..............................

Thursday, July 14, 2011

လသာမီး လူတဦး သေဆုံး

ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ လူတဦးသေဆုံးသည့် မီးလောင်မှု တရပ် ရန်ကုန်တိုင်း လသာမြို့နယ်ရှိ နေအိမ် တခု၌ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဗဟို မီးသတ်နှင့် မြို့နယ် ရဲစခန်းက ပြောသည်။

နေအိမ်အမှတ် ၄၉ ၊ သုံးထပ် အဆောက်အအုံ ဒုတိယထပ်၌ နေ့လည် ၁ နာရီခန့်မှစ၍ မိနစ် ၄၅ ခန့်အကြာ မီးလောင်ကျွမ်း မှုတွင် အသက် ၇၇ နှစ်အရွယ် ဦးကျော်ညွန့်သိန်း ဆိုသူ သေဆုံး သွားခဲ့သည်။

“လူအသေအပျောက် ရှိပါတယ်။ တဦးပါခင်ဗျာ” ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်ဌာနရှိ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

လျှပ်စစ်မီးဖို အသုံးပြုရာမှ စတင် လောင်ကျွမ်းကြောင့် အဆောက်အအုံ သုံးထပ်စလုံး ရာနှုန်းပြည့် နီးပါး ပျက်စီး သွားသည်။

“ အဖိုးကြီးက လေဖြတ်နေတာ။ သူ့သားနဲ့ ချွေးမက အလုပ်သွားနေတဲ့ အချိန်” ဟု ၁၈ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တ ဦးက ပြောသည်။

အိမ်နီးနားချင်းတဦးက “အစက စက္ကူမီးရှို့တဲ့ အနံ့မျိုး ညှော်တယ်ဆိုပြီး ကျနော်တို့ လိုက်ရှာ နေကြတာ။ နောက်တော့မှ အဲဒီအခန်းက မီးခိုး ထွက်လာပြီး ချက်ချင်းပဲ မီးတောက်တွေ ထွက်လာတာ။ ပြေးတက်ပြီး ငြှိမ်းဖို့ ကြိုးစား ကြသေးတယ်။ အပေါ်က ဘာတွေ ထပေါက်တာလဲ မသိဘူး၊ တဝုန်းဝုန်း ဖြစ်လို့ အားလုံး ပြန်ဆင်းပြေး လာကြတာ” ဟု ဆိုသည်။

မီးသတ်ယာဉ် ၁၇ စီးနှင့် အုပ်ချုပ်ရေးယာဉ် ၄ စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ပြည်မြန်မာကုန်တိုက် ဆိုင်ခန်းရှင်များ နစ်နာကြေးတောင်း

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ လေလံတင် ရောင်းချခဲ့သည့် စီးပွားကူးသန်း ဝန်ကြီးဌာနပိုင် ပြည်မြန်မာ ကုန်တိုက် အဆောက် အဦးတွင် ဖွင့်လှစ် ရောင်းချနေသော ဆိုင်ခန်း ၉၈ ခုမှ ဆိုင်ရှင်များက နစ်နာကြေး သို့မဟုတ် နေရာ အစားထိုး ပေးရန် တောင်းဆို ထားမှုမှာ တလကျော် ကြာမြင့်သော်လည်း တုံ့ပြန်ချက် မရဘဲ ဖြစ်နေသည်။

အထပ် ၇ ထပ်ရှိ အဆောက်အဦးကို စီးပွားကူးသန်းက Myanmar Marketing Research and Development Co; Ltd နှင့် AA Medical Product Co.Ltd တို့သို့ ကျပ် ၄၁ ဘီလီယံဖြင့် မတ်လ ၂၄ ရက်နေ့က လေလံ ရောင်းချ ခဲ့ပြီးနောက် ဆိုင်ခန်းများ ပိတ်ပစ်စေမှု ဖြစ်ပေါ်လာခဲ့သည်။

ဆိုင်ခန်းများ ပိတ်ပင်ခဲ့ရမှုကြောင့် အလုပ်သမားပေါင်း ၃၀၀ ခန့် အလုပ်ပြုတ် သွားပြီး ဆိုင်ခန်း ပိုင်ရှင်များ ငှားရမ်းစဉ် ကာလက ဆိုင်ခန်းများ ပြင်ဆင်မှုနှင့် ထိန်းသိမ်းမှု အတွက် ရင်းနှီး မြှုပ်နှံခဲ့ရခြင်းများ ဆုံးရှုံးမှု ရှိခဲ့သည်ဟု ထောက်ပြကြသည်။

“ တခြားနေရာတွေဆိုရင် ကျနော်တို့ ဖယ်ပေးလိုက်တာကြာပြီ။ ဒီအဆောက် အဦးတွေက ကျနော်တို့ ပိုက်ဆံနဲ့ ပြုပြင် ထိန်းသိမ်း ထားတာ ကျနော်တို့က ၁၇ နှစ်ကျော် လုပ်လာတဲ့ အတွက် လျော်ကြေးပဲ ဖြစ်ဖြစ် နေရာ အစားထိုးပဲ ဖြစ်ဖြစ် ကျနော်တို့ တောင်းထားတာ အဲဒါ ဘာမှမရသေးဘူး" ဟု ဆိုင်ရှင် တဦးဖြစ်သူ ဦးစိုးမြင့်အောင်က ပြောသည်။

စီးပွားကူးသန်းဝန်ကြီး၏ ညွှန်ကြားချက်ကြောင့် အကြီးစား ပြင်ဆင်မှုများ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင် လုပ်ခဲ့ ကြရခြင်းကြောင့် ဆိုင်ခန်း ၉၈ ခန်းအတွက် ကုန်ကျခဲ့သည့် ကျပ်သိန်း ၉၈၀ အလျော် ပေးစေလိုသည်ဟု ဆိုင်ခန်း ရှင်များက ပြောသည်။

“ ဆိုင်ခန်းကို ၁၇ နှစ်ကျော် ကျနော်တို့ ငှားလာတယ် ဒါပေမယ့် အခုလို နှစ်ပတ်နဲ့ ရွှေ့ပေးရမယ် ဆိုတော့ ကျနော်တို့မှာ အခက်အခဲ ရှိတယ်" ဟု ဆိုင်ခန်းငှားရမ်း ဖွင့်လှစ်ထားသူ ဦးတင်မောင်ထွေးက ဆိုသည်။

ဦးတင်မောင်ထွေး၏ ဆိုင်ခန်းမှ ပစ္စည်းများ ရွှေ့ပြောင်းပြီး ဖြစ်သော်လည်း အခန်းကို ပြန်လည် မလွှဲပြောင်းသေးဘဲ ထားသည်။

ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံရှိ ပြည်မြန်မာ ကုန်တိုက်တွင် စာစီစာရိုက်လုပ်ငန်း၊ ဓာတ်ပုံလုပ်ငန်း၊ အလှကုန် ပစ္စည်း လုပ်ငန်း၊ အဝတ်အထည် လုပ်ငန်း စသည်တို့ကို လုပ်ကိုင်ခဲ့ပြီး ယခုအခါ ဆိုင်ခန်း ငှားသူများမှ ဆိုင်ခန်းပေါင်း ၆၀ ကျော်ကို ပိတ်ပစ်ပြီး ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာမှ လေလံတင် ရောင်းချခဲ့သည့် ယင်းအဆောက် အဦးကို MMRD Co.Ltd ကုမ္ပဏီ ပိုင်ရှင် ဦးမိုးကျော်နှင့် AA Medical Product Co.Ltd ကုမ္ပဏီပိုင်ရှင် ဦးဇော်မိုးခိုင်တို့မှ ကျပ်သိန်းပေါင်း လေးသောင်း တထောင်ဖြင့် လေလံ အောင်ခဲ့ခြင်း ဖြစ်သည်။

ဆိုင်ခန်းငှားသူများမှ ဆိုင်ခန်း ပြောင်းရွှေ့ရန် လောက်ငှသည့် အချိန်မရခြင်း၊ ဆိုင်ခန်း အသစ်များ ရှာရန် ခက်ခဲခြင်း စသည့် အခက် အခဲများ ဖြေရှင်းပေးရန် နိုင်ငံတော် သမ္မတရုံး၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနများသို့ ၈ ကြိမ် အသနားခံစာ ပေးခဲ့သည်ဟုလည်း ဆိုင်ခန်း ကိုယ်စားလှယ် ယာယီ ကော်မတီဝင်များက ပြောသည်။

ပြည်မြန်မာ ကုန်တိုက်ကိစ္စနှင့် ပတ်သက်၍ ပြည်တွင်း သတင်းဂျာနယ် ၃၅ စောင်ခန့် လာရောက် မေးမြန်း စုံစမ်းမှုများ ရှိသော်လည်း သတင်း ဖေါ်ပြ ပါရှိသည်ကို မတွေ့ရ၍ ပြည်ပ မီဒီယာများတွင် သတင်းဖော်ပြရန် ကြိုးစား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်ခန်း ငှားသူများက မဇ္ဈိမကို ပြောသည်။

ထိုသတင်းနှင့် ပတ်သက်၍ မြန်မာသမာဓိ ဂျာနယ်တွင် လွန်ခဲ့သည့် အပတ်က ဖေါ်ပြခဲ့သော်လည်း ထိုဂျာနယ်နှင့် သတင်းထောက်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတိပေး တားမြစ်မှု ပြုလုပ်ခဲ့သည်ဟု ပြည်တွင်း သတင်းထောက် အချို့ ဖွဲ့စည်းထားသော မြစ်မခ မီဒီယာ၏ Face Book တွင် ပါရှိသည်။

စီးပွားကူးသန်းဝန်ကြီးဌာန ရန်ပုံငွေအတွက် ဆိုင်ခန်းဖွင့်လှစ်နိုင်အောင် ခွင့်ပြုပြီး ငှားရမ်း ခဲ့ခြင်းကို အစောပိုင်းက စာချုပ်ဖြင့် ချုပ်ဆို ခဲ့သော်လည်း ၂ဝဝ၇ ခုနှစ် နောက်ပိုင်းတွင် စာချုပ် မချုပ်ဘဲ “နားလည်မှု” ဖြင့်သာ ဆက်လက် ငှားရမ်းခဲ့သည်။

၁၉၉၆ ခုနှစ်မှစ၍ ဆိုင်ခန်းငှားရမ်းမှု စတင်ခဲ့ပြီး ဝန်ကြီးဌာနအနေဖြင့် လစဉ်ဝင်ငွေ ကျပ်သိန်း ၅၀ အထက် ရရှိခဲ့သည်ဟု ဆိုင်ခန်းရှင်များ၏ ယာယီ ကော်မတီက မဇ္ဈိမသို့ ပေးပိုသောစာတွင် ပါရှိသည်။

“ ၁၆ နှစ်ကြာ စီးပွားရေး ရပ်တည်စေခဲ့သော နေရာမှ ၁၄ ရက်သာ အချိန်ပေးပြီး မောင်းထုတ် ခဲ့သည်မှာ လွန်စွာ အရုပ်ဆိုး လှပါသည်” ဟုလည်း စာတွင် ပါရှိသည်။

Ref: မဇ္ဈိမ

Read More...

ကျောက်မဲမြို့ ဗုံးကွဲ၊ ၄ ဦး ဒဏ်ရာရ

ရန်ပိုင်
Wednesday, 13 July 2011

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အ၀င် အခွန်ကောက်ခံသည့် ဂိတ်အနီးတွင် ယမန်နေ့ည ၉ နာရီခန့်က ဗုံးတလုံးေ ပါက်ကွဲပြီး အရပ်သား ၄ ဦး ဒဏ်ရာ ရကြောင်း သတင်းရသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် မြို့ဝင်ဂိတ်ကြေး ကောက်ခံသည့် နေရာအနီးတွင် စစ်သားတချို့နှင့် ရဲတပ်ဖွဲ့ဝင် တချို့ ရှိကြောင်း ကျောက်မဲ မြို့ခံ တဦးက ပြောသည်။

“ညဆိုတော့ ပေါက်ကွဲသံ ကျယ်တယ်၊ ဒဏ်ရာရတဲ့ အထဲက ၃ ယောက်ကတော့ စိုးရိမ်ရတယ် ပြောတယ်” ဟု ဆိုသည်။

ထိုပေါက်ကွဲမှုနှင့် ပတ်သက်၍ ကျောက်မဲရဲစခန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ကျောက်မဲမြို့သည် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁ အခြေစိုက်ရာ မြို့ဖြစ်ပြီး ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ဌာနချုပ် အခြေစိုက်ခဲ့ ဖူးသည့် စိန်ကျော့ ဒေသနှင့် နီးသည်။

ယခုပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများကမှ ၎င်းတို့ လက်ချက် ဖြစ်ကြောင်း ၀န်ခံပြောဆိုခြင်း မရှိပေ။

ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ကာမိုင်းဒေသတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ ခန့် ဒဏ်ရာရှိ သွားကြောင်း သိရသည်။

ပြီးခဲ့သည့် လကတည်းက ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ရာ နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ငူ၊ မြစ်ကြီးနား စသည့် မြို့ကြီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

Ref: ဧရာဝတီ်

Read More...

မြန်မာသံရုံး နောက်ထပ် အရာရှိတဦး အမေရိကားမှာ ခိုလှုံ

By ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 13 ဇူလိုင် 2011

ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးက နောက်ထပ် မြန်မာသံတမန်တဦးဟာ အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ၀ါရှင်တန်ဒီစီ သံရုံးက သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေး ခိုလှုံခဲ့တာနဲ့ ဆက်စပ်ပြီး မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်ကို ၂၄ နာရီအတွင်း နေပြည်တော်ကို ပြန်လာဖို့ ဆင့်ခေါ်ခဲ့တာကြောင့် ဦးစိုးအောင်က မပြန်ဖို့ ဆုံးဖြတ်ပြီး နိုင်ငံရေးခိုလှုံမှု ရယူခဲ့တာလို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ဒုတိယ တာဝန်ခံ သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံခဲ့ပြီး တပတ် အကြာမှာပဲ နောက်ထပ် မြန်မာ သံအရာရှိတဦး ထပ်ပြီး အမေရိကန်မှာ ခိုလှုံခွင့် တောင်းခံ လိုက်တာပါ။ အခုလို ခိုလှုံခွင့် တောင်းတဲ့ကိစ္စ အမေရိကန် နိုင်ငံခြားရေး ဌာနကို ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာပဲ အကြောင်းကြား လိုက်တယ်လို့ မြန်မာသံရုံး ပထမ အတွင်းဝန် ဦးစိုးအောင်က ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံ သွားတာနဲ့ ပတ်သက်လို့ စုံစမ်း ဖို့အတွက် နေပြည်တော်ကို ပြန်လာဖို့ ဆင့်ခေါ် လိုက်တာကြောင့် သူ အခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဦးစိုးအောင်က ပြောပါတယ်။ မကြာခင် ကမှ အမေရိကန်က ပြန်သွားတဲ့ မြန်မာသံရုံး အမှုထမ်း ၂ ဦးလည်း နေပြည်တော်မှာ စစ်ဆေး ခံနေရတယ်လို့ သိရပါတယ်။

ဦးစိုးအောင်ကိုတော့ ၂၄ နာရီအတွင်း စစ်တပ်က အရာရှိတဦးနဲ့အတူ နေပြည်တော်ကို ပြန်ရမယ် ဆိုပြီး ဇူလိုင် ၁၂ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက အမိန့် ထုတ်ခဲ့တဲ့ အပြင် သူ့ရဲ့ သံတမန် နိုင်ငံကူး လက်မှတ်တွေကိုလည်း သံရုံးက သိမ်းဆည်း ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အပြစ်ပေးတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ ဦးစိုးအောင်က ယူဆပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့အပတ် အတွင်းက အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် ယူခဲ့တဲ့ မြန်မာသံရုံး ဒုတိယ တာဝန်ခံဟောင်း ဦးကျော်ဝင်းကတော့ သူ့ကိစ္စကို စုံစမ်းဖို့ ပိုပြီး တာဝန်ရှိတဲ့ စစ်ဘက်က လာတဲ့ အရာရှိတွေ အစား အခုလို အရပ်ဘက် အရာရှိတွေကို ပစ်မှတ်ထားတဲ့ အပေါ် ဝေဖန်ပါတယ်။ မြန်မာ အစိုးရဌာန အကြားမှာ အရပ်ဘက်နဲ့ စစ်ဘက်က လာသူတွေ အပေါ်မှာ ခွဲခြား ဆက်ဆံမှုတွေ ရှိနေတဲ့ကိစ္စ မကျေနပ်မှုတွေ ပိုတိုး လာတယ်လို့ သူက ပြောပါတယ်။

“ကျနော် သိရသလောက် သူ့ကို ၂၄ နာရီအတွင်း ပြန်ခိုင်းတယ် ဆိုတာ ဒါ အပြစ်ရှိတဲ့ သူတွေကို ပြန်ခိုင်းတဲ့ ဟာမျိုးလေ။ နောက်ပြီးတော့ ဘာကို ပုံပေါ်လဲဆိုတော့ ၀န်ထမ်းချင်း အတူတူ အရပ်သား ၀န်ထမ်းကို မယုံဘူး၊ တပ်ကလာတဲ့ ၀န်ထမ်းကိုမှ ယုံတယ်ဆိုတာ ဒါ အဆင် မပြေဘူးလေ။”

ဦးကျော်ဝင်း ပြောသွားတဲ့ အထဲမှာ သံရုံးဝန်ထမ်းတွေ အနေနဲ့ စစ်ဘက်ကလာတဲ့ လူတွေနဲ့ အရပ်ဘက်က လာတဲ့ လူတွေ ခွဲခြား ဆက်ဆံတယ် ဆိုတာ ဘယ်လိုမျိုးလဲခင်ဗျ။

“ဆိုကြပါစို့၊ အခုလို ကျနော်လည်း ဒီဘက်မှာ နိုင်ငံရေး ခိုလှုံခွင့်ရှိလို့ ကျန်တဲ့လူကို စစ်ဆေးတယ် ဘာညာဆိုတာ ကိုစိုးအောင်က ကျနော်တို့လိုပဲ အရပ်သားပဲလေ။ သူ့ကျတော့ ဒီလိုပဲ ကြီးကြီး ကျယ်ကျယ်နဲ့ ချက်ချင်းပြန်လာ ဘာညာနဲ့၊ ကျန်တဲ့ တာဝန်ရှိတဲ့ သူတွေ ရုံးမှာ မရှိကြတော့ဘူးလား။ နောက်ပြီးတော့ ရုံးတွေမှာ ၀န်ထမ်းတွေကို ခံစားခွင့်ပေးတာ၊ ၀န်ထမ်းတွေနဲ့ ပတ်သက်တဲ့ ရာထူး တိုးတာတို့၊ Transfer ပေးတာတို့ ဒါတွေအားလုံးကို စဉ်းစားတဲ့အခါ ကွဲပြားတာ သိပ်သိသာတယ်။

“ကျနော်တို့ ဆိုလိုတာ တကယ် အရည်အချင်း ပြည့်တဲ့လူ၊ တကယ် ဦးဆောင်နိုင်တဲ့လူ၊ တကယ် နားလည်တဲ့ လူဆို ကျနော်တို့က နောက်က လိုက်ရတာ ၀န်မလေးပါဘူး။ အခုလောလောဆယ် ကျနော်တို့ ဆီမှာ တပ်ကလူတွေ ရှိနေတာပဲ။ ရှိနေတဲ့ တပ်က လူတွေနဲ့ အရပ်ဘက်က လူတွေ ယှဉ်ကြည့်ပါ။ အောက်ခြေမှာ ဖြစ်နေတာကို သေချာကြည့်ပြီးတော့ ၀န်ထမ်းတွေကို သေချာ ပြန်ပြုပြင်ဖို့ လိုတယ်။

“ကျနော်တို့ ၀န်ထမ်းအဖွဲ့အစည်းတွေက ပွင့်ပွင့်လင်းလင်း ကျနော့်အမြင် ပြောရရင်တော့ တပ်ကလူတွေ ၀င်လို့ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ၀န်ထမ်း အဖွဲ့အစည်း အားလုံးက ပျက်တာပဲ။ နိုင်ငံကို ပြန်တည်ဆောက်တဲ့ အခါကျတော့ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းကို ပြန်ပြီးတော့ မပြုပြင်ဘဲ၊ ပြန်မတည်ဆောက် ဘဲနဲ့ ဘယ်လိုလုပ် သွားကြမလဲ။”

ဝါရှင်တန် မြန်မာသံရုံးက သံအရာရှိတွေ အနေနဲ့ အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်း ခဲ့ကြပေမဲ့ မြန်မာ အာဏာပိုင်တွေဘက်က နိုင်ငံတကာ လိုလားတဲ့ အပြောင်းအလဲ မျိုးတွေ လုပ်မလာတဲ့ အပေါ်မှာလည်း မြန်မာ သံအရာရှိတွေ ဘက်က စိတ်ပျက် ကြရတယ်လို့ ဦးကျော်ဝင်းက ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ဒီဘက်မှာ ကိုယ်မြင်တာကို တင်ပြကြတဲ့အခါ သူတို့ဘက်က၊ ဆိုကြပါစို့ အမေရိကန်ကို ကျနော် နားလည် သလောက်က အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီက ကျနော်တို့ အပေါ်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပေါ်မှာ တည်တယ်။ ခက်တာက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုတာ တော်တော့ကို အခြေအနေ ဆိုးတယ်။ လူကို လူသားတယောက်လို မဆက်ဆံဘူး ဆိုကတည်းက ဒါ အခြေအနေက တော်တော်ဆိုးတယ်။ နယ်တွေမှာ ကြုံနေကြတာပဲ။

“ဒါပေမဲ့လည်း ကျနော်တို့က မှန်းကြည့်ရတာ တောက်လျှောက် လုပ်လာကြတယ် ဆိုတာ ပြောင်းလာမလား၊ ပြောင်းလာမလား၊ ဒီလို မျှော်လင့်ချက်နဲ့ တောက်လျှောက် လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ တကယ်တမ်း ကျတော့ ပြောင်းလာတာကို မတွေ့ဘူး ဖြစ်နေတယ်။ ၈၈ ပြီးတဲ့ နောက်ပိုင်းမှာလည်း အစိုးရသစ် ဖြစ်လာပြီး နိုင်ငံတော်ကို လူကြီးတွေကလည်း အဲဒီအချိန်မှာ ပြောင်းကြမယ် ပြောတော့ တကယ်ပဲ ပြောင်းမယ် အောက်မေ့ကြတာ။ တကယ်လည်း ပြောင်းမလာပြန်ဘူး။ နောက်တခါ ၂၀၀၄ မှာ ဦးခင်ညွန့် တို့ကို ဖယ်လိုက်ပြီး နောက်ပိုင်း ပြောင်းဖို့ လုပ်ကြတာပဲ။ ဒါပေမဲ့ တကယ်တမ်း ပြောင်းမလာဘူး။ အခုလည်း သေချာကြည့်၊ ပြောင်းမလာတဲ့ အပြင် ပိုဆိုးလာတယ်။”

သံမှူးကြီး ဦးကျော်ဝင်း ကိုယ်တိုင်ဟာလည်း အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်း ခဲ့ပေမဲ့ တဘက်မှာ နေပြည်တော် ဘက်က သူ့အပေါ် အမြင် မကြည်လာတာကြောင့် ဒီအပေါ်မှာ စိုးရိမ်စိတ်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံခွင့် တောင်းခဲ့သူ ဖြစ်ပါတယ်။

အခု ဒီနေ့ အမေရိကန်မှာ ခိုလှုံခွင့် တောင်းခဲ့တဲ့ ဦးစိုးအောင်ဟာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ၁၉၇၉ ခုနှစ် ကတည်းက တာဝန် ထမ်းဆောင်ခဲ့တဲ့ လုပ်သက်ရင့် အရပ်သား ၀န်ထမ်း တဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက ၀ါရှင်တန် မြို့တော် မြန်မာ သံရုံးမှာ ပထမ အတွင်းဝန် အဖြစ် တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ သူဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မြန်မာသံရုံး၊ ထိုင်းနိုင်ငံနဲ့ စင်ကာပူမှာ ရှိတဲ့ မြန်မာ သံရုံးတွေမှာလည်း တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဦးစိုးအောင်ဟာ ဒီနှစ်ပိုင်းတွေအတွင်း သံမှူးကြီး ဦးကျော်ဝင်းနဲ့ ၂၀၀၅ ခုနှစ်က အမေရိကန်ကားမှာ ခိုလှုံခဲ့တဲ့ ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ပြီးရင် ၀ါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကနေ အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံဖို့ ဆုံးဖြတ်ခဲ့တဲ့ တတိယမြောက် သံအရာရှိ တဦး ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဝန်ကြီး ကလင်တန် အာဆီယံ အစည်းအဝေး တက်မည်

ဗုဒ္ဓဟူး, 13 ဇူလိုင် 2011

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ အခုလကုန်ပိုင်းမှာ ဟောင်ကောင်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို ခရီးထွက် ပါလိမ့်မယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ဖို့ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းကို ဇူလိုင်လ ၂၁ ရက်နေ့မှာ ၀န်ကြီး ကလင်တန် ရောက်လာ လိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

အာဆီယံ နိုင်ငံတွေနဲ့ အမေရိကန်အကြား မဟာဗျူဟာမြောက် စေ့စပ်မှုတွေလုပ်ဖို့ ကတိက၀တ်တွေ ရှိထားတဲ့ အတိုင်း ဆောင်ရွက်ရေး ဒီနှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားကနေ ၀န်ကြီး ကလင်တန် ဟောင်ကောင်ကို ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ အာရှ၊ ပစိဖိတ် ဒေသတွင်း အမေရိကန်ရဲ့ စီးပွားရေး ဆိုင်ရာ ဦးဆောင်မှုနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောဖို့ ရှိပါတယ်။ အဲဒီနိုင်ငံတွေကို မသွားခင် ၀န်ကြီး ကလင်တန်ဟာ အိန္ဒိယ၊ ဂရိနဲ့ တူရကီ နိုင်ငံတွေကို ခရီး ထွက်ပါလိမ့်မယ်။

Ref: VOA News

Read More...

