..............................

Monday, January 16, 2012

မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ် မျှတရေး ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မသင်းသီရိ
တနင်္ဂနွေ, 15 ဇန်နဝါရီ 2012

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား တော်တော်များများကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံက အကောင်းမြင် ကြိုဆို လိုက်ပြီး ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာလည်း လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ အတွက်လည်း ပြင်သစ်နိုင်ငံက တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးဟာ ဒီကနေ့ မနက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောခဲ့တာ ဖြစ်သလို မြန်မာ အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ရေး လုပ်ငန်းတွေပေါ်မှာ မူတည်ပြီး အီးယူ ဥရောပသမဂ္ဂရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို တစ်ဆင့်ချင်းဆီ ရုပ်သိမ်း သွားမယ်လို့လည်း ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ ဒီသတင်း အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ဇန်န၀ါရီလ ၁၅ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းက ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ (Alain Juppe) နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ၁ နာရီကျော်ကြာ တွေ့ဆုံပြီး မြန်မာ့ အရေးကို ဆွေးနွေး ခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုအပြီး သတင်းထောက်တွေကို နေအိမ်ရှေ့မှာ တွေ့ဆုံစဉ်အတွင်း ပြင်သစ် အစိုးရရဲ့ လက်ရှိ မြန်မာနိုင်ငံ အပေါ် သဘောထားနဲ့အတူ သူတို့ ၂ ဦး ဆွေးနွေးခဲ့ကြတဲ့ အခြေအနေတချို့ကို ရှင်းပြ ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြင်သစ် ဘာသာစကားနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတချို့နဲ့ ပတ်သက်လို့ သတင်းထောက်တွေကို ပြောခဲ့ရာမှာတော့ -

“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့အထဲ အကျဉ်သား ၆၅၀ ကျော်ထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် ကြိုးစားရင်း အဖမ်းခံခဲ့ကြရတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပြင် ရွှေဝါရောင် တော်လှန်ရေးတွင်း အဖမ်း ခံခဲ့ကြရတဲ့ ရဟန်းသံဃာတွေနဲ့ အခြားနိုင်ငံရေး အကျဉ်းသား တော်တော်များများ အကျဉ်းထောင်တွင်းက လွတ်မြောက် လာကြပါပြီ။ ဒါဟာ ဒီမိုကရေစီ ထွန်းကားရေး အတွက် တိုးတက်တဲ့ ပြောင်းလဲမှုတွေလို့ လက်ခံ ထားပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး တွေမှာ အားလုံး ပါဝင် လာနိုင်ရေး အတွက် လိုအပ် ပါသေးတယ်။” - လို့ ပြင်သစ် ဘာသာစကားနဲ့ ပြောသွားတာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုင်ရာ တိုးတက် ဖြစ်ထွန်းစေဖို့ ပြင်သစ်နိုင်ငံ အပါအ၀င် အီးယူ ဥရောပသမဂ္ဂလို အဖွဲ့တွေက နှစ်ပေါင်းများစွာ ကတည်းက အတူတကွ ပူးပေါင်း ကူညီ လာခဲ့ကြတာပါ။ အခုလည်း မြန်မာနိုင်ငံအတွက် ဆက်ပြီး ကူညီကြဦးမယ် ဆိုတာကို ယုံကြည် ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ် ဘာသာစကားနဲ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ ကတော့ ဒေါ်အောင်ဆန်းစုကြည် ခုလို ပြင်သစ်လိုပြောခဲ့တာကို ကျေးဇူး တင်ကြောင်းနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ တချို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား တော်တော်များများ လွတ်လာတာကို ပြင်သစ်နိုင်ငံက အကောင်းမြင်ကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့ ပြင်သစ်နိုင်ငံ အပါအ၀င် နိုင်ငံတကာက အခု သမ္မတ ဦးသိန်းစိန်နဲ့အတူ မြန်မာအစိုးရရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေ အပေါ် အကောင်းမြင် ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၀င်ရောက် ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲ မှာလည်း လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ကို ပြင်သစ်က တိုက်တွန်းပါတယ်။” - လို့ ၀န်ကြီး အလန်ယူပေ က ပြောခဲ့တာပါ။

တိုင်းရင်းသားအဖွဲ့ တချို့နဲ့ အောင်အောင်မြင်မြင် သဘောတူနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေအပြင် လက်ရှိ မြန်မာနိုင်ငံ တွင်းက အပြောင်းအလဲ တွေဟာ ဒီမိုကရေစီ စနစ်အတွက် အကောင်းဘက်ကို ဦးတည်နေတယ်လို့ မြင်ကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေမှာ တိုင်းရင်းသား အားလုံး ပါဝင်ဖို့ လိုတယ်လို့လည်း သူကဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံပေါ် အီးယူအဖွဲ့ရဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားမှု အခြေအနေနဲ့ ပတ်သက်လို့ သတင်းထောက် တစ်ယောက်ရဲ့ အမေးကို ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး အလန်ယူပေ က ပြန်ဖြေရာမှာတော့ -

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲလာမှု အခြေအနေတွေပေါ်မှာ မူတည်ပြီး ပြင်သစ်အပါအ၀င် အီးယူ ဥရောပ သမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို တစ်ဆင့်ချင်းဆီ လျော့ချ သွားမှာလို့ သတင်းထောက်တွေကို ဖြေခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ပြင်သစ် နိုင်ငံကနေ ရောက်လာကြတဲ့ သတင်း ထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က သီးသန့် တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံက အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ Legend Of Honor ဆု ချီးမြှင့်တဲ့ပွဲ အခမ်းနားကိုလည်း ဒီကနေ့ ညနေက ရန်ကုန်မှာရှိတဲ့ ပြင်သစ် သံအမတ်ကြီးရဲ့ နေအိမ်ခြံဝင်းမှာ ကျင်းပခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး အလန်ယူပေ ဟာ မနက်ဖြန် တနင်္လာနေ့မှာတော့ သမ္မတ ဦးသိန်းစိန်နဲ့ အတူ အစိုးရအဖွဲ့က တာဝန်ရှိသူ တချိုနဲ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်သလို ဒါဟာ ပြင်သစ်အစိုးရ အဖွဲ့ထဲမှာ အဆင့်မြင့်ဆုံး အရာရှိတစ်ဦးရဲ့ ပထမဆုံး သမိုင်းဝင် မြန်မာပြည်ခရီးစဉ် တစ်ခုလည်း ဖြစ်ပါတယ်။

Ref: VOA News

Read More...

နော်ဝေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်ရပြီ

ကိုဇော်ဝင်းလှိုင်
စနေ, 14 ဇန်နဝါရီ 2012

နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ပိတ်ဆို့ထားတာကို အကန့် အသတ်နဲ့ ပြန်ရုပ် သိမ်းဖို့ နော်ဝေး အစိုးရက ဆုံးဖြတ် လိုက်ပါတယ်။ နိုင်ငံရေး အကျဉ်းသား အတော်များများကို မြန်မာ အစိုးရက လွှတ်ပေး လိုက်တဲ့အပေါ် နိုင်ငံတကာရဲ့ အပြုသဘောဆောင် တုံ့ပြန်မှုတွေထဲက နောက်ဆုံး တစ်ခုလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နောက်ထပ် အီးယူ အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ် နိုင်ငံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံရဲ့ အမြင်ဆုံး ဂုဏ်ထူးဆောင်ဆုကို ချီးမြှင့် လိုက်ပါတယ်။ အပြည့်စုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတချို့ကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းဖို့ အစိုးရ အနေနဲ့ ဆုံးဖြတ် လိုက်တဲ့အကြောင်း နော်ဝေး နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇန်န၀ါရီလ ၁၄ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် လိုက်တာပါ။

ဇန်န၀ါရီလ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသား တချို့ ပြန်လွှတ်ပေးလိုက်တာ အပါအ၀င် လွန်ခဲ့တဲ ၂ လလောက် အတွင်း မြန်မာ နိုင်ငံထဲမှာ ဖြစ်ပေါ် တိုးတက်နေတဲ့ ပြောင်းလဲမှု တချို့ကြောင့် ၁၉၉၇ ခုနှစ်ကတည်းက ချမှတ် ထားခဲ့တဲ့ ပိတ်ဆို့မှု တချို့ကို ရုပ်သိမ်းဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဖရော်ဒါ အန်ဒါဆန် (Frode Andersen) က ပြောပါတယ်။

“နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေမလုပ်ဖို့၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ကန့်သတ် ထားတာတွေကို ပြန်ရုပ်သိမ်းဖို့ နော်ဝေး အစိုးရက ဆုံးဖြတ် လိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ကျနော်တို့ တိုက်တွန်းခြင်း မလုပ်တော့ပါဘူး။ ဒါပေမဲ့ ကျနော်တို့နိုင်ငံဟာ အီးယူ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တာနဲ့အညီ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ကိုတော့ ဆက်လက် ကျင့်သုံး သွားမှာပါ။”

အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးမှုတွေကတော့ အရင် စစ်အစိုးရမှာ ပါဝင်ခဲ့တဲ့ စစ်တပ်အရာရှိတွေနဲ့ သူတို့ မိသားစုဝင်တွေ၊ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းတို့ အပေါ် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင် ထားတာနဲ့ တခြား ဘဏ္ဍာငွေကြေး၊ စစ်လက်နက် နည်းပညာ တင်ပို့ ရောင်းချမှု၊ သစ်တောထွက် ပစ္စည်း အမျိုးမျိုးနဲ့ လူထုကို ဖိနှိပ်တဲ့နေရာမှာ အသုံးပြုမယ့် ပစ္စည်း ကိရိယာတွေ မတင်ပို့ရ စတာတွေ ပါဝင်ပါတယ်။

အခုလျော့ပေါ့ပေးလိုက်ပြီ ဆိုပေမဲ့ အီးယူက ဆက်ပြီး အရေးယူ ထားတာတွေနဲ့အညီ ဖြစ်ဖို့တော့ လိုတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဆက်ပြောပါတယ်။

“နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံထဲမှာ တာဝန်သိ စိတ်ဓါတ်နဲ့ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနိုင်သလို လွတ်လပ်စွာ ကုန်သွယ်ခွင့်လည်း ရှိပါတယ်။ ဒါပေမဲ့ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကိုတော့ အလေးထား လိုက်နာကြဖို့တော့ လိုပါလိမ့်မယ်။”

တဘက်မှာ နော်ဝေးနိုင်ငံက မြန်မာနိုင်ငံအပေါ်ပေးနေတဲ့ လူမှု ဖွံ့ဖြိုးရေး အကူအညီတွေကို ဆက်လက် ထောက်ပံ့ ပေးသွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုတွေကို အထောက်အကူ ပြုစေဖို့နဲ့ တခြား လူမှုရေးအရ အကူအညီ ပေးနေတဲ့ လုပ်ငန်းတွေ အထောက်အကူ ဖြစ်စေဖို့အတွက် ဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ်ရုံး ရန်ကုန်မြို့မှာ ဖွင့်မယ်လို့ အီးယူ ပြောခွင့်ရပုဂ္ဂိုလ် မိုက်ကယ်မန်း (Michael Mann) က ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ ရက်နေ့မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အီးယူ အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ပြင်နိုင်ငံရဲ့ အမြင့်ဆုံး Legion of Honor ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ဖို့ ပြင်သစ်သမ္မတ နီကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy) ရုံးက ဆုံးဖြတ် လိုက်တဲ့အကြောင်း ဇန်န၀ါရီလ ၁၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကာလအပါအ၀င် မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လွတ်မြောက်မှု ရရှိရေးအတွက် သတ္တိရှိရှိ ကြိုးစား လုပ်ဆောင်ခဲ့တာကို ဂုဏ်ပြုတဲ့ အနေနဲ့ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဒီဆုကို ပေးအပ်တဲ့အကြောင်း အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီအရေးကို နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် လုပ်ဆောင်နေခဲ့သူ တစ်ဦး ဖြစ်တာကြောင့် ပြင်သစ်က အခုမှ ဒီဆုပေးတာဟာ အရမ်းကို နောက်ကျနေတယ်လို့ RSF နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က အာရှ ပစိဖိတ် ဒေသဆိုင်ရာ တာဝန်ခံ ဘန်ဂျမင်အစ်မေးလ် (Benjamin Ismail) က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေခဲ့တာ ကြာပါပြီ။ ပြင်သစ်အစိုးရက အခုမှ ဒီဆုကို ပေးတာဟာ ကျနော့် ပုဂ္ဂိုလ် တစ်ဦးတည်းအနေနဲ့ ပြောရရင်တော့ အရမ်းကို နောက်ကျနေပါပြီဗျာ။”

