..............................

Wednesday, October 17, 2007

လူပေါင်း (၄) ထောင်ကျော် ဖမ်းဆီးခံနေရဆဲဟု အေအေပီပီ-ဘီပြောကြား

October 17, 2007

ချမ်းလွန်/ ၁၇ အောက်တိုဘာ ၂၀၀၇-နအဖစစ်အစိုးရထုတ်ပြန်သည့် အဖမ်းအဆီးစာရင်းသည် အခြေအမြစ်မရှိဘဲ ဆန္ဒပြ လှုပ်ရှားမှု၌ ပါဝင်သူပေါင်း (၄) ထောင်ကျော် ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ
စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီက ပြောသည်။

ဆန္ဒပြမှုမှဖမ်းဆီးထားသည့် မြန်မာတနိုင်ငံလုံးရှိ လူပေါင်း (၂,၄၅၉) ဦးကို ပြန်လွှတ်ပေးခဲ့ပြီး(၄၆၈) ဦးကို စစ်ဆေးမေး မြန်းလျက် ရှိသည်ဟု မြန်မာ့အလင်းသတင်းစာ၌ ယနေ့ သတင်းထုတ်ပြန်သည့်အပေါ် အေအေပီပီ-ဘီ က တုံ့ပြန်ပြောဆို
ခြင်းဖြစ်သည်။

ရန်ကုန်တမြို့တည်း၌ပင် ဖမ်းဆီးချုပ်နှောင်ခံနေရသူ လူပေါင်း (၂) ထောင်ခန့်ရှိသည်ဟုအေအေပီပီ-ဘီ၏ အတွင်းရေး
မှူး ဦးတိတ်နိုင်က ပြောသည်။

၎င်းက “ဒါက ဘယ်နည်းနဲ့မှ အခြေအမြစ်မရှိဘူး။ ဘယ်သူတွေကို လွှတ်တာလဲဆိုတာ လုံးဝမပါဘူး။ အခုလည်း ဆက်ဖမ်းတုန်း၊ မြေလှန်ရှာပြီးဖမ်းနေတယ်။ အဲဒါတွေကို သူတို့စိစစ်ပြီး လွှတ်ပေးနေပါတယ်၊ အများကြီး လွှတ်ပေးနေပါတယ် ဆိုတာက ဘယ်လိုမှ ယုံနိုင်စရာ အကြောင်း မရှိဘူး” ဟု ပြောသည်။

ဆန္ဒပြမှုစတင်ချိန်မှ ယခုလ (၁၆) ရက်အထိ ရန်ကုန်မြို့၌ ခေါ်ယူစစ်ဆေးခံရသူ (၂,၂၈၄) ဦးအနက် (၂,၀၉၄) ဦးကို ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်နှင့် တိုင်းအသီးသီး၌ ခေါ်ယူစစ်ဆေးခံရသူ (၆၄၃) အနက် (၃၆၅) ဦး ကို ပြန်လွှတ်ပေးခဲ့သည်ဟု နအဖ သတင်းစာ၌ ပါရှိသည်။

ဆန္ဒပြသူများထဲ၌ ဦးဆောင်ခဲ့သူ၊ ပါဝင်ခဲ့သူ၊ လိုက်ပါအားပေးသူများအား ခေါ်ယူစစ်ဆေးလျက်ရှိရာ မသိ နားမလည်သူများ၊ လူစု လူဝေးနှင့်အတူ ပါဝင်သူများကို ကတိခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးနေပြီး ကျန်ရှိနေသူများကို ဆက်လက် စစ်ဆေး၍ လွှတ်သင့် သူများကို ပြန်လွှတ်မည်ဟုလည်း ဖော်ပြသည်။

“ထဲထဲဝင်ဝင်ပါဝင်တဲ့လူ၊ ခေါင်းဆောင်တဲ့လူတွေပဲ ဖမ်းဆီးထားတယ်ဆိုတဲ့ လေသံမျိုးကိုသူတို့ ပြောချင်တယ်။ ပြီးတော့ အကုန်လုံးကို ပြန်လွှတ်ပေးလိုက်သလိုလို တကယ်ပဲ စေတနာထားသယောင်နဲ့ သူတို့ပြောတာပေါ့၊ ဒါကလည်း ဗမာပြည်တွင်းမှာ ရှိတဲ့ လူတွေ ထပ်ပြီးတော့အုံကြွလာမှာနဲ့ လှုပ်ရှားမှု အရှိန်ပိုမြင့်လာမှာကို စိုးရိမ်တာရယ်၊ နိုင်ငံတကာရဲ့ဖိအားတွေကို လျော့သွားအောင် လုပ်ချင်တာရယ် အဲဒါကြောင့်မို့ ဒီကိန်းဂဏန်းတွေကို ထုတ်ပြောနေတာလို့ ကျနော်တို့ ယူဆပါတယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

နအဖစစ်အစိုးရအနေဖြင့် မှန်မှန်ကန်ကန်လုပ်ချင်ပါက ဖမ်းဆီးခဲ့သူများ၊ ပြန်လွှတ် ပေးလိုက်သူများနှင့် ယခုလက်ရှိ ဆက်လက် ဖမ်းဆီးထားသူများ၏ အမည်စာရင်းများကို တိတိကျကျ ထုတ်ပြန်ရမည်ဟု ၎င်းက ဆက်လက်ပြောသည်။

ဖမ်းဆီးခံနေရသူ (၇၀၈) ဦး၏ စာရင်းကိုအတိအကျရရှိထားကြောင်း၊ ပျောက်ဆုံးနေသူ (၆၀) ဦးနှင့် သေဆုံးသူ (၁၂) ဦး ရှိကြောင်း အေအေပီပီ-ဘီ ကပြောသည်။

Ref: မင်းရာဇာ

Read More...

အပေါ်သို့