..............................

Friday, September 9, 2011

ဒေါ်အောင်ဆန်းစုကြည် ဦးသန့် မြေးနဲ့ တွေ့ဆုံ

2011-09-08

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့မြေး သမိုင်းပညာရှင် ဦးသန့်မြင့်ဦးနဲ့ ဒီ မနက်က တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးသန့်မြင့်ဦး အပြင် Future မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့နဲ့ရော ပြင်သစ် အလွတ် သတင်းစာဆရာ တဦးနဲ့ပါ တွေ့ဆုံတယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။ အားလုံးကို နာရီဝက်ခန့်စီ အချိန်ပေး တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Derek Mitchell နဲ့လာမယ့် တနင်္လာနေ့မှာ တွေ့ဆုံမယ် လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တဲ့ သမိုင်းပညာရှင်နဲ့ စာရေးဆရာ ဦးသန့်မြင့်ဦး ရေးသားတဲ့ Where China Meets India: Burma and the New Crossroads of Asia - တရုတ်နဲ့ အိန္ဒိယ ဆုံချက်- မြန်မာနိုင်ငံနဲ့ အာရှ ဖြတ်သန်းတဲ့ လမ်းသစ် စာအုပ်ကို ဒီလ ၁၃ ရက်မှာ တကမ္ဘာလုံးကို ဖြန့်ချီပါမယ်။

ဒီစာအုပ်ဟာ Amazon online စာအုပ်ဆိုင်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရောင်းအကောင်းဆုံး နံပါတ်-၁ စာအုပ် ဖြစ်ပြီး အာအက်ဖ်အေက ထုတ်လွှင့်တဲ့ မိတ်ဆွေများ အတွက် စာလက်ဆောင် ကဏ္ဍမှာ ဖော်ပြဖူးတဲ့ The River of Lost Footsteps ခြေရာဖျောက်မြစ် ဟာလည်း မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ စာအုပ် စာရင်းမှာ အရောင်းရဆုံး တအုပ် ဖြစ်ပါတယ်။

Ref: RFA News

Read More...

အစိုးရတပ် ဂိတ်စခန်း ၃ခုကို DKBA တပြိုင်တည်း ၀င်တိုက်

Thursday, 8 September 2011

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး မြန်မာအစိုးရ စစ်တပ်၏ ကားလမ်းဂိတ်စခန်း ၃ခုကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်-DKBA က ယမန်နေ့ ညနေ ၁နာရီကျော် အချိန်တွင် ပြောက်ကျား စနစ်ဖြင့် တပြိုင်နက်တည်း ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

အစိုးရစစ်တပ် တပ်မ(၁၂) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ(၃၅၅) အခြေစိုက်လျှက် ရှိသည့် ကော့ကရိတ်မြို့နှင့် တစ်မိုင် ကျော် အကွာရှိ ရန်ကုတ်၊ အောက်ဘိုတဲနှင့် သစ်ခြောက်ပင် အစိုးရ ဂိတ်စခန်းများကို ကလို့ထူးဘော ဌာနချုပ် လက်အောက်ခံ ကလို့ထူးဝါး စစ်ဗျူဟာ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကလို့ထူးဘောဗျူဟာမှ ဗိုလ်မှူးစောဆန်းအောင်က “ကျနော်တို့ DKBA မရှိတော့ဘူးလို့ အစိုးရ သတင်းစာမှာ ဖော်ပြခဲ့တဲ့ အပေါ် အစိုးရ တပ်တွေကို ကျနော်တို့ ဒီလိုတိုက်ပွဲမျိုး ဆင်လာတာ ဖြစ်ပါတယ်။”ဟု ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း နှစ်ဦးနှစ်ဘက် ၁နာရီခန့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြပြီး DKBA က ၎င်းတို့ ဘက်တွင် ထိခိုက်ဒဏ် ရာရမှု မရှိသလို အစိုးရ တပ်ဘက်တွင် ထိခိုက်မှု ရှိမရှိကိုမူ မသိရှိရကြောင်း ၎င်းက ဆက်ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း DKBA ကလို့ထူးဘောစစ်ဗျူဟာကို စနစ်တကျ ပြန်လည် ဖွဲ့စည်းလိုက်ပြီဟု DKBA ဘက်မှ ပြောဆို ခဲ့ပြီးနောက် ယခုတိုက်ပွဲမှာ ပထမဆုံး အကြိမ် ဖြစ်ပွားသည့် တိုက်ပွဲလည်း ဖြစ်သည်။

ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်သည့် ကလို့ထူးဝါး စစ်ဗျူဟာ ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ဂိတ်စခန်း ၃ ခုမှာ စခန်းတခု လျင် မြန်မာစစ်တပ် အင်အား ၂၀ နှင့် ၃၀ အကြားတွင် ရှိသည်ဟု DKBA က ပြောသည်။

DKBA ကို ပြန်လည်ဖွဲ့ပြီးသည့်နောက် စက်တင်ဘာလ ၆ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရှိ ကရင်နယ် ခြားစောင့်(BGF) တပ်ဖွဲ့ဝင် ၂၀ကျော်သည် ထိုဒေသတ၀ိုက် လှုပ်ရှားနေသည့် ဗိုလ်မှူးစောဘိ ဦးစီးသော DKBA တပ်ဖွဲ့များထံ သို့ လာရောက် ပူးပေါင်းခဲ့သည်။

ထိုသို့ လာရောက်ပူးပေါင်းသည့် BGF တပ်ဖွဲ့ဝင်များမှာ ဗိုလ်မှူးစိုးနိုင် ဦးစီးသည့် (၁၀၁၁) တပ်ရင်းနှင့် ဗိုလ်မှူးမောင်ချစ် ဦးစီးသည့် (၁၀၁၄) တပ်ရင်းမှ လက်အောက်ခံ တပ်ဖွဲ့ဝင်များ ဖြစ်သည်။

စက်တင်ဘာလ ၂ရက်နေ့က ဘားအံမြို့အခြေစိုက် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ KSDDP က DKBA ကို အသိအမှတ် မပြုတော့ကြောင်း အစိုးရပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။ ထိုထုတ်ပြန်ချက်ကို DKBA က ငြင်းဆိုခဲ့ပြီး ၎င်းတို့ အဖွဲ့ ရှိသေးကြောင်း ပြသသည့်အနေဖြင့် BGF နှင့် အစိုးရတပ် အခြေစိုက်ရာ နေရာကို မကြာသေးခင်က ၀င်ရောက်တိုက် ခိုက်ခဲ့ဖူးသည်။

Ref: KIC News

Read More...

တိုင်းပြည်အတွက် အသုံးချခံရမှာကို မနှစ်သက်စရာ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

2011-09-08

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တိုင်းပြည် ကောင်းစားရေး အတွက် အစိုးရရဲ့ အသုံးချခံ ဖြစ်မှာကို မိမိအနေနဲ့ စိုးရိမ် ပူပန်ခြင်း မရှိကြောင်း ဒီကနေ့ RFA ကို ပြောဆိုလိုက် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ မကြာခင်က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း အစိုးရက သူ့ကို အသုံးချ နေတယ်လို့ ပြောဆိုသံ တချို့ ပေါ်ထွက်နေတာနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားပါ သလဲလို့ မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က -

"အမေကတော့ အမေ့ကိုယ် အမေ အသုံးချခံရတယ်လို့ မမြင်ပါဘူး။ ပူးတွဲပြီးတော့ဘဲ လုပ်ဆောင်တယ်လို့ မြင်ပါတယ်။ တကယ်ဘဲ အသုံးချ ခံရတယ် ဆိုရင်တောင်မှ တိုင်းပြည်အတွက် အသုံးချခံရတယ် ဆိုရင် မနှစ်မြို့စရာ အကြောင်း မရှိပါဘူး။ ယုံကြည်ချက် အတွက် ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။ "

သောကြာည နဲ့ ဗုဒ္ဓဟူးနေ့ မနက်တိုင်း RFA က ထုတ်လွှင့်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ် အတွက် သောတရှင် တယောက်က မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

Ref: RFA News

Read More...

မြန်မာအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက် ပြတ်ပြတ်သားသား တင်ပြဖို့ HRW တောင်းဆို

ဒေါ်ခင်မျိုးသက်
ကြာသပတေး, 08 စက်တင်ဘာ 2011

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) အခုလို မြန်မာနိုင်ငံကို သွားရောက် တာဟာ အချိန်ကောင်း ဖြစ်ပြီး အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထား တွေကို ပြတ်ပြတ်သားသား ပြောဖို့ လိုတယ်လို့ နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ အားလုံးကို အစိုးရသစ်က ပြန်လွှတ်ပေးမှသာ အမေရိကန် အစိုးရ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်ရုပ်သိမ်းဖို့ စဉ်းစား သင့်တယ်လို့လည်း ဒီအဖွဲ့ကြီးက ထောက်ပြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ အရေးယူ ဒဏ်ခတ်နေတဲ့ အမေရိကန် အစိုးရရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒကို ပီပီပြင်ပြင် အကောင်အထည် ဖော်ဖို့အတွက် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးသံ ဒဲရက်ခ် မစ်ချဲလ် မြန်မာနိုင်ငံကို သွားရောက် နေတာပါ။ မစ္စတာ မစ်ချဲလ် အနေနဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံတဲ့ အခါမှာ ပြတ်ပြတ် သားသား ရှိဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးက လိုလားတယ်လို့ အဖွဲ့ရဲ့ အာရှရေးရာ လက်ထောက် အကြီးအကဲ မစ်စ် အီလိန်း ပီယာစင်က ပြောပါတယ်။

“ဒဲရက်ခ် မစ်ချဲလ် ဒီအချိန် မြန်မာနိုင်ငံကို သွားတာဟာ အချိန်ကောင်းပါ။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ခန့်အပ်ဖို့ အချိန်အတော်ကြာ ကတည်းက စောင့်စား နေရတာမို့ အခုလို သံတမန် ကိုယ်တိုင် မြန်မာနိုင်ငံကို သွားတဲ့ အခါမှာ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားကို ပြတ်ပြတ်သားသား ပြောပြဖို့ ကိစ္စက အရေးကြီးပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းပေးဖို့အတွက် လိုအပ်တဲ့ အခြေခံ အချက်တွေဟာ ဘာတွေလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြဖို့ လိုပါတယ်။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ သိသိသာသာ တိုးတက်မှု မရှိသေးတဲ့အတွက် အမေရိကန် အစိုးရက အရေး ယူမှုတွေကို ဆက်ပြီး ထားရှိနေသလို မကြာခင်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနား (Mr. Tomas Ojea Quintana) ကလည်း စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် တိုက်တွန်းနေတာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး အတွက် လက်တွေ့ ဖော်ဆောင်ဖို့ တောင်းဆို လိုက်သလို Human Rights Watch အဖွဲ့ကတော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ မြင်ချင်တယ်လို့ ဆိုပါတယ်။

“ကျမတို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အနေနဲ့ မြင်ချင်တာက နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ပါ။ ဒါကိုလည်း နိုင်ငံတကာ အသိုက်အ၀န်း တခုလုံးက တောင်းဆိုနေတာ အတော် ကြာနေပါပြီ။ နောက်တခုကတော့ စစ်မှန်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ လုပ်ဖို့ပါ။ ဒီအထဲမှာ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးနဲ့ အစိုးရသစ်က တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့လိုသလို ဒီဆွေးနွေးမှု တွေကလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် တကယ့်ကို ဦးတည်ဖို့ လိုပါတယ်။”

မစ္စတာ မစ်ချဲလ်ဟာ သောကြာနဲ့ စနေနေ့တွေမှာ နေပြည်တော်မှာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။ နေပြည်တော်မှာ လွှတ်တော်အမတ် အချို့ အပါအ၀င် အစိုးရ တာဝန်ရှိသူတွေက အမေရိကန် အစိုးရ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးရေး ကိစ္စ တောင်းဆိုမယ့် အလားအလာနဲ့ ပတ်သက်ပြီး မစ်စ် ပီယာစင်ရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။

“စီးပွားရေး ပိတ်ဆို့ အရေးယူထားတာကို ဖယ်ပေးဖို့ဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံး နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမှာပါ။ အခုတော့ နိုင်ငံရေး အကျဉ်းသားတွေကို တကယ်လွှတ်ပေးတာမျိုး မတွေ့ရ သေးပါဘူး။ မကြာသေးခင်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်ရက်စေ့ခါနီး နိုင်ငံရေး အကျဉ်းသားတချို့ လွှတ်ပေးတာမျိုးတော့ ရှိခဲ့ပါတယ်။ ခိုင်မာတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံထားရသူတွေ မြန်မာနိုင်ငံထဲမှာ အများကြီး ရှိနေတာမို့ ဒီလူတွေကို မြန်မာနိုင်ငံရဲ့ အနာဂတ်ရေး ဆုံးဖြတ်ရာမှာ ပါဝင်ခွင့်ပေးဖို့ လိုပါတယ်။ ဒီလူတွေကို ဆက်ပြီး အကျဉ်းချထားသ၍ စီးပွားရေး ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေကိုလည်း ရုပ်သိမ်းပေးစရာ မလိုပါဘူးရှင်။”

မစ္စတာ မစ်ချဲလ်ဟာ စနေနေ့ကနေ ရှေ့အပတ် ဗုဒ္ဓဟူးနေ့အထိ ရန်ကုန်မှာ နိုင်ငံရေးပါတီ အသီးသီးက ပုဂ္ဂိုလ်တွေ အပြင် လူမှုအဖွဲ့အစည်း မျိုးစုံနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ EU ဥရောပသမဂ္ဂရဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ လူသားချင်း စာနာမှု အကူအညီ ဆိုင်ရာ ကော်မရှင်နာ မင်းကြီး ခရစ်စ်တယ်လီနာ ဂျော်ဂျီဗာလည်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်တယ်လို့ EU သတင်းမှာ ဖော်ပြ ထားပါတယ်။


Ref: VOA News

Read More...

မြန်မာ၊ ဘင်္ဂလား ရေပြင်ပိုက်နက် အငြင်းပွားမှု နိုင်ငံတကာခုံရုံး ကြားနာမှု စတင်

ကြာသပတေး, 08 စက်တင်ဘာ 2011

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံအကြား သူပိုင်တယ်၊ ငါပိုင်တယ် အငြင်းပွားနေတဲ့ ဘင်္ဂလား ပင်လယ်အော် အတွင်းက ရေပိုင်နက် ပြဿနာကို ဂျာမဏီနိုင်ငံ ဟမ်းဘတ်ဂ်မြို့က ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ တရားရုံး (ITLOS) မှာ မနေ့ကစပြီး ကြားနာ စစ်ဆေးနေပါပြီ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူ မိုနီ (Dipu Moni) က အခုအမှုရဲ့ ဘင်္ဂလားဒေ့ရှ် ဘက်က ကိုယ်စားလှယ် အဖြစ် ပါဝင်ပြီး အငြင်းပွားနေတဲ့ ၂ နိုင်ငံအကြားက ကမ်းဦး ရေတိမ်ပိုင်းနဲ့ ရေပြင်သီးသန့် စီးပွားရေးဇုန် ပိုင်ဆိုင်ခွင့် မျှမျှတတ ခွဲဝေရေးမှာ ဘင်္ဂလားဒေ့ရှ် ဘက်က အမြင်တွေကို တရားရုံးမှာ မနေ့က အပြင်းအထန် တင်ပြခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး ရခဲ့ပြီးနောက်ပိုင်း ၁၉၇၄ ခုနှစ်တုန်းက ၂ နိုင်ငံ ရေပိုင်နက် ကိစ္စ စိုးရိမ်မှုတွေကို ၂ နိုင်ငံလုံးက သဘော တူညီခဲ့ကြပြီး နှစ်ပေါင်း ၃၀ ကျော် အပြန်အလှန် လေးစားမှု ရှိခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။

အခု အငြင်းပွားနေကြတဲ့ ဘင်္ဂလား ပင်လယ်အော် တ၀ိုက်မှာ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝတဲ့ ဒေသဖြစ်ပြီး အခုနောက်ပိုင်း နှစ်တွေမှာတော့ ဘင်္ဂလားဒေ့ရှ် ဘက်ကရော မြန်မာပြည် ဘက်ကပါ စွမ်းအင်ဆိုင်ရာ လိုအပ်ချက်တွေကြောင့် ရေပိုင်နက် အငြင်း ပွားမှုတွေ ထပ်ပြီး တိုးမြင့် လာခဲ့တာပါ။

၂၀၀၉ ခုနှစ်ကုန်ပိုင်းက ဒီအမှုကို ကိုင်တွယ်ဖို့ နိုင်ငံတကာ တရားရုံးကို တင်ပြခဲ့တာဖြစ်ပြီး ပထမအကျော့ အနေနဲ့ ဘင်္ဂလားဒေ့ရှ် ဘက်က စက်တင်ဘာလ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ လျှောက်လဲချက် တင်သွင်းရမှာ ဖြစ်ပြီး မြန်မာ ဘက်ကတော့ စက်တင်ဘာလ ၁၅ ရက်ကနေ ၂၀ ရက်နေ့အထိ လျှောက်လဲချက် ပေးရပါလိမ့်မယ်။

ဒုတိယအကျော့ လျှောက်လဲချက် တင်သွင်းမှုတွေကို ဘင်္ဂလားဒေ့ရှ် ဘက်က စက်တင်ဘာ ၂၂ ရက်နေ့နဲ့ မြန်မာ ဘက်က ၂၄ ရက်နေ့တို့ ဖြစ်ပါတယ်။

ကြားနာစစ်ဆေးပွဲမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တင်ပြဖို့ ရွေးချယ်ခဲ့တဲ့ တရားသူကြီးကတော့ အမေရိကန် နိုင်ငံ မိုင်ယာမီ တက္ကသိုလ်က ပါမောက္ခ ဘားနာ့ဒ် အိပ်ခ်ျ. အော့က်စ်မန် (Bernard H. Oxman) ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ဘက်ကတော့ ဂါနာနိုင်ငံက တရားသူကြီး ထောမန်း မန်းရှာ (Thoman Mensah) ကို ရွေးချယ်ထားပါတယ်။

Ref: VOA News

Read More...

အမေရိကန် ပိတ်ဆို့မှု “ခရိုနီ” များ ကြောက်ရွံ့ဟု ဝီကီလိခ်ဆို

ကိုဝိုင်း
ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မထိရောက်ဟု လူအများ ပြောနေကြသော်လည်း အမေရိကန် အစိုးရ၏ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို မြန်မာ အစိုးရ လက်ရင်း လူယုံ စီးပွားရေး လုပ်ငန်းရှင်များ (ခရိုနီ) ကြောက်ရွံ့ လာနေကြသည်ဟု ရန်ကုန်မြို့ အမေရိကန် သံရုံးက သုံးသပ်မှု ပြုခဲ့သည်ကို ဝီကီလိခ် အင်တာနက် စာမျက်နှာများတွင် ပေါက်ကြား လာခဲ့သော အမေရိကန် နိုင်ငံခြားရေး ဌာန လျှို့ဝှက် ကြေးနန်းစာ တစောင်တွင် ပါရှိသည်။

သြဂုတ် ၃ဝ ရက်နေ့က ပေါက်ကြားသော ကြေးနန်းစာထဲတွင် ထူးထရိတ်ဒင်း ကုမ္ပဏီပိုင်ရှင် ဦးတေဇ၊ အေးရှားဝေါ်လ် ကုမ္ပဏီမှ စတီဗင်လောနှင့် လက်ရှိ အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၏သား ဧရာရွှေဝါ ကုမ္ပဏီပိုင်ရှင် ဦးအောင်သက်မန်း တို့ကို နာမည်တပ် ညွှန်းဆိုထားပြီး သူတို့ပိုင် ငွေများကို အပ်နှံလေ့ရှိသော စင်္ကာပူ ဘဏ်ကြီးများက ပိုမို တင်းကျပ်သော စည်းကမ်းများ ချမှတ်လိုက်၍ အခက်အခဲများ ဖြစ်လာကြောင်း ပါရှိသည်။

ရန်ကုန်အမေရိကန်သံရုံးက ဝါရှင်တန်မြို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးထံ ပေးပို့သည့် ၂ဝဝ၈ ခု မတ်လ ၂၅ ရက်စွဲပါ ကြေးနန်း စာတွင် သံရုံး အဆက်သွယ်များမှ တဆင့် သိရသော သတင်း အချက်အလက်များကို အခြေခံပြီး ရေးသား ထားရာတွင် မြန်မာ နိုင်ငံသားများကို ဘဏ်စာရင်း တခုမက ဖွင့်ခွင့်ပေးသော ယင်းဘဏ်နှစ်ခုက ဘဏ်စာရင်း တခုသာ ဖွင့်ခွင့်ပေးပြီး ချက်လက်မှတ်ဖြင့် ပေးချေခွင့် ကိုလည်း လက်မခံတော့ကြောင်း ပါရှိသည်။ ထို့အပြင် ငွေလွှဲ စာတမ်း letter of credit-LC ကို လည်း ဘဏ်မှ မထုတ်ပေးတော့ကြောင်း ပါရှိသည်။

“အခုဆိုရင် စင်ကာပူဘဏ်တွေဟာ မြန်မာနိုင်ငံနဲ့ ငွေအလွဲ အပြောင်းတွေကို အနီးကပ် စောင့်ကြည့်နေပြီး ကုမ္ပဏီ ဒါမှမဟုတ် ပုဂ္ဂလိက တဦးချင်းက စင်ကာပူ ဒေါ်လာ ၃ဝ,ဝဝဝ ကျော်ပြီး ပို့ချင်တယ်ဆိုရင် ဒီငွေ ဘယ်ကရလည်း ဆိုတာ ဖော်ပြ ရတော့မှာပါ” ဟု သံအရာရှိက သိရှိရချက်ကို ပြန်လည် ပြောဆိုထားသည်။

အမေရိကန် ဘဏ္ဍာရေးဌာန၏ အရေးယူစာရင်းပါ စီးပွားရေးသမားများ အနက် အချို့က စင်္ကာပူ နိုင်ငံအစား ဒူဘိုင်း၊ ကိုရီးယား၊ ဟောင်ကောင် နိုင်ငံတို့မှ ဘဏ်များမှ တဆင့် ငွေလွှဲပြောင်းနိုင်ရေး နည်းလမ်း ရှာနေကြသည်ဟု ဆိုသည်။

UOB ဘဏ်က ကိုရီးယားသို့ ငွေမလွဲပေးသဖြင့် ကိုရီးယား ကုမ္ပဏီ တခုထံမှ ကုန်ပစ္စည်းတင် သင်္ဘော နှစ်စင်း ဝယ်ယူရန် လက်မှတ်ထိုးပြီးမှ ဦးတေဇ အစီအစဉ်ဖျက်လိုက် ရသည်က အစ အမေရိကန် သံရုံးက သိရှိ နေခဲ့သည်။

မြန်မာစစ်အစိုးရက သူ့အား ကျားကျန်ပေးနေသူများကို လုပ်ပိုင်ခွင့်များ ပြန်ပေးနေသည် ကိုလည်း ရန်ကုန် အမေရိကန် သံရုံးက ထောက်ပြ ထားသေးသည်။

ဦးတေဇမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ပိုင် “မြန်ဂုဏ်မြင့်” ကားတင်သွင်းသည့် ကုမ္ပဏီကိုလည်း လွှဲပြောင်း လုပ်ပိုင်ခွင့် ရတော့မည်ဟု သံရုံးက သူ၏ စိတ်ချရသည့် စီးပွားရေးလုပ်ငန်းရှင် အဆက်သွယ်များမှ တဆင့် ကြိုတင် သိရှိနေသည်။ ကားတစီး တင်သွင်းလျင် အမေရိကန် ဒေါ်လာ ငါး သောင်းမှ တသိန်း အကြား အမြတ်ရမည်ဟုဆိုသည်။

သစ်၊ ကျောက်မျက်ရတနာနှင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ၊ ဟိုတယ် လုပ်ငန်းနှင့် လေကြောင်းလိုင်း စသည့် လုပ်ငန်းကြီးများ လုပ်ကိုင်နေသော ထူးထရေးဒင်း အုပ်စုတွင်လည်း ညွှန်ကြားရေးမှူး လုပ်နေသည့် ဦးအောင်သက်မန်း ကမူ စင်္ကာပူတွင် Asia Might၊ Ayer Hinda၊ Terrestrial စသည့် ကုန်သွယ်ရေး ကုမ္ပဏီ သုံးခုကို ထပ်မံ ဖွင့်လှစ်သည်။

နေပြည်တော်ရှိ တိရစ္ဆာန်ဥယာဉ်အသစ်နှင့် ဈေးဝယ်စင်တာကြီးများ၊ အဝေးပြေးကားလမ်းများကို အခမဲ့ တည်ဆောက် ပေးခဲ့သည့် အတွက် စတီဗင်လော (ထွန်းမြင့်နိုင်) မှာမူ တစီးလျင် အမေရိကန်ဒေါ်လာ နှစ်သိန်းတန်သည့် ကားအစီး ၂ဝ တင်သွင်းခွင့် လိုင်စင်နှင့် ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ ဆောက်လုပ်ရေး လုပ်ငန်း လိုင်စင်များ ရထားသည်ဟု ကြေးနန်းက ဖော်ပြထားသည်။

စတီဗင်လောနှင့် သူ၏ ဇနီး၊ ဖခင် ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်တို့နှင့် သူတို့ပိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီ အပါအဝင် ဆိပ်ကမ်း စီမံရေး၊ စက်မှုလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းကုမ္ပဏီ တို့ကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂ဝ၁ဝ ခုက စတင် ပိတ်ဆို့ခဲ့သည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီးပွားရေးပိတ်ဆို့မှုအရ အမေရိကန် ဘဏ်များ၊ ကုန်သွယ်ရေး ကုမ္ပဏီများ၊ အာမခံ ကုမ္ပဏီများသာမက အမေရိကန် နိုင်ငံသား တဦးချင်းကပင် ပိတ်ဆို့ခံ ထားရသည့် မြန်မာကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝှက်၍ သော်လည်းကောင်း ဘဏ္ဍာရေးအရ ဆက်စပ်ပိုင်ခွင့် မရှိပေ။

ယင်း ပိတ်ဆို့မှုသည် အမေရိကန်သမ္မတ ဂျော့ ဒဗလျူ ဘုရှ် အစိုးရလက်ထက် ၂ဝဝ၃ ခုက မြန်မာ့ လွတ်လပ်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ Burmese Freedom and Democracy Act ot 2003 ကို လက်မှတ်ထိုး ထုတ်ပြန်ခဲ့ ပြီးနောက် မြန်မာ့ကုန် ပစ္စည်းများ အမေရိကန်သို့ တင်သွင်းခွင့် ပိတ်ခဲ့သည်။ ထို့နောက် ၂ဝဝ၈ တွင် ဘဏ္ဍာရေး
ဆိုင်ရာ ပိတ်ဆို့မှုများ တိုးချဲ့ဆောင်ရွက်ခဲ့သည်။

သူတို့နှင့် ပတ်သက်သည့် ပိုင်ဆိုင်မှုနှင့် ကိုယ်ရေး အချက် အလက်များကိုလည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန
က သူ၏ အင်တာနက် စာမျက်နှာတွင် တရားဝင် ထုတ်ပြန် ထားသည်။


Ref: မဇ္ဈိမ

Read More...

