..............................

Saturday, July 10, 2010

ယခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့်ရသူ လျော့နည်းလာ

ဝီရ
၀၉ ဇူလိုင် ၂၀၁၀

ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများမှတဆင့် ၂၀၁၀ ခုနှစ်အတွင်း တတိယနိုင်ငံသို့ အခြေချခွင့် ရသူ ဦးရေသည် ယမန်နှစ်ထက် များစွာ လျော့နည်းခဲ့ကြောင်း ထိုင်း-မြန်မာနယ်စပ် ပူးပေါင်းကူညီရေး အဖွဲ့ (တီဘီဘီစီ) က ပြောကြားသည်။

၂၀၁၀ ခုနှစ် (၆) လတာ ကာလအတွင်း ထိုင်း-မြန်မာနယ်စပ်မှတဆင့် တတိယနိုင်ငံသို့ အခြေချခွင့်ရခဲ့သူ (၄,၆၇၀) ဦးရှိပြီး ၂၀၀၉ ခုနှစ်တွင်မူ ဦးရေ (၁၆,၆၈၅) ဦးအထိရှိခဲ့ကြောင်း တီဘီဘီစီ၏ စာရင်းတွင်ဖော်ပြသည်။

ယင်းသို့ ထွက်ခွာခွင့်ရရှိသူ နည်းပါးလာရသည့် အဓိကအကြောင်းမှာ အခြေချခွင့်ပေးသော နိုင်ငံများက ဒုက္ခသည်များအား ရွေးချယ်ရာတွင် အချက်အလက်များ ပိုမို တင်းကျပ်လာခြင်းကြောင့်ဖြစ်သည်ဟု တီဘီဘီစီ အကြီးအကဲဖြစ်သူ Jack Dunford က ပြောသည်။

၎င်းက “ဥပမာ ဒုက္ခသည်အများစုဟာ လက်နက်ကိုင်အဖွဲ့အစည်းတခုခုနဲ့ ပတ်သက်ဆက်နွှယ်နေသူတွေဖြစ်တယ်။ အဲဒီအတွက် အခြေချခွင့် ပေးတဲ့ နိုင်ငံတွေရဲ့ အလေးပေးမှုထဲမှာ အဲဒီလူတွေ မပါတော့ဘူး။ ပြီးတော့ ရွေးချယ်ရာမှာ ဒုက္ခသည်တွေရဲ့ အတွေ့အကြုံ ဗဟုသုတ ရှိမှု၊ မရှိမှု အပေါ်မှာလည်း နောက်ပိုင်းမှာ မူတည်လာတယ်။ အခြားအချက်တွေက ကျန်းမာရေးဆိုင်ရာတွေကြောင့်ပါ။ ဒါကြောင့် ဒီ (၆) လအတွင်းမှာ ထွက်ခွာခွင့်ရသူ နည်းသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အခြေချခွင့်ရရှိသူ အများစုအနက် အမေရိကန်နိုင်ငံက အများဆုံး လက်ခံခဲ့ပြီး သြစတြေးလျ၊ ကနေဒါ၊ နော်ဝေ၊ ဖင်လန်၊ ဆွီဒင်၊ နယူးဇီလန်၊ ဒိန်းမတ်၊ နယ်သာလန်၊ ယူကေနိုင်ငံတို့က အနည်းငယ်စီ လက်ခံခဲ့ကြသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း (၉) ခုတွင် တီဘီဘီစီ၏ အထောက်အပံ့ ရရှိထားသူ ဒုက္ခသည်ဦးရေ (၁၄၀,၀၉၄) ဦးရှိကြောင်း ယင်းအဖွဲ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

တီဘီဘီစီသည် နိုင်ငံပေါင်း (၁၀) နိုင်ငံမှ အန်ဂျီအိုအဖွဲ့ (၁၂) ဖွဲ့ဖြင့် စုစည်းထားသော ညွန့်ပေါင်းအဖွဲ့အစည်းတရပ်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်များအတွက် အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးနှင့် ခိုလှုံခွင့်အတွက် အကာအကွယ် ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

တတိယနိုင်ငံသို့ အခြေချရာတွင် စခန်းအကြီးအကဲအချို့နှင့် ပွဲစားအချို့ကြောင့် မသမာမှုများ ရှိနေဆဲဖြစ်ကြောင်း မယ်လဒုက္ခသည်စခန်းမှ ကိုရင်မောင်က ဆိုသည်။

၎င်းက “ထွက်ခွင့်ရတဲ့ အချို့သူတွေရဲ့နေရာမှာ ပွဲစားတွေက လူအစားထိုးပြီး သွားခိုင်းတာတွေ အခုရှိနေဆဲပဲ။ ဒီကိစ္စက စခန်းထဲက အကြီးအကဲတွေ မပါဘဲနဲ့တော့ ဘယ်လိုမှ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။ အဲဒီအတွက် ရန်ကုန်မြို့အပါအဝင် ပိုက်ဆံရှိတဲ့သူတွေက ထွက်ချိန်ရောက်မှ စခန်းကို ခဏရောက်လာပြီး သွားခွင့်ရတာတွေ ရှိတယ်။ ကျနော်က မိသားစုရှိတော့ မိသားစုအားလုံး သွားနိုင်တဲ့နိုင်ငံရမှ ဖြစ်မယ်လေ။ ဒီလိုဆိုပြန်တော့လည်း ကိုယ်သွားချင်တဲ့နိုင်ငံတွေက လက်မခံပြန်ဘူး” ဟု ပြောသည်။

ယခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ မြန်မာစစ်အစိုးရ၏ ဖိအားပေးမှုကြောင့် ထိုင်းနယ်စပ်သို့ ဒုက္ခသည် အမြောက်အမြား ဝင်ရောက်လာဖွယ်ရှိပြီး ယခုနှစ်သည် အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း Jack Dunford က ဆိုသည်။

ငွေလဲလှယ်နှုန်း ကျဆင်းလာခြင်း၊ ဆန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့် ဒုက္ခသည်များ ထပ်မံတိုးပွားလာခြင်းတို့ကြောင့် ဒုက္ခသည်များအား ထောက်ပံ့ပေးထားသည့် ခွဲတမ်းများကိုလည်း နှစ်စဉ် လျှော့ချနေရပြီး ယခုနှစ်တွင် ထပ်မံ လျှော့ချရဖွယ် ရှိကြောင်း သိရသည်။

၂၀၀၆ ခုနှစ်မှစ၍ တတိယနိုင်များသို့ အခြေချခွင့် ရရှိပြီးသူပေါင်း (၆) သောင်းခန့်ရှိပြီဖြစ်ကြောင်း တီဘီဘီစီက ဖော်ပြသည်။

Ref: ခေတ်ပြိုင်

Read More...

Friday, July 9, 2010

မြန်မာ စစ်လက်နက်တိုက်ပေါက်ကွဲ

9 July 2010

ကချင်ပြည်နယ် ဟိုပင်မြို့ အနောက်မြောက် ၄ မိုင်အကွာမှာရှိတဲ့ ခလရ ၃၈၉ တပ်ရင်းရဲ့ လက်နက်သိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှု ပြင်းထန်တဲ့အတွက် လက်နက်ရုံ တစ်ခုလုံး မြေပေါ်မှာ ပြားသွားတယ်လို့ ဒေသခံများက ပြောပါတယ်။

မိုးရာသီ မိုးရွာသွန်းမှု များတဲ့အချိန် ဖြစ်တာကြောင့် လက်နက်ရုံ ပေါက်ကွဲမှုဟာ ရာသီဥတုကြောင့် မဟုတ်ပဲ တစ်စုံတစ်ယောက်က ဖေါက်ခွဲတာလို့ ဒေသခံတွေက ထင်မြင် ယူဆ နေကြပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး ဗိုလ်ချုပ်သာအေး ရောက်လာပြီး စုံစမ်းစစ်ဆေးမှု၊ ဖမ်းဆီးမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဝ တပ်ဖွဲ့က အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှုးအိုက်ထွန်းရဲ့ အိမ်ကို ဝင်ရောက်စစ်ဆေးပြီး ပြောင်းတို၊ ပြောင်းရှည် သေနက်တွေနဲ့ ပါဂျဲရိုးကားတို့ကို သိမ်းဆည်း သွားတယ်လို့လည်း သိရပါတယ်။ စစ်ဆေးချိန်မှာ ဗိုလ်မှုးအိုက်ထွန်းဟာ နေအိမ်မှာ မရှိပါဘူး၊

ယခုပေါက်ကွဲမှုနဲ့ ဗိုလ်မှုးအိုက်ထွန်းနဲ့ ပတ်သက်မှု ရှိ မရှိ ကိုလည်း အတည်ပြုချက် မရပါဘူး။

ဟိုပင်မြို့ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။


Ref: BBC News

Read More...

တရုတ်မဟာဗျူဟာနဲ့မြန်မာ

ဦးအောင်ခင် / ၀၉ ဇူလိုင် ၂၀၁၀

မြန်မာတပြည်လုံး အတိုင်းအတာနဲ့ ပြောင်းလဲသွားတဲ့ ဖြစ်ရပ်တွေဟာ ပြည်ပမှာ မြစ်ဖျားခံတာများတယ်။ တရုတ်ပြည် ဂန်စု ဒေသမှာ နေထိုင်တယ်လို့ ယူဆရတဲ့ မြန်မာတွေ ကျောက်ဆည်နယ်ကို ၀င်ရောက် လာချိန်က စပြီး မြန်မာပြည်တွင်းမှာ အခြေအနေတွေ ပြောင်းလဲ ခဲ့ပုံကို ခေတ်ဟောင်း သမိုင်းဆရာတွေဖြစ်တဲ့ ဆရာလူ့စ်၊ ဆရာသန်းထွန်း၊ ဆရာဘရှင်တို့က သုတေသန လုပ်ခဲ့ကြတယ်။ ဒါပေမယ့် (၁၃) ရာစုနှောင်းပိုင်း မွန်ဂို တရုတ်တပ်တွေ ၀င်ရောက်တိုက်ခိုက်လို့ ပုဂံခေတ် နိဂုံးချုပ်သွားတာကို လူသိများတယ်။ (၁၃) ရာစု မြန်မာနိုင်ငံ မြောက်ပိုင်းကို တရုတ်ပိုင် ‘ချင်မြန်’ ပြည်နယ် အဖြစ် ကြေညာပြီး ပုဂံကို သိမ်းပိုက်ပြီးတဲ့ အခါမှာ မြန်မာပြည် အလယ်ပိုင်းကို တရုတ်ပိုင် ‘မြန်ချွန်’ ပြည်နယ်အဖြစ် သတ်မှတ်တယ်။ ဒါပေမယ့် တရုတ်က မြန်ချွန်ပြည်နယ်ကို တိုက်ရိုက် မအုပ်ချုပ်ဘဲ သူတို့ကို သစ္စာခံတဲ့ ဒေသခံ မင်းတွေကိုသာ အုပ်ချုပ်ခိုင်းတယ်။

တရုတ် ‘မင်’ မင်းဆက်ကို မန်ချူးချင်က ဖြုတ်ချတဲ့အခါ နောက်ဆုံး ‘မင်’ မင်းဆက်ဖြစ်သူ ‘ယုံလီ’ မင်း မြန်မာပြည်ထဲ ၀င်ရောက် ခိုလှုံတယ်။ အဲဒီအခါမှာ ‘မင်’ မင်းဆက်ကို လိုလားတဲ့ မြန်မာပြည် ရောက်တရုတ်တွေ စခန်းထကြတဲ့ အတွက် တိုင်းရေးပြည်ရာ အလွန် ရှုပ်ထွေးလာတယ်တဲ့။ နောက်ဆုံး တရုတ်စစ်တပ်ကြီး အင်းဝမြို့အထိ ချီတက်လာလို့ ‘ယုံလီ’ မင်းကို အပ်နှင်း လိုက်ရတယ်။ ဒါပေမယ့် တရုတ်တပ်ကြီး အပြန်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရသွားတဲ့ ယုံလီမင်းရဲ့ ကိုယ်ရံတော် တပ်ဖွဲ့ဟာ ကိုးကန့် ဒေသမှာ အခြေစိုက် နေထိုင်တဲ့အတွက် ကိုးကန့်တရုတ် ပေါ်ပေါက်လာတာလို့ အဆိုရှိတယ်။

၁၉ ရာစုမှာ ပန်းသေးတရုတ် မွတ်စလင်ရဲ့ ယူနန်သူပုန် အရေးနိမ့်တဲ့ အခါမှာလည်း ပန်းသေးတရုတ် အများအပြား ရှမ်းပြည်မှာ ၀င်ရောက်ခိုလှုံပြီး အရင်ရောက်တဲ့ ကိုးကန့်တရုတ်နဲ့ ရောကုန်တာ ရှိသလို ထိုင်းနိုင်ငံ မြောက်ပိုင်းအထိ ဆင်းသွား သူတွေလည်း ရှိတယ်။ နယ်ချဲ့ဝါဒီ အင်္ဂလိပ်နဲ့ အဆင်ပြေအောင် မဆက်ဆံတတ်တဲ့ ကုန်းဘောင်မင်းဆက်နဲ့ အတူ ဗမာမင်း အုပ်ချုပ်ရေးစနစ် ၁၈၈၅ မှာ နိဂုံးချုပ်တယ်။ လက်ရှိမြန်မာနိုင်ငံ နယ်နိမိတ်ဟာ အင်္ဂလိပ် ရေးဆွဲခဲ့တဲ့ နယ်နိမိတ်ဖြစ်တယ်။ ကုန်းဘောင်ခေတ်ရဲ့ အရှေ့ဘက် အစွန်ဆုံး ဒေသဟာ ကျိုင်းတုံပဲ။ ၁၉၆၈ က ထုတ်ဝေတဲ့ ဒေါက်တာသန်းထွန်းရဲ့ နယ်လှည့် ရာဇ၀င် ပထမတွဲမှာ ကျိုင်းတုံကို ဗမာမင်း လက်ထက်က အလံဦးကင်းဖျား (သို့မဟုတ်) ကင်းဦးလံဖျားလို့ ခေါ်ကြောင်း ဖော်ပြတယ်။ အဓိပ္ပာယ်က မြန်မာ့အလံတော်ကို အသိအမှတ်ပြုရာ အရပ်ရဲ့ အစွန်ဆုံးဒေသပဲ။

မြန်မာပြည်ကို တရုတ်လက်အောက်က အင်္ဂလိပ်က လုယူသွားတာလို့ ခေတ်သစ် တရုတ်ခေါင်းဆောင် တွေက ယူဆတယ်။ တရုတ် သမ္မတနိုင်ငံကို တည်ထောင်သူ ဆွန်ယက်စင် ၁၉၂၄ က ရေးသားတဲ့ စာထမ်းမှာ မြန်မာပြည်ကို တရုတ် လက်အောက်ခံ နယ်ပယ် အဖြစ် ဖော်ပြတယ်။ မော်စီတုန်း ၁၉၃၉ မှာ ထုတ်ဝေတဲ့ တရုတ်ကွန်မြူနစ် ပါတီနဲ့ တရုတ်တော်လှန်ရေး ဆိုတဲ့ စာတမ်းမှာ မြန်မာ၊ ဘူတန်နဲ့ နီပေါကို တရုတ်ပိုင် ပြည်နယ်တွေ အဖြစ် ဖော်ပြတယ်။ ၁၉၅၃ မှာ တရုတ်အစိုးရ ထုတ်ဝေတဲ့ မြေပုံမှာလည်း မြစ်ကြီးနား မြောက်ဘက်ပိုင်းကို တရုတ်ပြည်ထဲ ထည့်ထားတယ်။ ၁၉၅၄ မှာ ထုတ်ဝေတဲ့ မြေပုံမှာ မြစ်ကြီးနား မြောက်ပိုင်း တင်မကဘဲ ရှမ်းပြည်နဲ့ ‘၀’ နယ်ကိုပါ တရုတ်ပိုင်နယ်မြေ အဖြစ် ဖော်ပြ ထားတယ်။

တရုတ်ကွန်မြူနစ် အာဏာရလာတဲ့အခါမှာ အရေးနိမ့်သွားတဲ့ ကေအမ်တီ တရုတ်ဖြူ တပ်ရင်းအချို့ဟာ မြန်မာပြည်ထဲ ၀င်ရောက် ခိုလှုံကြတယ်။ မြန်မာပြည်မှာ ခြေကုပ်ယူပြီး ကွန်မြူနစ်ကို ပြန်တိုက်ဖို့ ကြိုးပမ်းတာပါပဲ။ ကေအမ်တီတပ်ရဲ့ ဘိန်းကုန်ကူးပြီး ရန်ပုံငွေ ရှိတဲ့နည်းကို ရှမ်းပြည်က လက်နက်ကိုင် အဖွဲ့က ဆက်လက် ကျင့်သုံးတယ်။ ကေအမ်တီ တရုတ်ဖြူကို တိုက်ထုတ်ဖို့ ကြိုးစားရင်း ဗမာစစ်တပ် အင်အား ကြီးမားလာတာမို့ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ပေါ်ထွက်လာအောင် တရုတ်ပြည်တွင်း စစ်က သွယ်ဝိုက်တဲ့ နည်းနဲ့ ကူညီခဲ့သလို ဖြစ်သွားတယ်။ မြန်မာ့နိုင်ငံရေး သမိုင်းမှာ အိန္ဒိယနဲ့ တရုတ်ရဲ့ အခန်းကဏ္ဍဟာ ကြီးမားခဲ့တယ်။

အာဏာရလာတဲ့ တရုတ်ကွန်မြူနစ်ရဲ့ နိုင်ငံခြားရေး လမ်းစဉ်ဟာ ကွန်မြူနစ် တော်လှန်ရေးတွေ အောင်မြင်ဖို့ ဦးတည်ထားတယ်။ မြန်မာပြည်ဟာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲတဲ့ ဗကပ (ခေါ်) ဗမာကွန်မြူနစ် ပါတီကို ထောက်ခံ အားပေးတဲ့ အပြင် မြန်မာပြည်ထဲ အထိ တရုတ်တပ်တွေ ၀င်ရောက် တိုက်ခိုက်လေ့ ရှိတာကြောင့် တရုတ်ဒဏ်ကို ဗမာစစ်တပ် လှိမ့်ခံခဲ့ရတယ်။ နယ်ချဲ့ အရင်းရှင်နဲ့ ကွန်မြူနစ် အကြားမှာ ကြားနေတဲ့ လမ်းစဉ်ကို ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းက ရှုတ်ချတယ်။ တရုတ် နိုင်ငံခြားရေး လမ်းစဉ်မှာ တော်လှန်ရေး ကြွေးကြော်သံနဲ့ အခိုင်အမာ တောင်းဆိုသံတွေ ပဲ့တင်ထပ်နေတာမို့ အိမ်နီးချင်းတွေ ဖြစ်တဲ့ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ရုရှတို့နဲ့လည်း စစ်ဖြစ်ခဲ့ရတယ်။

ဒါပေမယ့် ဈေးကွက်စနစ်ကို စတင်ကျင့်သုံးပြီး ကမ္ဘာ့ဈေးကွက်နဲ့ ဆက်သွယ်ချိန်ကစပြီး ကွန်မြူနစ် တော်လှန်ရေးနဲ့ လူတန်းစား တိုက်ပွဲ ကြွေးကြော်သံတွေ ပျောက်ကွယ်သွားပြီး လက်တွေ့ အကျိုးစီးပွား မြှင့်ရေးကိုသာ အဓိက ထားတယ်။ တရုတ်ဈေးကွက် လမ်းစဉ်ဟာ ဗမာပြည်ကို ဂယက် ရိုက်လာတယ်။ ချွတ်ခြုံကျတဲ့ မဆလ စစ်အစိုးရဟာ ၁၉၈၇ ကတည်းက နယ်စပ်ဒေသ ကုန်သွယ်ရေး လမ်းကြောင်း ဖွင့်ပေးရတယ်။ ၁၉၈၉ အောက်တိုဘာလမှာ ဗိုလ်သန်းရွှေနဲ့ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့် ခေါင်းဆောင်တဲ့ ဗမာ ကိုယ်စားလှယ် အဖွဲ့ တရုတ်ပြည်မှာ (၁၂) ရက် နေထိုင်ပြီး အကူအညီ တောင်းချိန်က စပြီး တရုတ်အစိုးရကို မှီခိုလာတယ်လို့ ပြောနိုင်တယ်။ တရုတ်ကွန်မြူနစ်ကို ဗကပ ကရော ဗမာ စစ်အစိုးရကရော မှီခိုနေရတဲ့ သဘောပဲ ဖြစ်တယ်။

အခုဆိုရင် တရုတ်ပြည်မှာ ဈေးကွက်စနစ် ကျင့်သုံးတာ အနှစ် (၃၀) ကျော်သွားပြီ။ ဒါပေမယ့် အရင်းရှင် ဈေးကွက် ခရီးစဉ်မှာ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ကျန်းမာရေး ထိခိုက်မှု၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ အဂတိ လိုက်စားမှု စတဲ့ ပြဿနာတွေ ရှိတာမို့ အနာဂတ်ရေးဟာ မရေမရာ ဖြစ်နေပါတယ်။ ဒါကြောင့် တရုတ်ပြည်ဟာ အင်အားကြီး နိုင်ငံ မဟုတ်ဘဲ တိုးတက် ဖွံ့ဖြိုးနေတဲ့ နိုင်ငံသာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် ၀မ်ကြားပေါင်က ၂၀၀၈ က Fareed Zakaria ကို CNN မှာ ပြောပြ သွားတယ်။ လူဦးရေ သန်း (၁,၃၀၀) မှာ ဆင်းရဲသား လယ်သမားက သန်း (၈၀၀) ရှိတယ်။ အစိုးရ ထောက်ပံ့ကြေး ထိုင်စားနေရသူက သန်း (၆၀) ရှိတယ်လို့ ဆိုတယ်။ နှစ်စဉ် မြို့တက်ပြီး အလုပ်ရှာတဲ့ လယ်သမားက သန်း (၂၀၀) လောက်ရှိတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) အတွင်း မြန်မာပြည်ကို နည်းမျိုးစုံနဲ့ ၀င်ရောက်လာကြတဲ့ တရုတ်ဦးရေဟာ (၁) သန်းကျော်နေပြီလို့ ခန့်မှန်းကြတယ်။

ဈေးကွက်စီးပွားရေး စတင်ကျင့်သုံးကတည်းက တရုတ်နိုင်ငံခြားရေး လမ်းစဉ်လည်း ပြောင်းလဲ လာတယ်။ ငြိမ်းချမ်းစွာ တိုးတက် ဖွံ့ဖြိုးရေးတွက် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူဝါဒဟာ အရေးကြီးတယ်လို့ ယူဆတယ်။ ဒီရည်ရွယ်ချက် အကောင်အထည် ဖော်နိုင်အောင် နိုင်ငံအားလုံး အထူးသဖြင့် အင်အားကြီး နိုင်ငံတွေနဲ့ အဆင်ပြေဖို့ ကြိုးစားတယ်။ နိုင်ငံတကာ အဖွဲ့အစည်းနဲ့ ဒေသဆိုင်ရာ အသင်းအဖွဲ့မှာ တရုတ် ပါဝင်နေတာဟာ ဆက်ဆံရေး အဆင်ပြေဖို့နဲ့ ကိုယ်ကျိုးစီးပွား မြှင့်တင်ဖို့ပါပဲ။ ဒါကြောင့် အရင်ကလို အင်အားသုံး အကျပ်ကိုင်တဲ့ နည်းကို တရုတ်က မသုံးတော့ဘူး။ ဥပမာ အိန္ဒိယနယ်စပ် ပြဿနာမှာလို စေ့စပ်ဆွေးနွေးပြီး ဖြေရှင်းနိုင်ဖို့ အလားအလာ မရှိဘူးဆိုရင် ပြဿနာဖြေရှင်းဖို့ မကြိုးပမ်းဘဲ အချိန်အကန့်အသတ် မရှိ လိပ်ခဲတည်းလည်း လုပ်ထားတယ်။ ခေါင်းဆောင်နိုင်တဲ့ အင်အားကြီးနိုင်ငံ အဆင့်ကို မရောက်မချင်း တရုတ်ဟာ ဒီနည်းကိုပဲ ဆက်လက် ကျင့်သုံးဖွယ်ရှိတယ်။

အမေရိကန်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရရှိမှသာ စီးပွားရေးတိုးတက်ဖွံ့ဖြိုး နိုင်မှာကို တရုတ်ကွန်မြူနစ်က သဘော ပေါက်တယ်။ အမေရိကန် ဈေးကွက် ၀င်ခွင့်ရလို့သာ တရုတ်စီးပွားရေး တိုးတက်နေတာ မဟုတ်ပါလား။ ဒါပေမယ့် အမေရိကန် တဦးတည်းကိုသာ မှီခို နေရတဲ့ အဖြစ် မရောက်အောင် အခြား အင်အားကြီး နိုင်ငံတွေနဲ့လည်း အဆင်ပြေအောင် တရုတ်ကွန်မြူနစ်က ကြိုးစားတယ်။ ကုလသမဂ္ဂနဲ့ အခြား နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ပါဝင်ပေမယ့် ဒီအဖွဲ့အစည်းရဲ့ ဦးတည်ချက်နဲ့ အခြေခံ သဘောတရား တွေကို တရုတ် ကွန်မြူနစ်က ယုံကြည်တာ မဟုတ်ပါဘူး။

ဒါပေမယ့် ဆန့်ကျင်ဖို့လည်း စိတ်ကူးပုံမရပါဘူး။ မိမိရရှိနိုင်မယ့် အကျိုးအမြတ်ကိုတွက်ပြီး နိုင်ငံတကာ အဖွဲ့တွေထဲ ပါဝင်လာတာပါ။ ဥပမာ ဒေသဆိုင်ရာ အဖွဲ့ထဲမှာပါဝင်ဖို့ ပထ၀ီ အနေအထားအရ ဘောင်မ၀င်တဲ့ တောင်အာရှ နိုင်ငံများအဖွဲ့ (SAARC) မှာ လေ့လာသူ အဖြစ် တရုတ် ပါဝင်လာတာဟာ မိမိ အကျိုးစီးပွားကို ဆန့်ကျင်တာမျိုးတွေ မလုပ်နိုင်အောင် ဟန့်တားတဲ့ သဘောပါပဲ။ ကွန်မြူနစ် အာဏာရှင် စနစ်ရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တဲ့ နိုင်ငံရေးလွတ်လပ်မှု၊ ပုဂ္ဂလိကလွတ်လပ်မှု၊ လူ့အခွင့်အရေး မြှင့်တင်မှု စတာတွေကို တရုတ်က အားမပေးပါဘူး။ နောက်ပြီးတော့ စည်းကမ်း သေ၀ပ်မှုဟာ ပုဂ္ဂလိက လွတ်လပ်မှုထက် ပိုပြီး အရေးကြီးတယ်လို့ တရုတ်က ယူဆတယ်။

ဒါကိုအတုခိုးပြီး ဗမာစစ်အစိုးရကလည်း ‘စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ’ ကို တည်ဆောက်မယ်လို့ ကြွေးကြော်လာတာ ဖြစ်ပုံရတယ်။ နိုင်ငံခြား ဆက်ဆံရေး မတည်မငြိမ် ဖြစ်လာရင် စီးပွားရေးပါ ထိခိုက်နိုင်တာမို့ လိုက်လျော ညီထွေလုပ်တဲ့ လက်ရှိ မဟာဗျူဟာကိုပဲ တရုတ်က ဆက်လက် ကျင့်သုံးဖွယ်ရှိတယ်။ တရုတ်ရဲ့ မဟာဗျူဟာ ပြောင်းလဲမှုကြောင့် မြန်မာပြည်က စီးပွားရေး လုပ်ငန်းတွေမှာ တရုတ်နဲ့ တရုတ်အနွယ်ဝင်တွေ ကြီးစိုးတဲ့ အဖြစ်ကို ရောက်ရှိလာတာ ဖြစ်တယ်။ ဗမာ စစ်အုပ်စုကတော့ အာဏာရှိဖို့နဲ့ ငွေရဖို့သာ အဓိက ထားနေတော သူတို့လိုချင်တာ တရုတ်ဆီက ရနေရင်ပြီးတာပဲ။

တရုတ်-မြန်မာ စင်္ကြံလမ်းလို့ နအဖ သတင်းစာတွေမှာ ဖော်ပြတဲ့ ကျောက်ဖြူ-ရွှေလီ ရေနံနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းဟာ ‘၀’ နယ်မြေကို မရောက်ဘဲ မူဆယ်မှာ တရုတ်ပြည်ထဲ ၀င်မှာမို့ ဗမာ စစ်အစိုးရဟာ ‘၀’ နဲ့မိုင်းလား တပ်ဖွဲ့တွေကို ထိုးစစ် ဆင်နိုင်တယ်။ ဒီလိုဆိုရင် တရုတ် ဘယ်ဘက်က ရပ်မှာလည်းလို့ စဉ်းစားကြတာတွေ ရှိတယ်။ ‘၀’ တပ်ဖွဲ့ဟာ တရုတ်ကွန်မြူနစ်တွေ ဦးစီးပြီး တည်ထောင်ထားတဲ့ စစ်တပ်ဖြစ်တယ်။ ယူနန်မှာလည်း ‘၀’ ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ ရှိတယ်။ တရုတ်ဟာ ဗမာ စစ်အစိုးရနဲ့လည်း ဆတက်ထမ်းပိုး တိုးပြီး ပူးပေါင်း ဆောင်ရွက်နေတယ်။ ဒါကြောင့် နယ်စပ်စစ်ပွဲ ဖြစ်ပွားပြီ ဆိုရင် တရုတ်ဟာ ဘယ်ဘက်ကမှ ပါမှာ မဟုတ်ဘဲ နှစ်ဘက်စလုံးက လိုချင်တဲ့ လက်နက်ပစ္စည်းကို ထောက်ပံ့ပြီး အပစ်အခတ် ရပ်စဲဖို့ နောက်ပိုင်းကနေ ကြိုးစား နိုင်တယ်လို့ သုံးသပ်ကြတယ်။

မိမိအကျိုးစီးပွား ထိခိုက်နိုင်တယ်လို့ ယူဆရင် အသွင်မတူတာကို ပြောင်းလဲဖို့ တရုတ်က မကြိုးစားပါဘူး။ ဒီသဘော တရားကို ဟောင်ကောင် ကိစ္စမှာ အထင်အရှား တွေ့မြင်နိုင်တယ်။ တနိုင်ငံ စနစ် (၂) မျိုး မူကို ချမှတ်ပြီး ဟောင်ကောင်ကို အထိုက်အလျောက် လွတ်လပ်မှု ပေးထားတယ်။ အဲဒီလိုပဲ မြန်မာပြည်မှာလည်း ဗကပ တဖြစ်လဲ ‘၀’ တပ်ဖွဲ့ကိုရော နအဖ တပ်ဖွဲ့ကိုရော နည်းမျိုးစုံသုံးပြီး ဆက်ဆံ လိမ့်မယ်လို့ ယူဆရပါတယ်။

Ref: ခေတ်ပြိုင်

Read More...

