..............................

Saturday, February 14, 2009

နာမည်မသေသော ဖဒိုမန်းရှာ

Friday, 13 February 2009 19:03 အေးလဲ့

ကရင် တိုင်းရင်းသား ခေါင်းဆောင် ဖဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်မှာ ၁ နှစ်ပြည့်ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ ဒီမိုကရေစီ အင်အားစုများက သတိရနေကြဆဲ ဖြစ်သည်။

ထိုင်း မြန်မာ နယ်စပ်ဒေသ ဒီမိုကရေစီအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းများ အကြားတွင် ဖဒိုမန်းရှာ ကဲ့သို့ နိုင်ငံရေး ခေါင်းဆောင်မျိုး အလွန် ရှားပါးသည် ဟု ပြောဆိုနေကြသည်။

ဖဒိုမန်းရှာသည် မြန်မာစစ်အစိုးရအား လက်နက်ကိုင် ဆန့်ကျင်နေသော ကရင်အမျိုးသား အစည်းအရုံး (KNU)တွင် ခေါင်းဆောင် တဦးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁၄ရက်နေ့ က ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ရှိ နေအိမ်တွင် သေနတ်သမား နှစ်ဦး၏ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ကွယ်လွန်ခဲ့သည်။ လုပ်ကြံမှု၏ နောက်ကွယ်တွင် မည်သူ မည်ဝါ ရှိသည်ကို ယနေ့တိုင် ဖော်ထုတ် နိုင်ခြင်း မရှိသေးပေ။

“သူ့ကို ဆုံးရှုံးခဲ့ရတဲ့ ဆုံးရှုံးမှုက ကျနော်တို့ အတွက် အင်မတန် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်။ သူရှိတုန်းက ဆိုရင် ကျနော်တို့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပြည်သူတွေ သိအောင် နိုင်ငံတကာ သိအောင် ပြောဆိုတဲ့ အခါ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို လွှမ်းခြုံနိုင်တယ်။ တိုင်းရင်းသား လှုပ်ရှားမှု တွေကို လွှမ်းခြုံနိုင်တယ်” ဟု လူ့ဘောင်သစ် ပါတီ် ဥက္ကဌ ကိုအောင်မိုးဇော်က ပြောပြသည်။

“သူ မရှိတော့တဲ့ နောက်ပိုင်း အခြေအနေတွေမှာ အဲဒီလို လူမျိုးတယောက် နောက်ထပ် ပေါ်လာဖို့ အခြေ အနေဟာ အခုထိ မတွေ့ရသေးဘူး” ဟု ဆိုသည်။

ဖဒိုမန်းရှာကွယ်လွန်ပြီးနောက်တွင် KNU က ၎င်း၏နေရာ၌ ကရင် အမျိုးသမီး ခေါင်းဆောင် တဦး ဖြစ်သူ နော်စီဖိုးရာစိန်ကို တာဝန်ပေး ခန့်အပ်ခဲ့သည်။

ဖဒိုမန်းရှာသည် ကရင်တိုင်းရင်းသားထဲတွင်သာမက ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် လှုပ်ရှားသည့် အင်အား စုများ၊ တိုင်းရင်းသား အင်းအား စုများ အကြား လေးစား စံထားရသူ တဦးဖြစ်သည်ဟု နော်စီဖိုးရာစိန်က ဆိုသည်။

နောင်လာမည့် ကရင်မျိုးဆက်သစ် လူငယ်များအဖို့ ဖဒိုမန်းရှာကဲ့သို့ ဒီမိုကရေစီ လှုပ်ရှားမှု အရေးတွင် ပါဝင်လာဖို့ အားပေး တိုက်တွန်းလိုသည် ဟုလည်း နော်စီဖိုးရာစိန်က ပြောပြသည်။

“ကျမတို့ ဒီတော်လှန်ရေးကြီးက မပြီးဆုံးသေးပါဘူး။ ကျမတို့ သွားချင်တဲ့ ပန်းတိုင် ကိုလည်း မရောက်သေး ပါဘူး။ ဒါကြောင့် ဒီ ပန်းတိုင် ရောက်တဲ့ အထိ ပြည်တွင်း၊ ပြည်ပ မှာရှိတဲ့ ကရင် လူငယ်တွေ အတူအကွ ဆက်လက် တိုက်ပွဲဝင် သွားစေချင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု ဟု ခေါ်သည့် အဖွဲ့မှ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင် က ဖဒိုမန်းရှာ ကွယ်လွန်ပြီး နောက်ပိုင်း KNU တွင် မျိုးဆက် ကွာဟမှုများ တွေ့ရသည်ဟု ဆိုသည်။

အပေါ် သူ၏ အမြင်ကို “KNU မှာလည်း ဖဒိုမန်းရှာတို့ ရှေ့ပိုင်း generation (မျိုးဆက်) နဲ့ ဒီ နောက်ပိုင်း generation ကြားထဲမှာ နည်းနည်း ကွာဟမှု ရှိနေသလိုပဲ။ ဒီနေရာမှာ နည်းနည်း အားနည်းချက်တွေ ရှိတယ်” ဟု ဒေါက်တာနိုင်အောင်က ပြောသည်။

မနက်ဖြန် ကျရောက်မည့် ပဒိုမန်းရှာ ကွယ်လွန်ခြင်း တနှစ် ပြည့်သည့် နေ့တွင် နော်ဝေနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့အစည်းများက စုပေါင်းပြီး “မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေး သူရဲကောင်းများဆု” ပေးပွဲ အခမ်းအနား ပြုလုပ်မည် ဖြစ်သည်။ ဖဒိုမန်းရှာ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင် ၄ဦးကို ရွေးချယ်ထားသည်ဟု ဆိုသည်။

အခြားသုံးဦးမှာ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဇိုမီးတိုင်းရင်းသား ခေါင်းဆောင် ဦးကျင့်ရှင်းထန်၊ ရခိုင်တိုင်းရင်းသား ခေါင်းဆာင် ဦးအေးသာအောင် တို့ ဖြစ်သည်။

ဖဒိုမန်းရှာသည် ရန်ကုန်တက္ကသိုလ်သို့ ၁၉၆၂ခုနှစ်တွင် စတင် တက်ရောက်ခဲ့သည်။ ဇူလိုင် ၇ ရက် ကျောင်းသား လှုပ်ရှားမှု နှင့်လည်း ကြုံခဲ့ရသည်။ ၁၉၆၆ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ သမိုင်း ဘာသာရပ်ဖြင့် ဘွဲ့ ရရှိပြီးနောက် တောခိုကာ ကရင့်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်မှာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။ အသက် ၆၄ နှစ်တွင် လုပ်ကြံခံခဲ့ရသည်။

ဖဒိုမန်းရှာသည် နိုင်ငံရေးတပ်ပေါင်းစုကြီး ဖြစ်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုသား ကောင်စီ NCUB တွင်လည်း ခေါင်းဆောင် တဦး အဖြစ် တာဝန်ယူခဲ့သည်။

ရေဆန်ဟူသော ကလောင် အမည်ဖြင့်လည်း ကဗျာ နှင့် ဆောင်းပါးများ ရေးသားခဲ့သည်။

ဖဒိုမန်းရှာ၏ သမီးတဦးဖြစ်သူ နမ့်ဇိုယာဖန်းက သူ၏ဖခင် ကွယ်လွန်ခဲ့သော်လည်း သူ၏ ဖခင် ကိုယ်စား ညီညီညွတ်ညွတ် လုပ်ကိုင်ကြရေး အတွက် တိုက်တွန်းလိုသည်ဟု ဆိုသည်။

နမ့်ဇိုယာဖန်းသည် ဗြိတိန်နိုင်ငံမှ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ (Burma Campaign UK) ၏ တာဝန်ခံ တဦးလည်း ဖြစ်သည်။

ဇိုယာဖန်းက “ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား လူမျိုးစု အားလုံး စုပေါင်း လက်တွဲ အလုပ်လုပ်ကြဖို့၊ စစ်အစိုးရက ကရင်လူမျိုးတွေကို သွေးခွဲနေတာကို သိပြီးတာ့ ကရင်လူမျိုးများ အချင်းချင်း စည်းလုံး ညီညွတ်မှု ရှိကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။

Ref: ဧရာဝတီ

Read More...

ဦးတင်ဦး၏ နေအိမ်အကျယ်ချုပ် သက်တမ်းတိုး

သောကြာနေ့၊ ဖေဖေါ်ဝါရီလ 13 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၏ နေအိမ် အကျယ်ချုပ် သက်တမ်းကို တိုးမြှင့်လိုက်ပြန်ကြောင်း သတင်းရပ်ကွက်များ အပြောအရ သိရသည်။

မကြာမီအသက် ၈၂ နှစ် ပြည့်မှာဖြစ်သော စစ်မှုထမ်းဟောင်းကြီး ဦးတင်ဦးကို နေအိမ် အကျယ်ချုပ် ချထားသည်မှာ ငါးနှစ် ပြည့်မြောက်သည့် သောကြာနေ့တွင် သက်တမ်း တိုးလိုက်ခြင်း ဖြစ်သည်ဟု သတင်း ရပ်ကွက်က ပြောသည်။

သက်တမ်းတနှစ် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု သတင်း ရပ်ကွက်များက ပြောသော်လည်း စစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသေးသည့် အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကျန် ခေါင်းဆောင်များပင် အတည်ပြုရန် ခက်ခဲ နေသည်။

"အကျယ်ချုပ်သက်တမ်းတိုးလိုက်တာကို အသေအချာ မပြောနိုင်သေးပေမယ့် ဒီနေ့မှာ သူရဲ့ အကျယ်ချုပ် သက်တမ်းက ငါးနှစ်ပြည်တယ် ဆိုတော့ အစိုးရက သက်တမ်းတိုးတာ ဖြစ်နိုင်ပါတယ်" ဟု ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ရန်ကုန်အခြေစိုက် မဇ္ဈိမသတင်းထောက်တဦးကလည်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးတင်ဦး၏ နေအိမ် အကျယ်ချုပ် သက်တမ်း တိုးမြှင့်သည်ဟု ကြားသိရသော်လည်း ပြည်ထဲရေး ၀န်ကြီးဌာန ဘက်မှ အတည်ပြုချက် မရနိုင်သေးဘဲ ရှိသည်ဟု ဆိုသည်။

ဦးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂၀၀၃ ခုနှစ် မေလအတွင်းက မြန်မာပြည် အထက်ပိုင်း ဒီပဲယင်း ဒေသတွင် နိုင်ငံရေး စည်းရုံးရေးခရီး လှည့်လည်စဉ် စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသော လူဆိုး၊ လူမိုက်များက အကြမ်းဖက် တိုက်ခိုက် ခံရပြီး အဖမ်းခံခဲ့ရသည်။

သူ့ကို ဗွေဆော်ဦးတွင် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင် ချုပ်နှောင် ထားပြီးနောက် ၂၀၀၄ ခုနှစ်တွင် ရန်ကုန် နေအိမ်သို့ ခေါ်ဆောင်ပြီး အိမ်ချုပ် ချထားခြင်း ဖြစ်သည်။

အဖွဲ့ချုပ်အဆိုအရ လက်ရှိဥပဒေတွင် နေအိမ်အကျယ်ချုပ် သက်တမ်းသည် ဆက်တိုက် ငါးနှစ် ပြည့်ပြီးလျှင် ဆက်လက် တိုးမြှင့်၍ မရဟု ဆိုသည်။

Ref: မဇ္ဈိမ

Read More...

ကုလလူ့အခွင့်အရေး အထူးသံ မြန်မာပြည်သို့ ပြန်လာမည်

သောကြာနေ့၊ ဖေဖေါ်ဝါရီလ 13 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဂျီ ကွင်တားနား စနေနေ့တွင် မြန်နိုင်ငံသို့ ရောက်ရှိပြီး ခြောက်ရက် ကြာမြင့်မည့် ခရီးစဉ်ကို စတင်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ရုံးက ကြေညာ လိုက်သည်။

ကုလသမဂ္ဂရုံးက သောကြာနေ့တွင် ထုတ်ပြန်သော ကြေညာချက် တခုအရ ကွင်တားနားသည် သြဂုတ်လ ၂၀၀၈ ခုနှစ်က သွားရောက်ခဲ့သော ခရီးစဉ်နောက်ပိုင်း တိုးတက် ဖြစ်ထွန်းမှုများနှင့် ပတ်သက်၍ လေ့လာ ပြုစုသွားမှာ ဖြစ်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိကြာမြင့်သော အထူးသံတမန်၏ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ်၊ ကရင်နှင့် ကချင်ပြည်နယ် များသို့ပါ သွားရောက်ပြီး နိုင်ငံရေး အကျဉ်းသားများစွာနှင့် တွေ့ဆုံခွင့် ပြုရန် မေတ္တာရပ်ခံ ထားသည်ဟု ကုလသမဂ္ဂရုံးက ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် အခြေခံ ပြည်သူပြည်သား အခွင့်အရေးများ ဆုံးရှုံး စေသည့် ဥပဒေများကို ပြန်လည် ပြင်ဆင်မှုပြုပြီး နိုင်ငံတ၀ှမ်း အကျဉ်းထောင်များတွင် ချုပ်နှောင် ခံထားရသော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကို လွှတ်ပေးမှုများ ပြုလုပ်ရန် ကွင်တားနားက စစ်အစိုးရကို အကြံပြုထား ခဲ့ဖူးသည်။

ထို့အပြင် စစ်တပ်ကို လူ့အခွင့်အရေးကို လေးစားလိုက်နာရန် လေ့ကျင်ပေးရေး၊ ပြုပြင် ပြောင်းလဲမှု လုပ်ရန်နှင့် လွတ်လပ်သော တရား စီရင်ရေး စနစ်ဖြစ်အောင် အပြောင်းအလဲ လုပ်ရန်တို့ ပါဝင်သည်။

စစ်အစိုးရ၏ ဒီမိုကရေစီသို့ကူးပြောင်းရေးအဆင့် ၇ ဆင့်အနက် ၅ ခု မြောက်ဖြစ်သော ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အဆိုပါ အချက် ၄ ခုကို လုပ်ဆောင်သွားရန် ကွင်တားနားက ပြောဆိုထားသည်။

ဂျနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီက မေ ၂၀၀၈ ခုနှစ်တွင် ခန့်အပ် ခဲ့အပြီး အထူး သံတမန်၏ ယခုခရီးစဉ်သည် ဒုတိယကြိမ်မြောက် ဖြစ်လာခဲ့သည်။

Ref: မဇ္ဈိမ
.....

Read More...

အရေးကြီးပြီ သွေးနီးကြပါစို့ (၂)

ဦးအောင်ဆက်ပိုင် / ၁၃ ဖေဖော်ဝါရီ ၂၀၀၉

နာက်ဆုံးတချက်ဖြစ်တဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ အချက်ကို ဆက်လက် ဆွေးနွေး ပါရစေ။ ကျနော်တို့ နိုင်ငံဟာ လွတ်လပ်ရေး ရခဲ့တာ နှစ်ပေါင်း (၆၀) ကျော်လာပါပြီ။ တကယ်ရော တည်တံ့ ခိုင်မြဲနေပါသ လား။ ဒီမေးခွန်းကို ကျနော့်ဘာသာ ဖြေကြည့်မိပါတယ်။ ဒီနေ့ ဆုံးရှုံးနေပြီ လို့ပဲ ခံယူမိ ပါတယ်။

နားလည်ခံစားမိသမျှတင်ပြရရင် ၁၉၅၈ ခုနှစ် အိမ်စောင့် အစိုးရလက်ထက် တရုတ်ပြည် နယ်စပ် တနေရာမှာ တပ်စစ်ရင်းနဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့ ဗိုလ်မှူးချုပ် မောင်မောင်တို့ဟာ တောင်ကုန်း တခုပေါ်ကနေ အဝေးက နှစ်နိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ် နိုင်ငံသားတွေ တဖွဲဖွဲ ၀င်ရောက်နေတာကို တွေ့တော့ ဗိုလ်မှူးချုပ် မောင်မောင်က စိုးရိမ်တကြီးနဲ့ ဒီလို လူဝင်မှု ပြဿနာတွေကို ရေရှည်မှာ တားဆီးနိုင်ဖို့ စီစဉ်ဆောင်ရွက်သင့် ကြောင်း တင်ပြခဲ့ပါတယ်။

သူ့အကြံကတော့ နယ်စပ်မျဉ်းတလျှောက် မြန်မာနိုင်ငံဘက် အခြမ်းမှာ စစ်မှုထမ်းဟောင်း မိသားစုများနဲ့ ကျေးရွာများ တည်တောင်ဖို့၊ တကယ်လို့ နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ရင် တားဆီးပြီးသား ဖြစ်နေသလို နောက်ဆုံး ဆက်ဖြစ်ပေါ်နေရင်လည်း သွေးနှောမှုတွေ ဖြစ်ပေါ်ပြီး တိုင်းရင်းသား အသစ်တွေသာ ပေါ်ပေါက် လာနိုင်ကြောင်းနှင့် မြန်မာနိုင်ငံရဲ့ အတွင်းပိုင်းအထိ ထိခိုက်မှု မရှိနိုင် ကြောင်းတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အကောင်အထည် မပေါ်လာ နိုင်ခဲ့ပါဘူး။ တလောကတော့ နအဖအနေနဲ့ ဒီကေဘီအေ ဗုဒ္ဓဘာသာ ကရင်အဖွဲ့ကို နယ်ခြားစောင့် တပ်အနေနဲ့ ဖွဲ့စည်း အသွင်ပြောင်းမယ်လို့ ကြားလိုက် ရတာဟာ ဒီသဘောမျိုး ပါလားလို့ပဲ ထင်မြင်မိပါတယ်။

တရုတ်ပြည်နဲ့ပတ်သက်လို့ သုံးသပ်ရလျှင် လွတ်လပ်ရေး ရပြီးနောက် ကေအမ်တီ တရုတ်ဖြူအရေး ပေါ်ပေါက် ခဲ့ရတာ၊ ကေအမ်တီကို စီအိုင်အေက ထောက်ပံ့ပေးခဲ့တာ၊ တပ်မတော်က ဗိုလ်ချုပ် ထွန်းတင် ဦးစီးပြီး ကွမ်းလုံ ရက် (၄၀) ဟိုက်ကမ်းပါး တိုက်ပွဲ အပါအ၀င် အပြင်းအထန် ခုခံတိုက်ခိုက်ပြီး နိုင်ငံတော်ကို ကာကွယ် ခဲ့ရတာတွေကို အားလုံး မှတ်မိကြမှာပါ။ သမိုင်းတင်ခဲ့တဲ့ အချက်တွေပါ။

ဒီဖြစ်စဉ်ကို ဆက်သုံးသပ်ရင် အဲဒီအချိန်က မြန်မာပြည်ရဲ့ လူဦးရေဟာ သန်း (၂၀) မပြည့်သေးပါ။ အဲဒီ အချိန်က အင်္ဂလန်နိုင်ငံ လန်ဒန်တိုင်းမ် သတင်းစာကနေ ဆောင်းပါးတပုဒ် ပါလာပါတယ်။ တရုတ်ပြည် အနေနဲ့ မြန်မာပြည်ကို သိမ်းချင်ရင် စစ်ဝင်တိုက်ဖို့ မလိုပါဘူး။ တရုတ်ပြည်က အချောဆုံး၊ အလှဆုံး အမျိုးသမီးငယ် သန်း (၂၀) လောက် မြန်မာပြည်ထဲ ပို့လိုက်ရင် မြန်မာလူမျိုး ပျောက်သွား ပါလိမ့်မယ်တဲ့။ တနည်းတော့ တရုတ်ပြည် ဖြစ်သွားလိမ့်မယ် ဆိုလိုတာပါ။ ဒါဟာ အင်မတန်မှပင် စဉ်းစားဖွယ် အချက်တချက်ပါ။

ယှဉ်တွဲစဉ်းစားနိုင်ဖို့ သမိုင်းဖြစ်ရပ်လေး တခုကို ခြုံပြီး တင်ပြပါရစေ။ ဒီနေ့ အစ္စရေးလို့ ရပ်တည်နေတဲ့ ဂျူးလူမျိုး တွေဟာ တချိန်တုန်းက တနည်းပြောရရင် အစ္စရေး နိုင်ငံရယ်လို့ မပေါ်ပေါက် လာခင်က နိုင်ငံမဲ့တွေ ဖြစ်ခဲ့ ကြဖူးပါတယ်။ သမိုင်းမှာ သူတို့ လူမျိုးတွေကို တခြားလူမျိုးတွေက တိုက်ခိုက် သိမ်းပိုက်ပြီး နှင်ထုတ်လိုက် ကြတာပါ။ အဲဒီနောက် ကမ္ဘာ့ နေရာအနှံ့ ရောက်ရှိသွား ကြပါတယ်။ သူတို့အနေနဲ့ မိမိနိုင်ငံ၊ မိမိမြေကို အခြေချ ပြန်လည် ထူထောင်ဖို့ အရေး မမေ့ခဲ့ကြပါဘူး။ ကိုးကွယ်တဲ့ ဟီဘရှု (ရဟူဒီ) ဘာသာ ကျမ်းစာမှာပင် ဇီယွန်တောင်ခြေမှာ ပြန်ဆုံကြပါစို့ ဆိုတဲ့ စာသားကို ထည့်သွင်း ခဲ့ကြပြီး အမြဲရွတ်ဆို ခဲ့ကြတာပါ။

ဒါပေမယ့် သူတို့ဟာ ရောက်ရာအရပ်မှာ ကြိုးစားခဲ့ကြလို့ ကြီးပွား ခဲ့ကြပါတယ်။ ပေါက်မြောက် ခဲ့ကြပါတယ်။ တဖက်ကလည်း သူတို့မြေကို ပြန်ဖို့အရေးကို သားစဉ်မြေးဆက် မမေ့ခဲ့ကြပါဘူး။ တကယ်တော့ သူတို့ရဲ့ သမိုင်းကြောင်း ကလည်း ရှည်လျားလွန်းလှပါတယ်။ ၂၀ ရာစု အစောပိုင်းတွေ ရောက်တော့ ကမ္ဘာအနှံ့က ဂျူးတချို့ ယခု အစ္စရေးလို့ ခေါ်တဲ့ ပါလက်စတိုင်း ဒေသကို ပြန်ဝင်လာပါတယ်။ ပါလက်စတိုင်း တွေဆီက မြေယာတွေကို ဈေးကောင်း ပေးဝယ်ပါတယ်။ ပါလက်စတိုင်း တွေကလည်း ဈေးကောင်းရတော့ ရောင်းတယ်။ ဒီတော့ တဦး အခြေကျတော့ နောက်ထပ်တဦး ထပ်ခေါ်တယ်။ ပြည်ပမှာရှိနေတဲ့ သူတွေကလည်း ငွေကြေး ထောက်ပံ့မှုတွေ ပြုတယ်။ ဒီလိုနဲ့ပဲ ထပ်ထပ်ပြီး ဈေးမြှင့်ပြီး ဈေးကြီး ပေးဝယ်တယ်။ ဒီလို တဖြည်းဖြည်း တိုးချဲ့ လာ လိုက်တာ ပါလက်စတိုင်းတွေ သိလာတဲ့ တနေ့မှာ သူတို့မြေ အများစုဟာ ဂျူးတွေလက်ထဲ ပါသွားခဲ့ပါပြီ။ ဒီလိုနဲ့ပဲ ဂျူးတွေ ခြေကုပ် ရသွားခဲ့တာပါ။ တနည်းပြောရရင်တော့ ကုလားအုပ် ပုံပြင်လိုပါပဲ။ သမိုင်းအရလည်း သူ့မြေလို့ ဆိုလိုတာက တပိုင်းပေါ့။ ကျနော် တင်ပြလိုရင်းက ဖြစ်ပျက်သွားတဲ့ ဖြစ်စဉ်လေးကိုပါ။

ဒီတော့ ကျနော်တို့ မြန်မာလူမျိုးတွေလည်း ကိုယ့်မြေကို ကာကွယ်နိုင်ဖို့နဲ့ ပြည်ပရောက် မြန်မာ များကလည်း ကိုယ့်ပြည်ကို မမေ့ကြဖို့ပါ။ ဒီဖြစ်စဉ်ကို အပေါ်က လန်ဒန်တိုင်းမ် သတင်းစာရဲ့ ဆောင်းပါးနဲ့ ယှဉ်တွဲရင်း ကျနော်တို့ နိုင်ငံနဲ့ တရုတ်ပြည်ရဲ့အခြေအနေ၊ တနည်း လက်ရှိ မြန်မာနိုင်ငံတွင်း အခြေအနေကို တစေ့ တစောင်း အကဲခတ် ကြည့်ရအောင်ပါ။

ကျနော် သဘောပေါက်မိတာကတော့ မြန်မာနိုင်ငံလည်း အပေါ်က အဖြစ် အပျက်နဲ့ ခပ်ဆင်ဆင်ပါပဲ။

၁၉၈၀ ကျော်မှာ မန္တလေး မီးအကြီးအကျယ် အလောင်ခံရပြီး နောက် မြန်မာမင်း ရုံးစိုက်ခဲ့တဲ့ မင်းနေပြည်တော် ဟောင်း မန္တလေးမြို့ အချက်အချာ နေရာအားလုံးမှာ တရုတ်တွေ ဖြစ်ကုန်ကြပါပြီ။ ဈေးကောင်းပေးဝယ်ပြီး ၀င်သွား ကြတာပါ။ အစိုးရအနေနဲ့ တားဆီးမှု မပြုခဲ့သလို မီးဘေးသင့် သူတွေ အပေါ်မှာ ကူညီစောင့်ရှောက်မှု မပြုခဲ့ပါဘူး။ ဒီနေရာကစပြီး ကျနော် တင်ပြလိုရင်းသည် မြန်မာပြည်ဖွား တိုင်းရင်းသား မြန်မာ(တရုတ်) များကို မဆိုလိုပါ ခင်ဗျား။ ဒီကနေ့ မန္တလေးမှာ မုန့်တီ စားချင်ရင်တောင် ဆိုင်ရှာရ ခက်သွားပါပြီ။ အလွယ်တကူ တွေ့ရမှာ ကတော့ ခေါက်ဆွဲ ဆိုင်တွေချည်း ပါပဲ။ ဒါက ပထမ တချက်ပါ။

