..............................

Friday, December 3, 2010

မြန်မာ့အနုမြူစီမံကိန်းနှင့် သံသယများ

Thursday, December 2, 2010


( နိုဝင်ဘာ ၁၂ ရက်နေ့က အမေရိကန် PBS အသံလွှင့်ဌာနနဲ့ Pro Publica အဖွဲ့တို့ ပေါင်းပြီး ထုတ်လွှင့်ခဲ့တဲ့ Stephen Engelberg ရဲ့ Experts, Intelligence Agencies Question a Defector’s Claims About Burma’s Nuclear Ambitions သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန် ထားတာ ဖြစ်ပါတယ်။ )

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့တုံးက မြန်မာနိုင်ငံက ဖိနှိပ်တဲ့ စစ်အစိုးရနဲ့ ပတ်သက်တဲ့ ထိတ်လန့်စရာ ကောင်းတဲ့ စွတ်စွဲချက် တစ်ခုက ကမ္ဘာကို တုန်လှုပ် သွားစေခဲ့တယ်။ မြန်မာ့ တပ်မတော်က ဘက်ပြောင်းလာတဲ့ ဗိုလ်မှူးဟောင်း တစ်ဦးက နည်းပညာအရ ခေတ်နောက် ကျနေတဲ့ သူ့နိုင်ငံဟာ အနုမြူဗုံး ထုတ်လုပ်ဖို့ စီမံကိန်းကို စတင်နေပြီးလို့ ပြောဆိုခဲ့ပြီး သူ့ ပြောဆိုချက်တွေကို သက်သေပြတဲ့ ဓာတ်ပုံနဲ့ စာရွက် စာတမ်းတွေကို ထုတ်ပြခဲ့တယ်။

အရင်တုံးက ပေါ်ပေါက်ခဲ့တဲ့ မြန်မာနိုင်ငံ အနုမြူဗုံး ထုတ်လုပ်ဖို့ ကြံစည်နေတဲ့ စွတ်စွဲချက်တွေ တုံးကတော့ ဂရုစိုက်တဲ့လူ နည်းနည်းပဲ ရှိတယ်။ အခု ပြည်ပရောက် ထိပ်သီး အတိုက်အခံ အဖွဲ့အစည်း တစ်ခုက ရေးသားပြုစု ထုတ်လွှင့်ခဲ့တဲ့ သတင်းမှာတော့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီမှာ နှစ်ပေါင်းများစွာ လုပ်ခဲ့သူလည်းဖြစ်၊ အမေရိကန် အစိုးရရဲ့ လက်နက်ရေးရာ သိပ္ပံပညာရှင် ဟောင်းလည်း ဖြစ်တဲ့ ရောဘတ်ကယ်လီရဲ့ အစီရင်ခံစာကိုပါ ပူးတွဲပြီး ဖော်ပြထားတယ်။ ရောဘတ် ကယ်လီရဲ့ သုတေသနပြုမှု တစ်စိတ်တစ်ပိုင်းကို အမေရိကန် အစိုးရရဲ့ အထောက်အပံ့နဲ့ လုပ်ဆောင်တာဖြစ်ပြီး ကယ်လီက ရထားတဲ့ အထောက် အထားတွေ အရ ဆိုရင် မြန်မာနိုင်ငံဟာ အနုမြူဗုံး ထုတ်လုပ်ဖို့ စီစဉ်နေတယ် ဆိုတာက လွဲပြီး တစ်ခြားဘာမှ စဉ်းစားစရာ မလိုဘူးလို့ သုံးသပ်ထားတယ်။

ဒီသတင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက ချက်ခြင်းပဲ ပေါ်လာတော့တယ်။ မြန်မာ ဗိုလ်ချုပ်တွေနဲ့ တွေ့ဖို့ လမ်းခုလတ် ထိုင်း နိုင်ငံမှာ ရောက်နေတဲ့ အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က သူ့ခရီးစဉ်ကို ဖျက်သိမ်းတဲ့ အကြောင်း ကြေညာခဲ့တယ်။ မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံရေးကို တိုက်တွန်းနေတဲ့ ဂျင်မ်ဝက်ဘ်က အခုအချိန်မှာ အဲဒီလိုလုပ်ဖို့ မသင့်သေးဘူးလို့ ပြောခဲ့သ လို မြန်မာနိုင်ငံရဲ့ အနုမြူ စီမံကိန်းနဲ့ ပတ်သတ်တဲ့ သတင်းတွေကို အမေရိကန် အေဘီစီ သတင်းဌာနရဲ့ Good Morning America အစီအစဉ်၊ ၀ါရှင်တန်ပို့စ် သတင်းစာ၊ တိုင်းမ်မဂ္ဂဇင်း၊ ဘီဘီစီ သတင်းဌာန စတာတွေ ကလည်း ဖော်ပြခဲ့ကြတယ်။

ရောဘတ်ကယ်လီဟာ ဒီသတင်းကို လူသိများအောင် လုပ်တဲ့နေရာမှာ တိုက်ရိုက် ပါဝင်ခဲ့တယ်။ သူကိုယ်တိုင် ၀ါရှင်တန်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တယ်။ ကွန်ဂရက်က အမတ်တွေရဲ့ လက်ထောက် အရာရှိတွေ၊ အနုမြူလက်နက် မပြန့်ပွားရေး ကိုလုပ်နေတဲ့ သြဇာ ရှိသူတွေကို ရှင်းလင်း ပြောကြားခဲ့တယ်။ ၀ါရှင်တန် သတင်းစာ ရှင်းလင်းပွဲမှာ ကယ်လီက ဒီ တွေ့ရှိချက်တွေ အရ ဒါဟာ လျှို့ ၀ှက် အနုမြူ စီမံကိန်းပဲ ဆိုတာ ကျွန်တော် ခိုင်ခိုင်မာမာ ပြောရဲတယ်ဟု တင်ပြ သွားခဲ့တယ်။ ဒါပေမယ့် Pro Publica နဲ့ PBS ( Public Broadcasting Service ) Need to Know အစီအစဉ်တို့ ပူးပေါင်း စစ်ဆေး လေ့လာချက် အရတော့ မြန်မာနိုင်ငံရဲ့ အနုမြူ စီမံကိန်းနဲ့ ပတ်သက်ရင် ကယ်လီ ကောက်ချက်ချ သလောက် မသေချာဖူးဆိုတာ တွေ့လာရတယ်။

နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီရဲ့ ဒုတိယ ညွှန်ကြားရေးမှူးဟောင်း ဖြစ်တဲ့ Olli Heinonen နဲ့ ကျန်တဲ့ ကျွမ်းကျင်သူတွေ ကတော့ အထောက်အထား တွေဟာ သိတ်မခိုင်မာဘူး၊ ပုံထဲမှာတွေ့ရတဲ့ စက်ကရိယာတွေဟာ တစ်ခြား လုပ်ငန်း တွေမှာလည်း အသုံးပြုတဲ့ ပစ္စည်းတွေ ဖြစ်တယ်။ နောက်ပြီး ဒီလို အရေးကြီးတဲ့ စွတ်စွဲချက်တွေကို ဘက်ပြောင်းလာသူ တစ်ယောက် ထဲရဲ့ ပြောကြားချက် တစ်ခုတည်းနဲ့ အတည် မပြုသင့်ဘူးလို့ ဆိုတယ်။ Olli Heinonen က ဒါဟာ အနုမြူ လက်နက် စီမံကိန်း ပါဘဲလို့ တထစ်ချ ပြောနိုင်တဲ့ ခိုင်ခိုင်မာမာ အထောက်အထား တစ်ခုမှ မပါဘူးလို့ ပြောပါတယ်။ အမေရိကန် ထိပ်တန်း အရာရှိ တစ်ယောက်ကတော့ ဗဟို ထောက်လှမ်းရေး အဖွဲ့ ( စီအိုင်အေ) နဲ့ စွမ်းအင် ၀န်ကြီးဌာနတို့က ရောဘတ်ကယ်လီရဲ့ အစီရင်ခံစာကို တစ်ကြောင်းခြင်း အသေးစိတ် လေ့လာပြီးတဲ့ နောက် ကယ်လီရဲ့ ကောက်ချက်ကို လက်မခံဘဲ ပယ်ချခဲ့တယ်လို့ ပြောပြပါတယ်။ ဂျာမန် အရာရှိတွေ ကလည်း ဓာတ်ပုံတွေ ထဲမှာပါတဲ့ စက်ကရိယာတွေကို မြန်မာ အစိုးရက ၀ယ်တာကို သူတို့သိတယ်။ ဒါပေမယ့် ဒါ တွေကို အနုမြူ လက်နက် စီမံကိန်းမှာ သုံးတာ မဟုတ်ဘူးလို့ သူတို့ စစ်ဆေး တွေ့ရှိပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဘက်ပြောင်းလာတဲ့ စိုင်းသိန်းဝင်းကို အနောက် နိုင်ငံတွေက သတိပြုမိအောင် လုပ်ဆောင် ပေးတာက နော်ဝေ အခြေစိုက် ဒီမို ကရက်တစ် မြန်မာ့အသံ ( ဒီဗွီဘီ) ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တုံးက ( အမေရိကန်အခြေစိုက်) National Endowment for Democracy ( NED) အဖွဲ့က ဒေါ်လာလေးသိန်း အထောက်အပံ့ ရခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ NED အဖွဲ့ဟာ ၁၉၈၃ ခုနှစ် တုံးက အမေရိကန် လွှတ်တော်ကနေ တည်ထောင် ပေးထားတဲ့ အဖွဲ့ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒီမိုကရေစီ ထွန်းကားရေး အတွက် အကူအညီ ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။ ပိုလန် နိုင်ငံက သွေးစည်း ညီညွတ်ရေးအဖွဲ့၊ တောင်အာဖရိက နိုင်ငံက အသား အရောင်ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုများဟာ NED ရဲ့ အကူအညီ ရဖူးတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

NED အရာရှိတစ်ဦးက သူတို့ဟာ ဒီဗွီဘီကို စိုင်းသိန်းဝင်းဆီက အထောက်အထား တွေကို ရောဘတ်ကယ်လီနဲ့ စစ်ဆေး ကြည့်ဖို့ တိုက်တွန်း ခဲ့ပြီး နောက်ပိုင်းမှာ ရောဘတ်ကယ်လီ ဗီယင်နာမြို့ကနေ ၀ါရှင်တန်ကို လာပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်နိုင်ဖို့ ငွေထောက်ပံ့ ခဲ့တယ်လို့ ၀န်ခံခဲ့ပြီး ရောဘတ်ကယ်လီ အပြင် တစ်ခြား ကျွမ်းကျင် သူတွေနဲ့ ပြသ အစစ်ဆေး ခံတာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

NED က အရာရှိတွေကတော့ သူတို့လုပ်ရပ်ဟာ ဒီမိုကရေစီ အကျိုးအတွက် လုပ်တာ ဖြစ်ပါတယ် ဆိုပြီး သူတို့ လုပ်ရပ်ကို ကာကွယ် ပြောပါတယ်။ အဖွဲ့ ဥက္ကဌဖြစ်တဲ့ Carl Gershman ကတော့ အမတ် ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံကို သွားဖို့ ထိုင်းမှာ ရောက်နေတာ သူတို့ မသိဘူးလို့ ပြောပြီး ဒီဗွီဘီကို ငွေကြေး ထောက်ပံ့တာဟာ လွတ်လပ်တဲ့ မီဒီယာမရှိတဲ့ နိုင်ငံမှာ လွတ်လပ်တဲ့ မီဒီယာရှိအောင် ကူညီတာ သက်သက်ပဲလို့ ကာကွယ် ပြောဆိုပါတယ်။ နောက်ပြီး Carl Gershman က စီအိုင်အေ အနေနဲ့ မြန်မာနိုင်ငံရဲ့ အနုမြူ အစီအစဉ်နဲ့ ပတ်သက်ပြီး ပြောကြားချက်တွေ အပေါ် သံသယ ရှိနေတယ် ဆိုတာ သူမသိဘူးလို့ ပြောပြီး ဘာပဲဖြစ်ဖြစ် သတင်း လုံးဝ မှားတယ် ဆိုရင်တောင် အဲဒီသတင်းဟာ တန်ဖိုးတော့ ရှိပါတယ်လို့ ဆိုတယ်။ သူက စီအိုင်အေ အဖွဲ့က ဒါမှားတယ် ဆိုရင်တောင် သူတို့ တစ်ခုခုတော့ သိသွားတာပဲ မဟုတ်လား။ ကမ္ဘာကလည်း တစ်ခုခုတော့ သိသွားရတာပဲ မဟုတ်လားလို့ ဆက်ပြောပါတယ်။ ပြီးတော့ သူကဆက်ပြီး လူသိရှင်ကြား ငြင်းခုန်ကြတယ် ဆိုတာ ပွင့်လင်းတဲ့ လူ့ အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း တစ်ခုပဲ။ ခင်ဗျားအနေနဲ့ ဘယ်ဟာကိုမှ ပြီးပြည့်စုံအောင် မလုပ်နိုင်ဘူး။ အမြင် အမျိုးမျိုးရှိတယ် ဆိုတာကိုက ဒီမိုကရေစီဘဲ။ ခင်ဗျားအမှား လုပ်ချင် လုပ်မိမယ်၊ လူတွေက အမြင်အမျိုးမျိုး ရှိကြမယ်။ အခုဖြစ်နေတာ ဒါတွေဘဲလို့ ပြောပြပါတယ်။

မြန်မာကိစ္စနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေ အကြား အငြင်းပွားမှုဟာ ဒီကနေ့ နိုင်ငံတကာ အသိုင်းအ၀န်းမှာ တရားမ၀င် လက်နက်တွေနဲ့ ပတ်သက်ပြီး ရင်ဆိုင် နေရတဲ့ ကြီးမားတဲ့ ပြဿနာကို မီးမောင်းထိုးပြ နေတာပဲ ဖြစ်တယ်။ အမေရိကန် တွေက ဘက်ပြောင်း လာတဲ့ "Curveball လို့ အမည်ဝှက် ပေးထားသူ တစ်ယောက်ပြောတဲ့ ဆဒမ်ဟာ ဇီဝလက်နက်တွေ ထုတ်ဖို့ လုပ်နေတယ်ဆိုတဲ့ သတင်းတွေကို အခြေခံပြီး အီရတ်ကို ၀င်တိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နိုင်ငံခြားရေးဝန်ကြီး ကောလင်း ပါဝဲလ်က "Curveball ဆီက ရတဲ့ သတင်း အချက်အလက် အများစုကို အခြေခံပြီး ကုလသမဂ္ဂမှာ အီရတ်ကို စစ်ရေးအရ အရေးယူဖို့ တင်ပြခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးတော့ အီရတ်နိုင်ငံမှာ အနုမြူ လက်နက်ရော၊ ဓာတု လက်နက်ရော၊ ဇီဝ လက်နက်ရော ဘာတစ်ခုမှ မတွေ့ခဲ့ဘူး။

တစ်ချို့ ကျွမ်းကျင်သူတွေကတော့ အနောက်နိုင်ငံတွေက Curveball ကြောင့် အရှက်တကွဲ ဖြစ်မှုတွေ အပြီးမှာ ဘက်ပြောင်း လာသူတွေ ပြောတဲ့ သတင်းတွေ အပေါ်မှာ အလေးအနက် ထားမှု နည်းသွားတာကို စိုးရိမ် နေကြတယ်။ တစ်ချို့ ကတော့လည်း "Curveball အဖြစ် အပျက်က အနုမြူ စီမံကိန်းတွေနဲ့ ပတ်သက်ရင် အစိုးရကို ဆန့်ကျင်နေတဲ့ သူတွေပေးတဲ့ သတင်းတွေအပေါ် အသေအချာ စစ်ဆေးဖို့ လိုတယ် ဆိုတာ သတိပေး လိုက်တာပဲ လို့လည်း ဆိုကြတယ်။ ရောဘတ်ကယ်လီ ကိုယ်တိုင်က အစိုးရ ဆန့်ကျင်ရေး အဖွဲ့ဖြစ်တဲ့ ဒီဗွီဘီနဲ့ ဘက်ပြောင်း လာသူရဲ့ ခံစားချက်နဲ့ အကျိုးစီးပွားကြောင့် သူတို့ရဲ့ သမာသမတ် ကျမှုအပေါ် မေးခွန်း ထုတ်စရာ ဖြစ်နေတယ် ဆိုတာကိုတော့ အသိအမှတ်ပြု ထားပါတယ်။ ဒါပေမယ့် ကယ်လီက အခုရတဲ့ သတင်းတွေရယ်၊ အရင်တုံးက ရထားတဲ့ သတင်းတွေရယ် ပေါင်းလိုက် ရင်တော့ ဒီကိစ္စဟာ သေချာ သလောက် ပဲလို့ ပြောပါတယ်။ သူက ဘက်ပြောင်းလာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းကို ၁၉၈၆ ခုနှစ်တုံးက အစ္စရေး နိုင်ငံရဲ့ အနုမြူ စီမံကိန်း အကြောင်း ဖွင့်ချခဲ့တဲ့ Mordecai Vanunu နဲ့ခိုင်းနှိုင်းခဲ့ပြီး စိုင်းသိန်းဝင်းဆီက ရတဲ့ သတင်းတွေ အရ ဒီနည်းပညာတွေဟာ အရပ်ဘက် အနုမြူ စီမံကိန်းအတွက် မဟုတ်ဘူး။ အနုမြူ လက်နက် အတွက်ဘဲ ဖြစ်တယ် ဆိုတာ အသေအချာ ကောက်ချက် ချနိုင်ပါတယ်လို့ ထပ်ပြောပါတယ်။

ရောဘတ်ကယ်လီဟာ နိုင်ငံတကာ စွမ်းအင်အေဂျင်စီမှာတုံးက Olli Heinonen လက်အောက်မှာ ၂၀၀၅ ခုနှစ်ကနေ ဒီနှစ် အထိ လုပ်ခဲ့ပေမယ့် မြန်မာ ကိစ္စမှာတော့ သူတို့နှစ်ယောက် အမြင်မတူ ကြပါဘူး။ Olli Heinonen က မြန်မာနိုင်ငံမှာ ယူရေ နီယမ်သတ္တုတွေ ရှိတာ မှန်ပေမယ့် ဒါဟာ အနုမြူ စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံ အတွက်သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအဆင့်မှာ အနုမြူ လက်နက် ထုတ်ဖို့ လုပ်နေတယ် ဆိုတဲ့ စိုးရိမ်စရာ အထောက်အထားတွေ မရှိသေးဘူးလို့ ရှင်းပြပါတယ်။ တစ်စုံ တစ်ယောက်က ယူရေနီယမ်ကို သန့်စင်ဖို့ လုပ်ရုံနဲ့ အနုမြူ လက်နက် ထုတ်နေပြီလို့ ပြောလို့မရဘူး။ အနုမြူ လက်နက် ထုတ်နိုင်တဲ့အထိ သန့်စင်ဖို့ဆိုတာ အဆင့် အများကြီး ဖြတ်ရဦးမယ်လို့ ထပ်ပြော ပါတယ်။

ကျွမ်းကျင်သူတွေ ကြားမှာ အငြင်းပွားမှုဟာ နည်းပညာပိုင်းနဲ့ ဆိုင်ပါတယ်။ ကယ်လီက စိုင်းသိန်းဝင်း ယူလာတဲ့ ဓာတ်ပုံ တွေထဲက အန္တရာယ်ကြီးတဲ့ ပစ္စည်းတွေကို ကိုင်တွယ်ရာမှာ သုံးတဲ့ မှန်လုံသေတ္တာ (Glove Box) ကို ယူရေနီယမ် သတ္တု နဲ့ မဂ္ဂနီဆီယမ် ရောပြီး ဗုံးလုပ်တဲ့ နေရာမှာ သုံးဖို့အတွက် လုပ်ဆောင်ရာမှာ သုံးဖို့ဖြစ်တယ်လို့ ကောက်ချက်ချတယ်။ Olli Heinonen ကတော့ ဓာတ်ပုံထဲမှာ ပါတဲ့ မှန်လုံ သေတ္တာဟာ အဲဒီ လုပ်ငန်းလုပ်ဖို့ အတွက် သေးလွန်းတယ်။ တစ်ခြား ကိစ္စ အတွက် ဖြစ်မယ်လို့ ကောက်ချက် ချပါတယ်။ ကယ်လီရဲ့ မြန်မာနိုင်ငံ အပေါ် သုံးသပ်ချက်ကို သဘော မတူတဲ့သူ နောက်တစ်ယောက် ကတော့ ၀ါရှင်တန် အခြေစိုက် the Institute for Science and International Security က ညွှန်ကြားရေးမှူး David Albright ပဲဖြစ်ပါတယ်။

David Albright ကတော့ ကယ်လီဟာ မြန်မာနိုင်ငံဟာ အနုမြူ လက်နက် ထုတ်ဖို့ ကြိုးစားနေတယ်လို့ ယူဆ ထားပြီး စိုင်းသိန်းဝင်းရဲ့ ဓာတ်ပုံတွေကို သူ့အယူအဆကို အတည်ပြုဖို့ အတွက် လိုရာဆွဲ သုံးခဲ့တယ်လို့ ထောက်ပြပါတယ်။ David Albright က ဓာတ်ပုံထဲက ပစ္စည်းတွေဟာ တစ်ခြား ကိစ္စတွေမှာလည်း သုံးလို့ရတဲ့ ပစ္စည်းတွေဖြစ်ပြီး တစ်ချို့တွေက အနုမြူကိစ္စနဲ့ လုံးဝ မဆိုင်တာတွေ ဖြစ်တယ်လို့ ဆိုတယ်။ ပြီးတော့ သူက စိုင်းသိန်းဝင်းဟာ အနုမြူဆိုင်ရာ သိပ္ပံပညာရပ် ၊ အင်ဂျင်နီယာ ဘာသာရပ်တွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ရှိသူလည်း မဟုတ်ဘူးလို့ ပြောပြပါတယ်။ သူက ကျွန်တော်တို့ဟာ အီရတ်နိုင်ငံရဲ အစုအလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက် WMD အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သင်ခန်းစာ ကောင်းကောင်း ရခဲ့ပြီးပြီ။ နိုင်ငံတစ်နိုင်ငံကို အနုမြူလက်နက် ထုတ်နေတယ်လို့ စွတ်စွဲမယ် ဆိုရင် ခိုင်လုံ စိတ်ချရတဲ့ သက်သေ အထောက်အထားတွေ ရှိဖို့ လိုတယ် ဆိုပြီး ထပ်ပြောပြပါတယ်။

စိုင်းသိန်းဝင်းရဲ့ အကြောင်းနဲ့ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်ရင် မသိသေးတာတွေ အများကြီး ကျန်သေးတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ လုပ်နေချိန်မှာ ဗြိတိသျှ သတင်းစာ Independent နဲ့ နော်ဝေ သတင်းစာ Morgenbladet တို့က စိုင်းသိန်းဝင်းကို တွေ့ဆုံ မေးမြန်းခဲ့တယ်။ စိုင်းသိန်းဝင်းက မြန်မာနိုင်ငံရဲ့ အနုမြူ အစီအစဉ်ဟာ ပြည့်စုံမှု မရှိသေးပေမယ့် အဖြစ်မှန်ပဲလို့ ဆိုတယ်။ သူက ဒီစီမံကိန်း အတွက် တာဝန် အပေး ခံထားရတဲ့ သူတွေဟာ ဒီဇိုင်းပုံစံ တွေကို စောင့်ရင်း ၀ီစကီ သောက်နေကြတယ်၊ ကျွန်တော်တို့ချည်းပဲ ရှိတဲ့ အခါ ဒီအစီအစဉ်ဟာ ရူးသွပ်မှု သက်သက်ပဲလို့ ပြောဖြစ်ကြတယ်၊ ကျွန်တော်တို့က ဒီအစီအစဉ်ကို Nato , No Action , Talking Only လို့ နံမည် ပေးထားတယ်။ ကျွန်တော်က နိုင်ငံရေးသမား မဟုတ်ဘူး၊ အင်ဂျင်နီယာ အရာရှိပဲ၊ မြန်မာပြည်ရဲ့ ပထမဆုံး ဒုံးကျည်ဆိုင်ရာ ပညာရှင် ဖြစ်ရတဲ့ အတွက် ဂုဏ်ယူတယ်၊ ဒါပေမယ့် ကျွန်တော် တတ်ထားတာတွေကို သုံးလို့ မရဘူး၊ ဒီအတွက် စိတ်ပျက်ရတယ်လို့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောပြပါတယ်။

နောက်ပြီးသူက အစိုးရကနေပြီး အနုမြူဓာတ်ပေါင်းဖို ဆောက်ဖို့၊ ယူရေနီယမ်ကို သန့်စင်ဖို့နဲ့ အနုမြူဗုံး ထုတ်ဖို့ အတွက် အနုမြူ တပ်ရင်းဖွဲ့ဖို့ အမိန့် ပေးတဲ့စာကို မြင်ခဲ့ရတယ်။ ဒါပေမယ့် အဲဒီ စာရွက် စာတမ်းကို ယူဖို့ အခွင့်အရေး မရခဲ့ဘူးလို့ ပြောပြပါတယ်။ Independent သတင်းစာရဲ့ အဆိုအရ စိုင်းသိန်းဝင်းဟာ ဒီဗွီဘီရဲ့ မြန်မာ့အနုမြူ စီမံကိန်းနဲ့ ပတ်သက်တဲ့ ကောလဟာလ သတင်းတွေ အကြောင်း ပြောကြားချက်ကို ကြည့်ပြီး ဒီစီမံကိန်း အကြောင်း ဖွင့်ချနိုင်ဖို့ ဓာတ်ပုံရိုက်ပြီး ပို့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ စိုင်းသိန်းဝင်းက စက်ရုံလုံခြုံရေးက သူဓာတ်ပုံ ရိုက်တာကို တွေ့ပေမယ့် မတားခဲ့ဘူး လို့လည်း ဆိုပါတယ်။

Ref: ပိတောက်မြေ



Read More...