အကျဉ်းသား ပေါ်တာများ အထောက်အထား အစီရင်ခံစာထွက်

Wednesday, 13 July 2011

မြန်မာအစိုးရ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် အကျဉ်းသားများကို ပေါ်တာ အဖြစ် ခိုင်းစေမှုများ ဆက်လက် ရှိနေဆဲဖြစ်သည်။

“စစ်သားတွေက ပြောတယ်၊ မင်းတို့ မနက်ဖြန်အထိ အသက်ရှင်နေသေးရင် ကံကောင်းလို့ပဲ တဲ့” ဟု မြန်မာ စစ်တပ်နှင့် အတူ ရှေ့တန်း စစ်မျက်နှာသို့ ပေါ်တာအဖြစ် လိုက်ပါခဲ့ရသူ အကျဉ်းသား ကိုထွန်းထွန်းအောင်က ပြောသည်။

မန္တလေးဇာတိဖြစ်သူ ကိုထွန်းထွန်းအောင်သည် တခြားသော အကျဉ်းသား ၂၉ ယောက်နှင့်အတူ မိတ္ထီလာ ထောင်မှ ၂၀၁၀ ဒီဇင်ဘာတွင် ပေါ်တာ အဖြစ် စစ်တပ်၏ ခေါ်ဆောင်မှုကို ခံခဲ့ရသူဖြစ်သည်။

ကရင်ပြည်နယ်သို့ ပေါ်တာအဖြစ် သူတို့အဖွဲ့ ရောက်သွားစဉ်တွင် ထိုဒေသတွင် အကျဉ်းသား ၁ ထောင်ခန့် ပေါ်တာ ဆွဲထားသည်ကို မြင်ခဲ့ရကြောင်း၊ စစ်တပ်အတွက် ဗုံးများ သယ်ဆောင်ရန် သူတို့ အုပ်စုကို နှစ်ဖွဲ့ ခွဲလိုက်ကြောင်း ကိုထွန်းထွန်းအောင်က ပြောသည်။

၁၉၄၈ ခုနှစ်ကတည်းက မြန်မာအစိုးရနှင့် ကရင်လက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်နေသည့် အန္တရာယ် များလှသော ယင်းဒေသ၌ တတောင်တက် တတောဝင် ထမ်းပိုး၍ သွားရသည့် ခရီးတွင် “ကျနော်တို့ကို အစားအစာ၊ သောက်ရေ လုံလုံလောက်လောက် မပေးပါဘူး” ဟု ကိုထွန်းထွန်းအောင်က ပြောသည်။

ကိုထွန်းထွန်းအောင်၏ အတွေ့အကြုံသည် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) နှင့် ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG) တို့ မှတ်တမ်း တင်ထားသော အဖြစ်အပျက် ၅၈ ခုအနက်မှ တခုဖြစ်သည်။ ယင်းအဖွဲ့နှစ်ခုတို့ ပူးပေါင်း၍ “လမ်းလျှောက်နေရသည့် သေလူ - မြန်မာပြည်အရှေ့ပိုင်း စစ်မျက်နှာစာမှ အကျဉ်းသား ပေါ်တာများ” အမည်ရှိ အစီရင်ခံစာကို ယနေ့ ထုတ်ပြန်ပြီး ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အသင်း (FCCT) ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သည်။

ယင်းအစီရင်ခံစာကို ပေါ်တာဆွဲခံရရာပြီး ရှေ့တန်းစစ်မျက်နှာမှ လွတ်မြောက်လာသော အကျဉ်းသားများ၏ ထွက်ဆိုချက်များ ဖြစ်သည့် နှိပ်စက်ညှဉ်းပမ်း ခံရမှုများ၊ သတ်ဖြတ် ခံရမှုများကို အခြေခံ၍ ပြုစုထားသည်။

ယမန်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲ ကာလမှစတင်၍ အစိုးရတပ်နှင့် ကရင်၊ ရှမ်း၊ ကချင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြန်လည် အရှိန်မြင့်လာခဲ့သည်။ တိုက်ပွဲများ အဆက်မပြတ် ဖြစ်မှုနှင့်အတူ အကျဉ်းသားများကို ပေါ်တာ အဖြစ် အသုံးပြုမှုများလည်း တိုးမြင့်လာသည်။

အကျဉ်းသား ပေါ်တာများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် တိုက်ပွဲဖြစ်ရာဒေသ မိုင်းဗုံးများထူထပ်သည့် နေရာများတွင် စစ်သားများ၏ ရှေ့မှ ကြို၍ သွားရကြောင်း၊ အကာအကွယ် အတားအဆီး မပါဘဲ အတင်း သွားခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

အကျဉ်းသားပေါ်တာတဦးဖြစ်သူ ကိုမောင်မြင့်က “စခန်းကို ကျနော်တို့ ရိက္ခာတွေ သယ်ပို့ပေးရတယ်။ ပေါ်တာ တယောက်က မိုင်းနင်းမိပြီး ခြေထောက် ပြတ်သွားတယ်။ စစ်သားတွေက သူ့ကို ဒီအတိုင်း ထားခဲ့တယ်။ သူက ကြောက်ရွံ့ ထိတ်လန့် နေပေမယ့် ဘယ်သူမှ မကူနိုင်ဘူးလေ။ စခန်းကနေ ပြန်ဆင်းလာတော့ အဲဒီ မိုင်းနင်းမိတဲ့လူ သေနေပြီ” ဟု အစီရင်ခံစာတွင် ပြန်ပြောပြ ထားသည်။

KHRG မှ သုတေသီ ကိုဖိုးရှမ်းက အကျဉ်းသားပေါ်တာများ ဤသို့ ပြုမှုခံရသည်မှာ ယခုမှ မဟုတ်ကြောင်း၊ ၁၉၉၂ ခုနှစ် ကတည်းက အစိုးရ တပ်များက တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် တိုက်ခိုက်သည့် ရှေ့တန်း စစ်မျက်နှာများတွင် အကျဉ်းသား ပေါ်တာများကို အသုံးပြုခဲ့ကြောင်း ပြောသည်။

အကျဉ်းသား ပေါ်တာများနှင့်အတူ ဒေသခံရွာသားများလည်း ပစ္စည်းများ ထမ်းပိုးရန် အဓမ္မ ခိုင်းစေ ခံရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မန္တလေးထောင်တွင် သေဒဏ်ကျခံထားရပြီး ၁၉၉၂ တွင် အကျဉ်းသား ပေါ်တာဖြစ်ခဲ့သည့် ကိုမြင့်အောင်က “ကျနော်တို့နဲ့ အတူ ပေါ်တာတွေ ဘယ်နှယောက်ရှိလဲ မသိဘူး၊ ဒါပေမယ့် ရွာသား ၄၀၀ လောက်ကိုတော့ အကျဉ်းသား ပေါ်တာတွေကို အခိုင်း ခံနေရတာ တွေ့ခဲ့ရတယ်” ဟု ပြောသည်။

ပေါ်တာ အယောက် ၃၀ ကျော် ၄၀ ခန့်ကို စစ်သားများက သတိလစ်သည်အထိ ရိုက်နှက်ပြီး ထိုအတိုင်း ပစ်ထား ခဲ့သည်ကို မြင်ဖူးကြောင်း၊ ယင်းတို့အားလုံး သေဆုံးနိုင်ကြောင်းလည်း ကိုမြင့်အောင်က ပြောသည်။

HRW မှ တာဝန်ရှိသူ Elaine Pearson က “မြန်မာနိုင်ငံဟာ ကမ္ဘာ့အရှည်ဆုံး လက်နက်ကိုင် ပဋိပက္ခ ဖြစ်နေတဲ့ နေရာပါ။ အကျဉ်းသား တွေကို ပေါ်တာအဖြစ် သုံးတာ၊ လူတွေကို မိုင်းရှင်း ကိရိယာ အဖြစ် သုံးတာတွေ ရှိနေပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှု များနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုများ ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ဖို့အတွက် လုံလောက်တဲ့ အထောက်အထားတွေပါပဲ” ဟု ပြောသည်။

Ref: ဧရာဝတီ်

Read More...

ရှမ်းတပ် ဗုံးကြဲတိုက်ခိုက်ခံရဟု SSA တောင်ပိုင်းပြော

ထွန်းထွန်း
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာအစိုးရတပ်က ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် တောင်ပိုင်း ပူးပေါင်း တပ်ဖွဲ့ ဝင်များအား ဗုဒ္ဓဟူးနေ့တွင် စစ်လေယာဉ် နှစ်စင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA-S ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။

“ဝမ်ဆိုင်းတောင်မှာ စစ်အစိုးရတပ်တွေက ကျနော်တို့ SSA တပ်တွေက ဝိုင်းပြီး ပိတ်ဆို့ထားတဲ့ အတွက်ကြောင့် ဝေဟင်ကနေ MiG 26 လို့ ယူဆလို့တဲ့ လေယာဉ် ၂ စီးနဲ့ ကျနော်တို့ SSA တွေကို လာပြီးတော့ ဗုံး ၈၊ ၉ လုံးလောက် ကြဲသွားတယ်လို့ ရှေ့တန်း တပ်တွေက အဲဒီလို အစီရင် ခံထားပါတယ်” ဟု ဗိုလ်မှူးစိုင်းလောင်ဆိုင်းက မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း မိုင်းရယ်မြို့နယ်အတွင်း ဝမ်ကိုင်ဖရွာအနီးရှိ ဝမ်ဆိုင်းတောင်တွင် တပ်စွဲ ထားသည့် အစိုးရ တပ်များကို SSA ပူးပေါင်း တပ်များက ဝိုင်းဝန်း ပိတ်ဆို့ထားစဉ် မွန်းလွဲ ၁ နာရီကျော်တွင် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းတပ်မှ တပ်သားနှစ်ဦး ဒဏ်ရာ ရသွားခဲ့ပြီး စစ်လေယာဉ် ၂ စင်းက တပြိုင်နက်တည်း ပျံဝဲကာ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု ဗိုလ်မှူး လောင်ဆိုင်းကပြောသည်။

“တော်တော်လေး ပြင်းထန်ပါတယ်လို့ ပြောပါတယ်။ သစ်ပင်တွေကတော့ ပြိုလဲကုန်တယ်။ တပြိုင်တည်း ၂ စင်းလာတာ” ဟု သူက ဆိုသည်။

သို့သော် မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

ရှမ်းပြည်တပ်မတော်တွင် တောင်ပိုင်း၊ မြောက်ပိုင်းဟူ၍ မရှိတော့ဘဲ တပေါင်းတည်း ဖြစ်သွားပြီ ဖြစ်ကြောင်း ၂ဝ၁၁ မေ ၂၁ ရက်တွင် ပြုလုပ် ခဲ့သည့် ၅၃ နှစ်မြောက် ရှမ်းပြည် တော်လှန်ရေးနေ့ အထိမ်းအမှတ် ပွဲ၌ SSA-S ၏ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး စဝ်ရွက်စစ်က မီဒီယာများကို ပြောဆိုခဲ့သည်။

သို့သော် ပူးပေါင်းလိုက်သော ရှမ်းပြည်တပ်မတော်၏ ခေါင်းဆောင်မှု ဖွဲ့စည်းပုံသစ်ကို မထုတ်ပြန်ခဲ့သလို အင်္ဂါနေ့က ပြုလုပ်သော မဇ္ဈိမနှင့် အင်တာဗျူးတွင် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပေါင်းစည်းရန် သဘောတူညီချက် ရရှိထားသော်လည်း ဆွေးနွေးမှု ဆက်လုပ် နေဆဲ ဖြစ်သည်ဟု ပြောသည်။

“မူအရတော့ ပေါင်းစည်းဖို့ သဘောတူညီချက်တွေ ရသွားပြီ။ ဘယ်ပုံဘယ်နည်းနဲ့ ပေါင်းစည်းကြမလည်း ဆိုတဲ့ ပေါင်းစည်းပုံ ပေါင်းစည်းနည်း ကို ဆက်လက် ဆွေးနွေး နေတုန်း ဖြစ်ပါတယ်။ သဘော တူညီချက်တွေ၊ အမြင်ချင်း တူညီတာတွေ သဘောထား တူညီတာတွေ ရထားပြီးပြီ။ လက်နက်ကိုင် တပ်တွေရော နိုင်ငံရေး အပိုင်းမှာလည်း သက်ဆိုင်တာကိုး။ နိုင်ငံရေး အပိုင်းမှာ ဘယ်လို စုပေါင်းကြမလည်း။ လက်နက်ကိုင် တပ်မှာ ဘယ်လို ပေါင်းစည်းကြ မလည်း။ နယ်မြေခွဲဝေမှုတွေ၊ လှုပ်ရှားဖို့ အတွက် ဘယ်လို သွားကြမလည်း ဆိုတဲ့ အသေးစိတ်တွေ ဆက်လက် ဆွေးနွေး နေတုန်းဖြစ်ပါတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။

ဇူလိုင် ၁၁ ရက်နေ့ကစ၍ ဖြစ်ပွားနေခဲ့သော SSA-N ဌာနချုပ်ရှိရာ ဝမ်ဟိုင်းအနီးရှိ ဝမ်လု တိုက်ပွဲတွင် ရှမ်းတပ်က ပြန်လည် အသာစီး ရချိန်တွင် အစိုးရတပ်က ဗုံးကြဲ တိုက်ခိုင်းခြင်း ဖြစ်သည်ဟု ဆိုသည်။

တိုက်ပွဲတွင် အစိုးရတပ်ဘက်မှ တပ်သားတဦးကို အရှင် ဖမ်းမိထားကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။

ဝမ်ဟိုင်းဌာနချုပ်မှာ ရှမ်းပြည်နယ် မိုင်းရယ်နှင့် ချေးတီးမြို့ကြားတွင် တည်ရှိကာ ယခုတိုက်ပွဲ နေရာသည် ချေးတီးမြို့ အရှေ့မြောက်ဘက် မိုင် ၂ဝ ကျော်တွင် တည်ရှိသည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် သတင်းများကို အနီးကပ် စောင့်ကြည့်တင်ပြနေသည့် ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က ဗုံးကြဲ တိုက်ခိုက်မှုကို အတည် မပြုနိုင်သေးကြောင်းနှင့် လေယာဉ်များ လာရောက် ခဲ့သည်မှာ မှန်ကန်ကြောင်း ပြောသည်။

“အတည်မပြုနိုင်သေးဘူး။ သိထားတာကတော့ ဗုံးကြဲတာက မကြဲသေးဘူး။ ဒါပေမဲ့ ဂျက် တိုက်လေယာဉ် ပဲလို့ ပြောတယ်။ တစီးပဲ၊ ၃ ခါ လာဝဲပြီးပြီတဲ့။ ၂ နာရီကျော်၊ ၃ နာရီကျော်၊ ၄ နာရီကျော်။ သုံးခါ လာဝဲပြီးပြီ” ဟု သူက ဆိုသည်။

အစိုးရတပ်ဘက်မှ အင်အားများ ဆက်လက်ဖြည့်တင်း နေသည်ဟု ဦးစိန်ကြည်က ဆက်ပြောသည်။

Ref: မဇ္ဈိမ

Read More...

Wednesday, July 13, 2011

အမတ်နှင့် ဥပဒေ

မျိုးသန့်
အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ လွှတ်တော်အမတ်များ အနေဖြင့် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းကျင့်သုံးနေသည့် ဥပဒေများနှင့် ပတ်သက်၍ မည်သည့် ဥပဒေကို ပယ်ဖျက်သင့်သည်၊ မည်သည့် ဥပဒေကို ပြင်ဆင်သင့်သည် စသည်များကို လွှတ်တော် ဆွေးနွေးပွဲများ အတွင်း တင်ပြနိုင်ရမှာ ဖြစ်သော်လည်း အမတ်များ ကိုယ်တိုင်က သိနားလည်မှု အားနည်း နေကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် ဇွန်လအတွင်း တွေ့ဆုံမှုတွင် မြန်မာ နိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသည့် ဥပဒေ ၄၀၀ ကျော်ရှိပြီး ထိုဥပဒေများမှ ပြန်လည် ပြင်ဆင်သင့်သည့် ဥပဒေများကို လေ့လာ ထားရန်လိုကြောင်းလည်း လွှတ်တော် အမတ်များကို ပြောခဲ့သည်။

သို့သော်လည်း လက်ရှိ ယခု သတင်းဆောင်းပါး ရေးသားချိန် အထိ အမတ်အများစုမှာ ဥပဒေနှင့် အလှမ်း ဝေးနေဆဲ ဖြစ်သည်။ အမတ်များဘက်မှ ခုခံ ပြောကြားကြသည်မှာ စာအုပ် စာတမ်းများ ရှားပါးမှုနှင့် မအားလပ်မှု များကြောင့်ဟု ဆိုကြသည်။

ဦးရွှေမန်းက ထိုဥပဒေ ၄၀၀ ကျော်ကို လွှတ်တော် အမတ်များ လေ့လာနိုင်ရန် စာအုပ် ထုတ်ပေးမည် ဖြစ်သော်လည်း ထိုအစီအစဉ်မှာ ဖြစ်မလာသေးဟု ပြည်သူ့ လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

“သူတို့ပေးတော့မှ ကိုယ်ကလည်း လေ့လာရမှာ သူတို့ ကိုယ်တိုင်ကလည်း အဲဒါတွေ ရှာဖွေ နေရတယ်ပေါ့နော် ကျနော်တို့က တချို့ ဟာတွေတော့ သိတယ် ဒါပေမယ့် အပြည့်အစုံ မသိဘူး သူကတော့ ပြောပါတယ် ကျနော်တို့ အချိန်မီ ပေးဖို့ ကြိုးစား နေသော်လည်း အခက်အခဲတွေ ရှိနေပါတယ်တဲ့ အဲဒါကြောင့် မပေးဖြစ်တာ ပြောပါတယ်” ဟု ပြည်သူ့ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦးက မိမိတာဝန်ယူထားသည့် ကော်မတီနှင့် သက်ဆိုင်သည့် အခွန် ဥပဒေကိုသာ လေ့လာထားသည်။ အခက်အခဲက “ ဥပဒေတွေကလည်း ပါလီမန်ခေတ်က ဟာတွေဆိုတော့ ရှာရတာ တော်တော် ခက်တယ်” ဟုလည်း ဆိုသည်။

အစိုးရ၏ ကတိကဝတ်များ စိစစ်ရေး ကော်မတီဝင် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီမှ ဒေါက်တာ အေးမောင်ကလည်း မတ်လ လွှတ်တော် ဆွေးနွေးပွဲများ အတွင်း ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၏ ပြောကြားချက် ကတိများကို စိစစ်နေဆဲ ဖြစ်ပြီး လက်ရှိ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ပတ်သက်၍ ပြင်ဆင်ထားမှုများ မရှိသေးဟု ဆိုသည်။

“ ကျနော်တို့က အစိုးရ ကတိကဝတ်တွေကို စိစစ်ရတဲ့ ကော်မတီဆိုတော့ ကျနော်တို့ ကတိကဝတ် တွေကိုပဲ ကျနော်တို့ အာရုံ စူးစိုက် နေရပါတယ်။ ဒါပေမယ့် ၅ ညတို့ ဘာတို့ ဖျက်သင့်တယ်လို့ လွှတ်တော်အမတ် တယောက်ယောက်က တင်လာရင်တော့ ကျနော်တို့ ဆန္ဒနဲ့ ကိုက်ညီရင် ကျနော်တို့ ထောက်ခံပေးရမှာပေါ့ဗျာ” ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF မှ လွှတ်တော်အမတ် ဦးစိုးဝင်းကလည်း လက်ရှိ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ပတ်သက်၍ လေ့လာနိုင်မှု မရှိသေးကြောင်း သူက ဆိုသည်။

“ လောလောဆယ်မှာ အဲဒီဟာတွေကို ကျနော်တို့က မလုပ်နိုင်သေးဘူးဗျ ကြားဖြတ် (ရွေးကောက်ပွဲ) တို့ ပါတီ ကိစ္စတို့ အဲဒီဟာတွေပဲ လုပ်နေရတာ ရှိတယ် ”

သို့သော် NDF ခွဲထွက်တဦးဖြစ်သူ ရှေ့နေနှင့် လွှတ်တော်အမတ် ဦးသိန်းညွန့်က လွှတ်တော်အမတ် တဦးတွင် ဥပဒေပြုရေး တာဝန်ရှိပြီး ပြင်ဆင်သင့်သည့် ဥပဒေများကို လေ့လာ ရှာဖွေထားသင့်ကြောင်း တိုက်တွန်းသည်။

ဦးသိန်းညွန့်က ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ဥပဒေနှင့် ပြည်သူကို အကျိုးမပြုသည့် ဥပဒေများကို ပယ်ဖျက် သင့်ကြောင်းလည်း သုံးသပ်သည်။

“ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်မှုမှ ကာကွယ်သည့် ဥပဒေ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အရေး ယူတဲ့ ဥပဒေ ရှိသလို ၁၉၅ဝ အရေးပေါ် စီမံမှု ဥပဒေ စတာတွေ၊ နိုင်ငံတော်ကို အကြည်ညို ပျက်စေသည့် ဥပဒေ ၁၂၄ က တို့ ရှိနေတယ် အဲဒါတွေကို ပယ်ဖျက် ပြင်ဆင် ပြောင်းလဲရမှာပေါ့” ဟု သူက ဆိုသည်။

လွှတ်တော်အမတ်မှ ဥပဒေများ လေ့လာနိုင်ရန် ရှေ့နေချုပ်ရုံး၊ တရားရုံးချုပ်တို့မှလည်း အကူအညီ ပေးသင့်ကြောင်း ဦးသိန်းညွန့်က ယူဆသည်ဟု မဇ္ဈိမကို ပြောသည်။

မဇ္ဈိမက စုံစမ်းခဲ့သည့် လွှတ်တော် အမတ်အများစုက ပြောနိုင်သည်မှာ ပြည်သူလူထုမှ တင်ပြလာသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ပြဿနာများ၊ လျှပ်စစ်မီးကိစ္စ စသည့် လူထု၏ အခြေခံ ပြဿနာများကို လာမည့် လွှတ်တော်များ အတွင်း တင်ပြ ဆွေးနွေးနိုင်ရန် လေ့လာ မှတ်တမ်း ယူနေကြပါသည် ဆိုခြင်းသာ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ဒီမိုကရေစီလိုလားတဲ့ ပြောင်းလဲမှုတွေ မြန်မာနိုင်ငံမှာလည်း ဖြစ်ပေါ်နေကြောင်း ဒလိုင်းလားမား မိန့်ကြား

2011-07-12

ဒီမိုကရေစီစနစ်ကို လိုလားတဲ့ အပြောင်းအလဲ တွေကို မြောက်အာဖရိက နိုင်ငံတွေမှာ တင်မကပဲ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံ အတော်များများ မှာ တွေ့ရကြောင်း တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားက မနေ့က မိန့်ကြား လိုက်ပါတယ်။

၂ ပတ်ကြာ အမေရိကန် ပြည်ထောင်စု ခရီးစဉ် အတွင်း ဇူလိုင်လ ၁၁ ရက်နေ့က RFA လွတ်လပ်တဲ့ အာရှအသံ ၀ါရှင်တန် ဒီစီ ရုံးချုပ်မှာ သီးသန့် ပြုလုပ်ခဲ့တဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ မြောက်အာဖရိကနဲ့ အာရပ် ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ တိဘက် ဘာသာရေး ခေါင်းဆောင် နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒလိုင်းလားမားက အခုလို မိန့်ကြား လိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတွေကို ပြည်သူတွေက ပိုင်ဆိုင်ပြီး ပြည်သူက အုပ်ချုပ်တဲ့ တိုင်းပြည် ဖြစ်ဖို့ဆိုရင် အကောင်းဆုံး အုပ်ချုပ်ရေး စနစ်က ဒီမိုကရေစီ စနစ်သာ ဖြစ်ကြောင်း၊ ဘုန်းတော်ကြီး ဒလိုင်းလားမားက မိန့်ကြားပါတယ်။

ဘုန်းတော်ကြီး ဒလိုင်းလားမား RFA အသံလွှင့်ဌာနကို ကြွရောက်လာတာဟာ RFA ထူထောင်တဲ့ (၁၅) နှစ်ပြည့် အထိမ်းအမှတ် ကာလနဲ့လည်း တိုက်ဆိုင်နေပြီး သတင်း လွတ်လပ်မှု မရှိတဲ့ နိုင်ငံတွေမှာ အသံလွှင့် မီဒီယာတွေရဲ့ အခန်းကဏ္ဍ အရေးပါမှု တွေကိုလည်း မိန့်ကြား ခဲ့ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တရားမျှတမှု စံတန်ဖိုးတွေရဲ့ အရေးပါမှုတွေကို မိန့်ကြားခဲ့သလို ဒါတွေကို လိုက်နာ ထိန်းသိမ်းဖို့ အတွက် ဆိုရင် ပညာပေးရေးဟာ အဓိက ကျတယ်လို့ မိန့်ကြား ခဲ့ပါတယ်။

Ref: RFA News

Read More...

ရွာထဲသို့ လက်နက်ကြီးများပစ်ချ၍ ရွာသားများဒဏ်ရာရရှိ

အင်္ဂါနေ့, 12 ဇူလိုင်လ 2011

ကရင်နီပြည်ဖာဆောင်းမြို့နယ် ထီးဒူးခီးစခန်းတွင် အခြေချသည့် မြန်မာအစိုးရ တပ်စခန်းအား ကရင်နီ တပ်မတော် စစ်ဦးစီး တပ်မှ ၀င်ရောက် တိုက်ခိုက်ပြီးနောက် စစ်တပ်မှ ရွာထဲသို့ လက်နက်ကြီးများဖြင့် လှမ်းထု၍ ရွာသားများ ဒဏ်ရာ ရရှိခဲ့ကြသည်ဟု သိရသည်။

ဇွန်လှိုင်လ ၆ ရက်နေ့က ကရင်နီစစ်ဦးစီးတပ်မှ စောဆာနီ ဦးဆောင်တပ်မှ တပ်ရင်းမှူး ကိုကိုနိုင် ဦးဆောင်သည့် ခလရ ၁၃၄ တပ်စခန်းအား ပြောက်ကျား နည်းစနစ်ဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့ပြီး မိနစ်ပိုင်း အကြာမှာပင် အစိုးရတပ်မှ အနီးအနားရှိ မူးလော်ပါရွာအား လက်နက်ကြီးများဖြင့် လှမ်းထုခြင်းကြောင့် သက်ကြီး ရွယ်အိုတစ်ဦးနှင့် ကလေးတစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများကဆိုသည်။

“နှစ်ယောက် ဒဏ်ရာရတယ် ဒဏ်ရာ နည်းနည်းပြင်းတယ်။ လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက်၊ အဲဒီလူကြီး အသက် ၅၀ ၀န်းကျင်လောက် ရှိမယ်” ဟု ဖာဆောင်းမြို့နယ် မော်ချီးမြို့မှ ဒေသခံတစ်ဦးက ပြောသည်။ ဒဏ်ရာ ရှိကြသည့် ကလေးတစ်ဦးနှင့် သက်ကြီး ရွယ်အို တစ်ဦးအား လွိုင်ကော်ဆေးရုံသို့ တင်ပို့ထားသည်ဟု သိရသည်။

“တိုက်ပွဲက ကျနော်တို့ရဲဘော်က သွားပြီး ပြောက်ကျားပစ်တယ်။ အဲဒီစခန်းကို သွားပြီး ပြောက်ကျား ပစ်တယ်။ ရန်သူဖက်က တစ်ယောက် ကျတယ်” ဟု ကရင်နီ တပ်မတော် ဘက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခု ၂၀၁၁ ခုနှစ်အတွင်း ခလရ ၁၃၄ တပ်ရင်းအခြေချထားသည့် ထီးဒူးခီး တပ်စခန်းအား ကရင်နီတပ်မှ ယခု တစ်ခေါက်ပါ ဆိုလျှင် ၆ ကြိမ်တိုင် ပြောက်ကျား နည်းဖြင့် ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

ထီးဒူးခီးတပ်စခန်းအား ကရင်နီဘက်မှ ၀င်ရောက်မသိမ်းနိုင်ရန် တိုက်ပွဲဖြစ်တိုင်း ယခုလို အနီးအနားရှိ ရွာများသို့ လက်နက်ကြီး များဖြင့် လှမ်းထု၍ ရွာသားများအား ခြိမ်းခြောက်သည်ဟု ကရင်နီ တပ်မတော်က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့က ရှားတောမြို့နယ်အခြေစိုက် ခမရ ၃၃၂ မှ တပ်သားနှစ်ဦး လက်နက် အပြည့် အစုံဖြင့် ကရင်နီ တပ်မတော်ထဲသို့ ထွက်ပြေး လာခဲ့သည်။ ရှားတောမြို့နယ်တွင် ပြီးခဲ့သည့် မေလအတွင်း၌ အစိုးရ စစ်တပ်နှင့် ကရင်နီတပ်တို့ အကြား တိုက်ပွဲ တစ်ကြိမ် ဖြစ်ပွားခဲ့သည်။

Ref: ကန္တာရဝတီ

Read More...

