..............................

Friday, June 10, 2011

ကျနော်တို့လမ်းမှာ ပိတ်ရပ်မနေပါနှင့်။ တတ်နိုင်သမျှ ကူညီပေးပါ။

ဦးမြင့်
ကြာသပတေးနေ့၊ ဇွန်လ ၀၉ ရက် ၂၀၁၁

မဇ္ဈိမသတင်းဌာန ။ ။ ဆင်းရဲမွဲတေမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတရပ်ကို မြန်မာ အစိုးရသစ်က နေပြည်တော်၌ မေလ ၂ဝ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ရာ စီးပွားရေး ပညာရှင်ဖြစ်ပြီး၊ ဦးသိန်းစိန် အစိုးရ၏ စီးပွားရေး အကြံပေးဖြစ်သူ ဒေါက်တာ ဦးမြင့်က ဆင်းရဲမွဲတေမှု လျှော့ချရေး လမ်းပြ စာတမ်းတရပ် တင်သွင်းခဲ့သည်။

၎င်းစာတမ်းကို မဇ္ဈိမ အင်္ဂလိပ်ပိုင်းတွင် မေလ ၂၄ ရက်နေ့တွင် တင်ပြခဲ့ရာ သံအမတ်ဟောင်း တဦးဖြစ်သူ မစ္စတာ ရူးဒေါ့ဖ် Rudolf က ‘‘ဦးမြင့်၏ အသုံးမကျသည့် မြန်မာနိုင်ငံတွင် ဆင်းရဲ နွမ်းပါးလျှော့ချရေး လမ်းပြစာတမ်း’’ ဟူသည့် ခေါင်းစဉ်ဖြင့် ဝေဖန်ဆောင်းပါး ရေးခဲ့သည်။ ထိုဆောင်းပါးကို မဇ္ဈိမ အင်္ဂလိပ်ပိုင်းတွင် မေလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုတဖန် ဒေါက်တာ ဦးမြင့်က မစ္စတာ ရူးဒေါ့ဖ်ထံ ပြန်လည်ချေပသည့် ပေးစာတစောင် Don’t get in our way … do whatever you can to help us’ ရေးသားလာသည်ကို မြန်မာ ဘာသာဖြင့် ပြန်ဆိုကာ ထပ်မံ တင်ပြလိုက်ခြင်း ဖြစ်ပါသည်။

မစ္စတာ ရူးဒေါ့ဖ် (Mr. Rudolf) ခင်ဗျား …
အကြောင်းအရာ ။ ။ ဦးမြင့်၏ အသုံးမကျသည့် "မြန်မာနိုင်ငံတွင် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး၊ လမ်းပြစာတမ်း" U Myint’s useless paper on reducing poverty in Myanmar: the way forward နှင့် ပတ်သက်၍

၁။ ၂ဝ၁၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် မဇ္ဈိမသတင်း၌ ဖော်ပြခဲ့သည့် အထက်ခေါင်းစဉ်ပါ စာနှင့် ပတ်သက်၍ အောက်ဖော်ပြပါ အချက်များကို သင်သိစေရန် တုံ့ပြန် လိုပါသည်။

၂။ ယခုစာသည် အလွန်အမင်း အသုံးမကျသည့်၊ ဆန့်ကျင်ဘက်ရလဒ် ဖြစ်စေသည့် စာတမ်း ဖြစ်သည်။ မိမိ၏ စာတမ်းတွင် မည်သည့် အချက်ကြောင့် သင့်ကို အလွန်အကျူး ထိခိုက် စော်ကားသည့်နှယ် ဖြစ်ခဲ့ရသည်၊ ရန်ကုန် ငါးဈေးတန်းရှိ ငါးစိမ်းသည်ပင် ရှက်ရွံ့စေရမည့် စကားလုံးများဖြင့် ချက်ချင်း တုံ့ပြန်ရစေသည့် အဖြစ်ကို တိတိကျကျ ဖော်ပြပေးနိုင်ပါက မြန်မာ ပြည်သူများ အတွက် ပို၍ အကျိုး ရှိစေလိမ့်မည် ဖြစ်ပါသည်။

၃။ သံဝန်ထမ်းနှင့် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သင်၏ သံဝန်ထမ်းနှင့် သံအမတ်ကြီး ဘဝ အဖြစ် အသက် မွေးဝမ်းကြောင်း ပြုခဲ့ရသည်ကို မဇ္ဈိမထံ ပေးပို့သည် စာတွင် ထင်ဟပ် မနေသည့် အတွက် မိမိအနေနှင့် များစွာ ဝမ်းနည်း မိပါသည်။ သင့်နိုင်ငံရှိ လုပ်ဖော် ကိုင်ဘက်များထံ ဆက်ဆံဖော်ပြသည့် ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုများ အတိုင်း၊ သင်က နကန်းတလုံးမျှ မသိနားမလည်ဟု ယူဆထားသည့် မြန်မာ နိုင်ငံသားများကို ဆက်ဆံပါရန် ကျနော် လိုလားမိပါသည်။

၎။ ဖွံ့ဖြိုးရေးနယ်ပယ် နိုင်ငံရေးတွင် ကျွမ်းကျင်သူတဦး ဖြစ်သည်။ သင်က ကျွမ်းကျင်နှံ့စပ်သူ တဦးဟု ဆိုထားသည့် ဖွံ့ဖြိုးရေး နယ်ပယ် နိုင်ငံရေး ဘာသာရပ်ကို ကျနော်တို့ မသိရှိပါ။ ၎င်း ဘာသာရပ်နှင့် ပတ်သက်၍ မြန်မာ ကျောင်းသားများက ဂျာမန် တက္ကသိုလ်တွင် သင်ကြား လေ့လာနိုင်မည်ကို ညွှန်ပြပေးပါက ကျနော် အထူး ကျေးဇူးတင်ရှိမည် ဖြစ်ပါသည်။

၅။ ဆင်းရဲမှုနှင့် ပတ်သက်၍ အပိုဒ် ၃၃ ပိုဒ် ပါရှိသည်။ မိမိတို့နိုင်ငံတွင် သင်တို့သံရုံး၌ ပထမ အတွင်းဝန် အဖြစ် တာဝန် ထမ်းဆောင်စဉ်က သော်လည်းကောင်း၊ မကြာသေးမီ ကာလအထိ သော်လည်းကောင်း Poverty ဟူသည့် စာလုံး ၇ လုံးမှာ တီးတိုးပြော၍ပင် မရနိုင်သည်ကို သင်သတိ မမူမိခြင်း ဖြစ်ပါလိမ့်မည်။ စာတမ်းရေးရန်၊ နိုင်ငံ၏ ဆုံးဖြတ်ချက် ချမှတ်မည့် ခေါင်းဆောင်များရှေ့တွင် ပြောရန် ဝေးစွပင်။ ကျနော်က ယခုလိုအစွဲကို တကြိမ်တည်းနှင့် ချွတ်လိုပါသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ဆင်းရဲ နွမ်းပါးသူများ ရှိနေသည်ကို ဝန်ခံပြောဆိုသည့် အတွက် အန္တရာယ် မရှိကြောင်း၊ ဤပြဿနာကို ဖြေရှင်းရမည် ဖြစ်ကြောင်းကိုလည်း ပြသလိုသည်။ သို့အတွက်ကြောင့် စာပိုဒ် ၂၇ ပိုဒ် (၃၃ ပိုဒ် မဟုတ်ပါ) ကို ဤကိစ္စအတွက် အသားပေး ရေးခဲ့ရပါသည်။

၆။ ကံကောင်းသည်မှာ ကျနော်က မြန်မာတဦး မဟုတ်ခြင်းပင်။ ဤနေရာတွင်တော့ သင်နှင့် လုံးဝ သဘော တူညီပါသည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဌာနရှိ သံဝန်ထမ်းအများ အနေဖြင့်လည်း သင့်အနေဖြင့် မြန်မာ လူမျိုးတဦး မဟုတ်သည့် အတွက် ကံကောင်း လှပေသည်ဟု ခံယူကြမည် ဖြစ်ပါသည်။ အကြောင်းမှာ ကျနော်က သူတို့၏ လမ်းညွှန်ဆရာ ဖြစ်ခဲ့ဖူးပြီး၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနတွင် ဆရာ ဖြစ်ခဲ့ဖူးပါသည်။ အကယ်၍ သင်သာ သံဝန်ထမ်း အဖြစ် အသက်မွေး တက်လမ်းရှာမည့်သူ ဖြစ်ပါက၊ မဇ္ဈိမထံ ရေးသည့် စာကြောင့် သူတို့အားလုံး အရှက်ရကြမည် ဖြစ်ပါသည်။

၇။ အခွန်ဘဏ္ဍာငွေများ သုံးသည့်အတွက် ဒေါသဖြစ်ရသည်။ ကုလသမဂ္ဂတွင် မြန်မာ အစိုးရ၏ တိုက်တွန်းမှုဖြင့် တာဝန် ယူရသည့် အခါ ဝန်ကြီးအဖွဲ့ ဆုံးဖြတ်ချက် လိုအပ်ပါသည်။ မြန်မာနိုင်ငံရှိ စီးပွားရေး တက္ကသိုလ် သုတေသန ဌာနတွင် သုတေသန လက်ထောက်အဖြစ် သော်လည်းကောင်း၊ ပညာရေး တက္ကသိုလ်တွင် စီးပွားရေးဌာန- ဌာနမှူးအဖြစ် သော်လည်းကောင်း၊ နိုင်ငံခြားရေး ဌာနတွင် စီးပွားရေးဌာန တာဝန်ခံအဖြစ် သော်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သော နှစ်များ အတွက် ခံစားခွင့်ရှိသည့် ပင်စင် လစာငွေကို စွန့်လွှတ် ခဲ့ရပါသည်။ ယခုအခါ ကျနော်က ကုလသမဂ္ဂ ပင်စင်လစာဖြင့် နေထိုင်နေပါသည်။ မြန်မာ အစိုးရထံမှ ပင်စင်လစာ တပြားတချပ်မှ မရရှိပါ။

မိမိတွင် ရုံး၊ အတွင်းရေးမှူး၊ သုတေသန လက်ထောက်များဟူ၍လည်း မရှိပါ။ အချိန်များစွာတွင် အိမ်တွင်ပင် ထိုင်၍ အလုပ် လုပ်ရပါသည်။ မိမိကို သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့တွင် တာဝန်ယူရန် တောင်းဆို လာသည့်အခါ၊ ယခုတာဝန်ကို အခြေအနေတခု သတ်မှတ်၍ လက်ခံခဲ့ပါသည်။ မိမိအတွက် အခွင့်ထူး၊ မည်သို့သော ခံစားခွင့်မျိုး ဟူသည်မဆို လက်မခံပါဟု ပြောခဲ့ပါသည်။ သမ္မတရုံးကလည်း မိမိဆန္ဒကို လေးစား လိုက်နာပါသည်။ ယခုအခါ မိမိက ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ၏ တောင်းဆို မေတ္တာ ရပ်ခံမှုကြောင့်သာ အကြံပေး တာဝန်ယူခဲ့ခြင်း ဖြစ်ပါသည်။ ဤတာဝန်အရ မိမိ၏ ခရီးစရိတ်များ၊ အစားအသောက်၊ အစည်းအဝေး တက်ရန် နေထိုင် စရိတ်နှင့် နေပြည်တော်တွင် စီးပွားရေး အကြံပေး အဖြစ် တာဝန် ထမ်းဆောင်နေချိန် ကုန်ကျ စရိတ်များကို မြန်မာနိုင်ငံ စီးပွားရေး အသိုက် အဝန်းက တာဝန် ယူထားပါသည်။

သို့အတွက်ကြောင့် ပြည်သူ့ဘဏ္ဍာငွေကို သုံးစွဲခြင်း မရှိသလို၊ မိမိ၏ လက်ရှိလုပ်ငန်းများဖြစ်သည့် သုတေသီ၊ ဆရာနှင့် စီးပွားရေး အကြံပေး လုပ်ငန်းများနှင့်လည်း သက်ဆိုင် ပတ်သက်မှု မရှိပါ။ သို့အတွက်ကြောင့် မစ္စတာရူးဒေါ့ဖ် အနေဖြင့် မိမိက အခွန် ဘဏ္ဍာများ ဖြုန်းတီး နေသည်ဟု ဒေါသဖြစ်ရန် မလိုအပ်သလို၊ မိမိ၏ ဆင်းရဲမှုဆိုင်ရာ စာတမ်းကို ပြင်ဆင် ရေးသားနေချိန်၊ ထုတ်လုပ်၊ တင်ဆက်နေချိန်၊ ဖြန့်ဖြူးမှုများတွင်လည်း အခွန် ဘဏ္ဍာများ ဖြုန်းတီးခဲ့မှု မရှိပါ။ ၎င်းအစား သင်၏ ဒေါသများကို (သင်အပါအဝင်) အခွန် ပေးနေသူများ၏ ဘဏ္ဍာငွေကြေး ယူရိုငွေ သန်းထောင်ချီ၍ သုံးစွဲနေသည့် အချို့သော အစိုးရများ၊ စီမံခန့်ခွဲမှု လွဲမှားနေသည့်၊ အရည်အချင်း မပြည့်မီသည့် အစိုးရများနှင့် စီးပွားရေး ကုမ္ပဏီများကို ပံ့ပိုးပေးပြီး ဖြုန်းတီးနေသည့် ကိစ္စများအပေါ် အာရုံလွှဲခဲ့ပါက ပို၍ အကျိုးရှိလိမ့်မည် ဖြစ်ပါသည်။

၈။ မြန်မာနိုင်ငံတွင် ဆင်းရဲမှုလျှော့ချရေးမှာ အလွန်ရိုးရှင်း လွယ်ကူလှပါသည်။ နောက်တကြိမ် သင် ရန်ကုန် ရောက်သည့် အခါတွင်၊ တက္ကဆီ ကားမောင်းသူကို "ဓာတ်ဆီဈေး မည်မျှ ရှိပါသနည်း" ဟု မေးကြည့်ပါ။ ဤမေးခွန်းကြောင့် သူ့ကို လှုပ်လှုပ်ရှားရှား ဖြစ်စေမည်ကို ကျနော် အာမခံပါသည်။ သင့်ကို တက်ကြွစွာနှင့် ထွေပြားသော အဖြေကို ပေးပါလိမ့်မည်။ ဓာတ်ဆီ ဈေးကိစ္စတွင် မည်သို့ မှားယွင်းနေသည်ကို သင့်ကို ရှင်းပြသိစေမည်သာမက၊ စီးပွားရေး စနစ်တွင် မည်သည့်ကိစ္စများ မှားယွင်းနေသည်၊ ဤနိုင်ငံတွင် ဆင်းရဲမှု လျှော့ချရေးသည် မည်သည့်အတွက်ကြောင့် လွယ်ကူ ရိုးရှင်းသည့် ကိစ္စ မဟုတ်သည်ကို ရှင်းပြပါလိမ့်မည်။ ထိုကား ဆရာ၏ ဘဝတ သက်တာတွင်ပင် မြင်ရချင်မှ မြင်ရပါလိမ့်မည်။

၉။ ဘဏ်စနစ်၊ ငွေကြေးလဲလှယ်မှုနှုန်း၊ လက်ဖက်ရည်ဖိုး၊ ပွင့်လင်းမြင်သာသည့် ဘတ်ဂျက်၊ ကျန်းမာရေး-ပညာရေး ကိစ္စများကို တည်ဆောက်ပေးခြင်း... စသဖြင့်။ ဤနေရာတွင် မိမိရှုပ်ထွေးသွားပြီ ဖြစ်သည်။ သေချာ ပြန်ဖတ်ပါက မိမိ စာတမ်းတွင် ဤကိစ္စများ အားလုံးကို ဖော်ပြထားသည်ကို တွေ့ရပါမည်။ အကယ်၍ သင်က ဤစာတမ်းတွင် တန်ဖိုးရှိသည့် အရာကိစ္စများ မပါဝင်ဟု ဆိုပါက၊ လုံးဝ အသုံးမကျ၊ ဆန့်ကျင်ဘက် အပျက်သဘော ဖြစ်ရပါတော့မည်။ ကျနော်က နိုင်ငံတခုတွင် ဆင်းရဲမှု လျှော့ချရေးနှင့် ပတ်သက်၍ ဆက်လက် လုပ်ဆောင်ရမည်ဟု စာတမ်းတွင် ဖော်ပြပြီးသော ကိစ္စများကို သင်က မည်သည့် အတွက်ကြောင့် ထပ်၍ ပြောနေရပါသနည်းဟုသာ မေးချင် ပါတော့သည်။

၁ဝ။ ရန်ကုန်ဘူတာကြီး မည်သည့်အတွက်ကြောင့် ညစ်ပတ်နေသည်ကို ရှင်းပြထားသည့် ပညာရှင် သုတေသနများ မရှိပါ။ မည်သို့ အခက်အခဲများ ရှိစေ၊ မြန်မာပြည်သူများ၏ အရေးပါလွန်းသည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပြဿနာများအတွက် ယခုအခါ တက်ကြွစွာ ငြင်းခုံမှုများ၊ အမြင်ဖလှယ်မှုများ၊ ဒေသတွင်းနှင့် ပြည်ပရှိ မြန်မာ သတင်း မီဒီယာများတွင် ဆောင်းပါးများ၊ စူးစမ်း တင်ပြမှုများ ရှိနေကြပြီ ဖြစ်ပါသည်။ အစိုးရ ဝန်ဆောင်မှုများ ညံ့ဖျင်းနေသည့် ကိစ္စများနှင့် အလျင်အမြန် ကျဆင်းနေသည့် လူမှုရေး၊ ရုပ်ဝတ္ထု အခြေခံ အဆောက်အအုံ ကိစ္စများလည်း အပါအဝင် ဖြစ်သလို၊ မည်သို့ ပြုပြင်ရမည် ဆိုသည့် အကြံပေးချက်များ၊ စဉ်းစားချက် များလည်း ပါဝင်ကြပါသည်။

သို့သော်လည်း ၎င်းကိစ္စများသည် မြန်မာဘာသာစကားနှင့် ရေးသားဆွေးနွေး နေကြခြင်း ဖြစ်ရာ၊ နိုင်ငံခြားသား အများ အတွက် လက်လှမ်း မမှီကြပါ။ ရန်ကုန်ဘူတာကြီးကို မည်သို့သန့်ရှင်းအောင် လုပ်မည် ဆိုသည့် ပညာရှင်စာတမ်း မရှိ ဆိုသည်ကတော့ မှန်ကန် နိုင်ပါသည်။ ဖြစ်နိုင်သည်မှာ နိုင်ငံတွင်းရှိ လူထုများက လက်ရှိကာလတွင် ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စမဟုတ်ဟု ယူဆသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

၁၁။ ရန်ကုန်ရှိ ပင်မရထားစနစ်မှာ ညစ်ပတ်၊ စနစ်မကျ၊ ဖရိုဖရဲနှင့် အလွန် အခြေအနေ ဆိုးနေပါသည်။ ရန်ကုန် ဘူတာကြီးရှိ ညစ်ပတ် ပေရေနေသည့်၊ စနစ်တကျ မရှိသည့် အခြေအနေအပေါ် သင် စိတ်ပျက် မိမည်ကို မိမိ နားလည် သဘောပေါက် နိုင်ပါသည်။ သို့သော်လည်း သင်နှင့် ကျနော် ပို၍ စိတ်ပျက် ဒေါသဖြစ်ဖွယ် ကောင်းသည့် အခြားကိစ္စများ နိုင်ငံအတွင်း ရှိနေ သေးသည်ဟု ဆိုလျှင် သင်လည်း သဘော တူညီနိုင်မည် ထင်ပါသည်။

ဥပမာတခုအဖြစ် ဖော်ပြရလျှင် -

လူငယ် ၂၁ ဦးက မြန်မာနိုင်ငံ အပူပိုင်းခြောက်သွေ့ဇုန်သို့ ကျေးလက်စစ်တမ်း ကောက်ယူရန် ယခု ခရီး ထွက်ခဲ့ကြပါသည်။ သင်က 'လုံးဝ အသုံးမကျ' ဟု မြင်သည့် စာတမ်းအတွက် ထိုသူများ လုပ်ဆောင်ချက်က ကူညီ ပေးခဲ့ကြပါသည်။ ၎င်းတို့အနက် ၁၄ ဦးမှာ မိန်းမပျိုများ ဖြစ်ပါသည်။ သူတို့ရောက်သည့် ရွာတွင် ည၌ လျှပ်စစ်မီး မရှိပါ။ ကိုယ့်လက်ကိုယ် မမြင်ရ လောက်အောင် မှောင်မဲပါသည်။ မိန်းကလေးများနှင့် အဖော်များက ရွှံ့ကြမ်းခင်းတွင် အိပ်ကြရပါသည်။ သူတို့အားလုံး ပင်ပန်း နွမ်းနယ်နေကြပြီး၊ သူတို့အပေါ် သဲနေကြသည့် ခြင်များကိုပင် မမှုကြတော့ပါ။

သူတို့အားလုံး စိုးရိမ်နေကြသည်မှာ တပေမျှရှိမည့် တောက်တဲ့များဖြစ်ပြီး၊ သူတို့အိပ်နေရာသို့ မျက်နှာကျက်မှ၊ နံရံမှ ဆင်းလာ တတ်ကြပါသည်။ ညတွင် ခြင်များကို စားသောက်ရန် ဆင်းလာခြင်းလည်း ဖြစ်နိုင်ပါသည်။ ကျေးရွာ လူထုများ ကလည်း သူတို့ အကြောက် ပြေစေရန် ကြက်သွန်ကို ထား၍ အိပ်ပါက တောက်တဲ့မလာဟု အားပေးကြပါသည်။ မနက်တွင် မိန်းမပျိုလေးများ ကြောက်လန့်စရာ တောက်တဲ့က ကြက်သွန်ကို စားနေသည်ကို မြင်ခဲ့ကြရပါသည်။ ရွာသားများ ကတော့ ခပ်အေးအေးပင်။ သူတို့က ခပ်တည်တည်နှင့်ပင် မိန်းကလေးများကို ပြန်ပြောပြပါသည်။ ယခု တောက်တဲ့များသည် တပေမျှ ရှိသည် ဆိုစေကာမူ တောက်တဲ့ ပေါက်စများ ဖြစ်ကြောင်း၊ ကမ္ဘာကြီး အကြောင်း ကောင်းစွာ မသိကြသေးကြောင်း ဆိုကြပါသည်။

၁၂။ တောက်တဲ့ကြောက်ရသည့်အပြင် ရွာတွင် အိမ်သာမရှိပါ။ ရွာသားများက အခင်းကြီးငယ်ကို 'တောထိုင်' ၍သာ ဖြေရှင်း ကြပါသည်။ ညအခါတွင် တောထိုင်ရသည့် ကိစ္စမှာလည်း ပျော်ပိုက်စရာ မဟုတ်ပါ။ မြွေပါးကင်းပါး မျှော့ပါးကျွတ်ပါး အကုန်တွား၍ လာနေကြပါသည်။

၁၃။ လူငယ်များ ကြုံရသည့် ဤဒုက္ခများအပြင် ရွာတွင် လမ်းကောင်းကောင်း မရှိသလို၊ တောလမ်းကြမ်းသာ တိုးရ ပါသည်။ ဤတောလမ်းတွင် တခုတည်းသော အားကိုး အားထားရာယာဉ်မှာ လူငယ်အချို့ မောင်းနှင်သည့် 'ဝစ်သောက်' (without) ဆိုင်ကယ် တက္ကစီများ ဖြစ်ပါသည်။ ထိုဆိုင်ကယ်တက္ကစီ ဆရာများက မူးယစ်ဆေးတခုခု သုံး၍သော်လည်းကောင်း၊ ဂျိမ်းစ်ဘွန်းကို အားကျ၍ သော်လည်းကောင်း မိုးပျံမလောက် မောင်းနှင်သည်ကို စီးနင်း လိုက်ပါခဲ့ကြရသည်။ မိမိတို့နိုင်ငံတွင် 'ဝစ်သောက်' ဆိုသည့် စကားလုံးမှာ နယ်စပ်ကိုဖြတ်၍ ခိုးသွင်းလာသည့် လိုင်စင်မဲ့ယာဉ်၊ အခွန် ပေးဆောင်ထားခြင်း မရှိသည့် ယာဉ်ကို ဆိုခြင်း ဖြစ်ပါသည်။ ၎င်းယာဉ်များကို ဈေးပေါပေါဖြင့် ဝယ်ယူရရှိနိုင်ပြီး၊ အချို့ တောလမ်းကြမ်း ကဲ့သို့သော ကန့်သတ် နေရာများတွင် သုံးခွင့်ပြုထားခြင်း ဖြစ်ပါသည်။ ဤသို့ ယာဉ်ပြေးဆွဲရန်လည်း ဒေသခံ အာဏာပိုင်များကို တစုံတရာကြေးများ ပေးထား ကြရပါသေးသည်။ 'ဝစ်သောက်' ဆိုသည့် ဝေါဟာရမှာ ယာဉ်သာမက၊ ယာဉ်မောင်းသူ အတွက်လည်း အကြုံးဝင် နေတတ်ပါသည်။ ဂျိမ်းစ်ဘွန်း ဇာတ်လိုက်က လူသတ်လိုင်စင် ရှိထားသလို၊ မိမိတို့ ဆိုင်ကယ် ဆရာများကလည်း ကိစ္စအရာအားလုံး လုပ်ဆောင်ခွင့်လိုင်စင် ရှိနေတတ်ကြပါသည်။ ဆိုလိုသည်မှာ မိမိတို့လူများ အချိန်မရွေး ဒုက္ခကြုံရနိုင်ပါသည်။

