..............................

Thursday, October 22, 2009

ကေအန်ပီပီက စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံ (ရုပ်သံသတင်း)

October 21, 2009


Read More...

မြန်မာ့အရေး အမေရိကန် အောက်လွှတ်တော်မှာ ကြားနာ

21 October 2009

အမေရိကန် အောက်လွှတ်တော်မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကြားနာပွဲ တခု ပြုလုပ် နေပါတယ်။ အဲဒီမှာ ကယ်လီဖိုးနီးယား ဒီမိုကရက် လွှတ်တော်အမတ် ဟောင်းဝပ် ဘားမန်းက သဘာပတိ အဖြစ် ဆောင်ရွက်ပြီး အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်က တဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က တွမ် မာလင်နောစကီး၊ ဂျွန် ဟော့ပ်ကင်းစ် တက္ကသိုလ်က ပါမောက္ခ ခရစ်စ် ဘေယာနဲ့ US Campaign for Burma က ညွှန်ကြားရေးမှူး ဦးအောင်ဒင်တို့က တဖွဲ့ ထွက်ဆိုကြမှာ ဖြစ်ပါတယ်။ ဒီကြားနာပွဲကို ကိုယ်တိုင် သတင်းယူနေတဲ့ ဗွီအိုအေ ၀ိုင်းတော်သူ မစုမြတ်မွန်ကို မနန္ဒာချမ်းက ဆက်သွယ် မေးမြန်းပြီး တင်ပြ ပေးထားပါတယ်။

အခု ဒီကြားနာပွဲမှာ ဘယ်သူတွေက ဘာတွေများ ပြောနေကြပါ သလဲ။

“အခုလောလောဆယ်အထိ ပြောနေတာက အဓိက ထွက်ဆိုတဲ့သူ၊ အရှေ့ အာရှနဲ့ ပစိဖိတ် ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်က လွှတ်တော် အမတ်တွေ မေးတဲ့ မေးခွန်းတွေကို ဖြေနေပါတယ်။ တက်ရောက်လာတဲ့ အောက်လွှတ်တော် အမတ်တွေ စောစောက ပြောကြား သွားတာတွေလည်း ရှိပါတယ်။ အဲဒီအထဲမှာ အဓိက ပြောသွားတာက နျူကလီးယား လက်နက် ပိုင်ဆိုင်တယ် ဆိုပြီး အများက သံသယရှိနေတဲ့ မြောက်ကိုရီးယား အစိုးရနဲ့ မြန်မာအစိုးရ ဆက်ဆံရေးကြား စိုးရိမ်မှု ရှိနေတာကို အမေရိကန် ဘက်က ဒီကိစ္စ အာရုံစိုက်ပြီး စောင့်ကြည့်နေမယ် ဆိုတဲ့ အကြောင်းတွေ ပြောတယ်။

“နောက်တခါ ဘက်ပေါင်းစုံက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာအစိုးရနဲ့ ထိတွေ့ ဆက်ဆံမယ့် အမေရိကန် အစိုးရရဲ့ ပေါ်လစီကို အလေးအနက် စောင့်ကြည့်နေတယ် ဆိုပြီး အောက်လွှတ်တော် အမတ်တချို့က ပြောတယ်။ တချို့ကလည်း မြန်မာ စစ်အစိုးရနဲ့ ထိတွေ့ ဆက်ဆံတဲ့ အတွက် ဒါဟာ မြန်မာအစိုးရကို တရားဝင်အဖြစ် လက်ခံရာ ရောက်တယ် ဆိုပြီးတော့ ပြောသွားပါတယ်။

“အခု ကြားနာပွဲမှာ အဓိက ထွက်ဆိုတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် အဓိက ပြောသွားတာက မြန်မာ စစ်အစိုးရနဲ့ ကိစ္စကို အမေရိကန် အစိုးရ တခုတည်းက ကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူး။ မြန်မာပြည်မှာ အပြောင်း အလဲတွေ ဖြစ်ဖို့ အမေရိကန် အစိုးရက တနိုင်ငံတည်းနဲ့ မစွမ်းဆောင်နိုင်ဘူး။ အဲတော့ ဒေသတွင်း နိုင်ငံတွေရဲ့ အကူအညီ အများကြီး လိုတယ်ဆိုပြီး ပြောတယ်။

“နောက်တခါ မြန်မာနိုင်ငံရဲ့ ပြဿနာက ဒေသတွင်းကို ပျံ့နှံ့နေပြီ ဆိုပြီးတော့လည်း ပြောတယ်။ နောက်တချက်က မြန်မာပြည်မှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေကို သိသိသာသာ မမြင်ရသေး သရွေ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကိုလည်း အမေရိကန် အစိုးရဘက်က ဖယ်ရှားမှာ မဟုတ်ဘူးဆိုပြီး အခု လောလောဆယ် လုပ်နေတဲ့ ကြားနာပွဲမှာ အမေရိကန်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်က ပြောသွားပါတယ်။”

ဒီကြားနာပွဲကို တက်ရောက်လာတဲ့ ပရိသတ် အရေအတွက်ရော တော်တော်များလား၊ အဓိက ပရိသတ်တွေ ထဲမှာ ဘယ်လို လူမျိုးတွေ ပါတာ တွေ့ရပါသလဲ။

“ဒီကနေ့လုပ်တဲ့ ကြားနာပွဲကတော့ တော်တော်လေး လူများတယ်လို့ ပြောနိုင်ပါတယ်။ လာတဲ့ သူတွေကလည်း ခန်းလုံးပြည့် ပါပဲ။ လွှတ်တော် အမတ်တွေလည်း တော်တော်များများ လာပါတယ်။ လာတဲ့ ပရိသတ်ထဲမှာ ကတော့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ မြန်မာတချို့နဲ့ နိုင်ငံခြားသား တော်တော်များပါတယ်။ ပြီးတော့ နိုင်ငံခြား သတင်းဌာနက သတင်းထောက်တွေ တော်တော်များများ လာတာ တွေ့ရပါတယ်။”

Ref: VOA News

Read More...

အပစ်ရပ် ကရင်နီအဖွဲ့အတွင်း နယ်ခြားစောင့်တပ် ကိစ္စ သဘောထားကွဲ

Wednesday, 21 October 2009 16:34

နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲရေးနှင့် ပတ်သက်ပြီး စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲထားသော ကယားပြည်နယ် အထူးဒေသ (၂) (ကလလတ) အဖွဲ့အတွင်း သဘောထား ကွဲပြားနေကြာင်း အဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ) KNPLF ၏ ဥက္ကဋ္ဌ ဦးစန္ဒာနှင့် အတွင်းရေးမှူး ဗိုလ်မှူး ရွှေဝါတို့က နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေး ကို လက်မခံနိုင်ကြောင်း ယင်း ကလလတ နှင့် နီးစပ်သူက ပြောသည်။ အလားတူ ကလလတ အဖွဲ့မှ ဗိုလ်မှူး အများစုကလည်း ၎င်း နယ်ခြား စောင့်တပ် ပြောင်းရေးကို လက်မခံနိုင်ကြောင်း သိရသည်။

ထို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနှင့် ပတ်သက်ပြီး ကလလတ အနေဖြင့် လာမည့် အောက်တိုဘာ လ ၂၇ ရက်နေ့ နောက်ဆုံးထား အကြောင်း ပြန်ရမည် ဖြစ်ကြောင်း စစ်အစိုးရက ဖိအား ပေးနေသည်။

သို့သော် ကလလတ ဒု ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းကျော် ဦးဆောင်သော လူနည်းစု အဖွဲ့က နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေးကို လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရန် သဘောထား ရှိနေကြောင်း အဆိုပါ ကလလတနှင့် နီးစပ်သူ ကပြောဆိုသည်။

၎င်းက“ ကလလတ အတွင်းမှာ ပြဿနာဖြစ်နေတယ်၊ အခုရက်ပိုင်း ဗိုလ်မှူးထွန်းကျော် က လူထုစည်းရုံးရေး ဆင်းနေတယ်၊ လူထုကတော့ ဒီ နယ်ခြားစောင့်တပ် အသွင်ကူး ပြောင်းရေး ကို လက်မခံနိုင်ဘူး”ဟု ဧရာဝတီ ကို ပြောသည်။