ဒီ Legion of Honor ဆုကို မြန်မာနိုင်ငံကို စနေနေ့က ရောက်လာတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ (Alain Juppe) က တနင်္ဂနွေနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ ကိုယ်တိုင် ပေးအပ်မှာ ဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေဟာ အချိန်မရွေး နောက်ပြန်လှည့် သွားနိုင်တာမို့ ဆက်လက် စောင့်ကြည့်ဖို့ လိုဦးမယ်လို့ သူက ပြောပါတယ်။

“ပြင်သစ်အစိုးရက အနာဂတ်မှာ ဘယ်လို မူဝါဒတွေ ချမှတ် လုပ်ဆောင်မယ် ဆိုတာတော့ ကျနော်တို့ အတိအကျ မသိဘူး၊ ဒါပေမဲ့ ကျနော်တို့ RSF အနေနဲ့ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာနဲ့ တခြား ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာကို ကြိုဆိုပါတယ်။ အဲဒီလို တိုးတက်တဲ့ ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ အတွက်လည်း တိုက်တွန်း သွားမှာပါ။ ဒါပေမဲ့ တဘက်ကလည်း အဲဒီ ဖြစ်ပေါ် တိုးတက်မှုတွေကို စောင့်ကြည့်သွားမှာဖြစ်ပြီး နောက်ပြန် ဆုတ်သွားမယ့် လုပ်ဆောင်ချက်မျိုးတွေကို ဝေဖန် ထောက်ပြ သွားမှာ ဖြစ်ပါတယ်။”

သူတို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့လို သတင်းနဲ့ သတင်းသမားတွေရဲ့ လွတ်လပ်ခွင့်ကို စောင့်ကြည့်တဲ့ အဖွဲ့တွေကို တိုင်းပြည် အတွင်း လာရောက် လေ့လာခွင့် ပြုတာဟာလည်း စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်တယ် ဆိုတာကို ပြသရာ ရောက်တာကြောင့် မြန်မာ အစိုးရကက ခွင့်ပြုရင် သူ့အနေနဲ့ မြန်မာပြည်ကို ကိုယ်တိုင် သွားရောက် လေ့လာလိုကြောင်း ဘန်ဂျမင်က ပြောပါတယ်။

Ref: VOA News

Read More...

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးသည်မှာ တောင်းဆိုမှုကြောင့် မဟုတ်

စည်သူ
January 14, 2012

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်ခြင်းသည် မည်သူ့ တိုက်တွန်းမှုကြောင့်မှ မဟုတ်ဘဲ သမ္မတ ဦးသိန်းစိန်၏ လုပ်ပိုင်ခွင့် ထဲမှ လွှတ်ပေးခြင်း ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနက ပြောဆို လိုက်သည်။

လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဇန်နဝါရီလ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ခြင်းသည် မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ၏ တိုက်တွန်းချက်မျှ မပါဘဲ သမ္မတ ဦးသိန်းစိန်၏ လုပ်ပိုင်ခွင့် ဖြစ်သော ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွှတ်ပေးခြင်းသာ ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်ထဲရေး ၀န်ကြီးဌာနတွင် ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။

“ပြည်တွင်း ပြည်ပက တောင်းဆိုလို့ လွှတ်ပေးတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ပုဒ်မ ၄၀၁ ဆိုတာ တဦး တယောက်ချင်းကို ကြည့်ပြီး ပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပါ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။

လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် စစ်ထောက်လှမ်းဟောင်းများကို နိုင်ငံရေး တည်ငြိမ် ရေးနှင့် တရားဥပဒေ စိုးမိုးရေးအား အနှောင့်အယှက် မပြုသူများဟု ယူဆသောကြောင့် လွှတ်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့သော နိုင်ငံရေးအကျဉ်းသားစာရင်း ၆၀၄ ဦးပေါ်ကို အခြေခံကာ လွှတ်ပေးခြင်း ဖြစ်ပြီး လက်ရှိ အကျဉ်းကျ ခံနေရသူ ၄၂၁ ဦး၊ အချုပ်သား ၉ ဦး ပေါင်း ၄၃၀ ဦးသာ ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းတို့အနက် ၁၀၇ ဦးမှာ လွှတ်ငြိမ်း ချမ်းသာခွင့် အသီးသီးနှင့် ရက်စေ့ကာ လွတ်မြောက်ခဲ့ပြီး ဖြစ်ကြောင်း၊ ၁၃ ဦးအမည်ထပ်၊ ၅၁ ဦးမှာ အချက်အလက် မပြည့်စုံနှင့် သေဆုံးတဦးနှင့် သာသနာရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးသူ ၂ ဦးရှိကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။

ကျန် ၁၂၈ ဦးမှာမူ ရာဇ၀တ်ပြစ်မှုကြီးများကို ကျူးလွန်ထားသူများ ဖြစ်သဖြင့် လွှတ်ငြိမ်း ချမ်းသာခွင့်၏ ရည်ရွယ်ချက်ဖြင့် အကျုံး မ၀င်သောကြောင့် တရားဥပဒေ စိုးမိုးရေးအလို့ငှာ ဆက်လက်ထိန်း သိမ်းထားကြောင်း သိရသည်။

ထို့အပြင် သောင်းကျန်းသူများနှင့် ဆက်သွယ်သူတချို့ကို လွှတ်ပေးခဲ့သော်လည်း ဗုံးခွဲရန် ကြံစည်သူများနှင့် ပြစ်မှုကြီးများ ကျူးလွန် ထားသူများ၊ ယမန်နှစ်က ရခိုင်နယ်စပ်တွင် တာလီဘန်နှင့် ဆက်သွယ်၊ ဖောက်ခွဲရေး သင်တန်းတက်သူ ၁၃ ဦး စသူတို့ကို ဆက်လက် ထိန်းသိမ်း ထားသည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။

ထို့အပြင် လွတ်ငြိမ်းချမ်းသာခွင့်ကို ရက်ကြီးရက်မြတ်မှ မဟုတ်ဘဲ အခွင့်သင့်သည့် နေ့တွင် ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား စာရင်းများ ရှိပါက ပေးပို့ရန်နှင့် ပြည်ထဲရေး ၀န်ကြီးဌာနက စိစစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကလည်း သမ္မတ ဦးသိန်းစိန်နှင့် တိုင်တိုင်ပင်ပင် ပူးပေါင်း ဆောင်ရွက် နေကြောင်းလည်း ယင်းက ပြောသည်။

“ကျနော်တို့ဆီမှာ နိုင်ငံရေးအကျဉ်းသား ခေါ်ခေါ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံရသူ ဆိုဆို မရှိပါဘူး။ နိုင်ငံရေး လုပ်လို့ ဖမ်းရမယ့် ဥပဒေလည်း မရှိပါဘူး။ နိုင်ငံတော် တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက် သူတွေကိုသာ ဖမ်းဆီးထားတဲ့ အတွက် ကျနော်တို့ဆီမှာ နိုင်ငံရေး အကျဉ်းသားရှိတယ်လို့ မဆိုနိုင်ပါဘူး” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။

KNU မှ ဖဒိုမန်းငြိမ်းမောင်ကိုလည်း တရားဥပဒေအရ အရေး ယူဆောင်ရွက်နေပြီး ဒုတိယ အဆင့် အနေဖြင့် လွှတ်ငြိမ်း ချမ်းသာခွင့်ကို စဉ်းစားမည် ဖြစ်ကြောင်းလည်း သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ တွင် နိုင်ငံတော်သမ္မတသည် (က) ပြစ်ဒဏ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးပိုင်ခွင့် ရှိသည်၊ (ခ) အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးပိုင်ခွင့် ရှိသည်ဟု ဖော်ပြထားသည်။

Ref: ဧရာဝတီ

Read More...

“အာဃာတ မရှိ၊ နိုင်ငံရေးမလုပ်တော့၊ ကံ ကံ၏အကျိုး သဘောပေါက်သွား”

သောကြာနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၂

လွတ်မြောက်လာသည့် ဦးခင်ညွန့် ပြောစကားများ

မဇ္ဈိမသတင်းဌာန ။ ။ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ကြာသပတေးနေ့ နံနက်က နေအိမ် အကျယ် ချုပ်မှ လွတ်မြောက် လာခဲ့သည့် ဝန်ကြီးချုပ် ဟောင်းလည်းဖြစ်၊ စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်းလည်း ဖြစ်သည့် ဦးခင်ညွန့်သည် လွတ်မြောက် လာသည့်နေ့ ညနေပိုင်းတွင် သတင်းထောက်များအား လာရောက် တွေ့ဆုံခွင့် ပြုခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ယခင် နအဖ စစ်အစိုးရ လက်ထက် ၂ဝဝ၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့က နိုင်ငံတော် အာဏာ အလွဲသုံးစားမှု၊ အဂတိ လိုက်စားမှုတို့ဖြင့် ထောင်ဒဏ် ၄၄ နှစ် ဆိုင်းငံ့ပြစ်ဒဏ် ချခဲ့ပြီးနောက် နေအိမ် အကျယ်ချုပ် ချမှတ် ခံထားရာမှ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

သတင်းထောက် အများအပြားအား အသုတ်လိုက်ခွဲ၍ တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့ရာမှ မေးမြန်း ချက်များအား ဦးခင်ညွန့် ပြန်လည် ဖြေကြားခဲ့သည်များကို အောက်ပါအတိုင်း ကောက်နုတ် ဖော်ပြလိုက်သည်။

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍…

“အခု သမ္မတကြီးဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက် တွေ့ပြီးတော့ ပူးပေါင်းပြီးတော့ လုပ်နေတာ တွေ့ရတယ်လေ။ ဂျာနယ်တွေ ထဲမှာ တွေ့ရတာပေါ့လေ။ အဲဒီသတင်းတွေ တွေ့ရတော့ ဝမ်းသာတယ်။ ဒါတော့ တိုင်းပြည်အတွက် ကောင်းရာ ကောင်းကျိုးပဲ။ တိုင်းပြည် အနာဂတ်မှာ ကောင်းလာမှာပဲလို့ ဒီလိုပဲ ယူဆတယ်လေ။ ကောင်းလိမ့်မယ်လို့ ယူဆတယ်။”

တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍…

“ငြိမ်းချမ်းရေး ရတော့မယ်ဆိုတာ တိုင်းပြည်အတွက် ကောင်းတာပဲ။ အဲဒီတော့ ဆက်ပြီး အောင်မြင် ပါစေလို့ပဲ ဆုတောင်းတယ်။ လုပ်နေ ကိုင်နေတဲ့လူတွေလည်း တကယ့် ငြိမ်းချမ်းရေး လိုချင်လို့ အခု လုပ်နေကြတာ။ တာဝန်ပေးတဲ့ လူတွေကိုလည်း အဘ အနေနဲ့ ဒီလူတွေကိုလည်း ယုံကြည်တယ်လေ။ ဟိုဘက်ကလည်း အခု ငြိမ်းချမ်းရေး လိုချင်တယ်။ နှစ်ဖက်က သွားပြီးတော့၊ နှစ်ဦးနှစ်ဖက် လုံးက အပြုသဘော ဆောင်တဲ့ တွေ့ဆုံမှုတွေ ဆိုတဲ့ အခါကျတော့ အောင်မြင်မယ်လို့ ထင်တယ်။ အဲဒီတော့ တိုင်းပြည်အတွက် သိပ်ကောင်းပါတယ်။ တိုင်းပြည် အနာဂတ်အတွက်ကို ငြိမ်းချမ်းရေးက သိပ်ကောင်းပါတယ်။ လိုလားပါတယ်။”