၁၄။ မကြာသေးမီက မိုးကြီးရွာချလိုက်သည်နှင့်အညီ ဒုက္ခဆပိုးတိုးရတော့သည်။ မိုးရေကြောင့် တောလမ်းကြမ်းမှာ ဗွက်ထ ခဲ့ရပြီး၊ ဆိုက်ကယ်ဘီးမှာ ရွှံ့ညွံထဲ တဝက်မျှ နစ်နေရ ပါတော့သည်။ ရေညင်ညင်သာသာ စီးဆင်းနေသည့် ချောင်း၊ စမ်းချောင်း ငယ်များမှာလည်း ရေထိုးကျ၍ ရေပြည့်လျှံ၍ နေပါတော့သည်။ ကျေးရွာစစ်တမ်း ကောက်ယူသည့် အဖွဲ့ကို ဦးဆောင်သူ မိမိ မိတ်ဆွေက ပြောပြရာတွင်၊ ပြီးခဲ့သည့် အပတ်ကပင် သူက ဆိုင်ကယ်ဆရာကို တင်းတင်းဖက်၍၊ အသံကုန် အော်ဟစ် အကူအညီ တောင်းပြီး၊ တောင်ကျချောင်းရေ ဆန်တက်၍ ပြန်ခဲ့ရပါသည်။ သူ့အသက် နောက်ဆုံး အချိန်ဟု ထင်ရမလောက် အခြေအနေ ကြုံခဲ့ရပါသည်။ မိမိတို့ မျှော်လင့်ထားသည့်အတိုင်း မတော်တဆ ထိခိုက်မှုအချို့လည်း ရှိခဲ့ပါသည်။ မိန်ကလေးငယ် တဦးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ သူ၏ ခမောက်လည်း ရိုက်မိသည့် ဒဏ်ကြောင့် တစစီ ကျေကွဲခဲ့ရပါသည်။ တယောက်မှာ ပြုတ်ကျ၍ စုတ်ပြဲ ဒဏ်ရာများ ရခဲ့ပါသည်။ အခြား မတော်တဆမှု တခုတွင် မိန်းကလေးတဦးက ရွှံ့ဗွက်ထူသည့် လမ်းပေါ် ပြုတ်ကျ၍ ဆိုင်ကယ် ပိနေခဲ့ပါသေးသည်။ ကံကောင်း၍သာ အပြင်းအထန်ဒဏ်ရာ မရခဲ့ကြခြင်း ဖြစ်ပါသည်။ သို့သော် မိမိတို့ လူငယ်များ အဖို့ မည်မျှကြာကြာ ကံကောင်း နေဦးမည်နည်းဟု မေးစရာ ရှိပါသည်။

၁၅။ သံအမတ်ကြီးခင်ဗျား … ယခုကိစ္စများအားလုံး ပြောပြနေခြင်းမှာ ကျနော်က မိုက်မဲစွာ နိုင်ငံခြားသား များကို ဒေါသအမျက် ထွက်စေရန် ယခုစာတမ်းကို ရေးသားနေခြင်း မဟုတ်ကြောင်း ဖော်ပြလို၍ ဖြစ်ပါသည်။ ပို၍ ပွင့်လင်းမြင်သာမှု ရှိစေရန်၊ တာဝန်ယူ တာဝန်ခံမှု ရှိစေရန် ကတိကဝတ်များ ပြုထားသော်လည်း၊ ပြည်တွင်းနှင့် ပြည်ပရှိ မိမိအပါအဝင် လုပ်ဖော် ကိုင်ဘက်များမှာ မိမိတို့နိုင်ငံနှင့် ပြည်သူများ အတွက် အကျိုး ဖြစ်ထွန်းစေမည်ဟု ယူဆထားသည့် ကိစ္စများစွာကို အာရုံ စိုက်လာအောင် မစွမ်းဆောင် နိုင်ကြသေးပါ။ ထို့အပြင် ဖြည့်စွက် ပြောလိုသည်မှာ ယခုကိစ္စများအားလုံး ရေးသားနေရခြင်းမှာ လက်ရှိ အခြေအနေကို သဘောပေါက် နားလည်စေရန် ဖြစ်ပါသည်။ အိမ်သာ လုံးဝ မရှိသည်နှင့် စာလျှင်၊ အနည်းဆုံး ညစ်ပတ်နေသည့် ဘူတာရုံတွင် ညစ်ပတ်နေသည့် အိမ်သာ ရှိလာစေရန်၊ မိမိတို့၏ သားများ၊ သမီးများက နိုင်ငံအတွက် တခုခု အကျိုးဖြစ်ပါစေ ဟူ၍ တောထိုင်၊ အမှောင်ထဲသွား၊ မြွေပါးကင်းပါးမရှောင် စွန့်စား ဆောင်ရွက်ခဲ့ကြပါသည်။

၁၆။ ရထားဘူတာရုံတခုကို အုပ်ချုပ်ပုံနှင့် နိုင်ငံတခု အုပ်ချုပ်ပုံ အခြေခံမှာ အတူတူပင် ဖြစ်ပါသည်။ ထူးကဲ လှသည့် အဆို ဖြစ်ပါသည်။ ရထား ဘူတာရုံတခုကို မည်သို့ လည်ပတ်ရမည် ဆိုသည့် အခြေခံကို ဤနိုင်ငံတွင် ပြသပြီးဖြစ်သည်ဟု ကျနော် ထင်ပါသည်။ သင်က သံသယ ရှိနေသေးပါက နေပြည်တော်သို့ သွားရောက် လည်ပတ်ပါရန် တိုက်တွန်း လိုပါသည်။ နေပြည်တော် ဘူတာရုံမှာ သစ်လွင် တောက်ပြောင်နေပြီး၊ သင်စိတ်တိုင်းကျနိုင်မည့် စံနှုန်းအတိုင်း ရှိပါလိမ့်မည်။ ရထား ဘူတာရုံသာမက၊ အခြား တောက်ပြောင်နေသည့် အဆောက်အအုံ စုလစ်မွန်းချွန်များ၊ အစိုးရရုံးများ၊ ဇိမ်ခံ ဟိုတယ်ကြီးများ၊ အဆင့်မြင့် စားသောက်ဆိုင်များ၊ စူပါမားကက်များ၊ ခေတ်ပေါ် ညီလာခံခန်းမများ၊ သေချာတိကျ ရိပ်သိမ်းထားသည့် မြက်ခင်း၊ ဥယျာဉ်များဖြင့် ရှိနေပါသည်။ ၎င်းတို့အားလုံးက နိုင်ငံတကာ စံချိန်စံနှုန်းမှီစွာ ရှိနေသည်ဟု ကျနော်ယုံကြည်မိပါသည်။ သို့အတွက်ကြောင့် သင့်အနေနှင့် ဆိုလိုသည်မှာ မိမိတို့နိုင်ငံကို ယခု နေပြည်တော်ရှိ ဘူတာရုံ လည်ပတ် အုပ်ချုပ်ပုံအတိုင်း ဆောင်ရွက်သင့်သည်ဟု ဆိုလိုပါသလားဟု မေးရန်သာ ရှိပါတော့သည်။

၁၇။ မိမိကိစ္စ မဟုတ်ပါ။ သံတမန်များက ဝင်ရောက် မစွက်ဖက်ကြပါ။ အလွန်ကောင်းသည့် အကြံ ဖြစ်ပါသည်။ သို့သော် သင်ကိုယ်တိုင် မလိုက်နာသည့် အတွက် ဝမ်းနည်းမိပါသည်။ ယခုတော့ အလွန် နောက်ကျကုန်ပါပြီ။ သံအမတ်ကြီးခင်ဗျား … သင့်ကို သိစေလိုသည်မှာ မိမိတို့ လူမှုအဖွဲ့အစည်းတွင်၊ အစိုးရနှင့် အုပ်ချုပ်ရေး ကဏ္ဍတွင် ရှေးရိုးဆန်သော လူများ ရှိနေကြဆဲ ဖြစ်ပါသည်။ ထိုသူများက "ကြည့် … နိုင်ငံခြားသား တွေက တို့ကို အထင်သေး နေကြတယ်။ တို့က တောသား ငတုံးတွေ၊ ဘယ်ကိစ္စတွေ ကောင်းတယ် ဆိုတာ မသိတဲ့ လူတွေလို့ ထင်နေကြတယ်။ တို့အတွက် ဘာက အသင့်တော်ဆုံး ဆိုတာ သူတို့က ပိုသိသလို လုပ်နေကြတယ်။ သူတို့က ဆရာကြီး လုပ်ပြီး၊ အကြံမတောင်းဘဲ ပေးချင်နေကြတယ်။ ဒီလူတွေက ရိုင်းတယ်၊ မာန ထောင်လွှားတယ်။ တို့ကို အထင်သေးဆက်ဆံပြီး၊ အပေါ်စီးက အမြဲ ဆရာလုပ် ဆက်ဆံချင် နေကြတယ်။ ဒီလူတွေက ယုံကြည်စရာ မကောင်းဘူး။ သူတို့နဲ့ ဆက်ဆံရင် သတိသာထား" ဟု ဆိုကြပေလိမ့်မည်။ မဇ္ဈိမတွင် ဖော်ပြခဲ့သည့် သင်၏ စာသည်လည်း မိမိတို့ လူမှုအဖွဲ့အစည်းရှိ ၎င်းရှေးရိုးစွဲလူများ၊ ခေါင်းမာဂိုဏ်းသားများ၏ အမြင်ကို အားဖြည့်ပေးသည့်နှယ် ရှိပါလိမ့်မည်။

၁၈။ နိဂုံးချုပ်အနေဖြင့် ဖော်ပြရလျှင် မိမိအပေါ် သင်ရေးသားခဲ့မှုအပေါ် မည်သို့မျှ စိတ်မကွက်မိပါ။ မိမိအနေဖြင့် သင့်အပေါ် မလို မုန်းထားစိတ် မရှိကြောင်းလည်း အာမခံ ပြောလိုပါသည်။ သင့်ကို မသိသည့် အတွက်ကြောင့်လည်း ဤသို့ ဖြစ်စရာ အကြောင်း မရှိပါ။ သို့သော် သင့်ကို ပြောပါရစေ။ ယခု သင့်စာအပေါ် မိမိက တုံ့ပြန်ရေးခြင်းမှာ မိမိအတွက် မဟုတ်ပါ။ ကျေးရွာသို့ ဆင်းခဲ့ကြသည့် လူငယ်လေးများ၊ သတင်းထောက်များ၊ ပညာရှင်များ၊ နိုင်ငံအတွင်း ပြင်ပရှိ အလွှာပေါင်းစုံမှ လူထုများ အတွက် မမျှတဟု ထင်၍ သော်လည်းကောင်း၊ သူတို့ စွမ်းဆောင်မှုများကို မသိတတ်ရာ ရောက်လေခြင်းဟု ခံစားမိ၍ တုံ့ပြန်ရခြင်း ဖြစ်ပါသည်။ ထိုသူများက ယခု စင်မြင့်ပေါ်မှ ဇာတ်ကောင်များ၏ အတွင်းသဘောကို စိတ်ကို ပြောင်းလာစေရန်၊ ဤနိုင်ငံကြီး ပိုမို တိုးတက် ကောင်းမွန်လာစေရန် ပြောဆို ရေးသား နေကြပါသည်။ ဤသို့ ကြိုးပမ်းနေမှုများ အားလုံးကို အလဟဿဟု ပြောလျှင် မတရားပါ။

မိမိတို့က ပွင့်လာသည့် ရနိုင်စွမ်းသမျှသော နေရာကွက်လပ်လေးကို သုံး၍ တတ်စွမ်းသမျှ ကြိုးပမ်းနေကြပါသည်။ ထင်ရှား နာမည်ရှိသူ ခေါင်းဆောင်များကလည်း သူတို့ကိုယ်တိုင် စွန့်စား၍ ယခု လုပ်ငန်းစဉ်ကို ဆောင်ရွက်နေကြပါသည်။ သံတမန် တဦးအနေဖြင့်၊ သံအမတ်ကြီး တဦးအနေဖြင့် ကလောင်သွားသည် ဓားသွားထက် ထက်သည်ဟု သင် သိပါလိမ့်မည်။ သို့ အတွက်ကြောင့် မိမိတို့၏ လမ်းတွင် မရှုပ်ပါနှင့်၊ ဖြစ်နိုင်သမျှ ကူညီပါရန် မေတ္တာ ရပ်ရပါကြောင်း။

တည်ကြည်စွာဖြင့်


ဦးမြင့်
ရန်ကုန်
(ဇွန်လ ၈ ရက်၊ ၂ဝ၁၁)

ဦးမြင့်၏ တုံ့ပြန်ချက် ‘Don’t get in our way … do whatever you can to help us’ ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။



Read More...

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ၂၀၁၂ ခုနှစ်စတင်မည်

ကြာသပတေးနေ့၊ ဇွန်လ ၀၉ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ကုန်မည်ဟု အစောပိုင်းက မှန်းဆထားသော ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် အခြေခံ အဆောက် အဦးများ ဆောက်လုပ်မည့် စီမံကိန်းကို ၂၀၁၂ ခုနှစ်တွင် စတင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ရင်းနှီး မြှုပ်နှံသူများကို ရှာဖွေလျက်ရှိသည်။

အီတာလျံ-ထိုင်းကုမ္ပဏီ (ITD) ဥက္ကဋ္ဌ Premchai Karnasuta ကို ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းစာက ရေးသား ထားရာတွင် “ကျနော်တို့အနေနဲ့ ဆောက်လုပ်ရေး လုပ်ငန်း အသုံးစရိတ်တွေကို ဒီနှစ်ကုန်ပိုင်းမှာ အပြီး တွက်ချက် နိုင်မှာဖြစ်ပြီး လာမည့် ၂ဝ၁၂ ခုနှစ်မှ စတင် အကောင်အထည်မှာ ဖြစ်တယ်၊ နောင် ၂ဝ၁၅ ခုနှစ်မှာ အပြီးသတ်မှာ ဖြစ်ပါတယ်” ဟု ပါရှိသည်။

ယခုအချိန်ထိ ရင်းနှီးမြှုပ်နှံသူ ၁ဝ ခုကျော်က စိတ်ဝင်စားနေသည်ဟု Premchai Karnasuta ပြောလိုက်ပြီး ITD က ရာနှုန်းပြည့် ရထားသည့် အနက်မှ ယခုနှစ်ကုန်တွင် ၄၉ ရာခိုင်နှုန်းအထိ ရောင်းထုတ်နိုင်ရန် မျှော်လင့် ထားကြောင်းလည်း ဘန်ကောက်စ်ပို့တွင် ပါရှိသည်။

ထားဝယ်တွင် ရေနက်ဆိပ်ကမ်း တခုနှင့် ဆက်ဆိုင်နေသော အခြေခံ အဆောက်အဦးများ ဆောက်ရန် ITD က ထားဝယ် ဖွံ့ဖြိုးရေး ကုမ္ပဏီ လိမိတက်ဟု ဌာနတခု တည်ထောင်ထားသည်။

ကားလမ်း၊ ရထားလမ်းများနှင့် ဆိပ်ကမ်းတခုအတွက် အမေရိကန် ဒေါ်လာ ၄ ဘီလီလျံနှင့် စက်မှုဇုန်အတွင်း အခြားသော အခြေခံ အဆောက်အဦး တည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၄ ဘီလီလျံ အသုံးပြုမည်ဟု ကုမ္ပဏီက ကနဦး မျှော်မှန်းထားသည်။ သို့သော် ကုန်ကျစားရိတ် လျော့နည်း သွားနိုင်သည်ဟု ကုမ္ပဏီက ယခုအခါ ပြောလာသည်။ ဖွံ့ဖြိုးရေး စီမံကိန်း အကျယ်အဝန်းက ၂၅ဝ စတုရန်း ကီလိုမီတာ ရှိသည်။

၁ဝ နှစ်ကြာမည့် စီမံကိန်း အကောင်အထည် ဖော်ရန် သဘောတူညီချက်ကို မြန်မာအစိုးရနှင့် နိုဝင်ဘာ လဆန်းပိုင်းတွင် သဘောတူ စာချုပ်ချုပ် ဆိုထားသည်။

ရေနက်ဆိပ်ကမ်း တည်ဆောက်မှုတွင် သင်္ဘောကျင်းများနှင့် ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံများ၊ သံမဏိ စက်ရုံတခု၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံတခု၊ ရေနံ ဓာတုစက်ရုံများ၊ ရေနံချက် စက်ရုံတခု၊ ကားလမ်းနှင့် ထားဝယ်မှသည် ဘန်ကောက်သို့ ပေါက်သော ရထား လမ်းဆက်ကြောင်းနှင့် လောင်စာဆီ ပိုက်လိုင်းတခု သွယ်တန်းရေးတို့ ပါဝင်သည်။

စီမံကိန်းက ဆင်းရဲသော မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာနိုင်လိမ့်မည်ဟု ယုံကြည်နေမှုများလည်း ရှိသလို သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် စေနိုင်သည့် စက်ရုံများ လာရောက် လည်ပတ်မှုကို ရင်ဆိုင်ရနိုင်ပြီး ထောင်နှင့်ချီသော လူအများကို အဓမ္မ ရွှေ့ပြောင်း စေမှုများ ဖြစ်စေနိုင်သည်ဆိုသော စိုးရိမ်မှုများကိုလည်း ပေါ်ပေါက် စေသည်။

ထိုင်းနိုင်ငံအတွက်တွင် အမှန်တကယ်ပင် အကျိုးဖြစ်ထွန်းနိုင်သည်ဟု အေအက်ဖ်ပီ သတင်း တရပ်တွင် ရေးသား ထားသည်။

ထိုင်းနိုင်ငံမှ အနောက်နိုင်ငံများသို့ ပို့ဆောင်သော ကုန်စည်များမှ လက်ရှိအချိန်တွင် ထိုင်းပင်လယ်ကွေ့၊ စင်္ကာပူ အနီးနှင့် မလက္ကာ ရေလက်ကြားကို ဖြတ်သန်း သယ်ယူနေရသည်။ ထားဝယ် စီမံကိန်း အပြီးတွင် ကားလမ်း တလမ်းနှင့် ရထားလမ်း ဆက်ကြောင်းမှ ထားဝယ်သို့ ပို့ဆောင်နိုင်သဖြင့် စားရိတ် သက်သာသွားမှာ ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းများကို အရှေ့တောင်အာရှသို့ သယ်ရာတွင် လမ်းတို သွားနိုင်သည်ဟု အီတာထိုင်း ကုမ္ပဏီ၏ တင်ပြချက်ကို ကိုးကား၍ အေအက်ဖ်ပီက ရေးသားထားသည်။

Ref: မဇ္ဈိမ

Read More...

ကချင်မှာ သေနတ်ပေါက်ပြီ

Thursday, 09 June 2011

ကချင်ပြည်နယ် မိုးမောက် မြို့နယ်တွင် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ စစ်ရေး တင်းမာနေရာမှ ယနေ့တွင် တိုက်ပွဲ စတင် ဖြစ်ပွားကြောင်း သတင်းရရှိသည်။

တရုတ်-မြန်မာနယ်စပ်ရှိ KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ ဒေသခံ ကိုစန်းအောင်က “တိုက်ပွဲအနီးက ဒေသခံတွေက သေနတ် ပစ်သံတွေ မနက် ၂ နာရီထိုးလောက်မှာ စကြားရတယ် ပြောတယ်။ နေ့လည် ၁၂ ရီအထိ ဆက်ကြား နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

“အစိုးရတပ်တွေက KIA ကို ခြိမ်းခြောက်ချင်ပုံရပါတယ်။ KIA က သူတို့ထိန်းချုပ်တဲ့ နယ်မြေကို မကျော်ဖို့ အရင်က သတိ ပေးထားတော့ KIA ကို အစိုးရတပ်တွေက သွေးတိုး စမ်းတာထင်တယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

မိုးမောက် အခြေစိုက် KIA တပ်မဟာ ၃ နှင့် အစိုးရတပ်များ လအတန်ကြာ စစ်ရေးတင်းမာနေပြီးနောက် ယခုကဲ့သို့ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း KIA နှင့် နီးစပ်သူတဦးက ဆိုသည်။

KIA တပ်မဟာ ၃ လက်အောက်ရှိ တပ်ရင်း ၁၅ နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ပြီး နှစ်ဘက် အထိအခိုက် စာရင်းကို မသိရ သေးကြောင်း၊ နှစ်ဘက်စလုံး အထိအခိုက် များမည်ဟု ယူဆရကြောင်း ကိုစန်းအောင်က ဧရာဝတီသို့ ပြောသည်။

ယခင်လကတည်းက KIA က ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေထဲသို့ မဝင်ရောက်ရန် သတိပေး ခဲ့သော်လည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာထဲသို့ အစိုးရတပ်များ ဝင်ရောက်ခြင်းကြောင့် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခင်လကလည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာအတွင်း တိုက်ပွဲ ဖြစ်ခဲ့ပြီး ကတည်းက အစိုးရ တပ်များနှင့် စစ်ရေး တင်းမာ နေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဗန်းမော် တောင်ပိုင်းတွင်လည်း အစိုးရ တပ်များနှင့် တိုက်ပွဲ ဖြစ်ပွားရာ အစိုးရတပ်မှ တပ်မှူးတဦး ကျဆုံးသည်ဟု ကချင် သတင်းရပ်ကွက်က ဆိုသည်။

၂၀၁၀ ပြည့်နှစ်ကတည်းက KIA တပ်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စစ်အစိုးရက ဖိအား ပေးခဲ့ရာမှ ဆက်ဆံရေး တင်းမာနေခဲ့သည်။

KIA ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ်းဒေါင်က “နယ်ခြားစောင့်တပ် ပြောင်းတယ် ဆိုတာက အစိုးရရဲ့ ထိန်းချုပ်မှု အောက်ကို လုံးလုံးကြီး ရောက်သွားတာနဲ့ အတူတူပဲ” ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဆက်ဆံရေး ရုံးကို အစိုးရ တပ်များက ဝင်ရောက်စီးနင်းပြီး KIO အရာရှိ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ရက်အနည်းငယ်အကြာတွင် အစိုးရထိန်းချုပ်သော သတင်းစာများက KIA ကို “သောင်းကျန်းသူ” ဟု ပြန်လည် သုံးနှုန်း ခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်တွင် သဘော တူထားခဲ့သော အစိုးရတပ်နှင့် KIA အကြား အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။

ယမန်နှစ် စက်တင်ဘာလအတွင်းကလည်း လိုင်ဇာမြို့ရှိ KIO ဌာနချုပ်အနီး ဖြတ်သန်းသွားသော ထူးကုမ္ပဏီပိုင် ရဟတ်ယာဉ် တစင်းကို KIA တပ်များက ခြောက်လှန့် ပစ်ခတ် ခဲ့သေးကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

Thursday, June 9, 2011

မြန်မာအစိုးရ ပြုပြင်ရေးဆန္ဒ မတွေ့ရသေး

ဗုဒ္ဓဟူး, 08 ဇွန် 2011

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် ကုလသမဂ္ဂ အနေနဲ့ ဆက်လက်ပံ့ပိုး ကူညီသွားဖို့ ပိုင်းဖြတ် ထားပေမဲ့ အစိုးရသစ် အနေနဲ့ သိသာ ထင်ရှားတဲ့ လုပ်ရပ်တွေ ပြသဖို့ လိုတဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရရဲ့ အကြီးအကဲ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် လိုအပ်ချက်တွေ ရှိနေတာကို အသိအမှတ်ပြု ပြောဆို ထားပေမဲ့ နိုင်ငံရေးဆန္ဒ တကယ်ရှိမရှိ ဆိုတာတွေ မြင်တွေ့နိုင်တဲ့ ပိုင်းဖြတ်ချက်တွေ၊ ကတိတွေကို အကောင်အထည် ဖော်တာတွေ ကိုတော့ မတွေ့ရ သေးဘူးလို့ ပြောဆိုလိုက်တာပါ။

မြန်မာ့မိတ်ဆွေများ အဖွဲ့နဲ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ တွေ့ဆုံအပြီး အစိုးရသစ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို အလေးထား ထောက်ပြရင်း အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့ကပဲ ကြေညာချက် တစောင် ထုတ်ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆယ်စုနှစ်နဲ့ချီပြီး တိုင်းပြည်မှာ အမြစ်တွယ်နေတဲ့ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ လူမှုရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ပြဿနာ တွေကို အစိုးရသစ် အနေနဲ့ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်က ပြောဆို လိုက်တာပါ။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ဒီလို စိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ဖို့ ကုလ သမဂ္ဂက ဆန္ဒရှိတဲ့ အကြောင်းလည်း ကြေညာချက် ထဲမှာ ဖော်ပြခဲ့တာပါ။

အစိုးရသစ် တက်လာပြီးတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် မေလထဲမှာတုန်းက ၃ ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ပြီး အစိုးရ တာဝန် ရှိသူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေနဲ့ပါ တွေ့ဆုံခဲ့တဲ့ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေး ပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) ကလည်း သူ့အတွေ့အကြုံကို ဗုဒ္ဓဟူးနေ့မှာ အတွင်းရေးမှူး ချုပ်နဲ့ မြန်မာ့ မိတ်ဆွေ နိုင်ငံတွေက ကိုယ်စားလှယ်တွေကို အစီရင် ခံခဲ့ကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

NLD နိုင်ငံရေးသိပ္ပံသင်တန်း အစီအစဉ် ပျက်

နရီလင်းလက်
Wednesday, 08 June 2011

ရန်ကုန်တွင် ယခုလအတွင်း ပြုလုပ်ရန် ပြင်ဆင်ထားသည့် နိုင်ငံရေးသိပ္ပံ သင်တန်း ၂ခု သည် အာဏာပိုင် တို့၏ ဖိအား ပေးမှုကြောင့် အစီအစဉ် ပျက်သွားကြောင်း သိရသည်။

လူမှုသိပ္ပံဘာသာရပ်များ သင်ကြားသည့် ဗေဒါ သင်တန်းကျောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံး တို့တွင် နိုင်ငံခြား ပါမောက္ခများ ပို့ချရန် စီစဉ်ထားသည့် သင်တန်းများ ဖြစ်သည်။

“ဇွန် ၆ ရက်နေ့က ဗေဒါမှာ သင်တန်း စဖွင့်တော့ ဆရာတွေ တယောက်မှ ပေါ်မလာဘူး။ ဒါနဲ့ ဖုန်းဆက်မေးတော့ သူတို့ နောက်ကို အာဏာပိုင်တွေက တကောက်ကောက် လိုက်နေလို့ မလာရဲဘူး ဆိုတဲ့ ပုံစံမျိုးပြောတယ်။ NLD မှာ ပေးဖို့ စီစဉ်ထားတဲ့ သင်တန်း ကလည်း မဖြစ်တော့ဘူးပေါ့” ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် တဦးဖြစ်သည့် ဦးဝင်းထိန်က ဧရာဝတီကို ရှင်းပြသည်။

