..............................

Friday, June 12, 2009

လက်နက်ကြီးကျည်အချို့ ထိုင်းနိုင်ငံတွင်းကျ ထိုင်းမှ မြန်မာ ဘက်သို့ ကန့်ကွက်စာ ပေးပို့

NEJ / ၁၁ ဇွန် ၂၀၀၉

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဘားအံခရိုင် အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့များ ပစ်ခတ်သည့် လက်နက်ကြီး ကျည်အချို့ ထိုင်းနိုင်ငံဘက် ကျရောက်ခဲ့သဖြင့် ထိုင်းဘက်မှ မြန်မာဘက်သို့ ကန့်ကွက်စာ ပေးပို့ထားသည်။

ယမန်နေ့က တပ်မဟာ (၇) နယ်စပ်ဒေသနှင့် မျက်နှာချင်းဆိုင် သောင်ရင်းမြစ် တဖက်ကမ်းရှိ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်း မြို့နယ်အတွင်းသို့ လက်နက်ကြီး ကျည် (၂) လုံး ကျရောက်ခဲ့သည့် အတွက် ထိုင်းဘက်မှ မြန်မာဘက်သို့ ကန့်ကွက်ခြင်းဖြစ်သည်။

ထိုင်းမြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC) ဥက္ကဋ္ဌနှင့် အမှတ် (၄) ဒေသဆိုင်ရာ ကွပ်ကဲရေး တပ်မှူး ဗိုလ်မှူးကြီး ပဒုံယင့် ဖိုင်းဘွန်းစို့က “ထိုင်းဘက်ကို လက်နက်ကြီးတွေ ကျတဲ့အတွက် မြန်မာနယ်ခြား ကော်မတီကို ကန့်ကွက်စာ ပေးပို့ထားတယ်။ နောက်ကို ဒီလိုပဲ လက်နက်ကြီးတွေ ထပ်ကျလာမယ် ဆိုရင် ပထမအကြိမ် သတိပေးတဲ့ အနေနဲ့ မီးခိုးဗုံးတွေနဲ့ အချက်ပေး ပစ်ခတ်မှာဖြစ်တယ်။ အဲလို အချက်ပေးတဲ့ ကြားက လက်နက်ကြီးတွေ ထပ်ကျလာမယ် ဆိုရင် ထိုင်းဘက်က ပြန်ပြီး ပစ်ခတ်ရမှာ ဖြစ်တယ်” ဟု ယမန်နေ့က ဒေသခံ သတင်းထောက်များကို ပြောကြားသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) ၏ မှတ်တမ်းများအရ တိုက်ပွဲကာလ အတွင်း ယခုလ (၈) ရက်တွင် လက်နက်ကြီးကျည် (၃) လုံးနှင့် (၉) ရက်တွင် လက်နက်ကြီးကျည် (၄) လုံး ထိုင်းဘက်ခြမ်း ထာ့ဆောင်ရန်း မြို့နယ် အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်။

ယခုလဆန်း (၂) ရက်နေ့မှ စတင်သည့် နအဖနှင့် ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့များက တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်ခဲ့သည်မှာ (၁၀) ရက်ရှိပြီဖြစ်သည်။ နေ့စဉ် တဖက်နှင့်တဖက် အပြန်အလှန် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲများ မရှိသော်လည်း ပူးပေါင်း အဖွဲ့များက အဝေးမှ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်သောကြောင့် လက်နက်ကြီးကျည် အချို့ ထိုင်းဘက်သို့ ကျရောက် ပေါက်ကွဲခြင်းဖြစ်သည်။

၎င်းတိုက်ပွဲများ၏ဂယက်ကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်နှင့် ပိုင်ကျုံမြို့နယ် တို့မှ ဒေသခံ ရွာသား (၄,၀၀၀) ခန့်မှာ စစ်ပြေး ဒုက္ခသည်များ အဖြစ် ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်တွင် ခိုလှုံနေကြသည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်စုအမှု သက်သေ နှစ်ဦးအတွက် ရုံးချိန်း ရက်အကန့် အသတ် မရှိ ရွှေ့ဆိုင်း

ကြာသပတေးနေ့၊ ဇွန်လ 11 2009

နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် ငြင်းပယ်ခံထား ရသည့် သက်သေ ၂ ဦးအတွက် ဆက်လက်လျှောက်လဲချက် ပေးရန် ဗဟိုတရားရုံးက ယခုလ ၁၇ ရက်နေ့သို့ ရုံးချိန်းရက်ပေးအပြီး နာရီပိုင်းအတွင်း ရက်အကန့်အသတ် မရှိ ရက်ရွှေ့လိုက်ပြန်သည်။

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် သက်သေ ၂ ဦးအတွက် ဗဟို တရားရုံးချုပ်တွင် ပြင်ဆင်ခွင့် လျှောက်ထားရာ ဗဟိုတရားရုံးက လျှောက်လဲချက် ပေးရန် ယနေ့ နေ့လယ်ပိုင်းက ယခုလ ၁၇ ရက်နေ့သို့ ချိန်းဆို ခဲ့သော်လည်း ညနေပိုင်းတွင် အကန့်အသတ် မရှိ ရက်ရွှေ့ကြောင်း အကြောင်းကြားခြင်း ဖြစ်သည်။

"ညနေ ၄ နာရီမှာ ဗဟိုတရားရုံးက ပြန်ပြင်တယ်။ ကျနော့်ရဲ့ ရှေ့နေရုံးခန်းကို လာပြီးတော့ ဗဟို တရားရုံးချုပ် ရှေ့နေ လက်ထောက် ညွှန်ကြားရေးမှူး တဦးက ၁၇ ရက်နေ့ ရက်ချိန်းကို ပယ်ဖျက်တယ်၊ နောက်ထပ် ရက်ချိန်းကို နောက်ထပ် အကြောင်းကြားပါမယ်လို့ ကျနော့်ဆီကို ပြောတယ်။

ကျနော်တော့ မရှိဘူး၊ သူလာပြောတဲ့ အချိန်မှာ။ ကျနော်လည်း ဒီညမှပဲ သိရတယ်။ နောက်ဆက်တွဲက အဲဒါပါပဲ'' ဟု ဒေါ်စုအမှုတွင် အကျိုးဆောင်ပေးသည့် ရှေ့နေ ၄ ဦးအနက် တဦးဖြစ်သူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ခရိုင်တရားရုံးတွင် တရားခံပြ သက်သေ ၄ ဦး အမည်စာရင်း တင်သွင်းခဲ့ရာ တဦးတည်းသာ လက်ခံသဖြင့် တိုင်းရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားရာ နောက်ထပ်တဦး ခွင့်ပြုခဲ့သော်လည်း ကျန်ရှိသည့် ၂ ဦးအတွက် ဗဟို တရားရုံးချုပ်သို့ ယနေ့နံနက်ပိုင်းက လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အင်းစိန်ထောင်တွင်းမှ မြောက်ပိုင်းခရိုင် တရားရုံးက ဒေါ်စု၏ ရှေ့နေများက သက်သေ ၄ ဦးပါ အမည်စာရင်းကို စတင်၍ တင်သွင်းခဲ့သည်။

ယခုအချိန်အထိ ဦးကြည်ဝင်းနှင့် ဒေါ်ခင်မို့မို့တို့ကို သက်သေအဖြစ် လက်ခံထားပြီး၊ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့ကို တိုင်းတရားရုံး အဆင့်က ဆက်လက်၍ ငြင်းပယ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ကို နအဖတိုင်းမှူး တွေ့ဆုံ

ဝီရ / ၁၁ ဇွန် ၂၀၀၉

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီမှ ထိပ်ပိုင်း ခေါင်းဆောင် အချို့တို့သည် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ယခုလ (၇) ရက်နေ့၌ မော်လမြိုင်မြို့တွင် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး အတွက် ပထမ ခြေလှမ်းအဖြစ် အသွင်ကူးပြောင်းရေး မူဝါဒ ကော်မတီ၊ အသွင်ကူးပြောင်းရေး လုပ်ငန်း ကော်မတီနှင့် အသွင်ကူးပြောင်းရေး တိုင်းအဆင့် လုပ်ငန်း ကော်မတီ ဖွဲ့စည်းရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ် ပါတီကို ကမ်းလှမ်းခဲ့ကြောင်း မော်လမြိုင် ခရိုင်မှ မွန်ပြည်သစ်ပါတီ ထိပ်တန်း အရာရှိတဦးက ပြောသည်။

မွန်ပြည်သစ်ပါတီဘက်မှမူ ယင်းသို့ စစ်အစိုးရ ကိုယ်စားလှယ်၏ ကမ်းလှမ်းချက်ကို ၂၀၀၉ ခု ဇူလိုင်လကုန် ပိုင်းတွင် အကြောင်းပြန်မည် ဟုသာ ပြောကြားခဲ့ကြောင်း အဆိုပါ အရာရှိက ပြောသည်။

၎င်းက “ကျနော်တို့ ပြန်ပြောထားတာက ဇူလိုင်လ မကုန်ခင် အကြောင်း ပြန်မယ်လို့။ ဒါပေမယ့် အခု ကမ်းလှမ်းတာက ကျနော်တို့ပါတီရဲ့ ရပ်တည်ချက်ထဲမှာ မပါဘူးခင်ဗျ။ ဒီအပစ်ရပ် ကတည်းက သဘောတူညီမှု ထဲမှာလည်း ဒီနယ်စောင့်တပ် ကိစ္စက မပါခဲ့ဘူးဆိုတော့ ကျနော်တို့ ဘက်ကလည်း ဒီကိစ္စကို အလေးအနက် စဉ်းစားပေးမယ်လို့ပဲ အခုတွေ့ဆုံတဲ့ ပွဲမှာ ပြောကြားခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

တပ်ဖွဲ့အသွင်းပြောင်းရေးအပေါ် ပါတီ၏ ဖြစ်ပေါ်လာနိုင်သည့် ရပ်တည်ချက် အသစ်နှင့် ပတ်သက်၍ ၎င်းက ပြောကြားရန် ငြင်းဆိုခဲ့သည်။

ဇွန် (၇) ရက် နံနက်ပိုင်းက ရတခ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် တွေ့ဆုံပွဲတွင် မွန်ပြည်သစ် ပါတီမှ ဥက္ကဋ္ဌ နိုင်ထောမွန်၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အကြီးအကဲ ဗိုလ်ချုပ် နိုင်ဇဲယ၊ ပါတီတွဲဖက် အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ ဗဟိုအလုပ်မှုဆောင်များ ဖြစ်သည့် နိုင်ထာဝရနှင့် နိုင်တလညီတို့ ပါဝင် တက်ရောက်ခဲ့ကြသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် မွန်ပြည်သစ်ပါတီနှင့် နအဖတို့၏ ယခု တွေ့ဆုံမှုသည် ဒုတိယ အကြိမ်ဖြစ်ပြီး မတ်လဆန်းပိုင်း၌ ပထမအကြိမ် တွေ့ဆုံခဲ့သည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘော မတူကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အစောပိုင်းက ကြေညာထားပြီး ဖြစ်သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ လက်ခံ မခံကိုမူ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

တော်လှန်ရေးသက်တမ်း အနှစ် (၅၀) ကျော်ရှိပြီး စစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့သည့် မွန်ပြည်သစ်ပါတီက ရွေးကောက်ပွဲ ဝင်ရေးနှင့် တပ်ဖွဲ့အသွင် ပြောင်းရေးအတွက် မွန်ပြည်သူတို့ ထံမှ ဆန္ဒခံယူသွားမည်ဟု သိရသည်။

နအဖကိုယ်စားလှယ် အရှေ့တောင်ပိုင်း တိုင်းမှူးက မြန်မာနိုင်ငံ တောင်ပိုင်းမှ အပစ်ရပ် အဖွဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များအား တွေ့ဆုံ နေသကဲ့သို့ နအဖ၏ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ပါဝင်သည့် တိုင်းမှူးအဖွဲ့တို့ ကလည်း တရုတ်-မြန်မာ နယ်စပ်တလျှောက်မှ အင်အားကြီး အပစ်ရပ် တိုင်းရင်းသား အဖွဲ့အစည်း များအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် တွေ့ဆုံခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

လူထုလှုပ်ရှားမှုများကို ထိန်းရန် ကြေးစားများကို အသုံးပြု

NEJ / ၁၁ ဇွန် ၂၀၀၉

နအဖစစ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့တို့က နိုင်ငံရေး လှုပ်ရှားမှုများကို ထိန်းရန်အတွက် မြို့သစ် ဆင်းရဲသား ရပ်ကွက်များမှ ကြေးစားများကို အသုံးချနေကြောင်း တောင်ဒဂုံမြို့နယ်မှ ကိုယ်တိုင် ပါဝင်ခဲ့သူ တဦးက ပြောသည်။

၎င်းက “ကိစ္စရှိတဲ့ ရက်တွေဆိုရင် သူတို့က (ကြံ့ဖွံ့အဖွဲ့မှ တာဝန်ပေးထားသူ) ကျနော်တို့အိမ် လမ်းထိပ် အထိ ဒိုင်နာကားနဲ့ လာကြိုတယ်။ ကျနော်တို့ တာဝန်က ဒိုင်နာကားပေါ်မှာ ခပ်တည်တည် ထိုင်ပြီး သူတို့ မောင်းတဲ့နေရာ တွေကို လိုက်ပြီးစီးဖို့ပဲ။ အဲဒီအတွက် တနေ့ကို ကျပ် (၂,ဝဝဝ) ပေးတယ်။ တကယ်လို့ လမ်းပေါ်မှာ ဆန္ဒပြသူ ဖြစ်ဖြစ်၊ သူတို့က ခိုင်းလို့ဖြစ်ဖြစ် လူ တယောက်ယောက်ကို ဝိုင်းဖမ်း ပေးရရင်၊ ဒါမှမဟုတ် ရုန်းရင်း ဆန်ခတ် ဖြစ်လို့ သူတို့ ညွှန်ကြားသလို ဝင်ပြီးဆွဲတာ ရိုက်ရတာမျိုး လုပ်ရရင် ကျပ် (၁ဝ,ဝဝဝ) ကနေ (၂ဝ,ဝဝဝ) အထိ ပေးမယ်လို့ ပြောတယ်။ ဒါကတော့ ကိုယ်ဆန္ဒရှိမှ လုပ်ပါလို့ ပြောတယ်” ဟု ရှင်းပြသည်။

“ကျနော်တို့အတွက် စည်းကမ်းကတော့ ကားပေါ် ပါလာတဲ့သူ အချင်းချင်းလည်း စကား မပြောရဘူး။ တယောက်ကို တယောက် ဘယ်မှာနေသလဲ၊ ဘာလုပ်သလဲ စသဖြင့် မစပ်စု ရဘူး။ ဘာပြဿနာ ဖြစ်ဖြစ် သူတို့ တာဝန်ယူတယ်။ ရဲတွေလည်း မဖမ်းစေရဘူး။ အချိန်တန်ရင် လမ်းထိပ်အရောက် ပြန်ပို့ပေးမယ်။ ငွေ (၂,ဝဝဝ) ရမယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

ထိုသူ၏ ရှင်းပြချက်အရ ၎င်းတို့ကို ဒိုင်နာကားများနှင့် ရပ်ကွက်အလိုက် လှည့်ခေါ်ပြီး တရပ်ကွက်လျှင် နှစ်ယောက်ထက် ပိုမခေါ်ကြောင်း၊ လူများကို အမြဲတမ်း ပြောင်းလဲ ခေါ်ယူသည့် အတွက် ကားပေါ်ပါလာသူ အချင်းချင်း မသိကြဟုလည်း ၎င်းက ပြောသည်။

အချို့နေ့များတွင် ညဘက် လာခေါ်ယူပြီး လမ်းပိတ် လေ့ကျင့်ခန်း လုပ်ရတာမျိုးလည်း ရှိကြောင်း၊ ပြီးခဲ့သည့် စနေနေ့ညက ဦးဝိစာရ အဝိုင်းနှင့် မြေနီကုန်း လမ်းဆုံအထိ လမ်းကို ပိတ်ပြီး ည (၁၂းဝဝ) နာရီကျော်တွင် လေ့ကျင့်ခန်း လုပ်ခဲ့ရကြောင်း တောင်ဒဂုံမြို့နယ်မှ အဆိုပါသူက ပြောသည်။

ကြေးစားများအား လှည့်လှည်ခေါ်ဆောင်ရသည့် ဒိုင်နာကား ဒရိုင်ဘာ တဦးက ၎င်းတို့ကား ဒရိုင်ဘာများ အနေဖြင့် ယာဉ်လိုင်း ကြီးကြပ်သူများက အလှည့်ကျ စီစဉ်ပေးမှု အရနှင့် ကားရှေ့ခန်း ထိုင်သည့် ကြီးကြပ်သူက မောင်းခိုင်းသည့် နေရာကိုသာ မောင်းရခြင်းဖြစ်ပြီး ဘာတခုမှ မေးမြန်း စုံစမ်းခြင်း မလုပ်ရကြောင်း ပြောသည်။

၎င်းက “ပထမဦးဆုံး သက်ဆိုင်ရာ ရဲစခန်းတခုမှာ သတင်းပို့ရတယ်။ နောက် ကားနံပါတ်ကို ဖုံးတာ၊ ဖြုတ်တာတွေ လုပ်ရတယ်။ နောက် တရပ်ကွက်ပြီး တရပ်ကွက် လူတွေ လိုက်တင်ရတယ်။ လူတွေတင်ပြီး ကြီးကြပ်သူက မောင်းခိုင်းတဲ့ နေရာတွေ မောင်း၊ ရပ်ဆို ရပ်ရတယ်၊ ဘာတခွန်းမှ မပြောရဘူး” ဟု ပြောသည်။

ကိစ္စပြီး၍ ပြန်ရသည့်အခါ နေ့တွက် ကျပ် (၃) သောင်း ပေးကြောင်း၊ ကိုယ့်ငွေနှင့်ကိုယ် စီအန်ဂျီ ဖြည့်ရကြောင်း၊ အကယ်၍ အလှည့်ကျ ခေါ်သည်ကို မလိုက်ပါက လိုင်းပိတ်သိမ်းခြင်း ခံရကြောင်း အဆိုပါ ဒိုင်နာကားသမားက ပြောသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်အစိုးရက ယခုကဲ့သို့နည်းဖြင့် ဖြေရှင်းခဲ့သည်မှာ စက်တင်ဘာ သံဃာ့ အရေးအခင်း မတိုင်ခင်ကာလမှ ယနေ့တိုင်ဖြစ်သည်။

ဒိုင်နာကားပေါ် ထိုင်နေကြသည့် သူများကို စွမ်းအားရှင်အဖွဲ့ဟု အများက ခေါ်နေကြသော်လည်း ထိုသူများသည် နယ်မြေခံ ကြံ့ဖွံ့များက ရွေးချယ် တာဝန်ပေးသည့် မြို့သစ် ရပ်ကွက်များမှ ဆင်းရဲသည့် ကြေးစားများ ဖြစ်ပြီး၊ ရပ်ကွက် တွင်း၌ ချဲလုပ်ငန်းအပါအဝင် တရားမဝင် လုပ်ငန်းများနှင့် အသက် မွေး ဝမ်းကျောင်းနေသူ များလည်း ပါဝင်ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

Read More...

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်မူဝါဒ ဒေါ်အောင်ဆန်းစုကြည် အမှုပေါ် တည်၍ စဉ်းစားသွားမည်

NEJ / ၁၁ ဇွန် ၂၀၀၉

အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒကို ပြန်လည် စဉ်းစားရန် သဘောထား ရှိကြောင်း အမေရိကန်အစိုးရ၏ အာရှဆိုင်ရာ ထိပ်တန်း သံတမန် တဦးက ပြောကြားသည်။

အရှေ့အာရှနှင့်ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး နေရာတွင် သမ္မတ အိုဘားမား၏ အဆိုတင်သွင်းခြင်း ခံရသူ Kurt Campbell က ယမန်နေ့၌ ပြုလုပ်သည့် အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ကြားနာပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စဉ်စားနေသော်လည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် မြန်မာ စစ်အစိုးရ၏ ပြင်းထန်သည့် ကိုင်တွယ်မှု များကြောင့် အမေရိကန်က မြန်မာ စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံရန် သဘောထား ပြောင်းလဲ လုပ်ဆောင်နေမှုကို အဟန့်အတား ဖြစ်စေသည်ဟုလည်း Kurt Campbell က ပြောကြား ခဲ့ကြောင်း ၀ါရှင်တန်မှလာသည့် အေပီ သတင်းတွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်လိုက်သည့် တရားခွင်မှ ထွက်ပေါ်သည့် အဖြေပေါ် မူတည်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒကို အမေရိကန် အစိုးရက အဓိကထား စဉ်းစား သွားလိမ့်မည် ဟုလည်း မစ္စတာ Campbell က ပြောကြားသည်။

မြန်မာစစ်အစိုးရက လူ့အခွင့်အရေးကို လေးစားလိုက်နာ လာရန်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး အတွက် ရည်ရွယ်၍ အမေရိကန် အစိုးရက မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ အပေါ် မူဝါဒ အပြောင်း အလဲ လုပ်ရန် အထူးအလေးထား စဉ်းစားနေသော်လည်း မြန်မာ အစိုးရနှင့် ပိုမိုထိတွေ့ ဆက်ဆံရေးသည် တားမြစ် ပိတ်ဆို့မှုများကို ဖယ်ရှားသည့် သဘော မဟုတ်ကြောင်း မစ္စတာ Campbell က အလေးထား ပြောကြားခဲ့သည် ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာရှသို့ ခရီးထွက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စက် ကလင်တန် က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေးနှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် စစ်အစိုးရအပေါ် အမေရိကန်၏ ပိတ်ဆို့ တားမြစ်မှုများ အပါအ၀င် အိမ်နီးချင်း နိုင်ငံများ၏ အပြုသဘောဆောင်သည့် ဆက်ဆံရေးများ သည် ထိရောက်မှု မရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင် အကောင်းဘက်သို့ ရှေးရှုသည့် အပြောင်းအလဲ ဖြစ်ပေါ်စေရေး အတွက်လည်း ဒေသတွင်း နိုင်ငံများနှင့် ပူးတွဲဆောင်ရွက် သွားရန် အမေရိကန် အစိုးရက အစီအစဉ်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, June 11, 2009

နအဖ စစ်အစိုးရရဲ့ ငပွကြီးနိုင်ငံခြားရေးဝါဒ

ရဲဘော်ဖိုးသံချောင်း
၁၀ ဇွန် ၂၀၀၉

ဒီတလော နအဖစစ်ဗိုလ်တွေ ပြည်ပကို ထွက်တယ်ဆိုတိုင်း ခွေးရူး လမ်းထွက်တဲ့ အခါ တွေ့တဲ့ လူတိုင်းက ခဲနဲ့ပစ်၊ တုတ်နဲ့ ရိုက်တာ ခံရသလို ဝိုင်းဝန်းပြစ်တင်၊ ဆုံးမ တောင်းဆို တာတွေနဲ့ချည်း ကြုံတွေ့ နေရပါတယ်။ ဒါတွေနဲ့အတူ သူတို့ရဲ့ တာဝန်ရှိသူတွေက ရှက်ရမ်းရမ်းတာ၊ မျက်စိ စုံမှိတ်ငြင်းတာ၊ သူခိုးက လူလူဟစ်တာ၊ အပြန်အလှန် လက်သိပ်ထိုးတာ စတာတွေကိုလည်း မကြာခဏ တွေ့နေရပါတယ်။

ဒီအထဲမှာ ရုပ်အပျက်ဆုံးတခုလို့ ဆိုရမှာကတော့ ပြီးခဲ့တဲ့ အာဆမ် (ASEM) ခေါ် အာရှ ဥရောပ တွေ့ဆုံဆွေးနွေးပွဲမှာ ဖြစ်ပျက်ခဲ့တာပါပဲ။ အဲဒီမှာ သူတို့ကို ချောင်ပိတ် ဝေဖန်တာ ခံနေရသလိုဖြစ်တော့ နအဖစစ်ဗိုလ် ဒုနိုင်ငံခြားရေးဝန်ကြီး မောင်မြင့်က ကုလား မနိုင်ရခိုင်မဲ ဆိုသလို တခြားနိုင်ငံကြီးတွေကို ပြန်မပြောရဲတာနဲ့ ထိုင်းကို ကက်ကက်လန် ရန်တွေ့ခဲ့တာ မှတ်မိကြပါလိမ့်မယ်။

ပြီးခဲ့တဲ့လကုန်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ နှာခေါင်းကျည်ပွေ့ တွေ့ခဲ့တဲ့ ဒီနအဖ ဒုနိုင်ငံခြားရေး ဝန်ကြီးဟာ ထိုင်းနိုင်ငံအတွင်း တလောက ဖြစ်ပေါ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ အကြား ပဋိပက္ခကို ထောက်ပြပြီး သူ့ရဲ့ ရှက်ဒေါသတွေ ပေါက်ကွဲပြခဲ့ပါတယ်။ ဒုဝန်ကြီးရဲ့ စကားက ထိုင်းနိုင်ငံသာပဲ သူတို့ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတာတွေ အတွက် ရင်ကြားစေ့ရေးတွေ လုပ်သင့်တယ် ဆိုတာပါပဲ။ ဦးမောင်မြင့်ဟာ သံတမန် ဂုဏ်သိက္ခာတွေ ရှေ့တန်း ထားနေရတဲ့ အစည်းအဝေးမှာ စကားနိုင်လုသလို ပြောနိုင်ခဲ့ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေမှာ ဒါမျိုး ကိစ္စတွေကို အချေအတင် ပြောနေကြတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဗမာပြည် ပြည်သူလူထု ကတော့ သူ့စကားရဲ့ အမှားများနဲ့ စောဒက တက်စရာတွေကို မပြောဘဲ နေလို့ မဖြစ်ပါဘူး။

နအဖ ဒုဝန်ကြီးက ထိုင်းကိုပြန်အပြစ်တင်ရာမှာ ဗမာပြည်တွင်းက အခြေအနေဟာ ထိုင်းက အက်ႌနီ-အက်ႌဝါ ပဋိပကၡလို မဆိုးဘူး။ သွေးထွက်သံယို မရှိဘူးလို့ မာမာတင်းတင်း ပြောခဲ့ပါတယ်။ သူပြောတဲ့ အဓိပ္ပာယ်က သူတို့ကြောင့်မို့ ဗမာပြည်အတွင်းမှာ ဘယ်လောက်တောင် “ငြိမ်-ဝပ်-ပိ-ပြား” နေတယ်လို့ ဆိုချင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစကား ဘယ်လောက်မှန်တယ် ဆိုတာကို ဒီပဲယင်း အရေးအခင်း၊ စက်တင်ဘာ သံဃာ့အရေးအခင်း စတာတွေကို တွေ့ကြုံဖူးနေတဲ့ ဗမာပြည်သားတွေက ကောင်းကောင်း သိကြပါတယ်။

