..............................

Saturday, August 22, 2009

ကေအိုင်အို သြဇာသက်ရောက်မှုမရှိရန် ဖားကန့်စစ်ဗျူဟာမှူး ဆောင်ရွက်

ခိုင်လင်း / ၂၁ သြဂုတ် ၂၀၀၉

ယခုလအစောပိုင်းမှစ၍ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အပါအဝင် ကျောက်စိမ်းတွင်း ဒေသရှိ ဒေသခံ လူထုအကြား ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) ၏ အာဏာ သက်ရောက်မှု မရှိစေရန် ဖားကန့် စစ်ဗျူဟာမှူးက လုပ်ဆောင်နေသဖြင့် နှစ်ဖက်အကြား ဆက်ဆံရေး တင်းမာနေသည်။

ကေအိုင်အိုအဖွဲ့၏ တပ်ရင်း (၆) သည် ဖားကန့်မြို့နယ်၊ ဆိုင်းရာဒေသတွင် အခြေပြု တပ်စွဲထားပြီး ကျောက်စိမ်းတွင်း မှော်များတွင် ဖြစ်ပေါ်နေသည့် အမှုအခင်း ကိစ္စရပ်များအား ဝင်ရောက် ဖြေရှင်းမှုများ ရှိနေသည့် အပေါ် ဖားကန့် စစ်ဗျူဟာမှူးက ယခုကဲ့သို့ ကန့်သတ် ပိတ်ပင်လိုက်ခြင်း ဖြစ်ပြီး ကေအိုင်အို အဖွဲ့က နယ်ခြားစောင့်တပ် အသွင် ပြောင်းရေးကို လက်မခံသည့် ကိစ္စနှင့် ဆက်စပ်နိုင်သည်ဟု အများက ယူဆနေသည်။

ဒေသခံလူထုအတွင်း ဖြစ်ပေါ်သည့် ငွေကြေး အရှုပ်အရှင်းကိစ္စရပ်များ၊ ကျောက်စိမ်း အတု လုပ်ခြင်း၊ ခိုးဆိုး လုယက်မှုနှင့် လိမ်လည်မှုများနှင့် ပတ်သက်သည့် တိုင်ကြားချက် များကို ဒေသအတွင်း အခြေစိုက်သည့် ကေအိုင်အေ တပ်မတော်၊ တပ်ရင်း (၆) က ဖြေရှင်းပေးလေ့ ရှိသည်။

ယင်းလုပ်ရပ်များကို ကေအိုင်အိုက ၀င်ရောက်စွက်ဖက်သည်ဟု ဆိုကာ တိုင်ကြားရန် ဖားကန့် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန်းအောင်က ဌာနဆိုင်ရာ အာဏာပိုင်များအား အမိန့်တရပ် ထုတ်ထားသည်ဟု ဖားကန့်မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) ရုံးနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဗျူဟာမှူးက ပြောထားတာက ကချင်အဖွဲ့က ဝင်ရှုပ်တာကို မလိုချင်ဘူးပေါ့။ ပြည်သူ လူထုတွေက သူတို့ကို ယုံကြည် အားကိုးလာအောင် လုပ်ဖို့ လိုတယ်ပေါ့။ တခုခုဖြစ်လာရင် သက်ဆိုင်ရာကို လာတိုင်ကြားနိုင်အောင် ပညာပေး စည်းရုံးဖို့ လိုတယ်ပေါ့။ ကချင်အဖွဲ့ ဝင်ရှုပ်နေတာ တွေ့ရင်လည်း လာတိုင်ကြားဖို့ အဲလို ပြောထားတယ်” ဟု ပြောသည်။

လုံးခင်းနှင့်ဖားကန့်မြို့မှလွဲ၍ ကျောက်စိမ်းမှော်နေရာ အတော် များများတွင် ကေအိုင်အို အဖွဲ့က ဆယ်စုနှစ် အတော်ကြာ စီမံ ခန့်ခွဲ အုပ်ချုပ်နေခဲ့ ရာမှ ၁၉၉၄ ခုနှစ်၊ ကေအိုင်အိုနှင့် စစ်အစိုးရ အကြား အပစ်ခတ် ရပ်စဲရေး ပြုလုပ်ပြီးနောက်ပိုင်း ကျောက်စိမ်းတွင်း သွားရာ လမ်းတွင် အခွန်ကောက်ခွင့်၊ ကျောက်စိမ်း မှော်များရှိ ကျောက်တွင်းများတွင် အခွန်ကောက်ခွင့်များ ကေအိုင်အိုက လက်လွှတ် ဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့တဲ့သည့်လ ပထမပတ်အတွင်း ဖားကန့်ဒေသ ရေကြီးမှု ဖြစ်စဉ်တွင် ရေကန် ဖောက်ချခဲ့သည့် တစ်သုံးလုံး ကုမ္ပဏီအား အပြစ်ရှိသည့် အတွက် လမ်းများ ပျက်စီးမှုအပေါ် ရှင်းလင်းပေးရန် ကေအိုင်အို အဖွဲ့က ပြောဆိုမှု အပေါ် ဖားကန့် စစ်ဗျူဟာမှူးက ကန့်ကွက်ပြီး နောက်ပိုင်း နှစ်ဖက်အကြား ဆက်ဆံရေး တင်းမာမှုများ ရှိနေသည်ဟု ဖားကန့်က လာသည့် သတင်းများအရ သိရသည်။

“အခုက မှော်ထဲမှာ တရုတ်နဲ့ ဗမာပဲ အများဆုံး တွေ့ရတယ်။ ကချင်အဖွဲ့ တွေလည်း မတွေ့ရတော့ဘူး။ ကချင်တွေတောင် သိပ် မရှိတော့ဘူး။ အရင်ကဆို ကချင်ငြိမ်းချမ်းရေး အဖွဲ့တွေ ဖားကန့်နဲ့ ဆိုင်းတောင်တွေမှာ ရောက်လာတာ တွေ့ရသေးတယ်” ဟု ဖားကန့် ဒေသခံ တဦးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

Thursday, August 20, 2009

ကရင်ပြည်နယ်တွင် ထိုးစစ်ဆင်ဦးမည်

စောရန်နိုင်
Wednesday, 19 August 2009 17:02

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ကရင်ပြည်နယ် တောင်ပိုင်းရှိ တပ်မဟာ ၇ နယ်မြေမှ စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် မြန်မာ့ တပ်မတော်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA) တို့၏ ပူးပေါင်း တပ်များက ကရင်ပြည်နယ် မြောက်ပိုင်းရှိ KNLA အခြေစိုက် စခန်းများကို လာမည့်လတွင် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြသည်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် အနီးရှိ သံလွင်မြစ် တလျှောက်ရှိ KNLA တပ်မဟာ ၅ ဒေသမှ စခန်းများကို ထိုးစစ်ဆင် ကြမည်ဖြစ်ရာ KNLA ကလည်း ၎င်းတို့၏ စခန်းများကို အလွယ်တကူ လက်လွတ် ဆုံးရှုံးခံမည် မဟုတ်ဘဲ ပြန်လည်ခုခံ တိုက်ခိုက်ရန် အသင့်ပြင်ထား ကြသည်ကို တွေ့ရသည်။

စစ်ရိပ်စစ်ငွေ့ သမ်းနေသည့် KNLA ၏ တပ်မဟာ ၅ ဒေသတွင် တပ်မဟာမှူးက ၎င်းတို့၏ အစီအစဉ် များနှင့် ပတ်သက်ပြီး ဧရာဝတီကို ရှင်းပြသည်။

မကြာမီ ရောက်လာနိုင်သည့် ထိုးစစ်အတွင်း သူ၏ တပ်ဖွဲ့ဝင်များက နယ်မြေ နှင့် ဒေသခံ ရွာသူ ရွာသားများကို အကာ အကွယ်ပေးရန် အစွမ်းကုန် ကြိုးစားမည်၊ ၎င်းတို့နည်းတူ ကရင် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော DKBA တပ်ဖွဲ့ များကိုလည်း ပြန်လည် တိုက်ခိုက်မည်ဟု KNLA ၏ အမှတ် ၅ တပ်မဟာမှူး ဘော်ကျော်က ဆိုသည်။

“DKBA က ရန်သူ့အမိန့်ကို နာခံနေရင်တော့ သူတို့ကလည်း ကျနော်တို့ရဲ့ ရန်သူပဲ” ဟု တပ်မဟာမှူးက ပြောသည်။

DKBA သည် KNLA မှ ခွဲထွက်သွားသည့် အဖွဲ့ ဖြစ်သည်။ ယခင်က မြန်မာ့ တပ်မတော်ကို အတူ ရင်ဆိုင် ခဲ့ကြသော်လည်း ၁၉၉၅ ခုနှစ်တွင် ဗုဒ္ဓဘာသာဝင် တပ်သားများက DKBA အဖြစ် ခွဲထွက်ပြီးချိန်မှ စ၍ ရန်ဘက်များ ဖြစ်လာကြသည်။

ကရင်ပြည်နယ် တောင်ပိုင်း တပ်မဟာ ၇ နယ်မြေရှိ KNLA စခန်းများကို ယခင်လ အတွင်း ထိုးစစ်ဆင်စဉ် မြန်မာ့ တပ်မတော်က နောက်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ပြီး၊ DKBA တပ်များက ရှေ့မှ တိုက်ခိုက် ခဲ့ကြခြင်း ဖြစ်သည်။ လာမည့် လအတွက် ထိုးစစ်မှာ ကရင်ပြည်နယ် မြောက်ပိုင်းရှိ တပ်မဟာ ၅ ဒေသကို ဦးတည်နေသည်။

KNLAက အသင့် ပြင်ဆင်ထားသဖြင့် DKBA သည် ၎င်းတို့၏ တပ်သား အများအပြားကို ဆုံးရှုံးပြီးမှသာ တပ်မဟာ ၅ ဒေသကို စိုးမိုးနိုင်မည်ဟု ထိုင်းမြန်မာ နယ်စပ် သတင်းရပ်ကွက်များက ခန့်မှန်းကြသည်။

မြန်မာ့တပ်မတော် နှင့် DKBA ပူးပေါင်း တပ်များ ထိုးစစ် ပြင်နေသည် ဟူသော သတင်းကြောင့် ကရင်ပြည်နယ် ဖာပွန် ခရိုင်အတွင်းမှ ဒေသခံ ရွာသား အများအပြားမှာ စိုးရိမ် နေကြသည်ဟု အဆိုပါ နယ်စပ်တလျှောက်ရှိ ကရင်ရွာသားများက ပြောပြသည်။

ထိုးစစ်ဆင်မှု အောင်မြင်ပါက တိုက်ပွဲများကို ရှောင်ရှား၍ တောတောင်များ အတွင်း ပြေးလွှား ပုန်းအောင်နေရသူ (IDP) အရေ အတွက် ပိုမို များပြားလာဖွယ် ရှိပြီး ယခင်ကနည်းတူ စစ်ပြေး ဒုက္ခသည်များ အဖြစ် အိးတူထ (Ei Tu Hta) ဒုက္ခသည် စခန်းမှ တဆင့် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ရောက်လာနိုင်သည်ဟု နယ်စပ်မှ ကရင် တိုင်းရင်းသားများက ခန့်မှန်းကြသည်။

“DKBA က နယ်စပ်တလျှောက် နယ်မြေရှင်းလင်းရေး လုပ်ပစ်မှာကို ရွာသားတွေက ကြောက်နေကြတယ်” ဟု အိးတူထ စခန်း ကော်မတီ အတွင်းရေးမှူး ဝါးအယ်ထူးက ဧရာဝတီကို ပြောသည်။

အိးတူထ သည် ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ဘေးတွင် တည်ရှိသည့် ဒုက္ခသည် စခန်း ဖြစ်သည်။

“ဒုက္ခသည်တွေ နိုးနိုးကြားကြား နေကြဖို့တော့ ကျနော်တို့ သတိပေး ထားတယ်။ အချိန်မရွေး ထပြီး ပြေးလွှားနိုင်အောင်လို့ အစာ စားပြီးတိုင်း အိုးခွက် ပန်းကန် အဝတ်အစားတွေ အသင့်ပြင်ထားဖို့ ပြောထားတယ်” ဟု ဝါးအယ်ထူးက ဧရာဝတီကို ပြောသည်။

ဤအတောအတွင်း ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် နှင့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ကော့လူဒိုးမြို့ အတွင်းတွင် ပုန်းအောင်း နေကြရသည့် IDP အရေအတွက် ၁ဝ ဝဝဝ ဝန်းကျင် ရှိပြီး မြန်မာ့ တပ်မတော်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်း နေကြသည်ဟု ဒေသခံ ရွာသားများ၊ အကူအညီပေးရေး ဝန်ထမ်းများက ဧရာဝတီကို ရှင်းပြသည်။