ဆဒ္ဒန်ဆင်မင်းဇာတ်ခင်း၍ မီဒီယာလွတ်လပ်ခွင့် မပေးနိုင်သေးကြောင်း ဝန်ကြီးပြော

Thursday, 08 September 2011

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ယမန်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းသည့် မီဒီယာ လွတ်လပ်ခွင့် ရရှိရေး အဆိုကို ဖြေကြားရာတွင် ဘုရားအလောင်း ဆန္ဒန်ဆင်မင်း ဇာတ်ထုပ်ကို အချိန်ကြာမြင့်စွာ ပြောဆို၍ မီဒီယာ လွတ်လပ်ခွင့် မပေးနိုင်ကြောင်း သွယ်ဝိုက် ငြင်းဆိုသွားသည်ဟု သိရသည်

ဦးကျော်ဆန်းသည် လွှတ်တော်အတွင်း အဆိုပါ ဇာတ်တော်ကြီးကို နာရီဝက်ကျော် ကြာအောင် ပြောဆိုခဲ့သည့် အတွက် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လိုရင်းကို ဖြေကြားရန် သတိပေး ပြောဆို ခဲ့ရသည်ဟု လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က သတင်း မီဒီယာများ၏ ထင်မြင် ယူဆချက် များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့် စသည့် အခွင့်အရေးများ ကာကွယ် စောင့်ရှောက် ပေးသည့် ဥပဒေတရပ် ပြဌာန်းပေးရန် အဆိုကို လွှတ်တော်တွင် တင်သွင်းသည့်အတွက် ၀န်ကြီးဦးကျော်ဆန်းက ဆန္ဒန်ဆင်မင်း ဇာတ်ကို စီကာပတ်ကုံး ပြောဆို ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဆန္ဒန်ဆင်မင်းက သူရဲ့ မိဖုရားစူဠ သုဘဒ္ဒါပေါ်ကို အင်ကြင်းပန်းတွေ ကျစေချင်လို့ လုပ်ခဲ့ပေမယ့် ခါချဉ်ကောင်တွေ ကျပြီး ခါချဉ်ကိုက်လို့ စူဠသုဘဒ္ဒါက ဆန္ဒန်ဆင်မင်း အပေါ်ကို ရန်ငြိုးဖွဲ့တယ် ဆိုတဲ့အကြောင်း၊ မီဒီယာ လွတ်လပ်ခွင့် ဆိုတဲ့ အင်ကြင်းပန်းကို ပေးချင်ပေမယ့် ခါချဉ်တွေ ကျလာရင် စေတနာက ဝေဒနာဖြစ်မယ် ဆိုတဲ့သဘော ပြောသွားတယ်” ဟု လွှတ်တော် တက်ရောက် နေသည့် ကိုယ်စားလှယ်က ပြောသည်။

ဝန်ကြီးဦးကျော်ဆန်းက မီဒီယာလွတ်လပ်ခွင့်ကို ပေးချင်သော်လည်း ဝေဒနာ ဖြစ်မည် စိုးသောကြောင့် မပေးနိုင်သေးကြောင်းကို နာရီဝက် ကျော်ကြာအောင် သွယ်ဝိုက် ပြောဆိုသွားခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

ထို့အပြင် ၀န်ကြီးဦးကျော်ဆန်းက စာပေလွတ်လပ်ခွင့်ကို အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော ရေစီးကြောင်းနှင့် နှိုင်းယှဉ် တင်ပြလိုက်ပြီး အရှိန်နှင့် စီးဆင်းနေသော မြစ်ရေ ချောင်းရေသည် မြစ်ချောင်းများ အတွင်း စီးဆင်းသွားပါက အကျိုးများမည် ဖြစ်သော်လည်း မြစ်ဘောင် ချောင်းဘောင်အတွင်း ရှိမနေဘဲ စည်းကမ်းမဲ့စွာ ပျံ့နှံ့ စီးဆင်းသွားမည် ဆိုပါက လူသားတို့ အတွက် အပြစ် ဆိုးကျိုးက ပိုမို များပြားစေမည်ဟု ပြောသည်။

သို့ရာတွင် ယမန်နေ့က ဦးကျော်ဆန်းပြောဆိုခဲ့သည့် ဆဒ္ဒန်ဆင်မင်း ဇာတ်ထုပ် ကိစ္စကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ များတွင် ဖော်ပြခြင်း မရှိပေ။

သတင်းစာထဲတွင်မူ မီဒီယာသမားများသည် လွတ်လပ်ခွင့်နှင့်အတူ လွတ်လွတ်လပ်လပ် ရေးသားနိုင်ခွင့် ရှိသကဲ့သို့ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေးကို မထိပါးစေရန် တာဝန် ယူရမည်ဖြစ်ကြောင်း၊ ဦးသိန်းညွန့် တင်သွင်းသော အဆိုသည် ပြန်ကြားရေး ဝန်ကြီးဌာနက ဆောင်ရွက်နေသော လုပ်ငန်းထဲတွင် အကျုံးဝင်ပြီး ဖြစ်ကြောင်း ဦးကျော်ဆန်းက ဖြေဆိုသည်ဟု ရေးသားထားသည်။

Ref: ဧရာဝတီ

Read More...

ကြံ့ဖွံ့ခေါင်းဆောင်များ ၀တပ်ဖွဲ့နှင့် တွေ့

ဝေမိုး
Thursday, 08 September 2011

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင် ၂ ဦးသည် ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ သွားရောက်ပြီး ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် အင်္ဂါနေ့တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။

ဤတွေ့ဆုံမှုသည် တိုင်းရင်းသားသူပုန်အဖွဲ့များတွင် အင်အားအကြီးဆုံးဖြစ်သော UWSA နှင့် အစိုးရတို့ အကြား သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။

သမ္မတ၏ အထူးကိုယ်စားလှယ်များအဖြစ် ကျိုင်းတုံသို့ ရောက်သွားသူများမှာ ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးအောင်သောင်း၊ ဦးသိန်းဇော်တို့ ဖြစ်ကြောင်း UWSA နှင့် နီးစပ်သော သတင်းရပ်ကွက်က ဆိုသည်။

UWSA ကိုယ်စားလှယ်အဖွဲ့တွင် ဘဏ္ဍာရေးနှင့် စီးပွားရေး တာဝန်ခံ ဦးပေါက်ယိုလျံ၊ ပြည်ပ ဆက်သွယ်ရေး တာဝန်ခံ ဦးကျောက်ဂုရမ်၊ ပြန်ကြားရေး အရာရှိ လီဆူးလျဲ့တို့ ပါဝင်သည်။ ဦးပေါက်ယိုလျံသည် ၀ တပ်ဖွဲ့ ခေါင်းဆောင် ဦးပေါက်ယူချန်း ၏ ညီ ဖြစ်သည်။

ကျိုင်တုံမြို့ ဆွေးနွေးမှုနှင့် ပတ်သက်ပြီး နှစ်ဘက်စလုံးက ထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော်လည်း UWSA နှင့် နီးစပ်သူတို့၏ အဆိုအရ ဆွေးနွေးမှုများသည် မကြာသေးမီ ရက်များအတွင်း အစိုးရက ၀ တပ်ဖွဲ့၊ မိုင်းလား အဖွဲ့ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့ထံ ပေးပို့ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းစာနှင့် ပတ်သက်ဖွယ် ရှိသည်ဟု ဆိုသည်။

ထိုကမ်းလှမ်းစာတွင် အစိုးရနှင့် တိုင်းရင်းသား သူပုန်အဖွဲ့တို့ အကြား ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဖော်ပြ ထားသည်ဟု ကြားသိရကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောသည်။

ထိုကမ်းလှမ်းစာတွင် "စိတ်ပျက်စရာ" အချက်များ ပါဝင်နေသဖြင့် နှစ်ဘက် ကွာဟချက် ပိုမို ကြီးမား စေမည် ဟု UWSA က ယူဆကြောင်း ၀ တပ်ဖွဲ့ ခေါင်းဆောင် တို့နှင့် နီးစပ်သူတဦးကို ကိုးကားပြီး သျှမ်းသံတော်ဆင့် သတင်းတပုဒ်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ် အခြေစိုက် UWSA နှင့် NDAA အပါအ၀င် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား သူပုန် အဖွဲ့ အများစုသည် နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး တင်းမာလျက် ရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက နယ်ခြားစောင့်တပ် အစီအစဉ်သည် နိုင်ငံရေးဆွေးနွေးမှု အာမခံချက် မရှိဘဲ လက်နက် ချရမည့် အစီအစဉ်အဖြစ် ယူဆ ထားကြသည်။

Ref: ဧရာဝတီ

Read More...

တပတ်ရစ်ကားသွင်းခွင့် နယ်စပ်တွင်ပိတ်

Thursday, 08 September 2011

ဧရာဝတီတွင် ဖော်ပြခဲ့သည့် သတင်းတပုဒ်ကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ကရင်ပြည်နယ် မြ၀တီမြို့သို့ တပတ်ရစ် ကားများ နယ်စပ်ဖြတ် တင်သွင်းနေမှုကို မြန်မာ အာဏာပိုင် တို့က ယခုလဆန်းပိုင်းမှ စ၍ ပိတ်ပင် လိုက်ကြောင်း သိရသည်။

"ကားတွေ မြန်မာဘက် တရားမ၀င် ကုန်သွယ်တဲ့ကိစ္စမှာ မြန်မာ အာဏာပိုင်တွေ၊ လူကြီးတွေ ပါဝင် ပတ်သက်တယ် ဆိုပြီး ဓာတ်ပုံတွေနဲ့ သတင်း တင်လိုက်တာကို မြန်မာဘက်က မကျေနပ်လို့ ပိတ်လိုက်တာ" ဟု မဲဆောက်မြို့ သောင်ရင်းမြစ် ဘေးတွင် ကားအရောင်းဌာန ဖွင့်ထားသည့် ထိုင်းလုပ်ငန်းရှင် တဦးက ပြောသည်။

မြန်မာအာဏာပိုင်တို့က မဲဆောက်ရှိ ဌာနဆိုင်ရာတချို့နှင့် တပတ်ရစ်ကား ကုမ္ပဏီများကို ထိုသတင်း မိတ္တူ ပေးပို့ပြီး မကျေနပ်ကြောင်း အသိပေး ခဲ့သည်ဟု ဆိုသည်။

"အတော်လေးကို စိတ်ဆိုးနေတယ်။ မြန်မာဘက်က ကန့်ကွက်တာက ဧရာဝတီသတင်းကို ပရင့် ထုတ်ပြီးတော့ကို ပေးတာ။ ဒီတချီ မြန်မာဘက်က ပိတ်တာ ကြာနိုင်တယ်။ ကုန်သည် အတော်များများက ကားဝယ်ထားပြီး မြန်မာဘက် သယ်လို့ မရဘူး" ဟု ကားတင်သွင်းသည့် လုပ်ငန်းရှင် တဦးက ပြောသည်။

ကား စီးဆင်းမှု ရပ်သွားသည့်အတွက် သောင်ရင်းမြစ်ဘေး ကားအရောင်းဌာနများတွင် ဂျပန် တပတ်ရစ်ကား စီးရေ တထောင်ကျော် သောင်တင် နေသည်ဟု သူက ပြောသည်။

သောင်ရင်းမြစ်ဘေး ထိုင်းဘက်ခြမ်းရှိ လှေဆိပ်များတွင် တပတ်ရစ်ကားမျိုးစုံကို တရားဝင် ရောင်းချနေသည့် ထိုင်းကုမ္ပဏီ ၄၀ ကျော် ရှိသည်ဟု ကားအရောင်းဌာန ၀န်ထမ်းတဦးက ပြောသည်။

"ထိုင်းဘက်က တရားဝင် ရောင်းတာပါ။ မြန်မာဘက်ကို ရောက်မှပဲ တရားမ၀င် ဖြစ်တာပါ။ ထိုင်းဘက်မှာ ကားစီးရေ ထောင်ချီ ရှိတဲ့အတွက် ကားမထွက်ရင် ကျနော်တို့ ဘက်ကလည်း နစ်နာ ဆုံးမှုတွေ ရှိပါတယ်။ လုပ်ငန်း လုပ်ပိုင်ခွင့် တရားဝင် အခွန် အကောက်တွေ ပေးရသလို ဒီလက စပြီး နောက်တိုးအခွန် အဖြစ် ကားတစီးကို တရက် ဘတ် တထောင်နှုံးနဲ့ အကောက်ခွန် ဌာနကို ပေးရမှာ" ဟု ၎င်းက ရှင်းပြသည်။

"ကြာကြာပိတ်လေ နှစ်ဘက် ကုန်သည်တွေ နစ်နာလေပဲ" ဟု ၎င်းက ဆိုသည်။

ယခင်က မြ၀တီသို့ ကားတင်ပို့မှုမှာ တရက်လျှင် အစီး ၂၀၀ ၀န်းကျင် ရှိသည်ဟု မဲဆောက်မြို့ အကောက်ခွန် ဌာန အရာရှိ တဦးက ဧရာဝတီကို ပြောသည်။

မြ၀တီသို့ ရောက်လာသည့် တပတ်ရစ်ကားများကို မြန်မာနိုင်ငံတွင် အသုံးပြုသကဲ့သို့ တခြားသော အိမ်နီးခြင်း နိုင်ငံ တချို့ကို တင်ပို့ ရောင်းချကြသည်ဟု မြန်မာပြည်သား ကားကုန်သည်များက ပြောသည်။

Ref: ဧရာဝတီ

Read More...

Thursday, September 8, 2011

မြန်မာမိန်းကလေးများနှင့် တရုတ်နိုင်ငံ၏ လိုအပ်ချက်

ထွန်းအောင်ကျော်
Wednesday, September 7, 2011

စက်တင်ဘာလ ၅ ရက်နေ့ထုတ် ယူကေမှ Telegraph အွန်လိုင်းသတင်းစာတွင် ရွှေလီမြို့မှနေ၍ ဒေးဗစ်အီ မာ (David Eimer) ဆိုသူ ရေးသားလိုက်သည့် “မြန်မာမိန်းကလေးများ တရုတ်သတို့သမီးများအဖြစ် အတင်း အကျပ် စေခိုင်းခံရခြင်း” (Burma’s women forced to be Chinese Brides) အမည်နှင့် သတင်းဆောင်းပါး တပုဒ်ကို ဖတ်ရှုလိုက်ရပါသည်။

သူ့ဆောင်းပါးအတိုချုပ်ကိုကောက်ရလျှင် တရုတ်ပြည်ကြီး၏ ‘ကလေးတယောက်’ ပေါ်လစီအရ တရုတ်မိသား စုများ ကလေးတယောက် ရပြီးလျှင် သားကြောကို ဆရာဝန်မှ အလိုအလျောက် ဖြတ်ပြီးဖြစ်သဖြင့် တရုတ်မိ သားစုများ မိန်းကလေးထက် ယောက်ျားလေးကိုသာ ရအောင် ကြိုးစားယူကြသဖြင့် ယောက်ျားဦးရေနှင့် မိန်း မဦးရေ အချိုးအစားကွာဟမှု ဖြစ်လာခဲ့သည်။ ခန့်မှန်းခြေအရ ယောက်ျားလေး ၁၂၀ ဖွားမြင်တိုင်း မိန်းကလေး ၁၀၀ ခန့်သာ ဖွားမြင်သည့်အတွက် တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီမှ ထုတ်ပြန်သည့် ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်တွင် တရုတ်ယောက်ျား ၂၄ သန်းတို့အတွက် လက်ထပ်ယူနိုင်မည့် မယားမရှိဟူ၍ဖြစ်သည်။

တရုတ်၏ ထို “ကလေးတယောက်ပေါ်လစီ” အရ ယောက်ျားမိန်းမ အချိုးအစားမညီမျှမှုကြောင့် မိန်းမရှားပါး မှုဒဏ်ကို တရုတ်နိုင်ငံ ခံစားနေရသည်။ ထိုလိုအပ်ချက်ကို တရားဝင် စေ့စပ်ကြောင်းလမ်းခြင်းဖြင့် လက်ထပ် ယူနိုင်သောသူများ ရှိသော်လည်း ထိုနည်းလမ်းဖြင့် မရနိုင်သူများက တရားဥပဒေဘောင်အပြင်မှ နည်းလမ်း များကို အသုံးချလာကြသည်ဟု ယူနက်စကို ဘန်ကောက်ရုံးမှ HIV/ AIDS နှင့် လူကုန်ကူးမှု ပပျောက်ရေး တာဝန်ခံ ဒေးဗစ်ဖင်းဂိုးလ် (David Feingold) က ဆိုသည်။

သူသည် ၂၀၀၃ ခုနှစ်က ထုတ်လုပ်ခဲ့သော မိန်းမရောင်းဝယ်ရေးအကြောင်း ရိုက်ကူးခဲ့သည့် ဒါရိုက်တာဖြစ် သည်။ တရုတ်နိုင်ငံတွင် သတို့သမီး (မယား) အဖြစ် အတင်းအကျပ် လုပ်ခိုင်းခြင်းခံရသူ မိန်းကလေးအများစု လာရာနိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည်ဟု သူကဆိုသည်။

ဒေးဗစ်က ဗုဒ္ဓဘာသာဝင်များလည်းဖြစ် စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေသူများလည်းဖြစ်သော၊ ဂေါက်သီး ရိုက်ရာတွင်လည်း အလွန်ဝါသနာထုံသော ခပ်ကြောင်ကြောင် မြန်မာစစ်ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံရှိ အ မျိုးသမီးများ တရုတ်နိုင်ငံသို့ အရောင်းစားခံရခြင်း၏ အဓိကတရားခံများအဖြစ် ထောက်ပြခဲ့သည်။

လွန်မင်းစွာ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ပြည်သူများ ငတ်မွတ်ခေါင်းပါးလာပြီး စီးပွားရေးလွန်မင်းစွာ နိမ့်ကျလာမှု ကြောင့် မြန်မာမိန်းကလေးများ လူအရောင်းအဝယ်ပွဲစားများ၏ ဈေးကွက်တွင်းသို့ ကျရောက်လာရသည်ဟု ထောက်ပြခဲ့သည်။ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ နိမ့်ကျမှုကြောင့် ကုန်ထုတ် လုပ်မှု ကျဆင်းလာပြီး အစာရေစာရှားပါး ပြတ်လတ်မှုကိုပါ ကြုံတွေ့လာရသည့်အတွက် မြန်မာနိုင်ငံမှ အမျိုး သမီးများ အစာရေစာရှာရန်အတွက်လည်းကောင်း၊ မိသားစုထောက်ပံ့ရန်အတွက်လည်းကောင်း တရုတ်နိုင်ငံ သို့ ထွက်ကြသည့်အခါ လူပွဲစားများ၊ ပြန်ပေးသမားများလက်တွင်းသို့ သက်ဆင်းကြရကြောင်း ဆိုသည်။ မြန် မာပြည်မှ အမျိုးသမီးအများစုမှာ တရုတ်နိုင်ငံသို့ လူကုန်ကူးသူများ၏ ပို့ခြင်းခံရပြီးနောက် အတင်းအကျပ် မ ယားအဖြစ် ပေါင်းသင်းခံရခြင်းနှင့် အဆုံးသတ်သွားကြရသည်ဟု သူက ဆိုသည်။

တရုတ်ပြည်တွင် ခိုးသွင်းလာသော အမျိုးသမီးတယောက်၏ တန်ဘိုးသည် ယွမ် ၆၀၀၀ နှင့် ၄၀,၀၀၀ အထိ ရှိပြီး သူမ၏ အချိုးအစား၊ အသက်၊ အသားအရည်၊ မျက်နှာသွင်ပြင်ကောင်းလျှင် ကောင်းသလောက် ဈေးပေး ခံရသည်။ စတာလင်ပေါင်နှင့် ၅၆၀ မှ ပေါင် ၃၇၅၀ အထိ ဈေးပေါက်သည်။

ယိုးဒယားအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ရောင်းစားခံရသော မြန်မာမိန်းခလေးများ၏ ၂၅% သည် အသက် ၁၈ နှစ်အောက်ဖြစ်သည်ဟု ဆိုသည်။ “ယောက်ျားတွေက သူတို့အတွက် ကလေးမွေး ပေးနိုင်မယ့် ကျန်းမာသန်စွမ်းပြီး အသက်အရွယ်ငယ်တဲ့ မိန်းကလေးတွေ လိုလားသည်” ဟု ယူနန်ပြည်နယ်ရှိ ကဝပ် လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဂျူလီယာမရစ်က ဆိုသည်။

“မိန်းကလေးတွေကို ကလေးမွေးပေးဖို့ စက်တခုလိုပဲ သဘောထားကြတယ်” ဟု သူမက မှတ်ချက်ပေးခဲ့ပါ သည်။