၁၉၈၈ ခုနှစ် န၀တ တက်လာပြီးတဲ့နောက် တဖြည်းဖြည်းချင်းနဲ့ မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ် ဘက်ကနေ တရုတ် လူမျိုးတွေ ထိုးဖောက် ၀င်ရောက်လာကြတာ ကွတ်ခိုင်၊ လားရှိုးကနေ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မေမြို့လွန်ပြီး မန္တလေး အဆုံး တရုတ်တွေ အခြေကျ သွားပါပြီ။ တခါ မြစ်ကြီးနား၊ ဗန်းမော်ဘက်နေ နည်းမျိုးစုံနဲ့ မန္တလေး တိုင်အောင် အဲဒီကမှ ရန်ကုန်မြို့တော် အထိ အနယ်နယ် အရပ်ရပ် မြန်မာပြည် တနံတလျား နှစ်ပေါင်း (၂၀) အတွင်း အကြီးအကျယ် ပျံ့နှံ့သွားခဲ့ပါပြီ။ စီးပွားရေးက လွဲလို့ “၀”တို့ ဘာမှ မမြင်ဘူး ဆိုတဲ့ တရုတ်လူမျိုးတွေနဲ့ အာဏာ တည်မြဲရေးနဲ့ ဆွေမျိုးတစု ကောင်းစားရေးကို အဓိက ထားကြတဲ့ နအဖ ခေါင်းဆောင်များနဲ့ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ ပေါင်းစည်း သွားကြရာကနေ ပေါ်ထွက်လာတဲ့ ရလဒ် ဆိုရင်လည်း လွန်အံ့မယ် မထင်ပါ။

ဒါကို တာဝန်ရှိသူများအနေနဲ့ မသိမဟုတ် သိရှိကြပါတယ်။ ဒါပေမယ့် ကာကွယ် တားဆီးရေး မပြုလုပ် ခဲ့ကြပါ ဘူး။ အမတ်ကြီး ဦးပေါ်ဦး လျှောက်တင်တဲ့ နောင်အနှစ် (၆၀) ကြာရင် ဘုရင်ကြီးရော၊ ဆင်ကြီးရော၊ အမတ်မင်းတို့ရော ဘယ်သူမှ ရှိကြတော့မှာ မဟုတ်တာ ဆိုတဲ့ ဆင်ဖြူ၊ ဆင်မဲ အဖြေမျိုးကို လက်ရှိ ပုဂ္ဂိုလ်များ လက်ကိုင်ထား အသုံးပြု နေကြတာပါ။ နယ်စပ်ကနေ တိုင်းတပါးသားတွေ ဖြတ်ကျော် ၀င်ရောက်ရာမှာ လာဘ်ပေး လာဘ်ယူမှုတွေ အမျိုးမျိုးနဲ့ အတူ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း တို့ကို ငွေပေး လုပ်ခဲ့တာတွေ အဆုံး။ နည်းမျိုးစုံသုံးပြီး လှိမ့်ဝင်လာခဲ့ကြတာပါ။ ဒီနေရာမှာ ပြည်တွင်းက သားချင်းတွေ ကတဆင့် ကြိုတင် စီစဉ်ပေးခဲ့ တာတွေလည်း ပါဝင်ပါတယ်။

၂၀၀၀ ပြည့်နှစ် ၀န်းကျင်တွေမှာ ရန်ကုန်လို နေရာမျိုးမှာပဲ မြန်မာစကား လုံးဝမတတ်တဲ့ တရုတ်တွေ အခြေခံပြီး လူကုန်ကူးမှုတွေ ရှိခဲ့ကြသလို မြန်မာ ပတ်စပို့ကို နည်းမျိုးစုံနဲ့ ရယူခဲ့ကြတာတွေ။ ရန်ကုန်က တဆင့်ပဲ သံရုံးကြီး တွေမှာ ဗီဇာရယူပြီး နိုင်ငံရပ်ခြား ဆက်လက် ထွက်ခွာသွားကြ သူတွေ အကြောင်းလည်း ကြားသိ တွေ့မြင်ခဲ့ရပါ တယ်။

တလောလေးကပဲ ပြည်ပရောက် မိတ်ဆွေတဦးက သူတိုရဲ့ ရန်ကုန်က ဘိုးဘွားပိုင်ခြံကို မြန်မာကျပ်ငွေ သိန်း (၁) သောင်းကျော်နဲ့ ရောင်းချ လိုက်ကြောင်း ပြောပြပါတယ်။ သူတို့ အနေနဲ့ ဈေးကောင်းရလို့ ၀မ်းသာနေ တဲ့ပုံပါ။ ကျနော့်အတွေးမှာတော့ အမိမြေ ပဲ့ပါသွားပြန်ပါလား လို့ပဲ မြင်လိုက် မိပါတယ်။ သေချာတာ တခုကတော့ ၀ယ်ယူသွားသူဟာ မြန်မာတိုင်းရင်းသား မဟုတ်တာတော့ အသေအချာပါပဲ။

တကယ်တော့ တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းပါ။ သူတို့ အဆိုအရ တဘက်ခြံက ကြက်တွန်သံကို ဒီဘက်ခြံက ကြားနေရ လောက်အောင်ကို နီးစပ်တယ် ဆိုပါတယ်။ လူဦးရေအရ ကမ္ဘာ့ လူဦးရေရဲ့ လေးပုံတပုံ နီးပါး ရှိသလို အဏုမြူ ပိုင်ဆိုင်တဲ့ ကုလသမဂ္ဂ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ အတွက် ကျနော်တို့ အနေနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ လိုအပ်သလို ကိုယ့်ရဲ့ အချုပ်အခြာ အာဏာအတွက်လည်း အင်မတန်မှ သတိ ထားဖွယ်ပါ။ နိုင်ငံတွေမှာဖြစ်ဖြစ်၊ မိသားစုတွေ ပိုင်ဆိုင်တဲ့ အိမ်တွေမှာ ဖြစ်ဖြစ်၊ မိမိရဲ့ လုံခြုံရေးအတွက် မိမိခြံစည်းရိုးကို လုံအောင် ကာကြရပါတယ်။

ဒီအတွက် နိုင်ငံမှာ တည်ငြိမ်တဲ့ စနစ်တခု၊ ခိုင်မာတဲ့ အစိုးရတရပ် ရှိဖို့ လိုအပ်သလို အဲဒီ အစိုးရမှာ တောင့်တင်း ခိုင်မာတဲ့ အင်အားရှိတဲ့ ခေတ်မီ တပ်မတော်တရပ် ရှိဖို့လည်း အထူး လိုအပ်နေပါတယ်။ ဒီထက် ပိုအရေးကြီးတာ ကတော့ ဒီ (၂) ဖွဲ့စလုံး အနေနဲ့ ပြည်သူလူထု တရပ်လုံးရဲ့ ထောက်ခံမှု အပြည့်အ၀ ရရှိ ထားဖို့က အရေးကြီးဆုံး လိုအပ် နေပြန်ပါတယ်။ ဒီကနေ့ ကျနော်တို့ နိုင်ငံမှာ ဒီ အခြေခံအချက်တွေ ကင်းမဲ့ နေပါတယ်။

နိုင်ငံရေးသိပ္ပံမှာ ဆိုရိုးစကားတခု မှတ်သားဖူးပါတယ်။ ကိုယ့်ခြံထဲကို လုံခြုံဖို့ အတွက် ပတ်ဝန်းကျင် ခြံထဲမှာ ပြဿနာ ဖော်ထားပေးဖို့ လိုအပ်ပါတယ်။ သူ့ဖာသာ ပြဿနာ ပေါ်နေတာ ဆိုရင်တော့ ထပ်ပြီးတော့ မြှောက်ပေး လိုက်ရုံပါပဲ။ တနည်းပြောရရင်တော့ တခြားသူ ကောင်းကောင်း မအိပ်နိုင်အောင် အိပ်ရာထဲ ကြမ်းပိုး ထည့်ပေးထားလိုက် သလိုပါပဲ။ တညလုံး လူးရင်း လှိမ့်ရင်းနဲ့ ကောင်းကောင်း မအိပ်ရဘဲ မိုးလင်းနေရ တာပါ။

ကျနော်တို့ နိုင်ငံရဲ့ ပြည်တွင်းပြဿနာတွေက လွတ်လပ်ရေး ရပြီးကတည်းက ပြန်ကြည့်ရင် မငြိမ်း သွားတဲ့အပြင် အသစ်အသစ်တွေ ပွားနေရတာပါ။ သတိထား ကြည့်ကြပါ။ ဘာကြောင့်ပါလဲ။ အဖြေကတော့ ကိုယ် အ လို့ ကိုယ်ခံရတာပါ။ တရားခံကတော့ မိမိတို့ ကိုယ်တိုင်ပါပဲ။ ဒါ့အပြင် မိမိတို့ ကိုယ်ကို ကြမ်းပိုး ဖြစ်မှန်း မသိ နေကြတဲ့ ပုဂ္ဂိုလ်တွေကြောင့်လည်း ပါပါတယ်။ နောက်တချက်ကတော့ အကျိုးအပြစ်ကို မမြင်တဲ့ ဆင်ခြင် စဉ်းစားဥာဏ်နည်းတဲ့ တလွဲ ဆံပင်ကောင်းတဲ့ စိတ်ဓာတ် လေးတွေကြောင့်လည်း တိုင်းပြည် ဒုက္ခများ နေရတာပါ။ တိုင်းပြည်ကို ဒုက္ခပေးတဲ့ အဖြစ် ရောက်နေကြတာပါ။ ဒီမှာ ထိပ်ဆုံးက ဒီကနေ့ တပ်မတော် ခေါင်းဆောင်များ ပါဝင်နေပါတယ်။

ကျနော့်အနေနဲ့တော့ ဘယ်လိုအခြေအနေ ရောက်ရောက်၊ ကျနော်တို့ မြန်မာတွေ “၀ယ်မအ” ကြပါနဲ့ လို့ပဲ သတိပေး ပါရစေ။ မြင်လွယ်တဲ့ အချက်တခု ကလည်း မြန်မာပြည်ဟာ တရုတ်ပြည် အတွက် ပင်လယ်ထွက် ပေါက် တခုပါ။ တဖက်မှာလည်း ယူနန်ပြည်နယ်ရဲ့ စားဝတ်နေရေး တချို့ကို မြန်မာပြည်က ပံ့ပိုး ပေးထားရ သလို ပါပဲ။ ကျနော်တို့ဆီက ကုန်ကြမ်း အမျိုးမျိုး စားသောက်ကုန် အပါအ၀င် ပေးလိုက်ရပြီး တဘက်က ပြန်လာတော့ အသုံးမလို၊ စွန့်ပစ်တော့မယ့် ပစ္စည်းအဟောင်းတွေ ဒလဟော ၀င်ရောက် နေတာပါ။ ကျနော်တို့ သွေးနဲ့ ချွေးနဲ့ ရင်းနှီးအားထုတ် လုပ်ကိုင်ထား ရသမျှ တရုတ်ပြည်ကို ပံ့ပိုးနေရ သလိုပါပဲ။ တိုင်းပြည်ရဲ့ အခြေအနေ အရ မြန်မာလူမျိုးတွေ ပြည်ပထွက်ရပြီး ဒုက္ခ ဝေနေရချိန်မှာ ပြည်တွင်းက ကိုယ့်နေရာ တွေမှာလည်း တိုင်းတပါးသားတွေ ၀င်ရောက် နေရာယူပြီး ကျန်ခဲ့တဲ့ ကိုယ့်သားချင်း တွေလည်း ဒုက္ခရောက် နေရပါပြီ။ တကယ်တော့ အရူးမီးဝိုင်း အဖြစ် တပူပေါ် နှစ်ပူဆင့် အဖြစ် ဖြစ်နေရတာပါ။

ဒီလိုပါပဲလေ။ တခြားသော နယ်စပ်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော ဒေသတွေမှာလည်း လူဝင်မှု ပြဿနာတွေ ဒုနဲ့ဒေးပါ။ လတ်တလော လူသိများလာတဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာက အကြီးအကျယ် ခြိမ်းခြောက် နေပြန်ပါပြီ။ ဒီတော့ ဒီအချက်တွေကို ခြုံငုံ သုံးသပ်ရင်ပဲ မြန်မာပြည်ရဲ့ အချုပ်အခြာ အာဏာဟာ တ၀က်လောက်တော့ ဆုံးရှုံးသွားပြီဆိုရင် မှားမယ်မထင်ပါ။

လက်ရှိအခြေအနေမှာ တပ်မတော် တရပ်တည်းနဲ့ ဒီတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဒါကို တပ်မတော်သားများ ရှင်းရှင်းလင်းလင်း သိရှိနားလည်ဖို့ လိုအပ်ပါတယ်။

တပ်မတော်ဟာ လက်တွေ့မှာ မိမိရဲ့ မူလ တာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးကို ကျေပွန်စွာ ထမ်းဆောင် နိုင်စွမ်း မရှိသလို ဘယ်သူကမှ အပ်နှင်း ထားတာ မဟုတ်တဲ့ ကိုယ့်ဘာသာ တာဝန်ယူထားတဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး တာဝန်တွေ ကိုလည်း ကျေပွန်ဖို့ ခက်ခဲနေပါတယ်။ တကယ်တော့ လက်တွေ့မှာ မအောင်မြင် တာတွေက အထင်အရှား သက်သေခံ နေပါတယ်။ ပြည်တွင်းမှာလည်း တိုင်းရင်းသား တွေရဲ့ အရေးကို ကာကွယ်ပေးဖို့ ပျက်ကွက်နေသလို အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေမှာ မြန်မာနိုင်ငံသားတွေ နှိပ်စက် ခံနေရတာတွေ၊ ဗိုလ်ကျခံနေရတာ၊ သတ်ဖြတ် ခံနေရတာတွေဟာ မကြားချင် အဆုံးပါ။ တည့်တည့် ပြောရရင် တပ်မတော် ဘယ်လောက် အင်အားရှိပါတယ် ပြောပြော လက်ရှိ အခြေအနေမျိုးကို ထိုင်းနိုင်ငံက နည်းနည်း လေးမှ ဂရုမစိုက်ပါ။ ဒါကြောင့်လည်း စော်ကားရဲတာပါ။ ခေတ်အဆက်ဆက် တဦးချင်းစီရဲ့ အကျိုး စီးပွားတွေ ရှိနေကြလို့သာ တနည်းပြောရရင် အချောင် စီးပွား ဖြစ်နေကြလို့သာ ချော့ပေါင်း နေကြတာပါ။

တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံက မကြာသေးခင်က ရေပိုင်နက် အကြောင်းပြုပြီး တိတိလင်းလင်း စော်ကား ခဲ့တာတွေဟာ လူမျိုး သိက္ခာကျလှပါတယ်။ ယခု ထပ်မံ ပေါ်ပေါက်လာတဲ့ ရိုဟင်ဂျာဆိုတဲ့ အရေးက လည်း အမိနိုင်ငံကို ချစ်တတ်ရင် ၀ိုင်းဝန်း ကာကွယ်ကြဖို့ လိုအပ်နေပါပြီ။ တကယ်တော့ ဒီဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ နှစ်စဉ် နိုင်ငံတကာကို လက်ဖြန့် တောင်းနေရပြီး နိုင်ငံတကာရဲ့ ပေးကမ်းစာ၊ လှူဒါန်း ထောက်ပံ့တာ တွေနဲ့ အဓိက ရပ်တည်နေရတာပါ။ ဒါပေမယ့် တကယ်လက်တွေ့မှာ ကျနော်တို့ နိုင်ငံအနေနဲ့ ဒီနိုင်ငံနဲ့ တပ်မတော်ချင်း မယှဉ်နိုင် ဖြစ်နေရပါပြီ။

ကျနော်တို့ လူမျိုးများ မညံ့ကြပါ။ အရည်အသွေး ကောင်းတွေ ရှိကြပါတယ်။ အခုလို ကမ္ဘာ့ လူဦးရေ အထူ ထပ်ဆုံး နိုင်ငံကြီး (၂) နိုင်ငံရဲ့အကြား နှစ်ပေါင်းများစွာ သမိုင်းတင် ရပ်တည် နေနိုင်ခဲ့တာ ကိုက ကျနော်တို့ မညံ့ကြောင်း အထင်အရှား ပြသခဲ့ပြီးပါပြီ။ တကယ်တော့ အဖြေရှာကြည့်ရင် ကျနော်တို့ အချင်းချင်း စည်းလုံး ညီညွတ်မှု ပြိုကွဲနေတာက အဓိက အကြောင်းအရင်းပါ။ အမှန်မှာ တပ်မတော်ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး သမားပဲ ဖြစ်ဖြစ်၊ ၀န်ထမ်းတွေ၊ ကျောင်းသားတွေ၊ ပညာရှင်အသီးသီးနဲ့ နောက်ဆုံး ရဟန်း သံဃာတော်များ အဆုံး မိမိတို့ရဲ့ မူလနေရာတွေမှာ ပြန်လည် ရပ်တည်ကြပြီး မိမိအလုပ် မိမိလုပ်ကြဖို့ပဲ လိုအပ်တာပါ။

ဒီကနေ့ တပ်မတော်ခေါင်းဆောင်များအနေနဲ့ မိမိတို့ နေရာကို မစွန့်လွှတ် နိုင်သေးရင်တောင် အနိမ့်ဆုံး အနေနဲ့ တပ်မတော်ကို သူ့ရဲ့ မူလတာဝန်ကို လွတ်လွတ်လပ်လပ် ပြန်လည် ထမ်းဆောင်ခွင့် ပေးလိုက်ပါ။ တပ်မတော်ကို ပြန်ပြီး အာဏာ သိမ်းထားခြင်း မလုပ်ကြ ပါနဲ့တော့။ ဒါအင်မတန် အရေးကြီးပါတယ်။ ပြီးရင် မိမိတို့ ဦးစီးဦးဆောင် ပြုနေတဲ့ အစိုးရ အဖွဲ့ထဲကို အတိုက်အခံ အန်အယ်လ်ဒီကို ထည့်သွင်းပေးပြီး အတူတကွ လက်တွဲ ဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဒါမှလည်း လူထု လက်ခံနိုင်တဲ့ ခိုင်မာတဲ့ အစိုးရတရပ် အနေနဲ့ တိုင်းပြည်ကို ကာကွယ် သွားနိုင်မှာပါ။ အန်အယ်လ်ဒီ အနေနဲ့လည်း တိုင်းပြည်အတွက် ဆိုရင် အားလုံးကို သင်ပုန်းချေပြီး လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိတယ်ဆိုတာ နှစ်ပေါင်းများစွာ ကတည်းက ပြောကြားထား၊ လက်ကမ်း ထားတာပါ။

ကွယ်လွန်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးကြည်မောင် ပြောကြားခဲ့တဲ့ စကားကို ကောက်ရရင် ကိုယ့်နိုင်ငံသားတွေ အချင်းချင်း ဘယ်လိုမှ ညှိနှိုင်း မရနိုင်စရာ မရှိပါဘူး။ တွေ့ဆုံဆွေးနွေး လိုက်ရင် အဖြေတခု ထွက်လာရမှာပါ။ ဒီမိုကရေစီ နိုင်ငံတော်ကို လျှောက်လှမ်း နေကြတယ် ဆိုထားကြတဲ့ အတွက် တူညီသောလမ်းပေါ် ရောက်နေကြတာပါ။ နှစ်ဖက်စလုံးက တိုင်းပြည် မျက်နှာကြည့်ပြီး အလျှော့ပေး လျှောက်လာကြရင် နှစ်ဦး ဆုံနိုင်တဲ့ ဆုံရပ်တခု ရှိကို ရှိပါတယ်။ အရေးကြီးတာက စပြီး လျှောက်လာကြဖို့ ပါပဲ။

အန်အယ်လ်ဒီဘက်ကတော့ အလျှော့ပေး လျှောက်လာတာ ကမ်းကုန် နေပါပြီ။ လက်ရှိ အစိုးရ ဘက်ကပဲ လျှောက်ဖို့ နည်းနည်းလောက်ပဲ ဖြစ်ဖြစ် လျှော့ပေးဖို့ လိုနေတာပါ။ တိုင်းပြည်အပေါ် တကယ် သစ္စာရှိရင် နေ့စဉ် ရွတ်ဆိုနေကြတဲ့ သစ္စာဓိဋ္ဌာန် မစူး စေချင်ရင်ပေါ့။ တပ်မတော်သားများလည်း ခေါင်းဆောင်များကို အမြန်ဆုံး နားချပေးဖို့ လိုအပ်နေပါပြီ။

တဖက်မှာလည်း ပြည်ပရောက် အတိုက်အခံများလည်း အချင်းချင်းစည်းလုံးမှုကို အမြန်တည်ဆောက်ပါ။ တဖက်ကို စောင့်မနေပါနဲ့။ ကိုယ်ကိုယ် တိုင်လုပ်နိုင်တာ၊ လျှော့နိုင်တာ မှန်သမျှ အမြန် ဆောင်ရွက်ပေးပါ လို့ပဲ တိုက်တွန်း ချင်ပါတယ်။ တိုင်းပြည်မျက်နှာ တခုတည်း ကြည့်လိုက်ရင် အားလုံး အဆင်ပြေ သွားလိမ့်မယ်လို့ ယုံကြည် မိပါတယ်။

တဆက်တည်း လူထုက လေးစားနိုင်တဲ့ အနေအထိုင်၊ အပြုအမူ၊ အပြောအဆို၊ ကိုယ်ရည် ကိုယ်သွေး ကောင်းများကို မွေးမြူကြပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်လိုမျိုး ကိုယ်ကျိုးစွန့် အနစ်နာ ခံနိုင်ဖို့လည်း အထူး လိုအပ်ပါတယ်။ အနိမ့်ဆုံး အနေနဲ့ ပြည်တွင်းမှာ အဖမ်းဆီး၊ အထိန်းသိမ်းခံ၊ ဆွေစဉ်မျိုးဆက် အနှိပ်စက် ခံနေရတဲ့ အချိန်မှာ မိမိတို့ကလည်း အခြေခံကျတဲ့ ကိုယ်ကျိုးစွန့် အနစ်နာ ခံမှုလေးတွေလောက် ပြသဖို့ လိုအပ်ပါတယ်။ အများက လေးစား ယုံကြည်လာဖို့၊ မိမိတို့ရဲ့ လုပ်ငန်းတွေ အောင်မြင်ဖို့၊ ယုတ်စွအဆုံး နိုင်ငံ ရေးနဲ့ ပတ်သက်တဲ့ ပွဲလေးတွေ လောက်မှာပဲ ဖြစ်ဖြစ်၊ အသောက်အစားတွေ ကင်းပြီး တိုင်းပြည် အကျိုးကို ဆောင်ကျဉ်း နိုင်ကြပါစေ။ အသောက်အစား ကုန်ကျမယ့် ငွေတွေကို စုဆောင်းပြီး အဖမ်းဆီးခံ၊ နိုင်ငံရေး အကျဉ်းသား မိသားစုများထံ ထောက်ပံ့မှု ပေးမယ်ဆိုရင်တောင် အများလေးစား နိုင်ကြမှာပါ။ ထိပ်ဆုံး NCGUB အဖွဲ့ လိုမျိုးက စပြီး ပြုပြင် နိုင်ကြစေဖို့ တိုက်တွန်း တောင်းဆိုပါတယ်။ အလွဲသုံးစားမှု လေးတွေလည်း ကင်းပြီး ရိုးသားဖြူစင် နိုင်ကြပါစေ။ နမူနာကောင်းတွေ ပြနိုင်ကြပါစေ။

ကျနော့်ရဲ့ တင်ပြချက်ကို အဆုံးသတ်ရရင် နောက်ဆုံးမှာ နိုင်ငံရဲ့ အပြောင်းအလဲကို တကယ်တမ်း ဖော်ဆောင်ရမှာ၊ အဆုံးအဖြတ်ပေးမှာက ပြည်သူလူထုပါ။ ပြည်သူလူထုလို့ ဆိုရာမှာ တိုင်းရင်းသား အားလုံး၊ ၀န်ထမ်းများ၊ ဒီအထဲမှာ တပ်မတော်သား များလည်း ပါဝင်နေပါတယ်။ ဒီတော့ အားလုံးကို ဘ၀တူတွေလို့ ရှုမြင်ပေးပါ၊ စည်းရုံးကြပါ၊ စည်းလုံးကြပါ။

လူထုမှာ ဘေးကျပ်နံကျပ်ရောက်နေပါတယ်။ အခြေခံ အကျဆုံး အချက် ငယ်လေးတွေက စပြီး ညီညွတ်မှုကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့ ကြိုးစားပေးကြပါ။ အထူးသဖြင့် ပြည်ပရောက် ၀န်ထမ်းများကိုလည်း အထူး စည်းရုံးပေးပါ။ တပ်မတော်သား တွေဟာလည်း ပြည်သူက ပေါက်ဖွားလာတာပါ။ သူတို့ကိုလည်း တိုက်ရိုက်ရော၊ သူတို့ရဲ့ မိဘဆွေမျိုး နီးစပ်ရာ တွေကတဆင့် နားဝင်အောင် ပြောဆို စည်းရုံးကြပါ။ လူတိုင်း ၀ိုင်းပြီး စည်းရုံးရေး ဆင်းကြရင် အမြန်ညီညွတ် လာမှာပါ။ ဒါဟာ မလွဲမသွေ ဆောင်ရွက် သင့်တဲ့ သမိုင်းပေး တာဝန်တရပ်ပါပဲ။

ပြည်ပရောက်အဖွဲ့ အစည်းတွေ အနေနဲ့လည်း လူကြား ကောင်းရုံ၊ စားကောင်း သောက်ကောင်းရုံ၊ အလုပ်ဖြစ်တယ် ဆိုရုံလောက် ပြောဆို လုပ်ကိုင်နေကြမယ့် အစား ကျယ်ပြန့်တဲ့ လူထု လူတန်းစား အသီးသီး ပါဝင်နိုင်မယ့် ပြည်တွင်း အပြောင်းအလဲကို အမှန်တကယ် တွန်းအားပေးနိုင်တဲ့ အခြေခံအကျဆုံး၊ အရိုးဆုံး အရှင်းဆုံး နည်းဗျူဟာငယ်တွေ သုံးပြီး စဉ်းစား ဆောင်ရွက်ပေးကြပါ။ ရိုးသားကြပြီး တိုင်းပြည်နဲ့ လူမျိုး အပေါ် အမှန်တကယ် သစ္စာရှိကြဖို့ကို အနူးအညွတ် တိုက်တွန်းပါရစေ။ ပြည်ပရောက် နိုင်ငံရေး ခေါင်းဆောင်များ အပေါ် မယုံကြည်နိုင်ကြလို့ ဘေးရောက်နေကြတဲ့ အင်အားတွေ ဒုနဲ့ဒေးပါ။ မိမိတို့ကိုယ်တိုင် နမူနာပြနဲ့ စတင် ဆောင်ရွက်နိုင်ကြရင် အင်အားစုတွေ စည်းလုံးမိကြမှာပါ။ ဒီလိုနဲ့ပဲ ပြည်တွင်းပြည်ပမှာ ပြည်သူ့အားတွေ တစည်း တလုံးထဲ ပေါင်းစည်း မိသွားရင် ငြိမ်းချမ်းတဲ့ အပြောင်းအလဲ တရပ် အမြန် ပေါ်ပေါက်လာရမှာပါ။

