..............................

Friday, April 9, 2010

ရွေးကောက်ပွဲရက် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး မပြောနိုင်

09 April 2010

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ဧပြီလ ၈ ရက် ကြာသပတေးနေ့က စတင်ကျင်းပတဲ့ နှစ်ရက်ကြာ အရှေ့တောင် အာရှ နိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီး အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေ ကိစ္စနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေး ခဲ့ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ထူးထူးခြားခြား ဝေဖန် ပြောဆိုတာတွေ၊ ဆုံးဖြတ်ချက် ချမှတ်တာတွေတော့ မတွေ့ရသေးပါဘူး။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အာဆီယံအဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံရေးနဲ့ စီးပွားရေး အသိုက်အ၀န်း ဆိုတာကို တည်ထောင်ဖို့ ရည်မှန်းချက် ချမှတ်ထားပြီး အခု ထိပ်သီး အစည်းအဝေးမှာ ဒီရည်မှန်းချက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်မယ့် လုပ်ငန်း ဖြစ်လာဖို့ ရည်ရွယ်ထားကြပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုပြီး မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်ခွင့်ကို ပိတ်ပင် ကန့်သတ် ထားတာမျိုးတွေ ပါနေတဲ့ အတွက် အာဆီယံရဲ့ အဲဒီ ရည်မှန်းချက်ကို ဘယ်လောက် လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်မှာလဲ ဆိုတာ မေးခွန်း ထုတ်စရာ ဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိပ်သီး အစည်းအဝေး မတိုင်ခင်တုန်းက သံသယစွက်တဲ့ လေသံနဲ့ ခပ်ထန်ထန် ဝေဖန် ပြောဆိုခဲ့ဖူးတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ဟာ အစည်းအဝေး အတွင်းမှာ တကယ်တမ်း ပြောဆိုကြပြီးတဲ့ အခါမှာတော့ အရင်က လေသံတွေတောင်မှ ပြောင်းသွားတာကို တွေ့ရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတင် မဟုတ်ဘဲ အာဆီယံ ဒေသ တခုလုံးက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း မေးခွန်းထုတ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေသက်သက် မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အာဆီယံ ၁၀ နိုင်ငံစလုံးက လူ့အခွင့်အရေး အခြေအနေ အားလုံးကိုက မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ ကျနော်တို့ အားလုံးဟာ ပြည့်ဝတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွေ မဟုတ်ကြသေးပါဘူး။ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။”

ထိပ်သီး အစည်းအဝေး မစခင်လေးတင် မြန်မာနိုင်ငံကို သွားခဲ့၊ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေး ပြောဆိုတာတွေ လုပ်ခဲ့ပြီး မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ အချိန် ယူရနိုင်တယ်လို့ ပြောဆိုခဲ့ဖူးတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာရ်တီ နာတာလ်ဂါဝါ (Marty Natalegawa) ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မြန်မာ စစ်အစိုးရဘက်က ပြောတာကို နားထောင် ခဲ့ရပါတယ်လို့ ဆိုပါတယ်။

“လွတ်လပ်ပြီး တရားမျှတတဲ့၊ ဒီမိုကရေစီနည်းလမ်း တကျနဲ့ လက်ခံ ယုံကြည်နိုင်လောက်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်ရပါမယ်လို့ မြန်မာ စစ်အစိုးရက ပြောတာကို ကျနော်တို့ ကြားခဲ့ရပြီးပါပြီ။ ဒါကြောင့် အဲဒီအတိုင်း ဖြစ်တာကို ကျနော်တို့ မြင်ချင်ပါတယ်။”

အစည်းအဝေးထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဘာမှ ပြောဆိုခဲ့ကြပုံတော့ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ အင်ဒိုနီးရှား နိုင်ငံရဲ့ ရပ်တည်ချက်ကတော့ တကယ့်ကို ရှင်းလင်းပြီး သူ့ကို လွှတ်ပေးသင့်တယ် ဆိုတာ သိသာပါတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန်ကြေညာထားပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရမယ့် ကာလ ကန့်သတ်ချက်ကို တိတိကျကျ ပြောထားပေမဲ့ ရွေးကောက်ပွဲကို ဘယ်တော့ ကျင်းပမယ် ဆိုတာတော့ ခုချိန်ထိ တိတိကျကျ မကြေညာ သေးပါဘူး။ ဒါ့ကြောင့်လဲ ဒီကိစ္စဟာ အများက စိတ်ဝင်တစား ရှိနေကြတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းကို မြန်မာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရှောင်လွှဲပြီး ဖြေသွားခဲ့ပါတယ်။

“ဒီကိစ္စက ရွေးကောက်ပွဲ ကော်မရှင်ပေါ်မှာ မူတည်ပါတယ်။ ကျနော်က နိုင်ငံခြားရေးဝန်ကြီး သက်သက်ပါ။ ရွေးကောက်ပွဲရက်ကို ကျနော် ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ကော်မရှင်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။”

အာဆီယံ အစည်းအဝေးတွေ ကျင်းပတိုင်းမှာ မြန်မာနိုင်ငံ အရေးကိစ္စဟာ အမြဲတမ်း အသံ ကျယ်ကျယ်လောင်လောင် ကြားရလေ့ရှိတဲ့ ကိစ္စ ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ကနေ မကြာခဏ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ဖူးတာလည်း ရှိပါတယ်။

ကုလသမဂ္ဂနဲ့ တခြား အနောက်နိုင်ငံတွေကလည်း မြန်မာနိုင်ငံက ပြဿနာတွေ ဖြေရှင်းရေးမှာ အာဆီယံအဖွဲ့ အနေနဲ့ အဓိကကျတဲ့ အခန်း ကဏ္ဍကနေ ပါဝင်ဖို့ တိုက်တွန်း ပြောဆိုခဲ့ဖူးတာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း အာဆီယံအဖွဲ့ ကိုယ်နှိုက်ကတော့ သူတို့ဟာ မြန်မာ့ ပြဿနာကို ထိထိ ရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ တရားဝင်ရော၊ အလွတ်သဘောပါ အကြိမ်ကြိမ် ပြောထားဖူးပါတယ်။

မိမိတို့ဟာ မြန်မာနိုင်ငံကို အပြစ်ပေး ဒဏ်ခတ်နိုင်တဲ့ အနေအထားမှာ မရှိကြောင်း၊ တရုတ်နဲ့ အိန္ဒိယတို့က မြန်မာနိုင်ငံနဲ့ ဆက်ပြီး ထိတွေ့ ဆက်ဆံနေတယ် ဆိုရင် မိမိတို့လည်း ဆက်ဆံရမှာပဲ ဖြစ်ကြောင်း အစည်းအဝေး ပထမနေ့ အပြီးမှာ စင်ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဂျော့ဂ်ျ ယို (George Yeo) က ပြောခဲ့ပါတယ်။

Ref: VOA News

Read More...

သိန်းပေါင်းများစွာတန်ဖိုးရှိ မှောင်ခိုပစ္စည်းများ စစ်ကားတန်းများတွင် ဖမ်းမိ

ခိုင်လင်း/ ၈ ဧပြီ ၂ဝ၁ဝ

ပြီးခဲ့သည့် မတ်လအတွင်း တရုတ်ပြည်ဘက်မှ တင်သွင်းလာသည့် စစ်ကားများပေါ်တွင် တရားမဝင် တင်ဆောင်လာသည့် တရုတ်နိုင်ငံလုပ် ကုန်ပစ္စည်းများကို စစ်ဆေး တွေ့ရှိသဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် တပ်ထိန်းအဖွဲ့က သိမ်းဆည်းခဲ့သည်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ လားရှိုးမြို့သို့ မောင်းယူလာသည့် စစ်ထရပ်ကား (၁ဝဝ) ခန့်အား လားရှိုးမြို့အဝင် အေးရှားဝေါလ် တိုးဂိတ်၌ တပ်ထိန်းအဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ရာ သိန်း (၂ဝ,ဝဝဝ) ကျော် တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် လားရှိုး ဒေသခံက ပြောသည်။

၎င်းက “အဲဒီကားတွေကို ဗိုလ်မှူးတယောက်က တာဝန်ခံပြီး သယ်ယူနေတာ။ အခုသယ်တဲ့ကားက ကားအစီး (၄ဝဝ) ရှိတယ်။ ကားသမား အားလုံးကလည်း ထောက်ပို့တပ်ကတွေချည်းပဲ။ အသုတ်လိုက်ခွဲပြီး မူဆယ်ကနေ သယ်နေတာ။ ကားတွေ သယ်ရင်းနဲ့ ကုန်သည်တွေဆီက ကယ်ရီပစ္စည်း လက်ခံခဲ့တာ။ အဲဒီလို ဖမ်းမိတော့ ကားတွေတော့ ဆက်ပြီး ထွက်သွားရတယ်။ ကုန်ပစ္စည်းတွေ အားလုံး လားရှိုးမှာ ချထားခဲ့ရတယ်။ တာဝန်ရှိသူတွေကို အရေးယူဖို့ ရှိတယ်လို့တော့ ပြောတယ်” ဟု ရှင်းပြသည်။

အဆိုပါ စစ်ကားပေါ်မှ သိမ်းဆည်းရရှိသည့် ကုန်ပစ္စည်းများတွင် တရုတ်လုပ် လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေး ပစ္စည်း စသည့် ပစ္စည်းမျိုးစုံ ပါဝင်ပြီး ကယ်ရီခယူကာ သယ်လာသဖြင့် ကုန်သည်များက အပ်နှံခဲ့ကြကြောင်း တရုတ်-မြန်မာနယ်စပ် ကုန်သည် တဦးက ပြောသည်။

၎င်းက “အဲဒီကားတွေကို တရုတ်ပြည်၊ ကျယ်ဂေါင်ကနေ ယူလာပြီး မူဆယ် လေယာဉ်ကွင်းမှာ ခဏထားတာ။ အဲဒီတုန်းက စစ်သားတွေ ပစ္စည်းလိုက်ရှာတာ ခြေချင်းလိမ်နေတာပဲ။ ကယ်ရီခက ပုံမှန် (၁) သိန်းကျမယ့်ဟာ (၂) သောင်း၊ (၃) သောင်း လောက်နဲ့ သယ်ပေးနေတာ ဆိုတော့ ကုန်သည်တွေလည်း တွက်ခြေကိုက်တယ် ဆိုပြီး အပ်ကြတယ်။ ကျနော်ကတော့ သူတို့နဲ့ မပတ်သက် ချင်တာနဲ့ မလုပ်လိုက်ဘူး။ ဒီက ကုန်သည် တော်တော်များများရဲ့ ပစ္စည်းတွေ ပါနိုင်တယ်။ အဲလိုကိစ္စကျတော့ လူသိခံလို့ မဖြစ်တော့ ကိုယ်မပါသလို နေကြတယ်” ဟု ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအား ပုံမှန်ကုန်သွယ်ရေးဖြစ်စေရန် ဆောင်ရွက်နေချိန်တွင် လာဘ်ပေး၊ လာဘ်ယူမှုအား နှိမ်နင်းပြီး မှောင်ခို ကုန်သွယ်မှုကို တိုက်ဖျက်သွားရေး အတွက် နအဖက ကြွေးကြော်နေသော်လည်း မှောင်ခိုကုန်သွယ်မှုမှာ ယနေ့ အချိန်အထိ ဆက်လက် ရှိနေဆဲဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

NLD အလံ မလှဲဟု ဆို

ဧရာဝတီ Thursday, April 08, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်များက လာမည့် မေလ (၇) ရက်နေ့ နောက်ပိုင်း ပါတီ ဆိုင်းဘုတ်များကို ဖြုတ်မည် မဟုတ်ကြောင်း မကြာသေးခင်က ဆုံးဖြတ်ချက်ချ မှတ်ခဲ့သည်ဟု ပါတီ သတင်း ရပ်ကွက်များမှ သိရသည်။

“ပါတီ ခေါင်းဆောင် တွေက မေလ ၇ ရက်နေ့ ကျရင် ဆိုင်းဘုတ် တွေကို ဖြုတ်မှာ မဟုတ်ဘူး၊ ဒါပေမယ့် အာဏာပိုင် တွေက လာဖြုတ် ရင်တော့ အသာ တကြည် လက်ခံမယ်”ဟု ပါတီ သတင်း ရပ်ကွက် များက ဆိုသည်။

စစ်အစိုးရ ထုတ်ပြန်သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တည်ဆဲ နိုင်ငံရေး ပါတီ များသည် ဥပဒေ ထွက်ရှိသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီမှတ်ပုံ တင်ရမည် ဖြစ်သည်။ ပါတီ မှတ်ပုံတင်ခြင်း မပြုပါက တရားဝင် ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု ယင်းဥပဒေတွင် ဖော်ပြထားသည်။

NLD က ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် NLD သည် ရက်ပေါင်း ၆၀ ပြည့် သော မေလ ၇ ရက်နေ့ နောက် ပိုင်းတွင် ပါတီ ရုံးခန်းများ အပိတ်ခံရရန်နှင့် ပါတီ ဆိုင်းဘုတ်များ ဖြုတ်ချခံရရန် အလားအလာ ရှိသည်။ ပါတီ လုပ်ငန်းစဉ်များနှင့် လှုပ်ရှားမှုများလည်း ရပ်ဆိုင်းရဖွယ် အခြေအနေ ရှိသည်။

NLD က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတမှု မရှိသောကြောင့် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံမတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းသို့ NLDသည် ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသဖြင့် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းခံရပါက ပါတီပိုင် ပစ္စည်းများကို စီမံ ခန့်ခွဲနိုင်ရန်အတွက် စီမံခန့်ခွဲရေး ကော်မတီတရပ်ကို ပြီးခဲ့သည့် တနင်္လာနေ့က ဖွဲ့စည်းခဲ့သည်။ ယင်း အဖွဲ့ကို ဒု ဥက္ကဋ္ဌ ဦးတင်ဦးက ဦးဆောင်၍ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့သော NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကမူ “ဒေါ်အောင်ဆန်းစုကြည်မှာ ဘာလုပ်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေ အများကြီး ရှိပါတယ်၊ ဒါပေမယ့် ခက်တာက ဆက်လက် အကျဉ်းကျနေဆဲ ပဲ” ဟု ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲ ၀င်ခြင်းအားဖြင့် မြန်မာ ပြည်သူလူထုကို မျှော်လင့်ချက် အမှားတွေ မပေးချင်ဘူး” ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

NLD ပါတီ မှတ်ပုံမတင်ရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ရှေ့နေများ ဖြစ်သော ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က ယမန်နေ့တွင် သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ သွားရောက် တွေ့ဆုံခဲ့ရာတွင် ပါတီ မှတ်ပုံတင်ခြင်း မပြုရန် နှင့် ရွေးကောက်ပွဲ ၀င်ခြင်း မပြုရန် NLD က ဆုံးဖြတ်လိုက်သည့် အတွက် ၀မ်းမြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယမန်နေ့က ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်ရေး၊ နေအိမ် အကျယ်ချုပ် အတွက် အယူခံ ၀င်ရောက်ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

NLD ရှေ့၌ ဘာဆက်လုပ်မည်နည်းဟု မေးခွန်းများ ထွက်ပေါ်နေချိန်တွင် ၎င်းတို့ နိုင်ငံရေး ဆက်လုပ်မည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြောင်းလဲရေးကို ဖော်ဆောင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် NLD အနေဖြင့် နိုင်ငံ တ၀န်းလုံးရှိ ထောက်ခံသူများကိုလည်း ကြေညာချက် ထုတ်၍ တောင်းပန်ခဲ့သည်။

သို့သော်လည်း NLDက ထောက်ခံသူများကို ဘယ်သောအခါမှ ကျောခိုင်းသွားမည် မဟုတ်သကဲ့သို့ ဒီမိုကရေစီ ရည်မှန်းချက် အောင်မြင်သည် အထိ အကြမ်းမဖက်သော နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဟု ဖော်ပြပါရှိသည်။

အလားတူပင် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ် အဖွဲ့(UNA)ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ယမန်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။

UNA က ကုလသမဂ္ဂမှ ထုတ်ပြန်ထားသော အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦး စသော နိုင်ငံရေး အကျဉ်းသားများ အားလုံကို ခြွင်းချက် မရှိ လွှတ်ပေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၀၈ အခြေခံ ဥပဒေတွင် ဒီမိုကရေစီနှင့် ဆန့်ကျင်နေသော အချက်များကို ပြန်လည် သုံးသပ်ပြင်ဆင်ပေး ရန် စသည့် အချက်များကိုလည်း ၎င်းတို့က တောင်းဆိုထားသည်။

UNA အဖွဲ့သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိင်ခဲ့သော တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသော မဟာမိတ် အဖွဲ့ဖြစ်သည်။

UNA ပါတီတွင် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စသည့် အဖွဲ့များပါဝင်ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

ဝ နယ်ပြန်သို့ ပြန်ဝင်အလုပ်လုပ်သည့် UN, NGO ၀န်ထမ်းများအား ၀ ဒုဥက္ကဌ တွေ့ဆုံစကားပြော

Thursday, 08 April 2010

ဝ နယ်ထဲသို့ အလုပ်ပြန်ဝင်သည့် UN, NGO ၀န်ထမ်းများအား ၀ ပြည်သွေးစည်းရေး ပါတီ ဒု ဥက္ကဌ ရှောက်မင်လျံက တွေ့ဆုံ အားပေး၊ ကျေးဇူးတင်စကား ပြောကြားခဲ့သည်ဟု စုံစမ်း သိရှိရပါသည်။

“ဒု ဥက္ကဌ ရှောက်မင်လျံပြောတာက - နိုင်ငံရေးကြောင့် အဆင်မပြေခဲ့တာတွေ တောင်းပန်တယ်၊ ၀ ပြည်သူ/ သားတွေကို UN, NGO တွေ အကူညီ ပေးခဲ့တာတွေကို အထူး ကျေးဇူးတင်ပါတယ်၊့ စသဖြင့် ပြောတယ်” - ဟု အခြေအနေကို စောင့်ကြည့် လေ့လာသူ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

ဝ နယ် (ပန်ဆန်း နှင့် နမ့်တစ်မြို့)သို့ ပြန်လည် တာဝန်ထမ်းဆောင်သည့် UN, NGO ၀န်ထမ်းများအား ၀ ပြည် သွေးစည်းရေးပါတီ ဒု ဥက္ကဌရှောက်မင်လျံက ဧပြီ ၆ ရက်နေ့ တွေ့ဆုံရာ၌ - ဧပြီ ၂၀၀၉ ကတည်းက နအဖ ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးမူ စတင်လာချိန်မှ စ၍ ပြဿနာ ဖြစ်လာခဲ့ကြောင်း၊ အတွေးအမြင် ခံယူချက် မတူ၍ ဖြစ်ခဲ့ရသည်ဟု ခံယူပြီး တနေ့ ဖြေရှင်းနိုင်မည်ဟု ယုံကြည်သော်လည်း မထင်မှတ်ဘဲ ကိုးကန့် ပြဿနာ ပေါ်လာကြောင်း၊ ၂၀၀၉ နိုဝင်ဘာက တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ၂၀၁၀ ဖေါ်ဝါရီ တွင် ဥက္ကဌကြီး ပေါက်ယူချမ်း ကိုယ်တိုင် နအဖ ချိန်းဆိုသည့်နေရာ သွားမတွေ့ရင် ၀ ပြည်ကို နအဖ အင်အားသုံး တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့၍ ဥက္ကဌကြီး ကိုယ်တိုင် သွားတွေ့ဆုံ ခဲ့ရကြောင်း၊ နအဖ တောင်းဆို ထားသည့် အတိုင်း ယနေ့တိုင် အစည်းအဝေး ထိုင်နေရကြောင်း - ပြောကြားသည်ဟု ဆိုသည်။

“မတ်ခ်ျ ၂၈ ရက်နေ့က တွေ့ဖို့ နအဖ ဘက်က ဖိတ်ကြားလာတယ်။ ဧပြီ ၁ ရက်နေ့မှာ ကျနော်တို့ ဒုဥက္ကဌ (၂) ကျောက်ဝမ်ကွမ်းနဲ့ အဖွဲ့ သွားတွေ့တယ်၊ ဘာဆိုဘာမှ ဆွေးနွေးခွင့် မရခဲ့ဘူး၊ နအဖ ကိုယ်စားလှယ်တွေ ကဘဲ တဘက်သတ် ပြောသွားတယ်။ အသွင်ပြောင်းဖို့ ဒီလ ၂၂ ရက်နောက်ဆုံး၊ မပြောင်းရင် ၁၉၈၉ မတိုင်ခင် ကလို မတရားတဲ့ အသင်းဘဲဖြစ်မယ်လို့ ပြောတယ်။”

“လျှော့ပေါ့ပေးဖို့ ကျနော်တို့ ပြင်ဆင်ရတယ်။ ၃ ရက်နေ့မှာ စာရေးပြီးပို့တယ်။ တောင်းဆိုချက် အသစ်တွေထဲမှာ နအဖ အရာရှိဘက်က ဒုတပ်ရင်းမှူး နေရာနဲ့ တွဲဘက်ရုံး အလုပ်လုပ်သူ ၅ ယောက် ကျနော်တို့ တပ်ရင်းတရင်း ထဲမှာ ပါဝင်ဖို့ လက္ခံတဲ့ အထိ အလျှော့ ပေးထားတော့ သူတို့ လိုက်လျောကောင်း လိုက်လျောနိုင်ပါရဲ့” - ဟု ရှောက်မင်လျံက ပြောကြောင်း အဆိုပါပုဂ္ဂိုလ်ကပင် သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။

ဧပြီလ သုံးရက်နေ့က တောင်းဆိုချက် ၈ ချက်ပါ ၀ တို့၏ ပေးစာအား နအဖ အတွင်းရေးမှူး ၁ ဒု ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ လားရှိုး အခြေစိုက် ရမခတိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် တို့ထံ အသီးသီးလိပ်မူ ပို့ဆောင်ခဲ့ခြင်း ဖြစ်၏။