ဤဆောင်းပါးအစကို မြန်မာပြည်မှ ၁၂ နှစ်သမီးအရွယ်တွင် ပြန်ပေးဆွဲခံရသည့် ကလေးမ “အပ” (တိုင်းရင်း သူဖြစ်ပုံရသည်) နှင့်စပြီး ၎င်းကို တရုတ်မိသားစုတစုထံတွင် ပြန်ပေးဆွဲသူများက ရောင်းစားခဲ့ပြီး ၎င်းတို့၏ အသက် ၂၀ အရွယ် သားနှင့် ပေးစားရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံး ၃ နှစ်အကြာ တရုတ်ပုလိပ်များက မှတ်ပုံတင်စစ်ဆေးသည့်အခါတွင် သူမသည် နိုင်ငံခြားသူဖြစ်ကြောင်း ပေါ်လွင်သွားပြီး မြန်မာပြည်သို့ ပြန်ခွင့် ရခဲ့ခြင်းဖြစ်သည်ဟု အဆုံးသတ်ထားသည်။ မြန်မာမိန်းကလေးများကို ဈေးလယ်တွင် ဝတ်ကောင်းစားလှများ ကို ဝတ်ဆင်စေပြီး မိတ်ကပ်ခြယ်သလျက် ဗြောင်လေလံတင် ရောင်းချသည့် နေရာများလည်းရှိကြောင်း ထို ဆောင်းပါးတွင် ရေးသားထားသဖြင့် တုန်လှုပ်ချောက်ခြားစရာ သူတို့ဘဝကို ကိုယ်ချင်းစာမိခဲ့ပါသည်။ ၂၁ ရာ စု ခေတ်မီတိုးတက်နေသော လူ့သမိုင်းသည် တပတ်လည်၍ ကျွန်ရောင်းကျွန်ဝယ်စနစ်ဆီသို့ ပြန်ရောက်နေပြီ လားဟု မေးခွန်းထုတ်ရတော့မလို ဖြစ်နေပါသည်။

နိဂုံးအားဖြင့် ချုပ်၍ပြောရလျှင် မြန်မာနိုင်ငံသည် အာရှနိုင်ငံများကြားတွင် လွတ်လပ်ရေး ရခါစမှ ၁၉၆၂ ခုနှစ် မတိုင်မီအထိ အရှေ့တောင်အာရှ၏ ကြယ်တပွင့်၊ အာရှတိုက်၏ စပါးကျည် ဝမ်းဗိုက်ဟု တင်စားခေါ်ခံရသည့် ဆန်စပါးအထွက်ဆုံးနိုင်ငံဘဝ။ အိမ်နီးးချင်းနိုင်ငံများ၏ အားကျလေးစားလောက်သော အဆင့်မြင့်တက္ကသိုလ် ပညာတတ်များ မွေးထုတ်ရာ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီး ရှိသည့် အရှိန်အဟုန်ကြီးခဲ့သော နိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝသို့ ၁၉၈၇ ခုနှစ်တွင် ကျရောက်သွားခဲ့ရခြင်းသည်လည်းကောင်း၊ ယနေ့အထိ ကမ္ဘာက ဖိနှိပ်မှု အပြင်းထန်ဆုံး၊ လူ့အခွင့်အရေးအချိုးဖောက်ဆုံးနိုင်ငံအဖြစ် အပြစ်တင်ခံနေရသည်မှာ စစ် အာဏာရှင်စနစ်ကြောင့်ဖြစ်သည်။ ယခင်က ယိုဒယားနိုင်ငံကို မြန်မာပြည်သားများက “ဖာနိုင်ငံကြီး” ဟူ၍ အ ထင်သေး အမြင်သေး ရှုတ်ချကြသည်။ ယနေ့ အိမ်နီးချင်း ယိုးဒယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကုလားပြည်တို့တွင်ရှိ သော ဖာများသည် မြန်မာအမျိုးသမီးအများစုဖြစ်သလို မြန်မာပြည်တွင်း၌လည်း တရားမဝင် ဖာများ သောင်း နှင့်ချီ၍ မြို့နယ်တိုင်းအလိုက် အနှိပ်ခန်းများ၊ ကာယာအိုကေ၊ နိုက်ကလပ်များတွင် ရှိနေကြပြီဖြစ်သည်။ အာ ဏာရူးစစ်ဗိုလ်များ၏ အတ္တစွဲကြီးမားလွန်းမှုကြောင့် ဖာနိုင်ငံဘဝသို့ ရောက်နေခြင်းကို မြန်မာပြည်ရှိ မည်သူ ကမျှ မတားဆီးနိုင်ပါ။

တရုတ်ပြည်၏ မယားလိုအပ်မှုအရ ရောင်းစားခံရသော မိန်းကလေးများတွင် လူချမ်းသာပညာတတ် တရုတ် များ၏ မယားဖြစ်ဖို့ထက် တရုတ်လယ်သမားများ၏ အဖြည့်ခံ အလုပ်ကျွန်မယားဖြစ်ဖို့က များပါသည်။ ထိုမိန်း ကလေးများသည် ထိုသူ၏ သွေးသားဖြည့်ဆည်းပေးရာ မယားအဖြစ်လည်းကောင်း၊ မိမိကာမကို ဝယ်ယူထား သူ၏ မိဘဖြစ်သူ၏ အစေခံအဖြစ်လည်းကောင်း အလုပ်အကျွေးပြုရင်း အနှိပ်စက်ခံပြီး နေထိုင်ရသည်။ မိမိ ဘယ်နေရာရောက်နေသည်၊ ဘယ်သူ့ကို အကူအညီတောင်းရမည်ကို မသိကြချေ။ တရုတ်မိသားစု၏ အိမ် ကျွန်လုပ်ရင်း လွတ်လမ်းမမြင်သည့်အခါ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတတ်ကြသည်။ လယ်ယာသုံး ပိုး သတ်ဆေးသောက်၍ အဆုံးစီရင်ခြင်းကို အများဆုံး အသုံးပြုခြင်းဖြင့် ကြေကွဲစွာ ဘဝအဆုံးသတ်သွားကြရ သည်။

တရုတ်ပြည်သည် မြန်မာပြည်ကို လူမျိုးအရ ဝါးမြိုမည်ဆိုသည်မှာ စိတ်ကူးယဉ်မဟုတ်ချေ။ မြန်မာပြည်ရှိ ဝ နယ်မြေ၊ ကချင်နယ်မြေ၊ ရှမ်းနယ်မြေတို့တွင် တရုတ်ပြည်မှ တရွေ့ရွေ့ပြောင်းလာသူများ ၁၉၈၈ ခုနှစ်နောက် ပိုင်းသက်သက်အနေနှင့်ပင် သန်းချီ၍ ရှိနေပြီဖြစ်သည်။

ထို့အပြင် တရုတ်ပြည်၏ မိန်းကလေးလိုအပ်ချက်သည် တနှစ်ထက်တနှစ် တိုးပွားများပြားလာမည်မှာ မြေကြီး လက်ခတ်မလွဲဖြစ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးရမည့်အဓိကနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်နေပြန်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို မှီခိုနေရသည့်အဆင့်သို့ တရွေ့ရွေ့ ကျရောက် လျက်ရှိသောကြောင့်ဖြစ်သည်။

(၁) တရုတ်ကို အားကိုး၍ ကုလသမဂ္ဂမှ အရေးယူမခံရအောင် တရုတ်အလိုကျ ဧရာဝတီ မြစ်ဆုံ ရေကာတာ တည်ဆောက်ရေးကို ပြည်သူများ တားနေသည့်ကြားမှ အတင်းအကျပ် လုပ်ဆောင်ရန် စိုင်းပြင်းလျက်ရှိခြင်း။

(၂) ဆင်းရဲမွဲတေနေသောနိုင်ငံဖြစ်သဖြင့် မိမိထက်ချမ်းသာသော တရုတ်နိုင်ငံက သစ်လိုလျှင် သစ်၊ ကျောက် လိုလျှင် ကျောက်၊ ဓာတ်ငွေ့လိုလျှင် ဓာတ်ငွေ့၊ နောက်ဆုံး မိန်းမလိုလျှင် မိန်းမပေးကို ပေးရတော့မည့် အနေ အထားဖြစ်သည်။

လာမည့် ၂၀၂၀ ခုနှစ်တွင် လူပျိုလူလွတ် တရုတ်ယောက်ျား ၂၄ သန်းသည် ၎င်းတို့၏ သွေးသားကာမ ဖြေ ဖျောက်ရန်အတွက်လည်းကောင်း၊ မျိုးပွားရန်အတွက်လည်းကောင်း၊ ဈေးချိုချိုနှင့်ရနိုင်သော မြန်မာပြည်မှ အ မျိုးသမီးလေးများကို ဦးလှည့်လာပေလိမ့်မည်။ လူပွဲစားများအတွက် အလွန်ကြီးမားသော “သတိုးသမီးဈေး ကွက်” သည် တားဆီးနေသည့်ကြားမှ မလွဲမသွေ ပိုမိုကြီးမားလာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ တရုတ်ပြည်ကြီးတွင် ပြည့်တန်ဆာများကို အစိုးရမှ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရပ်ကွက်ဖွင့်၍တိုးပွား လာသော လူလွတ်ယောက်ျားများ အာသာဆန္ဒကို မပေါက်ကွဲစေရန် ထိန်းချုပ်ဖို့ လုပ်ဆောင်ကောင်းလုပ် ဆောင်လာနိုင်ဖွယ်ရှိသည်။ ထိုသို့လုပ်လာပါက ယိုးဒယားနိုင်ငံတွင် မြန်မာတိုင်းရင်းသူများအများစု ‘ဖာ’ ဖြစ် နေသည့်နည်းတူ ၎င်းတရုတ်ဖာခန်းများတွင်လည်း မြန်မာအမျိုးသမီးများသာ အများစုအဖြစ် တွေ့မြင်ရနိုင် ဖွယ်ရှိပေသည်။

ထိုအဖြစ်ကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသည် တရုတ်၏ အမှီအခိုကင်းသောနိုင်ငံဖြစ်ရန် လိုအပ်ပေသည်။ ဒီ မိုကရေစီနည်းကျ လွတ်လပ်သောနိုင်ငံအဖြစ် မထူထောင်နိုင်လျှင် စစ်ကျွန်ဘဝမှနေ၍ တိုင်းတပါး အိမ်နီးချင်း တရုတ်ကျွန်ဖြစ်ရန် လက်တကမ်းသာလိုတော့ကြောင်း မျိုးချစ်မြန်မာများ၊ အထူးသဖြင့် တိုင်းချစ်ပြည်ချစ်စိတ် ရှိသော တပ်မတော်ဗိုလ်ချုပ်၊ အကြပ်တပ်သားများကို သတိပေးနှိုးဆော်လိုက်ရပါသည်။ ယနေ့မြန်မာပြည်ကြီး ကို ကယ်တင်ရန် မျိုးချစ်စိတ်ရှိသော ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ အကြပ်တပ်သားများ ပူးပေါင်းပါဝင်မှုရှိဖို့ အ ထူးလိုပါသည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။

အားလုံးကိုလေးစားလျက် ...
ထွန်းအောင်ကျော်
စက်တင်ဘာလ ၅ ရက်

မှတ်ချက် ။ ။ ပြည့်တန်ဆာဟု မသုံးဘဲ ‘ဖာ’ ဟု သုံးနှုန်းရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအရ “ဖာသည်နိုင်ငံကြီး ဖြစ်သွားမှာပဲ” ဆိုသည့်စကားကို အမှတ်ရစေလို၍ ဖြစ်ပါသည်။ ဖာနိုင်ငံကြီးဖြစ်အောင် ဘယ်သူတွေက လုပ်နေကြသနည်း။


Ref: ဒေါက်တာလွဏ်းဆွေ

Read More...

နိုင်ငံကို တကယ်မချစ်လို့ စွန့်ရစ်လေရော့သလား

Thursday, September 01, 2011

(ဒီဆောင်းပါးဟာ ဖေ့စ်ဘုတ်တို့ ဂျီမေးလ်တို့မှာလည်း ပြန့်နေတာ တွေ့ရပါတယ်။ မဖတ်ရသေးသူတွေ ဖတ်နိုင်အောင် ဒီနေရာက ပြန်တင်ပေးလိုက်ပါတယ်။)

အစိုးရသစ်ရဲ့အကြံပေးအဖွဲ့က ဦးဝင်စတန်ဆက်အောင် ပြောလိုက်တဲ့ ပညာတတ်များ ပြန်လည် ခေါ်ယူရေး ဆိုတာလေး ကြားပြီး ကတည်းက ကျမ ရင်ထဲမှာ ပြောချင်တာလေးတွေ ပလုံစီနေပါတယ်။ ဒါပေမယ့် ကိုယ်ကလည်း စာချောအောင် မရေးတတ်၊ ကွန်ပျူတာကလည်း ဝလုံးတန်း ဆိုတော့ စာရိုက်ရမှာ ကြောက်တာတွေ ပေါင်းပြီး လက်တွန့် နေမိပါတယ်။

၅-၈-၂၀၁၁ ကြေးမုံ သတင်းစာမှာပါတဲ့ မောင်တင်အေး (သရက်) ရဲ့ နိုင်ငံကို စွန့်ခွာခြင်း ဆောင်းပါးကို ဖတ်ရတော့ ပြောချင်စိတ်တွေ တားမရ တော့ပါဘူး။ တတ်သလောက် မှတ်သလောက်နဲ့ဒီ Post လေးတင်ပြီး ရင်ဖွင့်ချင်ပါတယ်။ အပြော မတတ်လို့ ဆဲသလို ဖြစ်ရင်လည်း ခွင့်လွှတ်ကြပါလို့ တောင်းပန် ချင်ပါတယ်။

ပထမဆုံးပြောချင်တာကတော့ ကျမဟာ နိုင်ငံကိုစွန့်ခွါသူ ထဲမှာ မပါကြောင်းပါ။ အခုထိ ကျမ မြန်မာပြည် ထဲမှာပဲ စွဲစွဲမြဲမြဲ နေထိုင်လျက် ရှိပါတယ်။ ဘယ်ကိုမှလည်း ပြောင်းရွှေ့ဘို့ ခြေလှမ်း နေခြင်း မရှိပါ။ ကျမရဲ့ သူငယ်ချင်းမိတ်ဆွေ၊ ဆွေမျိုး သားချင်းတွေ ထဲမှာတော့ နိုင်ငံကို စွန့်ခွာသူတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် ကျမ ဘယ်တော့မှ သူတို့ကို အပြစ် မမြင်၊ အပြစ် မတင်ခဲ့ပါဘူး။ သူတို့တွေ နိုင်ငံကို မချစ်လို့ စွန့်ခွါ သွားကြတယ်လို့လည်း ဘယ်တုံးကမှ မထင်ခဲ့ပါဘူး။ ကျမ တို့ ဒီတိုင်းပြည်ကို ချစ်သလောက် သူတို့လည်း ချစ်ကြမှာပါ။ မေးကြည့်လိုက်ပါ။ အကယ်၍ သူတို့ လက်ရှိနေတဲ့ တိုင်း ပြည်နဲ့ မြန်မာပြည် အားကစားပွဲ တခုမှာ ထိပ်တိုက်ဆိုရင် ဘယ်သူ့ကိုနိုင် စေချင်သလဲလို့။ သူတို့ မြန်မာလို့ဘဲ ဖြေကြမှာ ပါ။ ဒါဆို သူတို့ ဘာလို့နိုင်ငံကို စွန့်ခွါ သွားကြသလဲလို့ မေးရင် ကျမ အမြင်မှာတော့ သူတို့ကို နိုင်ငံတော်ရဲ့ တာဝန်ရှိသူများ က တန်ဖိုး မထားခဲ့လို့နဲ့ သူတို့ရဲ့ မျိုးဆက်သစ် တွေရဲ့နောင်ရေး အတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ပေးချင်လို့ ဆိုတဲ့ အဖြေနှစ်ခု ကျမ တွေ့ပါတယ်။

သူတို့ကိုနိုင်ငံတော်ရဲ့တာဝန်ရှိသူများက တန်ဖိုးမထားလို့ဆိုတဲ့ အကြောင်း ကျမ ကိုယ်တွေ့တွေနဲ့ ရှင်းပြပါမယ်။ ကျမတို့ ဘွဲ့ရတဲ့ ခေတ်က အစိုးရဝန်ထမ်း အလုပ်ရဘို့ အလွန်ခက်ပါတယ်။ ဝန်ထမ်းရွေးချယ် လေ့ကျင့် ရေး စာမေးပွဲကို ရေးဖြေ၊ နှုတ်ဖြေ စစ်ဆေးပြီး အောင်မှ သတ်မှတ်ဦးရေဘဲ ခန့်ထားတဲ့ စနစ်ပါ။ ဆရာဝန်တွေ အတွက်တော့ ဝန်ထမ်းလုပ်သက် ၂ နှစ်ရှိမှ ဘွဲ့လွန် ဖြေခွင့်ပေးတဲ့ ခေတ်ပါ။

ကျမဟာ ငယ်ငယ်ကတည်းက ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ “သူ” ၊ဒေါက်တာထွန်းရွှေရဲ့ “သက်ဝေမေကျော့”၊ ဒေါက် တာမောင်သင် ရဲ့ “ကိုယ်တွေ့ဝတ္ထုတိုများ” နဲ့ ကြီးခဲ့ရတော့ အဲဒီဝတ္ထုတွေ ထဲကလို စေတနာ ဆရာဝန် ဖြစ်ချုင်ခဲ့သူပါ။ ငယ်ငယ်က ရွှေသွေးထဲမှာ ဖတ်ခဲ့ရတဲ့ ကယားပြည်နယ်က ဆရာဝန်မလေး သူလက်ထပ်တဲ့ နေ့မှာ ဧည့်ခံပွဲ ကျင်းပနေရင်း ထားခဲ့ပြီး မီးမဖွားနိုင်တဲ့ လူနာကို ဆေးသွားကု ပေးလို့ ယောက္ခမလောင်းက မင်္ဂလာပွဲ ဖျက်ပစ်တာတွေ၊ သူသေတော့ ဆေးခန်းက “အထက်သို့” ဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ်လေးကို ကယား လူမျိုးတွေက အုတ်ဂူလေးမှာ တပ်ပေးတာတွေ ဖတ်ရင်း မျက်ရည်ကျမတတ် အားကျ မိခဲ့ရသူပါ။ ပြောရရင်တော့ နိုင်ငံ့ဝန်ထမ်း ဆရာဝန် လုပ်ဖို့ စိတ်အား ထက်သန်ခဲ့သူ လို့ ပြောချင်ပါတယ်။

ကျမတို့ ရှေ့အတန်းက အကိုအမတွေ အောင်ပြီးသော်လည်း ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးက စာမေးပွဲ မကျင်းပ ပေးလို့ ဆမ လက်မှတ် ကိုင်ပြီး စောင့်နေကြတာ ၄-၅ နှစ်ထက် မနည်းတော့ပါဘူး။ တိုက်တိုက် ဆိုင်ဆိုင် ကျမတို့ အောင်တဲ့နှစ်မှာ (ကျမတို့ အတန်းက လူကြီး သားသမီးတွေ များတယ်) စာမေးပွဲ ခေါ်ပြီဆိုတော့ အရမ်းပျော်ရပါတယ်။ အင်္ဂလိပ်စာနဲ့ ဗဟု သုတ စာမေးပွဲ နှစ်ဘာသာ အတွက်လည်း လေ့လာရပါတယ်။ ကျူရှင်က နယ်မှာနေတာလည်းဖြစ်၊ တသက်လုံး ကျူရှင် မတက်ခဲ့ဘူးတော့ ဒါအတွက်နဲ့တော့ မတက်တော့ပါဘူး။ နေ့စဉ် ဖတ်နေကျ သတင်းစာတွေလည်း ညက်ညက်ကျေအောင် ဖတ်မှတ်တာပေါ့။

ရေးဖြေကတော့ လွယ်လွယ်ကူကူပဲ အောင်ပါတယ်။ နှုတ်ဖြေအတွက် အများပြောသလို မြန်မာ ဆန်ဆန်လေးဝတ်၊ ရိုရိုကျိုးကျိုး လေးနဲ့ Interview ခန်းထဲဝင်၊ ဝန်ထမ်း ရွေးချယ်ရေးက လူကြီးတွေ ၅ ယောက် ဝိုင်း ပြီးမေးကြသမျှ ကျမ အထင် ၈၀ – ၉၀ % လောက် ကျမ ဖြေနိုင်မယ်လို့ ထင်ပါတယ်။ နာရီဝက်လောက် ကြာအောင် မေးပြီး တဲ့အခါ တယောက်က သမီးအသက် ဘယ်လောက် ရှိပြီလဲတဲ့။ ကျမက ၂၄ နှစ်လို့ ဖြေပါတယ်။ အဲဒီတော့ အော် ငယ်ပါသေးတယ်တဲ့။ ကျမ သိလိုက်ပါပြီ။ ကျမကို မရွေးတော့ဘူးလို့။ ပြောဘို့မေ့ကျန် သွားတယ် ကျောင်းမှာလည်း ကျမက အမှတ်တွေ သိပ်မဆိုးတဲ့ အထဲမှာ ပါပါတယ်။

အရည်အချင်း ကိုမရွေးဘဲ ငယ်သေးလို့မခေါ်ချင်ရင်လည်း အစကတည်းက အသက်ကို မြှင့်ပြီး ကန့်သတ် ပါလား။ ပြန်အထွက်မှာ အသိ တယောက်နဲ့ တိုးတော့ စောစောကမှ ကြိုမပြောဘဲ။ Plaster ရှာ ပေးလို့ရတယ် တဲ့လေ။ ကျမ အရည်အချင်းမရှိဘဲ Plaster နဲ့မှ ရမယ့် အလုပ်ကို ကျမလည်း မလိုချင်တော့ပါဘူး။ နောက်နှစ်တွေမှာ စာမေးပွဲခေါ်တော့ စာတောင် မဖတ်တော့ဘဲ သွားဖြေပါတယ်။ ရေးဖြေကတော့ အောင်တာပါဘဲ။ နှုတ်ဖြေကတော့ စိတ်နာလို့ သွားကိုမဖြေ တော့ပါဘူး။ ပြောချင်တာ ကတော့ တကယ် တိုင်းပြည် အတွက် လုပ်ပေးမယ့် ဝန်ထမ်းကောင်း တယောက်ကို သူတို့ လွှင့်ပစ်ခဲ့ကြပါတယ်။

နောက် အဖြစ်အပျက်တခုကတော့ ကျမ သူငယ်ချင်းပါ။ သူက စာသိပ်တော်ပါတယ်။ လူရည်ချွန် ခြောက်ထပ် ကွမ်းပါ။ ကျောင်းမှာ Roll No: (2) ပါ။ စာမေးပွဲတိုင်း ဂုဏ်ထူးနဲ့ အောင်သူပါ။ ဘွဲ့ရပြီးတော့ ဆေးသုတေသနက အလုပ်ခေါ်တာ သူသွားလျှောက် ပါတယ်။ သူ့မိဘတွေရဲ့ လုပ်ငန်းမေးပြီး၊ အဲဒီအလုပ်ဘဲ ပြန်လုပ်ပါလားလို့ ပြောခံခဲ့ရပါတယ်။ အဲဒီက တည်းက သူပြည်ပ ထွက်သွားတာ အခု အထူးကုကြီး အဖြစ် ပြည်ပမှာ အခြေချနေပါပြီ။ တော်တဲ့သူက ဘယ်ရောက် ရောက် စင်တော်က ကောက်သွားမှာပါ။ တိုင်းပြည် ကတော့ နစ်နာခဲ့ပါပြီ။ 88 အရေးအခင်း အပြီးမှာ ပြည်ပ ထွက်ဖို့လည်း လွယ်သွားတော့ ကျမတို့ အတန်းက ဝန်ထမ်း အလုပ် မရတဲ့ သူငယ်ချင်း တွေရော၊ ဆရာတွေ၊ နောင်တော် အမတော်တွေ ရော နိုင်ငံ အသီးသီးကို ထွက်ကြပါတယ်။