ကြံ့ဖွံ့အသင်းနှင့် ပါတီ ပိုင်ဆိုင်မှု စာရင်းခွဲ

နရီလင်းလက်
Thursday, July 08, 2010

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ၏ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ခွဲခြားမှု ရှင်းရှင်း လင်းလင်း ရှိစေရန် မြန်မာနိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ စာရင်းပြုစု ပေးနေကြောင်း သိရသည်။

USDA အသင်းကို အခြေခံပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို ထူထောင်ထားခြင်း ဖြစ်သည့် အတွက် ရောထွေးမှုများ မရှိစေရန် ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း စာရင်းစစ်ချုပ်ရုံးနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

“အသင်းက ပိုင်တဲ့ ပစ္စည်းတွေမှန်သမျှကို စစ်ဆေးသွားမှာပါ။ သဘောကတော့ အသင်းနဲ့ ပါတီ ခွဲခြားထားတယ် ဆိုတာကို ပြချင်တာလည်း ပါတယ်” ဟု ၎င်းက ဆိုသည်။

USDAကို လူမှုရေးအသင်းအဖြစ် ဆက်လက်ထားရှိမှာ ဖြစ်ပြီး နိုင်ငံရေးပါတီ ဖွဲ့စည်း သတ်မှတ်သည့်အခါ အသင်း၏ ပိုင်ဆိုင် မှုများသည် နိုင်ငံတော်ပိုင် ဖြစ်သောကြောင့် ရွေးကောက်ပွဲ ဥပဒေနှင့် မညီညွတ်ဟု ဝေဖန် မခံရစေရန် ယခုကဲ့သို့ စာရင်းပြုစု ခွဲခြမ်းခြင်း ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိကြီး တဦးက ဆိုသည်။

“ပါတီအနေနဲ့ ဖွဲ့စည်းလိုက်တဲ့အခါ ပါတီက အသုံးပြုမယ့် အဆောက်အအုံ၊ မော်တော်ယာဉ်၊ ရုံးသုံး ပစ္စည်းတွေကို တန်ဖိုး သတ်မှတ်ပြီး အသင်းဆီက ပါတီက ၀ယ်ယူရမှာ။ အမှန်တော့ အသင်းနဲ့ ပါတီက အတူတူပဲလေ၊ ပါတဲ့ လူတွေကလည်း အစိုးရလူတွေပဲ၊ အမြင်မှာတော့ ကွဲတယ်ဆိုတာ ပြချင်တာ”ဟု ၎င်းအရာရှိက ပြောသည်။

ယခု လကုန်မှ စတင်၍ USDP ပါတီ ပိုင်ဆိုင်သည့် အဆောက်အအုံများတွင် ပါတီဆိုင်းဘုတ်များ တင်သွားမည် ဖြစ်ကြောင်း သိရသည်။

ပါတီသက်တမ်းသည် ၂ လ ကျော်ကျော်သာ ရှိသေးသည့် USDP ပါတီ သည် USDA အသင်းကို အမွေခံထားသည့် ပါတီ ဖြစ်သောကြောင့် အသင်းပိုင် ပစ္စည်းများအား ပါတီသို့ လွှဲပြောင်းရာတွင် ပါတီအနေနှင့် ကျသင့်သည့် တန်ဖိုးကို ပေးချေရမှာ ဖြစ်ပြီး စီးပွား လုပ်ငန်းရှင်ကြီးများ ထံမှ လှူဒါန်းသည့် ငွေများဖြင့် ပေးချေသွားမည်ဖြစ်ကြောင်း USDP တာဝန်ရှိသူ တဦးက ပြောဆိုသည်။

ပါတီရန်ပုံငွေအတွက် လှူဒါန်းမည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများမှာ အာဏာပိုင်နှင့် နီးစပ်သူများ ဖြစ်သည့် ဦးချစ်ခိုင် ဧဒင် ကုမ္ပဏီ၊ ဦးသာဌေး အော်ရီဂျင်နယ် ကုမ္ပဏီ၊ ဦးဇော်ဇော် မက်စ်မြန်မာ ကုမ္ပဏီ၊ ဦးရန်ဝင်း အေ၀မ်း ကုမ္ပဏီ၊ ဦးတေဇ ထူး ကုမ္ပဏီ၊ ဦးတင့်ဆန်း အေစီအီး ကုမ္ပဏီ၊ ဦးစိုင်းတင့်အောင် နောင်တုံ ကုမ္ပဏီ၊ ဦးအောင်ထွေး ဂိုးလ်ဒင်း ဖလားဝါး ကုမ္ပဏီ၊ ဦးထွန်းမြင့်နိုင် အေးရှားဝေါလ် ကုမ္ပဏီ ၊ ဦးကျော်ဝင်း ရွှေသံလွင် ကုမ္ပဏီ၊ ဦးအောင်ဇော်နိုင် ရွှေတောင်ဟိုက်စတား ကုမ္ပဏီ၊ ဦးဌေးမြင့် ယုဇန ကုမ္ပဏီ၊ ဦးအောင်ကိုဝင်း ကမ္ဘောဇ ကုမ္ပဏီ၊ ဦးဝင်းအောင် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီ၊ ဦးအောင်ခမ်းထီ နေပြည်တော် ဆောက်လုပ်ရေး၊ ဦးဝင်းမြင့် ဥက္ကဌ (UMFCCI)၊ ဦးခင်ရွှေ ဇေကမ္ဘာ ကုမ္ပဏီ၊ ဦးစိုးမြင့် ငွေဆင် ကုမ္ပဏီ၊ ဦးလှမြင့်ဆွေ ဌာနမှူး(ဆက်ဆံ/ပြန်ကြား) စသည့် နိုင်ငံတော်မှ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ထားသူများ အပါအ၀င် ၂၅ ဦးခန့် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ USDP ပါတီပိုင်ပစ္စည်းများအတွက် ပါတီမှ အသင်းသို့ ငွေချေရာတွင် USDPသည် အစိုးရပါတီ ဟုတ် မဟုတ် ဆိုသည့် အချက်အား ထောက်ပြစရာ ရှိလာသကဲ့သို့ အသင်းနှင့် ပါတီအကြား ငွေကြေးကဏ္ဍ ကွဲပြားမှုလည်း မရှိကြောင်း ရွေးကောက်ပွဲ လေ့လာသူများက ပြောဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂ (က- ၅) အရ ပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအား ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိကြောင်း ဖော်ပြထားသည်။

USDA သည် အစိုးရကျောထောက်နောက်ခံပြုထားသောအသင်းဖြစ်သည်။ USDA အသင်းပိုင်ပစ္စည်း များသည် နိုင်ငံတော်ပိုင် ပစ္စည်းများပင် ဖြစ်ခြင်းကြောင့် နိုင်ငံတော်ပိုင် ပစ္စည်းများကို USDP ပါတီကသာ သုံးစွဲပါက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိကြီးက ပြောဆို လိုက်သည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ ၀န်ကြီးများ၊ အရာရှိကြီးများ ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ USDP ပါတီကို တည်ထောင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

USDP သည် ရွေးကောက်ပွဲကော်မရှင်သို့ ယနေ့အချိန်အထိ ပါတီဝင်အား တင်ပြသည်ကို မတွေ့ရှိရသေးပေ။

Ref: ဧရာဝတီ်

Read More...

လူထုစည်းရုံးရေး ခရီးစဉ်များ အာဏာပိုင်တို့ စောင့်ကြပ်

စိုးမိုး / ၀၈ ဇူလိုင် ၂၀၁၀

နိုင်ငံရေးပါတီများ၏ စည်းရုံးရေးခရီးစဉ်များ၊ ပြည်သူလူထုနှင့် တွေ့ဆုံပွဲများတွင် ဒေသဆိုင်ရာ အာဏာပိုင်များက နောက်မှ လိုက်လံ စောင့်ကြပ် မှတ်တမ်းတင်မှုကြောင့် ပါတီများ စည်းရုံးရန် ခက်ခဲနေသည်။

စည်းရုံးရေး ခရီးစဉ်များတွင် စစ်အစိုးရအာဏာပိုင်များက လိုက်လံ စောင့်ကြပ်နေခြင်းကြောင့် ရွေးကောက်ပွဲ အကြို ကာလတွင် နိုင်ငံရေး ပါတီများမှ စည်းရုံးရေးမှူးများနှင့် ပြည်သူလူထု လွတ်လွတ်လပ်လပ် မဆွေးနွေးရဲဘဲ ဖြစ်နေသည်ဟု ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားသည်။

“နောက်က တကောက်ကောက်လိုက်ပြီး မေးတာ ကျနော်တို့ကတော့ ဘာမှကိစ္စမရှိဘူး။ ဒါပေမယ့် အရပ်သားတွေ ကျတော့ စိုးရိမ်တာပေါ့၊ ကြောက်တာပေါ့နော်။ အဲဒါမျိုးတွေကို မလုပ်စေချင်ဘူး ပေါ့နော် ” ဟု ၎င်းက ပြောသည်။

ဒေသဆိုင်ရာ အာဏာပိုင်များက ပါတီစည်းရုံးရေးမှူးများနောက် ထပ်ကြပ်မကွာ လိုက်ပါနေပြီး လူထုတွေ့ဆုံ စည်းရုံးပွဲများ တွင်လည်း ဘေးမှထိုင်ကာ စောင့်ကြည့် သတင်း ယူနေမှုကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေး ပါတီများ လွတ်လွတ် လပ်လပ် ဟောပြော ဆွေးနွေးခွင့် မရရှိဘဲ ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကမူ နိုင်ငံရေးပါတီများ စည်းရုံးရေး ဥပဒေကြောင့် နှစ်ပေါင်း (၂၀) ကျော်အတွင်း မရရှိဖူးသည့် လူထု စည်းဝေး တွေ့ဆုံပွဲများ လုပ်ဆောင် လာနိုင်မည်ဟု အကောင်းဘက်က ရှုမြင်သုံးသပ်၍ ရသော်လည်း ရွေးကောက်ပွဲ ကော်မရှင်၏ စည်းကမ်းများမှာ တင်းကျပ်လွန်းလှသည်ဟု ပြောဆိုသည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံရေးပါတီများကို လွတ်လွတ်လပ်လပ် စည်းရုံး လှုပ်ရှားခွင့် ပေးသင့်ကြောင်း ဦးသုဝေက ပြောကြားသည်။

၎င်းက “ရွေးကောက်ပွဲမှာလည်း တရားမျှမျှတတ ဖြစ်စေချင်တာပေါ့။ လွတ်လည်း လွတ်လပ်ရမယ်၊ တရားလည်း မျှတရမယ်။ ဖြစ်ချင်တော့ အခုနေခါမှာ ကျနော်တို့ စည်းရုံးရေး ဘာညာ ဆင်းတဲ့အခါမှာ အာဏာပိုင်တွေက ခပ်ခွာခွာ နေပေါ့ဗျာ။ ကျနော်တို့ သတင်း ယူချင်လည်း နောက်ပြီးတော့မှ မေးပေါ့” ဟု ပြောသည်။

ယခုကဲ့သို့ နိုင်ငံရေးပါတီများကို စည်းရုံးလှုပ်ရှားခွင့် ပုံနှိပ်ထုတ်ဝေခွင့် အတွက် စည်းကမ်းများ တင်းကျပ် ထားသော်လည်း ကြံ့ဖွံ့ ပါတီကမူ ပြည်သူလူထုက မထောက်ခံသည့်တိုင် အာဏာသုံးကာ ပါတီဝင်များ စုဆောင်းနေကြောင်း နိုင်ငံရေး သမားများက ထောက်ပြ ပြောဆိုသည်။

Ref: ခေတ်ပြိုင်

Read More...

ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ဖို့ ဥပဒေမရှိ

ဦးကျော်ထင်
ကြာသပတေး, 08 ဇူလိုင် 2010

၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် လွှတ်တော်ခေါ်လို့ရမှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီက ဆိုပါတယ်။ ဒါကြောင့်ပဲ ဒီပါတီက ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဆီကို အိတ်ဖွင့်ပေးစာ တစောင် ပေးခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုကျော်ထင်က တင်ပြ ပေးထားပါတယ်။

ပြည်ထောင်စု ဒီမိုကရေစီပါတီက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ထုံး လုပ်နည်းတွေဟာ ရှင်းရှင်းလင်းလင်း မရှိတာကြောင့် ဒါကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ လိပ်မူပြီး အိတ်ဖွင့်ပေးစာ ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီစာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အာဏာတည်တဲ့နေ့ မတိုင်မီ ပြည်သူ့လွှတ်တော် အပါအ၀င် လွှတ်တော် အဆင့်ဆင့်ရဲ့ ပထမအကြိမ် အစည်းအဝေး ခေါ်ယူနိုင်ဖို့အတွက် နအဖအနေနဲ့ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ လိုတယ်လို့ တိုက်တွန်း ထားပါတယ်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်းက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် လွှတ်တော်ခေါ်ဖို့ ခက်မယ်လို့ ဆိုပါတယ်။

“အဓိက အချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆို လွှတ်တော်ခေါ်လို့ မရဘူး။ မရတဲ့ အကြောင်းရင်းက ၂၀၀၈ ဖွဲ့စည်းပုံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အာဏာတည်မယ့် ရက်ကို ပထမအကြိမ် ပြည်သူ့ လွှတ်တော် ခေါ်ယူတဲ့ အချိန်ကျမှ အာဏာတည်မှာ၊ ခေါ်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းတွေ ပါတယ်၊ ကျနော်တို့စာမှာ ဖော်ပြထားတယ်။ ဒါတွေကို လုပ်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံက အတည်ပြုပြီးမှ ဖြစ်မှာ။ Referendum လုပ်ပြီးတဲ့ အချိန်မှာ အာဏာ မတည်ဘဲ ပထမအကြိမ် ပြည်သူ့ လွှတ်တော် ခေါ်မှ အာဏာတည်ရမယ် ဆိုတဲ့အတွက် ပြောင်းပြန် ဖြစ်သွားတယ်။

“ဘယ်လိုဖြစ်သွားလဲဆိုတော့ ပြည်သူ့လွှတ်တော် ခေါ်ယူရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အညီ ဆောင်ရွက်ရမယ့် ကိစ္စတွေက ဆောင်ရွက်လို့ မရဘူး ဖြစ်နေတယ်၊ ဘာလို့ဆိုတော့ အာဏာ မတည်သေးလို့။ အမျိုးသား ညီလာခံက ချမှတ်လိုက်တဲ့မူမှာ အဲဒီအတိုင်း ပါတယ်၊ Referendum လုပ်ပြီးရင် အာဏာ တည်စေရမယ်လို့ ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံကို ၂၀၀၈ မှာ အတည်ပြုထားရင် ၂၀၁၀ အထိ လက်ရှိ စစ်အစိုးရက ဖွဲ့စည်းပုံအောက်ကို ရောက်မှာ၊ အဲဒီ ဖွဲ့စည်းပုံအောက် ရောက်မှာစိုးလို့ သူက နောက်ကို ရွှေ့လိုက်တာ။”

၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ပြည်သူ့လွှတ်တော်ကို အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီး ရက် ၉၀ အတွင်း ခေါ်ယူရမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ခေါ်ယူတဲ့နေ့မှာပဲ ဖွဲ့စည်းပုံအာဏာ တည်တယ်လို့ ပါရှိပါတယ်။

NLD ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးအောင်သိန်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာ လွှတ်တော် အဆင့်ဆင့် ခေါ်ယူရေး အချိန်ကာလကို တိတိကျကျ မဖော်ပြထားဘူးလို့ ဆိုပါတယ်။

“အဲဒါကတော့ မှန်တယ်ဗျ၊ သူက လွှတ်တော်ပေါ်ပြီးတဲ့ နောက်မှာက နအဖက နေပြီးတော့ သူ အာဏာ လွှဲပေးမယ်ပေါ့။ အာဏာ လွှဲပေးမယ်ဆိုတာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ခေါ်ပြီးတဲ့ နောက်ပိုင်းမှာ အာဏာ လွှဲပေးမယ်ဆိုတာ ဘယ်ကာလလဲ ဆိုတော့ ပထမအကြိမ် ပြည်သူ့ လွှတ်တော်ကလည်း ဘယ်လို အချိန်အခါမျိုးကျမှ လုပ်မလဲဆိုတဲ့ ကိစ္စရပ်တွေတော့ ရှိတာပေါ့ဗျာ။ ဒါက တဘက်က မြှုပ်ထားတဲ့ အကွက်တကွက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

“ရက်ပေါင်း ၉၀ အတွင်း ခေါ်ပေးမယ်ဆိုတာ ရွေးကောက်ပွဲပြီး ပြည်သူ့လွှတ်တော် ခေါ်မယ်ဆိုတာ ရွေးကောက်ပွဲ ပြီးတာနဲ့ ပြည်သူ့လွှတ်တော် တန်းခေါ်လို့ မရနိုင်သေးဘူးခင်ဗျ။ ဒါတွေက သူတို့ ကိုယ်စားလှယ် စိစစ်တာတို့၊ ဘာတို့၊ ညာတို့ ရှိဦးမှာပေါ့။ အဲဒီကိစ္စတွေ ပြီးမှသာလျှင် သူတို့ဘက်က အဆုံးအဖြတ်ပေးမယ့် ဟာတခု ဖြစ်ပေါ်လိမ့်မယ် ထင်ပါတယ်။”

အခုလို တိတိကျကျ မဖော်ပြတဲ့အတွက် ၉၀ ခု ရွေးကောက်ပွဲရလဒ်လို ဖြစ်လာနိုင်တယ်လို့ ဦးဖြိုးမင်းသိမ်းက ဆက်ပြောပါတယ်။

“ဘာထိခိုက်နစ်နာမလဲဆိုရင် ၂၀၁၀ ရွေးကောက်ပွဲပြီးရင် လွှတ်တော်ခေါ်ယူလို့ မရဘူးဆိုရင် ဒီရွေးကောက်ပွဲ ၀င်တာ ဘာအဓိပ္ပာယ်မှ မရှိနိုင်ဘူးလေ။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ဖော်ပြထားချက်အရ၊ ရွေးကောက်ပွဲ ဥပဒေရဲ့ ဖော်ပြထားချက်တွေ အရဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ အပြီးမှာ လွှတ်တော် ခေါ်ယူဖို့အတွက် ခိုင်မာတဲ့ ဥပဒေတရပ် မရှိဘူး။

“၉၀ ခုနှစ်တုန်းကလည်း အဲဒီလို ပြဿနာမျိုး ပေါ်ခဲ့ဖူးတယ်။ ၉၀ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူရေး အစီအစဉ်တွေ မပါလာတဲ့ အတွက် အခု နှစ် ၂၀ လုံးလုံး လွှတ်တော် မခေါ်နိုင်ခဲ့ဘူး။ အခု တကြိမ်မှာလည်း ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အညီ လွှတ်တော်ခေါ်လို့ မရဘူးဆိုရင် ဒီတကြိမ်မှာလည်း ရွေးကောက်ပွဲဝင်လို့ အဖြေမှန်တွေ မထွက်လာမှာကို ကျနော်တို့က စိုးရိမ်တယ်။”

ဒီအခြေအနေအပေါ် အခြား နိုင်ငံရေးပါတီတွေနဲ့လည်း ဆွေးနွေးသွားမယ်လို့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီက ဆိုပါတယ်။

Ref: VOA News

Read More...

ယာယီနိုင်ငံကူးလက်မှတ်တု ကိုင်ဆောင်သူ မြန်မာ (၈) ဦး အဖမ်းခံရ

ရဲရင့်
၀၈ ဇူလိုင် ၂၀၁၀

ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရန် အတွက် ထုတ်ပေးထားသည့် ယာယီနိုင်ငံကူး လက်မှတ်များကို ဓာတ်ပုံ အစားထိုးကာ ဘန်ကောက်သို့ ခိုးဝင်မည့် မြန်မာ (၈) ဦးအား ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး မဲဆောက် တရားရုံးတွင် တရားစွဲဆို ထားသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ အမျိုးသမီး (၅) ဦးနှင့် အခြားဒေသမှ အမျိုးသား (၃) ဦးတို့သည် တဦးလျှင် မြန်မာငွေ (၅) သိန်းခွဲ နှုန်းဖြင့် မြ၀တီမှ တဆင့် ဘန်ကောက်သို့ အသွား မဲဆောက်အထွက် စစ်ဆေးရေးဂိတ်၌ ပြီးခဲ့သည့် ဇွန်လလယ်တွင် ဖမ်းဆီးခံရပြီး ထိုင်းရဲမှ တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အဖမ်းခံရသူတဦး၏ အဒေါ်ဖြစ်သူက “ဒီလူတွေထဲမှာ ကျမအမျိုးတွေ (၅) ယောက်ပါတယ်၊ အားလုံး မိန်းကလေးတွေပဲ။ (၁၅) နှစ်အရွယ်က (၂) ယောက်ပါတယ်။ ကယ်ရီကို မြန်မာငွေ တယောက် (၅) သိန်းခွဲ ပေးရတယ်။ တရားဝင် လက်မှတ်နဲ့ သွားရမယ်ဆိုပြီး သွားတာ၊ အဖမ်းခံရမှ အခြားလူရဲ့လက်မှတ်ကို ဓာတ်ပုံပြောင်းပြီး ကပ်ထားတာ သိရတယ်။ အခုကယ်ရီလည်း ရှောင်နေတယ်၊ အဖမ်းခံရတဲ့ လူတွေကတော့ မဲဆောက် ထောင်ကနေ ရမန်နဲ့ ဒီနေ့ရုံးထုတ်မယ်” ဟု ပြောသည်။

အဖမ်းခံရသူများကို လူကယ်ရီက ၎င်းတို့နေရပ်အထိ သွားရောက် ခေါ်ဆောင်ခြင်း ဖြစ်ကာ ထိုမှတဆင့် မြ၀တီမြို့ကမ်းနားရှိ ဒီကေဘီအေ အဖွဲ့ပိုင် အမှတ် (၁၂) လှေဆိပ်သို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ယနေ့ရုံးချိန်းတွင် အဖမ်းခံရသူများ တရားရုံးသို့ရောက်ရှိလာသော်လည်း တရားရုံးမတက်ရဘဲ တရားရုံးက နောက်ထပ် ရမန်တကြိမ် ထပ်ယူကာ အမှုကိုပြန်လည် ချိန်းဆို လိုက်သည်ဟု ၎င်းအမှုနှင့် ပတ်သက်၍ လိုက်လံ ကူညီပေးသူ တဦးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မဲဆောက်မြို့အခြေစိုက် အလုပ်သမားဥပဒေ ဆွေးနွေး အကြံပြုဌာန (LLC) မှ ထိုင်းရှေ့နေ တဦးက “ထိုင်းနိုင်ငံ ဥပဒေအရ စာရွက်စာတမ်း အတု ပြုလုပ်မှုက သာမန်အားဖြင့် ထောင်ဒဏ် (၃) နှစ်ဖြစ်တယ်။ အပြစ်ရှိကြောင်း ရုံးတော်မှာ ၀န်ခံရင် ပြစ်ဒဏ်ရဲ့ထက်ဝက်ကိုပဲ ကျခံရမှာ ဖြစ်တယ်။ အဲဒါအပြင် တခါမှ ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ဘူးဆိုရင် ရုံးတော်ရဲ့ သက်ညှာခွင့်အရ (၇) လလောက်ပဲ ပြစ်ဒဏ် ကျခံရမှာ ဖြစ်တယ်” ဟု ပြောသည်။

ယခုအမှုတွင် အဖမ်းခံထားရသူများအနက် အသက် (၁၅) နှစ်အရွယ် မိန်းကလေး (၂) ဦးမှာ ပြစ်ဒဏ်ကျခံဘွယ် ရှိမရှိကို ပြော၍ မရကြောင်း တရားရုံး၏ သက်ညှာမှုနှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ပြောသည်။

မဲဆောက်ဈေးတွင် ငါးခြောက်ရောင်းသည့် မရီက “မနှစ်က ကျမ ဘန်ကောက်တက်တော့ ဘတ် (၁) သောင်း ပေးရတယ်။ ကယ်ရီက ကျမကို ထိုင်းမှတ်ပုံတင် ကပ်ခွာတခု ကိုင်ထားခိုင်းတယ်။ အဖမ်းခံရတော့ အချုပ်ထဲမှာ ကိုယ့်လိုပဲ ဘန်ကောက်သွားမယ့် လူတွေ အပြည့်ပဲ၊ ဘာလက်မှတ်မှ မရှိတဲ့လူကို တရက်ပဲထားပြီး နောက်နေ့ မြ၀တီဘက် ပြန်ပို့လိုက်တယ်။ လက်မှတ်အတု ကိုင်တဲ့ ကျမကျတော့ မဲဆောက်ထောင်မှာ (၇) လခွဲနေရတယ်။ ငွေကုန်တာခြင်းတူတူ ဘာလက်မှတ် အတုမှ မကိုင်ဘဲ သွားကြဖို့ ပြောချင်တယ်” ဟု ဆိုသည်။

မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) အဖွဲ့၏ ဥက္ကဋ္ဌ ဦးမိုးကြိုးက “မြန်မာတွေကို ပြောချင်တာက ကိုယ့်အတွက် အလောင်းအစားကြီးပြီး ငွေကုန်လူပန်း အဓိပ္ပာယ် မရှိတဲ့ အလုပ်တွေကို မလုပ်ကြဖို့၊ ဆင်ခြင် သတိထားကြဖို့ ပြောချင်တယ်။ ဘာလို့လည်းဆိုတော့ အခုဖြစ်တာက ငွေကုန်တဲ့အပြင် ထောင်ပါကျမယ့် ကိစ္စဖြစ်လို့ပဲ” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများ ကိုင်ဆောင်ရန် ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် များကို အသုံးပြု၍ ဘန်ကောက်သို့ လူတင်ပို့မှု ဖမ်းဆီး ရမိခြင်းမှာ ယခု ပထမဆုံးအကြိမ် ဖြစ်သည်ဟု မဲဆောက် ရဲစခန်းမှ အမှုစစ် ရဲအရာရှိ တဦးက ပြောသည်။

အဖမ်းခံရသူများမှာ မသင်းပွင့်ခိုင် (၁၅) နှစ်၊ မအေးခိုင်ဦး (၁၅) နှစ်၊ မမြင့်မြင့်ဝင်း (၄၄) နှစ်၊ နော်ရှီးလာ (၄၂) နှစ်၊ မအေးမြထွေး (၁၉) နှစ်၊ မောင်ခိုင်ဝင်းအောင် (၂၅) နှစ်နှင့် အခြားအမျိုးသား (၂) ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ရမန်ဖြင့် မဲဆောက်ထောင်တွင် ချုပ်နှောင် ထားသည်။

Ref: ခေတ်ပြိုင်

Read More...

