..............................

Friday, August 27, 2010

ကြံ့ခိုင်ရေးပါတီကို ဝေဖန်လို့ ဒီမိုကရက်တစ်ပါတီ ဒဏ်ရိုက်ခံရ

မသင်းသီရိ
ကြာသပတေး, 26 သြဂုတ် 2010

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဟာ ပါတီ စည်းရုံးရေး ဂျာနယ် ထုတ်ဝေရာမှာ သတ်မှတ် ထားတဲ့ စည်းကမ်းတွေနဲ့ ငြိစွန်းနေတဲ့ အတွက်ဆိုပြီး စာပေစိစစ်ရေး စည်းမျဉ်းနဲ့ ဒဏ်ငွေချ အပြစ်ပေးတာ ခံရပါတယ်။ ဘယ်လို အချက်တွေကို ဖော်ပြမိလို့ အခုလို ဒဏ်ရိုက်ခံရတာပါလဲ၊ အခြေအနေတွေကို စုံစမ်း မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြ ပေးထားပါတယ်။

ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ ဌာနခွဲ မန္တလေးတိုင်းက ကဒေါင်း ဂျာနယ် ဆိုတဲ့ အမည်နဲ့ ပါတီစည်းရုံးရေး ဆိုင်ရာ စာစောင်ကို ထုတ်ဝေခဲ့တာပါ။ အဲဒီမှာ စာပေစိစစ်ရေးက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ငြိစွန်း နေတဲ့ အတွက် ဆိုပြီး ပြီးခဲ့တဲ့ အပတ်က မန္တလေးတိုင်း ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) ရဲ့ တာဝန်ခံကို ခေါ်ယူပြီး ဒဏ်ငွေချ အပြစ်ပေး လိုက်တယ်လို့ ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) မန္တလေးတိုင်း ဌာနခွဲက ပထမဦးဆုံး ထုတ်ဝေတဲ့ ပါတီစာစောင်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ ပတ်သက်လို့ ဝေဖန် ထားတာတွေ အပေါ်ကို ခေါ်ယူ ထောက်ပြ ခဲ့တယ်လို့ ဦးသုဝေက ပြောပြပါတယ်။

“စာစောင်ထဲမှာ ကြံ့ခိုင်ရေး အသင်းကနေပြီး ကြံ့ခိုင်ရေးပါတီကို ပြောင်းခါစ တုန်းက ကျနော်ပြောတဲ့ စကားပေါ့၊ အသင်းက နေပြီး ပါတီကို ပြောင်းတာဟာ မလုပ်သင့်ဘူး၊ အဲဒါကို ကလိမ်ကကျစ် လုပ်သလို ဖြစ်တယ်ဆိုတဲ့ စကားလုံး ပါသွားတယ်။ ကလိမ်ကကျစ် ဆိုတဲ့ စကားလုံးကို အခု စာပေ စိစစ်ရေးက ဒါဟာ သူတို့ ဥပဒေနဲ့ ငြိတယ်၊ အဲဒါကြောင့် ဒဏ်ငွေ ၂၀၀,၀၀၀ ပေးရမယ်ပေါ့။ အဲဒါတချက်။

“နောက်တခုကတော့ ဂျာနယ်ရဲ့နာမည်က ကဒေါင်းဆိုတော့ ကျနော်တို့က ကဒေါင်းဆိုတဲ့ စာလုံးကို အကြီးကြီး ရေးတယ်။ ဒီမိုကရက်တစ် ပါတီမှ ထုတ်ဝေသည် ဆိုတာကတော့ သေးသေးပေါ့၊ စကားလုံးက၊ အဲဒါကလည်း သူ့ဥပဒေနဲ့ ငြိတယ်တဲ့။ ဒီမိုကရက်တစ် ပါတီ ဆိုတာကို စာလုံးကြီးကြီး ရေးရမယ်၊ ကဒေါင်း ဆိုတာကို သေးသေး ရေးရမယ်တဲ့၊ အဲဒါကြောင့် အဲဒီဟာလည်း ဥပဒေနဲ့ ငြိတဲ့အတွက် ၇၀,၀၀၀ ဒဏ်ရိုက်မယ်တဲ့။ ပြီးတော့ အဲဒီဂျာနယ်ကို ဂျာနယ်ဆိုတဲ့ စကားလုံး မသုံးရဘူးတဲ့။ ဂျာနယ်ဆိုတာ သူတို့ စီးပွားရေးအတွက် ပေးထားတဲ့ နာမည်ပေါ့။ နိုင်ငံရေးပါတီ အတွက်ဆို စာစောင်၊ သို့မဟုတ် စာပေ တခုခု သုံးရမယ်ပေါ့။ အဲဒါကို Warning ပေးတယ်။”

ရွေးကောက်ပွဲရက် နီးလာပေမဲ့ ဒီမိုကရက်တစ်ပါတီ အနေနဲ့ အခက်အခဲ များစွာ ကြုံနေရတဲ့ အထဲမှာ ဘဏ္ဍာရေး ဆိုင်ရာ ပြဿနာ ကလည်း ကြီးကြီးမားမား ရင်ဆိုင်နေရတာမို့ စာပေ စိစစ်ရေးကို အခု ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကနေ ကင်းလွတ်ပေးဖို့ အသနားခံစာ တင်ခဲ့ရတယ် လို့လည်း သူက ဆက်ပြောပြပါတယ်။

“ကျနော်တို့ ပြန်ကြားရေးမှူးက ပြောတယ်။ ကျနော်တို့ ဒါ ပထမဆုံး အကြိမ်လည်း ဖြစ်တယ်၊ ကျနော်တို့ ပါတီမှာလည်း ပိုက်ဆံမရှိဘူး၊ အဲဒါကြောင့် ငဲ့ညှာပါပေါ့၊ အသနား ခံတာပေါ့။ အဲဒီလိုဆိုရင် ခင်ဗျားတို့ကို ဒါ ဆိုင်းငံ့ပြစ်ဒဏ် အနေနဲ့ ပေးမယ်။ နောက်တခါ ကျူးလွန်ရင် အခုကျူးလွန်ထားတဲ့ ပြစ်ဒဏ်လည်း ပေးရမယ်။ အဲဒါကို လက်မှတ် ထိုးပါဆိုလို့ ကျနော်တို့ လက်မှတ် ထိုးပေး လိုက်တာပေါ့။

“စည်းကမ်းတွေထဲမှာတော့ မဝေဖန်နဲ့လို့ ပြောတာဆိုတော့ ကျနော်တို့လည်း ကောင်းကောင်း မရှင်းဘူး။ ကျနော်တို့ နိုင်ငံရေးပါတီ ဆိုတာကတော့ အစိုးရလုပ်နေတဲ့ ချို့ယွင်းချက်တွေကို ထောက်ပြပြီးတော့ အဲဒါကို ပြင်မယ် ဆိုတဲ့ဟာတွေက အမြဲပြောတယ်လေ။ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင်တော့ ကျနော်တို့က ငြိနေတာပဲပေါ့။”

၁၉၉၀ ရွေးကောက်ပွဲအကြို ကာလတွေတုန်းက မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့ အသံတို့ကနေ ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကို ၁၅ မိနစ်လောက် လူထုနဲ့ စည်းရုံးခွင့် နှစ်ကြိမ်လောက် ပြုလုပ်ပေးခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေးပါတီတွေကို အစိုးရပိုင်းက ဒီလို စည်းရုံးရေးဆိုင်ရာ အစီအစဉ်တွေအတွက် အကြောင်းကြားတာ အခုချိန်ထိ မရှိသေးဘူးလို့လည်း ပြောပြပါတယ်။

“အဲဒါကတော့ လုံးဝ အကြောင်းကြားတာတွေ ဘာတွေ မရှိပါဘူး။ အသံလည်း မထွက်ပါဘူး။ ဟိုတုန်းကတော့ တလကျော် မကဘူး ထင်တယ်၊ ကျနော်မှတ်မိသလောက်တော့ နှစ်လကျော်၊ ပထမတကြိမ် တီဗွီနဲ့ ရေဒီယိုမှာ ပြောခွင့်ပေးတယ်။ နောက်ထပ် တလလောက်နေတဲ့ အခါကြတော့ ဒုတိယအကြိမ် ပြောခွင့်ပေးတယ်။”

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

၁၉၉၀ တုန်းကထက်စာရင် ဒီနေ့ခေတ်က သတင်းမီဒီယာက ပိုပြီး ခေတ်စားပေမဲ့ နိုင်ငံရေး ပါတီတွေက သတင်း မီဒီယာတွေကို အသုံးချခွင့် မရတာဟာ အတော်လေး နစ်နာတဲ့ အခြေအနေ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲ နီးလာရင် ဒါတွေကတော့ ပါတီတိုင်းမှာ တင်ပြခွင့် ရှိတာပဲလေ။ ဒါ ဘယ်သူ့ကိုမှ ထိခိုက်တာမှ မဟုတ်ဘဲ။ ကိုယ့်ပါတီ အကြောင်း၊ ကိုယ့်ပါတီအနေနဲ့ လူထုသိအောင် လုပ်တဲ့ကိစ္စ၊ ဒါကိုတော့ မချုပ်ချယ်သင့်ဘူးလို့ အန်ကယ်တို့တော့ ထင်တာပဲ။”

မြန်မာနိုင်ငံမှာ တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် သတင်းလွတ်လပ်ခွင့် ရှိဖို့ ဆိုတာ အရေး ကြီးတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆို လိုက်ပါတယ်။

Ref: VOA News

Read More...

ရွှေကျင်မြို့၌ နအဖ တပ်သားတဦးက ဗိုလ်မှုးကို သေနတ်နှင့် ပစ်သတ်

နော်နိုရင်း
၂၆ သြဂုတ် ၂၀၁၀

ပဲခူးတိုင်းရွှေကျင်မြို့ အခြေစိုက် အမှတ် ၅၇ ခြေလျင်တပ်ရင်းက ဗိုလ်မှုး ညီညီလွင်ကို သူ့တပည့် တပ်သားက အခုလ ၂၄ ရက် မနက် (နံနက်) ၁ နာရီခန့်မှာ သေနတ်နဲ့ ပစ်သတ် ခဲ့ပါတယ်။

အောက်ခြေတပ်သားတွေကို ရိက္ခာစို ပေးဖို့ တင်ပြတာရာမှာ အဲဒီ ဗိုလ်မှုးက သူ့ကို ပါးရိုက် ခဲ့တဲ့နောက် ဒီလို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ရွှေကျင်ရေအားလျှက်စစ် စက်ရုံနားက ကုန်း ပေါ်ပေါ်မှာ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး အချက်ပေါင်း များစွာ ပစ်ခတ်ခဲ့တဲ့ အတွက် ရင်အုံ တခုလုံး ပွင့်ထွက် သေဆုံးသွားပါတယ်။ မနေ့က သူ့ကို သင်္ဂြိုဟ် ခဲ့ပါတယ်။ ပစ်ခတ်တဲ့ ရဲဘော်ကတော့ သေနတ်နှစ်လက်နဲ့ အတူ ထွက်ပြေး သွားတယ်လို့ ဆိုပါတယ်။

ဗိုလ်မှုးညီညီလွင်ဟာ ဒေသခံပြည်သူတွေကို သူပုန်နဲ့ဆက်သွယ်တယ်လို့ စွပ်စွဲ ဖမ်းဆီး ငွေညှစ်လေ့ ရှိတာကြောင့် သူ့ကို မလိုလားကြဘူးလို့ အဲဒီမြို့ခံကပဲ ပြောပါတယ်။

Ref: DVB News

Read More...

အခြေခံဥပဒေရဲ့ လှည့်ကွက်များ

ထက်အောင်
Thursday, August 26, 2010

မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ စစ်အာရှင် စနစ်ကြားက နိုင်ငံရေး ပဋိပက္ခ အပေါ် အဖြေရှာနေ ကြတဲ့ နိုင်ငံရပ်ခြားက မြန်မာ့အရေး ကျွမ်းကျင် သူတွေ၊ သံတမန် တွေနဲ့ လူမှုရေး လုပ်ငန်း ဆောင်ရွက်နေသူ တွေကြားမှာ ၂၀၀၈ ဖွဲ့စည်းပုံက ဆွေးနွေးငြင်းခုံစရာ အချက်အချာ ဖြစ်လာပြန်ပါပြီ။

သူတို့ လက်ရှိ စိတ်အ၀င်စားဆုံး အရာကတော့ ရွေးကောက်ပွဲအပြီး ဖြစ်လာမယ့် လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ ပြောင်းလဲ နိုင်စွမ်းကို ကိန်းဂဏန်း အရ တွက်ချက်မှုပဲ ဖြစ်ပါတယ်။ ဒီတွက်ချက်မှုကို ကျွမ်းကျင်သူများ အစုအဖွဲ့ (Think Tank) လို့ဆိုတဲ့ ရန်ကုန် အခြေစိုက် Myanmar Egress က ပြုလုပ်ခဲ့တာပါ။

Myanmar Egress ရဲ့ တွက်ချက်မှုအရ တကယ်လို့ ပြည်သူလူထုကသာ သူတို့ဆန္ဒနဲ့ အကျိုးစီးပွားကို အမှန်တကယ် ကိုယ်စား ပြုနိုင်မယ့် ကိုယ်စားလှယ် ၃၃၃ ယောက်ကို မှန်မှန်ကန်ကန် ရွေးနိုင်မယ်ဆိုရင် စစ်တပ်က နေရာ ၂၅ ရာခိုင်နှုန်း ယူထားပေမယ့် ရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်အနေနဲ့ လူထုအကျိုးရှိမယ့် ဥပဒေ အသစ်တွေကို ပြဌာန်းသွားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတွက်ချက်မှုကို နက်နက်ရှိုင်းရှိုင်း သုံးသပ်ကြည့်မယ်ဆိုရင် အဓိက အချက်နှစ်ချက် တွေ့ရမှာပါ။ ပထမအချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်နဲ့ အဲဒီအောက်မှာ ဖွဲ့စည်းမယ့် လွှတ်တော်ထဲမှာ ဒီမိုကရေစီဘောင်ထဲက လုပ်ကိုင်ဆောင်ရွက်နိုင်မယ့် နေရာ တစုံတရာ ရှိလာမယ်ဆိုတာဖြစ်ပြီး ဒုတိယအချက်ကတော့ ရွေးကောက်ပွဲက တိုင်းပြည်အတွက် အပြောင်းအလဲတခု ဖြစ်တယ်ဆိုတာပါပဲ။

ဒါဆိုရင် သင်္ချာနည်းနဲ့ ကျနော်တို့ တွက်ကြည့်ရအောင်။ ရာခိုင်နှုန်းနဲ့ တွက်မယ်ဆိုရင် လွှတ်တော်အမတ် ၃၃၃ ယောက် ဆိုတာက အမြင့်ဆုံး ဥပေဒပြု အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ၅၁ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ ပြည်သူ့လွှတ်တော် (၄၄၀ နေရာ) နဲ့ အမျိုးသား လွှတ်တော် (၂၂၄ နေရာ) နှစ်ရပ်ပေါင်းထားတဲ့ ပြည်ထောင်စု လွှတ်တော်မှာ စုစုပေါင်း ၆၆၄ နေရာ ရှိတာကိုး။

Egress ရဲ့ ထင်မြင်ချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုဒ်ခွဲ ၈၆ (က) ကို အခြေခံထားတယ် ဆိုတာ သိသာလှပါတယ်။ အဲဒီ အပိုဒ်ခွဲမှာ “ပြည်ထောင်စု လွှတ်တော်တွင် အဆုံး အဖြတ်ပြုရမည့် အကြောင်းအရာ တရပ်နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခြား နည်းပြဌာန်းထားခြင်း မရှိလျှင် အစည်းအဝေးသို့ တက်ရောက်၍ ဆန္ဒမဲပေးသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်” လို့ ဆိုထားပါတယ်။ ပြည်သူ့ လွှတ်တော်ထဲမှာလည်း ဒီနည်း အတိုင်းပဲ ကျင့်သုံးမယ်လို့ အပိုဒ်ခွဲ ၁၂၉ (က) မှာ ဆိုထား ပါသေးတယ်။

ဒီပြဌာန်းချက်က အမြင်အရ ကောင်းပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မြန်မာ့အရေး ကျွမ်းကျင်သူလို့ ထင်တတ်ပြီး စစ်အစိုးရ ဘက်က ရှေ့နေလိုက် ပြောနေသူတွေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်က ထင်သလောက် မဆိုးပါဘူးလို့ နိုင်ငံတကာ အစိုးရတွေကို လိုက်နားချနေတဲ့ သူတွေအတွက်တော့ တကယ်ကောင်းတဲ့ မက်လုံး တခုပါပဲ။

ဒါပေမယ့် ဒါဟာ တကယ့် အမှန်တရားလား၊ လှည့်ကွက်တခုလား ဆိုတာကိုတော့ အတိတ်နဲ့ ပစ္စုပ္ပန် ဖြစ်ရပ်တွေနဲ့ ဆန်းစစ် ကြည့်ရမှာ ဖြစ်ပါတယ်။

စစ်အစိုးရက လောလောဆယ်မှာ ရာနှုန်းပြည့် အာဏာကို ချုပ်ကိုင်ထားပေမယ့် ရွေးကောက်ပွဲ ပြီးသွားရင် ၂၅ ရာခိုင်နှုန်းပဲ ကိုင်ထားပြီး ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကို လက်လွှတ်လိုက်မှာ ဖြစ်တယ်လို့ နိုင်ငံခြား သံတမန်တဦးက ပြောခဲ့ဖူးပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲအပြီး သိပ်မကြာခင်မှာ လုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းတခုမှာ သူက အခုလို ပြောခဲ့တာပါ။ “ဒါဆိုရင် အခုထက် ပိုမကောင်းဘူးလား” လို့လည်း သူက မေးခွန်း ထုတ်ခဲ့ပါသေးတယ်။

တကယ်တော့ ဗိုလ်ချုပ်ကြီးတွေ လွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကို ထိန်းထားနိုင်ဖို့နဲ့ အာဏာကို ဆက်လက် ချုပ်ကိုင် ထားနိုင်ဖို့ အာမခံမယ့် နိုင်ငံရေး ပါတီတခုကို စစ်အစိုးရက ဖွဲ့စည်း ထားပြီးပါပြီ။ မြန်မာ့အရေး ကျွမ်းကျင်သူလို့ ဆိုနေကြသူတွေက သူတို့ကိုယ် သူတို့ စစ်အစိုးရရဲ့ စိတ်ဓာတ်စစ်ဆင်ရေး ထောင်ချောက်ထဲ ရောက်နေမှန်း မသိကြဘူးလေ။

“၃၃၃” ဂဏန်းထင်ကြေးက ရွေးကောက်ပွဲနဲ့ လက်တကမ်းအလိုမှာ ထွက်လာတာပါ။ ပြီးတော့ ဒီထင်ကြေး ထွက်လာချိန်ဟာ ရွေးကောက်ပွဲ အကြို လုပ်ငန်း ဆောင်တာတွေ လုပ်ဆောင်တဲ့ နေရာမှာ စစ်အစိုးရရဲ့ မမျှတမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပါတီတွေကြားမှာ မခံ မရပ်နိုင်ဖြစ်မှုတွေ တိုးပွားလာနေတဲ့ အချိန်လည်း ဖြစ်နေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်အလက်တွေကို အခြေခံပြီးပြောရရင် အသစ် ဖွဲ့စည်းမယ့် လွှတ်တော်နှစ်ရပ် ပေါင်းရဲ့ အင်တိုက် အားတိုက် ဆောင်ရွက်နိုင်စွမ်းက အတော့်ကို မရေမရာ ရှိလှပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီ ဘက်တော်သား တွေပါလို့ ပြောလို့ရမယ့် သူတွေက လွှတ်တော်နှစ်ရပ် ပေါင်းရဲ့ ၃၃၃ နေရာကို အနိုင် ရရှိတယ်ဆိုဦးတော့ သမ္မတ ဦးဆောင်တဲ့ အုပ်ချုပ်ရေး အဖွဲ့က သူတို့ရဲ့ အာဏာကို ကန့်သတ် ထားလို့ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ တိုင်းပြည်ရဲ့ နှစ်စဉ်ဘတ်ဂျက် ဥပဒေကြမ်း တင်းသွင်းမှုအပိုင်းကို ဥပမာအနေနဲ့ ထုတ်ပြလိုပါတယ်။ နိုင်ငံတခုရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သိပ်ကို အရေးကြီးတဲ့ ဒီအခန်းကဏ္ဍကို ဆုံးဖြတ်ရာမှာ ဥပဒေပြုအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ခွဲဝေအပ်နှင်းထားတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေအတိုင်း ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရတော့ နိုင်ငံတော်သမ္မတက တိုင်းပြည်ရဲ့ “ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်း” ကို ပြည်ထောင်စု လွှတ်တော်ဆီ တင်သွင်းမှာဖြစ်ပြီး ဥပဒေကြမ်းပါ တချို့အချက် အလက်တွေကို လွှတ်တော် အမတ်တွေ အနေနဲ့ “ငြင်းပယ်ခြင်းနှင့် လျှော့၍ခွင့်ပြုခြင်း” တွေ လုပ်ခွင့်မရှိဘူးလို့ တိတိကျကျ ပြဌာန်းထားလို့ပဲ ဖြစ်ပါတယ်။

အခြေခံဥပဒေ အပိုဒ်ခွဲ ၁၀၃ (က) မှာ “ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်သမ္မတ သို့မဟုတ် ယင်းက တာဝန် ပေးအပ်သည့် ပုဂ္ဂိုလ်သည် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်” လို့ ဖေါ်ပြထားပါတယ်။

အပိုဒ်ခွဲ ၁၀၃ (ခ) မှာလည်း ပြည်ထောင်စု ဘတ်ဂျက် ဥပဒေကြမ်းမှာပါတဲ့ အသုံးစရိတ် ၄ မျိုးနဲ့ပတ်သက်ပြီး “ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခွင့်ရှိသည်။ သို့သော် ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်း မပြုရ” လို့ ပြဌာန်းပြီး လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အာဏာကို ဆိုးဆိုးရွားရွား ကန့်သတ်ထားပြန်ပါတယ်။

အဲ့ဒီလို ဆွေးနွေးခွင့်ပဲရှိပြီး ငြင်းလို့ လျှော့လို့မရတဲ့ အသုံးစရိတ်တွေကတော့ …

၁။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ (၀န်ကြီးဌာနများ အပါအ၀င်) ၏ အကြီး အမှူးများနှင့် အဖွဲ့အစည်းဝင်များ၏ လစာ၊ စရိတ်နှင့် ယင်းအဖွဲ့ အစည်းများ၏ အသုံးစရိတ်များ။
၂။ ပြည်ထောင်စုက ပေးဆပ်ရန် တာဝန်ရှိသော ကြွေးမြီများ၊ ယင်းကြွေးမြီများနှင့် ဆက်နွယ်သော ကုန်ကျ စရိတ်များ၊ ပြည်ထောင်စုက ချေးယူငွေများနှင့် ဆက်နွှယ်သော အခြား ကုန်ကျစရိတ်များ၊
၃။ တရားရုံး သို့မဟုတ် ခုံရုံး တရုံးရုံး၏ စီရင်ချက်၊ အမိန့်၊ ဒီကရီအရ ပေးဆောင်ရန်ရှိသော အသုံး စရိတ်များ၊
၎။ တည်ဆဲဥပဒေ တရပ်ရပ်အရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ စာချုပ် တခုခုအရဖြစ်စေ ကျခံရမည့် အခြား အသုံး စရိတ်များပဲ ဖြစ်ပါတယ်။

ဒီအသုံးစရိတ်တွေ ပမာဏက ဘတ်ဂျက်ရဲ့ အားလုံးနီးပါး ဖြစ်နေပြီး ဒီအပေါ်မှာ အပြောင်းအလဲ လုပ်ဖို့ အသစ်ဖွဲ့စည်းမယ့် လွှတ်တော် နှစ်ရပ်ပေါင်းမှာ ဘာအာဏာမှ မရှိဘူးဆိုတာ ရှင်းနေပါတယ်။

ဒီနေရာမှာ မေးခွန်းထုတ်စရာရှိလာတာက အခုလို အခြေအနေအောက်မှာ ပြည်သူကို အလုပ်အကျွေး ပြုမယ်လို့ သန္နိဋ္ဌာန် ချထားတဲ့ လွှတ်တော်အမတ် ၃၃၃ ယောက်က လူထုအကျိုးစီးပွားအတွက် အကောင်းဆုံး ဖြစ်အောင် ဘယ်လို လုပ်လို့ရပါတော့မလဲ ဆိုတာပါပဲ။

သူတို့ ၃၃၃ ယောက်အနေနဲ့ သမ္မတရွေးချယ်ပွဲကို ထိန်းထားပြီး သူတို့အလိုကျ သမ္မတကို ရွေးလို့ရတယ်လို့ စောဒက တက်နိုင်ပါသေးတယ်။ ဒါပေမယ့် အခုချိန်ထိ သမ္မတကို ဘယ်လို ရွေးမယ်ဆိုတဲ့ ရွေးကောက်ပွဲဥပဒေ မရှိသေးတဲ့အတွက် သူ့ကို များရာမဲနဲ့ပဲ ရွေးမလား၊ ဒါမှမဟုတ် တခြားနည်းနဲ့ ရွေးမလားဆိုတာ ဘယ်သူမှ မသိပါဘူး။

သေချာတာကတော့ သမ္မတရွေးကောက်ပွဲဥပဒေက စစ်အစိုးရရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် လက်ထဲမှာ ရှိနေတာပါ။ သူ့ကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ရွေးမယ်ဆိုတာကတော့ လွှတ်တော်ရွေးကောက်ပွဲ ရလဒ်ပေါ်မှာ မူတည်ပါလိမ့်မယ်။

Constitutional Truth or Trick by Htet Aung ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။

Ref: ဧရာဝတီ်

Read More...