သူတို့ လွယ်လွယ်ကူကူနဲ့ တိုင်းတပါးမှာ အခြေချနိုင်ကြတာ မဟုတ်ပါဘူး။ ဓါတ်ဆီဆိုင် ဝန်ထမ်း၊ အိုက်တိုး ပဂေးဆံ၊ Waiter ၊ ဓါတ်ခွဲခန်း အကူ စသည်ဖြင့် ကိုယ့်ပညာ အရည်အချင်းထက် နိမ့်ကျတဲ့ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်ပြီး ဝင်ငွေရှာ၊ တဖက်ကလည်း ကျောင်းတက် ကြရပါတယ်။ သက်တောင့် သက်သာနဲ့ မူလ အသက်မွေးဝမ်းကျောင်း အတိုင်း ရတဲ့သူ အနည်းအကျဉ်း ရှိနိုင်ပေမယ့် အများစု ကတော့ ရုန်းကန် လှုပ်ရှားပြီးမှ ဆရာဝန် အဖြစ်နဲ့ပဲ အသက် မွေးနိုင်တဲ့ သူလည်းရှိ၊ တချို့ကတော့ လိုင်းပြောင်းပြီး Sushi ဆိုင်ဖွင့်တာမျိုး၊ အခြား အသက်မွေးဝမ်းကျောင်း လိုင်းကို ပြောင်းလိုက်ကြတဲ့သူ တွေလည်းရှိပါတယ်။

ဒီလိုဆို အစိုးရဝန်ထမ်းအလုပ်မရလည်း G.P လုပ်ပြီး အဆင်ပြေနေတဲ့ သူတွေအများကြီးပါ၊ ပြည်ပ ထွက်စရာ မလိုပါဘူး လို့ မေးစရာရှိ ပါတယ်။ ကျမအတွေ့အကြုံပဲ ပြောပါမယ်။ ကျမ က နယ်မြို့ လေးမှာ G.P ငါးနှစ် လုပ်ခဲ့ပါတယ်။ မိဘပိုင် အိမ်မှာ မိဘက ရင်းပေးတဲ့ ငွေငါးသောင်းနဲ့ ဆေးခန်း ပရိဘောဂတွေလုပ်၊ ဆေးတွေဝယ်ပြီးတော့ ဆေးခန်း ဖွင့်ခဲ့ပါတယ်။ အဲဒီအချိန်က တရုပ်က လာတဲ့ ထိုးဆေး စားဆေး တွေက B.P.I ထက် ဈေးသက်သာပြီး Effective လည်း ဖြစ်ပါတယ်။ ထိုးဆေး တလုံးကို တကျပ် ပတ်ဝန်းကျင်၊ ပါရာစီတမော တလုံးကို ၁၀ ပြား၊ Ampicillin တလုံးကို တမတ်လောက်ကျတဲ့ ခေတ်ပါ။ အဲဒီအချိန်က အသားဆေး တလုံး ထိုးပေးပြီး တရက်စာ ဆေးပေးရင် (ကျမက ဆေးကို စာအုပ်ထဲက အတိုင်း Dose အပြည့်ပဲ ပေးပါတယ်) ဆေးဖိုး သုံးကျပ်လောက် ကျပါတယ်။ ကျမ လူနာဆီက ငါးကျပ် ယူတယ်။ တောကလူနာ ဆိုရင် သူထပ် မလာနိုင်မှာ စိုးလို့ Antibiotics ကို ငါးရက်စာ တခါတည်း ပေးလိုက်ရတယ်။ ဆင်းရဲတဲ့ လူနာဆိုရင် ဆေးဖိုး မယူတဲ့အပြင် ဝမ်းလျှောနေရင် ဓာတ်ဆားရည်ပါ ဖျော်တိုက် လိုက်ရတယ်။ အာဟာရ မပြည့်တဲ့ ကလေးတွေဆိုရင် မုန့်ပါ ဝယ်ပေးလိုက်ရတယ်။

တခါသုံးဆေးထိုးအပ်တွေ မပေါ်သေးတော့ Syringe နဲ့ Needle တွေကို အနည်းဆုံး မိနစ် ၂၀ ကြာ အောင် ပြုတ်ပြီးမှ ဆေးထိုးတယ်။

မီးမလာတဲ့နေ့တွေမှာ ကျမရဲ့လူနာတွေဟာ မီးသွေး မီးဖိုလေးကို ကူပြီး မီးမွှေး ပေးကြရတယ်။ လူနာ ရှင်းသွားပြီးချိန် Syringe နဲ့ Needle ပြုတ်တဲ့ အိုးလေး မေ့ထားမိလို့ တူးခြစ်ပြီး လွှင့်ပစ်ရပေါင်းလည်း မနည်းဘူး။ အဲဒီလို မိဘလုပ်စာ ထိုင်စား၊ မိဘဆင်တဲ့ အဝတ် ဝတ်ပြီး ၅ နှစ်လောက် ဆေးခန်း ဖွင့်လိုက်တာ ကျမလက်ထဲ ဆေးခန်းထဲက ဆေးတွေနဲ့ ငွေ ငါးသောင်းဘဲ စုမိတယ်။ ကျမ မိဘကလည်း ကြည်ကြည်ဖြူဖြူ တင်ကျွေး ထားလို့ပေါ့။ အဲဒီအချိန် ကျမအဖေ ကလည်း အသက်ကြီး ကူဖော် လောင်ဖက်လည်း မရှိတော့ အဖေ့ စီးပွားရေး လုပ်ငန်းကို ကျမ တာဝန်ယူ လိုက်ရတယ်။ ကျမရဲ့ဆေးခန်းလေး ပိတ်လိုက်ချိန်မှာ လူနာတွေ လာမေးရင် ဆေးခန်းနဲ့ တွဲလျက် ပွဲရုံ စားပွဲနောက်မှာ ကျမ ပုန်းနေရတယ်။ မျက်နှာ ပူလို့။ ခုထိလည်း ကျွန်ရဲ့တောကလူနာတွေ ကျမကိုတွေ့ရင် ဝမ်းသာအားရ နှုတ်ဆက်ကြတုန်းပဲ။ ကျမကတော့ ဒီ Profession မှာ ကျမ ဆက်လက် မရပ်တည်နိုင်ခဲ့ တာကို ခုထိ လိပ်ပြာ မလုံနိုင်သေးပါဘူး။

G.P နဲ့ အောင်မြင်နေတဲ့ ဆရာဝန်တွေ အများကြီးပါပဲ။ ဒါပေမယ့် မိဘဆွေမျိုးတွေရဲ့ ထောက်ပံ့ ကူညီမှု မပါရင် စေတနာ ဆရာဝန် မလုပ်နိုင်ပါဘူး။ အစိုးရ ဝန်ထမ်း အဖြစ် ဆိုရင်တော့ သူ့ရဲ့စေတနာတွေ ပြည်သူအပေါ် ပိုပြီး ထင်ဟပ်နိုင်မှာပါ။

အခုပြည်ပရောက်နေတဲ့ ဆရာတယောက်အကြောင်းလည်းပြော ပြချင်ပါသေးတယ်။ 88 မတိုင်မီက အဖြစ်ပါ။ M.Sc အောင်ပြီး M.R.C.P ဝင်ခွင့်ကို အကြိမ်ကြိမ် ဖြေပါတယ်။ တနှစ်ပြီးတနှစ် နောက်ဆုံး ဆန်ကာတင်မှာ သူကျန်ခဲ့တယ်။ နောက်ဆုံး တနှစ် Viva ဖြေပြီး တော့ ဆရာမကြီး ကိုယ်တိုင်က မောင်…ရယ် ဒီနှစ်မင်းပါမှာ သေချာပြီလို့ ပြောခဲ့ပါတယ်။ ဒါလည်း သူပြုတ် ကျန်ခဲ့တာပါဘဲ။ ဆရာက စာတော်ပေမယ့် ကျောထောက်နောက်ခံမှ မကောင်းခဲ့တာကိုး။ အဲဒီတော့ ထွက်ခွင့်ရတဲ့ အချိန်မှာ ဆရာ ထွက်သွားပါတယ်။ ဆုံးရှုံးမှုတခု ပါပဲ။

မကြာသေးခင်က House Surgeon လေးတွေ လစာ ၁၂၀၀ ကျပ်ကနေ ၅၅၀၀၀ ကျပ် ကို တိုးပေး လိုက်တယ် ဆိုလို့ မုဒိတာ ပွားရပါတယ်။ အခုအပြင်မှာ စာမတတ်တဲ့ စည်ပင် ဝန်ထမ်းက တနေ့ ၁၅၀၀ ကျပ် ရပါတယ်။ ၈ တန်းလောက် တတ် တဲ့ အထည်ချုပ် သမလေးတွေ (ချည်မွှေးညှပ်လေးတွေ) အောက်ထစ် တလကို ၅၀၀၀၀ ကျပ် ရပါတယ်။ House Surgeon ဘဝ သိပ်ပင်ပန်းပါတယ်။ မိဘလုပ်စာ စားနေလို့သာ ဒီလို လုပ်နေနိုင်ကြတာပါ။

ဒီလိုဆိုရင် ဘွဲ့လွန်တွေရပြီးမှ ထွက်သွားတဲ့သူတွေ ဘယ်လိုကြောင့်လဲလို့ မေးစရာ ရှိပါတယ်။ ကျမ သူငယ်ချင်း M.R.C.P ယူပြီး ပြန်လာခါစမှာ Ward တိုင်းမှာ Defibrillator ခေါ်တဲ့ နှလုံးနှိုးစက် ထားပေးသင့်တဲ့ အကြောင်း ( နိုင်ငံခြားမှာ ဆရာဝန် မဟုတ်တဲ့ သူတောင် တတ်ရပါတယ်) အကြံပေးတော့ သူ အဆူခံ လိုက်ရပါတယ်။ ဒီနောက်ပိုင်းတော့ သူလည်း ဆင် ဆင်ခြင်ခြင် အလိုက်သင့် နေသွားရပါတယ်။

M.Sc အောင်ထားတဲ့ အမတယောက်ကတော့ သူ့အမျိုးသားကလဲ ဝန်ထမ်းပါ၊ကလေးတွေ ငယ်စဉ်မှာတော့ အမနဲ့က လေးတွေက တမြို့၊ သူ့အမျိုးသားက တမြို့နဲ့ နှစ်ပေါင်းများစွာ နိုင်ငံ့ဝန်ထမ်း လုပ်ခဲ့ကြတယ်။ သမီးလေးတွေ ကိုးတန်း ဆယ်တန်းမှာ ကျောင်းကောင်းတဲ့ မြို့ကြီးမှာလည်း ထားချင်ရှာ တာပေါ့။ အဲဒီအချိန် ဒီဆရာဝန်မကို ပိုသေးတဲ့မြို့လေးကို Transfer ထွက်လာပါတယ်။ သူလည်း စေလွှတ်ရာသွားရင်း သူ့အမျိုးသား တာဝန်ကျရာ တိုင်းမြို့ကြီး တမြို့(ရန်ကုန်၊ မန္တလေး မဟုတ်ဘူးနော်) ကို ရွှေ့ပေးဘို့ အသနားခံတာ၊ စာသင်နှစ် နှစ်ဝက်သာ ကျိုးသွားရော ပြောင်းမပေးပါဘူး။ ဒါနဲ့သူ လည်း ကလေးတွေ ရှေ့ရေးအတွက် Absconded အလုပ်က ထွက်ပြေး လိုက်ရပါတော့တယ်။ အဲဒီအတွက် ပြစ်ဒဏ်က (၁၅ နှစ်လောက် နိုင်ငံ့တာဝန် ထမ်းခဲ့သူပါ) ဆမ ၅ နှစ် ပိတ်ခံရပါတယ်။ ဆမ မရှိတဲ့ ဆရာဝန်ဟာ စိတ်ထဲ မလုံခြုံပါဘူး။ ကိုယ်ပိုင်ဆေးခန်းလည်း မဖွင့်ရဲ၊ ပုဂ္ဂလိက ဆေးရုံ တွေမှာလည်း ကိုယ့်နာမည်နဲ့ မလုပ်ရဲပါဘူး။

အဲဒီလိုဘဲ သားသမီးရှေ့ရေးကိုကြည့်ပြီး ဒီနိုင်ငံကို စွန့်ခွါရတဲ့သူတွေ အများကြီးပါပဲ။

နယ်မှာနေတုံးက ကျမတူလေးရဲ့ သူငယ်ချင်းနှစ်ယောက် ရှိတယ်။ မောင်မောင်ဆိုတဲ့ ကလေးလေးဟာ သူ့အဖေက သွားဆရာဝန်၊ အမေက ဆရာဝန်ပါ။ ဆိုလိုတာက Gene ကိုက ဥာဏ်ရည်မြင့်ပါတယ်။ အဲဒီကလေးဟာ သိပ်တော်ပါ တယ်။ genius ကလေးပါပဲ။ သူငယ်တန်းတောင် မတက်ရသေးခင် ကာတွန်းတွေကို သွက်သွက်ကြီး ဖတ်နိုင်နေပါပြီ။ နောက်တယောက်က အောင်အောင် ဆိုပါတော့။ သူ့မိဘက ဆယ်တန်းတောင် မအောင်တဲ့ ကုန်သည်တွေပါ။ ချမ်းသာပါ တယ်။ သူ့ဥာဏ်ရည်က သာမာန် ပါဘဲ။ သူငယ်တန်းကနေ စတုတ္ထတန်းထိ စာမေးပွဲတိုင်းမှာ မောင်မောင်က အမြဲ ပထမ ပါ။ အောင်အောင်က အဆင့် ၅ လောက်မှာ ရှိပါတယ်။ မူလတန်း ကျောင်းကနေ အထက်တန်းကျောင်း ပြောင်းပြီးတော့ နောက်ပိုင်းမှာ မေးလိုက်ရင် အောင်အောင်က ပထမ အမြဲ ရသွားတယ်။ မောင်မောင်လေး က အဆင့် ၃ လောက်ရောက် သွားတယ်။ ကလေးက အဲဒီအတွက် မျက်နှာ မကောင်းရှာပါဘူး။ သေချာ မေးကြည့်တော့မှ အောင်အောင့် အမေက အောင်အောင့် ကို အတန်းပိုင် ဆရာမ အိမ်မှာ ညအိပ် ကျူရှင် ထားပေး လိုက်ပါတယ်။ ဖိဖိစီးစီး သင်ပေးလို့ တော်လာတယ် လို့ ပြောနိုင်ပေမယ့် မောင်မောင်လေး ခမျာမှာ သူဖြေတာတွေ ဘယ်လိုမှန်မှန် ရသင့်တဲ့ အမှတ်မရလို့ စိတ်ဓာတ်တွေကျ လာပါတယ်။ အဲဒါကို သူ့မိဘတွေ မခံစား နိုင်ကြပါဘူး။ အဲဒီအချိန် သူ့အဖေရဲ့ မိတ်ဆွေက ပြည်ပက သွားဆေးခန်းမှာ အကူလိုတယ် ဆိုတော့ အဲဒီ သွားဆရာဝန်ဟာ ဆေးခန်းအကူ အဖြစ်နဲ့ ထွက်သွား ပါတော့တယ်။ မကြာခင် ဆရာဝန်မနဲ့ သူ့ကလေးတွေပါ လိုက်သွားပါတယ်။ ဒီနေရာမှာ ကျမတို့ တိုင်းပြည်ဟာ သွားဆရာဝန် တယောက်၊ ဆရာဝန်တယောက် သာမက အနာဂတ်ရဲ့လူတော်လေးတွေပါ ဆုံးရှုံး သွားရပါတယ်။

ဒီလို သားသမီးရှေ့ရေး ဦးစားပေးပြီး ထွက်သွားကြပေမယ့် သူတို့တွေ နိုင်ငံရပ်ခြားမှာ သိပ်ပျော် နေကြတယ်လို့ မစွပ်စွဲ လိုက်ကြပါနဲ့။ မကြာသေးခင်က ကျမ သူငယ်ချင်းတယောက်ရဲ့ အဖေ ဆုံးသွားတယ်။ သူငယ်ချင်းက ပြည်ပမှာ။ သူ့အဖေ ပြည်တွင်းမှာ နာမကျန်း ဖြစ်နေတဲ့အချိန် ပြန်လာလို့လည်း မရတော့ စိတ်ထဲမှာ မချင့်မရဲ ခံစားနေရ ရှာပါတယ်။ မိဘအ ပေါ် တာဝန် မကြေဘူးလို့ ဝမ်းနည်း နေရှာတယ်။ ကျမတို့ ဘယ်လို ဖျောင့်ဖျပေမယ့် တသက်လုံး ဒီအတွက်ကို Guilty အပြစ်ရှိသလို ခံစား သွားရရှာပါတော့မယ်။ ဘယ်သူမဆို ကိုယ့်မိဘ ဆွေမျိုး အသိုင်းအဝိုင်းထဲမှာ ပျော်ပျော်ရွှင်ရွှင် နေချင် ကြမှာပါ။ ကိုယ့်ရေမြေမှာ ကိုယ့်စကားကို သွက်သွက်ပြောပြီး နေချင်ကြမှာပါ။ လူဆိုတာရေကြည်ရာ၊ မြက်နုရာ ရှာတတ် တာ ကမ္ဘာဦး အစထဲကပါ။ ကျမတို့ တိုင်းပြည်သာ ရေကြည်အောင်၊ မြက်နုအောင် မျှတတဲ့ အခြေအနေတွေ ဖန်တီးပေးနိုင် ရင် ဒီလိုတိုင်းပြည်ကို စွန့်ခွာရတဲ့ အဖြစ်တွေ ဖြစ်လာမယ် မထင်ပါဘူး။

ကျမက ကျွမ်းကျင်ရာ ဆရာဝန်တွေအနေနဲ့ ပြောရပေမယ့် ဒီလိုအဖြစ်တွေ အင်ဂျင်နီယာလောက၊ စီပွားရေး ပညာရှင် လောက၊ ကွန်ပျူတာ ပညာရှင်လောက စသည်ဖြင့် အများကြီးပဲ နေမှာပါ။

ကျမတို့မှာ …

MRT,Sky Train,Subway ဆိုတာတွေ မရှိရင်နေပါစေ စစ်ကျန် Bus တွေ စီးနေရလည်း နေနိုင်ပါတယ်။

Charles & Keith မစီးရလည်း ကတ္တီပါ ပုံတော်ဖိနပ်နဲ့ ကျေနပ်ပါမယ်။

Chocolate နဲ့ Pistachio မစားရလည်း ဘိန်းမုန့်နဲ့ ကောက်ညှင်းပေါင်းစားပြီး ဗိုက်ဝ နိုင်ပါတယ်။

Ashworth ,Victoria Secret ဆိုတာတွေ မ၀တ်ရလည်း ယောလုံချည်၊ ကချင်လုံချည်၊ ရှမ်းအင်္ကျီလေးတွေ ၀တ်ပြီး လှတယ်လို့ ခံယူပါမယ်၊

ATM card,Credit card တွေ မရှိလည်း ပိုက်ဆံ နွမ်းနွမ်းလေးတွေကို ဆာလာအိတ်တွေနဲ့ ထမ်းပြီး အလုပ် လုပ်ပါမယ်။

Internet connection နှေးနေလည်း စိတ်ရှည်ရှည်နဲ့ စောင့်ဖတ်ပါမယ်။ ပေါက်ပြဲနေတဲ့ လမ်းတွေ ဖာမပေးရင် နေပါစေ ချိုင့်ခွက်တွေ ကြည့်ရှောင်ပါမယ်။

လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ ကောင်းမွန်မျှတတဲ့ ပညာရေးစံနစ်၊ မိမိအရည်အချင်းလိုက် ခံစားခွင့် ဆိုတာ တွေရှိရင် ကိုယ့်ရဲ့ မျိုးဆက်သစ်တွေ အတွက် စိုးရိမ်စရာ မလိုဘဲ၊ ဒီမြေ ဒီရေ ဒီနိုင်ငံတော်ကို တတ်ခဲ့တဲ့ ပညာတွေနဲ့ အလုပ် အကျွေး ပြုမယ့်သူတွေ ပေါများလာမှာပါ။

တရုတ်ပြည် တခါးဖွင့်ဝါဒ ကျင့်သုံးတော့ နိုင်ငံရပ်ခြားရောက်နေတဲ့ Oversea Chinese တွေကို လှိုက်လှိုက် လှဲလှဲ ဖိတ်ခေါ် ပါတယ်။ သူတို့ နိုင်ငံခြားမှာ ရနေတဲ့ လစာ၊ အခွင့်အရေးတွေထက် မနည်း ရစေမယ်လို့ ဖိတ်လိုက်တာ တော်တော် များများ ပြန်လာ ကြပါတယ်။ ကျမ သိသလောက် တရုတ်ပြည်ရဲ့ ပထမဆုံး အဏုမြူဗုံး ထွင်တဲ့သူဟာ အမေရိကားက ပြန်လာတဲ့သူလို့ မှတ်ဘူးပါတယ်။

အခု ကျမတို့ တိုင်းပြည်မှာ မကြာခဏ ကြားနေရတဲ့ လူနာနဲ့ ဆရာဝန်ကြား ပြဿနာတွေဟာ ကျွမ်းကျင် ဆရာဝန် မလုံ လောက်မှု ကနေ စပြီး ဖြစ်လာတာပါ။ အထူးကု ဦးရေနဲ့ လူနာဦးရေဟာ မမျှတ တော့ပါဘူး။ လူနာတွေကလည်း ကိုယ့်ဝေ ဒနာကို အတော်ဆုံး၊ နာမည်အကြီးဆုံး နဲ့မှ ရွေးပြချင်တာ အပြစ်ဆိုလို့ မရပါဘူး။ ဆရာဝန်ကြီးတွေ ခမျာ မနက်ရုံးချိန်မှာ ဆေးရုံ တာဝန် ထမ်းရတယ်။ ညနေ ဆေးရုံကပြန်တော့ တန်းစီနေတဲ့ ဆေးခန်းက လူနာတွေကို ကြည့်ရတယ်။ ပြီးရင် ပုဂ္ဂလိကဆေးရုံ အတွင်းလူနာတွေကို ကြည့်ရတယ်။ တခါတလေ လူနာကြည့်ချိန်ဟာ ညသန်းခေါင်ဖြစ်လို့ လူနာရော လူနာရှင်ပါ အိပ်မော ကျနေတာကို နှိုးပြီး ကြည့်ရတာမျိုးလည်း ကြားနေကျပါ။ ဆရာဝန်ကြီး မှာလည်း လူနာကြည့်ရင်း ပင်ပန်းလွန်းလို့ ပြောတာတွေ နားထဲမဝင်ဘဲ ငိုက်နေတယ် ဆိုတာလည်း ကြားဖူးကြမှာပါ။ ဒီလိုအခါမှာ အမှားအယွင်း တွေဆိုတာ ပေါ်လာတော့တာပါပဲ။ ဘာဖြစ်လို့ ဒီလို ဆရာဝန် လူနာ အချိုးမမျှတ ရလဲ။ ကျမတို့ တိုင်းပြည်က လူတော် တွေကို ကျမတို့ ပြည်သူပြည်သားတွေ ဘာကြောင့် အသုံးချခွင့် မရတာလဲ။ ဆရာဝန်တွေကလည်း ပြည်ပထွက်အလုပ် လုပ်တယ်။ လူနာတွေကလည်း ပြည်ပထွက် ဆေးကုခံတယ်။ မြန်မာဆရာဝန်ကို ပြည်ပကတောင် လက်ခံ အသုံးပြု သေးတာ ပြည်တွင်းက ဘာလို့ မသုံးချင်ရမှာလဲ။ တောလက် ကျေးရွာတွေမှာလည်း လိုအပ်နေဆဲ၊ မြို့ကြီး ပြကြီးတွေမှာ လည်း လိုအပ်နေဆဲပါ။ အသစ်အသစ်တွေ မွေးထုတ်တာထက် ကျွမ်းကျင်ပြီးသူများ ပြန်လာရင် ပိုမကောင်း ပေဘူးလား။

မြန်မာနိုင်ငံသားတွေအတွက် လူမျိုးလူတန်းစားမရွေးကိုစောင့်ရှောက် လွှမ်းခြုံမှုပြုနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြီးတခုကို စနစ်တကျ အကောင်အထည် ဖေါ်ဘို့ လိုနေပါပြီ။

ဒီအတွက် နိုင်ငံတကာမှာ Healthcare System management ပါရဂူဘွဲ့ရသူတွေ ကမြန်မာနိုင်ငံကို ပြန် အကျိုးပြု ကြဘို့ ဆန္ဒတွေ အလျံပယ် ရှိနေကြောင်းလည်း ကြားနေရပါတယ်။

