..............................

Friday, October 15, 2010

ကြံ့ခိုင်ရေးပါတီဝင်များ မိုးကြိုးပစ်ခံရ

2010-10-14

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းမှာ စည်းရုံးရေး ဆင်းနေကြတဲ့ ပြည်တောင်စု ကြံ့ခိုင်ရေး ပါတီဝင်တွေ အောက်တိုဘာလ ၈ ရက်နေ့ မနက်ပိုင်းက မိုးကြိုးပစ် ခံရတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်ကနေ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေပြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံမယ့် ဦးဝေခိုင် အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ စည်းရုံးရေးမှူး ဦးကျော်ဆွေလွင်နဲ့ အမျိုးသား ညီလာခံ ကိုယ်စားလှယ် ဖြစ်ခဲ့ဘူးတဲ့ ဦးထွန်းသွေးတို့ဟာ ကျောက်ဖြူမြို့နယ်အတွင်း စည်းရုံး ဟောပြောနေရာမှာ အောက်တိုဘာလ ၈ ရက်နေ့ သောကြာနေ့ မနက် ၁၀ နာရီလောက်က စံပြကျေးရွာ အုပ်စုကနေ အပြန်မှာ မိုးကြိုးပစ်ခံရတယ်လို့ ကျောက်ဖြူမြို့ခံတဦး ဖြစ်တဲ့ ဦးထွန်းမောင်က RFA ကို ပြောပါတယ်။

“ဖြစ်တာကတော့ သူတို့က အမှတ် ၈ နယ်မြေ စည်းရုံးရေးဆင်းတယ်၊ ပြီးတော့ သူက ပြန်လာပြီးပေါ့နော်၊ လဟာကြီးရွာ ဆိပ်ကမ်းကနေ စက်လှေထွက်တဲ့ အချိန်မှာ သူတို့ မိုးကြိုးပစ်တယ်၊ ကျန်တဲ့ ခရီးသည် သုံးလေးယောက် ပါတယ်ဗျား။ စက်လှေ သမားတွေလည်း ပါတယ်၊ ဒါပေမဲ့ သူတို့က အဲဒီမှာ သုံးယောက်ပဲ မိုးကြိုးပစ်တာမှာ ပါသွားတယ်၊ ပါသွားတော့ သုံးယောက်စလုံးကို သူတို့ ဆေးရုံတင်တယ်၊ အဲဒီမှာ သုံးယောက်က နှစ်ယောက်ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်ပေါ့ ကြံ့ဖွံ့က ဦးဝေခိုင်ရယ်၊ နောက် အမျိုးသား ညီလာခံ တက်ခဲ့တဲ့ ဦးထွန်းသွေးရယ် ကတော့ သက်သာသွားတယ်၊ နောက်တယောက် ဖြစ်တဲ့ ကြံ့ဖွံ့ စည်းရုံးရေးမှူး ဦးကျော်ဆွေလွင်ကတော့ လုံးဝ သူက ခေါင်းကို လုံးဝ ထိသွားတော့ အဲဒီမှာ ၈ ဒဏ်ရာ ချုပ်ရတယ်၊ ချူပ်ပြီးမှ သူဆေးရုံမှာ သုံးလေးရက် နေပြီးမှ ပြန်လာတယ် ဒါပေမဲ့ ပုံမှန်တော့ ဖြစ်မလာတော့ဘူး။”

သူတို့သုံးဦးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် စံပြကျေးရွာအုပ်စု အတွင်းက လဟာကြီး၊ လှံဖျောက်၊ ရွာသစ်၊ ကွင်းချောင်း၊ ချောင်းကြီးဖျား စတဲ့ ကျေးရွာပါတီ ရုံးတွေမှာ ပါတီဝင်တွေကို ဟောပြောပွဲ လုပ်ခဲ့ပြီး မင်းဂန်ချောင်းကနေ ကျောက်ဖြူမြို့ကို ပြန်ဖို့ စက်လှေနဲ့ အသွားမှာ မိုးကြိုး ပစ်ခံရတာလို့လည်း ဆက်ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင်တွေ အခုလို မိုးကြိုးပစ်ခံခဲ့ရပြီးနောက် ပါတီစည်းရုံးရေး ဆင်းမှုတွေ ရပ်တန့် သွားခဲ့တယ်လို့ ဦးထွန်းမောင် က ဆက်ပြောပါတယ်။

“စည်းရုံးရေးဆင်းမှုတွေ ရပ်ဆိုင်းနေတယ်ခင်ဗျ၊ အခု လုံးဝ စည်းရုံးရေး မြို့နယ်က မဆင်းဘူး၊ သူတို့ မြေညီတွေမှာ ရှိတဲ့ ကျေးရွာတွေမှာ ရှိတဲ့ သူတို့ ကြံ့ဖွံ့အဖွဲ့ဝင်တွေ တောင်မှ သူတို့ စိုးရိမ်နေတယ် ပေါ့နော်၊ ဒါဟာ သူတို့ ဒီစက်လှေမှာ ကျန်တဲ့ ခရီးသည်တွေ အတူတူ ပါလာတယ်ပေါ့နော် မိုလုပ်သမားတွေ စက်လှေ သမားတွေလည်း ပါရဲ့နဲ့ ဒီကြံ့ဖွံ့ကိုမှ တမင်တကာ ရွေးပြီးတော့ မိုးကြိုး ပစ်သလို ဖြစ်နေတယ်ပေါ့နော်။ အနေအထားက အဲဒီအပေါ်မှာ သူတို့ စိုးရိမ်မှုတွေ ရှိနေတယ်။”
ကျောက်ဖြူ မြို့နယ်အတွင်း အဓိက ယှဉ်ပြိုင်မဲ့ နိုင်ငံရေး ပါတီတွေကတော့ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီနဲ့ ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီတို့ ဖြစ်ကြောင်း သိရပါတယ်။

Ref: RFA News

Read More...

Thursday, October 14, 2010

ကြပ်ပြေးမှာ အောင်မြေနင်းတဲ့ နအဖထိပ်သီးအမတ်လောင်းတွေ

ရဲဘော်ဖိုးသံချောင်း

၁၃ အောက်တိုဘာ ၂၀၁၀

နအဖအစိုးရဟာ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူတွေ ဘယ်နေရာက အရွေးခံမယ် ဆိုတာကို တတိုင်း ပြည်လုံး အနေ အထားနဲ့ မကြေညာဘဲ ဒေသ အလိုက်ကွက်ပြီး ကျောက်သင်ပုန်းပေါ် ကပ်တာမျိုးနဲ့ အသိပေး နေတာကို သတိထား မိကြလိမ့်မယ် ထင်ပါတယ်။ ဒါ ဘာကြောင့်လဲ ဆိုတာကိုရော သတိထား မိကြပါသလား။ အလားတူပဲ ကြပ်ပြေး နေပြည်တော်က မဲဆန္ဒ နယ်တွေမှာ ကြံ့ဖွံ့က ဘယ်သူတွေ ၀င်အရွေးခံမယ် ဆိုတာကိုရော စောကြော မိကြပါသလား။ သူတို့ ဘာကို ဖုံးကွယ် ချင်နေကြတာလဲ။

နည်းနည်းလေး ဒုက္ခခံပြီး စူးစမ်းကြည့်လိုက်ရင် ကြပ်ပြေးနေပြည်တော်က မဲဆန္ဒနယ်တွေမှာ အရွေးခံမယ့် ကြံ့ဖွံ့ အမတ်လောင်း တွေဟာ နအဖရဲ့ ထိပ်သီးတွေချည်း ဖြစ်နေတယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဥပမာ ဗိုလ်သိန်းစိန်က ဇဗ္ဗုသီရိ မြို့နယ်၊ ဗိုလ်တင်အောင်မြင့်ဦးက ပုဗ္ဗာသီရိမြို့နယ်၊ ဗိုလ်ရွှေမန်းက ဇေယျာသီရိမြို့နယ် စသဖြင့် ၀င်ပြိုင်ကြမှာပါ။ ဒါဘာကြောင့်ပါလဲ။

ဖဆပလခေတ်တုန်းက ဖဆပလထိပ်သီးတွေဟာ ရန်ကုန်က မဲဆန္ဒနယ်တွေမှာ ၀င်အရွေးခံ ကြတာမျိုး ရှိခဲ့ပါတယ်။ အဲဒီလို လုပ်ရတာက အမတ်လောင်း ထိပ်သီးများရဲ့ ဂုဏ်သိက္ခာအတွက် ဖြစ်တာကလည်း တကြောင်း၊ ကိုယ့်ကို ငွေကြေးက အစ ထောက်ခံနေတဲ့ လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေရှိတဲ့ အရပ်ဖြစ်လို့လည်း တကြောင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တည်မြဲ-သန့်ရှင်း ကွဲကြလို့ ဖဆပလနဲ့ ပထစရယ်လို့ ပြိုင်ကြရတော့ ရန်ကုန်က လမ်းမတော်၊ သိမ်ဖြူစတဲ့ မဲဆန္ဒနယ်တွေမှာ ဆင်-ဆင်ချင်း ထိပ်တိုက် တွေ့တာတွေ ဖြစ်ကုန်ခဲ့ပါတယ်။ ရှောင်ရင် ရှောင်တဲ့လူက သတ္တိနည်းတယ် ဖြစ်မယ် မဟုတ်ပါလား။ အဲဒီလိုနဲ့ ထိပ်တန်း ၀န်ကြီးတွေ၊ အဖွဲ့အစည်း ခေါင်းဆောင်တွေ ရန်ကုန်မှာ ၀င်အရွေးခံတာ အများကြီး ဖြစ်နေခဲ့တာပါပဲ။

ဒါပေမယ့် အခု နအဖရဲ့ ကြံ့ဖွံ့က ထိပ်သီးတွေ ကြပ်ပြေး နေပြည်တော်မှာ ၀င်အရွေးခံတယ် ဆိုတာကတော့ အဲဒီ အဓိပ္ပာယ်မျိုးတော့ လုံးဝ မဟုတ်ပါဘူး။ သူတို့နိုင်မှာ သေချာတဲ့ နေရာတွေမှာ ၀င်ပြိုင်တာသာ ဖြစ်ပါတယ်။ ဆိုလိုတာ သူတို့တတွေ ဒီရွေးကောက်ပွဲမှာ အရှုံး မခံနိုင်ဘူး ဆိုတာပါပဲ။ (တနည်းပြောရရင် နအဖဟာ ကြပ်ပြေးမှာဆိုရင် ရွေးကောက်ပွဲကို အပြတ်လုပ်မယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ အမှန်ပြောရရင် ဗိုလ်သန်းရွှေတို့ တတွေဟာ နောက်ပေါ်လာမယ့် အစိုးရမှာ ဘယ်သူက ဘာတာဝန်ယူ ဆိုပြီး တိုက်ရာပါပစ္စည်း ခွဲဝေတာက လုပ်ပြီးနေပါပြီ။ နောက်ပြီး ကားအသစ်ဝယ်ရင်၊ လိုင်းဆွဲတော့မယ်ဆိုရင် ဘိုးဘိုးကြီး နတ်နန်းကို သွားပြီး ပြရတယ် ဆိုတာလိုပဲ ဗိုလ်သန်းရွှေဟာလည်း သူ့ဆက်ခံသူတွေကို အိမ်နီးနားချင်း နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း မိတ်ဆက်ပေးပြီး နေပါပြီ။ ဒီလိုလျာထားမှုတွေ အကုန်လုပ်ပြီး ဖြစ်နေလေတော့ ထိပ်သီးတွေအတွက် ဒီရွေးကောက်ပွဲမှာ နည်းနည်းမှ အတိမ်းအစောင်း မခံနိုင်ပါဘူး။ ဆယ်ရေးတရေး၊ ကိုးရေးတရာတောင် မစွန့်စားနိုင်ပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေအရ ဆိုရင် ၀န်ကြီးချုပ်အပါ ၀န်ကြီး အဖွဲ့ဝင်တွေနဲ့ တခြားအရေးကြီး ရာထူးတွေကို သမ္မတ အာဏာနဲ့ ခန့်ချင်တိုင်း ခန့်လို့ရပါတယ်။ ဒါပေမယ့် သူတို့ အနေနဲ့ ကိုယ်လုပ်တဲ့ ရွေးကောက်ပွဲက တဆင့် တက်လာတဲ့လူလည်း ပါဦးမှလို့ စဉ်းစားရပါတယ်။

တကယ်တော့ သူတို့အနေနဲ့ ဒီထက်ပိုသေချာတဲ့ ပြိုင်ဘက်မရှိမယ့် မဲဆန္ဒနယ်တွေမှာ သွားပြိုင်ရင်လည်း ရပါတယ်။ ဒါမှမဟုတ် ကြပ်ပြေး နေပြည်တော်မှာ ပြိုင်ဘက် မရှိဖြစ်အောင် လုပ်လို့လည်း ရပါတယ်။ ဒါပေမယ့် အဲဒီလောက်ကြီး ကျတော့လည်း အရုပ်ဆိုးလွန်း နေပါတယ်။ ဒါနဲ့ပဲ ကြပ်ပြေးမှာတင် ယှဉ်ပြိုင် အရွေးခံသူ ဆိုတာကို ဖန်တီးယူရပါတယ်။ ဘယ်ကရမလဲ၊ တစညပေါ့။ ဘယ်သူရှိဦးမလဲ။ တခြား အဖွဲ့အစည်းက လူတွေထဲမှာ မှတ်ပုံတင်ကြေး ငါးသိန်းအဆုံးခံပြီး ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦး တို့နဲ့ ပြိုင်တဲ့လူ ပေါ်ထွက် နိုင်ပါ့မလား။ ဘယ်သူက ဒါလောက်မိုက်ပါ့၊ အပါ့မလဲ။ လည်လို့ ရွေးကောက်ပွဲ ၀င်ကြတာဥစ္စာ။ တစညနဲ့ ကြံ့ဖွံ့ ဆိုတာကတော့ မျောက်နဲ့ကျား အမြီးချင်း ချည်ထားသလိုတွေ မဟုတ်လား။

ဒါတွေအပြင် ဒီအတုအယောင် ရွေးကောက်ပွဲကို လူအများက စိတ်ဝင်စားကြတဲ့ နောက်အချက် တချက် ကတော့ ကြံ့ဖွံ့မဟုတ်-တစည မဟုတ် သူတွေအထဲမှာ ငွေကြေး မသမာမှုတွေ၊ သို့လောသို့လော စဉ်းစားစရာ ကိစ္စတွေ ပေါ်လာနေတဲ့ ကိစ္စ ဖြစ်ပါတယ်။ အခြေအနေက ပုပ်မှမပုပ်သေးဘူး၊ အနံ့က ထွက်နေပြီလို့ ဆိုရမလို ဖြစ်နေပါတယ်။ တယောက်ကို တယောက်က ဖော်၊ တယောက်ကို တယောက်က ဆော် ဆိုတာတွေလည်း တွေ့ရစ ပြုနေပါတယ်။ ဒီနေရာမှာတော့ ဖဆပလခေတ်ကို အမီသားလို့ ဆိုရမလိုပါပဲ။ တချို့သော ပါတီ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဆီကို ဘယ်ကလာတာမှန်း မသိရတဲ့၊ ငွေဖြူလား ငွေမည်းလား ခွဲခြားရခက်တဲ့ ငွေတွေ စီးဝင် နေတာတွေလည်း ကြားနေရပါတယ်။ အဲဒီ ငွေပေးတာတွေနဲ့ နအဖအစိုးရနဲ့ အဆက်အစပ်ရှိ မရှိ၊ နအဖ အလိုတော်ရိ ငွေရှင် ကြေးရှင်တွေနဲ့ ဆက်စပ်မှု ရှိမရှိ။ ဒါဟာ ဘိန်းပစ်ဖမ်းတာ ဟုတ်မဟုတ် ဆိုတဲ့ ပဟေဠိတွေကလည်း ဒုနဲ့ဒေးပါ။ ဒါတွေနဲ့ တဆက်တည်းမှာ ကြံ့ဖွံ့နဲ့ တစညတို့ကျတော့ ဘဏ္ဍာရေး ကိစ္စလို ဟာမျိုးမှာ ဘာကြောင့် ဒါလောက် ဣနြေ္ဒရနေတာလဲ လို့လည်း မေးချင်စရာ ဖြစ်နေပါတယ်။ ငွေပုံကြီးပေါ် ထိုင်ထားသလို သုံးစွဲနေကြပုံဟာ မျက်နှာပြောင် လှတယ်လို့တောင် ဆိုစရာပါ။ တကယ်တော့ ဒါကိုက ဒီရွေးကောက်ပွဲရဲ့ ၀ိသေသ မဟုတ်ပါလား။

ဒါမေယ့် ပြောရရင် ဒါတွေဟာ အခုမှ အစပဲရှိသေးတယ်လို့ ပြောရမှာပါ။ နောက်မှာ အာဏာရပြီးရင် ဒီထက် ပိုဆိုးတယ်။ ညစ်ပတ်မှုတွေ၊ ခြစား လာဘ်စားမှုတွေ မြင်ရဦးမှာ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေတို့ရဲ့ “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ဆိုတာထဲက စည်းကမ်း ဆိုတာဟာ ပြည်သူလူထုနဲ့ တခြားသူတို့နဲ့ မတူ သူတွေအတွက်သာ ဖြစ်ပြိး ဒီမိုကရေစီ ဆိုတာဟာ သူတို့အတွက်၊ သူတို့ကို ထင်ရာစိုင်းခွင့် ပေးခြင်း ဖြစ်တယ်ဆိုတာကို တွေ့ကြရဦးမှာပါ။

Ref: ခေတ်ပြိုင်

Read More...

NLD ခရီးစဉ်မှာ လွှတ်တော်ကိုယ်စားပြု ကော်မတီ ပူးပေါင်းပါဝင်

2010-10-13

NLD ပါတီရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေးနဲ့ပတ်သက်တဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အဖွဲ့ပါ ပူးပေါင်း ပါဝင်ပြီး ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ CRPP အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို ပြောပါတယ်။

NLD ပါတီရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ NLD ဗဟို အလုပ်အမူဆောင် ဦးအုန်းကြိုင်။ ဦးအေးသာအောင်နဲ့ အဖွဲ့ဝင် ၁၁ ဦး ပါဝင်တာပါ။၊ ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့ တိုင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်ရဲ့ နေအိမ်မှာ ၁၃ မြို့နယ်က အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ဦးအေးသာအောင်ရဲ့ တင်ပြချက်နဲ့ ဆွေးနွေးပွဲ အကြောင်းကို ဦးအုန်းကြိုင်က ခုလို ပြောပါတယ်၊

“NLD ရဲ့ ရှေ့ခရီး၊ ဒီမိုကရေစီခရီးမှာ တိုင်းရင်းသားများနဲ့အတူ လက်တွဲပြီး ပူးပေါင်းဆောင်ရွက် သွားရမယ် ဆိုတဲ့ CRPP ရဲ့ သဘောထား၊ အဲဒီအတွက် ရှေ့ဆက်ပြီး ဘာတွေ ဆက်ပြီး ဆောင်ရွက်မယ် ဆိုတဲ့ သူ့ရဲ့ အစီအစဉ်တွေနဲ့ အဲဒါတွေကို သူက တိုင်းရင်းသား ဒေသ လိုက်ပါလာတဲ့ အကြောင်း အဲဒါ သူက ပြောပါတယ်။ ကျွန်တော်က ပါတီ ပိုမို ကျစ်လစ် သိပ်သည်းရေး အတွက်၊ နောက် ရွေးကောက်ပွဲ သပိတ်မှောက်ရေး၊ နောက် လှေခွက်မကျန် တောင်မှ NLD ဆိုတာ အလံမလှဲဘူး ဆိုတဲ့ စိတ်ဓာတ်နဲ့ ဇွဲနပဲနဲ့ ချီတက် သွားရမယ် ဆိုတဲ့အကြောင်း ကျွန်တော်က ရှင်းလင်း ဆွေးနွေးပါတယ်။”

ဆက်လက်ပြီး မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးသိန်းဒန်၊ ဒေါ်အေးအေးမာ၊ ဒေါ်လှလှမိုးနဲ့ ကိုမျိုးညွန့်တို့က ဆွေးနွေးပြီး အဖွဲ့ဝင်တွေရဲ့ မေးမြန်းချက် တွေကို ပြန်လည် ဖြေကြား ပါတယ်။ အဖွဲ့ဟာ ဒီကနေ့ ညပိုင်းမှာ ကချင်ပြည်နယ် မိုးညှင်းကို ဆက်ပြီး ခရီးထွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အလားတူ ဦးဟံသာမြင့်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင်တို့ ပါဝင်တဲ့ အဖွဲ့ဟာ တိုက်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာများကို ဒီကနေ့ မနက်ပိုင်းက သွားရောက် နေတယ်လို့ ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

Ref: RFA News

Read More...

မန္တလေး ဆည်ရေလွှမ်း လူ ၂,၅၀၀ ခန့် အိုးအိမ်စွန့်

ဆလိုင်း ဟံသာစန်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ မန္တလေးမြို့မြောက်ဖက် ဆည်တော်ကြီးနှင့် ဆည်တော်လေး ဆည်များမှ ရေဖောက်ချ ခဲ့သဖြင့် မြို့သစ် ၃ ရပ်ကွက်ထက် မနည်း ရေလွှမ်းခဲ့ပြီး လူပေါင်း ၂၅၀၀ ခန့် အိုးအိမ် စွန့်ပြေး ခဲ့ရသည်။

ယခုတပတ် တနင်္လာနေ့မှစ၍ ဖောက်ချသည့် ဆည်ရေကြောင့် မြို့အရှေ့ဘက်နှင့် အရှေ့တောင်ဘက် ချမ်းမြသာစည် မြို့နယ်ရှိ မြရည်နန္ဒာ၊ အောင်ပင်လယ်၊ သမန်းကုန်း စသည့် ရပ်ကွက်များ ရေလွှမ်းကာ ဒေသခံများ ထွက်ပြေးရသည်။

“ လူတွေက အင်းခရု ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ ခိုနေရတယ်။ အခု ရေနည်းနည်း ပြန်ကျ သွားပေမယ့် မပြန်နိုင် ကြသေးဘူး” ဟု ရေဘေး သွားကူခဲ့သူ မန္တလေးမြို့ခံ တဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးတွင် အရင်တပတ်မှစ၍ မိုးသည်းခဲ့သဖြင့် အာဏာပိုင်များက ဆည်ကျိုးမည် စိုးသည့်အတွက် ရေလွှတ် ပေးလိုက်ရာ ရပ်ကွက်များ အတွင်း ၄ ပေမှ ၁၀ ပေအထိ ရေမြုပ်ခဲ့သည်။

လူ ၁၀ ယောက်ထက်မနည်း ရေထဲမျောပါ သေဆုံးခဲ့သည်ဟုလည်း အစားအသောက်နှင့် ဆေးဝါးများ သွားရောက် ကူညီနေသူ သံဃာတော် တပါးက မိန့်ဆိုသည်။

“လောလောဆယ် အလောင်း ၁၀ လောင်း တွေ့ထားပြီးပြီ။ အောင်ပင်လယ် ဘက်မှာပေါ့” ဟု ယင်းသံဃာတော်က မဇ္ဈိမကို မိန့်သည်။ သို့သော် လူသေဆုံးမှုနှင့် ပတ်သက်၍ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုမနိုင်သေးပါ။

ဆည်တော်လေးဆည် ရေလွှတ်မှုကြောင့် နားဋောင်းကျချောင်း ရုတ်တရက် ရေလျှံရာ ပုသိမ်ကြီး မြို့နယ်တွင် လူ အသေအပျောက် ရှိသည်ဟုလည်း ဆိုကြသည်။

ဒုက္ခသည်များကို ဝင်းဝင်း ဖယောင်းတိုင်၊ လပ်ကီးသောက်ရေသန့် စသည့် လုပ်ငန်းရှင်များ၊ ဗြဟ္မစိုရ်၊ မေတ္တာရှင် (ရွှေပြည်သာ) ကဲ့သို့ လူမှုရေး အသင်းများ၊ တသီးပုဂ္ဂလ အလှူရှင်များနှင့် စစ်ကိုင်း မြစကြာ ဆရာတော် ဦးဆောင်သည့် သံဃာတော်များက အစားအစာနှင့် သောက်ရေသန့်များ လှူဒါန်းနေသည်။

အာဏာပိုင်များကလည်း အလှည့်ကျ ခွဲတမ်းဖြင့် မြို့ပေါ်ရပ်ကွက်များမှ ထမင်းထုပ်များ ဝေနေပြီး ကယ်ဆယ်ရေး အလှူခံ မဏ္ဍပ်များလည်း ဖွင့်ထားကြောင်း မြို့ခံတဦးက ပြောသည်။

ဒုက္ခသည်များကို လှူဒါန်းရာတွင် အခက်အခဲရှိကြောင်း ကူညီနေသူ သံဃာက ဆိုသည်။

“လာလှူတဲ့လူတွေကို တိုက်ရိုက်သွားလှူခွင့် မပြုဘူး ဒကာကြီး။ စစ်သားတွေ မီးသတ်တွေက သူတို့ကနေ တဆင့် လှူစေချင်တယ်။ ဒါပေမဲ့ သံဃာတွေက ဇွတ်အတင်းကို လှူချင်လို့ ရေထဲဆင်းပြီး လှူခဲ့ရတယ်” ဟု ဆိုသည်။

ကလေးအချို့ ဝမ်းလျှောနေသဖြင့် ဝမ်းပိတ်ဆေးများ၊ ဓာတ်ဆားထုပ်များ အရေးတကြီး လိုနေပြီး မီးပျက်၍ ဖယောင်းတိုင်၊ ခြင်ဆေးခွေ၊ ဆန်နှင့် ဟင်းချက်စရာများလည်း အရေးတကြီး လိုနေသည်။

ဆည်ရေဖောက်မှုကြောင့် လူနေအိမ်များ ရေမြုပ်သည့် အပြင် မန္တလေးအနီး တဝိုက်သွား ကားလမ်းများနှင့် ရှမ်းပြည် မြောက်ပိုင်းတက်သည့် ကားလမ်းပါ ရေကျော်ကုန်သဖြင့် အဆက်အသွယ် ပြတ်နေသည်မှာ ၅ ရက်ခန့် ရှိပြီဖြစ်သည်။

“ကားလမ်းတွေ ရေကျော်လို့လေ။ မေမြို့တောင် သွားလို့မရဘူး။ မူဆယ်၊ လားရှိုးဘက်လဲ ရပ်ထားကြတယ်။ မြင်းခြံဘက်လဲ သွားလို့မရဘူး။ မိတ္ထီလာဘက်က လှည့်သွားရတယ်” ဟု ချမ်းမြရွှေပြည် ကားကြီးဝင်းရှိ ဂိတ်မှူးတဦးက ပြောသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ယခုလနှင့် နိုဝင်ဘာလအတွင်း မြန်မာပြည်သို့ မုန်တိုင်း မကြာခဏ ဝင်ကာ မိုးကြီး လေထန် ဖြစ်တတ်၍ မိုးလေဝသ သတင်းများကို သတိထား စောင့်ကြည့်ကြရန် တိုက်တွန်းထားသည်။

Ref: မဇ္ဈိမ

Read More...