လတ်တလောအခြေအနေတွင် မြန်မာစစ်အစိုးရနှင့် ကလလတ တို့သည် ကယားပြည်နယ်ရှိ ဖားဆောင်မြို့ နှင့် ကျောက်ညှပ်မြို့ နှစ်မြို့အကြား ကားလမ်း ဖောက်လုပ်ရေးနှင့် ပတ်သက်ပြီး သဘောထား တင်းမာ နေသည် ဟုလည်း ဆိုသည်။

အဆိုပါ ကားလမ်းသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅ ထိန်းချုပ်ရာ နယ်မြေသို့ ထိုးစစ်ဆင်ရန် လိုအပ်သည့် ရိက္ခာနှင့် လက်နက် ခဲယမ်း မီးကျောက်များ သယ်ဆောင်ရာ မဟာဗျူဟာ အရ အရေးပါသည့် လမ်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ကလလတ အနေဖြင့် ၎င်းတို့ နယ်မြေကို အသုံးပြုပြီး KNLA ကိုထိုးစစ်ဆင်ဖို့ အတွက် လက်မခံနိုင်ကြောင်း ငြင်းဆို ထားသည်ဟု ဆိုသည်။

ကလလတ အဖွဲ့သည် ၁၉၉၄ ခုနှစ်၊ မေလတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ကလလတ အဖွဲ့သည် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) အဖွဲ့မှ ခွဲထွက်ခဲ့သည်။

Ref: ဧရာဝတီ

Read More...

ဘူးသီးတောင်သို့ စစ်သင်္ဘော ၃ စီး ရောက်ရှိ

ငြိမ်းချမ်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 21 ရက် 2009

ဒါကာ (မဇ္ဈိမ)။ ။ ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံရေပိုင်နက် အငြင်းပွားချိန် တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အနီး စိုင်းတင် မြစ်သို့ ယခု တပတ်အတွင်း မြန်မာ စစ်သင်္ဘော ၃ စီး ရောက်ရှိ လာသည်။

အလတ်စားနှင့် အသေးစား စစ်သင်္ဘော ၃ စီးသည် နှစ်နိုင်ငံနယ်စပ် အရှေ့တောင်ဘက် ကီလိုမီတာ ၃၀ (မိုင် ၂၀) ခန့်၌ တည်ရှိသော ဘူးသီးတောင် အရှေ့ဘက် စိုင်းတင်မြစ်သို့ ယခုလ ၁၉ ရက်နေ့က ဆိုက်ကပ်လာကြောင်း ဘူးသီးတောင်မှ ကိုမောင်သိန်းနှင့် ဒေသတွင်း အခြေစိုက် ဒေသစစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် - စကခ ၁၅ သတင်းရပ်ကွက်က ပြောဆိုခြင်း ဖြစ်သည်။

ပြည်နယ်မြို့တော် စစ်တွေနှင့် ကျောက်ဖြူမြို့ ဓညဝတီရေး တပ်စခန်းချုပ်မှ စစ်သင်္ဘော အမှတ် ၁၁၀၊ ၃၀၈ နှင့် ၅၅၂ တို့ ဖြစ်ကြပြီး၊ စစ်တွေမှ ရသေ့တောင် အနောက်ဘက် မယူမြစ်အတွင်း ဝင်ရောက်လာကာ၊ ထိုမြစ်နှင့် မြစ်ကြောချင်း ဆက်နေသည့် စိုင်းတင်မြစ် အတွင်း ခုတ်မောင်းလာခဲ့သည်ဟု ဆိုကြသည်။

စစ်သင်္ဘောများ၏ ရှေ့ဘက်နှင့် နောက်ဘက်တွင် အမြောက် တလက်စီ တပ်ဆင်ထားပြီး တပ်သား အင်အား ၆၀ ခန့်စီ လိုက်ပါလာကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဘူးသီးတောင်မြို့သား ကိုမောင်သိန်းက ပြောသည်။

နှစ်နိုင်ငံ အငြင်းပွားရာ ရေပိုင်နက်အနီး ကျောက်ချရပ်နားခဲ့သော စစ်သင်္ဘော ၃ စီးမှာမူ ပြန်လည် ဆုတ်ခွာလာပြီး၊ ယခုအခါ စစ်တွေနှင့် ရသေ့တောင် ကြား၌ ဆိုက်ကပ် ထားသည်။

ယခုလဆန်းမှစ၍ ဘင်္ဂလား-မြန်မာ နှစ်နိုင်ငံစလုံးက နယ်စပ် တလျှောက်နှင့် ပင်လယ်ပြင်အတွင်း စစ်အင်အား တိုးချလာခဲ့သည်။ သို့သော် မည်သို့သောကြောင့် စစ်အင်အား တိုးချဲ့ရသည်ကို နှစ်နိုင်ငံအစိုးရများက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။

Ref: မဇ္ဈိမ

Read More...

KNU နှင့် DKBA ပေါင်းစည်းရန် မလွယ်ကူသေး ဟု KNU ပြောကြား

နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 21 ရက် 2009

နယူးဒေလီ (မဇ္စျိမ)။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA အကြား ပေါင်းစည်းရန် မလွယ်ကူသေးကြောင်း KNU ခေါင်းဆောင်က ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် KNU-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူးတူးဆေးဖိုး နှင့် DKBA မှ မြိုင်ကြီးငူ ဆရာတော် ဦးသုဇနအကြား ယခုလ ၁၉ ရက်တွင် အပစ်ရပ်ရေးနှင့် ပေါင်းစည်းရေး ဆွေးနွေးပွဲတခု ကျင်းပခဲ့ကြောင်း သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ယခုလို ပြောဆိုခြင်း ဖြစ်သည်။

“လောလောဆယ် KNU နဲ့ DKBA ပေါင်းစည်းဖို့ဆိုတာ မလွယ်ပါဘူး။ တဖြည်းဖြည်းတော့ စည်းရုံး သွားမှာပါ။ အခုဆို သူတို့ အထဲက လူတော်တော် များများလည်း နအဖ လုပ်ရပ်တွေကို သဘောပေါက် လာပြီ” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီပိုးရာစိန်က ပြောဆိုသော်လည်း၊ လျှို့ဝှက် ဆွေးနွေးပွဲ ကိစ္စကိုမူ အတည် မပြုနိုင်သေးကြောင်း ပြောသည်။

အကယ်၍ နှစ်ဖက်တွေ့ဆုံဖြစ်ခဲ့ပါကလည်း KNU ၏ သဘောထား ရပ်တည်ချက် ကြောင့်သာ ဖြစ်မည်ဟု သူက ဆက်ပြောသည်။

KNU သည် DKBA အပေါ် ယခင်ကတည်းက သတ်မှတ်ခဲ့သည့် ခြွင်းချက် ၃ ချက်နှင့်အညီ စည်းရုံးသွားမည် ဖြစ်သည်။

“နအဖ ခိုင်းသလို မလုပ်ရဘူး၊ လူထုကို မဆန့်ကျင်ရဘူး၊ မူးယစ်ဆေးဝါးနဲ့ မပတ်သက် ရဘူး။ DKBA ခွဲထွက် ကတည်းက အဲဒါတွေက သတ်မှတ်ထားတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူးက ပြောသည်။

“DKBA က Border Guard (နယ်ခြားစောင့်တပ်) လုပ်နေတယ်။ KNU စခန်းတွေကို နအဖ ဖိအား အမိန့်နဲ့ တိုက်တာတွေ ရှိတယ်။ အထဲမှာကလည်း သဘောထား တွေက ကွဲလွဲနေပါပြီ။ နအဖ လုပ်ရပ်တွေ တဖြည်းဖြည်း သိလာကြပြီ” ဟု သူက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လမှ စတင်ကာ DKBA တပ်သား ၁၀ ဦးခန့်သည် KNU ထံ ပြန်လည် ဝင်ရောက်လာခဲ့သည်။

DKBA သည် KNU အဖွဲ့မှ ၁၉၉၅ ခုနှစ်တွင် ခွဲထွက်၍ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့ပြီး၊ ထိုင်း - မြန်မာနယ် စပ်ရှိ သစ်လုပ်ငန်း အပါအဝင် အခြား စီးပွားရေး လုပ်ငန်းတချို့ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

DKBA သည် စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရန် အဆိုပြုခဲ့သည့် အပေါ် ဒီမိုကရေစီသစ် တပ်မတော် - ကချင် NDA (K) ကဲ့သို့ပင် လက်ခံပြီး ဖြစ်သည်။ ကျန်ရှိသည့် အပစ်ရပ် ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ၊ ဝ တပ်မတော်၊ ကိုးကန့် တပ်ဖွဲ့နှင့် အခြား အဖွဲ့များက ငြင်းဆန်နေဆဲ ဖြစ်သည်။