တကယ်ကျတော့ အခုတလောကြားနေရတဲ့ ဗမာပြည်နဲ့ ပတ်သက်တဲ့ သတင်းတွေမှာ မငြိမ်သက်မှုတွေဟာ ထိပ်ဆုံးက ရောက်နေတာပါ။ နအဖရဲ့ စစ်ဖက်ရေးရာ လုံခြုံရေး တာဝန်ခံ ဗိုလ်ရဲမြင့် တယောက် ရဟတ်ယာဉ်ကို အိမ်လုပ်ပြီး ပြည်နယ်တကာမှာ လနဲ့ချီပြီးသွားလာ နေရတာဟာ “ငြိမ်-ဝပ်-ပိ-ပြား” နေလို့လား၊ ငြိမ်းတွေမငြိမ် တော့လို့ဘဲ မဟုတ်ပါလား။ ရန်ကုန်မှာ ကြံ့ဖွံ့တွေ ဓားသွေး၊ လောက်လေးခွ ပြင်နေကြတာ ကရော “ငြိမ်-ဝပ်-ပိ-ပြား” နေလို့ပါလား။ အင်းစိန်ထောင်ဗူးဝမှာ လူတွေစု၊ စာရွက်တွေ နေရာတကာမှာ ကြဲချနေလို့ပဲ ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ အခြေအနေဟာ “ငါ့စကော-ငါ့စကော” လို့ ဟစ်ရာကနေ စစ်ဖြစ်သွားတယ် ဆိုတဲ့ အနေအထားမျိုး အချိန်မရွေး ရောက်သွားနိုင်ပါတယ်။

တဖက်မှာလည်း အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖမ်း၊ ထောင်ချဖို့ လုပ်လာတော့ ပြည်သူတွေအဖို့ မိမိတို့ရဲ့ ကြမ္မာ ဘယ်လိုဖြစ်တော့မယ် ဆိုတာ ပိုသတိပြု မိလာပါတယ်။ နအဖရဲ့ လမ်းပြမြေပုံကြီးကို တိုးလုပ်လေ၊ ဖမ်းဆီးထောင်ချမှုနဲ့ သွေးထွက်သံယိုမှုတွေ ပိုများလေ ဖြစ်တော့မယ် ဆိုတာကို ထင်ထင်ရှားရှား တွေ့လာနေကြ ရပါတယ်။ မေတ္တာပို့နေတဲ့ သံဃာတော်တွေကို သတ်ဖြတ်တဲ့၊ ဒီပဲယင်းလမ်းမှာ လူအုပ်နဲ့အနိုင်ကျင့် သတ်ဖြတ်တဲ့ “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ကြီး ရောက်လာတော့မယ် ဆိုတော့ လူတိုင်း ဘာလုပ်ကြမလဲလို့ စဉ်းစားကြတော့တာပါပဲ။

ပြည်သူတွေအနေနဲ့ အကြမ်းမဖက်ရေး လမ်းကပိတ်နေရင် ဖောက်ထွက် ကြတော့မှာ ဖြစ်ပါတယ်။ လမ်းပေါင်းစုံရှာ ကြတော့မှာပါ။ ဒါကလည်း နေရာမှာတင် တန့်နေလို့ ကတော့ ကြံ့ဖွံ့တွေ ရိုက်တာနဲ့ပဲ သေကြေကုန်ရမယ် ဆိုတာ ရှင်းနေလို့ ဖြစ်ပါတယ်။

ဒီလိုပြည်တွင်းအခြေအနေဟာ နအဖရဲ့ နိုင်ငံခြားရေးဝါဒ အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိနေပါတယ်။ တဖက်က ပြန်ပြောရရင် နိုင်ငံတကာ အသိုင်းအဝိုင်းက အခုလို နအဖအစိုးရကို သွားလေရာ ငြိနေတဲ့ဆူးလှည်းကြီးအဖြစ် ကြည့်မြင်နေကြ တာဟာလည်း ဒီပြည်တွင်း အခြေအနေတွေကြောင့် ဖြစ်ပါတယ်။

ဘယ်တိုင်းပြည်မဆို ကိုယ့်နိုင်ငံရဲ့ ဓနအင်အား၊ နိုင်ငံရေးအင်အား၊ စစ်ရေးအင်အား စတာတွေအပေါ် အခြေခံပြီး နိုင်ငံခြားရေးဝါဒကို ချမှတ်ကြတာချည့်ပါပဲ။ နိုင်ငံရေးအင်အားဆိုတာမှာ ပြည်တွင်းသွေးစည်းညီညွတ်မှု၊ ကိုယ့်ပြည်သူလူထုရဲ့ ထောက်ခံမှု၊ နိုင်ငံတည်ငြိမ်မှု စတာတွေပါဝင်ပါတယ်။ နအဖ စစ်အစိုးရလည်း ဒီတရားတွေကို မလွန်ဆန်နိုင်ပါဘူး။ သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ သူတို့ရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အင်အားတို့ အပေါ်မှာ အဓိကမူတည်ပြီး ချမှတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ နအဖအဖို့ တခြား အချက်တွေထက် ပြည်တွင်း မတည်ငြိမ်မှု၊ အမျိုးသား သွေးစည်းညီညွတ်ရေး ပျက်ပြားမှု၊ လူထုကြီးရဲ့ ဆန့်ကျင်မှုကို တလျှောက်လုံး ရင်ဆိုင်နေရမှု ဆိုတာကိုပဲ ထိပ်တိုက် ရင်ဆိုင်နေရတော့ သူတို့ရဲ့ နိုင်ငံခြားရေးဝါဒဟာ အခုလို ငပွကြီး နိုင်ငံခြားရေးဝါဒ ဖြစ်လာတော့တာပါပဲ။

ဒါနဲ့တဆက်တည်းမှာ သူတို့တတွေ အကျပ်အတည်း တွေ့ရလေ တခြားနိုင်ငံတွေကို ကော်ဆဲလေ ဖြစ်လာ နေတာလည်း တွေ့နေကြရပါတယ်။ ကြာလေ အထီးကျန် ဖြစ်လိုက်လာနေတဲ့ နအဖ စစ်ဗိုလ်တွေ နောင်ဆိုရင် ပြည်ပကိုတောင် ထွက်ရဲ ပါ့အုန်းမလား စဉ်းစားစရာ ဖြစ်နေပါတယ်။ အခုကိုပဲ ဗိုလ်သန်းရွှေတယောက် ဘယ်ကိုမှ သိပ်မထွက်ဝံ့တဲ့ အခြေအနေ ရောက်နေပါပြီ။

လက်တွေ့ကျကျပြောရရင် ဒီနေ့ နအဖအစိုးရရဲ့ နိုင်ငံခြားရေးဝါဒ အကျပ်အတည်းဟာ ရှစ်လေးလုံး ကာလ နောက်ပိုင်းမှာ အဆိုးဝါးဆုံး အကျပ်အတည်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီအကျပ်အတည်း မျိုးကို ဗိုလ်နေဝင်းလည်း မကြုံခဲ့ဖူးပါဘူး။

စစ်အေးကာလတုန်းက အရှေ့နဲ့ အနောက်အကြား ပဋိပက္ခကိုအသုံးချပြီး ဗိုလ်နေဝင်း အနေချောင်ခဲ့ သလို နအဖ စစ်အုပ်စုကလည်း တရုတ်နဲ့ အမေရိကန်အကြား ခလောက်ဆန် ကစားပြီး ပြည်တွင်းမှာ သူတို့လုပ်ချင်ရာ လုပ်မယ်လို့ စဉ်းစား ခဲ့ကြပါတယ်။ ဒါပေမယ့် ခေတ်က မတူတော့ပါဘူး။ တရုတ်နဲ့ အမေရိကန်ဟာ ရုရှားနဲ့ အမေရိကန် တုန်းကလို သူဖြူရင်ငါမည်း မှလို့ လုပ်နေကြတာ မဟုတ်ပါဘူး။ ကမ္ဘာ့ အခင်းအကျင်း အပြောင်းအလဲကို သူတို့က ကောင်းကောင်း သတိထားမိပါတယ်။ ဒါကြောင့်မို့ တချို့ကိစ္စတွေမှာ သူတို့ချင်း အပြန်အလှန် ပြောဆို တိုက်ခိုက်ကြတာတွေ ရှိသလို တချို့ကိစ္စတွေမှာ ကျတော့လည်း သူတို့ချင်း အမြင်တူ၊ တသံတည်းလို ထွက်တတ် ကြပါတယ်။

အခု ဗမာပြည်ကိစ္စမှာ သူတို့နှစ်နိုင်ငံအကြား တူညီတဲ့ လေသံတွေ တွေ့လာနေရပြီ မဟုတ်ပါလား။ အခုအခါမှာ စီးပွားရေး အကျပ်အတည်းကြီးကို ရင်ဆိုင်နေရတဲ့ အတွက် နိုင်ငံတိုင်းဟာ ဗမာပြည် ပြဿနာကို နိုင်ငံတကာစားပွဲ ဝိုင်းတွေပေါ်ကနေ ဖယ်ရှား ပစ်ချင်နေကြတယ် ဆိုတာကို နအဖဗိုလ်ချုပ်တွေ သတိထားမိရဲ့လား မသိဘူး။ ဗမာပြည် ပြဿနာ တက်လာတိုင်း သခွတ်ပင်က မီးတကျည်ကျည် လို့ပဲ ယူဆကြတော့မှာပါ။ ဒါပေမယ့် တာဝန်သိတဲ့ နိုင်ငံ့ ခေါင်းဆောင်ဆိုတာ မီးတကျည်ကျည်မို့ ပေယျာလ ကံ ပြုထားလိုက်တော့မယ်လို့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ မြန်မြန်ဆန်ဆန် ပြီးပြတ်သွားအောင် တခုခု ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒီလို ဘေးကျပ်နံကျပ်ကြုံတွေ့နေရတဲ့အခါမှာ နအဖ ဒုနိုင်ငံခြားရေးဝန်ကြီးက အခုလို ဝါးလုံးရှည်နဲ့ သိမ်းရမ်းလို့ကော သူတို့အဖို့ အန္တရာယ်တွေက လွတ်ကရောတဲ့လား။ နောင်မှာလည်း နိုင်ငံတကာ အစည်းအဝေးတွေ ပေါ်လာတိုင်း နအဖ ခေါင်းဆောင်တွေ အဖို့ ဒီလို ချောင်ပိတ်ခံရတဲ့ အဖြစ်မျိုးတွေ ကြုံနေရအုန်းမှာပဲ ဖြစ်ပါတယ်။ သူတို့ အဖို့တော့ စောစောတုန်းက သူများတွေက မောင်မောင်လို့ ခေါ်နေတုန်းမှာ ဗျာမထူးခဲ့တာ အမှားကြီး မှားသွားတာပါပဲ။

Ref: ခေတ်ပြိုင်

Read More...

ဗိုလ်ချုပ်ရဲမြင့် စည်းရုံးရေး မှန်းချက်နှင့် နှမ်းထွက် မကိုက် - ပန်ဆန်းနည်းတူ မိုင်းလား အဖွဲ့လည်း ခေါင်းခါ

ဗုဒ္ဓဟူးနေ့၊ 10 ဇွန်လ 2009
E-mail Print
ယခုလ ၉ ရက်နေ့ စရဖ အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်နှင့်အဖွဲ့အား အပစ်ရပ် NDAA ဥက္ကဌ ဦးစိုင်းလင်းနှင့် အဖွဲ့က မိုင်းလား၌ လက်ခံ တွေ့ဆုံပြီး စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို (ကိုးကန့်/ ပန်ဆန်း တို့ကဲ့သို့ပင်) လက်မခံနိုင်ကြောင်း ပြောကြားလိုက်သည်ဟု တရုပ်နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။

ဗိုလ်ရဲမြင့်အဖွဲ့ခရီးစဉ်အား မိုင်းလားဥက္ကဌစ၀်စိုင်းလင်း၊ ဒုဥက္ကဌ စ၀်ဆန်လူ၊ စ၀်ဆန်းပေ၊ တပ်မဟာမှူး၊ ဌာနမှူးများက ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ကျော်ဖြိုး၊ တြိဂံတိုင်းဂျီဝမ်း၊ မိုင်းခတ်ဗျူဟာမှူး ဗိုလ်မှူးကြီးနေလင်း၊ ကျိုင်းတုံစရဖမှူးတို့ အဖွဲ့အား အထူးဒေသ ၄ မြို့တော် မိုင်းလား ၌ ၃ နာရီကြာ လက်ခံတွေ့ ဆွေးနွေးကြောင်း သိရသည်။

မနေ့တုန်းကမနက် ၀၉း၀၀ နာရီကနေ ၁၂း၀၀ နာရီအထိ ဗိုလ်ချုပ်ကြီးရဲမြင့် နဲ့အဖွဲ့ကို မိုင်းလား ခေါင်းဆောင် ဦးစိုင်းလင်း ကိုယ်တိုင် လက်ခံတွေ့ဆုံတယ်၊ ပြီးတော့နေ့လည်စာ အတူတူစားတယ်။ တပ်အသွင် ပြောင်းရေးကိစ္စ အဓိက ပြောဆိုကြတယ်။ မိုင်းလား ဥက္ကဌကြီးက တပ်သားထုနဲ့ ပြည်သူ့ ဆန္ဒအရ တပ်အသွင်ပြောင်းရေး ကိစ္စ အဆင့်သင့် မဖြစ်သေးဘူးလို့ ဗိုလ်ချုပ်ရဲမြင့် ကို တိုက်ရိုက်ပြောတယ်” ဟု အပစ်ရပ် ခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသည့် ဆို့စ်က ဆိုသည်။

ဗိုလ်ချုပ်ကြီးရဲမြင့်က - “ကိုးကန့်အဖွဲ့နဲ့သွားတွေ့တုန်းက ကျနော်တို့ ရည်ရွယ်ချက်ကို သူတို့ သဘော မပေါက်ကြဘူး။ ပန်ဆန်း ရောက်တော့လဲ ပိုဆိုးတယ်။ အောက်ခြေအထိ ဆန္ဒသဘောထား ဟုတ်လား / မဟုတ်လား မသိဘူး။ သူတို့ ခေါင်းဆောင်ပိုင်း ကဘဲ ဘူးခံငြင်းတယ်။ မိုင်းလားအဖွဲ့တော့ ကျနော်တို့ရဲ့ စေတနာကို ပိုမို နားလည်လိမ့်မယ်လို့ ကျနော် ယုံကြည်တယ် ”- ဟုပြောရာ မိုင်းလားအတွက် အချက်ကောင်း ပိုရသွားပြီး မိုင်းလားဥက္ကဌ ဦးစိုင်းလင်းက -

ကျနော်တို့ အောက်ခြေတပ်မှူးအဆင့်ဆင့်နဲ့ ပြည်သူတွေရဲ့ သဘောထားကို ဂျွန်လ ၂ ရက်နေ့ ကနေ ၆ နေ့အထိ စစ်တမ်း ကောက်ခဲ့တယ်၊ ၉၅ % က လက်မခံကြဘူး။ အားလုံးရဲ့သဘောထားက နဂို ပိုနေမြဲ ကျားနေမြဲ အတိုင်းပဲ ဆက်လက် နေထိုင် သွားလိုတယ်” ဟု ပြောကြောင်း အဆိုပါဆို့စ်က ဆိုပါသည်။

ဗိုလ်ချုပ်ကြီးရဲမြင့်က မိုင်းလားခေါင်းဆောင်များအား - “ခင်ဗျားတို့ကို အဦးဆုံး စံပြ ဖြစ်စေချင်တယ်၊ နယ်ခြားစောင့် တပ်ဖြစ်ဖို့ သဘောတူ လက်ခံရင် ရွေးကောက် ပွဲပြီးသွားလို့ အစိုးရသစ် ပေါ်ထွက်လာတဲ့ အချိန် ခင်ဗျားတို့ အဖွဲ့ တရားဝင် ဖြစ်လာအောင် ထောက်ခံ အားပေးမယ်”- ဟု ထည့်သွင်း ပြောဆို စည်းရုံးခဲ့သည်ဟု ဆို၏။

ဗိုလ်ချုပ်ရဲမြင့်က ပျော့ပြောင်းစွာဖြောင်းဖျသော်လည်း ခြိမ်းခြောက်မှု အချို့ပါနေကြောင်း၊ “ခင်ဗျားတို့ နှစ်ပေါင်း ၂၀ အတွင်း ဖွံ့ဖြိုး တိုးတက်ရေးမှာ တော်တော် စွမ်းဆောင်နိုင်ခဲ့တယ်။ ချီးကျူး စရာဘဲ။ အသွင်ပြောင်းဖို့ ဘူးခံ ငြင်းဆန် နေရင် ဒါတွေကို မနှမြောဘူးလား” ဟူသည့် အသုံးအနှုန်းများလည်း ပါဝင်ကြောင်း ထိုဆို့စ်က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။

ဗိုလ်ချုပ်ကြီးရဲမြင့်သည် ယခုလ ၃ ရက်နေ့ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း ) လားရှိုးတွင် တွေ့ဆုံစဉ် အပစ်ရပ် SSA-N ခေါင်းဆောင်များက- “အခုလောလောဆယ် လူငယ်တပ်မှူး ခပ်များများနဲ့ အောက်ခြေ အဆင့်တွေက အသွင် ပြောင်းဖို့ သဘော မပေါက်သေးတော့ ကျနော်တို့ ဆက်လက် စည်းရုံး နေရတုန်းဖြစ်တယ်။ အဆင်သင့်မဖြစ် သေးတာကြောင့် ရွေးကောက်ပွဲပြီးလို့ အစိုးရ သစ် ပေါ်ပေါက်လာမှသာ အဲကိစ္စ ပြန်ဆွေးနွေး စေချင်ပါတယ်” - ဟု ပြောသည် ဟု ဆို၏။

တရုပ်နယ်စပ်အခြေပြုအပစ်ရပ်အဖွဲ့များ ဘူးခံငြင်းဆိုနေခြင်းမှာ ၎င်းတို့၏ နောက်ကွယ်တွင် တရုတ်ရှိသည် ဟု ယူဆသောကြောင့် ယခုရက်ပိုင်းအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း တရုပ်ပြည်သို့ သွားပြီး တရုပ်နယ်စပ် အပစ်ရပ် အဖွဲ့များ ဖိအားပေးရန် ချဉ်းကပ် အကူအညီ တောင်းလိုဘွယ် ရှိသည်ဟုဆိုသည်။ လွန်ခဲ့သည့် မေလဆန်းပိုင်းက တရုပ် အာဏာပိုင်အချို့က နအဖ အာဏာပိုင်များအား “ခင်ဗျားတို့ဆီမှာ ၀ တွေ၊ တခြားတိုင်းသားတွေ တပုံရှိရင်ကျုပ်တို့ ဆီမှာ ၃-၄ ပုံရှိတယ်။ ကျုပ်တို့ အစိုးရက တရားဝင် ထောက်ခံ အားပေးတာ မရှိဘူး။ သူတို့ လူမျိုးအချင်းချင်း ကူညီကြ တာ ပဲရှိမှာပေါ့၊ ကျုပ်တို့ကတော့ ဘာအကူအညီမှ မပေးဘူး” ဟု လှီးလွှဲ ပြောဆိုလိုက်ကြောင်း တရုပ်နယ်စပ် နိုင်ငံရေး စစ်ရေးလေ့လာသူ တဦးကဆိုသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

၂၀၁၀ မတိုင်မီ ကေအဲန်ယူကို အပြီးတိုက်ရန် နအဖ ညွှန်ကြား

ခွန်အောင်မြတ်။
ဇွန်လ ၁၀ ရက်၊ ၂၀၀၉ ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ကို ၂၀၁၀ မတိုင်မည် အမြစ်ပြတ် ချေမှုန်းရန် မြန်မာ စစ်အစိုးရက တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (ဒီကေဘီအေ) ကို စေခိုင်းထားသည်ဟု သိရသည်။

ဇွန်လဆန်းပိုင်းမှစ၍ ယနေ့အထိ ကေအဲန်ယူ လက်အောက်ခံ တပ်မဟာ (၇)ကို လက်နက်ကြီးဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့၏ ညွှန်ကြားချက် ဖြစ်သည်ဟု အမည် မဖော်လိုသူ ဒီကေဘီအေ အရာရှိ တဦးက ပြောသည်။

“မြန်မာအစိုးရ ဗိုလ်ချုပ်ရဲမြင့်နဲ့ အဲဒီ ဗိုလ်ချုပ်သိန်းစိန် တို့က သူတို့ကို တိုက်ခိုင်းတာကို။ ၂၀၁၀ ရွေးကောက်ပွဲ အမီ၊ ရွေးကောက်ပွဲ မလုပ်မီ ဒီကေအဲန်ယူစခန်း အကုန်ပေါ့။”

ဒီကေဘီအေ၏ ဦးဆောင် နာယကဖြစ်သည့် မြိုင်ကြီးငူ ဆရာတော်က ကရင်အချင်းချင်း မတိုက်ခိုက်ကြရန် ဒီကေဘီအေနှင့် ကေအဲန်ယူကို စာရေးသား ပေးပို့ထားသည်ဟု ၎င်းက ပြောသည်။

“ဗမာအစိုးရဘက်က တိုက်ခိုင်းတယ်။ ဒီကေဘီအေ လာတိုက်တယ်။ အခုကျတယ်၊ သေတယ် ကရင် အချင်းချင်း အဖွဲ့တွေပဲ ဖြစ်တယ်။ အဲဒါကို မနေ့က မြိုင်ကြီးငူ ဆရာတော်ကတော့ စာတစောင် ရေးလာတယ်။ ကရင်အချင်းချင်း ပစ်တာ ခတ်တာကို ရပ်ဆိုင်းပါတော့ ဆိုပြီးတော့ စာတစောင်ရေးလာတယ်။ ဒီကေဘီအေ ဆီလည်း စာတစောင်ပို့တယ်။ နောက်ပြီးတော့ ကေအဲန်ယူ ဆီကိုလည်း တစောင် ပို့လာတယ်လို့ ကြားတယ်။”

ဒီကေဘီအေ အနေဖြင့် မြန်မာစစ်အစိုးရ၏ လမ်းညွှန်မှုအောက်တွင် ဖောက်ထွက်ပြီး ပြည်သူ့ ရင်ခွင်ထဲသို့ ပြန်ဝင်လာရန် ကေအဲန်ယူက ဇွန်လ ၈ ရက် နေ့တွင် ထုတ်ပြန်ထားသည့် ကြေညာချက်တွင် တိုက်တွန်း ထားသည်ဟု ကေအဲန်ယူ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ပြောသည်။

“ပထမတော့ ဒီကေဘီအေဆိုတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုပြီးတော့ သူတို့ရဲ့ ယဉ်ကျေးမှု လုပ်ငန်းလေးတွေ၊ နှစ်သစ်ကူး လုပ်ငန်းငယ်လေးတွေ သူတို့လုပ်ခွင့် ရသေးတာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ ဆိုလို့ရှိရင် ဒါတွေက လုပ်ခွင့် မရတော့ပဲနဲ့ တဖြည်းဖြည်းနဲ့ ဒီကေဘီအေ အသိုင်းအ၀ိုင်းကြီး၊ ကရင်အသိုင်းအ၀ိုင်း တခုလုံးက နအဖရဲ့ ကျွန်အောက်မှာ လုံးလုံး ကျသွားမယ့် အခြေအနေ ရှိတဲ့ အတွက်ကြောင့် ဒီကိုယ်ပိုင် ပြဌာန်းခွင့် နဲ့ ကိုယ့်လွတ်လပ်မှု ကိုယ်ရပ်တည်နေတဲ့ (၀)တို့ ကိုးကန့်တို့ အက်စ်အက်စ်အေ တောင်ပိုင်းကိုလည်း နမူနာ ယူသင့်တာပေါ့။ ပြည်သူလူထု အသံကို နားထောင်ပြီးတော့ ပြည်သူလူထု ရင်ခွင်ထဲကို ပြန်လာကြဖို့။”

ယခုလ ၂ ရက်မှစ၍ ကေအဲန်ယူ တပ်မဟာ (၇) ဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မြန်မာ စစ်အစိုးရတပ်က ယမန်နေ့၌ လက်နက်ကြီး အလုံး (၄၀) ခန့် ပစ်ခတ်ကာ ထိုင်းနယ်မြေ အတွင်း သုံးလုံး ကျသည်ဟု ကေအဲန်ယူ တွဲဖက် အတွင်းရေးမှူး (၁) က ပြောသည်။

ကေအဲန်ယူကို တပတ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် ဒီကေဘီအေ ဘက်မှ အယောက် ၂၀ ကျော် သေဆုံးပြီး ၄၀ ခန့် ထိခိုက် ဒဏ်ရာ ရရှိသည်ဟု ဒီအေဘီအေက အတည်ပြု ပြောကြားကာ ကေအဲန်ယူဘက်မှ ၃ ဦး ဒဏ်ရာ ရရှိသည်ဟု ဗိုလ်မှူး စောလှငွေက ပြောသည်။

ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကရင်ကျေးရွာသား ၄၀၀၀ ခန့် ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် ထွက်ပြေး ခိုလှုံနေကြသည်။

Ref: Network Media Group

Read More...