“အဘတို့ရော သားရော သူက တပ်ရင်းမှူးကနေပြီးတော့ ဒီလိုအခြေအနေမျိုး ဖြစ်တာကိုး။ တပ်မတော်ရဲ့ လေ့ကျင့်မှုက အင်မတန် ကောင်းပါတယ်။ လေ့ကျင့်ထားတဲ့ တပ်မတော်ရဲ့ လေ့ကျင့်မှုက discipline ပေါ့လေ။ ဒါတွေက သိပ်ကောင်းတာပဲ။ အဲဒီ အလေ့အကျင့် တွေက အဘရော သားရော ရထားပြီးသား။ အဲဒီတော့ ရထားပြီးတော့ အရင်လေ့ကျင့်ထားတဲ့ လေ့ကျင့်မှုက ပြည်သူအတွက် တိုင်းပြည် အတွက် လုပ်ရမယ် ဆိုတာ အဘတို့မှာ ဒီ ခေါင်းထဲမှာ စွဲထားပြီးသား။ အဒီအတိုင်းပဲ အဘတို့ စိတ်ထဲမှာ စွဲထားပြီးတော့ တိုင်းပြည် ကောင်းရာကောင်းကျိုး အတွက် ပြည်သူရဲ့အကျိုးစီးပွား အတွက် ဆက်ပြီး ကိုယ်လုပ်နိုင်တဲ့ ဘက်က လုပ်သွား မှာပါ။ ဒါပေမယ့် နိုင်ငံရေးတော့ မလုပ်ဘူး။“

အထိန်းသိမ်းခံရမှုနှင့် လွတ်မြောက်လာမှု အပေါ် သဘောထား…

“အာဃာတ မရှိပါဘူး။ အန်ကယ်က အခုဆိုရင် ဘာသာရေး လုပ်နေတာပါ။ ဘာသာရေး အခြေခံပြီးတော့မှ ဒါက ဖြစ်ပြီးရင် ပျက်မယ်။ ကံ ကံ၏အကျိုး ဒါတွေကို သိပ်ပြီးတော့ သဘောပေါက် သွားပြီ။ ဘုရားတရား လုပ်နေရတဲ့ အတွက် အခုလို လုပ်နေရတာကိုပဲ ကံကောင်းတယ်လို့ တဖက်က ယူဆမိတယ်လေ။ အဲဒီတော့ အေးအေး ဆေးဆေးနဲ့ အေးအေး ချမ်းချမ်းနဲ့ မိသားစုဘဝ ပြန်ပြီး နေရတော့မယ် ဆိုတော့ ပိုပြီးစိတ်ချမ်းသာ တယ်။”

အဖမ်းခံရစဉ်…

“အန်ကယ် ဒီမှာပဲ နေရတယ်။ ခေါ်သွားတယ်ဆိုတာက ပထမဦးဆုံး အကြိမ် အင်းစိန်ကို ခေါ်သွားတာ။ ဒါက 2005 ဇူလိုင်မှာ၊ အဲဒီတော့ အမှု စစ်တာပေါ့ကွယ်။ အဲဒီဟာပါပဲ။ ကျန်တဲ့ အချိန်တော့ ဒီအိမ်မှာပဲ အေးအေး ချမ်းချမ်းပဲ၊ အေးအေးချမ်းချမ်းပဲ ဘာမှ အနှောင့်အယှက် မရှိပါဘူး။ လုံခြုံရေး အရလည်း ဒီ တာဝန်ပေးထားတဲ့ အဖွဲ့အစည်းတွေနဲ့ အေးအေးချမ်းချမ်းပဲ နေရပါတယ်။”

လက်ရှိအစိုးရ၏ လုပ်ရပ် ကိုင်ရပ်များအပေါ်…

“သုံးသပ်စရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ တချို့ဟာတွေက ပြန်လေ့လာ ရဦးမယ်။ သတင်းစာထဲမှာ တွေ့ရ တယ် ဂျာနယ်ထဲမှာ တွေ့ရတယ်။ နောက်ပြီးတော့မှ တီဗီ နယူးစ်တွေထဲမှာ တွေ့ရတဲ့ အရာတွေအရ ဆိုရင် လုပ်ဆောင်ချက်တွေ အင်မတန် ကောင်းပါတယ်။ နောက်ပြီးတော့ တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးနဲ့ တွေ့တယ်။ သိပ်ကောင်းတာပဲ။ နောက် တိုင်းပြည် အနာဂတ်ကို အင်မတန်ကောင်းတဲ့ အလားအလာလို့ မြင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ထဲ ဝင်လာမယ်ဆိုရင်…

“အခု သူက လွှတ်တော်ထဲမှာ ရောက်နေပြီလေ။ သူ ပြောပိုင် ဆိုပိုင်ခွင့်တွေ၊ ပြောရေး ဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ် ဖြစ်နေပြီလေ။ လွှတ်တော်ထဲ ရောက်ပြီဆိုရင် လွှတ်တော်ထဲအရ လွှတ်တော်ရဲ့ အဆုံးအဖြတ်နဲ့ လွှတ်တော်ရဲ့ အစီအမံနဲ့ နောက် ရွေးကောက်ပွဲနဲ့ သူ ရသင့်တာ ရသွားမှာပဲ”

မီဒီယာများနှင့်…

“ကျနော် အခုထိတော့ ဘယ်သူနဲ့မှ မတွေ့ဘူး။ မီဒီယာနဲ့ပဲတွေ့တယ်။ နောက် တိုင်းပြည်အတွက် ပြောစရာ ဆိုစရာရှိရင် မီဒီယာကပဲ ပြောမယ်။ မီဒီယာကလည်း ဒီထက်ပိုပြီးတော့ လုပ်နိုင် ကိုင်နိုင်ခွင့် ရှိဘို့ အတွက် ဆုတောင်း ပေးပါတယ်”

Ref: မဇ္ဈိမ

Read More...

နံပါတ်တစ် ညီညွတ်ရေး၊ နံပါတ်နှစ် ညီညွတ်ရေး၊ နံပါတ်သုံး ညီညွတ်ရေးပါပဲ

ဖနိဒါ
စနေနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၂

(၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် နှင့် အင်တာဗျူး)

ချင်းမိုင်(မဇ္စျိမ)။ ။အသက် ၄၄ နှစ်အရွယ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်သည် ရခိုင်ပြည်နယ် ဘူးသီးထောင်မှ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် သောကြာနေ့က လွတ်မြောက် လာသည်။

၈၈ မျိုးဆက်များ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ စာနယ်ဇင်း စသည့် နယ်ပယ် ပေါင်းစုံမှနေ၍ တိုင်းပြည် ဒီမိုကရေစီ အပြည့်အ၀ ရရှိရေးအတွက် ဆက်လက် လှုပ်ရှားနေမည့် မျိုးဆက် လှုပ်ရှားမှု တခုဖြစ်ကြောင်း ပြောသည်။

ကိုဌေးကြွယ်မှာ ၂၀၀၇ ခုနှစ် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှုကြောင့် ထောင်ဒဏ် ၆၅ နှစ် ချမှတ် ခံထားရာမှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

စနေနေ့တွင် စစ်တွေမှ ရန်ကုန်မြို့သို့ ထွက်ခွါတော့မည့် ကိုဌေးကြွယ် အား လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်၊ အကျဉ်းထောင် အခြေအနေ စသည်တို့နှင့် စပ်လျဉ်း၍ မဇ္ဈိမ သတင်းထောက် ဖနိဒါ က ဆက်သွယ် မေးမြန်းထားသည်။

ဒီနေ့လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ဘယ်သူတွေလဲ။

၉ ယောက် လွတ်ပါတယ်။ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ အမှုတွဲ ဦးထွန်းညို၊ လူ့အခွင့်အရေး အဖွဲ့က ခေါင်းဆောင် ကိုအောင်ဇော်ဦး၊ ၂၀၀၇ ဗကသ ကိုစည်သူမောင်၊ ILO မှုနဲ့ ကျတဲ့ ကိုဝဏ္ဏ တို့ပါတယ်။ သူတို့ အားလုံးလည်း ကျန်းမာရေး ကောင်းပါတယ်။

အခု အကို့ ကျန်းမာရေး အခြေအနေ သိပါစေ။

ကျနော် ကောင်းပါတယ်။ အခု ပြန်လည် ကောင်းမွန် လာပါပြီ။

အကိုတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အပေါ် ဘယ်လို သုံးသပ်မိလဲရှင့်။


သမ္မတ ဦးသိန်းစိန် အစိုးရက နိုင်ငံတကာနဲ့ရော၊ မြန်မာ့ပြည်တွင်း နိုင်ငံရေးမှာရော ဟန်ချက်တွေကို ပိုပြီးတော့ ထိန်းညှိ လာနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ခြင်းဟာ သူတို့ ဖမ်းထားတဲ့ လူတွေကို လွှတ်လိုက်ရုံတင် မဟုတ်ပါဘူး။ စစ်အစိုးရ လက်ထက် ကတည်းက ပုဒ်မ အမျိုးမျိုးနဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့သူတွေကို ဖိနှိပ်ထားတဲ့ ဖိနှိပ်မှု တရပ်ပါ။ အခု ဒီမိုကရေစီ ဖော်ဆောင်မယ် ဆိုတဲ့ အစိုးရ တရပ် အနေနဲ့ ဒီမိုကရေစီ လမ်းကို လျှောက်မယ် ဆိုလို့ရှိရင် နိုင်ငံရေး အကျဉ်းသား လွှတ်ရေး ဆိုတဲ့ဟာကို ပြည်တွင်း၊ နိုင်ငံတကာက တောင်းဆိုနေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်း၊ မြန်မာနိုင်ငံရဲ့ ထိုက်တန်တဲ့ နေရာကို ရမယ်ဆိုလို့ရှိရင် နိုင်ငံတကာနဲ့ ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။ ဒီဟန်ချက်ညီဖို့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးခြင်းဟာ စတင်ပြီးတော့ ထိန်းညှိတဲ့ အကောင်းဆုံး ဟန်ချက်ယူခြင်းလို့ ကျနော်မြင်ပါတယ်။

NLD နဲ့ ပူးပေါင်းမလား။

NLD က နိုင်ငံရေး ပါတီရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ရပ်တည်နေတဲ့ နိုင်ငံရေး ပါတီကြီး တခုပါ။ ဒီပါတီကြီးဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ပါတီကြီးတခုပါ။ ဒါပေမယ့် ကျနော်တို့ ၈၈ က အခုချိန်ထိ informal အနေနဲ့ ရပ်တည် နေတဲ့ဟာ ဖြစ်ပါတယ်။ ပထမဆုံး ကျနော်တို့ ၈၈ ခေါင်းဆောင်တွေ အကျယ်အလည် တိုင်ပင်ရအုန်းမှာပါ။ နိုင်ငံရေး အခြေအနေသစ် ဖြစ်နေပါတယ်။ အဲဒီ အသစ်တွေကို အသစ်တုံ့ပြန်နိုင်ဖို့ လိုအပ်ပါတယ်။ သေချာ တိုင်ပင်မယ်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်တဲ့အပေါ်ရော ဘယ်လိုမြင်လဲရှင့်။

ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်တဲ့ နည်းနဲ့ မြန်မာနိုင်ငံမှာ အာမခံချက်ရှိတဲ့ လူ့အခွင့်အရေး ထွန်းကားအောင် ကြိုးပမ်းနေတဲ့ သူတယောက် ဖြစ်ပါတယ်။ နောက် ရွေးကောက်ပွဲ ဝင်တယ် ဆိုတာကလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာ နိုင်ငံသား အခွင့်အရေးတွေ အာမခံချက် မပေးနိုင်တဲ့ အချက်တွေ အများကြီး ရှိတဲ့အတွက် ဒီဖွဲ့စည်းပုံကို ရွေးကောက်ပွဲနဲ့ လွှတ်တော် ထဲကနေ ဝင်ပြင်မယ် ဆိုပြီး ဝင်ပြိုင်တာ ဖြစ်တယ်။ အခု သူသွားနေတဲ့ လမ်းကြောင်းဟာ တိုင်းပြည်မှာ မတူညီတဲ့ သဘောထားတွေ အားလုံးကို ဆုံရပ်တခု ဖြစ်နိုင်အောင် ခက်ခက်ခဲခဲ ကြိုးပမ်းနေတယ် ဆိုတာကိုလည်း ကျနော်တို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ အနေဖြင့် တရားဝင်အဖွဲ့ ဖြစ်ရေး လုပ်မှာလား၊ မလုပ်ဘူးဆိုရင် ဘယ်လို အင်အား စုမလဲရှင့်။

၈၈ ကျောင်းသားတွေဟာ ၈၈ မျိုးဆက်တခုပါ။ ကျနော်တို့ရဲ့ ရည်မှန်းချက်က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ် တခုကို ထူထောင်နိုင်ဖို့၊ ဒီခေတ်သစ် မျက်နှာစာကို ကျနော်တို့ အားလုံး ဝိုင်းဝန်းပြီးတော့ ကြိုးစား နေကြတာပါ။ ဒါဟာ နိုင်ငံရေး နယ်ပယ်ထဲမှာတင် မဟုတ်ပါဘူး။ စီးပွားရေး နယ်ပယ်တွေ၊ စာနယ်ဇင်း နယ်ပယ်တွေ စသဖြင့် နယ်ပယ် ပေါင်းစုံက နေပြီးတော့ ကျနော်တို့ ဝင်ပြီး ကြိုးစား နေကြမယ့် မျိုးဆက်ရဲ့ လှုပ်ရှားမှုပါ။ အဲကျတော့ ကျနော်တို့ ၈၈ က ဘာဆက်လုပ်မလဲ ဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကို အာမခံချက် ပေးနိုင်တဲ့ တကယ့် နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အာမခံချက် ပေးနိုင်တဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ နိုင်ငံတခုကို ကျနော်တို့ ပြည်သူနဲ့ အတူ ပူးပေါင်းပြီးတော့ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပါတီထူထောင်မယ်၊ ရွေးကောက်ပွဲကို ဝင်ရတယ်။ လွှတ်တော်ထဲကို ဒီမိုကရေစီစနစ်ထူထောင်တဲ့ နေရာမှာ မရှိ မဖြစ် လိုအပ်တဲ့ အရာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ လွှတ်တော်ရှိတိုင်း ဒီမိုကရေစီ ပြည့်ဝပြီလို့ ကျနော်တို့ ဘယ်လိုမှ ပြောဖို့ မလုံလောက် သေးပါဘူး။ အဲဒီတော့ ကျနော်တို့ဟာ လွှတ်တော် နိုင်ငံရေးကို ငြင်းတာလဲ မဟုတ်ဘူး။ ရွေးကောက်ပွဲကို နိုင်ငံရေးကို ငြင်းတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ ဘာဆက်လုပ်မယ် ဆိုတဲ့ ဟာကိုတော့ ၈၈ ခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား တွေရော အားလုံးနဲ့ အများကြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိပါတယ်။

တိုင်းရင်းသား အရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောဆိုတာတွေ အားနည်းနေသလား၊ ဆက်ပြီး ဘယ်လိုပုံစံ လုပ်ဆောင်သွားဖို့ ရှိမလဲ။

တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ကျနော်တို့ အများကြီးကို ပြောခဲ့ဖူးတာတွေ ရှိပါတယ်။ ပြီးတော့ ကျနော်တို့ တွေရဲ့ လုပ်ဆောင်မှု တိုင်းမှာ၊ ကျနော်တို့ သဘောထား ဆန္ဒတိုင်းမှာ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုတဲ့ဟာ အဲဒီအနစ်သာရ ရအောင်ကို လေးလေးနက်နက် ကျနော်တို့ ပြောနေခြင်း ဖြစ်ပါတယ်။ အဲတော့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးသာ မရှိဘူးဆိုရင် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို ဘယ်လိုမှ ထူထောင်လို့ မရနိုင်ဘူးလို့ ကျနော် ရိုးရိုးသားသားပဲ မြင်ပါတယ်။ ဆက်လက် ပြီးတော့လည်း ငြိမ်းချမ်းရေး ရအောင် တကယ့် ဖွံ့ဖြိုး တိုးတက်မှုလမ်းကို လျှောက်နိုင်အောင် ကျနော်တို့ ကြိုးပမ်း သွားမှာ ဖြစ်ပါတယ်။

ခုရက်ပိုင်းမှာ တိုင်းရင်းသား အဖွဲ့အစည်း တချို့နဲ့ အစိုးရအကြား အပစ်အခတ် ရပ်pJရေး လက်မှတ် ရေးထိုး နေတာတွေ လုပ်ဆောင် နေတဲ့ တွေကို ဘယ်လို မြင်ပါသလဲရှင်။

လှေခါးကို ကျနော်တို့ ခုန်ပြီးတော့ တက်လို့လည်း မရနိုင်ပါဘူး။ တဆင့်ချင်းဘဲ တက်ရပါလိမ့်မယ်။ အဲကျတော့ နိုင်ငံရေး အသွင်အပြင် အပြည့်အဝ ရှိတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မဖြစ်ခင်မှာ အပစ်အခတ် ရပ်စဲပြီးတော့ တဦးနဲ့ တဦး နားလည်မှု ရှိတဲ့ အပစ်အခတ် ရပ်စဲရေးကနေ စရပါလိမ့်မယ်။ ပြီးတော့ နှစ်ဖက်စလုံးကနေ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုတဲ့ စိတ်ဓါတ်ကလည်း အပြည့်အဝ ရှိရပါလိမ့်မယ်။ အဲကျတော့ အခု KNU နဲ့ ငြိမ်းချမ်းရေး ပထမအဆင့် စတင်ပြီပေါ့နေလေ။ နိုင်ငံရေး အဆင့်ကို ဆက်လက်ပြီး ဆွေးနွေး သွားမယ်ဆိုတာလည်း ကျနော်တို့ သိရပါတယ်။ ဒါပေမယ့်လို့ နောက်တဖက်မှာလည်း ကချင်နဲ့(KIO)နဲ့ အခုချိန်ထိ တိုက်ပွဲတွေ ဆက်ဖြစ် နေတုန်း ဆိုတဲ့ဟာလည်း ကျနော်တို့ စိတ်မချမ်းသာဖွယ် ကောင်းလောက်အောင် ကျနော်တို့ ကြားနေ ရပါတယ်။ ဒါဟာ မဖြစ်သင့်တော့ပါဘူး။ တိုင်းပြည်ကို စပြီးတော့ တကယ် တည်ဆောက် ကြပါဆို့လို့ ကျနော်ပြောချင်တယ်။ အစိုးရကိုလည်း ပြောချင်တယ်။

အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံအကြား မြန်မာနိုင်ငံရဲ့ ဆက်ဆံရေး ဘယ်လိုဖြစ်လာ မလဲ။

မြန်မာနိုင်ငံကတော့ဗျာ တရုတ်ရဲ့ သြဇာလွမ်းမိုးခံရာ၊ တရုတ်ရဲ့ အရံဂြိုဟ်တခုလိုမျိုး ကျနော်တို့ အသက် မရှင်ချင်ပါဘူး။ ဒါပေမယ့် ကျနော်တို့ဟာ အရှေ့တောင် အာရှဒေသမှာရှိတဲ့ ကမ္ဘာ့လူဦးရေ အများဆုံးနဲ့ ယူကလီး လက်နက်ကို ပိုင်ဆိုင်တဲ့ နှစ်နိုင်ငံ အကြားထဲမှာ ကျနော်တို့ ရှိနေတယ်။ ဒါက ကျနော်တို့ ရွေးချယ်လို့ မရဘူး။ ကမ္ဘာကြီးတခုလုံးနဲ့ ကျနော်တို့ ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံဖို့ လိုအပ်ပါတယ်။ အခုကျနော်တို့ အရှေ့တောင်အာရှဒေသမှာ အမေရိကန်ကိုလည်း လိုပါတယ်။ EU ကိုလည်း လိုပါတယ်။ အဲဒီလိုပဲ တရုတ်ကိုလည်း ကျနော်တို့ လိုပါတယ်။ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားနိုင်မယ့် အခြေအနေ တခုဖြစ်အောင် ကြိုးပမ်းဖို့ဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒရဲ့ အသက်ပဲလို့ ထင်ပါတယ်။

ပြည်တွင်း ပြည်ပမှာရောက်နေတဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေကို ပထမဆုံး ဘာပြောချင်လဲရှင့်။

ကျနော်တို့အခုဗျာ၊ ပြည်တွင်းမှာလည်း ကျနော်တို့ ညီအစ်ကိုတွေ အားလုံးဟာ ထောင်တွေထဲမှာ နှစ်စက် ညှဉ်းပန်း မှုတွေ၊ စစ်ကြေားရေး စခန်းတွေမှာ သေတဲ့ လူတွေလည်း သေသွားကြပြီဗျ။ အဲဒီလိုပဲ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အတွက် စွန့်လွတ်ခြင်း အများကြီးနဲ့ ထွက်သွား ခဲ့ကြတယ်။ ရည်ရွယ်ချက် အကြီးကြီးတွေနဲ့ ကြိုးပမ်း ခဲ့ကြတယ်။ အခုအခြေအနေထိ မရရှိသေးတဲ့ ဟာတွေ ရှိတယ်။ အဲခုအခြေအနေ မြန်မာနိုင်ငံမှာ နိုင်ငံရေး အခြေအနေ ပြောင်းလဲနေတယ်။ အဲဒီပြောင်းလဲနေမှုတွေ အပေါ်မှာ ကျနော်တို့ ညီအစ်ကို၊ မောင်နှမတွေ အားလုံးကို အကောင်းဆုံး၊ လက်တွေ့ အကျဆုံး တုံ့ပြန်နိုင်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ အဲဒါကိုတော့ ကျနော်တို့ ညီအကိုမောင်နှမတွေ အားလုံးကို မှာချင်တယ်။ အဓိကအကျဆုံးဟာ နံပတ်တစ် ညီညွတ်ရေးပါပဲ။ နံပတ်နှစ် ညီညွတ်ရေးပါပဲ။ နစ်ပတ်သုံး ညီညွတ်ရေးပါပဲ။ ကျနော်တို့ ညီညွတ်ဖို့ လိုပါတယ်။

ဘူးသီးတောင် အကျဉ်းထောင်ရဲ့ အခြေအနေ သိချင်ပါတယ်။

ကျနော် ဘူးသီးတောင်ထောင်ကို ၂၀၀၈ ခု နိုဝင်ဘာကနေ စပြီးတော့ ပြောင်းလာတယ်။ အဲဒီကာလက နယ်စပ် ထောင်လည်း ဖြစ်နေတယ်ဗျ။ ပြီးတော့ အကျဉ်းဦးစီး ဌာနရဲ့ နယ်စပ် ဒေသတွေကို မသက်ရောက် သလိုဘဲ။ သက်ဆိုင်ရာ ထောင်ပိုင်၊ ထောင်မှူး အာဏာပိုင်တွေရဲ့ တကယ့် ကိုလိုနီ စရိုက်တွေက ကျန်နေတုန်းပဲ။ အဲဒီ ကာလတွေကနေ ကျနော်တို့ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ ကာလတွေလည်း ရှိတယ်။ အဲဒီကနေ ကျော်လာပြီးတော့ နောက်ပိုင်း နောက်ပိုင်းမှာတော့ ပြုပြင် ပြောင်းလဲရေးတွေ မြင်လာရပါပြီ။ အကျဉ်းဦးစီး ဌာနလည်း အခု အစိုးရရဲ့ စနစ်သစ်နဲ့အတူ တချို့ပြောင်းလဲချက်တွေ သိသာ ထင်ရှားတဲ့ ပြောင်းလဲချက်တွေ တွေ့ရတယ်။ အထူးသဖြင့် ရိုက်နှက် ညှဉ်းဆဲမှု ဆိုတာမျိုးတွေတော့ တော်တော်လည်း လျော့နည်းလာပြီ။ လျော့နည်း လာရုံနဲ့တင် မရပါဘူး။ လုံးဝ ပိုပြီးတော့ ကိုယ့်နိုင်ငံသား အခွင့်အရေး မဆုံးရှုံးတဲ့ ပုံစံမျိုးတော့ ပိုပြီး ဖြစ်သင့်ပါတယ်။