KNU နှင့် DKBA အကြား အပစ်အခတ် ရပ်စွဲပြီး၊ ငြိမ်းချမ်းရေး တည်ဆောက်သွားရန် DKBA မှ မြိုင်ကြီးငူ ဆရာတော် ဦးသုဇနက နှစ်ဖက်လုံးကို မေတ္တာရပ်ခံသည့် စာတစောင်ကို ပြီးခဲ့သည့်လ နောက်ဆုံးပတ် အတွင်းက ဖြန့်ဝေခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Wednesday, October 21, 2009

ရာမညတပ် စစ်အစိုးရနှင့် ပူးပေါင်း

Tue 20 Oct 2009, IMNA,

မကြာမီက စတင်ဖွဲ့စည်းထားသည့် ရာမည တပ်ဖွဲ့သည် မြန်မာ စစ်အစိုးရနှင့် ပူးပေါင်း လိုက်ပြီ ဖြစ်ကြောင်း မွန်ပြည်သစ် ပါတီ အသိုင်းအဝိုင်းမှ လာသော သတင်းအရ သိရပါသည်။

ရာမညတပ်ဖွဲ့ကို လွန်ခဲ့သည့် ဇွန်လခန့်တွင် မွန်ပြည်သစ် ပါတီမှ အနားယူ ထားသည့် ဗိုလ်မှူးဟောင်း နိုင်ရှောင်းက ဦးဆောင်ပြီး၊ ဖွဲ့စည်းစဉ်က အဖွဲ့ဝင် (၁၀) ဦးခန့်သာ ရှိပြီး၊ တနသာင်္ရီတိုင်း ဘက်တွင် စတင် လှုပ်ရှားနေသည်။

“အခုလောလောဆယ်မှာတော့ နိုင်ရှောင်းက ရေးမြို့မှာ ရှိနေတယ်၊ သူ့အစီအစဉ်က နိုင်အောင်နိုင်တို့နဲ့ ပေါင်းပြီးတော့ နအဖမှာ လက်နက်ချမယ်။ ပြီးတော့ နယ်ခြားစောင့် တပ်ကို လက်ခံဖို့ ရှိတယ်” ဟု မွန်ပြည်သစ် ပါတီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အောက်တိုဘာ ၁၆ ရက်နေ့တွင် နိုင်ရှောင်းနှင့် ၄င်း၏ လက်အောက် ငယ်သား နှစ်ဦးတို့က ၄င်းတို့၏ ဇနီးသည်များနှင့် အတူ မြဝတီမှ ဆင်းလာကြပြီး အရှေ့ တောင်တိုင်း စစ်ဌာနချုပ်တွင် စစ်အစိုးရ အာဏာပိုင်တို့နှင့် နှစ်ရက်နီးပါး ဆွေးနွေး တိုင်ပင်ပြီး ၁၇ ရက်နေ့တွင် ရေးမြို့သို့ စစ်အစိုးရ တပ်များနှင့် အတူ ဆင်းသွား ခဲ့ကြသည်ဟု မွန်ပြည်သစ် ပါတီက ဆိုသည်။

“ကျနော်တို့ ရရှိထားတဲ့ သတင်းအရတော့ ရာမညတပ်က သူတို့ (၃) ဦးပဲ ဗမာတွေနဲ့ ပေါင်းသွားပြီး၊ ဒါပေမယ့် တခြား နိုင်အောင်နိုင်တို့၊ နိုင်ချမ်းဒိန်းတို့ အဖွဲ့နဲ့ အဆက်အသွယ် ရှိမရှိ ဆိုတာကိုတော့ ကျနော်တို့လည်း စုံစမ်းနေဆဲပဲ” ဟု ထိုင်း-မြန်မာနယ်စပ်မှ မွန်ပြည်သစ် ပါတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရာမညတပ်ကို ပေါ်လာပြီးနောက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ မွန်ပြည်သစ် ပါတီ ထိန်းချုပ်နယ်မြေ ဖြစ်သော ပလိုင်းဂျပန် ကျေးရွာတွင် ငွေကြေးကောက်ခံ နေသည့် အပြင် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲတွင်လည်း ငွေကြေးများ ကောက်ခံ နေခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

“နိုင်ရှောင်းတို့က ဗမာတွေနဲ့ ပေါင်းလိုက်ပြီးဆိုတော့ ကျနော်တို့ အတွက် စိုးရိမ်ရမယ့် အနေအထားမှာ ရှိတယ်၊ ဒီအဖွဲ့ရဲ့ နောက်မှာလည်း တခြား မွန်အဖွဲ့တွေ ပါဝင်ချင် ပါဝင်လာမယ်လေ၊ ပါလာနိုင်မယ်လို့ ကျနော်တို့ ထင်တယ်၊ အဲဒီအခါကျရင် ကရင်တို့လို ဖြစ်လာမှာပဲ၊ မွန်အချင်းချင်း တိုက်ခိုင်းမယ်” ဟု ၄င်းတာဝန်ရှိသူက ဆက်ပြောသည်။

Ref: မွန်သတင်းအေဂျင်စီ

Read More...

မွန်အမျိုးသား နိုင်ငံရေးပါတီများ၏ ဦးဆောင်မှုကို ခံယူမည် ဟု မွန်လူငယ်များ ဆုံးဖြတ်

အာကာ
Tue 20 Oct 2009,

မွန်အမျိုးသားနိုင်ငံရေးပါတီများ၏ ဦးဆောင်မှုကို ခံယူပြီး စစ်အစိုးရ၏ မွန်ပြည်သစ် ပါတီ အပေါ် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ် အသွင်ပြောင်းရေး ဖိအားပေးခြင်းကို ရှုတ်ချကြောင်း မွန်လူငယ် စုံရပ်က ဆုံးဖြတ်ချက် ချလိုက်သည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ မော်လမြိုင် ခရိုင်အတွင်း အောက်တိုဘာလ (၁၄) ရက်နေ့မှ စ၍ (၃) ရက်တိုင် ကျင်းပခဲ့သော ဒုတိယ အကြိမ် မွန်လူငယ်များ နှီးနှောဖလှယ်ပွဲမှ ၄င်းဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့သည်။

၎င်းနှီးနှောဖလှယ်ပွဲသို့ မွန်ဒေသလုံးဆိုင်ရာ မွန်လူငယ်အဖွဲ့ အသီးသီး (၂၅) ဖွဲ့မှ ကိုယ်စားလှယ် (၈၀) ကျော်နှင့် လေ့လာသူ (၂၀) ကျော် တက်ရောက် ခဲ့ကြသည်။

အထက်ပါဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မွန်ရေးရာ သမဂ္ဂ MAU မှ ဒါရိုက်တာ နိုင်ကောင်းတလရော့ က “မွန်လူငယ်တွေရဲ့ ရပ်တည်ချက်ကို ကျနော်တို့ ဝမ်းမြောက် ဝမ်းသာ ကြိုဆိုပါတယ်၊ ဘာ့ကြောင့်လဲ ဆိုတော့ လူငယ်တွေဟာ မိမိ အမျိုးသား နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေးခံယူချက် တူညီကြလို့ပါပဲ” ဟု ပြောသည်။

အထက်ပါ နှီးနှောဖလှယ်ပွဲမှ မွန်လူငယ်စုံရပ် ပြောင်းလဲဖွဲ့စည်းရေး၊ လူငယ်များ၏ အရည်အသွေး မြှင့်တင်ရေး၊ လတ်တလော နိုင်ငံရေး ရပ်တည်ချက်နှင့် လူငယ် လက်စွဲစာအုပ် ထုတ်ဝေရေး စသော ဆုံးဖြတ်ချက် (၇) ချက်ကို ချမှတ်ခဲ့သည်ဟု သိရသည်။

၎င်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သည့် လူငယ်တစ်ဦးက “ကျနော်တို့ လူငယ်တွေ ဆိုတာ အနာဂတ် နိုင်ငံရေးမှာ ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်ရမယ်ဆိုတာ မှန်တယ်၊ ဒါပေမယ့် အခု လတ်တလော မှာတော့ ကိုယ့်နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို ခံယူဖို့ လိုသေးတယ်” ဟု ဆိုသည်။

ယခုနှီးနှောဖလှယ်ပွဲကို ပထမအကြိမ် နှီးနှောဖလှယ်ပွဲမှ ဖွဲ့စည်းခဲ့သော မွန်လူငယ်များ စုံရပ် MYF က ဦးစီး ကျင်းပခဲ့ကြောင်း သိရသည်။

ပထမအကြိမ် နှီးနှောဖလှယ်ပွဲကို လွန်ခဲ့သည့် (၂၀၀၇) ခုနှစ် ဖေဖော်ဝါရီလ ဒုတိယ သီတင်းပတ်တွင် တိုးတက်သော မွန်လူငယ်များ အစည်းအရုံး MYPO နှင့် မွန်ပြည်သစ် ပါတီ ဗဟိုစည်းရုံးရေး ဌာနတို့က ဦးစီးပြီး မွန်ပြည်သစ် ပါတီ ထားဝယ်ခရိုင် အတွင်းတွင် ကျင်းပခဲ့သည်။

Ref: မွန်သတင်းအေဂျင်စီ

Read More...