စစ်တပ်နဲ့ DKBA မြ၀တီမှာ ထိပ်တိုက်တွေ့

ဦးကျော်ထင်
ဗုဒ္ဓဟူး, 13 အောက်တိုဘာ 2010


မြ၀တီနဲ့ အနီးတ၀ိုက်မှာ တပ်စွဲထားတဲ့ DKBA ၉၀၂ တပ်ရင်းနဲ့ စစ်အစိုးရတပ်တွေ အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်တဲ့ အခြေအနေ ရောက်နေပါတယ်။ အပစ်ရပ် ငြိမ်းချမ်းရေး အဖွဲ့တွေထဲက နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းဖို့ လက်မခံတဲ့ တပ်တွေကို မြန်မာ စစ်အစိုးရတပ်က ဖိအားပေးနေတာမှာ အခုလို တိုက်ပွဲ ဖြစ်လာနိုင်တဲ့ အခြေအနေထိ ရောက်လာနေတာပါ။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ လိုင်စင်မဲ့ကားတွေ ဖမ်းဆီမှုကြောင့် ပြီးခဲ့တဲ့လကစပြီး လက်နက်ကိုင် တင်းမာမှု စခဲ့တဲ့ DKBA ၉၀၂ တပ်ရင်းကို လုံခြုံရေး ပိုတင်းကျပ် လိုက်တယ်လို့ ၉၀၂ တပ်ရင်း အရာရှိ တယောက်က ပြောပါတယ်။

နှစ်ဘက်တပ်တွေအကြား မနေ့ကစပြီး ပိုမို တင်းမာလာတာကို သူက အခုလို ရှင်းပြပါတယ်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါပေမယ့် မပစ်ကြသေးဘူး၊ သေနတ်တော့ မောင်းတင်ထားပြီး သားပဲ။ များတယ် အခု၊ ဒီနေ့က စပြီးတော့ ပိုပြီး တင်းမာတယ်။ သူတို့ကလည်း လာဝိုင်းတယ်လေ၊ လာဝိုင်းလည်း သေနတ်မောင်း တင်ထားတာပေါ့။ လက်ညှိုးကွေးဖို့ပဲ လိုတော့တယ်။ အခု မြို့တွင်းမှာပဲ၊ မြို့ပတ်ပတ်လည်ပဲ။ ကျနော်တို့လည်း မြို့တွင်းမှာ၊ မြို့အပြင် မထွက်ဘူး။ ရပ်ကွက်ထဲမှာ အစောင့်တွေ စီစဉ်ထားတာပေါ့။ သူတို့လည်း ကျင်းတွေ တူးထားတယ်။”

အခုလို ၂ ဘက်အကြား တင်းမာမှု ဖြစ်နေတာကို မြို့ခံတချို့က သဲသဲကွဲကွဲ မသိကြသေး ပေမဲ့ လုံခြုံရေး တိုးမြှင့် လာတာကိုတော့ သတိထား မိတယ်လို့ မြို့ခံ တယောက်က ပြောပါတယ်။

“အရင်ကတော့ ဘာမှမဟုတ်ဘူးလေ။ အခုဟာ ဗိုလ်ကျော်သက်နေတဲ့ အိမ်တွေ၊ လမ်းမတန်း ရပ်ကွက်တွေ၊ ရဲတွေ ညည ကင်းတွေ လိုက်လှည့် နေတယ်။ မြို့ထဲကလူတွေက သိကြတယ်။ အခု တအံ့တသြကြီးနဲ့ မြို့ထဲက လူတွေကတော့။ စစ်တပ်တွေက ဒီလိုမျိုး ဘာလို့ သွားနေလဲဆိုတာ၊ အဲလိုမျိုး။”

DKBA တပ်တွေဟာ အရင်က မြ၀တီမြို့ထဲ လက်နက်ကိုင်ပြီး ၀င်ထွက်ခွင့် ရှိပေမဲ့ လက်ရှိမှာ မြို့ထဲ သွားလာခွင့် မပြုတော့ပါဘူး။ မြ၀တီ ပတ်ဝန်းကျင်က DKBA ၉၀၂ တပ်ဖွဲ့ အင်အားကို စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က စုံစမ်းနေတယ်လို့ အဆိုပါ အရာရှိက ဆက်ပြောပါတယ်။

“အခု သူတို့ ညက ဘယ်လိုပြောလဲ၊ သူတို့အောက်က တပ်ခွဲတွေ အကုန်လုံး၊ ရဲဘော်တွေ နေတဲ့နေရာ အကုန်လုံး လိုက်စုံ စမ်းခိုင်းတယ်။ စရဖက လိုက်စုံစမ်း ခိုင်းတာလေ။ ဗိုလ်ကျော်သက်တို့ ဘယ်လောက်ရှိသလဲ၊ နောက် ဟိုနေရာက ဘယ်လောက်လဲ၊ ဒီလိုမျိုး။ ကျနော်တို့က ၃၀၀ နီးပါး ရှိတယ်၊ သူတို့က ၈၀ လောက်ပဲ ရှိတယ်။ ကျနော်တို့က မြို့ကို ဖြန့်ထားပြီးနေတာ။ ဘယ်လို ပြောမလဲ ကျနော်တို့ကို သူတို့က ပိတ်ထားတဲ့ သဘောပေါ့။”

မြ၀တီ စရဖ တာဝန်ရှိသူ တယောက်ကတော့ ပုံမှန် ကင်းလှည့်နေကျထက် အင်အား တိုးလိုက်တာဖြစ်ပြီး တင်းမာမှု မရှိဘူးလို့ ဗွီအိုအေကို ပြောပါတယ်။ ကရင်သတင်း အယ်ဒီတာ နန်းဖောဂေကတော့ ပြဿနာ ပိုကြီးလာတာဟာ နယ်ခြားစောင့်တပ် လက်မခံမှုကြောင့်လို့ ဆိုပါတယ်။

“အဓိကအချက်က ကျမထင်တာက နယ်ခြားစောင့်တပ် လက်မခံလို့ပဲ။ နအဖဘက်က ဖုန်းနဲ့ဖြစ်ဖြစ်၊ စာနဲ့ဖြစ်ဖြစ် ရေးလာတာ ရှိတာပေါ့လေ၊ သူတို့ဘက်ကို ပူးပေါင်း ပါဝင်ဖို့ လုပ်ပါဦးပေါ့။ ခွဲခြားခွဲခြား မနေဖို့ အပျော့ဆွဲနဲ့ စာရေးလာတာ ရှိတယ်။ အဲဒါကိုလည်း လက်မခံဘူး၊ နောက်တခုက လက်ရှိ DKBA အဖွဲ့တွေက၊ နယ်ခြားစောင့် လက်မခံတဲ့ အဖွဲ့တွေက နဂို စီးပွားရေးကိုပဲ လုပ်နေတုန်း ဆိုတော့ ဒီမြ၀တီ လမ်းကြောက without car တွေ ချတာမျိုး ပြဿနာကို ဆွဲကျပ်လာတာ ရှိတာပေါ့။

“ဒါကြောင့်မို့ ကားတွေဖမ်းတယ်၊ ဒီမှာ ဗိုလ်ကျော်သက်တို့ ကားတွေ ပါပြီးတော့ ပြဿနာက ရဲစခန်း သွားဝိုင်းတဲ့ အဆင့်ထိ ဖြစ်သွားတာလေ။ အဲဒီကစပြီး တဘက်နဲ့တဘက် အစာမကြေဘဲ ကြည့်နေကြတာပေါ့။ တကွက် အမှားမခံတဲ့ ပုံစံ ရှိနေတာပေါ့။”

နယ်ခြားစောင့်တပ်ပြောင်းဖို့ အချိန်ကန့်သတ်ပြီး မရှေးမနှောင်း ပြီးခဲ့တဲ့ မေလကနေ ဒီလ အစောပိုင်းထိ မြ၀တီမှာ လက်သည် မပေါ်တဲ့ မိုင်းကွဲမှုတွေ မကြာခဏ ဖြစ်ပွားလာပါတယ်။ ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်တဲ့ DKBA တပ်မဟာ ၅ ဟာ နယ်ခြားစောင့်တပ် ပြောင်းလဲဖို့ ငြင်းဆိုထားဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက အသွင်ပြောင်းရေးအတွက် အခက်အခဲ ရှိတာတွေ ကူညီဖြေရှင်းပေးမယ် ဆိုတဲ့စာကို ဗိုလ်မှူးကြီး စောလားပွယ်ထံ ပို့ပေးခဲ့ပေမဲ့ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ချီလီ သတ္တုတွင်း လုပ်သားအားလုံး လွတ်မြောက်ပြီ

ဗုဒ္ဓဟူး, 13 အောက်တိုဘာ 2010

မြေအောက်ထဲမှာ ၂ လကျော်ကြာ ပိတ်မိနေတဲ့ ချီလီသတ္တုတွင်းတူး အလုပ်သမား ၃၃ ယောက်ကို ကယ်ဆယ်ရေး လုပ်သားတွေက ကယ်တင် နိုင်လိုက်ပါပြီ။

မြေအောက်ပေ ၂,၀၀၀ ကျော် အနက်မှာ ပိတ်မိနေသူတွေကို မြေပေါ် ကယ်ထုတ်နိုင်ခဲ့ပြီးနောက် သူတို့ရဲ့ မိတ်ဆွေ၊ မိသားစုတွေနဲ့ ၀မ်းပန်းတသာ ပြန်လည် ဆုံဆည်း ခဲ့ကြသလို လွတ်မြောက်လာသူ တယောက်ချင်း ကိုလည်း ချီလီသမ္မတ ဆီဘက်ရှန် ပင်နဲရား (Sebastian Pinera) က ကြိုဆိုခဲ့တာပါ။

အရင်က မကြုံဘူးတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ ကမ္ဘာတလွှား သတင်း မီဒီယာတွေက တိုက်ရိုက် ထုတ်လွှင့်ပြသ နေကြတာပါ။

သြဂုတ်လ ၅ ရက်နေ့ကတည်းက ပိတ်မိနေတဲ့ ရွှေနဲ့ ကြေးနီ သတ္တုတွင်းတူး အလုပ်သမားတွေကို အထူးစီမံ ပြုလုပ်ထားတဲ့ အရေးပေါ် ကယ်ဆယ်ရေး သတ္တုခြင်းတောင်း တလုံးကို တွင်းထဲကိုချပြီး တယောက်ချင်းစီ ကယ်ထုတ်နေတာ ဖြစ်ပါတယ်။

အလုပ်သမားတွေဟာ ကျန်းမာရေးနဲ့ စိတ်ဓာတ်ခွန်အား ကောင်းမွန်နေပုံ ရပေမဲ့ စိတ်ရော၊ ကိုယ်ပါ ပြန်လည် နာလန်ထူလာဖို့ လနဲ့ချီ အချိန် ယူရလိမ့်မယ်လို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် သူတွေက ပြောပါတယ်။

၂ လကျော်ကြာ အမှောင်ထဲမှာ နေခဲ့ရတဲ့ တွင်းတူးသမားတွေ မျက်လုံး မထိခိုက်စေဖို့ တွင်းထဲကနေ လွတ်မြောက်လာစဉ် အထူး ပြုလုပ်ထားတဲ့ နေကာ မျက်မှန်တွေကို တပ်ဆင် ထားကြရတာပါ။ သူတို့ကိုတော့ ၄၈ နာရီကြာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စစ်ဆေးမှုတွေ လုပ်ဖို့အတွက် ရဟတ်ယာဉ်တွေနဲ့ ခေါ်ဆောင် သွားခဲ့ကြပါတယ်။ ချီလီ အစိုးရကတော့ သူတို့အတွက် ၆ လ အထိ ကျန်းမာရေး စောင့်ရှောက်မှု ပေးသွားဖို့ ကတိ ပြုခဲ့တာပါ။

သတ္တုတွင်းတူးသမားတွေကို ကယ်ထုတ်နေတာတွေ နိုင်ငံတကာ သတင်းမီဒီယာတွေက ထုတ်လွှင့် နေတာကို ကမ္ဘာတ၀န်းက စောင့်ကြည့် နေသူတွေ ထဲမှာတော့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) လည်း ပါဝင်ပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ချီလီအစိုးရနဲ့ ကယ်ဆယ်ရေး လုပ်သားတွေရဲ့ သန္နိဋ္ဌာန် ခိုင်မာမှုရဲ့ ရလဒ်အဖြစ်နဲ့လည်း အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့ကပဲ မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

ကယ်ဆယ်ရေး လုပ်ငန်းတွေ အောင်မြင်ချောမွေ့စေဖို့ ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် (Benedict) ကလည်း ရောမမြို့မှာ ဆုတောင်းပွဲ တခု ပြုလုပ်ခဲ့ပါတယ်။

ချီလီနိုင်ငံမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို နိုင်ငံတော် အစီအစဉ်တရပ် အဖြစ် ၀ိုင်းဝန်း ကြည့်ရှု နေခဲ့ကြတာ ဖြစ်သလို ပထမဆုံး မိုင်းတွင်း အလုပ်သမားကို ကယ်ဆယ်နိုင်တဲ့ သတင်းနဲ့အတူ ဘုရားကျောင်း ခေါင်းလောင်းတွေထိုး၊ ကားဟွန်းတွေတီး ကြိုဆိုခဲ့ကြတာပါ။

Ref: VOA News

Read More...

ဒီငြိမ်း မဟာမိတ်အဖွဲ့က ထွက်

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီ အင်အားစုက အငြင်းပွားဖွယ်ရာ စီးပွားရေး လုပ်ငန်းရှင် ထံမှ အလှူငွေ လက်ခံမှုကြောင့် ပူးပေါင်း မဟာမိတ်အဖွဲ့မှ နှုတ်ထွက်ရန် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ (ဒီငြိမ်း) အရေးပေါ် အစည်းအဝေးက ကနေ့ ဆုံးဖြတ် လိုက်သည်။

ရေလုပ်ငန်းအဖွဲ့ ချုပ် ဒုဥက္ကဋ္ဌ ဦးလှမောင်ရွှေ လှူငွေကို လက်ခံသည်ဆိုကာ ဒီငြိမ်းအဖွဲ့က နှုတ်ထွက် လိုက်သည်ဟု ဆိုသည်။

ဒီငြိမ်း၊ အမျိုးသားဒီမိုကရေစီ အင်အားစု NDF၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP တို့ ယခုလ ၂ ရက်က မဟာမိတ် စုဖွဲ့ခဲ့သည်။

အခြေအနေရှုပ်ထွေးနေသဖြင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကလည်း ပူးပေါင်း ဆောင်ရွက်မှုကို “ခေတ္တရပ်ဆိုင်း” ထားမည်ဖြစ်ကြောင်း ပြောသည်။

ဒီငြိမ်းပါတီမူဝါဒအရ စီးပွားရေးလုပ်ငန်းရှင်များထံမှ အလှူခံခွင့်ပြုထားသော်လည်း ဦးလှမောင်ရွှေမှာ စစ်အစိုးရ ခန့်ထားသူ ဖြစ်သဖြင့် မဲဆန္ဒရှင်များ ယုံကြည်မှု မကျဆင်းစေရေး အတွက်ဟု ဒီငြိမ်းပါတီ ဥက္ကဌ ဦးအောင်သန်းက မဇ္ဈိမကို ပြောသည်။

“အစိုးရကလည်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထောင်ထားတယ်။ အစိုးရ ထောင်ထားတဲ့ ပါတီကို အားမပေးပဲနဲ့ အဲဒီ ပုဂ္ဂိုလ်က နေပြီးတော့ အမျိုးသား ဒီမိုကရေစီ အင်အားစုကို အားပေးမယ်ဆိုရင် ဒါ သဘာဝမကျဘူး။ ကျနော်တို့က နှောင်ကြိုး ရှိတယ်လို့ပဲမြင်ပါတယ်။ အဲဒါကြောင့် မပူးပေါင်း တော့ဘူးလို့ ဆုံးဖြတ် လိုက်တာပါ” ဟု ဦးအောင်သန်းက ပြောသည်။

ယခင်လ ၂၉ ရက်နေ့ထုတ် မြန်မာပို့စ် (Myanmar Post) စာစောင်တွင် ဦးလှမောင်ရွှေက NDF အပါအဝင် ရှမ်း၊ ကရင်၊ ချင်း၊ ရခိုင် စသည့် တိုင်းရင်းသား ပါတီများကို ငွေကြေး ထောက်ပံ့ ထားကြောင်း ထုတ်ဖော် ပြောဆို လိုက်ပြီးနောက် ယခု ပြဿနာများ ပေါ်ပေါက်လာသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းရန် ယခုလ ၆ ရက်က စာတစောင်ထုတ်ခဲ့ရာ မနေ့က NDF ပါတီ ဌာနချုပ်၌ ရှင်းလင်းပွဲ လုပ်ခဲ့သည်။

NDF က ထောက်ပံ့မှုကို ပုဂ္ဂိုလ်ရေးအရသာ လက်ခံပြီး ပါတီအနေဖြင့် မဟုတ်ကြောင်း၊ ဦးလှမောင်ရွှေ ထံမှ တောင်းပန်စာလည်း ရကြောင်း ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက မနေ့က ရှင်းပြခဲ့သည်ဟု ဦးအောင်သန်းနှင့် UDP ဥက္ကဋ္ဌတို့ထံက သိရသည်။ ယင်းစာကို ဒီငြိမ်းပါတီ မရဟုလည်း ဆိုသည်။

ရခိုင်ပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကမူ ယခုလ ၁၁ ရက်စွဲပါ ဦးလှမောင်ရွှေ လက်မှတ်နှင့် စာကို ရကြောင်း၊ RNDP အနေဖြင့် ဦးလှမောင်ရွှေထံမှ မည်သည့် အထောက်အပံ့မျှ မယူထားကြောင်း မဇ္ဈိမကို ပြောသည်။

“ကျနော်တို့လည်း ဆက်စပ်မှုမရှိကြောင်း၊ ငွေကြေးအရှုပ်အရှင်းနဲ့ ပတ်သက်လို့ ရှင်းလင်းစွာ သိရတဲ့ အချိန်အထိ အဲဒီ ၅ ပါတီနဲ့ ဆက်ဆံရေးများ ခေတ္တရပ်ဆိုင်း ထားမယ်ဆိုတဲ့ အကြောင်း ထုတ်ပြန်ဖို့ ရှိပါတယ်” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

ဒီမိုကရေစီမိတ်ဆွေပါတီများ အစုအဖွဲ့ ဖြစ်ပေါ်လာရေး အကျိုးဆောင်သည့် UDP ပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက သူတို့ပါတီလည်း ဦးလှမောင်ရွှေနှင့် ကင်းရှင်းကြောင်း ဆိုသည်။

“ပြည်သူကို နေရာမပေးပဲနဲ့ လူလို သူလို အဆက်ဆံ မခံရတဲ့ အုပ်ချုပ်ရေးစနစ်တွေကို ကျနော်တို့ လူငယ်တွေက မလိုချင်တော့ဘူး။ ပြည်သူ ဘက်က လိုက်ပါ ဆောင်ရွက်ပေးမယ် ဆိုတဲ့ ကျနော်တို့ရဲ့ ဒီဘက် အင်အားစုတွေ တဖွဲ့နဲ့တဖွဲ့ ပြစ်တင် ရှုတ်ချတာတွေ၊ ပြည်သူအမြင် ရှုတ်ထွေးစေမယ့် လုပ်ရပ်တွေ မဖြစ်စေချင်ဘူး။ ကျနော်တို့ရဲ့ ဒီဘက် အင်အားစုတွေရဲ့ လုပ်ကွက် တိုက်ကွက်က ဟိုဘက် အင်အားစုက ဖြုံတောင်မဖြုံဘူး ဆိုတဲ့အဆင့် ရောက်သွားနိုင်တယ်။ ပြေရာပြေကြောင်း လေးတော့ ဖြစ်စေချင်တာ” ဟု မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲကာလ တခြားနိုင်ငံရေး စုဖွဲ့မှုများရှိသည်ကိုလည်း တွေ့ရသည်။ ယခုအစုအဖွဲ့ မတိုင်မီ တသီးပုဂ္ဂလ ၈ ဦးနှင့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) တို့ ပူးပေါင်း ဆောင်ရွက်မည်ဟု သဘော တူခဲ့ကြသေးသည်။ သို့သော် “ကျစ်ကျစ်လစ်လစ်” မရှိသေးကြောင်း ဒီငြိမ်း ဥက္ကဋ္ဌ ဦးအောင်သန်းက သုံးသပ်သည်။

“ရွေးကောက်ပွဲနားနီးလာမှ လှမ်းချိတ်ကြတော့ ကိစ္စရပ်အားလုံးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာ မဖြစ်တော့ဘူး။ အမတ်လောင်းရွေး နေရာချတာ လုပ်တုန်းကလဲ သီးခြားစီ။ တချို့နေရာတွေမှာ ထပ်နေကြတယ်။ ဒီအချိန်မှာတော့ စုစည်းဖို့ သိပ်မလွယ်ဘူး။ အခု ကျနော်တို့ ပြဿနာကိုပဲ ကြည့်လေ” ဟု သူက ပြောသည်။

အဖျက်သိမ်းခံ မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ ဥက္ကဋ္ဌဟောင်း တောင်ဥက္ကလာပ တသီးပုဂ္ဂလ အမတ်လောင်း ဦးကောင်းမြင့်ထွဋ် ကမူ ပါတီများ ယခုကဲ့သို့ စုဖွဲ့ရန် ကြိုးစားနေကြသော်လည်း မိတ်ဖက် မဟုတ်ကြဟု သုံးသပ်သည်။

“နယ်မြေတစ်ခုထဲမှာလည်း ကိုယ်ကလည်း ပြိုင်တယ်။ သူကလည်း ပြိုင်တယ်ဆိုရင် ဘယ်လိုလုပ် မိတ်ဖက် ဒီမိုကရေစီ အင်အားစုတွေ ဖြစ်နိုင်မလဲ” ဟု ဆိုသည်။

Ref: မဇ္ဈိမ

Read More...