နယ်ခြားစောင့်ရန် ကချင်အဖွဲ့ သဘောမတူ

Wednesday, 10 June 2009

စစ်အစိုးရ၏ နယ်ခြားစောင့် တပ် အဖြစ် အသွင် ပြောင်းလဲရေး ကမ်းလှမ်းချက်ကို လက်မခံနိုင်ကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များက ယနေ့ ပြောကြား လိုက်သည်။

KIO၏ လက်နက်ကိုင် အဖွဲ့ဖြစ်သော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)သည် မြန်မာပြည်တွင် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်သည့်အချိန်မှ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်း တာဝန်ယူနိုင်မည် ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာက ဧရာဝတီကို ပြောသည်။

“တခုလုံးအနေနဲ့ အသွင်ကူးပြောင်းဖို့ ဆိုတာ တချိန်ချိန် တခါခါမှ စဉ်းစားမယ်” ဟု ဒေါက်တာ လဂျာက ရှင်းပြသည်။

လူထု၏ သဘောထား၊ ကချင်တပ်ဖွဲ့ဝင်များ၏ သဘောထားများကို တောင်းခံရန် လိုအပ်သည်ဟု ဒေါက်တာ လဂျာက ပြောသည်။

စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံရန် KIO ၏ အောက်ခြေ အဖွဲ့ဝင်များ၊ ကချင် အဖွဲ့အစည်းများက ကချင် ခေါင်းဆောင်များကို ဖိအားပေးနေသည်ဟု KIOနှင့် နီးစပ်သူများထံမှ သိရသည်။

KIO ခေါင်းဆောင်များက အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံခြင်း မရှိကြောင်း၊ နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းလဲရေးမှာ အချိန်အခါ မသင့်သေးကြောင်း KIO ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် တဦး ဖြစ်သူ ဂျိမ်းစ်လွမ်ဒေါင်က ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပပြီး အစိုးရ တရပ် ပေါ်ပေါက် လာရေးကို ပထမဦးဆုံး ဆောင်ရွက်ရမည် ဖြစ်သည်ဟု သူက ဆိုသည်။ အစိုးရသစ် ပေါ်ပေါက်လာပြီး နောက်မှသာ KIO၏ တပ်များ နယ်ခြားစောင့် တပ် အဖြစ် အသွင် ပြောင်းရေး အစီအစဉ်ကို ကချင် ခေါင်းဆောင်များက ပြန်လည် စဉ်းစားမည်ဟု ဂျိမ်းစ်လွမ်ဒေါင်က ပြောသည်။

“နိုင်ငံတခုမှာ စစ်တပ်တွေ အများကြီး မရှိသင့်ဘူး ဆိုတာ ကျနော်တို့ သဘောပေါက်ပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ မရှိသေးဘူး ဆိုတော့ လက်နက်ကိုင် အဖွဲ့က တခုမက ရှိနေမှာပါ” ဟု ဂျိမ်းစ်လွမ်ဒေါင်က ပြောသည်။

သို့သော်လည်း ၎င်းတို့အနေဖြင့် စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို တရားဝင် တုံ့ပြန်ခြင်း မပြုရသေးဟု ဂျိမ်းစ်လွမ်ဒေါင်က ရှင်းပြသည်။ မကြာမီ ကာလအတွင်း စစ်အစိုးရ ကိုယ်စားလှယ် များနှင့် ထပ်မံ တွေ့ဆုံမည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစိုက် Kachin News Group ၏ အင်္ဂါနေ့၌ ထုတ်ပြန်သည့် သတင်း တပုဒ်တွင် ကချင် ခေါင်းဆောင်များက စစ်အစိုးရ၏ အဆိုပြုချက်ကို လက်ခံပြီးဖြစ်သည်ဟု ရေးသားထားသည်။ သို့သော်လည်း “KIA တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အလို အလျောက် ပြောင်းလဲမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း” ဟု ရေးသားထားသည်။

မေလ ၁၂ ရက်နေ့ကလည်း ပြည်ပ အခြေစိုက် ကချင်အဖွဲ့အစည်း ၅ ခုက စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို ပယ်ချထားသည်။ ကချင်လက်နက်ကိုင် အဖွဲ့များကိုလည်း အဆိုပါ ကမ်းလှမ်းချက်အား လက်မခံရန် ၎င်းတို့က တိုက်တွန်းထားသည်။

KIA သည် ၁၉၉၄ တွင် မြန်မာ့တပ်မတော်နှင့် အပစ်အခတ် စတင် ရပ်စဲခဲ့သည်။ ယခုအခါ လက်နက်ကိုင် အင်အား ၄ဝဝဝ ခန့်ရှိသည်ဟု သိရသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသ သတင်းရပ်ကွက် တခု၏ အဆိုအရ မြန်မာအစိုးရ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ယမန်နေ့က ရှမ်းပြည်နယ်သို့ သွားရောက်ပြီး NDAA ဟု ထင်ရှားသည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သိရသည်။

တရုတ်-မြန်မာ နယ်စပ် အခြေစိုက် ဝ၊ ကိုးကန့် လက်နက်ကိုင် အဖွဲ့များကလည်း စစ်အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင် ပြောင်းရေး ကမ်းလှမ်းချက်ကို သဘောတူခြင်း မရှိသေးပေ။ ထိုအဖွဲ့များက စစ်အစိုးရ၏ အုပ်ချုပ် ကွပ်ကဲမှုကို လက်ခံလိုခြင်း မရှိဟု သိရသည်။

Ref: ဧရာဝတီ

Read More...

အမျိုးသားရင်ကြားစေ့ရေးနှင့် ရွေးကောက်ပွဲကို မထိခိုက် စေလို ဟု စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း ပြော

NEJ / ၁၀ ဇွန် ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစီရင်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ နှင့် ၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မထိခိုက် စေလိုကြောင်း စင်ကာပူ အစိုးရအဖွဲ့တွင် ၀ါရင့်ဝန်ကြီး အဖြစ် တာဝန်ယူထားသည့် ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုချောက်ထောင်က ပြောကြားသည်။

မစ္စတာဂိုချောက်ထောင်သည် ယမန်နေ့က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့ကို တွေ့ဆုံ ခဲ့ရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အကျယ်ချုပ်တားမြစ်မိန့် ချိုးဖောက်မှုဖြင့် ရုံးတင်တရားစွဲဆိုခြင်း ခံနေရသော ဒေါ်အောင်ဆန်း စုကြည်၏ အမှုနှင့် ပတ်သက်၍ မစ္စတာ ဂိုချောက်ထောင်က ယင်း တရားစီရင်မှုသည် ပြည်တွင်းရေး ကိစ္စဖြစ်ကြောင်း၊ သို့သော် နိုင်ငံတကာနှင့် ဆက်နွှယ်နေသည့် အကြောင်းချင်းရာကိုလည်း မြန်မာစစ်အစိုးရက လျစ်လျူ မရှုသင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဘက်ပေါင်းစုံ ပါဝင်သည့် ရွေးကောက်ပွဲ ဖြစ်ရမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အန်အယ်လ်ဒီ ပါတီသည် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် ပါဝင်ရမည်ဟုလည်း မစ္စတာ ဂိုချောက်ထောင်က အလေးထား ပြောကြားခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေပါမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ မစ္စတာဂိုချောက်ထောင်၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်ကို ခေတ်ပြိုင်က မေးမြန်းခဲ့ရာ ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆို နေမှုသည် ပြည်တွင်းရေး ကိစ္စဆိုသည်ထက် ပိုမိုကျယ်ပြန့်စွာ ကြည့်မြင်ရန် လိုအပ်ကြောင်း၊ ယင်းကိစ္စသည် နိုင်ငံရေးပိုင်း ဆိုင်ရာ ထိုးနှက်ချက် တရပ်ဖြစ်ကြောင်း ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားခံရစဉ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စ ဖြစ်ပေမယ့် လုံခြုံရေးပိုင်း ဆိုင်ရာတွေကို ဘာတခုမှ စစ်ဆေး အရေးယူတာ မရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ကိုသာ တရားစွဲနေတာဟာ နိုင်ငံရေးပိုင်းဆိုင်ရာ ထိုးနှက်ချက် တရပ်ဖြစ်တယ် ဆိုတာ မစ္စတာဂိုချောက်ထောင်ကို ပြောချင်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် သူကိုယ်တိုင်ကလည်း တောင်းဆိုပေးသင့်တယ်လို့ ကျနော်ယူဆတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် မစ္စတာဂိုချောက်ထောင်၏ ပြောကြားချက်ကိုမူ ဦးဝင်းတင်က ကြိုဆိုသည်ဟု ပြောကြားသည်။

“ဒီလိုပြောတဲ့အတွက်တော့ ၀မ်းသာပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါတီ ပါဝင်ခွင့်ရရေး ကျယ်ပြန့်တဲ့ နိုင်ငံရေး လမ်းစဉ်ကို အန်အယ်လ်ဒီက ကိုင်စွဲထားတာပါ၊ လူ့အခွင့်အရေး၊ လက်နက်ကိုင် တိုင်းရင်းသား တွေအရေး၊ ဒါတွေအားလုံး ဖြစ်ထွန်းဖို့ အတွက်ကိုပဲ အဓိကထားပါတယ်။ ဒါတွေကို လုပ်ဆောင်နိုင်ဖို့ ဆိုတာကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှု အပေါ်မှာ မူတည်နေပါတယ်” ဟု ၎င်းက ပြောသည်။

မစ္စတာ ဂိုချောက်ထောင်သည် ပြီးခဲ့သည့် မတ်လတွင် စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ ဇွန်လ (၈) ရက်တွင် ရောက်ရှိခဲ့ပြီး (၄) ရက်ကြာ နေထိုင်မည်ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

ဒီကေဘီအေနှင့် နအဖတပ်များက ရွာသားများကို ပေါ်တာ ဆွဲ

ဝီရ / ၁၀ ဇွန် ၂၀၀၉

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အား စစ်ဆင်ရေး ပြုလုပ်ရာတွင် နအဖ စစ်ကြောင်းနှင့် ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်တို့က တိုက်ပွဲဖြစ်ရာ အနီး တဝိုက်ရှိ ရွာသားများအား ရှေ့တန်းသို့ လိမ်လည် ခေါ်ဆောင်ကာ ရိက္ခာပစ္စည်းများနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ရန် ပေါ်တာ သမားအဖြစ် အသုံးပြုနေကြောင်း နယ်စပ်သို့ ထွက်ပြေး လွတ်မြောက်လာသူ ရွာသားများက ပြောသည်။

ဒီကေဘီအေ တပ်မဟာ (၉၉၉) မှ ဗိုလ်မှူးကြီး စောချစ်သူ ဦးစီးသော အင်အား (၃၀၀) ကျော်ရှိ တပ်ဖွဲ့ ချီတက်ရာ ရှေ့တန်း စစ်ကြောင်းတွင် ရွာ (၃) ရွာမှ ရွာသား (၅၀) ခန့်ကို ဘုရားပြုပြင်ရန်ဟု လိမ်လည် ခေါ်ဆောင်ကာ ဗုံးကျည်ဆန် အကြီးစားများနှင့် ရိက္ခာဆန်များကို သယ်ခိုင်းခဲ့ကြောင်း ကရင် သတင်းစဉ်မှ တာဝန်ခံ အယ်ဒီတာ နန်းဖော့ဂေက ခေတ်ပြိုင်သို့ ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူ ရွာသားတဦးနှင့် တွေ့ဆုံခဲ့သူ နန်းဖော့ဂေက “ပေါ်တာ ဆွဲခံရတဲ့ ရွာတွေက ကျုံဒိုးမြို့နယ်က ပနွယ်ကလား ရွာသား (၁၈) ယောက်၊ လာ့နိုက် (ကွမ်ဘီ) ရွာသား (၂၀) ယောက်နဲ့ ကုက္ကိုရွာသား (၁၀) ယောက် ပါတယ်။ (၂) ပိဿာလောက် ရှိတဲ့ ဗုံးသီးတွေကို သယ်ခိုင်းတာ၊ တချို့ဆို မသယ်နိုင်ကြဘူး။ စစ်ကြောင်းရဲ့ အလယ်က လိုက်ခိုင်းတာ။ ညဆိုရင်လည်း မိုးရေထဲမှာ ဒီအတိုင်း ထိုင်ပြီး အိပ်ခိုင်းတာ။ အဲဒီအထဲက အခု (၁) ယောက် လွတ်မြောက်လာတာ။ (၅) ရက် လိုက်ခဲ့ပြီး အပေါ့အပါး သွားမယ်ပြောပြီး ဇွန်လ (၇) ရက်က ထွက်ပြေး လွတ်မြောက်လာတာ” ဟု ပြောသည်။

ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်ဖွဲ့သီးသန့်တွင် ပေါ်တာ ဆွဲခံရသည့်ရွာသား (၄၈) ယောက်ရှိပြီး ကေအန်ယူကို စစ်ဆင်ရေး ပြုလုပ်နေသည့် အခြား တပ်ဖွဲ့များတွင်လည်း ရှိသေးကြောင်း၊ နအဖ တပ်များကလည်း ချီတက်လာရာ လမ်းတလျှောက်ရှိ ရွာသားများကို လမ်းပြရန်နှင့် ရိက္ခာခဲယမ်း သယ်ရန်အတွက် အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်နေကြောင်း ၎င်းက ပြောသည်။

ရွာသားများက ထွက်ပြေးသော်လည်း တိုက်ပွဲများ ခံနေသဖြင့် လမ်းတွင် ပိတ်မိနေသူများလည်း ရှိကြောင်း၊ မိုးတွင်း ဖြစ်နေသောကြောင့် နယ်စပ်အထိ မလာနိုင်ကြသူများလည်း ရှိကြောင်း ဒုက္ခသည်များ ရှိရာသို့ ကွင်းဆင်း သွားရောက်ခဲ့သူ နန်းဖော့ဂေက ပြောသည်။

ယခုအခါ ယာယီစခန်း (၄) ခုတွင် နယ်စပ်ဒေသသို့ ထွက်ပြေးလာသည့် ဒုက္ခသည်ပေါင်း (၄,၀၀၀) နီးပါး ရှိကြောင်း ကရင်ဒုက္ခသည် ကယ်ဆယ်ရေး ဌာနက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည်ကို မဖွယ်မရာ ဓာတ်ပုံများဖြင့် သိက္ခာချသူများရှိ

ဆလိုင်းပီပီ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 10 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ အထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အရှက်ရ စေရန်နှင့် စော်ကားရ န်အတွက် စစ်အစိုးရ လိုလားသူများဟု ယုံကြည်ရသော အမည်မသိ ပုဂ္ဂိုလ်များက ရိုင်းပျ သေးသိမ်သော ဓာတ်ပုံများကို မြန်မာပြည် အလယ်ပိုင်း မြို့များတွင် ဖြန့်ဝေခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားများ၏ ရင်ခွင်ထဲ ရောက်နေသယောင် ပြုပြင်ထားသည့် ဓာတ်ပုံများကို သူတို့၏ နေအိမ်ခြံဝင်းများ အတွင်း ယနေ့နံနက်ပိုင်းက ပစ်ချခဲ့ကြသည်ဟု မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ မန္တလေးမှ ဒေသခံများက ပြောဆိုကြခြင်း ဖြစ်သည်။

Photoshop ဆော့ဝဲဖြင့် ပြုပြင်ထားသည်ဟု ယူဆရသော ပို့စ်ကဒ်ဆိုက် အရွယ် စာရွက်တွင် ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်ခြံဝင်းအတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောဟု ယူဆရသောသူနှင့် သူမ၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ် ပုံများနှင့် ယှဉ်တွဲ ဖော်ပြထားသည်။

''ပုံထဲမှာက ဒါလင့်ကို ကျမ လွမ်းတယ်လို့ ရေးထားတယ်။ နောက်တပုံမှာ ကျတော့ ဒေါ်စုက ယက်တောရဲ့ ရင်ခွင်ထဲ ရောက်နေတဲ့ပုံ လုပ်ထားတယ်'' ဟု ဒေါသထွက်နေသော ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အိပ်ယာမှမနိုးထခင် နံနက်စောစောပိုင်းက သူတို့နေအိမ်ခြံဝင်း အတွင်း ဓာတ်ပုံများကို ကြဲချသွားခြင်း ဖြစ်ပြီး မည်သူ့ လက်ချက်မှန်း မသိရကြောင်း အဆိုပါ ဒေသခံက ပြောသည်။ သို့သော် သူကမူ ယင်းလုပ်ရပ်များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း သို့မဟုတ် စွမ်းအားရှင်များသာ ဖြစ်ရမည်ဟု တထစ်ချ စွပ်စွဲ လိုက်သည်။

မန္တလေးတိုင်း မြင်းခြံနှင့် မကွေးတိုင်း ကျောက်ပန်းတောင်းတွင်လည်း အလားတူ ဓာတ်ပုံများ ကြဲချသွားခဲ့ကြောင်း သိရသည်။

ဤလုပ်ရပ်သည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကို အရှက်ခွဲရန် လုပ်ဆောင်သည့် အောက်တန်းကျသော လုပ်ရပ်အဖြစ် ဒေသခံများက ရှုမြင်ကြသည်။

မြန်မာစစ်အစိုးရက ဂျွန်ဝီလျံယက်တော ပြီးခဲ့သည့် မေလဆန်းက သူမ၏ အင်းယားကန်ဘေး နေအိမ်သို့ တိတ်တဆိတ် ရေကူးဝင် ရောက်ခဲ့သဖြင့် နေအိမ် အကျယ်ချုပ် စည်းကမ်းများကို ချိုးဖောက်သည်ဟု ဆိုကာ သူမကို ရုံးတင် စစ်ဆေးနေသည်။

ထိုအတောအတွင်း စစ်အစိုးရ၏ တောတွင်းမြို့တော်သစ် နေပြည်တော်မှ လွှင့်ထုတ်နေသော FM ရေဒီယို အစီအစဉ်ကလည်း ဟာသ အစီအစဉ်တခု ထုတ်လွှင့်ရာတွင် အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလော ဖြစ်ရပ်ဖြစ်သော သူမ၏ နေအိမ်အတွင်း မစ္စတာယက်တော မဖိတ်မခေါ် လာရောက်ခဲ့သည့်ကိစ္စကို လှောင်ပြောင်ကာ ထုတ်လွှင့်ခဲ့သည်။

ပိတောက်မြေ FM ရေဒီယို အသံလွှင့်ဌာနမှ အစီအစဉ်တခုနှင့် တခုအကြား အဖြည့် အစီအစဉ် အဖြစ် ယက်တောနှင့် မချော ဆိုသည့် အတင်းအဖျင်း အစီအစဉ်ကို ထုတ်လွှင့်လျက် ရှိသည်ဟု ရန်ကုန်မြို့မှ ဖမ်းယူ နားထောင်ခဲ့ရ သူများက ပြောသည်။

အဆိုပါ အစီအစဉ်တွင် ဒီမိုကရေစီခေါင်းဆောင်၏ နေအိမ်အတွင်းသို့ လူစိမ်းတယောက် မည်သို့မည်ပုံ ဝင်ရောက် လာခဲ့ကြောင်း ပြောဆို အသံလွှင့်ခဲ့သည်။

''ဒီရက်တွေအတွင်းကတော့ သူတို့က ဒေါ်စုရဲ့ အချစ်ဇာတ်လမ်းတွေ လွှင့်နေတာပဲ။ ဒီအစီအစဉ် အကြောင်း အသေးစိတ် ကျနော် မပြောချင်ပါဘူး။ ဘာမှလည်း အဓိပ္ပာယ် မရှိဘူး။ ညစ်ညမ်းတာနဲ့ အောက်တန်း ကျတာပဲ ရှိတယ်'' ဟု ရန်ကုန်မြို့မှ ပိတောက်မြေ ရေဒီယို အစီအစဉ်ကို နားဆင်ခဲ့ရသူ တဦးက ပြောသည်။

ပိတောက်မြေ FM ရေဒီယိုအစီအစဉ်ကို မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲမှ ၈ နာရီခွဲအထိ တနိုင်ငံလုံးသို့ ထပ်ဆင့်လွှင့် စက်ရုံများမှ တဆင့် ထုတ်လွှင့်လျက်ရှိသည်။

''ဒီ သရော်လှောင်ပြောင်တဲ့ အစီအစဉ်ကို မိနစ် ၂ဝ လောက် လွှင့်တယ်။ ပြီးရင် သီချင်းတွေ လာတယ်။ ဒီအတိုင်း တလှည့်စီ လာနေတာ'' ဟု အဆိုပါ နားဆင်ခဲ့ရသူက ဆက်ပြောသည်။

ဤသို့ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် တရားစွဲဆိုနေခြင်းမှာ သူမကို ဆက်လက်၍ ထိန်းသိမ်း ထားနိုင်ရန်အတွက် စစ်အစိုးရ၏ အကြောင်းပြချက် တရပ်မျှသာ ဖြစ်ကြောင်း အတိုက်အခံများက ယုံကြည်နေသည်။ မစ္စတာယက်တော၏ အဖြစ်အပျက်ကို အကြောင်းပြုပြီး စစ်အစိုးရ လိုလားသော အုပ်စုများက ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်ရန် ကြိုးပမ်းနေကြသည်ဟု ဆိုကြသည်။

ဤသို့ ရေဒီယိုအစီအစဉ်များနှင့် မဖွယ်မရာ ဓာတ်ပုံများသာမက စစ်အစိုးရ လိုလားသော ဘလော့ဂါ တဦးက ပြုလုပ်ထားသည်ဟု ယူဆရသော ဘလော့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ ယက်တောနှင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားတို့၏ ရုပ်ပြောင်များကို ညစ်ညမ်း ပုံများအဖြစ် ဖန်တီး ဖော်ပြထားသည်။

ဤဘလော့တွင် ရေးသားထားသောစာ၌လည်း ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့အစည်းများကို အနောက် လိုလားသူများ အဖြစ် ရေးသားထားပြီး မဖွယ်မရာ ရုပ်ပြောင်များဖြင့် ရေးဆွဲထားသည်။

ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ် စည်းကမ်းများ ချိုးဖောက်မှုဖြင့် စွပ်စွဲခံရကာ အင်းစိန်ထောင်ရှိ တရားရုံးတွင် တရားစွဲဆို ခံနေရသည်။ သူမ၏ ရှေ့နေများက သူမတွင် အပြစ်မရှိကြောင်း ထုချေထားကြသည်။

ဤသို့ ရုံးတင်တရားစွဲဆိုမှုကို နိုင်ငံတကာက ဝိုင်းဝန်းပြစ်တင် ဝေဖန်ခဲ့ကြပြီး၊ သူမကို ချက်ချင်း လွှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။ ဤသို့ ဝိုင်းဝန်းပြစ်တင် ဝေဖန်ခဲ့ကြသည့် နိုင်ငံများထဲတွင် အစဉ်အလာ အားဖြင့် အဖွဲ့ဝင် နိုင်ငံတနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက် မစွက်ဖက်ရေး ဟူသော မူဝါဒကို စွဲကိုင်ထားကြသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများလည်း ပါဝင်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ စစ်အစိုးရကမူ ထိုသို့ ဝိုင်းဝန်းဝေဖန် တောင်းဆိုမှုများကို အရေးမစိုက်ဘဲ ဤသို့ ရုံးတင် စစ်ဆးနေခြင်းမှာ မြန်မာနိုင်ငံ၏ တရားဥပဒေနှင့် အညီ ဆောင်ရွက်နေခြင်း သာဖြစ်ပြီး ပြည်တွင်းရေး ကိစ္စ သက်သက်သာဖြစ်၍ အခြားနိုင်ငံများ အနေနှင့် ဝင်ရောက် မစွက်ဖက်သင့်ကြောင်း ပြောဆိုထားသည်။

အတိုက်အခံ အဖွဲ့များနှင့် ဝေဖန်သူများကမူ ဤတရားခွင်သည် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ လူမြင်ကွင်း၌ ရှိမနေစေရန်နှင့် သူမကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းချက် တရပ်မျှသာ ဖြစ်သည်ဟု ရှုမြင်ကြသည်။

(အချို့သော သတင်းအချက်အလက်များကို မဇ္ဈိမသတင်းထောက် မြင့်မောင်ထံမှ ရရှိသည်။)

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေနှင့် တွေ့

ဗုဒ္ဓဟူးနေ့၊ ဇွန်လ 10 2009

နယူးဒေလီ။ ။ ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခဲ့သည်။

သူမကို တနာရီခွဲကျော်ကြာ တွေ့ဆုံခဲ့ပြီး အင်းစိန်ထောင် အထူးခုံရုံးတွင် ရင်ဆိုင်နေရသော အမှုကိစ္စ ဆွေးနွေး ခဲ့သည်ဟု သူမ၏ပါတီ အန်အယ်ဒီ ပြောရေးဆိုခွင့် ရှိသူနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ အကျိုးဆောင် အဖွဲ့ဝင် တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။

''ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာနေပုံရပါတယ်။ သူ့အမှုမှာ တရားမျှတမှု မရှိတဲ့ အတွက်တော့ သူ စိတ်မချမ်းသာဘူး။ တရားဥပဒေ ကြောင်းအရ ဆက်ပြီး တိုက်ဖို့ပဲ သူ ပြောပါတယ်'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယမန်နေ့ တိုင်းတရားရုံးက ဒေါ်အောင်ဆန်းကြည်ဘက်မှ အစစ်ခံမည့် သက်သေ တဦးကို ခွင့်ပြုခဲ့ပြီး၊ သူမ၏ ရှေ့နေများက ခွင့်ပြုရန် တင်ပြခဲ့သော နောက်သက်သေ ၂ ဦးကိုမူ ပယ်ချခဲ့သည်။

တရားခံဘက်မှ တင်ပြသော အဆိုပါ သက်သေ ၂ ဦးကို လက်ခံကြားနာရေး အတွက် ကြာသပတေးနေ့တွင် ဗဟို တရားရုံးသို့ အယူခံသွားမည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ သက်သေနှစ်ဦးမှာ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး နှင့် အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ဝါရင့် သတင်းစာဆရာကြီး ဦးဝင်းတင် ဖြစ်သည်။

တရားခံဘက်မှ တင်ပြသော သက်သေ ၄ ဦးအနက် ၃ ဦးကို အင်းစိန် အကျဉ်းထောင် အတွင်း ရုံးထိုင် စစ်ဆေးနေသော ခရိုင်တရားရုံးက လက်မခံဘဲ ပယ်ချခဲ့သည်။

''ဒါ ဥပဒေနဲ့ မညီပါဘူး။ ဘာကြောင့်ပယ်တယ် ဆိုတာကိုလည်း အကြောင်းပြချက် ပေးမထားပါဘူး'' ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

နှစ်ဖက် အပြီးသတ်လျှောက်လဲချက်ပေးရန် မူလက ဇွန်လ ၅ ရက်နေ့သို့ ချိန်းဆို ထားခဲ့သော်လည်း နောက်ပိုင်းတွင် ဇွန်လ ၁၂ ရက်နေ့သို့ ရွှေ့ဆိုင်း ထားခဲ့သည်။

သို့သော် သူတို့က ကျန်သက်သေ ၂ ဦးကို လက်ခံရေးအတွက် ဗဟို တရားရုံးတွင် ဆက်လက်၍ အယူခံ တက်မည် ဖြစ်သဖြင့် ထိုနေ့တွင်လည်း အမှုကို ဆက်လက် စစ်ဆေးဖြစ်မည်ဟု သူမ ထင်ကြောင်းဖြင့်လည်း ဦးဉာဏ်ဝင်းက ပြောသည်။ အဆိုပါ သက်သေ ၂ ဦးကို ယခုထိ တရားရုံးက လက်မခံဘဲ ပယ်ချထားဆဲဖြစ်သည်။

Ref: မဇ္ဈိမ


Read More...

