည် စတင် ဆောက်လုပ်စဉ်ကတည်းက အာဏာပိုင်များသည် ငွေကြေး ပိုမိုရရှိရန် ရည်ရွယ်ပြီး သေးငယ်သည့် အခန်းလေးများ ဖွဲ့ခြင်း၊ လျှောက်လမ်းများ အလွန်ကျဉ်းမြောင်းခြင်း၊ ဓာတ်လှေခါးသို့ သွားသည့်လမ်းများ ပိတ်နေတတ်ခြင်း၊ မီးသတ် စနစ်အတွက် ကြိုတင် ပြင်ဆင်ထားမှု မရှိခြင်း စသည့် အားနည်းချက်ပေါင်း များစွာ ရှိကြောင်း သိရသည်။

ရန်ကုန်မြို့အပါအဝင် မြို့အတော်များများတွင် လျှပ်စစ်မီး မမှန်ခြင်း၊ ပေးချင်သည့် အချိန်ပေး၊ ပျက်ချင်သည့် အချိန်ပျက်၊ မီးအားကလည်း မမှန် စသည့်အချက်များကြောင့် မကြာခဏ မီးလောင်မှုများ ဖြစ်ပွားလျက် ရှိသည်။

နအဖစစ်အစိုးရ လက်ရှိတည်ဆောက်ထားသည့် ဈေးများသည် မီးဘေးအန္တရာယ် စိုးရိမ် နေရသော်လည်း ပြည်သူများမှာ ရွေးချယ်စရာ မရှိဘဲ အဆိုပါဈေးများ၌ပင် ဆက်လက် ရောင်းချ နေကြရကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာကလေးစစ်သား အသုံးပြုမှု ကုလ ၅ နှစ်ဆက်တိုက် စာရင်းတင်

By ရန်နိုင် တနင်္လာ, 24 မေ 2010

လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းပြီး ပြစ်မှုကျူးလွန် နေကြတဲ့ အစိုးရတွေနဲ့ လက်နက်ကိုင် သူပုန်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်တာတွေ လုပ်သွားဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လုံခြုံရေး ကောင်စီကို သောကြာနေ့က အစီရင်ခံစာ တင်သွင်းပြီး တိုက်တွန်း လိုက်ပါတယ်။ အတွင်းအရေးမှုးချုပ်ရဲ့ အစီရင်ခံစာအတွင်း ၅ နှစ်ဆက်တိုက် ထည့်သွင်း ခံရသူတွေထဲမှာ မြန်မာစစ်တပ် အပါအ၀င် မြန်မာနိုင်ငံက တခြား လက်နက်ကိုင် အဖွဲ့တွေကိုလည်း ထည့်သွင်း ဖော်ပြထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က တင်ပြထားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ကလေးစစ်သားစုဆောင်းတာတွေကို ဆက်လက် လုပ်ဆောင်နေတဲ့ အစိုးရတွေနဲ့ လက်နက်ကိုင် သူပုန်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်တာတွေ လုပ်သွားဖို့ အတွက် လုံခြုံရေးကောင်စီကို သောကြာနေ့က တိုက်တွန်း လိုက်ပါတယ်။ လုံခြုံရေးကောင်စီကို နှစ်စဉ်တင်သွင်းတဲ့ အတွင်းရေးမှုးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာမှာ ကလေးစစ်သား စုဆောင်း အသုံးပြုတာတွေ ဆက်လက် ကျူးလွန်နေသူတွေရဲ့ စာရင်းကို ပထမဆုံး အကြိမ်အဖြစ် ဖော်ပြခဲ့ပါတယ်။ အတွင်းရေးမှုးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် မာရီ အိုကာဘေး (Marie Okabie) ကတော့ အခုလိုဆိုပါတယ်။

“အတွင်းရေးမှုးချုပ်ရဲ့ အစီရင်ခံစာမှာ ပထမဆုံးအကြိမ်အဖြစ်၊ ကလေးစစ်သား စုဆောင်း အသုံးပြုတာကို ဆက်တိုက် အချိုးဖောက်ဆုံး နိုင်ငံတွေနဲ့ အုပ်စုတွေကို စာရင်းတင်ထားပါတယ်။ အနည်းဆုံး ၅ နှစ်ဆက်တိုက် အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာ နောက်ဆက်တွဲမှာ ဖော်ပြခြင်း ခံခဲ့ရသူတွေပါ”