“နအဖ ဘက်ကပြောတယ်၊ နိုင်ငံတော် နဲ့ တိုင်းပြည်သူပြည်သားများ ကောင်းစားရေးတဲ့၊ ကျနော် ပြောချင်တာက ကျနော်တို့ ၀ အမျိုးသား ကောင်းစားရေး အတွက်လဲ ထည့်တွက်ပေးဦးလို့”- ဟု ဒုဥက္ကဌ ရှောက်မင်လျံက ပြောခဲ့ သေးသည်ဟုဆို၏။

နအဖ၏နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးမူကို ၀ တပ်ဖွဲ့က ဆန့်ကျင်ခြင်း မဟုတ်ကြောင်း၊ ၀ တပ်ဖွဲ့ တောင်းဆိုသည့် အချက်ကား နှစ်ဦးနှစ်ဘက် မှီတည်ပြီး ဆွေးနွေးတိုင်ပင် လုပ်ဆောင် စေလိုခြင်းသာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေ အားလုံးသည် နအဖပေါ်တွင်သာ မူတည်ကြောင်း - ဆက်ပြောသည်ဟု ဆို၏။

ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ၏ လိုလားချက်များမှာ -
၁။ ၀ အမျိုးသားတို့ စစ်ဖြစ်ရေး မလိုလား၊ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းသွားမည်။
၂။ မည်သည့် အခြေအနေမဆို ၀ အမျိုးသားတို့ ပြည်ထောင်စုမှ ခွဲမထွက်။
၃။ တရားမျှတ တန်းတူညီမျှသည့် ရွေးကောက်ပွဲကို ၀ တို့ ထောက်ခံမည်။
၎။ လက်ရှိ တပ်မတော် အစိုးရကို ထောက်ခံပြီး၊ ရွေးကောက်ပွဲမှ တဆင့် တင်မြှောက်မည့် အနာဂတ် နိုင်ငံတော် အစိုးရ ဦးဆောင်မှုအောက် နေထိုင် သွားမည်ဟုလည်း ဒုဥက္ကဌ ရှောက်မင်လျံ က ပြောကြားခဲ့သည်ဟု ဆို၏။

ဝ ပြည်သွေးစည်းရေးပါတီ၏ ၀ တပ်မတော် UWSA သည် တပ်မဟာ ၈ ခု၊ တပ်ရင်း ၄၄ ရင်း၊ (မြောက်ပိုင်း ၀ နယ်တွင် တပ်မဟာ ၃ ခုနှင့် တပ်ရင်း ၂၂ ရင်း၊ တောင်ပိုင်း ၀ နယ်တွင် တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း ) ရှိ၏။ ၀ တို့ တောင်းဆိုချက် ၈ ချက်၌ နယ်ခြားစောင့်တပ် အသွင်ပြောင်းမည် ဆိုပါက ရမခ လက်အောက်ခံ မြောက်ပိုင်း ၀ နယ် တပ်ရင်း ၁၀ ရင်း၊ တြိဂံတိုင်း လက်အောက်ခံ တောင်ပိုင်း ၀ နယ် တပ်ရင်း ၁၀ ရင်း အထိ လျှော့ချ ပေးမည်ဖြစ်သည်။အသွင်ပြောင်းမည့် ၀ တပ်ရင်းတိုင်းတွင် နအဖ ၏ ဒုတပ်ရင်းမှူးတာဝန် ထမ်းဆောင် မည့်သူ တဦးနှင့်အတူ ကျန်းမာရေး၊ ထောက်ပံ့/ စားနပ်ရိက္ခာ၊ ဆက်ဆံရေး တာဝန်ယူမည့် ရုံးအလုပ် ၅ ဦး တို့ကိုပါ လက်ခံရမည် ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

SNLD အထွေထွေအတွင်းရေးမှူးဟောင်း နိုင်ငံရေးပါတီသစ်ဖွဲ့၍ မှတ်ပုံတင်

Thursday, 08 April 2010

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဟောင်း ဆားလုပ်ငန်းရှင် ဦးစိုင်းအိုက်ပေါင်း က သျှမ်းအမျိုးသား အချို့အား ဦးဆောင်ပြီး နိုင်ငံရေးပါတီသစ် ဖွဲ့စည်း၍ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ထံ ယနေ့မှတ်ပုံတင် လိုက်ကြောင်း စုံစမ်း သိရှိရပါသည်။

“ရန်ကုန်မှာ အစည်းအဝေး၂-၃ ရက်ဆက်တိုက်ထိုင်တယ်။ အခွင့်အရေးကို လက်လွတ်လို့ မဖြစ်ဘူးလို့ ခံယူထားတဲ့ သျှမ်းရပ်မိရပ်ဖ အချို့ပေါ့။ အခု CEC အဖွဲ့ဝင်တွေ အားလုံး လျာထားပြီးပြီ”- ဟု ရန်ကုန်ရောက် သျှမ်းအမျိုး သားတဦး ပြောပါသည်။

ဧပြီ ၈ ရက် ယနေ့မှတ်ပုံတင်မည့် သျှမ်းနိုင်ငံရေးပါတီ အသစ်အား Shan Nationalities Democratic Party (SNDP) သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဟု အမည်ပေးထားကြောင်း၊ အဖွဲ့ဝင် ၁၅ ယောက် လျာထားကြောင်း၊ ဥက္ကဌ အား ရန်ကုန်မြို့နေ ဆားလုပ်ငန်း ပိုင်ရှင်၊ SNLD အထွေထွေ အတွင်းရေးမှူးဟောင်း (နမ့်ခမ်းဇာတိ) ဦးစိုင်းအိုက်ပေါင်းအား ရွေးချယ်တင်မြောက် ထားကြောင်း၊ ဒု - ဥက္ကဌကိုမူ SNLD အဖွဲ့ဝင်ဟောင်း (၁၉၉၀ ရွေးကောက်ပွဲ ကျောက်မဲ ၂ ကိုယ်စား လှယ်ဟောင်း) စိုင်းဆောင်ဆီ ဖြစ်ကြောင်း ကြားသိရပါသည်။

“ပါတီအဖွဲ့ဝင်တွေက ရန်ကုန်၊ မန္တလေး၊ ကျောက်မဲ၊ တောင်ကြီး၊ ပင်လုံ၊ မိုးကောင်း(ကချင်)၊ --- စတဲ့ မြို့နယ် တွေက ပုဂ္ဂိုလ်တွေပါတယ်။ တကယ်လို့ သျှမ်းပါတီ မရှိဘူးဆိုရင် ပြည်သူက ရွေးစရာ မရှိဘဲ ကြံ့ဖွံ့က ပြိုင်ဘက်မရှိ အနိုင်ရသွား မယ်လေ၊ ပြည်သူ့အတွက် ထွက်ပေါက်လေးဖြစ်အောင် တဘက်တလှမ်းက ကြိုးစားတာဘဲ ဖြစ်တယ်” - ဟု ရန်ကုန်နေ သျှမ်းအမျိုးသား တဦးကလည်း ပြောပါသည်။

“အစိုးရ လက်ခံမလား မခံမလားတော့ မသိသေးဘူးလေ၊ မှတ်ပုံတင်တော့ ဒီနေ့ သွားတင်ထားပြီလို့ ပြောသံ ကြားတယ်”- ဟု အဆိုပါ သျှမ်းအမျိုးသားက ပြောပါသည်။

လက်ရှိ စစ်အစိုးရထံ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၁၁ ဖွဲ့ ရှိကြောင်း၊ သျှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ပါလျှင် ၁၂ ဖွဲ့ ရှိပြီဖြစ်ကြောင်း၊ ပင်လုံစာချုပ် ချုပ်ဆိုစဉ် ပါဝင်ခဲ့သည့် သျှမ်းဝါရင့် နိုင်ငံရေးသမား ဟောင်း ဦးရွှေအုန်း၏ ပြည်ထောင်စုပါတီလည်း ပါဝင်ကြောင်း သိရ၏။

၁၉၉၀ ရွေးကောက်ပွဲ၌ ဒုတိယအနိုင်ရ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
S မှာမူ ထောင်ဒဏ် နှစ်ရှည်ကျခံ ထားရသည့် ဥက္ကဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်တို့နှင့် တွေ့ဆုံ ဆွေးနွေးခွင့် မပြုပါက ၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ တစုံတရာ ဆုံးဖြတ်မည် မဟုတ်ဘဲ လက်ရှိအတိုင်း အမျိုးသား ရင်ကြားစေ့ရေး အတွက် ဆက်လက်တောင်းဆို သွားမည်ဟု ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြောပါသည်။

အသက် ၆၅ နှစ် အရွယ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ Shan Nationalities Democratic Party SNDP ဥက္ကဌသစ် ဦးစိုင်းအိုက်ပေါင်းသည် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ဇာတိဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ တွင် SNLD ပါတီ၏ အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့၏။ လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက SNLD မှ နှုတ်ထွက်ခဲ့ရာ ထိုအချိန် မှစ၍ ပါတီ၏ အထွေထွေအတွင်းရေးမှူး တာဝန်ကို နအဖ ဖမ်းဆီးချုပ်နှောင် ထောင်ဒဏ် ၈၅ နှစ် ချထားသည့် စိုင်းနွတ် (ခေါ်) စိုင်းညွန့်လွင်က ဆက်လက် တာဝန်ယူထားသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

တရားဥပဒေကြောင်းနှင့်အညီ ဆောင်ရွက်ပေးရန် တရားသူကြီးချုပ်ကို အန်အယ်လ်ဒီ အကြောင်းကြား

စိုးမိုး/ ၈ ဧပြီ ၂ဝ၁ဝ

မြန်မာ့အဓိက နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရပေါ် တရား စွဲဆိုခဲ့ခြင်းကို တရားရုံးချုပ်က အကြောင်းပြချက် မပေးဘဲ ငြင်းဆန်ခဲ့သည် အတွက် တရားဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တရားရုံးချုပ် တရားသူကြီးထံ ယနေ့ အကြောင်းကြားစာ ပေးပို့လိုက်သည်။

ပြီးခဲ့သည့် မတ် (၂၃) ရက်၌ အန်အယ်လ်ဒီက စစ်အစိုးရ ထုတ်ပြန်သည့် ရွေးကောက်ပွဲ ဥပဒေများတွင် တရားမျှတမှု မရှိခြင်းကြောင့် ပါတီ၏ ထိခိုက်နစ်နာမှုများ အတွက် စစ်အစိုးရကို အရေးယူပေးပါရန် ဗဟို တရားရုံးချုပ်ကို ဦးတိုက် လျှောက်ထားချက်ကို အကြောင်းပြချက် မပေးဘဲ တရားရုံးချုပ်က လက်မခံခဲ့ခြင်း ဖြစ်သည်။

“အရင်တခါ ကျနော်တို့ ဦးအောင်ရွှေကိုယ်တိုင် တရားရုံးချုပ်မှာ နအဖကို တရားစွဲဆိုတာကို သွားတင်တယ်။ အဲဒီတင်တဲ့အခါမှာ တရားရုံးက လက်မခံဘူး၊ မှတ်ပုံမတင်ဘူး။ အဲဒီကိစ္စက ဥပဒေပြဋ္ဌာန်းချက်အရ မှားနေတယ်။ ဥပဒေပြဋ္ဌာန်းချက်မှာ ဘယ်လို ရှိတယ်ဆိုတာကို အကျိုးအကြောင်း ဖော်ပြပြီး တရားသူကြီးချုပ်ကို ကျနော်တို့ ဒီနေ့ စာတိုက်ကနေ စာတစောင် ပို့လိုက်တယ်။ ဦးအောင်ရွှေ လက်မှတ်ထိုးပြီးတော့” ဟု အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

စစ်အစိုးရအား တရားစွဲဆိုချက်ကို ဗဟိုတရားရုံးချုပ် ၀န်ထမ်းက “ကျမတို့တွင် စီရင်ပိုင်ခွင့် မရှိပါ” ဟုသာပြောပြီး တရားစွဲဆိုချက်ကို လက်မခံခဲ့သည့်အတွက် တရား ဥပဒေကြောင်းအရ ဤသို့ ငြင်းခွင့် မရှိကြောင်း အန်အယ်လ်ဒီက တင်ပြခြင်းဖြစ်သည်။

“ဥပဒေပြန်ဋ္ဌာန်းချက်တွေ တရားရုံးလက်စွဲမှာ ဘယ်လိုရှိတယ်။ ဒီဥစ္စာ ဒီလို ငြင်းခွင့်မရှိဘူး။ ငြင်းမယ်ဆိုရင်လည်း အကျိုး အကြောင်း ဖော်ပြပြီး ငြင်းရတယ်။ အဲတော့ ဒီဟာနဲ့ ပတ်သက်ပြီး လိုအပ်သလို ဆောင်ရွက်ပေးပါဆိုပြီး အကြောင်းကြားတာပါ ” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

အန်အယ်လ်ဒီပါတီ အနေဖြင့် ယခုကဲ့သို့ စစ်အစိုးရအား တရားစွဲဆိုမှုကို ဆက်လက်လုပ်ဆောင်သွားရန် ဆွေးနွေး နေကြောင်းလည်း သိရသည်။

ထို့အပြင် နေအိမ်အကျယ်ချုပ် ကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ပြင်ခွင့် အတွက်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဦးစီးဌာနသို့ ဦးအောင်ဆန်းဦး၏ တရားရုံးအမိန့်စာနှင့် အတူတွဲပြီး ယနေ့ ဧပြီ (၈) ရက်တွင် တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်မှုကို ရပ်တန့်ပေးရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ လျှောက်ထားချက်ကို တရားရုံးက ပယ်ချလိုက်ပြီး ဖြစ်သဖြင့် ယင်းအမိန့်စာနှင့် အတူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဦးစီးဌာနသို့ ပြန်လည် တင်ပြလိုက်ခြင်း ဖြစ်ပြီး အိမ်ပြန်လည်ပြင်ဆင်ရန် စည်ပင်ခွင့်ပြုချက်သာ လိုတော့ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, April 8, 2010

အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုချက်များ မရပါက ယူအန်အေ ရွေးကောက်ပွဲ မ၀င်

ဝီရ/ ၇ ဧပြီ ၂ဝ၁ဝ

ကုလသမဂ္ဂမှ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်များကို ထောက်ခံကာ နအဖထံ တင်ပြ တောင်းဆို ထားသည်ကို အကြောင်း မပြန်ကြားပါက ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း စည်လုံး ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ (ယူအန်အေ) က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။

ယူအန်အေမှ ပြောခွင့်ရပုဂ္ဂိုလ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိမ်းက “ကုလသမဂ္ဂက ညှိနှိုင်းထားတဲ့ အတိုင်း စစ်အစိုးရကို ယူအန်အေက အကြိမ်ကြိမ် တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးပြီးတော့ ၂၀၀၈ အခြေခံဥပဒေက ဒီမိုကရေစီအရ ဆန့်ကျင်နေတဲ့ တရားမျှတမှု မရှိတဲ့ ဥပဒေပါ အချက်အလက်တွေကို သုံးပွင့်ဆိုင် ဆွေးနွေးသွားခြင်းဖြင့် စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အဖြေရှာသွားဖို့ ကိစ္စကို စစ်အစိုးရဘက်က စဉ်းစားပေးပြီး အကြောင်းပြန်ကြားဖို့ အခုလို တောင်းဆိုလိုက်တာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ နအဖ၊ အန်အယ်လ်ဒီနှင့် တိုင်းရင်းသား ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးတို့ကို နအဖစစ်အစိုးရထံ တောင်းဆိုထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိစေရန် ဘက်ပေါင်းစုံမှ ပါဝင်သင့်သူအားလုံး ပါဝင်နိုင်ရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရအား တောင်းဆိုထားသည့်အတိုင်း စစ်အစိုးရက လုပ်ဆောင် သင့်ကြောင်းလည်း နိုင်ငွေသိမ်းက ပြောသည်။

“နိုင်ငံတကာနဲ့ ကုလသမဂ္ဂအဖွဲ့တို့က အဲဒီလိုဖြစ်လာဖို့ တောင်းဆိုတယ်။ ဒါပေမယ့် စစ်အစိုးရက လိုက်လျောညီထွေစွာ ပြန်လည် တုံ့ပြန်လာတာ မရှိခဲ့ဘူး။ ဒါကို အကြောင်းမပြန်ရင် ယူအန်အေ အဖွဲ့ဝင် အားလုံးက လာမယ့် ရွေးကောက်ပွဲမှာ ဝင်ပါဖို့ မစဉ်းစားဘူး ဆိုတဲ့ အကြောင်း ထုတ်ပြန်တာ ဖြစ်တယ်” ဟု ပြောကြားသည်။

၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားလူမျိုးစုပါတီ (၁၂) ခုဖြင့် ဖွဲ့စည်းထားသော ယူအန်အေ မဟာမိတ်အဖွဲ့သည် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) မှလွဲ၍ ကျန်အဖွဲ့များမှာ စစ်အစိုးရ၏ ဖျက်သိမ်းခြင်း ခံထားရသည်။

ယူအန်အေ၏ ဧပြီ (၇) ရက် ကြေညာချက်တွင် မြန်မာစစ်အစိုးရက ထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများ၊ ပုဂ္ဂိုလ်များအား လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်များကို ကန့်သတ် ချုပ်ကိုင်ထားသည့် အတွက် ဒီမိုကရေစီအရ ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ ဥပဒေများနှင့် ဆန့်ကျင်နေသည် ဟုလည်း ဖော်ပြထားသည်။

နိုင်ငွေသိမ်းက “လာမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မန်းဒိတ်ပေးထားတဲ့ အန်အယ်လ်ဒီ မဝင်ဘူး။ ယူအန်အေထဲက အဖွဲ့တွေ မဝင်ဘူး။ နိုင်ငံတကာကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု ရှိမှာမဟုတ်ဘူး။ စစ်အစိုးရအနေနဲ့လည်း ပြည်သူကို အသိပေးတာ မရှိဘဲ တဆင့်ပြီးတဆင့် လုပ်နေတာတွေ့ရတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်ကအစ အခုချိန်ထိ အတိအလင်း ကြေညာသေးတာလည်း မဟုတ်ဘူးလေ။ ဒါက ဘာကိုပြသလဲဆိုရင် တရားမျှတမယ့် ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ ပြသနေတယ်” ဟု ပြောကြားသည်။

နအဖက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားနှင့် ကွဲလွဲနေပြီး နိုင်ငံတကာ၏ အကြံပြုချက်များနှင့်လည်း ဆန့်ကျင်နေသည့် အတွက် ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရအား ပိုမို ဖိအားပေးသွားရန် ယူအန်အေက ပြီးခဲ့သည့် မတ် (၁၆) ရက်တွင် ကုလသမဂ္ဂသို့ စာရေးသား ပေးပို့ခဲ့သည်။

ပြီးခဲ့သည့် မတ် (၂၉) ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည် မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည့် သဘောထား ကြေညာချက်သည် ယူအန်အေအဖွဲ့၏ သဘောထားနှင့် ထပ်တူထပ်မျှ ဖြစ်သဖြင့် ထောက်ခံ ကြိုဆိုကြောင်းလည်း ယူအန်အေ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ယူအန်အေ၏ ရှေ့လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ ဘဝတူ အဖွဲ့အစည်းများ၏ သဘောထား ဆန္ဒအတိုင်း အများ အကျိုးအတွက် ဆက်လက်ရပ်တည် သွားနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း နိုင်ငွေသိမ်းက ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

နောက်ဆုတ်နေတဲ့ တပ်၊ နောက်ဆုတ်နေတဲ့ ခြေထောက်

ဂါမဏိ
၇/ ဧပြီ ၂၀၁၀

“ကျနော့်အမြင်တော့ တပ်က နောက်ဆုတ်နေတာ၊ ရှေ့တိုးတာ မဟုတ်ဘူး။ တပ်မှူးကောင်းတို့ မည်သည်ကား တပ်ကို ဆုတ်တဲ့အခါမှာ အစီအစဉ်တကျ ဆုတ်ရပါတယ်။ အခု ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို နောက်ခံထားပြီး ဆုတ်တာဖြစ်တယ်။” အဲသလို ပြောသွားသူကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နန့်နန့်တက် ဖြစ်နေတဲ့ ဦးသုဝေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ရှင်းရှင်းသိထားဖို့က နအဖတပ်မှာ နောက်ဆုတ်တယ် ဆိုတာ မရှိပါဘူး။ ခွာစစ်ဆင်တယ် ဆိုတာပဲ ရှိပါတယ်။ နအဖတပ်ဟာ ဂျပန်ဖက်ဆစ်တပ်က မွေးထုတ်ထားတာ ဖြစ်လို့ ဂျပန်ဖက်ဆစ်တပ် လိုပဲ တပ်ဆုတ်တဲ့ ဘာသာရပ်ကို သူ့စစ်ဗျူဟာမှာ လက်မခံပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကို စတင် တည်ထောင်တုန်းက ဂျပန်စစ်တပ်ရဲ့ တပ်,မဆုတ်ရေး အားနည်းချက်ကို သိမြင်ပြီး ဗမာ့ တပ်မတော်ရဲ့ စစ်သဘောတရားမှာ တပ်ဆုတ်ရေး ဗျူဟာနဲ့ သဘောတရားကို အသေအချာ ထည့်သွင်းဖို့ လမ်းညွှန်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ပိုင်း ဗမာ့ တပ်မတော်ရဲ့ စစ်ပါရဂူ ဖြစ်လာတဲ့ ဗိုလ်မှူးချုပ်ကျော်ဇော၊ ဗမာ့တပ်မတော်ရဲ့ သဘောတရားပါရဂူ လုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်မောင်မောင် တို့ကလည်း တပ်ဆုတ်ခွာခြင်း သဘောတရားနဲ့ လက်တွေ့ကို စစ်မဟာဗျူဟာ နည်းဗျူဟာတွေထဲ စနစ်တကျ ထည့်သွင်း ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီမိုကရေစီအစိုးရကို ဖြတ်လမ်းနည်းနဲ့ အင်အားသုံး ဖြုတ်ချခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ စစ်အာဏာသိမ်းပွဲ နောက်ပိုင်းမှာတော့ ဗမာ့ တပ်မတော်ဟာ ဖက်ဆစ် တပ်မတော် မူလဇာတိရုပ်ကို ပြန်လည် ရုပ်လုံး ဖော်လာခဲ့ပါတယ်။ အခြေခံ စစ်ပညာလေ့ကျင့်ရေး တပ်ကအစ ဗိုလ်သင်တန်းကျောင်း၊ စစ်တက္ကသိုလ်၊ စစ်ဦးစီး တက္ကသိုလ်အလယ်၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်အဆုံး တပ်မတော် စစ်မဟာဗျူဟာ စစ်နည်းဗျူဟာ သင်ကြား ပို့ချမှု အားလုံးဟာ မဆုတ်ရေးကိုဘဲ ဦးစားပေးလာပြီး တပ်ဆုတ်ရေးကို လုံးဝ လျစ်လျူရှုခဲ့ ပါတော့တယ်။ တပ်ဆုတ်ရေးအစား ခွာစစ်ဆင်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ အကန့်အသတ် ကြီးကြီးမားမားနဲ့ သွတ်သွင်း လာပါတော့တယ်။ အင်္ဂလိပ်လို military retreat လို့ သုံးနှုန်းပေမယ့် မြန်မာလိုတော့ စကားလုံး အဓိပ္ပာယ် အရကို ယာယီ ခွာထားတဲ့သဘော၊ ပြန်ထိုးမယ့် သဘောဖြစ်ပါတယ်။