မြန်မာစစ်တပ် ကလေးစစ်သား စုဆောင်းမှု ILO စိုးရိမ်

ဦးသားညွန့်ဦး
အင်္ဂါ, 12 ဇူလိုင် 2011

မြန်မာနိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေး ဆောင်ရွက်မှုမှာ အရပ်ဘက် ဒေသ အာဏာပိုင်တွေ ဘက်က ဒီအပေါ်မှာ သတိပြု အလေးထား လာကြပေမဲ့ စစ်ဘက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ဆောင်ရွက်မှု တိုးတက်လာတာ မတွေ့တဲ့ အတွက် အလွန်အမင်း စိုးရိမ်စရာ ဖြစ်တယ်လို့ ILO ရန်ကုန်ရုံး တာဝန်ရှိသူက ပြောလိုက်ပါတယ်။ အထူးသဖြင့် အစိုးရ ထိပ်ပိုင်းရဲ့ ကတိ က၀တ်တွေ၊ ဥပဒေ အကောင်အထည် ဖော်မှုတွေနဲ့ အောက်ခြေ လက်တွေ့ပိုင်း ဆောင်ရွက်မှု ကွာဟမှုတွေ တွေ့ရတယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ရန်ကုန်ရုံး အနေနဲ့ မြန်မာနိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်ရေး ကိစ္စကို အဓိက ကိုင်တွယ်တဲ့ နေရာမှာ ကိုယ်တိုင် လိုက်လံ စုံစမ်းတာထက် တိုင်ကြားချက်တွေ အပေါ် အဓိက အခြေခံရတာ ဖြစ်ပါတယ်။ အသက်မပြည့်တဲ့ ကလေးစစ်သား စုဆောင်းမှုတွေကိုလည်း ဒီခေါင်းစဉ် အောက်မှာပဲ ထည့်ပြီး ကိုင်တွယ် ဖြေရှင်း ပေးနေပါတယ်။

တိုင်ကြားချက်တွေကို အခြေခံကြည့်တဲ့အခါမှာ အရပ်ဘက်မှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ လျော့ကျ လာတာ တွေ့ရပေမဲ့လို့ စစ်ဘက်မှာတော့ ကလေးစစ်သား စုဆောင်းမှု လျော့လာတဲ့ လက္ခဏာ မတွေ့ရ တာကြောင့် ဒီအခြေအနေကို စိုးရိမ် မိတယ်လို့ ILO ဆက်သွယ် ညှိနှိုင်းရေး အရာရှိ စတိဗ် မာရှယ် (Steve Marshall) က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာပြည်အနှံ့က ကျနော်တို့နဲ့ ထိစပ်ထားတဲ့ ကွန်ရက်တွေကတဆင့် အဖြစ်အပျက် တိုင်ကြားမှုတွေ ရခဲ့ပါတယ်။ ဒီကွန်ရက်တွေက ရတဲ့ သတင်းတွေအရ ဆိုရင်တော့ အရပ်သား အာဏာပိုင်တွေ ကနေ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ လျော့ကျ သွားပါတယ်။ ဒါပေမဲ့လို့ စစ်ဘက် အာဏာပိုင်တွေ အပိုင်းမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ လျော့ပါး သွားတယ် ဆိုတဲ့ အရိပ် လက္ခဏာ မတွေ့ရ တာကြောင့် ဒါဟာ အင်မတန်တော့ စိုးရိမ်စရာ ဖြစ်နေပါတယ်။”

အစိုးရပိုင်း အနေနဲ့ကတော့ ဥပဒေတွေ ချမှတ်ပြီး ကလေးစစ်သား ပပျောက်ရေးအတွက် ကတိက၀တ် ပြုနေပေမဲ့လို့ အောက်ခြေပိုင်းမှာ ဖြစ်နေတာတွေ နဲ့တော့ ကွာဟ နေတယ်လို့ စတိဗ် မာရှယ်က ပြောပါတယ်။

“အသက် ၁၈ နှစ်အောက် ကလေးငယ်တွေကို စစ်သားအဖြစ် မစုဆောင်းရဘူးဆိုတဲ့ ဥပဒေအတိုင်း ဖြစ်စေရမယ်လို့ အစိုးရ ထိပ်ပိုင်းက ကတိက၀တ် ပြုနေပေမဲ့လို့ ကလေးစစ်သား စုဆောင်းမှုတွေ ဆက်ရှိ နေတုန်းပဲ ဆိုတဲ့ တိုင်ကြားချက်တွေ ဆက်ရှိ နေတာကြောင့် ကျနော်တို့ ဘက်က အင်မတန် စိုးရိမ်စရာ ဖြစ်ရပါတယ်။ အစိုးရ ထိပ်ပိုင်းက ချထားတဲ့ ဥပဒေတွေနဲ့ လက်တွေ့ အောက်ခြေမှာ ဖြစ်နေတာတွေက ကွာဟနေပါတယ်။ ဒါကြောင့် ဒီလို ကွာခြားမှု ဖြစ်နေတဲ့ အပေါ်မှာ အစိုးရပိုင်းရော စစ်ဘက် အာဏာပိုင်တွေ နဲ့ပါ ပူးပေါင်းကိုင်တွယ် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်း နေပါတယ်။”

တဘက်မှာတော့ ILO အနေနဲ့ ကလေးစစ်သား ပပျောက်ရေး အပါအ၀င် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရပ်ဆိုင်းရေး အတွက် အစိုးရဌာနတွေ၊ စစ်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ပညာပေး အစီအစဉ်တွေ ဆောင်ရွက်ဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။ အခု လတ်တလောမှာပဲ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနနဲ့ ပူးတွဲပြီး ရှမ်းဘာသာ စကားနဲ့ ပညာပေး လက်ကမ်းစာစောင် ထုတ်ဝေဖို့ သဘောတူထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

“အစိုးရအနေနဲ့ မူအားဖြင့် သဘောတူလိုက်ပြီလို့ ဆိုရမှာပါ။ ရှမ်းဘာသာစကားနဲ့ အရင်ဆုံး ထုတ်ဝေဖို့ သဘောတူ ထားတာကြောင့် အခု ဘာသာပြန်နေပါပြီ။ ပြီးရင်တော့ အစိုးရဌာနတွေ၊ လူမှု အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အပါအ၀င် အဖွဲ့အစည်း အဆင့်ဆင့်က တဆင့် ဒီလက်ကမ်း စာစောင်တွေ ဖြန့်ချိ သွားပါမယ်။ ရှမ်းဘာသာ စကားနဲ့ ထုတ်ဝေပြီးရင်တော့ အခြား တိုင်းရင်းသား ဘာသာ စကားတွေနဲ့လည်း ထုတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာသာစကား ၆ မျိုးစလုံး တပြိုင်တည်း မထုတ်နိုင် ပေမဲ့လို့ တဖြည်းဖြည်းချင်း လုပ်သွား နိုင်မှာပါ။”

မြန်မာစကား နားမလည်တဲ့ တိုင်းရင်းသားတွေအတွက် သူတို့ သက်ဆိုင်ရာ ဘာသာစကားတွေနဲ့ ပညာပေး လက်ကမ်း စာစောင် ထုတ်နိုင်ဖို့ ILO ဘက်က တောင်းဆိုခဲ့တာ ကြာပါပြီ။ မြန်မာ ဘာသာနဲ့တော့ မနှစ်ကစပြီး လက်ကမ်းစာစောင်တွေ ဖြန့်ဝေ ခဲ့ပါတယ်။ ဒီလို ပညာပေး လုပ်ငန်းတွေကြောင့် အာဏာပိုင်တွေထက် သာမန် လူထုအကြား ပိုမို အသိကြွယ်လာပြီး မိမိ ရပိုင်ခွင့် အတွက် ကိုယ်တိုင် ကြိုးပမ်းမှုတွေ ရှိလာတယ်လို့ စတိဗ် မာရှယ်က ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် မေလ လက်ကမ်းစာစောင်တွေ ဖြန့်ချိပြီးတဲ့နောက် ၂၀၁၀ ခုနှစ်အတွင်း တိုင်ကြားမှုတွေရတဲ့ အရေ အတွက်ဟာ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉၊ ၃ နှစ်စာရတဲ့ တိုင်ကြားစာတွေနဲ့ အရေအတွက် အတူတူ ဖြစ်နေတာ စိတ်ဝင်စားစရာ တွေ့ရပါတယ်။ ဒါကြောင့် တိုင်ကြားစာ ရရှိမှုဟာ အတော်လေးကို များပြား လာပါတယ်။ ဒါဟာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု ပမာဏ ပိုပြီး တိုးများ လာတဲ့သဘော မဟုတ်ပါဘူး။ အများပြည်သူ အကြားမှာ တိုင်ကြားလို့ ရတယ်ဆိုတဲ့ ဥပဒေဆိုင်ရာ အသိပညာ ပိုရ လာတာကြောင့်ပါ။

“နောက်ပြီး လူတွေကြားမှာ သူတို့အခွင့်အရေး၊ ရပိုင်ခွင့်ကို ဥပဒေနဲ့အညီ လုပ်ဆောင်လို့ ရတယ်ဆိုတာ ပိုပြီး ယုံကြည်မှုတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံမှာ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရပ်တန့်အောင်၊ ILO အနေနဲ့ အစိုးရ အာဏာပိုင်တွေနဲ့ အတူ ဥပဒေ အတိုင်းဖြစ်အောင် ဆောင်ရွက်နိုင်တယ်လို့ ယုံကြည် လာတာနဲ့ အမျှ တိုင်ကြားမှုတွေ ပိုရလာတာ ဖြစ်ပါတယ်။”

ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်နဲ့ မြန်မာအစိုးရရဲ့ သဘောတူညီချက်အရ နိုင်ငံတွင်း အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရှိလာရင် ILO ရန်ကုန်ရုံးကို လွတ်လွတ်လပ်လပ် တိုင်ကြားခွင့် မြန်မာ အာဏာပိုင်တွေဘက်က ခွင့်ပြု ထားပါတယ်။ ဒါပေမဲ့ တိုင်ကြားသူအချို့ ခြိမ်းခြောက် ခံရတာ၊ တိုင်ကြားနိုင်အောင် ကူညီပေးသူ အချို့ကို အာဏာပိုင်တွေက အညှိုးထားပြီး ဖမ်းဆီး တာမျိုးတွေလည်း ရှိခဲ့တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

Ref: VOA News

Read More...

ဂဒါဖီ အာဏာစွန့်လွှတ်တော့မည်လော

အင်္ဂါ, 12 ဇူလိုင် 2011

လစ်ဗျားခေါင်းဆောင်ဟာ အာဏာစွန့်လွှတ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုကြတဲ့ ဂဒါဖီ (Moammar Gadhafi) ရဲ့ ကိုယ်စားလှယ် တွေနဲ့ နေတိုး အဖွဲ့ဝင်တွေ အဆက်အသွယ် ရရှိခဲ့တယ်လို့ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးက ပြောကြား လိုက်ပါတယ်။ ဒီတွေ့ဆုံမှုဟာ အပြည့်အ၀ ညှိနှိုင်းမှု တခုတော့ မဟုတ်သေးကြောင်း ၀န်ကြီး အလဲန် ယူပေး (Alain Juppe) က ဆိုပါတယ်။

ဒါပေမဲ့ ဂဒါဖီရဲ့ ကိုယ်စားလှယ်တွေ ပြောကြားချက် အပြည့်အစုံမှာ မစ္စတာ ဂဒါဖီဟာ သွားဖို့ ပြင်ဆင်နေပြီ၊ ဒီအကြောင်းကို ဆွေးနွေး ကြရအောင်လို့ ဆိုပါတယ်။ လစ်ဗျား အစိုးရဟာ အခုအခါမှာ တူရကီ၊ နယူးယောက်၊ ပဲရစ်စ် စတဲ့ နေရာ အနှံ့အပြားကို ကိုယ်စားလှယ်တွေ စေလွှတ် နေတယ်လို့လည်း မစ္စတာ ယူပေးက ပြောပါတယ်။

ကိုယ်စားလှယ်များရဲ့ ပြောကြားချက် ခိုင်လုံစိတ်ချရမှုနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခုချိန် ထိတော့ မစ္စတာ ဂဒါဖီဟာ အာဏာကို စွန့်လွှတ်ဖို့ ငြင်းဆန် နေခဲ့တာဖြစ်ပြီး သူ့အစိုးရဆီက ယခင် ကမ်းလှမ်းခဲ့တဲ့ ငြိမ်းချမ်းရေး စကားတွေလည်း လုံးဝ ခရီး မရောက်ခဲ့ပါဘူး။

တခါ လစ်ဗျားဝန်ကြီးချုပ် ဘက္ကဒါဒီ အယ်လ် မာမူဒီ (Baghdadi al-Mahmudi) ကလည်း သူ့ရဲ့အစိုးရဟာ ပြင်သစ်နဲ့ လစ်ဗျား သူပုန်တို့နဲ့ ကြိုတင် စည်းကမ်း သတ်မှတ်ချက် မထားဘဲ ဆွေးနွေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြင်သစ် သတင်းစာ လပ်ဖ် ဖီ ဂါရိုကို ပြောကြားခဲ့ပါတယ်။

ဒီလို ဆွေးနွေးရာမှာ လစ်ဗျားဝန်ကြီးချုပ်က ခေါင်းဆောင်ကြီးလို့ ခေါ်တဲ့ မစ္စတာ ဂဒါဖီလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

သူပုန်တို့ရဲ့ အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ မစ္စတာ ဂဒါဖီနဲ့ သူ့သားတွေ အာဏာ စွန့်လွှတ်မှု အပါအ၀င် အရေးကြီးတဲ့ ကနဦး ဆောင်ရွက်ချက်တွေ ပြုလုပ်လာမှ ဆွေးနွေးရေး ဖိတ်ခေါ်ချက်ကို တုံ့ပြန်မယ်လို့ ဆိုပါတယ်။

Ref: VOA News

Read More...

၉၀ ရွေးကောက်ခံများကိုလည်း ဂျပန် ဖိတ်ခေါ်သင့်

ထွန်းထွန်း
အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဂျပန်အစိုးရ ဖိတ်ခေါ်သည့် လေ့လာရေးခရီးစဉ်များ၌ ၉၀ ခုနှစ် ရွေးကောက်ခံ ကိုယ်စားလှယ် များနှင့် တိုင်းရင်းသား ခေါင်းဆောင်များပါ ထည့်သွင်း ခေါ်ယူသွားရန် နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တင်ပြ သွားမည်ဟု ဂျပန် အမတ်များ သမဂ္ဂက အင်္ဂါနေ့ ဆွေးနွေးပွဲတွင် ဆုံးဖြတ်ခဲ့ကြောင်း တိုကျို အခြေစိုက် မြန်မာ့ရေးရာရုံး အတွင်းရေးမှူး ဒေါက်တာမင်းညိုက ပြောသည်။

ဂျပန်အထက်လွှတ်တော်၌ အင်္ဂါနေ့ နေ့လည်ပိုင်းတွင် မြန်မာပြည်ဆိုင်ရာ ဂျပန် နိုင်ငံခြားရေး မူဝါဒ ခေါင်းစဉ်ဖြင့် ဆွေးနွေး ခဲ့ကြရာ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန လက်အောက် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဌာန လက်ထောက် ညွှန်ကြားရေးမှူး မစ္စတာ Shinji Minami ၊ ဂျပန်အမတ်သမဂ္ဂ အဖွဲ့ဝင်များ၊ အထက်လွှတ်တော် အမတ်အချို့နှင့် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ တက်ရောက်ခဲ့သည်။

“မြန်မာပြည်က အမတ်တွေကို ရွေးချယ်ပြီး ဖိတ်တဲ့ဟာနဲ့ ပတ်သက်ပြီး နောက်တခါ ဖိတ်မယ်ဆိုရင် ၂၀၁၀ က ရွေးချယ် တင်မြှောက်ခံခဲ့ရတဲ့ အမတ်တွေတင် မကဘဲနဲ့ ၁၉၉၀ ရွေးကောက်ပွဲ တုန်းက ရတဲ့ အမတ်တွေတို့၊ အဲဒီတုန်းက ပါဝင်ခဲ့တဲ့ နိုင်ငံရေးသမား၊ နိုင်ငံရေး ခေါင်းဆောင် တွေကိုလည်း ဖိတ်ပါ ဆိုတာကို ဆုံးဖြတ်ချက် ချတယ်လေ။ အဲဒီ ဆုံးဖြတ်ချက်ကို နိုင်ငံခြားရေး ၀န်ကြီးဌာနကို သူတို့ တင်မယ်လို့လည်း ပြောတယ်” ဟု ဆွေးနွေးပွဲတွင် ပါဝင်သူ ဒေါက်တာမင်းညိုက မဇ္ဈိမကို ပြောသည်။

လာမည့် ဇူလိုင် ၁၃ ရက်တွင် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ရေးပါတီအပြင် အခြားပါတီ ၅ ခုမှ လူငယ် ကိုယ်စားလှယ် များအား ဂျပန်အစိုးရက လေ့လာရေး ခရီးစဉ် ခေါ်ယူထားရာ၊ ဂျပန်ရောက် မြန်မာများက ၉၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ကိုပါ ခေါ်ယူစေလိုကြောင်း တင်ပြခဲ့ရာမှ ယခုရလဒ် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးကို အပြောမဟုတ်ဘဲနဲ့ လက်တွေ့ကျကျ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အနေ အထားတွေ ရောက်အောင် ပိုပြီး လုပ်ကိုင် ဆောင်ရွက်ပေးဖို့ ကျနော်တို့ အနေနဲ့ တိုက်တွန်း ချင်တယ်။ ဥပမာ ၂၀၁၀ မှာနိုင်တဲ့ ကိုယ်စားလှယ် တွေကို ခေါ်ပြီးတော့ ဖိတ်တာအပြင် ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီတွေကိုလည်း ခေါ်စေချင်တယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ် (ဂျပန်ဌာနခွဲ) မှ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးက မဇ္ဈိမကို ပြောသည်။

ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံ၏ နိုင်ငံခြားမူဝါဒ ပြောင်းလဲမှု ရှိမရှိ၊ မြန်မာပြည် ပြည်တွင်းစစ် အခြေ အနေနှင့် မြန်မာပြည်ကို ပေးအပ် နေသည့် ဂျပန် အထောက်အပံ့များ အကြောင်းကိုပါ ဆွေးနွေး ခဲ့ကြသေးသည်။

မြန်မာပြည်ဆိုင်ရာ မူဝါဒနှင့်ပတ်သက်၍ ဂျပန်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပ နိုင်သည်ကို ပြောင်းလဲမှု အဖြစ် ရှုမြင် ထားသောကြောင့် မြန်မာ အစိုးရသစ်နှင့် ပူးပေါင်းလုပ်ကိုင်မည့် အကြောင်း ဂျပန် နိုင်ငံခြား ဌာနက ပြောကြားခဲ့သည်။

“မြန်မာပြည်မှာရှိတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ လုပ်လိုက်တဲ့ဟာက ဒီမိုကရေစီ စနစ်ကျတာ၊ မကျတာ ဘေးချိတ်ထား။ ရှေ့ကို တလှမ်း တိုးသွား တယ်ပေါ့။ ရှေ့ကို တလှမ်း တိုးသွားပြီ၊ ပြောရရင် နောက်ကို ပြန်မဆုတ် စေချင်ဘူး။ အဲဒီတော့ နောက်ကို ပြန်မဆုတ်နိုင်တဲ့ ပေါ်လစီကို သူတို့က ကျင့်သုံးနေတဲ့ ဆိုတဲ့ ဟာမျိုးပေါ့” ဟု မစ္စတာ Shiji Minami ၏ ပြောဆိုချက်ကို ဒေါက်တာမင်းညိုက ပြန်ပြောပြသည်။

ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ တက်လာသော်လည်း အမည်ခံ သက်သက် ဖြစ်ပြီး၊ ၉၀ ရွေးကောက်ခံ NLD နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် မူဝါဒ ရှင်းလင်းစွာ ချမှတ်ရန် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများက လိုလားသည်။

“လုပ်နေတဲ့ လောလောဆယ်လုပ်ရပ်က လက်ရှိ ၂၀၁၀ ကနေ တက်လာတဲ့ လမ်းကြောင်းကိုပဲ ထဲထဲဝင်ဝင် ဖြစ်အောင် သွားပေး နေတဲ့ ဟာမျိုးတော့ မြင်နေတယ်။ အဲဒီအတွက်လည်း ကျနော်တို့ တဖက်မှာပဲ အားသာနေတဲ့ ဟာကိုလည်း မျှမျှတတ ဖြစ်အောင် လုပ်ကိုင် ဆောင်ရွက်ပေးဖို့၊ ဂျပန်ပေါ်လစီ ပြတ်ပြတ်သားသား ဖြစ်အောင် လုပ်ကိုင် ဆောင်ရွက်ပေးဖို့၊ တိုက်တွန်းဖို့ ပြင်ဆင်နေပါတယ်” ဟု ဦးသောင်းမြင့်ဦးက ပြောသည်။

ဂျပန်ပါလီမန် နိုင်ငံခြားရေးရာ ဒုဝန်ကြီး မစ္စစ် Makiko Kikuta ဇွန်လကုန်ပိုင်းက မြန်မာပြည်သို့ သွားရောက်ခဲ့ အပြီး ဂျပန်-မြန်မာ ဆက်ဆံရေးမှာ မျက်နှာသစ် ဖွင့်လိုက်ကြောင်း ပြောဆိုခဲ့သလို စီးပွားရေး အကူအညီ ပြန်ပေးရန် စဉ်းစား နေသည် ဟူသော သတင်းများ ပေါ်ထွက်လာခဲ့သည်။

ဂျပန်နိုင်ငံရောက် မြန်မာဒီမိုကရေစီအင်အားစုများက မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု မရှိသေးခြင်းနှင့် ပြည်တွင်းစစ် ဆက်ဖြစ်နေသည့် အတွက် ဂျပန် အစိုးရ အနေဖြင့် မြန်မာအစိုးရအား အကူအညီ မပေးသင့်သေးကြောင်း ယနေ့ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောဆိုခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

အပစ်ရပ်ဆိုင်းရေး KIO လူထုသဘောထားခံ

ဖနိဒါ | အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁

ချင်းမိုင်(မဇ္စျိမ) ။ ။ စစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေး KIO အဖွဲ့အကြား အပစ်အခတ် ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ကချင်ပြည် သူလူထုထံ သဘောထားများ တောင်းခံသည့် ဆွေးနွေးမှုကို အင်္ဂါနေ့က ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပခဲ့သည်။

KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားနှင့် ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ကြပြီး အစိုးရဘက်မှ ကိုယ်စားလှယ်များ တင်ပြချက် များနှင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို နံနက်ပိုင်းက စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်ထန် ဂမ်ရှောင်က ရှင်းပြခဲ့ကာ ညနေပိုင်းတွင် တက်ရောက် လာသူများ၏ သဘောထားများ တင်ပြခဲ့ကြသည်။

“အဓိကတော့ အစိုးရနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဖြစ်ရပ်မှန်ကို ပြည်သူလူထု သိရအောင် ရည်ရွယ်တာဘဲ။ ပြီးရင် ပြည်သူ လူထုရဲ့ သဘောထား အမြင်တွေကို နားထောင်တယ်။ သူတို့ဘက်က သဘောထားတွေ ယူပြီး KIO ရဲ့ လုပ်ငန်းစဉ်တွေမှာ အကျိုးရှိရှိ အသုံးပြုဖို့ ဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်၊ မန္တလေး၊ မေမြို့၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ဗန်းမော်၊ ရှမ်းပြည်နယ် မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ဖတ်ကာ စသည့်မြို့များမှ ကိုယ်စားလှယ်များ၊ မြစ်ကြီးနားမြို့ ခရစ်ယာန် ဂိုဏ်းပါင်းစုံ MCC မှ ဘာသာရေး ခေါင်းဆောင်များ၊ ကချင် အတိုင်ပင်ခံ ကောင်စီ အဖွဲ့ဝင်များ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၁၃၀ ခန့် တက်ရောက်ခဲ့သည်။

ယနေ့ ပထမနေ့ လူထုဆွေးနွေးပွဲကို နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ ပြုလုပ်ကျင်းပခဲ့ပြီး မနက်ဖြန်တွင်လည်း ဆက်လက် ဆွေးနွေး သွားမည်ဖြစ်၍ ထိုမှ ဆုံးဖြတ်ချက် အတိုင်း KIO ၏ ရှေ့ဆက်လုပ်ငန်းစဉ်များကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဗဟို ကော်မတီဝင် တွဲဘက်အတွင်းရေးမှူး ဦးလနန်က ပြောသည်။

“ကျနော်တို့ ကချင်လူထုဘက်က တချို့က တိုက်ပြီးတော့မှ ယူမယ်ဆိုတာမျိုး၊ တချို့က အပစ်ရပ်ပြီးတော့ ငြိမ်းချမ်းရေး ယူဖို့ ပြောဆို တာတွေ ရှိတယ်။ ဒါပေမဲ့ အများက တိုက်မယ်ဆိုတဲ့ လူတွေ များတယ်။ ပြည်သူလူထုက KIO ကို အားကိုး နေကြတယ် ဆိုတာ တွေ့ရတယ်။ ခေါ်တာနဲ့ မခေါ်တဲ့ လူတွေအပါ တက်ရောက် လာကြတယ်။ အစိုးရကို မကြိုက်ဘူးဆိုတာ မြင်လာတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က မိုးမောက်မြို့နယ် တာပိန်ရေကာတာ စီမံကိန်းအနီးက စတင်၍ တိုက်ပွဲများ ဖြစ်ပွား နေခဲ့သည်။

