..............................

Friday, September 16, 2011

အပြောင်းအလဲဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

လင်းသန့်
Thursday, 15 September 2011

မြန်မာနိုင်ငံသည် အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေတွင် ရောက်နေပြီဟု ယုံကြည်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ကျင်းပသည့် ယနေ့ကျရောက်သော အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်း အနားတွင် ဒေါ်အောင်ဆန်းစုကြည်က “အခုဆိုလို့ ရှိရင် ကျမတို့ နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမယ့် ဒါ ကျမကလည်း လူသိရှင်ကြား ပြောပြီးသားလည်း ဖြစ်နေပါတယ်။ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေ ရောက်နေပြီလို့ ကျမ ယုံကြည်တယ်” ဟု ပြောသည်။

NLD ရုံးချုပ်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ တခြား စိတ်ဝင်စားသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်သည်ဟု NLD ပါတီ ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် “အစိုးရများဆိုတာ သူ့အချိန်နဲ့သူ ပြောင်းလဲ ကြရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလူတွေ ဒီလူတွေပဲ အုပ်စိုး နေတယ်ဆိုတော့ ဒီမိုကရေစီ မဟုတ်တော့ဘူး။ ဒီမိုကရေစီ စနစ်ကို လက်ခံတယ် ဆိုလို့ရှိရင် အစိုးရ အပြောင်း အလဲတွေကိုလည်း လက်ခံတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအပြောင်းအလဲတွေ ဆိုတာ ညင်သာရမယ်။ ငြိမ်းချမ်းရမယ်။ သိက္ခာရှိရမယ်။ ပြည်သူကို မထိရဘူး။ နိုင်ငံကို မထိရဘူး။ ဆင်းသွားတဲ့ အစိုးရကိုလည်း မထိရဘူး။ တက်သွားတဲ့ အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး။ အားလုံးဟာ မျှတတဲ့ အခြေခံပေါ်မှာ တည်ရှိရမယ်” ဟု ထည့်သွင်း ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေတွင် ရောက်နေပြီဟု ဆိုလျှင် အပြောင်းအလဲ များသည် ပြည်သူအတွက် အကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်ရန် မည်သို့မည်ပုံ လုပ်မည် ဆိုသည်ကို လူတိုင်းက တာဝန် သိသိနှင့် လေးလေးနက်နက် စဉ်းစားရမည်ဖြစ်ကြောင်း၊ တချို့က ပုံစံ မပြောင်းနိုင်သေးကြောင်း၊ အခြေအနေပေါ် မူတည်ပြီး ပုံစံပြောင်းရန် လိုအပ်ကြောင်း၊ ပုံစံ မပြောင်းလဲနိုင်လျှင် အခြေအနေကို ဆင်ခြင် သုံးသပ်နိုင်သည့် အရည်အချင်း အားနည်းသည်ဟု ပြောလိုကြောင်း ဆိုသည်။

“ကျမက စဉ်းစားကြည့်တယ်။ ကျမတို့အတွက် တကယ်တော့ တနှစ်မှတခါ ကျင်းပတဲ့ ကမ္ဘာ့ဒီမိုကရေစီ နေ့မျိုးဟာ တကယ်တော့ လိုတာ မဟုတ်ဘူး။ ကျမတို့ဟာ နေ့တိုင်း နေ့တိုင်းကို ဒီမိုကရေစီနေ့ အဖြစ်နဲ့ သတ်မှတ်ပြီး အလုပ် လုပ်ရမယ့် အဖွဲ့အစည်း ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ်က နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း မြန်မာ အစိုးရ ကိုယ်စားလှယ် ၀န်ကြီး ဦးအောင်ကြည်နှင့် ၂ ကြိမ် တွေ့ဆုံဆွေးနွေးပြီး ပူးတွဲ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်များတွင် မြန်မာနိုင်ငံသားများ အကျိုးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မတူသည်များကို ရှောင်ရှားပြီး တူညီမှုများမှ အစပြုကာ ပူးပေါင်း လုပ်ဆောင် သွားကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မကြာသေးမီကလည်း ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့်လည်း သမ္မတ အိမ်တော်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးမှုနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် စလုံးက အားရ ကျေနပ်ကြောင်း ပြောဆိုကြသည်။

အပြုသဘောဆောင်သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ အဓိပ္ပာယ်ရှိသည့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးများ ဆက်လက် ဖြစ်ထွန်းလာစေရန် မျှော်လင့်နေကြောင်း နိုင်ငံရေး လေ့လာသူတချို့က ဆိုသည်။

“အခုလို ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေရှိတာကို ယုံကြည်တယ်လို့ ဒီနေ့ ထုတ်ပြော လိုက်တော့ အကောင်းဘက်ကို ကျနော်တို့ မျှော်လင့်ချက် ပိုလာတာပေါ့ဗျာ” ဟု ယနေ့အခမ်းအနား တက်ရောက်ခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ပြောသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော်တွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ ပူးပေါင်းလျက် လွှတ်တော် အဆောက်အအုံ သဘင်ဆောင်၌ ယနေ့ နံနက်တွင် ကျင်းပသည်။ အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များ ဖိတ်ကြားထားပြီး ပြည်တွင်း အခြေစိုက် ပြည်ပ သတင်းထောက်များ၊ ပြည်တွင်း သတင်းထောက်များ အပြင် ပြည်ပအခြေစိုက် သတင်းဌာန တချို့မှ သတင်းထောက်များ သတင်း ယူခွင့် ပြုကြောင်း အစိုးရ၏ ကြိုတင် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့