ကျနော့်အနေနဲ့ တင်ပြလိုရင်းဆန္ဒသည် မည်သည့် ပုဂ္ဂိုလ် တဦးတယောက်ကိုမှ ပျက်စီးစေရန် မရည်ရွယ်ပါ။ တပ်မတော် အပါအ၀င် ရှိရှိသမျှသော မြန်မာနိုင်ငံသားတွေ အချင်းချင်း စည်းလုံး ညီညွတ်မှုကို အမြန်ဆုံး တည်ဆောက်ပြီး ရှေးဘိုးဘွား အစဉ်အဆက် တည်ဆောက် ထိန်းသိမ်းလာခဲ့တဲ့ အမိ မြန်မာပြည်ရဲ့ မြေပုံကို အသွင် သဏ္ဌာန်အရရော၊ အနှစ်သာရ အနေနဲ့ပါ ပြောင်းလဲမှု မရှိအောင် လက်ဆင့်ကမ်း ထိန်းသိမ်းနိုင် ကြဖို့ အတွက် ကျနော်တို့အားလုံး “အရေးကြီးနေပြီ သွေးနီးကြပါစို့” လို့ အလေးအနက် တိုက်တွန်းတောင်းဆို လိုက်ရပါတယ်။

အမိမြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာ၍ ကမ္ဘာ့အလယ် ၀င့်ဝင့်ထည်ထည်နှင့် အမြန်ဆုံး ရပ်တည် နိုင်ပါစေကြောင်း ဆုမွန် တောင်းလိုက်ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

Friday, February 13, 2009

တရုတ်များ မိုင်ဂျာယန်ကို စွန့်ခွာ

ဆော်လမွန်
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 13 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ တရုတ်-မြန်မာနယ်စပ် မြန်မာဘက်ခြမ်းရှိ မိုင်ဂျာယန် မြို့လေးသို့ တရုတ်နိုင်ငံက ပေးဝေနေသည့် လျှပ်စစ်မီးနှင့် တယ်လီဖုန်း လိုင်းများကို ဖြတ်တောက် လိုက်သဖြင့် တရုတ်စီးပွားရေး သမားများ ထောင်နှင့်ချီ၍ မြို့ကို စွန့်ခွာကာ တရုတ်ပြည်မကြီး ဘက်သို့ ယခုရက်ပိုင်းအတွင်း ထွက်ခွာသွားကြသည်။

ယခုလဆန်းပိုင်းမှစတင်၍ လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ပြီးနောက်ပိုင်း တရုတ်လူမျိုး စီးပွားရေးသမား ထောင်ပေါင်း များစွာသည် မြို့ကို စွန့်ခွာကာ တရုတ်ပြည် ဒေသအနှံ့သို့ ထွက်ခွာသွားကြောင်း ဒေသတွင်း သတင်းရပ်ကွက် များက ပြောဆိုကြခြင်း ဖြစ်သည်။

တရုတ်-မြန်မာနယ်စပ်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးမြမောင်က "အနည်းဆုံး တရုတ်လူမျိုး ၇ဝဝဝ လောက် ဖေဖော်ဝါရီလ ၅ ရက်နေ့ ကတည်းက မြို့ကနေထွက်ပြီး တရုတ် ပြည်မကြီးထဲ ပြန်ဝင်သွားကြပြီ" ဟု ပြောသည်။

လျှပ်စစ်နှင့် တယ်လီဖုန်းလိုင်း ဖြတ်တောက် ခံရမှုကြောင့် လုပ်ငန်း ငယ်လေးများမှာ အခက်အခဲ တွေ့ကြရာ အထူးသဖြင့် ကာစီနို လောင်းကစား ဝိုင်းများမှာ အထိခိုက်ဆုံး ဖြစ်ကြောင်းနှင့် ကာစီနိုများ ပိတ်လိုက်ရသဖြင့် မြို့၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက် စေကြောင်း သူက ဆက်ပြောသည်။

"လျှပ်စစ်လည်းမရ၊ ဖုန်းလည်းပြတ်တော့ ကာစီနိုတွေက ဆက် မလုပ်နိုင်တော့ဘူး။ တခြားစီးပွားရေး လုပ်ငန်းတွေလည်း ဒီလိုပဲ။ ဆက် မလည်ပတ် နိုင်တော့ဘူး။ ဒါကြောင့် ဒီကနေ ထွက်သွားကြတာ" ဟု ဦးမြမောင်က သူ့ထင်မြင်ချက်ကို ပြောသည်။

မိုင်ဂျာယန်မြို့သည် တိုင်းရင်းသား ကချင် သူပုန်အဖွဲ့ဖြစ်သော ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ၏ ထိန်းချုပ်မှု အောက်တွင် ရှိသည်ဟု နယ်စပ် သတင်းရပ်ကွက်များက ပြောသည်။ သို့သော် မြန်မာ စစ်အစိုးရနှင့် အပစ်ရပ် KIO သည် ကာစီနို အပါအဝင် စီးပွားရေးလုပ်ငန်း အားလုံးကို တရုတ် စီးပွားရေးသမား များနှင့် ကန်ထရိုက် စာချုပ်များ ချုပ်ဆိုကာ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးထားသည်။

KIO သည် တရုတ်စီးပွားရေးသမားများကို မိုင်ဂျာယန်တွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် ပေးထားသည့် အတွက် ၎င်းတို့ထံမှ အနည်းဆုံး တနှစ်လျှင် တရုတ်ယွမ်ငွေ ၆ သန်းအထိ ရရှိသည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

၁၉၉ဝ စုနှစ်များက လူဦးရေ ၁ဝဝဝ ခန့်သာရှိသော မိုင်ဂျာယန် ရွာကလေးမှာ KIO ထိန်းချုပ်ထားသည့် နေရာတွင် တည်ရှိပြီး၊ ဝေးလံ ခေါင်းပါးကာ ခေတ်နောက်ကျသော ဒေသတခုသာ ဖြစ်ခဲ့သည်။

သို့သော် ၁၉၉၄ ခုနှစ်၌ KIO က စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက်၊ ဤ ရွာသိမ် ရွာငယ်လေးသည် ကာစီနိုဝိုင်းများ၊ အခြား စီးပွားရေး လုပ်ငန်းများနှင့် ပြည့်နှက်နေသည့် စီးပွားရေး ဗဟို အချက်အချာဒေသ ဖြစ်လာသည်။

"မိုင်ဂျာယန်မှာ ကာစီနိုလောင်းကစားဝိုင်းတွေက လွန်ခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်လောက် ကတည်းက စခဲ့တာ" ဟု ဦးမြမောင်က ပြောသည်။

တရုတ်အာဏာပိုင်များက လျှပ်စစ်မီးနှင့် တယ်လီဖုန်းလိုင်းများ မည်သို့သောကြောင့် ဖြတ်ပစ်လိုက်သည် ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးပါ။ ဦးမြမောင်က တရုတ် လူငယ်များကို ပြန်ပေးဆွဲကာ ကချင်ပြည်နယ် အတွင်းသို့ ခေါ်ဆောင်သွားသည် ဟူသော သတင်းများကြောင့် ဖြစ်နိုင်ကြောင်း ဆိုသည်။

တရုတ်လူငယ်အချို့ ပြန်ပေးဆွဲခံရကာ မြန်မာနိုင်ငံအတွင်း ခေါ်ဆောင်သွားကာ ပြန်ပေးငွေ တောင်းခံခဲ့သည်ဟု တရုတ် သတင်းစာများတွင် အစောပိုင်းက ရေးသားဖော်ပြခဲ့သည်။ သို့သော် ဤသတင်းနှင့် ပတ်သက်၍ သီးခြားလွတ်လပ်သည့် အတည်ပြုချက် မရရှိသေးပါ။

Ref: မဇ္ဈိမ

Read More...

ခပ်ညံ့ညံ့ မြန်မာဆန် ကမ္ဘာ့ဈေးကွက် အရောင်းသွက်

NEJ / ၁၃ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာ့ဆန်မှာ အရည်အသွေးညံ့သည့်တိုင် အာဖရိကမှ အ၀ယ်လိုက်နေသည့် အတွက် ဇန်န၀ါရီလမှ စပြီး တန်ချိန် (၄၀၀,၀၀၀) ထိ အရောင်းသွက် နေသည်ဟု အာရှဒေသတွင်းရှိ ဆန် ကြိုရောင်း ကြိုဝယ်သမားများက ပြောသည်။

ဗီယက်နမ်ဆန်က တတန်ကို ကန်ဒေါ်လာ (၃၄၈) မှ (၃၅၃) ဒေါ်လာထိ ရောင်းနေချိန်တွင် ဆန်အကျိုး (၂၅) ရာနှုန်းပါသည့် မြန်မာဆန်ကို တတန် ကန်ဒေါ်လာ (၂၇၀) မှ (၂၈၀) ထိ ချရောင်းသည့်အတွက် ယခုကဲ့သို့ အရောင်း တက်လာခြင်း ဖြစ်သည်ဟု ဆို၏။ ၂၀၀၈ ခုနှစ် နာဂစ် မတိုင်ခင် ဧပြီလ မြန်မာဆန် ပြည်ပရောင်းသည့် ပမာဏမှာ တန်ချိန် (၁၀၀,၀၀၀) ၀န်းကျင်ရှိသည်။

ထိုင်းဆန်ပြည်ပပို့သည့်နှုန်း လျှော့ချရန်ပြင်နေချိန်တွင် မြန်မာနှင့် အိန္ဒိယက ပြည်ပဆန် တင်ပို့မှုကို တိုးရန် လျာထားနေသည်။ အမေရိကန် လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်အရ ဆိုလျှင် ၂၀၀၉ ခုနှစ် အတွက် ကမ္ဘာ့ ဆန်ရောင်းဝယ်မှု ပမာဏမှာ တန်ချိန် (၂၉.၅) သန်းသာရှိသည့် အတွက် ၂၀၀၇ ခုနှစ်က မှန်းထားချက်ထက် (၈) ရာနှုန်း ကျဆင်းသွားသည်။

ဆန်ဈေးတက်လာသည့်အချက်၊ ဆန်တင်ပို့မှု ထိန်းချုပ်လာသည့် အချက်တို့ကြောင့် ၂၀၀၇ ခုနှစ်မှစပြီး ကမ္ဘာ့ ဆန်ရောင်းဝယ်မှု ပမာဏ ကျဆင်းလာသည်။

ဖေဖော်ဝါရီလတွင် ထုတ်ပြန်သည့် အမေရိကန် လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာန အစီရင်ခံစာအရ ထိုင်းနိုင်ငံမှ ပြည်ပ ဆန်တင်ပို့မှုကို တန်ချိန် (၅၀၀,၀၀၀) လျှော့ချခဲ့သည်။ အဓိက အချက်မှာ ပြိုင်ဘက် ဗီယက်နမ်က ဆန်တိုးပြီး တင်ပို့လာမှာ စိုးရိမ်သည့် အတွက် ဖြစ်သည်။

အမေရိကန်ကလည်း ၂၀၀၉ ခုနှစ်အတွက် ဆန်တင်ပို့မှု (၅၀,၀၀၀) လျှော့ချသည်။ သို့သော် ထိုလျှော့ချသည့် ပမာဏမှာ မြန်မာနိုင်ငံက ဆန်တန်ချိန် (၃၀၀,၀၀၀) တိုးပြီး တန်ချိန်စုစုပေါင်း (၅၀၀,၀၀၀) ထိ တင်ပို့မည့် အချက်၊ အိန္ဒိယကလည်း ဆန်တိုးပြီး တင်ပို့မည့်အချက် တို့ကြောင့် ပြန်ထေမိ သွားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာရှေးဟောင်းပစ္စည်းတွေ ဒီလိုခိုးထုတ်ပါတယ်

(သတင်းဆောင်းပါး)
ရဲရင့်မြင့်မောင်/ ၁၃ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံတွင် စစ်အစိုးရများအဆက်ဆက် စီးပွားရေးတောက်လျှောက် ကျဆင်းလာပြီး လူမူရေး ဘက်မှာလည်း အကျင့် စာရိတ္တ ပျက်ပြားမှုများ တိုးမြင့်လာသည့် အပြင် မြန်မာ စစ်အစိုးရ များကလည်း ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေး၊ သာသနာ စောင့်ထိန်းရေး ပိုင်းများတွင် လစ်ဟင်း ညံ့ဖျင်းမူများ ရှိလာသည်။ နောက်ဆက်တွဲ အဖြစ် မြန်မာပြည်မှ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်း ပစ္စည်းများမှာ နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င် ခိုးထုတ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သော်လည်း မြန်မာ အာဏာပိုင်များ အဆင့်ဆင့် ပါဝင်ပတ်သက်မူကြောင့် ယနေ့ထိတိုင် အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ပုံမှန်လုပ်ကိုင်လျက် ရှိကြသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်မှ ထိုင်းဘက်သို့ ရှေးဟောင်းပစ္စည်းများ တရားမ၀င် တင်သွင်းရာတွင် မြန်မာ အာဏာပိုင်များနှင့် ထိုင်းအာဏာပိုင် များကိုလည်း ညှိနှိုင်းထားရကြောင်း၊ ညှိနှိုင်းမူမရှိဘဲ ခိုးသွင်းပါက ထိုင်း အကောက်ခွန် ဌာနက ပစ္စည်းများသိမ်းယူပြီး ရှေးဟောင်းပစ္စည်းများ ဟုတ်မဟုတ် စစ်ဆေးပြီးနောက် တရားဝင် လေလံတင်၍ ပြန်လည်ရောင်းချကြောင်း ရှေးဟောင်းကုန်သည် တဦးက ရှင်းပြသည်။

“မြ၀တီကတဆင့် ရှေးဟောင်းပစ္စည်းတွေကို ညဘက် လူခြေတိတ်ချိန်မှာ လှေတွေနဲ့ ထိုင်းဘက်ကို ပို့ရတယ်။ ကိုယ့်ဆီက ကိုယ်တော်တွေကို ပေးရသလို ထိုင်းဘက်က ကိုယ်တော်တွေကိုလည်း ပေးရတာပဲ။ အဲလိုမလုပ် လို့ကတော့ အချုပ်ရောက်၊ ဂတ်ရောက်၊ ထောင်ရောက်နဲ့ တော်ရုံနဲ့ နာလန်ပြန်ထူနိုင်မှာ မဟုတ်ဘူး။ ရှေးဟောင်း ပစ္စည်းသယ်တဲ့ မြန်မာကုန်သည်တွေ ထိုင်းမှာ နှစ်ရှည်ထောင်ဒဏ် ကျနေတာတွေ အများကြီး ရှိတယ်” ဟု ရှင်းပြသည်။

၎င်းက “အခုနောက်ပိုင်း ရှေးဟောင်းဘုရားတွေ ရှာရတာခက်သွားပြီး ဘုရားဝယ်တဲ့ သူတွေလည်း ရှေးဟောင်း လူသုံးကုန်တွေ ဘက်ကို လမ်းကြောင်းပြောင်းပြီး အလုပ်လုပ်ကြရတယ်။ ရှေးဟောင်း တိုင်ကပ်နာရီ ဘီဒို၊ စားပွဲ၊ ကုလားထိုင်၊ တရားဟောပလ္လင်၊ တူရိယာပစ္စည်း၊ ရုပ်သေး ရုပ်နတ်ရုပ်တွေ ဘက်ကို ပြောင်းလုပ်ကြတယ်။ ဒါတွေကြတော့ တနိုင်ငံလုံးမှာ လိုက်ဝယ်လို့ ရတာကိုး၊ ရန်ကုန်မှာ စုထားပြီး ကားတွေနဲ့ မြ၀တီဘက်ကို သယ်ရတယ်။ အားလုံး အေးအေးဆေးဆေး သယ်လို့ရတယ်။ ဘာပြဿနာမှ မရှိဘူး။ လမ်းခရီးမှာ ဒီလောက်များတဲ့ ဂိတ်တွေကို ဖြတ်ဖို့အတွက် ကြိုတင်ဆက်သွယ် ပေးကမ်းထားတာ မရှိရင် ဘယ်လိုမှ ခရီးမပေါက်နိုင်ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်ပသို့ လက်မှုထည်များတင်ပို့ရာတွင် လုပ်ငန်းရှင်များ အနေဖြင့် လုပ်ငန်း လိုင်စင်များ လျှောက်ထားရပြီး ရှေးဟောင်းပစ္စည်း မဟုတ်ကြောင်း ကတိခံဝန်ချက်ဖြင့် လျှောက်ထားရန် လိုသည်ဟု ပို့ကုန် လုပ်ငန်းဌာနမှ သတ်မှတ်ထားသည်။ လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပသို့ ရှေးဟောင်းနှင့် လက်မှုပစ္စည်းများ တင်ပို့ရခြင်းနှင့်ပတ်သက်၍ မြန်မာရှေးဟောင်း ပစ္စည်းကုန်သည်တဦးက “ဥပဒေကတော့ အမျိုးမျိုး ပြောင်းနေ တာပဲ။ အရင်ကဆိုရင် လက်မှုပစ္စည်း တင်ပို့မှုကို ရှေးဟောင်း သုတေသန ဦးစီးဌာနရဲ့ ထောက်ခံချက် ယူရတယ်။ အခုမလိုတော့ဘူး။ ဒါပေမယ့် လိုင်စင်လျှောက်ရင်တော့ ရှေးဟောင်းပစ္စည်း မဟုတ်ကြောင်းကိုတော့ ၀န်ခံလက်မှတ် ရေးထိုးရတယ်။ ဒါကလည်း တကယ်အလုပ် မဖြစ်တဲ့ကိစ္စကြီးပါ။ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်း တွေဟာ သူ့နည်းသူ့ဟန်နဲ့ အောက်လမ်းကနေပဲ နယ်စပ်ကို ထွက်နေတာပါ။ တနိုင်ငံလုံးက အာဏာပိုင်တွေ ပါဝင်ပတ်သက်လို့ မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်းတွေ အများစုဟာ ထိုင်းနိုင်ငံကတဆင့် အခြားနိုင်ငံ အတော်များများကို ရောက်သွားတာ ကုန်သလောက်ဖြစ်နေပြီ” ဟု ပြောသည်။

ယခုနှစ်ဆန်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်တွင် “ဗုဒ္ဓဘား” အမည်ရှိ အဆင့်မြင့် ယမကာဆိုင် ဖွင့်လှစ်ခဲ့ရာ မြန်မာလက်ရာဟု ယူဆရသည့် ဗုဒ္ဓ ရုပ်ပွားတော်ကြီးတဆူ အပါအ၀င် မြန်မာ၊ ထိုင်း ရုပ်ပွားတော်များကို ဆိုင်ခန်းအပြင်အဆင် အဖြစ် ချထားပုံကို တိုင်းမ်မဂ္ဂဇင်းတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြ ထားသည့်အတွက် ပြဿနာတွေ တက်ခဲ့ဖူးသည်။

မဲဆောက်၊ မြ၀တီ ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်းအောက်ရှိ မြန်မာရှေးဟောင်း ပစ္စည်း အရောင်းဆိုင်တွင် တလလျှင် အနည်းဆုံး သုံးလေးကြိမ်ခန့် မြန်မာနိုင်ငံဘက်မှာ မြန်မာ ဘုန်းတော်ကြီးများ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် အသေးလေးများ လာရောက်ရောင်းချရာ နှစ်လက်မ၊ သုံးလက်မ ရုပ်ပွားတော်တဆူလျှင် ဘတ်ငွေ (၁,၀၀၀) မှ (၂,၀၀၀)အထိ ရရှိကြသည်။

အချို့မြန်မာဘုန်းကြီးများမှာ ဈေးမတည့်ဘူးဟုဆိုကာ ချစ်ကြည်ရေးတံတား အနီးရှိ ရှေးဟောင်းဆိုင်များသို့ တဆိုင်ဝင် တဆိုင်ထွက် လိုက်လံရောင်းချရာ ရှေးဟောင်းဆိုင်များတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာ အလုပ်သမားများက “တကယ်မျက်နှာပူဖို့ ကောင်းတယ်ဗျာ။ လူပုဂ္ဂိုလ်တွေလုပ်တာက တမျိုးပေါ့၊ အခုလို သင်္ကန်းဝတ်တဲ့ မြန်မာဘုန်းကြီးတွေ ဒီကိစ္စမျိုး မလုပ်သင့်ဘူး။ အဲ့ဒီဘုန်းကြီးတွေကို ဘာလို့ဘုရားလာ ရောင်းရတာလဲလို့ လျှောက်တော့ ကျောင်းဝေယျာဝစ္စ အတွက် ကျောင်းပြင်ဖို့ ဘုရားတည်ဖို့ ဆိုပြီး အလှူလာခံ တာပါလို့ ပြောတယ်။ အင်မတန်ကို ရှက်ဖို့ကောင်းပါတယ်” ဟု ပြောသည်။

ယခင်က မဲဆောက်မြို့တွင် ရှေးဟောင်းဘုရားများ လာရောင်းသည့် မြန်မာ ဘုန်းတော်ကြီးများနှင့် အခကြေးငွေ ယူ၍ စိတ်ကြွဆေး ခေါ် (ယာဘ) ဆေးပြားများ အလုံးရေ သိန်းနှင့်ချီ၍ သယ်ဆောင်ပေးသော မြန်မာဘုန်းကြီး များကိုလည်း မဲဆောက်အာဏာပိုင်များက ဖမ်းဆီးရမိခြင်းများ ရှိခဲ့သည်။

မြ၀တီခရိုင်၊ မြ၀တီမြို့ရှိ မိကျောင်းကုန်းဘုန်းတော်ကြီးကျောင်းမှ ဆရာတော် ဦးဝိရောဇနသည် ခရိုင်သံဃာ့ နာယကအတွင်းရေးမှူးနှင့် ခရိုင် သံဃာ့စည်းကမ်း ထိန်းသိမ်းရေးတာဝန်ခံ ဖြစ်သော်လည်း မြ၀တီမြို့သို့ ကြွရောက်လာသည့် သာသနာဝင်များအား ကြီးကြပ်မှု အားနည်း ပေါ့လျော့နေသည့်အတွက် သံဃာ့ဝိနည်းနှင့် ကိုက်ညီမူ မရှိဘဲ ဘာသာရေးကို ဗန်းပြ၍ ထိုင်းနိုင်ငံသို့ ကိုယ်ကျိုးအတွက် လာရောက်ကြ သည့် ရဟန်းနှင့် သီလရှင်များအား သာသနာအကျိုး မျှော်ကိုး၍ ကြပ်မတ် စစ်ဆေးသင့်သည်ဟု မြ၀တီမြို့ခံတဦးက ပြောသည်။

မြ၀တီမြို့မှ ထိုင်းဘက်သို့ ရှေးဟောင်းပစ္စည်း ပို့သည့် မြန်မာအလုပ်သမား ခေါင်းဆောင်တဦးက “ထိုင်းသူဌေး တွေက သူတို့ကားတွေနဲ့ အရန်သင့် လာစောင့်တယ်။ ပစ္စည်းကိုတော့ ညဘက်ပဲ သယ်ရတယ်။ နှစ်ဖက် အာဏာပိုင်တွေ ကိုတော့ ညှိထားပြီးသားဖြစ်တယ်။ ပစ္စည်းရောက်တာနဲ့ တခါတည်း သယ်သွားတာပဲ။ တချို့ဆိုရင် ကျနော်တို့ မတွေ့ဖူးတဲ့ လူနှစ်ဖက်စာလောက်ရှိတဲ့ ရှေးဟောင်းမောင်းကြီးတွေ၊ ပေစာထုပ်တွေ၊ ကြေးစည်ကြီးတွေ အစုံပဲ။ အဲဒီအပေါ်မှာ ကဗ္ပည်းထိုး ထားတာ ပါဠိလိုချည်းပဲ၊ တကယ်နှမြောဖို့ ကောင်းတယ်။ ဒါပေမယ့် ငါ့ဝမ်းပူဆာမနေသာ ကိန်းဆိုက်ကုန်ပြီး အခုလို ထိုင်းဘက်ကို ရှေးဟောင်းပစ္စည်းတွေ ပို့တာ။ အဆက်အသွယ် မရှိလို့ကတော့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ သွင်းရင်တောင် ထိုင်းကာစတန်က ဖမ်းတယ်။ ဒီလိုရှေးဟောင်းတွေ ကျတော့ ညဘက် ဘယ်သူမှ စစ်တာဆေးတာ မရှိဘူး။ ဟိုဘက်ဒီဘက် မီးစိမ်းပြဖို့ပဲလို တယ်။ အခု နောက်ပိုင်း ရှေးဟောင်း ဘုရားဆင်းတုတော်တွေက နည်းသွားပေမယ့် လူသုံးကုန်တွေ ကတော့ ဒီနေ့အထိ ထိုင်းကိုဝင်နေဆဲပဲ။ ဥပမာ- အင်္ဂလိပ်ခေတ်က ရုပ်ရှင်ရိုက်စက်တွေ၊ ရုပ်ရှင်ပြစက်တွေဆိုရင် ထိုင်းတွေက မတန်မရာဈေးပဲ ပေးတယ်။ ရှေးဟောင်းပစ္စည်းက အမှန်အကန် ဆိုပေမယ့် သူခိုးဈေးနဲ့ လာရောင်းသလို ဖြစ်တော့ အနှိမ်ခံရတာပေါ့။ ကုန်သည်တွေ အပြောအရ ဆယ်ချိုးတချိုးပဲ ရတယ်။ ထိုင်းဘက် ရောက်တဲ့ပစ္စည်းကို ပြန်သယ်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူး။ အခြား ရှေးဟောင်းပစ္စည်းတွေ ဖြစ်တဲ့ မှန်စီရွှေချစားပွဲ၊ ကုတင်၊ သလွန်၊ ကြေးမုံပြင်၊ မှန်တင်ခုံ တွေကအစ ရရာဈေးနဲ့ ရောင်းနေရတော့ တဖက်ဝယ်လက်က မြိုးမြိုးးမြက်မြက် ရတဲ့ သဘောမျိုးရှိတယ်” ဟု ၎င်း၏ လုပ်ငန်း အတွေ့ အကြုံအား ရှင်းပြသည်။