ကျမအမြင်မှာတော့ နိုင်ငံကို စွန့်ခွါသူတွေဟာ Salmon ငါးတွေနဲ့ တူပါတယ်။ Salmon ငါးတွေဟာ ပင်လယ်ထဲက ရေငန် ငါးတွေပါ။ သူတို့ ဓလေ့က မြစ်ညာထိ ဆန်တက်ပြီး ဥချကြပါတယ်။ အဲဒီမှာ အကောင်ပေါက်မှ ပင်လယ်ကို ပြန်စုန်ဆင်း လာကြပါတယ်။

ကျမတို့ ဆရာတွေ မိတ်ဆွေသူငယ်ချင်းတွေလည်း ရေမြေရာသီဥတု အဆင်ပြေမယ့် မြစ်ညာနဲ့တူတဲ့ နိုင်ငံ ရပ်ခြားတွေကို ရုန်းကန် လှုပ်ရှား ဆန်တက် သွားတယ်လို့ မြင်ပါတယ်။ Salmon ငါးတွေ ကြင်ဖော်နဲ့တကွ သားသမီးတွေနဲ့ မိခင်ပင်လယ် ဆီ ပြန်လာတာကို ငါ့ကို ပစ်သွားရကောင်းလားလို့ အပြစ် တင်မစော နေကြပါနဲ့တော့။ သူ့ သဘာဝပါဘဲ။

ပြန်ချိန်သင့်လို့ ပြန်လာကြတဲ့သူတွေကို လမ်းကနေ အတားအဆီး ပိုက်ကွန်တွေနဲ့လည်း မဖမ်းသင့်ပါဘူး။ ဝမ်းမြောက် ဝမ်းသာ လက်ကမ်းလို့ ကြိုသင့်ပါတယ်လို့ပဲ ပြောချင်ပါတယ်။

ကျမရဲ့ ပေါက်ကွဲသံစဉ်လေးကို သည်းခံဖတ်ရှုပေးတာကျေးဇူးပါ၊ တေးရေးတေးဆို ခင်ဝမ်းရဲ့ သီချင်းတွေထဲက ကျမ နှစ်သက်မိတဲ့ ဆယ်လမွန်ငါးတို့ အပြန် သီချင်းထဲကလိုဘဲ oversea burmese တွေ အမိမြန်မာပြည်ကို ပြန်လာပြီး ပြန်လည် တည်ထောင်ရေးမှာ တတပ်တအား ပါဝင်နိုင်မယ့် အိပ်မက်လေးတွေ မက်ရင်း ဒီသီချင်းစာသားလေး လက်ဆောင် ပေးခဲ့ပါရစေ။

“ရေလွှာလဲခင်းပြန့် ကြည်လင်စေ

မိုးဦးလဲလှပသာယာစေ

ဘ၀စေရာတာဝန် ကျေပွန်ဆောင်ရွက်ခဲ့သူတို့

ရေစုန်ကိုဆန်ကာ ပြန်ခဲ့ပြီ

(မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လမွန်ငါးတို့ အပြန် …

ဆယ်လမွန်ငါးတို့ အပြန် … ဆယ်လမွန်ငါးတို့ အပြန် …

အပြန်အပြန် အပြန် ဆယ်လမွန်ငါးတို့ … အပြန် … )

ပြန်ချိန်လည်းဆုံးဖြတ်ခိုင်မာစေ

ရာသီလဲတွက်ချက်မှန်ကန်စေ

စိတ်တူရာခိုဝင် ပြည့်စုံချိန်ပြန်ခဲ့မယ်တဲ့

ငယ်ရွယ်စဉ်ရှာဖွေစွန့်ခဲ့ပြီ…

(မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လမွန်ငါးတို့ အပြန် …

ဆယ်လမွန်ငါးတို့ အပြန် … ဆယ်လမွန်ငါးတို့ အပြန် …

အပြန်အပြန် အပြန် ဆယ်လမွန်ငါးတို့ …… အပြန် … )

padonmar

(ပဒုမ္မာ့ကိုယ်တွေ့)

Min Thant Syn

Ref: ဧရာဝတီဘလော့

Read More...

ဒေါ်အောင်ဆန်းစုကြည်ဘဝ - မှတ်တမ်းရုပ်ရှင် ကားသစ် ဘန်ကောက်မှာ ပြသ

2011-09-07

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဘ၀နဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ ဘ၀ နှစ်လွှာကို ပေါင်းစပ်ပြီး ဒိန်းမတ်လူမျိုး အမျိုးသမီး ရုပ်ရှင် ဒါရိုက်တာ Anne Gyrithe Bonne ရိုက်ကူး တင်ဆက်တဲ့ Aung San Suu Kyi- Lady of No Fear ဒေါ်အောင်ဆန်းစုကြည်-ကြောက်ရွံ့ခြင်း ကင်းသော အမျိုးသမီး လို့ အမည် ပေးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်ကားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ မနေ့က ပြသသွားပါတယ်။

ဒီဇာတ်ကား ရိုက်ကူးဖို့ သုတေသနတွေ လုပ်ရ၊ မှတ်တမ်းတွေ ပြုစုရ၊ တွေ့ဆုံ မေးမြန်းရ၊ စာအုပ်တွေ ကဗျာတွေ အများကြီး ဖတ်ရတယ်လို့ ဒါရိုက်တာ Anne Gyrithe Bonne က ပြောပါတယ်။

ဇာတ်ဝင်ခန်းတခုမှာ … နိုင်ငံရေးကြောင့် ကျွန်မ နေအိမ် အကျယ်ချုပ် ကျခံရပါတယ်။ ဒ့ါကြောင့် ကျွန်မရဲ့ တဘ၀လုံး နိုင်ငံရေး ပါပဲလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား တာတွေကိုလည်း ဖော်ပြထား ပါတယ်။

ဒီမိုကရေစီရေးနဲ့ အကြမ်းမဖက်တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ကမ္ဘာက စံနမူနာ ထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ကို တင်ပြတဲ့ ဒီကားမှာ အနုပညာ မြောက်တဲ့ နိမိတ်ပုံတွေနဲ့ ဖော်ကျူးထားတဲ့ ပြကွက်တွေလည်း ပါဝင်ပါတယ်။

Lady of No Fear ရိုက်ကူးတဲ့ ဒါရိုက်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိန်ခေါ်မှုတွေကို ထဲထဲဝင်ဝင် သိလိုတယ်လို့ ဆိုပါတယ်။

ဒီဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည့်စုံတဲ့ ငယ်ဘ၀၊ အေးချမ်း သာယာတဲ့ အိမ်ထောင်ရှင် ဘ၀ စတာတွေ ကနေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လှိုင်းတံပိုးအောက် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား မယိမ်းမယိုင်ဘဲ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ လူထု ခေါင်းဆောင် ဘ၀ အထိကို အကွက်စေ့စေ့ အချိတ်အဆက် မိမိ ရိုက်ကူး တင်ဆက် ထားပါတယ်။

Ref: RFA News

Read More...

ပြုပြင်ပြောင်းလဲရေး လက်တွေ့ ဖော်ဆောင်ဖို့ မြန်မာအစိုးရကို ကုလ တိုက်တွန်း

ဗုဒ္ဓဟူး, 07 စက်တင်ဘာ 2011

မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း အစိုးရ အပြောင်းအလဲ ဖြစ်လာတာဟာ နိုင်ငံအတွင်း ပိုပြီးပြည့်စုံတဲ့ အမျိုးသားရေး ဆိုင်ရာ ပြောဆို ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့ အခွင့်အလမ်းတွေ ဖန်တီး လိုက်သလို ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ အပြောင်း အလဲတွေ တကယ်ပဲ ဖြစ်လာမလား ဆိုတဲ့ ကိစ္စကတော့ ပြောဖို့ သိပ်စောနေသေးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) က ပြောလိုက်ပါတယ်။

မကြာမီ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်သွင်းမယ့် မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ ထဲမှာ အခုလို ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ချို့ယွင်းချက်တွေ ရှိခဲ့ပြီး ပါဝင်ခဲ့ကြသူ တော်တော် များများ ကလည်း စိတ်ပျက် ခဲ့ကြတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်မှာ စစ်တပ်က ကြီးစိုး ချုပ်ကိုင် လာခဲ့တာ နှစ်ပေါင်း ၅၀ လောက် အကြာမှာ တရားဝင် နိုင်ငံရေး လှုပ်ရှားမှုတွေ ပြန်ပြီး စတင်ခွင့်တော့ ရလာခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်က အပြောင်းအလဲတွေ လုပ်မယ်လို့ ကတိပေး ပြောဆိုနေတာတွေကို မစ္စတာ ဘန်ကီမွန်းက ကြိုဆိုပါတယ်။ ဒါပေမဲ့လည်း အပြောင်းအလဲတွေ အတွက် အချိန်မီ တကယ်ပဲ အကောင်အထည် ဖော်မလားဆိုတဲ့ ကိစ္စကတော့ ပြောတဲ့အတိုင်း လုပ်မလုပ် တကယ် စမ်းသပ်တဲ့ ပွဲပဲလို့လည်း ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားရာက ပြန်လွှတ်ပေးတဲ့ကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လုပ်နိုင်စွမ်းနဲ့ လူထုအတွင်း ဆောင်ရွက်မှုတွေ လုပ်လာနေတဲ့ အကြောင်းကိုလည်း မစ္စတာ ဘန်ကီမွန်းက အစီရင်ခံစာ ထဲမှာ ထည့်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သွားလာပိုင်ခွင့်အပေါ် ထိန်းချုပ်တာတွေ လုပ်မှာကိုတော့ အထူးပဲ စိုးရိမ်ရတယ် လို့လည်း မစ္စတာ ဘန်ကီမွန်းက သတိပေး ပြောဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးထားတာကိုတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အကြီးအကျယ် စိုးရိမ် နေတယ်လို့ ပြောပါတယ်။ သူတို့ကို ဆက်ပြီး ဖမ်းဆီးထားတာဟာ အစိုးရသစ်ရဲ့ ကြိုးပမ်းမှုတွေကို တခြားနိုင်ငံတွေက ယုံကြည်မှု ရနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ တကယ်လုပ် မလုပ် ဆိုတာကိုတော့ စောင့်ကြည့်သွားရမယ်၊ ပြောင်းလဲမှုတွေ ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်ရေး အကူအညီ ပေးဖို့ သူ့အနေနဲ့ အဆင်သင့်ပဲလို့ မစ္စတာ ဘန်ကီမွန်းရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

Ref: VOA News

Read More...

မြန်မာအစိုးရရဲ့ ခြေလှမ်းသစ်များ အမေရိကန် စောင့်ကြည့်

ဦးသိန်းထိုက်ဦး
ဗုဒ္ဓဟူး, 07 စက်တင်ဘာ 2011

မြန်မာနိုင်ငံအတွင်းမှာ ပြောင်းလဲလာတဲ့ ခြေလှမ်းတချို့ကို တွေ့မြင်နေရပြီ ဖြစ်တဲ့အကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြောဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဒီအပြောင်းအလဲ တွေနဲ့ ပတ်သက်လို့ ပိုပြီး သိနိုင်အောင် သွားရောက် လေ့လာတဲ့ ခရီးစဉ်တခု ဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြ ပေးထားပါတယ်။

ဝါရှင်တန်မြို့တော် အခြေစိုက် CSIS နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ အရှေ့တောင်အာရှ ဆိုင်ရာ ဌာနက စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပတဲ့ ပစိဖိတ် ဒေသတွင်း အမေရိကန် ပြည်ထောင်စုရဲ့ မဟာဗျူဟာ အကြောင်း ဆွေးနွေးပွဲမှာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က မြန်မာ့အရေးကို ထည့်သွင်း ပြောဆို သွားတာပါ။

ပစိဖိတ်ဒေသတွင်း နိုင်ငံတွေရဲ့ ဖွံ့ဖြိုး တိုးတက်လာတဲ့ အခြေအနေ၊ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ မဟာဗျူဟာတွေ အကြောင်း မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ် ဆွေးနွေး ပြောဆိုနေတဲ့ အချိန်ဟာ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် မြန်မာနိုင်ငံကို သွားရောက်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင် နေပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှ ပစိဖိတ် ဒေသရဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က အခုလို ပြောဆိုပါတယ်။

“အမေရိကန် ပြည်ထောင်စုက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် အနေနဲ့ အခုလို မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက် နိုင်ခဲ့တဲ့အပေါ် ကျနော့်အနေနဲ့ အထူးပဲ ၀မ်းသာ မိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ သူ့ဘက်က တင်ပြမယ့် အချက်တွေ၊ တွေ့ဆုံ ဆွေးနွေးခဲ့တာတွေက ဘာတွေ ပေါ်ထွက်လာမယ် ဆိုတာကို ကျနော် သိပ်သိ ချင်ပါတယ်။

“သူ့အနေနဲ့ မြန်မာအစိုးရဘက်ကိုရော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသား လူမျိုးစုတွေ နဲ့ပါ ဘက်ပေါင်းစုံ ကျိုးကြောင်း ဆက်စပ်တဲ့ အပြန်အလှန် ထိတွေ့ ဆွေးနွေးမှုတွေ လုပ်နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီထက် ပိုပြီးတော့ ကျနော့်ဘက်က အသေးစိတ် ဖြည့်စွက် မပြောချင်ပါဘူး။ ဒဲရက်ခ် မစ်ချဲလ် အနေနဲ့ရော ကျနော့်အနေနဲ့ရော ပြောရမှာက မြန်မာနိုင်ငံမှာ မကြာခင် ရက်ပိုင်းအတွင်းက ပြောင်းလဲ လာတဲ့ ခြေလှမ်းတွေကို တွေ့နေရတယ်။ ဒီခြေလှမ်းတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ဘက်က ဒီထက်ပိုပြီး သိနိုင်အောင် ကြိုးစားချင်တယ် ဆိုတာပါပဲ။”

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံကို သွားရောက် ခဲ့တဲ့ အဆင့် အမြင့်ဆုံး အမေရိကန် အရာရှိ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ရော မြန်မာ အစိုးရ တာဝန် ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့သူပါ။ သူက မြန်မာနိုင်ငံ အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်ချင်တယ် ဆိုရင် မြန်မာနိုင်ငံ ဘက်က ပြုပြင်ပြောင်းလဲဖို့ လိုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု ဘက်က လျှော့ပေးတာမျိုး မရှိသေး သလို ဆက်လက် အရေးယူခွင့်နဲ့ အရေးယူနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့လည်း ပြီးခဲ့တဲ့နှစ် မြန်မာနိုင်ငံ ခရီးစဉ်က အပြန် သတင်းထောက် တွေကို ပြောခဲ့သူ ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ပြောင်းလဲလာတဲ့ ခြေလှမ်းတွေကို တွေ့ရတယ်ဆိုပြီး ပြောဆိုတာနဲ့ ပတ်သက်လို့ ဘာတွေက ပြောင်းလဲတဲ့ ခြေလှမ်း ဆိုတာကို မစ္စတာ ကာ့တ် ကမ့်ပ်ဘဲလ်က အသေးစိတ် ရှင်းလင်း ပြောဆိုသွားတာ မရှိပါဘူး။

ဒါပေမဲ့လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံပြီး ရက်ပိုင်း အတွင်းမှာ မြန်မာနိုင်ငံအတွင်း ပြောင်းလဲလာတဲ့ ခြေလှမ်းတချို့ကို တွေ့မြင်နေရပြီ ဆိုပြီး အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က ပြောဆိုသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ရေး အမေရိကန် ကြိုးပမ်းဖို့ အမျိုးသမီး နိုဘဲလ်ဆုရှင်တွေ တိုက်တွန်း

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 07 စက်တင်ဘာ 2011

မြန်မာနိုင်ငံတွင်းမှာ အပြောင်းအလဲတချို့ ရှိနေပေမဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် စစ်ပွဲတွေ အတွင်းမှာ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ မတရား ပြုမှုတွေ ဆက်ပြီးတော့ ရှိနေတာကြောင့် မြန်မာနိုင်ငံ တွင်းက လူ့အခွင့်အရေး အခြေအနေတွေ အပေါ်မှာ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းနိုင်ရေး အတွက် အမေရိကန် ပြည်ထောင်စုက ဖိဖိစီးစီး ဆောင်ရွက်ပေးဖို့ အမျိုးသမီး နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ၅ ဦးက စုပေါင်း တောင်းဆို လိုက်ကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက် မမြောက် စစ်ဆေးဖို့ နိုင်ငံတကာ စုံစမ်းရေး ကော်မတီတရပ် ဖွဲ့ရေးကိစ္စကို အခု ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို တင်သွင်းမယ့် မြန်မာ့အရေး ဆုံးဖြတ်ချက် မူကြမ်းမှာ ပါဝင်စေရေး အားစိုက် ဆောင်ရွက်ဖို့ အမျိုးသမီး နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ၅ ဦးက အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန် (Hillary Clinton) ကို စက်တင်ဘာ ၆ ရက်နေ့ ရက်စွဲနဲ့ စာရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ် အနေနဲ့ ကုလသမဂ္ဂရဲ့ စုံစမ်းရေး ကော်မတီ ဖွဲ့စည်းဖို့ တောင်းဆို ပါသည် ဆိုတဲ့ စကားရပ် အဲဒီဆုံးဖြတ်ချက်မှာ ပါလာစေဖို့ အမေရိကန် အနေနဲ့ အခြား အစိုးရတွေနဲ့ ဆွေးနွေး ဆောင်ရွက်ပေးဖို့ တိုက်တွန်းတာပါ။

မြန်မာနိုင်ငံတွင်းမှာ အပြောင်းအလဲတွေ ရှိပေမဲ့ ဒီအပြောင်းအလဲတွေဟာ လူ့အခွင့်အရေးအတွက် တကယ့် တိုးတက်မှု တွေလို့ ယူဆလို့ မရတဲ့အကြောင်း Nobel Women's Initiative အမျိုးသမီး နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်များ အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒိုင်ယာနာ ဆာရိုဆီ (Diana Sarosi) က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း ရွေးကောက်ပွဲ ကျင်းပတာ၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ် လာတာ စတဲ့ အပြောင်းအလဲ အချို့ ရှိလာပေမဲ့လို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အတွက် တကယ့် တိုးတက်မှုတွေ ဖြစ်လာပြီလို့ ယူဆလို့ မရပါဘူး။ နေ့စဉ်လိုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲပါ။ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ မတရားပြုမှုတွေ ဆက်ရှိနေတုန်းပဲလို့ အမျိုးသမီး အဖွဲ့အစည်းတွေက ထုတ်ပြန် နေတုန်းပါ။ ဒါကြောင့် မြန်မာ အစိုးရ အနေနဲ့ တိုင်းရင်းသား လူနည်းစုတွေကို စစ်ဆင်တဲ့ နေရာမှာ တိုင်းရင်းသား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မတရား ပြုနေတာတွေကို စစ်လက်နက် သဖွယ် အသုံးပြု နေတုန်းပဲ ဆိုတာ ရှင်းနေပါတယ်။”

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လပ်မျှတတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ကနဦး အားဖြင့် မြန်မာ အစိုးရက လုပ်ဖို့၊ မြန်မာ အစိုးရဘက်က ဒါကို ပျက်ကွက်လာရင် နိုင်ငံတကာမှာ တာဝန်ရှိတယ်၊ နိုင်ငံတကာက အရေးယူပြီး စုံစမ်းရေး ကော်မတီဖွဲ့ဖို့ မြန်မာ့အရေး ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား (Tomas Ojea Quintana) က တိုက်တွန်းထားတာပါ။

မြန်မာအစိုးရကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ လွတ်လပ်တဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆိုတာကို ဖွဲ့စည်း လိုက်ပါတယ်။ ဒါပေမဲ့ ဒီအထဲမှာ အာဏာပိုင် ဘက်က လူတွေ ပါဝင်နေတယ်လို့ Nobel Women Initiative က ယူဆပါတယ်။

“ပြောရရင်တော့ အာဏာပိုင်တွေဘက်က ထပ်ပါနေတဲ့ သဘောပါ။ လူ့အခွင့်အရေး အခြေအနေတွေကို ပြည့်ပြည့် စုံစုံ မျှမျှ တတ ဖြစ်အောင် စုံစမ်း စစ်ဆေးနိုင်တဲ့ အခြေအနေ အားနည်းပါတယ်။ ကျမတို့ အမြင်ကတော့ တိုးတက်လာတဲ့ အခြေအနေ တွေကို တိုင်းတာမယ် ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ပြန်လွတ်လာမလား ကြည့်ရပါမယ်။ သူတို့တွေ ထောင်ထဲမှာ ရှိနေသ၍တော့ မြန်မာပြည်မှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာပြီလို့ မပြောနိုင်သေးပါဘူး။”

မြန်မာ့အရေး အထွေထွေ ညီလာခံက ဆုံးဖြတ်ရမယ့် မူကြမ်းကိုတော့ အခုလက်ရှိ EU ဥရောပသမဂ္ဂက ရေးဆွဲ တင်ပြမယ်လို့ သိရပါတယ်။ ဒါပေမဲ့ EU ထဲမှာပဲ မြန်မာ့အရေး စုံစမ်းရေး ကော်မတီဖွဲ့ဖို့ ကိစ္စက သဘော ကွဲလွဲတာတွေ ကြားနေ ရပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ EU ထဲမှာ အဓိက အတိုက်အခံ ဖြစ်နေတဲ့ ဂျာမဏီနိုင်ငံကို စည်းရုံး နိုင်မယ်လို့ ဒိုင်ယာနာ ဆာရိုဆီက ယူဆပါတယ်။

“အဓိက အတိုက်အခံ လုပ်နေတဲ့ နိုင်ငံကတော့ ဂျာမဏီနိုင်ငံပါ။ ဒါကြောင့် ဂျာမဏီအနေနဲ့ နိုင်ငံတကာ စုံစမ်းရေး ကော်မတီ ဖွဲ့ဖို့ လိုအပ်တယ် ဆိုတာကို လက်ခံလာအောင် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖျောင်းဖျ စည်းရုံး နိုင်မယ်လို့ ယူဆပါတယ်။”

စစ်ဆင်ရေးတွေအတွင်း မြန်မာအစိုးရ တပ်တွေဘက်က ဒေသခံ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ မတရား ပြုမှုတွေ ရှိနေတုန်းပဲ ဆိုတာ KWAT ကချင်အမျိုးသမီး အဖွဲ့နဲ့ SWAN ရှမ်းအမျိုးသမီး ရေးရာ ကွန်ရက်တို့က သတင်း အချက်အလက်တွေ ဆက်ပြီး စုဆောင်း ရရှိနေသေးတယ်လို့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ၅ ဦးရဲ့ စာထဲမှာ ဖော်ပြပါတယ်။

ပေးပို့သူ အမျိုးသမီး နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ၅ ဦးကတော့ မရိဒ် မက်ဂွိုင်းယား (Mairead Maguire)၊ ရီဂိုဘာတာ မန်ချူ တမ် (Rigoberta Menchu Tum)၊ ဂျိုဒီ ၀ီလီယံစ် (Jody Williams)၊ ရှီရင် အီဘာဒီ (Shirin Ebadi)၊ ၀န်ဂါရီ မာတိုင်း (Wangari Maathai) တို့ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်အပြင် အမေရိကန် နိုင်ငံခြားရေးဌာနက အကြီးတန်းအရာရှိ အချို့ကိုလည်း ပူးတွဲစာ ပေးပို့ထားပါတယ်။

Ref: VOA News

Read More...

