..............................

Friday, June 17, 2011

ကချင်သို့ စစ်ကူသွားမည့် ချင်းပြည်က မြန်မာအစိုးရ စစ်သားများ သယ်ဆောင်သည့်ကား မှောက်

June 16th, 2011

ကချင်ပြည်သို့ စစ်ကူအဖြစ် သွားရောက်ကြမည့် ချင်းပြည်နယ် မှ မြန်မာအစိုးရ စစ်သားများ သယ်ဆောင်သော ဘာစ်ကား တစီး ဇွန်လ ၁၄ ရက်နေ့က တိမ်း မှောက်သောကြောင့် စစ်သား ၄၀ ဦး ဒါဏ်ရာ ရရှိပြီးနှစ်ဦး ဆုံးသွားကြောင်း သိရသည်။

မြန်မာအစိုးရစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)တပ်များ တိုက်ပွဲဖြစ်ပွားရာ မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်သို့ စစ်ကူ အဖြစ် ပို့ဆောင်မည့် ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်သား အင်အား ၈၀ ခန့် သယ်ဆောင်လာသော ရွေခြင်္သေ့ ဘာစ်ကားသည် စစ်ကိုင်းတိုင်း ကလေးမြို့ မရောက်မီ မိုင် ၄၀ ခန့် ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် တိမ်းမှောက်ခဲ့ပြီး ပေ ၂၀၀ အထိ လိမ့်ဆင်းသွားသည်ဟု ဒေသခံ တဦးက ဆိုသည်။

ဒါဏ်ရရ စစ်သားများကို ကလေးမြို့ အောင်သစ္စာရပ်ကွက်၊ ခလရ ၈၉ အနီး တပ်မတော် ဆေးရုံတွင် ပြုစု ကုသ နေကြကြောင်း စစ်သား နှစ်ဦးသည် ဆေးရုံရောက်မှ ဆုံးသွားခြင်း ဖြစ်ပြီး အရာရှိ တချို့ လည်း ဒါဏ်ရာ ပြင်းထန်ကြောင်း သိရ သည်။

ဟားခါးမြို့ တပ်မိသားစုအသိုင်းအ၀ိုင်းမှ အမည်မဖော်လိုသူ တဦးက အဆိုပါ စစ်သားများသည် ကချင်ပြည်နယ်သို့ စစ်ကူ အဖြစ် ပို့ဆောင်မည့် စစ်သားများ ဖြစ်သည်ဟု ပြောသည်။ သို့သော်လည်း ခိုနူမ်းထုန် အနေဖြင့် သီးခြား အတည်ပြုချက် မရရှိနိုင်သေးပေ။

ကားဒရိုင်ဗာ ပါထန်းဆိုသူသည် အပြင်းအထန်ဒါဏ်ရာ ရသွားသဖြင့် မည်သို့ ကားမှောက်ရသည်ကို အသေးစိပ် မသိရှိ နိုင်သေးကြောင်း၊ ဘာစ်ကားသည် ရစရာမရှိအောင် ပျက်စီးသွားသည်ဟု ဒေသခံ မျက်မြင် တဦးကပြောသည်။

အဆိုပါဘာစ်ကားသည် စစ်သားများပို့ဆောင်ရန် ချောဆွဲထားသော ပုဂ္ဂလိကပိုင် ဘာစ်ကား ဖြစ်သည်ဟု ဟားခါး ဒေသခံ တဦးက ပြောသည်။

“ စစ်သားတွေဟာ ဟားခါး- ကလေးမြို့ပြေးဆွဲနေတဲ့ ပုဂ္ဂလိကပိုင်ရွှေခြင်္သေ့ လိုင်းကားကို ချောဆွဲကြတယ်၊ သူတို့က လက်နက် အပြည့်အစုံနဲ့ပေါ့ ၊ဗိုလ်မှူးကြီး တဦးလည်းပါတယ်” ဟု သူကပြောသည်။

မြန်မာစစ်အစိုးရ နှင့် KIA သည် လအတန်ကြာ စစ်ရေး တင်းမာခဲ့ ပြီးနောက် ဇွန် ၉ ရက် နေ့က စတင်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲကြောင့် ကချင်ပြည်နယ် မိုးမောက်၊ ဗန်းမော်၊ မန်စီ၊ ဝိုင်းမော် တို့မှ ရွာသားများ သောင်းချီ တရုတ် နယ်စပ်ဘက်သို့ ထွက်ပြေး တိမ်းရှောင် နေကြရသည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နှင့် မြန်မာစစ်အစိုးရတို့ ၁၇ နှစ် အကြာ ငြိမ်းချမ်းရေး ယူပြီးနောက် တိုက်ပွဲများ ပြန်လည် ပေါ်ပေါက်လာခြင်း ဖြစ်သည်။


Ref: KHONUMTHUNG NEWS

Read More...

တြိဂံတိုင်းမှူး ရှောင်တခင် စစ်ဆေးခံရ

ရန်ပိုင်
Thursday, 16 June 2011

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့အခြေစိုက် တြိဂံတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးအား လိုင်စင်မဲ့ကားများနှင့် ပတ်သက်၍ ပြီး ခဲ့သည့် တနင်္လာနေ့က နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကကကြည်း) အထူးစစ်ဆေးရေး အဖွဲ့က ရှောင်တခင်ဝင် ရောက် စစ်ဆေးသည်ဟု သတင်းရသည်။

ထိုင်းနိုင်ငံဘက်မှ လိုင်စင်မဲ့ကားများ တရားမ၀င် ၀င်ရောက်မှု များပြားနေခြင်းတွင် ဗိုလ်မှူးချုပ် သန်းထွန်းဦး ပါဝင် ပတ်သက်သည်ဟု သံသယ ရှိသည့် အတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ အမိန့်ဖြင့် ၀င်ရောက် စစ်ဆေးခြင်း ဖြစ်ကြောင်း စစ်ဘက် အသိုင်းအ၀ိုင်းမှ သိရသည်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ယခင်က တြိဂံတိုင်း တိုင်းမှူး တာဝန် ယူခဲ့ဖူးသည်။

တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သည့် ကျိုင်းတုံမြို့ခံတဦးက “လုပ်စားနေတယ်လို့ သံသယရှိလို့ စစ်ဌာနချုပ် ဖုန်းလိုင်းတွေ အားလုံး ချက်ချင်းဖြတ်ပြီး ချက်ချင်း ၀င်စစ်တာ”ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ၂ရက်နေ့က တာချီလိတ်မြို့ ရက်ဂျီးနား ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံ နယ်စပ် အစည်းအဝေး တွင်လည်း လိုင်စင်မဲ့ကားများ ၀င်ရောက်နေမှုနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့သေးသည်ဟု တာချီလိတ်မြို့ခံ တဦးကလည်း ပြောသည်။

တရားမ၀င် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် မြ၀တီ၊ တာချီလိတ် စသည့် မြို့များမှ တင်သွင်းပြီး အများဆုံး ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ကရင်ပြည်နယ် မြ၀တီမြို့သို့ ဖြတ်၍ ခိုးသွင်းခြင်း ဖြစ်သည်။

ယခုလကုန်ပိုင်း နေပြည်တော်တွင် တရားမ၀င်လိုင်စင်မဲ့ မော်တော်ယာဉ်များကို လိုင်စင် ထုတ်ပေးရန် အာဏာပိုင်တို့က စီစဉ်နေ သည်ဟူသော သတင်းများကြောင့် စီးပွားရေး သမားတချို့က လိုင်စင်မဲ့ ယာဉ်များကို ဒေသ အသီးသီးမှ ၀ယ်ယူပြီး စုဆောင်းလျက် ရှိသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းက မန္တလေးမြို့၌ တရားမ၀င်မော်တော်ယာဉ်များကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်၏ အမိန့်ဖြင့် ရှောင်တခင် ဖမ်းဆီးခဲ့ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင်နှင့် ဆက်နွယ်နေသည့် စီးပွားရေး လုပ်ငန်း ရှင်များ၏ ကားများလည်း ပါဝင်နေသည့်အတွက် ဗိုလ်မှူးချုပ် ရဲအောင်က ကန့်ကွက်ပြောဆိုမှု ပြုလုပ်ခဲ့သေးသည်။

Ref: ဧရာဝတီ်

Read More...

KIA အပေါ် ထိုးစစ်ဆင်နေတာ ရပ်တန့်ဖို့ အမေရိကန် တောင်းဆို

ဦးဇော်ဝင်းလှိုင်
ကြာသပတေး, 16 ဇွန် 2011

မြန်မာအစိုးရတပ်တွေ အနေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကို ထိုးစစ်ဆင် တိုက်ခိုက် နေတာတွေ ချက်ချင်း ရပ်တန့်ဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆို လိုက်ပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေတွေကို အမေရိကန် အစိုးရ အနေနဲ့ သတိထား စောင့်ကြည့် နေတဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ ဒီအကြောင်းနဲ့အတူ ကချင်ပြည်နယ် အတွင်းက နောက်ဆုံး အခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြ ပေးထားပါတယ်။

ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဒုက္ခသည်တွေ သောင်းနဲ့ချီ တရုတ်နိုင်ငံထဲကို ထွက်ပြေး လာနေတဲ့ အချိန်မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာ အစိုးရကို အခုလို တောင်းဆို လိုက်တာပါ။

အမေရိကန်အစိုးရ အနေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့် လေ့လာနေတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ကယ်လီ မက်ကဲလော့ဂ် (Kelly McKellog) က ပြောပါတယ်။

“ကချင်ပြည်နယ်အတွင်း အခြေအနေတွေဟာ အမျိုးမျိုး ပြောင်းလဲလာနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စု အနေနဲ့ အခြေ အနေတွေကို သတိထား စောင့်ကြည့်နေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကတည်းက မြန်မာ အစိုးရ တပ်တွေနဲ့ ကချင် လက်နက်ကိုင် အဖွဲ့အကြားမှာ တိုက်ပွဲ ဖြစ်နေတယ် ဆိုတာကို ကျမတို့ ကြားသိရပါတယ်။ အရေအတွက် အတည်ပြုလို့ မရနိုင်တဲ့ မြန်မာ ဒုက္ခသည်တွေလည်း တရုတ် နိုင်ငံထဲကို ထွက်ပြေးကြတယ် ဆိုတာကို ကျမတို့ သိပါတယ်။

“ဒါကြောင့် မြန်မာအစိုးရ အနေနဲ့ ဒီတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့ အစည်းတွေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ပေါ်စေမယ့် တွေ့ဆုံ ဆွေးနွေးမှုတွေ စတင်ဖို့ အမေရိကန်က တောင်းဆိုပါတယ်။”

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ကယ်လီ မက်ကဲလော့ဂ် ပြောသွားတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပြီး သီတင်း တပတ်လောက်အကြာ သူ့နိုင်ငံထဲ ဒုက္ခသည်တွေ သောင်းနဲ့ချီ ၀င်ရောက် လာတော့မှ တရုတ်နိုင်ငံ အနေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့် နေပါတယ်လို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟုန်းလီ (Hong Lei) က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

“အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံ နယ်စပ်က အခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင် သူတွေ အားလုံး အခြေအနေ ပိုဆိုးမသွားအောင် အေးအေးဆေးဆေးနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ သဘောထား ကွဲလွဲမှုတွေကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ လိုပါတယ်။ ဒီလို တဘက်နဲ့တဘက် ပဋိပက္ခတွေ ဖြစ်ပွား နေတာကြောင့် မြန်မာ နိုင်ငံသားတချို့ နယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံထဲ ၀င်လာကြပါတယ်။ သူတို့ရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေဆီမှာ ခိုလှုံကြဖို့ ဖြစ်ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ ထုံးစံအတိုင်း လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးနေပါတယ်။ မြန်မာစစ်ပြေး ဒုက္ခသည်တွေကို လက်မခံဘဲ ပြန်လွှတ် ပေးနေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။”

အခုနောက်ဆုံး သိရတဲ့ အခြေအနေအရ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြန်မာ စစ်တပ် အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေတုန်းဖြစ်ပြီး တရုတ်နိုင်ငံ ဘက်ကို ထွက်ပြေးလာသူ အရေအတွက်ဟာ ၂၀,၀၀၀ နီးပါး ရှိနေပြီလို့ သတင်းတွေ ထွက်နေပါတယ်။ KIA ဌာနချုပ်ရှိရာ လိုင်ဇာမှာတင် ဒုက္ခသည် ၂,၀၀၀ ကျော် ရောက်နေတယ်လို့ ဒီအခြေအနေတွေကို အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ ကချင် သတင်းဌာန အယ်ဒီတာ ဦးနော်ဒင်းက ပြောပါတယ်။

ဒုက္ခသည်တွေဟာ စစ်ဘေးရန်က လွတ်မြောက်ဖို့အပြင် မြန်မာစစ်တပ်က ပေါ်တာအဖြစ် သူတို့ကို အသုံးပြုမှာ စိုးတဲ့အတွက် အခုလို အလုံးအရင်းနဲ့ ထွက်ပြေးနေကြတာလို့ ဦးနော်ဒင်းက ပြောပါတယ်။

“ဒုက္ခသည်တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်တဲ့ တရုတ်နယ်စပ် ဘက်ကို ထွက်လာတာ ဖြစ်တယ်။ နယ်စပ်ကတော့ ၂၀,၀၀၀ နီးပါးလောက် ရောက်နေပြီလို့ ပြောတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေက တိတိကျကျ ဒုက္ခသည် စခန်းလည်း မရှိတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ အဓိကတော့ သူတို့က စစ်ပွဲကို ရှောင်တာထက် မြန်မာ စစ်တပ်တွေရဲ့ ပေါ်တာ ဆွဲတာကို သူတို့ ကြောက်တော့ နယ်စပ်ဘက် လုံခြုံတဲ့ နေရာကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ထွက်ပြေးတဲ့ ဒုက္ခသည်တွေက အများစုဖြစ်တယ် ဆိုတာ သိရတယ်။”

လောလောဆယ်မှာတော့ တရုတ်အစိုးရက ဒုက္ခသည်တွေကို ပြန်မောင်းမထုတ်ဘဲ ၀င်လာခွင့် ပြုနေတုန်း ဖြစ်တယ်လို့ ဦးနော်ဒင်းက ပြောပါတယ်။

“တရုတ်အစိုးရက အစောပိုင်းကတော့ ၀င်လာတဲ့ ဒုက္ခသည်တွေကို သူတို့က စစ်ဆေးမှုတွေ အတော်လေး လုပ်တယ်။ လုံးဝ မ၀င်နဲ့ဆိုတဲ့ ပုံစံနဲ့ ဟန့်တားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကလေးတွေ၊ သက်ကြီး ရွယ်အိုတွေကို အဓိက ၀င်ခိုင်းတယ်။ ဒါပေမဲ့ တရားဝင် လက်မှတ်ပုံစံနဲ့ လက်မှတ်ယူပြီး ၀င်ခိုင်းတာ ဖြစ်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ ရက်ကနေ စပြီး တရားဝင်ရော၊ တရားမ၀င်ရော သက်ကြီးရွယ်ငယ် မရွေး ၀င်လာတဲ့ ဒုက္ခသည်တွေ အားလုံးကို လက်ခံနေပြီ ဆိုတာ သိရပါတယ်။ ဒါပေမဲ့ တခုကတော့ ဒုက္ခသည်စခန်း သတ်သတ်ဆိုတာ မရှိတာပဲ။”

တရုတ်ပြည်ဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး ကိစ္စတွေကိုတော့ လောလောဆယ်မှာ KIO ကပဲ တတ်နိုင် သလောက် တာဝန် ယူထားပေမဲ့ ရေရှည်မှာ အခက်အခဲ ရှိနိုင်တယ်လို့ ကချင် လွတ်မြောက်ရေး တပ်က အရာရှိတွေက ပြောပါတယ်။

ဒါကြောင့်လည်း အခု တရုတ်ပြည်ထဲ ရောက်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို တရုတ်အစိုးရ အနေနဲ့ တတ်နိုင် သလောက် အကူအညီပေးဖို့ ကချင်အမျိုးသား အစည်းအရုံးက အတွင်းရေးမှူး ဒူးဝါး မခေါ်ခွန်ဆာက တောင်းဆို လိုက်ပါတယ်။

“ကျနော်တို့ အနေနဲ့ ဖြစ်စေချင်တာကတော့ KIO၊ KIA နဲ့ကလည်း တဘက်ကလည်း တော်လှန်ရေးကို၊ တိုက်ပွဲတွေကို ဆက်တိုက်နေတာ၊ တဘက်ကလည်း ထွက်ပြေး တိမ်းရှောင်လာတဲ့ အပြစ်မဲ့ လူထုတွေကို ကူညီ စောင့်ရှောက်ဖို့ ဆိုတာ ရေရှည်မှာ မဖြစ်နိုင်ဘူး ဆိုတဲ့ဟာကို ကျနော့်အနေနဲ့ နားလည် သဘောပေါက်တယ်။ အဲဒါကြောင့် ဖြစ်နိုင်မယ် ဆိုရင်တော့ တရုတ် အစိုးရ အနေနဲ့ နိုင်ငံတကာက ၀င်ရောက် ကူညီတာ မကြိုက်ဘူး ဆိုရင်လည်း သူတို့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီ ကူညီ စောင့်ရှောက်နိုင်အောင် ကြိုးစားပါ။

“ဒါပေမဲ့ သူတို့မှာလည်း သူတို့နိုင်ငံရဲ့ ပြည်တွင်းရေး အခက်အခဲတွေ၊ သူတို့နိုင်ငံရဲ့ ဘတ်ဂျက်တွေ၊ ငွေရေး ကြေးရေး တွေကြောင့် အခက်အခဲဖြစ်တယ် ဆိုရင်လည်း နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း အပါအ၀င်ပေါ့၊ အားလုံး နိုင်ငံတကာက ၀င်ရောက်ပြီးတော့ စစ်ပြေး ဒုက္ခသည်တွေကို အကူအညီ ပေးနိုင်ဖို့ အတွက် ခွင့်ပြုဖို့ လိုမယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

သမ္မတ ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့အထဲ အမျိုးသား ပြန်လည်ပေါင်းစည်းရေး၊ တိုင်းရင်းသား တွေနဲ့ သွေးစည်း ညီညွတ်ရေး ကိစ္စတွေကို ထည့်သွင်း ပြောကြားသွားပေမဲ့ အခုချိန်ထိ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား တွေနဲ့ တွေ့ဆုံ ဆွေးနွေးခြင်း မလုပ်တဲ့အပြင် အခုလို အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်း တွေကို ထိုးစစ်ဆင် တိုက်ခိုက် လာနေတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ကချင်စစ်ပြေး ဒုက္ခသည် အများစု ၀င်ခွင့်မပြုတာ မဟုတ်ဟု တရုတ်အစိုးရ ငြင်းဆို

ကြာသပတေး, 16 ဇွန် 2011

ကချင်ပြည်နယ်အတွင်းမှာ KIA နဲ့ မြန်မာစစ်တပ်တွေ အကြား ဆက်တိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲ ဖြစ်တဲ့ ဒေသတွေဆီက ထောင်နဲ့ချီတဲ့ ကချင် ပြည်သူတွေဟာ တရုတ် နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံဖို့ ကြိုးစားကြပေမဲ့ တရုတ် အာဏာပိုင်တွေက လက်မခံတာကြောင့် ဒုက္ခ ဖြစ်ကြရတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်းလီ (Hong Lei) က ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း အခုလို ဖြေရှင်းခဲ့ပါတယ်။

“အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံ နယ်စပ်က အခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေ အားလုံး အခြေအနေ ပိုဆိုးမသွားအောင် အေးအေးဆေးဆေးနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ သဘောထား ကွဲလွဲမှုတွေကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ လိုပါတယ်။ ဒီလို တဘက်နဲ့တဘက် ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံသား တချို့ နယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံထဲ ၀င်လာကြပါတယ်။ သူတို့ရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေဆီမှာ ခိုလှုံကြဖို့ ဖြစ်ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ ထုံးစံအတိုင်း လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုး ပေးနေပါတယ်။ မြန်မာ စစ်ပြေး ဒုက္ခသည် တွေကို လက်မခံဘဲ ပြန်လွှတ် ပေးနေတယ် ဆိုတာ လုံးဝ မဟုတ်ပါဘူး။”

တရုတ်နိုင်ငံဘက် ထွက်ပြေးကြတဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေကို တရုတ် အာဏာပိုင်တွေက လက်မခံဘဲ ပြန်လွှတ် နေတယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဟုန်းလီ ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း စုံစမ်းသိရှိရတဲ့ သတင်းတွေအရ ဒီ စစ်ပြေးဒုက္ခသည်တွေ အားလုံးကို လက်ခံတာ မဟုတ်ဘဲ တရုတ် နိုင်ငံဘက်မှာ ဆွေမျိုး ရှိသူတွေ၊ ကလေးနဲ့ သက်ကြီး ရွယ်အိုတွေကိုသာ တရုတ်နိုင်ငံက လက်ခံနေတာ ဖြစ်ပြီး တရုတ် နိုင်ငံဘက် ၀င်ခွင့်မရတဲ့ စစ်ပြေး ဒုက္ခသည်တွေကတော့ တရုတ်၊ မြန်မာ နယ်စပ်က တောတောင်တွေထဲမှာ နေထိုင် နေကြရပြီး အစားအစာနဲ့ ဆေးဝါး ပြတ်လပ် တာတွေကို ကြုံတွေ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။


Ref: VOA News

Read More...

နယ်စပ်တိုက်ပွဲများ အရေး လွှတ်တော်၌ မဆွေးနွေး

ခင်ဦးသာ
Thursday, 16 June 2011

နေပြည်တော်၌ ကျင်းပနေသော လွှတ်တော်ရေးရာ ကော်မတီ အစည်းအဝေးများ၌ ကချင်ပြည်နယ်နှင့် နယ်စပ် ဒေသ တချို့၌ ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ တစုံတရာ ပြောဆို ဆွေးနွေးမှု မရှိကြောင်း ကိုယ်စားလှယ်များက ပြောသည်။

“တိုက်ပွဲတွေကို၊ စစ်တပ်က ဦးဆောင်လုပ်နေတာဆိုတော့ လွှတ်တော်မှာ ဘာမှပြောဆိုတာ ဆွေးနွေးတာ မရှိပါဘူး၊ စစ်ဖြစ်နေ တဲ့ ကိစ္စကို လွှတ်တော် အနေနဲ့ လုပ်ပိုင်ခွင့် ရှိမယ့်ပုံတော့ မပေါ်သေးဘူး”ဟု ဥပဒေကြမ်းကော် မတီ အဖွဲ့ ၀င်နှင့်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် တဦးက ဧရာဝတီကို ပြောသည်။

အမျိုးသားလွှတ်တော်နှင့်ပြည်သူ့ လွှတ်တော် ၂ ရပ်စလုံးတွင် စစ်ဗိုလ်ချုပ် ဟောင်းများကြီးစိုး နေခြင်းကြောင့် စစ်တပ်ထဲမှ အလေ့ အထများ လွှမ်းမိုးနေဆဲဟု ထင်ရကြောင်း၊ အထက် တာဝန်ရှိသူများ၏ ပြောဆိုမှု အတိုင်း လုပ်ဆောင် နေကြကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီမိုကရက်တစ် အင်အားစုက နည်းနေတော့ ကျနော်တို့မှာ ဘာမှပြောဆိုဆွေးနွေးပိုင်ခွင့်မရှိဘူး၊ ဒီ ၅ နှစ်သက်တမ်း မှာတော့ ကျနော်တို့က နားထောင်သူ အဆင့်နဲ့ပဲ ပြီးဆုံးသွားမယ့် အခြေအနေမျိုးပါ”ဟု ဥပဒေကြမ်း ကော်မတီဝင် က ဆိုသည်။

လွှတ်တော်၏ ဥက္ကဋ္ဌများ၊ သဘာပတိအဖွဲ့ဝင်များသည် အစည်းအဝေးများ၌ ပြောဆိုဆွေးနွေးရာတွင် အသင့် ရေးယူလာသော စာရွက်ပေါ်မှ ရေးရာ ကော်မတီ၏ လုပ်ဆောင်ရမည့် အချက် အလက်များကိုသာ ပြောဆို ဖတ်ကြားသွားကြပြီး တခြားသော အကြောင်းအရာ များကို လုံးဝ ပြောဆိုမှုမရှိဟု ကိုယ်စားလှယ်များက ပြောသည်။

အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာ အေးမောင်က တိုင်းရင်းသား နယ်စပ်ဒေသ အများစု၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး တည်ငြိမ် အေးချမ်း မှု မရှိသေး၍ ထိုကိစ္စများကို ကြားဝင် ဖြေရှင်းပေးနိုင်မည့် ကော်မတီ တရပ်ကို လွှတ်တော်က ဆောင်ရွက်ပေးသင့်ကြောင်း ပြော ဆိုသည်။

ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော တိုင်းရင်းသားအစုံပါဝင်သည့် လွှတ်တော်ပေါ်ပေါက်နေပြီ ဖြစ်၍ ပြည်သူ လူထု၏ အရေး ကြုံလာပါက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဖြေရှင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆက် ပြောသည်။