၂၀၀၉ ခုနှစ်အစမှာ မြန်မာနိုင်ငံ ရဲဌာနာချုပ်ရုံး နိုင်ငံဖြတ်ကျော်မူခင်းဌာနက ညွှန်ကြားရေးမှူး ရဲမှူးကြီး စစ်အေးက အာဆီယံဒေသတွင်း ရှေးဟောင်း ယဉ်ကျေးမူ ပစ္စည်းများကို တရားမ၀င် လွှဲပြောင်းခြင်း၊ ကူးသန်း ရောင်းဝယ်ခြင်း များကိုတားဆီးရန် ဥပဒေများ ပြဋ္ဌာန်းလိုက်သည်ဟု ပြောသည်။ ပြည်တွင်းတွင်လည်း ရှေးဟောင်း ယဉ်ကျေးမူ ကာကွယ် ထိန်းသိမ်းမူနှင့်ပတ်သက်၍ ဥပဒေ ပြဋ္ဌာန်းရန် လိုကြောင်း၊ ဆင်းရဲသည့် နိုင်ငံများမှ ရှေးကျသည့် ပစ္စည်းများကို ဈေးကောင်းရလျှင် ရောင်းချမှုများ ရှိနေသည့်အတွက် အမျိုး ဂုဏ်သိက္ခာနှင့် ဆိုင်သည့်ရှေး ဟောင်းပစ္စည်းများကို ကာကွယ် ထိန်းသိမ်းရန် လိုသည်ဟု ပြည်တွင်းထုတ် ဂျာနယ်တစောင်တွင် ဖော်ပြထားသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ မဲဆောက်မြို့တွင် ကိုယ်ပိုင်ရှေးဟောင်း ပစ္စည်းဆိုင် ဖွင့်ထားသည့် မြန်မာတဦးက “ဒါကတော့ လူကြားကောင်းအောင် ပြောတာပဲ။ မြန်မာပြည်က ရှေးဟောင်းပစ္စည်းတွေ ထိုင်းကိုဝင်လာတာ ကုန်သလောက် ဖြစ်သွားပြီ။ ထိုင်းကလည်း ရှေးဟောင်းဆိုရင် ကုလားလက်ဖက်ရည်ဆိုင်က ရေနွေးတည်တဲ့ ဆမားဒိုးလို ရှေးဟောင်းအိုးကအစ ၀ယ်တယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်၊ မြ၀တီမှာ သိသိသာသာဖြစ် တာက ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ လူတွေက စားဝတ်နေရေး အတော့်ကို ဒုက္ခရောက်ကြတော့ အဲ့ဒီနောက်ပိုင်း ၀င်လိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေ ဘယ်မှာဖမ်းတာ ဆီးတာရှိလို့လဲ။ ဘားအံဂိတ်၊ ကော့ကရိတ်၊ မြ၀တီဂိတ်နဲ့ ရှိသမျှဂိတ်တွေကို ငွေနဲ့သာခင်းစမ်းပါ။ သယ်ချင်ရာ သယ်လို့ရတယ်။ မြန်မာ ရှေးဟောင်းဘုရားနဲ့ ပစ္စည်းတွေ အောက်လမ်းကနေ နိုင်ငံခြားကို ထွက်တာ မြ၀တီ၊ မဲဆောက်လမ်းဟာ အလွယ်ကူဆုံးပဲ။ ခေတ်စနစ်က မကောင်းတော့ လူတွေငတ်ကြတယ်။ မိသားစု စားဝတ်နေရေးအတွက် ရရာ ရှိရာရောင်းပြီး ဖြေရှင်းနေရတယ်။ သူတို့ပြောတဲ့ မျိုးချစ်စိတ်တို့ အမျိုးဂုဏ်၊ ဇာတိဂုဏ် ဆိုတာတွေက ကိုယ်လည်း သူတို့လို နေရာတွေမှာ နေရမယ်ဆိုရင် ပြောနိုင်ပါတယ်” ဟု ဆိုသည်။

မဲဆောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ကိုးကွယ်ရန်အတွက် စကျင်ကျောက်ဖြင့် ထုလုပ်ထားသည့် ကျောက်ဆင်းတုများကို မန္တလေးမှ ပင့်ဆောင်လာရာတွင် မြ၀တီမြို့တွင် ကြုံတွေ့ရ သည့်အခက်အခဲများနှင့် ပတ်သက်၍ “မြ၀တီအာဏာပိုင်တွေဟာ သူတို့နဲ့ မညှိရင် ကျောက်ဆင်းတု ရုပ်ပွားတော်တောင်မှ သယ်ခွင့်ပြု တာမဟုတ်ဘူး။ ဒါတောင်မှ ဘုန်းကြီးကျောင်း အတွက် ကိုးကွယ်ဖို့ ပင့်လာတာ။ ထိုင်းဘက်ကလည်း မညှိလို့ ကတော့ ပြေးနိုင်မှ လွတ်မယ့် သဘောရှိတယ်။ ဒီလိုဖြစ်ရတာကလည်း အလွဲသုံးစား လုပ်တဲ့ အချို့မြန်မာ ဘုန်းကြီးတွေ ကြောင့်ဖြစ်တယ်” ဟု မဲဆောက်ရှိ မြန်မာဘုန်းတော်ကြီးကျောင်း တကျောင်းမှ ဘုန်းတော်ကြီး တပါးက မိန့်ကြားသည်။

စစ်ကိုင်းတိုင်းမှ ပန်းပုဆရာတဦးက “ပွဲစားတွေနဲ့ ပေါင်းပြီးတော့ မြန်မာပြည်အနှံ့ လှည့်ပြီး ဘုရားရှာတဲ့ အလုပ်ကို လုပ်ခဲ့တာ (၁၅) နှစ်လောက် ကြာခဲ့တယ်။ ငွေလည်း အတော့်ကို ရခဲ့ပါတယ်။ အိုးပိုင်အိမ်ပိုင်၊ ထော်လာဂျီနဲ့ ဆိုင်ကယ်နဲ့ဖြစ်ခဲ့တယ်။ ကလေးနှစ်ယောက်နဲ့ မိန်းမဟာ နေထိုင် မကောင်းဖြစ်ပြီး တယောက် ပြီး တယောက် သေဆုံးကုန်တယ်။ အရပ်ကတော့ ကျနော်တို့ကို ဘုရားစူးတယ်လို့ ပြောကြတယ်။ အခု ကျနော် တယောက်တည်း မဲဆောက်မြို့ကို လာပြီး ကိုယ်တတ်ထားတဲ့ ပန်းပုပညာလေးနဲ့ ထိုင်း ရှေးဟောင်းဆိုင်မှာ ရှေးဟောင်းပစ္စည်း အကျိုးအပဲ့တွေကို ပြန်ပြင် ပြန်ဆက်ပေးတဲ့ အလုပ် လုပ်နေရတယ်။ ကျနော်ကတော့ ကိုယ်တွေ့ပဲ။ ဗုဒ္ဓဘာသာဝင်တွေ အနေ့နဲ့တော့ ဒီအလုပ်ကို ရှောင်စေချင်တယ်။ ဒီငရဲက နောင်ဘ၀ မဟုတ်ဘူး။ ခုဘ၀တင် ခံနေရပြီ” ဟု ခေတ်ပြိုင်သို့ပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ရှေးဟောင်းဘုရား ကုန်ကူးသူ တဦးက “ရှေးဟောင်းဘုရား ဆင်းတုတော်တွေ ရောင်းပြီး ကိုယ့်ကိုယ်ကိုယ် ဒီတသက် မဆင်းရဲတော့ဘူးလို့ ထင်ခဲ့တယ်။ တိုက်နဲ့ကား နဲ့ဖြစ်လာတယ်။ ရန်ကုန်မှာလည်း အိမ်တွေခြံတွေ ၀ယ်ထားတဲ့ အဆင့်ထိဖြစ်လာတယ်။ ရှေးဟောင်း ဘုရားတွေကို အနယ်နယ် အရပ်ရပ်မှာရှိတဲ့ ဘုရားရှာတဲ့ လူတွေနဲ့ ဆက်သွယ်ထားပြီး လုပ်ခဲ့တယ်။ ဘယ်လောက်ထိ ရဖူးလဲဆိုရင် ပုဂံ၊ အင်းဝ၊ ကုန်းဘောင်ခေတ်က ဘုရားတွေအထိ ရဖူးတယ်။ အဲဒီ ဘုရားတွေဆိုရင် မြန်မာငွေ ကျပ် သိန်းထောင်ဂဏန်း အထိ ရဖူးတယ်။ ဒီရှေးဟောင်းဘုရား တွေကို စစ်ဆေးနိုင်ဖို့ မြန်မာနိုင်ငံရှေးဟောင်း သုတသနဦးစီးဌာနက ပညာရှင် အချို့ကိုတောင် အိပ်ထဲထည့် နိုင်ခဲ့တယ်။ သူတို့ကလည်း ဘယ်ခေတ်ကဘုရား၊ အေဒီဘယ်လောက်က ဘုရား၊ ဘယ်မှာသွန်းတဲ့ ဘုရား ဆိုပြီး ခုနှစ်သက္ကရာဇ် အတိအကျ ပြောနိုင်တယ်။ သူတို့ကိုလည်း ပစ္စည်းစစ်ပေးတဲ့ အတွက် တခေါက်ကို (၁၅) သိန်းကနေ သိန်း (၂၀) အထိပေးရတယ်။ မြန်မာပြည်မှာ ရှေးဟောင်းပစ္စည်းတွေ ကုန်တာ အစိုးရ ၀န်ထမ်းတွေ ကိုယ်တိုင်ပါလို့ ဖြစ်ရတာပါ။ ကျနော်ဆိုရင် အိမ်မီးလောင်တယ်၊ ဘားအံနဲ့ ရန်ကုန်ကို ပြေးဆွဲတဲ့ ကျနော့်ကားတွေ ကားမှောက်ပြီး ခရီးသည်တွေ သေလို့ လျော်ရတယ်။ အမှုတွေ ဖြစ်တယ်၊ နောက်ဆုံး လျော်စရာမရှိ ပေးစရာမရှိဖြစ်ပြီး မိသားစုအားလုံး နယ်စပ်က ဒုက္ခသည်စခန်းမှာပဲ ဒုက္ခသည်အဖြစ် လာနေရတယ်။ မကောင်းမူပြုတဲ့ ဒဏ်ကြောင့်ပဲလား၊ တိုက်ဆိုင်မှုပဲလား ဆိုတာ ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး” ဟုပြောသည်။

ဘန်ကောက်ရောက် ကရင်ပြည်နယ် ဒုံရင်းနယ်မှ လူငယ်တဦးက “ကျနော်တို့ရွာက ရှေးဟောင်း ဘုရားပျောက်သွားတာ (၅) နှစ်ကျော်ပြီ။ ကျနော်ထိုင်းကို လာပြီး ဘန်ကောက်မှာ အလုပ်လုပ်တော့ ကျနော်တို့ရွာက ရှေးဟောင်းဘုရား ဆင်းတုတော်ကို ဘန်ကောက် ဆူကွန်ဗစ် လမ်းမှာရှိတဲ့ ရှေးဟောင်းပစ္စည်း ဆိုင်ကြီးမှာ ရောင်းဖို့ပြထားတာကို တွေ့တော့ ရွာကလူကြီးတွေကို ပြောပြခဲ့တယ်။ သူတို့လုံးဝ စိတ်မ၀င်စားကြဘူး။ ကျနော့်အမေ ပြောတာကတော့ ရွာမှာ ဒီကိစ္စ ဘယ်သူမှ မပြောရဲဘူး၊ ရွာက ကျောင်းထိုင် ဘုန်းကြီးနဲ့ ဥက္ကဋ္ဌပေါင်းပြီး နယ်စပ်ကို ခိုးထုတ် သွားတာဖြစ်တယ်တဲ့” ဟု ပြောသည်။

ဤကိစ္စများအတွက် မြန်မာအစိုးရအနေဖြင့် သက်ဆိုင်ရာ အိမ်နီးချင်း နိုင်ငံအစိုးရများ၊ ယူနက်စကို ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့၊ အင်တာပို ခေါ် နိုင်ငံတကာ ရဲအဖွဲ့တို့နှင့် ဆက်စပ် ဆောင်ရွက်မှု မရှိသလောက်ဖြစ်နေပြီး တာဝန်ရှိ လုံခြုံရေးဘက်ဆိုင်ရာ တို့၏ အကျင့်ပျက် ခြစားမှုများလည်း အနှံ့အပြား ဖြစ်နေချိန်တွင် ပြည်တွင်းစီးပွားရေးနှင့် လူမှုရေး အနေအထားများလည်း တိုးတက်မှု မရှိသရွေ့ ငါ့ဝမ်းပူဆာ မနေသာသဖြင့် ယခုလို သီလမစောင့် သားကောင်ချနင်း အခြေအနေမှာ ကာလရှည် တည်တံ့ နေဦးမည် ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

မရမ်းကုန်းဓာတ်အားခွဲရုံ မီးလောင် သိန်း (၃၀၀) ဖိုးဆုံးရှုံး

NEJ/ ၁၃ ဖေဖော်ဝါရီ ၂၀၀၉

ဖေဖော်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့ ညနေ (၄) နာရီခွဲအချိန်ခန့်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စိန်ပန်းမြိုင် လျှပ်စစ် ဓာတ်အားခွဲ စက်ရုံ မီးလောင်ကြောင်း ရန်ကုန်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

မီးလောင်မှုကြောင့် ထရန်စဖော်မာ တလုံး ပျက်စီးခဲ့ပြီး မြို့နယ် လျှပ်စစ်ရုံး တာဝန်ခံတဦး၏ ပြောပြချက်အရ မီးလောင်မှုကြောင့် သိန်း (၃၀၀) ဖိုး ဆုံးရှုံးသွားသည်ဟု သိရသည်။

မီးလောင်ရခြင်းအကြောင်းရင်းမှာ ထရန်စဖော်မာကိုသွားသော မြေအောက်ကြိုး ရှော့ခ်ဖြစ်၍ မီးပွားများ ထွက်ရာကတဆင့် ထရန်စဖော်မာ ထဲရှိ လောင်စာဆီကို ကူးစက် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မျက်မြင် တဦးက ပြောသည်။

အငြိမ်းစားလျှပ်စစ်အင်ဂျင်နီယာတဦး၏ပြောပြချက်အရ ရန်ကုန်မြို့ရှိ လျှပ်စစ် ထရန်စဖော်မာများ အားလုံးမှာ ဟောင်းနေသည့် အတွက် အန္တရာယ်ရှိကြောင်း၊ ယခု လျှပ်စစ်ပေးဝေမှု ပြုလုပ်ရာတွင်လည်း လုံလောက်သော ဓာတ်အားကို မပေးဝေနိုင်ခြင်းမှာ ယင်းသို့ ထရန်စဖော်မာများ ကာလရှည်ကြာ ဟောင်းနေသည့် အတွက် ဖြစ်ကြောင်း ပြောသည်။

(၁၂) ရက်နေ့က လောင်သော ထရန်စဖော်မာမှာ ကမ္ဘာအေး ဗီလာနဲ့ နီးသည့်အတွက် အမြန်ပြန်လည် တပ်ဆင်ကြောင်း ရန်ကုန်မြို့ခံ တဦးက ပြောသည်။

“အဲဒီကမ္ဘာအေးဗီလာထဲမှာက အိမ်တလုံးကို သိန်းပေါင်း သောင်းနဲ့ ချီတန်တယ်။ နေတဲ့သူတွေ ကလည်း ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးချုပ်တွေ နေတာဗျ။ အဲဒီတော့ အမြန်လုပ်ရမှာပဲ။ ရပ်ကွက်အတွင်းမှာ ထရန်စဖော်မာ ၀ါယာကြိုးပေါက်နေတာ လောက်ကျတော့ အနည်းဆုံး တပတ်ကျော်ကြာတယ်ဗျ” ဟု ရန်ကုန် သားတဦးက ပြောသည်။

အဆိုပါမီးလောင်သော ထရန်စဖော်မာမှာ တနေ့လျှင် ဗို့အား (၁) သောင်းခန့် ထုတ်ပေး နေကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ယာတောကသာဗျော ဆောင်းပါးများ

အဝေးက ပေးစာတစောင်

Read More...

ကေအန်ယူခွဲထွက် ဗိုလ်ချုပ်စောဌေးမောင်အဖွဲ့ ကေအန်ယူ ဒီကေဘီအေနှင့် ပေါင်းစည်းရေးမျှော်လင့်

NEJ / ၁၂ ဖေဖော်ဝါရီ ၂၀၀၉

ကေအန်ယူမှ ခွဲထွက်ခဲ့သော်လည်း ကေအန်ယူ၊ ဒီကေဘီအေ အဖွဲ့များနှင့် မိမိတို့ ပူးပေါင်းပြီး ကရင် အမျိုးသားများ စည်းစည်း လုံးလုံးဖြစ်ရန် မျှော်လင့်ကြောင်း စစ်အစိုးရနှင့် ပူးပေါင်းသွားသည့် ကေအန်ယူ- ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်ချုပ်ယဉ်နုက ခေတ်ပြိုင်သို့ ပြောသည်။

ဗိုလ်ချုပ်စောဌေးမောင် (ဗိုလ်ထိန်မောင်) ဦးစီးပြီး ခွဲထွက်သွားသည့် ကေအန်ယူ- ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်ချုပ်ယဉ်နုကို ခေတ်ပြိုင်က သီးခြား တွေ့ဆုံ မေးမြန်းရာတွင် ယခုကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။ ၂၀၀၇ ခု ဗိုလ်ချုပ် စောဌေးမောင် ဦးစီးသည့် ခွဲထွက်အဖွဲ့ မြန်မာ စစ်အစိုးရနှင့် ပူးပေါင်း သွားပြီးနောက်ပိုင်း အဆိုပါအဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုက ပြင်ပ မီဒီယာသို့ ပထမဆုံးအကြိမ် ယနေ့ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပူးပေါင်းရန် စစ်အစိုးရဘက်က ကမ်းလှမ်းခြင်း ရှိမရှိ မေးမြန်းရာ ယခုထိ မရှိသေးကြောင်း ဗိုလ်ချုပ်ယဉ်နုက ပြောသည်။

ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအနေဖြင့် ကေအန်ယူနှင့် စကားပြောလိုစိတ် ရှိသော်လည်း ကေအန်ယူ၏ သဘောထားပေါ် မူတည်သည်ဟု ဆက်ပြောသည်။ သို့သော် ကေအန်ယူ ဒီကေဘီအေ အဖွဲ့များနှင့် မိမိတို့ ပူးပေါင်းပြီး ကရင် အမျိုးသားများ စည်းစည်း လုံးလုံး ဖြစ်ရန် မျှော်လင့် ကြောင်းကိုလည်း ဗိုလ်ချုပ်ယဉ်နုက ပြောကြားသည်။

မြန်မာစစ်အစိုးရနှင့် ပူးပေါင်းပြီးနောက်ပိုင်း စစ်အစိုးရဘက်က တပ်ရိက္ခာကိုသာ ထောက်ပံ့ပေးပြီး ငွေကြေး အကူအညီ မပေးကြောင်း ဗိုလ်ချုပ်ယဉ်နုက ပြောသည်။ ကေအန်ယူ- ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအား စစ်အစိုးရက စီးပွားရေး လုပ်ပိုင်ခွင့် ပေးမပေး ခေတ်ပြိုင်က မေးမြန်းရာ စီးပွား ကျနေချိန် ဖြစ်၍ ကြီးကြီးကျယ်ကျယ် လုပ်ငန်းများ မလုပ်ဖြစ်သော်လည်း ကျောက်မျက် ရတနာ တူးခွင့်ပေးထားသည်ဟု ဖြေကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်မဟာမှူးဟောင်း ဗိုလ်ချုပ် စောဌေးမောင်နှင့် အဖွဲ့သည် ကေအန်ယူမှ ခွဲထွက်ကာ နအဖနှင့် ပူးပေါင်းသွားပြီး ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကေအန်ယူ- ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာတွင် အခြေစိုက်သည်။

Ref: ခေတ်ပြိုင်

Read More...

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး လှုပ်ရှားမှု အန်အယ်လ်ဒီစပြီ

မင်းနိုင်သူ/ ၁၂ ဖေဖော်ဝါရီ ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် (၆၂) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ယနေ့ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု စတင်လိုက်ပြီ ဖြစ်ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်များ၊ CRPP အဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ၊ ပါတီဝင်များက ဗီနိုင်း အဖြူပေါ်တွင် ဒေါ်အောင် ဆန်းစုကြည်၊ ဦးတင်ဦးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး ဆန္ဒပြု လက်မှတ်ရေးထိုး ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး အန်အယ်လ်ဒီ၏ တောင်းဆိုချက်ကို လူထုက ထောက်ခံကြရန် ပန်ကြားချက် ထုတ်ပြန်ပြီး မကြာခင် ယခု ပြည်ထောင်စုနေ့ အခမ်းအနား၌ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုကို အန်အယ်လ်ဒီက တရားဝင် စတင်လိုက်ခြင်း ဖြစ်သည်။

အဖွဲ့ချုပ်၏ ပြည်ထောင်စုနေ့အခမ်းအနားကို အာဏာပိုင်များက လူ (၅၀) ထက်မပိုရန်၊ အသံချဲ့စက် မသုံးရန် စသည်ဖြင့် ကြိုတင် ကန့်သတ်မှုများ ပြုခဲ့ကာ ကျင်းပနေစဉ် တွင်လည်း လုံခြုံရေး အများအပြားဖြင့် စောင့်ကြည့် နေကြောင်း တက်ရောက်ခဲ့သူ တဦးက ပြောသည်။

“ထောက်လှမ်းရေးတွေ၊ SB တွေကလည်း ဆိုင်ကယ်(၂၅) စီးလောက်နဲ့ ရုံးချုပ် မျက်နှာခြင်းဆိုင်ကနေ စောင့်ကြည့် နေကြတယ်။ အဓိကရုဏ်း နှိမ်နှင်းရေး ကားတွေကလည်း ပတ်နေတယ်။ စွမ်းအားရှင်တွေ တင်ထားတဲ့ ဒိုင်နာကား လေးငါးစီးကတော့ ရုံးချုပ်နဲ့ မျက်စောင်းထိုး ကနေ ရပ်စောင့် နေကြတယ်။ ကျောက်ဆည် ဓမ္မာရုံထဲမှာလည်း လုံခြုံမှု ကွပ်ကဲရေး အဖွဲ့ဝင်ကား (၃) စီး လောက်ရှိတယ်” ဟု တက်ရောက်ခဲ့သူက ပြောသည်။

ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အခမ်းအနားကို နေ့လယ် (၁၂) နာရီခွဲတွင် စတင် ကျင်းပခဲ့ရာ CRPP အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ (၁၀) ခုခန့်နှင့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်ဟု ဒေါက်တာ ၀င်းနိုင်က ပြောသည်။

အဆိုပါအခမ်းအနားတွင် အန်အယ်လ်ဒီပါတီမှ ထုတ်ပြန်သော (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ ကြေညာချက်ကို ဦးအုံးကြိုင်က ဖတ်ကြား ခဲ့သည်။

ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သ၀ဏ်လွှာတွင်မူ နအဖ၏ ရုဒ်မက် အောင်မြင်ရေးကို အသားပေး တိုက်တွန်း ထားသည့်ပြင် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက် လိုသူများအား တားဆီးရန်လည်း တောင်းဆိုထားသည်။

Ref: ခေတ်ပြိုင်

Read More...