၂ဝဝ၉ ခုနှစ် စက်တင်ဘာလက KIO က လူထုကိုယ်စားပြု ကိုယ်စားလှယ်များ တက်ရောက်သော အစည်းအဝေးတခု ခေါ်ယူပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး၊ မပြောင်းရေးနှင့် ပတ်သက်၍ သဘောထား ခံယူပြီးနောက် အစိုးရ ထိန်းချုပ်မှု ခံရမည် ဖြစ်သော အသွင်ပြောင်းရေးကို ပယ်ချမှု ဖြစ်ပေါ်လာခဲ့သည်။

၁၉၆၁ မှ စတင်ကာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် လက်နက်ကိုင် တော်လှန်ခဲ့ပြီး ၁၉၉၄ တွင် အပစ်အခတ် ရပ်စဲ ခဲ့သော်လည်း နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကြောင့် နှစ်ဖက် ဆက်ဆံရေး ပြတ်တောက်ခဲ့ပြီး နိုင်ငံပိုင် သတင်းစာက “သောင်းကျန်းသူ” ဟု သုံးစွဲ ခေါ်ဝေါ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

NLD ဆက်လက် ရပ်တည်ရေး စိုးရိမ်နေရ

လင်းသန့်
Tuesday, 12 July 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပေါ် ဖိအားပေးခြိမ်းခြောက်မှု များကို အစိုးရက ဆက်တိုက် ပြုလုပ် လာသည့် အတွက် ပါတီ ဆက်လက် ရပ်တည်ရေး အတွက် စိုးရိမ်မှု မြင့်မားနေသည်ဟု NLD ပြောရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“NLD ပါတီ ဆက်လက်ရပ်တည်ရေးအတွက် အလွန်သိမ်မွေ့တဲ့ အခြေအနေပါ” ဟု ၎င်းက ဆိုသည်။

မကြာသေးမီက မြန်မာအစိုးရသစ်၏ ပြည်ထဲရေးဝန်ကြီး လက်မှတ်ဖြင့် NLD ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တို့ထံ သတိပေးစာ ၁ စောင် ပေးပို့ထားပြီး NLD ပါတီ အနေဖြင့် တရားမ၀င် တော့ကြောင်း ၎င်းစာတွင် ထောက်ပြထားသည်။

NLD ပါတီဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ၎င်းတို့ပါတီသည် တရားဥပဒေ အရ တရားဝင် ရပ်တည်နေသော နိုင်ငံရေး ပါတီဖြစ်ပြီး မတူကွဲလွဲနေသည့် ကိစ္စများကို ဆွေးနွေး အဖြေရှာမည်ဟု အကြောင်းပြန်စာ ပေးပို့ခဲ့သည်။

ယခုရက်ပိုင်း NLD ရုံးချုပ်ကို အာဏာပိုင်များက လုံခြုံရေး ထူးခြားစွာ ချမှုများ လုပ်ဆောင်လာပြီး NLD ပါတီကို မှတ်ပုံတင်ရန် ခြိမ်းခြောက် ဖိအားပေးမှုများလည်း ရှိနေသည်ဟု သိရသည်။

“တရားဥပဒေနဲ့အညီ စနစ်တကျဖွဲ့စည်းထားတဲ့ NLD ပါတီကို စာပို့တာတို့၊ မှတ်ပုံတင်ရမယ် ဘာမယ် ဆိုပြီး လုပ်နေတာတွေက ပါတီ ရပ်တည်ရေးကို ခြိမ်းခြောက် နေတာပါပဲ။ အစိုးရက မပျက်ပျက်အောင် ဖျက်ဖို့ ကြိုးစား နေတာကို တဖက်က ပါတီဝင် တွေကလည်း ထောင်ကျကျ၊ သတ်သတ် သေသေ၊ အဲဒီလို စွန့်စွန့်စားစားနဲ့ ပါတီကို ကာကွယ်ကြရမယ့် အခြေအနေမှာ ရှိနေတယ်” ဟု ၀ါရင့် နိုင်ငံရေးသမားကြီး သံတမန်ဟောင်း သခင်ချန်ထွန်းက ပြောသည်။

NLD ပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ တချို့သော ဥပဒေ များကို ပြင်ဆင်ရန် တိုက်တွန်း ခဲ့သော်လည်း ယခင် စစ်အစိုးရက မည်သို့မျှ အကြောင်းပြန်ခြင်း မရှိသဖြင့် ပါတီထပ်မံ မှတ်ပုံတင်ရန် မလိုကြောင်း တုံ့ပြန် ခဲ့ခြင်းဖြစ်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ယင်းသို့ တုံ့ပြန်ခြင်းသည် ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်ကြောင်း၊ ဥပဒေကြောင်းအရ အငြင်းပွား နေရခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့ကလည်း ဥပဒေကြောင်းအရ ကျနော်တို့ မှန်တယ်လို့ လက်ခံထားသလို၊ သူတို့ဘက်ကလည်း မှန်တယ် ဆိုပြီး အကြောင်းကြားစာ ပို့ထားတဲ့ လတ်တလော ဖိအားပေးမှုက ရှိနေတယ်။ ဒါကြောင့် မတူ ကွဲလွဲနေတာကို ဥပဒေ အရရော၊ နိုင်ငံရေး အရပါ ဖြေရှင်းလို့ရတယ်လို့ ယုံကြည်လို့ ဆွေးနွေးခွင့်ပေးဖို့ ပြောထားတယ်။ ကျနော်တို့ ထိပ်တိုက် ရင်ဆိုင်မှုမျိုး ဘယ်တော့မှ မလုပ်ဘူး” ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ဒီမိုကရေစီ အင်အားစုများဘက်က တွေ့ဆုံဆွေးနွေးရေး အစဉ်တစိုက် တောင်းဆိုနေသော်လည်း တွေ့ဆုံ ဆွေးနွေးရေး မျှော်လင့်ချက်သည် ပြောရ ခက်နေပြီး တည်ဆဲ အစိုးရဘက်မှ ဆက်လက် ဖိအား ပေးနေမှုများကြောင့် နောက်ဆက်တွဲ တိုင်းပြည် အခြေအနေ ပို၍ ဆိုးလာနိုင်ကြောင်း သခင်ချန်ထွန်းက သုံးသပ်သည်။

“ဒီအတိုင်းဆိုရင် မှတ်ပုံမတင်ဘူး ဆိုပြီးတော့ NLD ကလည်း သူ့လှုပ်ရှားမှု သူ ဆက်လုပ်သွားမှာပဲ။ တဘက်ကလည်း မှတ်ပုံ မတင်ဘူး ဆိုပြီးတော့ အရေး ယူတာမျိုး ဖြစ်လာနိုင်တော့ NLD ကလည်း သူ့လှုပ်ရှားမှုနဲ့ သူတုံ့ပြန်မှာပဲ” ဟု ၎င်းက ဆက်ပြောသည်။

သို့သော် လက်ရှိအခြေအနေတွင် အစိုးရဘက်မှ NLD ပါတီကို တရားဝင်ပါတီ အဖြစ် ရပ်တည်စေလိုကြောင်း သတင်းစာများတွင် ရေးသား ထားသည်။ အဆိုပါ ရေးသား ဖိအားပေးမှုများသည် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ရေးကို ထောက်ခံခဲ့ပြီး အမေရိကန် နိုင်ငံကိုလည်း ထိုကိစ္စ အကောင်အထည် ပေါ်လာစေရန် တိုက်တွန်း ပြောကြားမှုများ၏ နောက်ဆက်တွဲဟု ဝေဖန်သူများက ထောက်ပြကြသည်။

လက်ရှိအနေအထားတွင် NLD ပါတီအနေဖြင့် တရားဝင်မှုမရှိဘဲ နိုင်ငံရေးပါတီ တရပ်အနေဖြင့် ပြည်တွင်း၌ ရပ်တည်ရန် ခက်ခဲကြောင်း၊ ထိုကိစ္စကို ပထမ အရေးကြီးဆုံး ကိစ္စအဖြစ် စဉ်းစား လုပ်ဆောင်သင့်ကြောင်း ရန်ကုန် အခြေစိုက် နိုင်ငံရေးသမား တဦးဖြစ်သူ ကိုဖြိုးမင်းသိန်းက ပြောသည်။

“NLD ပါတီ တရားဝင် ဆက်လက်တည်ရှိနေမှသာ ဒီမိုကရေစီ ခရီးတလျှောက်မှာ ဦးဆောင်နိုင်တဲ့ ပါတီတခု အနေနဲ့ ပြည်သူလူထု တရပ်လုံးနဲ့ လက်တွဲပြီး မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ရည်မှန်းချက် ပန်းတိုင် ရောက်အောင် လုပ်ဆောင်နိုင်မယ်” ဟု သူက ဆိုသည်။

Ref: ဧရာဝတီ်

Read More...

Tuesday, July 12, 2011

မြန်မာ့ရှေးဟောင်း အမွေအနှစ် ကမ္ဘာ့အဆင့်မီ ထိန်းသိမ်းနိုင်ဖို့ ဒေါ်စု တိုက်တွန်း

ဒေါ်ခင်မျိုးသက်
တနင်္လာ, 11 ဇူလိုင် 2011

မြန်မာနိုင်ငံက ရှေးဟောင်း ယဉ်ကျေးမှုလက်ရာ အမွေအနှစ်တွေကို နိုင်ငံတကာ စံနှုန်းနဲ့အညီ ထိန်းသိမ်း ပြုပြင်ဖို့နဲ့ ကမ္ဘာလှည့် ခရီးသွားတွေ မျက်စိကျတဲ့ ပုဂံက ရှေးဟောင်း လက်ရာတွေ ထိန်းသိမ်းရေး အတွက် ပုဂံမိတ်ဆွေများအဖွဲ့ Friends of Bagan ကို ဖွဲ့စည်းဖို့ပါ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြုလုပ်တဲ့ သူ့ရဲ့ခရီးစဉ် အကြောင်း ရှင်းလင်းပွဲမှာ အကြံပေး တိုက်တွန်း ထားပါတယ်။ ဒါ့အပြင် ပုပ္ပါးက အင်ကြင်းတောလို သစ်တော ထိန်းသိမ်းရေး အောင်မြင်နေချိန်မှာ အနီးဝန်းကျင်က ဇီးအိုသစ်လှလို နေရာမှာ ထန်းလျက် လုပ်ငန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပြုန်းတီး နေတာတွေကိုလည်း စောင့်ရှောက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆက်သွယ် မေးမြန်းထားတဲ့ ဘန်ကောက်ရောက် ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သားဖြစ်သူအတွက် အချိန်ပေးတဲ့ အနေနဲ့ ပုဂံဘုရားဖူး ထွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ် တလျှောက်မှာ လိုက်ပါ သတင်းယူဖို့ အတွက် ကြိုးစားခဲ့တဲ့ ပြည်တွင်း ပြည်ပ သတင်းဌာနတွေကို ပေးထားတဲ့ ကတိအတိုင်း ဒီကနေ့ နေအိမ်မှာ ဖိတ်ကြားပြီး ပုဂံ၊ ပုပ္ပါးဒေသဆိုင်ရာ သူ့ရဲ့ အမြင်တွေကို ပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံမှာ ကျန်စစ်သားမင်းကြီး တည်ထား ကိုးကွယ်တဲ့ အာနန္ဒာ၊ မြစေတီ ကျောက်စာ၊ မနူဟာနဲ့ သဗ္ဗညု ဘုရားတွေကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။ အာနန္ဒာဘုရားကို သွားရတာဟာ ကျန်စစ်သားမင်းကြီးကို အားကျတာကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“ကျန်စစ်သားမင်းကြီးက ပြည်သူအပေါ်မှာ မေတ္တာကြီးမားတယ်၊ အနော်ရထာပေါ်မှာ သစ္စာရှိတယ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အမြော်အမြင် ကြီးစွာ ဦးစားပေး ဆောင်ရွက်တတ်တယ်။ အထူးခြားဆုံး ကတော့ မြန်မာ့ သမိုင်းမှာ ထီးနန်းအမွေ ဆက်ခံဖို့ ကိစ္စကို တစုံတရာ ပြဿနာ မဖြစ်အောင် ဆောင်ရွက် ပေးနိုင်ခဲ့တဲ့ ဘုရင်တပါးပဲတဲ့။ အမွေဆက်ခံတဲ့ နေရာမှာပါ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အမြင်နဲ့ သူက ဆောင်ရွက်ခဲ့တာတွေ ရှိတယ်တဲ့။

“မြစေတီကျောက်စာကတော့ တိုင်းရင်းသား လူမျိုးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဘာသာပေါင်းစုံ ရေးထိုးထားတဲ့ အတွက်ကြောင့် ဒါဟာလည်း ကာလတွေ ခြားနားမှုတွေကို မြင်တွေ့ ရသလိုပဲ၊ အဲဒါကြောင့် သွားဖူးခဲ့တာတဲ့။ နောက် မနူဟာ ဘုရားကတော့၊ မနူဟာက စစ်ရှုံးဘုရင်ပဲ၊ ဒါပေမဲ့ ထူးခြားတဲ့ အရည်အချင်း သူ့မှာရှိတယ်တဲ့။ ဘုန်းတန်ခိုးရှင်လို့ အနော်ရထာ ကတောင် ကြောက်လောက်အောင် ပြည်သူလူထုက လေးစားတဲ့ အရည်အချင်းတွေ ရှိတဲ့ အကျင့်စရိုက်တွေ ရှိတဲ့သူ ဖြစ်တယ်ပေါ့။ ပြီးတော့ အကျဉ်းကျခံ လူတွေရဲ့ ဘ၀ကို စာနာမိလို့လည်း သွားဖူးတာ ဖြစ်တယ်တဲ့။”

သဗ္ဗညုဘုရားကို အရင်တခေါက် ရောက်ခဲ့တာမို့ အခုထိလည်း ပြုပြင် ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး အတော့်ကို လိုအပ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရှေးဟောင်းလက်ရာ အမွေအနှစ်တွေ ထိန်းသိမ်းဖို့ လိုအပ်နေပြီး အခုလို ထိန်းသိမ်း ရာမှာလည်း နိုင်ငံတကာ အဆင့်အတန်းမီ ထိန်းသိမ်းကြဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် နီပေါမှာ တွေ့ကြုံ ခဲ့ရတာနဲ့ ယှဉ်ပြီး ပြောကြားခဲ့ပါတယ်။

“ရှေးဟောင်း အမွေအနှစ် အဆောက်အအုံတွေကို ထိန်းသိမ်းတယ် ဆိုတာဟာ အဆင့်အတန်း မီဖို့၊ အထူးသဖြင့် ကမ္ဘာ့ အဆင့်အတန်း မီဖို့ လိုတယ်။ အဆင့်အတန်း မမီတာမျိုး ဖြစ်သွားရင် ဆုံးရှုံးမှု တန်ဖိုးက အလွန် ကြီးမားတယ်တဲ့။ နီပေါနိုင်ငံမှာ သူရောက်တုန်းက ဟာနုမန် ဘုရားကျောင်းလို ဟာမျိုး၊ နန်းတော်လို ဟာမျိုးကြီး တခုကို ထိန်းသိမ်းတဲ့ လုပ်ငန်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ဖူးတယ်တဲ့။

“အဲဒီ သက်ဆိုင်ရာ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်တွေက ဟိုခေတ်ကလူတွေရဲ့ နည်းပညာတွေ၊ အုတ်ဖုတ် တာတို့ ဘာတို့က အစပေါ့ဗျာ၊ သစ်ဆည်း သုံးတာတို့ ဘာတို့ကအစ အဲဒါတွေ အချိန်ယူပြီးတော့ လေ့လာတယ်။ လူကြီး သူမတွေကို မေးတယ်။ သူတို့ကိုယ်တိုင် အုတ်ဖုတ်တာ၊ သစ်စပ်တာက အစ ဘယ်လို လုပ်ရမလဲဆိုတဲ့ နည်းနာတွေကို လေးငါးနှစ်လောက် အချိန်ယူ လေ့လာပြီးတော့မှ ရှေးဟန်မပျက် ပြင်ဆင်တဲ့ လုပ်ငန်းတွေကို လေ့လာခဲ့ရ ဖူးတယ်။ အဲဒီလို ကမ္ဘာ့ အဆင့်အတန်းမီမီ ဖြစ်အောင် လုပ်သင့်တယ်။ လုပ်စေချင်တယ်တဲ့။ အဲဒီလို မဟုတ်ဘဲနဲ့ အလွယ်တကူ ပြုပြင်တဲ့နည်းနဲ့ လုပ်ပြီးတော့မှ ပြန်ပြီးတော့ ပြင်ဖို့ဆိုတာ အလွန့်အလွန် ခက်သွားပြီတဲ့။”

ကမ္ဘာလှည့် ခရီးသွားတွေ မျက်စိကျတဲ့ ပုဂံက ရှေးဟောင်းလက်ရာ အမွေအနှစ်အတွက် လာရောက် ကြည့်ရှုသူတွေ ကိုယ်တိုင် ဒီလက်ရာတွေကို ထိန်းသိမ်းရာမှာ ၀ိုင်းဝန်း ကူညီနိုင်ဖို့ ပုဂံ မိတ်ဆွေများအဖွဲ့ ဖွဲ့စည်းဖို့လည်း အကြံပေး ခဲ့ပါတယ်။

“ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ NLD က မကြာသေးမီက သဘောထားတွေ ထုတ်ပြန် ပြီးပါပြီ။ ပြန်ပြီးတော့ Review လုပ်တာတွေ ထုတ်ပြီးပြီ။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဟာ စည်းမျဉ်း စည်းကမ်း ဘောင်ထဲကနေ လုပ်သင့်တယ်။ ဧည့်သည်တွေ လာရောက် လည်ပတ်တဲ့ အတွက်ကြောင့် အဲဒီဒေသမှာ နေတဲ့လူတွေ တကယ် ထိထိရောက်ရောက် အကျိုးဖြစ်ထွန်း စေချင်တယ်။ အဲဒါကလည်း နှစ်ဘက် တယောက်နဲ့တယောက် နားလည်မှုရှိစွာ၊ အသိတရားရှိစွာနဲ့ ပူးပေါင်း ဆောင်ရွက်မှ နှစ်ဘက်စလုံး အကျိုးဖြစ်ထွန်း စေချင်တယ်။

“တချိန်တည်းမှာ အဲဒီ နှစ်ဦးနှစ်ဘက်တင်မက ထိန်းသိမ်းထားအပ်တဲ့ ယဉ်ကျေးမှု အမွေအနှစ် အဆောက် အအုံတွေ အတွက်လည်း အဲဒီ ခရီးသွား လုပ်ငန်းကနေ အကျိုးဖြစ်ထွန်းနိုင်မှ ကောင်းလိမ့်မယ်တဲ့။ ကျမအမြင်ပြောရရင် ပုဂံကို မြတ်နိုး၊ တန်ဖိုးထားသူတွေ အသင်း တခုရယ်လို့ Friends of Bagan လို ဟာမျိုးတောင် ဖွဲ့သင့်တယ်တဲ့။ အဲဒီမှာ ကမ္ဘာ အရပ်ရပ်က ပုဂံ ယဉ်ကျေးမှုကို မြတ်နိုး တန်ဖိုး ထားသူများဟာ လူအား၊ ငွေအား၊ ပစ္စည်းအား၊ အကြံဉာဏ်အားတွေနဲ့ စုပေါင်း ကြိုးပမ်း သင့်တယ်တဲ့။ ဥပမာ အီတလီက Friends of Venice လို ဟာမျိုးပေါ့တဲ့။”

ပုပ္ပါးတ၀ိုက်မှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တော ထိန်းသိမ်းရေးကို အောင်အောင်မြင်မြင် လုပ်နေတာ တွေ့ရပေမဲ့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ လောင်စာအတွက် စည်းကမ်းမဲ့ သစ်ခုတ်မှုတွေရဲ့ ဒဏ်ကို ခံနေရတာတွေ အပြင် စေတနာရှင်တွေရဲ့ အကူအညီတွေ ကိုပါ လိုအပ်နေတဲ့ ကျေးရွာတွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“ပုပ္ပါးရောက်တော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းထားတာတွေ တွေ့တယ်။ ဥပမာ အင်ကြင်းတောတခု ဆိုရင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အားကောင်းတဲ့ အတွက်ကြောင့် တကယ့်ကို နှစ်သက်ရှည်တဲ့ အင်ကြင်းပင်တွေ မြောက်မြားစွာ အဲဒီမှာ မပျက်မယွင်း တွေ့တယ်။ အဲဒါ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက အလွန် လိုအပ်တယ်တဲ့။

“အဲဒီမှာ အင်ကြင်းတောကို သွားရင်းက လမ်းခုလတ်မှာရှိတဲ့ ဇီးအိုသစ်လှဆိုတဲ့ ရွာကို ရောက်တယ်။ အဓိက စီးပွားရေး လုပ်ငန်းက ထန်းလျက်ချက်တာပဲ ဖြစ်နေတယ်။ ထန်းလျက်ချက်တဲ့ နေရာမှာ လောင်စာ သုံးဖို့ ဆိုပြီးတော့ အနီးအနား ပတ်ဝန်းကျင်မှာ ရှိတဲ့ အပင်ငယ်တွေ ကိုပါ အကုန် ခုတ်တဲ့ အခါကျတော့ ပတ်ဝန်းကျင် တခုလုံးက၊ ထိန်းသိမ်းတော မခုတ်ရဘူး ဆိုရင်လည်း ဘေးက အပြင်က သစ်ပင်ငယ်တွေပါ ခုတ်တဲ့ အခါကျတော့ သစ်တောတွေ ပြုန်းကုန်ပြီးတော့ အဲဒီမှာ အကုန် ခြောက်သွေ့ကုန်တယ်။

“ဒီရွာမှာ ရေအခက်အခဲ ဖြစ်နေတယ်။ ကျန်းမာရေးအတွက်လည်း အားထားစရာ ဆေးခန်းရယ်လို့ တခုမှ မရှိဘူး။ သွားဖွား ဆရာမ တယောက်ပဲ ရှိတယ်။ တပြည်လုံး အတိုင်းအတာနဲ့ ကြည့်ရင်တော့ ဇီးအိုလိုရွာတွေ အများကြီး ရှိနေမှာပဲတဲ့။ ဒါပေမဲ့ စေတနာရှင်တွေက ၀ိုင်းပြီးတော့ ဒါကို ဖြေရှင်းပေးရင်တော့ ဖြစ်နိုင်ပါတယ်တဲ့။”

ဇီးအိုရွာအတွက် NLD က စက်ရေတွင်းတတွင်း တူးဖော်ပေးဖို့ စီစဉ်နေတယ် လို့လည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ဇူလိုင်လ ထဲမှာ နယ်ခရီး ထွက်ဖို့ အတွက် အရင်ကတည်းက ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အခမ်းအနားကို NLD ရုံးချုပ်မှာ ကျင်းပဖို့ စီစဉ်ထားတာမို့ နောက်ပိုင်းမှပဲ ခရီးသွားဖို့ ရှိတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

Ref: VOA News

Read More...