“လွှတ်တော်အနေနဲ့ တိုင်းရင်းသားအစုံပါဝင်တဲ့ လုပ်ပိုင်ခွင့်အပြည့်ရမယ့် ကြားဝင်စေ့စပ်ဆွေးနွေးပေးနိုင်တဲ့ ကော်မတီလိုမျိုး ဖွဲ့စည်းပြီး တာဝန် ပေးနိုင်ရင် အကောင်းဆုံးပေါ့၊ အစိုးရသစ် အနေနဲ့လည်း သဘောထား ကြီးကြီးနဲ့ ပူးပေါင်းဖို့ လိုပါတယ်”ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ကိုယ်စားလှယ်လည်း ဖြစ်သည့် ဒေါက်တာ အေးမောင်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသော သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့်အစိုးရသစ်သည် လက်ရှိ ဖြစ်ပွားနေသော တိုက် ပွဲ များနှင့် ပတ်သက်၍ အဓိက တာဝန် ရှိသော်လည်း အရေးယူ ဆောင်ရွက်မှု နှေးကွေးနေသည်ဟု ကိုယ်စားလှယ်များက ထောက်ပြ ဝေဖန်ကြသည်။

အစိုးရသစ်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကပါ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလိုသည့် ဆန္ဒရှိပါက ကြားဝင် ဆောင်ရွက်ပေး ရန် အဆင်သင့် ရှိကြောင်း နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆောင်စီ က ဧရာဝတီကို ပြောသည်။

“ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ်ဆိုပေမယ့် အစိုးရတာဝန်ရှိသူတွေရော လက်နက်ကိုင် အဖွဲ့ဝင် တွေက ပါဝင်မှု မရှိဘူး ဆိုရင် ကျနော်တို့က ဘာမှ လုပ်လို့မရဘူးလေ”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ကိုယ်စားလှယ် ဖြစ်သော ဦးစိုင်းဆောင်စီက ဆိုသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ပြည်တွင်းစစ်မီးသည် နှစ်ပေါင်း ၆၀ ကျော်လာသည့်တိုင် ရပ်တန့်မှု မရှိသေး၍ ထိုကိစ္စကို နိုင်ငံရေး နည်းလမ်းဖြင့် အဖြေ ရှာသင့်ကြောင်း၊ သမ္မတ အစိုးရ သစ် အနေဖြင့်လည်း အလေးထား ဖြေရှင်းပေးရန် အရေးကြီးကြောင်း၊ သင်္ဃန်းကျွန်း မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

အစိုးရသစ်အနေဖြင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုတစုံတရာ မရှိသေးကြောင်း၊ ပြည်ပ အသံလွှင့် ဌာနများ၏ ထုတ်လွှင့်မှုကြောင့်သာ သိရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“တိုက်ပွဲ ကိစ္စတွေကို အစိုးရမီဒီယာတွေက ဘာမှထုတ်ပြန်တာမရှိသေးတော့ ကျနော်တို့ ကိုယ်စားလှယ်တွေ အနေနဲ့ သေချာ မှတ်ချက် ပေးလို့ မရသေးပါဘူး”ဟု ဦးသိန်းညွန့်က ဧရာဝတီကို ပြောသည်။

သမ္မတသစ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် တာဝန်ယူပြီးချိန်မှ စ၍ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့်က ရင်ပြည် နယ်များ၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး ကချင် နယ်စပ်ဒေသတွင် ဇွန်လ ၉ ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားကာ ဒဏ်ရာရ သေဆုံးမှုများလည်း ရှိသည်။

တိုက်ပွဲများနှင့်ပတ်သက်သော သတင်းများကို အစိုးရထုတ်သတင်းစာများအပြင် ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်၊ စာစောင် များတွင်လည်း ရေးသားဖော်ပြမှု မရှိသေးကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

ကျီးလန့်စာစား ဘုရားသုံးဆူ ကျောင်းများပိတ်

ကွန်းချမ်း
ကြာသပတေးနေ့၊ ဇွန်လ ၁၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ သေနတ်သမားများက စီးပွားရေး အဆောက်အဦးတခုကို အင်္ဂါနေ့က ဖျက်စီး ခဲ့ပြီးနောက် ကရင် ပြည်နယ်ရှိ ဘုရားသုံးဆူ မြို့၌ လုံခြုံရေး စိုးရိမ်ရမှုကြောင့် ဒေသ အာဏာပိုင်များက ကြာသပတေးနေ့ နေ့လည်တွင် စာသင်ကျောင်း အားလုံး ပိတ်ခိုင်းလိုက်သည်။

မြန်မာ-ထိုင်းနယ်စပ်မြို့လည်ရှိ လူသိများသော လုပ်ငန်းရှင် ဦးအောင်တင်ဝင်း၏ နေအိမ်၊ ရွှေဆိုင်နှင့် ကုန်စုံဆိုင်အား ဇွန် ၁၄ ရက်တွင် လက်နက် ကြီးငယ်များဖြင့် လူတစုက ပစ်ခတ် ဖျက်ဆီးခဲ့ပြီး နောက်တရက်တွင် ကျောင်းများ ပိတ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများက ကျောင်းများသို့ သွားရောက်ကာ လိုက်လံ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ဘုရားသုံးဆူတွင် မူလတန်း ၄ ကျောင်း၊ အလယ်တန်း ၁ ကျောင်းနှင့် အထက်တန်း ၁ ကျောင်းရှိကာ ကျောင်းသူ ကျောင်းသား ၅ဝဝဝ ကျော် ပညာ သင်ကြားနေသည်။

“တမြို့လုံး ကျီးလန့်စာစား နေရသလိုပဲ။ ဘာသံမှလည်း မကြားရဘူး” ဟု သုံးဆူမြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးက မဇ္ဈိမကို ပြောသည်။

ဥဒေါင်းကန် ဝန်းကျင်တွင် ခလရ ၂၈၄ နှင့် လွန်ခဲ့သည့် ၂ ရက်က သုံးဆူမြို့သို့ ရောက်လာသည့် ခမရ ၅၆၆ တို့က တပ်ဖြန့် ထားကြသည်။

မြို့တွင်း နေရာအတော်များများတွင်လည်း စစ်သားများက သဲအိတ်များဖြင့် ကတုတ်ကျင်းများ လုပ်နေသည်။

မြို့တွင် ကျင်းပဆဲ ပဋ္ဌာန်းပွဲကတော့ တပိုင်းတစဖြင့် ရပ်ဆိုင်းသွားခဲ့သည်။ “ပဋ္ဌာန်းပွဲက ၁၅ ရက်လောက် လုပ်မယ်ပေါ့။ အခုက ၇ ရက်ပဲ ရသေးတယ်။ ဆရာတော်တွေက စိတ်ဆိုးပြီး ပဋ္ဌာန်းပွဲကို ပိတ်လိုက်တာ” ဟု အကျိုးဆောင်တဦးက မဇ္ဈိမကို ပြောသည်။

နောက်ထပ် တိုက်ပွဲများ ဖြစ်မှာကို ကြောက်လန့်နေကြသည့် ဘုရားသုံးဆူ မြို့ခံ အများအပြား တိမ်းရှောင်မှုများ ရှိနေပြီး မြို့ အနောက်ဘက် ၉ မိုင်အကွာရှိ ချောင်းဆုံ လှေဆိပ်တွင် ပြည့်နှက်နေသည်။

ကရင်အမျိုးသား အစည်းအရုံး KNU၊ DKBA နှင့် မွန်ပြည်သစ်ပါတီ NMSP အဖွဲ့များ လှုပ်ရှားရာ ဒေသတခုဖြစ်သော ဘုရားသုံးဆူတွင် ဇွန်လ ၅ ရက်နေ့က မျက်နှာဖုံးစွပ် လက်နက်ကိုင် ၄ ဦးက အစိုးရ တပ်စခန်းများကို အလစ် ဝင်ပစ်ခဲ့သည်။

ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် အစိုးရပ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် DKBA တပ်ရင်း ၉ဝ၇ တို့ ဘုရား သုံးဆူတွင် တိုက်ပွဲ ဖြစ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ကချင်ကျောင်းသားများကို ဓာတ်ပုံရိုက် မှတ်တမ်းတင်

မျိုးသန့်
ကြာသပတေးနေ့၊ ဇွန်လ ၁၆ ရက် ၂၀၁၁

ချင်းမိုင်(မဇ္ဈိမ) ။ ။ နေရပ်ရင်းသို့ပြန်ရန် ဖိအားပေးခံရသည့် ကချင် ကျောင်းသား ကျောင်းသူ ၁၉ ဦးကို ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီခွဲက သန်လျင်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ဝန်ထမ်းများနှင့် ဒေသခံ အာဏာပိုင် ၁၈ ဦးက မှတ်တမ်းတင် ဓာတ်ပုံများ လာရောက် ရိုက်ယူသွားသည်။

ကျောင်းသား ကျောင်းသူများသည် ရန်ကုန်တိုင်း သန်လျင်မြို့ရှိ နေအိမ်တအိမ်တွင် ငှားရမ်းနေထိုင် ကြပြီး မေလဆန်းပိုင်းမှ စ၍ သန်လျင်မြို့ပေါ်တွင် ပညာ သင်ယူနေကြသည့် ကချင် တိုင်းရင်းသားများ ဖြစ်ကြသည်။

ထိုသူများကို သန်လျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းမှ ဗုဒ္ဓဟူးနေ့ ၆ နာရီ နာရီနောက်ဆုံး ထား၍ နေရပ်ရင်း ပြန်ကြရန် ဖိအား ပေးထားပြီး၊ သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာမှ ကျေးရွာ အုပ်ချုပ်ရေးမှူး မှလည်း ဧည့်စာရင်း တိုင်ကြားခြင်းကို ခွင့်မပြုတော့ပေ။

“မနေ့က ညပိုင်းမှာ ရောက်လာတယ် ရဲတပ်ဖွဲ့ဝင်တွေ ဒေသဆိုင်ရာ အာဏာပိုင်တွေ စုစုပေါင်း ၁၈ ဦးလောက် ရောက်လာပြီးတော့ ကျောင်းသား ကျောင်းသူ ကချင် လူငယ်လေးတွေ စုစုပေါင်း ၁၉ ဦးကို ငါးယောက်တတွဲ ငါးယောက်တတွဲ ဓာတ်ပုံ ရိုက်ပြီးတော့ ဓာတ်ပုံယူသွားတယ်” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ဓာတ်ပုံ လာရောက် ရိုက်ယူသွားသော်လည်း ထိုအိမ်တွင် ကျောင်းသားများကို ဆက်လက် နေထိုင်ခွင့်ပြု၊ မပြုနှင့် အကြောင်း တစုံတရာကို သွားရောက် ဓာတ်ပုံ ရိုက်ယူခဲ့သူများမှ ပြောပြခဲ့ခြင်း မရှိဟုလည်း ဆိုသည်။ ဥပဒေအရ ဧည့်စာရင်း တိုင်ကြားထားခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိပါက ဧည့်သည်၊ အိမ်ရှင်တို့ ထောင်ဒဏ် တလ သို့မဟုတ် ငွေဒဏ် ၂ဝဝ ကျပ်၊ ကျခံရနိုင်သည်။

“ဒီဥပဒေက လိုရင် သုံးလို့ရအောင် မလိုရင်လည်း မသုံးရအောင် လုပ်ထားတာ အဓိကက လူတယောက်ကို ဒီအရပ် ဒေသမှာ အနေစေချင်ဘူး ဆိုရင် ဧည့်စာရင်း မပေးဘူးလို့ လုပ်လိုက်တာပေါ့” ဟု ရန်ကုန်မြို့နေ လူ့အခွင့်အရေး ရှေနေ့ ကိုဖိုးဖြူက ပြောသည်။

“ဧည့်စာရင်းဆိုတာ သက်ဆိုင်ရာကို အကြောင်းကြားဖို့ပဲ လိုတာ။ ခွင့်ပြုရမယ် မပြုရဘူးဆိုတဲ့ အာဏာကို ပေးထားတာ မဟုတ်ဘူး။ အခုဟာက ဥပဒေမှာ မပါတဲ့ဟာတွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ကျင့်သုံးနေတယ်” ဟု ကိုဖိုးဖြူက ဆက်ပြောသည်။

ဓာတ်ပုံရိုက်ခံရသူများမှာ ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘောနှင့် ဆွမ်ပရာဘွမ် မြို့နယ်များမှ ဖြစ်ပြီး၊ သန်လျင်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များ၌ လာရောက် ပညာ သင်ယူနေသူများ ဖြစ်ကြသည်။

မည်သည့် အကြောင်းကြောင့် ကျောင်းသားများကို နေရပ် ပြန်စေလိုကြောင်း မသိရသေးသော်လည်း ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို)၏ တပ်များနှင့် အစိုးရ တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်လျက် ရှိသည်။

လေ့လာသူများကတော့ အာဏာပိုင်များအနေဖြင့် စစ်ပွဲနှင့် ပတ်သက်၍ ကချင် အမျိုးသားများ၏ ဆန့်ကျင် လှုပ်ရှားမှုများ ဖြစ်လာမည်ကို စိုးရိမ်နေဟန် ရှိသည်ဟု ထင်ကြေးပေးကြသည်။

အလားတူပင် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဗေဒါကျောင်း၌ကိုလည်း ယခုနှစ် မေလမှ စ၍ ဧည့်စာရင်း မပေးတော့ဟု ကျောင်းအုပ် ဦးမျိုးရန်နောင်သိန်းက မဇ္ဈိမကို ပြောသည်။

“ဧည့်စာရင်းကတော့ လုံးဝမပေးတော့ဘူးဗျ မေလ ၁ ရက်နေ့တည်းက ကျနော်တို့ကို မပေးတော့တာ ကျနော်တို့ ကျောင်းသား တွေကတော့ ဒီမှာပဲနေတယ် ဒီမှာပဲ စာသင် တယ်ပေါ့ဗျာ သူတို့မပေးလည်း ကျနော်တို့ ဆက်နေမှာပဲ သူတို့ဘက်က လာဖမ်းမယ် ဆိုလဲ ဖမ်းပေါ့ အားလုံးက သဘော တူထားတယ် သူတို့ကလည်း ကျနော်တို့ကို ဘာမှ လာမမေးဘူး” ဟု ဦးမျိုးရန်နောင်သိန်းက ပြောသည်။

ဗေဒါကျောင်း၌ လူမှုဆက်ဆံရေး Social Science၊ ကမ္ဘာ့ပြဿနာများ သင်ခန်းစာ Global conflict၊ အရှေ့တောင် အာရှ နိုင်ငံများကို လေ့လာခြင်း South EastAsia Study နှင့် အခြေခံ အင်္ဂလိပ် ဘာသာရပ်များကို သင်ကြားပေးနေသည်။

Ref: မဇ္ဈိမ

Read More...

KIO က တံတား ၁ဝ စင်း ဖျက်ဆီး၊ ၆ ဦးဖမ်းထား

ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ ၁၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ အစိုးရတပ် တင့်ကားများနှင့် လက်နက်ကြီးများ သယ်ယူမှုကို ဟန့်တားသည့် အနေဖြင့် တံတား ၁ဝ စင်း ဖျက်ဆီးနိုင်ပြီး အစိုးရတပ်မှ ဗိုလ်အဆင့်ရှိသူ တဦး အပါအဝင် လူ ၆ ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့က ပြောသည်။

“၁ဝ ခု ပတ်ဝန်းကျင်တော့ ရှိပြီ။ ဒါပေမဲ့ ကျနော်တို့က အများပြည်သူ ခက်ခဲသွားလောက်တဲ့ အခြေအနေ မဖြစ်ဖို့၊ သူတို့ စစ်အင်အားတွေ မဝင်ရောက်နိုင်တဲ့ တံတားတွေပဲ ဖျက်ဆီးတာပါ။ စစ်ဆင်ရေးနည်း တခုပဲ။ ပြည်သူတွေလည်း
ဖြတ်သွား နိုင်အောင်တော့ လုပ်ထားတာ။ အဲဒါကြောင့် အကုန်မဖျက်နဲ့၊ တင့်ကားတွေ မဖြတ်နိုင်အောင်ဘဲ လုပ်ပါလို့ ညွှန်ကြားထားတာပဲ” ဟု KIO မှ ဒုဗိုလ်မှူးကြီး ယော်ထုံက မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ် ဖားကန့်၊ မိုးမောက်နှင့် ဝိုင်းမော် စသည့် မြို့နယ်များအတွင်းရှိ ပျဉ်တံတား၊ ကွန်ကရစ် တံတားနှင့် ကြိုးတံတား များကို ဖျက်ဆီး ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

ခြေမြန်တပ်ရင်း ၃၄၂ စခန်းမှူး ဗိုလ်သီဟနိုင် ခေါ် သက်နိုင်အောင်၊ တပ်သားထွန်းဇော်၊ တပ်သား ဖြိုးဝေအောင် တို့ကို ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ဝါးရွာအနီး ကချင်တပ်က ကြာသပတေးနေ့ မွန်းလွဲတွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု KIO ဗဟို ကော်မတီဝင် ဦးလနန်က ပြောသည်။

ထို့အပြင် အဆိုပါစစ်သားများနှင့် အတူတွေ့ရှိရသော အရပ်သား ၃ ဦးကိုပါ ထိန်းသိမ်း ထားသည်ဟု သူက ထပ်ပြောသည်။

KIO က ဖောက်ခွဲခဲ့သော တံတားများမှာ မိုးမောက်မြို့နယ် တာပိန်မြစ် ရေကာတာ စီမံကိန်းကို ဖြတ်သွားသည့် နမ်ဖတ်ခချောင်း ကြိုးတံတား၊ ဝိုင်းမော်ရှိ မရမ်းချောင်း တံတား၊ ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်ရှိ မလိချောင်း တံတား၊ ဝိုင်းမော်-ကန်ပိုင်တီ လမ်းရှိ လန်နုချောင်း တံတား၊ ရှမ်းပြည် တာမိုးညဲ-မုန်းစီ လမ်းပေါ်ရှိ နမ်ဆာချောင်း တံတား၊ ဖားကန့် ကားမိုင်း-လုံးခင်းကြားရှိ တံတား၊ ဖားကန့်-ဂွီခါ လမ်းပေါ် ဟိုပင်နှင့် နမွမ်းရွာကြားရှိ တံတား၊ ဝါရာဇွပ်-ဘန်ကောက်ရွာအကြား နမ်ဆန်ချောင်း ကွန်ကရစ်တံတား၊ ဝါရာဇွပ်-ဘန်ကောက်ရွာ အကြား နမ်ဆန်ရွာအဝင် နမ်ဆမ်ခချောင်း ပျဉ်တံတားနှင့် ချီဖွေမြို့နယ် တောင်ဘက် ၅၉ မိုင် မေခမြစ်ကူး ကြိုးတံတားတို့ ဖြစ်သည်။

သို့သော်လည်း အစောပိုင်းက တံတားဖျက်စီးမှု အချို့တွင် ထိရောက်မှု အနည်းငယ်သာ ရှိခဲ့သည်ဟု ဒေသတွင်း စစ်ရေး လေ့လာသူများက ပြောသည်။

ယမန်နေ့ညက ကချင်ပြည်နယ် မိုးမောက်မြို့နယ် မန်စီရွမှာ ၂ မိုင်အကွာတွင် KIA တပ်များနှင့် အစိုးရ တပ်တို့ကြား တိုက်ပွဲ ငယ်များ ဖြစ်ပွားခဲ့သေးသည် ဟု KIO နှင့် ဒေသခံများက ပြောသည်။ ထိခိုက် ကျဆုံးမှုနှင့် ပတ်သက်၍ ယခုအချိန်ထိ အတည်ပြုချက် မရနိုင်သေးပါ။

အစောပိုင်းက တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ရာ ဗန်းမော်မြို့တွင် ထောင်ကျ အကျဉ်းသားများကိုပါ အာဏာပိုင်များက စစ်ရေး လေ့ကျင့် ပေးနေသည်ဟု မြို့ခံများက ပြောသည်။ အလားတူပင် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့ တွင်လည်း မီးသတ်၊ ရဲနှင့် ပြည်သူ့စစ်များကို စစ်ရေး လေ့ကျင့်ပေးမှုများ အပူတပြင်း ပြုလုပ်ပေးနေသည်။


Ref: မဇ္ဈိမ

Read More...

Thursday, June 16, 2011

ဆက်သွယ်ရေး ဖြတ်တောက်ဖို့ KIO တံတား ၃ ခု ဖောက်ခွဲ

နူးပန်
ဗုဒ္ဓဟူး, 15 ဇွန် 2011

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဟာ မြန်မာတပ်နဲ့ ပြည်တွင်းစစ်အထိ တိုက်ပွဲဝင်သွားဖို့ ကြေညာခဲ့ပြီးတဲ့ နောက်မှာတော့ မြန်မာ တပ်တွေ စစ်အင်အား ဖြည့်နေမှုကို အဟန့်အတား ဖြစ်အောင် လမ်းတံတားတွေကို ဖောက်ခွဲ ဖျက်ဆီး ခဲ့ပါတယ်။ နောက်ဆုံးချိန် အထိ KIA ဌာနချုပ်နဲ့ အနီးစပ်ဆုံး နေရာတွေဖြစ်တဲ့ အချက်အချာကျတဲ့ နေရာ အနည်းဆုံး ၃ ခုမှာ ဖောက်ခွဲ ဖျက်ဆီး ခဲ့တာဖြစ်ပြီး မြန်မာ တပ်တွေဘက်ကလည်း အဲဒီနေရာကို ၀င်နိုင်အောင် စစ်အင်အားတွေနဲ့ အတူ ကြိုးစားနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ပြည်တွင်းစစ်အထိ ထိုးစစ်ဆင် တိုက်ခိုက်သွားဖို့ ပြောဆို လိုက်ပြီးနောက် အဆက်မပြတ် ကချင် ပြည်နယ်ကို စစ်အင်အား ဖြည့်နေတဲ့ မြန်မာတပ်တွေကို KIO က ဆက်သွယ်ရေး ဖြတ်တောက်တဲ့ အနေနဲ့ တံတားတွေကို ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။

မြန်မာစစ်တပ် အမြောက်ကားတွေနဲ့ စစ်အင်အားတွေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့ အတွက် ဌာနချုပ် လိုင်ဇာဘက်ကို မချဉ်းကပ်နိုင်အောင် တံတားတွေကို မနေ့ညက ထပ်မံ ဖျက်ဆီးခဲ့တာလို့ KIA အဖွဲ့သား တယောက်က ကချင်လို ပြောပါတယ်။

“အခု ကျနော်တို့ကတော့ စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ မြန်မာတပ်တွေကလည်း စစ်ကြောင်း ဆင်နေဆဲပဲ။ အခုတလော ဖောက်ခွဲထားတဲ့ ၀ိုင်းမော် တံတား ဘက်မှာလည်း သူတို့ ပြင်နေကြတာ အခုတော့ ပြီးပြီထင်တယ်။ တံတားကျိုးတဲ့ နေရာမှာ ထိပ်မှာ စောင့်နေကြတယ်။ အဲဒါပြီးတာနဲ့ ၀င်လာမယ့် ကားတွေ ၅ စီးအထက် ရှိတယ်ပြောတယ်။ ကားတစီးမှာ လူအင်အား တော်တော်များတယ် ပြောတယ်။ ကျနော်တို့ ဘက်ကတော့ ကြေညာထားပေမဲ့ ထိုးစစ် ဆင်တာမျိုးတော့ မရှိသေးပါဘူး။”

အဟန့်အတားလုပ်ဖို့ ဖျက်ဆီးခဲ့တဲ့ တံတားတွေကတော့ ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာ လမ်းပေါ်က ပေ ၁၀၀ အထက်ရှည်တဲ့ နန့်မြစ် ချောင်းကူးတံတား၊ လနူးတံတား၊ KIO ရေအားလျှပ်စစ် ထုတ်လုပ်နေတဲ့ မလီ ချောင်းကူးတံတားနဲ့ ရှမ်းပြည်နယ် မှာတော့ မန္တလေး၊ မူဆယ် ကားလမ်းက နမ့်ဖတ်ကာနဲ့ တာမိုးညဲ၊ မုန်းစီ ကားလမ်းက နမ့်ခရိုင်တံတား ဖြစ်တယ်လို့ တပ်မဟာ ၄ KIA အဖွဲ့ဝင်တွေက ပြောပါတယ်။

အခုလို တံတားတွေ ဖျက်ဆီးပြီးတဲ့ နောက်မှာတော့ မြန်မာတပ်တွေက KIA ဌာနချုပ်ဘက်ကို ချဉ်းကပ် လာနိုင်အောင် ထပ်မံ ကြိုးစားနေတဲ့ အပြင် အနီးတ၀ိုက် ဒေသခံတွေကို ခြိမ်းခြောက်မှု တွေလည်း ပြုလုပ်နေတဲ့ အတွက် လိုင်ဇာ ဌာနချုပ်ကို ထွက်ပြေး တိမ်းရှောင် လာသူတွေ များပြားနေဆဲ ဖြစ်တယ်လို့လည်း KIA အဖွဲ့ဝင်က ကချင်လို ဆက်ပြောပါတယ်။

“ကချင်ဆိုရင် ယောက်ျားတွေကို မမြင်ချင်ဘူးလို့ ပြောတယ်။ ယောက်ျားတွေ မှန်သမျှကို တွေ့တဲ့နေရာမှာ ပစ်သတ်မယ်လို့ ပြောလို့ ဒေသခံတွေ အားလုံး ကြောက်လန့် နေကြပြီး ကျနော်တို့ကတော့ သူတို့ အားလုံးကို သတိနဲ့ပဲ နေဖို့ ပြောထားပါတယ်။ သူတို့ဘက်က စပစ်ရင်တော့ ကျနော်တို့ ဘက်ကလည်း ပစ်မှာပဲ။”

မနေ့ညအထိ ရှမ်းပြည်နယ် ဆန်ဂန်ဒေသမှာ KIA တပ်နဲ့ မြန်မာတပ်တွေ တိုက်ပွဲဖြစ်ခဲ့ရာမှာ မြန်မာ တပ်ဘက်က မိုးမိတ် အခြေစိုက် ခမရ ၃၄၈ နဲ့ မိုးမောက် အခြေစိုက် ခမရ ၄၃၇ တပ်ရင်း ၂ ရင်း နောက်ဆုတ် သွားခဲ့တယ်လို့ KIA အရာရှိတွေက ပြောပါတယ်။

ဇွန်လ ၉ ရက်ကနေ ဒီနေ့ထိ တိုက်ပွဲတွေ မရပ်မနား ဖြစ်နေတာကြောင့် KIA ထိန်းချုပ်နယ်မြေ လိုင်ဇာနဲ့ မိုင်ဂျာယန် ဒေသခံ အမျိုးသား အားလုံး မသွားမနေရ အမိန့်ကြောင့် ရပ်ရွာတွင်း ကလေးနဲ့ မိခင်များကသာ တရုတ်ဘက်ကို ပြောင်းရွှေ့မှုတွေ လုပ်နေကြတယ်လို့ ဒေသခံ တယောက်ကလည်း ပြောပါတယ်။

“ကျနော်တို့ ဒီရွာမှာ ဗမာစစ်သားတွေနဲ့ တိုက်ပွဲ စဖြစ်ကတည်းက ယောက်ျားတွေ အားလုံးနီးပါးက စစ်မြေပြင် ဘက်ကို အားစိုက် ရတယ်။ ရွာက ယောက်ျားတွေက သူတို့ အရေးပေါ်တော့ မဟုတ်ဘူး၊ ဒါပေမဲ့ စစ်မြေပြင်ကို ရိက္ခာတွေ ဘာတွေ ပေးဖို့အတွက် လုပ်နေရတာပေါ့။”

မြန်မာစစ်တပ်က အခုချိန် ရှမ်းပြည်နယ်ရှိ ဒေသခံတွေကို ပေါ်တာဆွဲနေတဲ့အတွက် ဗန်းမော် ဒေသတွင်းမှာလည်း စစ်ကား၊ အမြောက် ကားတွေ၊ သင်္ဘောတွေနဲ့ စစ်အင်အား ဖြည့်ဝင်လာတာကြောင့် ဒေသခံတွေက ပေါ်တာဆွဲမှာကို စိုးရိမ်ပြီး တရုတ်ဘက်ကို ထွက်ပြေး တိမ်းရှောင် နေကြတယ်လို့လည်း သိရပါတယ်။

အခုလို တင်းမာမှုကြောင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပေမဲ့ KIO ဟာ ပြည်သူလူထု အခွင့်အရေး အတွက် တိုက်ခိုက် နေခြင်း ဖြစ်ပြီး မြန်မာအစိုးရ အနေနဲ့ ထည့်သွင်း စဉ်းစားပေးမယ် ဆိုရင် ငြိမ်းချမ်းရေး အတွက် ညှိနှိုင်းဖို့လည်း အဆင်သင့် ဖြစ်တယ်လို့ KIO ဒု-နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ် လွမ်းဒေါင်က ပြောပါတယ်။

နောက်ဆုံးအခြေအနေရ တိုက်ပွဲကြောင့် KIA ဘက်က အနည်းဆုံး ၄ ယောက်ကျပြီး ၁၀ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ အရာရှိ တွေက ပြောပါတယ်။ မြန်မာ တပ်ဘက်ကတော့ အတိအကျ သေဆုံးမှု မသိရသေးပေမဲ့ ၁၀ ယောက် အထက် သေဆုံးမှုရှိပြီး ကား ၂ စီးနဲ့ ဗန်းမော်သင်္ချိုင်းမှာ မြှုပ်နှံတာ တွေ့ရတယ်လို့လည်း ဗန်းမော် ဒေသခံတွေက ပြောပါတယ်။

Ref: VOA News

Read More...