ဗေဒါကျောင်း တာဝန်ခံ ကိုမျိုးရန်နောင်သိန်းကလည်း “ကျနော်တို့ ဒီသင်တန်းအတွက် မတ်လ ကတည်းက စ ညှိနှိုင်း ထားခဲ့တာ။ သင်တန်း စဖွင့်တဲ့ ဇွန်လ ၆ ရက်နေ့မှာ ကျနော့်ကို ဒေါက်တာ ကျော်ရင်လှိုင်က ဒီအခြေအနေမှာ သူ သင်လို့ မရတော့ဘူး။ အစိုးရက ဖိအားပေးလို့ ဆိုပြီး ပြောတယ်” ဟု ပြောသည်။

ဒေါက်တာ ကျော်ရင်လှိုင်သည် ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသည့် ရန်ကုန်မှ မြန်မာ အီးဂရက်စ် (Myanmar Egress) အဖွဲ့၏ ဒါရိုက်တာ အဖွဲ့ဝင် တဦး ဖြစ်သည်။

ထိုသင်တန်း ၂ ခု ပျက်သွားသော်လည်း အာရှတက္ကသိုလ်များမှ ပါမောက္ခတို့က မြန်မာအီးဂရက်စ် ကျောင်းတွင် သင်ကြားနေဆဲ ဖြစ်သည်ဟုသိရကြောင်း ဗေဒါကျောင်းမှ ကိုမျိုးရန်နောင်သိန်းက ပြောသည်။

ဗေဒါတွင် တက်ရောက်နေသည့် ကိုထိုက်ဇော်ဦးကလည်း “၃လ ၄လ လောက်ကတည်းက ကျောင်းသားတွေ အားလုံးက ဒီသင်တန်း တက်ဖို့ ဆိုပြီး ကြိုးစားခဲ့တာတွေ ၊ မျှော်လင့်ခဲ့တာတွေကို ဆရာတွေ ဘက်က လွယ်လွယ်လေးနဲ့ ဖျက်သွားတယ် ဆိုပြီး ခံစားရတယ်။ သင်တန်း လာပေးတော့မယ် ဆိုတုန်းက ကျောင်းသားတွေက ၀မ်းသာပြီး ကြိုးစားခဲ့တာ။ တချို့ ငိုတောင် ငိုတယ်” ဟု ဧရာဝတီကို ပြောပြသည်။

သင်တန်းအစီအစဉ်ပျက်ရခြင်းအကြောင်းကို မေးမြန်းရန် ဧရာဝတီက ဒေါက်တာ ကျော်ရင်လှိုင်ထံ ဆက်သွယ် သော်လည်း အဆက် အသွယ် မရသေးပေ။

ဒေါက်တာ ကျော်ရင်လှိုင်က သူ၏ မြန်မာ နိုင်ငံကူးလက်မှတ် သိမ်းဆည်း၊ ပယ်ဖျက်ခံရခြင်း ကဲ့သို့သော အရေးယူ ခံရမှုမျိုးကို စိုးရိမ် နေဟန် ရှိကြောင်း၊ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် လက်ထက်တွင် ယခင်ကကဲ့သို့ ဖိနှိပ် ခြိမ်းခြောက်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောသည်။

“ဒေါက်တာ ကျော်ရင်လှိုင်က သမ္မသစ်ရဲ့ မိန့်ခွန်းတွေ ကြားပြီး တက်ကြွလာတယ်။ အီးဂရက်စ်မှာ လုပ်နေရင်းနဲ့ NLD မှာလည်း သင်တန်းတွေ ပေးချင်တယ် ဆိုပြီး ကမ်းလှမ်းလာတယ်။ သင်ပေးမယ့် ဆရာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရမယ်၊ ဆွေးနွေးလို့ရမယ် ထင်ပြီး တက်ကြွပြီး လာကြတာ အခုတော့ အပ်နဲ့ ပူဖောင်းကို ဖောက်လိုက်သလို ဖြစ်ကုန်တာပေါ့” ဟု ဦးဝင်းထိန်က ရှင်းပြသည်။

Ref: ဧရာဝတီ်

Read More...

နေပြည်တော်တွင် စကားပြောစက် ပိတ်ပင်

Wednesday, 08 June 2011

နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းများတွင် စကားပြောစက် အသုံးပြုနေခြင်းကို ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက စတင် ပိတ်ပင် လိုက်ကြောင်း သိရသည်။

အရပ်သားများ အသုံးပြုလျှင် ထိရောက်စွာ အရေးယူမည်ဟု စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့က ပေးပို့သည့် စာတွင် ဖော်ပြ ထားကြောင်း နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုမှ တာဝန်ရှိသူတဦးက ပြောသည်။

"စပြီးတော့ ကန့်သတ်ဖို့ ကြိုးစားတာ ၂၀၀၉ မှာပဲလေ။ ဒါပေမဲ့ စက်ကိုင်တဲ့ သူတွေက တကယ့် ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေ ပါနေတော့ အရေးယူရတာ မလွယ်ဘူး ဖြစ်နေခဲ့တာ" ဟု ဆောက်လုပ်ရေး အင်ဂျင်နီယာတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လုံခြုံရေး တပ်ဖွဲ့များကိုသာ စကားပြောစက် သုံးခွင့်ပြုထားသည်။ ခွင့်ပြုချက် မရှိဘဲ အသုံးပြုလျှင် အီလက် ထရွန်နစ် ဥပဒေနှင့် ငြိစွန်းသည်ဟု သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်း အများအပြား ရှိနေဆဲ ဖြစ်သော နေပြည်တော်တွင် ယခင်က လက်ကိုင်ဖုန်းများ ပိတ်ပင် ထားသောကြောင့် စကားပြောစက်ကို ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

စကားပြောစက်ကို သုံးပြီး လုံခြုံရေး၊ စစ်ရေး ဆိုင်ရာ ဆက်သွယ်မှုများ ကြားဖြတ် နားထောင်မည်ကို စိုးရိမ်သောကြောင့် ဤသို့ တားမြစ်ခြင်း ဖြစ်မည်ဟု ဆောက်လုပ်ရေး ၀န်ထမ်းများက ယူဆကြသည်။

၂၀၀၉ နှစ်ဆန်းပိုင်းက ကရင်ပြည်နယ်အတွင်း ဗိုလ်မှူးချုပ် အဆင့် စစ်အရာရှိတဦး လုပ်ကြံ သတ်ဖြတ် ခံရခြင်းမှာ ဒေသခံ သူပုန်တို့က သူသွားမည့် ခရီးစဉ်ကို စကားပြောစက် အသုံးပြုပြီး စုံစမ်း သိရှိခဲ့သည်ဟု ယူဆနိုင်ကြောင်း၊ ထိုစဉ်က စတင်ပြီး နေပြည်တော် ဒေသတွင် စကားပြောစက် သုံးစွဲခြင်းကို ကန့်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆောက်လုပ်ရေး အင်ဂျင်နီယာ တဦးက ပြောသည်။

စကားပြောစက်သည် ကုန်ကျစရိတ် နည်းပါးသည့် ဆက်သွယ်ရေးပစ္စည်း ဖြစ်သည်။

Ref: ဧရာဝတီ်

Read More...

ကရင်ပြည်နယ် ထိုးစစ်အတွက် မြန်မာစစ်တပ် စတင် တပ်စွဲ

Wednesday, 08 June 2011

ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် ကရင်ပူးပေါင်း တပ်ဖွဲ့များကို အပြီးပြတ် သုတ်သင်မည့် မိုးတွင်းကာလ အထူးစစ်ဆင်ရေး တရပ် ပြုလုပ်ရန် တပ်မ ၂၂ လက်အောက်ခံ ဗျူဟာတခု ၎င်းဒေသ အတွင်း ၀င်ရောက် တပ်စွဲ ထားသည်ဟု သိရသည်။

မြ၀တီခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက “အရှေ့တောင်တိုင်းက တပ်မ ၂၂ လက်အောက်ခံ တပ်ရင်း ၃ ရင်း ကော့ကရိတ် တောင်ဘက်ခြမ်းမှာ ရှိတဲ့ဒေသနဲ့ ကြာအင်းဆိပ်ကြီး နယ်စပ်ဘက်ကို ဒီရက်ပိုင်းမှာပဲ တက်သွားတယ်။ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းရဲ့အမိန့်နဲ့ မကြာခင်မှာ ဒီစစ်ဆင်ရေးကို စတော့မှာဖြစ်တယ်။ ဘားအံကို ရောက်နေတဲ့ နေပြည်တော်က ကာကွယ်ရေး ဌာန စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ) မှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက ဒီစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး အောက်ခြေ တပ်မှူးတွေနဲ့ ဆွေးနွေးခဲ့တယ်” ဟု ပြောသည်။

စစ်ဆင်ရေး ရည်ရွယ်ချက်မှာ ယခုနှစ်ဆန်းမှ စတင်ကာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့များက လူသတ် ဓားပြတိုက်၊ ဆက်ကြေး တောင်းမှုများ အပါအ၀င် နယ်စပ်မြို့များကို ၀င်ရောက်စီးနင်း ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်သည့် အခြေအနေများကို ထိန်းချုပ်ပြီး နယ်မြေစိုးမိုးမှု ရရှိရေးအတွက် ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ၎င်းခရိုင်အုပ်ချုပ်ရေး အဖွဲ့ဝင်က ပြောသည်။

KNLA တပ်မဟာ ၆ မှ ဗိုလ်ကြီးထဲနေက “ကျနော်တို့ဆီကို မြန်မာစစ်တပ် တပ်ရင်း ၃ ရင်း တက်လာတယ် လို့တော့ ပြောနေ ကြပေမယ့် ကျနော်တို့ နယ်မှာ ဘာစစ်ရေး လှုပ်ရှားမှုမှ မတွေ့ရသေးဘူး။ မြန်မာ ဘက်က ပြောသလို လူထု ဆန့်ကျင်ရေး ကိစ္စတွေကို လုပ်ဖို့ ကျနော်တို့မှာ မူဝါဒမရှိဘူး၊ လုပ်လည်း မလုပ်ဘူး။ အခွန်အကောက် ကိစ္စကိုလည်း ကျနော်တို့ နယ်မှာ စနစ်တကျ သတ်မှတ် စံနှုန်းနဲ့အညီ ကောက်တာပဲရှိတယ်။ ပြီးခဲ့တဲ့ သုံးလေးရက်က ဘုရားသုံးဆူမြို့ကို ၀င်ပစ်တဲ့ ကိစ္စမျိုးလည်း ကျနော်တို့ မလုပ်ဘူး။ အခု တက်လာတဲ့ အစိုးရကို မကြိုက်တဲ့ အဖွဲ့တွေက များတော့ ဒီကိစ္စ ပြောရတာ ခက်တယ်” ဟု ပြောသည်။

ယခုလ ၁ ရက်နေ့က မြ၀တီ-ကော့ကရိတ် ကားလမ်းပေါ်တွင် ခရီးသည်တင်ကားများနှင့် ကုန်သည်များ ထံမှ ငွေကြေး ကောက်ခံခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ DKBA တပ်မဟာ ၅ မှ ဗိုလ်မှူး စန်းအောင်က “ပြည်သူအားလုံးနဲ့ ပူးပေါင်းပြီးလုပ်တဲ့ တော်လှန်ရေး ဖြစ်တဲ့အတွက် ပြည်သူတွေဆီက ကျနော်တို့ အကူအညီ တောင်းတာ ဖြစ်တဲ့အကြောင်း ရှင်းပြပြီးမှ ကုန်သည်နဲ့ လုပ်ငန်းရှင်တွေ ဆီကနေ သူတို့ တတ်နိုင်တဲ့ အတိုင်းအတာအရ ကျနော်တို့ ရန်ပုံငွေ ကောက်ခံတာဖြစ်တယ်” ဟု ပြောသည်။

မြန်မာကုန်သည်တဦးက “DKBA က ကားတန်းကို အခွန်ကောက်တဲ့နေ့က ကျနော်တို့ကားလည်း ၁ သိန်း ပေးရတယ်။ ကုန်သည်တွေ အများစုက ပေးနိုင်ကြပါတယ်။ အဓိက သွားလာရေး အဆင်ပြေဖို့ပဲ အရေးကြီးတယ်။ သူတို့လိုပဲ အစိုးရ ဂိတ်တွေကို တလမ်းလုံး ပေးနေရတာပဲ။ ဒါပေမယ့် တချို့ကုန်ကားတွေက ကုန်ပဲပါတယ်၊ ကုန်သည်မပါတော့ ပိုက်ဆံ အပိုမပါဘူး။ အဲဒီကားတွေ ဆိုရင် DKBA က စပယ်ယာကို ဖမ်းသွားပြီး ငွေနဲ့ လာရွေးခိုင်းတယ်။ ဒါမျိုးကျတော့ မလုပ်သင့်ဘူးလို့ ပြောချင်တယ်” ဟု ဆိုသည်။

ကရင်ပူးပေါင်းအဖွဲ့များ စစ်ရေးလှုပ်ရှားနေသည့် ကရင်ပြည်နယ် မြ၀တီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များ အတွင်း မြန်မာ စစ်တပ်များနှင့် ကရင် ပူးပေါင်း တပ်ဖွဲ့များသည် နေ့စဉ်နီးပါး တိုက်ပွဲငယ်များ ဖြစ်ပွားလျက် ရှိကြောင်း၊ တပ်တည်နေရာ အသေမထားဘဲ ခံစစ်ရှင် ပြောက်ကြား စနစ်ကို သုံးသည့်အတွက် မြန်မာ အစိုးရတပ်များသာ အထိ နာစေမည်ဖြစ်ကြောင်း DKBA တပ်မဟာ ၅ အဖွဲ့က ပြောသည်။

၅၅ မိုင်ရှည်သည့် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းသည် အတက်အဆင်းနှင့် အကွေ့ပေါင်း ၂၀၀ ခန့်ရှိပြီး လမ်း ကျဉ်းမြောင်းသောကြောင့် မော်တော်ယာဉ်များ အရှိန်နှင့်မောင်းနှင်၍ မရသည့်အတွက် လမ်းခရီးမှာ ၂ နာရီခွဲခန့် ကြာ မြင့်တတ်ကြောင်း သိရသည်။

၎င်းလမ်းခရီးတွင် နယ်မြေအေးချမ်းမှု မရှိသော်လည်း ကုန်သည်များနှင့် ခရီးသွားများသည် လမ်းခရီး အတွင်းရှိ ပြဿနာ များကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဖြေရှင်းကြကာ မြ၀တီ-ကော့ကရိတ် တောင်ကျော် ကားလမ်းကို နေ့စဉ် အသုံးပြု နေကြ ရသည်ဟု ကုန်သည်များက ပြောသည်။

Ref: ဧရာဝတီ်

Read More...

ပြည်ပသို့ အလုပ်သွားလုပ်ခြင်းဟာ အနာဂတ်ဦးနှောက် စီးဝင်မှုဟု သမ္မတ အကြံပေးပြော

မျိုးသန့်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်၏ စီးပွားရေး အကြံပေး အဖွဲ့ဝင်ဖြစ်သည့် ဦးဆက်အောင်က နိုင်ငံ ရပ်ခြားသို့ မြန်မာများ သွားရောက် အလုပ် လုပ်ကိုင်ခြင်း အပေါ် အကောင်းမြင်ထားပြီး အနာဂတ်၏ ဦးနှောက်စီးဝင်မှုဟု ခေါ်ဆိုလိုက်သည်။

မဇ္ဈိမက လက်ခံရရှိထားသည့် ဦးဆက်အောင်၏ “ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စီးပွားရေး တိုးတက်မှုတွင် တွေ့ရသော အသိအမြင် ကွာဟမှုများနှင့် ပြင်ဆင်သင့်သည့် အချက်များ” ဟူသော ခေါင်းစဉ်ဖြင့် စာမျက်နှာ ၁၁ မျက်နှာပါ စာတမ်းတွင် နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်း လုပ်ခြင်းကြောင့် တိုင်းပြည်တွင်း လူအရင်းအမြစ် ဆုံးရှုံးမှု ဖြစ်သည်ဆိုခြင်းကို ငြင်းချက် ထုတ်ထားသည်။

“ အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်နေသော ထိုရွှေ့ပြောင်း အလုပ်သမား အများစုမှာ Unskilled labour များ ဖြစ်သည်က တကြောင်း ၎င်းတို့ ဒေသ ဖွံ့ဖြိုး တိုးတက်လာ၍ ပြန်လာပါက နိုင်ငံ ရပ်ခြားတွင် ရရှိခဲ့သော ၎င်းတို့၏ အတွေ့အကြုံများကို ထိရောက်စွာ အသုံး ချနိုင်သောကြောင့် ၄င်းဖြစ်စဉ်ကို ဦးနှောက်ယိုစီးမှု (Brain Drain) ဟု မခေါ်တွင်ဘဲ အနာဂတ်၏ ဦးနှောက်စီးဝင်မှု(Future Brain Gains) များဟု ခေါ်ဆိုနိုင်ပါသည်” ဟု ပါရှိသည်။

သမ္မတ ဦးသိန်းစိန် တက်ရောက်သော နေပြည်တော်တွင် မေ ၂ဝ မှ စတင်၍၃ ရက်တာ ကျင်းပသည့် ဆင်းရဲမှု ပပျောက်ရေး ဖိုရမ်တွင် အာရှ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနတွင် ဒါရိုက်တာဖြစ်သူ ဦးဆက်အောင်(ခေါ်) ဝင်စတန် ဆက်အောင်မှ စာတမ်းကို ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသားများ အစုလိုက်အပြုံလိုက် ပြည်ပသို့ ထွက်ခွာမှုနှင့် အလုပ်သွားရောက် လုပ်ကိုင်မှုသည် အများ အားဖြင့် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် လူဦးရေ ၆ သန်းအထိ ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်း ထားကြသည်။

ပြည်ပသို့ ရွှေ့ပြောင်း လုပ်ကိုင်မှုများခြင်းနှင့် လူသားအရင်းအမြစ် လျော့ဆင်းလာခြင်း အပေါ်တွင်လည်း စိုးရိမ်မှုများ ရှိနေသည်။

အင်္ဂါနေ့က ရန်ကုန်တွင် ပြုလုပ်သော Eleven Media Group ၏ ၁၁ နှစ်ပြည့် အခမ်းအနားတွင် စီအီးအိုဖြစ်သူ ဒေါက်တာ ဦးသန်းထွဋ်အောင်က “ တကယ် အလုပ် လုပ်နိုင်တဲ့သူ တကယ် အလုပ် လုပ်နိုင်တဲ့ Working Force တွေ ဘယ်ရောက်ကုန်လဲ၊ အခု လယ်တွေထဲမှာ လုပ်သား ရှားပါးတဲ့ ပြဿနာတွေ တွေ့နေပြီ။ အလုပ်ကြမ်းသမား ရှားပါးတဲ့ ပြဿနာတွေ တွေ့နေပြီ။ တောရွာတွေမှာ တကယ် အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်းတွေ မရှိတော့ဘူး ”ဟု ထည့်သွင်း ပြောကြားသွားသည်။

“ ဒီပြဿနာဟာ သေးတယ်လို့ ဆိုရပေမယ့် တကယ်နိုင်ငံကိုကြီးပွား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ် ဆိုရင် ဒီပြဿနာဟာ အရမ်းကြီးပါတယ်။ နိုင်ငံခြားကို ရောက်နေတဲ့သူတွေ မပြန်လာဘဲနဲ့ ကျနော်တို့နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတခု ထူထောင်နိုင်ဖို့ မလွယ်ပါဘူး” သူက ဆက်ပြောသည်။

အလုပ်အကိုင်နှင့် မျှော်လင့်ချက်မဲ့မှု ရှည်ကြာခြင်းက နိုင်ငံခြားထွက် လုပ်ကိုင်မှုများ ဖြစ်ပေါ်စေပြီး ယခုအချိန် ထိတော့ ဦးနှောက် ယိုစီးမှုဖြစ်ပြီး ငွေပြန်ပို့ခြင်းသာ အကျိုးဖြစ်ထွန်း စေသည်ဟု မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ သြစတြေးလျ တက္ကသိုလ်မှ ရှောင်တာနယ်လ် Sean Turnell က သုံးသပ်သည်။

“ ကျန်ခဲ့တဲ့ နှစ်အနည်းငယ်က ကောက်ယူမှုတွေအရတော့ အလုပ်သမား တယောက်က တနှစ်ကိုဒေါ်လာ ၃၀၀ အိမ်ကို ပြန်ပို့ပါတယ်၊ အခု ဆိုရင်တော့ ဒီပမာဏထက် ပိုနိုင်တယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ် ” ဟု မစ္စတာ ရှောင်တာနယ်က မဇ္ဈိမကို ပြောသည်။

ပြည်ပရောက်များက ပြန်ပို့လိုက်သော ငွေများမှာ ရိုးစင်းသော စားဝတ်နေရေးအတွက်သာ အသုံးပြုနေရပြီး (အသေးစား လုပ်ငန်းလေးတွေ အတွက်တောင်မှ) ငွေကြေး ရင်းနှီးမြုပ်နှံနိုင်မှု အလွန် နည်းပါးနေသည်ဟု သူက ဆက်ပြောသည်။

“ ရေရှည်အတွက် ဆိုရင်တော့ ပြည်တွင်း စီးပွားရေးနဲ့ နိုင်ငံရေး အခြေအနေ ကောင်းလာရင် မြန်မာအများ စုဟာ ပြည်ပမှာ လက်တွေ့ရခဲ့တဲ့ နည်းနာတွေကို နိုင်ငံကို ပြန်လည် သယ်သွား နိုင်ပါလိမ့်မယ်” ဟု မစ္စတာ ရှောင်တာနယ်လ်က ပြောသည်။

သမ္မတ အကြံပေး ဦးဆက်အောင်က လက်ရှိ အခြေအနေတွင် စရိတ်နည်းသော တရားဝင် ရွှေ့ပြောင်းအ လုပ်ကို အထောက်အကူ ဖြစ်စေမည့် မူဝါဒများ ချမှတ်သင့်သည်ဟုလည်း စာတမ်းတွင် တင်ပြထားသည်။

“ နိုင်ငံတော်တော်များများတွင် ရွှေ့ပြောင်း အလုပ်ကြောင့် မိသားစုများ အဆင်ပြေ၍ ဆင်းရဲမှုကို တစိတ် တဒေသ လျော့ချ ပေးနိုင်သည်ကို ငြင်း၍ မရနိုင်ပါ။ အချို့နိုင်ငံများတွင် ရွှေ့ပြောင်းအလုပ်ကို အမျိုးသား အဆင့် ဆင်းရဲမှု တိုက်ဖျက်ရေး ဗျူဟာတွင် ထည့်သွင်း ထားသည်ကို တွေ့ရှိရပါမည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်နှင့် ဆင်းရဲမှု လျော့ချရေးကို တရားဝင် အသိအမှတ် မပြုလျှင်တောင် ရွှေ့ပြောင်းအလုပ်မှ ရရှိနိုင်မည့် ဆိုးကျိုးများကို ကာကွယ်ပေးနိုင်ရန် ကောင်းမွန်၍ လက်တွေ့ကျသော ပေါ်လစီ (Pragmatic policies) များဖြင့် ချမှတ်သင့်ပါသည်” ဟု ရေးသားထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သား အများဆုံးနှင့် ဒုတိယအများဆုံးမှာ ထိုင်းနှင့် မလေးရှားတွင် ဖြစ်ပြီး ၂ သန်းနှင့် ၅ သိန်းကျော် ရှိမည်ဟု ခန့်မှန်း ထားကြသည်။ အိန္ဒိယနှင့် တရုတ် နိုင်ငံများသို့လည်း သွားရောက် လုပ်ကိုင်မှုများ ရှိသည်။

သို့သော် မြန်မာနိုင်ငံတွင် ယုံကြည် စိတ်ချရသော လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှုမှာ အင်္ဂလိပ် ကိုလိုနီ လက်ထက်ကသာ ဖြစ်သည်ဟု လေ့လာသူများက ထောက်ပြထားသည်။

ဆင်းရဲမွဲတေမှု ပပျောက်ရေး ဖိုရမ်၏ ပထမနေ့တွင် သမ္မတ ဦးသိန်းစိန် တက်ရောက်ကာ ပြောကြားခဲ့သော မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ကျေးလက်နေ ပြည်သူများမှာ အလုပ်အကိုင် အခွင့်အလမ်းများ ရှိကြပြီး ယင်းတို့အတွက် အဓိက လိုအပ်သည်မှာ ငွေအရင်းအနှီးသာ ဖြစ်သည်ဟု ပါရှိသည်။ ဦးသိန်းစိန်က ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အတွက် အရေးကြီးသည်မှာ အသေးစား ချေးငွေ လုပ်ငန်းဖြစ်ပြီး ထိုလုပ်ငန်းများ လုပ်ဆောင်ရန် လိုကြောင်းလည်း ပြောကြားသွားသည်။

သို့သော် ဦးဆက်အောင်ကတော့ ချေးငွေလုပ်ငန်းများမှ ချေးငွေပမာဏသည် အိမ်တွင်း အသေးစား အလုပ်ကိုပင် လုပ်ကိုင် နိုင်လောက်သည့် ပမာဏ မရှိခြင်းကြောင့် အောင်မြင်မှု မရနိုင်ကြောင်း သူ၏စာတမ်းတွင် ရေးသားထားသည်။

သုံးရက်တာ ကျင်းပခဲ့သည့် ဆွေးနွေးပွဲများအတွင်း လယ်ယာ၊ သားငါး ထုတ်လုပ်မှု ကဏ္ဍ၊ ကျေးလက် ထုတ်ကုန်၊ အသေးစား ချေးငွေလုပ်ငန်း၊ ကျေးလက် သမဝါယမ လုပ်ငန်း စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် သမ္မတ၏ စီးပွားရေး အကြံပေး အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်၊ ဦးဆက်အောင်၊ ဦးစိန်လှဗိုလ်တို့ အပါအဝင် အခြား ပညာရှင်များမှ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး စာတမ်းပေါင်း ၂၆ စောင်ကို ဖတ်ကြားခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