စခန်း တိုက်ခိုက်ခံရပါက အခက်အခဲ များစွာနှင့် ရင်ဆိုင်ရမည်ကို အိသုထ စခန်း အမှတ် ၆ ရပ်ကွက် တာဝန်ခံ စောတခွဲက စိုးရိမ်နေသည်။ သူ ကွပ်ကဲနေရသည့် ရွာသားများက နေရပ်ရင်းသို့ ပြန်ရန် မဝံ့ရဲကြကြောင်း၊ ထိုင်းနိုင်ငံ ဘက်သို့ တိမ်းရှောင် ပါကလည်း ထိုင်းအာဏာပိုင်တို့က ရေရှည် ခိုလှုံခွင့် ပေးမည် မဟုတ်ကြောင်း စောတခွဲက ပြောသည်။

စခန်း တိုက်ခိုက်ခံရလျှင် ရွာသားများသည် ရိက္ခာ၊ ဆေးဝါး အထောက် အပံ့များ ပြတ်တောက်ပြီး၊ ပညာ သင်ကြားမှုများလည်း ရပ်ဆိုင်း ရမည်ဟု ဆိုသည်။

“ရန်သူက တိုက်ဖို့ ပြင်နေပြီဆိုရင်တော့ ကျနော်တို့တော့ ကြောက်တယ်” ဟု စောထီးကွယ်က ပြောသည်။

ဒေသခံ ရွာသားများ၊ စီးပွားရေးသမားများကလည်း ဒေသ အခြေအနေကို စောင့်ကြည့် နေကြသည်။

ထိုးစစ် ပြီးဆုံးပါက DKBA တပ်ဖွဲ့များသည် ထိုင်း မြန်မာ နယ်စပ် သံလွင်မြစ် တလျှောက်တွင် အခြေချမည်ဟု DKBA သတင်းရပ်ကွက်တခုထံမှ သိရသည်။

သံလွင်မြစ် နှင့် သောင်ရင်းမြစ် များရှိ သစ်ထုတ်လုပ်ခြင်း၊ အခွန်ကောက်ခြင်း၊ ရေကာတာ တည်ဆောက်ရေး လုပ်ငန်း အပါအဝင် နယ်စပ်ဒေသ ကုန်သွယ်ရေး လုပ်ငန်းများကို DKBA က တာဝန်ယူ ထိန်းချုပ်ပြီး လုံခြုံရေး ယူရမည်ဟု အဆိုပါ DKBA သတင်း ရပ်ကွက်က ပြောသည်။

ထိုဒေသသည် DKBA ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပါက နယ်စပ်ရှိ သံလွင်မြစ်ကို ဖြတ်ပြီး တပ်မဟာ ၅ ဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ ဖြန့်ဝေနေသော ကရင် တိုင်းရင်းသား အကူ အညီ ပေးရေး အဖွဲ့တို့၏ လုပ်ငန်းများကို ထိခိုက်စေမည်ဟု နယ်စပ် သတင်း ရပ်ကွက်များထံမှ သိရသည်။

DKBAက ဤဒေသကို ထိန်းချုပ်ခဲ့ပါက နယ်စပ် ကုန်သွယ်ရေးတွင် တားမြစ် ကန့်သတ်ချက် အသစ်များ ထုတ်ပြန်မည်ကို ဒေသခံ လုပ်ငန်းရှင်များ ကလည်း စိုးရိမ်နေသည်။

သံလွင်မြစ်သည် ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် အဓိက ကျသည့် မြစ်တခု ဖြစ်သည်။ ဤဒေသ၏ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းသည် DKBA က KNLA နှင့် ခွဲထွက်ခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် ကျဆင်းသွားရာမှ မကြာသေးမီ နှစ်များအတွင်း ပြန်လည် တိုးတက်လာခဲ့သည်။

Ref: ဧရာဝတီ

Read More...

ဒီကေဘီအေ ဗိုလ်မှူးကြီးစောချစ်သူ လုပ်ကြံခံရ ရန်ကုန်တွင် ဆေး ကုသမှု ခံယူ

NEJ / ၁၉ သြဂုတ် ၂၀၀၉

တိုးတက်သောဗုဒ္ဒဘာသာကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) ၉၉၉ တပ်မဟာ အခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် အောက်လက် ငယ်သားများ၏ လုပ်ကြံမှုခံရ၍ ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒီကေဘီအေနှင့် နီးစပ်သည့် ဘာသာရေး ခေါင်းဆောင် တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တပ်မဟာ(၇) ထိုးစစ်ကအပြန်မှာ ၉၉၉ တပ်ရင်း (၇) က တပ်ရင်းမှူး ဗိုလ်စံပြုံး (ဆန်ပြုတ်) လုပ်ကြံ ခံရတဲ့ ကိစ္စအပါအ၀င် အခြားကိစ္စတွေကြောင့် ဗိုလ်ချစ်သူ လုပ်ကြံ ခံရတယ်လို့ သိရတယ်။ ရန်ကုန်ကနေ နိုင်ငံခြားထိ သွားကုဖို့ လုပ်နေကြတယ်။ အခြေအနေ အတော်ဆိုးတယ်လို့ သိရတယ်” ဟု ပြောသည်။

ဒီကေဘီအေ ၉၉၉ အခြေချဗျူဟာရုံးစိုက်ရာ မြ၀တီခရိုင် ရွှေကုက္ကိုရွာတွင် နေထိုင်သူ တဦးက “ဒီကိစ္စ ဟုတ်ပါတယ်၊ သတင်း ပိတ်ထားတယ်၊ ခရီးသွားတယ်လို့ ပြောတယ်၊ ဖြစ်တာ ဗိုလ်ဆန်ပြုတ် အသုဘအပြီး ဇွန်လ ကုန်လောက်မှာဖြစ်တာ” ဟု ပြောသည်။

ဒီကေဘီအေ ၉၉၉ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ ဗိုလ်စံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ် သည် ပြီးခဲ့သည့် ဇွန် (၂၆) ရက်တွင် အမည်မသိ အဖွဲ့တဖွဲ့၏ ချုံခိုတိုက်ခိုက် ခံရသဖြင့် ၎င်း၏ ရဲဘော်များနှင့်အတူ သောင်ရင်းမြစ်အတွင်း သေဆုံးခဲ့သည်။

ဗိုလ်ဆန်ပြုတ်လုပ်ကြံခံရမှုနှင့် ပတ်သက်၍ လက်အောက် ငယ်သားများ၏ မယုံသင်္ကာ ဖြစ်မှုခံရပြီး တပ်မဟာ(၇) ထိုးစစ်အတွက် မြန်မာ စစ်တပ်မှပေးသည့် သိန်းထောင်ချီသည့် ငွေများနှင့် အခြား စီပွားရေးသမားများ ပေးသည့် ငွေများကို စောချစ်သူက မောင်ပိုင်စီးသည့် အတွက် လုပ်ကြံ ခံရခြင်း ဖြစ်နိုင်သည်ဟု ဒီကေဘီအေနှင့် စီးပွားရေး တွဲလုပ်သူ ကုန်သည် တဦးက ပြောသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ၉၉၉ အခြေချဗျူဟာသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ကောလာ ဟလ သတင်းများသာ ဖြစ်သည်ဟု ပြန်လည် ဖြေကြားသည်။

(၉၉၉) အခြေချဗျူဟာမှူးသည် လွန်ခဲ့သည့်ဇွန်လက နအဖ၏ အထောက် အပံ့ဖြင့် တလနီးပါး ကြာမြင့်ခဲ့သည့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်ရာတွင် အဓိက ဦးဆောင်ခဲ့သူ ဖြစ်သည်ဟု ကရင် အမျိုးသား အစည်းအရုံးက ပြောသည်။

Ref: ခေတ်ပြိုင်

Read More...

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အာဆီယံတွင်း ဆွေးနွေး

20 August 2009

နေအိမ်အကျယ်ချုပ် ထပ်ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရေး အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင် နိုင်ငံတွေရဲ့ အဆင့်မြင့် ခေါင်းဆောင်ပိုင်းမှာ ဆွေးနွေး နေကြပါပြီ။

အာဆီယံနိုင်ငံတွေက အရာရှိတွေဟာ မနေ့တုန်းက အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျကာတာမှာ တွေ့ဆုံပြီး မြန်မာပြည် အကြောင်း ဆွေးနွေး ခဲ့ကြတယ်၊ ဒီကနေ့လည်း ထပ်ပြီး တွေ့ကြဦးမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောရေး ဆိုခွင့်ရှိသူ တီကူ ဖီဇာယာက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ မြန်မာ စစ်အစိုးရကို အာဆီယံ နိုင်ငံတွေက ပူးတွဲ မေတ္တာ ရပ်ခံကြဖို့ စဉ်းစား နေကြတယ်လို့ ဆိုပါတယ်။ အာဆီယံ နိုင်ငံတွေမှာက တိုင်းပြည်တခုရဲ့ ပြည်တွင်းရေးကို ၀င်ပြီး မစွက်ဖက်ရေး ဆိုတဲ့ မူဝါဒ ချမှတ် ထားတာပါ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ စစ်အစိုးရက နေအိမ် အကျယ်ချုပ်နဲ့ နောက်ထပ် ၁၈ လ နေဖို့ ထပ်ပြီး ပြစ်ဒဏ် ချမှတ်ခဲ့တာကို အာဆီယံ အသင်းက အကြီးအကျယ် စိတ်ပျက် မိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း အပါအ၀င် အနောက်နိုင်ငံ တော်တော်များများက အစိုးရ တွေကလည်း ဒေါ်အောင်ဆန်း စုကြည်ကို ဆက်ပြီး ဖမ်းဆီးထားတဲ့ အတွက် မြန်မာ စစ်အစိုးရကို အပြင်းအထန် ကန့်ကွက် ဝေဖန်နေကြပါတယ်။

Ref: VOA News

Read More...

မြန်မာအလုပ်သမ ၄ ဦး ထိုင်းတောင်ပိုင်းတွင် ပစ်ခတ်ခံရ တဦး သေဆုံး

အေးလဲ့
Wednesday, 19 August 2009 17:28

ထိုင်းနိုင်ငံ တောင်ပိုင်း ပတ်တနီ ခရိုင်တွင် ယမန်နေ့က အကြမ်းဖက် သေနတ်သမား တဦး၏ ပစ်ခတ်မှုကြောင့် မြန်မာပြည်သား အလုပ်သမ တဦးသေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်း ဒဏ်ရာရသူများသည် ပတ်တနီ ဆေးရုံတွင် ဆေးကုသမှု ခံယူ နေရကြောင်း အင်္ဂလိပ် ဘာသာဖြင့် ရေးသားထားသော MCOT.NET အင်တာနက် သတင်းစာ မျက်နှာတွင် ဖော်ပြထားသည်။

ထို အင်တာနက် စာမျက်နှာတွင် “ရဲ၏ စုံစမ်း စစ်ဆေးချက်အရ အမည်မသိ သေနတ် သမားက ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုတွင် အမျိုးသမီး လေးဦးကို ပစ်ခတ် ခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားမှုသည် တောင်ပိုင်း တွင် ဖြစ်ပွားနေသော ဆူပူ အကြမ်းဖက်မှုများနှင့် ဆက်စပ်လျှက် ရှိနိုင်ကြောင်း ရဲက ယုံကြည်နေသည်” ဟု ဖော်ပြထားသည်။

အဆိုပါ သေဆုံးသူနှင့် ဒဏ်ရာရ မြန်မာ အမျိုးသမီးများမှာ ရာလာ ခရိုင်တွင် နေထိုင်ကြပြီး ပတ်တနီခရိုင်ရှိ ဆောက်လုပ်ရေး လုပ်ငန်း၌ ပန်းရံ လုပ်ကိုင်ရန် အသွားလမ်းခရီးတွင် ထိုပြစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ မြန်မာလုပ်သား ကိုမိုးကျော်သူကလည်း ပြောသည်။

ကိုမိုးကျော်သူ က“ ဒီအမျိုးသမီးတွေက ရာလာ မှာ ပန်းရံ သွားလုပ်တယ်၊ နေတာက ပတ်တနီမှာ နေတယ်တဲ့ နေ့လယ် ကားနဲ့ ထမင်းစားပြန်တဲ့ အချိန် ပစ်ခံထိတာ၊ တယောက်က ရင်ဘတ်ကို ထိပြီး သေသွားတယ်၊ ကျန်တဲ့ သူတွေက ပတ်တနီ ဆေးရုံကို ရောက်သွားတယ်လို့ ကြားတယ်၊ ထားဝယ်သူ တွေလို့လည်း သိရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်းကလည်း ယင်းဒေသ ပန်းရံ လုပ်ငန်းခွင်တခုတွင် မြန်မာလုပ်သား အုပ်စုတစု သေနတ်ဖြင့် ပစ်သတ်ခံရခြင်း၊ ပုစွန်မွေးမြူရေးလုပ်ငန်းမှ လုပ်သားတဦး ခေါင်းဖြတ်သတ်ခံရခြင်း အစရှိသည့် အဖြစ်အပျက်များ ဖြစ်ပွားခဲ့ဖူးကြောင်း မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (GHRED) က ပြောသည်။