လွှတ်တော်အမတ်တဦး အပါအ၀င် NDA-K ခေါင်းဆောင်ဟောင်း ၂ ဦး နေအိမ် အကျယ်ချုပ် ချခံရ

နူးပန်
ဗုဒ္ဓဟူး, 15 ဇွန် 2011

အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ပြီး တိုက်ပွဲတွေ ဖြစ်တဲ့အထိ KIA နဲ့ မြန်မာတပ်တွေ အကြား တင်းမာ နေချိန်မှာ ဖျက်သိမ်း လိုက်ပြီဖြစ်တဲ့ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ခေါင်းဆောင်လည်းဖြစ်၊ လက်ရှိ အမျိုးသား လွှတ်တော်အမတ် ဦးစခုန်တိန့်ယိန်းကို သူ့နေအိမ်မှာ ထိန်းသိမ်း ထားလိုက်တယ်လို့ ဆွေမျိုး နီးစပ်တော်သူ တဦးက ပြောပါတယ်။ သူနဲ့ NDA-K ခေါင်းဆောင်ဟောင်း နောက်တယောက်ကိုလည်း ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်ရဲ့ အမိန့်နဲ့ မြစ်ကြီးနား နေအိမ်မှာ ပြင်ပကို ထွက်ခွာခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းခဲ့တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ရဲ့ စစ်ဦးစီး ချုပ်ဟောင်း ဖြစ်ခဲ့တဲ့ ဦးဝေါ့လော်နဲ့ ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့တဲ့ အမျိုးသား လွှတ်တော်အမတ် ဦးစခုန်တိန့်ယိန်းကို နယ်ခြားစောင့် NDA-K တပ်နဲ့ အဆက်အသွယ် မရအောင် မြန်မာ အစိုးရက ဖြတ်တောက်လိုက်ခြင်း ဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရ တောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ်ကို အလွယ်တကူ သဘောတူညီ ဖွဲ့စည်းခဲ့တဲ့ စစ်ဦးစီးချုပ် ဟောင်းနဲ့ ဦးစခုန်တိန့်ယိန်း ဟာ သူတို့ရဲ့ တပ်ဖွဲ့ဟောင်း တွေမှာ သြဇာညောင်းသူ ဖြစ်တဲ့အတွက် အခုလို ပိတ်ပင်ခံရတာ ဖြစ်တယ်လို့လည်း သူတို့နဲ့ နီးစပ်တဲ့ ဒေသခံက ကချင်လို ပြောပါတယ်။

“သူ့ကို မြစ်ကြီးနားမှာပဲ ဘယ်မှမသွားနဲ့လို့ ပြောထားတယ်တဲ့။ သူတို့ ၂ ယောက်ရဲ့ သြဇာအာဏာ အဟောင်းတွေ၊ သူတို့ ၂ ယောက်ကို ယုံကြည်တဲ့သူတွေ ရှိဦးမယ်ဆိုပြီး လုပ်တဲ့ သဘောပေါ့။ သူ့တပ်ဖွဲ့က လူတွေကို ရှေ့တန်းမှာ သုံးတယ် ပြောတယ်။ အဲဒါကြောင့် သူတို့ ၂ ယောက်ကို ထိန်းသိမ်း ထားတာက သူ့လူတွေ အဲဒီမှာသုံးတော့ ပစ်ခတ်လာရင် သူ့လူတွေနဲ့ ပြန်ပြီး စကားပြောဆို မိန့်ကြားတာတွေ ရှိလာမှာစိုးလို့ အခြေအနေကိုကြည့်ပြီး ဖြတ်တောက် လိုက်တာလို့လည်း သုံးသပ်လို့ ရပါတယ်။”

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်ရဲ့ အမိန့်နဲ့ သူတို့ခေါင်းဆောင် ၂ ယောက်ကို မြစ်ကြီးနားမြို့ နေအိမ် ပြင်ပကနေ မထွက်ဖို့ ပိတ်ပင်လိုက်တာ ဖြစ်ပြီး သူ့ရဲ့ မိသားစုဝင်တွေကလည်း စိုးရိမ် ပူပန်နေတယ်လို့ သိရပါတယ်။

ဦးစခုန်တိန့်ယိန်း ခေါင်းဆောင်တဲ့ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) ဟာ မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့၊ ပြည်သူ့စစ် အတွက် နယ်ခြားစောင့်တပ်ကို အသုံး မပြုဖို့နဲ့ ပြည်ပရန်သူ အတွက်သာ အသုံးပြုမယ် ဆိုတဲ့ အစိုးရနဲ့ NDA-K ကြားက သဘောတူညီချက် အရ အခုလို နယ်ခြားစောင့် တပ်ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ ပြောင်းလဲခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

NDA-K ကို ဖျက်သိမ်းပြီးတဲ့ နောက်မှာလည်း သူတို့ ၂ ယောက်ဟာ တပ်ရင်း ၃ ခုနဲ့ ဖွဲ့စည်းထားတဲ့ နယ်ခြားစောင့်တပ် အပေါ်မှာ သြဇာ လွှမ်းမိုးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ သြဇာ လွှမ်းမိုးသူတွေ ဖြစ်လို့လည်း ဦးစခုန်တိန့်ယိန်းဟာ ရွေးကောက်ပွဲ မယှဉ်ပြိုင်ခင်မှာ မြန်မာအစိုးရ တပ်တွေနဲ့ တင်းမာ နေခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို ဆူပူအောင် လုပ်နေတာရပ်ဖို့၊ ငြိမ်းချမ်းရေးကို ရှေ့ရှုဖို့အတွက် တိုက်တွန်း ခဲ့ပါသေးတယ်။

Ref: VOA News

Read More...

ဇေကမ္ဘာနှင့် လယ်သမားများ အငြင်းပွား

ဆလိုင်း ဟံသာစန်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁

နယူးဒေလီ (မဇ္ဈိမ) ။ ။ လွှတ်တော်အမတ်တဦးပိုင် ကုမ္ပဏီမှ အငြင်းပွားဖွယ်ရာ လျော်ကြေးပေး သိမ်းယူခဲ့သော ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ လယ်ဧက ၈ဝဝ ကျော်တွင် လယ်စိုက်ခွင့် ရှိ/မရှိနှင့် ပတ်သက်ပြီး ထပ်မံ အငြင်းပွားမှု ဖြစ်ပွားနေသည်။

အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေပိုင် ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ရွှေနံ့သာ ကျေးရွာအုပ်စု ရွှေနံ့သာနှင့် ပေါင်းကူရွာရှိ လယ်သမား ၇၁ ဦးထံမှ လယ်မြေများကို တဧကလျှင် ၆ သိန်းကျပ်ပေးကာ လယ်မြေများကို ယမန်နှစ်က သိမ်းယူခဲ့သည်။

ထိုလယ်မြေများပေါ်တွင် လယ်မစိုက်ရန် ဒေသအာဏာပိုင်များနှင့် ကုမ္ပဏီဝန်ထမ်းများက လက်ရှိတွင် တားမြစ် နေခြင်းကြောင့် ကုမ္ပဏီအနေဖြင့် ကတိဖောက်ဖျက်သည်ဟု လယ်သမားများ ဘက်က စွပ်စွဲ ပြောဆို နေကြသည်။

“ဦးလေးတို့ လယ်ထဲဆင်းသွားပြီး ကန်သင်းရိုးတွေပေါက်၊ လယ်ကွက်တွေ ပြင်ဆင်နေကြတဲ့အချိန်မှာ သူတို့က လာတားတယ်။ သီးစားခွင့် ခင်ဗျားတို့လက်ထဲမရောက်ခင် လယ်ကွက်ကို မပြင်ကြနဲ့လို့ လာတားတယ်။ မင်္ဂလာဒုံ အုပ်ချုပ်ရေးမှူး ပါတယ်၊ မယကနဲ့ ရယကတွေ ပါတယ်” ဟု လယ်ဧက ၅ဝ ကျော် သိမ်းယူ ခံခဲ့ရသည့် ရွှေနံ့သာကျေးရွာမှ လယ်သမားကြီး တဦးက မဇ္ဈိမကို ပြောသည်။

ရွှေနံ့သာကျေးရွာမှ အမည်မဖော်လိုသူ လယ်သမားတဦးကလည်း “ဟိုတပတ်က လယ်ထွန်ဖို့ ပြင်နေတုန်း သီးစား မချခင် စိုက်လို့ မရဘူးဆိုပြီး ကုမ္ပဏီ လုံခြုံရေးတွေ လာတားတယ်” ဟု ဆိုသည်။

လယ်မြေများပေါ်တွင် အဆောက်အဦများ မဆောက်လုပ်မီအထိ လယ်ပိုင်ရှင် ၇၁ဦး အနေဖြင့် ဆက်လက် လယ်စိုက် နိုင်သည်ဟု အစောပိုင်းတွင် ဦးခင်ရွှေက သဘောတူခွင့်ပြုချက် ပေးခဲ့သည်ဟု လယ်သမားများက ပြောသည်။

“လယ်သမားတွေကလည်း သူပေးတဲ့ ကတိအတိုင်းပဲ စိုက်တာ အခုမှ ၂ဝ၁ဝ တမိုးပဲ ရသေးတယ်။ အခု ၂ဝ၁၁ ကျတော့ သူတို့က အလုပ် လုပ်ချင်လို့ ဖျက်တဲ့ အခါကျတော့ လယ်သမားတွေက စီးပွားရေးတွေ၊ သားသမီးတွေ ပညာရေး အကုန်လုံး ပျက်စီးကုန်ပြီး ဒုက္ခဖြစ်နေတယ်”ဟု အခင်းဖြစ် လယ်ဧက ၅ဝ ပိုင်ဆိုင်ခဲ့သူ ဦးကျော်စိန်က ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ကုမ္ပဏီက တာတမံများကို ဘူဒိုဇာနှင့် ဖြိုဖျက်ခဲ့ခြင်းကြောင့် ရေဝင်၍ ပျက်စီးသော လယ်များအတွက် တဧကလျှင် ကျပ် ၃သိန်းစီ လျော်ကြေးပေးခဲ့သည်။

လက်ရှိတွင် ဇေကမ္ဘာ ကုမ္ပဏီက စက်မှုဇုန် စီမံကိန်းအတွက် သိမ်းယူထားသည့် လယ်မြေများ ပေါ်တွင် ကွန်ကရစ် လမ်းများ၊ လမ်းမီးတိုင်များ ဆောက်လုပ်နေပြီး လျှပ်စစ်မီး ကြိုးများလည်း သွယ်တန်း နေကြောင်း လယ်သမားများက ပြောသည်။

လယ်များကို ယမန်နှစ်ဧပြီလအတွင်း လျော်ကြေးပေးဝယ်ယူစဉ်ကပင် တဧကလျှင် ကျပ်သိန်း ၂ဝ အထိ ဈေးပေါက် ခဲ့သော်လည်း ဈေးနှိမ် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု လယ်သမားများ ဘက်က ပြောသော်လည်း ကုမ္ပဏီ ဘက်ကတော့ ဂရုဏာကြေး ဆောင်း၍ ပိုပိုသာသာပင် ပေးခဲ့သည်ဟု စောဒက တက်ခဲ့သည်။

“သူပြောတာက ကျနော်က ခင်ဗျားတို့လယ်တွေကို ဝယ်တာမဟုတ်ဘူး၊ ဇေကမ္ဘာ ကုမ္ပဏီက သိမ်းတာ မဟုတ်ဘူး၊ နိုင်ငံတော်က သိမ်းတာ။ နိုင်ငံတော်က သိမ်းရင် ငွေသောင်းဂဏန်း လောက်ပဲ ပြန်ရမယ်” ဟု ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ခေါ်ယူ တွေ့ဆုံသော တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ ရွှေနံ့သာရွာမှ လယ်သမားတဦးက ပြောသည်။

ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှာ ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရ လက်ထက် နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ရွှေမန်း (လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ) နှင့် ခမည်းခမက် တော်စပ်သူ ဖြစ်သည်။

မဇ္ဈိမက ဦးခင်ရွှေကို ဆက်သွယ်မေးမြန်းရာ “အိုးအိမ်ဦးစီးဌာနက မြေစိုက်၊ အန်ကယ်တို့က Development စိုက်ပြီးတော့ လုပ်ကြတာပါ။ အဲဒါကြီးကို အန်ကယ်က ဒီလယ်ကို ဝယ်ပါတယ်တဲ့။ အန်ကယ်က ဝယ်ပိုင်ခွင့်လည်း မရှိဘူး၊ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ ဝယ်လို့မရဘူး လယ်ဆိုတာက။ နိုင်ငံတော်ပိုင်ပဲ ဖြစ်တယ်။ နိုင်ငံတော်လုပ်မှ ရမယ်။ အဲဒါကြီးကို လူတွေက အမြင်လွဲနေကြတာ” ဟုသူက ပြောသည်။

“တချို့က မနှစ်က လမ်းဖော်တဲ့အချိန်မှာ စပါးစိုက်တယ်။ စပါးစိုက်တော့ အဲဒီစပါးတွေက မလွတ်တာ တွေကော၊ အန်ကယ်တို့ ရေမြောင်းတွေ၊ လမ်းတွေ လုပ်တဲ့အချိန်မှာ ထိခိုက်တာတွေ ရှိတယ်။ တကယ်တမ်းကျတော့ အဲဒီမြေတွေက တဧကမှာမှ ၅ဝ လောက် ထွက်တာ။ ၅ဝ ဆိုရင် စပါးထွက်ပြီး ပြန်ရောင်းရင် တသိန်းခွဲလောက်ပဲ ရမယ့်ကိစ္စအတွက် ၃ သိန်း ပေးခဲ့တယ်။ နစ်နာမှစိုးလို့” ဟုသူက ဆက်ပြောသည်။

Ref: မဇ္ဈိမ

Read More...

ကချင်ကျောင်းသားများ နေရပ်ပြန်ရန် အနှင်ခံရ

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေစဉ် ရန်ကုန်တိုင်း သန်လျင်မြို့၌ နေထိုင်ပညာ သင်နေသည့် ကချင် ကျောင်းသား ကျောင်းသူ ၁၉ ဦးအား ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီ နောက်ဆုံးထား၍ နေရပ်ရင်း ပြန်ရန် ဒေသ အာဏာပိုင်များက အမိန့် ပေးထားကြောင်း အမျိုးသား ဒီမိုကရေစီိ အင်အားစု NDF ပါတီဝင် ဒေါ်ဘောက်ဂျာက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း၏ ညွှန်ကြားချက်အရ ရဲ၊ စည်ပင်နှင့် မြို့နယ်အုပ်ချုပ်ရေး တာဝန် ရှိသူများက မထွက်ခွါလျှင် ဖမ်းဆီး အရေးယူမည့် အကြောင်း အင်္ဂါနေ့ ည ၁၂ နာရီတွင် လာရောက် သတိ ပေးထားခြင်း ဖြစ်သည်။

အသက် ၈ နှစ်မှ ၂ဝ နှစ်အတွင်းရှိ ကျောင်းသား ၁၂ ဦး၊ ကျောင်းသူ ၇ ဦးမှာ ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘောနှင့် ဆွမ်ပရာဘွမ် မြို့နယ်များမှ ဖြစ်ပြီး၊ သန်လျင်ရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်များ၌ လာရောက် ပညာသင်ကာ သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာ အုပ်စုရှိ နေအိမ် တအိမ်ကို စုပေါင်း ငှားရမ်း ထားကြသည်။

“ကျောင်းသားတွေကို ဧည့်စာရင်း မပေးတော့ဘူး။ ကချင်ပြည်နယ်ကို ပြန်ဖို့ ညက နောက်ဆုံး အကြိမ် ဆိုပြီး လာ သတိပေးတယ်။ အဲဒါကို မလိုက်နာဘူးဆိုရင် ကလေးတွေကို ဖမ်းမယ်လို့ ညက လာသတိပေးပြီးပြီ” ဟု ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောသည်။

ဒေါ်ဘောက်ဂျာသည် NDF ကိုယ်စားပြုကာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည်။ သို့သော် ၎င်းမဲဆန္ဒနယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့် အနိုင်ရခဲ့သည်။

စာသင်ရန် လာကြသဖြင့် နေရပ်ပြန်မည် မဟုတ်ဘဲ၊ ဖမ်းဆီးမည် ဆိုပါက အဖမ်းခံ သွားမည်ဟု ကျောင်းသား ကျောင်းသူများက ဆုံးဖြတ်ထားကာ ၎င်းအိမ်၌ပင် နေထိုင်ဆဲ ဖြစ်သည်။

“ကျနော်တို့က ဘာမှလည်း မဟုတ်ဘူး။ ပညာသင်ချင်လို့ ဒီကိုရောက်လာတာ။ ဖမ်းမယ် ဆိုရင်လည်း မတတ်နိုင်ဘူးပေါ့” ဟု တညီတည်း ပြောဆိုကြကြောင်း ဒေါ်ဘောက်ဂျာထံမှ သိရသည်။

ငှားရမ်းထားသော အိမ်ကို လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကချင်အမျိုးသား တဦး ပိုင်ဆိုင်ပြီး၊ ယခုနှစ် ကျောင်းအပ် ရာသီ မေလပိုင်းမှ စ၍ ဧည့်စာရင်း တိုင်ကာ ငှားရမ်းထားခြင်း ဖြစ်သည်။

နေရပ်ဌာနေသို့ ပြန်ခိုင်းခြင်းနှင့် ဧည့်စာရင်း မပေးခြင်းကို သိနိုင်ရန် ဒေါ်ဘောက်ဂျာက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းထံ သွားရောက် မေးမြန်းခဲ့သည်။

“တိုင်းရင်းသားတွေ ဘာတွေ နားမလည်ဘူးတဲ့၊ လာမပြောနဲ့တဲ့။ ဧည့်စာရင်း မပေးရဘူးလို့ ဘယ်ဥပဒေမှာ ပြောထားသလဲလို့ ပြောတဲ့ အခါကျတော့ ဘာမှ လာမပြောနဲ့တဲ့ အုပ်ချုပ်ရေးမှူးက အဲလိုပဲ ပြောတယ်။ ကျမတို့ကတော့ နိုင်ငံသားလည်း ဖြစ်တယ်၊ ကျမတို့က အကြောင်းကြား ထားပြီးသား ဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် နေမှာပဲလို့ ကျမက ပြောခဲ့တယ်” ဟု ဒေါ်ဘောက်ဂျာက ပြန်ပြောပြသည်။

ဆက်လက် နေထိုင်ခွင့်ရရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ စာတင်မည် ဖြစ်ကာ၊ သမ္မတဦးသိန်းစိန်ထံ တိုက်ရိုက် တိုင်ကြားရေး အတွက် ဒေါ်ဘောက်ဂျာ စီစဉ်နေသည်။

နှင်ထုတ်ခံနေရသည့် ကျောင်းသားကျောင်းသူများ နေထိုင်ရာ ကချင်ပြည်နယ်အတွင်း ကချင် လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရ စစ်တပ်များအကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသဖြင့် ၎င်းဒေသရှိ ဒေသခံ ပြည်သူ အချို့မှာ တရုတ်နိုင်ငံနှင့် တောတွင်းများသို့ သွားရောက် ပုန်းရှောင် နေကြသည်။

Ref: မဇ္ဈိမ

Read More...

ကချင် စစ်ပြေး ဒုက္ခသည် ပိုများလာနေ

သန်းထိုက်ဦး
Wednesday, 15 June 2011

မြန်မာ့တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲများကြောင့် ကချင် ဒေသခံ ၁၀၀၀ ခန့် တရုတ်-မြန်မာ နယ်စပ်ရှိ KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့ ယမန်နေ့က စတင်၍ သွားရောက် ခိုလှုံကြသည်။

လိုင်ဇာရှိ ဘုရားကျောင်း၊ စာသင်ကျောင်းတို့တွင် နေရာထိုင်ခင်း၊ အစား အသောက်များ စီစဉ် ပေးထားကြောင်း သိရသည်။

“လိုင်ဇာမှာ စခန်း ၄ ခု၊ ၅ ခု ချပြီး အခု နေရာချထားရေးအတွက် အလုပ်ရှုပ်နေ ကြတယ်။ တရုတ် ဘက်ကမ်း ကျတော့လည်း အသက်ကြီးသူနဲ့ ကလေးပဲ လက်ခံတယ်” ဟု KIA စစ်ဌာနချုပ်မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိသွားသော ဒုက္ခသည်များကို တရုတ်အာဏာပိုင်တို့က ကူညီခြင်း မရှိကြောင်း ၊ အသိ မိတ်ဆွေများထံ သွားရောက် နေထိုင်နေကြကြောင်း KIA အရာရှိက ရှင်းပြသည်။

တိမ်းရှောင်လာသူများသည် လိုင်ဇာ - မြစ်ကြီးနား ကားလမ်းမကြီး တလျှောက်မှ ဒေသခံများ၊ မြစ်ကြီးနားမြို့ပေါ်ရှိ KIA ၏ မိသားစုများ ဖြစ်သည်ဟု ဆိုသည်။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်း ဗုံးပေါက်ကွဲမှုများ ၃ နေရာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြီးများ ထပ်မံ ဖြစ်ပွားမှု မရှိသေးကြောင်း၊ မြန်မာ့တပ်မတော်၏ ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက် သွားရန် မြစ်ကြီးနား - လိုင်ဇာ ကားလမ်းရှိ တံတား ၃ ခုကို ယခု ရက်ပိုင်းအတွင်း ဖျက်ဆီး လိုက်ကြောင်း KIA က ပြောသည်။

မြန်မာ့တပ်မတော်က လိုင်ဇာ - ဗန်းမော် - မြစ်ကြီးနား ကားလမ်း တလျှောက်တွင် တပ်အင်အား ထပ်မံ တိုးချဲ့ ထားကြောင်း၊ ခရီး သွားလာမှုကို တင်းကျပ်လိုက်ကြောင်း သိရသည်။

မြန်မာ့တပ်မတော်နှင့် KIA သည် လအတန်ကြာ စစ်ရေး တင်းမာခဲ့ ပြီးနောက် ဇွန် ၉ ရက် နေ့က စတင်ပြီး တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံ ရေး အရ စိတ်မချရသောကြောင့်ဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့သည်။

KIA ကလည်း ၎င်းတို့ ထိန်းချုပ်ရာဒေသအနီးရှိ အစိုးရ တပ်များ ဆုတ်ခွာရေး တောင်းဆိုခဲ့သည်။ နှစ်ဘက် စစ်ရေး တင်းမာမှု များက စစ်ပွဲများအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် KIA တို့ ငြိမ်းချမ်းရေးယူပြီး ၁၇ နှစ် အကြာတွင် နှစ်ဘက် တိုက်ခိုက်မှုများ ပြန်လည် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြန်မာအစိုးရက ကချင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မပြုသေးပေ။

၇ ရက်ကြာ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများ ရပ်တန့်ဖွယ် မရှိသေးကြောင်း KIA က ယူဆနေသည်။

“အစိုးရဘက်ကလည်း ထိုးစစ်ကတော့ တကယ်တမ်း KIA ကို အမြစ်ပြတ် ချေမှုန်းချင်တဲ့ ပုံစံမျိုး လုပ်လာတယ်၊ သူတို့ရဲ့ ထိုးစစ်က ရိုးရိုး ထိုးစစ် မဟုတ်တော့ဘဲနဲ့ နေပြည်တော်ကနေ တိုက်စစ် ဆင်လာတဲ့ ပုံစံမျိုးနဲ့ လုပ်လာတယ် ဆိုတော့ စစ်ကတော့ ရပ်တန့်ဖို့ ခက်မယ်လို့ ကျနော် ထင်တယ်” ဟု လိုင်ဇာမှ KIA တာဝန်ရှိသူက ပြောသည်။

Ref: ဧရာဝတီ်

Read More...

