..............................

Wednesday, September 30, 2009

ကေအိုင်အိုနှင့် မြောက်ပိုင်းတိုင်းမှူးတို့ ထပ်မံတွေ့ဆုံ

ခိုင်လင်း
၂၉ စက်တင်ဘာ ၂၀၀၉

နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့်ပတ်သက်၍ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့တွင် ယနေ့ ထပ်မံ ဆွေးနွေးနေသည်။

ယခုလ (၉) ရက်နေ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အဓိက တာဝန်ယူ ထားသည့် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကေအိုင်အို ကိုယ်စားလှယ်တို့ တွေ့ဆုံပြီး တလ မပြည့်ခင် ယခုကဲ့သို့ မပခ တိုင်းမှူးနှင့် ထပ်မံ တွေ့ဆုံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“မနေ့က မြစ်ကြီးနားကို ဆင်းသွားကြပြီ။ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း၊ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ ခါတိုင်း သွားနေကျ ကိုယ်စားလှယ် အဖွဲ့ပဲ ပါသွားတယ်။ ဒီနေ့ မပခ တိုင်းမှူးနဲ့ တွေ့ကြမယ်။ ဘာတွေ ဆွေးနွေးမယ် ဆိုတာတော့ ကျနော်တို့လည်း ပြောလို့မရဘူး။ ပြောခွင့် မရှိပါဘူး” ဟု အမည်မဖော်လိုသည့် ကေအိုင်အို အရာရှိတဦးက ပြောသည်။

ယခုလ (၉) ရက်နေ့က မြစ်ကြီးနားမြို့၊ မပခဌာနချုပ်တွင် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က နယ်ခြားစောင့်တပ် (BGF) မှလွဲ၍ မည်သည့် အမည်ကိုမျှ ရွေးချယ်ရန် မလိုအပ်သည့် အကြောင်း ပြောဆိုခဲ့ပြီး ကေအိုင်အို အဖွဲ့ကလည်း ကချင်ပြည်နယ် လူထု ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက် အရ ကချင်ဒေသ ကာကွယ်ရေးတပ် (KRGF) သာ လိုလားကြောင်းကို ပြောဆိုခဲ့၍ ထပ်မံ ဆွေးနွေးရန် ဆုံးဖြတ် ခဲ့ရသည်ဟု ကေအိုင်အို အဖွဲ့ ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ကေအိုင်အိုကလည်း အကျပ်အတည်းတွေ့နေတာ။ နအဖ ဘက်ကလည်း နယ်ခြားစောင့် တပ်က လွဲရင် ဒိပြင်ဟာ မလိုချင်ဘူး။ ဒီဘက်ကလည်း လူထု ဆန္ဒအရသာ လုပ်သွားမယ်ဆိုပြီး ပြောထားတာလည်း ရှိတော့ လူထုဆန္ဒက နယ်ခြားစောင့်တပ် လက်မခံပါနဲ့ ဆိုနေတော့ အခုထိ အဖြေ မထွက်သေးဘဲ ဖြစ်နေတာ” ဟု ပြောသည်။

ယခုလ (၅) ရက်တွင် ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာမြို့၌ ကချင်ပြည်နယ် အတွင်းမှ ဘာသာရေး ခေါင်းဆောင်များ၊ ဒေသဆိုင်ရာ ယဉ်ကျေးမှု အဖွဲ့နှင့် လူမှုရေး အသင်းများမှ ကိုယ်စားလှယ် အင်အား စုစုပေါင်း (၃၂၄) ဦးနှင့် ကေအိုင်အို ခေါင်းဆောင်များ တွေ့ဆုံ စည်းဝေးပွဲတွင် BGF ကို လက်မခံဘဲ KRGF သာ လက်ခံသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ကေအိုင်အိုအပါအဝင် အပစ်ခတ်ရပ်အဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ အသွင် ပြောင်းရေးနှင့် နိုင်ငံရေး ပါတီဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်ရန် နအဖဘက်က ယခုနှစ်၊ ဧပြီ (၂၈) ရက်တွင် စတင် ကမ်းလှမ်း ခဲ့ပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖအကြား အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေး နေခဲ့ရာ ယခုအခါ ကေအိုင်အို အဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာအပါအဝင် ခေါင်းဆောင်ပိုင်းမှ (၆) ဦး ယခုလအစောပိုင်းက ကေအိုင်အို အဖွဲ့မှ နုတ်ထွက်ကာ ကချင်ပြည်နယ် တိုးတက်ရေး ပါတီ (KSPP) အဖြစ် ဖွဲ့စည်း တည်ထောင်ကာ ရွေးကောက်ပွဲ ဝင်ရန် ရှိနေသည်။

Ref: ခေတ်ပြိုင်

Read More...