ယင်းထိုင်း တောင်ပိုင်းရှိ GHREDအဖွဲ့မှ ကိုထူးချစ် က “ထိုင်းနိုင်ငံ အစိုးရ သတ်မှတ်ထားတဲ့ အနက်ရောင် နယ်မြေပေါ့၊ ဒီနယ်မြေမှာက ထိုင်းလူမျိုးတွေ ကိုယ်တိုင်ကလည်း မလုံခြုံဘူး၊ မြန်မာ အလုပ်သမား တော်တော် များများလည်း ရှိတုန်းပဲ၊ ကျန်တဲ့ ဗုဒ္ဓဘာသာ လူမျိုးတွေကို မနေစေချင်တဲ့ သဘောမျိုးရှိတယ်” ဟု ပြောသည်။

ထိုင်း တောင်ပိုင်း ပတ်တနီခရိုင် အတွင်း မြန်မာလုပ်သားပေါင်း ခန့်မှန်းခြေ သောင်းနှင့်ချီ ရှိနိုင်ပြီး ထို လုပ်သား အများစုမှာ မွန်၊ ရခိုင်၊ မြန်မာ၊ ထားဝယ် ဖြစ်သည်ဟုလည်း သိရသည်။

ယင်း ဒေသတွင် အများအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်း၊ ရေလုပ်ငန်းနှင့် ရာဘာခြံ လုပ်ငန်း တို့ကို လုပ်ကိုင်ကြပြီး ပုံမှန်အားဖြင့် လုပ်အားခ ပုံမှန်ရသဖြင့် မြန်မာပြည် သားများက အန္တရာယ်ရှိသော်လည်း သွားရောက် လုပ်ကိုင် ကြကြောင်း သိရသည်။

အနည်းဆုံး လခစားအလုပ်သမားများအနေနှင့် တလလျှင် ထိုင်းဘတ် ၄၀၀၀ခန့် ရရှိကြောင်းနှင့် နေ့စား လုပ်သားများ အနေဖြင့် တရက်လျှင် ဘတ်ငွေ ၂၀၀ မှ အထက် ရရှိသည်ဟုလည်း သိရသည်။

ထိုင်းတောင်ပိုင်း ယင်း ခရိုင်သုံးခုတွင် ရွှေ့ပြောင်း အလုပ်သမားများ အတွက် နှစ်စဉ် ရက် အကန့်အသတ် မရှိ တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင် ပြုလုပ်နိုင်သည့် အခွင့်အရေးကို ထိုင်းအာဏာပိုင်များက ပေးထားသည် ဟုလည်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပတ်တနီ၊ နာရာသီဝပ်တ် ၊ ရာလာ ခရိုင်သုံးခု၌ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ပြီး လွန်ခဲ့သော ၂၀၀၄ ခုနှစ် ဇူလိုင်လ ကတည်းက ပြည်နယ် ခွဲထွက်ရေး တောင်းဆိုမှုဖြင့် မငြိမ်မသက် ဖြစ်ပွားလျှက် ရှိကြောင်း၊ ယင်း မလေးရှား နယ်စပ် ခရိုင် သုံးခုတွင် မငြိမ်မသက် ဖြစ်ပြီး အကြမ်းဖက်မှုများ ဖြစ်ပွားရာမှ လူပေါင်း ၃၅၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ

Read More...

Wednesday, August 19, 2009

လာတော့မယ့် စည်းကမ်းရှိဒီမိုကရေစီရဲ့ ပြယုဂ်တခု

ရဲဘော်ဖိုးသံချောင်း
၁၇ သြဂုတ် ၂၀၀၉

နအဖဗိုလ်ချုပ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် (၄) ယောက်ကို ကြပ်ပြေးကို လာဖို့ ခေါ်လိုက်တယ် ဆိုတဲ့ ကိစ္စကို ဗမာပြည်နိုင်ငံရေး စိတ်ဝင်စားသူတိုင်း သတိပြုမိ ကြပါတယ်။ သူတို့ရဲ့ ဒီလုပ်ရပ်ရဲ့ နောက်ကွယ်မှာ ဘယ်လောက် ယုတ်မာတဲ့ အကြံအစည်တွေ၊ လုပ်ဟန်တွေ ရှိနေတယ် ဆိုတာကိုလည်း နိုင်ငံရေးအကင်း နည်းနည်းလေးပါးသူတိုင်း ရိပ်မိကြပါတယ်။

အမေရိကန်က ကွန်ဂရက်လွှတ်တော်အမတ်ဝက်ဘ် ဗမာပြည်ကို လာတဲ့ ကိစ္စမှာ နအဖ ဗိုလ်ချုပ်တွေဟာ တွေ့ဆုံဖို့ ဖိတ်တာမှာ ဒီအချက်လေးချက်ဟာ ပေါ်လွင်နေပါတယ်။

၁။ နအဖက ဘာကိစ္စနဲ့ ခေါ်တယ်ဆိုတာ မပြောပါဘူး။ ဆင့်စာပို့သလို ပို့လာတာ ဖြစ်ပါတယ်။ လူလူချင်း အပြန်အလှန် လေးစားမှု မျိုးတောင် မဖော်ပြပါဘူး။ ပဒေသရာဇ် မင်းကြီး ဗိုလ်သန်းရွှေဟာ သူ့ရဲ့ပဒေသရာဇ် အာဏာစက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာခံဖို့ ပို့လွှတ်လိုက်တာလို့ ဆိုရင် ရမလားပါပဲ။

၂။ နအဖက ဆင့်ခေါ်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ကို လိပ်မူ ဖိတ်ခေါ်တာ မဟုတ်ဘဲ လူနာမည်တွေ တပ်ပြီး ဖိတ်ခေါ်တာဟာ ကြားသိရသူတိုင်းကို ဒေါသ ဖြစ်စေပါတယ်။

၃။ ပိုသတိထားသင့်တာက ဒါဟာ ပထမအကြိမ်မဟုတ်ဘူး၊ ဒုတိယ အကြိမ် ဖြစ်တယ် ဆိုတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း လာတုန်းကလည်း ဒီလို တခါ လုပ်ခဲ့ပြီးပါပြီ။

၎။ ဖိတ်စာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ပို့တာ မဟုတ်ဘဲ ဥက္ကဋ္ဌ ဦးအောင်ရွှေရဲ့ အိမ်ကို ပို့တာဟာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ အဖွဲ့ချုပ်ရုံးတို့ အပေါ် ဘယ်လို သဘောထားတယ် ဆိုတာကို သိစေချင်လို့ တမင်လုပ်တယ်လို့ စဉ်းစားစရာ ဖြစ်ပါတယ်။

ဒါတွေက ဖော်ပြနေတာကတော့ နအဖဗိုလ်ချုပ်တွေဟာ အားလုံးကို တမင် အစီအစဉ် ရှိရှိနဲ့ အခုလို လုပ်နေတယ် ဆိုတာပါပဲ။

သူတို့ ဒီလိုလုပ်နေတာမှာ အဓိကရည်ရွယ်ချက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်မှု အတွင်းမှာ သွေးခွဲဖို့ ဖြစ်တယ် ဆိုတာကို လူတိုင်းမြင်ကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင် အဖွဲ့ထဲမှာမှ နှစ်ခါစလုံး ဒီလူတွေကိုချည့်ပဲ ကွက်ခေါ်တယ် ဆိုတော့ တရားလွန်တယ် လို့တောင် ပြောနိုင်ပါတယ်။ ဒီ အလုပ်အမှုဆောင် အတွင်း တဦးနဲ့တဦး သို့လော - သို့လောတွေ ဖြစ်မကုန်နိုင်ပေဘူးလား။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဘယ်သူကိုယ်စားပြု တွေ့မယ် ဆိုတာကို ဘာကြောင့် အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့က ရွေးခွင့် မရှိရတာလဲ။ နအဖဟာ ဘယ်တုန်းကများ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ရဲ့ အာဏာတွေကို ရယူထားပြီး ရွေးပေးနေတာလဲ။ နောင်မှာလည်း ဒီလိုပဲ သူတို့ကချည်း ရွေးပေးနေမှာလား။ တကယ်လို့များ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပြိုင်မယ် ဆိုရင် ကိုယ်စားလှယ်လောင်း အဖြစ် ဘယ်သူတွေကိုရွေး၊ ဘယ်သူတွေကိုတော့ မရွေးနဲ့လို့များ နအဖ ဗိုလ်ချုပ်တွေက သတ်မှတ်နေဦးမှာလား။

သေချာတာကတော့ နအဖဟာ သူတို့ အကောင်အထည် ဖော်တော့မယ့် သူတို့ရဲ့ စည်းကမ်း ရှိတဲ့ ဒီမိုကရေစီကို အမြည်းပေးနေတာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးမှာ တပ်မတော်ရဲ့ ဦးဆောင်မှု ဆိုတာဟာ ဒီလိုပဲ သူများ ပါတီတွေထဲမှာ အလုပ်အမှုဆောင် အဖွဲ့ကို ကျော်လွှားပြီး ဦးဆောင်မှုပေးမယ့် အဓိပ္ပာယ်လို့ ယူဆရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲသာ ပြီးသွားရင် နအဖ ဗိုလ်ချုပ်တွေ ပိုမာနတက်ပြီး အခုလို လုပ်ရပ်တွေ ပိုများလာမယ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။

ဗမာပြည်နိုင်ငံရေးမှာ ဗိုလ်နေ၀င်းတယောက်ဟာ သွေးခွဲပြီး အုပ်ချုပ်တယ် (Divide and Rule) ဆိုတာမှာ နာမည်ကြီးခဲ့ ပါတယ်။ ဒါပေမယ့် အဲဒီလို နာမည်ကြီးတဲ့ လူဟာ အခု နအဖ လုပ်သလို ပါတီ တခုတည်းမှာကိုပဲ ပြောင်သွေးခွဲ ဆက်ဆံတာမျိုး မလုပ်ဝံ့ပါဘူး။ အနည်းဆုံး ကိုယ့်သိက္ခာကိုယ် ထောက်ထားရပါတယ်။ နအဖကတော့ နိုင်ငံရေး ပါတီတွေထဲမှာလည်း ခွဲ။ ငြိမ်းအဖွဲ့တွေ ထဲမှာ ဘယ်သူ့ကို ကြပ်ပြေးခေါ်။ ဘယ်သူ့ကို ချိန်ထားလုပ်ပြီး သွေးခွဲ။ ပါတီ တခုချင်း အတွင်းမှာလည်း ထပ်သွေးခွဲ ဘာမဆိုလုပ်ဝံ့၊ လုပ်ရဲနေပါတယ်။

ဒါတွေကိုကြည့်ရင် နအဖဘာတွေ ကြံစည်နေတယ်ဆိုတာ အလွယ်နဲ့ တွေးကြည့်လို့ ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ၊ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာ လွတ်လွတ်လပ်လပ် မလှုပ်ရှား နိုင်စဉ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ချည့်နဲ့သထက် ချည့်နဲ့အောင်၊ ဖြစ်နိုင်ရင် ကွဲသွားအောင် လုပ်ရေး ဆိုတာဟာ ဗိုလ်ချုပ်တွေရဲ့ ဦးစားပေး လုပ်ငန်း တခုဖြစ်တယ် ဆိုတာ အသေအချာ ပြောလို့ရပါတယ်။

ဒါကြောင့် လာတော့မယ့် နအဖရဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ ကာလ ဗမာပြည် နိုင်ငံရေးဟာ အင်မတန်မှ ရှုပ်ထွေး၊ အင်မတန်မှ ကောက်ကျစ်တာတွေ တွေ့ရပါလိမ့်မယ်။ ဒီအတွက် အသေအချာစဉ်းစား၊ ပြင်ဆင်ထား ကြရပါမယ်။ ဒါ့အပြင် ပြည်ပ နိုင်ငံတွေရဲ့ သံတမန်ရေး လှုပ်ရှားမှုတွေကလည်း ပိုမိုများပြား၊ ပိုမိုမျက်စိ လည်စရာတွေ တွေ့ရမှာဖြစ်ပါတယ်။ အခုကိုပဲ နအဖကို ရှေ့နေလိုက် ရေးသား ပြောဆိုကြတာတွေကို ဖတ်နေ၊ ကြားနေကြရတယ် မဟုတ်ပါလား။ ကိုယ့်ကိုယ်ကိုယ် အသက် (၈၀) ကျော် နိုင်ငံရေး အတွေ့အကြုံ ကြွယ်ဝသူတွေလို့ ကြေညာပြီး နအဖ ပါးစပ်ကတောင် မထွက်ရဲတဲ့ နအဖ ဗိုလ်ချုပ်တွေကို ချီးမွမ်းခန်းတွေ ပြောထွက်၊ ရေးထွက် နေကြပါတယ်။ ဒါတွေအားလုံးဟာ သူ့အလိုလို သဘာဝကျကျ ပေါ်ထွက်လာတာ မဟုတ်ဘဲ ချိန်ကိုက် ထွက်ပေါ်လာနေတာ ဆိုတာ ရှင်းနေပါတယ်။