ယုဇနကုမ္ပဏီ ဥက္ကဋ္ဌအား လယ်ယာသိမ်းအမှုမှ ပယ်ဖျက်ကြောင်း အမိန့်ချ

ပေါက်ပေါက်
၁၃ အောက်တိုဘာ ၂၀၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသမှ လယ်ယာမြေများ သိမ်းယူခဲ့သည့် ယုဇန ကုမ္ပဏီ အပေါ် တရား စွဲဆိုမှုတွင် ယုဇနကုမ္ပဏီ ဥက္ကဋ္ဌ နာမည်အား ပယ်ဖျက်ကြောင်း ပြည်နယ် တရားရုံးက ယမန်နေ့က ကြားဖြတ်အမိန့် ချမှတ်လိုက်သည်။

ယုဇနကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်အမည်အား ပယ်ဖျက်ပြီး ၎င်း၏ အစ်ကိုဖြစ်သူ ဦးပုကြည်က တာဝန်ခံ၍ တရား ရင်ဆိုင်သွားရန် ကချင်ပြည်နယ် တရားသူကြီး ဦးတူးဂျာက ကြားဖြတ် အမိန့် ချမှတ်ခဲ့သည့် အတွက် လယ်ယာမြေ သိမ်းသည့်အပေါ် တရားစွဲဆိုရန် ဆောင်ရွက်ပေးနေသည့် ဒေါ်ဘောက်ဂျာက ဆက်လက် အယူခံ သွားရန် ရှိကြောင်း ပြောသည်။

၎င်းက “ဦးပုကြည်ကိုပဲ တာဝန်ခံခိုင်းဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာလေ။ ကျမတို့က တာဝန်ခံကို တရားစွဲထားတာ မဟုတ်ဘူးလေ။ ကုမ္ပဏီ ဥက္ကဋ္ဌကို တရားစွဲထားတာ။ သူက ညွှန်ကြားမှ ကုမ္ပဏီ တာဝန်ခံက လိုက်လုပ်ရတာ။ ဥက္ကဋ္ဌက ရန်ကုန်မှာ နေတာပေါ့၊ တာဝန်ခံနဲ့ ဖြေရှင်းလို့ ရတယ်ဆိုပြီး အမိန့်ချတယ်” ဟု ပြောသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ဝရာဇွပ်၊ ရှဒူးဇွပ်၊ နမ်ဆန်၊ အောင်ရာနှင့် ဘန်ကောက် ကျေးရွာတို့မှ လယ်သမား များ၏ လယ်မြေဧက (၁,ဝဝဝ) ကျော်ကို ယုဇနကုမ္ပဏီက ၂ဝဝ၇ ခုနှစ်၌ သိမ်းယူခဲ့ သဖြင့် လယ် မလုပ်ရသည့် (၃) နှစ်အတွက် နစ်နာကြေး ပေးရန် လယ်သမား (၃၇) ဦးက (၂) သုတ်ခွဲပြီး တရား စွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ဘောက်ဂျာက ပြောသည်။

၎င်းက “ကုမ္ပဏီက (၁) ဧက ကျပ် (၈) သောင်း နှုန်းနဲ့ အတင်းအကျပ် ဈေးဖြတ်ပြီး လျော်ပေးခဲ့တာ။ မြေရိုင်းကနေ လယ်မြေ ဖြစ်အောင် လုပ်တဲ့ အခတောင် မရှိဘူး။ ကျမတို့က တရားစွဲတာ (၁၇) ယောက်က တသုတ်၊ (၂ဝ) က တသုတ် ဖြစ်နေတယ်။ (၁၅) ရက်နေ့မှာ တောင်သူ (၂ဝ) က ယုဇနကုမ္ပဏီ ဥက္ကဋ္ဌကို တရားစွဲတဲ့ ဟာအတွက် ရက်ချိန်း ပေးထားတာ ရှိသေးတယ်။ တခါတည်း မလုပ်ဘဲ လူများလို့ ဆိုပြီး အဲလို အသုတ်ခွဲ၊ ရက်ချိန်းတွေ ပေးနေတော့ ကျမတို့ အလုပ်အကိုင်တွေ ပျက်နေရတယ်။ နောက်ထပ် တောင်သူ (၅ဝ) လောက်လည်း တရားစွဲဖို့ ပြင်နေကြတယ်” ဟု ပြောသည်။

တနိုင်း-နမ္မတီး-မြစ်ကြီးနား လီဒိုလမ်းပေါ်ရှိ ကျေးရွာများမှ တောင်သူ (၆ဝဝ) ကျော် ပိုင်ဆိုင်သည့် လယ်မြေများ ကို ဒေသခံ စစ်တပ်၊ ရဲနှင့် အာဏာပိုင်များ အကူအညီဖြင့် ယုဇနကုမ္ပဏီက သိမ်းယူကာ ပလောပီနံ စိုက်ပျိုးရေး လုပ်ကိုင်ခဲ့သည်။

ယင်းအပေါ် တောင်သူများက တရားစွဲရန် ပြင်ဆင်ရာမှ ယခုနှစ်အတွင်း (၁) ဧက ကျပ် (၈) သောင်းနှုန်းဖြင့် ယုဇန ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့် လက်မှတ် ပါရှိသည့် လျော်ကြေး စာချုပ်များဖြင့် တောင်သူများအား ဒေသခံ အာဏာပိုင်များ မှတဆင့် အတင်းအကျပ် လက်မှတ် ထိုးခိုင်းပြီး လျော်ကြေး ပေးခဲ့ရာ တောင်သူအချို့က လက်မှတ် မထိုးဘဲ တရား စွဲဆိုနေခြင်းဖြစ်သည်။

ယုဇနကုမ္ပဏီသည် အဆိုပါ ဟူးကောင်းချိုင့်ဝှမ်းဒေသ၌ မြေဧက (၄) သိန်းရှိ ပလောပီနံ စိုက်ခင်းများကို မြန်မာပြည် အောက်ပိုင်းမှ အလုပ်သမားများ ထောင်နှင့်ချီ ငှားရမ်း ခေါ်ယူ လုပ်ကိုင်နေပြီး မကြာသေးမီက အဆိုပါ အလုပ် သမားများကို နယ်မြေခံ စစ်တပ်က စစ်သင်တန်းများ ပေးကာ လက်နက်များ ထုတ်ပေးခဲ့သည်။

Ref: ခေတ်ပြိုင်

Read More...

Wednesday, October 13, 2010

နန်းဆုရတီစိုး လုပ်ဇာတ်ထွင်မှု ရဲချုပ် ဒေါသထွက်

October 11, 2010

နန်းဆုရတီ စိုး ၏ နာမည်ကြီးရအောင် လုပ်ဇာတ်ထွင်ခြင်း ကို ရဲချုပ် ခင်ရီ က အလွန် အမင်း ဒေါသ ထွက်နေကြောင်း ကြားသိရသည်။ သူမ ပျောက်ဆုံးသည် ဆို၍ မိခင် ဖြစ်သူ ကိုယ်တိုင် လာရောက်တိုင်ကြား စဉ်က မြန်မာ နိုင်ငံ ရဲချုပ်မှာ သူကိုယ်တိုင် တိုင်း နှင့် ပြည်နယ် ရဲမှုးများ ဆီသို့ အကြောင်း ကြားပေးပြီး အင်းစိန် CID စုံထောက် ဌာန သို့ပင် တာဝန် ပေးခဲ့သည် ဟု Freedom News Group မှ သတင်းရရှိသည်။

ယခု မိဘ နှင့် စိတ်ဆိုးပြီး ထွက်သွား ကာ ပြန်ရောက်နေ သည် ဟု အကြောင်းပြခြင်းသည် ၎င်း နာမည်ကြီးရန် အတွက် လုပ်ဇာတ် ခင်းခြင်း ဖြစ်သည် ဟု ရန်ကုန် တိုင်း ရဲတပ်ဖွဲ့မှုး ရုံးမှ အရာရှိ တစ်ဦးက FNG သို့ ပြောသည်။ ထို ရဲအရာရှိက ရဲချုပ် ရဲ့ တာဝန် ပေးချက်အရ ကျွန်မတို့ အမျိုး သမီး ရဲမေတွေတောင် သူသွားတတ်တဲ့ နေရာ တွေကို အရပ်သားယောင် ဆောင်ပြီး သတင်း သွားယူရသေး တယ်။ ဒီဇာတ်လမ်းမှာ သူအမေ လည်း ပါတယ်။ သူ့အမေက သမီး ပျောက်နေတာတောင် သမ္မတ ရုံ ၉း၃၀ ပွဲစဉ် မှာ ရုပ်ရှင် သွားကြည့် နိုင် သေးတယ်။ အခု ရဲချုပ် ကတော်တော် စိတ်ဆိုးနေတယ် ကျွန်မ တို့ကိုတောင် သူ့ကို ဖမ်းခိုင်းတယ်။ ကောင်မ က ဗိုလ်ချုပ် မြင့်ဆွေကို လှမ်းတိုင်လို့ မဖမ်းဖြစ်တာ “ဟု ပြောသည်။

နန်းဆုရတီစိုး သည် စီးပွားရေး လုပ်ငန်းများ ကိုလည်း လုပ်ကိုင် သူ ဖြစ်ပြီး ကားကြော်ငြာ မော်ဒယ် အဖြစ်လည်း ရံဖန် ရံခါ သရုပ်ဆောင်သည်။

အောက်တိုဘာလ ၈ ရက်နေ့ က မင်္ဂလာတောင်ညွှန့် ရှိ မျှော်စင်ကျွန်းတွင် မြ၀တီ ရုပ်သံ အတွက် ကြံ့ဖွံ့ အတွက် ရွေးကောက်ပွဲ မဲဆွယ်တေးကို သွားရောက် သီဆိုပေးခဲ့ပြီး အိမ်သို့ ပြန်ရာ တနင်္ဂနွေနေ့ ၁၀ ရက်နေ့ ထိ ရောက်ရှိလာခြင်း မရှိသေးသည် အတွက် သူမ ၏ မိသားစုမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ထိ တိုင်တန်းထားသည် ဟု သတင်း ရရှိသည်။

နန်းဆုရတီစိုး သည် စစ်အစိုးရ အာဏာရ သားသမီးများ နှင့် စီးပွားရေး ဆက်စပ် လုပ်ကိုင်ရာမှ ပြီးခဲ့သည့် လက သူမ ဦးဆောင် ပြုလုပ်ခဲ့သည့် ပြပွဲ တစ်ခု တွင် ထိပ်တန်း စစ်တပ်အရာ ရှိ တစ်ဦး၏ သမီးဖြစ်သူ နှင့် အချေအတင် ဖြစ်ခဲ့သည်ဟု သိရသည်။

နန်းဆုရတီစိုးသည် ရန်ကုန်တိုင်းမှ ထိပ်တန်း စစ်အရာရှိ များ အာဏာပိုင် အသိုင်းအ၀ိုင်းများနှင့် ၀င်ဆံ့ သူ ဖြစ်သည်။

နန်းဆုရတီစိုး သည် စစ်အစိုးရ ၀ါဒဖြန့် ချိရေးရုပ်ရှင် ဇာတ်ကား ဖြစ်သည့် “အရုဏ်ဦးတွင် ဖူးသည့်ကြာ” တွင် လည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူးကာ ရွေးကောက်ပွဲ မဲဆွယ်တေး နှင့် စစ်အစိုးရ တစ်ဖက်သတ် ရေးဆွဲ သည့် အခြေခံ ဥပဒေ မဲဆွယ်တေးများ တွင်လည်း ပါဝင် သီဆိုခဲ့ဖူးသည်။

သူမသည့် ယခင် ကြံ့ဖွံ့ အဖွဲ့ ဝင်တစ်ဦးဖြစ်ပြီး Milky Way ကုမ္ပဏီကို ထောင်ထားကာ ရန်ကုန် မြို့ မှ အာဏာပိုင် သားသမီး တစ်ဦးဖြစ်သူ လူငယ်မော်တော်ကား ဂိုဏ်းဝင် တစ်ဦး နှင့် ခင်မင်ရင်းနှီးမှု ရှိသည်။

Ref: FNG

Read More...

ဒေါ်အောင်ဆန်းစုကြည် မဲပေးဖို့ ငြင်းဆို

မသင်းသီရိ
အင်္ဂါ, 12 အောက်တိုဘာ 2010

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့် ပြုတာဟာ စစ် အစိုးရက ထုတ်ပြန် ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လွဲချော် နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ လိုက်သလို ရွေးကောက်ပွဲမှာ သူမဲပေးမှာ မဟုတ်ဘူးလို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောလိုက်တယ်လို့ သူ့ကို ဒီကနေ့ သွားတွေ့ခဲ့တဲ့ ရှေ့နေတွေက တဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့် ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် အကြောင်းကြားစဉ် အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြ ပေးထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုတဲ့အကြောင်း မကြာသေးခင် ရက်ပိုင်းကပဲ နေအိမ်မှာ သွားရောက် အကြောင်းကြား ခဲ့တဲ့ အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ဥပဒေကြောင်းနဲ့ လွဲချော်နေတယ်လို့ ပြန်လည် ထောက်ပြခဲ့တာပါ။ ဒါကလည်း ပြီးခဲ့တဲ့ မတ်လက စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေထဲမှာ ပြစ်ဒဏ် ကျခံနေရသူများဟာ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိမလို မဲပေးပိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းထားတာမို့ အခု သူ့ကို မဲပေးခွင့် ပေးလိုက်တာဟာ ဥပဒေအရ ကြည့်မယ်ဆိုရင် လွဲချော်နေတယ်လို့ ပြောကြောင်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားတွေ့ခဲ့တဲ့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

“ထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာ စကားရပ်တခု ပါတယ်။ ထောင်ဒဏ် ကျခံနေရသူ၊ အဲတော့ တရားရုံး တရုံးရုံးက ပြစ်ဒဏ် စီရင်ထားသူကို ဆိုလိုသည်တဲ့။ ထိုသူက အဲဒီ ချမှတ်တဲ့ ပြစ်ဒဏ်ကို မကျေနပ်လို့ အယူခံထားသူလည်း ပါဝင်သည်လို့ ဆိုတော့ ဒေါ်စုက အဲဒီအထဲ ပါနေတာပေါ့။ အခု အယူခံထားတာလည်း မကျေနပ်လို့ အယူခံထားတာ။ အဲတော့ သူက ထောင်ဒဏ် ကျခံနေရသူ ဆိုတဲ့ဘက်မှာ သွားပါတဲ့သဘော ဖြစ်နေတယ်။ ဒေါ်စုက သူ့မှာ Voting Right၊ မဲပေးပိုင်ခွင့် မရှိဘူး ဆိုပြီးတော့ အဲဒါကို ရှင်းပြလိုက်တယ်။”

ဒါ့အပြင် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးဘူးလို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ချထားတဲ့ အမှုအပေါ် အထူး အယူခံလွှာကို လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ တရားရုံးချုပ် ရန်ကုန်မှာ ကြားနာမှာမို့ ဒီအယူခံလွှာ ကိစ္စအတွက် ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ ၂ ဦး ဒီကနေ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ ခဲ့တာလည်း ဖြစ်ပါတယ်။

“အဓိကတော့ ကျနော်တို့ ပြင်ဆင်လာခဲ့ကြတာနဲ့ ရေးသား လျှောက်လဲချက်ကို ဒေါ်စုကို သွားပြတာ။ အဲတော့ သူကလည်း အဲဒီဟာကို ကျနော်တို့နဲ့ ဖတ်လည်း ဖတ်ကြည့်တယ်၊ ဆွေးနွေးလည်း ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့မှ အချက် လေးငါးချက်ပဲ ထပ်ပြီးတော့ ဖြည့်သင့်တယ်လို့ ပြောတယ်။ ဖြည့်ပေး စေချင်တယ်လို့ ပြောတယ်။ အဲတော့ အဲဒီ လေးငါးချက် ကျနော်တို့ဆီမှာ ပါတယ်။ ကျန်တဲ့ဟာတွေလည်း ရှင်းပြခဲ့တယ်။”

မနှစ် သြဂုတ်လ ၁၁ ရက်နေ့က ချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်အတွက် မူလ အင်းစိန်တရားရုံးမှာ ၀င်ခဲ့တဲ့ အယူခံ ကိုလည်း ပယ်ချခဲ့သလို ရန်ကုန်တိုင်း တရားရုံးမှာ မနှစ် စက်တင်ဘာ ၄ ရက်နေ့က တင်တဲ့ အယူခံလွှာကိုလည်း အောက်တိုဘာလ ၂ ရက်နေ့မှာ ပလပ်ခဲ့ဖူးတာမို့ ၂ ကြိမ်ထိ လက်မခံဘဲ ရှိထားခဲ့ပြီး အခုတော့ တရားရုံးချုပ်မှာ အထူး အယူခံလွှာ လက်ခံ မခံ ကြားနာမှာလည်း ဖြစ်ပါတယ်။

ဒါဟာလည်း စစ်အစိုးရက ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံဥပဒေနဲ့ အစားထိုး ခဲ့တယ်လို့ ကြေညာ ထားပြီးကာမှ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာမှာ အခြေခံ ဥပဒေဟောင်းကို အသုံးပြုထားတာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ထောက်ပြပါတယ်။

“အင်မတန် အရေးကြီးတဲ့အချက်၊ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက ၈၈ ခုနှစ်က ရပ်ဆိုင်းသွားတယ် ဆိုတာကို ရန်ကုန်တိုင်း တရားသူကြီးက အမိန့်ချခဲ့တယ်။ အဲဒါက ကျနော်တို့ရဲ့ အမြတ်၊ အောင်ပွဲ၊ အဲလို ပြောနိုင်တယ်။ သို့သော် တရားသူကြီးက အဲဒီ နေရာလေးမှာ အဲဒီလမ်းကြောင်းပေါ် ရောက်ပြီးကာမှ ပြန်ပြီးတော့ ဂကွေ့ ကွေ့ပြီးတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ပုဒ်မ ၅ ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလ အခွင့်အရေး တွေပေါ့ဗျာ၊ Fundamental Rights တွေ ကန့်သတ်တာပေါ့။ လှည့်ပတ်ပြီး ထွက်သွားတာ။”

ရှေ့နေ ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအတွက် လိုအပ်တာတွေကို ထပ်မံ ဖြည့်စွက်ပြီးရင် အမှုကို ကြားနာမယ့် အောက်တိုဘာ ၁၈ ရက် မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

Ref: VOA News

Read More...

ရှမ်းပြည် မြောက်ပိုင်း၌ စစ်တပ် ဖိအားပေး ရွှေ့ပြောင်းခိုင်းမှုများ ပြုလုပ်

စိုင်းဇွမ်ဆိုင်း
Tuesday, October 12, 2010

မြန်မာစစ်တပ်က ဖိအားပေးမှုကြောင့် ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်မှ ကျေးရွာငယ် များနှင့် ကျောက်မီးသွေး လုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီများသည် လားရှိုးမြို့ပေါ်သို့ လွန်ခဲ့သည့် နှစ်ပတ်ခန့်က ရွှေ့ပြောင်းခဲ့ရကြောင်း သိရှိရသည်။

လားရှိုးမြို့နယ် နမ္မကျေးရွာတဝိုက်မှ ကျေးရွာ ၃ ရွာ၊ ၄ ရွာခန့်နှင့် ကျောက်မီးသွေး တူးနေကြသည့် ပုဂ္ဂလိက ကုမ္ပဏီများ ဖြစ်သော အေးရှားဝေါလ် ကုမ္ပဏီနှင့် ငွေရည်ပုလဲ ကုမ္ပဏီတို့သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ၏ ညွှန်ကြား ချက်ကြောင့် ပြောင်းရွှေ့ ကြရသည်ဟု စစ်တပ် အသိုင်းအ၀န်းက ပြောသည်။

ယင်းသို့ ရွှေ့ပြောင်းခိုင်းထားခြင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ငြင်းဆန်နေသည့် အပစ်ရပ် ရှမ်းပြည် တပ်မတော်- မြောက်ပိုင်း (SSA- N) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့ကို စစ်ရေးအရ ဖိအား ပေးလိုသောကြောင့် ဖြစ်သည်ဟု စစ်ရေး လေ့လာသူများက ဆိုသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် မှ အမည်မဖော်လိုသူ အရာရှိတဦးက“ကျောက်မီးသွေး စီမံကိန်း ရှိတဲ့ နေရာတွေက စစ်ဆင် ရေး လုပ်မယ်၊ စစ်ကြောင်း ထိုးမယ်ဆိုရင် အဓိကကျတဲ့ နေရာတွေပါ၊ တန့်ယန်းဘက်ကို ဆက်သွားမယ်ဆိုရင် ဝ နယ်ကို ရောက်မယ်၊ မိုင်းရယ် ကနေ ပြန်ခွဲထွက်လိုက်မယ် ဆိုရင် SSA ရဲ့ စိန်ကျော့ ဝမ်ဟိုင်းဘက်ကို ပေါက်မယ်”ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲများဖြစ်လာလျှင် ပြည်သူများကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် ပြောင်းရွှေ့ခိုင်းထားခြင်းသာ ဖြစ်ကြောင်း၊ အဓိကကျ သည့် စစ်ဆင်ရေးများ စတင်မှု မရှိသေးကြောင်းလည်း ၎င်းအရာရှိက ဆက်လက် ပြောဆိုသည်။

ယခု ပြောင်းရွှေ့ ခိုင်းခြင်းသည် ၎င်းတို့ စီမံကိန်းနယ်မြေများအတွင်း အစိုးရ စစ်ကြောင်းများ လှုပ်ရှားမည်၊ ထိုဒေသ များမှ တဆင့် SSA- N နှင့် UWSA တို့၏ နယ်မြေများကို ချဉ်းကပ်မည်ဟု ကျောက်မီးသွေး စီမံကိန်းတွင် လုပ်ကိုင်ခဲ့ဖူးသည့် အေးရှားဝေါလ် ကုမ္ပဏီမှ ဘူမိဗေဒ ပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။

ယင်း ဘူမိဗေဒ ပညာရှင်က“ကျောက်မီးသွေး လုပ်ငန်းတွေကိုရပ်ပြီး မြို့ပေါ်ကို ရွှေ့ခိုင်း ထားတာကတော့ နှစ်ပတ် ကျော်ပြီ၊ အခုတော့ ရွာငယ်တွေကို တနေရာတည်းမှာ စုပြီးနေဖို့ ရွှေ့ပြောင်းခိုင်း ထားတယ်လို့ ကြားတယ်”ဟု ပြောသည်။

ထိုဒေသတွင် အစိုးရပိုင် နမ္မ ကျောက်မီးသွေး စီမံကိန်း တည်ရှိသော်လည်း ယင်း စီမံကိန်းကို ရပ်နား ထားခိုင်းခြင်း မရှိဟု လည်း သိရှိရသည်။

နမ္မ ကျေးရွာသည် SSA- N တပ်မဟာ (၁) လှုပ်ရှားမှုရှိနေသော ဒေသဖြစ်ကြောင်း၊ SSA- N ဘက်မှလည်း စစ်ရေး အရ ပြင်ဆင်မှုများ အပြင် တပ်ဖွဲ့ဝင်များ၏ မိသားစုများကို ဘေးလွတ်ရာသို့ ပို့ဆောင် ထားခြင်းများ ရှိကြောင်း ရှမ်းပြည် စစ်ရေး လေ့လာသူ သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဦးစိန်ကြည်က ဆိုသည်။

နအဖ စစ်တပ်ဘက်မှလည်း ဒေသအတွင်း တပ်များကို ယခင်လပိုင်း ကတည်းက ဖြန့်ကျက်ထားမှုများ ရှိသည်ဟု ၎င်း က ပြောသည်။

UWSA ၏ ထိန်းချုပ်နယ်မြေဖြစ်သော ပန်ယန်း၊ ပန်ဆန်းမြို့များမှတဆင့် တရုတ်နိုင်ငံဘက်သို့ ယခု လဆန်းပိုင်းမှ စ၍ ကုန်စည် စီးဆင်းမှုများ ကျဆင်းသွားကြောင်းလည်း ဒေသခံ ယာဉ်မောင်း တဦးက ပြောသည်။

၎င်းက“ဝ တပ်တွေနဲ့ ဗမာတပ်တွေကြား အခြေအနေ တင်းမာနေတယ်ဆိုလို့ ဘယ်သူကမှ အဲဒီဘက်ကို သိပ်မသွားကြ တော့ဘူး၊ အခြေအနေ မကောင်းရင် ပေါ်တာပါ အဆွဲ ခံရနိုင်တယ်”ဟု ဆိုသည်။

SSA- N ၏ တပ်မဟာ (၁) နှင့် UWSA တို့သည် နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆန် နေကြပြီး UWSA သည် အင်အား နှစ်သောင်းကျော်နှင့် SSA- N သည် အင်အား သုံးထောင်ကျော် ရှိကြောင်း လေ့လာသူများက ခန့်မှန်းကြသည်။

Ref: ဧရာဝတီ်

Read More...