ဒေါ်စု အာဇာနည်ဗိမာန် သွားမည်

ကိုပေါက်
တနင်္လာနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သားငယ် ကိုထိန်လင်းနှင့် အတူ အင်္ဂါနေ့ မနက်တွင် အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုမည်ဟု ပါတီတွင်း သတင်း ရပ်ကွက်များက ပြောသည်။

မနက် ၇ နာရီတွင် ရွှေတိဂုံဘုရားသို့ သွားရောက် ဖူးမျှော်ပြီးနောက် ရွှေတိဂုံဘုရား ခြေတော်ရင်း တောင်ဘက်မုခ် အနီးရှိ ကွယ်လွန်သူ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူသို့ သွားရောက် ဂါရဝပြုမည်။ ထို့နောက် ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ဂူသွင်းမြှုပ်နှံရာ အာဇာနည် ဗိမာန်သို့ သွားရောက်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ ဇွန်လ ၁၉ ရက်နေ့က အလည်အပတ် ရောက်ရှိလာသည့် သားဖြစ်သူ ကိုထိန်လင်းမှာ မနက်ဖြန် ညပိုင်းတွင် နေရပ်ရင်း ဗြိတိန်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

ထို့အပြင် အာဏာပိုင်များက ဖိတ်ကြားလျှင် ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေ ချကာ ဂါရဝ ပြုမည်ဟု တနင်္လာနေ့ မနက်ပိုင်းတွင် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် များကို ပြောကြား ခဲ့သေးသည်။

“မနက်က သတင်းထောက်က မေးတော့ ဖိတ်ရင်သွားမှာပေါ့တဲ့။ အခုထက်ထိ ဖိတ်သေးပုံ မပေါ်ဘူးခင်ဗျ။ NLD ကတော့ ကျနော်တို့ အစီအစဉ်နဲ့ ကျနော်တို့ ရှိပါတယ်။ အခမ်းအနား လုပ်မယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သို့သော် မနက်ဖြန် အာဇာနည်ဗိမာန် သွားရောက်မည့် အစီအစဉ်ကိုမူ သေချာစွာ မသိရသေးဟု ဆိုကာ သူက “ကျနော်ကြားတာက နက်ဖြန် ခရီးစဉ်တခု ရှိတယ်လို့ပဲ ကြားပါတယ်။ ဘယ်ရယ်ဘာညာ မသိပါဘူး” ဟု ဆိုသည်။

၁၉၈၈ ခုနှစ်မှစ၍ မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် အာဇာနည် ဗိမာန်သို့ သွားရောက် ဂါရဝပြုခွင့်မှာ ၈ ကြိမ်သာ ရရှိခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင် နောက်ဆုံး အကြိမ် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ကျန်နှစ်များတွင် နေအိမ် အကျယ်ချုပ် ဘဝဖြင့် နေထိုင်ခဲ့ရသဖြင့် သွားရောက် ဂါရဝပြုခွင့် မရခဲ့ပေ။

တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ၄ ရက်ကြာ ပုဂံဘုရားဖူး ခရီးစဉ်အကြောင်း ဒေါ်အောင်ဆန်းစုကြည် က ရှင်းလင်း ပြောကြားခဲ့ရာ၊ ခရီးစဉ် တလျှောက် လိုက်ပါခဲ့သည့် သတင်းထောက် ၁၇ ဦး တက်ရောက်ခဲ့သည်။

“မနူဟာဘုရင်ကလည်း သိပ်လေးစားဖို့ ကောင်းတယ်၊ အကျဉ်းစံ ဘဝမှာတောင်မှ အနော်ရထာ တို့က ကြောက်ရတယ်၊ အကျဉ်းစံ ဘဝကို နားလည်လို့ သူသွားတယ်၊ NLD အဖွဲ့ဝင်တွေလည်း အဲလိုပဲ အကျဉ်းကျ ခံနေရတာတွေ များတယ်၊ အဲဒါကြောင့် အဓိက သွားတာပါလို့ ရှင်းပြတယ်” ဟု ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ သတင်းထောက်တဦးက မဇ္ဈိမကို ပြောပြသည်။

ထို့အပြင် အာနန္ဒာဘုရား ဖူးရခြင်းနှင့် ပတ်သက်၍ “အာနန္ဒာဘုရား ဆိုရင် ကျန်စစ်သား မင်းကို ပုဂံမင်းတွေ ထဲမှာ လေးစားတယ်။ သူဟာ မင်းအဖြစ် ထီးနန်း မရပေမယ့်လည်း နေနိုင်တယ်။ မြင့်မြတ်တဲ့ စိတ်ထားရှိတယ်။ သူ မင်းဖြစ်တဲ့ အချိန်မှာလည်း တိုင်းပြည်ကို စီမံ ခန့်ခွဲ ပေးသွားတယ်။ အဓိကကတော့ မွန်-မြန်မာ ချစ်ကြည်ရေး အတွက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ဘယ်လို စီမံ ဖော်ဆောင်သွားတယ် ဆိုတာ ပြောပြပါတယ်” ဟု သူက ဆိုသည်။

ပုဂံဒေသ စိမ်းလန်းစိုပြေရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ပူပန်ပြီး၊ ပုဂံဘုရားများ ပြန်လည် ပြုပြင်ရေးများကြောင့် ရှေးဟောင်း လက်ရာအချို့ ပျက်စီးသွားမည်ကို စိုးရိမ်ကြောင်း ပြောဆိုခဲ့သည်။

မကြာခင် ရန်ကုန်ပြင်ပ စည်းရုံးရေး ခရီးစဉ်များနှင့် ပတ်သက်၍ သတင်းထောက် များက မေးမြန်းခဲ့ကြ သေးသည်။

သတင်းထောက်တဦးက “ နိုင်ငံရေး ခရီးစဉ် ထွက်တဲ့အခါ သွားမယ့်ခရီးစဉ်ကို အတိအကျ ပြောမှာပါတဲ့။ စည်းရုံးရေး လုပ်ပါတယ် ဆိုမှ တိုးတိုး တိတ်တိတ် သွားလို့ ဘယ်ဖြစ်မလဲလို့ ပြောပါတယ်” ဟု မဇ္ဈိမကို ပြန်ပြောပြသည်။

၂ဝဝ၃ နယ်လှည့် ခရီးစဉ်များတွင် မီဒီယာသမားများ လိုက်ပါလာနိုင်ခဲ့ပါက မေ ၃၀ ဒီပဲယင်း လုပ်ကြံမှုမျိုး ဖြစ်မလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယူဆသည်။

“သူ့မိတ်ဆွေတယောက်က ပြောတယ်တဲ့။ ၂ဝဝ၃ ခုနှစ်တုန်းက (ဒီပဲယင်း) ခရီးစဉ်မှာ မီဒီယာတွေ လိုက်နိုင်ရင် ဒီလိုမျိုး မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ သူကလည်း ဟုတ်ပါတယ်လို့ ပြောပါတယ်တဲ့။ အဲဒါကြောင့် ကျနော်တို့ကို ဖိတ်ပြီး ရေနွေးကြမ်း ခေါ်တိုက် တာပါတဲ့။ အဲဒီတုန်းက မီဒီယာတွေ မပါခဲ့လို့ အဲလို ဖြစ်သွားတာပါ ဆိုတဲ့ စကားဟာ မှန်ပါတယ်တဲ့” ဟု သတင်းထောက်က ဆက်ပြောပြသည်။

စည်းရုံးရေး ခရီးစဉ်ကို ၆၄ နှစ်မြောက် အာဇာနည်နေ့ ကျရောက်မည့် ဇူလိုင် ၁၉ ရက် နောက်ပိုင်းမှသာ စတင် နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။

တနင်္လာနေ့မှာပင် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်မည့် သမ္မတအကြံပေး စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်၏ ဆွေးနွေးပွဲ အစီအစဉ်မှာ အချိန်ကပ်၍ ပျက်ပြား သွားကြောင်း ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အဆိုအရ သိရသည်။

“မနက်က ၈ နာရီလောက်မှာ သိပါတယ်။ စီစဉ်ပေးတဲ့ ဦးစိုးဝင်းကို ဦးမြင့်က ပြောလို့။ သူ အဆင်မပြေလို့ ဖြစ်မှာပေါ့ဗျာ။ တခုခု အဆင်မပြေ ဖြစ်သွားလို့ ဖြစ်မှာပါ။ စီစဉ်သူတွေက ဒီနေ့တော့ မလုပ်ဖြစ်ပါဘူးဗျာ ပြောတော့ ကျနော်တို့လည်း ကောင်းပြီလို့ ပြောလိုက်တာပါပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဒေါက်တာဦးမြင့်က ကိုယ်တိုင်ပြုစုထားသည့် ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ခဲ့ရာမှ ပျက်ပြား သွားခြင်း ဖြစ်သည်။ NLD ဗဟို ခေါင်းဆောင်များ အပြင် ရန်ကုန်တိုင်း အဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ပတ်သက်၍ အခြား စိတ်ဝင်စားသူများပါ တက်ရောက် နားထောင်ရန် ဖြစ်သည်။

အစီအစဉ် ဖြစ်မြောက်ပါက အမှာစကားပြောကာ ဆွေးနွေးပွဲ ဖွင့်လှစ်ပေးမည့် ဦးတင်ဦးက ယခုအစီအစဉ် ပျက်သွား ရသည်ကို နားမလည်နိုင်ကြောင်း ပြောသည်။

“သူတို့ကိစ္စနဲ့ သူတို့ဖြစ်တာ၊ မပြောတတ်ဘူးဗျ။ သူတို့ကို ဘယ်လိုစည်းမျဉ်းတွေ သတ်မှတ်ထားလဲ ဆိုတာ နားမလည်နိုင်ဘူး။ သူကလည်း သူ့နည်း သူ့ဟန်နဲ့ တက်တက်ကြွကြွ လိုက်လုပ် ပေးနေတာ။ သူ့ကိုတော့ ဟိုက ဘာပြောလဲ မသိဘူး။ ကျနော်တို့ သိတာက ဦးမြင့် ဒီနေ့လာဖို့ရာ အဆင်မပြေပါဘူး။ အစီအစဉ်ကို ရွှေ့ဆိုင်းပါတယ် လို့ပဲ သိရပါတယ်” ဟု သူက ဆိုသည်။

ဒေါက်တာဦးမြင့်အနေဖြင့် သူ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းနှင့် ပတ်သက်၍ လိုက်လံ၍ ရှင်းလင်းပွဲများ၊ ဆွေးနွေးပွဲများ ပြုလုပ်နေသည့် နည်းတူ NLD ရုံးချုပ်တွင်လည်း ရှင်းလင်း ဆွေးနွေးလိုကြောင်း ကမ်းလှမ်း လာခဲ့ရာ NLD သုတေသနနှင့် စီးပွားရေး ကျွမ်းကျင်သူ ဦးစိုးဝင်း ထံမှတဆင့် စီစဉ်ခဲ့ကြောင်း ဦးတင်ဦးက ပြောပြသည်။

Ref: မဇ္ဈိမ

Read More...

အငြိမ့် ပြက်လုံးများ စင်မတင်ခင် အစစ်ခံရမည်

ဖနိဒါ
တနင်္လာနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မည်သည့် ပြဇာတ်နှင့် အငြိမ့်မဆို စင်တင်ကပြဖျော်ဖြေရက် မတိုင်ခင် ၃ ရက်အလို၌ ပြက်လုံးများနှင့် ဝတ်စား ဆင်ယဉ်မှုများအား ဝတ်စုံပြည့် အစစ်ဆေး ခံရမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ပြောသည်။

အစိုးရဝန်ကြီးဌာနနှင့် အသင်းအဖွဲ့ အထိမ်းအမှတ် ဖျော်ဖြေပွဲများ သာမက ပြဇာတ်၊ အငြိမ့်နှင့် ပဒေသာ ကပွဲများ အားလုံး ပါဝင်ပြီး၊ ကပွဲများကို ဗီဒီယို ပြန်ထုတ်ပါက ဆင်ဆာအဖွဲ့ လက်မခံနိုင်သော ပြက်လုံးများ မပါနိုင်ရန် ကြိုတင် စိစစ်ခြင်း ဖြစ်သည်။

“ကျနော်တို့က ၃ ရက်၊ ၄ ရက် ကြိုကြည့်မယ်။ ပြင်သင့်တာတွေ ကျနော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထုတ်တာပါပဲ။ ဆိုင်းငံ့တာ မရှိဘူး။ အစမ်းကပြတဲ့အခါ အဝတ်အစားတွေ ကြည့်တယ်၊ သူတို့ ပြောတဲ့ ပြက်လုံးတွေပါ ကြည့်တယ်။ အောက်လုံးတွေ ပါရင် လက်မခံနိုင်ဘူးလေ။ ဒီကြားထဲ ဆင်ဆာ တင်လာတော့မှ ပိတ်လိုက်တယ်ဆိုရင် နစ်နာသွားမှာ စိုးလို့ ထုတ်တာပါ” ဟု ဦးမြင့်သိန်းဖေက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “တချို့ မောင်နဲ့ နှမ၊ သားနဲ့ အမိ နားထောင်လို့ မရတဲ့ ပြက်လုံးတွေ ပါလာတယ်။ အငြိမ့်တို့က လေထဲမှာတင် ပျောက်သွား တယ်လေ။ ဗီဒီယိုဆိုရင် အရုပ်တွေ၊ အသံတွေ တောက်လျှောက် ရှိနေမှာလေ။ မြန်မာ့ ယဉ်ကျေးမှု အတွက်ပါပဲ” ဟု ပြောသည်။ ယခင်က သက်ဆိုင်ရာ ဆင်ဆာ အဖွဲ့ရှေ့တွင် ကပြသည့် အခါ မည်သည့် ငြိစွန်းသည့် စကားလုံး အသုံးအနှုန်းမှ မပါသော်လည်း လက်တွေ့ ကပြသည့်အခါ အဝတ်အစားက အစ လွဲမှားကာ၊ ပြက်လုံးများလည်း ကြမ်းတမ်း လာသဖြင့် ကန့်သတ်ရသည်ဟု ဆိုသည်။

ညွှန်ကြားချက်အတိုင်း မလိုက်နာသောကြောင့် ယခင်က ဆင်ဆာထိခဲ့သဖြင့် မြောက်မြားစွာ နစ်နာခဲ့မှုများ ရှိသည်ဟုလည်း သူက ပြောသည်။

မြန်မာ့ဇာတ်သဘင်နှင့် ပတ်သက်၍ စိစစ်မှုတွင် အဓိကအားဖြင့် ရုပ်ရှင်အစည်းအရုံး သာမက သဘင်၊ ဂီတ၊ စာပေ စသည့် အစည်းအရုံးမှ သက်ဆိုင်ရာ လူကြီးများ ပါဝင် စိစစ်လေ့ရှိကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဒုဥက္ကဋ္ဌ စာရေးဆရာ ချစ်ဦးညို အဆိုအရ သိရသည်။

စစ်ဆေးခံယူမှု မရှိဘဲ ဗီဒီယိုအဖြစ် ရိုက်ကူးထုတ်လုပ်ပြီးနောက် ဆင်ဆာသို့ တင်ပြလာသည့် အခါ ညစ်ညမ်းသော အဓိပ္ပာယ် နှစ်ခွဖြစ်သော စကားလုံးများနှင့် ဌာန ဆိုင်ရာများကို ဝေဖန် ပုတ်ခတ်ခြင်းများ အပြင် မြန်မာ့ ယဉ်ကျေးမှုနှင့် မကိုက်ညီသော အမြင် မသင့်တော်သည့် ဝတ်စားဆင်ယင် ရိုက်ကူးမှုများ တွေ့ရှိရသည်ကို ရုပ်ရှင် အစည်းအရုံး ထုတ်ပြန်ချက် အရ သိရကြောင်း ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်နေ့အတွက် ထုတ်ဝေသော The Voice ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ပြဇာတ်များတွင် ပါဝင်သော သရုပ်ဆောင်များမှာ ကြိုတင်စစ်ဆေးရာ၌ ဝတ်စုံပြည့် မဝတ်ခြင်း၊ အမျိုးသား ဝတ်စုံ အချို့မှာ အမျိုးသမီး သဏ္ဍာန်ကဲ့သို့ ဝတ်ဆင်ရာ အမြင် မသင့်တော်သဖြင့် ဝတ်စုံများ၊ အမူအရာနှင့် အောက်ပိုင်း ပြက်လုံးများ ပြောဆိုခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ထိုဂျာနယ်တွင် ဖော်ပြထားသည်။

ယခင်က ဇာတ်သဘင်သမားများသည် ခေါင်းပေါင်းအဖြူ၊ အင်္ကျီအဖြူ၊ ပုဆိုးအဖြူရောင်များသာ ဝတ်ဆင်ခဲ့ သော်လည်း ယခုခေတ် မင်းသားများ ဝတ်ဆင်နေသော ခေါင်းပေါင်း၊ အင်္ကျီ၊ ပုဆိုးတို့မှာ ပန်းရောင် ဝတ်ဆင်နေမှု များကို အာဏာပိုင်များက မပြုပြင်ဘဲ သူတို့ ရှေ့မှောက်၌ ပွဲမကမီ ကပြရမည် ဆိုခြင်း အပေါ် လက်မခံနိုင်ကြောင်း မန္တလေးမြို့ရှိ လူရွှင်တော် ဦးပါပါလေးက ပြောသည်။

“လက်မခံဘူး။ ကလေးပုခက်တင်တဲ့ ပွဲလုပ်မယ်။ ဒီကလေး ကင်ပွန်းတပ်တာကို သူတို့ ပွဲမရောက်သေးဘဲနဲ့ ကပြရမယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး။ တခြားဆီပဲ။ ကဲ … လက်ထက်တဲ့ မင်္ဂလာပွဲ လက်မထပ်ခင်ကို တဘက်ခါမှ လုပ်မယ့် ပွဲကို ယနေ့လို လက်ထပ်တဲ့ အကြောင်းကို ကပြရမှာလား။ ဒါတွေကို ဆင်ဆာဖြတ်မယ် ဆိုတော့ ကမယ့် ဇာတ်လမ်းက ဘာကို ပြရမှန်းလည်း မသိဘဲနဲ့၊ သူတို့ရှေ့ ကပြရမယ် ဆိုတော့ လက်မခံဘူး” ဟု သူက ဆိုသည်။

အနည်းဆုံး ၃ ရက်ကြိုကာ ဆက်တင်၊ မီး၊ ဝတ်စုံ အပြည့်ဖြင့် အစမ်းကပြပြီးနောက် ပွဲမိန့် ပြန်စောင့်ဆိုင်း နေရသဖြင့် ပွဲတပွဲ ဖြစ်မြောက်ရန် အတွက် ၂ ကြိမ် ကျင်းပရသလို ဖြစ်နေသဖြင့် အနည်းဆုံး အချိန် ကြံ့ကြာသည့် အခက်အခဲ ကြုံတွေ့ရသည်ဟု ဒါရိုက်တာ မောင်သီက ပြောသည်။

“အစမ်း ကရက်နဲ့ ကမယ့်ရက်က တအားကွာသွားတဲ့ အခါကျတော့ သရုပ်ဆောင်တွေနဲ့ ပြဇာတ်မှာပါတဲ့ လူတွေကို အစမ်း လုပ်ရတာက နှစ်ခါ တိုက်နေရတာပေါ့။ သရုပ်ဆောင်တွေက သူ့အလုပ်နဲ့ သူရှိနေတော့ ဆင်ဆာ ပြပြီးတာနဲ့ ကခါနီးကျမှ ပြန်ကရတော့ မေ့ကုန် ကြတယ်လေ။ ၂ ခါကပြနေရ သလိုဖြစ်နေတယ်၊ အရင်ကလို မယုံကြည်ရဘူး ဆိုရင် ပါမစ်မချပေးနဲ့ ဒီလိုဆို ရှင်းသွားပြီလေ။ အလုပ်တွေ ပိုရှုပ်သွားတာပဲ အဖတ်တင်တယ်။ တကယ်လုပ်တဲ့ လူတွေကျတော့ ထိခိုက်သွားတာပေါ့။ ဒုက္ခရောက်တာပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေး ထိခိုက်သည့် စကားလုံးများ၊ အောက်လုံး ညစ်ညမ်းသည့် စကားလုံးများကို ပုံမှန်အားဖြင့် ဖြုတ်ပေး လိုက်ရပြီး အလုပ် များလာခြင်း၊ အချိန်၊ ငွေကြေးနှင့် လုပ်အားများ ပိုမိုများလာခြင်း စသည့် အခက်အခဲ များနှင့် ရင်ဆိုင်ရသည်ဟု ပြောသည်။

ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးခဲ့သော သရုပ်ဆောင် နေတိုး၊ ရဲလေး၊ ထွန်းထွန်းတို့ ပါဝင် သရုပ်ဆောင်ခဲ့သော “နှင်းဆီသခင်” ဆိုသည့် ပြဇတ်ကပြီးနောက်ပိုင်း ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု သူကဆိုသည်။

Ref: မဇ္ဈိမ

Read More...

NLD မှာ ဒေါက်တာ ဦးမြင့် ဟောပြောပွဲ အစီအစဉ် ဖျက်သိမ်းလိုက်ရ

မသိင်္ဂီထိုက်
တနင်္လာ, 11 ဇူလိုင် 2011

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးမှာ ဒီကနေ့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်ရဲ့ ကျေးလက်ဒေသ ဆင်းရဲမွဲတေမှု ပပျောက်ရေး ခေါင်းစဉ်နဲ့ ပြုလုပ်မယ့် ဟောပြောပွဲကို အာဏာပိုင်တွေက ဖိအား ပေးတာကြောင့် ဖျက်သိမ်း လိုက်ရတယ်လို့ NLD ဘက်က တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြ ပေးထားပါတယ်။

အစိုးရသစ် သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်က ဒီကနေ့ တနင်္လာနေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုင်ရာ ဟောပြောပွဲ တခုလုပ်ဖို့ စီစဉ်ထားပေမဲ့ ဒီကနေ့ မလုပ်ဖြစ်တော့တဲ့ အကြောင်း NLD ရဲ့ ဗဟို ကော်မတီဝင် တဦးဖြစ်တဲ့ ဦးဝင်းထိန်က ပြောပါတယ်။

“ဒေါက်တာ ဦးမြင့်ကို နေပြည်တော်က ကျနော်တို့ဆီမှာ လာပြီးတော့ Lecture မရိုက်ရဘူး ဆိုပြီး တားမြစ်လို့ ဒီနေ့ အစီအစဉ် ပျက်သွားတာပါ။ ကျနော်တို့ဆီမှာ မလုပ်ဖြစ်ဘူးပေါ့။ သူကတော့ မြန်မာပြည်မှာ ရှိတဲ့ အနေအထားပေါ့၊ ဆင်းရဲမှု ပပျောက်ရေး အတွက် လုပ်တဲ့ဟာတွေကို ဟောပြောပွဲ သဘောမျိုး လုပ်ဖို့ရှိတာပါ။”

ဒေါက်တာ ဦးမြင့် ပြုစုထားတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုင်ရာ စာတမ်း ၂ စောင်ကို ဒီကနေ့ ဟောပြောဖို့ စီစဉ် ထားတာမှာ NLD ပါတီဝင်တွေ အပါအ၀င် ပြင်ပက ပါတီဝင် မဟုတ် သူတွေကိုလည်း တက်ရောက်ဖို့ ဖိတ်ကြား ထားတာလို့လည်း NLD ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလက အစိုးရသစ် ကျင်းပတဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေး စာတမ်းဖတ်ပွဲမှာလည်း ဒေါက်တာ ဦးမြင့်က စာတမ်း တစောင် ဖတ်ကြား ခဲ့ပါသေးတယ်။

NLD ပါတီကတော့ ပါတီဝင်တွေရဲ့ နိုင်ငံရေး လုပ်ရည်ကိုင်ရည် တိုးတက်လာရေးအတွက် အခုလို ပညာရှင်တွေနဲ့ ဟောပြောပွဲတွေ၊ သင်တန်းတွေ ဖြစ်မြောက်လာဖို့ ဆက်ပြီး လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ မကြာသေးခင်က Myanmar Egress ရဲ့ ဒါရိုက်တာ အဖွဲ့ဝင် တဦးဖြစ်တဲ့ နိုင်ငံရေးသိပ္ပံ ပညာရှင် ဒေါက်တာ ကျော်ရင်လှိုင်က NLD မှာ နိုင်ငံရေး သင်တန်းပေးဖို့ စီစဉ် ထားတာကိုလည်း ဒေါက်တာ ကျော်ရင်လှိုင်ဘက်က သင်တန်းရက်ကို ရွှေ့ဆိုင်း ထားတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“ဒေါက်တာ ကျော်ရင်လှိုင်ကတော့ ရက်ရွှေ့လိုက်တာပါ။ နောက်လထဲတော့ ဖြစ်မှာပါ။”

NLD ဘက်ကတော့ အခုလို နိုင်ငံ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဟောပြောပွဲတွေ၊ နိုင်ငံရေးဆိုင်ရာ သင်တန်းတွေကို ပါတီဝင် တွေရဲ့ နိုင်ငံရေး လုပ်ရည် ကိုင်ရည် တိုးတက် လာအောင် ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အလေးထား လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်ပိုင်းမှာ ပါတီဝင် လူငယ်တွေနဲ့ တွေ့ဆုံပွဲ၊ အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းတွေ အတွက် ဟောပြောပွဲတွေ၊ လယ်သမားတွေ အတွက် ဟောပြောပွဲတွေ စသဖြင့် လစဉ် ပြုလုပ်နေပြီး နောက်ပိုင်းမှာလည်း ပြည်ပက ပညာရှင်တွေနဲ့ပါ သင်တန်းတွေ၊ ဟောပြောပွဲတွေ ပြုလုပ် သွားနိုင်ဖို့ အထိ စီစဉ် နေတယ်လို့လည်း ပြောပါတယ်။

Ref: VOA News

Read More...

ရဲတံခွန်လုပ်ကွက်တွင် ရဟတ်ယာဉ်ပျက်ကျ၊ လူ ၃ ဦးသေဆုံး

ရန်ပိုင်
Monday, 11 July 2011

တနင်္သာရီ ကမ်းလွန် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် တူးဖော်နေသည့် မလေးရှား နိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီမှ သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်တစီး ယနေ့ နံနက်ပိုင်းက ပင်လယ်ပြင် အတွင်း ပျက်ကျသွားရာ လူ ၃ ဦး သေဆုံးသွားသည်။

ရဟတ်ယာဉ်မှာ မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ရေနံကုမ္ပဏီက သယ်ယူ ပို့ဆောင်ရေး အတွက် ပြင်သစ် အခြေစိုက် ဟယ်လီ ယူနီယံ Heli Union ကုမ္ပဏီမှ ငှားရမ်း သုံးစွဲထားသည့် ရဟတ်ယာဉ် ဖြစ်ကြောင်း၊ ရဟတ်ယာဉ် ပေါ်တွင် လူ ၁၄ ယောက် လိုက်ပါ လာကြောင်း ပက်ထရိုနပ်စ်နှင့် နီးစပ်သူ တဦးက ပြောသည်။

“တွင်းတူးစင်ကို အသွား ၃ မိနစ်အတွင်းမှာ ပျက်ကျတာ၊ ရေထဲရောက်တော့ စောက်ထိုးဖြစ်နေတယ်၊ ဒါပေမယ့် ဗော့တွေပါတော့ နစ်မသွားဘူး ပေါ်နေသေးတယ်” ဟု ၎င်းကဆိုသည်။

တွင်းတူးစင်တွင် အလုပ်လုပ်ကိုင်နေသူများနှင့် လူချင်း လဲလှယ်ရန် အသွားတွင် ပျက်ကျ သွားခြင်းဖြစ်ပြီး ၁၁ ဦးကို ကယ်ဆယ် နိုင်ပြီး ရဟတ်ယာဉ် မောင်းသူ အပါအ၀င် မြန်မာ ၃ ဦး သေဆုံးသွားခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Heli Union ရဟတ်ယာဉ် ကုမ္ပဏီသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ပျက်ကျမှုမှာ မှန်ကန်ကြောင်း၊ သေဆုံးသူများ၏ အမည်နှင့် အသေးစိတ် အချက်အလက်ကို စုံစမ်းဆဲ ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Ms.Pasi က ဧရာဝတီသို့ ပြောသည်။

တနင်္သာရီ ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးတွင် မလေးရှား နိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီ အပြင် ထိုင်းနိုင်ငံပိုင် Ptt စွမ်းအင် ကုမ္ပဏီ၊ ပြင်သစ်ပိုင် တိုတယ် ကုမ္ပဏီများ လုပ်ကိုင်နေသည်။

Ref: ဧရာဝတီ်

Read More...