KNU နဲ့ DKBA လျှို့ဝှက်တွေ့ဆုံ

20 October 2009

KNU ကရင်အမျိုးသား အစည်းအရုံးက ဗဟိုကော်မတီ အဖွဲ့ဝင်တွေနဲ့ ခွဲထွက် DKBA တို့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါတယ်။ KNU အနေနဲ့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကာလအတွင်း အနှောင့်အယှက် မပေးဖို့ အတွက် စစ်အစိုးရ အာဏာပိုင်တွေ ဘက်က DKBA ကို ဖိအားပေးလာတဲ့ အတွက် အခုလို တွေ့ဆုံ ဆွေးနွေးရတာ ဖြစ်နိုင်တယ်လို့ KNU အဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ဗွီအိုအေ ထိုင်းနယ်စပ် အခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိမ်က ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတဲ့ အခါ သူက အခုလို စပြောပါတယ်။

“မြိုင်ကြီးငူဆရာတော်ရယ်၊ KNU ဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမူတူးစေးဖိုးရယ် ၁၆ ရက်နေ့မှာ လွတ်မြောက်နယ်မြေ တနေရာမှာ ကရင်အမျိုးသား အချင်းချင်း ပြန်လည် သင့်မြတ်ဖို့ ဆွေးနွေး နေကြတယ်။ အဲဒီကြားထဲမှာ သတင်း ပေါက်ကြား သွားတဲ့ အတွက် ၁၉ ရက်နေ့မှာ သူတို့ အစည်းအဝေးကို ရပ်နားထားရတယ်။”

DKBA ဘက်က တက်တာ ကိုနိုင်ကွန်းအိမ် ဘာတွေ ကြားထားလဲခင်ဗျ၊ ဘယ်သူတွေ တက်တယ်ဆိုတာ။

“DKBA ဘက်ကတော့ မြိုင်ကြီးငူဆရာတော် တက်တယ်လို့ ကြားပါတယ်။ ဒါပေမဲ့ သီးခြား အတည်ပြုချက်တော့ သူတို့ မပေးသေးဘူး။ ကျနော်တို့လည်း DKBA ဘက်ကို မေးမြန်းထားတာပဲ။ သူတို့က သတင်းကို လျှို့ဝှက်ထားတယ်။ သူတို့ပြောတာကြတော့ လုံခြုံရေးအတွက် သိပ်မဖော်ပြချင်ဘူး။”

ဘာကိစ္စ ဘာအကြောင်းအရာတွေများ ဆွေးနွေးတယ်လို့ ကြားမိပါသလဲ။

“သူတို့က ကရင်အမျိုးသား အချင်းချင်း တိုက်တာခိုက်တာ ရပ်စဲဖို့ သင့်ပြီဆိုပြီး မြိုင်ကြီးငူ ဆရာတော်က ပန်ကြားလွှာ တစောင် ထုတ်ခဲ့တယ်။ အဲဒီပန်ကြားလွှာ အပေါ်မှာပဲ ဒူးပလာယာ ခရိုင်က ဥက္ကဋ္ဌ စောရွှေမောင်းက နေပြီး အဲဒီလို ကရင်အချင်းချင်း တိုက်ခိုက်မှု မဖြစ်အောင် ဆရာတော်က အကျိုးဆောင်ပေးပါ၊ ပြီးခဲ့တဲ့ အဖြစ် အပျက်တွေကို သင်ခန်းစာယူပြီး ကရင်အမျိုးသား အချင်းချင်း သွေးထွက် သံယိုမှု မဖြစ်အောင်ဆိုပြီး ဆရာတော် ဦးဆောင်ပြီး ကရင် သွေးစည်းညီညွတ်ရေး လုပ်ဆောင်ပေးပါလို့ ဆရာတော်ကို ပန်ကြားခဲ့တယ်။ အဲဒီပန်ကြားချက် အပေါ်မှာပဲ အခု သူတို့က တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးတာ ဖြစ်ပါတယ်။”

သူတို့အချင်းချင်း သွေးစည်းညီညွတ်သွားပြီဆိုရင် ဘယ်လို ဆက်လက် ရပ်တည်ကြမလဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ တချိန်က သူတို့ရဲ့ အဓိက ရန်သူက စစ်အစိုးရ ဖြစ်နေတော့ KNU နဲ့ DKBA အချင်းချင်း ပေါင်းမိသွားရင် သူတို့ ဘယ်လို ဆက်ပြီး ရပ်တည်ကြမလဲ၊ ရန်သူကို ဆက်တိုက်မလား၊ ဒါမှမဟုတ် ငြိမ်းချမ်းရေး ယူမလား၊ ဘာကြားလဲ ခင်ဗျ။

“ကျနော် လေ့လာကြည့်သလောက်၊ ကရင်အရေး လေ့လာသူတွေမှာ စနည်းနာကြည့် သလောက် ဒီလို လုပ်တာဟာ စစ်အစိုးရ ဖိအားပေးမှု မပါဘဲနဲ့ သူတို့ မလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် KNU နဲ့ DKBA တို့ တွေ့ဆုံ ဆွေးနွေးခြင်း အားဖြင့် စကားပြောရမယ်၊ နယ်မြေဒေသပေါ့၊ အဲဒီမှာ KNU ဒေသ ဒီလောက်၊ DKBA ဒေသ ဒီလောက်ဆိုပြီး အပြန်အလှန် မကျူးကျော်ရေး သူတို့ စကားပြောရလိမ့်မယ်။

“အဓိက ကျနော်မြင်တာကတော့ ၂၀၁၀ ရွေးကောက်ပွဲမှာ KNU အနေနဲ့ အနှောင့်အယှက် မပြုလုပ်ဖို့ အတွက် အရံအတား အနေနဲ့ သူတို့ ဟန်ပြ ဆွေးနွေးတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ DKBA ဘက်က အထက်က စစ်အာဏာပိုင် တွေရဲ့ ခွင့်ပြုချက် မရဘဲနဲ့ သူတို့က လုပ်ပိုင်ခွင့်လည်း မရှိဘူး၊ သူတို့လည်း မလုပ်ရဲဘူး။ အဲဒါ အထက် နအဖ အရာရှိတွေရဲ့ ဖိအားပေးမှုကြောင့် ဖြစ်တယ်လို့ ကရင်အမျိုးသား လေ့လာသူတွေရဲ့ ပြောဆိုချက်အရ သိထားတယ်။”

Ref: VOA News

Read More...