အနုပညာရှင် ၁၁ ဦး FM တွင် တားမြစ်ခံရ

ခိုင်စု
ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၀၂ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ အနည်းဆုံး အနုပညာရှင် ၁၁ ဦး၏ ဖျော်ဖြေ တင်ဆက်မှုနှင့် အင်တာဗျူးများ မပြုလုပ်ရန် နိုင်ငံ တဝှန်းရှိ FM အသံလွှင့် လုပ်ငန်း ၈ ခုကို ပြန်ကြားရေး ဝန်ကြီးဌာနက နိုဝင်ဘာလ နောက်ဆုံးပတ် အတွင်း ညွှန်ကြားခဲ့ကြောင်း FM အသံလွှင့်ဌာန တခု အပြောအရ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံတဝှန်းရှိ FM အသံလွှင့်လုပ်ငန်း အားလုံးသို့ အကြောင်းကြားစာ ပေးပို့ရာတွင် အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက်နှင့် မဇ္ဈိမလှိုင်း ဂီတဝိုင်းမှ Bass တီးခတ်သူ ကိုရဲလွင်၊ ရုပ်ရှင် ဒါရိုက်တာများ ဖြစ်သည့် မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းထင်ကိုကိုကြီးနှင့် ချိုတူးဇော်၊ သရုပ်ဆောင် ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်တို့၏ သီချင်းများ အသုံး မပြုရန်နှင့် အင်တာဗျူး မလုပ်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

“ဒီလူ၊ ဒီလူတွေရဲ့ အင်တာဗျူးတွေ၊ သီချင်းတွေကို ထုတ်လွှင့်တာ ရပ်ဆိုင်းဖို့ ညွှန်ကြားစာ ရောက်တယ်” အမည်မဖော်လိုသော FM တခု၏ ဝန်ထမ်းတဦးက ပြောသည်။

ရပ်ဆိုင်းရမည့် အချိန်ကာလကို တိကျစွာ သတ်မှတ်ဖော်ပြထားခြင်း မရှိသလို မည်သည့် အတွက်ကြောင့် ရပ်ဆိုင်း သည်ကိုလည်း ဖော်ပြထားခြင်း မရှိဟု သူက ပြောသည်။

အပိတ်ပင်ခံရသူများကို မဇ္ဈိမက ဆက်သွယ်သော်လည်း တဦးသာလျှင် ဆက်သွယ်၍ ရခဲ့ပြီး၊ အမည်မဖော်ပြရန် မေတ္တာ ရပ်ခံသည်။

"အခုက နယ်ပယ်စုံက အနုပညာရှင်တွေကို ပိတ်လိုက်တာလေ။ ရွေးကောက်ပွဲလည်း ပြီးပြီဆိုတော့ အနုပညာရှင်တွေ အနေနဲ့ သူတို့ စိတ်ဝင်စားတာတွေ လုပ်ကြည့်တယ်၊ ပြောကြည့်တယ်။ ဒါတွေ အရှိန်တက် မလာအောင်လို့ သင်ခန်းစာ ပေးလိုက်တဲ့ သဘောပါပဲ” ဟု သူက ပြောသည်။

ပိတ်ပင်မှုကို အနုပညာသည်များကိုလည်း အကြောင်းကြားခြင်း မရှိပေ။ ရန်ကုန်ရှိ အနုပညာ လောကနှင့် စာပေ နယ်တွင်ပါ ထင်ကြေးပေး ပြောဆိုမှုများတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ထောက်ခံမှုနှင့် ဆက်စပ် နေသလို အာဏာပိုင်များကို အပြစ်တင်သလို ဖြစ်စေသော သရော်မှုများကြောင့် စစ်အစိုးရက တုံ့ပြန်မှုဟု ပါရှိသည်။

အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက် အပါအဝင် အဆိုတော် အချို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထူထောင် ထားသော HIV/AIDS ကုသ စောင့်ရှောက်မှုပေး တောင်ဒဂုံရှိ ၃၇၆ ဂေဟာတွင် သွားရောက် လှူတန်းခဲ့သည်။

နာရေးကူညီမှုအသင်း ဦးစီးသူ ဝါရင့်သရုပ်ဆောင် ဦးကျော်သူကို အတိုက်အခံ နိုင်ငံရေး လှုပ်ရှားမှုနှင့် နီးစပ်သဖြင့် ရုပ်ရှင်ရိုက်ခွင့် ပိတ်ပင် ထားသည်မှာ ၂ နှစ်ရှိပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အချုပ်မှ လွတ်မြောက်ပြီး နောက်တရက်တွင် နေအိမ်တွင် သွားရောက် တွေ့ဆုံခဲ့သည်။

ထို့ပြင် ယခုလ ၂၁ ရက်နေ့တွင် သုဝဏ္ဏအားကစားကွင်း၌ ဖျော်ဖြေခဲ့သော ထာဝရနှင်းဆီ အငြိမ့်တွင် မြန်မာပြည်၏ လက်ရှိ အခြေအနေကို သရော်သော ပြက်လုံးများ ထုတ်ခဲ့သဖြင့် ရုပ်ရှင် သရုပ်ဆောင်များဖြစ်သည့် နေတိုး၊ ရဲလေး၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုနှင့် မိုးမိုးတို့လည်း ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။

နေတိုးက “မှန်ရာကို သစ္စာဆိုပါမည်၊ လမ်းတွေကို အလွယ်ခင်းပါသည်၊ ဒါပေမဲ့လည်း တခုတော့ ပြောချင်သည် တခြမ်းပဲ ခင်းတော့ သွားရ အလွန်ခက်သည်” ဟူ၍ ပြက်လုံးပြက်ခဲ့ရာ လူကြိုက်များခဲ့သည်။

“မူကြမ်းသွားတင်တော့ ထာဝရနှင်းဆီထဲက လူရွှင်တော် တယောက်ရဲ့ အင်တာဗျူး ပါသွားတယ်။ အဲဒါကို ဖြုတ်ခိုင်းရင်းနဲ့ သူတို့ ၅ ယောက်နဲ့ မောင်မျိုးမင်း အကြောင်းပါ မထည့်ဖို့ စာစစ်မှူးက ပြောလိုက်တာ” ဟု ဂျာနယ် သတင်းထောက် တဦးက မဇ္ဈိမကို ပြောသည်။

နိုင်ငံတဝှန်းတွင် ရန်ကုန် စီးတီး၊ မန္တလေး စီးတီး၊ ပိတောက်မြေ၊ ရွှေ၊ ပတ္တမြား၊ ပဉ္စဝတီ၊ ချယ်ရီနှင့် ပုဂံ FM ဟူ၍ FM အသံလွှင့် လိုင်းများ ရှိသည်။

Ref: မဇ္ဈိမ

Read More...

တရုတ်စပိုင် မြန်မာလုပ်နိုင်ဟု လီကွမ်ယု ပြောဆိုချက် ၀ီကီလိခ် ဖွင့်ချ

Thursday, 02 December 2010

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အာဆီယံနိုင်ငံများအတွင်း၌ တရုတ်အစိုးရ၏ သူလျှိုအဖြစ် ဆောင်ရွက်ဖွယ် ရှိသည်ဟု စင်္ကာပူ အကြီးအကဲ မစ္စတာ လီကွမ်ယုက ပြောဆိုကြောင်း နိုင်ငံတကာ အစိုးရ အဖွဲ့များ၏ ထိပ်တန်း သတင်းများကို ဆက်တိုက် ဖွင့်ချနေသည့် ဝီကီလိခ် (WikiLeaks)က ထုတ်ဖော်လိုက်သည်။

“အာဆီယံအစည်းအဝေးအတွင်းမှာ ဆွေးနွေးခဲ့ကြတာတွေကို နာရီပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့ လာအို၊ ကမ္ဘောဒီးယား နဲ့ မြန်မာတို့ သတင်းပေးလို့ ဘေဂျင်းကို သတင်းပေါက်နေပြီ”ဟု မစ္စတာလီကွမ်ယုက ၂၀၀၉ ခုနှစ် မေလ ၃၀ ရက်နေ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိမ်းစ် စတိန်းဘတ် နှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည် ဟု ဝီကီလိခ် က ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် မလက္ကာရေလက်ကြားအပေါ်တွင် မှီခိုနေရခြင်းကို စိုးရိမ်နေကြောင်း၊ သို့သော် မြန်မာနိုင်ငံကို ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ ဝင်ရောက်မည့် ဓာတ်ငွေ့ပိုက်လိုင်းဖြင့် တရုတ်တို့၏ မှီခိုမှုများကို လျှော့ချ သွားနိုင်ကြောင်း မစ္စတာ လီကွမ်ယုက ပြောဆိုသည်ဟု သိရှိရသည်။

ယင်းပိုက်လိုင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ဝင်ရောက်မည့် ဓာတ်ငွေ့ပိုက်လိုင်း ဖြစ်သည်။

အဆိုပါပြောဆိုချက်များကို စင်္ကာပူနိုင်ငံ အမေရိကန်သံအရာရှိ မစ္စတာ ဒယ်နီယယ် အယ်လ် ရှီးလ် (Mr.Daniel L. Shields) က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် ထံသို့ ပြီးခဲ့သည့် ဇွန်လက ပေးပို့ခဲ့သည့် တရုတ် နှင့် မြောက်ကိုရီးယား အပေါ် လီကွမ်ယု၏ အမြင်များ ဟုအမည်ရသော ပေးပို့ချက်တွင် ပါရှိကြောင်း ဝီကီလိခ်တွင် တွေ့ရှိရသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောဆိုသည့် အခါတိုင်း တရုတ်နိုင်ငံ က အကာအကွယ် ပေးလေ့ရှိကြောင်း၊ တရုတ် အစိုးရသည်လည်း မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အပေါ် အတန်အသင့် သြဇာ ရှိကြောင်း နိုင်ငံရေး လေ့လာသူများက ပြောဆိုသည်။

မစ္စတာ လီကွမ်ယုနှင့် တရုတ် တပ်မတော် အကြီးအကဲ မစ္စတာ မာရှောက်ချန် တို့၏ မြောက်ကိုရီးယား နိုင်ငံအပေါ် ယခင်က ဆွေးနွေးချက် အဟောင်းများကိုလည်း ဝီကီလိခ် က ဖော်ပြထားသည်။

မစ္စတာ လီကွမ်ယုက တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားအပေါ် မည်ကဲ့သို့ လုပ်ဆောင် နိုင်သနည်းဟု မေးမြန်းခဲ့ရာ တရုတ် စစ် အကြီးအကဲက ၎င်း (မြောက်ကိုရီးယား) တို့သည် ၎င်းတို့ဘာသာ ရပ်တည်နိုင်သည်ဟု တုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။

ယင်းတုံ့ပြန်ချက်အပေါ်တွင် မစ္စတာ လီကွမ်ယုက မြောက်ကိုရီးယား နိုင်ငံအား တရုတ်နိုင်ငံမှ အထောက်အပံ့များ ရပ်တန့် လိုက်ပါကလည်း မြောက်ကိုရီးယား၏ ခေါင်းဆောင်များ ဆက်လက် ရပ်တည်နိုင်ကြောင်း၊ မြောက်ကိုရီးယား၏ ခေါင်းဆောင်များ ဆိုသည်မှာ ၁၉၈၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် အပါအဝင် သံအရာရှိ အဖွဲ့ကို ရက်ရက်စက်စက် ဗုံးခွဲ သတ်ဖြတ်ခဲ့သည့် လုပ်ရပ်မှုများကို လုပ်ဆောင်သည့် ခေါင်းဆောင်များ ဖြစ်ကြောင်း မစ္စတာ လီကွမ်ယုက ပြောဆိုကြောင်း ဝီကီလိခ် တွင် ဖော်ပြထားသည်။

အဆိုပါ ဗုံးခွဲမှုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် က ၎င်း၏ဖခင် ကင်အီလ်ဆွန်း၏ အရိုက်အရာကို မဆက်ခံမီ ကတည်းက စီမံခန့်ခွဲခဲ့သည်ဟု အများက ယုံကြည်ကြသည်။

ဝီကီလိခ် ဝက်ဘ်ဆိုက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မှတ်တမ်းများမှာ ၃၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် အနည်းစုကို ဖတ်ရှုနိုင်ကာ ကျန်ရှိသည်များကိုလည်း မကြာမီ ဖတ်ရှုနိုင်မည်ဟု မျှော်လင့်ရသည်။

ဝီကီလိခ် အင်တာနက် စာမျက်နှာအား တည်ထောင်သူ ဂျူလီယန် အာဆန်း(Julian Assange)ကို အင်တာပိုလ်(Interpol) နိုင်ငံတကာ ရဲတပ်ဖွဲ့က ဆွီဒင်နိုင်ငံမှ မုဒိမ်းမှုအတွက် အလိုအပ်ဆုံး တရားခံ အဖြစ် ဖမ်းဝရမ်း ထုတ်ပြန် လိုက်သည်။

Ref: ဧရာဝတီ

Read More...

ဒေါ်စုနဲ့ အကျိုးရှိမယ့် ဆွေးနွေးမှု ပြုလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် မျှော်လင့်

မနန္ဒာချမ်း
ကြာသပတေး, 02 ဒီဇင်ဘာ 2010


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ဒီမိုကရေစီရေး ဖော်ဆောင်ရာမှာ ထိုင်း အစိုးရ အနေနဲ့ မြန်မာ စစ်အစိုးရနဲ့တင် မဟုတ်ဘဲ သူတို့နဲ့ပါ ထိတွေ့ ဆက်ဆံသွားဖို့ ပြောဆို ခဲ့ပြီးနောက်မှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ကို ဒေါ်အောင်ဆန်းစုကြည်က မကြာခင်မှာ တယ်လီဖုန်းကနေ တဆင့် စကားပြောဆိုဖို့ ရှိတယ်လို့ ထိုင်းပြောခွင့်ရ ပုဂ္ဂိုလ်က ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့လည်း ထိုင်းနိုင်ငံဟာ လူသားချင်း စာနာမှု ဆိုင်ရာ ကူညီ ထောက်ပံ့မှုတွေမှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေ ရှိပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်း တောင်းဆိုချက်ကို တုံ့ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှာ တိုးတက်တဲ့ အရိပ် လက္ခဏာတွေကို ထိုင်းနိုင်ငံ အနေနဲ့ ဆက်လက် မြင်တွေ့ လိုပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြ ပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ Thai-Asean News Network နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်း တခုမှာ ထိုင်းအစိုးရ အနေနဲ့ မြန်မာ့ ဒီမိုကရေစီရေး ဖော်ဆောင်တဲ့ နေရာမှာ လက်ရှိ အုပ်ချုပ်နေတဲ့ မြန်မာ စစ်အစိုးရနဲ့တင် မဟုတ်ဘဲ တိုင်းပြည်မှာ ဒီမိုကရေစီရေး အတွက် လုပ်ဆောင်နေကြတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ ဖြစ်တဲ့ သူမတို့နဲ့ပါ ထိတွေ့ ဆက်ဆံဖို့ကို ပြောဆိုခဲ့ပါတယ်။

အဲဒီလို ပြောဆိုခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေ တယ်လီဖုန်း ခေါ်ကောင်း ခေါ်လိမ့်မယ်လို့လည်း ထိုင်းဝန်ကြီးချုပ် ရုံးကို အကြောင်း ကြားထားကြောင်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပန်နိတန် ၀ပ်ထနာယာဂွန် (Panitan Wattanayagorn) က ပြောပါတယ်။ ဒါကြောင့် ထိုင်းအစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးရှိမယ့် ဆွေးနွေးမှုမျိုးတွေ လုပ်ဆောင် နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ပန်နိတန်က အခုလို ပြောခဲ့ပါတယ်။

“သိပ်မကြာခင် တချိန်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်း ခေါ်ကောင်းခေါ်လိမ့်မယ်လို့ ကျနော်တို့ ၀န်ကြီးချုပ် ရုံးကို အကြောင်း ကြားထားပါတယ်။ ကျနော်တို့ ၀န်ကြီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးရှိမယ့် ဆွေးနွေး ပြောဆိုမှုမျိုးတွေ လုပ်နိုင် လိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။ မနှစ်တုန်းက အာဆီယံအသင်း ဥက္ကဋ္ဌ အနေနဲ့ ၀န်ကြီးချုပ် အဘီဆစ်က မြန်မာပြည်သူတွေ အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ဦးတည်တဲ့ လုပ်ရပ်တွေ လုပ်ဖို့ အသင်းရဲ့ ရပ်တည်ချက်ကိုလည်း ထောက်ခံခဲ့တာပါ။

“ကျနော်တို့ အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေ ရှေ့တိုး ဆောင်ရွက်နိုင်မယ် လို့လည်း မျှော်လင့်ပါတယ်။ မြန်မာ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့က လေးစား လက်ခံပါတယ်။ မြန်မာပြည်တွင်း ပြဿနာတွေကို မြန်မာနိုင်ငံ သားတွေကပဲ ဦးဆောင် ဖြေရှင်း ရပါလိမ့်မယ်။ ဒါပေမဲ့ မကြာခင်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြန်အလှန် ဖလှယ်မှုတွေကလည်း အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။”

ဒါ့အပြင် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ အာဆီယံ အသင်းကြီးနဲ့အတူ ဒီမိုကရေစီရေး ထောက်ခံမှုတွေ အမြဲတမ်း လုပ်ဆောင် နေတဲ့ နိုင်ငံတခု ဖြစ်တဲ့အတွက် ဒီမိုကရေစီရေး လှုပ်ရှားမှု မှန်သမျှကို အားပေး ထောက်ခံသွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ ပန်နိတန်က အခုလို ပြောခဲ့ပါသေးတယ်။

“ထိုင်းနိုင်ငံဟာ ပွင့်လင်းလွတ်လပ်တဲ့ တိုင်းပြည်ပါ။ ဒီမိုကရေစီရေး ဖွံ့ဖြိုးတိုးတက်စေမယ့် လုပ်ရပ် မှန်သမျှကို ထိုင်းအစိုးရက ထောက်ခံပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထိုင်းနိုင်ငံက အားပေးထောက်ခံတယ် ဆိုတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ဆောင်ရွက်ခဲ့ဖူးတဲ့ မှတ်တမ်းတွေကို ကြည့်နိုင်သလို တဘက်မှာလည်း မူရင်း တိုင်းပြည်တွေ၊ အထူးသဖြင့် ဒေသတွင်း နိုင်ငံတွေရဲ့ အခွင့် အရေးကိုလည်း လေးစား လိုက်နာရပါတယ်။ ဒီ ၂ ခုကြားမှာ မျှတအောင် ဆောင်ရွက်နိုင်ဖို့လည်း ကျနော်တို့ ကြိုးစားနေပြီး ရှေ့လျှောက် မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ တွေ့ရ လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

တခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Thai-Asean News Network နဲ့ ပြုလုပ်တဲ့ မေးမြန်း ခန်းမှာပဲ ထိုင်းနိုင်ငံမှာ ရောက်ရှိ နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေအပေါ် ထိုင်းနိုင်ငံ အနေနဲ့ သနား ကြင်နာစိတ် ထားဖို့ ပြောဆိုခဲ့ပါတယ်။ ဒီအပေါ်မှာလည်း မစ္စတာ ပန်နိတန်က …

“ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့လည်း ထိုင်းနိုင်ငံဟာ လူသားချင်း စာနာမှုဆိုင်ရာ ကူညီ ထောက်ပံ့မှုတွေမှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ နှစ်စဉ် အလုပ် လုပ်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမား အရေအတွက်ဟာ သန်းနဲ့ချီရှိပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အပါအ၀င် ဒီလူတွေ အားလုံးကိုလည်း တရားဝင် ရပ်တည် အလုပ်လုပ်ခွင့် ရအောင် ထိုင်းနိုင်ငံက အလုပ်သမား မှတ်ပုံတင်တွေ ထုတ်ပေးနေတာပါ။ မှတ်ပုံတင် လုပ်ဖို့ကိုလည်း သူတို့ကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။”

လက်ရှိ ထိုင်း၊ မြန်မာ နယ်စပ်တလျှောက်မှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ အပေါ် ထိုင်းအစိုးရက တောက်လျှောက် စောင့်ကြည့်နေပြီး အဲ့ဒီမှာရှိတဲ့ အစိုးရ ရုံးတွေကနေလည်း နေ့စဉ် အစီရင်ခံစာတွေ ပေးပို့ နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီစစ်ပွဲအတွင်း ထွက်ပြေးလာကြတဲ့ စစ်ပြေး ဒုက္ခသည်တွေကိုလည်း ထိုင်းအစိုးရက ကောင်းကောင်းမွန်မွန် လက်ခံထားပြီး ဒီတိုက်ပွဲ အခြေအနေတွေ တည်ငြိမ် အေးဆေးသွားတဲ့အခါ သူတို့ အားလုံးကို နေရပ်ရင်း ပြန်ပို့မှာ ဖြစ်တယ်လို့လည်း မစ္စတာ ပန်နိတန်က ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်းကလည်း မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ် လာတာမျိုးလို တိုးတက်မှု လက္ခဏာ တချို့ကို မြင်တွေ့ခဲ့ပါတယ်။ ဒီလိုပဲ ရှေ့လျှောက် တိုးတက်မှု ရှိမယ်လို့လည်း ထိုင်းအစိုးရ အနေနဲ့ မျှော်လင့်ကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးပြောဆို သွားကြတာကသာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ဖြစ်မယ်လို့ ယူဆကြောင်းလည်း ထိုင်းပြောခွင့်ရပုဂ္ဂိုလ် ပန်နိတန် ၀ပ်ထနာယာဂွန်က ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

Ref: VOA News

Read More...

ကရင်ငြိမ်းချမ်းရေးတပ်သား ၆ ဦးကို စစ်အစိုးရတပ်ပြန်လွှတ်

2010-12-02

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းက ကရင်ပြည်နယ် မြဝတီမြို့တောင်ဖက် ဖလူးလေးနားမှာ စစ်အစိုးရနဲ့ ကရင် ငြိမ်းချမ်းရေး အဖွဲ့ငယ်ကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်အစိုးရတပ်က ဖမ်းသွားတဲ့ ကရင်ငြိမ်းချမ်းရေး အဖွဲ့က ၆ ဦးကို ပြန်လွှတ် ပေးလိုက်ပြီလို့ သိရှိရပါတယ်။

အဲဒီတိုက်ပွဲမှာ ကရင်ငြိမ်းချမ်းရေးအဖွဲ့ဘက်က ၁ ဦးသေပြီး ၆ ဦး အဖမ်း ခံလိုက်ရတာပါ။

ဒါ့အပြင် စစ်အစိုးရတပ်တွေနဲ့ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ ကရင် ငြိမ်းချမ်းရေး တပ်တွေကြားမှာ တိုက်ပွဲ တွေ ဖြစ်နေပြီ ဆိုတဲ့ သတင်းတွေ ဖြစ်ပေါ် နေပါတယ်။

၆ ဦး ပြန်လွှတ်ပေးလိုက်တဲ့ကိစ္စ ဟုတ်မှန်ကြောင်းနဲ့ တိုက်ပွဲတွေ ဖြစ်တဲ့သတင်းတွေ မဟုတ်မှန်ကြောင်း၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ အခြေစိုက်တဲ့ ထိုးကော်ကိုး ဒေသမှာ တည်တည်ငြိမ်ငြိမ် ရှိနေကြောင်း အဖွဲ့ရဲ့ စစ်ရေးချုပ် ဗိုလ်ချုပ် ရင်နုက အခုလို ပြောပါတယ်။

လူမှားပြီး တိုက်ပွဲဖြစ်တယ်လို့ ပြောကြောင်း၊ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးလိုက်ပြီး သေဆုံးသူကို မြေမြှုပ် လိုက်ကြောင်း သူက ပြောပြပြီး တိုက်ပွဲမဖြစ်ပဲ အားလုံး အေးအေးဆေးဆေး ရှိတယ်လို့ ပြောပြပါတယ်။

သတင်းတွေအရ စစ်အစိုးရတပ် တပ်ရင်း ၂၃၀ က ကရင်ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဝင်တိုက် ခဲ့တာလို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်အစိုးရ တပ်ဖက်ကလည်း ဒဏ်ရာ ရကြတယ်လို့ သိရပါတယ်။

ကရင်ငြိမ်းချမ်းရေးအဖွဲ့ဟာ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို လက်မခံ ငြင်းဆန် ထားတဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။


Ref: RFA News

Read More...