KIA စခန်းများ လက်နက်ကြီးဒဏ်ခံရ

သန်းထိုက်ဦး
Monday, 11 July 2011

အစိုးရတပ်က ကချင်လက်နက်ကိုင် အဖွဲ့၏ စခန်းများကို လက်နက်ကြီးဖြင့် တိုက်ခိုက်နေသည်မှာ ၂ ရက် ရှိပြီ ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ယနေ့ ပြောလိုက်သည်။

ပစ်မှတ်ထားခံနေရသည့် စခန်းများမှာ ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်စခန်း ၂ ခု ဖြစ်သည်ဟု ဆိုသည်။

“သူတို့ကို ပြန်ပစ်မယ် ဆိုရင်တော့ သူတို့ရဲ့ ရေအား လျှပ်စစ်စီမံကိန်း အဆောက်အအုံ၊ စက်ရုံတွေကို ထိနိုင်တယ်၊ အဲဒါကို သူတို့က အကာအကွယ် ယူပြီးတော့ စက်ရုံဝန်းထဲကနေ ကျနော်တို့ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်” ဟု ဦးလနန်က ပြောသည်။

လက်နက်ကြီးကျည်တချို့ KIA တပ်စခန်း အနီးတွင် ကျခဲ့သော်လည်း စခန်းကို ထိခိုက်မှု မရှိကြောင်း၊ အခြေအနေကို စောင့်ကြည့်လေ့လာပြီး ခုခံ တိုက်ခိုက်မည် ဖြစ်ကြောင်း ဦးလနန်က ဧရာဝတီကို ပြောသည်။

ပြီးခဲ့သည့် တပတ်ကလည်း လိုင်ဇာမြို့နယ် အတွင်းရှိ KIA ရှေ့တန်း တပ်စခန်းတခု လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။

ကျည်ဆံတချို့ တရုတ်နိုင်ငံဘက်သို့ ကျခဲ့ရာ တရုတ် အာဏာပိုင်များက ကျည်ကျသည့် နေရာများကို သွားရောက် စစ်ဆေးသော်လည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိဟု ဆိုသည်။

မြန်မာအစိုးရကလည်း တိုက်ပွဲသတင်းများကို အမှောင်ချထားသည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

သို့သော်လည်း ပြီးခဲ့သည့်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံများ KIA ထိန်းချုပ်ရာ ဒေသသို့ သွားရောက် ခိုလှုံနေကြသည်။

ကချင်ပြည်နယ်အတွင်း နှစ်ဘက် အပစ်ရပ်ရန် တွေ့ဆုံညှိနှိုင်းမှု၊ အပြန်အလှန် စာရေးသား ဆက်သွယ်မှုတချို့ ရှိသော်လည်း ပစ်ခတ်မှုများ နေ့စဉ် ဖြစ်ပွားလျက်ရှိသည်။

အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ကချင် ဒေသခံများ၏ ဆန္ဒခံယူပွဲကို KIA ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် အင်္ဂါနေ့၌ ပြုလုပ်မည် ဖြစ်ကြောင်း KIA တပ်မှူးတဦးက ဧရာဝတီကို ပြောသည်။

Ref: ဧရာဝတီ

Read More...

Monday, July 11, 2011

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ့တပ်မတော် ဒုတိယအကြိမ် အပစ် အခတ် ရပ်စဲရေး (အပိုင်း - ၂)

ရော်နီညိမ်း
စနေ, 09 ဇူလိုင် 2011

တပ်မှူးတပ်သား ပြောစကား (၀၆၈)

ပြီးခဲ့တဲ့လ၊ ဇွန်လ (၉) ရက်နေ့ကနေ စတင် ဖြစ်ပွားခဲ့တဲ့၊ ကချင် လွတ်လပ်ရေး တပ်မတော် KIA နဲ့ အစိုးရစစ် တပ်တို့ရဲ့ တိုက်ပွဲတွေဟာ၊ ရပ်စဲသွားခြင်း မရှိသေးပါဘူး။ ကချင်ပြည်နယ် အစိုးရ အဖွဲ့ဘက်က (၅) ဦးပါ “ပြည်နယ် တည်ငြိမ်အေး ချမ်းမှု ညှိနှိုင်းရေး အဖွဲ့” ဖွဲ့ပြီး၊ အဲဒီအဖွဲ့ခေါင်းဆောင် ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန် ကြီးနဲ့ အဖွဲ့ဝင် ကချင်လူကြီး နှစ်ဦးတို့ဟာ၊ KIA နဲ့ ဇွန်လ (၃၀) ရက်နေ့က ပထမအကြိမ် တွေ့ဆုံ ခဲ့ကြပါတယ်။ ဇူလိုင်လ (၄) ရက်နေ့မှာ၊ အစိုးရဘက်က လိုလား ချက်တွေကို ကချင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုညှိနှိုင်းရေး အဖွဲ့ အနေနဲ့ KIA ဘက်ကို၊ စာရေးသား ပေးပို့ တောင်းဆိုခဲ့ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ နောက်ဆုံး အခြေ အနေတွေအပေါ် ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်း က၊ မေးမြန်း ဆွေးနွေးပြီး ဒီသီတင်းပတ်ရဲ့ “တပ်မှူး တပ်သား ပြောစကား” ကဏ္ဍ ကို တင်ဆက် ထားပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့် (ကြည်း ၈၄၆၈ OTS 25) မပြုတ်သေးဘူးဗျ။ ဗိုလ်ချုပ်ကြီး ခင်ညွန့် ကိုယ်တိုင် တိုင်းရင်းသား အဖွဲ့တွေဆီ သွားပြီးတော့မှ ဖျောင့်ဖျခဲ့ရ တာတွေ ရှိတယ်။ နောက်ဆုံး မှတ်တမ်း တင်ထားပေးမယ် ပေါ့ဗျာ။ နောက်မှ သူတို့ ဆက်ပြီး ဆွေးနွေးကြတာပေါ့၊ ဖွဲ့စည်းပုံ (အခြေခံဥပဒေ) ပေါ်သေး တာမှ မဟုတ်သေးတာ ဆိုတဲ့ နှစ်သိမ့်မှုနဲ့ပဲ၊ တိုင်းရင်းသား အဖွဲ့တွေ ၀ တို့ ဘာတို့ အကုန် အပါအ၀င်က၊ ဗိုလ်ချုပ်ကြီးခင်ညွန့် အပေါ်မှာ ယုံကြည်ပြီးတော့မှ၊ သူတို့ လိုက်လျော ခဲ့တာတွေ ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ အခု KIA နဲ့ အစိုးရနဲ့ ဒုတိယအကြိမ် ညှိနှိုင်းတယ်လို့၊ ပြောလို့ရတဲ့ သတင်းတပုဒ် ရှိပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ ဇူလိုင်လ (၄) ရက်နေ့မှာ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုကာလမှာ ပစ်ခတ်တာတို့၊ မိုင်းခွဲတာတို့၊ အစိုးရ အဆောက်အအုံ တွေကို သိမ်းပိုက် တာတွေကို မလုပ်ဖို့၊ ဖမ်းဆီးထားတဲ့ သူတွေကို ပြန်ပြီး လွှတ်ပေးဖို့ ဆိုပြီးတော့မှ၊ အစိုးရဘက်က အာဏာပိုင် တွေက၊ KIA ကို စာရေးပြီး တောင်းဆိုခဲ့တာ။ အဲဒီတော့ အဲ့ဒီ “ပြည်နယ် တည်ငြိမ် အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့” မှာ၊ ပါတာက ကချင်ပြည်နယ် ၀န်ကြီး အဖွဲ့ထဲက နယ်စပ်ဒေ သလုံခြုံရေးနှင့် ဖွံ့ဖြိုးရေး ၀န်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ တခါ (စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ (UDPKS ပါတီ၏) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန် ပါတယ်။ နောက်တခါ ကချင် အမျိုးသား အတိုင်ပင် ခံဥက္ကဋ္ဌ ဦးဆင်ဝါးနော် ပါတယ်။ ဒီ (၅) ယောက်အဖွဲ့မှာ စစ်ဘက်က အရေးပါတဲ့ နှစ်ယောက်က၊ အဲဒီအဖွဲ့မှာ ပါပါတယ်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဆင်ရေး စစ်ဦးစီးအရာရှိ (ပထမတန်း) ဒုတိယ ဗိုလ်မှူးကြီးထွန်းထွန်းအုန်း နဲ့ စစ်ဘက်ရေးရာ လုံခြုံရေး စစ်ဦးစီးအရာ ရှိ (ဒုတိယတန်း) ဗိုလ်မှူးနိုင်လင်းတို့ ပါပါတယ်။ ဒါပေမဲ့ (စစ်ဘက်က) ဒီနှစ်ယောက်ဟာ၊ လွန်ခဲ့တဲ့ ဇွန်လ (၃၀) ရက် နေ့က၊ လဂျာယန်မှာ လာပြီး ဆွေးနွေးတုန်းက၊ သူတို့လည်း မပါဘူး။ အခုလည်း ဒီ (ဇူလိုင် ၄ ရက်နေ့က) ရေးသားလိုက်တဲ့ စာထဲမှာ၊ သူတို့ နံမည်တောင် မပါဘူး။ အဲဒီအခါကျတော့ ဘယ်လိုဖြစ်နေတာလဲ၊ စစ်ဘက်က၊ သူတို့နဲ့ စစ်တိုက်နေတာပဲ။ သူတို့နဲ့ မဆိုင်တဲ့ အနေအထားမျိုး ဘာဖြစ်လို့၊ ဒီလိုမျိုး ရပ်ပြနေတာလဲ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ အမှန်တကယ်တော့၊ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေ ဆိုတာက၊ စစ်ဘက် က မပါပဲ၊ လုံးဝ မပြီးတဲ့ ကိစ္စပါ။ အဲဒါကို ကြည့်ခြင်းအားဖြင့် အထက်ပိုင်းမှာ၊ မူဝါဒပိုင်းဆိုင်ရာမှာ အားလုံး တသံထဲ မထွက်ဘူး ဆိုတဲ့ အနေ အထားမျိုး သွားဖြစ် နေပါတယ်။ အစိုးရအဖွဲ့က အစိုးရအဖွဲ့၊ စစ်ဘက်က စစ် ဘက်၊ သပ်သပ်စီလို့ မြင်ရင်၊ ရတဲ့ အနေအထားမျိုး ရှိနေပါတယ်။ စစ်ဘက်ကတော့ အစိုးရအဖွဲ့ ဘယ်လောက် ပဲ ငြိမ်းချမ်းရေး ပြောနေဆိုနေပေ့ စေ၊ သူတို့ လိုက်လုပ်ချင်မှ လုပ်မယ်၊ သူတို့ သဘောတူချင်မှ တူမယ်ဆိုတဲ့၊ အနေအထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ “ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့” ဆိုတာ၊ (ကချင်) ပြည်နယ်အစိုးရ က ဖွဲ့တာ၊ ဗဟို အစိုးရက ဖွဲ့တာတောင် မဟုတ်ဘူး။ အဲဒီတော့၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် က၊ ပြည်နယ် အစိုးရက အမိန့်ပေးရင်၊ သူတို့က လိုက်နာမှာလား၊ ဗိုလ်မှူးချုပ် ဇေယျာအောင် (ကြည်း ၁၆၅၀၃ DSA 22) ဦးဆောင်တဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဟာ၊ လိုက်နာမှာလား၊ မလိုက်နာဘူးလား၊ ဒါမှမဟုတ် သူ့အထက်မှာ ရှိတဲ့၊ ကစထ (၁) (ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (၁) ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး - ကြည်း ၁၆၃၉၁ OTS 61)၊ အဲဒီ အထက်က ညှိကွပ် (တပ်မတော် ကြည်း-ရေ-လေ ညှိနှိုင်း ကွပ်ကဲရေးမှူး နှင့် စစ်ဦးစီး အရာရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း (DSA 20)၊ တခါ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း - ကြည်း ၁၆၄၈၉ DSA 22)၊ ဟိုးအပေါ်က တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် - ကြည်း ၁၄၂၃၂ DSA 19) တို့ဆီက၊ (အမိန့်တွေ) ဘယ်လို လာမယ်လို့၊ ထင်မြင်ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်ဇေယျာအောင် အနေနဲ့က၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့က လုပ်တဲ့ အလုပ်ကို သူ့အနေနဲ့ လိုက်နာစရာ လိုက်လုပ်စရာ မလိုပါဘူး။ ဗိုလ်ချုပ်ဇေယျာအောင်ကို ကက(ကြည်း)(ကာကွယ်ရေးဦးစီး ချုပ် (ကြည်း) ရုံး) ကနေ တိုက်ရိုက် ညွှန်ကြားမှသာ၊ ဗိုလ်ချုပ် ဇေယျာအောင်တို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အနေနဲ့၊ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့မှ လိုက်နာလိမ့်မယ့် အနေအထားမျိုး ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ၊ လူပုဂ္ဂိုလ်ကိုလည်း ထည့်တွက်ကြည့်ရအောင်။ ဘာ့ကြောင့်လဲ ဆိုတော့၊ အရင် ဗိုလ်မှူး ပြောခဲ့တဲ့ (မပခတိုင်းမှူးဟောင်း) ဗိုလ်မှူးချုပ်စောလွင် (ကြည်း ၈၆၇၇ OTS 27) တို့လို KIO/KIA ကို ဆဲဆို ဆက်ဆံမယ့် ပုဂ္ဂိုလ်မျိုးလား၊ ဗိုလ်မှူးချုပ် ဇေယျာအောင် ဟာ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဗိုလ်မှူးချုပ်ဇေယျာအောင်ဟာ၊ အင်မတန်မှ နူးညံ့ ပျော့ပြောင်းတဲ့ သူပါ။ ကျနော်နဲ့လည်း ငယ်စဉ်က တွေ့ကြုံ ခဲ့ဖူးတဲ့ အနေအထားမျိုး ရှိသလို၊ နောက်ပိုင်း သူ့သတင်းတွေ ကြားရတဲ့အ ခါမှာလည်း၊ ကောင်းတဲ့ သတင်းတွေပဲ ကြားခဲ့ရပါတယ်။ ဥပမာအားဖြင့် သူ တပ်မ (၈၈) တပ်မမှူးဘ၀မှာ၊ နေပြည်တော်ကို စပြီး၊ ဖွင့်ခါစမှာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကက(ကြည်း) ကနေ ဗိုလ်မှူးချုပ် ဇေယျာအောင် ရဲ့ တပ်မကို၊ နေပြည်တော်ရဲ့ အရှေ့ဘက်၊ KNU (Karen National Union ကရင် အမျိုးသား အစည်းအရုံး) အနေနဲ့ ပြောရင်၊ (KNU လက်အောက်ခံ KNLA Karen National Liberation Army - ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်) တပ်မဟာ (၂) နဲ့ (၃) ရဲ့ ဧရိယာ (ညောင်လေးပင်နှင့် သံတောင် ဒေသများမှ၊ ကရင်ရွာများ) ကို အပြတ် ရှင်းရမယ်ဆိုတဲ့ အမိန့်မျိုး ပေးခဲ့တဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒီအခါမှာ ဗိုလ် ချုပ်ဇေယျာအောင်ဟာ၊ တော်တော်လေးကို စိတ်ပျက် လက်ပျက် ဖြစ်သွားခဲ့တယ်လို့၊ ကျနော် ပြန်ပြီး ကြားသိခဲ့ ရပါတယ်။ နောက်ဆုံး၊ သူ့အောက်က သက်ဆိုင်ရာ ဗျူဟာမှူးတွေကို၊ “ မင်းတို့ ကွာ၊ ငါ လည်း မတတ်နိုင်ဘူး။ အပေါ်ကနေ ငါ့ကို ဒီအတိုင်းပဲ ပြောလို့၊ မင်းတို့ကိုလည်း၊ ငါ ဒီအတိုင်းပဲ ပြောရတယ်”လို့၊ ပြန်ပြောခဲ့တဲ့ ပုဂ္ဂိုလ် မျိုးပါ။ ဗိုလ်ချုပ်ဇေယျာအောင် အနေနဲ့၊ တပ်မတော်နဲ့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့၊ တဦးနဲ့တဦး တဘက်နဲ့တဘက် ပစ်ခတ် သတ်ဖြတ်နေတာက၊ ဘာမှ အကျိုးလည်း မရှိ အဓိပ္ပာယ်လည်း မရှိ လို့၊ ခံယူထားတဲ့သူ ဖြစ်ပါတယ်။ တကယ်တော့ တချက်ခုတ် နှစ်ချက်ပြတ် သဘောမျိုးနဲ့၊ (နေပြည်တော်ကိုလည်း လုံခြုံအောင်)၊ ဒီ KNLA တပ်မဟာ (၂) နဲ့ (၃) ရဲ့ ဧရိယာကို ဗိုလ်ချုပ်မှူးကြီးရဲ့ စိတ်ထဲမှာ၊ ဒီ KNU ရပ်တည် နေနိုင်တာဟာ၊ ဒီ (ကရင်)ရွာတွေ ရှိလို့ နေနိုင်တာ ဖြစ်တယ်၊ ဆိုတဲ့ အယူအဆနဲ့၊ အပြတ်ရှင်း ခိုင်းတယ် ဆိုတာ၊ ရှင်းပါတယ်။ အကုန် သတ်ခိုင်းတယ် ဗျာ။ လုပ်ချင်တာလုပ် ဆိုတဲ့ အမိန့်ပေးတဲ့ အနေအထားမျိုး ဖြစ် ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ကျနော်တို့ KIA ဘက်ကို ပြန်ကြည့်ကြရအောင်။ တကယ့် တိုင်းပြည်ရဲ့ အမြင့်ဆုံး ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် ကတော့၊ သူ့သတင်းတွေကို ကြားနေရတာက၊ သူက နိုင်ငံရေး အကျဉ်း သားတွေကို လွှတ် ပေးချင်တယ်၊ တိုင်ရင်းသား အဖွဲ့တွေနဲ့ အခုလို တိုက်ပွဲတွေ ဖြစ်နေရတာကိုလည်း၊ သူ စိတ် မချမ်းသာဘူး၊ ဆိုတာတွေ ပေါ့။ အဲဒီတော့ KIA ကိစ္စမှာကော၊ သူ ဘယ်လို အနေအထားရှိလဲ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ KIA နဲ့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေးလုပ်စဉ်တုန်းက၊ အခု သမ္မတ ဦးသိန်းစိန်ဟာ၊ (ကကကြည်းမှာ) စစ်ဦးစီး ဗိုလ်မှူးကြီး (ကြည်း) (Colonel of General Staff - Army) ဗိုလ်မှူးကြီး သိန်းစိန် (ကြည်း ၁၁၂၅၂ DSA 9) အနေနဲ့ ရှိပါတယ်။ ကျနော်တို့ (KIA နှင့် ငြိမ်းချမ်းရေး တာဝန်ယူ လုပ်ဆောင်နေသော တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရုံးမှ အရာရှိများ) တင်ပြတဲ့ report တွေ အားလုံးကလည်း၊ ဗိုလ်မှူးကြီး သိန်းစိန်က တဆင့်၊ ကက(ကြည်း) ဗိုလ်ချုပ် (ဒုတိယ ဗိုလ်ချုပ်မှူးကြီး) မောင်အေး တို့၊ ဗိုလ်ချုပ် (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေတို့ ဆီကို through (တဆင့်) သွားနေရတဲ့၊ အနေအထားမျိုးပါ။ သက်ဆိုင်ရာ တိုင်းမှူးတွေ ဖြစ်ကြတဲ့၊ ဗိုလ်ချုပ်အေးကျော် (အရှေ့မြောက်တိုင်း) တို့၊ ဗိုလ်ချုပ်စောလွင် (မြောက်ပိုင်းတိုင်း) တို့ ကိုယ်တိုင် ကလည်း၊ ဗိုလ်မှူးကြီး သိန်းစိန်ဆီကို တိုက်ရိုက် သတင်း ပို့ကြရပါတယ်။ ဗိုလ်မှူးကြီး သိန်းစိန်ဆီက မှ တဆင့်၊ ဗိုလ်ချုပ် (ဒုတိယဗိုလ်ချုပ်မှူးကြီး) မောင်အေး (ကြည်း ၇၈၇၅ DSA 1) တို့၊ ဗိုလ်ချုပ် (ဗိုလ်ချုပ်မှူး ကြီး) သန်းရွှေ (ကြည်း ၆၇၁၀ OTS 9) တို့ဆီကို၊ ဆက်ပြီး သတင်း ပို့တဲ့ အနေအထားမှာ ရှိပါတယ်။ KIA နဲ့ ဘယ်လို ငြိမ်းချမ်းရေး ယူထားတယ်၊ ဘယ်လို စာချုပ်တွေ ချုပ်ထားတယ် ဆိုတာကို၊ အခု လက်ရှိအနေအ ထားမှာ၊ ဂဃနဏ သိတာဆိုလို့၊ သမ္မတကြီး ဦးသိန်းစိန် တယောက်ပဲ ရှိပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒါ ဆိုရင်၊ အကုန်လုံးကိုလည်း သိနားလည်နေပြီးတော့၊ ငြိမ်းချမ်းရေး ကိုလည်း တကယ်လို ချင်နေတဲ့ ပုဂ္ဂိုလ်ဟာ၊ ဒီစစ်တပ်ကို ထိန်းလို့ သိမ်းလို့ မရဘူးလား။ ခုလို ဖြစ်နေတာတွေ အတွက်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သဘော တခုထဲနဲ့ကော၊ အခုလို တိုက်ပွဲတွေကို လုပ်နေတယ်လို့၊ ဗိုလ်မှူး မြင်သလား ခင်ဗျ။ ဘယ်သူ့ရဲ့ အမိန့်ပေးမှုတွေ၊ နောက်ကွယ်မှာ ရှိနေလဲ ခင်ဗျ။ အခု သမ္မတကြီး ဦးသိန်းစိန်က ငြိမ်းချမ်းတဲ့ တိုင်းပြည်ဖြစ်အောင်၊ သူ ပြောခဲ့တဲ့ good governance ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်အောင်၊ တဘက် က သူကြိုးစားနေတဲ့ အချိန်မှာ၊ တဘက်က ဖျက်မြင်း သဘောမျိုးနဲ့၊ အခု ရက်ပေါင်း (၁၀၀) မပြည့်သေးဘူး၊ ဒီအစိုးရသစ်ရဲ့လက်ထက်မှာ၊ တိုင်းရင်းသား အဖွဲ့ တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်နေတာ။ အဲဒီတော့ ဒီဟာတွေ ဖြစ်နေတာ၊ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲ ခင်ဗျ။ သမ္မတကြီး ဦးသိန်းစိန် ဘာမှ မတတ်နိုင်တဲ့ အနေ အထားမျိုး ဖြစ်နေလား။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ သမ္မတကြီးဦးသိန်းစိန်ဟာ စိတ်ရင်းစေတနာ အားဖြင့် အင်မတန် နူးညံ့ ပျော့ပျောင်း ပြီးတော့မှ တိုင်းပြည် အပေါ်မှာ တကယ့် စိတ်ကောင်း စေတနာကောင်း ရှိတဲ့လူလို့၊ ကျနော် ပြောခဲ့ ဖူးပါတယ်။ ဒါကလည်း သူနဲ့ ကျနော်နဲ့ (စစ်ရုံးချုပ်မှာ) ငါးနှစ် ခြောက်နှစ်လောက် အတူတူ နေခဲ့ဖူးလို့၊ သူ့ရဲ့ စိတ်ရင်း စေတနာကို ကျနော် သိလို့ ပြောတာ ဖြစ်ပါတယ်။ အခုအချိန် အခါမှာ ပြန်ကြည့်ရင်၊ သမ္မတကြီး ဦးသိန်းစိန် ဘာကြောင့် ဆုံးဖြတ်ချက်တွေ မချနိုင်လဲ ဆိုတာ၊ ရှင်းပါတယ်။ လက်ရှိမှာ ဗိုလ်ချုပ် သန်းရွှေက (အားလုံးကို) ခေါ်ပြီးတော့မှ၊ ကွပ်ကဲနေတဲ့ အနေအထားမှာ ရှိနေတယ်လို့ ကျနော်တို့၊ ကြားသိ နေရပါတယ်။ တဘက် ကပေါ့ဗျာ၊ မြှောက်ပေး ထားတာက (ဒုသမ္မတ) ဗိုလ်ချုပ် (ကြည်း ၁၁၇၀၁ DSA 12 - စစ်ထောက်ချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး) တင်အောင်မြင်ဦး။ ဒီပုဂ္ဂိုလ်က တော်တော်လေးကို ကြမ်းကြမ်း တမ်းတမ်းနဲ့၊ သမ္မတကြီး ဦးသိန်းစိန်တောင် မဟုတ်ဖူး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မင်းအောင်လှိုင် အပေါ်မှာပါ၊ လွှမ်းမိုးဖို့ ကြိုးစားတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ရဲ့ နောက်မှာ၊ ဗိုလ်ချုပ် တင်အောင်မြင်ဦး က ကြိုးကိုင် ထားတယ်၊ ဗိုလ်ချုပ်သန်းရွှေ ကိုယ်စား ကြိုးကိုင် ထားတယ်ဆိုရင် မမှားဘူးလို့၊ ကျနော်မြင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ တဆက်ထဲမှာပဲ သမ္မတကြီးဦးသိန်းစိန်ဟာ၊ KIA တို့လို တိုင်းရင်းသားတွေနဲ့ ကိစ္စတွေမှာ၊ ဘာမှ မတတ်နိုင်ပဲ ရှိနေရတဲ့ အချိန်မျိုးမှာ၊ နောက်ထပ် ကြားရတဲ့ အသံတခုက၊ NIB (National Intelligence Bureau) အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကို၊ ပြန်ဖွဲ့မယ်၊ အမျိုးသား ထောက်လှမ်းရေး အဖွဲ့ရဲ့ အကြီးအကဲ အဖြစ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အနီးကပ် ကိုယ်ရေး လုံခြုံရေး အရာရှိ သဘောမျိုး၊ စစ်ဘက်လက် ထောက်သဘောမျိုး လုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်စိုးရှိန် (OTS 65) က၊ ဦးစီးမယ်၊ ဒီ အမျိုးသား ထောက်လှမ်းရေးကို သူ ဦးစီးမှာ ဖြစ်တာကြောင့်၊ စစ်ဘက် ရေးရာ လုံခြုံရေး အရာရှိချုပ် (စရခ) ရာထူးကိုလည်း၊ သူ့ကိုပဲ ပေးလိုက်တယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်လာမယ့် (လက်ရှိ စရခ) ဗိုလ်ချုပ်ကျော်ဆွေ (ကြည်း ၁၆၄၉၃ DSA 22) ဟာ၊ ကကကျင့် (တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် - ယခု ညှိကွပ် ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၏ ယခင်ရာ ထူး) သို့မဟုတ် ကစထ တခုခု (ကစထ (၃) နှင့် ကစထ (၆) ကစထမှူး ရာထူးများ လစ်လပ်နေ) ကို၊ အရွှေ့ခံ လိုက်ရတယ် ဆိုတဲ့၊ သတင်းလည်း ထွက်ပါတယ် ခင်ဗျ။ အဲဒီ အပေါ်မှာရော၊ KIA နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ KNU နဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ၊ ဗိုလ်မှူးချုပ်စိုးရှိန်၊ စရခ ဖြစ်လာမှာနဲ့၊ ဘယ်လောက်များသွားပြီး သက်ရောက် မှု ရှိနိုင်ပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ် စိုးရှိန်ဆိုတာ၊ စစ်မြေပြင်မှာ စစ်ပွဲတ ပွဲမှ မတိုက်ဖူးပဲနဲ့၊ ဗိုလ်ချုပ် အထိ ဖြစ် လာတဲ့ လူတယောက်ပါ။ ထောက်လှမ်းရေးနဲ့ ပတ်သက်ပြီးတော့၊ ကျနော်တို့ ရှိစဉ်တုန်းကတော့၊ သူ ဟာ Counter Intelligence Course (တန်ပြန် ထောက်လှမ်းရေး သင်တန်း) ကို၊ လာတက်ခဲ့ ဖူးပါတယ်။ ဒီလောက်ပါပဲ။ သူ့အနေနဲ့ အရည်အချင်း အနေနဲ့ ထောက်လှမ်းရေးမှူးချုပ် တယောက် အဖြစ်၊ ကောင်းကောင်း မွန်မွန် လုပ်ကိုင်နိုင်စွမ်း မရှိပါဘူး။ သို့သော်၊ သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တပည့်အရင်း ခေါက်ခေါက် ဖြစ် တယ်ဗျာ။ အခုလို အရေးကြီးတဲ့ ထောက် လှမ်းရေးလို နေရာမျိုးမှာ ဆွဲခန့် ထားလိုက်ခြင်း အားဖြင့်၊ နှစ်ခွပေါ့ဗျာ၊ အရပ်ဘက်ရော၊ စစ်ဘက်ရော၊ အရပ်ဘက် ဆိုတာ သမ္မတရော၊ စစ်ဘက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရောကို ပေါ့ဗျာ၊ (နောက်ကွယ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ)၊ ထိန်းထားပြီးသား ဖြစ်ပါတယ်။ ထောက်လှမ်း ရေးရဲ့ သဘော သဘာဝ အရကတော့၊ ဗိုလ်ချုပ်စိုးရှိန် မတော် ပေမဲ့၊ အောက်က တက်လာတဲ့ သတင်းတွေ အရ၊ စစ်တပ် ဘာလုပ်နေတယ်၊ အရပ်ဘက်က ဘာလုပ်နေတယ် ဆိုတာ တွေကို၊ သူက ထိုင်ပြီးတော့မှ handle လုပ်မယ့် သဘောပေါ့ဗျာ။ သူ့အနေနဲ့လည်ါ် ငြိမ်းချမ်းရေး ကိစ္စတို့ တခြား ကိစ္စတို့ကို၊ ဟိုတုန်းကလည်း ဘာမှ မသိဘူး၊ အခုလည်း ဘာမှ သိမှာ မဟုတ်ဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒါလုပ်ဆိုရင်၊ လိုက်လုပ်မယ့် လူမျိုး တယောက်အဖြစ်ပဲ၊ သူ့ကို ကျနော် မြင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ စရခ ပေါ့။ အခု အခေါ်တော့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်၊ အရင်တုန်း ကတော့ ထောက်လှမ်းရေး မှူးချုပ် ပေါ့ ဒီနေရာမျိုးကို ယူတဲ့ ပုဂ္ဂိုလ်ဟာ၊ တိုင်းရင်းသား ကိစ္စတွေကို သူတို့ ဦးစီး လုပ်ခဲ့ရတာကို ကျနော်တို့ မြင်ခဲ့ရတယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့် လုပ်ခဲ့တယ်။ နောက်ပိုင်း အခု မန္တလေးတိုင်းဒေ သကြီး ၀န်ကြီးချုပ် ဖြစ် နေတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် (ကြည်း ၁၂၆၀၇ DSA 15)။ စရခ အနေနဲ့ သူ တိုင်း ရင်းသား ကိစ္စတွေကို လုပ်ခဲ့တာ တွေ့ခဲ့ရတယ်။ ဗိုလ်ချုပ် ကျော်ဆွေလည်း၊ လုပ်ခဲ့တာကို တွေ့ခဲ့ရတယ်။ ဗိုလ်ချုပ် စိုးရှိန်ဟာ၊ KIA ပြဿနာလို မျိုးကို တကယ် ကိုင်တွယ် ဖြေရှင်းလို့ ရနိုင်မလား၊ ငြိမ်းချမ်းရေး ရအောင်လို့။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ KIA ပြဿနာလိုမျိုးကို၊ ဗိုလ်ချုပ်စိုးရှိန် အနေနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်တဲ့၊ အနေအထား မရှိပါဘူး။ ဗိုလ်ချုပ် စိုးရှိန်ဟာ ဗိုလ်ချုပ် သန်းရွှေက “ မင်း ဒါလုပ်၊ ဒါလုပ်၊ ဒါလုပ်” ဆိုတဲ့အတိုင်း၊ ရုပ်သေးရုပ် တရုပ်လို၊ လိုက်လုပ်မယ့် လူမျိုးပါ။