Wednesday, June 10, 2009

စစ်မျက်နှာသစ် ပြန်ဖွင့်ဖို့လိုပြီလား

ဗိုလ်ထက်မင်း
၉ ဇွန် ၂၀၀၉

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး အပစ်ရပ်အဖွဲ့တွေ အားလုံး အနေနဲ့ အလေးအနက်ထား စဉ်းစား ဆုံးဖြတ်ကာ နအဖအား စုပေါင်း ဆန့်ကျင်ကြဖို့ ဆက်လက် တင်ပြလိုပါတယ်။

နအဖက အဆိုပြုထားတဲ့ WE (War Establishment) ဖွဲ့စည်းပုံအရ နယ်ခြားစောင့် တပ်ရဲ့ ဖွဲ့စည်းပုံ အင်အား အရာရှိ (၁၈) ယောက်နဲ့ အခြားအဆင့် (၃၀၈) ယောက်၊ စုစုပေါင်း (၃၂၆) ယောက်ဟာ နအဖ ဖွဲ့စည်းပုံ (ကဖ၇၀စ၉၆) အရ နအဖ တပ်ရင်းတရင်း အင်အားဖြစ်တဲ့ အရာရှိ (၃၀) ယောက်နဲ့ အခြားအဆင့် (၇၈၆) ယောက်၊ စုစုပေါင်း (၈၁၆) ယောက်နဲ့ နှိုင်းယှဉ် ကြည့်လိုက်ရင် အင်အား နှစ်ဆကျော် ကွာနေပါတယ်။ ဒီလိုအင်အား ကွာဟ ထားတာဟာ ဘယ်လို သဘောလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။

နယ်ခြားစောင့်တပ်ရဲ့ တပ်ရင်းမှူးအဆင့်ဟာ ဗိုလ်မှူးသာဖြစ်ပြီး နအဖ တပ်ရင်းမှူး တယောက်ရဲ့ အဆင့်ကတော့ ဒု-ဗိုလ်မှူးကြီး ဖြစ်နေလို့ အစည်းအဝေးမှာ ယှဉ်တက်ရင်တောင် နအဖ တပ်ရင်းမှူးကို အလေးပြု အရိုအသေ ပေးပြီးမှ တက်ရောက် ရမှာ ဖြစ်လို့ အပစ်ရပ်တွေကို နှိမ့်ချထားတဲ့ သဘောလို့ မြင်မိပါတယ်။

စစ်တပ်မှာ ဒု-ဗိုလ်မှူးကြီးအဆင့်ကို very important person (VIP) အရာရှိကြီး အဆင့်လို့ သတ်မှတ် ထားပြီး Commanding Officer (CO) လို့ ခေါ်ကြပါတယ်။ ဒု-ဗိုလ်မှူးကြီး အဆင့်နဲ့ ဗိုလ်မှူးအဆင့်ဟာ ဆောင်းနေတဲ့ ဦးထုပ် ကအစ အနေအထား လုံးဝ ကွာခြားသွားကာ ဒု-ဗိုလ်မှူးကြီး ဦးထုပ်မှာ ပန်းခက်တခွေ သီးခြားထပ်မံ ထည့်ထားပါတယ်။ လေးလပတ် အစည်းအဝေး ခန်းမမှာ ထိုင်ခုံ နေရာချရင် ဒု-ဗိုလ်မှူးကြီး ထိုင်တဲ့ ထိုင်ခုံဟာ ထိပ်နားမှာရှိပြီး ဗိုလ်မှူး ထိုင်ခုံဆိုရင်တော့ နောက်နားမှာ ဖြစ်ပါတယ်။

ပိုဆိုးတာက နယ်ခြားစောင့်တပ် တတပ်ထဲမှာပဲ တပ်မှူးက ဗိုလ်မှူး၊ ဒု-တပ်မှူးကလည်း ဗိုလ်မှူး၊ နအဖရဲ့ အရာရှိကလည်း ဗိုလ်မှူးဖြစ်နေလို့ အဲဒီလို အဆင့်တူ ထားတာဟာလည်း ပြဿနာ ရှိနိုင်ပါတယ်။

အဲဒီဗိုလ်မှူး (၃) ဦးဟာ တဦးနဲ့ တဦး ရာထူးအရ ကွာခြားနေပေမယ့် အဆင့် တူနေတာကြောင့် ပြသာနာရှိပြီး ခြေရာ တိုင်းနိုင်ပါတယ်။ အုပ်ချုပ်ရာမှာလည်း ခက်ခဲနိုင်ပါတယ်။ စစ်ဆင်ရေး စနစ်မှာ အမိန့် စနစ်နဲ့ သွားလို့ ပြဿနာ မရှိသော်လည်း စစ်ရေး/စစ်ထောက်၊ အုပ်ချုပ်ရေး ကိစ္စနဲ့ စီမံခန့်ခွဲရေး ကိစ္စတွေကို စီမံ ဆောင်ရွက်ရာမှာတော့ ထိပ်တိုက် တွေ့ရမယ့် အလားအလာ ရှိပါတယ်။

နအဖဘက်က တာဝန်ယူရမယ့် ရာထူးနေရာများမှာ ဗိုလ်မှူးဆိုရင် ဌာနချုပ် တပ်ခွဲမှူး၊ ဗိုလ်ကြီးဆိုရင် တပ်ရေး ဗိုလ်ကြီးနဲ့ တပ်ထောက် ဗိုလ်ကြီး ဖြစ်နေပြန်တာမို့ နယ်ခြားစောင့် တပ်ရဲ့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ပိုင်း ဆိုင်ရာတွေကို နအဖဟာ နောက်ကွယ်က ချုပ်ကိုင်ထားပြီး ဖြစ်နေပြန်ပါတယ်။

အခြားအဆင့်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ဒု-အရာခံဗိုလ် (ရုံးအုပ်) နဲ့ ဒု-အရာခံဗိုလ် (တပ်ထောက်) တို့ဟာလည်း အဓိက ရုံးလုပ်ငန်းပိုင်း ဆိုင်ရာ ဖိုင်တွဲများနဲ့ တပ်ရဲ့ ထမင်းအိုးကြီးကို ထိန်းချုပ် ထားပါတယ်။ ရုတ်တရက် ကြည့်ရင်တော့ တပ်ရဲ့ (လုပ်ပိုင်ခွင့်အာဏာ) Commander အားလုံးကို အပစ်ရပ်အဖွဲ့မှ အရာရှိအားလုံးက နေရာယူထား သော်လည်း အဲဒီအရာရှိတွေ ကောင်းနေတာကို ဆိုးသွားအောင်၊ အရေးယူခံရအောင် ကလောင်သွားနဲ့ ကော့နေအောင် နအဖ အရာရှိတွေနဲ့ (ရုံးအုပ်)
ဒု-အရာခံဗိုလ် တို့က မသိမသာ ဒုက္ခပေးလို့ ရပါတယ်။ တနည်းပြော ရရင် ပညာပြလို့ ရအောင် နေရာယူထားပြီး ဖြစ်ပါတယ်။

ဒု-အရာခံဗိုလ် (ရုံးအုပ်) ဆိုရင် စစ်သည်တဦးရဲ့ လစာခံစားခွင့်၊ ရာထူး တိုးမြှင့်ရေး ဆိုင်ရာ (Promotion Board)၊ သာမန်ခွင့်နဲ့ ရှောင်တခင်ခွင့် ဆိုင်ရာ ခံစားခွင့်များ၊ သင်တန်း တက်ရောက်ခွင့်၊ တပ်ပြောင်းခွင့် မှတ်ပုံတင်စာရင်း၊ နုတ်ထွက်ခွင့်၊ လုပ်သက်ကတ်နဲ့ ကိုယ်ရေးရာဇ၀င် မှတ်တမ်း စတာတွေကို ချုပ်ကိုင် ထားရပါတယ်။

ဒု-အရာခံဗိုလ် (တပ်ထောက်) ဆိုရင် သာမန်ရိက္ခာ၊ အပိုဆောင်း ရိက္ခာ၊ တိုက်ခိုက်ရေး ရိက္ခာ၊ စစ်လက်နက်ပစ္စည်း၊ စစ်ဝတ်ပစ္စည်း၊ မော်တော်ယာဉ်၊ စစ်ဆင်ရေး (ပေါ်တာ) ၀န်ထမ်း ရိက္ခာ၊ အိမ်ထောင်သည် ၀န်ထမ်း ရိက္ခာ၊ အဆောက်အဦးနဲ့ ပရိဘောဂ စတာတွေကို ကိုင်ထားရပါတယ်။

နယ်ခြားစောင့်တပ်အနေနဲ့ သတ်မှတ်ထားတဲ့ ကိုယ့်နယ်မြေ အတွင်းသာ စောင့်ရမယ် ဆိုပေမယ့် နောက်တန်း မိသားစုနှင့် မလွဲမသွေ ခွာရမယ့် နယ်မြေရှင်းလင်းရေး လှည့်ကင်းထွက်တဲ့ အခါမျိုးမှာ နောက်တန်း အိမ်ထောင်သည် လိုင်းအားလုံးနဲ့ ဂတ်ကင်း၊ လက်နက်တိုက် စတာတွေကို နအဖတပ်မှ အရာရှိ (၃) ဦးနဲ့ အခြားအဆင့်များက ထိန်းချုပ်ထားမှာ ဖြစ်ပါတယ်။

နအဖက အပစ်ရပ်အဖွဲ့တွေရဲ့ လစာ၊ ရိက္ခာခံစားခွင့်များကို ဖြေရှင်း ပေးသည်မှာ ရေရှည် ရပ်တည်ရေး အတွက် မှန်ကန်ကောင်းမွန်သော်လည်း လုပ်ထုံးလုပ်နည်းနဲ့ ပြဋ္ဌာန်းချက် ဥပဒေများကို တိတိကျကျ ပြဋ္ဌာန်း ပေးသင့်သလို တိုင်းရင်းသား များကလည်း ကျေညက်အောင် လေ့လာမေးမြန်း သင့်ပါတယ်။

အရေးကြီးဆုံး ပြဿနာမှာ အပစ်ရပ်အဖွဲ့များအား တပ်ရင်း အဆင့်သာ အသိအမှတ် ပြုပြီး အင်အားကြီးမားတဲ့ တပ်မဟာ ဖွဲ့စည်းခွင့်နဲ့ အထက်အရာရှိကြီးမှ စစ်ဦးစီးချုပ် အဆင့်များကိုတော့ နအဖက ဘယ်လိုနေရာမှာ ထားပေးမယ် ဆိုတာကို မရှင်းမလင်း ဖြစ်နေပါတယ်။ အင်အားကို အဆမတန် လျှော့ချပြီးမှ ဖွဲ့စည်းခွင့် ပြုတာဟာလည်း နိုင့်ထက်စီးနင်း ဖြိုခွင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ်။

နယ်ခြားစောင့်တပ်တွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ထဲသို့ သွတ်သွင်းမယ် ဆိုရင် မူလကတည်း က အပစ်ရပ် ခေါင်းဆောင်တွေက ၀င်ရောက် စွက်ဖက်ခွင့် မရှိတာကြောင့် အပစ်ရပ် ရဲဘော် တိုင်းရင်းသားတွေ အနေနဲ့ အဖေနှစ်ယောက် ပေါ်လာပြီး ကြားညှပ် ကြရမယ့် အရေး မြင်ယောင် မိပါသေးတယ်။

ဆိုလိုတာက အပစ်ရပ်အဖွဲ့တွေမှာ အောက်ခြေအပိုင်းကိုသာ အင်အား အဆမတန် လျှော့ယူပြီး အထက်ပိုင်းကိုတော့ တပ်ကို မကွပ်ကဲခိုင်းတော့ဘဲ အရပ်ဝတ် လဲခိုင်းကာ ရွေးကောက်ပွဲကို ဇွတ်အတင်း ၀င်ခိုင်းမယ့် သဘော ဖြစ်နေပြန် ပါတယ်။

ဒီလိုဆိုရင် အပစ်ရပ်တပ်တွေရဲ့ ခေါင်းနဲ့ ကိုယ်ထည်ကို ထက်ခြမ်း ခွဲပစ်လိုက်သလို ဖြစ်နေတာမို့ အထူး သတိပြုသင့် ပါတယ်။ ကိုယ်ထည်ကိုလည်း လှုပ်လို့မရအောင် နောက်ကွယ်မှ ထောက်ထားနိုင်အောင် နအဖစစ်တပ်က ကိုင်ထားတဲ့သဘော တွေ့ရပါတယ်။

အပစ်ရပ်တပ်တွေကို နယ်ခြားစောင့်တပ်လို့ ခေါ်ဝေါ်သုံးစွဲပုံ ကလည်း ကျဉ်းမြောင်းလှပြီး စကားစု ဝေါဟာရ အဓိပ္ပာယ် အရ နယ်စပ်မှာပဲ ထားပြီး ပြည်မသို့ ပေးမ၀င်တဲ့ သဘောဖြစ်ပါတယ်။ ပြည်မသို့ ပေးမ၀င်ရင် ကိုယ့်တိုင်းရင်းသားတွေ အရေးကို ဘယ်လို ဆောင်ရွက် နိုင်တော့မလဲဆိုတာ တိုင်းရင်းသားတွေ အနေနဲ့ လုံးဝ သဘောပေါက်ဖို့ လိုပါတယ်။

ပြည်မနဲ့ ဆက်စပ်နေတဲ့ အပစ်ရပ်တပ်တွေကို ပြန်လည် နေရာချထားမယ် ဆိုလို့ ပြည်မနဲ့ ကပ်လျက် နေရာတွေမှာတော့ အခြေချခွင့် မပြုတော့ဘဲ နယ်စွန်နယ်ဖျားကို မောင်းထုတ်မယ့် သဘောမျိုးဟာ ဝေးလေ ကောင်းလေဆိုတဲ့ အဓိပ္ပာယ် ထွက်နေပြန်ပါတယ်။ နယ်ခြားစောင့်တပ်ကို အခြားဒေသသို့ စေလွှတ်ခြင်း မပြုဘဲ မိမိနယ်တွင်သာ စောင့်ရန်လို့ သတ်မှတ် ပါရှိလေရာ ချုပ်ကိုင်လိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။

တပ်ရင်းထဲမှာရှိတဲ့ ရာထူး၊ အဆင့်သတ်မှတ်မှုအတိုင်း အပစ်ရပ် ငြိမ်းအဖွဲ့တွေက သတ်မှတ်ရန် ဆိုတာဟာလည်း နအဖစစ်တပ်မှ ၀င်လာတဲ့ အခြားအဆင့် ဆရာကြီးများ (၂၇) ဦးနှင့် ပြဿနာ တက်လာနိုင်ပြီး လူမျိုးစွဲ၊ တပ်စွဲ၊ သူ့လူကိုယ့်လူ ထားရှိနေဦးမှာမို့ သဟဇာတ မဖြစ်နိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်။

ဒါကြောင့် တိုင်းရင်းသားငြိမ်းချမ်းရေးအဖွဲ့တွေကို အပြီးတိုင် ၀ါးမြို ဖြိုခွင်းမယ့် နအဖရဲ့ နည်းပရိယာယ်အား သိမြင်နိုင်ဖို့ အတွက် အပစ်ရပ် အဖွဲ့တွေအားလုံး ယခုတင်ပြခဲ့တဲ့ အချက်အလက်တွေကို သေသေချာချာ စဉ်းစား သုံးသပ်ကြည့်ကြဖို့ အကြံပြုလိုပါတယ်။

တဆက်တည်းမှာ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်း ပေါ်ရောက်အောင် ဖော်ဆောင်ရင်း နအဖအား တောင်းဆိုတိုက်ပွဲ ၀င်သင့်ပါကြောင်း တိုက်တွန်း တင်ပြလိုက်ရပါတယ်။

Ref: ခေတ်ပြိုင်

Read More...

ဗိုလ်ချုပ်မှူးကြီး၏ မြေး အလှူပွဲ သတင်းစာများ ဖော်ပြ

မေကျော်
အင်္ဂါနေ့၊ ဇွန်လ 09 2009 17:36 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ဖိုးလပြည့်က ရန်ကုန် တက္ကသိုလ် လေ့ကျင့်ရေး ကျောင်းကို မုန့်ဈေးတန်း အဆောက်အအုံ ဆောက်လုပ် လှူဒါန်းကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများက သတင်း ဖော်ပြကြသည်။

ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်၏ လှူဒါန်းပွဲသို့ ပညာရေး ဒုဝန်ကြီး၊ ရန်ကုန်ပညာရေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နှင့် ဖိုးလပြည့်၏ မိသားစုဝင်များပါ တက်ရောက် ခဲ့ကြသည်။

ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး ကျောင်းသားဟောင်းဖြစ်သူ ဖိုးလပြည့်က ကျောင်းသူ ကျောင်းသားများ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ စားသုံးနိုင်ရန် လှူဒါန်းကြောင်း ပြောဆိုခဲ့သည်ဟု သတင်းစာက ဖော်ပြခဲ့ပြီး၊ ဤသည်မှာ သူ၏ လှုပ်ရှားမှုအား နိုင်ငံပိုင် သတင်းစာများတွင် ပထမဆုံး အကြိမ် ဖော်ပြခြင်းလည်း ဖြစ်သည်။

ယင်းမုန့်ဈေးတန်း အဆောက်အအုံသစ်ကို ယခုလ ၈ ရက်နေ့က Max Myanmar Co., Ltd အကြီးအကဲ ဦးဇော်ဇော်၊ Asia Glory Trading Co., Ltd မှ ဦးသက်အောင်ချိုနှင့် အတူ သူက ဖွင့်လှစ်ပေးခဲ့သည်။

ဖိုးလပြည့်သည် အသက် ၂ဝ နှစ်ခန့်သာ ရှိသေးပြီး လက်ရှိတွင် လှိုင်သာယာ နည်းပညာ တက္ကသိုလ် ကျောင်းသား ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေတဦး တင်သွင်း ခွင့်ရ

NEJ / ၉ ဇွန် ၂၀၀၉

ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေတဦးကို ရန်ကုန်တိုင်း တရားရုံးက ထပ်မံ တင်သွင်းခွင့် ပြုလိုက်သည်။

အဆိုပါသက်သေခံခွင့် ပြင်ဆင်မှုတွင်ပါဝင်သော သက်သေ (၃) ဦးအနက် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟို အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်တို့ကို ရန်ကုန်တိုင်း တရားရုံးက ပယ်ချလိုက်ကာ ဒေါ်ခင်မိုးမိုးကို သက်သေ ထွက်ဆိုခွင့် ပြုလိုက်ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းတရားရုံးက ဦးတင်ဦး၊ ဦးဝင်းတင်တို့ကို ဘာကြောင့် လက်မခံရသလဲ ဆိုတာကို သီးခြားပြောတာ မရှိဘူး။ ဒီနှစ်ဦးနဲ့ ပတ်သက်ပြီးတော့ အောက်ရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြင်ရန် အကြောင်း မရှိဘူးလို့ပဲ ပြောတယ်” ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် မေလ (၁၈) ရက်တွင် အမှုဖွင့် တရားစွဲဆိုခဲ့ပြီး နောက် တရားလိုဘက်မှ သက်သေ (၁၄) ဦး တင်သွင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၄) ဦး တင်သွင်းခဲ့သော်လည်း (၁) ဦးသာ သက်သေ ထွက်ဆိုခွင့် ရသဖြင့် ရန်ကုန်တိုင်း တရားရုံးသို့ ပြင်ဆင်ခွင့် လျှောက်ထားခဲ့ရာ ယနေ့ ရန်ကုန်တိုင်း တရားရုံးက နောက်ထပ် သက်သေ (၁) ဦး ထွက်ဆိုခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

အန်အယ်လ်ဒီပါတီပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက “အခုလို ဦးဝင်းတင် တို့ကို ပယ်ချလိုက်တဲ့ အတွက် ကျနော်တို့ ထပ်မံ အယူခံ တင်သွင်းသွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေရေးရာ အရ လုပ်သင့် လုပ်ထိုက်တာတွေ လုပ်ဖို့ ခွင့်ပြုချက် ရထားပြီးသားပါ” ဟု ပြောသည်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ၎င်းအနေဖြင့် ဒေါ်အောင်ဆန်း စုကြည် အမှုတွင် သက်သေ လိုက်ခွင့် မရသည့်အကြောင်းမှာ လုံခြုံရေး အကြောင်းပြချက်များနှင့် ပြင်ပတွင် လှုပ်ရှားနေသည့် လှုပ်ရှားမှု များအရ ဖြစ်နိုင်ကြောင်း ခေတ်ပြိုင်သို့ ပြောသည်။

“ကျနော်ကျတော့ အန်အယ်လ်ဒီမှာ အကြောင်းအခြေအနေအရ တတ်နိုင်သလောက် ပြောဆို နေရတာရှိတယ်။ ကျနော် လှုပ်ရှားနေတယ်။ လူတွေကြားထဲမှာ ထွက်နေတယ် ဆိုတော့ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်က ရှိခဲ့တဲ့ အာဏာ ဖီဆန်ရေးဆိုတဲ့ လိုင်းတွေ အတိုင်းပဲ ကျနော်က အဲဒါတွေရဲ့ ပဲ့တင်သံလို ဖြစ်နေတယ်လို့ သူတို့က စွပ်စွဲတယ်ပေါ့ဗျာ။ ဦးဝင်းတင်ဟာ အာဏာဖီဆန်ရေး လိုင်းတို့၊ မတရားတဲ့ အမိန့်အာဏာ ဟူသမျှ ဖီဆန်ကြ လိုင်းတို့၊ နောက်တခါ ရှစ်လေးလုံး ကာလတုန်းက ဆန္ဒတွေ ဖော်ထုတ်ကြဆိုတဲ့ ဆန္ဒဖော်သံ ဆိုတဲ့စာစောင် ကျနော်က ထုတ်ဖူးတာကိုး။ ဆိုတော့ ဒီအသံတွေအတိုင်း ဒီနေ့ ပြောနေတဲ့ စကားဟာ ဆန္ဒပြတာ မဟုတ်ဘူး၊ ဆန္ဒဖော်ထုတ်တယ် ဆိုတဲ့ဟာတွေ ကျနော်သုံးတယ် ဘာညာ ဆိုပြီးတော့ ဖြစ်နေတဲ့အခါကျ ကျနော်က အဲလို ငြိနေတယ်” ဟု ၎င်းက ပြောသည်။

အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးမှာလည်း ထိန်းသိမ်းခံနေရသည့် အတွက် လုံခြုံရေး အကြောင်းပြချက်ဖြင့် ပယ်ခြင်း ဖြစ်နိုင်သည်ဟု ဦးဝင်းတင်က ပြောသည်။

၎င်းက “သူတို့ရဲ့အကြောင်းပြချက်က ဖမ်းဆီးထားတဲ့ ပုဂ္ဂိုလ်တွေကို အစိုးရက လုံခြုံရေး အကြောင်းပြချက်နဲ့ ပယ်တယ်ပေါ့ဗျာ။ တရားဥပဒေ အရတော့ တရားခံပြသက်သေကို ဘယ်သူ့ဖြစ်ဖြစ် ခေါ်ပေးရမယ့် ၀တ္တရားရှိတယ်။
အခုကျတော့ တရားမျှတစွာ စီရင်ရေးကို ပျက်ပြား စေနိုင်တယ်ဆိုပြီးတော့ တရားမျှတမှုကို ပျက်ပြားစေနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်ကို တင်နေတယ် ကျနော်ထင်တယ်ဗျ” ဟု ပြောသည်။

“အန်အယ်လ်ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်စုနဲ့ ကျနော်တို့ ချိတ်မိမှာ စိုးတယ်ပေါ့ဗျာ ဆိုတဲ့အသံတွေ ထွက်နေတာဟာ အစိုးရ အသံမဟုတ်တောင် အစိုးရ တပိုင်း အသံတွေ ထွက်နေတဲ့ အခါကျတော့ ဒါလည်း ဂယက်ရိုက်မှု ဖြစ်လာလိမ့်မယ် ထင်ပါတယ်” ဟု ဦးဝင်းတင်က ရှင်းပြသည်။

Ref: ခေတ်ပြိုင်

Read More...

Tuesday, June 9, 2009

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထပ်မံ ထားရှိသွားမည်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 09 2009 11:52 - မြန်မာစံတော်ချိန်

နယူးဒေလီ ။ ။ ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း တရားစွဲဆိုခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ပြင်ရှိ တပ်မ စခန်းတခု အခြေစိုက်သည့် ဒေသတွင် နေအိမ် အကျယ်ချုပ် ထပ်မံ ချထားရန်အတွက် မြန်မာစစ်အစိုးရက ပြင်ဆင်နေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်များ အဆိုအရ သိရသည်။

တပ်မ ၁၁ အခြေစိုက်ရာ ရန်ကုန်မြို့အထွက် ရဲမွန်မြို့တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်ကို ထားရှိသွားမည်ဖြစ်ကာ ဘန်ဂလို တခုကို ပြန်လည် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်းရပ်ကွက်က ဆိုသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အား အင်းစိန်ထောင်အတွင်း မြောက်ပိုင်းခရိုင် တရားရုံးတွင် ကြားနာ စစ်ဆေးမှုများ ပြုလုပ် နေသော်လည်း မြန်မာ စစ်အစိုးရသည် သူမကို နေအိမ် အကျယ်ချုပ်ဖြင့် ထပ်မံ၍ ထားရှိသွားရန် ဆုံးဖြတ်ပြီးဖြစ်နေကြောင်း သတင်းရပ်ကွက်က ဆက်လက်ပြောဆိုသည်။

Ref: မဇ္ဈိမ

Read More...