9/11 နှစ်ပတ်လည် မတိုင်ခင် အမေရိကန် စစ်စခန်းတွေ လုံခြုံရေး သတိပေးချက် တိုးမြှင့်

ဗုဒ္ဓဟူး, 07 စက်တင်ဘာ 2011

စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှု ၁၀ နှစ်ပြည့်တဲ့ရက် မတိုင်ခင်မှာ အမေရိကန် ပြည်ထောင်စု အတွင်းမှာ ရှိတဲ့ စစ်စခန်းတွေ အထူးသတိ အနေအထားနဲ့ ရှိနေကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နယူးယောက်မြို့နဲ့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်တို့ အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရတာ လာမယ့် တနင်္ဂနွေဆိုရင် ၁၀ နှစ် ပြည့်ပါတော့မယ်။

အခုလို သတိပေးချက် ထုတ်ထားရတာက ထူးထူးခြားခြား ခြိမ်းခြောက်မှုတွေ ရှိနေလို့ မဟုတ်ပေမဲ့ ကြိုတင် သတိ ထားသင့်တဲ့ သဘောနဲ့ လုပ်ဆောင် ရတာလို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဂျော့ခ်ျ လစ်တဲလ် (George Little) က မနေ့က ပြောပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဂျေး ကာနေ (Jay Carney) ကလည်း သတင်းထောက် တွေကို ပြောတဲ့ အထဲမှာ အခုကာလ အတွင်း ထူးခြားတဲ့ ခြိမ်းခြောက်မှုတွေ မရှိပေမဲ့လည်း စက်တင်ဘာ ၁၁ ရက်၊ ၁၀ နှစ်မြောက် နှစ်ပတ်လည်နဲ့ ပတ်သက်လို့ အယ်လ်ကိုင်းဒါး (Al Qaida) ဘက်က စိတ်ဝင်စားမှုရှိတာ ပြောဆိုခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကလည်း လုံခြုံရေးဆိုင်ရာ ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံပြီး လိုအပ်တဲ့ ကြိုတင် ပြင်ဆင်မှုတွေ အားလုံးကို လုပ်ဆောင် ထားဖို့ ပြောဆို ထားပါတယ်။

အယ်လ်ကိုင်းဒါး အဖွဲ့ဝင်တွေက လေယာဉ် ၄ စီးကို ပြန်ပေးဆွဲပြီး အမေရိကန် ပြည်ထောင်စုကို ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ လူ ၃,၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။


Ref: VOA News

Read More...

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားရေး စင်္ကာပူရောက် မြန်မာများ လှုံ့ဆော်

ထွန်းထွန်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြစ်ဆုံရေကာတာ တည်ဆောက်မှုနှင့် ပတ်သက်၍ နိုင်ငံတကာ ပညာရှင်များနှင့် ပြန်လည် သုတေသန ပြုလုပ်ရန်နှင့် သုတေသန ပြုလုပ်နေစဉ် အတွင်း စီမံကိန်းများ ရပ်ဆိုင်း ထားရန် အတွက် စင်္ကာပူရောက် မြန်မာများက လက်မှတ်ထိုး တောင်းဆိုရေး လှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိသည်။

မြန်မာနိုင်ငံ၌ ၈၈ မျိုးဆက် ကျောင်းသားများမှ ဦးဆောင်ပြုလုပ် နေသည့် "ဧရာဝတီ ထာဝရ ရှင်သန်လိုသူများ" လက်မှတ်ထိုး တောင်းဆိုမှုအား ထောက်ခံပံ့ပိုးသည့် အနေဖြင့် လမ်းပြကြယ် စာကြည့်တိုက်မှ ကမကထပြု၍ သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

ရေအားလျှပ်စစ် မီဂါဝပ် ၆,၀၀၀ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” အရ မေခမြစ် အပိုင်းတွင် တာ ငါး ခု၊ မလိခ မြစ်မှာ နှစ်ခု ပိတ်ရမည် ဖြစ်ပြီး မြစ်ဆုံဆည် နယ်မြေ အကျယ်အဝန်းမှာ စတုရန်း မိုင် ၁၈,၀၀၀ ရှိသည်။ ဆည် အမြင့်မှာ ၁၅၂ မီတာ (ပေ ၅၀၀) နှင့် အထက်၊ ရေလှောင်ကန် အမြင့်မှာ ၂၉၉ မီတာ (ပေ ၉၈ဝ) ရှိကြောင်း ကချင် လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG က ထုတ်ပြန်ထားသည်။

ဆည်နှင့် ရေလှောင်ကန် တည်ဆောက်မှုကြောင့် ရေလွှမ်းမိုး နစ်မြုပ်ခံရမည့် နေရာ အကျယ်အဝန်းသည် စင်္ကာပူ နိုင်ငံထက် ကျယ်ပြီး စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရမှုက လူဦးရေ ၁၅,၀၀၀ ခန့်အထိ ထိခိုက် နစ်နာဖွယ် ရှိနေသည်ဟု ယင်းအဖွဲ့က ထောက်ပြထားသည်။

“အခုလက်ရှိတောင်မှ သောင် တအားထွန်းနေပြီ။ တကယ်လို့သာ အဓိက ရေဝင်နှုန်းဖြစ်တဲ့ မြစ်ဆုံကို ပိတ်လိုက်မယ် ဆိုရင် ဧရာဝတီက ဒီထက်မက ရေခန်း သွားတော့မယ်။” ဟု ဦးဆောင်ခဲ့သူ စင်္ကာပူနိုင်ငံရှိ လမ်းပြကြယ် စာကြည့်တိုက်မှ ကိုညီညီမျိုးက ပြောသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ပင်နင်ဆူလာပလာဇာနှင့် မြန်မာအများစုနေထိုင်သော ရပ်ကွက်များတွင် ဆည် တည်ဆောက် မှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ ဖော်ပြထားသည့် လက်ကမ်း စာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

"လူတိုင်းကို လိုက်စကားပြောပြီး ဝေတဲ့အခါကျတော့မှသာ လူတော်တော်များများဟာ 'သြော် ဒါမျိုးတွေ ဖြစ်နေလား၊ သြော် ဒါမျိုးတွေ ဖြစ်နိုင်လား' ဆိုပြီးတော့ တအံ့တသြနဲ့ အများကြီးတွေ့ရတယ်” ဟု ကိုညီညီမျိုးက ဆိုသည်။

စင်္ကာပူတွင် မြန်မာအလုပ်သမားပေါင်း တသိန်းခန့်ရှိကြောင်း ခန့်မှန်းထားကြစဉ် လက်ရှိအချိန် အထိ လက်မှတ် ၃ဝဝ ကျော်သာ ကောက်ခံ ရရှိသေးရာ လုံခြုံရေးကြောင့် နည်းပါးခြင်း ဖြစ်သည်ဟု ကင်ပိန်းလှုံ့ဆော်သူများက ထောက်ပြကြသည်။

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း အစပျိုးစဉ်ကပင် မြန်မာအစိုးရ အဆက်ဆက်သည် မိမိတို့၏ အကျိုး စီးပွားကို ကာကွယ် မြှင့်တင်ရန် ပျက်ကွက် ခဲ့သည်ဟူသော ကချင် အမျိုးသားတို့၏ ခံယူချက်များ ပိုမို နက်ရှိုင်းလာခဲ့ပါသည်” ဟု ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်မှတ်များကို စက်တင်ဘာလ ၁၇၊ ၁၈ ရက်များတွင် စင်္ကာပူရှိ မြန်မာသံရုံး အပါအဝင် တရုတ်သံရုံးသို့ ပေးပို့ သွားမည့် အပြင် ပြည်တွင်းရှိ လှုပ်ရှား နေသူများထံလည်း မိတ္တူများ ပေးပို့မည် ဖြစ်သည်။ စက်တင်ဘာလ ၅ ရက်နေ့ ကလည်း ကချင်ပြည်နယ် မိုးညှင်းမြို့တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆွေးနွေးပွဲတခုကို ဗေဒါ ကျောင်းဆင်း များဖြင့် ဖွဲ့စည်းထားသည့် မိုးညှင်းသားများ ကွန်ယက် အဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း ဗေဒါကျောင်းမှ ဆရာဦးမြင့်ဦးက ဆိုသည်။

ဆွေးနွေးပွဲတွင် မြစ်ဆုံ ရေကာတာ ဆိုးကျိုးများနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ ဗေဒါကျောင်း သင်တန်းမှ ကိုမျိုးရန်နောင်သိန်းက ဟောပြောခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ လူမှု အဖွဲ့အစည်းများမှ လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူး ပါသည့် ဂျာနယ်အရေးယူခံရ

Wednesday, 07 September 2011

စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် အင်တာဗျူးကို အချပ်ပို မျက်နှာဖုံးတွင် ဖော်ပြခဲ့သော Messenger သတင်း ဂျာနယ်အား နောက်ဆက်တွဲ အပိုစာမျက်နှာ တင်ပြခွင့် ပိတ်ပင်လိုက်ပြီး ပြည်တွင်းသတင်း ဂျာနယ်များ အားလုံးတွင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး ဖော်ပြခွင့် ပိတ်ပင် လိုက်ကြောင်း သတင်းရရှိသည်။

Messenger သတင်းဂျာနယ်သည် စက်တင်ဘာလ ၄ ရက်နေ့က ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးကို စိစစ် ဖြတ်တောက် ခံရပြီး ဖော်ပြခွင့် ရရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို စာပေစိစစ်ရေးက ခွင့်ပြုသည်ထက် ပိုမို ပုံကြီးချဲ့ ဖော်ပြခဲ့သောကြောင့် စာပေစိစစ်ရေးက ၎င်းဂျာနယ်ကို အရေးယူခြင်း ဖြစ်ကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအဝန်းမှ သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ပုံကြီးချဲ့တာရယ်၊ အချပ်ပို မျက်နှာဖုံးအဖြစ် လုပ်တယ်ဆိုတဲ့ ပြစ်ချက်ရယ်၊ အရင်က မလိုက်နာ ခဲ့တဲ့ ပြစ်ချက်ဟောင်း တွေရယ်ကို ပြန်ဖော်ပြီး ဂျာနယ်နောက်ဆက်တွဲ တင်ပြခွင့်ပိတ်လိုက်တာ။ နောက်ဆက်တွဲ တင်ခွင့်မရတဲ့ အတွက် နောက်ဆုံး သတင်းတွေ မတင်နိုင်တော့ဘူး” ဟု Messenger ဂျာနယ်မှ သတင်းထောက် တဦးက ပြောသည်။

Messenger ဂျာနယ်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး၏သား ဦးဇော်မင်းအေး ထုတ်ဝေနေသော အပတ်စဉ်ထုတ် ဂျာနယ်တစောင်ဖြစ်သည်။

သြဂုတ်လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူးခရီးစဉ်နှင့် ဓာတ်ပုံသတင်းများကို စာပေ စိစစ်ရေး၏ ခွင့်ပြုချက် မရှိဘဲ ဖော်ပြခဲ့သည့် Hot News ဂျာနယ်နှင့် Envoy ဂျာနယ်တို့ကို စာပေစိစစ်ရေးက နောက်ဆက်တွဲ တင်ပြခွင့် ပိတ်ပင် အရေးယူခဲ့သည်။

Messenger ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါရှိပြီးနောက် ရက်ပိုင်းအတွင်း ပြည်သူ့ခေတ် ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် ခရီးသွားဆောင်းပါး ဖော်ပြခဲ့သည်။ သို့ရာတွင် ပြည်သူ့ခေတ် ဂျာနယ်က ကြိုတင် ကြော်ငြာ ထားသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း အနားယူနေပုံကို မျက်နှာပြည့် မဖော်ပြ တော့ဘဲ စာပေ စိစစ်ရေးက သတ်မှတ်သည့် ပုံသေးဖြင့်သာ ဖော်ပြခဲ့သည်။

ယခုအခါတွင် စာပေစိစစ်ရေးက ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးကို ဖော်ပြရန် ကြိုးစားသည့် သတင်းဂျာနယ် အားလုံးကို ခွင့်မပြုတော့ကြောင်း ကြားသိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်တဲ့အချိန်မှာ ဂျာနယ်တွေအားလုံးက အင်တာဗျူးရတယ်။ Messenger ဂျာနယ်မှာ အင်တာဗျူး ပါတော့ ကျန်တဲ့ ဂျာနယ်တွေလည်း ရမယ်ထင်ပြီး စိစစ်ရေးတင်ကြတယ်။ ဒါပေမယ့် ဂျာနယ်တွေအားလုံး ဖော်ပြခွင့် မရတော့ ဘူး” ဟု စာပေ စိစစ်ရေးထံ ဂျာနယ်မူကြမ်းတင်ပြရန် သွားရောက်ရသည့် ထုတ်လုပ်ရေး တာဝန်ခံတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူးပါရှိသည့် Messenger ဂျာနယ်မှာ ရောင်းအား ထိုးတက်ခဲ့ပြီး ၎င်းကိုယ်တိုင် ရေးသားသည့် ဆောင်းပါး ပါရှိသော ပြည်သူ့ခေတ် ဂျာနယ်သည်လည်း ကြိုတင်မှာယူမှု များစွာ ရရှိခဲ့သည်။

ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးနှင့် ဆောင်းပါး ပြည်တွင်း သတင်းဂျာနယ် ၂ စောင်တွင် ရှေ့ဆင့် နောက်ဆင့် ဖော်ပြခွင့် ရခဲ့သည့် အတွက် မြန်မာ စာပေ လောကသား အများစုက စာပေ စိစစ်ရေးနှင့် လက်ရှိ အစိုးရအပေါ် အကောင်းမြင် ခဲ့ကြသည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထာဝရငြိမ်းချမ်းရေး အမြဲတမ်းကော်မတီတွင် ထည့်သွင်းရန် အရေးကိစ္စ အပါအ၀င် နိုင်ငံရေး နှင့်ပတ် သက်သော ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများကို ဂျာနယ်များ အားလုံးတွင် စာပေစိစစ်ရေးက လုံးဝ ဖော်ပြခွင့် မပြုဘဲ ပိတ်ပင်ထားသည်။

Ref: ဧရာဝတီ

Read More...

မောင်တောမှ တာလီဘန်အမှု စီရင်ချက်ချ

ခင်ဦးသာ
Wednesday, 07 September 2011

တာလီဘန်များနှင့် ဆက်နွယ်သူများဟု ယူဆရသူ ၁၂ ဦးအား ရခိုင်ပြည်နယ် မောင်တောခရိုင် တရားရုံးက အင်္ဂါနေ့တွင် ထောင်ဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။

ခေါင်းဆောင်ဟု ယူဆရသူ ဦးဇော်ဝင်းအား ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ပြီး ကျန်သူများအား ၅ နှစ်၊ ၃ နှစ် စသည့်ဖြင့် အသီးသီး ချမှတ်ကာ ဘူးသီးတောင် ထောင်သို့ ပို့ဆောင်ခဲ့သည်။

တရားစွဲ စစ်ဆေးစဉ်က ၁၉ ဦး ဖြစ်သော်လည်း ၇ ဦးကို ပြစ်မှု မထင်ရှားသည့်အတွက် တရားသေ လွှတ်ပေး လိုက်သည်ဟု ပြည်ပ အခြေစိုက် နိရဉ္စရာ အင်တာနက် စာမျက်နှာ၌ ရေးသား ထားသည်။

ယခုနှစ် မတ်လတွင် မောင်တောမြို့နယ် အခြေစိုက် နယ်စပ်ဒေသ ကွပ်ကွဲရေးဌာနချုပ် (နစက) က ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့၊ ခမောင်ဆိပ်ကျေးရွာအနီးတွင် ဖောက်ခွဲရေး သင်တန်းများပေးခဲ့သည်ဟု သင်္ကာမကင်း ဖြစ်ခံရသော ၎င်းတို့ထံမှ တာလီဘန် စစ်သွေးကြွးတို့၏ တံဆိပ်တုံးများ သိမ်းဆည်း ရမိသည်ဟု ကြားသိရကြောင်း ဒေသခံတချို့က ဧရာဝတီကို ပြောသည်။

နကစ အဖွဲ့က ၎င်းတို့အား မတရား အသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့ဖြင့် မောင်တော တရားရုံး၌ တရားစွဲ ခဲ့သည်။

တာလီဘန်သည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံမှ စတင် ပေါ်ပေါက်လာသော အကြမ်းဖက် အဖွဲ့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် တာလီဘန်တို့နှင့် ဆက်စပ်မှုသတင်းကို ယခင်က မကြားရဘဲ မောင်တောမြို့ ၁၂ ဦးအမှုမှာ တာလီဘန် တို့နှင့် ဆက်နွယ်သည့် ပထမဆုံး အမှု ဖြစ်လာသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ၌ အစ္စလမ်ဘာဝင် လူဦးရေ ၉၅ ရာခိုင်နှုန်းကျော် ရှိပြီး ရခိုင်၊ ဗမာ၊ မြို၊ ခမီ၊ ချင်း စသည့် တခြား ဘာသာဝင် တိုင်းရင်းသား လူမျိုးများမှာ လူဦးရေ ၅ ရာခိုင်နှုန်း ၀န်းကျင်သာ ရှိကြောင်း ဒေသခံ အဖွဲ့အစည်းများ၏ မှတ်တမ်းများအရ သိရသည်။

Ref: ဧရာဝတီ

Read More...

Wednesday, September 7, 2011

ဆရာအော်ပီကျယ်၏ ကာတွန်းလက်ရာ


Read More...

အမေရိကန် အထူးကိုယ်စားလှယ် မစ်ချဲလ် မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ် စတင်

ဒေါ်ခင်မျိုးသက်
အင်္ဂါ, 06 စက်တင်ဘာ 2011

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ဒီနေ့ ၀ါရှင်တန်ဒီစီ မြို့တော်ကနေ မြန်မာနိုင်ငံကို ထွက်ခွာမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ သူ့ရဲ့ခရီးစဉ် အတွင်းမှာ အမေရိကန် အထူး ကိုယ်စားလှယ်ဟာ မြန်မာအစိုးရ အရာရှိတွေ အပြင် နိုင်ငံရေးပါတီတွေ၊ လူမှု အသင်းအဖွဲ့တွေ အပါအ၀င် တခြား လူပုဂ္ဂိုလ်တွေ နဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူးအပြင် အထူး သံတမန် အဖြစ်နဲ့ ခန့်အပ်တာ ခံခဲ့ရတဲ့ မစ္စတာ ဒဲရက်ခ် မစ်ချဲလ်ဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စက်တင်ဘာလ ၇ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံကနေ ခရီးစတင် ထွက်ခွာမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ အရှေ့တောင် အာရှ ရေးရာဌာန ပြောခွင့်ရ မစ်စ် ကယ်လီ မက်ကဲလော့ဂ် (Kelly McKellogg) က ပြောပါတယ်။

“မစ္စတာ မစ်ချဲလ်ဟာ ဗုဒ္ဓဟူးနေ့မှာ သွားမှာပါ။ စက်တင်ဘာလ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေပါလိမ့်မယ်။ သူ ဘယ်သူတွေနဲ့ ဘယ်နေ့တွေမှာ တွေ့ဆုံမယ် ဆိုတာကို သေသေချာချာ မပြောနိုင်သေး ပေမဲ့ အဖွဲ့အစည်း အသီးသီးနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာ အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေအပြင် လူမှု လူ့အဖွဲ့အစည်း အသီးသီးနဲ့လည်း တွေ့ဆုံမှာပါ။”

မစ္စတာ မစ်ချဲလ်ဟာ အရင်က အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ အာရှ ပစိဖိတ်ရေးရာ အကြီးတန်း အရာရှိ တာဝန် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်ပြီး အခု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် အနေနဲ့ ပထမဆုံး မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ် အရေးယူနေတဲ့ အမေရိကန် အစိုးရက မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်လာဖို့ အပြင် မြန်မာလူထု ဖွံ့ဖြိုး တိုးတက်လာဖို့ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ဆောင်နေရာမှာ အခု မစ္စတာ မစ်ချဲလ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကနေ ပိုပြီး တိုးတက် အောင်မြင်စေဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

“သူ့ရဲ့ခရီးစဉ်အတွင်း အမေရိကန် အစိုးရနဲ့ မြန်မာ နှစ်နိုင်ငံကြား အချေအတင် ဆွေးနွေးမှုတွေကို အားဖြည့်ပေး ဖို့နဲ့ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ မြန်မာနိုင်ငံ သားတွေရဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မျှဝေ ထားရှိတဲ့ ဦးတည်ချက် ဖော်ဆောင်နိုင်ရေး အတွက်လည်း ရည်ရွယ်ပါတယ်။”

မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်နိုင်ငံ ဂျော့ခ်ျတောင်း (Georgetown) တက္ကသိုလ်က အာရှရေးရာ ဌာန အကြီးအကဲ ဒေးဗစ် စတိုင်းဘာ့ဂ် (David Steinberg) ကတော့ မစ္စတာ မစ်ချဲလ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ သိပ်ကို အရေးကြီးသလို အောင်မြင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။

“သူထမ်းဆောင်ရမယ့် တာဝန်က သိပ်ကို ခက်ခဲမယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်လာအောင် သူလုပ်ဆောင် နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့် ထားပါတယ်။ အခုလိုမျိုး အမေရိကန် နိုင်ငံရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာ နိုင်ငံကို ကိုယ်တိုင်သွားဖို့ ကိစ္စက သိပ်ကို အရေးကြီးသလိုပဲ သူ့အနေနဲ့လည်း ဒီတာဝန်ကို ယူနိုင်တဲ့သူပါ။”

မစ္စတာ မစ်ချဲလ်ဟာ သောကြာနဲ့ စနေနေ့မှာ နေပြည်တော်ကို သွားရောက်မှာဖြစ်ပြီး မြန်မာအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို စနေနေ့ကနေ စက်တင်ဘာလ ၁၄ ရက် ဗုဒ္ဓဟူးနေ့အထိ ရန်ကုန်မှာရှိမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ နိုင်ငံရေး ပါတီနဲ့ အဖွဲ့အစည်း အသီးသီးကို တွေ့ဆုံတဲ့အခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးဟာ မစ္စတာ မစ်ချဲလ် အတွက် အထူး အရေးပါတယ်လို့ ပါမောက္ခ စတိုင်းဘာ့ဂ်က သုံးသပ်ပါတယ်။

“သူနဲ့တွေ့ဆုံဖို့ ကိစ္စက အရေးကြီးပါတယ်။ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူထားမှုကို မြန်မာအစိုးရက ဖယ်ရှားချင် နေတဲ့ ကိစ္စ တခုလုံး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လုံးဝ အရေးပါ နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုံ့ပြန်ချက်က နေပြီးတော့ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေ အတွက် အမေရိကန်ဘက်က အပြောင်းအလဲတွေ ဖြစ်လာနိုင်တာမို့ပါ။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာက အလေးထားတဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်နေတာမို့ပါ။”

မစ္စတာ မစ်ချဲလ်ဟာ မြန်မာနိုင်ငံ ခရီးစဉ် အပြီးမှာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို သွားရောက်ဖို့ ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မစ်စ် မက်ကဲလော့ဂ်က ပြောပါတယ်။

“သူဟာ ဘန်ကောက်နဲ့ ဂျကာတာကိုလည်း သွားဖို့ ရှိပါတယ်။ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေက အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ တွေ့ဆုံမှာ ဖြစ်ပေမဲ့ အစီအစဉ် အသေးစိတ် ကိုတော့ အခုချိန်မှာ မသိရသေးပါဘူး။”

အင်ဒိုနီးရှားနိုင်ငံဟာ ဒီနှစ်အတွက် အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေး ကြိုးပမ်းနေမှု အတွက် မကြာခင်မှာ မြန်မာနိုင်ငံကို သွားရောက် လေ့လာဖို့အတွက် မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ကို ရရှိထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အခု အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက တာဝန် ရှိသူတွေနဲ့ မစ္စတာ မစ်ချဲလ် တွေ့ဆုံဖို့ ရှိတဲ့အပြင် မြန်မာနိုင်ငံရဲ့ အခြေအနေကို စိုးရိမ်မကင်း ဖြစ်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက တာဝန် ရှိသူတွေနဲ့လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။


Ref: VOA News

Read More...

