..............................

Saturday, May 23, 2009

ဒေါ်အောင်ဆန်းစုကြည်ကို မဟတ္တမ ဂန္ဒီဆု ချီးမြှင့်

အေးလဲ့
Friday, 22 May 2009 20:21

အမှုရင်ဆိုင်နေရသော ဒေါ်အောင်ဆန်း စုကြည်ကို တောင်အာဖရိက နိုင်ငံနှင့် တောင်ကိုးရီးယား နိုင်ငံမှ ထိပ်တန်း ခေါင်းဆောင်များက ချက်ချင်းလွှတ်ရန် တောင်းဆိုရင်း တချိန်တည်းတွင် တောင်အာဖရိက နိုင်ငံမှ Gandhi Development Trust အဖွဲ့က နိုင်ငံတကာ မဟတ္တမ ဂန္ဒီ (MAGI) ဆုကို ချီးမြှင့်လိုက်သည်။

ထို ဆုပေးပွဲကို ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးနေ့ဖြစ်သည့် လာမည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် တောင်အာဖရိက နိုင်ငံ Durban မြို့ရှိ မြို့နယ် ခန်းမတွင် ကျင်းပမည် ဖြစ်ကြောင်းသိရသည်။

Gandhi Development Trust အဖွဲ့ကို ၂၀၀၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က တည်ထောင်ခဲ့သည်။ ထို အဖွဲ့၏ ရည်ရွယ်ချက်မှာ ဒီမိုကရေစီ၏ အနှစ်သာရကို နားလည် သဘောပေါက်စေရန်၊ အကြမ်းမဖက် ငြိမ်းချမ်းရေး တိုးမြင့်ရန်၊ လူသားတန်ဖိုးကို မြှင့်တင်ရန်၊ လူငယ်များ အကြမ်းမဖက်ဘဲ ခွင့်လွှတ်တတ်စေ ရေးနှင့် ပြန်လည် ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ၎င်းတို့၏ အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

ယခုဆုကို ၂၀၀၅ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံမှ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် မစ္စတာ နဲလ်ဆင်မင်ဒဲလားလည်း ရရှိခဲ့သည်။

အသက် ၆၃ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် နိုဗဲလ် ငြိမ်းချမ်းရေး ဆုကို ရရှိခဲ့ပြီး နိုင်ငံတကာမှ ပေးအပ်သည့် ဆုပေါင်း ၈၀ ကျော်ကို ရရှိထားသူဖြစ်သည်။

လာမည့် မေလ ၂၇ ရက်နေ့တွင် သူ့အား စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားရာမှ သက်တမ်း ၆ နှစ် ပြည့်ပြီဖြစ်ကာ လွတ်မြောက်ရမည့် နေ့ဖြစ်သော်လည်း မေလဆန်းပိုင်းတွင် အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော သူ့နေအိမ်သို့ ရေကူး ဝင်ရောက်ခဲ့မှုဖြင့် တရားရင်ဆိုင် နေရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ်မေလ ဒီပဲယင်းအကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်ပြီး နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံရသည်မှာ ၅ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စပြီး နေအိမ် အကျယ်ချုပ် ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ရှိပြီဖြစ်သည်။

ယနေ့ ၂၂ ရက်နေ့တွင်ပင် တောင်အာဖရိကနိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးကလည်း နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် သတင်း ထုတ်ပြန် ကြေညာခဲ့သည်။

တောင်အာဖရိက နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Maite Nkoana-Mashabane က “ဒေါ်အောင်ဆန်း စုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခါနီး နှစ်ပတ်အလိုကျမှ ခုလို စွဲချက်အသစ်နဲ့ တရား ရင်ဆိုင် နေရတာကို သိရတဲ့ အတွက် တောင်အာဖရိက အစိုးရအနေနဲ့ စိတ်မကောင်း ဖြစ်ရပါတယ်” ဟု ထိုကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

တောင်အာဖရိက အစိုးရအနေဖြင့် ယခင်နေ့ သတင်းများအရ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ချို့တဲ့ မှုများကိုလည်း ကြားသိထားသဖြင့် သူ၏ ကျန်းမာရေးကိုလည်း စိုးရိမ် ပူပန်ကြောင်း ပြောဆို ထားသည်။

တောင်ကိုးရီးယားနိုင်ငံ သမ္မတဟောင်းဖြစ်သူ Kim Dae-Jung ကလည်း တောင်ကိုးရီးယား အခြေစိုက် ပြည်ပရောက် မြန်မာ ပါလီမန် ခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (ကိုးရီယားဌာနခွဲ) ခေါင်းဆောင် တို့နှင့် သမ္မတဟောင်း၏ နေအိမ် ရှိရာ ဆိုလ်းမြို့တွင် ယနေ့ တွေ့ဆုံခဲ့ သေးသည်။

ထို့သို့ တွေ့ဆုံရာတွင် သမ္မတ Kim Dae-Jung က လက်ရှိ ဒေါ်အောင်ဆန်းစုကြည် သတင်းနှင့် ပတ်သက်၍ စိတ်မကောင်း ဖြစ်ရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ကိစ္စနှင့်ပတ်သက်ပြီး အလှူငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ သောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

Friday, May 22, 2009

ဘန်ကီမွန်း မြန်မာနိုင်ငံကို အမြန်ဆုံးသွားလို

22 May 2009

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း (Ban Ki-moon) က ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး အတွက် မြန်မာစစ်အစိုးရကို တိုက်တွန်းဖို့ မကြာခင် အနာဂတ်မှာ မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

မနေ့က စီအန်အန်သတင်းနဲ့ အင်တာဗျူးလုပ်ရာမှာ မစ္စတာဘန်ကီမွန်းက သူ့ခရီးစဉ် အတွက် မြန်မာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းနေတုန်း ရှိသေးတယ်၊ သူ့အနေနဲ့ ကတော့ ဖြစ်နိုင်ရင် အမြန်ဆုံး သွားချင်တယ်လို့ ပြောခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ လက်ခံနိုင်ဖွယ် မရှိဘူး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ ဖြစ်ပျက် နေတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်ရတယ်လို့ မစ္စတာဘန် ကပြောခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာရှိနေပြီး ကုလသမဂ္ဂ အနေနဲ့ လည်း မြန်မာပြည်ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့် နေတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်ပွဲ (ဦးဝင်းတင်နှင့် အင်တာ ဗျူး)

ကိုဝိုင်း ကြာသပတေးနေ့၊ မေလ 21 2009 13:49 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်အား တရားစီရင်နေသည့် အချိန် ကာလတွင် အင်းစိန်ထောင်ရှေ့ သွားရောက် စုရုံးနေသူများသည် ဆန္ဒပြနေခြင်း မဟုတ်ဘဲ ‘ဆန္ဒ ဖော်ထုတ်နေခြင်း’ သာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်က ပြောသည်။

လက်ရှိပြုလုပ်နေသော တရားခွင်နှင့်ပတ်သက်၍ သူ့အမြင်ကို ဦးဝင်းတင်က မဇ္ဈိမ သတင်းထောက် ကိုဝိုင်းသို့ ဖြေကြား ထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အများပြည်သူရှေ့မှာ တရားစီရင်တာ မဟုတ်ဘဲနဲ့ အခုလိုမျိုး တံခါးပိတ် စီရင်နေတဲ့ ကိစ္စ အပေါ်မှာ ဘယ်လို မြင်ပါသလဲ ခင်ဗျာ။

တရားစီရင်တဲ့အခါမှာ တစ်က ဒါတွေက ဘာမှ မဆန်းသလို ဖြစ်နေတယ်။ ကျနော် နေခဲ့တဲ့ နှစ်ပေါင်း ၄ဝ လောက် အတွင်းမှာ မဆလခေတ် တခေတ်လုံး ကလည်း အလား တူပဲဗျနော်။ အများ ပြည်သူရဲ့ ရှေ့မှောက်မှာ တရားစီရင်တာ မဟုတ်ဘဲနဲ့ သူတို့ရဲ့ တံခါးပိတ် တရားစီရင်ရေး ပုံစံနဲ့ပဲ အများကြီး ကျနော် ကြုံခဲ့ဖူးတော့ ကျနော့် အဖို့ကတော့ မဆန်း သလိုပဲလို့ ပြောလို့ ရတယ်ဗျာ။

သို့သော်လည်း ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး၊ သို့မဟုတ် ရင်လည်း ဒီမိုကရေစီလို့ ကြွေးကြော်နေတဲ့ ခေတ်ကာလမျိုး၊ နောက်တခါ ပါတီအဖွဲ့အစည်း ဒီမိုကရေစီ အဖွဲ့အစည်း တခုရဲ့ ခေါင်းဆောင် တယောက်ကို တရားစီရင်တဲ့ အခါမှာတော့ အများပြည်သူ နားထောင် သင့်တယ်လို့ ကျနော် ယူဆတယ်။

ဥပမာ - ဆိုပါတော့ သခင်စိုးအမှု တရားစီရင်တဲ့ အခါမှာ လွတ်လပ်စွာ တရားစီရင်ခွင့် မရဘူး။ တံခါးပိတ် စီရင်တယ်။ အဲဒီလို စီရင်တဲ့အခါမှာ သူလည်း နိုင်ငံရေးသမားပဲ ဘာလို့ သူ့ကို တံခါးပိတ် စီရင်တာ မကန့်ကွက် ဘဲနဲ့ ဒေါ်စုကျမှ ဘာလို့ ကန့်ကွက်လဲ ပြောစရာ အခြေအနေက ပေါ်လာတယ်။ သခင်စိုးကိုက နိုင်ငံရေး ခေါင်းဆောင် တယောက် အနေနဲ့ တရားစီရင်တာ မဟုတ်ဘူးဗျ။ သူပုန်ခေါင်းဆောင် တယောက်အနေနဲ့ တရားစီရင်တာ။ ဒေါ်အောင်ဆန်းစုကြည်က သူပုန်ခေါင်းဆောင် မဟုတ်ဘူးဗျ။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်။

သခင်စိုးလက်ထက်မှာ တရားစီရင်တယ် ဆိုတာတောင်မှ သခင်စိုး တရားစီရင်ချက် တွေကို သတင်းစာမှာ ပုံမှန်ဖော်ပြတာ ရှိသေးတယ်ဗျ။ လူတွေလည်း သတ်မှတ်ထားတဲ့ အတိုင်း ၁ဝ ယောက်၊ ၁၅ ယောက် တနေ့ကို စသည်ဖြင့် နားထောင်ခွင့် ရသေးတယ်ဗျ။ မီဒီယာလည်း အဲဒီမှာ သွားပြီး နားထောင်ခွင့် ရတယ်။

ကျနော်ပြောချင်တာက ခေတ်ကာလနဲ့ လုံးဝ မကိုက်ညီဘူး။ ဒီလို ဟာမျိုးတွေ နှစ်ပေါင်း ၄ဝ လောက် တွေ့ခဲ့ဖူးတယ် ဆိုသော်ငြားလည်း၊ ဥပမာ - ထောက်လှမ်းရေး အမှုပေါ့ဗျာ။ တံခါးပိတ် ဆိုတာတောင် ဒေါ်အောင်ဆန်းစုကြည် အခု ဖြစ်နေတာထက် ပိုပြီးတော့ အများကြီး လွတ်လပ်တယ်။ ငွေစက္ကူ အမှုတွေ စစ်ဆေးတာတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့က လက်မခံနိုင်ဘူး။ ကန့်ကွက်နေတာ။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး အများပြည်သူ ရှေ့မှောက်မှာ ရုံးထုတ်တာ မလုပ်ဘဲနဲ့ သီးသန့် တံခါးပိတ် စစ်ဆေးတာဟာ အများပြည်သူရဲ့ မူလ အခွင့်အရေးရယ်၊ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလ အခွင့်အရေးရယ် တွေကို ချိုးဖောက် ခံရတယ်လို့ရော ယူဆပါသလား ခင်ဗျာ။

ကျနော်က ယူဆပါတယ်။ ဘာလို့လဲဆိုတော့ လူတယောက်ဟာ တရားခွင်ကို သွားရတယ် ဆိုတာ သူ့ရဲ့ဘဝကို ချောက်ကမ်းပါးနား သွားနေရတာ။ သူ ချောက်ထဲကို လိမ့်ကြသွားမလား၊ ကမ်းပေါ်မှာပဲ တင်ကျန် နေမလား၊ မသိရတဲ့ အခြေအနေမျိုး။ အဲဒီ လူကို သူ့ရဲ့ အမှုကို လွတ်လပ်စွာ တရားစီရင်ခြင်း၊ မှန်ကန်မျှတစွာ စီရင်ခြင်း မရှိရုံတင် မကဘူး၊ သူ့ တရား စီရင်ခြင်းကို အများပြည်သူ ကြားနာနိုင်ဖို့ ဥပဒေအရ အခွင့်အရေး ရှိပါရဲ့နဲ့ ခွင့်ပြုချက် မရဘူးဆိုတာက သူ့ လူ့အခွင့်အရေး ချိုးဖောက် ခံရတာပဲလို့ ပြောနိုင်ပါတယ်။

အလားတူပဲ အများပြည်သူက ကြားနာခွင့် မရတာလည်း တရားခွင်မှာ အများ ပြည်သူ ရှေ့မှောက် ခံရမယ်လို့ ဥပဒေပြဋ္ဌာန်းချက် ရှိရဲ့သားနဲ့ နအဖ အစိုးရ လက်ထက်မှာလည်း ဒီဥပဒေကို ဆက်လက် ပြဋ္ဌာန်း ထားပါလျက်နဲ့ နားထောင်ခွင့် မရဘူး၊ လေ့လာခွင့် မရဘူး။ ဒါလည်း ချိုးဖောက်ခံရတာပဲ။

ဒေါ်စုကို ရုံးထုတ်နေတုန်း အန်အယ်ဒီအဖွဲ့ဝင်တွေ၊ အန်အယ်ဒီကို ထောက်ခံတဲ့ လူတွေ၊ ဒီမိုကရေစီ လိုလား သူတွေဟာ အင်းစိန်ထောင်ရှေ့နဲ့ အင်းစိန်မြို့နယ် အတွင်းမှာ စုဝေး နေကြတာ သတိထား မိပါတယ်။ ဒီကိစ္စ အပေါ်မှာ ဘယ်လို မြင်ပါသလဲ ခင်ဗျာ။

ကျနော် အဲဒီမှာ လူတွေနဲ့ စကားပြောဖြစ်တယ်။ သူတို့ရဲ့ အမြင်တွေ၊ သဘောထားတွေ၊ ခံစားချက်တွေကို သိရတာပေါ့။ ပြောချင်တာက ကျနော် အပါအဝင် အဲဒီရှေ့မှာ ရောက်လာပြီးတော့ စုရုံးနေတဲ့ လူတွေရဲ့ အခြေခံ အမြင်ပေါ့ဗျာ။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော် သူတို့ကိုလည်း ကိုယ်စားပြုပြီး ပြောနိုင်တယ်။ သူတို့ တဦးချင်း ကလည်း ကျနော့်ကို ကိုယ်စားပြုပြီး ပြောနိုင်တယ်။ သူတို့ အချင်းချင်းလည်း ကိုယ်စားပြုပြီး ပြောနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတာ။ ကျနော်တို့ ကြွေးကြော်သံတွေနဲ့ အော်ဟစ်နေတာ မဟုတ်ဘူး။ စာရွက် စာတမ်းတွေ ရေးပြီး ကမ်းလှမ်းနေတာ မဟုတ်တဲ့ အတွက် တဦးချင်း ကိစ္စက သဘောထား အသီးသီးကို မပြောနိုင်ပေမယ့် အားလုံးရဲ့ ရင်ထဲမှာ ရှိနေတဲ့ အမြင်၊ အယူအဆ၊ ခံစားချက်ကိုတော့ ပြောလို့ရတယ်လို့ ထင်တယ်။