အနုပညာရှင် ၁၀ ဦး အမေရိကန်ဗီဇာ ရုပ်သိမ်းခံရ

နရီလင်းလက်
Tuesday, October 12, 2010

မြန်မာစစ်အစိုးရ၏ ၀ါဒဖြန့်ချိရေး ဇာတ်ကား “အရုဏ်ဦးမှာ ဖူးသည့်ကြာ” တွင်ပါဝင်သည့် ၀ိုင်းဆုခိုင်သိန်းနှင့် အနုပညာရှင် ၉ ဦးအား ပထမဆုံး အကြိမ် အမေရိကန် လူဝင်မှုကြီးကြပ်ရေးမှ ဗီဇာ ပြန်ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

ဘုန်းကြီးကျောင်း ရန်ပုံငွေပွဲအတွက် အနုပညာရှင်များ ဖျော်ဖြေရန် ရောက်ရှိနေသော သြဂုတ်လမှ စတင်ကာ အမေရိကန်ရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက စတင်ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါဖျော်ဖြေရေး ခရီးစဉ်တွင် မင်းမော်ကွန်း၊ ရဲလေး၊ စိုးစိုး၊ မောင်မောင်လွင်၊ ပက်ထရစ်မေလာ၊ ရဲဖုန်း၊ တွတ်ကီ၊ ၀ိုင်းဆုခိုင်သိန်း၊ L ဆိုင်းဇီ၊ ရေဘက္ကာဝင်း တို့ပါဝင်သည်။

အမေရိကန်ရောက် ဒီမိုကရေစီအရေး လှုပ်ရှားနေကြသည့် မြန်မာပြည်သူများ အကြား စိတ်ဝမ်းကွဲမှုများ ဖြစ်မလာစေရန် အနုပညာရှင် များအား ဗီဇာ အာမခံပေးမှု ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်ဟု အမေရိကန်နိုင်ငံ Bamar Nippon American Buddish အသင်း ဥက္ကဋ္ဌ ဆရာတော် ဦးဣဿရိယက ပြောသည်။

“ဘုန်းကြီးကျောင်းတကျောင်း ရန်ပုံငွေအတွက် အနုပညာရှင်တွေကို ခေါ်ချင်တယ်၊ ဘုန်းဘုန်း အသင်းကနေ စပွန်ဆာ လုပ်ပြီး ခေါ်ပေးပါလို့ အကြိမ်ကြိမ် အကူအညီ တောင်းတာကြောင့် အသင်းက လူတွေနဲ့ တိုင်ပင်ပြီး စပွန်ဆာ အတွက် လက်မှတ် ထိုးပေးခဲ့တယ်။ ဘုန်းဘုန်းတို့ အသင်းကို အလှူငွေ ဒေါ်လာ ၄၆၀၀ ထည့်ပြီးနောက် ပွဲနဲ့ ပတ်သက်ပြီး ဘယ်မှာ လုပ်မယ်တို့၊ ဘယ်သူ တွေပါတယ်၊ ဘယ်လောက်ရတယ် ဆိုတာ ဘာမှ မပြောသလို၊ ဘာမှလည်း မသိရခဲ့ဘူး” ဟု ဆရာတော်က မိန့်သည်။

ဆက်လက်၍ ဆရာတော်က ရောက်ရှိလာသော အနုပညာရှင်များထဲတွင် ဝါဒဖြန့် ကားထဲ၌ ပါဝင် သရုပ်ဆောင်ထားသည့် ဝိုင်းဆုခိုင်သိန်း ပါဝင်သည့် အတွက် ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်လာကြောင်း၊ ပွဲစီစဉ်သူများကလည်း ဆန္ဒပြပွဲကို ဂရုမစိုက်ဘဲ ပွဲကိုသာ ဆက်လုပ်ရန် စီစဉ်ကြကြောင်း၊ ထို့ကြောင့် အခြေအနေမှာ တင်းမာသည်ထက် တင်းမာလာကြောင်း မိန့်ဆိုသည်။

“ဘုန်းဘုန်းက အာမခံပြီး ခေါ်ထားတော့ အနုပညာရှင်တွေ တခုခုဖြစ်သွားရင် မကောင်းဘူး ဆိုပြီး ပွဲစီစဉ်တဲ့ သူတွေနဲ့ရော အနုပညာရှင် တွေနဲ့ပါ ညှိတာ မရဘူး။ အဲဒီတော့ ဘုန်းဘုန်းဘက်ကလည်း သူတို့ကို ပြောထားတဲ့ အတိုင်း ဆက်လုပ်ရင် ဗီဇာအတွက် အာမခံပေးတာ မလုပ်နိုင်တော့ဘူး ဆိုပြီး ရုပ်သိမ်းလိုက်တာ” ဟု ဆရာတော်က ရှင်းပြသည်။

ဇူလိုင် ၁၂ ရက်နေ့မှ စတင်ခွင့်ပြုခဲ့သည့် ဗီဇာကို အောက်တိုဘာ ၈ ရက်နေ့ ရက်စွဲဖြင့် ရုပ်သိမ်း လိုက်သည်ဟု အမေရိကန်နိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အမေရိကန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများထဲမှ တရားဥပဒေ လမ်းကြောင်း အရ အနုပညာ ရှင်များ၏ ဗီဇာ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သူ ကိုညီညီအောာင်ကလည်း “အမေရိကန်မှာလည်း လွှတ်တော်က အာဏာရှင်နဲ့ သူ့အသိုင်းအဝန်း၊ ပတ်ဝန်းကျင်၊ ဒေါက်တိုင်တွေကို ဗီဇာမပေးဘူး ဆိုတဲ့ ဥပဒေ ရှိထားတော့ ဒီအချက်ကို ထောက်ပြပြီး မြန်မာပြည်မှာ ရှိတဲ့ အမေရိကန် သံရုံးကို လှမ်းပြီး ဗီဇာမပေးဖို့ စာပို့လိုက်တယ်။ ဒါပေမယ့် ဗီဇာက ထုတ်ပေးလိုက်ပြီ ဆိုတော့ တားမရတော့ဘူး။ အမေရိကား ရောက်လာတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ဒီမှာ ထပ်ပြောတယ်။ ဇာတ်ကားထဲမှာ ပါတဲ့ လူတွေ ထွက်ပေးပါ။ ကျန်တဲ့ လူတွေကတော့ သူတို့ အနုပညာ ဆက်လုပ်ပါလို့ ဆိုပြီး မေတ္တာရပ်ခံချက်တွေ၊ ဆွေးနွေးချက်တွေ လုပ်တယ်။ ဒါပေမယ့် မရဘူး။ ဒါနဲ့ ဥပဒေ ကြောင်းအရ ချဉ်းကပ်ပြီး တောင်းဆိုတော့ စပွန်ဆာပေးတဲ့ အဖွဲ့က ပြန်သိမ်းတာ” ဟု ဆိုသည်။

သွားရောက်ဖျော်ဖြေသည့် အနုပညာရှင်များသည် လေယာဉ်လက်မှတ် အစီအစဉ်အရ ၅ ယောက် တအုပ်စု ပြန်ရသောကြောင့် အဆိုတော် ရဲလေးမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမေရိကန်မှ ပြန်လည် ထွက်ခွာ သွားကြောင်း သိရသည်။

မင်းမော်ကွန်း၏ ဇနီး မသဉ္ဇာလှိုင်ကလည်း “အစ်မလည်း အင်တာနက်မှာ ဒီသတင်းတွေဖတ်ရတယ်။ အမျိုးသားနဲ့ ဖုန်းရတော့ မေးကြည့်တဲ့ အခါ ဒီလို ဗီဇာတွေ ရုပ်သိမ်း ခံရတယ်ဆိုတာ မဟုတ်ဘူးလို့ ပြောတယ်။ အမျိုးသားက နောက်တသုတ် ၁၂ ရက်နေ့မှ ပြန်ဖြစ်မယ် ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်းဂျာနယ် လောကတွင်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အနုပညာရှင်များအား ဆက်သွယ် မေးမြန်းကြကြောင်း အနုပညာဂျာနယ် သတင်းထောက် တဦးက ဆိုသည်။

“နဂိုကတည်းက သူတို့ ရထားတဲ့ဗီဇာ အချိန်နဲ့ ပြန်ရမယ့်ရက်က သတ်မှတ်ပြီးသား။ ဗီဇာ ရုပ်သိမ်းလိုက်တာ အောက်တိုဘာ ၈ ရက်နေ့ဆို သူတို့က ပြန်ဖို့ ၁၁ ရက်နေ့ စီစဉ်ထားတာ ဆိုတော့ ဗီဇာ ရုပ်လည်းဘာမှ မဖြစ်ဘူးဆိုတဲ့ သဘောမျိုး ဖျော်ဖြေပွဲက ပြန်လာတဲ့ အဆိုတော် တယောက်က ပြောတယ်။ အမေရိကားမှာတော့ ၀ိုင်းဆုကြောင့် ပြဿနာတွေ တော်တော် ရှုပ်သွားတယ်လို့ ပြောတယ်” ဟု အဆိုပါ သတင်းထောက်က ပြောသည်။

“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဝါဒဖြန့်ဇာတ်ကားတွင် ဝိုင်းဆုခိုင်သိန်း အပြင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော ကျော်ရဲအောင်၊ လွင်မိုး၊ လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ အောင်ခိုင်၊ အရိုင်း၊ ငှက်ပျောကြော်၊ ကင်းကောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင်၊ မြတ်ကေသီအောင်၊ သက်မွန်မြင့်၊ မျိုးသန္တာထွန်း၊ မယ်လိုဒီ၊ ဆုကဗျာ၊ စိုးပြည့်သဇင်၊ မိုးဟေကို၊ မေသက်ခိုင်၊ ပုလဲဝင်း၊ ပွင့်နဒီမောင်၊ ရတနာမိုင်၊ အေးမြတ်သူ အစရှိသည့် သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင် ထားသည်။

အဆိုပါ ၀ါဒဖြန့်ချိရေး ဇာတ်ကား၌ ဦးသန့်အရေးခင်းကို ဆူပူချင်သူများက အကြောင်းပြကာ ဆူပူချင်း သက်သက် ဖြစ်သည် ဟူ၍ လည်းကောင်း၊ ပြည်ပ အခြေစိုက် မီဒီယာများမှ ထုတ်ဝေသော စာအုပ်၊ စာတမ်းများကို တရားမဝင် စာအုပ်များဟု ဆိုပြီး မီးရှို့ရန်သာ ထိုက်တန်သည် ဟူ၍ပြောကာ မီးရှို့ပြခြင်းဖြင့် လည်းကောင်း၊ ခုံဖိနပ်စီး၍ ပင်နီအင်္ကျီ ဝတ်သူများကိုလည်း ပစ္စည်းမဲ့ လူတန်းစား ဟူ၍လည်းကောင်း၊ ပြည်တွင်းမှ နိုင်ငံရေး သမားများသည် အာဏာ ရချင်လွန်းသဖြင့် မိမိတို့၏ နှမကိုပင် လာဘ်ထိုးသည်ဟူ၍ လည်းကောင်း ရိုက်ကူး ပြသထားသည်။

ဇာတ်ကား တရားဝင်ပြသသည့် အချိန် ကတည်းက မြန်မာပရိသတ်များ ထံမှ သမိုင်းကို ပြင်ဆင်၍ ရိုက်ကူးသည့် အတွက် ဝေဖန်မှုများ ရှိသည့်အပြင်၊ ပြည်ပရောက် မြန်မာများထံမှ မိမိနိုင်ငံ၏ သမိုင်းကြောင်းကို မသိနားမလည်ဘဲ ငွေကြေးကြောင့် ရိုက်ကူးသည် ဆိုကာ ဝေဖန်သံများ အနုပညာ အသိုင်းအ၀န်းတွင် ပျံ့နှံ့နေခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်ကားကို ဒါရိုက်တာ စာရေးဆရာ တင်သန်းဦးက ရိုက်ကူးထားခြင်း ဖြစ်၍ ၎င်းက သမိုင်းကို ပြောင်းပြန်လှန် ရိုက်ကူးခြင်း မဟုတ်ကြောင်း၊ တာဝန်ယူကြောင်း The Voice ဂျာနယ်နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

Ref: ဧရာဝတီ်

Read More...

မြ၀တီမြို့တွင်း တိုက်ပွဲဖြစ်မည့် အခြေအနေရှိ

ရဲရင့်
၁၂ အောက်တိုဘာ ၂၀၁၀

မြ၀တီမြို့ပြင်ရှိ ဒီကေဘီအေတပ်ရင်း (၉၀၂) ခွဲထွက်အဖွဲ့၏ တပ်စခန်း နယ်မြေ အနီးတွင် နအဖတပ်များ လာရောက် အခိုင်အမာ တပ်စွဲ ၀ိုင်းရံ ထားသဖြင့် မကြာမီ မြို့တွင်းတိုက်ပွဲများ ဖြစ်ပွား နိုင်သည်ဟု ဒီကေဘီအေ အဖွဲ့က ပြောသည်။

ယခုကဲ့သို့ နအဖတပ်၏ ၀ိုင်းရံပိတ်ဆို့မှုကို လက်မခံဘဲ လက်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု (၉၀၂) ဒီကေဘီအေ တပ်ရင်းမှူး ဗိုလ်ကျော်သက်က ပြောသည်။

၎င်းက “နအဖက ကျနော်တို့ကို မြ၀တီမြို့ထဲ နေလို့မရဘူး မောင်းထုတ်တော့ သူတို့ ဘာဆက်လုပ်မလဲ ကျနော်တို့ စောင့်ကြည့်မယ်။ နောက်ဆုံး သူတို့ဘက်က စတိုက် လာရင်တော့ ကျနော်တို့ ပြန်တိုက်ရမှာပဲ။ အောက်ခြေ အဖွဲ့အစည်းတွေက မြို့ထဲ နေလို့ မရဘူးလို့ လာပြောတယ်။ နေလို့ မရဘူးဆိုတာ ဘယ်ဗိုလ်ချုပ် အမိန့်လဲ၊ ဘာဖြစ်လို့ နေလို့မရလဲ၊ ဒီကိစ္စကို လုံးဝ လက်မခံဘူး” ဟု ပြောသည်။

ကလို့ထူးဘောဗျူဟာ အခြေစိုက် ဒီကေဘီအေ (၉၀၂) တပ်ရင်း အပါအ၀င် ဒီကေဘီအေ တပ်များသည် လွန်ခဲ့သည့် (၁၅) နှစ်ခန့်က စတင်၍ မြ၀တီ အပါအ၀င် ကရင်ပြည်နယ် အတွင်း မြို့တွင်း မြို့ပြင်၌ နေထိုင် လာခဲ့ရာမှ မြို့တွင်းသွားလာ နေထိုင်ခွင့်ကို နအဖ အာဏာပိုင်တို့က ပိတ်ပင် လိုက်ခြင်းဖြစ်သည်။

ဗိုလ်ကျော်သက်က “ကျနော်တို့လူတွေ အခု မြ၀တီမြို့အနီးမှာပဲ ရှိတယ်။ အရင်လိုပဲ သွားလာနေတယ်။ ကျနော်တို့ကို စပစ်လို့ ကတော့ မြ၀တီမြို့ပေါ်မှာပဲ မြို့တွင်း တိုက်ပွဲလုပ်မယ်။ ဒီတခါကတော့ တောတွင်းတိုက်ပွဲ မလုပ်တော့ဘူး” ဟု ပြောသည်။

မြ၀တီမှ ခရိုင်အာဏာပိုင်အဖွဲ့ဝင်တဦးက “ဒီကေဘီအေတွေကို မြ၀တီမြို့ထဲ အ၀င် မခံတာက ကျော်သက်တို့ အဖွဲ့ကိုပဲ။ အခြား အဖွဲ့တွေ ၀င်ထွက် နေကြတာပဲ။ ကျော်သက်တို့က ပြီးခဲ့တဲ့လ (၂၁) ရက်နေ့က အသိမ်းခံရတဲ့ သူတို့ လိုင်စင်မဲ့ ကားတွေ ပြန်ယူဖို့ မြ၀တီ ရဲစခန်းကို သူ့လူတွေနဲ့ လာဝိုင်းတယ်။ တပ်ကလည်း တခါသူတို့ကို ပြန်ဝိုင်းတယ်။ အဲဒီမှာ ပစ်မယ်ခတ်မယ်နဲ့ တပ်ကသာ အလျှော့မပေးရင် အကုန်သေကြမှာ။ ဒါကြောင့် သူတို့ကို မြို့ထဲ အ၀င်မခံဖို့ အထက်က အမိန့် ပေးထားတာ ဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအေတပ်ရင်း (၉၀၂) သည် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့် နအဖ၏ အစီအမံကို လက်မခံဘဲ နအဖဘက်မှ မက်လုံးပေး စည်းရုံး သိမ်းသွင်းမှုများကိုလည်း ပယ်ချခဲ့သည်ဟု ဗိုလ်ကျော်သက်က ပြောသည်။

နအဖတပ်၏ စစ်ဦးစီးပထမတန်း ဒု-ဗိုလ်မှူးကြီးမျိုးမြင့်က (၉၀၂) တပ်ရင်း အပါအ၀င် ဒီကေဘီအေ တပ်မဟာ (၅) လက်အောက်ခံ တပ်များ နယ်ခြားစောင့်တပ် အဖြစ် အသွင် ပြောင်းပါက တပ်မဟာမှူး အပါအ၀င် တပ်ရင်းမှူးများကို ဖားကန့် လုံခင်းဘက်တွင် ကျောက်တွင်း လုပ်ပိုင်ခွင့်နှင့် အခြား လုပ်ငန်းများ အပါအ၀င် ကုမ္ပဏီ တည်ထောင်ခွင့် များကိုလည်း ချပေးမည်ဟု ပြောကြားခဲ့သည်။

လက်ရှိ တင်းမာနေသည့် နှစ်ဖက်အနေအထားများကြောင့် မြ၀တီမြို့ခံများ စိုးရိမ် ထိန့်လန့်မှုဖြစ်ပြီး မြို့တွင်း တိုက်ပွဲဖြစ်လျှင် ကြိုတင် ရှောင်ရှားနိုင်မည့် အစီအစဉ်များ လုပ်ဆောင် ထားကြသည်ဟု မြ၀တီမြို့ခံ တဦးက ပြောသည်။

၎င်းက “အခုအနေအထားကတော့ စိုးရိမ်ရတယ်။ နှစ်ဖက်စလုံးကတော့ လျှော့ကြမယ့်ပုံ မမြင်ဘူး။ မြ၀တီမြို့တွင်း မြို့ပြင်မှာ တပ်က လက်နက်ကိုင် အင်အားတွေ ရပ်ကွက်တိုင်းမှာ ချထားတယ်။ မြို့ပြင်ဘက်ကိုလည်း လက်နက်ကြီးတွေ ချိန်ထားတယ်။ ညဘက်ဆိုရင် မြို့ထဲမှာ လူမရှိသလောက်ပဲ၊ ကောင်းကောင်း မအိပ်ရဲကြဘူး။ အခြေအနေက နေ့လားညလားပဲ” ဟု ပြောသည်။

မြ၀တီမြို့တွင် ယခုရက်ပိုင်းအတွင်း နအဖတပ်မှ တပ်ဖွဲ့ဝင်များ ကားများဖြင့် ညစဉ် ကင်းလှည့်ကြပြီး မြို့တွင်း လူအ၀င် အထွက်များကိုလည်း လုံခြုံရေး တိုးမြှင့်ထားသည်ဟု ထိုမြို့ခံက ပြောသည်။

ဒီကေဘီအေတပ်မဟာ (၅) အဖွဲ့သည် မြ၀တီခရိုင် တောင်ဘက်ရှိ ဝေါ်လေဒေသကို အခြေစိုက်၍ စစ်ရေး လှုပ်ရှားနေသည့် အဖွဲ့ ဖြစ်ပြီး နအဖ၏ နယ်ခြားစောင့်တပ်ကို လုံးဝ လက်မခံသည့် တခုတည်းသော ဒီကေဘီအေ ခွဲထွက် အဖွဲ့ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

နအဖစစ်တပ်က ဓားပြတိုက်၍ အဘွားအိုတဦးကို ပစ်သတ်

ဝီရ
၁၂ အောက်တိုဘာ ၂၀၁၀

မြန်မာနိုင်ငံတောင်ပိုင်း မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ကျေးရွာတရွာကို နအဖစစ်တပ် တပ်ဖွဲ့ ဝင်တို့က ဓားပြ တိုက်ခဲ့ပြီး အသက် (၆၈) နှစ်အရွယ် အဘွားအို တဦးကိုလည်း သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တခု ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၌ လှုပ်ရှားနေသော စကခ (၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်းမှ ဗိုလ်ကျော်ညွန့်နှင့် တပည့် (၃) ဦးတို့က ယင်းဖြစ်ရပ်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာ (၁) ရက်နေ့ည (၁၀) နာရီက အခင်း ဖြစ်ပွားခဲ့သည့် ကျောက်ကဒင်ရွာမှ ရွာသားတဦးက ပြောကြားသည်။

၎င်းက “အသတ်ခံရတဲ့ အဘွားအိုဆီက နားကပ်တရံရယ်၊ လက်စွပ် (၂) ကွင်း၊ ပိုက်ဆံ (၁) သောင်းလောက် ဗိုလ်ကျော်ညွန့်က ယူသွားတယ်။ ပြီးတော့ အဲဒီလို အသတ်ခံရတာကို ရွာဥက္ကဋ္ဌ ကိုယ်တိုင်က စစ်တပ်ကို ကြောက်ပြီး အဘွားအိုက လေဖြတ်ခံရပြီး သေတာလို့ သတင်း လွှင့်ခိုင်းနေတော့ ဒီကိစ္စကို ဘယ်သူမှ တိုင်ကြားတာ မလုပ်ရဲဘူး။ ဒါပေမယ့် ခလရ (၁၀၃) လှုပ်ရှား တပ်ရင်းက ဗိုလ်ကျော်ညွန့်တို့ အဖွဲ့က သတ်သွားတယ် ဆိုတာကိုတော့ ရွာသားတိုင်းက သိနေကြတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၉) ရက်နေ့ ညပိုင်းကလည်း အလားတူ ဖြစ်ရပ်အချို့ကို ခလရ (၁၀၃) တပ်ရင်းက ထပ်မံ ကျူးလွန် ခဲ့ကြောင်း သိရသည်။

“(၉) ရက်နေ့ည အဘွားအို ရက်လည်ဆွမ်းအတွက် ချက်ပြုတ်နေတဲ့ညပိုင်းမှာ ကျောက်ကဒင် ရွာက မိအွန် အိမ်ကို ခလရ (၁၀၃) တပ်ဖွဲ့ တချို့က တက်သွားတယ်။ အဲဒီမှာ မိအွန်က အကူအညီတောင်း၊ အော်ဟစ်တော့ လာကူညီတဲ့ နိုင်မွန်ထော ဆိုသူကို သူတို့က ဖမ်းလိုက်ပြီး ထုထောင်း ရိုက်နှက်သေးတယ်။ လူတွေ ဝိုင်းအုံ များလာတာကို အခွင့်ကောင်းယူပြီး နိုင်မွန်ထောက ထွက်ပြေးတော့ သေနတ်နဲ့ ပစ်သေးတယ်။ လူတော့ မထိခဲ့ဘူး။ အခု နိုင်မွန်ထောလည်း ရွာကနေ ထွက်ပြေး နေရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ရွာသားတွေက ဒီဒေသမှာ လှုပ်ရှားနေတဲ့ ခလရ (၁၀၃) က စစ်တပ်တွေမှန်း သိသွားကြတယ်” ဟု အခြား ကျောက်ကဒင် ရွာသားက ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် ကလိန်အောင်မြို့နယ်ခွဲ ကျောက်ကဒင်ရွာသည် မွန်ခွဲထွက် အဖွဲ့တို့ လှုပ်ရှားရာ ဒေသလည်း ဖြစ်ကြောင်း၊ နအဖ စစ်တပ်က ဓားပြတိုက်၍ ရွာသား တဦးအား သတ်ဖြတ် ခဲ့သည်မှာ မှန်ကန်ကြောင်း မွန်ပြည်သစ် ပါတီက အတည်ပြု ပြောကြားသည်။