ကချင်အဖွဲ့ငယ် ပြည်သူ့စစ်ပြောင်း

ဖနိဒါ
အင်္ဂါနေ့၊ အောက်တိုဘာလ 20 ရက် 2009

မဇ္ဈိမ(ချင်းမိုင်) ။ ။ အပစ်ခတ်ရပ် ကချင်အဖွဲ့ငယ် တခု ဖြစ်သော ဗိုလ်မှူးကြီးဟောင်း လဆန်အောင်ဝါ အဖွဲ့ကို ပြည်သူ့စစ် အဖြစ် တရားဝင် ပြောင်းလဲ ဖွဲ့စည်း လိုက်ပြီ ဖြစ်သည်။

ပြည်သူ့စစ်အဖြစ် တရားဝင်ဖွဲ့စည်းသည့် အခမ်းအနားကို အောက်တိုဘာ ၁၆ ရက်နေ့က မြစ်ကြီးနားမြို့၏ အရှေ့ မြောက်ဘက် မိုင် ၂၀ အကွာ၊ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်း၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ လဝါယန် ကျေးရွာတွင် ကျင်းပခဲ့သည်။

ယခင် ကေအိုင်အေ ထောက်လှမ်းရေးနှင့် အမျိုးသား လုံခြုံရေးဌာန တာဝန်ခံ ဖြစ်သည့် ဗိုလ်မှူးကြီးဟောင်း လဆန်အောင်ဝါနှင့် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့ တက်ရောက်ခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အင်အားပေါ် မူတည်၍ နယ်ခြားစောင့်တပ် အဖြစ် လည်းကောင်း၊ ပြည်သူ့စစ် အဖြစ် လည်းကောင်း အသွင်ပြောင်းရန် ဖိအားပေးသည်။

“ပြည်သူ့စစ်က နယ်ခြားစောင့်တပ်နဲ့ဆိုရင် အဆင့်နိမ့် သွားတာပေါ့လေ။ လဆန်အောင်ဝါလဲ နာယက ၁၀ ယောက်ထဲမှာ ပါသွားတယ်။ သူတို့ အဖွဲ့ထဲမှာက လက်နက် ကိုင်တာက ၆၀ ဘဲ။ လဝါယန်ဌာနေ ပြည်သူ့စစ် ထဲမှာမှ နှစ်ဖွဲ့ခွဲ လိုက်တယ်။ ” ဟု ကချင် သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်းက ပြောသည်။

လဝါယန်ဌာနေ ပြည်သူ့စစ် လက်နက်ကိုင်တပ်ဖွဲ့ကို တဖွဲ့အင်အား ၃၀ ခန့်ဖြင့် “လဝါ ပြည်သူ့စစ်” နှင့် “ကွေထူ ပြည်သူ့စစ်” ဟူ၍ နှစ်ဖွဲ့ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက သတ်မှတ် ပေးလိုက်ပြီး အစိမ်းရောင် ဝတ်စုံများ ပေးအပ်ခဲ့သည်။

လဆန်အောင်ဝါအဖွဲ့သည် ကေအိုင်အို-ကေအိုင်အေ မှ ၂၀၀၄ ခု နှစ်ဆန်းပိုင်းတွင် ခွဲထွက်ခဲ့ပြီးနောက် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDAK) ထိန်းချုပ်ရာ ဒေသအတွင်း ခိုလှုံခဲ့သည်။

၂၀၀၅ ခု တွင် မြောက်ပိုင်းတိုင်းမှူး ဖြစ်နေသော ဗိုလ်ချုပ်အုန်းမြင့်က လဝန်ယန် ကျေးရွာ၏ တောင်ဘက် ၇ မိုင်ခန့် အကွာရှိ ကွေထူပါဒေသ၌ နေရာချမှတ် ပေးခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Tuesday, October 20, 2009

နယ်ခြားစောင့်တပ်ကိစ္စ အကြောင်းပြန်ပါဟု ဝ အဖွဲ့ကို နအဖ က အမိန့်ပေး

ထက်အောင်ကျော်
၁၉ အောက်တိုဘာ ၂၀၀၉

တရုတ်နယ်စပ်ဘက်က အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ် ဖွဲ့ရေး လက်ခံ၊ မခံ ဆိုတာ ဒီလ အကုန်မှာ အကြောင်း ပြန်ရမယ်လို့ နအဖ က အမိန့် ပေးထားပေမယ့် အဲဒီ အမိန့်ကို လက်မခံနိုင်ဘူးလို့ ယူဒဗလျူအက်စ်အေ ဝ အဖွဲ့က အကြောင်း ပြန်လိုက်ပါတယ်။

ဒီအကြောင်းပြန်ချက်ကို ပြီးခဲ့တဲ့ သတင်းပတ် အတွင်းမှာ ပန်ဆန်းရှိ ဝ အာဏာပိုင် အဖွဲ့က နအဖ ကိုယ်စားလှယ်ဆီ ပေးပို့လိုက်တယ်လို့ ပန်ဆန်းရှိ ဝ အရာရှိ တဦးက ပြောပါတယ်။

ဝ အဖွဲ့ရဲ့ သဘောထားက အပစ်အခတ် ရပ်စဲရေး လုပ်စဉ်က သဘောတူတဲ့ အတိုင်း တပ်တွေ နေရာ ချထားရေး၊ အသွင်ပြောင်းရေး ကိစ္စဟာ လက်ရှိ အစိုးရနဲ့ မဆိုင်ဘဲ ရွေးကောက်ပွဲ ကနေ တက်လာတဲ့ အရပ်သား အစိုးရနဲ့ ဆွေးနွေးရမှာ ဖြစ်တဲ့ အတွက် ဒီလို အကြောင်း ပြန်လိုက်တာလို့ အဲဒီ ဝ အရာရှိက ပြောပါတယ်။

“ အဲဒီတုန်းက ကျနော်တို့ လူကြီးတွေက ခင်ဗျားတို့ အစိုးရသစ်ကို ၂၀၁၀ မှာ ရွေးမယ်ဆိုရင် အဲဒီကျမှ နယ်ခြားစောင့်တပ်နဲ့ ပတ်သတ်လို့ အေးအေးဆေးဆေး ပြောကြရင် ကောင်းမယ်လို့ ပြောထားတယ်။ အကြောင်း ပြန်လိုက်တာ ၅ရက်၊ ၆ရက် လောက်ရှိမယ်။ သူတို့ဆီက ဘာမှ ပြောမလာသေးဘူး။”

ဒီအကြောင်းပြန်ချက်အပေါ် နအဖ ကိုယ်စားလှယ်ဘက်က ဘာမှ မပြောသေးသလို ပန်ဆန်းမြို့ကို လာမယ် ပြောပြီးမှ ယခုထိ မလာသေးတဲ့ စရဖ အကြီးအကဲ ဗိုလ်ချုပ်ရဲမြင့် ဆီက ဘာမှ အကြောင်း ပြန်ကြားချက် မရသေးဘူးလို့ အဲဒီ ဝ အရာရှိက ပြောပါတယ်။

တရားဝင် အကြောင်းမပြန်သေးပေမယ့် လက်တွေ့ စစ်ရေးအရ အချက်ပြ အကြောင်းပြန်တာ၊ ဝ နဲ့ နအဖ နယ်စပ်မှာ စစ်အင်အား တိုးချဲ့လာတာမျိုးနဲ့ ပတ်သတ်ပြီး မေးမြန်းရာ အဲဒီ ဝ အရာရှိက ဖြေဆိုပါတယ်။

“ အခု အခြေအနေက သူတို့လည်း စိုးရိမ်ပုံရတယ် ထင်တယ်။ ရုတ်ရုတ် ရုတ်ရုတ်တော့ ရှိတယ်။ ကျနော်တို့ နယ်စပ်လည်း အဲဒီလိုပဲ။”

ကိုးကန့်အဖွဲ့နဲ့ နအဖတပ်တွေ တိုက်ပွဲ စဖြစ်တဲ့ ဒေသက နန်တင့်ချောင်း တံတားကို တိုက်ပွဲ ဖြစ်ပြီးကတည်းက ဝ ဘက်က ပိတ်ထား လိုက်ပြီလို့ ဆိုပါတယ်။

ဒီချောင်းဟာ မြန်မာစစ်အစိုးရ၊ ဝ နဲ့ ကိုးကန့်နယ်မြေ အတွက် ဗျူဟာမြောက်တဲ့ ဒေသဖြစ်ပြီး ဝ နယ်ထဲ မြန်မာတပ်တွေ ဝင်လာမှာစိုးလို့ ဝ ဘက်က ပိတ်ထားတဲ့ သဘောလို့ တရုတ်နယ်စပ်ရှိ စစ်ရေး အတွေ့အကြုံ ရှိသူတွေက ပြောပါတယ်။

လောလောဆယ် မတင်းမာသေးပေမယ့် ကိုးကန့် တိုက်ပွဲကနေ ပြန်လာတဲ့ နအဖ တပ်မ ၃ခုက တပ်ရင်း ၂၀ ခန့်ဟာ ယခုအချိန်အထိ သူတို့နဲ့ စစ်အစိုးရ ကြားက နယ်စပ်မှာ နေရာယူထားဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် ၂ ဘက်စလုံးက စစ်ရေးသတိနဲ့ နေရပေမယ့် မြို့တော် ပန်ဆန်းဘက်မှာ အခြေအနေတွေ ပုံမှန်အတိုင်း ရှိနေဆဲလို့ အဲဒီ ဝ အရာရှိက ပြောပါတယ်။