ဒီလိုကာလမှာပဲ နအဖစစ်ဗိုလ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်အဖြစ် တနှစ်ခွဲ ချမှတ်တုန်းက ဗိုလ်သန်းရွှေ ပြောခဲ့တဲ့ စကားလုံးတွေလို နအဖဟာ သကာလူးတဲ့ စကားတွေ ပြောပြီး ထောင်ချ လိုက်တာမျိုးတွေလည်း ဆက်တွေ့ရအုန်း မှာပါ။ ဒါတွေကို ဗမာပြည် ပြည်သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေ အရ လုံးဝ နားဝင်မှာ မဟုတ်ပေမယ့် နအဖကို ကြံဖန်ပြီး ချီးမွန်းခန်း ရေးနေကြသူတွေ အတွက်တော့ အချက်အလက် တချို့ ဖြစ်ပါလိမ့်မယ်။ အခုကိုပဲ တချို့က အပြစ်မရှိတဲ့လူကို အိမ်ချုပ် တနှစ်ခွဲ ချလိုက်တဲ့ သဘောထားကြီးမှုကို အသိအမှတ် မပြုရ ကောင်းလားလို့ မြန်မာ့အလင်းမှာ ရန်တွေ့နေတာတွေ ဖတ်နေရပါတယ်။ နောင်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သွားရင် ဗိုလ်ချုပ်အောင်ဆန်း သမီးမို့ ဒီပဲယင်းကားလမ်းမှာ ရိုက်သတ်ဖို့ စီစဉ်တာ။ တဦးနဲ့တဦး အာဃာတ မထားချင်လို့ သံဃာတွေကို လမ်းမပေါ်မှာ သတ်ပစ်တာတွေ၊ ထောင်ဒဏ် (၇) နှစ်ချထားတဲ့ နိုင်ငံခြားသားကိုတော့ အိမ်ပြန်ခွင့် ပေးလိုက်ပြီး တမှုတည်းအတွက် တနှစ်ခွဲ အိမ်ချုပ်မိန့် ချထားတဲ့ ကိုယ့်နိုင်ငံသားကိုတော့ အစောင့်တိုး ချထားတာ စတဲ့ စည်းကမ်းရှိ ဒီမိုကရေစီ ပြယုဂ်တွေ ပိုပြီး တွေ့လာရစရာ ရှိပါတယ်။

Ref: ခေတ်ပြိုင်

Read More...

KNU က ခွဲထွက်များ ပြန်လည် ပူးပေါင်းမှု ကြိုးပမ်းသွားမည်

အင်္ဂါနေ့၊ သြဂုတ်လ 18 ရက် 2009 ခုနှစ် 19 နာရီ 34 မိနစ်

မဇ္ဈိမ (ချင်းမိုင်)။ ။ KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ KNLA တပ်ရင်းအချို့က KNU သို့ DKBA တပ်ဖွဲ့ဝင်များ ပိုမို၍ ပြန်လည် ပူးပေါင်း လာနိုင်မည့် နည်းလမ်းများကို ဆွေးနွေး ရှာဖွေလျက် ရှိသည်။

KNU အတွင်းသို့ လာရောက်ပူးပေါင်းမည့် DKBA တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ ရာထူး တာဝန်များ အတိုင်း တာဝန် ထမ်းဆောင်ခွင့် ပေးနိုင်ရေး အတွက် တပ်မဟာ (၆) နယ်မြေဖြစ်သည့် ကရင်ပြည်နယ် ဒူပလာယာ ခရိုင်အတွင်းရှိ KNLA တပ်ရင်း ၁၆ နှင့် ၁၇ ရှိ တပ်မှူးအချို့ အကြား ဆက်သွယ် ညှိနှိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

“သူတို့ ပြန်လာမယ်ဆိုလို့ရှိရင် တပ်စုမှူးအဆင့်ကနေ တပ်စိပ်မှူး အဆင့် အထိ လျှော့ချ လိုက်မယ် ဆိုလို့ရှိရင် ဒါ မဖြစ်နိုင်ဘူးပေါ့။ သူတို့ ဘက်မှာလည်း ထိခိုက် မနစ်နာအောင် တပ်စိပ် တစိပ်နဲ့ ပြန်လာလို့ရှိရင် တပ်စိပ်မှူးပေါ့။ တပ်စုတစုနဲ့ ပြန်လာလို့ရှိရင် တပ်စုမှူးပေါ့။ အကြမ်းမျဉ်းတော့ ဒီလို သဘောထား ရှိတယ်” ဟု အမည် မဖော်လိုသူ KNLA အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

ယခု အစီအစဉ်အား တပ်မဟာ (၆) နယ်မြေအခြေစိုက် တပ်ရင်း ၃ ခုမှ အခြား တပ်ရင်းတခု ဖြစ်သော တပ်ရင်း အမှတ် ၁၈ နှင့် ဆွေးနွေးနိုင်ခြင်း မရှိသေးသော်လည်း တပ်မဟာ (၆) တပ်မဟာမှူး ထံသို့ တင်ပြထားသည်။

“ကျနော်တို့ လက်ရှိ ကရင်အချင်းချင်းက ပဋိပက္ခ ဖြစ်တဲ့နေရာမှာ အကြမ်းဖက် နည်းနဲ့ လက်နက်ကိုင် တိုက်နေ ခိုက်နေလို့ ဆုံးတော့မှာ မဟုတ်ဘူးလေ။ လက်ရှိ အောက်ခြေမှာတော့ ဖြစ်ရှိနေတဲ့ အနေအထားအရ ဒါကိုလုပ်မယ်၊ အစီအစဉ်ရှိတယ် ဆိုတာကိုတော့ ခရိုင်နဲ့ တပ်မဟာကို အသိပေးတယ်။ အပေါ်ကတော့ ဆိုးတယ် ကောင်းတယ်လို့ ဘာမှ မပြောသေးဘူး” ဟု သူက ဆက်ပြောသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ KNU ဗဟိုဌာနချုပ်သို့ တင်ပြလာလျှင် သုံးသပ်ပြီး သင့်တော်ပါက ဦးဆောင် အကောင်ထည် ဖော်သွားမည်ဖြစ်ကြောင်း KNU ဒုဥက္ကဌက ပြောသည်။

“ကျနော်တို့ ဘာမှမသိရသေးဘူး။ ခရိုင်တခုဆီမှာ DKBA ကိစ္စနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖို့ ကော်မတီ တခုစီ ရှိတယ်။ ဗဟိုကို တင်ပြရင် သုံးသပ်ပြီးတော့ သင့်တော်မယ် ဆိုလို့ရှိရင် အဲဒီအတိုင်း လုပ်ပေါ့ဗျာ။ နောက်ပြီး ကျနော်တို့က အကြံပေးမယ်၊ ဉာဏ်ပေးမယ်။ ရှေ့ဆောင်မယ်၊ လမ်းပြမယ်ပေါ့ဗျာ” ဟု ဒုဥက္ကဋ္ဌ စောဒေးဗစ်တာကပေါက မဇ္ဈိမကို ပြောသည်။

DKBA အရာရှိတဦးကမူ ယင်းအစီအစဉ် ဖြစ်မြောက်ရန် ခက်ခဲမည်ဟု ထင်ကြောင်းနှင့် သို့သော် နှစ်ဖက် အထက် လူကြီးများ၏ သဘောတူ စီမံခန့်ခွဲမှုကို လိုက်နာကြမည် ဖြစ်ကြောင်း ပြောသည်။

“ကျနော်ကတော့ အဲလောက် အခြေအနေအထိ ဖြစ်လာနိုင်ဖို့ ဆိုတာ ကတော့ ဘယ်လိုမှ မခန့်မှန်း နိုင်ဘူး။ သူတို့ အခြေအနေ အရနဲ့ လက်ရှိ အခြေအနေ။ ပြည်တွင်း အခြေအနေရော။ သူတို့ နေထိုင်နေရတဲ့ ပြည်ပ အခြေအနေ အဖက်ဖက်မှာလေ။ အဲဒီသူတို့ လူကြီးပိုင်းမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေရင် အောက်ခြေကတော့ ပြောစရာ မလိုဘူး”ဟု သူက ပြောသည်။

ဦးသာထူးကျော် ခေါင်းဆောင်သည့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် DKBA သည် ကရင် အမျိုးသား အစည်းအရုံး KNU မှ ၂၀၀၄ ခုတွင် ခွဲထွက်ခဲ့ပြီး လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် အခြေစိုက်ထားသည်။

Ref: မဇ္ဈိမ

Read More...

Tuesday, August 18, 2009

ပြည်တွင်းအင်အားစုတွေနဲ့ ဆွေးနွေးမှုမရှိပဲ အကျိုးမဖြစ်နိုင် ဟု ဒေါ်စု ဝေဖန်

18 August 2009

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အပေါ်မှာ ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်ပြီး အနောက် နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာထက် ကိုယ့်နိုင်ငံ အတွင်းမှာ အချင်းချင်း အရင်ညှိနှိုင်းဖို့ လိုတယ်လို့ ပြောလိုက်တဲ့ အကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မနေ့က ပြောဆို လိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်က ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံတဲ့ အခါမှာ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်လို့ ပိတ်ဆို့ အရေးယူမှုတွေ ပြန်လည် ရှုတ်သိမ်းရေး အတွက် လုပ်ဆောင်တာမှာ မြန်မာနိုင်ငံဟာ အနောက် နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက်က အချက် ၂ချက် ပြန်ပြောခဲ့တယ်လို့ မနေ့က သူနဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပြပါတယ်။

“ပထမ အချက်က Interaction လုပ်ဖို့ ဆိုတာ အဲဒါက ပြည်တွင်းမှာ အရင် လုပ်ရမှာ။ တခြားနိုင်ငံနဲ့ အရင်လုပ်ရမှာ မဟုတ်ဘူး။ ပြည်တွင်းမှာ interaction မဟုတ်ဘဲနဲ့ တခြားနိုင်ငံနဲ့ လုပ်လို့ ဘာမှ အကျိုး မရှိဘူး ဆိုတာကို သူရှင်းပြတယ်။ နောက်တခုက saction နဲ့ ပတ်သက်လို့ ၂၀၀၇ ခုနှစ် ကတည်းက ဆက်ဆံရေး ၀န်ကြီးနဲ့ တွေ့နေတဲ့ ကာလမှာ အဲဒီတုန်းက ထုတ်ခဲ့တဲ့ သူတို့ရဲ့ အကြောင်းကြားစာ ရှိတယ်လေ။ confrontation တို့ out of devastation တို့ sanction တို့ blockage တို့ ဒါတွေကို မလုပ်တော့ပါဘူး၊ ရုတ်သိမ်းပါတယ် ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တွေ့မယ်ဆိုပြီး ဟိုတုန်းက စာထွက်တယ်။ အဲဒီကတည်းက ဆွေးနွေးတဲ့ အခါမှာ သူက ပြောတယ်တဲ့ sanction နဲ့ ပတ်သက်လို့ နှစ်ဘက် ပူးတွဲ သဘောထား ထုတ်ပြန်လိုတယ်။ နှစ်ဘက် ပူးတွဲပြီးတော့ sanction တွေ ရုတ်သိမ်းအောင် ဆောင်ရွက် လိုတယ်လို့ အဆိုပြုခဲ့တယ်တဲ့။ အဆိုပြုတာတွေကို ပထမပိုင်းမှာ သဘောတူ သယောင် ရှိပြီး နောက်ပိုင်း မလုပ်နိုင်ဘူးလို့ အဲဒါကို သူ ဂျင်မ် ၀က်ဘ် ကို သူရှင်းပြခဲ့တယ်တဲ့”

အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ဟာ ပိတ်ဆို့ အရေးယူမှုတွေကို ဆန့်ကျင်သူ တဦးအဖြစ် အမေရိကန် နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ ထင်ရှားသူ တဦး ဖြစ်တဲ့အပြင်၊ အခုလို သူ့ရဲ့ ပြောဆိုမှုတွေ အများအမြင်မှာ ထင်ရောင်ထင်မှား ဖြစ်နိုင်စရာ ရှိတဲ့ အချက်တွေ ပါဝင်နေပါတယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့ အရေးယူမှုတွေ ရုတ်သိမ်းပေးရေး အတွက် သဘောတူ သယောင်ယောင် နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြနေတာကို တွေ့ရပါတယ်။ ဒီကိစ္စအပေါ် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ရဲ့ ထိုင်းနိုင်ငံက သတင်းစာ ရှင်းလင်းပွဲ အပါအ၀င် နိုင်ငံတကာ သတင်း မီဒီယာတွေထဲမှာ ဖော်ပြနေတာတွေနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် မေးမြန်းခဲ့တဲ့ အကြောင်း ပြောပြပါတယ်။