ရွေးကောက်ပွဲကို တိုက်ဖျက်မည်ဟု မဒမခ က ပြောဆို

မြင့်မောင်
ကြာသပတေးနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို လူထုတိုက်ပွဲအပါအဝင် နည်းလမ်းစုံဖြင့် တိုက်ဖျက်မည်ဟု တောတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ဒီမိုကရေစီရေး လိုလားသည့် အဖွဲ့များ ပူးပေါင်းထားသည့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (မဒမခ) က ပြောဆို လိုက်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲသည် ၂ဝဝ၈ အခြေခံဥပဒေကို အခြေခံထားသဖြင့် စစ်ရေး၊ နိုင်ငံရေးတို့ဖြင့် တိုက်ဖျက်မည်ဟု ညီလာခံ ကိုယ်စားလှယ် ၄၄ ဦးက ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြန်မာ-ထိုင်းနယ်စပ်တွင် ပြုလုပ်သော အစည်းအဝေးတွင် ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။

“၂ဝဝ၈ အခြေခံနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လက်မခံဘူး။ အဲဒါကြောင့် ၂ဝဝ၈ အခြေခံ ဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ တိုက်ဖျက်ရေးကို စစ်ရေး၊ နိုင်ငံရေး၊ လက်နက်ကိုင် တိုက်ပွဲနဲ့ လူထုတိုက်ပွဲ ပေါင်းစပ်ပြီး တိုက်ပွဲ ဝင်နိုင်ရေးအတွက် အခြေအနေထူးရင် ထူးသလို ကြေညာချက်တွေ ထုတ်ပြန်သွားမှာပါ” ဟု ညီလာခံကြီးက ရွေးချယ်လိုက်သည့် (မဒမခ) အထွေထွေ အတွင်းရေးမှူး ရဲဘော်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။

မဒမခ ညီလာခံက စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စုကို ဖျက်သိမ်းပြီး ဖယ်ဒရယ် ဒီမိုကရက်တစ် အစိုးရတရပ် ဖွဲ့စည်းရေးကို မဟာဗျူဟာ လုပ်ငန်းစဉ် ရည်မှန်းချက်အဖြစ် ချမှတ်ခဲ့ပြီး ၎င်းရည်မှန်းချက် အကောင်အထည် ဖော်ရေးအတွက် မဟာဗျူဟာ လုပ်ငန်းစဉ် ၇ ရပ်ကိုပါ ချမှတ်ခဲ့သည်။

လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်နိုင်ရေး ကြိုးပမ်းသွားရန်၊ ဘက်ပေါင်းစုံ အုံကြွမှု အခြေခံပြီး လူထုတိုက်ပွဲ ဖြစ်အောင် လုပ်ဆောင်ရန်၊ တပ်တွင်း စည်းရုံးရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဖော်ဆောင်သွားရန်၊ စစ်အုပ်စုကို နိုင်ငံတကာက ထိရောက်စွာ အရေးယူနိုင်ရေးကို ဆောင်ရွက်ရန် ပါရှိသည်။

ထို့အပြင် ပြည်တွင်းရှိ စစ်အုပ်စု ဆန့်ကျင်ရေး၊ ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသား အင်းအားစုများ တတ်နိုင်သမျှ ဝိုင်းဝန်း လုပ်ဆောင်ရန်၊ အပစ်ရပ် အဖွဲ့အစည်းများကို ဝန်းရံပံ့ပိုးနိုင်ရေး ပြင်ဆင် ဆောင်ရွက်သွားရန်တို့ ဖြစ်သည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် ဖိအား ပေးနေသည့်အပေါ် မဒမခ အနေဖြင့် လက်မခံကြောင်း အထွေထွေ အတွင်းရေးမှူးက ပြောသည်။

ညီလာခံက ဥက္ကဋ္ဌ ပဒိုစောအားတိုး၊ ဒုဥက္ကဋ္ဌ ဦးအေးဆောင်နှင့် အထွေထွေ အတွင်းရေးမှူးအဖြစ် ရဲဘော်မျိုးဝင်းတို့ ဦးဆောင်သော ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦးကို ရွေးချယ် တာဝန် ပေးအပ်လိုက်သည်။

မဒမခ ကို ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ ကျောင်း သားတပ်မတော် ABSDF ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) စသည့် အဖွဲ့အစည်းများ အပါအဝင် အဖွဲ့ပေါင်း ၂၅ ဖွဲ့ခန့်ဖြင့် အမျိုးသား လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ အတွက် ဖွဲ့စည်းခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ရွေးကောက်ပွဲကို ကျောခိုင်းရန်လိုအပ်ဟု ဦးဝင်းတင် ပြောကြား

NEJ / ၂၆ သြဂုတ် ၂၀၁၀

၂၀၁၀ ရွေးကောက်ပွဲအပေါ်တွင် ပြည့်စုံသည့်တုံ့ပြန်မှု ဖြစ်စေရန်အတွက် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လိုအပ်ကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

“ပြည့်စုံတဲ့တုံ့ပြန်မှုဆိုတာ ဒီရွေးကောက်ပွဲက မတရားဘူး။ ဒီရွေးကောက်ပွဲသွားမယ့် လမ်းခရီးကလည်း မှားနေတဲ့ ဟာဆို ကျနော်တို့ လိုပဲ သပိတ်မှောက်ပေါ့။ ရွေးကောက်ပွဲကို သပိတ် မှောက်ရမယ်” ဟု ၎င်းက ပြောသည်။

နအဖကောင်စီက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု မရှိသောကြောင့် အန်အယ်လ်ဒီ ပါတီက ယခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ပါတီအနေဖြင့် မှတ်ပုံတင်မည် မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ် မှောက်ကြောင်း ဆုံးဖြတ်ချက်ကို သြဂုတ် (၁၉) ရက်တွင် တရားဝင် ထုတ်ဖော် ကြေညာခဲ့သည်။

“ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံ ဥပဒေကို သွားမယ်။ ဒီဥပဒေဟာ တရားမဲ့တဲ့ ဥပဒေကြီး၊ စစ်အစိုးရ စစ် အာဏာရှင်တွေ အာဏာ တည်မြဲဖို့ အသက်သွင်းမယ့် အခြေခံ ဥပဒေဖြစ်တယ်။ ဒီရွေးကောက်ပွဲက ဒီအခြေခံ ဥပဒေကို အကောင်အထည် ဖော်မှာမို့ ကျနော်တို့ ကန့်ကွက်တယ်။ တရားမျှတခြင်း နိုင်ငံရေး အခြေအနေ ပြည့်စုံတာ ဘာမှ မရှိတဲ့အတွက် ကျနော်တို့ ကန့်ကွက်တယ်။ ဒါဆို ကျနော်တို့ ပါတီက မှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲလည်း မ၀င်ဘူး ဆုံးဖြတ်တယ်” ဟု ဦးဝင်းတင်က ပြောသည်။

သို့သော် ရွေးကောက်ပွဲကို သပိတ်မှောက်ရာတွင် အပြည့်အစုံမျှော်လင့်၍ မရနိုင်ကြောင်း ဦးဝင်းတင်က ပြောဆိုသည်။

“အပြည့်အစုံမျှော်လင့်ပြီး ပြောနေတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လူထုက ဘယ်ပါနိုင်မလဲ။ ပါနိုင်မှဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ကတည်းက၊ အာဏာမလွှဲဘူး ဆိုကတည်းက လူထုက အုံကြွပြီးတော့ ပါလာမှာပေါ့။ မပါဘူးဆိုတာ ကျနော်တို့ သဘော ပေါက်ပါတယ်။ မပါဝံ့ဘူး၊ မပါနိုင်ဘူး၊ ပါနိုင်တဲ့အခြေအနေ မရှိဘူး။ ပါနိုင်တဲ့ အခြေအနေမျိုး ဖြစ်အောင်လည်း စစ်အစိုးရက ခွင့်မပေးဘူး ဆိုတာ ကျနော်တို့ သိတယ်။ သို့သော် ဘာပဲပြောပြော ကျနော်တို့က ရုန်းကန်မှုအနေနဲ့၊ ဆန့်ကျင်မှုအနေနဲ့၊ တုံ့ပြန်မှု အနေနဲ့ကတော့ ရှိမယ်လို့ ကျနော်တို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။

ယနေ့အခြေအနေမှာ လူထုအနေဖြင့် စစ်အစိုးရအား ဆန့်ကျင်မြဲဆန့်ကျင်နေသော်လည်း လုံလောက်သည့် တုံ့ပြန်မှု မရှိသည့်အတွက်၊ မလုပ်နိုင်သည့် အတွက် စစ်အစိုးရ ဆက်လက် ရှိနေဦးမည် ဖြစ်ကြောင်း၊ သို့သော် အန်အယ်လ်ဒီက ဆက်လက် ရုန်းကန်ကန့်ကွက် ဆန့်ကျင်နေမည်ဖြစ်ပြီး လူထုအနေဖြင့် ပံ့ပိုးနိုင်သမျှ ပံ့ပိုးမည်ဟု ယုံကြည်ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက ဆက်လက်ပြီး “ဒီရွေးကောက်ပွဲမှာလည်း ပြည့်စုံတဲ့ အနေအထားရှိမှာ မဟုတ်ဘူး။ သို့သော် အဲဒါ နောက်ဆုံးမှာ အကျိုး သက်ရောက်မှုက ဘာလည်းဆိုတော့ အနည်းဆုံး ဒီရွေးကောက်ပွဲကြီးဟာ မတရားဘူး။ နိုင်ငံရေး အပြောင်းအလဲကို စစ်အစိုးရပဲ ဆက်လက် စီးထားမယ်၊ စစ်အစိုးရရဲ့လက်ကိုင်တုတ် ပါတီ ကြံ့ဖွံ့လို ဟာမျိုးကပဲ စီးမယ် ဆိုတာမျိုးတွေ ဖော်ပြနိုင်ရင် ကမ္ဘာကနေ စစ်အစိုးရ အပေါ်မှာ ဖိစီးမှုတွေ ပိုပြီးတော့ များသထက် များလာမယ်လို့ ယူဆတယ်။ ဒီလိုဖြစ်တာဟာ တထစ်တရစ်တော့ တိုးသွားခြင်း ဖြစ်တယ်လို့ ယူဆတယ်” ဟု ပြောကြားသည်။

ယမန်နေ့ကမူ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို မဲပေးလိုသည့် ပြည်သူ လူထု အနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သဖြင့် မဲမပေး ကြရန်သာ ရှိကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်သူ ဦးဉာဏ်ဝင်းမှ တဆင့် ပြောကြားခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါသည့်အတွက် မည်သည့်ပါတီကို မဲပေးရန် မသိရှိတော့ကြောင်း ပြည်သူများ၏ ပြောဆိုချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားလိုက်ခြင်းဖြစ်သည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်သည် မှန်ကန်ကြောင်း ဦးဝင်းတင်က ထောက်ခံပြောဆိုသည်။

၎င်းက “ဒေါ်စုရဲ့ ပြောဆိုချက်ဟာ အမှန်ဆုံးပဲ။ ဒေါ်စုရဲ့သဘောထားနဲ့ ကျနော်တို့ အန်အယ်လ်ဒီရဲ့သဘောထားဟာ တထပ်တည်းကျတယ်လို့ပဲ ကျနော်တို့ ယူဆတယ်။ အန်အယ်လ်ဒီကို ထောက်ခံချင်တယ်၊ မဲပေးချင်ကြတယ်။ အန်အယ်လ်ဒီ မရှိတဲ့အခါကျတော့ ဘယ်သူ့မဲပေးရမှန်းမသိဘူး၊ ဘာလုပ်ရမှန်းမသိဘူး၊ မျက်စိသူငယ်ဖြစ်နေတယ်ဆိုရင် အန်အယ်လ်ဒီမှ မရှိတာ မပေးနဲ့ပေါ့။ အန်အယ်လ်ဒီ လုပ်သလိုလုပ်ပေါ့။ အန်အယ်လ်ဒီကနေ ရွေးကောက်ပွဲ ကျောခိုင်းထားရင် လူထုကလည်း ရွေးကောက်ပွဲကို ကျောခိုင်းရမှာပဲ။ အဲတော့ ဒေါ်စုရဲ့သဘောထားကို ကျနော်တို့ လုံးဝထောက်ခံတယ်။ ထောက်ခံရုံတင်မဟုတ်ဘူး။ ဒီသဘောထားမျိုးဟာလည်း အန်အယ်လ်ဒီမှာ အောက်ခြေအထိ ရှိပါတယ်” ဟု ပြောသည်။

စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲ မတရားမှန်း နိုင်ငံရေးသမားတိုင်း သိနိုင်သည့်အခြေအနေတွင် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်သူအချို့ ပါတီမှနုတ်ထွက်ခြင်း၊ ရွေးကောက်ပွဲတွင် မပါဝင်တော့ခြင်းတို့မှာလည်း ပြည့်စုံသည့် တုံ့ပြန်မှုမျိုး မဟုတ်ကြောင်း ဦးဝင်းတင်က ပြောဆိုသည်။

“အခု ဥက္ကဋ္ဌတွေ ထွက်ကြတယ်။ ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူး ဆိုတာတွေဟာ လုံလောက်တဲ့ စစ်အစိုးရအပေါ် တုံ့ပြန်ခြင်းမျိုးမဟုတ်ဘူး။ ပြည့်စုံတဲ့ တုံ့ပြန်ခြင်းလည်း မဟုတ်ဘူး။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးတွေ၊ ကိုယ်ရေးကိုယ်တာ နည်းနည်းလေး ထိလာတဲ့အခါမှာ သို့မဟုတ်လည်း ရည်မှန်းချက် မပြည့်စုံတဲ့အခါမှာ သူတို့ရဲ့တုံ့ပြန်ချက်မျှသာဖြစ်တယ်။ အဲဒီဟာ ကျနော်တို့ ဘာမှမပြောဘူး” ဟု ဆိုသည်။

သို့သော် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားသည့် ပါတီများအနေဖြင့် ပါတီများဖျက်သိမ်းပြီး ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်မည်ဆိုပါက ထောက်ခံကြိုဆိုမည်ဟု ဦးဝင်းတင်က ပြောကြားသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးဖြိုးမင်းသိမ်းနှင့် နာယကအဖွဲ့ဝင်တဦးဖြစ်သူ ဦးညိုထွန်းတို့ ပါတီမှနုတ်ထွက်ကာ ရွေးကောက်ပွဲဝင်တော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ယမန်နေ့ကလည်း အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်လိုက်ကြောင်း ပြောဆိုခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

ပြည်သူ့ကုန်တိုက် စစ်ဗိုလ်ချုပ်ကြီးသားကို လွှဲပေး

နရီလင်းလက်
Thursday, August 26, 2010

မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က လွှဲပြောင်းယူ ထားသည့် ပြည်သူ့ ကုန်တိုက်အား စစ်ဗိုလ်ချုပ်ကြီး တဦး၏ သားကို Ruby Mart Shopping Center အဖြစ် ပြောင်းလဲ တည်ဆောက် ဖွင့်လှစ်ခွင့်ပြု လိုက်ကြောင်း သိရသည်။

ယင်း ပြည်သူ့ ကုန်တိုက် အဆောက် အအုံကို ဒု ဗိုလ်ချုပ်ကြီး တင်အေး၏သား ဦးဇော်မင်းအေးအား ရှော့ပင်းစင်တာ ဖွင့်လှစ်ရန် လွှဲပြောင်းပေး ထားကြောင်း မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် အသိုင်းအ၀န်းမှ စုံစမ်းသိရသည်။

“ဦးပိုင်က သူတို့နဲ့ နီးစပ်တဲ့သူကို ပြန်အငှား ချပေးတဲ့ သဘောပဲ။ အစိုးရပိုင် အဆောက် အအုံကို ပုဂ္ဂလိကကို ရောင်းတယ် ဆိုပေမယ့် ပြန်ဝယ်တာ ကလည်း အာဏာပိုင်တွေ ဖွဲ့ထားတဲ့ အဖွဲ့အစည်း တခုပဲလေ။ တန်ဖိုး ဘယ်လောက်နဲ့ လေလံခေါ်တာ မသိရသလို ဘယ်သူက ၀ယ်လိုက်တယ် ဆိုတာလည်း မသိလိုက်ရဘူး။ ဒီလို အဆောက် အအုံတွေက အာဏာပိုင်နဲ့ ပတ်သက် တဲ့ သူတွေပဲ ရတာများတယ်”ဟု မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်မှ ဒု ဗိုလ်မှူးကြီး တဦးက ပြောသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချပေးရေးအစီအစဉ်အရ ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချူပ်အောင်ဆန်းလမ်းထောင့်ရှိ ပြည်သူ့ကုန် တိုက် ဟု လူသိများခဲ့သော ကုန်သွယ်လယ်ယာရုံးဟောင်းကို မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးရုံးချုပ်မှ ပိုင်ဆိုင်ထားပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ရောင်းချပေးခဲ့ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

“နှစ်ဆန်းပိုင်းလောက်ကတည်းကစပြီး အဆောက်အအုံတော်တော်များများကို စရောင်းနေတာ အဲဒီအထဲမှာ ပြည်သူ့ ကုန် တိုက်လည်း ပါတယ်။ အာဏာပိုင်တွေ ရောင်းလိုက်တဲ့ ရှေးဟောင်းရုံး အဆောက်အအုံတွေ အကုန်လုံးက စစ်အစိုးရရဲ့ ဆွေမျိုး ဒါမှမဟုတ် သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပဲ များတယ်”ဟု သူက ဧရာဝတီကို ပြောသည်။

အဆောက်အအုံနေရာ ဟောင်းကို ဖျက်ကာ Ruby Mart ကို နိုင်ငံတကာအဆင့်မီ ရှော့ပင်းစင်တာအဖြစ် တည်ဆောက်နေ ကြောင်း သိရသည်။

“ဇန်န၀ါရီကတည်းက စဆောက်နေတာ အခု အဆောက်အအုံက တော်တော်ပြီးနေပြီ။ Decoration ပြင်ဆင်မှုလောက်ပဲ လိုတော့တယ်။ မိသားစုတွေအတွက် လိုအပ်တဲ့ ပစ္စည်းသေးသေးလေးကနေ မော်တော်ယာဉ်ပစ္စည်းအထိ ၀ယ်လို့ရအောင် ရောင်းချပေးသွားမှာ”ဟု Ruby Mart မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက ဆက်၍“ဦးပိုင်ကနေ လုံးဝ ရောင်းလိုက်တာမျိုးမဟုတ်ဘဲ လုပ်ပိုင်ခွင့်ပေးလိုက်တယ်ဆိုတဲ့ သဘောမျိုး။ အကုန် ပြင် ဆင် ဆောက်ပြီး လုပ်ချင်သလို လုပ်လို့ရတယ် ဆိုတဲ့ အနေအထားမျိုး။ ဒါပေမယ့် အမြတ်ပြန်ရလာတဲ့ အခါ ဘယ်လောက် ရာခိုင်နှုန်းပေးရမယ်ဆိုတဲ့ သဘောတူညီချက်မျိုးနဲ့ လုပ်ခဲ့တာ”ဟု သူက ပြောသည်။

မိုးဆမ်းပန်း မီဒီယာ ဥက္ကဌ ဦးဇော်မင်းအေးမှာ ဒုတိယ လက်ရှိတွင် Eco Vision စာစောင်နှင့် Messenger ဂျာနယ်ကို ထုတ်ဝေ နေသူဖြစ်ပြီး မိုးဆမ်းပန်း မီဒီယာမှ ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်ခွင့်ကို ရရှိခဲ့သူတဦးလည်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လကလည်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New Studio Complex အဆောက်အဦး မြေနေရာကို ကျပ် သိန်းပေါင်း တသိန်း သုံးသောင်း နှင့် ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိတက်သို့ ရောင်းချလိုက်ပြီး ဈေးဝယ်စင်တာ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ၀ဏ္ဏကျော်ထင် ဦးအောင်ဇော်နိုင်သည် အာဏာပိုင်များနှင့် နီးစပ်သည့် အာရှဓန ဘဏ် လုပ်ငန်းရှင် ဦးအိုက်ထွန်း၏သား ဖြစ်သည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ နိုင်ငံပိုင် အဆောက်အအုံများအပြင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ကြယ်ငါးပွင့် သင်္ဘော လိုင်းများကို ယခုနှစ်အတွင်း လွှဲပြောင်း ရယူခဲ့သည်။

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ သင်္ဘောလိုင်း လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်းများ အပါ အ၀င် ပြည်သူပိုင်လုပ်ငန်း အများအပြားဖြင့် စစ်တပ်ရန်ပုံငွေ ရှာပေးနေသော စီးပွားရေး အစုအဖွဲ့ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

မွန်ပြည်သစ်၏ အကြောင်းပြန်ရက် စစ်အစိုးရ သတ်မှတ်

ဝီရ
၂၆ သြဂုတ် ၂၀၁၀

မွန်ပြည်သစ်ပါတီက ပြည်သူ့စစ် အသွင်ပြောင်းဖွဲ့စည်းရန် လက်ခံ မခံ ဆိုသည်ကို နောက်ဆုံး အကြောင်းပြန်ရန် နအဖ စစ်အစိုးရက နေ့ရက် အတိအကျ သတ်မှတ် ပေးလိုက်ပြီ ဖြစ်သည်။

မွန်ပြည်သစ် ပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်က “ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ကြတော့ တပ်အသွင် ပြောင်းဖို့ ကိစ္စနဲ့ပတ်သက်ပြီး ပါတီရဲ့ သဘောထား အကြောင်းပြန်ဖို့ အခြား အပစ်ရပ်အဖွဲ့တွေလိုပဲ စက်တင်ဘာ (၁) ရက်နေ့ကို နောက်ဆုံးရက် အဖြစ် သူတို့ သတ်မှတ်လိုက်တာ။ အဲဒီအချိန် အကြောင်း မပြန်ဘူးဆိုရင် ၁၉၉၅ ခုနှစ် မတိုင်ခင်ကလို အခြေအနေမျိုး ရောက်သွား နိုင်တယ်လို့လည်း သူတို့ ပြောသွားတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင်များ ဖြစ်ကြသော နိုင်အောင်မင်း၊ နိုင်တလညီတို့ ဦးဆောင်၍ ဗဟို ကော်မတီဝင် နိုင်နိုင်ဒူး၊ နိုင်ခင်အေး စုစုပေါင်း (၄) ဦးနှင့် ရတခ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းတို့ ပြီးခဲ့သည့် သြဂုတ် (၂၃) ရက်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ၌ တွေ့ဆုံခဲ့စဉ် ယင်းကဲ့သို့ သတိပေး ပြောကြား လိုက်ခြင်းဖြစ်သည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲအား မွန်ပြည်သစ်အနေဖြင့် အဟန့်အတား ပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း မပြု လုပ်ရန်လည်း နအဖ စစ်အစိုးရက သတိပေးခဲ့ကြောင်း ပါတီ ပြောခွင့်ရသူက ဆိုသည်။

“ယခုအချိန်ထိတော့ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ စည်းရုံးရေး ဆင်းတာတို့၊ ကော်မရှင်အဖွဲ့ လာတာတို့ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီကလည်း ဆွေးနွေးဖို့ ရှိပါတယ်” ဟု နိုင်ခြေးမွန်က ပြောကြားသည်။