မွန်ပြည်သစ် ကန့်သတ်နယ်မြေအတွင်း တပ် စခန်းနှင့် ဂိတ်တည်ရန် နအဖပြင်ဆင်

NEJ / ၂၉ စက်တင်ဘာ ၂၀၀၉

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် မွန်ပြည်သစ်ပါတီ ထိန်းချုပ် ထားသည့် အဓိက ကျသော နေရာ အချို့တွင် မြန်မာ စစ်အစိုးရက တပ်စခန်းနှင့် ဂိတ်သစ်များ တိုးချဲ့ ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ၏ လျှို့ဝှက် ညွှန်ကြားချက်ဖြင့် မွန်ပြည်သစ် ထိန်းချုပ်ရာ ဘုရားသုံးဆူ နယ်စပ်ဒေသ တနေရာနှင့် သထုံခရိုင်၊ ကျိုက်မရောနှင့် ကော့ကရိတ်မြို့နယ် တို့တွင် ရွေးချယ် ထားကြောင်း ရတခ လက်အောက်ခံ တပ်ရင်း တရင်းမှ နအဖ ဗိုလ်မှူးတဦးက ပြောကြားသည်။

မြန်မာစစ်အစိုးရက မွန်ပြည်သစ် ကန့်သတ်နယ်မြေ အတွင်း တပ်တည် စခန်းနှင့် ဂိတ်သစ် တိုးချဲ့ရန် စီစဉ်နေသည်မှာ မှန်ကန်ကြောင်း မွန်ပြည်သစ် စစ်ဘက် အရာရှိ တဦးကလည်း အတည်ပြု ပြောကြားခဲ့ပြီး ထိုသို့ အမှန်တကယ် အကောင်အထည် ဖော်ခဲ့ပါက နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး ပျက်ပြား သွားနိုင်သည်ဟု ဆိုသည်။

၎င်းက “အပစ်ရပ်တုန်းက တပ်တည်နေရာ ချမှတ်ထားရေး အပိုင်းမှာ နယ်မြေ ကျူးကျော်ပိုင်ခွင့် မရှိတဲ့ ကိုယ်ပိုင် ဒေသတွေ ရှိတယ်။ ပါတီအတွက် အသက်သွေးကြော ဖြစ်တဲ့ နယ်စပ် ဒေသထဲမှာ နအဖက ဂိတ်ဖွင့်တာ၊ တပ်စခန်း တည်တာမျိုး လုပ်လာရင်တော့ ရထားပြီးသား သင့်မြတ်ရေးကို ထိခိုက်နိုင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

တပ်စခန်းထားရှိရန် မြန်မာစစ်အစိုးရဘက်က တရားဝင် ခွင့်တောင်းခြင်း မရှိသေးသော်လည်း သတ်မှတ်ထားသည့် နေရာများ အနက် ဘုရားသုံးဆူ ဒေသအတွင်းရှိ ထိုင်းနိုင်ငံ စန်ခရဘူရီနှင့် မွန်ပြည်သစ် ဗဟိုဌာနချုပ်သို့ သွားရာ အဓိက နယ်စပ်ဂိတ် တဝိုက်လည်း ပါဝင်သည်ဟု မွန်ပြည်သစ်က ပြောသည်။

“ကျနော်တို့ရဲ့ အဓိကလမ်းကြောင်းအဖြစ် သုံးနေတဲ့ ဟလောက်ခနီ နယ်စပ် ဂိတ်လမ်းကြောင်း မှာတော့ သူတို့ တပ် လာတည်ခွင့် မရှိဘူး။ နအဖက ဒီလို စီစဉ်တာက နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ဖိအား ပေးတာလည်း ဖြစ်နိုင်တယ်။ ဒီနယ်မှာ လုပ်လည်း မလုပ်သင့်ဘူး” ဟု မွန်ပြည်သစ် စစ်ဘက်ရေးရာ အရာရှိက ပြောသည်။

၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် အဆိုပါဟလောက်ခနီ နယ်စပ်ဂိတ် အနီးတဝိုက်တွင် ဂိတ်ဖွင့်လှစ်ရန် ၂၀၀၃ ခုနှစ်အထိ စစ်အစိုးရက ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။

ဟလောက်ခနီ နယ်စပ်ဂိတ်သည် ဘုရားသုံးဆူမြို့နှင့် ကီလိုမီတာ (၄၀) ကျော်၊ စန်ခရဘူရီမြို့မှ ကီလိုမီတာ (၃၀) ခန့် ကွာဝေးပြီး နွေရာသီတွင်သာ အသုံးပြုနိုင်သည့် ကားလမ်းမှာ မွန်ပြည်နယ် တောင်ပိုင်း ရေးမြို့အထိ ခရီးပေါက်ရောက်သည်။

အဆိုပါ ဟလောက်ခနီဂိတ်နှင့် (၁) ကီလိုမီတာခန့်အကွာတွင် ဘန်တောင်ယန်း ဒုက္ခသည် စခန်း တည်ရှိပြီး ဒုက္ခသည်ပေါင်း (၄,၃၀၀) ကျော် မှီခိုလျက်ရှိကြောင်း ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် အရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (TBBC) ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက “ဒီ (ဟလောက်ခနီ) နယ်စပ် လမ်းကြောင်းကို နအဖက ချုပ်ကိုင်ချင်ရင် ကျနော်တို့ကို တိုက်ရိုက်နည်းနဲ့ ဖိအား မပေးရင်တောင်မှ ဒီတဝိုက် လှုပ်ရှားနေတဲ့ ကေအန်ယူ တပ်ဖွဲ့တွေကို စစ်ဆင်နေတယ် ဆိုပြီး နအဖ စစ်တပ်တွေ အချိန်မရွေး ဝင်ရောက် လှုပ်ရှားနိုင်တယ်။ ဒါပေမယ့် ဒီနယ်စပ်ဂိတ် အထိတော့ သူတို့ကို ဝင်ခွင့်ပေးမှာ မဟုတ်ဘူး။ အဲဒီ နယ်စပ်ဂိတ် ကနေ ဒုက္ခသည်စခန်းလည်း ရှိတယ်လေ။ ဒီမှာ နအဖဂိတ် ရှိသွားရင် သူတို့ဘယ်လိုလုပ် သွားလာလို့ ရတော့မလဲ” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဆိုင်ကယ်များကို လိမ္မော်ရောင် ပြောင်းခိုင်းသဖြင့် ရန်ကုန် ဒေသခံများ မကျေနပ်