“ကျွန်တော်က ဒီနေရာမှာ မေးပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းကြားတာ ကတော့ ယိုးဒယားမှာ ဂျင်မ် ၀က်ဘ်က ရှင်းတာလည်း ကြားတယ်၊ နောက် လန်ဒန်က သတင်းစာ တစောင်မှာလည်း Tourism Sanction ကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်သိမ်း လိုတယ်လို့ ရေးတယ်လို့ ကြားတယ်။ အဲဒါကို ကျွန်တော်တို့က ပြောတော့။ သူက သူ အဲဒီလို လုံးဝ မပြောခဲ့ဘူးတဲ့၊ သူပြောတာက sanction နဲ့ ပတ်သက်လို့ ပူးပေါင်း ဆောင်ရွက်မယ်၊ ရုတ်သိမ်းဖို့ သဘောထားကိုလည်း ပူးပေါင်း ထုတ်ပြန်မယ်၊ ဒါ ပူးပေါင်း ဆောင်ရွက်ပါ့မယ် ဆိုတာကို သူအဆိုပြုခဲ့တဲ့ အကြောင်းကို သူရှင်းပြပါတယ်။ အဓိက က သူမပြောဘူး၊ သူပြောတဲ့ sanction က အစိုးရနဲ့ အာဏာပိုင်းတွေနဲ့ ရုတ်သိမ်းဖို့လိုရင် ပူးပေါင်းပြီး ဆောင်ရွက်မယ်။ ဆောင်ရွက်ဖို့ အဆိုပြုတယ်၊ သူက ဒါပဲ ပြောပြခဲ့တာတဲ့။”

စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုးတွေကြောင့် နိုင်ငံ တကာက ဒဏ်ခတ် ပိတ်ဆို့ အရေးယူရေး မူဝါဒတွေကို ချမှတ် ကျင့်သုံး လာခဲ့တာပါ။ ဒီလို ပိတ်ဆို့မှု တွေကြောင့်လည်း မြန်မာနိုင်ငံဟာ အထီးကျန် ဖြစ်နေတယ်လို့ ဂျင်မ် ၀က်ဘ်က မြင်ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရောက်ရောက်ချင်း ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် စစ်အစိုးရအပေါ် အတိုင်းအတာ တခုအထိ သြဇာ သက်ရောက်မှု ရှိတဲ့ တရုတ်နိုင်ငံကို နိုင်ငံတကာ ၀ိုင်းဝန်း ဖိအား ပေးကြဖို့ တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက သြဇာ သက်ရောက်မှု ရှိတယ်၊ အင်အားကြီး နိုင်ငံမို့ ကြောက်ရွှံ့ရတယ် ဆိုတဲ့ ပုံစံမျိုး အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်က ပြောခဲ့တာနဲ့ ပတ်သက်လို့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမြင် သဘောထားခြင်း ကွာခြားနေတာကို တွေ့ရပါတယ်။

“အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ တချို့ အချက်တွေ ပြောတယ်။ ဥပမာ သူတခု ပြောတာက ဂျင်မ်ဝက်ဘ် က ပြောတယ်တဲ့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ပတ်သက်ပြီး နိုင်ငံကြီးမို့ စိုးရိမ်ထိတ်လန့် သဘောမျိုးကို သူက အဲဒါကို ပြောတယ်တဲ့။ ဒီစကားလုံးကို သူ လုံးဝ လက်မခံနိုင်ဘူး။ သူ့အနေနဲ့တော့ တရုတ်ကို အိမ်နီးနားချင်း ကောင်းအဖြစ် မိတ်ဆွေနိုင်ငံ အဖြစ်၊ သူဒီလိုပဲ သဘောထားတယ်တဲ့။ စောစောကလို ပြောတဲ့ စကားလုံးမျိုးကို သူ့အနေနဲ့ မကြိုက်ဘူး ဆိုတာကို သူရှင်းပြခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က တဆက်တည်း ဒါနဲ့ ပတ်သက်ပြီး ပြောတာက ကမ္ဘာပေါ်မှာ ဘယ်လိုပဲဖြစ်ဖြစ် သြဇာရှိတာက တခု၊ အမေရိကန်၊ နောက်ပြီး အိမ်နီးနားချင်းက အိန္ဒိယ၊ တရုတ် ဒီနိုင်ငံတွေနဲ့ အတူ အဆင်ပြေပြေ မိတ်ဆွေ အဖြစ်ပဲ ကျွန်တော်တို့ ဆက်ဆံလိုတယ်လို့ သူအဲဒီလို ပြောပြခဲ့တယ်တဲ့။”

Ref: VOA News

Read More...

မြန်မာနိုင်ငံခရီးစဉ် အကြောင်း အထက်လွှတ်တော် အမတ် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

17 August 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှု တချို့ကို ရုတ်သိမ်းဖို့ရာ မကန့်ကွက်ဖူးလို့ သူခံစားမိတဲ့ အကြောင်း အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ် ၀က်ဘ် က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဒီကနေ့လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း မစ္စတာဝက်ဘ်က အဲဒီလို ပြောလိုက် တာပါ။ ဘန်ကောက်မှာ ရှိတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက အဲဒီ သတင်းစာ ရှင်းလင်းပွဲကို ကိုယ်တိုင် သတင်း သွားယူခဲ့တယ် ဆိုတော့ အပြည့်အစုံ ပြောပြပါဦးရှင်။

သြဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ မြန်မာနိုင်ငံကို နှစ်ရက်ကြာ သွားရောက် ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၊ အရှေ့ အာရှနဲ့ ပစိဖိတ်ရေးရာ ကော်မတီခွဲရဲ့ ဥက္ကဋ္ဌ၊ ဒီမို ကရက်တစ် ပါတီရဲ့ ဗာဂျီးနီးယားပြည်နယ် အထက် လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ဟာ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကို ကန့်ကွက်သူ အဖြစ် ထင်ရှားပါတယ်။ ဒါ့ကြောင့်လည်း သူမြန်မာနိုင်ငံ ကနေ ပြန်လာပြီး နောက်ပိုင်းမှာ ဒဏ်ခတ် အရေးယူမှုနဲ့ ပတ်သက်ပြီး သူဘာတွေ ဆွေးနွေး ပြောဆိုခဲ့သလဲ ဆိုတာ အများ စိတ်ဝင်စားကြတဲ့ အဓိက အကြောင်းအရာ ဖြစ်နေပါတယ်။ သူကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ အကြောင်း အရာ မျိုးစုံ ဆွေးနွေးခဲ့ကြတဲ့ ထဲမှာ ဒဏ်ခတ် အရေးယူမှု ကိစ္စကို အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ် ဆိုတာ တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒီနေ့တခါထပ်ပြီး သတင်းထောက်တွေမေးသမျှ ဖြေကြားရာမှာ ဒီကိစ္စက ထိပ်ဆုံးကနေ ပြန်ပါ လာတာပါ။ ဒဏ်ခတ် အရေးယူမှု ပေါ် ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို သဘောထားသလဲ ဆိုတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ လွဲချော်ပြောမိမယ့် အရေး ရှောင်ရှား ချင်ပါတယ်၊ ဒါပေမယ့် သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေး ပြောဆို ကြတာတွေ ကနေ သူ ခံစားလိုက်ရတာပါ ဆိုပြီး မစ္စတာ ၀က်ဘ်က ပြောပါတယ်။

“သူ့ဆီကနေ ကျနော် ရှင်းရှင်းလင်းလင်းရလိုက်တဲ့ ခံစားမှုကတော့ သူဟာ ဒဏ်ခတ် အရေးယူမှု တချို့ကို ရုပ်သိမ်းဖို့ မကန့်ကွက် ဘူးဆိုတာ ကျနော် ပြောပါရစေ။ ဒါပေမယ့် ဒါ ကျနော်ပြောချင်တာ အားလုံးပါပဲ။ သူ့အမြင်နဲ့ ပတ်သက်ပြီး ကျနော် လွဲချော်ပြောဆို မိတာမျိုး မဖြစ်ချင်ပါဘူး။” လို့ မစ္စတာဝက်ဘ်က ပြောပါတယ်။ ဒါပေမယ့်လည်း ဒဏ်ခတ် အရေးယူမှု တချို့က ဘာတွေ ဆိုတာကိုတော့ သူက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကသော်လည်းကောင်း၊ သူ့ရဲ့ ပါတီက သော်လည်းကောင်း မစ္စတာဝက်ဘ်ဟာ ဒဏ်ခတ် အရေး ယူမှုနဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမြင်ကို တလွဲ အဓိပ္ပါယ် ကောက်သွားတယ်လို့ အမြင် ခံရမှာကိုတော့ သူအတော်လေး စိုးရိမ်ပုံ ရပါတယ်။ ဒါကို သူ အလေးအနက် ထားပြီး ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဆွေးနွေးတဲ့နေရာမှာတော့ ဒဏ်ခတ် အရေးယူမှု ကိစ္စ မပါခဲ့ဘူးလို့လည်း မစ္စတာ ၀က်ဘ်က ပြောပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာ သူက တိတိကျကျ ပြန်မပြောပြ ပါဘူး။ ကိစ္စရပ်တွေ အပေါ်မှာ သူတို့တွေ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ် လို့ပဲ ဆိုပါတယ်။

သူ့ရဲ့အခုခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နဲ့ မနေ့ညက တယ်လီဖုန်းကနေ တဆင့် စကား ပြောခဲ့ကြပြီး သူ ပြန်ရောက်တဲ့အခါ တွေ့ကြမယ်လို့လည်း မစ္စတာဝက်ဘ်က ပြောပါတယ်။ မစ္စစ်ကလင်တန်နဲ့ သူ ကိစ္စရပ် အများအပြားကို ပြောခဲ့ကြရာမှာ မြန်မာနိုင်ငံ ကိစ္စလည်း အပါအ၀င်ပါလို့ ပြောပါတယ်။

“မြန်မာလူထုဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အစိတ်အပိုင်း တခု ပြန်ဖြစ်နိုင်မယ့် နည်းလမ်း တခုကို ကျနော်တို့ အားလုံး မြင်ချင်ကြတယ်လို့ သေချာပေါက် ကျနော် ထင်ပါတယ်။ အဲဒီနည်းလမ်း ဟာလည်း အရင်က ကျနော်တို့ ချမှတ်ထားခဲ့တဲ့ မူဝါဒ လမ်းစဉ်တွေ အတိုင်း ဖြစ်နိုင်ပါလိမ့်မယ်။” လို့ မစ္စတာဝက်ဘ်က ပြောပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ ယေဘုယျအားဖြင့် အတိုင်းအတာတခုထိ အောင်မြင်မှု ရှိခဲ့ပါသလား၊ မစ္စတာ ၀က်ဘ်ကတော့ သူ့ခရီးစဉ် မပြီးဆုံး သေးတဲ့ အကြောင်းနဲ့ ဒါဟာ အာရှ ငါးနိုင်ငံခရီးစဉ် ဖြစ်ကြောင်း ပြောကြားပြီး

“ဒါဟာ တကယ့်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ ခရီးစဉ်လို့ ကျနော်ထင်ပါတယ်။ ကျနော် သွားသမျှ နိုင်ငံတိုင်းက အစိုးရတွေနဲ့ လူထုကို ကျနော် အလေးအနက်ထား ပြောတာကတော့ ဒီဒေသဟာ အမေရိကန် ပြည်ထောင်စု အတွက် ဘယ်လောက် အရေးကြီးတဲ့ ဒေသ ဖြစ်တဲ့ အကြောင်း၊ အမေရိကန် အစိုးရ အဖွဲ့သစ်နဲ့ ကျနော့်လို တခြားလူတွေ အနေနဲ့ ဒီဒေသမှာ ကျနော်တို့ရဲ့ ပါဝင်မှုကို ဘယ်လောက်တောင်မှ အားကောင်းကောင်း ပြန်ပြီး ဆန်းသစ်ချင်တယ် ဆိုတာတွေပါပဲ။” လို့ မစ္စတာဝက်ဘ်က ပြောပါတယ်။

မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာတော့ မစ္စတာဝက်ဘ်က မြန်မာ့ အရေးမှာ တရုတ်နိုင်ငံက ထိထိ ရောက်ရောက် ၀င်လုပ်လာအောင် အမေရိကန် အပါအ၀င် အနောက်နိုင်ငံ တွေက ဖိအားပေးကြဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။ ဒဏ်ခတ် အရေးယူမှုကြောင့် မြန်မာနိုင်ငံဟာ တရုတ်ရဲ့ စီးပွားရေး၊ နိုင်ငံရေး သြဇာ လွှမ်းမိုးမှုအောက် ရောက်သွားတယ်လို့လည်း ဆိုပါတယ်။

မစ္စတာယက်တောနဲ့ပတ်သက်လို့တော့ မစ္စတာဝက်ဘ်က တိတိကျကျ ပြောမသွားဘဲ မနေ့က ဘန်ကောက်ရောက်တဲ့ အချိန်မှာ ဆေးရုံကို ခေါ်သွားတယ်လို့ပဲ ပြောခဲ့ပါတယ်။ ဘန်ကောက်မြို့၊ အမေရိကန် သံရုံးကလည်း ပုဂ္ဂလိက ကိစ္စ ဖြစ်တယ် ဆိုတာကို ထောက်ပြပြီး မစ္စတာယက်တော အခြေအနေနဲ့ ပတ်သက်လို့ မှတ်ချက်ပေး ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါဟာ ပုဂ္ဂလိကကိစ္စ ဖြစ်တဲ့အတွက် သူဘယ်မှာရှိတယ်၊ သူ့ကျန်းမာရေး အခြေအနေက ဘယ်လို၊ ဘယ်တော့ အမေရိကန်ကို ပြန်မယ် စတာတွေနဲ့ ပတ်သက်ပြီး သူတို့မှာ ပြောဆိုခွင့် မရှိပါဘူးလို့ သံရုံး တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်ခင်ဗျား။

Ref: VOA News

Read More...