ဘယ်လို လူမျိုးတွေ ရောက်လာပြီး၊ ဘာလာလုပ်နေကြတယ် ဆိုတာရော ပြောပြ နိုင်မလား ခင်ဗျာ။

အဲဒီထဲမှာ အန်အယ်ဒီတွေ ပါတယ်။ တခြားသော ကျောင်းသား၊ လူငယ်တွေ ပါတယ်ဗျာ။ ရဟန်း သံဃာတွေ ပါတယ်ဗျာ။ လူမျိုးစုံပါတယ်။ ကလေးပါတယ်။ လူကြီးပါတယ်။ မိန်းမပါတယ်။ ယောက်ကျား ပါတယ်ပေါ့ဗျာ။ ဒီလူတွေ အားလုံးရဲ့ ရင်ထဲမှာ ရှိတဲ့ဟာက ဘာလဲဆိုရင် တစ်က ကျနော်တို့ဟာ နတ်ကရာ ချီးမွမ်း လာပြီး ထိုင်နေကြတာ မဟုတ်ဘူး။ ငေးမောပြီးတော့ ပွဲတော်တခု လာကြည့်နေတာ မဟုတ်ဘူး။ စတုဒိသာ ပွဲတခု လာပြီး စားသောက်နေတာ မဟုတ်ဘူး။ နောက်တခုက တချိန်တည်းမှာပဲ ကျနော်တို့ဟာ ဆန္ဒပြ နေတာလည်း မဟုတ်ဘူး။ ဒါက အရေးကြီးတယ်။ ဆန္ဒ ပြချင်တဲ့လူ ကတော့ ပြမှာပဲ။ မပြဘူးလို့ မပြောနိုင်ဘူး။ ပြချင်တဲ့စိတ် မရှိဘူး၊ ရှိတယ်လည်း မပြောဘူး။

သို့သော် ပုံသဏ္ဍာန်အားဖြင့်၊ အမြင်အားဖြင့်ဆိုရင် ကျနော်တို့ တတွေဟာ ငေးမောပြီးတော့ နေပူ ကျဲတဲမှာ ထိုင်စရာ မရှိ၊ နေစရာ မရှိ၊ စားစရာ မရှိ၊ သောက်စရာ မရှိ၊ အပေါ့အပါး သွားစရာမှ မရှိတဲ့ အနေအထားမျိုးမှာ နာရီပေါင်းများစွာ။ တချိန်တည်းမှာပဲ ကျနော်တို့က ဆူပူခြင်း၊ ဆန္ဒပြခြင်း၊ အော်ဟစ်ခြင်း၊ တောင်းဆိုခြင်း ဒါတွေ လုပ်နေတာလည်း မဟုတ်ဘူး။ အားလုံး တိတ်တိတ် ငြိမ်ငြိမ်ပဲ။ စကားတောင် အော်ကျယ် မပြောဘူး။

ဒါဆိုရင် ဘာလုပ်နေတာလဲလို့မေးရင် ကျနော်က ပြောမယ်၊ အကုန်လုံး ရင်ထဲမှာ နိုင်ငံရေး စိတ်တွေ၊ သဘောထားတွေ ရှိတယ်။ နိုင်ငံရေး ခံစားချက်တွေ ရှိတယ်။ အဲဒီဟာတွေနဲ့ သူတို့ လုပ်နေတာ။ နိုင်ငံရေး လုပ်နေတာပဲ။ ဆိုလိုတာကတော့ နိုင်ငံရေးကို ပုံသဏ္ဍာန် တမျိုးနဲ့ လုပ်နေတာ။ အဲဒါ ဘာလဲဆိုရင် ‘ကျနော်တို့ ဆန္ဒ ဖော်ထုတ်နေတာ’ လို့ ပြောချင်တယ်။ တဦးချင်း တဦးချင်း၊ လူတိုင်း လူတိုင်း - ဆန္ဒ ဖော်ထုတ်နေတာ။

‘ဆန္ဒ ဖော်ထုတ်နေတာ’ ဆိုတာနဲ့ ပတ်သက်ပြီး နည်းနည်း ထပ်ရှင်းပြ ပေးပါဦး ခင်ဗျာ။

ကောင်းပြီ။ ဒါဖြင့် ဘာဆန္ဒတွေလဲလို့မေးရင် တစ်က ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော် တို့ရဲ့ ခေါင်းဆောင် ဖြစ်တယ်။ လူထု ခေါင်းဆောင် ဖြစ်တယ်။ အဖွဲ့ချုပ် ခေါင်းဆောင် ဖြစ်တယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဖြစ်တယ်။ ဒီလို ခေါင်းဆောင်မျိုး တယောက်ကို ဘယ်နေရာမှ တရား စီရင်နေမှန်း မသိ၊ လူတွေလည်း မဝင်ရ၊ ဒီအကြောင်းလည်း ဘာမှန်း မသိရ၊ ဆိုတဲ့ အနေအထားမျိုးနဲ့ လုပ်နေတာကို ကျနော်တို့ ဒီအတိုင်းပဲ လက်ပိုက် ကြည့်နေမလား။ မကြည့်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ကြည်ညိုတယ်၊ ထောက်ခံတယ်၊ တသားတည်း ဖြစ်တယ်၊ တပေါင်း တစည်းတည်း ဖြစ်တယ် ဆိုတာကို ပြချင်တယ်။ အဲဒီဆန္ဒတွေ ရှိတယ်။ အဲဒီဆန္ဒတွေနဲ့ ထောင်ရှေ့မှာ လာပြီး ထိုင်နေကြတာ။

ဒုတိယအချက်က ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရား စွဲတာနဲ့ ပတ်သက်ပြီး ကျနော်က လုံးဝကို လက်မခံဘူး။ ဒီအမှုက အမှုဆင်တာ၊ ရမယ်ရှာပြီးတော့ ပုဒ်မ တပ်တာ။

အမှုဆင်တာလို့ ဘယ်လို အခြေခံအကြောင်းတွေကြောင့် ပြောနိုင်တာလဲ ခင်ဗျာ။

အကွက်ဆင်တာ၊ ဘာလို့လဲဆိုတော့ ထင်ရှားတာ အချက် နှစ်ချက် ရှိတယ်။ တစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်ထားတာ ဒီလ ၂၇ ရက်ဆို လွတ်တော့မယ်။ လွတ်ခါနီးကျမှ ဒီကိစ္စ ပေါ်လာတယ်။ နောက် သူနဲ့ သက်ဆိုင်တယ် ဆိုတဲ့ လူက ဒုတိယ အကြိမ် ပြန်လာတာဗျ။ ဒီ ယက်တော ဆိုတဲ့လူက လွန်ခဲတဲ့ နှစ်တုန်းက ရောက်ခဲ့ပြီးပြီ။ ရောက်ခဲ့တာကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကနေ ဒေါက်တာ တင်မျိုးဝင်းကနေ တဆင့် ပြည်ထဲရေး ဌာနကို တိုင်ကြားပြီးပြီ၊ အသိပေးပြီးပြီ။ အဲဒီ ကြားထဲကနေ ဒီလူ ရောက်လာတယ် ဆိုတာ ဘယ်လို ရောက်လာတာ လဲလို့။

ကျနော့်အတွေ့အကြုံ ပြောမယ်။ ကျနော့်အကြောင်း လေ့လာနေတဲ့ လူက ကျနော် ထောင်ထဲမှာ ရှိနေတုန်း ဗမာပြည် လာဖူးတယ်ဗျ။ ဦးစိန်ဝင်းတို့၊ လူထု ဒေါ်အမာတို့၊ ဒဂုံ တာရာတို့၊ ဦးမောင်မောင်ခင်တို့ စသည်ဖြင့် စာပေသမားတို့၊ သတင်းစာ သမားတို့နဲ့ တွေ့တယ်။ အဲဒါကို အစိုးရက နည်းနည်းမှ မကြည်ဖြူဘူး၊ မှတ်ထားတယ်။ အဲဒါက ၅ နှစ်ကျော်ပြီ။ မကြာခင်တုန်းက ကျနော် လွတ်လာတော့ ကျနော့်ကို လာတွေ့ချင်တယ်။ ဗီဇာမရဘူး။ စဉ်းစားကြည့်ဗျာ။ ကျနော်က နိုင်ငံရေးအရ ကြီးကျယ်တဲ့ လူလည်း မဟုတ်ဘူး။ သာမန် သတင်းစာ သမား တယောက်။

ကောင်းပြီ။ ယက်တောက ဘယ်လို ဗီဇာရလဲ။ တခါတုန်းက ဒေါ်စုအိမ်ထဲ အိမ်ထဲ ဝင်တယ် ဆိုတာလည်း သိပြီ။ ဒေါ်စုရဲ့ ညွှန်ကြားချက်အရ ဒေါက်တာ တင်မျိုးဝင်း ကလည်း ပြည်ထဲရေး ဌာနကို အကြောင်းကြား ပြီးပြီ။ အဲဒီလောက် အမှတ်အသားဖြစ်ပြီး မှတ်ထားတဲ့ လူဟာ ဒီလို အချိန်မှာ ဘာ့လို့ ဗီဇာရသလဲ၊ ဘာဖြစ်လို့ ဗီဇာပေးသလဲ။ နိုင်ငံခြားရေး ဌာနတို့ ဘာတို့က ဒီလောက်ပဲ ပေါ့လျော့သလား။ ဒီလောက် လက်လွတ်စပယ် လုပ်သလားဆိုတာ မေးစရာတွေ ရှိလာတယ်။ မဟုတ်ဘူး၊ မပေါ့တန်ဘူး။ စည်းကမ်းတကျ အဖွဲ့အစည်း၊ ကမ္ဘာ့ အဆင့်အတန်းမီ အဖွဲ့အစည်း၊ နိုင်ငံတကာနဲ့ ဆက်ဆံနေတဲ့ အဖွဲ့အစည်း ဝန်ကြီးဌာန ဖြစ်တယ်ဆိုရင်၊ အဲဒီလို ဆိုရင်တော့ ဒီ ဗီဇာ ပေးလိုက်ခြင်းဟာ လုပ်ကြံမှုရဲ့ အစိတ်အပိုင်း တခု ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒါ့ကြောင့် ကျနော်တို့ စိတ်ထဲမှာ ဒီဟာက လုပ်ကြံမှုကြီး။ အဲဒါကို ဒီအမှုကို ဖျက်သိမ်းပေးပါ။

နအဖက ဒေါ်အောင်ဆန်းစုကြည်ကို မဖြစ်မနေ ထောင်ချလိုက်မယ် ဆိုရင် အန်အယ်ဒီ၊ ဒီမိုကရေစီ အင်အားစုတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ အနေအထားက တစုံတရာ အပြောင်းအလဲ ဖြစ်သွားနိုင်မယ် ယူဆ ပါသလားခင်ဗျာ။

အဲဒီလိုဟာမျိုးကတော့ ပြောရတာတော့ ခက်တယ်။ တစ်က ကျနော်တို့က ဒီမိုကရေစီ အဖွဲ့အစည်း တရပ် ဖြစ်တယ်။ ဒီမိုကရေစီ အဖွဲ့အစည်း တရပ်ဟာ မှားယွင်းတဲ့ အခြေခံနဲ့ ဖြစ်စေ၊ မှန်တဲ့ အခြေခံမှာ ဖြစ်စေ တရားခွင် ရောက်တယ်။ တရားခွင်က လွတ်လပ်တဲ့ တရားခွင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အဲဒီလို အခြေခံ မျိုးကနေ တရား စီရင်လိုက်တဲ့ အပေါ်မှာ ကျနော်တို့ဟာ တစ် မမှန်ကန်တဲ့ တုံ့ပြန်မှုမျိုးနဲ့ တုံ့ပြန်ဖို့ ဆိုတာ ကျနော်တို့ ဘာအကြောင်းမှ မရှိဘူး။ ဆိုလိုတာက တရားစီရင်ရေးကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တရားစီရင်ရေး စနစ်နဲ့ သွားတယ်ဆိုရင် တစုံတရာသော အတိုင်းအတာ အထိ လက်ခံရမယ်လို့ ကျနော်တို့ ယူဆတယ်။ တရားစီရင်ရေး ကနေ ထွက်လာတဲ့ ရလဒ်တခုကို လက်လွတ်စပယ်နဲ့ ငြင်းပယ်ခြင်း၊ ငြင်းဆန်ခြင်း၊ မလုပ်ဘူးလို့ ပြောလို့ရတယ်။

ကျနော်တို့ဟာ အဖွဲ့အစည်းဖြစ်တဲ့ အတွက် အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သွားမှာပဲ။ သေချာတာကတော့ ပြစ်ဒဏ် ချလိုက်ပြီဆိုတာကို လက်ခံရသည့်တိုင် ဒီဟာကိုတော့ ဆက်ပြီးတော့ တရားဥပဒေ ရှုထောင့်က တိုက်သွားဦးမှာပဲ။ တရားဥပဒေ ရှုထောင့်က တိုက်လို့ မရဘူးဆိုရင်လည်း တုံ့ပြန်သင့် တုံ့ပြန်ထိုက်တဲ့ ပုံသဏ္ဍာန် တခုနဲ့တော့ တုံ့ပြန်မှာပဲလို့ ပြောလို့ရပါတယ်။ တရားစီရင်ရေးကနေ ထွက်လာတာတော့ မှန်တယ်။ တရားစီရင်ရေး အရလည်း ဆုံးခန်းတိုင် ရင်ဆိုင်သွားမယ်။ အဲဒီကြားထဲကနေ တရားမျှတ မှန်ကန်တဲ့ တရားစီရင်ရေး မဟုတ်ဘူးဆိုရင် ဆန့်ကျင်တဲ့ အရာ တစုံတရာတော့ ပေါ်လာမှာပဲ။ အများနဲ့ လုပ်တာလေ။ တယောက်ကတော့ ငုံ့ခံချင် ငုံ့ခံနေမယ်၊ အများကတော့ ငုံ့ခံမနေဘူး။ သည်းခံခြင်း ရှိမယ်၊ ငုံ့ခံခြင်း မရှိဘူး။

နအဖ ထဲက အပြစ်ရှိတဲ့ စစ်တပ်အရာရှိတွေကို နိုင်ငံတကာတ ရားရုံး ICC ကို တင်ဖို့ ကြိုးစား နေတာတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တခုခု ပြောစရာများ ရှိပါသလား ခင်ဗျာ။

ဒါက လုပ်ရမယ့် ကိစ္စပဲ။ လူသားပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ဥပဒေလည်း ဖြစ်နေပြီ။ ကမ္ဘာမှာလည်း ဒီဥပဒေဟာ တစတစနဲ့ အလုပ်ဖြစ်လာပြီ။ နောက် ဒီလူတွေကို ရုံးတင် တရားစွဲခြင်း ဆိုတာကလည်း ကမ္ဘာမှာ နိုင်ငံပေါင်း များစွာပေါ့၊ အာဖရိက နိုင်ငံတွေရော၊ ယူဂိုဆလပ်တို့ ဘာတို့ရော လုပ်နေကြပြီ။ အခု နောက်ဆုံး ဆူဒန်တို့ ဘာတို့ တရားစွဲတာ လုပ်နေပြီ။ တချို့က တရားခွင် ရှေ့မှောက်ကို ရောက်တယ်။ တချို့က ဖမ်းမိန့်ပဲ ထုတ်ရသေးတယ်။