ကျော်ခ
အင်္ဂါနေ့၊ စက်တင်ဘာလ 29 ရက် 2009 ခုနှစ် 18 နာရီ 59 မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရန်ကုန်ရှိ အစိုးရဝန်ထမ်းများ အသုံးပြုနေသည့် ဆိုင်ကယ် များကို လိမ္မော်ရောင် သတ်မှတ် လိုက်သဖြင့် သံဃာတော်များ အပေါ် နာမ်နှိမ်သည်ဟု ယူဆရာမှ သံဃာတော် များနှင့် မြို့ခံများ အကြား မကျေမနပ် ဖြစ်နေကြသည်။

ပြီးခဲ့သည့်လမှ စတင်၍ ဆိုင်ကယ်များကို လိမ္မော်ရောင် ပြောင်းလဲ၍ စီးနင်းခွင့် ပြုလိုက်ရာ ရဲ၊ စစ်တပ်၊ ထောက်လှမ်း ရေးနှင့် ဌာနဆိုင်ရာ အစိုးရ ဝန်ထမ်းများက အသုံးပြု နေကြခြင်း ဖြစ်သည်။

“ဒီအစိုးရက တော်တော်လေးကို ရိုင်းပါတယ်။ ဘုန်းကြီးတွေကို ဖင်ခွ ထိုင်တဲ့ ပုံစံမျိုး လုပ်တာ။ လူတွေက ဘယ်လိုလုပ် ကျေနပ်မလဲဗျာ။ သူတို့ အာဏာ တည်မြဲရေး အတွက် ယတြာချေတာ။ တခြားနည်းတွေနဲ့ ချေလို့ရတာပဲ။ ဒါနဲ့ ပတ်သက် ပြီး ရက်ကွက်ထဲမှာ လူတွေက တော်တော်လေးကို စိတ်မချမ်းမသာ ဖြစ်နေကြတယ်” ဟု ရန်ကုန်မြို့ တက္ကစီ ယာဉ်မောင်း တဦးက မဇ္ဈိမကို ပြောသည်။

အခြားရန်ကုန်မြို့ခံတဦးက “ကြည့်ရတာ မျက်စိထဲမှာ ကိုးရိုးကားရားဗျာ။ ကိုယ့်ပိုက်ဆံနဲ့ ဝယ်စီးရင် ဒီလို အရောင်ကို ရွေးဖို့က တော်တော် ခက်မှာဗျနော်။ သူတို့အနေနဲ့ ရိုးသားရင် ဒီအရောင်ကို ရွေးချယ်ဖို့ကို မလိုဘူး။ အကျိုးအကြောင်းလည်း မဆီလျော်ဘူး။ ဌာနဆိုင်ရာ အရောင် တွေလည်း မဟုတ်ဘူး။ ဒီအရပ်ထဲ၊ ဝန်းကျင်မှာ ပြောနေ ကြတာပေါ့။ ဒါတမင် လုပ်တယ်၊ ငရဲကြီးမယ်၊ ငရဲဂျိုးကပ်မယ် အစရှိသဖြင့် ပြောနေကြတာ ပေါ့ဗျာ” ဟု ပြောသည်။

ဆိုင်ကယ်များမှာ ထိုင်းနှင့် တရုတ်ဘီးများဖြစ်ပြီး လိမ္မော်ရောင် ဆေးဆိုး၍ လည်းကောင်း၊ ဆေးဝါ မှုတ်၍ လည်းကောင်း အဝါရောင်တိတ်များ ကပ်၍ လည်းကောင်း စီးနေကြသည်။

သင်္ဃန်းရောင်သို့ ပြောင်းလဲ သုံးစွဲခြင်းသည် ဘာသာနှင့် သာသနာကို ပေါ်ပေါ် ထင်ထင် စော်ကားခြင်း ဖြစ်ပြီး ဆက်လက်၍ သုံးစွဲပါက သံဃာ၊ လူထုနှင့် အာဏာပိုင်များ အကြား မကျေနပ်မှု ပိုမို ကြီးထွားလာမည်ဟု သံဃာ့တပ် ပေါင်းစု အဖွဲ့ကြီးမှ ပြောခွင့်ရ ဦးပညာဝံသက မဇ္ဈိမကို မိန့်ကြားသည်။