စစ်တွေ ဆန္ဒပြ ကျောင်းသားများ ကျောင်းပြန်မတက်သေး

မင်းနိုင်သူ
Thursday, July 08, 2010

စစ်တွေ နည်းပညာ ကောလိပ် ကျောင်းသားများက ကျောင်းသွား လာရေး အခက်အခဲများ အတွက် ဖြေရှင်းပေးရန် ဇူလိုင် ၅ ရက် နေ့မှ စတင်ကာ အာဏာပိုင်များကို တောင်းဆို ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး ယနေ့အထိ ကျောင်းတက်ကြခြင်း မရှိသေးကြောင်း သိရသည်။

စစ်တွေနည်းပညာကောလိပ်သည် စစ်တွေမြို့မှ ၁၂ မိုင်ကွာဝေးသည့် ရေချမ်းပြင်ရွာအနီးတွင် တည်ရှိရာ ဇူလိုင် ၅ ရက်က ကျောင်းကြိုပို့ကား တချို့ မလာရောက်ခြင်း၊ ယင်း ကြိုပို့ ကားခဈေးနှုန်းများ တိုးမြှင့်ခြင်းတို့ကြောင့် ကျောင်းဆင်းချိန်တွင် ကျောင်းသား များက ပယက ရုံးရှေ့အထိ ငြိမ်းချမ်းစွာ ခြေလျင်လျှောက် ဆန္ဒပြခဲ့ကြပြီး လိုလားချက်များကို တောင်းဆို ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့က ကြိုပို့ကားတွေ ပုံမှန်လာဖို့ ၊ ကားခဈေးတက်တာတွေ မလုပ်ဖို့ ၊ ကားခငွေ အကြွေအမ်းဖို့ အတွက် ကားစပယ်ယာ တွေကို ငွေအကြွေထုတ် ပေးထားဖို့တွေ တောင်းဆိုတယ်" ဟု စစ်တွေနည်းပညာ ကောလိပ်ကျောင်းသား တဦးက ပြောသည်။

ညနေ ၃ နာရီခန့်မှစ၍ စစ်တွေနည်းပညာကောလိပ်မှ ကျောင်းသားကျောင်းသူ အင်အား ၅၀၀ ကျော်ခန့် ခြေလျင်လျှောက် ပြန်ခဲ့ ကြပြီး ညနေ ၆ နာရီခန့်တွင် ပယက ရုံးရှေ့၌ ထိုင်၍ ဆန္ဒပြခဲ့ကြရာ ည (၉)နာရီခန့်တွင်မှ ဆရာ ၊ဆရာမများက အားလုံး အဆင်ပြေရန် စီစဉ် ပေးပါမည်ဟု အာမခံသဖြင့် ဆန္ဒပြပွဲကို ရပ်ဆိုင်း ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆန္ဒပြမှုနှင့်စပ်လျဉ်း၍ စစ်တွေ ပယက ရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်း မပြုပေ။

ကျောင်းသားများဆန္ဒပြမှုကြောင့် စစ်တွေမြို့သို့ ပညာရေးဝန်ကြီး ယမန်နေ့က ရောက်ရှိနေပြီး အနောက်ပိုင်းတိုင်း တိုင်းမှူးက ဆန္ဒပြမှုကို ဦးဆောင်သည့် ကျောင်းသားများကို ဖော်ထုတ်ပေးရန် နည်းပညာကောလိပ် ကျောင်းအုပ်ကြီး ဦးအောင်ကျော်ငြိမ်းနှင့် ဆရာများကို ဖိအားပေးထားသည်ဟူသော သတင်းများလည်း ပေါ်ထွက်နေသည်။

အဆိုပါဆန္ဒပြမှုကြောင့် အာဏာပိုင်များက ကျောင်းကြိုပို့ ကားပိုင်ရှင်များကို တင်းကျပ်စွာ ကိုင်တွယ်မှု ပြုလာလိမ့်မည် ဖြစ်ကြောင်း စစ်တွေ ဒေသခံတဦးက ပြောဆိုသည်။

“ကလေးတွေကလည်း ကားခဈေးတက်တာ မကြိုက်ဘူး ၊ ကားသမားတွေကလည်း ဓာတ်ဆီဈေး တက်တော့ ကျောင်း ကြိုပို့ကား လုပ်ရတာ မကိုက်ဘူးလို့ ပြောကြတယ်၊ စစ်တွေမှာရှိတဲ့ အစိုးရ ဓာတ်ဆီဆိုင် ၂ ဆိုင်ကို ထူးကုမ္ပဏီက လုပ်ပိုင်ခွင့် ရသွားပြီးနောက် ဓာတ်ဆီ ဈေးကလည်း တက်လာတယ်လို့ ကားသမားတွေက ပြောကြတယ် ၊ ဘာပဲပြောပြော လောလောဆည်တော့ ကျောင်းသား တွေနဲ့ ထိပ်တိုက် မတိုးချင်တဲ့အတွက် ကားသမားတွေကို ကိုက်ကိုက် မကိုက်ကိုက် မဆွဲမနေရ ဆွဲခိုင်းမှာပါပဲ" ဟု စစ်တွေ ဒေသခံက ပြောသည်။

ဆန္ဒပြမှုကြောင့် ဇူလိုင် ၇ ရက် တွင် စစ်တွေနည်းပညာကောလိပ် သာမက စစ်တွေတက္ကသိုလ်ကိုလည်း ပိတ်ထားရကြောင်း သိရသည်။

“ဒီနေ့ စစ်တွေတက္ကသိုလ်ကတော့ ပြန်ဖွင့်တယ်၊ နည်းပညာကောလိပ်ကိုတော့ ကျောင်းသားတွေ မသွားကြသေးဘူးလို့ ကြားတယ်၊ တိုင်းမှူးက ဆန္ဒပြပွဲမှာပါတဲ့ ကျောင်းသားတွေကို စာရင်းပြုစု ခိုင်းနေတယ်ဆိုတော့ ကလေးတွေ လန့်နေကြတာလည်း ပါမယ်"ဟု စစ်တွေ ဒေသခံက ဆိုသည်။

စစ်တွေတက္ကသိုလ်ကျောင်းသားများသည် ၂၀၀၆ ၊ ၂၀၀၈ ၊ ၂၀၀၉ ခုနှစ်များတွင်လည်း ကြိုပို့ ကားခ ဈေးတက်ခြင်း၊ ကားမလာခြင်း များကြောင့် ဆန္ဒပြမှုများ ပြုလုပ် ခဲ့ကြသေးသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ် စုစုပေါင်း ၁၅၉ ခု ရှိနေပြီး အာဆီယံ နိုင်ငံများအတွင်း အများဆုံးဖြစ်နေ ကြောင်း weekly eleven အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သို့ရာတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ စ၍ အဆင်မြင့်ပညာအဆင့်ကျောင်းများကို မြို့နှင့်ဝေးကွာရာ နေရာများတွင်သာ ထူထောင် ပေးထားရာ ကျောင်းသားများအကြား ပဋိပက္ခ ဖြစ်ပွားမှုများ ရှိလာပါက မြို့လူထုနှင့် မပူးပေါင်းမိစေရန် စစ်အစိုးရက ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ကျောင်းသားများက ပြောဆိုကြသည်။

Ref: ဧရာဝတီ်

Read More...

ဆင်ဆာဌာန ခွဲခြားဆက်ဆံဟု ဆုရွှန်းလဲ့ပြော

ဖနိဒါ
ကြာသပတေးနေ့၊ ဂျူလိုင်လ ၀၈ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ စာပေစိစစ်ရေးအနေဖြင့် ဆင်ဆာဖြတ်ရာတွင်ပင် ခွဲခြားမှုများ ရှိနေကြောင်း လုံခြုံအောင် ဝတ်စား ထားခြင်း မရှိသော ဓာတ်ပုံတခုကြောင့် စာစောင်ထုတ်ဝေမှု တပတ်ရပ်နားခံမှု ဖြစ်ပွားခဲ့ပြီးနောက် ရုပ်ရှင်သရုပ်ဆောင် ဆုရွန်းလဲ့က တုံ့ပြန် ပြောဆိုလိုက်သည်။

ကြာသာပတေးနေ့ အပတ်စဉ်ထုတ် အင်ဗွိုင်းဂျာနယ်အတွင်းပိုင်း၌ ဆုရွှန်းလဲ့၏ အင်တာဗျူးကို ဓာတ်ပုံနှင့်တကွ ဖော်ပြ ထားရာတွင် သရုပ်ဆောင်မှာ စကပ် ဝတ်ထားသဖြင့် ပေါင်ပေါ်နေသည်ကို စာပေစိစစ်ရေးက ” မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီ” ဟုဆိုကာ အပြစ်ပေးသော အနေဖြင့် ဂျာနယ်ကို နောက်တပတ် ရပ်နားရန် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ခံ စာပေ စိစစ်ရေးဌာနက ညွှန်ကြားခဲ့သည်။

“ဒီလိုမျိုးလေးလောက်ကို ပေါ်လည်း မပေါ်ဘဲနဲ့ ပိတ်တယ် ဆိုရင်တော့ သူတို့ လူကြီးတွေ မျက်စိရှန်း လို့ပဲ ဖြစ်တယ်။ သူများတွေ ပေါင်လောက်တောင် ရိုက်နေကြတဲ့ ကိစ္စ။ တချို့တွေ ဖင်အုပ်ရုံလောက် ဖော်ပြီးတော့ ရိုက်ထားတဲ့ ဂျာနယ်တွေလည်း ရှိတာဘဲ။ အဲဒါကြတော့ ဘာလို့ ဆင်ဆာပေးကြလဲ။” ဟု ဆုရွှန်းလဲ့က မဇ္ဈိမကို ပြောသည်။

အလားတူပင် ယခု ၅ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ် မျက်နှာဖုံးတွင်လည်း အိန္ဒြာကျော်ဇင်နှင့် ဝတ်မှုန်ရွှေရည် တို့၏ စကပ်တိုဖြင့် ရိုက်ထားသော ဓာတ်ပုံများ ဖော်ပြခဲ့သဖြင့် ထုတ်ဝေခွင့် တပတ် ပိတ်လိုက်ကြောင်း ပြည်တွင်း အယ်ဒီတာ တဦးက ပြောသည်။

ဂျာနယ်နှစ်စောင်လုံးမှ ဓာတ်ပုံများသည် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်ကြောင်း စာပေစိစစ်ရေးက ပြောသည်ဟု သူက ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် စာပေစိစစ်ဌာန ညွန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက အနုပညာ မဂ္ဂဇင်းထုတ်ဝေသူ ၃ဝ ဦးခန့်ကို သရုပ်ဆောင်များ၏ ဝတ်စားဆင်ယင်မှု ဓာတ်ပုံနှင့် ပတ်သက်၍ ခေါ်ယူ သတိပေးခဲ့သေးကြောင်း အစည်းအဝေး တက်ရောက်သူ အယ်ဒီတာတဦးက ပြောသည်။

“ဂျာနယ်တွေ ဖြစ်သွားတဲ့ကိစ္စမှာ မဂ္ဂဇင်းတွေ အနေနဲ့လည်း အမျိုးသမီးပုံတွေကို အဲဒီလိုမဖြစ်ဖို့။ ဖြစ်ခဲ့ရင် ခွင့်လွှတ်မှာ မဟုတ်ဘူး။ တခါတည်း ပိတ်မယ်။ ဒါမှမဟုတ် တလ၊ နှစ်လနားဖို့ အရေးယူမယ်လို့ ညွန်ကြားရေးမှူးက ပြောတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

အဆိုပါ ပိတ်ခံရသည့် ဂျာနယ်တိုက်များသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း တာဝန်ရှိများက ဖြေဆိုခွင့် မရှိဟုဆိုကာ ငြင်းဆိုခဲ့သည်။

ယခင်က အနုပညာမဂ္ဂဇင်းများတွင် လုံလုံခြုံခြုံ မရှိသော ဓါတ်ပုံများကို ဖော်ပြပါက ခေါ်ယူသတိပေးလက်မှတ် ထိုးခိုင်း ခဲ့သော်လည်း ဂျာနယ် ပိတ်သည်အထိ အရေးယူခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

ထုတ်ဝေခွင့် ရပ်နားလိုက်ရသဖြင့် ဂျာနယ်ပုံနှိပ်ခအတွက် မကုန်သော်လည်း တပတ်အတွင်း ကြော်ငြာ ဝင်ငွေများ ဆုံးရှုံးသွားဖွယ်ရှိသည်။

Ref: မဇ္ဈိမ

Read More...

Thursday, July 8, 2010

ဘုန်းကြီးကျောင်းမီးရှို့ရန်ကြံမှု သံသယဖြင့် ကလေးများ အဖမ်းခံရ

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ ၀၇ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အထင်ကရ ဘုန်းကြီးကျောင်းများကို မီးတင်ရှို့ရန် ကြံစည်သည်ဟု သံသယဖြင့် ကလေး နှစ်ဦးနှင့် စစ်တပ်ပြေး တဦးကို ဖမ်းဆီးထားကြောင်း မုံရွာအခြေစိုက် မုံရွာခရိုင် ရဲဝန်ထမ်းများက ပြောသည်။

မုံရွာမြို့ လယ်တီကျောင်း၊ စိတ္တသုခကျောင်း၊ ပေပင်ကျောင်းနှင့် အရှေ့လေးထပ်ကျောင်းများကို ဓာတ်ဆီလောင်း မီးရှို့မည်ဟု သံသယဖြင့် အသက် ၁၄ နှစ်အရွယ် မောင်နေဝင်းအောင်နှင့် မောင်ဇော်ဇော်အောင်တို့ နှစ်ဦးက ဇွန်လ ၃ဝ ရက်နေ့တွင် အဖမ်းခံရခဲ့ရသည်။ ရဲက အသက် ၂၁ အရွယ် ကိုကံကောင်း (ခ) ကိုသန့်ဇင်ကို ဆက်လက် ဖမ်းဆီးပြီး ၃ ဦးလုံးကို အမှတ် ၂ ရဲစခန်းတွင် ထိန်းသိမ်း ထားသည်။

“ခေါင်းဆောင်လုပ်တဲ့ အကြီးဆုံးကောင် ကံကောင်းဆိုတဲ့ ကောင်လေးကတော့ တပ်ပြေးလို့ ပြောတယ်။ ဘယ်တပ်က ပြေးလာတာလဲတော့ မသိဘူး။ ကြုံရာ ခိုးစားလိုက်၊ ကြုံရာ ထိုးအိပ်လိုက် နေနေတဲ့ ကောင်လေးပေါ့။ တခါတလေကျ တော့ ဘုန်းကြီး အတုလို လျှောက်တောင်းစား နေတာပေါ့။ ကျန်တဲ့ ကလေးတွေကလည်း ပျံကျ တောက်တိုလေးတွေ ပေါ့နော” ဟု မုံရွာ ခရိုင်အဆင့်ရှိ ရဲအရာရှိ တဦးက ပြောသည်။

“အခုတော့ အမှုစစ်ကနေ စစ်ဆေးနေပါတယ်။ စစ်ဆေးဆဲကာလ ဖြစ်တုန်းမို့ တရားတော့ မစွဲတင်ရသေးပါဘူး။ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၃၆/၅၁၁ တို့နဲ့ အမှုဖွင့် ထားတာပေါ့နော်။ မီးရှို့ရန် ကြံစည်မှုပဲရတယ်။” ဟု သူက ထပ်ပြောသည်။

ပုဒ်မ ၄၃၆ သည် ကိုးကွယ်ဝတ်ပြုသည့် နေရာ၊ အိမ်၊ ကျောင်း၊ ပစ္စည်းသိုလှောင်ရာ အဆောက် အအုံကို မီး သို့မဟုတ် ပေါက်ကွဲ စေတတ်သည့် အရာဖြင့် ဖျက်ဆီးရန် ကြံစည်မှုဖြစ်ပြီး ထောင်ဒဏ် ၁ဝ နှစ် သို့မဟုတ် တသက်တကျွန်း ချမှတ်နိုင်သည်။

ယခင်လ ၃ဝ ရက်နေ့ နံနက် အာရုဏ်ဦး အချိန်တွင် ကပ်လျှက်တည်ရှိသော လယ်တီကျောင်းနှင့် စိတ္တသုခ ကျောင်းတို့ကို မီးရှို့ရန် မောင်နေဝင်းအောင်နှင့် မောင်ဇော်ဇော်အောင်တို့က ဓါတ်ဆီပုလင်း၊ မီးခြစ်များဖြင့် တချိန်ထဲ ဝင်ရောက် သွားချိန်တွင် သံဃာတော်များက ဖမ်းဆီးမိခဲ့သည်။

အမှုခင်းမဖြစ်မီ တရက်အလို မနက်ပိုင်းတွင် ကျောင်း ၄ ကျောင်းကို မီးရှို့မည်ဟု ဖုန်းဆက် ခြိမ်းခြောက် လာသဖြင့် ည မအိပ်ဘဲ စောင့်ဖမ်း နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သံဃာတော် တပါးက မိန့်သည်။

သို့သော်လည်း သံဃာတော်တပါးက အမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူ ၆ ဦးအထိ ရှိပြီဖြစ်သည်ဟု ဆိုသည်။

ခရိုင်ရဲမှူးကမူ မီးရှို့ရန် ကြံစည်သူများကို သံဃာတော်များထံမှ မြို့ခံရဲများနှင့် သက်ဆိုင်ရာ မြို့ခံအာဏာပိုင် များက စိတ္တသုခ ကျောင်းထဲမှ ခက်ခက်ခဲခဲ တောင်းယူခဲ့ရပြီး ၃ ဦးသာ ဖြစ်သည်ဟု ဆိုသည်။

တပ်ပြေးကိုကံကောင်း၏ ထွက်ဆိုချက်ကို ကိုးကား၍ ရဲက ပြောကြားရာတွင် ကိုကံကောင်းမှာ ယခင်က စိတ္တသုခ ကျောင်းတွင် ပစ္စည်းခိုးရန် ကြံစည်ရာ သံဃာတော်များ တွေ့သွားသဖြင့် မောင်းထုတ် ခံရသည်ကို မကျေနပ်၍ ကလေးနှစ်ဦးကို စည်းရုံးပြီး မီးရှို့ လက်စားချေရန် ကြံစည်ခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော် အဘယ်ကြောင့် ကျန်ကျောင်း ၃ ကျောင်းကိုပါ မီးရှို့ရန် ကြံစည်ရသည်ကိုမူ မသိရသေးကြောင်း ခရိုင်ရဲမှူးက ဖြေသည်။

အဆိုပါ ဘုန်းကြီးကျောင်း ၄ ကျောင်းသည် စစ်အစိုးရ၏ အကြမ်းဖက် ဖြိုခွင်းခြင်းကို ခံခဲ့ရသော ၂ဝဝ၇ ခုနှစ် သံဃာတော်များ ဦးဆောင်သော ဆန္ဒပြ ပရိတ်ရွတ် ဆုတောင်းရာတွင် တက်တက်ကြွကြွ ပါဝင်ခဲ့ကြောင်း စုံစမ်းသိရသည်။

Ref: မဇ္ဈိမ

Read More...

အသွင်ပြောင်းရေး လက်မခံသူတွေ SSA တောင်ပိုင်းနှင့် ပူးပေါင်း

ဦးမိုးဇော်
ဗုဒ္ဓဟူး, 07 ဇူလိုင် 2010

ပြည်သူ့စစ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့ သဘောတူထားတဲ့ အပစ်ရပ် ရှမ်းပြည် တပ်မတော် (SSA) မြောက်ပိုင်းက တပ်ဖွဲ့ဝင် တချို့ဟာ မြန်မာ စစ်အစိုးရကို တော်လှန်နေဆဲဖြစ်တဲ့ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း တပ်ဖွဲ့ဘက်ကို ပူးပေါင်း လာကြပါတယ်။ ဒီလို လာရောက် ပူးပေါင်း ကြတာကတော့ ပြည်သူ့စစ် အဖြစ် အသွင်ပြောင်းလိုက်ရင် သူတို့ရဲ့ မူလ ရည်မှန်းချက်ကနေ သွေဖည်သွားမှာကြောင့် ဖြစ်တယ်လို့ SSA တောင်ပိုင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အပစ်ရပ် ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်လွယ်မောင်း အပါအ၀င် ထိပ်ပိုင်း ခေါင်းဆောင်တွေဟာ ပြည်သူ့စစ် အဖြစ် အသွင်ပြောင်း ဖွဲ့စည်းဖို့အတွက် ဒီနှစ် ဧပြီလ ၂၂ ရက်နေ့က သဘောတူလိုက်တာ ဖြစ်ပါတယ်။ ဒီလို သဘော တူညီပြီးတဲ့ နောက်မှာ အသွင်ပြောင်းတာကို လက်မခံလိုတဲ့ SSA မြောက်ပိုင်းက တပ်ဖွဲ့ ၀င်တွေဟာ စစ်အစိုးရကို တော်လှန်နေဆဲ ဖြစ်တဲ့ SSA တောင်ပိုင်းဘက်ကို ကူးပြောင်း လာကြတယ်လို့ တောင်ပိုင်း တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ပြောပါတယ်။

“SSA မြောက်ပိုင်း ခေါင်းဆောင်တွေပေါ့နော်၊ ဒီ စ၀်ကိုင်ဖတို့ ဥက္ကဋ္ဌ စ၀်လွယ်မောင်းတို့ သူတို့ အဲဒီ စရဖက ဖိအား ပေးလာတဲ့ အတိုင်း ပြည်သူ့စစ် အသွင် ကူးပြောင်းဖို့ လက်ခံထားတဲ့ နောက်ပိုင်းက စပြီး ကျနော်တို့ ဘက်ကို တဖွဲဖွဲနဲ့ လာရောက် ပူးပေါင်းခြင်းပဲ ဖြစ်ပါတယ် ခင်ဗျ။ အဲဒီ နအဖကနေ စပြီး ဖိအားပေးတဲ့ အချိန်ဆိုတော့ လွန်ခဲ့တဲ့ ၃-၄ လတည်းကနေ စပြီး ဒီလို တဖွဲဖွဲနဲ့ ရောက်ရှိ လာခြင်းပဲ ဖြစ်ပါတယ်။ အင်အားပေါင်းကတော့ အခု ၅၀ ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်ခင်ဗျ။”

လာရောက် ပူးပေါင်းသူတွေဟာ လက်နက်ခဲယမ်းတွေကိုပါ ယူဆောင်လာတယ်၊ နောက် သူတို့ကို မူလရာထူး အဆင့်အတိုင်း တောင်ပိုင်း တပ်ဖွဲ့မှာ လက်ခံသွားမယ်လို့ ဆိုပါတယ်။ မြောက်ပိုင်း တပ်ဖွဲ့ဝင်တွေ တောင်ပိုင်းဘက် လာရောက် ပူးပေါင်းရတဲ့ အကြောင်းကိုတော့ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက အခုလို ဆက်ပြောပါတယ်။

“သိတာကတော့ သူတို့ရဲ့ဆန္ဒ သဘောထားတွေ မပါရှိဘဲနဲ့ သူတို့ ခေါင်းဆောင်တွေက အဲဒီ နအဖ ဖိအားပေးလာတဲ့ အတိုင်း၊ တောင်းဆို လာတဲ့အတိုင်း အသွင်ကူးပြောင်းတဲ့ အချက်တချက်လည်း ပါပါတယ်။ အတွေးအခေါ်အရဆိုရင် ပြည်သူ့စစ် အသွင်ကူးပြောင်း သွားတယ်ဆိုတာ ဒီ အမျိုးသားလမ်းစဉ်၊ နောက်ပြီးတော့ သူတို့ရဲ့ ရည်မှန်းချက် လမ်းစဉ်အတိုင်း ကျောခိုင်းသွားခြင်း ဖြစ်တယ်လို့ ယူဆပြီးတော့ သူတို့ လက်မခံနိုင်ခြင်းဘဲ ဖြစ်ပါတယ်။”