နအဖစစ်တပ် သတ်မှတ်ထားတဲ့ ခွာစစ်ဆင်ဖို့ အကြောင်းတရားတွေ ကတော့ (က) ရန်သူအား နှောင့်ယှက်ရန်၊ အင်အားယုတ်လျော့ စေရန်၊ (ခ) ရန်သူအား ကျုံးသွင်း၍ ဖျက်ဆီးရန်၊ (ဂ) အဆုံးအဖြတ် တိုက်ပွဲများအတွက် ပြင်ဆင်ချိန် ပိုရရန်၊ (ဃ) မိမိတပ်များ တပ်ဖြန့်ပုံနှင့် တညီတစည်းတည်း ဖြစ်ရန်၊ (င) မိမိတပ် အစိတ်အပိုင်းကို အခြားတဒေသတွင် သုံးနိုင်ရန်၊ (စ) ရန်သူ့ ထိုးစစ်ကို ရင်ဆိုင်နိုင်စွမ်း မရှိလို့ မိမိအင်အား လုံးဝ ချေမှုန်းခံရမယ့် အခြေအနေမျိုး မိမိအကျိုး ယုတ်စေမယ့် အခြေအနေမျိုးကို ရှောင်ရှားရန်တို့ ဖြစ်ပါတယ်။ ဒီကနေ့ နအဖ လုပ်နေတာဟာ အဲဒီအချက် (၆) ချက်နဲ့တောင် အကျုံး မဝင်သေးပါဘူး။ တကယ်လို့ အကျုံးဝင်မယ် ဆိုရင်လည်း ဘယ်လိုမှ နောက်ဆုတ်တာ မဟုတ်ဘဲ ကိုက်မယ့်ခွေး နောက်တလှမ်း ဆုတ်တာလောက် ဆိုတဲ့ သဘောပဲ ဖြစ်ပါလိမ့်မယ်။

လက်တွေ့ရှေ့တန်းစစ်မြေပြင်မှာဆိုရင် နအဖ စစ်တပ်ဟာ မဆုတ်တမ်း ခံစစ်စခန်း ဆိုတာတွေ တည်ဆောက် ထားပါတယ်။ ခ-အဆင့် မဆုတ်တမ်း ခံစစ်စခန်းဆိုတာ တိုင်းစစ်ဌာနချုပ် အမိန့်မရဘဲ ဆုတ်ခွင့် မရှိတဲ့ စခန်းဖြစ်ပြီး က-အဆင့် မဆုတ်တမ်း ခံစစ်စခန်း ဆိုရင်တော့ ကကကြည်း အမိန့်မရဘဲ ဆုတ်ခွင့်မရှိတဲ့ စခန်းဖြစ်ပါတယ်။ ကကကြည်းဟာ ဘယ်တော့မှ ဆုတ်မိန့်ပေးတဲ့ ထုံးစံမရှိလို့ တကယ်တော့ လုံးဝမဆုတ်ဘဲ အသေခံရတဲ့ စခန်းတွေသာ ဖြစ်ပါတယ်။ ဒီလိုစခန်းမျိုးတွေက ဆုတ်ရင် သေချာပေါက် စစ်ခုံရုံးနဲ့ တွေ့တော့မှာ ဖြစ်ပါတယ်။

ဗမာစစ်တပ်မှာ လူကို အလေးထားတာ မဟုတ်တဲ့အတွက် လူမသေဘဲ လက်နက်ဆုံးရင် စစ်ခုံရုံး ရောက်တာချည်း ဖြစ်ပါတယ်။ လေတပ်မှာဆိုရင် ပျံနေရင်း လေယာဉ်ပျက်လို့ လေယာဉ်မှူး လေထီးနဲ့ ခုန်ဆင်းရင် စစ်ခုံရုံးနဲ့ တွေ့ပါတယ်။ နာဂစ်မုန်တိုင်း တုန်းက ရေတပ် အရာရှိတွေ၊ စစ်သည်တွေဟာ အခြေအနေကို သေချာသိလျက်နဲ့ စစ်ခုံရုံးကို ကြောက်လို့ စစ်သင်္ဘော အစုတ်ကလေးတွေ ပေါ်မှာပဲ တွယ်ကပ် နေကြရတဲ့ အတွက် ရေတပ်ရဲဘော် ရာနဲ့ချီပြီး အသက်ဆုံးခဲ့ ကြပါတယ်။ ဒါဟာ နအဖ စစ်တပ်ရဲ့ မဆုတ်ရေး သဘောတရား အပေါ် အခြေခံတာ ဖြစ်ပါတယ်။

ဒီလိုလက်နက်ကလေးတလက်၊ စခန်းလေးတခု၊ လှေကလေးတစီး ကိုတောင် ဘယ်လို အခြေအနေမှာ ဖြစ်ဖြစ် စွန့်လွှတ်ဖို့ စိတ်မကူးတဲ့ နအဖဟာ တနှစ်ကို အနည်းဆုံး ဒေါ်လာ သန်း (၂,၀၀၀) လောက် ဝင်နေတဲ့ သဘာဝ ဓာတ်ငွေ့တွေ၊ ဒေါ်လာသန်းချီရတဲ့ ကျောက်စိမ်း၊ ကျောက်နီ၊ ကြေးနီ၊ ကျွန်း၊ ပိတောက်၊ ငါးပုစွန်၊ ရွှေနဲ့တကွ တပြည်လုံးက လူထုတွေ လုပ်ငန်းရှင်တွေ ဆီက ဆက်ကြေးတွေကို စွန့်လွှတ် ဆုတ်ခွာပြီး သဟိတ်ဂ်မြို့ သို့မဟုတ် ဘရပ်ဆဲမြို့က စစ်ရာဇဝတ်မှု အထူးခုံရုံး သို့မဟုတ် လူသားမျိုးနွယ် ဆန့်ကျင်ရေး ရာဇဝတ်မှု အထူးခုံရုံးဆီ ချီတက်ဖို့ ဘယ်တော့မှ မလုပ်ပါဘူး။

အခုဆိုရင် ဗိုလ်ချုပ်ကြီးများ အဓိက ရှယ်ယာပါတဲ့ စီးပွားရေး ကုမ္ပဏီတွေ၊ ဦးပိုင် နာမည်ခံထားတဲ့ မြန်မာ့ စီးပွားရေး ဗိုလ်ပိုင်လီမိတက်နဲ့ တခြား စစ်တပ် ကုမ္ပဏီက ဗမာပြည်စီးပွားရေး အဆောက်အအုံကြီးကို စိတ်ပိုင်း ခွဲခြမ်းပြီး အိတ်တွေထဲ ထည့်နေကြတာ တွေ့ရသလို အနှစ် (၂၀) လုံးလုံး စီးပွားရေးထဲ နစ်နေတဲ့ တိုင်းရင်းသား အပစ်ရပ်တွေရဲ့ ခေါင်းပိုင်းတွေကို မညှာမတာ ကိုယ်ချင်းမစာ ကန်ထုတ်ပြီး ပင်လုံအခွင့်အရေး တခုမှမပေးဘဲ ရှိသမျှ လူ-လက်နက်-နယ်မြေ အားလုံး မောင်ပိုင်စီး အခွံခွာဖို့ လုပ်နေတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲဥပဒေ၊ ပါတီမှတ်ပုံတင် ဥပဒေတွေကို ကြည့်လိုက်တဲ့အခါ လက်ရှိ ထောင်ကျနေတဲ့ ပါတီဝင်တွေကို ဖယ်ထုတ်ဖို့တင် မက ထောင်ကျခဲ့ဖူးပြီး နအဖရဲ့ ‘သက်ဆိုင်ရာ’ က အမတ်အဖြစ် ပယ်ဖျက် ထားသူတွေပါ ရွေးကောက်ပွဲ မဝင်နိုင်အောင် လုပ်ထားတာ တွေ့ရပါတယ်။ ၂၀၀၈ နာဂစ် အခြေခံ ဥပဒေဆိုတာ တမျိုးသားလုံး၊ တိုင်းရင်းသားပြည်သူ အားလုံးကို ကျွန်ပြုမယ့် ဥပဒေလို့ အများက သတ်မှတ်ထားပေမယ့် အခု ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေတွေကတော့ နိုင်ငံရေးသမားတွေ နိုင်ငံရေး ပါတီတွေကို အထူး သီးသန့်ရွေးပြီး ကျွန်ပြုဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ ဖြစ်နေပါတယ်။

ဒါ့အပြင် ခွာစစ်မှာ လုပ်ရကိုင်ရမယ့် လုပ်ငန်းစဉ်တွေကို သတ်မှတ် ထားတာလည်း ရှိပါသေးတယ်။ အဲဒီထဲ ပါတာတွေကတော့ ရန်သူနဲ့ အဆက်ဖြတ်ခြင်း၊ အမြောက်ပစ် ကူပေးခြင်း၊ လှည့်စားခြင်း၊ နောက်ချန်တပ်ခွဲ ထုတ်ခြင်း၊ ဒေသန္တရ တန်ပြန် တိုက်ခိုက်မှုပြုခြင်း၊ ဟန့်စစ်ဆင်ခြင်း၊ ဖုံးကွယ် လျှို့ဝှက်ခြင်း၊ အတားအဆီးများ ချခြင်း၊ ဖောက်ခွဲ ဖျက်ဆီးခြင်း (ဆက်သွယ်ရေးလမ်းများ၊ ပစ္စည်းကိရိယာများ၊ မြေလှန်စနစ်) တို့ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ် အစပိုင်းက အင်္ဂလိပ်စစ်တပ်တွေ မြေလှန်စနစ် ကျင့်သုံးပြီး ဗမာပြည်ကနေ ‘အောင်မြင်စွာ’ ဆုတ်ခွာ သွားရာမှာ ဗမာပြည်တခုလုံး ဖွတ်ဖွတ် ကြေသွားခဲ့တာ အားလုံးအသိ ဖြစ်ပါတယ်။ အခုလည်း အင်္ဂလိပ်ထက် အဆတထောင် မက ပိုဆိုးတဲ့ နအဖတွေ ဒီလိုဆုတ်ခွာမှာကို ပြောနေတာ ဆိုရင်တော့ ကျနော်တို့ မြန်မာပြည်သူတွေ ထိုင်း၊ မလေးရှား၊ ဘင်္ဂလား၊ တရုတ် ရရာနိုင်ငံကို ရတဲ့အပေါက်ကနေ အသားကုန် ပြေးဖို့၊ မပြေးနိုင်ရင်တော့ ကမ္ဘာမှာ ရှိသမျှ ဘုရားအားလုံးကို တ,နေဖို့ပဲ ရှိပါတော့တယ်။

ခံစစ်အကြောင်းတရား ခံစစ်လက္ခဏာတွေ ကတော့ (က) ထိုးစစ်ဆင်ဖို့ ပိုအခွင့်သာတဲ့ အခြေအနေများ ပေါ်ပေါက်ရန် (စစ်ကူ-အချိန်) စောင့်ခြင်း (ခ) တနေရာတွင် စစ်အင်အား ခြိုးခြံခြင်း၊ ရန်သူကို ထိန်းချုပ်/တားဆီးထားခြင်း၊ အမှည့်ခြွေ ထားခြင်းဖြင့် အခြား တနေရာတွင် ရန်သူ့ထက် သာလွန်တဲ့ အင်အားများ စုရုံး၍ ပြတ်သားစွာ ထိုးစစ်ဆင်နိုင်ရန်၊ (ဂ) အချက်အချာ နေရာတခုကို ရန်သူ မသိမ်းနိုင်အောင် ကာကွယ်ရန်၊ (ဃ) စစ်နံကို ကာကွယ်ရန်တို့ ဖြစ်ပါတယ်။

တိုက်စစ်အကြောင်းတရား တိုက်စစ်လက္ခဏာတွေကို ကြည့်တဲ့အခါ (က) ရန်သူ့ အင်အားများကို ဖျက်ဆီးရန်၊ (ခ) ရန်သူ့နယ်များ သိမ်းပိုက်ရန်၊ (ဂ) ရန်သူက မိမိတပ်မှူး သဘောကို လိုက်နာစေရန်၊ (ဃ) ရန်သူကို ပထမအဆင့် ထိန်းချုပ်ထား၊ ဒုတိယအဆင့် စစ်ကစားထားပြီး တတိယအဆင့် ဖိဖိစီးစီး တိုက်ခိုက် ဖျက်ဆီးရန်၊ (င) ခံစစ်၊ ခွာစစ်၊ ချီစစ်များဖြင့် လိုအပ်သလို ကျွမ်းကျင်ပါးနပ်စွာ ပေါင်းစပ်ပြီး စစ်အောင်စေရန်လို့ တွေ့ရပါတယ်။ ဒါ့အပြင် ရန်သူနဲ့ လူထုကို ချောက်ချား တုန်လှုပ်စေတာ၊ ရန်သူ့ ပစ္စည်းကိရိယာ အဆောက်အဦး လမ်းပန်း ဆက်သွယ်ရေးတွေကို ဖျက်ဆီးလုယူတာ၊ ရန်သူ့လှုပ်ရှားမှု ကျွံသွားစေတာ၊ ရန်သူ့လှုပ်ရှားခွင် ကျဉ်းသွားစေတာ၊ ရန်သူ့အင်အား ပြန့်ကျဲ သွားစေတာလည်း တိုက်စစ်ဖြစ်ပါတယ်။

ဒါတွေနဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ လုပ်နေတာတွေကို ချိန်ထိုးကြည့်ရင် နအဖ အခုလုပ်နေတာ ခွာစစ်လား၊ ခံစစ်လား၊ တိုက်စစ်လား သိနိုင်ပါတယ်။ မဆလ-နဝတ-နအဖ စစ်အုပ်စုဟာ တပ်ဆုတ်ဖို့ မပြောနဲ့၊ ခွာစစ်ဆင်နေတဲ့ အရိပ်အယောင်တောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ ကမ္ဘာပေါ်က ဖက်ဆစ် စစ်တပ်တိုင်းမှာ တပ်ဆုတ်တယ်ဆိုတာ မရှိဘဲ သေတာတောင် ချေးပန်းမရပ်ဘူး ဆိုတဲ့ စရိုက်လက္ခဏာ တင်းပြည့် ကျပ်ပြည့် ရှိပါတယ်။

ဒါပေမယ့် တချိန်က ဦးနုရဲ့ ပီဒီပီ လက်နက်ကိုင်တော်လှန်ရေးသမား အဖြစ်ကနေ မဆလ မောင်နေဝင်းထံ လက်နက်ချခဲ့၊ ရှစ်လေးလုံး အရေးတော်ပုံရဲ့ ကြားဖြတ် အစိုးရဖွဲ့စည်းရေး တောင်းဆိုချက်ကို ပထမဆုံး စွန့်လွှတ်ပြီး ၉၀ ရွေးကောက်ပွဲအတွက် ဒီမိုကရေစီ ပါတီအဖြစ် အဦးဆုံး မှတ်ပုံတင်ခဲ့၊ နောက်တခါ ၂၀၀၈ နာဂစ် အခြေခံဥပဒေ အတည် ဖြစ်သွားတဲ့နောက်မှာ ရန်ကုန်နဲ့ ကနေဒါ စီးပွားရေးလောကမှာ နာမည်ပျက်လှတဲ့ မူးယစ်ရာဇာ တဖြစ်လဲ ဖိုးတွမ်တီး ထောင်ပြေး မိုက်ကယ် ချူးဟွာကျော်မြင့် လက်ဝေခံ အဖြစ် ယူဒီပီပါတီ လုပ်ခဲ့၊ အခုနောက်ဆုံးမှာတော့ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ဒီမိုကရက်တစ် ပါတီအဖြစ် ဝင်ဖို့ ရွပိုးထိုးနေတဲ့ ဆရာကြီးကသာ ရောင်စုံအလံတွေ လွှင့်ထားတဲ့ ၈၈ ပျက်၊ ၇၄ ပျက်၊ ၆၂ ပျက်၊ မဆလ ပျက်၊ အလံနီပျက်၊ ဗကပပျက်၊ ပြည်ပြေးပျက်၊ အန်အယ်လ်ဒီ ပျက် စတဲ့ တွင်းတူကျင်းဆို့ တသိုက်နဲ့အတူ ဖရိုဖရဲ ပရမ်းပတာနဲ့ တပ်ဆုတ်ပြီးရင်း ဆုတ်လိုက်တာ နောက်ဆုံး ဝက်တို့ပျော်စံရာ တွင်းသာယာထဲ အထိ ရောက်သွားတာ တွေ့ရပါကြောင်း …။ ။

ရည်ညွှန်း။ ။ (၁) ဦး-ရေး-ထောက်ဆိုင်ရာ အရာရှိများလက်စွဲစာစောင်
(၂) စစ်မြေပြင်လက်စွဲကျမ်း
(၃) ပြည်သူ့စစ် မဟာဗျူဟာ ကျင့်သုံးမှု လက်စွဲ

ဂါမဏိ

Ref: ခေတ်ပြိုင်

Read More...

ထိုင်းတွင် ဆူနာမီ သတိပေးချက်ကြောင့် မြန်မာအလုပ်သမားများလည်း တိမ်းရှောင်

စိုးမိုး
၇ ဧပြီ ၂ဝ၁ဝ

ထိုင်းနိုင်ငံတွင်း ယနေ့ နံနက်ပိုင်းက ထွက်ပေါ်ခဲ့သည် ဆူနာမီ သတိပေးချက်ကြောင့် ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေပိုင်း ဒေသများရှိ ရွှေ့ပြောင်း မြန်မာများလည်း ထိုင်းဒေသခံများ နည်းတူ တိမ်းရှောင် ခဲ့ကြကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားကျွန်းတွင် ယနေ့ နံနက် (၅) နာရီ (၁၅) မိနစ်က ရစ်ခ်ျတာ စကေး (၇.၈) ရှိ အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့သည့်အတွက် တချိန်တည်းမှာပင် ထိုင်းနိုင်ငံအတွင်း ဆူနာမီ သတိပေးချက် ယနေ့ နံနက် (၅) နာရီ (၁၅) မိနစ်တွင် ထွက်ပေါ်ခဲ့ပြီး နံနက် (၈) နာရီခန့်တွင် အန္တရာယ် မရှိကြောင်း ပြန်လည် ကြေညာပေးခဲ့သည်။

“သူတို့က ပြောတယ်၊ (၇) ကျော်တယ်ဆိုတော့ မနက် (၅) နာရီ (၁၅) လောက်မှာ ငလျင်ဖြစ်ရင် ပြေးရမယ့်နေရာကို အားလုံး ပြေးကြတယ်။ ကျနော်တို့ရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို အားလုံး သွားကြတယ်” ဟု ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းခြေ ကျေးရွာ ဘမ့်နမ်းခန်မှ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ကိုတာက ပြောကြားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကွာပါ မြို့နယ်ရှိ ဘမ့်နမ်းခမ်ရွာ လူဦးရေ ထက်ဝက်ခန့်မှာ မြန်မာရွှေ့ပြောင်း အလုပ် သမားများ ဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ရွာလည်းဖြစ်သည်။

“ဒီမှာက ပင်လယ်ကမ်းစပ် ဖြစ်နေတာရော ပြီးတော့ ဆူနာမီ ပြီးကတည်းက ငလျင်ဆို ဘယ်လို ပြေးရမယ်ဆိုတာ သိနေကြပြီ။ နောက် ကျနော်တို့ရွာမှာ ထိုင်းသဘာဝ ဘေးဒဏ် ကာကွယ်ရေး အဖွဲ့ရော၊ မြန်မာအဖွဲ့ရော ရှိတယ်။ သူတို့က လိုက်ပြီး ဆိုင်ကယ်တွေနဲ့ သတိလိုက်ပေးတယ်” ဟု ကိုတာက ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း တံငါရွာများတွင် မြန်မာရွှေ့ပြောင်း အများစုအတွက် မြန်မာ သဘာဝဘေးဒဏ် သတိပေး နှိုးဆော်ရေး အဖွဲ့များလည်း ရှိနေပြီး ထိုင်း၊ မြန်မာ ဘာသာစကားဖြင့် လှည့်လည် သတိပေးကြောင်း သိရသည်။

“မနက် (၅) နာရီ (၁၅) မှာ ကျနော်တို့ အများစုက ပြေးကြတယ်။ လှည့်အော်တာပေါ့။ တချို့က (၆) နာရီလောက်မှ ပြေးလာကြတယ်။ မနက် (၈) နာရီခွဲလောက်ကျတော့ အန္တရာယ် မရှိတော့ဘူးဆို ပြန်လာပြောတယ်။ ကျနော်တို့ အနီးအနား ရွာတွေလည်း ပြေးကြတယ်” ဟု ကိုတာက ပြောကြားသည်။

၂၀၀၄ ခုနှစ်တွင် ဆူနာမီဒဏ် ခံခဲ့ရပြီးနောက် (၆) နှစ်အကြာ ကာလအတွင်း ထိုင်းနိုင်ငံ ပင်လယ် ကမ်းခြေဒေသနေ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် သဘာဝဘေးဒဏ်နှင့် ပတ်သက်ပြီး ဗဟုသုတ ပိုမို ပြည့်ဝလာကြောင်း အလုပ်သမားရေးရာ အဖွဲ့များက ပြောသည်။