အခုလို အတွင်းရေးမှုးချုပ်ရဲ့ အစီရင်ခံစာထဲမှာ ၅ နှစ် ဆက်တိုက် ဖော်ပြခံရတဲ့သူတွေထဲမှာ မြန်မာစစ်တပ်၊ ကရင်နီစစ်တပ် နဲ့ KNLA ခေါ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့ပါဝင်ပါတယ်။ ဒါ့အပြင် ဆိုမာလီ ကြားဖြတ်အစိုးရ၊ ကွန်ဂိုစစ်တပ် နဲ့ ကွန်ဂို၊ ယူဂန်ဒါ၊ ဆူဒန်၊ ကိုလံဘီယာ နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က လက်နက်ကိုင် သူပုန်တွေ ပါဝင်ပါတယ်။

အခုလို ကလေးစစ်သားစုဆောင်မှုတွေလုပ်ပြီး ကျူးလွန်နေတဲ့သူတွေ အပေါ်မှာ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ တိုက်တွန်း အကြံပြုချက်နဲ့ ပတ်သက်ပြီးတော့ မာရီ အိုကာဘေး ကတော့ အခုလိုပြောပါတယ်။

“ခုလို ဆက်တိုက်ချိုးဖောက်ကြသူတွေအပေါ် လုံခြုံရေးကောင်စီက ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ အတွင်းရေးမှုး ချုပ်က တိုက်တွန်း ထားပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှု ကော်မတီတွေ အာလုံးကလည်း၊ လုပ်ပိုင်ခွင့် အာဏာကိုသုံးပြီး၊ လက်တွေ့ အကောင်အထည် ဖော်ဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်း ထားပါတယ်။ ဒါ့အပြင် အစိုးရတွေရော၊ အစိုးရမဟုတ်တဲ့ အုပ်စုတွေရော ပဋိပက္ခ ကာလအတွင်း ကလေးတွေကို သတ်ဖြတ်၊ အဓမ္မပြုကျင့်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြတဲ့ အဖွဲ့အစည်း တွေကိုလည်း အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ သီးခြား စာရင်းတင်ထားပါတယ်”

ကလေးစစ်သားအသုံးပြုမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးသူငယ်တွေအပေါ် ပြစ်မှုကျူးလွန်နေတဲ့ သူတွေကို လုံခြုံရေး ကောင်စီရဲ့ အရေးယူနိုင်မှု နဲ့ ပတ်သက်ပြီး NCGUB လို့ခေါ်တဲ့ အဝေးရောက် မြန်မာနိုင်ငံ ညွှန့်ပေါင်း အစိုးရ ကုလသမဂ္ဂ ရုံးတာဝန်ခံ ဒေါက်တာသောင်းထွန်းက အခုလို ပြောပါတယ်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေပြီးတော့ စီးပွားရေးဆိုင်ရာပိတ်ဆို့မှုတွေ၊ ဒါနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေ ဗီဇာ ပိတ်ဆို့မှုတွေ၊ လက်နက် အရောင်းအ၀ယ် ပိတ်ဆို့မှုတွေ လုပ်သွားနိုင်တာတွေ ရှိတယ်။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်တာကတော့ ကလေးစစ်သားကိစ္စ တခုတည်းကို အခြေခံပြီးတော့ လုံခြုံရေးကောင်စီက စီးပွားရေး ပိတ်ဆို့တာ၊ လက်နက် အရောင်းအ၀ယ် ပိတ်ဆို့တာကတော့ ရှားတာပေါ့နော်။ တခြားကိစ္စတွေပါ ရောပြီးတော့ လုံခြုံရေး ကောင်စီက အရေးယူ ဆောင်ရွက်တာတွေ ရှိတယ်။ တခြား လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ထိပါးတဲ့ကိစ္စတွေ ပါတာပေါ့နော်။ သို့သော်လည်းပဲ ဒီကလေးစစ်သား ပပျောက်ရေးကိစ္စဟာ၊ ကလေးစစ်သား စုဆောင်းရေး စာရင်းထဲဝင်တာနဲ့ တပြိုင်နက် အဲဒါဟာ အကြောင်းတရား တခုဖြစ်လာတာကို တွေ့ရတယ်။"