မြန်မာစစ်တပ် ခေတ်မီလက်နက်ငယ်များ တပ်ဆင်ပြီးစီး

ရန်ပိုင်
Monday, 17 August 2009 17:53

မြန်မာစစ်တပ်တွင် လက်ရှိအသုံးပြုနေသော လက်နက်ငယ်များ နေရာ၌ ပိုမို ခေတ်မီသော လက်နက် ငယ်များဖြင့် ပြောင်းလဲ အစားထိုး အသုံးပြုနေသည်ဟု သိရသည်။

အင်အားလေးသိန်း ခန့်ရှိ မြန်မာစစ်တပ်တွင် လက်ရှိ အသုံးပြုနေသော G3 ချေမှုန်းရေး ရိုင်ဖယ်များ နေရာတွင် M16 နှင့်ပုံစံတူ MA စီးရီး ချေမှုန်းရေး ရိုင်ဖယ်များဖြင့် အစားထိုး ပြောင်းလဲ တပ်ဆင်ပြီးကြောင်း စစ်တပ် အသိုင်းအဝိုင်းက ပြောသည်။

ယင်း MA အော်တိုမက်တစ် ရိုင်ဖယ်များသည် အစ္စရေး နိုင်ငံလုပ် ဂါလီ ချေမှုန်းရေး ရိုင်ဖယ်နှင့်လည်း ပုံစံတူသည်ဟု သိရသည်။

“ MA 1 နဲ့ MA 2 ကတော့ M 16 နဲ့တူတယ်၊ ဒါပေမယ့် ဒီMA တွေက ကျည်ဆန်ကို M 16မှာ သုံးလို့ ရတယ်၊M 16 က ကျည်ကိုတော့ ဒီသေနတ်တွေမှာ သုံးမရဘူး၊ ပေါ့ပါးတယ်၊ ကျည်ပြင်းအားက G3ကို မမီဘူး၊ အဲ့ဒါ အားနည်းချက်ပဲ” ဟု ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA -S) မှ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။

နှစ်ပေါင်း ၆၀ ကျော် နယ်စပ်ဒေသများတွင် တိုင်းရင်းသားများနှင့် ဖြစ်နေသော ပြည်တွင်းစစ်တွင် ခေတ်မီ လက်နက်များကို စစ်အစိုးရက အသုံးပြု နေကြောင်းလည်း ၎င်းကပြောသည်။

မြန်မာစစ်တပ်မှ အရာရှိတဦးကလည်း“ တဖြည်းဖြည်းချင်း ပြောင်းပေးနေတယ်၊ အခုဆိုရင် MA 10 ကျော်နေပြီ၊ ကွဲပြားမှုကတော့ တိုင်းတပ်ဆိုရင် ပုံစံတမျိုး၊ တပ်မဆိုရင် ပုံစံတမျိုး၊ ခြေလျင်ဆိုရင် ပုံစံတမျိုး နည်းနည်းစီတော့ ကွဲတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်တပ် ယခုလက်ရှိကိုင်ဆောင်နေသော G3 အမျိုးအစား ချေမှုန်းရေး ရိုင်ဖယ်များကို ၁၉၅၀ ခုနှစ်ကတည်းက ဂျာမန် နည်းပညာဖြင့် ပြည်တွင်းတွင် စက်ရုံများ ဆောက်လုပ်၍ ထုတ်လုပ်ခဲ့ရာ၊၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ နိုင်ငံများက မြန်မာကို စစ်လက်နက် ပစ္စည်းရောင်းဝယ်ခွင့် ပိတ်ဆို့မှု ပြုလုပ်လာသောကြောင့် ထုတ်လုပ်ခွင့် ရပ်ဆိုင်း သွားရသည်ဟု ယူဆရသည်။

သို့သော် စစ်အစိုးရသည် လက်နက်များကို အစ္စရေး၊ ရုရှား၊ ယူကရိန်း၊ မြောက်ကိုရီးယား နှင့်တရုတ် နိုင်ငံများမှ ၀ယ်ယူနေ နေကြောင်း သိရသည်။

ဂျာမနီ နိုင်ငံလုပ် G3 အော်တိုမက်တစ် ရိုင်ဖယ်များသည် ကျည်ပြင်းအား ကောင်းမွန်သော်လည်း လေးလံ လွန်းသည်ဟု အဆိုပါ စစ်တပ် အရာရှိက ပြောသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ) များကို ပြည်မြို့ တဘက်ကမ်း ဆင်တဲ၊ ထုံးဖို ၊ ညောင်ခြေထောက် နှင့် မလွန်တို့တွင် တည်ဆောက်ပြီး ထုတ်လုပ်နေသည်။

၁၀၅မမ ဟောင်ဝစ္စဇာ အမြောက်ကြီးများ၊ မော်တာများကိုပါ ထုတ်လုပ်နေပြီး၊၂၀၀၅ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ၏ စစ် အသုံးစရိတ် သည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀၀၀ ရှိသည်ဟု အမေရိကန် နိုင်ငံ အခြေစိုက် မဟာဗျူဟာ နှင့် အပြည်ပြည် ဆိုင်ရာ လေ့လာရေး အဖွဲ့ (CSIS ) ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

အစိုးရစစ်တပ်က နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်များအား တိုက်ခိုက် ချေမှုန်းရာတွင် ယခု MA စီးရီး လက်နက်ငယ်များကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြောင်း နယ်စပ် သတင်းရပ်ကွက်များက ဆိုသည်။

Ref: ဧရာဝတီ

Read More...

ဂျွန်ယက်တောအား ပြည်နှင်ဒဏ်ပေးခဲ့ဟု စစ်အစိုးရပြော

ဗထူး
Monday, 17 August 2009 17:45

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်း အတွင်းသို့ ဝင်ရောက်ခဲ့သူ အဓိက တရားခံ မစ္စတာ ဂျွန်ဝီလီယံ ယက်တောအား စစ်အစိုးရက အပြစ်ဒဏ် လျှော့ပေါ့ကာ ပြည်နှင်ဒဏ်ပေး၍ နေရပ်ရင်းနိုင်ငံသို့ ထွက်ခွာခွင့် ပြုလိုက်သည်။

နိုင်ငံတွင်းသို့ အလည်ပတ်ရောက်ရှိနေသည့် အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် အတူ မစ္စတာယက်တောသည် ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မှ လေကြောင်း ခရီးဖြင့် ပြန်လည် ထွက်ခွာသွားသည်ဟု ယနေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မစ္စတာ ယက်တောသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်း အတွင်းသို့ ဝင်ရောက်ခဲ့မှုကြောင့် စစ်အစိုးရ တရားရုံးမှ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၊ တားမြစ် ဧရိယာအတွင်း ဝင်ရောက်ခဲ့သည့် ဥပဒေများနှင့် အလုပ်နှင့် ထောင်ဒဏ် (၇) နှစ် ပြစ်ဒဏ် ကျခံနေရသူဖြစ်သည်။

ယခုလ (၁၅) ရက်နေ့က အာရှ ၅ နိုင်ငံခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် စစ်အစိုးရ ခေါင်းဆောင်တို့ အကြား တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ မစ္စတာ ယက်တောအား အမေရိကန် နိုင်ငံသို့ ပြန်လည် ထွက်ခွာခွင့် ပြုလိုက်ခြင်းဖြစ်သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတို့က သက်ဆိုင်ရာ ဌာနများသို့ မေတ္တာ ရပ်ခံချက် အရ မစ္စတာ ယက်တော၏ ကျန်းမာရေးနှင့် ဘဝရှေ့ရေးတို့ အတွက် စာနာ ထောက်ထား၍ လည်းကောင်း၊ အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးအနက် ထားရှိခြင်းကြောင့် လည်းကောင်း မစ္စတာ ဂျွန်ယက်တောအား ချမှတ်ထားသော ပြစ်ဒဏ်များ အနက် ထက်ဝက်ကို လျှော့ပေါ့ပြောင်းလဲကာ ကျန်ပြစ်ဒဏ်ကို ဆိုင်းငံ့ဖြင့် ပြည်နှင်ဒဏ် ပေးခဲ့သည်ဟု ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ယမန်နေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံသို့ ဆိုက်ရောက်လာသည့် အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်က ဘန်ကောက်၌ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည် လွှတ်ပေးရန်နှင့် လာမည့်နှစ်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပြုရန်တို့ကို တောင်းဆိုခဲ့သည်ဟု ပြောဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ခွာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်း သတင်းထောက်များနှင့် တွေ့ဆုံရာ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနှင့် သူ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရေး စဉ်းစားပေးရန် တိုက်တွန်းခဲ့သည်ဟု ပြောဆိုသွားခဲ့သည်။

Ref: ရိုးမ ၃

Read More...

ကြွက်မြီးတထောင်စီမံချက်ကြောင့် အခက်အခဲဖြစ်

Monday, 17 August 2009 17:21

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း လယ်ယာများတွင် ကြွက်ကြောင့် စပါးပင်များ ပျက်စီး ဆုံးရှုံးမှု ရှိနေသဖြင့် ကြွက်နှိမ်နင်းသည့် အာဏာပိုင်တို့၏ စီမံချက်ကြောင့် လယ်သမားများ အခက်အခဲနှင့် ကြုံတွေ့နေသည်။

မျိုးစပါးများ ကိုက်ဖြတ်စားသောက်သည့် ကြွက်များအား နှိမ်နင်းရန် လယ်သမား တဦးလျှင် နေ့စဉ် သတ်မှတ်ထားသည့် ကြွက်မြီး အရေအတွက် အပ်နှံရန် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။

အဆိုပါခိုင်းစေမှုကို (၇၂) ဒိုင်နယ်ရှိသည့် ဘိုကလေးမြို့နယ် တမြို့နယ်လုံး အတွင်း မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) မှ ဦးဆောင် လုပ်ကိုင်နေခြင်း ဖြစ်သည်။

“သူတို့ပြောတာကတော့ ကြွက်မြီးတထောင်စီမံချက်တဲ့၊ ပြီးခဲ့တဲ့ တပတ်လောက် ကတည်းက စလုပ်နေတာ၊ ကြွက်မြီး တချောင်းရရင် ကျပ် ၂၀၀ ပေးတယ်၊ လယ်သမား တယောက်ကို တရက် ၅ မြီးရအောင် လုပ်ရမယ်၊ ရှာမရတဲ့ လူက တမြီးအတွက် ၂၀၀ ပေးရတယ်၊ တရက်အတွက် ဆိုရင် ကျပ် ၁,၀၀၀၊ လုံးဝ မရှာပေးနိုင်တဲ့သူ တအိမ်ထောင်ကို ကျပ် ၅,၀၀၀ (ရယက)ကို ပေးရတယ်” ဟု ဒေသခံ လယ်သမားက ပြောသည်။

ယခင် မျိုးစပါးစိုက်ပျိုးပြီးစအချိန်တွင် အဆိုပါမြို့နယ်များ အတွင်း ကြွက်များ ဖျက်ဆီးမှု များပြား လာသဖြင့် အာဏာပိုင်များက ကြွက်နှိမ်နင်းခြင်း လုပ်ငန်းကို စတင်ခဲ့ပြီး စီမံချက်ကာလ မည်မျှကြာမည်ကို မသိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အာဏာပိုင်များ၏ စီမံချက်ကြောင့် ဒေသခံများအနေဖြင့် တနေ့အတွက် သတ်မှတ်သည့် ကြွက်မြီး အရေအတွက် ပြည့်မှီအောင် ရှာဖွေ နေကြသောကြောင့် လယ်ယာမြေအချို့ ပျက်စီး ဆုံးရှုံမှုများ ဖြစ်ပေါ်ခဲ့ရသည်။