“ဆူနာမီ သတိပေး မျှော်စင်တွေ ရှိလာပြီလေ။ ၂၀၀၄ ဖြစ်ပြီးတော့ NGO တွေ အဲဒီဒေသကို အခြေချပြီးတဲ့နောက် သင်တန်းတွေ အများကြီး လုပ်ကြတယ်။ အဲဒီတော့ ဘယ်လို ဆောင်ရန် ရှောင်ရန်တွေ သိလာရတာပေါ့” ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ ရွှေ့ပြောင်း အလုပ်သမား တာဝန်ခံ ဦးသက်ခိုင်က ပြောသည်။

ထိုင်း ပင်လယ်ကမ်းခြေဒေသများတွင် နေထိုင်သော မြန်မာရွှေ့ပြောင်း အလုပ်သမား (၄) သိန်းမှ (၅) သိန်းခန့်ထိ ရှိသည်ဟု သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း မြောက်ပိုင်းတွင် ယနေ့ ဒေသစံတော်ချိန် နံနက် (၅) နာရီ (၁၅) မိနစ်၌ ငလျင် စတင် လှုပ်ခတ်ခဲ့ပြီး ယင်းဒေသအတွက် ၂၀၀၈ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံး ငလျင်ဖြစ်ကာ အပျက်အစီး မရှိကြောင်း လတ်တလော သတင်းများက ဆိုသည်။

ယင်းငလျင်ကြောင့် အင်ဒိုနီးရှားအပါအ၀င် ထိုင်းနိုင်ငံတွင်လည်း ဆူနာမီ သတိပေးချက်များ ထွက်ပေါ်ခဲ့ပြီး ထိုင်းအစိုးရက ပင်လယ်ကမ်းခြေ ဒေသများကို ဘေးကင်းရာ ခိုလှုံရန် သတိပေးခဲ့ခြင်း ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

NLD ဆုံးဖြတ်ချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ၀မ်းမြောက်

ကိုထွေး
Wednesday, April 07, 2010

ပါတီ မှတ်ပုံတင်ခြင်း မပြုရန် နှင့် ရွေးကောက်ပွဲ ၀င်ခြင်း မပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဆုံးဖြတ် လိုက်သည့် အတွက် ၀မ်းမြောက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်း စုကြည်ထံသို့ ရှေ့နေများ ဖြစ်သော ဦးဉာဏ်ဝင်းနှင့် ဦးကြည်ဝင်း တို့က ယနေ့ နေ့လယ် ပိုင်းတွင် သွားရောက် တွေ့ဆုံရာတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ရှေ့နေဖြစ်သူ ဦးကြည်ဝင်းက “တရားမျှတမှု မရှိတဲ့ ဥပဒေတွေကို ဥပဒေဘောင် အတွင်းက ဆက်လက် လုပ်ဆောင် သွားဖို့လည်း ပြောပါတယ်” ဟု ဆိုသည်။

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒု ဥက္ကဋ္ဌ ဦးတင်ဦးတို့က တရားသူကြီးချုပ်ထံ စာရေးသား ပေးပို့နိုင်ဖွယ် ရှိကြောင်း ဦးကြည်ဝင်းက ဆက်လက် ပြောဆိုသည်။

ပြီးခဲ့သည့်လက NLDသည် စစ်အစိုးရ ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေမှာ တရားမျှတခြင်း မရှိသဖြင့် တရားစွဲဆိုရန် တရားရုံးသို့ သွားရောက်ခဲ့သော်လည်း တရားရုံးက ယင်းကိစ္စ စီရင်ပိုင်ခွင့် အာဏာ ၎င်းတို့တွင် မရှိကြောင်း ပြောဆိုပြီး အမှုကို လက်ခံခြင်း မရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေးကို ထည့်သွင်း စဉ်းစားခြင်း မရှိကြောင်း ပြောကြားခဲ့ပြီးနောက် NLD ခေါင်းဆောင်များနှင့် နိုင်ငံတ၀န်းရှိ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၃ဦး တို့သည် ပြီးခဲ့သည့် သတင်းပတ်က စုဝေး ဆွေးနွေးပွဲတွင် ပါတီ ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယနေ့ ရှေ့နေများနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်ရေး၊ နေအိမ် အကျယ်ချုပ် အတွက် အယူခံဝင်ရောက်ရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခင်တွေ့ဆုံမှုများတွင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ အပြင် တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များ ကလည်း ရွေးကောက်ပွဲ ဥပဒေကို ဆန့်ကျင်သွားရန် မှာကြားကြောင်း NLD နှင့် နီးစပ်သူများထံမှ သိရသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, April 7, 2010

ဗိုလ်ချုပ်ကြီး သိန်းစိန် ပါတီ ခေါင်းဆောင် လုပ်မည်ဟုဆို

ဧရာဝတီ Tuesday, April 06, 2010

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ရာထူးမှ နုတ်ထွက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး အသင်း (ကြံ့ဖွံ့) က တည်ထောင်မည့် ပါတီကို ခေါင်းဆောင် ရမည်ဟု စစ်အစိုးရ အသိုင်းအ၀န်း ကြားတွင် ပြောဆိုနေကြကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်က လက်ရှိ နေထိုင် နေသည့် အိမ်နှင့် တခြားသော ပိုင်ဆိုင် မှုများကို အစိုးရထံတွင် ပြန်လည် အပ်နှံကြောင်း၊ ပါတီ ခေါင်းဆောင် အဖြစ် ပြောင်းလဲ သွားမည့် သူများထဲတွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီး ဗိုလ်ချုပ် ဌေးဦးတို့လည်း ပါဝင်မည်ဟု အစိုးရနှင့် နီးစပ်သူများထံမှ သိရသည်။

ရွေးကောက်ပွဲပြီးလျှင် ထိပ်တန်း စစ်ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ အလယ်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ တို့သည် တပ်မတော်တွင် ဆက်လက် တာဝန် ယူမည်ဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ယုံကြည် အားထားမှုကို ရရှိထားသူများ ဖြစ်ကြောင်း နေပြည်တော်မှ လာသော သတင်းများအရ သိရသည်။

ယခုနှစ်တွင် ပြုလုပ်မည်ဟု အကြိမ်ကြိမ် ကြေညာထားသည့် ရွေးကောက်ပွဲတွင် ပါတီ ခေါင်းဆောင်များအဖြစ် အသွင် ပြောင်းမည်ဟု ဆိုသည့် ဗိုလ်ချုပ်ကြီး ၃ ဦး မည်သို့ ပါဝင်မည်ကို အတိအကျ မသိရသေးပေ။ ကြံ့ဖွံ့အသင်းက ဖွဲ့စည်းမည့် ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ၀င်ရောက်နိုင် သကဲ့သို့ ရွေးကောက်ပွဲ မ၀င်လျှင်လည်း လွှတ်တော်တွင် စစ်အရာရှိများ အတွက် သတ်မှတ်ထားသည့် ၂၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များ နေရာတွင် ထိုဗိုလ်ချုပ်ကြီးများ ပါဝင်နိုင်ကြောင်း သိရသည်။

ဗိုလ်ချုပ်ဌေးဦးသည် ကြံ့ဖွံ့အဖွဲ့ကြီးတွင် အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။ ကြံ့ဖွံ့ အဖွဲ့ကြီးကို နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲမည်ဟု ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် ဗိုလ်ချုပ်ဌေးဦးက ပြောကြားခဲ့သေးသည်။

ကြံ့ဖွံ့ အသင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး နောက်တနှစ် ၁၉၉၃ ခုနှစ်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တရားဝင် ထုတ်ပြန်ချက်များအရ အသင်းဝင် ၂၄ သန်း ရှိသည်ဟု ဆိုသည်။ စစ်ခေါင်းဆောင်များသည် အသင်းကြီး၏ နာယက အဖွဲ့ဝင်များ ဖြစ်ကြသည်။

အသင်းကို လူမှုရေး လုပ်ငန်းများအတွက် တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရက ကြေညာခဲ့သော်လည်း ဒီမိုကရေစီ အင်အားစုများကို တိုက်ခိုက်ရာတွင် ကြံ့ဖွံ့အသင်းက တက်တက်ကြွကြွ ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။ ဤအတောအတွင်း အသင်း၏ လူမှုရေး လုပ်ငန်း ဆောင်ရွက်မှု သတင်းများကို စစ်အစိုးရ၏ မီဒီယာများတွင် ဦးစားပေး ဖော်ပြလျက်ရှိရာ ရွေးကောက်ပွဲအတွက် မဲဆွယ်မှု လုပ်ငန်းများအဖြစ် အများက ရှုမြင်ခဲ့ကြသည်။


Ref: ဧရာဝတီ်

Read More...

မြန်မာနိုင်ငံ နျူကလီးယား စွမ်းအင်နှင့် မထိုက်တန်

07 April 2010

ဖွံ့ဖြိုးဆဲနိုင်ငံတွေ တော်တော်များများမှာ စွမ်းအင်လိုအပ်ချက်တွေ အတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုဖို့ ကြိုးပမ်းနေကြတာ မှန်ပေမဲ့ မြန်မာနိုင်ငံအတွက် နျူကလီးယား စွမ်းအင် ရှာဖွေတဲ့နည်းဟာ အဖြေမဟုတ်တဲ့ အကြောင်း အမေရိကန် ပြည်ထောင်စု နျူကလီးယား နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တဦးက ထောက်ပြ ပြောဆိုပါတယ်။ ဟားဗာ့ဒ် (Harvard) တက္ကသိုလ် နျူကလီးယား လုံခြုံရေးနဲ့ လက်နက် မပြန့်ပွားရေးဆိုင်ရာ ကျွမ်းကျင်သူ ပူးတွဲ ပါမောက္ခ မက်သယူး ဘန်း (Matthew Bunn) က ဗွီအိုအေ အမေရိကန်အသံမှာ မနေ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပရင်း မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

ရှေ့သီတင်းပတ် ၀ါရှင်တန်မြို့တော်မှာ ကမ္ဘာ့ နိုင်ငံခေါင်းဆောင်တွေ အိမ်ဖြူတော် နျူကလီးယား ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ပြီး ကမ္ဘာတ၀န်း နျူကလီးယားလက်နက် ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ အချိန် ဒေါက်တာ မက်သယူး ဘန်းက နျူကလီးယား နည်းပညာနဲ့ အန္တရာယ်အကြောင်း မနေ့က ဗွီအိုအေ အမေရိကန် အသံမှာ သတင်းစာ ရှင်းလင်းပွဲ ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်နိုင်ဖို့ စစ်အစိုးရက ကြိုးပမ်းနေပြီး ဒီလို နျူကလီးယားစွမ်းအင် ပိုင်ဆိုင်မှုဟာ အရပ်ဖက် သုတေသနသုံးအတွက် ရည်ရွယ်တယ်လို့ စစ်အစိုးရဘက်က ပြောဆို ထားပါတယ်။

ဒါကြောင့်လည်း စွမ်းအင်လိုအပ်ချက်တွေ ရှိနေတဲ့ နိုင်ငံတခု အနေနဲ့ ဒီလို နျူကလီးယား စွမ်းအင် ပိုင်ဆိုင်ဖို့ ကြိုးစားမှုဟာ တကယ်လို့ သူတို့ပြောသလို ငြိမ်းချမ်းတဲ့နည်းနဲ့ အသုံးပြုဖို့ ဖြစ်တယ်၊ တခြား စစ်ရေးရည်မှန်းချက် အတွက် သုံးတာမျိုး မဟုတ်ရင် မဖြစ်သင့်ဘူးလားလို့ ဒေါက်တာ မက်သယူး ဘန်းရဲ့ အမြင်ကို ဗွီအိုအေက မေးခဲ့ပါတယ်။

“စွမ်းအင်အတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုမှုတွေ ဒီနေ့ ရှိနေပါတယ်။ ဒီစွမ်းအင်ကို ဘေးကင်း လုံခြုံအောင် ထိန်းသိမ်းဖို့ဆိုတာ ရှုပ်ထွေး နက်နဲတဲ့ နည်းလမ်းတွေကို သုံးပြီး အထူးအလေးထား စောင့်ရှောက်ရတာပါ။ တကယ်လို့ ခေတ်မီ တိုးတက်တဲ့ အခြေခံ အဆောက်အဦးတွေ မရှိဘူး၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကလည်း အားနည်းနေမယ် ဆိုရင် ဒီ နျူကလီးယားစွမ်းအင် သုံးစွဲမှုက လိုအပ်တဲ့ သင့်လျော်တဲ့ ရွေးချယ်မှုတခု မဟုတ်ပါဘူး။”

ပြီးခဲ့တဲ့ ၅ နှစ်ကနေ ၈ နှစ်နဲ့စာရင် နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်ဖို့ ကုန်ကျစရိတ်ဟာ အကြမ်းဖျင်းအားဖြင့် ၂ ဆ ပိုများ လာခဲ့ပါတယ်။ ဒါကြောင့်လည်း နျူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ပြီး စွမ်းအင်ထုတ်လုပ်ဖို့ ကြိုးစားတဲ့နည်းက စီးပွားရေး အရလည်း တွက်ခြေကိုက်တဲ့ ရွေးချယ်မှုတခု မဟုတ်ပါဘူးဆိုပြီး မက်သယူး ဘန်းက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်တွေဟာ အာရုံစူးစိုက်ရမယ့် အနေအထားမှာ ရှိပေမဲ့ စိုးရိမ်ရမယ့် အခြေအနေမှာတော့ မရှိဘူးလို့လည်း သူက ပြောပါတယ်။

“မြန်မာနိုင်ငံကိစ္စက အခုအချိန်အထိ တိတိကျကျ ဘယ်အတိုင်းအတာအထိ လုပ်နိုင်ပြီလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိရသေးပါဘူး။ အခုအချိန်အထိ သုတေသနသုံး နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်နိုင်နေပြီလား၊ နျူကလီးယား ထုတ်လုပ်ဖို့ ပြင်ဆင်နိုင်ပြီလား၊ ဘာမှ ရေရေရာရာ မရှိသေးပါဘူး။ စောင့်ကြည့်လေလာဖို့၊ အာရုံစိုက်ဖို့ လိုပါတယ်။ ဒါပေမဲ့ စိုးရိမ် ထိတ်လန့်ရမယ့် အဆင့်တော့ မရောက်သေးပါဘူး။”

ဟားဗာ့ဒ်တက္ကသိုလ် နျူကလီးယား လုံခြုံရေးနဲ့ လက်နက်မပြန့်ပွားရေး ဆိုင်ရာ ကျွမ်းကျင်သူ ပူးတွဲ ပါမောက္ခ မက်သယူး ဘန်း ပြောဆိုသွားတာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်မှာ မြန်မာစစ်အစိုးရက သုတေသနသုံး နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး ရုရှားနိုင်ငံကနေ နည်းပညာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ယူဖို့ သဘောတူခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ တရားဝင် သံတမန် ဆက်ဆံရေး ထူထောင်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်တွေ နိုင်ငံတကာက အာရုံ စူးစိုက်လာခဲ့ပါတယ်။

မြန်မာစစ်အစိုးရက ရုရှားနိုင်ငံကို စစ်အရာရှိ ၁,၀၀၀ လောက် စေလွှတ်ပြီး သင်တန်းတက်ခိုင်းခဲ့တယ် ဆိုတဲ့ သတင်းတွေနဲ့ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ မြေအောက်လိုဏ်ခေါင်းတွေ တည်ဆောက်နေတဲ့ မှတ်တမ်းဓာတ်ပုံတွေ ထွက်လာတဲ့ အတွက်လည်း မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်ကို အာရုံစိုက်လာတဲ့ အဆင့်ကနေ နိုင်ငံတကာက စိုးရိမ်ခဲ့ကြတာ ဖြစ်ပါတယ်။

မကြာသေးခင်က ထုတ်ပြန်တဲ့ အမေရိကန် ပြည်ထောင်စု အခြေစိုက် ISIS သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေး အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ တည်ဆောက်နေတဲ့ မြေအောက် လိုဏ်ဂူတွေဟာ နျူကလီးယား စွမ်းအင် ထုတ်လုပ်ဖို့ တည်ဆောက်တာ ဟုတ်မဟုတ် အသေအချာ မပြောနိုင်သေးတဲ့ အကြောင်း၊ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံနေ ကွန်ပျူတာစနစ်သုံး စစ်ဘက်၊ အရပ်ဘက် အသေးစိတ် တီထွင်ထုတ်လုပ်နိုင်တဲ့ အကြီးစား စက်ကိရိယာတွေ ဆွစ်ဇာလန်၊ ဂျာမဏီနဲ့ ဂျပန်နိုင်ငံတွေက မှာယူခဲ့တာ၊ ပြင်ဦးလွင်နဲ့ ၁၀ မိုင်လောက် ဝေးတဲ့နေရာနဲ့ မန္တလေး အနောက်ဘက် မိုင် ၈၀ အကွာ လူနေအိမ်ရာတွေနဲ့ ဝေးတဲ့နေရာတွေက အမိုးပြာနဲ့ အဆောက်အဦးကြီးနှစ်ခု ဓာတ်ပုံတွေကို Goggle Map ဂြိုဟ်တုဆက်သွယ်ရေး ဓာတ်ပုံတွေကို ထုတ်ပြပြီး မြန်မာနိုင်ငံမှာ မြောက်ကိုရီးယား ကျွမ်းကျင်ဝန်ထမ်းတွေ ကိုယ်တိုင် ပါဝင်တဲ့ လက်နက်အကြီးတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ ရှိနေနိုင်တဲ့အကြောင်း နိုင်ငံတကာရဲ့ စိုးရိမ်မှုနဲ့ ခန့်မှန်းချက်တွေကို ထည့်သွင်း ရေးသားထားပါတယ်။

Ref: VOA News

Read More...

နယ်ခြားစောင့်တပ်တဖြစ်လဲ လားဟူပြည်သူ့စစ်တပ်ဖွဲ့ ၀ တပ်မဟာဌာနချုပ် အနီး တပ်စခန်းသစ် တိုးချဲ့

Tuesday, 06 April 2010

မတ်ခ်ျ ၃၀ ရက်နေ့ လားဟူပြည်သူ့စစ်တပ်ဖွဲ့အား နယ်ခြားစောင့်တပ်ရင်း အဖြစ် စရဖ အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် ကိုယ်တိုင် ရာထူးနှင့် တကွ တာဝန်ဝတ္တရား အပ်နှင်းပြီးနောက်ပိုင်း တောင်ပိုင်း ၀ ဌာနချုပ်အနီး ၌ တပ်စခန်း အသစ်တိုးချဲ့ တည်ဆောက်နေသည်ဟု စုံစမ်း သိရှိရပါသည်။

“နားကောင်းမူးနဲ့ ဟွေ့အော့ အနောက်ဘက် မိုင်းထားအသွားလမ်း ကျူဟူးလုံးနားမှာ တပ်စခန်းသစ်ထပ် ဆောက်တာ၊ နအဖတပ် စစ်ကားတွေက ဆောက်လုပ်ရေး ပစ္စည်းတွေ လိုက်ပို့ပေးတယ်”- ဟု ဒေသခံလားဟူ အမျိုးသားတဦးက ပြောပါသည်။

ဧပြီ ၄ ရက်နေ့မှစ၍ တောင်ပိုင်း ၀ တပ်မဟာ ၇၇၂ ဌာနချုပ် ကျူဟူးလုံးအနီး တပ်စခန်းသစ် တိုးချဲ့ အခြေချရန် စတင်ခဲ့ကြောင်း၊ နအဖတပ် စစ်ကားများဖြင့် လိုက်လံ ပို့ဆောင်ပေးသည့် တည်ဆောက်ရေး ပစ္စည်းများဖြင့် လားဟူ နယ်ခြားစောင့် တပ်ဖွဲ့ စစ်သားများကိုယ်တိုင် ဆောက်လုပ်နေကြောင်း ဒေသခံများကဆိုသည်။

“နားကောင်းမူး - မိုင်းထားလမ်း တောင်ဘက်ခြမ်းနဲ့ နားကောင်းမူး - BP.1 အနောက်ဘက်ခြမ်း နယ်မြေ အားလုံးက ၀ တွေလေ။ ကျူဟူးလုံးမှာ လားဟူတပ်တွေ သွားနေရင် ၀ နဲ့ နအဖ ထိပ်တိုက်ဖြစ်ခဲ့ရင် အဲဒီ နေရာက တောင်ကြောဆုံတဲ့ လမ်းကျဉ်းပိုင်း ဆိုတော့ တကယ့် အချက်အခြာဘဲ၊ နအဖ နဲ့ ၀ နယ်မြေကြား ခံတပ်လိုမျိုး ဖြစ်နေတယ်။ ရှင်းရှင်းပြောရင် လားဟူဘဲ အသေခံရမှာပေါ့” - ဟု စစ်မှုထမ်းဟောင်း တဦးက ပြောပါသည်။

နားကောင်းမူး-မိုင်းထားလမ်းမြောက်ဘက်ခြမ်း လွယ်မောက်ခေါက်တက်၊ လွယ်ခီလိတ်တောင်ကြော တလျှောက်တွင် လားဟူ ပြည်သူ့စစ် မိသားစုဝင်များအတွက် လွန်ခဲ့သည့်နှစ်ကျော်ခန့် ကတည်းက နအဖစစ်တပ်မှ လွတ်လပ်စွာ ဘိန်းစိုက်ပျိုးခွင့် ပေးထားသည်။

ဝ အမျိုးသား အဖွဲ့ချုပ် အတွင်းရေးမှူး တာ့အိုက်ညွှ န့်က - “လားဟူတွေကို ပြည်သူ့စစ်ကနေ နယ်ခြားစောင့် တပ်ရင်း အဖြစ် တိုးချဲ့ဖွဲ့စည်းပေးလို့ တောင်ပိုင်း ၀ တပ်ဖွဲ့အသွင် ပြောင်းလာအောင် ပိုဖိ အားပေးနိုင်မယ် ဆိုတဲ့ သူတို့ရဲ့ ယုံကြည်ချက်က မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ၀ နဲ့ သျှမ်းတပ်တွေကို တိုက်ခိုက်ရင် ရှေ့ပြေးတပ် အဖြစ် ပွိုင့်ထိုး ခိုင်းမှာတော့ သေချာတယ်။ အဲဒီလိုမျိုး ကြံခဲ့ဖူးလို့ နောက်တခါ ပွိုင့်မထိုးရဖို့အရေး တြိဂံတိုင်းမှူးထံ မိုင်းဖြတ်ဘက် လားဟူ ပြည်သူ့စစ်တွေက တောင်းဆိုခဲ့ဖူးတယ်” - ဟု ဆို၏။