အပစ်အခတ် ရပ်စဲထားတဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့မှာ တပ်မဟာ ၁၊ တပ်မဟာ ၃၊ တပ်မဟာ ၇ နဲ့ ဗဟိုဌာနချုပ် လုံခြုံရေး တပ်ဖွဲ့ ဆိုပြီး ရှိရာမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ တပ်မဟာ ၁ က အခုချိန်ထိ ပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်မခံ သေးပါဘူး။

အသွင်ပြောင်းရေးကို လက်ခံထားတဲ့ SSA မြောက်ပိုင်းရဲ့ တပ်မဟာ ၃၊ ၇ နဲ့ ဗဟိုဌာနချုပ် တပ်ဖွဲ့တွေမှာ အင်အား ၁,၀၀၀ လောက် ရှိပြီး အသွင်ပြောင်းရေးကို လက်မခံတဲ့ တပ်မဟာ ၁ ကတော့ အင်အား ၃,၀၀၀ ကနေ ၄,၀၀၀ လောက် ရှိမယ်လို့ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက ခန့်မှန်းပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ မြန်မာစစ်အစိုးရဘက်က ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရေးအတွက် တပ်မဟာ ၁ ကို ဖိအား ပေးတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီလို ဖိအားပေးတဲ့အပေါ်မှာ မြန်မာ စစ်အစိုးရကို တော်လှန်ဆဲဖြစ်တဲ့ SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းက အခုလို သုံးသပ်ပါတယ်။

“ဒီကိစ္စကတော့ နအဖက ဖိအားပေးလာတယ် ဆိုတာကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ အတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုံကို သူ့ရဲ့ တပ်မတော် အောက်မှာပဲ ထားရှိဖို့ သူက ရည်မှန်းထားပါတယ်။ အဲလိုဖြစ်ဖို့အတွက် သူကလည်း ဖိအားတွေ ပေးသွားမှာပါ။ နောက်ပြီးတော့ သူတောင်းဆိုလာတဲ့ တောင်းဆိုချက်အတိုင်း လိုက်နာဆောင်ရွက်မှု မရှိတဲ့ လက်နက်ကိုင်တပ်တွေ အားလုံးကို သူက သပ်လျှို ဖြိုခွဲပြီးတော့ အချင်းချင်း ပြန်တိုက်ခိုင်းမယ့် သဘောမျိုး ရှိပါတယ်။

“ဒီလုပ်ရပ်ဟာ ကျနော်တို့ တိုင်းရင်းသား ပြည်သူလူထုတွေအတွက် အချင်းချင်း စိတ်ဝမ်းကွဲစေမယ့် လုပ်ရပ်တခုသာ ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်း သာယာရေး အတွက် အထောက်အကူ ပြုစေမယ့် လုပ်ရပ်လည်း မဟုတ်ပါဘူး။ နောက်ပြီးတော့ ဒီလုပ်ရပ်ဟာလည်း ပြည်တွင်းစစ်ကို စပြီးတော့ မီးပြန်ရှို့လိုက်သလို ဖြစ်ပါတယ်။ ကျနော်တို့ အဲဒီလို သုံးသပ်မိပါတယ်။”

အသွင်ကူးပြောင်းရေးကို လက်ခံထားတဲ့ SSA မြောက်ပိုင်း တပ်ဖွဲ့တွေက SSA တောင်ပိုင်း တပ်ဖွဲ့တွေဆီကို ပူးပေါင်း လာချိန်မှာပဲ ဒီလ ၁ ရက်နေ့ထုတ် မြန်မာ အစိုးရပိုင် သတင်းစာတွေမှာ SSA တောင်ပိုင်းတပ်ဖွဲ့က ဗိုလ်ကြီးအဆင့် အပါအ၀င် တပ်ဖွဲ့ဝင် ၄ ဦးဟာ မြန်မာ စစ်အစိုးရဆီမှာ လက်နက် ချခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

မြန်မာစစ်အစိုးရဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးကို တပ်မတော်ရဲ့ ကွပ်ကဲမှု အောက်မှာ ထားရှိဖို့အတွက် ၂၀၀၉ ခုနှစ် ဧပြီလကုန်ပိုင်းကတည်းက စတင် ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ ဒီတောင်းဆိုချက်ကို အပစ်ရပ် အဖွဲ့တချို့က လက်ခံခဲ့ပေမဲ့ ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA)၊ မိုင်းလားအဖွဲ့ခေါ် အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့က မြန်မာစစ်အစိုးရ တောင်းဆိုတဲ့အတိုင်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံ သဘောတူညီတာ မရှိသေးပါဘူး။

Ref: VOA News

Read More...

တိုင်းရင်းသားများအပေါ် မြန်မာစစ်အစိုးရ နှိပ်ကွပ်မှု ဗြိတိန် လုံခြုံရေး ကောင်စီမှာ ဆွေးနွေး

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 07 ဇူလိုင် 2010

မြန်မာနိုင်ငံတွင်း တိုင်းရင်းသား လူနည်းစု အရပ်သားတွေ အပေါ်မှာ စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်ရှိနေတုန်း ပဲလို့ ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။ ကမ္ဘာ အရပ်ရပ်က ဒုက္ခသည်တွေ ပြဿနာနဲ့ လူတွေ ဆင်းရဲဒုက္ခ ရောက်မှုကို အကာအကွယ် ပေးနိုင်ဖို့ အကောင်းဆုံး နည်းဟာ အရပ်သားတွေကို အကာအကွယ် ပေးသွားဖို့ ဖြစ်တယ်လို့လည်း ဗြိတိန်နိုင်ငံက ပြောခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ စစ်ပွဲနဲ့ ပဋိပက္ခတွေအတွင်း အရပ်သားတွေအပေါ် အကာအကွယ် ပေးမှု ဆိုင်ရာ ဆွေးနွေးပွဲ အတွင်းမှာ ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံ အရေးကိုလည်း ထည့်သွင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် မိမိတိုင်းပြည် အတွင်းမှာပဲ ရွာပုန်းရွာရှောင် ထွက်ပြေးနေရတဲ့ အရေအတွက်ဟာ ပိုပြီး များလာတဲ့ အပေါ်မှာ စိုးရိမ် မိတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိသျှနိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဖိလစ် ပါဟမ်း (Phillip Parham) က လုံခြုံရေး ကောင်စီကို တင်ပြခဲ့ပါတယ်။

၂၀၀၉ ခုနှစ် အတွင်းမှာပဲ တကမ္ဘာလုံး IDP အရေအတွက်ဟာ ၂၇ သန်းအထိ တိုးများလာတယ်လို့လည်း ထောက်ပြပါတယ်။ ဒီအခြေအနေမှာ မြန်မာနိုင်ငံကို ဥပမာပြပြီး အခုလို ဒုက္ခသည်တွေ လျော့ပါးသွားဖို့ရာ အရပ်သားတွေကို ထိထိရောက်ရောက် အကာ အကွယ်ပေးနိုင်ဖို့ လိုမယ်လို့ ဗြိတိသျှ ကိုယ်စားလှယ်က ပြောပါတယ်။

“ဒါဟာ အတော်လေးကို စိုးရိမ်ရတဲ့ ပြဿနာပါ။ ဥပမာ မြန်မာနိုင်ငံကို ကြည့်ပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းတွေ တိုးတက်မှု မရှိတဲ့ အပေါ်မှာ ဗြိတိန်အနေနဲ့ အင်မတန် စိုးရိမ် ပူပန်မိပါတယ်။ မြန်မာ စစ်အစိုးရဟာ အရပ်သားတွေ၊ အထူးသဖြင့်ဆိုရင် တိုင်းရင်းသား လူနည်းစု ဒေသမှာရှိတဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်နေတုန်းပါပဲ။

“အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေတုန်းပါပဲ။ စစ်တပ်အတွက် ကလေး စစ်သားတွေ စုဆောင်းတာ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းတာတွေ ရှိနေတုန်းပါ။ ရွှေ့ပြောင်း ဒုက္ခသည်တွေနဲ့ ဆင်းရဲဒုက္ခ ရောက်မှုတွေကို အကာအကွယ် ပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ဘယ်သူ့ကိုမဆို၊ ဘယ်မှာမဆို၊ အရပ်သားတွေကို အကာအကွယ် ပေးသွားဖို့ပဲ ဖြစ်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှနိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ဖိလစ် ပါဟမ်း ပြောပြသွားတာ ဖြစ်ပါတယ်။

မနေ့ကလုပ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တကမ္ဘာလုံးမှာ ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေအတွင်း အရပ်သားတွေ အပေါ် ပစ်မှတ်ထား အကြမ်းဖက်မှုတွေကိစ္စ ဘယ်လို ဖြေရှင်း ကိုင်တွယ်ကြမလဲ ဆိုတာ ဆွေးနွေးခဲ့ကြတဲ့ပွဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကိုယ်တိုင် တတ်ရောက်ခဲ့သလို လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) နဲ့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုရုံး အကြီးအကဲ မစ္စတာ ဂျွန်ဟုမ်း (John Holmes) တို့လည်း တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

ကမ္ဘာအနှံ့ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုံခြုံရေးကောင်စီက စုံစမ်းစစ်ဆေးနိုင်ဖို့ လုပ်ငန်း ဒါမှမဟုတ် စနစ်တခုကို ကုလသမဂ္ဂ ဖွဲ့စည်းမှုထဲမှာ ထားရှိဖို့ မစ္စတာဟုမ်းက အကြံပြုခဲ့ပါတယ်။ မစ်စ် ပီလေးကတော့ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေ အတွင်း အရပ်သားတွေကို အကာအကွယ် ပေးနိုင်ဖို့ ဆိုရင် ကျူးလွန်သူတွေကို ဖော်ထုတ် အရေးယူတာမျိုးဟာ အရေးကြီးတယ်လို့ ထောက်ပြပါတယ်။ ဒါကြောင့် အရပ်သားတွေ အကာအကွယ် ပေးနိုင်ဖို့ လုံခြုံရေးကောင်စီ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုက်ရိုက် စုံစမ်းစစ်ဆေးနိုင်မယ့် ကော်မရှင်တွေ ထားရှိဖို့ ကိစ္စကို မစ်စ် ပီလေးကလည်း သဘောတူခဲ့ပါတယ်။

တဘက်မှာလည်း အခုလို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကနဦး စုံစမ်းစစ်ဆေး အရေးယူ ကိုင်တွယ်ဖို့ရာ နိုင်ငံတွေမှာ အဓိက တာဝန်ရှိတယ်လို့လည်း ထောက်ပြပါတယ်။ ဒါကြောင့် နိုင်ငံအချို့က အရပ်သားတွေအပေါ် ကျူးလွန်ကြတဲ့ စစ်ရာဇ၀တ်မှုတွေကို မိမိဘာသာ စုံစမ်းရေး ကော်မရှင်တွေ ဖွဲ့ပြီး ကိုင်တွယ်တာကိုလည်း မစ်စ် ပီလေးက ချီးကျူးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ အများစု ဆွေးနွေးကြတာကတော့ သီရိလင်္ကာ၊ ကွန်ဂို အခြေအနေတွေ များပါတယ်။ မြန်မာ ကိစ္စကိုတော့ ဗြိတိသျှ ကိုယ်စားလှယ် ကပဲ ဥပမာပေး ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း အခုလို လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့ဖို့ လုံခြုံရေး ကောင်စီကို မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Quintana) က အစီရင်ခံစာ ထဲမှာ ထည့်သွင်း အကြံပြု ထားပါတယ်။ ဒီအကြံပြုချက် ကိုတော့ ဗြိတိန်၊ သြစတြေးလျ၊ ချက်၊ စလိုဗက်ကီးယား နိုင်ငံတို့က ထောက်ခံထားပြီး အမေရိကန် ပြည်ထောင်စု ဘက်ကတော့ ထည့်သွင်း စဉ်းစားနေတုန်းလို့ သိရပါတယ်။

Ref: VOA News

Read More...

စစ်တွေ GTC ကျောင်းသားများ ဒုတိယနေ့ ဆန္ဒပြ

ဦးဇော်ဝင်းလှိုင်
ဗုဒ္ဓဟူး, 07 ဇူလိုင် 2010

ရခိုင်ပြည်နယ် စစ်တွေမြို့က နည်းပညာကျောင်းကို ပြေးဆွဲနေတဲ့ ဖယ်ရီကားတွေ ပုံမှန် မပြေးတော့တာကို မကျေနပ်တဲ့ အတွက် ကျောင်းသားတွေက ၂ ရက်မြောက်နေ့ အဖြစ် ဆက်ပြီး ဆန္ဒပြနေ ကြပါတယ်။ လိုင်းကားတွေ ပြေးဆွဲခြင်း မရှိလို့ ပြီးခဲ့တဲ့ တနင်္လာ နေ့တုန်းက စာမေးပွဲဖြေခွင့် မရလိုက်တဲ့ ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဆက်ပြီး ချီတက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

စစ်တွေမြို့မှာရှိတဲ့ နည်းပညာကျောင်းကို ဖယ်ရီကားတွေ ပုံမှန် ပြေးဆွဲပေးခြင်း မရှိတဲ့အပြင် ပြေးနေတဲ့ လိုင်းကားတွေကလည်း ကားခတွေ ပိုတောင်းတဲ့အတွက် ကျောင်းသားတွေ ကျောင်းတက်ဖို့ အခက်အခဲ ရှိနေကြတာတော့ ကြာပါပြီ။ ပြီးခဲ့တဲ့ တနင်္လာ နေ့တုန်းကတော့ ဖယ်ရီကားတွေ ပုံမှန် ပြေးဆွဲခြင်း မရှိတဲ့အတွက် ကျောင်းသားတွေ စာမေးပွဲဖြေဖို့ နောက်ကျကုန်တဲ့ အပြင် အပြန်လမ်းမှာလည်း ဖယ်ရီကားတွေ ပြေးဆွဲပေးခြင်း မရှိတဲ့ အတွက် ၁၂ မိုင်လောက် ဝေးတဲ့ခရီးကို လမ်းလျှောက် ပြန်ခဲ့ကြပြီး ရာနဲ့ချီတဲ့ ကျောင်းသားတွေ ဆန္ဒပြခဲ့ကြတာလို့ စစ်တွေ ဒေသခံတဦးက ပြောပြပါတယ်။

“ကလေးတွေ ကျောင်းသွားတာ ကားနောက်ကျသွားတော့ စာမေးပွဲဖြေခွင့် မရလိုက်ကြဘူး။ အပြန် ကျတော့လည်း ကား မရှိဘူးပေါ့လေ။ မရှိတော့ သူတို့ ကျောင်းကနေပြီးတော့ မြို့ထဲကို လမ်းလျှောက် လာကြတာပေါ့။ ၁၂ မိုင်အထိ လမ်းလျှောက် လာတာ။ တော်တော် ဝေးတယ်ဗျ။”

ဒါပေမဲ့ တခြား သတင်းဌာနတွေဖြစ်တဲ့ အာရကန်ရီဗျူးနဲ့ ဧရာဝတီ အွန်လိုင်း သတင်းဌာန တွေကတော့ ဖယ်ရီကားခတွေ ၁၅၀ ကနေ ၃၀၀ အထိ ၂ ဆတိုး ကောက်ခဲ့တဲ့အတွက် ကျောင်းသားတွေ အခုလို ဆန္ဒပြခဲ့ကြတာလို့ ဖော်ပြကြပါတယ်။

ပုံမှန်အားဖြင့်တော့ စစ်တွေတက္ကသိုလ်နဲ့ စစ်တွေ နည်းပညာ တက္ကသိုလ်တို့ကို ဖယ်ရီကားတွေ ပြေးဆွဲ ပေးနေပေမဲ့ နည်းပညာ တက္ကသိုလ်က ဝေးလွန်းတာကြောင့် ကားသမားတွေ ပြေးပေးဖို့ ၀န်လေးနေကြတာလို့ ဆိုပါတယ်။ မနေ့က ကျောင်းသားတွေ ထပ်ဆန္ဒပြကြပြီး ပယကရုံးရှေ့မှာ အော်ဟစ် တောင်းဆိုတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“ပုံမှန်တော့ ရှိပါတယ်။ ဒါပေမဲ့ အခု ဒီ ကားသမားတွေကလည်း ကျောင်းသားတွေဆီက ရတဲ့ ကားခနဲ့ သူတို့ပြေးရတဲ့ ခရီးနဲ့ မကိုက်တော့လည်း မဆွဲချင်တာလည်း နေမှာပေါ့လေ။ မြို့ထဲက စစ်တွေ တက္ကသိုလ်ကို ၁၀၀ ပေါ့ဗျာ။ နည်းပညာ တက္ကသိုလ်လည်း ၁၀၀ ပေါ့။ အဲတော့ ကားသမားတွေက နည်းပညာ တက္ကသိုလ်ကျတော့ ပြေးမဆွဲ ချင်ကြတော့ဘူးလေ။ တော်တော် လှမ်းတယ်လေ။ အင်္ဂါနေ့က သူတို့ ပယကရုံးရှေ့မှာ တော်တော်လေး တောင်းဆိုကြတယ်လို့ ပြောတယ်။ ပြန်လာတဲ့အချိန် ရုံးရှေ့မှာ တောင်းဆို ကြတယ်ပေါ့။ ဒီနေ့ ၀န်ကြီးတွေ ဒီကို ရောက်တယ်လို့တော့ ကြားတယ်။ ပညာရေး ၀န်ကြီးတို့၊ ဆက်သွယ်ရေး ၀န်ကြီးတို့။”

ဒီနေ့မှာတော့ ကျောင်းတွေ ဖွင့်ပေမဲ့လည်း ကျောင်းသားတွေ ကျောင်းမတက်ကြဘူးလို့ အဲဒီမြို့ခံကပဲ ဆက်ပြောပြ ပါတယ်။

“ဒီနေ့တော့ ကျောင်းသားတွေရော၊ ဆရာမတွေရော ကျောင်းမတက်ကြဘူးလို့ ကြားတယ်။ ကျောင်းပိတ်တာတော့ မဟုတ်ဘူး ပေါ့လေ။ ကျောင်းသားတွေ ကျောင်းမတက်တာပေါ့။”

အခု ဇူလိုင်လ ၅ ရက်နေ့က စခဲ့တဲ့ ဆန္ဒပြပွဲ အပါအ၀င် စစ်တွေတက္ကသိုလ် ကျောင်းသားတွေဟာ ဖယ်ရီကားခ ဈေးနှုန်းတွေ လျှော့ချ ပေးဖို့အတွက် ၂၀၀၆ ခုနှစ်မှာ တကြိမ်၊ ၂၀၀၈ ခုနှစ်မှာ တကြိမ်နဲ့ ၂၀၀၉ ခုနှစ်မှာ တကြိမ် စုစုပေါင်း ၄ ကြိမ် တောင်းဆို ဆန္ဒပြခဲ့ကြပြီး ဖြစ်ပါတယ်။ ဖယ်ရီကားခတွေ လျှော့ပေးဖို့၊ ဖယ်ရီကားတွေ ပုံမှန် ပြေးဆွဲပေးဖို့ ကျောင်းသားတွေ ဘက်က အခုလို အကြိမ်ကြိမ် ဆန္ဒပြ တောင်းဆို နေပေမဲ့လည်း အာဏာပိုင်တွေ ဘက်ကတော့ အခုချိန်ထိ ဒီကိစ္စကို ပြေလည်အောင် ဆောင်ရွက်ပေးတယ် ဆိုတာ မရှိသေးပါဘူး။

Ref: VOA News

Read More...

တိုင်းရင်းသားပါတီများ ကြံ့ခိုင်ရေးပါတီကဲ့သို့ လှုပ်ရှားစည်းရုံးခွင့် မရှိ

Wednesday, 07 July 2010

သျှမ်းပြည်အတွင်း နိုင်ငံရေးပါတီ ၁၀ ခု ထက်မနည်းရှိသည့်အနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ တပါတီတည်းသာ လွတ်လပ်စွာ သွားလာ စည်းရုံး ဟောပြော မဲဆွယ်ခွင့် ရှိကြောင်း အမည်မဖေါ်လိုသည့် နိုင်ငံရေး ပါတီ အသိုင်းအ၀ိုင်းက ပြောပါသည်။

“ကျနော်တို့ သျှမ်းပြည်မှာ ကြံ့ဖွတ်ပါတီ၊ တစည ပါတီအပါအ၀င် တိုင်းရင်းသားပါတီတွေ စုစုပေါင်း ၁၀ ခု ထက် မနည်းရှိတယ်။ မှတ်ပုံတင် မကျသေးတဲ့ ပါတီတွေလဲ ရှိသေးတယ်၊ ဒါပေမယ့် ကြံ့ဖွတ်ကလွဲလို့ ဘယ်ပါတီမှ လွတ်လွတ်လပ်လပ် စည်းရုံးရေး ဆင်းခွင့် မရဘူး”- ဟု တိုင်းရင်းသား နိုင်ငံရေးပါတီဝင် ကျိုင်းတုံသား တဦးက ပြောပါသည်။

ဂျွန်လဆန်းပိုင်းကစ၍ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများအား ပါတီထောင်ခွင့် မှတ်ပုံတင် ခွင့်ပြုချက် ဆက်တိုက် ချပေးခဲ့သော်လည်း တိုင်းရင်းသား ပါတီများမှာ ပါတီဝင်ဦးရေ ပြည့်မှီရေး အတွက်သာ စည်းရုံးခွင့် ရကြောင်း၊ ပါတီ အနိုင်ရရှိရေး ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်း/ပြည်နယ် ကိုယ်စားလှယ်လောင်း ထောက်ခံမဲ ရရေးအတွက် စည်းရုံးခွင့် မရသေးကြောင်း - တိုင်းရင်းသားနိုင်ငံရေးပါတီ အသိုင်းဝိုင်းက ပြောပါသည်။

“ကျနော်တို့ ကျိုင်းတုံမှာ ကျေးရွာအုပ်စုတိုင်းကို သွားစည်းရုံးတယ်။ ကျေးရွာအုပ်စုတခု အင်အား ၃၅၀ ပြည့်ရမယ်၊ ကြံ့ဖွတ်ပါတီ မ၀င်မနေရ၊ ၀င်ပြန်တော့လဲ ပါတီဝင်ကြေး တယောက် ၁၀၀၀ ကျပ် ထပ်ကောက်သေးတယ်၊ သူ့ခေတ် ဆိုတော့လဲ သူလုပ်ချင်ရာ လုပ်နေတယ် ” - ဟု ကြံ့ဖွံ့ပါတီထဲ အဓမ္မ ၀င်ခိုင်းခံရသူ ဒေသခံတဦးက ပြောပါသည်။

ရန်ကုန် တောင်ဥက္ကလာပ ရုံးချုပ်စိုက်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ပါတီမှတ်ပုံတင် ကျချိန်မှစ၍ သျှမ်းပြည် မြို့ကြီး အချို့တွင် မြို့နယ်ရုံးခွဲများ ဆက်တိုက် ဖွင့်ခဲ့သော်လည်း နယ်ဘက်သို့မူ စည်းရုံးရေး မဆင်းသေးကြောင်း၊ သံလွင် အရှေ့ခြမ်း မိုင်းတုံ၊ မိုင်းဆတ် ဘက်တွင်လည်း ကြံ့ဖွံ့ပါတီသာ ရှိကြောင်း - မိုင်းတုံ မြို့ခံ တဦးက ဤကဲ့သို့ ပြောပြပါသည်။

“ကြံ့ဖွတ်ပါတီဘဲရှိမယ်ဆိုရင် အဲဒီဒေသ/မြို့နယ် ရွေးကောက်ပွဲလုပ်စရာ မလိုတော့ဘူးတဲ့၊ အလိုလိုနေရင်း သူတို့ ပါတီကလူဘဲ လွှတ်တော် ကိုယ်စားလှယ်/ပြည်နယ် ကိုယ်စားလှယ် တန်းဖြစ်မယ်တဲ့ ”

သျှမ်းပြည်တွင် ပြည်ခိုင်ဖြိုးပါတီ USDP၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီ UNP နှင့် ၁၉၄၇ ပင်လုံညီလာခံ တက်ရောက်သူ သျှမ်းဝါရင့် နိုင်ငံရေးသမား ဦးရွှေအုံး ဦးဆောင်သည့် ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP တို့ အပါအ၀င် စစ်အုပ်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီ တည်ထောင်ခွင့် လျှောက်သည့် နိုင်ငံရေးပါတီ ၁၂ ခုရှိ ကြောင်း အဆိုပါ အသိုင်းအ၀ိုင်းက ပြော၏။

“လားရှိုးမြို့တခုထဲ နိုင်ငံရေးပါတီ မှတ်ပုံတင်ရထားတဲ့ ပါတီ ၅ ခုက ပါတီရုံးချုပ်တွေ၊ ရုံးခွဲတွေ ဆိုင်းပုဒ်တွေ အသီးသီး ဖွင့်လှစ် ထားပြီးပြီ၊ ကချင်ပါတီဖြစ်တဲ့ NSSPP ပါတီက မှတ်ပုံတင် ကျလာရင် မူစယ်မှာ ရုံးဖွင့်မယ်လို့ သိရတယ်” - ဟု လားရှိုးမြို့ခံ တဦးက ပြောပါသည်။

လားရှိုးမြို့၌ ရုံးဖွင့်သည့် နိုင်ငံရေးပါတီ ၅ ခုမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ခေါ် ကျားဖြူ ပါတီ (မြို့နယ်ကော်မတီ -ဥက္ကဌ စိုင်းအောင်ကြီး)၊ လားဟူ အမျိုးသား ဒီမိုကရက်တစ်ပါတီ LNDP (ရုံးချုပ် - ဥက္ကဌ ဂျဟားဆဲ ၅၆ နှစ်)၊ ၀ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ WNUP (ရုံးချုပ်- ဥက္ကဌ တာ့ပလိ)၊ ကိုးကန့် ဒီမိုကရေစီနှင့် စည်းလုံး ညီညွတ်ရေးပါတီ KDUP (ရုံးချုပ် - ဥက္ကဌ လော်ရှင်းကွင်း ၆၀ နှစ်)၊ နှင့် ကြံ့ဖွံ့ပါတီ (ရုံးခွဲ - ဥက္ကဌကျောက်မဲသား ဦးနော်ခမ်းဦး) တို့ဖြစ်သည်။