ပြည်ထောင်စု စိတ်ဓာတ်နှင့် သူတို့အမြင်

ကိုဝိုင်း
ဖေဖေါ်ဝါရီလ 12 2009

(၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ စကားများ)

စစ်အစိုးရက မဖြစ်မနေ အတင်းအကျပ် ရေးဆွဲပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း ပြည်ထောင်စု အခြေခံဖြစ်သည့် တိုင်းရင်းသားလူမျိုးများ အခွင့်အရေးများ အပြည့်အ၀ မပါရှိသလို၊ စစ်အုပ်စု ကြီးစိုးရေး လမ်းစဉ်အဖြစ် သူတို့က ရှုမြင်ကြသည်။

ထို့အပြင် လွတ်လပ်ရေးတိုက်ပွဲဝင် ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ပြည်ထောင်စု စစ်စစ် တည်ဆောက်ရေး အတွက် လက်ရှိ ဖိနှိပ် ဗိုလ်ကျနေသည့် စစ်အာဏာရှင် စနစ်ကို ပင်လုံစိတ်ဓာတ် (၀ါ) ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တိုင်းရင်းသား လူမျိုးများ အားလုံး တညီ တညွတ်တည်း လက်တွဲ တိုက်ပွဲ ၀င်ပါရန်လည်း တိုက်တွန်းလိုက်ကြသည်။

ပြည်တွင်းပြည်ပ နိုင်ငံရေးခေါင်းဆောင်တချို့ကို မဇ္ဈိမသတင်းထောက် ကိုဝိုင်းက ဆက်သွယ်မေးမြန်းချက်များ တင်ပြလိုက်ပါသည်။

ဦးဝင်းတင်
(ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ပြည်ထောင်စုစိတ်ဓာတ် ကြောင့်သာလျှင် ကျနော်တို့တိုင်းပြည် ဒီနေ့အထိ မြဲနေတာလို့ ပြောလို့ရတယ်။ အမြင့်ဆုံးကိစ္စကို ပြောမယ်ဆိုရင်တော့ ပြည်ထောင်စုစိတ်ဓာတ်ပေါ်မှာ အခြေခံပြီးတော့ တူညီတဲ့ နိုင်ငံရေးအခြေခံတွေ ပေါ်လာတယ်ဗျ။ စစ်တပ်နဲ့ ကျနော်တို့နဲ့တော့ တူညီတဲ့နိုင်ငံရေး မပေါ်နိုင်ဘူးပေါ့ဗျာ။ စစ်တပ်နဲ့ တိုင်းရင်းသားတွေနဲ့အကြား တူညီတဲ့နိုင်ငံရေး မပေါ်နိုင်ဘူးပေါ့ဗျာ။ ဘာလို့လဲဆိုတော့ သူတို့က ဖိနှိပ်တာ၊ ချုပ်ချယ်တာ၊ ရက်ရက်စက်စက် ပြုမူတာ၊ သွေးစုတ်တာ ဆိုတဲ့ ဟာမျိုးတွေက ရှိတာကိုး။

ဆန့်ကျင်ဘက်အင်အားစုတွေအပေါ် အခြေခံပြီးတော့ လူမျိုးစုတွေက ငါတယောက်တည်းနဲ့ စစ်အစိုးရကို ဆန့်ကျင်လို့ မရဘူးဆိုတဲ့သဘော အသီးသီး ပေါ်လာတယ်။ ဘုံရန်သူကို ရှာရင်းကနေပြီးတော့ တူညီတဲ့ နိုင်ငံရေးတွေ သွားတွေ့တယ်။ ဘယ်မှာ အခြေခံလဲဆိုတော့ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ နဂိုက အခြေခံရှိတော့ ငါတယောက်ထဲ ဆန့်ကျင်လို့ မရဘူး၊ ငါတယောက်ထဲ ထိုးထွက်လို့ မရဘူး။ အဲဒီအခါကျတော့ တို့ပေါင်းလုပ်မယ် ဆိုတဲ့အခါကျတော့ အဲဒါ ပြည်ထောင်စု စိတ်ဓာတ်ကနေ ပေးတဲ့ အရေးအကြီးဆုံးနဲ့ အမြင့်မားဆုံး အကျိုးကျေးဇူးဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။

ဦးအေးသာအောင်
(အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)

(အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ)

ဒီနေ့ မြန်မာနိုင်ငံမှာ လက်ရှိအုပ်ချုပ်နေကြတဲ့ ခေါင်းဆောင်တွေလည်း ပြည်ထောင်စုစိတ်ဓာတ်ကို ပြောနေကြတယ်။ ပင်လုံ စိတ်ဓာတ်ဆိုပြီး ပြောနေကြတယ်။ ပြီးတော့ မြန်မာနိုင်ငံကိုလည်းပဲ ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်နေတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရောက်တိုင်းလည်း ပြည်ထောင်စုနေ့ဆိုပြီးတော့ အစိုးရကပါ၊ ပါတီတွေကပါ ကျင်းပလေ့ရှိတယ်။

ဒါပေမဲ့ ပြည်ထောင်စုရဲ့စိတ်ဓာတ်၊ ပြည်ထောင်စုရဲ့မူ၊ ပင်လုံမူဆိုတာ အခုတော့ ပျက်ပြယ် ပျောက်ကွယ်လုနီးပါး ရှိနေတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်တယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံကို လွတ်လပ်ရေးမရမီ အကြိုကာလမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ပင်လုံမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ပင်လုံစာချုပ်၊ ပင်လုံမူရဲ့ အနှစ်သာရက တိုင်းရင်းသား ပြည်နယ်များနဲ့ ဗမာပြည်ကို ပေါင်းတဲ့အခါမှာ တန်းတူရည်တူ ပြည်ထောင်စုမူနဲ့ ပေါင်းရမယ်။ ပြည်နယ်တွေဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိရမယ်ဆိုတဲ့ အခြေခံပေါ်မှာ ပြည်ထောင်စုကို ထူထောင်ခဲ့တာပါ။

ဒါပေမဲ့ လွတ်လပ်ရေးရပြီးတော့ ၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တယ်။ ပြည်ထောင်စုမူ၊ ပြည်ထောင်စု စိတ်ဓါတ်ကို အပြောအဟောဖြင့်သာ သုံးပြီးတော့ လက်တွေ့မှာတော့ တစ်ပြည်ထောင်စနစ်နဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်လာခဲ့တယ်။ နောက် ၁၉၈၈ ခုမှာ တပ်မတော်က အာဏာထပ်သိမ်းပြန်တော့လည်းပဲ စစ်တပ်က အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံလို့ ခေါ်နေကြပေမယ့် တကယ်မှာတော့ စစ်တပ်က အုပ်ချုပ်နေတဲ့ နိုင်ငံတနိုင်ငံပဲ ဖြစ်တယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံကို တပြည်ထောင်စနစ်နဲ့ ဖွဲ့စည်းလို့တော့ မဖြစ်ဘူး။ ပြည်ထောင်စုအဖြစ်နဲ့ပဲ ဖွဲ့စည်းရမယ်။ ဒါပေမဲ့ အခု ၂၀၀၈ ခုမှာ referendum လုပ်ပြီးတော့ အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံဟာလည်း တိုင်းရင်းသားများကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးပြီးတော့ ပြည်ထောင်စုကို ဖော်ဆောင်မယ့် ဖွဲ့စည်းပုံတရပ် မဟုတ်ဘူးလို့ အန်ကယ့်အနေနဲ့ ပြောချင်တယ်။

ဘာကြောင့်လဲဆိုရင် ပြည်နယ်တွေတော့ ပါပါတယ်။ ပြည်နယ်ဥပဒေပြု၊ ပြည်နယ်အုပ်ချုပ်ရေး၊ ပေးထားသော်လည်းပဲ အဲဒီပြည်နယ်တွေမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း အုပ်ချုပ်ရေးမှာရော၊ ဥပဒေပြုရေးမှာရော ပါနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်ထောင်စုရဲ့ အနှစ်သာရ မရှိဘူးလို့ ပြောလိုတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စုစစ်စစ် တည်ဆောက်ဖို့အတွက် တိုင်းရင်းသားတွေရော၊ ဗမာတွေရော၊ အားလုံးပေါင်းပြီးတော့ ကြိုးပမ်းဖို့လိုတယ်လို့ ပြောချင်တယ်။

ဦးထောင်ကိုထန်း
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်)

(အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ)

ကနေ့အခြေအနေကတော့ နအဖ လုပ်လိုက်တာနဲ့ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ မရှိတော့ဘူး။ ပြည်ထောင်စု ရှိမှပဲ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ ရှိတာကိုး။ ပြည်ထောင်စုမှ မရှိတာ။ တပြည်ထောင်စနစ် ရှိနေတာ။ ပြည်ထောင်စုစိတ်ဓာတ် ရှိတယ်ဆိုပြီး နအဖက သတင်းစာထဲမှာ အမျိုးမျိုးပြောပေမယ့် လုပ်ပုံက ဟုတ်မှ မဟုတ်တာ။ ပြည်ထောင်စုစိတ်ဓာတ် ရှိလာဖို့၊ ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်လာဖို့က မြန်မာပြည်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံဖြစ်တယ်။

ဒါကြောင့်မို့လို့ ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားတွေရော၊ နိုင်ငံသားတွေရော လိုချင်တဲ့ပန်းတိုင် ရောက်ပြီဆိုရင် စစ်မှန်တဲ့ ပြည်ထောင်စုကို ပြန်လည်ဖော်ဆောင်လို့ရတယ်။ ပြည်ထောင်စုမရှိတဲ့ နိုင်ငံမှာ ပြည်ထောင်စုနေ့ လုပ်တယ်ဆိုတာ ဟန်ပြပဲ။ အခုဟာက ဗမာလည်း ခံရတာပဲ၊ ချင်းလည်း ခံရတာပဲ၊ ကုလားလည်း ခံရတယ်၊ တရုတ်လည်း ခံရတယ်၊ ကချင်၊ ရှမ်း၊ ကရင် အကုန်ခံရတယ်။ တပ်မတော်ကြီးစိုးရေး ပြည်ထောင်စုပဲရှိတယ်။

ရဲဘော်ဖိုးသံချောင်း
(ပြောရေးဆိုခွင့်ရှိသူ၊ ဗမာပြည်ကွန်မြူနစ်ပါတီ)

ကျနော်တို့ ဗမာတမျိုးသားလုံး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတာ အသက်တွေလည်း အများကြီး အဆုံးရှုံးခံ၊ အနစ်နာခံမှုတွေ အမျိုးမျိုးနဲ့ လုပ်ခဲ့ကြတာ။ ၄၈ ခုနှစ်ကျမှ အောင်ပွဲရတယ်။ အောင်ပွဲရဖို့အတွက် လုပ်ခဲ့ကြတဲ့အထဲမှာ အရေးကြီးတဲ့ အချက်တချက်က အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့တာပါ။ အမျိုးသား ညီညွတ်ရေးကို တစတစနဲ့ တည်ဆောက်ခဲ့တာဟာ ပြည်ထောင်စုနေ့လို့ ပြောရမယ့် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်။ အဲဒီကာလ၊ အဲဒီအပိုင်းအခြား၊ အဲဒီအခိုက်အတန့်ဟာ ကျနော်တို့ရဲ့ အထွဋ်အထိပ်လို့ ပြောလို့ရပါတယ်။

ဒါကြောင့်မို့လို့ ပြည်ထောင်စုနေ့ဟာ ကျနော်တို့ အမျိုးသားစည်းလုံးရေးရဲ့ အမှတ်လက္ခဏာဖြစ်တယ်။ လွတ်လပ်ရေး ရဖို့အတွက် အာမခံချက်ဖြစ်တယ်။ အလားတူပဲ ဒီနေ့ ဗမာတမျိုးသားလုံး ကြုံတွေ့နေရတဲ့ ဗမာပြည်ကြီးမှာ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေးအတွက် တိုက်ပွဲမှာလည်း အလားတူ အမျိုးသား သွေးစည်းညီညွတ်ရေးတခု တည်ဆောက်ဖို့ လိုတယ်လို့ ထင်ပါတယ်။

နောက်ပြီးတော့ ကျနော်တို့အတွင်းမှာ အယူအဆကွဲပြားမယ့်၊ ပဋိပက္ခဖြစ်မယ့် ဟာတွေကို သိပ်မတင်သေးဘဲနဲ့ ညီညွတ်နိုင်မယ့် ဟာတွေကို ဘုံလက်ခံလို့ရနိုင်မယ့် တောင်းဆိုချက်တွေ၊ ကြွေးကြော်ချက်တွေကို တင်ပြီး လှုပ်ရှားကြရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။

သခင်ချန်ထွန်း
(ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့)

ပြည်ထောင်စုနေ့ကြီး ဖြစ်ပေါ်လာဖို့ရာ ဗိုလ်ချုပ်အောင်ဆန်း ရှမ်း၊ ကချင်၊ ချင်း အစရှိတဲ့ ခေါင်းဆောင်ကြီးတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လက်မှတ်ရေးထိုးခဲ့ကြတာပါ။ လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုနေ့ အခမ်းအနားတွေကို ကျင်းပခဲ့တယ်။ ကနေ့ကျတော့ ပြည်ထောင်စုနေ့မှန်းတောင် မသိတဲ့လူတွေ ရှိတယ်။ အများကြီးလည်း ရှက်စရာကောင်းတယ်၊ စိတ်ပျက်စရာကောင်းတယ်လို့ ယူဆပါတယ်။

အမှန်က ပြည်ထောင်စုစိတ်ဓာတ်နဲ့ လူငယ်တွေကို ကြီးပြင်းလာအောင် သွန်သင်ဆုံးမပြီးတော့ ဆောင်ရွက်ရမယ့်အစား ဘာမှ လုံ့လစိုက်ထုတ်ခြင်း မတွေ့ရတဲ့အတွက် ဘဘတို့ စိတ်ချမ်းသာမှု မရှိပါဘူး။ တကယ်ဆို ပြည်ထောင်စုနေ့မှာ လှုံ့ဆော်တိုက်တွန်းတာတွေ တော်တော် ပြင်းပြင်းထန်ထန် လုပ်ရမယ့်အစား ဝတ်ကျေတန်းကျေ သဘောမျိုး၊ ကြေညာချက် ထုတ်ရုံလေးလောက် လုပ်နေတာ တွေ့နေရလို့ စိတ်မချမ်းသာပါဘူး။

နောင်နှစ်တွေမှာ ပြည်ထောင်စု ထာဝရခိုင်ခန့်တည်မြဲရေးအတွက် ပြည်ထောင်စုနေ့ အခါသမယမှာ ပြည်ထောင်စုစိတ်ဓာတ်တွေ ဝင်ကြအောင် နှိုးဆော်ကြဖို့၊ လုပ်ဆောင်ကြဖို့ အမြန်လိုအပ်တယ်လို့ပဲ ပြောချင်ပါတယ်။

ဦးမင်းလွင်
(ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့)

အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရတယ်ဆိုတာ တိုင်းရင်းသားတွေ ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲဝင်ခဲ့လို့ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက်ပိုင်း တိုင်းရင်းသားညီညွတ်ရေး ပျက်ပြားလာတယ်။ ငြိမ်းချမ်းသော၊ ဒီမိုကရေစီကျသော၊ စည်းလုံးညီညွတ်သော နိုင်ငံတည်ဆောက်ဖို့ဆိုရင် အမျိုးသားညီညွတ်ရေး ရမှသာလျှင် အောင်မြင်နိုင်မယ်လို့ အန်ကယ်တို့က ယူဆတယ်။ တွေ့ဆုံဆွေးနွေးပြီး အပေးအယူလုပ်မှ ဖြစ်မှာ။ ဗိုလ်ချုပ်အောင်ဆန်း ရှိခဲ့တဲ့ ကာလကလို တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်မှဖြစ်မှာ။

ရဲဘော်သံခဲ
(ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)

ကျနော် ပထမဆုံးပြောချင်တာက ပင်လုံစိတ်ဓာတ်ဆိုတာက မြန်မာနိုင်ငံလို့ခေါ်မယ့် ပြည်ထောင်စု မြန်မာနိုင်ငံကို ဘယ်လိုတည်ဆောက်ကြမလဲ၊ ဘယ်လိုတည်ထောင်ကြမလဲဆိုတာ အားလုံးရဲ့ သဘောတူညီချက် ပဋိညာဉ်စာချုပ် ဖြစ်တယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းမှုရဲ့ အခြေခံ foundation လို့ ပြောရင် ဖြစ်ပါတယ်။

ဒါကြောင့် ပင်လုံစိတ်ဓာတ်ရဲ့ နောက်ကွယ်မှာ မူလေးတွေ ရှိတယ်။ လွတ်လပ်ခွင့်တွေ ရှိတယ်။ ဒီအတွက်ကြောင့်လည်း ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက်မှာ ညီညွတ်ရေးကြောင့် လွတ်လပ်ရေး ရခဲ့ပါတယ်။ သို့သော်လည်းပဲ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ တိုင်းရင်းသားတွေအားလုံး မျှော်မှန်းခဲ့တဲ့၊ ပြည်သူလူထုတွေ မျှော်မှန်းခဲ့တဲ့ လွတ်လပ်ခွင့်တွေဟာ တဦးနဲ့တဦးကြားမှာ ညီမျှမှုတွေ မရှိခဲ့ဘူး။ အမျိုးသား ပြဋ္ဌာန်းခွင့်တွေဟာ ညီတူညီမျှခံစားပိုင်ခွင့်တွေ မရှိခဲ့ဘူး။ အဲဒီအတွက်ကြောင့် ပြည်တွင်းစစ်တွေ ပေါ်ပေါက်ခဲ့ရတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်တယ်။

အခုချိန်အထိလည်း မြန်မာနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မတရားသဖြင့် အတည်ပြုထားတယ်။ ဒီအခြေခံဥပဒေဟာ ဒီနေ့ ပြောဆိုနေတဲ့ ပင်လုံစိတ်ဓာတ်ပေါ်မှာ ညီမျှမှုတွေ ကင်းမဲ့နေတယ်၊ လွတ်လပ်မှုတွေ ကင်းမဲ့နေတဲ့အတွက် တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ တည်ငြိမ်မှုရှိမှာ မဟုတ်ဘူး။ အမျိုးသားရေး ပြဿနာတွေဟာ ပိုပြီးဆိုးဖို့သာပဲ ရှိတယ်လို့ ကျနော်တို့ သုံးသပ်မိပါတယ်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံရေးအကျဉ်းများ လွတ်မြောက်ရေး မန္တလေး အန်အယ်ဒီ ရှင်းလင်း

မြင့်မောင်
ဖေဖေါ်ဝါရီလ 11 2009

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အရေးကြီးပုံကို ပြည်သူများ ပိုမို သိရှိနိုင်ရန် အတွက် ရှင်းလင်းတင်ပြသည့် လှုပ်ရှားမှုကို မြို့နယ်အချို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက စတင် ပြုလုပ်နေပြီ ဖြစ်သည်။

နိုင်ငံတော်၏ လိုအပ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ သံဃာတော်များ၊ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊ နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် အန်အယ်ဒီ အပါအ၀င် တိုင်းရင်းသား ပါတီ ၇ ပါတီ၏ နှစ်ဆန်း တရက်နေ့ အထူးကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်အား တိုင်းသူပြည်သားများက ၀ိုင်းဝန်းထောက်ခံရန် တိုက်တွန်း နှိုးဆော်သည့် ကြေညာချက်ကို အန်အယ်ဒီက ပြီးခဲ့သည့်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သည့်အပေါ် လိုက်လံ ရှင်းပြနေခြင်း ဖြစ်သည်။

"လူထုထဲမှာ ဒီအယူအဆကို နားလည်သွားအောင်၊ လူထုက သူ့ဘာသာသူ ဆောင်ရွက် လာနိုင်အောင် လုပ်ဖို့ ဖြစ်တယ်။ တိုင်းအနေနဲ့ ဗဟိုရဲ့ ၁/၂၀၀၉ ထုတ်ပြန်ကြေညာကို ထောက်ခံပါတယ်။ အဖွဲ့ချုပ် ထုတ်ပြန် ကြေညာချက်ကလည်း ပြည်သူလူရဲ့ သဘောထားကို တောင်းတဲ့ သဘောထား ရှိတယ်" ဟု မန္တလေးတိုင်း အန်အယ်ဒီ သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ပါတီ တာဝန်ရှိသူများ၏ ယခုလို လှုပ်ရှားမှုမှာ စတင်ကာစ ဖြစ်နေသေးသလို အကျယ်အပြန့် မဟုတ်သေးဘဲ၊ သိုသိပ်စွာ ပြုလုပ် နေခြင်းဖြစ်သည်ဟု သူက ဆိုသည်။

"ဒီနေ့ဖြစ်နေတာက ပြည်သူလူထုက နိုင်ငံရေစိတ်ဓာတ် နိုးကြားသော်လည်း သူတို့ဆန္ဒကို ဖော်ထုတ်ပြနိုင်ဖို့ အခွင့်အလမ်း အားနည်းနေတယ်။ အဲဒီတချက်ကို ကျနော်တို့ အဖွဲ့ချုပ်က ပြည်သူ့ဆန္ဒလေး သူ့အလိုလို ပေါ်ပေါက် လာနိုင်အောင် လမ်းကြောင်းပေးတဲ့ ဆောင်ရွက်ချက်လို့ ကျနော် မြင်တယ်။ အဲဒီအပေါ်မှာလည်း ပြည်သူလူထုက တပါတည်း လိုက်ပါ ဆောင်ရွက်သင့်တယ်လို့ ယုံကြည်ပါတယ်" ဟု သူက ဆက်ပြောသည်။

ပါတီ ၇ ပါတီ၏ ထုတ်ပြန်ကြေညာချက်ကို ထောက်ခံသည့်အနေဖြင့် မလေးရှား နိုင်ငံ မြို့တော် ကွာလာ လန်ပူရှိ မြန်မာရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲက ဆန္ဒပြပွဲ တရပ်ကို ပြုလုပ်ခဲ့သည်။

ထို့အပြင် မကွေးတိုင်း အန်အယ်ဒီ လူငယ်တချို့ကလည်း ရေမီးပြဿနာ ပြေလည်ရေး လှုပ်ရှားမှုတရပ်ကို သုံးခွ၊ ရေနံချောင်းနှင့် ချောက်မြို့နယ်အတွင်း လက်မှတ်ထိုးသည့် ကန်ပိန်း ပြုလုပ်နေကြောင်း သိရသည်။

"မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လျှပ်စစ် မလုံလောက်မှုနဲ့ သောက်သုံးရေ မလုံလောက်မှုတွေကို ဖော်ထုတ်ပြီး မိမိတို့ရဲ့ ပြည်သူတွေ ခံစားနေရတဲ့ ရေမီးကိစ္စတွေ လုပ်ဆောင်ပေးဖို့ Signature (လက်မှတ်ရေးထိုး) အတွက် Campaign (လှုပ်ရှားမှု) တွေ လုပ်နေတယ်" ဟု ရေနံချောင်းမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဒေါ်ခင်စောဋ္ဌေးက ပြောသည်။

မြို့ပေါ်တွင် မြူနီစပယ်ဌာန အနေဖြင့် ရှေးခေတ်က ပိုက်ဟောင်းများကိုသာ ဆက်သုံးနေသဖြင့် ရေတက်နိုင်ခြင်း မရှိဘဲ သောက်ရေသုံးရေအတွက် အခက်အခဲရှိကြောင်းနှင့် ယခင်က သုံးရက်ခြားတခါ ရေလာသော်လည်း ယခုနောက်ပိုင်း ၁၀ ရက်ခြားတခါသာ ရေပေးဝေနိုင်တော့ကြောင်း သိရသည်။

ဒေသခံများအနေဖြင့် စက်ရေတွင်းများ ထားရှိကြသော်လည်း မီးမှာလည်း ပုံမှန် လာလေ့မရှိသဖြင့် ရေတင်ရန်ပင် အခက်အခဲရှိနေကြောင်း ဒေါ်ခင်စောဌေးက ပြောသည်။

ပြီးခဲ့လအတွင်းက မြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် ရွာလုံးကျွတ် မီးလောင်ခဲ့ရသလို၊ လွန်ခဲ့သည့် ၃ ရက်ခန့်လည်း ဖိုးကိုးအမည်ရ ကျေးရွာတွင် မီးလောင်ရာ မီးသတ်ကားအနေဖြင့် ရေရှားသဖြင့် မီးသတ်ရန် အခက်တွေ့ရသည်ဟု သူက ဆိုသည်။

"ကျမတို့ဆီမှာ သုံးတဲ့ အသုံးအနှုန်းတွေက ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှား၊ မလေးရှားဆိုတာ ရှိသလို၊ မြန်မာနိုင်ငံရဲ့ နာမည်က ရေမီးရှားလို့ ခေါ်နေတာတွေ ရှိတယ်" ဟု သူက ပြောသည်။

Ref: မဇ္ဈိမ

Read More...

ပြည်ထောင်စု စိတ်ဓာတ်အတွက် တန်းတူအခွင့်အရေး လိုအပ်ဟု အီးအန်စီ ပြောကြား

ဆလိုင်းပီပီ
ဖေဖေါ်ဝါရီလ 11 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်ထောင်စုစိတ်ဓာတ်၏ အနှစ်သာရမှာ မှေးမှိန်သွားပြီဟု မြန်မာတိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားလိုက်ပြီး၊ ဖွဲ့စည်းပုံဥပဒေကို ပြန်ပြင်၍ စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ် ပြန်ထူထောင်နိုင်မည့် တိုင်းရင်းသား အခွင့်အရေး အာမခံချက်ပေးရန် မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်သည်။

ဖွဲ့စည်းပုံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲ၍ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD နှင့် တိုင်းရင်းသား လူမျိုးစုများနှင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်မှသာလျှင် မြန်မာနိုင်ငံတွင် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ကို ပြန်လည် ရှင်သန်စေမည်ဟု ပြည်ပရောက် တိုင်းရင်းသား လူမျိုးများကောင်စီ - ENC က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"တကယ်လို့ စစ်အစိုးရက ညီညွတ်ရေးကို အမှန်တကယ် မြင်တွေ့လိုရင် သူတို့ တဖက်သတ် ရေးဆွဲအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရမှာပါ။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေးအတွက်လည်း အာမခံရမှာပါ။ စစ်အစိုးရအနေနဲ့ NLD ၊ တိုင်းရင်းသားအဖွဲ့တွေ ပါဝင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲကိုလည်း ခေါ်ယူရမှာ ဖြစ်တယ်" ဟု ဒုဥက္ကဌ ဒေါက်တာ ဆလိုင်းလျံမုန်းဇာခေါင်းက ပြောသည်။

သို့သော် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပနိုင်ရန် "အရင်ဆုံး နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမှာ ဖြစ်တယ်" ဟုလည်း သူက ပြောသည်။

သူ၏ ပြောကြားချက်သည် အင်္ဂါနေ့က စစ်အစိုးရ ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာ၌ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြည်ထောင်စုနေ့ သဝဏ်လွှာ ပါလာအပြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များအကြား ပြည်ထောင်စု မြန်မာနိုင်ငံ ထူထောင်နိုင်ရန် ၁၉၄၇ ခုနှစ်က ပင်လုံစာချုပ် လက်မှတ် ရေးထိုးခဲ့သည့်နေ့ ဖြစ်ကြောင်းနှင့် မည်သည့်နေရာတွင် ရောက်ရှိနေသည် ဖြစ်စေ၊ တိုင်းရင်းသားလူမျိုး အားလုံးအနေဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကို ဆက်လက် ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

"ပြည်ထောင်စု စိတ်ဓာတ်သည်သာ စစ်မှန်သည့် မျိုးချစ်စိတ်ဖြစ်ပြီး တိုင်းရင်းသား အားလုံးကို အစဉ်အမြဲ အကာအကွယ်ပေး စောင့်ရှောက်နိုင်လိမ့်မည်" ဟု စစ်ခေါင်းဆောင်၏ ပြောဆိုချက်ကို ကိုးကားကာ သတင်းစာက ဖော်ပြသည်။

သို့သော် တိုင်းရင်းသားလူမျိုးစုများ၏ တန်းတူအခွင့်အရေး မရှိဘဲနှင့် ပြည်ထောင်စု စိတ်ဓာတ် မရှိနိုင်ကြောင်း ဒေါက်တာ ဇာခေါင်းက ပြောသည်။ "အပြောနဲ့မရဘူး၊ လက်တွေ့လုပ်ဖို့ လိုတယ်" ဟု သူက ပြောသည်။

ထိုအတောအတွင်း ဝါရင့် ရခိုင် နိုင်ငံရေးသမားဖြစ်သော ဦးအေးသာအောင်ကလည်း စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေးကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့သဖြင့် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစု အားလုံးအကြား ညီညွတ်ရေးရရန် ဆိုသည်မှာ မဖြစ်နိုင်သည့် အိပ်မက်တခုသာ ဖြစ်ကြောင်း ပြောသည်။

"ဖွဲ့စည်းပုံဥပဒေမှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုတာ မပါလို့ ညီညွတ်ရေးကိုလည်း ဦးတည်မှာ မဟုတ်ဘူး" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ - CRPP ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။ ဤအဖွဲ့ကို ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ပါတီများဖြင့် ဖွဲ့စည်းထားသည်။

"သူတို့ (စစ်အစိုးရ) သာ တကယ်တမ်း ညီညွတ်ရေးကို တည်ဆောက်ချင်တယ်ဆိုရင် တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူညီမျှတဲ့ အခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထည့်သွင်း ရေးဆွဲထားရမယ်" ဟု ဦးအေးသာအောင်က ဖြည့်စွက် ပြောဆိုသွားခဲ့သည်။

တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များက တင်ပြသည့် တန်းတူညီမျှခွင့်များကို အမျိုးသားညီလာခံတွင် စစ်အစိုးရက လက်မခံငြင်းဆန်ခဲ့ပြီး တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေးကို အသိအမှတ် ပြုလိုစိတ် မရှိခြင်းကို သက်သေပြခဲ့သည်ဟုလည်း သူက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် ၆၂ ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး၊ ယင်းနေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ရှမ်းပြည်နယ် ပင်လုံမြို့တွင် တွေ့ဆုံကာ ပြည်ထောင်စု မြန်မာနိုင်ငံ ထူထောင်နိုင်ရန် သမိုင်းဝင် “ပင်လုံစာချုပ်” ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည် နေ့ ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် အခြား သူ၏ လုပ်ဖော်ကိုင်ဖက် ၈ ဦးနှင့်အတူ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံသည် အင်္ဂလိပ် ကိုလိုနီ အုပ်စိုးသူများထံမှ လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ရရှိခဲ့သည်။

သို့သော် တလအကြာတွင် တိုင်းရင်းသား ကရင်လူမျိုးများက ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်နက်ကိုင် ပုန်ကန်ခဲ့ပြီး ထိုအချိန်မှစ၍ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အန္တရာယ်နှင့် ကြုံခဲ့ရသည်။

တိုင်းရင်းသား လူမျိုးစုများ၏ ဖက်ဒရယ်နိုင်ငံ ထူထောင်ရန် မျှော်မှန်းချက်မှာ ၁၉၆၂ ခုနှစ်တွင် နောက်တကြိမ် ချေမွဖျက်ဆီးခြင်း ခံလိုက်ရပြန်သည်။ ဗိုလ်ချုပ်ကြီး နေဝင်းက စစ်အာဏာသိမ်း၍ အာဏာရယူခဲ့ပြီး ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ရေးဆွဲခဲ့သည်။ ဤဖွဲ့စည်းပုံသစ်သည် တပြည်ထောင် ဖွဲ့စည်းပုံစနစ် ဖြစ်ပြီး၊ ပါတီစုံ တည်ရှိခွင့်ကိုလည်း ငြင်းပယ်ထားကာ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (BSPP) တခုတည်း တည်ရှိရေးကိုသာ ခွင့်ပြုထားသည်။

"တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်မပါတဲ့ အတင်းအကျပ် ရယူထားတဲ့ ညီညွတ်ရေးမျိုး ကျနော်တို့ မလိုချင်ပါဘူး" ဟု ဒေါက်တာဇာခေါင်က ပြောသည်။

Ref: မဇ္ဈိမ

Read More...