တပ်အသွင်ပြောင်းခြင်းနှင့် ပတ်သက်၍ မွန်ပြည်သစ်က လက်မခံကြောင်း ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှ စ၍ နောက်ဆုံး အကြောင်း ပြန်ခဲ့စဉ် စစ်ရေး တင်းမာမှု ဖြစ်ပွားပြီးနောက်ပိုင်း ပါတီနှင့် စစ်အစိုးရ အကြား ယခု တွေ့ဆုံမှုသည် ပထမ အကြိမ် ဖြစ်သည်။

ယခင်တွေ့ဆုံမှုများတွင် မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် တိုက်တွန်း ခဲ့သော်လည်း လက်မခံသည့် နောက်ပိုင်း၌ နအဖ စစ်အစိုးရ ဘက်က ပြည်သူ့စစ် ဖွဲ့လျှင်လည်း ဖွဲ့ခွင့်ရှိကြောင်း တောင်းဆို ထားသော်လည်း မွန်ပြည်သစ်က ထပ်မံ ငြင်းပယ်ခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ခြင်း မရှိလျှင် လာမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်မည် မဟုတ်ကြောင်း၊ ပွင့်လင်း မြင်သာသည့် မွန်အမျိုးသား အကျိုး ပေါ်ထွန်းလာခြင်း မရှိသရွေ့ တပ်နှင့် ပါတီအား ခွဲခြမ်းခြင်း၊ ဖျက်သိမ်းခြင်း လက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီ ထွန်းကား လာစေရေး အတွက် ထွက်ပေါက်လမ်း မဟုတ်သကဲ့သို့ ယခု ကျင်းပမည့် ရွေးကောက်ပွဲ သည်လည်း လမ်းဖွင့် ပေးနိုင်မည် မဟုတ်ကြောင်း၊ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခြင်းသည်သာ စစ်မှန်သော လမ်းကြောင်း ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန် လိုက်သည့် ၎င်းတို့ ပါတီ၏ မွန်တော်လှန်ရေးနေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

၁၉၉၅ ခုနှစ် ဇွန်လတွင် မွန်ပြည်သစ်က စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, August 26, 2010

မြန်မာနိုင်ငံတွင်း ခရီးသွားလာမှု သတိပေးချက် အမေရိကန် ထုတ်ပြန်

ဗုဒ္ဓဟူး, 25 သြဂုတ် 2010

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမျှ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ရှိလာနိုင်တာကြောင့် မြန်မာနိုင်ငံ အတွင်း ခရီးသွားလာရေးမှာ သတိထားကြဖို့ အတွက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အမေရိကန် နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန် လိုက်ပါတယ်။

အထူးသဖြင့် အများပြည်သူနေရာတွေ သွားလာရာမှာ မသင်္ကာဖွယ် ပစ္စည်းတွေ၊ ပိုင်ရှင်မဲ့ အထုပ်ပစ္စည်းတွေ တွေ့ရင် သတိတကြီးနဲ့ နေဖို့ သတိ ပေးလိုက်ပါတယ်။

ဒါ့အပြင် လူစုလူဝေးရှိတဲ့နေရာ၊ ဆန္ဒပြပွဲတွေ ဖြစ်တဲ့နေရာ၊ အစိုးရ လုံခြုံရေးတပ်တွေ ပိတ်ဆို့ထားတဲ့ နေရာတွေကို ရှောင်ဖို့လည်း သတိ ပေးထားပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ လုံခြုံရေး အာဏာပိုင်တွေကို ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို ရိုက်တာမျိုးတွေကိုလည်း မလုပ်ဖို့ သတိ ပေးထားပါတယ်။

မြန်မာနိုင်ငံထဲမှာ ရှိနေစဉ်အတွင်း အများပြည်သူအတွက် သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေ ကိုလည်း စောင့်ကြည့် နားထောင်နေဖို့ မှာကြား ထားပါတယ်။

ဒါ့အပြင် ရန်ကုန်လေဆိပ်နဲ့ တခြား နိုင်ငံတကာကနေ ၀င်ရောက်နိုင်တဲ့ နေရာတွေမှာ ဆိုက်ရောက် ဗီဇာ ထုတ်ပေးတာကိုလည်း လာမယ့် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ယာယီ ရပ်ဆိုင်း ထားတယ်လို့ မြန်မာ စစ်အစိုးရက ရန်ကုန်မှာရှိတဲ့ အမေရိကန် သံရုံးကို အကြောင်း ကြားထားတယ် လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေကြတဲ့ အမေရိကန် နိုင်ငံသားတွေရော၊ ခရီးသွားလာ လည်ပတ်ကြမယ့် အမေရိကန် နိုင်ငံသားတွေ အတွက်ပါ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကို မိမိ ဘယ်နေရာမှာရှိတယ် ဆိုတာကို အကြောင်းကြား ဆက်သွယ် ထားဖို့ကိုလည်း သတိ ပေးထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း အမေရိကန်နိုင်ငံသား တချို့ဟာ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အရေးအသား စာစောင်တွေ ဖြန့်ဝေတာ၊ ဒီမိုကရေစီ ခေါင်းဆောင်တွေရဲ့ နေအိမ်တွေ၊ ရုံးတွေကို သွားရောက် လည်ပတ်တာကြောင့် ဖမ်းဆီးခံရတာ၊ တရားရုံးတင် စွဲချက် တင်ခံရတာတွေ ရှိခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အမေရိကန်နိုင်ငံသား တချို့ဟာ မန္တလေးနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းမှာ သင်တန်းတချို့နဲ့ ပတ်သက်လို့ ပြည်နှင်ဒဏ် ပေးခံရတာမျိုးတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့ အရေးအခင်းအတွင်း လုံခြုံရေး တပ်တွေရဲ့ နှိမ်နင်းမှုကြောင့် ဂျပန် သတင်းထောက် တဦး ပစ်သတ်ခံရတာကိုလည်း ပြန်လည် ဖော်ပြထားပါတယ်။

Ref: VOA News

Read More...

ကေအိုင်အို လက်နက်ချရန် ပထမဆုံး မြန်မာစစ်အစိုးရ ညွှန်ကြား

Wednesday, 25 August 2010

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ”၀” တပ်ဖွဲ့ ပြီးနောက် အင်အား အကြီးဆုံး ဖြစ်သည့် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO သည် ”လက်နက်ချရန်” ပထမဆုံး မြန်မာ စစ်အစိုး၏ ညွှန်ကြားခြင်း ခံရသည်။

သြဂုတ်လ (၂၂)၊ တနင်္ဂနွေနေ့၊ ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားတွင် နှစ်ဖက် အရာရှိများ တွေ့ဆုံစဉ် “KIO အဖွဲ့ လက်နက်ချရန်” မြန်မာ စစ်အစိုးရက စာဖြင့် တရားဝင် ညွှန်ကြား လာခြင်း ဖြစ်ကြောင်း KIO မှ သိရသည်။

(၁၆) နှစ်ကြာ KIO နှင့် မြန်မာ စစ်အစိုးရအကြား အပစ်အခတ် ရပ်ဆိုင်းပြီးနောက် KIO အား လက်နက် ချရန် ဖိအား ပေးခြင်းသည် ယခု ပထမဆုံး အကြိမ်ဖြစ်သည်။

ဤကိစ္စပေါ် သြဂုတ်လ (၂၇)၊ ယခုပတ် သောကြာနေ့မှ စတင်ကျင်းပမည့် KIO အဖွဲ့ဝင်များ၏ ပါတီ ကွန်ကရက်တွင် “KIO လက်နက်ချရေး မချရေး နှင့် ရှေ့နိုင်ငံရေး လမ်းစဉ်” ကို ဆွေးနွေး ဆုံးဖြတ်သွားရန် ရှိကြောင်း အဖွဲ့ ဒု-ထွေထွေ အတွင်းရေးမှူး ဆလန်ကဘာ ဝေါ့ခရုန်း ဆင်ဝါးက ကချင် သတင်းဌာနသို့ ပြောကြား ခဲ့ပြီးဖြစ်သည်။

ခါတိုင်းလိုပဲ တွေ့ဆုံပွဲကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တပ်ဝင်းရှိ မလိခ ရိပ်သာတွင် ပြုလုပ်ရာ KIO အရာရှိ (၅) ဦး နှင့် မြန်မာ စစ်အစိုးရ အရာရှိ (၄) ဦး တို့ တက်ရောက်ခဲ့သည်။

KIO အရာရှိများတွင် ဥက္ကဌ လညှော် ဇောင်းဟရား၊ ဒု-ဥက္ကဌ အဆင့် (၁) ဒု-ဗိုလ်ချုပ်ကြီး ဂေါ်ရီ ဇော်ဆိုင်း၊ အထွေထွေ အတွင်းရေးမှုး ဒေါက်တာ လဂျာ၊ လက်ထောက် KIA စစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ဆွမ်လွတ်ဂွန်မော် တို့ တက်ရောက်ခဲ့သည်။

စစ်အစိုးရ ဘက်မှ မပခ တိုင်းမှုး ဗိုလ်ချုပ် စိုးဝင်း၊ ယခင် မပခ တိုင်းမှုး ဦးအုန်းမြင့်၊ စစ်ဖက်ရေးရာ ဌာန (စရဖ) အကြီးအကဲ ဦးရဲမြင့် နှင့် ဆက်သွယ်ရေး ၀န်ကြီး ဦးသိန်းဇော်တို့ ပါဝင်ခဲ့သည်။

KIO သည် ၎င်း၏ ရှေ့နိုင်ငံရေးလမ်းစဉ်ကို သောကြာနေ့မှ စတင်မည့် ကွန်ကရက် အစည်းအဝေးတွင် အရေးပါသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း မပြုလုပ်မီ ယခုလို မြန်မာ စစ်အစိုးရနှင့် တွေ့ဆုံခြင်း ဖြစ်သည်။

အစောပိုင်းကလည်း ကချင် အရပ်ဖက်ခေါင်းဆောင်များနှင့် ဌာနချုပ် လိုင်ဇာတွင် သြဂုတ် ၁၄-၁၆ အထိ တွေ့ဆုံခဲ့ပြီး ရှေ့ KIO နှင့် ကချင်နိုင်ငံရေး အပြောင်းအလဲ ကိစ္စပေါ် အကြံပြုချက်များ ရယူခဲ့ပြီး ဖြစ်သည်။

ကေအိုင်အို ”လက်နက်ချမလား သို့မဟုတ် စစ်ပြန်တိုက်မလား” ဆိုသည့် မေးခွန်းကို အဖွဲ့တော်လှန်ရေး သမိုင်း ၄၉ နှစ်မှာ ပထမဆုံး ကျင်းပသည့် ကွန်ကရက် အစည်းအဝေးတွင် ပြတ်ပြတ်သားသား အဖြေ ပေးရတော့မည် ဖြစ်သည်။

Ref: KNG News

Read More...

နအဖ၏ ခြိမ်းခြောက်ဖိအား လက်မခံရေး ၀ နှင့် မိုင်းလားတို့ ဆုံးဖြတ် ကြောင်းပြန်

Wednesday, 25 August 2010

မိုင်းလား နှင့် ၀ တပ်ဖွဲ့ခေါင်းဆောင် စရဖ အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တွေ့ဆုံပြီးနောက်ပိုင်း ပန်ဆန်း၌ အစည်းအဝေး ထိုင်ခဲ့ကြပြီး ဘော်ဒါဂတ် လုပ်ရေး၊ လက်နက် ချရေး နအဖ ခြိမ်းခြောက် ဖိအားပေးမှု လက်မခံနိုင်ကြောင်း ဆုံးဖြတ်ကာ ညင်သာ ပြန်ကြား ခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

“ကျနော်တို့ နှစ်ဖွဲ့ ခေါင်းဆောင်တွေ ၃-၄ ရက် ဆွေးနွေးပြီး မနေ့က နေ့လည်ပိုင်း ဆုံးဖြတ်ချက် ချကြတယ်၊ ညနေပိုင်းမှာ နအဖ ထံ အကြောင်း ပြန်လိုက်ပြီ။ ငြိမ်းချမ်းရေး ဆက်ထိန်းမယ်။ အဓိက ကတော့ ဒီအတိုင်းဘဲ ဆက်နေ သွားပါရစေ ဆိုတာပါဘဲ” - ဟု အစည်းအဝေး တက်ရောက်သူနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

“တိကျတဲ့အဖြေကတော့ ကျနော်တို့ တောင်းဆိုတာကို နအဖ လက်မခံဘဲ ပါယ်ချထားတယ်၊ ကျနော်တို့ကတော့ သူတို့ ဘောင်ခတ်တဲ့ အတိုင်း လုံးဝ လိုက်လုပ်ရမယ် ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ‘ဒီအတိုင်းဘဲ ဆက်နေသွားဖို့၊ နောင်တက်လာမယ့် အစိုးရ သစ်မှာမှ ဆွေးနွေးဖို့’ ဆိုတဲ့ ပြန်စာအတွက် နှစ်ဖွဲ့စလုံး ဆုံးဖြတ်ပြီး ပြန်လိုက်ပြီ”- ဟု ၀ တပ်မှူးတဦးက ပြော၏။

သီးခြား အတည်မပြုနိုင်သေးသည့် သတင်းတရပ်မှာ ‘ဗိုလ်ရဲမြင့် ပြောစကားက သတင်း ထွက်နေတဲ့ အတိုင်း မဟုတ်ဘူး၊ သူပြောတာက - အသွင်ပြောင်းဖို့ အချိန်လွန်သွားပြီ၊ အသွင်ပြောင်းဖို့ (အခွင့်အရေးမရှိ တော့ဘူး) လုံးဝ လက်နက်ချရမယ်၊ နောက်ပြီး ၀ တပ်ဖွဲ့ ခွင့်ပြုသည် ဖြစ်စေ မပြုသည်ဖြစ်စေ နအဖ အာဏာပိုင်တွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်တွေ ၀ နယ် အတွင်း ၀င်မှာဘဲတဲ့၊ ပန်ဖှာ့ရဲ့ တပ်မဟာ ၁ သျှမ်းတပ်ဖွဲ့လည်း လက်ခံ လာအောင်လုပ်မယ် - လို့ကို ပြောတာ’- ဟုလည်း ပြောဆိုသည်။

နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံအရ ဟိုပန် ၊ မိုင်းမော ၊ ပန်ဝိုင် ၊ နားဖန်း မော်ဖှနှင့် ပန်ဆန်း ၆ မြို့နယ် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ် ထားသည်။

၁၂၊၈၊၂၀၁၀ ရက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွတ်တော် မဲဆန္ဒ နယ်မြေများ ထုတ်ပြန်ရာ တွင် ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတွင် ပါဝင်သည့် ၆ မြို့နယ်ကိုလည်း မဲဆန္ဒနယ်မြေ ၆ နေရာ သတ်မှတ်ခဲ့သည်။

လက်ရှိတွင် မိုင်းမော ၊ မိုင်းပေါက် ၊ မိုင်းဖျဲန် ၊ ပန်ဝိုင် ၊ နားဖန်း နှင့် ပန်ဆန်း ၆ မြို့နယ်ကို ၀ တပ်ဖွဲ့က ထိန်းချုပ်ထားပြီး ဟိုပန်နှင့်မော်ဖှ (မတ်မန်) မြို့နယ်ကိုမူ နအဖ စစ်တပ်က ထိန်းချုပ် ထားသည်။

၂၀၀၉ နိုဝင်ဘာ ၀ တပ်ဖွဲ့၏ နအဖထံ တင်ပြတောင်းဆိုချက် စာတမ်း၌ ထိုင်းနယ်စပ် အနီး မိုင်းဆတ်၊ မိုင်းတုံ မြို့နယ် ၁၇၁ စစ်ဒေသနှင့် လက်ရှိ ၀ ထိန်းချုပ် နယ်မြေ မိုင်းပေါက်၊ မိုင်းဖျဲန်မြို့နယ် တို့အား မိုင်းပေါက် ခရိုင် သတ်မှတ်၍ ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအတွင်း ထည့်သွင်းရန်တို့ ပါရှိသည်။

အပစ်ရပ် လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် အင်အား ၂ သောင်းကျော်ရှိ ၀ ပြည် သွေးစည်း ညီညွတ်ရေးပါတီ UWSP အပါအ၀င် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ မုံးလားအဖွဲ့နှင့် သျှမ်းပြည် တပ်မတော် (မြောက်ပိုင်း) တပ်မ ဟာ ၁ အဖွဲ့တို့သည် လက်နက် ချရေးကို မဆိုထားနှင့် နအဖ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အဆိုကို ယနေ့တိုင် ငြင်းဆန်နေဆဲ ဖြစ်သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ပုဂ္ဂိုလ်ရေးအရ မဝင်ပေမယ့် ရွေးကောက်ပွဲကို ထောက်ခံနေဆဲ ဆိုတဲ့ ဦးခင်မောင်ဆွေနဲ့ တွေ့ဆုံခြင်း

ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၅ ရက် ၂၀၁၀

နိုဝင်ဘာ ရွေးကောက်ပွဲကို အဓိက အတိုက်အခံ ပါတီခေါင်းဆောင် တဦးဖြစ်သော NDF ဦးခင်မောင်ဆွေ ဝင်မပြိုင်တော့ဟု ကြားရသဖြင့် မဇ္ဈိမက အသေးစိတ် ဆက်သွယ် မေးမြန်းခဲ့ပါသည်။

အန်ကယ့်အနေနဲ့ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းရင်းကို သိပါရစေ။

အစ ပါတီထောင်ကတည်းကိုက ရွေးကောက်ပွဲဝင်ဖို့ ဆန္ဒမရှိဘူးဗျ၊ ကျနော့် မိတ်ဆွေ၊ အပေါင်းအသင်း ပါတီထောင်သူတွေက ရွေးကောက်ပွဲ ဝင်ပါလို့ တိုက်တွန်းတာကြောင့်ပါ။ အဲဒီလိုကြားထဲ ရွေးကောက်ပွဲ နီးလာတဲ့ အခါ ကျနော်တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂၊ ၁၂၄ တို့နဲ့ ကျခံတဲ့ လူမို့လို့ ရာသက်ပန် ရွေးကောက်ပွဲ မဝင်ရဘူး ချမှတ်ထားတာ ရှိတယ်ဆိုပြီး ကော်မရှင် ဥက္ကဋ္ဌ က ခေါ်ပြောတယ်ဗျ၊ အဲဒါကို ဝင်ချင်လို့ရှိရင် စာတင်ပါတဲ့၊ စာတင်ပါဆိုတာက အသနားခံစာလည်း မဟုတ်ဘူး။ ပါးစပ်ကနေ စာတင်ပါလို့ဘဲ ပြောတာ။

ကျနော်တို့ကလည်း ကော်မရှင်နဲ့ အတူပူးပေါင်းဆောင်ရွက်ရမယ်။ အစက မဝင်ဘူး ဆုံးဖြတ် ထားပေမယ့်လည်း ပါတီကို ပူးပေါင်း ဆောင်ရွက်တဲ့ အနေနဲ့ အသနားခံစာကို တင်လိုက်ပါတယ်။ တပတ်လောက် ကြာတဲ့အခါမှာ ပါတီ မှတ်ပုံတင်တုန်းက ပါတီ တည်ထောင်သူ ၁၉ ဦးလုံး ခံဝန်ကတိ ပြုထားတဲ့ ဥပဒေ ပုဒ်မ ၉ ချက် ရွေးကောက်ပွဲ ဥပဒေ အားလုံးကိုဘဲ တဦးချင်း ပြန်ပြီးတော့ လက်မှတ် ထိုးပေးရမယ်၊ ခံဝန်ကတိ ပြုရမယ်ဆိုပြီး ထပ်ပြောတယ်။

အဲဒီလိုပြောတဲ့အတွက် ကျနော်က စဉ်းစားတယ်။ ကော်မရှင်ကို ရှင်းပြတယ်။ ကျနော်တို့က ပြစ်ဒဏ်တွေကို ခံပြီးတဲ့ အခါမှာ လျော့ရက်မရှိ ခံပြီးပါပြီ။ အဲဒီခံပြီးတဲ့ လူတွေအဖို့ သာမန် နိုင်ငံသား ဖြစ်သွားပါပြီ။ အပြစ်ဒဏ်ကျပြီး ထွက်လာတဲ့အခါမှာ သာမန် နိုင်ငံသားတွေရဲ့ အခွင့်အရေး ရသင့်ပါတယ်။

ဒါကြောင့်မို့လို့ ကော်မရှင်မှာ ပါတီမှတ်ပုံတင်တုန်းက ဆုံးဖြတ်နိုင်ပါလျက်နဲ့ အခုမှ ထပ်ပြီးတော့ ဘာဖြစ်လို့ ဖြစ်ရတာလဲ။ ကျနော်တို့က အသနားခံတဲ့ အဆင့်ထိတော့ မသွားနိုင်ဘူး။ သာမန်အားဖြင့် ကျနော်တို့ကို ပါတီ ထောင်ခွင့် ပြုလို့ရှိရင် ရွေးကောက်ပွဲ ဝင်ဖို့ အလိုလို ရရမှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဥပဒေတွေကို မကန့်သတ် တော့ဘဲနဲ့ ပယ်ဖျက်ပေးဖို့ လိုပါတယ်လို့ ရှင်းပြပါတယ်။

အဲဒီလိုရှင်းပြပြီး ပြန်လာတဲ့အခါမှာ ကျနော်က လက်ရှိ ခေါင်းဆောင် နေရာမှာဘဲ ရှိနေတာ။ အဲဒါကို ခေါင်းလျှိုပြီး လုပ်နေရင် ပါတီ သိက္ခာကျမယ်။ နိုင်ငံရေး သိက္ခာကျမယ်။ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး သိက္ခာလည်း ကျမယ် ဆိုပြီးတော့ ကျနော်က ရွေးကောက်ပွဲ ကော်မရှင်ကို နောက်ထပ်တဖန် ၁၂ ရက်နေ့ သြဂုတ်လမှာ တွေ့ဆုံမယ့် ကိစ္စ ကျနော်အနေနဲ့ မတင်တော့ဘူး။ မတင်တော့ ရွေးကောက်ပွဲ ဝင်ဖို့ အကြောင်း မရှိတော့ဘူး။

ဒီရွေးကောက်ပွဲရဲ့ တရားမျှတမှု လွတ်လပ်မှုအပေါ်မှာ အန်ကယ်အနေနဲ့ ဘယ်လို သုံးသပ်လဲ။ တရားမျှတမှု မရှိတော့ဘူးလား။

တရား မျှတမှု မရှိဘူးဆိုတာ အခုကတည်းက ခင်ဗျားတို့ တွေ့နေပြီပဲဗျာ။ အစကတည်းက ရွေးကောက်ပွဲ ဥပဒေတွေ ထွက်ကတည်းက ပြောနေတာ အဖန်တရာ တေနေပါပြီ။ တရားမျှတမှု မရှိဘူး ဆိုတာကို အမြဲ ပြောနေခဲ့တာပဲဗျာ။

အန်ကယ်က နုတ်ထွက်သွားပြီ ဆိုတော့ ရွေးကောက်ပွဲကို စိတ်ပျက်သွားတာလား။ ပါတီကရော ဘာဖြစ်လို့ ရွေးကောက်ပွဲ ဝင်ပြိုင်နေမှာလဲ။

ကျနော်က ပါတီက နုတ်ထွက်တာတော့ မဟုတ်ပါဘူး။ ကျနော်က ပါတီ ခေါင်းဆောင်ပဲလေ။ ပါတီ ခေါင်းဆောင်တိုင်း ရွေးကောက်ပွဲ ဝင်ရမယ်လို့ ကန့်သက်ချက် မရှိဘူးလေ။ ကျနော် ရွေးကောက်ပွဲ မဝင်တာပဲ ရှိမှာပေါ့။

လွတ်လပ်တယ် မလွတ်လပ်ဘူး ဆိုတာကတော့ မဲပေးတဲ့ အခါကျမှပဲ သိမှာပေါ့။ မဲပေးတဲ့ အခါမှာ ခြိမ်းခြောက်မှု ရှိသလား။ မဲပေးတဲ့ အခါမှာ ပိုက်ဆံတွေ ပေးပြီးတော့ မဲဆွယ်တာမျိုး ရှိသလား။ မဲပေးတဲ့အခါ မဲရုံတွေထဲမှာ သက်ဆိုင်ရာပါတီ ကိုယ်စားလှယ်တွေကို မျှမျှတတ ဆက်ဆံလား။