လယ်မြေများ ပျက်စီးပုံနှင့်ပတ်သက်၍ “ကြွက်မြီးရှာတဲ့ တချို့က လယ်ကန်ဇင်းရိုး တွေပါ ပေါက်ပြီး ရှာကြတော့ ကန်ဇင်းတွေပျက်၊ ရေတွေပါ ပေါက်ကုန်ပြီး လယ်ထဲမှာ ရေတွေပါ မရှိတော့ဘူး၊ ဒေသထဲက လယ်အတော် များများမှာ ဖြစ်နေကြတာ၊ ကန်ဇင်းတွေ ပြန်ပေါက်ရ၊ ပြန်လိုက်နဲ့ အလုပ်ကို ရှုပ်နေတာပဲ၊ ပြီးတော့လည်း ကြွက်ရဖို့က တမျိုး” ဟု ကျွန်းသာယာမှ လယ်သမားတဦးက ပြောသည်။

ယခု မျိုးစပါးပင်များမှာ စိုက်ပျိုးရသည့်အရွယ်သို့ ရောက်ရှိနေပြီး အချို့မှာ စိုက်ပျိုး လက်စ ဖြစ်နေသဖြင့် ယခုကဲ့သို့ စီမံချက်ချ လုပ်ကိုင် နေခြင်းမှာ အချိန်အခါနှင့် မကိုက်ညီကြောင်း ဆက်လက် ပြောဆိုသည်။

အချို့ဒိုင်နယ်များမှာ မျိုးစပါးဖျက်ဆီးသည့် ကြွက်မရှိသော်လည်း စီမံချက် နယ်မြေ အတွင်း ပါဝင်နေသောကြောင့် ဒေသခံ လယ်သမားများမှာ ကြွက်ရရှိရေးကို အပူတပြင်း လိုက်လံ ရှာဖွေ နေကြရသည်။

“စက်ဆန်းတိုက်နယ်ထဲက ထော်ပိုင်ဆို ကြွက်က မရှိဘူး၊ မရှိလည်း သတ်မှတ်ချက် ပြည့်မှီအောင် ရှာကြတော့ လယ် အတော်များများ ရေတွေ ပေါက်ထွက် ကုန်တယ်၊ ခုရက်ပိုင်းထဲမှာ မိုးကမရွာဘဲ နေပူတော့ လယ်တွေ ပတ်ကြား အက်ကုန်တယ်၊ ကြိမ်ချောင်းကြီး၊ ကျွန်းသာယာနဲ့ ထော်ပိုင်ဘက်မှာပေါ့” ဟု ဒေသခံ လယ်သမားတဦးက ပြောသည်။

ဒေသခံ လယ်သမားအများစု၏ အတွေ့အကြုံအရ လယ်ယာမြေ အတွင်း ယခုကဲ့သို့ ကြွက်များ ကျလာခြင်းကို နှိမ်နင်းရန် မလွယ်ကူကြောင်း ယခုကဲ့သို့ နည်းလမ်း မမှန်သည့် လုပ်ရပ်ကြောင့် လယ်ယာမြေများ ပျက်ဆီးမှုနှင့် ရင်ဆိုင် ကြုံတွေ့ နေရသည်ဟု ဒေသခံ လယ်သမားက ဆက်လက် ပြောဆိုသွားခဲ့သည်။

Ref: ရိုးမ ၃


Read More...

Monday, August 17, 2009

သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးရုံတင်

16 August 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တဦး ဖြစ်တဲ့ သတင်းစာ ဆရာကြီး ဦးဝင်းတင်ဟာ နှလုံးခုန်နှုန်း ပုံမှန် မရှိတဲ့အတွက် မနေ့က သြဂုတ်လ ၁၅ ရက် စနေနေ့ညက ရန်ကုန်က အာရှတော်ဝင် ဆေးခန်းကို နှလုံး အသေးစား ခွဲစိတ် ကုသဖို့အတွက် ဆေးရုံ တင်လိုက်ရတယ်လို့ ဆရာဦးဝင်းတင် ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“ဘဘက နှလုံးခုန်နှုန်းက အရမ်းနှေးနေတယ်။ ၄၀ လောက်ပေါ့၊ ၄၀ နဲ့ ၅၀ ကြားမှာပဲ ရှိနေတယ်လေ။ အဲဒီလို ရှိနေတဲ့ အတွက်ကို သူ့ကို ဆေးသောက်ပြီးတော့ ထိန်းပြီးတော့ နှလုံးခုန်နှုန်း တက်လာ မလားလို့ လုပ်ကြည့်တယ်၊ နှစ်ပတ်လောက်။ ဒါပေမယ့် တက်မလာဘူး။ တက်မလာတဲ့ အတွက် မနေ့က အီးစီဒီ ဟိုဒါ တက်ပြီး ၂၄ နာရီပြည့်တယ်။ ပြည့်တဲ့ အချိန်မှာလည်း နှလုံးခုန်နှုန်းက ၉၀ % လောက် တကယ်တမ်း နည်းနေတယ်။ ၃၈၊ ၄၀ လောက်အထိပဲ ရှိတော့ ၂၄ နာရီပတ်ဝန်းကျင်မှာ ဘဘရဲ့ နှလုံးခုန်နှုန်းက နည်းနေတဲ့ အတွက်ကို သူတို့က အားချင်းပဲ စက်တပ်ဖို့ လိုတယ် ဆိုပြီးတော့ အခု ကျမတို့ကို အာရှတော်ဝင် ဆေးရုံကို တက်လာတာပေါ့။”

အခု ဆရာ ဦးဝင်းတင်ကို ကြည့်ပေးနေတဲ့ နှလုံးခွဲစိပ် အထူးကု ဆရာဝန်ကြီးက ဆရာ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံး ဘယ်လို ပြောပြတာရှိလဲ။ -

“နှလုံးခုန်နှုန်းက အရမ်းနှေးနေတဲ့အတွက် နှေးနေရာကနေ ရပ်သွားမှာ စိုးတယ်။ ပြီးတော့ အဲဒီလို ရပ်သွားတဲ့ အခြေအနေ ကျမှ တခုခု စီစဉ်မယ် ဆိုရင် အချိန် မရမှာစိုးလို့ အခုလို အခြေအနေ လောက်ကတည်းက ကြိုတပ်ထားမှ စိတ်ချရမယ့် အနေအထား ဖြစ်တဲ့အတွက် ဒီစက်ကို တက်ရတာပါလို့ ရှင်းပြပါတယ်။”

အခု ဆရာဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေကိုရော ဘယ်လို တွေ့ရလဲရှင့်။ ကျန်းကျန်း မာမာ ပဲလား ဘယ်လို အခြေအနေ ရှိလဲ။ -

“ဘဘက အဓိကကတော့ မောတာပေါ့။ အရင်က လှေကား အတက်အဆင်း လောက်ပဲ မောတာ။ အခု ဒီဘက်ရက်ပိုင်းမှာ အ၀တ်အစား ပုဆိုး အင်္ကျီ လဲတဲ့ အချိန်၊ အထိုင်အထ လုပ်တဲ့အချိန်မှာလည်း မောနေတယ်။ ကျန်တာကတော့ အားလုံးကောင်းပါတယ်။ အိပ်တာလည်း မှန်တယ်။ အစား အသောက်လည်း စားနိုင်တယ်။ အဓိက က မောတာပေါ့။ အဲဒီမောနေတဲ့ အတွက်ကို နှလုံးခုန်နှုန်းက တက်လိုက် ကျလိုက် မမှန်ဘူး။”

ဒါကတော့ ဆရာဦးဝင်းတင်ရဲ့ မိသားစုဝင်တဦးက ဆရာရဲ့ နောက်ဆုံး ကျန်းမာရေး အခြေအနေကို ရှင်းပြခဲ့တာပါ။

ဒါ့အပြင် ဒီကနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာ နှလုံးခုန်နှုန်းကို ထိန်းနိုင်မယ့် စက်ကို ခွဲထည့်မှာ ဖြစ်ပြီးတော့ ဒါဟာ အသေးစား ခွဲစိပ်မှု ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဆရာဦးဝင်းတင်ဟာ အခုချိန်မှာ အသက် ၇၉ နှစ်ကျော်နေပြီ ဖြစ်ပြီးတော့ အင်းစိန် ထောင်တွင်းမှာ နှစ် ၂၀ ကျော် အကျဉ်းကျ ခံထားရဖူးတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ပါတယ်။

Ref: VOA News

Read More...

အဓိက တရားခံ ယက်ထော လွတ်

ကိုစိုး
Sunday, 16 August 2009 17:37

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်မှုဖြင့် ထောင် ၇ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရသော အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ဝီလျံ ယက်ထောအား စစ်အာဏာပိုင်များ က ပြန်လည် လွှတ်ပေး လိုက်ကြောင်း သိရသည်။

အဆိုပါ မစ္စတာ ယက်ထောကို မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် ၏ တောင်းဆိုမှုအရ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ယနေ့ ရန်ကုန်မြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ဂျင်မ် ဝက်ဘ်က ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မစ္စတာ ယက်ထော လွတ်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေး အပြင် ဒေါ်အောင်ဆန်း စုကြည်အား လွှတ်ပေးရန် တောင်း ဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သတင်းထောက်များကို ပြောဆိုသွားသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ ကျနော် မျှော်လင့်ပါတယ်” ဟုလည်း ပြောသည်။

ပြည်တွင်း ပြည်ပရှိ လေ့လာသူများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် လွှတ်ပေးရန် အလားအလာ မရှိကြောင်း သုံးသပ်သည်။

ယခု မစ္စတာ ယက်ထောကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ပြန်လည် လွှတ်ပေးခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးခင်မောင်ဦး ကလည်း ပြောပြသည်။

“နိုင်ငံတော်အကြီးအကဲရဲ့ အမိန့်နဲ့ပေါ့၊ လွှတ်ပေးလိုက်တာ၊ ကျနော် တဆင့် သိရတာပါ၊ အပြုသဘော မြင်ပါတယ်၊ ဝမ်းသာစရာလို့ ပြောရမှာပေါ့”ဟု မစ္စတာ ယက်ထော၏ ရှေ့နေ ဦးခင်မောင်ဦးက ဧရာဝတီသို့ ပြောသည်။

မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ယမန်နေ့က တွေ့ဆုံပြီးနောက် ယင်းကဲ့သို့ မစ္စတာ ယက်ထောအား ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ယမန်နေ့က မစ္စတာ ဂျင်မ် ဝက်ဘ်သည် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် တွေ့ဆုံ ခဲ့သေးသည်။

ယနေ့ မွန်းလွဲပိုင်းတွင် မစ္စတာ ယက်ထောသည် မစ္စတာ ဂျင်မ် ဝက်ဘ် နှင့် အတူ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ မစ္စတာ ယက်ထော ကို ပြန်လည် လွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ချုပ်နှောင်ထိန်း သိမ်းထားပါက အလွန်ဆိုးဝါး၍ မမျှတသော လုပ်ရပ်ပင်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။

“မစ္စတာ ယက်ထောကို ပြန်လွှတ်လိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလား အလာကတော့ သူတို့ အာဏာ ပိုင်တွေ အပေါ်မှာပဲ မူတည်ပါတယ်၊ တခုတော့ စဉ်းစားမိတာက သူ့ကြောင့် ဖြစ်ရတဲ့ အမှုဟာ သူက ပြန်သွားခွင့် ရပြီးတော့ ကျန်တဲ့ လူတွေက အချုပ်နဲ့ နေရတာကတော့ လုံးဝ ကြည့်မကောင်းတဲ့ ကိစ္စပဲ၊ တကယ်လို့ ဒေါ်အောင် ဆန်းစုကြည်တို့ အပေါ်မှာ လွတ်ဖို့ ဘာမှ မလုပ်ဘူး ဆိုရင်တော့ အတော် ရုပ်ဆိုးတာပဲလို့ ပြောချင်တယ်”ဟု ၎င်းက ဆိုသည်။

ယမန်နေ့က နေပြည်တော်၌ မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် ၂၅ မိနစ်ခန့် သီးသန့် တွေ့ဆုံရာတွင် NLD ဗဟို အလုပ် အမှုဆောင်(CEC) အဖွဲ့ဝင်များ ဖြစ်သော ဦးသန်းထွန်း၊ ဦးစိုးမြင့် ၊ ဦးညွန့်ဝေ တို့က ဒေါ်အောင်ဆန်း စုကြည်အား ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခြင်းသည် တရားမျှတမှု မရှိကြောင်းနှင့် ပြန်လွှတ်ပေးရေး အတွက် ပြောဆိုခဲ့ကြောင်း သိရသည်။