“ဘုန်းကြီးတွေကို နာမ်နှိမ်တာတဲ့ ယတြာချေတာတဲ့။ ၂ ပါတ်ကျော်လောက် ရှိပြီ။ အခု စီးနေတာက ရဲ၊ ထောက်လှမ်းရေး၊ စစ်တပ်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရယ်၊ ရယကလည်း စီးတယ်။ အရောင်က ရွှေဝါရောင်။ အဲဒါ သူတို့က ရွှေဝါရောင် တော်လှန်ရေးနဲ့ ဘုန်းကြီးတွေကို ဖင်ခွထိုင်တယ် ဆိုတဲ့ သဘောမျိုး နာမ်နှိမ်တဲ့ ပုံစံလုပ်တာ” ဟု ဦးပညာဝံသက ဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် မေတ္တာ သုတ်များ ရွတ်ဆိုကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့သည့် သံဃာတော် များအား မြန်မာ့ တပ်မတော်က ပစ်ခတ်၊ ရိုက်နှက်၍ ဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းသို့ မေတ္တာပို့ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များအား ဖမ်းဆီး ထားသည်ကို ဖြေရှင်း ပေးနိုင်ခြင်း မရှိသော နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ကြီး အနေဖြင့် ယခုလို ဆိုင်ကယ်များအား သင်္ဃန်းရောင် ပြောင်းလဲ သုံးစွဲခြင်း ကိုလည်း ထပ်မံ၍ ခေါင်းရှောင်ဦးမည် ဖြစ်ကြောင်း ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သူ ဆရာတော် တပါးက မိန့်ကြားသည်။

“သံဃာ့မဟာနာယကလည်းပဲ။ ဒီစစ်အာဏာရှင်တွေရဲ့ လက်အောက် မှာပဲ နေတာ များတယ်လေ။ သူတို့လို တာဝန် အရှိဆုံး အနေနဲ့ သာသနာတော် အတွက် အရေး အကြီးဆုံး ကိစ္စကို တောင်မှ သူတို့ အနေနဲ့ ယနေ့ထက်ထိ အသံ တသံတောင် ထွက်ပေးတာ မရှိတဲ့ အတွက်ကြောင့် အခုလိုမျိုး ဆိုင်ကယ် သင်္ဃန်းရောင် လုပ်စီးနေကြတဲ့ ကိစ္စမှာ လိုက်လုပ် ပေးလိမ့်မယ်လို့ ဦးဇင်းတို့ အနေနဲ့ မထင်ပါဘူး” ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု နိုင်ငံခြားရေး တာဝန်ခံ ဆရာတော် ဦးဣဿရိယက မဇ္ဈိမကို မိန့်ကြားသည်။

ဆိုင်ကယ် အရောင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ကျောက်တံတား မြို့နယ် ယာဉ်ထိန်းရဲ ဌာနသို့ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ လူကိုယ်တိုင်လာမှ ဖြေကြားမည်ဟု တုံ့ပြန် ပြောဆိုသည်။

Ref: မဇ္ဈိမ

Read More...

“ဝ” ဒေသတွင် စစ်ရေးပြင်ဆင်မှုများ ထပ်မံတိုးမြှင့်

သန်းထိုက်ဦး
Tuesday, 29 September 2009 17:12

တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ “၀” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့များ ထိန်းချုပ် ထားသည့် ဒေသတွင် မြန်မာ စစ်အစိုးရ တပ်များက စစ်ရေးပြင်ဆင်မှုများ ထပ်မံ တိုးမြှင့်ထားကြောင်း သိရှိရသည်။

အဆိုပါ စစ်အစိုးရတပ်များက မိုင်းလား နှင့် ပန်ဆန်း ဒေသများရှိ UWSA အဖွဲ့များ၏ လှုပ်ရှားမှု နယ်မြေနှင့် မျက်နှာချင်းဆိုင် ရှိသော ဒေသ တ၀ိုက်အတွင်း တပ်ရင်း ၅၀ ခန့်ကို ထပ်မံ တိုးမြှင့် ထားခြင်းဖြစ်သည်။

SSA -S မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက“ကိုးကန့် ကိစ္စ ပြီးသွားတဲ့ နောက်ပိုင်း နအဖ တပ်တွေက တပ် အင်အား ရုပ်သိမ်း ထားတာတွေ မရှိဘူး၊ မရုပ်သိမ်းတဲ့ အပြင် တပ်အင်အားတွေ ဖြည့်ထားတယ်လို့ သိရပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ဝ တပ်ဖွဲ့မှ အရာရှိများ၏ ပြောဆိုချက်အရ တပ်ရင်း ၅၀ ခန့်ကို တိုးချဲ့ထားပြီး ယင်း ဒေသအတွင်း တြိဂံတိုင်း စစ်ဌာနချုပ်မှ တပ်မများ အပါဝင် တပ်မ ၃၃ နှင့် တပ်မ ၇၇ တို့ ပါဝင်ကြောင်းလည်း စိုင်းလောင်ဆိုင်း ကဆိုသည်။

ကိုးကန့်ဒေသတွင်လည်း ယခင်က စစ်အစိုးရ တပ်ရင်း ၁၀ ရင်းသာ တပ်စွဲ ထားသော်လည်း ယခုအခါ လောက် ကိုင်မြို့ တောင်ဘက် နှင့် မြောက်ဘက်တွင် ရှမ်းပြည် မြောက်ပိုင်း သိန္နီ အခြေစိုက် အမှတ်(၁၆) စစ်ဆင်ရေး ကွပ် ကဲမှု ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ ရှိနေသေးကြောင်း သိရသည်။