Thursday, December 2, 2010

ထိုင်းနိုင်ငံရောက် မြန်မာများအရေး ဒေါ်အောင်ဆန်းစုကြည် အားပေးပြောကြား

2010-12-01

မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း နေထိုင်သူတွေအပေါ် ကြင်နာမှု ရှေ့ထားပြီး ကူညီကြဖို့ ထိုင်း ပြည်သူတွေကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပန်ကြား လိုက်ပါတယ်။

ဗန်ကောက်အခြေစိုက် TAN ခေါ် ထိုင်း-အာဆီယံ သတင်းဌာနက တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောလိုက်တာပါ။

မြန်မာဒုက္ခသည်အရေးကို ကိုင်တွယ် ဖြေရှင်းရတာဟာ ထိုင်းနိုင်ငံအတွက် မလွယ်ကူတဲ့ ကိစ္စ ဖြစ်တယ် ဆိုတာကို နားလည် သဘောပေါက်ကြောင်း၊ မြန်မာ ဒုက္ခသည်တွေကို အခုအခါ အကူအညီတွေ ပေးနေတဲ့အတွက် ထိုင်းပြည်သူတွေကို အထူး ကျေးဇူး တင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မိမိတို့ဟာ ထိုင်းပြည်သူတွေနဲ့ အိမ်နီးချင်း မိတ်ဆွေကောင်းတွေ ဖြစ်လိုတယ်ဆိုတာကို သိစေလိုကြောင်း၊ ဒါ့အပြင် မိမိအနေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေကို မေ့မထားကြောင်းနဲ့ မိခင် တိုင်းပြည်ကို အမြန်ဆုံး ပြန်လာ နိုင်ဖို့အတွက် တတ်နိုင်သလောက် ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ကတိပြုပြောကြားပါတယ်။

လက်ရှိ ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာ အစိုးရတွေအနေနဲ့ မြန်မာစစ်အစိုးရနဲ့ သာမကပဲ ဒီမိုကရေစီရေး အတွက် ဆောင်ရွက် နေကြတဲ့ အင်အားစုတွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်ကစပြီး ထိုင်းနိုင်ငံကို ထွက်ပြေးရောက်ရှိလာတဲ့ မြန်မာဒုက္ခသည် အရေ အတွက် ၁ သိန်းကျော် ရှိနေပြီဖြစ်ပြီး ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၂ သန်းကျော် ရှိနေပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ထိုင်း-မြန်မာ နယ်စပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်အစိုးရ အကြား တိုက်ပွဲ ဖြစ်ပွား နေတဲ့အတွက် မြန်မာဒုက္ခသည်တွေ ထိုင်းနိုင်ငံဖက်ကို နောက်ထပ် ရောက်ရှိလာနေပါတယ်။

Ref: RFA News

Read More...

HIV/AIDS ဝေဒနာရှင်တွေကို မြန်မာတို့ စာနာသင့်

ဦးကျော်ကျော်သိန်း
ဗုဒ္ဓဟူး, 01 ဒီဇင်ဘာ 2010


ကမ္ဘာတ၀န်းမှာ HIV/AIDS ရောဂါတိုက်ဖျက်ဖို့ ကြိုးစား လုပ်ဆောင်နေကြပြီး တိုးတက်မှုတွေ ရနေတယ် ဆိုပေမဲ့လည်း မြန်မာ နိုင်ငံမှာတော့ မြန်မာ စစ်အစိုးရ အနေနဲ့ လုပ်စရာတွေ အများကြီး ရှိသေးသလို လုပ်မယ်ဆိုရင်လည်း လုပ်နိုင်ပါတယ်လို့ ကျွမ်းကျင် သူတွေက ပြောပါတယ်။ ဒါ့အပြင် မြန်မာ့ လူ့အဖွဲ့အစည်း အနေနဲ့လည်း ဝေဒနာသည်တွေကို ခွဲခြား နှိမ့်ချ ဆက်ဆံတာမျိုးတွေ ရှောင်ရှားပြီး လူသားချင်း စာနာထောက်ထားတဲ့ အမြင်နဲ့ အကူအညီ ပေးသင့်တယ်လို့ ဝေဖန် အကြံပေးကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြ ပေးထားပါတယ်။

မြန်မာနိုင်ငံက HIV/AIDS ရောဂါတိုက်ဖျက်ရေးမှာ အခြေအနေ ကောင်းတွေရော၊ စိုးရိမ်စရာ အခြေအနေ တွေရော ရှိနေ သေးတယ်လို့ သုံးသပ်သူက အမေရိကန် ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ ဂျွန်န်စ် ဟော့ပ်ကင်းန်စ် တက္ကသိုလ် အများပြည်သူ ကျန်းမာရေးနဲ့ လူ့အခွင့်အရေး ဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ခရစ်စ် ဘေယာ (Chris Bayer) ဖြစ်ပါတယ်။ Global Funds အဖွဲ့ရဲ့ အကူအညီနဲ့ AIDS ရောဂါ၊ ငှက်ဖျားရောဂါနဲ့ တီဘီရောဂါ တိုက်ဖျက်ရေးတွေမှာ အောင်မြင်မှုတွေ ရနေတာ၊ ကုလသမဂ္ဂ ကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF) အပါအ၀င် ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြား အဖွဲ့အစည်း တွေကြား နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လာတာတွေကို အခြေအနေ ကောင်းတွေ အဖြစ် သူက မြင်ပါတယ်။

စိုးရိမ်ဖွယ်ရာ အခြေအနေတွေအဖြစ် သူမြင်တဲ့အထဲမှာ အဓိက ပါတာကတော့ အများပြည်သူ ကျန်းမာရေး ကဏ္ဍမှာ အစိုးရရဲ့ စိုက်ထုတ်သုံးစွဲမှု အလွန်အမင်း နည်းပါးတဲ့ အချက်ပဲ ဖြစ်ပါတယ်။

“HIV ရောဂါ ဒါမှမဟုတ် ငှက်ဖျားရောဂါ ဒါမှမဟုတ် တီဘီရောဂါတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကျန်းမာရေး ကဏ္ဍမှာ အစိုးရရဲ့ အရင်းအမြစ်တွေကို သုံးစွဲဖို့ ခိုင်မာတဲ့ သန္နိဋ္ဌာန် ကျနော်တို့ ခုချိန်ထိ မတွေ့ရသေးပါဘူး။ အများပြည်သူ အတွက် သုံးစွဲတဲ့ ရန်ပုံငွေက မြန်မာနိုင်ငံမှာ အရမ်းကို နည်းပါတယ်။ ဒီအဓိပ္ပာယ်က ကိုယ့်ဘာသာ မတတ်နိုင်သူတွေ ကျန်းမာရေး စောင့်ရှောက်မှုရဖို့ ခက်ခဲနေတယ် ဆိုတဲ့ သဘောဖြစ်ပြီး ဒီကိစ္စမှာ တိုးတက်မှုတွေ ကျနော်တို့ မတွေ့ရပါဘူး။”

မြန်မာနိုင်ငံဟာ လူထုက ဆင်းရဲပြီး တိုင်းပြည်က ချမ်းသာတဲ့နိုင်ငံ ဖြစ်တဲ့အတွက် အစိုးရ အနေနဲ့ လုပ်နိုင်တာတွေ အများကြီး ရှိတယ်လို့ ဒေါက်တာ ခရစ်စ် ဘေယာက ယုံကြည်ပါတယ်။ အစိုးရဟာ သူတို့သုံးစွဲချင်တဲ့ ကိစ္စတွေမှာကျ ရန်ပုံငွေ အများအပြား သုံးစွဲနေတယ် ဆိုတာကို စစ်တပ်ကို အကြီးအကျယ် တိုးချဲ့တာ၊ ကြီးကျယ်ခမ်းနားတဲ့ နေပြည်တော် မြို့တော်သစ် တည်ဆောက် တာတွေကို ထောက်ပြပြီး သူက ဝေဖန်ပါတယ်။

“ဒါပေမဲ့ ကျန်းမာရေး ပညာပေး ကဏ္ဍနဲ့ ရန်ပုံငွေ အရင်းအမြစ်တွေ အရမ်းလိုအပ်နေတဲ့ AIDS ရောဂါ တိုက်ဖျက်ရေး၊ တီဘီရောဂါ တိုက်ဖျက်ရေးနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးလို ကဏ္ဍတွေမှာ အစိုးရဟာ ရန်ပုံငွေ အရင်း အမြစ်တွေကို မသုံးစွဲချင်ပါဘူး။”

HIV/AIDS ရောဂါသည်တွေကို လူမှုအသိုက်အ၀န်းက ၀ိုင်းပယ်ထားတာမျိုးတွေ ကမ္ဘာတ၀န်းမှာ လျော့နည်း လာတယ်လို့ ကုလသမဂ္ဂက နှစ်စဉ် ထုတ်ပြန်တဲ့ AIDS ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာကတော့ နှိမ့်ချပြီး ခွဲခြားဆက်ဆံတာ၊ ဝေဒနာသည်တွေကို ကြောက်ရွံ့တာမျိုးတွေ ရှိနေတုန်းပဲ ဆိုတာ ဝေဒနာသည်တွေ ကိုယ်တိုင် ဗွီအိုအေကို ပြောပြ ထားတာတွေကနေ သိနိုင်ပါတယ်။

“အရင်တုန်းကဆိုရင် သမီး အမျိုးတွေအိမ် သွားလည်တဲ့ အခါကြရင် ထမင်းစားတာတွေ ဘာတွေက အစ ခွဲခြား ဆက်ဆံတာမျိုး ကြုံဖူးတယ်။ အကုန်လုံး တ၀ိုင်းတည်း မစားဘဲနဲ့ တယောက်တည်း ကျွေးတာတွေ၊ ပြီးတော့ ညအိပ်မှာတောင် သူတို့က ကြောက်နေတဲ့ ပုံစံမျိုး ကြုံခဲ့ရတယ်။”

“တချို့နေရာတွေကျတော့ လူ့အသိုင်းအ၀ိုင်းထဲ ၀င်ရတဲ့အခါမှာ ကျနော်တို့ စိတ်ကိုက ဒီရောဂါ ရှိလို့ရှိရင် ကိုယ့်စိတ်ကိုက အားငယ် နေတာမျိုး ရှိတယ်။ ကုရာနတ္ထိ ဆေးမရှိတို့၊ ရေဒီယိုက ဟာတွေက၊ အဲဒီလိုမျိုး ဗမာလူမျိုးတွေက အစွဲရှိတယ်ဗျ။ အဲဒီလို အစွဲတွေက တချို့ လူတွေကျတော့ စားတာ သောက်တာ၊ ကိုင်တာ တွယ်တာက အစ တမျိုးပေါ့၊ ဒီရောဂါ ရှိတယ်ဆိုရင် နည်းနည်း စိတ်ကလေးတွေ ခုနေတာတွေ ရှိသေးတယ်ဗျ။”

မြန်မာ့ လူ့အဖွဲ့အစည်း အနေနဲ့ HIV/AIDS ဝေဒနာသည်တွေကို မေတ္တာ၊ ကရုဏာနဲ့ ကူညီ စောင့်ရှောက်သင့်တယ် ဆိုတာ ၂၀၀၃ ခုနှစ်တုန်းက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတာကို ဒေါက်တာ ခရစ်စ် ဘေယာက ပြန်ကိုးကားပြီး ပြောခဲ့ပါတယ်။

“မြန်မာ့အယူအဆ မေတ္တာရှေ့ထားခြင်းဟာ HIV ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်တဲ့ နေရာမှာ အရမ်းကို အရေးပါပါတယ်။ HIV ရောဂါပိုး ရှိနေတယ်၊ ဒီရောဂါပိုး ရနိုင်တဲ့ အန္တရာယ် ရှိနေတယ်ဆိုတဲ့ ကျန်းမာရေး အခြေခံပေါ်မှာ မူတည်ပြီး ဘယ်သူ့ကိုမှ ခွဲခြားပြီး မဆက်ဆံသင့်ပါဘူး။”

ဒီနှစ် ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်က HIV/AIDS ဝေဒနာရှင်တွေ လူ့အခွင့်အရေး ခံစားခွင့် ရှိရမယ် ဆိုတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံက ဝေဒနာရှင် တွေမှာတော့ ဒီအခွင့်အရေးတွေနဲ့ ဝေးနေရတယ်လို့ ဝေဒနာသည်တွေကို အကူအညီပေးနေတဲ့ မဖြူဖြူသင်းက ပြောပါတယ်။

“ဝေဒနာရှင်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေပေါ့၊ ဘယ်ဟာမှ မရဘူး။ သူတို့မှာ ဆေးဝါး ကုသပိုင်ခွင့်တောင်မှ မရှိကြဘူး။ တချို့တွေ ဆိုရင် ဆေးဝါးကုသမှု လိုချင်ကြတယ်၊ ဒါပေမဲ့ သူတို့မှာ ဘယ်ကိုသွားပြီး ဆေးယူရမှန်း မသိဘူး။ ဘယ်က ဆေးပေးမှန်းလည်း မသိဘူး။ အဲဒီလိုမျိုးနဲ့ သေဆုံးနေတဲ့သူတွေက အများကြီး ဖြစ်နေတဲ့ အခါကြတော့ မြန်မာပြည်မှာ ရှိနေတဲ့ ဝေဒနာသည်တွေ တော်တော်များများ ကတော့ အဲဒီအခွင့်အရေးတွေ တော်တော်လေး ဆုံးရှုံးနေတာကို တွေ့ရပါတယ်။”

မဖြူဖြူသင်းတို့လို အဖွဲ့မျိုးတွေက ဝေဒနာသည်တွေကို ကူညီစောင့်ရှောက် ပေးနေတာဟာ လူ့အဖွဲ့အစည်းက HIV/AIDS ဝေဒနာသည် တွေကို နှိမ့်ချ ခွဲခြား ဆက်ဆံတာတွေ လျော့နည်း ပပျောက်သွားရေးမှာ အရမ်းကို ထိရောက်ပြီး အရေးကြီး ပါတယ်လို့ ဒေါက်တာခရစ်စ် ဘေယာက ပြောပါတယ်။

ဒါပေမဲ့လည်း ရောဂါကာကွယ်ရေး၊ ကုသရေးနဲ့ စောင့်ရှောက်ရေးတွေမှာ ရန်ပုံငွေ အရင်းအမြစ်တွေကို အများအပြား တိုးချဲ့ သုံးစွဲ တာကသာ ရောဂါသည်တွေ အပေါ် ကြောက်ရွံ့တာတွေ၊ နှိမ့်ချ ခွဲခြား ဆက်ဆံတာတွေကို အကောင်းဆုံး၊ အထိရောက်ဆုံး ကိုင်တွယ် ဖြေရှင်းတာ ဖြစ်ပါလိမ့်မယ်လို့ ဒေါက်တာ ခရစ်စ် ဘေယာက ပြောသွားပါတယ်။

Ref: VOA News

Read More...

အမျိုးသားရေး အောင်ပွဲ ပေါ်ထွန်းရန် ဒေါ်အောင်ဆန်းစုကြည် ပြော

Wednesday, 01 December 2010

စစ်မှန်သော အမျိုးသားရေး အောင်ပွဲတခု ဖြစ်ပေါ်လာရေးအတွက် တပ်မတော်သားများ အပါအ၀င် တိုင်းရင်းသား ပြည်သူ တရပ်လုံးက ညီညီညွတ်ညွတ်၊ သတ္တိရှိရှိဖြင့် နိုင်ငံရေး လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျရောက်သော နှစ် ၉၀ ပြည့် အမျိုးသားနေ့ အခမ်းအနားတွင် ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးချုပ်၌ ကျင်းပသော အမျိုးသားနေ့ အခမ်းအနားတွင် ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း အခမ်းအနား တက်ရောက်သူများက ပြောပြသည်။

အမျိုးသားရေးသည် တဦးတယောက်တည်း လုပ်ဆောင်၍မရဘဲ တနိုင်ငံလုံးရှိ ပြည်သူအားလုံးနှင့် သက်ဆိုင်ကြောင်း၊ တမျိုး သားလုံး လုံခြုံရေး၊ လွတ်လပ်ရေး၊ စိုးရိမ်ကြောင့်ကြမှု ကင်းဝေးစွာ နေထိုင်နိုင်ရေး တို့အတွက် စည်းလုံးညီညွတ်မှု အရေးကြီး သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသားနေ့နှင့်ပတ်သက်၍ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးကလည်း အုပ်ချုပ်သူများအနေဖြင့် ပြည်သူလူထု၏ အကျိုး စီးပွားကို ဆန့်ကျင်၍ မရကြောင်း၊ ဖိနှိပ်မှုဖြင့် စနစ်တရပ်ကို ကန့်သတ် မရကြောင်းကို ပြသလိုက်သည့် အနေဖြင့် အမျိုးသားနေ့ ပေါ် ပေါက် လာကြောင်း အခမ်းအနား၌ ပြောသည်။

ထိုအရာများကို နမူနာယူ၍ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ရရှိရေးကို နိုင်ငံသားအားလုံးက စွမ်းစွမ်းတမံ ကြိုးပမ်း ကြရန် လိုကြောင်းလည်း ဦးတင်ဦးက ဆိုသည်။

NLDပါတီ က ထုတ်ပြန်သော ကြေညာချက်၌လည်း ဒီမိုကရေစီလှုပ်ရှားမှုဖြင့် ဖမ်းဆီးထားသည့် ဆရာတော်၊ သံဃာတော်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များအား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ ပြည်တွင်း၌ ဖြစ်ပေါ်နေသည့် အထွေထွေ အကျပ်အတည်း အခက်အခဲများ ဖြေရှင်းနိုင်ရန် အဆုံးအဖြတ် ပေးနိုင်မည့် ပုဂ္ဂိုလ်များ
ပါဝင် ဆွေးနွေးရေးတို့ ပါဝင်သည်။

ထိုသို့ ဆွေးနွေး ရာ၌ တိုင်းရင်းသား လူမျိုးများအားလုံးမပါဝင်ဘဲ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော် တည်ဆောက် နိုင်မည် မဟုတ်၍ အမျိုးသား ရင်ကြားစေ့ရေး အမြန်ဆုံး အကောင်အထည် ဖော်ရန် လိုအပ်ကြောင်း ရေးသားထားသည်။

အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီများသာမက နယ်မြို့များမှ NLD အဖွဲ့ဝင်များ ကလည်း ကျင်းပကြကြောင်း သိရသည်။

“အမျိုးသားနေ့ဆိုတာ အမျိုးသားရင်ကြားစေ့ရေး အတွက်လဲ အရေးပါတဲ့အတွက်ရယ်၊ အမျိုးသားခေါင်းဆောင် ပြန်လွတ်လာ တာရယ်ကြောင့် ကျင်းပ တာပါ၊ လွတ်လပ်ရေးနေ့ ကိုတော့ မလွတ်လပ်သေးဘူးလို့ ခံစားနေရလို့ ဘယ်တုန်းကမှ မကျင်းပခဲ့ သေးဘူး”ဟု မိတ္ထီလာ NLD အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေး က ပြောသည်။

သခင်ဟောင်းကြီး များကလည်း အမျိုးသားနေ့ အခမ်းအနားကျင်းပ၍ အမျိုးသားပြန်လည် သင့်မြတ်ရေး နှင့် ဒီမိုကရေစီရေး အတွက် စည်းလုံးကြရန် ပြည်သူ တရပ်လုံးကို တိုက်တွန်းကြောင်း ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောသည်။

“အမျိုးသား သင့်မြတ်ရေးအတွက် စစ်တပ်ခေါင်းဆောင်တွေက အတတ်နိုင်ဆုံး လုပ်ပေးဖို့ လိုတယ်၊ ပြီးရင် ပြည်သူတွေက ရွေးချယ်ထားတဲ့ အရပ်သားတွေကို အာဏာ လွှဲပေးပြီးတော့ စစ်တပ်က ကိုယ့်နေရာကိုယ် ပြန်သွားဖို့ လိုမယ်”ဟု သခင်ချန်ထွန်းက ဆက်ပြောသည်။

နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေး ပါတီများက အခမ်းအနားများ ကျင်းပခဲ့ကြ သော်လည်း စစ်အစိုးရ ကမူ လုပ်ဆောင်ပေးခြင်း မရှိကြောင်း တွေ့ရသည်။

သခင်ချန်ထွန်းက“ဒီလို နေ့ထူးတွေကလည်း လူတွေကို စိတ်ဓာတ်တက်ကြွစေတယ်၊ အမျိုးသားရေး စိတ်ဓာတ်ပေါ် လာစေ တယ်၊ ဒါကြောင့်လည်းပဲ လွတ်လပ်ရေး ဆိုတာ ရခဲ့ကြတာပဲ”ဟု ဆိုသည်။

“ဟိုတုန်းကဆိုရင် ဆရာတော် ဦးဥတ္တမကို ဖမ်းသွားတဲ့နေ့ကို ဦးဥတ္တမနေ့ ဆိုပြီး ပြုလုပ်ခဲ့ကြတယ်၊ ဒါပေမယ့် အခုအချိန်မှာ ဒါတွေကို ဖျောက်လိုက်ပြီ” ဟုလည်း ၎င်းက ဆက်ပြောသည်။

၁၉၈၈ ခုနှစ်က အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်လုံးကျွတ် တော်လှန်ရေးကြီး မတိုင်မီ အစောပိုင်း ကာလများက မြန်မာနိုင်ငံ၏ အရေးကြီးသော အထိမ်းအမှတ်နေ့များကို အတန်အသင့် ကြီးကျယ်စွာ ကျင်းပ ပေးခဲ့သေးသည်။ ယင်းနောက် ပိုင်းတွင်တော့ လက်ရှိ စစ်အစိုးရက မြန်မာ့သမိုင်းကို တဖြည်းဖြည်း မှေးမှိန်စေရန် ပြုလုပ်လာရာ လူငယ်များ အနေနှင့် ထိုနေ့ ရက်များကို တန်ဖိုး ထားရကောင်းမှန်း မသိအောင်ပင် ဖြစ်ခဲ့ရသည်ဟုလည်း ဆိုသည်။

ထို့အပြင် အမျိုးသားနေ့နှင့် ပတ်သက်၍ ယနေ့ခေတ်အခြေအနေနှင့် ဆက်စပ်ရေးသားသည့် စာမူများကို စာပေ စိစစ်ရေးက ဖြတ်တောက်လေ့ ရှိကြောင်း သိရသည်။

စစ်အစိုးရ လက်ထက်၌ နေ့ထူးနေ့မြတ်ကို အရေးတယူ အထိမ်းအမှတ်ပွဲများ ကျင်းပခြင်း မပြုဘဲ မျက်ကွယ် ပြုနေခြင်းမှာ အမျိုးသားနေ့ စိတ်ဓာတ်များ ယနေ့ခေတ် ကျောင်းသား လူငယ်များထံ စီးဝင်ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသည့် စိတ်ဓာတ်များ အရှိန်မြင့် လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူ တချို့က ပြောဆိုသည်။

၁၉၈၈ ခုနှစ် မတိုင်မီက ကျောင်းသင်္ခန်းစာများတွင် အမျိုးသားအောင်ပွဲနေ့ အကြောင်း အသေးစိတ် ထည့်သွင်း သင်ကြားခဲ့သည့် အပြင် အထိမ်းအမှတ် စာပေ၊ ပန်းချီ၊ ပိုစတာ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ကျောင်းတွင်း ကျပန်း စကားပြောပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးခြင်း၊ သမိုင်း ဆရာ ဆရာမများက အားတက် သရော သင်ကြားပေးခြင်းများ ပြုလုပ် ပေးခဲ့သောကြောင့် ထိုခေတ် ကျောင်းသား လူငယ်များ၏ စိတ်တွင်း၌ အမျိုးသား အောင်ပွဲနေ့နှင့် ပတ်သက်၍ ခိုင်ခိုင် မာမာ စွဲထင်နေခဲ့ ကြရကြောင်း သိရသည်။

ယနေ့ခေတ်တွင် စားဝတ်နေရေးအတွက် ဦးစားပေး ရုန်းကန်နေရသော မိဘ၊ ဆရာတို့မှာ မိမိတို့၏ သားသမီးများ၊ တပည့်များ ကို မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များ အကြောင်း အချိန်ပေး ပြောဆိုရန် အလွန် အားနည်း လာသည်ကိုလည်း တွေ့ရသည်။

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ယနေ့ကျရောက်သော နှစ် ၉၀ ပြည့် အမျိုးသားနေ့ အတွက် ပြည်သူများသို့ ပေးပို့သော သ၀ဏ်လွှာ၌ လက်ရှိအစိုးရသည် လမ်းပြမြေပုံ ၇ ချက်တွင် ၅ ချက်အား အောင်မြင်စွာ လုပ်ဆောင် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ ကျန်ရှိနေသည့် အချက်နှစ်ချက်အား အကောင်အထည် ဖေါ်ပေးပြီးပါက နိုင်ငံတော် အာဏာကို ပြည်သူလူထုထံ လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။

Ref: ဧရာဝတီ်

Read More...

အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းရန် စစ်အစိုးရကို NLD တိုက်တွန်း

ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၁ ရက် ၂၀၁၀

ချင်းမိုင်(မဇ္စျိမ)။ ။ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အမြန်ဆုံး အကောင်အထည် ဖော်ရန် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရကို ထပ်မံ တောင်းဆို လိုက်သည်။

ရန်ကုန် NLD ရုံးချုပ်တွင် ယနေ့ ကျင်းပသော နှစ် ၉ဝ ပြည့် အမျိုးသား အောင်ပွဲနေ့သို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ရာ ၇ နှစ်ကျော်အတွင်း ပထမဆုံး ဆင်နွှဲခွင့်ရသော နေ့ထူးနေ့မြတ် အခမ်းအနား ဖြစ်သည်။

“ ဒီနိုင်ငံကို မှီတင်း နေထိုင်သူ အားလုံး ဘာကိုလိုချင်လဲလို့ မေးလိုက်ရင် မမှားယွင်းဘဲနဲ့ ဖြေနိုင်တဲ့ အချက်တချက် ရှိပါတယ်၊ အားလုံးက ချမ်းချမ်းမြေ့မြေ့နဲ့ နေချင်ကြပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် ပြောကြားသွားသည်။

” ဒီလို ချမ်းချမ်းမြေ့မြေ့နဲ့ နေနိုင်ဖို့ရာ ဘာတွေ လိုအပ်သလဲဆိုရင် လုံခြုံဖို့ လိုအပ်တယ်၊ လွတ်လပ်ဖို့ လိုအပ်တယ်။ စိုးရိမ် ကြောင့်ကြမှုနဲ့ ချို့တဲ့မှုတို့က ကင်းဝေးဖို့ လိုအပ်တယ်။ အဲဒါတွေ အားလုံးအတွက် ကျွန်မတို့ ကြိုးစားရမှာပါ။ အဲတော့ အမျိုးသားရေး ဆိုတာ အဖွဲ့အစည်း တစ်ခုရဲ့ အရေး မဟုတ်ဘူး။ အားလုံးရဲ့ အရေး၊ နိုင်ငံ့ ဝန်ထမ်းတွေလဲ ပါတယ်။ နိုင်ငံ့ ဝန်ထမ်း ဆိုတာမှာ တပ်မတော်သား တွေလဲ ပါတယ်။ ပါတီ အဖွဲ့အစည်းတွေလဲ ပါတယ်၊ တဦးချင်း ပုဂ္ဂိုလ်တွေ အားလုံး ပါဝင်တယ်” ဟု သူက ဆက်ပြောသည်။

တိုင်းရင်းသားများ မပါဝင်ဘဲ စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်နိုင်မည် မဟုတ်ဟုလည်း ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။

“တမျိုးသားလုံး စည်းလုံးညီညွတ်စွာ ပါဝင်ကြိုးပမ်းရင် ထူးခြားတဲ့ အောင်ပွဲ မြန်မာနိုင်ငံ သမိုင်းမှာ ရစမြဲဘဲ ဖြစ်တဲ့အကြောင်း၊ အခု ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံရေး ပြေလည်ဖို့ လိုအပ်ဆုံးကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရဖို့ဘဲ ဖြစ်တယ် ”ဟု ဦးအုန်းကြိုင်က ပြောသည်။

သင့်လျော်သည့် နိုင်ငံရေး အခြေအနေတရပ်ရဖို့ တိုင်းပြည်မှာ လက်တွေ့ ဖြေရှင်းရန် ဆုံးဖြတ် ပေးနိုင်မည့် ပုဂ္ဂိုလ်များ အပါအဝင် ရဟန်းတော်များ၊ ကျောင်းသား ခေါင်းဆောင်များ စသည့် နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုထားသည်။

အခမ်းအနားတွင် ကဗျာဆရာ ကိုလေး(အင်းဝ ဂုဏ်ရည်)က စာပေနှင့် မျိုးချစ်စိတ်ဓာတ် ဆက်စပ်နေမှု၊ မျိုးချစ်စိတ်နှင့် အမျိုးသား အောင်ပွဲ ဆက်စပ်နေပုံများကို သူ့ဘဝ ကိုယ်တွေ့များဖြင့် ဟောပြောသွားသည်။

ပြည်နယ်နှင့် တိုင်း အသီးသီးမှ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်များ၊ CRPP အဖွဲ့ဝင် ဦးအေးသာအောင်၊ ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်၊ ဦးထောင်ကိုထန်း၊ ဝါရင့်နိုင်ငံရေး သမားကြီး သခင်သိန်းဖေ၊ သခင်သိန်းမောင်၊ နိုင်ထွန်းသိန်းတို့ အပါအဝင် အားလုံး ၂,ဝဝဝ ခန့် တက်ရောက်ခဲ့ကြသည်။

အလားတူပင် သန်လျင် NLD အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုးဟန်အိမ် တွင်လည်း NLD လူငယ်များ၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ စုစုပေါင်း ၁ဝဝ ခန့် သံချပ်ထိုးခြင်း၊ ကဗျာရွတ်ဆိုခြင်း စသည်ဖြင့် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် ကျင်းပခဲ့ကြောင်း ဗမာနိုင်ငံ ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု- ဗဒတ မှ အတွင်းရေးမှူး ကိုရန်နိုင်က ပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမျိုးသားနေ့ သဝဏ်လွှာတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မှန်မှန်ကန်ကန် ကျင်းပပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

“ယခုအခါ နိုင်ငံတော်အာဏာကို ပြည်သူ့ထံသို့ ပြန်လည်အပ်နှင်းရေး အတွက် ကျန်ရှိနေသေးသော လုပ်ငန်းစဉ် နှစ်ရပ်ကို ဖော်ဆောင်ရန် ပြင်ဆင်လျက်ရှိသည်” ဟု မိန့်ခွန်းတွင် ပါရှိသည်။

ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ရာမှ ထွက်ပေါ်လာသည့် အမျိုးသား အောင်ပွဲနေ့တွင် ပညာရေးနှင့် ပတ်သက်သည့် အကြောင်း အရာများ မပါရှိဘဲ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် ၇ ရပ် အောင်မြင်ရေး အကောင်အထည် ဖော်ရန်သာ ဦးတည် ဖော်ပြထားသည်။

မြန်မာသက္ကရာဇ် ၁၂၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်နေ့၊ ခရစ်နှစ် ၁၉၂ဝ တွင်ု ဗြိတိသျှနယ်ချဲ့ လက်အောက်က မြန်မာပြည်သူများ တက္ကသိုလ်ပညာ သင်ကြားခွင့် မရစေသည့် ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို မကျေနပ်သဖြင့် တက္ကသိုလ် ကျောင်းသားကြီးများ ပထမ တက္ကသိုလ် ကျောင်းသားသပိတ် စတင်ခဲ့သည့်နေ့ ဖြစ်သည်။

အမျိုးသားအောင်ပွဲနေ့ အနှစ်သာရအဖြစ် ကွဲပြားနေသော ဒီမိုကရေစီ အင်အားစုများ စည်းလုံး ညီညွတ်ရေးကို ပထမဆုံး ပြုလုပ်ရန် မိတ္ထီလာခရိုင် အဖွဲ့ဝင်များက ထုတ်ပြန်ခဲ့သည်။

“ဒီကနေ့အချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာနဲ့အတူ သူ့ကို ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုနေချိန်ဖြစ်တော့ အစိုးရက ရွေးကောက်ပွဲကို ဘယ်လိုဘဲ ညစ်ညစ် ဘယ်သူ့ကိုဘဲ ရွေးရွေး လူထုက ဒေါ်စုကိုဘဲ ရွေးချယ်နေတာဘဲ။ ဒီအောင်ပွဲနဲ့အတူ ကိုယ်ကိုယ်တိုင် အင်အားရှိမှ စစ်တပ်နဲ့ ရင်ကြားစေ့ရေး လုပ်လို့ရမယ်”ဟု အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။

မိတ္ထီလာခရိုင် အဖွဲ့ချုပ်ရုံး၌ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မလှိုင်၊ မန္တလေး ပြည်ကြီးတံခွန်၊ အနောက်တောင် မြို့နယ်၊ အရှေ့တောင် မြို့နယ် စသည့် ၈ မြို့နယ်မှ NLD အဖွဲ့ဝင် ၅ဝ တက်ရောက်သည့် အခမ်းအနားက သဝဏ်လွှာကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့မည် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

ဗိုလ်ထိန်မောင်ကို စစ်အစိုးရ စတိုက်ပြီ

သန်းထိုက်ဦး
Wednesday, 01 December 2010

နအဖ စစ်အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ ဖြစ်သော ဗိုလ်မှူးချုပ် ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များ ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNU/KNLA တပ်ဖွဲ့ဝင် ၆ ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။

အပစ်အခတ် ရပ်စဲထားသော ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များကို ၃ နှစ်တာကာလ အတွင်း စစ်အစိုးရက ပထမဆုံး အကြိမ် ပြန်လည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ် ထိန်မောင်သည် ၂၀၀၇ ခု နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေး ကောင်စီဟု အမည်ပေးခဲ့သည်။

အဆိုပါ တိုက်ပွဲသည် မြ၀တီမြို့နယ် ဖလူးကျေးရွာ အနီးတ၀ိုက်တွင် ကော့ကရိတ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ လက်အောက်ခံတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၃၀ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့သည်ဟု ငြိမ်းချမ်းရေး ကောင်စီမှ ပြောရေး ဆိုခွင့်ရှိသူ စောတီမိုသီ (Timothy) က ဧရာဝတီသို့ ပြောသည်။

“တပ်ရင်း ၂၃၀ ကနေပြီးတော့ ၀င်ပြီးတော့ တိုက်တယ်၊ ကျနော်တို့ စစ်သားတွေလည်း အေးအေး ဆေးဆေး ထိုင်နေတဲ့ အချိန်မှာ ပစ်တော့ စောတင်အောင် ဆိုတဲ့လူကို ထိသွားတယ်၊ အဲဒီမှာ ထိုင်နေတဲ့ ငြိမ်းချမ်းရေး ကောင်စီက တပ်ဖွဲ့ဝင် တွေကို သူတို့က ဖမ်းသွားတယ်” ဟု ၎င်းက ဆိုသည်။

အခင်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ နှစ်ဘက် တာဝန်ရှိသူများကို အကြောင်းကြားထားကြောင်း သိရသည်။ ဖမ်းဆီးထားသည့် KNU/KNLA တပ်ဖွဲ့ ၀င်များကို မြ၀တီမြို့ နယ်ရှိ စစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ရုံးတွင် ထိန်းသိမ်း ထားကြောင်း သိရသည်။

စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသောကြောင့် ငြိမ်းချမ်းရေး ကောင်စီကို ရန်သူအဖြစ် သဘောထားခြင်း ဖြစ်ကြောင်း စောတီမိုသီ က ဆက်လက် ပြောဆိုသည်။

ယနေ့ စစ်အစိုးရတပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဆက် လက် ဖြစ်ပွား နေသောကြောင့် ဒေသခံရွာသား ၅၀ ကျော် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့နယ် အတွင်းသို့ ထပ်မံ ရောက် ရှိလာကြောင်း သိရှိရသည်။

ထွက်ပြေး ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့်ရှောက်ထားပြီး ယခုအခါ စုစုပေါင်း လူဦးရေ ၆၅၀ ခန့် ရှိကြောင်း သိရသည်။

ကရင်အမျိုးသမီး အစည်းအရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော် ဘလူးမင်း နိုက်ဇန်က“ဒီနေ့ ဆိုရင် ၅၀ လောက် ထပ်များ လာတယ်၊ ဘာဖြစ်လို့ ထွက်ပြေး လာသလဲ ဆိုတော့ သေနတ်သံတွေလည်း ဆက်ကြားနေတယ်၊ နောက်ပြီးတော့ နအဖ တပ်သားတွေက ပေါ်တာ လိုက်ဆွဲနေလို့ ကြောက်ပြီးတော့ ထွက်ပြေးလာကြတာ”ဟု ဧရာဝတီသို့ ပြောသည်။

ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ် ဖြတ် ကျော်ခွင့် ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။

သို့သော် ယနေ့ ထိုင်းအာဏာပိုင်များက ထွက်ပြေးလာသော ဒုက္ခသည်များကို နေရပ်သို့ ပြန်ရန် ဖိအားပေးမှု တစုံတရာ မရှိ သေးကြောင်း သိရသည်။

နော်ဘလူးမင်းနိုက်ဇန်က“ထိုင်းအစိုးရက တိုက်ပွဲဖြစ်တယ်၊ သေနတ်သံကြားတယ် ဆိုတော့ မပြန်ခိုင်းဘူး သေချာတယ်၊ မကြားဘူး ဆိုရင်တော့ ဒီနေ့ မကြားဘူး မနက်ဖြန် ပြန် အဲဒါတော့ သူတို့ အမြဲ လုပ်နေကျပဲ”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ထွက်ပြေးလာသော ကရင်ရွာသားများကို မဲဆောက်မြို့ရှိ အစိုးရမဟုတ်သော NGO အဖွဲ့အစည်းနှင့် လူ့အခွင့် အရေး လှုပ်ရှားနေသော အဖွဲ့အစည်းတချို့ ပူးပေါင်း၍ အစားအသောက်များကို ကူညီ ထောက်ပံ့ပေးထားကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ်ဂိတ် တချို့ကို DKBA တပ်ဖွဲ့ဝင်များ က ၀ိုင်းထားခဲ့ပြီး နောက်ပိုင်း ကရင်ပြည်နယ် အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ ခြင်း ဖြစ်သည်။

ဖလူးကျေးရွာကို နအဖ ခြေလျင်တပ်ရင်း (ခလရ) ၃ ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်းချုပ် ထားကြောင်း သိရသည်။

“နအဖ စစ်တပ်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေကိုပဲ ဖြစ်ဖြစ်၊ အပစ်ရပ် အဖွဲ့တွေပဲ ဖြစ်ဖြစ် သေချာ ထိုင်ဆွေး နွေးပြီး ညှိနှိုင်းဖို့ လိုပါတယ်၊ ဒါမှမဟုတ်ရင်တော့ ပြည်တွင်းစစ်ဟာတော့ ဆက်ဖြစ်နေမှာပဲလို့ မြင်တယ်၊ ပြည်တွင်း စစ်ဆက်ဖြစ်နေ သရွေ့ ကာလပတ်လုံး ပြည်သူတွေကတော့ တချိန်လုံး ပြေးလွှာနေရမှာပဲ၊ ဘ၀တည်ငြိမ်မှုလည်း လုံးဝရှိမှာ မဟုတ်ဘူး”ဟု နော်ဘလူး မင်းနိုက် ဇန်က ပြောသည်။

Ref: ဧရာဝတီ်

Read More...

Wednesday, December 1, 2010

DKBA နဲ့ မြန်မာစစ်တပ်ကြား တင်းမာမှု တိုး

မအေးအေးမာ
အင်္ဂါ, 30 နိုဝင်ဘာ 2010

ရွေးကောက်ပွဲ ကျင်းပပြီး နောက်တရက် နိုဝင်ဘာလ ၈ ရက်နေ့ကစလို့ ကရင်ပြည်နယ် အတွင်းမှာ DKBA တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်ရင်း တချို့နဲ့ မြန်မာ စစ်တပ်တို့ အကြား တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာမှာ အခုနောက်ဆုံး ထိုင်း၊ မြန်မာ နယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေ ဘက်မှာ မြန်မာ စစ်တပ်နဲ့ DKBA အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အဲဒီဒေသက ဖလူးကြီး၊ ဖလူးလေးနားမှာ ပြောင်းဖူး အခွန်ဂိတ်မှာ ထိုင်နေတဲ့ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီ ပစ်ခတ်မှုအတွင်း ငြိမ်းချမ်းရေး ကောင်စီဘက်က ကျန်နေတဲ့ တပ်သားတချို့ကို မြန်မာ စစ်တပ်က ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ DKBA တပ်ဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ မအေးအေးမာက တင်ပြ ပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ DKBA တို့ဟာ တဦးနဲ့တဦး၊ တဘက်နဲ့ တဘက် တင်းမာမှုဟာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိ နေပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေ သေးကြောင်း DKBA ဘက်က တပ်မှူးတဦးက အခုလို ပြောပါတယ်။

“အခြေအနေက ကျနော်တို့ ဝေါ်လေဒေသကို သူတို့က လက်ရှိ ရိက္ခာပို့မယ်၊ အပေါ်မှာရှိတဲ့တပ်ကို အရွှေ့ အပြောင်း လုပ်ရ မယ်လေ။ အဲဒီ ၀င်ရောက် ထိုးဖောက်တဲ့ တပ်ကို ကျနော်တို့က အခု ခြုံခို တိုက်ခိုက်တယ်။ ဖြစ်တဲ့နေရာက သိပ် မဝေးတော့ဘူး၊ ဖလူး ကနေပြီးတော့ တမိုင်ကျော်ကျော် နှစ်မိုင်ဝန်းကျင်လောက် ရောက်နေတယ်။ ကျနော်တို့က ဖလူးဘေးနားကနေ ပစ်တယ်။ သူတို့က ဖလူးကြီးရော ဖလူးလေးရော ကနေ ကျနော်တို့ကို ပစ်တယ်။”

ဒီနေ့ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို ပြောပြသွားတာ ဖြစ်ပါတယ်။

နှစ်ဘက် ပစ်ခတ်မှု၊ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် အထိအခိုက်၊ အကျအဆုံး အခြေအနေ တွေကို မေးမြန်း ကြည့်တဲ့ အခါမှာတော့ မြန်မာ စစ်တပ်ဘက်က ထိခိုက်မှုတွေ ရှိတယ်လို့ ပြောပါတယ်။

“ဒီနေ့ကတော့ ထိခိုက်ဒဏ်ရာရတာ ရှိတယ်လို့ ပြောတယ်။ အရေအတွက်တော့ မရသေးဘူး။ ပစ်ခတ်တဲ့ အတွက် ၄ ယောက် ထိခိုက် ဒဏ်ရာရတယ်လို့ ပြောတယ်။ ၄ ယောက်ထဲမှာ ၂၃၀ ဒု-ရင်းမှူးတယောက် အပါအ၀င်ပေါ့။”

ဒီသတင်းနဲ့ပတ်သက်ပြီး သီးခြား အတည်ပြုချက်တွေကိုတော့ မသိရသေးပါဘူး။ ဒီနေ့ ဖြစ်ပွား ခဲ့တာကတော့ ဖလူးကြီးနဲ့ ဖလူးလေးရွာ အနီးက ပြောင်းစိုက်ခင်း တွေကနေ ပြောင်းခွန်တွေ ကောက်ဖို့ ဂိတ်ချထားတဲ့ မြန်မာစ စ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့ တခုဖြစ်တဲ့ ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ ဗိုလ်သဲခီး အုပ်စုနဲ့လည်း မြန်မာ စစ်တပ်တို့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေ့ဖြစ်တာက ငြိမ်းချမ်းရေးကောင်စီ စစ်တပ်နဲ့ဖြစ်တယ်။ ၂ ယောက်ဖမ်းမိတယ်။ ဖလူးကြီးနဲ့ ဖလူးလေးက တဆက်တည်းပဲ ပြောလို့ရတယ်။ အဲဒီ အပေါ်နားလေးမှာ ပြောင်းဖူးခင်း တဲထဲမှာ သူတို့ နေတယ်ပေါ့။ တပ်ကလည်း အဲဒီမှာ ထိုးစစ်ဆင်ဖို့ ဟိုချောင်း ဒီချောင်း၊ ငြိမ်းချမ်းရေး တပ်နဲ့ တိုးတဲ့အခါကြတော့ သူတို့က ငြိမ်းချမ်းရေး ယူတားတယ် ဆိုတော့ အေးအေးဆေးဆေး နေတယ် ထင်တယ်။ အနေအထားက အဲဒီလိုမျိုး။ သူတို့ဦးစီးက ဒု-ဗိုလ်မှူးကြီး သဲခီး၊ တပ်က လာပစ်တော့ သူတို့က ပြန်ပစ်တယ်။ အခုတောင် အလောင်းတလောင်း ရှိနေတယ်၊ အဲဒီမှာ။ ၆ ယောက် ဖမ်းခံထိတယ် ကြားတယ်။”

ဒီလိုပစ်ခတ်မှုကြောင့် အနီး ပြောင်းခင်းက ရွာသွားတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင် လာခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးကောင်စီကလည်း နယ်ခြားစောင့်တပ်ကို လက်မခံဘဲ ငြင်းပယ်ထားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး စစ်အစိုးရ တပ်တွေက သူတို့ လက်နက်တွေကို သိမ်းဆည်း ထားတာတွေလည်း ရှိပါတယ်။ လက်နက်တွေ ကိုင်ပြီး ဂိတ်တွေမှာ မနေရဘူးလို့လည်း စစ်အစိုးရ ဘက်က အမိန့် ထုတ်ထားတာတွေလည်း ရှိနေပါတယ်။

သူတို့ကတော့ စစ်တပ်နဲ့သူတို့ ပြဿနာ မရှိဘူးဆိုပြီး နေထိုင်နေရာကနေ ပစ်ခတ်ပြီး ဖမ်းဆီး တာကို ခံလိုက် ရတယ်လို့ ဆိုပါတယ်။

“အဲဒီနေရာက စစ်ဖြစ်နေတာ နှစ်ရက်၊ သုံးရက်ရှိပြီဆိုတော့၊ သူတို့က ငြိမ်းချမ်းရေး ယူထားပြီး နအဖကလည်း မပစ်ဘူးထင်ပြီး အမှုမဲ့ အမှတ်မဲ့ နေတယ်။ ရောက်လာပြီးတော့ သေနတ် ကိုင်တာ တွေ့တော့ ပစ်ထည့် လိုက်တယ်။ ပစ်လိုက်တဲ့ အဖွဲ့က စစ်ကြောင်းမှူးကို ပြန်မေးတယ်၊ ပစ်လိုက်တာ ငြိမ်းချမ်းရေး ကောင်စီ ထိပြီဆိုတော့ ငြိမ်းချမ်းရေး ကောင်စီ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် အကုန်ပစ်တဲ့၊ ဒု-ဗိုလ်မှူးကြီးက အမိန့်ပေးတယ်။”

DKBA ဘက်က ပြောတာကတော့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်သေးတာမို့ ကရင်ဒုက္ခသည် တွေကို ထိုင်းနိုင်ငံ ဘက်က ပြန်ခိုင်းတာတွေ မလုပ်ဖို့နဲ့ ကရင် လူထုတွေ အတွက် လုံခြုံမှုတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

“ထိုင်းဘက်က ရွာသားတွေကို ပြန်မောင်းထုတ်တယ်။ ပြန်ခိုင်းတယ်ပေါ့၊ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ မဖြစ်ဘူးဆိုတာ သူတို့ ပြောတာပဲ။ ကျနော် ပြောတယ်၊ စစ်ပွဲက ဖြစ်မယ်ဆိုရင် လနဲ့ နှစ်နဲ့တောင် ဖြစ်ဦးမယ်၊ ကံမကောင်းရင်။ အဲဒီတော့ ပြန်ပို့တာ မကြာသေးဘူး၊ ဆက်ဖြစ်တော့ ဒီလူတွေ ပြန်ပြေးရတယ်။ မပြေးရင် ကျည်ဆန်တွေက အကုန် ထိကုန်မယ်။ ထိုင်းကလည်း ပြန်ပို့တယ် ဆိုတာ လက်ရှိ နအဖရဲ့ ဖိအားကြောင့်လည်းပါမယ်။”

မနက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ဒုက္ခသည် ၅၀၀ ကျော် ထပ်မံ တိမ်းရှောင် လာခဲ့ကြပါတယ်။ တချို့ကတော့ တောတောင်တွေ ထဲမှာပဲ ပုန်းအောင်း နေကြဆဲ ဖြစ်ပါတယ်။

Ref: VOA News

Read More...