“ကျနော်တို့ CEC တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ပေးတာ မတရားဘူး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထု အများ ယုံကြည်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ အတွက် သူ့ကို အချုပ်ထဲမှာ ထားပြီးတော့ နိုင်ငံရေး ပြေလည်မှု ဆိုတာ မရနိုင်ဘူး၊ ဒါကြောင့် သူ့ကို အမြန်ဆုံး လွှတ်ပေးဖို့ လိုတယ် ဆိုတာကိုပဲ အဓိက ပြောခဲ့တယ်လို့ သိရပါတယ်၊ မစ္စတာ ဂျင်မ် ဝက်ဘ် ကတော့ ဒီ အချက်အလက်တွေကို သူအာဏာပိုင်တွေကို ပြောခဲ့မယ်တဲ့” ဟု ဦးဉာဏ်ဝင်း က ပြောပြသည်။

ပြီးခဲ့သည့် သောကြာနေ့ကလည်း ယင်း မစ္စတာ ဂျင်မ် ဝက်ဘ်(Jim Webb) သည် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်း၊ နိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်း ၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ၊ ယဉ်ကျေးမှု ဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့် ၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်မှူးကြီး သူရိန်ဇော် တို့ အပါအဝင် အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

ထို့အပြင် တရားသူကြီးချုပ် ဦးအောင်တိုး ဦးဆောင်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မရှင် အဖွဲ့၊ ဗိုလ်ချုပ် ဌေးဦး နှင့် ကြံ့ဖွံ့အဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းတို့နှင့်လည်း တွေ့ဆုံသည်။

အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက် လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှ နှင့် ပစိဖိတ် ရေးရာ ကော်မတီ ဥက္ကဌ မစ္စတာ ဂျင်မ် ဝက်ဘ် သည် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။ ၎င်း၏ ၂ ပတ်ကြာ အာရှ ၅ နိုင်ငံ ခရီးစဉ်အရ သောကြာနေ့က လာအို နိုင်ငံမှ မြန်မာနိုင်ငံ နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယင်း မစ္စတာ ဂျင်မ် ဝက်ဘ် ၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက် မျှော်လင့်ချက် မထားကြောင်း လေ့လာသူများက ဝေဖန် ပြောဆိုကြသည်။

လွန်ခဲ့သည့် အင်္ဂါနေ့တွင် စစ်အစိုးရ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ၁ နှစ် ခွဲ ပြစ်ဒဏ် ချမှတ်၍ မစ္စတာ ယက်ထော ကို ထောင် ၇ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျား ကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာ နေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီး ခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

Ref: ဧရာဝတီ

Read More...

Sunday, August 16, 2009

အဏုမြူစွမ်းအားသုံးစွဲရေး စီမံကိန်း

15 August 2009

လွန်ခဲ့တဲ့ (၈) လကျော်ကသွားခဲ့တဲ့ ဗိုလ်ချုပ်ကြီးရွှေမန်းရဲ့  မြောက်ကိုရီးယား ခရီးစဉ် လျှို့ ဝှက် မှတ်တမ်း လူသိရှင်ကြား ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာ ဗမာ စစ်အစိုးရရဲ့  အဏုမြူ လက်နက် စီမံကိန်းအကြောင်း သတင်းဆောင်းပါးတွေ နိုင်ငံခြား စာနယ်ဇင်းမှာ မကြာခဏ ရေးသား ကြတာ တွေ့ရပါတယ်။ ဒီကိစ္စမှာ ခိုင်မာတဲ့ အထောက်အထား မတွေ့ရဘူးလို့ ကျွမ်းကျင်သူတွေက ပြောပေမယ့် ဗမာ စစ်အစိုးရက ရေငုံနုတ်ပိတ် နေတာရယ်၊ လက်နက်ပစ္စည်း မှောင်ခိုရောင်းနေတဲ့ မြောက်ကိုရီးယားရဲ့  အကျင့်ရယ်ကြောင့် အဏုမြူ လက်နက် ထုတ်လုပ်ဖို့ ကြိုးစားနေပြီလို့ ထင်မြင် ယူဆ နေကြတာ ဖြစ်ပုံရပါတယ်။

တကယ်တော့ ဒုတိယဗိုလ်ချုပ်မှုးကြီးမောင်အေး ၂၀၀၆ ခုနှစ်က ရုရှားကို သွားရောက်စဉ် (၁၀) မဂ္ဂါဝပ် ထုတ်နိုင်တဲ့ အဏုမြူ ဓါတ်ပေါင်းဖိုကို ရုရှား အကူအညီနဲ့ တည်ဆောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ကြောင်း ရုရှား-မြန်မာ အစည်းအဝေး လျှို့ ဝှက် မှတ်တမ်းအရ သိရပါတယ်။ ကျန်းမာရေး နဲ့ ပညာရေးသုံး သုတေသန အဏုမြူ ဓါတ်ပေါင်းဖို ဖြစ်ပါတယ်။ အပြည်ပြည် ဆိုင်ရာ အဏုမြူ စွမ်းအား အေဂျင်စီ (International Atomic Energy Agency: IAEA) ကလည်း သဘောတူပြီးပြီလို့ ဆိုပါတယ်။ မြန်မာသင်တန်းသား (၁၀၀၀) ကျော်ကို နျူးကလီးယား သိပ္ပံ နဲ့ ဒုံးလက်နက် ထုတ်လုပ်ရေး အတတ်သင်ပေးပြီး သင်တန်းပြီးဆုံးတဲ့ အခါမှာ လုပ်ငန်းခွင်မှာ လက်တွေ့ လေ့ကျင့်ဖို့လည်း စီစဉ်ပါတယ်။ ရုရှားမြန်မာ သဘောတူချက်ကို ၂၀၀၇ မှာ လက်မှတ် ရေးထိုးပါတယ်။

အဏုမြူစွမ်းအား ထုတ်လုပ်ရေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ကမ်းလမ်းသူဟာ တောင်ကိုရီးယား အစိုးရပါ။ လွန်ခဲ့တဲ့ ဇူလိုင်လ (၂၉) ရက်နေ့က မန္တလေးမှာ ထုတ်ပြန် ကြေညာတဲ့ အာဆီယံ-တရုတ်-ဂျပန်-တောင်ကိုရီးယား (၁၃) နိုင်ငံ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ ၂၀၁၀ က ၂၀၁၇ အထိ (၇) နှစ်ကာလမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။ တနေ့တည်း မှာပဲ အာဆီယံ (၁၀) နိုင်ငံ စွမ်းအင်ရေးရာ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်ကို ထုတ်ပြန် ကြေညာပါတယ်။ ဒီအစီအစဉ်မှာ စီမံကိန်း (၇) ခုရှိပြီး အရပ်ဖက်သုံး အဏုမြူစွမ်းအားလည်း ပါပါတယ်။

မြန်မာနိုင်ငံဟာ အဏုမြူလက်နက် မပြန့်ပွားရေး စာချုပ်ကို ၁၉၅၇ ကတည်းက လက်မှတ်ထိုးထား တာမို့ အဏုမြူ ဓါတ်ပေါင်းဖို စတင် အသုံးပြုမီ (၆) ကြိုတင်ပြီး IAEA ခေါ် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအား အေဂျင်စီ ကို အကြောင်းကြားဖို့ တာဝန်ရှိတယ်လို့ သိရပါတယ်။ Vienna, Austria အခြေစိုက် IAEA က ကျွမ်းကျင်သူတွေကို အချိန်မရွေး စစ်ဆေးခွင့်ပြုတဲ့ သဘောတူချက်ကို လက်မှတ်ထိုးဖို့လည်း ဗမာစစ်အစိုးရကို အကြောင်းကြား ထားတယ်လို့ သိရပါတယ်။

အရပ်ဖက်သုံး အဏုမြူစွမ်းအား စီမံကိန်းကနေ လပိုင်းအတွင်းမှာ အဏုမြူလက်နက် ထုတ်လုပ် နိုင်တယ်လို့ IAEA ရဲ့  ညွှန်ကြားရေးမှုးချုပ် မိုဟာမက် အီလ် ဘာရာဒေး (Mohamed ElBaradei) က ပြောဆိုပါတယ်။ ယူရေးနီယန် (Uranium) ဓါတ်သတ္တုကို အစွမ်းထက်အောင် လုပ်ယူနိုင်ပြီးတော့ ပလူးတိုနီယမ် (Plutonium) ဓါတ်သတ္တု ထုတ်ယူတဲ့ အတတ်ပညာကို ကျွမ်းကျင် သွားပြီဆိုရင် အရပ်ဖက်သုံး ဓါတ်ပေါင်းဖိုတွေဟာ လပိုင်းအတွင်း အဏုမြူလက်နက် ထုတ်လုပ်နိုင်တယ်လို့ IAEA ညွှန်ကြားရေးမှုး ချုပ်က ဆိုပါတယ်။ ဒါပေမယ့် အဏုမြူလက်နက် ကိုင်ဆောင်တာဟာ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ အဏုမြူလက်နက်ကိုင်ဆောင်ခွင့် မရှိပါဘူး။ အာဆီယံ ပဋိညာဉ် စာချုပ် အခန်း (၁) အပိုဒ် (၁) မှာ အရှေ့တောင် အာရှသည် အဏုမြူလက်နက် ကင်းရှင်းသောဒေသ ဖြစ်ရမည် အစုလိုက် အပြုံလိုက် သတ်ဖြတ်နိုင်သော လက်နက်မျိုးလည်း မရှိစေရလို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကြောင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေဟာ အရပ်ဖက်သုံး အဏုမြူ စွမ်းအင်သုံးစွဲရေး စီမံကိန်း ရှိနေပြီး မလေးရှား နဲ့ ဖိလစ်ပိုင်ကတော့ လေ့လာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နဲ့အိန္ဒိယမှာ လောင်စာစွမ်းအင် လိုအပ်သလို အရှေ့ တောင်အာရှမှာလည်း လာမယ့်အနှစ် (၃၀) အတွင်းမှာ လျှပ်စစ်ဓါတ်အား မလုံလောက်တဲ့ ပြဿနာကို ကြုံတွေ့ရလိမ်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

လောင်စာစွမ်းအင် အမြဲတမ်းလိုအပ်နေတဲ့ ထိုင်းနိုင်ဟာ မဂ္ဂါဝပ် (၄၀၀၀) စွမ်းအားရှိတဲ့ အဏုမြူဓါတ်အား စက်ရုံကို ၂၀၂၀ မှာ အပြီး တည်ဆောက်မယ်လို့ ၂၀၀၇ ဇွန်လက ကြေညာခဲ့ပါတယ်။ ပထမအဆင့် ဆောက်လုပ်ရေးကို ၂၀၁၅ မှာ စတင်ပြီး ဒေါ်လာသန်း (၅၀) ကျော်သုံးဖို့ ခန့်မှန်းထားပါတယ်။ ဒေါ်လာသန်းပေါင်း (၆၀၀၀) ကျော်အထိ ကုန်ကျနိုင်တယ်လို့ မျှော်လင့်တာမို့ မနှစ်ကစပြီး (၃) နှစ် လေ့လာမှုတွေ စတင် ပြုလုပ်နေပါပြီ။ အင်ဒိုနီးရှား (Indonesia)၊ ဖိလစ်ပိုင် (Philippines)၊ ဗီယမ်နမ် (Vietnam) နဲ့ ထိုင်း (Thailand) နိုင်ငံမှာ သုတေသန အဏုမြူ ဓါတ်ပေါင်းဖိုတွေ ရှိနေတာ ကြာပြီဖြစ်ပေမယ့် အခုမှ အဏုမြူဓါတ်အား သုံးစွဲဖို့ စီစဉ်တာ ဖြစ်ပါတယ်။

ရုရှား-မြန်မာ အစည်းအဝေးတွေရဲ့  ထူးခြားချက်တခုကတော့ ကုလသမဂ္ဂမှာ ဗမာအစိုးရ ဖက်က အမြဲတမ်း ရပ်တည်ပေးတဲ့ ရုရှား အစိုးရကို ကျေးဇူး အထူးတင်ရှိကြောင်း ပြောတာပဲ ဖြစ်ပါတယ်။ တရုတ် နဲ့ ရုရှားကို အားကိုးနိုင်တာမို့ သုတေသန ဓါတ်ပေါင်းဖို့ တည်ဆောင်ပြီး အရှိန်အဝါ တက်လာအောင် ကြိုးပမ်ကြတာလည်း ဖြစ်နိုင်ဖွယ် ရှိတယ်လို့ သုံးသပ်ကြပါတယ်။

Ref: VOA News

Read More...

အပေါ်သို့