တိုက်ပွဲအတွက် နှစ်ဖက် အသင့်အနေထားရှိ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ အစိုးရတပ်များနှင့် အပြန်အလှန် တိုက်ခိုက်ရန် စစ်ရေး ပြင်ဆင်မှုမှာ နှစ်ဖက်စလုံး အသင့် အနေအထား ရှိနေကြပြီ ဖြစ်ကြောင်း KIO ဗဟိုကော်မတီဝင် ဦးလနန်က ပြောဆိုလိုက်သည်။

အစိုးရတပ်ဖွဲ့ အင်အားဖြည့်တင်းကာ လိုင်ဇာမြို့အနီးစခန်း ၃ ခုမှ ၁ဝ၅ မမ၊ ၁၂ဝ မမ အမြောက်များဖြင့် KIO ဗဟို ဌာနချုပ်ရှိရာ လိုင်ဇာမြို့ဘက်သို့ ချိန်ရွယ်ထားသည်ဟု KIO ဘက်က ပြောသည်။ လိုင်ဇာမှ ၈ မိုင်ခန့် အကွာရှိ နားလုံစခန်း၊ လိုင်ဇာမြို့မှ ၁၄ မိုင်အကွာရှိ နမ်ဆန်ယန်စခန်း လိုင်ဇာနှင့် ၂၅ မိုင်ခန့်အကွာရှိ မိုးမောက်မြို့နယ်ခွဲ ဒေါ့ဖုန်းယန်တို့မှ ချိန်ရွယ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းတရပ်တွင် KIO က အစောပိုင်းရက်များတွင် လက်ဖြောင့် တပ်သားများ အသုံးပြု တိုက်ခဲ့သည်ဟု ဆိုသည်။

ဦးလနန်က စစ်ပြင်ဆင်ထားမှုကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆို လိုက်ပြီး “အခုတော့ နှစ်ဖက် သတိနဲ့ အသင့် အနေအထား ဖြစ်နေကြတယ်။ သူတို့ ဘက်ကလည်း ပစ်တာ မရှိသေးဘူး။ သူတို့နဲ့က မဝေးတော့ဘူး” ဟု မဇ္စျိမကို ပြောသည်။

စစ်ပွဲများက ကချင်အမျိုးသားတို့၏ မျိုးချစ်စိတ်ကို တိုးပွားလာစေပြီး ဖေ့စ်ဘွတ်သုံး ကချင် အသိုင်းအဝိုင်းတွင် ကချင် အလံများကို ထုတ်ဖော်ပြသမှုများ ရုတ်ချည်း မြင့်တက် လာနေသည်။

KIO အနေဖြင့် စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အာဏာရှင် အစိုးရအား တော်လှန် နေရခြင်း ဖြစ်ကြောင်းနှင့် 'မလွှဲ မရှောင်သာ၍' ရှေ့တန်းရောက် မြန်မာ့ တပ်မတော်သားများနှင့် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက် နေရခြင်း ဖြစ်ကြောင်း မြန်မာ့ တပ်မတော် တပ်ဖွဲ့ ဝင်များသို့ အသိပေး ကြေညာချက် တစောင် ယနေ့ ထုတ်ပြန် လိုက်သည်။

“ကျနော်တို့က ဘယ်လိုနည်းလမ်းနဲ့ လုပ်နေတယ်ဆိုတာ ကမ္ဘာကို သိခိုင်းစေချင်တာပဲ။ ဒါကြောင့် ကျနော်တို့ဘက် ဝင်လာတဲ့ လူတွေ၊ အမြဲတမ်း လက်ခံတယ်။ ကျနော်တို့ရဲ့ စစ်ဆင်ရေးကို သိဖို့ ကြေညာ လိုက်တာပဲ။ ရှေ့တန်းမှာ တိုက်နေတဲ့ စစ်သားတွေ အတွက်လည်း သူတို့ လုံခြုံရေး အတွက်လည်း ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ဘက်ကို ရောက်လာရင် အမြဲတမ်း ကြိုဆိုနေတယ် ဆိုတာ” ဟု ဦးလနန်က ပြောသည်။

ဗလမင်းထင် တံတားမှ ဝိုင်းမော်မြို့သို့ သွားသည့် နန်မြစ်ချောင်းပေါ်ရှိ မရမ်းသံတံတားအား အင်္ဂါနေ့ ည ၈ နာရီခွဲ ချိန်တွင် ဖျက်ဆီးခဲ့သလို၊ ဝိုင်းမော်မြို့မှ လိုင်ဇာသွားသည့် လမ်းပေါ်မှ မလိ သံတံတားကိုလည်း ဖျက်ဆီး လိုက်ပြီး ဖြစ်သည်။ သို့သော် တံတားမှာ ပျက်စီးခြင်း မရှိဘဲ သွားလာ နိုင်သေးသည်ဟု ဒေသတွင်း သတင်း ရပ်ကွက်များက ပြောသည်။

အရှည် ၁ဝဝ ပေ၊ အကျယ် ၁၅ ပေ ရှိသော မရမ်းတံတားကို ဖြတ်၍ အစိုးရ ဘက်က စစ်အင်အား ဖြည့်တင်း ပေးနိုင်မည့် လမ်းကြောင်း ဖြစ်သောကြောင့် ဖြတ်တောက် လိုက်ခြင်း ဖြစ်သည်။ မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော် လမ်းပေါ်တွင် ပြေးဆွဲနေသော ကားများ ဖြတ်သန်းမှုများ ပြတ်တောက်သွားသည်။

အစိုးရတပ်ဘက်မှ နမ်ဆန်ယန်၊ နားလုံ၊ လဂျားယန် စသည့်တပ်စခန်းများတွင် အနည်းဆုံး အင်အား ၅ဝဝ ခန့်ရှိမည်ဟု ခန့်ရရပြီး မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်တွင်မူ တပ်ဖွဲ့အင်အား ၂ဝဝ ခန့်ရှိမည်ဟု ကချင်ပြည် လွတ်လပ်ရေး ကောင်စီ KIC အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး ယော်ထုံက ခန့်မှန်းပြောဆိုသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် ဦးသိန်းဇော်နှင့် ဝန်ကြီး အဖွဲ့များ၊ စည်းရုံးရေးမှူးများက မြစ်ကြီးနားမြို့ မြို့တော် ခန်းမတွင် တိုက်ပွဲ မဖြစ်ပွားရန် ဆွေးနွေးခဲ့သည်ဟု သူက ဆိုသည်။

“ဒီမနက် မြစ်ကြီးနားမှာ ပြည်နယ်ဝန်ကြီးတွေ စည်းဝေးတယ်။ မတိုက်ကြဖို့ စည်းဝေးကြတယ်။ ကျနော်တို့ ဆီလည်း ကြားလူ လွှတ်မယ်လို့ သတင်း ကြားရတယ်။ အစိုးရဘက်က နည်းနည်း ထူးခြားနေတယ်။ ဖုန်းနဲ့ အသိတွေထဲကနေ အကြောင်းကြား လာတာတော့ ရှိတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် လိုင်ဇာမြို့ အနီးပတ်ဝန်းကျင်ရှိ နားလုံ၊ ဒွန်ခုံး၊ မဒီးယန်၊ လမိုင်ယန်၊ နမ်ဆန်ယန် စသည့် ဒေသများမှ စစ်ပြေး ဒုက္ခသည်များ ၁ဝဝဝ ကျော်ကို KIO ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်တီက လိုင်ဇာမြို့ရှိ စာသင်ကျောင်း၊ ဘုရားကျောင်း စသည့် နေရာများတွင် နေရာချထားပေးသည်။

တရုတ်ပြည်ဘက်သို့ ထွက်ပြေးသည့် ဒေသခံများကို စစ်ပွဲမဖြစ်သေးသဖြင့် တရုတ်က ပိတ်ထားသည်ဟု ဦးလနန်က ပြောသည်။

Ref: မဇ္ဈိမ

Read More...

ကျပ်ငွေဈေး အနည်းငယ် ပြန်ဆင်း

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ စံချိန်တင် ဈေးမြင့်တက်သွားခဲ့သော မြန်မာကျပ်ငွေ ဈေးနှုန်းသည် အင်္ဂါနေ့တွင် အနည်းငယ် ပြန်လည် ကျဆင်းလာပြီး အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တဒေါ်လာလျင် ကျပ် ၇၈ဝ ဈေးပေါက်သည်။

တလခန့် ဆက်တိုက် တက်သွားခဲ့သော မြန်မာငွေဈေးမှာ အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တဒေါ်လာလျှင် ၇၅ဝ ကျပ် အထိပင် မြင့်တက်ခဲ့သည်။ ထိုင်းဘတ်ငွေနှင့် မြန်မာငွေ လဲလှယ်ရာတွင် ကျပ်ငွေ တသိန်းလျှင် ဘတ် ၄၂ဝဝ အထိ ဈေးပေါက်သည်။

ကျပ်ငွေဈေးတက်မှုက ပို့ကုန် လုပ်ငန်းရှင်များ၊ ပြည်ပတွင် အလုပ်လုပ်သူများကို မှီခိုနေရသော အိမ်ထောင်စုများနှင့် ဒေါ်လာနှင့် ဝင်ငွေ ရရှိသူများကို ထိခိုက်စေသည်။

ဦးခင်မောင်ညို (ဘောဂဗေဒ) က သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဗုဒ္ဒဟူးနေ့နံနက် အမေရိကန် ဒေါ်လာဈေးမှ ၇၈ဝ-၇၉ဝ ကျပ် ဈေးပေါက်ပြီး၊ အက်ဖ်အီးစီမှ ၇ဝ၅-၇၂ဝ ကျပ် ဈေးပေါက်သည်ဟု ရေးသားထားသည်။

“ ဒေါ်လာကျတာ ရပ်သွားပြီးတော့ ကုန်ဈေးတွေ တက်လာပြန်ပြီ ” ဟုလည်း ပါရှိသည်။

ထူးထူးကဲကဲ ငွေဈေးတက်မှု အပေါ် ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေက ကျောက်မျက်ရောင်းရငွေများနှင့် အစိုးရက နိုင်ငံပိုင် လုပ်ငန်းနှင့် မြေယာ အဆောက်အဦးများ လေလံရောင်းချမှု၏ အကျိုးဆက် တခုဟု ပြောသည်။

“နံပါတ်တစ်ကတော့ ကျောက်မျက်က ပြီးခဲ့တဲ့အပတ်က သန်း ၂ဝဝဝ ကျော်ကျော်လောက် ရောင်းရတယ်။ အဲဒီထဲက ၄ဝ ရာခိုင်နှုန်းလောက် ဝင်လာတယ် ကြားတာပဲ။ ဝင်တော့ ဗမာငွေ ပြန်ဖော်တာပေါ့” ဟု ဦးခင်ရွှေက ပြောသည်။

“နိုင်ငံတော်ကလည်း မြေတွေ၊ အဆောက်အဦးတွေ လေလံပစ်ထားတာ ရှိတယ်။ ဗမာငွေသွင်းဖို့ ရက်တွေက နီးလာပြီ။ ရတဲ့ ဒေါ်လာကို ရောင်းပြီးတော့ ဖော်ရတာပေါ့။ ရောင်းလို့ရတဲ့ ပမာဏနဲ့ပဲ ရောင်းသွားတော့ ဈေးကွက်ထဲမှာ ဒေါ်လာ များသွားတယ်။ ဗမာ ငွေ နည်းနည်း ကျပ်သွားတယ်” ဟု သူကပြောသည်။

ဦးခင်ရွှေက လာမည့် အောက်တိုဘာ၊ နိုဝင်ဘာ ခရီးသွား ရာသီကာလတွင် ခရီးသွား လုပ်ငန်များကို ထိခိုက် စေလိမ့်မည်ဟု ဟောကိန်း ထုတ်လိုက်သည်။

“လာမယ့် ရာသီအတွက်ကို ခရီးသွား ကုမ္ပဏီတွေကနေ တခြားကုမ္ပဏီတွေကို ပုဂံသွားမယ်ဆိုရင် လူတယောက်ကို ဥပမာ ဒေါ်လာ ၅ဝဝ ကို အခြေခံက ၁ဝဝဝ နဲ့ တွက်ထားတယ်။ ဒိုင်းဆို ၈ဝဝ ကျသွားရင် တဒေါ်လာကို ၂ဝဝ ရှုံးတာပေါ့ဗျာ။ ဟိုတယ်တွေသာ ဒေါ်လာနဲ့ ပေးရတယ်၊ ကျွေးတာ မွေးတာ ကျပ်တွေနဲ့ ပေးတဲ့ အခါကျတော့ ဒီပြဿနာ ရှိတာပေါ့” ဟု ဦးခင်ရွှေက ပြောသည်။

အစိုးရက ငွေလဲနှုန်း စံနှုန်းတခု သတ်မှတ်ပေးမည့် အစီအစဉ် မရှိသေးဟု သူသိထားသော်လည်း “၇ဝဝ နှင့် ၈ဝဝ အကြား ဈေးနဲ့ ထိန်းလိုက်ရင် ဒီအချိန် အကောင်းဆုံးဖြစ်မယ်” ဟု ရန်ကုန်တိုင်း အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေက ပြောသည်။

နိုင်ငံတွင် အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆.၃ ကျပ်နှုန်းအဖြစ် တရားဝင် သတ်မှတ်ထားသော်လည်း အမှန်တကယ် တွင်ကျယ် နေသည်က မှောင်ခိုဈေးကွက် ဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

Wednesday, June 15, 2011

၂၀၀၈ အခြေခံဥပဒေအစိုးရ၏လုပ်ရပ်များကို KNO ရှုံ့ချ

Tuesday, 14 June 2011 11

ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization, KNO) က ၂၀၀၈ အခြေခံဥပဒေ အစိုးရ၏ တိုင်းရင်းသား လက်နက်ကိုင်များ အပေါ်ထိုးစစ်ဆင်ခြင်းကို ရှုံ့ချသည့်ကြေညာချက် ဇွန် ၁၃၊ တနင်္လာနေ့ ထုတ်ပြန်ခဲ့သည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဖယ်ရှားရန်ကြံ့ဖွံ့အစိုးရ၏ လတ်တလောထိုး စစ်ဆင် တိုက်ခိုက်မှုသည် နိုင်ငံတကာ အသိုင်းအ၀န်း၊ တိုင်းရင်းသားလူမျိုးစုများ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ ဒီမိုကရေစီ အတိုက်အခံများ တောင်းဆိုနေသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးကို အသိအလင်း လျစ်လျူ ရှူလိုက်ခြင်း ဖြစ်သည်” ဟု ပါရှိသည်။

တိုင်းရင်းသား ပေါင်းစုံ နေထိုင်သည့် ပြည်ထောင်စု မြန်မာ နိုင်ငံသည် ၁၉၄၇ ပင်လုံ စာချုပ်အားဖြင့် ပေါ်ပေါက် လာခဲ့သော်လည်း ပင်လုံ သဘောတူညီချက်ကို ယခုတိုင် ပုံဖော်နိုင်ခြင်း မရှိပါ။

၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေများဖြင့် နိုင်ငံတော်အလံ အထိ ပြောင်းလဲပြီး တိုင်းရင်းသား ပေါင်းစုံ နေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံကို ပုံဖော်ခဲ့သည်။

ယခုအခါ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အသက်သွင်းလာစဉ် ပြည်တွင်းစစ် ပြန်ဖြစ်လာသည်။

၂၀၁၀ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲပြီးနောက်တစ်ရက် ဗိုလ်မှူးကြီး စောလားပွယ် ဦးစီးသည့် DKBA ခွဲထွက် တပ်ဖွဲ့နှင့် ထိုင်းနယ်စပ် မြ၀တီမြို့တွင် အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယခုအချိန်ထိ ကရင်ပြည်နယ် အတွင်း အစိုးရတပ်နှင့် ကရင် တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

ယခုအခါ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့်ပူးပေါင်းလိုက်သည့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-N) အား အစိုးရတပ်က မတ်လ ၁၃ ရက်နေ့တွင် စတင်၍ တိုက်ခိုက်ခဲ့သည်မှာ ယနေ့ ၃ လကျော်ပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရတပ်ကြား ဇွန် ၉ ရက်မှစတင်၍ အပြင်းထန်ဆုံး တိုက်ပွဲများ ဖြစ်ပွားလာသည်။

ဇွန် ၁၁ ရက်တွင် (ပြည်ထောင်စုမြန်မာနိုင်ငံ) ENC, Ethnic Nationalities Council က တိုင်းရင်းသား ဒေသများသို့ ထိုးစစ် ဆင်မှုများကို ရပ်တန့် ပေးရန်နှင့် ငြိမ်းချမ်းရေး စကားဆိုရန် သမ္မတဦးသိန်စိန်အား တောင်းဆိုခဲ့သည်ဟု KIC သတင်းတွင်ပါရှိသည်။

၂၀၀၈ အခြေခံဥပဒေအစိုးရ သမ္မတ ဦးသိန်းစိန်က “တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ ယခင် အတွေ့အကြုံ အရ ပါးစပ်နဲ့ ပြောနေရုံနဲ့ မရပါဘူး။ စားပွဲမှာထိုင်ပြီး ဆွေးနွေး နေရုံနဲ့လည်း ဖြစ်မလာနိုင်ပါဘူး။ ပထ၀ီ အနေအထားအရ ရေခြား မြေခြား ဖြစ်နေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေကို တစ်ဆက် တစ်စပ်တည်းဖြစ် သွားအောင် ကားလမ်းတွေ၊ မီးရထား လမ်းတွေ ဖောက်ပေးရမယ်။ တံတားတွေ ဆောက်ပေးရပါမယ်၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းတွေ မြှင့်တင်ပေးရပါမယ်။ တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘ၀ တိုးတက် မြင့်မားလာအောင် စီးပွားရေး အခြေခံကောင်းတွေ ပြုလုပ် ပေးရပါမယ်။ ဒီလမ်းတွေ၊ တံတားတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို အသုံးချပြီး တိုင်းရင်းသားတွေရဲ့ လူမှုဘ၀ မြင့်မားလာအောင် မြှင့်တင်ပေးရမှာဖြစ်” ဟူ၍ မတ် ၃၀ မိန့်ခွန်းတွင် ပြောဆိုထားသည်။

“ပြည်တွင်းစစ် စတင်ခြင်းသည်မည်သည့်ကောင်းကျိုးကိုမျှ ဖော်ဆောင်မည်မဟုတ်ဘဲ ပြည်သူ ပြည်သားများ၏ အသက်၊ အိုးအိမ် စည်းစိမ် ပျက်စီးစေ၍ လူမှုဒုက္ခ အဖုံဖုံကို ဖြစ်ပေါ်စေမည်။” ဟု KNO ၏ ကြေညာချက်တွင် ပါရှိသည်။

Ref: KNG News

Read More...

“ထိုးစစ်တွေကို ရပ်လိုက်ပါ”

Tuesday, 14 June 2011

မြန်မာ့တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အပစ်အခတ် ရပ်စဲပြီး ၁၇ နှစ် အကြာတွင် နှစ်ဘက် တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပေါ် လာသည်။

လအတန်ကြာ စစ်ရေး တင်းမာမှုများနောက်ပိုင်း ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီး လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည် အစပြုခဲ့ပြီး၊ KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ ဆက်ဆံရေးရုံး တချို့ကို ပိတ်လိုက်ရသည်။

ထိုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ၏ အကြီးတန်း သတင်းထောက် ဝေမိုးက KIO ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်ကို တနင်္လာနေ့က ဆက်သွယ် မေးမြန်းထားသည်။


မေး ။ ။ တိုက်ပွဲတွေ ဘယ်လို စပြီး ဖြစ်တာလဲ။

ဖြေ ။ ။ တိုက်ပွဲက ၉ ရက်နေ့ မနက် ၃ နာရီလောက် ကတည်းက အစိုးရတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခွင်းပြီးတော့ ကျနော်တို့ တပ်ဘက်ကို ချဉ်းကပ် လာတယ်။ မနက် ၇ နာရီလောက်မှာ ကျနော်တို့ဘက်က ပြန်ပြီးတော့ ပစ်ခတ်ကြတာပေါ့။ အဲဒီနေ့က ပွဲကတော့ ကျနော်တို့ ဘက်က ၁၁ နာရီ ၄၅ မှာ အပစ် ရပ်လိုက်တယ်။ ဒါပေမယ့် သူတို့ ဘက်ကတော့ ၁၂ ခွဲလောက် အထိ ဆက်ပြီးတော့ ပစ်နေကြတယ်။ ၉ ရက်နေ့ တိုက်ပွဲကတော့ အဲဒီမှာ ပြီးသွားပြီ။ အဲ့ဒါပြီးတော့ သူတို့ဘက်က လိုက်လျောပေးတဲ့ အပိုင်းတွေ မရှိဘူးပေါ့။ သုံ့ပန်းတွေကို ပြန်အပ်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ပြောတဲ့ အချက်တွေကို လိုက်လျောခြင်း မရှိဘဲနဲ့ ပြန်ပြီးတော့ ဖိတင်းတဲ့ အခြေအနေ ဖြစ်လာတယ်။ အဲ့ဒီလို ဖိတင်းရင်းနဲ့ ၁၀ ရက်နေ့ ညနေပိုင်း ၃ နာရီ ၄၅ မိနစ်လောက်မှာ သူတို့ ဘက်က စပြီးတော့ ထိုးစစ် ပြန်ဆင်တယ်။ အခုချိန်ထိပါပဲ။ တပ်ရင်း ၁၅ ကို သူတို့တွေ လက်နက်ကြီးနဲ့ အဝေးကနေ လှမ်းပစ်တာ။ တပ်ရင်း ၁၅ ဆိုတာက ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်က တာပိန်မြစ်ရဲ့ မြစ်ဖျားပိုင်း ကျမှာပေါ့။

မေး ။ ။ နှစ်ဘက် အသေအပျောက် ဘယ်လောက်ရှိပါသလဲ။

ဖြေ ။ ။ သူတို့ ဘက်က ကျသွားတာတော့ ဗိုလ်ကြီး၊ ဗိုလ်မှူး လို့ပဲ ပြောရမလား မသိဘူး၊ လခ စားတာက ဗိုလ်မှူး လခ စားတယ် ဆိုတော့၊ ဒုတပ်ရင်းမှူး လုပ်ရတော့မယ့် တယောက် ကျတယ်။ ရဲဘော်တွေက ၃ ယောက် ဆိုတော့ သူတို့ဘက်က စုစုပေါင်း ၄ ယောက် ကျတယ်။ အဲ့ဒီမှာ ဒဏ်ရာ ရတာကတော့ သူတို့ဘက်က ၉ ယောက် ပါတယ်။ အဲ့ဒီမှာလည်း ဗိုလ်ကြီးတယောက် ပါသေးတယ်။

၁၀ ရက်နေ့ ပြန်ပြီးစတဲ့ တိုက်ပွဲမှာတော့ ကျနော်တို့ဘက်က ကျဆုံးတာ ၃ ယောက် ရှိသွားပြီ။ သူတို့ဘက်က လက်နက်ကြီးနဲ့ ပစ်တာ ဆိုတော့ ကျနော်တို့ ဘက်ကလည်း ဘန်ကာ ကတုတ်ထဲမှာ အောင်းပြီးမှပဲ ပြန်ပြီး ခုခံရတယ်။ အဲ့ဒီမှာ လက်နက်ကြီး ကျည်တလုံးက ကျနော်တို့ ဘန်ကာ တခုရဲ့ အထက်နားမှာ ရှိတဲ့ သစ်ပင်ကို မှန်ပြီးတော့ အစတွေ ဖြာထွက်ပြီး ကျနော်တို့ ရဲဘော်တွေ ကျကုန်တာလို့ ပြောလို့ရတယ်။ တခြားတော့ ဘာမှ ထိခိုက်မှု မရှိသေးဘူး။