မိုင်းတုံမြို့နယ် လားဟူပြည်သူ့စစ်တပ်ဖွဲ့အား နယ်ခြားစောင့် တပ်ရင်းအမှတ် ၁၀၀၇ အဖြစ် တိုးမြင့် သတ်မှတ်ရာတွင် ခေါင်းဆောင်ဖြစ်သူ ဂျပီးကွယ်အား တပ်ရင်းမှူး နေရာနှင့် ဗိုလ်မှူးရာထူး၊ ဒုတပ်ရင်းမှူးအား ဗိုလ်မှူးမောင်လှ၊ တပ်ခွဲ (၁) မှူး ဗိုလ်ကြီးထွန်းကျော် ( ၃၀ နှစ်)၊ တပ်ခွဲ ၂ မှူး ဗိုလ်ကြီးချစ်မောင် (၄၅ နှစ်)၊ တပ်ခွဲ ၃ အား ဗိုလ်ကြီး ဂျကော် (၃၆ နှစ်) တို့ကို အသီးသီး ခန့်အပ်ခဲ့သည်ဟု ဆက်ပြောပြပါသည်။

နအဖ ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံအဖြစ် အပစ်ရပ်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များအား နယ်ခြားစောင့် တပ်ရင်း အမှတ် - ၁၀၀၁ မှ ၁၀၀၃ အထိ NDA-K (စခုံတိန့်ယိန်း ဦးဆောင်သည့် ကချင်အပစ်ရပ် တပ်ဖွဲ့)၊ ၁၀၀၄ , ၁၀၀၅ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ၁၀၀၆ MNDAA (ပိုင်ဆုံချိန် ခေါင်းဆောင်သည့် ကိုးကန့် လက်ကျန် တပ်ဖွဲ့)၊ ၁၀၀၇ ဂျပီးကွယ် ခေါင်းဆောင်သော လားဟူပြည်သူ့ စစ်တပ်ဖွဲ့ တို့ဖြစ်ပြီး တပ်ရင်း ၁၀၀၈ မှာ မိုင်းယောင်းမြို့ နယ် မိုင်းယုဒေသခံ လားဟူပြည်သူ့ စစ်အဖွဲ့တို့ အသီးသီး အသွင် ပြောင်းခဲ့ပြီးဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Tuesday, April 6, 2010

ပြည်သူသို့ ပန်ကြားချက်၊ ဒီမိုကရေစီ ရရှိရေး NLD ဆက်လက် ကြိုးပမ်းသွားမည်

05 April 2010

မတ်လ ၈ ရက်နေ့က စစ်အစိုးရ ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေတွေအရ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံမတင်ရင် နိုင်ငံရေးပါတီ အဖြစ် ရပ်တည်ခွင့် မရှိဘူးဆိုတဲ့ အချိန်မှာ အဓိက နိုင်ငံရေး ပါတီကြီးဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပါတီမှတ်ပုံတင်မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။

NLD ပါတီရဲ့ ရှေ့ဆက် ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပက စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အချိန်မှာပဲ ဒီနေ့ CEC အဖွဲ့ရဲ့ အစည်းအဝေးကနေ ပြည်သူသို့ ပန်ကြားလွှာတစောင် ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြောခွင့်ရ ဦးဝင်းတင်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာ ဦးဝင်းတင်က အခုလို ပြောပါတယ်။

“ဒီနေ့ NLD အစည်းအဝေးလုပ်တယ်။ လူစုံတက်ပါတယ်၊ ဥက္ကဋ္ဌ ဦးအောင်ရွှေလည်း တက်ပါတယ်၊ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးလည်း တက်ပါတယ်၊ အစုံ တက်ကြပါတယ်။ အဲဒီမှာ ပြည်သူသို့ ပန်ကြားချက် ဆိုပြီးတော့ စာမျက်နှာ ၄ မျက်နှာလောက် ရှိတဲ့ စာတမ်း တစောင်ကို အတည်ပြုပါတယ်။”

ဒီပန်ကြားလွှာထဲမှာ NLD ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူသိအောင် ချပြတဲ့အပြင် NLD က ပြည်သူလူထုကို ဘယ်တော့မှ ကျောခိုင်းမှာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီ ရတဲ့အထိ ဆက်လက် ကြိုးပမ်း သွားမယ်လို့လည်း ပြောပါတယ်။

“NLD လုပ်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် ပြောပါတယ်၊ ဒီစာတမ်းထဲမှာ။ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စမျိုးတွေတို့၊ ပြည်သူ့လွှတ်တော်၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ကိစ္စမျိုးတွေတို့ ပြောခဲ့တယ်။ နောက်ပိုင်းကျတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီး အစည်းအဝေးကနေ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီရဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများဟာ တရားမျှတမှု လုံးဝမရှိလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီ အဖြစ် ထပ်မံ မှတ်ပုံတင်မည် မဟုတ်ကြောင်း အများသဘောတူ ကန့်ကွက်သူမရှိ ဆုံးဖြတ်လိုက်သည် ဆိုတဲ့ အချက်ကို ကျနော်တို့ ဖော်ပြပါတယ်။

“ဒါပေမဲ့ အဖွဲ့ချုပ်ဟာ ရွှေဂုံတိုင် ကြေညာစာတမ်းမှာ ဖော်ပြခဲ့တဲ့ အတိုင်းပဲ ပြည်သူလူထုကို လည်းကောင်း၊ ဒီမိုကရေစီ အရေးတော်ပုံကို လည်းကောင်း ဘယ်သောအခါမှ ကျောခိုင်း စွန့်ခွာသွားမယ် မဟုတ်ပါ။ ပြည်သူလူထုနဲ့ တသားတည်း ရှိနေမယ်။ နောက် ပြည်သူလူထုရဲ့ ခေါင်းဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး ဒီမိုကရေစီ ရည်မှန်းချက်များ အောင်မြင်သည်အထိ စနစ်ကျသော၊ ငြိမ်းချမ်းသော၊ အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဆက်လက် အားထုတ် ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း ဆိုပြီးတော့ ကြေညာပါတယ်။ အဲဒါပါပဲ။

“ဒီစာတမ်းကိုလည်း ကျနော်တို့ သဘောတူပြီး ဆုံးဖြတ် လိုက်ပါတယ်။ ဒါက တိုင်းပြည်ကို ကျနော်တို့ ပြောပြရမယ့် ကိစ္စတွေပေါ့ဗျာ။ ကျနော်တို့ ဆောင်ရွက်ခဲ့တာတွေ၊ ဒါတွေကို ပြောပြီးတော့ ရှေ့ ကျနော်တို့ ဘယ်လို ရပ်တည်ပြီး ဆောင်ရွက်သွားမယ် ဆိုတာကို ပြောတာပါပဲ။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

NLD က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်တာဟာ ဒီနှစ်ထဲ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေဟာ တရားမျှတမှု မရှိတာကြောင့်လို့ ဖော်ပြထားပြီး ဒီတရားမျှတမှု မရှိတဲ့ ဥပဒေ ထုတ်ပြန်မှုကို အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ တကွ နိုင်ငံတကာကပါ ၀ိုင်းဝန်း ပြစ်တင်နေကြတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

NLD မပါသည့် ရွေးကောက်ပွဲ မဲပေးကြမည်လော

ခိုင်သွယ်
Monday, April 05, 2010

ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မပါဝင်ပါက မဲပေး၊ မပေးကို လူ ၅၀၀ ကျော်အား မေးမြန်းခဲ့ရာ ၂၅၀ ကျော်က မဲမပေးလိုဟု ပြောဆိုသည်။

ဧရာဝတီ မဂ္ဂဇင်းက ရန်ကုန်မြို့နေ အသက် ၂၀ ၀န်းကျင်မှ အသက် ၇၀ ၀န်းကျင်အရွယ် အမျိုးသား၊ အမျိုးသမီး ၅၂၀ ကို မကြာသေးမီက မေးမြန်းရာ ၂၅၂ ဦးက ရွေးကောက်ပွဲတွင် NLD မပါဝင်လျှင် မဲမပေးလိုဟု ဖြေဆိုပြီး ၁၉၈ ဦးက NLD မပါလည်း မဲပေးသင့်သည်ဟု ဖြေဆိုကြသည်။ ကျန် ၇၀ ကမူ နိုင်ငံရေး အခြေအနေပေါ်တွင် မူတည်ကာ စဉ်းစား ဆုံးဖြတ်သွားမည် ဖြစ်သောကြောင့် မဖြေဆိုနိုင်သေးကြောင်း ပြောသည်။

မဲမပေးဟု ဖြေဆိုခဲ့သူ ၂၅၂ ဦးထဲမှ အသက် ၅၄ နှစ် ၀န်းကျင် အရွယ်ရှိ ဆောက်လုပ်ရေး အင်ဂျင်နီယာ တဦးက “NLD ပါတီကိုပဲ ထောက်ခံတယ်၊ ကြိုက်တယ်။ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ တုန်းကလည်း NLD ကိုပဲ မဲပေးခဲ့တာ။ အခု အဲဒီပါတီ မပါတော့ဘူး ဆိုရင် ရွေးကောက်ပွဲမှာ မဲပေးစရာလည်း မရှိဘူး၊ မဲလည်း သွားမပေး တော့ဘူး” ဟု ဆိုသည်။

အသက် ၃၀ အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တဦးကလည်း NLD ပါတီ တခုကိုသာ သိကြောင်း၊ တခြားသော ပါတီများကို လုံးဝ မသိကြောင်း၊ စိတ်လည်း မဝင်စား သောကြောင့် NLD မပါလျှင် ရွေးကောက်ပွဲတွင် မဲထည့်မည် မဟုတ်ကြောင်း ပြောသည်။

GTC ကျောင်းသားတဦးကလည်း “NLD မပါရင်တော့ ရွေးကောက်ပွဲက အနှစ်သာရ မရှိတော့ဘူး။ ရွေးကောက်ပွဲ ၀င်ကြတဲ့ ပါတီတွေ အားလုံးကလည်း သူတို့ လူတွေချည်းပဲ ဆိုတော့ ကျနော်ကတော့ ရှင်းရှင်းပဲ၊ မဲကို မပေးတော့ဘူး” ဟု
ဆိုသည်။

NLD မပါလျှင် မဲမပေးဟု ဖြေဆိုထားသူ အများစုမှာ ရွေးကောက်ပွဲဝင်ရန် NLD ပါတီ မှတ်ပုံမတင်ခြင်းကို မှန်ကန်သည်ဟု
အမြင် ရှိသူများဖြစ်ပြီး ၎င်းတို့ထဲမှ တချို့မှာ NLD ၏ သဘောထားနှင့် ဆုံးဖြတ်ချက်ကို လေးစားသောကြောင့် ရွေးကောက်ပွဲကို
ဆန့်ကျင်သည့် သဘောဖြင့် မဲသွားမပေးရန် ဆုံးဖြတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

“လူအများညီမယ်၊ လူတိုင်းဟာ ကျနော်တို့လိုပဲ ရွေးကောက်ပွဲမှာ မဲသွားမပေးဘူး ဆိုရင် ဒီရွေးကောက်ပွဲဟာ မအောင်မြင် နိုင်ဘူးလို့ မြင်တယ်။ လူတွေညီဖို့ လိုတယ်၊ အားလုံး မဲရုံတွေကို မသွားဘဲနဲ့ နေသင့်တယ်။ အဲဒါမျိုးနဲ့ ဆန့်ကျင်သင့်တယ်” ဟု အသက် ၂၈ နှစ်အရွယ် အငှား ယာဉ်မောင်းတဦးက သူ့သဘောထားကို ပြောသည်။

NLD မပါဝင်သော်လည်း မဲပေးသင့်သည်ဟု ဖြေဆိုခဲ့သူ အသက် ၅၃ နှစ်အရွယ်၊ ဆက်သွယ်ရေး ၀န်ထမ်းတဦးက “၀န်ထမ်း ဖြစ်တဲ့အတွက် မဲပေးကို ပေးရမယ့် အခြေအနေမှာ ရှိတယ်။ NLD မပါဝင်ဘူး ဆိုရင်တော့ စိတ်မကောင်း ဖြစ်ရတယ်။ ဒါပေမယ့် သင့်တော်တဲ့ ပါတီ တခုခုကိုတော့ ရွေးပြီး မဲပေးပါမယ်၊ ကြံ့ဖွံ့လို အဖွဲ့မျိုးက လွဲရင်ပေါ့” ဟု ဆိုသည်။

အစိုးရအနေဖြင့် အစိုးရ ၀န်ထမ်းများနှင့် စစ်တပ်များကို မဲ မဖြစ်မနေ ပေးခိုင်းမည် ဖြစ်ပြီး ထိုမဲများကိုလည်း ၎င်းတို့ စိတ်တိုင်းကျ ဖြစ်စေရန် စီစဉ်သွားနိုင်ကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

“ကိုယ်က မဲသွားမပေးဘူး ဆိုရင်လည်း သူတို့က ကိုယ့်ကိုယ်စား မဲတပြားကို အသုံးချဖို့ အခွင့်အရေး ပိုရသွားလိမ့်မယ်။ အဲဒီလို အဖြစ်မခံနိုင်တဲ့ အတွက် မဲကတော့ ပေးကို ပေးရမယ်။ ပါတီကတော့ ရွေးရဦးမှာပဲ” ဟု အသက် ၃၈ နှစ်အရွယ် ကုန်သည် အမျိုးသမီး တဦးက ဆိုသည်။

NLD မပါသော်လည်း မဲပေးသင့်သည်ဟု ဖြေဆိုခဲ့သော အသက် ၆၀ အရွယ် ကျူရှင်ဆရာ တဦးကလည်း “ဘာဖြစ်လို့ မဲပေး သင့်တာလဲ ဆိုရင် မဲပေးခွင့်က ကိုယ့်အခွင့်အရေးပဲ။ ဒါကို ဖော်ထုတ်ပြရမှာပဲ။ နောက်တချက်က ကိုယ့်မဲကို သူ့မဲဖြစ်အောင် လုပ်ကြလိမ့်မယ်။ ဒါကို ထည့်စဉ်းစား သင့်တဲ့အတွက် မဲပေးသင့်တယ်” ဟု ပြောသည်။

NLD မပါသော်လည်း ရွေးကောက်ပွဲတွင် မဲပေးသင့်သည်ဟု ဖြေဆိုသူအများစုမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြည်သူ့ဆန္ဒ ခံယူပွဲက မဲလွတ်များနှင့် ကြိုတင်မဲများကို အာဏာပိုင်များက ထောက်ခံမဲများအဖြစ် ပြုလုပ်ခဲ့ကြသည့် သာဓကများ ရှိသည့်အတွက် မဲထည့်သင့်ကြောင်း၊ NLD ပါတီ မှတ်ပုံမတင်ခြင်းကို မှန်ကန်သည်ဟု မယူဆသူများ ဖြစ်ကြောင်း
တွေ့ရသည်။

“NLD မပါရင်လည်း ရွေးကောက်ပွဲကတော့ ဖြစ်သွားမှာပဲလို့ မြင်တယ်။ အစိုးရကလည်း သူ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်သွားမှာပဲ။ လူတွေကတော့ NLD မပါတဲ့အတွက် ရွေးစရာမရှိ ဖြစ်သွားတယ်။ ပါတီကြီးတခု ပြိုကွဲသွားတယ် ဆိုပြီး စိတ်မကောင်းကြဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ ပျက်တဲ့အထိလည်း ဖြစ်မသွားနိုင်ပါဘူး” ဟု အသက် ၃၆ နှစ်အရွယ်
လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး တဦးက ပြောသည်။

NLD ပါတီရွေးကောက်ပွဲ မ၀င်ပါက မဲပေးသင့် မသင့်ကို မစဉ်းစားရသေးကြောင်း အသက် ၄၀ ၀န်းကျင်အရွယ် စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။ ၎င်းအနေနှင့် နိုင်ငံရေး အခြေအနေပေါ်တွင် မူတည်ပြီး စဉ်းစား ဆုံးဖြတ်သွားမည် ဖြစ်သောကြောင့် လက်ရှိ အခြေအနေတွင် မဖြေဆိုနိုင်သေးဟု ဆိုသည်။

သမ၀ါယမ ဦးစီးဌာနတွင် အကြီးတန်း စာရေးတာဝန် ထမ်းဆောင်ခဲ့ဖူးသော အသက် ၇၀ ၀န်းကျင်အရွယ် အမျိုးသား တဦးက “နိုင်ငံရေး အခြေအနေက တချိန်နဲ့ တချိန်မတူဘူး၊ ပြောင်းနေတာ။ ပြောင်းလည်း ပြောင်းဦးမှာ ဆိုတော့ အခု မပြောနိုင်သေးဘူး။ NLD မပါဘူးလို့လည်း တရားဝင် ပြောသေးတာ မဟုတ်တော့ ကျနော်တို့အနေနဲ့ ဘာမှ မပြောနိုင်သေးဘူး” ဟု ပြောသည်။

၎င်းအနေဖြင့် NLD ပါတီ မှတ်ပုံမတင်ခြင်းကို မှန်ကန်သည်ဟု မြင်သော်လည်း ထိုသို့ မှတ်ပုံ မတင်သောကြောင့် ပါတီ ဖျက်သိမ်းခံရပြီး ပါတီဝင်များ နိုင်ငံရေးလောကမှ ပျောက်ကွယ်သွားလျှင် လူထုအတွက် ဆုံးရှုံး နစ်နာမှုကြီးတခု ဖြစ်သည်ဟု ထင်ကြောင်း သုံးသပ်သည်။

အသက် ၇၂ နှစ်အရွယ် အငြိမ်းစား ကျောင်းအုပ် ဆရာမ တဦးကမူ “ဒီပါတီက လူတွေ ရွေးချယ်ခဲ့ကြတဲ့ အတိုက်အခံ ပါတီကြီးပါ။ အဲဒါကို သူတို့ သဘောနဲ့ သူတို့ မှတ်ပုံ မတင်ကြဘူး ဆိုတာကို ကျမတော့ မကြိုက်ဘူး။ လူတွေရဲ့ သဘောထားတွေကို မကြည့်ဘူးလို့ မြင်တယ်။ လူတွေက ပါတီကို ရွေးကောက်ပွဲ ၀င်စေချင်ကြတယ်။ ရွေးကောက်ပွဲ ၀င်ရင် သူတို့ မဲထည့်ကြဦးမှာပဲ။ မှန်မှန်ကန်ကန်သာ ဖြစ်ခဲ့ရင် NLD က ပြန်ရဦးမှာပါ” ဟု ပြောသည်။

Ref: ဧရာဝတီ်

Read More...

မြန်မာနှင့် ဆက်ဆံရေးကောင်းရန် အမေရိကန် ကြိုးစားရန်ရှိ

လာရီဂျေဂင်
တနင်္လာနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၀

ဘန်ကောက် (မဇ္ဈိမ) ။ ။ အမေရိကန်နှင့် မြန်မာ စစ်အစိုးရအကြား နှောင့်နေးနေသော စေ့စပ်ညှိနှိုင်းရေး မူဝါဒကို ပြန်လည်၍ အားဖြည့်ရန် အမေရိကန် အဆင့်မြင့် သံတမန်တဦး မြန်မာနိုင်ငံသို့ မကြာမီ လာရောက်မည်ဟု မျှော်လင့်ရကြောင်း နေပြည်တော်ရှိ အစိုးရ အရာရှိများ၏ ပြောကြားချက်အရ သိရသည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်၏ မြန်မာနိုင်ငံသို့ မကြာမီ လာရောက်မည့် ခရီးစဉ်အပြီး အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ လက်ထောက် အတွင်းရေးမှူး ကာ့တ်ကမ်းဘဲလ်သည် မြန်မာနိုင်ငံသို့ လာရောက်လိမ့်မည် ဖြစ်ကြောင်း စစ်အစိုးရ အရာရှိများက နေပြည်တော်တွင် ပြောကြားခဲ့သည်။ သို့သော် အမေရိကန် အရာရှိများကမူ ကောလာဟလ ဟု ဆိုကာ ပယ်ချလိုက်သည်။

မစ္စတာကမ်းဘဲလ်၏ လက်ထောက် စကော့ မာဆီယယ်က သူရော၊ မစ္စတာကမ်းဘဲလ်ပါ လာမည့် တပတ်အတွင်း မြန်မာပြည်သို့ လာရောက်ရန် အစီအစဉ် မရှိကြောင်း မဇ္ဈိမကို ပြောကြားသည်။ စကော့မာဆီယယ်က ပြောကြားရာတွင် ၎င်းတို့ အနေနှင့် မြန်မာနိုင်ငံသို့ သွားရောက်ရန် စဉ်းစားနေဆဲ ဖြစ်ကြောင်းနှင့် အသေးစိတ် အစီအစဉ် မရေးဆွဲရသေးကြောင်း ဆက်လက် ပြောကြားခဲ့သည်။

၎င်းတို့သည် မြန်မာနိုင်ငံသို့ သွားရောက်ရန် အထူးပင် စိတ်အားထက်သန်နေပြီး ထိုအကြောင်းကိုလည်း မြန်မာဘက်နှင့် ရက်သတ်မှတ်ရန် ဆွေးနွေးနေဆဲ ဖြစ်ကြောင်းနှင့် ယခုထိ ရက်အတိအကျ မသတ်မှတ်သေးကြောင်း ပြောသည်။

သို့သော် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန် သံတမန်များ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အပြီး အမေရိကန် သံတမန်များ ထပ်မံလာရောက်လိုသည့် ဆန္ဒ ပြင်းပြနေပုံ ရကြောင်းနှင့် လာရောက် လည်ပတ်မည့် ခရီးစဉ်အတွက် စီစဉ်မှုများ ပြုလုပ်ထားကြောင်း စစ်အစိုးရ အရာရှိများက ပြောခဲ့သည်။