ကျန်ပါတီများမှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ NUP မှ ဟိုပန်မြို့နယ် ပြည်သူ့ ကိုယ်စားလှယ် ခွန်ထွန်းလူ ဦးဆောင်သည့် ၀ ဒီမိုကရေစီပါတီ WDP၊ ယခင် PSLA ပလောင်ပြည် လွတ်မြောက်ရေး တပ်မတော် ဥက္ကဌ ဟောင်းမိုင်အိုက်မုန့် ဦးဆောင်သည့် ပလောင် အမျိုးသားပါတီ/ ပလောင် တိုင်းရင်းသား ဒီမိုကရက် တစ်ပါတီ PNP/PNDP ၊ လားရှိုးမြို့ ရပ်ကွက် ၂ နေ ဦးပေါ်ဦး (ရုံးခွဲဥက္ကဌ) တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ NUP၊ အင်းအမျိုး သားဖွံ့ဖြိုးရေးပါတီ INDP၊ ကယန်း အမျိုးသားပါတီ KNP နှင့် ကချင်ပါတီဖြစ်သည့် သျှမ်းပြည်မြောက်ပိုင်း တိုးတက်ရေးပါတီ NSSPP တို့ဖြစ်ကြသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဂက်စ်ငွေက စစ်အစိုးရ နျူစီမံကိန်းအတွက် အထောက်ကူပြုဟု အစီရင်ခံစာ ပြော

သောမတ်စ်မောင်ရွှေ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ ၀၇ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုတယ်လ်နှင့် ရှက်ဗရွန် ကုမ္ပဏီတို့ ဦးဆောင် ပြုလုပ်ခဲ့ကြသည့် သဘာဝ ဓာတ်ငွေ့ စီမံကိန်းများမှ စစ်အစိုးရ အနေဖြင့် အမြတ်အစွန်းများစွာ ရရှိလာခဲ့ပြီး ၎င်းတို့၏ နျူကလီးယား လျှို့ဝှက်စီမံကိန်းတွင် အသုံးချနိုင်သည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးအဖွဲ့ ERI ၏ တနင်္လာနေ့ထုတ် အစီရင်ခံစာက ဆိုသည်။

Earth Rights International - ERI သည် အမေရိကန် တရားရုံးများက ယူနိုကယ်လ် (ယခု ရှက်ဗရွန်) ကို မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ အတင်းအဓမ္မ လုပ်အားပေးရန် ခိုင်းစေမှုတို့တွင် ပါဝင် ပတ်သက်သည်ဟုဆိုကာ တရားစွဲဆိုခဲ့သည့် အန်ဂျီအို အဖွဲ့ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ထဲတွင်လည်း ERI က စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ရရှိသော အမြတ်အစွန်းများ ဖြစ်သည့် ဘီလီယံနှင့် ချီသော ဒေါ်လာငွေများကို စင်္ကာပူနိုင်ငံရှိ ဘဏ်များတွင် လျှို့ဝှက်ဘဏ် အကောင့်များဖွင့်၍ ဝှက်ထားခဲ့သည်ဟုလည်း စွပ်စွဲ ခဲ့သေးသည်။

တနင်္လာနေ့တွင် ထုတ်ပြန်သည့် ERI အစီရင်ခံစာထဲတွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့ စီမံကိန်းများမှ ရရှိသော အမြတ် အစွန်းများအား နိုင်ငံတော် ဘတ်ဂျက်များတွင် မထည့်သလို နိုင်ငံသားများ အတွက်လည်း အသုံးမပြုဘဲ စင်္ကာပူရှိ ဘဏ်များတွင် သိမ်းဆည်းထားကြောင်း ထပ်မံ ဖော်ပြထားသည်။

ပြီးခဲ့သည့်လအတွင်း နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB ၏ သတင်းတပုဒ်တွင် မြန်မာပြည်တွင်း၌ စစ်အစိုးရ၏ နျူကလီးယား လက်နက် စီမံကိန်းတွင် ပါဝင်လုပ်ကိုင်ခဲ့ရာမှ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာသူ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ တင်ပြချက်များကို ကိုးကား၍ စစ်အစိုးရသည် အထီးကျန် အာဏာရှင်နိုင်ငံ မြောက်ကိုရီးယား၏ ကင်ဂျုံအီး အစိုးရထံမှ နျူကလီးယားနှင့် ဒုံးကျည်နည်းပညာများ ရရှိရန် ကြိုးစားနေသည်ဟု စွပ်စွဲခဲ့သည်ကို ရည်ညွှန်း၍ ERI က ရေးသားသည်။

အစီရင်ခံစာထဲတွင် စစ်အစိုးရသည် သဘာဝဓာတ်ငွေ့မှ ရရှိလာသော အမြတ်အစွန်းများအား ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် မသုံးစွဲဘဲ အာဏာ တည်မြဲရေးအတွက် အကုန်အကျ များလှသော နျူကလီးယား အစီအစဉ်ကို ချမှတ်ကာ မြောက်ကိုရီးယားနှင့် တရားမဝင် နျူကလီးယားရေးရာ ပူးပေါင်းဆောင်ရွက်မှုများတွင် အသုံးပြုခဲ့သောကြောင့် ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေး ကိုလည်း ထိခိုက်စေသည်ဟု ဆိုထားသည်။

ERI သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသည့် နိုင်ငံတကာ ကုမ္ပဏီများအား နှစ်ရှည်လများ တရားစွဲဆို ခဲ့ရာတွင် ပြုစုခဲ့သည့် အချက်အလက် အထောက် အထားများနှင့် သဘာဝဓာတ်ငွေ့ နောက်ဆုံးဈေးနှုန်းများကို ကိုးကား၍ “တိုတယ်လ်၊ ရှက်ဗရွန်နှင့် PTTEP ကုမ္ပဏီများက စစ်အစိုးရ ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဘဏ္ဍာရေး လျှို့ဝှက်မှု၊ နျူကလီးယား ပြန့်ပွားမှုတို့ကို အထောက် အကူပြုနေပုံ” ဟူသည့် အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ပြင်သစ် တိုတယ်လ်ကုမ္ပဏီ၊ အမေရိကန် ရှက်ဗရွန် ကုမ္ပဏီတို့နှင့် ဖက်စပ် သဘာဝ ဓာတ်ငွေ့ စီမံကိန်းများမှ နေ၍ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့် ရရှိခဲ့ရာ တနှစ်လျှင် အမေရိကန် ဒေါ်လာ ၄၁၆ သန်းခန့် ရရှိခဲ့သည်ဟု ဆိုသည်။

စင်္ကာပူမှ Overseas Chinese Banking Corporation (OCBC) နှင့် DBS ဘဏ်တို့ကို သဘာဝဓာတ်ငွေ့မှ ရရှိသော စစ်အစိုးရ၏ ငွေကြေးများအား လက်ခံ ထိန်းသိမ်း ပေးထားသည်ဟု ERI က ပြီးခဲ့သည့်နှစ်ထဲတွင် စွပ်စွဲခဲ့ရာ ဘဏ် ၂ ခုလုံးက ငြင်းပယ်ခဲ့သည်။ သို့သော် ERI ကမူ ထိုဘဏ်များသည် သဘာဝဓာတ်ငွေ့ လုပ်ငန်းများမှ ရရှိသော စစ်ဗိုလ်ချုပ်များ၏ ဘီလီယံနှင့်ချီသော ငွေများအား လက်ခံ ထိန်းသိမ်းထားပြီး စစ်အစိုးရသည် ထိုငွေများကို နျူကလီးယားနှင့် ဒုံးကျည် စီမံကိန်းများ အပါအဝင် ရည်ရွယ်ချက်များစွာ အတွက် အသုံးချဖွယ်ရာ ရှိသည်ဟု ဆိုသည်။

စစ်အစိုးရကို ပေးရသည့် ငွေပမာဏကို တိုတယ်လ်နှင့် ရှက်ဗရွန်က ထုတ်ဖော်ပြောရန် ငြင်းဆန်


ERI ၊ အမေရိကန် ပြည်ထောင်စု ဖက်ဒရေးရှင်းအဖွဲ့၊ AFLCIO ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) ၊ Global Witness ၊ အခြား အဖွဲ့အစည်း များစွာနှင့်အတူ ကမ္ဘာမှ လေးစားလောက်သော ခေါင်းဆောင်များဖြစ်သည့် နော်ဝေ ဝန်ကြီးချုပ်ဟောင်း Kjell Magne Bondevik ၊ အိုင်ယာလန် သမ္မတဟောင်း Mary Robinson တို့က တိုတယ်လ်နှင့် ရှက်ဗရွန် ကုမ္ပဏီတို့က စစ်အစိုးရထံ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းအတွက် ပေးသွင်းရသည့် ငွေပမာဏကို ထုတ်ပြန်ပေးရန် တောင်းဆို ခဲ့သော်လည်း ကုမ္ပဏီများက ငြင်းဆန်ခဲ့ကြသည်။ ကုမ္ပဏီများသည် ပေးရသည့် ငွေပမာဏကို ထုတ်ဖော်ပြောသည့် အလေ့အထ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် ထုတ်ဖော်ပြောဆိုရန် ငြင်းဆန် ခဲ့ကြခြင်း ဖြစ်သည်။

“သဘာဝ အရင်းအမြစ်တွေက ရတဲ့ဝင်ငွေတွေကြောင့် စစ်အာဏာရှင်တွေဟာ ပိုပြီး ဆိုးလာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အနေအထားတွေကြောင့် အဲဒီကုမ္ပဏီတွေကို ငွေကြေးကဏ္ဍ အသေးစိတ် ထုတ်ပြန်ပေးဖို့ တောင်းဆိုရတာပါ။ တိုတယ်လ်၊ ရှက်ဗရွန်နဲ့ PTTEP ကုမ္ပဏီတွေဟာ အနည်းဆုံး အဲဒီလို ထုတ်ပြန်ပေးရုံလောက်တော့ လုပ်သင့်ပါတယ်။ သူတို့မှာ လုပ်နိုင်စွမ်းလည်း ရှိပါတယ်” ဟု ERI ၏ သုတေသန အဖွဲ့ဝင် Matthew Smith က ပြောသည်။

ပိုက်လိုင်းတဝိုက် ဒေသတွင် မွန်လူမျိုး ရွာသား ၂ ဦး အသတ်ခံရမှု

တိုတယ်လ်နှင့် ရှက်ဗရွန်တို့ လုပ်ကိုင်နေသော ဧရိယာ တဝိုက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိဟု ဆိုသော်လည်း ERI ကမူ ဓာတ်ငွေ့ပိုက်လိုင်းကို စောင့်ကြပ်ရန် တာဝန်ယူထားသည့် ခြေမြန်တပ်ရင်း ၂၈၂ မှ တပ်သားများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေဆဲဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလက ပိုက်လိုင်းအနီးရှိ ကျေးရွာမှ မွန်လူမျိုး ရွာသား ၂ ဦးကို စစ်သားများက သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ခြေမြန်တပ်ရင်း ၂၈၂ က ရွာသားများကို သတ်ဖြတ်သွားကြောင်း ရွာသားတဦးက ERI ကို ပြောပြခဲ့သည်။

သူက “အမိန့်ပေးတဲ့ အရာရှိကတော့ ဗလေး (ခေါ်) ညီညီစိုးပါ။ သူတို့က အသတ်ခံရတဲ့ ရွာသား ၂ ယောက်ကို မွန်လက်နက်ကိုင်တွေနဲ့ အဆက်အသွယ် ရှိတယ်လို့ သံသယ ဖြစ်ပြီးတော့ မေးခွန်းတွေ မေးပါတယ်။ တညမှာတော့ အဲဒီ့ရွာသား ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး နောက်နေ့မှာတော့ စစ်သားတွေက ရွာထဲကို တွင်းတူးတဲ့ ကိရိယာတွေ ယူဖို့အတွက် လာပါတယ်။ နောက်ပိုင်းမှာတော့ အဖမ်းခံထားရတဲ့ ရွာသား ၂ ယောက်လုံး အသတ် ခံလိုက်ရတယ် ဆိုတာ ကျနော်တို့ သိလိုက်ရပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ် နှောင်းပိုင်းမှစ၍ ယခုနှစ်ဦးပိုင်းအထိ ERI သည် စီမံကိန်း ဒေသအတွင်း ဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြပ်သော တပ်သားများ အတွက် ရွာသားများအား အတင်းအဓမ္မ ပေါ်တာ ထမ်းခိုင်းမှုများကို စစ်တပ်က ပြုလုပ်သည်ကို တွေ့ရှိရသဖြင့် စာရင်းပြုစုခဲ့သည်။

တိုတယ်လ်၏ အထူးနယ်မြေ တာဝန်ဇုန်တွင် နေထိုင်သော ရွာသားတဦးက ERI ကို ပြောပြရာတွင် ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက တညနေတွင် စစ်သား ၂၀ ခန့် ဇင်းဘာရွာသို့ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

သူက “စစ်သားတွေ ဘာလုပ်ဖို့ ရောက်လာတယ် ဆိုတာကိုတော့ မသိပါဘူး။ ဒါပေမဲ့ ရွာသား တယောက်ကတော့ စစ်သားတွေစားဖို့ ဆိတ်တကောင် အတင်း အတောင်းခံရလို့ ပေးလိုက်ရတယ်။ နောက်နေ့ စစ်သားတွေ ပြန်သွားတဲ့အခါ ရွာသား တယောက်ကို ခေါ်သွားတယ်။ တောလမ်းကနေ မိချောင်းလောင်းရွာကို သွားကြတာ။ တညကြာတယ်။ နောက်နေ့ကျတော့ သူ့ကို ပြန်လွှတ်လိုက်တယ်” ဟု ဆိုသည်။

စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲခဲ့ကြောင်း ရွာသားတဦးကလည်း လူ့အခွင့်အရေး အဖွဲ့တခုကို ပြောပြခဲ့သည်။

“၂၀၀၉ ခုနှစ်နှောင်းပိုင်း သီးနှံရိတ်သိမ်းချိန်လောက်ကပေါ့။ ခမရ ၄၁၀ က တပ်သား ၂၅ ယောက်လာက် ရွာကို လာပြီးတော့ ရွာလူကြီးကို ပေါ်တာဆွဲဖို့ အတွက် ရွာသား ၃ ယောက် ပေးဖို့ ပြောတယ်။ အဲဒီ ပေါ်တာ ထမ်းသမားတွေဟာ စစ်သားတွေရဲ့ အထုပ်အပိုးတွေ၊ စားနပ် ရိက္ခာတွေကို ထမ်းပေးရတဲ့ အပြင် လမ်းပါ ပြရသေးတယ်။ စစ်သားတွေဟာ လက်နက်ကိုင် ရန်သူတွေရဲ့ အခြေအနေတွေကို စစ်ဆေးဖို့ တောထဲကို သွားကြတယ်။ အဲဒီနေရာဟာ တိုတယ်လ်ရဲ့ ပိုက်လိုင်းနဲ့ သိပ်မဝေးပါဘူး။ ပေါ်တာပါသွားတဲ့ လူတွေ ၅ ရက်လောက်နေမှ ပြန်ရောက်လာတယ်။ လာတိုင်း ပေါ်တာ လာဆွဲ နေတော့တာပဲ” ဟု သူက ပြောသည်။

ERI အစီရင်ခံစာထဲတွင် ဥပဒေကို ဆန့်ကျင်၍ အဓမ္မ မြေသိမ်းပိုက်မှုများ အကြောင်းလည်း ပါရှိသည်။ ERI ၏ သုတေသန မှတ်တမ်းများအရ ထိုကဲ့သို့ မြေသိမ်းမှုများအား တိုတယ်လ်၏ ငွေကြေး အကူအညီဖြင့် ဒေသ အာဏာပိုင်များ၏ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အစီအစဉ် အစိတ်အပိုင်း တရပ် အနေဖြင့် သိမ်းယူခြင်း ဖြစ်ပြီး လုံလောက်သော လျော်ကြေးပေးမှုမျိုး မရှိဘဲ သိမ်းယူခြင်း ဖြစ်သည်။

ရွာသားများ၏ ပြောပြချက်အရ အာဏာပိုင်များ၏ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အစီအစဉ်သည် ဒေသတွင်း၌ အမှန်တကယ် ရင်ဆိုင်နေရသည့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း မရှိဘဲ မယောင်ရာ ဆီလူးနေခြင်းသာ ဖြစ်သည်ဟု သိရသည်။

ဇင်းဘာ ရွာသားတဦးက “သူတို့က ရွာထဲက ဧရိယာ နည်းနည်းမှာပဲ ရွာသားတွေ စိုက်ပျိုးခွင့်၊ လယ်လုပ်ခွင့် ပေးတယ်။ ဧရိယာ တော်တော်များများကို သစ်တော ထိန်းသိမ်းဖို့၊ သစ်ပင် စိုက်ပျိုးဖို့ဆိုပြီး သူတို့ သတ်မှတ် လိုက်တဲ့ အထဲမှာ ရွာသားတွေရဲ့ လယ်မြေတွေ တော်တော်များများ ပါသွားတယ်။ ကျနော်သိတဲ့ ရွာသား တယောက်ဆိုရင် သူ့ရဲ့ သီဟိုဠ်စေ့ပင် စိုက်တဲ့ လယ် ၆ ဧက လောက် ပါသွားတယ်’’ ဟု ပြောသည်။

ထိုဒေသရှိ ဆင်းရဲသော ရွာသူရွာသားများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း အပေါ်တွင် မှီခို နေကြရသူများ ဖြစ်သဖြင့် သူတို့၏ လယ်မြေများ အသိမ်းခံရပါက ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင် ရလိမ့်မည်ဟု ERI အစီရင်ခံစာက ဆိုသည်။

ဓာတ်ငွေ့ပိုက်လိုင်း တည်ရှိသည့် ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း ERI ၏ စနစ်တကျ ပြုလုပ်ထားသော အစီရင်ခံစာများ ထွက်ပေါ် လာနေသော်လည်း တိုတယ်လ်နှင့် ရှက်ဗရွန် တို့ကမူ ခေါင်းမာနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့်မေလက ပြုလုပ်ခဲ့သည့် ရှက်ဗရွန်၏ ရှယ်ယာပိုင်ရှင်များ နှစ်ပတ်လည် အစည်းအဝေးတွင် Global Exchange လူ့အခွင့်အရေး အဖွဲ့ (ရှက်ဗရွန်) အစီအစဉ်၏ ဒါရိုက်တာ Antonia Juhasz သည် အလုပ်အမှုဆောင် အဖွဲ့ကို ကုမ္ပဏီ၏ လူ့အခွင့်အရေး လိုက်နာမှုနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ အကျပ်ဆိုက်စေမည့် မေးခွန်းများ မေးမိသဖြင့် သူမသည် အခြား လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် အတူ ထောင်ထဲတွင် တညတာ ကုန်ဆုံးခဲ့ရသည်။

လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်၍ တိုတယ်လ်၏ အပြုအမူများသည်လည်း တိုးတက်လာဖွယ် မရှိပေ။ တိုတယ်လ် အကြီးအကဲဖြစ်သူ ဘီလျံနာ Christope de Margeriem ၏ နယူးစ်ဝိခ် မဂ္ဂဇင်းနှင့် ပြီးခဲ့သည့်နှစ်က အင်တာဗျူးတွင် မြန်မာနိုင်ငံတွင်း၌ တိုတယ်လ်၏ လုပ်ဆောင်မှုများကို ဝေဖန် နေသူများက သူ့အား ဒေါသ ထွက်စေသည်ဟု ဆိုကာ ထိုကဲ့သို့ ဝေဖန်သူများကို ငရဲကို သွားကြဟု အင်တာဗျူးတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

တိုတယ်လ် ကုမ္ပဏီ၏ ဓာတ်ငွေ့ပိုက်လိုင်း အနီးတဝိုက်ရှိ ဒေသခံများသာ ထိုစကားကို သိရှိလျှင် “ငါတို့ကတော့ ငရဲခံနေရတာ ကြာပြီ” ဟု တုံ့ပြန်ဖြေဆိုကောင်း ဖြေဆို ပေလိမ့်မည်။

Ref: မဇ္ဈိမ

Read More...

ခမောက်တံဆိပ် ကန့်ကွက်သူများ နှောင့်ယှက်ခံရ

သန်းထိုက်ဦး
Wednesday, July 07, 2010

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က ခမောက်တံဆိပ် အသုံးပြုခြင်းနှင့် ပတ်သက်၍ နေပြည်တော်သို့ တရားဝင် ကန့်ကွက်စာ သွားရောက် ပေးပို့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် ဒေါက်တာ မေ၀င်းမြင့်နှင့် ရှေ့နေ ဒေါ်ခင်ဌေးကြွယ် တို့ကို အစိုးရ အာဏာပိုင်များက အနှောင့်အယှက် ပေးခဲ့ကြောင်း သိရသည်။

ကန့်ကွက်စာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ပြီး နေပြည်တော်ရှိ စည်ပင်သာယာရေး ဟိုတယ်တွင် ဒေါက်တာ မေဝင်းမြင့်တို့ ၂ ဦး တည်းခိုနေစဉ် ရဲ၊ စစ်ဖက် ရေးရာ လုံခြုံရေး (စရဖ) အဖွဲ့ဝင်များနှင့် စည်ပင်သာယာ ၀န်ထမ်းတို့က အနှောင့်အယှက် ပေးခဲ့သည်ဟု NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

ယင်းဟိုတယ်တွင် တည်းခိုရန် ခွင့်မပြုကြောင်းနှင့် ပြစ်မှု ကျူးလွန်ပါက မည်သည့်ပုဒ်မနှင့် အရေးယူခံရမည် စသော သတိပေးချက်များကို အာဏာပိုင်များက လက်မှတ် ရေးထိုးခိုင်းကြောင်း ဦးဝင်းတင်က ဆက်လက် ပြောပြသည်။

အာဏာပိုင်များ၏ အနှောင့်အယှက်ပေးမှုကြောင့် ဗဟို အလုပ်အမှုဆောင် အမျိုးသမီး ၂ ဦးသည် ရန်ကုန်သို့ လိုင်းကားနှင့် နေ့ချင်း ပြန်ခဲ့ကြရကြောင်း သိရသည်။

NDF က ကြယ် ၂ ပွင့်ပါ အလံနှင့် ခမောက်ပုံ အမှတ်တံဆိပ်ကို ပါတီအတွက် အသုံးပြုမည်ဖြစ်ပြီး ကန့်ကွက်လိုက ၇ ရက် အတွင်း လာရောက် ကန့်ကွက်ရန် ရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၃၀ ရက်နေ့တွင် အစိုးရ သတင်းစာများမှ ကြေညာခဲ့ သည်။ NLD ဗဟို အလုပ်အမှုဆောင်များက ဇူလိုင်လ ၅ ရက်နေ့တွင် သွားရောက် ကန့်ကွက်ခဲ့သည်။

NLD သည် မူလက ကြယ်တလုံးနှင့် ခွပ်ဒေါင်းပုံကို အလံနှင့် ပါတီအမှတ် တံဆိပ်အဖြစ် အသုံးပြုခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ အကြို ကာလတွင် ရွေးကောက်ပွဲ ကော်မရှင်က ချပေးသော အသုံးပြုနိုင်သည့် ပါတီ အမှတ် တံဆိပ် အမျိုးအမျိုးအနက် ဦးချစ်ခိုင်နှင့် ဦးခင်မောင်ဆွေတို့က ခမောက်ပုံကို ရွေးချယ်ခဲ့ရာ NLD ပါတီ၏ အမှတ်တံဆိပ်သည် ခမောက် ဖြစ်လာကြောင်း သိရသည်။

စစ်အစိုးရက ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတခြင်း မရှိဟုဆိုကာ ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ပါတီကို ထပ်မံ မှတ်ပုံမတင်ရန် NLDက ဆုံးဖြတ်ခဲ့သည်။

မကွေးတိုင်း၊ ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်း တို့မှ NLD အဖွဲ့ဝင်များကလည်း ကန့်ကွက်လွှာများကို ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့ကြကြောင်း သိရသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ၄ ဦးတို့က ရွေးကောက်ပွဲကို လက်ခံခဲ့ကြပြီး NDF ပါတီကို မေလ ၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ ပြီးနောက် မေလ ၂၇ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ကြသည်။

Ref: ဧရာဝတီ်

Read More...