ဦးရော်နီညိမ်း ။ ။ ဒီနေရာမှာ တရုတ်နဲ့ KIO ကို၊ ပြန်ကြည့်ရအောင်။ အခု KIA ကိုကျတော့၊ တိုက်ရဲတယ် ဆိုတာ၊ တရုတ်နဲ့ KIO နဲ့က ဘယ်လို အနေအထား ရှိလို့လည်း ခင်ဗျ။ ဗိုလ်မှူးရဲ့ အတွေ့အကြုံတွေ အရ နည်းနည်း ရှင်း ပြပေးပါ။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ KIA ဟာ တရုတ်ရဲ့ သြဇာခံ မဖြစ်ခဲ့ပါဘူး။ KIA က၊ ကွန်မြူနစ် စနစ်ကို၊ လက်မခံတဲ့ အတွက်ကြောင့်၊ ကိုးကန့်တို့ ၀တို့လောက်၊ KIA ဟာ တရုတ်နဲ့ အစေးမကပ် တာတော့၊ အမှန်ပဲ။ KIA ထဲက ခွဲထွက် သွားတဲ့ ဦးဇခုန်တိန်ယိမ်း တို့လောက်ပဲ၊ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ရဲ့ စစ်ဒေသ (၁၀၁) အနေနဲ့ တရုတ်ဘက်ကို၊ ကွန်မြူနစ်ဘက်ကို ပါသွားတဲ့ သဘောရှိပါတယ်။ KIA ဟာ ကိုးကန့်တို့ ၀တို့ လောက်တရုတ်ရဲ့ ထောက်ခံမှုကို အပြည့်အ၀ မရဘူး ဆိုတာကို၊ ဒီဘက် အစိုးရကလည်း ကောင်းကောင်း သိပါတယ်။ အခု ကိစ္စမှာလည်း၊ အားစမ်းတာပါ။ ၂၀၀၉ ခုနှစ်၊ (ဒုတိယ) ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ပြည်ကို သွားခဲ့တုန်းက၊ တရုတ်ကို လက်မှတ် ထိုးပေးခဲ့တဲ့ (မြန်မာပြည်ထဲတွင် တရုတ်က လုပ်မည့်) ရေအားလျှပ်စစ် စီမံကိန်းတွေရဲ့ အများစုဟာ၊ ကချင်ပြည်နယ် KIA နယ်မြေ ထဲမှာ ရှိပါတယ်။ နောက်ပြီးတော့၊ (ရခိုင်ပြည်နယ် မှ တရုတ်ပြည် ယူနန်ပြည်နယ်သို့ သွယ်တန်းနေသည့်) သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ဟာလည်း၊ KIA နယ်မြေ ထဲက ဖြတ်ပါတယ်။ အဲဒါကို အကြောင်း ပြုပြီးတော့မှ၊ အစိုးရ စစ်တပ်အနေနဲ့၊ လက်ရှိ ရေအားလျှပ် စစ်စီမံကိန်း ရှိရာ တာစန်းကုန်းကို၊ ရအောင်ယူမယ်။ စမ်းကြည့်တာပါ။ သွေးတိုး စမ်းကြည့်တာပါ။ တကယ်လို့ ဒီလိုတိုက် တာကို၊ တရုတ်ဘက်က သဘောတူတယ် ဆိုရင်တော့၊ ဆက်ပြီး တိုက်သွားဖို့ စီစဉ် ပါလိမ့်မယ်။ ကျန်တဲ့ မေ ခမေလိခမြစ်ဆုံ ရေအားလျှပ် စစ်စီမံကိန်း တို့လို မျိုးတွေနဲ့၊ (တရုတ်ကို) အကြောင်းကို ပြပြီးတော့မှ KIA ကို pressure ပေးသွားမယ့် အနေအထားမျိုး ဖြစ်မှာပါ။ ဒါပေမဲ့၊ သတင်းတွေ အရတော့၊ ၀တွေ ကိုးကန့်တွေ လောက် KIA ကို ပြင်းပြင်း ထန်ထန် မထောက်ခံပေမဲ့၊ မြန်မာအစိုးရ ဒီလိုလုပ်တာကိုတော့ လက်မခံဘူး ဆို တာကို၊ တရုတ်က ပြသတဲ့ အနေအထား မျိုးတွေ တွေ့ရပါတယ်။ တရုတ်ရဲ့မူက မြန်မာပြည်ရဲ့ နိုင်ငံရေးတည် ငြိမ်မှုကို၊ အဓိက လိုချင်တယ်။ အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ်မှာ ရှိနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့၊ ငြိမ်းငြိမ်း ချမ်းချမ်းနည်းနဲ့ပဲ ဖြေရှင်းတာကို၊ တရုတ်က လိုချင်တဲ့ အနေအထားမျိုး ရှိပါတယ်။ အခု လို တိုက်ခိုက်ပြီးတော့မှ ဖြေရှင်းတဲ့ ကိစ္စကိုတော့၊ တရုတ်အနေနဲ့ လက်ခံလိမ့်မယ်လို့၊ ကျနော် မထင်ဘူး ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ မြန်မာ့ တပ်မတော်ရဲ့ ထောက်လှမ်းရေး အရာရှိဟောင်းနဲ့၊ သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို ဆက်သွယ်မေးမြန်းပြီး၊ တင်ပြခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

Ref: VOA News

Read More...

အာရပ်လှိုင်းစီးသူများ

ဂါမဏိ

အာရပ်နိုင်ငံတွေမှာ အောင်ပွဲခံခဲ့၊ အောင်ပွဲခံဖို့ အားထုတ်နေတဲ့ အာဏာရှင် အစိုးရ ဖြုတ်ချရေး တော်လှန်ရေး လှိုင်းကို မြန်မာပြည် မှာလည်း စီးဖို့ လိုလားကြိုးစားနေကြသူတွေ မနည်းမနော ရှိနေပါတယ်။ အခုအခါ အာရပ် လှိုင်းကို ကမ္ဘာ့နိုင်ငံပေါင်း (၅၂) နိုင်ငံမှာ စီးခဲ့ပြီဖြစ်ပေမယ့် ကမ္ဘာ့ ဝါရင့် အာဏာရှင်နိုင်ငံ မြန်မာပြည် ကျန်နေပါ သေးတယ်။ အခုဆောင်းပါးမှာ အာရပ်လှိုင်း စီးခဲ့တဲ့ နိုင်ငံတွေကို တတ်နိုင်သလောက် စာရင်း ကောက်ထားပါတယ်။

၁။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာ (၁၇) ရက် - အရှေ့အလယ်ပိုင်းက အာရပ်နိုင်ငံတခု ဖြစ်တဲ့ ကျူနီးရှား နိုင်ငံမှာ အာဏာရှင် လက်ပါးစေ ပုလိပ်မတယောက်ရဲ့ နှိပ်စက်မှုတွေကို မခံနိုင်တော့တဲ့ အဆုံး ဘွဲ့ရ အလုပ်လက်မဲ့ တဖြစ်လဲ ဟင်းရွက်စုံ တွန်းလှည်း သမားလေး မိုဟာမက်ဘွာဇီဇီဟာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ သတ်သေ ခဲ့ရာကနေ ကျူနီးရှား တော်လှန်ရေး ပေါက်ဖွား လာခဲ့ပြီး (၂၈) ရက်အကြာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်မှာ အာဏာရှင် သမ္မတ ဘင်အလီ ထွက်ပြေး သွားတဲ့အတွက် ဒီမိုကရေစီ လိုလားသူတွေ အောင်ပွဲ ရသွားခဲ့ပါတယ်။ ဒီလူထု တိုက်ပွဲအတွင်း လူ (၂၀၀) ကျော် ပစ်သတ် ခံခဲ့ရပါတယ်။

ဒီမိုကရေစီဆိုလို့ မူးလို့တောင် ရှူစရာမရှိဘဲ အာဏာရှင်တွေနဲ့ သက်ဦးဆံပိုင် ပဒေသရာဇ်တွေ ကြီးစိုးတဲ့ အာရပ် ကမ္ဘာ၊ အကြမ်းဖက် ဝါဒ အားပေးတယ် ဆိုတဲ့ အစ္စလမ် အာရပ် ကမ္ဘာမှာ ကြုံတောင့်ကြုံခဲ ဒီမိုကရေစီတော် လှန်ရေးတခု အောင်ပွဲ ခံသွားတာဟာ အာဏာရှင်တွေရဲ့ ဖိနှိပ် ချုပ်ချယ်မှုတွေကို အံကြိတ် ခံနေရတဲ့ ဘဝတူ အာရပ်နိုင်ငံတွေကို ဂယက်ရိုက် သွားခဲ့ပါတယ်။

၂။ ဒီလိုနဲ့ ၂၀၁၁ ခု ဇန်နဝါရီ (၂၅) ရက်မှာ အီဂျစ်တော်လှန်ရေး စခဲ့ပြီး ဖေဖော်ဝါရီ (၁၁) ရက်မှာ အာဏာရှင် မူဘာရတ် ရာထူးက ဆင်းပေးခဲ့လို့ ဒီမိုကရေစီ သမားတွေ ပဏာမ အောင်ပွဲ ရသွားခဲ့ပါတယ်။ လူပေါင်း (၉၀၀) နီးပါး အသက် ဆုံးခဲ့ပါတယ်။

၃။ ဒီနောက် လစ်ဗျားနိုင်ငံမှာ အာဏာရှင်ကဒါဖီဆန့်ကျင်ရေး တော်လှန်ရေး ဖေဖော်ဝါရီ (၁၈) ရက်မှာ စခဲ့ပြီး အာဏာရှင်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်မှုကြောင့် လူထု တိုက်ပွဲ အဖြစ်ကနေ လက်နက်ကိုင် တိုက်ပွဲအဖြစ် ပြောင်းလဲသွားပြီး ဒီကနေ့ထိ အာဏာရှင်နဲ့ ဒီမိုကရေစီ ဘက်သားတွေ အပြင်းအထန် လက်နက် ကိုင် တိုက်နေဆဲ ဖြစ်ပါတယ်။ အခုထိဆိုရင် လူပေါင်း (၁၃,၀၀၀) လောက် သေခဲ့ပါပြီ။

၎။ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေ တော်တော်များများရှိတဲ့ ဘာရိန်း ကျွန်းနိုင်ငံလေး မှာလည်း ဖေဖော်ဝါရီ (၁၄) ရက်မှာ လူထုတိုက်ပွဲ စခဲ့ပါတယ်။ သက်ဦးဆံပိုင် ပဒေသရာဇ် ဘုရင် အယ်လ်ခါလီဖာက ရက်ရက်စက်စက် သတ်ဖြတ် နှိမ်နင်းတဲ့ ကြားက ဇွဲနဘဲနဲ့ တော်လှန်ရေး လုပ်ခဲ့တဲ့အတွက် နောက်ဆုံးမှာ အိမ်နီးနားချင်း ပဒေသရာဇ် နိုင်ငံတွေကို အကူအညီတောင်း၊ စစ်တပ်တွေ ခေါ်ပြီး မတ်လ (၁၄) ရက်မှာ အကြီးအကျယ် နှိမ်နင်းခဲ့ပါတယ်။ လူထု ဆန္ဒပြပွဲတွေ အတွင်းမှာ စစ်တပ်နဲ့ ပုလိပ်တွေ ပစ်ခတ် နှိမ်နင်းမှုကြောင့် ဒဏ်ရာရသူ တွေကို ဆေးကုပေးခဲ့တဲ့ ဆရာဝန်တွေ၊ သူနာပြု ဆရာမတွေ ကိုပါ ပဒေသရာဇ် အာဏာရှင်က ဖမ်းဆီးထောင် ချခဲ့ပါသေးတယ်။ လူ (၄၀) လောက် အသက် ဆုံးခဲ့ပါတယ်။ မတန်တဆ အင်အားနဲ့ နှိမ်နင်းခံရလို့ မတတ်သာ ဘဲ ငြိမ်နေရပေမယ့် ဆက်တိုက်မယ့် အခြေအနေ ရှိပါတယ်။

၅။ ယီမင်နိုင်ငံမှာလည်း ဇန်နဝါရီလလယ်မှာ အာဏာရှင် သမ္မတ အလီဆာလယ်ကို တော်လှန်တဲ့ လူထုတိုက် ပွဲတွေ ပေါ်ထွက် လာခဲ့ပါတယ်။ သမ္မတ ဆာလယ်ကလည်း ပြင်းပြင်း ထန်ထန် ပစ်ခတ် သတ်ဖြတ် နှိမ်နင်းခဲ့လို့ အခုထိ လူပေါင်း (၁,၀၀၀) လောက် အသတ် ခံခဲ့ရပြီး ဖြစ်ပါတယ်။ မေလထဲမှာတော့ တချို့နေရာတွေမှာ လူထုတိုက်ပွဲဟာ လက်နက်ကိုင် တိုက်ပွဲ အဖြစ် ဖြစ်ထွန်း သွားခဲ့ပြီး အခု နောက်ဆုံး အခြေအနေကတော့ တိုက်ပွဲပုံ စံ (၂) မျိုး ပေါင်းစပ် တိုက်ပွဲဝင်နေတဲ့ သဘော ရှိပါတယ်။

ကျူနီးရှားနဲ့ အိဂျစ်လူထုတိုက်ပွဲတွေ အတိုင်းအတာတခုအထိ အေးအေးဆေးဆေးနဲ့ အောင်မြင် သွားပြီး အမေရိကန် ဆန့်ကျင်ရေးသမား လစ်ဗျားမှာတော့ သွေးချောင်း စီးနေတာ တွေ့တဲ့အခါ တချို့ လေ့လာသူတွေက အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေမှာ စီးပွားရေး ပိတ်ဆို့မှု မရှိလို့ အမေရိကန်နဲ့ စီးပွားရေး အပါအဝင် ဘက် ပေါင်းစုံ အဆက်အသွယ် တွေလည်းရှိ၊ စစ်တပ် တွေကလည်း အမေရိကန် စစ်တပ်နဲ့ အဆက်အဆံရှိ၊ အမေရိ ကန်စစ်တက္ကသိုလ်တွေ၊ စစ်သင်တန်း ကျောင်းတွေမှာ သင်တန်း တက်တာတွေ ရှိတဲ့အတွက် ဒီမိုကရေစီ အမေရိကန် နိုင်ငံက အတွေး အခေါ်တွေ၊ စိတ်ဓာတ်တွေ စိမ့်ဝင် ကူးစက်နေလို့ လူထုတိုက်ပွဲကို ပစ်ခတ် နှိမ်နင်းတာမ ရှိဘဲ တော်လှန်ရေးတွေ အောင်သွားတယ်လို့ ယူဆ ခဲ့ကြပါသေးတယ်။ ဒါပေမယ့် ယီမင်နဲ့ ဘာရိန်း အပါအဝင် အမေရိကန်ရဲ့ အမာခံ မဟာမိတ် နိုင်ငံတွေမှာ ရက်ရက်စက်စက် ပစ်သတ်ပြီး ဒီမိုကရေစီမရ၊ လူထုတိုက်ပွဲ မနိုင်ဘဲ ဖြစ်နေတဲ့အခါ စောစောက စဉ်းစားချက်တွေကို ပယ်ဖျက် လိုက်ကြရပါတော့တယ်။

၆။ အမေရိကန်ဆန့်ကျင်ရေးသမား ဆီးရီးယားနိုင်ငံမှာ လူထုတိုက်ပွဲတွေ ဇန်နဝါရီ (၂၆) မှာ စပေါ်ခဲ့ပြီး အာဏာရှင် သမ္မတ အာဆဒ်က ရက်ရက်စက်စက် ပစ်ခတ် နှိမ်နင်းလို့ အခုအထိ လူပေါင်း (၁,၈၀၀) ကျော် အ သက် ဆုံးခဲ့ပါတယ်။ ဒါပေမယ့် ပြည် သူလူထုတွေဟာ အခုထိ ဇွဲနဘဲ ကြီးကြီးနဲ့ တိုက်ပွဲ ဝင်နေဆဲဖြစ်ပြီး လက်နက်ကိုင် တိုက်ပွဲနဲ့ ပေါင်းစပ်မယ့် အလားအလာ ရှိနေပါတယ်။ ဆီးရီးယား အာဏာရှင် အစိုးရကို ရုရှားနိုင်ငံက ရာနှုန်းပြည့် ထောက်ခံကူညီနေပါတယ်။ နအဖ-ကြံ့ဖွတ်ကို တရုတ်နိုင်ငံက ထောက်ခံ သလိုမျိုး ကုလသမဂ္ဂ ဗီ တိုအာဏာနဲ့ လက်နက်ခဲယမ်း အပါအဝင် ဘက်ပေါင်းစုံက ထောက်ခံ ပေးနေတာ ဖြစ်ပါတယ်။

ဒီ (၆) နိုင်ငံအပြင် အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲဆိုတဲ့ အာရပ်လှိုင်း စီးခဲ့တဲ့ တခြား အာရပ် နိုင်ငံတွေက တော့…

၇။ သက်ဦးဆံပိုင်ပဒေသရာဇ် ဂျော်ဒန် - ဇန်နဝါရီ (၁၄) ရက် လူထုတိုက်ပွဲ စခဲ့ပြီး အကြမ်းဖက် နှိမ်နင်းခံရ၊ အသေအပျောက် နည်းနည်းရှိ၊ အခုထိ တိုက်နေဆဲ။

၈။ သက်ဦးဆံပိုင်ပဒေသရာဇ် အိုမန် - ဇန်နဝါရီ (၁၇) ရက် လူထုတိုက်ပွဲ စခဲ့ပြီး ပစ်ခတ် နှိမ်နင်းခံရ၊ လူ (၁၀) ယောက်နီးပါး သေ၊ မေလနှောင်းပိုင်း အရှိန်လျော့။

၉။ သက်ဦးဆံပိုင်ပဒေသရာဇ် ကူဝိတ် - ဖေဖော်ဝါရီ (၁၉) ရက် လူထုတိုက်ပွဲစပြီး အကြမ်းဖက် နှိမ်နင်းခံရ၊ အသေအပျောက် မရှိ၊ ဇွန်လအထိ တိုက်နေဆဲ။

၁၀။ သက်ဦးဆံပိုင်ပဒေသရာဇ် ဆော်ဒီအာရေးဗျ - ဇန်နဝါရီ (၂၁) ရက် လူထုတိုက်ပွဲ စခဲ့ပြီး အကြမ်းဖက် နှိမ်နင်း ခံရ၊ အသေအပျောက် နည်းနည်းရှိ၊ လောလောဆယ်မှာ အမျိုးသမီးတွေ ဦးဆောင်ပြီး ကားမောင်းခွင့် ရရေး ခေါင်းစဉ်နဲ့ လူထုတိုက်ပွဲ ဆက်လုပ် နေပါတယ်။

၁၁။ သက်ဦးဆံပိုင်ပဒေသရာဇ် မော်ရိုကို - ဇန်နဝါရီ (၃၀) ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက် နှိမ်နင်းခံရ၊ လူ (၁၀) ယောက်နီးပါး သေ၊ အခုထိ တိုက်နေဆဲ။

၁၂။ မော်ရိုကို သိမ်းပိုက်ခံ အနောက်ဆာဟာရ - ဖေဖော်ဝါရီ (၂၆) ရက် လူထုတိုက်ပွဲ စခဲ့ပြီး အကြမ်းဖက် နှိမ်နင်း ခံရ၊ အသေအပျောက် နည်းနည်းရှိ။

၁၃။ အီရတ် - ဖေဖော်ဝါရီ (၁၀) ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်ပစ်ခတ် နှိမ်နင်း ခံရ၊ လူ (၃၀) ကျော် သေ၊ ဇွန်လနှောင်းပိုင်း အရှိန်လျော့။

၁၄။ အီရတ် ကာဒစ်စတန် - ဖေဖော်ဝါရီ (၁၇) ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက် ပစ်ခတ် နှိမ်နင်းခံရ၊ လူ (၁၀) ယောက်လောက်သေ။

၁၅။ လက်ဘနွန် - ဖေဖော်ဝါရီ (၂၇) ရက် လူထုတိုက်ပွဲစခဲ့၊ ဂိုဏ်းဂဏ အကြမ်းဖက်မှုကြောင့် (၁၀) ယောက် လောက်သေ။

၁၆။ အဇ္ဇရေးနယ်စပ် - မေ (၁၅) ရက်နဲ့ ဇွန်လထဲမှာ လူထုချီတက်ပွဲလုပ်၊ (၄၀) ခန့်ကို အဇ္ဇရေးက ပစ်သတ်။

၁၇။ အယ်လ်ဂျီးရီးယား - ဒီဇင်ဘာ (၂၉) ရက် စတိုက်ခဲ့ပြီး အကြမ်းဖက်နှိမ်နင်းခံရ၊ မိမိကိုယ် မီးရှို့ဆန္ဒပြသူ (၄) ယောက်ပါ၊ ရဲများလည်း ဆန္ဒပြ၊ မေလနှောင်းပိုင်း အရှိန်လျော့၊ လူ (၁၀) ယောက်နီးပါးသေ။

၁၈။ မော်ရီတေးနီးယား - ဇန်နဝါရီ (၁၇) ရက် လူထုတိုက်ပွဲစခဲ့ပြီး ဧပြီအထိ။

၁၉။ ဆူဒန် - ဇန်နဝါရီ (၃၀) ရက် လူထုတိုက်ပွဲစခဲ့ပြီး အကြမ်းဖက်နှိမ်နင်းခံရ၊ အသေအပျောက် နည်းနည်း ရှိ။

ဒီနိုင်ငံတွေထဲမှာ အယ်လ်ဂျီးရီးယား၊ မော်ရီတေးနီးယား၊ ဆူဒန်တို့က ရုရှား-တရုတ် မဟာ မိတ်တွေ ဖြစ်ပြီး ကျန်တာအားလုံး အမေရိကန်ရဲ့မဟာမိတ် အာဏာရှင် နိုင်ငံတွေ ဖြစ်ပါတယ်။ အီရတ်နဲ့ အီရတ် နိုင်ငံထဲက ကာဒစ်စ တန် ပြည်နယ်တို့ ဆိုရင် အမေရိကန် စစ်တပ်တွေ ရောက်ရှိ သိမ်းပိုက်ထားပြီး ဒီမိုကရေစီ ရနေပြီဆိုတဲ့ နိုင်ငံတွေ ဖြစ်သလို လက်ဘနွန်ကတော့ ဒီမိုကရေစီ တပိုင်း နိုင်ငံဖြစ်ပါတယ်။ ဒီတော့ ခြုံကြည့်လိုက်ရင် အမေရိကန်လူ ဖြစ်ဖြစ် အမေရိကန် ဆန့်ကျင်ရေး သမား ဖြစ်ဖြစ် အာဏာရှင်တွေဟာ အာဏာကို ထိန်းသိမ်းနိုင်ဖို့ အတွက် အကြမ်းဖက်ဖို့ လက်မနှေးဘူး၊ လူသတ်ဖို့ ဝန်မလေးဘူး ဆိုတာ တွေ့ရပါတယ်။