မွန်ပြည်သစ် မဟာမိတ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းက “ဒီကိစ္စကို ကျနော်တို့လည်း ကြားထား ပါတယ်။ ဆက်ပြီး စုံစမ်း နေဆဲပါ။ အုပ်ချုပ်သူ အစိုးရတပ် ကိုယ်တိုင်က သူတို့ လုပ်ချင်သလို လုပ်နေတဲ့ နယ်မြေဒေသတွေ ဆိုတော့ အဲဒီလို လက်ရဲဇက်ရဲ ဓားပြ တိုက်တာတို့၊ ရွာသားတွေကို နှိပ်စက် ညှဉ်းပန်းတာတို့ အမြဲ ဖြစ်ပေါ်နေတဲ့ ဒေသဖြစ်တယ်။ အဲဒီဒေသဟာ အညိုရောင် နယ်မြေ အဖြစ် စစ်အစိုးရ တပ်တွေက သတ်မှတ် ထားတဲ့ အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အဆိုးဝါးဆုံး ဒေသတခု ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အစပ်ဖြစ်သော အဆိုပါ နယ်မြေသည် မြန်မာ စစ်အစိုးရနှင့် အပစ် ရပ်စဲခဲ့သည့် နောက်ပိုင်းမှ မွန်ပြည်သစ် ပါတီက လက်လွှတ် ဆုံးရှုံးခဲ့ရသည့် နယ်မြေလည်း ဖြစ်ကြောင်း နိုင်ဟံသာဗွန်ခိုင်းက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

လားရှိုး သမိုင်းဝင်စေတီ အင်္ဂါဒေါင့်ခြင်္သေ့ရုပ် မိုးကြိုးပစ်

Tuesday, 12 October 2010

လားရှိုးမြို့ သမိုင်းဝင် မန့်ဆုစေတီတော် အင်္ဂါဒေါင့်ရှိ ဆွမ်းတော်စင်အား မိုးကြိုးပစ်ချရာ ကြံ့ဖွတ် ပါတီဝင် အတွက်နိမိတ် မကောင်းဟု ဒေသခံ လူထု အကြားသတင်း ပြန့်နေကြောင်း သျှမ်းမြောက် သတင်းရပ်ကွက်က ဆိုသည်။

“အင်္ဂါဒေါင့် ခြင်္သေ့ရုပ်ရှေ့က ဆွမ်းတော်စင်တည့်တည့်ကို ပစ်ချတာ ၂ တောင် လောက် ၀င်သွားတယ်။ အဲဒီ ခြင်္သေ့ရုပ် ရှေ့မှာ နအဖ စစ်တိုင်းမှူးတွေ၊ အရာရှိ အရာခံတွေ မကြာခဏ လာပြီး ပူဇော်ကန်တော့ ဆုတောင်း လေ့ရှိတယ်။ ၈ မျက်နှာ ၈ ဒေါင့်ထဲက ခြင်္သေ့ရုပ် ဒေါင့်ကိုမှ မိုးကြိုးပစ်တယ် ဆိုတော့ ရွေးကောက်ပွဲမှာ ခြင်္သေ့ ကိုးကွယ်သူတွေ အတွက် အလားအလာ မကောင်းဘူး လို့ လူတွေ အတိတ် ကောက်ကြတယ်” ဟု လားရှိုး မန့်ဆုစေတီ အနီး နေထိုင်သူ တဦးက ပြော၏။

စက်တင်ဘာ ၂၃ ရက် ၀ါခေါင်လကွယ်နေ့မနက် ၄ နာရီ အဆိုပါ မန့်ဆုဘုရားရှိ ခြင်္သေ့ရုပ်ရှေ့ ဆွမ်းတော်စင်အား မိုးကြိုး ပစ်ချခြင်းဖြစ်ပြီး သတင်း ပေါက်ကြားမှု မရှိစေဘဲ ထိုနေ့ နံနက်၌ပင် ချက်ချင်း ပြန်လည်မွမ်းမံ ခိုင်းသည်ဟု ဆို၏။

“သတင်း မထွက်စေရဘူးဆိုပြီး စစ်တပ်အာဏာပိုင်တွေညွှန်ကြားတော့ ဘုရားဂေါပက တွေလဲ ရေငုံနှုတ်ပိတ် ရ တယ်လေ။ လားရှိုးမှာ ဒီသတင်း သိတဲ့လူ ၅ ရာခိုင်နှုန်းတောင် မရှိဘူး။” အဆိုပါ ဒေသခံက ဆက်ပြော၏။

ပညာရှိအမတ် ဦးပေါ်ဦး တည်ထားသောစေတီဟု နအဖစစ်အုပ်စု ယုံမှတ်သော သမိုင်းဝင် မန့်ဆု စေတီတော်မှာ လားရှိုး မြို့လယ်၌ တည်ရှိပြီး ဗိုလ်ချုပ်မှူးကြီး ကတော် ဒေါ် ကြိုင်ကြိုင်ပင်လျှင် လားရှိုး ရောက်တိုင်း ၀င်ရောက် ဖူးမျှော် ပူဇော်လေ့ ရှိသည်ဟု သိရသည်။

မန့်ဆု ဘုရား မိုးကြိုးပစ်ခြင်း ဖြစ်ပြီးနောက် ၅ ရက်အကြာ မန်ဆူရွာ အနောက်ဘက်၊ လားရှိုးအနောက် မြောက်ဘက် သီပေါ အထွက် မြို့ပြင်ဂိတ်အနီး စစ်တိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင် လက်ထက် တည်ဆောက် ထီးတင်ခဲ့သော ရန်တိုင်းအောင် ဘုရား၏ ဆင်းထုတော် တဆူမှာလည်း မျက်ရည်တော် ပေါက်ပေါက်ကျကြောင်း ကောဠာဟာဠ ဖြစ်နေ၏။

“ဘုရားဆင်းတုတော်မျက်ရည်ကျတယ်လို့ သတင်းထွက်တာနဲ့ ဘုရားဖူးခွင့် ပိတ်ထားတယ်။ တချို့က ပြောတယ် သွေးမျက်ရည် တွေတောင် ဆိုဘဲ” လားရှိုးဈေးမှ ဈေးသည် တဦးကလည်း ပြောသည်။ အဆိုပါ ရန်တိုင်းအောင် စေတီကို ၂၀၀၆ မတ်လ ၂၁ ရက်က နအဖတိုင်းမှူး ဦးဆောင်၍ ထီးတင်ခဲ့သည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ယုဇနတရားစွဲမှုမှာ အမတ်လောင်းဦးဌေးမြင့်ကို ချန်ထား

ဖနိဒါ
အင်္ဂါနေ့၊ အောက်တိုဘာလ ၁၂ ရက် ၂၀၁၀

ချင်းမိုင် (မဇ္စျိမ)။ ။ လယ်ယာမြေ သိမ်းမှုနှင့် ယုဇနကုမ္ပဏီနှင့် ဥက္ကဋ္ဌဦးဌေးမြင့်ကို ကချင်ပြည်နယ် ဖားကန့် မြို့နယ်မှ တောင်သူ ၁၇ ဦးက တရား စွဲခဲ့သည်တွင် ဦးဌေးမြင့် အမည်ကို ဖြုတ်လိုက်ကြောင်း ပြည်နယ် တရားရုံးက ယနေ့ အမိန့်ချသည်။

ယုဇနကုမ္ပဏီ ပိုင်ရှင် ဥက္ကဋ္ဌ ဦးဌေးမြင့်ထံမှ နစ်နာကြေးရရန် ပြည်နယ် တရားရုံးတွင် တရား စွဲခဲ့သည်ကို တရားလို ရှေ့နေက ဦးဌေးမြင့် အမည် ဖြုတ်ပေးရန် လျှောက်လဲ ခဲ့ပြီးနောက် ပြည်နယ် တရားသူကြီး ဦးတူးဂျာက ယခုလို အမိန့်ချခဲ့သည်။

“ဦးဌေးမြင့်က ရန်ကုန်မှာနေပြီး အဲဒီကပဲ အလုပ်လုပ်နေတယ်။ ဒါကြောင့် ဒီမှာရှိတဲ့ ဒါရိုက်တာနဲ့ပဲ ဆက်ပြီး တရားစွဲမယ်လို့ အမိန့်ချတယ်” ဟု တောင်သူများ အမှုတွင် လိုက်ပါ ဆောင်ရွက်ပေးနေသူ ဖားကန့် ပြည်သူ့လွှတ်တော် အမျိုးသား ဒီမိုကရေစီ အင်အားစု အမတ်လောင်း ဒေါ်ဘောက်ဂျာက ပြောသည်။

၂ဝဝ၇ မှစ၍ ဖားကန့်မြို့နယ်ရှိ အောင်ရာ၊ ရှရုဇွပ်၊ ဘန်ကောက်၊ နမ်ဆန်၊ ဝါရာဇွပ် ရွာ ၅ ရွာမှ တောင်သူများပိုင် လယ်ယာ ဥယျာဉ်ခြံမြေ ဧက ၄ သိန်းခန့်ကို စစ်တပ်နှင့် ယုဇနကုမ္ပဏီက အဓမ္မ သိမ်းခဲ့သဖြင့် နစ်နာကြေးရရန် တရားစွဲခဲ့ကြသည်။

ကချင်ပြည်နယ် ဟူးကောင်းဒေသအတွင်းက ထိုလယ်မြေများကို ဦးဌေးမြင့်၏ အကိုဆိုသူ ဦးပုကြည်က ဦးဆောင် လုပ်ကိုင်နေပြီး တောင်သူများ တရားစွဲရန် ပြင်ဆင်ပြီးမှ တဧက ကျပ် ၈ သောင်းနှုန်းဖြင့် အတင်း ဈေးဖြတ် ပေးခဲ့သော်လည်း တောင်သူအချို့က လက်မခံဘဲ တရားစွဲကြသည်။

လျော်ကြေးပေးသော စာချုပ်များတွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့် လက်မှတ်ပါရှိသည့် အပြင် တောင်သူများ ဝန်ခံကတိ လက်မှတ် ထိုးခဲ့ရသည့် စာချုပ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေ ၁၈၂ အရ မမှန်မကန် စွဲဆိုမှုအဖြစ် အရေးယူ ခံရမည်ဟု ပါဝင်သည့် အတွက် စာချုပ် ပျက်ပြယ် သွားနိုင်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က မဇ္စျိမကို ပြောသည်။

“အမှုကတော့ ဆက်သွားလို့ ရပါတယ်။ နောင်တချိန် ဆုံးဖြတ်တဲ့နေရာမှာ အမှုတွေ နိုင်လို့ရှိရင် တာဝန်ခံရမယ့် ပုဂ္ဂိုလ်နဲ့ ကုမ္ပဏီမှာ တကယ် အရေးကြီးဆုံးလူကို ထည့်ပြီး မစွဲထားရင် တောင်သူတွေ နစ်နာလို့ပါ။ ဥပမာ ကျနော်တို့ နိုင်သွားပြီ၊ ငွေပေးရမယ်ဆို တာဝန်ခံက တယောက်ပြီး တယောက် ပြောင်းသွားနိုင်တယ်။ ဥက္ကဋ္ဌကျတော့ သူပဲ အဓိက ဆိုတော့ အပြောင်းအလဲ မရှိနိုင်ဘူးလေ” ဟု သူက ပြောသည်။

လျော်ကြေးပေးသည့် စာချုပ်တွင် ဥက္ကဋ္ဌ ဦးဌေးမြင့်အပြင် သက်ဆိုင်ရာ ပယက၊ ခယက၊ မယက၊ ရယက များ၏ လက်မှတ်များ ပါနေသဖြင့် အာဏာပိုင်များ ပတ်သက်နေသည်ဟု သူက ဆိုသည်။

ဦးဌေးမြင့် အမည် ဖယ်ထုတ်လိုက်မှုကို မန္တလေးတိုင်း တရားရုံးချုပ်သို့ တောင်သူများက အယူခံဝင်သွားမည့်အပြင် အဆိုပါ ၅ ရွာမှ အခြားတောင်သူ ၄၈ ဦးကလည်း ဥပဒေအရ နစ်နာကြေး ပြန်ရလိုသဖြင့် ယုဇန ကုမ္ပဏီကို မနက်ဖြန် တရားစွဲရန် ပြင်ထားပြီးပြီဟု ရှရုဇွပ်ရွာ တောင်သူတဦးက ပြောသည်။

“သီးနှံပင်တွေကို ခုတ်ပစ်လိုက်ပြီဆိုတော့ ဆုံးသွားပြီလေ။ မြေကြီးပြန်ပေးရင်လဲ သီးနှံတွေက အရင်လို ပြန်ပေါက် လာတော့မှာ မဟုတ်ဘူး။ ဒါကြောင့် တရားဥပဒေအရ နစ်နာကြေး ရချင်တယ်။ ကုမ္ပဏီကလဲ ထိုက်တန်အောင် ပေးရင် အားလုံး စိတ်ချမ်းသာမှာပါ” ဟု သူက မဇ္စျိမကို ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးဌေးမြင့် သူ့ဇာတိ တနင်္သာရီတိုင်း မြိတ်မြို့မှ ပြည်သူ့ လွှတ်တော် ကြံ့ဖွံ့ အမတ်လောင်းအဖြစ် ဝင်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၅ ပုဒ်မ ၁ဝ (ဌ) အရ “နိုင်ငံတော်ပိုင်၊ ငွေကြေး၊ မြေ၊ အိမ်၊ ယာဉ်၊ အဆောက်အအုံ၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူ သုံးစွဲသူသည် ရွေးကောက်ခံခွင့် မရှိစေရ” ဟု ပါရှိသည်။

အရင်လ ၁၅ ရက်က ဦးဌေးမြင့်နှင့် မြိတ်မြို့ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းရှင်များ ခရိုင်ကောင်စီ ရုံး၌ တွေ့ဆုံကာ မီတာခ တယူနစ်လျှင် ၄ဝဝ မှ ၃ဝဝ ကျပ်သို့ လျှော့ပေးရန်နှင့် လိုအပ်သည့် ဒီဇယ်ဆီကို လျှော့ဈေးဖြင့် ရောင်းချ ပေးမည်ဟူ၍ မဲဆွယ် စည်းရုံးခဲ့သေးသည်။

သူသည် ဆီအုန်းခြံ၊ ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်း၊ ငါး ပုဇွန်မွေးမြူရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်နေပြီး မြန်မာ နေရှင်နယ်လိဂ်မှ Southern Myanmar ဘောလုံးအသင်း ပိုင်ရှင်လည်း ဖြစ်သည်။


Ref: မဇ္ဈိမ

Read More...

ထိုင်းဝန်ကြီးချုပ် ခရီးစဉ်အတွင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် သဘော တူညီမှု ရရှိ

ဝီရ / ၁၂ အောက်တိုဘာ ၂၀၁၀

ထိုင်းဘတ်ငွေ ဘီလီယံ (၄၀၀) ကျော် ကုန်ကျမည့် ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းကို နှစ်နိုင်ငံ အထူး စီးပွားရေးဇုန် အဖြစ် အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံနှင့် သဘောတူညီမှု ရရှိခဲ့ကြောင်း ထိုင်းအစိုးရက ပြောကြားသည်။

ယင်းသဘောတူညီချက်ကို ထိုင်းဝန်ကြီးချုပ် မစ္စတာ အဘီဆစ် ဝဲချာချီဝက ၎င်း၏ တရက်တာ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး ယခု အောက်တိုဘာ လကုန်ပိုင်းတွင် လက်မှတ် ရေးထိုးရန်ရှိကြောင်း ထိုင်းအစိုးရ ပြောခွင့်ရ မစ္စတာ ပန်နိတန် ၀မ်တနာ ယာဂွန်က ပြောကြားသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပါဝင်သော ရေနံဓာတုနှင့် သန့်စင်ချက်လုပ်ရေး စက်ရုံများ၊ အဆင့်မြင့် သံမဏိ စက်ရုံများ၊ လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၊ ပို့ဆောင်ရေး ကဏ္ဍအတွက် ကားလမ်းများ၊ အခြေခံ အဆောက်အဦများ အတွက် မြေအကျယ်အဝန်း ဟက်တာ (၆၄,၀၀၀) အသုံးပြု သွားမည်ဟု စီမံကိန်း အကောင်အထည် ဖော်နေသော Italian Thai Development ကုမ္ပဏီမှ ဒု-ဥက္ကဋ္ဌ နီဂျာပွန် ချာရဏီတာက ပြောကြားသည်။

အနောက်နိုင်ငံတို့မှ ကုန်စည်များအတွက် ခရီးဝေးပြီး လုံခြုံရေးဆိုင်ရာ အာမခံချက် နည်းပါးသော မလက္ကာ ရေလက်ကြားကို ဖြတ်သန်း သယ်ပို့ရသည့် လမ်းကြောင်းထက် ထားဝယ် ရေနက် ဆိပ်ကမ်းမှတဆင့် ကုန်းတွင်းပိုင်းမှ လျင်မြန်စွာ သယ်ယူ ပို့ဆောင်နိုင်မည် ဖြစ်၍ အဆိုပါ စီမံကိန်းသည် အာရှတိုက် တခုလုံးအတွက် ပဓာနကျသည့် အရှေ့နှင့် အနောက် နိုင်ငံများအတွက် အရေးပါလာမည့် မဟာ စီမံကိန်ကြီးတခု ဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း တည်နေရာကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီး မောင်းမကန် ကမ်းခြေ အထက်ပိုင်း နဘူးလယ် ကျေးရွာနှင့် ပင်လယ်ဘက် ဟိန်းဇဲ ကျွန်းစု အကြားဟု သတ်မှတ်ထားပြီး အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း (၁) ဒါဇင်ကျော် တို့ကိုလည်း ပြီးခဲ့သည့် မတ်လကတည်းက စတင် ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

အဆိုပါ စီမံကိန်းကို ထိုင်းနိုင်ငံမှ ပညာရှင်များက ၂၀၀၅ ခုနှစ်ကတည်းက လာရောက် လေ့လာခဲ့ပြီး အာရှ လမ်းမကြီး စီမံကိန်း၏ တစိတ်တပိုင်း၌ ပါဝင်သည့် ကီလိုမီတာ (၁၃၀) ကျော် ရှည်လျားသည့် ကန်ချနဘူရီမြို့-ထားဝယ် ကားလမ်းပိုင်း စီမံကိန်းကိုလည်း ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလက နှစ်နိုင်ငံ အစိုးရတို့က နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည်။

ချစ်ကြည်ရေးခရီးစဉ်အဖြစ် အောက်တိုဘာ (၁၁) ရက်နေ့က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းဝန်ကြီး ချုပ်သည် မြန်မာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံ အတွင်း ရောက်ရှိနေသည့် တရားမဝင် မြန်မာနိုင်ငံ သားများ၏ အရေးနှင့် နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။

ထို့အပြင် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ “ဒီရွေးကောက်ပွဲဟာ ပွင့်လင်း မြင်သာမှုနဲ့ တိုးတက် ဖြစ်ထွန်းမှုတွေ အတွက် ပထမ ခြေလှမ်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ပြည်တွင်းရေးရာ ဖြစ်တယ်” ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ် အစိုးရက အကူအညီ ပေးနိုင်ရန် ကမ်းလှမ်းခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ထိုင်းဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တရားမ၀င် အလုပ်သမားအရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည့် အပေါ် ယာယီ မှတ်ပုံတင် ပြုလုပ်ရန် ကူညီပေးနေသည့် ဘန်ကောက်မြို့မှ ကိုဝဏ္ဏအောင်က “အခုလောလောဆယ် ယာယီ နိုင်ငံကူးလက်မှတ် အတွက် မြန်မာအလုပ်သမား (၁) သိန်းခွဲ လောက်ပဲ စာရင်း ရသေးတယ်လေ။ ထိုင်းအစိုးရက မြန်မာ (၈) သိန်းအထိ မှတ်ပုံ တင်နိုင်ဖို့ ကြိုးစား နေတယ်။ ထိုင်းနိုင်ငံထဲမှာ တရားမဝင် မြန်မာ အလုပ်သမား ပပျောက်ဖို့ အတွက် မြန်မာ စစ်အစိုးရက အင်တိုက် အားတိုက် ပူးပေါင်း ပါဝင်လာတာ မရှိသေးသရွေ့ တရားမဝင် အလုပ်သမား ပြဿနာကို ဖြေရှင်းနိုင်ဖို့ လွယ်မှာ မဟုတ်သေးဘူး။ အခုအချိန်မှာ တရားမဝင် မြန်မာနိုင်ငံ သားတွေရဲ့ ပြဿနာဟာ ထိုင်းအစိုးရရဲ့ ပြဿနာ သက်သက်လို့ မြန်မာ စစ်အစိုးရ ဘက်က သတ်မှတ်နေတာကို ထိုင်းဝန်ကြီးချုပ်က အနည်းအကျဉ်း ရှင်းပြနိုင်တာက လွဲရင် ထူးမှာ မဟုတ်သေးပါဘူး” ဟု ပြောကြားသည်။

Ref: ခေတ်ပြိုင်

Read More...