စံခရဘူရီအနီး ကားမှောက်၊ မြန်မာပြည်သား (၉) ဦး ဒဏ်ရာပြင်းထန်

မြတ်ခိုင်ဦး
၀၇ ဇူလိုင် ၂၀၁၀

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအား တင်ဆောင်လာသည့် မော်တော်ယာဉ်တစီး တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် လူ (၉) ဦးဒဏ်ရာ အပြင်းအထန် ရရှိပြီး (၂၉) ဦးမှာ အနည်းငယ် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

ထိုင်းနိုင်ငံ အနောက်ပိုင်း၊ ကန်ချနဘူရီ ခရိုင်အတွင်းရှိ၊ မြန်မာနယ်စပ်ဘက် ဘုရားသုံးဆူနှင့် ကပ်လျက် စံခရဘူရီ မြို့အဝင် နမ့်ကုတ် (စံခလယ်) ချောင်းတံတား အနီးတွင် ယမန်နေ့ည (၁၂) နာရီခွဲခန့်က အဆိုပါကား တိမ်းမှောက်ခြင်း ဖြစ်သည်ဟု ထိုင်းအစိုးရ သတင်းရပ်ကွက်နှင့် နီးစပ်သူ တဦးထံမှ သိရသည်။

ဒဏ်ရာအပြင်းအထန်ရရှိသူ (၉) ဦးမှာ စံခရဘူရီဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရကာ အာဏာပိုင်များက မည်သူ့ကိုမှ တွေ့ခွင့် မပေးသေးဟု သိရသည်။

“ကားက ဟိုင်းလပ်ကား၊ နခွန်ပသွန်ခရိုင်မှာ မှတ်ပုံတင်ထားတဲ့ကား၊ မောင်းတဲ့သူကတော့ ထွက်ပြေးသွားတယ်။ ညဦးပိုင်း ကတော့ ဖြစ်ဖြစ်ချင်း ဒဏ်ရာနည်းတဲ့ သူတွေကို ဆေးထည့်ပြီး မနက်မှာ စစ်ချက်ယူတယ်။ ဒီနေ့ ညနေ (၄) နာရီမှာ တဖက်ကမ်းကို ပြန်ပို့လိုက်ပြီ” ဟု ထိုင်းအစိုးရ သတင်းရပ်ကွက်နှင့် နီးစပ်သူ တဦးက ခေတ်ပြိုင်သို့ ပြောသည်။

အဆိုပါပြန်လွှတ်လိုက်သည့်သူများမှာ အမျိုးသား (၂၀) ဦးနှင့် အမျိုးသမီး (၉) ဦးတို့ဖြစ်ပြီး မွန်ပြည်နယ်မှ ဖြစ်ကြကြောင်း၊ အကယ်၍ အဆိုပါကားသည် တိမ်းမှောက်ခြင်း မရှိပါက လွတ်မြောက် သွားနိုင်သည့် အနေအထား ရှိကြောင်း၊ ကားတိမ်းမှောက်သော နေရာသည် စံခရဘူရီမြို့ကို ပတ်၍ သွားရသော လမ်းပေါ်တွင် ရှိကြောင်း ၎င်းက ပြောဆိုသည်။

ထိုင်းအစိုးရမှ လူကုန်ကူးမှု ပပျောက်ရေး၊ တရားမဝင် အလုပ်သမား နှိမ်နင်းရေးဟု ဆိုကာ အလုပ်သမားများအား လိုက်လံရှာဖွေ ဖမ်းဆီးရန် ပြီးခဲ့သည့်လ (၂) ရက်တွင် ထိုင်းဝန်ကြီးချုပ် အဘီဆစ်က လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ထားပြီး ဖမ်းဆီးမှုများ ဆောင်ရွက်နေသည်။

သို့ရာတွင် မဲဆောက်၊ ရနောင်း စသော ဒေသများအပါအဝင် အခြားသောနယ်စပ်လမ်းများမှ နည်းလမ်း ပေါင်းစုံဖြင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေမှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် မေ (၃) ရက်၌လည်း အဆိုပါ အနီးတဝိုက်ရှိ စနီဖောင်း ကျေးရွာအဝင်တွင် မြန်မာပြည်သား (၁၀၃) ဦးကို ဖမ်းဆီး မိခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

SSA မြောက်ပိုင်း တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူ့စစ် ထပ်မံကောက်ယူ

မွေခေါဝ်
Wednesday, 07 July 2010

ပြည်သူ့စစ်အသွင်ပြောင်းရေးလက်မခံသည့် အပစ်ရပ်သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ အတွင်းရှိ အချို့ကျေးရွာများတွင် နအဖ အာဏာပိုင်များ ပြည်သူ့စစ် အတင်းအဓမ္မ ထပ်မံ ကောက်ခိုင်း၍ လက်နက်များ ထပ်မံ တပ်ဆင်လျက် ရှိကြောင်း စုံစမ်း သိရှိရသည်။

“အသွင်ပြောင်းရေးကို SSA မြောက်ပိုင်း တပ်မဟာ ၁ က လုံးဝလက်မခံဘဲ ပြတ်ပြတ်သားသား ငြင်းလိုက်ပြီးတဲ့နောက် မေလလယ်က စပြီး ပြည်သူ့စစ် ထပ်ကောက်နေတာ” ဟု တန့်ယန်းမြို့ခံတစ်ဦးက ပြောပါသည်။

နအဖက တပ်မဟာ ၁ ထိန်းချုပ်နယ်မြေများဖြစ်သော တန့်ယန်းမြို့နယ် နားလောဝ်းကျေးရွာအုပ်စု၊ လွယ်ကျဲကျေးရွာ အုပ်စုတွင် တစ်ရွာလျှင် ၁၀ ယောက်ထက်မနည်း ထပ်မံ ကောက်ယူလျက် ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားပါသည်။

ပလောင်၊ လီစူးရွာများဖြစ်သော ၀မ့်ကောင်(၀်)လုံ၊ ကုန်းကော်တို့တွင်လည်း ကောက်ယူလျက်ရှိကြောင်း၊ ရွာသားများ ပြည်သူ့စစ် မလုပ်ချင်ကြသောကြောင့် တန့်ယန်းမြို့သို့လည်းကောင်း၊ သံလွင်မြစ်အရှေ့ခြမ်း ၀နယ်မြေ အတွင်းသို့ လည်းကောင်း အချို့ ထွက်ပြေး တိမ်းရှောင်ကြကြောင်း သိရှိရသည်။

တဖက်ကလည်း နအဖအာဏာပိုင်များက တန့်ယန်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်များကို လက်နက်သစ်များ တပ်ဆင်ပေး လျက်ရှိကြောင်း သိရှိရသည်။

ဂျူလိုင် ၅ ရက်၌ ခလရ ၃၃ တပ်ရင်းမှူးဗိုလ်မှူးကြီး ကျော်ကျော်နိုင်သည် တန့်ယန်းမြို့နယ် လွယ်ကျဲ ကျေးရွာအုပ်စု ပန်ဝေါင်ရွာ/ပန်ဝေါင် ပြည်သူ့စစ်ထံမှ တလုံးထိုး ခေတ်ဟောင်း ရိုင်ဖယ် သေနတ်များ သိမ်းယူပြီး M-16, M-22 သေနတ် ၄-၅ လက်ဖြင့် ပြန်လည် အစားထိုး ပေးအပ်ခဲ့သည်။

နားလောဝ်းကျေးရွာအုပ်စု နမ့်ဖတ်ရွာအခြေစိုက် လူသူလက်နက်အင်အား ၄၀ ရှိ လားဟူပြည်သူ့စစ် အဖွဲ့ကို ရှောက်တေက ဦးဆောင်သည်။

ပန်ဝေါင်ပြည်သူ့စစ်မှာ ပန်ဝေါင်ရွာတရုတ်များဖြစ်ကြောင်း၊ သူတို့သည် နိုင်ငံရေး စစ်ရေးထက် စီးပွါးရေး ကိုသာအဓိက ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ဤကဲ့သို့ ပြောကြားပါသည်။

“ပန်ဝေါင်ရွာမှာနေတဲ့တရုတ်တွေ စစ်ရေး နိုင်ငံရေးကို ဘာမှစိတ်ဝင်စားတဲ့သူတွေ မဟုတ်ဘူး။ ရှောက်တေလက်အောက် ခံတွေဖြစ်တယ်။ မူးယစ်ဆေးဝါး လွယ်လွယ်ကူကူ ရောင်းဝယ်ဖို့ အတွက် ပြည်သူ့စစ် လုပ်ချင်ကြ တဲ့ သူတွေဖြစ်တယ်”

“ဒီလိုပြည်သူ့စစ် ထပ်ကောက်နေတာဟာ တပ်မဟာ ၁ အတွက် အနှောင့်အသွားဖြစ်အောင် လို့ဘဲ။ ပြည်သူ့စစ် လုပ်ရင် လွတ်လွတ်လပ်လပ် ဘိန်းစိုက်ပျိုး/ရောင်းဝယ်လို့ ရတယ်ဆိုတော့ နအဖကို ဆင်ဖြူတော်မှီ ကြံစုပ် လုပ်နိုင်တယ်ဆိုတာ ပြနေတာဘဲ” ဟု လေ့လာ သုံးသပ်သူ လားရှိုးသား တစ်ဦးက ပြောပါသည်။

တန့်ယန်းမြို့နယ်အတွင်းရှိ စုစုပေါင်းလားဟူပြည်သူ့စစ်အင်အားမှာ ၃၀၀ ကျော်ရှိကြောင်း သိရှိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Wednesday, July 7, 2010

(၇) ရက် ဇူလိုင်စိတ်ဓာတ်နဲ့ အစဉ်အလာကို မြင့်မားစွာ မြှင့်တင်ကြပါစို့

ရဲဘော်ဖိုးသံချောင်း
၀၆ ဇူလိုင် ၂၀၁၀

(၇) ရက် ဇူလိုင် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ (၄၈) နှစ်ရှိသွားပါပြီ။ ဒါပေမယ့် ဒီ အရေးတော်ပုံကြီးဟာ ဒီနေ့ အခါအထိ မပြီးဆုံးသေးဘူး ဆိုတာကို လူတိုင်း သိကြပါတယ်။ ဒါကို ကျောင်းသားတွေနဲ့ ပြည်သူလူထု တွေရဲ့ ရင်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ယူမြဲ မှတ်ယူထား ကြသလို (၇) ရက် ဇူလိုင်မှာ ကျောင်းသားတွေကို သတ်ခဲ့တဲ့ ဗိုလ်နေ၀င်း စစ်အုပ်စုရဲ့ အာဏာအမွေခံ လက်ရှိ မျိုးဆက်ဖြစ်တဲ့ နအဖ စစ်အုပ်စုလည်း ဒီအချက်ကို အမြဲ သတိ ရှိကြပါတယ်။ ဒါကြောင့် နအဖစစ်အုပ်စုဟာ ၁၉၆၂ ခုနှစ်မှာ ဗိုလ်နေ၀င်းက ကျောင်းသားတွေ အပေါ် စစ်ကြေညာ ထားတာကို ဆက်လက် ထိန်းသိမ်းပြီး ဒီနေ့အထိ ဆက်လက် အကောင်အထည် ဖော်နေတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

လွန်ခဲ့တဲ့ လူ့မျိုးဆက် နှစ်ဆက်၊ သုံးဆက်တုန်းက အဖြစ်အပျက်ဆိုတော့ အခု အသက် ရှင်နေကြသူတွေ ထဲမှာ ဒီအရေးတော်ပုံကြီးကို သိမီသူတွေဟာ နည်းသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီအရေးတော်ပုံကြီးရဲ့ အနှစ်သာရ အချုပ်ကို ပြန်ဖော်ထုတ်ဖို့ လိုနေပါတယ်။ ဒါ့အပြင် ဒီအရေးတော်ပုံကြီးရဲ့ အနှစ်သာရ၊ စိတ်ဓာတ်နဲ့ စွန့်လွှတ်ကြိုးပမ်းမှုတွေကို နောင်မျိုးဆက် တခုပြီးတခု လက်ဆင့် ကမ်းသွားဖို့ လိုပါတယ်။

(၇) ရက် ဇူလိုင် အရေးတော်ပုံဖြစ်ပေါ်ရတဲ့ လတ်တလောအကြောင်းရင်းဟာ မတရားပြီး အဓိပ္ပာယ် မရှိတဲ့ အဆောင် စည်းကမ်းတွေကြောင့်လို့ ဆိုရမှာပါ။ ဗိုလ်နေ၀င်းတို့ဟာ တနိုင်ငံလုံးကို ထောင်လို အုပ်ချုပ်ဖို့ အတွက် တက္ကသိုလ် ကျောင်းဆောင်တွေမှာ စပြီး အကောင်အထည်ဖော်၊ သွေးတိုးစမ်းတာ ဖြစ်ပါတယ်။ ကျောင်းသားတွေ ဘက်က ကြည့်ရင် တော့လည်း စစ်အာဏာရှင်တွေရဲ့ ဒီခြေလှမ်းကို အလျှော့ ပေးလိုက်ရင် နောင်မှာ ဆက်တိုက် နင်းဝင်လာလိမ့်မယ် ဆိုတာ သေချာနေတဲ့ အတွက် အလျှော့မပေးပဲ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေအပြင် ဒါရဲ့ နောက်ခံ၊ ပိုအရေးကြီးတဲ့ စေ့ဆော်မှု အကြောင်းရင်း တရပ် ရှိနေပါသေးတယ်။ အဲဒါကတော့ စစ်တပ်က အာဏာသိမ်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ အဲဒီတုန်းက ပထစအစိုးရဟာ မဲအပြတ်အသတ်နဲ့ အနိုင်ရပြီး ဖွဲ့စည်းထားတဲ့ အစိုးရ ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံရေး ခေါင်းဆောင်များစွာကို ထောင်ထဲထည့်၊ (၁၇) နှစ်အရွယ် ကျောင်းသားလေး စ၀်မီမီသိုက်ကို သေနတ်နဲ့ ပစ်သတ် စတဲ့ ကိစ္စတွေလည်း ရှိနေပါတယ်။ တဖက်မှာကျတော့ တော်လှန်ရေး ကောင်စီက အာဏာသိမ်း လိုက်တယ် ဆိုတာနဲ့ အချို့သော နာမည်ကြီး နိုင်ငံရေး သမားတွေဟာ အာဏာသိမ်း စစ်အုပ်စုကို ပုံပျက်ပန်းပျက် ထောက်ခံနေတာတွေကို နာကြည်းစရာ ဒေါသဖြစ်စရာ ကောင်းလောက်အောင် တွေ့မြင် နေရပါတယ်။

ဒီအချိန်မှာ ဥပဒေတွင်း ကျန်ရစ်တဲ့ ပါတီအဖွဲ့အစည်းတွေဟာလည်း မလှုပ်မရှား နိုင်တော့ဘူးလို့ ဆိုနိုင်မလောက် ဖြစ်သွားပါတယ်။ ဒါကြောင့် မြေပေါ်မှာ အတိုက်အခံရယ်လို့ ပြောနိုင်တာဟာ ကျောင်းသားတွေပဲ ကျန်တော့သလို ထီးထီးကြီး ဖြစ်နေပါတယ်။ ဒါပေမယ့် သမဂ္ဂဟာ အဲဒီလို ထီးထီးကြီး ဖြစ်နေလို့ နောက်တွန့် မသွားပါဘူး။ နောက်တွန့်လို့ မဖြစ်ဘူးဆိုတာ သမဂ္ဂခေါင်းဆောင်တွေ သိကြပါတယ်။

ကျောင်းသားတွေဟာ သူတို့ရဲ့တာဝန်ကို ကျေပွန်ခဲ့ပါတယ်။ အသက်တွေပေးပြီး ထမ်းဆောင် ခဲ့ကြပါတယ်။ ဒီ (၇) ရက် ဇူလိုင် အရေးတော်ပုံဟာ တကယ်ကျတော့ ဗိုလ်နေ၀င်းတို့ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဖော်ထုတ်ပြသတဲ့ တိုက်ပွဲဆိုတာကို ကျောင်းသားတွေ၊ ပြည်သူတွေနဲ့ အာဏာပိုင်တွေ အားလုံးက သိနေကြပါတယ်။ ဒါကြောင့်လည်း ဗိုလ်နေ၀င်းတို့ဟာ ရက်ရက်စက်စက် ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ကိုယ်သူတို့ အတိတ်နဲ့ သေခန်းပြတ်ကြောင်း၊ ကိုလိုနီစနစ် ဆန့်ကျင်ရေး၊ လွတ်လပ်ရေး တိုက်ပွဲ အစဉ်အလာကို လုံးဝ တန်ဖိုးမထားကြောင်း ဖော်ပြတဲ့ အနေနဲ့ သမိုင်းဝင် သမဂ္ဂအဆောက် အဦကြီးကို မိုင်းဗုံးနဲ့ ဖြိုခွဲ ပစ်ခဲ့ပါတယ်။ ဒါတွေဟာ သူတို့ကို ဆန့်ကျင်ရင် ကျူပင်ခုတ် - ကျူငုတ်မကျန် သုတ်သင် ပစ်မယ်လို့ ခြိမ်းခြောက် ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလိုနဲ့ပဲ (၇) ရက် ဇူလိုင်ဟာ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ဘီလူးစည်းနဲ့ လူ့စည်းခွဲတဲ့ ရေဝေတောင်တန်း တခုလို ဖြစ်သွား ပါတော့တယ်။ အဲဒီအချိန်ကစလို့ ဗမာပြည်မှာ စစ်အုပ်စု ထိပ်သီးတွေနဲ့ သူတို့ကို ခယနေတဲ့ အလိုတော်ရိတွေက တဖက်၊ စစ်အုပ်စု-စစ်အာဏာရှင်စနစ်-စစ်အစိုးရတို့ကို ဆန့်ကျင် တိုက်ဖျက်လိုသူတွေက တဖက်ရယ်လို့ ဘက်နှစ်ဖက် ကွဲပြားသွား လိုက်တာဟာ ဒီနေ့အထိပဲလို့ ဆိုနိုင်ပါတယ်။ အဲဒီအခါ တုန်းကရော အခုအခါမှာရော နိုင်ငံရေး လုပ်သူတွေကို (၇) ရက်ဇူလိုင် အရေးအခင်း အပေါ် ဘယ်လို သဘောထားသလဲ ဆိုတဲ့ စံနဲ့တိုင်းတာရင် အနည်းနဲ့အများ အဖြေမှန် ထွက်လာ တတ်ပါတယ်။

(၇) ရက် ဇူလိုင် အရေးတော်ပုံက ပြသလိုက်တဲ့ အရေးကြီးတဲ့ အချက်တချက်က ကျောင်းသားတွေ အပါအ၀င် ဗမာပြည် ပြည်သူလူထုဟာ ဆိုရှယ်လစ် မျက်နှာဖုံး စွပ်ထားတဲ့ စစ်အာဏာရှင် စနစ်ကို နည်းနည်းမှ မျက်စိမလည်ဘဲ စစ်အာဏာရှင်လို့ပဲ ကြည့်မြင် တိုက်ပွဲဝင်ခဲ့ကြတယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။ မမေ့သင့်တာက ၁၉၆၂ ခုနှစ် အာဏာသိမ်းပွဲဟာ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲရဲ့ အဆက် ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ အာဏာသိမ်းတော့ ဗိုလ်နေ၀င်း - ဗိုလ်မောင်မောင် - ဗိုလ်အောင်ကြီး တို့ဟာ အဲဒီတုန်းက အာဏာရ လူတန်းစားရဲ့ ပျော့ညံ့မှု၊ တွန်းလှန်နိုင်အား မရှိမှု တို့ကို နားလည် သဘောပေါက်သွားတဲ့ အပြင် အာဏာသိမ်းရတာလည်း ဘယ်လောက် လွယ်တယ် ဆိုတာတွေ သိလိုက်ပါတယ်။ ဒါကြောင့်မို့ ၁၉၆၂ ခုနှစ် မတ်လ မတိုင်မီကတည်းက တင်ကြိုပြင်ဆင်ပြီး အာဏာ သိမ်းခဲ့ကြတာ ဖြစ်တယ်ဆိုတာဟာ အခုတော့ ရှင်းသွားပါပြီ။ (လျှပ်တပြက်နဲ့ ဦးချစ်လှိုင်-ခ-ကိုကိုမောင်တို့ အင်တာဗျူးမှာ စစ်အုပ်စုဟာ အစောကြီး ကတည်းက မဆလ သဘောတရားကိုပါ ပြင်ဆင်နေ ခဲ့ကြောင်း ပါရှိပါတယ်။) ဒီတော့ ပထမတချီ အာဏာ သိမ်းတုန်းကတော့ ဦးနုက အာဏာထိုးအပ်လို့ သိမ်းခဲ့ရတယ်လို့ အကြောင်း ပြနိုင်ခဲ့ပေမယ့် ဒုတိယ အကြိမ်မှာ ရေရှည် အာဏာကို အုပ်စီးထားဖို့ ကြံစည် ဖြစ်လေတော့ သူတို့ဟာ ရေရှည်သုံးနိုင်မယ့် မျက်နှာဖုံး တခုကို ရှာရပါတယ်။ ဒီလိုနဲ့ မဆလ ရောကျော်ဝါဒ ဆိုတာကြီး ပေါ်လာတာပါပဲ။ အညံ့ခံ အလျှော့ပေးဖို့ အကြောင်းပြစရာ ရှာနေတဲ့ လူတွေကတော့ ဒါကြီးကို လက်ညှိုး ထိုးပြပြီး မဆလ စစ်အာဏာရှင်တွေရဲ့ ထီးရိပ်ကို ခိုခဲ့ကြတာကို မှတ်မိ ကြပါလိမ့်မယ်။

အခုလည်း နအဖစစ်အုပ်စုဟာ ဒီမိုကရေစီဆိုတဲ့ မျက်နှာဖုံးကို တပ်ဆင်လာ ပြန်ပါပြီ။ အလားတူပဲ အဲဒီ စည်းကမ်းရှိတဲ့ ဒီမိုကရေစီ ဆိုတာကို လက်ညှိုးထိုးပြပြီး နအဖ ထီးရိပ်ကို ခိုဖို့ လုံးပန်းတဲ့လူတွေ အမြောက်အမြားကို တွေ့နေ ကြရပါတယ်။ ဒါတွေကို ဖွင့်ချဖို့၊ ဆန့်ကျင် တိုက်ခိုက်ဖို့ (၇) ရက် ဇူလိုင် စိတ်ဓာတ်နဲ့ အစဉ်အလာတွေ လွှင့်ထူထားဖို့ လိုနေတာပါပဲ။ ရှစ်လေးလုံး ကာလ တုန်းကလိုပဲ ခွပ်ဒေါင်းအလံဟာ ဒီနေ့ပြည်သူတွေရဲ့ ဒီမိုကရေစီ အရေးတော်ပုံမှာလဲ ပျံဝဲ နေစေရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် နအဖရဲ့ ဒီမိုကရေစီ သယ်ဆောင်လာမယ့် ရွေးကောက်ပွဲမှာ (၇) ရက် ဇူလိုင်တုန်းက ကျောင်းသားများ ကိုင်စွဲခဲ့တဲ့ ခွပ်ဒေါင်းအလံကို ရွေးကောက်ပွဲမှာ ကိုယ်မဲရဖို့ အတွက် အသုံးချချင်သူမျိုးတွေ ပေါ်ထွက်လာတာဟာ ရီစရာလည်းကောင်း၊ အော့နှလုံး နာစရာလည်း ကောင်းလှပါတယ်။ တဘက်က ပြန်ကြည့်ရင်တော့လည်း ဒီလူတွေဟာ ခွပ်ဒေါင်းရဲ့ အခန်း ကဏ္ဍကိုတော့ မငြင်းနိုင် ပါကလားလို့ အောက်မေ့ရပါတယ်။ တကယ်လို့သာ သူတို့ကို ဒါလောက်တောင် ခွပ်ဒေါင်းအလံကို ကိုင်စွဲချင်လှတာ (၇) ရက် ဇူလိုင် လူသတ်ပွဲနဲ့ ပတ်သက်လို့ တရားမှန် ပေါ်ပေါက်ရေးနဲ့ သမဂ္ဂ အဆောက်အဦကြီး ပြန်ဆောက်ပေးဖို့ အတွက် နအဖ အစိုးရဆီ တောင်းဆိုပေးပါလို့ ပြောလိုက်ရင် ဘယ်လို ဖြစ်သွားမလဲ။ ခွပ်ဒေါင်း အလံကို ကိုင်စွဲချင်ရင် (၇) ရက် ဇူလိုင် ကိစ္စကို ပြောပါ။ သမဂ္ဂ အဆောက်အဦ ပြန်တည်ဆောက်ရေးကို ပြောပါ။ သေသွားသူတွေ အပေါ် သစ္စာရှိပါ။ ရှင်နေသူတွေအပေါ် တာဝန်ယူပါ။

Ref: ခေတ်ပြိုင်

Read More...

NDF ခမောက်တံဆိပ် NLD တရားဝင် ကန့်ကွက်

မင်းနိုင်သူ
Tuesday, July 06, 2010

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က ခမောက်ပုံ အမှတ် တံဆိပ်အား ပါတီ အမှတ်တံဆိပ် အဖြစ် အသုံးပြုခြင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တရားဝင် ကန့်ကွက် လိုက်ပြီ ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် ဒေါက်တာ ဒေါ်မေ၀င်းမြင့်နှင့် ရှေ့နေ ဒေါ်ခင်ဌေးကြွယ်တို့က နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ထံ တရားဝင် ကန့်ကွက်စာကို ယမန်နေ့က တင်သွင်းလိုက်ခြင်း ဖြစ်သည်။

“ခမောက်ဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ရဲ့ သင်္ကေတ ၊ ဒါကို ယူသုံးတာ ၊ ထင်ယောင် ထင်မှား ပြုလုပ်တာဟာ အတုအပ ပြုလုပ်တာပဲ ၊ ဥပဒေအရကို ငြိစွန်းတယ် ၊ ဒါ့ကြောင့် တရားဝင် ကန့်ကွက်ရခြင်း ဖြစ်ပါတယ်"ဟု NLD ပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (NDF)က ခမောက်ပုံ အမှတ်တံဆိပ်ကို ပါတီအမှတ်တံဆိပ်အဖြစ် အသုံးပြုရန် ဇွန်လ (၂၄) ရက်တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ရာ ရွေးကောက်ပွဲကော်မရှင်က NDF ပါတီ၏ အမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုပါက ၇ ရက်အတွင်း ကော်မရှင်သို့ လာရောက် ကန့်ကွက်နိုင်ကြောင်း ပြီးခဲ့သည့်လ ၃၀ ရက်နေ့တွင် မြန်မာ့အလင်း သတင်းစာမှတဆင့် ကြေညာခဲ့သည်။

ခမောက်တံဆိပ်ကန့်ကွက်ခံရမှုနှင့်စပ်လျဉ်း၍ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ဥက္ကဌ ဒေါက်တာ သန်းငြိမ်းက "ကျနော်တို့ ကတော့ ကော်မရှင် ဥပဒေအရ တင်ခွင့်ရှိတယ်လို့ ယူဆလို့ တင်တာပဲ ၊ သူတို့ကလည်းပဲ သူတို့ ကန့်ကွက်လို့ ရတယ် ထင်လို့ ကန့်ကွက် တာပဲလေ ၊ ဒါကို ဆုံးဖြတ်မှာက ကော်မရှင်က ဆုံးဖြတ်ရမှာပါ"ဟု ပြောသည်။

NLD ပါတီသည် မူလက ကြယ်တလုံးနှင့် ခွပ်ဒေါင်းပုံကို အလံနှင့်ပါတီအမှတ်တံဆိပ် အဖြစ် အသုံးပြုခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ အကြို ကာလတွင် ဦးချစ်ခိုင်နှင့် ဦးခင်မောင်ဆွေတို့က ရွေးကောက်ပွဲကော်မရှင်က ချပေးသော အသုံးပြုနိုင်သည့် ပါတီ အမှတ် တံဆိပ် အမျိုးအမျိုးအနက် ခမောက်ပုံကို ရွေးချယ်ခဲ့ရာ NLD ပါတီ၏ အမှတ်တံဆိပ်သည် ခမောက်ဖြစ်လာကြောင်း သိရသည်။

ပါတီ (၉၃) ပါတီ ၀င်ပြိုင်သော ၁၉၉၀ ရွေးကောက်ပွဲတွင် NLDက "ခမောက်ဘေးမှာ ကြက်ခြေခတ် ၊ အဲဒါ အောင်ပွဲမှတ်"ဟူသော ဆောင်ပုဒ်နှင့်အတူ နိုင်ငံတ၀န်း မဲဆန္ဒနယ် (၈၂) ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ယခုအချိန်ထိ အာဏာလွှဲပြောင်းပေးခြင်း မရှိပေ။

စစ်အစိုးရက ထပ်မံကျင်းပပေးမည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲသည် တရားမျှတခြင်း မရှိဟုဆိုကာ လွန်ခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင်ပါတီကို ထပ်မံ မှတ်ပုံမတင်ရန် NLDက ဆုံးဖြတ်ခဲ့သည်။

ထို့နောက် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် (၄) ဦးတို့က စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံခဲ့ကြပြီး (NDF) ပါတီကို မေလ (၆) ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီးနောက် ခမောက် အမှတ်တံဆိပ်ကို ပါတီ တံဆိပ်အဖြစ် အသုံးပြုရန် လျှောက်ထားလာရာ NLD ပါတီဝင်များ ကန့်ကွက်စာ တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