ဝ နယ်နဲ့ ထိစပ်နေတဲ့ ကိုးကန့်နယ်မြေမှာ တိုက်ပွဲတွေဖြစ်ပြီး ကတည်းက အခြေအနေတွေ ရှုပ်ထွေးနေပြီး အခုဆိုရင် အရင်က ထုတ်ပေးထားတဲ့ နိုင်ငံသား စိစစ်ရေး ကဒ်တွေကို ပြန်သိမ်းပြီး တခု ယွမ် ၆၀ နဲ့ အသစ်ပြန်ထုတ်ပေး နေတဲ့အတွက် အခြေအနေတွေ ပိုရှုပ်ထွေး နေတယ်လို့ သူက ပြောပါတယ်။

နယ်စပ်ဂိတ်အားလုံး ကိုးကန့် ဆီကနေ စစ်အစိုးရဘက်က ယူလိုက်ပြီး ကတည်းက တရုတ်နယ်ဘက် နယ်စပ်ဖြတ်ခွင့်ကို လူတယောက် ယွမ် ၄၀ အထိ ကောက်ပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတဲ့ အတွက် တရုတ် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဒေသခံ တိုင်းရင်းသားတွေ အတော် စိတ်ပျက်နေတယ်လို့ အဲဒီ ဝ အရာရှိက ပြောပါတယ်။

“ကိုးကန့်ဘက်မှာ ၄ လပိုင်းတုန်းက မြန်မာ မှတ်ပုံတင်ကို ကျနော်တို့ ဒေသရော၊ ကိုးကန့်ကပါ လုပ်ကြတယ်။ အခု ကိုးကန့်မှာ ပြန်သိမ်းပြီး တယောက်ကို အသစ်ပြန်လုပ်ဖို့ ယွမ် ၆၀ နဲ့ အိမ်ထောင်စု ပြန်ဆောက်ကြတယ်။”

“ တရုတ်ပြည်ဘက်သွားရင် နယ်ခြားဂိတ်တွေက ဘယ်နှစ်ရက် အတွင်း ခွင့်ပြုတယ်။ ခွင့်ပြုတဲ့ အတိုင်း မဟုတ်ပဲ မှားသွားရင် ပြန်လာလို့ မရတော့ဘူး။ စီးပွားရေး လုပ်တဲ့သူတွေ ၁ ရက် ဒါမှမဟုတ် ၂ ရက်ကြာရင် ကြာမယ်။ ကျနော်တို့ နေထိုင်ဖို့ မလွယ်ဘူးလို့ သူတို့က ပြောကြပါတယ်။”

Ref: DVB News

Read More...

မြန်မာစစ်တပ်က တိုက်ခိုက်လာမည်ကို ဘင်္ဂလားဒေ့ရှ် စိုးရိမ်

Monday, 19 October 2009 17:42 ရန်ပိုင်

မြန်မာစစ်တပ်များက တိုက်ခိုက်လာခဲ့လျှင် ဘင်္ဂလား ပင်လယ်အော် အတွင်းရှိ စိန့်မာတင် ကျွန်းသည် အဓိက ပစ်မှတ်တခု ဖြစ်လာ နိုင်သည်ဟု ဘင်္ဂလားဒေ့ရှ် စစ်အရာရှိများက ပြောဆိုကြောင်း သိရသည်။

အဆိုပါကျွန်းသည် နှစ်နိုင်ငံ တိုက်ပွဲဖြစ်ပွားလာခဲ့လျှင် အဓိက ပစ်မှတ် တခု ဖြစ်လာနိုင်ပြီး၊ လုံခြုံရေး အရ အားနည်း နေကြောင်း၊ ထိုအတွက် လေကြောင်းရန် ကာကွယ်ရေး စနစ်များနှင့် ကွန်ကရိ ဘန်ကာများ အလျင်အမြန် တည်ဆောက်ရန် လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်တပ် အရာရှိများက အစိုးရအား ထောက်ပြ ပြောဆိုထားသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ယမန်နေ့က ထုတ်ဝေသည့် The Daily Star သတင်းစာတွင် ဖော်ပြထားသည်။

“အခုလောလောဆယ် အခြေအနေဟာ အလွန် အတိမ်းအစောင်း မခံတဲ့ အခြေအနေ ဖြစ်နေတဲ့ အတွက် အဲ့ဒီ ကိစ္စကို အလေးအနက် ထားရမယ်” ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တဦးကလည်း ပြောကြားကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါကျွန်းသည် နှစ်နိုင်ငံ ရေပြင်ပိုင်နက် အငြင်းပွားနေသည့် နေရာနှင့် နီးကပ်နေပြီး၊ ၎င်းဒေသတွင် မြန်မာ အစိုးရကလည်း သဘာဝ ဓာတ်ငွေ့ တူးဖော်နေသည်။

“ကျွန်းပေါ်မှာ နေတဲ့သူတွေကတော့ စိုးရိမ်တာပေါ့ ၊ သဘာဝဓာတ်ငွေ့ ထွက်တဲ့ နေရာနဲ့ အရမ်း နီးတယ်၊ ဒါကြောင့် နှစ်နိုင်ငံ စစ်သဘောင်္တွေ ရှိနေတယ်” ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလားတန် သတင်းစဉ်မှ အယ်ဒီတာ ဦးတင်စိုးက ပြောသည်။

ထိုကျွန်းသည် နတ်မြစ်၏ အ၀င်ဝတွင် တည်ရှိသည့် သဘာဝ သန္တာကျွန်းစု တခု ဖြစ်ပြီး၊ ကမ္ဘာလှည့် ခရီးသွားများ အမြဲမပြတ် သွားရောက် တတ်ကြောင်း သိရသည်။

၂၀၀၈ခုနှစ် နိုဝင်ဘာလတွင် နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးများအဆင့် တွေ့ဆုံကြပြီး ရေပိုင်နက် အငြင်းပွားမှု ပြဿနာကို ဆွေးနွေး ခဲ့သော်လည်း နှစ်ချီ၍ အငြင်းပွားနေသည့် ယင်းပြဿနာသည် ပြေလည်မှု မရရှိခဲ့ပေ။

ထိုသို့ ဖြစ်ပွားနေသည့် ကြားမှပင် မြန်မာအစိုးရက နှစ်နိုင်ငံ နယ်စပ်တွင် ခြံစည်းရိုး ကာရံမှုကို ထပ်မံ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတကာ သတ်မှတ်ထားတဲ့ နယ်စပ်မျဉ်းနဲ့ ပေ ၁၀၀ လောက် အကွာမှာ သံဆူးကြိုးကာလို့ ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်တာပါ” ဟု ဦးတင်စိုးက ပြောသည်။

မြန်မာစစ်အစိုးရက နယ်စပ်ဒေသတလျှောက် ခြံစည်းရိုး ကာရခြင်းမှာ နှစ်နိုင်ငံ နယ်စပ်တွင် ဖြစ်ပေါ်နေသည့် မှောင်ခို လုပ်ငန်းများ၊ လူကုန်ကူးမှုများ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်များ ၀င်ရောက် တိုက်ခိုက်ခြင်းမှ တားဆီးရန် ဟု အကြောင်းပြထားသည်။

“တိုင်းရင်းသား လက်နက်ကိုင်ကလည်း ထိုင်း - မြန်မာနယ်စပ်မှာ ရှိသလို ဒီမှာ မရှိဘူး၊ လူကုန်ကူးမှု ဆိုတာလည်း နစကတွေ ကိုယ်တိုင် ပါနေတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မြန်မာဘက်က သံဆူးကြိုး ကာရံခြင်းကို မတ်လ ၁၈ ရက်နေ့က စတင်ခဲ့သည်။

ထိုအပြင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်များမှာလည်း ၎င်းတို့ အစိုးရအား နယ်စပ်တွင် လျှပ်စစ်ဓာတ်အား လွှတ်ထားသည့် ခြံစည်းရိုး တခု ကာရန်အတွက် တိုက်တွန်းထားကြောင်း The Daily Star သတင်းစာတွင် ဖော်ပြထားသည်။

ယင်းဒေသ၌ မြန်မာစစ်တပ်က ပုံမှန် ကင်းလှည့်မှုများသာ ပြုလုပ်သော်လည်း ယခုအခါ စခန်း အခိုင်အမာ တည်ဆောက် နေသည်ဟု သိရပြီး၊ ယခုအခါ တပ်ရင်း ၅ ရင်း အထိ တိုးမြှင့် ချထားကာ နယ်စပ်ဒေသ စိစစ် ကြီးကြပ်ရေး (နစက ) ကင်းစခန်းပေါင်း ၃၂ ခု၊ စခန်းကြီး ၉ ခု ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း တပ်ရင်း ၃ ရင်း တိုးမြှင့် ချထားကြောင်း သိရသည်။

နယ်စပ်ဒေသတလျှောက်တွင် ယင်းတင်းမာမှုများကြောင့် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး မှာလည်း အနည်းငယ် လျော့နည်း သွားကြောင်း သတင်း ရရှိသည်။

လတ်တလော နယ်စပ် တင်းမာမှုများနှင့် ပတ်သက်၍ မြန်မာအစိုးရ ဘက်မှ တစုံတရာ ထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။

Ref: ဧရာဝတီ

Read More...