သူတို့ဘက်ကတော့ ဒဏ်ရာရတာ တော်တော်များတယ်လို့ ကြားတယ်။ မိုးမောက်တို့ ဗန်းမော်တို့မှာ ရှိတဲ့ ဆေးရုံတွေကို သူတို့ရဲ့ ဒဏ်ရာရ စစ်သားတွေကို ကားနဲ့ ခဏခဏ ခေါ်လာပြီးတော့ စစ်သားတွေ၊ အစောင့်တပ်တွေ ချထားတယ်လို့ မြို့သားတွေ ပြောကြတယ်။ သူတို့ ပြောတာအရ ဆိုရင် စ ဖြစ်တဲ့နေ့မှာ ကတည်းက ဆေးရုံကို ခေါ်သွားတာ အယောက် ၃၀ လောက် ရှိတယ်။ ၁၁ ရက်လည်း တနေကုန် ပစ်ခတ်ကြတယ်၊ ၁၂ ရက်လည်း တနေကုန် ပစ်ခတ်ကြတယ် ဆိုတော့ ခန့်မှန်း ကြည့်တာပေါ့နော်။ အဲ့ဒီ ၃၀ နှုန်းနဲ့သာ ဒဏ်ရာရမယ် ဆိုရင် အခုဆိုရင် ၁၀၀ နီးပါးလောက် ဒဏ်ရာ ရနိုင်တယ်လို့တော့ ခန့်မှန်းလို့ ရပါတယ်။ ဒါပေမယ့် အတည်ပြုချက်တော့ မရသေးဘူးဗျ။

မေး ။ ။ ဒီရက်ပိုင်းအတွင်း KIOရဲ့ ဆက်ဆံရေးရုံးတွေကို အစိုးရတပ်တွေက သိမ်းလိုက်တယ်လို့ ကြားတယ်။ ဟုတ်ပါသလား။

ဖြေ ။ ။ အဲဒီလို မဟုတ်ဘူးဗျ။ ဆန်ဂမ် မှာရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းဘေးမှာရှိတဲ့ ဆက်ဆံရေးရုံး တခု ရှိတယ်။ ၉ ရက် နေ့တုန်းက အဲဒီမှာ တာဝန်ကျတဲ့ ရဲဘော်က ရန်သူရဲ့ လက်ထဲမှာ အဖမ်းခံရတယ်။ အဖမ်း ခံရပြီးတော့ ရန်သူရဲ့ လက်ထဲမှာပဲ ရိုက်နှက်ပြီး သတ်ဖြတ် လိုက်တယ်။ အလောင်းကိုလည်း ရုံးရှေ့မှာ တိရစ္ဆာန် အလောင်း ပစ်ထား သလိုပဲ ပစ်ထားတာပေါ့နော်။ ၂ ရက်တောင် ပစ်ထားတာပေါ့နော်။

တကယ်တော့ သံတမန် နည်းလမ်းနဲ့ အဖွဲ့ ၂ဖွဲ့ ကြားမှာ ဆက်ဆံ ကူးလူးနေတဲ့ အဖွဲ့ပဲနော်။ သံတမန်ရေး တာဝန် ထမ်းဆောင်နေတဲ့ ရဲဘော်တွေကို သူတို့ ဖမ်းတယ်၊ ရိုက်နှက်တယ်၊ သတ်တယ်၊ ဆိုတာမျိုးတွေ ရှိနေတော့ မြစ်ကြီးနားမြို့ပေါ်မှာ ဖွင့်ထားတဲ့ ကျနော်တို့ KIO ဗဟို ကိုယ်စားလှယ်ရုံး နဲ့ ဆက်ဆံရေးရုံးက ရဲဘော်တွေကို သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်အတွက် စိုးရိမ်ရတဲ့ အခြေအနေ ရောက်လာတယ်။ အဲဒါကြောင့် ၁၀ ရက်နေ့ ညတွင်းချင်းမှာပဲ သူတို့ကို ဒီဘက် ပြန်ရုပ် လိုက်တာပါ။ အစိုးရက ပိတ်ခိုင်းတာ မဟုတ်ပါဘူး။

ပိတ်တာက မြစ်ကြီးနား ဆက်ဆံရေးရုံးပါ၊ မိုးမောက်မှာတော့ ဆက်ဆံရေးရုံးတွေ မရှိပါဘူး။ တိုက်ပွဲ ဖြစ်တာကတော့ မိုးမောက် ခွင်မှာ ဖြစ်တယ်။ ဒါပေမယ့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ ပြောဆို ဆက်ဆံ တာတွေကိုတော့ မြစ်ကြီးနားက ဗဟို ဆက်ဆံရေးရုံးက နေပဲ ပြောဆိုပါတယ်။ မြစ်ကြီးနားရုံးက ဝန်ထမ်းတွေက သူတို့စည်းထဲမှာ ရှိတဲ့အတွက် ဆက်ဆံရေးရုံး ပိတ်တယ် ဆိုတာထက် ကျနော်တို့ ဝန်ထမ်းတွေကို ကျနော်တို့ ဌာနချုပ်ဆီကို ပြန်ပြီး ခေါ်ယူတယ် ဆိုရင် ပိုသင့်တော် ပါလိမ့်မယ်။ ဆက်ဆံရေးရုံး ဆိုတာကတော့ နောက်ပိုင်း လိုအပ်ရင် လိုအပ်သလို အသက် ပြန်သွင်းသင့်ရင် သွင်းရမှာပဲ။

မေး ။ ။ မြစ်ကြီးနားမြို့ကို မီးပေးတာတွေက KIO ကပဲ တာဝန်ယူထားတဲ့ ကိစ္စဆိုတော့ အဲဒီကိစ္စကိုရော ဘယ်လို ဖြေရှင်းမလဲ။

ဖြေ ။ ။ မီးပေးတာကတော့ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ ပြည်သူလူထုတွေကို ဦးစားပေးပြီးတော့ ကျနော်တို့က လျှပ်စစ် ဖြန့်ဖြူး ပေးတာပါ။ အဲဒီကနေလည်း ကျနော်တို့က ဘာ အကျိုးအမြတ်မှ မရပါဘူး။ အဲဒါကလည်း ကျနော်တို့ KIO က ဖွင့်ထားတဲ့ ဘိုခါး ကုမ္ပဏီ လီမိတက် ဆိုတာရှိတယ်။ အဲဒီရုံးမှာ ရှိတဲ့ ကျနော်တို့ KIO အဖွဲ့တွေကိုပဲ ၁၀ ရက်နေ့မှာပဲ ပြန်ခေါ် လိုက်ပါတယ်။ ဒါပေမယ့် အဲဒီရုံးကို လုံးဝ ပိတ်လိုက်လို့ မရဘူးဖြစ်နေတယ်။ ပိတ်လိုက်ရင် မြစ်ကြီးနားမြို့ပေါ်မှာ ရှိတဲ့ ပြည်သူ လူထုတွေအတွက် ဒုက္ခအကြီးအကျယ် ရောက်ပါလိမ့်မယ်။

ဦးစီး ဦးဆောင်လုပ်နေတဲ့ KIO က ကျနော်တို့ လူကြီးတွေကိုပဲ ပြန်ပြီးတော့ ခေါ်ယူလိုက်တာပါ။ အဲဒီမှာရှိတဲ့ နေ့စား၊ လခစား ဝန်ထမ်းတွေကိုတော့ လျှပ်စစ်မီး ဆက်လက် ရရှိရေးအတွက် ဆက်လက် တာဝန် ထမ်းဆောင် ခိုင်းထားပါတယ်။ သူတို့က KIO တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူး ဆိုတော့ သိပ်ပြီးတော့ အန္တရာယ်ရှိမယ် မထင်ဘူးလေ။

မေး ။ ။ KIO ဌာနချုပ် ရှိတဲ့ လိုင်ဇာဒေသမှာရော အခြေအနေ ဘယ်လိုရှိသလဲ။

ဖြေ ။ ။ အဲဒါပြောမယ်ဆိုရင် ရှေ့က နည်းနည်းပြောလိုက်ချင်တယ်။ ကျနော်တို့ တပ်ရင်း ၁၅ ရှိတဲ့ တောင်ကုန်းကို သူတို့ဘက်က မရမနေ ဆိုတဲ့ သဘောနဲ့ ဝိုင်းပြီးမှ လုနေတဲ့ သဘောရှိတယ်။ အဲဒီမှာ သူတို့ ထိုင်ချင်တဲ့ သဘော ရှိတယ်။ ကချင်ပြည်မှာ ရှိသမျှ သူတို့တပ်တွေနဲ့ အဲဒီနေရာကို စုပြုံပြီး ဝင်တိုက်ကြတယ်။ ဝင်တိုက်ကြလည်း ကျနော်တို့ဘက်က စစ်မက် ဖြစ်ပွားမှုကို လျော့နည်း သွားစေချင်တယ်။ ပျောက်သွားချင်တယ်ဗျာ။ အဲဒါကြောင့်မို့ ကျနော်တို့ဘက်က တပ်ရင်း ၁၅ ရဲ့ တပ်အင်အားနဲ့ပဲ ခုခံခိုင်းထားတယ်။ တခြားနေရာက တပ်တွေ ဖြည့်တင်းပြီး တိုက်ပွဲ ကြီးသွားအောင် ကျနော်တို့ မလုပ်ခဲ့ဘူး။ တပ်ရင်း ၂၅ ဆိုရင် အခုဖြစ်တဲ့ တပ်ရင်း ၁၅ နဲ့ အနီးဆုံးနေရာ၊ လှမ်းပြီးမြင်လို့ရတဲ့ နေရာမှာပဲ ရှိပါတယ်။ သူတို့ဘက်ကတော့ တပ်ရင်း ၁၀ ရင်းလောက် ရှိမယ် ထင်တယ်။ တပ်ရင်း ၄၊ ၅ ရင်း တက်လိုက်၊ အကျအဆုံး များတော့ ပြန်ဆုတ်၊ နောက်တရင်းပြန်တက် လုပ်နေတာ။

ကျနော်တို့ဘက်ကတော့ အဲဒီလောက်ဖြစ်နေတာနဲ့တင် ပြဿနာက တော်တော် ကြီးနေပြီ။ ကျနော်တို့ဘက်က တပ်တွေ ထပ်ဖြည့်မယ် ဆိုရင် ကချင် တပြည်လုံးမှာ စစ်ပွဲတွေ ဖြစ်သွားမယ် ဆိုပြီး ကျနော်တို့ မဖြည့်ခဲ့တာပါ။ ဒါပေမယ့် တိုက်ပွဲတလျှောက်မှာ သူတို့ဘက်က ပိုပြီး ဖြည့်တင်းတာမျိုးတွေကို ကျနော်တို့ တွေ့နေရပါတယ်။

လိုင်ဇာကနေလည်း ခရီးက သိပ်မဝေးဘူး ဆိုတော့ လိုင်ဇာက တပ်တွေ ထပ်ဖြည့်မှာကို စိုးရိမ်တာလား၊ ဒါမှမဟုတ် သူတို့ စီမံကိန်းပဲ ရှိနေတာလား ဆိုတာ မသိရဘဲ သူတို့ဘက်က တပ်တွေ ထပ်ဖြည့်နေတာပါ။ မြစ်ကြီးနားကနေ လက်နက်ကြီးတွေ သယ်သွားတာမျိုး၊ ကျနော်တို့အဖွဲ့ရဲ့ ထွက်ပေါက်တွေကို သူတို့အဖွဲ့တွေ ချပြီး ပိတ်ထားတာ မျိုးတွေပေါ့။ အဲဒါကို ကြည့်ခြင်းအားဖြင့် ကျနော်တို့က စစ်မက် မဖြစ်ပွားအောင် ထိန်းသိမ်းနေတယ် ဆိုပေမယ့်လည်းပဲ သူတို့ဘက်က ပြန့်ရင် ပြန့်ပါစေ ဆိုတဲ့ အနေအထားမျိုးကို တွေ့နေရပါတယ်။

မေး ။ ။ အပစ်အခတ် ပြန်ရပ်ဖို့ ဖြစ်နိုင်ခြေ ရှိသလား။

ဖြေ ။ ။ မနေ့ညက ၈ နာရီ ၉ နာရီလောက်မှာ နေပြည်တော်က ဝန်ကြီးဟောင်းတဦး၊ နာမည်တော့ မပြောတော့ ပါဘူး၊ သူက ကျနော်တို့ ဘက်က ပုဂ္ဂိုလ်တဦးကို ဖုန်းဆက်ပြီးတော့ “ခင်ဗျားတို့ဘက်က ထိန်းပေးပါဦး၊ မဟုတ်ရင် တနိုင်ငံလုံးကို စစ်မက် ပြန့်သွားဦးမယ်။ ကျနော်ကလည်း သမ္မတကြီးကို သွားပြီး ဆွေးနွေး ကြည့်ပါဦးမယ်” ဆိုပြီး ကျနော်တို့ကို အလွတ်သဘော ကမ်းလှမ်း လာပါတယ်။ ကျနော်တို့ဘက်က ပြန်ပြောတာက ၂ ရက် ဆိုတာလည်း အများကြီး ပြောင်းလဲ သွားနိုင်တယ်။ ဒါကြောင့် ခင်ဗျားတို့ တကယ် ဆန္ဒရှိနေတယ် ဆိုရင် ထိုးစစ်တွေကို ရပ်လိုက်ပါ။ စစ်မက် ပြင်ဆင်မှုတွေကိုလည်း လျှော့လိုက်ပါ ဆိုပြီးမှ ကျနော်တို့ ဘက်က အကြောင်းပြန် လိုက်တယ်။ အဲဒီမှာ သူတို့ကလည်း သူတို့ လူကြီးတွေနဲ့ ဒီနေ့မနက်မှာ အစည်းအဝေး ရှိပါတယ်။ အဲဒီမှာ ဆွေးနွေးပြီး ကျနော်တို့ကို ပြန်ပြီး အကြောင်းပြန်ပါမယ် ဆိုတဲ့ အကြောင်း ပြန်ပြောလာတယ်။ ။

Ref: ဧရာဝတီ်

Read More...

တကိုယ်တော် တက်ကြွလှုပ်ရှားသူ အငြိမ်းစား လေတပ်ဗိုလ်ကြီး ဦးဇော်ညွန့်

စနေ, 11 ဇွန် 2011
ရော်နီညိမ်း

တပ်မှူးတပ်သား ပြောစကား (၀၆၄)

၂၀၀၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်တွင်း တရားရုံးတင်နေစဉ်မှာ၊ တကိုယ်တော် ဆန္ဒပြ မှုနဲ့ အဖမ်း ခံခဲ့ရသူ၊ တပ်မတော်(လေ) အရာရှိဟောင်း အငြိမ်းစား ဗိုလ်ကြီး ဦးဇော်ညွန့် ဟာ၊ မကြာသေးခင်က သမ္မတ ဦးသိန်းစိန်ရဲ့ ပြစ်ဒဏ် လျှောပေါ့ ပေးမှုနဲ့၊ ပြန်လွတ် လာခဲ့ပါတယ်။ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ဦးဇော်ညွန့်ရဲ့ မြန်မာ့ နိုင်ငံရေး အတွေးအမြင် တွေကို၊ ဦရော်နီညိမ်းက မေးမြန်းဆွေးနွေး တင်ဆက်ထား ပါတယ်။

ဦးရော်နီညိမ်း ။ ။ ၁၉၈၈ ခုနှစ်မှာ ဦးဇော်ညွန့်ကို ပြည်တွင်းအခွန်များ ဦးစီးဌာန သမဂ္ဂ ဆိုင်းဘုတ် အောက်ကနေ ဆန္ဒပြ နေတာကို ကျနော်တို့ တွေ့ခဲ့ဘူးပါတယ်။ နောက်တခေါက် ၂၀၀၇ ခုနှစ်မှာ၊ ကုန်ဈေးနှုန်း ကျဆင်းရေး ကိုထင်ကျော် အဖွဲ့နဲ့ ပူးပေါင်း ဆန္ဒပြတာကိုလည်း ထပ်တွေ့ခဲ့ရပါတယ်။

ဗိုလ်ကြီးဇော်ညွန့် ။ ။ အဲဒီအချိန်အခါမှာ ကျနော်ဟာ ဘုန်းကြီးကျောင်း တကျောင်းမှာ (၁၀) တန်း ကလေး တွေ၊ တော်တော် ဆင်းဆင်းရဲရဲပါပဲ၊ အဲဒီမှာ စာသင်နေတာ။ နေ့ကျောင်း မတက်နိုင်တဲ့ မနက် အစောကြီး ငါးခုတ် ပြီးတော့ ဈေးကို အရောက်ပို့ဖို့ လုပ်ကြရတဲ့ ကလေးတွေဗျာ။ အဲဒီ (၁၀) တန်း လူငယ်တွေကို စေတနာ့ဝန်ထမ်း ရန်ကုန်မှာပဲ၊ အဲဒီလို သင်နေရင်း လောင်စာဆီဈေးတွေ မြှင့်လိုက်တဲ့ အခါကျတော့ ဘာဖြစ်လဲဆိုရင်၊ ကျနော့် ဆီက ကလေးတွေ ထဲက သုံးပုံ တပုံလောက်ဟာ နေ့ချင်း ညချင်းကို ပြုတ်ထွက် သွားတယ်ဗျ။ လာမတက်နိုင် တဲ့ အထိ ဖြစ်သွားတော့၊ နောက်တခါ အဲဒီရက်ပိုင်းမှာ လူထု ကိုယ်တိုင်က ဒီလောင်စာဆီ ဈေးတွေ မြှင့်တင်မှု ကို လူထုမှာလည်း အခက်အခဲ အကြပ်အတည်းတွေ မကျော်နိုင် လောက်အောင် ဖြစ်ပြီ ဆိုပြီး၊ ကိုထင်ကျော် တို့နဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့၊ ဒီဥစ္စာတော့ ဆန္ဒဖေါ်ထုတ်မှ ရမယ်ဆိုပြီးတော့၊ ကျနော် ပါဝင် ဆောင်ရွက်ခဲ့တာ ပါ ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ အဲဒီကိစ္စအတွက် ဦးဇော်ညွန့် အကျဉ်းထောင်မှာ ကျခဲ့တာကို၊ အဲဒီအချိန်က မီဒီယာတွေ မှာ တွေ့ခဲ့ပါတယ်။ အဲဒါ ဘယ်လောက် ကြာခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်ကြီးဇော်ညွန့် ။ ။ သုံးလလေးလ လောက်ပါပဲ ခင်ဗျ။ အင်းစိန်ထောင်ထဲ ကနေ ပြန်ပြီးတော့ နောက်ဆုံး အသုတ် လွှတ်လိုက်တဲ့ လေးယောက်ထဲမှာ ကျနော်ပါပြီး၊ လွတ်လာခဲ့တာပါ ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဘာဖြစ်လို့ အဲဒီလို စောစောစီးစီး လွတ်လာရတာလဲ ခင်ဗျ။ ဘာကြောင့်လဲဆို၊ အဲဒီအ ချိန်တုန်းက ပါဝင်ခဲ့တဲ့ ကိုထင်ကျော်ဆိုရင် ခုထိ မလွတ်သေးလို့။

ဗိုလ်ကြီးဇော်ညွန့် ။ ။ ဟုတ်တယ်။ ဒီလို ဗျ။ ပြောရရင်တော့ အဲဒီအချိန်တုန်းက ဂမ်ဘာရီ (ကုလသမဂ္ဂအ တွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန်) လား ဘယ်သူလား မသိဘူး၊ လာတာ တခုရှိတယ်။ အဲဒီတချက် ရှိတယ်။ နောက်တခါ သူတို့ ဆက်စပ်ကြည့်တော့လည်း ကိုထင်ကျော်နဲ့ ကျနော်နဲ့ ကလည်း ဟိုး အရင်ထဲက အဆက်အစပ်မျိုး မရှိတဲ့ အခါကျတော့၊ ကျနော့်ကို လွှတ်ပေးခြင်း အားဖြင့်၊ ကျနော်သည် နောက်ပိုင်း မှာ ဆက်ပါဝင်တော့မှာ မဟုတ်ဘူးလို့၊ အဲဒီလိုမြင်လို့ ကျနော့်ကို လွှတ်ပေးလိုက်တယ်လို့၊ ကျနော်ထင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဦးဇော်ညွန့်သည် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ပါတီဝင် မဟုတ်ပေမယ့်၊ ဒေါ်အောင် ဆန်းစုကြည်ကို သူ့အိမ်ခြံဝင်းထဲ နိုင်ငံခြားသား ၀င်ရောက် လာတာကို လက်ခံတဲ့အတွက်၊ အင်းစိန်ထောင်တွင်း တရားရုံးမှာ စစ်ဆေးနေတဲ့ အချိန်မှာ၊ ဦးဇော်ညွန့် သွားပြီး ဆန္ဒပြတဲ့ အတွက်၊ ဦးဇော်ညွန့် အဖမ်း ခံခဲ့ရတာကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ကိုယ်က NLD ပါတီဝင် မဟုတ်ပဲနဲ့ ဘယ်အတွက်ကြောင့် ဒီဆန္ဒပြမှုကို လုပ်ဆောင် ရသလဲဆိုတာ၊ အကျဉ်းချုပ်ပြီး ရှင်း ပြပါ ခင်ဗျ။

ဗိုလ်ကြီးဇော်ညွန့် ။ ။ အချက်သုံးချက် ရှိတယ်ခင်ဗျ။ ပထမဆုံး အချက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက် နေ တာက၊ ကျနော်တို့ နိုင်ငံမှာ အင်မတန် အရေးကြီးတာက ခေါင်းဆောင်ကောင်း ဗျ။ ကျနော်တို့ နိုင်ငံမှာ ခေါင်းဆောင်ကောင်းတွေ ရခဲ့တယ် ခင်ဗျ။ ဥပမာ ဆိုကြပါစို့။ ကျနော်တို့နိုင်ငံ ကျွန်ဖြစ်တယ်။ ခေတ်ရေစီး ကြောင်းအရ ကျွန်ဖြစ်မှာကတော့ ဖြစ်မှာပေါ့လေ။ အဲဒီအချိန်အခါ တုန်းက ကျနော်တို့ နိုင်ငံမှာ ကနောင် မင်းသားကြီးလို ခေါင်းဆောင်ကောင်းကို ရထားတယ်။ ရပေမယ့်လည်း ဒီခေါင်းဆောင်ကောင်းကို ဒီနိုင်ငံက သေ သေချာချာ မထိန်းသိမ်း မစောင့်ရှောက်နိုင်တဲ့ အခါကျတော့၊ ကနောင်မင်းသားကြီး လုပ်ကြံ ခံခဲ့ရတယ်။ ကျွန် ဖြစ်ခဲ့ရတဲ့ စစ်ပွဲတွေမှာ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲက လွဲလို့၊ ကျန်တဲ့ ဒုတိယနဲ့ တတိယ စစ်ပွဲတွေမှာ၊ ရုပ်ပျက် ဆင်းပျက် အောက်တန်း နောက်တန်းကျပြီး ကျွန်ဖြစ်ရတာ ဗျ။ ဒါသည် ခေါင်းဆောင်ကောင်း တယောက်ကို မ ထိန်းသိမ်း မစောင့်ရှောက် နိုင်ခဲ့တဲ့ ညံ့ဖျင်းမှုကြောင့် ခံလိုက်ရတဲ့ဟာ။ နောက်တခါ ဗိုလ်ချုပ်အောင်ဆန်း။ တနိုင် ငံလုံးကို ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်) အနေနဲ့ စုစည်း လာပြီးတော့၊ လွတ် လပ်ရေးအတွက် လုပ်နေတဲ့ အချိန်အခါမှာပဲ၊ ပြည်သူ လူထုတွေရဲ့မျက်စေ့ အောက်မှာပဲ၊ ဒီခေါင်းဆောင်ကောင်း တယောက်ကို ဆုံးရှုံး ခဲ့ရပြန်တယ်။ အခု ဒီကနေ့ ဖြစ်ပျက်နေတဲ့ ဟာတွေသည်၊ ဒီ ခေါင်းဆောင်ကောင်းကို ဆုံးရှုံး ခဲ့ရတာကနေ ဖြစ်ပေါ်လာနေတဲ့ ဆိုးကျိုးတွေကြောင့် ဖြစ်နေရတာ ဗျ။ အခု နောက်ထပ်တခါ ထပ်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့၊ ဘယ်လိုမှ ကျနော်တို့ အဆုံးရှုံး အထိအခိုက် မခံနိုင်ဘူး။ အဆုံးရှုံးခံ လို့ မဖြစ်ဘူး။ ဒါသည် တိုင်းပြည်အတွက် ထိခိုက်တဲ့ဟာ ဖြစ်လာလိမ့်မယ်။ နောက်တချက်က ကျနော်တို့ နိုင်ငံမှာ ဖြေရှင်းရမှာက အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ တွေ့ဆုံ ဆွေးနွေးမှု လမ်းစဉ်နဲ့ပဲ ဖြေရှင်းရမယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ကို ဒီနိုင်ငံရေး ထဲကနေ ဖယ်ထုတ်ပြီးတော့၊ အကျဉ်းထောင်ထဲ ချမှာသည် နိုင်ငံအတွက် နိုင်ငံရေးအရ အင်မတန် ဆိုးရွားတဲ့ ကိစ္စဗျ။ နောက် မလျော်ကန်တဲ့ လုပ်ရပ်လည်း ဖြစ်တဲ့ အခါကျတော့၊ ဒါကို ကျနော်တို့ ဒီအတိုင်း ကြည့်နေလို့ မဖြစ်ဘူး။ ခုန ကျနော်ပြောတဲ့ အချက်တွေ ဖေါ်ထုတ်ရလိမ့်မယ်။ ဒါပေ မယ့် အဓိက အကျဆုံး အချက်က ကျနော်တို့နိုင်ငံမှာ ပြည်သူလူထုက သူ့ရဲ့ခံစားချက်ကို ဖြစ်စေ၊ နိုင်ငံရေး အရ ဖြစ်စေ၊ (အုပ်ချုပ်နေသူအစိုးရကို) အကြံပေးဖို့အတွက် အခွင့်အလမ်း မရှိဘူး ခင်ဗျ။ သူတို့က နားထောင်မှာ လည်း မဟုတ်ဘူး။ အဲဒီအခါ ဒီလို ဆန္ဒဖေါ်ထုတ်တဲ့ အခါကျတော့ အဲဒီလို မဟုတ်ပြန်ဘူး ခင်ဗျ။ အဲဒီတော့ ကျနော်ကလည်း တိုက်ရိုက်ပဲ၊ ဒါတွေ ငါပြောချင်လို့၊ လူကြီးတွေကို ပြောဖို့လိုတယ်လို့ အမြန်ဆုံး အသိပေးဖို့ လိုတယ်ထင်လို့၊ ဆန္ဒပြခဲ့တာလို့၊ ဒီလိုမျိုးနဲ့ တင်ပြပြီး အဆင့်ဆင့် သွားခဲ့ရတာပါ ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဦးဇော်ညွန့်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အခါမှာ၊ ထောက်လှမ်းရေး တို့ရဲ့ ထုံးစံအတိုင်း၊ စာတမ်း တွေ ရေးခိုင်းပြီး၊ မေးမြန်းတဲ့ အချိန်အခါမှာ၊ ဦးဇော်ညွန့်ရဲ့ သဘောထားတွေကို တင်ပြ နိုင်ခဲ့တယ်လို့၊ ပြောချင်တာလား ခင်ဗျ။