ထို့အပြင် မိတ္ထီလာ အခြေစိုက် ခြေလျင် တပ်မ ၉၉ ကိုလည်း တပ်လှန့် ထားကြောင်း၊ ရှမ်းပြည်နယ် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ စစ်တပ်များကိုလည်း အသင့် အနေအထား ပြင်ဆင် ထားရန် အမိန့်ပေးထားကြောင်း စစ် တပ်နှင့် နီးစပ်သော အသိုင်း အ၀န်းက ဆိုသည်။

ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်( NDD )မှ စစ်ရေးလေ့လာသူ ဦးဌေးအောင်ကမူ စစ်အစိုးရက အပစ်အခတ် ရပ်စဲထားသော တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် နောက်ဆုံး အဖြေ ပေးရန် ယခုကဲ့သို့ ဖိအားပေးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“စစ်အစိုးရ ကမ်းလှမ်းချက်ကို လက်ခံ လက်မခံဆိုတာ အပစ်အခတ် ရပ်စဲ ထားတဲ့ အဖွဲ့အားလုံးက အဖြေပေး ရမယ်၊ အဖြေပေးရမယ့် ရက်ကလည်း နီးနေပြီဆိုတော့ အဲဒီအပေါ်မှာ နအဖက စစ်ရေး ပြင်ဆင်တာတွေ စစ်ရေး ခြိမ်းခြောက် တာတွေ လုပ်လာတယ်လို့ ထင်တယ်”ဟု ဦးဌေးအောင်ကပြောသည်။

စစ်အစိုးရက အပစ်အခတ်ရပ်စဲထားသော တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် အဖြေပေးရန် ၆ လခန့် အချိန်ပေးထားရာ လာမည့် အောက်တိုဘာလ အတွင်း နောက်ဆုံးဖြစ်သည်။

“ဝ” နှင့် ကိုးကန့် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲခဲ့သည့် လက်နက်ကိုင် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များ အရ သိရှိရသည်။

အလားတူ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် မွန်ပြည်သစ် ပါတီ ထိန်းချုပ်ရာ ဘုရားသုံးဆူ ဒေသတွင် စစ်အစိုးရက လက်နက်ကြီး တပ်ခွဲ တခွဲကို ထပ်မံချထားသည်။

၎င်းအပြင် ပြည်တွင်းဒုက္ခ သည်စခန်း တခုဖြစ်သော ခလော့ ခနီ ရွာအနီးတွင် ရဲစခန်းတခု ဖွင့်လှစ်ရန် မွန်ပြည်သစ် ပါတီအား စစ်အစိုးရက တောင်းဆို ထားကြောင်း မွန်ပြည်သစ် ပါတီ နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

၂၀၁၀ ပြည့်နှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ စစ်အစိုးရက အပစ်ရပ် အဖွဲ့များအား နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် အတွက် စစ်ရေးအရ လည်းကောင်း၊ စစ်အစိုးရ သတင်းစာများတွင် ရေးသားခြင်းဖြင့် လည်းကောင်း ဖိအားများပေးလာရာ အပစ်ရပ်အဖွဲ့များ အနေဖြင့် တခြား ရွေးချယ်စရာလမ်း မရှိတော့ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

Ref: ဧရာဝတီ

Read More...

Tuesday, September 29, 2009

တရုတ်-မြန်မာ နယ်စပ် အရေး ပိုမိုရှုပ်ထွေးလာ

ရန်ပိုင်
Monday, 28 September 2009 19:02

အပစ်ရပ်အဖွဲ့များ ထိန်းချုပ်ရာ နယ်မြေများတွင် စီးပွားရေး လုပ်ကိုင်နေသော တရုတ် နိုင်ငံသားများကို အမြန်ဆုံး ပြန်လာရန် တရုတ်အစိုးရက ခေါ်ယူထားကြောင်း ယူနန်ဒေသ ရုပ်မြင်သံကြား သတင်းတွင် ဖော်ပြထားသည်ဟု သိရသည်။

တရုတ်အစိုးရက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ထိုင်းမြန်မာ နယ်စပ်ရှိ စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူ တရုတ် နိုင်ငံ သားများကို ပြန်လာရန် ခေါ်ထားသောကြောင့် နယ်စပ်ဒေသတွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပေါ် လာဦးမည်လားဟု ဒေသခံများက စိုးရိမ်နေကြသည် ဟုလည်း ကြားသိရသည်။

“တရုတ်အစိုးရ ညွှန်ကြားချက်အရ မြန်မာပြည် အရှေ့ပိုင်းမှာ နေတဲ့ တရုတ် လူမျိုးတွေ ပြန်လာဖို့ စက်တင်ဘာ ၂၅ရက်က တရုတ် စံတော်ချိန် ည ၁၁ နာရီ ၄၅ မိနစ်မှာကြေညာတယ်၊ မြန်မာပြည်မှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အတွက် တရုတ် နိုင်ငံသားတွေ ချက်ခြင်းပြန်လာ ကြဖို့ပါ။ အားလုံးကတော့ စိုးရိမ်နေတယ်” ဟု ကချင်သတင်းစဉ်မှ လဖိုင်နော်ဒင်း က ပြောသည်။