လွမ်းမြောက်လာတာ ဝမ်းသာတဲ့စကား ဘာများ ပြောချင်ပါလဲရှင်။

ဒီတခေါက် လွတ်မြောက်ခြင်းက အထဲမှာ ကျန်ခဲ့တဲ့လူ နည်းတဲ့အတွက် လွတ်မြောက်လာတဲ့ သူတွေ စိတ်ချမ်း သာကြမှာပါ။ ပြီးတော့ တိုင်းပြည် အတွက်လည်း ပိုပြီးတော့ ပွင့်လင်းမြင်တာတဲ့ အခြေအနေတခု ဖြစ်လာတယ်လို့ ကျနော်တို့ မြင်ပါတယ်။

တခြားဘာများ ထပ်ဖြည့်ပြောချင်သေးလဲရှင့်။

ကျနော်တို့ လူထုအင်အားကို ယုံတယ်။ မြန်မာပြည်ရဲ့ ပြည်သူတွေသာလျှင် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်မယ် ဆိုတဲ့ အင်အားကို ကျနော်တို့ ယုံတယ်။ ဒီ မက်ဆေ့ခ်ျလေးကို ကျနော် ပေးချင်ပါတယ်။

Ref: မဇ္ဈိမ

Read More...

ဘေဘီနီလာသိန်းရဲ့ ဖခင် ကိုဂျင်မီ

ဖနိဒါ
သောကြာနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၂

(၈၈ မျိုးဆက် ကိုဂျင်မီနှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂ဝဝ၇ ခုနှစ် လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းများ မြင့်တက်မှုအား လမ်းလျှောက် ဆန္ဒ ပြခဲ့သဖြင့် ထောင်ဒဏ် ၆၅ နှစ် ကျခံခဲ့ရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယုလည်း သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ရှမ်းပြည်နယ် တောင်ကြီးထောင်မှ သောကြာနေ့က လွတ်မြာက် လာသည်။ ဇနီးဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသူ မနီလာသိန်းလည်း ရန်ကုန်တိုင်း သာယာဝတီ ထောင်မှ လွတ်မြောက်လာပြီ ဖြစ်သည်။

အဖမ်းခံရစဉ်က သမီးငယ် ဘေဘီနီလာသိန်း (ခေါ်) ဖြူနေခြည်မင်းယု မှာ ၄ လအရွယ်မျှသာ ရှိသေးပြီး ယခု ပြန်လွတ် လာချိန်တွင် ၅ နှစ်အရွယ် သမီးလေးအား ခုချိန်ထိ မတွေ့ရသေးပေ။

တောင်ကြီးထောင်မှ လွတ်မြောက်လာခဲ့သည့် ကိုဂျင်မီကို မဇ္စျိမ သတင်းထောက် ဖနိဒါက ဆက်သွယ် မေးမြန်း ထားသည်။

သမ္မတ ဦးသိန်းစိန်မှ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ခွင့် ရရှိစေရေး အတွက် ဆိုပြီး ခုလို အကိုတို့ ၈၈ ကျောင်းသားတွေကို လွတ်ပေး လိုက်တဲ့အပေါ် ဘယ်လို ထင်လဲ။

လွတ်ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် အကိုတို့ တောင်ကြီးတောင်က ၁၁ ယောက်ထဲမှ ၁ဝ ယောက်ပဲ လွှတ်တယ်။ တယောက် မလွတ်ဘူး။ ဦးရွှေထူး။ သူ ကျန်နေခဲ့တယ်ကွာ။ သူက သာမန် ကျောင်းဆရာ ပဲ။ အဲဒါ မကောင်းဘူး။ လွှတ်ပေးစရာ ရှိရင်လည်း အကုန်လုံး လွှတ်ပေး လိုက်ပါ။ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးတယ် ဆိုတာ တိုင်းပြည် ကောင်းကျိုးအတွက် ဖြစ်တယ်။ တကမ္ဘာလုံးက ဒီလို လွှတ်ပေးတာက ကောင်းတယ်လို့ ပြောချင်တယ်။

အကို လွတ်လာပြီးတော့ ပထမဆုံး ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ။

လွတ်လာတာနဲ့ သူငယ်ချင်းတွေ အားလုံးဆုံမယ်။ ဆုံပြီးတော့ ဆုံးဖြတ်ချက်တခု ကျရမှာပေါ့နော်။ အခု လောလောဆယ် မှာတော့ အစိုးရသွားနေတဲ့ လမ်းကြောင်းက ဟိုးအရင်က လမ်းကြောင်းနဲ့ သွားတူနေတာ တွေ့ရတယ်။ အဲဒါကို ဆက်ပြီး မောင်းနှင်ရမယ်။ ဆိုလိုချင်တာက တွေ့ဆုံ ဆွေးနွေးရေးမှတဆင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးသို့ ဆိုတဲ့ လမ်းကြောင်းပေါ့နော်။ အဲဒါကို ရဖို့ အကိုတို့ နှစ်ရှည်လများ ကြိုးစားခဲ့ တာလေ။ ဒါကို အစိုးရက လက်ခံလာပြီး ဒီအတိုင်း သွားမယ်ဆိုရင် သူတို့နဲ့ ပူးပေါင်းပြီးတော့ ဒီဥစ္စာကိုပဲ Draft လုပ်သွားရမှာပေါ့။

၈၈ အဖွဲ့ကို တရားဝင်ပါတီဖြစ်ဖို့ ရွေးကောက်ပွဲဝင်မယ် စိတ်ကူးရှိလား။

ဒါကလောလောဆယ် မဆုံးဖြတ်ရသေးဘူး။ အားလုံးဆုံပြီးတော့မှ ဆုံးဖြတ်မယ်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်တဲ့ အပေါ်မှာ ဘယ်လို မြင်လဲ။

ဒါက လက်ခံပါတယ်။ ထောက်ခံပါတယ်။ ရွေးကောက်ပွဲဝင်ရင် တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီပေးကြဖို့ အထဲမှာ နေကတည်းကနေ ပြောထားပြီးသား ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ သွားနေတဲ့ ဒီမိုကရေစီအပြောင်းအလဲ လုပ်ဆောင်နေမှု တွေကို ဘယ်လို မြင်လဲ။

သမ္မတ ဦးသိန်းစိန် လုပ်ဆောင်နေမှုတွေကို ဂျာနယ်တွေထဲကနေ ဖတ်ရပါတယ်။ ဒါတွေဟာ အပြုသဘော ဆောင်တဲ့ ကိစ္စတွေ၊ အပြုသဘော ဆောင်တဲ့ လုပ်ရပ်တွေ အများကြီး လုပ်ခဲ့တယ် ဆိုတာကိုလည်း ရည်ညွန်း နေကြတာပေါ့ဗျ။ ဒါကတော့ ကြိုဆိုသင့်တဲ့ အပိုင်းကို ကျနော်တို့ ကြိုဆိုမှာပါ။ လုပ်သင့် လုပ်ထိုက်တဲ့ အပိုင်းကို လုပ်တယ် ဆိုတာကလည်း ကျနော်တို့ လေးလေး နက်နက် လက်ခံတယ်။ ဒါပေမယ့် လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတဲ့ အကြောင်းကိုလည်း ကျနော် ပြောချင်တယ်။ အဲဒီအတွက် ကျနော်တို့ကလည်း အဲဒီလုပ်စရာ အများကြီးရှိတဲ့ ရှိတဲ့ ဒီလုပ်ငန်းတွေ အတွက်ကို ကျနော်တို့လည်း ပူးပေါင်းပြီးတော့ အင်တိုက် အားတိုက် ဆောင်ရွက်မယ် ဆိုတာကို ပြောချင်တယ်။

အစိုးရဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နဲ့ အပစ်အခတ် ရပ်ဆိုင်းရေးတွေ လုပ်နေပြီ၊ ဒီလို ဆွေးနွေးမှုတွေ အပေါ်မှာ ဘယ်လို သဘောရလဲ။

ဒါတွေက တကယ်လုပ်ရမယ့် အချက်ဘဲ။ ဒါက ကျနော်ဆိုလိုချင်တဲ့ concept ပေါ့။ တွေ့ဆုံဆွေးနွေးရေးမှ တဆင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို သွားမယ်ဆိုရင် ဒါတွေ အကုန်သွားရမယ်။ အပစ်အခတ် ရပ်စဲရမယ်။ ဒီကနေ ငြိမ်းချမ်းရေး သွားမယ်။ ဒီအမျိုးသားပြန်လည် သင့်မြတ်ရေး မရှိရင် ဘယ်တိုင်းပြည်မှ မတိုးတက်ဘူး။ ဒီ concept ကို လက်ခံထားမယ် ဆိုရင် ငြိမ်းချမ်းရေး မဖြစ်ဖြစ်အောင် လုပ်ရမယ်လို့ မြင်ပါတယ်။

ပြည်တွင်းပြည်ပမှာ ရှိနေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေကိုရော ဘာများ ပြောချင်လဲ။


ပြောချင်တယ်။ အပြင်မှာရှိနေတဲ့ ကျနော်တို့ ရဲဘော်ရဲဘက်တွေဟာ သူတို့ ယုံကြည်ချက် တွေကို စွန့်လွတ်ပြီးတော့ နိုင်ငံခြားကို ထွက်ခွာသွားရတာ ကျနော်တို့ရဲ့ ရဲဘော် ရဲဘက်တွေ ဖြစ်တယ်။ အခု ကျနော်တို့ လွတ်လာပြီ တိုင်းပြည် တာဝန်ကို ဆက်ပြီး ထမ်းဆောင်ရမယ်။ သူတို့ကြီးပဲ တိုင်းပြည် တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ သူတို့ မြန်မာပြည်ကို ပြန်လာပြီးတော့ လွတ်လွတ်လပ်လပ် ကျနော်တို့နဲ့ အတူ တာဝန် ထမ်းဆောင်နိုင်ဖို့ အတွက်ကို ကျနော်တို့ ကြိုးစားသွားမယ်။ သူတို့လည်း ဒီမှာ တာဝန် ထမ်းဆောင်နိုင်ဖို့ အတွက် အင်အားတွေ ဖြည့်ထားပါလို့ ကျနော်ပြောချင်တယ်။

ကျမ ကြားရသလောက် လူ့အခွင့်အရေး မြင့်တင်ရေးကွန်ယက် ဦးမြင့်အေးကို မလွတ်ပေးသေး ဘူးလို့ ကြားရတယ်။ အဲဒီအပေါ် ဘာကြောင့်လို့ ထင်လဲ။

ဒါ သိပ်ဆိုးတဲ့ ကိစ္စရပ်တွေဗျာ။ ဒီလိုတွေ လူကောင်းတွေပါ။ တိုင်းပြည်ကို တကယ် ကောင်းစေချင်တဲ့ လူတွေပါ။ ကျနော်တို့ အာမ ခံပါတယ်။ ဒီလူတွေကို လွှတ်ပေးသင့်ပါတယ်ဗျာ။ ဒီလိုတွေကို လွှတ်ပေးခြင်းအားဖြင့် တိုင်းပြည် အကျိုးရှိမယ် ဆိုတာ သိဖို့ဘဲ။ တကယ် ကျနော်တို့ တာဝန် ယူပါတယ်ဗျာ။

အခုနောက်ဆုံး မေးခွန်းအနေနဲ့ နှစ်ပေါင်းများစွာ ခွဲနေရခဲ့ရတဲ့ သမီးလေးကို တွေ့ရတော့မယ် ဆိုတော့ ဘယ်လို ခံစားရလဲ။

အဖေ တယောက်အနေနဲ့ ဝမ်းသာတာပေါ့။ လူသားတယောက် အနေနဲ့ ဝမ်းသားပါတယ်။ ဒါပေမယ့် သေချာ တာတခုတော့ သမီးလေးကလေ ဒီအခြေအနေထဲကို တော်တော် စဉ်းစားပြီးတော့ ဝင်လာတဲ့ သမီးပါ။

Ref: မဇ္ဈိမ

Read More...