Thursday, February 12, 2009

ရှမ်းပြည်နယ် တပ်မတော် (SSA) ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံ

မြန်မာ စစ်အစိုးရအား လက်နက်ကိုင် ဆန့်ကျင်နေသည့် ရှမ်းအမျိုးသား အဖွဲ့အစည်း တခုဖြစ်သော ရှမ်းပြည်နယ် တပ်မတော် (SSA) က (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲကို မထောက်ခံပါကြောင်း တနင်္ဂနွေနေ့က ကြေငြာလိုက်သည်။

SSA ခေါင်းဆောင် ဗိုလ်မှူးကြီး ရွက်ဆစ်တို့အား စစ်အစိုးရက သူပုန်အဖြစ် ကြေငြာထားပြီး (၂၀၁၀) ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးကို ဆန္ဒပြ သပိတ်မှောက်သည့် လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ခုတို့တွင် SSA လည်း ထိပ်တန်းမှ အပါအ၀င် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီလ (၈) ရက်နေ့က ထိုင်းနိုင်ငံထုတ် ဘန်ကောက်Post သတင်းစာကြီးမှ တဆင့် ဗိုလ်မှူးကြီး ရွက်ဆစ်က ယခုကဲ့သို့ သတင်း ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။ SSA နှင့် အတူ မွန်ပြည်သစ် ပါတီ (N.M.S.P) နှင့် ကချင် လွတ်မြောက်ရေး အဖွဲ့ကြီး (K.I.O) စသည့် လက်နက်ကိုင် အဖွဲ့များလည်း တစိတ် တ၀ှမ်းတည်း ရပ်တည်နေပါကြောင်း ရွက်ဆစ်က ပြောကြားသွားခဲ့သည်။

မြန်မာ စစ်အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများ နှေးကွေးနေမှု နှင့် အာဏာကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားလိုမှု များကြောင့် စစ်အစိုးရ၏ အရင်းနှီးဆုံး လက်နက်ကိုင် မဟာမိတ်အဖွဲ့ ဖြစ်သည့် '၀'လူမျိုးများ ပြည်ထောင်စု တပ်မတော် (U.W.S.A) ကပါ (၂၀၁၀) ရွေးကောက်ပွဲအား ထောက်ခံခြင်း မပြုနိုင်ပါဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

Ref: လူထုအသံ

Read More...

နေပြည်တော် ဥပ္ပါတသန္တိစေတီ ထီးတင်တဲ့နေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျဆုံးတဲ့နေ့

NEJ / ၁၁ ဖေဖော်ဝါရီ ၂၀၀၉

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီး ဒုတိယဆင့် ဌာပနာလှူဒါန်းပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း မြန်မာစစ်အစိုးရ သတင်းစာများက ဖော်ပြနေသော်လည်း အဆိုပါ စေတီတော်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပေါင်းလပြည့်နေ့ ထီးတင်ပြီးသည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရ ကျဆုံးမည့်နေ့ ဖြစ်သည်ဟု ဆရာတော် ရှင်ပညာသာမိက ဟောကိန်း ထုတ်လိုက်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အစိုးရ ကျဆုံးမည့် အကြောင်းကို ဗေဒင်ကိန်းခန်းအရ တွက်ချက်ပြောရုံ သက်သက် မဟုတ်ဘဲ စေတနာ မပါဘဲ ဥပ္ပါတသန္တိဂါထာကို အလွဲသုံးစား လုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ရောက်ရှိနေသည့် ရခိုင်ပြည်လုံးဆိုင်ရာ သံဃာ့ အဖွဲ့အစည်း အထွေထွေ အတွင်းရေးမှူး ဆရာတော် ဦးပညာသာမိက ခေတ်ပြိုင်နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် မိန့်ကြားခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ်သက္ကရာဇ်မှာ စစ်အစိုးရ ကျဆုံးခန်းရှိတာမို့ အဓိကကတော့ သန်းရွှေကို မောင်အေး သတ်ပါလိမ့်မယ်။ ဥပ္ပါတသန္တိဆိုတဲ့ တနင်္ဂနွေဘုရားကို အကြောင်းပြုပြီးတော့ သန်းရွှေပဲ ထီးတင်တင်၊ မောင်အေးပဲတင်တင် တပေါင်း လပြည့်နေ့မှာသာ တင်ပါစေ။ တင်တဲ့နေ့ဟာ စစ်အစိုးရ ကျဆုံးတဲ့ နေ့ပဲလို့ ဦးဇင်းက မြင်တယ်။ ၂၀၀၉ ခုနှစ်မကုန်မီ မြန်မာ့နိုင်ငံရေး သေချာပေါက် အပြောင်းအလဲ ဖြစ်တော့မယ်ဆိုတာ ဦးဇင်းပြောချင်တယ်” ဟု ဆရာတော်က ဆက်လက် အမိန့်ရှိသည်။

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ကြီးကို တည်ဆောက်ရာတွင် ရှစ်မျက်နှာ ပတ်လည်လုံး မြေပြင်ညီ ရှိနေရမည့်အစား (၆) ဖက်သာညီပြီး ကျန် (၂) ဖက်က မညီသည့် အတွက် ပေါင်းလောင်း ကွက်သစ်ဘက် ကနေ သံလမ်းကျော်၍ ၀င်လာကြည့်မည် ဆိုလျှင် စေတီတော်ကြီး ဘယ်ဘက်ငိုက်နေသည်ဟု နေပြည်တော် ၀န်ထမ်းတဦးက ပြောသည်။

ဥပ္ပါတသန္တိစေတီတော်ကြီး၏ ကွန်ကရစ်စေတီလုံးအတွက် မကွေး ကုမ္ပဏီ၊ ညောင်ရမ်း ကုမ္ပဏီနှင့် ဆန်းမစ် ကုမ္ပဏီ၊ စေတီထောင့် (၄) ထောင့်မှ ဓာတ်လှေကား (၄) ခုအတွက် OTIS ကုမ္ပဏီ၊ ဓာတ်လှေကား စောင်းတန်း အတွက် ရွှေဗိမာန် ဆောက်လုပ်ရေးနှင့် မြန်မာမှု အဖွဲ့တို့က တာဝန်ယူ ဆောက်လုပ်နေပြီး အမြန်ပြီးစီး နိုင်ရေးအတွက် ၀န်ထမ်း (၅,၀၀၀) ကျော်နှင့် နေ့ရောညပါ လုပ်ကိုင်နေသည်ဟု စုံစမ်းသိရသည်။

ဥပ္ပါတသန္တိစေတီတော်ကြီး၏ ငှက်ပျောဖူးနှင့် ကြာမှောက် ကြာလှန် ရွဲတို့ကို ရွှေပြားကပ်မည် ဖြစ်သည့်အတွက် ငှက်ပျောဖူး အတွက် ရွှေသား (၉၆.၄၃) ပိဿာနှင့် ကြာမှောက် ကြာလှန် ရွဲတို့အတွက် ရွှေသား (၄၂) ပိဿာ စုစုပေါင်း ရွှေပိဿာချိန် (၁၃၈.၄၃) ပိဿာ ကုန်ကျမည်ဟု တာဝန်ရှိသူတဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

စစ်ဖြစ်မှာ စိုးကြောက်တယ် (တစည ခေါင်းဆောင်နှင့် အင်တာဗျူး)

ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၏ ပြည်ထောင်စုနေ့ အကြို သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ဌာနချုပ်ရုံးရှိရာ တက္ကသိုလ် ရိပ်သာလမ်းရှိ အစည်းအဝေး ခန်းမတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် တစည တာဝန်ရှိသူများက စစ်ပွဲများနှင့် အစိုးရ ဆန့်ကျင်သည့် လမ်းပေါ် ဆန္ဒပြပွဲများ ပေါ်ထွန်းလာမှာကို စိုးရိမ်ကြောင်း ပြောကြားသွားခဲ့သည်။

အသေးစိတ် သိရှိနိုင်ရန် မဇ္စျိမ သတင်းထောက် နန်းဒေ၀ီက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တဦးဖြစ်သူ ဦးဟန်ရွှေနှင့် တယ်လီဖုန်းမှ တဆင့် တွေ့ဆုံ မေးမြန်းထားသည်။

တစည ခေါ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် ယခင် အာဏာရှင်ဟောင်း ဦးနေ၀င်း တည်ထောင်ခဲ့သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ၁၉၈၈ ခုနှစ်တွင် ဖျက်သိမ်း ခံရပြီးနောက် အမည်ပြောင်းလဲ ခဲ့ခြင်း ဖြစ်သည်။

မေး။ ။ အဓိက ပြည်ထောင်စုနေ့ သတင်းစကား က ဘာလဲရှင့်။

ဖြေ။ ။ ပြည်ထောင်စုနေ့ ဖြစ်တော့ သတင်းစကား၊ အကြောင်းအရာ ၃ ခုပါပဲ။ တခုကတော့ ပြည်ထောင်စုနေ့ နဲ့ ပတ်သက်ပြီးတော့ ပင်လုံစိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး စိတ်ဓာတ်ကို လူငယ်တွေက လက်ဆင့်ကမ်း သယ်ဆောင်ဖို့၊ ပင်လုံ စိတ်ဓာတ်ကိုပဲ ပိုမို ခိုင်မာစေဘို့၊ ဒါဟာ သမိုင်းက ပေးခဲ့တဲ့ အမျိုးသားရေး တာဝန်ပဲဆိုတာ အထူးသဖြင့် လူငယ်တွေကို message ပေးတာပါ။

မေး။ ။ ပြည်ထောင်စုနေ့အကြို အခန်းအနားကို နယ်ကိုယ်စားလှယ် တက်ရောက်တာ ရှိပါသလား။

ဖြေ။ ။ နယ်ကိုယ်စားလှယ် မပါဘာဘူး။ ရန်ကုန်တိုင်းရယ် ဌာနချုပ်ရယ်ပါပဲ။ ပြည်နယ်/တိုင်း အလိုက် လုပ်ကြပါတယ်။ လူ ၄၀၀ ကျော်လောက် တက်ပါတယ်။

မေး။ ။ တစည ပါတီရဲ့ လက်ရှိလှုပ်ရှားနေတဲ့ ရုံးခန်းခွဲတွေ ဘယ်လောက် ရှိနေပြီလဲ။

ဖြေ။ ။ ကျနော်တို့က ဌာနချုပ်က ရန်ကုန်မှာရှိတယ်။ ပြည်နယ်နဲ့တိုင်း ၁၄ ခုစလုံးမှာ ကျနော်တို့ ပါတီရဲ့ ပြည်နယ်တိုင်း စည်းရုံးရေး ရုံးတွေရှိပါတယ်။ ပြည်နယ်/တိုင်းတွေမှာရှိတဲ့ မြို့နယ် တွေမှာလည်း မြို့နယ်တိုင်း လိုလိုမှာ ရှိပါတယ်။ ပြည်နယ်၊ တိုင်း ၁၄ ခုရဲ့ မြို့နယ်ပေါင်း ၃၀၀ ကျော်မှာ ရှိပါတယ်။

မေး။ ။ လက်ရှိ ပါတီ အင်အား ဘယ်လောက် ရှိပါသလဲ။

ဖြေ။ ။ လောလောဆယ်မှာ ကျနော်တို့ အဖွဲ့ဝင် အင်အား ၅ သိန်းကျော်ရှိပြီ။ ကျနော်တို့က လမ်းစဉ် ပါတီကနေ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီကို ကူးပြောင်းလာတော့ အဲဒီက ပါတီ အဖွဲ့ဝင်ဟောင်းတွေလည်း ပါတယ်။ နောက်ပိုင်းကျတော့ ၈၈-ခုနှစ် ရောက်တော့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီကို ဖွဲ့လိုက်တော့ အဖွဲ့ဝင် သစ်တွေ ပါလာတာလည်း ရှိပါတယ်။ သို့သော်လည်းပဲ နောက်ပိုင်းမှာ ပါတီဝင်တွေ တိုးချဲ့ ဖွဲ့စည်းတာ မလုပ်ဖို့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်က ကျနော်တို့ကို ညွန်ကြားထားတာ ရှိတော့ ခုထိဆိုရင် အဖွဲ့ဝင် ၅ သိန်းကျော် ရှိပါတယ်။

မေး။ ။ လက်ရှိ ပါတီရဲ့ လှုပ်ရှားမှုတွေ ဘာတွေ ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ လှုပ်ရှားမှုက ပုံမှန်ပါပဲ။ လမ်းစဉ်ပါတီ လက်ထက်မှာ ကတည်းက ကျနော်တို့ ရုံးခွဲတွေ ပြည်နယ်/တိုင်း တွေမှာ ရှိပြီးသား ဆိုတော့ ဒီဘက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ရောက်လာတဲ့ အခါ ဒီရုံးတွေကို အကောင်အထည်ဖော် ဆောင်ရွက်လာတဲ့ အခါကျတော့ ကျနော်တို့အတွက် သိပ်ပြီးတော့ မြို့နယ်တွေနဲ့ ပြည်နယ်တွေမှာ ရုံးခွဲတွေ ဖွင့်တာ သိပ်ပြဿနာ မရှိပါဘူး။ ပုံမှန် အစည်းအဝေးတွေ လုပ်ဖြစ်ခဲ့တယ်။

မေး။ ။ ၂၀၁၀-ခုနှစ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီရဲ့ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုတွေ။

ဖြေ။ ။ ကျနော်တို့က ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ ယေဘုယမူတော့ ချထားပြီးသားပါ။ အခု ရွေးကောက်ပွဲ ဥပဒေ ထုတ်တဲ့အခါကျမှ constituency တွေကို ဖော်ပြရမှာ ဖြစ်ပါတယ်။ ဥပမာဆိုပါတော့ ပြည်သူ့ လွှတ်တော် အတွက် ဘယ်နေရာတွေဟာ မဲဆန္ဒ နယ်မြေတွေ ဖြစ်မယ်။ အမျိုးသား လွှတ်တော်အတွက် မဲဆန္ဒ နယ်မြေတွေ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီအခါ ကျတော့မှ မဲဆန္ဒ နယ်မြေတွေ ကျလာတော့မှ ဘယ်မဲဆန္ဒ နယ်မြေတွေမှာ အခြေအနေ ပေးတယ် မပေးဘူးဆိုတာ ကြည့်ပြီးတော့ ရွေးကောက်ပွဲ ၀င်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့လည်း ရွေးကောက်ပွဲ ဥပဒေ ထွက်လာမှာကို မျှော်နေကြပါတယ်။

မေး။ ။ အထူးသတင်းစာ ရှင်းလင်းပွဲ လုပ်တာလားရှင့်။

ဖြေ။ ။ မဟုတ်ပါဘူး။ ပုံမှန်ပါပဲ။ အထူးအဆန်း သဘောမျိုးတော့ မဟုတ်ပါဘူး။ ပြည်ထောင်စု နေ့တိုင်း ရောက်တဲ့အခါနဲ့ အဖွဲ့ နှစ်ပတ်လည်နေ့တွေ တနှစ်မှာ ၂ ခါ ပြည်တွင်း ပြည်ပ သတင်းဌာန၊ ဂျာနယ်တွေကို ဖိတ်ပြီး ပြည်ထောင်စုနေ့ message တွေကို ရှင်းပြတာပါပဲ။ အကြောင်းအရာအသစ် ပေါ်လာလို့၊ ကိစ္စအသစ် ပေါ်လာလို့ လုပ်တာ မဟုတ်ပါဘူး။ လုပ်လာခဲ့တာ ကြာပါပြီ။ ပြည်ထောင်စုနေ့ လုပ်တဲ့အခါမှာ သူတို့တွေ (သတင်းထောက်တွေ) စုပြီးတော့ သူတို့ သိချင်တာလေးတွေ မေးရင်း ပြောကြတာပါပဲ။

ပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေဖြစ်တဲ့ အေပီ၊ အေအက်ဖ်ပီ၊ ရိုက်တာတို့ စတဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ ပြည်တွင်း၊ ပြည်ပ သတင်းဌာန စုစုပေါင်း ၂၅ ခုရှိတယ်။ ပြည်တွင်းဂျာနယ်တွေကိုတော့ အကုန်မဖိတ်နိုင်ဘူး။ အဆင်ပြေသလိုသာ လုပ်လိုက်တာပါ။

မေး။ ။ ဒီမနက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တဲ့ စစ်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်တယ်ဆိုတာ ဘယ်လို ဟာမျိုးကို ပြောတာလဲ။ ဘယ်လိုနေရာတွေမှာ အဲလိုစစ်ပွဲတွေ ဖြစ်လာနိုင်ပါသလဲ။

ဖြေ။ ။ ဒီလိုပါ။ ပြည်ပ မီဒီယာတွေ ပြောနေတာတွေရော၊ ဘာတွေရော ပြောနေတာတွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သဘောမတူဘူး၊ အတည်မပြုဘူး။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး ဆိုတာမျိုးတွေ လုပ်လာတာ ဆိုတော့ ဒီလို ပြောတာဆိုတာတွေ အခြေအနေပေါ် မူတည်ပြီးတော့ ဘယ်နေရာ၊ ဘယ်ဒေသ ဆိုတာမျိုးတွေတော့ မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံမှာကလည်း လက်နက်ကိုင်တွေ ရှိတော့ ဒီလိုဟာမျိုးတွေ မဖြစ်အောင် ကျနော်တို့ ၀ိုင်းပြီးတော့ ကြိုးစား ကာကွယ်ကြဘို့ လိုပါတယ်။ လွတ်လပ်ရေး ရပြီး ကတည်းက ဆူပူ သောင်းကျန်းမှုတွေက တောက်လျှောက် ဖြစ်လာခဲ့တော့ ပြည်သူတွေလည်း စိတ်ပင်ပန်းနေပြီ။ ဖြစ်မလာအောင် ၀ိုင်းပြီးတော့ တတ်နိုင်သလောက်၊ သတင်းစာတွေ ကလည်း သတင်းစာ အလျောက်၊ သတင်း ဌာနတွေကလည်း သတင်းဌာန အလျောက်ပေါ့လေ၊ ကျနော်တို့ ပါတီကတော့ ဒီလိုဟာမျိုးတွေ ဖြစ်ဖို့ မလိုလားဘူး။ အေးအေးချမ်းချမ်းနဲ့၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ transfer of power ကို ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ နည်းလမ်းနဲ့ပဲ ဆောင်ရွက်သွားတဲ့ ဟာက အကောင်းဆုံး ဖြစ်မယ်လို့၊ စနစ်တကျ ဖြစ်မယ်လို့ ခံယူတာပါ။ ဒါကိုပြောတာပါ။

ခုလည်းပဲ တချို့နေရာတွေမှာ တချို့ပြည်နယ်တွေမှာ ကျနော်တို့ ဖဆပလ ခေတ်ကတည်းက လမ်းစဉ်ပါတီ ကနေ ခုတောက်လျှောက် ဖြစ်လာတာတွေ ရှိတယ်။ ဒီသက်ဆိုင်ရာ ပြည်နယ်တွေမှာ ဖြစ်နေတာတွေ ရှိတယ်။ တပ်မတော်ကလည်း တတ်နိုင်သမျှ လက်နက်နဲ့ ငြိမ်းချမ်းရေး လုပ်ထားတာ ရှိတယ်။ တချို့ နေရာတွေမှာ အေးအေး ဆေးဆေးလေး ရှိနေသလို၊ တချို့နေရာမှာတော့ ထိုက်သင့်သလို မကျေနပ်တဲ့ သူတွေက လက်နက်ကိုင် သောင်းကျန်းနေတဲ့ အခြေအနေတွေ ရှိနေတယ်။ ဒီလိုဟာတွေ အခြေခံပြီးတော့ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်လာတယ် ဆိုတာမျိုးကို ကျနော်တို့ ဆိုလိုတာပါ။

မေး။ ။ လမ်းပေါ်ဆန္ဒပြတာတွေ ထပ်မံဖြစ်ပေါ်လာမဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ အပေါ်မှာ ဘယ်သူတွေ လုပ်လာနိုင်သလဲ။

ဖြေ။ ။ ဒီဟာနဲ့ ပတ်သက်လို့။ မီဒီယာတွေမှာကော ပြောနေကြတာတွေ ရှိတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်တဲ့ အင်အားစုတွေပေါ့။ လက်မခံနိုင်တော့ မဖြစ်အောင် လုပ်မှာပေါ့။ အဲဒီ အင်အားစုတွေက မဖြစ်အောင် နည်းမျိုးစုံ သုံးလာနိုင်တယ်။ ဘယ်သူရယ် ဘယ်ဝါရယ်လို့ ကျနော်တို့ မဆိုလိုပါဘူး။ ဒီဟာကို လက်မခံနိုင်တဲ့ ပြည်တွင်း၊ ပြည်ပ အင်အားစုတွေကို ဆိုလိုတာပါ။

NLD အနေနဲ့က ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံ သေးဘူးပေါ့လေ။ လုံးဝ လက်မခံဘူးလို့ ပြောတာတော့ မဟုတ်ဘူးလေ။ Not Yet လို့ပြောတာပါ။ လက်မခံနိုင် သေးဘူးလို့ ပြောတာပါ။

မေး။ ။ NLD အဖွဲ့ဝင် ကျောင်းသား၊ လူငယ် တော်တော်များများက ထောင်ထဲ ရောက်ကုန်ပြီ ဆိုတော့ တခြား ဘယ်အဖွဲ့တွေက ဒီလို လမ်းပေါ် ဆန္ဒပြတာတွေ လုပ်နိုင်သေးလဲ။

ဖြေ။ ။ အဲဒီဟာကတော့ ကျနော်တို့ ပြောဖို့ အခက်အခဲ ရှိပါတယ်။

မေး။ ။ ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲအတွက် NLD အဖွဲ့ရဲ့ အခန်းဂဏ္ဍကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ သူ့ကို NLD ကို ရွေးကောက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်။ လိုလားပါတယ်။ သူတို့လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူရဲ့ ထောက်ခံမှု ရထားတာပဲဟာ။ ခုလည်းပဲ ဒီမှာ ပါဝင်ပြီးတော့ ယှဉ်ပြိုင်သင့် ပါတယ်။

မေး။ ။ အခြေအနေတွေ ပြောင်းလဲလာတဲ့ အပေါ်မှာ NLD ရဲ့ လူထုအပေါ် လွှမ်းမိုးမှု ပြောင်းလဲ သွားပြီလို့ ဆိုနိုင်သလား။

ဖြေ။ ။ သူ့အနေနဲ့ကတော့ ဘာပဲပြောပြော သူ့ကိုလက်ခံတဲ့ ပရိတ်သတ် ရှိသင့်သလောက် ရှိနေမှာပါပဲခင်ဗျ။ သူလည်း မြန်မာပြည် တပြည်လုံး နီးပါးလောက် ကိုယ်စားပြုပြီးတော့ ဖွဲ့စည်းထားတဲ့ ပါတီပဲခင်ဗျ။ ကျနော်တို့ လိုပဲ ခုနက ရန်ကုန်တင် မဟုတ်ဘဲ၊ ပြည်နယ်တိုင်းတွေရဲ့ မြို့နယ်တွေမှာလည်း ခွဲဖွင့်ထားတဲ့ ပါတီဆိုတော့ ထိုက်သင့်တဲ့ အားလျှော်စွာ ရှိမှာပါ။

မေး။ ။ NLD ကိုရော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ဖို့ တိုက်ရိုက်တွေ့ဆုံ အကြံပေးဖူးတာ ရှိပါသလား။

ဖြေ။ ။ မျက်နှာချင်းဆိုင် ပြောတာတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ပါတီထုတ်တဲ့ စာစောင်တွေ၊ ဒီနေ့လိုမျိုးလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ NLD အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ၀င်သင့်တယ်။ ပြီးတော့ လွန်ခဲ့တဲ့ အမျိုးသား ညီလာခံမှာလဲ NLD အနေနဲ့ ပါဝင်သင့်တယ်။ တက်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ထို့အတူပဲ NLD အနေနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ပါတီတခု အနေနဲ့ ယှဉ်ပြိုင်သင့်တယ်။ ပါဝင် သင့်တယ်လို့ ကျနော်တို့ ပြောတယ်။

မေး။ ။ ၂၀၁၀-ခုနှစ်အတွက် ဘယ်ပါတီဟာ leading role ပါတီ ဖြစ်လာမယ်လို့ မြင်ပါသလဲ။

ဖြေ။ ။ လောလောဆယ်တော့ တရားဝင်ခွင့်ပြုထားတာ ၁၀ ပါတီပဲ ရှိတာကိုး။ NLD အပါအ၀င်၊ ကျနော်တို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့တို့၊ ပအို့ဝ်၊ ကိုးကန့်၊ ပြည်ထောင်စု ကရင်တို့၊ '၀' အမျိုးသား တိုးတက်ရေး၊ စတဲ့ ကျနော် မှတ်မိ သလောက်ပါ။ ပါတီပေါင်း ၂၅၃ ကနေ ခုထက်ထိ ဖျက်သိမ်းတဲ့အထဲ မပါဘဲ တရားဝင် ရှိနေတဲ့အဖွဲ့ ၁၀ ခုပေါ့။ တချို့ကျတော့လဲ ရွေးကောက်ပွဲ ဥပဒေ စောင့်နေကျတဲ့ အဖွဲ့တွေလည်း ရှိနေတယ်။ ဥပဒေ ပေါ်လာပြီးမှဘဲ၊ ပါတီတွေ ပေါ်လာပြီးမှဘဲ ကျနော်တို့ ပြောလို့ရမယ်။

မှတ်ပုံတင် ဥပဒေ ထွက်လာရင် ထပ်ပြီး မှတ်ပုံတင်မဲ့ ပါတီတွေလည်း ရှိမှာပါ။ ဘယ်ပါတီကတော့ အဓိက ယှဉ်ပြိုင်ပါတီ ဖြစ်လာမယ်ဆိုတာ ပြောဖို့ စောနေပါသေးတယ်။

မေး။ ။ ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲ ၀င်မဲ့ ပါတီအရေအတွက်က ၁၉၉၀ ခုနှစ်ကထက် များလာနိုင်သလား၊ နည်းသွားနိုင်သလား။

ဖြေ။ ။ ၉၀-ခုနှစ်ထက်တော့ နည်းလိမ့်မယ်လို့ ကျနော်ထင်တယ်။ မှတ်ပုံတင် ဥပဒေ ထွက်လာရင် ဥပဒေထဲမှာ ပါလာမှာပဲ။ နိုင်ငံရေးပါတီ တခုဆိုရင် ဘယ်လို အင်္ဂါရပ်တွေ ပါရမယ်ဆိုတာ စသည်ဖြင့် ရှိလာမှာပါ။ ဒါကြောင့် ဥပဒေ မထွက်လာသေးတော့ ကျနော်တို့လည်း ဘာမှ အသေးစိတ် မသိရသေးပါဘူး။

Ref: မဇ္စျိမ

Read More...