ဗိုလ်ကြီးဇော်ညွန့် ။ ။ ဟုတ်ပါတယ် ခင်ဗျ။ ဒါသည် အမြန်ဆုံး အထိရောက်ဆုံးနဲ့ အမြင့်ဆုံး နေရာဆီ ရောက်သွားဖို့ နည်းလမ်းက ဒါပဲ ရှိပါတယ် ခင်ဗျ။ ကျနော့်ကို မေးစရာဆိုလို့ ဒီဖြစ်စဉ်အပေါ် မူတည်ပြီး မေးစ ရာ ရှိတယ်လို့ ဆိုတဲ့အခါ မှာ၊ ပထမဆုံး မေးခွန်းက ခင်ဗျား ဘာဖြစ်လို့ ဒီလို ဆန္ဒပြရသလဲ ဆိုတာပါ။ အဲဒီကိစ္စ နဲ့ပဲ ရှင်းစရာ ရှိတယ်။ ကျနော်က NLD ဖြစ်စေ၊ ဘယ်အဖွဲ့အစည်း ဘယ်မြေအောက် အဖွဲ့အစည်း နဲ့မှ အဆက်အ စပ်မှု မရှိတာကိုး။

ဦးရော်နီညိမ်း ။ ။ ဒီတခေါက်ကျတော့ ဘယ်လို အရေးယူပါသလဲ ခင်ဗျ။

ဗိုလ်ကြီးဇော်ညွန့် ။ ။ ကျနော် ဆန္ဒပြတဲ့နေ့က စစ်ကြောရေးခေါ်မှာပေါ့ ဗျာ၊ အဲဒီမှာ တညနေလုံး တညလုံး အဲဒါကို လုပ်ပြီးတဲ့ အခါကျတော့၊ နောက်တနေ့မှာပဲ အင်းစိန် တရားရုံးမှာ (ပုဒ်မ) ၅၀၅ (ခ) နဲ့ တရားစွဲတင်ပါ တယ်။ နိုင်ငံတော်မှာ ဆူပူ အုံကြွအောင် လုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ပါ။

ဦးရော်နီညိမ်း ။ ။ ပြစ်ဒဏ် ဘယ်လောက် ချလိုက်ပါလဲ ခင်ဗျ။

ဗိုလ်ကြီးဇော်ညွန့် ။ ။ ကျနော့်ကို ချတာ နှစ်နှစ်ပါ။

ဦးရော်နီညိမ်း ။ ။ နှစ်နှစ်ဆိုတော့၊ သမ္မတဦးသိန်းစိန်ရဲ့ ပြစ်ဒဏ်လျှော့ပေါ့မှုနဲ့ လွတ်လာတယ်ဆိုတော့၊ အခု နှစ်နှစ်ပဲ ပြည့်တော့မယ်။ နှစ်နှစ် ပြည့်ခါနီးမှာ လွတ်တာပေါ့။

ဗိုလ်ကြီးဇော်ညွန့် ။ ။ နှစ်နှစ်ပြည့်ဖို့ (၇)ရက်ပဲ လိုပါတယ်။ အဲဒါကြောင့်ကျနော်မလွတ်လာခင်မှာ ထောင်မှူး ကြီးနဲ့ ဆွေးနွေးတဲ့ အခါ၊ ဖြစ်နိုင်ရင် ဒီ (၇) ရက် လျှော့ပေါ့ ပေးတာကို မခံစားချင်ဘူး။ ဘာကြောင့်လဲ ဆိုတော့၊ တကယ်လို့ နောင်များ ကျနော် ဒီလိုပဲ လုပ်ကိုင်လို့ ထောင်ထပ်ကျခဲ့လို့ ရှိရင်၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် တွေ ပေါ်ပေါက်လာခဲ့ရင်၊ ယခင် ခံစားပြီးသူများ နောက်ထပ် မခံစားစေရ ဆိုတာမျိုး ဖြစ်လာရင်၊ အခုခံစားလိုက် တဲ့ (၇) ရက်ထဲနဲ့ ကျနော် ထောင်ထဲမှာ ပိတ်မိနေလိမ့်မယ်လို့ ပြောတော့၊ သူတို့ကတော့ တမျိုးတွေးတာပေါ့။ ကျနော်ကတော့ ရိုးရိုးသားသား ဒီအတိုင်းပဲ ပြောတာ ဗျ။

ဦးရော်နီညိမ်း ။ ။ အငြိမ်းစားဗိုလ်ကြီးဦးဇော်ညွန့်ဟာ၊ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ်(၁၈) ကနေ၊ ၁၉၇၆ ခုနှစ် ဒီဇင်ဘာလမှာ ကျောင်းဆင်း ခဲ့ပြီးတော့၊ တပ်မတော်(လေ)မှာ အမှုထမ်း ခဲ့ပါတယ်။ အဲ့ဒီနောက် စီ မံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးရဲ့ ကိုယ်ရေး အရာရှိ ဖြစ်လာပြီးတဲ့နောက်၊ တပ်မတော်ကနေ ဗိုလ်ကြီး အဆင့်နဲ့ အငြိမ်းစားယူပြီး၊ နောက်ပိုင်းမှာ ပြည်တွင်း အခွန်များဦးစီးဌာနမှာ ဒုတိယ ညွှန်ကြားရေးမှူး ဖြစ်နေစဉ်မှာပဲ၊ ရှစ်လေးလုံး လူထု အုံကြွမှု အရေးတော်ပုံကြီးနဲ့ ကြုံကြိုက် ခဲ့ရပါတယ်။

ဗိုလ်ကြီးဇော်ညွန့် ။ ။ ရှစ်လေးလုံးအရေးတော်ပုံကြီးကာလမှာ၊ ပထမ ကျနော် ပြည်တွင်းအခွန်များ ဦးစီးဌာန သမဂ္ဂမှာ တာဝန် ကျပြီးတော့၊ နောက်တခါ စီမံ/ဘဏ္ဍာ တခုလုံးရဲ့ သမဂ္ဂမှာလည်း၊ ကျနော် ဆက်ပြီးတော့ ပါဝင်ရပါတယ်။ အတိုချုပ် ပြောရရင်တော့ တပ်မတော် အာဏာ ရယူလိုက်တဲ့ အချိန်အခါ ကျတော့၊ ကျနော်လည်း တခြား ၀န်ထမ်းများ နည်းတူ ဌာနကနေ အလုပ် ထွက်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ကျနော် “အလုပ်သမား သွေး စည်းညီညွတ်ရေး” (Labor Solidarity) L.S. အဖွဲ့ဆိုပြီးတော့၊ တရားဝင် အဖွဲ့တော့ မဟုတ်ပါဘူး၊ ဒီအဖွဲ့ ထူ ထောင်ပြီးတော့ ဒီမိုကရေစီ ရရှိရေး ကျနော် ဆက်ပြီး လှုပ်ရှား ခဲ့ပါတယ်။ ဘယ်ကနေ ဘယ်သူတွေ ပါဝင်ခဲ့လဲ ဆိုတော့၊ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ကြတဲ့ စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေ၊ ဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ နောက်တခါ အလုပ်ကနေ အထုတ်ခံခဲ့ရတဲ့လူ တွေ၊ ဒီလူတွေနဲ့ ပူးပေါင်းပြီးတော့၊ အလုပ် သမားတွေ သည် ဒီမိုကရေစီ အရေးမှာ ဆက်ပြီး ပါဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ L.S. ကို၊ ကျနော်တို့ ဖွဲ့စည်း လှုပ်ရှားခဲ့ တာ ပါ။ အဲဒီကနေပြီးတော့ နိုင်ငံရေး ရေစီးကြောင်းထဲမှာ၊ တထောင့် တနေရာ အဝေးတနေရာ ကနေ ဆက်ပြီး ပါဝင်ခဲ့ပါတယ်။ ကာလ တော်တော်ကြာကြာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင်၊ ကျနော် ပြည်ပကို ရောက်သွားခဲ့ ပါတယ်။ ပြည်ပမှာ ရည်ရွယ်ချက် နှစ်ခုနဲ့ ကျနော် လုပ်ခဲ့ပါတယ်။ တပိုင်းက အဝေးရောက် အလုပ်သမားအစည်း အရုံး ပေါ်ဖို့။ နောက်တပိုင်းက ကိုရော်နီတို့ ကြားဘူးမှာပါ။ ဗိုလ်မှူးကြီးစိန်မြ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အချိန် ပြည်ထဲရေး ၀န်ကြီးဟောင်းနှင့် ရှစ်လေးလုံး လူထုအုံကြွမှု အချိန်အခါတွင် လက်နက်ကိုင် တော်လှန်ရေး အတွက် ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့သည့် ကွယ်လွန်သူ အငြိမ်းစား ဗိုလ်မှူး ကြီးစိန်မြ) ရဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF) (People’s Defense Force) မှာ ကျနော် တာဝန်ထမ်း ဆောင်ပြီး လုပ်ကိုင် ခဲ့ပါတယ်။ အဲဒီမှာ လုပ်ကိုင်ပြီးတော့ နောက်ပိုင်းမှာ၊ ကျနော့်အတွက် ဆက်ပြီးတော့ လုပ် ကိုင်ဖို့ အခက်အခဲတွေ ရှိပါတယ်။ အဲဒီအခါမှာ ပြည်တွင်းကို ပြန်ဝင်ပြီးတော့ လုပ်ကိုင်တာက ပိုပြီးတော့ သင့် မြတ်မယ်လို့ ယုံ ကြည်လာတဲ့ အခါကျတော့၊ ကျနော် ပြည်တွင်းကို ပြန်ဝင်ခဲ့ပါတယ်။ ပြန်ရောက်ခဲ့ပြီးတော့ (သက်ဆိုင်ရာက) လိုအပ်တဲ့ စစ်ဆေးမှုတွေ နှစ်လကျော်လောက် လုပ်ပြီးတဲ့ အခါကျတော့၊ ကျနော် ကျောင်း ဆရာတယောက်အနေနဲ့၊ ဆက်ပြီး ရှင်သန်ခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ ဦးဇော်ညွန့် ဒီလိုမျိုး ဒီတခေါက် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်ထွက် လာပြီးတဲ့ နောက်၊ ဘွားကနဲ ရင်ဆိုင် လိုက်ရတဲ့ မြန်မာ့ နိုင်ငံရေးမှာ၊ ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လွတ်လာတာ တွေ့နေရပြီ။ နောက်တခါ အခု ဘာအသံ ပြန်ထွက်လာသလဲ ဆိုတော့၊ တွေ့ဆုံဆွေးနွေးရေး ဆိုတာ။ စစ်သား ဟောင်းဖြစ်တဲ့ အမေရိကန် အထက် လွှတ်တော် အမတ် ဂျွန်မက်ကိန်းက စစ်သားဟောင်းတွေ ဖြစ်ကြတဲ့ လက်ရှိ အစိုးရ ခေါင်းဆောင်တွေကို၊ စစ်သား စစ်သားချင်း၊ စစ်သားစကား ပြောသွားတာ ကတော့ ရှင်းရှင်းလေးပဲ။ တွေ့ဆုံ ဆွေးနွေးရေး လိုဟာမျိုး ဖြည်းဖြည်း သက်သာ ညင်ညင်သာသာနဲ့ သွားတဲ့ ဟာမျိုးကို မလုပ်ဘူးဆိုရင်၊ ကြမ်းကြမ်းတမ်းတမ်း သွေးထွက် သံယိုတွေနဲ့ သွားကြရမယ့် အာရပ်နိုင်ငံတွေက တော်လှန်ရေးမျိုး တွေနဲ့ တွေ့ရလိမ့်မယ်လို့ သတိပေး သွားတဲ့အခါမှာ၊ တွေ့ဆုံ ဆွေးနွေးရေးဟာ ပြန်ပြီး မျှော်လင့်စရာ ဆိုပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ အဲဒီတော့၊ ဦးဇော်ညွန့်ကော တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်တယ်လို့ ယုံကြည်ပါလား ခင်ဗျ။

ဗိုလ်ကြီးဇော်ညွန့် ။ ။ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းရဲ့ထွက်ပေါက်ဟာ၊ တွေ့ဆုံဆွေးနွေးရေး က လွဲရင် အခြား မရှိဘူး။ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မယ်/မဖြစ်ဘူး ဆိုတဲ့၊ ပြဿနာ မရှိပါဘူး။ ဘယ်တော့ ဖြစ် လာမလဲဆိုတဲ့ ပြဿနာသာ ရှိပါတယ်။ ကျနော့် အမြင်အရ တွေ့ဆုံ ဆွေးနွေးရေး အပေါ်မှာ ပြည်သူလူထုရဲ့ ဆန္ဒ ဟာ အရမ်းကို ပြင်းပြနေတယ်လို့၊ ကျနော် ယုံကြည်ထားတယ်။ ပြည်သူလူထုရဲ့ မိမိတို့ရဲ့ဆန္ဒကို ဥပဒေနဲ့ အညီ ဖေါ်ထုတ် ပါဝင် ဆောင်ရွက်မှုသည် အရေး အကြီးဆုံးပါပဲ။ (တွေ့ဆုံဆွေးနွေးရေး) ဘယ်တော့လဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ၊ အဲဒါပါပဲ။ ကျနော်တို့သည် အစွန်းရောက်တဲ့ အတွေးအခေါ် အယူအဆတွေအရ သွားလို့ မရဘူးဗျ။ ဒါကြောင့် လက်ရှိ အစိုးရသည် အစိုးရ ဖြစ်ပြီး တည်ရှိနေတာကို အရှိတရားတခု အဖြစ် ကျနော်တို့က လက်ခံရ လိမ့်မယ်။ တခါ၊ နောက်ထပ် အရှိတရားတခု ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ နောက်မှာ ပြည်သူလူထုကြီး ရှိနေတယ်ဆိုတဲ့ အရှိတရားကိုလည်း အစိုးရဘက်က လက်ခံထားရ လိမ့်မယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ နောက်ထပ်တဘက် ရှိနေသေးတယ် ခင်ဗျ။ နောက်တဘက်မှာက တိုင်းရင်း သား လူမျိုးစု တွေလည်း ရှိနေ ပါသေးတယ်။ အားလုံး ပါဝင်ရမယ့် မြန်မာ့ နိုင်ငံရေးမှာ တိုင်းရင်းသား လူမျိုးစုတွေ ကိုလည်း ထည့်သွင်းဖို့ မမြင်ဘူးလား ခင်ဗျ။

ဗိုလ်ကြီးဇော်ညွန့် ။ ။ ဟာ မှန်ပါတယ်။ အင်မတန် မှန်ပါတယ်။ ဒေါ်စုလည်း တိုင်းရင်းသားတွေ မပါရင် မရ ဘူးဆိုတာ ပြောထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း CRPP (ပြည်သူ့လွှတ်တော် ကိုယ်စား ပြု ကော်မီတီ)တို့၊ ကျန်တဲ့ တိုင်းရင်းသားများနဲ့ ပတ်သက်နေတွေကို အလေးအနက် ထားပြီး ညှိနေတဲ့ အခါမှာ၊ စရမယ့်နေရာ point သည်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်များနဲ့ တွေ့ဆုံ ဆွေးနွေးမှုကနေ စရမယ့်ဟာပါ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ အခု သူတို့လုပ်ထားတဲ့ စနစ်သစ်အရ၊ အစိုးရနဲ့ လွှတ်တော် ဖြစ်သွားတယ်။ အဲဒီ အစိုးရနဲ့ လွှတ်တော် ခေါင်းဆောင်တွေဟာလည်း တပ်မတော် ခေါင်းဆောင်ဟောင်းတွေ ဖြစ်ပေမယ့်၊ အရပ် သားတွေပဲ ဖြစ်နေတော့၊ နှစ်အုပ်စုခွဲပြီး ကြည့်ရမလို ဖြစ်နေတယ်။ တပ်မတော်က မျိုးဆက်သစ် ခေါင်းဆောင် တွေ ဖြစ်တဲ့ အတွက်ကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်အပေါ်မှာ မျှော်လင့်လို့ ရမလား ခင်ဗျ။ ဒီအစိုးရနဲ့ ဒီလွှတ်တော်က တွေ့ဆုံဆွေးနွေးရေးကို တင်းခံနေရင်၊ တပ်မတော်က လုပ်ပေးနိုင်မလား ခင်ဗျ။

ဗိုလ်ကြီးဇော်ညွန့် ။ ။ မျှော်လင့်အပ်ပါတယ်။ အမြဲတမ်း မျှော်လင့်အပ်တဲ့ အခြေအနေမှာတော့ မရှိပါဘူး။ အခု အခြေအနေ မှာတော့ မျှော်လင့် အပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့၊ ရှေ့က ဖြစ်ပြီးလာခဲ့ တာတွေကို အခု တပ်မတော် ခေါင်းဆောင်တွေလည်း တွေ့မှာပါပဲ။ အမျိုးသား ညီလာခံကနေ စပြီးလိုက်တာ constitution referendum (ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လူထုဆန္ဒခံယူပွဲ)၊ election (ရွေးကောက်ပွဲ) အားလုံး အတုတွေ နဲ့ချည့် လုပ်လာခဲ့တဲ့ အတွက်ကြောင့်၊ လွှတ်တော်တရပ် အစိုးရ တရပ်ကို တည်ဆောက်တဲ့ အခါမှာ၊ မှန်ကန်တဲ့ ဟာကို မရခဲ့ပါဘူး။ အဲဒီလို မရခဲ့တဲ့ ရေစီးကြောင်းကြီးကြောင့်၊ ဘာပေါ်လာသလဲ ဆိုတော့၊ ကိုရော်နီတို့လည်း သိထားပြီးသားဟာပဲ၊ လွှတ်တော် နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးဆိုပြီး နိုင်ငံရေးနှစ်မျိုး ပေါ်ပေါက်လာခဲ့ တဲ့ ဟာပါပဲ။ တနည်းအားဖြင့် ပြောရရင် လွှတ်တော်ပြင်ပ နိုင်ငံရေး ဆိုတဲ့ အင်အားစုကြီးကို ဖယ်ထုတ်ပြီး စဉ်း စားလို့ကို မရဘူး။ ဒီအင်အားစုကြီး မပါပဲနဲ့ ရှေ့ဆက်ပြီးသွားလို့ မရဘူးဆိုတာကို၊ လက်ရှိအစိုးရနဲ့ တပ်မတော် ခေါင်းဆောင်များလည်း သိကြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါ ကျနော့် အမြင်ပါ။ လက်ရှိ ရှိနေကြ တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့နဲ့ NLD ပေါ့။ အဲဒီ ဦးဆောင်မှုဟာ ဖဆပလ နောက်ပိုင်း မှာ၊ အစင်ကြယ်ဆုံးနဲ့ အခိုင်မာဆုံး ရရှိထားတဲ့ ဦးဆောင်မှုပါ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ဦးဇော်ညွန့်ပြောတဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး အနေနဲ့၊ ပြောမယ်ဆိုရင် တပ်မ တော်ဟာလည်း နိုင်ငံရေး အနေနဲ့ လွှတ်တော်ပြင်ပမှာ ရှိနေတာပဲ။ လွှတ်တော် အတွင်းကနဲ့ အစိုးရက တွေ့ဆုံ ဆွေးနွေးရေးကို လက်မခံဘူး ဆိုရင်၊ ဒီတွေ့ဆုံ ဆွေးနွေးရေးကို တပ်မတော်က လုပ်ပေးနိုင်တယ့် အနေအထား ရှိပါသလား ခင်ဗျ။

ဗိုလ်ကြီးဇော်ညွန့် ။ ။ ဒီနေရာမှာတော့ ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးရပါလိမ့်မယ်။ တပ်မတော်ခေါင်းဆောင် များအနေနဲ့ ဘာကို သိထားပြီးသား ဖြစ်နေလဲဆိုရင်၊ အတိတ်ရဲ့ ၀န်ထုပ်ဝန်ပိုး သူတို့ဆီမှာ ပါလာနေတယ် ဆို တာနဲ့နောက် ရှေ့ဆက်တဲ့ ခရီးမှာ လွတ်လပ်စွာ မလုပ်ဆောင်နိုင်တဲ့ တာဝန်တာထမ်းတွေ ပါလာနေတယ်၊ ဆို တာပါ။ အဲဒါတွေကို မကျော်လွှားနိုင်ဘူး ဆိုရင်၊ တိုင်းပြည် အတွက်ကော ပြည်သူ လူထု အတွက်ကော တပ်မ တော်သာမက သူတို့ရဲ့ ကိုယ်ရေး ကိုယ်တာတွေ အတွက်ပါ၊ အခက်အခဲတွေ တွေ့လိမ့်မယ် ဆိုတာကို၊ သူတို့ မြင်နိုင်ပါတယ် ခင်ဗျ။ ဒါကို သူတို့သည် အမြော်အမြင် ကြီးစွာနဲ့ လုပ်သွားလိမ့်မယ်လို့ ကျနော် ယုံကြည်တဲ့ အ တွက်ကြောင့်၊ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ဟာသည် ပေါ်ပေါက်ရမယ်။ လွှတ်တော် နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးဆိုတဲ့ ရည်ရည်ရွယ်ချက် ကလည်း၊ အဲဒီနှစ်ရပ် ပူးပေါင်းနိုင်ဖို့ပါ။ အဲဒါ အကောင်းဆုံးပါ။ အဲဒါ မဖြစ် နိုင်ရင်တော့၊ လွှတ်တော်ပြင်ပ နိုင်ငံရေးသည် အရှိန်အဟုန် ကြီးမားစွာနဲ့ စစ်စစ်မှန်မှန် အမျိုးသား ပြန်လည်သင့် မြတ်ရေးကို ဦးတည်သွားပါလိမ့်မယ်။ သွားလည်း သွားနိုင်ပါတယ် ခင်ဗျာ။

ဦးရော်နီညိမ်း ။ ။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးဟောင်း၊ တပ်မတော် (လေ) အရာရှိဟောင်း၊ အငြိမ်းစား ဗိုလ်ကြီး ဦးဇော်ညွန့်ကို ဆက်သွယ်မေးမြန်း တင်ပြခဲ့တာပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

Ref: VOA News

Read More...