စစ်အာဏာရှင်လှည့်ကွက်ထဲ ၀ဲဂယက်ချာလည်လည် မဖြစ်စေလိုပါ

တူမောင်ညို

၃၀ နိုဝင်ဘာ ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ နိုဝင်ဘာ ၁၃ ရက် နောက်ပိုင်း ဖြစ်စဉ်များအပေါ် (နအဖ) စစ်အစိုးရ တုန့် ပြန်မှုတွေဟာ ယခင်ကနဲ့ မတူပါဘူး။ မတူဘူး ဆိုလိုက်လို့ သဘောထား ပျော့ပြောင်းလာတယ် စသဖြင့် ဘာဘာညာညာ ပြောချင်တာ မဟုတ်ပါဘူး။

ဖြစ်ရပ်တွေက ရွေးကောက်ပွဲမှာကျူးလွန်ခဲ့တဲ့ မသမာမှုနဲ့ မတရားတဲ့ ကိစ္စတွေကိုတောင် ကျော်လွန်သွားသလို ဖြစ်ခဲ့ရပါတယ်။ (နအဖ) စစ်အစိုးရ အတွက်တော့ ဒါတွေက အကြိုက် တွေ့နေမှာပေါ့။ ရွေးကောက်ပွဲ မသမာမှုတွေကို တရားစွဲဖို့ ဆိုတာကလည်း ငွေချည်း ၁၀ သိန်း တင်ရမယ် မဟုတ်လား။

(နအဖ) စစ်အစိုးရတုန့်ပြန်မှုတွေက ယခင်ကနဲ့မတူဘူးလို့ ဆိုရတာလည်း (နအဖ) စစ်အစိုးရ အဖို့ ယခင်ကလို အခြေ အနေ မဟုတ်တော့ တာလည်းပါတယ်။ အဓိက အချက်ကတော့ ရွေးကောက်ပွဲမှာ သူတို့ အနိုင်ရထားတယ်။ ဒါကြောင့် ဒီနေ့ဖြစ် နေတာတွေကို အရင်ကလို သတင်းစာကနေ ဆောင်းပါးရေးပြီး မိုက်တိမိုက်ကန်း တုန့်ပြန်လို့ ဖြစ်တာ မဟုတ်တော့ဘူး။ “အောင်မိုးစံ” တို့ကို ရေးခိုင်းလို့လည်း ရတော့တာ မဟုတ်ဘူး။ သူတို့က နိုင်ငံရေးပါတီ ထောင်ထားတယ်။

ဒီတော့အခြားနည်းတွေသုံးလာရတယ်။

လူထုနဲ့ဒေါ်အောင်ဆန်းစုကြည်၊လူငယ်ထုနဲ့ဒေါ်အောင်ဆန်းစုကြည် ရေနဲ့ငါးပမာ တစ်သားတည်း ဖြစ်နေမှာ/တာကို (နအဖ) စစ်အစိုးရ က မနာလို မရှုဆိတ်ပါဘူး။ ဒီတော့ ထုံးစံအတိုင်း ဉာဏ်နီ ဉာဏ်နက်တွေ လက်ကုန် ထုတ်သုံးလာပါတယ်။

ပထမဆုံးတုန့်ပြန်တာကတော့ ဒီချုပ် တရားဝင်တည်ရှိမှုကိစ္စကို နေပြည်တော် တရားရုံးချုပ်ကနေ “ပယ်ချ”လိုက်တာပါပဲ။

နောက်ဆက်တွဲအနေနဲ့ ပြည်တွင်းက ဂျာနယ် (၉) စောင်ကို ဒေါ်အောင်ဆန်းစုကြည်သတင်း ဖေါ်ပြလို့ ဆိုပြီး ရက်သတ္တပတ် ကန့်သတ် ပိတ်ပင်တဲ့ ဒဏ်ချမှတ်လိုက်တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း “ ဖျက်သိမ်းပြီး NLD” လို့ သုံးရမယ် လို့ သံပတ် တင်းလိုက်ပါတယ်။

ပိတ်ပင်ခံရတဲ့ ဂျာနယ် (၉) စောင်ထဲမှာ “လျှပ်တစ်ပြက်ဂျာနယ်” ပါတယ် ဆိုတာကလည်း ကျောသားရင်သား မခွဲခြားဘူး ဆိုတဲ့ ဆင်ခြေ ပေးနိုင်ဖို့ဖြစ်တယ်။ “လျှပ်တစ်ပြက်ဂျာနယ်”ဆိုတာ အလံရှူးဂျာနယ်မှန်း လူတိုင်း သိပါတယ်။

နောက်တစ်ခုကတော့ မဖြူဖြူသင်းတို့ဖွင့်လှစ်ထားတဲ့ (PLWHA) တွေနဲ့ ပတ်သက်ပါတယ်။

ဒီကိစ္စမှာ ယခင်ကလို သက်ဆိုင်ရာအုပ်ချုပ်ရေးယန္တရား ကနေ (မြို့နယ်/ ရပ်ကွက်အုပ်ချုပ်ရေး) မကိုင်တော့ပဲ ကျန်းမာ ရေးဆိုင်ရာ တာဝန် ရှိသူတွေ/ ရပ်ကွက် လူထုတွေနဲ့ လှည့်ပြီး ရန်တိုက် ပေးလိုက်ပါတယ်။ (NGO) ဆိုရင် ပြည်ထဲရေး ဝန်ကြီးဌာနမှ မှတ်ပုံ တင်ရမယ်/ ဆေးရုံ ဆိုရင်လည်း စံသတ်မှတ် ချက်များနဲ့ ကိုက်ညီရမယ်လို့ ဆိုပါတယ်။

လောလောဆယ်တော့ ဧည့်စာရင်းတိုင်ခွင့် ထပ်မံပေးပါတယ်။ ဒါဟာ (နအဖ) စစ်အစိုးရ ဘက်က လိုက်လျောလိုက်တာ ခွင့်ပြုလိုက်တာ မဟုတ်ပါဘူး။ သူတို့ ဥပဒေကို သူတို့ကိုယ်တိုင် မချိုးဖောက်ဘူး ဆိုတာနဲ့ မဖြူဖြူသင်းတို့ ဘက်တောင်းဆိုလို့ တင်းခံ နေလို့ လိုက်လျောရတာ ဆိုတဲ့ အနေအထားမျိုး မဖြစ်ရအောင် အကွက်ချ တုန့်ပြန်တာပါ။

နေ့စဉ်ထုတ်သတင်းစာတွေထဲကနေသာ မတုန့်ပြန်ပေမယ့် (ကြေးမုံအွန်လိုင်းသတင်းစာ) မှာတော့ ဒေါ်အောင်ဆန်း စုကြည် ကို ရိုင်းစိုင်းစွာ ပုတ်ခတ် ဆဲရေး ထားတာတွေကို နေ့စဉ် ဖေါ်ပြနေပါတယ်။ လက်တွေ့မှာတော့ နိုဝင်ဘာ၂၅ ရက်နေ့မှာ ရွှေဂုံတိုင်ရုံး ရှေ့ကို “လူရမ်းကားငါးမင်းဆွေ” ရောက်လာပြီး သရုပ်ပျက် အော်ဟစ်ပါတယ်။

နောက်ဆုံးတုန့်ပြန်ချက်နဲ့ ရိုက်ချက်ကတော့ နိုင်ငံတကာနဲ့ပြည်တွင်းပြည်ပက အာရုံကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လှုပ်ရှားမှုတွေကို အာရုံ လွှဲပြောင်းနိုင်ဖို့အတွက် “ဗိုလ်ခင်ညွန့်နဲ့ ဒေါ်ခင်ဝင်းရွှေတို့ရဲ့ မိုးသည်းည အသံတိတ် ဗွီဒီယိုအပိုင်း” ကို (facebook) ကနေတဆင့် ဖြန့်လိုက်တာပါပဲ။ ရေကန်ထဲ ခဲကျသလို ဂယက်တွေ ပြန့်သွားပါတယ်။ ထင်မြင် ယူဆချက်တွေ ဘောင်ဘင်ခတ်သွား ပါတယ်။

ဆံပင်ဖြူနေတဲ့ ဗိုလ်ခင်ညွန့်ကိုကြည့်ပြီး စိတ်မကောင်း သလိုလို/သံဝေဂ ရသလိုလိုပြောတဲ့ လူလည်း ရှိပါတယ်။ စိတ်မကောင်း ဖြစ်နေသူတွေ၊ သံဝေဂ ရနေသူတွေကို ပြောချင်ပါတယ်။ ဗိုလ်ခင်ညွန့် ညွန်ကြားချက်နဲ့ အဖမ်းခံရ သူတွေ ထောင်ထဲမှာ အခုချိန် ထိ အများအပြား ရှိနေ ပါသေးတယ်။

ထောင်ထဲမှာ သေရတဲ့/ ရူးသွပ်သွားရတဲ့/ ကျန်းမာရေးချို့ယွင်းသွားရတဲ့ ဖြစ်ရပ်တွေနဲ့ အဖမ်းခံရ သူတွေရဲ့ မိသားစုတွေ ဘယ်လို ဘဝပျက်သွားတယ် ဆိုတာကို မမေ့ဖို့ လိုပါတယ်။ ဒီနေရာမှာ သံဝေဂထက် စာနာမှုက ပိုအရေးကြီးပါတယ်။

ဗိုလ်ခင်ညွန့်ရဲ့ အဝေးရောက်တပည့်ကတော့ “တိုင်းရင်းသားအရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ” ဖြေရှင်းဖို့ လူကြီးတွေက တွေ့ဖို့ နေရာ ပြောင်းတာ ဖြစ်နိုင်တယ်လို့ ထောက်လှမ်းရေးတို့ရဲ့အဋ္ဌာရဿတွေနဲ့ ထုံးစံအတိုင်း ချွန်ပေးပါတယ်။ စိတ်ကူး ယဉ်ဆန်လွန်းတဲ့ ထင်မြင်ချက် ဖြစ်ပါတယ်။ နိမ့်ပါးသွားတဲ့ သူတို့ဆရာကို အသားလွတ် ချီးမွန်းခန်း ဖွင့်တာပါ။

“နိုင်ငံရေးကိစ္စတွေ နောက်တက်မယ့်အစိုးရနဲ့ ပြောပါဆိုပြီး ” အပစ်အခတ်ရပ်စဲခဲ့တဲ့ တိုင်းရင်းသားတွေကို တစ်ပတ် ရိုက်ခဲ့တာ ဗိုလ်ခင်ညွန့်ပဲ မဟုတ်လား။ (CO) နဲ့ (IO) တို့ရဲ့ လက်တွဲ ညီညီ ရိုက်ခဲ့ကြတဲ့ အကွက်တွေ မဟုတ်ဘူးလား။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ခင်ညွန့် ပူးပေါင်းဆောင်ရွက်လိုက်ရင် အောင်မြင်မှာပါတဲ့။

ဖိတ်သွားတဲ့နို့ကို ပြန်လည် တမ်းတနေတာ။

အဆုံးအဖြတ်အာဏာကို ဘယ်သူကိုင်ထားတယ် / ဘယ်သူ့လက်ထဲမှာ ရှိတယ် ဆိုတာကို ကျနော်တို့ အခုထိ ဝေဝါး နေကြဦးမှာလား။

ဘယ်သူက ဗိုလ်ခင်ညွန့်ကိုဆိုင်းငံ့ထောင်ဒဏ်၏ ၄၄ နှစ်အပြစ်ပေးပြီး ဖယ်ရှား လိုက်တာလဲ။ အခုလိုအချိန်မှာ “တိုင်းရင်းသား အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိစ္စ” ကိုင်တွယ်ဖို့ ဗိုလ်ခင်ညွန့်ကို ဘယ်သူက ပွဲထုတ် ဗန်းတင်ပေးမှာလဲ။ တရားခံကို ဘယ်သူက ဟီးရိုး လုပ်ခွင့် ပေးမှာလဲ ဗျာ။ “ဗိုလ်ခင်ညွန့်နဲ့ ဒေါ်ခင်ဝင်းရွှေ တို့ရဲ့ မိုးသည်းည အသံတိတ် ဗွီဒီယိုအပိုင်း” ကိုတော့ (နအဖ) စစ်အစိုးရရဲ့ ရိုက်ကူးရေး အဖွဲ့ရိုက်ပြီး၊ သူတို့ကပဲ တဆင့် ဖွပေးလိုက်တာပဲ ဖြစ်ပါတယ်။

အခုပဲ ကျနော်တို့အနေနဲ့ (နအဖ) စစ်အစိုးရရဲ့ တုန့်ပြန်ချက်တွေကြားမှာ အခြေအတင်တွေ ပြောနေ ဆိုနေရပြီပဲ။ ဒါကိုက (နအဖ) စစ်အစိုးရ ရည်ရွယ်ချက် မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်သလဲ။

(နအဖ) စစ်အစိုးရထံကနေ နောက်ထပ် တုန့်ပြန်ချက်တွေပုံစံမျိုးစုံနဲ့ ထပ်ထွက်လာဦးမယ်လို့ ကျနော် ယူဆတယ်။

(နအဖ) စစ်အစိုးရရဲ့ နောက်ဆုံးတုန့်ပြန်ချက်ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား ရဲ့ မြန်မာပြည်ခရီးစဉ် (၂၈/၂၉ နိုဝင်ဘာ) သတင်း ဖေါ်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်က သပ်သပ်၊ “ဖျက်သိမ်း ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်”သပ်သပ် ခွဲခြားဖေါ်ပြ ထားတာပဲဖြစ်ပါတယ်။

Ref: မိုးမခ

Read More...

ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့ဝင် ၆ဦး နအဖ ဖမ်းမိ၊ တဦး ပစ်သတ်ခံရ

နန်းထူးစံ
နိုဝင်ဘာလ ၃၀ရက်။

ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ဦးကို ယနေ့မနက်တွင် နအဖ စစ်တပ်မှ ဖမ်းဆီးလိုက်ပြီး ၁ ဦးကို ပစ်သတ် လိုက်သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယနေ့မနက် ၉နာရီကျော်အချိန်၌ ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရှိ ဖလူးကျေးရွာနှင့် မနီးမဝေး ပလောတပို့ ဒေသတွင် လှုပ်ရှားသည့် ဗိုလ်တဲခီး ဦးစီးသော ငြိမ်းချမ်းရေး ကောင်စီတပ်ဖွဲ့ကို နအဖ စစ်ကြောင်းက ၀ိုင်းမိပြီး ပစ်ခတ်ခဲ့ခြင်းကြောင့် ၁ ဦး ကျဆုံးကာ ၆ဦးမှာ အရှင် ဖမ်းဆီး ခံလိုက်ရခြင်း ဖြစ်သည်။

ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ် အဆင့်ရှိသူ စောတီမသီက “ဒီမနက် ကျနော်ကြားတာ က ဗိုလ်တဲခီးရဲ့ တပ်ဖွဲ့ဝင် ၆ ဦးကို နအဖ စစ်တပ်က ဖမ်းဆီးတယ်။ ၁ ဦးကို ပစ်သတ် လိုက်တယ်လို့ ကြားတယ်။ ဒါပေမယ့် အသေး စိတ်တော့ မသိသေးဘူး။”ဟု ကေအိုင်စီကို အတည်ပြု ပြောဆိုသည်။

ဖလူးဒေသတွင် လှုပ်ရှားနေသည့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့ဝင်တဦးက “အခု နအဖတွေက ဝေါ်လေကို တက်ဖို့လေ။ သူတို့ တက်လာတဲ့ လမ်းတလျှောက်မှာ သေနတ် လိုက်ပစ်တယ်။ ဖလူး အပေါ်ဘက် ပလောတပို့မှာ သူတို့ (ငြိမ်းချမ်းရေး ကောင်စီအဖွဲ့) ကို စစ်တပ်က တွေ့ပြီးတော့ ၀ိုင်းလိုက်တာလို့ ကျနော်ကြားတယ်။ အဲဒီမှာရှိတဲ့ သူတို့အဖွဲ့က လူနည်းတယ်လေ။”ဟု ပြောသည်။

လက်ရှိအချိန်တွင် ဖလူးဒေသ၌ နအဖ စကခ (၈) လက်အောက်ခံ ခလရ (၆၂) လှုပ်ရှားလျှက် ရှိပြီး ထိုတပ်ရင်းသည် နိုဝင်ဘာ ၂၄ ရက်နေ့က ဝေါ်လေဒေသသို့ သွားရန် ဖလူး ကျေးရွာတွင် ရောက်ရှိနေပြီး ဖြစ်သော်လည်း ရှေ့ဆက်သွားမည့် လမ်းကြောင်းများကို ဒီကေဘီအေ တပ်နှင့် ကေအဲန်အယ်လ်အေ တပ်ဖွဲ့များ ပိတ်ဆို့ ထားခြင်းကြောင့် ဝေါ်လေ လမ်းကြောများကို လက်နက်ကြီးများဖြင့် လိုက်လံ ပစ်ခတ်လျှက်ရှိကြောင်း အဆိုပါ ကေအဲန်အယ်လ်အေ တပ်သားက ပြောသည်။

ယင်းသို့ ဖမ်းဆီး၊ ပစ်သတ်ခံရသည့် ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်ထဲတွင် ဗိုလ်တဲခီး ပါဝင်ခြင်း မရှိသလို ထိုအဖွဲ့၏ ဥက္ကဌ ဗိုလ်ချုပ် စောထင်မောင်နှင့် ဗိုလ်ချုပ်စောရင်နုတို့ကို ဆက်သွယ် မရခဲ့ပေ။

Ref: KIC News

Read More...

ကျပ် တသောင်း တန် သတင်း နေပြည်တော်တွင်ပျံ့နှံ့

နရီလင်းလက်
Tuesday, 30 November 2010

စစ်အစိုးရသည် ဘဏ္ဍာရေးပြဿနာများဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လာမည့် နှစ်ဆန်းပိုင်းတွင် ငွေစက္ကူ အသစ် ထုတ်ဝေ သွားရန် အာဏာပိုင်များက ပြောဆိုနေသည်ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအ၀န်းကြားတွင် ပျံ့နှံ့ နေသည်။

“ဒီဇင်ဘာ ဒါမှမဟုတ် နှစ်ဆန်းမှာ ကျပ် တသောင်း တန် ငွေစက္ကူသစ် ထုတ်မယ်ဆိုပြီး ပြောနေတယ်။ အဓိက ဘဏ္ဍာရေး အခြေအနေကို အမြန်ဆုံး ဖြေရှင်းနိုင်မယ့် နည်းကို ရွေးချယ်တာလို့ ခန့်မှန်းကြတာပါပဲ”ဟု နေပြည်တော် ကာကွယ်ရေးဝန်ကြီး ဌာနမှ အရာရှိတဦးက ပြောသည်။

ထို့အပြင် အာဏာပိုင်များအနေနှင့် လက်ရှိ နေပြည်တော်တွင် တည်ဆောက်နေသည့် အဆောက်အအုံ စီမံကိန်းများ အတွက် ဆောက်လုပ်ရေး ကုမ္ပဏီ ကြီးများကို ကျပ် ဘီလီယံ ပေါင်းများစွာ ပေးရန် ရှိသည်ဟု ၎င်းက ပြောဆိုသည်။

“ပုဂ္ဂလိက အိမ်ရာ၊ ဆေးရုံ၊ ရုံး အဆောက်အအုံတွေအတွက် အစိုးရကနေ ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဘယ်ကုမ္ပဏီက ဘယ်နေရာတွေ တည်ဆောက်ဆိုပြီး ခွဲချ ပေးထားတယ်။ ဘီလီယံနဲ့ ချီပြီးပေးရမယ့် အကြွေးတွေ အတွက် လောလောဆယ် အာဏာပိုင်တွေက စစ် အသုံးစရိတ်တွေ အတွက် သုံးထားတာတွေ ရှိတော့ မပေးနိုင်သေးဘူး”ဟု စစ်ဘက် ဆိုင်ရာ ဗိုလ်ချုပ်ကြီး တဦးက ပြောသည်။

၂၀၀၉ ခုနှစ်ကလည်း စစ်အစိုးရသည် ၎င်း၏ အသုံးစရိတ် လိုငွေပြမှုကို ဖြေရှင်း လိုခြင်းကြောင့် ၂၀၀၉ ခု အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၅၀၀၀ ကျပ် တန်များ ထုတ်ဝေခဲ့သည့် ဖြစ်စဉ်များ ရှိသောကြောင့် ယခုတကြိမ် တွင်လည်း အလားတူ လုပ်ရပ်မျိုး ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် တို့ကို နေပြည်တော် အထူး ခရိုင်ဟု သတ်မှတ်ကာ တည်ဆောက်ရေး လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင် နေလျက်ရှိသည်။

စစ်အစိုးရသည် မြို့တော်သစ် နေပြည်တော်ကို တည်ဆောက်၍ အုပ်ချုပ်ရေး မြို့ တော်အဖြစ် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြောင်းရွှေ့ခဲ့ပြီး ရုံး အဆောက်အအုံများ၊ ပန်းဥယျာဉ်များ၊ တိရစ္ဆာန် ရုံများ၊ ဟိုတယ်ဇုန် များကို ခမ်းနားကြီးကျယ် စွာတည်ဆောက်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရန် လမ်းများ ဖောက်လုပ်ခြင်းတို့ဖြင့် နေပြည်တော်ကို စည်ကား စေရန် ပြုလုပ်ခဲ့သည်။

“ရုံး အဆောက်အအုံတွေဆိုလည်း အကြီးကြီးတွေနဲ့ ခမ်းခမ်းနားနားဆောက်၊ အတွင်းပိုင်း ပြင်ဆင်မှုတွေ ဆိုရင်လည်း တကယ့်ကို အကုန်ကျခံ လုပ်ထားတော့ ဒီအတွက် လောလောဆယ် ဆောက်လုပ်ရေး ကုမ္ပဏီတွေက စိုက်ပြီး လုပ်နေတာပေါ့။ အကုန် လုံးပြီး သွားရင်တော့ ဘယ်ကုမ္ပဏီက ဘယ်လောက် တာဝန် ယူထားတာ အတွက် ရှင်းပေးမှာမျိုး။ နေပြည်တော် တည်ဆောက် လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ခွင့် ရနေတာကလည်း အာဏာပိုင်နဲ့ နီးစပ်တဲ့သူတွေ ချည်းပဲ”ဟု နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းခွင်မှ အင်ဂျင်နီယာ တဦးက ပြောသည်။

နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းများကို စစ်အစိုးရနှင့် နီးစပ်သူများဖြစ်သည့် ဦးဇော်ဇော် မက်စ်မြန်မာ၊ ဦးအောင်ခမ်းထီ နေပြည်တော် ဆောက်လုပ်ရေး၊ ဦးတေဇ ထူး ကုမ္ပဏီ၊ ဦးရန်ဝင်း အေ၀မ်း ကုမ္ပဏီ စသည့် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီ ၂၂ ခု က လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

“ကျနော်တို့ ကုမ္ပဏီကျတော့ အိမ်ရာစီမံကိန်း အတွက် တာဝန်ယူဆောက် ပေးရတာ။ ဒီအတွက် မြေကွက် တကွက်ကို ကျပ် သိန်း၂၀ သွင်းပြီး ဆောက်ပေးရတယ်။ ပြီးသွားရင်တော့ သူတို့က ကိုယ်တည်ဆောက်ထားတဲ့ အပေါ်မှာ ဥပမာ- သိန်း ၅၀၀ ဆိုလည်း ၅၀၀ ပုဂ္ဂလိက ကုမ္ပဏီတွေကို ပြန်ရှင်းပေးမယ်။ အာဏာပိုင်တွေက ဒီအိမ်ရာတွေကို တဖက်မှာ ပြီးခဲ့တဲ့ ကျောက် မျက်ပွဲ တုန်းကလို ငှားတာ၊ ရောင်းတာတွေ ပြန်လုပ်မှာပေါ့။ အလုံးအရင်းနဲ့ အမြတ်ပြန်ရမယ့် စီးပွားရေးပေါ့”ဟု ပုဗ္ဗသီရိ မြို့ နယ်တွင် တည်ဆောက်ရေး တာဝန် ယူထားသည့် ကုမ္ပဏီတခုမှ တာဝန်ရှိသူ တဦးက ပြောသည်။

၎င်းက ဆက်လက်၍“ကျောက်မျက်ပွဲ တုန်းကဆို လုံးချင်းအိမ်တလုံးကို ဒေါ်လာ ၃၀၀ နဲ့ ငှားတာ တော်တော် စီးပွား ဖြစ်သွားတယ်။ နိုင်ငံခြားငွေ ရဖို့ ကျောက်မျက် ပွဲကိုလည်း အာဏာပိုင်တွေက ၃ လ တကြိမ်လုပ်မယ်။ သူတို့အတွက် တည်းခိုနိုင်မယ့် အိမ်ရာတွေ တည်ဆောက်ပြီး နိုင်ငံခြားငွေ ရအောင်လုပ်မှာပေါ့ ။ တဖက်မှာ ဟိုတယ်တွေလည်း ဆောက်နေသလို ငွေသုံးနိုင်တဲ့ လူတွေအတွက် အိမ်ရာတွေကလည်း စီးပွား ဖြစ်လာမယ်၊ ဒီအတွက်လည်း ရည်ရွယ်တာပေါ့”ဟု ပြောသည်။

စစ်အစိုးရသည် နောင် တက်လာမည့်အစိုးရအတွက် လွှတ်တော်အဆောက်အုံသစ်တွင် အဆောက်အအုံပေါင်း ၃၁ လုံး ဆောက်လုပ် ထားပြီး သမ္မတ နှင့် ဒု သမ္မတ နှစ်ဦး၏ သမ္မတ အိမ်တော်များကိုလည်း ကြီးကျယ် ခမ်းနားစွာ ဆောက်လုပ် ထားကြောင်း၊ ယင်း လွှတ်တော် အဆောက်အအုံများကို ACE ဆောက်လုပ်ရေး ကုမ္ပဏီ အပါအ၀င် တခြား ဆောက်လုပ်ရေး ကုမ္ပဏီ၂ ခုတို့က တာဝန်ယူ ဆောက်လုပ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် အတွင်း ကာကွယ်ရေး ၀န်ကြီးဌာနအတွက် တနှစ် သာမန် သုံးငွေအဖြစ် ကျပ် ၂.၇ ထရီလီယံကျော်၊ ငွေလုံး ငွေရင်း သုံးငွေ အဖြစ် ၂.၈ ထရီလီယံကျော်၊ တပ်မြို့ စည်ပင်သာယာရေး အဖွဲ့များအတွက် ကျပ်၂ ဘီလီယံကျော်၊ နောက်တိုး သုံးစွဲငွေ အဖြစ် ၉၆ ဘီလီယံကျော်၊ စုစုပေါင်း ၆ ထရီလီယံ ခန့် အသုံးပြုခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သွားရောက်ခဲ့သည့် တရုတ်ပြည် ခရီးစဉ်တွင်လည်း တရုတ် အစိုးရထံမှ ယွမ် ဘီလီယံ ၃၀ (အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ) ချေးရန် သဘော တူညီခဲ့ကြသည်။

Ref: ဧရာဝတီ်

Read More...

အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်ဖို့ ကုလ အထူးကိုယ်စားလှယ် တိုက်တွန်း

2010-11-30

နိုင်ငံရေးအသွင် ကူးပြောင်းမှုနဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ပါဝင်ထိုက်သူုအားလုံး ပါဝင်နိုင်မှု အပေါ် အခြေခံရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Mr. Vijay Nambiar က မြန်မာ စစ်အစိုးရကို ပြောဆိုခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက် တနင်္လာနေ့က နယူးရောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောပါတယ်။

ရွေးကောက်ပွဲ အပြီး နိုင်ငံရေးအခင်းအကျင်းမှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ စနစ် ထွန်းကားရေး အတွက် ဆောင်ရွက်ဖို့ စစ်အစိုးရကို မစ္စတာ နမ်ဘီယာက တိုက်တွန်း အားပေးခဲ့ပါတယ်။

ဘယ်လို နိုင်ငံရေး အသွင်ကူးပြောင်းမှုမျိုးမဆို အောင်မြင်ဖို့ဆိုရင် အားလုံး လူစုံတက်စုံပါဝင်မှု အပေါ်မှာ ကျယ်ကျယ် ပြန့်ပြန့် အခြေခံမှ အောင်မြင်နိုင်မှာ ဖြစ်သလို၊ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်သူတွေ၊ အနိုင်ရသူတွေသာမက၊ ရွေးကောက်ပွဲ မဝင်သူတွေ၊ မဝင်နိုင်သူ တွေလည်း ပါဝင်ရမှာ ဖြစ်တယ်လို့ မစ္စတာ နမ်ဘီယာက ပြောဆိုခဲ့ကြောင်း Farhan Haq က သတင်းထောက်တွေကို ပြောသွားပါတယ်။

အားလုံးပါဝင်နိုင်ဖို့ ဆိုရင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ လိုတယ်ဆိုတာကိုလည်း ကုလသမဂ္ဂ အတွင်း ရေးမှုးချုပ်ရဲ့ အထူး ကိုယ်စားလှယ်က စစ်အစိုးရကို အလေးအနက် တိုက်တွန်း ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: RFA News

Read More...

နှစ် ၉၀ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ဌာနချုပ်မှာ ကျင်းပမည်

မသင်းသီရိ
အင်္ဂါ, 30 နိုဝင်ဘာ 2010

နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့မှာ ကျင်းပနေကြ အမျိုးသားအောင်ပွဲနေ့ အခမ်း အနားကို မနက်ဖြန် ဗဟန်းမှာ ရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ နိုင်ငံ တနိုင်ငံအတွက် အရေးကြီးလှတဲ့ အမျိုးသားနေ့နဲ့ အမျိုးသား စိတ်ဓာတ်တွေကို နောင်မျိုးဆက်သစ် လူငယ်တွေကြား ဆင့်ပွားလာအောင် အစိုးရက ပညာပေးမှုတွေ အားနည်းတာမို့ တိမ်မြုပ်လုနီးပါး ဖြစ်နေတယ်လို့ ကဗျာ ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို မနက်ဖြန် ဒီဇင်ဘာလ ၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ မြန်မာ သက္ကရာဇ် တန်ဆောင်မုန်း လဆုတ် ၁၀ ရက် မနက် ၁၁ နာရီမှာ ဗဟန်းမှာရှိတဲ့ NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါတီခေါင်းဆောင်တွေ၊ အဖွဲ့ဝင် လူငယ်တွေနဲ့အတူ ဧည့်ပရိသတ်တွေ အပြင် မြန်မာစာပေ ပညာရှင်တွေနဲ့ပါ ပူးပေါင်းကျင်းပဖို့ စီစဉ် ထားတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“မနက်ဖြန် မနက် ၁၁ နာရီမှာ အဖွဲ့ချုပ်ရုံးမှာ နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကြေညာ စာတမ်းတစောင် ထုတ်ပြန်ပါမယ်။ ပြီးတော့ နှစ်စဉ်အတိုင်းပဲ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က မြန်မာ့ စာပေရေးရာတွေ ဟောပြော ပါလိမ့်မယ်၊ စာပေ ဟောပြောပွဲပေါ့။ ကျနော်တို့ တခြား နိုင်ငံရေးပါတီ အဖွဲ့အစည်း တွေလည်း အကြောင်းကြား ထားပါတယ်။”

NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

အခု အမျိုးသားအောင်ပွဲနေ့ သတ်မှတ်ခဲ့တာ နှစ်ပေါင်း ၉၀ ရှိခဲ့ပေမဲ့ နိုင်ငံမှာ အမျိုးသားနေ့ ဆိုတာကို မျိုးဆက်သစ် လူငယ်တွေကြား နိုးကြားမှု နည်းလာသလို အစိုးရပိုင်းတွေမှာလည်း အမျိုးသားရေး စိတ်ဓာတ် ပညာပေးမှုတွေ တိမ်ကော လာတာ တွေ့ရတယ်လို့ ကဗျာ ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က သုံးသပ်ပါတယ်။

“ဒီနေ့ တိမ်မြုပ်ပုံကတော့ ကလေးတွေက ဘာမှမသိတာ။ ဒီဟာကို Educate လို့ခေါ်တဲ့ ပညာပေးတဲ့ နေရာမှာ နိုင်ငံတော်နဲ့ ဆိုင်တယ်ကွ။ အမျိုးသား အောင်ပွဲနေ့ ဆိုတာက တမျိုးသားလုံးကို ပြောတာ။ ဗမာ အောင်ပွဲနေ့ မဟုတ်ဘူး၊ ကချင် အောင်ပွဲနေ့ မဟုတ်ဘူး၊ ချင်း အောင်ပွဲနေ့ မဟုတ်ဘူး။ အကုန်လုံးရဲ့ အောင်ပွဲကို စဉ်းစားတဲ့အခါမှာ ပြည်ထောင်စုကြီးနဲ့ ဆိုင်တာ။”

မြန်မာနိုင်ငံမှာ ၁၉၂၁ မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ဂျီစီဘီအေ ကွန်ဖရင့်ကနေ အမျိုးသားနေ့ သတ်မှတ်ရေး ကိစ္စကို စတင် ဆွေးနွေး လာခဲ့တာ ဖြစ်ပါတယ်။ သမိုင်းဝင် နေ့ရက်တွေထဲက ရက်တရက်ကို သတ်မှတ်ဖို့ စဉ်းစားကြရင်း ၁၉၂၀ အင်္ဂလိပ်နယ်ချဲ့ အစိုးရရဲ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကျောင်းသားတွေ စတင် သပိတ်မှောက်ခဲ့ကြတဲ့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို မြန်မာနိုင်ငံရဲ့ အမျိုးသား အောင်ပွဲနေ့ အဖြစ် သတ်မှတ်ဖို့ စီစဉ်ခဲ့ကြပါတယ်။

ဒါဟာ အင်္ဂလိပ် နယ်ချဲ့တို့ရဲ့ ကျွန်ပညာရေးစနစ်ကို တက္ကသိုလ် ကျောင်းသားတွေ စတင်တော်လှန် သပိတ် မှောက်ခဲ့ကြတဲ့ နေ့အစလည်း ဖြစ်ပါတယ်။ အဲဒီကစပြီး အမျိုးသားနေ့ကို ၁၉၂၂၊ ဇွန်လ ၁၇ ရက် ရန်ကုန် ဂျီစီဘီအေ အထူး ကွန်ဖရင့်မှာ အတည် ပြုခဲ့ပြီး နှစ်စဉ် ကျင်းပခဲ့တာ ဖြစ်တယ်လို့ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က ဆိုပါတယ်။

“ဗမာနိုင်ငံမှာ အမျိုးသားအောင်ပွဲနေ့ လုပ်ဖို့ လူကြီးတွေ ၀ိုင်းစဉ်းစားတဲ့အခါ ပါတော်မူနေ့ လုပ်ရ ကောင်းမလား၊ အမျိုးမျိုး စဉ်းစား ကြတာပေါ့။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ၁၉၂၀ ကောလိပ် သပိတ်ကြီး၊ တက္ကသိုလ် သပိတ်ကြီးပေါ့၊ အဲဒီနေ့ကို လုပ်ရအောင် ဆိုပြီးတော့ သဘောတူ ဆုံးဖြတ်တယ်။ အဲဒီတော့ သပိတ်မှောက်တာကို ကောင်းကောင်း အဲဒီတုန်းက မသုံးတတ်သေးဘူး။ အဲဒီတော့ ဘွိုင်းကော့ ဆိုပြီးတော့ အင်္ဂလိပ် စကားလုံးပဲ သုံးတယ်။ Boycott ကို အမှီပြုပြီး ဖြစ်လာတာ။”

အဲဒီမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဘွိုင်းကော့ ဋီကာ ကဗျာကြီးတခု စပ်ဆိုခဲ့ပြီး ဒီကဗျာက အမျိုးသားရေး လက္ခဏာတွေ ပိုပြီး ထင်ရှား လာစေ ခဲ့တယ်လို့လည်း ဆရာ ဦးကိုလေးက ပြောပါတယ်။

အမျိုးသားအောင်ပွဲနေ့ကို အစိုးရ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် တခုအဖြစ် သတ်မှတ်ထားသလို ဟိုးအရင် တုန်းကတော့ ပွဲလမ်း သဘင်တွေ ဆင်နွှဲ၊ စာပေ ဟောပြောပွဲတွေနဲ့ စည်စည်ကားကား ကျင်းပခဲ့ပေမဲ့ ဒီလို အခမ်းအနားမျိုးတွေ မြန်မာနိုင်ငံမှာ မကျင်းပ နိုင်ခဲ့တာ နှစ်အတော် ကြာခဲ့ပြီလို့လည်း သုံးသပ် ကြပါတယ်။


Ref: VOA News

Read More...

မြဝတီနှင့် ကော့ကရိတ်တွင် တိုက်ပွဲများ ဆက်ဖြစ်

ကျော်ခ
အင်္ဂါနေ့၊ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် ယနေ့မနက်ပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်နှင့် စစ်အစိုးရ တပ်များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ကရင် လက်နက်ကိုင် တပ်များထံမှ သိရသည်။

မြဝတီမြို့နယ် ဖလူးကြီးကျေးရွာအနီးတွင် ဒီကေဘီအေမှ ဗိုလ်ကျော်သက် ဦးဆောင်သည့် တပ်များနှင့် စကခ ၁၂၊ နည်းဗျူဟာ ၃ လက်အောက်ခံ တပ်ရင်း (၃) ရင်းနှင့် မနက် ၈ နာရီခန့်မှစ၍ သုံးနာရီခန့်ကြာ ပစ်ခတ်ကြသည်ဟု ဆိုသည်။

“မနက်က သူတို့ဘက်က ၈၁ နဲ့ ၁၂ဝ မော်တာ လက်နက်ကြီးတွေကိုပါ သုံးပြီး ပစ်လာတယ်။ ကျနော်တို့ ဘက်ကလည်း ပြန်ပစ် တာတွေတော့ ရှိတယ်။ အသေ အပျောက်လည်း ရှိတယ်” ဟု ဒီကေဘီအေ ဗဟိုတပ်ရင်း လက်အောင်ခံ အရာရှိတဦးမှ မဇ္ဈိမကို ပြောသည်။

အင်အား ၂၀၀ ကျော်ရှိသည့် ခလရ ၆၁၊ ၅၄၇၊ ၂၃ဝ စစ်အစိုးရ တပ်များသည် ဝေါလေဒေသတွင် အခြေစိုက်သည့် ခလရ ၉၀၇၊ ၄၀၄၊ ၅၄၉ တို့ထံ အင်အား ဖြည့်တင်းရန် ရောက်ရှိလာခြင်းဖြစ်ပြီး ပြီးခဲ့သည့် စနေ့နေ့က လမ်းခရီးတွင် ဒီကေဘီအေ ပျောက်ကျား တပ်များက ခြုံခို တိုက်ခိုက်ခဲ့သည်။

ယမန်နေ့အထိ ၃ ရက်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်အစိုးရဘက်မှ ကျဆုံးသူ ၂ဝ ခန့်နှင့် ဒဏ်ရာရရှိသူ ၃ဝ ကျော်ပြီဖြစ်ကြောင်း ဒီကေဘီအေ ကပြောသည်။ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

အလားတူပင် ကော့ကရိတ်မြို့နယ် ဝေါလေ ကျေးရွာ ဗျူဟာကုန်းအနီးနှင့် စကားဝှက်ကျေးရွာ အနီးတို့တွင် စကခ (၈) လက်အောက်ခံ ခလရ ၉၀၇၊ ၄၀၄၊ ၅၄၉ တပ်ရင်းများနှင့် ကလို့ထူးဖေါ အရန်တပ်ခွဲမှူး ကျော်ဘူး ဦးဆောင်သည့် အဖွဲ့များလည်း ပစ်ခတ်မှုများ ဖြစ်ကြောင်း KNLA တပ်မဟာ (၆) ၁၀၂ တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က မဇ္ဈိမကို ပြောသည်။

မြဝတီမြို့ခံ တဦးက “ ဒီမနက် ဖလူးဘက်မှာ ပစ်တဲ့ လက်နက်ကြီးသံတွေက ကျနော်တို့မြို့ပေါ်က ဒီအတိုင်း ကြားနေရတယ်။ ကျနော်တို့လည်း မြို့ပေါ်မှာ ရောက်လာမှာ ကြောက်တာပေါ့။ ကလေး ကျောင်းသွားပို့တာတောင် မိန်းမကို လိုက်ပြီး အစောင့်ခိုင်း နေရတယ်” ဟု ပြောသည်။

အခြားမြို့ခံတဦးကလည်း “အသံတွေကြားတော့ လူတွေက အပြင် မထွက်ကြတော့ဘူး။ မထွက်ကြတော့ ဆိုက်ကား သမားတွေ ဆိုက်ကား မနင်းရတော့ဘူး။ ကျနော်တို့ ကားလက် မှတ်ရောင်းတဲ့ လူတွေလည်း ဒီအတိုင်းပဲလေ။ ဒီအသံတွေကြားလို့ ခရီးသည်တွေ မထွက်တော့ လက်မှတ် မရောင်း ကြရဘူးလေ။ စားဝတ် နေရေးတွေလည်း ဒုက္ခရောက်တာပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့် စနေနေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဲကိုကင်း ကျေးရွာသို့ သွားရောက် ခိုလှုံခဲ့ကြသည့် ဒေသခံ ရွာသူရွာသား ၁,၀၀၀ ခန့်ကို ထိုင်းအာဏာပိုင်များက ယမန်နေ့က ပြန်ပို့ ပေးခဲ့သော်လည်း ယနေ့မနက် တိုက်ပွဲ များကြောင့် ထိုင်းနိုင်ငံ ဘက်သို့ ပြန်လည် ရောက်လာကြသည်ဟု ထိုင်းလုံခြုံရေး အရာရှိတဦးက ပြောသည်။ သို့သော် အရေ အတွက်ကိုမူ ပြောပြနိုင်ခြင်း မရှိသေးပေ။

ကရင်ပြည်နယ်အတွင် စစ်အစိုးရတပ်များ အင်အားတိုး နေရာယူလာမှုများ ရှိနေသဖြင့် နောက်ပိုင်း ရက်များတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွား လာနိုင်ကြောင်း ဒီကေဘီအေနှင် ကေအန်ယူတို့က ပြောဆိုနေကြသည်။

Ref: မဇ္ဈိမ

Read More...

အန်အယ်ဒီ ဖျက်လျှင် လူထုလှုပ်ရှားမှုဖြင့် တု့ံ့ပြန်မည်ဟု ဗဒတ ဆို

ဖနိဒါ
အင်္ဂါနေ့၊ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၀

ချင်းမိုင် (မဇ္စျိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လှုပ်ရှားမှုကို စစ်အစိုးရက ရပ်တန့်စေပြီး ပါတီဝင်များကို ဖမ်းဆီးပါက လူထု ဆန္ဒပြပွဲများအထိ လုပ်သွားမည်ဟု မြေအောက် လှုပ်ရှားသော ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု (ဗဒတ) က ယနေ့ ပြောဆိုသည်။

၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ အန်အယ်ဒီသည် တရားဝင် မှတ်ပုံတင်ထားသည့် ပါတီဖြစ်ပြီး၊ ယင်းကို ဖျက်သိမ်းပါက ဆက်လက် ရပ်တည်ရေး အတွက် လူထု လှုပ်ရှားမှုဖြင့် တိုက်ပွဲဝင်မည်ဟု အဖွဲ့ ၇ ဖွဲ့ပါ ဗဒတ က ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

“ပါတီဝင်တွေကို တစုံတရာ ဖမ်းဆီးအရေးယူတာတို့ လုပ်လာမယ်ဆိုရင် ကျနော်တို့က လက်မခံဘဲ သူတို့ အရေးယူတဲ့ ပုံစံအလိုက်၊ ပြင်းထန်မှု အလိုက် ကျနော်တို့ လှုပ်ရှားမှုကလည်း ပြင်းထန်လာမယ်။ နောက်ဆုံး လူထု လှုပ်ရှားမှု ပုံစံထိ အကောင် အထည်ဖော်မယ်။ ဒါက နောက်ဆုံး ရည်မှန်းချက်။ လူထုလှုပ်ရှားမှု တခုထိ တိုက်ပွဲခေါ်မယ့် လမ်းကြောင်းကို လုပ်မယ်” ဟု ဗဒတ ပြောခွင့်ရတဦး ဖြစ်သူ ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။

ဖျက်သိမ်းခံ အန်အယ်ဒီပါတီဟုဆိုကာ နိုင်ငံပိုင် သတင်းစာများတွင် ယခုတလော ဖော်ပြမှုများ ရှိလာသဖြင့် ပါတီ ဖျက်သိမ်းရေး ရှေ့တိုး လုပ်လာနိုင်သည်ဟု ဗဒတ အဖွဲ့က ယူဆနေသည်။

ယခုလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နန်ဘီယားနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် “ဖျက်သိမ်းထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်” မှ ဦးဝင်းတင်၊ ဦးတင်ဦး အပါအဝင် အဖွဲ့ချုပ်ဝင်များ တွေ့ဆုံကြသည်ဟု ရေးသားဖော်ပြခဲ့သည်။

တရားမျှတမှု မရှိသော ရွေးကောက်ပွဲဟု ပြောဆိုခဲ့သော အန်အယ်ဒီအပါအဝင် ပါတီ ၁ဝ ခုမှာ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံ မတင်ခဲ့သဖြင့် တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း ယခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။ ထို့ပြင် ရပ်တည်ခွင့် ရရေးအတွက် နေပြည်တော် ဗဟိုတရားရုံးချုပ်သို့ အန်အယ်ဒီက လျှောက်ထားခဲ့ရာ ပယ်ချခံထားရသည်။ 


သို့သော် အန်အယ်ဒီကမူ ပါတီရုံးချုပ်ကို ဖွင့်ထားပြီး စုဝေးမှုများ ဆက်လက်ရှိနေကာ ယခုလ ၁၃ ရက်နေ့မှစ၍ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာသောအခါ လှုပ်ရှားမှုများ ပိုမို၍ ရှိလာခဲ့သည်။

အန်အယ်ဒီ လှုပ်ရှားမှုများကို အာဏာပိုင်များက တားဆီးပါက လူထုလှုပ်ရှားမှုအပြင် လူထုလူတန်းစား ပေါင်းစုံမှ ကန့်ကွက်ကြောင်း လက်မှတ်ထိုး တိုင်ကြားလွှာများကို ကုလသမဂ္ဂ အထိ ပေးပို့သွားမည်ဟုလည်း ဗဒတ က ဆိုသည်။

ဗဒတ တပ်ပေါင်းစုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၂ဝဝ၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ မြေလတ် ကျောင်းသားများ အဖွဲ့၊ ရွှေဝါရောင် မျိုးဆက်အဖွဲ့၊ New Generation၊ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသား လူငယ် အင်အားစု၊ ၉ဝ ခု မျိုးဆက် အဖွဲ့ စသည့် အဖွဲ့ ၇ ဖွဲ့ ပူးပေါင်းပါဝင်သည်။

ကျောင်းသားကျောင်းသူ လူငယ်များ အများဆုံးဖြင့် ဖွဲ့စည်းထားပြီး အမာခံ လူအင်အား ၂ဝဝ ကျော်ရှိပြီး ပြည်နယ်နှင့် တိုင်းများ တွင်လည်း အဖွဲ့ဝင်အင်အား တိုးချဲ့နေသည်ဟု တပ်ပေါင်းစုက ပြောဆိုသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, November 30, 2010

တဦးချင်း၊ တရပ်ကွက်၊ တမြို့နယ်မှသည် တနိုင်ငံ

November 30th, 2010

စိုးနေလင်း

ခုတလော မြန်မာနိုင်ငံက ပြည်တွင်းသတင်းတွေ အထူးသဖြင့်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ လှုပ်ရှားမှုတွေ၊ ပြည်သူ ထူထုရဲ့ ထောက်ခံ အားပေးမှုတွေနဲ့ ပြည်သူ့ သစ္စာဖောက်တွေ အပေါ် ပြည်သူလူထု တဦးချင်း တအုပ်စုချင်း ဆန့်ကျင်ရှုံ့ချ တိုက်ချုက်မှုတွေကို ကြားနေဖတ်နေ ရတဲ့အတွက် အများကြီး ၀မ်းသာ အားရဖြစ်ရ အားတက်ရပါတယ်။ ဒီတပွဲမှာ အမှန်တရား တရားမျှတမှု ဓမ္မက အဓမ္မကို အနိုင် ယူနိုင်လောက်ရဲ့ဆိုပြီး စိတ်ဓာတ်တွေ ပြန်အားတက် လာမိပါတယ်။ အဲဒီအခြေ အနေဟာ အမှန် တကယ်လည်း ဖြစ်ဖို့ သင့်တာကြာပါပြီ။

ဖြစ်လည်းဖြစ်နိုင်ပါတယ်။ ခုတကြိမ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အချိန်ဟာ စစ် အာဏာရှင်တွေ မတော်မတရား လုပ်မှုတွေရဲ့ အဆုံးစွန်အ ခြေအနေ၊ ပြည်သူလူထုရဲ့ သည်းခံနိုင်မှု ရေချိန်ရဲ့ အကန့်အသတ် ကုန်ဆုံးချိန်၊ စစ်အစိုးရရဲ့ အကုသိုလ်တွေပြန်ပြီး အကျိုးပေးဖို့ အချိန်နဲ့ အံဝင်ဂွင်ကျ ဖြစ်နေတယ်လို့ ပြောရမှာပါပဲ။

ပြဘ်သူလူထုတွေက ၂၀၀၇ ခုနှစ် ရွှေဝါရောင် အုံကြွမှုမှာ စစ်အာဏာရှင်တွေ ဘယ်လို အကြမ်းဖက် ဖြေရှင်း ခဲ့တယ်၊ ရဟန်းသံဃာ မရှောင် ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နှင်း ခဲ့တယ် ဆိုတာကို မျက်ဝါးထင်ထင် တွေ့မြင်ပြီး တာတောင်မှ လွတ်မြောက်လာမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့ အင်နဲ့အားနဲ့ စုဝေးချီတက်ကြ၊ အော်ဟစ် ဆုတောင်းခဲ့ကြ အားပေး ခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ စစ်အစိုးရကဟန့်တား နှောက်ယှက်လာရင် လည်းလက်မခံ အညံ့ မခံတော့ဘူးလို့ ဆုံးဖြတ်ထားပုံ ရပါတယ်။ အဲဒီလိုထောက်ခံ အားပေးဝိုင်းရံလာ လိမ့်မယ် ဆိုတာကို စစ်အစိုးရ ကမမျှော်လင့်ခဲ့သလို လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကလည်းမျှော်လင့် မထားခဲ့ဘူးလို့ ပြောရင် မှားမယ်မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်သူလူထု ဟာ အမှန်တရားနဲ့ တရားမျှတမှုကို ဘယ်လောက် လိုချင် တမ်းမက်နေသလဲ ဆိုတာကို မျက်ဝါး ထင်ထင် တွေ့မြင်လို့ ရပါပြီ။ အဲဒီတရားတွေကို ဘယ်သူကပဲ သူတို့အတွက် ကာကွယ်ပေးနိုင် တည်ဆောက် ပေးနိုင်မယ် ဆိုတာကိုလည်း ပီပီပြင်ပြင် နားလည်လို့ ရပါပြီ။ တကယ်တော့ ပြည်သူလူထုကြီး တရပ်လုံးကသာ လက်မခံဘူး ဆိုရင် ဘယ်လို အာဏာရှင်မျိုးကမှ တိုင်းပြည် တပြည်ကို ရေရှည် အုပ်ချုပ် မင်းလုပ်လို့ မရနိုင်ပါဘူး။ ဒါ အမှန်တရားဖြစ်ပါ တယ်။ အမှန်တရားဘက်၊ တရားမျှတမှုဘက်က ရပ်တည်ပေးရဲ ကြဖို့သာ အရေးကြီးတာ ပါ။ မတရားမှု တိုင်းကို ခေါင်းခါ လိုက်ကြဖို့သာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ခုထိ ရှင် န် ရပ်တည် နေနိုင်သေးတာဟာ သူတို့ကို ထောက်ခံ ကျားကန် ပေးနေကြတဲ့သူတွေ ရှိနေသေးလို့ပါ။ အထူးသဖြင့် အစိုးရ ၀န်ထမ်းဆိုတဲ့ ပြည် သူ့ဝန်ထမ်းတွေက အလုပ်ပြုတ် မှာ မိသားစု ဒုက္ခရောက်မှာကို ကြောက်လန့် စိုးရိမ်ပြီး စစ်အစိုးရ ခိုင်းတိုင်း လုပ်ပေးနေကြ လို့ပါပဲ။ စစ်အစိုးရရဲ့ ယန္တယားကြီးကို ဆုံလည်နွားတွေလို လှည့်ပေး နေကြလို့ပါပဲ။ တကယ်ကတော့ အမဲသားလှည်းကို ဆွဲပေးနေကြတဲ့ နွားတွေရဲ့ဘ၀မျိုးပါ။