ရက်အတိအကျ သတ်မှတ်ပြီးလျှင် ၎င်းခရီးစဉ်သည် အမေရိကန် အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန်က စစ်အစိုးရအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒ အပြောင်းအလဲကို ပြီးခဲ့သည့်နှစ်က ကြေငြာပြီး နောက်ပိုင်းတွင် အမေရိကန် သံတမန်၏ ဒုတိယမြောက် ခရီးစဉ် ဖြစ်ပေလိမ့်မည်။ မစ္စက် ကလင်တန် ကြေငြာခဲ့သည် မြန်မာနိုင်ငံအပေါ် မူဝါဒ အပြောင်းအလဲတွင် စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဆက်လက်ထားရှိပြီး မြန်မာ စစ်ဗိုလ်ချုပ်များနှင့် စေ့စပ်ညှိနှိုင်းရေး မူများ ပါဝင်သည်။

ဒေါက်တာ ကမ်းဘဲလ်သည် ပြစ်ဒဏ်ချခံထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ စစ်အစိုးရဘက်မှ အဓိကကျသော ဗိုလ်ချုပ်များနှင့်လည်း တွေ့ဆုံခွင့် ရရှိရန် မျှော်လင့်ထားသည်ဟု သိရသည်။

ပထမအကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့စဉ်က မစ္စတာ ကမ်းဘဲလ်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံဆွေးနွေးခွင့် မရခဲ့ပေ။ ယခုအကြိမ်တွင်မူ ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံ ဆွေးနွေးရလိမ့်မည်ဟု မျှော်လင့်ထားကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းထံမှ သတင်းများအရ သိရသည်။ လာမည့် ရွေးကောက်ပွဲအား အသိအမှတ်ပြုရေး၊ မပြုရေးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ငြင်းဆန်မှု စသည့် အကြောင်းအရာများအား စစ်အစိုးရနှင့်ရော၊ အတိုက်အခံများနှင့်ပါ အဓိကထား ဆွေးနွေးသွားမည်ဟု သိရသည်။

မာဆီယယ်က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အား အလွန်ခက်ခဲသော အခြေအနေသို့ တွန်းပို့ ထားသဖြင့် အထူး စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန် အစိုးရက စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် ဒေါ်အောင်ဆန်း စုကြည်နှင့်တကွ မြန်မာနိုင်ငံတဝှန်းရှိ အကျဉ်းထောင်များအတွင်း အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်အား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိစေရန် လုပ်ဆောင်ထားသဖြင့် စစ်အစိုးရ၏ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များသည် အသိအမှတ်ပြုခြင်း ခံရလိမ့်မည် မဟုတ်ကြောင်း လွန်ခဲ့သော ရက်သတ္တပတ်များက အမေရိကန် သံတမန်များနှင့် အစိုးရအရာရှိများက ထုတ်ပြန်ခဲ့ကြသည့် ကြေညာချက်များတွင် ဖော်ပြထားခဲ့သည်။

ပြီးခဲ့သည့် သောကြာနေ့က ဝါရှင်တန်တွင် ပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ်ဆိုင်ရာ လုံခြုံရေး အစည်းအဝေးတွင် မာဆီယက်က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ ဥပဒေများသည် မြန်မာ့နိုင်ငံရေးတွင် နောက်သို့ တလှမ်း ဆုတ်လိုက်ခြင်း ဖြစ်ကြောင်းနှင့် အဓိက အတိုက်အခံ ပါတီအား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိစေရန် အကျပ်ကိုင်ခြင်းသည် အမျိုးသားရေး ပြန်လည် ရင်ကြားစေ့ရေးနှင့် ဆန့်ကျင်သော လမ်းစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မူလက မစ္စတာ ကမ်းဘဲလ်သည် အမေရိကန် သမ္မတ၏ အာရှဒေသ လာရောက်လည်ပတ်ရေး အစီအစဉ် အတွက် ကြိုတင် ပြင်ဆင်မှုဖြစ်သည့် ၎င်း၏ အာရှတိုက် ခရီးစဉ်အတွင်း မတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ရန် အစီအစဉ် ရေးဆွဲ ထားခဲ့သော်လည်း သတ်မှတ်ရက် ရောက်ခါနီးတွင် အကြောင်းပြချက် မပေးဘဲ ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းခဲ့သည်ဟု စစ်အစိုးရ အရာရှိများက ပြောခဲ့သည်။

ထင်မြင်ချက်များထဲမှ အဓိက ထင်မြင်ချက်တခုမှာ အမေရိကန် သံတမန်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အမေရိကန် ဆီနိတ်တာ အမတ် မစ္စတာ ဂျင်ဝက်ဘ်ကဲ့သို့ အကျပ်ရိုက်စေမည့် အခြေအနေအား ရှောင်လွှဲလို၍ ဖြစ်နိုင်သည်ဟု ဆိုသည်။ မစ္စတာ ဂျင်ဝက်ဘ်သည် နာမကျန်းဖြစ်နေသည့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ယက်တောအား စစ်အစိုးရ၏ ပြစ်ဒဏ်ချမှတ်ခံရမှုမှ စေ့စပ်ညှိနှိုင်း ကယ်ထုတ်ပေးခဲ့ရသူ ဖြစ်သည်။

ဂျွန်ယက်တောသည် ရန်ကုန်မြို့ရှိ အင်းယားကန်ကို ကူးဖြတ်၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း တရားမဝင် ခိုးဝင်ရောက်ခဲ့သဖြင့် ပြစ်ဒဏ် ချမှတ်ထားခြင်း ခံရသူ ဖြစ်သည်။ ထိုကဲ့သို့ မစ္စတာ ယက်တော တရားမဝင် ဝင်ရောက်ခဲ့သဖြင့် နေအိမ်ပိုင်ရှင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်အကျယ်ချုပ် ကာလအတွင်း စည်းကမ်း ဥပဒေများကို ချိုးဖောက်ရာ ရောက်သည်ဟုဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။

အမေရိကန်အစိုးရသည် ပြီးခဲ့သည် လများအတွင်းက အမေရိကန်နိုင်ငံသား မြန်မာပြည်ဖွား မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားသူ ကိုညီညီအောင်၏ အမှုကိစ္စအား ရင်ဆိုင် ဖြေရှင်းနေခဲ့ရသည်။ ကိုညီညီအောင်သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ရန်ကုန်လေဆိပ်၌ စစ်အစိုးရ၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်သည်။

သူသည် ၁၉၈၈ ခုနှစ် မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးလည်း ဖြစ်ခဲ့သည်။ အမေရိကန်သံရုံးမှ အရာရှိများသည် ၎င်းထံသို့ မကြာခဏ သွားရောက် တွေ့ဆုံခဲ့ရသည်။ ထိုရက်သတ္တပတ်များသည် ကိုညီညီအောင် ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးအတွက် အမေရိကန် ကွန်ဂရက်မှ အရှိန်မြှင့် ကြိုးစားနေချိန် ဖြစ်သည်။ မစ္စတာ ကမ်းဘဲလ်သည် ယက်တောကဲ့သို့ အကျပ်ရိုက်စေမည့် အခြေအနေအား ရှောင်လွှဲလို၍ ၎င်း၏ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်နိုင်သည်ဟု အမည်မဖော်လိုသူ အမေရိကန် သံတမန်ဟောင်း တဦးက ပြောကြားသည်။

ကမ်းဘဲလ်က သူ၏ ခရီးစဉ်ကို ဖျက်သိမ်းအပြီး တပတ်အကြာတွင် စစ်အစိုးရသည် ကိုညီညီအောင်အား အကျဉ်းထောင်မှ လွှတ်ပေးခဲ့ပြီး အမေရိကန်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်ရန် ခွင့်ပြုခဲ့သည်။ အမေရိကန်နိုင်ငံနှင့် ချစ်ကြည်ရေးအတွက် ကိုညီညီအောင်အား သတ်မှတ်ရက်ထက် စောလျင်စွာ လွှတ်ပေးလိုက်သည်ဟု စစ်အစိုးရပိုင် သတင်းစာများထဲတွင် ဖော်ပြခဲ့သည်။

အမေရိကန် သံတမန်တဦးက ပြောကြားရာတွင် မြန်မာစစ်ဗိုလ်ချုပ်များဘက်မှ လိုလိုလားလား တွေ့ဆုံဆွေးနွေးလိုကြောင်း အချက်ပြလိုက် သဖြင့် မစ္စတာ ကမ်းဘဲလ် ခရီးစဉ်အား ပြန်လည် စီစဉ်ကြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သူ၏ မြန်မာနိုင်ငံသို့ နောက်ဆုံးခရီးစဉ်သည် အားရစရာ ကောင်းသည့် ရလဒ်များ ထွက်ပေါ်ခဲ့ခြင်း မရှိသဖြင့် စစ်အစိုးရဘက်မှ ထပ်မံ တွေ့ဆုံ ဆွေးနွေးလိုနေခြင်း ဖြစ်သည်။

အမေရိကန် သံတမန်၏ ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရ၏ တဖက်သတ်ဆန်သော ရွေးကောက်ပွဲ ဥပဒေများကြောင့် ပါတီအား ပြန်လည် မှတ်ပုံတင်နိုင်ရန် မဖြစ်နိုင်တော့သဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ထားခါစ အချိန်ဖြစ်၍ အရေးကြီးသော အခြေအနေနှင့် တိုက်ဆိုင်နေသည်။ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြစ်ဒဏ် ကျခံနေရသူများသည် ပါတီတွင် ပါဝင်နိုင်ခွင့် မရှိသဖြင့် ထိုဥပဒေအရဆိုလျှင် လောလောဆယ် နေအိမ်တွင် ထိန်းသိမ်း ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပယ်ပစ်မှသာ ပါတီအား မှတ်ပုံတင်ခွင့် ရှိပေလိမ့်မည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်သည် အမေရိကန် အပါအဝင် နိုင်ငံတော်တော်များများမှ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ လက်ရှိ တည်ဆဲ နိုင်ငံရေးပါတီများသည် နောက်လ အစောပိုင်းထိသာ မှတ်ပုံတင်ခွင့် ရှိသည်။ ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် မြန်မာများနှင့် အဆက်အသွယ်ရှိသည့် ဥရောပ အဆင့်မြင့် သံတမန်တဦးကမူ ယခုဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယ အကြီးဆုံး မှားယွင်းမှု တခုဖြစ်ကြောင်း မဇ္ဈိမသို့ ဝေဖန်ပြောကြားခဲ့သည်။ သူက ယခုဆုံးဖြတ်ချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ပျောက်ကွယ်သွားစေနိုင်သည်ဟု ဆက်လက်၍ ဝေဖန် ပြောကြားခဲ့သည်။

ဗြိတိန်နှင့် အိုင်ယာလန်မှလွှဲ၍ ဥရောပ သမဂ္ဂ EU အဖွဲ့ဝင် ၂၅ နိုင်ငံမှ အကဲခတ်များကလည်း ထိုသံတမန်ကဲ့သို့ ထင်မြင်ချက်မျိုး ရှိနေသည်ဟု ဘန်ကောက်ရှိ ဥရောပ သံတမန်များက ပြောကြသည်။

အမေရိကန်နိုင်ငံမှ တန်းတူအရာရှိများနှင့် ဆွေးနွေးခဲ့ကြသော အာရှသံတမန်များ၏ ပြောပြချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အပေါ် မချင့်မရဲ ဖြစ်နေကြသည့် အမေရိကန်မှ အဆင့်မြင့် အရာရှိများလည်း ရှိနေကြောင်း သိရသည်။

သို့သော် မစ္စတာ ကမ်းဘဲလ်ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရေး ကိစ္စရပ်များပေါ်တွင် ပိုမိုပျော့ပြောင်းစွာ ရပ်တည်ရေးအတွက် စည်းရုံး သိမ်းသွင်းရန် ရည်ရွယ်ခြင်း ဟုတ်မဟုတ်တော့ မသေချာပေ။ ဆွေးနွေးနိုင်စရာ အကြောင်းရှိသည့် ကိစ္စရပ်တခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ယခုအခြေအနေ မျိုး၌ ၎င်း၏ နိုင်ငံရေးလက်တံကို အပြည့် ထုတ်မပြရေးပင် ဖြစ်သည်။ ရွေးကောက်ပွဲ ဥပဒေများအရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တည်ဆဲ မှတ်ပုံတင်ထားသည့် အနေအထားအား ဆက်လက်၍ တည်မြဲနေစေရန် အတွက် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထား နိုင်သေးသည်။

ထိုသို့ လျှောက်လွှာတင်နိုင်ရန်အတွက် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ အမည်စာရင်းသာ တင်သွင်းရန် လိုမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် ၂ဝဝ၈ ခုနှစ် အခြေခံ ဥပေဒအား လက်ခံကြောင်း ကြေညာရန် မလိုသကဲ့သို့ လတ်တလော ပြစ်ဒဏ် ကျခံနေရသည့် ပါတီဝင်များအား ထုတ်ပယ်ပစ်ရန်လည်း လိုလိမ့်မည် မဟုတ်ပေ။

ပါတီအား မှတ်ပုံတင်မှုအား လက်ခံပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် ပါတီဝင်များ၏ အမည်စာရင်းကို ပေးရန်အတွက် ရက်ပေါင်း ၉ဝ ရရှိပေလိမ့်မည်။ ထို့နောက် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လတ်တလော အကျဉ်းကျ ခံနေရသည့် ပါတီဝင်များ ပါဝင်နေသဖြင့် ဥပဒေနှင့် မကိုက်ညီဟုဆိုကာ ပါတီအား စိန်ခေါ်မှု ပြုရပေလိမ့်မည်။ ထိုအချက်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အား ပမာဏခြေလှမ်းတရပ် လှမ်းလိုက်သကဲ့သို့ ဖြစ်သွားစေနိုင်ပြီး စစ်အစိုးရအား တရားရုံးတွင် ရင်ဆိုင်နိုင်ရန် အခွင့်အရေးတရပ် ရဦးမည် ဖြစ်သည်ဟု ဥပဒေရေးရာ ကျွမ်းကျင်သူ မြန်မာတဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ပါတီကို ဖျက်သိမ်းလိုပါက ရက်ပေါင်း ၉ဝ အပြီးတွင် ဆုံးဖြတ်ချက်ချ ဖျက်သိမ်းနိုင်သလို တခြား တဖက်တွင်လည်း လတ်တလော အကျဉ်းကျ ခံနေရသူများ၏ အမည်စာရင်းကိုပါ တင်သွင်းခြင်းဖြင့် စစ်အစိုးရအား ထိပ်တိုက် ရင်ဆိုင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအား ဖျက်သိမ်းကြောင်း စစ်အစိုးရကိုယ်တိုင် ကြေညာရသည် အထိ ဖြစ်သွားစေရန် အကျပ်ကိုင်နိုင်လိမ့်မည် ဖြစ်သည်။

မစ္စတာ ကမ်းဘဲလ်သည် ရွေးကောက်ပွဲ၌ တရားမျှတမှုနှင့် လွတ်လပ်မှု မရှိမည်ကို အမေရိကန်က စိုးရိမ်ကြောင်း စစ်အစိုးရအား သတိပေး ပြောကြားမည်ကတော့ သေချာနေပေသည်။ အကယ်၍ နိုင်ငံရေးကစားရန် အနေအထားတရပ် ရှိပါက အမေရိကန် သံတမန်သည် အပြည့်အဝ အသုံးချကာ ကစားသွားပေလိမ့်မည်။ တရားဝင် အရပ်သားအစိုးရ ပေါ်ထွက်လာမည့် အကြောင်း ပြသချင်နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်လည်း ရွေးကောက်ပွဲအပေါ် ကမ္ဘာမှ မယုံကြည်မှုများ၊ ဆန့်ကျင်မှုများ တိုးပွား လာလိမ့်မည်ကို စိုးရိမ်နေပေလိမ့်မည်။ အာရှ နိုင်ငံများသည်လည်း စစ်အစိုးရ၏ ရွေးကောက်ပွဲအပေါ်တွင် စိုးရိမ်မှုများ ရှိနေပေသည်။

လွယ်ကူသည့် အဖြေကတော့ ရှိလိမ့်မည် မဟုတ်ချေ။ မည်သည့်အလျှော့ပေးမှုမဆို စစ်အစိုးရအား အလွယ်တကူ ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ချေ။ ဒေါက်တာ ကမ်းဘဲလ်၏ ခရီးစဉ်သည် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရန်အတွက် ဝါရှင်တန် အစိုးရ၏ အားထုတ် ကြိုးပမ်းလိုမှုကို ထင်ရှားစေသည်။ သို့သော် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းခြင်းသည် လွယ်ကူ ချောမောလိမ့်မည်တော့ မဟုတ်ကြောင်း မာဆီယက်က မဇ္ဈိမကို ပြီးခဲ့သည့် နိုဝင်ဘာလက ဘန်ကောက်တွင် ပြောကြားခဲ့ဖူးသည်။ မကြာသေးခင်ကလည်း သူ၏ ထင်မြင်ချက်ဖြစ်သည့် စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းသည် ကြာရှည်ကာ ခက်ခဲလိမ့်မည် ဟူသော ခန့်မှန်းချက်သည် မှန်ကန်ခဲ့သဖြင့် ကံဆိုးခဲ့ကြောင်း ပြောကြားခဲ့သည်။

Ref: မဇ္ဈိမ

Read More...

နယ်ခြားစောင့်တပ်ဖွဲ့ရန် နောက်ဆုံးရက် သတ်မှတ်ထား

ပေါက်ပေါက်/ ၅ ဧပြီ ၂ဝ၁ဝ

လာမည့် ဧပြီ (၂၈) ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ကေအိုင်အို အဖွဲ့အား နအဖက ရက် သတ်မှတ်လိုက်သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ် ဂေါ်ရီဇော်ဆိုင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် (စရဖ) ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ ယမန်နေ့က မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ တွေ့ဆုံခဲ့ပြီး ယင်းသို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ကေအိုင်အိုနှင့်နီးစပ်သူတဦးက “ဒီလ (၂၈) ရက်ကို နောက်ဆုံးရက် သတ်မှတ်လိုက်တယ်။ လက်မခံဘူး ဆိုရင်တော့ ဆက်ဆံရေး ရုံးတွေ ဖွင့်ထားတာ ပြန်ရုပ် သိမ်းပေးရမယ်။ လက်ခံတယ်၊ လက်မခံဘူး ဆိုတာဘဲ ပြတ်ပြတ်သားသား ပြောဖို့ ဖိအား ထပ်ပေးတာပေါ့။ အမှန်ကတော့ ကေအိုင်အိုက စာနဲ့လည်း ဗိုလ်ချုပ်မှူးကြီးကို တင်ပြပြီးပြီ။ ကေအိုင်အို သဘောထားကတော့ သူတို့ပြောတဲ့ နယ်ခြားစောင့်တပ်ကို လက်မခံနိုင်ဘူး” ဟု ပြောသည်။

ကေအိုင်အိုအဖွဲ့က နယ်ခြားစောင့်တပ်အစား ကချင်ဒေသ ကာကွယ်ရေးတပ် အဖြစ်လည်းကောင်း၊ ပြည်ထောင်စု တပ်မတော် အတွင်းရှိ ကချင်တပ်မတော် အဖြစ်လည်းကောင်း ဖွဲ့ပေးရန် တောင်းဆို ထားသကဲ့သို့ ပင်လုံ သဘောတူညီချက်ပါ တန်းတူရေးနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရရှိပါက လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ကေအိုင်အိုက ယမန်နှစ်က စာရေးသား တင်ပြခဲ့ပြီး ဖြစ်သော်လည်း နအဖဘက်က လက်ခံခြင်း မရှိခဲ့ပေ။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နှင့် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် မိုင်းလား တပ်ဖွဲ့တို့အား ဧပြီ (၂၈) ရက် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် မကြာသေးမီ ရက်ပိုင်းက စစ်ဖက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က သွားရောက် ပြောဆိုပြီးနောက် ကေအိုင်အို အဖွဲ့နှင့် ယခုကဲ့သို့ ထပ်မံတွေ့ဆုံ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

နယ်ခြားစောင့်တပ်ပြောင်းရန် ယခုကဲ့သို့ နောက်ဆုံးရက် သတ်မှတ် ဖိအားပေးမှုများ ရှိနေသော်လည်း စစ်ရေးအရ တိုက်ခိုက်သည် အထိ နအဖဘက်က အလွယ်တကူ ဆုံးဖြတ်လုပ်ကိုင်ရန် မရှိနိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

၎င်းက “စစ်တိုက်တာကတော့ တိုက်လို့တော့ ရတာပေါ့။ လွယ်လွယ်ကူကူနဲ့ စစ်ပွဲက မပြီးသွားနိုင်ဘူး။ ဝတို့၊ ကေအိုင်အိုတို့လို အဖွဲ့တွေကို အချိန်တိုအတွင်း သွားတိုက်လို့မှ မရတာ။ ပြီးတော့ တဖွဲ့တည်းကိုပဲ တိုက်လို့မရဘူး။ နောက်ပြီး ပြည်တွင်းက နိုင်ငံရေး ကိစ္စတွေကလည်း ရှိသေးတယ်” ဟု ပြောသည်။


Ref: ခေတ်ပြိုင်

Read More...