မြန်မာ့အရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ UPR မှာ လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆို

ဦးသားညွန့်ဦး
ဗုဒ္ဓဟူး, 08 ဇွန် 2011

UPR လုပ်ငန်းစဉ်လို့ ခေါ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေ ပုံမှန် သုံးသပ်မှု ဆွေးနွေးပွဲမှာ ဒီကနေ့ မြန်မာနိုင်ငံ ကိစ္စကို ဆွေးနွေးပါတယ်။ ပါဝင် ဆွေးနွေးခဲ့ကြတဲ့ လူမှု လူ့အဖွဲ့အစည်း တွေကတော့ လက်ရှိ UPR လုပ်ငန်းစဉ်ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေ ဆိုးတွေကို ဟန့်တားနိုင်ဖို့ ထိရောက်မှု မရှိဘူးလို့ သုံးသပ်ပြီး မြန်မာ့အရေး အတွက် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် ဖွဲ့ရေးကိုသာ တညီတည်း တောင်းဆို ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ပါဝင် ဆွေးနွေးတဲ့ အဖွဲ့ဝင်နိုင်ငံ အတော် များများကတော့ မြန်မာ အစိုးရသစ်ဟာ လူ့အခွင့်အရေး တိုးတက် ကောင်းမွန်လာအောင် ကြိုးပမ်းမှု ရှိနေတယ်လို့ အပြုသဘော တုံ့ပြန် ခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲ အတွင်းမှာတော့ မြန်မာအစိုးရ ကိုယ်စားလှယ်က UPR အကြံပြုချက်တွေ အပေါ် တုံ့ပြန် ဆွေးနွေးတာ တွေနဲ့ အစိုးရသစ်ရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကတိ က၀တ်တွေကို အချိန်အများ စုယူပြီး ဆွေးနွေး သွားပါတယ်။ ဆွေးနွေးခဲ့ကြတဲ့ လူမှု လူထု အဖွဲ့အစည်း ၁၀ ဖွဲ့လုံးကတော့ မြန်မာ အစိုးရရဲ့ လက်တွေ့ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ပြပြီး မြန်မာ အစိုးရကို အပြင်းအထန် ဝေဖန် သွားခဲ့ပါတယ်။ နိုင်ငံတကာ အနေနဲ့လည်း လက်တွေ့ဆန်တဲ့ အရေးယူမှုကို ဆောင်ရွက်ဖို့ တိုက်တွန်း ခဲ့ကြပါတယ်။

“မြန်မာနိုင်ငံတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်တွေ ရှိမရှိ ဆိုတာကို စစ်ဆေးဖို့ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် တရပ်ကို အမြန်ဆုံး ဖွဲ့စည်းဖို့ အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ အနေနဲ့ ထပ်မံ တောင်းဆို လိုက်ပါတယ်။”

Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ကိုယ်စားလှယ်က ပြောဆို သွားတာပါ။

HRW လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့ကလည်း မြန်မာအစိုးရဟာ နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတာကို ငြင်းဆန် နေတုန်းပဲလို့ ပြောပါတယ်။

“မြန်မာအစိုးရ အနေနဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ငြင်းဆန် နေတုန်းပဲ ဆိုတာ အခု UPR သုံးသပ် ဆွေးနွေးပွဲမှာ အထင်အရှား တွေ့နိုင်ပါတယ်။ မရိုးသားမှုတွေ ရှိခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲအတွင်း လွတ်လပ်စွာ အဖွဲ့အစည်း ဖွဲ့စည်းခွင့်၊ စုရုံးခွင့်တွေ မရှိဘူး ဆိုတာကိုပါ ငြင်းဆန်နေပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ မရှိဘူး၊ အဖမ်းခံရသူတွေဟာ ရာဇ၀တ် ပြစ်မှုတွေကို ချိုးဖောက် ကျူးလွန်သူတွေ ဖြစ်တယ်လို့ ပြောနေပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ဟာ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။”

မြန်မာအစိုးရ ကိုယ်စားလှယ်ကတော့ မြန်မာအစိုးရသစ် အနေနဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက် လာအောင် လက်တွေ့ ဆောင်ရွက်နေပြီး အစိုးရသစ်ရဲ့ သက်တမ်း နုနယ် သေးတာကြောင့် စိတ်ရှည်ဖို့ သဘော ပြောခဲ့ပါတယ်။

“မြန်မာအစိုးရရဲ့ သက်တမ်းဟာ အခုမှ ၆၉ ရက်သားပဲ ရှိပါသေးတယ်။ အင်မတန် နုနယ်ပါတယ်။ ဒါပေမဲ့ အခြားနိုင်ငံတွေ ပြောသလိုပါပဲ၊ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ရေး အတွက် စိတ်ဆန္ဒ အပြည့် ရှိပါတယ်။ ဒီလို စိတ်ဆန္ဒတွေ ကြောင့်ပဲ အစိုးရရဲ့ အခုလို နုနယ်တဲ့ သက်တမ်းအတွင်းမှာ ဥပဒေတွေနဲ့ လက်တွေ့ကိစ္စတွေမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက်တွေ တွေ့ရပါမယ်။ ဒီအထဲမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်တာလည်း ပါဝင်ပါတယ်။” ဆိုပြီး မြန်မာကိုယ်စားလှယ် ဦးရဲမြင့်အောင်က ပြောသွားတာပါ။

အာရှနိုင်ငံအများစု အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေကတော့ မြန်မာနိုင်ငံရဲ့ UPR လုပ်ငန်းစဉ် အပေါ် အပြုသဘော ပူးပေါင်း ဆောင်ရွက်မှု ရှိတယ်ဆိုပြီး ချီးကျူး ခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ကတော့ တည်ငြိမ်တဲ့ အပြောင်း အလဲဖြစ်ဖို့ လိုလားတယ်လို့ သူ့ဆန္ဒကို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ လူမှုတည်ငြိမ်ရေး ရှိနေဖို့နဲ့ ဒီမိုကရေစီ တိုးတက်မှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ဆောင် သွားနိုင်ဖို့ တရုတ်နိုင်ငံက မျှော်လင့် ထားပါတယ်။ မြန်မာနိုင်ငံ တိုးတက် ဖွံ့ဖြိုးရေး ကိစ္စမှာ မြန်မာနိုင်ငံ အခြေအနေနဲ့ အညီ မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် လွတ်လွတ် လပ်လပ် ရွေးချယ်ပြီး ဆောင်ရွက်မှု အပေါ်မှာ နိုင်ငံတကာ အနေနဲ့ လေးစား လက်ခံလိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်။”

အခုဆွေးနွေးပွဲမှာ အချိန်အများစုကို မြန်မာအစိုးရနဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေက ပြောဆိုသွားလို့ မြန်မာ့ ဒီမိုကရေစီရေး ဝေဖန်လေ့ ရှိတဲ့ အနောက်နိုင်ငံတွေက ပြောဆိုခွင့် မသာခဲ့ဘူးလို့ ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

ဒါပေမဲ့ ဂျပန်အစိုးရ ကိုယ်စားလှယ်ကတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုတဲ့ စိုးရိမ်ချက်တွေ အပေါ်မှာ အသိ အမှတ်ပြု ပြောသွားပါတယ်။

“လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ် ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေတယ် ဆိုတာ သိပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် နောက်ထပ် အပြုသဘော ဆောင်ရွက်မှုတွေ တုံ့ပြန် လာလိမ့်မယ်လို့ အတော်လေး မျှော်လင့်ထားပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေသူတွေကို ထပ်လွှတ်ပေးဖို့၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံ ညှိနှိုင်းဖို့၊ နောက် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့ စသဖြင့်ပါ။”

ဆွေးနွေးပွဲအတွင်း လူမှု လူ့အဖွဲ့အစည်း ကိုယ်စားလှယ်တဦး အနေနဲ့ ပါဝင်ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ NCGUB အဝေးရောက် ညွန့်ပေါင်း အစိုးရ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းကတော့ လူမှု လူ့ အဖွဲ့အစည်းတွေ ဘက်က တညီတည်း တောင်းဆိုမှုဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို စစ်ဆေးဖို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

“လူထု လူ့အဖွဲ့အစည်းတွေ အားလုံးကတော့ UPR လုပ်ငန်းစဉ်လောက်နဲ့တော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ တွေကို ထိထိ ရောက်ရောက် ကြပ်မတ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် လွတ်လပ်တဲ့ လူ့အခွင့်အရေး စုံစမ်းရေး ဆိုင်ရာ ကော်မရှင် တရပ်ကို ကုလသမဂ္ဂ ဖွဲ့စည်းဖို့ဆိုတာ တညီတညွတ်တည်း ပြောသွားတယ်။ Council အစည်းအဝေးခန်းမ တခုလုံးဟာ လူထု လူ့အဖွဲ့ အစည်းတွေရဲ့ တောင်းဆိုချက်ကို သတိမပြုဘဲ နေလို့မရအောင်ကို လူထု လူ့အဖွဲ့အစည်း ၁၀ ဖွဲ့က တညီတညွတ်တည်း တောင်းဆိုခဲ့ပါတယ်။”

မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဥပဒေ စိုးမိုးမှု ကင်းမဲ့တဲ့ ကိစ္စတွေ ကိုလည်း လူမှု လူ့အဖွဲ့အစည်း ၁၀ ဖွဲ့က တင်ပြ ဆွေးနွေး သွားကြပါတယ်။ အခုလို အဖွဲ့ဝင်နိုင်ငံ အစိုးရတွေနဲ့ လူမှု အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးချက် ကိုတော့ UPR သုံးသပ်ချက်မှာ မှတ်တမ်း တင်ထားမှာ ဖြစ်ပေမဲ့ အစိုးရအနေနဲ့ မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုးတော့ မထုတ်ပေး နိုင်ပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကိုယ်တိုင်ကလည်း UPR လုပ်ငန်းစဉ်ဟာ ပုံစံအသစ် ဖြစ်လေတော့ ဒီလုပ်ငန်းစဉ်ရဲ့ ထိရောက်မှု၊ လက်တွေ့ အကောင်အထည် ဖော်မှုပိုင်း အားနည်းမှု ရှိနေသေးတာတွေကို ဗွီအိုအေ မြန်မာပိုင်းကို မနေ့က ထောက်ပြ ပြောဆိုခဲ့ပါတယ်။


Ref: VOA News

Read More...

ဂျာနယ် ၆ မျိုး စာပေစိစစ်ရေး ကြိုတင်စရာမလို

မသင်းသီရိ
ဗုဒ္ဓဟူး, 08 ဇွန် 2011

လာမယ့် ဇွန်လ ၁၀ ရက် သောကြာနေ့ကစလို့ ဂျာနယ် ၆ မျိုးဟာ စာပေစိစစ်ရေး တင်စရာ မလိုဘဲ ထုတ်ဝေခွင့် ရကြတော့မှာ ဖြစ်ပါတယ်။ ဒီဂျာနယ်တွေ အတွက် ထုတ်ဝေခွင့် ဆိုင်ရာ စည်းကမ်းချက်တွေ ထုတ်ပြန် ထားသလို အဲဒီထဲမှာ ပြဿနာ ဖြစ်လာတဲ့ ဂျာနယ်အတွက် ငွေဒဏ်ကနေ ထုတ်ဝေခွင့် ပိတ်တဲ့အထိ အရေးယူ ဆောင်ရွက်သွားမယ့် အဆင့်တွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ စာပေ စိစစ်ရေးက အဲဒီ ထုတ်ပြန်ထားတဲ့ မူဝါဒတွေ အတိုင်း ကိုင်တွယ် ဆောင်ရွက်ပါ့ မလားလို့ သံသယ ရှိနေကြ သူတွေလည်း ရှိပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံထဲမှာ ထုတ်ဝေနေတဲ့ ဂျာနယ်တွေထဲက အားကစား၊ ကလေးစာစောင်၊ အနုပညာနဲ့ ဂမ္ဘီရ အပြင် ကျန်းမာရေးနဲ့ နည်းပညာ ဆိုင်ရာတွေ အတွက် ထုတ်ဝေနေတဲ့ ဂျာနယ် ၆ မျိုးဟာ လာမယ့် သောကြာနေ့က စလို့ စာပေ စိစစ်ရေးကို တင်စရာ မလိုဘဲ ထုတ်ဝေပြီးမှ တင်ပြတဲ့ ထုတ်တင် စနစ်နဲ့ စတင်တော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့ နေ့လယ်က ရန်ကုန် ပြန်ကြားရေး ဌာနမှာ သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတွေ၊ သတင်းထောက်တွေကို ခေါ်ပြီး ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။

အဓိကတော့ ဂျာနယ်၊ မဂ္ဂဇင်းနဲ့ အထွေထွေ ထုတ်ဝေခွင့်ထဲက အုပ်စု က နဲ့ ခ ဆိုပြီး ၂ စုခွဲထားပြီး အုပ်စု က ထဲမှာ စာပေ စိစစ်ရေး တင်ပြစရာ မလိုဘဲ ထုတ်ဝေခွင့်ရတဲ့ ဂျာနယ်တွေဖြစ်ပြီး အုပ်စု ခ ထဲမှာတော့ ပုံမှန် စာပေ စိစစ်ရေးရဲ့ ထုတ်ဝေခွင့် လိုတဲ့ ဂျာနယ်တွေနဲ့ မဂ္ဂဇင်းတွေကို ထည့်သွင်း ထားပါတယ်။ ဒီလို ခွင့်ပြုချက် မလိုဘဲ ထုတ်ဝေမယ် ဆိုပေမဲ့ တကယ်လို့ သတင်းတွေနဲ့ ပတ်သက်လို့ ပြဿနာ ဖြစ်လာခဲ့ရင် ငွေဒဏ်ကနေ ထုတ်ဝေခွင့် ပိတ်ပင်တဲ့ အထိ ရှိမယ့် စည်းကမ်းချက်တွေ ပါဝင်တယ်လို့ ဒီကနေ့ အစည်းအဝေးပွဲကို ကိုယ်တိုင် သွားတက်ခဲ့တဲ့ သတင်းဂျာနယ် အယ်ဒီတာ တဦးက ရှင်းပြပါတယ်။

“အကြမ်းဖျင်း အဲဒီမှာ ရှင်းပြတာက ရုံးအဖွဲ့အစည်းတွေက တိုင်တာဖြစ်မယ်၊ အဲဒီလို ပြဿနာ ပေါ်လာမယ် ဆိုရင် ပထမ တဆင့်မှာ စာပေနဲ့ စာနယ်ဇင်း အပါအ၀င် ပြန်ကြားရေးက ပေါင်းဖွဲ့ ထားတဲ့ အဖွဲ့တွေရှိမယ်၊ အဲဒီအဖွဲ့က အဲဒါကို စစ်ဆေးမယ်။ အပြန် အလှန်ပေါ့၊ တိုင်ကြားတဲ့သူ ဘက်ကရော၊ အတိုင်ခံရတဲ့သူ ဘက်ကရော၊ အဲဒီလို ကြားနာပြီးရင် ဆုံးဖြတ်ချက် ချမှတ်တာတွေ ရှိလိမ့်မယ်။

“ပထမဦးဆုံး အပြစ်ကျူးလွန်တယ်လို့ သူတို့ တွေ့တယ်ဆိုရင် ကျပ် သိန်း ၅၀ စပေါ်ငွေ တင်ခိုင်းမယ်။ အဲဒါ ပထမ အဆင့်မှာ။ အဲဒီလို ကျပ် သိန်း ၅၀ စပေါ် တင်ထားပြီးတော့မှ ဒုတိယတခါ အဲဒီလို ပြစ်မှုတွေ ကျူးလွန်မယ် ဆိုရင် သူတို့ ဆုံးဖြတ်တဲ့ ဒဏ်ကြေးငွေ တစုံတခုပေါ့ သိန်း ၅၀ ထဲက ဖြတ်ယူမယ်။ အဲဒီလို သတ်မှတ်လိုက်ပြီး အဲဒီငွေကို ပြန်ဖြည့်တင်း ပေးရမယ်။ ပြန်ဖြည့်တင်းတာ မရှိဘူး ဆိုရင်တော့ အဲဒီစာစောင်တွေကို ပိတ်သိမ်းပြီး ဖြစ်တယ်လို့ မှတ်ယူရမယ်။

“ပြီးတော့မှ ဒီအဆင့်တင် မကဘူး၊ တချို့ဟာတွေကျရင် ဥပဒေအရ အရေးယူ ဆောင်ရွက်ရတာမျိုးလည်း ရှိကောင်း ရှိနိုင် ပါတယ်တဲ့။ ရှိလာတဲ့ အခါကျရင်တော့ ဥပဒေ နည်းလမ်းအရ ရင်ဆိုင် ရမှာပေါ့။ အဲဒါကို ဥပဒေအရ ဘယ်လို အရေးယူမယ်၊ ဘာညာ ဆိုတဲ့ဟာကို ရေးသားတဲ့ စာစောင်တွေက တာဝန် ခံရမယ်ဆိုပြီး အဲဒီလို ရှင်းပြတယ်။”

ကိုယ့်သတင်း ကိုယ်တာဝန်ယူရတာ သတင်းသမားတိုင်းရဲ့ တာဝန် ဖြစ်ပေမဲ့ မြန်မာနိုင်ငံ ထဲက အခြေအနေတွေ အရ လက်တွေ့မှာ ဘယ်လို အချက်တွေ ကဖြင့် စည်းကမ်းချက် ဖောက်တယ်၊ ဘယ်လိုအဆင့်တွေနဲ့ အရေးယူမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်တွေမှာ အတော် သတိထားစရာ ဖြစ်တယ်လို့လည်း ပြောကြပါတယ်။

“တင်ပြစရာ မလိုတဲ့ အတွက်ကြောင့် သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ သက်သာခွင့် ရသွားတယ် ဆိုတော့ အဲဒါကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ဒီလိုမျိုး မူတွေ ချထားပေမဲ့ ဘယ်လို ဖြစ်လာမလဲ၊ လက်တွေ့ ဘယ်လိုမျိုး အရေးယူ ဆောင်ရွက်မလဲ၊ ဘယ်ဟာက စည်းကမ်းချက်နဲ့ ငြိတယ်၊ မငြိစွန်းဘူး၊ ဘယ်ဟာတွေကို ငွေရေး ကြေးရေးနဲ့ အရေးယူမယ်၊ မယူဘူး ဆိုတဲ့ဟာကတော့ လက်တွေ့ကျမှပဲ ကျနော်တို့ သိနိုင်မယ်နဲ့ တူပါတယ်။”

အထူးသဖြင့်ကတော့ စာပေစိစစ်ရေးမှာ မူဝါဒတရပ် သတ်သတ်မှတ်မှတ် ချမှတ်ပြီး ကိုင်တွယ် ဆောင်ရွက်တာ မရှိသလို တူညီတဲ့ ခွင့်ပြုချက်တွေလည်း မရကြတာမို့ လုပ်ငန်းတွေမှာ အတော် အဆင်မပြေ ဖြစ်ကြရတယ်လို့လည်း ဆိုပါတယ်။

“တချို့ဟာတွေဆို ခွင့်ပြုတယ်၊ တချို့ဟာတွေဆို ခွင့်မပြုဘူး။ ဒါက ကျနော်တို့ဆီမှာ ပြဿနာတွေ အများကြီး ရှိတယ်။ ဒီတခုတည်း မကဘူး။ သက်ဆိုင်ရာ ၀န်ကြီးဌာန တွေမှာလည်း သူတို့က မီဒီယာတွေကို ဖြစ်စေ၊ လူထုကိုဖြစ်စေ၊ သတင်း ပြန်ကြား ပေးရမယ် ဆိုတဲ့တာဝန် သူတို့ကို သတ်မှတ် ပေးထားတာ မရှိတဲ့ အခါကြတော့ ဘယ်သူကမှလည်း တိတိကျကျ ဒီတာဝန်ကို ယူမထားဘူး။ ယူမထားတဲ့ အခါကြတော့ ဂျာနယ်တွေကလည်း အဆင်ပြေတဲ့လူကို မေးတယ်။ အဲဒီ မေးတဲ့လူ ပြောတဲ့ ဟာတွေကို ရေးထည့်တယ်။ အဲဒီမှာ အမှားအယွင်းတွေ ဘာတွေလည်း အများကြီး ဖြစ်တာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ တာဝန်ယူပြီး ဖြေကြားပေးတာ မရှိဘူး။ လက်ရှိ အစိုးရကလည်း ညွှန်ကြားထားတာ မရှိသေးတော့ အဲဒီပြဿနာတွေ ပေါ်နေတာမျိုး ဖြစ်ပါတယ်။”

သတင်းဂျာနယ် အယ်ဒီတာတဦး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကို အလေးထားဖို့ လိုတယ်လို့ ပြောခဲ့ပြီး နောက်ပိုင်း အခုချိန်ထိတော့ ထင်သာမြင်သာ ရှိတဲ့ လွတ်လပ်မှုမျိုးတွေ မရှိသေးသလို စာပေ စိစစ်ရေး အနေနဲ့ စိတ်နဲ့မတွေ့တဲ့ သတင်းတွေ၊ စိုးရိမ်စိတ်နဲ့ ပိတ်တဲ့ သတင်းမျိုးတွေ ရှိနေတာကြောင့် ဒီဂျာနယ်တွေကိုလည်း ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ သတင်းသမားတွေက သံသယ ရှိနေကြပါတယ်။

Ref: VOA News

Read More...

အထည်ချုပ် လုပ်သား ၁၀၀ အလုပ်ထွက်

ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၈ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ လုပ်ခအပြည့် မရသဖြင့် ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၄ ရှိ Tailor Garment အထည်ချုပ် စက်ရုံ အလုပ်သမား ၁ဝ၁ ဦးက တပြိုင်တည်း အလုပ်ထွက်မှု လွန်ခဲ့သည့် တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။

အလုပ်သမ တဦးလျှင် အခြခံလစာ ၃၈,၂ဝဝ ကျပ် သတ်မှတ်ပေးသော်လည်း မေလ အတွက် ထုတ်ပေးသည့် လစာ၌မူ ချုပ်ထည် အရေ အတွက် မပြည့်ဟု ဆိုကာ တဦးလျှင် ပျမ်းမျှ ကျပ် ၁၅,ဝဝဝ ခန့် အဖြတ် ခံရပြီးနောက် အလုပ်သမားများ၏ မကျေနပ်မှု စတင်ခဲ့သည်။ ထို့နောက် လုပ်ခ လျှော့ချ ခံရမှုကို တိုးမြှင့်ပေးရန်၊ စနေ တနင်္ဂနွေတွင် အားလပ်ချိန် ပေးရန်နှင့် အချိန်ပိုကြေးများ ထိုက်တန်စွာ ပေးရန် တောင်းဆိုမှုကို အလုပ်ရှင်ဘက်မှ မလိုက်လျောခဲ့ဟု အလုပ်သမားများ ဘက်က ကူညီ ဆောင်ရွက်ပေးသူ ရှေ့နေ ဦးဖိုးဖြူက ပြောသည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေကို စက်ရုံက ဘာတခုမှ တုံ့ပြန်မှု မပေးတဲ့အတွက် သူတို့ အလုပ် ထွက်သွား ကြပြီ။ သူတို့ အနေနဲ့လည်း ဒီလစာနဲ့ အလုပ် ဆက်လုပ်လို့ မဖြစ်တော့တဲ့ အတွက် သွားကြတာလို့ သူတို့က ပြောတယ်” ဟု ဦးဖိုးဖြူက မဇ္ဈိမကို ပြောပြသည်။

စက်ရုံမှ သတ်မှတ်ပေးမှုအရ စက်ချုပ်လုပ်သား ၄ဝ နီးပါးကို တနေ့လျှင် မိုးကာအထည် ၄ဝဝ အပြီး ချုပ်ပေးရန် ချမှတ် ထားသည်ကို အလုပ်သမားများ ဘက်မှ ၃၆ဝ သာ ချုပ်လုပ် နိုင်ခဲ့သဖြင့် စက်ရုံဘက်က လစာငွေ လျှော့ချ ဖြတ်တောက်ခြင်း ဖြစ်သည်။

ကျွမ်းကျင်မှုရှိသော လုပ်သားများ လိုအပ်မှုကြောင့် သတ်မှတ်ချက်ထက် လျော့နည်းရခြင်း ဖြစ်သည်ဟု လုပ်သားများ ဘက်က ပြောသည်။

စက်ရုံကို ၂ဝ၁ဝ နှစ်လည်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံက လုပ်ငန်းရှင်များ စုပေါင်းကာ ရှယ်ယာ လုပ်ကိုင် ကြသည်။ ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိကာ အမျိုးသမီး အများဆုံး ဖြစ်သည်။

လစာ ၇ သောင်းအထက် ရရှိသူ အလုပ်ကြီးကြပ်သူများနှင့် အလုပ်သစ်ရှာရန် ခက်ခဲမည်ကို စိုးရွံ့သူ အလုပ်သမား ၂ဝဝ ကျော်ခန့်က ဆန္ဒပြမှုတွင် မပါဝင်သူများလည်း ရှိသည်။

အလုပ်သမားများ၏ တောင်းဆိုမှုများကို ရန်ကုန်တိုင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနသို့ တင်ပြ ခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရခဲ့ဟု ဦးဖိုးဖြူက ပြောသည်။ တောင်းဆိုချက်များကို ရန်ကုန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ရုံး ILO သို့ မိတ္တူပေးပို့ခဲ့သည်။

အလားတူ ဆန္ဒပြမှုမျိုး ဇွန်လ ၆ ရက်နေ့တွင် ပဲခူးမြို့ ဟင်္သာကုန်းရပ်ကွက်ရှိ Cap 1 ဦးထုပ် စက်ရုံတွင် လုပ်ငန်းခွင် အတွင်း တင်းကျပ်သည့် စည်းမျဉ်းများ လျှော့ချရန် ပဲခူးမြို့ရှိ ဦးထုပ်စက်ရုံမှ အလုပ်သမား ၆၅ ဦးက တရက် အလုပ် မဆင်းဘဲ ဆန္ဒပြပြီးနောက် လုပ်ငန်းရှင်ဘက်က လိုက်လျော၍ ပြေလည်မှု ရရှိခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Wednesday, June 8, 2011