ဒီကနေ့တော့ ပြည်သူလူထုဟာ အဲဒီလိုဖြစ်နေတဲ့အခြေအနေကနေ လွတ်မြောက်အောင် လုပ်ကြမှဖြစ်မယ်၊ လုပ်နိုင်တဲ့ သူရဲ့ ဦးဆောင်မှု နောက်ကို မမှိတ်မသုန် လိုက်ပါ ဆောင် ရွက်ကြမှ ဖြစ်မယ်လို့ အခိုင်အမာ ယုံကြည် ထားခဲ့ကြပြီလို့ ကျနော်ကတော့ ထင်ပါတယ်။ ပညာရှိစကားနဲ့ စောင့်ကြည့်ရ အုံးမှာပေါ့လေဆိုပြီး ကျားထိုးပွဲကို အပြင်ကကြည့် ဝေဖန် ပြောဆို နေတာနဲ့တော့ မရပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန် တက္ကသိုလ်ကျောင်းသား များသမဂ္ဂ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင် တယောက် အနေနဲ့ ပြောခဲ့တဲ့ မိန့်ခွန်း တခုထဲမှာ လူလိမ္မာတွေ အလိုမရှိ တိုင်းပြည် လွတ်လပ်ရေး ရအောင် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး မိုက်မိုက်ကန်းကန်း လုပ်မယ့် လူမိုက်တွေကို သာ အလိုရှိတဲ့ အကြောင်း ပြောသွားခဲ့တာကို ပြန်ပြီး အမှတ်ရမိပါတယ်။ အလွန် မှန်ကန်ပြတ်သား တဲ့စကားဖြစ်ပါတယ်။ ခုချိန်မှာလည်း ကျနော်တို့ မြန်မာတနိုင်ငံလုံး စစ်ကျွန်ဘ၀က လွတ်မြောက်ဖို့၊ ဒီမိုကရေစီ ပြည်ထောင်စု တခု ဖြစ်ဖို့ စွမ်းစွမ်းတမန် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လုပ်ပေးမယ့် သူတွေ၊ မိုက်မိုက်ကန်းကန်း လုပ်ရဲတဲ့ သူတွေ အများကြီး လိုအပ်နေပါတယ်။

တကယ်တော့ ဒီ၂၀၁၀ ရွေးကောက်ပွဲမှာ လုံးဝပါဝင်မှာမဟုတ်ဘူးလို့ ငြင်းပယ်ခဲ့တဲ့ ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိ လိုက်တယ် ဆိုတာကို အားလုံးမြင်သာ ထင်ရှား တွေ့မြင် ခဲ့ရပြီး ဖြစ်ပါတယ်။ ဒီလို အဖြစ်မျိုးဟာ ကမ္ဘာ့ သမိုင်းမှာတောင် အလွန် ရှားပါးတယ်လို့ပြောရမှာပါ။ ရဲဘော် ဖိုးသံချောင်း ပြောသလို အာဏာရှင် အစိုးရ တွေရဲ့ ဘဏ္ဍာတိုက်ကို စစ်အစိုးရက ဖြည့်ဆွက် ပေးလိုက်တာ ရှိသလို အဖိနှိပ်ခံ ပြည်သူလူထု တွေရဲ့ ဘဏ္ဍာတိုက်ကိုလည်း မြန်မာနိုင်ငံ ပြည်သူတွေက ဖြည့်ဆည်း ပေးခဲ့တာဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဖိနှိပ် ဖိနှိပ် ဖိရင် ကြွမယ်ဆိုတာကို အခိုင်အမာ ပြသ လိုက်တာပဲဖြစ်ပါတယ်။

ဒီကနေ့ မြို့တော်ဝန် ဆိုသူ အောင်သိန်းလင်းရဲ့အိမ်၊ ငါးမင်းဆွေဆိုတဲ့ စစ်အစိုးရ အလို တော်ရိ အိမ်တွေကို အမှန်တရား အတွက် မခံ မရပ်နိုင်အောင် ဖြစ်လာကြတဲ့ ပြည်သူလူထု ထဲက ပြည်သူလူထု တယောက် ဒါမှမဟုတ် တစုက ချီးထုပ်နဲ့ ပစ်ပေါက် ဆန့်ကျင်လာကြ တာကို တွေ့လာရပါပြီ။ ဒါဟာစစ်အာဏာရှင်တွေ အာဏာသိမ်း စိုးမိုး အုပ်ချုပ်လာပြီးခဲ့တဲ့ ၁၉၆၂ ခုနှစ်ကနေ ခုထိ နှစ်ပေါင်း ၅၀ နီးပါးအတွင်းမှာ ပထမဆုံး ပြည်သူလူထု တဦးချင်း တစုချင်း ဆန့်ကျင် ကန့်ကွက်မှုကို ပြသတာပဲ ဖြစ်ပါပါတယ်။ ဒါဟာ အလွန် ကောင်းမွန်တဲ့ ပြည်သူ့ဆန္ဒ ဖော်ထုတ်မှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူလူထု တဦးချင်းအနေနဲ့ အဲဒီ လို မတရားမှုဥပဒေ ချိုးဖောက်မှုတွေကို ခေါင်းငုံ့ မခံတော့ဘူးလို့ ပြသ လာတာဖြစ်တာ ဖြစ်ပါတယ်။ အလွန် အားရ ကြေနပ်စရာ ကောင်းပါတယ်။ ဒီလို လုပ်ရပ်မျိုးတွေဟာ ကမ္ဘာ့ ဒီမိုကရေစီ နိုင်ငံတွေမှာ ဖြစ်ရိုး ဖြစ်စဉ်တွေပါ။

တကယ်တော့ စစ်အာဏာရှင်တွေရဲ့ ဒေါက်တိုင်တွေဖြစ်တဲ့ ကြံ့ဖွတ်တွေ စွမ်းအားရှင်ဆို တဲ့ သစ္စာဖောက် လောက်ကောင် တွေဟာ ပြည်သူလူထု ကြားမှာပဲနေ နေကြတာပါ။ ပြည် သူလူထုကျွေးတဲ့ ထမင်းကိုပဲ စားပြီး ကျေးစွတ် အသက်ရှင် ရပ်တည် နေကြတာပါ။

ကျနော်တို့ပြည်သူလူထုကြီးကအလွန်မေတ္တာတရားကြီးမား ခွင့်လွှတ်စာနာခဲ့ကြလို့ သူ တို့ ဒီလောက်ထိ မိုက်ရိုင်း ရမ်းကား ရဲနေတာပါ။ ဒီကနေ့ ပြည်သူလူထုက တို့ လူ့အဖွဲ့အ စည်းမှာ ဒီလိုလူမျိုးတွေကို လက်မခံတော့ဘူး ဟေ့လို့ တခွန်း ပြောလိုက်တာနဲ့ အဲဒီ စစ်အုပ်စုရဲ့ကျောရိုး ဒေါက်တိုင်တွေ အရိုးအသား ရှာမရအောင် ဖြစ်သွားမယ် ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

ကျနော်တို့ပြည်သူလူထု အနေနဲ့ ကျနော်တို့ရဲ့လူထုခေါင်းဆောင်ပြောခဲ့သလိုပဲ ကိုယ်လို ချင်တဲ့ အရာကို ရအောင်ယူ တတ်ကြဖို့၊ ယူရဲကြဖို့၊ ယူကြဖို့ အရေးကြီးပါတယ်။ ဘယ်အ ဖွဲ့အစည်းရဲ့အဖွဲ့ဝင်ဖြစ်ဖို့မှ မလိုပါဘူး။ ပြည်သူလူထု တဦးချင်းအနေနဲ့ မတရားတာကို မတရားမှန်း သိဖို့ သိရင်မှန်တဲ့ဘက်က ရပ်တည် ရဲကြဖို့သာ အရေးကြီးတာပါ။

ပြည်သူ့သစ္စာဖောက်တွေကိုတော့ ပြည်သူလူထုနဲ့ အမှန်တရားနဲ့ ပြန်ပြီး မပူးပေါင်း မဆောင်ရွက် ကြတော့ဘူးဆိုရင် ရှင်းလင်း ဖယ်ရှား ပစ်ကြရုံသာ ရှိပါတယ်။ မြွေပွေးခါးပိုက် ပိုက် လုပ်ကြလို့ မဖြစ်ပါဘူး။ သူတို့ အကုသိုလ်နဲ့ သူတို့လို့ပဲ သဘောထား ကြရုံပါပဲ။ ရန်ငါ မပြတ်လို့ သံဃာ အသတ်ခံရတာ ဆိုတဲ့ ကဗျာဆရာ သစ်ကောင်းအိမ်ရဲ့ကဗျာလေးကို သတိရ စေချင်ပါတယ်။

ကျနော်တို့မှာ ခါးသည်းနာကျည်းစရာ သင်ခန်းစာတွေအများကြီး ရှိခဲ့ပါပြီ၊ ဒီတပွဲတော့ ဖြင့် ရဲရဲရင့်ရင့် စစ်အာဏာ ရှင်တွေကို အမြစ်ဖြတ် ချေမှုန်း ပစ်ကြရအောင်ပါ။

ပြည်သူလူထုအင်အားကို ဘယ်လိုအာဏာရှင်မျိုးကမှ အံတု တားဆီးလို့မရပါ။ ယုံကြည်ပါအမှန်တရား….။ ။

စိုးနေလင်း


Ref: နေ့သစ်

Read More...

ရွေးကောက်ပွဲ မသမာမှု NLD အစီရင်ခံစာ မူကြမ်း

မသိင်္ဂီထိုက်
တနင်္လာ, 29 နိုဝင်ဘာ 2010

ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲ မဲ မသမာမှု တွေကိုတော့ စာရင်းပြုစုပြီး ထုတ်ဖော် သွားမယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ လွတ်မြောက်လာချိန် သတင်းထောက် တွေနဲ့ တွေ့ဆုံချိန်မှာ ပြောထားတဲ့ အတိုင်း မသမာမှုတွေကို ရှာဖွေ ဖော်ထုတ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစီရင်ခံစာ တစောင် ပြုစုနေပါတယ်။ တဘက်မှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေး ပါတီတွေမှာလည်း ရွေးကောက်ပွဲ မတရားမှု မှတ်တမ်း မှတ်ရာနဲ့ တကွ ရှိနေပေမဲ့ ဒါတွေကို တရားဥပဒေ အရ ထိထိရောက်ရောက် တိုင်ကြားနိုင်ခြင်း မရှိပါဘူး။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြ ပေးထားပါတယ်။

အမတ်နေရာ ၈၀% ကျော်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲကို ၀င်ရောက် မယှဉ်ပြိုင်ပေမဲ့ နိုင်ငံတ၀န်းက ရွေးကောက်ပွဲ မတရားမှုတွေကို စာရင်းပြုစုပြီး အစီရင်ခံစာ တစောင် ပြုစုနေပါတယ်။

ဒီအစီရင်ခံစာက အခုဆိုရင် မူကြမ်း ပြီးစီးပြီး ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတည်ပြုဖို့ပဲ ကျန်ပါတော့တယ်။ ဒီအစီရင်ခံစာ အရ တွေ့ရတဲ့ ရွေးကောက်ပွဲ မတရားမှုတွေကို အစီရင်ခံစာ ပြုစုရေးအဖွဲ့က ဦးကြည်ဝင်းက အခုလို ပြောပါတယ်။

“မြို့တိုင်းလိုလို တက်လာတာ အားလုံး တူနေတာက မဲရုံမှူးတွေ၊ မြို့နယ်နဲ့ ရပ်ကျေး ကော်မရှင်ရယ်၊ ရယက တွေရယ်၊ မ၀တ တွေရယ်၊ ကြံ့ခိုင်ရေး အဖွဲ့တွေရယ်၊ အဲဒီ ၃ ဖွဲ့က အတူတူပဲဗျ။ အကုန်လုံး အကြံတူ ဉာဏ်တူပဲ၊ အလုပ်လည်း တူတယ်၊ ရည်ရွယ်ချက်ချင်းလည်း တူတယ်။ သူတို့ လက်ရဲဇက်ရဲနဲ့ လုပ်တာပဲ။ အဲဒီမှာ ကြိုတင်မဲရော ဘာရော အကုန်လုံး၊ များသောအားဖြင့် မဲရုံတွေမှာ တဦးတည်းနဲ့၊ ကလေးတွေရော အကုန်ထည့်တယ်၊ သူများမဲတွေရော ထည့်တယ်၊ ကျေးရွာတွေမှာ အဲဒီလိုပဲ။ တချို့ဆို အံ့သြဖို့တောင် ကောင်းတယ်ဗျာ၊ မဲပုံးကို အိမ်သယ်သွားတာတို့ ဘာတို့ အဲဒါမျိုးတွေ တောင်မှ၊ မဲနဲ့ ပတ်သက်တာ။ အထူးသဖြင့်တော့ ဆိုးတာက ကြိုတင်မဲတွေက တော်တော် ဆိုးတယ်။”

ကြံ့ခိုင်ရေးပါတီ အနိုင်ရရေးအတွက် စစ်အစိုးရ အာဏာပိုင်တွေက သူတို့ကိုယ်တိုင် ထုတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေ တွေကို ချိုးဖောက် ခဲ့တာတွေက သက်သေနဲ့တကွ ရှိတယ်လို့လည်း NLD ပါတီရဲ့ ရွေးကောက်ပွဲ မသမာမှု အစီရင်ခံစာ ပြုစုရေးအဖွဲ့က ဦးကြည်ဝင်းက ဆက်ပြောပါတယ်။

“ထူးဆန်းတာက မဲရုံတရုံဆို လာပေးတဲ့လူက ၉၆ မဲပဲရှိတယ်။ အဲဒီမှာ မဲပေးပိုင်ခွင့်က ၇,၀၀၀ ကျော်ရှိတာ ၉၆ မဲပဲရှိတော့ အဲဒီ ၆,၀၀၀ ကျော်လောက်က ကြိုတင်မဲ ဖြစ်နေတယ်။ စွမ်းအင်ဝန်ကြီးဌာန ၂ ကဆိုရင် ညွှန်ကြားရေးမှူး ကိုယ်တိုင်က ၀န်ထမ်းတွေ တပြည်လုံးကို ညွှန်ကြားစာ ထွက်ပြီးတော့ မဲပေးခိုင်းတာဗျာ ကြံ့ခိုင်ရေးကို။ အဲဒီစာကို ကျနော်တို့ရတယ်။ အဲဒီမှာ စာပါ တွဲထားတယ်။”

ကြိုတင်မဲတွေနဲ့ ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ လုပ်ဆောင်ခဲ့ကြသလို မဲရုံထဲက မဲပုံးကို ကျေးရွာ ဥက္ကဋ္ဌက လူထုရှေ့မှာ မဲမရေဘဲ သူ့အိမ်ကို ယူသွားတာမျိုး၊ မဲ လာမထည့်ရင် အရေးယူမယ်လို့ ရွေးကောက်ပွဲ နေ့က မြို့နယ် အာဏာပိုင်တွေက အသံချဲ့စက်နဲ့ ပြောဆိုတာတွေလည်း တွေ့ရတယ်လို့ NLD ရဲ့ ရွေးကောက်ပွဲ မသမာမှု အစီရင်ခံစာ မူကြမ်းမှာ ပါဝင်ပါတယ်။

ဒီအစီရင်ခံစာ ဖြစ်ဖို့အတွက် ရွေးကောက်ပွဲ ၀င်ပြိုင်တဲ့ နိုင်ငံရေးပါတီ တချို့နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် တချို့တို့ကလည်း NLD ကို ကူညီ ပေးခဲ့ကြတယ်လို့ ဦးကြည်ဝင်းက ပြောပါတယ်။

ဒီလို ရွေးကောက်ပွဲ မသမာမှုတွေ ရှိပေမဲ့ ဒါကို တရားဝင် တိုင်ကြားနိုင်တော့မှာ မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ မန္တလေးမြို့က ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ ဦးတင်အောင်က ပြောပါတယ်။

“ကော်မရှင်ကလည်း အစိုးရပဲ၊ USDP အဖွဲ့ကလည်း လက်ရှိဝန်ကြီးတွေ အစိုးရပဲ ဖြစ်နေတယ်။ နောက်တခုက ဒီမှာ မဲရုံမှာ လုပ်ကိုင် နေကြတာလည်း ကျောင်းဆရာ ဆရာမတွေပေါ့ဗျာ။ ကျနော်တို့ အနေနဲ့ တိုင်ကြားဖို့ ဆိုတာက သက်သေ သက္ကာယကလည်း သူတို့ပဲ တင်ပြရမှာ ဖြစ်နေတယ်လေ။ အဲဒီတော့ သက်သေက တကယ်လို့များ ဟိုရောက်လာရင် ထွက်ဖို့ အခြေအနေ မပေးဘူးလို့ ကျနော်တို့ မန္တလေးတိုင်း ကတော့ တွက်တယ်လေ။ ကျနော်တို့ တိုင်လို့ ထွက်လာမယ့် အဖြေဟာ ကျနော်တို့ ရနိုင်တဲ့ အနေအထား မရှိဘူးခင်ဗျ။ ဒီမသမာမှုတွေတော့ ရှိနေတာပဲပေါ့လေ။”

ရွေးကောက်ပွဲ မသမာမှုတွေကို ရွေးကောက်ပွဲ ဥပဒေအရ ကော်မရှင်ကို တိုင်ကြားနိုင်တဲ့ အကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားချက် ထုတ်ထားပါတယ်။ ဒီလို တိုင်ကြားရာမှာ သက်သေ ထင်ရှားရင်တော့ မသမာမှုတွေ ကျူးလွန်သူကို ထောင်ဒဏ် ၁ နှစ်နဲ့ ငွေဒဏ် ၁၀၀,၀၀၀ ပြစ်ဒဏ် တမျိုးမျိုး ချမှတ်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် ပြစ်ဒဏ် ၂ မျိုးလုံးလည်း ချမှတ်နိုင်ပါတယ်။

ဒါပေမဲ့ တိုင်ကြားသူက သက်သေ အတိအကျ မပြနိုင်ရင်တော့ ဒါကို လိမ်လည် တိုင်ကြားတယ်လို့ မှတ်ယူတယ် ဆိုပြီး ထောင်ဒဏ် ၃ နှစ်၊ ဒါမှမဟုတ် ငွေဒဏ် ၃၀၀,၀၀၀၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်လုံး ချမှတ်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ထားတာ ဖြစ်ပါတယ်။ ဒီလို မသမာမှုတွေကို တိုင်ကြားမယ် ဆိုရင် ကျပ်ငွေ ၁,၀၀၀,၀၀၀ တရားစရိတ် တင်ရမယ်လို့ သတ်မှတ်ထားတဲ့ အတွက် ဒီမသမာမှုတွေကို တရားစွဲဆို တိုင်ကြားနိုင်ဖို့ အခွင့်အလမ်း မရှိသလို ဖြစ်နေပါတယ်။

Ref: VOA News

Read More...

လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆိုခွင့် ဗိုလ်ချုပ်မှူးကြီး ပိတ်ပင်

ခင်ဦးသာ
Monday, 29 November 2010

ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ပိတ်ပင်လိုက်ကြောင်း AP သတင်းတွင် ရေးသားထားသည်။

လာမည့် လွှတ်တော်ထဲ၌ နိုင်ငံတော်လုံခြုံရေးနှင့် တို့တာဝန် အရေးသုံးပါးအား ထိခိုက်နိုင်မည့် ပြောဆိုမှုများ၊ ၂၀၀၈ ဖွဲ့စည်းပုံအား ဝေဖန် ပြောဆိုမှုများ ရှိလာပါက ထောင်ဒဏ် ၂ နှစ် ချမှတ်မည်ဟု စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က နိုဝင်ဘာလ ၂၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သို့ရာတွင် လွှတ်တော်အတွင်း၌ ပြောဆိုစရာ ရှိသည်ကို ပြောဆိုသွားမည် ဖြစ်ကြောင်း တိုင်းရင်းသား ပါတီ ခေါင်းဆောင် တချို့က ဆိုသည်။

“ကျနော်တို့ သွားနေတဲ့ လမ်းစဉ်ကိုက တို့တာဝန် အရေးသုံးပါးကို ဦးတည်သွားနေ ကြတာပဲ။ မလိုက်နာတာက သူတို့ပဲလေ။ ထောင်ချမယ် ဆိုရင်လည်း သူတို့ကိုပဲ ချရမှာပေါ့” ဟု မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ ဥက္ကဋ္ဌ နိုင်ငွေသိန်း က ဧရာဝတီကို ပြောသည်။

တိုင်းရင်းသားအားလုံးသည် တိုင်းရင်းသားစည်းလုံးညွတ်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ ဒီမိုကရေစီ ရရှိရေး စသည့် မူအရ လုပ်ဆောင် နေကြကြောင်း၊ ထို့ကြောင့် ပေါ်ပေါက်လာမည့် လွှတ်တော် ထဲတွင်လည်း ထိုလမ်းစဉ်များ အတိုင်းသာ ပြောဆို
ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဆက်ပြောသည်။

“ပြောစရာရှိတာကို ပြောဆိုရမှာပဲ ကြောက်နေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး” ဟုလည်း ဦးနိုင်ငွေသိန်းက ဆိုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ထောင်ချမယ်လို့ ပြောပေမယ့် ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါတဲ့ အတိုင်းပဲ ပြောစရာရှိတာ ပြောရမှာပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောတာလည်းပဲ ဒါကို အခြေခံပြီးတော့ ပြောတာလို့ ထင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် ပါဝင်သည့် အချက်များကို သဘောတူကြောင်း လက်မှတ် ထိုးထားသည့် အတွက် ပါတီ ထောင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲတွင် ပါရှိသည့် ပြောဆိုနိုင်သော ဘောင်အတွင်းမှ ပြောဆို သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် ထိုသို့ပြောဆိုလိုက်ခြင်းသည် ပြည်သူလူထုက ရွေးကောက် တင်မြှောက် လိုက်သော ပြည်သူ့ ကိုယ်စားလှယ်များက လွှတ်တော်ထဲ၌ စစ်တပ်အား ဝေဖန် ထောက်ပြမည်ကို စိုးရိမ်၍ ကြိုတင် တားမြစ်သည့်သဘော ဖြစ်နိုင်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လာမည့် အစိုးရသစ်တွင် ပါဝင်မည်မဟုတ်ဘဲ စစ်ကော်မရှင် တရပ်ဖွဲ့ကာ အစိုးရ အဖွဲ့၏ အပေါ်မှနေ၍ အာဏာကို ဆက်လက်ချုပ်ကိုင် သွားနိုင်ကြောင်း နိုင်ငံရေး လေ့လာသူ တချို့က ဆိုသည်။

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဦးသိန်းဦးက “ဒီလို ထုတ်ပြန်လိုက်တာဟာ တက်လာမယ့် လွှတ်တော် အမတ်တွေကို ထောင်ချောက် ဆင်တာ ဖြစ်သလို၊ ခြိမ်းခြောက် လိုက်တဲ့ သဘောပါ။ ဘာမှ မပြောရဲတော့အောင် ကြိုတင် တားလိုက်တာပါ။ လွှတ်တော် အမတ်တွေ အနေနဲ့လည်း ဘာမှ ပြောခွင့်ရမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ဗိုချုပ်မှူးကြီးသန်းရွှေ၏ ထုတ်ပြန်ချက်သည် လွှတ်တော်ထဲ၌ ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြလာ မည်ကို ကြိုတင် တားမြစ်လိုသည့် အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဦးသိန်းဦးက ဆိုသည်။