ဗမာပြည်မှာဖြစ်နေတဲ့ အနေအထားအရက ဒီအခြေအနေ မျိုးကို ရောက်နေတယ်။ သေချာတယ်။ ငြင်းလို့ မရတဲ့ အနေအထား။ မီဒီယာတွေထဲ ပါလို့ ကျနော်က ငြင်းလို့ မရတာလို့ ပြောတာ မဟုတ်ဘူး။ သာမန်အားဖြင့် ပြည်သူတွေဟာ ရှစ်လေးလုံး ကာလလို ကာလမျိုးက စပြီးတော့ ၂ဝဝ၇ သံဃာတော်များ ရွှေဝါရောင် တော်လှန်ရေးလို ကာလမျိုး နောက်တခါ နိုင်ငံရေး အကျဉ်းသား များစွာကို ညှင်းဆဲ သတ်ဖြတ် ဆိုတဲ့ ဒီလို ဥပမာတွေ ကြည့်ခြင်းအားဖြင့် ဒီလူတွေဟာ တရားစီရင် ခံရမယ့် အနေအထားမှာ ရှိတယ်လို့ ပြောတာ။ ဒီလူတွေကို အပြစ်ပေးရမယ်လို့ ကျနော်တော့ မပြောချင်ဘူး။ ဒါက တရားရုံးက လုပ်ရမယ့် ကိစ္စ။ ကျနော့် ဘက်ကတော့ ဒီလူတွေဟာ အဲဒီလို တရားခွင်မျိုးမှာ ရင်ဆိုင်ရမယ့် အနေအထားကို ရောက်နေတယ်လို့ တထစ်ချ ပြောချင် တယ်။ သတ်သတ်မှတ်မှတ် ပြောတယ်။

သို့သော် အဲဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ တချိန်တုန်းက ရှိခဲ့တဲ့ သဘောထား ပေါ့ဗျာ။ ကျနော်တို့ ဗမာပြည်မှာ အပြစ်တွေကို သင်ပုန်းချေမယ် ဆိုတာတွေ ရှိတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ဟာတွေအကုန်လုံး တယောက်နဲ့ တယောက် လက်စား ချေကြမယ် ဆိုရင် မပြီးတော့ဘူး။ သင်ပုန်းချေတယ် ဆိုတာ သဘောတူတယ်။ သို့သော် ကျနော်တို့ဘက်က စဉ်းစားတော့ ဘာပေါ်လာသလဲ ဆိုရင်၊ ဒါ အန်အယ်ဒီရဲ့ ပေါ်လစီ ရယ်လို့တော့ မဟုတ်ဘူး။ အစုအဖွဲ့လိုက် ဆွေးနွေးကြတာ။ သင်ပုန်းချေတယ် ဆိုရင် ချေချင်တိုင်း ချေလို့မရဘူး။ ဘာလို့လဲဆိုတော့ ခံရတဲ့ ကာယကံရှင်တွေ ရှိတယ်ဗျာ။ သို့မဟုတ်လည်း သူ့ရဲ့ ရာဇဝတ်မှု ကျူးလွန်မှုဟာ လူသားအပေါ်မှာ အလွန် ကြီးလေးတဲ့ ရာဇဝတ်မှုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။

အဲဒီလို ပုံစံအမျိုးမျိုး ကျူးလွန်တဲ့လူတွေကို သင်ပုန်းချေတယ် ဆိုပြီးတော့ ကျနော်တို့က ခွင့်လွှတ် လိုက်ရင် ရမလား။ နိုင်ငံရေး ပါတီတခုကနေ လုပ်ရင်ရမလား။ သို့မဟုတ်လည်း နိုင်ငံရေး ခေါင်းဆောင် တယောက်ကနေ လုပ်ရင် ရမလား။ မရဘူး။ တရားဝင် ဖြစ်ဖို့လိုတယ်။ ပြည်ပ တရားရုံးတို့ ဘာတို့ ဆိုတာကလည်း လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က သိပ်ပြီး မကြားသေးဘူး ပေါ့ဗျာ။ ကျနော်တို့က ဘယ်လိုတွက်လဲ ဆိုတော့ လွှတ်တော်တို့ ဘာတို့မှာ တင်ပြီးတော့ ဥပဒေ ပြဋ္ဌာန်းပြီးတော့ သင်ပုန်းချေတာ ဖြစ်စေ၊ ဒါက တခုပေါ့နော်။ နောက်တမျိုးက ဘာလဲဆိုရင် ကျနော်တို့က အမျိုးသား ပြန်လည် သင့်မြတ်ချင်တယ်။ တရားစီရင်ရေးက အမှန်တရား ဖြစ်စေချင်တယ်။ ကျနော်တို့က ဥပမာ - တောင်အာဖရိက Truth and Reconciliation Commission လိုဟာမျိုး လုပ်ရမယ်လို့ သဘောပေါက်တယ်။ အနည်းဆုံး အဲဒီလိုမျိုး ဖြေရှင်းမယ်။ သဘောထားတွေ ဟိုတုန်းက ရှိခဲ့တယ်။

သို့သော် ကျနော်တို့ ရွေးကောက်ပွဲမှာ အနိုင်ရရှိသော်လည်း လွှတ်တော် အဆင့်ကို မရောက်ခဲ့တဲ့ အတွက် ကျနော်တို့ ဒါ မလုပ်နိုင်ဘူး။ နောက်တခုက ကျနော်တို့မှာ ဘာအာဏာမှ ရှိတာ မဟုတ်တဲ့ အတွက်၊ ကျနော်တို့ဆိုတာ ကျနော်တို့ ဒီမိုကရေစီ သမားတွေကို ပြောတာပါ။ အန်အယ်ဒီရယ်လို့ မဟုတ်ပါဘူး။ အဲဒီလိုအနေနဲ့ Truth Commission တို့၊ Reconciliation Commission တို့ ဆိုတာ ဖွဲ့နိုင်တဲ့ အနေအထားမှာ မရှိဘူး။ လွှတ်တော်လည်း မရှိဘူး။ အခုနောက်ဆုံး ICC လိုဟာမျိုး ပေါ်လာတာပဲ။ အဲဒါနဲ့ ပတ်သက်လို့ အများကြီး စဉ်းစားမိတယ်။ ဘာပဲပြောပြော ဒီလူတွေဟာ ICC ရှေ့မှောက်မှာ တရားစီရင် ခံရမယ်လို့ တထစ်ချ မပြောနိုင် သေးပေမယ့် ဒီလူတွေဟာ အဲဒီလို တရားစီရင် ခံရနိုင်လောက်တဲ့ ပြစ်မှုတွေ ကျူးလွန်ထားတာ အမှန်ပဲလို့ ကျနော် ယုံကြည်ပါတယ်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်ကိုရုပ်သံတွင်တွေ့ရသဖြင့် ပြည်သူများ စိတ်ချမ်းသာ

NEJ / ၂၁ မေ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးသည့် အတွက် ရန်ကုန်မြို့ခံ များက အတိုင်းထက် အလွန် ကျေနပ်လျက် ရှိကြောင်း သိရသည်။

ပြည်တွင်းမှ ဂီတစာဆိုတဦးက “တည်ကြည်လိုက်တဲ့ ရုပ်ရည်၊ ကြည်လင် လိုက်တဲ့ မျက်နှာဗျာ။ ဒီ အမျိုးသမီးက သူ့စိတ်ထဲမှာ ဥပေက္ခာ တရားတွေ နှလုံးသွင်းထားပုံ ပေါ်တယ်။ ပြီးတော့ ဒီစစ်အစိုးရကို လုံးဝ မတုန်လှုပ်ဘူး ဆိုတဲ့ ပုံပေါ်တယ်။ သူ့ကို အခုအချိန်မှာ ရုပ်မြင်သံကြားက ပြသလို့ လူတွေရဲ့ စိတ်မှာ ကြည်လင် အေးမြမှု တခုရတယ်ဗျ” ဟု ပြောသည်။

YCDC (ရန်ကုန်စည်ပင်) ၏ အငြိမ်းစား ဗိုလ်မှူးတဦးကလည်း ဒေါ်အောင်ဆန်း စုကြည်ကို (၁၀) နှစ်ကျော် မတွေ့ မမြင်ခဲ့ရဘဲ ယခုကဲ့သို့ ရုပ်မြင် သံကြားပေါ်မှာ တွေ့လိုက်ရသည့် အတွက် အတိုင်းထက် အလွန် ၀မ်းသာ ကြည်နူးမိကြောင်း ပြောသည်။

“သူ့ကို အစိုးရက အခုလိုထားလေလေ သူက ပါဝါတွေ တက်လာလေပါပဲ။ သူ့ကို ကြည့်ရတာ အန်ကယ်တို့ စိတ်ထဲမှာ ချမ်းမြေ့တယ်။ ဒါပေမယ့် အခုလို နေရတာမျိုးတော့ မဖြစ်စေချင်ဘူး။ စစ်အစိုးရ ၀န်ထမ်း တဦးဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ကရုဏာ ရှိပြီးသားပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယခုကဲ့သို့ (ယက်တောအိမ်ထဲ ၀င်ရောက်မှု) တရားခံဟု စွပ်စွဲသုံးနှုန်း စစ်ဆေးသည်ကို မကျေနပ်ကြကြောင်း၊ သို့သော် ပြောမိပါကလည်း ၎င်းတို့၏ စားဝတ်နေရေး အတွက် အလုပ်ပြုတ် သွားမည်ကို စိုးရိမ်ကြကြောင်း အစိုးရ ၀န်ထမ်းများကလည်း ပြောကြသည်။

တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ဆက်သွယ်ရေး အရာရှိ တဦးက “ဘယ်သူ့ကို ဖြစ်ဖြစ် မေးလိုက်ပါ။ ဘယ်သူကမှ မကျေနပ်ကြဘူး။ ဒီကြားထဲ ရဲကားတွေက မြို့ထဲမှာ အင်အား ပြနေသေးတယ်။ ရှင်းရှင်းလင်းလင်း ပြောမယ်ဗျာ။ ဘယ်သူမှ သူတို့ကို မလိုလားဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာ ပိုဆိုး သွားတယ်” ဟု ပြောသည်။

ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်းဂျာနယ်တစောင်၏ အယ်ဒီတာ တဦးကလည်း ယခုကဲ့သို့ စစ်အစိုးရ၏ လုပ်ရပ်အပေါ် စာပေ စာနယ်ဇင်းသမား အတော်များများက မနှစ်သက် ကြကြောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန် နိုင်ငံသား ရေကူး ၀င်ရောက်မှုနှင့် ပတ်သက်၍ အင်းစိန် အထူး တရားရုံးတွင် မေ (၁၈) ရက်မှ စတင်၍ အမှုစစ်ဆေး ကြားနာခဲ့သည်။

တတိယနေ့ဖြစ်သည့် ယမန်နေ့တွင် နိုင်ငံခြားသံတမန် (၂၉) ဦးနှင့် ပြည်တွင်း ပြည်ပ သတင်းနှင့် စာနယ်ဇင်းများမှ သတင်းထောက် (၁၀) ဦးတို့ကို တရားခွင်သို့ လာရောက်ခွင့် ပြုခဲ့သည်။ စင်ကာပူ သမ္မတနိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်းနှင့် ထိုင်းတို့မှ သံတမန်များနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံသည့် သတင်းကို ယမန်နေ့ည (၈) နာရီတွင် စစ်အစိုးရ ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသခဲ့သည်။

ယနေ့ မေလ (၂၁) ရက်နေ့ထုတ် အစိုးရ သတင်းစာများ တွင်လည်း အလားတူ သံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် အင်းစိန် အကျဉ်းထောင် အထူး တရားရုံးတွင် တွေ့ဆုံသော သတင်းကို ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, May 21, 2009

တောင်ပိုင်း ၀ တပ် စခန်းများ ရုပ်ပေးရန် တြိဂံတိုင်းမှူး သတိပေး

ဗုဒ္ဓဟူးနေ့၊ 20 မေလ 2009

တောင်ပိုင်း ၀ တပ်စခန်းသုံးခုအမြန်ဆုံးရုပ်ပေးရန် တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး ၀ တပ်မှူး များအား ခေါ်ပြော ကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

မေ ၁၆-၂၀ ရက်နေ့ ၅ ရက်ကြာ သျှမ်းပြည်အရှေ့ တောင်ပိုင်း သို့ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး ရောက်ရှိစဉ် တောင်ပိုင်း ၀ တပ်ဖွဲ့အား ဂျွန်လ နောက်ဆုံးထား၍ - (၁) နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန်၊ (၂) အသွင်ပြောင်းဖို့ မလုပ်နိုင်ပါက မြောက်ပိုင်း ပန်ဆန်းဌာနချုပ်သို့ တပ်ရုပ်ရန်သတိပေးခဲ့သည့် အပြင် နအဖအရာရှိများ သွားလာရာလမ်း တလျှောက် ရှိ ၀ တပ်စခန်း သုံးခုအား အမြန်ဆုံး တပ်ရုပ်ပေးရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။

ကျနော်တို့ကို အရင်တုံးကလို နယ်ခြားစောင့်တပ် လုပ်ရင်လုပ် မဟုတ်ရင် သျှမ်းတပ်ကို သွားတိုက်၊ ဒါမှမဟုတ် မြောက်ပိုင်း ၀ နယ်မြေဘက် အကုန်ပြန်လို့ မပြောတော့ဘူး။ အခုဟာက အသွင်ပြောင်းရင် ပြောင်း၊ မပြောင်းရင်ပြန်၊ မပြန်ရင် ရှောင်လွဲလို့ မရဘူးလို့ ပြောတယ်။” ဟု အမည်မဖေါ်လိုသည့် တောင်ပိုင်းဝ တပ်မဟာ ၂၄၈ မှ အရာရှိတဦး ကဆိုသည်။

စစ်အစိုးရ တပ်ရုပ်ခိုင်းသည့်စခန်းသုံးခုမှာ မိုင်းတုံ - ပုံပါကျင် ကားလမ်းမှ အနောက်ဖက်သို့ ဖေါက်ထားသော မိုင်းကျွက် - မိုင်းထား - မိုင်းတော့ - ပန်မိုင်ဆုန် ကားလမ်းပေါ်ရှိ - ၁။ လွယ်ဆမ်ဆုမ်စခန်း၊ ၂။ ကျူဟူးလုံး (မိုင်းကျွက်) စခန်း၊ ၃။ ဟွေ့ယောဝ်း (ပန်ယန်း) စခန်းတို့ ဖြစ်သည်ဟု ဆိုသည်။

“အမြန်ဆုံးတပ်ရုပ်ခိုင်းတဲ့ကိစ္စကို ကျနော်တို့ ဘာမှအကြောင်း မပြန်ဘူး။ အခု လောလောဆယ် တပ်မဟာမှူး၊ တပ်ရင်းမှူး တွေလဲ တယောက်မှ မရှိဘူး။ ပန်ဆန်းဌာနချုပ် အစည်းအဝေး သွားနေကြတယ်။ ပန်ဆန်း ဆုံးဖြတ်ချက်ကိုဘဲ ကျနော်တို့ နာခံရမှာဘဲ” ဟု ဆက်ပြော၏။