ဝ တောင်ပိုင်းဒေသ ၀န်ထမ်းများ စစ်ရေးအသင့်ပြင်ရန် မြန်မာ တပ်များ ညွန်ကြား

ဇော်ကြီး။
ဇွန်လ ၈ ရက်၊ ၂၀၀၉ ခုနှစ်။

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းတုန်မြို့နယ် နားကောင်းမူးကျေးရွာရှိ အစိုးရ ၀န်ထမ်းများအား ဒေသခံတပ်က စစ်ရေး အရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်ထားရန် ညွန်ကြားထားသဖြင့် တိုက်ပွဲများ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေ ကြသည်။

မြန်မာစစ်အစိုးရက ၀ လက်နက်ကိုင်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် ကမ်းလှမ်းထားသည့် ကိစ္စနှင့် ပတ်သက်၍ ညှိနိုင်းမှု အဆင် မပြေပါက တိုက်ပွဲများ ဖြစ်ပေါ် လာနိုင်သဖြင့် ကတုတ်ကျင်းများ တူးထားကြရန် အရပ်သား ၀န်ထမ်းများအား ပြောသည် ဟု ဒေသခံ ရွာသားတဦးက ယခုလိုပြောသည်။

“အခုဒီရက်ပိုင်းအတွင်းမှာ ရှုပ်ဖို့များတယ်။ ၀န်ထမ်းအချင်းချင်း ဆိုတော့ တိုးတိုးတိတ်တိတ် ပြောပြတာ ပေါ့နော်။ ဗုံးကျင်းတွေ တူးထားလို့ ပြောတယ်။ စစ်သားတွေက သူတို့ကိုပြော ပြတာပေါ့နော်။ တကယ် လို့ ၀ တွေက လျော့ရင်လျော့ မလျော့ရင် တွယ်မယ်ပေါ့။ နောက်ဆုံးတကြိမ် ထပ်ညှိမယ်။ ညှိလို့မရရင် တွယ်မယ်ပေါ့။”

စစ်အစိုးရတပ်နှင့် တောင်ပိုင်း ၀ တပ်များ ညှိနိုင်းမှု အဆင်မပြေလျှင် တိုက်ပွဲများဖြစ်ပေါ် လာမည်ကို ဒေသခံရွာ သားများအနေနှင့် စိုးရိမ်နေကြပြီး ပြောင်းရွှေ့နေထိုင်သူအချို့ ရှိသည်ဟု ၎င်းက ယခုလို ဆက်ပြောသည်။

“အခုရွာသားတွေက တချို့ချမ်းသာတဲ့သူ၊ တတ်နိုင်တဲ့သူတွေက တခြားနေရာ ပြောင်းကြ တာပေါ့။ တာချီလိတ် သွားနေတဲ့သူ ကနေပေါ့။ တချို့ကျတော့ ယိုးဒယားထဲ ၀င်တဲ့သူက ၀င်ပေါ့နော်။ တချို့တွေ ကျတော့ ဆန်တွေ ၀ယ်ထားကြတာလည်း ရှိတယ်။”

စစ်အစိုးရတပ်မှ အရပ်သားဝန်ထမ်းများအား တပ်လှန့်ထားသည်ကို ကြားသိရကြောင်း ရှမ်းသံတော်ဆင့် သတင်းစဉ် လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က ယခုလိုပြောသည်။

“နားကောင်းမူးတို့ ပုံပါကျင်တို့မှာ ပြောတာဆိုတာရှိတယ်တဲ့ သတိဝိရိယနဲ့ နေကြဖို့ပေါ့။ သတင်းတွေ ဘာတွေ ထူးခြားလို့ရှိရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့်။ ဒါမှမဟုတ် ကိုယ့်မိသားစု၊ ကိုယ့်စည်းစိမ် ဥစ္စာ စိတ်ချ လုံခြုံဖို့ အတွက်ဆိုရင် ကိုယ့်ဟာကိုယ် ခြံထဲမှာ ဖြစ်ဖြစ်၊ အိမ်နီးနားမှာပဲ ဖြစ်ဖြစ် ကတုတ် ကျင်းတွေ ဘာတွေ တူးထားသင့်ရင်လည်း တူးထားကြဖို့ လိုတယ်ပေါ့။ မတူးမနေရ အိမ်တိုင်းတူးရမယ် ဆိုတဲ့ပုံစံတော့ မဟုတ်ဘူး။”

ထိုင်းမြန်မာနယ်စပ်ဂိတ် BP-1 ခေါ် နောင်အုတ်မှ တရက်ခရီး အကွာတွင်ရှိသော တာဆန်းတံတား၌ ရိုးရိုးသာမန် အရပ်သားကားများ ဖြတ်သန်းခွင့်ကို ယမန်နေ့ညနေမှ စ၍ ပိတ်ထားလိုက်ပြီး စစ်ကားများသာ သွားလာခွင့်ရှိ သည်ဟု အဆိုပါ နားကောင်းမူး ဒေသခံက ယခုလို ဆက်ပြောသည်။

“ကျနော်သိတာတော့ တာဆန်းတံတားတော့ အရပ်သားကားတွေ ပေးမသွားဘူးပေါ့။ ပိတ်ထားတယ် ပေါ့။ စစ်ယာဉ်တန်းတွေ သွားဖို့ပေါ့ဗျာ။ ဒီရက် အတောအတွင်းပေါ့။”

တပ်မ (၅၅) လက်အောက်ခံတပ်ရင်း (၃) ရင်းသည် ယမန်နေ့က တာဆန်းတံတားတွင် ရောက်ရှိနေပြီး ၎င်းတို့ နှင့်အတူ မိုင်းဆတ်မှ အချုပ်သား ၅၀ ခန့်ပါလာသည်ဟု ဦးစိန်ကြည်က ပြောသည်။

“ထူးခြားတာ တစ်ခုက မနေ့က မိုင်းဆတ်က အချုပ်သားတွေထောင်သားတွေ လေး ငါးဆယ်လောက် မိုင်း တုန်ဖက်ကို နားကောင်းမူး၊ ပုံပါကျင်ဖက်ကို ကားနဲ့ တင်လာတယ်တဲ့။ နအဖတပ်က အဲတာ ရှေ့ တန်းအတွက် ချောထမ်းဖို့လား၊ ဘာလားတော့ မသိဘူးလို့ ပြောနေကြတယ်။”

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်ရဲမြင့်နှင့် အဖွဲ့သည် ယခုလ ၄ ရက်နှင့် ၆ ရက်နေ့ များက ကိုးကန့်နှင့် ၀ ဒေသ များသို့ရောက်ရှိခဲ့ပြီး ယနေ့ မိုင်းလားသို့ ထွက်ခွာသွားသည်ဟု တရုတ်မြန်မာ နယ်စပ် စစ်ရေး အကဲခတ်သူ ဦးအောင်ကျော်ဇောက ပြောသည်။

Ref: Network Media Group

Read More...

နယ်ခြားစောင့်တပ်ဖွဲ့ရေး စစ်အစိုးရကိုယ်စားလှယ် ဒုတိယ အကြိမ် ဆွေးနွေး

မျိုးကြီး
တနင်္လာနေ့၊ ဇွန်လ 08 2009 19:40 - မြန်မာစံတော်ချိန်

ရွှေလီ (မဇ္ဈိမ)။ ။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ရှမ်းပြည်ရှိ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယခုအခါ ဒုတိယအကြိမ်မြောက် လိုက်လံ တွေ့ဆုံလျက် ရှိသည်။

မိုင်းလားမြို့အခြေစိုက် အထူးဒေသ (၄) မှ ဦးစိုင်းလင်း ခေါင်းဆောင်သော အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) နှင့် ဆွေးနွေးရန် စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ပန်ဆန်းမြို့မှ ထွက်ခွာသွားသည်။

ယမန်နေ့က ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် - ရမခ တိုင်းမှူး အောင်သန်းထွဋ်၊ တြိဂံတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဖြိုး၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ် မောင်မောင်အုန်းတို့သည် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် - UWSA ပန်ဆန်းမြို့၌ နံနက်ပိုင်းနှင့် ညနေပိုင်း ခွဲ၍ နှစ်ကြိမ် တွေ့ဆုံခဲ့သည်။ နံနက်ပိုင်းတွင် ဗဟိုခေါင်းဆောင်များနှင့် တွေ့ဆုံပြီး ညနေတွင် တပ်ကေဒါ ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည်။

ယခုလ ၅ ရက်နေ့ကလည်း လောက်ကိုင်မြို့၌ (သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ) ဦးဖုန်ကျားရှင် ခေါင်းဆောင်သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - MNDAA နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။

ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်သွားခဲ့ကြသည့် ထိုအဖွဲ့ ၃ ဖွဲ့လုံးကို ဧပြီလ ၂၈ ရက်နေ့ကလည်း စစ်ဖက် အရာရှိကြီးများ ရောက်ရှိလာပြီး ယခုဒေသအတွင်းရှိ အပစ်ရပ်အဖွဲ့များ၏ တပ်များကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် အဆိုပြုခဲ့သေးသည်။

စစ်အစိုးရဘက်က အဆိုပြုချက်နှင့် ပတ်သက်၍ ယခု လကုန်ပိုင်းတွင် နောက်ဆုံး အဖြေ ပေးရလိမ့်မည်ဟု တရုတ်- မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

ငြိမ်းအဖွဲ့များအတွင်း အင်အားတောင့်တင်းသော အဖွဲ့တခုဖြစ်သည့် တပ်အင်အား ၃ သောင်းရှိ ဝပြည် သွေးစည်း ညီညွတ်ရေး ပါတီက တပ်အသွင် ပြောင်းရန် လက်မခံနိုင်ကြောင်း မြန်မာစစ်အစိုးရထံ မေလ ၂ဝ ရက်နေ့တွင် စာရေးသားကာ အကြောင်းပြန်ခဲ့သည်။

အဆိုပါ အပစ်ရပ်အဖွဲ့များသည် ၁၉၈၉ ခုနှစ်အတွင်းက ဗမာပြည် ကွန်မြူနစ်ပါတီမှ ရှေ့ဆင့် နောက်ဆင့် ခွဲထွက်ခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

ကောက်ရိုးမီးတောက်ကို ကျော်လွန်၍၊ မီးကုန် ယမ်းကုန် အဆုံးသတ် တိုက်ပွဲဆီသို့

Sunday, May 17, 2009

ဂလက်စဂိုမြို့သို့ ရောက်လာခဲ့ပြန်ချေပြီ။ ကမ္ဘာ့ လှုပ်ရှားမှုနေ့ အဖြစ် နိုင်ငံတကာ ကင်ပိန်းများတွင် ပါဝင်ဖို့ ဖြစ်သည်။ လွန်ခဲ့သော စက်တင်ဘာ တော်လှန်ရေး တုန်းကလဲ တကမ္ဘာလုံး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့တာကို သွားသတိရမိသည်။ ဘာလိုလိုနဲ့ နှစ်တွေတောင် ကြာလာခဲ့ပြီပဲ။ မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံတွေ ဘက်ကို နိုင်ငံရေး ချိန်ခွင်လျှာ အလေးသာစေမည့် ဖြစ်ရပ်ပေါင်းများစွာ ဆက်တိုက် ဖြစ်ပေါ် နေလျက် ရှိသည်။ ဒီပဲယင်း လူသတ်ပွဲ၊ စက်တင်ဘာ တော်လှန်ရေး၊ နာဂစ်မုန်တိုင်း၊ ပြီးတော့ အခု လူထုခေါင်းဆောင် မတရား အမှုဆင် ထောင်သွင်းခံရမှု။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ အစိုးရ ခေါင်းဆောင်များ၏ အာရုံစိုက်မှုကို အများဆုံး ခံရသည့် အဖြစ်အပျက်များ။ ပြည်ပ ရောက်မြန်မာများကို တ၀ုန်းဝုန်း လှုပ်ရှားမှုများ ဖြစ်စေသည့် အဖြစ်အပျက်များ။ ကောက်ရိုး မီးတောက်လို ခဏတောက်ပြီး၊ ပြန်ငြိမ်ကျသွားခြင်း မရှိစေရန်ကိုတော့ အားလုံး ဂရုစိုက်ကြဖို့ လိုအပ်သည်။ ရှေးယခင်က ကောက်ရိုးမီးတောက် ဖြစ်ခဲ့ရသည့် အဖြစ်အပျက်များမှ သင်ခန်းစာ များကို ပြန်ယူကြဖို့ လိုအပ်သည်။ သို့မှသာ ကောက်ရိုးမီးတောက်ကို ကျော်လွန်၍၊ မီးကုန်ယမ်းကုန် အဆုံးသတ် တိုက်ပွဲဆီသို့ ဦးတည်နိုင်ပေလိမ့်မည်။

ကောက်ရိုးမီးတောက်သင်ခန်းစာများ

ဒီပဲယင်းလူသတ်ပွဲ၊ စက်တင်ဘာတော်လှန်ရေး၊ နာဂစ်မုန်တိုင်း စသည်တို့ကို ပြန်လှန် သုံးသပ် ကြည့်ပါစို့။

ဒီပဲယင်းလူသတ်ပွဲသည် ရှစ်ဆယ့်ရှစ် တော်လှန်ရေးနောက်ပိုင်းတွင် ၀ုန်းကနဲ လူအများ အာရုံကို ဆွဲယူနိုင်စွမ်း အရှိဆုံး မီးတောက်တခု ဖြစ်ခဲ့သည်။ တကမ္ဘာလုံးတွင် ဆန္ဒပြပွဲများ တရှိန်ထိုး ဖြစ်ပွားစေခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများသို့ အရေးယူ ပေးပါရန် တောင်းဆိုမှုများ အများအပြား ပေါ်ပေါက်ခဲ့သည်။ ယခု ခြောက်နှစ်ကြာ ကာလရောက်တော့ ဤမျှကြီးမားလှသော လူသတ်ပွဲ၊ နိုင်ငံတော် အကြမ်းဖက်မှုပွဲကြီးသည် ဒီပဲယင်းနှစ်ပတ်လည် တနာရီကြာ ဆန္ဒပြပွဲလေးများ ဟိုတစ၊ ဒီတစ ပေါ်လာရုံလေးမျှသာ ကျန်တော့သည်။ ဘာတွေ မှားခဲ့ကြသနည်း။ လူထုခေါင်းဆောင်နှင့် လူထု ရွေးကောက် တင်မြှောက်ထားသည့် တပ်ဦးပါတီအပေါ် ပြင်းထန်စွာ တိုက်ခိုက်မှုကို လူထုသို့ စည်းရုံး လှုံဆော်ရန် ပျက်ကွက် ခဲ့ကြခြင်းကြောင့် ဖြစ်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများအပေါ် အလုံးစုံ အားကိုး ခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုအားကိုးစိတ်က နိုင်ငံတကာ အဖွဲ့အစည်းများ၏ အမှန်တကယ် စွမ်းဆောင်နိုင်မှု အခြေအနေကို မသုံးသပ်တော့ပဲ၊ နိုင်ငံတကာကတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဆိုသော စိတ်ကူးယဉ်မှုကို ဖြစ်စေသည်။ ထိုမှတဆင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ၀င်ရောက်သွားသည်နှင့်၊ အစိုးရ ခေါင်းဆောင်များမှ စတိတ်မင့်များ ထုတ်လိုက်သည်နှင့် ငါတို့တော့ အောင်မြင်တော့မှာပဲဆိုသော မျှော်လင့်ချက်ကြီး ပေါ်လာသည်။ ထိုစိတ်ကူးယဉ်မှုနှင့် မျှော်လင့်ချက်သည် ပြည်သူလူထု ထံသို့လည်း မီဒီယာများမှ တဆင့် ကူးစက်သွားသည်။ ထိုမှတဆင့် ပြည်တွင်းပြည်ပ ဟန်ချက်ညီ လှုပ်ရှားမှု လျော့သွား တော့သည်။ မျှော်လင့်သလို တကယ်ဖြစ်မလာသော အခါတွင်ကား မီးတောက်က မီးညွန့် ကျိုးသွားခဲ့ပြီ။

စက်တင်ဘာတော်လှန်ရေးသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်ခဲ့သည်။ ပြည်ပ မီဒီယာတွေ အားလုံးမှာ သတင်း အချက်အလက်တွေ တမဟုတ်ချင်း ပျံ့နှံ့သွားသည်။ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရ ခေါင်းဆောင်များမှ ကန့်ကွက်မှုများ ရက်အနည်းငယ်အတွင်း ထွက်လာသည်။ တကမ္ဘာလုံးရှိ Grass root အဖွဲ့အစည်းများ၊ ကမ္ဘာ့ ပြည်သူလူထု ကလဲ တော်တော် အားပေးကြသည်။ မြို့ငယ်လေးများတွင် လုပ်သည့် လှုပ်ရှားမှုများတွင်ပင် လူထောင်ချီသည်။ လုံခြုံရေး ကောင်စီအထိ ရောက်သည်။ တရုတ်၊ ရုရှားက ကန့်ကွက်တော့ နိုင်ငံတကာ လှုပ်ရှားမှုအရှိန် အနည်းငယ် ကျသွားသည်။ ဂမ်ဘာရီ ၀င်သွားလိုက်တော့ အောင်တော့မယ်ဆိုသည့် မျှော်လင့်ချက်များက ထွက်လာပြန်သည်။ ယူအင်တပ်ကြီးပဲ ၀င်လာတော့မလိုလို၊ အခုပဲ အမေရိကန်နဲ့ ဗြိတိန်က ၀င်လာတော့ မလိုလို သတင်းလွှင့်ကြ ပြန်သည်။ လူထုကလဲ တကယ် ဟုတ်တော့မှာပဲလို့ စောင့်စားသည်။ ရန်သူက နိုင်ငံတကာကို ဘယ်လို လှည့်စားရမလဲဆိုတာ နောကြေနေပြီ။ ဒိုင်ယာလော့ခ် လုပ်တော့မလို ခြေလှမ်းပြလိုက်သည်။ ဘယ်လောက်ပဲခံရ၊ ခံရ ရန်သူ့ ခြေလှမ်းကို သဘော မပေါက်ကြသေး။ ထောက်ခံကြိုဆိုမှုများပင် လုပ်လိုက်ကြသေးသည်။ လှည့်စားခံရမှန်း တကယ်သိရတော့ ပွဲပြီးမီးသေ ဖြစ်နေပြီ။ ဖြစ်နိုင်ချေ မရှိသော မျှော်လင့်ချက်များ ပေးခဲ့မှုက လူထုရဲ့ စိတ်ဓာတ် တက်ကြွမှုနှင့် မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သည်။

နောက်တခါ ပေါ်ထွက်လာသည်က နာဂစ်မုန်တိုင်း။ နာဂစ်မခံရသည့် ဒေသများမှ ပြည်သူများကို လှုံ့ဆော်ရေးလုပ်ပြီး၊ မုန်တိုင်းဒဏ် ခံရသည့် ပြည်သူများအား ကူညီရေးအတွက် စစ်အုပ်စုအား တောင်းဆိုသည့် လူထုအုံကြွမှု ပြုလုပ်ရန် လုပ်သည့် အဖွဲ့များက အနည်းငယ်သာ ရှိသည်။ အားလုံး ၀ုန်းဒိုင်းကျဲ လုပ်နေသည်ကတော့ အမေရိကန် ၀င်ပေးရန်၊ ယူအင်ဝင်ပေးရန် တောင်းဆိုမှု သာဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေး နားလည်သူများက ဖြစ်မည် မဟုတ်ဟု ပြောကြတော့၊ ထိုလူများကိုပင် နအဖ လူများဟု စွပ်စွဲကြပြန်သည်။ နိုင်ငံ၏ နိုင်ငံရေး ပထ၀ီဝင် အနေအထားကိုလဲ ထည့်မတွက်၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ကိုင်မှုစွမ်းရည် အားနည်းချက်များကိုလဲ မစဉ်းစား၊ အဖြစ်အပျက်နှင့် လုံးဝမဆိုင်သည့် ငြိမ်းချမ်းရေး တပ်ဖွဲ့ စေလွှတ်ဖို့ကိုလဲ ထည့်ပြောကြသည်။ ငြိမ်းချမ်းရေး တပ်ဖွဲ့ဆိုတာ ဘယ်လို အခြေအနေမျိုးမှာ လွှတ်ရသည် ဆိုတာကို မသိလို့တော့ ဖြစ်မည် မဟုတ်။ ရမလားဆိုပြီး၊ ထင်ရာမြင်ရာ စွတ်တင်ကြခြင်းသာ ဖြစ်သည်။ အမေရိကန် တပ်များကို မည်သို့ မည်ပုံ ကြိုဆိုရမည် များကိုပင် မြန်မာ ပြည်သူလူထုကို နည်းပေး လမ်းပြ လုပ်ကြသေးသည်။ လက်တွေ့ကျတော့ သဲထဲ ရေသွန် ဖြစ်ကုန်ခဲ့သည်။

အရေးထဲ၊ အရာထဲမှာ စစ်အုပ်စုက ဖွဲ့စည်းပုံ ထောက်ခံမဲများ လိမ်ယူသွားသည်။ နောက်ပိုင်း ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပြင်ပေးပါဆိုတော့ လူထုက ထောက်ခံထားလို့၊ လူထုက မလေးစားရာ ကျမှာစိုးလို့ ဆိုပြီး သူခိုးက လူပြန်ဟစ်နေသည်။ နောက်ပိုင်းမှ ဖွဲ့စည်းပုံကို ပြင်ပေးပါ တောင်းဆိုမယ့် အစား၊ ပွဲမဖြစ်ခင် ကတည်းက မပြင်ရင် လူထုက မဲလုံးဝ မပေးပဲ ကန့်ကွက်မည်ဟု အဘယ်ကြောင့် မဆိုခဲ့ကြပါသနည်း။ ရန်သူသည် မသမာသူ လူလိမ် လူညာများမှန်း အကြိမ်ကြိမ် သိပြီးသားဖြစ်ပါလျက်၊ မဲခိုးမဲလိမ်မည်ကို ထည့်မတွက်ပဲ ကန့်ကွက်မဲ ဘာကြောင့် ထည့်ခိုင်း ခဲ့ကြသနည်း။ နအဖကတော့ မှန်မှန်ကန်ကန် လုပ်မှာပဲလို့များ စိတ်ကူးယဉ်ခဲ့ ကြသလား၊ အကောင်းမြင် မျှော်လင့်ချက်လေးများကို ဒီလောက် ဆိုးဝါး ယုတ်မာသော ရန်သူအပေါ်မှာမှ ထားရှိပြီး၊ ယုံကြည်နေမှုသည် ရန်သူနှင့် မတန်ကြောင်း သဘောပေါက် သင့်ကြပြီ။ ဒီကြားထဲ ရွေးကောက်ပွဲဆိုတော့ ၀င်ရမယ်၊ ပူးသတ်ရမယ်လို့ ဆိုလာ ကြပြန်သည်။ နိုင်ငံတကာ စောင့်ကြပ်မှုလို့ ဆိုလာကြပြန်သည်။ စောင့်ကြပ် ကြည့်ရှုသည့်ကြားက မဲလိမ်သွားရင် ဘယ်လို လုပ်ကြပါမည်နည်း။ စစ်အုပ်စုက မသမာနည်း သုံးရင်လဲ နိုင်ငံတကာက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူးဆိုသည့် မျှော်လင့်ချက်ကို မည်မျှထိ ဆက်ဆုပ်ကိုင် ထားမည်နည်း။ လက်ပိုက်ကြည့်နေမည် မဟုတ်ပါ။ မှန်ပါသည်။ အဖြစ်အပျက်နှင့် လျော်ညီသည့် အသုံး အနှုန်းများဖြစ်သော ၀မ်းနည်းကြောင်း၊ ကန့်ကွက်ကြောင်း၊ စစ်အုပ်စုကို ဘာလုပ်ဖို့၊ ညာလုပ်ဖို့ တိုက်တွန်းပါကြောင်း စတိတ်မင့်ပေါင်း များစွာ ထွက်လာပါလိမ့်မည်။

ယခု ကျွန်မတို့ လူထုခေါင်းဆောင်အား စစ်အုပ်စုမှ မတရား အမှုဆင် ဖမ်းဆီးထောင်ချရန် ပြုလုပ်မှုတွင်လည်း နိုင်ငံတကာ အဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံပေါင်းစုံမှ စတိတ်မင့်များစွာ ထွက်လာ ခဲ့ပြီးပြီဖြစ်သည်။ တကမ္ဘာလုံးက လှုပ်ရှားမှုများကလဲ အားတိုက်အင်တိုက် ပေါ်ထွက်လာခဲ့ပြီ။ တဦးတယောက်၊ တဖွဲ့တည်း၏ ကြိုးပမ်းမှု မဟုတ်။ စုပေါင်း ကြိုးစားမှုများ၏ ရလာဒ်ဖြစ်သည်။ တခုပဲရှိသည်။ ယခင်အဖြစ်အပျက်များ တုန်းက ဖြစ်ခဲ့သလို ကောက်ရိုးမီးတောက်နဲ့ မီးညွန့် မကျိုးရန် ဘာ ဆက်လုပ်ကြမည်နည်း။

ဘာဆက်လုပ်ကြမလဲ

နိုင်ငံတကာရောက် မြန်မာများ၏ နိုင်ငံတကာ ကင်ပိန်းကို အချိန်တိုအတွင်း ၀ိုင်းဝန်း အကောင်အထည်မှု ရလာဒ်သည် အင်အားကြီးမားစွာ ထွက်ပေါ်လာခဲ့ပြီ။ စစ်အုပ်စုကို အများဆုံး အကာအကွယ် ပေးလေ့ရှိသည့် အာဆီယံကပင် ဖိအားပေးမှုများ ပေါ်ထွက်လာခဲ့ပြီ။ စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သွားမလိုလို၊ ဆက်ရှိတော့မလိုလို အနေအထားမှ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု ဆက်လက် ထားရှိမှု ရလာဒ်ကြီး ထွက်ပေါ်လာခဲ့ပြီ။ တနည်းဆိုလျှင် နိုင်ငံတကာ စစ်မျက်နှာ ခံတပ်ကြီးကို အတိုက်အခံများဘက်မှ သိမ်းပိုက်လိုက်နိုင်သည့် အောင်ပွဲကြီး တခုပင်ဖြစ်သည်။ ထိုမျှနှင့် ကျေနပ်နေလို့ မရ။ ခံတပ်တခု သိမ်းပြီးလျှင် အစောင့်တပ်ထားပြီး စစ်ကြောင်း ဆက်ထွက်ရသည်။ နယ်မြေရှင်းလင်းရေး လုပ်ရသည်။ နိုင်ငံတကာ စစ်မျက်နှာသည် မြန်မာ့အရေးတွင် အမြောက်တပ် သဖွယ်သာ ရှိသည်။ စစ်အာဏာရှင် ခံတပ်ကို ဆက်လက် သိမ်းပိုက်ပြီး၊ အဆုံးသတ် အောင်ပွဲခံနိုင်ဖို့ အရေးကို ဆက်လုပ်ကြရမည်။ စစ်အာဏာရှင်စနစ် ပပျောက်ရေးကို ဆက်လုပ် ကြရမည်။ အောင်ပွဲ၏ အဆုံးအဖြတ်သည် ပြည်တွင်းမှာသာ ရှိသည်။ ပြည်တွင်း စစ်မျက်နှာကို ဦးမလှည့်နိုင်မချင်း ကောက်ရိုးမီးတောက် အောင်ပွဲအဆင့်က ဆက်တက်မည် မဟုတ်။ ဒါက ပကတိ အမှန်တရားဖြစ်သည်။

နိုင်ငံတကာ ကင်ပိန်းကို ဦးဆောင်လုပ်နေသည့် အဖွဲ့များ၊ လူများနှင့် တပ်စောင့် ထားခဲ့ပြီး၊ ပြည်တွင်း စစ်မျက်နှာကို ရှေးရှုရတော့မည်။ ပြည်တွင်း စစ်မျက်နှာအတွက် လိုအပ်သော ငွေအား၊ လူအား၊ အတွေးအခေါ်၊ နည်းပညာအားများကို ဆက်လက် ပံ့ပိုးကြဖို့ လုပ်ကြရတော့မည်။ နိုင်ငံတကာ ခံတပ်ကို ပြန်သိမ်းဖို့ ကြိုးပမ်းမည့် အနီးကပ် ရန်သူများ လက်မှလည်း ကာကွယ်ကြရဦးမည်။ ရန်၊ ငါ ပြတ်ဖို့ လိုသည်။ နိုင်ငံရေးသမိုင်းတွင် အတူ လျှောက်လှမ်းခဲ့သူများနှင့် ပတ်သက်သည့် သံယောဇဉ်၊ နှောင်ကြိုးလေးတွေ ရှိကြသည်။ သို့ပေမယ့် နိုင်ငံရေး လမ်းဆုံတွင် သူ့လမ်း၊ ကိုယ့်လမ်း လျှောက်ရပြီ ဆိုရင်တော့ သံယောဇဉ်ကို စာဖွဲ့နေလို့မရ။ နှောင်ကြိုး မပြတ်ရင် သူ့လမ်းကြောင်းမှာ လိုက်သွားရုံသာ ရှိသည်။ ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်လျှောက်ပြီးမှ သံယောဇဉ်လေး တွယ်နေလို့ မရ။ ဆုံးဖြတ်ချက်ကို ရန်သူကို သွားဆုံးဖြတ်ခိုင်းသည့် political engagement လမ်းကြောင်းရှိသည်။ မိမိတို့ဘာသာ ဆုံးဖြတ် အကောင်အထည် ဖော်ရမည့် initial democratization လမ်းကြောင်း ရှိသည်။

ပြည်တွင်းမြေပေါ်က အခြေအနေအရ နိုင်ငံရေးကစားပြီး လမ်းကြောင်း မပြတ်တာ အကြောင်း မဟုတ်။ ပြည်ပနှင့် မြေအောက်ကတော့ လမ်းကြောင်းပြတ်ရမည်။ သူ့လမ်းမှန်ရင်လဲ မှန်မည်။ ကိုယ့်လမ်းမှန်ရင်လဲ မှန်မည်။ ဒါကို မှန်သည်၊ မှားသည် ငြင်းခုံနေဖို့ မဟုတ်။ ကိုယ့်လမ်းကြောင်းနှင့် ကိုယ် မှန်မှန်ကန်ကန် မစွေမစောင်း လျှောက်ကြဖို့ ကတော့ လိုအပ်သည်။

အခု နအဖဘက်က ဆက်တက်လာနိုင်မည့် ခြေလှမ်း ဘာဖြစ်လာနိုင် သနည်း။ ၀ိုင်းဝန်းတွေးတောကြဖို့လိုပြီ။ ပကတိ အခြေအနေတွင် လူထုခေါင်းဆောင်ကို ထိန်းသိမ်းထားသည့် အမှု သွားအမှုလာ အခြေအနေများအရ.....