မြန်မာနိုင်ငံလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများအပြားရှိနေတဲ့နိုင်ငံတွေမှာတော့ ကလေးစစ်သား စုဆောင်းမှုနဲ့ ပတ်သက်လို့ သီးသန့် အစီရင်ခံစာ ထုတ်ပြန်တာတွေ၊ ကုလသမဂ္ဂ အလုပ်အဖွဲ့တွေဖွဲ့ပြီး လုပ်ဆောင်တာတွေ ရှိတယ်လို့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။ အစီရင်ခံစာတွေ ထုတ်ပြန်လာနိုင်တဲ့ အပြင် ကုလသမဂ္ဂ အလုပ်အဖွဲ့တွေ လုပ်ဆောင် လာတာတွေကြောင့် ကလေးစစ်သား အဖြစ် စုဆောင်းခံခဲ့ရသူတချို့ ပြန်လည် လွတ်မြောက်လာခဲ့တာတွေ ရှိပေမဲ့ မြန်မာနိုင်ငံမှာ ကလေးစစ်သား အများအပြား ရှိနေတုန်းပဲလို့ ဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုနေတဲ့ အဖွဲ့အစည်းတွေ ထဲမှာ ကရင် ခွဲထွက်အဖွဲ့ (DKBA)၊ ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တောင်ပိုင်း တပ်မတော် (SSA-S) တို့ပါဝင်တယ်လို့ ဆိုပါတယ်။

Ref: VOA News

Read More...

Monday, May 24, 2010

ပဲဈေး စံချိန်တင်တက်

မျိုးသိဏ်း
တနင်္လာနေ့၊ မေလ ၂၄ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်ပသို့ တင်ပို့ရောင်းချရသော အရည်အသွေးကောင်း ပဲအမျိုးမျိုးသည် မေလလယ်တွင် မကြုံစဖူး ဈေးနှုန်းများ အဖြစ်သို့ ထိုးတက်ရောက်ရှိလာပြီး အချို့ပဲများမှာ ယမန်နှစ် ဈေးနှုန်းထက် နှစ်ဆခွဲကျော်အထိ မြင့်တက်သွားခဲ့သည်။

ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ် မေလတွင် တတန်လျှင် ကျပ် ၆ သိန်း ၈ သောင်းအောက်တွင်သာ ရှိခဲ့သော ပဲတီစိမ်း (ခရမ်းရွှေဝါ)မှာ မေလ -၁၆ ရက်နေ့တွင် တတန်ပေါက်ဈေး ကျပ် ၁၇ သိန်းခွဲအထိ ဈေးမြင့်ခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် ပေါက်ဈေးများအရ သိရသည်။

ထို့အတူ ယမန်နှစ် မေလ-၁၆ ရက်နေ့က တတန် ကျပ် ၆ သိန်း ၉ သောင်းရှိခဲ့သည့် အရည်အသွေးကောင်း ဇကာချပြီး မတ်ပဲမှာ ယခုနှစ် မေလ -၁၆ ရက်နေ့တွင် တတန် ကျပ် ၁၂ သိန်း ၄ သောင်းအထိ မြင့်တက်လာခဲံသည်။

ကမ္ဘာ့ဈေးကွက်တွင် ပဲအမျိုးမျိုး ဈေးကောင်းနေသဖြင့် အိတ်(စ)ပို့တ် ကုမ္ပဏီများမှ အဝယ်လိုက်ချိန် ပြည်တွင်းပဲ အထွက် နည်းနေခြင်းကြောင့် ဈေးနှုန်းများ မြင့်တက် သွားရခြင်းဖြစ်ကြောင်း ပဲကုန်သည်များက ဆိုသည်။

” ဒီနှစ်ပဲဈေးက စံချိန်တင်ပဲ။ ဒီလောက်ထိ ဈေးမြင့်တာမျိုး မကြုံဖူးဘူး။" ဘုရင့်နောင် ရေတမာလမ်းမှ ပဲပွဲရုံတခုက မဇ္ဈိမသို့ ပြောသည်။

အခြား အိတ်(စ)ပို့တန်းဝင်ပဲဖြစ်သည့် ပဲစဉ်းငုံမှာ မတ်ပဲနှင့်ပဲတီစိမ်းတို့ကဲ့သို့ ဈေးနှုန်းမြင့်တက်မှု မများသော်လည်း ယမန်နှစ် အလားတူကာလ ထက် ၄ဝ ရာခိုင်နှုန်း ခန့်မြင့်တက်လာခဲ့သည်။