ချီလီ သတ္တုတွင်းလုပ်သား ကယ်ဆယ်ရေး စ

အင်္ဂါ, 12 အောက်တိုဘာ 2010

ချီလီနိုင်ငံမှာ ၂ လကျော် မြေအောက် ပိတ်မိနေတဲ့ မိုင်းလုပ်သား ၃၃ ယောက်ထဲက ပထမဆုံး တယောက်ကို ဒီနေ့မကူးခင် မြေပေါ်အရောက် ကယ်ထုတ်နိုင်ဖို့ မျှော်လင့်တဲ့ အကြောင်း ချီလီ တာဝန်ရှိသူတွေက ပြောပါတယ်။

ကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ တပ်ဆင်ပြီး စမ်းသပ်မှုတွေ ပြီးတာနဲ့ တပြိုင်နက် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ချက်ချင်း စတင်သွားမယ်လို့ သတ္ထုတွင်းဝန်ကြီး လောရန်စ် ဂိုးလ်ဘုန်း (Laurence Golborne) က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အရင်ဆုံး လူတယောက်စာ သယ်နိုင်တဲ့ ခြင်းတောင်း အလွတ်ကို မြေအောက်တွင်းထဲ ချပြီး စမ်းသပ်မှာ ဖြစ်ပါတယ်။ ဒီခြင်းတောင်းကို အောင်အောင်မြင်မြင်နဲ့ မြေပေါ်ကို ပြန်သယ်ယူနိုင်ပြီ ဆိုရင်တော့ အဲဒီခြင်းတောင်း ထဲမှာ ကယ်ဆယ်ရေး လုပ်သားတဦးက မြေအောက်ကို လိုက်ပါသွားပြီး ပိတ်မိနေတဲ့ မိုင်းလုပ်သားတွေကို ကူညီကယ်ဆယ်မှာ ဖြစ်တယ်လို့ သတ္ထုတွင်းဝန်ကြီးက ပြောပါတယ်။

မြေအောက်ကနေ လူတွေကို တယောက်ပြီးမှ တယောက် ကယ်ထုတ်ရမှာ ဖြစ်တဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးစီးဖို့ ၂ ရက်ကျော် ကြာနိုင်ပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးကြပ်ဖို့အတွက် ချီလီသမ္မတ စေဘက်ချီးယန်း ပီနဲရား (Sebastain Pinera) ဟာလည်း အင်္ဂါနေ့ နေ့လယ်ပိုင်းက မိုင်းတွင်း ရှိရာကို ရောက်ရှိ လာခဲ့ပါတယ်။

မြေအောက် ပိတ်မိနေတဲ့ မိုင်းလုပ်သား ၃၃ ယောက်ထဲမှာ ၃၂ ယောက်က ချီလီနိုင်ငံသားတွေ ဖြစ်ပြီး ကျန်တဲ့တယောက်ကတော့ ဘိုလီးဗီးယား နိုင်ငံသား ဖြစ်ပါတယ်။

အစတုန်းကတော့ ၀န်ကြီးက သတင်းစာ ရှင်းလင်းပွဲမှာ မကြာခင်က ကယ်ဆယ်ရေး လုပ်ငန်း စမယ်လို့ ပြောခဲ့တာပါ။ ဒါပေမဲ့ အခု လောလောဆယ် ပြုလုပ်နေတဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ နောက်ထပ် ၂ နာရီကြာမှ ကယ်ဆယ်ရေး လုပ်ငန်း စလုပ်နိုင်မယ်လို့ ပြန်ပြောင်းပြီး ပြောသွားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူတွေကို ကယ်ထုတ်မယ့် ဓာတ်လှေကား သေးသေးလေး၊ လူသယ် ခြင်းတောင်းလေး၊ အဲဒီဟာနဲ့ အပေါ်နဲ့ ဆက်သွယ်ရေး ကိစ္စတွေ အဆင်ပြေရဲ့လားဆိုတာ ဆက်သွယ်ရေး စနစ်ကို စစ်ဆေးဖို့ လိုသေးတဲ့ အတွက် နောက်ထပ် ၂ နာရီကြာမှ ကယ်ဆယ်ရေး လုပ်ငန်းကို စတင်မှာ ဖြစ်ပါတယ်။

လူတွေက စိတ်လှုပ်ရှားနေကြပြီး အဲဒီကလူတွေ၊ ဆွေမျိုးတွေသာ မကပါဘူး၊ ကျန်တဲ့လူတွေ အတွက်လည်း အင်မတန် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ သတင်း ဖြစ်ပါတယ်။

ကယ်ဆယ်ရေး အစီအစဉ်ကတော့ လူသယ်တဲ့ ခြင်းတောင်းလေးကို အောက်ကိုချမယ်၊ အဲဒီထဲမှာ ဆေးဝန်ထမ်း တယောက် ပါသွားမယ်၊ ဆေးဝန်ထမ်းက ပေ ၂,၀၀၀ ကျော် အောက်ကို ဆင်းသွားပြီးတော့ အောက်မှာရှိတဲ့ သတ္တုတွင်း လုပ်သားတွေကို ဘယ်သူ အရင်တက်လို့ သူက ရွေးချယ်ပြီးတော့ လိုအပ်တာတွေ၊ အ၀တ်အစားတွေ အကုန်လုံး ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ အရင်တက်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး သတ္တုတွင်း အလုပ်သမား ၃၃ ယောက်ကို ၃ သုတ် ခွဲထားပါတယ်။ ပထမဆုံး အသုတ်မှာ ပါတဲ့ လူ ၃ ယောက်ကတော့ အတွေ့အကြုံ အများဆုံးနဲ့ စိတ်ဓာတ် အတည်ကြည်ဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဘာကြောင့် သူတို့ကို ရွေးသလဲဆိုရင် ပြန်တက်လာတဲ့အခါ လမ်းမှာ တခုခု ဖြစ်မယ်ဆိုရင် ဒီဓာတ်လှေကားလေးကို အောက်ကဖွင့်ပြီး သူတို့ မူရင်း အောက်ခြေကို ပြန်ဆွဲ ဆင်းသွားနိုင်ကြမယ်၊ ပြီးတော့ အကျိုးအကြောင်းကို ရှင်းပြနိုင်ရမှာ ဖြစ်တဲ့ အတွက်ကြောင့် ပထမဆုံး ၃ ယောက်က အတွေ့အကြုံ အများဆုံး လူတွေ ဖြစ်ပါတယ်။

ပထမဆုံး တက်မယ့် လူတယောက်ကတော့ အဲဒီထဲမှာ ဓာတ်ပုံဆရာဖြစ်တဲ့ ဖလော်ရင်စီယို အဗားလို့စ် (Florencio Avalos) ဆိုတဲ့လူ ဖြစ်ပါတယ်။

ဒီလူ ၃ ယောက်ပြီးရင် ဒုတိယအသုတ်မှာတော့ နေမကောင်းဖြစ်တဲ့ သူတွေ၊ အသက်အရွယ် ကြီးတဲ့သူတွေ၊ အဲဒီမှာ အခု သွေးတိုးတဲ့သူရှိတယ်၊ သွားကိုက်တဲ့သူရှိတယ်၊ အသက်ရှူမ၀တဲ့ ရောဂါ ဖြစ်နေတဲ့သူ ရှိတယ်၊ ဒီလူတွေကို လွှတ်မှာ ဖြစ်ပါတယ်။

တတိယအသုတ်ကတော့ အကျန်းမာဆုံး၊ အသန်စွမ်းဆုံး သူတွေကို တင်မှာ ဖြစ်ပါတယ်။ တနာရီကို တယောက်စီ တင်နိုင်မယ်လို့ သူတို့ မျှော်လင့်ပါတယ်။ အမေရိကန် စံတော်ချိန် ဒီည ၉ နာရီ၊ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲကစပြီး တက်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

Tuesday, October 12, 2010

ဝေဖန်ရေးနှင့် မူကိစ္စ လူကိစ္စ

လူထုစိန်ဝင်း

‘ဝေဖန်ရေး’ နဲ့ပတ်သက်ပြီး လူငယ်တွေ မကြာခဏ လာရောက် ဆွေးနွေးကြတယ်။ တချို့က စာပေ ဝေဖန်ရေး အကြောင်း သက်သက် ပြောဆိုတတ်ပြီး တချို့လူငယ် တွေက ဝါဒရေးရာ ဝေဖန်ရေးများနဲ့ ပတ်သက်ပြီး ဆွေးနွေး တတ်ကြတယ်။

သူများကို ဝေဖန်ရင် ကြိုဆိုတယ်

အဲဒီလို ဆွေးနွေးရင်းနဲ့ မူကို ဝေဖန်တာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးသဘော လူကို ဝေဖန်တဲ့ ကိစ္စဘက်ကို အမြဲလိုလို ရောက်သွားလေ့ ရှိတယ်။ ဝေဖန်ရေးနဲ့ ပတ်သက်ရင် လူတိုင်း ပြောလေ့ပြောထ ရှိတဲ့ စကားတခွန်း ရှိတယ်။ “ဝေဖန်ရေး ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်တယ်၊ အားပေးရမယ်၊ ကြိုဆိုရမယ်” ဆိုတာပဲ။ ဒါပေမယ့် သူများကို ဝေဖန်တာကို ကြိုဆိုပေမယ့် ကိုယ့်ကို ဝေဖန်ရင်တော့ ကြိုဆိုနိုင်သူ တော်တော် ရှားပါတယ်။

“ဒါ ဝေဖန်တာမဟုတ်ဘူး။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာပဲ” လို့ စိတ်ဆိုးမာန်ဆိုး တုံ့ပြန် ကြတာသာ များတာကို တွေ့ရတယ်။ တချို့က ဆတ်ဆတ်ထိ မခံ ပြန်ပြီး ချေပတယ်။ တချို့က ပြန်မချေပဘဲ နေပေမယ့် ရင်ထဲမှာတော့ အောင့်သက်သက်နဲ့ မကျေမနပ် ဖြစ်နေတတ်တယ်။ တချို့ကျတော့ လူရှေ့သူရှေ့မှာ ဟန်ဆောင် ပြုံးနေပြီး စိတ်ထဲက ကြိတ်ဒေါသ ထွက်နေတယ်။

လိပ်ပြာသန့်သူမှ

ကိုယ်လုပ်တဲ့အလုပ်အပေါ်မှာ စွဲမြဲခိုင်မာစွာ ယုံကြည်မှုရှိပြီး ကိုယ်တိုင် လိပ်ပြာသန့်သူ တချို့တလေသာ ဘယ်လို ဝေဖန်မှုမျိုးကို မဆို ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ကျေနပ်ခြင်း၊ မကျေနပ်ခြင်း၊ စိတ်ဆိုး ဒေါသထွက်ခြင်း စတဲ့ တဒင်္ဂ စိတ်လှုပ်ရှားမှု မျိုးတွေ လုံးဝ မရှိဘဲ ဥပေက္ခာ ပြုထားနိုင်စွမ်း ရှိကြတယ်။ ဒီလိုလူမျိုးက တော်တော်ရှားတယ်။ ဒါကြောင့် တချို့တလေလို့ ဆိုခဲ့တာဖြစ်တယ်။ စိတ်ဓာတ်နဲ့ အတွေးအခေါ် အများကြီး ရင့်ကျက် နေသူများမှသာ စိတ်လှုပ်ရှားမှု မရှိဘဲ ဥပေက္ခာတရား လက်ကိုင် ထားနိုင်တာ ဖြစ်တယ်။

မူနဲ့လူခွဲဖို့မလွယ်

အများစုကတော့ နည်းနည်းလေးဖြစ်ဖြစ် စိတ်ဆိုး သွားတတ်တယ်။ စိတ်မဆိုးတောင် ‘ကျွဲမြီးတိုတယ်’ ဆိုတာ လောက်တော့ ဖြစ်သွား ကြတယ်။ အဲဒီအခါ “ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာပဲ” လို့ ပြောမြဲဖြစ်တယ်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုလို့ ဘာကြောင့် ပြောသလဲ ဆိုတော့ ပညာတတ် လောကမှာ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုဟာ အောက်တန်းကျတဲ့ လုပ်ရပ်အဖြစ် ရှုမြင်ကြလို့ ဖြစ်တယ်။

ဒါပေမယ့်လို့ ခက်တာက စာပေမှာပဲဖြစ်ဖြစ် နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ မူနဲ့လူကိုခွဲခြား ကြည့်မြင်ဖို့ ဆိုတာ အင်မတန် မလွယ်တဲ့ ကိစ္စဖြစ်တယ်။ သမ္မတ ရေဂန်လက်ထက်က ကာတွန်းဆရာတွေ သူ့ပုံကိုဆွဲရင် ကောင်းဘွိုင် ဦးထုပ်ကြီးနဲ့ မြင်းစီးပြီး လက်ထဲက သေနတ် ဝှေ့ယမ်းနေတဲ့ ပုံကို ဆွဲကြမြဲဖြစ်တယ်။ သူက ကောင်းဘွိုင် မင်းသားကနေ သမ္မတ ဖြစ်လာခဲ့တာကိုး။

မချိသွားဖြဲနေရ

သူ့ကို ကောင်းဘွိုင်သမ္မတလို့ ခေါ်တဲ့အတွက် ရေဂန်က ဘယ်လိုမှ မတုံ့ပြန်ခဲ့ပါဘူး။ သူ့လို လူအများနဲ့ ဆက်စပ် ပတ်သက် နေရသူ Public Figure များကို လူတွေက စိတ်ဝင်စားမှု ကြီးမား လွန်းတာကြောင့် ပုဂ္ဂိုလ်ရေးနဲ့ အများအရေး ဆိုပြီး ခွဲခြားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာကို ကောင်းကောင်း သဘောပေါက် နားလည်ထားလို့ မတုံ့ပြန်တာပါ။ ‘သူလည်းလေ လောကီသားပေမို့’ ဆိုသလို ကျွဲမြီး တိုတာလောက် တော့ ရှိကောင်း ရှိနိုင်တာပေါ့။ ဒါပေမယ့် 'မချိသွားဖြဲ' ဆိုသလို ဟန်လုပ်ပြီး ပြုံးနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။

ဘယ်သူမပြု မိမိမှု

‘ထင်ပေါ်ကျော်ကြားမှု’ ဟာ ချိုမြိန်ပါတယ်။ ဒါပေမယ့် ပေးရတဲ့ တန်ဖိုးကလည်း ကြီးပါတယ်။ လူသား တယောက်ရဲ့ ဘဝမှာ တန်ဖိုး အရှိဆုံးဖြစ်တဲ့ ‘ပုဂ္ဂလိက လွတ်လပ်ခွင့်’ ကို ပေးလိုက်ရခြင်း ဖြစ်တယ်။ ဒါဟာ ‘ဘယ်သူမပြု မိမိမှု’ ဆိုတဲ့စကားလို ကိုယ်တိုင်ရွေးချယ် ဖန်တီးခဲ့တာ ဖြစ်လို့ ပုဂ္ဂလိက လွတ်လပ်ခွင့် ချိုးဖောက် ခံရတယ်ဆိုပြီး ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။ ရေဂန် သမ္မတရယ် လို့ ဖြစ်လာတာဟာ ပြည်သူလူထုက မဲပေးလို့ ဖြစ်လာတာ မဟုတ်လား။

အလားတူပဲ ကောင်းဘွိုင်မင်းသား ရေဂန်လို့ဖြစ်တာလည်း ပြည်သူ လူထုက အားပေးကြလို့ပဲလေ။ ရေဂန် အတွက်တော့ ပြည်သူ လူထုဟာ ကျေးဇူးရှင်ဖြစ်တယ်။ အဲဒီ ပြည်သူတွေက တောင်းဆိုတာကို ရေဂန်မ ငြင်းနိုင်ဘူး။ လိုက်လျော ဖြည့်ဆည်း ရမှာပဲ။ ဒါဟာ ပြည်သူ လူထုကြောင့် တခု၊ တကောင်၊ တယောက် (Somebody) ဖြစ်လာသူ မှန်သမျှ မလွဲမသွေ ထမ်းဆောင်ရမယ့် တာဝန် ဝတ္တရားဖြစ်တယ်။

ပတ္တမြားမှန်ရင် အရောင် မမှိန်

ဝေဖန်ရေးမှာ မူနဲ့လူခွဲဖို့ခက်ပါတယ်။ လူကြောင့် မှုဖြစ်လာရသလို လူကြောင့်ပဲ မှုပျက်သွားရပါတယ်။ အလားတူပဲ မူကြောင့် လူကောင်း ဖြစ်လာနိုင်သလို မူကြောင့်လည်း လူဆိုး ဖြစ်သွားနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ လူကို အတိုက်အခိုက် မခံချင်ရင် အကောင်းဆုံး နည်းလမ်းက ကိုယ့်မှာ ဘာအစွန်း အထင်း အညစ်အကြေးမှ ကပ်ငြိမခံရအောင် စောင့်စည်း နေထိုင်ဖို့ပါပဲ။ ကိုယ့်လိပ်ပြာက သန့်ရှင်း လှပနေရင် ဘယ်ပယောဂမှ ဝင်လို့မရပါဘူး။

နိုင်ငံရေးသမားတို့ စာပေအနုပညာသမားတို့ မီဒီယာသမားတို့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် ခံရတယ် ဆိုတာက တိုက်စရာ အကြောင်းတခု ရှိနေလို့သာပါ။ ပတ္တမြားမှန်ရင် နွံထဲဘယ်လောက် ဆွဲနှစ်နှစ် အရောင် မှိန်မသွားပါဘူး။

မီးရှိမှ မီးခိုးထွက်တယ်

အရက် လုံးဝ မသောက်သူကို မူးပြီးရမ်းတယ်လို့ စွပ်စွဲလို့ မရနိုင်သလို မိန်းမကိစ္စ ရှင်းသူကိုလည်း ကြာခိုတယ်လို့ စွပ်စွဲလို့ မရပါဘူး။ မီးရှိမှ မီးခိုးထွက်ပါတယ်။ မီးမရှိဘဲနဲ့ မီးခိုး မထွက်ပါဘူး။ အရေးကြီးတာက ကိုယ်တိုင် လိပ်ပြာသန့်ဖို့ပဲ ဖြစ်တယ်။ ပါးစပ်က လေကြီး မိုးကြီးတွေ ပြောပြီး လူကွယ်ရာကျတော့မှ မဟုတ်တာတွေ လုပ်နေသူများ ကတော့ ဝေဖန်ရေး ဆိုတဲ့ အသံကြားရင် တီကိုဆားနဲ့ တို့သလို တွန့်သွားမှာပါပဲ။ ဒါသဘာဝ ကျပါတယ်။ တီနဲ့ဆားဆိုတာ ဘယ်လိုမှ ဓာတ်မတည့်တဲ့ အရာနှစ်ခု မဟုတ်လား။ ငိုဘသမားနဲ့ ဝေဖန်ရေး ဆိုတာလည်း ပြဒါးတလမ်း သံတလမ်းပဲလေ။

ဝေဖန်ရေးအောက်လမ်းဆရာတွေ

ဝေဖန်ရေး အကြောင်းဆွေးနွေးတဲ့ လူငယ်တိုင်းကို ဝေဖန်ရေး ဆိုတာ ကြောက်စရာ မဟုတ်၊ ရွံစရာ မဟုတ်တဲ့ အကြောင်း အမြဲ ပြောရတယ်။ ဝေဖန်ခံရတဲ့ အခါ စိတ်မဆိုးဖို့လည်း ရှင်းပြရတယ်။ တမင်သက်သက် ပွဲဆူအောင် လုပ်တဲ့ အောက်လမ်းဆရာ ဝေဖန်ရေးသမား မရှိဘူးလို့တော့ မဆိုပါဘူး။

ခေတ်တိုင်း ခေတ်တိုင်းမှာ တယောက်စ နှစ်ယောက်စတော့ ရှိတတ်တာပါပဲ။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မြန်မာ စာဖတ် ပရိသတ်က ရှင်ကြီးဝမ်းလည်း ဝင်ခဲ့ဖူး၊ ရှင်ငယ်ဝမ်းလည်း ဝင်ခဲ့ဖူးသူတွေပါ။ ဘယ်သူတွေဟာ ဘာရည်ရွယ်ချက်နဲ့ လုပ်နေကြတယ် ဆိုတာ ကောင်းကောင်း သိကြပါတယ်။ ဝေဖန်ရေး အောက်လမ်း ဆရာတွေကို ဥပေက္ခာ ရှုထား လိုက်ကြစမ်းပါ။

Read More...

နအဖ လက်နက်ခဲယမ်းသိုလှောင်ရုံ မီးလောင်ပေါက်ကွဲ

Monday, 11 October 2010

ယမန်နေ့မနက်ကသျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ စစ်လက်နက်ပစ္စည်း သိုလှောင်ရုံ မီးလောင် ပေါက်ကွဲ သဖြင့် ပျက်စီး ဆုံးရှုံးမှု များပြားကြောင်း ဒေသခံ လူထုများ ပြောပြချက်အရ သိရပါသည်။

မီးစွဲလောင်မှုကြောင့် ၈၁ မမ၊ ၁၂၀ မမ ဗုံးသီးများ အပါအ၀င် လက်နက်ကြီးများ သိုလှောင်ထားသော မြေအောက်ခန်းပါ ဂိုဒေါင် ၂ ရုံ ပြာကျ ကုန်သည်ဟု နယ်စပ်ရောက် မိုင်းဆတ် ဒေသခံ တဦးက ပြော၏။

“ပေါက်ကွဲပြီး မီးလောင်တာ။ လက်နက်ရုံရော ပါတ်ဝန်းကျင်က အဆောက် အအုံတွေပါ လောင်ကုန်တာ။ စစ်တပ်သတင်း အရ ဆိုရင်တော့ ၀ သို့မဟုတ် သျှမ်းတပ်တို့ရဲ့ လက်ချက်လို့ စွပ်စွဲတယ်။ ရပ်ကွက်သတင်း အရ ဆိုရင်တော့ စစ်တပ်ထဲက လူကဘဲ ပြန် လုပ်တာလို့ ထွက်တယ်။ အဖြစ်နိုင်ဆုံးကတော့ လျှပ်စစ်မီး ၀ါယာရှော့ခ် ကြောင့်လို့ ခန့်မှန်းကြ တာပေါ့” - ဟု အဆိုပါ နီးစပ်သည့် မိုင်းဆတ် ဒေသခံက ပြောပါသည်။

ထိခိုက်ရှနာ နှင့်အသေအပျောက် မရှိဟု သတင်းထွက်နေသော်လည်း မတည် မပြုနိုင်သေးသည့် သတင်းအရ ၃ ယောက် သေဆုံး ကာ ၁ ယောက် ဒဏ်ရာရသည်ဟု ဆိုသည်။

နအဖ တပ်တွင်း ပေါက်ကွဲမှုဖြစ်ပွါးသောကြောင့် ၀ (သို့မဟုတ်) SSA တပ်ဖွဲ့ လက်ချက် လုံးဝ မဖြစ်နိုင်ကြောင်း သျှမ်းပြည် နိုင်ငံရေး၊ စစ်ရေး စောင့်ကြည့်လေ့လာသူ ထိုင်းနယ်စပ်နေ အသက် ၅၀ ကျော် သျှမ်းအမျိုးသား တဦးက သုံးသပ်၏။

“အသွင်ပြောင်းရေးငြင်းဆန်တဲ့ အပစ်ရပ်တွေနဲ့ နအဖ ကြား တင်းမာနေတဲ့ အခြေအနေမှာ အခုလို လက်နက်သို လှောင်ရုံ ဗုံး ပေါက်ကွဲမှု ဖြစ်လိုက်တဲ့အပေါ် လူထုက အာရုံစိုက် နေကြတယ်။ တကယ်လို့ အခု တိုက်ကြမယ်ဟေ့ ဆိုရင်တောင်မှ တခြားက အကူအညီ တွေရမှ တိုက်နိုင်မှာ” ဟု လည်းဆက် ပြော၏။

အောက်တိုဘာ ၁၁ ရက် ယနေ့ နံနက်ခင်းကဖြစ်ပွါးသော အဆိုပါ ပေါက်ကွဲမှုမှာ မိုင်းဆတ်မြို့ အထွက် အနောက် တောင် ဘက် ၁ မိုင်ခန့် အကွာ၊ မိုင်းဆတ်-မိုင်းတုံကား လမ်းတောင်ဘက်ခြမ်း၊ နမ့်ဆွမ်ချောင်း မြောက်ဘက်ခြမ်း နမ့်ခုတ်နှင့် နမ့်ဆွမ်ချောင်းဆုံ အနီး ခမရ ၅၂၇ နှင့် အမြောက်တပ် အကြား၌ ဖြစ်၏။ ကျိုင်းတုံ အခြေစိုက် တြိဂံစစ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦး မိုင်းဆတ်မှ မိုင်းတုံသို့ ထွက်သွားပြီး မကြာမီ ၀၇း၀၀ နာရီခန့်၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

ဒု-စစ်တိုင်းမှူးများ တပ်မှ အနားယူ

ပေါက်ပေါက်
၁၁ အောက်တိုဘာ ၂၀၁၀

နအဖစစ်တပ်အတွင်း အသက်ကြီးပြီး အချိန်အတော်ကြာ တဆင့်မြင့်ရာထူး မတက်ဘဲ ရှိကြသည့် စစ်တိုင်း ဌာနချုပ် အသီးသီးမှ ဒု-တိုင်းမှူး အားလုံးနီးပါးသည် မကြာသေးမီ ရက်ပိုင်းအတွင်း၌ စစ်တပ်မှ အနားယူခဲ့ပြီး အချို့က ရွေးကောက်ပွဲ ဝင်ကြမည်ဟု သိရသည်။

မြန်မာနိုင်ငံတဝန်းတွင် စစ်တိုင်းဌာနချုပ် (၁၃) ခုရှိသည့်အနက် နေပြည်တော်တိုင်း စစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးကြီး မင်းဇော်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် (ရကတ) ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်ထွန်းနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ဝင်းသိန်းတို့ (၃) ဦးသာ အခြား စစ်ဘက်ရာထူးသို့ ပြောင်းရွှေ့ခဲ့ပြီး ဗိုလ်မှူးချုပ် အဆင့်ရှိ ကျန်ဒု-တိုင်းမှူး (၁ဝ) ဦးအား စစ်ဘက်မှ အနားယူခွင့် ပေးလိုက်ကာ ၎င်းတို့အနက် အချို့က ရွေးကောက်ပွဲဝင်မည် ဖြစ်ကြောင်း နေပြည်တော် စစ်ရုံးချုပ်နှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက “ဒု-တိုင်းမှူးထဲက ဗိုလ်မှူးကြီးတွေပဲ ကျန်ခဲ့တယ်။ ရမခက ဒု-တိုင်းမှူး ဝင်းသိန်းက စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၁၆ က ဌာနချုပ်မှူး၊ ရကတ ဒု-တိုင်းမှူး ဗိုလ်မှူးကြီး ကျော်ကျော်ထွန်းက စကခ (၄) မှူး တက်ဖြစ်တယ်။ နေပြည်တော်က ဒု-တိုင်းမှူး မင်းဇော်က တပ်မမှူး တက်ဖြစ်တယ်။ ကျန်တဲ့ ဗိုလ်မှူးချုပ်တွေ ကျတော့ စစ်ဘက်က အနား ယူခိုင်းလိုက်တယ်” ဟု ပြောသည်။

စစ်ဘက်မှ အနားယူလိုက်ရသည့် ဒု-တိုင်းမှူးများသည် ဗိုလ်မှူးချုပ်အဆင့်မှ မတက်နိုင်ဘဲ အချိန်အတော်ကြာ နေရာ အပြောင်းအရွှေ့ မရှိဘဲ နေလာသူများ ဖြစ်ပြီး ယခုကဲ့သို့ ရွေးကောက်ပွဲ အတွက် တပ်မတော်အတွင်း ရာထူး အပြောင်းအလဲများ ပြုလုပ်စဉ် တပါတည်း အနား ပေးလိုက်ခြင်းဖြစ်သည်ဟု စစ်ရုံးချုပ်နှင့် နီးစပ်သူက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက အပြောင်းအရွှေ့မှာ တိုင်းမှူးဖြစ်လာသူတွေက အသက် (၅ဝ) တန်း၊ ဗိုလ်မှူးချုပ် အဆင့်တွေ၊ ဒု-တိုင်းမှူးတွေက (၆ဝ) ကျော်တန်းတွေ ဖြစ်နေတယ်။ မြောက်ပိုင်းတိုင်းက ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် စံထွန်းဆိုရင် အဲဒီမှာနေခဲ့တာ တိုင်းမှူး အဆက်ဆက်ပဲ။ အသစ်ရောက်လာတဲ့ တိုင်းမှူးတွေထက် အများကြီး စီနီယာကျတဲ့ သူတွေဆိုတော့ ဒီလိုဆက်ထားလို့လည်း မသင့်တော်ဘူး။ ဒု-တိုင်းမှူး စံထွန်းက အခုတော့ ရွှေကူမြို့နယ် မဲဆန္ဒနယ်က ဝင်အရွေးခံဖို့ ရှိနေတယ်” ဟု ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရန် ပြင်ဆင်သည့်အနေဖြင့် တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ နအဖ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး စသည့် ထိပ်တန်း စစ်ဘက် အရာရှိများ အပါအဝင် ဒု-ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်များအား ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက စစ်တပ်မှ အနားပေးခဲ့ပြီးဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအရ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ (၂၅) ရာနှုန်းကို စစ်တပ်က ရယူမည် ဖြစ်သကဲ့သို့ စစ်တပ်က အနားယူ ထားသူများကလည်း နအဖက ဦးဆောင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အနေဖြင့်လည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံကြမည် ဖြစ်သည်။

Ref: ခေတ်ပြိုင်

Read More...