စစ်လက်နက် တင်ဆောင်ထားသည့် ကားများ ကေအိုင်အိုနယ်မြေအနီး ဖြတ်သန်း

ခိုင်လင်း/ ၅ ဧပြီ ၂ဝ၁ဝ

စစ်လက်နက်ပစ္စည်းများ တင်ဆောင်ထားသည့် စစ်ကား အစီး (၁ဝဝ) ခန့် ကချင်ပြည်နယ် ဗန်းမော်မြို့မှ မြစ်ကြီးနားမြို့သို့ ယနေ့ နံနက်ပိုင်းက သွားရောက်ခဲ့သည်။

အဆိုပါ စစ်ကားများသည် ယမန်နေ့ ညနေပိုင်းက မန္တလေး-ဗန်းမော်လမ်းကြောင်းမှ တဆင့် ဗန်းမော်မြို့သို့ ရောက်ရှိကာ ညအိပ် ရပ်နားခဲ့ပြီး ယနေ့ နံနက်ပိုင်း ပြန်လည် ထွက်ခွာလာခဲ့ရာ နံနက် (၁၁) နာရီခန့်တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် မလှမ်းမကမ်းရှိ မိုးမောက်မြို့နယ်၊ လဂျားယန်ဂိတ်ကို ဖြတ်ကျော်ကာ မြစ်ကြီးနား မြို့ဘက်သို့ ဦးတည် မောင်းသွားခဲ့ကြောင်း လိုင်ဇာ ဒေသခံတဦးက ပြောသည်။

၎င်းက “အမြောက်တင်ထားတဲ့ ကားက အစီး (၂ဝ) လောက်ပါမယ်။ အမြောက်တလက်ကို ကားတစီးပေါ့။ မိုးကာ အုပ်ထားတယ်။ ဒါပေမယ့် အမြောက်ပြောင်းတွေက ထွက်နေတာ။ ကျန်တဲ့ ကားတွေကတော့ မိုးကာ အုပ်ထားတော့ ဘာတင်လာသလဲ မသိရဘူး။ ကားတွေမှာ စစ်သားတွေလည်း ပါလာတယ်။ အဲဒီကားတွေ ဖြတ်တဲ့အချိန် ကျန်တဲ့ ခရီးသည်တင် ကားတွေ၊ ဆိုင်ကယ်တွေ ရပ်ထားရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်းကလည်း မြစ်ကြီးနားမြို့ဘက်မှ ဗလမင်းထင် တံတားကို ဖြတ်ကျော်ကာ ဝိုင်းမော်မြို့နယ် အရှေ့ဘက် ကေအိုင်အို တပ်စခန်းများ အနီးရှိ ယခင် ကေအိုင်အို ဌာနချုပ်ဟောင်း ပါဂျိုနှင့်နားဖော့တွင် တပ်စွဲနေသည့် နအဖ တပ်စခန်းများသို့ လက်နက်ခဲယမ်း မီးကျောက်များကို လားများဖြင့် သယ်ယူမှုလည်း ရှိခဲ့သည်။

ကေအိုင်အိုအဖွဲ့သည် ယနေ့အချိန်အထိ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်ထား သကဲ့သို့ နအဖ ဘက်ကလည်း ဧပြီ (၂၈) ရက်အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နောက်ဆုံးရက် သတ်မှတ်ပြီး ဖိအား ပေးနေချိန်တွင် ယခုကဲ့သို့ စစ်လက်နက် ခဲယမ်းမီးကျောက်များ သယ်ဆောင်နေခြင်းဖြစ်သည်။

ကေအိုင်အိုအပါအဝင် အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင် မပြောင်း၍ တိုက်ခိုက်ခြင်းမျိုး ယခုလပိုင်း အတွင်း လုပ်လိမ့်ဦးမည် မဟုတ်ဘဲ နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးအတွက် စစ်ရေးအရ ဟန်ပြ ခြိမ်းခြောက်ခြင်းမျိုး ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေး အကဲခတ်တဦးက ပြောဆိုသည်။

၎င်းက “မတရားအသင်း အရင်ကြေညာမယ်။ ပြီးမှ တရားဥပဒေနဲ့ မညီတဲ့ အလုပ်တွေ လုပ်ပါတယ်ဆိုပြီး စွပ်စွဲပြီးမှ တိုက်ခိုက်တာမျိုး ဖြစ်မှာ။ တကယ် တိုက်ကြမယ်ဆိုရင် စစ်ဖြစ်တဲ့အချိန်မှ အဲလို လက်နက်၊ ကျည်ဆန်တွေ ပို့လို့ရတာပဲ။ လမ်းတွေ ဒီလောက် ဖောက်ထားတဲ့ဥစ္စာ။ အခုတော့ လူတွေ မတွေ့တွေ့အောင် တမင်လုပ်ပြနေတာ။ တလောက ကျိုင်းတုံကို မစ် (၂၉) တိုက်လေယာဉ် လာပြီး အဆင်းအတက် လုပ်တာတို့ ဆိုတာ ခြိမ်းခြောက်ပြနေတာ။ မိတ္တီလာကနေ မိနစ်ပိုင်းအတွင်း လာလို့ရတယ်။ အခုတော့ လူရယ်စရာတောင် ဖြစ်နေသေးတယ်” ဟု ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

တောင်းဆိုချက်အသစ်ဖြင့် ဗိုလ်ချုပ်ရဲမြင့်ထံ ၀ ခေါင်းဆောင်ထပ်မံစာရေး

Monday, 05 April 2010

၂၀၀၉ နိုဝင်ဘာ ၁၀ ရက် နေ့ရက်စွဲဖြင့် နအဖထံတောင်းဆိုထားသည့် အချက် ၉ ချက်အား ပယ်ဖျက်ပြီး နယ်ခြားစောင့်တပ် အသွင်ရေးဆိုင်ရာ အဓိက အကြောင်းအရာ ၈ ချက်ပါ တောင်းဆိုချက် အသစ်ဖြင့် မတ်ခ်ျ ၃၁ ရက်နေ့က ၀ ခေါင်းဆောင် ပေါက်ယူချမ်းမှ ထပ်မံ စာရေး တောင်းဆိုခဲ့သည်ဟု စုံစမ်း သိရှိရပါသည်။

“အခုအသစ်ထပ်မံတောင်းဆိုတာက ထူးခြားတယ်၊ ၀ ဘက်က တော်တော့်ကို လိုက်လျှောထားတာ တွေ့ရတယ်။ နယ်ခြားစောင့် တပ်ရင်းမှူး နေရာမှာ နအဖ အရာရှိ ပါဝင်ဖို့ဆိုတဲ့ အချက် သဘောတူထားတာ တွေ့ရတယ်” - ဟု အမည် မဖေါ်လိုသည့် သုံးသပ်သူ တဦးကပြော၏။

ဧပြီ ၁ ရက်နေ့ ၀ ပြည် သွေးစည်းရေးပါတီ UWSP ဒု-ဥက္ကဌ ကျောက်ဝမ်ကွမ်း ဦးဆောင်သည့် ၀ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့က စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် တန့်ယန်း၌ တွေ့ဆုံခဲ့ကြစဉ် ၀ ခေါင်းဆောင် ပေါက်ယူချမ်း၏ အိပ်ဖွင့် ပေးစာကိုလည်း ဗိုလ်ချုပ်ရဲမြင့်ထံ ပေးလိုက်သည်ဟု ဆို၏။

“အဲဒီပေးစာအပေါ် တစုံတရာပြောဆိုတာမရှိဘူး၊ ဗိုလ်ရဲမြင့်က ၀ တွေကို ဒီလ ၂၂ ရက်နေ့ နောက်ဆုံး အသွင်ပြောင်းမယ့် တပ်ရင်းတပ်ဖွဲ့ စာရင်း ပေးပို့ရမယ်၊ နို့မို့ဆို ၂၈ ရက်နေ့ ရောက်ရင် မတရားအသင်း ဖြစ်သွားမယ် ဆိုတဲ့ဟာတော့ ပြောသွားတယ်” ဟု ခိုင်လုံသည့် သတင်းက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ဝ ပြည်သွေးစည်းရေးပါတီ UWSP ဥက္ကဌ ပေါက်ယူချမ်း၏ ပေးစာပါ အဓိက အကြောင်းအရာများမှာ -
၁။ မိုင်းပေါက်ဒေသအား လက်ရှိဝဒေသ ပိုင်နယ်မြေအတိုင်း ဆက်လက် ထားရှိရန်။
၂။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရာတွင် သက်ကြီးပိုင်း အရာရှိများ အသက် ၆၀ အထိ တာဝန် ထမ်းဆောင်ခွင့် ပေးရန်၊ မြောက်ပိုင်း ၀ နယ်ရှိ နယ်ခြားစောင့်တပ်ရင်း ၁၀ ရင်းအား ရမခ လက်အောက်ခံ အဖြစ်ထားရှိပြီး၊ တပ်ရင်းမှူး ရာထူးအား နအဖ အရာရှိက တာဝန်ယူရန်။
၃။ နယ်ခြားစောင့်တပ်ရင်းအတွက် (မြောက်ပိုင်း ၀ တပ်ဖွဲ့) စစ်သင်တန်းအား ပန်ဆန်း၊ မိုင်းပေါက် နှင့် မိုင်မော (မိုင်းမိုင်)တွင် ထားရှိရန်။
၎။ ၀ နယ် ပြည်သူ့ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး ယန္တရားဆိုင်ရာများ လက်ရှိအတိုင်း ထားရှိပြီး၊ ပင်စင်စား ပုဂ္ဂိုလ်များအတွက်၊ သျှမ်းပြည် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ကျဆုံးသွားသည့် ၀ ရဲဘော်များ၏ ကလေးများ (မိဘမဲ့ကလေးများတာဝန်) အတွက် နအဖ မှ တာဝန်ယူ ဖြေရှင်းရန်။
၅။ ၀ ပြည်သူများအတွက် နိုင်ငံသား စိစစ်ရေးကဒ်ပြား/အမျိုးသား မှတ်ပုံတင် ထုတ်ပေးရန်။ ၀ ပိုင်ကားများ အားလုံး လိုင်စင် ထုတ်ပေးရန်။
၆။ တောင်ပိုင်း ၀ တပ်ဖွဲ့အတွက်လည်း တြိဂံတိုင်း စစ်ဒေသ လက်အောက်ခံ နယ်ခြားစောင့် တပ်ရင်း ၁၀ ရင်းထားရှိပြီး၊ ဆိုင်ရာ စစ်သင်တန်းကို တောင်ပိုင်း ၀ ဌာနချုပ် ဟွေ့အော့ နှင့် ၀မ့်ဟုန့်တွင် ထားရှိရန်။
၇။ တောင်ပိုင်းရှိ ၀ ပြည်သူတို့သည် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း အမြောက်အများ ရင်းနှီး မြှုပ်နှံ ထားသောကြောင့် မြောက်ပိုင်း ၀ နယ်သို့ ရွှေ့ပြောင်းခြင်း မရှိဘဲ၊ မြေပိုင်ဆိုင်ခွင့် (မြေဂရန်) ထုတ်ပေးပြီး နေထိုင်ခွင့်ပြုရန်။
၈။ ၀ ပိုင် စီးပွားရေးလုပ်ငန်းများ၊ ဖက်စပ်လုပ်ငန်း လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ အားလုံး နဂိုအတိုင်း ထားရှိရန် - စသဖြင့် ပါရှိသည်ဟု သိရသည်။

ဧပြီ ၁ ရက်က ၀ အဆင့်မြင့် ကိုယ်စားလှယ်များအား လည်းကောင်း၊ မတ် ၂၈ ရက်က မိုင်းလားတပ်ဖွဲ့အား လည်းကောင်း၊ ဧပြီ ၂ ရက်နေ့က အပစ်ရပ် သျှမ်းပြည် တပ်မတော်တို့အား လည်းကောင်း - “နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် ယခုလ ၂၂ ရက် နောက်ဆုံးထား စာရင်းပေးပို့ရန်၊ မပေးပို့ပါက ၂၈ ရက် နေ့ နောက်ပိုင်း မတရားအသင်း ဖြစ်သွားမည်”- ဟု ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က အပစ်ရပ်တပ်ဖွဲ့ အသီးသီးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နိုဝင်ဘာလ ၀ တပ်ဖွဲ့၏ တောင်းဆိုချက် ၉ ချက်ကို နအဖ က အကြွင်းမဲ့ ပယ်ချပြီးနောက်ပြီး ၀ ခေါင်းဆောင် ပေါက်ယူချမ်း နှင့် ထပ်မံ တွေ့ဆုံသော်လည်း ဆွေးနွေးမှု သဘောတူညီချက် မရဘဲ နှစ်ဘက်စစ်ရေးအပြိုင် တိုးချဲ့ ချထားခဲ့သည်။

ထို့အပြင် ၀ နယ်ရှိ နအဖ၏ နတလ ၀န်ထမ်းများ၊ NGO ၀န်ထမ်းများ ၀ နယ်မှ ထွက်ခွာကြရန် နအဖ အာဏာပိုင်တို့ ညွှန်ကြားခဲ့သည် အထိ တင်းမာခဲ့သည်။ ထို့အတူ မတ်လ ၂၇ တပ်မတော်နေ့က ယနေ့တိုင် တာချီလိတ် အထွက်မှ တောင်ပိုင်း ၀ နယ်အထိ တာချီလိတ် အခြေစိုက် နအဖ စစ်ဗျူဟာမှူး ကိုယ်တိုင် ကွင်းဆင်း စစ်ဆေးပြီး စစ်အင်အားပိုမို တိုးချဲ့ ချထားသည်ဟု တောင်ပိုင်း ၀ တပ်ဖွဲ့ကလည်း ပြောပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Monday, April 5, 2010

ကံကြီးထိုက်သူများနဲ့နိုင်ငံရေး


သာသနဥသျှောင် ပဓာနာစေရဆရာတော် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ သြ၀ါဒ
ကံကြီးထိုက်မယ့်သူများနဲ့ နိုင်ငံရေးသမား ညီညွတ်ရေးသို့

မောင်စွမ်းရည်
မတ် ၃၀၊ ၂၀၀၈

၁။ စစ်အစိုးရကိုထောက်ခံရင် ကံကြီးထိုက်မယ်

၂။ နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွှတ်ကြစမ်းပါ

ဗမာနိုင်ငံ ရှစ်လေးလုံး နိုင်ငံရေးအုံကြွမှုကာလအတွင်းက ကျောင်းသားဖုန်းမော် ကျဆုံးခဲ့တဲ့နေ့ကို ဗမာ့ နိုင်ငံရေး အဖွဲ့အစည်းများနဲ့ ကျောင်းသား အဖွဲ့အစည်း အားလုံးက ဗမာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့ ကြပါတယ်။

နယူးယောက်မြို့မှာ မတ်၁၅ရက်နေ့၊ စနေနေ့က ကုလသမဂ္ဂပလာဇာ ဒုတိယထပ်မှာ ဗမာနိုင်ငံ လူအခွင့်ရေး အထိမ်းအမှတ်နေ့ကို ကျင်းပပါတယ်။ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲကို နှစ်ပိုင်းခွဲပြီးကျင်းပရာ ပထမ ပိုင်းမှာ နယူးယောက် ဗမာလူငယ်များ ဦးစီးပြီး ဒုတိယပိုင်းကို သာသနာမောဠိ အဖွဲ့က ဦးစီးကျင်းပခဲ့ပါတယ်။ ပထ မပိုင်းမှာ မန္တလေးတက္ကသိုလ်၊ သမိုင်းဆရာဟောင်း ဦးအောင်ခန့်က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး ဒုတိယ ပိုင်းမှာ ဦးစန္ဒောဘာသ(ဘက်ဖဲလို)က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပါတယ်။

ပထမပိုင်းအခမ်းအနားမှာ ကဗျာဆရာဦးစွမ်းရည်က ဖုန်းမော်ကဗျာရွတ်ဆိုဖွင့်လှစ်ပြီးနောက် အမေရိ ကန်ပြည်ထောင်စု အရှေ့ပိုင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌ ဦးအောင်စော ဦးက “ဗမာ့စစ်တပ်ရဲ့ လူသတ်မှု သမိုင်းကြောင်း”ကို သုတေသန ပြုလုပ် ထုတ်ဖော် ဟောကြားပါတယ်။

ဆက်လက်ပြီး ရှစ်လးလုံးကာလ၊ လူ့ဘောင်သစ်အဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်နဲ့ ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင်ဟောင်းများ ဖြစ်ကြတဲ့ ကိုရင်အေး၊ ကိုအောင်ကျော်မြင့်၊ ကိုဇော်ဝင်း စသူတို့က ဖုန်းမော် ကျဆုံးစဉ်က အတွေ့အကြုံများကို ပြန်လည် တင်ပြကြပါတယ်။

ဒုတိယပိုင်းမှာ သာသနာမောဠိအဖွဲ့၊ ပဓာန နယကဆရာတော်ကြီးဖြစ်တဲ့ မစိုးရိမ်ဆရာတော်ကြီး ဦး ၏ကောဝိဒ နဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝိလာသတို့က သြ၀ါဒစကားများ ပြောကြားသွားကြပါတယ်။

ဆရာတော်ကြီးဦးကောဝိဒက မိမိအနေနဲ့ ရှစ်လေးလုံး ကာလတုန်းက ပြည်သူလူထုနဲ့ တကွ သံဃာတော်တွေကို မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်အစိုးရကို ကြည့်နေလို့ မဖြစ်တော့လို့ သံဃာတော်များ မှာရှိတဲ့ တခုတည်းသာ ပိုင်ဆိုင်တဲ့ သပိတ်ကို အသုံးပြုပြီး ပတ္တနိက္ကုဇ္ဇနခေါ် သပိတ်မှောက် ကံဆောင်မှုကို ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။

ဦးသုမင်္ဂလစတဲ့ တိပိဋိက ဓမ္မဓရ ဆရာတော်ကြီးများလဲ ပါဝင်ခဲ့ပါတယ်။ မိမိမှာ မန္တလေး မစိုးရိမ် တိုက်ဟောင်း၊ တိုက်သစ် နှစ်ကျောင်းနဲ့ ရန်ကုန်မှာပါ စာချခဲ့ရာမှာ ဗမာပြည် အနှံ့အပြားမှာ တပည့်သံဃာပေါင်း ၆၀၀၀ ကျော်ရှိခဲ့လို့ သူတို့လဲ ပါဝင်ဦးဆောင်ပြီး သပိတ်မှောက် ကြပါတယ်။

ဒါကြောင့် မိမိနဲ့တကွ သံဃာတော်များစွာ ဖမ်းဆီးနှိပ်စက် ခံကြရပြီး တချို့ပျံလွန်ခဲ့ရပါတယ်။ မိမိမှာ ၃ နှစ်မျှ အကျဉ်းချခံရပြီး လွတ်တဲ့အခါ အမေရိကန် ပြည်ထောင်စုကို ထွက်ခဲ့ပါတယ်။

နောက်အခါ ပြည်တွင်းမှ သံဃာတော်များချည်း စုပေါင်း ချီတက်ရင်း မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြကြ တာကို သေနတ်နဲ့ ပစ်ပြီး ဖမ်းဆီး သတ်ဖြတ်ခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် မနေသာလို့ ပြည်ပကနေ သာသနာ့ မောဠိ အဖွဲ့ကြီးကို ဦးဆောင်ဖွဲ့စည်းပြီး စစ်အစိုးရ မပြုတ်မချင်း သံဃာများက တတ်နိုင်တဲ့နည်းနဲ့ လုပ်ဆောင်သွားဖို့ ဆောင်ရွက်နေပါတယ်။ သံဃာတော်များ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခံရပုံတွေကို သမိုင်းပြုစုထားဖို့ လိုပါတယ်။

ရှေးခေတ်ကဗမာရေးမှာ မင်းဆိုးမင်းညစ် ရှမ်းသိုးဟန်ဘွားက သတ်ဖြတ်ခဲ့လို့ ဂငယ်သုံးခု ဥသျစ် ဆိုပြီး သမိုင်းတွင်ခဲ့ပါတယ်။ ၈၈၈ (ရှစ်ရာရှစ်ဆယ့်ရှစ်) ခုနှစ်မှာ ဖြစ်ပွားခဲ့တယ်လို့ အဓိပ္ပာယ်ရပါတယ်။ (ရှမ်းသိုဟန် ဘွားကို ဘုရင့်နောင်က မင်းဆိုးမင်းညစ် အဖြစ် တော်လှန်ခဲ့ပါတယ်။ ရှမ်းဗမာ လူမျိုးရေး ကိစ္စမဟုတ်ပါ။ ဘုရင့်နောင် ကပဲ ရှမ်းလူမျိုး ကုန်းဘောင်စော်ဘွားကို ပြန်လည် နန်းတင်ခဲ့တာကို သတိပြု မှတ်သားရပါမယ်။)

ဆရာတော်ကြီးက မိမိကိုယ်တိုင် ငွေကုန်ကြေးကျခံပြီး သံဃာ့အရေးတော်ပုံ ဓာတ်ပုံများ၊ အမျိုးမျိုးပါရှိတဲ့ ရုပ်ပုံကတ်ပြား ၄-၅ မျိုး ရိုက်နှိပ်ဖြန့်ဝေ စေချင်ကြောင်း၊ ပြည်တွင်းမှာလဲ မသိလိုက်ကြသူများ အနှံ့အပြားသိကြရအောင် ပေးပို့ ဖြန့်ဝေချင်လို့ ကူညီကြဖို့ အကြောင်းကိုလဲ မိန့်ကြား သွားပါတယ်။

၁၃၀၀ပြည့်အရေးတော်ပုံကာလ ဘုန်းကြီး သတ္တမတန်း ကျောင်းသားဘ၀မှာ မန္တလေး ၂၆ ဘီလမ်း ပေါ်မှာ အင်္ဂလိပ်အစိုးရက သေနတ်နဲ့ ပစ်ခတ်နှိမ်နှင်းလို့ သံဃာတော် ၇ ပါး ပျံလွန်တော်မူခဲ့ပါတယ်။ အဲဒါလဲ သမိုင်းရှိပြိး မန္တလေး-စစ်ကိုင်းသွား ကားလမ်း၊ အမရပူရမြို့ မရောက်ခင် နေရာမှာ ရဟန်း အာဇာနည်အုတ်ဂူများ တည်ဆောက် ထားရှိပါတယ်။

ကျောင်းသားသမဂ္ဂအဆောက်အဦးကို စစ်တပ်အာဏာပိုင်များက ဗုံးခွဲဖြိုဖျက်ခဲ့တဲ့ ၇-ရက်ဇူလိုင်သမိုင်း၊ အလုပ်သမား လှုပ်ရှားမှုသမိုင်း၊ ရှစ်လေးလုံး သမိုင်းစတဲ့ သမိုင်းဝင် အရေးတော်ပုံတွေကို မော်ကွန်းထိုးထား ကြသလို သံဃာ အရေးတော်ပုံကြီးကိုလဲ မော်ကွန်း ထိုးကြရပါမယ် - စသည်ဖြင့်လဲ ဟောကြားသွားပါတယ်။

ဆရာတော်ကြီးအနေနဲ့ ပြည်သူလူထုတရပ်လုံးကို ဦးတည်ပြီး သြ၀ါဒပေးသွားတဲ့အဓိက အချက်နှစ်ချက် ရှိပါတယ်။