မြန်မာနိုင်ငံတွင် တရုတ်လူမျိုး အများအပြား စီးပွားရေး လုပ်ကိုင်ရန် ရောက်ရှိ နေသည့် အပြင် ကချင်ပြည်နယ် တာပိန်မြစ်တွင် ဆောက်လုပ်နေသည့် ရေအားလျှပ်စစ် စီမံကိန်း အမှတ်(၁) နှင့် (၂ ) တွင် အလုပ် လုပ်နေသော တရုတ် အလုပ်သမားများ စာရင်းကိုလည်း လိုက်လံ ကောက်ခံနေသည်ဟု သိရသည်။

ထို့အပြင် ရှမ်းပြည်အရှေ့မြောက်ပိုင်းနှင့် ကပ်လျက်ရှိသော နယ်စပ် ကျေးရွာများ အားလုံးတွင် တရုတ် နိုင်ငံတော် အလံများကို လွှင့်တင်ထားရန် ပြောကြား ထားသည်ဟုလည်း လဖိုင်နော်ဒင်းက ဆိုသည်။

တရုတ်လူမျိုး အများအပြားသည် နယ်စပ်ဒေသများတွင် နေထိုင်ကြောင်း၊ အထူးသဖြင့် ကိုးကန့် နယ်တွင် ပိုမိုနေထိုင်ပြီး နယ်စပ် အရေးကိစ္စများ ရှုပ်ထွေးလာလျှင် တရုတ်အစိုးရ အနေဖြင့် ပြန်လည် ခေါ်ယူလေ့ရှိကြောင်း တရုတ်မြန်မာ နယ်စပ်ရှိ ကုန်သည်တဦးက ပြောသည်။

“တရုတ်ကတော့ အရင်တုန်းကလည်း ဒီလို နယ်စပ်မှာ တခုခု ဖြစ်ရင် သူ့နိုင်ငံသားတွေကို ပြန်ခေါ်တာတွေ ရှိတယ်၊ ကိုးကန့် ကိစ္စ ဖြစ်ပြီးတော့လည်း ပြန်ခေါ်တယ်၊ ဒါပေမယ့် ဘာပဲပြောပြော သတိထားရမယ်” ဟု အဆိုပါ ကုန်သည်က ဆိုသည်။

တရုတ်ပြည်မှ အစိုးရအရာရှိများသည် ၀ဒေသ ပန်ဆန်းမြို့မှ တဆင့် သံလွင်မြစ် အနောက်ဘက် ကမ်းရှိ တန့်ယန်းမြို့သို့ ရောက်ရှိလာပြီး စစ်အစိုးရ အရာရှိများနှင့် ယနေ့ တွေ့ဆုံ ဆွေးနွေးနေသည်ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

ထို့အပြင် ရှမ်းပြည်အရှေ့မြောက်ပိုင်း၌ စစ်အစိုးရက စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေပြီး လက်နက်ကြီး တပ်များကိုလည်း တိုးချဲ့ ချထားကြောင်း၊ ယခင်တိုက်ပွဲများ ကဲ့သို့ ခြေလျင်တပ် အင်အားဖြင့် ထိုးစစ်ဆင်မည် မဟုတ်ဘဲ လက်နက်ကြီး များကိုသာ သုံးစွဲကာ ထိုးစစ် ဆင်မည့်ဟု ထင်မြင်ကြောင်းလည်း ၎င်းကဆိုသည်။

“၀တွေက စစ် အစိုးရ တပ်တွေနဲ့ ကန့်သတ်စည်းမျဉ်း ခြားထားတယ်၊ နအဖက စစ်အင်အား များများစားစား နဲ့တော့ လုပ်မှာ မဟုတ်ဘူး၊ လက်နက်ကြီးတွေ၊ မြောက်ကိုရီးယားက ၀ယ်ထားတဲ့ လက်နက်တွေနဲ့ ပြင်ထားတယ်လို့ ပြောတယ်” ဟု ဦးစိန်ကြည်က ပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကို ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှစ်ဖွဲ့စလုံးက ငြင်းဆိုထားပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ယခုတကြိမ် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့လျှင် စစ်အစိုးရက လက်နက်ကြီးများ၊ လေယာဉ်များနှင့် လိုအပ်လျှင် ဓာတု လက်နက်များကိုပါ အသုံးပြု လာနိုင်ကြောင်း လဖိုင်နော်ဒင်းကလည်း သုံးသပ်သည်။

စစ်အစိုးရအနေဖြင့် ပထမဦးစွာ UWSA အဖွဲ့၏ ရန်ကုန်၊ မန္တလေး၊ ကျိုင်းတုံ၊ လားရှိုး အစရှိသည့် မြို့ကြီးများတွင် ရင်းနှီး မြှုပ်နှံ ထားသော စီးပွားရေး လုပ်ငန်းများကို ပိတ်ပင်ခြင်း၊ မူးယစ် ဆေးဝါးဖြင့် အပြစ်ရှာခြင်းများကို ပြုလုပ်လိမ့်မည်ဟု ထင် မြင်ကြောင်း ဦးစိန်ကြည် ဆိုသည်။

သို့သော် ၀ခေါင်းဆောင်ပိုင်းက ၎င်းတို့၏ ဝဒေသသည် တောင်ပိုင်းနှင့် မြောက်ပိုင်း အဖြစ် သွေးကွဲမည်ကိုသာ စိုးရိမ်နေကြောင်း သူကပြောသည်