ကနေဒါ မြို့လေးက ဒေါ်စုကို ဂုဏ်ပြု

အင်္ဂါနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းမှုကြောင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ချီးမြှင့် အပ်နှင်းသည့် ဂုဏ်ပြုမော်ကွန်းအား ကနေဒါနိုင်ငံ မြို့တမြို့၌ ထားရှိမည့် အခမ်းအနားကို လာမည့် ဇူလိုင်လ ၁ ရက်နေ့တွင် ထိုမြို့လေး၌ ကျင်းပသွားမည် ဖြစ်သည်။

ဂုဏ်ပြုမော်ကွန်းအား Côte Saint-Luc လူ့အခွင့်အရေး စင်္ကြံ၌ ထားရှိမည် ဖြစ်ရာ၊ ထိုစင်္ကြံသည် လူသားများ ကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်း အားထုတ်ခဲ့ပြီး၊ လူ့အခွင့်အရေး မီးရှူးတန်ဆောင် အဖြစ် လောကအလင်း ဆောင်ကြဉ်းခဲ့သည့် ပုဂ္ဂိုလ်များကို ရည်ညွှန်းသည်။ ကနေဒါနေ့ အထိမ်းအမှတ်၏ တစိတ်တဒေသ အဖြစ်လည်း အခမ်းအနားကို ကျင်းပခြင်း ဖြစ်သည်။

“ကျနော်တို့ ဂုဏ်ပြုပြီးပြီ ဖြစ်တဲ့ တခြားသူတွေလိုပါပဲ၊ အောင်ဆန်းစုကြည်ဟာ ဒီမိုကရက်တစ် အပြောင်း အလဲတွေ ပေါ်ပေါက် လာဖို့အတွက် အန္တရာယ်တွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ကြိုးစားခဲ့ပါတယ်” ဟု မြို့တော်ဝန် Anthony Housefather က မြို့တော်စာစောင်တွင် ပြောကြားခဲ့သည်။

“သူ အကျဉ်းချထားခံရစဉ် ကာလတွေမှာလည်း စစ်အစိုးရက သူ့ကို မြန်မာနိုင်ငံ ထဲကနေ ထွက်ခွါနိုင်တဲ့ အခွင့်အရေး တွေကို အကြိမ်များစွာ ကမ်းလှမ်းခဲ့ပေမယ့် သူကတော့ သူ့တိုင်းပြည်ကနေ ထွက်ခွါဖို့ ငြင်းဆန်ခဲ့ပြီး၊ ပြည်သူ လူထုနဲ့အတူ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကြိုးပမ်း အားထုတ်မှုကို ဆက်လက် ပြုလုပ်ခဲ့ပါတယ်” ဟုလည်း သူက ဆိုသည်။

မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် နှစ်ပေါင်း ၂ဝ ကျော် စွမ်းစွမ်းတမံ လုပ်ကိုင် ခဲ့သည်ဟု မြို့တာဝန် ရှိသူများက ဒေါ်အောင်ဆန်းစုကြည် အပေါ် မှတ်ချက် ပေးကြသည်။

၁၉၉၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါက ၂ဝဝ၇ ခုနှစ်ထဲတွင် ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် ဂုဏ်ပြုခဲ့သေးသည်။ ကနေဒါသည် မြန်မာအစိုးရကို ဖိအားပေးသည့် အနေဖြင့် မြန်မာနိုင်ငံ အပေါ် အပြင်းထန်ဆုံး ပိတ်ဆို့ အရေးယူခဲ့သည့် နိုင်ငံလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်တွင် ၁၅ နှစ်ဝန်းကျင် နေအိမ် အကျယ်ချုပ်ဖြင့် ထားရှိခဲ့ကာ၊ မြန်မာနိုင်ငံမှ ထွက်ခွါပေးလျှင် လွှတ်ပေးမည်ဟု ကမ်းလှမ်း ခဲ့သော်လည်း သူက ပယ်ချခဲ့ပြီး၊ အရပ်သား အစိုးရ ပေါ်ပေါက်ရေးနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးကို တစိုက်မတ်မတ် တောင်းဆိုလာခဲ့သည်။

လူ့အခွင့်အရေးစင်္ကြံ စတင်ဖွင့်လှစ်ခဲ့သည် ၂ဝဝဝ ခု စက်တင်ဘာမှစ၍ Quebec ပြည်နယ်ရှိ မြို့လေးတွင် နိုဘယ်ဆုရှင် Rene Cassin ၊ လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်တိုက်ဖျက်သူ Helen Suzman နှင့် ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတို့၏ မျိုးဖြုတ် သတ်ဖြတ်နေမှု အန္တရာယ်မှ ဂျူးလူမျိုး တသိန်းခန့်ကို ကယ်တင်ခဲ့သည့် ဆွီဒင်သံတမန် Raoul Wallenberg အပါအဝင် စုစုပေါင်း ပုဂ္ဂိုလ် တဒါဇင်ခန့်ကို ဂုဏ်ပြုခဲ့ပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

လွတ်လပ်တဲ့ တရားစီရင်ပိုင်ခွင့် ရှိဖို့ ဒေါ်စု ပြော

မနန္ဒာချမ်း
အင်္ဂါ, 07 ဇွန် 2011

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်လာဖို့ ဆိုရင် လွတ်လပ်တဲ့ တရား စီရင်ပိုင်ခွင့် ရှိဖို့ လိုအပ်တယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆို လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ဂျာမန် လူ့အခွင့်အရေး မူဝါဒနဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကော်မရှင်နာ မင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံချိန်မှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြ ပေးထားပါတယ်။

ဂျာမန် လူ့အခွင့်အရေး မူဝါဒနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး မာကပ်စ် လွန်းနင်း (Markus Loning) ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဦးဟန်သာမြင့်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာပဲ ဒီမနက် တွေ့ဆုံခဲ့ကြတာပါ။

အဲဒီလို တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရ တာဝန် ရှိသူတွေနဲ့ နေပြည်တော်မှာ ဆွေးနွေး ဖြစ်ခဲ့တဲ့ အကြောင်း ဂျာမန် လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မားကပ်စ်က ပြောပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတော်သစ်ဆီကို ဦးတည် လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံမှာ ဒီလို လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာစေဖို့ ဆိုရင် လွတ်လပ်တဲ့ တရား စီရင်ပိုင်ခွင့် ရှိဖို့ လိုအပ်တဲ့ အကြောင်း၊ ဒီကိစ္စကိုလည်း သမ္မတ ဦးသိန်းစိန်ဆီကို စာပေးပို့ခဲ့ကြောင်း ရှင်းပြခဲ့တယ်လို့ တွေ့ဆုံမှုမှာ ပါဝင်တဲ့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ရှင်းပြခဲ့တယ်။ ရှင်းပြခဲ့တာ ဘာလဲဆိုတော့ လူ့အခွင့်အရေး ဆိုတဲ့ နေရာမှာ အရေး အကြီးဆုံးက၊ အားလုံးကို အချုပ်အကိုင် ဖြစ်နေတာက လွတ်လပ်တဲ့ တရားစီရင်မှုပဲ။ အဲဒီလို လွတ်လပ်တဲ့ တရားစီရင်မှုတွေ ရနိုင်ဖို့နဲ့ ပတ်သက်ပြီးတော့ အဖွဲ့ချုပ်ကလည်း နိုင်ငံတော် သမ္မတဆီကို လိုအပ်တဲ့ အရေးကြီးတဲ့ အချက်ကို တင်ပြခဲ့ဖူးတယ်။ အဲဒီလို တင်ပြခဲ့ပေမဲ့ ဘာမှ အကြောင်း ပြန်လာတာ မရှိသေးဘူးဆိုတဲ့ ကိစ္စ သူ့ကိုလည်း ပြောပြခဲ့ပါတယ်။”

အခုလဆန်းပိုင်းကပဲ ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ မာကဲလ် (Angela Merkel) ကလည်း International Forum နိုင်ငံတကာ တွေ့ဆုံဆွေးနွေးပွဲမှာ မြန်မာအစိုးရ အနေနဲ့ အာဆီယံ ဥက္ကဋ္ဌတာဝန် ယူခွင့်မရခင်မှာ လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ပြဿနာတွေကို တိုးတက်အောင် လုပ်ဆောင်ဖို့ တိုက်တွန်း ခဲ့ပါသေးတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူလိုတဲ့ကိစ္စ သူ့အနေနဲ့ အတော်လေး စိုးရိမ်မိကြောင်းနဲ့ မြန်မာ အစိုးရသစ် အနေနဲ့ လူ့အခွင့်အရေး တိုးတက်ဖို့နဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို ရှေ့ဆက် လုပ်ဆောင်ဖို့ကို အပြောရော အလုပ်နဲ့ပါ အလေးအနက်ထား သက်သေပြဖို့ လိုတယ်လို့ ဂျာမန်ဝန်ကြီးချုပ်က တောင်းဆိုခဲ့ပါတယ်။

တခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ် မှုတွေနဲ့ ပတ်သက်လို့လည်း ဂျာမန် လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးကို အခုလို ပြောခဲ့ပါသေးတယ်။

“Sanction တွေ မရုပ်သိမ်းသင့်သေးဘူးလို့ အဲဒီလို တည့်တည့်ကြီး အဖြေပေးတာမျိုး မရှိဘူး။ Sanction ဟာ ဘာဖြစ်လို့ ဖြစ်တယ်၊ ဘာတွေ ပြောင်းလဲမှု၊ ဘယ်လို ဆောင်ရွက်သင့်တယ်၊ ဘယ်လို စဉ်းစားသင့်တယ် ဆိုတာကိုပဲ ဆွေးနွေးတာ။ ဒါက တချက်ပေါ့။ နောက်တခုက EU အဖွဲ့ထဲမှာ တချို့နိုင်ငံတွေက ပျော့တယ်တို့ ဘာတို့၊ ဒီလို ပြောကြတယ်ပေါ့။ သို့သော် ဒါ ဝေဖန်တာက အရေးမကြီးဘူး။ တကယ်တမ်း ထိရောက်တဲ့ Sanction ဖြစ်ဖို့ လိုတယ်လို့ ကျနော်တို့ အဲဒီလို ပြောခဲ့ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်ကြာ စစ်အုပ်ချုပ်မှု အောက်ကနေ အရပ်သား အစိုးရ အုပ်ချုပ်မှုကို ပြောင်းလဲတာဟာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်ပြီး ဒါပေမဲ့ အမှန်တကယ် အပြောင်းအလဲဖြစ်ဖို့ လိုအပ်ကြောင်းကိုလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဂျာမန် လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးကို ရှင်းပြခဲ့ကြောင်း အခုလို ဆက်ပြောခဲ့ပါတယ်။

“အစိုးရ အပြောင်းအလဲ ဆိုတာက တကယ့် အပြောင်းအလဲ ဖြစ်သလားဆိုတာ သတိကြီးစွာနဲ့ စောင့်ကြည့် နေရတယ်။ အဲတော့ အပြောင်းအလဲ ဆိုတာကိုလည်း၊ ကြီးမားတဲ့ အပြောင်းအလဲ ဆိုတာ ဒီနေ့ မနက်ဖြန် မဖြစ်နိုင်ဘူး ဆိုတာကိုလည်း ကျနော်တို့ သဘောပေါက်တယ်။ သို့သော် အမှန်တကယ် အပြောင်းအလဲ ဖြစ်ဖို့တော့ လိုတယ်။ အမှန်တကယ် အပြောင်းအလဲ ဖြစ်မှသာ ရှေ့ မြန်မာနိုင်ငံရဲ့ အရေးတွေက တိုးတက်မှုရှိမယ်။ ဒါကို ဆွေးနွေးပါတယ်။”

ဒီကနေ့ တွေ့ဆုံမှုမှာ ပါဝင်တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဂဒါဖီ မကြာမီ ရာထူးကဆင်းဖို့ အိုဘားမား မျှော်လင့်

အင်္ဂါ, 07 ဇွန် 2011

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရာထူးက ဆင်းပေးဖို့ အချိန်ပိုင်းသာ လိုတော့တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ ဂျာမဏီ ၀န်ကြီးချုပ် အန်ဂျလာ မာကဲလ် (Angela Merkel) နဲ့အတူ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း သမ္မတ အိုဘားမားက အင်္ဂါနေ့မှာ အခုလို ပြောကြား လိုက်တာပါ။

မစ္စတာ ဂဒါဖီ အနေနဲ့ ရာထူးက ဆင်းပေးပြီး လူထုကို အာဏာလွှဲပြောင်း ပေးရမယ် ဆိုတဲ့အပေါ် သူနဲ့ ဂျာမန် ၀န်ကြီးချုပ် တို့ ၂ ဦးစလုံးက သဘောတူတဲ့ အကြောင်း သမ္မတ အိုဘားမားက ပြောပါတယ်။

လစ်ဗျားနိုင်ငံမှာ နေတိုး ဦးဆောင် ပြုလုပ်နေတဲ့ စစ်ဆင်ရေးဟာ သိသာတဲ့ တိုးတက် အောင်မြင်မှုတွေ ရနေပြီး လစ်ဗျား ပြည်သူလူထုကို ဂဒါဖီ တပ်ဖွဲ့တွေ သတ်ဖြတ်မယ့် ရန်ကနေ အကာအကွယ် ပေးထားနိုင်တယ်လို့ ဆိုပါတယ်။

လစ်ဗျားနိုင်ငံမှာ ရောက်နေကြတဲ့ နေတိုးတပ်မှာတော့ ဂျာမန်တပ်တွေ မပါပါဘူး။ ဒါပေမဲ့ အာဖဂန်နိုင်ငံမှာ ရှိနေတဲ့ နေတိုးတပ်ကို ဂျာမဏီက တပ်ဖွဲ့တွေ တိုးချဲ့ စေလွှတ်ခဲ့တဲ့ အတွက် အဲဒီက တခြား နေတိုး မဟာမိတ် တပ်ဖွဲ့ဝင်တွေ လစ်ဗျား နိုင်ငံဘက်ကို ပြောင်းရွှေ့ ပို့လိုက် နိုင်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

လစ်ဗျားမှာ ပြုလုပ်နေတဲ့ နေတိုး စစ်ဆင်ရေး လုပ်ငန်းတွေနဲ့ ဂျာမဏီနိုင်ငံဟာ စိတ်သဘောထား တခုတည်း ဖြစ်ပါတယ်လို့ ၀န်ကြီးချုပ် အန်ဂျလာ မာကဲလ်က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ဂျာမဏီအကြား တခါတရံ သဘောထား မတိုက်ဆိုင်တာတွေ ရှိတယ် ဆိုတာကိုတော့ သူမက ထောက်ခံ ပြောဆိုပါတယ်။

အမေရိကန်နဲ့ ဂျာမန်ခေါင်းဆောင် ၂ ယောက်တို့ ဆွေးနွေးခဲ့ကြတဲ့ တခြား အကြောင်းအရာတွေ ကတော့ စီးပွားရေး ဆိုင်ရာ မူဝါဒတွေ၊ အာဖဂန်နစ္စတန် နိုင်ငံနဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိစ္စတွေ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ဆိုမာလီ ပင်လယ်ဓားပြ ပြန်ပေးဆွဲခံ မြန်မာသင်္ဘောသားများ ပြန်ရွေးနိုင်ရေး အခက်ကြုံ

ဦးကျော်ထင်
အင်္ဂါ, 07 ဇွန် 2011

ဆိုမာလီ ပင်လယ်ဓားပြတွေ ၆ လနီးပါး ပြန်ပေးဆွဲထားတဲ့ မြန်မာသင်္ဘောသား ၂၃ ယောက် လွတ်မြောက်ရေး အတွက် နိုင်ငံတကာ NGO တွေ အကူ အညီရမှ ဖြစ်မယ်လို့ သူတို့ လွတ်မြောက်ရေး အတွက် ကူညီနေတဲ့ မြန်မာ ပြည်တွင်းက ဌာနေ ကိုယ်စားလှယ် တယောက်က ပြောပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြန်ပေးဆွဲခံထားရတဲ့ မြန်မာသင်္ဘောသား ၂၃ ယောက် လွတ်မြောက်ဖို့ နိုင်ငံတကာ NGO တွေ အကူအညီ ရမှ ဖြစ်မယ်လို့ သူတို့ လွတ်မြောက်ရေး အတွက် ကူညီနေတဲ့ Leader Marine ကုမ္ပဏီ တာဝန်ရှိသူ ဦးဌေးအောင်ကို ကိုးကားပြီး ဒီအပတ်ထုတ် Flower news ဂျာနယ်မှာ ဖော်ပြထားပါတယ်။

လိုက်ဘေးရီးယား မှတ်ပုံတင် MV. MSC Panama ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တန်ဇန်နီးယားနဲ့ မိုဇမ်ဘစ် ရေပိုင်နက် အကြား ပြန်ပေးဆွဲ ခံခဲ့ရတာ ဖြစ်ပါတယ်။ သင်္ဘောရဲ့ စီမံခန့်ခွဲမှုကို စင်ကာပူ အခြေစိုက် St. Johns Ship Management က တာဝန်ယူပြီး ပိုင်ရှင်က အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ အခြေစိုက် Ship Management Services ကုမ္ပဏီ ဖြစ်ပါတယ်။ ပိုင်ရှင်က ဒီသင်္ဘောကို ဒေ၀ါလီ ခံလိုက်ပြီလို့ သတင်း ထွက်ပေါ်နေတာကြောင့် ဖမ်းဆီးခံ သင်္ဘောသားတွေရဲ့ မိသားစုက စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ ဒါပေမဲ့ လက်ရှိ အထိတော့ ရန်ကုန် အခြေစိုက် St. Johns Ship Management က တာဝန်ရှိသူ တယောက်က သင်္ဘောသား လစာတွေကို အခုချိန်ထိ ပုံမှန် ထုတ်ပေးဆဲလို့ ဗွီအိုအေကို ပြောပါတယ်။

သင်္ဘောသားတွေကို သင်္ဘောပိုင်ရှင်နဲ့ ကုမ္ပဏီက ဂရုမစိုက်တာကြောင့် စိုးရိမ်ရတယ်လို့ ပြည်ပ အခြေစိုက် မြန်မာ့ ပင်လယ်ပျော်များ သမဂ္ဂ တာဝန်ရှိသူ ဦးအောင်သူရက ပြောပါတယ်။

“သူတို့တွေ အနေအထားကတော့ ရှင်းရှင်းပြောရရင် အခရာ အကျဆုံးဖြစ်တဲ့ ကုမ္ပဏီပိုင်ရှင် ကတောင်မှ လွှဲပြီး ထွက်ပြေးတယ် ဆိုရင် အင်မတန်မှ စိုးရိမ်ရတဲ့ အနေအထား ဖြစ်တာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ပင်လယ်ဓားပြတွေ လက်ထဲမှာ ဆိုတာက နေ့စဉ်နဲ့အမျှ လွယ်တာမှ မဟုတ်တာ။ အခု ရှင်းရှင်းပြောရင် ကုမ္ပဏီက ပိုက်ဆံ ထပ်ပြီး မတတ်နိုင်တဲ့ အတွက် ဒါ ကိုယ်လွတ်ရုန်းတဲ့ သဘော ဖြစ်နေတယ်။ အဲဒီတော့ သူတို့ခန့်ထားတဲ့ သင်္ဘောသားတွေကိုလည်း ပစ်ပယ်လိုက်တဲ့ သဘောမျိုး ဖြစ်နေတာပေါ့။ ဓားပြတွေ လက်ထဲမှာ ဖြစ်ချင်ရာဖြစ် ဆိုတဲ့ဟာ ဖြစ်သွားတယ်။ သူတို့ သင်္ဘောကြီး ကိုတောင်မှ ဂရုမစိုက်ဘဲ။”

မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂကလည်း လန်ဒန် အခြေစိုက် နိုင်ငံတကာ သယ်ယူ ပို့ဆောင်ရေး လုပ်သားများ ဖက်ဒရေးရှင်း ITF နဲ့ ဆက်စပ်ပြီး သင်္ဘောသားတွေ လွတ်မြောက်ဖို့ ကြိုးပမ်း နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံထားရတာ ကြာပြီဖြစ်လို့ ရေနဲ့ အစားအသောက်လည်း ပြတ်လပ်နေမယ်လို့ ကူညီနေသူတွေက ခန့်မှန်း ကြပါတယ်။ လက်ရှိ အချိန်ထိ ဒီနှစ် ဧပြီ လကုန်ပိုင်းက ပြန်ပေးဆွဲ ခံရတဲ့ MV Gemini သင်္ဘောက မြန်မာသင်္ဘောသား ၃ ယောက် အပါအ၀င် ၂၆ ယောက်ဟာ ဆိုမာလီ ပင်လယ်ဓားပြတွေ လက်ထဲမှာ ရှိနေဆဲပါ။

ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ပြန်ပေးဆွဲခံရတဲ့ နော်ဝေနိုင်ငံသားပိုင် UTB Ocean သင်္ဘောက မြန်မာ ၂၁ ယောက်ဟာ ပြန်ပေးငွေ ဒေါ်လာ ၃.၅ သန်းပေးပြီး ၄ လနီးပါး အကြာမှာ ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။

Ref: VOA News

Read More...

စစ်ဘက် အရာရှိနှင့် အချင်းများမှု လူငယ်တဦး ဒဏ်ရာရ

ဖနိဒါ
အင်္ဂါနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္စျိမ) ။ ။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စားသောက်ဆိုင် တဆိုင်၌ စစ်ဘက် အရာရှိတဦး ပါဝင် ပတ်သက်သော အချင်းများမှု တခုတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တဦး ဒဏ်ရာ ရသွားသည်။

တာမွေမြို့နယ်နေ အသက် ၂၈ နှစ်အရွယ်ရှိ အန်အယ်ဒီ ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ကိုစိုးမြတ်သူနှင့် သူ၏ သူငယ်ချင်း နှစ်ဦးသည် ဇွန်လ ၄ ရက် ည ၈ နာရီခန့်၌ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ အေးရှားလိုက် စားသောက်ဆိုင်၌ စားသောက်စဉ် အခြားဝိုင်း တဝိုင်းတွင် ဗိုလ်ကြီးအဆင့် ရှိသူ တဦးနှင့် အငြိမ်းစား ဗိုလ်ကြီးတဦး၊ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတဦးတို့ စားသောက်နေခဲ့သည်။

“ ဗိုလ်ကြီးတယောက် ထပြီးတော့ တဆိုင်လုံးကို စိန်ခေါ်တယ်လို့ ပြောတယ်။ အဲဒီမှာ ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့ ကျနော်တို့ လူငယ်က အပြင်ကို ထွက်ဖို့ ကြိုးစားတဲ့ အချိန်မှာ သူ့ကို လူမှားထိုးတာပဲ” ဟု အခြားသော အန်အယ်ဒီ ဗဟို ပြန်ကြားရေး အဖွဲ့ဝင် တဦးဖြစ်သူ ဦးကြည်တိုးက မဇ္ဈိမကို ပြောသည်။

ဓားထိုးသူဟု စွပ်စွဲခံရသူ ကိုဝင်းကိုလှိုင် ဆိုသူမှာ မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အဖမ်း ခံနေရသဖြင့် အသေးစိတ် သိရှိရန် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန်သည်။

ကိုစိုးမြတ်သူ ကိုယ်တိုင် ရဲစခန်းသို့ သွားရောက်ကာ အမှုဖွင့် တိုင်ကြားခဲ့ပြီးမှ ရန်ကုန် ဆေးရုံကြီးသို့ ကုသမှု ခံယူခဲ့သည်။ ကိုဝင်းကိုလှိုင်မှာ တောင်ဥက္ကလာ အခြေစိုက် ခမရ ၄၃၅ မှ ဗိုလ်ကြီးနေတိုးရွှေနှင့် ဗိုလ်ကြီးဟောင်း ညီညီမင်းတို့ အတူ စားသောက် နေခဲ့ခြင်း ဖြစ်သည်ဟု ဦးကြည်တိုးက ပြောသည်။

“အဆုတ်ကို ချွန်ထက်တဲ့အရာနဲ့ အထိုးခံလိုက်ရတာ။ Internal bleeding လို့ ခေါ်တဲ့ အတွင်းသွေး ယိုစီးမှု ဖြစ်နေတယ်။ ဆရာဝန် တွေတော့ အနီးကပ် စောင့်ကြပ်မှု အောက်မှာ ရှိနေသေးတယ်” ဟု ဦးကြည်တိုးက မဇ္ဈိမကို ပြောသည်။

ကိုဝင်းကိုလှိုင်ကလည်း ရဲစခန်းတွင် ကိုစိုးမြတ်သူအပေါ် အမှု ပြန်လည် ဖွင့်ထားသည်။

Ref: မဇ္ဈိမ

Read More...