ရွေးကောက်ပွဲ၌ အနိုင်ရထားသော ဒီမိုကရက်တစ်အင်အားစုထဲမှ တချို့ကမူ ၎င်းတို့အနေနှင့် ပြည်သူ ပေးထားသည့် တာဝန်ကို ယူထားရသော ကိုယ်စားလှယ်များ ဖြစ်သောကြောင့် ပြည်သူတို့၏ လိုအပ်ချက်များကို ပြောဆိုရန် အတွက်သာ လွှတ်တော် သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု လိုအပ်ချက်ကို မပြောဆိုနိုင်ပါက ပြည်သူအပေါ် သစ္စာဖောက်ရာ ရောက်မည် ဖြစ်ကြောင်း ပြောကြသည်။

“တချို့ကိစ္စတွေက ခေတ်နဲ့မညီတော့ဘူး။ ဒါကြောင့် ပြောင်းလဲသင့်တာ ပြောင်းရမယ်။ ဒါမှ မဟုတ်ရင်တော့ တယောက်တည်း ကျန်ခဲ့မှာ သေချာတယ်။ ကန့်သတ်တယ် ဆိုတာက နေရာတကာမှာ မလုပ်သင့်ဘူး။ ဖက်ဒရယ် စနစ်ကြောင့်လည်း တိုင်းပြည် ဘယ်တော့မှ ပြိုကွဲမှာ မဟုတ်ဘူး” ဟု နိုင်ငွေသိန်းက ဆိုသည်။

ဆက်လက်၍ ၎င်းက လက်ရှိ သွားမည့် နိုင်ငံရေးလမ်းကြောင်းသည် ဒီမိုကရေစီ လမ်းကြောင်းဟု ဆိုထားသဖြင့် တိုင်းရင်းသား များနှင့် ဒီမိုကရက်တစ် အင်အားစု များက စည်းလုံး ညီညွတ်စွာ ဥပဒေ ဘောင်အတွင်းမှ ပြောဆိုသွားပါက အတိုင်းအတာ တခုထိ အောင်မြင်မှု ရလာမည်ဟု ယုံကြည်ကြောင်း ပြောသည်။

ဒေါက်တာ အေးမောင်ကလည်း “ပြည်ထောင်စုကြီးကို ဘယ်သူကမှ မပြိုကွဲစေချင်သလို၊ ပြည်တွင်းမှာ စစ်ဖြစ်နေကြတာ ကိုလည်း မလိုလားကြပါဘူး။ အချုပ်အခြာ အာဏာ မကျဆုံးစေချင်ဘူး။ တပ်မတော် ဆိုတာလည်း ပြည်ပရန်သူကို ကာကွယ်ဖို့ အရေးကြီးဆုံးပါ” ဟု ဆိုသည်။

မြန်မာနိုင်ငံကို လက်ရှိတာဝန်ယူ အုပ်ချုပ်နေသူများ၊ နိုင်ငံရေး ခေါင်းဆောင်များ အားလုံး၏ ရင်ထဲ၌ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် တန်းတူအခွင့်အရေးကို အလေးထားကြမည် ဆိုပါက ပင်လုံညီလာခံ ကဲ့သို့သော ဆွေးနွေးပွဲကြီးပင် လိုအပ်မည် မထင်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ်သည် တိုင်းရင်းသား များ၏ အရေးအကြီးဆုံး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ချင်းအမျိုးသားပါတီ (CNP) ၏ ဥက္ကဋ္ဌ ဦးဇိုဇမ်က “လွှတ်တော်ထဲမှာ နပန်း လုံးတာမျိုးတွေ ဖြစ်လာမှာစိုးလို့ ထုတ်တာလည်း ဖြစ်နိုင်ပါတယ်။ တယောက်နဲ့ တယောက် ဟိုဟာ ဒီဟာနဲ့ ပစ်ပေါက် ကြတာမျိုးတွေ ဖြစ်မလာအောင် တားတဲ့ သဘောလို့ ထင်ပါတယ်” ဟု ပြောသည်။

အင်း အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ဝင်းကမူ ၎င်းတို့ပါတီသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမျိုး မြှင့်တင်ရေး၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး တို့ကိုသာ ပြောဆိုမည်ဖြစ်ပြီး နိုင်ငံရေးနှင့် ပတ်သက်၍ မပြောဟု ဆိုသည်။

တိုင်းသားပါတီများအနက် အကြီးဆုံးပါတီတခု ဖြစ်သောရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူ ပါတီ၏ တာဝန် ရှိသူကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပြောဆိုရန် စောသေးသည်ဟု ဧရာဝတီကို ပြောသည်။

Ref: ဧရာဝတီ်

Read More...

ကိုဌေးကြွယ်အမေ နှစ်လည်ဆွမ်းကပ် ဒေါ်အောင်ဆန်းစုကြည်တက်

ကိုဝိုင်း
တနင်္လာနေ့၊ နိုဝင်ဘာလ ၂၉ ရက် ၂၀၁၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထောင်နှစ်ရှည်ကျနေသော ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ်၏ မိခင် ကွယ်လွန်ခြင်း သုံးနှစ်ပြည့် ဆွမ်းကပ်ပွဲကို ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

ဘူးသီးတောင်ထောင်၌ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ မိခင် ၃ နှစ်ပြည့် နှစ်လည် ဆွမ်းကပ် အမျှဝေပွဲကို ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း ရိပ်သာ၌ ယနေ့ ပြုလုပ်သည်။

နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော အခြားကျောင်းသားခေါင်းဆောင်များ၏ မိသားစုများကိုလည်း ဆွမ်းကျွေးတွင် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ အားပေးခဲ့ပြီး အခက်အခဲများကို အဖွဲ့ချုပ်မှ ကူညီဖြေရှင်းပေးမည်ဟု ပြောသွားကြောင်း သိရသည်။

“မိသားစုတွေ အကုန်လုံးကို ခေါ်ပြီးတော့ တွေ့ဆုံပွဲ လုပ်ပေးမယ်တဲ့။ ကျန်းမာရေးကို အထူး ဂရုစိုက်ကြပါပေါ့။ ထောင်တွေထဲမှာ ကျန်းမာရေးက အရေးကြီးဆုံးပဲပေါ့။ သွားတွေ့ဖို့ အခက်ခဲတွေ ရှိရင်လဲ သူတို့ကို တင်ပြပါလို့ ပြောတယ်” ဟု သူ့နှမ မမိမိကြွယ်က မဇ္ဈိမကို ပြောသည်။

ဘူးသီးတောင်ထောင်မှ ကိုဌေးကြွယ် အစာအိမ်ရောဂါ ပြန်ခံစားနေရကြောင်းလည်း မမိမိကြွယ်က ပြောသည်။

အခြား ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ မိသားစုဝင်များနှင့် နိုင်ငံရေးသမား ၁၀၀ ကျော် တက်ရောက် ခဲ့ကြသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ရှိနေသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)က ထုတ်ပြန်ထားသည်။

၁၉၈၈ လူထုအုံကြွမှုတွင် အဓိကအခန်းမှ ပါဝင်ခဲ့သော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များမှာ ၂ဝဝ၇ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့ရာက ထောင်ဒဏ် ၆၅ နှစ် စီ အပြစ်ပေးခံရသည်။

ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နန်ဘီးယားကလည်း နှစ်ရက်ကြာ ခရီးစဉ်အပြီး နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆို လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အိမ်တွင် နိုဝင်ဘာ ၂၇ ရက်က သွားတွေ့ခဲ့သလို ကြံ့ခိုင်ဖွံ့ဖြိုးရေး အပါအဝင် ရွေးကောက်ပွဲဝင် ပါတီများ နှင့်လည်း မစ္စတာ နန်ဘီးယား တွေ့ဆုံခဲ့သည်။

နိုင်ငံရေး အပြောင်းအလဲတွင် ရွေးကောက်ပွဲဝင် အနိုင်ရပါတီများသာမက ရွေးကောက်ပွဲမဝင်သူ ဝင်ခွင့်မရသူများကိုလည်း ထည့်သွင်းရန် သူက တောင်းဆိုထားသည်။

Ref: မဇ္ဈိမ

Read More...

ကရင်တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် နအဖ ၃၀ဦးကျဆုံး

စောသိန်းမြင့်
နိုဝင်ဘာလ ၂၉ရက်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ဘက်ပိုင်းတွင် ကရင်တပ်ဖွဲ့မှ နအဖနှင့် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်း တပ်တို့ကို ချုံခို တိုက်ခိုက်ခဲ့ရာ နအဖဘက်မှ (၃၀) ဦး ကျဆုံးခဲ့ပြီး လက်နက် (၃၀) လက် ကရင်တပ်ဖွဲ့မှ သိမ်းဆည်း ရမိသည်ဟု သိရ သည်။

ယမန်နေ့ နေ့လည်ပိုင်းတွင် ကော့ကရိတ် အခြေစိုက် နအဖ စကခ(၁၂) လက်အောက်ခံ ခလရ (၂၃၁) တပ်ရင်းနှင့် BGF (၁၀၁၆) တပ်ရင်းတို့ ပူးပေါင်း တပ်ဖွဲ့အား တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော် (ဒီကေဘီအေ) ကလိုထူး ဘောဗျူဟာ (၁) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ်လ်အေ) တပ်ရင်း(၁၈)တို့ ပူးပေါင်း၍ ခုဒုံနှင့် အောင်လိုင် ကျေးရွာကြား တနေရာတွင် ချုံခို တိုက်ခိုက်ခဲ့သည်ဟု ဒီကေဘီအေ ကလိုထူးဘော ဗျူဟာ (၁) စစ်ဆင်ရေးမှူး G2 ဗိုလ်မှူး စောဆန်းအောင်က ယခုလို ပြောသည်။

၎င်းက “မနေ့က နေ့လည် ၁၂း၀၀နာရီအချိန်မှာ ခုဒုံနဲ့ အောင်လိုင်ကြားက တောင်ကြား တနေရာမှာ တက်လာတဲ့ နအဖနဲ့ BGF စစ်ကြောင်းကို ကျနော်တို့ တပ်ဖွဲ့က အပိုင်နေရာ ယူထားပြီးတော့ စောင့်ပစ်တယ်။ အဲဒီမှာ နအဖနဲ့ BGF တွေရဲ့ အလောင်း ၃၀ နဲ့ လက်နက် အလက် (၃၀) ကို ကျနော်တို့ဘက်က ကောက်ရခဲ့တယ်။” ဟု ကေအိုင်စီကို အတည်ပြု ပြောကြားသည်။

အဆိုပါ ချုံခိုတိုက်ပွဲတွင် ကရင်တပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှု အနည်းငယ် ရှိခဲ့ပြီး နအဖနှင့် BGF တို့ထံမှ 81၊ 82၊ RPG၊ M1၊ M2 စသည့် လက်နက်များ အပါအ၀င် ကျည်ဆံ တချို့ကိုလည်း သိမ်းဆည်း ရမိခဲ့သည်ဟု ဗိုလ်မှူးစောဆန်းအောင် က ပြောသည်။

ထို့အပြင် မြ၀တီခရိုင် ဝေါ်လေဒေသ၊ ဖလူးကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ရက်နေ့ည (သောကြာနေ့) မှ စ၍ ယနေ့အ ချိန်ထိ နအဖ စစ်တပ်နှင့် ကရင် တပ်ဖွဲ့ဝင်တို့ကြား အပြန်အလှန် ပစ်ခတ်ခဲ့ရာ နအဖဘက်က ၁ ဦး သေဆုံးကာ ၂၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ကရင်တပ်ဖွဲ့မှ ၁ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ်မှုများကြောင့် ဖလူးကြီး၊ ဖလူးငယ်၊ ကျောက်ခက်စသည့်ကျေးရွာမှ ဒေသခံ ကရင်ပြည်သူ ၁,၀၀၀ ကျော် ထိုင်းနိုင်ငံ၊ ဖို့ဖရမြို့နယ် အတွင်းရှိ နယ်စပ် နေရာများသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်။

အလားတူ ဘုရားသုံးဆူမြို့နယ်ခွဲရှိ တဲသုံးလုံးနှင့် ဇီးပင်ကျေးရွာကြားတွင် နအဖ ခမရ(၄၁၀) နှင့် ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောအေ၀မ်း တပ်ဖွဲ့တို့ ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၂ ဦး ပွဲချင်းပြီး ကျဆုံး သွားခဲ့ကြောင်း သိရသည်။

နယ်ခြားစောင့်တပ် အမှတ်(၁၀၁၆) တပ်ရင်းကို ဦးစီးသူမှာ ဗိုလ်မှူးစောမြတ်ခိုင် ဖြစ်ပြီး ယခင် ဒီကေဘီအေ တပ်မဟာ (၉၉၉) လက်အောက်ခံ တပ်ရင်း (၃) ၏ တပ်ရင်းမှူး ဖြစ်သည်။

Ref: KIC News

Read More...

သျှမ်းပြည်တလွှား နအဖစစ်အရာရှိကြီးများ စစ်ရဟတ်ယဉ်ဖြင့်လှည့်ပတ်

Monday, 29 November 2010

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ငြင်းဆန်ထားသော ဝ နှင့် မိုင်းလားနယ်အနီး တ၀ိုက် နအဖ အရာရှိကြီးများ စစ်ရဟတ်ယာဉ်ဖြင့် လှည့်ပတ်ပြီး ဒေသတွင်း စကခ၊ ဒကစ နှင့် ဗျူဟာမှူးများနှင့် လိုက်လံ ခေါ်တွေ့ကြောင်း စုံစမ်းသိရှိ ရပါသည်။

“ကြည်းရေလေညှိုနှိုင်းကွပ်ကဲရေးမှူး ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ အတူ ကာကွယ်ရေး ၀န်ကြီးဌါန အမှတ် ၂ စစ်ဆင်ရေး အထူး အဖွဲ့မှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၊ စရဖ အရာရှိချုပ် ဗိုလ်ချုပ်ကျော်ဆွေတို့ အတူလိုက်ပါ လာကြတယ်” ဟု ကျိုင်းတုံ ဒေသခံတစ်ဦးက ပြောပါသည်။

ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ ၂၄ ရက် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းအနောက်တောင်ဘက်ရှိ မိုင်းလိုက် ကျေးရွာအုပ်စု၊ ၂၅ ရက် ကျိုင်းတုံ-မော်ဖှ-တန့်ယန်း၊ ၂၆ ရက် သိန္နီ-ကွန်လုံသို့ သွားရောက် လှည်ပတ်ခဲ့ပြီး လားရှိုးသို့ ရောက်ရှိ လာခဲ့သည်ဟု သိရှိရသည်။

“၂၆ ရက်မှာဘဲ လောက်ကိုင် ဒကစမှူး၊ သိန္နီ စကခ ၁၆ မှူးနဲ့ တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်စော တို့ကို ခေါ်ပြီး အစည်းအဝေး လုပ်တယ်။ အကြောင်းရင်း မသိရပေမဲ့ အပစ်ရပ် အဖွဲ့တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမယ် ထင်တယ်” ဟု တရုတ်နယ်စပ် သတင်းရပ်ကွက်က ပြောပါသည်။

ရဲချုပ်ဗိုလ်ချုပ်ခင်ရီ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်နှင့် တွေ့ဆုံသည့် သတင်းထွက်ပေါ်ချိန် ယခုကဲ့သို့ နအဖတပ် တပ်မှူး ကြီးများ လှည့်ပတ် နေကြခြင်းမှာ အပစ်ရပ်များ အပေါ် မည်ကဲ့သို့ ဆက်လက် ကိုင်တွယ်ရမည်ကို ဗိုလ်ခင်ညွှန့်ထံမှ ရသော အကြံဥာဏ်နှင့် ဆက်စပ်နိုင်သည်ဟု နိုင်ငံရေး လေ့လာ သုံးသပ်သူ တစ်ဦးကလည်း ထင်မြင်ချက်ပေးသည်။

“တန့်ယန်းရောက်တုန်း ဗျူဟာမှူး၊ တပ်ရင်းမှူးတွေ ၁၀ ယောက်လောက်နဲ့ အစည်းအဝေး လုပ်တယ်။ ကွန်လံ-လောင်ကိုင်း ဖက်သွားတုန်းက ၀ တပ်ဖွဲ့ အခြေအနေကို မေးမြန်းခဲ့တယ် ထင်တယ်။ ဝ တပ်ဖွဲ့ကိုဘဲ နောက်ထပ် ခေါ်တွေ့ဖို့ ရှိမယ်လို့ကြားတယ်” ဟု တန့်ယန်း ဒေသခံ တစ်ဦးက ပြောပါသည်။

“နအဖက အပစ်ရပ်တွေအပေါ် နံပါတ် ၁ က အနုနည်းနဲ့စည်းရုံးဆွဲဆောင်မယ်။ ၂-လူထုအတွင်း အပစ်ရပ် အမာခံ တွေကို ရှင်းလင်း သိမ်းသွင်းမယ်။ သျှမ်းတပ်နဲ့ ဆက်စပ် နှီးနွယ်သူတွေကို ခြိမ်းခြောက် နှိပ်ကွပ်တာမျိုးတို့ လုပ်မယ်။ ၃ အပစ်ရပ် အပေါ် အနိုင်ပိုင်း လွယ်မဲ့နည်း အပိုင်စား၊ အမှည့်ချွေတဲ့ နည်းတွေနဲ့ အပစ်ရပ် တပ်ဖွဲ့ တပ်သားတွေ အငိုက်မိတုံး လက်မလွတ်တမ်း လျှပ်တပြတ် ၀င်ပစ်မယ်။ ၄-နယ်မြေ ကျွမ်းကျင်ရေး၊ စိမ့်ဝင်စည်းရုံးရေး၊ အမာခံ မွေးထုတ်ရေးတွေ လုပ်ထားပြီး စစ်ဆင်ရေး ကြီးဆင်နွဲဖို့ ပြင်ဆင်ထားမယ်။ ဒီနည်း ၄ နည်းကို ကျင့်သုံးနေတာ” ဟု သျှမ်းပြည် တပ်မတော် မြောက်ပိုင်းမှ အရာရှိတစ်ဦးက ပြောပါသည်။

တဖက်၌လည်း နိုဝင်ဘာ ၂၇ ရက် လားရှိုးမှ စားနပ်ရိက္ခာနှင့်ခဲယမ်းမီကျောက်များတင် ၆ ဘီးစစ်ကား အစီး ၅၀ ကျော် လားရှိုး-ကွန်လုံဖက် တက်သွားကြောင်း သိရှိရပါသည်။

Ref: သျှမ်းသံတော်ဆင့်

Read More...

Monday, November 29, 2010

မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲသစ်ကြောင့် ဒုက္ခသည်တွေ ထိုင်းနိုင်ငံ ထွက်ပြေး

တနင်္ဂနွေ, 28 နိုဝင်ဘာ 2010

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု အသစ်တွေကြောင့် ဒေသခံရွာသား ၁,၀၀၀ ကျော် လောက်ဟာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ထွက်ပြေး လာခဲ့ကြကြောင်း ထိုင်း အာဏာပိုင်တွေက ပြောပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်က သောင်ရင်းမြစ်ကို လှေတွေနဲ့ ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို တနင်္ဂနွေ နေ့ကပဲ ထွက်ပြေး လာကြတာပါ။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တပ်ဖွဲ့ တချို့တို့ တိုက်ပွဲတွေ စနေနေ့ နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အတွက် ဒေသခံရွာသားတွေ ထွက်ပြေး လာကြတာလို့လည်း ဆိုပါတယ်။

ဒါဟာဆိုရင် ဒီလအတွင်း ပဋိပက္ခမှုတွေက ရှောင်ရှားပြီး ဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲ ထွက်ပြေး လာတာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ နယ်စပ်မြို့ ဖြစ်တဲ့ မြ၀တီက အစိုးရရုံး တချို့ကို DKBA တပ်ဖွဲ့တွေက စီးနင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ရာက နောက်ဆက်တွဲ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၂၀,၀၀၀ လောက် ထိုင်းနိုင်ငံထဲ ထွက်ပြေး ခဲ့ကြပါတယ်။ ဒီအထဲက အများအပြား ကတော့ တိုက်ပွဲတွေ ရပ်တန့် သွားတဲ့အတွက် နေရပ်ရင်း ပြန်သွား ခဲ့ကြတာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှု ရှိတယ် ဆိုတာ အာမခံနိုင်မှသာ နေရပ်ရင်း ပြန်ဖို့ စီစဉ် သင့်တယ်လို့ အဲဒီ အချိန်တုန်းက သတိပေးခဲ့တာ ဖြစ်ပါတယ်။

Ref: VOA News

Read More...

ကုလ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့

2010-11-27

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားတို့ ဒီကနေ့ ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ မြန်မာ့အရေး ဆွေးနွေး ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဗီဂျေးနမ်ဘီးယားတို့ဟာ နေ့လည် (၂) နာရီကနေ ၂ နာရီခွဲလောက် အထိ နှစ်ဦးတည်း တွေ့ဆုံပြီး အဲဒီနောက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် တွေနဲ့ပါ ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီနောက်မှာ CRPP နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေပါ ပါဝင်ပြီး ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်နဲ့ ဆွေးနွေး ကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“ဆွေးနွေးပွဲကတော့ တော်တော့်ကို ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး အမြင်ချင်း ဖလှယ်ကြတာ တွေ့ရပါတယ်။ ဒါဟာ ကောင်းတဲ့ အလားအလာလို့ ကျနော်တို့ မြင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးကလည်း မကြာမကြာ ပြောနေပါတယ်၊ မြန်မာနိုင်ငံ ပြဿနာဟာ ရွေးကောက်ပွဲ အကြို တုန်းကလည်း အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ရမယ်လို့ သူပြောသလို မနှစ်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သူ့ရဲ့ သဝဏ်လွှာမှာလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ မြန်မာ နိုင်ငံအတွက် မဖြစ်မနေ ဆောင်ရွက်ရမယ့် အဖြေပဲ၊ အဲဒီကစပြီး နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရမယ်လို့ ပြောထားတာ ဆိုတော့ အခု ခရီးစဉ်ကလည်း အဲဒီအတွက် ဦးတည်တယ်လို့ ပြောချင်ပါတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရအောင် ကြိုးစားမယ်ဆိုတဲ့ ကျနော်တို့ အထွေထွေ အတွင်းရေးမှူးရဲ့ ပိုင်းဖြတ်ထားချက်လည်း ရှိတယ်။ အဲဒီအတွက်လည်း သူက တွန်းပြီးတော့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် အခုလို ကျနော်တို့ကို ကူညီဆွေးနွေးဖို့၊ ကျနော်တို့ချင်း တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့အတွက် ကူညီဖို့ ပုဂ္ဂိုလ်တွေ ရောက်လာတာဟာ ကောင်းတဲ့နိမိတ်၊ ကောင်းတဲ့ အလားအလာလို့ ပြောချင်ပါတယ်”

ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ထုတ်ပြန်မှာ မဟုတ်ဘူးလို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒီဆွေးနွေးပွဲဟာ အကျိုးရှိတဲ့ ဆွေးနွေးပွဲ ဖြစ်ကြောင်း၊ ဒါပေမယ့် မြန်မာ့အရေး ဖြေရှင်းဖို့ ဆွေးနွေးပွဲ တကြိမ်တည်းနဲ့ မလုံလောက်ကြောင်း၊ မိမိတို့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ပြဿနာတွေ အားလုံးကို ဖြေရှင်းဖို့ အခုလို တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ရမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်တွေကို ပြောဆိုတယ်လို့ AP နဲ့ Washington Post သတင်းစာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးခဲ့ကြတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေထဲမှာ ဒု- ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း၊ ဦးအုန်းကြိုင်တို့ ပါဝင်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်၊ မွန်တိုင်းရင်းသား ခေါင်းဆောင် ဦးနိုင်ထွန်းသိန်း၊ ချင်းတိုင်းရင်းသား ခေါင်းဆောင် ဦးပူကျင်ရှင်းထန်နဲ့ ဦးထောင်ခိုထန်း တို့ ပါဝင်ပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်း စုကြည် စီစဉ်ပေးတာလို့ ပါဝင်တွေ့ဆုံခဲ့တဲ့ ဦးထောင်ခိုထန်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် လာတိုင်း လာတိုင်းမှာ နအဖ ညီလာခံ တက်တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ပဲ တွေ့နေတာ တွေ့ရတယ်။ ဒါကြောင့်မို့ ဒီတခါတော့ ၉၀ ရွေးကောက်ပွဲ အနိုင်ရတဲ့ တိုင်းရင်းသား ကိုယ်စားလှယ် တွေနဲ့လည်း တွေ့ပေးပါအုန်းလို့ မေတ္တာရပ်ခံလို့ NLD တွေ့ပြီးတဲ့ အချိန်မှာ ကျနော်တို့ကို နာရီဝက်လောက် တွေ့တာဖြစ်ပါတယ်။ ကျနော်တို့မှာ ကုလသမဂ္ဂ ကိုယ်စားလှယ်နဲ့ တွေ့ဖို့ အစီအစဉ်ဆိုတာ မရှိဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် လုပ်ပေးတဲ့ သဘောပဲ ရှိတယ်”

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးက အခု နောက်ဆုံး ခန့်အပ်ထားတဲ့ သံအရာရှိဖြစ်ပြီး၊ ဒီခရီးစဉ်ဟာ ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်။ သူဟာ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိပြီး မြန်မာနိုင်ငံမှာ (၂) ရက်ကြာ နေထိုင်မယ်လို့ သိရပါတယ်။

Ref: RFA News

Read More...

အပေါ်သို့