မကွေးတိုင်းမှ NLD ပါတီဝင်များနှင့်လူထု လက်မှတ်ရေးထိုးထားသည့် ကန့်ကွက်လွှာများကို မကွေးတိုင်း NLD ပါတီဝင် ကိုနေမျိုးကျာ်က ရွေးကောက်ပွဲ ကော်မရှင်သို့ ယမန့်နေ့က တင်သွင်းခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင် စည်းရုံးရေးကော်မတီဝင် ဒေါ်မြင့်မြင့်အေးကလည်း “ကျမတို့ မန္တလေးတိုင်းကလည်း ဒါကို လက်မခံနိုင်ပါဘူး ၊ မန္တလေးတိုင်း အနေနဲ့က မနေ့က စာတိုက်က တဆင့် ပို့တယ်။ ကျမတို့ မိတ္ထီလာ ခရိုင်အနေနဲ့ ကလည်း လက်မှတ် (၁၄၄) ခု စုဆောင်းပြီး ဒီနေ့ နေပြည်တော်ကို မိတ္ထီလာခရိုင် တွဲဖက် အတွင်းရေးမှူး ကိုအောင်မိုးနဲ့ အဖွဲ့ဝင် ဦးစိုးပိုင်တို့ ကိုယ်တိုင်သွားပြီး ကန့်ကွက်နေပါပြီ"ဟု ပြောသည်။

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့ကလည်း ကန့်ကွက်လွှာများကို ရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ ပေးပို့ ခဲ့ကြကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

သဘာဝဓာတ်ငွေ့မှ ရရှိငွေ မြန်မာ နျူကလီးယားအတွက် ဖြစ်နေ

NEJ / ၀၆ ဇူလိုင် ၂၀၁၀

မြန်မာစစ်အစိုးရ အာဏာပိုင်များသည် အမေရိကန်ပြည်ထောင်စုမှ ရှယ်ဗရွန်ကုမ္ပဏီ၊ ပြင်သစ်မှ တိုတယ်ကုမ္ပဏီတို့ ထံမှ ရရှိသည့် သဘာဝ ဓာတ်ငွေ့ ရောင်းချငွေများကို နျူကလီးယား လက်နက် ထုတ်လုပ်ရေး အတွက် အသုံးပြုနေသည်ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီး Earth Rights International (အီးအာအိုင်) က ပြောကြားသည်။

ယင်းအဖွဲ့ကြီးက ဇူလိုင် (၅) ရက်ထုတ်ပြန်သည့် အစီရင်ခံစာ၌ မြန်မာစစ်အစိုးရသည် အဆိုပါ ကုမ္ပဏီကြီး (၂) ခု အပါအ၀င် ထိုင်းရေနံ ကုမ္ပဏီ PTTEP တို့နှင့် ပူးတွဲ လုပ်ကိုင်နေသည့် မြန်မာ့ကမ်းလွန် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဒေါ်လာငွေသန်းပေါင်း ထောင်ချီ ရရှိနေသည်ဟု အထောက်အထား အကိုးအကားများဖြင့် ဖော်ပြထားသည်။

အဆိုပါ အမေရိကန်၊ ပြင်သစ်နှင့် ထိုင်းရေနံကုမ္ပဏီကြီး (၃) ခုတို့နှင့် ၁၉၉၈ ခုနှစ်ကတည်းက ပူးပေါင်း လုပ်ကိုင်နေသည့် ဓာတ်ငွေ့ စီမံကိန်းမှ ဒေါ်လာ သန်း (၉) ထောင် ရရှိခဲ့ပြီး ထိုငွေပမာဏ ထက်ဝက်ကျော်ခန့်မှာ မြန်မာ စစ်အစိုးရထံသို့ ရောက်ရှိသည်ဟု အီးအာအိုင်က ပြောဆိုထားသည်။

ထိုကုမ္ပဏီများသည် ကမ္ဘာပေါ်တွင် နျူကလီးယား ခြိမ်းခြောက်မှုအသစ် ဖြစ်ပေါ်လာစေရန် ငွေကြေး ဒေါ်လာသန်း ထောင်ပေါင်း မြောက်မြားစွာကို ကူညီ နေကြသည်ဟုလည်း အီးအာအိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သဘာဝဓာတ်ငွေ့စီမံကိန်းမှ ရရှိသည့်ငွေများကြောင့် မြန်မာစစ်အစိုးရ အနေဖြင့် အာဏာရှင်စနစ် ဆက်လက် ရှင်သန်စေရေးနှင့် နျူကလီးယား လက်နက် ထုတ်လုပ် နိုင်ရေးတို့ကို ပြုလုပ် နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

အီးအာအိုင်အဖွဲ့ကြီးက စုံစမ်းထောက်လှမ်းမှုများအရ မြန်မာစစ်အစိုးရက သဘာဝဓာတ်ငွေ့ ရောင်း၍ ရသောငွေများသည် စင်ကာပူရှိ ပုဂ္ဂလိက ဘဏ် (၂) ခုသို့ ရောက်သွားသည်ကို တွေ့ရှိရကြောင်း၊ ထိုငွေများကို လက်နက်နှင့် နျူကလီးယား နည်းပညာများ ၀ယ်ယူရန် သုံးစွဲ နိုင်ကြောင်းလည်း တင်ပြထားသည်။

အဆိုပါကုမ္ပဏီများထံ မြန်မာစစ်အစိုးရအား ငွေပေးချေမှုစာရင်းဇယား အသေးစိတ်ကို ထုတ်ပြန်ပေးရန် တောင်းဆို ခဲ့သော်လည်း ရှယ်ဗရွန်နှင့် တိုတယ်ကုမ္ပဏီတို့က ၎င်းတို့ အနေဖြင့် ပြင်ပသို့ အသေးစိတ် ထုတ်ပြန်ခွင့် မရှိဟု ပြောဆိုကြောင်း အီအာအိုင် အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

ရှယ်ဗရွန်ကုမ္ပဏီက ၎င်းတို့အနေဖြင့် လုပ်ငန်းလုပ်ဆောင်နေသည့် နိုင်ငံ၏ လူ့အခွင့်အရေးများကို လေးစားပါကြောင်း ပြန်လည် အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် သဘာဝ ဓာတ်ငွေ့မှရရှိသည့် ၀င်ငွေများနှင့် ပတ်သက်၍ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အပေါ် အလေးထား အာရုံစူးစိုက်ရန် အချိန် ကျရောက်ပြီ ဖြစ်ကြောင်းလည်း အီးအာအိုင် အဖွဲ့ကြီးက အစီရင်ခံစာတွင် တိုက်တွန်း ထားသည်။

Ref: ခေတ်ပြိုင်

Read More...

ရှမ်း အပစ်ရပ် တပ်ဖွဲ့ဝင်တချို့တောပြန်ခို

စိုင်းဇွမ်ဆိုင်း
Tuesday, July 06, 2010

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သဘောတူထားသည့် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) (SSA – N) ဥက္ကဌ ဗိုလ်ချုပ် လွယ်မောင်း၏ တပ်ဖွဲ့ဝင် တချို့သည် ယမန်နေ့က ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်သည့် ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) (SSA - S) သို့ လာရောက် ပူးပေါင်းကြောင်း သိရှိရသည်။

“လာပေါင်းတဲ့ သူတွေကတော့ သူတို့တွေ ရှမ်းစစ်တပ် ထဲဝင်တာ ရှမ်းပြည်ကို ကာကွယ် ချင်လို့၊ ရှမ်းစစ်သား လုပ်ပြီး သူများအတွက် အလုပ်လုပ်ရမယ့် အဖြစ်မျိုး မဖြစ်ချင်ဘူး၊ ဒါကြောင့် တော်လှန်နေဆဲ ဖြစ်တဲ့ ကျနော်တို့ အဖွဲ့နဲ့ လာပြီး ပူးပေါင်းတာပါ၊ အင်အား ကတော့ ငါးဆယ်လောက်ရှိပြီး လက်နက် ခဲယမ်းတွေပါ ပါပါတယ်”ဟု SSA - S မှ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။

SSA - S သို့လာရောက် ပူးပေါင်းသော မြောက်ပိုင်းမှ တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်မြောက်ပိုင်း စိန်ကျော့၊ နမ့်လန်၊ လွယ်ခေး၊ လွယ်ပန်း စသည့် ဒေသများရှိ တပ်များမှ ဖြစ်ကြသည်။ အများစုမှာ SSA – N တပ်မဟာ (၃) မှ ဖြစ်ကြပြီး ကျန်ရှိနေသူ များထဲမှ ဆက်လက် ထွက်လာမည့် သူများလည်း ရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့တွင် SSA – N ဥက္ကဌ ဗိုလ်ချုပ် လွယ်မောင်း နှင့် ဗိုလ်ချုပ် ကိုင်ဖ တို့ ဦးဆောင်ကာ နအဖ စစ်အစိုးရ ကမ်းလှမ်း ထားသည့် နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရေးကို သဘော တူခဲ့သည်။

နအဖ အစိုးရနှင့် ၁၉၈၉ မှ စ၍ အပစ်ရပ်သဘောတူထားသည့် SSA – N တွင် တပ်မဟာ (၁) ၊ (၃) ၊ (၇) တို့ ရှိကြပြီး ၎င်းတို့ အနက်မှ လက်နက် အင်အား ငွေအင်အား အတောင့်တင်းဆုံး ဖြစ်သည့် ဗိုလ်ချုပ် ပန်ဖ ဦးစီးသော တပ်မဟာ (၁) သည် နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ပြောင်းရန် ငြင်းဆန်နေဆဲ ဖြစ်သည်။

စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေဆဲဖြစ်သော SSA - S သည် ၎င်းတို့ လှုပ်ရှားနေသည့် နယ်မြေများတွင် အစိုးရ တပ်များနှင့် ထိပ်တိုက် တွေ့ဆုံခြင်းကို ရှောင်ရှားနေကြောင်း၊ အစိုးရ တပ်များကလည်း ဗိုလ်ချုပ် ပန်ဖ၏ တပ်များကို ဖိအားပေးရန် ကြိုးစား နေကြောင်း SSA - S မှ ဗိုလ်မှူးတဦးက ပြောသည်။

နအဖ စစ်အစိုးရထံတွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ထားသည့် ရှမ်းပြည် အမျိုးသား တပ်မတော် (Shan State National Army- SSNA) မှ ဗိုလ်ချုပ် စိုင်းယီ နှင့် ဗိုလ်ချုပ် အောင်မြ တို့သည် ၎င်းတို့ ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်ကြီး ကန်းရွက် ကွယ်လွန် ပြီးနောက် လက်ကျန် တပ်ဖွဲ့များကို စုစည်းကာ ၂၀၀၅ ခုနှစ်တွင် SSA – S ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ၏ အဖွဲ့များနှင့် ပူးပေါင်းခဲ့သည်။

နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရန် ငြင်းဆန်နေကြသည့် အပစ်ရပ်အဖွဲ့များမှာ ဝ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ မွန်ပြည်သစ် ပါတီ (NMSP) ၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ၊ SSA – N မှ တပ်မဟာ (၁) နှင့် ရှမ်းပြည်နယ် အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) တို့ ဖြစ်ကြသည်။

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို နအဖ စစ်အစိုးရက ပြီးခဲ့သည့် ၂၀၀၉ နှစ်ကုန်ပိုင်းမှ စတင်ကာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ကမ်းလှမ်းခဲ့ပြီး ယခုအချိန်ထိ စခုန်တိမ့်ယိမ်း ဦးဆောင်သည့် ကချင် အပစ်ရပ်အဖွဲ့ ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်(NDA-K) ၊ ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ (၁)၊ တာချီလိတ်မြို့နယ်ရှိ လားဟူ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကသာ သဘော တူခဲ့ကြသေးသည်။

Ref: ဧရာဝတီ်

Read More...

ပဲခူးဘက်မှာ စပါးပျိုးခင်းတွေကို ကြွက်တွေ ဖျက်ဆီး

ဦးမိုးဇော်
အင်္ဂါ, 06 ဇူလိုင် 2010

လွန်ခဲ့တဲ့ သီတင်းပတ်က ဒိုက်ဦးမြို့နယ်အတွင်း ဖြတ်သန်းသွားတဲ့ ကြွက်အုပ်တွေဟာ အခုအခါမှာ ပဲခူးတိုင်း ဘုရားကြီးမြို့ အနီးထိ ပျံ့နှံ့ ရောက်ရှိလာပြီး စပါးပျိုးခင်းတွေကို စားသောက် ဖျက်ဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကြွက်အုပ် တွေဟာ ပဲခူးရိုးမ ဘက်က ဆင်းလာတာ ဖြစ်တယ်လို့ ဒေသခံ အများစုက ယူဆပြီး ဒီလိုဖြစ်တာဟာ တောင်ပေါ် ဒေသမှာ ကျွန်းနဲ့ ရာဘာပင်တွေ စိုက်ဖို့ အကြီးအကျယ် တောရှင်းတာကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ် တာတွေလည်း ရှိနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြ ပေးထားပါတယ်။

အခုလို ကြွက်တွေ အုပ်စုလိုက် ပြောင်းရွှေ့နေကြတာကတော့ ညအချိန်တွေမှာ ဖြစ်လေ့ရှိပြီး ရန်ကုန်၊ မန္တလေး အမြန်လမ်းမကြီးပေါ် ဖြတ်သန်းတဲ့အခါ ကားကြိတ်မိလို့ သေတာတွေလည်း အများအပြား ရှိနေပါတယ်။ လွန်ခဲ့တဲ့ အပတ်တွေက သောင်းချီတဲ့ ကြွက်တွေဟာ ဒိုက်ဦးမြို့နယ် မရမ်းချောင်းကျေးရွာ အုပ်စုဘက်ကို ဖြတ်သန်း သွားခဲ့ရာက အခုအခါ ပဲခူးမြို့နယ် ဘုရားကြီးမြို့ အနီးထိ ပျံ့နှံ့ လာနေတယ်လို့ ဒေသခံ တယောက်က အခုလို ပြောပါတယ်။

“ကြွက်တွေက ဒီ ပဲခူးမြစ် ချောင်းကြီးကို ဖြတ်ပြီးတော့ ကူးလာကြတယ်။ အကောင်ရေကတော့ သူတို့မှန်းတာ ၆၀၀,၀၀၀ နဲ့ ၁,၀၀၀,၀၀၀ အကြား မှန်းတယ်။ အဲဒီကောင်တွေက ပြီးခဲ့တဲ့ ၁၅ ရက်၊ ရက် ၂၀ လောက်က ဒီ ရန်ကုန်၊ မန္တလေး အမြန်လမ်းပေါ့နော် အသစ်ပေါ့၊ ကွန်ကရစ်လမ်းကြီးကို ဖြတ်ပြီးတော့ အခု ဒီဘက်ကို ရောက်လာတာပေါ့နော်။ ကျနော်တို့ ဘုရားကြီးနဲ့ ဆိုရင် အရင်တုန်းက ၁၄-၅ မိုင်လောက်ဝေးတဲ့ ဘောနီတို့ ဘာတို့ကို ဖြတ်လာတာက အခု တမိုင်လောက် အနီးနားထိ ရောက်လာပြီပေါ့။ ပဲသီးကုန်းတို့၊ သပြေရိုးတို့၊ ၀င်္ကဘော်တို့ အဲဒီကျေးရွာတွေ ရောက်လာပြီခင်ဗျ။”

ကားလမ်းမတွေပေါ် ဖြတ်သန်းတဲ့အခါ ကြွက်တွေ များပြား လွန်းတာကြောင့် တချို့ကားတွေက ဖြတ်မသွားရဲဘဲ ရပ်ဆိုင်း စောင့်ကြည့် နေရတာ ရှိသလို တချို့ကားတွေက ကြွက်တွေကို ဖြတ်ကြိတ် သွားပါတယ်။ အဲဒီကြွက်သေ သွားရောက် ကောက်ယူတဲ့ သူတွေဟာ ဂုံနီအိတ်နဲ့ ၃-၄လုံးလောက် ရကြတယ်လို့လည်း ပြောပါတယ်။ ဒေသခံတွေ ကတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက် ကတည်းက နေ့စဉ်လို ဖြတ်သွားတဲ့ ကြွက်တွေဟာ မရှိဘူးဆိုရင် ၅၀၀,၀၀၀ နဲ့ ၁,၀၀၀,၀၀၀ ကြားထိ ရှိနိုင်မယ်လို့ ခန့်မှန်းပါတယ်။

အခုအခါ ကြွက်တွေ ရောက်လာတာကြောင့် ဘုရားကြီးမြို့ အနီးက လယ်တွေ ပျက်ဆီး ကုန်တယ်လို့ အဲဒီ ဒေသခံက ဆက်ပြောပါတယ်။

“ကျနော်တို့ ဒီမှာ စပါးကျဲခင်းတွေ ရှိတာပေါ့။ ဒီစပါးကျဲခင်းတွေကို ကြွက်တွေက ၀င်ရောက် ဖျက်ဆီးတာပေါ့။ အကုန်လုံး စားသွားတာပေါ့။ စပါးကျဲခင်းတွေဆို စပါးတစေ့မှ မကျန်ဘူး စားသွားတယ်ခင်ဗျ။ အခုဆိုရင် ဘုရားလေး ကျေးရွာနားက ရထားလမ်းဘေးက ကျဲခင်းတွေဆို ကုန်သလောက် ဖြစ်သွားပါပြီ။”

ဒေသခံတွေက ကြွက်တွေကို ရိုက်နှက်သတ်ဖြတ်တာ၊ အဆိပ်ကျွေး သတ်တာတွေ ရှိပေမဲ့ နှိမ်နင်းလို့ မနိုင်အောင် ဖြစ်နေပြီး အခုအခါ ဒိုက်ဦးနဲ့ ပဲခူးကြားက ကျေးရွာတွေမှာ ပျံ့နှံ့ ရောက်ရှိနေတယ်လို့ ပြောပါတယ်။ ကျောက်တံခါး၊ ဖြူး စတဲ့ မြို့ဘက် တွေမှာလည်း ပဲခူးရိုးမ ဘက်ကနေ ကားလမ်းကို ဖြတ်ပြီး ကြွက်တွေ ပြောင်းရွှေ့တာ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို ကြွက်တွေ ပြောင်းရွှေ့တာဟာ ပဲခူးရိုးမနဲ့နီးတဲ့ ဒေသတွေမှာ အဖြစ်များပြီး ညောင်လေးပင် ဘက်မှာတော့ ကြွက်တွေ ရောက်လာတာ မရှိဘူးလို့ ညောင်လေးပင် ဒေသခံတယောက်က ပြောပါတယ်။

“ကျနော်သတိထားမိတာက ပဲခူးရိုးမနဲ့ နီးတဲ့ မြို့နယ်တွေမှာ ဖြစ်တာဗျ။ ပဲခူးဆိုရင်လည်း အင်းတကော်ဘက်က ပဲခူးရိုးမရဲ့ တောင်ဘက် အဖျားပေါ့နော်။ ဒိုက်ဦးဆိုရင်လည်း ဒိုက်ဦးမြို့နယ်ရဲ့ အနောက်ဘက်အစွန် ရွာလေးတွေက ပဲခူးရိုးမနဲ့ ကပ်နေတယ်။ ကျနော်တို့ မြို့နယ်ကျ ပဲခူးရိုးမနဲ့ သွားမကပ်ဘူး။ ကျနော်တို့ မြောက်ဘက်ကျတဲ့ ကျောက်တံခါးမြို့နယ်ကျ ပဲခူးရိုးမနဲ့ သွားကပ်တယ်။ အဲဒီကြွက်တွေက ဆင်းလာတယ်လို့ပဲ ပြောရမယ်။ တောင်ပေါ်က ဆင်းလာတာဗျ။ ကျနော်တို့ ညောင်လေးပင် မြို့နယ်ထဲမှာတော့ အဲဒါမျိုး မတွေ့ရဘူးဗျ။”

ဒိုက်ဦးမြို့နယ်က စိုက်ပျိုးရေးဌာန အရာရှိကတော့ ဒီလို ကြွက်တွေ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့တဲ့ သတင်းကို ကြားသိရတယ်လို့ ပြောဆိုပြီး သူတို့အဖွဲ့တွေ ကွင်းဆင်း စစ်ဆေးနေတာ ၄-၅ ရက်ရှိပေမဲ့ ကြွက်တွေကို အများအပြား မတွေ့ရဘူးလို့ ဆိုပါတယ်။ အခုအခါ မြန်မာ့စိုက်ပျိုးရေး ဌာန ရုံးချုပ်အပြင် တိုင်းနဲ့ မြို့နယ်ရုံးတွေကပါ ပူးပေါင်း စစ်ဆေးတာတွေ ပြုလုပ်နေပြီး ကြွက်နှိမ်နင်းရေး လုပ်ငန်း အတွက်လည်း ပြင်ဆင် ထားတယ်လို့ ဆိုပါတယ်။

အခုလို ကြွက်တွေ အစုလိုက် ပြောင်းရွှေ့တာကတော့ ပဲခူးရိုးမ တောင်ပေါ်မှာ ကျွန်းနဲ့ ရာဘာစိုက်ခင်းတွေ အများအပြား စိုက်ပျိုးဖို့ အတွက် တောရှင်းနေတာကြောင့် ကြွက်တွေ နေစရာ၊ စားစရာ ခက်ခဲပြီး အခုလို ပြောင်းရွှေ့တာ ဖြစ်နိုင်တယ်လို့ စိုက်ပျိုးရေး ဌာနက အရာရှိက သုံးသပ်ပါတယ်။

၂၀၀၆ ခုနှစ် အတွင်းကတော့ ချင်းပြည်နယ်တောင်ပိုင်း ဒေသဘက်မှာ ၀ါးသုဉ်းတာကြောင့် ကြွက်တွေ အများအပြား လာရောက်ပြီး ဒေသခံ ပြည်သူတွေ အငတ်ဘေးနဲ့ ရင်ဆိုင်ခဲ့ရဖူးသလို လွန်ခဲ့တဲ့နှစ် စပါးရိပ်သိမ်းချိန်မှာ နာဂစ်ဒဏ် ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ် ဒေသဘက်မှာလည်း ကြွက်အုပ်တွေ ကျတာကြောင့် စပါးတွေ ပျက်စီး ခဲ့ရပါတယ်။

Ref: VOA News

Read More...

စစ်အစိုးရ ဝါဒဖြန့်ဆောင်းပါး အတွေ့ရနည်းတော့မည်

ဖနိဒါ
အင်္ဂါနေ့၊ ဂျူလိုင်လ ၀၆ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်တွင်းသတင်းစာစောင်များတွင် လာမည့် ရက်သတ္တပတ်မှစ၍ စစ်အစိုးရ၏ ဝါဒဖြန့် ဆောင်းပါးများ ပုံမှန် ထည့်ရန် မလိုတော့ကြောင်း ပြည်တွင်း အယ်ဒီတာများနှင့် စာပေ စိစစ်ရေးက ပြောသည်။

ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးပါတီများနှင့်ဆက်ဆိုင်သော သတင်း၊ ဆောင်းပါးများကို ပြန်ကြားရေးဝန်ကြီး ဌာန လက်အောက်ရှိ စာပေ စိစစ်ရေးက ပိတ်ပင် တားဆီးဖြတ်တောက်မှု သိသိသာသာ တိုးများလာ၍ ဝေဖန်မှုများ ထွက်လာချိန်တွင် စစ်အစိုးရက တုံ့ပြန် လိုက်ခြင်းဖြစ်သည်။

သို့သော် ရံဖန်ရံခါ “ညွှန်ကြား” သည့် အခါ၌မူ မထည့်မနေရ ထည့်ပေးရမည်ဟု စာပေစိစစ်ရေးက သတိပေး ထားသည်။

“သတင်းစာ နေ့တိုင်းမှာ ပေါ်လစီဆောင်းပါး ပါတယ်လေ။ တပတ် ထွက်တဲ့ ဆောင်းပါးတွေထဲက သူတို့ကြိုက်တဲ့ ဆောင်းပါးကို ထည့်ခိုင်းတာပါ။ ဒီတပတ်ထွက်တဲ့ ဂျာနယ်တွေမှာကို ပေါ်လစီ မပါတော့ ပါဘူး” ဟု အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

မဇ္ဈိမက ဆက်သွယ်မေးမြန်းသောအခါ ရန်ကုန် ဗဟန်းမြို့နယ်ရှိ စာပေစိစစ်ရေးမှ စာစစ်မှူး တဦးက “ဟုတ်ပါတယ်။ အမြဲတမ်း မထည့်ရ တော့ပါဘူး။ ဒါပေမဲ့ တခါတလေ အထက်က ညွန်ကြားလာတာမျိုး ဆိုရင်တော့ ထည့်ပေးရမယ်” ဟု ပြောသည်။

အများအားဖြင့် အတိုက်အခံများကို ထိုးနှက်တိုက်ခိုက်သော စစ်အစိုးရ အလိုကျ ရေးသားထားသော၊ စာပေ အသိုင်း အဝိုင်းတွင် ”ပေါ်လစီ ဆောင်းပါး” ဟု ခေါ်ဝေါ်ကြသော၊ နာမည်ဝှက် အမျိုးမျိုးဖြင့် ရေးသားထားသော ဆောင်းပါးများကို ပုဂ္ဂလိကပိုင် ဂျာနယ် မဂ္ဂဇင်းများ တွင်လည်း ပုံနှိပ်ဖော်ပြရန် ပြန်ကြားရေး ဝန်ကြီးဌာနက ပေးပို့လေ့ရှိပြီး ဖော်ပြခြင်း မပြုလျှင် ပုံနှိပ် ထုတ်ဝေခွင့် လိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူမည်ဟု စာနယ်ဇင်းများကို စာပေစိစစ်ရေးက သတိပေးမှု မကြာခဏ ပြုလုပ်သည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သတင်းများကို ယခင်က ၃ ဦးပါ အဖွဲ့ ၅ ဖွဲ့ဖြင့် စိစစ်ခဲ့ရာမှ ပြီးခဲ့သည့် လကုန်ပိုင်းမှ စ၍ ၁၂ ဦးပါ အဖွဲ့ တခုတည်းဖြင့်သာ ပြောင်းလဲ စိစစ်နေသည်။

ဆင်ဆာဖြတ်တောက်မှုမှာ စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေ ရာထူးကို အစားထိုးရန် ရောက်ရှိလာသော ရေတပ်မှ ပြောင်းရွှေ့ လာသည့် ဒုတိယ ဗိုလ်မှူးကြီး မျိုးမြင့်မောင်က တွဲဘက် ဒုညွန်မှူးအဖြစ် တာဝန်ယူသည့် နောက်ပိုင်း ပိုမို တင်းကျပ်လာကြောင်း ပြည်တွင်း သတင်းစာ ဆရာများက ပြောသည်။

ဈေးကွက်အတွင်း ယနေ့ အသစ်စက်စက် ဝင်ရောက်လာသော “ပြည်သူ့ခေတ်” ဂျာနယ်၏ ပထမဆုံး စာစောင်သည် ဆင်ဆာ ဖြတ်တောက်မှု အများအပြား ကြုံတွေ့ လိုက်ရသည်။

“ပြည်သူ့ခေတ်က ဆင်ဆာဖြတ်တာက များတယ်။ ကျနော်က ဂျာနယ် ဝယ်ထားပြီးပြီ။ ကျနော့် အင်တာဗျူးဘဲ မဟုတ်ဘူး။ ဘယ်နိုင်ငံရေး သမားတွေရဲ့ အင်တာဗျူးတွေ တခုမှ မပါဘူး။” ဟု ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ပြင်ဆင်နေသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီခေါင်းဆောင် ဦးနေမျိုးဝေက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့က သတင်းလွတ်လပ်ခွင့်ကိုတော့ ဦးထိပ်ပန်တယ်။ အဲဒါ ကျနော်တို့ သန္နိဋ္ဌာန်ဘဲ” ဟု သူက ဆက်ပြောသည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံရေး အကျဉ်းသားများအတွက် NLD ငွေလှူ