“၀ခေါင်းဆောင်ပိုင်းက ဝေရှောက်ခမ်းအုပ်စု ခြံခုန် သွားမှာကို စိုးရိမ်နေတယ်၊ ဒီအချက်ကို သူတို့ အတွင်းထဲက ထိပ်ပိုင်း ခေါင်းဆောင်တွေ ကိုယ်တိုင် ပြင်ပရန်ထက် အတွင်းက အပြောင်းအလဲ လုပ်မယ့် သေရေး ရှင်ရေးကိစ္စက အရေးကြီးတယ် လို့ ၀န်ခံတယ်” ဟု ဦးစိန်ကြည်က ဆိုသည်။

ဝခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံ၏ ရပ်တည်ချက် သဘောထားကို သုံးသပ် နေရကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မိမိ အကျိုးစီးပွား အတွက် စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကြား မည်သည့်ဘက်မှ ရပ်တည်မည် ဆိုသည့် အချက်ကိုလည်း ထည့်သွင်း စဉ်းစားနေရကြောင်း ဦးစိန်ကြည်က သုံးသပ်သည်။

ထို့အပြင် အတည်မပြုနိုင်သော သတင်းများအရ တောင်ပိုင်း ၀တပ်ဖွဲ့များကို တိုက်ခိုက်ရန် အတွက် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA - S) ကို အပစ်ခတ် ရပ်စဲရန် မြန်မာ စစ်အစိုးရက ထိုင်းနိုင်ငံ အာဏာပိုင်များမှ တဆင့် ကမ်းလှမ်း ထားကြောင်း သိရှိရသည်။

တရုတ်နယ်စပ်ရှိ အပစ်ရပ်အဖွဲ့ တဖွဲ့ ဖြစ်သော KIA အတွင်းတွင်လည်း နယ်ခြားစောင့်တပ် အဖြစ် မပြောင်းလဲလိုသော အင်အားစုက နိုင်ငံရေးကိုသာ အဓိကထား လုပ်လိုသည့် အင်အားစုကို မကြာသေးမီက ရှင်းလင်း ထုတ်ပယ် လိုက်ခြင်းသည် စစ်အစိုးရအား စစ်ကြေညာ လိုက်ခြင်းသာ ဖြစ်သည်ဟု လဖိုင်နော်ဒင်းက သုံးသပ်သည်။

အတည်မပြုနိုင်သော သတင်းများအရ လိုင်ဇာမြို့တွင် KIA အဖွဲ့ ခေါင်းဆောင်ပိုင်း အတွင်း အစည်းအဝေး ပြုလုပ်ပြီး နောက် မြစ်ကြီးနားမြို့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် သွားရောက် တွေဆုံလိမ့်မည်ဟု ကြားသိ ရသည်။

အလားတူ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသည့် မွန်ပြည်သစ် ပါတီ ထိန်းချုပ်ရာ ဘုရားသုံးဆူ ဒေသတွင် စစ်အစိုးရက လက်နက်ကြီး တပ်ခွဲ တခွဲကို ထပ်မံ ချထားကြောင်း၊ ထို့အပြင် ပြည်တွင်း ဒုက္ခသည် စခန်း တခုဖြစ်သော ခလော့ ခနီ ရွာအနီးတွင် ရဲစခန်းတခု ဖွင့်လှစ်ခွင့် ပြုရန် မွန်ပြည်သစ် ပါတီအား စစ်အစိုးရက တောင်းဆိုထားကြောင်း မွန်ပြည်သစ် ပါတီ နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

၂၀၁၀ ပြည့်နှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရက အပစ်ရပ် အဖွဲ့များအား နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် အတွက် စစ်ရေးအရ လည်းကောင်း၊ စစ်အစိုးရ သတင်းစာများတွင် ရေးသားခြင်းဖြင့် လည်းကောင်း ဖိအားများ ပေးလာရာ အပစ်ရပ် အဖွဲ့များ အနေဖြင့် တခြား ရွေးချယ်စရာလမ်း မရှိတော့ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

Ref: ဧရာဝတီ

Read More...

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာပို့

Read More...

သံတမန်အချို့နှင့်တွေ့ဆုံခွင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

NEJ / ၂၈ စက်တင်ဘာ ၂၀၀၉

နေအိမ်အကျယ်ချုပ်ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံ အချို့မှ သံတမန်များနှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း စက်တင်ဘာ (၂၅) ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ခဲ့သည့် စာတွင် ထည့်သွင်း တောင်းဆိုထားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်း ပယ်ဖျက်ရေး ကိစ္စနှင့် စပ်လျဉ်းသည့် အဆိုပါစာတွင် ထိုကဲ့သို့ သံတမန်များနှင့် တွေ့လိုကြောင်း ထည့်သွင်း တောင်းဆိုထားခြင်း ဖြစ်သည်။

အဆိုပါတောင်းဆိုချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက် အမှတ် ၆/၀၉/၀၉ အဖြစ် ယနေ့ တရားဝင် ထုတ်ပြန်လိုက်သည်။