မဲမပေးခင် ကြိုတင်မဲ ထုတ်တဲ့အခါမှာ ပါတီ ကိုယ်စားလှယ်တွေပါ လိုက်ကောက် ပေးသလား။ သို့မဟုတ် မဲရုံမှူး တယောက်ချင်းကပဲ တိုးတိုးတိတ်တိတ် ကောက်နေသလား။ ဒါတွေကို ကျနော်တို့ ကြည့်ပြီးတော့မှ လွတ်လပ်တယ် မလွတ်လပ်ဘူးဆိုတာ ဆုံးဖြတ်ကြရမှာ။

အခုလို စစ်အစိုးရက ကန့်သတ်မှုတွေ လုပ်လာလိမ့်မယ်လို့ ကြိုတင် မတွက်ထားဘူးလား။

ကြိုတင်တွက်ထားလည်း ရွေးကောက်ပွဲကို ဝင်မှာဘဲဗျ။ ကျနော်တို့က ပြည်သူ့မျက်နှာ ကြည့်တာကိုး။ ကျနော်တို့ပါတီ နိုင်ရေးထက် ပြည်သူတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်အောင်လို့ တက်ရပ်ပေးတာပါ။

ပြည်သူတွေက ဒီလူတွေဟာ ဒီမိုကရေစီရအောင်လုပ်ပေးတဲ့ လူတွေပဲ။ ဘယ်အဖွဲ့တွေလဲ ဆိုတာ သိနိုင်အောင် ဆက်ပြီးတော့ ပြည်သူ့မျက်နှာကို မူပြီး ကျနော်တို့ ရွေးကောက်ပွဲ ဝင်တာပဲ။ အဲတော့ ကျပ်တည်းတာ ကျဉ်းမြောင်းတာ ရှိရင်ရှိမယ်။

ကျပ်တည်းကျဉ်းမြောင်းလို့ ရွေးကောက်ပွဲမဝင်ဘူး ဆိုရင် နှစ် ၂ဝ ကြာမှ ပေါ်လာတဲ့ ဒီအခွင့်အရေးကို ခင်ဗျားတို့ လက်လွှတ် လိုက်ကြမလား။ ပြည်သူတွေဟာ ဒီလိုပဲ နှစ် ၂ဝ ကြာမှ ပေါ်လာတဲ့ မိမိတို့ရဲ့ မဲပေးပိုင်ခွင့် ဆိုတဲ့ အရာကို မယူတော့ဘူးလား။ မယူလို့ရှိရင် ဥပဒေပြု အာဏာဆိုတဲ့ လွှတ်တော်ထဲမှာ ရမယ့် အာဏာကို ကျနော်တို့ လုပ်မပေး နိုင်တော့ဘူးလား၊ လုပ်မပေး ချင်တော့ဘူးလား။ လုပ်မပေး ချင်ရင်တော့ ရွေးကောက်ပွဲ မဝင်နဲ့ပေါ့ ဒါပဲ ရှိတာပဲဟာ။

အန်ကယ်ကတော့ ရွေးကောက်ပွဲ မဝင်တော့ဘူးဆိုတာ သိပြီ။ ကျန်တဲ့ သုံးယောက်က ထွက်မထွက် မသိသေးဘူး ဆိုတော့ အန်ကယ်တို့ကြားမှာ အဆက်အသွယ် ပြတ်နေတဲ့ သဘောလား။


ကျနော်က ရွေးကောက်ပွဲကို လက်မခံတာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ မဝင်တာ။ ရွေးကောက်ပွဲကို ကျနော်က ထောက်ခံတဲ့လူလေ။ ကျောခိုင်းတယ် ဆိုရင် ရွေးကောက်ပွဲကို လက်မခံဘူး ဆိုတဲ့ သဘောမျိုး သက်ရောက် သွားတယ်လေ။

ကျနော့်ကိုယ်ရေး ကိုယ်တာ ကိစ္စတွေကို ကန့်သတ်တဲ့ အတွက်ကြောင့်မို့ ကျနော့်ကိစ္စ ကျနော် ဖြေရှင်းတာပဲ။ တခြားလူ ၃ ယောက်ရဲ့ကိစ္စကိုတော့ ကျနော် ဝင်စွက်ဖက်လို့ မရဘူးလေ။ ကျနော် ပြောလိုက်လို့ မှားသွားတယ်ဆိုရင် ကျနော့်သိက္ခာ ကျမယ်လေ။ အဲဒါကြောင့်ပါ။

NDF ရဲ့ နောက်ဆုံးစည်းရုံးရေး ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် အနေအထားက ဘယ်လို ရှိလဲခင်ဗျ။

ကျနော်တို့မှာ အဖွဲ့ဝင် ၁,ဝဝဝ ကျော် ရှိနေပါပြီ။

အန်ကယ့် အနေနဲ့ နောက်ထပ် ဘာပြောချင်တာရှိလဲ။


ကျနော်တို့ဟာ ပြည်သူလူထု အကျိုးစီးပွားအတွက် ရွေးကောက်ပွဲ အပေါက်က ဘယ်လောက်ပဲ ကျဉ်းကျဉ်း ဘယ်လောက်ပဲ သေးသေး ခွေးတိုးပေါက်လို့ပဲ ပြောပြော ကျနော်တို့ ကိစ္စမရှိဘူး။ ကျနော်တို့ကို အားမနာ ပါးမနာပြော ဂရုမစိုက်ပါဘူး။ ကျနော်တို့ကို ဆဲဆိုလည်း ကိစ္စမရှိပါဘူး။ ကျနော်တို့က ပြည်သူလူထု အကျိုး စီးပွားကို ကြည့်ပြီးတော့ ဒီအချိန်အခါမှာဖြင့် ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေး ရဖို့ ပထမ ခြေလှမ်းကို စပြီးတော့ လှမ်းရမယ့် အချိန်အခါ ဖြစ်တယ်။

အပြောင်းအလဲတွေ လိုချင်နေတဲ့ အချိန်အခါမျိုးမှာ ပြည်သူတွေကို မဲမထည့်နဲ့ ဆိုပြီး ကျနော်တို့က ဆန့်ကျင်ရေးတွေ လုပ်လို့ မဖြစ်ပါဘူး။ ဒါကြောင့် ပြည်သူတွေနဲ့အတူ ၂ဝ၁ဝ ရွေးကောက်ပွဲကို တရားမျှတမှု မရှိပင် မရှိသော်လည်းပဲ ဖြတ်ကျော် ဝင်ရောက်ပြီးတော့ ဒီမိုကရေစီ တံခါးကို ဖွင့်ပြီးတော့ကာ ဒီမိုကရေစီကို တဆင့်ချင်း တဆင့်ချင်း ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း မဇ္ဈိမကနေ တဆင့် ကျနော် အကြောင်းကြား ပါတယ်ဗျာ။

Ref: မဇ္ဈိမ

Read More...

ရွေးကောက်ပွဲကို စောင့်ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

စိုင်းဇွမ်ဆိုင်း
Wednesday, August 25, 2010

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တရပ် ဖြစ်ပေါ်လာ စေရေးအတွက် လူတိုင်းက အနီးကပ် စောင့်ကြည့်ရန် တာဝန် ရှိသည်ဟု နေအိမ် အကျယ်ချုပ် ကျခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တွေ့ဆုံစဉ် ထိုသို့ မှာကြား လိုက်ခြင်း ဖြစ်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မဝင်တော့ဘူး၊ သပိတ် မှောက်တယ် ဆိုပေမယ့်လို့ ပါတီဝင်တွေ အနေနဲ့ ရွေးကောက်ပွဲကို လျစ်လျူရှုလို့ မရဘူး။ မျက်ခြေမပြတ် ကြည့်ရှု လေ့လာဖို့ လိုတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲ တခု ဖြစ်ဖို့ဆိုတာ လူတိုင်းမှာ တာဝန်ရှိတယ်။ လူတိုင်း၊ အဖွဲ့အစည်း တိုင်းမှာ တာဝန်ရှိတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အထူးအယူခံ လျှောက်လဲချက်နှင့် နေအိမ်ပြင်ဆင်မှုများကို ထပ်မံဆွေးနွေး ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက် ရှိကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောဆိုသည်။

၁၉၈၉ ခုနှစ်မှ စတင်ကာ နေအိမ်အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ် မေလက နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ကြောင့် ထပ်မံ ရုံးတင် တရားစွဲ ခံခဲ့ရသည်။

နအဖ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဥပဒေ ဖောက်ဖျက်သည်ဟု ဆိုကာ ယမန်နှစ် သြဂုတ်လ အတွင်းက ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီး တော်စပ်နေခြင်းကြောင့်လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေး အတွက် လည်းကောင်း လျှော့ပေါ့ပေးရခြင်း ဖြစ်သည်ဟု ဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိကျခံထားရသည့် နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်အရ ရွေးကောက်ပွဲ ပြီး၍ တပတ် အကြာမှ နအဖ အစိုးရက လွှတ်ပေးမည့်အချက်ကိုလည်း NLD မှ လူကြီးများ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းထံမှ သိရှိရသည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက် ကျင်းပ သွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

Ref: ဧရာဝတီ်

Read More...

အန်အယ်လ်ဒီ မရှိတော့ မပေးနဲ့ပေါ့ဟု ဒေါ်စုကဆို

NEJ / ၂၅ သြဂုတ် ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို မဲပေးလိုသည့် ပြည်သူလူထု အနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သဖြင့် မဲမပေးကြရန်သာ ရှိကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမရှေ့နေ ဦးဉာဏ်ဝင်းမှ တဆင့် ပြောကြားလိုက်သည်။

စစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုသည့်အတွက် ပြည်သူလူထု အနေဖြင့် မည်သည့် ပါတီကို မဲပေးရမည် ဆိုသည်ကို မသိရှိတော့ဘဲ လမ်းပျောက် သွားသည်ဟူသည့် မေးခွန်းများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ဖြေကြား လိုက်ခြင်းဖြစ်သည်။

“အန်အယ်လ်ဒီကို မဲပေးလိုတယ်။ အန်အယ်လ်ဒီ မရှိတော့ ဘယ်သူ့ကို မဲပေးရမလဲ ပြည်သူတွေက မေးနေကြတယ် ဆိုတဲ့ အဖြေကို ဒေါ်စုက ဒီမေးခွန်းရဲ့အဖြေကို ပြောပါတယ်။ အန်အယ်လ်ဒီကိုပဲ မဲပေးချင်တယ်။ အန်အယ်လ်ဒီ မရှိရင် မပေးနဲ့ပေါ့လို့ ဒေါ်စုက ဖြေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက အန်အယ်လ်ဒီ ရုံးချုပ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြန်လည် ပြောပြခြင်းဖြစ်သည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဉာဏ်ဝင်းတို့ တွေ့ဆုံမှုတွင် ပြောဆိုသည့် ရွေးကောက်ပွဲ အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်တို့ကို ယနေ့ နေ့လယ်ပိုင်းတွင် အန်အယ်လ်ဒီ ရုံးချုပ်၌ ပြည်တွင်း ပြည်ပ သတင်းထောက်များနှင့် အန်အယ်လ်ဒီ ပါတီဝင် (၅၀) ခန့်တို့အား ဦးဉာဏ်ဝင်းက ပြန်လည် ရှင်းလင်း ပြောဆိုခဲ့သည်။

ယခုကဲ့သို့ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သည့်အတွက် မဲပေးလိုသော ပြည်သူလူထု လမ်းပျောက် ရသည် ဟူသည့် မေးခွန်းမျိုးမှာ ပြည်သူလူထု၏ မသိနားမလည်မှုကို အခွင့်ကောင်းယူပြီး လှည့်ဖြားခြင်းသာ ဖြစ်သည့်အတွက် ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည် ဟုလည်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

ရွေးကောက်ပွဲကာလကို အချိန်တိုအတွင်း လုပ်ဆောင်နေမှုမှာ စစ်အစိုးရအနေဖြင့် တရားမျှတမှု လုံးဝ မရှိသည့် အပြင် ပြည်သူလူထု ကိုလည်း မလေးစားရာ ရောက်ကြောင်း၊ သတင်းရယူ ထုတ်ပြန်ခွင့်၊ လွတ်လပ်စွာ ဟောပြော စည်းရုံးခွင့် မရှိသည့် ရွေးကောက်ပွဲသည် တရားမျှတမှု လုံးဝ ရှိမည် မဟုတ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ပေါ်ထွက်လာမည့် အစိုးရသည် လွှတ်တော်က ထိန်းကျောင်းနိုင်သည့် အစိုးရ မဟုတ်ဘဲ သမ္မတကသာ လွှမ်းမိုးမည့် အစိုးရတရပ်သာ ဖြစ်လာမည်ကိုလည်း ပြည်သူများ လေ့လာသင့်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “နောက်တချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တရားမျှတမှု မရှိတဲ့ အချက်တွေ၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေမှာ တရားမျှတမှုမရှိတဲ့ အချက်တွေကို ပြည်သူတွေ သိအောင် တတ်နိုင်သမျှ လုပ်ကြဖို့ လိုတယ်လို့ ပြောပါတယ်။ ဒါတွေကို မသိဘဲ မဲဆန္ဒရှင် တယောက်က မဲပေးလို့ရှိရင် အဲဒီမဲက ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ဒေါ်စုက ပြောပါတယ်” ဟု ရှင်းလင်း ပြောဆိုသွားသည်။

ထို့အပြင် တရားမျှတမှု မရှိသည့် ဖွဲ့စည်းပုံဥပဒေအား မလိုက်နာသူများကို မင်းမဲ့ စရိုက်များဟုလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောဆို လိုက်ကြောင်း ဦးဉာဏ်ဝင်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။


Ref: ခေတ်ပြိုင်

Read More...

ကြွေးကြော်မဲဆွယ်တဲ့ ကြံ့ဖွံ့၊ တစည အတိုင်ခံထိ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၅ ရက် ၂၀၁၀

ချင်းမိုင်(မဇ္စျိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ၎င်း၏မဟာမိတ်ဟု လူအများယူဆကြသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့ မဲဆွယ်ရေး ဆိုင်ရာ လုပ်နည်း လုပ်ဟန် အငြင်းပွားမှု ပဲခူးတွင် ဖြစ်နေသည်။

စစ်အစိုးရထူထောင်ထားသော ကြံ့ဖွံ့ပါတီက ပဲခူးတိုင်း ထုံးကြီးကျေးရွာအုပ်စုမှ ဘုရားငုတ်တိုရွာ ဓမ္မာရုံတွင် အင်္ဂါနေ့က ဟော ပြောစည်းရုံးရာ၌ “ ပြည်ခိုင်ဖြိုးအောင်ရမည်” ဟု ကြွေးကြော် ခဲ့သဖြင့် ဥပဒေ ချိုးဖောက်သည် ဆိုကာ တစည က ပဲခူးခရိုင် ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

“မြို့နယ် ကော်မရှင်ကနေ ဒါတွေ မလုပ်သင့်သေးဘူး။ လုပ်မယ် ဆိုရင်လည်း ဥပဒေအရ လုပ်ရမယ်ဆိုပြီး ပြောရမယ်လေ၊ ကျနော်တော့ ဒီနေ့ အကြောင်းကြားမယ်။ လုပ်တာမလုပ်တာ သူတို့ အပိုင်းပေါ့။ ကျနော်တို့က ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်တယ်လို့ မပြောဘူး။ ကော်မရှင်ကနေ ပြောရမယ်လေ”ဟု ပဲခူးတိုင်း တစည အတွင်းရေးမှူး ဦးလှမြင့်က မဇ္စျိမကို ပြောခဲ့သည်။

ဇွန်လ ၂၁ ရက်နေ့ ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်တွင် နိုင်ငံရေးပါတီများ ကြွေးကြော် ချီတက်ခြင်း မပြုရန်နှင့် သာသနာရေး ဆိုင်ရာ နေရာများ၌ အနှောက်အယှက် မဖြစ်စေရဟူသည့် အချက်များ ပါသည်။

“ပြည်ခိုင်ဖြိုးကို မဲပေးကြပါ။ ပြည်ခိုင်ဖြိုး နိုင်ရမယ်ဆိုပြီး အော်တာပေါ့။ အောင်ရမည်၊ အောင်ရမည်လို့ အော်ကြတာ ״ဟု ပဲခူးမြို့ ဒေသခံ တဦးက ပြောသည်။

ကြံ့ဖွံ့၏ယမန်နေ့က အစည်းအဝေးအတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက် ရယူခြင်း မရှိဟု ဒေသခံများက စွပ်စွဲ ပြောဆိုနေကြသည်။

“ကျနော်တို့က ဥပဒေနဲ့ မညီဘူးဆိုရင် ဘယ်ပါတီဘဲဖြစ်ဖြစ် ထောက်ပြမှာဘဲ၊ ကျန်တာက သက်ဆိုင်ရာက ဆက်လုပ်ပေါ့နော်။ မလုပ်ဘူးဆိုရင် မှတ်ထားမယ်״ဟု ဦးလှမြင့်က ပြောသည်။

ပဲခူးခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ဆက်သွယ်၍ မရခဲ့ပေ။

ဗိုလ်ချုပ်ကြီးနေဝင်း တည်ထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို ၁၉၈၈ တွင် အမည်ပြောင်း၍ ဖွဲ့စည်း ထားသော တစည ပါတီသည် ၁၉၉ဝ ပါတီစုံ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁ဝ နေရာတွင် အနိုင်ရရှိခဲ့သည်။ ထိုစဉ်က နိုင်ငံတဝန်း တတိယမြောက် လွှတ်တော် ကိုယ်စားလှယ် အများဆုံး ရရှိခဲ့သည့် ပါတီဖြစ်သည်။

စစ်ဗိုလ်ချုပ်ကြီးများ အရပ်ဝတ်လဲ၍ ဝန်ကြီးချုပ်ဦးသိန်းစိန်ခေါင်းဆောင်သော ကြံ့ဖွံ့မှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိရာ ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိ ၁ဝ ဦး လာမည့်သောကြာနေ့တွင် စစ်ဘက်မှ နုတ်ထွက်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာနသတင်းရပ်ကွက်တခုက မဇ္ဈိမသို့ ပြောကြားသည်။

အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ဆက်ဆံရေး ဝန်ကြီး အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခန့်အပ် ထားသော အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်က ရန်ကုန် မင်္ဂလာတောင်ညွန့်မှ ကြံ့ဖွံ့ ကိုယ်စားလှယ် အဖြစ် ဝင်အရွေးခံမည်ဖြစ်သည်။

အတည်မပြုနိုင်သေးသောသတင်းတရပ်အရ စစ်အစိုးရ တတိယခေါင်းဆောင် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် နအဖအတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တို့ပင် စစ်ယူနီဖောင်း ချွတ်ကာ နေပြည်တော် မဲဆန္ဒနယ်မြေ များမှ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဆိုသည်။

အခြား ဝန်ကြီးများ၊ အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးများလည်း ကြံ့ဖွံ့ဘက်ကပင် အရွေးခံမှာဖြစ်သည်။ ကြံ့ဖွံ့၏ မူဝါဒ တရပ်တွင် လက်ရှိ အင်အား ၄ သိန်းကျော်ရှိ မြန်မာ့တပ်မတော်ကို အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော တပ်အဖြစ် တည်ဆောက်မည်ဟု ပါရှိသည်။

Ref: မဇ္ဈိမ

Read More...

ဝ တပ်ဖွဲ့က ရွေးကောက်ပွဲနှင့် နယ်ခြားစောင့်ကိစ္စ လက်မခံ

ပေါက်ပေါက်
၂၅ သြဂုတ် ၂၀၁၀

ဝဒေသအတွင်း ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်မည်ကို လက်မခံနိုင်ကြောင်း ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဝတပ်ဖွဲ့က အကြောင်းပြန်ကြား လိုက်သည်။

ယခုလ (၂၀) ရက်တွင် UWSA ဝတပ်ဖွဲ့အား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ခေါ်ယူတွေ့ဆုံကာ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များနှင့် နယ်ခြားစောင့် အသွင်ပြောင်းရေး ကိစ္စများ သတိပေး ပြောဆိုခဲ့မှု အပေါ် လက်မခံနိုင်ကြောင်း ဝ တပ်ဖွဲ့က ယမန်နေ့၌ ပြောဆို လိုက်ခြင်းဖြစ်သည်။

ဝတပ်ဖွဲ့နှင့် နီးစပ်သူတဦးက “မဲဆန္ဒနယ်မြေတွေမှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဖို့ ဝ ဒေသကို ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့တွေ စက်တင်ဘာလထဲ လာမယ်ဆိုတာနဲ့ ပတ်သက်လို့ ဒေသခံ လူထုတွေက အသိပညာ နိမ့်ကျလို့ ဒါတွေ နားမလည်ဘူးပေါ့။ ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ကိစ္စတွေ သူတို့နယ်ထဲ လာလုပ်တာ လက်မခံနိုင်ဘူး ဆိုပြီး ပြောလိုက်တယ်။ နယ်ခြားစောင့်တပ် ကိစ္စကတော့ နောင်တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးမယ်ဆိုပြီး ပြန်ပြောလိုက်တယ်” ဟု ပြောကြားသည်။

ဝ တပ်ဖွဲ့၏ ဗဟိုခေါင်းဆောင်တဦးဖြစ်သူ ပေါ်လိုင်ခမ်း ဦးဆောင်သည့် အဖွဲ့နှင့် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့တွင် တွေ့ဆုံ ခဲ့ကြပြီး ဝ ဒေသအတွင်း ရွေးကောက်ပွဲ ကော်မရှင် ကိစ္စရပ်များ ဆောင်ရွက်မည်ဖြစ်၍ အနှောင့်အယှက် မပြုလုပ်ရန်နှင့် စက်တင်ဘာ ပထမပတ် အတွင်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖဘက်က သတိပေး ပြောဆိုခဲ့သည့် အပေါ် ငြင်းဆန် လိုက်ခြင်းဖြစ်သည်။

ဝ ထိန်းချုပ်ရာဒေသတွင် ပန်ဝိုင်၊ မိုင်းမော၊ ပန်ဆန်းနှင့် နားဖန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်မြေ ရှိနေပြီး မိုင်းလား တပ်ဖွဲ့ ထိန်းချုပ်ရာ မိုင်းလားဒေသ အတွက် မိုင်းလားမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ အဖြစ် နအဖက သတ်မှတ် ထားသော်လည်း ယနေ့ အချိန်အထိ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်များ မဖွဲ့စည်းသေး သကဲ့သို့ နိုင်ငံရေး ပါတီများလည်း ဝင်ရောက် မဲဆွယ် လှုပ်ရှားမှုမျိုး မရှိသေးပေ။

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ဦး (PDF) အဖွဲ့ကို ဝတပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့နှင့် ယမန်နှစ်က နအဖ၏ စစ်ရေးအရ တိုက်ခိုက်မှုကြောင့် တိမ်းရှောင်ခဲ့ရသည့် ဦးဖုန်ကြားရှင်၏ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (MNDAA) တို့သည် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်ရန် အတွက် ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်း ထားခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDAA-ESS) မိုင်းလား တပ်ဖွဲ့နှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ကိုလည်း ၎င်းတို့၏ နယ်မြေ အတွင်းသို့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့များ စေလွှတ်မည် ဖြစ်ကြောင်းနှင့် နယ်ခြားစောင့်တပ် ဖွဲ့ရန် စက်တင်ဘာလ ပထမပတ် အတွင်း အကြောင်းပြန်ရန် နအဖဘက်က ယခုလ (၂ဝ) ရက်နေ့က ပြောဆိုခဲ့ပြီး မိုင်းလားတပ်ဖွဲ့က မူ လက်မခံနိုင်ကြောင်း ယနေ့ အကြောင်း ပြန်လိုက်သည်ဟု PDF မှ တာဝန်ရှိသူ တဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, August 25, 2010

ရွေးကောက်ပွဲဝင်ရန် ဗိုလ်ချုပ်ကြီးများ အနားပေးခံရ

ရန်ပိုင်
Tuesday, August 24, 2010

ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် အတွက်ဟု ဆိုကာ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) အပါအ၀င် ထိပ်တန်း စစ်ဘက် အရာရှိကြီးများကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လက်ရှိ တာဝန်မှ အနားပေး လိုက်ကြောင်း သိရသည်။

စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ မှူး) များဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သာအေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော် တို့အပြင် တပ်မတော် စစ်ဆင်ရေးနှင့် စာရင်းစစ်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ရှိန်၊ တပ်မတော် စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၊ လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင် တို့ကို ရာထူးမှ အနားပေးခြဲ့ခင်း ဖြစ်သည်ဟု နေပြည်တော် စစ်တပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ပြောသည်။