မြင့်မောင်
အင်္ဂါနေ့၊ ဂျူလိုင်လ ၀၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံရေး အကျဉ်းသား ၆ဝ၇ ဦး၏ မိသားစုများအား ထောက်ပံ့ရန်အတွက် ကျပ်ငွေ ၂၅ သိန်းခွဲ ခန့်ကို အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုက တိုင်း/ပြည်နယ် အဖွဲ့ဝင်များထံ ယမန်နေ့က လွှဲပြောင်း ပေးအပ်လိုက်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ရှိသည့်အနက်မှ ဆင်းရဲ နွမ်းပါးသော မိသားစုဝင်များအား ကူညီ ထောက်ပံ့သည့် အဆိုပါ အစီအစဉ်ကို အန်အယ်ဒီ၏ လူမှု အထောက်အကူပြု လုပ်ငန်းမှတဆင့် ပေးအပ်ခြင်းဖြစ်ပြီး ပြည်သူများက လှူတန်းသောငွေ ဖြစ်သည်ဟု ပါတီ ဒုဥက္ကဌ ဦးတင်ဦးက ပြောသည်။

“ နယ်က လူဦးရေ ၂၀၀ ကျော် ရှိတယ်။ ကျန်တာက ရန်ကုန်တိုင်းက သက်ဆိုင်ရာ မြို့နယ်တွေကနေ စာရင်းတွေ ထဲက ပေးသင့် ပေးထိုက်သူတွေကို ပေးဖို့အတွက်ပါ” ဟု NLD လူမှု အထောက်အကူပြု အဖွဲ့၏ ခေါင်းဆောင် တဦးလည်းဖြစ်သူ ဦးတင်ဦးက ပြောသည်။

ထောက်ပံ့ကြေးရသူများထဲတွင် NLD ပါတီဝင်များသာမက လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကျောင်းသား လူငယ်များလည်း ပါဝင်သည်။

NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကလည်း “အရင်တုန်းကတော့ ဗဟိုကနေ အားလုံးကိုင်ပြီးတော့ လုပ်တယ်။ အခု ဗဟိုက ကိုင်လုပ်မယ့်အစား တိုင်းအတွင်းမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် တိုင်းကပဲ တာဝန်ယူမယ်။ ကိုယ့် အဖွဲ့ဝင်တွေတင် မကဘူး။ ကျန်တဲ့ လူတွေကိုပါ လုပ်တယ်။ ကိုယ့်ဘာသာ ငွေရှာ၊ ကိုယ့်ဘာသာ ငွေပေးဝေရေးတွေ လုပ်ကြ၊ ကိုယ့်ဘာသာ ဖြန့်ဖြူးဆိုတဲ့ ဟာကို လုပ်ဖို့ပါ” ဟု ပြောသည်။

၁၉၉၆ ခုနှစ်မှ စတင်ကာ ဆင်းရဲချို့တဲ့ကာ ထောင်ဝင်စာ မတွေ့နိုင်သည့် မိသားစုဝင်အတွက် ထောင်ဝင်စာ တွေ့နိုင်ရန် ခရီးစရိတ်နှင့် ဆေးဖိုးဝါးခ များကို လစဉ် ထောက်ပံ့လာခဲ့ရာ၊ တဦးလျှင် ကျပ် ၅ဝဝဝ နှုန်းဖြင့် တလလျှင် ကျပ်သိန်း ၃ဝ ကျော် ကုန်ကျသည်ဟု အန်အယ်ဒီ အပြောအရ သိရသည်။

သို့သော် ယခုနှစ် မေလ ၆ ရက်နေ့တွင် အဆိုပါ လုပ်ငန်း ခေတ္တရပ်ဆိုင်းခဲ့ပြီးနောက် ယခုတဖန် ပြန်လည် စတင်လိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများထံ မိသားစုဝင်များအနေဖြင့် ထောင်ဝင်စာ တွေ့ရှိနိုင်ရန် ယခုလို ကူညီထောက်ပံ့မှုမျိုး သာမက ၎င်းတို့၏ မိသားစုဝင် ကျောင်းသား/ကျောင်းသားများ အတွက် ပညာသင်စရိတ်ကို ၁၉၉၆ ခုနှစ်မှစတင်ကာ NLD က နှစ်စဉ် ပေးအပ် လာခဲ့သည်။


Ref: မဇ္ဈိမ

Read More...

DKBA တပ်မှူးပြောစကား မယုံကြည်ကြောင်း KNU ပြော

ကျော်ခ
အင်္ဂါနေ့၊ ဂျူလိုင်လ ၀၆ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA မှ တပ်မဟာ ၉၉၉ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူက ကရင် အချင်းချင်း တိုက်ခိုက်ခြင်းများ မပြုလုပ်တော့ဟု ပြောဆိုမှုသည် စစ်ရေး လှည့်ကွက်သာ ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က တုံ့ပြန် ပြောဆိုလိုက်သည်။

ယခင်လ ၂၆ ရက်နေ့တွင် တပ်မဟာ ၉၉၉ အခြေစိုက်ရာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်ကျေးရွာ၌ ပြုလုပ်သည့် DKBA ကျဆုံး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုသော အခမ်းအနားတွင် ဗိုလ်မှူးကြီး စောချစ်သူက “ကရင်အချင်းချင်း မတိုက်တော့ဘူး” ဟု ပြောဆိုခဲ့ခြင်း အပေါ် KNU တွဲဘက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက အယုံအကြည်မရှိဟု ပြောသည်။

“ ယုံတမ်းစကားတွေပါ။ ဒါတွေကစစ်ရေး အရ လှည့်ကွက်ပါ။ မကြာခင် အဲဒီကိစ္စ နောက်ဆက်တွဲ စစ်ရေး ပြင်ဆင်မှုတွေ ပေါ်လာ ပါလိမ့်မယ်။ စောင့်ကြည့်ပါ” ဟု ကရင်အမျိုးသား အစည်းအရုံး KNU တွဲဘက်အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ် ဇွန်လပိုင်းက KNU တပ်မဟာ ၇ နယ်မြေကို နအဖ စစ်တပ်နှင့် DKBA ပူးပေါင်း တပ်များက ထိုးစစ်ဆင် တိုက်ခိုက်မှုများ မပြုလုပ်မီ ဗိုလ်မှူးကြီး စောချစ်သူက နအဖ စစ်တပ်အောက်၌ ပြည်သူ့စစ် မလုပ်လို သောကြောင့် အင်အား ၂ဝဝဝ ဖြင့် KNU သို့ လာရောက် ပူးပေါင်းလိုကြောင်း သူ၏ မွေးစား ဖခင်အား လွှတ်ကာ လှည့်ကွက်ဆင် အငိုက်ဖမ်းပြီး တိုက်ခိုက်ခဲ့သည့် သာဓက ရှိခဲ့ကြောင်း ဗိုလ်မှူးစောလှငွေက ပြောသည်။

ထိုသို့လှည့်ကွက်ဆင် တိုက်ခိုက်ခံရခဲ့မှုကြောင့် KNU တပ်မဟာ ၇ နယ်မြေအချို့ ဆုံးရှုံးခဲ့ရပြီး ယင်းနယ်မြေရှိ ဒေသခံ ကရင် ၄ဝဝဝ ကျော် စစ်ပြေး ဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းများတွင် ဝင်ရောက် ခိုလှုံခဲ့ကြရသည်ဟု သူက ပြောသည်။

ယခုရက်ပိုင်းတွင် KNU နှင့် DKBA တို့ အပစ်ရပ်ဆဲရေးအတွက် အောက်ခြေတပ်များ ဆွေးနွေးနေသည် ဆိုသော ပြောဆိုမှုများ သည်လည်း မမှန်ကန်ဟု သူက ပြောသည်။

“ဒီလိုဆွေးနွေးတဲ့ကိစ္စမျိုးတွေက EC (ဗဟိုအလုပ်အမှုဆောင်) က သဘောတူညီချက်ရမှ လုပ်လို့ရတာ။ ဘယ်သူမှ အသားလွတ် သွားပြီး ဆွေးနွေးပိုင်ခွင့်လည်း မရှိဘူး။ အဲဒါတွေက အမှားတွေ။ ဒီလိုမျိုး သတင်းတွေကို ဒီကေဘီအေနဲ့ နအဖ တို့က လွှင့်ပြီဆိုရင် ထိုးစစ် တခုခုကို လုပ်ဖို့ ပြင်တာက တောက်လျှောက်လိုပဲ ဖြစ်နေတယ်” ဟု ဗိုလ်မှူးစောလှငွေ က မဇ္ဈိမကို ပြောသည်။

DKBA တွင် နယ်ခြားစောင့်တပ်အဖြစ် မပြောင်းလိုသည့် တပ်ဖွဲ့ဝင်များအနေဖြင့် KNU သို့ လာရောက်ပူးပေါင်းလိုလျင် သို့မဟုတ် KNU ထိန်းချုပ် နယ်မြေအတွင်း လာရောက် ခိုလှုံလိုလျင် ကူညီနိုင်ရန် တပ်မဟာ ၇ ဘားအံခရိုင်၊ တပ်မဟာ ၆ ကော့ကရိတ်ခရိုင်နှင့် တပ်မဟာ ၁ သထုံခရိုင် တို့တွင် ကော်မတီများ ဖွဲ့ပေးထားသော်လည်း လတ်တလော မည်သည့်ဆွေးနွေးမှုမျှ မကြားသိရ သေးကြောင်း KNU ဒုဥက္ကဌ ဒေးဗစ် သာကပေါ က ပြောသည်။

ထို့ပြင် ကေအန်ယူတပ်မဟာ ၆ အတွင်း လှုပ်ရှားနေပြီး နယ်ခြားစောင့်တပ် လက်မခံဟု သတင်းထွက်နေ သော DKBA တပ်မဟာ ၅ ဗျူဟာမှူး ဗိုလ်မှူးချုပ် စောလားဘွယ် (ဗိုလ်နှုတ်မွှေး) ၏ တပ်များနှင့် ယင်းဒေသ အခြေစိုက် နအဖတပ်များ ပူးပေါင်း၍ KNU တပ်မဟာ ၆ ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု ဗိုလ်မှူးစောလှငွေက ဆိုသည်။

တိုးတက်သော ဗုဒ္ဒဘာသာ ကရင်တပ်မတော် DKBA အောက်တွင် တပ်မဟာများ ဖြစ်သည့် ၃၃၃၊ ၅၅၅၊ ၉၉၉၊ တပ်မဟာ ၅ နှင့် ဗဟိုလုံခြုံရေးတပ်ဖွဲ့တို့ရှိပြီး စုစုပေါင်း အင်အား ၇ဝဝဝ ခန့်ရှိကြောင်း ရွှေကုက္ကိုလ် အခြေစိုက် တပ်မဟာ ၉၉၉ လက်အောက်ခံ တပ်ရင်းမှူး တဦးထံမှ သိရသည်။

ဒီကေဘီအေ တပ်များသည် နယ်ခြားစောင့်တပ်အဖြစ် လက်ခံလိုက်ပါက အင်အား ၁ဝဝဝ အထိ လျော့ချရမည်ဖြစ် သဖြင့် DKBA အတွင်း လုပ်ပိုင်ခွင့်နှင့် ငွေကြေး ပြည့်စုံနေသည့် ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တပ်မှူးအချို့အကြား သဘောထား ကွဲလွဲမှုများ ရှိကြောင်း ဒီကေဘီအေ တပ်မှူး အသိုင်းအဝိုင်းမှ သိရသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသော KNU မှ ခွဲထွက်ကာ ၁၉၉၄ နှစ်ကုန်ပိုင်းတွင် စစ်အစိုးရနှင့် အပစ် ရပ်ခဲ့သော DKBA သည် ယခင် KNU ထိန်းချုပ်ရာ နယ်မြေအချို့ကို ထိန်းချုပ်ပိုင်ခွင့်နှင့် အတူ သစ်လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းနှင့် အခွန်အတုတ် ကောက်ပိုင်ခွင့်တို့ ရရှိထားသည်။

Ref: မဇ္ဈိမ

Read More...

ယာဉ်စီးခ ၂ ဆတိုး၍ စစ်တွေ တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြ

ဘစောတင် Tuesday, July 06, 2010

ကျောင်းကြိုပို့ ယာဉ်စီးခ ရုတ်တရက် ၂ ဆ တိုးလိုက်သည်ကို မကျေနပ်သော စစ်တွေ နည်းပညာ တက္ကသိုလ် ကျောင်းသားများ ယမန်နေ့က ဆန္ဒပြကြကြောင်း သတင်းရရှိသည်။

နည်းပညာ တက္ကသိုလ်မှ စစ်တွေ မြို့ထဲသို့ ပုံမှန်အားဖြင့် ကျပ် ၁၅၀ ရှိရာမှ ၃၀၀ အထိ တိုးလိုက်သဖြင့် ကျောင်းသား ၃၀၀ ကျော် ယမန်နေ့ ညနေ ၃ နာရီခန့်မှ စတင်ကာ ကျောင်းမှ ခြေလျှင် လျှောက်ခဲ့ကြသည်ဟု စစ်တွေ တက္ကသိုလ် ကျောင်းသား တဦးက ဧရာဝတီသို့ ပြောသည်။

“ကားခ ရုတ်တရက် ဈေးတက်တာကို မကျေနပ်လို့ ကျနော်တို့ ကျောင်းကနေ ခြေကျင် လျှောက်ခဲ့ကြတယ်။ ပယက (ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) ရုံးရှေ့ကို ရောက်တော့ စစ်သားတွေက ကျနော်တို့ကို တားတယ်။ ဆက်သွားရင် ပစ်မယ်လို့တောင် ခြိမ်းခြောက် သေးတယ်။ ပထမနှစ် ကျောင်းသားလေးတွေက ပစ်ချင်ပစ်ကွာ ဆိုပြီး ရှေ့ကို တိုးထွက်တော့ သူတို့ ဘာမှ မလုပ်ပါဘူး။ ပယက ကို ကျော်တော့ ကွန်ပျူတာ ကျောင်းသားတွေနဲ့ နေ့ကျောင်းသားတွေ ပေါင်းမိတော့ ထောင်နဲ့ ချီသွားခဲ့တယ်”ဟု ၎င်းက ပြောပြသည်။

စစ်တွေ နည်းပညာ တက္ကသိုလ်မှာ စစ်တွေမြို့ မှ ၁၂ မိုင် ကွာရှိ ရေချမ်းပြင်ရွာတွင် ရှိသည်။ ကြိုပို့ကားများက နံနက် ပိုင်းတွင်၂၀၀ ကျပ် စယူခဲ့ပြီး ညနေပိုင်းတွင် ၃၀၀ ကျပ်ဟု ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ဆိုင်ကယ် တက္ကစီ စီးလျှင် တဦး ကို ကျပ် ၅၀၀ ပေးရသည်ဟု အဆိုပါ ကျောင်းသားက ဆက်လက် ပြောပြသည်။

ကျောင်းသားများ အိမ်ပြန်ချိန် နောက်ကျသဖြင့် မိဘများက လိုက်လာခဲ့ရာ စစ်တွေ-ရေချမ်းပြင် လမ်းမပေါ်တွင် လူ ၃၀၀၀ ခန့် ရှိလာခဲ့ကြောင်း၊ ထို့ကြောင့် စစ်တွေ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဦးအောင်ကျော်ငြိမ်း ရောက်လာကာ လူစုခွဲရန်နှင့် ကျောင်းသားများ တောင်းဆိုချက်ကို ပြေလည်ရန် ဖြေရှင်းပေးမည်ဟု ပြောကြောင်း ကျောင်းသား မိဘတဦးက ဆိုသည်။

“ကွန်ပျူတာ တက္ကသိုလ်က ဆရာကြီးကိုယ်တိုင် ရောက်လာပြီး ကျောင်းသားတွေကို ပြန်ကြဖို့၊ ကျောင်းသားတွေ ဖြစ်ချင်တာကို ဖြစ်အောင် စီစဉ်ပေးမယ် ပြောလို့ ည ၁၀ နာရီခွဲလောက်မှာ အားလုံး အိမ်ပြန် သွားကြတယ်”ဟု ၎င်းက ပြောသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး ကွန်ပျူတာ တက္ကသိုလ် ကျောင်းအုပ်ကြီးကို တယ်လီဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပါ။

စစ်တွေ တက္ကသိုလ်မှ သမိုင်းဆရာတဦးကလည်း “ကလေးတွေ ဘက်ကကြည့်လည်း ကားခ ဈေးတက်တာ မကောင်း ဘူးပေါ့။ ကားသမားတွေ ဘက်က ကြည့်ပြန်လည်း ဒီခရီးကို ပိုက်ဆံလေး ၁၅၀နဲ့ ဘယ်ဆွဲချင်ပါ့မလဲ။ မနက်ဆို အလာပဲ လူရပြီး အပြန်ခါလီ။ ညနေကျတော့ အလာမှာ အခွံ အပြန်ကျမှ ကျောင်းသားရတာလေ။ ဆီဈေးကလည်း ကြီးတော့ သူတို့လည်း ကျောင်းကား မဆွဲချင်ဘူး။ မဆွဲချင်ဘဲ ဆွဲနေကြရတာ”ဟု ဆိုသည်။

အနောက်ပိုင်းတိုင်း တိုင်းမှူးက ယမန်နေ့ က ဆန္ဒပြမှုကို ဦးဆောင်သော ကျောင်းသားများကို ဖော်ထုတ်ပေးရန် ဆရာ ဆရာမများကို ဖိအား ပေးနေသည်ဟုလည်း သိရသည်။

လွန်ခဲ့သောနှစ်ကလည်း ကားခဈေးတက်သဖြင့် စစ်တွေ နည်းပညာကျောင်းသားများ မကျေမနပ် ဖြစ်ကာ လမ်းလျှောက် ဆန္ဒပြ ခဲ့ဖူးသည်။

ယခုကဲ့သို့ စစ်တွေတက္ကသိုလ်များမှ ကျောင်းသားများ ကားခ ဈေးတက်မှုကြောင့် မကြခဏ ဆန္ဒပြရခြင်းမှာ တက္ကသိုလ် များကို မြို့ပြင်သို့ အဓမ္မရွှေ့ပြောင်းခြင်းကြောင့် ဖြစ်သည်ဟု ရခိုင်ပြည်လုံး ဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်း အရုံး(AASYC)မှ အထွေအထွေ အတွင်းရေးမှူး ကိုအောင်မင်းဦးက ပြောသည်။

၂၀၀၇ ခုနှစ်က နအဖ အစိုးရသည် လောင်စာဆီဈေးကို ရုတ်တရက် မြှင့်တင်လိုက် သဖြင့် ကားခများ ထိုးတက်ကာ လောင်စာဆီ ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။ ထိုမှ တဆင့် ရဟန်းသံဃာများ ဦးဆောင်ကာ ကျောင်းသား ပြည်သူ ပါဝင်သော ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားခဲ့သည်။

Ref: ဧရာဝတီ်

Read More...

သင်္ကြန်ဗုံးခွဲမှုနဲ့ ဖမ်းဆီးခံရသူအပေါ် လူသတ်မှု စွဲချက်တင်

မအေးအေးမာ
အင်္ဂါ, 06 ဇူလိုင် 2010

ရန်ကုန်မြို့မှာ သင်္ကြန်ကာလတွင်းက ဗုံးပေါက်ကွဲမူနဲ့ ပတ်သက်လို့ စွပ်စွဲပြီး ဖမ်းဆီးခံထားရတဲ့ အင်ဂျင်နီယာ ကိုဖြိုးဝေအောင်ကို မကြာသေးခင် ရက်ပိုင်းကပဲ ဗုံးဖောက်ခွဲမှု၊ လူသတ်မှု အပါအ၀င် ပုဒ်မ ၄ ခုနဲ့ တရားစွဲဆို လိုက်ပြီလို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆက်သွယ် မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြ ပေးထားပါတယ်။

စစ်ဘက်က ပုဂ္ဂိုလ်တွေ အပါအ၀င် လူ ၁၀ ဦး သေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ရန်ကုန်မြို့ သင်္ကြန် ကာလက ဗုံးပေါက်ကွဲမူနဲ့ ပတ်သက်ပြီး အင်ဂျင်နီယာ ကိုဖြိုးဝေအောင်ကို ပြီးခဲ့တဲ့ ၃၀ ရက်နေ့က ရှေ့နေ မပါဘဲ ထောင်တွင်း တရားရုံးမှာပဲ တရားစွဲခဲ့ကြောင်း သူ့ရဲ့ရှေ့နေ ဦးကျော်ဟိုးက အခုလို ပြောပြပါတယ်။

“မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)၊ နောက်တခုက လူဝင်မှုကြီးကြပ်ရေး ပြဋ္ဌာန်းချက် အက်ဥပဒေ ပုဒ်မ ၁၃(၁)၊ နောက် ဖောက်ခွဲပုဒ်မ ၃၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂၊ ၃၀၄၊ ၃၂၆၊ ကြိုတင် ကြံစည်ပြီး လူသတ်တာပေါ့။ ဗုံးခွဲပြီး လူသတ်တာပေါ့ဗျာ။ ၃၀၄ ကတော့ လူသေမှုပေါ့။ ၃၂၆ က ဒဏ်ရာရတဲ့ လူတွေပေါ့။ အပြင်းအထန် နာကျင်စေမှုပေါ့။”

ရှေ့နေအနေနဲ့ တရားစွဲဆိုချိန်ကို သိလိုက်ခြင်း မရှိသလို အမှုတွဲတွေကို ပြန်လည် ကူးယူခွင့် မပေးတာကြောင့် အမှုကို ရှေ့ဆက်ပြီး ချေပ သွားနိုင်ဖို့ ပြင်ဆင်မှုတွေ မရခဲ့ဘူးလို့ ဆိုပါတယ်။

“ဘာမှ ကြိုတင် ပြင်ဆင်မှု မရဘူးပေါ့။ ကြိုတင် ပြင်ဆင်မှု မရတော့ အဲဒီ ၁၄ ရက်နေ့ကျမှပဲ တရားသူကြီးကို ပြောပြီးတော့ အမှုတွဲ ကူးရမှာပေါ့။ အခုက ဖြိုးဝေအောင် ပြောပြချက်အရ ပုဒ်မတွေပဲ သိတယ်။ အမှုအခြေအနေ ကတော့ ၁၇ (၁) တို့၊ ၁၃ (၁) တို့က ဘယ်တုန်းက ဖြစ်တဲ့ ကိစ္စမှန်းလည်း မသိဘူး။ ကျနော်တို့ သိတာက သူ့ကို ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး စွဲတာလို့ပဲ သိတာကိုး။ ဗုံးခွဲမှုနဲ့ ပတ်သက်ပြီး သူ့ကို ဖမ်းတယ်၊ ဆီးတယ်၊ စစ်ဆေးတယ်၊ ဒါပဲသိတယ်။ ၁၇ (၁) တို့၊ နယ်စပ် ဖြတ်ကျော်တဲ့ ကိစ္စတွေက ဘယ်တုန်းက ဖြစ်လို့ ဘာကြောင့် စွဲလဲဆိုတာ အမှုတွဲကြည့်ပြီးမှ ပြောလို့ရမယ်။

“စွဲထားတယ်ဆိုတာလည်း ကျနော်က အခြေအနေ မသိလိုက်ဘူး။ ကျနော်တို့ ကိုလည်း အကြောင်း မကြားဘူး။ မကြားတော့ ပထမရုံးချိန်းက ကျနော်တို့ မသွားလိုက်ရဘူး။ ထောင်ထဲမှာ ရုံးချိန်း ချိန်းသေးတာကိုး။ မသွားလိုက်ရတော့ ဒီရုံးချိန်းပြီးတော့ ကျနော် ဖြိုးဝေအောင်ကို သွားတွေ့တဲ့ အခါကျတော့ ဒီလိုပဲ အမှုကို စွဲတင်လိုက်တယ်တဲ့။ မြောက်ပိုင်းခရိုင် တရားရုံးကို ၄ မှုနဲ့ စွဲတင်တယ်လို့ ပြောတယ်။ ပြောတော့ နောက်ရက်မှာ ကျနော် အမှုတွဲ သွားကူးတယ်။ သွားကူးပေမဲ့ အမှုတွဲကို ကူးခွင့် မပေးဘူး၊ တရားသူကြီးက။”

အခုလို တရားဥပဒေကြောင်းအရ နစ်နာမှုတွေ ရှိနေတဲ့အတွက် ဒီအမှုက နောက်ထပ် နိုင်ဖို့ အခွင့်အလမ်း တွေရော ရှိနိုင်ပါ့မလားလို့ မေးတဲ့အခါမှာတော့ ဗုံးပေါက်ကွဲမှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်တဲ့အတွက် ဗုံးပေါက်မှုမှာ ပါဝင်ပတ်သက်မှု မရှိတာကို သက်သေ ခိုင်ခိုင်လုံလုံ ရှိတယ်ဆိုတဲ့ အကြောင်း ရှေ့နေက ပြောပါတယ်။

“ဖြစ်တဲ့အချိန်မှာ ဗုံးပေါက်ကွဲတဲ့ နေရာကို သူ မရောက်ဘူး။ သူက သူ့အလုပ်ခွင်ထဲမှာပဲ ရှိတာကိုး။ သူ့အလုပ်ခွင်မှာ ရှိတဲ့သူတွေကို သူက သက်သေ ခေါ်ပြမှာပေါ့လေ။ တရားလိုဘက်က နေပြီးတော့ သူ ဗုံးခွဲတဲ့ ကိစ္စမှာ ပါတယ်ဆိုတာ အထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်မှ သူ့ဘက်ကနေ ထုချေရမှာပေါ့။”

ရန်ကုန်သင်္ကြန်ကာလအတွင်း ပေါက်ကွဲမှု ဖြစ်ပြီးနောက် သင်္ကာမကင်း သူများကို ဖမ်းဆီးမှုတွေ ဆက်လုပ် နေပေမဲ့လည်း ပြန်လည် လွှတ်ပေးတာမျိုး မဟုတ်ဘဲ အမှု တခုမဟုတ် တခုနဲ့ အရေးယူနေတာ၊ တရားစွဲနေတာကို အာဏာပိုင်တွေ ဘက်က ပြုလုပ်နေပါတယ်။ ဖမ်းဆီးထိန်းသိမ်းတဲ့ ကာလမှာလည်း အတင်းအကျပ် ၀န်ခံခိုင်းမှုတွေ လုပ်တဲ့အတွက် တရားလိုတွေရဲ့ တင်ပြချက်တွေကို သက်သေတွေနဲ့ ပြန်လည် ချေပသွားဖို့ အတွက် လုပ်ဆောင်သွားမယ်လို့ စွပ်စွဲခံရသူတွေရဲ့ မိသားစုတွေက ဆိုပါတယ်။

Ref: VOA News

Read More...

အပေါ်သို့