ဓာတ်ငွေ့ပိုက် နဲ့ လူ့အခွင့်အရေး ဆက်စပ်နေ

2011-09-06

ကီလိုမီတာ ၂၈၀၀ ရှည်လျားတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံချက်ကြောင့် မြန်မာ နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတယ်လို့ ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှုအဖွဲ့က ဒီနေ့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ကျင်းပတဲ့ ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ရဲ့ Sold Out အားလုံးကို ရောင်းလိုက်ပြီ ဆိုတဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ အဲဒီလို ပြောကြား လိုက်တာပါ။

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံကို သွယ်တဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ပတ်သက်ပြီး တင်ပြတဲ့ ဒီ အစီရင် ခံစာအကြောင်း ရွှေသဘာဝ ဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ဝင် မဖြိုးဖြိုးက ပြောပြပါတယ်။

“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုတာ ဒေသခံ လူထုအတွက် ဘာအကျိုးအမြတ်မှ မရှိဘူးပေါ့နော်။ ဆိုးကျိုးတွေပဲ ခံစား နေရတာ ပေါ့နော်၊ အခုဆို ကျမတို့ ရခိုင်ပြည်နယ်မှာ ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက် ခံနေရတာတွေ၊ အတင်း အဓမ္မ လုပ်အားပေး စေခိုင်းတာတွေ၊ နောက် မိန်းကလေးတွေ ဆိုလည်း ဆိုးကျိုးတွေ ဖြစ်စေတာပေါ့နော်၊ လယ်ယာမြေ သိမ်းပိုက် ခံရတာတွေကို အဓိကထား ထုတ်ပြန် ထားပါတယ်”

တရုတ်နိုင်ငံရဲ့ ပိုက်လိုင်း စီမံချက်ကြောင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်လာခြင်း ဆိုတဲ့ ခေါင်းစဉ် တပ်ထားတဲ့ ဒီအစီရင်ခံစာမှာ ပိုက်လိုင်း တည်ဆောက် နေတာနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ မြေပုံတွေ ၊ အချက်အလက်တွေ၊ စီးပွားရေးအရ ဒေသခံတွေ နစ်နာဆုံးရှုံး ရတာတွေ၊ နေရပ် ရွှေ့ပြောင်း ခံရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက် ခံရတာတွေ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးရတာတွေ စတဲ့ အကြောင်း ချင်းရာတွေကို ကဏ္ဍ အလိုက် ဖော်ပြထားပါတယ်။

ရေနံနဲ့ သဘာဝ ပိုက်လိုင်း ဖြတ်သန်းတဲ့ ဒေသ အနီးတဝိုက်မှာ လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်လာ နိုင်တယ်လို့ အစီရင်ခံစာက ထောက်ပြပြီး လူ့အခွင့်အရေးကို အကာအကွယ် ပေးပြီး ကောင်းမွန်တဲ့ စံချိန်စံညွှန်းနဲ့ မညီတဲ့ ရင်းနှီး မြှုပ်နှံမှုမျိုး မဟုတ်ရင် ဒီ ရွှေသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံချက်ကို ရပ်ဆိုင်း သင့်တယ်လို့ အစီရင်ခံစာမှာ တိုက်တွန်းထား ပါတယ်။

Ref: RFA News

Read More...

ဂဒါဖီတပ်တွေ ကားတန်းရှည်နဲ့ Niger ကို ထွက်ပြေး

အင်္ဂါ, 06 စက်တင်ဘာ 2011

လစ်ဗျားနိုင်ငံ ခေါင်းဆောင်ဟောင်း မွမ်မာ ဂဒါဖီ (Moammar Gadhafi) ကို သစ္စာခံတဲ့ တပ်ဖွဲ့တွေကို သယ်ဆောင် လာတဲ့ မော်တော်ယာဉ် အနည်းဆုံး ၂၀၀ ပါဝင်တဲ့ မော်တော်ယာဉ်တန်းဟာ အိမ်နီးချင်း နိုင်ဂျာ (Niger) နိုင်ငံထဲကို ၀င်ရောက် သွားခဲ့ပါတယ်။

ဂဒါဖီကို ဆန့်ကျင်တဲ့ တပ်ဖွဲ့တွေကတော့ မစ္စတာ ဂဒါဖီရဲ့ နောက်ဆုံး ကျန်တဲ့ အမာခံ ဒေသတခုရဲ့ အပြင်မှာ ဆက်ပြီးတော့ လူစုဝေးနေ ကြတာပါ။

မစ္စတာ ဂဒါဖီ အစိုးရအဖွဲ့ထဲက ထိပ်တန်း စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် ၁၀ ဦးကျော်ကို တင်ဆောင်သွားတဲ့ စစ် မော်တော်ယာဉ် တွေဟာ တနင်္လာနေ့ ညပိုင်းမှာပဲ နိုင်ဂျာနိုင်ငံထဲကို ၀င်သွားပြီးတဲ့နောက် နီယာမေ (Niamey) မြို့တော်ဘက်ကို ဦးတည် သွားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အင်္ဂါနေ့ကပဲ အတည်ပြု ပြောသွားခဲ့ပါတယ်။

နိုင်ဂျာနိုင်ငံရဲ့ မြို့တော်က နိုင်ငံရဲ့ အနောက်တောင်ထောင့် ဘာကီနာဖာဆို နိုင်ငံဘက် အခြမ်းနားမှာ တည်ရှိတာ ဖြစ်ပြီး ဘာကီနာဖာဆိုက အရာရှိတွေကတော့ မစ္စတာ ဂဒါဖီကို ခိုလှုံခွင့် ပြုမယ်လို့ လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကမ်းလှမ်း ထားခဲ့တာပါ။

အဲဒီယာဉ်တန်းပေါ်မှာ မစ္စတာ ဂဒါဖီ ပါသွားတယ် လို့တော့ အမေရိကန် ပြည်ထောင်စုက မထင်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူလန် (Victoria Nuland) က ပြောပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံခြားရေး ၀န်ကြီးကလည်း မစ္စတာ ဂဒါဖီ အဲဒီယာဉ်တန်းပေါ်မှာ မပါကြောင်း ပြောသွား တယ်လို့ သတင်းဌာန တွေက ကိုးကား ဖော်ပြကြပါတယ်။

နိုင်ဂျာအစိုးရ အနေနဲ့ မစ္စတာ ဂဒါဖီ အစိုးရ အဆင့်မြင့် အဖွဲ့ဝင်တွေကို ထိန်းသိမ်းထားပြီး သူတို့နဲ့ ပါလာတဲ့ လစ်ဗျား ပြည်သူတွေ ပိုင်ဆိုင်တဲ့ ဘယ်ပစ္စည်းတွေကို မဆို သိမ်းဆည်း ထားဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက တိုက်တွန်း ထားပါတယ်။


Ref: VOA News

Read More...

လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြ

ကိုဝိုင်း
အင်္ဂါနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံ (၃) ရှိ Esquire ဖိနိပ်စက်ရုံမှ အလုပ်သမား များမှ အလုပ်မဆင်းဘဲ ဆန္ဒပြကာ လုပ်ခ တိုးတောင်းမှုတခု အင်္ဂါနေ့က ဖြစ်ပွားခဲ့သည်ဟု မျက်မြင် သက်သေများက ပြောသည်။

လုပ်ငန်းခွင် ပုံမှန်ဆင်းသူများအား ဆုကြေးအဖြစ်ပေးနေခဲ့သည့် ‘ရက်မှန်ကြေး’ ကို မပေးဘဲနေရာက အလုပ် သမားများက စက်ရုံဝင်း အပြင်ထွက်၍ လုပ်ငန်းခွင် မဆင်းဘဲ နေခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

ကိုရီးယားနိုင်ငံသားပိုင် ဖိနပ်စက်ရုံက သြဂုတ်လအတွက် လစာကို တနင်္လာနေ့တွင် ရှင်းပေးရာ၌ ရက်မှန်ကြေး ၃,ဝဝဝ ကျပ်ကို ထည့်သွင်း မပေးရာက အလုပ်သမား ၃ဝ၅ ဦးက အင်္ဂါနေ့ မနက် ရှစ်နာရီမှ စ၍ ခြောက်နာရီကြာ စက်ရုံတွင်း မဝင်ဘဲ နေကြသည်။

“အလုပ်သမားတွေ ရက်ပျက်လို့ မဟုတ်ဘူး။ အလုပ်ရှင်က သူအလုပ်ပါးတဲ့ အတွက် အလုပ်တရက် နားလိုက်တယ်။ အဲဒါကို အလုပ်သမားတွေ ဆီက ရက်မှန်ကြေး ဖြတ်လို့ အလုပ်သမား တွေက လက်မခံဘူး” ဟု အဖြစ်အပျက်ကို တွေ့ရှိသူက ပြောသည်။

လှိုင်သာယာမြို့နယ် အလုပ်သမားဥပဒေ စိစစ်ရေးဦးစီးဌာနမှ အရာရှိများ လာရောက်ညှိ နှိုင်းပေးပြီးနောက် အလုပ်ရှင်က အပိုကြေး ပြန်ပေးရန် သဘောတူခဲ့သဖြင့် ဆန္ဒပြမှု ရုပ်သိမ်းပြီး နေထိုင်ရာ အဆောင်များသို့ ပြန်သွားကြပြီ ဖြစ်သည်။ မနက်ဖြန်တွင် အလုပ် ပြန်ဆင်းကြမည်ဟု သိရသည်။

“သူတို့ လုပ်ခလစာကို တိုးပြီးတော့ တောင်းတာပါ” ဟု လှိုင်သာယာမြို့နယ် တာဝန်ကျ ရဲဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။ သို့သော် ဆန္ဒပြတာ မဟုတ်ပါဟု သူက ဆိုသည်။

အလုပ်သမားများ ကိုယ်စားလှယ် ၁၃ ဦးမှာမူ နောင်ဆန္ဒပြမှုများ မလုပ်ပါဟု အလုပ်သမာ ဦးစီးဌာန တာဝန် ရှိသူများထံ ဝန်ခံ လက်မှတ်ထိုး ပေးရသဖြင့် ခြိမ်းခြောက်မှု တခုဟု အလုပ်သမားများက မြင်နေကြသည်။

Ref: မဇ္ဈိမ

Read More...

တရုတ် မြန်မာပိုက်လိုင်း ဝေဖန်ခံရ

ဘစောတင်
Tuesday, 06 September 2011

တရုတ်မြန်မာ နှစ်နိုင်ငံ သွယ်တန်းမည့် ဂက်စ်ပိုက်လိုင်း တည်ဆောက်မှုကြောင့် မြန်မာနိုင်ငံအတွင်း လယ်မြေသိမ်းမှု၊ လုပ်အားပေး စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ် နေသည်ဟု ပိုက်လိုင်းစီမံကိန်းကို စောင့်ကြည့် လေ့လာနေသော ရွှေ သဘာဝ လှုပ်ရှားမှုအဖွဲ့က ယနေ့ ထောက်ပြလိုက်သည်။

ပိုက်လိုင်းစတင်ရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ကျေးရွာမှ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့အထိ ကြုံတွေ့နေရသော လူ့အခွင့်ရေး ချိုးဖောက်ခံနေရမှုများကို ထိုအဖွဲ့က ယနေ့ ထုတ်ပြန်သည့် "အကုန်ရောင်းတဲ့ မူဝါဒ" အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။

"ဒီဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ဒေသခံပြည်သူတွေ အတိဒုက္ခ အကြီးအကျယ် ရောက်ကြရတယ်။ ပြီးတော့ သဘာဝ ပတ်ဝန်းကျင်လည်း အကုန် ပျက်စီးရတယ်။ ရခိုင်ကထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို မြန်မာအာဏာပိုင်တွေက သူတို့ အကျိုးစီးပွား အတွက် နိုင်ငံခြားကို ၀ကွက် ရောင်းချထားတယ်။ ဒီကရလာတဲ့ ငွေတွေကို ပြည်သူအတွက် သုံးတာလည်း မဟုတ်ဘူး" ဟု ရွှေ သဘာဝ လှုပ်ရှားမှုအဖွဲ့မှ ကိုဝင်းအောင်က ပြောသည်။

ကီလိုမီတာ ၈၀၀ ၀န်းကျင် ရှည်လျားသော ဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာပြည်ကို ခါးလယ်မှ ဖြတ်ကာ အနောက်မှ အရှေ့သို့ ဖြတ်သန်းပြီး ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့၊ အရှေ့အလယ်ပိုင်းမှ လာသော ရေနံတို့ကို ထိုပိုက်လိုင်းမှ တဆင့် တရုတ်ပြည်အထိ ပို့ဆောင်မည်ဖြစ်သည်။

ပိုက်လိုင်းကြောင့် ဒေသခံတို့ မြေယာမဲ့ ဖြစ်သွားကြသည်ဟု အစီရင်ခံ တင်သွင်း ရာတွင် ပူးတွဲပါဝင် ရှင်းလင်း ပြောဆိုသူ ပလောင် အမျိုးသမီး အဖွဲ့မှ အကြံပေးပုဂ္ဂိုလ် မလွယ်အေးနန်းက ပြောသည်။

"ဒီပိုက်လိုင်းကြီးက ကျမတို့ ပလောင်ဒေသကို ဖြတ်တဲ့အခါ မြေတွေ၊ ယာတွေကို အတင်းပဲ မတရား သိမ်းယူ ကြတယ်လေ။ ၅ သိန်းလောက် တန်တဲ့ မြေကို တသိန်းတောင် ပေးချင်မှပေးတာ။ မပေးဘဲ အလကား ယူတာလည်း ရှိတာပဲ။ အခု ပိုက်လိုင်းကြောင့် မြေမဲ့ ယာမဲ့ဖြစ်ကုန်ပြီ" ဟု မလွယ်အေးနန်းက ဆိုသည်။

ပိုက်လိုင်းသွားရာ လမ်းတလျှောက် လုံခြုံရေးယူရန် ချထားသော တပ်ရင်း ၃၃ ရင်းမှ စစ်သားများက ဒေသခံတို့ကို နည်းမျိုးစုံဖြင့် အနိုင်ကျင့် နေကြောင်း သူက ရှင်းပြသည်။

"စစ်သားတွေလာပြီ ဆိုရင် သူတို့မှာ ရိက္ခာအပြည့်အစုံနဲ့ လာကြတာမဟုတ်ဘူး။ ဒါကြောင့် ဒေသခံတွေက သူတို့ ၀န်ထုပ် ၀န်ပိုး တွေကိုပါ ထပ်ထမ်း ကြရတယ်။ ဒီပိုက်လိုင်းကြောင့် ကျမတို့ ပလောင်တွေလည်း အရမ်းကို ဘ၀ ခက်ခဲ နေကြရပြီ" ဟု မလွယ်အေးနန်းက ဆိုသည်။

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း၊ မြန်မာနှင့် ကိုးရီးယား ကုမ္ပဏီများသည် စီမံကိန်းကို လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများတွင် အရှိန်အဟုန် တိုးမြှင့် လုပ်ဆောင်လျက်ရှိသည်။

"စစ်အစိုးရဟာ တိုင်းပြည်ရဲ့ သယံဇာတတွေကို စိတ်ကြိုက် ရောင်းချဖို့အတွက် သယံဇာတ ပေါကြွယ်တဲ့ ကချင်ပြည်နယ် ရှမ်းပြည်နယ် ဘက်က လက်နက်ကိုင် တော်လှန်ရေးသမားတွေကို ရှင်းလင်းဖို့ ကြိုးစားနေတယ်။ ဒါကြောင့် ဒီနှစ်အတွင်းမှာပဲ တိုက်ပွဲကြီးတွေ ခဏခဏဖြစ်လို့ ပြည်သူ ၅၀၀၀၀ ကျော်လောက် နေရပ်ရင်းကို စွန့်ခွာပြီး ဘေးလွတ်ရာ ပြေးနေကြရတယ်" ဟု ကိုဝင်းအောင်က ဆိုသည်။

Ref: ဧရာဝတီ

Read More...

ငြိမ်းချမ်းရေး ကော်မတီတွင် ဒေါ်စုပါမည်ကို ကြံ့ခိုင်ရေးအမတ် မလိုလား

မျိုးသန့်
အင်္ဂါနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကော်မတီဝင် အဖြစ် ထည့်သွင်းရန် အကြံပြုမှုကို ဗိုလ်မှူးကြီးဟောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ် ဦးလှဆွေမှ လိုလားမှု မရှိဟု အင်္ဂါနေ့ အထက်လွှတ်တော် ဆွေးနွေးမှုတွင် ထည့်သွင်း ပြောကြား သွားကြောင်း လွတ်တော် အမတ်များက ပြောသည်။

မကွေးတိုင်း မဲဆန္ဒနယ် အမှတ် (၁၂) မှ အမျိုးသား လွှတ်တော် အမတ် ဦးလှဆွေက Myanmar ကို Burma ဟု ခေါ်ဆိုသူ ငြိမ်းချမ်းရေး ကော်မတီတွင် ပါဝင်ပါက မိမိအနေနှင့် သံသယ ဖြစ်မိကြောင်း လွှတ်တော် ဆွေးနွေးပွဲ တွင် ပြောသွားသည်ဟု ဆိုသည်။ ဦးလှဆွေက အမည်တပ် ပြောဆိုသွားခြင်း မရှိသော်လည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု အမတ်အားလုံးက ယုံကြည် ကြသည်။

လွန်ခဲ့သည့် သြဂုတ်လ ၃၁ရက်နေ့က ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉မှ ကြံ့ဖွံ့အမတ် ဦးထွန်းလွင်က “မြန်မာနိုင်ငံ အတွင်း ထာဝရ ငြိမ်းချမ်းပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက် ထိန်းသိမ်းရေး အတွက် အမြဲတမ်း ကော်မတီ ဖွဲ့စည်းရေး” အဆိုကို အထက် လွှတ်တော်တွင် တင်သွင်းခဲ့ရာ ယင်းအဆိုကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၃ ဒေါက်တာ အေးမောင်က ဖြည့်စွက် ဆွေးနွေးရာ ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းသင့်ကြောင်း ဆွေးနွေးခဲ့သည်။

Burma ဟူသည့် အသုံးအနှုန်းကို ၁၉၈၉ ခုနှစ်တွင် Myanmar ဟု အာဏာသိမ်း စစ်အစိုးရက ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ ယင်းသို့ ပြောင်းလဲ ခေါ်ဝေါ်စေမှုသည် ပြည်သူလူထု၏ ဆန္ဒ မပါခြင်းကြောင့် မိမိအနေဖြင့် Burma ဟုသာ ခေါ်ဆိုမည် ဖြစ်ကြောင်း လွတ်လပ်သည့် အာရှအသံ (မြန်မာပိုင်း) ၏ ယခုနှစ် မေလအတွင်းက ထုတ်လွှင့်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုဖူးသည်။

ဦးလှဆွေက တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် ပတ်သက်ပြီး ပြောကြားရာတွင်လည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မအောင်မြင် ရခြင်းမှာ အစိုးရမှ “အခွင့်ထူး” များ မပေးနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ပြောသွားခဲ့ သည်ဟု ဆိုသည်။

ယင်းအပြင် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များကိုလည်း နောက်ကွယ်တွင် ပံ့ပိုးပေးသူများ ရှိနေကြောင်းလည်း စွပ်စွဲ ပြောဆို သွားသည်ဟု အမျိုးသား လွှတ်တော် အမတ်တဦးက မဇ္ဈိမကို ပြန်လည် ပြောပြခဲ့သည်။

Ref: မဇ္ဈိမ

Read More...

သွေးခွဲရန် အစိုးရကြိုးပမ်းဟု ပဒိုမန်းရှာ သားသမီးများပြော

အေးလဲ့
အင်္ဂါနေ့၊ စက်တင်ဘာလ ၀၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာ လုပ်ကြံ ခံရမှုတွင် ကေအန်ယူ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏သား နာဒါးမြ ပါဝင် ဆက်နွယ်သည် ဆိုသော အထောက်အထား မရှိကြောင်းနှင့် ကရင်အမျိုးသား အချင်းချင်း သွေးခွဲရန် မြန်မာ အစိုးရမှ ကောလဟလ ဖြန့်မှုဟု ပဒိုမန်းရှာ၏ သားသမီးများက ပြောဆို လိုက်ကြသည်။

သြဂုတ်လ ၃ဝ ရက်နေ့က ဝီကီလိခ် အင်တာနက် စာမျက်နှာများတွင် ပေါက်ကြား လာသည့် ရန်ကုန် အခြေစိုက် အမေရိကန် နိုင်ငံခြားရေး ရုံးမှ ပေးပို့သည်ဟု ယူဆရသည့် လျှို့ဝှက်ကြေးနန်း စာတစောင်တွင် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ပဒို မန်းရှာလားဖန်း လုပ်ကြံ မခံရမီ ရက်အနည်းငယ် အတွင်း နာဒါးမြက အမည် မဖော်လိုသူ DKBA အရာရှိ တဦးထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သည်ဟု မြန်မာ စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) အရာရှိ တဦး၏ ပြောဆိုချက်အရ ဒေါက်တာ ဆိုင်မွန်သာက ပြန်လည် ပြောပြသည်ဟု ပါရှိသည်။

စောဆေးဆေးဖန်း၊ နန့်ဘွယ်ဘွယ်ဖန်း၊ နန့်ဇိုရာဖန်းနှင့် စောစလုံးဖန်းတို့ ပူးပေါင်း ထုတ်ပြန်ချက် ထဲတွင် “အာဏာရှင်ဟာ ကျနော်၊ ကျမတို့ လူထုကို သွေးခွဲဖို့ အမြဲတမ်း ကြိုးစားနေတယ်။ ဒီလို (သွေးခွဲဖို့) အတွက် ကျနော်၊ ကျမတို့ အချင်းချင်း အကြား ယုံကြည်မှု ပျက်ပြားအောင် ကြိုးစားတာ အပြင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ခဲ့ပြီးလည်း ဖြစ်တယ်။”ဟု ပါရှိသည်။

ထို့အပြင် လက်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ် KNLA တပ်မှ ဗိုလ်မှူးကြီး နာဒါးမြ ပါဝင် ပတ်သက်သည့် အထောက်အထား မရှိကြောင်းနှင့် “အထောက်အထား မရှိဘဲ အတင်းအဖျင်းတွေ ကောလ ဟလတွေ ဖြန့်ချိရင် အာဏာရှင်ကိုပဲ အမြတ် ထွက်စေ ပါလိမ့်မယ်။ အတင်းအဖျင်းတွေ ကောလ ဟလတွေအပေါ် အာရုံမထားဖို့ ကျမတို့ ပြောချင်ပါတယ်။ ကျမတို့ အချင်းချင်း အကြား စိတ်ဝမ်းကွဲပြားမှု မဖြစ်အောင်ပါ” ဟု အသိပေးလိုက်သည်။

ပဒိုမန်းရှာသည် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေအိမ်တွင် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သေနတ်သမား နှစ်ဦး၏ လုပ်ကြံ သတ်ဖြတ်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။

သူ အသက်ရှင်စဉ်က KNU နှင့် အစိုးရကြား ဆွေးနွေးရာတွင် ကေအန်ယူဘက်မှ ချမှတ် ထားသည့်မူနှင့် ပတ်သက်ပြီး အလျော့ ပေးလေ့ မရှိခဲ့ပေ။ မကွယ်လွန်ခင် နှစ်ရက် အလိုက “တိုင်းပြည် ပြိုကွဲစေမယ့် အကြောင်းတရားက အာဏာရှင် စနစ်ပဲ။ အာဏာရှင်စနစ်က ဒီနေ့ ပြုတ်ရင် တိုင်းပြည်က ဒီနေ့ စည်းလုံး သွားမှာပဲ၊ ဒါကို ကျနော်တို့ ယုံကြည်တယ်။” ဟု ပြောခဲ့ဖူးသည်။

အမေရိကန်သံရုံး ကြေးနန်းစာတွင် ကိုးကားဖော်ပြထားသည့် ဒေါက်တာ ဆိုင်မွန်သာမှာ ကရင်လူမျိုးတဦး ဖြစ်ပြီး ဗိုလ်ချုပ်ကြီးမြ လက်ထက်က မြန်မာ အစိုးရနှင့် ဆွေးနွေးပွဲ ဖြစ်အောင် ကြားဝင် စေ့စပ်ပေးသူများ အထဲမှ တဦးဖြစ်သည်။

သူသည် ဦးနှောက်နှင့် အာရုံကြော အထူးကု ခွဲစိတ် ဆရာဝန်ကြီး တဦးဖြစ်ကာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် တွင် ‘ကွယ်ကဘော်’ ဆေးရုံ ဖွင့်လှစ် ထားသူလည်းဖြစ်ရာ မြို့နေ ကရင်လူထု အသိုင်းအဝိုင်းအကြား ထင်ရှားသည့် ပုဂ္ဂိုလ်တဦး ဖြစ်သည်။