“ဒုတိယ ဗိုလ်ချုပ်ကြီး ၄ ယောက်ကလွဲရင် ကျန်တဲ့လူတွေ အကုန်ပါတာ၊ ရုတ်တရက်ကြီး ဆိုတော့ ဗိုလ်ချုပ်ကတော် အဘွား ကြီး တချို့ဆိုရင် ထင်မထားလို့ အံ့သြပြီး ငိုတောင် ငိုကြတယ်၊ တပ်ထဲမှာ နာဂစ် မွှေနေပြီလို့ ပြောနေကြတယ်”ဟု ၎င်းက ဆိုသည်။

ကစထ မှူးကြီးများဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကို အပါအ၀င် တပ်မတော် လေ့ကျင့် ရေး အရာရှိ ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် တို့သာ စစ်တပ် အတွင်း လက်ရှိ ရာထူးများဖြင့် ကျန်ရစ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ ဒုတိယ ဗိုလ်ချုပ်ကြီးများ၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ အမိန့်ကြေညာစာကို စစ်တိုင်းများနှင့် စစ်ဒေသများသို့ တရားဝင် ထုတ်ပြန်ခြင်းမရှိဘဲ ယင်း ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီးများကိုသာ ပေးအပ်ကြောင်း၊ နောင်တွင် စစ်ဆင်ရေးအထူးအဖွဲ့(ကစထ) ဆိုသည့် ရာထူးတာဝန်များကို ထားရှိတော့မည် မဟုတ်ဟု ကြားသိရကြောင်း အဆိုပါ နီးစပ်သူကဆိုသည်။

၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးသည့် နောက်ပိုင်း စစ်တပ်ထဲတွင် ဗိုလ်ချုပ်များ ပေါများလာသောကြောင့် စစ်ဆင်ရေး အထူး အဖွဲ့(ကစထ)ကို ၆ ဦး အထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ နောင်တချိန်တွင် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာနိုင်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်းကို စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး၏ နေရာတွင် ခန့်အပ်လိမ့်မည် ဆိုသည့် ခန့်မှန်းချက်များလည်း စစ်တပ်အတွင်း ထွက်ပေါ်နေကြောင်း သိရသည်။

ရာထူးမှ အနားပေးခြင်းခံခဲ့ရသည့် တခြားသော စစ်ဘက်ဆိုင်ရာ အရာရှိများသည် ကြံဖွံပါတီ ကိုယ်စားလှယ် လောင်းများ အဖြစ် သတ်မှတ်ထားသည့် မြို့နယ်များတွင် စည်းရုံးရေး ဆင်းရန် သွားရောက်နေပြီ ဖြစ်ကြောင်း၊ ရှမ်းပြည်မြောက်ပိုင်း မန်ကပ်မြို့နယ်ရှိ တပ်မတော် လေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ရခိုင်လူမျိုး ဗိုလ်မှူးချုပ် လှမောင်တင် ဆိုလျှင် ရာထူးမှ အနားပေး ခြင်းခံရပြီး ရခိုင်ပြည်နယ် အတွင်း စည်းရုံးရေး ဆင်းရန် စေလွှတ်ထားကြောင်း သိရသည်။

တခြား စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူ တဦးကလည်း ကရင်ပြည်နယ် သံတောင်မြို့ရှိ ဘုရင့်နောင် တိုက်ခိုက်ရေး သင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မြင့်နောင်၊ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်များမှ စကခ မှူးများဖြစ်သည့် ကျောက်မဲမြို့ အခြေစိုက် စကခ(၁)မှ စကခမှူး ဗိုလ်မှူးချုပ် စံမြင့်ဦး အပါအ၀င် ကလေးမြို့အခြေစိုက် စကခ(၁၀)မှ စကခမှူး၊ ရေးမြို့အခြေစိုက် စကခ (၁၉) တို့မှ ဗိုလ်မှူးချုပ် အဆင့်ရှိ (စကခ)မှူး ၂ ဦး ကိုမူ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်သည်ဟု ပြောသည်။

“ဒီလူတွေက အခုလက်ရှိ ရာထူးတွေမှာ ကြာပြီ၊ ရာထူးလည်း မတက်၊ တိုင်းမှူးလည်းမဖြစ်နဲ့ အပြောင်းအရွှေ့ ထွက်တော့ သဘော ကျနေကြတယ်” ဟု ၎င်းက ဆိုသည်။

ယင်းဗိုလ်မှူးချုပ် လေးဦးကို နိုင်ငံခြားတိုင်းပြည်များတွင် သံတမန် ရာထူး ခန့်အပ်လိမ့်မည်ဟု ထင်ကြောင်း၊ လက်ရှိ အင်္ဂလန်နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးနေ၀င်း၊ ဗီယက်နမ်နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးခင်မောင်စိုး အပါအ၀င်
တခြား သံအမတ်ကြီး လေးဦးကို ပြန်လည်ခေါ်ယူထားသည်ဟု စစ်တပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောသည်။

လစ်လပ်သွားသည့် ထိုရာထူးအဆင့်ဆင့်ကို လက်ရှိတာဝန်ထမ်းဆောင်နေသည့် တိုင်းမှူးများ၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ဆင်းထားသည့် ဗိုလ်မှူးကြီးများဖြင့် အစားထိုးမည် ဖြစ်ကြောင်း သိရသည်။

စစ်တပ်အတွင်း ရာထူးအပြောင်းအရွှေ့များ မပြုလုပ်သည်မှာ တနှစ်နီးပါးရှိပြီ ဖြစ်သည့်အတွက် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ တက်ရောက်ရသည့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် (NDC) ကိုလည်း ပြီးခဲ့သည့် နှစ် စက်တင်ဘာ လကတည်း ထပ်မံဖွင့် လှစ်ခြင်း မရှိပေ။

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ဗျူဟာမှူး အဆင့်ရှိသည့် ဗိုလ်မှူးကြီးများသာ တက်ရောက်ခွင့်ရှိပြီး ယခင်က ရန်ကုန်မြို့ တွင် ထားရှိသော်လည်း နောက်ပိုင်းတွင် နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားသည်။

အစိုးရသည် ယခင်က စစ်တပ်အတွင်း ရာထူးအပြောင်းအရွှေ့ များကို အထူး စီမံကိန်းများ အကောင်အထည် ဖော်ရေးအဖွဲ့ ညှိနှိုင်း အစည်းအဝေး (လေးလပတ် အစည်းအဝေး) များအပြီးတွင် ပုံမှန် ထုတ်ပြန်လေ့ရှိသည်။

နောက်ဆုံး ရရှိသော သတင်းများအရ ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ ၊ လေ) ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး တို့ကိုလည်း ရာထူးမှ အနားပေးပြီး ရွေးကောက်ပွဲဝင်ရန် စီစဉ်နေသည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြကြောင်း သိရသည်။ ယင်း ဗိုလ်ချုပ်ကြီး ၂ ဦးသတင်းနှင့် ပတ်သက်၍ အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

Ref: ဧရာဝတီ်

Read More...

နယ်ခြားစောင့် လက်မခံသည့် ကရင်ငြိမ်းအဖွဲ့များ ချေမှုန်းခံရဖွယ်ရှိ

ရဲရင့်
၂၄ သြဂုတ် ၂၀၁၀

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ကျန်ရှိသည့် ကရင်ငြိမ်းချမ်းရေး အဖွဲ့များသည် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ တိကျသည့် အဖြေတခု မပေးနိုင်ပါက နအဖ၏ အင်အားသုံး ချေမှုန်းခြင်း ခံရမည်ဟု ဒီကေဘီအေ တပ်မှူးဟောင်း တဦးက ပြောသည်။

၎င်းက “ဒီကေဘီအေကတော့ နယ်ခြားစောင့်တပ် အကုန်ဖြစ်သွားပြီ။ ဒီကေဘီအေ တပ်လည်း မရှိတော့ဘူး။ အခုကျန်တဲ့ ဒီကေဘီအေ နှုတ်ခမ်းမွှေး (စောလားပွယ်) အဖွဲ့နဲ့ ဖူးဌေးမောင်ရဲ့ ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့တွေကို လာမယ့် ရွေးကောက်ပွဲ မတိုင်ခင်မှာ ရက်စ်အော်နိုး အဖြေပေးရမယ်။ ပြောင်းရင်ပြောင်း မပြောင်းရင် အဖွဲ့ကိုဖျက်ပြီး သာမန် အရပ်သားအဖြစ် နေခွင့်ပေးမယ်။ ဒါမှလက်မခံရင် အင်အားသုံးတာ ခံရမယ်လို့ ဗိုလ်ချုပ်ရဲမြင့်တို့၊ အရှေ့တောင်တိုင်း တိုင်းမှူး သက်နိုင်ဝင်းတို့က ဒီလ (၁၈) ရက်၊ မြိုင်ကြီးငူမှာ အသွင်ပြောင်းပွဲ လာတုန်းက ဒီကေဘီအေ လူကြီးတွေနဲ့ ပြောဆို ကြတာတွေရှိတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်တခုတည်းသာ ရှိရမည်ဖြစ်ပြီး မြန်မာ့ တပ်မတော်မှ လွဲ၍ အခြား လက်နက်ကိုင် အဖွဲ့အစည်းများ လုံးဝ ထားရှိမည်မဟုတ်ကြောင်း၊ ကျန်ရှိသည့် ကရင်ငြိမ်းအဖွဲ့များ အနေဖြင့် စဉ်းစားချိန် ရှိသေးကြောင်း ပြောဆိုသည်ဟု သိရသည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ်၏ ကိုယ်ရေး အရာရှိတဦးက “ကျနော်တို့ တပ်မဟာမှူးက စကားကို အပြတ်ပြောပြီးသွားပြီ။ နယ်ခြားစောင့်တပ် ပြောင်းဖို့ ကိစ္စ လုံးဝ သဘောမတူဘူး ဆိုတာ။ သူတို့ကိုတော့ အရင် သွားမလုပ်ဘူး၊ ကျနော်တို့ကိုလည်း လာမလုပ်နဲ့ သည်းခံမှာ မဟုတ်ဘူး” ဟု ပြောသည်။

နအဖက နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းလိုပါက ဌာနေပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းခွင့် ပေးသော်လည်း ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ကလည်း လက်မခံနိုင်ကြောင်း ပြန်လည် တင်ပြခဲ့သည်ဟု ယင်းအဖွဲ့မှ တပ်မှူးတဦးက ပြောသည်။

ကရင် ငြိမ်းချမ်းရေးကောင်စီ အဖွဲ့မှ ဗိုလ်ချုပ်ယဉ်နုက “ကျနော်တို့ အဖွဲ့ကတော့ နယ်ခြားစောင့် တပ်ရော၊ ပြည်သူ့စစ်ရော လက်မခံနိုင်ဘူးလို့ ပြောထားပြီး ဖြစ်တယ်။ လောလောဆယ်တော့ သူတို့ ကျနော်တို့ကို ဘာမှတော့ တရားဝင် ပြောတာတွေ မရှိသေးဘူး၊ သတင်းတွေကတော့ အမျိုးမျိုး ကြားနေရတာပဲ” ဟု ပြောသည်။

ယခုအပတ်အတွင်း ဒီကေဘီအေတပ်ဖွဲ့ဝင်များ အသွင်ပြောင်းခြင်းကို နေရာများခွဲ၍ ကျင်းပခဲ့ပြီး ဒီကေဘီအေ တပ်ရင်း တပ်ဖွဲ့နှင့် ရုံများတွင် အသုံးပြုနေသည့် အလံအပါအ၀င် အဖွဲ့အစည်း တံဆိပ်နှင့် အမှတ်အသားများကို အသုံးပြုခွင့် မရှိတော့ကြောင်း အဖွဲ့ဝင်ဟောင်း တဦးက ပြောသည်။

တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) သည် မြန်မာ့တပ်မတော် လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ် ယခုအပတ် အတွင်း အသွင်ပြောင်းလဲခဲ့ပြီး အဖွဲ့၏ ခေါင်းဆောင်ဟောင်း အချို့မှာ ကရင်နိုင်ငံရေး သမား အချို့နှင့် ပူးတွဲကာ နိုင်ငံရေးပါတီ တည်ထောင်၍ နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်မည့် အစီအစဉ်များ ဆောက်ရွက်နေသည်ဟု တပ်မှူးဟောင်း တဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

နွားနှင့်သပိတ်

Aug 25, 2010

ညိုမြ
လူတို့သည် တိုင်းရေးပြည်ရေးအကြောင်းကို ပြောဆိုကြ၏။ နစ်နာချက်များကို ကြွေးကြော် ကြ၏။ မျိုးချစ်စိတ် ရှိအပ်ကြောင်း ကို ဟစ်ကြ၏။ ညီညာမှ ပြည်သာမည်ဟု အော်ကြ၏။

ထိုသို့ ပြောဆိုကြွေးကြော် အော်ဟစ်ကြသူတို့အား တကယ့်မြင့်မြတ်သည့် မျိုးချစ် ပုဂ္ဂိုလ်ကြီး တွေဟု အကြောင်း မသိသူများက ထင်စရာအကြောင်း ရှိသော်လည်း အများအားဖြင့် စဖြီးများသာ ဖြစ်ကုန်သည်။ သူတို့သည် လူစည်စည် ရှိသော အရပ်များ တွင် စင်မြင့်ထက်သို့ တက်၍ စွာလောင် စွာလောင် လုပ်ကြ၏။ ဟုမ္မရူး ဒိုင်အာကီ နောင်လာမည့် အုပ်ချုပ်ရေး စသဖြင့် လျှာ အရိုးမရှိသည့် ဖိုးပြောချင် ဖိုးအော်ချင်များပင်။ သို့သော် သူတို့ အပေါင်း အဖော်များနှင့် ပင်ကိုယ် နေသောအခါများတွင်ကား တိုင်းပြည်ကို အလျင်း သတိ မရကြကုန်။ ကိုယ့်နှမ လင်နေကြောင်းနှင့် သူ့နှမ သားမွေးကြောင်း ဖရုဿဝါစာ အတင်းအဖျင်း တို့ကိုသာ ပွားများကြလေသည်။

မျိုးချစ်စိတ်အမှန်ထက်သန်၍ ဤဖြစ်ကတတ်ဆန်း တပါးကျွန် ဘဝကို တကယ် နာကျည်းသူ ဖြစ်က ထိုသို့ မနေနိုင်ရာ။ ဘယ်နံရော အခါမဆို မျိုးချစ်မီး လောင်ကျွမ်းလျက် အမျိုး၏ နစ်နာချက်များကိုသာ အနုလုံ ပဋိလုံ စမြုံ့ပြန် စိစစ်ကာ ... စားလျှင်လည်း အမိမြန်မာပြည် အိပ်လျှင်လည်း မြန်မာပြည်အမိ လမ်းလျှောက်လျှင်လည်း မြန်မာအမိပြည် စာရေးလျှင် လည်း ပြည်အမိမြန်မာ ဟူ၍ သို့သာလျှင် ဖြစ်စေရာ၏။ အနှီသို့သော ပုဂ္ဂိုလ်များကိုသာ မျိုးချစ်ဟု သမုတ်ကာ ရွှေပန်းကုံး ငွေပန်းကုံးများ စွပ်ကြသင့်ပေသည်။

...............................................
ကျွန်ုပ်သည် ဤမည်သော တက္ကသိုလ်သပိတ် စုံစမ်းရေးကော်မတီ လူကြီးများ ရှေ့ဝယ် အလွန် မကောင်းဆိုးဝါးသော တက္ကသိုလ် အကြောင်း ချင်းရာတို့ကို သိသမျှ ယထာဘူတ သက်သေ ခံပြီးသည်၏ အခြားမဲ့၌ (၁) တနှစ်ကျော်မျှ ခွဲခွာလာခဲ့ ရသော မိဘနှစ်ပါးကို ဖူးမျှော်လိုခြင်း (၂) အကြင်အညာဒေသတွင် သပိတ် အခြေအနေ မည်သို့မည်ပုံ ရှိသည်ကို စုံစမ်းလျက် အကယ်၍ လိုလေသေးရှိက မိမိ ဇာတိချက်ကြွေ တောအရပ် တဝိုက်တွင် တောသူ တောင်သားတို့အား သပိတ်တရား ရေအေး တိုက်ကျွေးလိုခြင်း ဟူသော ဆန္ဒနှစ်ပါး ဖိစီးလှသည် ဖြစ်၍ ခေါင်းဆောင် အကြင်နောင်နု၊ နောင်အုန်း၊ ဘိုင်ရှစ်တို့အား ဆယ်ရက်အတွင်း ပြန်ခဲ့ပါမည် စိတ်ချပါဟု အဖန်ဖန်ကျိန်ဆို ခွင့်ပန်ပြီးသကာလ ထိုမည်သော သပိတ် ပြန်ကြားရေးဌာန ကိုလည်း ကိုကျော်ညိမ်းအား ခေတ္တ လွှဲအပ်ခဲ့ပြီးသော် တတိယတွဲသို့ ခုန်တက်ကာ အညာသို့ ဆန်ခဲ့လေသော ဟူ၏။

အညာနိုင်ငံ၌ကား သပိတ်ရေး သာယာပါပေ၏။ မင်းဘူး၊ မုံရွာ၊ ပခုက္ကူ၊ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေး စသော အညာမြို့များ၌ ကျောင်းတိုင်းလိုလိုပင် ကောင်းကောင်းမွန်မွန် သပိတ် မှောက်လျက် ရှိကြ၏။ အစိုးရ ကျွန်များမှတပါး သပိတ်ကို ချီးကြူး ထောက်ပံ့ ကြသူချည်းသာတည်း။ သောတာပန် ရွာတွင်လည်း လွန်လေပြီးသော အခါက ရွှေတောင်ကြား ပါတီဝင် မင်းတိုင်ပင် တဦးဖြစ်လေသူ တီပီအက်စ် “ဖေဖေ”မှ တပါး သပိတ်ကို အားရ ကြသူချည်းပင်။ “မင်းတို့ သတ်သေမေဒ ပေးရတာနဲ့ ရာစုတ်အုပ်က ညှင်းတာက တော်သေးတယ်။ ဒို့တက္ကသိုလ်မှာ ဘာမှ သုံးမကျဘူး ... လကားပါကွာ ... လခွေးလိုဘဲ။ လုပ်ပုံ ကိုင်ပုံတွေက စွန်ပါဘူး ...” ဟု ကျွန်တော်က ပြောပြသောအခါ စာရင်းငှား စံရွှန်းနှင့် သာဗြေ့တို့က ဂွမ်းနု ဆီစိမ်သကဲ့သို့ တအိအိ ခေါင်းညိမ့်ကြပေ၏။

သာယာသော တညနေခင်းတွင် သန့်ပြန့်သော လေညှင်းကိုရှူရှိုက်ရင်း တဖြည်းဖြည်း လမ်းလျှောက် ထွက်လာခဲ့၏။ ကျောက်ဆောင် အိုင်စောင်းကို ကျော်လွန်လျက် ဦးကျွန်း သရက်ခြံဝသို့ ဆိုက်လေတော့သည်။ ကြည်နူးဘွယ့် နေဝင်ချိန် တည်း။ အုန်းပင်ထက်ဝယ် အုန်းလက်တို့သည် ဖြည်းညှင်းစွာ လှုပ်ရှားလျက် ရှိကုန်၏။ ကွယ်လုဆဲ နေရောင်ခြည်သည် သရက်ခြံပေါက် ဝတွင် မြက်စားလျက် နေသော အမည်မသိ နွားကြားကြီး တကောင်အား တမျိုးပင် လှပ ဖွံ့ဖြိုး ကြက်သရေ တိုးအောင် လွှမ်းမိုးလျက် ရှိနေလေသည်။ ကျွန်တော်သည် ထိုနွားကြီးသို့ ချဉ်းကပ်တော့၏။

“ဗျို့နွားကြီး ဘာလုပ်နေသလဲ ... မြက်စားနေသလား”ဟု ကျွန်တော်ကပင် စ၍ ယုတ်တရက် နှုတ်ဆက် လိုက်ပေ၏။ နွားကြီးကား စိုစိမ်းသော မြေစာပင်များဝယ် စိတ်ရော ပါးစပ်ပါ ဝင်စားချက် ကောင်းလှ၏။

`ယခု ကျွန်တော်တို့ ရွှေတိဂုံပေါ်မှာ သပိတ်မှောက်နေကြတယ် သိလား။ ကျောင်းသားတွေကို အလကား နေရင်း ကျောင်းထုတ် ခံရလွန်းလို့ ...´

နွားကြီးသည် စားမြဲစားနေ၏။

“နဲနဲမှ မတရားဘူးဗျာ။ တကယ်ဆိုရင် ကျွန်တော်တို့ဟာ နိုင်လိုမင်းထက် မုဆိုလိနီ ကလေးတွေလဲ မဟုတ်ပါဘူး။ ကျောင်းကို စာသင်ဘို့ လာကြတာပါ။ စော်ကားဘို့လဲ မဟုတ်ဘူး။ စော်ကားတာကို ခံနေဘို့လဲ မဟုတ်ဘူး။ ကိုစိုးမြင့်ကို ဆာမထူးလို့ ကျောင်းထုတ်သတဲ့။ ထုတ်ပစ်ပုံကလည်း ရှင်းရှင်းလင်းလင်း မဟုတ်ဘူး။ ပြန်သွင်း မလိုလို ဘာလိုလိုနဲ့ လေးငါးလလောက် ကျောင်းတက်ခွင့် မပေးဘဲ ညှင်းထားတယ်။ ကုန်ကုန် ပြောကြစို့။ အခု ကိုစိုးမြင့် တံတားကလေးကို ရောက်နေပီလေ။ အနှာ ဘလူ့လက်ချက်လဲ စဉ်းစားကြည့်ပေတော့။ ဆရာ့ဝတ်တရား ဆိုတာ တပည့်ကို အညွန့်ချိုးဘို့ ဘဲလားလို့”

“နို့ပြီး ကိုအောင်မြင့်ဆိုတဲ့ ကျောင်းသားကိုလဲ အသုံးမဝင်တော့တဲ့ နို့တစ် စက္ကူကို သင်ပုန်းပေါ်က ခွာမိ လို့တဲ့။ ကျောင်းထုတ် ပြန်ရော။ မတရားသဖြင့် ကျောင်းထုတ် ခံရတဲ့အတွက် ကျောင်းစရိတ်တွေကို တရားစွဲပီး လျော်ကြေး တောင်းမယ်လုပ်တော့မှ ကျောင်းမထုတ်ရ သေးပါဘူး။ အောင်မြင့်က နားကြားလွဲလို့ အင်္ဂလိပ် စကားကို ကောင်းကောင်း နားမလည်လို့နဲ့ လုပ်လာတယ်။ ဘာဟုတ်မလဲ ... ညိုမြတို့ သိတာပေါ့။ အနှီနေ့က အင်္ဂလိပ် ပါမောက္ခ အခန်းကို ရောက်တော့ ကိုအောင်မြင့် နာမည်ကို ကျောင်းစာရင်းက ဖျက်ပစ်ဘို့ အမိန့် စာရွက်ကို ဆရာကပြလို့ ဘတ်ခဲ့ရတယ်။ ခုထုတ် ခုသွင်းမို့ မျက်နှာဖြူဆရာ တယောက်ကတောင် ဒို့သခင်မျိုးတွေ ဘယ့်နှယ် ဖြစ်ကုန်ပီလဲတဲ့။

“ကျွန်တော်တို့ အရိုအသေပေးပြီး တင်မြှောက်ထားတဲ့ သမဂ္ဂ ဥက္ကဌ ကိုနုကို ကျောင်းထုတ် တာကတော့ ဘာဖြစ်လို့ ထုတ်ထုတ် ကျွန်တော်တို့ အားလုံးကို စော်ကားတာနဲ့ အတူတူပေါ့။ ဟုတ်ကဲ့မှုတ်လား”