၅ နှစ်အကြာ ဆင်းရဲမှု ၆ ရာခိုင်နှုန်း ကျဆင်းဟုဆို

အင်္ဂါနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၌ ၅ နှစ်အကြာ ဆင်းရဲနွမ်းပါးမှု ၆ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးတင်နိုင်သိန်းက အိမ်ထောင်စု စားဝတ်နေရေး အခြေအနေ ဘက်စုံလေ့လာမှု စစ်တမ်းတရပ်ကို ကိုးကား၍ ပြောဆိုလိုက်သည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ရေးသားသည်။

နေပြည်တော်၌ တနင်္လာနေ့တွင် ပြုလုပ်ခဲ့သော အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ဦးတင်နိုင်သိန်းက ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP ၊ ကုလသမဂ္ဂ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေအဖွဲ့ UNICEF နှင့် ဆွီဒင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှု SIDA တို့၏ ပူးပေါင်းစစ်တမ်းကို ညွှန်းဆိုသွားခြင်း ဖြစ်သည်။

စစ်တမ်းကို ၂ဝဝ၄-၂ဝဝ၅ ခုနှစ်တွင် တကြိမ်၊ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် တကြိမ် မြို့နယ် ၁၁၆ မြို့နယ်မှ အိမ်ထောင်စုပေါင်း ၁၈၆၆ဝ ထံမှ ကောက်ယူခဲ့သည်ဟု ဆိုသည်။

“ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု သိသာစွာ လျော့ကျလာသည်ကို ” ဟု မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးလည်း ဖြစ်သော ဦးတင်နိုင်သိန်းက ပြောကြားသွားကြောင်း သတင်းစာက ကိုးကားရေးသားထားသည်။

“ ဆင်းရဲမွဲတေမှု အခြေအနေမှာ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်၌ တနိုင်ငံလုံး အတိုင်းအတာအရ ၃၂ ရာခိုင်နှုန်းရှိရာမှ ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်တွင် ၂၆ ရာခိုင်နှုန်းသို့ လျော့နည်းကျဆင်းလာကြောင်း သိရသည်” ဟုလည်း အစိုးရအာဘော် သတင်းစာက ရေးသည်။

စစ်တမ်း ကောက်ယူမှုနှင့် ပတ်သက်၍ အသေးစိတ် ထည့်သွင်းဖော်ပြခြင်း မရှိပေ။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်သူငြိမ်းက “မြန်မာပြည်မှာရှိတဲ့ ကိန်းဂဏန်းတွေက အားကိုးရ ခက်တယ်။ UNDP ကလည်း ကွက်ကျား ရွေးပြီး (နာမူနာ စံကွက်စနစ်) လုပ်ထားတယ် ဆိုတာမျိုး။ ကျနော်တို့ဆီမှာ တကယ်ကို ဆင်းရဲမူ ပပျောက်ချင်တယ် ဆိုရင် တကယ်ကို ကိန်းဂဏန်းတွေ လေ့လာဖော်ထုတ်ဖို့ လိုတယ်။ အခုလို ၆ ရာခိုင်နှုန်း ကျသွားတယ် ဆိုပြီး၊ ကျနော်တို့က အောင်မြင်နေပြီဆိုပြီး ကျေနပ်နေလို့ မကောင်းဘူးပေါ့ဗျာ။ နောက်တခု ကတော့ ကိုယ့်တိုင်းပြည် အခြေအနေ ကိုယ်လည်း သိတာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံ လူဦးရေစာရင်းနှင့် တကွ စာရင်းကိန်းဂဏန်း အရေအတွက် ညွှန်းဆိုရာတွင် သန်းခေါင်စာရင်း ထားရှိရန်မှာ အရေး တကြီး လိုအပ်ကြောင်း ကိုလည်း သူက ပြောသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ကျရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အသားတင် ကျောင်းနေမူနှုန်း၊ ကိုယ်ဝန်ဆောင် မိခင် သေဆုံးမူများ လျော့နည်းကျဆင်းရေး၊ အစားအစာ နွမ်းပါးမူ အခြေအနေ၊ အသက် ၅ နှစ်အောက် ကလေးသူငယ်များ ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနိုင်မူ အခြေအနေ၊ ကျွမ်းကျင်သော ကျမ်းမာရေး ဝန်ထမ်းများဖြင့် ကလေးမွေးဖွားမူ အချိုးအစား၊ သန့်ရှင်းသည့် သောက်သုံးရေ ရရှိနိုင်မူ အခြေအနေများ ပိုမိုကောင်းမွန်လာရေး အစ ရှိသည်တို့ကို ဆွေးနွေး ကြသည်ဟု မြန်မာ့ အလင်းက ရေးသားထားသည်။

ဆင်းရဲနွမ်းပါးမူ အခြေအနေ လေ့လာတင်ပြချက်၊ ဖွံ့ဖြိုးမူပန်းတိုင်ဆိုင်ရာ သတင်းအချက်အလက်များ အစီရင် ခံစာနှင့် ဆင်းရဲ နွမ်းပါးမူ ရွေ့လျား ပြောင်းလဲခြင်း ဆိုင်ရာ အစီရင်ခံစာတိုကို ကနေဒါနိုင်ငံမှ Trent တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Paul Shaffer နှင့် စစ်တမ်းဆိုင်ရာ အရေအတွက်၊ အရည်အသွေးနှင့် နည်းပညာ အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို UNDP မှ မစ္စတာ Sten BackLund တို့က ဆွေးနွေးကြကြောင်း ပါရှိသည်။

Ref: မဇ္ဈိမ

Read More...

ကျောင်းဖယ်ရီခများ ၂ ဆခန့်မြင့်တက်

နရီလင်းလက်
Tuesday, 07 June 2011

မြင့်တက်နေသည့် စက်သုံးဆီ ဈေးနှုန်းကြောင့် ရန်ကုန်မြိုရှိ့ ကျောင်းကားခများ ယခင်နှစ် ကထက် ၂ ဆခန့် ဈေးတက် သွားပြီး ကျောင်းကား စီးသူ ဦးရေ လျော့နည်းသွား သဖြင့် ကားပိုင်ရှင်များ အခက်အခဲ တွေ့နေသည်ဟု သိရသည်။

ယခင်နှစ်က ဆီမှောင်ခိုဈေးကွက်တွင် ဓာတ်ဆီ ၁ ဂါလန် ကျပ် ၂၀၀၀ နှင့် ၃၀၀၀ ကြားတွင် ရှိခဲ့သော်လည်း ယခုနှစ် ဓာတ်ဆီ တဂါလန်မှာ ကျပ် ၄၅၀၀ မှ ၅၀၀၀ အထိ မြင့်တက် သွားခဲ့သည်။

ဓာတ်ဆီဈေးမှာ ယခင်နှစ်ကထက် ၂ ဆခန့် ဈေးကွာသွားသောကြောင့် ကားခမှာလည်း ကျောင်းနှင့်အိမ် အနီးအဝေး ပေါ်တွင် မူတည်ကာ ကျပ် ၅၀၀၀ မှ ၁ သောင်း ခွဲခန့်အထိ ဈေးတက် သွားသည်ဟု ရန်ကုန် ဗိုလ်တထောင် အထက ၅ တွင် ကျောင်းကား ပြေးဆွဲသူ ကားပိုင်ရှင် ဦးဆန်းညွန့်က ဧရာဝတီကို ပြောသည်။

“၀ယ်ထည့်ရတဲ့ ဓာတ်ဆီဈေးနဲ့ကိုက်အောင် ကားခဈေးပါ အကုန်လိုက်တက်ရတဲ့ အခြေအနေ ဖြစ်ကုန်တာ။ ကားခ ဈေးလိုက် တက်လို့ ကားသမားက ပိုက်ဆံ ပိုရတာတော့ မဟုတ်ဘူး” ဟု သူက ဆိုသည်။

ယခင်နှစ်က ရန်ကုန်မြို့ထဲမှ ဒဂုံမြို့သစ်သို့ ကျောင်းကားခ ကျပ် ၁ သောင်းခွဲ ရှိပြီး ယခုနှစ်တွင် ကျပ် ၂ သောင်းခွဲ အထိ ဈေးမြင့်တက် သွားသည်ဟု ဗိုလ်တထောင် အထက ၄ မှ ကျောင်းသား မိဘတဦးက ပြောသည်။

“အိမ်နဲ့ကျောင်း နီးရင်တော့ ကိစ္စမရှိဘူး။ ဝေးတော့ ကလေးတယောက်တည်း လိုင်းကား စီးခိုင်းဖို့လည်း စိတ်မချ ရဘူးလေ။ လိုင်းကား တွေကလည်း စည်းကမ်းတကျ မောင်းတာ မဟုတ်တော့ မတတ်နိုင်လည်း ချေးငှားပြီး ရှာကြံ ပေးရတာပဲ။ အိမ်မှာလည်း ကလေး အငယ်လေး ရှိသေးတော့ ကိုယ်တိုင် သွားကြိုပို့ လုပ်ဖို့က အဆင်မပြေဘူး” ဟု သူက ရှင်းပြသည်။

သန်လျင်မြို့နေ ကျောင်းသားမိဘ တဦးကလည်း ရန်ကုန်မြို့ထဲ ကျောင်းသို့ ပို့မည့် ကလေးတဦး အတွက် ဖယ်ရီခမှာ ယခင် နှစ်ကထက် ကျပ် ၁ သောင်း မြင့်တက်သွားသည်ဟု ပြောသည်။

ကျောင်းသားမိဘများက ကျောင်းကားဈေး မြင့်တက်သွားသဖြင့် ညည်းညူနေကြသကဲ့သို့ ကျောင်းကား မောင်းနှင် သူများနှင့် ယာဉ်ပိုင်ရှင် များကလည်း ကားစီးမည့် ကျောင်းသား ဦးရေ မပြည့်သဖြင့် အခက် တွေ့နေကြသည်။

တာမွေ အထက ၃ ကျောင်းကားမောင်းနှင်သူ တဦးက “ကားက လူတော့ မပြည့်သေးဘူး။ အရင်တုန်းက နီးတာတောင် ကျောင်းဖယ်ရီကား စီးပြန်တဲ့ ကလေးတွေရှိတယ်။ သူတို့က ဒီနှစ် လမ်းလျှောက် ပြန်ကြတယ်။ ကားပိုင်ရှင်တွေ ကလည်း ဆီဈေးကတက်၊ ကျောင်းသားက မရဆိုတော့ ကားအနာခံပြီး ဆွဲနေရသလို ဖြစ်နေတယ်” ဟု ပြောသည်။

သူက ဆက်လက်၍ ယခင်ကထက် ကားခ ဈေးတက်သွားသောကြောင့် လိုင်းကားစီးလျှင်ဖြစ်သည့် အနေအထား ရှိသူတို့မှာ ဖယ်ရီ မစီးကြတော့ဟု ဆိုသည်။

“အရင် ၁ သောင်းလောက် ပေးနေရတဲ့ လမ်းကို ၁ သောင်းခွဲလောက် ဖြစ်သွားတော့ မစီးလည်းရတဲ့ ခရီးမျိုး၊ ဥပမာ - လသာ လောက်ကနေ တာမွေကို မစီးတော့ဘူး။ တချို့ကျတော့ ကျောင်းဖွင့်ခါစ မစီးသေးဘဲ တလ၊ နှစ်လလောက် စောင့်ကြည့်ပြီးမှ စစီးတာ မျိုးတွေလည်း ရှိတယ် ” ဟု အဆိုပါ ယာဉ်မောင်းက ပြောသည်။

စက်သုံးဆီဈေး မြင့်တက်သောကြောင့် ယခုနှစ်တွင် ကျောင်းကားပြေးဆွဲသည့် ယာဉ်ပိုင်ရှင် များလည်း လျော့နည်း သွားသည်ဟု ဦးဆန်းညွန့်က ဆိုသည်။

“ဓာတ်ဆီဈေး ဆိုတာကလည်း တလတခါ မဟုတ်ဘူး။ တနေ့ တခါလောက် ဈေးအမျိုးမျိုး ဖြစ်နေတာ။ ကျနေရင် ကိစ္စ မရှိဘူး။

ကိုယ်က ဆီဈေး ၄၅၀၀ ကျပ်လောက် ဖြစ်နေလို့ လမ်းတခုကို ၁ သောင်းခွဲ ယူထားတယ်၊ နောက်လ ဆီဈေးတက်လို့ ၂ သောင်း တက်တယ်၊ ၃ သောင်းတက်တယ် လုပ်လို့မရဘူး” ဟု ၎င်းက ရှင်းပြသည်။

ကားခဈေးနှုန်းကို ပြင်ဆင်၍ မကြာခဏ ဈေးတက်ပါက ကျောင်းသား လျော့သွားနိုင်ကြောင်း၊ ထိုအခါ တွက်ခြေ မကိုက်တော့သဖြင့် ကားမထွက်ကြတော့ကြောင်း ဦးဆန်းညွန့်က ပြောသည်။

“ခဏခဏ ဈေးပြောင်းနေရတော့ အာရုံနောက်တယ် ဆိုပြီး မထွက်တော့တာမျိုး တွေလည်း ရှိတယ်” ဟု သူက ဆိုသည်။

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီ တဂါလန် အစိုးရ သတ်မှတ်ဈေး ၂၅၀၀ ကျပ် ဖြစ်သော်လည်း ယနေ့ ပြင်ပ မှောင်ခိုဈေးကွက်တွင် ဓာတ်ဆီ တဂါလန် ကျပ် ၄၅၀၀ ခန့် ရှိနေသည်။

“ဓာတ်ဆီကလည်း တန်းစီပြီး တိုးဝယ်ရတယ်၊ လိုချင်သလောက် ထုတ်လို့မရဘူး။ မှောင်ခို အားကိုးတော့လည်း ဈေးမတန် တဆရောင်းတယ်။ အားလုံးက သူ့ဟာနဲ့သူ ဆက်နေတာ။ ကုန်ဈေးနှုန်းပဲ ဖြစ်ဖြစ်၊ ဓာတ်ဆီဈေး ကျဖို့ပဲ ဖြစ်ဖြစ် အာဏာပိုင်တွေ ထိန်းချုပ်ရမယ့် ကိစ္စ” ဟု ကျောင်းကားမောင်းသူ တဦးက ပြောသည်။

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ အားလုံးတွင် ကားတစီးလျှင် တနေ့ ဓာတ်ဆီ ၂ ဂါလန်သာ ရောင်းချပေးသော စနစ်ကို ဧပြီလမှ စတင်၍ တရားဝင် ကျင့်သုံးခဲ့သည်။

ယင်းကဲ့သို့ ကန့်သတ် အရေအတွက်ဖြင့် ထုတ်ပေးသောကြောင့် လောက်ငမှု မရှိခြင်း၊ လိုအပ်သလောက် အလွယ်တကူ ၀ယ်ယူ မရခြင်းတို့ ဖြစ်ပေါ်နေရာ စက်သုံးဆီ မှောင်ခိုဈေးကွက်တွင် ဈေးနှုန်းများ ဆက်လက် မြင့်တက်လျှက်ရှိသည်။

အစိုးရ စက်သုံးဆီ အရောင်းဆိုင် ၂၄၀ ကို ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အပါအ၀င် အစိုးရနှင့် နီးစပ်မှုရှိသော ပုဂ္ဂလိကကုမ္ပဏီပေါင်း ၂၀ က စွမ်းအင်ဝန်ကြီးဌာနထံမှ ၂၀၁၀ ပြည့်နှစ် ဇွန်လ ၁၀ ရက်နေ့တွင် တရားဝင် လွှဲပြောင်း ရယူ လုပ်ကိုင်ခဲ့သည်။

ယင်းသို့ လွှဲပြောင်းရယူ ပြီးနောက်တွင် မှောင်ခိုဈေးကွက်အတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကာ မှောင်ခို ဈေးကွက် ပိုမိုကြီးထွားလာခဲ့သည်။

Ref: ဧရာဝတီ်

Read More...

Tuesday, June 7, 2011

ဦးတေဇပြောတဲ့ ပိတ်ဆို့ ဒဏ်ခတ်မှု၊ စီးပွားရေး လုပ်ငန်းနှင့် မြန်မာနိုင်ငံ

ရိုင်မွန်ဒို ဘူထရီနီ (Raimondo Bultrini) |
အင်္ဂါနေ့၊ ဇွန်လ ၀၇ ရက် ၂၀၁၁


(ဦးတေဇနှင့် တွေ့ဆုံမေးမြန်းမှု)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်နှင့် ကိုက် ရာအနည်းငယ် အတွင်း ရှိနေသည့် ဦးတေဇ၏ ကြီးကျယ် ခမ်းနားသည့် ဇိမ်ခံစံရိပ်ငြိမ်အတွင်းသို့ သတင်းထောက်များ ကျော်လွန် ဝင်ရောက်ခွင့် ပြုခဲ့သည်မှာ မရှိခဲ့ဘူးချေ။ ကျနော်က ကံကောင်း ထောက်မ၍ မကြာသေးမီက ဤအခွင့်အရေးကို ရရှိခဲ့သည်။ ဤခြံဝင်း ပိုင်ရှင်က စစ်အစိုးရကို လိုလားသူဟု နာမည်ကျော်စော နေသည်နှင့် အညီ၊ ဝိသမ စီးပွားရေး လုပ်ငန်းများဖြင့် စီးပွားဖြစ်နေသူဟု စွပ်စွဲမှုများ ရှိထားသည်နှင့် အညီ ကျနော် သတိကြီးကြီး ထား၍ ချဉ်းကပ်ခဲ့သည်။

သူစီးပွား တက်လာချိန်မှစ၍ ယခုသန်းကြွယ်သူဌေး ဖြစ်လာချိန်အထိ နိုင်ငံ၏ အာဏာပိုင် စစ်ခေါင်းဆောင် များနှင့် နီးစပ် အဆက်အသွယ် ကောင်းမှုကြောင့် အကျိုး ဖြစ်လာရသူ ဖြစ်သလို၊ မြန်မာ စစ်ဗိုလ်ချုပ်များ ကဲ့သို့ သူက သိုသို သိပ်သိပ် နေထိုင် နေရသူလည်း ဖြစ်သည်။ အာရှတိုက်အတွင်း၊ သို့မဟုတ် ကမ္ဘာ တခုလုံးတွင်လည်း ဖြစ်ချင်ဖြစ်မည်၊ အလွန်အမင်း ထိန်းချုပ် ထားသည့် စီးပွားရေး စနစ် ကျင့်သုံးနေသော နိုင်ငံတခုတွင် သူက အကြီးဆုံး စီးပွားရေး ကွန်ရက်ကို ပိုင်ဆိုင်ထားသူ တဦးလည်း ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားသည့်အနက် ပစ်ဒဏ် ခတ်ထားသည့် လူပုဂ္ဂိုလ် ၃,ဝဝဝ စရင်းတွင် သူ့နာမည်လည်း အပါအဝင် ဖြစ်သည်။ မကြာသေးမီက အရပ်သား အစိုးရသစ် အသွင် ပြောင်းလဲခဲ့ပြီ ဆိုသည့်အခါ၊ သူကလည်း အမှောင် အရိပ်ကြားမှ ရှေ့တလှမ်းတိုး ခေါင်းပြူ ထွက်လာခဲ့သည်။

ဦးတေဇက ယခုအခါ အသက် ၄၇ နှစ် ရှိပြီ ဖြစ်ပြီး၊ ကလေး ၃ ဦး၏ ဖခင်လည်း ဖြစ်သည်။ သူ့သားတဦးက ရော့ခ် ဝါသနာပါသူ တဦးဖြစ်ပြီး၊ အသက် ၁၄ နှစ်အရွယ် သမီးမှာ မကြာသေးမီက အီတလီနိုင်ငံ၊ မီလန်မြို့ ဆေးရုံတခုတွင် အကြောသေ ရောဂါ (ပိုလီယို) အတွက် ကုသမှု ခံယူခဲ့ရသေးသည်။ ဤသတင်းက လူသိရှင်ကြား ပေါက်ကြား လာခဲ့ပြီးနောက်၊ အီတလီနိုင်ငံတွင် အချို့သော အဖွဲ့အစည်း များက ယခုကဲ့သို့ တားမြစ်ထားသူ တဦး၏ မိသားစုအပေါ် ဆေးကုသခွင့် ဗီဇာ ထုတ်ပေးခဲ့မှုကို ကန့်ကွက် နေကြပြန်သည်။ သေချာသည် ကတော့ လူသားချင်းစာနာမှု အခြေခံပေါ်တွင် နေထိုင်ခွင့် လက်မှတ် ထုတ်ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ယခုလို ဦးတေဇနှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံနိုင်ခြင်းက သတင်းဦးဟု ဆိုနိုင်သည်။ သို့သော်လည်း ဤသတင်းမျိုး အပေါ် သတင်းထောက်တဦး အနေဖြင့် အနည်းငယ် ရှက်ရွံ့ စိတ်မသက်မသာ ဖြစ်မိသော်လည်း ကျနော်က သူပြောလိုသည် များကို နားထောင်ရန် အသင့်ပြင်ထား ခဲ့ပါသည်။ အီတလီ နိုင်ငံထုတ် La Repubblica သတင်းစာတွင် ယခု တွေ့ဆုံ မေးမြန်းခန်းကို မကြာသေးမီက ဖော်ပြခဲ့သော်လည်း ယခု ဖော်ပြထားသည်က တွေ့ဆုံ မေးမြန်းခန်း၏ အကျယ်ဖြစ်သည်။ ဤသတင်းကြောင့်လည်း အီတလီနိုင်ငံတွင် မကျေနပ် ဆန္ဒပြမှုအချို့ ရှိခဲ့သေးသည်။

အိမ်အတွင်း ဝင်သွားပြီးနောက် ကျနော့်ကို ဦးတေဇက ကြိုဆို၍ ဥရောပ အလယ်ခေတ် ချပ်ဝပ် တန်ဆာများဖြင့် ချယ်သထားပြီး၊ လိပ်သဲကျောက်ပြားများ ခင်းထားသည့် အခန်းများကို ဖြတ်၍ ခေါ်ဆောင်သွားသည်။ ထူးထူးခြားခြား ကျောက်လုံး တိုင်ကြီးများ အကြားတွင် ဆာမူရိုင်းဝတ်စုံ အရုပ်တခုကိုလည်း မြင်ခဲ့ရ သေးသည်။ ကျနော်တို့က မြွေအရေခွံ ခင်းထားည့် ဆိုဖာတွင် ထိုင်ကြသည်။ အကျယ်အပြန့် ဇိမ်ခံခန်းမကြီးတွင် ယခု ကုလားထိုင်များက သက်တောင့်သက်သာ ပက်လက် ကုလားထိုင်များ သဖွယ် ချခင်းထားခြင်း ဖြစ်သည်။ ကုလားထိုင် လက်တန်းများကို ရွှေရောင် ပွတ်လုံးကြီးများဖြင့် ချယ်သထားပြီး၊ အီတလီမှ ဝယ်ယူ လာသည်ဟုလည်း သိရသည်။

အံ့သြစရာကောင်းလောက်အောင် လန်းဆန်း တက်ကြွနေသည့် သူ့ကိုမြင်ရသည်။ အနက်ရောင် ဘောင်းဘီနှင့် နေကာ မျက်မှန်ကို တပ်ထားသည့် ဦးတေဇက သူ့အနေဖြင့် ယခင် စစ်ခေါင်းဆောင်များ အပါအဝင် ယခု ရွေးချယ်ခံ အရပ်သား အစိုးရနှင့်ပါ “ ဆက်ဆံရေး အထူးကောင်းမွန်” သည်ဟု ချက်ချင်း ဝန်ခံပြောဆိုသည်။

“ ဒါပေမယ့် ကျနော်က ကိုယ့်ဆုံးဖြတ်ချက်နဲ့ပဲ ကိုယ်လုပ်ပါတယ်” ဟု သူက တွေ့ဆုံမေးမြန်းခန်း မစတင်မီ ဆိုသည်။ “ ကျနော်က နိုင်ငံရေးနဲ့ လုံးဝ မပတ်သက်ပါဘူး ကျနော်က မိသားစု စဉ်လာရိုးရာ အရ စီးပွားရေးပဲ လုပ်ပါတယ်။ ကျနော်အခု ခင်ဗျားကို လက်ခံ စကားပြောတယ် ဆိုတာကလည်း ပထမဦးဆုံး အကြိမ် နိုင်ငံခြားသား သတင်းထောက် တဦးနဲ့ ပြောဆိုတာပါပဲ။ တခါတည်း သိသွား စေချင်တာက ကျနော်ဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံး လူတဦး ဖြစ်တယ်ဆိုတာ သိသွား စေချင်တာလည်း ပါတယ်။ တရုတ် အများစုက (မြန်မာပြည်မှာ) နိုင်ငံသားယူပြီး သူတို့က အချမ်းသာဆုံးလို့ ကြွားနေကြတယ်။ ဒါပေမယ့် သူတို့က မြန်မာလူမျိုး မဟုတ်ပါဘူး” ဟု ပြောသည်။

သည်လိုနှင့် တွေ့ဆုံမေးမြန်းမှု စဖြစ်သည်။

နိုင်ငံရပ်ခြားနဲ့ စီးပွားဆက်ဆံကုန်သွယ်ဖို့ လုံးဝတားမြစ်ထားတဲ့ စီးပွားရေး လုပ်ငန်းရှင်နဲ့ စစ်သား ၃,ဝဝဝ ကျော် စာရင်းမှာ ထိပ်ဆုံးက ရှိနေပါတယ်။ ဒီလိုနဲ့များ တနှစ်ကို ဒေါ်လာသန်း ၅ဝဝ ကျော်လောက် ဝင်ငွေရအောင်၊ ကုမ္ပဏီ တဒါဇင်လောက် ပိုင်ဆိုင်အောင်၊ ရဟတ်ယာဉ်တွေ ကနေ ပတ္တမြားအထိ လုပ်ငန်းပေါင်းစုံကို ဘယ်လိုများ စီမံခန့်ခွဲပါသလဲ။

“ ကျနော့် အခုပိုင်ဆိုင်မှုတွေက အနောက်တိုင်း ဒဏ်ခတ်မှုတွေကြောင့် ကျနော့်မှာ ဘာပြဿနာမှ မဖြစ်ဘူး ဆိုတာ ပြနေတာပဲ။ တကယ်တော့ ကျနော်က အနေသာချည်းပဲ။ အခု နာမည်ပျက် စာရင်းမှာပါတဲ့ စစ်ဗိုလ်ချုပ်တွေတောင်၊ ဘယ်သူမှ ဘာမှ မဖြစ်ကြပါဘူး။ ဒါပေမယ့် ကျနော့်နိုင်ငံ စီးပွားရေးက တရုတ်နဲ့ ကုန်သွယ်ရေး တခုတည်းကိုပဲ မှီနေရတာတော့ မဖြစ်စေချင်ဘူး။ သူတို့မှာ ပိုက်ဆံရှိတယ်။ ဘာဖြစ်ဖြစ် လိုချင်တာ လုပ်နိုင်ကြတယ်။ ကျနော့်မိုင်းက ကျောက်စိမ်းတွေ၊ အဖိုးတန် ကျောက်တွေက အစပေါ့။ တရုတ်က ဒီမှာ အကြီးအကျယ် မျက်စေ့ကျနေတာ လူတိုင်း သိပါတယ်။ တရုတ်က သူတို့ ထွက်ကုန်ပစ္စည်းတွေကို မလက္ကာ ရေလက်ကြားကို မဖြတ်ဘဲ အရှေ့အလယ်ပိုင်း၊ အာဖရိကကို ပို့ဖို့ လုံခြုံတဲ့ ကုန်သွယ်လမ်းကြောင်း လိုချင်နေတယ်။ မလက္ကာ ရေလက်ကြားက အမေရိကန် ချုပ်ကိုင်ထားတာ။ ဒါကြောင့် သူတို့က (မြန်မာနိုင်ငံ) အနောက်ဖက် ကမ်းခြေမှာ ဆိပ်ကမ်း အကြီးအကျယ် ဆောက်နေကြတာ၊ မြန်မာနိုင်ငံကို ဖြတ်ပြီး ရထားလမ်းကိုလည်း နယ်စပ်ကတဆင့် ကူမင်းအထိ ဖောက်ဦးမှာ။ ကျနော်တို့ ဓာတ်ငွေ့တွေလည်း အဲဒီကို မိုင်ရာချီတဲ့ ပိုက်လိုင်းတွေက တဆင့် သွားကြမှာပဲ”