”ဒီနှစ် အိန္ဒိယလည်း ပဲထွက်နည်းတော့ အိတ်စပို့ဈေးကောင်းနေတယ်။ ပြည်တွင်းပဲအထွက်နည်းလို့ ကုမ္ပဏီတွေက ရသလောက် လုဆွဲ နေကြတယ်။ ဒီနှစ်လို ပဲဈေးအပြောင်းအလဲများတာမျိုး မကြုံဖူးဘူး။ " ဟု ပြည်ပ ပဲတင်ပို့သူတဦးက ပြောသည်။

ယမန်နှစ် ပဲပေါ်ချိန် ပဲဈေးနှုန်းကျဆင်းမှုကြောင့် အရှုံးပေါ်ခဲ့ကြသည့် တောင်သူများ ယခုနှစ်တွင် အခြားသီးနှံများ ပြောင်းလဲ စိုက်ပျိုးကြသည့် အပြင် စိုက်ပျိုးသူများ မှာလည်း ပူပြင်းသော ရာသီဥတုနှင့် စိုက်ပျိုးရေးသွင်းအားစု ရေ အခက်အခဲကြောင့် ပဲအထွက် နည်းသဖြင့် တနိုင်ငံလုံး အတိုင်းအတာနှင့် ပဲထွက်နည်း ခြင်းဖြစ်ကြောင်း ပဲလုပ်ငန်းကျွမ်းကျင်သူ ကုန်သည်များက သုံးသပ်ပြသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်ပြည်ပတင်ပို့မှု၌ သဘာဝဓါတ်ငွေ့တင်ပို့မှုနောက် ဒုတိယလိုက်သည့် ပဲအမျိုးမျိုးတင်ပို့မှု အပေါ်တွင် ကြိုတင် လက်ဝါးရိုက် ဈေးကစား သူများကြောင့် ပြီးခဲ့သည့်နှစ် ပြည်တွင်း ပဲဈေးကွက် ပျက်လုနီးပါး ဖြစ်ခဲ့သည်။ ဈေးကွက် ကြီးမားမှုအပေါ် စွန့်စား ဈေးကစားကြ သူများက ပဲဈေးကျချိန်တွင် စာချုပ်ဖျက် ခေါင်းရှောင်ခြင်းကြောင့် ပဲဈေး အလွန်အမင်း ထိုးကျခဲ့ပြီး ဈေးကစားသူ ကုန်သည်အချို့ကို အစိုးရက ဖမ်းဆီးခဲ့သည်။

"ဒီနှစ်နယ်တွေအားလုံးလိုလို ပဲထွက်နည်းတယ်။ အထွက်နည်းပြီး အဝယ်အရမ်းကောင်းနေတော့ ဒီနှစ် အမြင့်ဈေးမှာပဲ ဆက်ရှိ နေလိမ့်မယ်။ ကုန်စည်ဒိုင်မှာ အရောင်းအဝယ် ဖြစ်တာအပြင် ကုမ္ပဏီ အဝယ်တော်တွေက နယ်အထိ တိုက်ရိုက် ဆင်းဝယ်တာလည်း ရှိသေးတယ်။ လက်ရှိဈေးက ပြန်ကျရင်လည်း ခပ်ပါးပါးလောက်ပဲ ကျလိမ့်မယ်။" ဟု ဘုရင့်နောင်ရှိ ပဲပွဲရုံမန်နေဂျာတဦးက ပြောသည်။

ပဲဈေးနှုန်းမြင့်မားသော်လည်း အထွက်နှုန်းနည်းပါးခြင်းကြောင့် စိုက်ပျိုးသူ တောင်သူများအနေဖြင့် အကျိုးများစွာ ဖြစ်ထွန်းဖွယ် မရှိကြောင်း နယ်အခြေစိုက် ပဲပွဲရုံတခုက ဆိုသည်။

"တောင်သူကတော့ လက်ထဲကိုင်ထားပြီး ဈေးကောင်းရမှာ စောင့်ရောင်းတာမျိုး ဘယ်လုပ်နိုင်မလဲ။ စိုက်ပျိုးစရိတ် ကြိုယူတာနဲ့ ဘာနဲ့ ပဲပေါ်ချိန်ဆို ရတဲ့ဈေးနဲ့ ကုန်သည်လက်ကို ထိုးအပ် လိုက်ကြတာပဲလေ။ ဈေးကောင်းလဲ အထွက်နည်းရင် သိပ်ကိုက်စရာ မရှိဘူး။"ဟု ပြည်မြို့ အခြေစိုက် အဆိုပါ ပဲပွဲရုံပိုင်ရှင်က ဆိုသည်။

အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်သော စာရင်းဇယားများ အရ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၂ဝဝ၉ ခုနှစ် ဧပြီလမှ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ အတွင်း မတ်ပဲ၊ ပဲတီစိမ်းနှင့်၊ ပဲစဉ်းငုံသုံးမျိုး ပြည်ပတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ (၅၁၅)သန်း ရရှိခဲ့ကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာအမျိုးသမီးများ နိုင်ငံခြားသားနှင့် လက်မထပ်ရ

သဲသဲ Saturday, May 22, 2010

မြန်မာအမျိုးသမီးများကို နိုင်ငံခြားသားနှင့် လက်ထပ် ထိမ်းမြားခွင့် မပေးရန် တရားရေး ဝန်ထမ်းများအား အာဏာပိုင်များက ညွှန်ကြား ထားသောကြောင့် မြန်မာ အမျိုးသမီးတချို့မှာ နိုင်ငံခြားသားများ၏ အငယ်အနှောင်း၊ တရားမ၀င်ဘ၀ဖြင့် အသိအမှတ် အပြု မခံရသည့် အခြေအနေများ ဖြစ်လာနေကြောင်း သိရသည်။

“တဖက်က လူကုန်ကူးတဲ့ ပုံစံမျိုးတွေနဲ့ အရှုပ်အရှင်းတွေဖြစ်လာမှာကို တားဆီးကြောက်ကန်ကန်ပြီး လုပ်ပေမယ့်လည်း တကယ် နှစ်သက်လို့ မှန်မှန်ကန်ကန်နဲ့ တရားဝင် လက်ထပ်ပေါင်းသင်းမှာကို ဆောင်ရွက်မပေးဘူး ဆိုရင် သူတို့ရဲ့ အခွင့်အရေးကို တားဆီး ကန့်သတ် ပိတ်ပင်ရာကျပါမယ်”ဟု ဥပဒေ အတိုင်ပင်ခံ တဦးဖြစ်သူ ဦးအောင်သိန်းက ဧရာဝတီကို ပြောသည်။

အဆိုပါ ကိစ္စရပ်မှာ တရားမျှတမှု မရှိကြောင်းလည်း ၎င်းက သုံးသပ်သည်။

ယခင်က နိုင်ငံခြားသားများနှင့် မြန်မာအမျိုးသမီးများ လက်ထပ်မည်ဆိုလျှင် ပထမဦးစွာ တိုင်းတရားရုံးသို့ သွားရောက်၍ မှတ်ပုံတင် ရပြီး ၂၁ ရက် ကြိုတင် အသိပေးကာ ၎င်း ၂၁ ရက်အတွင်း ကန့်ကွက်သူ မရှိလျှင် တရားရုံးက လက်ထပ်ပေးသည့် ဥပဒေ ရှိခဲ့ကြောင်း ဦးအောင်သိန်းက ဆိုသည်။

“အဲဒီ ဥပဒေကိုတော့ အခုထက်ထိ မပယ်ဖျက်သေးဘူး၊ ဥပဒေအရ တားမြစ်ထားတာလည်း မရှိသေးဘူး၊ ဒါပေမယ့် ညွှန်ကြားချက် နဲ့ ရပ်ဆိုင်းထားတယ်၊ တားထားတယ်ဆိုပြီး လက်ထပ်ခွင့် မပေးဘူး”ဟု သူကပြောသည်။

ယင်းကဲ့သို့ ညွှန်ကြားချက်ဖြင့် ရပ်ဆိုင်းထားသည်မှာ လွန်ခဲ့သော ၅ နှစ်ဝန်းကျင် ကာလများက စတင်ခဲ့သည်ဟုလည်း သူကဆိုသည်။

လွန်ခဲ့သော ၅ နှစ်ဝန်းကျင်က မြန်မာအမျိုးသမီးငယ် တဦးအား မိဘများက နိုင်ငံခြားသားတဦးဖြင့် အတင်းအကျပ် လက်ထပ်ပေး ခဲ့သည့် အတွက် အဆိုပါ အမျိုးသမီးငယ်မှာ ၎င်း၏ ချစ်သူဖြင့် ထွက်ပြေး၍ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သဖြင့် ယင်း ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေတဦးဖြစ်သူ ဦးကျော်ဟိုးက ပြောပြသည်။