နွားကြီးသည် ရှေ့သို့ ခြေတလှမ်းတိုး၍ မြက်များကို ဆက်လက်စားနေ၏။

“နောက်ဆုံး ကျောင်းထုတ် ခံရတာကတော့ ကိုအောင်စန်းပေါ့။ အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်စာ ပိုင်းမှာ ညစ်ညမ်းတဲ့ ဆောင်းပါးတို တခု ထည့်မိလို့တဲ့ ။ ရန်ကုန်တိုင်း သတင်းစာ အယ်ဒီတာက သူ့မှာ အနှာကိုဘတ်ပြီး တုန်လှုပ် ချောက်ချား သွားရှာဆိုကိုး။ ကျောင်းထုတ်ဘို့ မြှောက်ပေးရှာတယ်။ အစိုးရကတော့ ဘာမျှ အပြစ် မဆိုပါဘူး။ မိန်းမ များကတောင် ထိုဆောင်းပါးဟာ ညစ်ညမ်းသော်လဲ ကောင်းစေချင်စိတ် ထားက ပိုမို ထင်ရှားလို့မို့ ဘာမှ အရေးယူဘို့ မလိုဘူးတဲ့။ ကျောင်းအုပ်ကြီးကတော့ မထုတ်ဘဲ မနေနိုင် ရှာဘူးပေါ့လေ။ ကျောင်းအုပ်ပေမဲ့ စိတ်ကတော့ နွားသတ် ကုလားလိုဘဲ။ ထုတ်ပုံကလဲ မှတ်ဘို့ကောင်း တယ်။ အိုးဝေ မဂ္ဂဇင်းထွက်ပီး တလလောက်ကြာလို့ စာမေးပွဲနဲ့ ကပ်နေမှ ထုတ်ဘို့ ဆုံးဖြတ်ထားတယ်။ စာမေးပွဲ မလုပ်ခင် တရက် နှစ်ရက်မှာတော့ ကိုအောင်စန်းအတွက် အခြားမခံချင်တဲ့ ကျောင်းသားတွေဟာ ကူညီ ကြံဖန်နိုင်ဘို့ ခဲယဉ်းကြမယ် ပေါ့။ သူတို့ တွက်ပုံချက်ပုံက သိပ်ဟုတ်တာ။ အကြမ်းဘတမ်း မဟုတ်ဘဲ သေသေချာချာ နားနားနေနေနဲ့ လည်လှီးတဲ့ သဘောပေါ့။ တပည့်နဲ့ ဆရာဆိုတာ တက္ကသိုလ်မှာ အနှာလို ဖြစ်နေ ကြတာကလား”။

နွားကြီးကား နားရွက်တခတ်ခတ်နှင့် တပြုတ်ပြုတ်စားလျက် မြိန်လျက်ပင်။

“သဟကြောင့် ကျွန်တော်တို့ သပိတ်မှောက်ခဲ့တယ်လေ။ ဘာဖြစ်သေးလဲ။ မှောက်တယ် မှောက်တယ်ပေါ့။ ကိုယ့်ကို လူမထင်တဲ့သူကို ကိုယ်ကပြန်ပီး လူထင်နေဘို့ ကိစ္စက ခဲယဉ်းသားဘဲ။ ဟုတ်ကဲ့မှုတ်လား။ အခုတလောတော့ ဆရာတွေနဲ့ ကောက်ဘဲ။ ကျွန်တော့် ပါမောက္ခ ဝရုတ်ဆီက စာရတယ်။ “မင်းတို့ သပိတ်မှောက် ကောင်စီက ကောင်တွေဟာ မျောက်တွေ ဘဲတွေတဲ့။ အခြား ပါမောက္ခ ကတော့လဲ ကျေးဇူးကန်း ခွေးကောင်လေးတွေ ငါ့အိမ်က လက်ဘက်ရေကိုတော့ လာသောက် သွားတယ်တဲ့။ နစ်နာချက် ဘာမှ မရှိဘူးတဲ့။ ဘုရင်ခံက စုံစမ်းရေး ကော်မတီ မခန့်သင့်ဘူးတဲ့။ သိပ်ဟုတ်တဲ့ အာစရိတွေဘဲ။ ဆရာလဲဆရာ မျက်နှာကလဲ မမဲတော့ ဒီစကားမျိုးပြော အားရှိမှာပေါ့နော်”

ယုတ်တရက်နွားကြီးသည် နောက်ချေးများ ယိုနေသည်ကိုမြင်ရ၍ နှစ်မိနစ်ခန့် စကားကို ရပ်တန့် ထားရ၏။

“ကျွန်တော်တို့ အခုလို သပိတ်မှောက်တာကို ဒီကောင်ကန်းကလေးတွေဟာ မွေးကထဲက ဥပဒေ ကြူးလွန်တဲ့ သူပုန်ဝသီ ပါလို့”တဲ့။ နောက်တခါ လမ်းပေါ်မှာ လှဲအိပ်ရင် ဥပဒေ ကြူးလွန်မှုနဲ့ ဆော်ပစ် လိုက်မယ်တဲ့ ... ဟုတ်ကဲ့ မှုတ်လား။ အနှာ့ကြောင့် ဒီလိုလူစားတွေကို ဘာမှ ထူးထူးထွေထွေ ပြန်မပြော နေချင်ပါဘူးဗျာ။ ဟိုသူတို့ အင်္ဂလိပ် လူမျိုး ဆစ်တနီစမစ် ရေးတဲ့ စာကိုသာ ရွတ်ပြ လိုက်ချင်တော့တယ်”

“အိုင်ယာလန်သည် အဘယ်ကြောင့်ဤမျှ ဆူပူနေသနည်း။ အကြောင်းရင်း ဇစ်မြစ်ကို သိလျက်နှင့်ပင် တိမ်မြုပ်၍ သင်တို့သည် ချော်တောငေါ့ကာ ထင်ရာပြောဘို့သာ တတ်ကြ၏။ သင်တို့ ဖိစီး နှိပ်ကွပ်သည်ကို မခံနိုင် ခြင်းကြောင့်သာ မဟုတ်ပါလော။ သင်သည် မြင်းတကောင်ကို ကြိုးနှင့်တုတ်၍ ရက်ရက်စက်စက် ရိုက်နှက်လျှင် ထိုမြင်း သင့်ကိုပြန်၍ ကန်ကြောက်က မြင်းကို အဆိုး ဆိုမည်လော။ ခွေးတကောင်ကို နှစ်ရှည်လများ ညှင်းဆဲ နှိပ်စက်ခဲ့ပြီးလျှင် ထိုခွေး သင့်ကိုမြင်တိုင်း ဟောင်သောကြောင့် ခွေးကို ရူးသည် ဆိုအံ့လော။ အိုင်ယာလန် တိုင်းသားတို့သည် ပဋိသန္ဓေ အားဖြင့် ယုတ်ညံ့သော သဘောရှိကြ၍ အလွန် ဆူဆူပူပူ လုပ်တတ်သည်ဟု သင်က မစွပ်စွဲမီ သင်သည် သူတို့အား တန်းတူ မိတ်ဆွေ လူလူချင်းဟု သဘောထားခဲ့ ဘူးပါသလား မေးချင်၏။ သင်သည် သူတို့၏ ကူးသန်း ရောင်းဝယ်ရေးတွင် သူတို့ အကျိုးကို ကြည့်ရှု ကာကွယ် ခဲ့ဘူးပါ၏လော။ သင်သည် သူတို့၏ အမျိုးဘာသာ သာသနာကို လေးစား ခဲ့ပါ၏လော။ သူတို့၏ လွတ်လပ်ရေးကို သင်၏ လွတ်လပ်ရေးကဲ့သို့ ခင်မင် လိုလား ခဲ့ပါ၏လော။ အမှန်အားဖြင့် သင်သည် ဤသည်တို့ကို ဘာမျှ ဂရုမစိုက်ခဲ့။ သင်ကား သူတို့ မြေယာများကို သိမ်းခဲ့၏။ သူတို့ကို သတ်ပစ်ခဲ့၏။ တကျွန်းသို့ ပို့ခဲ့၏။ သူတို့နှင့် ထိုက်တန်သော အခွင့်အရေး များကို မပေးခဲ့။ သို့စဉ်လျက် အိုင်ယာလန် တိုင်းသားများ ဆူပူ၍ သင်တို့ကို မုန်းသောအခါ ထိုမုန်းတီးခြင်းမှာ ၎င်းတို့၏ ပင်ကိုယ် သဘောထား ယုတ်ညံ့သောကြောင့် ဟူ၍လည်းကောင်း အမျိုးကိုကပင် ခေတ်မမှီနိုင်အောင် ရိုင်းစိုင်းလျက် ယဉ်ကျေး သိမ်မွေ့ခြင်းငှာ လုံးလုံး မစွမ်းနိုင်ကြသူများ ဖြစ်သည်ဟု သင်ဆိုရက်လေသည် ...”

နီလာရောင် ပြေးလျက်နေသော ကောင်းကင်ကိုမော့လျက် ကျွန်တော်သည် စိတ်ပါ လက်ပါ ထို ဆစ်တနီစမစ်၏ စာကို ရွတ်လေပြီးသည်၏။ အဆုံး၌ ကြည့်လိုက်ရာ သရက်ပင်များ ကြားတွင် နွားနီမလေး တကောင်နောက်သို့ သုတ်ခြေတင်၍ သွားလေသော နွားကြီးကို မြင်လိုက်ရပါသည်။

လာလမ်းဖြင့်ပြန်ခဲ့သော ကျွန်တော်ကား စိတ်မကောင်းချေ။ နွားကြီးကို သပိတ်အကြောင်း ပြောရသည်မှာ ကျွဲပါး စောင်းတီး ရှိလှ၏။ ဂရုစိုက်ပုံလည်း မပေါ်။ နားလည်ဟန်လည်း မရှိ။ ဟောရ ပြောရသူတွင်ကား မောလှ၏။ အို ... နွားတွေ ... နွားတွေ ... နွားတို့သည်ကား အဟိတ် တိရစ္ဆာန်များသာ ဖြစ်ကုန်၏။ အန္ဓများသာ ဖြစ်ကုန်၏။ သပိတ်ကိုလည်း နားမလည်။ တရားကိုလည်း နားမဝင်။ ဒင်းတို့၏ ဝါဒနှင့် လုပ်ငန်းကား သံသရာ တလျှောက်လုံး မြက်စား၍ နောက်ချေးယိုပြီးလျှင် နွားမနောက် လိုက်ရန်သာ တတ်ကြ လေတော့သတည်း။ ။

(၁၉၃၉ ခုနှစ်ထုတ် ညိုမြ၏ စာ တွင် ပါရှိသော နွားနှင့်သပိတ် ရသစာတမ်းကို မူရင်း သတ်ပုံ အတိုင်း ဖော်ပြ လိုက်ပါသည်)

Ref: ဧရာဝတီ်

Read More...

အစိုးရရုံး အဆောက်အအုံတွေကို အပြောင်းအရွှေ့တွေ ဆက်တိုက် ပြုလုပ်

2010-08-24

နိုဝင်ဘာလမှာ ရွေးကောက်ပွဲ လုပ်တော့မယ်လို့ ကြေညာထားတဲ့ မြန်မာ စစ်အစိုးရဟာ အခု သီတင်းပတ် တွေအတွင်း ရန်ကုန်မြို့မှာ ရှိတဲ့ အစိုးရ အဆောက်အအုံတွေ၊ ရုံးတွေကို အပြောင်းအရွှေ့တွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်ရဲ့  အဆိုအရ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီး ဘဏ်လမ်းက ရန်ကုန်တိုင်း စုပေါင်းရုံးမှာ ရှိတဲ့ ရုံးတွေကို ပြည်လမ်းရှိ ဦးနေ၀င်းအစိုးရ လက်ထက်က တည်ရှိခဲ့တဲ့ လွှတ်တော် အဆောက်အဦကို ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မ့ာအသံနှင့် ရုပ်မြင်သံကြားပိုင် မြေနဲ့ စတူဒီယို အဆောက်အအုံ ကိုလည်း မြန်မာငွေ ကျပ်သန်းပေါင်း တသောင်း သုံးထောင်နဲ့ ရွှေတောင်ကုမ္ပဏီကို ရောင်းချလိုက်ပြီး အဲဒီကုမ္ပဏီက ဈေးဝယ် စင်တာအဖြစ် ဖွင့်လှစ်တော့မယ်လို့ ကုမ္ပဏီနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

ဒါပေမယ့် အဲဒီလို ရောင်းချလို့ရတဲ့ ငွေတွေကို ဘယ်သူတွေ ရရှိသွားတယ်၊ ဘယ်နေရာမှာ သုံးစွဲမယ် ဆိုတာကိုတော့ ရှင်းလင်း ဖော်ပြထားခြင်း မရှိတဲ့အတွက် အများ ပြည်သူတွေက သိချင် နေကြကြောင်း အမည်မဖော်လိုသူ အစိုးရ ၀န်ထမ်း တဦးက ပြောပါတယ်။

ကမ္ဘာအေး ဘုရားလမ်းပေါ်က စက်မှု (၁) ၀န်ကြီးဌာန အဆောက်အအုံကိုလည်း ခုတင် ၅၀၀ ဆန့် ကလေးဆေးရုံ အဖြစ် ပြောင်းလဲ လိုက်ပြီး အရင် စိန်ဂျွန်းဈေးအနီးက စွမ်းအင် ၀န်ကြီးဌာန ရုံးကိုလည်း ပုဂ္ဂလိက ကုမ္ပဏီတခုကို ရောင်းချပြီးပြီလို့ သိရပါတယ်။

Ref: RFA News

Read More...

အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံစကား ပြောဖို့ လိုအပ်ကြောင်း သီတဂူဆရာတော် မိန့်

2010-08-24

အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၁၀ဝ ကျော် ဒီကနေ့ လွတ်မြောက်ပေမယ့် နိုင်ငံရေး အကျဉ်းသား တဦးမှ မပါဘူးလို့ အင်းစိန်ထောင်မှာ စောင့်ကြည့် နေသူ နိုင်ငံရေး အကျဉ်းသား မိသားစု ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ သြဂုတ်လ ၂၁ ရက်နေ့က အင်းစိန်ထောင်မှာ အကျဉ်းသားတွေကို နေ့လည်စာနဲ့ ညစာ ကျွေးမွေးပြီး တရား ချီးမြှင့်ခဲ့တဲ့ သီတဂူဆရာတော် ဦးဥာဏိဿရ ကို အင်းစိန်ထောင် ညွန်ကြားရေးမှူးက အကျဉ်းသားတွေကို လွတ်ပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီကနေ့ အကျဉ်းသားတွေ လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင် တွေ့မြင်ခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန့်စင်ဦးက ခုလို ပြောပြပါတယ်။

“လွတ်လာတဲ့ အကျဉ်းသားတယောက်ကို ဘယ်နှစ်ယောက် လွတ်လာလဲ မေးကြည့်တဲ့ အခါကျတော့ အယောက် ၃ ရာ လွတ်တာတဲ့။ ဘယ်လို လွှတ်တာလဲဆိုတော့ ရက်စေ့တဲ့ ၁၆ ယောက်တဲ့။ ကျန်တဲ့ ဟာကတော့ တရာကျော်က မေတ္တာရပ်ခံလို့ လွှတ်ပေးတာတဲ့”

ဒီကနေ့ လွတ်မြောက်လာသူ ၁၂ဝ ရှိတယ်လို့ အင်းစိန်ထောင်ရှေ့မှာ စောင့်နေတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တဦးကလည်း ပြောပါတယ်။

“ဒီနေ့လွှတ်လိုက်တာ အားလုံး ၁၂ဝ လောက်ရှိမယ်။ အဲဒီထဲမှာ မိန်းကလေးက ၅ဝ ကျော်၊ ယောက်ျားလေးက ၆၀ ကျော်၊ ပေါင်းလိုက်တော့ ၁၂ဝ ပေါ့။ ဒါပေမယ့် နိုင်ငံရေး အကျဉ်းသားဆိုတာ တယောက်မှ ကျနော်တို့နဲ့ ဆက်သွယ်လို့ မရသေးဘူး၊ မပါလာဘူးလို့ ပြောနိုင်တာပေါ့။ ကားနဲ့ လာစောင့်တာက ရှင်းရှင်း ပြောရင်တော့ မာဆတ်က အုပ်စုတစု။ မာဆတ် ဆိုတာ အနှိပ်ခန်းပေါ့ဗျာ”

လွတ်လာသူအားလုံးဟာ ရာဇဝတ်မှုတွေနဲ့ အကျဉ်းချ ခံရသူတွေဖြစ်ပြီး အုပ်စုလိုက် လွတ်လာသူတွေ ထဲမှာ အနှိပ်ခန်းတွေက ဖမ်းထားသူ အမျိုးသမီးတွေ အများအပြား ပါတယ်လို့ သိရပါတယ်။ သူတို့ ခုလို လွတ်လာမှာကို ကြိုတင် သိနေတာကြောင့် အင်းစိန် ထောင်ရှေ့မှာ ကားနဲ့ လာစောင့် နေသူတွေလညာ်း မြင်ရတယ်လို့ ဆိုပါတယ်။ ပြန်လွတ် လာသူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါမလာတာနဲ့ ပတ်သက်ပြီး သီတဂူဆရာတော်ကို လျှောက်ထား မေးမြန်းကြည့်တဲ့ အခါမှာ ဆရာတော်ကတော့ နိုင်ငံရေး အကျဉ်းသားတွေ ကိုမှ ရွေးလွတ်ပေးဖို့ သီးသန့် မေတ္တာရပ်ခံခဲ့ခြင်း မရှိဘူးလို့ မိန့်ပါတယ်။

“ဒုက္ခရောက်ကြသူ လူအပေါင်းကို ဘယ်အကြောင်းကြောင့်ပဲ ဒုက္ခရောက်ရောက် ကရုဏာ နှလုံးသားရှိတဲ့ လူတွေကနေ အကုန်လုံး ချမ်းသာအောင် ဆောင်ရွက်ပေးပါ၊ လွတ်မြောက်အောင် ဆောင်ရွက်ပေးပါလို့ ငါကတော့ အဲဒါ ပြောချင်တာပါ”

အင်းစိန်ထောင်က လူတွေ အုပ်စုလိုက် လွှတ်ပေးနေတာကို ဒီကနေ့ မွန်းလွဲပိုင်း ၂ နာရီလောက်က စတင်တာဖြစ်ပြီး မနက်ဖြန်မှာလည်း ဆက်ပြီး လွှတ်ပေးဖို့ ရှိတယ်လို့ ထောင်အာဏာပိုင်တွေနဲ့ နီးစပ် သူတွေက ပြောပါတယ်။


Ref: RFA News

Read More...

Tuesday, August 24, 2010

လူ့အခွင့်အရေး ကိုယ်စားလှယ် ကုလညီလာခံမှာ အစီရင်ခံစာ တင်သွင်းဖို့ ပြင်ဆင်

ဒေါ်ခင်မျိုးသက်
တနင်္လာ, 23 သြဂုတ် 2010

ရှေ့လထဲ ကျင်းပတော့မယ့် ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံ အရေးကို သေသေချာချာ ဆွေးနွေး လာနိုင်ချေရှိပြီး နှစ်ပေါင်းများစွာ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချ အတည်ပြု ပေးနေတဲ့ အဆင့်ထက် ဒီတခါမှာ ပိုလာ နိုင်တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနားဟာ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံ ဆိုင်ရာ တွေ့ရှိချက်တွေကို တင်သွင်း နိုင်ဖို့အတွက် သြဂုတ်လထဲမှာ မြန်မာနိုင်ငံကို စတုတ္ထ အကြိမ်မြောက် သွားရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာ စစ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲကြောင့် တာဝန်ရှိသူတွေ အလုပ်ရှုပ် နေတယ်လို့ အကြောင်းပြပြီး ၀င်ရောက်ခွင့် မပေးခဲ့ပါဘူး။ ဒါကြောင့် သြဂုတ်လ ဒုတိယပတ်ထဲမှာ ထိုင်း၊ မြန်မာ နယ်စပ် ဒေသတွေနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် သစ်တွေ စုဆောင်းဖို့အတွက် သွားရောက် ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို အရင်သီတင်းပတ်တွေက ကျနော် သွားခဲ့ပါတယ်။ သွားရတဲ့ အကြောင်းတွေ ထဲမှာ တခုက အောက်တိုဘာ လထဲမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မြန်မာနိုင်ငံ လူ့အခွင့် အရေးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တစောင် တင်သွင်း ရမှာမို့ပါ။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကျနော် အတိအကျ အခု ထုတ်ပြီး မပြောနိုင်ပေမဲ့ အောက်တိုဘာလ ၂၀ မှာ တင်သွင်းတဲ့ အခါမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဘာပြဿနာတွေကို တင်ထားတယ် ဆိုတာကို သိလာကြမှာပါ။”

မစ္စတာ ကင်တားနားဟာ မတ်လတုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာကို တင်သွင်းခဲ့ပြီး မြန်မာ စစ်အစိုးရဟာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နိုင်ချေ ရှိတာမို့ ကုလသမဂ္ဂ ကနေ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးဖို့ အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်နဲ့ ပတ်သက်ပြီး စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ လိုအပ်တဲ့ အခြေအနေတွေကို မေးကြည့်ပါတယ်။

“စုံစမ်းရေး ကော်မရှင်ဖွဲ့ ထူထောင်နိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ဆွေးနွေး ဆုံးဖြတ်ချက် ပေါ်မှာ မူတည် နေပါတယ်။ အဖွဲ့ဝင် နိုင်ငံတွေကလည်း စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့နိုင်ဖို့ ကိုးကားနိုင်တဲ့ အချက်အလက်တွေ ရဖို့ လိုပါတယ်။ ဒီအချက်တွေ ရပြီဆိုရင် အခြေအနေကို သုံးသပ်ပြီး သီးခြား လုပ်ပိုင်ခွင့် အာဏာ သတ်မှတ်ရပါတယ်။ ဒါတွေ အဆင့်ဆင့် လုပ်ဆောင်နိုင်ဖို့ အတွက် အဖွဲ့ဝင် နိုင်ငံတွေ ကြားမှာ ဆွေးနွေးမှုတွေ လုပ်ဖို့ လိုပါတယ်။”

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး တင်သွင်းတိုင်း တရုတ်နဲ့ ရုရှားလို နိုင်ငံတွေက ပယ်ပယ် ချခဲ့တာမို့ အခု ၆၅ ကြိမ်မြောက် ညီလာခံကြီးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အလားအလာ ဘယ်လိုရှိမယ် ထင်ပါသလဲလို့ မေးတဲ့ အခါမှာတော့…

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကာလကြာရှည်စွာ ဖြစ်ပွားနေတဲ့အပြင် ကျယ်ကျယ် ပြန့်ပြန့်နဲ့ စနစ်တကျ အချိုးဖောက် ခံနေရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြဖို့ အဖွဲ့ဝင် နိုင်ငံ တချို့က သေသေချာချာ စဉ်းစား နေတယ်လို့ ကျနော် သိရပါတယ်။ ဒါကြောင့် ဒီတခါမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးဖို့ တောင်းဆို လာနိုင်တဲ့ အခွင့်ကောင်းတွေ ရှိနေတယ်လို့ ကျနော်ထင်တဲ့ အပြင် နှစ်ပေါင်းများစွာ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချ အတည်ပြု ပေးနေတဲ့ အဆင့်ထက် ဒီတခါမှာတော့ ပိုမယ်လို့ ယုံကြည်ပါတယ်။”

လူ့အခွင့်အရေး ကိုယ်စားလှယ် တင်သွင်းခဲ့တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အဆိုကို ဗြိတိန်၊ ချက်ပြည်သူ့ သမ္မတ နိုင်ငံ၊ သြစတြေးလျ၊ စလိုဗက်ကီးယား နိုင်ငံတွေအပြင် အခုနောက်ဆုံး အမေရိကန် နိုင်ငံကပါ ထောက်ခံလာခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရ နိုင်ငံတနိုင်ငံရဲ့ အစိုးရတရပ်ဟာ နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးဖို့၊ ကျူးလွန် နေသူတွေကို အပြစ်ပေးဖို့နဲ့ နောင် ဒါမျိုးမဖြစ်အောင် လုပ်ဆောင်ဖို့ တာဝန်ရှိသလို နိုင်ငံတကာ အသိုင်းအ၀ိုင်း ကလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ အစိုးရတရပ်ကို ဒီအချက်တွေ လိုက်နာလာအောင် ၀ိုင်းပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

နိုင်ငံတနိုင်ငံကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတင် မကဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၊ ဒါမှမဟုတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံလို ကုလသမဂ္ဂ အဖွဲ့အစည်း တခုခုက စုံစမ်း စစ်ဆေးရေး ကော်မရှင် တရပ်ကို ထူထောင်နိုင်ခွင့် ရှိပြီး ဒီလို ထူထောင်နိုင်ဖို့အတွက် အဖွဲ့ဝင် နိုင်ငံတွေက အဆိုပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီ အဆိုပြုချက်ကို တရားဥပဒေအရ အရေးယူနိုင်၊ မယူနိုင် မဲခွဲ ဆုံးဖြတ်ဖို့လည်း လိုအပ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကတော့ ကုလသမဂ္ဂက မြန်မာ အာဏာ ပိုင်တွေနဲ့ ထိတွေ့ ဆက်ဆံပြီး မြန်မာ့ အရေးကို ကြိုးစားပြီး ဆောင်ရွက်ခဲ့ပေမဲ့ အခုထိ အရာ မထင်တဲ့အတွက် စိတ်ပျက် မိကြောင်းနဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လာမယ့် အထွေထွေ ညီလာခံကြီးမှာ တင်သွင်းဖို့ အတွက် အစီရင်ခံစာ ရေးနေတယ်လို့ သြဂုတ်လ ၉ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောဆိုခဲ့ပါတယ်။

ဧပြီလ ၇ ရက်နေ့ကတော့ ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး ဦးဆောင်တဲ့ မြန်မာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ကော်မတီက ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ လထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာ တစောင် တင်သွင်းဖို့ ရှိတယ်လို့ မြန်မာအစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

Ref: VOA News

Read More...

ဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆက်လျှောက်ဖို့ အစိုးရရွေးချယ်တဲ့ ရွေးကောက်ပွဲ ဖြစ်သလဲ

NEJ / ၂၃ သြဂုတ် ၂၀၁၀

နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲရက်ကို ၂၀၁၀ ပြည့်နှစ် လာမည့် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် (၁၃) ရက်တွင် အတိအလင်း တရားဝင် ထုတ်ဖော် ကြေညာခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ် အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် နအဖ ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့် ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ နအဖစစ်အစိုးရက လာမယ့် နိုဝင်ဘာ (၇) ရက်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာ လိုက်ပါပြီ။ ရွေးကောက်ပွဲ ၀င်မယ့်ပါတီတွေ ပြင်ဆင်ချိန် (၃) လတောင် မပြည့်တော့ပါဘူး။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူး ဆိုတာ သိနေကြပေမယ့်လည်း နအဖကတော့ ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဖြစ်အောင် လုပ်သွားမှာ သေချာပါတယ်။ ဒါကြောင့် အခု နအဖလုပ်တဲ့ ရွေးကောက်ပွဲကို ဆရာ ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။ ။ ဒီမိုကရေစီနိုင်ငံတခုရဲ့ လက္ခဏာမှာ ရွေးကောက်ပွဲ လုပ်ခြင်းဆိုတာ ပါပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ တိုင်းဟာ ဒီမိုကရေစီရဲ့ လက္ခဏာ မဟုတ်ဘူးဆိုတာ ပြောဖို့ လိုပါတယ်။ ၁၉၇၄ ခုနှစ်က မဆလ တပါတီတည်းသာ ၀င်ပြိုင်ခွင့်ရတဲ့ ရွေးကောက်ပွဲကို ဘယ်လိုလုပ် ဒီမိုကရေစီ ကျတဲ့ ရွေးကောက်ပွဲလို့ ဆိုမှာလဲ။ ကျနော်တို့ဟာ သဏ္ဌာန်ထက် အနှစ်သာရကို အလေးထားဖို့၊ အခေါ်အဝေါ်ထက် လက်တွေ့ အကျိုးသက်ရောက်မှုကို အလေးထားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အလွန် အရေးကြီးတဲ့ နောက်အချက် တချက်ကတော့ ဘယ်လို နိုင်ငံတော်ကို တည်ထောင်မယ့် ရွေးကောက်ပွဲ၊ တနည်းအားဖြင့် ဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆက်လျှောက်ဖို့ အစိုးရရွေးချယ်တဲ့ ရွေးကောက်ပွဲ ဖြစ်သလဲ ဆိုတဲ့ အချက်ဖြစ်ပါတယ်။ အခု နအဖကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဆိုသူဟာ နအဖ ဗိုလ်ချုပ်တွေသာ ရှိတယ် ဆိုတာကို မမေ့သင့်ပါဘူး။ ရွေးကောက်ပွဲ ၀င်ဖို့ စိတ်အား ထက်သန်နေသူတွေ၊ ဒီရွေးကောက်ပွဲကို အကာအကွယ်ပေး ရေးသား နေသူတွေတောင် ဒီမိုကရေစီ အပြည့် အ၀ ရှိတဲ့ ရွေးကောက်ပွဲလို့ မဆိုကြပါဘူး။

နအဖရဲ့ ဒီ၂၀၁၀ ရွေးကောက်ပွဲဟာ နအဖစစ်အစိုးရကို အရပ်သားအစိုးရလို့ ခေါ်လို့ ရအောင် ဗိုလ်သန်းရွှေ တို့ရဲ့ စစ်အုပ်စုက အသေအချာ ပြင်ဆင်ပြီး လုပ်တာ ဖြစ်ပါတယ်။ အဓိက အားဖြင့် ကြံ့ဖွံ့ပါတီ အနိုင် ရရေးသာ ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းကြပါဘူး။ ကျန်တဲ့ ပါတီ အဖွဲ့အစည်းတွေ ကိုလည်း အငှားဗိုက်နဲ့ ဓားထိုးခံဖို့ အတွက် အမတ်နေရာ အနည်းအပါးတော့ ပေးကောင်း ပေးပါလိမ့်မယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို အတည်ပြု နည်းမျိုးနဲ့ ရွေးကောက်ပွဲကို အနိုင်ရအောင် သူတို့ အချိန်မရွေး လုပ်နိုင်တယ် ဆိုတာ မမေ့သင့်ပါဘူး။

ဒီနေရာမှာ ဒီတခါ ရွေးကောက်ပွဲကို ၁၉၇၄ ခုနှစ်က ဗိုလ်နေ၀င်းလုပ်ခဲ့တဲ့ မဆလ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ် ထောက်ပြ ချင်ပါတယ်။ အဲဒါက ဗိုလ်သန်းရွှေတို့ဟာ ဒီရွေးကောက်ပွဲကို မြန်မြန် ဆန်ဆန် ထင်သလို ကျင်းပနိုင်ခဲ့တာ မဟုတ်ဘဲ ဆယ်စုနှစ် တခုကျော် နှစ်တွေ အများကြီး ပြင်ဆင်ပြီးမှ ကျင်းပနိုင်တယ် ဆိုတဲ့ အချက်ဖြစ်ပါတယ်။ မဆလဟာ တကောင်တည်း ပြေးတဲ့ မြင်းပွဲမို့ ရွေးကောက်ပွဲကို ရှောရှော ရှူရှူ ကျင်းပနိုင်ပြီး နအဖကတော့ တခြားပါတီတွေပါ ၀င်ပြိုင်တယ်လို့ လုပ်ရတော့ ကိုယ့်လူတွေ အနိုင်ရဖို့ မီးသေအောင် အရင် လုပ်နေရပါတယ်။ အခုကိုပဲ အပစ်ရပ်ဒေတွေမှာ ရွေးကောက်ပွဲ အတွက် မဲဆွယ်လာသူတွေကို သူတို့ရဲ့ နယ်မြေထဲ အ၀င်မခံဘူး ဆိုတာလို တစ်နေတဲ့ ပြဿနာတွေ ရှိနေသေးတယ် မဟုတ်ပါလား။

မေး။ ။ စစ်တပ်က ထိန်းချုပ်တဲ့စနစ်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပြုလုပ်တဲ့ အခု ရွေးကောက်ပွဲက အရပ်သား အစိုးရ စစ်စစ် ပေါ်ထွန်းမှာ မဟုတ်ဘူးလို့ ပြောဆို နေကြပါတယ်။ အဲဒီအပေါ် ဆရာဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ဒီနေ့ ကျနော်တို့နိုင်ငံ ဒီမိုကရေစီအရေးတော်ပုံရဲ့ အဓိက ရည်မှန်းချက် တခုဟာ စစ်တပ်ကို စစ်တန်းလျားထဲ ပြန်စေဖို့ ဖြစ်ပါတယ်။ တိုင်းပြည်တပြည် ဆိုတာ ဓားပြဂိုဏ်း အုပ်ချုပ်တဲ့ နယ်မြေ မဟုတ်ပါဘူး။ ပဒေသရာဇ်ခေတ်ကို ကျော်လွန်ခဲ့တဲ့နောက် ဘယ်တိုင်းပြည် မဆို အာဏာနဲ့ လက်နက်ကို ခွဲကိုင်ရတာ ချည့်ပါပဲ။ ဒါပေမယ့် နအဖ စစ်အုပ်စုဟာ ဒီရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့် အစိုးရမှာ သူတို့က အစစကို ချုပ်ကိုင် ထားဖို့ပဲ လုပ်နေပါတယ်။ ပြည်သူလူထု ရွေးခြယ် တင်မြှောက် လိုက်သူတွေက လက်နက်ကို ချုပ်ကိုင် ညွှန်ကြားမလား၊ လက်နက်က ပြည်သူလူထု ရွေးချယ်တင် မြှောက်လိုက်သူတွေကို ချုပ်ကိုင် ညွှန်ကြားမလား ဆိုတဲ့ ပြဿနာ ဖြစ်ပါတယ်။

ဒီနေရာမှာ အရပ်သားဆိုတာ ဘာကိုခေါ်သလဲ ဆိုတာကိုလည်း ပြောဖို့လိုတယ် ထင်ပါတယ်။ တောင်ရှည်ပုဆိုး ၀တ်ထား သူတိုင်းကို အရပ်သားလို့ မခေါ်နိုင်ဘူး ထင်ပါတယ်။ အဓိက တိုင်းတာရမယ့် စံဟာ ၀တ်တဲ့ အ၀တ်အစားထက် ဘယ်သူတွေကို ကိုယ်စားပြုသလဲ ဆိုတာ ပိုဖြစ်သင့်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထု အကျိုးအတွက် မလုပ်ဘဲ စစ်တပ်နဲ့ စစ်အုပ်စုရဲ့ အကျိုးစီးပွား အတွက် အဓိက လုပ်နေသူတွေကို အရပ်သား အစိုးရလို့ မခေါ်နိုင်ပါဘူး။ အခုလာမယ့် ရွေးကောက်ပွဲမှာက ဗိုလ်သိန်းစိန်တို့လို “လူဝတ်လဲတွေ” ရော၊ (၂၅) ရာခိုင်နှုန်း ပါလာမယ့် စစ်သား စစ်စစ်တွေရော၊ ထိပ်ပိုင်းမှာ သမ္မတတို့၊ ဒု-သမ္မတတို့ တက်လုပ်မယ့် ဗိုလ်ချုပ်တွေရော ပေါင်းလိုက်ရင် အရပ်သားလို့ ခေါ်နိုင်မှာဟာ လွှတ်တော်ရဲ့ ခုံကြိုခုံကြားကနေ “ဝေလေလေ” အော်နေသူတွေ လောက်သာ ဖြစ်ပါလိမ့်မယ်။

မေး။ ။ အစိုးရသစ်မှာ အရပ်သားတွေရဲ့ အခန်းကဏ္ဍ အတိုင်း အတာအပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ အစိုးရသစ်မှာ အရပ်သားတွေဟာ လက်ညိုးထောင် ခေါင်းငြိမ့်လို့ မဆိုနိုင် တောင်မှ သင်္ကြန် အမြောက် ဖောက်တဲ့ အပြောမျိုး လောက်သာ ပြောနိုင်ပါမယ်။ အထက်မှာ ပြောခဲ့သလို ဝေလေလေ အော်ခွင့်လည်း ရှိပါလိမ့်မယ်။ ဒါတောင်မှ ဒါဟာ အစပိုင်း၊ ရုပ်ပြ ကောင်းရုံပဲ ဖြစ်ပါလိမ့်မယ်။ နောင်မှာ ကျတော့ ဗိုလ်သန်းရွှေတို့ကလည်း ခွင့်ပြုမှာ မဟုတ်၊ ပြောတဲ့ လူတွေကလည်း ပြောချင်စိတ်ကုန် ဆိုတာမျိုး ဖြစ်လာမှာပါ။ ထောင်ထဲ ရောက်ရင် ပုံစံ ပြခံရတယ် ဆိုတာမျိုး၊ အဲဒီ နအဖ လွှတ်တော်ထဲကို ရောက်တဲ့ အခါမှာ ပုံစံ ပြခံရတာတွေကို စောင့်ကြည့် ရပါမယ်။ အဲဒီအခါကျရင် ကံကောင်းလို့ ဖလောင်းကနေ ဖားဖြစ်ခဲ့တဲ့ အမတ်တွေအဖို့ လွှတ်တော်ထဲ ၀င်ရတာထက် ထွက်ရတာက ပိုခက်တယ် ဆိုတာကို မြင်တွေ့ လာကြရ ပါလိမ့်မယ်။

၁၉၅၈ ခုနှစ်က အိမ်စောင့်အစိုးရ၊ ၁၉၆၂ ခုနှစ်က တော်လှန်ရေး ကောင်စီနဲ့ ၁၉၇၄ ခုနှစ်က မဆလ အစိုးရတို့မှာ စစ်ဗိုလ် မဟုတ်သူ၊ စစ်ထဲ မ၀င်ဘူးသူတွေ မပါတာ မဟုတ်ပါဘူး။ အရေအတွက် မများပေမယ့် ပါသလောက် ပါပါတယ်။ အားလုံးဟာ ပညာတတ်၊ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေပါ။ ဒါပေမယ့် သူတို့ဟာ အဲဒီအစိုးရ တွေထဲမှာ ဘာလုပ် နိုင်ခဲ့သလဲ။ ဗိုလ်နေ၀င်း ခိုင်းတာကိုပဲ လုပ်ခဲ့ရတယ် မဟုတ်ပါလား။ ဒါဖြင့်ရင် အခု ဘာကြောင့်များ ဗိုလ်သန်းရွှေဟာ ဗိုလ်နေ၀င်းလောက် မဆိုးနိုင်ဘူးလို့ တွေးနေ ကြတာလဲ။ ဗိုလ်သန်းရွှေရဲ့ (၁၅) နှစ်ကျော် ဖော်ပြချက်မှာ တခြား အရပ်သား မပြောနဲ့ တခြား ဗိုလ်ချုပ်တွေရဲ့ စကားကိုတောင် နားထောင်တယ်လို့ ရှိခဲ့ဖူးလို့လား။

မေး။ ။ ရွေးကောက်ပွဲပြီးရင် အပြောင်းအလဲ အနည်းအကျဉ်း ရှိနိုင်မယ်၊ ပွင့်လင်းမှု ရှိလာ နိုင်မယ်လို့ မြင်သူတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ အပြောင်းအလဲ တခုကို ဖြစ်ပေါ် စေမယ်လို့ ဆရာယူဆပါလား။

ဖြေ။ ။ အပြောင်းအလဲကတော့ ရှိမှာပါ။ ဒါပေမယ့် ပြည်သူလူထု အတွက်၊ ဒီမိုကရေစီ အရေးတော်ပုံကြီး အတွက် အကျိုးရှိတဲ့ အပြောင်း အလဲမျိုးတော့ ဟုတ်မယ် မထင်ပါဘူး။ အစောပိုင်းတုန်း ကတော့ ဒီရွေးကောက်ပွဲကြောင့် မီဒီယာတွေမှာ ဖော်ပြခွင့်တွေ စပြီးရနေတယ်၊ နောင်မှာ ပိုရလိမ့်မယ်၊ တိုးချဲ့ရမယ် ဆိုတဲ့ အပြောမျိုးတွေ အတော်လေး ကြားလာ ရပါတယ်။ ဒါပေမယ့် အခု နောက်ပိုင်းတော့ နအဖက တစောင်ပြီး တစောင် ခေါ်ပြီး ပညာပေးနေတော့ အဲဒီလို ပြောတာတွေ မကြားရတော့ဘူး။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေ တခုပြီးတခု ထွက်လာတော့ အဲဒီ စကားမျိုးကို လေသံတောင် မဟရဲ ကြတော့တာလည်း တွေ့ရပါတယ်။ နဂိုက ဒီရွေးကောက်ပွဲ ၀င်မလို့ သိပ် တက်ကြွ နေသူတွေတောင် အခု ခြူသံပါအောင် ညည်းနေတာဟာ အားလုံး အမြင်ပဲ မဟုတ်ပါလား။

ဒီနေ့လို ကာလမှာ ဗမာပြည်ရဲ့တကယ့်အပြောင်းအလဲ၊ အနှစ်သာရ သဘော အရ၊ အခြေခံ အရ အပြောင်း အလဲကို ဗမာပြည်ပြည်သူတွေ ကသာ သယ်ဆောင် လာနိုင်မှာပါ။ နအဖ စစ်ဗိုလ်ချုပ်တွေက သယ်ဆောင်လာမှာ မဟုတ်သလို ပြည်ပ နိုင်ငံတွေ၊ နိုင်ငံခြားသား အဖွဲ့အစည်း တွေကလည်း လုပ်ဆောင် ပေးနိုင်မှာ မဟုတ်ပါဘူး။

မေး။ ။ ဘယ်လိုအခြေအနေမျိုး ပေါ်ပေါက်လာမှ တိုင်းပြည်မှာ စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်လာ မယ်လို့ ပြောဆို နိုင်မှာပါလဲ။

ဖြေ။ ။ လက်နက်ကိုင်တပ်တွေက ဘယ်လို အသွင်နဲ့မှ တိုင်းပြည် အာဏာ ချုပ်ကိုင်ခြင်း မလုပ်တဲ့၊ ပြည်တွင်းမှာ တကယ့် ငြိမ်းချမ်းရေး ရှိတဲ့၊ လူတိုင်း မိမိအယူအဆကို ဖော်ပြခွင့်ရှိတဲ့ နိုင်ငံရေး အခြေခံ တခုကို အရင် တည်ဆောက်ပြီး အဲဒီကတဆင့် တိုင်းပြည် ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ ထွန်းကားရေး။ နိုင်ငံတကာ အလယ်မှာ ဂုဏ်တင့်စွာ တည်ရှိနိုင်ရေး စတဲ့ အချင်းအရာတွေကို ဖန်တီး ယူရပါမယ်။

မေး။ ။ အပြောင်းအလဲဖြစ်ပေါ်လာအောင် ဘယ်သူတွေမှာ တာဝန် ရှိပါသလဲ။

ဖြေ။ ။ အပြောင်းအလဲ မဖြစ်ပေါ်ရတာဟာ ဘယ်သူ့အပေါ်မှာ တာဝန်ရှိတယ် ဆိုတာ ကိုတော့ ပြောဖို့ မလိုဘူး ထင်ပါတယ်။ သမိုင်းကို ဖန်တီးတာဟာ လူထုသာ ဖြစ်တယ်လို့ ကျနော်တို့ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် သမိုင်းရဲ့ အပြောင်းအလဲ ကြီးတွေ ပေါ်ပေါက်ရေးဟာ သမိုင်း အခြေအနေ ရင့်မှည့်မှု၊ လတ်တလော အချက်အလက် ပြည့်စုံမှု ရှိတယ်ဆိုတဲ့ အခြေခံပေါ်မှာ မှန်ကန်တဲ့ ခေါင်းဆောင်မှုရှိခြင်း ဆိုတာနဲ့ ပေါင်းစပ်ရမယ် ထင်ပါတယ်။ လူထု ပါဝင်နိုင်စွမ်းကို အကဲဖြတ်တာ၊ လူထု ပါဝင်နိုင်တဲ့ လှုပ်ရှားမှုတွေ ဖော်ထုတ်တာဟာ ခေါင်းဆောင်မှုရဲ့ အတတ်ပညာ အပြင် ကိုယ်ကျိုး ကင်းစင်မှု၊ ရဲရင့် ပြတ်သားမှုတို့နဲ့ ဆိုင်ပါတယ်။

ခေါင်းဆောင်မှုက ရှေ့ကျွံနေပြီး လူထုက လိုက်ပါခြင်း မရှိဘူးဆိုရင် ဒါဟာ လူထုရဲ့ အပြစ် မဟုတ်ပါဘူး၊ ခေါင်းဆောင်မှုရဲ့ အတတ်ပညာ ချို့တဲ့မှုကြောင့်သာ ဖြစ်ပါတယ်။ မမေ့သင့်တဲ့ အချက် တခုကတော့ လူထုကို ဖိနှိပ်တဲ့ အုပ်စိုးသူတွေဟာ လူထုနဲ့ ခေါင်းဆောင်မှုကို ဖြတ်တောက် ထားဖို့ အမြဲ ကြိုးစားတယ် ဆိုတဲ့ အချက်ပါပဲ။ ခေါင်းဆောင်နိုင်စွမ်း ရှိတဲ့ လူတွေ ထိုင်နေတယ် ဆိုရင် သူတို့က ဘာမှ မလုပ်ဘဲ လူထုထဲ ဆင်းတော့မယ် ဆိုရင် အမျိုးမျိုးသော နည်းတွေနဲ့ တားဆီး ချုပ်ချယ် တော့တာပါပဲ။ ဒီပဲယင်း အဖြစ်အပျက်ကိုပဲ ပြန်စဉ်းစား လိုက်ပါ။ အဲဒီ အုပ်စိုးသူတွေက လှည့်စားတာ၊ မီးခိုးမှိုင်းလွှင့် တာတွေကို မျက်စိလည်၊ ယုံကြည် သွားတာဟာ ခေါင်းဆောင် ဆိုသူတွေ ဖြစ်ပါတယ်။ လက်တွေ့ အပေါ် အခြေခံ မစဉ်းစားဘဲ ကြားရတာ၊ ဖတ်ရတာအပေါ် အခြေခံလို့ မှားတတ်ကြတာ ဖြစ်ပါတယ်။

မေး။ ။ အခုလို ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေ ပြေလည်မှု ရှိနိုင် မရှိနိုင် ဆရာ ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ဒီရွေးကောက်ပွဲပြီးသွားတဲ့အခါမှာ ဗမာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာတွေ ပြေလည် သွားစရာ အကြောင်း မမြင်ပါဘူး။ ဒီနေ့ဗမာပြည်ရဲ့ အထွေထွေ အကျပ်အတည်းဟာ ဗမာပြည်ရဲ့ အခွင့် အာဏာ မှန်သမျှကို နအဖ စစ်အုပ်စု တဦးတည်းက ချုပ်ကိုင်ထားတဲ့ အတွက် ဖြစ်ပေါ် နေရတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ အဲဒီ စစ်အုပ်စုရဲ့ ဘက်စုံ ချုပ်ကိုင်မှုကို လက်ပြောင်းဖို့ နေနေသာသာ၊ ရေရှည် ဆက်ချုပ်ကိုင်သွားဖို့ အတွက် လုပ်ဇာတ် တခု ခင်းတာသာ ဖြစ်တဲ့အတွက် အကျပ်အတည်းတွေဟာ ပိုဆိုးလာစရာသာ ရှိပါတယ်။

မေး။ ။ အခု ရွေးကောက်ပွဲဟာ all inclusive မဟုတ်တဲ့ အတွက် ကုလသမဂ္ဂနဲ့ အာဆီယံ အပါအ၀င် နိုင်ငံတကာ အနေနဲ့ ဘယ်လို တုံ့ပြန် သင့်ပါသလဲ။

ဖြေ။ ။ နအဖရဲ့ ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပမှာ ဆန့်ကျင် နေကြတာဟာ အားလုံး ပါဝင်ခွင့် ရတဲ့ inclusive ဟုတ် မဟုတ်ဆိုတဲ့ အချက်က အဓိက မဟုတ်ပါဘူး။ အဓိကဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။ inclusive သာဖြစ်ရင် ရွေးကောက်ပွဲ ၀င်လိုက်ကြ၊ အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံလိုက်ကြလို့ တချို့က တိုက်တွန်း နေတာလားလို့ စဉ်းစားစရာတောင် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂနဲ့ အာဆီယံ အပါအ၀င် နိုင်ငံတကာတို့ အနေနဲ့ ဗမာပြည်အရေး ပြောကြတယ် ဆိုရင် all inclusive ကိစ္စထက် အင်မတန် မတရားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောသင့်ပါတယ်။ all inclusive သက်သက် ပြောတာဟာ နအဖရဲ့ ဖွဲ့စည်းပုံ ဥပဒေနဲ့ အဲဒီဟာကြီးကို ကိုင်ပြီး အုပ်ချုပ်မယ့် နောက်တက်လာမယ့် အစိုးရကို အသိအမှတ်ပြုဖို့ နည်းလမ်း ရှာပေးသလိုသာ ဖြစ်ပါလိမ့်မယ်။

မေး။ ။ လွတ်လပ် တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ဖို့ ပေါ်ထွန်းမှု တစုံတရာ မရှိတော့လို့ ရွေးကောက်ပွဲ အခင်းအကျင်းမှာ ဆက်မပါတော့ဘဲ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိမ်း ပါတီက နုတ်ထွက် သွားခဲ့တဲ့အပေါ် ဆရာ ဘယ်လို ရှုမြင်ပါသလဲ။