ဂျွန်လနောက်ဆုံးထား၍ အသွင်ပြောင်းရေး/တပ်ရုပ်ရေးနှင့် ပတ်သက်၍ အကြောင်း ပြန်ပေးရမည်ဟု ဗိုလ်ချုပ်ကျော်ဖြိုး ကိုယ်တိုင် ပြောဆိုခဲ့သဖြင့် ရက်ပေါင်း ၄၀-၅၀ အတွင်း တောင်ပိုင်း ၀ နှင့် နအဖ ဆက်ဆံရေး အလားအလာအပေါ် ပိုမို ကြားသိရမည် ဖြစ်ကြောင်း ထိုအရာရှိ ကပြောဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

NDAA ထိန်းချုပ်နယ်မြေအတွင်း နအဖ တပ် ကျူးကျော် ၀င်ရောက်

ဗုဒ္ဓဟူးနေ့၊ 20 မေလ 2009

မေလ ၁၂ ရက်ကသျှမ်းပြည်အရှေ့ ပိုင်း NDAA အပစ်ရပ် မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်း ၀င်ရောက် ပုန်းခိုနေသော နအဖတပ်စိတ် တစ်စိတ်အပေါ် ချက်ချင်း ထွက်သွားရန် ရာဇသံပေး ခံရသဖြင့် တက်သုတ်နှင် ပြန်ဆုတ် ခဲ့ရကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

“မိုင်းယန်းအခြေစိုက် ခလရ ၂၇၉ က စစ်သား ၈ ယောက် အပစ်ရပ် NDAA တပ်မဟာ ၃၆၉ ထိန်းချုပ် နယ်မြေထဲ ၀င်ရောက်ပြီး မိုင်းယန်းအနောက်ဘက် ၁၄-၁၅ မိုင်အကွာ ယန်းကောင့်အုပ်စု ဟွေ့ပွန်းရွာမှာ ပုန်းခိုနေတာ” ဟု အမည်မဖော်လိုသူ မိုင်းယန်း မြို့သူ တစ်ဦးက ပြောပြသည်။

နအဖစစ်သားများ လာရောက်ပုန်းခိုနေသည်သိလျှင်သိချင်း ၃၆၉ မှ တပ်ရင်းမှူး တဦးက “နအဖ ထိန်းချုပ်နယ် မြေထဲ ကျုပ်တို့ တစ်ခါမှ မကျွံ့ခဲ့ဖူးဘူး၊ အဲဒါကြောင့် အမြန်ဆုံး ပြန်ဆုတ်ပါ။ ပြန်မဆုတ်ရင် ကျုပ်တို့ တာဝန်မဟုတ်၊ ကျုပ်တို့ကို အဆိုးမဆိုနဲ့” ဟု အကြောင်း ကြားခဲ့သည်ဟု NDAA တပ်ဖွဲ့ မှ အရာရှိ တစ်ဦးကလည်း ပြောပြသည်။

သွားရောက်သတိပေးသည့် မိုင်းလားတပ်ဖွဲ့ တပ်သားအချို့ကလည်း “အကောင်းလို ချင်ရင်အမြန်ဆုံး နောက်ဆုတ်ပါ၊ နို့မဟုတ်ရင် ခင်ဗျားတို့ကို ၀န်းရံဖို့ ကျုပ်တို့စစ်အင်အား ပြင်ဆင်ထားပြီးပြီ” ဟုထပ်မံ ခြိမ်းခြောက်သဖြင့် ၎င်းတပ်စိတ် မှားကြောင်း ၀န်ခံတောင်းပန်၍ သုတ်သီးသုတ်ပြာ ပြန်ထွက် သွားသည်ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက“နအဖ တပ်တွေ မိုင်းလားတပ်ဖွဲ့ကို သွေးတိုး စမ်းချင်လို့ဘဲ” ဟု သုံးသပ်ပြော ပြသည်။

မိုင်းလားတပ်ဖွဲ့အား နယ်ခြားစောင့် ကာကွယ်ရေးတပ် အသွင်ပြောင်းရန်၊ ဂျွန်လ နောက်ဆုံး ထား၍ လူသူ လက်နက် အင်အား နှင့် အသက် ၅၀ အထက် ပင်စင်စားမည့် အရာရှိများ စာရင်း ပေးပို့ရန် စစ်အစိုးရက ဧပြီလ နှောင်းပိုင်း၌ သတိပေး ပြောကြားခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဗမာ့တပ်မတော်နယ်လှည့်စစ်ကြောင်း ၀ စစ်သားကိုသတ် - လက်ဝါး ကပ်တိုင်ပေါ်တင်

အင်္ဂါနေ့၊ 19 မေလ 2009

ငါးထွက်ရှာသည့် ၀ တပ်ဖွဲ့ဝင်တဦးအား မိုင်းတုံမြို့နယ် နားကောင်းမူး အခြေစိုက် နအဖ နယ်လှည့် စစ်ကြောင်းက သျှမ်းသူပုန် ဟုစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ပြီး လက်ဝါကပ်တိုင်ပုံစံ ချည်နှောင် ထားကြောင်း နယ်စပ်သတင်း ရပ်ကွက်က ဆိုသည်။

“နားပါကောဝ် - မယ့်ကဲန်းကြား လင်လျဲန်တပ်စခန်းက ၀ တပ်ဖွဲ့ဝင် သုံးဦး ငါးထွက်ရှာတယ်၊ တဦးက အဖွဲ့နဲ့ ကွဲပြီး ဗမာ စစ်ကြောင်းနဲ့ သွားတိုးတော့ ရိုက်သတ် ခံလိုက်ရတယ်” နားပါကောဝ် ရွာသား တဦးကဆိုသည်။

ယခုလဆန်းပိုင်းက နားကောင်းမူးအခြေစိုက် ခလရ ၆၅ မှ လူအင်အား ၁၀ ယောက်ပါ နယ်လှည့် စစ်ကြောင်း တစ်ကြောင်း မိုင်းတုံမြို့ အရှေ့ တောင်ဘက် ဟွေ့ပန်ကျိုင်း လျှိုမြောင်အတိုင်း ငါးလိုက်ဖမ်းနေသော ၀ တပ်သား တဦးအား သတ်ပြီး ရွာ သားများအား “ကျုပ်တို့ ရှမ်းသူပုန် တယောက်ဖမ်းမိတယ်။ သတ်လိုက်ပြီ၊ ကြည့်ချင်ရင် လျှိုမြောင်ထဲမှာ ကားစင် တင်ထားတယ်” ဟု ထိုစစ်ကြောင်းက ပြောကြောင်း အဆိုပါရွာသားက ဆက်ပြောပြသည်။

“အဲဒီစစ်သားအသတ်ခံရပြီး ၄-၅ ရက်လောက်နေမှ ကျနော်တို့ သိရတယ်။ ကျန်နှစ်ယောက် ကတော့ သူတို့ သူငယ်ချင်း အသတ်ခံရပြီလို့ ထင်ကြပေမယ့် ဘယ်သူ့ကိုမှ မပြောပြရဲဘူး။ ကျနော်တို့ လူခွဲပြီးလိုက်ရှာမှ သိရတယ်။ ဗမာတပ်က သတ်သွားတာကိုလဲ ရွာသားတွေ ပြန်ပြောပြမှ သိရတယ်။ လက်ဝါး ကားတိုင် ပုံစံလုပ်ပြီး နွယ်ကြိုးတွေနဲ့ ချည်ထားတယ်ဆိုတာ ခရစ်ယာန်ဘာသာဝင် ၀ အမျိုးသား တချို့တွေကို စော်ကားတာဘဲ၊ ကျနော်တို့လဲ ဒီကိစ္စ ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ဘူး” ဟု တပ်မဟာ ၂၄၈ မှ အရာရှိတဦးကဆိုသည်။

ခလရ ၆၅ ကလည်း အဆိုပါ ၀ တပ်သားကို SSA သျှမ်းသူပုန်ယူဆပြီး အမှန်တကယ် လူမှား သတ်ဖြတ်မိကြောင်း၊ သို့ အတွက် လျော်ကြေး ကျပ် ၅ သိန်းပေးမည်ဟု ပြောသော်လည်း ၀ တပ်ဖွဲ့အနေဖြင့် ငွေမလိုချင်ကြောင်း၊ ဗမာစစ်တပ် ရက်စက် မှုအတွက် ပြန်လည် ချေပသွားမည်ဖြစ်ကြောင်း အမည်မဖေါ်လိုသည့် ထိုအရာရှိက ဆိုပါသည်။

အဆိုပါသတ်ခံလိုက်ရသည့် ၀ တပ်သားသည် UWSA ၀ တောင်ပိုင်း တာ့ရုန့် ဦးစီးသည့် တပ်မဟာ ၂၄၈ မှ တပ်သားဖြစ်ကြောင်း၊ ထိုတပ်မဟာသည် သျှမ်းပြည်တောင်ပိုင်း တပ်ဖွဲ့အား ဘယ်တော့မှ ထိုးစစ်ဆင် တိုက်ခိုက်မည် မဟုတ်ကြောင်း၊ ထို့အတူ သျှမ်းပြည်တောင်ပိုင်း တပ်ဖွဲ့၏ လမ်းကြောင်းကိုလည်း အနှောင့်အယှက် ပေးမည်မဟုတ်ကြောင်း ၂၀၀၈ နှစ်ဦး ပိုင်းက ထုတ်ဖေါ်ပြောဆိုခဲ့ဖူးသည်။


Ref: သျှမ်းသံတော်ဆင့်

Read More...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြေညာချက် - ၉/ ၀၅/ ၀၉


Read More...

နိုင်ငံတကာသံအမတ်ကြီးများနှင့် သတင်းထောက်အချို့ ဒေါ်အောင်ဆန်း စုကြည် အမှု တက်ရောက်ခွင့်ရ

မင်းနိုင်သူ / ၂၀ မေ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့်အမှု တတိယနေ့ ရုံးချိန်း မွန်းလွဲပိုင်း တရား စစ်မေးမှုတွင် နိုင်ငံတကာ သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပ သတင်းထောက် အချို့ကို တက်ရောက် နားထောင်ခွင့် ပြုခဲ့ကြောင်း အန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“တရားလိုပြသက်သေနှစ်ယောက်စစ်တယ်။ တယောက်ပဲပြီးတယ်။ ကျန် တယောက်က မပြီးဘူး။ မနက်ဖြန် မနက် (၁၀) နာရီ ဆက်ချိန်းတယ်” ဟု ဦးအုံးကြိုင်က ပြောသည်။

ယနေ့မွန်းလွဲပိုင်း တရားစစ်မေးမှုတွင် နိုင်ငံတကာ သံအမတ်ကြီး (၃၀) နီးပါး၊ ပြည်ပ သတင်းထောက် (၅) ဦးနှင့် ပြည်တွင်း ဂျာနယ် သတင်းထောက် (၅) ဦးတို့ တက်ရောက် နားထောင်ခွင့် ရရှိခဲ့ကြသည်။

ညနေပိုင်းတရားခွင်ပြီးဆုံးချိန်တွင် မြန်မာနိုင်ငံရှိ သံတမန်များ အဖွဲ့ နာယက စင်ကာပူ သံအမတ်၊ အာဆီယံ ဥက္ကဋ္ဌ ဖြစ်နေသော ထိုင်းနိုင်ငံမှ သံအမတ်၊ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ဖြစ်နေသော ရုရှနိုင်ငံမှ သံအမတ်များနှင့် တွေ့ဆုံခွင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ရက်တရားခွင်တွင် သံတမန်များနှင့် သတင်းထောက်များ တက်ရောက် နားထောင့်ခွင့် ရှိမရှိ မသိရ သေးကြောင်း အန်အယ်လ်ဒီ ပါတီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် ထားစဉ် နေအိမ် အတွင်း အမေရိကန် နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့သည်ဟု ဆိုကာ နအဖ စစ်အစိုးရက နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် တရားထပ်မံ စွဲဆိုခဲ့ရာ နိုင်ငံတကာရှိ မြန်မာ သံရုံးများရှေ့တွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။

အာဆီယံကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားပြီး အမေရိကန် အပါအ၀င် အနောက် နိုင်ငံများကလည်း အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ် နေကြကြောင်း ထုတ်ဖော် ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်ကို အများပြည်သူ ကြားနာခွင့် ရရန် အမေရိကန် အစိုးရ၏ တောင်းဆိုချက် ယမန်နေ့က ပေါ်ထွက် လာပြီးနောက် ယနေ့ သံတမန်များနှင့် သတင်းထောက် အချို့ တရားခွင် ၀င်ရောက် ကြားနာခွင့်ရခဲ့သည်။

“ပြည်တွင်းသတင်းထောက်တွေကလည်း ဒီကိစ္စအပေါ် စိတ်ဝင်စားမှု ရှိကြတယ်။ ရုံးချုပ်ကို မလာဖူးကြတဲ့ သတင်းထောက်တွေပါ ပါလာပြီး တရက်ကို လူလေးငါးဆယ်လောက် လာမေးကြတယ်။ ဦးဉာဏ်ဝင်းက တရားရုံးက ပြန်လာရင် သူတို့ကို ပြန်ရှင်းပြရတယ်။ ပြန်ရေးလို့ရတယ် မရတယ်တော့ မသိဘူး။ သူတို့ကတော့ အမှုကို စွဲတင်တဲ့နေ့ ကတည်းက လာမေးနေကြတာပဲ” ဟု ဦးအုံးကြိုင်က ပြောသည်။

အန်အယ်လ်ဒီပါတီကလည်း အများပြည်သူ တက်ရောက် ကြားနာ နိုင်သည့် တရားခွင်ဖြင့် စစ်မေးရန် တင်ပြ တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်းနှင့် ယနေ့ ထပ်မံ တောင်းဆိုကြောင်း ကြေညာချက် တစောင် ထပ်မံ ထုတ်ပြန်သည်။

Ref: ခေတ်ပြိုင်

Read More...