“၈၈ တွေ အကုန်လုံး တွေ့ကြပေါင်းကြ စကားပြောကြပြီးမှ စီစဉ်ရလိမ့်မယ်”

ကိုဝိုင်း
သောကြာနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၂

(စစ်တွေထောင်မှ ၈၈ မျိုးဆက်ကျောင်းသား ကိုသန်းတင်နှင့် အင်တာဗျူး)

၂၀၀၇ ခုလောင်စာဆီဈေးကျဆင်းရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး လမ်းလျှောက် ဆန္ဒပြရာတွင် ပါဝင်ခဲ့သဖြင့် ဖမ်းခံရသူ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင် ကိုသန်းတင်သည် စစ်တွေထောင်မှ အခြားနိုင်ငံရေး အကျဉ်းသား ၇ ဦးနှင့်အတူ သောကြာနေ့က လွတ်မြောက် လာသည်။

အသက် ၅၂ နှစ် ရှိပြီဖြစ်သည့် ကိုသန်းတင် အား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက မေးမြန်း ထားသည်။

စစ်ထွေထောင်ကနေ ဘယ်နှစ်ယောက် လွတ်လာပါလဲ။

“ကျနော်တို့ စစ်ထွေထောင်က ၈ ယောက်ပါ ခင်ဗျ။ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်၊ ဇေယျာဦး၊ ဒေါက်တာ သက်လွင်၊ ဦးပုဇင်း ပုရစ်၊ ကျော်လင်းအောင်၊ ကျော်ဇင်ဝင်း။ ၈၈ က ကျနော် တယောက်ထဲ ပါပါတယ်။ ဘုန်းကြီးတွေ ကျောင်းသားတွေ။ ကျော်ဇင်ဝင်းက NLD ပါ”

လွှတ်မယ်ဆိုတာကို ဘယ်အချိန်လောက်မှာ ဘယ်သူက လာအကြောင်းကြားလဲ။


“ကျနော်တို့ကို ည ၁ဝ နာရီလောက်မှာ ထောင်မှူးကြီးက လာအကြောင်းကြားတာ ခင်ဗျ။ ကျနော်တို့ စာရင်းတွေ ပါလာတယ် ဆိုပြီးတော့ လိုက်ပြီးတော့ ပြောတာပေါ့ဗျာ။ တခန်းဝင် တခန်းထွက်ပေါ့။ ထောင်မှူးကြီးက ဦးသိန်းလွင်ပါ”

လွတ်လာတဲ့သူတွေက စစ်ထွေထောင်မှာ နေတော့ သတ်သတ်စီလား။


“ကျနော်တို့က တိုက်တတိုက်ထဲပါ။ တယောက်တခန်းစီပေါ့ နေရတာပါ။ ကျနော်တို့ အုပ်စုက သတ်သတ်တိုက် တခုပေါ့”

အခု အချုပ်အနှောင်ထဲမှာ လေးနှစ်လောက်နေခဲ့ရပြီး အပြင်လောကကို ပြန်ရောက်လာပြီဆိုတော့ ခံစားချက်ကို ဖော်ပြပေးပါ။

“ထောင်ဆိုတာကတော့ဗျာ နံရံတွေ လေးဘက်ဝိုင်းထားတာပေါ့ဗျာ။ ထောင်ဆိုတာတော့ ဟိုတယ် မဟုတ်ဘူးပေါ့။ အကျဉ်းထောင် ဆိုတော့ အကျဉ်းထောင် ပုံစံအတိုင်း နေရတာပေါ့။ လွတ်မြောက် လာရတာတော့ ဝမ်းသာတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အားလုံး နီးပါးလို့ လွတ်လာပြီလို့ ကျနော်ထင်တယ်လေ။”

အကို ဖမ်းခံရတဲ့နေရာနဲ့ ဖမ်းခံရပုံကို ပြောပြပေးပါခင်ဗျာ။

“ကျနော်တို့ကို ၂ဝဝ၇ ခု၊ ၈ လပိုင်းပေါ့ဗျာ ဖမ်းတာပေါ့။ သံအမတ်ကြီး ဟိုတယ်မှာ ကျနော့်ကို ၂၃ ရက်နေ့မှာ မိတာပေါ့နော်။ ကျနော် တယောက်ထဲပါပဲ။ လာဖမ်းတာ လူ ၅ဝ လောက်နဲ့ပေါ့ဗျာ။ လက်နက်တွေနဲ့ ပေါ့ဗျာ”

ဖမ်းပြီးတော့ ဘယ်ကိုခေါ်သွားပြီး ဘာဆက်ဖြစ်လဲခင်ဗျ။

“ကျနော့်ကို ဖမ်းပြီးတော့ ပြည်ထဲရေးရုံးမှာပေါ့ဗျာ နှစ်ပါတ်လောက် ထားတာပေါ့။ ပြီးတော့မှ အင်းစိန် စစ်ခွေးတိုက်ကို ပို့တာပေါ့။ စစ်ခွေးတိုက်မှာ တလကျော်လောက် နေရတာပေါ့။ စစ်ကြောရေး ပေါ့နော်။ စစ်ကြောရေးမှာ ကျနော်တို့ကို အေးအေး ဆေးဆေးပါပဲ။ ကောင်းကောင်း မွန်မွန် ဆက်ဆံပါတယ်။ စစ်ကြောရေးမှာတော့ သီးသန့် ခွဲစစ်တာပေါ့။”

စစ်ခွေးတိုက် စစ်ကြောရေးပြီးတော့ ဘာဆက်ဖြစ်သေးလဲခင်ဗျ။

“စစ်ခွေးတိုက်ကနေ နောက်ဆုံး ၅ ဆောင်တိုက်ကို ပို့တာပေါ့ဗျာ။ ၅ ဆောင်တိုက်မှာတော့ ကျနော် တနှစ်ကျော်လောက် နေရတာပေါ့။ အဲဒီကနေမှ အမိန့်ကျ၊ ထောင်ကျပြီးမှ စစ်တွေထောင်ကို ပြောင်းရ တာပေါ့။ ၂ဝဝ၈ ခု နိုဝင်ဘာ ၂ဝ ရက်နေ့ပေါ့”

အကိုနဲ့အတူ တခြားဘယ်သူတွေကို ဘယ်တရားရုံးမှာ ရုံးထုတ်ခဲ့လဲဗျ။

“ကျနော်တို့ကို အင်းစိန်ထောင်ဝင်းထဲက အထူးတရားရုံးမှာပဲ ရုံးထုတ်တာပေါ့။ ကျနော်နဲ့အတူ ကျနော်တို့ ၈၈ တွေ အားလုံး ၃၇ ယောက် တပြိုင်နက်ထဲပါ။”

ရုံးထုတ်နေတဲ့အချိန် ခုခံပိုင်ခွင့်တို့ မိသားစုနဲ့ တွေ့ခွင့်တို့ အခြေအနေလေးတွေ ပြောပြပေးပါ။

“အင်းစိန်တရားရုံးမှာ ပထမတော့ ရတယ်ခင်ဗျ ရှေ့နေတွေ ဘာတွေလေ။ နောက်ပိုင်းကျတော့ ကျနော်တို့ ရှေ့နေတွေ ဘာတွေကို လာခွင့် မပြုတော့ဘူးဗျ။ ပထမတော့ မိသားစုတွေဘာတွေနဲ့ တွေ့ခွင့် ရတာပေါ့။ နောက်ပိုင်းကျတော့ မိသားစု တွေနဲ့ပါ တွေ့ခွင့် မရတော့ဘူး။ ရှေ့နေတွေကတော့ များတယ် အယောက် ၂ဝ လောက်တော့ ရှိမယ်ထင်တယ်။ ဦးအောင်သိန်းလည်း ပါတာပေါ့ဗျာ သူကလည်း ထောင်ကျ သွားတာပေါ့ ကျနော်တို့ကို လိုက်ရင်းနဲ့”

၂ဝဝ၇ ခု သြဂုတ်မတိုင်မီ ဖမ်းခံရတာရှိသေးလား။

“ဟိုတုန်းကတော့ ခဏတော့ ဖမ်းခံရဖူးတယ်ဗျ။ ထောင်တော့ မကျဖူးဘူး။ ၁၉၈၉ ခု မတ်လတုန်းက ပေါ့ဗျာ”

၂ဝဝ၇ ခုက ပုဒ်မတွေ အတပ်ခံရတာ ဘယ်နှခုရှိလဲ။ ဘာတွေလဲ။

“ပုဒ်မတွေက ကျနော်တို့ကို အများကြီးပဲဗျ။ ၁၁ ခုပဲဗျ။ ကျနော်တို့ ၈၈ တွေ ပုဒ်မတွေ အတူတူပဲ။ ၆၅ နှစ် ကျတာတွေပဲ”

စစ်ထွေထောင်မှာ စုစုပေါင်း ဘယ်နှနှစ်လောက် ကြာသွားလဲ။ လျှော့ရက် ရသေးလား။

“၂ဝဝ၈ ခု နိုဝင်ဘာဆိုတော့ ၃ နှစ်ကျော်ကျော်ပေါ့ခင်ဗျ။ စစ်တွေမှာနေရတာ။ လျှော့ရက် ဘယ်ရပါ့မလဲဗျာ”

အခု အကို့ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ။ စစ်ထွေထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု။

“ကျနော်က အစာအိမ် သွေးကြောပေါက်တဲ့ ဝေဒနာ ရှိတော့ ကျန်ခဲ့တဲ့ ဇူလိုင်လက စစ်တွေ ဆေးရုံကြီးမှာ တက်ပြီးတော့ သွေး ၇ ပုလင်း သွင်းရတယ်ပေါ့ဗျာ။ ထောင်အာဏာပိုင်တွေ ကပဲ သေချာ လုပ်ပေးပါတယ်။ အထူး ဂရုစိုက်ပြီးတော့။ ဆေးရုံက အစပေါ့။ ကောင်းကောင်း မွန်မွန် ဆက်ဆံပါတယ်”

ထောင်ထဲမှာ စားရသောက်ရတာနဲ့ နေထိုင်ရတဲ့ အနေအထား။

“ထောင်ထဲမှာတော့ အဆင်ပြေပါတယ်။ အဆင်ပြေအောင် သူတို့စီစဉ် ပေးပါတယ်။ ကျနော်ကတော့ တယောက်ထဲပဲ နေရပါတယ်။ အဆင် ပြေပါတယ်။ အခန်းတွေ ဘာတွေ၊ လိုအပ်တဲ့ဟာကို ဆောင်ရွက်ပေး ပါတယ်”

အပြင်က သတင်းတွေ ဘာတွေရော ဘယ်လို သိရပါလဲ။

“ကျနော်တို့ကတော့ မိသားစုဝင်တွေ လာတဲ့အခါလည်း နည်းနည်း သိရတာပေါ့ဗျာ။ နောက် ဂျာနယ်တွေ ဘာတွေ ဖတ်နေရတဲ့ အခါကျတော့ သိရတာပေါ့”