ဗိုလ်ချုပ်တွေကရော တရုတ်တွေ ချယ်လှယ် လွှမ်းမိုးလာမှာကို မစိုးရိမ်ကြဘူးလား။

“ ဒါကတော့ သေချာပါတယ်။ ဒါပေမယ့် ပြည်ပကသူတွေ မသိတာက အခုလို ပိတ်ဆို့ ဒဏ်ခတ်မှု တွေကြောင့် မြန်မာပြည်ကို နောက်ဆုံး တရုတ် လက်ထဲ တွန်းပို့သလို ဖြစ်နေတာ မသိကြဘူး။ ပြီးခဲ့တဲ့ ရက်တွေကပဲ တရုတ်ကဒေါ်လာ ၃ဝ ဘီလီယံ ချေးဖို့ ကမ်းလှမ်း လာတယ်။ အစိုးရက အခု လက်မခံ သေးပေမယ့်၊ သိပ်ကြာမယ်တော့ မထင်ပါဘူး။ လက်ခံမှာပါ။ အပြန်အလှန် အနေနဲ့ သူတို့က လုပ်ပိုင်ခွင့်တွေ ပိုရလာမှာပါ။ အခုလို ဖြစ်နေရတာက အီရတ်နိုင်ငံမှာ လုပ်ခဲ့တာနဲ့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် အမေရိကန် နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး သမ္မတလို့ နာမည်တင် ကျန်ရစ်မယ့် (သမ္မတဟောင်း) ဂျော့ဘုရှ်ရဲ့ “ ကိုယ်ကျင့် တရားအပေါ် အခြေခံတဲ့မူ ” (Moral Principles) ကို လိုက်နာ နေကြလို့ပဲ။ ဒါပေမယ့် ခင်ဗျားတို့ ကျနော်တို့ အပေါ် ချမှတ်တဲ့ ပြစ်ဒဏ်တွေကို တကယ်နစ်နာ ခံစားရ သူတွေကတော့ ဆင်းရဲတဲ့ သူတွေပဲ။ တနေ့လုပ်မှ တနေ့စားရတဲ့ သူတွေပဲ ”

ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုလို စီးပွားရေးစနစ်ကို တလွဲတချော် စီမံ ခန့်ခွဲခဲ့မှုတွေ အတွက် စစ်အစိုးရမှာ တာဝန် ရှိတယ်လို့ ဆိုပါတယ်။ IMF (အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့) ကလည်း အလားတူပဲ ပြောပါတယ်။ ဒါတွေအပြင် ပိတ်ဆို့ ဒဏ်ခတ်မှုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြစ်ဒဏ် ခတ်တာက သိသာ ထင်ရှားပါတယ်။

“တရုတ်နိုင်ငံဟာလည်း လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ အမြဲ စွပ်စွဲ နေတာပဲ။ ဒါပေမယ့် သူတို့ကို ကျတော့ ဘာဖြစ်လို့ ပြစ်ဒဏ်ခတ် ပိတ်ဆို့တာ မရှိသလဲ။ အခုဦးဆောင်ပြီး ဒဏ်ခတ် အပြစ်ပေးရေး လုပ်နေတဲ့ အမေရိကန်၊ ပြင်သစ်တို့လို နိုင်ငံတွေဆီက ရှယ်ဗရွန်တို့၊ တိုတယ်တို့လို ကုမ္ပဏီတွေကျတော့ ဘယ်လို အတားအဆီးမှ မရှိဘဲနဲ့ ဒီမှာ အလုပ်လုပ် နေကြတယ်။ ဒီလူတွေက အပြောနဲ့အလုပ် မညီတဲ့ သူတွေပဲ။ ကျင့်ဝတ်အတိုင်း ပြောတယ်။ ဒါပေမယ့် အစိုးရရဲ့ အိတ်ထဲကိုတော့ ပိုက်ဆံတွေ ထည့်ပေးနေကြတယ်။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ ကိုရီးယားတို့တော့ ဒီလိုမဟုတ်ဘူး”

ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် အမှန်တကယ် သက်ရောက်မှုတွေ ဘယ်လို ဖြစ်နေတယ်လို့ ထင်ပါသလဲ။

“ ဥပမာတခုဆိုပါစို့။ နိုင်ငံခြား ခရီးသွားတွေ မလာရင် ဟိုတယ် အလုပ်သမားတွေ၊ စားသောက်ဆိုင်တွေ၊ သားငါးနဲ့ ဟင်းသီးဟင်းရွက် ရောင်းသူတွေ လုပ်ကိုင်စားကြမှာလဲ။ အိန္ဒိယနဲ့ တရုတ်ကိုချည်း ကျနော်တို့က ရောင်းမယ်ဆိုရင် အဲဒါက ပြိုင်ဆိုင်မှု မရှိတဲ့ ဈေးကွက်ပဲ။ ကျနော်တို့ ပစ္စည်းတွေ ဈေးကောင်းရမှာ မဟုတ်ဘူး။ ဆိုလိုတာက လူဦးရေရဲ့ ၇၅% ရှိတဲ့ ကျနော်တို့ လယ်သမားတွေ ငတ်ကုန် ကြလိမ့်မယ်။ ကြည့် ... ကျနော်က ကုန်သည် မိသားစုက ကြီးပြင်းလာတာ၊ ဦးနေဝင်း ဆိုရှယ်လစ် ခေတ်က ပြည်သူပိုင် သိမ်းတော့ ကျနော်တို့ အကုန် ကုန်တာပဲ။ ကျနော့် ယောက္ခမကြီး (စစ်တပ်နှင့် အဆက်အသွယ် ကောင်းသူ ဖြစ်သည်) ကတဆင့်၊ သစ်တောမြေတွေ ဝယ်ခွင့်ရပြီး ငွေအများအပြား ရလာတာ။ ကျွန်းသစ်တွေ ထုတ်ရောင်းရင်းနဲ့ ဆယ်ဒေါ်လာကနေ ထောင်ဂဏန်း ဖြစ်လာတာ။ ကျနော် လိုက်နာရဖို့ ရှိတာက ကျနော့်ကို ချမ်းသာလာအောင် လုပ်ပေးခဲ့တဲ့၊ ဒီနိုင်ငံရဲ့ ဥပဒေတွေကို လေးစား လိုက်နာဖို့ပဲ။ သူတို့တွေ ကောင်းတယ်၊ ဆိုးတယ်ဆိုတာ ကျနော် ဆုံးဖြတ်နေဖို့ မဟုတ်ဘူး။ ကျနော့် အတွက်တော့ သူတို့တွေက ကောင်းတယ် ”

ခုလို ဆင်းရဲမွဲတေမှုတွေ၊ အတိုက်အခံတွေကို ဖမ်းဆီးနေတာတွေ၊ သဘာဝ ရင်းမြစ်တွေကို ထင်တိုင်း ရောင်းစား နေတာတွေကြောင့် ခင်ဗျား စိတ်အနှောက်အယှက် မဖြစ်ရဘူးလား။

“ သေချာတာပေါ့။ ပြဿနာ ရှိတာပေါ့။ ကျနော်တို့က လူသားတွေပဲ၊ ကျနော်တို့လည်း အမှားတွေ လုပ်မိတာပေါ့။ ခင်ဗျားတို့ ဝန်ကြီးချုပ်လည်း (အီတလီဝန်ကြီးချုပ် ဆီလ်ဗီယို ဘာလူစ်ကိုနီ) အမြဲတမ်း မိန်းမကိစ္စ ပြဿနာ ရှိနေတာပဲ၊ ဆိုပါစို့။ အခု ကျနော်တို့ တိုင်းပြည် လည်ပတ် လုပ်ကိုင်နေတာ ၈ဝ% လောက်တော့ သဘောတူပါတယ်။ အတိုက်အခံတွေက ဥပဒေ ချိုးဖောက်တဲ့ အတွက် ပေးဆပ်နေရတာ၊ မူအရ ပြောမယ်ဆိုရင်တော့ စင်္ကာပူလည်း ဒီမိုကရေစီ မဟုတ်ပါဘူး။ သူတို့မှာလည်း တပါတီပဲ ရှိတာပဲ။ ကျနော် ထင်တာက မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးပိုင်းနဲ့ တပ်မတော်ကလူ ရာခိုင်နှုန်း အများစုက တိုင်းပြည်ကို ချစ်ကြပါတယ်။ ကြီးပွားတာ မြင်စေချင်ပါတယ်။ အခု အတိတ်ကထက် စာရင်တော့ ကျနော်တို့ ပိုပြီး အင်အား ကောင်းလာပါပြီ။ ဒါ့အပြင် စစ်တပ်ကလည်း အရပ်သားတွေကို တဖြည်းဖြည်း ပိုပြီးလမ်းဖွင့် ပေးလာတယ်။ တိုင်းဒေသတွေမှာ ထိပ်ပိုင်းမှာ စစ်သားတွေ ရှိနေသေးပေမယ့် အရပ်သားတွေ ဦးဆောင် နေကြပါပြီ”

လူအများစုကတော့ အခုအပြောင်းအလဲဟာ အပေါ်ယံပဲလို့ ပြောနေကြပါတယ်။

“အခုကိစ္စမှာ အကန့်အသတ်တွေ ဘယ်လောက်များများ ရှိနေသေးတယ်လို့ ခင်ဗျား ထင်ထင်၊ အရာကိစ္စ အားလုံးကို နိုင်ငံတော်ပိုင် လုပ်ထားတဲ့ ဆိုရှယ်လစ်၊ ကွန်မြူနစ်စနစ်တွေ ထက်တော့ ပိုပြီး ဒီမိုကရေစီ ကျပါသေးတယ်။ သူတို့က ဒဏ်ခတ် ပိတ်ဆို့ ထားသည်ဖြစ်စေ၊ ပိတ်ဆို့မှု မရှိဘူးပဲဖြစ်စေ လုပ်ငန်းရှင်တွေ လာပြီး စီးပွား လုပ်နိုင်ကြတယ်။ သူတို့က စင်္ကာပူမှာ ရှိတော့ ကျနော့် ဘဏ်အကောင့်ကို ပိတ်လိုက်တာတောင် ကျနော်ဆက်ပြီး ရှင်သန် နေတုန်းပဲ။ ဒီလိုနဲ့ ကျနော်က တရုတ်နဲ့ အရှေ့အလယ်ပိုင်းက ဘဏ်တွေဆီကို ရွှေ့ရတယ်။ ဒါပေမယ့် ကျနော်က ဒီမှာနေပြီး၊ ဒီမှာပဲ အခွန်ပေးရတယ်။ ကျနော့်အဖေက ဒီလို သင်ကြား ထားတာကိုး။ ပြီးခဲ့တဲ့နှစ်တွေက ကျနော်က စိတ်ပေါက်ပေါက်နဲ့ နိုင်ငံခြားသား အဖြစ် ခံယူချင်တဲ့စိတ် ရှိနေတော့ သူက ကျနော့်ကို စိတ်ဆိုးတယ်။ 'မင်းနိုင်ငံခြား သွားချင်ရင် မင်းအခု ချမ်းသာကြွယ်ဝ မှုတွေကြောင့် တခြား နိုင်ငံတွေက ပိုပြီး ချမ်းသာလာလိမ့်မယ်။ ကိုယ့်နိုင်ငံက ချမ်းသာလာမှာ မဟုတ်ဘူး' လို့ ပြောတယ်”

ကိုယ့်ဘဝတက်လမ်းရှာဖို့ စခဲ့တုန်းက အသက်ငယ်ငယ်ရွယ်ရွယ်မှာ ဘယ်လို အကြောင်း အချက် တွေကြောင့် စစ်အစိုးရနဲ့ သိပ်ပြီး နီးစပ် ခဲ့ရပါသလဲ။

“ကျနော်စတုန်းက လက်ဗလာနဲ့ စခဲ့ရတာ၊ ၁၉၈၈ တုန်းက တစ်နေ့ကို ၁၄ နာရီလောက် အလုပ် လုပ်ခဲ့ရတယ်။ အဲဒီ အချိန်ပဲ ကျောင်းသား အုံကြွမှုတွေ ဖြစ်ခဲ့တာ။ သူတို့ အောင်မြင်တာက ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ ဆိုရှယ်လစ် စနစ်တော့ ကျဆုံး ခဲ့ရတယ်။ ကျနော်က ပွင့်လင်းလာတဲ့ အခြေအနေအပေါ် အခွင့်အလမ်းတွေ ရှာတယ်။ စစ်အစိုးရ အုပ်ချုပ်ရေး အပေါ် ဝေဖန်နေဖို့က ကျနော့်အလုပ် မဟုတ်ဘူး။ ဒီလို စစ်အာဏာနဲ့ အုပ်ချုပ်ရေးက ဟိုအရင် ဘုရင်စနစ်တွေကတည်းက ရှိခဲ့တာ။ ၁၉၉ဝ ခုနှစ်တွေမှာ လူတိုင်းကို လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တယ်။ စီးပွားရေးက ပိုပွင့်လင်းလာတော့ ရှယ်ဗရွန်တို့ တိုတယ်တို့ ရောက်လာကြတယ်။ ဒီကိစ္စပဲ ကျနော် ဒဏ်ခတ် ပိတ်ဆို့မှုတွေ အပေါ် ဒေါသ ထွက်နေတာ။ ကျနော့်ကို ဘာလို့ အပြစ် ပြောနေကြတာလဲ။ သန်းကြွယ်သူဌေး ဖြစ်လာလို့လား။ ဒါပေမယ့် ၁၉၉၆ ခုနှစ် တုန်းက ကျနော့် ပထမဦးဆုံး လုပ်ငန်း လုပ်ခွင့်ရဖို့ ကျနော့်အိမ်တွေ၊ ကားတွေ ရောင်းပြီး ရင်းခဲ့ရတယ်။ ကျနော့်မှာရှိတဲ့ ငွေတပြားမကျန် ထည့်ပြီး စွန့်စားခဲ့ရတယ်။ ကျနော်အခု အနားယူလို့ ရပြီ။ နားရင်လည်း နားမယ်။ ဒါကြောင့် ကျနော့် အပေါ် ဘယ်လိုပဲဖြစ်ဖြစ်၊ ကျန်တာတွေ မစဉ်းစားဘဲ အခုလို ပြောပြနေတာ။ ကျနော်က အမေရိကန် တွေကို ပြောတယ်။ မြန်မာနိုင်ငံကို လာကြည့်၊ ဖွင့်ပေးလိုက်တဲ့ အပေါ် (ဖြစ်လာမှာကို) ယုံကြည်စမ်းပါ။ စီအိုင်အေက တီထွင် ဖန်တီးနေတဲ့ အဓိပ္ပါယ် မရှိတာတွေ ယုံမနေနဲ့။ အခုက အပြိုင်အဆိုင် ဖြစ်နေကြပြီ။ ကျနော့်စကား မယုံမရှိနဲ့။ မြန်မာပြည်မှာက ကျန်ကမ္ဘာနဲ့ မတူတဲ့ သဘာဝ ရင်းမြစ်တွေ ရှိတယ်။ ကျနော်တို့မှာ ချို့တဲ့နေတာ တခုက ပညာရေးပဲ။ တချိန်တုန်းက ကျနော်တို့ဆီက အတော်ဆုံး တွေက အမေရိက၊ အင်္ဂလန်မှာသာ စာသွား သင်နိုင်ခဲ့တယ်။ အခုတော့ ကျနော်တို့ဆီမှာ ရုရှား ကျောင်းထွက်တွေပဲ ရှိတယ်”

Raimondo Bultrini ရေးသားသည့် Tay Za talks sanctions, business and Burma ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြပါသည်။ ယခု တွေ့ဆုံ မေးမြန်းမှု၏ အကျဉ်းကို အီတလီ သတင်းစာ La Repubblica တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ဗမာပြည် နိုင်ငံရေးလောကမှာ ဖန်တို့တမ်း ကစားခြင်း

ရဲဘော် ဖိုးသံချောင်း
တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁

ငယ်ငယ်တုန်းက ဖန်တို့တမ်း ကစားကြတာကို မှတ်မိကြမယ် ထင်ပါတယ်။ ကိုယ့်ဘက် ကနေ တဘက် နယ်မြေထဲ စွန့်ဝင်ပြီး တဘက်ကလူကို ခေါင်းတချက်ပုတ်၊ ပုခုံးတချက် တို့ပြီး ကိုယ့်ဘက်ထဲ ပြန်ပြေး လာကြတာပါ။ တဘက်ကလည်း ဝင်လာမယ့်လူကို ဝင်လာချင်အောင် နောက်ဆုတ် ပေးဟန်ပြ၊ နေရာကွက်လပ် ဖန်တီးပေး၊ မြှူခေါ်ပြီး ခေါင်းတချက် ပြန်ပုတ်လို့ ရအောင် ကြိုးစား ကြပါတယ်။

တနေ့ကပဲ အမေရိကန် ဆီနိတ်တာ မက်ကိန်းဟာ ကြံ့ဖွတ် အရပ်ဝတ် စစ်အစိုးရကို ခေါင်းတချက် ပုတ်ပြီး သူ့နယ် ထဲကို ပြန်ဝင် သွားပါပြီ။ နောက်ပြီး ကြပ်ပြေးမှာရော ရန်ကုန်မှာပါ လူတွေ၊ အဖွဲ့အစည်းတွေ တော်တော်များများကို ခေါင်းပုတ်၊ ပုခုံးတို့ သွားပါတယ်။ ဒီဘက်က ပြန်ပုတ်ဖို့ ကြိုးစား ကြတာတွေလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဘယ်ပုတ်ချက်တွေက ထိရောက်တယ် ဆိုတာကတော့ စောင့်ကြည့်ရမလို ဖြစ်နေပါတယ်။ ထူးခြားတာက ပြည်တွင်းက တချို့လူတွေဟာ မက်ကိန်းလာတဲ့ အခါမှာ မက်ကိန်းကို မပုတ်ပဲ ကြံ့ဖွတ် အစိုးရကို လှမ်းပုတ်တာ တွေ့ရပါတယ်။ ဥပမာ သူတို့ဟာ မက်ကိန်းနဲ့ တွေ့ဆုံ စကား ပြောရာမှာ ဆန်ရှင်ခေါ် ပိတ်ဆို့မှုတွေ ဖွင့်ပေးရေး ပြောတာပါ။ သူတို့ဟာ မက်ကိန်းကို သိစေချင်တာထက် အရပ်ဝတ် စစ်အစိုးရကို သူတို့ အစိုးရဘက်မှာ ရှိကြောင်း သိစေချင်တာက ပိုများနေတယ် ဆိုတာ ထင်ရှား နေပါတယ်။

ဗမာပြည်နဲ့ အမေရိကန်တို့ရဲ့ လက်ရှိ ဆက်ဆံရေး အခြေအနေမှာ ဖန်တို့ သလို အကဲ စမ်းတာတွေ၊ ဘယ်ခြောက်ကာ ခြေလှမ်းတာတွေ လုပ်နေ ကြရဦးမယ် ထင်ပါတယ်။ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေး သယောင်ယောင် လုပ်တာ၊ နဂိုက ကိုယ့်နိုင်ငံ အတွင်း ဝင်ခွင့် မပေးတဲ့ နအဖရဲ့ နောက်လိုက် ခရိုနီ သူဌေးတွေရဲ့ ဆွေမျိုး တချို့ကို လာပြီး ဆေးကုသခွင့် ပေးတာ စတာတွေဟာ တဘက်က မြှူပြီး တဘက်က ပုတ်တာ တို့တာတွေကို နှစ်ဘက်စလုံးက ဖော်ပြနေတာ ဖြစ်ပါတယ်။ အခုအထိတော့ နှစ်နိုင်ငံရဲ့ သံတမာန်ရေး လှုပ်ရှားမှုတွေဟာ ဟန်ရေးပြတဲ့ လက္ခဏာ ပိုဆောင် နေပါသေးတယ်။

ဒါပေမဲ့ ဖန်တို့တမ်း ကစားတာနဲ့ မတူတဲ့ အချက်က ဖန်တို့ တမ်းဟာ နှစ်ဘက်၊ နှစ်ဖွဲ့အကြား ကစားတာ ဖြစ်ပြီး ဆီနိတ်တာ မက်ကိန်းရဲ့ခရီးလိုဟာကတော့ တခြားအဖွဲ့ တွေကိုပါ ထည့်တွက်ရတယ် ဆိုတာပါပဲ။ ဝါရှင်တန်ရော ကြပ်ပြေးပါ ဒီပွဲမှာ တဘက်သားကို အကဲစမ်းတာ လုပ်ရင်း တရုတ်နဲ့ အိန္ဒိယအပါ အိမ်နီးနားချင်း နိုင်ငံတွေက ဘယ်လို သဘောထား ဖော်ပြမလဲ ဆိုတာကိုလည်း မပြတ် အကဲခတ် နေရပါတယ်။ အခုလောက်နဲ့တော့ တခြား တတိယ နိုင်ငံတခုက အသံ ထွက်လာနိုင်စရာ မရှိသေးပါဘူး။ ဒါပေမဲ့ ဒီနေ့လို အာရှတိုက် တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ တင်းမာမှုတွေ စမြင်ရနေချိန်မှာ ဒီခရီးစဉ်ကို ဥပက္ခာ ပြုထား ကြလိမ့်မယ်လို့ ယူဆရင် ညံ့လွန်းရာ ကျပါမယ်။

ကြံ့ဖွတ်အစိုးရဆိုတာ ပေါ်လာတာနဲ့ တပြိုင်နက် ဒီဦး/ ဗိုလ်ချုပ်တွေ လုပ်တဲ့ ပထမဆုံး နိုင်ငံခြားရေး ခြေလှမ်းဟာ အမေရိကန်နဲ့ တရုတ် အကြားမှာ ကစားဖို့ လုံးပမ်းတာပဲ ဆိုတာ သတိထား သင့်ပါတယ်။ ဒါဟာ မဆလ အစိုးရက စလို့ နဝတ-နအဖ အလယ် ဒီနေ့အထိ ဗမာပြည်မှာ တည်ရှိခဲ့တဲ့ စစ်အစိုးရ အဆက်ဆက် အလူးအလဲ လုံးပမ်းကြတဲ့ အစဉ်အလာ သံတမာန်ရေး လုပ်ငန်းလို တရပ် ဖြစ်နေပါတယ်။ သာမန် နိုင်ငံတခု ဆိုရင် ဒါဟာ ဘာမှ ပြောစရာ မရှိပါဘူး။ အရင်ကလည်း ဘက်မလိုက် လှုပ်ရှားမှု၊ တတိယ ကမ္ဘာလှုပ်ရှားမှု ဆိုတာတွေ ရှိခဲ့တာပါပဲ။ ဒါပေမဲ့ ပြဿနာက အခုအခါမှာ ဒိပြင် နိုင်ငံတွေက “ကျနော်ဟာ ဘက်မလိုက်နိုင်ငံ ပါခင်ဗျ”ဆိုပြီး လှုပ်ရှားပြ၊ ထောက်ခံမှု ရှာတာတွေလုပ်တာ မတွေ့ရပဲ ကြံ့ဖွတ် အစိုးရကမှ ဒီလို လုပ်နေတာဟာ ဘာကြောင့်လဲလို့ မေးစရာ ရှိနေပါတယ်။ တခြားလူတွေ အနေနဲ့ ကိုယ့်ရပ်တည်မှုကို နိုင်ငံတကာ အလယ်မှာ တကြိမ်၊ နှစ်ကြိမ် ဖော်ပြလိုက်ရင် ကိစ္စ အေးသွားပေမဲ့ ဗမာပြည်က စစ်အစိုးရတွေ မတော့ လှေနံနှစ်ဘက်ကို ခက်ခက်ခဲခဲ နင်းနေရသလို ဟန်ချက်ကို ရှာလို့ မရဘူး ဖြစ်နေပါတယ်။ ဒါမျိုးဆိုတာက တခါဟန်ချက် ပျက်သွားရင် ဟန်ချက်ကို ပြန်ထိန်းဖို့ ခက်တတ်သလို ကိုယ်ကိုယ်တိုင် ကလည်း တည်တည် ငြိမ်ငြိမ် ဖြစ်ဖို့ လိုပါတယ်။ ဗမာပြည်လို ပြည်တွင်း တည်ငြိမ်မှု မရှိတဲ့ နိုင်ငံ၊ လှေနံတွေ အများကြီး နင်းချင်တဲ့ အစိုးရ၊ လှေကြီးပေါ် လှေငယ်တင်သလို အတုအယောင် အစိုးရတွေ ဆင့်ထားချင်တဲ့ အစိုးရ တရပ် အနေနဲ့ တည်ငြိမ်တဲ့ ဟန်ချက်တခု မရနိုင်တာ မဆန်းပါဘူး။ သူတို့ လုပ်တာတွေ အတွက် သူတို့ခံနေရတာပါ။

ပိုဆိုးတဲ့ အကြောင်းရင်းတခုက ကြံ့ဖွတ် အစိုးရအနေနဲ့ အခုလို အသိအမှတ် ပြုမှုတွေ ရှာနေတာဟာ ပြည်သူလူထု အကျိုးအတွက် မဟုတ်ပဲ အာဏာရ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့နောက်လိုက် ခရိုနီ သူဌေးတွေရဲ့ အကျိုးအတွက် မလည်ရှုပ် လုပ်နေ ဖြစ်တယ် ဆိုတာပါပဲ။ နိုင်ငံကြီးတွေ အကြားမှာ ကိုယ့်သိက္ခာနဲ့ ကိုယ် တည်တည်ငြိမ်ငြိမ် ရပ်တည်နေတယ် ဆိုရင် ပြည်သူ လူထုကို မထိခိုက်ပါဘူး။ ဒါပေမဲ့ ကိုယ့် အကြံအစည်နဲ့ကိုယ် နိုင်ငံကြီးတွေ အကြားမှာ မဖြစ်ညစ်ကျယ် ကစားတယ် ဆိုရင်တော့ ကြားညပ်ပြီး တိုင်းပြည် နာတတ်ပါတယ်။