အဓမ္မ ပေါင်းသင်းခံရသူ ၂၅ ဦး ရှိဟု PWO ပြော

အင်္ဂါနေ့၊ ဇွန်လ ၁၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ တရုတ်နိုင်ငံဘက် ရွှေ့ပြောင်း လုပ်ကိုင်ရာမှ ရောင်းစား ခံရကာ အဓမ္မ လက်ထပ် ပေါင်းသင်း ခံရသည့် ပလောင် အမျိုးသမီးငယ် ၂၅ ဦး ရှိသည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် (တအောင်း) အမျိုးသမီး အစည်းအရုံး PWO က ပြောဆိုသည်။

လွန်ခဲ့သည့် ၆ နှစ်အတွင်း တရုတ်-မြန်မာနယ်စပ်ရှိ လူကုန်ကူးမှု ကိစ္စနှင့် ပတ်သက် ဆက်နွယ်သည့် ဖြစ်ရပ် ၇၂ ခု အချက် အလက်များ အခြေခံ၍ “သိမ်းပိုက်ခံဘဝများ” မြန်မာနိုင်ငံ ပလောင်ဒေသမှ တရုတ်နိုင်ငံသို့ လူကုန်ကူး ခံရခြင်း ဆိုသည့် အစီရင်ခံစာ တစောင်အား PWO က ထုတ်ပြန်ကာ ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့က နန့်ခမ်း၊ နန့်ဆမ်၊ မူဆယ် မြို့နယ်တဝိုက်မှ အချက်အလက် ကောက်ယူခဲ့သည်။

“ ၁၈ နှစ်နဲ့ ၂၅ နှစ်အရွယ်ကြား ၂၅ ဦးဆိုတာက ကျမတို့ အတိအကျ ကောက်ယူရတဲ့ စာရင်းဖြစ်တယ် ” ဟု PWO မှ အစီရင်ခံစာ ဖြစ်မြောက်ရေး တာဝန်ခံ လိုည်းမိုးခမ်းက ပြောသည်။

တရုတ်ပြည်တွင် ရောင်းစားခံရသူများမှာ ယူနန်ပြည်နယ်တွင် အဓိက ဖြစ်ပွားခဲ့ပြီး၊ တရုတ်-မြန်မာ နယ်စပ်အနီး ရွှေလီမြို့တွင် ၁၆.၄ ရာခိုင်နှုန်း၊ ကူမင်းမြို့တွင် ၁၁ ရာခိုင်နှုန်း၊ အချို့မှာ တရုတ်ပြည် အရှေ့ပိုင်း ဝေးလံခေါင်ဖျားသည့် ရှန်ဒေါင်ဒေသတွင် ဘဝ ပျောက်ဆုံးခဲ့ရသည်ဟု “သိမ်းပိုက်ခံ ဘဝများ” အစီရင်ခံစာတွင် ပါရှိသည်။

“သူတို့က နည်းအမျိုးမျိုးနဲ့ လွတ်မြောက်လာကြတယ်။ ညနေ နေဝင်တဲ့ အချိန်မှာ ထွက်ပြေးတာ ရှိတယ်။ တချို့ ကျတော့လည်း ကျမတို့ကို ဖုန်းဆက်သွယ်ပြီး တနေနေရာမှာ လာခေါ်ခိုင်းတာမျိုး ရှိတယ်။ ဈေးသွားရင်း လမ်းခုလပ်မှာ ထွက်ပြေး လာတာတို့ ရှိတယ်” ဟု လိုည်းမိုးခမ်းက ဆိုသည်။

သူက ဆက်ပြီး “လူအင်အားနဲ့ တအိမ်တက် တအိမ်ဆင်း ကောက်ယူခဲ့ခြင်းမျိုး မလုပ်နိုင်ဘူး။ ဒီအဖြစ် အပျက်တွေက sensitive ဖြစ်တယ်။ အလုပ် လုပ်ရင်းနဲ့ ကောက်တာဖြစ်တယ်။ ကျမတို့ရဲ့ ကွန်ယက်တွေထဲက ဥပမာ ကယ်တင်ခဲ့တဲ့သူ၊ အရောင်းအစား ခံရတာကနေ ကိုယ်က ကူညီလိုက်တဲ့ လူတွေကနေ တဆင့် သိရတာမျိုး တချို့မိသားစုဝင် တွေက ပြောတဲ့ အချက်အလက်မှ ကောက်ယူ စုဆောင်းခြင်း ဖြစ်တယ်” ဟု ပြောသည်။

PWO သည် ၂ဝဝ၇ ခုနှစ်မှစ၍ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း၊ လူကုန်ကူး ခံရခြင်းဆိုင်ရာ အမျိုးသမီးများကို ပညာ ပေးနိုင်မည့် နေရာဌာန တခုကို တရုတ်-မြန်မာနယ်စပ် ပလောင်ဒေသ တနေရာ၌ ဖွင့်လှစ်ထားရာမှ အချက်အလက်များ စုဆောင်း ကောက်ယူ နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ပလောင်ဒေသ လူကုန်ကူးမှု ဆက်လက် ကြီးထွား

Tuesday, 14 June 2011

ရှမ်းပြည်နယ်၊ ပလောင်ဒေသတွင် လူကုန်ကူးမှု ကြီးထွားနေရခြင်းမှာ အာဏာပိုင်တို့ ဖိနှိပ်ခြင်း၊ စီးပွားရေး ကျပ်တည်းခြင်း တို့ကြောင့် ဖြစ်ကြောင်း ထိုင်း မြန်မာ နယ်စပ် အခြေစိုက် အမျိုးသမီး အဖွဲ့တခုက ယနေ့ ပြောကြားလိုက်သည်။

၂၀၀၅ ခုနှစ်နောက်ပိုင်း စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေး အခွန် မြင့်မားလာခြင်း၊ စားဝတ်နေရေး ခက်ခဲ လာခြင်း တို့က ဒေသခံများကို လူကုန်ကူး ခံရသည့် ဘ၀သို့ တွန်းပို့နေကြောင်း ပလောင် အမျိုးသမီး အစည်းအရုံး၏ ယနေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူကုန်ကူးခံရသူ အများစုမှာ တရုတ်နိုင်ငံရှိ စက်ရုံများတွင် ၀င်ငွေကောင်းသည့် အလုပ်အကိုင် ရမည် ဟူသော မက်လုံးဖြင့် လှည့်ဖြား ခံရသူများ ဖြစ်သည်ဟု ဆိုသည်။

“တရုတ်ပြည် ရောက်တဲ့အချိန်မှာ တရုတ် အမျိုးသားရဲ့ ဇနီးမယားအဖြစ် အတင်းအဓမ္မ လက်ထပ်ခံရတယ်၊ ဒါမှမဟုတ် ပြည့်တန်ဆာ အဖြစ် ရောင်းစားခံရတယ်” ဟု အစီရင်ခံစာ ပြုစု ရေးသားသူ တဦး ဖြစ်သည့် လွေးမိုးခမ်းက ပြောသည်။

အမျိုးသမီးများ အတင်းအကျပ် လက်ထပ်ခံရမှုကို ဖြစ်စဉ်၏ ၂၅ ရာခိုင်နှုန်းကျော်တွင် တွေ့ရပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် ရောင်းစား ခံကြရမှုကို ၁၀ ရာခိုင်နှုန်းတွင် တွေ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

အသက် ၁၀ နှစ်အောက် ကလေးငယ် ရောင်းဝယ်သည့် ဖြစ်ရပ် ၁၁ ခုလည်း တွေ့ရှိချက်များတွင် ပါဝင်သည်။

"သိမ်းပိုက်ခံဘ၀များ" အမည်ရှိ ထိုအစီရင်ခံစာသည် ပြီးခဲ့သည့် ၆ နှစ်အတွင်း ပလောင်ဒေသရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ စသည့် မြို့နယ်တို့မှ လူကုန်ကူးမှု ဖြစ်စဉ် ၇၂ ခုကို သုတေသနပြုပြီး ရေးသား ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်မြောက်ပိုင်း လူကုန်ကူးမှု ဖြစ်ပေါ်စေသော အရင်းအမြစ်များကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်နေသည် ဟုလည်း အစီရင်ခံစာက ထောက်ပြ ထားသည်။

လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အစိုးရကလည်း ဆောင်ရွက်နေကြောင်း ယခုတပတ်ထုတ် မြန်မာပို့စ် ဂျာနယ်တွင် ဖော်ပြ ထားသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေးသည် "အမျိုးသားရေးလုပ်ငန်း" တရပ် ဖြစ်သည်ဟု အစိုးရ၏ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် ခင်မောင်စီက ယခုလ ၄ ရက်နေ့တွင် ပြောကြားကြောင်း ဂျာနယ်က ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စတင်ပြီး ထိုအဖွဲ့က လူကုန်ကူးမှု အဖြစ်များသည့် ဒေသများတွင် အသိပညာပေး ဆိုင်းဘုတ်များ၊ ပိုစတာများ စိုက်ထူထားသည်ဟု သိရသည်။

Ref: ဧရာဝတီ်

Read More...

ပြည်တွင်းစစ်အန္တရာယ် KIO သတိပေး

နူးပန်
အင်္ဂါ, 14 ဇွန် 2011

၁၆ နှစ်တာ အပစ်အခတ် ရပ်စဲခဲ့ကြတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIO) နဲ့ မြန်မာ အစိုးရ တပ်တို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ပြည်တွင်းစစ်ကြီး ဖြစ်သွားတဲ့ အထိ ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ KIO က ကြေညာ လိုက်ပါတယ်။ မြန်မာအစိုးရ တပ်တွေဘက်က KIO ဌာနချုပ်နားမှာ တပ်တွေချထားတာကို ရုပ်သိမ်းပေးဖို့ တောင်းဆို ခဲ့တာကို နောက်မဆုတ်တဲ့ အပြင် လက်နက်ကြီးတွေနဲ့ စပြီး ပစ်ခတ်ခဲ့တာကြောင့် ပြည်တွင်းစစ် အခြေအနေမျိုးထိ တိုက်ပွဲက ပြင်းထန် လာနေတာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က စုစည်းတင်ဆက်ထားပါတယ်။

ပြည်တွင်းစစ်အဖြစ် တိုက်ပွဲဝင်သွားဖို့ KIO က ကြေညာအပြီး မြန်မာစစ်တပ်နဲ့ KIA တပ်ရင်း ၁၅ ကြား ဗန်းမော်၊ မိုးမောက်မြို့ တာပိန်မြစ် ရေကာတာ အနီးမှာ ဒီနေ့ မွန်းလွဲပိုင်း ၂ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ရေကာတာအနီး အခြေချထားတဲ့ မြန်မာ စစ်တပ်တွေက တိုက်ပွဲကြောင့် နောက်ဆုတ်ပေးခဲ့ရပြီး ရေကာတာ စီမံကိန်းက တရုတ်အလုပ်သမား ၃၀၀ ခန့်ကိုတော့ KIA တပ်က နယ်စပ်ကို ပြန်ပို့ပေးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

KIA က မနေ့ညက တာပိန်မြစ် ရေကာတာ ၂ ခုကို အဓိက ဆက်သွယ်ထားတဲ့ နမ်ဖတ်ခချောင်း တံတားကိုလည်း ဗုံးခွဲ ဖျက်ဆီး လိုက်တဲ့အတွက် မြန်မာ စစ်တပ်ဘက်က စစ်အင်အားဖြည့်ဖို့ အ၀င်အထွက်လည်း အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

မြန်မာအစိုးရက ရိက္ခာနဲ့ သွားလာဖို့ ရေကာတာအတွက် အဓိက ဆောက်လုပ်တဲ့ နေရာဖြစ်ပြီး အခုချိန်မှာလည်း တပ်အင်အား ဖြည့်နေချိန်မှာ အ၀င်အထွက် ပိတ်လိုက်တဲ့ အနေနဲ့ မနေ့ညမှာ ဖျက်ဆီးလိုက်ခြင်း ဖြစ်တယ်လို့ KIO အရာရှိက ကချင်လို အတည်ပြု ပြောဆိုပါတယ်။

“ဒီတံတားက တောင်ကျချောင်းရေဖြစ်ပြီး တာပိန်မြစ်မှာဆုံတဲ့ တံတားဖြစ်တယ်။ ကားတွေ ဖြတ်လို့ရအောင် ယာယီ လုပ်ထားတဲ့ တံတားလို့ ပြောလို့ရပါတယ်။ အဲဒီရေက တအားကြီးတယ်၊ အခုတလော လူတွေ ဖြတ်လို့မရဘူး။ ၀ါးဖောင်နဲ့လည်း ဖြတ်လို့မရဘူး။ လျှပ်စစ်မီး အစီအစဉ်အတွက် ဆောက်လုပ်ထားတာ မနေ့ညက ဖျက်ဆီးလိုက်တာ ဖြစ်တယ်။”

လတ်တလော KIO ရဲ့ အချက်အချာကျ ဘွမ်ဆဲန်ဘွမ် တပ်စခန်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က စစ်အင်အား ၁,၀၀၀ နီးပါးနဲ့ လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်မှုကြောင့် နောက်ဆုတ် ပေးလိုက်ရတဲ့နောက် အခုလို ပြည်တွင်းစစ် ဖြစ်ဖို့ ကြေညာခဲ့တာ ဖြစ်တယ်လို့ KIO အရာရှိတွေက ပြောပါတယ်။ မြန်မာ တပ်တွေကို KIO က အဲဒီ နေရာတွေကနေ နောက်ဆုတ်ပေးဖို့ ရာဇသံ ပြန်ပေးခဲ့တာကို လက်မခံခဲ့လို့ အခုလို ပိုမို ပြင်းထန်လာတာ ဖြစ်တယ်လို့ အရာရှိက ကချင်လို ပြောပါတယ်။

“လောလောဆယ် ဘွမ်ဆဲန်ကိုတော့ ကျနော်တို့ ဖယ်ထားပါတယ်။ အခြေအနေကိုကြည့်ပြီး ရှောင်ထားပြီး နည်းနည်း နောက်ဆုတ် ထားတယ်။ အခုတော့ ပြည်တွင်းတခုလုံး လှုပ်ရှား သွားဖို့တော့ ရှိတယ်။ မနေ့က ၁၂ နာရီနောက်ဆုံး မြန်မာတပ်တွေကို ဘွမ်ဆဲန်တောင်နဲ့ လိုင်ဇာ ဌာနချုပ်အနီး ဖွန်ပဲန်ဘွမ်မှာလည်း နောက်ဆုတ်ပေးဖို့၊ မနေပေးဖို့ ပြောပေမဲ့ ၁၂ နာရီ ကျော်သွားပြီလေ။ မြန်မာ တပ်တွေက ဖယ်မပေးဘူး ဆိုတော့ ၁၂ နာရီ ကျော်ရင် ပြည်တွင်းစစ် အထိ ဦးတည် သွားမယ်ဆိုတာ သေချာသွားပြီလေ။”

အခုလို KIA ရဲ့ ဘွမ်ဆဲန်တောင်ကို သိမ်းလိုက်တာဟာ KIA တပ်ရဲ့ ဗဟိုဌာနချုပ်နဲ့ တပ်မဟာ ၃၊ တပ်မဟာ ၅ ကို ဆက်သွယ် ထားတဲ့ အရေးကြီးနေရာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်တပ်က အမြောက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် KIO ဘက်က သေဆုံးမှု ၅ ယောက်ထက်မနည်း ရှိပြီး ၁၀ ယောက်လောက် ဒဏ်ရာ ရရှိခဲ့သလို မြန်မာ တပ်ဘက်ကလည်း ၅ ယောက်အထက် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဗန်းမော်ဆေးရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါပေမဲ့ အခုလို တိုက်ပွဲတွင်း မြန်မာစစ်တပ်ဘက်က ရှေ့တန်းမှာ အသုံးပြုသူများဟာလည်း ကချင်မျိုးနွယ်စု၊ ရ၀မ် လူမျိုးများ ဖြစ်နေတာကို တွေ့ရှိရတယ်လို့ လိုင်ဇာ ဒေသခံက အခုလို ပြောပါတယ်။

“တိုင်းရင်းသား အချင်းချင်းတွေကို သူတို့က ဓားစာခံ လုပ်တယ်။ အခုလောလောဆယ် တိုက်ပွဲမှာ ကျတဲ့ အလောင်းတွေကို စစ်ဆေး ကြည့်တော့ ရ၀မ် လူမျိုးတွေ ပါနေတယ်ဆိုတာ တွေ့ရပါတယ်။ ကချင် အချင်းချင်း ဓားစာခံ လုပ်ပြီးမှ တိုက်ပွဲတွေ ဆင်နွှဲ နေတယ်ဆိုတာ ကျနော်တို့ သိရပါတယ်။ ကျနော်တို့လည်း စိတ်မကောင်းပါဘူး။”

နောက်ပြီး မြန်မာစစ်တပ်ဘက်က ပြည်သူလူထုထဲက ပေါ်တာဆွဲတာတွေ ပြုလုပ်နေပြီး KIO ဌာနချုပ် လိုင်ဇာ အနီးတ၀ိုက် ဒေသခံတွေ ကလည်း လိုင်ဇာမြို့ထဲမှာ ထွက်ပြေး တိမ်းရှောင်နေတာ ၅၀၀ ကျော် ရှိနေပြီလို့ ပြောပါတယ်။

လိုင်ဇာနဲ့ မိုင်ဂျာယန်ကနေ တရုတ်ပြည်ဘက် ပစ္စည်းတွေနဲ့ ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒေသခံတွေကို တရုတ် အစိုးရက အားလုံးကို လက်မခံတဲ့ အတွက် တချို့ ပြန်လှည့်လာရတယ်လို့ မိုင်ဂျာယန် ဒေသခံက အခုလို ပြောပါတယ်။

“ပစ္စည်းတချို့ တရုတ်ပြည်ဘက် ရွှေ့ပြောင်းနေကြတယ်။ တရုတ်ပြည်ထဲမှာလည်း သူတို့က ကလေးတွေ၊ အသက်ကြီးတဲ့ အဖိုးအဖွား တွေကိုပဲ လက်ခံတယ်။ လူငယ်ပိုင်းတွေကို ပြန်မောင်း ထုတ်လိုက်တယ်လို့ ကြားရတယ်။”

ရပ်ရွာတွင်း အမျိုးသားများက ရှေ့တန်း မထွက်မနေရ အမိန့်နဲ့ တိုက်ပွဲဝင်နေပြီး ဒေသခံများကတော့ တိုက်ပွဲကြောင့် ရှောင်ပြေးနေဖို့ နေရာကို စိုးရိမ် ပူပန် နေတယ်လို့လည်း ပြောပါတယ်။

မြန်မာတပ်တွေဟာ ကချင်ပြည်နယ် KIA တပ်ရှိရာ တနိုင်းနဲ့ တပ်ရင်း ၃ ရှိရာ ဝိုင်းမော်မြို့ ဆဒုံးမြို့နယ်နဲ့ တပ်စခန်းတွေ ရှိရာကို အင်အား ဖြည့်နေသလို ရှမ်းပြည်နယ် KIA တပ်မဟာ ၄ အနီး လားရှိုး၊ မူဆယ် လမ်းတဘက်မှာလည်း တပ်ရင်း ၃ ရင်း စစ်အင်အား တိုးမြှင့်ထားပြီး ဗန်းမော်မြို့တွင်း မှာလည်း ထပ်ဖြည့် ထားတယ်လို့ KIO အရာရှိတွေက ပြောပါတယ်။

ဌာနချုပ် လိုင်ဇာအ၀င်ဂိတ် လဂျားယန် မြန်မာတပ်တွေမှာလည်း စစ်အင်အားတွေ ဆက်တိုက် ဖြည့်နေမှုကြောင့် မြန်မာ ဘက်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပုံရပြီး ဒေသခံ ပြည်သူ့စစ်တွေလည်း အချိန်ပြည့် စောင့်ကြည့် နေတယ်လို့ ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ တိုက်ပွဲမှာ ဆန်ဂန်ကျေးရွာ KIO ဆက်ဆံရေးရုံးကို သိမ်းပိုက်ခဲ့ပြီး KIA ရဲ့ မြစ်ကြီးနား ဆက်ဆံရေး ရုံးနဲ့ မြစ်ကြီးနားမြို့ တမြို့လုံးကို မီးပေးနေတဲ့ ဘူးဂါးရုံးကိုလည်း လာမယ့် တနင်္ဂနွေနေ့ နောက်ဆုံး ရုပ်သိမ်းပေးဖို့ သတိပေး လိုက်တယ်လို့ အရာရှိတွေက ပြောပါတယ်။

Ref: VOA News

Read More...

ကချင်နှင့်တိုက်ပွဲ အစိုးရတပ် အကျများဟု ဒေါ်ဘောက်ဂျာပြော

မျိုးသန့်
အင်္ဂါနေ့၊ ဇွန်လ ၁၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် မြန်မာ အစိုးရတပ်များ အကြား ဖြစ်ပွား နေသည့် တိုက်ပွဲများ အတွင်း မြန်မာ စစ်တပ်ဘက်မှ ဗျူဟာမှူး တဦး အပါအဝင် အကျအဆုံး များပြားကြောင်း NDF ပါတီဝင် ဖားကန့်ဒေသမှ ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရောက်ခဲ့သူ ဒေါ်ဘောက်ဂျာက ပြောသည်။

ဇွန် ၉ ရက်နေ့မှ စတင် ဖြစ်ပွားနေသည့် KIA နှင့် အစိုးရတပ်များ အကြား တိုက်ပွဲများတွင် KIA ဘက်မှ ၃ ဦးကျဆုံးပြီး တဦး ဒဏ်ရာရကာ အစိုးရတပ်မှ ဗျူဟာမှူး အပါအဝင် ၁၀၀ ကျော် ကျဆုံးကြောင်း တိုက်ပွဲသတင်းများ လေ့လာနေသည့် ဒေါ်ဘောက်ဂျာက ဆိုခြင်းဖြစ်သည်။

“KIO က သုံးယောက်လောက်ပဲ ကျတယ်လို့ ကြားတယ်၊ တယောက်က ဒဏ်ရာနဲ့တဲ့ စစ်တပ်ဘက်ကတော့ အများကြီးပဲလို့ ပြောတယ် ၁ဝဝ ကျော်လောက် ကျတယ်တဲ့၊ အဲဒီအထဲမှာ ဗျူဟာမှူးလည်း ပါတယ် အရင် ဗျူဟာမှူးက ဟိုတနေ့က ကျသွားတယ်၊ အဲဒီ အသစ်ပြန်လဲတဲ့ ဗျူဟာမှူးလည်း ဒဏ်ရာ အပြင်းအထန်နဲ့ သေဖို့ အဆင့်အထိတောင် ဖြစ်နေပြီလို့ သိရတယ်”

မိုးမောက်နှင့် ဗန်းမော်ဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အစိုးရဘက်မှ ဒဏ်ရာ ရသူများကို ထိုဒေသရှိ ဆေးရုံများကို ပို့ထားရပြီး ဆရာဝန် လုံလောက်မှုမရှိသောကြောင့် မြစ်ကြီးနားမှ ဆရာဝန်များကိုလည်း ခေါ်ယူထားရကြောင်း ဒေါ်ဘောက်ဂျာက ဆက်ပြောသည်။

“မိုးမောက်နဲ့ ဗန်းမော် ဆေးရုံတွေမှာ တက်နေကြတယ် အဲဒီမှာလည်း ဆရာဝန် မလောက်လို့ မြစ်ကြီးနားက ဆရာဝန် ထပ်ခေါ်ရတယ်လို့ ကြားရတယ်" ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။

“စစ်ပြေး ဒုက္ခသည်တွေက မနေ့က အထိတော့ ၃,၀၀၀ ကျော်လောက် ရှိပြီလို့ သိရတယ် တရုတ်ပြည်ထဲ ရောက်တာ တွေလည်း ရှိတယ် တချို့က ကြားထဲမှာ ပျောက်နေတာတွေလည်း ရှိတယ်၊ တချို့လည်း လိုင်ဇာဘက်ကို ရောက်သွားတဲ့ လူတွေလည်း ရှိတယ် ” ဟုသူမက ထပ်ပြောသည်။

Ref: မဇ္ဈိမ

Read More...

ချောင်းကူးတံတား KIA ချိုး၊ စစ်တပ် ထောက်ပံ့ရေး လမ်းကြောင်းပျက်

သန်းထိုက်ဦး
Tuesday, 14 June 2011

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ နမ်ဖတ်ခချောင်း ကူးတံတားကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ ၀င်များက ယနေ့နံနက် ၃ နာရီခွဲခန့်က ဗုံးခွဲဖျက်ဆီးလိုက်သည်။

“အစိုးရ စစ်ကူတွေ ဘာတွေ မလာနိုင်အောင် ဆိုပြီးတော့ တာပိန်ကိုသွားတဲ့ လမ်းမှာ နမ်ဖတ်ခ ဆိုတာ ရှိတယ်၊ အဲဒါ ကြိုးတံ တားလေ ဒါပေမယ့် အဲဒီ ကြိုးတံတားက ကားတွေ ဘာတွေ ဖြတ်လို့ရတယ်၊ အဲဒါ ကျနော်တို့ ဖျက်လိုက်တယ်”ဟု ကချင်လွတ် မြောက်ရေး အဖွဲ့ (KIO) မှ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောဆိုသည်။

ယင်း တံတားကို ဗုံးခွဲ ဖျက်ဆီးလိုက်သောကြောင့် အစိုးရစစ်တပ်က လက်နက်ကြီးများ သယ်ဆောင်လာသည့် ကားများ အခက်အခဲ ဖြစ်သွားကြောင်း ၎င်းက ဆိုသည်။

စစ်ရေး အရ နှစ်ဘက် တင်းမာနေသော်လည်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမှုကို မကြားသိရသေးပေ။ မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ လက်အောက်မှ တပ်ရင်း ၁၅ နှင့် အစိုးရတပ်များသည် လအတန်ကြာ စစ်ရေး တင်းမာခဲ့ ပြီးနောက် ဇွန် ၉ ရက် နေ့က စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

မြန်မာ အစိုးရစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားသည့် နေ့မှ စတင်၍ ယမန်နေ့ အထိ KIA တပ်သား ၂ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း KIAက ဆိုသည်။

အစိုးရစစ်သားများ၏ သေဆုံးမှု စာရင်း အတိအကျကို မသိရသော်လည်း ရာနှင့်ချီ ထိခိုက် ဒဏ်ရာရရှိကြောင်း ဗန်းမော်မြို့ ဒေသခံများကို ကိုးကား၍ ဦးလနန်က ပြောသည်။

စစ်အစိုးရသည် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံ ရေးအရ စိတ်မချရသောကြောင့်ဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ပြီး KIA ဘက်ကလည်း ကချင်ဒေသတွင်းရှိ မြန်မာ အစိုးရတပ်များအား ထွက်ခွာရန် ပြန်လည်တောင်းဆို ညှိနှိုင်းကြရာမှ မပြေလည်ဘဲ တင်းမာမှုများ စတင်ခဲ့ကြောင်း သိရသည်။

ယခုအခါ KIA ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့နယ်နှင့် ဗန်းမော် - မြစ်ကြီးနား ကားလမ်း တလျှောက်တွင် မြန်မာအစိုးရ က တပ်အင်အား ထပ်မံတိုးချဲ့ထားသောကြောင့် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားလာနိုင်ကြောင်း ဦးလနန်က ဆက်ပြောသည်။

“တိုက်ပွဲဖြစ်ဖို့ အခြေအနေကတော့ ခန့်မှန်းလို့ မရတော့ဘူး၊ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားပြီ၊ စိုးရိမ် ရေမှတ်ထက် ကျော်သွားပြီလို့ ပြောရမှာပဲ”ဟု ၎င်းက ဆိုသည်။

တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံ ပြည်သူများ ရာနှင့်ချီ၍ တရုတ်နယ်စပ်နှင့် KIA ထိန်းချုပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မိုးမောက်မြို့နယ် အနီးတ၀ိုက်တွင် ကျေးရွာ ၁၀ ရွာခန့်ရှိပြီး အိမ်ခြေ ၃၀ မှ ၅၀ ခန့်ရှိ ရာ အနည်းဆုံး စစ်ပြေး ဒေသခံပြည်သူ ဦးရေ ၅၀၀ ခန့် ရှိနိုင်ကြောင်း သိရသည်။

ထို့အပြင် ယခုရက်ပိုင်း လွယ်ဂျယ်မြို့နယ်အတွင်းရှိ ဘုရားကုန်းတွင် အစိုးရအမြောက်တပ်များ စစ်အင်အား တိုးချဲ့ထားသည့် အတွက် ဒေသခံတချို့က စစ်ဖြစ်မည်ဟု ထင်မြင်ချက်များရှိနေသောကြောင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်ရှောင်နေ ကြောင်းလည်း ဦးလနန်က ပြောသည်။

၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်။

Ref: ဧရာဝတီ်

Read More...