(၁) အမှုစစ်ဆေးကာလသည် အနည်းဆုံးနှစ်ပတ်မှ အများဆုံး ရှစ်ပတ်ခန့် ကြာနိုင်သည်။ (နိုင်ငံတကာ တောင်းဆိုမှုကြောင့် ဆိုပြီး အမှုပြန်ရုတ်သိမ်းရန် ဖြစ်နိုင်ချေ နည်းသည်။

(၂) ထိုရှစ်ပတ်ကာလတွင် ရွေးကောက်ပွဲ မှတ်ပုံတင် လုပ်ချင် လုပ်လာနိုင်သည်။ အန်အင်ဒီကို ရွေူးကောက်ပွဲ မှတ်ပုံတင်ရန် တွန်းအား ပေးလာနိုင်သည်။ လူထုခေါင်းဆောင်ကို ရုံးတင် အမှုစွဲဆို ထားသဖြင့် ရွေးကောက်ပွဲ ဥပဒေအရ နိုင်ငံရေးပါတီများတွင် ပါဝင်ခွင့်မရှိဟု ဆိုလာနိုင်သည်။

(၃) ငြိမ်းအဖွဲ့များကို တွန်းအားပေးရန် ငြိမ်းမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များကို စစ်ဆင်ရေးများ အကြီးအကျယ် ဆင်နွှဲ၍ ချောက်လုံးပေးနိုင်သည်။

(၄) နာဂစ်တုန်းကကဲ့သို့ နိုင်ငံတကာ ဖိအားကြားတွင် ဆန္ဒခံယူပွဲ လုပ်သလိုမျိုး၊ ယခု အချိန်တွင်လည်း လူထုခေါင်းဆောင်ကို ထောင်သွင်း အကျဉ်းချထားပြီး၊ နိုင်ငံတကာ ဖိအားများ ကြားမှပင် ၂၀၁၀ ရွေးကောက်ပွဲကို ဆက်တွန်း သွားနိုင်သည်။

ဒီလို ခြေလှမ်းမျိုးတွေကို မည်သို့ တုန့်ပြန်မည်နည်း။ ဖြစ်လာမှ တုန့်ပြန်သည်ထက် မဖြစ်ခင်မှာ မည်သို့ ရပ်မည်နည်း။ ဒီလို အခြေအနေမျိုး ဖြစ်ချင်လဲ ဖြစ်မည်။ ဖြစ်ချင်မှလဲ ဖြစ်မည်။ တယောက်တည်း စဉ်းစားမှုတွင် ဤသို့ ထွက်လာသည်။ သောင်းနှင့် ချီသော ဦးနှောက်များ၏ စုပေါင်း တွေးတောမှုတွင်တော့ ဖြစ်နိုင်ချေနှင့် အနီးဆုံးသော အဖြေများ ဆက်ထွက်လာနိုင်သည်။ မြန်မာ့နိုင်ငံရေး အဖွဲ့အစည်း အဘိဓာန် ထုတ်ရတော့ နိုင်လောက်သည့် ကမှ အ အထိ နိုင်ငံရေး အဖွဲ့အစည်းများ အားလုံး တခါလာလဲ ယူအင်၊ တခါလာလဲ အမေရိကန်၊ တခါလာလဲ ဥရောပ သမဂ္ဂ၊ တခါလာလဲ အာဆီယံ လုပ်နေမည့်အစား၊ ဆက်လက်လုပ်နိုင်သည့် အဖွဲ့အစည်း အနည်းငယ်ကိုသာ လွှဲပေးလိုက်ပြီး၊ နအဖ ခြေလှမ်း အကဲဖြတ်ခြင်း၊ တုန့်ပြန်ရန် ဗျူဟာ ရေးဆွဲရေး၊ လူထုတိုက်ပွဲ ဖော်ဆောင်ရး စသည်များကို ဦးစားပေးသင့်ကြပြီ။ နိုင်ငံတကာမှ အဖွဲ့အစည်းများမှ သူလုပ်နိုင်သည့် ဘောင်အတွင်းမှာ လုပ်ပြီးသားမို့ က မှ အ အထိ အဖွဲ့အစည်း မျိုးစုံ၏ မဲပြာပုဆိုး တောင်းဆိုချက်များကို အချိန်ကုန်ခံ ထပ်စဉ်းစားမည် မဟုတ်။ သူတို့မှာလဲ သူတို့သက်ဆိုင်ရာ အလုပ်များ ရှိသေးသည်။ အီရတ်လို နိုင်ငံတကာက ၀င်ပေးပါလို့ တောင်းဆိုဖို့ မည်သည့် နိုင်ငံတကာ ဥပေဒေကို ကိုင်စွဲ တောင်းဆိုမည်နည်း။ မတောင်းဆိုခင် အရင် လုပ်ထုံး လုပ်နည်းများကို လေ့လာသင့်ကြသည်။ ထိရောက်သော အရေးယူမှုလို့ သုံးသည်က လူကြားကောင်းသည်။ ဝေဖန်နေခြင်း မဟုတ်။ မလိုအပ်ပဲ အချိန်ဖြုန်း နေမှာစိုးလို့ဖြစ်သည်။ လုံခြုံရေးကောင်စီဟု ဆိုရအောင် ဗွီတို အာဏာရှိသည့် တရုတ်နှင့်ရုရှားကို မည်မျှအထိ စည်းရုံးပြီးကြပြီနည်း။ မစည်းရုံးရသေးပဲ မဖြစ်နိုင်သည်များကို တောင်စဉ်ရေမရ ပြောကာ ယခင် အဖြစ်အပျက်များကဲ့သို့ ပြည်သူလူထုကို မှားယွင်းသော မျှော်လင့်ချက်များ မပေးကြဖို့ တောင်းပန်လိုပါသည်။ တရုတ်နှင့် ရုရှား၏ နိုင်ငံရေး အတွေးအခေါ်က ဆန္ဒပြပွဲများကို လက်မခံသေးပါ။ ဒါကို သူတို့ သံရုံးရှေ့ သွားအော်နေတာထက် စာရင် သူတို့ထဲမှ တာဝန်ရှိသူများကို ချိန်းဆိုပြီး ၀င်ရောက်ပြောဆိုမှုကို သူတို့ဘက်က ပိုလိုက်လျောဖွယ်ရှိသည်။ သူတို့အခန်းကဏ္ဍကို မြှင့်ပြီး တွန်းအားပေးသင့်သည်။

ယခုအာဆီယံပင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စကားစလာပြီ။ အမျိုးသား ပြန်လည် သင့်မြတ်ရေး မရှိပဲ ၊ လူထုခေါင်းဆောင် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ မလွှတ်ပဲ ပြုလုပ်သည့် ရွေးကောက်ပွဲသည် တရားဝင်မှု မရှိဆိုသော ထိုအချက်ကို တကမ္ဘာလုံးမှ ထုတ်ပြောလာရန် အရှိန် မြှင့်ကြရမည်။ ယခုအောင်ပွဲလောက်ကို ကျေနပ် မနေကြနှင့်။ အချိန်မရွေး သွေးပြန်အေး သွားနိုင်သည်ကို သတိပြုရမည်။ ယူအင် ၀င်ပါ ဆိုတာထက် ထိုလမ်းကြောင်းကို အရှိန် မြှင့်သည်က နအဖ ခြေလှမ်းကို ပိုမိုရိုက်ချိုးဖို့အသုံးဝင်သည်။ တပြိုင်နက်တည်းမှာပင် ပြည်တွင်း လူထုကို ဒီပွဲကတော့ ကိုယ့်ဘာသာကိုယ် လုပ်မှရမည်။ နိုင်ငံတကာကိုပဲ အားကိုးလို့ မရဟူသော အခြေအနေ မှန်ကို တင်ပြဖို့ လိုလာပြီ။ ပြည်တွင်း စစ်မျက်နှာကို ဆက်တိုက် အရှိန်မြှင့်ရတော့မည်။ မျှော်လင့်ချက်မှားများ မပေးလျှင် လူထုက သူဘာလုပ်ရမည်ကို သူ့ဘာသာ သူသိသည်။

ရှစ်ဆယ့်ရှစ်တုန်းက ယခုလောက် နိုင်ငံတကာ အာရုံစိုက် မခံခဲ့ရပါ။ က မှ အ အထိ အက္ခရာစုံ နိုင်ငံရေး အဖွဲ့အစည်းများလဲ မပေါ်ပေါက်ခဲ့သေးပါ။ သို့ပေမယ့် ပြည်သူလူထုသည် နေ၀င်း၏ အာဏာရှင် စနစ်ကို ဖြိုနိုင်ခဲ့ကြပါသည်။ ထိုအခြေအနေများနှင့် စာလျှင် ယခု စစ်အုပ်စု လက်ထက်တွင် လူထုအား ဖိနှိပ်ခံရမှုက ထိုစဉ်ကထက် ပိုများပါသည်။ စိတ်ဓာတ်သာ ရှိမည်ဆိုလျှင် ယခင်ကထက် ငွေအား တောင့်တင်းမှုကို ကျားကန်ပေးနိုင်သော နိုင်ငံတကာရောက် စီးပွားရေး ပြေလည်သူ မြန်မာများကလဲ ပေါ်ခဲ့ပြီ။ နိုင်ငံတကာ အာရုံစိုက် ခံရမှုကလဲ ကြီးထွားနေခဲ့ပြီ။ နည်းပညာ၊ အတွေးအခေါ် ပံ့ပိုးနိုင်မှုအားကလဲ ကြီးမားလာခဲ့ပြီ။ တခုပဲ ဆုတ်ယုတ်နေတာ ရှိသည်။ အချက်အလက် အပေါ်တွင် အခြေပြုသည့် စဉ်းစားတွေးခေါ်မှုကို ဦးစားမပေးပဲ စိတ်ကူးယဉ် ဖြစ်နိုင်ချေများက လွှမ်းမိုးမှု၊ နိုင်ငံတကာ အပေါ်တွင် ကြီးမားလှစွာသော မျှော်လင့်ချက်ကြီးများ ထားရှိမှု၊ သူဘာလဲ၊ ငါဘာလဲနှင့် ပြိုင်ဆိုင်မှု၊ မိမိတို့ အဖွဲ့အစည်းကိုသာ အာရုံစိုက်မြှင့်တင်မှု စသည်တို့ကြောင့် ဖြစ်သည်။

နိဂုံး

လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်ကာလကို ပြန်မြင်ယောင် ကြည့်လိုက်ကြပါ။ ဒီတုန်းက ယခု အဖွဲ့အစည်းများမှာ ပါဝင်နေသူများ အားလုံးသည် တက္ကသိုလ်၊ ကောလိပ်၊ အထက်တန်း ကျောင်းသားလေးများ ဖြစ်ပြီး၊ အပျံသင်စ ငှက်ငယ်လေးများ ဖြစ်ခဲ့ပေမယ့် ထိုကျောင်းသားလေးများရဲ့ ရှေ့ဆုံးမှ ဦးဆောင်ချီတက်မှု လူထု စစ်ကြောင်းများနောက်မှာ ထောင်နဲ့ချီသော လူထုကြီးက စုပေါင်း ညီညွတ်စွာ လိုက်လံ ပါဝင်ခဲ့ကြပါသည်။ ကျောင်းသားငယ်လေးများ၏ ကြွေးကြော်သံ တိုင်တည်ပေးမှုများ နောက်မှာ တညီတညွတ်တည်း သံပြိုင် ဟစ်ခဲ့ကြပါသည်။ ထိုစဉ်က လူထုကြီး ပေးအပ်ခဲ့သည့် ယုံကြည်မှု၊ မျှော်လင့်ချက်များကို ယခုအချိန်ထိ ကျွန်မတို့ ပြည့်မှီအောင် မလုပ်နိုင်ခဲ့သေးပါ။ ကျဆုံးခဲ့သူများရဲ့ ပေးဆပ်မှု၊ တာဝန် လွှဲပေးခဲ့မှုများကို တာဝန်ကျေအောင် ကျွန်မတို့ မထမ်းဆောင် ကြရသေးပါ။

သို့ပါ၍ အဖွဲ့အစည်းစွဲ စိတ်ဓာတ်တွေကို ဖယ်ရှားကြပါစို့။ အပြိုင်အဆိုင် စိတ်များ၊ ဂဏန်းကောင်များလို တဖွဲ့နဲ့ တဖွဲ့၊ တယောက်နဲ့ တယောက် ဆွဲချနေကြသော အပြုအမူများကို ဖယ်ရှားကြပါစို့။ ဖြစ်နိုင်ချေနည်းသော စိတ်ကူးယဉ်မှုများ၏ လွှမ်းမိုးမှု၊ နိုင်ငံတကာ အပေါ်တွင် ကြီးမားလှစွာသော အားကိုးမှုများ၏ ဘောင်ခတ်မှုများကနေ ရုန်းထွက်ပြီး အချက်အလက် အပေါ်တွင် အခြေတည်သည့် ဆုံးဖြတ်ချက်များကို ချမှတ်ကြပါစို့။ တဦးတယောက်က အဆိုပြုလာမှုများကို သူကဘာလဲ၊ ငါကဘာလဲ လိုက်မေးမယ့် အစား၊ ပြောသူထက် အချက်အလက်ပေါ်မှာ စဉ်းစားမှုကို အာရုံစိုက်ကြပါစို့။ မြေပေါ်မြေအောက် လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် အကောင်အထည် ဖော်ကြပါစို့။ မြေအောက်နဲ့ မီဒီယာကို မရောထွေးပဲ တည်ဆောက်မှုပိုင်းကို အလေးထားကြပါစို့။ သံယောဇဉ်တွေ၊ မိတ်ဆွေတွေ ဆိုတာထက် နိုင်ငံရေး ရပ်တည်ချက်ကိုသာ အာရုံစိုက်ပြီး ရန်၊ ငါ ပြတ်ကြပါစို့။ လူထုနဲ့ တော်လှန်ရေးကို တသားတည်း ဖြစ်စေရေးအတွက် ကျရာနေရာမှ ပါဝင် ဆောင်ရွက်ကြရင်း....

ကောက်ရိုးမီး တိုက်ပွဲမှသည် မီးကုန်ယမ်းကုန် အဆုံးသတ် တိုက်ပွဲဆီသို့ ဦးတည်ကြပါစို့။

Ref: ခင်မမမျိုး

Read More...

အောင်ပွဲဆီသို့ ဦးတည်ရာ ခြေလှမ်းများ (သို့မဟုတ်) ဆားဗီးယား လူထု လှုပ်ရှားမှု မဟာ ဗျူဟာများ

Saturday, June 6, 2009
မဟာဗျူဟာ။

စကားလုံးကား (၄)လုံးသာရှိသည်။ သို့ရာတွင် အစွမ်းထက်မှုကား မည်သည့် အရာနှင့်မျှ တုနှိုင်း မယှဉ်နိုင်။ စစ်မှုရေးရာ၊ စီးပွားရေးရာမှသည် နောက်ဆုံး လူတဦးချင်းဆီ၏ ဘ၀ တိုးတက်ရေး အထိ ပိုင်စိုးပိုင်နင်း ၀င်ရောက် နေရာယူထားသည်။ လက်နက်အားကိုး အနိုင်ကျင့်သော အာဏာရှင် အစိုးရများအား လက်နက်မဲ့ ရင်ဆိုင် အနိုင်ယူရသည့် ကာလများတွင် ယင်းစကားလုံး (၄)လုံးသည် ပို၍ တန်ဖိုးရှိလာသည်။ အသက်နှင့် ရင်းရသည့် ကစားပွဲ။ ဘ၀နှင့်ရင်းသည့် ကစားပွဲ။ စနစ်ဆိုး တခုကို ဖြိုဖျက်နိုင်ဖို့၊ သန်းပေါင်းများစွာ၏ ဘ၀ဆိုးများကို ကယ်တင်နိုင်ဖို့ ကြိုးစားရသည့်ပွဲ။ မည်သို့ဆိုစေ တနေ့မှာတော့ အာဏာရှင် စနစ် ဆိုသည်မှာ ပြိုလဲရစမြဲ။ လူထု လှုပ်ရှားမှု အောင်ပွဲများကား သမိုင်းသက်သေ ထူခဲ့ပြီ။ ယင်းအောင်ပွဲဆီသို့ ဦးတည်ရာ ခြေလှမ်းများထဲမှ ဆားဗီးယား လူထုလှုပ်ရှားမှု မဟာ ဗျူဟာများအား လေ့လာ ကြည့်ကြပါစို့။

အော့ပါ(ခေါ်) ဆားဗီးယားလူထု လှုပ်ရှားမှုသည် ရာများများစွာသော လူငယ်များမှ စတင်ကာ ထောင်ပေါင်း များစွာသော လူပေါင်း များစွာဆီသို့ ပျံ့နှံ့ ရောက်ရှိသွားခဲ့သည်။ ရည်ရွယ်ချက်ကား ရှင်းသည်။ အာဏာရှင် အစိုးရအား ဖြုတ်ချရန်။ ကော်ဖီဆိုင်များ၊ ကျောင်းများတွင် လူငယ်များ စတင်စုဝေး ခဲ့ကြသည်။ လှုံ့ဆော်စာများ၊ ပိုစတာများ၊ ကြွေးကြော်ချက် စာတမ်းများအား နေရာတကာတွင် ကပ်ခဲ့ကြသည်။ လမ်းများပေါ်တွင် စုဝေး ဆန္ဒပြခဲ့ကြသည်။

အာဏာရှင်ကလဲဒီအတိုင်း မနေပါ။ အာဏာရှင်ပီသစွာ ဖိနှိပ် ချုပ်ချယ်မှုများ ပြုလုပ်သည်။ ရဲတပ်ဖွဲ့မှ ဆန္ဒပြသူများကို ဖမ်းဆီး ရိုက်နှက်သည်။ ထောက်လှမ်းရေးများ၊ သတင်းပေးများအား နေရာအနှံ့ ချထားသည်။ နိုင်ငံပိုင် သတင်းဌာနများမှ တဆင့် ဆန္ဒပြသူများအား အကြမ်းဖက်သမားများ အဖြစ် ကြေငြာသည်။

မည်သို့ဆိုစေ အမှန်တရာဆိုသည်ကား ဒီလိုညစ်ညမ်းသည့် နည်းများဖြင့် ဖုံးဖိ၍ မရစကောင်း။ လူငယ်များ၏ လှုပ်ရှားမှုဆီသို့ အလုပ်သမားနှင့် ပညာရှင်များ ပူးပေါင်း ပါဝင်လာခဲ့ကြသည်။ အာဏာရှင် စနစ်အား လူထု လှုပ်ရှားမှုနည်းဖြင့် အနိုင်ယူ တိုက်ဖျက်နိုင်ခဲ့သည်။

ယင်းလူထုလှုပ်ရှားမှုအား လူငယ်များမှ စတင်ခဲ့သည်။ အော့ပါတွင် ခေါင်းဆောင်မရှိ။ လူငယ် တော်လှန်ရေးသမားများ အားလုံးသည် ခေါင်းဆောင်များပင်ဖြစ်သည်။ လှုပ်ရှားမှု တာဝန်များကို ခွဲဝေယူကြသည်။ စည်းကမ်းရှိရှိ ဆောင်ရွက်ကြသည်။ လှုပ်ရှားမှုများ လုပ်ရုံတခုတည်းနှင့် တော်လှန်ရေး အောင်ပွဲ မရနိုင်ကြောင်းကို သူတို့ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။ ချိတ်ဆက် လှုပ်ရှားနေကြသော အုပ်စုငယ်များအားလုံး ယုံကြည်စွာ အကောင်အထည် ဖော်ရမည့် မဟာဗျူဟာများ ရှိရမည်ဟု သူတို့နားလည်ခဲ့ကြသည်။

အော့ပါ၏ မဟာဗျူဟာများမှာ အာဏာဆန်းစစ်ချက်ပေါ်တွင် အခြေခံသည်။ လူထု အဆောက်အအုံအား ပိရမစ် ပုံစံဖြင့် ဖော်ပြသည်။ ထိပ်ပိုင်းတွင်ကား အာဏာရှင်များ၊ စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေးသမားများ၊ ယင်းမှသည် ဖိနှိပ်ချုပ်ချယ်မှု ပြင်းထန်စွာ ပြုလုပ်နေသူများ (စစ်တပ်၊ရဲ၊ထောက်လှမ်းရေး)။ ယင်းမှသည် ဖိနှိပ်မှုတွင် ပါဝင်ပတ်သက်သူများ (သတင်းမီဒီယာ) စသည်ဖြင့် ပါဝါသွားရာ လမ်းကြောင်းများကို အဆင့်ဆင့် ရေးဆွဲခဲ့ကြသည်။ ထိုသို့ ရေးဆွဲရင်းဖြင့် အာဏာရှင်စနစ်ကို ထောက်မပေးနေသော ဒေါက်တိုင်များ ပီပြင်စွာ ထွက်ပေါ်လာသည်။ ယင်းဒေါက်တိုင်များ ပြိုလဲမှ အာဏာရှင်စနစ် ပြိုလဲမည်။ အာဏာရှင် စနစ်ကို ဆန္ဒပြနေရုံ တခုတည်းနှင့် ပြီးမည် မဟုတ်ကြောင်း သူတို့ သုံးသပ်ခဲ့ကြသည်။

အခြားထူးခြားချက်တခုမှာ အဖွဲ့ဝင်သစ်များ ၀င်လာတိုင်း လက်ဆင့်ကမ်း သင်တန်း ပေးခြင်း ဖြစ်သည်။ တော်လှန်ရေးဟူသည် စည်းရုံးလှုပ်ရှားမှု၊ လက်တွဲခေါ်ယူမှု၊ လက်ဆင့်ကမ်း ပညာပေးမှုများရှိမှ အားကောင်းလာမည် ဖြစ်ကြောင်း သူတို့ကောင်းစွာ သဘောပေါက်ခဲ့ကြသည်။

အော့ပါ၏ မဟာဗျူဟာများတွင် မေးခွန်း(၂)ခုမှာ အဓိကကျသည်။
(၁) မည်သည့်ဒေါက်တိုင်များသည် အာဏာရှင်စနစ်အား ထောက်မ ထားသနည်း။
(၂) ယင်းဒေါက်တိုင်များ အားနည်းပြိုလဲလာစေရန် မည်သည့် နည်းဗျူဟာများဖြင့် အကောင်အထည် ဖော်မည်နည်း။

ထင်ရှားသော ဥပမာတခုမှာ အာဏာရှင်စနစ်၏ အရေးပါသော ဒေါက်တိုင် တခုဖြစ်သည့် ရဲတပ်ဖွဲ့ဖြစ်သည်။ ရဲတပ်ဖွဲ့အား တိုက်ခိုက် ပြောဆိုခြင်းဖြင့် ရဲတပ်ဖွဲ့မှ အာဏာရှင် စနစ်အား ပိုမိုသစ္စာရှိစွာ ကာကွယ်သွားခြင်းသာ အဖြေထွက်လာနိုင်ကြောင်း လူငယ် တော်လှန်ရေး သမားများက သုံးသပ် စဉ်းစားခဲ့ကြသည်။ သူတို့ ဘာလုပ် ခဲ့ကြသနည်း။ ရဲတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာရသူများ၏ ဓာတ်ပုံများအား ရိုက်ယူကာ ပုံကြီးချဲ့ပြီး ဆိုင်းဘုတ်များ ပြုလုပ်ကြသည်။ ယင်းဆိုင်းဘုတ်များဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ အိမ်များသို့ ချီတက်ကာ အဖြစ် အပျက်များအား ပြောပြကြသည်။ ရဲတပ်ဖွဲ့ဝင်များ၏ သားသမီးများရှိရာ ကျောင်းများသို့ သွား၍ အဖြစ်အပျက်များကို ပြောပြကြသည်။ တစ်နှစ်ခန့် ကြာသောအခါ တော်လှန်ရေး သမားများအား ရဲများမှ ရိုက်နှက်မှု လျော့ပါးလာသည်။ မိတ်ဆွေများ၊ အိမ်နားနီးချင်းများ၊ မိသားစုဝင်များ၏ အထင်သေးရွံရှာ စက်ဆုပ်မှုများ ဒဏ်ကို သူတို့ မခံနိုင်တော့။