ဗိုလ်ချုပ်မှူးကြီးကို ထိပ်တိုက်တွေ့လိုကြောင်း အရှင်ဂမ္ဘီရ ဆန္ဒပြ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် ထိပ်တိုက် တွေ့လိုကြောင်း ရွှေဝါရောင် တော်လှန်ရေး ခေါင်းဆောင် အရှင်ဂမ္ဘီရက အကျဉ်းကျနေသည့် စစ်ကိုင်းတိုင်း ခန္တီးထောင်ထဲ၌ အော်ဟစ် ဆန္ဒပြခဲ့ကြောင်း မယ်တော် ဒေါ်ရေးက ပြောသည်။

ကမ္ဘာကျော် သံဃာ့လှုပ်ရှားမှုကြီးတွင် ဦးဆောင်ခဲ့သဖြင့် ဖမ်းဆီးခံရကာ ထောင်ဒဏ် ၆၈ နှစ် ကျခံနေရသည့် ဆရာတော်က ယခုလို အော်ဟစ် ဆန္ဒပြလိုက်ခြင်း ဖြစ်သည်။

“အစက လမ်းလျှောက်ခွင့် မရဘူးလေ။ နောက်တော့ လမ်းလျှောက်ခွင့် ပေးတယ်။ သူက လမ်းလျှောက်ရင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တယ်၊ သန်းရွှေကို ထိပ်တိုက် တွေ့ချင်တယ်ဆိုပြီး အော်ပြောတယ်တဲ့။ အချိန်ပြည့်သွားတော့ အထဲကို ဆွဲသွင်းမလို့ လုပ်တော့ ဦးဇင်းက ကြမ်းပြင်ကို ထိုင်ချလိုက်တယ်တဲ့၊ မဝင်နိုင်ဘူး ပြောတယ်။ သူ့ကို လုံခြုံရေးက ဆွဲတာကို လက်သီးထိုးလိုက်တော့ အင်အားသုံးပြီး အထဲကို ပြန်သွင်း လိုက်တယ်လို့ ကြားရတယ်” ဟု မယ်တော် ဒေါ်ရေးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ဆန္ဒပြမှုကြောင့် ယခုအခါ ဦးဂမ္ဘီရအား စစ်ကိုင်းတိုင်း ခန္တီးထောင် အတွင်းမှ ကလေးမြို့ အကျဉ်းထောင်သို့ ပြောင်းရွှေ့ လိုက်သည့် သတင်းလည်း ပေါ်ထွက်နေသည်။

“နေတော့ကောင်းတယ်၊ စိတ်က သားတွေဆီ ရောက်နေတယ်။ သွားချင်နေတယ်။ ကလေးကို ပြောင်းတယ်လို့ အစော ကတည်းကနေ ကြားနေတယ်။ စုံစမ်းတုန်း” ဟု ဒေါ်ရေးက ဆိုသည်။

သားများဖြစ်သည့် ကိုအောင်ကျော်ကျော်သည် ရှမ်းပြည်နယ် တောင်ကြီးထောင်နှင့် ကိုအောင်ကိုကိုလွင်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူထောင်တွင် အကျဉ်းကျနေပြီး၊ သူတို့နှင့် ယောက်ဖတော်သူ ကိုမိုးထက်လျှံမှာ မွန်ပြည်နယ် မော်လမြိုင် ထောင်တွင် ကျခံနေရသည်။

အဆိုပါ ဒေသများသို့ ထောင်ဝင်စာ သွားတွေ့ရန်အတွက် ငွေကြေး အခက်အခဲ ရှိကြောင်းနှင့် အရှင်ဂမ္ဘီရနှင့် ကိုအောင်ကျော်ကျော် အတွက် အယူခံစာ တင်သွင်းသွားမည်ဟု ဒေါ်ရေးက ပြောသည်။

Ref: မဇ္ဈိမ


Read More...

Wednesday, May 20, 2009

ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဟု ရှေ့နေဦးကြည်ဝင်း ပြောဆို

18 May 2009

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ မြန်မာ စစ်အစိုးရက တရားစွဲဆိုခဲ့ရာမှာ မေလ ၁၈ရက်နေ့ အင်းစိန် အကျဉ်းထောင် တရားရုံးမှာ ဒေါ်အောင်ဆန်း စုကြည်ကို ရုံးထုတ် စစ်ဆေး မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ သူ့ ရှေ့နေ ဖြစ်သူတို့ ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမှုမှာ လုံးဝ အပြစ် မရှိဘူးလို့ ပြောနေကြသလို၊ နိုင်ငံတကာရောက် မြန်မာတွေကလည်း ဒီအမှုဟာ စစ်အစိုးရက အကွက်ချ စီမံ တာ ဖြစ်တယ်ဆိုပြီး မြန်မာ သံရုံးတွေရှေ့ ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ် နေကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်း သိရှိထား သမျှပြောပြ ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်မယ့် အင်စိန်ထောင်မှာတော့ ဒီကနေ့ အင်းစိန်ထောင် ထောင်ဝင်စာ တွေ့တာတွေ အားလုံး ပိတ်ပင်ထားတယ်လို့ အကျဉ်းသား မိသားစု အသိုင်း အ၀ိုင်းတွေက တဆင့် ကြားရ ပါတယ်။ တချိန်တည်းမှာပဲ အင်းစိန်ထောင် အနီးတ၀ိုက်မှာလည်း အရပ်ဝတ် လုံခြုံရေးတွေ ပြင်ထားတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်နေတော့ ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်ရင် အင်စိန် ထောင်အနီး သူ့ကို ထောက်ခံသူတွေ လာရောက် စုရုံးကြမှာကို အာဏာပိုင် တွေဘက်က စိုးရိမ်နေတဲ့ သဘော ရှိပါတယ်။ အမှုကို ဒီကနေ ကြားနာ စစ်ဆေးဖြစ် မလား၊ ရုံးချိန်းပဲ ထပ်ယူမလား ဆိုတာ တော့ မကျိန်းသေပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူမခြံထဲ ခိုးဝင်လာတဲ့ အမေရိကန် နိုင်ငံသားကို လက်ခံ ခဲ့တာကြောင့် နေအိမ် အကျယ်ချုပ် တားမြစ်မှုကို ဖောက်ဖျက်တယ် ဆိုတဲ့ စွဲချက်နဲ့ အာဏာပိုင်တွေက သူမကို ရုံးတင် ခဲ့တာပါ။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်း စုကြည် ရဲ့ နေအိမ်လုံခြုံရေးကို တာဝန်ယူထားတာ အာဏာပိုင်တွေ ဖြစ်လို့ ဒီခြံထဲ ခိုးဝင် ရောက်လာသူ ကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန် မရှိဘူး၊ ဒီအမှုမှာလည်း ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးလို့ သူမရဲ့ ရှေ့နေ ဖြစ်သူ ဦးကြည်ဝင်းက ဗွီအိုအေကို ရှင်းပြပါတယ်။

“စည်းကမ်းချက်က သံရုံးက၊ နောက်ပြီးတော့ နိုင်ငံရေး ပါတီများ အဲဒါနဲ့ ဆက်နွယ်သူ အားလုံး တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း၊ ဆက်ဆံခြင်း မလုပ်ရဘူးဆိုပြီး တားထားလိုက်တာပါ။ အဲဒါက ၁ အချက်ပါ။ ၂ အချက် ကတော့ ဒေါ်စုကို အိမ်အကျယ်ချုပ် ဆိုတဲ့အတိုင်း ဒီအိမ်မှာပဲနေ၊ ဒီခြံအတွင်းမှာပဲနေ၊ တခြားမှာ မနေနဲ့၊ နောက် ပြင်ပနဲ့ ဆက်နွယ်ခြင်း မပြုရဘူး။ အဲဒါပဲ။ မစ္စတာ ယက်ထော ဆိုတဲ့ ဒီပုဂ္ဂိုလ် ရေကူးဝင်လာတဲ့ ကိစ္စကို သေသေချာချာ စေ့စေ့ပေါက်ပေါက် ကြည့်ရင် အပြစ် ချိုးဖောက်မှု မရှိဘူး။ ဒေါ်စုကလည်း သူ့ကို ဖိတ်ခေါ်တာ မဟုတ်ဘူး။ သူ့ဟာသူ ရေကူးလာတာ။ သူတို့ ပြန်ပြီးတော့ နှင်ထုတ်တယ်။ နှင်ထုတ်ပေမဲ့လို့ သူကလည်း အင်းယားကန်ကြီး ဖြတ်ကူးလာပြီးတော့ တော်တော်လေး ကြွက်တက်တာနဲ့ အနား ပေးထား လိုက်တယ်။”

သားညွှန့်ဦး။ ။ အဲဒီအချိန်မှာ အနားက အာဏာပိုင်တွေက သတိ မထားမိဘူးလား။

ဦးကြည်ဝင်း။ ။ ကန်ဘက်မှာလည်း လုံခြုံရေးတွေတော့ အတော်ရှိတယ်လို့ ပြောတယ်။ ပုဂ္ဂိုလ် တယောက်ကဆို ဘယ်လောက်တောင် ပြောသလဲဆိုရင် ငါးတောင် ၀င်လို့ မရနိုင်ဘူး လို့တောင် ပြောတယ်။ အခု ၀င်လာတာကတော့ အဲဒီ တင်းတင်းကျပ်ကျပ် လုပ်ထားတယ် ဆိုတာ ပေါက်နေလို့ပေါ့။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တရားရုံးတင် စစ်ဆေးနေတယ် အင်းစိန် အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်း ထားတယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံတကာမှာတော့ ကမ္ဘာ့ ခေါင်းဆောင်တွေ အစိုးရ အဖွဲ့တွေဟာ အတော်လေး စိုးရိမ် တကြီးနဲ့ မြန်မာစစ်အစိုးရကို ဝေဖန် ပြောခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးကြီးတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အခုလို ရုံးတင်တာဟာ၊ စစ်အစိုးရ ပြောနေ သလို အမျိုးသား ရင်ကြား စေ့ရေးနဲ့ ဒီမိုကရေစီရေး လုပ်ဆောင် နေတာတွေနဲ့ မကိုက်ညီဘူးလို့ ပြောဆို နေကြတာပါ။ တချိန်တည်းမှာပဲ နိုင်ငံတကာရောက် မြန်မာတွေ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကလည်း ဒီအမှုကိစ္စဟာ စစ်အစိုးရ ဘက်က တမင်သက်သက် အကွက်ချ ဖန်တီးတဲ့ လုပ်ရပ် ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကမ္ဘာ့ နေရာအနှံ့ ဆန္ဒပြ လှုပ်ရှားမှုတွေ လုပ်လာ ကြပါတယ်။

Ref: VOA News

Read More...

ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းထောက်များ ဒေါ်အောင်ဆန်းစုကြည် အမှု သတင်း ယူခွင့်ရ

NEJ / ၂၀ မေ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်၏အမှု အင်းစိန်ထောင် အထူး တရားရုံးတွင် ရုံးထုတ် စစ်ဆေးသည့် တတိယနေ့ ဖြစ်သော ယနေ့တွင် ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက် များအား သတင်းယူခွင့် ပြုလိုက်ကြောင်း ပြည်တွင်း သတင်းဂျာနယ်တခုမှ သတင်းထောက် တဦးက ပြောသည်။

အဆိုပါ သတင်းယူခွင့်ရသည့် ပြည်တွင်း နိုင်ငံခြား သတင်းဌာနများမှ သတင်းထောက် များမှာ ဦးအောင်လှထွန်း (ရိုက်တာ)၊ ဦးအောင်သူငြိမ်း (ဂျီဂျီသတင်းဌာန)၊ ဒေါ်လှလှဌေး (အေအက်ဖ်ပီ)၊ ဒေါ်ဆင့်ဆင့်အောင်( နီပွန်တီဗွီ) နှင့် ဒေါက်တာဇော်သန်း (ဆန်ကေးရှင်ဘွန်း) တို့ဖြစ်သည်။ ၎င်းတို့သည် အင်းစိန်ထောင်တွင်း သွားရောက် သတင်းယူရန် မဲနှိုက် ကြရသည်ဟု သိရသည်။

အဆိုပါသတင်းထောက်များသည် စာပေစိစစ်ရေး ရုံးသို့ ယနေ့ နံနက် (၁၁) နာရီခွဲ အရောက် သွားရမည် ဖြစ်ပြီး ပြည်တွင်း ဂျာနယ်အချို့မှ သတင်းထောက်များလည်း ပါဝင်မည်ဟု သိရသည်။ သို့သော် ပြည်တွင်း ဂျာနယ် သတင်းထောက်များ မည်သူ ပါဝင်မည်ကို မသိရှိရသေးဘဲ စာပေ စိစစ်ရေးက ရွေးချယ်နေကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ကင်းတားဆည် ရေလွှဲမြောင်းကျိုးသဖြင့် ကျေးရွာများ ရေနစ်မြုပ်

မေကျော်
အင်္ဂါနေ့၊ မေလ 19 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း မြစ်သားမြို့နယ်အတွင်း တည်ဆောက် ထားသည့် ကင်းတားဆည်၏ လက်ဝဲ ရေလွှဲမြောင်းသည် ယခုလ ၁၆ ရက်နေ့က ကျိုးပေါက်ခဲ့ရာ မြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာ ရေနစ်မြုပ် ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်၏ ရေလွှဲမြောင်း ကျိုးပဲ့ရာမှ ကျေးရွာများ ရေလွှမ်းစေခဲ့ခြင်း ဖြစ်သည်။

ရေအမြင့် ၄ ပေကျော် လွှမ်းသွားသဖြင့် ရွာလမ်းများ ပျက်စီးကာ ဆက်သွယ်ရေး ပြတ်တောက်နေသည်။

ယင်းကြောင့် ရေလွှမ်းမိုးမှုအပြီး ၃ ရက်အကြာ ယနေ့မှသာ ကယ်ဆယ်ရေးများ စတင် ဝင်ရောက် နိုင်ကြသည်။

ရေနစ်မြုပ်သည့် ရွာများသို့ မြစ်သားဘက်မှ ထမင်းထုပ်များ၊ ဆန်အိတ်များကို ပေးပို့ နေပြီဖြစ်ကာ ပျက်စီး ဆုံးရှုံးမှုကို အသေးစိတ် မသိရှိရ သေးပါ။

“ဒီနေ့ စပြီး ဆန်အိတ်တွေ ပို့နေတယ်။ ရွာတွေ အထိတော့ မရောက်သေးဘူး။ ဆန်အိတ်တွေတော့ ထွေလာဂျီ ၃ စီးနဲ့ ပို့နေတယ်။ ပို့နိုင်တဲ့ ရွာတွေတော့ ပို့နေတယ်။ တချို့ရွာတွေ ဝင်လို့ မရသေးဘူး” ဟု ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

တနေ့တည်းမှာပင် မြစ်သားမြို့နယ်အနီးရှိ နွားထိုးကြီးမြို့နယ် ညောင်ပင်ရွာမှ သုံးစွဲသည့် ရေကန်လည်း ကျိုးပဲ့ ပျက်စီးခဲ့ရကြောင်း သိရသော်လည်း မည်သို့ကြောင့် ယခုလို ဖြစ်ရသည်ကို မသိရသေးပေ။

ယင်းရေကန် ကျိုးပေါက်သဖြင့်လည်း နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာအချို့ ရေလွှမ်းခဲ့သည်။ လမ်းများ ပျက်စီး သွားသဖြင့် မြို့နယ်အတွင်းမှ ကျေးရွာများအတွက် ကယ်ဆယ်ရေးများ မဝင်ရောက်နိုင် သေးပါ။

ယခုကျိုးပေါက်သည့် ကင်းတား လက်ဝဲရေလွှဲ မြောင်းမှာ ၁၉၈၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ကင်းတား ရေအား လျှပ်စစ် ဓာတ်အားပေး စက်ရုံ၏ ရေလွှဲ မြောင်းမကြီးတခု ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

Tuesday, May 19, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု သတင်းစာများတွင် စတင်ဖော်ပြ

အင်္ဂါနေ့၊ မေလ 19 2009 10:33 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ် အကျယ်ချုပ်ကာလအတွင်း စည်းကမ်း ချိုးဖောက်သည် ဆိုသော စွဲချက်ဖြင့် စစ်အစိုးရက စွဲဆို ထားခြင်းခံရသော ဒေါ်အောင်ဆန်းစုကြည်၏ အမှုအကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် အကျဉ်းချုပ် ဖော်ပြလာသည်။

နေအိမ်ကို ရေကူး ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တောကို လက်ခံစကားပြော ဧည့်ခံခဲ့မှုဖြင့် သတင်း တပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းအောင်က တရားလို ပြုလုပ်ကာ တရား စွဲဆိုထားခြင်း ဖြစ်ကြောင်း စစ်အစိုးရ ထိန်းချုပ်ထားသည့် သတင်းစာက ဖော်ပြထားသည်။

နိုင်ငံတကာ သတင်းဌာနများနှင့် ပြည်ပအခြေစိုက် မြန်မာသတင်း ဌာနများက အလေးထား ဖော်ပြနေသော်လည်း သတင်းအမှောင်ချ ဆင်ဆာ ကျင့်သုံးသည့် နိုင်ငံ၏ သတင်းစာက ယနေ့မှ စတင် ဖော်ပြလာခြင်း ဖြစ်သည်။

မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း အတွင်းသို့ နှစ်ကြိမ် ရောက်ရှိခဲ့ပြီး ယမန်နှစ်က လာရောက်ခဲ့သော ပထမအကြိမ်က စာအုပ်တအုပ် ထားခဲ့ကြောင်း ပါရှိသည်။

မေလ ၃ ရက် အင်လျားကန်ဖြတ် ရေကူးရောက်လာသော မစ္စတာ ယက်တောကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံ စကားပြောခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့သလို မေ ၅ ရက် ညအချိန်အထိ နေအိမ်အတွင်း နေထိုင်ခွင့် ပြုခဲ့သည်ဟု ပါရှိသည်။

နိုဝင်ဘာ ၃ဝ ရက်၊ ၂ဝဝ၈ ခုနှစ်က ခြံဝ၌ Book of Mormon အမည်ရှိ စာအုပ်ကို ချထားပေးခဲ့ကြောင်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် တရားရုံးချုပ် ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်တို့က လိုက်ပါ ဆောင်ရွက် ပေးနေကြောင်း ဒေါ်ခင်ဌေးကြွယ်၊ ဦးလှမျိုးမြင့်၊ ဦးဥာဏ်ဝင်းတို့က လည်းကောင်း၊ မစ္စတာ ယက်တောအတွက် အထက်တန်းရှေ့နေ ဦးခင်မောင်ဦးက လည်းကောင်း လိုက်ပါ ဆောင်ရွက် ပေးနေကြောင်း ပါရှိသည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည် တရားခွင်ပထမနေ့ အင်းစိန် ထောင် ရှေ့ လုံခြုံရေး တင်းကျပ်

18 May 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် အင်းစိန်ထောင်တွင်း အထူး တရားခွင်မှာ အာဏာပိုင်တွေက ဒီကနေ့ ရုံးထုတ် စစ်ဆေး လိုက်ပါတယ်။ ပထမအကြိမ် ထောင်တွင်း ကြားနာ စစ်ဆေးမှုကို လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ကြား ကပဲ တရားခွင်အခြေ အနေကို သိလိုကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ၊ စိတ်ဝင်စားသူတွေ အများအပြားလည်း အင်းစိန်ထောင် ပတ်ဝန်း ကျင်မှာ ဒီကနေ့ စုဝေးရောက်ရှိ လာကြပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို အမေရိကန်နိုင်ငံသား တယောက် တိတ်တဆိတ် ရေကူး ၀င်ရောက် ခဲ့တာနဲ့ ပတ်သက်ပြီး တရားစွဲဆို ကြားနာမှုတွေ စလုပ်ခဲ့တာပါ။ လုံခြုံရေးတွေ ထူထူထဲထဲ ချထားတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်း တရားခွင် အတွင်း တရားလို သက်သေ အဖြစ်နဲ့ ဒုတိယရဲမှူးကြီး တဦးကို စတင် စစ်ဆေးတာတွေ လုပ်ပြီး တော့ နေ့လယ်ပိုင်းမှာ တရားခွင် အဆုံးသတ်သွားပြီး မနက်ဖြန် ဆက်စစ်မယ်လို့ အမှုမှာ လိုက်ပါ ဆောင်ရွက်ပေးမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒီနေ့တရားခွင်က မနက် ၁၀ နာရီ ကျော်ကျော်လောက်မှာ စပါတယ်။ ကျနော်တို့ ရှေ့နေ ၄ ဦး ၀င်ပါတယ်။ မစ္စတာဂျွန်ဝီလျမ် အတွက်ပါဆိုရင် အားလုံး ၅ ဦးပေါ့။ ပထမဆုံး အနေနဲ့ တိုင်ကြားတဲ့ ပုဂ္ဂိုလ် ဒုတိယ ရဲမှူးကြီး တယောက်ကို ဒီနေ့ စစစ်ပါတယ်။ ၁၀ နာရီ ကျော်ကျော်လောက်က စစ်တာ ၂ နာရီ၊ ၂ နာရီခွဲ လောက်မှာ ပြီးပါတယ်။ ဒီနေ့ ရုံးချိန်းကတော့ ဒီတယောက်နဲ့ပဲ ပြီးသွားတယ်။ ကျနော်တို့ မနက်ဖြန် ဆက်ချိန်းတယ်။”

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကန့်သတ် တားဆီးမိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာပိုင်တွေက ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို တရား စွဲဆို လိုက်တာပါ။ ဒါပေမယ့်လည်း ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ကာယကံရှင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အပြစ် မရှိကြောင်းလည်း ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင်တွေက အခုတရား ခွင်မှာ သက်သေစစ်ချက် အပေါ် ဥပဒေကြောင်း အရ ပြန်လှန် မေးခွန်း ထုတ်ခဲ့တယ်လို့ လည်း ရှေ့နေကြီး ဦးကြည်ဝင်းက ပြောပါတယ်။

“ကျနော်တို့က ပြန်လှန်မေးတဲ့အခါ သူတို့ တားဆီးမိန့်ကို ဖတ်ပြတယ်။ ဖတ်ပြပြီးတော့ အဲဒီထဲမှာပါတဲ့ တချက်ချင်း မေးလိုက်တယ်။ အဲဒီထဲမှာ ဘာပါလဲဆိုတော့ မကျွေးရ ဘူးတို့၊ စကား မပြောရဘူးတို့ ပါလား။ ပြင်ပနဲ့ ဆက်သွယ်တာ မဟုတ်ဘူး။ သူက အခု လုံခြုံရေး ယူထားတဲ့ကြားက ဖောက်ပြီးဝင်လာတာ။ ဒီလို လုံခြုံရေး ယူထားတာ မပေါက်လို့ရှိရင် ဒီအမှု မဖြစ်ဘူး။”

ပထမဆုံးအကြိမ် တရားရုံးတင် စစ်ဆေးမှုတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီဝင်တွေ၊ သူ့ကို ထောက်ခံကြ သူတွေနဲ့ စိတ်ဝင်စားသူ အများ အပြား ရောက်လာ ကြပေမယ့် အာဏာပိုင်တွေက လုံခြုံရေး အစီအမံတွေကို တင်းတင်းကျပ်ကျပ် ချထားတာပါ။ အင်းစိန်ထောင်ရှေ့ သာမက အင်းစိန်မြို့ထဲ အဓိကနေရာ အတော် များများမှာပါ လုံခြုံရေးတပ်ဖွဲ့တွေ၊ အစိုးရ ကျောထောက် နောက်ခံပေးထားတဲ့ စွမ်းအားရှင် အဖွဲ့ဝင်တွေက လမ်းပေါ်မှာ တားဆီး ပိတ်ဆို့ တာတွေ လုပ်ထားတာလို့ ရန်ကုန်မြို့ခံ တယောက်က ပြောပြပါတယ်။

“ဟိုဘက် ပန်းခြံဘက်ကလည်း ပိတ်တယ်။ ဒီဘက် ပေါက်တောဝ ဘက်ကလည်း ပိတ်တယ်။ နှစ်ဖက်လုံး ပိတ်လိုက်တာ၊ ဟိုဘက်ဒီဘက်ကို။ မနက် အစောကြီးပိုင်းက လူဝင်လို့ ရသေးတယ်။ ၂ ယောက် ပါသွားတယ်လို့ ပြောတယ်၊ ဘယ်သူတွေလဲ ဆိုတာတော့ မသိရသေးဘူး။ ၈ နာရီခွဲ လောက်က ဆိုရင် ကားလမ်း မမှာ အများကြီးပဲ၊ စွမ်းအားရှင်တွေရော၊ လုံထိန်းတွေရော၊ ရဲတွေရော အများကြီးပဲ။ ဒါပေမယ့် အဲဒီ လမ်းပိတ်တဲ့ နေရာမှာကြတော့ စစ်တပ်ကို ချထားတယ်၊ စစ်ကားတွေပဲ ရှိတယ်။ သံဆူးကြိုးနဲ့ ပိတ်ထားတာ။ မနက်ပိုင်းကတော့ လူဝင်လို့ရတယ်၊ ကားသွားလို့ မရဘူး။ အခုကြတော့ လူပါ ၀င်လို့ မရတော့ဘူး။ သံဆူးကြိုးနဲ့ ပိတ်တယ်၊ အရှေ့မှာ စစ်သား ၃ ယောက် လက်ပတ်အနီနဲ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုကို ကြားနာမယ်ဆိုလို့ မနက် ၇ နာရီလောက် ကတည်းက ထောင်ရှေ့ကို သွားခဲ့ပေမယ့် အတားအဆီးတွေနဲ့သာ တွေ့ရလို့ အင်းစိန်ဈေး အနီးကနေ ကြားနာမှု ပြီးတဲ့အထိ စောင့်ဆိုင်း နေခဲ့တဲ့ အန်န်အယ်လ်ဒီ အတွင်းရေးမှူး ဦးဝင်းတင်ရဲ့ အတွေ့အကြုံကတော့ …

“ဈေးရှေ့မှာ ကျနော်ရောက်နေတာ။ ဈေးရှေ့မှာ လူတော်တော် များတယ်ဗျ။ ဈေးလောက်ကနေ စပြီး ပိတ်လိုက်တာ ဟိုဘက် ပေါက်တောဝ အထိ ပိတ်ထားတယ်။ ပေါက်တောဝ ဘက်မှာလည်း လူတွေ တော်တော်များများ ရှိတယ်လို့ ပြောတယ်။ ရပ်ကွက်တွေ ထဲမှာလည်း အကုန်လုံး လျှောက်ပိတ် ထားတယ်။ ဘုန်းကြီးကျောင်းတို့ ဘုရားတို့လည်း ပိတ်ထားတယ်။ အခုက ပိတ်တဲ့အပေါ်မှာ မူတည်ပြီး လူတွေက စုရုံးစုရုံး ဖြစ်နေတာပဲ။ ခုနတုန်းက ကလေး တယောက်တော့ ခေါ်သွားတယ်။ ရွှေပြည်သာ မြို့နယ် အန်န်အယ်လ်ဒီ မြို့နယ်စည်းက မောင်ထွေးသိန်းဆိုတာ၊ သူ့ကို ဘယ်လို မသင်္ကာ ဖြစ်တယ် မသိဘူး၊ ခေါ်သွားတယ်။

“သာမန်အားဖြင့် တရားရုံးဆိုတာ ထောင်ထဲမှာမှ ဟိုးအတွင်းမှာကို ထောင်နံရံနား ကပ်နေတာ။ အဲဒီတော့ အထဲက အခြေအနေလည်း ကျနော်တို့ ဘာမှ သိစရာ အကြောင်း မရှိဘူး။ ဖွင့်ထားလို့ လမ်းတွေ ဘာတွေ သွားလာနေရင် ကျနော်ထင်တယ် ဒီကိစ္စက ဘာမှ ရှိမှာမဟုတ်ဘူး။ တချို့လူတွေကတော့ ပြောတယ်၊ ဘယ်လိုလဲ ဒီဟာ ဖွင့်ပေးဖို့ တောင်ကောင်းတယ်၊ ဘာညာပေါ့ဗျာ။ Open Court ပေါ့။ တရားခွင်နား သွားနားထောင် ရရင်၊ ကျနော်ကတော့ ရယ်စရာတောင် ပြောလိုက်သေးတယ်။ Open Court ဖြစ်ဖို့ နေနေ သာသာ အခု ထောင် Open Compound တောင်မှ မဖြစ်ဘူးလို့။”

အန်န်အယ်လ်ဒီ အတွင်းရေးမှူး ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

အခုအမှုအတွက် အာဏာပိုင်တွေဘက်က တရားလိုသက်သေ အဖြစ်နဲ့ လူပေါင်း ၂၂ ယောက်ကို တင်သွင်းဖို့ ရှိနေပြီးတော့ ဒီအထဲက အများစုဟာ အစိုးရ ၀န်ထမ်းတွေ ဖြစ်တယ်လို့လည်း ဥပဒေ အကျိုးဆောင်တွေက ပြောပါတယ်။ မနက်ဖြန် အင်္ဂါနေ့ အတွက် စစ်ဆေး မေးမြန်းမှုတွေမှာ ဆိုရင်လည်း အလားတူ ရဲအရာရှိတွေ၊ အစိုးရ ၀န်ထမ်းတွေ ပါဝင်ထွက်ဆိုဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Ref: VOA News

Read More...

Monday, May 18, 2009

ဒေါ်အောင်ဆန်းစုကြည် ပတ်သတ်၍ ကြားဖြတ်သတင်းများ

နိုင်ငံခြား သံအမှုထမ်းများကို အင်းစိန်ထောင် ဝင်ခွင့် မပြု
တနင်္လာနေ့၊ မေလ 18 2009 11:50 - မြန်မာစံတော်ချိန်

ရန်ကုန်အခြေစိုက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနှင့် သြစကြေးလျနိုင်ငံ သံရုံးများမှ သံအမတ်များနှင့် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်ကို တရားဆိုင်မည့် အထူး တရားရုံးရှိရာ အင်းစိန်ထောင်တွင်းသို့ စစ်အစိုးရက ဝင်ခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟု ရန်ကုန်မှလာသော အေဂျင်စီ သတင်းများအရ သိရသည်။
--------------------------

ဖဲကြိုးဝေသူ လူငယ်တဦး အဖမ်းခံရ
တနင်္လာနေ့၊ မေလ 18 2009 11:40 - မြန်မာစံတော်ချိန်

အင်းစိန်ဈေးအနီးတွင် ဖဲကြိုးအနက် လိုက်လံ ဝေငှနေသော ရွှေပြည်သာမြို့နယ်နေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ယနေ့နံနက်က ရဲက ဖမ်းသွားသည်။
--------------------------

တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်
တနင်္လာနေ့၊ မေလ 18 2009 11:25 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်အခြေစိုက် သတင်းထောက်များ ပြောကြားချက်အရ မြို့တွင်းရှိ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်မှုမှာ ယမန်နေ့ ညနေမှသည် ယခုထက်တိုင် ကြာမြင့်နေပြီး မိုဘိုင်းလ်ဖုံး အများအပြားမှာ လက်ခံ၍သာရပြီး ခေါ်ယူ၍ မရဘဲ ဖြစ်နေသည်ဟု ဆိုသည်။

အင်းစိန်ထောင်ရှေ့ တောက်လျောက် လမ်းပိတ်ဆို့ထားခြင်းကြောင့် အင်းစိန်ဘက်က လာသော ကားများ မင်္ဂလာဒုံ ပြည်လမ်းဘက်က ပတ်ကွင်း မောင်းနေကြရသည်။
--------------------------

စစ်အစိုးရကို ဘယ်လ်ဂျီယံ ရှုတ်ချ
တနင်္လာနေ့၊ မေလ 18 2009 11:15 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီး Karel De Gucht က စစ်အစိုးရကို ရှုတ်ချလိုက်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားခြင်းအပေါ် နိုင်ငံတကာ၏ ကန့်ကွက်မှု စာရင်းထဲ နောက်တိုးအဖြစ် ပါဝင်လာသည်။

“စစ်အစိုးရက သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ မပါနိုင်အောင် အချုပ်အနှောင်မှာ ဆက်ထားချင်တော့ အကြောင်းပြချက် လိုက်ရှာနေတာလို့ပဲ ကျနော်တော့ စဉ်းစားမိတယ်” ဟု မစ္စတာ De Gucht က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းသည်သာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်ငန်းစဉ် တစိတ်တဒေသ ဖြစ်နိုင်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အတွက်လည်း မရှိမဖြစ် လုပ်ဆောင်ရမှာ ဖြစ်သည်ဟု ဖြည့်စွက် ပြောဆိုလိုက်သည်။
--------------------------

လူငယ်များနှင့် ကြံ့ဖွံ့တို့ ရင်ဆိုင်တွေ့
တနင်္လာနေ့၊ မေလ 18 2009 10:01 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ လမ်းပိတ်ထားသော်လည်း လူအများအပြား အင်းစိန်ထောင် အနီးသို့ ရောက်ရှိနေကြပြီး လူငယ် ၃၀ ခန့်မှာ အကျဉ်းထောင်ရှေ့သို့ ချဉ်းကပ်နိုင်ကြသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင် ၅၀ ခန့်က လူငယ်များကို စောင့်ကြည့်နေကြပြီး ယနေ့ အစောပိုင်းက ရန်ကုန်တွင် အင်တာနက် ပြတ်တောက်သွားခဲ့သည်။


ဒေါ်စု၏ ရှေ့နေများ အင်းစိန်ထောင်တွင်းသို့ ဝင်ရောက်သွား

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်ကြသော ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ ယနေ့နံနက် ၈ နာရီခွဲခန့်တွင် အင်းစိန် အကျဉ်းထောင်တွင်းသို့ ဝင်ရောက်သွားသည်။

မဇ္ဈိမ

Read More...