အာရပ်ကမ္ဘာမှာ အာဏာရှင်ဆန့်ကျင်ရေးလှိုင်း မစီးခဲ့တာ ကာတာနဲ့ ယူအေအီးပဲ ကျန်ပါတယ်။ ဒီ (၂) နိုင်ငံ မှာတော့ အင်တာနက်ထဲ ကွန်ယက်ဖွဲ့ ကြေညာချက် ထုတ်တဲ့ အဆင့်က မတက်ခဲ့ပါဘူး။

ကမ္ဘာ့သတင်းတွေမှာ သိသိသာသာ မပါခဲ့ပေမယ့် အာရပ်ကမ္ဘာရဲ့ ပြင်ပမှာလည်း အာရပ်လှိုင်း စီးတဲ့ နိုင်ငံတွေ မနည်းမနော ရှိခဲ့ပါတယ်။ ရှိနေပါတယ်။ အာရှတိုက်မှာ ဆိုရင် …

(၁) အမေရိကန်ဆန့်ကျင်ရေးအမာခံ အစ္စလာမ်အာဏာရှင်စနစ် အီရန် နိုင်ငံကတော့ သတင်းတွေမှာ အပါများလို့ ထင်ရှား ခဲ့ပါတယ်။ အီရန်မှာ ဖေဖော်ဝါရီ (၁၄) ရက်မှာ လူထုတိုက်ပွဲ စခဲ့ပါတယ်။ (၁၅) ယောက်လောက် ပစ်သတ်ခံရပြီး မေလထဲမှာ အရှိန် လျော့သွားခဲ့ပါတယ်။

(၂) အမေရိကန်မဟာမိတ်ဖြစ်တဲ့ တူရကီနိုင်ငံမှာ ကာ့ဒ်တိုင်းရင်းသားတွေက မတ်လ (၂၄) ရက်မှာ တိုင်းရင်းသား တန်းတူ အခွင့်အရေး လူထုတိုက်ပွဲ စခဲ့ပြီး အကြမ်းဖက် နှိမ်နင်းခံရလို့ (၅) ယောက် လောက် သေခဲ့ပါတယ်။ အခုထိ ဆက်တိုက် နေတုန်း ဖြစ်ပါတယ်။

(၃) တရုတ်နိုင်ငံနဲ့ ... (၄) ဗီယက်နမ်နိုင်ငံမှာတော့ အဓိကအားဖြင့် အင်တာနက် လှုပ်ရှားမှု အဆင့်ပဲ ဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်မှာ ဖေဖော်ဝါရီ (၂၀) ရက် လူထုတိုက်ပွဲ စဖို့ စည်းရုံး ပြင်ဆင် ခဲ့ပေမယ့် တရုတ် အာဏာရှင် အစိုးရက အင်အား အကြီးအကျယ်သုံး ဟန့်တား နိုင်ခဲ့ပါတယ်။ ဗီယက်နမ်မှာတော့ ဖေဖော်ဝါရီနဲ့ မတ်လအတွင်း ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြမှု တခုနဲ့ ဆန္ဒပြပွဲ အသေးစား တချို့ ဖြစ်ခဲ့ပါတယ်။

(၅) တရုတ်ကိုလိုနီ တိဘက်မှာ ဇွန် (၆) ရက်ကနေ အခုအထိ သံဃာတွေနဲ့ အရပ်သားတွေ ဆန္ဒ ပြနေကြပါ တယ်။ တရုတ် အစိုးရကလည်း ဖြိုခွဲ ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ အသေအပျောက် သတင်း မကြားရသေး ပါ။

(၆) ၂၀၀၄-၂၀၀၅ မှာ လူထုတိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ၂၀၀၈ မှာ ဒီမိုကရေစီ တော်လှန်ရေး ငြိမ်းချမ်းစွာ အောင်မြင် သွားခဲ့တယ် ဆိုတဲ့ မောလဒိုက်နိုင်ငံမှာ ၂၀၁၁ မေ (၁) ရက်နေ့မှာ လူထု ဆန္ဒပြပွဲတွေ စခဲ့ပါတယ်။ ဒါကို ၂၀၀၈ မှာ အာဏာရလာခဲ့တဲ့ ဒီမိုကရေစီ တော်လှန်ရေး ခေါင်းဆောင် ဆိုသူ လက်ရှိ သမ္မတက အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။

(၇) အာဖဂန်နစ္စတန်နိုင်ငံမှာ မတ်လ (၆) ရက်ကစပြီး အမေရိကန်ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြ ပါတယ်။ မေလကုန် အထိ အယောက် (၃၀) လောက် ပစ်သတ် ခံခဲ့ရပြီ ဖြစ်ပါတယ်။

(၈) ပစိဖိတ်သမုဒ္ဒရာထဲက ဖီဂျီကျွန်းနိုင်ငံမှာ မတ်လ (၄) ရက် လူထုတိုက်ပွဲစဖို့ စီစဉ်ခဲ့ပေမယ့် စစ်အာဏာ ရှင်တွေက ကြိုတင်ပြီး ရက်ရက်စက်စက် နှိပ်ကွပ် ခဲ့ပါတယ်။

အာဖရိကတိုက်မှာ အာရပ်လှိုင်းစီးတဲ့ နိုင်ငံတွေကတော့ ...

(၁) အိုင်ဗရီကို့စ်နိုင်ငံမှာ ရွေးကောက်ပွဲနိုင်တဲ့သူကို အာဏာလွှဲမပေးတဲ့ အာဏာရှင် ဂဘာ့ဂ်ဘိုကို ကုလသမဂ္ဂ အသိအမှတ်ပြု ရွေးကောက်ပွဲနိုင် ဥတ္တရက ဖေဖော်ဝါရီ လကုန်ပိုင်းမှာ လက်နက်ကိုင် တိုက်ပွဲ စတင် ဆင်နွှဲခဲ့ပါ တယ်။ တချိန်တည်းမှာ အမျိုးသမီး ခေါင်းဆောင် အိုင်ယာတူရေက အမျိုးသမီး ငါးသောင်းလောက် ပါဝင်တဲ့ လူထု တိုက်ပွဲကို မတ်လ (၃) ရက်နေ့နဲ့ (၈) ရက်နေ့တွေမှာ ဆင်နွှဲခဲ့ပါတယ်။ အာဏာရှင် အစိုးရက ဆန္ဒပြအမျိုး သမီး (၁၀) ယောက်လောက်ကို ပစ်သတ်ခဲ့ပါတယ်။ ဒါပေမယ့် ဧပြီ (၁၁) ရက်မှာ အာဏာရှင် ဂဘာ့ဂ်ဘိုကို အရှင်ဖမ်းမိပြီး တော်လှန်ရေး အောင်မြင် သွားခဲ့ပါတယ်။

(၂) အာဖရိကတိုက်က ဘာကီနာဖာစိုနိုင်ငံမှာလည်း ဇန်နဝါရီလကုန်ကစပြီး လူထု တိုက်ပွဲတွေ ကြီးကြီး မားမား ဖြစ်ခဲ့ပါတယ်။ ကျောင်းသားတွေ ပစ်သတ် ခံခဲ့ရပါတယ်။ ဧပြီလ (၁၅) ရက်မှာတော့ တပ်မတော်သား တွေနဲ့ ရဲတွေကလည်း လူထု တိုက်ပွဲထဲ ပါလာပြီး တပ်တွင်း ပုန်ကန်မှုတွေ ဟိုတကွက် ဒီတကွက် ပေါ်လာပါတယ်။ ဒီနောက်မှာ လူထု တိုက်ပွဲထဲ အတိုက်အခံ နိုင်ငံရေး ပါတီတွေ၊ လယ်သမားတွေ၊ ကုန်သည်တွေ၊ အနုပညာရှင် တွေ၊ ကျောင်းဆရာတွေ၊ တရားသူကြီးတွေ ပါဝင် လာပါတယ်။ အာဏာရှင် သမ္မတ ဘလေ့စ်ကွမ်ပါအောက တော့ အကြမ်းဖက် သတ်ဖြတ်မှုတွေ လှည့်ဖျားမှုတွေ သုံးပြီး အခုအချိန်ထိ အာဏာကို ဖက်တွယ်နေတုန်းဖြစ် သလို ပြည်သူလူထုကလည်း ဇွဲနဘဲ ကြီးကြီးနဲ့ ဆက်လက် တိုက်ပွဲ ဝင်နေဆဲ ဖြစ်ပါတယ်။

(၃) အာဖရိကတိုက်က ရုရှားမဟာမိတ် အင်ဂိုလာနိုင်ငံမှာ မတ်လ (၆) ရက်နဲ့ (၇) ရက်တွေမှာ လူထု တိုက်ပွဲ အသေးစားတွေ ဖြစ်ခဲ့ပါတယ်။

(၄) အာဖရိကတိုက်က ကင်မရွန်းနိုင်ငံမှာ အလုပ်သမားတွေနဲ့ ပြည်ပရောက် အတိုက်အခံ တွေက ဖေဖော်ဝါရီ (၂၃) ရက်မှာ လူထု တိုက်ပွဲတွေ ဆင်နွှဲခဲ့ပေမယ့် အစီအစဉ် ညံ့ဖျင်းလို့ အလွယ်တကူ နှိမ်နင်း ခံခဲ့ရပါတယ်။

(၅) အာရပ်တပိုင်း အာဖရိကတပိုင်း ဂျီဘူတီနိုင်ငံမှာလည်း ဇန်နဝါရီ (၂၈) ရက်မှာ လူထုတိုက်ပွဲ စခဲ့ပြီး အတိုက်အခံ ခေါင်းဆောင်တွေ အားလုံးလိုလို အဖမ်း ခံရပြီးနောက် ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အရှိန် လျော့သွားခဲ့ ပါတယ်။ ဆန္ဒပြသမား (၅) ယောက်လောက် အသတ် ခံခဲ့ရပါတယ်။

(၆) ဂါဘွန်နိုင်ငံမှာ ဇန်နဝါရီ (၂၉) ရက်မှာ လူထုတိုက်ပွဲစတင်ခဲ့ပြီး အကြမ်းဖက်နှိမ်နင်း ခံခဲ့ ရပါတယ်။ အခုအ ချိန်ထိ ကျောင်းသားတွေက ဦးဆောင်ပြီး လူထု တိုက်ပွဲ ဆင်နေဆဲ ဖြစ်ပါတယ်။

(၇) ရုရှားနဲ့ တရုတ် မဟာမိတ် မိုဇမ်ဘစ်နိုင်ငံက အလုပ်သမားတွေ ဧပြီ (၆) ရက်မှာ လူထု တိုက်ပွဲ စခဲ့တာကို ပုလိပ်တွေက ဖြိုခွင်းလို့ အလုပ်သမား တချို့ သေဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ စစ်ပြန် ရဲဘော်ဟောင်းတွေ ပါ ဝင်လာ ခဲ့ပါတယ်။ အခုအချိန်ထိ လူထု ဆန္ဒပြပွဲတွေ ဆက်ဖြစ် နေသလို ပစ်သတ် ခံရတာည်း လူ (၂၀) နီးပါး ရှိ သွားပြီ ဖြစ်ပါတယ်။

(၈) သက်ဦးဆံပိုင် ပဒေသရာဇ်နိုင်ငံ ဆွာဇီလန်မှာ ပဒေသရာဇ်အာဏာရှင် ဆန့်ကျင်ရေး လူထု တိုက်ပွဲကို မတ် လ (၁၈) ရက်ကနေ ဧပြီလအထိ ဆင်နွှဲခဲ့ပြီး အကြမ်းဖက် ဖြိုခွဲ ခံခဲ့ရပါတယ်။

(၉) ယူဂန္ဓာနိုင်ငံမှာ ဖေဖော်ဝါရီ ရွေးကောက်ပွဲမသမာမှုတွေကြောင့် ဥရောပနဲ့ ကမ္ဘာ့ဘဏ် အချစ်တော် အာဏာရှင် မူဆယ်ဗင်နီကို ဆန့်ကျင် ဆန္ဒပြပွဲတွေ ဧပြီ (၁၁) ရက်မှာ စဖြစ်ခဲ့ပါတယ်။ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဧပြီ လကုန်အထိ (၁၀) ယောက်လောက် သေခဲ့ပြီ ဖြစ်ပါတယ်။

(၁၀) ဇင်ဘာဘွေနိုင်ငံမှာ မတ်လ (၁) ရက် လူထု ချီတက်ပွဲလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် အာဏာရှင် မူဂါဘီက တင်ကြို နှိပ်ကွပ် နိုင်ခဲ့ပါတယ်။

(၁၁) စစ်ဘုရင်တွေ လွှမ်းမိုးနေတဲ့ ဆိုမာလီယာနိုင်ငံမှာ ဖေဖော်ဝါရီ (၁၇) ရက်မှာ စစ်ဘုရင် ဆန့်ကျင်ရေး ငြိမ်းချမ်းရေး တောင်းဆို ဆန္ဒပြခဲ့ကြပြီး ဧပြီ (၇) ရက်မှာတော့ ကုလ ဝန်ထမ်း စရိတ်တွေ၊ အဲန်ဂျီအို စရိတ်တွေ အသုံးများတာကို ဆန္ဒ ပြခဲ့ကြပါတယ်။ သမ္မတ အာဏာတိုးပြီး ရွေးကောက်ပွဲ ရွှေ့ဆိုင်း တာကို မကျေနပ်လို့ ဇွန် (၉-၁၀) ရက်တွေမှာ ဆန္ဒပြတာ (၂) ယောက် ပစ်သတ် ခံရပါတယ်။

အာရှအလယ်ပိုင်းမှာတော့ …

(၁) ဒီမိုကရေစီအတော်အသင့်ရှိတဲ့ အာမေးနီးယားနိုင်ငံမှာ စီးပွားရေးကျပ်တည်းမှု တွေကြောင့် ဇန်နဝါရီ (၁၉) ရက်မှာ လမ်းဘေး ဈေးသည်တွေက လူထုတိုက်ပွဲ စဖွင့်ခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံရေး ချုပ်ချယ်မှု တွေကိုပါ ဆန္ဒ ပြ အရှိန်မြင့်လာခဲ့တာ မေလကုန်အထိ ဖြစ်ပါတယ်။ အစိုးရဆီက လိုက်လျောချက် ကြီးကြီးမားမား ရခဲ့ပါတယ်။ အစိုးရက အကြမ်းမဖက် ခဲ့လို့ အသေအပျောက် မရှိခဲ့ပါ။

(၂) အာဏာရှင်တပိုင်း အဇာဘိုင်ဂျန်မှာ လွတ်လပ်ခွင့်ပိုရရေးနဲ့ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး အတွက် မတ် (၁၁) ရက်မှာ လူထုတိုက်ပွဲစခဲ့တာ မေလအထိ ဆင်နွှဲခဲ့ပါတယ်။ အစိုးရက အကြမ်းဖက် နှိမ်နင်းတာ မလုပ် ပေမယ့် လူဖမ်းပွဲ အကြီးအကျယ် လုပ်ခဲ့ပါတယ်။

(၃) ၂၀၀၃ ခု နှင်းဆီရောင်တော်လှန်ရေးနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာတဲ့ ဂျော်ဂျီယာ နိုင်ငံမှာတော့ ဒီမိုကရေစီ အစိုးရရဲ့အကျင့်ပျက်ခြစားမှု၊ စီးပွားရေး ညံ့ဖျင်းမှုတွေကို မေလ (၂၁) ရက်ကစပြီး တပတ်ကြာ လူထု တိုက်ပွဲ ဆင်ခဲ့ကြပါတယ်။ ရဲတွေက ဖြိုခွဲခဲ့ရာမှာ (၂) ယောက် သေခဲ့ပါတယ်။

ယေဘုယျအားဖြင့် ဒီမိုကရေစီနိုင်ငံတွေလို့ ပြောနိုင်တဲ့ ဥရောပနိုင်ငံ တချို့မှာလည်း စီးပွားရေး မကျေနပ်ချက် တွေနဲ့ အကျင့်ပျက် ခြစားမှုတွေကြောင့် အာရပ်လှိုင်း လိုက်စီး ကြတာတွေ ရှိပါတယ်။

(၁) အယ်လ်ဘေးနီးယားနိုင်ငံမှာ စီးပွားရေးညံ့ဖျင်းမှုနဲ့ လာဘ်ပေးလာဘ်ယူမှုကို မကျေနပ်လို့ ဇန်နဝါရီ (၂၁) ရက်ကစပြီး လူထုတိုက်ပွဲ တိုက်ခဲ့တာ ဆန္ဒပြသမား (၄) ယောက် အသတ် ခံခဲ့ရပါတယ်။

(၂) ဥရောပတိုက်ရဲ့ နောက်ဆုံးအာဏာရှင်နိုင်ငံ ရုရှားတပည့် ဘယ်လာရုစ်မှာ မတ်လ (၂၅) ရက်ကနေ အခု ထိ လူထုတိုက်ပွဲတွေ အပတ်စဉ်ဖြစ်ခဲ့ပြီး အကြမ်းဖက် ဖြိုခွဲ ခံခဲ့ရပါတယ်။

(၃) ခရိုအေးရှားနိုင်ငံမှာ ဖေဖော်ဝါရီ (၂၂) ရက်မှာ လမ်းပေါ်လူထုတိုက်ပွဲတွေ ပေါက်ဖွားခဲ့ပြီး အကြမ်းဖက် ဖြိုခွဲ ခံရပါတယ်။ ဧပြီလဆန်းမှာ အရှိန် လျော့သွားခဲ့ပါတယ်။

(၄) ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ စပိန်နိုင်ငံမှာ ဘယ်ပါတီဝင်မှမဟုတ်တဲ့ လူငယ်တွေက မေ (၁၅) ရက်မှာ လူထု တိုက်ပွဲ ဆင်နွှဲပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ တောင်းဆို ခဲ့ကြပါတယ်။ အခုအထိ ဆက်လက် ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။ ရဲတွေနဲ့ အကြမ်းဖက် မှုတွေ ရှိခဲ့ပါတယ်။

(၅) ဂရိနိုင်ငံမှာ စီးပွားရေးမကျေနပ်ချက်တွေအပေါ်ကနေ လူထုတိုက်ပွဲတွေ မေ (၂၅) ရက်မှာ စခဲ့ပြီး အခုဆိုရင် ပိုပြီးတော့ ပြင်းထန် လာပါတယ်။ ရဲတွေနဲ့ အကြမ်းဖက်မှုတွေ ရှိပါတယ်။

(၆) အင်္ဂလိပ်ရဲ့ နောက်ဆုံးလက်ကျန် ကိုလိုနီတခုဖြစ်တဲ့ မြောက်အိုင်ယာလန်မှာ အင်္ဂလိပ် ဆန့်ကျင်ရေး လူထု တိုက်ပွဲတွေ ဇွန် (၂၂) ရက်မှာ စတင်ခဲ့ရာမှာ အဓိက အားဖြင့် အင်္ဂလိပ် လိုလားသူတွေက အကြမ်းဖက် မှုတွေ လုပ်ခဲ့ပါတယ်။

(၇) ဆိုက်ပရပ်နိုင်ငံမြောက်ပိုင်းမှာ ဇန်နဝါရီ (၂၈) ရက်ကစပြီး တူရကီသြဇာခံ အစိုးရ ဆန့်ကျင်ရေး လူထု တိုက်ပွဲ စလုပ်ခဲ့ပါတယ်။ ဧပြီနောက်ပိုင်းမှာ အရှိန် လျော့သွားပါတယ်။

တောင်အမေရိက-မြောက်အမေရိကမှာ …

(၁) အမေရိကန်ပြည်ထောင်စု ဝစ္စကွန်ဆင်ပြည်နယ်မှာ အလုပ်သမားတွေနဲ့ ကျောင်းသား တွေရဲ့ လူထုတိုက် ပွဲ ဖေဖော်ဝါရီ (၁၄) ရက်မှာ စဖြစ်ခဲ့ပါတယ်။ အဓိကအားဖြင့် အလုပ်သမား သမဂ္ဂ အခွင့်အရေး ဖျက်သိမ်းမခံရ ဖို့ ကာကွယ် တောင်းဆိုတာ ဖြစ်ပြီး အခုအချိန်ထိ တိုက်ပွဲ ဝင်နေဆဲ ဖြစ်ပါတယ်။ အင်ဒီယားနားနဲ့ အိုဟိုင်းယိုး ပြည်နယ်တွေ ကိုလည်း ကူးစက် ပျံ့နှံ့နေပါတယ်။

(၂) မက်ဆီကိုမှာ မတ် (၂၈) ရက်ကစပြီး မေလဆန်းအထိ အစိုးရနဲ့ မူးယစ်ဂိုဏ်းတွေ စားကျက် လုတဲ့ မူးယစ် ဆေးစစ်ပွဲဆန့်ကျင်ရေး လူထု တိုက်ပွဲ ဆင်ခဲ့ကြပါတယ်။

(၃) ဘိုလစ်ဗီးယားမှာ ကုန်ဈေးနှုန်းကျဆင်းရေးနဲ့ အစိုးရပြောင်းလဲရေးအတွက် ဖေဖော်ဝါရီ (၁၀) ရက်မှာ လူထုတိုက်ပွဲ စခဲ့ကြတာ ဧပြီလလယ် အထိ တိုက်ပွဲ ဝင်နေဆဲ ဖြစ်ပါတယ်။ အကြမ်းဖက် နှိမ်နင်းမှုတွေ ရှိပေမယ့် အသေအပျောက် သတင်း မကြားရပါ။

(၄) ပီရူးနိုင်ငံမှာ သတ္တုတွင်းလုပ်သားတွေက မေလဆန်းမှာ စတင် ဆန္ဒပြခဲ့ပြီး ဇွန်လထဲမှာ ဒေသ တော်တော် များများကို လူထု တိုက်ပွဲတွေ ပျံ့နှံ့ သွားခဲ့ပါတယ်။ အကြမ်းဖက် ခံရလို့ (၅) ယောက်နဲ့ (၁၀) ယောက်ကြား သေခဲ့ပါတယ်။ အခုထိ တိုက်နေဆဲ ဖြစ်ပါတယ်။

ဒါတွေကတော့ လက်လှမ်းမှီသမျှ စာရင်းပဲဖြစ်ပါတယ်။ ဒီလူထုတိုက်ပွဲတွေ အားလုံးဟာ ကျူနီးရှားနဲ့ အီဂျစ် တော်လှန်ရေး တွေရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်လာတာလို့ အဲဒီနိုင်ငံတွေက တိုက်ပွဲ ဝင်သူတွေ ကိုယ်တိုင် ပြောကြသလို အာရပ်  တော်လှန်ရေးလက္ခဏာ ဖြစ်တဲ့ အင်တာနက် အသုံးချ စည်းရုံးတာ၊ စီစဉ်တာ တွေလည်း လုပ်ခဲ့ကြတဲ့ အတွက် “အာရပ်လှိုင်းစီးသူများ” လို့ သတ်မှတ်တာ ဖြစ်ပါတယ်။

အာရပ်လှိုင်းစီးတာကို လေ့လာကြည့်တဲ့အခါ အာရပ်လှိုင်းဟာ အနာခံစီးရတာ ဖြစ်ပါတယ်။ သက်တောင့် သက်သာ ဇိမ်နဲ့ စီးရတာ မရှိသလောက်ပါ။ နိုင်ငံ တော်တော်များများမှာ စစ်တပ် သို့မဟုတ် ပုလိပ်က တဖြောဖြော သတ်နေတဲ့ကြားက နောက်မတွန့်ဘဲ ဇွဲနဘဲကြီးကြီးနဲ့ စီးနေကြတာ တွေ့ရပါတယ်။ ဗမာ စစ်တပ်နဲ့ မတူလို့ ငြိမ်းချမ်းစွာ အောင်မြင်သွားတာ ဆိုတဲ့ ကျူနီးရှားမှာ လူ (၂၀၀)၊ အီဂျစ်မှာ လူ (၁,၀၀၀) နီးပါး အသေခံ ခဲ့ရပါတယ်။ ဒါ့အပြင် အာရပ်လှိုင်းကို စစီးတာဟာ အများအားဖြင့် သာမန် ပြည်သူတွေပဲ ဖြစ်ပြီး နိုင်ငံရေး အတိုက်အ ခံပါတီတွေက နောက်မှလိုက်ပြီး တက်စီးကြတာ ဖြစ်ပါတယ်။ မစီးတဲ့ ပါတီတွေ ကတော့ မြောင်းထဲ  ရောက်ကုန် ကြပါတယ်။

အာရပ်လှိုင်းစီးတဲ့ (၅၂) နိုင်ငံဟာ တနိုင်ငံနဲ့ တနိုင်ငံ ထပ်တူညီတာ တခုမှမရှိသလို မူလအာရပ်လှိုင်း ကျူနီးရှား သို့မဟုတ် အိဂျစ်တို့နဲ့ ထပ်တူ ညီတာတွေလည်း မတွေ့ရပါဘူး။ ကမ္ဘာ့ အဆိုးဆုံး အာဏာရှင် နိုင်ငံတွေ ဆိုးပေ နိုင်ငံတွေ ပါသလို ဒီမိုကရေစီ နိုင်ငံလို့ အများ သတ်မှတ်ထားတဲ့ နိုင်ငံတွေလည်း ပါပါတယ်။ အမေရိကန် ဘက်သားကော ရုရှား-တရုတ် ဘက်သားရော ပါနေပါတယ်။ ဒါပေမယ့် အာဏာရှင် ဆန့်ကျင်ရေး အပါအဝင် မတရားမှု ဆန့်ကျင်ရေး လှိုင်းစီးတာတော့ တူနေပါတယ်။

အာရပ်လှိုင်းစီးတာ (၅၂) နိုင်ငံရှိပေမယ့် အာဏာရှင်ဘိုးအေ နိုင်ငံကြီးဖြစ်တဲ့ မြန်မာပြည် ကတော့ လှိုင်းစီးတဲ့ အထဲ မပါခဲ့တာ ထူးဆန်း နေပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး အခြေအနေအရ ကရင်၊ ရှမ်း၊ ကချင်နယ်မြေတွေ မှာ လက်နက်ကိုင် တိုက်ပွဲတွေ တခြိမ်းခြိမ်း ဖြစ်လာနေပြီး အဲဒီကမှ မြို့ပေါ် လူထု တိုက်ပွဲတွေ၊ တပ်တွင်း ပုန်ကန် မှုတွေကို တွန်းအားပေးမယ့် အလားအလာ၊ လက်နက်ကိုင် တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ပေါင်းစပ်မယ့် အလားအလာတော့ ရှိနေပါတယ်။ လူထုတိုက်ပွဲ ပေါက်ကွဲ လာတဲ့ အခါကျမှပဲ အတိုက်အခံ ပါတီတွေ ပါဝင်လာနိုင်ကောင်း ပါရဲ့ ...။ ။

Read More...

အပေါ်သို့