ထို့အပြင် လူငယ်များသည် သူတို့အားဖြိုခွဲရန် တာဝန်ချထားသော အရပ်ဝတ် ရဲများအားလဲ ခင်မင်ရင်းနှီးစွာ ဆက်ဆံကြသည်။ ဒီမိုကရေစီ အခွင့်အရေးများအား အတင့်ရဲစွာ ပြောပြကြသည်။ ယင်းနည်းဖြင့် အဆင့်မြင့်ပိုင်း အရာရှိများအထိ အောင်မြင်စွာ စည်းရုံး နိုင်ခဲ့ကြသည်။ နောက်ဆုံး တော်လှန်ရေး တစတစ ကြီးထွားလာပြီး ဘယ်လဂိတ်မြို့တော် ပါလီမန်အား လူထုတက်သိမ်းချိန်၌ လူထုအား ဖြိုခွဲရန် စေလွှတ်ခြင်းခံရသော ရဲတပ်ဖွဲ့ဝင်များသည် တာဝန် ထမ်းဆောင်ရမည့် အစား ဒီအတိုင်းပင် ထိုင်ကြည့် နေခဲ့ကြသည်။ ဒေါက်တိုင်ပြိုလဲမှုသည် အလွန်ပင် အရေးပါ အရာရောက်ပါသည်။

အော့ပါလှုပ်ရှားမှု အောင်မြင်ခဲ့ရသည့် အဓိက အကြောင်းရင်းတခုမှ ပါဝါ၏ သဘောတရားများကို ကြေညက်စွာ နားလည်ခြင်းပင်ဖြစ်သည်။ ဘားနတ်လာဖယ်ရက်တိ ဆိုသူက အာဏာရှင်စနစ် အဆောက်အအုံအား အိမ်တလုံးနှင့် ယှဉ်၍ ဥပမာပြထားသည်။ အိမ်၏ခေါင်မိုးမှာ အာဏာရှင်နှင့် သူ၏ဖိနှိပ်မှု ယန္တရားများဖြစ်ပြီး၊ အုတ်မြစ်မှာမူ လူအများ၏ ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည်။ ခေါင်မိုးပေါ်တွင် လက်နက်များ၊ အမြောက်များ မည်မျှတင်ထားစေကာမူ အုတ်မြစ်အား ဖြိုလိုက်သည်နှင့် အိမ်ပြို သွားမည်ဟု သူကဆိုသည်။

လူထု၏ပါဝါအား Non-cooperation နည်းဖြင့် ပြန်လည် ရယူသင့်ကြောင်း အော့ပါ လူငယ်တို့ သုံးသပ်ခဲ့ကြသည်။ ယင်းအပြင် အာဏာရှင် စနစ်ကို ဖြိုချရုံတခုတည်းနှင့် ဒီမိုကရေစီစနစ်ကို အပြည့်အ၀ တည်ဆောက်ခြင်း၊ ကွဲပြား ခြားနားမှုများအား လက်ခံ သဘောပေါက်ခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ခြင်း မပြုလုပ် နိုင်ကြောင်း သူတို့ နားလည်ခဲ့ကြသည်။ သို့ဖြစ်၍ တော်လှန်ရေး မဟာဗျူဟာသည် အာဏာရှင် စနစ်ကို ဖြိုဖျက်ခြင်းနှင့်အတူ ဒီမိုကရေစီစနစ် တည်ဆောက်ခြင်း အပေါ်တွင်ပါ တပြိုင်နက်တည်း အခြေခံရမည် ဟု သူတို့ ဆုံးဖြတ်ခဲ့ကြသည်။

အော့ပါလှုပ်ရှားမှု မဟာဗျူဟာတွင် အဆင့်(၅)ဆင့်ရှိပါသည်။ ယင်းတို့မှာ-

(၁)တော်လှန်ရေးယဉ်ကျေးမှုတရပ်ဖန်တီးပြင်ဆင်ခြင်း...
တော်လှန်ရေး ပြုပြင်ပြောင်းလဲမှုတရပ် ပေါ်ပေါက်လာစေရန် ယဉ်ကျေးမှု တရပ် လိုအပ်သည်။ မည်သို့သော ယဉ်ကျေးမှုမျိုးနည်း။ ပုန်ကန်တော်လှန်သော ယဉ်ကျေးမှု။

ယင်းအဆင့်တွင် အရေးကြီးဆုံးမှာ တော်လှန်ရေး အမြင်ရှိရန် ဖြစ်သည်။ တော်လှန်ရေး အမြင် ရှင်သန်နေမှသာ နေရာယူလို စိတ်များ၊ အမြင်ကွဲပြား မှုများနှင့် တော်လှန်ရေး သမားများ အကြားတွင် တခါတရံ ရှိတတ်သော အာဃာတများ ပျောက်ကွယ်ပြီး ညီညွတ်မှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။

အော့ပါတွင် ရှင်းလင်းပြတ်သားသော တော်လှန်ရေး အမြင်ရှိခဲ့သည်။ နိုင်ငံအ၀ှမ်း ချိတ်ဆွဲသော ပိုစတာများတွင် “He’s Finished ” ဟု ရေးသားကြသည်၊ အားလုံး၏ အဓိကရန်သူသည် အာဏာရှင်ဖြစ်ကြောင်း လူတိုင်းနားလည်သည်၊ မည်သည်ကို တော်လှန်ရမည် ဖြစ်ကြောင်းအားလုံး သဘောပေါက်ခဲ့ကြသည်။

(၂) ခိုင်မာသော ဦးဆောင်အဖွဲ့အစည်းတရပ် တည်ဆောက်ခြင်း

တော်လှန်ရေး မာန်ဟုန်ကို မြှင့်တင်စေရန် ခိုင်မာသော နိုင်ငံရေးဦးဆောင် အဖွဲ့အစည်း တရပ် လိုအပ်သည်။ ပြုပြင်ပြောင်းလဲမှု တရပ်ကို ဟိုတစု၊ ဒီတစု လုပ်ယူ၍မရ။ နိုင်ငံရေး ဦးဆောင်အဖွဲ့ လိုအပ်သည်။ ဤအဆင့်တွင် အရေးကြီးဆုံးမှာ အဖွဲ့ဝင်များအကြား ယုံကြည်မှု လျော့နည်းခြင်း မဖြစ်လာစေရန် သတိပြုရမည်။ တဦးနှင့်တဦး ယုံကြည်မှု လျော့နည်းလာခြင်းသည် တော်လှန်ရေး အင်အားကို လျော့ကျစေသည်၊ တော်လှန်ရေး လှုပ်ရှားမှုများသည် လှုပ်ရှားနေသူ အသိုင်းအ၀ိုင်း ကြားတွင်သာ ပျံ့နှံ့နေပါက ယင်းအသိုင်းအ၀ိုင်း ပြင်ပမှ လူသစ်များ ထပ်မံ ၀င်ရောက်လာခြင်းကို ကန့်သတ် လိုက်သကဲ့သို့ ဖြစ်သွားစေသည်။

တော်လှန်ရေးအသိုင်းအ၀ိုင်း ပြင်ပမှ လူများအား တော်လှန်ရေး စည်းဝိုင်းအတွင်းသို့ မြင်သာထင်သာ မပါလျှင်ပင်၊ စိတ်ပိုင်းဆိုင်ရာ ထောက်ခံ အားပေးမှု ရှိနေစေရန် မည်သို့ စည်းရုံးမည်နည်း။ ဤအချက်မှာ အရေးကြီးလှသည်။ တော်လှန်ရေး အသိုင်းအ၀ိုင်း ပြင်ပမှ လူအများသည် အာဏာရှင် စနစ်ကို စက်ဆုပ်နေခြင်းနှင့် အတူ တော်လှန်ရေး အသိုင်းအ၀ိုင်း အပေါ်တွင်လည်း လေးစား ယုံကြည်မှု မရှိပါက လူထုတိုက်ပွဲကို အဆုံးသတ်၍ မရနိုင်ပဲ ဖြစ်တတ်သည်။ လူအများ လေးစားယုံကြည်ခံရသော ကိုယ်ကျင့်သိက္ခာ ကောင်းမွန်သည့် လူအများပါဝင်သော ဦးဆောင် အဖွဲ့အစည်းတရပ် ရှိရန် လိုအပ်သည်။

(၃) ထိပ်တိုက်ရင်ဆိုင်ခြင်း
ယင်းအဆင့်မှာ လူထုများ ပူးပေါင်းပါဝင်လာမှသာ ပြုလုပ်၍ ရနိုင်သည်။ အော့ပါ ထိပ်တိုက် ရင်ဆိုင်ခြင်း မဟာဗျူဟာသည် သေးငယ်သော ဆန္ဒပြပွဲများမှ စတင်ခဲ့သည်။ ပြုလုပ်သော နေရာများမှာလဲ လူသွားလူလာ အများဆုံး နေရာများတွင်ဖြစ်ပြီး လူထုကြားသို့ အမြန်ဆုံးသတင်း ပျံ့နှံ့စေသည့် နေရာများဖြစ်သည်။

(၄) နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံမှု မပြုလုပ်ခြင်း (၀ါ) ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်း
ယင်းအဆင့်သည် လူထုများအကြား တော်လှန်ရေးအမြင်၊ တော်လှန်ရေး အသံများ နှိုးကြား လာချိန်တွင် ဖြစ်ပေါ်ရမည်။ သပိတ်မှောက်မှုများ၊ ဆန္ဒပြမှုများဖြင့် အာဏာရှင်စနစ် ပျက်သုဉ်းရေးကို ဦးတည် လုပ်ဆောင်ခြင်းဖြစ်သည်။

(၅) စင်ပြိုင်အဖွဲ့အစည်းများ တည်ထောင်ခြင်း
ယင်းအဆင့်ဖြစ်ပေါ်လာစေရန် တော်လှန်ရေးစတင်စဉ် ကပင် ခြေကုပ် ယူရမည်။ ထိပ်တိုက် ရင်ဆိုင်စဉ် ကာလတွင် စင်ပြိုင်အဖွဲ့များ ကြီးထွားနေရန် လိုအပ်ပြီး လူထုလှုပ်ရှားမှု အရှိန်ရလာသည်နှင့် အမျှ လူ့ဘောင်သစ် တည်ဆောက်ရေး၏ အခြေခံ အဆောက်အအုံများ ဖြစ်လာရန် လိုအပ်ပေသည်။

အဆိုပါ မဟာဗျူဟာများဖြင့် ဆင်နွှဲခဲ့သော အော့ပါလှုပ်ရှားမှုသည် အောင်ပွဲကို ဆောင်ကျဉ်းပေး နိုင်ခဲ့သည်ဖြစ်ရာ အောင်ပွဲဆီသို့ ဦးတည်ရာ ခြေလှမ်းများ ဟုပင် ဆိုရမည်ဖြစ်ပါကြောင်း။


Ref: ခင်မမမျိုး


Read More...

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အင်ဒို၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပူးတွဲတောင်းဆို

09 June 2009

ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိတရားစွဲဆိုမှုဟာ အခြေအမြစ် မရှိဘဲ ဖမ်းဆီး ထားရာကနေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ိရာယုဒ (Hassan Wirajuda) တို့က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ တောင်းဆိုသွား ပါတယ်။ ၀န်ကြီး ၂ဦးရဲ့ သတင်းစာ ရှင်းလင်းပွဲနဲ့ ပတ်သက်လို့ စောင့်ကြည့် ထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထား ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ၂ဦးစလုံးဟာ သတင်းစာရှင်းလင်းပွဲ မလုပ်ခင်ကတည်းက မြန်မာ နိုင်ငံအရေး ကိစ္စကို အလေးထား ဆွေးနွေးခဲ့ကြပုံ ပေါ်ပါတယ်။ ကမ္ဘာ့နိုင်ငံအရေးကိစ္စမှာ မြန်မာ့အရေးကို ၂ဦး စလုံးက အလေးပေး ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့တော့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အခု အာဏာပိုင်တွေက တရား စွဲဆိုတာဟာ အခြေအမြစ် လုံးဝ မရှိဘူးလို့ တစိုက်မတ်မတ် ပြောခဲ့သလို အခု သတင်းစာ ရှင်းလင်းပွဲမှာလည်း နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က ဒါကို ထပ်လောင်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ရေးအတွက် အာဆီယံ နိုင်ငံတွေရဲ့ တောင်းဆိုမှုကိုလည်း ချီးကျူးပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တင်ထားတဲ့ စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးဆိုတာ ပြောပါရစေ။ သူ့ကို ချက်ချင်း လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ အင်ဒိုနီးရှား အပါအ၀င် အခြား အာဆီယံ နိုင်ငံတွေကလည်း အလားတူ ပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ အတွက် အမေရိကန် ပြည်ထောင်စုက ကျေးဇူး တင်ပါတယ်။”

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆန် ၀ိရာယုဒကလည်း မြန်မာနိုင်ငံ အနေနဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာစေဖို့ရာ အာဆီယံ ပဋိညာဉ်အရ အသင်းဝင်းနိုင်ငံ တနိုင်ငံ အနေနဲ့ တာဝန် ရှိတယ် ဆိုတာကို သတိပေး ပြောသွားပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ဆွေးနွေးခဲ့ကြတဲ့ အကြောင်း အရာတွေ ထဲမှာ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စိတ်မသက်သာစရာ အကြောင်းအရာ တွေလည်း ပါပါတယ်။ အထူးသဖြင့် မြန်မာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့ ဖြစ်ရပ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်ရမယ့် အချိန်ကျကာမှ ခုလိုထပ်ဖြစ်လာတာမို့ ကျနော်တို့ အနေနဲ့ ပြင်းထန်တဲ့ ကြေညာချက် တရပ် ထုတ်ပြန်ပြီး မြန်မာ စစ်အစိုးရအနေနဲ့ အာဆီယံ ပဋိညာဉ် စာတမ်းသစ်ပါ အချက်တွေအတိုင်း လိုက်နာလုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာကို သတိပေး ထားခဲ့ပါတယ်။ အရင်ကလည်း ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင် တွေက တောင်းဆို ထားခဲ့ကြပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး ၂ဦးဟာ မြန်မာ့အရေးကိစ္စကို ပြောဆိုသလိုပဲ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေး ဆိုင်ရာ စံနှုန်းစံထားတွေမှာ ၂နိုင်ငံ သဘောထားတူကြတဲ့ကိစ္စ၊ အခြား အင်ဒိုနီးရှား နိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ ပညာရေး အကူအညီကိစ္စ၊ နိုင်ငံတကာ အရေးမှာတော့ အခြား နျူကလီးယား အရေးကိစ္စ၊ အာဆီယံ ဒေသတွင်း တည်ငြိမ်ရေး၊ လုံခြုံရေးကိစ္စ၊ အရှေ့ အလယ်ပိုင်း အရေး၊ လက်ဘနွန် ရွေးကောက်ပွဲ ကိစ္စတွေကိုလည်း ပြောဆို သွားကြပါတယ်။ နိုင်ငံခြားရေး ၀န်ကြီး ၂ဦးဟာ အခု နှစ်ဆန်းပိုင်းကပဲ အင်ဒိုနီးရှားမှာ တခါ တွေ့ခဲ့ဖူးပါတယ်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီကိုရောက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဟာ မနေ့ မနက်ပိုင်းကတော့ ၀ါရှင်တန်ဒီစီက Carnegie Endowment ဆွေးနွေးပွဲမှာ တက်ရောက်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ပြဿနာတွေ အပေါ် အမြင် စတာတွေ ရှင်းလင်း သွားခဲ့ပါတယ်။ အဲဒီမှာလည်း မြန်မာနိုင်ငံကိစ္စကို အတော်လေး ပြောသွားပါတယ်။

မြန်မာ့အရေးကို ဒေသတွင်း နိုင်ငံတွေက အဓိက ထိစပ် ကိုင်တွယ်သွားဖို့ လိုမယ်လို့ ယုံကြည် တာကြောင့် အင်ဒိုနီးရှားကပဲ ကမကထ ဦးဆောင်ပြီး မြန်မာ့အရေး ဒေသတွင်း အဖွဲ့တခု ဖွဲ့စည်း ခဲ့တာတွေကိုလည်း ပြောပါတယ်။ ဒါ့အပြင် အာဆီယံအတွင်းမှာ ဗီယက်နမ်လို နိုင်ငံကတောင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ဖို့ ဖိအားပေး တိုက်တွန်း လာတာကြောင့် အာဆီယံအတွင်း တိုးတက်မှု ရှိလာတာကိုလည်း ပြောသွားပါတယ်။ တဖက်မှာတော့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့အရေးယူ ဒဏ်ခတ်တာဟာ မြန်မာလူထုကိုပဲ ထိခိုက်စေတယ်ဆိုပြီး ကန့်ကွက် ပြောဆို သွားပါတယ်။

Ref: VOA News


Read More...

တက္ကသိုလ်ဝင်တန်း အောင်စာရင်း အချိန်စောပြီး ထုတ်ပြန်၊ ဂုဏ်ထူး နှင့် အောင်သူ အလွန်များပြား

NEJ / ၈ ဇွန် ၂၀၀၉

ယမန်နေ့ ဇွန်လ (၇) ရက်၌ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို စောပြီး ထုတ်ပြန်ခဲ့ရာ နာမည်ကြီး ကျောင်းများ အောင်ချက် ကောင်းခဲ့ပြီး ဂုဏ်ထူးထွက်သူများလည်း အလွန်များကြောင်း ရန်ကုန်မြို့ နာမည်ကြီး အ.ထ.က ကျောင်း တကျောင်းမှ ဆရာမ တဦးက ပြောသည်။

၎င်းက “ဒဂုံ အ.ထ.က (၁) မှာ ဆိုရင် (၈၃၃) ယောက် ဝင်ဖြေတယ်။ အောင်ချက်က (၈၄) ရာခိုင်နှုန်းကျော် ရှိတယ်။ ထူးခြားတာက အဲဒီအထဲမှာ ဘာသာစုံ ဂုဏ်ထူးရှင် (၇၂) ယောက်တောင် ပါတယ်။ ရိုးရိုးအောင်တာက (၃၃) ရာခိုင်နှုန်းပဲ ရှိပြီး (၆၇) ရာခိုင်နှုန်းကတော့ ဂုဏ်ထူးတွေနဲ့ အောင်ကြတယ်” ဟု ပြောသည်။

တက္ကသိုလ်ဝင်တန်း အဖြေလွှာများကို စစ်ဆေးရာတွင် ပါဝင်ခဲ့သူ ရန်ကုန်မှ တက္ကသိုလ် ဆရာမ တဦးကမူ ယခုနှစ် အဖြေလွှာ စစ်ဆေးရာတွင် အောင်စာရင်း အမြန် ထုတ်နိုင်ရေး အတွက် တက်သုတ်ရိုက် စစ်ဆေးရကြောင်း၊ အောင်မှတ် အတွက် အလျင်အမြန် စစ်ဆေးပေးရပြီး ဂုဏ်ထူး ရမှတ်များအတွက် နောက်မှ စစ်ဆေးသည့် စနစ် ကျင့်သုံးကြောင်း၊ အလျင်အမြန် စစ်ဆေး ရသောကြောင့် အမှတ်ပေးရာတွင် ပြဿနာ မပေါ်စေရန် လိုအပ်သည်ထက် ပိုပေးသည့်နည်းကို ဆရာမ အားလုံး ကျင့်သုံးကြကြောင်း၊ ထိုကြောင့် ယခုနှစ် ဂုဏ်ထူးထွက်သူ များမည်ဖြစ်ကြောင်း ရှင်းပြသည်။

ရန်ကုန် ဒဂုံ အ.ထ.က (၁) မှ အောင်ချက် (၈၄) ရာခိုင်နှုန်းရှိပြီး၊ မော်လမြိုင် အ.ထ.က (၈) မှ (၈၅) ရာခိုင်နှုန်း၊ အ.ထ.က (၉) မှ (၇၉) ရာခိုင်နှုန်း ရှိပြီး ဂုဏ်ထူး ထွက်သူများလည်း အလွန် များပြားကြောင်း လောလောဆယ် စုံစမ်းသိရသည်။

တောင်ဒဂုံ အ.လ.က (၃) တွဲဖက်အထက်တန်း ကျောင်းတွင်မူ ဘောဂဗေဒ ဘာသာတွဲ ဝင်ရောက်ဖြေဆိုသူ (၈ဝ) ကျော်အနက် (၁၇) ယောက်သာ အောင်မြင်သဖြင့် အောင်ချက် အလွန်နည်းကြောင်း သိရသည်။

နအဖစစ်အစိုးရ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူ နှစ်စဉ် (၅) သိန်း ပတ်ဝန်းကျင်ရှိပြီး၊ ၂ဝဝ၄ ခုနှစ်အထိ (၃၆) ရာခိုင်နှုန်းကျော် အအောင် ပေးခဲ့သည်။

၂ဝဝ၅ ခုနှစ်ကစပြီး အဝေးသင်တက္ကသိုလ်တက်သူ အရေအတွက် လျှော့ချနိုင်ရန် အောင်ချက် ရာခိုင်နှုန်းကို (၃ဝ) ရာခိုင်နှုန်း အောက်အထိ လျှော့ချခဲ့ပြီး၊ နဂို (၁) နှစ် ကျောင်းသားဦးရေ (၂) သိန်းနီးပါး အအောင် ပေးရာကနေ (၁) သိန်း (၂) သောင်း ပတ်ဝန်းကျင် အထိ လျှော့ချခဲ့သည်။

နအဖစစ်အစိုးရ ပညာရေးစနစ်သည် သူငယ်တန်းမှ (၈) တန်းအထိ ကျရှုံးမှု မရှိ အတန်းတင် ပေးသည့် စနစ် ဖြစ်သည်။ တက္ကသိုလ် ဝင်တန်းများနှင့် ပတ်သက်၍ ဘာသာရပ် အလိုက် အောင်မှတ် (၄ဝ) ရသူများကို အအောင်ပေးသည့် စနစ် ကျင့်သုံးခြင်း မဟုတ်ဘဲ ၎င်းတို့ လိုအပ်သည့် အရေအတွက်ကို လိုက်ပြီး အောင်မှတ်ကို အလျှော့အတင်းလုပ် အအောင်ပေးလေ့ ရှိသည့်အတွက် အချို့နှစ်များတွင် ဘာသာတချို့၏ အောင်မှတ်သည် အမှတ် (၂ဝ) အောက်အထိ ရောက်သွားခဲ့ဖူးသည်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ပုံမှန်အားဖြင့် ဇူလိုင်လ အတွင်း ထုတ်ပြန်ပေးလေ့ ရှိသော်လည်း ယမန်နှစ်တွင် ဇွန် (၂၁) ရက်တွင် ထုတ်ပြန်ပေးခဲ့ပြီး ယခုနှစ်တွင်မူ ဇွန် (၇) ရက်တွင် ထုတ်ပြန် ပေးခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ အောင်စာရင်းများ စောပြီး ထုတ်ပြန်ပေးရခြင်းသည် လာမည့် စာမေးပွဲ ရာသီကို နှစ်ကုန် ဒီဇင်ဘာ အပြီး ကျင်းပမည်၊ ၂ဝ၁ဝ နှစ်ဆန်း ရွေးကောက်ပွဲ မတိုင်ခင်အပြီး ကျောင်းများ ပိတ်ထားရန် ဖြစ်သည်ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Ref: ခေတ်ပြိုင်

Read More...

တမူးမြို့ မီး၊ လူ တဦး သေဆုံး

နန်းဒေဝီ
တနင်္လာနေ့၊ ဇွန်လ 08 2009

နယူးဒေလီ (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်းအတွင်း အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ရှိ ဈေးတန်း ရပ်ကွက် အမှတ် ၇ တွင် ယမန်နေ့ နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားရာ ဒေသခံတဦး သေဆုံးခဲ့သည်။

မီးလောင်မှုတွင် ဆွေမျိုးသားချင်းများ နေအိမ်ရှိ ပစ္စည်းများကို ဝင်ရောက် သယ်ယူ ပေးခဲ့သည့် အသက် ၄ဝ နှစ်အရွယ် ကိုကျော်စိုး ဆိုသူသည် မီးလောင် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

“အဲဒီလူက လက်ပြတ်သွားတယ်၊ ဗိုက်ကိုလည်း ထိသွားတယ်။ အဲဒီ ဗိုက်ထိတဲ့ ဒဏ်ရာနဲ့ပဲ ဆေးရုံရောက်ပြီး မကြာဘူး၊ ဆုံးသွားတယ်” ဟု တမူး ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

စတင်မီးလောင်သည့် နေအိမ်အတွင်းမှ ပြင်းထန်သည့် ပေါက်ကွဲသံများ ကြားရပြီးနောက် ဘေးပတ်လည်ရှိ နေအိမ်တချို့ကို မီးကူးစက်ခဲ့ခြင်း ဖြစ်သည်။

အခြား မြို့ခံတဦးက “အသံက တအားပြင်းတယ်။ အုံးအုံး .. ဒိုင်းဒိုင်းနဲ့ အသံတွေ ဆက်တိုက် မြည်တယ်” ဟု ပြောသည်။

အခင်းဖြစ်ပွားသည့် နေ့မတိုင်မီ ညကပင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နံနက် မီးလောင်နေသည့် အချိန်ထိ မိုးရွာနေသေးသဖြင့် ထိုမီးလောင်မှုသည် သာမန်မီးလောင်မှု မဖြစ်နိုင်ကြောင်းနှင့် ဗုံးများ ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း သူတို့က ပြောကြသည်။

သေဆုံးသူကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သိရှိရန် တမူးမြို့နယ် ဆေးရုံသို့ ဆက်သွယ် မေးမြန်းရာ သက်ဆိုင်ရာ ဆေးရုံအုပ် မရှိသဖြင့် ဖြေကြားနိုင်ခြင်း မရှိကြောင်း တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။

ဖယောင်းတိုင် စက်ရုံတရုံ အပါအဝင် ပျဉ်ထောင်အိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး၊ ထိုနေရာကို လုံခြုံရေးရဲများ ယခုတိုင် ချထားသေးသည်။

“လုံခြုံရေးက ရဲ ၁ဝ ယောက် ရှိတယ်။ စဖြစ်ဖြစ်ချင်းတော့ မီးသတ်၊ ရဲ၊ စစ်သား အားလုံးက ၂ဝ ကျော် ရှိတယ်။ မီးလောင်တဲ့ အိမ်တွေကို ပျဉ်ချောင်းတွေနဲ့ ဝိုင်းထားပြီးတော့ ဘယ်သူမှ ပေးမဝင်ဘူး” ဟု ပထမမြို့ခံက ပြောသည်။

မည်ကဲ့သို့ မီးလောင်သည်ကို သိရှိရန် တမူးမြို့ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းကြည့်ရာ ဖြေဆိုနိုင်မည့် အရာရှိ မရှိသည့်အတွက် ဖြေဆိုခြင်း မပြုခဲ့ပါ။

ထို့အပြင် မီးလောင်ကျွမ်းခဲ့သည့် အိမ်တချို့မှ ပျဉ်ထောင်အိမ် ၂ လုံးသည် မဏိပူရ ကသည်းများ ပိုင်ဆိုင်သည့် နေအိမ်များ ဖြစ်ကြောင်း ပြောဆိုနေပြီး၊ အိမ်ရှင် ၂ ဦးကို အာဏာပိုင်များက ဖမ်းဆီး လိုက်သည်ဟု ဆိုသည်။

အိန္ဒိယခွဲထွက် သူပုန်များဖြစ်သည့် ကသည်း သူပုန်များသည် အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ် နန်းဖာလုံနှင့် ကလေးမြို့တွင် လွတ်လပ်စွာ သွားလာခွင့်၊ အိမ်ယာနှင့် လယ်မြေ ပိုင်ဆိုင်ခွင့်၊ လက်နက် ကိုင်ဆောင်ခွင့်တို့ ခွင့်ပြုထားပြီး၊ နိုင်ငံသား အသိအမှတ်ပြု မှတ်ပုံတင်ကိုပါ ထုတ်ပေးထားကြောင်း သိရသည်။

Ref: မဇ္ဈိမ

Read More...