တကယ်ကျတော့ ဒီနေ့ ဗမာပြည်နဲ့ အနီးဆုံးဖြစ်တဲ့ တောင်အာရှ တိုက်နဲ့ အာရှတိုက် အရှေ့ပိုင်း တို့မှာ မငြိမ်မသက် ဖြစ်မှုတွေ၊ တင်းမာမှုတွေ မြင်တွေ့ နေရပါတယ်။ ဘင်လာဒင် အသတ် ခံရပြီးတဲ့ နောက်မှာ တာလီဘန်များရဲ့ လက်စား ချေရေး လှုပ်ရှားမှုတွေ တိုးများလာရုံမက ပါကစ္စတန်နဲ့ အမေရိကန်တို့ အကြား ဆက်ဆံရေး တင်းမာ လာပါတယ်။ ဒါနဲ့ တဆက်ထဲ အိန္ဒိယ၊ တရုတ်တို့ကလည်း ဒီခြေအနေကို အာရုံစိုက် ပြင်ဆင် လာနေကြပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ပြဿနာဟာ လိုဏ်ခေါင်း အဆုံးက အလင်းရောင် လေးကိုတောင် မမြင်ရသေးတဲ့ အပြင် ဂျပန်မှာ ငလျင်နဲ့ ဆူနာမီ ဝင်ဆောင့်လိုက်တော့ ကိစ္စတွေက ပိုရှုပ်ကုန်ပါတယ်။ တောင်တရုတ် ပင်လယ်မှာ ပင်လယ်ထဲက ကျွန်းလေးတွေ အတွက် ပတ်ဝန်းကျင်က နိုင်ငံတွေ အကြားမှာ တင်းမာမှုတွေ ပေါ်လာနေချိန်မှာ အမေရိကန်က အဲဒီဒေသမှာ ရှိတဲ့ သူ့ရေတပ်ကို အားဖြည့်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဗမာနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနဲ့ ကမ္ဗောဒီးယားတို့ အကြားက စစ်ပွဲဟာ ပတ်ဝန်းကျင်ကို ပျံ့နှံ့လာစရာ မရှိဘူးဆိုပေမဲ့ တည်ငြိမ် အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ပျက်စီး စေတာတော့ အမှန်ပါပဲ။

ဒီလိုအချိန်မှာ ဗိုလ်ချုပ်သိန်းစိန်ရဲ့“အရပ်သား”အစိုးရဟာ နိုင်ငံတကာ သံတမာန် ရေးရာမှာ အစွမ်းတွေ ပြဖို့ လုပ်နေပါတယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံ ဥပဒေတို့ ရွေးကောက်ပွဲတို့၊ “လွတ်ငြိမ်းချမ်းသာခွင့်”တို့ ဆိုတာတွေဟာ သူတို့ကို မျက်နှာလို အားရ လုပ်နေသူတွေကိုသာ လှည့်စားလို့ ရပေမဲ့ နိုင်ငံတကာကို မလှည့်စား နိုင်ပါဘူး။ ဆီနိတ်တာ မက်ကိန်းလို လူကိုက ဒါလောက်နဲ့ သူတို့ ပြောင်းနေတဲ့ အပြောင်း အလဲတို့၊ ဒီမိုကရေစီ လမ်းကြောင်းတို့ ဆိုတာတွေကို လက်ခံမတဲ့လား။ ဒီခရီးစဉ်ကို ပြန်ချုပ် လိုက်ရင် အသစ်စက်စက် ကြံ့ဖွတ် သမ္မတ ခမျာ “ အရှေ့အလယ်ပိုင်း မှာလို တော်လှန်ရေးတွေနဲ့ ရင်ဆိုင် ရလိမ့်မယ်” လို့ ပညာ ပေးခံရတာပဲ အမြတ် ရလိုက်ပါတယ်။ ဖန်တို့ပွဲမှာ သူ့ကို ရှေ့နေ လိုက်ပေးကြတဲ့ နိုင်ငံရေး သမားတွေကတော့ ဖားခွင့် အမြတ် ရလိုက်ကြပါတယ်။

ပြည်သူလူထုကြီး အဖို့ကတော့ အပြောင်းအလဲဟာ ပြည်တွင်းက အဓိက ဖြစ်ရမယ် ဆိုတဲ့ အယူအဆ ပိုခိုင်မြဲ သွားရပါတယ်။


Ref: မဇ္ဈိမ

Read More...

အလုပ်ကြမ်း အဓမ္မခိုင်းစေမှု တိုင်ကြားချက် ပိုများလာ

တနင်္လာ, 06 ဇွန် 2011

မြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေတာနဲ့ ဆိုင်တဲ့ ဥပဒေတွေကို လူတွေ ပိုသိလာကြတဲ့ အတွက် ရန်ကုန်မှာရှိတဲ့ အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ရုံးမှာ လာရောက် တိုင်ကြားမှုတွေ များလာတယ်လို့ ILO က ပြောလိုက်ပါတယ်။

ILO ရုံးကို တိုင်ကြားမှုတွေ များလာတာဟာ အဓမ္မ အခိုင်းခံရတာတွေ များလို့ထက် လူတွေဟာ အဓမ္မ အလုပ်ခိုင်း ခံရရင် တိုင်ကြားရမယ် ဆိုတဲ့ အသိ ပိုရှိလာတာကြောင့် ဖြစ်တယ်လို့ ILO က ပြောပါတယ်။

အလုပ်သမားဆိုင်ရာ ဥပဒေတွေ၊ တိုင်ကြားနိုင်မယ့် နည်းလမ်းတွေကို မြန်မာလို လက်ကမ်း စာစောင်တွေ ထုတ်ဝေခွင့် မြန်မာ အစိုးရက ခွင့်ပြု ထားတာကိုလည်း မြန်မာ နိုင်ငံထဲမှာ ပြီးခဲ့တဲ့နှစ်က အခြေအနေတွေကို သုံးသပ်တဲ့ ILO အဖွဲ့က ပြောပါတယ်။

ဒီလိုလုပ်တာတွေ ရှိပေမဲ့လည်း စစ်ဘက်နဲ့ အရပ်ဘက်က အာဏာပိုင်တွေဟာ ပြည်သူတွေကို သူတို့ လုပ်ငန်းတွေ အတွက် အတင်းအကျပ် လုပ်အားခ မပေးဘဲ ခိုင်းနေတာတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း ပြန်လည် သုံးသပ်ရေး အဖွဲ့က တင်ပြပါတယ်။

အတင်းအကျပ် အလုပ်ခိုင်းတဲ့ သူတွေကို အရေးယူရမယ်ဆိုတဲ့ ဥပဒေကို အစိုးရက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မှု မရှိဘူး ဆိုတာကိုလည်း သူတို့က ထောက်ပြပါတယ်။

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အဓမ္မ အလုပ်ခိုင်းတာ တားမြစ်ရေး၊ အဓမ္မ အလုပ်ခိုင်းတာတွေ မဖြစ်အောင် ကာကွယ်ရေးနဲ့ ခိုင်းတဲ့ သူတွေကို အရေးယူ ရေးကို မြန်မာအစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ဥပဒေဘောင်ထဲကနေ ဖြစ်အောင် လုပ်ကြဖို့ မြန်မာနိုင်ငံက အခြေအနေကို သုံးသပ်တဲ့ ILO အဖွဲ့က တောင်းဆိုပါတယ်။

Ref: VOA News

Read More...

ပဲခူးစက်ရုံ အလုပ်သမား ၅၀ ကျော် ဆန္ဒပြ

မအေးအေးမာ
တနင်္လာ, 06 ဇွန် 2011

ပဲခူးတိုင်း ပဲခူးမြို့နယ် ဟင်္သာကုန်းရပ် ကမာနတ် ကျေးရွာ အနီးက Cap 1 ဦးထုပ်ချုပ် စက်ရုံက အလုပ်သမား ၅၅ ယောက်ဟာ ဇွန်လ ၆ ရက်နေ့က အလုပ် မဆင်းဘဲ ဆန္ဒပြခဲ့ကြပါတယ်။ ဇွန်လ ၃ ရက်နေ့က သူတို့ တောင်းဆိုထားတဲ့ တောင်းဆိုချက် တွေကို ပဲခူးမြို့ အလုပ်သမားရုံးကို တိုင်ကြား ထားပေမဲ့လည်း စက်ရုံက လိုက်လျောခြင်း မပြုတာကြောင့် အခုလို ဆန္ဒ ပြခဲ့ကြတာလို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ပဲခူးတိုင်း ဟင်္သာကုန်းရပ် ကမာနတ်ကျေးရွာ အနီးက Cap 1 ဦးထုပ်စက်ရုံက အထည်ချုပ် အလုပ်သမား အမျိုးသမီး တွေဟာ သူတို့စက်ရုံမှာ ကြီးကြပ်နေတဲ့ တာဝန်ခံ အမျိုးသမီး ၂ ဦးက အလုပ်သမားတွေ အတွက် မတရားတဲ့ စည်းမျဉ်းတွေ ထုတ်ပြီး ငွေကြေး ဖြတ်တောက် နေတာတွေ၊ ကျန်းမာရေး ဆိုင်ရာ ကိစ္စတွေ ဖြေရှင်း မပေးတာတွေအတွက် ဆန္ဒပြ တောင်းဆိုခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပဲခူးမြို့ အလုပ်သမားရုံးထိ တိုင်ကြားပေးခဲ့တဲ့ ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ရဲ့ တိုင်းဥက္ကဋ္ဌ ကိုအောင်မျိုးဝင်းက အခုလို ရှင်းပြပါတယ်။

“မတရားတဲ့စည်းကမ်း ဆိုတာက ကျန်းမာရေးကိစ္စ ပါမယ်၊ ကျန်းမာရေးကိစ္စ ဆိုတာ သူတို့က မနက် ၈ နာရီက ၁၀ နာရီ အတွင်းပဲ အပေါ့အပါး သွားရမယ်၊ အလေးသွားရမယ်။ တကယ်လို့ အဲဒီအချိန် ကျော်ပြီးတော့မှ သွားခဲ့ရင် ခွင့်မပြုဘူး။ သွားခဲ့လို့ တွေ့ရင်လည်း သူတို့က ဒဏ်ငွေရိုက်မယ်၊ ၅၀၀ ပေါ့၊ အဲဒီလိုမျိုး။

“နောက်ပြီးတော့ အလုပ်ကိစ္စကို အလုပ်သမား အချင်းချင်း တခုံနဲ့တခုံ မေးမြန်းတာ၊ ပြောဆိုတာ တွေ့ရင် ၅၀၀ ဖြတ်တယ်။ အဲဒီလို စည်းကမ်းတွေ ရှိတယ်။ စက်ရုံရဲ့ နောက်မှာရှိတဲ့ မိလ္လာ ကန်ကြီးကလည်း ပွင့်နေတယ်။ အဲတော့ ကျန်းမာရေးအရ ဆိုးရွားတယ်ပေါ့။ နေ့လယ် ထမင်းစား နားချိန်ကို တနာရီ အပြည့် ပေးမယ် ဆိုတဲ့နေရာမှာ မပေးဘဲနဲ့ မိနစ် ၄၀ ပဲ ပေးတယ်ပေါ့ဗျာ။ အဲဒီလို အချက်တွေ ပါတယ်။ နောက် ဖယ်ရီကိစ္စတွေ ပါတယ်။ ပြီးတော့ အလုပ်ချိန် တိတိကျကျ လုပ်ပေးဖို့ အချက်တွေ ပါတယ်။ အခြေခံလစာ တိုးဖို့ ကိစ္စရယ်၊ အချိန်ပိုကြေး တိုးပေးဖို့ ကိစ္စကတော့ သူတို့ လက်ရှိ မလုပ်ပေးနိုင်သေးဘူးလို့ ပြောတယ်။ ကျန်တဲ့ ကိစ္စတွေတော့ လိုက်လျောပေးလိုက်တယ်။

“အဲဒီမှာ တချက်က ဘာပါလဲဆိုတော့ ကလေးတွေက အဓိက သူတို့တိုင်တဲ့ စာထဲမှာ ဒီအမျိုးသမီး ၂ ယောက်ကို အရေးယူ ဆောင်ရွက်ပေးဖို့ အဓိက ထားပြီး တိုင်တာပေါ့။”

အလုပ်သမားတွေ စပြီး ဆန္ဒပြခဲ့တာကတော့ သောကြာနေ့က ဖြစ်ခဲ့တာပါ။ တောင်းဆိုချက် တွေကို ပဲခူးမြို့ အလုပ်သမား ရုံးကို သောကြာနေ့က တိုင်ကြားပြီး တောင်းဆို ခဲ့ပေမဲ့လည်း တနင်္လာနေ့ အထိ ပြေလည်မှု မရသေးဘူးလို့ ဆိုပါတယ်။ အလုပ်သမား ပြဿနာတွေကို ဖြေရှင်းပေးခဲ့တဲ့ ပဲခူးမြို့က အလုပ်သမားရုံးကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာတော့ ရုံးဝန်ထမ်း တဦးက အခုလို ပြောပါတယ်။

“အဲဒါ ကျမတို့ ရုံးအဖွဲ့က မသိဘူးရှင့်။ စက်ရုံကို လူကြီးတွေ ကွင်းဆင်း သွားပါတယ်။”

လစာတိုးပေးဖို့ အပါအ၀င် သူတို့ကို ဖိနှိပ်တဲ့ အမျိုးသမီးတွေကို ထုတ်ပယ်ပေးဖို့ ဆိုတဲ့ အချက်တွေ ကိုတော့ ငြင်းဆို ခဲ့တာကြောင့် အခုထိ စက်ရုံတွင်းမှာ ပြေလည်မှုတွေ မရသေးဘူးလို့ ဆိုပါတယ်။ ဒီစက်ရုံဟာ လူဦးရေ ၃၀၀ ၀န်းကျင်သာရှိပြီး ဒီနေ့မှာတော့ အလုပ်သမား ၅၅ ယောက်က အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့တုန်းကလည်း အခုလိုပဲ အလုပ်သမား ၁၇ ဦး အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ပြီး သူတို့ လိုလားချက် တွေကို တောင်းဆို ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ပဲခူးမြို့ အလုပ်သမားရုံး ကပဲ ဖြေရှင်း ပေးခဲ့တာကြောင့် ပြေလည်မှုတွေ ရရှိခဲ့ပေမဲ့ အခု အခါမှာတော့ ပြေလည်မှုတွေ မရသေးဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး Cap 1 ဦးထုပ်စက်ရုံက မန်နေဂျာကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာတော့ တာဝန်ခံ ဖြေကြားမယ့်သူ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: VOA News

Read More...

ဒေါ်အောင်ဆန်းစုကြည်ခရီး အစိုးရကို အသိပေးမည်

လင်းသန့်
Monday, 06 June 2011

မကြာမီ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အာဏာပိုင်တို့ကို ကြိုတင် အသိပေးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ပြောလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရ ဘယ်ဒေသ၊ ဘယ်အချိန်၊ နေ့၊ ရက်၊ နာရီတွင် သွားမယ် ဆိုတာကိုတော့ လက်ရှိ အစိုးရကို အကြောင်းကြားဖို့ ရှိတယ်။ ခွင့်ပြုချက် ယူတာမျိုးလည်း မဟုတ်ဘူး” ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ခရီးစဉ်ကို ယခုလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့် မွေးနေ့အပြီး ရက်ပိုင်း အတွင်း စတင်နိုင်ဖွယ် ရှိသည်ဟုလည်း NLD အဖွဲ့ဝင်များထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိစ္စများ တာဝန်ယူထားသူတဦးဖြစ်သည့် NLD မှ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကမူ “ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဖို့ အများကြီး စောနေသေးတယ်။ လုံခြုံရေးကြောင့် ကျနော်တို့က အသေးစိတ်ကို မပြောသေးပါဘူး” ဟု ဧရာဝတီကို ရှင်းပြသည်။

မကြာခင်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း၊ အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့ကလည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူရန် အစိုးရကို တိုက်တွန်းခဲ့သည်။

အစိုးရကမူ ဒေါ်အောင်ဆန်းစုကြည်ကို သာမန် အရပ်သားတဦးအဖြစ်သာ သဘောထားကြောင်း ဂျွန်မက်ကိန်းကို ပြန်လည် တုန့်ပြန်လိုက်သည်။

“ဥပဒေနှင့်အညီ သွားလာ လှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုမူ အလေးထား စောင့်ထိန်းရန် လိုအပ်ပါကြောင်း” ဟု ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ပုံကို အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

အများအပြားက စိတ်ဝင်တစား စောင့်ကြည့်သွားမည့် ခရီးစဉ်အတွင်း စာနယ်ဇင်းသမားများ လိုက်ပါ သတင်းယူနိုင်လျှင် လုံခြုံရေး ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း သံတမန် အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

ဤအတောအတွင်း NLD လူငယ်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်ဖြင့် ပေါ်ပေါက်လာသည့် လူငယ် ကွန်ရက် အဖွဲ့ဝင်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက စနစ်ကျသော လုံခြုံရေး အစီအမံများ လုပ်ဆောင်နေကြကြောင်း လူငယ်ကွန်ယက် ဦးဆောင်သူ တဦး ဖြစ်သည့် ကိုဖြိုးမင်းသိန်းက ပြောသည်။

“ခရီးစဉ် အသေးစိတ်ကိုတော့ ကျနော်တို့ မသိရသေးပါဘူး။ အခု လူငယ်တွေ အနေနဲ့ စနစ်ကျ တဲ့ ကြိုတင် ပြင်ဆင်မှုတွေနဲ့ လုံခြုံရေး ယူပေးကြဖို့ စီစဉ် နေကြပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိုးရိမ် ပူပန်ကြသော်လည်း လူထုနှင့် အနီးကပ် တွေ့ဆုံနိုင်မှ လူထု အကျိုးကို ပို၍ ဖော်ဆောင်နိုင်မည်ဟု NLD လူငယ်ခေါင်းဆောင် ကိုရာဇာက မှတ်ချက်ပေး ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ခရီးထွက်ခဲ့သည့် အချိန်မှာ ၂၀၀၃ ခုနှစ် မေလက ဖြစ်သည်။

ထိုစဉ်က ဒီပဲယင်းမြို့အနီးတွင် အာဏာပိုင်တို့က ကျောထောက် နောက်ခံပြုထားသည်ဟု အများက ယူဆသော တုတ်၊ ဓား လက်နက်ကိုင် လူရမ်းကားများက ဒေါ်အောင်ဆန်းစုကြည် တို့၏ ယာဉ်တန်းကို စောင့်ဆိုင်း တိုက်ခိုက်ခဲ့သည်။

နောက်တနေ့တွင် အာဏာပိုင်တို့က ထိုဖြစ်ရပ်အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ပဋိပက္ခဖြစ်ခဲ့သည့် လူအုပ်၏ အင်အားမှာ အရေအတွက် ၅၀၀၀ ရှိသည်ဟု ပြောဆိုခဲ့သည်။

တိုက်ခိုက်မှုအပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ယာဉ်တန်းတွင် ပါဝင်သူ အများအပြား အထိန်းသိမ်း ခံလိုက်ရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာသည့် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ အတွင်းသာ သွားလာခဲ့ပြီး NLD လုပ်ငန်းများကို ဦးဆောင်လျက်ရှိသည်။

Ref: ဧရာဝတီ်

Read More...

ထိတ်လန့်နေတဲ့ ဘုရားသုံးဆူ ကျောင်း ဈေးများပိတ်

ကွန်းချမ်း၊ ကိုဝိုင်း
တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁

မဇ္ဈိမသတင်းဌာန ။ ။ စစ်ဘက် ထောက်လှမ်းရေးမှ ဒုတပ်ကြပ် အပါအဝင် လူ နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိစေခဲ့သည့် သေနတ် သမားများ ဝင်ရောက် ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် မွန်ပြည်နယ် ဘုရားသုံးဆူမြို့တွင် စာသင်ကျောင်း များနှင့် ဈေးများ အားလုံး ပိတ်ထား လိုက်ကြသည်။

မျက်နှာဖုံးစွပ် သေနတ်သမား ၃ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး စစ်ဖက်ရေးရာ လုံခြုံရေး စရဖရုံးကို တနင်္ဂနွေနေ့ ညနေ ၃ နာရီကျော်တွင် ၇၉ မမ လောင်ချာဖြင့် ပစ်ခတ်သည်။ ထို့နောက် အနီးအနားရှိ စရဖများ စောင့်ကြပ်လေ့ ရှိသော ဓမ္မာရုံကိုပါ လောင်ချာဖြင့် ထပ်မံ ပစ်ပြန်သည်။

ဗွေဆော်ဦး ပတ်ခတ်မှုတွင် အသက် ၃၀ အရွယ် ဒုတပ်ကြပ် ကျော်ကျော်အောင်နှင့် စရဖဆွယ်မှူး ဦးစိုးဝင်းတို့ ထိမှန်ခဲ့သည်။ ဓမ္မာရုံ ပစ်ခတ်မှုတွင် အနီးရှိ ဆံပင်ညှပ်ဆိုင်၌ ဆံပင်ညှပ်နေသော အသက် ၁၃ နှစ်အရွယ် မိန်းကလေး တဦးနှင့် မွန်ပြည်သစ် ပါတီဝင် နိုင်အောင်ချမ်း၊ ဆိုင်ကယ်တက္ကစီ မောင်းသူတဦး ကျည်စ ထိမှန်သွားသည်။

ဒုတပ်ကြပ် ကျော်ကျော်အောင်မှာ ဘုရားသုံးဆူ ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီး ဘုရားသုံးဆူမြို့ မြောက်ဘက် မဲကသရွာနေ မိန်းကလေးငယ် နော်ချစ်စနိုးဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည်။

“တမြို့လုံး ခြောက်ကပ်နေတာပဲ၊ ဒီနေ့လည်း တိုက်ပွဲ ဖြစ်ဦးမယ်လို့ ကောလာဟလတွေ ထွက်နေတော့ ဘယ်သူမှ မသွားလာ ရဲကြဘူး” ဟု မြို့ခံတဦးက ပြောသည်။

ခြံလုပ်သားများ၊ ထိုင်းဘက်ကမ်းရှိ ဖိနပ်ရုံ၊ အပ်ချုပ်ရုံများသို့ သွားရောက် လုပ်ကိုင် နေကြသည့် မြန်မာ ဘက်ကမ်းမှ အလုပ်သမများ အလုပ် မဆင်းနိုင်ကြဘဲ အချို့မှာ ထိုင်းဘက်ကမ်းသို့ တိမ်းရှောင် နေကြကြောင်း မြို့ခံများက ပြောသည်။

“ကျနော်တို့ ရဲဘော်က ကွမ်းယာဝယ်ရင်းနဲ့ ပစ်ခံ ထိတယ်လေ။ သူ့လွယ်အိတ်က စစ်လွယ်အိတ် ဖြစ်နေတာကိုး။ အခုဆေးရုံမှာ ခွဲနေတုန်းပဲ။ အရိုးတော့ မထိဘူး” ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က မဇ္ဈိမကို ပြောသည်။

သေနတ်သမားများက ဖောက်ခွဲ ပစ်ခတ်ပြီးနောက် မော်တော်ဆိုင်ကယ်ကို ထားရစ်ကာ မော်တော်ကားတစီးပေါ် တက်ရောက်သွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ တဦးက ပြောသည်။

“မြင်ရတာ ရုပ်ရှင်ကအတိုင်းပဲ။ စရဖရုံးကို ဗုံးခွဲပြီး လေးမိနစ်လောက် အကြာမှာ ဓမ္မဗိမာန်ကို ဗုံးခွဲတယ်။ သွေးအေးအေးပဲ၊ တယောက်က အပြင်မှာ စောင့်နေတယ်၊ နှစ်ယောက်က ဗုံးထောင်တယ်” ဟု သူက ဆိုသည်။

လွန်ခဲ့သည့် သီတင်းပတ်မှစ၍ ဘုရားသုံးဆူမြို့သို့ ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ဝင်ရောက် တိုက်ခိုက်မည်ဟု ကောလာဟလများ ပျံ့နေခြင်းကြောင့် ခလရ ၂၈၄ က မြို့တွင်းရှိ အစိုးရ ရုံးများတွင် လုံခြုံရေးများ ချထားခဲ့သည်။ သို့သော်လည်း ပြန်လှန် ပစ်ခတ်မှု မတွေ့ရကြောင်း မြို့ခံများက ပြောသည်။

မေလ ၂၆ ရက်နေ့တွင် နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဗိုလ်အေဝမ်း၏ ဒီကေဘီအေ ၉၀၇ တပ်ရင်းက ဘုရားသုံးဆူမြို့ အနောက် မြောက်ဘက် ၆ ကီလိုမီတာ အကွာရှိ မက်ကသာ ရွာအနီးတွင် တပ်ချထားသည့် အစိုးရတပ်ကို ချောင်းမြောင်း ပစ်ခတ်ပြီးနောက် တိုက်ပွဲများ ဖြစ်ပွား လာမည်ကို စိုးရိမ်ပြီး အိမ်ထောင်စု ၃၀ ကျော် ဘုရားသုံးဆူမြို့သို့ တိမ်းရှောင် ခဲ့ကြသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒီကေဘီအေ ၉ဝ၆ တပ်ရင်းက ဘုရားသုံးဆူ မြို့သို့ ဝင်ရောက် တိုက်ခိုက်ပြီး အစိုးရ ရုံးများကို မီးရှို့ ဖျက်ဆီးခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်ကျော် အနီးနားရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဖြစ်သည့် ဂျပန်ရေတွင်း ကျေးရွာ၊ ကြံတောရွာနှင့် ထိုင်းဘက်ကမ်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့