အာဆီယံအတွက် လူထုကိုယ်စားလှယ် ရွေးချယ်

ဖနိဒါ
တနင်္လာနေ့၊ အောက်တိုဘာလ 19 ရက် 2009

မဇ္ဈိမ(ချင်းမိုင်) ။ ။ ထိုင်းနိုင်ငံတောင်ပိုင်း ဟိုဟင်မြို့တွင်ကျင်းပမည့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း-အာဆီယံ ၁၅ ကြိမ်မြောက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည့် လူထု ကိုယ်စားလှယ်ကို ရွေးချယ်နိုင်ရန် ထိုင်းနိုင်ငံ တောင်ပိုင်း Cha-am မြို့တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ လူထု အခြေပြုအဖွဲ့များ အစည်း အဝေး ကျင်းပနေသည်။

အာဆီယံ ၏ ၁၅ ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံ တောင်ပိုင်း၌ ယခုလ ၂၃-၂၅ ရက် တွင် ကျင်းပမည် ဖြစ်သည်။

“အာဆီယံ ညီလာခံ မတိုင်ခင်မှာ လွတ်လပ်တဲ့ လူထုအခြေပြု အဖွဲ့အစည်း တွေက နေပြီးတော့မှ ဒေသထဲမှာ ရှိနေတဲ့ ပြည်သူ လူထုတွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြသနာ အခက်အခဲတွေကို အစိုးရကို ဖြေရှင်းပေးဖို့ အတွက် ထိပ်သီး ညီလာခံ မတိုင်ခင် လူထု ကိုယ်စားလှယ် အသီးသီးက နေပြီးတော့မှ တွေ့ဆုံ ဆွေးနွေးတဲ့ အစည်းအဝေးပါ” ဟု အစည်းအဝေး တက်ရောက်သူ အာရှ ပစိဖိတ်ဒေသတွင်း မြန်မာ့ အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့မှ ဒေါ်ခင်ဥမ္မာက မဇ္ဈိမကို ပြောသည်။

အစည်းအဝေးတွင် အာဆီယံ ဒေသအတွင်းမှ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ တက်ရောက်ကြပြီး မြန်မာလူထု အခြေပြု အဖွဲ့အစည်းအဖြစ် မြန်မာ အမျိုးသမီး ရေးရာ အဖွဲ့၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးအသင်း၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့၊ Third force on Asean Burma အဖွဲ့တို့မှ ကိုယ်စားလှယ် စုစုပေါင်း ၁၅ ဦးခန့် တက်ရောက်နေကြောင်း သိရသည်။

ထိုင်းအခြေစိုက် ဒီမိုကရေစီ အင်အားစုများမှ မြန်မာ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB၊ မြန်မာ အမျိုးသမီး သမဂ္ဂ -BWU၊ ကရင် လူ့အခွင့်အရေး အဖွဲ့-KHRG၊ လူ့အခွင့်အရေး ပညာပေးဌာန မြန်မာနိုင်ငံ-HREIB၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အဖွဲ့၊ မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ဆိုင်ရာအဖွဲ့ စသည်တို့မှ ကိုယ်စားလှယ် တက်ရောက်ခဲ့ကြသည်။

အာဆီယံထိပ်သီး ညီလာခံတက်မည့် လူထုအခြေပြု အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အား မနက်ဖြန်တွင် ရွေးချယ်မည်ဖြစ်ပြီး ထုတ်ပြန်ချက် တစောင်လည်း ထုတ်ပြန်ရန် ရှိသည်။

မြန်မာနိုင်ငံ သာသနာ့ဥသျှောင်အဖွဲ့မှ ဆရာတော် ဦးသြဘာသက မြန်မာပြည်တွင်းရှိ ပြည်သူ လူထုများ ကြုံတွေ့ နေရသည့် စားဝတ်နေရေး အခက် အခဲများကို စစ်အစိုးရက မျက်ကွယ် ပြုထားကြောင်း ယနေ့ ဆွေးနွေးသည့် အာဆီယံ၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး အစီအစဉ်တွင် တင်ပြခဲ့သည်။

မြန်မာအမျိုးသမီးများ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုနှင့် အဓမ္မပြုကျင့် ခံနေရမှုများနှင့် ပတ်သက်၍ WLB ကလည်း တင်ပြခဲ့သည်။

သို့သော် ယင်းတင်ပြမှု အားလုံးကို မြန်မာနိုင်ငံမှ လာရောက်ကြသည့် ကိုယ်စားလှယ်များက ငြင်းဆိုခဲ့ သည်ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။

ယခုနှစ် ဖေဖော်ရီလကုန်ပိုင်းက ၁၄ ကြိမ်မြောက် အာဆီယံ ညီလာခံသို့ မြန်မာ့လူထု အခြေပြု ကိုယ်စားလှယ် အနေဖြင့် ဒေါ်ခင်ဥမ္မာက တက်ရောက်မည်ကို စစ်အစိုးရဘက်မှ ကန့်ကွက်ခဲ့သည်။

ယခု ပြုလုပ်နေသည့် အစည်းအဝေးတွင် အဓိက အားဖြင့် နိုင်ငံရေး - လုံခြုံရေးနှင့် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စသည်တို့ ကိုလည်း ဆွေးနွေးနေကာ လာမည့် အာဆီယံ ထိပ်သီး ညီလာခံတွင် တင်ပြမည် ဖြစ်ကြောင်း လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။

အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံက စတင် တည်ထောင်ခဲ့သည်။ ဘရူနိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ ပါဝင်လာခဲ့ပြီး မြန်မာနိုင်ငံက ၁၉၉၇ တွင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

Ref: မဇ္ဈိမ

Read More...

Monday, October 19, 2009

စစ်အစိုးရသို့ ချဉ်းကပ်ကာ UDP ပါတီ ပြန်လည် အသက် သွင်းရန် ခြေလှမ်း

နန်းဒေ၀ီ
သောကြာနေ့၊ အောက်တိုဘာလ 16 ရက် 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး ဦးစွာ ကြေညာခဲ့ပြီး ပါတီတွင်း အခြေ အနေကြောင့် ငြိမ်သက်ခဲ့သည့် ကနေဒါ အခြေစိုက် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ - UDP ကို မြန်မာ ပြည်တွင်း၌ ပြန်လည် အသက်သွင်းရန် ပါတီအဖွဲ့ဝင် တချို့က ကြိုးပမ်း နေသည်။

ပါတီထူထောင်စဉ်က ပါဝင်ခဲ့သူများဖြစ်သည့် ၀ါရင့်နိုင်ငံရေး သမား ဦးသုဝေ အပါအ၀င် အချို့က ဒီမိုကရက်တစ် ပါတီ - DP အမည်ဖြင့် သီးခြား ဖွဲ့ပြီးနောက် UDP အသံမှာ ပျောက်သွားခဲ့ရာက နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနသို့ ပေးစာ တစောင်ဖြင့် စစ်အစိုးရထံ ချဉ်းကပ် လိုက်သည်။