ပဒိုမန်းရှာ လုပ်ကြံခံရမှုတွင် မြန်မာအစိုးရ၏ ပါဝင်ပတ်သက်မူ ရှိမည်ဟု ယုံကြည်သူ အချို့ရှိကြောင်း၊ သို့သော် မည်သူမည်ဝါ လက်ချက် ဆိုသည်ကို မသိရှိနိုင်ကြောင်းလည်း အမေရိကန် သံရုံးက ပေးပို့ခဲ့သည်ဟု ဝီကီလိခ် ပေါက်ကြား ကြေးနန်းတွင် ပါရှိသည်။

ထို့အပြင် လုပ်ကြံသတ်ဖြတ်မှု အပြီး နာရီပိုင်း အတွင်း ဗိုလ်မှူးချစ်သူ၏ DKBA ၉၉၉ တပ်ရင်းမှ သုံးယောက်သည် အနက်ရောင် ပစ်ကပ်ကားကို ပစ်ထားခဲ့ပြီး ကရင်ပြည်နယ် တွင်းရှိ ၉၉၉ ထိန်းချုပ်ရာ နယ်မြေထဲသို့ ပြန်လည် ဝင်ရောက် လာခဲ့သည် ဆိုသော အပြောများကို ဒေါက်တာ ဆိုင်မွန်သာက ကြားသိ ခဲ့ရကြောင်း ကြေးနန်းတွင် ဖော်ပြ ထားသည်။ သို့သော်ငြားလည်း မျက်မြင် သက်သေများ ကိုယ်တိုင် ပြောခြင်း မဟုတ်ဘဲ တဆင့်စကားများ ဖြစ်ကြောင်း မီးမောင်း ထိုးပြထားသည်။

ဝီကီလိခ် ပေါက်ကြားမှုများတွင် ယခင်ကလည်း မြန်မာနိုင်ငံ အကြောင်းများ ပါရှိခဲ့သော်လည်း ပြီးခဲ့သည့် သောကြာနေ့က ထွက်ပေါ် လာသည့် ကြေးနန်းများတွင် မြန်မာနိုင်ငံ အကြောင်း ရေးသားထားသည့် ကြေးနန်းများ ရာနှင်ချီ ပါရှိသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကြေးနန်း စုစုပေါင်း ၃,၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ကချင်ခေါင်းဆောင်သတင်း KIA ငြင်းဆို

သန်းထိုက်ဦး Tuesday, 06 September 2011 18:39
E-mail Print
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ အစည်းအဝေး တခုအတွင်း ခေါင်းဆောင်များ အငြင်းပွားကြပြီး ပစ်ခတ်မှု ဖြစ်ပွား ခဲ့သည်ဟု အစိုးရ မီဒီယာများတွင် ဖော်ပြထားခြင်းမှာ လုပ်ကြံ ၀ါဒဖြန့်မှုသာ ဖြစ်သည်ဟု KIA က ယနေ့ ပြောဆို လိုက်သည်။

စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ အစည်းအဝေးတွင် ငြိမ်းချမ်းရေး လိုလားသူများ နှင့် စစ်လိုလားသူ KIA ခေါင်းဆောင်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ တဦး သေဆုံးပြီး ခေါင်းဆောင် တဦး ဒဏ်ရာ ရရှိသွားကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

“သူတို့ ရေးထားတဲ့ဟာ တချက်မှ မှန်ကန်တာ မပါဘူးခင်ဗျာ။ လုံးဝ ကျနော် အာမခံပြီး ပြောပါတယ်” ဟု KIA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေး အဖွဲ့၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။

“အစိုးရက အဲဒီလို ရေးလိုက်တဲ့ အတွက်ကြောင့်မို့ သူတို့ရဲ့ မူဝါဒက မိုးလုံးပြည့် မုသာဝါဒ ဆိုတာကတော့ လုံးဝ ထင်ရှားသွားပြီ” ဟု ဦးလနန်က ဆက်ပြောသည်။

မကြားသေးခင် ရက်ပိုင်းကလည်း အစိုးရအာဏာပိုင်များဟု ယူဆရသူတို့က သတင်းစာပါ အချက် အလက်များကို မြစ်ကြီးနား၊ ဗန်းမော်မြို့များတွင် ဖြန့်ဝေ ခဲ့ပြီး ဖြစ်သည်ဟု ဦးလနန်က ရှင်းပြသည်။

“မြို့ပေါ်က ကချင် လူထုတွေကလည်း ယုံပြီးတော့ ဖုန်းနဲ့ လှမ်းမေးတာတွေ အများကြီး ရှိတယ်၊ ကျနော်တို့ ကလည်း ထိုင်ပြီး တော့ ဖြေရှင်း နေရတာလည်း အလုပ်တခု။ အဲဒါ ကျနော်တို့ ဘက်မှာ အဲဒီကိစ္စတွေကို ဒိုင်ခံ ဖြေရှင်းဖို့ အလုပ်ပေးတဲ့ သဘောလည်း ဖြစ်နိုင်တယ်” ဟု သူက ဆိုသည်။

ယခုလ ၁ ရက်နေ့ အစည်းအဝေးတက်သူများထဲတွင် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ပါဝင်သည်ဟု သတင်းစာတွင် ရေးထားသည်။

သို့သော်လည်း ထိုနေ့က ဒုတိယ စစ်ဦးစီးချုပ် ခရီးထွက်နေသည်ဟု KIA တပ်မဟာ ၄ တာ ၀န်ခံ ဗိုလ်မှူးကြီး ဇော်ရောက ပြောသည်။

ပြီးခဲ့သည့် တပတ် သောကြာနေ့ကလည်း KIA က ကချင်ပြည်နယ်တွင် တပ်သားသစ် အတင်း အဓမ္မ စုဆောင်း နေကြောင်း အစိုးရ သတင်းစာတွင် ရေးသား ခဲ့သေးသည်။

Ref: ဧရာဝတီ

Read More...

မြန်မာပြည်ပြန်သူ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးစစ်ဆေး

ရန်ပိုင်
Tuesday, 06 September 2011

လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာနမှ အကြီးတန်း သတင်းထောက် ဦးစိန်ကျော်လှိုင်သည် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးခံရပြီး ယခုအခါ အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေး ခံနေရသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

သမ္မတဦးသိန်စိန်၏ ပြည်ပရောက်ရှိနေသူများ ပြန်လာနိုင်ကြောင်း ပြောဆိုပြီးနောက် ဦးစိန်ကျော်လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လ နှောင်းပိုင်းက မြန်မာ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိ တချို့ဖြင့် ညှိနှိုင်းကာ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်သွားရာမှ ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း ဦးစိန်ကျော်လှိုင်၏ မိတ်ဆွေ တဦးက ဧရာဝတီသို့ ပြောသည်။

“မြန်မာပြည်ပြန်မယ်ဆိုပြီး မဲဆောက်ကို အရင်ဆင်းတယ်။ စရဖ (စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့) တချို့နဲ့ ညှိပြီး အခြေအနေ ကောင်းတယ်ဆိုပြီး လေယာဉ်နဲ့ ပြန်တာ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်လေဆိပ်တွင် ခေတ္တမေးမြန်းရန်ဟုဆိုကာ ခေါ်ယူထားပြီးနောက် မရမ်းကုန်းမြို့နယ် မြန်မာနိုင်ငံ အထူး သတင်းရဲ တပ်ဖွဲ့၏ အောင်သပြေ စစ်ကြောရေး စခန်းတွင် ထိန်းသိမ်း ထားကြောင်း ၎င်းက ဆက်လက် ပြောသည်။

ဦးစိန်ကျော်လှိုင်သည် ၀ါရင့်စာနယ်ဇင်းသမားတဦးဖြစ်ပြီး BBC အသံလွှင်ဌာနတွင်လည်း စီးပွားရေး ဆိုင်ရာ သတင်းထောက် အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုနောက် RFA သတင်းဌာနသို့ ပြောင်းရွှေခဲ့သည်။

ဦးစိန်ကျော်လှိုင်သည် ယခင် ခေတ်ပြိုင်ဂျာနယ်၏ အယ်ဒီတာချုပ် အဖြစ်လည်း တာဝန် ယူခဲ့ပြီး ယခုလက်ရှိ RFA သတင်း ဌာနတွင် မြန်မာ စီးပွားရေးနှင့် ပတ်သက်သည့် သုံးသပ်ချက်များကို ရေးသား ထုတ်လွှင့်နေသူဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြစ်မှု တစ်စုံတရာ ကျူးလွန်မှု မရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည် ဖြစ်ကြောင်း၊ ပြစ်မှု ကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်သည့် ပြစ်ဒဏ် ခံယူမည်ဆိုလျှင် သဘောထား ကြီးစွာဖြင့် စဉ်းစား ပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည် စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးမှ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။

ထို့နောက် ဆက်တိုက်ဆိုသကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။

ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးကမူ “သမ္မတက ခေါ်တာလည်း အမှန်တကယ်ပဲ။ ဒါပေမယ့် ဥပဒေတွေ ကလည်း အရင် အတိုင်း မပြောင်းလဲ သေးတာလည်း အမှန်ပဲ။ နောက်ဆက်တွဲ ပြည်ပ ရောက်တွေ ပြန်လာဖို့ ဥပဒေတွေလည်း မထုတ်တော့ဘူး” ဟု သုံးသပ်ပြောဆိုသည်။

Ref: ဧရာဝတီ

Read More...

Tuesday, September 6, 2011

နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အိန္ဒိယ လွှတ်တော်အမတ် ၁၀၀ သမ္မတ ဦးသိန်းစိန်ကို တောင်းဆို

ဒေါ်ခင်မျိုးသက်
တနင်္လာ, 05 စက်တင်ဘာ 2011

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ချက်ချင်း လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ဆီကို အိန္ဒိယ လွှတ်တော်အမတ် ၁၀၀ ကျော် လက်မှတ်ရေးထိုး တောင်းဆို လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ တကယ် လုပ်ချင်တဲ့ဆန္ဒ ရှိမယ်ဆိုရင် အတိုက်အခံတွေရဲ့ အသံတခု ဖြစ်လာတာက လွဲလို့ နိုင်ငံအတွက် ဘာအန္တရာယ်မှ မရှိတဲ့ ဒီ နိုင်ငံရေး အကျဉ်းသား တွေကို မြန်မာ အစိုးရသစ်က ပြန်ပြီး လွှတ်ပေးဖို့ အိန္ဒိယ လွှတ်တော် အမတ်တွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အခုထိ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ရှိနေပြီး သူတို့ကို ထိန်းသိမ်းထားတဲ့ ထောင်တွေဟာ မနှစ်မြို့ဖွယ် ရှိရုံမက လူမဆန်တဲ့ အနေအထားမျိုးနဲ့ ထားတာ တွေ့ရသလို တချို့ဟာ ထောင်ဒဏ် ၆၅ နှစ်လို နှစ်ရှည် ထောင်ဒဏ်တွေ အချခံ နေရတာမို့ အသက်ရှင်လျက်နဲ့ လွတ်လမ်း မမြင်တဲ့ အနေအထားမျိုးမှာ ရှိနေတဲ့အတွက် ဒီနိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ ချက်ချင်း ပြန်ပြီး လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ကို မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အိန္ဒိယ လွှတ်တော်အမတ်များ အဖွဲ့ IPFDB က တောင်းဆို လိုက်တယ်လို့ အဖွဲ့ ညှိနှိုင်းရေးမှူး ဒေါ်သင်းသင်းအောင်က ပြောပါတယ်။

“ဦးသိန်းစိန်ဆီ ပို့မယ့်စာကို အမတ်ပေါင်း ၁၀၀ ကျော်က လက်မှတ် ရေးထိုးထားတာ ဖြစ်တယ်။ အဲဒီထဲမှာ ထင်ရှားတဲ့ အမတ်တွေ ဆိုရင် မစ္စတာ ရမ်း ဂျက်သ်မလာနီ (Ram Jethmalani)၊ ဒေါက်တာ ချန်ဒန်း မစ်ထရာ (Dr. Chandan Mitra) တို့၊ မစ်စ် ဆူပရီယာ ဆူလေး (Supriya Sule) တို့ နိုင်ငံရေးပါတီ အသီးသီးပါပဲ၊ ကွန်ဂရက်လည်း ပါတယ်၊ BJP လည်း ပါတယ်၊ အဓိက ပါတီလေးတွေက တောင်းဆိုထားတာ ဖြစ်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားရာက ပြန်ပြီး လွှတ်ပေးခဲ့တဲ့အတွက် ကြိုဆိုပေမဲ့ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ပြန်ပြီး လွှတ်ပေးရုံနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင် ကူးပြောင်းပြီလို့ မပြောနိုင်ဘူးလို့ မြန်မာ့အရေး လှုပ်ရှားတဲ့ အိန္ဒိယ ပါလီမန် အမတ် ရမ်း ဂျက်သ်မလာနီက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေရေးဆိုင်ရာ ပြုပြင် ပြောင်းလဲရေးတွေကို မြန်မာ အစိုးရက တကယ် လုပ်ဆောင်ချင်တဲ့ ဆန္ဒ ရှိတယ်ဆိုရင် အတိုက်အခံတွေရဲ့ အသံတခု ဖြစ်လာတာက လွဲလို့ နိုင်ငံအတွက် ဘာမှ အန္တရာယ် မရှိတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို မြန်မာအစိုးရသစ်က ပြန်ပြီး လွှတ်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ကို နယူးဒေလီမှာ ကျင်းပတုန်းက ပေးပို့တဲ့ ဗွီဒီယို သ၀ဏ်လွှာထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် တောင်းဆိုထားတာမို့ ဒါကို ထောက်ခံကြောင်းလည်း ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်ပြည့် မွေးနေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို မက်ဆေ့ခ်ျတခု ပို့ပေးတာ ရှိတယ်။ အဲဒီ ဗွီဒီယို မက်ဆေ့ခ်ျထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကျမကို သတိရတာ ၀မ်းသာတယ်ပေါ့၊ ဒါပေမဲ့ ကျမကိုတင် မဟုတ်ဘဲ ကျမ ပြည်သူတွေ၊ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားတွေကို သတိရပေးပါ၊ အဲဒီအကျဉ်းသား ၂,၀၀၀ လည်း ရှိသေးတယ်။ သူတို့ လွတ်မြောက်ရေး အတွက်လည်း ကျမတို့ အိန္ဒိယ မိတ်ဆွေတွေက ကူညီကြပါ ဆိုတာကို သူက ပြောခဲ့တယ်။

“အဲဒီကနေစပြီး ကျမတို့ ဒီမှာရှိတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားတဲ့ သူတွေက ပါတီက ခေါင်းဆောင်တွေ၊ အမတ်တွေ ဆီက လက်မှတ် ကောက်ပြီး မနက်ဖြန်ကျရင် Press Conference နဲ့ အမတ်တွေရဲ့ Signature ၁၀၀ ကျော်ကို ထုတ်ပြန်မယ်။”

အိန္ဒိယ လွှတ်တော်အမတ် ၁၀၀ ကျော်ဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ မြင်ရဖို့ မျှော်လင့်ထား သလို ပြောင်းလဲမှု အတွက် လုပ်ဆောင်မယ့် ပထမခြေလှမ်း အနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့တာဖြစ်ပြီး အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာ အိန္ဒိယနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကတဆင့် စုဆောင်းထားတဲ့ အိန္ဒိယ လွှတ်တော်အမတ်တွေရဲ့ လက်မှတ်တွေကို သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့မယ့် အစီအစဉ် ရှိတယ်လို့လည်း ဒေါ်သင်းသင်းအောင်က ပြောပါတယ်။

Ref: VOA News

Read More...

နေပြည်တော်က ရွာနာမည်တွေ လွှတ်တော်မှာပြောင်း

မျိုးသန့်
တနင်္လာနေ့၊ စက်တင်ဘာလ ၀၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ နေပြည်တော်ခရိုင်အတွင်းရှိ နာမည်ဆိုး ကျေးရွာနှစ်ရွာကို ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်မှ တနင်္လာနေ့ လွှတ်တော်တွင် ဖတ်ကြား တင်ပြပြီး နာမည် ပြောင်းလိုက်သည်ဟု လွှတ်တော် အမတ်များက ပြောသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ မီးလောင်ကုန်းရွာကို ရွှေပြည်အေးရွာ ဟူ၍လည်းကောင်း အောင်ကလိန် ရွာကို အေးချမ်းသာရွာ ဟူ၍ လည်းကောင်း အမည် ပြောင်းလိုက်ခြင်းဖြစ်သည်။

တနင်္လာနေ့က လွှတ်တော်နှစ်ရပ်ပေါင်း ဆွေးနွေးပွဲလည်းကျင်းပသလို သီးခြားစီခွဲပြီးလည်း ဆွေးနွေး ခဲ့ကြသည်။ ဥပဒေ မူကြမ်းများ အတည်ပြုခြင်း၊ မြို့ရွာများ ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အမည် ပြောင်းလဲခြင်း၊ ဝန်ကြီးဌာန အမည် ပြောင်းခြင်းတို့ကို ပြည်ထောင်စု လွှတ်တော်တွင် ပြုလုပ်ရာ မမျှော်လင့်ဘဲနှင့် အချိန်စောပြီး သဖြင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ကိုပါ ခွဲဆွေးနွေးခဲ့သည်။

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် အတွင်းတွင် ရွာတရွာ၊ ကျောက်ဆည်ခရိုင် မြစ်သာမြို့နယ်တွင် ကျေးရွာ ငါးရွာ၊ ပျော်ဘွယ်မြို့နယ်တွင် ရွာနှစ်ရွာ တို့ကို တိုးချဲ့ ဖွဲ့စည်းမှုလည်း ပြုလုပ်ခဲ့သည်။

ယင်းအပြင် ရှမ်းပြည်နယ်၊ ကလောမြို့နယ် အတွင်းရှိ အောင်ပန်းမြို့ကို မြို့နယ်အဖြစ် သတ်မှတ် လိုက်ပြီး တောင်ကြီးခရိုင် ဟိုပုန်းမြို့နယ်သည် ယခင်က ရွာပေါင်း ၃၄၆ ရွာရှိရာမှ ၅၄ ရွာကို စာရင်းမှ ပယ်ဖျက်လိုက်ရာ ၂၉၂ ရွာသာ ကျန်ရစ်သည်။

မောက်မယ်မြို့ကို ယခင်က ကျေးရွာ ၂၀၂ ရွာဖြင့် ဖွဲ့စည်းထားသော်လည်း ပြင်ဆင် ဖွဲ့စည်းမှုအရ ယခုအခါ ၁ဝ၃ ရွာ သာ ကျန်ရစ်သည်။

စစ်ကိုင်းတိုင်း၊ ပဲခူး၊ မွန်၊ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအချို့ကို ပြင်ဆင် ဖွဲ့စည်းမှုများလည်း ရှိခဲ့သည်။

သစ်တောရေးရာ ဝန်ကြီးဌာနကို “ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန"ဟု အမည် ပြောင်းလည်းခြင်း ကိုလည်း ပြည်ထောင်စု လွှတ်တော်က ပြုလုပ်ခဲ့သည်။

“ တကယ်တော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ အင်မတန်မှ ကျယ်ပြန့်တာပါ သစ်တောရေးရာ ဝန်ကြီးဌာန တခုတည်းနဲ့ ဆက်စပ်တာ မဟုတ်ဘူး တကယ်တမ်း ဆိုရင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ဝန်ကြီးဌာန တခုတောင် သီးသန့် ဖွဲ့သင့်တဲ့ ဟာမျိုးပါ။ လွှတ်တော်မှ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဌာနပေါင်းစုံ ကိုယ်စားလှယ် ပေါင်းစုံနဲ့ ကော်မတီ တရပ်တောင် ဖွဲ့သင့်တဲ့ ဟာမျိုးပါ။” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စု လွှတ်တော်ကို နေ့လည် ၁၂ နာရီတွင်ပြီးစီးခဲ့ပြီ မွန်းလွဲပိုင်း ၁ နာရီတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ သီးခြားစီ ပြန်လည် ကျင်းပကြသည်။

Ref: မဇ္ဈိမ

Read More...

လစ်ဗျား ယာယီအစိုးရတပ်တွေ ဂဒါဖီ နောက်ဆုံး ခြေကုပ်စခန်းကို ၀ိုင်း

တနင်္လာ, 05 စက်တင်ဘာ 2011

ရာထူးကနေ ဖယ်ရှားတာ ခံခဲ့ရတဲ့ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ကို သစ္စာ စောင့်သိသူတွေ အခိုင်အမာ ခြေကုပ် ယူထားတဲ့မြို့ကို တိုက်ဖို့အတွက် လစ်ဗျား ယာယီ အစိုးရဘက်က တပ်သားတွေကို အားဖြည့်ပြီး စေလွှတ် နေပါတယ်။

ဘာနီ ၀ါလစ် (Bani Walid) မြို့က ဂဒါဖီ သစ္စာခံ တပ်သားတွေ အေးအေးဆေးဆေး လက်နက်ချဖို့ ညှိနှိုင်းနေမှုတွေ မအောင်မြင်ဘူး ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒေသခံ တပ်မှူးတွေက လက်နက်ချဖို့ နောက်ဆုံးအချိန် ကန့်သတ်ချက်တွေကို အချိန်တိုတို ပေးသလို အချိန် ကြာကြာလည်း ပေးခဲ့ပြီး တချို့ ကန့်သတ်ရက် နောက်ဆုံးရက်တွေလည်း ကျော်လွန်နေတာမို့ အခြေအနေ ရှုပ်ထွေးနေပြီး ရှေ့ကို ဘာဆက်ဖြစ်မယ် ဆိုတာ မသိရသေးပါဘူး။

ထရီပိုလီမြို့တော် အရှေ့တောင်ဘက် မိုင် ၁၀၀ အကွာမှာရှိတဲ့ ဘာနီ ၀ါလစ်မြို့ အပြင်မှာတော့ လစ်ဗျား ယာယီအစိုးရ တပ်သား ထောင်နဲ့ချီပြီး စောင့်ဆိုင်း နေကြတာပါ။ တချိန်တည်းမှာပဲ ထရီပိုလီ (Tripoli) က ဂဒါဖီ လိုလားတဲ့ တပ်တွေနဲ့ ဆန့်ကျင်တဲ့ တပ်တွေရဲ့ ကိုယ်စားလှယ်တွေကြား ဆွေးနွေးမှုတွေလည်း မရေမရာ ဖြစ်နေပါတယ်။

မစ္စတာ ဂဒါဖီနဲ့ သူ့ရဲ့ ပင်မ အကြံပေး အရာရှိတွေဟာ ထရီပိုလီမြို့ထဲမှာ ဒါမှမဟုတ် မြို့ဝန်းကျင်မှာ ရှိနေနိုင်မယ်လို့ အနောက်တိုင်း သတင်း ဌာနတွေက ပြောနေမှုတွေဟာလည်း ရက်နဲ့ချီပြီး ကြာလာပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မစ္စတာ ဂဒါဖီရဲ့ လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင် မွန်းဆူး ဒါအို (Mansour Dhao) ဟာ လစ်ဗျားတောင်ဘက် အိမ်နီးချင်း နီဂျေး (Niger) နိုင်ငံထဲကို နယ်မြေကျော်ဖြတ်ပြီး ၀င်ရောက် လာတယ်လို့ နီဂျေး အရာရှိတွေက ပြောပါတယ်။

သူဟာ တခြား လစ်ဗျား နိုင်ငံသားတွေနဲ့ အတူလာတာ ဖြစ်ပေမဲ့ ဘယ်သူဘယ်ဝါ ဆိုတာ ထုတ်ဖော် မပြောပါဘူး။ ဒါပေမဲ့ ပြင်သစ် သတင်း ရပ်ကွက်ကတော့ အတူ လာသူတွေထဲမှာ မစ္စတာ ဂဒါဖီရဲ့ သားတွေ၊ ဒါမှမဟုတ် သူနဲ့ ဆွေမျိုးတော်စပ်သူတွေ မပါဘူးလို့ ဆိုပါတယ်။

Ref: VOA News

Read More...

အပေါ်သို့