Monday, June 8, 2009

နအဖ၏ မတရားထုတ်ပယ်ခံရသော သူငယ်ချင်းများ အတွက် အမှတ်တရ

ရုရှားပြန် စီနီယာ တစ်ဦးရဲ့  ကနဦး အတွေ့အကြုံ
မောင်ကျောင်းသား (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)

၂၀၀၁ ခုနှစ်၊ မေလ၏ မနက်တစ်ခုတွင် ရန်ကုန်မြို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဝင်းမှ မှန်လုံ ကားငယ် ၄ စီး တန်းစီ ထွက်လာခဲ့သည်။ ကားပေါ်တွင် မျက်နှာညှိးငယ်စွာဖြင့် လိုက်ပါလာကြသော သူများကား စစ်ဘက်၊ အရပ်ဘက်မှ အရာရှိများ၊ ကထိကများ ဖြစ်ကြပါသည်။ ၄င်းတို့ အားလုံး အဘယ်ကြောင့် မျက်နှာများ မသာမယာ ဖြစ်နေရပါသနည်း။

သင်တို့ ယုံချင်မှ ယုံပါလိမ့်မည်။ ထိုသူတို့သည် ဗိုလ်ချူပ်ကြီး မောင်အေး၏ စကားဖြင့် ဆိုရလျှင် တပ်မတော်မှ ချီးမြှောက်ခြင်း ခံရသော ရုရှားနိုင်ငံသို့ ပညာတော်သင် စေလွှတ်ခံရသည့် အညတရ အရာရှိများ ဖြစ်ပါသည်။ နိုင်ငံရပ်ခြားသို့ ပညာတော်သင် သွားရခြင်းသည် မကောင်းပါလား။ ကောင်းပါသည်။ အလွန်ကောင်းပါသည်။

ပညာတော်သင် ရွေးချယ်ပုံမှာ ထက်မြက် ထူးချွန်သည်ဟု ယူဆသော အရာရှိများကို ခေါင်းခေါက် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။ အရွေးခံရသော အရာရှိများမှာ ကိုယ့်ကိုကိုယ် မယုံရဲရဲဖြင့် အပျော်ကြီး ပျော်ခဲ့ရသေးသည်။ တချိန်က ပြည်ပ ပညာတော်သင် စေလွှတ်လေ့ ရှိသည့် နိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့လို ရေခံမြေခံကောင်းပြီး နိုင်ငံခြား လစာငွေ တနင့်ကြီး ရကြသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပါက တိုက်ခန်းလေး တစ်ခု လောက်တော့ ၀ယ်နိုင်ကြပါသည်။ ထို့ကြောင့် အရွေးခံရသော အရာရှိများမှာ မည်သည့် နိုင်ငံမှန်း မသိရသေးခင် ကတည်းက ၀မ်းသာခဲ့ရသည်။

ယခု ပညာတော်သင် အရွေးခံရသော အရာရှိ ၂၀၀ နီးပါး ရှိပါသည်။ ထိုအရာရှိများကို တပ်မတော် အမှတ် (၂) စစ်ဆေးရုံကြီးတွင် ဆေးစစ်ပါသည်။ အသဲရောင် အသားဝါ ဘီတွေ စီတွေ လာမပြောနဲ့။ အားလုံးအောင်။ အားလုံး ကောင်းပါသည်။ အဲ..အဲ ဆေးကျသော အရာရှိ အချို့လည်း ရှိပါသည်။ ဗိုလ်မှူးကြီးနှင့်အထက် အဆင့်ရှိ အရာရှိများ၏ သားတချို့တော့ ဆေးကျပါသည်။ ထိုဆေးကျသော အရာရှိများမှာ ဆေးကျသည် ဆိုသော်လည်း မျက်နှာများမှာ ၀င်းပနေပါသည်။ ကျန်အရာရှိများမှာ ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်ကြရသည်။

ဆေးအောင် အရာရှိများကို ဗိုလ်ချူပ်ကြီးမောင်အေး အမှူးပြုသော လေ့ကျင့်ရေး အရာရှိချူပ်၊ စစ်ထောက်ချူပ်၊ နိုင်ငံခြားရေး ၀န်ကြီးနှင့် သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးများက သြ၀ါဒများ ပေးကြပါသည်။ ဗိုလ်ချူပ်ကြီး မောင်အေး စကားပြောစဉ် ရုရှားနိုင်ငံသို့ သွားရမည် ဖြစ်ကြောင်းနှင့် ထိုနိုင်ငံတွင် သုံးစွဲရန် ဒေါ်လာ ၁၀၀ ပေးမည်ဟု မိန့်မိန့်ကြီး ပြောလိုက်ရာ အောက်တွင် အဟုတ်မှတ်၍ နားထောင်နေသော အရာရှိများမှာ “ဟာ…” ဆိုသည့် ၀ုန်းကနဲ အသံကြီး ထွက်လာ ကြပါတော့သည်။ ဗိုလ်မောင်အေးလည်း အခြေအနေ မကောင်းမှန်းသိ၍ ချက်ချင်းပင် သူ့အနေနှင့် ဒေါ်လာ ၅၀ နှင့် တပ်ချူပ်ကြီးတို့မှ ဒေါ်လာ ၅၀ ထပ်ပြီး မုန့်ဖိုး ပေးပါမည်ဟု အမောတကာ ပြောကာ ချွေးသိပ် လိုက်ပါသည်။

ထိုအချိန်က အရာရှိများသာ ကြောက်၍ ငြိမ်နေခဲ့လျှင် ဒေါ်လာ ၁၀၀ နှင့် ရုရှားတွင် ခွေးလုံးလုံး ဖြစ်ကြရမည်ပင်။ ထိုလစာ ကိစ္စပြီးသည်နှင့် ဗိုလ်မောင်အေးလည်း ချက်ခြင်း လစ်သွားတော့သည်။ ကျန်ရှိနေသည့် ဗိုလ်ချူပ်များက အခြေအနေကို ဆက်ပြီး ထိန်းသိမ်းသွားသည်မှာ နိုင်ငံတော်အနေဖြင့် အခု အရာရှိများကို အများကြီး မြှောက်စား ထားကြောင်း၊ တပ်ချူပ်ကြီးကလည်း စေတနာ ဘယ်လောက် ရှိကြောင်းနှင့် ယခု ရုရှားနိုင်ငံတွင် နျူးကလီးယား လက်နက် ထုတ်လုပ်နိုင်ရေး အတွက် ပညာတော်သင် သွားရမည် ဖြစ်ကြောင်း ပြောကြပါတော့သည်။

ထိုသို့ပြောကြရာတွင် သိပံ္ပနဲ့ နည်းပညာဝန်ကြီး ဦးသောင်းမှာ အဆိုးဆုံးဖြစ်ပြီး ၀န်ကြီးတစ်ဦးနှင့် မလျော်ညီစွာ စကားအဆင့်အတန်း အောက်တန်းကျလှသည်။ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး အတွက် ခိုးစရာရှိတာ ခိုးဖို့ လိုကြောင်း၊ ကိုယ်တိုင် မထုတ်လုပ်နိုင်ပါက ရသည့်နည်းနှင့် ၀ယ်မည် ဖြစ်ကြောင်း၊ ထို့အပြင် နျူးကလီးယား စက်ရုံ တည်ဆောက်ခြင်းသည် အလွန် ငွေကုန်ကြေးကျ များသောကြောင့် တိုင်းပြည်က ဤဒုက္ခကို ခါးစည်းခံရမည် ဖြစ်ကြောင်း၊ မိမိတို့ အနေနှင့် အငတ်ခံ၍ ကြိုးစားမည် ဖြစ်ကြောင်း စိန်အောင်မင်း လေသံနှင့် ပြောဆိုသွားပါသည်။ တက်ရောက်သော အရာရှိများ အားလုံး သိကြပါသည်။

ဤသို့ ကြိုးစားရခြင်းမှာလည်း တပ်ချူပ်ကြီးက စတုတ္ထ မြန်မာနိုင်ငံတော်ကို တည်ထောင် လို၍ ဖြစ်ကြောင်း၊ နျူကလီးယား လက်နက် ပိုင်ဆိုင်ခဲ့ပါက အရှေ့တောင် အာရှတွင် စစ်ရေးအရ အင်အား အကြီးဆုံး ဖြစ်လာပြီး ယိုးဒယားကိုလည်း ခြေထောက်ဖြင့် ပါးရိုက်မည် ဖြစ်ကြောင်း စသည်ဖြင့် မိုက်မိုက်ရိုင်းရိုင်း ပြောဆိုသွားလေသည်။

ရုရှားနိုင်ငံမှ ပညာရှင် အမျိုးသမီးများကို ပန်းကုံးခြွေပြီး မြန်မာနိုင်ငံသို့အရ ခေါ်လာရန် တပ်ချူပ်ကြီးနှင့် ဒုချူပ်ကြီးတို့က အမှာပါးလိုက်ပြီး ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် အရာရှိများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ဦးမည်ဟုလည်း ထပ်ဆင့် ပြောလိုက်ပါသေးသည်။ နားထောင်နေသော အရာရှိများ၏ စိတ်ဓါတ်များသည် တဟုန်းဟုန်း တောက်နေသော မီးကို ရေဖြင့် လောင်းလိုက် သကဲ့သို့ ငြိမ်ကျ သွားကြရသည်။

အဆင့်အတန်းရှိသော အရာရှိအများစု၏ စိတ်ထဲတွင်တော့ ငါတို့သွားရမည့် ခရီးသည် အဘယ်လောက် ကျက်သရေ ယုတ်ပြီး အမင်္ဂလာ ရည်ရွယ်ချက်များ ပါတကားဟု ခံယူ နားလည် သွားကြပြီး တက်ကြွခြင်း ကင်းမဲ့စွာဖြင့် ယူကြုံးမရ ဖြစ်ခဲ့ကြရပါသည်။ ဗိုလ်ချူပ်ကြီးများ၏ ထိုဂုဏ်ယူဖွယ်ရာ ခရီးစဉ်တွင် ၄င်းတို့၏ ဆွေမျိုးသားချင်း ဆေးကျ အရာရှိများ မပါကြသည်ကို ခပ်ရေးရေးတော့ သဘောပေါက် မိခဲ့ကြပါသည်။

ဤသို့ဖြင့် ဒုတိယဗိုလ်မှူးကြီး တစ်ဦးက ကျောင်းသား ခေါင်းဆောင်အဖြစ် ဦးဆောင်လျက် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တက္ကသိုလ် အသီးသီးသို့ ရောက်ရှိ ခဲ့ကြပါသည်။ မော်စကိုရောက်ပြီး နောက်တစ်ရက်တွင် ကျောင်းမှ အပြန် ရုရှား ဆိုးသွမ်းလူငယ် တစ်စုက မြန်မာပြည်တွင် ဘယ်သူမှ မော်မကြည့်ရဲသော စစ်ဗိုလ် ၁၀၀ လောက်ကို အသားလွတ် လမ်းမပေါ်တွင် ဆော်ပလော တီးခဲ့ပါသည်။

ကွဲသူကွဲ၊ လဲသူလဲနှင့် တကယ့်ကို အမင်္ဂလာ ကျောင်းဖွင့်ရက် ဖြစ်လေသည်။ မိမိတို့ အကြောင်းကို ပြည်ပတွင် တစ်ခုတည်းသော အားကိုးရာဖြစ်သည့် မြန်မာသံရုံးမှ သံအမတ်ကြီးဟောင်း ဦးတင်စိုး (ယခင် လပခ ဒုတိုင်းမှူး) အား တိုင်ကြားကြပါသည်။ သံအမတ်ကြီး ဦးတင်စိုးသည် သတင်း ကြားကြားချင်း ကျောင်းသားအိပ်ဆောင်သို့ အပြေးရောက်လာကာ မြန်မာ ကျောင်းသားများကို မိုက်မိုက်ရိုင်းရိုင်း ဆဲပါတော့သည်။

အဖြေက မြန်မာကျောင်းသားများ မနေတတ် မထိုင်တတ်၍ ယခုလိုဖြစ်သည်ဟု ကောက်ချက် ချခြင်း ဖြစ်ပါသည်။ ကျောင်းသားခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီးခမျာ ကြီးကောင်ကြီးမား အရွယ်ကျမှ ကလေးတွေ ရှေ့တွင် အခုလို အဆဲခံရ၍ မျက်နှာမှာ နီရဲနေပါတော့သည်။ သူ့ကို ကြည့်၍ ကျန်ကျောင်းသားများမှာ အားတုံ့အားနာ ဖြစ်ကြရသည်။

အဆိုပါ ဒုတိယ ဗိုလ်မှူးကြီးသည် PhD ဘွဲ့ယူရန် လိုက်ပါလာခြင်း ဖြစ်ပြီး ပညာဥာဏ် ကြီးမားခြင်း၊ အောက်လက်ငယ်သားများ အပေါ်တွင် ငဲ့ညှာခြင်းတို့ကြောင့် မြန်မာ ကျောင်းသားတို့က လေးစား ချစ်ခင်ကြပါသည်။ (ထိုဒုဗိုလ်မှူးကြီးသည် တပ်မတော်မှ ထွက်သွားရပြီ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် စစ်ဗိုလ်တန်မဲ့ ပညာ တော်လွန်း သောကြောင့် ဖြစ်သည်။)

ရုရှားတွင် နေစဉ်ကာလ တစ်လျှောက်လုံးတွင် မြန်မာသံအမတ်ကြီး၏ တာဝန်မဲ့မှုကြောင့် ရုရှား ဆိုးသွမ်းလူငယ်များ ရိုက်နှက်မှုကို မြန်မာကျောင်းသားများ အလူးအလဲ ခံကြရပါသည်။ အချို့ဆိုလျှင် နားရွက်ကို ဓါးဖြင့် အလှီးခံရခြင်း၊ ပယ်ပယ်နယ်နယ် အရိုက်ခံရသောကြောင့် သွားအုံတစ်ခုလုံး ကျွတ်သွားခြင်း၊ မြေအောက် လမ်းကူးများတွင် ၀ိုင်းရိုက်ခံရခြင်း စသည်တို့မှာ နောင်ဆိုရင် အရိုးစင်းဆုံး သတင်းများသာ ဖြစ်သွားခဲ့ရသည်။

ထိုကဲ့သို့ ဒုက္ခများအပြင် ရာသီဥတု ဆိုးရွားမှုဒဏ်ကြောင့် ဖျားနာပြီး ဆေးရုံတင်ခံရလျှင် တင်ပြကြသော်လည်း လက်မခံပေ။ စစ်သားဆိုတာ ခိုင်းတာလုပ်။ ကျွေးတာစား ဆိုသည့် ဦးနှောက်မဲ့ စကားဖြင့် တုံ့ပြန်သည်။ မကျေနပ်သည့် ကျောင်းသား အများက ထိုကဲ့သို့ မနာခံလျှင် ရုရှား ဆရာဝန်များက တီဘီလိုလို၊ ကင်ဆာလိုလို ရောဂါများဟု ဆိုကာ ထိုကျောင်းသားကို မြန်မာပြည်သို့ ပြန်ပို့တတ်ပါသည်။

ထိုသို့ပြန်ပို့ခံရသော ကျောင်းသားပေါင်း မည်မျှရှိပြီး တပ်မတော်မှ ထုတ်ပယ် ခံရခြင်းလည်း မနည်းလှတော့ပါ။ ဤသည်မှာ အန္တရာယ်များလှသော ရေဒီယို ဓါတ်ခွဲ စမ်းသပ်ခြင်းမှ ရရှိသော ရောဂါများသာ ဖြစ်ပါသည်။ အမှန်ဖြစ်သင့်သည်မှာ ကျောင်းအနေဖြင့် ရောဂါရသော ကျောင်းသားများကို မြန်မာသံရုံးနှင့် ညှိနှိုင်းပြီး ဆေးကုသ ပေးသင့်သည်။ မြန်မာ သံအမတ်ကြီး ကလည်း မသိကျိုးကျွံပြုပြီး အားလုံး ကောင်းပါသည်ဟု လစဉ် Report ရေးခြင်းမျိုး မလုပ်သင့်ပါ။ ကျောင်းသားများ နစ်နာလှပါသည်။

သို့သော် သံအမတ်ကြီး ဦးတင်စိုးသည် ကျောင်းသား အရေးထက် ရုရှား တက္ကသိုလ်နှင့် လက်ဝါးရိုက်ကာ ငွေရပေါက် ဖန်တီးခြင်းကိုသာ အလေးထားပါသည်။ ရုရှား တက္ကသိုလ်များသည် ပုဂ္ဂလိက ကျောင်းများ ဖြစ်ပြီး တစ်ချို့ စာသင်ခန်းများတွင် လူပင်မရှိပါ။ လူမရှိရခြင်းမှာ တစ်ချို့ Department များသည် လူကြိုက်နည်းသောကြောင့် ဖြစ်သည်။

ဤအချက်ကို အခွင့်အရေးယူပြီး သံအမတ်ကြီး ဦးတင်စိုးက တက္ကသိုလ် အာဏာပိုင်များနှင့် ပူးပေါင်းကာ လူမရှိသည့် Department များတွင် မြန်မာ ကျောင်းသားများကို ထိုးထည့်ပြီး ပွဲခဒေါ်လာ ရယူပါသည်။

(ဦးတင်စိုးသည် ဒေါ်လာစုရာတွင် ကျောင်းသားများကြား၌ အလွန် နာမည်ကြီးသည်။ သံအမတ်ကြီး ဖြစ်ပါလျက်နှင့် ထမင်းချက်ခြင်းကို တစ်ကြိမ်သာ သူ့အမျိုးသမီးကို လုပ်ခိုင်းသည်။ နံနက်က ချက်ထားသည့် ထမင်းကြမ်းနှင့်သာ ညစာကို စားပါသည်။ စားသည့် အခါတွင်လည်း ဈေးအပေါဆုံး ကြက်သားကိုသာ တောချက် ချက်စားသည်။ ထို့ကြောင့် သူ့ကတော်နှင့် သူ့သမီးမှာ ဘယ်အချိန် ကြည့်ကြည့် မဲမဲခြောက်ခြောက်နှင့် လူမမာ ရုပ်ပေါက်နေသည်။ သမီးကို ရုရှားတွင် ကျောင်းတက် နေသော DSTA 1 Intake မှ တစ်ယောက်နှင့် မော်စကိုတွင် လက်ထပ်ပေးရာတွင် မင်္ဂလာပွဲလာ ကျောင်းသားများအား ဒေါ်လာသာ လက်ဖွဲ့ရမည်ဟု မညှာမတာ ပြောပါသည်။ ပြန်ဧည့်ခံသည့် အစားအသောက်က ပေါင်မုန့် အညံ့စား တစ်လုံးနှင့် အချိုရည် တစ်ခွက်သာ ဖြစ်ပါသည်။)

ဦးတင်စိုးသည် ပညာ၏ သဘောတရားကို နားမလည်ပေ။ ထို့ကြောင့် မြန်မာနိုင်ငံက ကွန်ပြူတာနှင့် ကျောင်းပြီးလာသူသည် ရုရှားတွင် ရူပဗေဒကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ဓာတုဗေဒနှင့် ပြီးလာသူက ကွန်ပြူတာကို ဘွဲ့လွန်ယူရန် ဖြစ်လာသည်။ ကားမောင်းသူကို လေယာဉ်မောင်းခိုင်းပြီး၊ လေယာဉ်မောင်းသူကို ဆိုက်ကားနင်းခိုင်း သကဲ့သို့ အကုန် အိုးနင်းခွက်နင်း ဖြစ်ကုန်ကြသည်။ ကျောင်းသားများက အကျိုးအကြောင်းကို တရားဝင် တမျိုး၊ တိုးတိုးတမျိုး တင်ပြကာ မြန်မာပြည် ပြန်မည်ဟု အထွန့်တက်သည်။ ထိုအခါ ဦးတင်စိုးက ပြန်ချင်လျှင်ပြန် သူတာဝန်မယူဟု တာဝန်မဲ့စကား ဆိုခဲ့လေသည်။

နောက်ဆုံးတွင် အမှန်တရားကို မြတ်နိုးပြီး မတရားတာကို ခေါင်းငုံ့မခံသည့် ကျောင်းသားတချို့ အမိနိုင်ငံ ပြန်ကြသည်။ ဤကဲ့သို့ တရားလက်လွတ် လုပ်ချင်တိုင်း လုပ်နေသော စစ်အာဏာရှင်များ ကြီးစိုးရာ တပ်မတော်တွင် မနေ၊ ထောင်ကျ ချင်လည်းကျ၊ ရုရှားမှ ဝေးလျှင်ပြီးရောဟု ဆုံးဖြတ်ကာ ကျောင်းသားအချို့ ခံဝန်ချက် လက်မှတ်ထိုးပြီး ပြန်ကြသည်။

တကယ်ဆိုလျှင် ရုရှားတွင်ဆက်နေပြီး အိုးနင်းခွက်နင်း ဘာသာရပ်များကို ဘွဲ့ရသည် အထိ သင်နိုင်ပါသည်။ ကျောင်းအာဏာပိုင်များက ပြန်မည့် ကျောင်းသားများကို ဘွဲ့ပေးပါမည်။ မပြန်ပါနှင့်။ စာမေးပွဲလည်း ဖြေစရာ မလိုပါ။ နှစ်ကုန်သည်အထိ နေပါဟု တားရှာကြပါသည်။ သူတို့ စိတ်ထဲတွင် မြန်မာကျောင်းသား အချဉ်လေးများထံမှ ကျောင်းလခ မရလျှင် အလွန် နစ်နာသွားမည်ကို စိုးရိမ်ဟန် တူပါသည်။ ပညာတော်သင် ကျောင်းသားများအတွက် မြန်မာ အစိုးရထံက မြက်မြက်ကလေး ရနေသလို ရုရှားကို ဖါးနေရတဲ့ စစ်ခေါင်းဆောင် တွေကလည်း လက်သိပ်ထိုးကာ ရုရှားအား လူမိုက်ဌားခ ပေးရတာမျိုးပါ။

အိုးနင်းခွက်နင်း ဘာသာရပ်ကို ဘွဲ့လွန်မပြောနှင့်။ ပါရဂူဘွဲ့လိုချင်လျှင်လည်း ရပါသည်။ စာသင်နှစ် ကုန်သည်အထိသာ နေရန်လိုသည်။ သို့သော် မြန်မာကျောင်းသားအချို့ အမှန်တရားကို ဆုပ်ကိုင်၍ မြန်မာပြည်သို့ ပြန်ကြပါသည်။

မြန်မာပြည် ပြန်ရောက်သောအခါ ထုံးစံအတိုင်း စစ်ခုံရုံးဖွဲ့၍ ပြန်လာရသော အကြောင်းရင်းကို စစ်ပါသည်။ အဖြစ်မှန်ကို တင်ပြသော်လည်း သံအမတ်ကြီး ဦးတင်စိုးက ကြိုတင်၍ ဖက်စ်နှင့် သတင်းပို့ချက်မှာ ပြန်သွားသော ကျောင်းသားများသည် တပ်မတော်ကို အာခံပြီး အမိန့်ကို မနာခံကြောင်း၊ ထိုသူများကို ထောင်ချ ထုတ်ပယ်သင့်ကြောင်း စသဖြင့် သခင်အားရ ကျွန်ပါးဝ လေသံဖြင့် ဗိုလ်ချူပ်ကြီး မောင်အေးထံ တင်ပြထားပြီး ဖြစ်ပါသည်။ သို့သော် ဗိုလ်မောင်အေး တပည့်စစ်စစ် ဦးတင်စိုးမှာ သူ့စေတနာသူ အကျိုးပေး အနားပေး ခံရပြီးပါပြီ။

ထို့ကြောင့် ရုရှားမှ ပြန်လာကြသော ကျောင်းသားများ ကံမကောင်းကြပေ။ သို့သော်လည်း ထိုသူများကို ကျွန်တော် လေးစား ချီးကျူးပါသည်။ မတွန်းလှန် နိုင်သူများမှာ ယခုအခါ ဆုပ်လဲစူး စားလဲရူး ဘ၀တွင် ရောက်နေကြသည်။ ရုရှားမှ တတ်ယောင်ကား ဘွဲ့တစ်လုံးကို ပိုက်ကာ လုပ်ငန်းခွင်နှင့် ဝေးနိုင်သမျှ ဝေးအောင် အကြံအဖန်လုပ်ပြီး တပ်ရင်းတပ်ဖွဲ့ များသို့ သွားရန် ကြိုးစားနေကြသည်။
ရုရှားတွင်နေစဉ်က ဆရာတစ်ယောက် ပြောပုံမှာ မင်းတို့အရည်အချင်းနဲ့ နျူးကလီးယားစက်ရုံ တည်မယ်ဆိုတော့ အနာဂတ်က တော်တော် ရင်လေးစရာပါပဲတဲ့။ ဟုတ်ကဲ့။ ဖြစ်နိုင်လောက် ပါသည်။ စာသင်ချိန်တွင် ရုရှားကျောင်းသားများလို ကျားကုတ်ကျားခဲ မကြိုးစားပဲ ဗိုလ်လောင်း ဘ၀ကလို လစ်လျှင်လစ်သလို အိပ်ကြသည်မှာ မြန်မာ ကျောင်းသားများသာ ရှိပါသည်။ တကယ်ကြိုးစားသည့် ကျောင်းသားများလည်း ရှိပါသည်။ တချို့ ကျောင်းသားများလည်း ယခုအခါ အကြောင်း အမျိုးမျိုးကြောင့် တပ်မတော်ကို ကျောခိုင်းသွားကြပြီ ဖြစ်ပါသည်။

ယခုအခါတွင် နျူကလီးယား လက်နက်ကို ထိုထိုသော ပညာရှင်များနှင့် ထုတ်လုပ်ရန် စဉ်းစား နေကြသော အာဏာရူး တစ်စု၏ အနာဂတ်ကို စောင့်ကြည့်ရုံသာ ရှိပါတော့သည်။

Ref: ဖိုးတရုတ်

Read More...

အပေါ်သို့