အခုအပြင်ရောက်လာပြီ။ နှမဖြစ်သူနဲ့လည်း ဆုံပြီဆိုတော့ လက်ရှိ အစိုးရရဲ့ လုပ်ဆောင်မှုတွေရော ဘယ်လောက်ထိ သိထားပြီလဲ။ ဘယ်လိုများ ယူဆပါလဲ။

“အဲဒါကတော့ဗျာ ကျနော်တို့က သိပ်ပြီးတော့ ထဲထဲဝင်ဝင် မသိရသေးဘူး။ ကျနော်တို့က ဂျာနယ်ပေါ်က၊ သတင်းစာပေါ်က ဟာတွေပဲ ဖတ်ရတဲ့ အခါကျတော့ ဒီဥစ္စာကို ပြောရဆိုရ ခက်ပါတယ်။ သုံးသပ် ရမှာလေ စောလိမ့်မယ်လို့ ထင်ပါတယ်”

အစိုးရက နိုင်ငံရေးအကျဉ်းသားလို့တော့ မသုံးနှုန်းဘူးပေါ့။ ထောင်ထဲမှာရော နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ သဘောမျိုး ဆက်ဆံတာ ရှိလား။

“ရှိပါတယ်။ ကျနော်တို့ကို သီးသန့်အနေနဲ့ ခွဲခြားဆက်ဆံတာ ရှိတယ်။ ကျွေးတာမွေးတာက အစ ဆေးဝါး ကုသတာ အစ၊ သွားခွင့်လာခွင့် နေခွင့်ထိုင်ခွင့်က အစပေါ့နော် သီးခြား ဆက်ဆံပါတယ်။ ဒါကတော့ တော်တော် ကွဲပြားပါတယ်”

ထောင်ထဲမှာ ထောင်ကျအချင်းချင်းရော နိုင်ငံရေး အကျဉ်းသား ဆိုတာ ဘယ်လို သိနိုင်မလဲ။


“အခြားအကျဉ်းသားတွေနဲ့ ကျနော်တို့ မြင်တာနဲ့ သိသာပါတယ်။ ပုံစံတွေက တော်တော် ကွဲတာကိုးဗျ။ နေမှု ထိုင်မှုရော ယဉ်ကျေးမှုရော အကုန်ကွဲတာကိုး။ လူပုံကြည့်တာနဲ့ တော်တော် သိသာပါတယ်။ နောက်ပြီးတော့ စစ်တွေထောင် ဆိုတော့ ရခိုင်လူမျိုးနဲ့ ကုလားလူမျိုး များတဲ့ အခါကျတော့ ကျနော်တို့ ပုံတွေက အများကြီး သိသာပါတယ်”

ဘာများဆက်လုပ်ဖို့ စဉ်းစားထားပါလဲ။

“အဲဒါကတော့ ကျနော်တို့ ၈၈ တွေအကုန်လုံး တွေ့ကြပေါင်းကြ စကားပြောကြပြီးမှ စီစဉ်ရလိမ့်မယ် ထင်တယ်။ အခုနေကတော့ ဘယ်သူနဲ့မှ မတွေ့ရ သေးဘူးလေ။ ကျနော်တို့ နဂိုကတည်းက ပုံစံကလည်း စုပေါင်းလုပ် စုပေါင်းသွားတဲ့ ကိစ္စပဲဟာ”

ရန်ကုန်ပြန်ဖို့ ဘယ်လို စီစဉ်ထားပါလဲ။ ဘယ်တော့ ပြန်မလဲ။

“ပြန်ဖို့ကတော့ ဒီက အာဏာပိုင်တွေက စီစဉ်ပေးပါတယ်။ မနက်ဖြန် ပြန်ဖြစ်ပါမယ်။ လေယာဉ်ပျံနဲ့ စီစဉ်ပေးနေ ပါတယ်။”

၈၈ မျိုးဆက်အဖွဲ့ကို တရားဝင် မှတ်ပုံတင်ရင် ကောင်းမလားလို့ စဉ်းစားချက်တွေ ရှိနေတဲ့ အပေါ်မှာ ဘာပြော ချင်ပါလဲ။

“အဲဒါကလည်း ကျနော်တို့တွေ အားလုံးဆုံမှလေ စုပေါင်းလုပ် စုပေါင်း ဝိုင်းစဉ်းစားတာက ၈၈ မူလေ။ အဲဒီကျမှ ပြောပြနိုင်ပါမယ်”

အရင်က ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ရွေးကောက်ပွဲ ဝင်တော့မယ်။ အကိုတို့ အနေနဲ့ ဘယ်လိုမြင်လဲ။ တွဲလုပ်မလား။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့က အစထဲက ဝိုင်းရံပြီးတော့၊ သူ့ကို ဗဟိုပြုပြီးတော့ ဝိုင်းရံ လာတာပဲလေ။ ဒါကတော့ ဆက်ရှိ နေမှာပဲ။ နောက် ဒေါ်အောင်ဆန်းစုကြည် ကလည်း သူက သူရဲ့ လိုအပ်ချက်အရ လိုအပ်လို့ အလုပ်လုပ်တယ်လို့ ကျနော်တို့ ယုံကြည် တယ်လေ။ သူဟာ အမျိုးသားခေါင်းဆောင်လို့ ကျနော်တို့ သတ်မှတ်ထားတဲ့ အတွက် သူ့ရဲ့ လုပ်ရပ်တိုင်းကိုတော့ ကျနော်တို့ ဘာပဲဖြစ်ဖြစ် ကြိုဆိုတယ်ပေါ့ဗျာ”

အကိုတို့ လုပ်ကိုင်တာနဲ့ ပုဒ်မချတာနဲ့ အပေါ် ဘယ်လိုမြင်လဲ။ ဘာပြောချင်လဲ။


“ကျနော်တို့ နဂိုထဲက တရားရုံးကို စထွက်ကတည်းက တရားရေး မဏ္ဍိုင်ဟာ ဘာလဲဆိုပြီးတော့ ထွက်ပြီးတော့ စမ်းသပ် ပြီးတော့ ရင်ဆိုင်တာဗျ။ တရားရေး မဏ္ဍိုင်က မဟုတ်ဘူး ဆိုတဲ့ အခါကျတော့ ဒီတရားရုံးကို နောက်ဆုံး ကျနော်တို့ ကျောခိုင်း ခဲ့တယ်လေ။ အဲဒါက ၈၈ ရဲ့ လုပ်ရပ်ပါ”

အမျိုးသားရင်ကြားစေ့ရေးကိစ္စမှာ ဘာတွေ လုပ်ဖို့လိုအပ်သေးတယ် ယူဆလဲ။


“အရင်ဆုံးကတော့ ကျနော်တို့နဲ့ စကားတွေပြောရဦးမယ်ဗျာ။ ငြိမ်းချမ်းရေးကိစ္စတွေ လုပ်ရဦးမယ် ဗျာ။ ဒါတွေက ပီပီပြင်ပြင်ကို ဖြစ်လာတဲ့ အခါကျမှ ပြောတာ ပိုကောင်းမယ်ထင်တယ်”

ကချင်ဘက်က တိုက်ပွဲ သတင်းတွေရော ကြားရသေးလား။

“ကြားပါတယ်ခင်ဗျာ။ သမ္မတကြီး အမိန့်ရှိပြီးနောက်မှ တိုက်ပွဲပေါင်း ၁ဝဝ ကျော် ဖြစ်နေတာလည်း ကျနော်တို့ ကြားပါတယ်။ ဒါကတော့ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုတာ ဒါ ပြသတာပဲဗျ။ ကျနော်တော့ ဒီလိုပဲ ယူဆတယ်လေ”

တခြားဘာများပြောချင်တာ ရှိပါသေးလဲ။

“အခုလို ကျနော်တို့ လွတ်မြောက်လာဖို့အတွက် အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းကြတဲ့ နိုင်ငံသူ နိုင်ငံသား အားလုံး၊ ကမ္ဘာသူ ကမ္ဘာသား အားလုံး ကျနော် ဒီနေရာကနေ ကျေးဇူး တင်ပါတယ်လို့ ဒါပဲ ပြောချင်ပါတယ် ခင်ဗျ”


Ref: မဇ္ဈိမ

Read More...

“ဘယ်လို Feeling မှ မဖြစ်ပါဘူး။ ဝမ်းလည်း မသာပါဘူး”

မျိုးသန့်
သောကြာနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၂

(ဦးခွန်ထွန်းဦး နှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးက သူ့ကို စွဲချက် တင်ခဲ့သည့် နိုင်ငံတော် ပုန်ကန်မှုနှင့် ပတ်သက်၍ သူသည် နိုင်ငံတော် ပုန်ကန်သူ တဦး မဟုတ်ဟု ငြင်းဆိုလိုက်ပြီး မိမိ နိုင်ငံတော် ပုန်ကန်သည်မှာ မှန်ကန်ပါက ဖမ်းသည့် နေရာတွင်ပင် ပစ်သတ်ကာ အပြစ်ပေး၍ ရကြောင်း မဇ္ဈိမကို ပြောသည်။

ကြာသပတေးနေ့က နိုင်ငံသမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် အကျဉ်းသား ၆၅၁ ဦးကို လွှတ်ပေးခဲ့ရာ ဦးခွန်ထွန်းဦး အပါအဝင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားများ သောကြာနေ့က ပြန်လည် လွတ်မြောက် လာခဲ့ကြသည်။

အသက် ၆၇ နှစ်ရှိ ဦးခွန်ထွန်းဦးကို လွတ်မြောက်လာမှုအပေါ်အမြင်၊ လက်ရှိ အစိုးရအပေါ်သဘောထား၊ တိုင်းရင်းသား အရေး၊ SNLD ရှေ့ဆက် လုပ်ဆောင်သွားမည့် အပေါ် သုံးသပ်ချက်များ၊ အဖမ်းခံရမှုနှင့် ပတ်သက်၍ သူ၏ ခံစားမှု စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်း ထားခြင်းဖြစ်သည်။

၂ဝ၁ဝ ခုနှစ်အတွင်း ဖျက်သိမ်းခံရသည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးမှာ ရှမ်းလူမျိုး အတိုက်အခံ များကို စုစည်းပေးမည့် ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းခြင်းကြောင့် ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလ အတွင်းက ဖမ်းဆီခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၉၃ နှစ်ကျခံရန် အပြစ်ပေးခြင်း ခံခဲ့ရသူဖြစ်သည်။

ပထမဆုံး မေးချင်တာက အန်ကယ်တို့ လွတ်လာမယ်ဆိုတာ ကြိုပြီးတော့ ပြောတာရှိလား။ ကြိုပြီး သိရသလား ခင်ဗျ။

"ကြိုပြောတာတော့ မရှိဘူး။ ဒါပေမယ့် ညနေပိုင်း သတင်းတော့ ကြားတယ်။ ထူးတယ် ထူးတယ်ပေါ့။ ည ရှစ်နာရီ ခွဲလောက် ကျတော့ ထောင်ဝန်ထမ်း လေးတွေက ကျနော်ပါတဲ့ အကြောင်း လာပြောတော့ သိရတာပါ။"

လွှတ်ပေးလိုက်တာမှာ ခံဝန်ချက်တို့ လက်မှတ်စုံတရာ ထိုးခဲ့ရတာရှိလား ခင်ဗျာ။

“ကျနော် ဘာမှ မထိုးခဲ့ရပါဘူး။”

အခုလို လွတ်လာတဲ့အပေါ်မှာကော ဘယ်လိုခံစားမှုဖြစ်လဲ။

"ကျနော် ဘယ်လို Feeling မှ မဖြစ်ပါဘူး။ ဝမ်းလည်း မသာပါဘူး။ ကျနော်တို့ကို အပြစ်မရှိဘဲ ဖမ်းဆီး ထောင်ချ ထားတာလို့ပဲ မြင်ပါတယ်။"

ဟုတ်ကဲ့ အန်ကယ့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းတယ်လို့လည်း သိရတယ်၊ တကယ်ကော နိုင်ငံတော် ပုန်ကန်မှု မြောက်ရဲ့လား။