တရုတ်နိုင်ငံသား ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင်သတင်း ဖော်ပြခွင့်ကန့်သတ်

ဧရာဝတီ
Monday, October 11, 2010

အစိုးရက ဖမ်းဆီးထောင်ချထားစဉ် ငြိမ်းချမ်းရေး နိုဗဲလ်ဆုချီးမြှင့် ခံခဲ့ရသည့် တရုတ်နိုင်ငံမှ တက်ကြွ လှုပ်ရှားသူ လျိုရှောင်ပေါ (Liu Xiaobo) ၏ သတင်းကို ပြည်တွင်း သတင်း မီဒီယာတချို့တွင် ဖော်ပြခွင့် မပြုကြောင်း သတင်းရရှိသည်။

စစ်အစိုးရသည် တရုတ်ကွန်မြူနစ် အစိုးရနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ၂၀၁၀ ပြည့်နှစ် အတွက် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရရှိသည့် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသူ တရုတ်နိုင်ငံသား လျိုရှောင်ပေါ၏
သတင်းကို ဖော်ပြခွင့် ပိတ်ပင်ခြင်း ဖြစ်နိုင်သည်ဟု စာနယ်ဇင်း အသိုင်းအ၀န်းက ပြောဆို နေကြသည်။

“ဒေါ်အောင်ဆန်းစုကြည်လိုပဲ ဖမ်းဆီးချုပ်နှောင် ခံထားရရင်း နိုဗဲလ်ငြိမ်းချမ်းရေး ဆုရသွားတာ ဆိုတော့ မီဒီယာ သမားတွေ အကုန်လုံးက စိတ်ဝင်တစား တင်ပြ ချင်ကြတယ်။ ဒါပေမယ့် ကျနော်တို့ ဂျာနယ်မှာတော့ ဖော်ပြခွင့်မရဘူး။ စစ်အစိုးရက တရုတ်အစိုးရ ငြိုငြင်မှာကို တော်တော် စိုးရိမ်ပုံရတယ်” ဟု ပြည်တွင်း သတင်းသမားတဦးက ပြောသည်။

ယနေ့ထုတ် Weekly Eleven စာစောင်တွင်မူ “တရုတ်နိုင်ငံသား လျိုရှောင်ဘိုအား ငြိမ်ချမ်းရေး နိုဗဲလ်ဆု ချီးမြှင့်ခြင်း တရုတ်ဝေဖန်” ဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခွင့် ပေးထားသည်ကို တွေ့ရသည်။

လျိုရှောင်ပေါ နိုဗဲလ် ငြိမ်းချမ်းရေးဆု ရရှိသည့်သတင်းကို ဖော်ပြခွင့် မပြုသော်လည်း Weekly Eleven ဂျာနယ်မှ သတင်းကို ခွင့်ပြုသည်မှာ ငြိမ်းချမ်းရေး နိုဗဲလ်ဆုအပေါ် ဆန့်ကျင်သည့် အမြင်နှင့် ရေးသားချင်းကို စာပေစိစစ်ရေးက ခွင့်ပြုသည့် သဘော ဆောင်ကြောင်း ရန်ကုန်အယ်ဒီတာ တဦးက ဆိုသည်။

ငြိမ်းချမ်းရေးနိုဗဲလ်ဆုမှအပ ဆေးပညာနိုဗဲလ်ဆု အပါအ၀င် တခြားနိုဗဲလ်ဆု ရရှိသူများ အကြောင်း ပြည်တွင်း မီဒီယာများတွင် ဖော်ပြခွင့် ပြုသည်ကို တွေ့ရသည်။

“ငြိမ်းချမ်းရေး နိုဗဲလ်ဆုကလွဲရင် တခြားနိုဘဗဲလ်ဆုရသူတွေ အကြောင်း မြန်မာ့အသံ၊ မြ၀တီ၊ MRTV 4 နဲ့ ရေဒီယိုတွေရဲ့ နိုင်ငံတကာ သတင်းကဏ္ဍတွေမှာ ကြေညာတယ်” ဟု သတင်းထောက် တဦးက ရှင်းပြသည်။

တရုတ်အစိုးရက လျိုရှောင်ပေါအား နိုဗဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းအပေါ် ရှုတ်ချသည့်အတွက် စစ်အစိုးရသည် တရုတ်အစိုးရ၏ သဘောထားကို အလေးထားကာ နိုဗဲလ် ငြိမ်းချမ်းရေးဆု အကြောင်း စိစစ် တည်းဖြတ်မှုများ ပြုလုပ်ခြင်း ဖြစ်သည်ဟု စာနယ်ဇင်း သမားများက သုံးသပ်သည်။

တရုတ် အစိုးရသည် မြန်မာအစိုးရအား စီးပွားရေး၊ စစ်ရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် တခြား အကူအညီ များစွာ ပေးနေသည့် နိုင်ငံဖြစ်ကြောင်း၊ စစ်အစိုးရ အနေနှင့် လူထုအပေါ် ဖိနှိပ်မှုများ၊ သတ်ဖြတ်မှုများ ပြုလုပ်သည်ကိုပင် ပြည်တွင်းရေး ကိစ္စဟု ပြော၍ အမြဲတစေ ကာကွယ်ပေးနေသည့် အင်အားကြီး နိုင်ငံတခု လျော့သွားမည်ကို မြန်မာအစိုးရက စိုးရိမ်ကြောင်း သတင်း အယ်ဒီတာ တဦးက ဆိုသည်။

“မြန်မာအစိုးရဘက်က အမြဲကာကွယ်ပေးနေတဲ့ တရုတ်အစိုးရကြောင့် လျိုရှောင်ပေါ သတင်းကို သတိထားပြီး ကိုင်တွယ်တာ လို့ မြင်တယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတော်တော် များများ အသိအမှတ်မပြုတဲ့ ရွေးကောက်ပွဲကိုလည်း တရုတ်က အသိအမှတ် ပြုတယ်လေ” ဟု ၎င်းကပြောသည်။

ယခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗဲလ်ဆု ဆန်ခါတင်စာရင်းတွင် ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) ပါဝင်ကြောင်း ပြည်ပ အသံလွှင့် သတင်းဌာနများက ကြေညာခဲ့သည့် အတွက် ပြည်သူများအကြား ငြိမ်းချမ်းရေး နိုဗဲလ်ဆု ချီးမြှင့်မည့် သတင်းကို အလွန် စိတ်ဝင်စားခဲ့ကြသည်။

“လူတွေက DVB ရမလားဆိုပြီး ရင်ခုန်ကြတယ်၊ သိချင်ကြတယ်။ ဘာပဲပြောပြော လျိုရှောင်ပေါ ရသွားတာလည်း တရုတ်နိုင်ငံမှာ ဖိနှိပ်အုပ်ချုပ် ခံနေရတဲ့ လူတန်းစားဘက်က ရပ်တည်မယ့် သူတဦးကို ကမ္ဘာနဲ့ နိုင်ငံတကာ အသိုင်းအ၀န်းက အာရုံ စိုက်လာကြမယ်။ သူ့အတွက် ဂုဏ်ယူပါတယ်” ဟု အသက် ၅၀ ကျော်အရွယ် သတင်းစာ ဆရာတဦးက ဆိုသည်။

စစ်အစိုးရသည် တရုတ်နိုင်ငံ၏ တနိုင်ငံတည်း မူဝါဒကို လက်ခံပြီး ထိုင်ဝမ်နိုင်ငံ ထူထောင်သည်ကို ပြတ်ပြတ်သားသား ဆန့်ကျင် ထားသည်။ ထို့ပြင် ထိုင်ဝမ်သည် တရုတ်ပြည်၏ အစိတ်အပိုင်း တခုအဖြစ်သာ အသိ အမှတ် ပြုသောကြောင့် ပြည်တွင်း သတင်း မီဒီယာများတွင် ထိုင်ဝမ် ဆိုသော စကားလုံးအစား တရုတ် (တိုင်ပေ) ဆိုသော စကားလုံးကိုသာ အသုံးပြုရမည်ဟု ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ယခုနှစ်အတွက် ငြိမ်းရေးနိုဗဲလ်ဆုရရှိသူ လျိုရှောင်ပေါသည် ၁၉၈၉ ခုနှစ် တီယန်နန်မင် ရင်ပြင် ဆန္ဒပြမှုတွင် ကျောင်းသား ခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့ပြီး တခြားသော ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့်အတွက် မကြာခဏ ဖမ်းဆီး ထောင်ချ ခံရသူဖြစ်သည်။

လျိုရှောင်ပေါသည် ၂၀၀၈ ခုနှစ်က ဘေကျင်း အိုလံပစ်ပွဲတော်အချိန်၌ တရုတ်ကွန်မြူနစ် ပါတီ၏ တပါတီ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး အပါအ၀င် အာဏာရှင်ဆန်သော အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရန် အတွက် တရုတ်ထိပ်တန်း ပညာရှင် ၁၀၀၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ရာတွင် ခေါင်းဆောင် ခဲ့သောကြောင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရသည်။

လျိုရှောင်ဘိုသည် ၂၀၀၄ ခုနှစ်တွင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ သတင်း လွတ်လပ်ခွင့် ကြိုးပမ်းမှုဆု ရရှိခဲ့သည်။

၁၉၅၅ ခုနှစ်တွင် မွေးဖွားခဲ့သော လျိုရှောင်ပေါသည် ရသစာပေနှင့် ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့များ ရရှိခဲ့ပြီး ဧည့်ပါမောက္ခ အနေနှင့် တရုတ်နိုင်ငံ တက္ကသိုလ်များ အပြင် ကိုလံဘီယာ တက္ကသိုလ်၊ အော်စလို တက္ကသိုလ်၊ ဟာဝိုင်ယီ တက္ကသိုလ်များသို့ သွားရောက်ခဲ့သည်။

Ref: ဧရာဝတီ်

Read More...

ဒီမိုမိတ်ဆွေများ အဖွဲ့ဝင်ဖို့ ငွေကြေးရှင်းရန်လို

မသိင်္ဂီထိုက်
တနင်္လာ, 11 အောက်တိုဘာ 2010

၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ ၆ ခုက ဒီလ ၂ ရက်နေ့ကပဲ တိုင်းရင်းသားအရေး၊ ရွေးကောက်ပွဲ အရေးတွေ ပူးပေါင်း လုပ်ဆောင်ဖို့ ဒီမိုကရေစီပါတီ မိတ်ဆွေများအဖွဲ့ကို ဖွဲ့စည်း လိုက်ပါတယ်။ ဖွဲ့ပြီး ၄ ရက် အကြာမှာတော့ စီးပွားရေး လုပ်ငန်းရှင် တဦးက ဒီပါတီတွေကို ငွေကြေး ထောက်ပံ့တယ်လို့ ပြည်တွင်း သတင်း ဂျာနယ်မှာ ဖော်ပြတာကို အကြောင်းပြုပြီး အဖွဲ့ဝင် ပါတီတခုဖြစ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက မိတ်ဆွေ အဖွဲ့ကနေ ခေတ္တ နှုတ်ထွက်မယ်လို့ ပြောလိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြ ပေးထားပါတယ်။

ဒီမိုကရေစီပါတီ မိတ်ဆွေများထဲက စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေဆီက ငွေကြေးထောက်ပံ့မှု ယူထားတယ် ဆိုရင် ရှင်းရှင်းလင်းလင်း ကြေညာပေးပါလို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီက တောင်းဆိုပါတယ်။ ဘယ်ပါတီတွေ အထောက်အပံ့ ယူထားတယ် ဆိုတာ ပါတီတွေက ပွင့်ပွင့်လင်းလင်း မကြေညာမချင်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီက မိတ်ဆွေအဖြစ်က ခေတ္တ ရပ်ဆိုင်းထားမယ်လို့ ကြေညာချက် ထုတ်တာပါ။ ဒါနဲ့ပတ်သက်ပြီး ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ဒုတိယဥက္ကဋ္ဌ ဦးတင်ထွေးက အခုလို ရှင်းပြပါတယ်။

“ဦးလှမောင်ရွှေက ငါးလုပ်ငန်းမှာ ဒု-ဥက္ကဋ္ဌ၊ အီးဂရက်စ်မှာက Member ၇ ဦးရှိတဲ့ အထဲမှာ သူက တဦး အပါအ၀င်ပေါ့။ တရားဝင် ပေးတာလား၊ ယူတာလားဆိုတာ ကျနော်တို့က မသိတဲ့အခါမှာ ဒီဥစ္စာတွေက ပါတီအချင်းချင်း ရိုက်ခတ်မှာစိုးလို့ အဲဒီလို ရှင်းပြီးရင် ကျနော်တို့က မိတ်ဆွေဖွဲ့လို့ ရပါတယ်။ လတ်တလောက မိတ်ဆွေ ဖွဲ့ထားတာကို ကျနော်တို့က ခေတ္တ ဆိုင်းငံ့ထားတာပါ။”

မြန်မာ အီးဂရက်စ်ကတော့ ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ် ပို့ချပေးနေတဲ့ ရန်ကုန်အခြေစိုက် NGO တခု ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ နိုင်ငံရေးပါတီတွေ အနေနဲ့ ပြင်ပ အလှူရှင်တွေဆီက ငွေကြေး ထောက်ပံ့မှု လက်ခံရယူခွင့် ရှိပေမဲ့ အခု အထောက်အပံ့ ယူတာမှာ သူတို့ပါတီ မပါဝင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်ချင်လို့ အခုလို လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ဦးတင်ထွေးက ပြောပါတယ်။

“ဦးလှမောင်ရွှေကတော့ ထုတ်ဖော်ပြောတယ်ပေါ့။ NDF နဲ့ ရှမ်းရယ်၊ ချင်းရယ်၊ ရခိုင်ရယ်၊ အဲဒီ ပါတီများ ကိုလည်း ထောက်ပံ့ ထားတယ်ပေါ့။ ပါတီများကို ထောက်ပံ့ ထားတယ်ဆိုတဲ့ နေရာမှာ ရခိုင်ကလည်း တချို့တ၀က် ရှိမယ်ဗျာ၊ ချင်းကလည်း တချို့တ၀က် ရှိမယ်ပေါ့၊ အခြားပါတီတွေလည်း တချို့တ၀က် ရှိမယ်ပေါ့၊ အဲတော့ သူက ပါဝင်တဲ့ ပါတီတွေ အကုန်လုံးကို ရောပြီး ရိုက်လိုက်တဲ့ ပုံစံမျိုးဆိုတော့ ကျနော်တို့က အဲဒီ ယူထားတဲ့ အထဲမှာလည်း မပါတဲ့ အတွက်ကြောင့် ဒီဥစ္စာကို ရှင်းတဲ့ကိစ္စပါ။ ငွေရေး ကြေးရေး ရှုပ်ထွေးတဲ့ ကိစ္စလေးတွေက ကျနော်တို့ ပြည်သူ့အမြင်မှာ တမျိုး ဖြစ်နိုင်တယ်လေ။”

စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်တဲ့ ဦးလှမောင်ရွှေက ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းက ပြည်တွင်းထုတ် မြန်မာပို့စ် ဂျာနယ်မှာ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) အပါအ၀င် တခြားပါတီ တချို့နဲ့ ရှမ်း၊ ကရင်၊ ချင်း၊ ရခိုင် တိုင်းရင်းသားပါတီ အများစုကို ငွေကြေး ထောက်ပံ့ ထားတယ်လို့ ပြောကြားခဲ့တာပါ။

ဦးလှမောင်ရွှေကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒါပေမဲ့ ငွေကြေးထောက်ပံ့မှု ပေးထားတယ်လို့ ဂျာနယ်မှာ ဖော်ပြခံရတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက အခုလို ရှင်းပြပါတယ်။

“ဦးလှမောင်ရွှေက ကျနော်တို့ကို ဒီနေ့ပဲ တောင်းပန်တဲ့ စာတခု ပို့ပါတယ်။ အဲဒီစာမှာ အကြမ်းဖျင်း ပြောရရင် သူ့အနေနဲ့က ကျနော်တို့ အပါအ၀င် တခြားပါတီတွေကို ရန်ပုံငွေအနေနဲ့ သူလှူတာ မရှိပါဘူးတဲ့။ သူ့အနေနဲ့ရော၊ အီးဂရက်အဖွဲ့ အနေနဲ့ရော မရှိပါဘူးတဲ့။ သို့သော်လည်း ရှေ့နေလား ဘာလား တယောက်နဲ့၊ နောက် တယောက် နှစ်ယောက်ပေါ့ဗျာ၊ ကျနော်တို့ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းထဲက တယောက် နှစ်ယောက် အဲဒီလိုပေါ့၊ သူတို့နဲ့ ခင်ရာခင်ကြောင်း တခြား တိုင်းရင်းသား ပါတီတွေထဲက တယောက် နှစ်ယောက် အဲဒီလို ဖြစ်ပါလိမ့်မယ်။

“သူက ပုဂ္ဂိုလ်ရေးအရ အကူအညီ ပေးတာပါတဲ့၊ လွှတ်တော်ကိုယ်စားလှယ်၊ အဲဒါမျိုးတော့ ရှိပါတယ်တဲ့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ဒီလိုဖြစ်သွားတယ် ဆိုတာကို သူ့အနေနဲ့ တောင်းပန်ပါတယ် ဆိုပြီးတော့ ကျနော်တို့ဆီကို စာပို့ထားတယ်။”

ဒီမိုကရေစီ မိတ်ဆွေများ ပါတီအဖွဲ့ကတော့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက တောင်းဆို ထားတာကို ဘာမှ တုံ့ပြန်ခြင်း မရှိသေးပါဘူး။ ဒီမိုကရေစီ မိတ်ဆွေများပါတီ အဖွဲ့မှာတော့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ ချင်းအမျိုးသား ပါတီနဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ ပါဝင်ပြီး ဒီလ ၂ ရက်နေ့ကမှ ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ထိုင်း ၀န်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိ

သန်းထိုက်ဦး
Monday, October 11, 2010

ထိုင်းနိုင်ငံ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝသည် နယ်စပ် တံတားပိတ်ခြင်း အပါအ၀င် နှစ်နိုင်ငံဆိုင်ရာ ပြဿနာများ ဆွေးနွေး ရန် နေပြည်တော်သို့ ယနေ့ ရောက်ရှိနေကြောင်း သိရသည်။

“နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန်နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး၊ ချစ်ကြည်ရေး တံတား ပိတ်ထားမှု အပါအ၀င် တခြားသော နယ်စပ်ပြဿနာများ အရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု တိုက်ဖျက်ရေး စသည်တို့ကို ဆွေးနွေးရန် ယခု ခရီးစဉ် ကို ရည်ရွယ်သည်”ဟု အဖိဆစ် က မြန်မာနိုင်ငံသို့ မထွက်ခွာမီ သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုင်း ရုပ်မြင်သံကြားလိုင်းတခုတွင်လည်း မစ္စတာ အဖိဆစ်က“မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ လာမယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ချောချောမောမော ဖြစ်တာကို ကျနော်မြင်ချင်ပါတယ်၊ ထိုင်းအစိုးရ အနေနဲ့လည်း နယ်စပ် ဒေသတလျှောက် တည်ငြိမ်အေးချမ်းမှု ရှိတာကို လိုလားနေပါတယ်”ဟု ပြောဆိုထားသည်။

ဝန်ကြီးချုပ် အဖိဆစ်၏ ပထမဦးဆုံး မြန်မာနိုင်ငံခရီးစဉ်တွင် ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ဖိရုမ်း အပါအ၀င် ထိုင်းနိုင်ငံ လက်ရှိ ကြည်းတပ် ဦးစီးချုပ် Gen Prayuth Chan Ocha တို့လည်း လိုက်ပါသွားကြပြီး စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၀န်ကြီးချုပ် ဦးသိန်းစိန် တို့ကိုလည်း တွေ့မည်ဟု ထိုင်း နိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ယနေ့ဖော်ပြ ထားသည်။

မစ္စတာ အဖိဆစ်က ၂၀၁၀ ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ အစီအစဉ်များကို လေ့လာရန်ရှိပြီး ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံရေး အကျဉ်းသားများ အခြေအနေနှင့် မြန်မာပြည်ရှိ တိုင်းရင်းသားများ အရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း လည်း ပြီးခဲ့သည့်လ အတွင်းက ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ စစ်အစိုးရဘက်က ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြ၀တီ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။

နယ်စပ် တံတား ပိတ်ထားသည့်အတွက် ကုန်စည်စီးဆင်းမှုမရှိဘဲ ကုန်သည်များ အပါအဝင် သာမန် ပြည်သူများပါ အခက်အခဲ ကြုံနေကြကြောင်း၊ တံတား ပိတ်ထားမှုကြောင့် တရက်လျှင် ဘတ် သန်း ၁၀၀ ခန့် အထိ နစ်နာလျက် ရှိကြောင်း ထိုင်း သတင်း ဌာနများက ဖော်ပြသည်။

မြန်မာက ထိုင်းသို့တင်ပို့သည့် ကုန်ပစ္စည်းတန်းဖိုးမှာ တလလျှင် ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်သာရှိပြီး ထိုင်း နိုင်ငံက မြန်မာသို့ တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) ခန့် ရှိသည်ဟု သိရသည်။

ယခုနှစ် ဇူလိုင်လကတည်းက မစ္စတာ အဖိဆစ်သည် မြန်မာပြည်သို့ သွားရောက် လည်ပတ်ရန် စီစဉ် ထားသော်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား ခရီးစဉ် အချိန်ဇယား ဆွဲရန် အခက်အခဲ ရှိသောကြောင့်ဟု ဆိုကာ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့သည်။

Ref: RFA News

Read More...