ရေနံမှော်နှင့်ဆက်စပ်လုပ်ငန်းများ အခက်တွေ့

မင်းနိုင်သူ/ ၁၁ ဖေဖော်ဝါရီ ၂၀၀၉

အာဏာပိုင်များနှင့်ပတ်သက်သော ကုမ္ပဏီများမှ ဈေးနှိမ်ဝယ်ယူခြင်း၊ ရေနံဈေး အလွန်အမင်း ကျဆင်းနေခြင်း တို့ကြောင့် မကွေးတိုင်း အတွင်းရှိ ရေနံမှော်များနှင့် ဆက်စပ် လုပ်ကိုင်နေသူများ အခက်တွေ့ နေကြရကြောင်း လုပ်ငန်းရှင်များက ပြောသည်။

မကွေးတိုင်းအတွင်းရှိ ရေနံမှော်များမှ တွင်းပိုင်ရှင်များအနေဖြင့် အာဏာပိုင်များနှင့် ပတ်သက်သော ကုမ္ပဏီများ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းကို မခံနိုင်ကြတော့သဖြင့် ယခုရက်ပိုင်းအတွင်း တွင်းနှုတ်နေကြပြီဖြစ်ကြောင်း တွင်းပိုင်အချို့က ပြောသည်။

ငါးရှန်တောင်၊ ဆူးဝင်း၊ ၀တောင်၊ နှောပင် စသည့် ရေနံမှော်များမှ တွင်းပိုင်များ လုပ်ငန်းများ ရပ်ဆိုင်းနေကြပြီး မှော်ကို အမှီပြု ရောင်းချနေသော ဈေးဆိုင်များလည်း ပိတ်နေကြပြီ ဖြစ်ကြောင်း သိရသည်။

“မှော်မှာ လူသိပ်မရှိတော့ပါဘူး။ အတော်များများက တွင်းနှုတ်ကုန်ကြပြီလေ။ ဒေသခံတွေ လောက်ပဲ ဆက်လုပ်နေကြတယ်။ တခြားဒေသက လာလုပ်တဲ့သူတွေက ဒေသခံတွေဆီ တွင်းပြန်ရောင်းထား ခဲ့ကြတာပေါ့။ ဒေသခံတွေကတော့ လုပ်မယ်ဆိုရင် လုပ်နိုင် သေးတယ်လေ။ ရပ်ဝေးက လာလုပ်တဲ့သူတွေ အဖို့ကတော့ မကိုက်တော့ဘူး” ဟု တွင်းပိုင်တဦးက ပြောသည်။

တရက်လျှင် တပေပါ ထွက်သော တွင်းတတွင်းကို ယခင်က (၁၀) သိန်းနှုန်းဖြင့် အရောင်းအ၀ယ် ပြုခဲ့ကြသော်လည်း ယခုအခါ ရောင်းချလိုသူ များပြားလာခြင်း၊ ၀ယ်ယူနိုင်သော ဒေသခံ နည်းပါးနေခြင်း တို့ကြောင့် တတွင်းလျှင် (၅) သိန်းသာရတော့သည်ဟု တွင်းပိုင်က ဆိုသည်။

ယခင်က ဒေသခံလူနည်းစုသာ လုပ်ကိုင်နေသော ရေနံတူးလုပ်ငန်းတွင် ၂၀၀၅ ခုနှစ် နောက်ပိုင်းမှစ၍ အခြားဒေသများမှ စီးပွားရေးလုပ်ငန်းရှင်များ ၀င်ရောက်ရင်းနှီးလုပ်ကိုင်လာကြပြီး အကျိုးအမြတ်ပမာဏ ကြီးမှန်းသိသောအခါ အာဏာပိုင်များနှင့် ပတ်သက်သော ကုမ္ပဏီများက တွင်းတူးမှုမပြုဘဲ တွင်းပိုင်များ ရရှိထားသော ရေနံများကိုသာ ဈေးနှုန်းထိန်းချုပ်ဝယ်ယူခဲ့ကြသည်။

ယင်းကဲ့သို့ ၀ယ်ယူခြင်းကြောင့် ဒေသခံများနှင့် တွင်းပိုင်များက မခံနိုင်ကြတော့ရာမှ ဇန်န၀ါရီ (၈) ရက်တွင် နှောပင်ရေနံမှော်၌ ကောင်းဇော်ဟိန်း ကုမ္ပဏီ မီးရှို့ဆန္ဒပြ ခံရသည်။ နယ်မြေခံ တပ်တခုက ဒေသခံလူထုကို ပစ်ခတ်နှိမ်နင်းခဲ့ပြီး ရေနံပွဲစား (၂၀) ယောက်ထက် မနည်းကို ဖမ်းဆီးထားဆဲဖြစ်သည်။

“အခုမလွတ်တဲ့အပြင် ပခုက္ကူထောင်ကို ပို့လိုက်ပြီ။ ပြီးခဲ့တဲ့အပတ်က ပို့တာ။ စောစောက မြိုင်ရဲစခန်းမှာပဲ ချုပ်ထားတာလေ။ ရမန်ကြီး တပတ်ထပ်ယူပြီး နေပြည်တော်က ဆင်းစစ်မယ်လို့ ကြားတယ်။ ပခုက္ကူ ဘုန်းကြီးကျောင်း တကျောင်းမှာ သူတို့ကို တွေ့ဖို့ သွားစောင့်နေတဲ့ မိသားစုတွေကိုလည်း တွေ့ခွင့် မပေးဘူး။ နောက်ထပ်လည်း လူ (၁၇) ယောက် ထပ်ဖမ်းဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်” ဟု နှောပင်တွင်းပိုင်က ပြောသည်။

ရေနံမှော်များမှ ထွက်ရှိလာသော ရေနံစိမ်းများကို ချက်လုပ်ရောင်းချ ပေးနေရသော ကျောက္ကာရွာမှ ရေနံချက် ဖိုများသည်လည်း ရေနံဈေးနှုန်း ကျဆင်းနေခြင်းကြောင့် ချက်လုပ်နှုန်း ကျဆင်းနေကြောင်း သိရသည်။

“ပန့်ဆီဈေးကျနေတော့ ချက်ဆီလည်း ကျတာပေါ့။ အခုတော့ အော်ဒါမှာမှပဲ ချက်ကြတော့တာ။ အရင်လို ၀ယ်ချက်ရောင်း မရှိတော့ဘူး။ ကုန်ကြမ်းစိမ်းဈေးက တပေပါ (၈) သောင်းလောက်နဲ့ ၀ယ်ရပြီး ချက်ပြီး မန္တလေးအရောက် ပို့ဈေးက (၉) သောင်းပဲရတော့ မကိုက်ကြတော့ဘူး။ အလုပ်မပြတ်ရုံသာ မှေးလုပ်နေကြ ရတာ။ ဒါကလည်း ဓာတ်ဆီဈေးလေးက ဖူးနေလို့ လှုပ်သာ လှဲ့သာ ရှိနေတာ။ ဓာတ်ဆီဈေးက ပိုနေတော့ ဓာတ်ဆီပဲ ချက်နေကြတာ များတယ်။ ဒီဇယ်ဆီဈေးကလည်း ကျနေတော့ ချက်ဆီကို ရောလို့ မရတဲ့အတွက် ကြောင့်လည်း ပါတယ်” ဟု ချက်ဖိုပိုင်ရှင် တဦးကပြောသည်။

၂၀၀၈ စက်တင်ဘာလအထိ ဓာတ်ဆီ၊ ဒီဇယ်ဆီ တပေပါ ကျပ်နှစ်သိန်းကျော်ရှိနေရာမှ တဖြည်းဖြည်း ကျဆင်းလာရာ ယခုအခါ ငါးဆယ် ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး တပေပါ ကျပ်တသိန်းကျော်သာရှိတော့သည်။

Ref: ခေတ်ပြိုင်

Read More...

မူးလဲခဲ့သော ဂုဏ်ပြုတပ်သား ဖမ်းဆီးခံရ

မိုးသူ
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ 11 2009

ရန်ကုန် (မဇ္ဈိမ)။ ။ နေပြည်တော်သို့ လာရောက် လည်ပတ်သည့် အိန္ဒိယနိုင်ငံ ဒုသမတ ရှရီ အမ် ဟာမစ် အန်စရီ၏ ယခုလ ၅ ရက်နေ့က ကြိုဆိုရေး ဂုဏ်ပြုတပ်ဖွဲ့မှ စစ်သည်တဦး မူးလဲကျခဲ့ရာ ယခုအခါ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း စစ်တပ်နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

ဂုဏ်ပြုတပ်ဖွဲ့ ရှေ့ဆုံးတန်းမှ မူးလဲကျနေသော စစ်သည်၏ ရုပ်ပုံလွှာမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ထုတ် အစိုးရထုတ် သတင်းစာများဖြစ်သော ကြေးမုံနှင့် New Light of Myanmar ၏ မျက်နှာစာတွင် ပါရှိခဲ့သည်။

ထိုဓာတ်ပုံပါလာခဲ့မှုကြောင့် ပြန်ကြားရေးဌာနမှ ၀န်ထမ်းများ ပေါ့ဆသည်ဟုဆိုကာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း အား နအဖ စစ်အုပ်စု နံပါတ်နှစ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ပြစ်တင်ဝေဖန်ခဲ့သည်။

အဆိုပါ နေ့စဉ်ထုတ်သတင်းစာများမှာ စစ်အစိုးရ ၀ါဒဖြန့်ချိသော သတင်းစာများဖြစ်သည်။

စစ်သည်မှာ ပူပြင်းသော ရာသီဥတုဒဏ်ကြောင့် မူးလဲကျခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်အခြေစိုက် သတင်းသမားတဦးက ဆိုသည်။ မည်သည့်အတွက်ကြောင့် သူ့အား ချုပ်နှောင်ထားခြင်းဖြစ်သည်ကိုမူ ရှင်းလင်းစွာ မသိရပေ။

အိန္ဒိယ ဒုသမတသည် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ၄ ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

အရေးကြီးပြီ သွေးနီးကြပါစို့ (၁)

ဦးအောင်ဆက်ပိုင် / ၁၁ ဖေဖော်ဝါရီ ၂၀၀၉

မြန်မာနိုင်ငံတလွှား မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူ၊ ပြည်သူပြည်သား အပေါင်းတို့နှင့် တကွ၊ အကြောင်းကြောင်း ကြောင့် ပြည်ပ နိုင်ငံ အသီးသီးတွင် ရောက်ရှိကြကုန်သော သွေးချင်း ညီနောင်အပေါင်းတို့ ခင်ဗျား။

နေ့စဉ်နှင့်အမျှ မြင်တွေ့ကြားသိရသမျှ အကုသလ၀ိဘက်နဲ့ အကျိုးပေးနေပါလားလို့ပင် ဆိုရလောက်အောင် ကျနော်တို့ နိုင်ငံအရေး၊ ဘာသာအရေး၊ တိုင်းရင်းသား ပြည်သူပြည်သားတွေအရေး ရင်လေးစရာချည်းပါလား လို့ပဲ နှလုံးသွင်းလိုက်ရပါတော့တယ်။ မပြောမပြီးမို့ ကျနော့်အနေနဲ့ မြင်မိသမျှ၊ တွေ့မိသမျှ၊ ကြံမိသမျှ ဖောက်သည်ချလိုက်ပါရစေ။

ယခုတင်ပြမည့် အကြောင်းအရာများသည် ကျနော်၏ ကိုယ်ပိုင်ခံစားချက် ထင်မြင် ယူဆချက်များသာ ဖြစ်ပြီး မိမိတို့နှင့် ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည် ဖြစ်စေ သြော် မြန်မာပြည်အတွက် ရင်လေးနေတာပါလား လို့သာ မေတ္တာရှေ့ထား နှလုံးသွင်းပေးကြဖို့ ကြိုတင်တောင်းပန်အပ်ပါတယ်။

ယနေ့ မြန်မာနိုင်ငံအတွင်းမှာ အစိုးရကတဖုံ၊ အတိုက်အခံက တသွယ်၊ ရဟန်းရှင်လူ၊ ပြည်သူပြည်သား၊ ၀န်ထမ်း၊ ကျောင်းသား လူငယ်များအဆုံး၊ ငြိမ်းချမ်းရေးရယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများပါမကျန် ကဏ္ဍအသီးသီးမှာ ပြဿနာပေါင်းစုံ ဒုက္ခမျိုးစုံနဲ့ ချာချာလည်နေကြတာကို သတိထားမိကြမှာပါ။ ဒါ့အပြင် ပြည်ပရောက် အတိုက်အခံများနဲ့ မြန်မာပြည်သားတွေရဲ့ အရေးကလည်း ရင်မအေးဖွယ်ပါ။

ကဏ္ဍအသီးသီးကနေ ခေါင်းဆောင်အသီးသီး၊ ပုဂ္ဂိုလ်အသီးသီးက မိမိတို့ အမြင်အရ လုပ်ကြ ကိုင်ကြ၊ ဆွေးနွေး ငြင်းခုံကြ၊ အလုပ် လုပ်ကြနဲ့ ရှိနေကြတာမို့ ကျနော့်အနေနဲ့ ၀င်ရောက် မဆွေးနွေးလိုပါ။ တိုင်းပြည်တွက် ဆိုရင် ရိုးသားကြပါလို့ပဲ အရင်းခံ စိတ်ထားနဲ့ အကြံပေး ပါရစေ။ ကျနော်တင်ပြလိုတာကတော့ အခြေခံအားဖြင့် အများ သတိမထားမိတဲ့ အကယ်၍ သတိထား မိခဲ့ရင်လည်း မဆွေးနွေးဖြစ်တဲ့ အကြောင်း အရာလေးတွေကို မြန်မာပြည်အရေး တင်ပြရင်း အများသူငါ ၀ိုင်းဝန်း ဆင်ခြင်သုံးသပ်ပြီး အမိပြည်အတွက် အလုပ်လုပ်နိုင်ကြဖို့ပါ။

ယနေ့ မြန်မာနိုင်ငံရဲ့အခြေအနေကို လက်ရှိအုပ်ချုပ်နေတဲ့ နအဖအစိုးရ တက်လာပြီးနောက် ထုတ်ပြန်ကြေညာခဲ့တဲ့ ဒို့တာဝန် အရေးသုံးပါးနဲ့ပဲ စဉ်းစားကြည့်ရအောင်ပါ။ တကယ်တော့ ဒီအချက် (၃) ချက်ဟာ မြန်မာပြည် လွတ်လပ်ရေး ရပြီ ဆိုကတည်းက တိုင်းပြည်မှာ အဓိက ကိုင်စွဲခဲ့တဲ့ မူတွေပါ။ ဒီအချက်ကို ယခု အန်အယ်လ်ဒီဥက္ကဋ္ဌ အန်ကယ် ဦးအောင်ရွှေနဲ့ တကွ မျိုးချစ် ရဲဘော်ဟောင်းများ အပါအ၀င် သခင်သိန်းဖေနဲ့ ၀ါရင့်နိုင်ငံရေးသမားများအားလုံး သိရှိလက်ခံကြပါတယ်။ “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒီအချက် (၃) ချက်ဟာ ဘယ်အစိုးရ တက်လာလာ မလွဲမသွေ လက်ကိုင်ပြုရမယ့် အချက်တွေပါ။

ဒီအချက်တွေကို အုပ်ချုပ်သူအစိုးရဖြစ်နေတဲ့ နအဖတဖြစ်လဲ ယခင် န၀တအနေနဲ့ ဘယ်အတိုင်းအတာ အထိ ဆောင်ရွက်နေပါသလဲ၊ ဆောင်ရွက် ပြီးပါပြီလဲ။ မေးခွန်းထုတ် ဆန်းစစ် ကြည့်ရအောင်ပါ။

ကျနော်တို့နိုင်ငံဟာ ထူးခြားတဲ့ ၀ိသေသလက္ခဏာတွေရှိပြီး တိုင်းရင်းသားလူမျိုးစုပေါင်း (၁၃၅) မျိုး စုဝေးလျက် ဥမကွဲ သိုက်မပျက် နှစ်ပေါင်းများစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့ကြတာ အံ့သြစရာပါ။ တကယ်တော့ အချင်းချင်း လေးစားယုံကြည်မှု၊ တန်ဖိုးထားမှု၊ ရိုင်းပင်းကူညီမှု၊ သစ္စာစောင့်သိမှု၊ အရေးကြီးရင် သွေးနီးမှု စတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေကောင်းတွေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်ခဲ့လို့သာ ဒီနေ့ ဒီအချိန်ထိတိုင်အောင် မြန်မာနိုင်ငံရယ်လို့ ၀င့်ဝင့်ကြွားကြွား ရပ်တည်နိုင်ခဲ့ကြပြီး ကျနော်တို့အနေနဲ့ ဂုဏ်ယူရမှာပါ။

တဖက်မှာလည်း များပြားလှတဲ့ သမိုင်းနောက်ခံတွေ ရှိတဲ့အတွက် အငြင်းပွားစရာတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနှစ်နောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပြည်ထောင်စုမှ ခွဲထွက်ရေး ကြိုးစားခဲ့မှုဖြစ်ရပ်တွေဟာ သင်ခန်းစာယူစရာတွေ တပုံတပင်ပါ။ ကျနော့်အနေနဲ့ ပညာရှင်မဟုတ်သလို ခေါင်းဆောင်လည်းမဟုတ်၊ ရွေးချယ်ခံကိုယ်စားလှယ်လည်း မဟုတ်တဲ့အတွက် အကျယ် မဆွေးနွေးလိုပါ။

ဒီတော့ ပထမ (၂) ချက်ဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးဆိုတဲ့ အချက်ကနေစပြီး စဉ်းစားကြည့်ရအောင်ပါ။ ဒီကနေ့ နိုင်ငံတော်ရဲ့အာဏာကို တပ်မတော်က ရယူထားပါတယ်။ ရှင်းရှင်းပြောရရင်တော့ လက်နက်ကိုင်အုပ်ချုပ်နေတယ်လို့ ဆိုရမှာပါ။ န၀တလက်ထက်မှာ ၁၉၈၉ ခုနှစ် သြဂုတ်မှာ ကိုးကန့်၊ ၀ တို့နဲ့ ပထမဦးဆုံး ငြိမ်းချမ်းရေး စတင်ဆွေးနွေးခဲ့ပါတယ်။ ၀ နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာ မှာ ကကလှမ်းကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံဆွေးနွေးပွဲစတင်ပြီးနောက် ထိုစဉ်က အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဟိုဟန်မှာ စတင်တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုမှာ ၀ဘက်က တောင်းဆိုချက်တွေအရ တိုင်းရင်းအရေး၊ ပြည်နယ်အရေးတွေ ပါဝင်နေတဲ့အတွက် ဗိုလ်ချုပ်ခင်ညွန့်နဲ့ ပြန်လည်ပြောဆိုရာမှာ နိုင်ငံရေးဆုံးဖြတ်ချက်များ ပါဝင်နေတဲ့အတွက် သူ့အနေနဲ့ရော၊ သူ့အစိုးရအနေနဲ့ရော မဆုံးဖြတ်နိုင်ကြောင်း၊ န၀တအဖွဲ့သည်လည်း အာဏာကို ခေတ္တခဏ ထိန်းသိမ်းထားရခြင်းသာဖြစ်ကြောင်း၊ ဒါကြောင့်မို့ ၁၉၉၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲအရ တက်ရောက်လာမည့် အစိုးရအဖွဲ့ကို မိမိကိုယ်တိုင် ယခု ၀ အဖွဲ့မှ တင်ပြတောင်းဆိုချက်များကို ပြန်လည်တင်ပြပေးမည်ဖြစ်ကြောင်း ကတိစကား ပြောကြားခဲ့ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ နှစ်ဖက်စလုံးမှ ဗွီဒီယိုမှတ်တမ်းတင်ခဲ့ကြပြီး ၀ အဖွဲ့အနေဖြင့် (၄) နှစ် စောင့်ဆိုင်းမည် ဖြစ်ကြောင်းနှင့် တောင်းဆိုချက်များ မရရှိပါက လမ်းခွဲရမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ ကျနော်အဓိက ထောက်ပြပြောဆိုလိုတာက န၀တအနေနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်များကို သူတို့အနေနဲ့ ဆုံးဖြတ်ခွင့်မရှိကြောင်းနဲ့ ဒီအချက်ကို ဗိုလ်ချုပ်ခင်ညွန့်လို ထိပ်တန်းပုဂ္ဂိုလ်တယောက်က နားလည်သိရှိထား ကြောင်း တင်ပြလိုတာပါ။ တဖက်က ကြည့်ရင်လည်း ဗိုလ်ချုပ်ခင်ညွန့်အနေနဲ့ သမိုင်းတရားခံဖြစ်ရမယ့် အရေးကနေ ပါးပါးနပ်နပ် ရှောင်ရှားသွားတာလို့လည်း မြင်မိပါတယ်။

ဒါပေမယ့် အခု ၂၀၀၉ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့မှာ အထူးဒေသ (၂) ၀ ငြိမ်းချမ်းရေးအဖွဲ့ကနေ မြန်မာနိုင်ငံတော် ၀ ပြည်နယ်အစိုးရ အထူးအုပ်ချုပ်ရေးဒေသဆိုတဲ့ ကြေညာချက် ထုတ်ပြန်တာ ကြားသိလိုက် ရပါတယ်။ နအဖအနေနဲ့ တုံ့ပြန်မှုတစုံတရာ မတွေ့ရသလို တဖက်ကလည်း ကြိုတင်သဘောတူ၊ ခွင့်ပြုချက် များ ပေးခဲ့လေသလားဆိုတာ တွေးစရာဖြစ်နေပါတယ်။ ဘာကြောင့် ဒီလိုတွေ ဖြစ်ခဲ့ရပါသလဲ။ မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးများရဲ့အရေးဟာ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စဆိုတာ အငြင်းပွားဖွယ်မရှိပါ။ ဒါပေမယ့် လက်ရှိအစိုးရမှာ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်မရှိသလို ဒီနေ့ သူတို့အခေါ် တိုင်းရင်းသားခေါင်းဆောင်များလို့ နအဖက သတ်မှတ်ပေးထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းခေါင်းဆောင်များမှာလည်း လုပ်ပိုင်ဆုံးဖြတ်ခွင့် မရှိလို့ဘဲ ကျနော့်အနေနဲ့ နားလည်မိပါတယ်။

ဘာလို့လဲဆိုတော့ နအဖရော၊ ငြိမ်းချမ်းရေးအဖွဲ့များရော လက်နက်ကိုင်ပြီး တက်လာကြလို့ပါ။ ဆက်လက်ပြီး လည်း လက်နက်ကိုင်ဆောင်ဆဲပါ။ ဒီအချက်ဟာ မှားယွင်းနေတဲ့ အခြေခံအချက်လို့ပဲ ထင်မြင်မိပါတယ်။ ဒီနေရာမှာ ဥပမာတခုတင်ပြရရင် ၁၉၈၉ ခုနှစ် အစောဆုံး ကိုးကန့်အဖွဲ့ ငြိမ်းချမ်းရေး ရယူလာတဲ့အချိန်က ကိုးကန့်ခေါင်းဆောင်ဟာ ဖုန်ကြာရှင်း ပါ။ စစ်တိုင်းမှူးက ရန်မိုးလျှံ ပါ။ နောက်ပိုင်းမှာ ကိုးကန့်ဒေသအတွင်း ကုန်ကြမ်းအထိဆုံး ဒေသခံလူထုရဲ့ သဘောထားက ရန်မိုးလျှံကိုသာ ထောက်ခံခဲ့ကြပြီး ဖုန်ကြာရှင်းကို လူကြိုက်နည်းခဲ့ပါတယ်။ အဲဒီအချိန်က ရန်မိုးလျှံ ကိုယ်တိုင်က သူတို့အနေနဲ့လည်း ကိုးကန့်ဒေသအတွင်းမှာ မဲပုံးထောင်ပြီး ဒီမိုကရေစီနည်းအရ လွတ်လပ်စွာ ယှဉ်ပြိုင်အရွေးခံလိုတဲ့အကြောင်း ကျနော့်ကို ပြောပြခဲ့ဖူးပါ တယ်။ ဒါပေမယ့်လည်း နအဖက ဖုန်ကြာရှင်းကိုသာ ပံ့ပိုးပေးခဲ့ပြီး တားဆီးကန့်သတ်ခဲ့ပါတယ်။ ဒီအချက်ဟာ ဘာကိုပြနေသလဲဆိုတော့ နအဖက လက်ခံအတည်ပြုထားတဲ့ အထူးဒေသ (၁) ခေါင်းဆောင်သည် ဒေသ အတွင်း လူထုအများစုက လက်ခံနိုင်ခြင်း မရှိဘူးဆိုတာကိုပါပဲ၊ အင်မတန်မှ သတိထားဖွယ်ပါ။