“အဲဒီတုန်းက ဥပဒေ အရာရှိတယောက်က လက်ထပ်ပေးလိုက်တာ၊ အဲဒီကတည်းက နိုတြီလုပ်တဲ့ ရှေ့နေကအစ၊ ဥပဒေ အရာရှိ အကုန်လုံး နိုင်ငံခြားသားနဲ့ လက်ထပ်တဲ့ကိစ္စကို လုံးဝ လုပ်မပေးရဘူးဆိုပြီး စာထုတ်ထားခဲ့တာ”ဟု သူက ဆက်ပြောသည်။

မြန်မာ အမျိုးသမီး၊ အမျိုးသားအချင်းချင်း လက်ထပ်ပေါင်းသင်းကြလျှင် အကောင်းဆုံးဖြစ်သော်လည်း အခြေအနေ အကြောင်း ကြောင်းကြောင့် နိုင်ငံခြားသားနှင့် လက်ထပ်မည်ဆိုပါက ကာယကံရှင်များ၏ ဆုံးဖြတ်ချက် အခွင့်အရေးသာ ဖြစ်သင့်ကြောင်း၊ မတားကောင်းသည့် အရာဖြစ်ကြောင်း မန္တလေးမြို့တွင် နေထိုင်သည့် စာရေးဆရာ တဦးက သုံးသပ်သည်။

“လူကုန်ကူးတာမဟုတ်ဘူး ၊ မရိုးမသား မဟုတ်ဘဲ ရိုးရိုးသားသားနဲ့ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းမယ်၊ နောက်ပြီး ကာယကံရှင် များကလည်း သဘောတူ ကြည်ဖြူကြပြီး တကယ်မြတ်မြတ်နိုးနိုးနဲ့ ပေါင်းဖက်ကြတာဆိုရင် ကန့်ကွက်ဖို့မရှိပါဘူး” ဟု အဆိုပါ စာရေးဆရာက ဆိုသည်။

ထို့အပြင် နိုင်ငံခြားသားနှင့် လက်ထပ်သည် ဆိုရာတွင်လည်း အနောက်နိုင်ငံသား၊ တရုတ်၊ အိန္ဒိယ စသဖြင့် လူမျိုး ကွဲပြားကာ လူမျိုး တမျိုးနှင့် တမျိုး မြန်မာအမျိုးသမီးများ အပေါ် ထားသည့် သဘောထားချင်း မတူညီနိုင်သောကြောင့် မည်သည့် လူမျိုးအား ရည်ရွယ်၍ ထုတ်ပြန်ထားသော ဥပဒေ ဖြစ်ကြောင်း စဉ်းစားစရာဖြစ်နေသည်ဟု မန္တလေးမြို့ခံ စာရေးဆရာက ပြောသည်။

တချို့မှာ ဗမာ့ဓလေ့ထုံးစံတွင် တရားရုံးလက်ထပ်မှ တရားဝင်သည် မဆိုနိုင်သောကြောင့် ထုံးတမ်း အစဉ်အလာများအတိုင်း ဘုန်ကြီး ရဟန်း ရှေ့မှောက်တွင် ဆွမ်းဖိတ်ကျွေး တရားနာယူကာ အသိအမှတ်သဘောဖြင့် လက်ထပ်ထိမ်းမြားသွားသည် များ လည်းရှိကြောင်း ရှေ့နေ ဦးအောင်သိန်းကဆိုသည်။

နိုင်ငံရပ်ခြားတွင် မွေးဖွားကြီးပြင်းရသည့် မြန်မာအမျိုးသမီးများ အနေဖြင့်လည်း အကောင်းဆုံး အိမ်ထောင်ဖက်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိကြောင်း ရန်ကုန်အခြေစိုက် မြန်မာ့အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်းမှ တာဝန်ရှိသူ အမျိုးသမီး တဦးက ပြောဆိုသည်။