အငြင်းပွားဖွယ်ရာ UDP ဒုဥက္ကဋ္ဌ ဦးကျော်မြင့်က စစ်အစိုးရ နှစ်သက် လက်ခံဖွယ် ရှိသည့် ပြည်ပရှိ လုပ်ဆောင်ချက်များကို ပြည်တွင်းရှိ UDP အဖွဲ့ဝင် ဦးလှမြင့်မှ တဆင့် ယခုလ ၈ ရက်နေ့ ရက်စွဲဖြင့် စာရေးသား အစီရင်ခံခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ကနေဒါတွင် နေထိုင်သူ UDP ဗဟိုကော်မတီဝင် အထွေထွေ အတွင်းရေးမှူး ဦးကျော်မိုးက ယခုလဆန်း ၂ ရက်နေ့တွင် တရုတ်ပြည် အတွင်း ပြုလုပ်ခဲ့သည့် ဗဟိုကော်မတီ အစည်းအဝေး အပြီး၊ UDP - တွဲဘက် အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးလှမြင့်က ပြန်ကြားရေး ၀န်ကြီးဌာနကို ပေးပို့ခဲ့သည့် စာဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

“ဗဟိုကော်မတီအစည်းအဝေးကအပြန်မှာ UDP ပါတီရဲ့ လုပ်ဆောင်ချက်တွေကို သက်ဆိုင်ရာ လမ်းကြောင်း ပေါ်ကနေ တင်ပြတဲ့ သဘောပါ” ဟု ပြောသည်။

ပေးစာထဲတွင် အမေရိကန်အစိုးရမှ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ရုပ်သိမ်းရေး အတွက် လွှတ်တော် ၂ ရပ်နှင့် သမ္မတ အိုဘားမား အစိုးရထံ ချဉ်းကပ် တိုက်တွန်းသည့် အပြင် သမ္မတ၏ ညီဝမ်းကွဲ တော်စပ်သူ တဦးသည် ဦးကျော်မြင့် ကုမ္ပဏီတွင် အမှုထမ်း နေသည်ဟု ရေးထားသည်။

ထို့အပြင် လူမျိုးစု ငြိမ်းအဖွဲ့များအား နယ်စပ်ကာကွယ်ရေး၊ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး၊ နိုင်ငံရေး ပါတီများအဖြစ် တည်ထောင်၍ ရွေးကောက်ပွဲ ၀င်ရေး (တရုတ်နိုင်ငံဘက်မှ နေ၍ တရုတ်အစိုးရ ခွင့်ပြုချက်ဖြင့်) တိုက်တွန်းခဲ့ရာ သဘောတူမှုများ ရရှိကြောင်းနှင့် ကနေဒါ အမတ်အချို့၏ မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့မှု ဆက်ကျင့်သုံးရန် အဆိုပြုချက်ကို သဘောထား ပြောင်းရေး ဆောင်ရွက်ရန် မိမိအပေါ် မြန်မာတာဝန်ရှိ ပုဂ္ဂိုလ်များမှ တိုက်တွန်းမှုကို အကောင်ထည် ဖော်နေသည့် အပြင် အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကနေဒါ ၀န်ကြီးချုပ်နှင့် ပဏာမ ဆွေးနွေးမှုများ ဆောင်ရွက်ပြီး ဖြစ်သည်ဟု ဆိုသည်။

မဇ္ဈိမအနေဖြင့် စာပါအကြောင်းအရာအပေါ် သီးခြားအတည်ပြုနိုင်ချက် မရှိပါ။

လက်ရှိတွင် ဦးကျော်မြင့်အနေဖြင့် တရုတ်ပြည်တွင် ရောက်ရှိနေပြီး၊ ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDAK) အဖွဲ့ ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း နှင့် အတူ ရှိနေပြီး၊ ၂၀၁၀ မတိုင်မှီ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အကြား တစုံတရာ အဖြေရရှိရန် ရည်ရွယ်ချက်ဖြင့် ညှိနိုင်းလုပ်ဆောင်မှု ပေးနေကြောင်း ဦးကျော်မိုးက ဆိုသည်။

“လက်ခံတယ်၊ လက်မခံဘူးဆိုတာ ကျနော်တို့ မပြောနိုင်သေးပါဘူး။ လက်ဆုပ် လက်ကိုင် အဖြေက ကာယကံ ရှင်တွေက မကြေညာပေမဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ ကြားရပါတယ်။ အထူးသဖြင့်တော့ ဆက်သွယ်မှု လမ်းကြောင်းတွေ ပိုပွင့်လာတယ်” ဟု ပြောသည်။

ယခုလို စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အကြား ကြားဝင် စေ့စပ်ပေးခြင်းသည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တို့အကြား UDP ပါတီက ကိုယ်စားပြု လုပ်ဆောင်နေခြင်း မဟုတ်ဘဲ တတိယ အင်အားစု အနေဖြင့် ရပ်တည်ကာ ၀င်ရောက် ကူညီပေးခြင်းသာ ဖြစ်ကြောင်းလည်း ဦးကျော်မိုးက ပြောသည်။

ဦးကျော်မြင့်အနေဖြင့် တပ်မတော် အစိုးရ၏ အဆင့် ၇ ဆင့် နိုင်ငံရေးလမ်းစဉ် အောင်မြင်ရေးတွင် ပူးပေါင်း ဆောင်ရွက် လိုကြောင်းနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေ ပေါ်ထွက်သည့်အခါ UDP အဖွဲ့ဝင်လည်းဖြစ် လက်ရှိ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး သုတေသနနှင့် တိုးချဲ့ထုတ်လုပ်မှု ကျောင်းတော်သားစု ပါတီမှ ဦးလှမြင့်က ပြည်တွင်း UDP ထူထောင်သူ တဦးအဖြစ် ဆောင်ရွက် သွားမည်ဟု ၀န်ကြီးဌာနသို့ ပေးပို့စာတွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဦးလှမြင့်က “မှတ်ပုံတင်ဥပဒေ ထွက်လာရင်တော့ UDP မှာ ဝင်ပြီး ဆောင်ရွက်မယ်။ ကျနော့် အဖွဲ့ကိုလည်း ပြောထားပြီးပါပြီ” ဟု မဇ္စျိမကို ပြောသည်။

UDP - ကိုယ်စားပြုကာ ပြန်ကြားရေးဝန်ကြီးဌာနကို လိပ်မူပေးပို့ ခဲ့သည့် ပေးစာအပြင် ဗိုလ်မှူး သက်ဆွေကို လိပ်မူ ပေးပို့သည်ဟု ရည်ညွန်းထား သည့် ပါတီ ဗဟိုကော်မတီဝင် အထွေထွေ အတွင်းရေးမှူး ဦးကျော်မိုး၏ ကိုယ်ရေးရာဇ၀င် အပြည့်အစုံ စာမျက်နှာ ၃ ခုကိုလည်း မဇ္စျိမက လက်ခံရရှိခဲ့သည်။

ကာယကံရှင်အနေဖြင့် မည်သည့် အစိုးရ၀န်ကြီးဌာန အတွက် ရည်ရွယ် လျှောက်သည်ကို ရည်ညွန်းထားခြင်း မရှိသော်လည်း ဗဟို အလုပ်အမှု ဆောင် နေရာအတွက် ဆက်သွယ်ရေး မန်နေဂျာ ရာထူးကို ရည်ညွှန်း လျောက်ထားသည်။

“ကျနော်ပို့တယ်ဆိုတာက ဘာရည်ရွယ်ချက်ရယ်မှ မရှိပါဘူး။ လိုအပ်တဲ့ နေရာမှာ လိုအပ်ရင် ၀င်လုပ်မယ် ဆိုပြီးတော့ အဖွဲ့ကို ပို့တာပါ” ဟု ဦးကျော်မိုးက ပြောဆိုပြီး၊ ပြည်တွင်း ၀င်ရောင်ခွင့်ရှိပါက သူ့အနေဖြင့် မြန်မာ့ နိုင်ငံရေးတွင် ၀င်ရောက် လုပ်ဆောင်မည် ဖြစ်ကြောင်း ပြောသည်။

ဦးကျော်မြင့် (ခ) မိုက်ကယ်ဟွားဟူ သည် ယခင်က ၀’ ပြည် သွေးစည်း ညီညွတ်ရေး UWSA လက်နက်ကိုင် အဖွဲ့၏ ဘဏ္ဍာရေး ကိစ္စတွင် တာဝန်ယူခဲ့သည့် အပြင် မြန်မာပြည်တွင် ကုမ္ပဏီများ ဖွင့်လှစ်ပြီး ငွေမည်း ခ၀ါချသည့် လုပ်ငန်းများပါဝင် ပတ်သက်သည်ဟု သတင်းထွက်ပေါ် ခဲ့သေးသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့