"ကျနော်တို့ကို အပြစ်မရှိဘဲ ဖမ်းသွားတာသာ ဖြစ်ပါတယ်။ ကျနော့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းတယ်။ ကျနော် SNLD ဥက္ကဋ္ဌ တယောက် အနေနဲ့ ဒီလိုမျိုး လုပ်မလားဗျာ၊ ပြောတာတော့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမိန့်နဲ့ ကျနော့်ကို ဖမ်းတယ်လို့ ပြောတယ်။ ကျနော် တကယ်သာ နိုင်ငံတော် ပုန်ကန်တာ မှန်ခဲ့ရင် ဖမ်းစရာ မလိုဘူး၊ တခါတည်း ပစ်သတ်လိုက်ပါ။ နောက်တခုက ရှမ်းပြည် အတိုင်ပင်ခံ အဖွဲ့ဖွဲ့လို့ ဖမ်းတယ်လို့ ပြောတယ်။ တခြားသူတွေလည်း ဖွဲ့တာပဲ ကျနော်တို့ ရှမ်းတွေကိုမှ ဖမ်းတယ်ဗျာ။"

အစိုးရက အခုလွှတ်ပေးတာဆိုရင် လေးကြိမ်မြောက် လွှတ်ပေးတာပေါ့။ အဲဒီလို တဖြည်းဖြည်း လွှတ်နေရင်းက အန်ကယ်တို့လို နိုင်ငံရေး အကျဉ်းသားတွေ ပါလာတယ်။ ဒီလွှတ်ပေးမှု အပေါ်မှာ ဘယ်လို သဘောထားပါသလဲ။

"မစ္စကလင်တန်ကိုလည်း ကတိပေးလိုက်ပြီ၊ အာဆီယံ ဥက္ကဋ္ဌ ရာထူးကိုလည်း ယူမယ်ဆိုတော့ သူတို့ အနေနဲ့ ဒီဟာကို နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးလို့ မရတော့တဲ့ အနေအထားပေါ့။ အဲဒါကြောင့် ကျနော်တို့ကို ဆက်ထားလို့ မဖြစ်တော့လို့ လွှတ်ပေး လိုက်တယ်လို့ ထင်ပါတယ်။ အစိုးရက လမ်းကြောင်း ပြောင်းလာပြီ ဒီမိုကရေစီ လမ်းကြောင်းကို သွားမှဖြစ်တော့မယ်။"

သမ္မတရဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်အရ ထာဝရ ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လွှတ်ပေးတယ်ပေါ့။ တကယ်ကော ဒီရည်ရွယ်ချက်တွေ ဆန္ဒတွေနဲ့ လွှတ်ပေးတယ်လို့ အန်ကယ် ထင်သလား။

"ကျနော် ဒီအပေါ်မှာတော့ ၅၅ ရာခိုင်နှုန်းပဲ ယုံကြည်ပါတယ်။ ရာနှုန်းပြည့်တော့ မပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မနေ့ကပဲ ကရင်နဲ့ လက်မှတ် ထိုးလိုက်တယ်။ ကချင် ဘက်မှာတော့ စစ်ဖြစ်နေတုန်း ဆိုတော့ ကျနော် အပြည့်အဝ ယုံကြည်လို့ မရသေးပါဘူး။"

အန်ကယ် ထောင်ကျခံရတဲ့ကာလတုန်းကတော့ စစ်အုပ်ချုပ်ရေးပေါ့၊ ခုတော့ အရပ်သား အစိုးရတော့ ပေါ်လာပြီလို့ ဆိုကြတယ်။ ဆိုတော့ ထောင်က ထွက်ထွက်ချင်း ထူးခြားတဲ့ ပြောင်းလဲမှုတခု ဘာမြင်ရ သလဲ။

"တော်တော်တော့ ပြောင်းလဲ တိုးတက်တယ်လို့ ကျနော် မပြောနိုင်ပါဘူး၊ ဒါပေမယ့် ထူးခြားတာကတော့ မီဒီယာ သမားလေးတွေ တော်တော်လေး များလာတာ တွေ့ရပါတယ်။ အဲဒါကလည်း တိုးတက်ပြောင်းလဲမှုလို့ ထင်ပါတယ်။"

မီဒီယာသမားတွေ များလာတာကို တိုးတက်မှုလို့ ဘာ့ကြောင့်ပြောနိုင်တာလဲ ခင်ဗျာ့။


"မီဒီယာဆိုတာ ခင်ဗျားလည်းသိပါတယ်၊ ကျနော်တို့ ထောင်ထဲမှာ နေရတာက “ဟင်းကိုမလို သတင်းသာ လိုတယ်” လို့ ပြောကြတာကိုး။ အပြင်မှာ ဖြစ်ပျက် နေတာတွေကို ကျနော်တို့ မီဒီယာတွေက တဆင့် သိရတာ ဖြစ်ပါတယ်။ ဒီလို မီဒီယာက တိုးတက် လာတာကို ကျနော် တော်တော်လေး အားရပါတယ်။"

အစိုးရသစ် တက်လာအပြီးမှာကော ထောင်တွင်း ပြောင်းလဲမှု အခြေအနေတွေ ဘယ်လို ရှိပါသလဲ။

"ကျနော်တို့ ဂျာနယ်တွေ ထွက်သမျှ ဖတ်ခွင့်ရပါတယ်၊ TV လည်းကြည့်လို့ ရတယ်။ ရေဒီယိုလည်း ခိုးနားထောင်လို့ ရတယ်ပေါ့။ နောက် ထောင်ဝန်ထမ်းတွေ ကျနော်တို့ အပေါ်မှာ ဆက်ဆံတာတွေလည်း ညင်ညင်သာသာ ရှိပါ တယ်။ ဒီ ၂ဝ၁ဝ အတွင်းမှာတော့ ထောင်တွင်းမှာ ပြောင်းလဲ လာပါတယ်။"

ပြောင်းလဲမှုလို့ ပြောလို့ရနိုင်တဲ့ အခြားတချက်လည်း ရှိပါသေးတယ် NLD ရွေးကောက်ပွဲ ဝင်တဲ့ အချက်ပေါ့။ အဲဒီ အပေါ်မှာကော အန်ကယ် ဘယ်လို သဘောထားပါသလဲ။

"NLD ရွေးကောက်ပွဲဝင်တဲ့ အပေါ်မှာတော့ ကျနော်သဘောထား မပေးလိုပါဘူး။ ဒါပေမယ့် NLD ဟာ ပြည်သူ လူထု ရှေ့က ရပ်တည်ဖို့ အတွက် ရွေးကောက်ပွဲ ဝင်တယ်လို့ ထင်ပါတယ်။ ပြည်သူရှေ့က မားမားမတ်မတ် ရပ်တည်နိုင်မယ်လို့လည်း ယူဆပါတယ်။"

အန့်ကယ့်ရဲ့ ပါတီဖြစ်တဲ့ SNLD ဟာလည်း NLD နဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ညီနောင်ပါတီလို့ ပြောရင် ရတယ်ပေါ့။ ဒီ ညီနောင် ပါတီတခုဖြစ်တဲ့ NLD က ရွေးကောက်ပွဲ ဝင်သွားပြီဆိုတော့ SNLD ရဲ့ အလား အလာကကော အန်ကယ့် တဦးတည်း သဘောထားကို ပြောပြပေးပါ။


"ကျနော့်တဦးတည်းအမြင်ကတော့ SNLD တရားဝင်ပါတီ မဖြစ်ရင်၊ ကျနော်တို့ စာရွက်စာတမ်းတွေကအစ ထုတ်လို့ မရနိုင်ဘူး၊ SNLD မှတ်ပုံ တင်ကောင်းတင်မယ်။ ရွေးကောက်ပွဲတော့ ဝင်ဖို့ အချိန် မရတော့ဘူးပေါ့။ တရားဝင်ပါတီ တခုဖြစ်မှသာ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်နိုင်မှာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကတော့ ကျနော့် တဦးတည်းရဲ့ သဘောထားပါ။ ဒီကိစ္စတွေ ကျနော့် ပါတီဝင်တွေနဲ့ ဆွေးနွေး ရဦးမှာပါ။"

နောက်ချက်ကတော့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ လုံးပန်း နေတာရှိတယ်။ ဒီလိုမျိုး လုပ်နေတာတွေ အောင်မြင်ဖို့ အလားအလာ ဘယ်လို မြင်ပါ သလဲ။
"ငြိမ်းချမ်းရေး လက်မှတ်ထိုးတဲ့ကိစ္စတွေကတော့ ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တာ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ပါ ပြည်ထောင်စုက ခွဲထွက်ဖို့ မဟုတ်ပါဘူး။ ဒီကိစ္စဟာ အနာလည်းသိ ဆေးလည်းရှိပြီး ဖြစ်ပါတယ်။ အဲဒီ ကိစ္စကို ပြေလည်အောင် လုပ်ပေးဖို့ လိုပါတယ်။"

ဒီကိစ္စတွေကိုကော အစိုးရက လုပ်ပေးလာမယ်လို့ ယူဆလို့ရမလား။


“ခုဏ ကျနော် ပြောသလိုပဲ ကျနော် ၅၅ ရာခိုင်နှုန်းပဲ အခု အစိုးရကို အမှတ်ပေးထား ပါတယ်။”

လွတ်လာပြီဆိုတော့ ဘာဆက်လုပ်မလဲ။

"လောလောဆယ်တော့ ကျနော်ဘာမှ မစဉ်းစားရသေးပါဘူး။ SNLD ကိစ္စတော့ ကျနော့် ဗဟိုကော်မတီ ဝင်တွေနဲ့ ဆွေးနွေး တိုင်ပင်ရပါဦးမယ်။"

Ref: မဇ္ဈိမ

Read More...

တောင်ကိုရီးယား သင်္ဘောမှောက်ရာမှာ မြန်မာသင်္ဘောဝန်ထမ်း ၂ ဦးသေဆုံး

တနင်္ဂနွေ, 15 ဇန်နဝါရီ 2012

တောင်ကိုရီးယား လောင်စာတင် သင်္ဘောတစ်စင်းပေါ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ မြန်မာသင်္ဘောသား ၂ ဦး အပါအဝင် လူ ၃ ဦးမက သေဆုံးပြီး လူ ၈ ဦး ပျောက်ဆုံးနေတယ်လို့ ရေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

တန်ချိန် ၄,၀၀၀ ကျော်ရှိတဲ့ ဒီသင်္ဘောဟာ တောင်ကိုရီးယားနိုင်ငံ အနောက်ပိုင်း Incheon ဆိပ်ကမ်းမြို့ရဲ့ ကမ်းလွန် ပင်လယ်ဝါထဲမှာ ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အခုလို ပေါက်ကွဲသွားတာ ဖြစ်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

သင်္ဘောသားတွေက တောင်ကိုရီးယား နိုင်ငံသား ၁၁ ဦးနဲ့ မြန်မာ ၅ ဦး ဖြစ်ပါတယ်။ သေဆုံးတဲ့ မြန်မာတွေ ကတော့ ကိုသက်နိုင်ဝင်း နဲ့ ကိုမျိုးမင်းကျော် တို့ ဖြစ်ကြပါတယ်။ လောလောဆယ် တောင်ကိုရီးယား ၅ ဦးနဲ့ မြန်မာ ၃ ဦးဖြစ်တဲ့ ကိုဆန်းထွန်းလင်း၊ ကိုအောင်ကျော်ဆန်းနဲ့ ကိုကျော်မျိုးဦးတို့ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ နောက်ထပ် ၅ ဦးကိုတော့ ကယ်ဆယ်ရထားပါပြီ။

ဒီသင်္ဘော ပေါက်ကွဲခဲ့ရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားရဲ့ လက်ချက် ကြောင့်တော့ မဖြစ်နိုင်ဘူးလို့ ကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။

Ref: VOA News

Read More...

အပေါ်သို့