ဒါပေမယ့်လည်း နှစ်တွေ အနည်းငယ်ပြောင်းလဲလာပြီးတဲ့နောက် အထူးဒေသများ၏ ငြိမ်းချမ်းရေးရယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်မှုများအား တိုင်းရင်းသားခေါင်းဆောင်များဆိုတဲ့ အသုံးအနှုန်းနဲ့ တဖြည်းဖြည်းချင်း မြန်မာစစ်အစိုးရရဲ့ မီဒီယာများမှတဆင့် ပြောင်းလဲခေါ်ဝေါ်ပုံဖော်သွားတာကို တွေ့ရမှာပါ။ တကယ်တော့ နအဖနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့အခြေအနေကို “အသွင်တူတော့လည်း အိမ်သူ” ဖြစ်သွားတယ်လို့ပဲ နားလည်လိုက်ရပါတော့တယ်။

ဒီနေ့အခြေအနေမှာ နအဖအနေနဲ့ ဒီအဖွဲ့အစည်းတွေအပေါ်မှာ ပြတ်ပြတ်သားသား သြဇာသက်ရောက်မှု မရှိသလို တိုက်ထုတ်ဖို့ရန်လည်း လူထုမထောက်ခံတဲ့အတွက် အင်အားမရှိဖြစ်နေရပါတယ်။ ယခုအတိုင်း ဆက်သွားဖို့ဆိုတာလည်း ဖြစ်လာမယ့် အကျိုးဆက်တွေ ဆက်စပ်သာ တွေးကြည့်ကြပါတော့ခင်ဗျား။ လက်ရှိ ၀အဖွဲ့အတွင်း အခြေအနေကို လေ့လာကြည့်ရင်း ဒု-ဥက္ကဋ္ဌ တာဝန်ယူထားသူတဦးဖြစ်တဲ့ ဝေရှောက်ခန်း ဟာ တရုတ်နိုင်ငံသားတဦးပါ။ ဒီလိုအခြေအနေမှာ အခုလို ၀အဖွဲ့ရဲ့ တဖက်သတ် အမည်ပေးကြေညာချက်တွေ ထွက်ပေါ်လာခြင်းဟာ ကျနော်တို့ နိုင်ငံအရေး၊ တိုင်းရင်းသားအရေးအတွက် စဉ်းစားသုံးသပ်စရာတွေ ဆက်တိုက် ဖြစ်ပေါ်လာပါတော့တယ်။ ဒီအချက်ကို ကျနော့်အနေနဲ့ နောက်ပိုင်း ဆက်လက်တင်ပြမယ့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့အပိုင်းမှာ ဆက်လက်ဆွေးနွေးတင်ပြပါ့မယ်။ တကယ်တော့ ဒီလိုပါပဲ။ အခြားအခြားသော ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေအကြားမှာလည်း အငြင်းပွားနေကြတာတွေ အများအပြားပါ။

နောက်တချက်ကတော့ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေအတွင်းမှာ ရှမ်းပြည်နယ်အတွင်း ရှမ်းပြည်သမ္မတနိုင်ငံရယ်လို့ ကြေညာခဲ့တာ သတိထားမိပါတယ်။ အလားတူ အဖြစ်အပျက်များလည်း ၁၉၆၀ ခုနှစ်အကျော်မှာ ဖြစ်ပျက်ခဲ့ဖူး ပါသေးတယ်။ ဒီလိုကိစ္စများသည် တိုင်းရင်းသားများအနေနဲ့ ကိုယ်ပိုင်အခွင့်အရေးအတွက် တိုက်ပွဲဝင်တယ်လို့ ယူဆစရာရှိပေမယ့်လည်း တဖက်မှာ ပြည်ပနိုင်ငံတွေရဲ့ သွေးထိုးပေးမှုတွေ အများအပြား ပါဝင်နေပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးမှ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးထက် တခြားတိုင်းပြည်၊ တခြားလူမျိုးကို ပိုချစ်သူရယ်လို့ မရှိပါဘူး။

ဗုဒ္ဓဟောကြားချက်အရ ပြောရရင် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးပါလို့တောင် ဆုံးမထားပါတယ်။ ဒါဟာ မပြောင်းလဲတဲ့ သဘာဝတရားတခုပါ။ ကျနော်တို့ နားလည်ထားရမှာက တကယ်တော့ အကူအညီပေးလာသူတွေမှာ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိပါတယ်။ ကိုယ်ပိုင် Route Map တွေ ရှိနေကြပါတယ်။ ကိုယ့်အတွက်လို့တော့ မမျှော်လင့်လိုက်ပါနဲ့။ အနောက်နိုင်ငံများရော၊ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရော သူတို့အကျိုးအတွက် သူတို့ ဆောင်ရွက်နေကြတာပါ။

ယခုနှစ်ပိုင်းတွေအတွင်းမှာလည်း သတိထားစရာ နောက်တချက် ပေါ်လာတာကတော့ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံမှာ မြန်မာနိုင်ငံသား တိုင်းရင်းသူ (၂) ဦးကို တနိုင်ငံစီကနေ တဦးစီကို နိုင်ငံရေးစင်မြင့်ပေါ်ကို တွန်းတင်ပွဲထုတ်နေတာ တွေ့ရတဲ့အတွက် သွေးရိုးသားရိုးမှ ဟုတ်ပါလေစလို့လည်း တွေးနေမိပါတယ်။ ကျနော့်အတွေးက သူတို့နှစ်ဦးရဲ နောက်ခံ Back Ground၊ ရပ်တည်နေတဲ့ အဖွဲ့အစည်း၊ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး လိုအပ်ချက်တွေအပေါ်မှာ အခြေခံပြီး စိုးရိမ်မိတာပါ။ မြန်မာပြည်ရဲ့ အရှေ့ဘက်ခြမ်းတကြောအတွက်တော့ ရင်လေးနေမိပါတယ်။

တဖက်မှာလည်း နအဖအနေနဲ့က ရေရှည်အတွက် စဉ်းစားတာထက် လတ်တလောအခြေအနေများအပေါ် ထွက်ပေါက်ရှာပြီး ဖြေရှင်းသွားရင်း ဆေးမြီးတိုနဲ့ကုနေတဲ့ နိုင်ငံရေးလမ်းကြောင်းပေါ် လျှောက်နေတဲ့အတွက် စိတ်လေးနေရတာပါ။ တကယ်တော့ သူကိုယ်တိုင်လည်း လူထုနဲ့ တဖြည်းဖြည်းကင်းကွာနေပြီး ယုတ်စွအဆုံး တပ်မတော်သားများကိုပင် မနည်း ပြန်လည်စည်းရုံးနေရတဲ့ အခြေအနေရောက်လို့ မျက်ဖြူဆိုက်နေရပါပြီ။

ဒါကြောင့် ဒီလိုတွေသာ ဆက်သွားနေကြရင်တော့ ကျနော်တို့နိုင်ငံအတွင်းမှာ တိုင်းရင်းသားတွေအချင်းချင်း ၀ါးအစည်းပြေသလို ဖြစ်သွားနိုင်ပြီး အနာဂတ်မှာ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ ဗိုလ်ကျမှုတွေ ယခုထက် ပိုခံကြရ မှာပါ။ လက်ရှိမှာ ပြည်တွင်းပြည်ပ နှစ်ရပ်စလုံးမှာ တိုင်းရင်းသားတွေအချင်းချင်းအကြား၊ အဖွဲ့အစည်းပေါင်းစုံ ကွဲပြားပေါ်ပေါက်လာပြီး တဦးနဲ့တဦး ဝေးသထက် ဝေးလာကြတယ်လို့ပဲ ခံစားနေမိပါတယ်၊ ရင်းမအေးဖွယ် တွေပါ။

ဒီတော့ ဒါတွေရဲ့အဖြေကတော့ တိုင်းရင်းသားတွေရဲ့အရေးကို ကိုယ်တွယ်ဖြေရှင်းရာမှာ နအဖအနေနဲ့ရော၊ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့အစည်းများရော ဘယ်သူမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့ဘဲ ရိုးသားစွာ နားလည်မိပါတယ်။ တကယ်တော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်များနဲ့ ခေါ်ယူကျင်းပတဲ့ ပြည်သူ့လွှတ်တော်တရပ်အတွင်းမှာသာ ညှိနှိုင်းဆွေးနွေး အဖြေရှာ ဆုံးဖြတ်ကြရမှာပါ။ ဒါမှလည်း သဘာဝအကျဆုံးဖြစ်သလို အများလည်း လက်ခံနိုင်ပါမယ်။ ရေရှည်မှာလည်း တည်တံ့ခိုင်မြဲနိုင်ပါလိမ့်မယ်။

ဒီတော့ တိုင်းရင်းသား ပြည်သူတရပ်လုံးက မိမိတို့ရဲ့ ရင်သွေးတွေအပါအ၀င် အနာဂတ် နောင်လာနောက်သားတွေ အရေးအတွက် စိတ်ရှည်သည်းညည်းခံပြီး ပြည်သူ့ဆန္ဒနှင့်အညီ ဒီမိုကရေစီအစိုးရတရပ် ပေါ်ပေါက်ရေးအတွက်ကိုသာ ဦးစားပေးအနေနဲ့ ကိုင်စွဲရပ်တည်းရင်း အဘက်ဘက်က နှစ်ဆတိုးလို့ ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။

ဒါဟာ ဒို့လုပ်တာမဟုတ်ဘူး နအဖကြောင့်ပဲလို့သာ ထိုင်ပြောနေရင်တော့ သံဃာစင်ပါမှောက်သွားနိုင်ပါတယ်။ ဘယ်လိုတားဆီးကြမလဲ၊ ဘယ်လို စည်းလုံးညီညွတ်ရေး တည်ဆောက်ကြမလဲ စဉ်းစားစေချင်တာပါ။ သူ့အပြစ်၊ ကိုယ့်အပြစ် ပုံချမနေကြဘဲ တိုင်းပြည်မျက်နှာတခုတည်းသာကြည့်ပြီး အမြန်ဆုံး လက်တွဲဆောင်ရွက်ကြဖို့ပဲ လိုပါတယ်။ ကျနော့်အနေနဲ့က တိုင်းပြည်ကို တကယ်ချစ်ရင် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသားတွေကိုချစ်ရင် မိမိအာဏာတည်မြဲရေးကိုပဲ ဆောင်ရွက်နေတဲ့ အာဏာရရှိရေးကိုပဲ ကြိုးစားနေတဲ့ ဘယ်လိုပုဂ္ဂိုလ်တွေရဲ့ လမ်းစဉ်၊ လမ်းကြောင်းကိုမဆို မြင်အောင်ကြည့် သိအောင်လုပ်ပြီး ရအောင် ၀ိုင်းဝန်းတာဆီးကြရမှာပါ။ ဒါမှ အမျိုးသားနိုင်ငံရေးကို ဆောင်ရွက်ရာ ရောက်ပါလိမ့်မယ်။

လောကမှာ ကိုယ့်အကြောင်းကို ကိုယ်ကိုယ်တိုင်နဲ့ ဘုရားရှင်အသိဆုံးပါ။ လူသာဓုခေါ် နတ်သာဓုခေါ်ဆိုနိုင်အောင်၊ မိမိနာမည်လည်း သမိုင်းကမ္မည်းတင်ကျန်ခဲ့ရလေအောင် ကောင်းတဲ့သမိုင်းကို ရေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ တကယ်တော့ ပြည်ထောင်စုကြီး မပြိုကွဲဖို့အရေးသည် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ရှိဖို့က အထူးအရေးကြီးနေပါတယ်။ အချိန်က အရေးကြီးနေပြီမို့ ဆေးပညာသဘောနဲ့ ပြောရရင်တော့ အသက်ကယ်ဆေးထိုးရမယ့်အချိန်ရောက်နေပါပြီ၊ နှောင့်နှေးနေလို့ မဖြစ်တော့ပါဘူး၊ ဒါကြောင့် ညီညီညွတ်ညွတ်နဲ့ အမြန်ဆုံးဆောင်ရွက်ကြပါစို့။

Ref: ခေတ်ပြိုင်

Read More...

Wednesday, February 11, 2009

၅၀၀ တန် ငွေစက္ကူ အတုများနှင့် ပတ်သက်၍ ဗဟိုဘဏ် ညွှန်ကြား

ဖေဖေါ်ဝါရီလ 10 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ နေပြည်တော်ရှိ မြန်မာဗဟိုဘဏ်က ဘဏ်များသို့ လျို့ဝှက်ဖြန့်ဝေ မှာကြားချက် တခုတွင် ၅၀၀ တန် ငွေစက္ကူအတုများ ဈေးကွက်တွင်း ပြန့်နေကြောင်းနှင့် အတုနှင့် အစစ်ကို ခွဲခြား စီစစ်နိုင်ရန် အချက် ၈ ချက်ကို ဖော်ပြထားသည်။

မဇ္ဈိမက လက်ခံ ရရှိထားသော ညွှန်ကြားချက် အထောက်အထား မိတ္တူအရ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ၅၀၀ တန် ငွေစက္ကူ အတုများ နိုဝင်ဘာလ ၂၀၀၈ ခုနှစ် အတွင်းက ဖမ်းဆီး ရရှိခဲ့ကြောင်းနှင့် အတုများမှာ ဖယောင်းစက္ကူကဲ့သို့ သိသိသာသာပင် ပြောင်ချောနေသည်ဟု ပါရှိသည်။

ငွေစက္ကူအတုတွင် လုံခြုံရေးကြိုး မပါရှိဘဲ ငွေစက္ကူနံပါတ် ရိုက်နှိပ်ထားရာတွင် နံပါတ်စာလုံး အရွယ်အစားမှာ အနည်းငယ် သေးငယ်ကာ အနီရောင်တောက်မှု အားနည်းသည်ဟု ဆိုသည်။

ငွေစက္ကူအတု၏ အရောင်အသွေးမှာ ခြုံငုံကြည့်လျှင် အ၀ါရောင်သမ်းနေပြီး ဖောင်းကြွများလည်း မပါရှိဟု သိရသည်။

ညွှန်ကြားလွှာဖြန့်ချီသော ဗဟိုဘဏ် ငွေကြေးဌာနမှ သတင်းရပ်ကွက် တခုအရ အထက်ပါ အချက် အလက်များနှင့် တိုက်ဆိုင် စစ်ဆေးရန် မှာကြားထားသည်ဟု ဆိုသည်။

သို့သော်လည်း မဇ္ဈိမက ဆက်သွယ်ခဲ့သည့် ရန်ကုန်ရှိ ဘဏ်အချို့ကတော့ ညွှန်ကြားလွှာ မရရှိဟု ယတိပြတ် ငြင်းဆန်ခဲ့ကြသည်။

သို့သော်လည်း ၅၀၀ တန်ငွေစက္ကူများ ရှိနေသည်ဆိုသော သတင်းစကားကြောင့် ပြည်သူလူထု စိုးရွံ့ ထိတ်လန့်မှာ စိုးရိမ်၍ အာဏာပိုင်များက ပြင်ပသို့ ပေါက်ကြားစေခြင်း မပြုရန် အထူးဂရုပြု မှာကြား ထားသည်ဟု သတင်းရပ်ကွက်က ပြောသည်။

ဗဟိုဘဏ်၏ ညွှန်ကြားချက်ပါစာအရ ၅၀၀ တန်ငွေစက္ကူအတုသည်

(၁) ဖယောင်းစက္ကူကဲ့သို့ သိသာစွာ ပြောင်ချောနေခြင်း

(၂) လုံခြုံရေးကြိုး လုံးဝ မပါရှိခြင်း

(၃) ငွေစက္ကူ၏ မျက်နှာတဖက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စာသား ပါရှိသည့် အပေါ်ဖက် ထိပ်ပိုင်း အရောင် ပေါ်လွင်မှုတွင် ခရမ်းရောင်မှာ အနီရောင်ဖက် သမ်းသည့်အရောင် ပေါ်လွင်မှုရှိခြင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာသား၏ အောက်ဖက်အရောင် ပေါ်လွင်မှု၌ အနီရောင်ဖက် ပိုမိုပေါ်လွင်ခြင်း

(၄) ငွေစက္ကူနံပါတ်ရိုက်နှိပ်မှု၌ နံပါတ်စာလုံးများမှာ အနည်းငယ် "ပွိုင့်" သေးငယ်ခြင်း၊ အနီရောင် တောက်ပမှု နည်းခြင်း

(၅) ငွေစက္ကူ၏ ရှေ့နောက် မျက်နှာပြင် နှစ်ဖက်စလုံးကို ခြုံငုံ၍ ကြည့်ပါက ငွေစက္ကူစာရွက် အရောင်အသွေးမှာ အ၀ါရောင်သမ်းနေခြင်း

(၆) ငွေစက္ကူအပေါ်၌ မည်သည့်ဖောင်းကြွမှ မပါရှိခြင်း

(၇) ငွေစက္ကူမျက်နှာစာ ယာဘက်ရှိ ခြင်္သေ့ဦးခေါင်း ရေစာအောက်၌ ဖော်ပြထားသော (၅၀၀) တန်စာလုံး၏ (သုံည) စာလုံးများမှာ အနည်းငယ် သေးငယ်ခြင်း

(၈) နံပါတ်တူ ဘလောက်ပုံနှိပ် ထုတ်လုပ်ထားခြင်း တို့ ဖြစ်သည်။

Ref: မဇ္ဈိမ
.....

Read More...

Tuesday, February 10, 2009

မန္တလေးမြို့သစ်တွင် မီးလောင်

Tuesday, 10 February 2009
ကိုစိုး

မန္တလေးမြို့သစ် မြရည်နန္ဒာ ရပ်ကွက်တွင် ယမန်နေ့ ညနေ ၃ နာရီဝန်းကျင်က မီးလောင် ကျွမ်းရာ အိမ်ခြေပေါင်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံး သွားကြောင်း မန္တလေး မီးသတ်ဌာနနှင့် ဒေသခံများက ပြောသည်။

အဆိုပါ မီးလောင်မှုသည် ပုဂ္ဂလိက ဓာတ်ဆီ အရောင်းဆိုင်မှ စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး လူအသေ အပျောက် မရှိကြောင်း သိရသည်။

“အိမ်ခြေ ၃၀၀ ၀န်းကျင်လောက်ပါ၊ လူအသေ အပျောက်လည်း မရှိပါဘူး၊ လောင်ရင်း အကြောင်းကတော့ ဓာတ်ဆီ အရောင်းဆိုင်က ဆိုင်ကယ် ဆီဖြည့်ရင်း စလောင်တာလို့ သိရပါတယ်၊ အသေးစိတ်ကတော့ ပြောလို့ မရပါဘူး”ဟု မန္တလေး ဗဟိုမီးသတ် ဌာနမှ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောပြသည်။

ယမန်နေ့ညနေ ၃ နာရီခန့် မှ ၅ နာရီ ၀န်းကျင်အထိ ၂ နာရီခန့်မီးလောင်ခဲ့ပြီး ယနေ့နံနက် စစ်ဆေးမှုအရ အိမ်ခြေ ၅၀၀ ကျော် လောင်ကျွမ်းကြောင်း၊ မီးဘေး ဒုက္ခသည်များကို ဓမ္မာရုံနှင့် စာသင်ကျောင်း ဘောလုံးကွင်းများတွင် စုစည်းထားရှိကြောင်း မန္တလေးမြို့သစ် ဒေသခံ တဦးက ပြောသည်။

“မနေ့ညက အိမ်ခြေ ၃၀၀ ကျော်လောက်လို့ သိရပေမယ့် ဒီနေ့မှာ ၅၀၀ တောင် ကျော်မယ်လို့သိရတယ်၊ ဒီနေ့ မနက် ပြန်ပြီး စစ်တော့လေ၊ လူအရေ အတွက် ဆိုရင်တော့ များမှာပေါ့၊ လူအသေ အပျောက်တော့ အသေအချာ မသိရ သေးဘူး”ဟု ၎င်းက ပြောဆိုသည်။

မီးလောင်ရာသို့ မီးငြှိမ်းသတ်ရန် လာသည့်မီးသတ်ကားများမှာ မန္တလေးမြို့ထဲမှ လာရသောကြောင့် အချိန် နောက်ကျ၍ ရောက်ရှိလာရာ ယခုကဲ့သို့ လောင်ကျွမ်းမှု များပြားရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“မီးသတ်က မီးလောင်လို့ မိနစ် ၂၀ လောက်ကြာမှ ရောက်လာတော့ တော်တော်တော့ ကုန်သွားတာပေါ့၊ မီးသတ်နဲ့က ဝေးတယ်၊ မြို့သစ်ဆိုတော့ အစွန်အဖျားမှာ၊ ကျမတို့ရှေ့မှာ အောင်သာယာပဲ ရှိတော့တယ်၊ ဒါတောင် မှ လမ်းကောင်းလို့ မီးသတ်က အမြန်ရောက်လာတာ၊ အခုလမ်းတွေက ခင်းထားလို့ အရင်လိုသာဆို မလွယ်ဘူး၊ ဒီမြရည်နန္ဒာက မီးသတ်က ဘာမှလုပ်လို့ မရဘူး၊ ပျက်နေတာ များတယ်၊ မြို့ထဲက မီးသတ် လာလို့ နိုင်သွားတာ” ဟု အထက်ပါ မန္တလေးမြို့သစ် ဒေသခံ က ပြောဆိုသည်။

ယနေ့တွင် ယင်းမီးလောင်ရာ နေရာသို့ မန္တလေးတိုင်းမှူး ဗိုလ်ချုပ်တင်ငွေနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စည်ပင် သာယာအဖွဲ့များနှင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့များက လာရောက် ကြည့်ရှုသွား ကြောင်းလည်း သိရသည်။

Ref: ဧရာဝတီ
...

Read More...

မြောက်ကိုရီးယား ဝါဒဖြန့်သတင်း ဖော်ပြ

NEJ/ ၁၀ ဖေဖော်ဝါရီ ၂၀၀၉

စာပေစိစစ်ရေး၏ ညွှန်ကြားချက်ကြောင့် မြောက်ကိုရီးယား ဝါဒဖြန့်သတင်းတပုဒ် ပြည်တွင်းသတင်း ကဏ္ဍတွင် ဖော်ပြပေးခဲ့ရကြောင်း အပတ်စဉ်ထုတ် ဖလားဝါးနယူးဂျာနယ်မှ အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “စိစစ်ရေးက ဒီအပတ် အဲဒီသတင်း သတင်းကဏ္ဍမှာ ထည့်ပေးပါဆိုတော့ ထည့်ပေးရတယ်။ ဘယ်လို ရည်ရွယ်ချက်လဲတော့ မသိရဘူး။ ဝါဒဖြန့်ချိရေး ဆောင်းပါးတပုဒ် အပြင် ထပ်ပြီး ထည့်ပေးရတာ ဖြစ်တယ်” ဟု ပြောသည်။

အဆိုပါသတင်းကို “တော်လှန်ရေးအရှိန်အဟုန်၏ အစဉ်အလာ အမွေအနှစ်များ” ဟု ခေါင်းစဉ် တပ်ထားပြီး ဖေဖော်ဝါရီ (၁ဝ-၁၆) ရက်နေ့ထုတ် ဖလားဝါးနယူး ဂျာနယ် အတွဲ(၅) အမှတ် (၆) စာမျက်နှာ (၁၂) တွင် ဖော်ပြထားခြင်း ဖြစ်သည်။

သတင်းထဲတွင် မြောက်ကိုရီးယား သမ္မတကြီး ကင်ဂျုံအီက လာမည့် ၂ဝ၁၂ ခုနှစ်သည် ခေါင်းဆောင်ကြီး ကင်အီဆွန်း၏ နှစ် (၁ဝဝ) ပြည့် မွေးနေ့ဖြစ်သည်နှင့် အညီ အဆိုပါနှစ်၌ နိုင်ငံတော်ကို ချမ်းသာကြွယ်ဝ၍ အင်အားရှိသော နိုင်ငံတော်ကြီးအဖြစ် ပေါ်ပေါက်လာစေရန် သမိုင်းပေးတာဝန်ကို မီးကုန်ယမ်းကုန် ထမ်းဆောင် ကြရန် Chollima သံမဏိစက်ရုံ လုပ်သားများကို တိုက်တွန်းသည့် သတင်းဖြစ်သည်။

ယခုကဲ့သို့ မြောက်ကိုရီးယား၏ ဝါဒဖြန့် သတင်းများ၊ ဆောင်းပါးများ၊ ကင်အီဆွန်း၏ အတွေးအခေါ်များကို မြောက်ကိုရီးယားသံရုံး ရန်ကုန်မြို့တွင် ရုံးစိုက်စဉ် ၁၉၈၃ ခုနှစ် မတိုင်မီက မြန်မာဘာသာဖြင့် အမြောက် အမြား ထုတ်ဝေခဲ့ဖူးသည်။

၁၉၈၃ ခုနှစ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်သည့် တောင်ကိုရီးယား သမ္မတ မစ္စတာ ချွန်ဒူးဝှမ်နှင့် ဝန်ကြီး အဖွဲ့ကို မြောက်ကိုရီးယား သူလျှိုများက ဗုံးထောင် လုပ်ကြံ သတ်ဖြတ်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှု တွင် သမ္မတ ချွန်ဒူးဝှမ် ထိခိုက်မှု မရှိသော်လည်း အဖွဲ့ဝင် (၂၁) ဦးသေဆုံးခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံက မြောက်ကိုရီးယားကို သံအဆက်အသွယ် ဖြတ်တောက်ခဲ့သည်။

၂ဝဝဝ ခုနှစ် ဝန်းကျင်နှင့် နောက်ပိုင်းကာလများ၌လည်း မြန်မာ စစ်အစိုးရသည် မြောက်ကိုရီးယားမှ စစ်လက်နက် ပစ္စည်းများ လျှို့ဝှက် ဝယ်ယူနေသည် ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။

၂ဝဝ၇ ခုနှစ် နိုဝင်ဘာလအတွင်းတွင်မူ မြန်မာ- မြောက်ကိုရီးယား သံတမန် အဆက်အသွယ် ပြန်လည် ထူထောင်ခဲ့ပြီး ၂ဝဝ၈ ခုနှစ်အတွင်း နှစ်နိုင်ငံကြား သံတမန်နှင့် ဝန်ထမ်း၊ အထူးနိုင်ငံကူး လက်မှတ် ကိုင်ဆောင်သည့် သူများ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွှတ်ပေးရေး ဆိုင်ရာ အထူး သဘောတူညီချက် စာချုပ် ချုပ်ဆို ခဲ့ကြသည်။

ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ်အတွင်းကလည်း ရုရှဖက်ဒရေးရှင်း ရန်ကုန်သံရုံးသည် ဝါဒဖြန့် သတင်းနှင့် ဆောင်းပါးများကို မြန်မာတိုင်းမ်ဂျာနယ်တွင် ကြော်ငြာခ ကျပ်သိန်း ဆယ်နှင့်ချီ ပေးပြီး ထည့်သွင်း ဖော်ပြစေခဲ့ဖူးသည်။

Ref: ခေတ်ပြိုင်
...

Read More...

အပေါ်သို့