အကြီးဆုံး မြေရှင် နအဖ စစ်အစိုးရနှင့် သူတို့ရဲ့ ချစ်တီး လက်သစ်များ

ရဲဘော်ဖိုးသံချောင်း

၁၄ မေ ၂၀၀၉

“ခေါင်းတခါခါနှင့် ဆတ်လှစွာသော
လှလှစွေ့စွေ့ ရယ်နှင့်
၀၀ပြေ့ပြေ့ နွားပြာ တရှဉ်းကိုလ
ကျောင်းတကာကိုသာ အပ်လိုက်ပေရော့”

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အညာမင်္ဂလာဆောင် လေချိုးကြီး ထဲက ဆိုတာ အားလုံး သိကြပါတယ်။ ဒုတိယ ကမ္ဘာစစ် မဖြစ်မီက ကိုလိုနီလက်ထက် ဗမာပြည်က လယ်သမားများရဲ့ ဘ၀ကို ထောက်ပြထားတာပါ။ ဒါပေမယ့် အခုခေတ် လယ်သမား သရုပ်ကို ဖော်မယ် ဆိုရင်တော့ အထက်မှာပါတဲ့ ကျောင်းတကာဆိုတဲ့ နေရာမှာ စစ်ဗိုလ်ကိုသာ ထည့်လိုက်ဖို့ ရှိပါတော့တယ်။

တကယ်က ဗမာနိုင်ငံမှာ လယ်သမားတွေရဲ့ လယ်လုပ်သူ လယ်ပိုင်ခွင့် ဆိုတဲ့ အခွင့် အရေးဟာ သာမာန် ကိစ္စ မဟုတ်ပါဘူး။ အင်္ဂလိပ် ကိုလိုနီ လက်ထက်က စလို့ ဆရာစံ အရေးတော်ပုံ အပါအ၀င် လယ်သမားတွေ မျိုးဆက်နဲ့ ချီ၊ သမိုင်းနဲ့ချီ တိုက်ပွဲ ၀င်ခဲ့ပြီးမှ အသိအမှတ် ပြုခံခဲ့ရတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ မွေးရာပါ အခွင့်အရေး ပြဿနာလည်း ဖြစ်ပါတယ်။ လွတ်လပ်ရေး မရခင် ကာလတုန်းက ပြည်ချစ်နိုင်ငံရေး အင်အားစု အားလုံး လိုလိုက လယ်လုပ်သူ လယ်ပိုင်ရေး ကြွေးကြော်သံကို တင်ခဲ့ကြပါတယ်။ အဲဒီအင်အားစုတွေဟာ ဖက်ဆစ် ဂျပန်တော်လှန်ရေးမှာ တက်သန် တက်ကြွစွာ ပါဝင်ခဲ့ကြလို့ ဒုတိယကမ္ဘာစစ် နောက်ပိုင်း နိုင်ငံရေးမှာ သူတို့တတွေ ဗမာပြည်နိုင်ငံရေး ဇာတ်ခုံရဲ့ ထိပ်ပိုင်းကို ရောက်လာကြပါတယ်။ မြေရှင် ပဒေသရာဇ် စနစ်ကို ဆန့်ကျင်သူတွေ ဒီလိုရှေ့တန်းကို ရောက်လာ၊ ထိပ်ပိုင်းကို ရောက်လာတော့ မြေရှင်တွေနဲ့ မြေရှင်စနစ်ဟာ ဒီကာလမှာ ခေါင်းလျှို နေရတယ်ဆိုရင် မမှားပါဘူး။ ဒါ့အပြင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်မှာလည်း လက်နက်ကိုင် တော်လှန်ကြတဲ့ အင်အားစုတွေဟာ လယ်လုပ်သူ လယ်ပိုင်ရေး ကြွေးကြော်သံကို ထိပ်တန်းတင် တိုက်ပွဲဝင်ခဲ့ကြ၊ သူတို့ သြဇာလွှမ်းမိုးရာ ကျေးလက် ဒေသတွေမှာ မြေရှင့် မြေတွေ သိမ်းပြီး ဝေတာတွေ လုပ်ခဲ့လို့ ဗမာပြည်မှာ မြေရှင်စနစ်ဟာ အင်မတန်ကို ချည့်နဲ့ သွားခဲ့ရပါတယ်။

ဒါပေမယ့် ၁၉၆၂ ခုနှစ်ကိုရောက်တော့ ဗိုလ်နေ၀င်းတို့ရဲ့ မဆလ စစ်အုပ်စုဟာ “လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် ရှိရေး” ဆိုတဲ့ စကားနဲ့ လက်တလုံးခြား လုပ်ပြီး လယ်ယာမြေ အားလုံးကို မြေပိုင်ရှင်ဆွေဆီ ကရော၊ လယ်သမားတွေဆီ ကပါ “နိုင်ငံတော်” အမည်ခံပြီး လုယူ သွားခဲ့ပါတယ်။ နအဖစစ်အုပ်စုဟာ ဒီနေရာမှာတော့ ဗိုလ်နေ၀င်းတို့ရဲ့ မဆလ အစိုးရ နောက်က ဖ၀ါးခြေထပ် လိုက်ခဲ့ပါတယ်။ သူတို့ရဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ (၃၇) မှာ “နိုင်ငံတော်သည် မြေအားလုံး………၏ ပင်ရင်း ပိုင်ရှင်ဖြစ်သည်” လို့ ထည့်သွင်း ထားပါတယ်။ ဒီနေရာမှာ “နိုင်ငံတော်” ဆိုတာနဲ့ ပတ်သက်လို့ ပြောစရာ ရှိလာပါတယ်။ နိုင်ငံတော်ဆိုတာ ဘယ်သူလဲ။ တကယ်က နိုင်ငံတော်ဆိုတာက ဒြပ်မဲ့နာမ် (abstract noun) တခုဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ နိုင်ငံတော်ဆိုတာဟာ နအဖအစိုးရလို့ အဓိပ္ပာယ် ထွက်နေပါပြီ။

သူတို့ထင်သလို လုပ်နေတာတွေကို နိုင်ငံတော် တံဆိပ် နှိပ်ပေးနေတာသာ ဖြစ်ပါတယ်။ ဒါကြောင့် အခုအခါမှာ နိုင်ငံတော် ဆိုတာ နအဖ စစ်အုပ်စုဖြစ်တယ်။ ဗိုလ်သန်းရွှေ ဖြစ်တယ်လို့တောင် ပြောရင် ရလောက်ပါတယ်။ မြေယာတွေကို သူတို့ထင်သလို စီမံ ခြယ်လှယ် တာကလည်း တကြောင်း၊ တိုင်းပြည်ရဲ့ စီးပွားရေးကို သူတို့ လုပ်ကိုင်ရာမှာ ကိုယ်ကျိုးစီးပွားကို အခြေခံတာ ကြောင့်လည်း တကြောင်း၊ လယ်မြေတွေ လက်လွှတ်ကုန်ရတဲ့ လယ်သမားတွေ များသထက် များလာနေပါတယ်။

ကချင်ပြည်နယ်ကနေ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်ကနေ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်၊ ဗမာပြည် တနံတလျားမှာ လယ်သမားတွေ လယ်မြေတွေ အလုခံရ၊ ဆုံးရှုံးရတဲ့ သတင်းတွေ နေ့စဉ်မပြတ် ကြားနေရပါတယ်။ ဆုံးရှုံးတဲ့ ကိန်းဂဏန်းကိုလည်း ကြည့်ပါဦး။ တချို့ နေရာများ ဆိုရင် လယ်မဲ့ ယာမဲ့ အရေအတွက်ဟာ (၅၀-၆၀) ရာခိုင်နှုန်း အထက်မှာတောင် ရှိနေပါတယ်။ ဒါဟာ စစ်မဖြစ်မီ ကိုလိုနီကာလက နှုန်းထားထက် မလျော့ပါဘူး။ မတိမ်းမယိမ်းပါ။ ဒါ့အပြင် လယ်သမားတွေ ကြွေးလည်ပင်း ခိုက်နေတဲ့ အခြေအနေဟာလည်း ကြောက်ခမန်း လိလိ ဖြစ်နေတာကို သတိမပြုဘဲ မနေနိုင်ပါဘူး။

မဆလ စစ်အစိုးရလက်ထက်တုန်းကတော့ ဆိုရှယ်လစ် စကားတွေ ပြော၊ သူများတွေရဲ့ ဥစ္စာဓန တွေကို “ပြည်သူပိုင်သိမ်း” နေရတော့ ဗိုလ်နေ၀င်းတို့ရဲ့ စစ်အုပ်စုဟာ မြေယာကို ပုဂ္ဂလိကပိုင် မလုပ်ရဲ ပါဘူး။ ဒါပေမယ့် ဗိုလ်သန်းရွှေတို့ လက်ထက်ကျတော့ ဈေးကွက် စီးပွားရေးလို့ ပြောနေတာမို့ နိုင်ငံခြားသားတွေအပါ ငွေရှင်ကြေးရှင်တွေကို သူတို့ကြိုက်သလို လုပ်ပိုင်ခွင့်ချပေး၊ ကျေးလက်မှာ ဗိုလ်ကျရမ်းကား ခွင့်ရတဲ့ သူတို့ရဲ့ တပည့် သားမြေးတွေက ထင်သလို သိမ်းယူ၊ စစ်တပ်က ထင်သလို သိမ်းယူ၊ တနိုင်ငံလုံး ဗြောင်းဆန် နေတယ်လို့ ပြောရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးလက်မှာ သူတို့ ခန့်ထားတဲ့ အာဏာပိုင် အမျိုးမျိုးဟာ အတိုးကြီး ပေးရာကနေ လယ်သမားတွေရဲ့ မြေတွေကို အကြွေးအကြောင်းပြ သိမ်းပြီး မြေရှင်တွေ ဖြစ်လာနေကြတာလည်း မနည်းပါဘူး။ နအဖ မွေးထုတ်တဲ့ ချစ်တီးလက်သစ် တွေပါ။ ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေက လယ်ဧကတွေ ရာနဲ့ချီပြီး သိမ်းယူတဲ့ ဖြစ်ရပ်တိုင်းမှာ စစ်တပ်ထိပ်ပိုင်းတွေနဲ့ တိုက်ရိုက်ပဲ ပတ်သက်နေပါတယ်။ အနည်းဆုံး တိုင်းမှူး ဆိုသူကတော့ “ပွ” သွားတာပါပဲ။

ဆိုးတဲ့အချက်တခုက အဲဒီလို စစ်တပ်တွေက၊ ကုမ္ပဏီကြီးတွေက လယ်ယာတွေ သိမ်းသွားလို့ ကျေးလက်တွေမှာ စက်မှု လက်ယာ ပေါ်မလာဘဲ သီးစားချထားတဲ့ စနစ်ပဲ ဆိုးဝါး ပြင်းထန်လှတဲ့ နှုန်းတွေနဲ့ ထွန်းကား လာတာပါပဲ။ တပ်ရင်းတွေကတောင် လယ်သမားတွေရဲ့ မြေတွေကို အနိုင်ကျင့် လုယက်ပြီး သီးစား ပြန်ပေးတယ်လို့လည်း အံ့မခန်း ကြားနေရပါတယ်။ ဒီလို မြေယာ လုယက်မှုတွေဟာ နအဖရဲ့ ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု လိုက်တဲ့ အတွက် ပိုတောင်များလာ၊ ကြမ်းလာတယ်လို့ ယူဆစရာ ရှိပါတယ်။ ဒါကြောင့် ဒီအခြေခံ ဥပဒေဟာ ဘယ်သူတွေ ကို အကျိုးပြုတယ် ဆိုတာကို ဒီမြေရှင်သစ်တွေ ပေါ်ပေါက်မှုက အထင်ရှားဆုံး မြင်သာစေတယ်လို့ ဆိုရင် မမှားပါဘူး။ ဒီနေရာမှာ နအဖဟာ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ သူတို့ရဲ့ ခါးပိုက်ဆောင်တပ်နဲ့ ပတ်သက်လို့ကျတော့ အခန်းကြီးတခန်း သီးသန့်ဖွင့်ပြီး ပုဒ်မရှစ်ခုနဲ့ ဖွင့်ဆိုထားပြီး အားလုံးရဲ့ ထမင်းရှင် လယ်သမားများနဲ့ ပတ်သက်လို့ ကျတော့ ပုဒ်မ (၂၃) မှာ အပိုဒ်တိုလေး နှစ်ပိုဒ်ပဲ ဖော်ပြထားဆိုတာ ထောက်ပြလိုပါတယ်။

အခုတော့ ကျေးလက်တွေမှာ လူဦးရေ တိုးတက်လာတဲ့ အပြင် မြေမဲ့ယာမဲ့တွေ ပိုများလာတဲ့ အတွက် အတည်တကျ မရှိတဲ့ အလုပ်လက်မဲ့ တပ်ဖွဲ့ကြီး အဖြစ် စုစည်း မိလာနေပါတယ်။ ဒီအလုပ်လက်မဲ့ တပ်ဖွဲ့ကြီးမှာ ပြည်ပက အလုပ်ပြုတ် ပြန်လာသူ တွေ ထပ်တိုး လိုက်တော့ ဒီဂဏန်းဟာ ဧရာမဂဏန်းကြီး ဖြစ်လာပါတယ်။ သူတို့ဟာ ပြည်တွင်းမှာလည်း ဟိုသွားဒီလှည့် အလုပ်ရှာကြ၊ ပြည်ပ-အထူးသဖြင့် အိမ်နီးနားချင်း တွေမှာ ဟိုစမ်းတိုး၊ ဒီရမ်းတိုး အလုပ်ရှာကြ၊ ၀မ်းမပြည့်၊ စိတ်မငြိမ် ဖြစ်နေကြတာတော့ အမှန်ပါပဲ။

ဒီကြားထဲမှာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကလည်း မကျော်လွန်နိုင်သေး ဆိုတော့ အရေအတွက်ဟာ ပိုလို့သာ များလာစရာ ရှိပါတယ်။ လယ်ယာကို မှီခိုအသက်ရှင်သူ အရေအတွက်ဟာ ဗမာပြည်လူဦးရေ ရဲ့ (၇၀) ရာခိုင်နှုန်း ကျော်လို့ သုတေသန ပြုချက်များက ဆိုထားချက်နဲ့ ဆက်စဉ်းစားလိုက်ရင် ဒီပြဿနာ ဘယ်မျှကြီးမား တယ်ဆိုတာ ရှင်းနေပါတယ်။

ဘာတွေဆက်ဖြစ်နိုင်တယ်ဆိုတာကို တွေးတတ်သူတိုင်း တွေးပူမိကြမှာပါ။

အခုတော့ ဒီနိုင်ငံမှာ မြေအများစုကြီးဟာ နအဖစစ်ဗိုလ်တွေနဲ့ သူတို့ အသိုင်းအ၀ိုင်း တွေဆီမှာ စုနေပါပြီ။ ဒါ့အပြင် သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကောင်းမှုကြောင့် နောင်မှာလည်း အများကြီး သူတို့ လက်ထဲရောက်ဖို့ ရှိနေပါသေး တယ်။ ဒါကြောင့် အခုအခါ ဗမာပြည်မှာ ဘယ်သူဟာ အကြီးဆုံး မြေရှင်လည်းလို့ မေးလာရင် နအဖ စစ်အုပ်စုလို့ပဲ ပြောရတော့မှာပါ။

ရဲဘော်ဖိုးသံချောင်း

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည် သတင်း ရုပ်သံ အစီအစဉ် မဲဆောက်ရောက် မြန်မာများ အထူးစိတ်ဝင်စား

NEJ / ၁၅ မေ ၂၀၀၉

နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်များကို မဲဆောက် အခြေစိုက် STV ရုပ်မြင် သံကြား လိုင်းမှ ထပ်ဆင့် ထုတ်လွှင့်ပေး သဖြင့် ယခုအခါ မဲဆောက် ဒေသတွင်းရောက် သိန်းနှင့်ချီသည့် မြန်မာနိုင်ငံသားများ အားပေး ကြည့်ရှုကြသည်။

ယမန်နေ့က စတင်ထုတ်လွင့်ခဲ့သည့် အစီအစဉ်တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ အာဏာပိုင်များက တရားစွဲဆိုရန် အင်းစိန်ထောင်သို့ ဖမ်းဆီး ခေါ်ဆောင်သွားသည့် သတင်းကို ထုတ်လွှင့်ပြသ ခဲ့သဖြင့် မဲဆောက် ဒေသအတွင်း ကြည့်ရှုသူ အထူး များပြားခြင်းဖြစ်သည်။


မဲဆောက်ဈေးအတွင်းရှိ မြန်မာလက်ဖက်ရည် ဆိုင်တွင် ကြည့်ရှုနေသည့် ရန်ကုန်မှ မြန်မာ ကုန်သည်တဦးက “ရန်ကုန်မှာ ဒီလို ပေါ်ပေါ်ထင်ထင်ကြည့်ရဖို့ မလွယ်ဘူး။ စလောင်းရှိမှပဲ ကြည့်ရတယ်။ ဒီကိုရောက်နေတဲ့ မြန်မာတွေ အတွက်တော့ သိပ်ကောင်းတယ်။ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး မျက်စိပွင့် နားပွင့်ဖြစ်တယ်။ အစိုးရကတော့ အဖွားကြီးအပေါ်မှာ ကောက်ကျစ် ယုတ်မာတာကတော့ ကမ်းကုန်ပါပဲ” ဟု ပြောသည်။

အထည်ချုပ်စက်ရုံတခုမှ အလုပ်သမ မ၀င်းဝင်းမော်က “ဒီလိုင်းကြည့်တော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေ အနေတွေကို အမြန်ဆုံး သိရတယ်။ ကြည့်ရတာလည်း ပေါ့ပေါ့ ပါးပါးရှိတယ်။ မြန်မာ့ ရုပ်မြင်သံကြားလိုမျိုး ကိုရီးယားကား ကြည့်ရဖို့ ဗိုလ်ချုပ်တွေ လမ်းသလား တာကို တနာရီကျော်လောက် စောင့်စရာလည်း မလိုဘူး။ မနေ့က ဒေါ်စုကို အင်းစိန် ထောင်ထဲပို့တဲ့ သတင်းပါတော့ အချို့ အလုပ် သမားတွေ အလုပ်မဆင်းဘဲ ကြည့်ကြတာတွေ ရှိတယ်။ ဒီလိုင်းက ပတ်လည် စနစ်နဲ့ပြတော့ ဘယ်အချိန် ကြည့်ကြည့် ကြည့်လို့ရတယ်။ ညဘက် အလုပ်သိမ်းချိန်မှာ စက်ရုံထဲက TV ရှေ့မှာ စက်ရုံက လူတွေအားလုံး ၀ိုင်းကြည့် ဒေါသထွက်ပြီးတော့ အစိုးရကို မေတ္တာ ပို့နေကြတယ်” ဟု ပြောသည်။

အခကြေးငွေယူ၍ပြသသည့် မဲဆောက် STV ရုပ်မြင်သံကြားလိုင်းတွင် မြန်မာ ရုပ်သံလိုင်းများ အပါအ၀င် နိုင်ငံတကာမှ ရုပ်မြင်သံကြား လိုင်းပေါင်း (၇၀) ခန့်ကို (၂၄) နာရီ ထုတ်လွှင့် ပေးလျက်ရှိသည်။

မဲဆောက်ဒေသအတွင်း ယခုကဲ့သို့ ဒီမိုကရက်တစ် ရုပ်မြင်သံကြားလိုင်း ထပ်ဆင့် ထုတ်လွှင့်မှုနှင့် ပတ်သက်၍ မြန်မာ အာဏာပိုင်များနှင့် ထိုင်း-မြန်မာ နယ်ခြားကော်မတီ အဖွဲ့များက လောလောဆယ် ကန့်ကွက် အရေးယူမှုများ မရှိသေးကြောင်း သိရသည်။

ယခင်က မဲဆောက်မြို့အခြေစိုက် FM ရေဒီယို အသံလွှင့်ဌာန တခုမှ မြန်မာဘာသာဖြင့် ထုတ်လွှင့်သည့် အမေရိကန် အသံ VOA သတင်းဌာန၏ အသံ လွင့်ချက်များကို ရိုးရိုးသာမန် ရေဒီယိုဖြင့် နားထောင်နိုင်ရန် ထပ်ဆင့် ထုတ်လွှင့် ပေးခဲ့သဖြင့် မဲဆောက် ဒေသတွင်း အပါအ၀င် မဲဆောက် တဖက်ကမ်း မြ၀တီခရိုင် အတွင်း အသံ ကြည်လင် ပြတ်သားစွာဖြင့် လူအများ နားထောင် နိုင်သဖြင့် မြ၀တီခရိုင် အာဏာပိုင်များနှင့် နယ်ခြားကော်မတီ အဖွဲ့က ထိုင်းဘက်သို့ ကန့်ကွက် ခဲ့သဖြင့် ထိုင်းဘက်မှ ယင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။

မဲဆောက် STV ရုပ်မြင်သံကြားလိုင်းမှ ၀န်ထမ်းတဦးက “ကျနော်တို့ လိုင်းက မြန်မာလို လွှင့်တဲ့ ရုပ်မြင်သံကြားလိုင်း တွေကို ဒီမှာရှိတဲ့ မြန်မာတွေ ကြည့်လို့ ရအောင် စီစဉ်ပေးတာပါ။ မြ၀တီလိုင်း၊ မြန်မာ ရုပ်မြင် သံကြားလိုင်း၊ MRTV 3 လိုင်း၊ နော်ဝေး ဒီမို ကရက်တစ်လိုင်း ကိုယ်ကြည့်ချင်တာ ကြည့်ကြပေါ့။ နော်ဝေး မြန်မာ့အသံကို လွှင့်လို့ မြန်မာဘက်က ကန့်ကွက်ဖို့ အကြောင်း မရှိဘူးလို့ ထင်တယ်။ လွှင့်တာက ထိုင်းနိုင်ငံမှာ ဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စလောင်းဖြင့်သာကြည့်ရှု၍ရသော ဒီမိုကရက်တစ် မြန်မာ့ ရုပ်မြင်သံကြား အစီအစဉ်ကို နိုင်ငံတကာသို့ ၂၀၀၅ ခုနှစ် မေလတွင် စတင် ထုတ်လွှင့်ခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်စုအမှုတွင် ပွင့်လင်းမြင်သာမှု ရှိလိမ့်မည်ဟု ထိုင်းနိုင်ငံက မျှော်လင့်

စနေနေ့၊ မေလ 16 2009

ဘန်ကောက် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ အမှုအပေါ် ထိုင်းနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ အပေါ် ဖိအားပေးမည် မဟုတ်သော်လည်း ဤအမှုကို စစ်ဆေးရာတွင် မြန်မာနိုင်ငံ အနေနှင့် ပွင့်လင်း မြင်သာမှု ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်းဖြင့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကဆစ် ဖိရူမ်း က ပြောသည်။

မကြာသေးခင်က ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ၏ နိုင်ငံရေး အရှုပ်အထွေးနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နာမကျန်း ဖြစ်မှုအတွက် ထိုင်းနိုင်ငံက စိုးရိမ် ပူပန်မိကြောင်း သောကြာနေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသွားခြင်း ဖြစ်သည်။

“အမေရိကန်နိုင်ငံသား၏ အမှုနှင့် ပတ်သက်သော အကြောင်း အရာများမှာ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ သူ ဘယ်လိုလုပ်၍ မြန်မာအာဏာပိုင်များ တင်းကြပ်စွာ လုံခြုံရေး ယူထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း ရေကူးဝင်ကာ သွားရောက် နိုင်သည်။ မည်သည့် ရည်ရွယ်ချက်ဖြင့် ယခုလို လုပ်ဆောင်ရသည် ကိုမူ မြန်မာ စစ်အစိုးရက ကြေညာ ပေးစေလိုပါသည်။ မည်သို့ပင် ဖြစ်စေကာမူ မေလ ၁၈ ရက်နေ့တွင် စစ်ဆေးမည့် ယခုအမှုကို ပွင့်လင်း မြင်သာမှုရှိစွာ စစ်ဆေးသင့်ပါသည်။ မြန်မာ စစ်အစိုးရက ခွင့်ပြုလျှင် ကျွန်ုပ်တို့ အနေနှင့် ကိုယ်စားလှယ်များကို စေလွှတ်ရန် အသင့်ရှိပါသည်” ဟု Kasit Piromya က ပြောကြားခဲ့သည်။

ခွင့်ပြုထားခြင်း မရှိသော အမေရိကန်လူမျိုး တဦးကို ရန်ကုန်မြို့ရှိ သူ၏ နေအိမ်သို့ လာရောက်ခွင့် ပြုခဲ့မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ကြာသပတေးနေ့က တရား စွဲဆိုထားသည်။ သူနှင့် အခြား ပါတီဝင် နှစ်ဦးအပေါ် စွဲဆိုထားသော စွဲဆိုချက်များကို ကြားနာရန် အတွက် သူ့ကို ရန်ကုန် အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ အတူနေ ပါတီဝင်နှစ်ဦးနှင့် သူ၏ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို ခွင့်ပြုချက်မရှိဘဲ လာရောက်လည်ပတ်ခွင့် ပေးခဲ့မှုဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။

“မြန်မာအစိုးရဟာ (၂ဝဝ၉ ခုနှစ် မတ်လ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး) ရဲ့ အာဆီယံ ကြေညာချက်အတိုင်း လိုက်ပါ လုပ်ဆောင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ပါတယ်။ ဒီကြေညာချက်အရ မြန်မာအစိုးရဟာ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အပါအဝင် သူတို့ရဲ့ ဒီမိုကရေစီကို သွားရာ လမ်းပြ မြေပုံအတိုင်း လိုက်နာ လုပ်ဆောင် လိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ” ဟု ကဆစ် က ပြောသည်။

ဤအမှုနှင့် စပ်လျဉ်း၍ အာဆီယံအဖွဲ့အနေနှင့် တရားဝင် ပူးတွဲသဘောထား ကြေညာချက်ကို ထုတ်ပြန်ခြင်း မပြုရသေးပါ။ သို့သော် အာဆီယံနိုင်ငံများသည် ၂ဝဝ၉ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ကျင်းပမည့် အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေး၌ မြန်မာ့ အရေး ကိစ္စကို ဘေးပန်း အစည်းအဝေး တခုတွင် ဆွေးနွေးကြမည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။

ထို့အပြင် ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးကလည်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆက်သွယ်၍ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် အာဆီယံ၏ အထွေထွေ အတွင်းရေးမှူး ဆုရင်း ပစ်ဆူဝမ်း သို့မဟုတ် ထိုင်းနိုင်ငံကို ဆက်သွယ်လိမ့်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင်း အခြေအနေများကို ဆွေးနွေးရန် ဖြစ်ကြောင်း သူက ဆက်ပြောခဲ့သည်။ သူသည် အာဆီယံ အဖွဲ့ကြီး၏ လက်ရှိ ဥက္ကဋ္ဌ ရာထူးကို ရရှိထားသူ ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန် က မြန်မာအစိုးရကို တိုက်တွန်း ပြောကြား လိုက်သည်။ သူ့အပေါ် နောက်ဆုံး စွဲဆိုထားမှုများမှာလည်း ‘အခြေအမြစ် မရှိကြောင်း’ ပြောကြားလိုက်သည်။

ဤအမှုနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးရန် ရန်ကုန်မြို့ရှိ ထိုင်း သံအမတ်ကြီးကို တာဝန် ပေးထားကြောင်းလည်း ဝန်ကြီးက ပြောဆိုခဲ့သည်။

မြန်မာအစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသော တိုင်းရင်းသား လူနည်းစုများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ထိုင်းနိုင်ငံတို့ ဆွေးနွေးခဲ့ကြကာ၊ ထိုအဖွဲ့ထံမှ ပြန်ကြားသည့် စာရွက်စာတန်း တခုကိုလည်း ရရှိထားပြီး ဖြစ်ကြောင်းနှင့် စာပါ အကြောင်းအရာများကို ထုတ်ဖော် ပြောဆိုခြင်း မပြုနိုင်သေးကြောင်း သူက ပြောသည်။

မြန်မာစစ်အစိုးရ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် ပါဝင် ဆောင်ရွက်ရန် ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ရှမ်းနှင့် မွန်ကဲ့သို့သော အခြား တိုင်းရင်းသား အုပ်စုများနှင့်လည်း ဆွေးနွေးရန် ထိုင်းနိုင်ငံက ကြိုးစားသွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။ “သူတို့ ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် လက်နက်ကိုင် တိုက်ခိုက်နေတာက အဖြေ မဟုတ်ပါဘူး” ဟု သူက နိဂုံးချုပ် ပြောဆိုသွားသည်။

အာဏာရ မြန်မာစစ်အစိုးရက တောင်းဆိုခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံ၏ ၂ဝ၁ဝ အထွေထွေ ရွေးကောက်ပွဲသို့ ဦးတည်မည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် ကရင်အမျိုးသား အစည်းအရုံးက ပါဝင်ရေး ဆွေးနွေးပွဲများ ကျင်းပပေးရန် ထိုင်းအစိုးရက သဘောတူခဲ့ပြီး ဖြစ်ကြောင်း မတ်လအတွင်း သွားရောက်ခဲ့သည့် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကဆစ် က အစောပိုင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့