Tuesday, June 14, 2011

မြန်မာ့လူမှု တရားမျှတရေး ILO ကူညီဖို့ ဒေါ်စု ပန်ကြား

တနင်္လာ, 13 ဇွန် 2011

မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့နဲ့ လူမှုရေး တရားမျှတမှုတွေ ပေါ်ပေါက် လာအောင် ကူညီ ဆောင်ရွက်ပေးဖို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကြီးကို မြန်မာ့ဒီကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်။

မြန်မာပြည်တွင်းမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ခွင့် ရဖို့ လိုအပ်သလို မြန်မာ အလုပ်သမားတွေ အနေနဲ့လည်း နိုင်ငံတကာ အဆင့်အတန်းနဲ့ အညီ အခွင့်အရေးနဲ့ အလုပ် လုပ်ကိုင်ခွင့်တွေ ရဖို့ လိုအပ်တဲ့ အကြောင်း ILO အလုပ်သမား အဖွဲ့ချုပ်ကြီးရဲ့ အကြိမ် ၁၀၀ မြောက် ညီလာခံကို ဒီနေ့ တနင်္လာနေ့ ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို သွားပါတယ်။

တခါက အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံး နိုင်ငံတခုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ဒေသတွင်းမှာ နောက်အကျဆုံး တိုင်းပြည်တခု ဖြစ်နေတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ အားလုံး တခုနဲ့တခု ဆက်နွယ်နေတယ် ဆိုတာကို ILO မြန်မာနိုင်ငံအတွင်း တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်း တာဝန်တွေက မီးမောင်း ထိုးပြနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်ရေး ကြိုးပမ်းရင်း ကလေးစစ်သား စုဆောင်းတာတွေ အပြင် ဥပဒေ စိုးမိုးရေး၊ နိုင်ငံရေး အကျဉ်းသားတွေ အရေးနဲ့ လွတ်လပ်စွာ အသင်းအပင်း တည်ထောင်ခွင့်ရရေး ကိစ္စတွေကို ILO အနေနဲ့ မလွှဲသာ မရှောင်တာ ပါဝင် ဆောင်ရွက်လာရတဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားပါတယ်။

တိုင်းပြည်တပြည်ရဲ့ တိုးတက်မှုဟာ အလုပ်သမားတွေရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိမှု အပေါ်မှာ မူတည်တဲ့ အကြောင်းနဲ့ ILO မျှော်မှန်း ယုံကြည်တဲ့အတိုင်း နိုင်ငံအားလုံး ဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် ဘယ်တိုင်းပြည် မဆို နောက်ကျ ကျန်မနေဖို့ လိုတဲ့အကြောင်း၊ ဒါကြောင့်လည်း မြန်မာနိုင်ငံ ကမ္ဘာ့အလယ်မှာ နောက်ကျ ကျန်မနေအောင် ၀ိုင်းဝန်းကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် မေတ္တာရပ်ခံ သွားပါတယ်။

ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးကို ရဖို့ လူမှုရေး တရားမျှတမှုကို အခြေခံပြီး တည်ဆောက်ရမယ် ဆိုတဲ့ ILO ရဲ့ မူလ ကြေညာချက်နဲ့ ရပ်တည်ချက်ပါ အချက်တွေအတိုင်း အကောင်အထည် ဖော်နိုင်အောင် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတွေ အားလုံးက ၀ိုင်းဝန်း ဆောင်ရွက်ရမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

Ref: VOA News

Read More...

FEC ဈေး ဒေါ်လာထက် ၁၀၀ ကျပ်ကျော်ကျ

Monday, 13 June 2011

အမေရိကန်ဒေါ်လာနှင့် တန်ဖိုးတူညီသည်ဟု သတ်မှတ် ထုတ်ဝေ ထားသော FEC (foreign Exchange Certificate) တယူနစ်လျှင် ဒေါ်လာထက် ကျပ် ၁၀၀ ကျော် နိမ့်ကျနေ သောကြောင့် FEC နှင့် ငွေလက်ခံရသော လုပ်ငန်းများ အခက်အခဲ ဖြစ်နေကြကြောင်း သတင်းရရှိသည်။

အမေရိကန်ဒေါ်လာ တန်ဖိုးသည် လွန်ခဲ့သည့် ရသတ္တ ၃ ပတ်ခန့်ကတည်းက တရိပ်ရိပ် ကျဆင်းနေပြီး ယနေ့ ဈေးနှုန်းမှာ ၁ ဒေါ်လာလျှင် ၇၄၅ ကျပ်သာရှိ၍ FEC တယူနစ်လျှင် ၆၄၀ ကျပ်သာ ရှိတော့သည်။

ထိုသို့ FEC ဈေးနှုန်းများ ကျဆင်းနေသောကြောင့် FEC ဖြင့် ပေးချေရသည့် ဟိုတယ်များ၊ လေကြောင်းလိုင်းများ၊ ခရီးသွား ကုမ္ပဏီ အများစုက လုံးဝ လက်မခံတော့ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေး ဈေးကွက်မှ စုံစမ်း သိရှိရသည်။

“အထူးသဖြင့်တော့ ခရီးသွားကုမ္ပဏီတွေ၊ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ အများစု ကတော့ FEC ကို လုံးဝ လက်မခံဘူး။ အစိုးရက FEC ကို လက်ခံဖို့ ညွှန်ကြားချက် ထုတ်ထားတာ ရှိတယ်။ တချို့ကတော့ FEC တ၀က်၊ ဒေါ်လာတ၀က် လက်ခံတာမျိုး ရှိတယ်။ ငွေလဲနှုန်း ပြဿနာက တော်တော်ကို တက်နေပြီ။ ဒေါ်လာရယ်၊ FEC ရယ် ဈေးကျ လွန်းတဲ့အတွက် ခရီးသွား လုပ်ငန်းတွေ အကုန်ထိတယ်” ဟု ရန်ကုန် အခြေစိုက် ခရိးသွား ဧည့်လမ်းညွှန် တဦးက ပြောသည်။

ရန်ကုန်မြို့ရှိ Park Royal Hotelသည်လည်း ငွေလဲနှုန်း ကွာဟမှုကြောင့် FEC ကို လက်ခံမည် မဟုတ်ဘဲ အမေရိကန် ဒေါ်လာကိုသာ လက်ခံမည် ဖြစ်ကြောင်း ရှင်းပြသည်။

“FEC လက်မခံဘူး။ အစိမ်း (အမေရိကန်ဒေါ်လာ) ပဲ လက်ခံပါတယ်။ ငွေလဲနှုန်းကွာလို့ လက်မခံ တော့တာပါ” ဟု Park Royal Hotel ဧည့်ကြိုဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

ရန်ကုန်ရှိ ကုန်သည်ကြီးများ ဟိုတယ်ကလည်း FEC နှင့် ဒေါ်လာဈေးနှုန်း ကွာဟမှုကြောင့် မကြာမီ ရက်ပိုင်း အတွင်း FEC လက်ခံမှု ရပ်ဆိုင်း သွားရန် ရှိသည်ဟု အဆိုပါ ဟိုတယ်မှ ဝန်ထမ်းတဦးက ဆိုသည်။

“FEC ကို အခန်းခ ရှင်းဖို့ ဒီနေ့လက်ခံပေမယ့်၊ မနက်ဖြန် လက်ခံမှာလား ဆိုတာတော့ မသိသေးပါဘူး။ လက်မခံဖို့ ကတော့ များတယ်လို့ပဲ ပြောရမှာပါ” ဟု ၎င်းက ပြောသည်။

အမေရိကန်ဒေါ်လာနှင့် FEC သည် ယခင်က တန်ဖိုးအနည်းငယ်သာ ကွာဟ သော်လည်း ယခု ဇွန်လတွင် ရုတ်တရက်
တန်ဖိုး ကွာဟမှု ကြီးမားလာကြောင်း၊ အမေရိကန် ဒေါ်လာ သည်ပင်လျှင် ဈေးကွက်တွင် ၀ယ်သူနည်းပါး လွန်းသော အခြေအနေ ဖြစ်နေသောကြောင့် FEC ကို ၀ယ်သူထက် ရောင်းသူ အလွန် ပေါများပြီး တန်ဖိုး ဆက်တိုက် ကျဆင်းနေကြောင်း ဈေးကွက်မှ သိရသည်။

မေလ ၃ ရက်နေ့က အမေရိကန်တဒေါ်လာ ၈၃၇ ကျပ်ရှိချိန်တွင် FEC သည် တယူနစ်လျှင် ၈၃၄ ကျပ်ဈေး ရှိခဲ့ပြီး ဈေးနှုန်း ကွာဟမှု ကျဉ်းမြောင်း ခဲ့သော်လည်း ဇွန်လ ၁၁ ရက်နေ့က အမေရိကန် တဒေါ်လာ ၇၆၀ ကျပ်ရှိချိန်တွင် FEC သည် တယူနစ် ၆၅၈ ကျပ်အထိ ဈေးထိုးကျခဲ့ပြီး ဒေါ်လာနှင့် FEC ကြား ဈေးနှုန်း ကွာဟမှု ၁၀၀ ကျပ် ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

FEC ကို အများဆုံး ထုတ်ရောင်းနေကြသော သူများတွင် ဦးတေဇ ပိုင်ဆိုင်သည့် ထူး ကုမ္ပဏီကဲ့သို့သော စီးပွားရေး လုပ်ငန်းကြီးများ ပါဝင်သည်ဟု ရန်ကုန်စီးပွားရေး သမားများက ဆိုသည်။

“ထူးကုမ္ပဏီမှာ FEC ကို နိုင်ငံခြားငွေကြေးအဖြစ် လက်ခံ လုပ်ပေးနေရတာတွေ အများကြီး ရှိတယ်။ ဥပမာ ဆိုရင် FEC
ဖုန်းကတ်တွေ၊ ငွေဖြည့်ကတ်တွေ ရောင်းတာမျိုးရှိတယ်၊ အဲပုဂံ လေကြောင်းလိုင်းမှာ FEC နဲ့ လက်မှတ်ဝယ်ဖို့ လက်ခံ ရတာမျိုး ရှိသလို တချို့ လုပ်ငန်းတွေမှာလည်း FEC ကို အမေရိကန်ဒေါ်လာနဲ့ တန်ဖိုး ညီမျှတဲ့ငွေကြေး အဖြစ် လက်ခံရတာ မျိုးတွေရှိတယ်။ ထူးကုမ္ပဏီလိုမျိုး FEC ၀င်ငွေများတဲ့ တခြား ကုမ္ပဏီတွေကလည်း FEC ထုတ်ရောင်းကြတယ်” ဟု FEC နှင့်အမေရိကန် ဒေါ်လာ နှစ်မျိုးကိုသာ သီးသန့် အရောင်းအ၀ယ် လုပ်နေသူ တဦးက ရှင်းပြသည်။

FEC တန်ဖိုးကျခြင်းကြောင့် ကုလသမဂ္ဂအပါအ၀င် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ စီမံကိန်းများ၊ FEC နှင့် လစာ ရရှိနေသော အပြည်ပြည် ဆိုင်ရာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများမှ ၀န်ထမ်းများ၊ နိုင်ငံခြား ကုမ္ပဏီ များတွင် လုပ်ကိုင်လျက် ရှိသော ၀န်ထမ်းများ အဆင်မပြေ ဖြစ်နေသည်ဟု သိရှိရသည်။

“NGO၊ INGO တွေက ဝန်ထမ်းတွေ၊ ဟိုတယ်တွေ၊ နိုင်ငံခြား ကုမ္ပဏီတွေမှာ လုပ်တဲ့ ဝန်ထမ်းတွေက FEC နဲ့ လစာ ရတာလေ။ ငွေလဲနှုန်း ကျလွန်းတော့ ၀င်ငွေက အတော်ကို လျော့ကုန်ကြတယ်။ အရင် ငွေလဲနှုန်းက FECတယူနစ်ကို ကျပ် ၁၀၀၀ လောက် ရှိတော့ တလကို FEC ၂၅၀ လောက် ရတဲ့သူက ကျပ် ၂ သိန်းခွဲလောက် ရတယ်။ အခုဆို ၁ သိန်း ၆ သောင်း လောက်ပဲ ရတော့တယ်။ သူတို့ ၀င်ငွေက ၃၀ ရာခိုင်နှုန်းကျော် ကျသွားတယ်” ဟု ရန်ကုန် Chatrium Hotel ဟိုတယ် ၀န်ထမ်းတဦးက ပြောသည်။

ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ငွေလဲနှုန်း အလွန်ကျဆင်းမှုကြောင့် မြန်မာ့ပို့ကုန် စီးပွားရေး ရပ်တန့် နေပြီဟု ဆိုသည်။

“အစိုးရက ဘာလုပ်ရမှန်း မသိတာလား၊ ကျပ်ငွေတန်ဖိုး တက်တယ်ဆိုပြီး ထိုင်ကြည့်နေတာလား မဝေခွဲ တတ်ဘူး။ ဒီငွေ တန်ဖိုး တက်တာက နိုင်ငံကို ဆင်းရဲမှုတွေ ဖြစ်စေမယ်။ သွင်းကုန်တွေချည်းပဲ သွင်းကုန်တဲ့ စီးပွားရေးကို ဦးတည်နေတယ်။ ဒါကို အမြန် ထိန်းဖို့လိုနေပြီ။ ဒါကိုမထိန်းရင် အားလုံး ထိခိုက်နေပြီ” ဟု အဆိုပါပညာရှင်က ပြောသည်။

ယခင် စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က FEC များကို အမေရိကန် ဒေါ်လာ အစားထိုး နိုင်ငံခြားငွေ အဖြစ် ထုတ်ဝေ သုံးစွဲခဲ့သည်။

Ref: ဧရာဝတီ်

Read More...

မြန်မာနိုင်ငံ ဦးတည်ခဲ့တဲ့ လက်နက်တင် မြောက်ကိုရီးယားသင်္ဘော အမေရိကန် တားဆီး

မသိင်္ဂီထိုက်

ခေတ်မီနည်းပညာသုံး ဒုံးလက်နက်တွေနဲ့ တခြား စစ်လက်နက်တွေ တင်ဆောင် လာတယ်လို့ သံသယဖြစ်ဖွယ် မြောက်ကိုရီးယား သင်္ဘောဟာ မြန်မာနိုင်ငံ ဘက်ကို ဦးတည် ခုတ်မောင်းလာတာကို အမေရိကန် ရေတပ် ဖျက်သင်္ဘောက တားဆီးခဲ့အပြီး အခုတော့ အရှေ့တောင်အာရှ အနီး နိုင်ငံတကာ ရေပိုင်နက် အတွင်းကနေ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက မြောက်ကိုရီးယား ဘက်ကို ပြန်လှည့် သွားခဲ့ပါပြီ။ မြန်မာ့ စစ်ရေး လေ့လာသူတွေ ကတော့ မြန်မာအစိုးရ အနေနဲ့ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေဆဲ ကာလမှာ ပြည်ပကနေ စစ်လက်နက်တွေ၊ နည်းပညာတွေ ဖြည့်တင်းဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ် ဆိုပြီး သုံးသပ် နေကြပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

မစ်ဇိုင်း ဒုံးလက်နက် နည်းပညာဆိုင်ရာ ပစ္စည်းတွေ တင်ဆောင်လာပြီး မြန်မာနိုင်ငံဘက်ကို ဦးတည် ခုတ်မောင်း လာတယ်လို့ နိုင်ငံတကာက သံသယ ရှိနေကြတဲ့ မြောက်ကိုရီးယား သင်္ဘောကို ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က အမေရိကန် ရေတပ် ဖျက်သင်္ဘော မက် ကမ့်ပ်ဘဲလ် (McCampbell) က တားဆီးခဲ့တာပါ။ မြောက်ကိုရီးယား ဘက်ကတော့ ဒီသင်္ဘောကို တက်ရောက် စစ်ဆေးခွင့် ပြုဖို့ ငြင်းဆန်ခဲ့ပြီး နောက်ပိုင်းမှာ မြောက်ကိုရီးယား ဘက်ကို ပြန်လှည့် သွားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဘက်ကို မစ်ဇိုင်းဒုံး နည်းပညာဆိုင်ရာ ပစ္စည်းတွေ တင်ဆောင် လာတယ်လို့ သံသယ ရှိနေကြတဲ့ အပေါ်မှာတော့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အင်အားစုက သုတေသနမှူး ဦးဌေးအောင်က အခုလို သုံးသပ်ပါတယ်။

“မြောက်ကိုရီးယားကနေပြီး မြန်မာစစ်အစိုးရက လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေနဲ့ မြေပြင်က မြေပြင်ပစ် ဒုံးကျည်တွေကို ၀ယ်ယူနေတာ တွေ့ရှိတယ်။ နောက်တခုက မြန်မာနိုင်ငံ အတွင်းမှာ ဆောက်လုပ်ထားတဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံတွေမှာလည်း မြောက်ကိုရီးယားက ပညာရှင်တွေနဲ့ ဒုံးလက်နက်တွေ စမ်းသပ် ထုတ်လုပ် နေတာတွေလည်း ရှိတယ်။ အဲဒီတော့ အဲဒါတွေအတွက် အခု လက်နက်တင်ပို့တဲ့ သင်္ဘောက အဲဒီစက်ရုံအတွက် ဒါမှမဟုတ် လက်နက် အစိတ်အပိုင်းတွေကို သယ်ဆောင်လာတဲ့ သင်္ဘော ဖြစ်ဖို့များတယ်လို့ ကျနော်ထင်တယ်။

“၂၀၀၇ ခုနှစ်တုန်းကလည်း အလားတူပဲ ရန်ကုန်ဆိပ်ကမ်း၊ အထူးသဖြင့် သီလ၀ါ ဆိပ်ကမ်းကို မြောက်ကိုရီးယားက ကုန်သင်္ဘောတွေ ဆိုက်ကပ် ခဲ့တာရှိတယ်။ အဲဒီ ကုန်သင်္ဘောတွေပေါ်မှာလည်း လေကြောင်းရန် ကာကွယ်ရေး တပ်တွေအတွက် စစ်လက်နက် ပစ္စည်းတွေ သယ်လာတဲ့ အထောက်အထားတွေ ကျနော်တို့ ရထားတာရှိတယ်။”

တဘက်မှာလည်း အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က အရင် မြန်မာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကြောင့် ၁၉၈၈ ခုနှစ်ကတည်းက စပြီး မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်းက စလို့ မြန်မာ အစိုးရဟာ တရုတ်၊ ဆားဘီးယား၊ ရုရှား၊ ယူကရိန်း၊ အိန္ဒိယတို့ဆီက အဓိကလက်နက် ၀ယ်ယူ ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံကြီးတွေ ဆီက လက်နက် ၀ယ်ယူဖို့မှာလည်း အကန့်အသတ်တွေက ရှိနေတာကြောင့် မဟာဗျူဟာမြောက် လက်နက်တွေ ၀ယ်ယူနိုင်ဖို့ အတွက်က မြောက်ကိုရီးယားကို ပိုပြီး အားထားလာရတဲ့ အနေအထားမှာ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

“တရုတ်တို့၊ ရုရှားတို့၊ အိန္ဒိယတို့ကျတော့ သူတို့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာလည်း အရေးပါတဲ့ အခန်း ကဏ္ဍတွေမှာ တာဝန် ထမ်းဆောင်နေရတဲ့ နိုင်ငံကြီးတွေ ဖြစ်တယ်လေ။ အဲဒီအခါကြတော့ မြန်မာ စစ်အစိုးရ အနေနဲ့ တကယ့် ဗျူဟာမြောက်တဲ့ လက်နက်တွေ ကျတော့ သူတို့ နိုင်ငံတွေက တင်ပို့ရောင်းချတဲ့ နေရာမှာ အကန့်အသတ်တွေ ရှိတယ်။ မြောက်ကိုရီးယား ကတော့ သူက ဘယ်လို အကန့်အသတ်မျိုးမှ ဂရုစိုက်တာ မဟုတ်ဘူး။ သူ့အနေနဲ့ ပိုက်ဆံရရင် ရောင်းမယ့် အနေအထားမျိုး ရှိတယ်။

“နောက် မြန်မာအစိုးရကလည်း သူ့အနေနဲ့က လက်နက်တားဆီး ပိတ်ဆို့မှုတွေ အနောက်နိုင်ငံတွေက လုပ်ထားတဲ့ အခါကြတော့ ရတဲ့နိုင်ငံတွေက သူကလည်း ၀ယ်ဖို့ အဆင်သင့်ဖြစ်နေတာ ရှိတယ်။”

လတ်တလော အနေအထားက မြန်မာအစိုးရ တပ်တွေနဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ် ကချင် လွတ်မြောက်ရေး တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွား နေတာအပြင် တခြား တိုင်းရင်းသား အဖွဲ့တွေနဲ့လည်း စစ်ရေးအရ တင်းမာမှုတွေ ရှိနေချိန်မှာ မြန်မာ အစိုးရသစ် အနေနဲ့ စစ်လက်နက်တွေ စုဆောင်း လာတယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်တွင်းစစ် အရှိန် မြင့်မား လာနိုင်ချေကိုလည်း မြန်မာ့ စစ်ရေး လေ့လာသူတွေက ပြောနေကြပါတယ်။

“အခုအချိန်မှာဆိုရင် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်က တော်တော်ကျယ်ပြန့်လာမယ့် အနေအထားတွေက တွေ့နေရပြီ ဖြစ်တယ်။ အစတုန်း ကတော့ ကရင် နယ်မြေမှာပဲ ရှိနေပေမဲ့ အခုဆိုရင် မြောက်ဘက်မှာရှိတဲ့ ရှမ်းတပ်တွေနဲ့ရော ကချင် တပ်တွေနဲ့ပါ တိုက်ပွဲတွေက ပြင်းပြင်း ထန်ထန် ဖြစ်လာပြီ။ နောက်ဆိုရင် မွန်တို့၊ ၀တို့နဲ့ပါ ဆက်တိုက်ပေါ့၊ မြန်မာပြည် တနံတလျားမှာ စစ်ပွဲကြီးတွေ ဖြစ်လာမယ့် အနေအထားဆိုတော့ မြန်မာအစိုးရ အနေနဲ့ကတော့ ရတဲ့ နိုင်ငံတွေဆီက လက်နက်တွေကို အခုချိန်မှာ ပိုပြီးတော့တောင် ၀ယ်ယူမယ့် အနေအထား ရှိတယ်လို့ ကျနော်ထင်တယ်။

“ဘာဖြစ်လို့လဲဆိုတော့ စစ်ပွဲတွေ ဖြစ်လာတဲ့ အချိန်မျိုးမှာ ဒီ လက်နက်ကန့်သတ်မှုတွေ၊ တားမြစ်မှုတွေက ပိုပြီးတော့ ပေါ်လာနိုင်တဲ့ အတွက်ကြောင့် အခုကတည်းက သူက လက်နက်တွေကို ရသမျှ ၀ယ်ပြီးတော့ စုဆောင်းမယ့် သဘောမျိုး ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။”

မြန်မာအစိုးရသစ်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးကို လမ်းဖွင့် ထားပါတယ်လို့ ပြောခဲ့တာပါ။ ဒါ့အပြင် မကြာခင်က အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း (John McCain) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာလည်း မြန်မာနိုင်ငံ ဘက်က နျူကလီးယား စမ်းသပ်မှုကို နိုင်ငံတကာရဲ့ သံသယတွေကြောင့် ရပ်ဆိုင်း လိုက်ပါပြီ ဆိုပြီး ပြောခဲ့ပါသေးတယ်။

ဒီလိုပြောကြားပြီး မကြာခင်မှာဘဲ မြောက်ကိုရီးယားဘက်ကနေ မစ်ဇိုင်း နည်းပညာဆိုင်ရာ ပစ္စည်းတွေ မြန်မာ နိုင်ငံဘက် သယ်ယူ လာတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းကလည်း မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာ နိုင်ငံဘက်ကို ဦးတည် ခုတ်မောင်း လာတာမှာ လက်နက်တွေ တင်ဆောင်လာတယ်လို့ နိုင်ငံတကာက သံသယ ရှိခဲ့ပြီး နောက်ပိုင်းမှာ နောက်ကြောင်း ပြန်လှည့်သွားခဲ့တဲ့ ဖြစ်ရပ်တခု ရှိခဲ့ပါသေးတယ်။



Ref: VOA News

Read More...

အပေါ်သို့