နအဖဥက္ကဋ္ဌထံပေးပို့သော ဒေါ်အောင်ဆန်းစုကြည်၏ စာတွင် မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့ ထားမှုများ ရုပ်သိမ်း ပယ်ဖျက်ရေး ကိစ္စကို သူ့အနေဖြင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် စက်တင်ဘာ (၁၂) ရက်တွင် အထက် အာဏာပိုင်များထံ တင်ပြ အသိပေးနိုင်ရန် သတင်း တပ်ဖွဲ့မှ တဆင့် နှုတ်ဖြင့် ပြောကြားခဲ့ပြီး ဖြစ်ကြောင်း ဦးစွာဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှု ရုပ်သိမ်းပယ်ဖျက်ရေး ထိရောက်စွာ ဆောင်ရွက် နိုင်ရန်အတွက် မြန်မာနိုင်ငံပေါ် အရေးယူ ပိတ်ဆို့ထားမှုများ အားလုံး သိရှိ နားလည်စေရေး၊ ပိတ်ဆို့မှုကြောင့် နစ်နာရမှု အတိုင်းအတာကို သိရှိ နားလည်စေရန် ပိတ်ဆို့မှု ချမှတ် ဆောင်ရွက်လျက် ရှိသည့် နိုင်ငံ အစိုးရများ၏ သဘောထားများကို သိရှိ နားလည်နိုင်ရေးတို့ အတွက် အမေရိကန် သံမှူး၊ အီးယူ သံအမတ်ကြီး၊ သြစတြေးလျ သံအမတ်ကြီးတို့နှင့် တွေ့ဆုံ ဆွေးနွေးခွင့် ပေးရန် မေတ္တာ ရပ်ခံကြောင်းနှင့် ပါတီ၏ သဘောထားကို ညှိနှိုင်း ရယူနိုင်ရေးကိုလည်း ခွင့်ပြုပေးရန် မေတ္တာရပ်ခံကြောင်း အဆိုပါစာတွင် ရေးသားထားသည်။

မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားမှုများ အပေါ် ဖိနှိပ်မှုများကြောင့် အနောက်နိုင်ငံများက ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ အရေးယူဒဏ်ခတ်မှုများ ပယ်ဖျက်ရေး၊ အလုံးစုံပျက်သုဉ်းရေး လမ်းစဉ် စွန့်လွှတ်ရေး၊ ထိပ်တိုက် ရင်ဆိုင်ရေး၊ အလုံးစုံ ပိတ်ဆို့ရေး စသည့်အချက် (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဘက်မှ စွန့်လွှတ်ပါက တွေ့ဆုံမည်ဟု နအဖဥက္ကဋ္ဌက ၂၀၀၇ ခုနှစ် အောက်တိုဘာလ အတွင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါအချက်များကို သူလုပ်ဆောင်ထားခြင်း မရှိကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများ၏ သဘောထားသာ ဖြစ်ကြောင်း ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ကြည်ထံမှ တဆင့် သဘောထား ထုတ်ပြန် ပြောဆိုခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Monday, September 28, 2009

အပစ်ရပ်၊ ငြိမ်းအဖွဲ့တွေကို ချေမှုန်းဖို့ပြင်နေတဲ့ နအဖ

September 28, 2009

သြဂုတ်လကုန်ပိုင်းလောက်ကပဲ နယ်ခြားစောင့်တပ်လုပ်ရေးကို သဘောမတူဘဲ ငြင်းဆိုခဲ့တာကြောင့် ငြိမ်းချမ်းရေးယူထား တဲ့ ကိုးကန့်အဖွဲ့ကို အကြောင်း ရမယ်ရှာပြီး ရက်ရက်စက်စက် ချေမှုန်း ဖျက်သိမ်းပစ်ခဲ့တဲ့ နအဖ ဟာ အခုအခါမှာ ကိုးကန့် အဖွဲ့ရဲ့မဟာမိတ်လည်းဖြစ်၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လုံးဝ လက်မခံနိုင်တဲ့ အဖွဲ့လည်း ဖြစ်တဲ့ ၀သပ အဖွဲ့ကို ထိုးစစ်ဆင်ဖို့ တပြည်လုံး အတိုင်း အတာနဲ့ ပြင်ဆင်နေပါတယ်။

ပထမအဆင့်အနေနဲ့ ကိုးကန့်တိုက်ပွဲအပြီးမှာ နေရာယူထားတဲ့ တပ်တွေကို ပြန် မရုတ်သိမ်းတဲ့ အပြင် ၀သပ ဒေသ ပတ်လည်မှာ တပ်တွေတိုးချဲ့ နေရာယူ ချထားတာတွေ လုပ်ပါတယ်။

အခုအခါမှာ ဒုတိယအဆင့်အနေနဲ့ တပ်အင်အားဖြည့်တင်းရေး အတွက် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်း ဒေသက ကျေးရွာတွေမှာ အတင်းအဓမ္မ စစ်သားသစ် ကောက်ခံနေပါတယ်။ တရွာကို ၅ ယောက်၊ ရွာငယ်ရင် ၃ယောက်နှုန်းနဲ့ ကောက်ခံနေတာ ဖြစ်ပါတယ်။

ဒီလိုလုပ်နေတာတွေဟာ ၀သပနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေကို ချေမှုန်းဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ စစ်တပ်နဲ့နီး စပ်တဲ့ အသိုင်း အ၀ိုင်းအကြားမှာ ပြောဆို နေကြပါတယ်။

ဝိမုတ္တိဝိုင်းတော်သားတဦး

Ref: ၀ိမုတ္တိ

Read More...

အပေါ်သို့