မြန်မာပြည်ဒီမိုကရေစီရေး ဘုန်းတော်ကြီးတူးတူး ဆက်လက်အားပေးမည်

2010-10-11

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိဘုန်းတော်ကြီး ဒက်စမွန်တူးတူးက လူထု မြင်ကွင်းကနေ တရားဝင် အနားယူတော့မှာ ဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး အတွက် ဆက်လက်ပြီး ထောက်ခံ အားပေးဆောင်ရွက် သွားမယ်လို့ ပြောကြား လိုက်ပါတယ်။

ဘုန်းတော်ကြီး တူးတူးဟာ တောင်အာဖရိကအခြေစိုက် Free Burma Campaign အဖွဲ့က Ms. Marilyn Lilley အပါအဝင် မြန်မာ နိုင်ငံသား တချို့နဲ့ အောက်တိုဘာလ ၈ ရက် သောကြာနေ့ က Cape Town မြို့မှာ တွေ့ဆုံစဉ် အခုလို ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက အောက်တိုဘာ ၇ ရက်နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ ၇၉ နှစ်မြောက် မွေးနေ့က စလို့ သတင်း မီဒီယာတွေ အပါအဝင် လူထုနဲ့ ထိတွေ့ ဆက်ဆံမှုကနေ တရားဝင် အနားယူတော့မှာ ဖြစ်ပေမဲ့ မြန်မာ့အရေးကို အလျဉ်းသင့်သလို ဆက်လက် ထောက်ခံ အားပေးနေဦးမှာ ဖြစ်ကြောင်း အလေးထား ပြောဆိုခဲ့တယ်လို့ Free Burma Campaign တောင်အာဖရိက အဖွဲ့က ဒေါက်တာသိန်းဝင်းက RFA ကို ပြောပါတယ်။

“ဘုန်းတော်ကြီးက ဘာပြောလဲဆိုတော့ သူ အနားယူပေမယ်လို့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အခါ အားလျော်စွာ သူ ဆက်လက်ပြီးတော့ ပါဝင် ဆောင်ရွက်မယ်လို့ ပြောသွားတာကို ကျွန်တော်တို့ သိရပါတယ်။ နောက်တခုက အာဆီယံ နိုင်ငံတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ ပြောကြားချက် ပေါ့နော်၊ ဒါကတော့ သူ့ရဲ့ တရားဝင် မီဒီယာကတဆင့် ပြောတာ ဒါ နောက်ဆုံးလို့ ကျွန်တော်တို့ မှတ်ယူလို့ ရမှာပါ။”

၁၉၈၄ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ အဖိနှိပ်ခံ မြန်မာပြည်သူတွေ ဘက်က အမြဲ အားပေး ရပ်တည်ပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက် အစဉ်တစိုက် ထောက်ခံ ဆောင်ရွက်လာခဲ့သူ ဖြစ်ပါတယ်။ ဘုန်းတော်ကြီး တူးတူးဟာ သောကြာနေ့က တွေ့ဆုံပွဲမှာ လူထု အခွင့်အရေးအတွက် အနုနည်းနဲ့ ဦးဆောင် တိုက်ပွဲဝင်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူး ပြောဆိုခဲ့တယ်လို့ အဲဒီတွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ မြန်မာကျောင်းသူ တဦးက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တာကတော့ သူက ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အတော် လေးစားတယ်၊ ဘာလို့လဲ ဆိုတော့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို အမြဲတစေ ဆောင်ရွက် ပေးနေတာ။ နောက်ပြီးတော့ အခု election တွေကလည်းပဲ ဘယ်လောက် effective ဖြစ်မယ် ဆိုတာလည်း သူက မသိဘူးတဲ့။ ဒါပေမယ်လို့ မြန်မာပြည်သူတွေ အတွက် ဆုတောင်းပေးဖို့ပဲ ရနိုင်တယ်။”

ဘုန်းတော်ကြီး တူးတူးဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုခဲ့သူ ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ မြန်မာ စစ်အစိုးရကို အရေးယူဖို့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ချက်သမတဟောင်း ဗားစလပ် ဟာဗဲနဲ့အတူ တောင်းဆို ခဲ့ဖူးပါတယ်။

Ref: RFA News

Read More...

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံခြားဧည့်သည် လက်မခံဖို့ စက်မှုဝန်ကြီး အမိန့်ထုတ်

2010-10-11

ရွေးကောက်ပွဲအတွက် ဝန်ထမ်းတွေ မဲထည့်ရေးနဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ ဌာနဆိုင်ရာ အကြီးအကဲတွေ အားလုံးကို စက်တင်ဘာ ၁၅ ရက်ကစပြီး နိုင်ငံခြားသားနဲ့ တွေ့ဆုံခွင့် ပိတ်ပင် လိုက်ပါတယ်။

နေပြည်တော် စက်မှု(၁)ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တွေ ဦးဆောင် ညွှန်ကြားရေးမှူးတွေ အားလုံး ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံခြားသားနဲ့ တွေ့ဆုံခွင့် ပိတ်ပင်တဲ့ ညွှန်ကြားချက်ကို ဝန်ကြီး ဦးအောင်သောင်း ကိုယ်စား ရုံးအဖွဲ့မှူး ဦးမြင့်ဆွေက လက်မှတ် ရေးထိုးပြီး စာအမှတ် ၁၈/၁/စ(၁)/၂၀၁၀ (၇၆၇၇) နဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန် ခဲ့တာဖြစ်တယ်လို့ အမိန့်စာ ဖတ်ရတဲ့ အရာရှိတွေက ပြောပြပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံခြားသားတွေကို လက်ခံတွေ့ဆုံနေရင် နိုင်ငံခြားသားတွေ အနေနဲ့ လုပ်ငန်း အကြောင်းပြပြီး မလိုလားအပ်တဲ့ မေးခွန်းတွေ မေးလာနိုင်တယ် ဆိုပြီး အဆိုပါ ညွှန်ကြားချက်မှာ ဖော်ပြ ထားပါတယ်။ မလိုလားအပ်တဲ့ မေးခွန်းတွေ ဘာလဲ ဆိုတာကိုတော့ ညွှန်ကြားချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြ မထားပါဘူး။

ဦးစီးဌာနလုပ်ငန်းတွေအနေနဲ့ ဝန်ထမ်းတွေ မဲထည့်ရေး ဆောင်ရွက်နေရတဲ့အတွက် ပြည်ပက နိုင်ငံခြားသားတွေ လာရောက်မယ် ဆိုရင် အချိန်ပေးပြီး လက်ခံတွေ့ဆုံဖို့ အခက်အခဲရှိမှာ ဖြစ်တယ်လို့ပါ ရေးထားပါတယ်။

ဒါကြောင့် ဦးစီးဌာန လုပ်ငန်းတွေမှာရှိတဲ့ ညွှန်ကြားရေးမှူးချုပ်တွေ ဦးဆောင် ညွှန်ကြားရေးမှူးတွေ အားလုံး ရွေးကောက်ပွဲ မတိုင်ခင် ပြည်ပ နိုင်ငံခြားသားတွေကို ဖိတ်ကြားခြင်း လက်ခံ တွေ့ဆုံခြင်း မလုပ်ဖို့ ဆိုပြီး ဝန်ကြီး ဦးအောင်သောင်းက ခုလို ညွှန်ကြားချက် ထုတ်ပြန် ထားတာ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

Ref: RFA News

Read More...

Monday, October 11, 2010

ရွေးကောက်ပွဲအကြို အကျဉ်းသားတွေ လွှတ်ပေးဖွယ်ရှိ

တနင်္ဂနွေ, 10 အောက်တိုဘာ 2010

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ပါဝင်မဲပေးနိုင်ကြဖို့အတွက် အကျဉ်းသားတွေကို လာမယ့် ရက်ပိုင်း အတွင်းမှာ ပြန်လွှတ် ပေးမယ်လို့ တာဝန်ရှိသူတွေ ပြောတဲ့အကြောင်း မြန်မာနိုင်ငံထဲက လာတဲ့ သတင်းတွေမှာ ဖော်ပြ ထားပါတယ်။

အကျဉ်းသား ၃,၀၀၀ ကျော်ရဲ့  ပြစ်ဒဏ်တွေကို လျှော့ပေါ့ပေးဖို့ အကျဉ်းဦးစီးဌာနက စီစဉ်နေသလို နိုဝင်ဘာလ ၇ ရက် မတိုင်ခင် ပြစ်ဒဏ် ရက်စေ့မယ့် အကျဉ်းသားက ၈,၀၀၀ လောက် ရှိတယ်လို့ ဒီတပတ်အတွက် အင်္ဂလိပ် ဘာသာနဲ့ ထုတ်ဝေတဲ့ Myanmar Times ထဲမှာ ဖော်ပြ ထားပါတယ်။

လက်ရှိမှာ အကျဉ်းကျနေကြသူတွေ မဲပေးနိုင်အောင် လျှော့ရက်နဲ့ လွှတ်ပေးမှာ ဖြစ်တယ်လို့ အမည် မဖော်လိုတဲ့ အကျဉ်းဦးစီး အရာရှိ တယောက်ကလည်း AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

ပြန်လွှတ်ပေးမယ့်အထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက်ပါမလဲ ဆိုတာကိုတော့ သတင်းတွေထဲမှာ ဖော်ပြထားခြင်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျ နေကြသူတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေ ထဲမှာ ပါဝင်ခွင့် ပေးဖို့ နိုင်ငံတကာက တောင်းဆိုနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မကြာခင်လုပ်မယ့် ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ် ပေးရမှာဖြစ်ပြီး ပွင့်လင်း၊ လက်ခံ နိုင်လောက်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်သင့်တယ် ဆိုတာကိုလည်း မကြာခင်ကမှ အာဆီယံ ခေါင်းဆောင်တွေနဲ့ နယူးယောက်ခ်မြို့မှာ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki Moon) က ပြောထားပါတယ်။

မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်နဲ့ အလုပ်ကြမ်းစခန်းတွေမှာ စုစုပေါင်း အကျဉ်းသား ၆၀,၀၀၀ လောက် ရှိပြီး အမှု ရင်ဆိုင်နေရဆဲ သူပေါင်း ၆,၀၀၀ လောက် ရှိတယ်လို့ အကျဉ်းဦးစီး ဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။ အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ထက်မနည်း ရှိပါတယ်။

Ref: VOA News

Read More...

စင်ကာပူရောက်မြန်မာများ သူရဦးတင်ဦးထံမှ သြ၀ါဒခံယူ

မြတ်ခိုင်ဦး
၁၁ အောက်တိုဘာ ၂၀၁၀

စင်ကာပူနိုင်ငံတွင် မျက်စိခွဲစိတ်ကုသပြီး၍ လိုအပ်သော ဆေးဝါးစောင့်ရှောက်မှု ဆက်လက် ခံယူနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ သူရဦးတင်ဦးထံမှ သြ၀ါဒ စကားများ ခံယူသည့် ဂါရ၀ပြုပွဲ တရပ်ကို စင်ကာပူရောက် မြန်မာ လူငယ်များက ဦးစီး ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသြဝါဒခံယူပွဲကို စင်ကာပူမြို့ရှိ တိုးပါးရိုးမြန်မာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်း၌ စုပေါင်း ပြုလုပ်ကြခြင်း ဖြစ်ပြီး အခမ်းအနားသို့ စင်ကာပူရောက် အသက် (၂၀) အရွယ်မှ (၆၀-၇၀) တန်းအထိ မြန်မာနိုင်ငံသား (၃၀၀) ခန့် တက်ရောက်ကြသည်။

ပထမဦးစွာ ရဟန်းသံဃာများအား ဦးတင်ဦးမှ ဦးဆောင်၍ သင်္ကန်းကပ်လှူ ပူဇော်ပြီးနောက် သံဃာတော်များထံမှ သီလ ခံယူကာ တက်ရောက် လာကြသော မြန်မာ နိုင်ငံသားများက ဦးတင်ဦးအား ကန်တော့ကြသည်။ ထို့နောက် ဦးတင်ဦးက မြန်မာပြည်သား များအား မိနစ် (၂၀) ခန့် ဆုံးမစကား ပြောကြားသည်ဟု အခမ်းအနား ဦးဆောင်ကျင်းပသူ ကိုဝဏ္ဏက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “ဘဘက ဆုတွေအများကြီးပေးတယ်။ ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ပြီးတော့ လူငယ်တွေ ဆိုတာ ရိုးသားရမယ်၊ ကြိုးစားရမယ်၊ တိုင်းပြည်အတွက် မေတ္တာ စေတနာထားပြီး ပြဿနာရပ်တွေ အားလုံးကို ဖြေရှင်းရမယ် ဆိုပြီး မှာကြား သွားတယ်” ဟု ပြောသည်။

အဆိုပါပွဲ ပြုလုပ်ရခြင်းမှာ သူရဦးတင်ဦးထံမှ လူငယ်များအတွက် စိတ်အားထက်သန် စေမည့် အမှာစကား ရပ်များကို သိရှိကြရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပြီး ဦးတင်ဦးက တိုင်းကျိုးပြည်ကျိုး ထမ်းရွက်ရာတွင် နိုင်ငံရေး ပြဿနာများကို စိတ်ရှည်ရှည် ထားကာ တွေ့ဆုံ ဆွေးနွေးမှုဖြင့် အဖြေရှာသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ကိုဝဏ္ဏက ပြောသည်။

သူရဦးတင်ဦးက ၎င်းစင်ကာပူသို့ မလာရောက်မီက အရာအားလုံး အဆင်ပြေချောမွေ့ပါ့မလားဟု စိုးရိမ် ပူပန်ခဲ့ကြောင်း၊ သို့ရာတွင် ရောက်သည့် နေ့မှစ၍ စင်ကာပူရောက် မြန်မာ နိုင်ငံသားများ၏ အစစ၊ အရာရာ ဝိုင်းဝန်း ကူညီ ပံ့ပိုးမှုကို တွေ့ရသည့် အတွက် လွန်စွာ ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်ဟု အခမ်းအနား တက်ရောက်သူ လူငယ်တဦးက ပြောသည်။

သူရဦးတင်ဦးသည် မျက်စိတွင် တိမ်စွဲခြင်း၊ သွေးကြောများ ပေါ်လာခြင်းတို့ကြောင့် လိုအပ်သော ခွဲစိတ် ကုသမှုများ ပြုလုပ်ရန် စက်တင်ဘာ (၂၈) ရက်တွင် စင်ကာပူ နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဘယ်ဘက် မျက်စိအား စက်တင်ဘာ (၃၀) ရက်နေ့၌ Tan Tock Seng ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ် ကုသ ပြီးစီးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ မျက်စိခွဲစိတ်ကုသမှုအပြီးတွင် မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းနေသူများက ဦးဆောင်ကာ စင်ကာပူရောက် မြန်မာ နိုင်ငံသားများ အတူတကွ ပူးပေါင်း၍ ဤပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ တိုင်းပြည်၏ ဒီမိုကရေစီရေး အတွက် ကြိုးပမ်းနေသော သူရဦးတင်ဦးကို ယခုကဲ့သို့ ဂါရဝပြုခွင့် ရသည့်အတွက် များစွာဝမ်းမြောက် ပျော်ရွှင်ကြကြောင်း စင်ကာပူရောက် မြန်မာများထံမှ သိရသည်။

Ref: ခေတ်ပြိုင်

Read More...

ဦးပိုင်ကုန်တိုက် ဖွင့်လှစ်

တနင်္လာနေ့၊ အောက်တိုဘာလ ၁၁ ရက် ၂၀၁၀

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ပိုင် ရူဘီမတ်ကုန်တိုက်ဆိုင်ခွဲ တခုကို ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်တွင် စနေနေ့ နံနက်က ပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်လမ်းနှင့် ၃၇ လမ်းထောင့် ကျောက်တံတားမြို့နယ်ရှိ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနအောက်ရှိ ကုန်သွယ်/လယ်ယာရုံး အဆောက်အအုံ ဟောင်းကို ပြင်ဆင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သော ၃၈နှစ်က တည်ဆောက်ခဲ့သောအဆောက်အအုံဟောင်းကို စစ်တပ်ရန်ပုံငွေရှာ ဦးပိုင် လိမိတက်က ပြန်လည် ပြင်ဆင်ရာတွင် အမေရိကန်ဒေါ်လာ ၂ သန်းကျော် (ကျပ်သိန်း၂ သောင်းကျော်) ကုန်ကျခဲ့ကြောင်း ဦးပိုင်ပြောရေးဆိုခွင့် ရှိသူ အငြိမ်းစား ဗိုလ်မှူးကြီးနေဝင်းက ပြောသည်။

အဆောက်အအုံဟောင်းကို ဦးပိုင်က ကျပ်သိန်း ၃ သောင်း ပေးချေလွှဲပြောင်းရယူခဲ့ခြင်း ဖြစ်သည်ဟု ဦးပိုင်ရှယ်ယာဝင် တဦးက ပြောသည်။

စတုရန်းပေ ၅ သောင်းကျော်ရှိ အထပ် ၅ ထပ်ပါ အဆောက်အအုံ၏ မြေညီထပ်တွင် အစားအသောက်များ၊ ပထမထပ်တွင် အလှဆင် ပစ္စည်းများ၊ ဒုတိယထပ်တွင် မီးဖိုချောင်သုံး ပစ္စည်းများနှင့် ပရိဘောဂများ၊ တတိယထပ်တွင် အိုင်တီပစ္စည်း မျိုးစုံနှင့် အပေါ်ဆုံး ထပ်တွင် ကလေးကစားကွင်းနှင့် မုန့်ဆိုင်များ ပါဝင်သည်။ ထို့အပြင် အင်တာနက် Wi-Fi အခမဲ့ အသုံးပြုနိုင်သော ဧရိယာတခုလည်း ပါဝင်သည်။

ယနေ့ ဖွင့်ပွဲသို့ နအဖကောင်စီဝင် ဦးတင်အေး၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်တင်ငွေ၊ ဦးပိုင်ဥက္ကဌ ဗိုလ်ချုပ် ခင်ဇော်ဦး၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်မှုးချုပ် ဇာနည်ဝင်း၊ ဦးပိုင်မန်းနေးဂျင်း ဒါရိုက်တာ ဗိုလ်ချုပ် ဝင်းသန်းတို့ တက်ရောက် ခဲ့ကြသည်။

ရန်ကုန်ရူဘီမတ်တွင် ဝန်ထမ်းလေးရာကျော်ရှိပြီး စင်္ကာပူမှ သင်တန်းနည်းပြများကို ခေါ်ယူ လေ့ကျင့် ပေးခဲ့သည်။


Ref: မဇ္ဈိမ

Read More...

Sunday, October 10, 2010

ယာယီနိုင်ငံကူး လက်မှတ်လုပ်ပြီးအပြန် ကားမှောက် ဒဏ်ရာရသူများ ထဲမှ တဦးသေ

ဘစောတင်
Saturday, October 09, 2010

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ယာယီ နိုင်ငံကူး လက်မှတ်ပြုလုပ်ပြီး ဘန်ကောက်သို့ အပြန် တိမ်းမှောက် သွားသည့် ကားပေါ်ပါ မြန်မာများ ဆေးရုံ တင်ထားသည့် အနက် တဦး သေဆုံး သွားကြောင်း သတင်းရရှိသည်။

Nitipon အမည်ရှိ အကျိုးဆောင် ကုမ္ပဏီက ရနောင်းမြို့သို့ ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် စီစဉ် ပေးထားသော ကားသုံးစီးအနက် တစီးသည် မဟာချိုင်မြို့ အနီးတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး ကားပေါ် ပါလာသူ မြန်မာ ၃၉ ဦးစလုံး မဲ့ကလောင် အမှတ် ၂ ဆေးရုံတွင် တင်ထားရသည်။

Nitipon ကုမ္ပဏီမှ မြန်မာဝန်ထမ်း ကိုအနိုင်က “မနေ့က လူနာတွေထဲက တယောက် ဆုံးသွားတယ်။ အတွင်းကြေ ကြေသွားလို့ သေသွားတာလို့ ဆေးရုံက ပြောတယ်။ အလောင်းကို ရဲတွေက စစ်ချက်တွေ ဘာတွေယူပြီး ကိုအောင်ကိုလင်း အလုပ်လုပ်ခဲ့တဲ့ စက်ရုံကို ပြန်ပို့လိုက်ပြီးပြီ” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသွားသော ကိုအောင်ကိုလင်းမှာ အသက် ၂၉ နှစ်အရွယ်ရှိပြီး ပဲခူးတိုင်း ညောင်လေးပင် မြို့နယ်မှ ဖြစ်သည်။

ယာယီ နိုင်ငံကူးလက်မှတ်လုပ်ရန် သွားကြသူများထဲတွင် မွန်၊ ကရင်၊ ရှမ်းနှင့် ဗမာလူမျိုးများ ပါဝင်ကြကြောင်း၊ ဒဏ်ရာ ပြင်းထန်သူ ၁၀ ဦးရှိပြီး မွန်ပြည်နယ် ရေးမြို့နယ်မှ ဒေါ်သန်းဝင်းဆိုသူမှာ ခြေထောက်အရိုး ကျိုးသွားသဖြင့် သံမဏိဖြင့် ဆက်ထားရကြောင်း သိရသည်။

တိမ်းမှောက်သွားသည့် ကားကို နိုင်ငံခြားသားများ လိုက်ပါလာသည့် ဆလွန်းကားက ထပ်ဆင့် ၀င်တိုက်မိ သေးကြောင်း သိရှိရသည်။

ယာယီ နိုင်ငံကူးလက်မှတ် အကျိုးဆောင် ပြုလုပ်ပေးသူ မြန်မာတဦးက “မြန်မာတွေ စီးလာတဲ့ကားက လမ်းကြောင်းလွဲပြီး တိမ်းချော်နေတာကို နောက်ကပါလာတဲ့ ဆလွန်းကားက ထပ်ပြီး ၀င်ဆောင့်တော့ သူတို့ ကားလည်း ပျက်စီးသွားတယ်။ အထဲမှာပါလာတဲ့ နိုင်ငံခြားသား ၃ ယောက်လဲ ပွဲချင်းပြီးပဲ သေတယ်လို့ သိရတယ်။ ဘယ်နိုင်ငံ ကလည်းတော့ မသိဘူး” ဟု ဆိုသည်။

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အကျိုးဆောင်ပေးသည့် ကုမ္ပဏီများသည် နယ်စပ်သို့ ဆင်းရန် ကားများကို ပုတ်ပြတ် ငှားထားပြီး ဘန်ကောက်မှ ညနေပိုင်းတွင် ထွက်ကြောင်း၊ နောက်တရက် ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ပြီးလျှင် ညဦးပိုင်းတွင် ပြန်လာကြကြောင်း၊ ကားသမား အိပ်ငိုက်ရာမှ တိမ်းမှောက်သည်ဟု ယူဆရကြောင်း တခြား ကားများပေါ်တွင် လိုက်ပါ လာသူများက ပြောသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက ထိခိုက်နစ်နာမှု အတွက် ရပိုင်ခွင့်များကို မြန်မာ အလုပ်သမားများက အလုပ်သမား အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက် သင့်ကြောင်း အကြံပြုသည်။

“ကားသမားတွေက ညတိုင်းနီးနီး မောင်းပြီး ပို့နေရတော့ အိပ်ရေးပျက်တာ ကြာလာတာနဲ့ အမျှ သူတို့တွေလည်း ပင်ပန်း နွမ်းနယ်ကောင်း နွမ်းနယ် နေမယ်လေ။ ဒီရဲ့ အကျိုးဆက်ကြောင့် အခုလို ကားမှောက်ပြီး လူတွေသေတဲ့ အထိ ဖြစ်လာရတာပေါ့။ အဲဒီလို ဖြစ်လာတဲ့အခါ ကျနော်တို့ အလုပ်သမားတွေ ဘက်က ထိခိုက် နစ်နာရတာတွေ အတွက် ရပိုင်ခွင့်တွေကို တောင်းဆိုရမယ်။ တောင်းဆိုလို့ ရတယ် ဆိုတာကိုလည်း သိထားဖို့ လိုတယ်” ဟု ဦးမြင့်ဝေက ဆိုသည်။

ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးသည့် မြို့များမှာ ရနောင်းနှင့် တာချီလတ်တို့ ဖြစ်သော်လည်း ယခုအခါ ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေး တံတားကို ပိတ်ထားဆဲ ဖြစ်သဖြင့် မြ၀တီမြို့တွင် ပြုလုပ်ပေးခြင်းကို ရပ်ဆိုင်း ထားကြောင်း သိရသည်။

Ref: ဧရာဝတီ်

Read More...

အပေါ်သို့