ဖြေ။ ။ ကျန်တဲ့လူတွေလည်း သူ့လိုပဲ စောစောစီးစီး အမြင်မှန်ရကြရင် ကောင်းမှာပဲလို့ အောက်မေ့ပါတယ်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာပြည် ကန္တာရဆန်လာဟု ဦးအုန်းသတိပေး

ကျော်ခ
တနင်္လာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁ဝ ခုတွင် သစ်တောပြုန်းတီး မှုကြောင့် ကန္တာရ ဆန်လာကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြောသည်။

သစ်ပင်ခုတ် ရောင်းခြင်း၊ ထင်းမီးလောင်စာအဖြစ်အသုံးပြုခြင်းများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်း ရှမ်း၊ ကချင်၊ ချင်း အပါအဝင် အလယ်ပိုင်း ဒေသ များဖြစ်သည့် မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းနှင့် မွန်၊ ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ စသည့် ဒီရေတော ပေါက်ရာ ပြည်နယ်နှင့် တိုင်းများ ဖြစ်သည်ဟု ဆိုသည်။

ထိုအထဲ အလယ်ပိုင်း အပူပိုင်းဒေသများတွင် အဆိုးဆုံးဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းများမှာ အနည်းငယ် ခံသာ နေသေးသည်ဟု သိရသည်။

“ကန္တာရဆန်တယ် ဆိုတာကတော့ဗျာ အဓိက က မိုးခေါင်ဒေသ ဖြစ်တယ်။ ဒုတိယကတော့ ဆင်းရဲတယ်။ ဆင်းရဲ ပေမယ့်လဲ ထင်း၊ မီးသွေးက မခုတ်လို့ မရဘူး။ မရတော့ အဲဒီမှာ ထင်းခုတ်က ခုတ်။ ရှိတဲ့ သစ်ပင် ၁ ပင်ခုတ်ရင် ၁ဝ ပင် ပြန်စိုက်ရမယ့် အစား ၁ဝ ပင်ခုတ်ပြီး ၁ ပင်မှ စိုက်ရဲ့လားလို့တောင် မေးစရာ ရှိတာပေါ့။ အဲဒီတော့ အခု လုပ်သလောက် လုပ်ပေမယ့်လဲ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ သစ်တောရေးရာ ဦးစီးဌာန၏ ယခုနှစ် ထုတ်ပြန်ချက်အရ ၁၉၇၅ မှ ၂ဝ၁ဝ ပြည့်နှစ် အထိ ၃၅ နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုမှာ ၁၄ ရာခိုင်နှုန်း လျော့ကျ သွားခဲ့ပြီး ၄၁ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု ပါရှိသည်။

ကချင်ပြည်နယ် အပါအဝင် ပြည်နယ်နှင့်တိုင်း ၁ဝ ခုတွင် စည်းကမ်းမဲ့ သစ်ခုတ်မှု များကြောင့် သစ်တော၊ ဒီရေတောများ ပြုန်းတီး ခဲ့ရသဖြင့် မိုးခေါင်ခြင်း၊ ရာသီဥတု မမှန်ကန်ခြင်းများ ကြုံတွေ့ ရကြောင်း ဦးအုန်းက ပြောသည်။

မြန်မာနိုင်ငံ အလယ်ပိုင်း မကွေး၊ ရေနံချောင်း၊ ချောက် စသည့်နေရာများတွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးများ ပြုလုပ် နေသော်လည်း ငွေအား၊ လူအား အဘက်ဘက်မှ ဒေါင့်မစေ့နိုင်သလို နည်းပညာအားကလည်း ထင်သလောက် တိုးတက် မလာသေးဟု ဆိုသည်။

ယခင်လကလည်း မြန်မာပြည်အလယ်ပိုင်း မိုးခေါင်သဖြင့် မကွေးတိုင်းမှ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး၊ ပခုက္ကူနှင့် နတ်မောက် မြို့နယ်များ၊ မန္တလေးတိုင်းမှ သာစည်၊ ပျော်ဘွယ်၊ ဝမ်းတွင်း၊ မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနှင့် ကျောက်ပန်းတောင်း ၁၃ မြို့နယ်တွင် အဓိက စိုက်ပျိုးသည့် သီးနှံ တခုဖြစ်သည့် နှမ်းများ ပျက်စီးခဲ့သည်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် မြိုင်သာယာ ကျေးရွာအနီးရှိ တောင်နီတောင်မှ သစ်တော အုပ်ကိုလည်း တောင်အနီး တဝိုက်တွင် နေထိုင်ကြသည့် ဒေသခံများက ထင်းလောင်စာအဖြစ် ခုတ်၍ ကျောက်ပန်းတောင်း မြို့ပေါ်သို့ တင်ပို့ ရောင်းချနေသည်ဟု မြိုင်သာယာ ကျေးရွာမှ ရွာခံတဦးက ပြောသည်။

“လယ်ယာ ကိုင်းကျွန်းရှိတဲ့လူတွေကတော့ အဆင်ပြေတာပေါ့ဗျာ။ ကျနော်တို့ရွာ အပါအဝင် ဒီနားမှာရှိတဲ့ ညောင်တို၊ မန်ကျည်းတန်း၊ ကိုင်း အစရှိတဲ့ရွာတွေက အခြေခံလူတန်းစားတွေက ဒီတောင်ပေါ်က ထင်းခုတ်ပြီးမှ ရောင်းမစားရရင် ဘာဝင်ငွေမှ မရှိဘူးလေ။ ထမင်းငတ်သွားမှာပေါ့” ဟု မြိုင်သာယာရွာသား တဦးက မဇ္ဈိမကိုပြောသည်။

၂ဝဝ၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် စိုက်ပျိုးချိန် မိုးကာလတွင် ရာသီဥတု ဖေါက်ပြန်ပြီး သုံးနှစ်ကြာ မိုးခေါင်သဖြင့် အစာရေစာ ပြတ်လပ်မှုများ ဆိုးရွားလာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ခြောက်သွေ့ဒေသများတွင် မိုးရွာသွန်းမှု နည်းပါးလာခြင်းကြောင့် အဆိုပါ ဒေသများရှိ တောင်သူ လယ်သမားတို့သည် ငတ်မွတ်မှုဘေးနှင့် ပိုမိုကြုံတွေ့ လာရသည်ဟု ဆိုသည်။

ဝမ်းရေးအရ ထင်းခုတ်၊ မီးသွေးဖုတ် ပြုလုပ်နေကြသည့် ဒေသခံ လူထုကို နိုင်ငံတော် အစိုးရအနေဖြင့် ထင်းအစားထိုး လောင်စာများ လုံလုံ လောက်လောက် ကူညီမှုများ ပြုလုပ်ပေးနိုင်ပါက ၁၅ နှစ်အတွင်း စိမ်းလန်းလာမှာဖြစ် ကြောင်း ဦးအုန်းကပြောသည်။

နှစ်စဉ် တနှစ်လျှင် ထင်းခုတ်၊ မီးသွေးဖုတ်ပြုလုပ်ခြင်းများ ကုဗ တန်ပေါင်း ၁၈ သန်းမှ သန်း ၂ဝ အထိရှိပြီး ပြည်ပသို့ တင်ပို့သည့် သစ်တန်ချိန်မှာ တနှစ် ကုဗတန် ၁ဝ သန်းမှ ၁၂ သန်း ထိရှိကြောင်း ဦးအုန်းက ပြောသည်။

“ဒီ ထင်းအစားထိုးတယ်ဆိုတာကို ထင်းတစ်ချောင်းမီးဖိုနဲ့ ထိုးမှာလား။ စပါးခွံနဲ့ ထိုးမှာလား။ ဂတ်စ်နဲ့ ထိုးမှာလား။ ဒီအပေါ်မှာလည်း တည်တာပေါ့။ အဲဒီတော့ ဖြစ်ဖြစ်မြောက်မြောက် ဂတ်စ်မီးဖိုတွေ၊ ရေနံငွေ့တွေ၊ ဓာတ်ငွေ့တွေကို လုံလုံ လောက်လောက် ပေးမယ် ပြုမယ်ဆိုရင် ဘယ်သူက ထင်းခုတ်ချင်ပါ့မလဲနော်။ အဲဒီလို ထောက်ပံ့မှုတွေ အပေါ်မှာ တည်တာပေါ့။ အဲဒီလိုသာ ကူမယ် ဆိုရင်တော့ အလွန်ဆုံး ၅ နှစ်၊ ၁ဝ နှစ်။ အလွန့်အလွန် ၁၅ နှစ်ဆိုရင် စိမ်းလာမှာပါ”ဟု သူက ပြောသည်။

ကချင်ပြည်နယ်တွင် သဘာဝသစ်တောကြီးများမှ သစ်မာပင်များကို မြန်မာအစိုးရနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း ထုတ်ရောင်း နေမှုကြောင့် ၆ဝ ရာခိုင်နှုန်းကျော် လျော့နည်းသွားပြီဖြစ်ပြီး သစ်တော ပြုန်းတီးမှု၏ အဓိကတရားခံမှာ မြန်မာ စစ်အစိုးရသာ ဖြစ်ကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက် (KDNG) ဥက္ကဋ္ဌ ကိုအောင်ဝါ က ပြောသည်။

“ကချင်ပြည်နယ်က သစ်တောတွေကတော့ အဓိက စစ်အစိုးရ ကိုယ်တိုင်က တရုတ်နဲ့ပူးပေါင်းပြီး သစ်တွေထုတ် ရောင်းနေတာ ဖြစ်တယ်။ နောက်တချက်ကတော့ ဒေသခံတွေက သစ်တောငယ်တွေကို ခုတ်ထွင် ရှင်းလင်းပြီး စပါး စိုက်တာတွေပါတယ်” ဟု ကိုအောင်ဝါက မဇ္ဈိမကိုပြောသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အရာရှိကြီးများက တရုတ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ ဒေသခံ ကချင် လက်နက်ကိုင် တပ်ဖွဲ့များကို အခွန်အခများ ပေးပြီး တရုတ်မြန်မာ နယ်စပ်မြို့များဖြစ်သည့် ထိန်ချုန်း၊ ယင်းကျန်း၊ ရွှေလီ စသည့်မြို့များမှ တဆင့် သယ်ဆောင်ကာ ဥရောပနိုင်ငံများထိ တင်ပို့နေသည်ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံ၌ သစ်တောပြုန်းတီးမှုကို ကာကွယ်သည့် အနေဖြင့် ယခု ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် ပုဂ္ဂလိက ပိုင်းမှ သစ် ထုတ်လုပ်မှုများ၊ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုများကို လျော့ချသွားမည် ဖြစ်ကြောင်း သစ်တော ဦးစီးဌာန၏ ယခုနှစ် ထုတ်ပြန်ချက်အရ သိရသည်။

Ref: မဇ္ဈိမ

Read More...

ရခိုင်နိုင်ငံရေးပါတီဝင်များ နှောင့်ယှက်ခံနေရ

ခင်ဦးသာ
Monday, August 23, 2010

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အား ဒေသဆိုင်ရာ ရဲတပ်ဖွဲ့များက စစ်ဆေး မေးမြန်းခြင်းများ ဆက်လက် လုပ်ဆောင်မည် ဆိုပါက ရွေးကောက်ပွဲ ကော်မရှင် (ဗဟို) သို့ အကြောင်းကြားစာပို့ တိုင်ကြား သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။

“တကယ်လို့ ပါတီကိုလာစစ်ဆေးတာတွေ၊ ပါတီဝင်တွေနဲ့ မိသားစုတွေကို စစ်ဆေးတာ၊ စောင့်ကြည့်တာတွေ ဆက်လုပ်နေ ဦးမယ် ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ကို စာတင်ပြီး ကြေညာချက်တွေပါ ထုတ်သွားဖို့ ရှိပါတယ်” ဟု သူက ရှင်းပြသည်။

ဒေသဆိုင်ရာ အာဏာပိုင်များသည် RNDP ပါတီဝင်များအားစောင့်ကြည့်မှု၊ ပါတီဝင်မိသားစုများအား ခေါ်ယူ စစ်ဆေး မေးမြန်း မှု၊ ခြိမ်းခြောက် ပြောဆိုမှု များကို သြဂုတ်လဆန်းပိုင်းမှ စ၍ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းကြောင့် မိသားစုများမှာ စိတ်အနှောင့်အယှက် ဖြစ်ကြရသည့် အပြင်၊ ပါတီဝင်လိုသည့် ဒေသခံများကိုလည်း အတားအဆီး ဖြစ်စေကြောင်း ပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

“မင်းပြားမှာနေတဲ့ ကျနော့်အစ်မကိုလည်း မြို့နယ်ရဲတပ်ဖွဲ့က ခေါ်ပြီးစစ်ဆေးတာ၊ မေးမြန်းတာ လုပ်တယ်၊ စစ်တွေမှာရှိတဲ့ ကျနော့်အစ်ကို ကိုလည်းခေါ်ယူစစ်ဆေးမေးမြန်းတယ်။ သူတို့တွေက နိုင်ငံရေးလုပ်နေတဲ့ လူတွေလည်းမဟုတ်ဘူး” ဟု သူက ဆိုသည်။

ဦးခိုင်ပြည်စိုး၏ မိသားစုများအပြင်တခြားသော ပါတီဝင်များ၏ မိသားစုများကိုပါ ခေါ်ယူစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

RNDP သည် ရခိုင်ပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့) ၏ အဓိက ပြိုင်ဘက် ပါတီတခု ဖြစ်နေခြင်းကြောင့် အာဏာပိုင်များက ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဒေါက်တာအေးမောင်က သုံးသပ်သည်။

RNDP သည် ဇူလိုင်လ ၂၇ ရက်နေ့တွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသော အရှင် ဦးပညာစာရနှင့် ပတ်သက်၍ ပါတီ၏ သဘောထား များကို ကြေညာချက် ထုတ်ခြင်း၊ ပါတီဝင်များ၊ ပါတီဝင် မိသားစုများအား ခေါ်ယူစစ်ဆေးမှုများနှင့် ပတ်သက်၍ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်စာပို့ခြင်းတို့ လုပ်ဆောင်ပြီးနောက်တွင် အာဏာပိုင်များ၏ စောင့်ကြည့်ခြင်းကို နေ့စဉ်ကြုံတွေ့ နေရကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေဒေသ၌ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံမည့် ပါတီများမှာ RNDP အပါအ၀င်ကြံ့ဖွံ့၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) နှင့် ကမန်ပါတီ၊ မြို၊ ခမီ စသည့် ပါတီငယ်များ စုစုပေါင်း ၁၀ ခု ၀န်းကျင် ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းကို ကြံ့ဖွံ့ပါတီက အစောဆုံး လုပ်ဆောင်နေပြီး ယခုအခါ တစည ပါတီ သည်လည်း မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စသည့် မြို့နယ်တချို့တွင် အတိုးနှုန်း သက်သာစွာဖြင့် ငွေချေးပေးခြင်း၊ အ၀တ်အထည်များ ပေးကမ်းခြင်း၊ သက်ကြီး ရွယ်အိုများအား ထောက်ပံ့ငွေ ကျပ် တထောင်စီပေးခြင်း စသည်ဖြင့် လုပ်ဆောင်၍ စည်းရုံးနေကြောင်း မင်းပြားဒေသခံ တဦးကပြောသည်။

သို့ရာတွင် တပြိုင်နက်တည်း၌ ကျောက်ဖြူ၊ မာန်အောင် စသည့် မြို့နယ်များတွင် “ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အလိုမရှိ၊ တစည ပါတီ အလိုမရှိ” အစရှိသဖြင့် ကန့်ကွက် လှုပ်ရှားမှုများကို သြဂုတ်လ ဒုတိယပတ်တွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

KSPP ကချင်ပါတီ မှတ်ပုံတင်ခွင့်ကျဖို့ မရေမရာဖြစ်နေဆဲ

ဦးကျော်ထင်
တနင်္လာ, 23 သြဂုတ် 2010

နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် ၀င်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း နာမည်စာရင်း တင်သွင်းဖို့ တပတ်ပဲ လိုတော့တဲ့ အချိန်အထိ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ကတော့ မှတ်ပုံတင်ခွင့်တောင် မရသေးပါဘူး။ ဒီပါတီဟာ ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ တရားဝင် ပါတီမှတ်ပုံတင်ခွင့် အစောဆုံး လျှောက်ထားခဲ့တဲ့ ပါတီတခု ဖြစ်ရုံမက ဒီကိစ္စ အတွက်လည်း ပါတီခေါင်းဆောင်တွေဟာ နေပြည်တော်ကို တကြိမ်မက သွားရောက် ပြောဆိုမှုတွေ လုပ်ခဲ့တာပါ။ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်း တွေပါတဲ့ ကချင်ပါတီ တခုက မှတ်ပုံတင်ခွင့် မရချိန်မှာ မှတ်ပုံတင် ခွင့်ပြုချက် ရထားကြတဲ့ တိုင်းရင်းသားပါတီ တချို့ဟာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင် နေကြရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

လာမယ့် တနင်္လာနေ့မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ နောက်ဆုံးရက် ဖြစ်လာပေမဲ့ အစောဆုံး ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တဲ့ တိုင်းရင်းသား ပါတီဖြစ်တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ကို မှတ်ပုံတင်ခွင့် မပြုသေးပါဘူး။ ဆက်လက် စောင့်ဆိုင်းဖို့ပဲ အာဏာပိုင်တွေက အကြောင်းကြား လာတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာ တူးဂျာက အခုလို ပြောပါတယ်။

“အခုက စောင့်ဆိုင်းနေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ သက်ဆိုင်ရာကလည်း စောင့်ဆိုင်းဖို့ပဲ မှာကြားထား လိုက်တယ်။ ဆက်လက် စောင့်ဆိုင်းဖို့ပဲ ပြောပါတယ်။ အဲဒါကြောင့် ကျနော်တို့က စောင့်ဆိုင်းနေရတဲ့ အခြေအနေ မျိုးပေါ့။ ဒါ အချိန် တိုတောင်းတာလည်း သိတယ်။ ဒါ သက်ဆိုင်ရာကလည်း သိပါတယ်။ အကြောင်းကြောင်းကြောင့်လေ ကျနော်တို့က စောင့်ဆိုင်းနေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။”

စစ်အစိုးရက ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ခဲ့ပြီး ကချင်ပြည်နယ် တိုးတက်ရေး ပါတီဟာ ဧပြီလ ၅ ရက်နေ့မှာ ပါတီထူထောင်ခွင့် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ KSPP ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ဧပြီနဲ့ ဇူလိုင်လတွေမှာ မှတ်ပုံတင်ခွင့် ရဖို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံခဲ့ပေမဲ့ အဖြေမရခဲ့ပါဘူး။ ပြီးခဲ့တဲ့ လကုန်ပိုင်းမှာတော့ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နှုတ်အားဖြင့် မဲဆွယ်စည်းရုံးခွင့် ပြုခဲ့ပါတယ်။

ဒီကြားထဲမှာ မှတ်ပုံတင်ခွင့် ကျလာရင်လည်း မြို့နယ်တချို့မှာပဲ ယှဉ်ပြိုင်နိုင်တော့မယ်လို့ ဒေါက်တာတူးဂျာက ဆက်ပြောပါတယ်။

“ဒါကတော့ အတိအကျ ပြောလို့မရဘူး။ လက်တွေ့ လုပ်ကြည့်မှ သိမယ့်အနေထား ဖြစ်ပါတယ်။ အခု ကျနော်တို့ ပါတီက အခုတောင်မှ ပါတီ တရားဝင် မတည်ဆောက် နိုင်သေးဘူး ဆိုတော့ ဒါ ကျနော်တို့ စည်းရုံး လှုပ်ရှားခွင့် အချိန်ကလည်း အင်မတန် တိုတောင်း သွားပြီ။ ဒါကြောင့် ရွေးကောက်ပွဲကာလလည်း သတ်မှတ်ထားပြီးပြီဆိုတော့ ပြည်သူလူထုရဲ့ ထောက်ခံ အားပေးမှုက ဘယ်လောက် အတိုင်းအတာပဲ ရှိတော့လဲဆိုတာ ကျနော်တို့ အတိအကျ ပြောလို့မရဘူး။ ထောက်ခံ အားပေးမှုတော့ ရှိကောင်း ရှိမယ်ပေါ့လေ။ ဒါပေမဲ့ ကိုယ်စားလှယ် လောင်းတွေကို ရွေးချယ်သတ်မှတ်ဖို့ အခက်အခဲ တစုံတရာ ရှိလာနိုင်တယ်။ အချိန်အတွက်ကြောင့်လေ၊ အဲဒါကြောင့်မို့ မြို့နယ် တချို့လောက်ကိုပဲ ၀င်ရောက်ပြီး ယှဉ်နိုင်မယ့် အနေအထားမျိုး ဖြစ်နေတယ်။”

ကော်မရှင်ဟာ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ၄၂ ပါတီထဲက KSPP ပါတီ တခုတည်းကိုပဲ မှတ်ပုံတင်ခွင့် မပြုတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မှတ်ပုံတင် ကျပြီးသား တိုင်းရင်းသားပါတီ တချို့လည်း ဘဏ္ဍာရေး အခက်အခဲနဲ့ အာဏာပိုင်တွေရဲ့ ဟန့်တားမှု ကြုံနေရပါတယ်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီဝင်တွေနဲ့ ဆွေမျိုးတွေကို အာဏာပိုင်တွေက စစ်ဆေး မေးမြန်းမှုတွေ ရှိနေတယ်လို့ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“အဲဒါမျိုးဟာ လက်ရှိအစိုးရနဲ့ ပတ်သက်နေတယ်လေ။ လက်ရှိအစိုးရကလည်း ကြံ့ခိုင်ရေး ပါတီမှာ ပါတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင် ဖွဲ့စည်းထားတာ။ ဆိုတော့ ကျနော်တို့ ပြည်သူတွေ အမြင်မှာလေ ပါတီ တခုမှာပါတဲ့ အစိုးရအဖွဲ့ရဲ့ လက်အောက်မှာတဲ့ လုံခြုံရေး အဖွဲ့အစည်း တွေက ပါတီတခုရဲ့ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ သူ့ရဲ့ ဆွေမျိုးတွေ ပေါ့ဗျာ၊ အဲဒါတွေကို စုံစမ်း စစ်ဆေးတယ် ဆိုတော့ တခုခု Press ပေးသလိုပေါ့။ အာဏာရပါတီက သူ့လက်အောက်ခံ အဖွဲ့အစည်းကို အသုံးချနေတဲ့ သဘောလို့ ပြည်သူကြားမှာ၊ ပါတီဝင်တွေ ကြားမှာ ဖြစ်နေတာပေါ့။ ဆိုတော့ အဲဒီဟာလေးကို ကွင်းဆက်ဖြတ်ပေးဖို့ လိုပါလိမ့်မယ်။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာ ဒေသခံ ပြည်သူလူထု ၇၀% နီးပါး ထောက်ခံမှု ရနိုင်တယ် လို့လည်း ဒေါက်တာအေးမောင်က ခန့်မှန်း ပြောဆိုပါတယ်။

ချင်းအမျိုးသား တိုးတက်ရေး ပါတီကတော့ ဘဏ္ဍာရေး အခက်အခဲ ရှိပေမဲ့ ချင်းပြည်နယ်မှာ အနိုင်ရမယ်လို့ ယုံကြည်နေကြောင်း ဥက္ကဋ္ဌ နိုကန်းခန်က ပြောပါတယ်။

“ပြည်သူရဲ့ ယုံကြည်မှုတော့ ရရှိထားပါတယ်။ ငွေရေးကြေးရေး အခက်အခဲတော့ တော်တော်လေးရှိတယ်။ အချိန်က အရမ်း ကပ်နေတဲ့ အခါကျတော့ ဥပမာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို မ၀င်ခဲ့ရဘူး။ ၀င်ဖြစ်ရင်တော့ ဘယ်လိုဖြစ်လာမယ် မသိနိုင်ဘူး။ ကျနော်တို့ ချင်းလူမျိုးထဲ ကနေ ချင်းတိုးတက်ရာ တိုးတက်ကြောင်း ရည်မှန်းပြီး ဖွဲ့စည်းထားတဲ့ ပါတီ ဆိုတော့ ပြည်သူရဲ့ ထောက်ခံမှုက တော်တော် များတယ်လို့ မြင်တယ်။ ဒီတော့ ငွေအင်အားနဲ့ သုံးရင်လည်း ချင်းပြည်သူရဲ့ ထောက်ခံမှုကို ရမယ်လို့ မယုံကြည်ဘူး။”

ဒါကတော့ တိုင်းရင်းသားပါတီတချို့ရဲ့ လက်ရှိ အခြေအနေတွေကို ပါတီခေါင်းဆောင်တွေ ရှင်းပြသွားတာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

အပေါ်သို့