ပထမအချက်က နိုင်ငံရေးသမားများ ညီညွှတ်ရေးပဲ ဖြစ်ပါတယ်။

ဘုန်းကြီးအနေနဲ့ နိုင်ငံရေးကို မသိဘူး၊ ဒါပေမဲ့ ရှစ်လေးလုံးကာလကတည်းက မတရားတာတွေမြင်လို့ ထပြီး ဦးဆောင်ခဲ့တယ်။ သပိတ်မှောက်ခဲ့တယ်။ ခုပြည်ပရောက်လာတော့လဲ နိုင်ငံရေးနဲ့ ကင်းကင်းပဲ နေခဲ့တယ်။ ခုအခါ နိုင်ငံရေး သမားတွေနဲ့ မလွှဲမရှောင်သာ တွေ့ဆုံရတော့ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့၊ ပုတ်ခတ် တိုက်ခိုက်နေတာနဲ့ အချိန်ကုန်နေကြလို့ သိပ်စိတ်ပျက်မိတယ်။ စစ်အာဏာရှင်ကို မတိုက်နိုင်ဘဲ ကိုယ့်အချင်း ချင်းတိုက်နေကြတယ်။ ဒါကြောင့် ခုအခါ ညီညွှတ်ကြစမ်းပါလို့ ပြောချင်တယ်။ ဟန်ဆောင်ဖြစ်ဖြစ် ညီညွှတ်ကြ စမ်းပါလို့ သြ၀ါဒ ပေးသွားပါတယ်။

ဒုတိယအချက်ကတော့ ခုအခါ ပြည်ပရောက်ဗမာများကို မဲပေးဖို့ စစ်အစိုးရက စာတွေပို့နေတယ်။ တချို့ဒကာ-ဒကာမတွေ ကလဲ ဗမာပြည်ကို မပြန်ရမှာစိုးလို့ မဲပေးဖို့ နန့်နန့်တက် နေကြတယ်။ ဘုန်းကြီးလဲ ပြန်ချင်ပါတယ်။ ဒါပေမယ့် အောင့်ထားတယ်။ စစ်အစိုးရကို မဲပေး ထောက်ခံသူတွေဟာ စစ်အစိုးရနဲ့ ကြံရာပါတွေ ဖြစ်သွားပါလိမ့်မယ်။

သံဃာတွေက စစ်အစိုးရကို သပိတ်မှောက်ထားတာ ခုထက်ထိ မလှန်သေးဘူး။ သပိတ်မှောက်တယ်လို့ တင်စားပြောတာ။ ဟိုဘက်အိမ်က ဆူနေတယ်လို့ ပြောတာဟာ အိမ်ကြီးကဆူတာ မဟုတ်ဘူး။ အဲဒီအိမ်ထဲက လူတွေ ဆူနေတာကို ဥပမာနည်းနဲ့ တင်စားပြောတာ။ ဘုန်းကြီးများ သပိတ်မှောက်တယ် ဆိုတာ စစ်အစိုးရကို "သာရေး နာရေးကအစ လုံးဝ မဆက်ဆံဘူး" လို့ ကြေငြာတာ။

သံဃာသပိတ်မှောက်ခံရသူများဟာ ကံကြီးထိုက်တတ်တယ်။ သူတို့လဲ အလွန်ဆုံးနှစ်လ အတွင်းမှာပဲ ကံကြီး ထိုက်လိမ့်မယ်။ သူတို့ကို မဲမပေးကြနဲ့လို့ ဘုန်းကြီးတို့က မပြောကောင်းဘူး။ ၀ိနည်းနဲ့ ထောက်နိုင်တယ်။ ပေးချင်ပေးကြ။ ပေးသူတွေဟာ သူတို့ကို ထောက်ခံ အားပေးရာကျလို့ သူတို့နဲ့အတူ ကံကြီး ထိုက်လိမ့်မယ်လို့ သတိ ပေးလိုက်တယ်။

ဗမာပြည်ကိုလဲ လှမ်းပြီး အော်ပြောလိုက်မယ်။ စစ်အစိုးရကို အားပေးထောက်ခံသူတွေ ကံကြီးထိုက်မယ်။ သတိထားလို့။ ဒါကြောင့် ပြည်ပက ဒကာ ဒကာမတွေလဲ နန့်နန့်တက် မနေကြနဲ့။ ဘုန်းကြီးတို့လည်း တောင့်ထား မယ်။ ဒကာ ဒကာမတွေလဲ ခဏအောင့်ထားလိုက်ကြ။ ကံကြီးထိုက် မခံကြရစေနဲ့ လို့ သတိပေးလိုက်ပါတယ်။
စသဖြင့် သြ၀ါဒပေးသွားပါတယ်။

ဆရာတော်ကြီး သြ၀ါဒပေးပြီးတဲ့နောက် ဒုတိယဥက္ကဌ ဦးဝိလာသနဲ့ ရဟန်းပျိုသမဂ္ဂဦးအဂ္ဂဓမ္မတို့က သြ ၀ါဒများနဲ့ အတွေ့အကြုံများကို မိန့်ကြားတင်ပြပြီးနောက် ဦးဇင်း ဦးခေမိဿရ ဦးဆောင်ပြီး သံဃာများနဲ့ သံဃ သြ၀ါဒလာရောက်ခံယူကြသူ ဒကာ ဒကာမများက သံဃာအရေးတော်ပုံ ပိုစတာများကို ကိုင်၍ဆင်းပြီး နယူး ယောက်မြို့လယ်မှာ လမ်းလျောက်ဆန္ဒပြရင်း အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်။

၁။ စစ်အစိုးရကို ထောက်ခံသူတွေ ကံကြီးထိုက်မယ်။
၂။ နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွှတ်ကြပါ။
ဦးကောဝါဒ (မစိုးရိမ်ဆရာတော်ကြီး)
သာသနာ့မောဠိအဖွဲ့၊ ပဓာန နယကဆရာတော်

ဆရာတော်ကြီးရဲ့မိန့်ခွန်း မှတ်တမ်းတင်သူ
မောင်စွမ်းရည်
၁၆ မတ် ၂၀၀၈
နယူးယောက်



Ref: မိုးမခ

Read More...

ဖိနပ်ကြားက နတ်စကားထွက်တဲ့ နအဖပြောတဲ့ အမျိုးသားနိုင်ငံရေး

ရဲဘော်ဖိုးသံချောင်း
၅/ ဧပြီ ၂၀၁၀

မတ်လ (၂၇) ရက်နေ့က ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းထဲမှာ သူတို့စစ်တပ်ဟာ အမျိုးသား နိုင်ငံရေးကို လုပ်သွားမယ်လို့ ထပ်မံ အတည်ပြု ပြောသွားတာ ကြားလိုက်ကြရပါတယ်။ ပြောရရင် မြန်မာပြည် နိုင်ငံရေးမှာ အတော်လေး ကြားကြရတဲ့ အသုံး အနှုန်းတွေထဲမှာ ဒီ “အမျိုးသားနိုင်ငံရေး” ဆိုတာလည်း ပါဝင်ပါတယ်။ ဒီအသုံးအနှုန်းနဲ့ တွဲပြီး ကြားရလေ့ရှိတဲ့ နောက်အသုံး အနှုန်း တခုကတော့ ပါတီနိုင်ငံရေး ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းနှစ်ခုကို တနေရာစီ သုံးကြတာကတော့ ကြာပါပြီ။ ဒါပေမယ့် အခုလို ဒီနှစ်ခုတွဲပြီး သုံးနှုန်းတာကတော့ စစ်အစိုးရများ၊ အထူးသဖြင့် န၀တ-နအဖ လက်ထက်ကျမှ ခေတ်စား လာတယ်ဆိုရင် မမှားဘူး ထင်ပါတယ်။

တကယ်က အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးကို ကိုလိုနီလက်ထက်၊ သူ့ကျွန်ဘ၀တုန်းက နယ်ချဲ့နဲ့ ဖက်ဆစ်ကို တွန်းလှန် လှုပ်ရှားမှုတွေမှာ စသုံးခဲ့တာပါ။ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ နိုင်ငံရေး သမားတွေ၊ ပါတီ အဖွဲ့အစည်းတွေက တီထွင်ခဲ့တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။ စစ်တပ်က တီထွင်တဲ့ စကားလုံး မဟုတ်ပါဘူး။ ဒါပေမယ့် အခု န၀တ-နအဖတို့ လက်ထက်ကျတော့ ဒီအသုံးအနှုန်းနဲ့ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ကြီးတွေလို့ အမွှန်းတင်ပြီး ကျန်တဲ့နိုင်ငံရေး အင်အားစုတွေ ကိုတော့ ကိုယ်ကျိုး၊ ကိုယ့်ပါတီ အကျိုးသာ ကြည့်သူလို့ အပုပ်ချ တိုက်ခိုက်တဲ့ အဓိပ္ပာယ်နဲ့ တွင်တွင်သုံးနေတာ တွေ့ရပါတယ်။ သူတို့ရဲ့ သဘောက ပါတီနိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ပဲ မသန့်ရှင်းတဲ့ နိုင်ငံရေးလို့ အဓိပ္ပာယ် ထွက်သယောင်ယောင် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ တချို့ကျောင်းသားတွေ၊ သာမန်လူတွေကတောင် မိမိတို့ လုပ်တာဟာ ပါတီနိုင်ငံရေး မဟုတ်ဘူး၊ အမျိုးသား နိုင်ငံရေးဖြစ်တယ်လို့ အင်မတန် သတိကြီးစွာနဲ့ ပြောကြားသံတွေ ကြားရပါတယ်။ ဒီလိုဖြစ်တာဟာ နအဖ လုပ်လိုက်လို့ ရှုပ်ထွေးကုန်တဲ့ လက္ခဏာဖြစ်ပါတယ်။

ဒီနေရာမှာ ထောက်ပြချင်တာတခုရှိပါတယ်။ ၁၉၉၀ ခုနှစ်ဆီတုန်းက “တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ” ဆိုတဲ့ စာအုပ်ကို န၀တ အစိုးရက ပြန်ထုတ်ခဲ့ပါတယ်။ တကယ်က အဲဒီစာအုပ်ဟာ မြ၀တီ စာအုပ်တိုက်က ၁၉၅၉ ခုနှစ်မှာ(ဗိုလ်နေ၀င်းတို့ ပထမအကြိမ် အာဏာ သိမ်းထားစဉ်ကာလ) ပထမဆုံးအကြိမ် ထုတ်ခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဖောင်းကားစားသမ္မတ ဒေါက်တာမောင်မောင်က စာမျက်နှာ (၅၀) လောက်ရှိတဲ့ အမှာစာကို ရေးတော့ အမျိုးသားနိုင်ငံရေး ဆိုတာကို တင်ပြတဲ့အနေနဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးပါတီတွေကို ရန်တိုက် ပေးခဲ့ပါတယ်။ ဗိုလ်နေ၀င်းကို အသားလွတ် အမွှန်းတင်ပြီး တခြားနိုင်ငံရေး အင်အားစု မှန်သမျှကို တိုက်ခိုက်တာပါပဲ။ ဆိုလိုတာ ဒီပြောနည်းဆိုဟန်ဟာ စစ်အုပ်စု ပထမ မျိုးဆက်ကနေ အခု ဗိုလ်သန်းရွှေတို့ မျိုးဆက်အထိ ဆက်ခံစေခဲ့တဲ့ ၀ါဒဖြန့်နည်း ဖြစ်တယ် ဆိုတာပါပဲ။ မသိနားမလည်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေး ပါတီတွေကို ရန်တိုက်ပေးဖို့အတွက် တီထွင်ထားတဲ့ လှည့်ကွက်ဖြစ်ပါတယ်။

ဒါနဲ့တဆက်တည်း ထောက်ပြဖို့လိုတာက ဒီနေ့ နအဖခေါင်းဆောင် အားလုံးလိုလိုဟာ တချိန်က မဆလပါတီ ပါတီဝင်တွေ၊ တချို့ဆိုရင် ဗဟို ကော်မတီဝင်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလ တုန်းကတော့ ဗိုလ်နေ၀င်းရော၊ ဗိုလ်သန်းရွှေတို့ရော ဘယ်သူကမှ ပါတီနိုင်ငံရေးဟာ မကောင်းဘူးလို့ မပြောခဲ့ကြပါဘူး။ ပြောလိုက်ရင် အဲဒီတုန်းက တခုတည်းသော ပါတီဖြစ်တဲ့ မဆလ ပါတီကို တိုက်ရိုက် ထိခိုက်တော့မှာ မဟုတ်ပါလား။ ဒါကြောင့် အခု နအဖ ထိပ်သီးတွေကို သူတို့ကော ပါတီနိုင်ငံရေး မလုပ်ခဲ့ဖူးဘူးလားလို့ မေးလိုက် သင့်ပါတယ်။

တကယ်က အမျိုးသားနိုင်ငံရေးဆိုတာကို လူတဦးတယောက်၊ ဒါမှမဟုတ် ပါတီတခုက ငါ (တို့) သာလျှင် လုပ်ခွင့် ရှိတယ်ဆိုပြီး ကိုယ်ပိုင်ပစ္စည်းလို လုပ်လို့ မရပါဘူး။ အလားတူပဲ အမျိုးသား နိုင်ငံရေးကို ငါတို့သာလုပ်ခွင့်ရှိတယ်၊ တခြား ဘယ်သူ၊ ဘယ်ပါတီမှ လုပ်ခွင့် မရှိဘူးလို့ လက်ဝါးကြီး အုပ်လို့လည်း မရပါဘူး၊ လူတိုင်း၊ ပါတီတိုင်းမှာ လုပ်ခွင့်ရှိပါတယ်။

မှန်တာပြောရရင် လူတဦးချင်းပဲဖြစ်ဖြစ်၊ ပါတီအဖွဲ့အစည်း တခုပဲဖြစ်ဖြစ် နိုင်ငံရေး လုပ်တယ်ဆိုရင် ကိုယ်စားပြုမှုရှိတာချည်း ဖြစ်ပါတယ်။ လူသားအားလုံး၊ တယောက်မကျန်ကို ကိုယ်စားပြုတယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို အနီးဆုံး ဥပမာပြရရင် ဒီနေ့အခါမှာ ပြည်သူလူထု အများတကာ့ အများစုကြီးကို ကိုယ်စားပြုတဲ့ လူတယောက်ဟာ စစ်အုပ်စုကို ကိုယ်စားပြုလို့ မရပါဘူး။ အလားတူပဲ စစ်အုပ်စုဝင်တွေဟာ ဘယ်နည်းနဲ့မှ ပြည်သူလူထု အများစုကြီးကို ကိုယ်စား မပြုနိုင်ပါဘူး။ ဒင်းတို့ဟာ တတိုင်း တပြည်လုံးက ပြည်သူတွေကို မဆိုထားနဲ့ နာဂစ်မုန်တိုင်းဒဏ် ခံရသူတွေကိုတောင် ကိုယ်စား မပြုနိုင်ဘူးဆိုတာ လက်တွေ့ မြင်ခဲ့ကြရပြီ မဟုတ်ပါလား။

တကယ်က ဒီလိုနိုင်ငံရေးပါတီတွေကို အပုပ်ချပြီး စစ်တပ်ကို အမွှန်းတင်တဲ့လုပ်ထုံးဟာ ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ် စစ်အုပ်စု လက်ထက်က စခဲ့တာလို့ဆိုရင် မမှားပါဘူး။ သူတို့ဟာ သူတို့နဲ့အနီးဆုံး လုပ်ကိုင်နေတဲ့ ဖဆပလ ခေါင်းဆောင်တွေရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်တွေကို တွေ့မြင်ပြီး အဲဒီလူတွေကို အထင်သေး၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ ဖြစ်လာတာပါပဲ။ ဒီလိုကနေ သူတို့ခေါင်းထဲမှာ အာဏာသိမ်းဖို့ အတွေးအခေါ်၊ အကြံဉာဏ်တွေ ပေါ်လာတာဖြစ်ပါတယ်။ ဒီလို အာဏာသိမ်းမှုကို တရားပြုပေးတဲ့ စဉ်းစားနည်းနဲ့ ရှင်းပြနည်းကို စစ်အုပ်စု အဆက်ဆက် လက်ဆင့်ကမ်း သယ်ခဲ့ကြတာ မြန်မာပြည်မှာ ရာစုနှစ် တ၀က်နီးပါး ရှိခဲ့ပါပြီ။

ဒီနေ့ နအဖချုပ်ကိုင်ထားတဲ့ စစ်တပ်ဟာ ကိုလိုနီလက်ထက်ကတည်းက စတင်ခဲ့တဲ့ မြန်မာပြည်ရဲ့အမျိုးသားနိုင်ငံရေး အစဉ်အလာ၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ အစဉ်အလာကို အမျိုးသားနိုင်ငံရေး အစဉ်အလာကို ထိန်းသိမ်း ထားသလားလို့ မေးကောင်း မေးလာနိုင်ပါတယ်။ အဖြေက ဒီတပ်ကို ချုပ်ကိုင်တဲ့လက်တွေ ပြောင်းသွားတာနဲ့အမျှ တပ်ရဲ့လက္ခဏာဟာလည်း ပြောင်းလဲ သွားခဲ့ပါတယ်။ ဒီတပ်ကို ဗိုလ်နေ၀င်းနဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေက ချုပ်ကိုင်ခဲ့တဲ့ အချိန်ကစလို့ ဒီတပ်ဟာ လူတစု၊ ပိုတိကျအောင် ပြောရရင် စစ်အုပ်စုတစုရဲ့ လက်ကိုင်တုတ်တပ်၊ ခါးပိုက်ဆောင်တပ် ဖြစ်သွားတယ်လို့ ပြောနိုင်ပါတယ်။ ဒီတပ်ကြီးဟာ ပြည်သူလူထုရဲ့ ချုပ်ကိုင်မှုအောက်မှာ လုံးဝ မရှိတော့တဲ့ အပြင် စစ်အုပ်စုတွေက ဒီတပ်ကြီးကို အသုံးပြုပြီး ပြည်သူလူထုကို ချုပ်ကိုင်ဖို့ လုပ်နေတာချည်း တွေ့ခဲ့ရတာ နှစ်ပေါင်း (၅၀) လောက် ရှိခဲ့ပါပြီ။ ဒါကြောင့်မို့ ဒီတပ်ကြီးဟာ စစ်အုပ်စုကိုကာကွယ်တဲ့ နိုင်ငံရေးကိုပဲ လုပ်နေတယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

ဒါဖြင့် အမျိုးသားနိုင်ငံရေးဆိုတာ ဘာလဲ။ လူပြောသာများနေတယ်၊ အကောင်အထည်နဲ့ ပြစရာ ရှိလို့လားလို့ မေးချင် မေးလာ ပါလိမ့်မယ်။ အမျိုးသား နိုင်ငံရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ သက်ဆိုင်ရာကာလ တခုအတွင်း အဲဒီနိုင်ငံအတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ နိုင်ငံသား အများစုကြီးနဲ့ တိုက်ရိုက် ပတ်သက်ပြီး အရေးတကြီး ဖြေရှင်းဖို့ လက်ငင်း လိုအပ်နေတဲ့ ဘုံအရေးတော်ပုံ၊ ဒါမှမဟုတ် ဘုံကိစ္စရပ်ကြီးတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီလို အရေးတော်ပုံကြီးတွေကို ဖြေရှင်းရာမှာ ပြည်သူလူထု အများစုကြီးဘက်က ပါဝင် လုပ်ကိုင်တာဟာ အမျိုးသား နိုင်ငံရေးလုပ်တာပါပဲ။ သာမန် ဆွမ်းကြီးလောင်း အသင်းအတွက် လုပ်တာလောက်ကို အမျိုးသား နိုင်ငံရေးလို့ မခေါ်ပါဘူး။ တတိုင်းတပြည်လုံးနဲ့ တိုက်ရိုက် ပတ်သက်တဲ့ ဖက်ဆစ် တော်လှန်ရေးလို ဘုံအရေးတော်ပုံကြီးတွေကိုမှ ခေါ်ဆိုနိုင်တာပါ။ နောက်တချက်က သက်ဆိုင်ရာ ကာလ တခုအတွင်းလို့ အထက်မှာ ရေးခဲ့ပါတယ်။ ဆိုလိုတာ အမျိုးသားနိုင်ငံရေးဆိုတာ အချိန်ကာလအလိုက် ပြောင်းလဲ တတ်တယ်ဆိုတာပါပဲ။ မြန်မာပြည် ထဲမှာကိုပဲ ကိုလိုနီခေတ်က အမျိုးသား နိုင်ငံရေးဆိုတာနဲ့ ဒီနေ့အမျိုးသား နိုင်ငံရေးတို့ဟာ မတူတော့ပါဘူး။ ကိုလိုနီခေတ်တုန်းက အမျိုးသား နိုင်ငံရေးဟာ ကိုလိုနီဘ၀က လွတ်မြောက်ရေး၊ တနိုင်ငံလုံးလွတ်လပ် ရေးပဲဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကို စစ်အစိုးရတွေက အုပ်ချုပ်လာတဲ့ နောက်မှာတော့ မြန်မာပြည် အမျိုးသားနိုင်ငံရေးရဲ့ အဓိက လက္ခဏာဟာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေး ဖြစ်လာပါတယ်။

ဒီအမျိုးသားနိုင်ငံရေး ရေစီးကြောင်းကို ဆန့်ကျင်သလား၊ အတူချီတက် တိုက်ပွဲ ၀င်သလားဆိုတာဟာ ဒီနေ့ နိုင်ငံရေး သမားတွေ၊ ပါတီ အဖွဲ့အစည်းတွေကို တိုင်းတဲ့စံဖြစ်ပါတယ်။ နအဖ အပါအ၀င် စစ်အုပ်စု အဆက်ဆက်ဟာ ဒီရေစီးကြောင်းကြီးကို ဆန့်ကျင် ဖျက်ဆီးကြသူတွေ ဖြစ်တဲ့အတွက် အမျိုးသားနိုင်ငံရေးကို လုပ်နေသူတွေ မဟုတ်ဘဲ ဖျက်ဆီးနေသူတွေ ဖြစ်တယ်လို့ အတိအကျ ပြောနိုင်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

မြို့သူကြီးနှင့် ကံကြီးမောင်

ဇော်မင်း (လူ့ဘောင်သစ်)

မြို့သူကြီးနှင့် ကံကြီးမောင်

Read More...

အပေါ်သို့