“ဘယ်လူမျိုးရယ်လို့မဟုတ်ဘူး၊ ကိုယ့်အပေါ်မှာ ဘယ်လို လူစားမျိုးလဲ၊ ကိုယ့်ကို အသုံးချနေတာလား ဆိုတာကို မိန်းကလေး တယောက် အနေနဲ့ ရွေးချယ်နိုင်မယ်၊ သူ့ရဲ့ဘ၀ပေး ကုသိုလ်လည်းကောင်းမယ်ဆိုရင် သူ့အတွက်ကတော့ ဘယ်သူပဲဖြစ်ဖြစ် လက်ထပ် ယူနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ဗြိတိန်နိုင်ငံသားတဦးနှင့် လက်ထပ်လိုက်သည်မှာ အိမ်ထောင်သက် ၁၁ နှစ်ရှိပြီဖြစ်သော ထိုင်းနိုင်ငံရောက် မြန်မာ အမျိုးသမီး တဦးကလည်း “ကျမလည်း ဒီလို နိုင်ငံခြားသားနဲ့ လက်ထပ်ဖြစ်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး၊ ဒါပေမယ့် သူရဲ့ဖူးစာ၊ ကံတရားနဲ့လည်း ဆိုင်ပါတယ်၊ ဘယ်လိုလူမျိုး၊ ဘယ်လိုဘာသာမျိုးမှ မဟုတ်ပါဘူး၊ ကိုယ့်အပေါ်မှာ နားလည်မှုရှိရှိနဲ့ သစ္စာရှိဖို့ အရေးကြီး ပါတယ်၊ ကိုယ့်လူမျိုးချင်း၊ ကိုယ့်ဘာသာချင်းယူပြီး အဆင်မပြေကြတာတွေလည်း အများကြီးပါပဲ”ဟု ဆိုသည်။

ထိုကဲ့သို့ ဥပဒေနှင့်အညီ လက်ထပ်ခွင့်ရရန် ကြိုးပမ်းကြရသည့် မြန်မာအမျိုးသမီးများအနေဖြင့် အခက်အခဲ အများအပြားနှင့် ရင်ဆိုင် ဖြေရှင်း ကြရကြောင်း၊ ထိုသို့ နိုင်ငံခြားသားများနှင့် လက်ထပ်ပြီး အိမ်ထောင်ရေး အဆင်မပြေသူများလည်း ရှိသကဲ့သို့ အမှန်တကယ် ချစ်မြတ်နိုး၍ သစ္စာရှိရှိ ပေါင်းသင်းကြသူများလည်း ရှိကာ မိမိ၏ ကံတရားနှင့်လည်း သက်ဆိုင်ကြောင်း ၎င်း၏ အတွေ့ အကြုံအရ ပြောပြသည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်လာကြသည့် နိုင်ငံခြားသားများအနက် တချို့သောနိုင်ငံခြားသားများသည် မြန်မာနိုင်ငံရှိ လူပွဲစားများနှင့် ဆက်သွယ်၍ မြန်မာ အမျိုးသမီးများကို နည်းလမ်း အမျိုးမျိုးဖြင့် ဖြားယောင်း သွေးဆောင် နေကြကြောင်း ၂၀၁၀ ပြည့်နှစ် မေလ ၁၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ရေးသားထားသည်။

Ref: ဧရာဝတီ်

Read More...

Sunday, May 23, 2010

တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်

စနေ, 22 မေ 2010

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ဟာ မေလ ၂၈ ရက်ကနေ ဇွန်လ ၃ ရက်နေ့အထိ မြန်မာနိုင်ငံအပါအ၀င် အာရှ လေးနိုင်ငံဆီ ခရီးထွက်မယ်လို့ တရုတ် နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ကြေညာပါတယ်။

မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ရဲ့ ဖိတ်ကြားချက်အရ မြန်မာ နိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဌာနရဲ့ သတင်း ထုတ်ပြန်ချက်ထဲမှာ ပြောရေး ဆိုခွင့်ရှိသူ Ma Zhaoxu က ပြောကြောင်း အစိုးရအာဘော် ဆင်ဟွာ သတင်းဌာနက ရေးထားပါတယ်။

မြန်မာနိုင်ငံအပြင် မစ္စတာဝမ်သွားရောက်မယ့် တခြား အာရှသုံးနိုင်ငံကတော့ တောင်ကိုရီးယား၊ ဂျပန်နဲ့ မွန်ဂိုလီးယား နိုင်ငံတွေ ဖြစ်ပါတယ်။

မစ္စတာဝမ်ဟာ တောင်ကိုရီးယားနိုင်ငံ၊ Jeju ကျွန်းမှာကျင်းပမယ့် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် သုံးနိုင်ငံ ခေါင်းဆောင်တွေရဲ့ အစည်းအဝေး ကိုလဲ တက်ရောက်မယ်လို့ တရုတ် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

Ref: VOA News

Read More...

အပေါ်သို့